ဗုဒ္ဓဘာသာအမြင် အမေးအဖြေများ
ဗုဒ္ဓဘာသာအမြင် အမေးအဖြေများ
နိုင်ငံခြားသား ဘုန်းတော်ကြီး တစ်ပါး၏ ဗုဒ္ဓဘာသာအမြင် အမေး အဖြေများ
ဒီစာအုပ်က ဘာသာပြန် စာအုပ်ပါ... စာအုပ်မူရင်း Good Question Good Answer အင်္ဂလိပ်စာအုပ်ကို ရေးသားသူက ဩစတြေးလျ နိုင်ငံသား ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးVen. Shravasti Dhammika ပါ။ ချမ်းမြေ့ဆရာတော်ဘုရားက မြန်မာလို ဘာသာပြန်ပေးထားတာပါ. စာအုပ်ကို ၁၉၉၃ခုနှစ် မှာ ထုတ်ဝေခဲ့ပါတယ်။ ဆရာတော်ပြောပုံအရကတော့ ဒီစာအုပ်မထုတ်မီ မြတ်မင်္ဂလာ စာစောင်မှာ ဒီစာအုပ်ကိုပဲ ပညာရှင် တစ်ဦးက ဘာသာပြန်ပြီး အခန်းဆက်အဖြစ် ဖေါ်ပြဖူးပါတယ်။
မေး - ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။
ဖြေ - “ဗုဒ္ဓဘာသာ“ ဆိုတဲ့ စကားလုံးဟာ “ဗုဓိ“ ဆိုတဲ့ စကားလုံးမှ လာတာပါ။ “ဗုဒ္ဓ“ ဆိုတာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ) “နိုးလာသူ“ လို့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဆိုတာ နိုးကြားရေး အတွေးအမြင် (ဒဿန) ပညာပါပဲ။ ဒီဒဿနပညာကို ဂေါတမနွယ်ဖွား သိဒ္ဓတသမင်းသားကနေ ဘုရား ဖြစ်လာတဲ့ ဗုဒ္ဓမြတ်စွာဘုရားက စတင်ဟောပြောခဲ့ပါတယ်။ ဗုဒ္ဓရှင်တော်မြတ်ဘုရားဟာ သက်တော် ၃၅နှစ်မှာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ) နိုးလာပြီးလျှင် ဘုရားအဖြစ်သို့ ရောက်တော်မူပါသည်။ ဗုဒ္ဓဘာသာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်လို့ ဗုဒ္ဓဘာသာဝင်ပေါင်း သန်းသုံးရာကျော် ရှိနေပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာလောက် အထိတော့ ဗုဒ္ဓဘာသာဟာ အရှေ့တိုင်း ဒဿနပညာရပ် တစ်ခုအဖြစ်သာ တည်ရှိခဲ့ပါတယ်။ သို့သော်လဲ ယခုအချိန်မှာ ဥရောပနှင့် အမေရိကတိုက်ရှိ နိုင်ငံပေါင်း များစွာမှာလဲ ဗုဒ္ဓဘာသာဝင် ဦးရေ တဖြည်းဖြည်း တိုးပွါးနေပါတယ်။
မေး - ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ ဒဿနပညာရပ် တစ်ခုဘဲပေါ့။
ဖြေ - ဒဿနပညာဆိုတာ အင်္ဂလိပ်စကား Philosopy ကို ဘာသာပြန်ထားတာပါ။ အဘိဓာန်များ ဖွင့်ပြချက်အရ ဆိုရင် "philo"ဆိုတာ “ချစ်ခင်ခြင်း မေတ္တာ“ လို့ ဆိုလိုပါတယ်။ "sophy" ဆိုတာ “ပညာ“ လို့ အဓိပ္ပါယ် ရပါတယ်။ ဒီတော့ "Philosopy" ဆိုတာ “ပညာကို ချစ်ခင်ခြင်း“၊ သို့မဟုတ် “မေတ္တာနှင့် ပညာ“ လို့ အဓိပ္ပါယ် ရပါတယ်။ ဒီစကား နှစ်လုံးဟာ ဗုဒ္ဓဘာသာရဲ့ အဓိပ္ပါယ်ကို အပြည့်အဝ ဖေါ်ပြနိုင်ပါတယ်။ ဗုဒ္ဓဘာသာ တရားက သဘာဝတရားကို ကြည်လင်ပြတ်သားစွာ ကျွန်ုပ်တို့ နားလည် နိုင်ရေးအတွက် အပြည့်စုံဆုံး ဉာဏ်ပညာအရည်အသွေး တိုးတက်အောင် ကြိုးစားကြဖို့ သင်ပေးပါတယ်။ ပြီးတော့ ကျွန်ုပ်တို့ဟာ သတ္တဝါအားလုံးရဲ့ မိတ်ဆွေသဖွယ် ဖြစ်နိုင်စေရန် မေတ္တာ ကရုဏာတရား တိုးပွါးအောင် ကြိုးစားဖို့ကိုလဲ သင်ပေးပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာကို အတွေးအမြင် ပညာတစ်ရပ်လို့ ဆိုနိုင်သော်လဲ သာမာန် အတွေးအမြင်ပညာ မဟုတ်ပါဘူး။ မြင့်မြတ်သော အတွေးအမြင်ပညာ (Supreme Philosopy) သာ ဖြစ်ပါတယ်။
မေး - ဗုဒ္ဓဆိုတာ ဘယ်သူပါလဲ။
ဖြေ - ခရစ်မပေါ်မီ ၅၆၃ ခုနှစ်မှာ အိန္ဒိယပြည် မြောက်ပိုင်း (ကပ္ပိလဝတ်ပြည်) ဘုရင်သုဒ္ဓေါနနှင့် မိဖုရား မယ်တော်မာယာတို့မှ သားကလေးတစ်ယောက် ဖွားမြင်ပါတယ်။ ဒီမင်းသားကလေးဟာ စည်းစိမ်ဥစ္စာ ပြည့်ပြည့်စုံစုံနှင့် ကြီးပြင်းလာရသော်လဲ နောက်ဆုံးမှာ လောကီစည်းစိမ်ဥစ္စာတွေဟာ ချမ်းသာပျော်ရွှင်မှုကို မပေးနိုင်ဘူးဆိုတာ တွေ့လာရတယ်။ ဒီမင်းသားဟာ သူ့ပတ်ဝန်းကျင်မှာ သူတွေ့မြင်ရတဲ့ ဆင်းရဲဒုက္ခတွေကြောင့် အကြီးအကျယ် စိတ်မချမ်းမသာဖြစ်ပြီး လူသားတို့ ချမ်းသာရေးအတွက် သော့ချက်ကိုရှာဖို့ ဆုံးဖြတ်လိုက်တယ်။ အသက်၂၉နှစ် ရှိတဲ့အခါ ဒီမင်းသားဟာ သူ့ရဲ့ကြင်ယာတော်(ယသောဓရာ)နှင့် သားတော်(ရာဟုလာ)ကို ထားခဲ့ပြီးတော့ အဲဒီခေတ်က ဘာသာရေး ဆရာကြီးများရဲ့ အထံမှာ အသိပညာ ဆည်းပူးဖို့ ထွက်လာခဲ့တယ်။ သူတို့ဟာ ဒီမင်းသားကို မြောက်မြားစွာ သင်ကြား ပေးကြသော်လဲ သူတို့ကိုယ်တိုင် ဆင်းရဲဒုက္ခရဲ့ အကြောင်းရင်း ဇစ်မြစ်ကို မသိကြတဲ့အတွက် ဒီဆင်းရဲဒုက္ခကို ဘယ်လို ကျော်လွန်အောင် လုပ်နိုင်တယ်ဆိုတာကိုလဲ မသိကြဘူး။ သိဒ္ခတ္ထမင်းသားဟာ (ဥရုဝေလတော)မှာ ခြောက်နှစ်ကြာအောင် လေ့လာ ပွါးများ အားထုတ်ပြီးတဲ့ အခါမယ် အဝိဇ္ဇာကို ပယ်ခွါနိုင်တဲ့အတွက် (အမှန်တရားကို) ထိုးထွင်းသိမြင်သွားပါတယ်။ အဲဒီအချိန်ကစပြီး သူ့ကို “ဗုဒ္ဓ“ (ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ) “နိုးလာသူ“လို့ ခေါ်ဝေါ် သမုတ်ကြပါတယ်။ ဗုဒ္ဓရှင်တော် မြတ်ဘုရားဟာ အဲဒီအချိန်မှစပြီး ၄၅နှစ်ပတ်လုံး အိန္ဒိယပြည် မြောက်ပိုင်းမှာ သူတွေ့သိထားတဲ့ တရားတော်များကို လှည့်လည်ဟောပြော ခဲ့ပါတယ်။
(မှတ်ချက်။ ။ ဥရုဝေလတော၌ ဒုက္ကရစရိယာ ခြောက်နှစ်ကြာ ကျင့်စဉ်က ဘုရား မဖြစ်သေးပါ။ ထိုအကျင့်မှားကို စွန့်၍ အာနာပါနစျာန် အခြေခံလျက် မဂ္ဂင်ရှစ်တန် ပွါးမှသာ ဘုရားအဖြစ်သို့ ရောက်ပါသည်။)
ရှင်တော်မြတ်ဘုရားရဲ့ ကြီးမားလှတဲ့ မဟာ ကရုဏာတော်နှင့် ခန္တီတရားကြောင့် များစွာသော လူတို့ဟာ တပည့်သာဝကအဖြစ် ခံယူကြပါတယ်။ သက်တော် ရှစ်ဆယ် ပြည့်တော်မူတဲ့အခါ သဘာဝအလျောက် အိုခြင်းတရား၊ နာခြင်းတရားများ ဖိစီးနှိပ်စက် ခံရသော်လဲ ချမ်းမြေ့အေးငြိမ်းလျက်ပင် နောက်ဆုံးမှာ ပရိနိဗ္ဗာန်ဝင်စံတော် မူပါတယ်။
မေး - ဗုဒ္ဓဟာ သူ့ရဲ့ကြင်ယာတော်နဲ့ သားတော်ကို ပစ်ထားခဲ့တဲ့အတွက် တာဝန်မဲ့ရာ မရောက်ဘူးလား။
ဖြေ - ဗုဒ္ဓမြတ်စွာဟာ သူ့ရဲ့ ကြင်ယာတော်နဲ့ သားတော်ကို လွယ်လွယ်နဲ့ ပစ်ထားနိုင်ခဲ့တာ မဟုတ်ပါဘူး။ သူအချိန် အကြာကြီး စဉ်းစားပြီး တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေခဲ့ပါတယ်။ နောက်ဆုံးကျမှ သူ့မိသားစုကို ကျွေးမွေးစောင့်ရှောက် တာထက် တလောကလုံးရဲ့ အကျိုးကို ဆောင်ရွက်တာက ပိုပြီး အကျိုး ကြီးမားတယ်လို့ ဆုံးဖြတ်ပြီး ဒီလမ်းကို ရွေးချယ်လိုက်တာပါပဲ။ ကြီးမားတဲ့ မဟာ ကရုဏာတော်က ဗုဒ္ဓမြတ်စွာကို တလောကလုံးရဲ့ အကျိုးကို ဆောင်စေတာပါပဲ။ဗုဒ္ဓမြတ်စွာရဲ့ ကိုယ်ကျိုးစွန့်ပြီး အဆင်းရဲအပင်ပန်း ခံမှုကြောင့် တလောကလုံး ကြီးမားတဲ့ အကျိုးကို အခုတိုင် ခံစားနေကြရတာ ဖြစ်ပါတယ်။ ဒါကိုကြည့်ရင် ဗုဒ္ဓမြတ်စွာဟာ တာဝန်မမဲ့ကြောင်း ထင်ရှားပါတယ်။ ဒါဟာ အကြီးမားဆုံးသော စွန့်လွှတ်မှု ကြီးပါပဲ။
မေး - ဗုဒ္ဓက ပရိနိဗ္ဗာန် စံသွားပြီဆိုတော့ သူက ကျွန်ုပ်တို့ကို ဘယ်လို ကူညီနိုင်ပါသလဲ။
ဖြေ - လျှပ်စစ်ဓါတ်ကိုတွေ့ရှိတဲ့ မိုက်ကယ် ဖာရာဒေး ဟာ ကွယ်လွန်သွားပါပြီ။ သို့သော်လဲ သူ့ရဲ့ တွေ့ရှိချက်က ကျွန်ုပ်တို့ကို အခုတိုင် ကူညီနေပါတယ်။ ရောဂါပေါင်း များစွာကို ကုသတဲ့ ကုထုံးတွေကို တွေ့ရှိတဲ့ လူးဝစ်ပါးစ်ချား ဟာလဲ ကွယ်လွန်သွားပါပြီ။ သို့သော်လဲ သူတွေ့ရှိတဲ့ ကုထုံးတွေက အခုတိုင် အသက်ပေါင်းများစွာကို ကယ်နေဆဲပါပဲ။ ကျော်ကြားတဲ့ အနုပညာ များစွာကို တီထွင် ဖန်တီးခဲ့တဲ့ လီယိုနာဒိုဒါဗင်ချီ ဟာလဲ သေသွားပါပြီ။ သို့သော်လဲ သူဖန်တီးခဲ့တဲ့ အနုပညာတွေက လူတွေကို အခုတိုင် ပျော်ရွှင်မှု ပေးနေဆဲပါပဲ။ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးများနဲ့ အာဇာနည် ပုဂ္ဂိုလ်ကြီးများ ကွယ်လွန်သွားကြတာ ရာစုနှစ်ပေါင်းများစွာ ကြာသော်လဲ သူတို့အကြောင်းကို ကျွန်ုပ်တို့ ဖတ်ရှုရတဲ့အခါမှာ သူတို့လို နေထိုင် ပြုမူလိုစိတ်များ ကျွန်ုပ်တို့ သန္တာန်မှာ တဖွားဖွား ပေါ်လာပါတယ်။ ဟုတ်ပါတယ်။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာသွားပါပြီ။ သို့သော်လဲ ရှင်တော်မြတ်ဘုရားရဲ့ တရားတော်များဟာ အခုတိုင် ကူညီနေဆဲပါပဲ။ ဗုဒ္ဓမြတ်စွာရဲ့ နမူနာကောင်းတွေက လူတွေကို အခုတိုင် အားတက်စေတုန်းပါပဲ။ သူ့စကားတော်တွေက အခုတိုင် လူတွေရဲ့ ဘဝတွေကို ပြောင်းလဲစေတုန်းပါပဲ။ ဗုဒ္ဓမြတ်စွာမှာသာလျှင် ပရိနိဗ္ဗာန်စံပြီးနောက် ရာစုနှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ဒီလိုစွမ်းအားများ ရှိနေနိုင်တာ ဖြစ်ပါတယ်။
မေး - ဗုဒ္ဓဟာ ထာဝရဘုရား God လား။
ဖြေ - ဗုဒ္ဓမြတ်စွာဟာ ထာဝရဘုရား မဟုတ်ပါဘူး။ ဗုဒ္ဓမြတ်စွာက သူဟာ ထာဝရဘုရား လို့ဖြစ်စေ၊ ထာဝရဘုရားရဲ့ သားတော်လို့ဖြစ်စေ၊ ထာဝရဘုရားက လွှတ်လိုက်တဲ့ တမန်တော်လို့ဖြစ်စေ မမိန့်ကြားပါဘူး။ဗုဒ္ဓမြတ်စွာဟာ အလုံးစုံ ပြည့်စုံတဲ့ လူသား တစ်ဦးပါပဲ။ ဒါကြောင့် သူ့လို ကျွန်ုပ်တို့ ကြိုးစားလျှင် ကျွန်ုပ်တို့လဲ သူ့လိုပဲ အလုံးစုံ ပြည့်စုံသူများ ဖြစ်နိုင်ကြောင်း မိန့်ကြားတော် မူပါတယ်။
မေး - ဗုဒ္ဓဟာ ထာဝရဘုရား မဟုတ်ရင် ဘာကြောင့် သူ့ကို လူတွေက ရှိခိုး ကိုးကွယ်နေကြသလဲ။
ဖြေ - ကိုးကွယ်နည်း အမျိုးမျိုး ရှိပါတယ်။ တချို့က တစ်စုံတစ်ခုသော တန်ခိုးရှင်ဘုရားကို (a God) ကိုးကွယ်တဲ့အခါ အဲဒီဘုရားကို ချီးကျူးထောပနာ ပြုကြတယ်။ ဂုဏ်ပြုကြတယ်။ တစ်စုံတစ်ရာ ပူဇော် ပသ ကြတယ်။ ကိုယ်လိုတာကို ဘုရားဆီမှာ တောင်းကြတယ်။ အဲဒီလို လုပ်ကြတာကတော့ မိမိတို့ရဲ့ ချီးကျူးထောပနာသံကို အဲဒီဘုရားက ကြားလိမ့်မယ်လို့ ယုံကြည်လို့၊ ပူဇော် ပသ တာကို လက်ခံလိမ့်မယ်လို့ ယုံကြည်လို့၊ ဆုတောင်းတာကို ဖြည့်ဆည်းပေးလိမ့်မယ်လို့ ယုံကြည်လို့ပါပဲ။ ဗုဒ္ဓဘာသာဝင်တွေ ကတော့ ဒီလို ကိုးကွယ် ဆည်းကပ်မှု မျိုးကို မလုပ်ကြပါဘူး။ တခြား ကိုးကွယ် ဆည်းကပ်မှုတစ်မျိုးကတော့ မိမိတို့ လေးမြတ်ကြည်ညိုတဲ့ ပုဂ္ဂိုလ် တစ်ဦးဦး သို့မဟုတ် တစ်စုံတစ်ရာကို ရိုသေသမှု ဂါရဝ ပြုကြတယ်။ ဆရာအခန်းထဲ ဝင်လာရင် နေရာက ထ ပေးကြတယ်။ ဂုဏ်သရေရှိတဲ့ လူနဲ့တွေ့ရင်လက်ဆွဲနှုတ်ဆက်ကြတယ်။ အမျိုးသားသီချင်း တီးရင် မတ်တပ်ရပ် အလေးပြုကြတယ်။ ဒါတွေအားလုံးဟာ ရိုသေလေးစားမှုကို ပြတဲ့ အမူအရာတွေ ပါပဲ။ လေးမြတ်ကြည်ညိုမှုကို ဖေါ်ပြကြတာ ဖြစ်ပါတယ်။ ဒီလို အရိုအသေ ဂါရဝပြုပြီး ရှိခိုး ကိုးကွယ်မှုဟာ ဗုဒ္ဓဘာသာဝင်များ ပြုလုပ်ကြတဲ့ ရှိခိုး ကိုးကွယ်မှုမျိုးပါပဲ။တင်ပျည်ခွေ ထိုင်ပြီး ရင်ခွင်ထက်မှာ လက်နှစ်ဖက်ကို ရွရွကလေးချထားတဲ့ ဗုဒ္ဓရုပ်ပွါးတော်ရဲ့ မဟာကရုဏာတော်ဖြင့် ကြည်လင် လန်းဆန်းနေတဲ့ မျက်နှာတော်ဟာ ကျွန်ုပ်တို့ရဲ့ သန္တာန်မှာ ငြိမ်းအေးမှုနဲ့ မေတ္တာတရား တိုးပွါးအောင် ကြိုးစားကြဖို့ ကျွန်ုပ်တို့ကို သတိပေး နေပါတယ်။ အမွှေးတိုင်ရဲ့ အမွှေးနံ့က ကျွန်ုပ်တို့ သန္တာန်မှာ ကောင်းမှုကုသိုလ်တွေ ပျံ့နှံ့နေစေဖို့ သတိပေးနေပါတယ်။ ဆီမီးကတော့ ပညာဆီမီး တန်ဆောင် ထွန်းပြောင်စေဖို့ သတိပေးနေပါတယ်။ ကပ်လှူထားတဲ့ ပန်းများရဲ့ ညှိုးနွမ်းကြွေကျသွားတဲ့ သဘောက ကျွန်ုပ်တို့အား အနိစ္စတရားကို သတိရစေပါတယ်။ ဗုဒ္ဓရုပ်ပွါးတော်ရှေ့မှာ ဦးညွှတ်ရှိခိုးခြင်းက ကျွန်ုပ်တို့ကို တရားဓမ္မ ဟောပြောညွှန်ပြ ဆုံးမတော်မူတဲ့အတွက် ဗုဒ္ဓရှင်တော် မြတ်ဘုရားရဲ့ ဂုဏ်ကျေးဇူးတော်ကို လေးမြတ်ကော်ရော် ပူဇော်ခြင်း ဖြစ်ပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာဝင်များရဲ့ ရှိခိုးကိုးကွယ်မှုပါပဲ။
မေး - ဗုဒ္ဓဘာသာဝင်များဟာ ရုပ်တုကို ကိုးကွယ်ကြတယ်လို့ တချို့လူများက ပြောတာ ကြားဘူးပါတယ်။ ဟုတ်ပါသလား။
ဖြေ - ဒီလို အပြောမျိုးဟာ ဗုဒ္ဓဘာသာကို နားလည်မှားနေတဲ့ လူတွေ ပြောကြတဲ့ စကားတွေပါ။ အဘိဓာန်များကတော့ ရုပ်တုကို ထာဝရဘုရား(God) အဖြစ်နဲ့ ရှိခိုး ကိုးကွယ်ကြတာကို ရုပ်တု ကိုးကွယ်မှု လို့ ဖွင့်ပြကြပါတယ်။ သိကြတဲ့အတိုင်းပဲ ဗုဒ္ဓဘာသာဝင်များဟာ ဗုဒ္ဓမြတ်စွာကို ထာဝရဘုရားတစ်ပါး(God) အနေနဲ့ ယုံကြည် သိမှတ်ကြတာ မဟုတ်ပါဘူး။ ဒီတော့ ဗုဒ္ဓဘာသာဝင်များဟာ သစ်သားရုပ်တု၊ သံရုပ်တု၊ ကြေးရုပ်တု စသည်ကို ဘယ်မှာ ကိုးကွယ်ကြပါမလဲ။ သို့သော်လဲ တစ်ခုတော့ ရှိပါတယ်။ ဘာသာတရားတိုင်းမှာ ဘာသာဝင်တိုင်းဟာ အယူအဆ အမျိုးမျိုးကို ဖေါ်ပြဖို့ အမှတ်လက္ခဏာ(Symbol) အမျိုးမျိုးကို အသုံးပြုကြပါတယ်။ ဥပမာ - တာအိုဘာသာမှာဆိုရင် ဆန့်ကျင်ဘက် နှစ်ခုတို့ရဲ့ ညီညွှတ် ပေါင်းစည်းမှုကို ဖေါ်ပြဖို့ရာ ယင်နဲ့ယန်(Ying -Yang) ကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။ ဆစ်ဘာသာမှာ ဘာသာရေးဆိုင်ရာ ရုန်းကန်လှုပ်ရှားမှုကို ဖေါ်ပြဖို့ရာ ဓားကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။ ခရစ်ယာန်ဘာသာမှာ ခရစ်တော် တည်ရှိခြင်းကို ဖေါ်ပြဖို့ရာ ငါးကို အမှတ်လက္ခဏာအဖြစ် အသုံးပြုကြတယ်။ ခရစ်တော်ရဲ့ လူသားအတွက် အသက်စွန့်လွှတ်မှုကို ဖော်ပြဖို့ရာ လက်ဝါးကပ်တိုင်ကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။ ဗုဒ္ဓဘာသာမှာ လူသားတစ်ဦးရဲ့ အလုံးစုံပြီးပြည့်စုံမှုကို ဖေါ်ပြဖို့ရာ ဘုရားရုပ်တုတော်ကို အမှတ်လက္ဓဏာအဖြစ် အသုံးပြုကြပါတယ်။ဗုဒ္ဓရုပ်တုတော်က ဗုဒ္ဓရဲ့ တရားတော်များမှာ ပါဝင်တဲ့ လူသားနဲ့ သက်ဆိုင်တဲ့ သဘာဝများကို ကျွန်ုပ်တို့အား သတိရစေပါတယ်။ ဗုဒ္ဓဘာသာဟာ လူသားကို ဗဟိုပြုပတယ် ထာဝရဘုရာွးသိ ကို ဗဟိုမပြုဘူး ဆိုတဲ့ အချက်နဲ့ အလုံးစုံ ပြီးပြည့်စုံရေးနဲ့ အသိမှန် အမြင်မှန် ရရေးအတွက် ဗဟိဒ္ဓသန္တာန်ကို မကြည့်ရဘူး၊ အဇ္ဈတ္တသန္တာန်ကိုသာ ကြည့်ရမယ်ဆိုတဲ့ အချက်ကိုလဲ ကျွန်ုပ်တို့အား သတိရစေပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေဟာ ရုပ်တုကို ရှိခိုးကိုးကွယ်တယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေဟာ မမှန်ပါဘူး။
မေး - တရုတ် ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေ ထဲမှာ စက္ကူပိုက်ဆံတွေကို မီးရှို့တာတွေ၊ ပြီးတော့ တခြား ထူးထူးဆန်းဆန်း လုပ်ကြတာ တွေ့ကြရပါတယ်။ အဲဒါတွေကို ဘာကြောင့် လုပ်ကြပါသလဲ။
ဖြေ - ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ နားမလည်တဲ့ အရာများကို တွေ့ရတဲ့အခါ အဲဒါတွေကို ကျွန်ုပ်တို့အတွက် ထူးဆန်းနေတတ်ပါတယ်။ အဲဒီလိုဟာတွေကို အထူးအဆန်း တွေပဲလို့ အမှတ်တမဲ့ ဘာသိဘာသာ မနေပဲ အဲဒါတွေရဲ့ အဓိပ္ပါယ်တွေကို ရှာဖွေဖို့ ကြိုးစားသင့်ကြပါတယ်။မှန်ပါတယ်၊ တစ်ခါတစ်ရံမှာ ဗုဒ္ဓဘာသာဝင်တွေ လိုက်နာ လုပ်ဆောင်နေကြတာတွေဟာ ဗုဒ္ဓတရားတော်မှာ အခြေမခံပဲ နားလည်မှားမှုနဲ့ အများယုံကြည် လက်ခံထားတဲ့ အစွဲအလမ်းပေါ်မှာ အခြေခံထားတာ တွေ့ရတတ်ပါတယ်။ ဒီလိုကိစ္စတွေဟာ ဗုဒ္ဓဘာသာ တစ်ခုတည်းမှာသာ မဟုတ်ပါဘူး။ ဘာသာတိုင်းမှာပဲ ရံဖန်ရံခါ တွေ့ရတတ်ပါတယ်။ ဗုဒ္ဓမြတ်စွာ တရားတော်များကို ရှင်းလင်းပြတ်သားစွာ အသေးစိတ် ဟောပြတော်မူပါတယ်။ အဲဒါကိုမှ ပြည့်ပြည့်စုံစုံ နားမလည်ရင်တော့ ဗုဒ္ဓမြတ်စွာကို အပြစ်ဆိုလို့ မဖြစ်နိုင်ပါဘူး။ ဒါနဲ့ပတ်သက်လို့ မှတ်သားဖွယ် အဆုံးအမ တစ်ခုကတော့ ရောဂါဝေဒနာ ခံစားနေရသော လူတစ်ယောက်သည် ဆေးဆရာအထံမှ ဆေးကုသမှု ခံယူဖို့ လွယ်ကူပါလျက်နဲ့ ကုသမှု မခံယူလျှင် ဆေးဆရာ၏ အပြစ်မဟုတ်ပေ။ ထို့အတူပင် ကိလေသာရောဂါ အဖိစီး အနှိပ်စက် ခံနေရသူသည် မြတ်စွာဘုရား၏ တရားတော်များ ရှိနေပါလျက်နဲ့ တရားဆေးဖြင့် မကုစားလျှင် မြတ်စွာဘုရား၏ အပြစ်မဟုတ်ပေ။} ဗုဒ္ဓဘာသာကိုပဲဖြစ်စေ၊ တခြား ဘာသာတရားကိုပဲဖြစ်စေ အဲဒီဘာသာတရားအကြောင်း ကောင်းကောင်း နားမလည်သူများက အမှား၊ အမှန်၊ အဆိုး၊ အကောင်း ကို မဆုံးဖြတ်သင့်ပါဘူး။
မေး - ဗုဒ္ဓဘာသာဝင်တွေ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြတာ သိပ်မကြားမိပါဘူး။ အဲဒါ ဘာကြောင့်လဲ။
ဖြေ - ဗုဒ္ဓဘာသာဝင်တွေလဲ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြပါတယ်။ သင်မကြားမိတာကတော့ ဗုဒ္ဓဘာသာဝင်များဟာ သူတို့လုပ်တဲ့ ကုသိုလ်ကောင်းမှုတွေ အကြောင်းကို ဝါကြွားပြောဆိုဖို့ မလိုဘူးလို့ ယူဆထားကြလို့ ဖြစ်ပါလိမ့်မယ်။ နှစ်ပေါင်းတော်တော်ကြာဆီက ဂျပန် ဗုဒ္ဓဘာသာ ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ နစ်ခိုနိရဝါနို ဟာ ဘာသာတရားအားလုံး ပေါင်စည်းညီညွတ်မှု တိုးတက်ရေးကို လုပ်ဆောင်တဲ့အတွက် (Templeton Prize) တင်ပယ်လ်တန်ဆုကို ရရှိပါတယ်။ အလားတူပဲ ထိုင်းဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါးဟာ မူးယစ်ဆေး စွဲသူများကို ကုသရာမှာ ထူးချွန်တဲ့အတွက် မက်ဆေးဆေး ဆုကို ရရှိခဲ့ပါတယ်။ ၁၉၈၇ ခုနှစ်တုန်းကလဲ အရှင် ကန္တယပိဝတ် ဆိုတဲ့ ထိုင်းဘုန်းကြီးတစ်ပါးဟာ ကျေးလက် တောရွာများမှာရှိတဲ့ အခြေအနေမဲ့ ကလေးများကို နှစ်ပေါင်းများစွာကြာအောင် ပြုစု စောင့်ရှောက်ခဲ့တဲ့အတွက် ]နော်ဝေ ကလေးများ၏ ငြိမ်းချမ်းရေးဆု} ကို ရရှိခဲ့ပါတယ်။ အနောက်တိုင်း ဗုဒ္ဓဘာသာအဖွဲ့(Western Buddhist Order) ဟာ အိန္ဒိယပြည်မှာ ဆင်းရဲသားများ အတွက် ကြီးမားကျယ်ပြန့်တဲ့ လူမှုရေး လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။ စာသင်ကျောင်းတွေ၊ ကလေးပြုစု စောင့်ရှောက်ရေး ဌာနတွေ၊ ဆေးပေးခန်းတွေ၊ တနိုင် စက်မှုလုပ်ငန်း အသေးစားတွေ တည်ထောင်ပြီး ပြုစု ပျိုးထောင်ပေးနေပါတယ်။ ဗုဒ္ဓဘာသာဝင်များဟာ တခြား ဘာသာဝင်များလိုပဲ သူတစ်ပါးကို အကူအညီ ပေးရတာဟာ သူတို့ရဲ့ ဘာသာတရား လိုက်နာကျင့်ကြံမှုကို ဖေါ်ပြတာပဲလို့ သိမြင်မှတ်ယူကြပါတယ်။ သို့သော်လဲ ဒါတွေကို ကိုယ့်ကိုယ်ကို မထင်ပေါ်စေပဲ တိုးတိုးတိတ်တိတ်ပဲ လုပ်သင့်တယ်လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ ကုသိုလ်ဖြစ်လုပ်ငန်းတွေ အကြောင်းကို သင် သိပ်မကြားရတာ ဖြစ်ပါလိမ့်မယ်။
မေး - ဘာကြောင့် ဗုဒ္ဓဘာသာတွေ အမျိုးမျိုး ကွဲပြားနေပါသလဲ။
ဖြေ - လူတွေ စားသုံးကြတဲ့ သကြားတွေလဲ အမျိုးမျိုး ရှိကြတာ မဟုတ်လား။ သကြားဖြူ၊ သကြားညို၊ ကျောက်သကြား၊ သကြားရည်၊ ရေခဲသကြား စသည် အမျိုးမျိုး ရှိကြတာပဲ။ သို့သော်လဲ အားလုံးဟာ သကြားချည်းပဲ ပြီးတော့ သကြားတိုင်းဟာ ချိုကြတာချည်းပဲ။ မချိုတဲ့ သကြားရယ်လို့ မရှိဘူး။ ဒီလို သကြားအမျိုးမျိုးအစားစား ထုတ်ကြတာက သူတို့ကို သုံးစွဲပုံ သုံးစွဲနည်း အမျိုးမျိုး ရှိကြလို့ပါပဲ။ ဗုဒ္ဓဘာသာလဲ ထို့အတူပါပဲ။ ထေရဝါဒ ဗုဒ္ဓဘာသာ၊ စျင်း ဗုဒ္ဓဘာသာ၊ အမိတာဘာ ဗုဒ္ဓဘာသာ၊ ယောဂါစာရ ဗုဒ္ဓဘာသာ၊ ဝဇီရယာန ဗုဒ္ဓဘာသာ စသည်ဖြင့် ကွဲပြားနေကြသော်လဲ အနှစ်သာရအားဖြင့် အတူတူပါပဲ။ အဲဒီ အနှစ်သာရက ဘာလဲဆိုတော့ ကိလေသာမှ လွတ်မြောက်ခြင်း၊ ဆင်းရဲမှ လွတ်မြောက်ခြင်းဆိုတဲ့ အနှစ်သာရပါပဲ။ ဗုဒ္ဓဘာသာဟာ သူဖြစ်ပေါ်ရာ ယဉ်ကျေးမှု အမျိုးမျိုးနဲ့ ဟပ်မိအောင် အသွင် အမျိုးမျိုးနဲ့ ဖွံ့ဖြိုး တိုးတက်လာခဲ့ပါတယ်။ အသစ်ဖြစ်တဲ့ မျိုးဆက် အသီးသီးနဲ့ ကိုက်ညီအောင် ရာစုနှစ်များ တလျောက်မှာ ဗုဒ္ဓဘာသာကို ပြန်ပြီး အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။ ပြင်ပ ပုံပန်းသဏ္ဋာန် အနေနဲ့ အမျိုးမျိုး ကွဲပြားနေတယ်လို့ ထင်ရသော်လဲ အားလုံးရဲ့ ဗဟိုချက်မ အနှစ်သာရကတော့ သစ္စာလေးပါး မဂ္ဂင်ရှစ်ပါးပါပဲ။ ဗုဒ္ဓဘာသာ အပါအဝင် ဘာသာကြီးများ အားလုံးဟာ ဂိုဏ်း အမျိုးမျိုး ကွဲခဲ့ကြပါတယ်။ သို့သော်လဲ ဗုဒ္ဓဘာသာ ဂိုဏ်းအမျိုးမျိုးဟာ အချင်းချင်း ဘယ်တော့မှ စစ်ပွဲတွေ မဆင်နွှဲခဲ့ကြပါဘူး။ သူတို့ဟာ အချင်းချင်း ဘယ်တော့မှ ရန်မပွါး ခဲ့ကြပါဘူး။ ခုခေတ်မှာဆိုရင် ဂိုဏ်တစ်ဂိုဏ်းရဲ့ ကျောင်းကန်ဘုရားကို တစ်ခြား ဂိုဏ်းတစ်ခုက သွားရောက်ပြီး အတူတကွ ဘုရားဝတ်ပြုကြပါတယ်။ တခြားဘာသာရေး လောကမှာ တကယ်တော့ အလွန်ရှားပါတယ်။
မေး - သင်က ဗုဒ္ဓဘာသာကို အလွန် အထင်ကြီးတာပဲ။ သင်ဟာ သင့်ဘာသာတရားကို မှန်တယ်လို့ ယူဆပြီး တခြားဘာသာ အားလုံးကို မှားတယ်လို့ ယူဆပုံရတယ်။
ဖြေ - ဗုဒ္ဓမြတ်စွာရဲ့ တရားတော်များကို နားလည် သဘောပေါက်တဲ့ ဗုဒ္ဓဘာသာဝင် မည်သူမဆို တခြား ဘာသာတရား မှားတယ်လို့ မထင်ကြပါဘူး။ တခြားဘာသာတရားများကို ပွင့်ပွင့်လင်းလင်း ဝေဖန်စစ်ဆေးဖို့ရာ စစ်မှန်တဲ့ လုံ့လဝီရိယကို ပြုသူမှန်သမျှ ဘယ်သူမှ အဲဒီလို မထင်ကြပါဘူး။ ဘာသာတရား အမျိုးမျိုးကို လေ့လာတဲ့ အခါမှာ ပထမဆုံး သတိပြုမိတာကတော့ ဒီဘာသာတရား တွေဟာ အချင်းချင်း ဘယ်လောက်များများ တူညီကြတယ် ဆိုတဲ့ အချက်ပါပဲ။ အားလုံးသော ဘာသာတရားများက လူသားရဲ့ လက်ရှိ အခြေအနေဟာ ကျေနပ်ဖွယ် မရှိဘူးလို့ ဝန်ခံကြတာပါပဲ။ လူသားရဲ့ အခြေအနေ တိုးတက်လိုရင် စိတ်နေစိတ်ထား အပြုအမူ ပြောင်းလဲဖို့ လိုအပ်တယ်လို့ အားလုံးယုံကြည်ကြပါတယ်။ ဘာသာတရား အားလုံးဟာ မေတ္တာ၊ ကရုဏာ၊ ပေးကမ်းလှူဒါန်းခြင်း၊ လူမှုရေး၊ တာဝန်ဝတ်တရားများ ဆောင်ရွက်ခြင်း စတဲ့ ကျင့်ဝတ်များကို သင်ကြားပေးကြပါတယ်။ ဒီဘာသာတရား အားလုံးက အဆုံးစွန် ပြည့်စုံတဲ့ သဘောတစ်ခုဟာ ပုံသဏ္ဋာန် အမျိုးမျိုးနဲ့ ရှိတယ်ဆိုတာ လက်ခံကြပါတယ်။ ဘာသာတရားများက ဒီ လုံးဝအုပ်စုံ ပြည့်စုံတဲ့ သဘာဝကို ဘာသာစကား အမျိုးမျိုး၊ နာမည်အမျိုးမျိုး၊ အမှတ်အသား အမျိုးမျိုးနဲ့ ရှင်းလင်း ဖေါ်ပြကြပါတယ်။ အရာရာကို တစ်ဘက်သက် ရှုမြင်သုံးသပ်တဲ့နည်းကို အမြင်ကျဉ်းစွာ တွယ်ကပ်ထားကြတဲ့ အခါမှာသာ သည်းမခံနိုင်မှု၊ မာနတရားနဲ့ ကိုယ်သာမှန် စိတ်ထားတွေ ဖြစ်ပွါးပေါ်ပေါက် လာတတ်ပါတယ်။ စဉ်းစားကြည့်ပါ။ အင်္ဂလိပ်၊ ပြင်သစ်၊ တရုတ်၊ အင်ဒိုနီးရှား၊ လူ ၄ ဦး ကော်ဖီပန်းကန် တစ်လုံးကို ကြည့်ကြတယ် ဆိုပါစို့။ အဲဒီပန်းကန်ကို အင်္ဂလိပ်က Cup လို့ခေါ်တယ်။ ပြင်သစ်က Tasse လို့ခေါ်တယ်။ တရုတ်က Pei၊ အင်ဒိုနီးရှားက Cawan လို့ခေါ်တယ်။ အဲဒါ သူ့အခေါ်မှန်တယ်၊ တစ်ခြားလူ့အခေါ် မှားတယ်လို့ ကိုယ့်အဘိဓာန် ကိုယ်ကိုးကားပြီး အကြောက်အကန် ငြင်းခုံးနေကြပါရော။ အဲဒီအခိုက်မှာ ဗုဒ္ဓဘာသာဝင်တစ်ဦး ရောက်လာပြီး ဘာမှပြောမနေဘဲ ကော်ဖီပန်းကန်ကို ကောက်ယူပြီး မော့သောက်ပြစ်လိုက်ပါတယ်။ ပြီးတော့မှ သူက ဟိုလူလေးယောက်ကို ပြောလိုက်တယ်။ ဒီပန်းကန်ကို ဘယ်လိုပဲ မိတ်ဆွေတို့ခေါ်ခေါ် လိုရင်းက ဒါကို ကော်ဖီသောက်ဖို့ အသုံးပြုတာပါပဲ၊ ငြင်းခုံနေလို့ ဘာအကျိုးရှိမလဲ၊ သောက်ဖို့ပန်းကန်ကို သောက်လိုက်မှ အမောပြေပြီး လန်းဆန်းလာမှာပေါ့၊ အဲဒါ လိုရင်းပဲ။ ဒါဟာ ဘာသာတရားများအပါ် ဗုဒ္ဓဘာသာကမြင်တဲ့ အမြင်၊ ထားတဲ့ စိတ်ထားပါပဲ။
မေး - ဗုဒ္ဓဘာသာဟာ သိပ္ပံနည်း ကျပါသလား။
ဖြေ - ဒီအမေးကို မဖြေမီ သိပ္ပံ ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ရှာကြည့်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ အဘိဓာန်များက ဒီလိုဖွင့်ပြကြပါတယ်။ သိပ္ပံ ဆိုတာ တကယ်ဖြစ်နေတဲ့ သဘာဝတစ်ခုကို လက်တွေ့မျက်မြင် ကြည့်ရှုခြင်းနှင့် စမ်းသပ်ခြင်းတို့အပေါ် အခြေခံပြီး စနစ်တစ်ခု ဖော်ထုတ်တဲ့ပညာ၊ တိတိကျကျ လေ့လာစမ်းသပ် သိရှိထားတဲ့ အရာတစ်ခုနဲ့ ပတ်သက်လို့ သဘာဝကျတဲ့ နည်းလမ်း ဥပဒေသများ သတ်မှတ်ဖေါ်ပြတဲ့ ပညာပါပဲ။ အဲဒီပညာရဲ့ အစိတ်အပိုင်း တစ်ခုခုလဲ သိပ္ပံပါပဲ။ ဗုဒ္ဓဘာသာမှာ ဒီဖွင့်ဆိုချက်နဲ့ မကိုက်ညီတဲ့ အချက်အလက်များ ရှိကောင်း ရှိနိုင်ပါတယ်။ သို့သော်လဲ ဗုဒ္ဓဘာသာရဲ့ လိုရင်း တရားဖြစ်တဲ့ သစ္စာလေးပါးကတော့ သေသေချာချာ ကိုက်ညီပါတယ်။
ပထမဆုံး အမှန်တရားက ဒုက္ခသစ္စာပါ။ ဒီမှာ ဆင်းရဲခြင်းဆိုတာ ကိုယ်တိုင်တွေ့သိ ခံစားရတဲ့ အရာပါ။ သူ့ကို အဓိပ္ပါယ် သတ်မှတ်လို့လဲ ရပါတယ်။ လက်တွေ့ ခံစား သိမြင်လို့လဲ ရပါတယ်။
ဒုတိယ အမှန်တရားက သမုဒယသစ္စာပါ။ လိုချင်တပ်မက်မှု တဏှာကို ဆိုလိုပါတယ်။ ဆင်းရဲဒုက္ခကို ဖြစ်ပေါ်စေတဲ့ အကြောင်းဖြစ်တဲ့ ဒီတဏှာဟာလဲ ကိုယ်တိုင် တွေ့သိ ခံစားရတဲ့ အရာပါ။ အဓိပ္ပါယ် သတ်မှတ်လို့လဲ ရတယ်။ လက်တွေ့ ခံစား သိမြင်လို့လဲ ရပါတယ်။ ဒီဒုက္ခနဲ့ ဒုက္ခရဲ့ အကြောင်းတရား အမှန်ကို ဒဿနပညာဆိုင်ရာ စကားလုံးတွေနဲ့ ရှင်းပြဖို့ မလိုပါဘူး။ ကိုယ်တွေ့ ခံစားသိမြင်ရတဲ့ အရာတွေပါ။
တတိယ အမှန်တရားကတော့ နိရောဓသစ္စာပါ။ ဆင်းရဲကုန်ဆုံးတဲ့သဘော၊ ဆင်းရဲငြိမ်းတဲ့သဘောပါ။ ဒီသဘောကို အနန္တ တန်ခိုးရှင်ဆိုသူ တစ်ဦးဦးကို အားကိုးလို့ မရပါဘူး။ ယုံကြည်ရုံမျှ ဆုတောင်ရုံမျှနဲ့လဲ မရနိုင်ပါဘူး။ ဆင်းရဲဒုက္ခရဲ့ အကြောင်းတရားကို ပယ်သတ်နိုင်မှပဲ ရပါတယ်။
စတုတ္ထ အမှန်တရားကတော့ ဆင်းရဲငြိမ်းစေတဲ့ နည်းလမ်းဖြစ်တဲ့ မဂ္ဂသစ္စာပါ။ ဒီ ဆင်းရဲငြိမ်းရေး နည်းလမ်းကလဲ ဒဿနပညာ သဘောတရားတွေနဲ့ လုံးဝ မသက်ဆိုင် ပါဘူး။ သတ်မှတ်ပေးထားတဲ့ နည်းလမ်းအတိုင်း လက်တွေ့ ကျင့်မှပဲ ရပါတယ်။ ဒီနည်းလမ်းကလဲ အစမ်းသပ်ခံ နည်းလမ်းပါ။ သိပ္ပံပညာမှာလိုပဲ ဗုဒ္ဓဘာသာကို ရှင်းပြဖို့လဲ အနန္တ တန်ခိုးရှင် အယူအဆကို လက်ခံဖို့ မလိုပါဘူး။ ဗုဒ္ဓဘာသာ ကိုယ်တိုင်က စကြာဝဠာ ကမ္ဘာလောကြီးရဲ့ အလုပ်လုပ်ပုံကို သဘာဝ နိယာမတွေနဲ့ ရှင်းပြထားပါတယ်။ ဒီအချက် အားလုံးက ဗုဒ္ဓဘာသာရဲ့ သိပ္ပံနည်းကျ အနှစ်သာရကို သေချာစွာ ဖေါ်ဆောင် နေပါတယ်။ ဒီမှာလဲ ကျွန်ုပ်တို့ ဗုဒ္ဓမြတ်စွာ အမြဲတစေ ဆုံးမခဲ့တဲ့ အဆုံးအမက ကျွန်ုပ်တို့ဟာ ဘယ်အရာကိုမဆို အကန်းယုံ အရမ်းယုံ မယုံမိကြဖို့၊ မေးမြန်း၊ စုံစမ်း၊ စစ်ဆေး၊ စမ်းသပ်ပြီးမှ ကိုယ်တိုင် တွေ့သိခံစားရတဲ့ အရာပေါ်မှာ အခြေခံပြီး ယုံသင့်မှ ယုံဖို့ပါပဲ။ ဒီအဆုံးအမမှာ တိကျတဲ့ သိပ္ပံနည်းကျ အမြင် ပါဝင်နေပါတယ်။
ရှင်တော်မြတ်ဘုရား ဆုံးမပုံက -
ဗျာဒိတ်စကား ဆိုရုံနဲ့ မယုံကြည်ပါနှင့်။
အစဉ်အဆက် ယုံကြည်လက်ခံလာတာ ဖြစ်ရုံနှင့် မယုံကြည်ပါနှင့်။
သတင်းကြားနဲ့လဲ မယုံကြည်ပါနှင့်။
မြင့်မြတ်တဲ့ ကျမ်းစာများမှာ ပါရုံနဲ့လဲ မယုံကြည်ပါနှင့်။
တဆင့် စကားမျှနှင့်လဲ မယုံကြည်ပါနှင့်။
စဉ်းစားတွေးခေါ်ရေး တက္ကဗေဒ၊ ဒဿနိကဗေဒတွေနဲ့ ကိုက်ညီရုံမျှနှင့်လဲ မယုံကြည်ပါနှင့်။
ပြောတဲ့လူက ယုံကြည်ထိုက်တဲ့ ပုဂ္ဂိုလ် ဖြစ်ရုံမျှနှင့်လဲ မယုံကြည်ပါနှင့်။
မိမိဆရာ ဖြစ်ရုံမျှနှင့်လဲ မယုံကြည်ပါနှင့်။
သင်ကိုယ်တိုင် ကောင်းတဲ့အရာပဲ၊ အပြစ်ကင်းတဲ့ အရာပဲ၊ ပညာရှိတို့ ချီးမွမ်းအပ်တဲ့ အရာပဲ၊ လက်တွေ့ ကျင့်ကြည့်တဲ့ အခါမှာလဲ မုချ ချမ်းသာစေနိုင်တဲ့ အရာပဲလို့ ကိုယ်တွေ့ သိမြင်ရတဲ့ အခါကျမှပဲ အဲဒါကို ယုံကြည် လက်ခံ လိုက်နာ ကျင့်ကြံပါ။ ဒါကြောင့် ဗုဒ္ဓဘာသာဟာ ပြည့်ပြည့်ဝဝ သိပ္ပံ နည်းကျတယ်လို့ မဆိုနိုင်သော်လဲ အတော် ခိုင်မာတဲ့ သိပ္ပံနည်းကျ သဘောသဘာဝတွေတော့ ပါဝင်ပါတယ်။ ပြီးတော့ တခြား ဘာသာတရားတွေထက် ပိုပြီး သိပ္ပံ နည်းကျတယ်လို့တော့ ပြောနိုင်ပါတယ်။
နှစ်ဆယ်ရာစုနှစ်မှာ အကြီးမြတ်ဆုံး သိပ္ပံပညာရှင် ဖြစ်တဲ့ အဲလ်ဘတ်အိုင်းစတိုင်းက ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ ဒီလိုပြောပါတယ်။ နောင်တစ်ချိန်မှာ စကြဝဠာ တစ်ခုလုံး ကိုးကွယ်ကြတဲ့ ဘာသာတရားတစ်ခု ဖြစ်ပေါ်လာလိမ့်မယ်။ အဲဒီဘာသာတရားဟာ ထာဝရဘုရား အယူအဆကို လွှမ်းမိုးသွားလိမ့်မယ်။ တယ် တရားသေ ဝါဒကိုလရှောင်လွှဲနိုင် လိမ့်မယ်။ သဘာဝတရားနှင့် ဘာသာတရား နှစ်ခုလုံးကို လွှမ်းခြုံမိတဲ့ ဒီဘာသာတရားဟာ ရုပ်နာမ်နှစ်ပါးလုံး ကိုယ်တွေ့ ခံစား သိမြင်မှုနဲ့ အဓိပ္ပါယ် ပြည့်ဝတဲ့ ပေါင်းစည်း ညီညွတ်မှုပေါ်မှာ အခြေခံလိမ့်မယ်။ ဒီအချက်တွေကို ဗုဒ္ဓဘာသာက အဖြေပေးလိမ့်မယ်။ တကယ်လို့သာ ခေတ်သစ် သိပ္ပံနည်းကျ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်တဲ့ ဘာသာတရားတစ်ခု ရှိတယ်ဆိုရင် အဲဒီ ဘာသာတရားဟာ ဗုဒ္ဓဘာသာပဲ ဖြစ်လိမ့်မယ်။
မေး - တခြား ဘာသာတရားများမှာ အမှားအမှန် အယူအဆကို သူတို့ ထာဝရဘုရား၊ နတ်ဘုရားများရဲ့ပညတ်တော်တွေ ထဲမှ ရကြပါတယ်။ သင်တို့ ဗုဒ္ဓဘာသာတွေက ထာဝရဘုရားကို မယုံကြည်ကြတော့ ဘယ်လိုလုပ်ပြီး အမှားအမှန်ကို သိကြပါသလဲ။
ဖြေ - လောဘ၊ ဒေါသ၊ မောဟတရားများမှာ အခြေခံပြီး ကျွန်ုပ်တို့ကို နိဗ္ဗာန်မှ ဝေစေတဲ့ ကာယကံ၊ ဝစီကံ၊ မနောကံများဟာ မကောင်းမှုတွေ ဖြစ်ပါတယ် (အမှားတွေပါ)။ ပေးကမ်း လှူဒါန်းခြင်း၊ မေတ္တာထားခြင်းနှင့် အသိပညာတို့ အပေါ်မှာ အခြေခံပြီး ကျွန်ုပ်တို့ရဲ့ နိဗ္ဗာန်သွားရာ လမ်းကြောင်းကို ရှင်းလင်းပေးတဲ့ ကာယကံ၊ ဝစီကံ၊ မနောကံများသာလျှင် ကောင်းမှုတွေ ဖြစ်ပါတယ်(အမှန်တွေပါ)။
ထာဝရဘုရားကို ဗဟိုထားတဲ့ ဘာသာတရားများမှာ အမှားအမှန်သိဖို့ လိုအပ်တာ အားလုံးကတော့ ထာဝရဘုရား ပြောတဲ့အတိုင်း လုပ်ဖို့ ကြိုးစားခြင်းပါပဲ။
လူသားကို ဗဟိုထားတဲ့ ဗုဒ္ဓဘာသာလို ဘာသာတရားများမှာ အမှားအမှန် သိဖို့ကတော့ မိမိကိုယ်ကို နက်နက်နဲနဲ သိရှိမှု၊ နားလည် သဘောပေါက်မှု တိုးတက်ဖြစ်ပေါ်အောင် လုပ်ရပါတယ်။ နားလည်မှုပေါ်မှာ အခြေခံတဲ့ လိုက်နာကျင့်ကြံမှုဟာ ပညတ်ချက် တစ်ခုပေါ်မှာ အခြေခံတဲ့ နာခံမှုထက် ပိုပြီး အင်အားကောင်းပါတယ်။
ဒါကြောင့် အမှားအမှန်ကို သိဖို့ရာ ဗုဒ္ဓဘာသာ တစ်ယောက်ဟာ အရာသုံးခုကို ကြည့်ပါတယ်။ အဲဒါတွေကတော့ (၁)ရည်ရွယ်ချက်၊
(၂)အလုပ်ကြောင့် မိမိအပေါ်မှာ အကျိုး သက်ရောက်မှုနှင့်
(၃)သူတပါးအပေါ်မှာ အကျိုး သက်ရောက်မှုများပါပဲ။
ဒါန၊ မေတ္တာ၊ ပညာတို့အပေါ်မှာ အခြေခံလို့ ရည်ရွယ်ချက်က ကောင်းရင်၊ ပြီးတော့ မိမိကိုယ်ကိုလဲ (ပိုပေးကမ်း လှူဒါန်းအောင်၊ ပိုမေတ္တာ ထားအောင်၊ ပိုအသိပညာပွါးအောင်) ကူညီရင်၊ ပြီးတော့ သူတစ်ပါးကိုလဲ (ပိုပေးကမ်း လှူဒါန်းအောင်၊ ပိုမေတ္တာ ထားအောင်၊ ပိုအသိပညာပွါးအောင်) ကူညီရင် အဲဒီ အလုပ်တွေဟာ ကောင်းမှုကုသိုလ်တွေ၊ ကောင်းတဲ့ ကိုယ်ကျင့် တရားတွေပါပဲ။ တကယ်တော့ ဒီအချက်ဟာ အမျိုးမျိုး အစားစား ထွေပြားလှပါတယ်။ တစ်ခါတရံမှာ ကိုယ်က အကောင်းဆုံး ရည်ရွယ်ချက်နဲ့ လုပ်လိုက်ပေးတဲ့လဲ ကိုယ့်အတွက်ဖြစ်စေ၊ သူတစ်ပါးအတွက် ဖြစ်စေ ကောင်းကျိုး ဖြစ်ချင်မှ ဖြစ်ပါတယ်။ တစ်ခါတရံမှာ ကိုယ့် ရည်ရွယ်ချက်က မကောင်းပေတဲ့လဲ ကိုယ့်အလုပ်က သူတစ်ပါးကို ကောင်းကျိုး ရစေတတ်ပါတယ်။ တစ်ခါတရံမှာ ရည်ရွယ်ချက် ကောင်းကောင်းနဲ့ လုပ်တဲ့ အလုပ်က ကိုယ့်ကို အကျိုးရစေပေတဲ့ သူတစ်ပါးကို ထိခိုက်ကောင်း ထိခိုက်တတ်ပါတယ်။ ဒီလို ကိစ္စမျိုးတွေမှာ အကောင်းနှင့် အတော်အသင့်ကောင်းတာ ရောနေပါတယ်။ ရည်ရွယ်ချက်က မကောင်းတဲ့အတွက် အလုပ်ကလဲ ကိုယ့်ကိုရော သူတစ်ပါးကိုပါ အကျိုးမရစေဘူး ဆိုရင် ဒီလို အလုပ်မျိုးဟာ မကောင်းပါဘူး။ ရည်ရွယ်ချက် ကောင်းလို့ အလုပ်ကလဲ ကိုယ့်ကိုရော သူတစ်ပါးကိုပါ ကောင်းကျိုး ရစေတယ်ဆိုရင် ဒီလို အလုပ်မျိုးဟာ အပြည့်အဝ ကောင်းတဲ့ အလုပ်ပါ။
မေး - ဒါဖြင့် ဗုဒ္ဓဘာသာမှာ ကိုယ်ကျင့်တရားနှင့် ပတ်သက်တဲ့ ကျင့်ဝတ်တွေ ရှိပါသလား။
ဖြေ - ရှိပါတယ်။ ငါးပါးသီလဟာ ဗုဒ္ဓဘာသာ ကိုယ်ကျင့်တရားရဲ့ အခြေခံ ကျင့်ဝတ်ပါပဲ။ ပထမ သိက္ခာပုဒ်က သတ္တဝါကို ထိခိုက် နာကျင်စေခြင်း၊ သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း ဖြစ်ပါတယ်။ ဒုတိယက ခိုးမှုမှ ရှောင်ကြဉ်ခြင်း၊ တတိယက ကာမဂုဏ် ကိစ္စတွေမှာ ဖေါက်ပြန် မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ စတုတ္ထက လိမ်ညာပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ ပဉ္စမက မူယစ်စေတတ်တဲ့ အရက်သေစာနှင့် မူးယစ်ဆေးဝါးမှန်သမျှ ရှောင်ကြဉ်ခြင်းများပါပဲ။
မေး - ဒါပေမယ့် တစ်ခါတရံမှာ သတ်ဖြတ်တာဟာ ကောင်းတာ သေချာပါတယ်။ ဥပမာ - ရောဂါ ပျံ့နှံ့စေတဲ့ ပိုးကိုသတ်တာ သင့်ကို သတ်မည့်လူကို သတ်တာမျိုးပေါ့။
ဖြေ - သင့်အတွက်တော့ ကောင်းမှာပေါ့။ အဲဟို အသတ်ခံရတဲ့ ပိုးမွှား၊ အသတ်ခံရတဲ့လူမှာ ဘယ်လိုနေမလဲ။ သင် အသက်ရှင်နေချင်သလို သူတို့လဲ အသက်ရှင် နေချင်တာပေါ့။ သင်ရောဂါဖြန့်ပိုးကို သတ်ဖို့ ဆုံးဖြတ်တဲ့ အခါမှာ ကိုယ့်ကို စိုးရိမ်ကြောင့်ကြမှု(ကောင်းတာ)နှင့် ပြောင်းပြန်သဘော(မကောင်းတာ) ရောနှောနေတယ်။ အဲဒီ သတ်ဖြတ်မှုက သင့်ကို ကောင်းကျိုး(ကောင်းမှု)ရစေပြီး၊ ဟိုပိုးမွှားကို ဆိုးကျိုး(မကောင်းမှု) ရစေတာ ထင်ရှားပါတယ်။ ဒီတော့ ရံဖန်ရံခါမှာ သတ်ဖြတ်ဖို့ လိုကောင်းလိုမှာ ဖြစ်ပေတဲ့ ဘယ်တော့မှ ကောင်းမှုတော့ မဖြစ်နိုင်ပါဘူး။
မေး - သင်တို့ ဗုဒ္ဓဘာသာတွေဟာ ပုရွက်ဆိတ်တွေ၊ ကြမ်းပိုးတွေနှင့် ပတ်သက်လို့ စိုးရိမ်ကြောင့်ကြ လွန်းပါတယ်။
ဖြေ - ဗုဒ္ဓဘာသာဝင်တွေဟာ ခွဲခြားမှု မရှိဘဲ အားလုံးကို လွှမ်းခြုံမိတဲ့ သနားကြင်နာ ကရုဏာတရား တိုးပွါးဖို့ ကြိုးစားနေကြပါတယ်။ သူတို့ဟာ ကမ္ဘာလောကကြီးကို သတ္တဝါတိုင်း သူ့နေရာနှင့်သူ၊ သူ့လုပ်ငန်းဆောင်တာနှင့်သူ အသီးသီး စုပေါင်း ဖွဲ့စည်းထားတဲ့ အပေါင်းအဖွဲ့ကြီး တစ်ခုအဖြစ် မြင်ကြပါတယ်။ ကျွန်ုပ်တို့ဟာ သဘာဝတရားရဲ့ သိမ်မွေ့တဲ့ ချိန်ညီမှုကို ဖျက်ဆီးမပစ်မီ ကျွန်ုပ်တို့ သတိထားသင့်တယ်လို့ ယုံကြည်ကြပါတယ်။ သဘာဝတရားကို အပြည့်အဝ လက်ဝါးကြီးအုပ် သုံးစားခြင်း၊ လျော့သွားတာကို ပြန်ဖြည့်မပေးဘဲ သဘာဝတရားရဲ့ နောက်ဆုံး အစက် အပေါက်ကလေး တစ်ခုကိုတောင်မှ မရမက ဖြစ်ညှစ်ယူခြင်း၊ သဘာဝတရားကို အနိုင်ယူခြင်း၊ လွှမ်းမိုးခြင်းများ အပေါ်မှာ အလေးပေးထားတဲ့ အဲဒီ ယဉ်ကျေးမှုကိုပဲ ကြည့်ပါဦး။ အခု သဘာဝက တော်လှန် တိုက်ခိုက်နေပါပြီ။ လေဟာ အဆိပ် သင့်နေပါပြီ။ မြစ်ရေတွေ ညစ်ညမ်းပြီး ခန်းခြောက်ကုန်ကြပြီ။ လှပတဲ့ တိရစ္ဆာန် မျိုးစိတ်ပေါင်း မြောက်များစွာဟာ မျိုးသုဉ်းကုန်ကြပါပြီ။ တောင်တွေပေါ်မှာ သစ်ပင် ကင်းမဲ့ပြီး တောင်ကတုံးတွေ ဖြစ်ကုန်ကြပြီ။ ရေတိုက်စားကုန်ကြပြီ။ ရာသီဥတုတောင်မှ ပြောင်းလဲ နေပါပြီ။ လူတွေဟာ ကြိတ်ချေဖို့၊ ဖျက်ဆီးဖို့၊ သတ်ဖြတ်ဖို့၊ စိတ်စောနေမှုကလေး နည်းနည်း လျှော့ပေးလိုက်ရင်ပဲ အခုပြောခဲ့တဲ့ ကြောက်စရာကောင်းတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး။ ကျွန်ုပ်တို့ အားလုံးဟာ သဘာဝရဲ့ အသက်ကို လေးစားမှု နည်းနည်းလေးပဲဖြစ်ဖြစ် ပိုတိုးလာအောင် ကြိုးစားသင့်ကြပါတယ်။ ဒါဟာ သတ္တဝါရဲ့ အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း ဆိုတဲ့ ပထမ သိက္ခာပုဒ်က ပြောပြနေတဲ့ အချက်ပါပဲ။
မေး - ဒါပေတဲ့ မုသာဝါဒနဲ့ ပတ်သက်တာ ကျတော့ ဘယ်လိုလဲ။ မုသား မပြောဘဲ နေလို့ ဖြစ်ပါ့မလား။
ဖြေ - လူ့အသိုင်းအဝန်းထဲမှာ ဖြစ်စေ၊ စီးပွါးရေး လောကထဲမှာ ဖြစ်စေ မုသားမပါဘဲ နေထိုင်လုပ်ကိုင်ဖို့အမှန်တကယ် မဖြစ်ဘူးဆိုရင် ဒီလို ထိတ်လန့်စရာကောင်းတဲ့ အကျင့်ပျက်မှုမျိုးကို ပြောင်းလဲ ပစ်သင့်ပါတယ်။ ဗုဒ္ဓဘာသာဝင်ဆိုတာ ပိုပြီး တော်တည့်မှန်ကန်ဖို့၊ ပိုပြီး ရိုးသားဖြောင်မတ်ဖို့ ကြိုးစားရင်း ပြဿနာနဲ့ ပတ်သက်လို့ လက်တွေ့ လုပ်ကိုင် ဆောင်ရွက်ဖို့ သန္နဋ္ဌာန်ချထားတဲ့ လူမျိုးပါ။
မေး - ကောင်းပြီ။ ဒါဖြင့် အရက်နှင့် ပတ်သက်လို့ ဘယ်လိုလဲ။ နည်းနည်းပါးပါးလေး သောက်တာကတော့ မထိခိုက်တာ သေချာပါတယ်။
ဖြေ - လူတွေဟာ အရက်ကို အရသာခံဖို့ မသောက်ကြပါဘူး။ သူတို့ တစ်ယောက်တည်း သောက်တဲ့အခါ စိတ်ပြေလက်ပျောက် သောက်ကြတာပါ။ လူမှုရေး အနေနဲ့ သောက်တဲ့အခါ အများနှင့် လိုက်လျောညီထွေ ဖြစ်စေဖို့ သောက်ကြတာပါ။ သို့သော်လဲ အရက်ကို နည်းနည်းလေးပင် သောက်ဦးတော့ စိတ်ဓါတ် ပျက်စီးပြီး သတိလက်လွက် ဖြစ်စေပါတယ်။ အများကြီး သောက်ရင်တော့ ပျက်စီးတော့တာပါပဲ။
မေး - ဒါပေတဲ့ နည်းနည်းပါးပါးသောက်တာဟာ သီလ မကျိုးဘူး မဟုတ်လား။ နည်းနည်းလေးပဲဟာ။
ဖြေ - ဟုတ်ပါတယ်။ နည်းနည်းလေးပါပဲ။ ဒါပေတဲ့ နည်းနည်းတောင်မှ မစောင့်ထိန်းနိုင်ရင် သင့် ဆုံးဖြတ်ချက်ဟာ မခိုင်မာဘူးပေါ့။ မဟုတ်ဘူးလား။
မေး - ငါးပါးသီလဟာ အပြုသဘော မဟုတ်ပါဘူး။ ငါးပါးသီလက သင့်ကို မလုပ်ဖို့ပဲ ပြောတယ်။ လုပ်ဖို့ကျတော့ မပြောဘူး။
ဖြေ - ငါးပါးသီလဟာ ဗုဒ္ဓဘာသာ ကိုယ်ကျင့်တရားရဲ့ အခြေခံ ကျင့်ဝတ်မျှပါပဲ။ ကျင့်ဝတ်အားလုံး မဟုတ်ပါဘူး။ ကျွန်ုပ်တို့ရဲ့ မကောင်းတဲ့ အပြုအမူတွေကို မှတ်သားထားပြီးတော့ အဲဒါတွေကို မလုပ်မိအောင် ကြိုးစားခြင်းအားဖြင့် ကိုယ်ကျင့်တရားကို စ ရပါတယ်။ ဥပမာ - စကားပြောတယ် ဆိုကြပါစို့။ မုသားပြောမှုကို ရှောင်ကြဉ်ခြင်းအားဖြင့် စ သင့်ကြောင်း မြတ်စွာဘုရား မိန့်တော်မူပါတယ်။ အဲဒီလို ရှောင်ကြဉ်ပြီးတော့ မှန်တဲ့စကား နူးညံ့သိမ်မွေ့တဲ့စကား၊ ယဉ်ကျေးဖွယ်ရာစကား၊ အချိန်ကာလနှင့် ကိုက်ညီတဲ့စကားကို ပြောရပါမယ်။ ဗုဒ္ဓမြတ်စွာက အောက်ပါအတိုင်း မိန့်တော်မူပါတယ်။ မမှန်သော စကားကို ရှောင်ကြဉ်သူသည် မှန်သောစကား၊ အားကိုးထိုက်သောစကား၊ ယုံကြည်ထိုက်သောစကား၊ မှီခိုအားထားထိုက်သော စကာိးကု ပြောသူဖြစ်သည်။ သူသည် လောကကို မလိမ်ညာ မလှည့်စားပေ။ ဂုံးချောစကား ရှောင်ကြဉ်သူသည် လူအများကြားတွင် စိတ်ဝမ်း ကွဲပြားစေဖို့ရာ ဤနေရာ၌ ကြားသောစကားကို ထိုနေရာ၌ မပြောကြားပေ။ ထိုနေရာ၌ ကြားသော စကားကို ဤနေရာ၌ မပြောကြားပေ။ သူသည် စိတ်ဝမ်းကွဲပြား နေသူများကို အစေ့အစပ်စကား ပြောကြား လေ့ရှိ၏၊ ခင်မင်နေသူများကို ပိုမိုချစ်ခင်အောင် အားပေးစကား ပြောကြားတတ်၏၊ ညီညွတ်မှုသည် သူ၏ ပျော်ရွှင်မှု၊ ညီညွတ်မှုသည် သူ၏ ဝမ်းမြောက်မှု၊ ညီညွတ်မှုသည် သူ၏ ချစ်ခင်မှုဖြစ်သည်။ ဤသည်မှာ သူစကားပြောရာတွင် ပါဝင်သော စိတ်ထား စေတနာဖြစ်သည်။ ကြမ်းတမ်း ရိုင်းစိုင်းသော စကားကို ရှောင်ကြဉ်သူသည် အပြစ်ကင်းသော စကား၊ နားဝင်သာသော စကား၊ နှစ်သက်ဖွယ်သော စကား၊ စိတ်နှလုံးသို့ သက်ဝင်သော စကား၊ ယဉ်ကျေးသော စကား၊ အများနှစ်သက် သဘောကျသော စကားကို ပြောဆိုတတ်၏၊ အကျိုးမရ အနှစ်သာရ မရှိသော စကားကို ရှောင်ကြဉ်သူသည် အချိန်ကာလနှင့် ကိုက်ညီသော စကား၊ မှန်သောစကား၊ အကျိုးရှိသော စကား၊ တရားနှင့် စပ်သော စကား၊ ကျင့်ဝတ်နှင့် စပ်သော စကားကို ပြောဆိုတတ်၏၊ သူသည် စိတ်နှလုံး၌ သိုမှီထားထိုက်သော စကား၊ အချိန်ကာလနှင့် လျော်သောစကား၊ သင့်လျော် လျောက်ပတ်သော စကား၊ အဓိပ္ပါယ် ပြည့်ဝသောစကား၊ အကျိုးစီးပွါးနှင့် စပ်သော စကားကို ပြောဆိုတတ်၏၊
မေး - ထာဝရဘုရား သို့မဟုတ် တန်ခိုးရှင်ဘုရားများရဲ့ တန်ခိုးကို အားကိုးအားထားမှသာလျှင် လူကောင်းတစ်ယောက် ဖြစ်နိုင်တယ်လို့ တချို့ ပြောကြပါတယ်။ (အဲဒါ ဘယ်လို အဘောရပါသလဲ။)
ဖြေ - ဒါကတော့ လုံးဝ မှားပါတယ်။ မြင့်မြတ်တဲ့ အပြစ်ကင်းတဲ့ အပြုအမူတွေကို ပြုမူနေကြတဲ့ ဗုဒ္ဓဘာသာဝင်တွေ၊ ဘယ်ဘာသာမှ မကိုးကွယ်သူတွေ သန်းချီရှိကြပါတယ်။ သူတို့ဟာ တစ်ခါတလေမှသာ မဟုတ်ဘဲ အမြဲတစေ မြင့်မြတ်တဲ့ အပြစ်ကင်းတဲ့ အပြုအမူတွေကို ပြုမူနေကြသူတွေ ဖြစ်ပါတယ်။ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ထူး တစ်ယောက်ကို ယုံကြည်နေကြတဲ့ လူများအကြားမှာ တွေ့ရတတ်တဲ့ ပုဂ္ဂိုလ်မျိုးလိုပါပဲ။ သင်ဟာ ရိုးသားစွာ ကြိုးစားရင် သင့်ရဲ့ အပြုအမူတွေကို စင်ကြယ်အောင် လုပ်နိုင်ပါတယ်။ လုံးဝ အပြည့်အစုံ မစင်ကြယ်နိုင်တောင်မှ ပိုပြီး စင်ကြယ်အောင် ကြိုးစား လုပ်ဆောင်နိုင်တာကတော့ သေချာပါတယ်။
မေး - ဗုဒ္ဓဘာသာဝင်တွေဟာ သက်သက်လွတ် သမားတွေ ဖြစ်သင့်တယ် မဟုတ်လား။
ဖြေ - အဲဒီလိုဖြစ်ဖို့ မလိုအပ်ပါဘူး။ ဗုဒ္ဓမြတ်စွာဟာ သက်သက်လွတ်သမားမဟုတ်ပါဘူး။ သူ့ရဲ့ တပည့်များကိုလဲ သက်သက်လွတ်စားဖို့ မမိန့်ကြားပါဘူး။ ဒီခေတ်မှာတောင်မှ သက်သက်လွတ်သမား မဟုတ်ဘဲ စိတ်ကောင်း နှလုံးကောင်းရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေ အများကြီးပါပဲ။
မေး - ဒါပေတဲ့ သင် အသားစားရင် သတ္တဝါတစ်စုံတစ်ဦး သေတဲ့အတွက် သင့်မှာ သွယ်ဝိုက်သောအားဖြင့် တာဝန်ရှိပါတယ်။ အဲဒါဟာ ငါးပါးသီလထဲက ပထမ သိက္ခာပုဒ်ကို ချိုးတာ မဟုတ်ပါဘူးလား။
ဖြေ - မှန်ပါတယ်။ တစ်စိတ် တစ်ဒေသအားဖြင့် သွယ်ဝိုက်ပြီးတာဝန်ရှိပါတယ်။ သို့သော်လဲ သင် ဟင်းသီး ဟင်းရွက် စားတဲ့အခါလဲ အတူတူပါပဲ။ လယ်ယာဦးကြီးက ဟင်းသီးဟင်းရွက်တွေ ပိုးပေါက်မပါဘဲ သင့် ထမင်းစားပွဲပေါ် ရောက်အောင် အဆိပ်တွေ ဖျန်းပေးရပါတယ်။ ပြီးတော့ သင့် သားရေခါးပတ်အတွက်၊ လက်ဆွဲအိပ်အတွက်၊ သင်သုံးတဲ့ ဆပ်ပြာချက်ဖို့ အမဲဆီ၊ ပြီးတော့ တခြား တိရစ္ဆာန် သားရေနဲ့ လုပ်ထားတဲ့ ပစ္စည်းတွေ၊ ဒါတွေအတွက် တိရစ္ဆာန်တွေကို သတ်ရပါတယ်။ တခြား သတ္တဝါ သေတဲ့အတွက် တစ်နည်းနည်းနဲ့ သွယ်ဝိုက်ပြီး တာဝန် မရှိအောင် အသက်ရှင်နေဖို့ မဖြစ်နိုင်ပါဘူး။ ဒါဟာ ဒုက္ခသစ္စာရဲ့ ပုံစံ တစ်ခုပါပဲ။ သူလို ကိုယ်လို သာမာန် အသက်ရှင်နေတာဟာ ဆင်းရဲပါတယ်။ ကျေနပ်ဖွယ် မရှိပါဘူး။ သင် ပါဏာတိပါတ သိက္ခာပုဒ် ဆောက်တည်တဲ့ အခါမှာ သတ္တဝါရဲ့ အသက်ကို သတ်ခြင်းအတွက် တိုက်ရိုက် တာဝန် မရှိအောင် ကြိုးစား ရှောင်ကြဉ်ရပါတယ်။
မေး - မဟာယာန ဗုဒ္ဓဘာသာဝင်တွေဟာ အသား မစားကြဘူး မဟုတ်လား။
ဖြေ - အဲဒါ မမှန်ပါဘူး။ တရုတ် မဟာယာန ဗုဒ္ဓဘာသာက သက်သက်လွတ်စားဖို့ အလွန် အလေးထားပေတဲ့ တိဘက်နှင့် ဂျပန်မှာရှိတဲ့ ဗုဒ္ဓဘာသာတွေ ကတော့ အမျိုးသား အမျိုးသမီးရော ဘုန်းကြီးတွေပါ အသားစားတဲ့ အလေ့ ရှိပါတယ်။
မေး - သို့သော်လဲ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဟာ သက်သက်လွတ်သမားပဲ ဖြစ်သင့်တယ်လို့ ကျွန်ုပ်ထင်နေတုန်းပဲ။
ဖြေ - လူတစ်ယောက်ဟာ သက်သက်လွတ် ဝါဒကို တင်းတင်းကျပ်ကျပ် ကျင့်သုံးပြီး တကိုယ်ကောင်းဆန်မယ်၊ မရိုးဖြောင့်ဘူး၊ ယုတ်ညံ့ နိမ့်ကျမယ်ဆိုရင် နောက်တစ်ယောက်က သက်သက်လွတ်သမားတော့ မဟုတ်ဘူး၊ ကိုယ်ချင်စာတရားရှိတယ်၊ ရက်ရောတယ်၊ သနားကြင်နာတတ်တယ်ဆိုရင် ဒီလူ နှစ်ယောက်ထဲက ဘယ်သူဟာ ပိုတော်တဲ့ ဗုဒ္ဓဘာသာဝင် ဖြစ်မလဲ။ မေးသူ - ရိုးဖြောင့်ပြီး သနား ကြင်နာတတ်တဲ့လူက ပိုတော်ပါတယ်။ ဖြေသူ - ဘာကြောင့်ပါလဲ။ မေးသူ - ဒီလို ပုဂ္ဂိုလ်က စိတ်ကောင်း နှလုံးကောင်း ရှိကြောင်း ထင်ရှားလို့ပါ။ ဖြေသူ - အတိအကျ မှန်ပါတယ်။ အသား မစားတဲ့ လူက စိတ်ထား မဖြူစင်ဘဲ ရှိတတ်သလို အသားစားတဲ့လူက စိတ်နှလုံး ဖြူစင်နေတာလဲ ရှိနိုင်ပါတယ်။ ဗုဒ္ဓတရားတော်မှာ အရေးကြီးတာက စိတ်နှလုံးရဲ့ အရည်အချင်းပါ။ အစားအစာမှာပါတဲ့ အရာ မဟုတ်ပါဘူး။ များစွာသော ဗုဒ္ဓဘာသာဝင်တွေဟာ အသားမစားဖို့ကျတော့ သိပ်ဂရုစိုက်ကြတယ်။ တစ်ကိုယ်ကောင်း ဆန်တာ၊ မရိုးဖြောင့်တာ၊ ရက်စက်တာ၊ မနာလို ဝန်တိုတာတွေ ကိုတော့ ကြောင့်ကြခံပြီး မစဉ်းစားကြဘူး။ လုပ်ဖို့ လွယ်ကူတဲ့ အစားအစာ ပြောင်းလဲတာကိုတော့ လုပ်ကြတယ်။ လုပ်ဖို့ ခက်တဲ့ စိတ်ထား ပြောင်းဖို့ကျတော့ မလုပ်ကြဘူး။ ဒါကြောင့် သက်သက်လွတ်စားသူ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဗုဒ္ဓဘာသာမှာ အရေး အကြီးဆုံးက စိတ်ထား ဖြူစင်ဖို့ပဲဆိုတာ မှတ်ထားပါ။