မာတိကာသို့ ခုန်သွားရန်

ဗုဒ္ဓဝင်အကျဉ်းနှင့် မင်္ဂလသုတ်

ဝီကီရင်းမြစ် မှ
ဗုဒ္ဓဝင်အကျဉ်းနှင့် မင်္ဂလသုတ်
by ရှေးဆရာ
5967ဗုဒ္ဓဝင်အကျဉ်းနှင့် မင်္ဂလသုတ် — ရှေးဆရာ

ဗုဒ္ဓဝင်အကျဉ်း

လူအမည် သိဒ္ဓတ္ထ

ဘုရားဘွဲ့တော် ဂေါတမ

မိဘအမည် သုဒ္ဓေါဒနမင်းနှင့် သီရိမဟာမာယာဒေဝီ

ကြင်ယာတော် ယတော်ဓရာ (ဘဒ္ဒကဉ္စနာ)

ရင်သွေးတော် ရာဟုလာ

ယောက်ဖတော် ဒေဝဒတ်

မိထွေးတော် ဂေါတမီ

နေပြည်တော် ကပိလဝတ်ပြည် (သက္ကတိုင်း၊ မဇ္ဈိမဒေသ)

ဖွားရာဌာန လုမ္ဗိနီဥယျာဉ်

ဖွားမြင်သည့်နှစ် ဘီစီ ၆၂၄

နန်းစံနှစ် ၁၃ နှစ်ကြာ (၁၆ နှစ်မှ ၂၉ နှစ်အတွင်း)

နိမိတ်ကြီးများ သူအို၊ သူနာ၊ သူသေ၊ ရဟန်း

ဗျာဒိတ်ခံယူသောဘဝ သုမေဓာရသေ့ဘဝ

ဗျာဒိတ်ပေးသောဘုရား ဒီပင်္ကရာမြတ်စွာဘုရား

ပါရမီဖြည့်ဖက် သုမိတ္တာ အမျိုးသမီး (ယသောဓရာအလောင်း)

ပါရမီဖြည့်ရာကာလ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း (သုမေဓာဘဝမှ ဝေဿန္တရာဘဝအထိ)

ပါရမီဖြည့်ရခြင်း၏ ရည်ရွယ်ချက် သတ္တဝါများ၏ အကျိုး ဆောင်ရွက်ရန်

ဒုက္ကရစရိယာကျင့်သည့်နေရာ ဥရုဝေလတော

ဒုက္ကရစရိယာ ခဲယဉ်းစွာ ပြုရသော အကျင့်

ဒုက္ကရစရိယာ ကျင့်ရသောနှစ် ၆-နှစ်

တောထွက်တော်မူသော အရွယ် ၂၉ နှစ် (ဘီစီ-၅၉၈)

ဘုရားဖြစ်ချိန် သက်တော် ၃၅ နှစ် (ဘီစီ ၅၈၉)

ဘုရားပွင့်ချိန် သက်တမ်း ၁၀၀တမ်း

အလုပ်အကျွေး ပဉ္စဝဂ္ဂီ ၅-ဦး (ဒုက္ကရစရိယာကျင့်ခိုက်)

ပဉ္စဝဂ္ဂီ ၅-ဦးအမည် ကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ

တရားဦးစဟောသည့်နေရာ ဗာရဏသီပြည်၊ မိဂဒါဝုန်တော

ပထမဦးဆုံး သာဝကများ ပဉ္စဝဂ္ဂီ ၅-ဦး

နောက်ဆုံး သာဝက သုဘဒ္ဒပရိဗိုဇ်

လက်ယာရံ အဂ္ဂသာဝက အရှင်သာရိပုတ္တရာ

လက်ဝဲရံ အဂ္ဂသာဝက အရှင်မောဂ္ဂလာန်

အဆုံးအမသာသနာ ပရိယတ္တိ ပဋိပတ္တိ ပဋိဝေဓ

ကျင့်စဉ်သိက္ခာ သီလ သမာဓိ ပညာ

ချမှတ်သောလမ်းစဉ် မဇ္ဈိမပဋိပဒါ (မဂ္ဂင်လမ်းစဉ်)

အမေး-၁။ မ-သိ-ကြ-လျှင်-တွေး-ဆ-ဦး ဟု ရှေးပညာရှင်များ ဗုဒ္ဓဘဝ၊ ဗုဒ္ဓဖြစ်စဉ်ကို အတိုကောက် မှတ်သားခဲ့ကြရာ ဘာအဓိပ္ပါယ်ကို ဆိုလိုပါသလဲ။

အဖြေ-၁။ (မ) = ကြာသပတေးနေ့ = သန္ဓေယူတော်မူသည်။ (သိ) = သောကြာနေ့ = ဖွားမြင်တော်မူသည်။(ကြ) တနင်္လာနေ့ = တောထွက်တော်မူသည်။ (လျှင်) = ဗုဒ္ဓဟူးနေ့ = ဘုရားဖြစ်တော်မူသည်။ (တွေး) = စနေနေ့ = ဓမ္မစကြာတရားဟောတော်မူသည်။ (ဆ) = အင်္ဂါနေ့ = ပရိနိဗ္ဗာန်စံတော်မူသည်။ (ဦး) = တနင်္ဂနွေနေ့ = တေဇောဓာတ်လောင်တော်မူသည်။

အမေး-၂။ လေးသင်္ချေကို ဘယ်လို ရေတွက်မလဲ။

အဖြေ-၂။ ဒီပင်္ကရာဘုရားနှင့် ကောဏ္ဍညဘုရားကြားမှာ ကမ္ဘာပေါင်း အရေအတွက်မရှိလို့ အသင်္ချေ (၁)ခု။ ကောဏ္ဍညဘုရားနှင့် မင်္ဂလဘုရားကြားမှာ ကမ္ဘာပေါင်း အရေအတွက်မရှိလို့ အသင်္ချေ (၁)ခု။ သောဘိတဘုရားနှင့် အနောမဒဿီဘုရားကြားမှာ ကမ္ဘာပေါင်း ဘယ်လောက်ကြာတယ်ဆိုတာ အရေအတွက် မရှိလို့ အသင်္ချေ (၁)ခု။ နာရဒမြတ်စွာဘုရားနှင့် ပဒုမုတ္တရမြတ်စွာဘုရားကြားမှာ ကမ္ဘာပေါင်း ဘယ်လောက်ကြာတယ်ဆိုတာ အရေအတွက် မရှိလို့ အသင်္ချေ (၁)ခု လို့ ခေါ်ပါတယ်။

အမေး-၃။ အလောင်းတော်သည် ပါရမီဖြည့်ကျင့်ရာ (၄) အသင်္ချေ ကမ္ဘာတစ်သိန်းကာလ၌ ပွင့်တော်မူရာ မြတ်စွာဘုရားထံတော်ပါး ရဟန်းဘဝ၊ ရသေ့ဘဝ၊ လူ့ဘဝစသည် ဘဝတို့ဖြင့် ဘဝပေါင်းဘယ်လောက် ဗျာဒိတ်ခံယူခဲ့ပါသနည်း။

အဖြေ-၃။ (၁) ရဟန်းဘဝဖြင့် ဗျာဒိတ်ခံယူခဲ့သည့်ဘဝ ၉-ဘဝ (၂) ရသေ့ဘဝဖြင့် ဗျာဒိတ်ခံယူခဲ့သည်ဘဝ ၅ ဘဝ (၃) လူ့ဘဝဖြင့် ဗျာဒိတ်ခံယူခဲ့သည်ဘဝ ၅ ဘဝ (၄) နဂါးဘဝဖြင့် ဗျာဒိတ်ခံယူခဲ့သည့်ဘဝ ၂ ဘဝ (၅) အဖြစ်တော် တစ်မျိုးစီဖြင့် ဗျာဒိတ်ခံယူခဲ့သည်ဘဝ ၃ ဘဝ၊ ၂၄ ဘဝ

အမေး-၄။ ဂေါတမဗုဒ္ဓ ဘုရားအလောင်းတော်ကို ဗျာဒိတ်ပြောကြားတော်မူသောဘုရား (ဗျာဒိတ်ပေးဘုရား)ပေါင်း ၂၄ဆူရှိပါသည်။ ထိုဗျာဒိတ်ကြား ဘုရား ၂၄ ဆူတို့ကို ရေတွက်ပြပါ။

အဖြေ-၄။ (၁) ဒီပင်္ကရ၊ (၂) ကောဏ္ဍည၊ (၃) မင်္ဂလ၊ (၄) သုမနဘုရား၊ (၅) ရေဝတ၊ (၆) သောဘိတ၊ (၇) အနောမဒသီ၊ (၈) ပဒုမ၊ (၉) နာရဒ၊ (၁၀) ပဒုမုတ္တရ၊ (၁၁) သုမေဓ၊ (၁၂) သုဇာတ၊ (၁၃) ပိယဒဿီ၊ (၁၄) အတ္တဒဿီ၊ (၁၅) ဓမ္မဒဿီ၊ (၁၆) သိဒ္ဓတ္ထ၊ (၁၇) တိဿ၊ (၁၈) ဖုဿ၊ (၁၉) ဝိပဿီ၊ (၂၀) သိခီ၊ (၂၁) ဝေဿဘူ၊ (၂၂) ကကုသန္ဓ၊ (၂၃) ကောဏဂမန၊ (၂၄) ကဿပဘုရားတို့ ဖြစ်ကြသည်။

အမေး-၅။ နှစ်ကျိပ် ရှစ်ဆူ ဘုရားများနှင့် ဗျာဒိတ်တော်ကြား ဘုရား (၂၄)ဆူတို့သည် ဘယ်လို ကွာခြားပါသလဲ။

အဖြေ-၅။ ဒီပင်္ကရာမြတ်စွာဘုရားအထက် ပွင့်တော်မူပီး ဘုရား (၃)ဆူ ပွင့်ခဲ့ပါသည်။ (၁) တဏှင်္ကရာ မြတ်စွာဘုရား (၂) မေဓင်္ကရာ မြတ်စွာဘုရားနှင့် (၃)သရဏင်္ကရာ မြတ်စွာဘုရားတို့ ဖြစ်ပါသည်။ ထိုကြောင့် သုမေဓာရသေ့ ဗျာဒိတ်ခံခဲ့သည့် ဒီပင်္ကရာဘုရားမပွင့်ခင် ၃-ဆူ၊ ဒီပင်္ကရာဘုရားမှသည် ကဿပဘုရားရှင်တိုင် ပွင့်ခဲ့သည့် ဘုရား ၂၄-ဆူ၊ ဂေါတမမြတ်စွာဘုရား -၁ဆူ၊ စုစုပေါင်း နှစ်ကျိပ်ရှစ်ဆူသော မြတ်စွာဘုရားများဖြစ်သည်။

အမေး-၆။ မိဘ၊ ဘိုးဘွားများ အစဉ်အဆက် ကြိုးစားပြီး ရှာဖွေလာခဲ့ကြရာ မိဘ၊ ဘိုးဘွား၊ ဥစ္စာရှင်များ ကွယ်လွန်ကြပြီးနောက် သုမေဓာ သတိုးသားလက်ထဲသို့ ရောက်လာသော် ဥစ္စာကိုမြင် ဘာအကြံ ဖြစ်ခဲ့ပါသလဲ။

အဖြေ-၆။ သုမေဓာ သတို့သားသည် ပစ္စည်းဥစ္စာများကို ကြည့်၍ "ငါ၏မိဘ၊ ဘိုးဘွား ဆွေမျိုး အဆက်ဆက်တို့သည် ဥစ္စာပစ္စည်းကို ရှာရုံသာ ရှာတတ်၍ ကိုယ့်နောက်ပါအောင် ယူဆောင် မသွားနိုင်ခဲ့ကြရှာပေ၊ ငါသည်က ကိုယ့်နောက်ပါအောင် ယူဆောင်သွားမည်"ဟု ကြံစည်စဉ်းစားလေသည်။ အပူရှိလျှင် အအေးရှိသကဲ့သို့ သေခြင်း သဘောရှိလျှင် မသေခြင်း သဘောလည်း ရှိရမည်ဟု စွဲမြဲစွာ ယုံကြည်ထားလေသည်။

အမေး-၇။ ပါရမီဖြည့်ဖက်ဟုဆိုကြရာ အချမ်းဒဏ်၊ အပူဒဏ်၊ လောဓံတို့ဖြင့် ရင်ဆိုင်၍ ပါရမီဖြည်ဖက်ဖြစ်သော သုမိတ္တာနှင့် ဘုရားလောင်း သုမေဓာရှင်ရသေ့တို့ ဘယ်လိုတွေ့ဆုံခဲ့ကြပါသလဲ။

အဖြေ-၇။ လမ်းမပြီးခင် ဒီပင်္ကရာဘုရားရှင်ကြွလာ၍ ဘုရားရှင် ရွံ့ပေါ်မကြွရလေအောင် ရှင်ရသေ့သည် ကိုယ်ကို စင်း၍ ဝမ်းလျှားမှောက်လျက် တံတားခင်းလှူခဲ့လေသည်။ ဘုရားရှင်ကို ကြိုဆိုနေကြသော ပရိတ်သတ်ထဲတွင် သုမိတ္တာ အမျိုးသမီးတစ်ယောက်သည် မိမိတွင်ပါလာသော ကြာပန်းရှစ်ခိုင်တွင် သုံးခိုင်ကို ချန်၍ ကျန်ငါးခိုင်ကို ရှင်ရသေ့လက်သို့ ဆက်ကပ်လိုက်လေသည်။ ထိုအချိန်မှစ၍ သုမိတ္တာအမျိုးသမီးသည် သုမေဓာရှင်ရသေ့အတွက် ပါရမီဖြည့်ဖက်အနေဖြင့် တွေ့ဆုံခဲ့ကြပါသည်။

အမေး-၈။ ဒီပင်္ကရာဘုရားရှင်ကို ဖူးတွေ့ရသော သုမေဓာရှင်ရသေ့၏ အဓိဋ္ဌာန်နှင့် ကြုံးဝါးချက်များက ဘာတွေပါလဲ။

အဖြေ-၈။ ငါသည် နိဗ္ဗာန်ကိုရယူလျှင် ယနေ့ပင် ရယူနိုင်ရာ၏၊ သို့သော် သတ္တဝါများကို ကယ်တင်နိုင်သော အစွမ်းအစများ ရှိပါလျက် တစ်ဦးတည်း ကိုယ်လွတ်ရုံးသွားခြင်းကား မသင့်လျှော်ချေ။ ငါသည်လည်း ဒီပင်္ကရာ ဘုရားကဲ့သို့ ဘုရားဖြစ်အောင် ကြိုးစားတော့အံ့ဟု ခိုင်မြဲစွာ အဓိဋ္ဌာန်ပြုလိုက်လေသည်။

အမေး-၉။ ပါရ (၁၀)ပါးကို ရေတွက်ပြပါ။

အဖြေ-၉။ ဒါနပါရမီသီလပါရမီနေက္ခမ္မပါရမီပညာပါရမီဝီရိယပါရမီခန္တီပါရမီသစ္စာပါရမီအဓိဋ္ဌာန်ပါရမီမေတ္တာပါရမီဥပေက္ခာပါရမီ

အမေး-၁၀။ ဒါနပါရမီ ဖြည့်ကျင့်တော်မူသည်ဆိုတာ ဘယ်လိုလဲ။

အဖြေ-၁၀။ မိမိပိုင်ဆိုင်သော သက်ရှိသက်မဲ့ ပစ္စည်းများကို သူတစ်ပါးအား ပေးကမ်းစွန့်ကြဲ လှူဒါန်းခြင်းသည် ဒါနပါရမီ ဖြည့်ကျင့်တော်မူခြင်းဖြစ်ပါသည်။ ဒါနပါရမီကို ဘဝများစွာ ဖြည့်ကျင့်ရာ၌ လူ့စည်းစိမ်း၊ နတ်စည်းစိမ်များကို မတောင့်တ၊ မမျှော်မှန်း၊ သတ္တဝါအများကို ကယ် မနိုင်ရန် သဗ္ဗညုတဉာဏ်ရဖို့ရန် ရန်သန်တောင့်တတော်မူသည်။

အမေး-၁၁။ သီလပါရမီ ဖြည့်ကျင့်တော်မူသည်ဆိုတာ ဘယ်လိုလဲ။

အဖြေ-၁၁။ အကုသိုလ်မဖြစ်ရလေအောင် ကိုယ်နှင့်နှုတ်တို့ကို မိမိကိုယ်ကို မိမိကိုယ်တိုင် တာဝန်ယူ စောင့်ထိန်းခြင်းကို သီလပါရမီ ဖြည့်ကျင့်တော်မူခြင်း ဖြစ်ပါသည်။

အမေး-၁၂။ နေက္ခမ္မပါရမီ ဖြည့်ကျင့်တော်မူသည်ဆိုတာ ဘယ်လိုလဲ။

အဖြေ-၁၂။ လောကီအာရုံ ကာမဂုဏ်များနှင့် သက်ရှိသက်မဲ့ အရာဝတ္ထုအားလုံးများကို မစွဲမက် မစုံမက်ဘဲ စွန့်ခွါ၍ တစ်ယောက်တည်း ရသေ့ရဟန်းပြုခြင်း၊ တောထွက်ခြင်းမျိုးကို နေက္ခမ္မပါရမီကို ဖြည့်ကျင့်တော်မူခြင်း ဖြစ်ပါသည်။ ဘဝများစွာ နေက္ခမ္မပါရမီကို ဖြည့်ကျင့်ရာ၌ အယောဃရမည် မင်းသာဘဝသည် အလွန်ထင်ရှား၍ အသိများသောဘဝ ဖြစ်ပါသည်။

အမေး-၁၃။ ပညာပါရမီ ဖြည့်ကျင့်တော်မူသည်ဆိုတာ ဘယ်လိုလဲ။

အဖြေ-၁၃။ ပညာပါရမီ ဖြည့်ကျင့်သည်ဆိုရာ၌ ပထမ မိမိကိုယ်တိုင် တတ်သိနားလည်အောင် ကြိုးစားသင်ယူရ၏။ တိုးတက်အောင် ကြံစည်စဉ်းစားရ၏။ မိမိတတ်သိ ကျွမ်းကျင် နားလည်ထားသော ပညာကို သူတစ်ပါးတို့အား တတ်အောင် သင်ပြပေးခြင်း၊ မိမိတတ်သိ နားလည်သော ပညာဖြင့် အများအကျိုးရှိအောင် ဆောင်ရွက်ပေးခြင်းကို ပညာပါရမီဖြည့်ကျင့်သည်ဟု ခေါ်ပါသည်။

အမေး-၁၄။ ဝီရိယပါရမီ ဖြည့်ကျင့်တော်မူသည်ဆိုတာ ဘယ်လိုလဲ။

အဖြေ-၁၄။ အများအတွက် ကောင်းကျိုးချမ်းသာရေး လုပ်ငန်းမှန်သမျှတို့တွင် သက်စွန့်ကြိုးပမ်း အစွမ်းကုန် လုံ့လဝီရိယများကို အားထုတ်ပြုလုပ်ဆောင်ရွက်ခြင်းကို ဝီရိယပါရမီဖြည့်ကျင့်သည်ဟု ဆိုပါသည်။

အမေး-၁၅။ ခန္တီပါရမီ ဖြည့်ကျင့်တော်မူသည်ဆိုတာ ဘယ်လိုလဲ။

အဖြေ-၁၅။ မိုက်မဲ၍ ဖြစ်စေ၊ မသိ၍ ဖြစ်စေ၊ လုပ်သင့် မလုပ်သင့် မဆုံးဖြတ်နိုင်ဘဲ တွေဝေသည်ဖြစ်စေ 'လူမိုက်တို့သည် ငါ့အပေါ်၌ ပြုလုပ်လာသော စော်ကားမှုကို ငါက ပြန်၍ တုံ့ပြန်မှုပြုလျှင် ထိုလူမိုက်တို့နှင့် မခြား ငါတူနေလိမ့်မည်'ဟု ကြံစည်၍ ဒေါသ မထွက် စိတ်ပျက်အားငယ်မှု မရှိဘဲ စိတ်အေးအေးနှင့် မိမိက အလျှော့ပေး အနစ်နာခံလိုက်ခြင်းကို ခန္တီပါရမီ ဖြည့်ကျင့်သည်ဟု ဆိုပါသည်။

အမေး-၁၆။ သစ္စာပါရမီ ဖြည့်ကျင့်တော်မူသည်ဆိုတာ ဘယ်လိုလဲ။

အဖြေ-၁၆။ ပြောသည့်အတိုင်း လုပ်ခြင်း၊ လုပ်သည့်အတိုင်း ပြောခြင်း၊ မှန်ရာကိုသာ ပြောဆိုခြင်းသည် သစ္စာပါရမီဖြည့်ကျင့်သည်ဟု ဆိုပါသည်။ ဘုရားအလောင်းတော်သည် ဖြစ်လေရာဘဝတိုင်း သူတစ်ပါးအကျိုးပျက်အောင် မုသားစကားကို မည်သည့်ဘဝတွင်မျှ မဆိုခဲ့ပေ၊ ဘဝတိုင်း သစ္စာပါရမီကို ဖြည့်ကျင့်ခဲ့လေသည်။

အမေး-၁၇။ အဓိဋ္ဌာန်ပါရမီ ဖြည့်ကျင့်တော်မူသည်ဆိုတာ ဘယ်လိုလဲ။

အဖြေ-၁၇။ ဒါနအစရှိသော ပါရမီကောင်းမှုများကို သတ်မှတ်ထားသည့်အတိုင်း မပျက်မကွက် စွဲစွဲမြဲမြဲ အောင်မြင်ပြီးမြောက်အောင် ပြုလုပ်မည်ဟု စိတ်ကို ဆုံးဖြတ်ထားခြင်း၊ ဆုံးဖြတ်ထားသည့်အတိုင်း ပြုလုပ်မှုကို အဓိဋ္ဌာန်ပါရမီ ဖြည့်ကျင့်သည်ဟု ဆိုပါသည်။

အမေး-၁၈။ မေတ္တာပါရမီ ဖြည့်ကျင့်တော်မူသည်ဆိုတာ ဘယ်လိုလဲ။

အဖြေ-၁၈။ မေတ္တာစိတ်ထားသူတို့သည် မိမိအပေါ် သူတစ်ပါးက မတော်မတရားပြုမူ ပြောဆိုစေကာမူ ထိုသူ၏အပြစ်ကို မကြည့်၊ ထိုသူ၏ ကောင်းကွက်ကိုသာ ရှာကြည့်ကာ သူ့အကျိုးကို ဆောင်ရွက်ပေးခြင်း သူတစ်ဖက်သား ကြီးပွားချမ်သာစေလိုသော စိတ်ထားသည် မေတ္တာပါရမီ ဖြည့်ကျင့်သည်ဟု ဆိုပါသည်။

အမေး-၁၉။ ဥပေက္ခာပါရမီ ဖြည့်ကျင့်တော်မူသည်ဆိုတာ ဘယ်လိုလဲ။

အဖြေ-၁၉။ သူတစ်ဖက်သားအား မုန်းလည်း မမုန်း၊ ချစ်လည်း မချစ်၊ လက်မလိုက် မျှမျှတတ သမာသမတ် အလယ်အလတ်တည့်မှတ်သော စိတ်ထားကို ဥပေက္ခာပါရမီ ဖြည့်ကျင့်သည်ဟု ဆိုပါသည်။

အမေး-၂၀။ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကြာအောင် ပါရမီ ဖြည့်ကျင့်တော်မူခဲ့ရာ ဘယ်ဘဝမှာ ပါရမီတော် အားလုံး ပြီးပြည့်စုံခဲ့ပါသလဲ။

အဖြေ-၂၀။ ဘုရားအလောင်းတော်သည် ထိုပါရမီ (၁၀)ပါး၊ အပြား (၃၀)တို့ကို လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကြာအောင် ပါရမီဖြည့်ကျင့်တော်မူခဲ့ရာ ဝေဿန္တရာမင်းဘဝ၌ ပါရမီတော်အားလုံး ပြီးပြည့်စုံခဲ့ပါသည်။

အမေး-၂၁။ ဘုရားအလောင်းတော်သည် ဘဝများစွာ ပါရမီတော်တို့ကို ဖြည့်ကျင့်ရာ၌ ရည်မှန်းချက်ကြီး (၃)ချက်က ဘာတွေလဲ။

အဖြေ-၂၁။ (၁) လောကတ္ထစရိယာ = လောကလူသား၊ ကမ္ဘာသူကမ္ဘာသား သတ္တဝါအများ ကောင်းစားချမ်းသာရေး ကျင့်စဉ်၊ (၂) မိမိ၏ အမျိုးသား၊ မိမိလူမျိုး ကောင်းစား ချမ်းသာရေးကျင့်စဉ်၊ (၃) ဗုဒ္ဓတ္ထစရိယာ = သတ္တဝါအများကို သံသရာဝဋ်ဆင်းရဲမှ ကယ်တင်နိုင်သော သဗ္ဗညုတဘုရား ဖြစ်ရေးကျင့်စဉ်။

အမေး-၂၂။ သာမာန်လူတို့ စွန့်လွှတ်နိုင်ခဲသော အရာများကို ဘုရားအလောင်းတော်သည် စွန်လွှတ်နိုင်ခဲ့ရာ ဘာတွေ စွန့်လွှတ်ခဲ့သလဲ။

အဖြေ-၂၂။ (၁) တိုင်းပြည်နိုင်ငံ ထီးနန်းစည်းစိမ်ကို စွန့်၍ ပါရမီဖြည့်ခြင်း၊ (၂) သားသမီးတို့ကို စွန့်လှူခြင်း၊ (၃) ဇနီးမယားကိုပင် စွန့်လှူခြင်း၊ (၄) မိမိခန္ဓာ ကိုယ်အင်္ဂါ အစိတ်အပိုင်းများကို စွန့်လှူခြင်း၊ (၅) နောက်ဆုံး အသက်ကိုပင်လျှင် နှမြောတွန့်တိုမှု မရှိဘဲ စွန့်လှူခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ရသည်။

အမေး-၂၃။ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ ပေါ်ပေါက်လာရခြင်း၏ အကျိုးကျေးဇူးများက ဘာတွေလဲ။

အဖြေ-၂၃။ သတ္တဝါအများ အကျိုးစီးပွား၊ ဘုရားမြတ်စွာ ပေါ်ရသည်။ သတ္တဝါအများ၊ ချမ်းသာပွား၊ တရားမြတ်စွာ ဟောရသည်။ သတ္တဝါအများ၊ ကုသိုလ်ပွား၊ သံဃာများစွာ ပေါ်ရသည်။

အမေး-၂၄။ မြတ်စွာဘုရားသည် ဘုရားအဖြစ်ဖြင့် (၄၅)နှစ်တိုင်တိုင် နေတော်မူသွားရာ တစ်နေ့တာ အချိန်ကို ဘယ်လို အသုံးပြုသွားပါသလဲ။

အဖြေ-၂၄။ မြတ်စွာဘုရားရှင်သည် ဘုရားအဖြစ်ဖြင့် (၄၅)နှစ်တိုင်တိုင် တစ်နေ့တာ အချိန်ကို အလုပ်လုပ်ရာတွင် နံနက်ခင်းလုပ်ငန်းဆွမ်းစားချိန်လုပ်ငန်းညဉ့်ဦးယံလုပ်ငန်းသန်းခေါင်းယံလုပ်ငန်းမိုးသောက်ယံလုပ်ငန်းဟူ၍ တစ်နေ့တာ ဆောင်ရွက်ဖွယ်လုပ်ငန်းစဉ်များကို (၅)ပိုင်းပိုင်း၍ သူ့အချိန်နှင့် မလစ်လပ်စေရအောင် နေ့စဉ် ဆောင်ရွက်တော်မူပါသည်။

အမေး-၂၅။ မြတ်စွာဘုရားရှင်သည် တစ်နေ့တာ အချိန်ကို (၅)ပိုင်း ပိုင်း၍ ဆောင်ရွက်ရာတွင် နံနက်ခင်း၊ လုပ်ငန်းစဉ် (ပုရေဘတ္တကိစ္စ)ကို ဘယ်လို ဆောင်ရွက်ပါသလဲ။

အဖြေ-၂၅။ မြတ်စွာဘုရားသည် အရုဏ်တက်ချိန်မတိုင်မီ အိပ်ရာမှထတော်မူ၍ သတ္တဝါအားလုံးတို့၏ စရိုက်ဓာတ်ခံ စိတ်နေစိတ်ထား ပါရမီအနုအရင့်တို့ကို ကြည့်ဆင်ခြင်တော်မူလျက် သင့်တော်သော တရားတော်မြတ်ကို ဟောကြားတော်မူခြင်းသည် နံနက်ခင်း လုပ်ငန်းစဉ်ဖြစ်ပါသည်။

အမေး-၂၆။ မြတ်စွာဘုရားရှင်သည် တစ်နေ့တာ အချိန်ကို (၅)ပိုင်း ပိုင်း၍ ဆောင်ရွက်ရာတွင် နေ့လယ်ခင်း လုပ်ငန်းစဉ် (ပစ္ဆာဘတ္တကိစ္စ)ကို ဘယ်လိုဆောင်ရွက်ပါသလဲ။

အဖြေ-၂၆။ မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပြီးသော် ကျောင်းတော်သို့ ပြန်လာပြီး နေ့စဉ်နှင့်အမျှ ခြေဆေးရာ နေရာ၌ရပ်ပြီး နေ့တိုင်းနေ့တိုင်း ဆုံးမတော်မူသော စကား (၅)ခွန်းတို့ကို မိန့်ခြွေတော်မူသည်။ လောက၌ ဘုရားရှင် ပွင့်ထွန်းတော်မူခြင်း ဖြစ်ပေါ်ခဲ၏။ လူအဖြစ်ရခြင်းသည် ခက်ခဲ၏။ သဒ္ဓါနှင့် ပြည့်စုံခြင်းကို ရခဲ၏။ ရဟန်းအဖြစ်ကို ရခဲ၏။ သူတော်ကောင်းတရား ကြားနာရဖို့ ခက်ခဲ၏။

အမေး-၂၇။ မြတ်စွာဘုရားရှင်သည် တစ်နေ့တာ အချိန်ကို (၅)ပိုင်း ပိုင်း၍ ဆောင်ရွက်ရာတွင် ညဉ့်ဦးယံလုပ်ငန်းစဉ် (ပုရိမယာမ)ကို ဘယ်လို ဆောင်ရွက်ပါသလဲ။

အဖြေ-၂၇။ ထိုထိုအရပ်ဒေသမှ ကြွရောက်လာသော ရဟန်းတောများ မေးသမျှသော တရားဓမ္မမေးခွန်းများကို ဖြေကြားတော်မူ၏။ တရားနာ လာရောက်ကြသော လူ့ပရိသတ်၊ ရဟန်းပရိသတ်၊ အပေါင်းတို့အား တရားဟောကြားတော်မူခြင်းသည် ညဉ့်ဦးယံလုပ်ငန်းစဉ် ဖြစ်ပါသည်။

အမေး-၂၈။ မြတ်စွာဘုရားရှင်သည် တစ်နေ့တာ အချိန်ကို (၅)ပိုင်း ပိုင်း၍ ဆောင်ရွက်ရာတွင် သန်းခေါင်ယံလုပ်ငန်းစဉ် (မဇ္ဈိမယာမကိစ္စ)ကို ဘယ်လို ဆောင်ရွက်ပါသလဲ။

အဖြေ-၂၈။ မြတ်စွာဘုရားရှင်သည် ရဟန်းပရိသတ်၊ လူ့ပရိတ်သတ်တို့အား တရားဟောကြားပြီးနောက် ဂန္ဓကုဋီ ကျောင်းဆောင်ထဲသို့ ပြန်လည်ကြွရောက်တော်မူ၏။ ခဏကြာသော် စကြာဝဠာပေါင်းတိုက်တစ်သောင်း၌ နေကြကုန်သော နတ်ဗြဟ္မာတို့၏ အမေးပုစ္ဆာ ပြဿနာများကို ဖြေကြားတော်မူခြင်းသည် သန်းခေါင်ယံလုပ်ငန်းစဉ်ဖြစ်ပါသည်။ မင်္ဂလသုတ်တော် အစရှိသော သုတ်တော်များသည် နတ်၊ဗြဟ္မာများ မေးလျှောက်သဖြင့် ဤညဉ့်သန်းခေါင်းယံ၌ ဟောကြားဖြေရှင်းတော်မူခဲ့သော သုတ်တော်များဖြစ်လေသည်။

အမေး-၂၉။ မြတ်စွာဘုရားရှင်သည် တစ်နေ့တာ အချိန်ကို (၅)ပိုင်း ပိုင်း၍ ဆောင်ရွက်ရာတွင် မိုးသောက်ယံလုပ်ငန်းစဉ် (ပစ္ဆိမာယာမကိစ္စ)ကို ဘယ်လို ဆောင်ရွက်ပါသလဲ။

အဖြေ-၂၉။ ပထမအချိန်တွင် စင်္ကြကြွခြင်းဖြင့် အချိန်ကို ကုန်လွန်စေပါသည်။ ဒုတိယပိုင်းတစ်ချိန်တွင် လျောင်းစက်ကျိန်းတော်မူသည်။ တတိယပိုင်းအချိန်တွင် ရှေးရှေးဘုရားရှင်တို့ အထံ၌ ဒါန၊ သီလ၊ အစရှိသော ကုသိုလ်ကောင်းမှုများ ပြုခဲ့ဖူးသော ကုသိုလ်ပါရမီရှင်ထူးများ ရှိ-မရှိ၊ တရားထူးတရားမြတ်ကို ရနိုင်သည် ရှိ-မရှိ တစ်လောကလုံးကိုခြုံငုံ၍ ကြည့်ရှုတော်မူခြင်းသည် မိုးသောက်ယံလုပ်ငန်းစဉ် ဖြစ်ပါသည်။

အမေး-၃၀။ "အောင်ခြင်း ရှစ်ပါး"ကို မြတ်စွာဘုရားရှင်သည် သက်တော်ဘယ်လောက် ဝါတော်ဘယ်လောက်အရတွင် တွေ့ကြုံခဲ့ရပါသလဲ။

အဖြေ-၃၀။ (၁) သက်တော် ၃၅နှစ်အရွယ်မှာ မာရ်နတ်ကိုအောင်၊ (၂) သက်တော် ၄၀ နှစ် ဝါတော် ၅ ဝါအရတွင် သစ္စကပရိဗိုဇ်ကိုအောင်၊ (၃) သက်တော် ၄၆ နှစ် ဝါတော် ၁၁ ဝါအရတွင် ဗကဗြဟ္မာကိုအောင်၊ (၄) သက်တော် ၄၉ နှစ် ဝါတော် ၁၄ ဝါအရတွင် အင်္ဂုလိမာကိုအောင်။ (၅) သက်တော် ၄၉ နှစ် ဝါတော် ၁၄ ဝါအရတွင် စိဉ္စမာဏကိုအောင်၊ (၆) သက်တော် ၄၆ နှစ် ဝါတော် ၁၁ ဝါအရတွင် နန္ဒောပနန္ဒ နဂါးမင်းကို အောင်၊ (၇) သက်တော် ၅၁ နှစ် ဝါတော် ၁၆၀ါအရတွင် အာဠဝီပြည်၌ အာဠာဝကဘီလူးကြီးကိုအောင်။ (၈) သက်တော် ၅၅ နှစ် ဝါတော် ၂၀ ဝါအရတွင် နာဠာဂီရိဆင်ကြီးကို အောင်မြင်တော်မူသည်။

အမေး-၃၁။ မြတ်စွာဘုရားရှင် သက်တော် (၃၅)နှစ်အရွယ် ဘုရားဖြစ်မည့်နေတွင် မာရ်နတ်ကို ဘယ်လို အောင်မြင်တော်မူခဲ့ပါသလဲ။

အဖြေ-၃၁။ ဘုရားအလောင်းတော်၏ ဘုန်းတော်ကြောင့် မဟာပထဝီမြေကြီးသည် အိုးထိန်းစက်ကဲ့သို့ သွက်သွက်လည်ကာ သည်းထန်စွာ မြည်ဟီးလေ၏။ ကောင်းကင်တစ်ခုလုံးလည်း ကြောက်မက်ဖွယ်ထစ်ချုန်း၍ ရဲရဲတောက် မီးပေါက်၊ မီးပွားတို့နှင့် မိုးကြိုးများ တဂျိမ်းဂျိမ်း ပြစ်ချလေသည်။ မာရ်နတ်သည် ကြောက်၍ ထွက်ပြေးလေသည်။

အမေး-၃၂။ မြတ်စွာဘုရားရှင် သက်တော် (၅၁)နှစ်၊ ဝါတော် (၁၆) ဝါအရတွင် အာဠဝီပြည်၌ အာဠာဝကဘီလူးကြီးကို ဘယ်လို အောင်မြင်တော်မူခဲ့ပါသလဲ။

အဖြေ-၃၂။ မြတ်စွာဘုရားရှင်သည် အာဠာဝကဘီလူးကြီး၏ ဘုံဗိမာန်အတွင်းသို့ ဝင်၍ သီတင်းသုံးနေတော်မူ၏။ ဘီလူကြီးသည် ဒေါသအမျက် ချောင်းချောင်းထွက်လေသည်။ လက်နက် (၉)မျိုးဖြင့် ဘုရားရှင်အား တိုက်ခိုက်လေ၏။ ဘုရားရှငအား လုံးဝတိုက်ခိုက်၍ မရသောအခါ ဘီလူးကြီးမာန်လျော့ကာ ဘုရားရှင်၏ ခြေတော်ရင်းတွင် ထိုင်နေလေတော့၏။ ဘုရားရှင်အား သိလိုသော အမေးပုစ္ဆာများကို မေးလျှောက်ပြီး ဘုရားရှင်ကလည်း ဖြေကြားပေးတော်မူလေသည်။

အမေး-၃၃။ မြတ်စွာဘုရားရှင် သက်တော် (၅၅)နှစ်၊ ဝါတော် (၂၀) ဝါတွင် ရာဇဂြိုလ်ပြည်၌ နာဠာဂီရိဆင်ကြီးကို ဘယ်လို အောင်မြင်တော်မူခဲ့ပါသလဲ။

အဖြေ-၃၃။ မြတ်စွာဘုရားရှင်သည် ရာဇဂြိုလ်မြို့တွင်းသို့ ဆွမ်းခံကြွတော်မူစဉ် နာဠာဂီရိဆင်ကို အရက်အမျိုးမျိုးတိုက်ကာ ဘုရားရှင်အား ထိုးသတ်ခိုင်းလေသည်။ "ငါဘုရားရှိရာသို့သာ ဖြောင့်ဖြောင့်လာလော့"ဟု ခေါ်လိုက်လေသည်။ နာဠာဂီရိဆင်ပြောင်ကြီးသည် ဘုရားရှင်၏ အသံတော်ကို ကြားရလျှင် ထိတ်လန့် သံဝေဂတရားရရှိကာ တန်းခိုးတော်ကြီး အရက်မူးပြေပျောက်ပြီး ဘုရားရှင်၏ ခြေတော်ရင်း၌ ဝပ်စင်းခစားလေသတည်း။

အမေး-၃၄။ မြတ်စွာဘုရားရှင် သက်တော် (၄၉)နှစ်၊ ဝါတော် (၁၆) ဝါအရတွင် စိဉ္စမာဏကို ဘယ်လို အောင်မြင်တော်မူခဲ့ပါသလဲ။

အဖြေ-၃၄။ စိဉ္စမာဏအမျိုးသမီးသည် ကိုယ်ဝန်အရင့်အမာရှိဟန် သစ်သားဝန်းကို ဗိုက်မှာ ဖွဲ့ချည်ပြီး မြတ်စွာဘုရားနှင့် ကိုယ်ဝန်ရလေဟန် စွပ်စွဲလေသည်။ သိကြားမင်းသည် နတ်သားလေးယောက်ကို ကြွက်ယောင်ဆောင်ပြီး ဖွဲ့ချည်ထားသော ပျဉ်ချပ်၏ကြိုးများကို ကိုက်ဖြတ်ခိုင်းလေရာ ပျဉ်ချပ်ပြုတ်ကျလေ၏။ တရားနာပရိသတ်တို့သည် ဇေတဝန်ကျောင်း အပြင်ဘက်သို့ ဆွဲထုတ်ကြလေ၏။ စိဉ္စမာဏသည် ကျောင်းအပြင်သို့ ရောက်သောအခါ မြေမျိုခံရလေသည်။

အမေး-၃၅။ မြတ်စွာဘုရားရှင် သက်တော် (၄၉)နှစ်၊ ဝါတော် (၁၄) ဝါအရတွင် အင်္ဂုလိမာကို ဘယ်လို အောင်မြင်တော်မူခဲ့ပါသလဲ။

အဖြေ-၃၅။ မြတ်စွာဘုရားက 'ငါကား မကောင်းမှု ဟူသမျှကို မလိုက်စား၊ ရှောင်ကျဉ်သည်ဖြစ်၍ နိဗ္ဗာန်လမ်းဝ၌သာ ရောက်နေသဖြစ်၍ ရပ်သောသူမည်၏၊ သင်ကား မကောင်းမှုတို့ကို ပြုလေ့ရှိ၏၊ သေသောအခါတွင် အပါယ်သို့ သွားရောက်ရမည့်သူ ဖြစ်သောကြောင့် ရပ်နားသည်မမည်၊ သွားသည်မည်၏'ဟု ပြောလေ၏၊ အင်္ဂုလိမာလသည် သဘောပေါက်၍ မြတ်စွာဘုရားသခင်ကို ဝန်ချတောင်းပန်လေ၏။

အမေး-၃၆။ မြတ်စွာဘုရားရှင် သက်တော် (၄၀)နှစ်၊ ဝါတော် (၅) ဝါအရတွင် အောဠဝီပြည်၌ အာဠာဝကဘီလူးကြီးကို ဘယ်လို ဝေသာလီပြည်၌ သစ္စကပရဗိုဇ်ကို ဘယ်လို အောင်မြင်တော်မူခဲ့ပါသလဲ။

အဖြေ-၃၆။ မြတ်စွာဘုရားရှင်သည် "ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်"တရား ဤငါးပါးသည်လည်းကောင်း၊ သက်ရှိ-သက်မဲ့ အရာဝတ္ထုများ အားလုံးတို့သည် လည်းကောင်း၊ မမြဲခြင်း သဘာဝတရားသည်သာလျှင် ဖြစ်၏ဟု ဟောကြားတော်မူလေ၏။ သစ္စကပရိဗိုဇ်သည် မြဲ၏ဟု ယူဆ၏။ မြတ်စွာဘုရားနှင့် အခြေအတင်ပြော ကြကာ နောက်ဆုံး မြတ်စွာဘုရား၏ အနတ္တတရားကို လက်ခံကာ သစ္စကပရိဗိုဇ် အရှုံးပေးရလေသည်။ မြတ်စွာဘုရား အောင်တော်မူခဲ့ပါသည်။

အမေး-၃၇။ မြတ်စွာဘုရားရှင် သက်တော် (၄၆)နှစ်၊ ဝါတော် (၁၁) ဝါအရတွင် နန္ဒောပနန္ဒ နဂါးမင်းကို ဘယ်လို အောင်မြင်တော်မူခဲ့ပါသလဲ။

အဖြေ-၃၇။ မြတ်စွာဘုရား၏ ညွှန်ကြားချက်အရ ရှင်မောဂ္ဂလာန် မထေရ်မြတ်သည် နဂါမင်းကြီးထက်ကြီးသော နဂါးကို ဖန်ဆင်းပြီး နှိမ်နင်းလေ၏။ နန္ဒောပနန္ဒနဂါးမင်းကြီး ရှုံးလေ၏။ ရှင်မောဂ္ဂလာန် မထေရ်မြတ်သည် နဂါမင်းကြီးကို ခေါ်ဆောင်ကာ ဘုရားရှင်ထံသို့ ပို့ပေးလိုက်လေ၏။ ကြမ်းတမ်းသော နဂါးမင်းကြီးသည် ယဉ်ကျေးသိမ်မွေ့သွားလေ၏။

အမေး-၃၈။ မြတ်စွာဘုရားရှင် သက်တော် (၄၆)နှစ်၊ ဝါတော် (၁၁) ဝါအရတွင် ဗကဗြဟ္မာကြီးကို ဘယ်လို အောင်မြင်တော်မူခဲ့ပါသလဲ။

အဖြေ-၃၈။ မြတ်ဗုဒ္ဓနှင့် ဗကဗြဟ္မာတို့ တန်ခိုးချင်း ပြိုင်ကြလေ၏။ "သင် ငါ့ကို မမြင်နိုင်အောင် သင့်မျက်မှောက်၌ ယခုပင် ကွယ်လိုက်မည်၊ သင်ကြည့်လော"ဟု ဘုရားရှင်က တန်ခိုးပြလေ၏။ ဗကဗြဟ္မာကြီးကလည်း ကိုယ်ရောင်ဖျောက်သော် ဖျောက်၍ မရနိုင်ပေ။ ဘုရားသခင်ကား ဗြဟ္မာကြီးရှေ့မှောက်၌ မိမိကိုယ်ကို ကွယ်ပျောက်ပြကာ တရားဟောသဖြင့် ဗြဟ္မာအပေါင်းတို့ ကျွတ်တမ်းဝင်ကြလေ၏။

အမေး-၃၉။ ရတနာသုံးပါးကို ဘာကြောင့် ကန်တော့ရတာလဲ။

အဖြေ-၃၉။ ရတနာသုံးပါးကို ကန်တော့ရတယ်ဆိုတာ အကယ်၍ ရတနာသုံးပါးအပေါ် ကာယကံ၊ ဝစီကံ၊ မနောကံ ကံသုံးပါးတို့ဖြင့် တစ်ပါးပါးနှင့် ပြစ်မှား စော်ကားမိခဲ့လို့ရှိရင် အပြစ်ကျေပျောက်ဖို့ရန်အတွက်လည်းကောင်း၊ ပြစ်မှာ စော်ကားမှုမရှိရင်လည်း ကုသိုလ်ရ ကောင်းကျိုးဖြစ်ထွန်းပါစေခြင်းအကျိုးငှါလည်းကောင်း၊ ရတနာသုံးပါးကို ကန်တော့ရခြင်း ဖြစ်ပါသည်။

အမေး-၄၀။ ဘုရား၊ တရား၊ သံဃာ၊ ရတနာမြတ်သုံးပါးကို ဘယ်လို ရွတ်ဆိုအာရုံပြုပြီး ကန်တော့ရမလဲ။

အဖြေ-၄၀။ ဩကာသ ဩကာသ ဩကာသ ကာယကံ ဝစီကံ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ပထမ ဒုတိယ တတိယ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ် မြောက်အောင် ဘုရားရတနာ တရားရတနာ သံဃာရတနာ ရတနာမြတ်သုံးပါး (မိဘ, ဆရာသမား)တို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။ ကန်တော့ရသော အကျိုးအားကြောင့် အပါယ် ၄-ပါး, ကပ်၃-ပါး, ရပ်ပြစ် ၈-ပါး, ရန်သူမျိုး ၅-ပါး, ဝိပတ္တိတရား ၄-ပါး, ဗျသနတရား ၅-ပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား, ဖိုလ်တရား, နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။ လို့ ရွတ်ဆိုအာရုံပြု ကန်တော့ရမယ်။

အမေး-၄၁။ ငါးပါးသီလကို ခါးမှာဝတ်တဲ့ အဝတ် မကျွတ်အောင် မြဲမြဲဝတ်သလို ငါးပါးသီလမြဲရင်လည်း ဘာအကျိုးကျေးဇူးတွေ ရမလဲ။

အဖြေ-၄၁။ ခါးမှာ ဝတ်တဲ့အဝတ် မကျွတ်အောင် မြဲမြဲဝတ်သလို ငါးပါးသီလကို မြဲမြံစောင့်ထိန်းသူဟာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသုရကာယ်ဟူသော အပါယ်လေးဘုံ မရောက်ရဘူး။ ဘဝသံသရာမှာ ဆင်းရဲဒုက္ခတွေနဲ့ မကြုံရဘူး။ နတ်ပြည်မှာ အဖြစ်များရတယ်။ ဘဝသံသရာမှာ ကောင်းကျိုးတွေနဲ့ တွေ့ကြုံခံစားရမယ်။ သက်ရှည် ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒတွေနဲ့ ပြည့်စုံစေတယ်။

အမေး-၄၂။ ဂုဏ်တော် (၉)ပါးကို ရေတွက်ပြပါ။

အဖြေ-၄၂။ (၁) အရဟံ (ကိလေသာတို့မှ စင်ကြယ်သော)၊ (၂) သမ္မာသမ္ဗုဒ္ဓေါ (အကုန်အစင်သိမြင်သော)၊ (၃) ဝိဇ္ဇာစရဏသမ္ပန္နော (အသိနှင့်အကျင့် ထပ်တူကြသော)၊ (၄) သုဂတော (တန်ဖိုးမပြတ်နိုင်သော စကားကို ပြောသော)၊ (၅) လောကဝိဒူ (လောကအကြောင်း သိမြင်တော်မူသော)၊ (၆) အနုတ္တရော ပုရိသဒမ္မသာရထိ (ဘယ်လိုပြောလျှင်ရမလဲ၊ အမှန်တရားကို သိမြင်မလဲ နည်းဗျူဟာကိုသိသော)၊ (၇) သတ္ထာဒေဝမနုဿာနံ (လူ၊ နတ်၊ ဗြဟ္မာတို့၏ ဆရာတင်ထိုက်သည့်)၊ (၈) ဗုဒ္ဓေါ (အမှန်တရားကို အမှန်တရားအတိုင်း သိမြင်သော)၊ (၉) ဘဂဝါ (အဖက်ဖက်ကပြည့်စုံသော)။

အမေး-၄၃။ တရားဂုဏ်တော် (၆)ပါးကို ရေတွက်ပြပါ။

အဖြေ-၄၃။ (၁) သွာက္ခာတဂုဏ် (အကုန်လုံး ကောင်းသောဂုဏ်)၊ (၂) သန္ဒိဋ္ဌိတဂုဏ် (ဒီဘဝမှာတွင် အကျိုးမြင်ရသည့်ဂုဏ်)၊ (၃) အာကာလကဂုဏ် (အခုကျင့် အခုခံစားရသည့်ဂုဏ်)၊ (၄) ဧဟိပဿိကဂုဏ် (မယုံလျှင် လာကျင့်ပါ ဖိတ်သည့်ဂုဏ်) (၅) ဩပနေယျိကဂုဏ် (ကိုယ်တွေ့ကြုံရမည်ဂုဏ်)၊ (၆) ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိဂုဏ် (ကျင့်သူတို့က ကောင်းလိုက်တာဟု ချီးမွမ်းခြင်းဂုဏ်)

အမေး-၄၄။ သံဃာဂုဏ်တော် (၉)ပါးကို ရေတွက်ပြပါ။

အဖြေ-၄၄။ (၁) သုပ္ပဋိပန္နဂုဏ် (ကောင်းကောင်းကျင့်၊ နေထိုင်သည့်ဂုဏ်)၊ (၂) ဥဇုပ္ပဋိပန္နဂုဏ် (တရားလမ်းစဉ်အတိုင်း ကျင့်သည့်ဂုဏ်)၊ (၃) ဉာယပ္ပဋိပန္နဂုဏ် (ဖြစ်စဉ်သဘာဝအတိုင်း သိသည့်ဂုဏ်)၊ (၄) သာမိစိပ္ပဋိပန္နဂုဏ် (အကျင့်ကို ရိုသေလေးစားသည့်ဂုဏ်)၊ (၅) အာဟုနေယျဂုဏ် (ယူလာသည့် လက်ဆောင်ကို ခံယူထိုက်သည့်ဂုဏ်)၊ (၆) ပါဟုနေယျဂုဏ် (ဧည့်သည်အတွက် ထားသည့်ပစ္စည်းဝတ္ထုကို အလှူခံယူထိုက်သည့်ဂုဏ်)၊ (၇) ဒက္ခိဏေယျဂုဏ် (နောက်ဘဝအတွက် ကုသိုလ်ကောင်းမှုပြုရန် အကောင်းဆုံးသောဂုဏ်)၊ (၈) အဉ္ဇလီကရဏီယဂုဏ် (လက်အုပ်ချီတာကို ခံယူထိုက်သည့်ဂုဏ်)၊ (၉) အနုတ္တရံ ပုညက္ခေတ္တဂုဏ် (ကုသိုလ်မျိုးစုံပြုရာတွင် အကောင်းဆုံးသောဂုဏ်)၊

အမေး-၄၅။ ဘာကြောင့် ဘုရားဟု ခေါ်ပါသလဲ။

အဖြေ-၄၅။ ဘုရားဆိုတဲ့ ဝေါဟာရဟာ ဝရဆိုတဲ့ ပါဠိမှ ဆင်းသက်လာသော စကားဖြစ်သည်။ ပါဠိသဒ္ဒါနည်းအရ ဝ-ကို ဗ-သို့ပြောင်းပြီး ဗရးဟု ခေါ်တယ်။ အသံပြောင်းခြင်းရဲ့ သဘာဝကြောင့် ဗရးမှ ဗရား၊ ဗရားမှ ဖယား၊ ဖယားမှ ပုသျှာ၊ ပုသျှာမှ ဘုရား၊ ဒါကြောင့် ဘုရားဆိုတာ "မြင့်မြတ်သူ"တို့ အဓိပ္ပါယ်ရတယ်။ ဘုရားဟူသော နာမည်ဟာ ဂုဏ်ပုဒ်တစ်ခုသာ ဖြစ်ပါတယ်။

အမေး-၄၆။ ဘာကြောင့် ဗုဒ္ဓလို့ ခေါ်ပါသလဲ။

အဖြေ-၄၆။ ဗုဒ္ဓဆိုတာ ပါဠိစကား၊ မြန်မာလို 'သိသူ'လို့ အဓိပ္ပါယ်ရတယ်။ ဘာကိုသိတာလည်းဆိုရင် သစ္စာလေးပါးကို သိတာ၊ သစ္စာတရားဆိုတာ အမှန်တရား၊ အမှန်တရားဆိုတာ သဘာဝတရားကို ပြောတာ၊ သဘာဝတရားဆိုတာ သူ့စွမ်းအင်နှင့် သူ လည်ပတ်ပြီး ဖြစ်စဉ်တစ်ခုရဲ့ ဖြစ်စဉ်ပါပဲ။

အမေး-၄၇။ ဘာကြောင့် ဓမ္မ(တရား)လို့ ခေါ်ပါသလဲ။

အဖြေ-၄၇။ ထမင်းသည် ထမင်းဆာသူကို ဆာလောင်ခြင်းဒုက္ခမှ ကင်းလွတ်စေ၏။ ရေသည် ရေဆာသူကို ဆာလောင်ခြင်းဒုက္ခမှ ကင်းလွတ်စေ၏။ ထို့အတူ တရားသည် တရားကျင့်သူကို သံသရာဒုက္ခမှ ကင်းလွတ်စေ၏။ သံသရာဝဋ်ဒုက္ခမျ ကင်းလွတ်စေရန် ရွက်ဆောင်တတ်သော မဂ်ဖိုလ်နိဗ္ဗာန်ပရိယတ်များကို ဓမ္မ(တရား)ဟု ခေါ်ပါသည်။

အမေး-၄၈။ ဘာကြောင့် သံဃာဟု ခေါ်ပါသလဲ။

အဖြေ-၄၈။ မြတ်စွာဘုရား လမ်းညွှန်သည့်အတိုင်း အားထုတ်ကြ၍ အမြင်ချင်းတူ၊ အကျင့်ချင်းတူပြီး မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ရတော်မူကြသော အရိယာသံဃာတော်များနှင့် အရိယာနွယ်ဝင် ပုထုဇဉ် ရဟန်းတော်များကို သံဃ (သံဃာ)ဟုခေါ်ပါသည်။

အမေး-၄၉။ ဘာကြောင့် ဗုဒ္ဓဘာသာဟု ခေါ်ပါသလဲ။

အဖြေ-၄၉။ ဗုဒ္ဓမြတ်စွာဘုရားသည် (၄၅)ဝါ ကာလပတ်လုံး လူ၊ နတ်၊ ဗြဟ္မာသတ္တဝါအားလုံးတို့ အကျိုးစီးပွားတိုးပွားရန် နိဗ္ဗာန်အလို့ငှါ ဟောကြားတော်မူခဲ့သည့် တရားဒေသနာတော်များကိုပင် ဗုဒ္ဓဘာသာဟု ခေါ်ပါသည်။

အမေး-၅၀။ ဘာကြောင့် ဗုဒ္ဓဘာသာဝင်ဟု ခေါ်ပါသလဲ။

အဖြေ-၅၀။ ဘုရားရှင် ဟောကြားတော်မူအပ်သော တရားနည်းလမ်းအတိုင်း လိုက်နာကျင့်ကြံကာ၊ ဘုရားတရားတော်မြတ်ကို ယုံကြည်၍ ကိုးကွယ်သောသူများကို ဗုဒ္ဓဘာသာဝင်ဟု ခေါ်ပါသည်။

အမေး-၅၁။ ဘာကြောင့် ဥပါသကာ၊ ဥပါသိကာမဟု ခေါ်ပါသလဲ။

အဖြေ-၅၁။ စစ်မှန်သည့် ရတနာသုံးပါးကို ယုံကြည်ဆည်းကပ်နေသူ အမျိုးသားကို 'ဥပါသကာ'ဟု ခေါ်ပြီ အမျိုးသမီးကို 'ဥပါသိကာမ'ဟု ခေါ်ပါသည်။

အမေး-၅၂။ ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်ဖြစ်ဖို့ရန်အတွက် နေ့စဉ်နေ့တိုင်း မဖြစ်မနေ ဧကန်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များက ဘာတွေလဲ။

အဖြေ-၅၂။ (၁) ဘုရားရှိခိုးကန့်တော့ခြင်း နှင့် သီလခံယူဆောက်တည်ခြင်းပြုရမည်။ (၂) မေတ္တာဘာဝနာကို ပွားများရမည်။ (၃) အမျှပေးဝေခြင်းနှင့် သာဓုခေါ်ဆိုခြင်း ပြုရမည်။ (၄) ဘုရားရှင်ကိုယ်စား ရုပ်ပွားတော်၊ စေတီတော်တို့ကို ဆီမီး၊ ရေချမ်း၊ ဆွမ်းနှင့် ပန်းနံ့သာတို့ကို ဆက်ကပ်လှူဒါန်းရမည်။ (၅) စိတ်တူကိုယ်တူ ပူးပေါင်းကြပြီး ဘာသာရေးကိစ္စများကို ဆောင်ရွက်ကြရမည်။ (၆) တကယ့်ဗုဒ္ဓဘာသာစစ်စစ် ဖြစ်ကြရလေအောင် ဝိပဿနာတရားများ ရှုမှတ်ပွားများရမည်။

အမေး-၅၃။ သီလကျိုး၊ သီလပါက်၊ သီလပြောက်၊ သီလကျားဆိုတာ ဘယ်လို နားလည်ရမလဲ။

အဖြေ-၅၃။ မိမိခံယူထားသည့် ရှစ်ပါး သီလတို့တွင် ပျက်စီးလျှင် 'ဥပုသ်ကျိုးသည်'ဟု ခေါ်ပါသည်။ အလယ်တစ်ပါးပါးပျက်လျှင် 'ပေါက်သည်'ဟု ခေါ်ပါသည်။ ပြောက်ကျား ပြောက်ကျား ပျက်သည်ကို 'ပျောက်သည်'ဟု ခေါ်ပါသည်။ နှစ်ပါး သုံးပါး ဆက်၍ ပျက်သည်ကို နွားကြောင် နွားကျားကဲ့သို့ 'အကျားထင်သော ဥပုသ်'ဟု ခေါ်ပါသည်။

အမေး-၅၄။ မိမိတို့ နေထိုင်ရာ အိမ်၊ တိုက်ခန်းတွင် အလှူဒါနပြုလုပ်ခြင်း၊ အန္တရာယ်ကင်း ကုသိုလ်ပြုလုပ်ကြရာတွင် ကြွရောက်လာသော သံဃာတော်များနှင့်အတူ ပရိတ်ရွတ်ကောင်းပါသလား။

အဖြေ-၅၄။ သံဃာတော်များ ပရိတ်ရွတ်နေစဉ် ပရိတ်၏ဂုဏ် (ဓမ္မဂုဏ်)ကို အာရုံပြု ကြည်ညို၍ နေခြင်းက အကောင်းဆုံး နေခြင်းဖြစ်ပါသည်။ အကုသိုလ် မဖြစ်သော်လည်း တရားနာယူသူဖက်မှ နေလျှင် ပိုကောင်းပါသည်။ မနက် နေ့-ည မိမိတို့ ရွတ်ကြသည့် အချိန်တွင် မိမိက တရားဟောသူ၊ ကြားရသူ လူ၊ နတ်တို့က တရားနာသူ ဖြစ်ပါသည်။ ထို့ကြောင့် သံဃာတော်များ ပရိတ်တရားဟောကြားနေစဉ် တရားတော်ကို အာရုံပြု၍ နေသင့်ပါသည်။

အမေး-၅၅။ "ဓမ္မံ ပူဇေမိ" တရားတော်ကို ပူဇော်မည်ဆိုလျှင် ဘယ်လို ပူဇော်ရမလဲ။

အဖြေ-၅၅။ တရားတော်ဆိုတာ မြင်ရသော အရာပင်မဟုတ်ပါ။ စွမ်းအားအနေဖြင့်သာ ဖြစ်ပေါ်ပါသည်။ ဘုရားရှင်နှင့် သံဃာတို့လို အထည်ကိုယ်ဒြပ်ကို မမြင်ရပါ။ ဘုရားရှင်ရဲ့ တရားတော်တွေကို ထပ်တလဲလဲ ဆင်ခြင် အောက်မေ့နေခြင်း၊ တရားတော်၏ စွမ်းအားတွေကို ချီးကျူးကြည်ညိုနေခြင်း၊ တရားတော်အတိုင်း စိတ်နေစိတ်ထား ထားရှိခြင်းတွေဟာ တရားတော်ကို ရိုသေပူဇော်နေခြင်း ဖြစ်ပါသည်။

အမေး-၅၆။ မိမိအပေါ် ကျေးဇူးရှိသော ကျေးဇူးရှင်တို့ကို ပြစ်မှားပါက ပြစ်ဒဏ်များ ဘာတွေ ခံစားရမလဲ။

အဖြေ-၅၆။ ခန္ဓာကိုယ် အားနည်းတတ်တယ်။ ကိုယ်လက်အင်္ဂါ ပျက်စီးတတ်တယ်။ ဆွေမျိုးမိဘ သားချင်းတွေနဲ့ သေကွဲရှင်ကွဲ ကွဲတတ်တယ်။ ကုမရတဲ့ ရောဂါဝေဒနာဖြစ်တတ်တယ်။ စီးပွားပျက်တတ်တယ်။ နေအိမ်အလုပ်ရုံ မြို့ပြပြည်ရွာ မီးလောင်တတ်တယ်။ ရူသွပ်ရောဂါ ရတတ်တယ်။ မင်းဘေး မင်းဒဏ် သင့်တတ်တယ်။ စွပ်စွဲခံရတတ်တယ်။ ဒီဘဝ မဂ်ဖိုလ် နိဗ္ဗာန်ကို အားထုတ်လို့ မရတဲ့အပြင် သေရင် ငရဲရောက်တတ်တယ်။ ဒီပြစ်ဒဏ် (၁၀)မျိုးကို ခံစားရတတ်တယ်။

အမေး-၅၇။ "အမျိုးသမီးများ မတက်ရ"ဟု နာမည်ကြီး စေတီတော်၊ ရုပ်ပွားမြတ်ဘုရားတို့၏ အပေါ်သို့ တက်၍ ဆွမ်း၊ ရေချမ်း၊ ဆီမီး၊ ပန်း၊ ရွှေသင်္ကန်းတော်များကို အမျိုးသမီးများ ဘာကြောင့် တက်ကပ်ခွင့် မပြုတာလဲ။ အမျိုးသမီးများတက်လျှင် အကုသိုလ်ဖြစ်ပါသလား။ အပြစ်ဖြစ်ပါသလား။

အဖြေ-၅၇။ အမျိုးသမီးများ ဘုရားပေါ်သို့ တက်လျှင် (ဥပမာ-ရွှေတိဂုံ အထက်ပစ္စယံ၊ မဟာမုနိအထက် ပလ္လင်တော်၊ ကျိုက်ထီးရိုး ခြေရင်းတော်) အပြစ်မရှိပါ။ သက်ရှိထင်ရှား ဘုရားကျောင်းတော် ဂန္ဓကုဋီတိုက်သို့ ဝိသာခါအမျိုးသမီး တက်လိုက်ဆင်းလိုက် အကြိမ်ပေါင်း မည်မျှ ရှိသည် မရေမတွက်နိုင်ပါ။ အပြစ်ရှိ အကုသိုလ်ဖြစ်လျှင် သက်ရှိထင်ရှား မြတ်စွာဘုရားကလည်း တားမြစ်တော်မူပါလိမ့်မည်။ ကုသိုလ်ကံသည် ကောင်းကျိုးကို ပေးမြဲဖြစ်၏။ အကုသိုလ်ကံသည် မကောင်းကျိုးကို ပေးမြဲဖြစ်၏။

အမေး-၅၈။ "သူတော်ကောင်း သူတော်ကောင်း"ဟု ပြောဆိုကြရာ သူတော်ကောင်းတို့၏ အရိပ်သွင်ပြင် အခြေခံ စိတ်ထားတွေက ဘာတွေလဲ။

အဖြေ-၅၈။ ကျေးဇူးသိတတ်၊ ကျေးဇူးဆပ်၊ မိတ်မြတ် မိတ်ကောင်းရှိပါစေ။ မိတ်ကောင်းကိုပဲ၊ အသည်းစွဲ၊ မှီဝဲဆည်းကပ် နည်းယူနေ။ ဒုက္ခရောက်သူ ကြုံတွေ့မူ၊ ကြည်ဖြူယုယပြုစုလေ။ သူတော်ကောင်းလက္ခဏာ၊ ဤငါးဖြာ၊ မြတ်စွာဟောမိန့်ခြွေ။ သူတော်ကောင်းလက္ခဏာ၊ ဤငါးဖြာ၊ ကိုယ်မှာပြည့်ဝ ဖြည့်ကြလေ။

အမေး-၅၉။ "ဗုဒ္ဓဘာသာကောင်း တစ်ယောက်ဖြစ်ရန်" အရည်အချင်း (၁၀)မျိုးကား ဘာတွေလဲ။

အဖြေ-၅၉။ (၁) သံဃာတော်များနှင့် ချမ်းသာမကွဲ ဆင်းရဲအတူရှိခြင်း၊ (၂) တရားတော်ကိုသာ အလေးထားခြင်း၊ (၃) မိမိစီးပွားရေးအလျောက် လှူဒါန်းခြင်း၊ (၄) သာသနာ တည်တံ့ပြန့်ပွားအောင် ကြိုးစားခြင်း၊ (၅) ဖြောင့်မှန်သော အယူရှိခြင်း၊ (၆) အတိတ်နိမိတ်ကို မယုံကြည်ခြင်း၊ (၇) သာသနာ ပြင်ပပုဂ္ဂိုလ်ကို ကိုးကွယ်မှုမပြုခြင်း၊ (၈) ကာယကံ၊ ဝစီကံတို့ကို စောင့်ထိန်းခြင်း၊ (၉) ဝန်တိုမှု၊ ငြူစူမှု မရှိခြင်း၊ (၁၀) ရတနာသုံးပါးကိုသာ ကိုးကွယ်ဆည်းကပ်ခြင်း။

အမေး-၆၀။ ဘုရားဂုဏ်တော် ပွားများလျှင် ဘာအကျိုးထူးများ ရပါသလဲ။

အဖြေ-၆၀။ ဘုရားဂုဏ်တော် ပွားများသူသည် (၁) စိတ်လိုဆန္ဒအတိုင်း ပြည့်စုံ၏၊ (၂) နတ်ဘုံ၌ အကြိမ်သုံးသောင်း ဖြစ်ရ၏၊ (၃) သိကြားမင်း အကြိမ်ရှစ်ဆယ် ဖြစ်ရ၏၊ (၄) စကြာဝတေးမင်း အကြိမ်တစ်ထောင် ဖြစ်ရ၏။ (၅) ရှင်ဘုရင် အကြိမ်ကြိမ် ဖြစ်ရ၏။ (၆) အပါယ်လေးပါးသို့ မရောက်နိုင်၊ မကျနိုင်။ (၇) ရရှိပြီး စည်းစိမ်ဥစ္စာတို့ မပျက်စီးနိုင်။ (၈) စျာန်အဘိညာဉ်ရ၏။ (၉) စျာန်ရ၊ သမာပတ်ရှစ်ပါးတို့ဖြင့် (ရှင်မောဂ္ဂလာန် မထေရ်ကဲ့သို့) နိဗ္ဗာန်ဝင်ရ၏။

အမေး-၆၁။ (တနည်း) ဘုရားဂုဏ်တော်ပွားများလျှင် ဘာအကျိုးထူးများ ရပါသလဲ။

အဖြေ-၆၁။ ဂုဏ်တော်ပွားထုံ၊ စိတ်လိုစုံပြည့်၊ နတ်ဘုံကမ္ဘာ၊ သုံးသောင်းသာတည်း။ သိကြားရှစ်ဆယ်၊ စကြာတစ်ထောင်၊ အခေါင်ပဒေသရာဇ်၊ အကြိမ်ကြိမ်ဖြစ်၏။ မကျအပါယ်၊ စည်းစိမ်ဝယ်လည်း၊ လျှော့မရှိဥစ္စာ၊ ဘိညာစျာန်မှူး၊ ဂုဏ်ထူးနှင့်ပင်၊ နိဗ္ဗာန်ဝင်သည်၊ ဂုဏ်တော်ပွားသူ အကျိုးတည်း။

အနာဂတ်သာသနာပြု
ပန်းလေးများ
ပွင့်လန်းနိုင်ကြပါစေ
ဓမ္မေခအရှင်

ဗုဒ္ဓဝင် အကျဉ်း

၁။ ဗျာဒိတ်ခံယူသောဘဝ - သုမေဓာ ရှင်ရသေ့ဘဝ၊

၂။ ဗျာဒိတ်ခံယူသောနေ့ - ကဆုန်လပြည့်၊

၃။ ဗျာဒိတ်ပေးသောဘုရား - ဒီပင်္ကရာဘုရား၊

၄။ ပါရမီဖြည့်ဖက် - သုမိတ္တာအမျိုးသ္မီး

၅။ ပါရမီဖြည့်ရာကာလ - လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း(သုမေဓာမှ ဝေဿန္တရာဘဝ အထိ)

၆။ ဖြည့်ခဲ့သောပါရမီ - ဒါနစသော ပါရမီ(၁၀)ပါး

၇။ ပါရမီဖြည့်ရခြင်းရည်ရွယ်ချက်-သတ္တဝါများအကျိုး ဆောင်ရွက်ရန်၊

၈။ နောက်ဆုံးစံခဲ့သောနတ်ပြည် -တုသိတာနတ်ပြည်၊

၉။ နတ်သားအမည် -သေတကေတု မည်သောနတ်သား

၁၀။ ဘုရားဖြစ်ရန်တောင်းပန်သူ -နတ်၊ ဗြဟ္မာများ၊

၁၁။ ကြည့်ခြင်း(၅)ပါး - လူသက်တမ်း(ကာလ)ဘုရားဖြစ်ရန်ဇမ္ဗူဒီပ ကျွန်း(ဒီပ) ဘုရားဖြစ်ရန်အရပ်(ဒေသ)ဘုရား ဖြစ်ရာမျိုးနွယ်(ကုလ)အမိအသက်အပိုင်းခြား (မာတုအာယုပရိစ္ဆေဒ)

၁၂။ မယ်တော်အိပ်မက် -နတ်မင်းများက အနောဝတတ်အိုင်သယ်ပြီး ရေချိုးပေး၊ ကျောက်ဖျာမှာ အိပ်၊ ဆင်ဖြူတော် ဝင်သည်ဟု မက်၊

၁၃။ သန္ဓေယူသောနေ့ -မဟာသက္ကရာဇ်(၆၇)ဝါဆိုလပြည့်၊ ကြာသပတေး

၁၄။ မိဘအမည် -သုဒ္ဓေါဒနနှင့် မာယာဒေဝီမိဖုရား၊

၁၅။ နေပြည်တော် -ကပိလဝတ်ပြည် (သက္ကတိုင်း )

၁၆။ အမျိုးအနွယ် -သာကီဝင်မင်းမျိုး

၁၇။ ဖွားသောနေ့ -မဟာသက္ကရာဇ်(၆၈)ကဆုန်လပြည့်သောကြာ

၁၈။ ဖွားရာဌာန -လုမ္ဗိနီဥယျာဉ်(ကပိလဝတ်နှင့်(ဒေဝဒဟအကြားရှိ)

၁၉။ ဘုရားဖြစ်မည်ဟုဧကန်ဟောသူ -ကောဏ္ဍညပုဏ္ဏား

၂၀။ မိထွေးတော် -ဂေါတမီ၊

၂၁။ မင်းသားအမည် -သိဒ္ဓတ္ထ၊

၂၂။ ဖွားဖက်တော်များ - ယသော်ဓရာ၊ အာနန္ဒာ၊ မင်းသား၊ ဆန္နအမတ်၊ ကာဠုဒါယီ၊ ကဏ္ဍကမြင်း၊ ဗောဓိပင်၊ ရွှေအိုးကြီး(၄)လုံး၊

၂၃။ ကြင်ယာတော် -ယသောဓရာ (ဘဒ္ဒကဉ္စနာ)ရင်သွေးတော်

၂၄။ ရာဟုလာ၊ -

၂၅။ ယောက်ဖတော် -ဒေဝဒတ်၊

၂၆။ နန်းစံသောနှစ် -၁၃-နှစ် (၁၆နျစ်မှ ၂၉နှစ်ထိ)

၂၇။ မြင်သောနိမိတ် -သူအို, သူနာ, သူသေ, ရဟန်း။

၂၈။ တောထွက်သောအသက် - (၂၉)နှစ်

၂၉။ တောထွကသောနေ့ - မဟာသက္ကရာဇ် (၉၇)ဝါဆိုလပြည့်

၃၀။ တောထွက်ချိန်ပါသူ - ကဏ္ဍကမြင်းနျင့်မြင်းမြီးဆွဲ မောင်ဆန်

၃၁။ ဖြတ်ကူးသောမြစ် - အနော်မာမြစ်

၃၂။ ပယ်သောအရာ - ဆံတော်နှင့် အဝတ်

၃၃။ ဆံတော်တည်ရာစေတီ - တာဝတိံသာနတ်ပြည်စူဠာမဏိစေတီ

၃၄။ ဝတ်တော်စေတီ -ဗြဟ္မာပြည် ဒုဿစေတီ

၃၅။ သင်္ကန်းပရိက္ခရာလှူသူ -ကဋိကာရဗြဟ္မာ

၃၆။ ဒုက္ကရစရိယကျင့်ရာဌာန - ဥရုဝေဠတော

၃၇။ ဒုက္ကရစရိယကျင့်သောနှစ် - (၆)နှစ်

၃၈။ ဘုရားဖြစ်သောနှစ် -မဟာသက္ကရာဇ်(၁၀၃)ခု ကဆုန်လပြည့်

၃၉။ ဘုရားဖြစ်ချိန်အသက် -၃၅-နှစ်

၄၀။ ဘုရားဖြစ်ချိန်လူတို့သက်တမ်း- (၁၀၀)တမ်း

၄၁။ ဒုက္ကရစရိယကျင့်ချိန်အလုပ်အကျွေး- ပဉ္စဝဂ္ဂီ(၅)ဦး

၄၂။ ဘုရားဘွဲ့ -ဂေါတမ

၄၃။ ဃနာနို့ဆွမ်းကပ်လှူသူ -သုဇာတာ အမျိုးသ္မီး

၄၄။ ရွှေခွက်မျှောသော မြစ် -နေရဉ္ဇရာမြစ်

၄၅။ ဗောဓိပင်အသွားမြက်လှူသူ -သောတ္ထိယ မြက်ရိတ်သ္မား

၄၆။ မြက်မှ ဖြစ်သောအရာ -ရွှေပလ္လင်

၄၇။ ရွှေပလ္လင်လာလုသူ -ဝသဝတ္တိနတ်ပြည်နေမာရ်နတ်

၄၈။ ဘုရားဘက်မှ သက်သေပြုသူ-ဝသုန္ဒြေ မြေစောင့်နတ်

၄၉။ ဘုရားဦးစွာ ရသောဉာဏ်များ-ပထမယာမ်ပုဗ္ဗေနိဝါသဉာဏ်ဒုတိယာမ်ဒိဗ္ဗစက္ခုဉာဏ်ပစ္ဆိမယာမ်အာသဝက္ခယဉာဏ်

၅၀။ ဓမ္မစကြာဟောသောနေရာ -မိဂဒါဝုတော

၅၁။ ဓမ္မစကြာဟောသောနေ့ -၁၀၃-ခု ဝါဆိုလပြည့် စနေနေ့

၅၂။ ပထမဦးဆုံးရဟန္တာဖြစ်သူ -ရှင်ကောဏ္ဍည

၅၃။ တရားဦးဟောသည့်နေရာ -ဗာရာဏသီ+မိဂဒါဝုန်တော၊

၅၄။ ပထမဆုံးသာဝက -ပဉ္စဝဂ္ဂီ (၅)ဦး၊

၅၅။ နောက်ဆုံးကျွတ်သော သာဝက -သုဘဒ္ဒပရိဗိုဇ်၊

၅၆။ လက်ျာရံ အဂ္ဂသာဝက -အရှင်သာရိပုတ္တရာ၊

၅၇။ လက်ဝဲရံ အဂ္ဂသာဝက -အရှင်မဟာမောဂ္ဂလာန်၊

၅၈။ အဆုံးအမ -ပရိယတ္တိ, ပဋိပတ္တိပဋိဝေဓ၊

၅၉။ ကျင့်စဉ်သိက္ခာ -သီလ, သမာဓိ, ပညာ

၆၀။ နောက်ဆုံးဆွမ်းလှူသူ -စုန္ဒ

၆၁။ နောက်ဆုံးကျွတ်သူ - သုဘဒ်ပရိဗိုဇ်

၆၂။ ပရိနိဗ္ဗာန်ပြုသောအသက် - သက်တော(၈၀)

၆၃။ ပရိနိဗ္ဗာန်စံသောနေ့ -မဟာသက္ကရာဇ် ၁၄၈-ခုကဆုန်လပြည့် အင်္ဂါနေ့

ဗုဒ္ဓဝင် အကျဉ်းပြီး၏၊

မင်္ဂလာတရားတော်

မင်္ဂလာ စကား ပရိယာယ်များ

၁။ အသေဝနာစ ဗာလာနံ မင်္ဂလာ

လူမိုက်တို့ကို မပေါင်းပါ၊ ဆရာမတင်ပါ၊ သူခိုးဓားပြ၊ လူလိမ်လူညာ၊ လူယုတ်မာများကို ရှောင်းရှားပါသည်။ ၎င်းတို့နှင့် ကင်းအောင်နေပါသည်။ အများအကျိုးဖျက်ဆီးသူ၊ အဖျက်သမားကို လက်မခံပါ။

၂။ ပဏ္ဍိတာနဉ္စ သေဝနာ မင်္ဂလာ

ပညာရှိ လူလိမ္မာတို့ကို ဆည်းကပ်သည်၊ ဆရာသမားကောင်းကို မှီခိုနေပါသည်၊ လူတော်လူကောင်းများနှင့် ပေါင်းသင်းပါသည်၊ အမြော်အမြင်ရှိသူ ပညာရှင်ကို ခေါင်းဆောင်တင်ပါသည်။

၃။ ပူဇာစ ပူဇနေယျာနံ မင်္ဂလာ

ရတနာသုံးပါးကို ပူဇော်ပါသည်၊ အာစရိယပူဇော်ပွဲ လုပ်ပါသည်၊ အမိအဖ အဘိုးအဘွား အကို အမများကို ကန်တော့ပါသည်၊ ဘုရားပုထိုးရှိခိုးပါသည်၊ လူတော်လူကောင်းများကို ချီးမြှောက်ပါသည်၊ ဂုဏ်ပြုပါသည်။

၄။ ပတိရူပဒေသဝါသောစ မင်္ဂလာ

ကုသိုလ် ပညာ ဥစ္စာ ရသော နေရာမှာ နေပါသည်။ ရပ်ကောင်း၊ ရွာကောင်း၊ အိမ်ကောင်း၊ ကျောင်းကောင်းမှာ နေပါသည်။ ပျော်ရာမှာ မနေ၊ တော်ရာမှာ နေပါသည်။

၅။ ပုဗ္ဗေစ ကတပုညတာ မင်္ဂလာ

အလုပ်ကောင်း လုပ်ခဲ့သူ ဘုန်းရှင် ကံရှင် ဖြစ်ပါသည်။ ဥစ္စာပေါသူ၊ ရုပ်ချောသူ၊ ဉာဏ်ပညာထက်မြက်သူ၊ ယှဉ်ပြိုင်၍ မရသူ ပါရမီရှင်ဖြစ်သည်။

၆။ အတ္တသမ္မာပဏိဓိစ မင်္ဂလာ

ကိုယ့်ကိုယ်ကို ထိန်းသိမ်းပါသည်၊ တန်ဖိုးထားပါသည်၊ နေရတကာ မသွားပါ၊ သန့်သန့်ပြန့်ပြန့် ဝတ်စား နေထိုင်ပါသည်၊ ကျန်းမာရေး မှန်မှန်လေ့ကျင့်သည်။ ကျောင်းမှန်မှန်တက် စာမှန်မှန်ကျက်သည်၊ မိမိကိုယ်ကို လူတော်လူကောင်းဖြစ်အာင် ကြိုးစားပါသည်။ ကောင်းမြတ်သော ရည်မှန်းချက် ထားသည်။ တစ်ကိုယ်ကောင်း စိတ်ကင်းပါသည်။

၇။ ဗာဟုဿစ္စဉ္စ မင်္ဂလာ

စာကြိုးစားသင်ယူပါသည်။ အလိမ္မာပေး စာပေးများ ဖတ်သည်၊ နေ့စဉ် သတင်းစာဖတ်သည်၊ ဟောပြောပွဲများသို့ သွားရောက် နားထောင်သည်၊ မျက်စိနှင့် နားနှင့် သင်ရသော ပညာများ တတ်မြောက်ထားပါသည်။

၈။ သိပ္ပဉ္စ မင်္ဂလာ

စက်မှုလက်မှု ပညာတတ်ထားပါသည်။ အင်ဂျင်နီယာ ဗိသုကာ ပညာများကို သင်ယူနေပါသည်။ ဂဏန်းသင်္ချာ တတ်ကျွမ်းပါသည်၊ စက်ချုပ်ပန်းထိုးတတ်ပါသည်။ ခြေနှင့် လက်နှင့် ဆိုင်ရာ ပညာများသင်ကြားထားပါသည်။

၉။ ဝိနယောစ သုသိက္ခိတော မင်္ဂလာ

စည်းကမ်းရှိသူ ဖြစ်ပါသည်။ ဥပေဒကို နားလည်ပါသည်။ တာဝန်နှင့် ဝတ္တရားကို နားလည်ပါသည်၊ ရဟန်းသံဃာလူကြီးသူမတို့နှင့် ယဉ်ယဉ်ကျေးကျေး ဆက်ဆံတတ်ပါသည်။ ကျင့်ဝတ်များကို ကောင်းစွာ သင်ကြား နားလည်ထားပါသည်။

၁၀။ သုဘာသိတာစ ယာဝါစာ မင်္ဂလာ

အပြောအဆို ယဉ်ကျေးသူ၊ မှန်မှန်ကန်ကန် ပြောတတ်သူ၊ နှုတ်ချိုသူ၊ အပြောကောင်းသူ ဖြစ်ပါသည်။ ဆဲဆို မပြောတတ်ပါ၊ ခင်မင်အောင် ပြောတတ်ပါသည်။

၁၁။ မာတာပိတုဥပဋ္ဌာနံ မင်္ဂလာ

မိဘနှစ်ပါးကို လုပ်ကျွေးပြုစုပါသည်။ မိဘများကို ကူညီပေးပါသည်၊ မိဘများ၏ ဝေယျာဝစ္စ နေ့စဉ်ဆောင်ရွက်သူ၊ သားသမီးကျင့်ဝတ် ငါးပါးကို လိုက်နာပြုကျင့်သူ ဖြစ်ပါသည်။ ကျေးဇူးဆပ် ကြွေးဟောင်းပေးဆပ်တတ်သူ ဖြစ်ပါသည်။

၁၂။ ပုတ္တဒါရဿ သင်္ဂဟော မင်္ဂလာ

သားမယားတို့ကို ချီးမြှောက်ပါသည်၊ ကြွေးသစ်ချခြင်း ဖြစ်သည်၊ မိခင်ဖခင်တို့၏ ဝတ္တရား ကျင့်သုံးနေသူ ဖြစ်သည်။ ကျေးဇူးရှင် ဖြစ်ပါသည်။

၁၃။ အနာကုလာစ ကမ္မန္တာ မင်္ဂလာ

မရှုပ်ထွေးရအောင် ရှင်းရှင်း အလုပ်လုပ်သည်၊ အလုပ်ကို အကြွေးမထားပါ၊ ဟိုတစ သည်တစ မလုပ်ပါ၊ အနှောင့်အယှက် ကင်းအောင် စီးပွားရေး အလုပ်ကို လုပ်သည်၊ ဘိန်း-အရက် မရောင်းပါ၊ မှောင်ခိုး အလုပ်မျိုး မလုပ်ပါ၊ ကောင်းရောင်း ကောင်းဝယ် တရားသဖြင့် စီးပွါးရှာသည်။

၁၄။ ဒါနဉ္စ မင်္ဂလာ

ဘုရားမှာ ဆွမ်း၊ ရေချမ်း၊ ပန်းလှူပါသည်၊ ဆွမ်းလောင်းပါသည်၊ ရေလှူပါသည်၊ ပညာသင်ကြားပေးပါသည်။ ရွှေအိုးမြှုပ်နေပါသည်။

၁၅။ ဓမ္မစရိယာစ မင်္ဂလာ

တရားမျှတစွာ ကျင့်ကြံ ပြောဆို ပြုလုပ်ပါသည်။ မတရားမှု မပြုလုပ်ပါ။ တရားစောင့်သူ ဖြစ်ပါသည်။ ဘယ်သူ တရား ပျက်ပျက် ကိုယ်မပျက်ပါ၊ တရားလမ်းမှန်အတိုင်း ဆောင်ရွက်သူ ဖြစ်ပါသည်။

၁၆။ ဉာတကာနဉ္စ သင်္ဂဟော မင်္ဂလာ

ဆွေမျိုးများအား ပစ်မထားပါ။ ဆွေမျိုးတို့၏ အားကိုးရာ ဖြစ်ပါသည်၊ ကျေးဇူးရှင် တစ်ယောက် ဖြစ်သည်၊ ညီ၊ညီမလေးများကို စောင့်ရှောက်ပါသည်။ တိုင်းရင်းသားချင်း ယိုင်းပင်းကူညီပါသည်။

၁၇။ အနဝဇ္ဇာနိကမ္မာနိ မင်္ဂလာ

ကျောင်းသန့်ရှင်းရေး၊ ရပ်ရွာ သန့်ရှင်းရေး လုပ်ပါသည်။ အများအတွက် ရေတွင်းရေကန် တူးပါသည်။ ဇရပ်ဆောက် သစ်ပင်စိုက်ပါသည်။ လူထုအကျိုး ဆောင်ရွက်သူ၊ တိုင်းပြည်အတွက် လုပ်အားပေးသူ ဖြစ်ပါသည်။

၁၈။ အာရတီ (ပါပါ) မင်္ဂလာ

ယုတ်မာမှုမှ စိတ်ဖြင့် ဝေးစွာ ကြဉ်ပါသည်၊ အကုသိုလ်လုပ်ဖို့ စိတ်မကူးပါ။ သီလဆောက်တည် ထားပါသည်။

၁၉။ ဝိရတီ ပါပါ မင်္ဂလာ

ယုတ်မာမှုမှ (ကိုယ်နှုတ်တို့ဖြင့်) အထူးရှောင်ကြဉ် ပါသည်။ သတ်စရာတွေ့လည်းမသတ်သူ၊ ခိုးစရာတွေ့လည်း မခိုးသူ၊ မလိမ်ညာသူ၊ တကယ်အတွေ့ကို ရှောင်ကြဉ်သူ ဖြစ်ပါသည်။

၂၀။ မဇ္ဇပါနာစ သံယမော မင်္ဂလာ

အရက်သေစာ သောက်စားခြင်းမှ ရှောင်ကြဉ်ပါသည်၊ ဘိန်းမရှုပါ၊ ကဇော်ထန်းရည် မသောက်ပါ။ ဆေးခြောက် မရှုပါ၊ မူးယစ်ထုံထိုင်း စေတတ်သည်တို့ကို ရှောင်ကြဉ်ပါသည်။

၂၁။ အပ္ပမာဒေါစ ဓမ္မေသု မင်္ဂလာ

ပြုခဲ့ဘူးသော ကုသိုလ်ကောင်းမှုတွေကို အောက်မေ့အမှတ်ရ နေပါသည်၊ ကုသိုလ်လုပ်ဖို့ စိတ်ကူးနေပါသည်။ အရာရာ သတိရှိသူဖြစ်ပါသည်။

၂၂။ ဂါရဝေါစ မင်္ဂလာ

ရဟန်းသံဃာ လူကြီးသူမများကို အရိုအသေ ပေးပါသည်။ ဆရာမိဘများ ရှေ့မှာကိုင်းညွှတ်၍ သွားပါသည်။ မထီလေးစား မနေပါ၊ မခန့်လေးစား မပြောပါ။ ခရီးဦး ကြိုဆိုပါသည်။ လူ-လူချင်း လေးစားပါသည်။

၂၃။ နိဝါတောစ မင်္ဂလာ

မာန် မာန မထားပါ၊ မာန မကြီးပါ။ ဘဝင်မြင့်မနေပါ၊ ရိုးရိုးသားသား ရည်ရည်မွန်မွန် ပွင့်ပွင့်လင်းလင်း နေပါသည်။ မောက်မောက်မာမာ ဝါဝါကြွားကြွား မလုပ်တတ်ပါ။

၂၄။ သန္တုဋ္ဌီစ မင်္ဂလာ

မိဘပေးသမျှနှင့် ကျေနပ်သူပါ။ ဇီဇာမကြောင် ဂျီးမများပါ။ ရသမျှနှင့် ရောင့်ရဲတင်းတိမ်းပါသည်။

၂၅။ ကတညုတာ မင်္ဂလာ

ဆရာမိဖများ၏ ကျေးဇူးကို သိပါသည်။ ကိုယ့်ကို ကူညီသူကို ကိုယ်က ပြန်၍ ကူညီပါသည်။ သူ့အရိပ်ခိုလျှင် သူ့အခက်မချိုးပါ။ ကိုယ်ထိုင်သည့်ကုလားထိုင်ကို ကိုယ်ပြန်၍ မချိုး၊ ငှါးပြီး ရိုသေစွာ ပြန်ပေးတတ်ပါသည်။ နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို စောင့်သိပါသည်။ သစ္စာမဖောက်ပါ

၂၆။ ကာလေန ဓမ္မဿဝနံ မင်္ဂလာ

တရားစာများကို ဖတ်ရှုနေပါသည်။ မင်္ဂလာသင်္ခန်စားများကို ဖတ်ရှုနေပါသည်။ မင်္ဂလာသင်တန်း တက်နေပါသည်။

၂၇။ ခန္တီစ မင်္ဂလာ

ဒေါသမကြီးပါ၊ စိတ်ရှည်ပါသည်။ ရန်မလိုပါ။ အာဃာတ မထားပါ။ ခွင့်လွှတ်တတ်ပါသည်။ သဘောထားကြီးပါသည်။ အသေခံဝံ့ပါသည်။ ရဲစွမ်းသတ္တိရှိပါသည်။ အဆဲခံနိုင်ပါသည်။

၂၈။ သောဝစဿတာ မင်္ဂလာ

ဆရာမိဖစကားကို နားထောင်သူ ဖြစ်ပါသည်။ ပြောလိုက်လျှင် နှုတ်ခမ်းမစူပါ။ ဆင်ခြေမတတ်ပါ။ ထိုင်ဆို ထိုင်၊ ထဆိုထ ပြောသမျှ နာခံပါသည်။ အမိန့်ကို နာခံသူ၊ အမှားကို လွယ်ကူစွာ ဝန်ခံတတ်သူ ဖြစ်ပါသည်။

၂၉။ သမဏာနဉ္စ ဒဿနံ မင်္ဂလာ

ဣန္ဒြေသိက္ခာရှိသော ရဟန်းတော်များကို တွေ့၍ ကြည်ညိုပါသည်၊ သက်တော် ဝါတော်ကြီးသော ဆရာတော်ကြီးများထံ သွားရောက် ဖူးမျှော်ပါသည်၊ သံဃာတော်များ ကြွလာသည်ကို မြင်ရပါသည်။ သံဃာဂုဏ် အာရုံပြု၍ဖူးပါသည်။

၃၀။ ကာလေန ဓမ္မသာကစ္ဆာ မင်္ဂလာ

မသိတာကို မေးမြန်းပါသည်။ နားမလည်တာများကို ဆရာအား မေးပါသည်။ ဆရာမေးတာ ဖြေပါသည်။ ဆွေးနွေးပွဲ လုပ်နေပါသည်။

၃၁။ တပေါစ မင်္ဂလာ

ပွဲလမ်းသဘင်များကို မကြည့်ပါ၊ အပျော်အပါး မလိုက်စားပါ။ ဥပုသ်စောင့်နေပါသည်။ ပုတီးစိတ်နေပါသည်။ သက်သက်လွတ်လွတ် စားရပါသည်။ ကမ္မဋ္ဌာန်းထိုင်နေပါသည်။

၃၂။ ဗြဟ္မစရိယဉ္စ မင်္ဂလာ

မေထုန်ကြီးငယ်ကို ရှောင်ကြဉ်ထားပါသည်။ အချစ်အကြိုက်ကို ရှောင်ထားပါသည်။ မေတ္တာပွားများနေပါသည်။ တရားအားထုတ်နေပါသည်။ ကြွင်းမဲ့ဥဿုံ လုံးစုံများစွာ၊ သတ္တဝါတို့ ကြည်သာအမြဲ ဘေးရန်လွဲ၍ ကိုယ်လဲချမ်းသာ စိတ်ချမ်းသာ၊ သာယာအေးမြ ရှိပါစေ၊ ဝိပဿနာ ရှုနေပါသည်။

၃၃။ အရိယာသစ္စာနဒဿနံ မင်္ဂလာ

သစ္စာလေးပါး မြတ်သောတရားကို သိမြင်ပါသည် တကယ်အမြင်မှန် ရပါပြီ။ တကယ်ပညာရှင်ဖြစ်ပါပြီ။

၃၄။ နိဗ္ဗာန သစ္ဆိကိရိယာစ မင်္ဂလာ

ရဟန္တာဖြစ်သွားပါပြီ၊ တကယ်အေးငြိမ်းသူ ထာဝရ ငြိမ်းချမ်းရေး ရသူ မောဟကင်းသူ ဖြစ်ပါသည်။ နိဗ္ဗာန်ချမ်းသာကို လက်တွေ့ ခံစားနေသူ ဖြစ်ပါသည်။

၃၅။ ဖုဋ္ဌဿ လောကဓမ္မေဟိ စိတ္တံ ယဿ နကမ္ပတိ မင်္ဂလာ

လောကဓံ ကြုံလည်း စိတ်မတုန်လှုပ်တော့ပါ။ အကောင်းနှင့် ကြုံလျှင်လည်း ဝမ်းမသာ၊ အဆိုးနှင့် ကြုံလျှင်လည်း ဝမ်းမနည်းတော့ပါ။ လောကဓံ ကြံကြံခံ နိုင်သူ ဖြစ်သွားပါပြီ။

၃၆။ အသောကံ မင်္ဂလာ

စိုးရိမ်ပူဆွေးမှု မရှိပါ။ ထာဝရ နှလုံးသား အေးမြနေပါသည်။ ကြောက်ရွံထိတ်လန့်နေမှု၊ ငိုကြွေးမှု၊ ပူဆွေးမှု လုံးဝမရှိတော့သူ ဖြစ်ပါသည်။

၃၇။ ဝိရဇံ မင်္ဂလာ

ကိလေသာ ရမ္မက် မြူ မရှိတော့ပါ။ တပ်မက်ခြင်း၊ လိုချင်ခြင်း လုံးဝ မရှိသူ ဖြစ်သွားပါပြီ။

၃၈။ ခေမံ မင်္ဂလာ

ဘေးရန်လည်း မရှိတော့ပါ။ ဘေးကင်းရှင်းသွားသူ ဖြစ်သွားပြီ၊ နှောင်ကြိုးမဲ့သူ ဖြစ်သွားပါပြီ။

မင်္ဂလာမေးခွန်းနှင့် အဖြေ

မေး။။ ကောလဟလ ငါးမျိုးဟူသည် အဘယ်နည်း။

ဖြေ။။ ကောလဟလ ငါးမျိုးဟူသည်

၁။ ကပ္ပကောလာဟလ- ကမ္ဘာပျက်မည့်အကြောင်း နှစ်ပေါင်းတစ်သိန်း

၂။ စက္ကဝတ္တိကောလာဟလ- စကြာမင်းလောင်း ပေါ်မည့်အကြောင်း နှစ်ပေါင်းတစ်ရာ

၃။ ဗုဒ္ဓကောလာဟလ- သဗ္ဗညုဘုရားရှင် ပွင့်ပေါ်မည့်အကြောင်း နှစ်ပေါင်းတစ်ထောင်

၄။ မင်္ဂလကောလာဟလ- ဘုရားရှင် မင်္ဂလာတရား ဟောကြားမည့်အကြောင်း တစ်ဆယ့်နှစ်နှစ်

၅။ မောနေယျကောလာဟလ- ရဟန်းတစ်ပါးက ဘုရားရှင်အား မောနေယျအကျင့် အကြောင်းကို အမေးမြန်းလျှောက်ထားလိမ့်မည်ဟု ခုနစ်နှစ် ကြိုတင်၍ ဖြစ်ပေါ်လေ့ရှိသော ကောလာဟလ။ (ခုဒ္ဒက၊ဋ္ဌ၊၁၀၁။) (သုတ္တနိ၊ဋ္ဌ၊၂၊၃။)

လူအများ အုတ်အုတ်ကျက်ကျက် ဆူညံ့မှုဖြစ်ခြင်းကို ကောလဟလဟု ခေါ်ဆိုသည်။ ယင်းကောလဟလ ငါးမျိုးတို့တွင်

၁။ ကာမာဝစရ နတ် (လောကဗျူဟာနတ်)တို့သည်၊ ဆံပင်ဖရိုဖရဲ ကျဲကာ ငိုကျွေးသော မျက်နှာ ရှိကုန်သည်ဖြစ်၍၊ လက်တို့ဖြင့် မျက်ရည်များ သုတ်ကြလျက်၊ အနီရောင် အဝတ်တန်းဆာများ ဝတ်ဆင်ကြပြီး၊ အလွန်ပူပန်သော အသွင်အပြင်များဖြင့် ဤနေ့မှ နောက်အနှစ်တစ်သိန်း အကြာတွင် လူတို့နေရာကမ္ဘာမြေပြင်မှ၊ ဗြဟ္မာပြည်တိုင်အောင်သော ကမ္ဘာကြီးတစ်ခုလုံးသည် ပျက်စီးပါလိမ့်မည်။ မေတ္တာ -ကရုဏာ ဗြဟ္မစိုရ်တရား ပွားများ ကြပါ၊ မိဘလုပ်ကျွေးပြုစုကြပါ၊ မမေ့မလျော့ နိုးနိုးကြားကြား ကုသိုလ်တရား ပွားများကြပါဟု လူ့ပြည်ခရီးမှာ လှည့်လည် ကြွေးကြော် အုတ်သော်သောင်းသင်း ဖြစ်မှုသည် (ကပ္ပကောလဟလ) မည်၏။

၂။ ကာမာဝစရနတ် (လောကဗျူဟာနတ်)တို့သည် ဤနေ့မှ နောက်အနှစ်တစ်ရာ ပြည့်မြောက်လျှင်၊ စကြာမင်း (ကမ္ဘာလူထုကို ငါးပါးသီလ ဥပဒေ ငါးချက်ဖြင့် အုပ်ချုပ်သောမင်း) ကောင်း မင်းမြတ် ပေါ်ထွန်းပါလိမ့်မည်ဟု လူ့ပြည်ခရီးမှာ လှည့်လည် ကြွေးကြော် အုတ်သော်သောင်းသင်း ဖြစ်မှုသည် (စက္ကဝတ္တိကောလဟလ) မည်၏။

၃။ သုဒ္ဓါဝါသ ဗြဟ္မာတို့သည် လူတို့၏ စိတ်သဘောထားကို သိကြ၍ ဤနေ့မှ နောက် ၁၂-နှစ်အကြာတွင် မင်္ဂလာ အစစ် ဗုဒ္ဓဘုရားရှင်က ထုတ်ဖော်ဟောကြားလိမ့်မည်ဟု လူ့ပြည်လောက ခရီးလမ်းမတို့မှာ လှည့်လည် ကြွေးကြော် အုတ်အော် သောင်းသင်း ဖြစ်ကြသည် (မင်္ဂလာ ကောလဟလ)မည်၏။

၄။ သုဒ္ဓါဝါသ ဗြဟ္မာတို့က ဗုဒ္ဓဂုဏ်တောများ ရွတ်ဆိုပြလျက်၊ ဤနေ့မှ နောက် အနှစ်တစ်ထောင် ပြည့်မြောက်လျှင် လောကထွတ်ထား သဗ္ဗညုဘုရား ပေါ်ထွန်းလိမ့်မည်ဟု လူ့ပြည်လောက ခရီးလမ်းမတို့မှာ လှည့်လည် ကြွေးကြော်အုတ်သော်သောင်းသင်း ဖြစ်ကြသည် (ဗုဒ္ဓကောလဟလ) မည်၏။

၅။ သုဒ္ဓါဝါ ဗြဟ္မာတို့ကပင်၊ ဤနေ့မှ နောက် (၇)နှစ် အကြာတွင် ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအား မောနေယျအကျင့် မေးမြန်းလျှောက်ထား၍ ကျင့်ပါလိမ့်မည်ဟု လူ့ပြည်လောက ခရီးလမ်းမတို့မှာ လှည့်လှည် ကြွေးကြော် အုတ်အော်သောင်းသင်း ဖြစ်ခြင်းသည် (မောနေယျ ကောလဟလ) မည်၏။

မှတ်ချက်။။ မောနေယျ အကျင့်ကျင့်သူသည် ဘုရားတစ်ဆူမှာ တစ်ပါးသာ ရှိသည်။

ဆောင်။။ ကပ္ပ+စကြာ+မင်္ဂလာ၊ ဗုဒ္ဓါ၊ မောနေယျ။
တစ်သိန်း တစ်ရာ၊ ဆဲ့နှစ်ပါ၊ ထောင်လာ၊ ခုနှစ်စဉ် မှတ်ကြ။
အုတ်အုတ် ကျက်ကျက်၊ ဆူညံ့လျက်၊ မှတ်ချက် ကောလဟလ

မေး။။ ယံ မင်္ဂလံ ဒွါဒသဟိ စသော နှစ်ဂါထာကို ဘာဂါထာ ခေါ်သည်ကို ရေး၍ ထိုနှစ်ဂါထာသည် ဘုရားဟော ဟုတ်ပါသလား၊ အဘယ်ပုဂ္ဂိုလ်များက အဘယ်အကျိုးငှါ ထည့်ထားပါသနည်း။

ဖြေ။။ ယံ မင်္ဂလံ ဒွါဒသဟိ စသော နှစ်ဂါထာကို အမွှန်းတင် ဂါထာဟု ခေါ်ပါသည်။ ထိုနှစ်ဂါထာသည် ဘုရားဟော မဟုတ်ပါ။ ရှေးဆရာကြီးများက မင်္ဂလသုတ် ရွတ်ချင်လာအောင် ရွတ်ဆိုရာ၌လည်း ရွှင်မြူး အားတက် ရှိစေရန် အကျိုးငှါ ထည့်ထားပါသည်။

မေး။။ အဘယ်ကို မင်္ဂလာဟု ခေါ်၍၊ အဘယ်ကို မင်္ဂလသုတ်ဟု ခေါ်ပါသနည်း။

ဖြေ။။ ကြီးပွားချမ်းသာခြင်း၏ အကြောင်းဖြစ်သော အလုပ်ကို မင်္ဂလာဟု ခေါ်၍၊ ကြီးပွားချမ်းသာကြောင်းဖြစ်သော မင်္ဂလာအလုပ်များကို ပြထားသေ တရားတော်များကို မင်္ဂလသုတ်ဟု ခေါ်သည်။

မကောင်းမှုကို ဖြတ်တောက် ဖျက်ဆီးခြင်းကို မင်္ဂလာဟု ခေါ်ပါသည်။ မကောင်းမှုများ ဖြတ်တောက် ဖျက်ဆီးကြောင်း (ကောင်းကျိုးချမ်းသာ နှင့် ပြည့်စုံနိုင်ရန်) ညွန်ပြထားသော တရားတော်ကို မင်္ဂလသုတ်ဟု ခေါ်ပါသည်။

မေး။။ မင်္ဂလာပြဿနာကို မည်သို့ မည်ပုံ ငြင်းခုံကြပြီး မည်မျှကြာမှ မည်သူက မည်သူ့ထံကို လျှောက်ထား တောင်းပန်စေ၍ မင်္ဂလာပြဿနာ ပြီးပြတ်ခဲ့ပုံ ရှင်းပြဖြေဆိုပါ။

ဖြေ။။ မင်္ဂလာပြဿနာကို လူလောကမှ အချို့သော သူတို့က နံနက်စောစော အိပ်ရာမှ ထသော် လှပတင့်တယ်သော အရာဝတ္ထုကို မြင်ရလျှင် မင်္ဂလာဟု ဆိုကြသည်။ အချို့သော သူတို့က နံနက်စောစော အိပ်ယာမှ ထသော် သာသာယာယာ ကောင်းသော အသံများ ကြားရလျှင် မင်္ဂလာဟု ဆိုကြသည်။ အချို့သော သူတို့က နံနက်စောစော အိပ်ရာမှ ထသော် ကောင်းသောရနံ၊ ကောင်းသော အရသာ ကောင်းသော အထိအတွေ့နှင့် တွေ့ကြုံရလျှင် မင်္ဂလာဟု ဆိုကြသည်။ ဤသို့ ဒိဋ္ဌိမင်္ဂလာအုပ်စု သုတမင်္ဂလာအုပ်စု မုတ မင်္ဂလာအုပ်စုအားဖြင့် အုပ်စုကြီး သုံးစုကွဲကာ လူ့ပြည်၌ ငြင်းကြရုံမက၊ နတ်ပြည် ဗြဟ္မာပြည်အထိ အုပ်စုဖွဲ့ ငြင်းခုံကြသည်မှာ ၁၂-နှစ်တာကာလ ကြာမြင့်ခဲ့ပါသည်။ ထို ၁၂-နှစ်တာ ကြာသောအခါမှ သိကြာမင်းက မြတ်စွာဘုရားထံ မထင်မရှားသော နတ်သောတစ်ယောက်ကို စေလွှတ်၍ ထိုနတ်သား မင်္ဂလာတရား လျှောက်ထားတောင်းပန်းမှ မြတ်စွာဘုရားက ၃၈-ပါးသော မင်္ဂလာ တရားအစစ် ဖွင့်လှစ်ဟောကြားတော်မူပါသည်။ ထိုအခါမှ မင်္ဂလာပြဿနာ ပြီးပြတ်ခဲ့ရပါသည်။

မေး။။ မင်္ဂလာတရားတော်ကို အဘယ်ပြည်၊ အဘယ်ကျောင်း၌ ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့ပါသနည်း။

ဖြေ။။ မင်္ဂလာ တရားတော်ကို သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ မြတ်စွာ ဟောကြားတော် မူခဲ့ပါသည်။

မေး။။ နတ်သားက မင်္ဂလာ တရားဟောကြားရန် တောင်းပန်သော ဂါထာကို ပါဠိသက်သက် ရေးပြပြီး ၎င်းဂါထာကို မြန်မာပြန်ဆိုခဲ့ပါ။

ဖြေ။။ ပါဠိသက်သက်။ ဗဟူဒေဝါ မနုဿာစ၊ မင်္ဂလာနိ အစိန္တယံ။ အာကင်္ခမာနာ သောတ္ထာနံ၊ ဗြူဟိမင်္ဂလ မုတ္တမံ

မြန်မာပြန်သက်သက်။ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား၊ များစွာကုန်သော နတ်လူတို့သည် ကြီးပွားချမ်းသာခြင်းကို လိုလားတောင့်တသည်ဖြစ်၍ မင်္ဂလာဟူသည်တို့ကို ကြံစည်ကြပါကုန်ပြီ၊ ရှင်တော်မြတ်ဘုရားသည် ကောင်းမြတ်သော မင်္ဂလာတရားကို ဟောကြားတော်မူပါဘုရား။

(၁) အသေဝနာစ ဗာလာနံ မင်္ဂလာ

ဗာလာနံ - လူမိုက်တို့ကို

အသေဝနာ - မပေါင်းသင်း မဆည်းကပ်ခြင်း။

မေး။။ အဘယ်လို လူကို ဗာလ-လူမိုက်ဟု ခေါ်ပါသနည်း။

ဖြေ။။ လူတစ်ယောက်ဖြစ်စေ၊ အများဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ ဆင်းရဲကြောင်းဖြစ်စေသော အမှုကို ပြုလုပ်ပြောဆို ကြံစည်နေသူကို ဗာလ-လူမိုက်ဟု ခေါ်ပါသည်။

မကောင်းတာကြံ။ မမှန်တာလုပ်၊ မဟုတ်တာ ပြောသောသူကို ဗာလ-လူမိုက်ဟု ခေါ်ပါသည်။

ပညာဉာဏ် အလျင်းမရှိ၊ ထွက်သက်ဝင်သက်မျှ အသက်ရှင်နေသောသူကို လူမိုက်ဟု ခေါ်ပါသည်။

မိမိသူတစ်ပါး နှစ်ဦးသားတို့၏ အကျိုးစီးပွားမဲ့ကို ပြုတတ်သော သူကိုလည်း ဗာလ-လူမိုက်ဟု ခေါ်ပါသည်

ဆောင်။။ သတ္တဝါအပေါင်း ဆင်းရဲကြောင်းကို ပြောဆို ပြုလုပ်ကျင့်ကြံ အားထုတ် သူယုတ်ဗာလက

မေး။။ လူမိုက်နှင့် ပေါင်း၍ အကျိုးမဲ့ရပုံကို၊ ဝတ္ထု သာဓကပြ ဖြေပါ။

ဖြေ။။ အပဏ္ဏကဇာတ်ဒေဝဒတ်အလောင်း ရှေ့ဆောင်သော လှည်းကုန်သည် ငါးရာတို့သည် တောလမ်းခရီး ကန္တာရကြီး၌ ဘီလူးတို့က ရေရှိပါသည်။ မိုးရွာပါသည်။ ကြာနှင့်တကွသော ရေအိုင်ကြီးတွေ့ရှိပါသည်ဟု လှည့်ပတ်ပြောဆိုသည်ကိုပင် ဆင်ခြင်ဉာဏ်နည်းပါးသည့်အတွက် လှည်းပေါ်တွင် ယူဆောင်လာခဲ့သော ရေတွေကို သွန်ပစ်၍ လူငါးရာနှင့်တကွ နွားတစ်ထောင်တို့သည် ဘီလူးစာဖြစ်၍၊ သေဘေးကြီး တွေ့ကြရဘူးပါသည်။

အဇာတသတ်မင်းသည် ဤဘဝ၌ အရိယာ ဖြစ်ထိုက်သော အကြောင်းကံရှိပါလျက် ဒေဝဒတ်နှင့် ပေါင်းမိ၍ ခမည်းတော်ဘုရား ဗိမ္ဗိသာရမင်းကို သတ်မိခြင်းကြောင့် ပိတုဃာတက ကံကြီးထိုက်၍ အရိယာ အဖြစ်မှ ရှုံးရှုံးရရုံသာမက လောဟကုမ္ဘိငရဲသို့လည်း ရောက်သွားရသည်။

မေး။ ဗုဒ္ဓမြတ်စွာသည် (၃၈)ဖြာ မင်္ဂလာအနက် အသေဝနာစ ဗာလာနံ မင်္ဂလာကို အဘယ်ကြောင့် ရှေးဦးစွာ ဟောပါသနည်း။

ဖြေ။ လူမိုက်ကို ဆရာတင်မိ၊ ပေါင်းသင်းဆက်ဆံမိသူသည် ဆင်းရဲဒုက္ခနှင့် လက်ငင်း တွေ့ကြုံရသည့်အပြင် သံသရာတလျှောက်လုံး မှားတတ်သောကြောင့် အခြားမင်္ဂလာတို့၏ ရှေးဦးစွာ (လူမိုက်နှင့် မပေါင်းသင်းခြင်းသည် ကောင်းမြတ်၍ ချမ်းသာ ကြီးပွားကြောင်း မင်္ဂလာဖြစ်သဖြင့်) အသေဝနာစ ဗာလာနံဟု ဦးစွာ ဟောတော်မူပါသည်။

(၂) ပဏ္ဍိတာနဉ္စ သေဝနာ မင်္ဂလာ

ပဏ္ဍိတာနံ - ပညာရှိ လူလိမ္မာတို့ကို

သေဝနာ - ပေါင်းသင်းဆည်းကပ်ခြင်း

မေး။။ အဘယ်ကို ပဏ္ဍိတ ပညာရှိခေါ်ပါသနည်း။

ဖြေ။။ လူတစ်ယောက်ဖြစ်စေ၊ အများဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ ချမ်းသာကြောင်းကို ပြုလုပ်ပြောဆို ကြံစည်နေသောသူကို ပဏ္ဍိတ ပညာရှိဟု ခေါ်ပါသည်။

ကောင်းတာကြံ မှန်တာလုပ်၊ ဟုတ်တာပြောသော သူကို ပဏ္ဍိတ ပညာရှိဟု ခေါ်ပါသည်။

သတ္တဝါအပေါင်း၊ ချမ်းသာကြောင်းကို ပြောဆိုပြုတတ်၊ ကြံစည်တတ်။ သူမြတ်ပဏ္ဍိတ

မေး။။ပဏ္ဍိတ ပုဂ္ဂိုလ်နှင့် ပေါင်းသင်းရခြင်းကြောင့် ချမ်းသာရပုံ ဝတ္ထု သာဓကပြ ဖြေဆိုခဲ့ပါ။

ဖြေ။။ သာဝတ္ထိပြည် အစိုးရသော ဘုရင် လောကမင်းကြီးမလ္လိကာမည်သော မိဖုရားရှိ၏။ မလ္လိကာသည် အလွန်လိမ္မာ၍ ဆင်ခြင်ဉာဏ်လည်း ကောင်း၏။ တည၌ ကောသမလင်းကြီး စက်တော်ခေါ်၍ မပျော်ပဲ နေစဉ် (ဒု-သ-န-သော)ဟု တစ်လုံးစီ အော်သော အသံကို ကြားရ၍ ကြောက်ရွံ့ထိတ်လန့်သွား၏။ နံနက်အခစားဝင်လာသော ပုရောဟိတ်ပုဏ္ဏားအား ပြောပြ၍ အကျိုး အပြစ် တင်လျှောက်စေရာ မသိပါကြောင်း တင်လျှောက်က အထင်သေးမည် စိုး၍ အရှင်မင်းမြတ်အတွက် အန္တရာယ်ရှိပါကြောင်း၊ အကြီးအကျယ် ယဇ်နတ်ပူဇော်မှ အန္တရာယ် ကင်းမည့်အကြောင်း တင်လျှောက်လေသည်။ ထိုအခါ ယဇ်နတ်ပူဇော်ဘို့ရန် ဆင်တရာ၊ မြင်းတရာ၊ နွားလားဥသဘတရာ စသည်တို့ စီစဉ်ကြလေရာ သေဘေးကြောင့် ဟစ်အော် ငိုကြွေး၊ ဆူးညံ့သံတို့ကို မလ္လိကာမိဖုရား ကြားသောကြောင့် ဘုရင်ထံ အကျိုးအကြောင်း မေးလေသည်။ ထိုအခါ အကြောင်းစုံ သိရ၍ မြတ်စွာဘုရားရှိပါလျက် ဘုရားမလျှောက်ဘဲ ပုဏ္ဏားစကား ယုံရမည်လားဟု အပြစ်တင်ကာ ဘုရားထံတော်သို့ ဘုရင်ကြီးကို ခေါ်သွား၍ ကြားရသော အသံများကို လျှောက်သောအခါ မြတ်စွာဘုရားသည် ဘုရင်းမင်းမြတ်နှင့် ထိုအသံ မည်သို့မှ မသက်ဆိုင်၊ ရှေးအခါက သူတစ်ပါး သားမယား လွန်ကျူးပြစ်မှားခဲ့ကြသော သူဌေးသား လေးယောက်တို့ ငရဲကျ၍ ပွက်ပွက်ဆူသော သံရည်မှ အပေါ်တက်စဉ် သူတို့ ပြောလိုသော စကား ပြည့်စုံအောင် မပြောနိုင်ဘဲ။ အက္ခရာတစ်လုံးစီ အော်ကာ အောက်သို့ ပြန်မြှုပ်သွားရကြောင်းကို မိန့်တော်မူလေသည်။ ထိုအခါမှ ယစ်နတ်ပူဇော်ရန် ထားသော သတ္တဝါများကို အလွှတ်ခိုင်း လိုက်သည်။

(ဤသာဓက၌ မလ္လိကာပညာရှိ မိဖုရားနှင့် ပေါင်းမိ၍ အားလုံး ချမ်းသာရာ ရကြသည်။)

အပဏ္ဏဇာတ်ဘုရားလောင်း ခေါင်းဆောင်သော လှည်းကုန်သည် ငါးရာတို့သည် တောလမ်းခရီး ကန္တာရကြီး၌ ဘီးလူးတို့က ရေရရှိပါသည်။ မိုးရွာပါသည်။ ကြာနှင့်တကွသော ရေအိုင်ကြီးတွေ ရှိပါသည်ဟု လှည့်ပတ်ပြောဆိုလာသော်လည်း ဘုရားအလောင်းတော်သည် ပြောဆိုလာသူအား အကဲခတ်သည် ရှိသော် အရိပ် မထွက်ခြင်း၊ ဖနောင့်တိုခြင်း။ မျက်တောင် မခတ်ခြင်း၊ မျက်ထောင့်နီခြင်းစသော အချက်အလက်တို့ကို တွေ့မြင်ရ၍ ဤသူတို့ကား လူမဟုတ်ကြ၊ ဘီလူးများဖြစ်ကြ၏ဟု အဆင်ခြင်ဉာဏ်ပညာနှင့် ပြည့်စုံခြင်းကြောင့် လှည်းပေါ်တွင် ပါလာသော ရေတွေကို သွန်မပြစ်စေခဲ့ပါ၊ ထို့ကြောင့် လူငါးရာနှင့် တကွ၊ နွားတစ်ထောင်တို့ ဘီလူးဘေးမှ လွတ်ကင်းရသည်အပြင် ဆထမ်းပိုး တိုးကား ချမ်းသာမှု ရကြလေသည်။

(၃) ပူဇာစ ပူဇနေယျာနံ မင်္ဂလာ

ပူဇာစ ပူဇနေယျာနံ - ပူဇော်ထိုက်သူတို့ကို

ပူဇာ - ပူဇော်ခြင်း

မေး။။ ပူဇော်ထိုက်သော ပုဂ္ဂိုလ်များ ထုတ်ပြ၍၊ ၎င်းတို့အား အဘယ်ကြောင့် ပူဇော်ထိုက်သည်ကို ရှင်းပြပါ။

ဖြေ။။ ဘုရား၊ တရား၊ သံဃာ၊ မိဖ၊ ဆရာသမားတို့သည် ပူဇော်ထိုက်သော ပုဂ္ဂိုလ်များ ဖြစ်ကြပါသည်။ (ဘုရား-တရား-သံဃာ-မိဘ-ဆရာ)တို့သည်၊ ကိုယ်တိုင် အကျင့်သီလ သမာဓိ-ပညာ ဂုဏ်နှင့် ပြည့်စုံ၍၊ အများသတ္တဝါကို အကျိုးစီးပွား ဖြစ်စေနိုင်၊ ချမ်းသာစေနိုင်သောကြောင့် ပူဇော်ထိုက်ပါသည်။

မေး။။ ပူဇော်နည်း ဘယ်နှစ်မျိုး ရှိပါသနည်း။ ရှင်းပြပြီးလျှင် ပူဇော်ရကျိုး ငါးပါးကိုလည်း ရေးခဲ့ပါ။

ဖြေ။။ ပူဇော်နည်း (၁) အာမိသပူဇာ - ဝတ္ထုပစ္စည်းဖြင့် ပူဇော်နည်း။ (၂) ဓမ္မပူဇာ - ကျင့်ဝတ်တရားဖြင့် ပူဇော်နည်း၊ ဟူ၍ နှစ်မျိုး ရှိပါသည်။

သင့်လျှော်သော ဝတ္ထု ပစ္စည်းဖြင့် လှူဒါန်းထောက်ပံ့ခြင်းသည် ပစ္စည်းဖြင့် ပူဇော်သည် မည်၏။ ပူဇော်ထိုက်သောပုဂ္ဂိုလ်တို့၏ နည်းလမ်းညွှန်ပြ ဩဝါဒပေးသည့်အတိုင်း ရိုသေစွာ နာခံပြုလုပ်ခြင်း၊ ကျင့်ကြံအားထုတ်ခြင်း ကျင့်ဝတ်တရားဖြင့် ပူဇော်သည် မည်၏။

ပူဇော်ရကျိုး ငါးပါး။။ ၁-အသက်ရှည်ခြင်း။ ၂-အဆင်းလှခြင်း။ ၃-ချမ်းသာကြီးခြင်း။ ၄-ခွန်အားကြီးခြင်း။ ၅-ဉာဏ်ပညာကြီးခြင်းတို့ ဖြစ်ပါသည်။

အမှာ။။ ၁-အာယု။ ၂-ဝဏ္ဏ။ ၃-သုခ။ ၄-ဗလ။ ၅-ပဋိဘာနတို့ ဖြစ်ပါသည် ဟူ၍လည်းဖြေဆိုနိုင်ပါသည်။

သက်ရှည်၊ ဆင်းလှ၊ ချမ်းသာရ၍ ချမ်းသာရ၍ စွမ်းလှခွန်အား ဉာဏ်တိုးပွားသည် ထင်ရှားပူဇာ အကျိုးတည်း။

မေး။။ ပူဇော်ထိုက်သူကို ပူဇော်ခြင်းကြောင့် ကောင်းကျိုး မင်္ဂလာရရှိကြပုံ ဝတ္ထု သာဓကပြ ဖြေဆိုပါ။

ဖြေ။။ သီဟိုဠ်ကျွန်းဒေဝါနံပိယတိဿမင်းသည် ဆည်းကပ်ပူဇော်ထိုက်သော အရှင်မဟိန္ဒကို ဆည်းကပ်ပူဇော်ခဲ့သောကြောင့် ထိုမင်းမှစ၍ ယနေ့တိုင်အောင် သီဟိုဠ်ကျွန်းသူ၊ ကျွန်းသားတို့သည် ဘာသာမှန်ကို ရရှိ၍ ကောင်းကျိုးမင်္ဂလာ ချမ်းသာသုခ ရရှိကြလေသည်။

မြန်မာနိုင်ငံ၌လည်း ရှ်အရဟံဟူ၍ ထင်ရှားသော ဓမ္မဒဿီမထေရ်အား ပူဇော်ထိုက်သော ပုဂ္ဂိုလ်အဖြစ်ဖြင့် ပူဇော်ချီးမြှောက်ခဲ့သော အနော်ရထာမင်းသည် ကိုယ်တိုင်ဘာသာ သာသနာမှန်နှင့် တွေ့၍ ကောင်းကျိုးမင်္ဂလာ ရရှိသည့်အပြင် ယနေ့တိုင်အောင် မြန်မာပြည်ဖွား တိုင်းရင်းသားတို့သည် ဘာသာမှန်နှင့် ကောင်းကျိုးမင်္ဂလာ ရရှိနေကြပါသည်။

မထင်ရှားသော အမျိုးသမီးကလေး တစ်ယောက်သည် သက်တော်ထင်ရှား မြတ်ဘုရားကို ရည်မှန်း၍ ခဝဲပန်းလေးပွင့်ကို စေတီတော်သို့ ပူဇော်ဖို့ရန် ယူဆောင်လာရာ စေတီတော်သို့ မရောက်ခင် နွားတစ်ကောင်က ဝှေ့သဖြင့် သေရရှာလေသည်။ စေတီကို ပူဇော်လိုသော စေတနာကြောင့် တာဝတိံသာ နတ်ပြည်သို့ လားရောက်ကာ အသုံးအဆောင်မှ စ၍ အားလုံး ရွှေရောင်ခြည်းဖြစ်သော ဗိမာန်နှင့်တကွ လှပတင့်တယ် နတ်သမီး ဖြစ်ရလေသည်။ (ဤကား ပူဇော်ကျိုးတည်း)

အဖြေ ၃-နည်း တစ်နည်းနည်း ပိုင်အောင်ဖတ်ထားပါ။

(၄)ပတိရူပဒေသဝါသော စ မင်္ဂလာ

ပတိရူပ - သင့်တင့်လျှောက်ပတ်သော

ဒေသ - အရပ်၌

ဝါသ - နေခြင်း

ကြီးပွားချမ်းသာနိုင်သော နိုင်ငံ၊ မြို့ရွာ၊ ရပ်ကွက်၊ လူလိမ္မာပညာရှိ ပေါများ၍ ကောင်မှုကုသိုလ်တရားတို့ကို လွယ်ကူစွာ ပြုနိုင်သောအရပ်၊ ကျန်းမာရေးအတွက် ဆေးဆရာများ၊ ဆရာဝန် သမားတော်ကြီးများရှိသော အရပ်ကို ပတိရူပဒေသ- သင့်တော်ရာအရပ်ဟု ခေါ်ဆိုသည်ဟု မှတ်ပါ။

မေး။။ ပတိရူပဒေသ - သင့်တော်ရာ အရပ်၌ နေခြင်းကို အဘယ်ကြောင့် မင်္ဂလာတစ်ပါးဟု ဟောတော်မူပါသနည်း။ (မေးခွန်းဟောင်း)

ဖြေ။။ ပတိရူပဒေသ - သင့်တော်သော အရပ်၌ နေခြင်းကား ချမ်းသာ သုခများ၍ ကြီးပွား နိုင်သောကြောင့် မင်္ဂလာတစ်ပါးဟု ဟောတော်မူပါသည်။

(၅) ပုဗ္ဗေစ ကတပုညတာ မင်္ဂလာ

ပုဗ္ဗေ - ရှေးဘဝ ရှေ့အခါ၌

ကတ - ပြုခဲ့ဘူးသော

ပုညတာ - ကောင်းမှု ရှိသူဖြစ်ခြင်း။

ရှေးဘဝ ရှေးအခါက ပြုခဲ့ဘူးသော ကုသိုလ်ကောင်းမှု ရှိသူများမှာ အသက်ရှည်ခြင်း၊ အနာရောဂါကင်းခြင်း၊ ရုပ်ရှည်လှပခြင်း၊ ပစ္စည်းဥစ္စာပေါခြင်း၊ ဉာဏ်ပညာ ထက်မြက်ခြင်း၊ စသည်တို့နှင့် ပြည့်စုံတတ်ကြပါသည်။

မေး။။ ရှေးကောင်းမှုရှိသူ- မရှိသူ သိနိုင်ပုံ ဆောင်ပုဒ်ရေး၍ ဖြေဆိုခဲ့ပါ။

ဖြေ။။ ၁- သူ့ကိုသတ်ဖြတ် သက်တိုတတ်၊ မသတ်အသက်ရှည်။

၂- ညှဉ်းဆဲသူကား အနာများ၊ သနား ကျန်းမာသည်။

၃- ဒေါသမီးလျှံ အကျည်းတန်၊ သည်းခံလှပသည်။

၄- မနာလိုမှ ခြွေရံကွာ၊ ကြည်သာ ခြွေရံစည်။

၅- မပေးလှူက ပွဲပြာကျ၊ လှူမှာ ပေါကြွယ်သည်။

၆- မရိုမသေ မျိုးယုတ်ချေ။ ရိုသေ မျိုးမြတ်သည်။

၇- မမေးမမြန်း ဉာဏ်မြင်ကန်း၊ စုံစမ်း ဉာဏ်ကြီးသည်။

* ဆိုးတာပြုက ဆိုးတာရ၊ ကောင်းမှ ကောင်းစားသည်။

* ဆိုးကောင်းနှစ်တန် ကံစီမံ ခံစံကြရသည်။ (မဟာစည် ဆရာတော်)

(၆) အတ္တသမ္မာ ပဏီဓိ မင်္ဂလာ

အတ္တ - မိမိကိုယ် စိတ်

သမ္မာ - ကောင်းစွာ

ပဏိဓိ - ဆောက်တည်ခြင်း (ထိန်းထားခြင်း)

မေး။။ မိမိစိတ်ကို ကောင်းစွာထားနည်း ရေးပြပါ။

ဖြေ။။ ငါ့မေမေ - ငါ့ဖေဖေတို့။ ငါ့အတွက် မပူပါစေ၊ ဆင်းရဲပါစေနှင့်ဟု စိတ်ကောင်းထားခြင်း၊ ငါ့ကို သူတို့က ပညာတတ်စေချင်၏။ ပညာတတ်အောင် ကြိုစားမည်ဟု စိတ်ကောင်းထားခြင်း၊ ဆရာက ငါ့ကို စာကြိုးစားစေချင်၏။ ငါ စာကို ကြိုးစားမည်ဟု စိတ်ကောင်းထားခြင်း၊ သူငယ်ချင်းတို့ကို ငါကူညီမည်ဟု စိတ်ကောင်းထားခြင်း၊ ငါလူလိမ္မာ ပညာတတ်ယောက် ဖြစ်စေရမည်ဟု စိတ်ကောင်းထားခြင်းတို့သည် မိမိစိတ်ကို ကောင်းစွာ ထားနည်း ဖြစ်ပါသည်။

ဆောင်။။ မိဖနှစ်ပါး၊ ဆွေမျိုးများနှင့် ငါ့အား ချစ်ခင်၊ ဆရာရှင်တို့၊ ကြည်လင်ရွှင်ပြ၊ ချမ်းသာကြအောင်၊ နေ့ညတာရှည်၊ စိတ်ကောင်းမည်ဟု၊ ကြံစည်စွဲသန် မြဲမြဲမြန်၊ သမ္မာပဏိဓိ

မေး။။ မိမိကိုယ်ကို ကောင်းစွာ ထားနည်းကို ရေးခဲ့ပါ။

ဖြေ။။ ကျောင်းမှန်မှန်တက်ခြင်း၊ ကျောင်းသားချင်း ရန် မဖြစ်ခြင်း၊ စာကြိုးစားခြင်း၊ မိဖဆွေမျိုးများနှင့် ဆရာ့စကားကို နားထောင်ခြင်း စသည်တို့သည် မိမိကိုယ်ကို ကောင်းစွာ ထားနည်း ဖြစ်ပါသည်။

အတ္တသမ္မာပဏိဓိ - မင်္ဂလာနှင့် ပြည့်စုံနိုင်ရန် ကိုယ်ကျင့်တရား မရှိ မပြည့်သေးသော မိမိကိုယ်ကို ကိုယ်ကျင့်တရားရှိလာအောင် ပြည့်လာအောင် ပြုပြင်ယူရမည်။ ဘုရား-တရား-သံဃာ ရတနာသုံးပါးနှင့် ကံ-ကံ၏ အကျိုးကို ယုံကြည်မှု မရှိသေးသော မိမိကိုယ်ကို ယုံကြည်မှုနှင့် ပြည့်စုံလောအောင် ပြုပြင်ယူရမည်။ စာပေ မသင်ကြားလိုသော စာသင်ယူ၊ စာသင်သားသည် စာပေထဲ၌ စိတ်ကို ပြောင်းလဲ၍ ပျော်မွေ့စေနိုင်ရန် ပြုပြင်ယူရမည်။

သာဓကမှတ်ဖွယ်ကား။။ အဟိံသကမည်သော အင်္ဂုလိမာလသည် ကိုယ်ကျင့်တရား ပျက်နေသော မိမိကိုယ်ကို ကိုယ်ကျင့်တရားနှင့် ပြည့်စုံအောင် ပြုပြင်လိုက်ခြင်းကြောင့် အရိယာသူတော်ကောင်း စာရင်းဝင်ပုဂ္ဂိုလ်ဖြစ်သွားပါသည်။

မေး။။ သမ္ပတ္တိစက်လေးပါးကို မည်သည့် မင်္ဂလာများဖြင့် သိရမည်နည်း။

ဖြေ။။ ပဋိရူပဒေသဝါသမင်္ဂလာ-စက်

ပုဗ္ဗေစ ကတပုညတာမင်္ဂလာ-စက်

အတ္တသမ္မာ ပဏီဓိမင်္ဂလာ-စက်

ပဏ္ဍိတာနဉ္စ သေဝနာမင်္ဂလာ-စက် ဤသို့ သိနိုင်ပါသည်။

အမှာ။။ ကြီးပွားချမ်းသာရေးအတွက် မင်္ဂလာတရားတော် စီမံကိန်းအရ စက်လေးပါး အခြေခံ၍ လမ်းညွှန်ပြပါဟု မေးလျှင် ဤသမ္မပ္ပတ္တိ စက်လေးပါး အခြေခံ ရေးတတ်ပါစေ။ (သင်တန်းပြ ပုဂ္ဂိုလ်က နည်းပေးပါလေ)

(၇) ဗဟုဿစ္စဉ္စ မင်္ဂလာ

ဗဟုဿစ္စ - (စာပေကျမ်းဂန်) အကြားအမြင် များသဖြစ်ခြင်း။

မေး။ အကြားအမြင် ဗဟုသုတသည် ဘယ်နှစ်မျိုး ရှိပါသနည်း။

ဖြေ။။ အကြားအမြင် ဗဟုသုတသည် လောကီ အကြားအမြင် ဗဟုသုတလောကုတ္တရာ အကြားအမြင် ဗဟုသုတအားဖြင့် နှစ်မျိုး ရှိပါသည်။

မေး။။ ဗဟုဿစ္စဉ္စ မင်္ဂလာနှင့် ပြည့်စုံ၍ အကျိုးခံစားရပုံ သာဓကဝတ္ထု၊ ထုတ်ပြပါ။

ဖြေ။။ မိတ္ထိထာနယ်၊ ဝင်ဇင်းရွာသား မောင်ရာဇာသည် ငယ်စဉ်ကစ၍ လောကီဗဟုသုတ ရှာမှီး ဆည်းပူးခဲ့လျက် ဗဟုဿစ္စဉ္စ မင်္ဂလာ ဖြစ်စေခဲ့ရာ၊ မြန်မာသက္ကရာဇ် (၇၃၀) ပြည့်နှစ်၌ မိတ္ထိလာကန်တော် ကျိုးပေါက်၍ အင်းဝဘုရင် မင်းကြီးစွာ စော်ကဲ ကိုယ်တိုင် စီမံအုပ်ချုပ်၍ ကန်တော်ကို ဆည်ဖို့ ပြုပြင်စဉ် ကန်ရိုးပေါ်၌ မိန်းမရုပ်နှင့် အဆောက်အဦး တစ်ခုကို တွေ့၍ သိမှီလောက်သော သူတို့အား မေးမြန်လေရာ မဖြေနိုင်ကြသည်တွင် ဝင်ဇင်းရွာသူကြီး၏ သမက်သည် အမှတ်အသား အကြားအမြင်များပါသည်၊ သိတန်ကောင်းပါသည်ဟု တင်လျှောက်ကြ၍ ခေါ်ယူမေးမြန်ရာ ဤမိန်းမရုပ်သည် နတ်ရုပ်မဟုတ်၊ အဆောက်အဦးလည်း မဟုတ်ပါ။ အနော်ရထာမင်းသည် ဤကန်တော်ကြီးကို ဆည်ဖို့ပြုပြင်တော် မူဆဲအခါ စော်ဘွားက ဆက်သ၍ မြတ်နိုးတော်မူလှသည့် မိဖုရားငယ်သည် လတ်တလောရောဂါနှင့် သေဆုံးသည်တွင် အလောင်းကို မစွန့်ရက် ရှိသဖြင့် ဘုရင်မင်းမြတ် စိတ်သက်သာ၍ အလောင်းကို သင်္ဂြိုလ်မှု ပြုနိုင်ရန် အမတ်များက ရွှေသာရုပ်ထု ပြုလုပ်ပေးရာ အပြန်တွင် ပုဂံနေပြည်တောသို့ ဆောင်ယူတော် မူလိုသော်လည်း အမတ်များက မသင့်တော်ကြောင်း သံတော်ဦး တင်ကြသဖြင့် ရွှေသားရုပ်ထုကို ကန်ရိုးအောက်၌ ကျောက်တိုက် ကျောက်ခန်း ပြုလုပ်သွင်းထားစေ၍ ရွှေသား ရုပ်ထုနှင့် အလားတူ သစ်သား ရုပ်တုကို ကန်းရိုးပေါ် တွင် အဆောက်အဦးနှင့် ကောင်းစွာ ထားခဲ့ခြင်း ဖြစ်ကြောင်းကို တင်လျှောက်လေသည်။ တင်လျှောက်တိုင်း တူးဖော်စေရာ ရွှေရုပ်ကို ရရှိ၍ ဘုရင်မင်းစွာ စော်ကဲသည် နှစ်သက်အားရ၍ ဤသို့သော ဗဟုသုတရှိသူသည် တောအရပ်နှင့် မတန်၊ နေပြည်တော်သို့ ခေါ်ယူချီးမြှောက်သင့်ပေသည်ဟု ပညာရှိမင်း ဖြစ်သည့်အားလျှော်စွာ ခေါ်ယူပူဇော် ချီးမြှောက်လေရာ အဆင့်ဆင့် ရာထူး ဂုဏ်ထူး တိုးတက်၍ ယနေ့တိုင်အောင်ပင် မင်းတိုင်ပင် အမတ်ကြီး (ဘိုးရာဇာ)ဟူ၍ ကျော်စော် ထင်ရှားလျက် ရှိပေသည်။ ဤကာ ဗဟုဿစ္စဉ္စ မင်္ဂလာ ပြည့်စံခြင်း အကျိုးတည်း။

ဆောင်။။ ပညာပြည့်ဝ နှလုံးလှသော် ကိစ္စကြီးငယ် ဆောက်သဖွယ်လျှင်၊ ကျဉ်းကျယ်ထွင်းဖောက်၊ ဖြတ်တောက်လိုရာ၊ ပြီးနိုင်စွာ၏။ ပညာမသုံး နှလုံးမပြောင်း၊ လက်ရုံးကောင်းကား။ တကြောင်းမျှသာ စူးပမာသို့ လိုရာကိစ္စ များမကျတည့်။ (မဃဒေဝလင်္ကာ)

ဗဟုဿစ္စဉ္စ မင်္ဂလာ၌ အကျိုးမဲ့ ပျက်စီးရပုံ ဝတ္ထုကို ဗာရဏသီပြည် ကုဋေ (၈၀) သူဌေးသား အကြောင်းကို စကားပြေနှင့် ရေးသား ဖြေဆိုရမည်။

(၈) သိပ္ပဉ္စ မင်္ဂလာ

သိပ္ပ - အပြစ်ကင်းသော စက်မှုလက်မှု ပညာတို့ကို တတ်ခြင်း။

ဤမင်္ဂလာနှင့် ဆိုင်ရာ ပညာတို့သည် ...

၁။ လူတို့နှင့် ဆိုင်ရာ စက်မှု လက်မှုပညာ။

၂။ ရဟန်းသာမဏေတို့နှင့် ဆိုင်ရာ စက်မှုလက်မှု ပညာဟု နှစ်မျိုး ရှိသည်။

လက်သမား၊ ပန်းပု၊ ပန်းဘဲ၊ ပန်းထိမ်း၊ ကျောက်သွေး၊ ယက္ကန်း စသော လက်မှု စက်မှုစသော ပညာများနှင့် တက္ကသိုလ်များမှ သင်ယူကြရသော ဆေး၊ စက်မူ၊ သစ်တော၊ ဗိသုကာ၊ သတ္တုတွင်း၊ ရေနံတွင်း ရာသီဥတု၊ မိုးလေဝသစသော များပြားလှသော အတတ်တို့သည် လူတို့နှင့်ဆိုင်ရာ သိပ္ပတို့ ဖြစ်ကုန်၏။

သင်္ကန်းချုပ်ခြင်း၊ သပိတ်ဖုတ်ခြင်း၊ သပိတ်အိတ်ချုပ်ခြင်းစသော အတတ်ပညာသည် ရဟန်းသာမဏေတို့နှင့် ဆိုင်ရာ သိပ္ပတို့ ဖြစ်ကုန်၏။

အမှာ။။ ဉာဏဗလ မင်္ဂလာနှစ်ပါးကို မေးလျှင် ဗာဟုဿစ္စဉ္စနှင့် သိပ္ပဉ္စ မင်္ဂလာနှစ်ပါးကို ဖြေကြရမည်။

(၉) ဝိနယော စ သုသိက္ခိတော မင်္ဂလာ

သုသိက္ခိတော - ကောင်းစွာ သိအပ်သော

ဝိနယော - ဝိနည်းတရား

မေး။။ ဝိနည်းသည် ဘယ်နှစ်မျိုး ရှိပါသနည်း၊ ရှင်းခဲ့ပါ။

ဝိနည်းသည် (၁) လူတို့ကျင့်ရသော ဝိနည်းနှင့် (၂) ရဟန်းတို့ ကျင့်ရသော ဝိနည်းဟူ၍ နှစ်မျိုး ရှိ၏။

လူတို့ကျင့်ရသော ဝိနည်းကား ဒုစရိုက်တရား (၁၀)ပါးမှ ရှောင်ကြဉ်မှု စသည်တို့ဖြစ်ပါသည်။ ရဟန်းတို့ ကျင့်ရသော ဝိနည်းကား ဝိနည်းကျမ်းလာ (၂၂၇)သွယ်သော ကျင့်ဝတ်သိက္ခာပုဒ်တို့ ဖြစ်ပါသည်။

မေး။။ တပည့်များ လိုက်နာရမည့် ကျင့်ဝတ်ငါးပါးရေးပါ။

ဖြေ။။ ၁-ဆရာလာသည်ကို မြင်လျှင် နေရာမှ ထခြင်း။ ၂-ဆည်းကပ်ခြင်း။ ၃-စကားနားထောင်ခြင်း။ ၄-ပြုစုခြင်း။ ၅-လိုလိုချင်ချင် ပညာသင်ယူခြင်းတို့ ဖြစ်ပါသည်။

ဆောင်။။ ထိုင်ရာမှထ၊ ချဉ်းကပ်ကြလေ၊ ဆုံးမသမှု၊ နားစိုက်ရှုလျက်၊ ပြုစုတွေ့လျှင်၊ လိုချင်ချင်နှင့်၊ မှတ်သင်ပညာ၊ သင်ယူပါ၊ ငါးဖြာတပည့်ဝတ်။

သိင်္ဂါလောဝါသုတ်လာ ကျင့်ဝတ်များ

သားသမီးကျင့်ဝတ် (၅)ပါး

ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ ၍၊ စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ်၊ ကျင့်ဘွယ် သားတို့တာ။

မိ, ဘကျင့်ဝတ် (၅)ပါး

မကောင်းမြစ်ခါ၊ ကောင်းရာညွန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင် ဖခင်မယ်တို့တာ။

တပည့်ကျင့်ဝတ် (၅)ပါး

ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး၊ သင်တွေးအံရွတ်၊ တပည့်ဝတ်၊ မချွတ်ငါးခုသာ။

ဆရာကျင့်ဝတ် (၅)ပါး

အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ဖို့၊ ဆရာတို့၊ ကျင့်ဘို့ ဝတ်ငါးဖြာ။

လင်ကျင့်ဝတ် (၅)ပါး

မထေမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမမှား၊ ဝတ်စားဆင်ယင်၊ မြတ်နိုးကြင်၊ ငါးအင်လင်ကျင့်ရာ။

မယားကျင့်ဝတ် (၅)ပါး

အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမူ၊ ဝတ်ငါးဆူ၊ အိမ်သူကျင့်အပ်စွာ။

မိတ်ဆွေကျင့်ဝတ် (၅)ပါး

ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊ စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊ သစ္စာမှန်စေ၊ ဝတ်ငါးထွေ၊ ကျင့်လေမိတ်သဟာ။

အိမ်ရှင်ကျင့်ဝတ် (၅)ပါး

ဝစွာကျွေးမွေး၊ ပြုရေးစီရင်၊ နာလျှင်ကုစေ၊ ငှါဝေရသာ၊ အခါကို လွှတ်၊ အရှင်ဝတ်၊ မချွတ်ငါးခုသာ။

အိမ်ဖာ်ကျင့်ဝတ် (၅)ပါး

အိပ်သော်နောက်ကျ၊ ထသော်ကားရှေး၊ ပေးမှယူအပ်၊ စေ့ စပ်ဆောင်ရွက်၊ ကျေးဇူးမြွက်၊ ငါးချက် ကျွန်ကျင့်ရာ။

ဒါယကာကျင့်ဝတ် (၅)ပါး

မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ကြင်၊ ခင်မင်နှုတ်ချို၊ လို လျှင်ဖိတ်ထား၊ တတ်အားလှူစေ၊ ဝတ်ငါးထွေ၊ ပြုလေဒါယကာ။

ရဟန်းကျင့်ဝတ် (၆)ပါး

မကောင်းမြစ်ထာ၊ ကောင်းရာညွန်လစ်၊ အသစ်ဟောကြူး၊ နာဘူးထပ်မံ၊ နတ်ထံတင်ရာ၊ မေတ္တာလည်းပြု၊ ရဟန်ူမှု၊ ခြောက် ခု လွန်သေချာ။

ဥစ္စာပျက်ကြောင်း (၆)ပါး

သေစာသောက်စား၊ လမ်းသွားခါမဲ့၊ ရှုငဲ့သဘင်၊ ပျော်ရွှင်အန် လောင်း၊ မကောင်းမိတ်ဖျင်း၊ ပျင်းရိခြင်းကား၊ ယိုယွင်းဥစ္စာ- ပျက်ကြောင်းတည်း။

မူးယစ်သေစာ သောက်စားခြင်း အပြစ် (၆)ပါး

ဥစ္စာယုတ်ခြင်း၊ ငြင်းခုန်များစွာ၊ ရောဂါထူပြော၊ ကျော်စော မဲ့တုံ၊ မလုံအင်္ဂါ၊ ပညာနည်းရှာ၊ ဤခြောက်ပါးကား သောက် စားသေစာ အပြစ်တည်း။

အခါမဲ့ သွားလာခြင်း အပြစ် (၆)ပါး

ကိုယ့်သားမယား၊ တခြားဥစ္စာ၊ လုံရာမဲ့ရှောင်း၊ မကောင်း အရာ၊ ရွှံ့ရှာလေအပ်၊ ရိုးစွပ်ရောက်မှု၊ ဆင်းရဲစု၊ ခြောက်ခုခါ မဲ့ သွားပြစ်တည်း။

သဘင်ပွဲလမ်း အပြစ် (၆)ပါး

ကခြင်းတလီ၊ သီသည်တသီး၊ မှုတ်သီးတသင်း၊ ပြိန်ဖျင်း တအုပ်၊ လက်ခုပ်တတည်၊ အိုးစည်တဖြာ၊ ရှိရာရှာ၍၊ ဥစ္စာ ပျက်မှု၊ ဤခြောက်ခုကား၊ ကြည့်ရှုသဘင် အပြစ်တည်း။

လောင်းကစားသူ အပြစ် (၆)ပါး

အောင်သူရန်ပွား၊ ရှုံးသားစိုးရိမ်၊ စည်းစိမ်လျော့ပါး၊ တရားသဘင်၊ မဝင်သက်သေ၊ မိတ်ဆွေနှိမ့်ဆို၊ မလိုထိမ်းမြား၊ ဤÞခြောက် ပါးကား၊ ပျော်ပါးကြွေအန် အပြစ်တည်း။

မိတ်ဆွေပျက် (၆)ပါး

ကြွေအန်ကြူးထ၊ မိန်းမကြူးထွေ၊ သေစာကြူးမှု၊ အတုပြုငြား၊ လှည့်စားတထောက်၊ မျက်မှောက်လှည့်ချက် နိုင်ထက်လုယူ၊ ဤသူခြောက်ပါး၊ မိတ်ဖြစ်လားကြောင့်၊ ပျက် ပြားမိတ်ဆွေ အပြစ်တည်း။

ပျင်းရိခြင်း အပြစ် (၆)ပါး

အချမ်းပြင်းဝှန်၊ အလွန်ပူနိုး၊ မိုးချုပ်လှမော၊ စောလှလွန်း ရောင်၊ ဆာလောင်ပျင်းနေ၊ ဝမ်းဝလွန်ထွေ၊ နေက ပညာ၊ မပွားရာသည်၊ ခြောက်ဖြာပျင်းသူ အပြစ်တည်း။

အကြီးအကဲကျင့်ဝတ် (၆)ပါး

ထကြွ , နိုးကြား, ၊ သနား, သည်းခံ, ၊ ဝေဘန်, ကြည့်ရှု, ဤ ခြောက်ခုကား၊ ကြီးသူကျင့်ရာ တရားတည်း။

အမှာ။။ ဤကျင့်ဝတ်များသည် စာမေးပွဲတွင် အရေးမကြီးပါ၊ လူမှုရေးမှာ ကျေးဇူးများ၍ သိမှတ်ရန် လိုအပ်လှသောကြောင့် ထည့်သွင်းလိုက်ပါသည်။

ဒုစရိုက် (၁၀)ပါး

ကာယဒုစရိုက် ၃-မျိုး

၁။ ပါဏာတိပါတ - သူ့အသက် သတ်ခြင်း

၂။ အဒိန္နာဒါန - ပိုင်ရှင်မပေးသော ဥစ္စာကို ခိုးယူခြင်း၊

၃။ ကာမေသု မိစ္ဆာစာရ - ကာမဂုဏ်တရားတို့၌ မှားယွင်းစွာ ကျင့်ခြင်း၊

ဆောင် - သက်သက် ခိုးမှု၊ ကာမေသု၊ သုံးခု ကာယကံ။

ဝစီဒုစရိုက် ၄-မျိုး

မုသာဝါဒ - မမှန်သော စကားကို ပြောဆိုခြင်း

ပိသုဏဝါစာ - ကုန်းတိုက်စကား ပြောခြင်း၊

ဖရုသဝါစာ - ကြမ်းတမ်းသောစကား၊ ဆဲဆိုမှု၊

သမ္ဖပ္ပလာပ - ပျက်ချော်ချော်နိုင်သော အနှစ်ကင်းမဲ့သော စကားပြောဆိုခြင်း။

ဆောင် - မုသားဆိုပြော၊ ဂုံးချောရန်တိုက်၊ အမိုက်အမဲ၊ ဆဲရေးခြောက်ခြိမ်း၊ အပြိန်းစကား နေ့စဉ်ပွား၊ လေးပါးဝစီကံ

မနောဒုစရိုက် ၃-မျိုး

အဘိဇ္ဈာ - သူတစ်ပါးဥစ္စာ မတရား လိုချင်တပ်မက်မှု၊

ဗျာပါဒ - သူတစ်ပါးပျက်စီးအောင် ကြံစည်မှု၊

မိစ္ဆာဒိဋ္ဌိ - အယူအဆ မှားယွင်းမှု။

ဆောင် - သူ့စည်းစိမ်ကို၊ ကိုယ်ပိုင်လိုမှု၊ သူ့သက်ဇီဝေ၊ သေစေချင်ဟု၊ အယူမှောက်မှား၊ ဤသုံးပါး၊ မှတ်သား မနောကံ

ဤသို့လျှင် ဒုစရိုက်တရား (၁၀)ပါး ဖြစ်ပါသည်။ ထိုဒုစရိုက်တရား (၁၀)ပါးကို... ၁- ကိုယ်တိုင် ပြုလုပ်ခြင်း။ ၂- သူတစ်ပါးအား တိုက်တွန်းနှိုးဆော်ခြင်း။ ၃-သူတစ်ပါးပြုလုပ်သည်ကို ချီးမွမ်းအားပေးခြင်း။ ၄-သူတစ်ပါးနှင့် တွဲဖက်ပြုလုပ်ခြင်း။ ဤလေးမျိုးနှင့် မြှောက်လျှင် (၁၀×၄=၄၀) ဒုစရိုက်ပေါင်း လေးဆယ်ဖြစ်ပါသည်။

ဆောင်။။ ကိုယ်တိုင် နှိုးဆော်၊ မြွတ်ဖော်ချီးကျူး၊ ဆည်းပူးတူကွ၊ မြှောက်ပွားက၊ မှတ်ကြလေးဆယ်တည်။

(၁၀) သုဘာသိတာစ ယာဝါစာ မင်္ဂလာ

သုဘာသိတာ - ကောင်းစွာ ပြောဆိုအပ်သော
ဝါစာ - စကား

စကားကောင်းဟူသည်၊ ဝစီဒုစရိုက် ၄-ပါးမှ ရှောင်ကြဉ်၍ ၁-မှန်ကန်ခြင်း၊ ၂-ဂုံးမချောခြင်း၊ ၃-သိမ်မွေ့သာယာခြင်း၊ ၄-အနှစ်သာရရှိ၍ လေးနက်ခြင်းဟူသော အင်္ဂါများနှင့် ပြည့်စုံလျှင် စကားကောင်းဖြစ်ပါသည်။

မေး။။ စကားခြောက်ခွန်း၊ လူ၌ထွန်း၊ လေးခွန်းကိုမျှော နှစ်ခွန်းပြော ဟူသော ဗုဒ္ဓတရားတော်အရ မပြောရမည့် စကားလေးခွန်း၊ ပြောရမည့် စကားနှစ်ခွန်းကို ထုတ်ပြပါ။

၁။ မဟုတ်မမှန် အကျိုးမရှိ၊ ကြားရသူ မချစ် မနှစ်သက်သော စကား၊ မပြောရ။
၂။ ဟုတ်မှန် အကျိုးမရှိ၊ ကြားရသူ မချစ်မနှစ်သက်သော စကား၊ မပြောရ။
၃။ ဟုတ်မှန်၏ အကျိုးရှိ၏၊ ကြားရသူ မချစ် မနှစ်သက်သော စကား၊ အခါအားလျှော်စွာ ပြောရ၏။
၄။ မဟုတ် မမှန်၊ အကျိုးမရှိ၊ ကြားရသူ ကြိုက်နှစ်သက်သော စကား၊ မပြောရ။
၅။ ဟုတ်မှန်၏ အကျိုးမရှိ၊ ကြားရသူ ကြိုက်နှစ်သက်သော စကား၊ မပြောရ။
၆။ ဟုတ်မှန်၏ အကျိုးရှိ၏၊ ကြားရသူ ကြိုက်နှစ်သက်သော စကား၊ အခါအားလျှော်စွာ ပြောရ၏။

ဤစကား (၆)ခွန်းတွင် (၁-၂-၄-၅) နံပါတ်စကားမျိုး မပြောရ။ (၃-၆) နံပါတ်စကားမျိုးသာ ပြောဆိုရမည်။

မေး။။ စကားကောင်း လေးမျိုး ထုတ်ပြပါ။

ဖြေ။။ ၁-သုဘာသိတဝါစာ = ကောင်းစွာ ဆိုအပ်သော စကား။
၂- ပိယဝါစာ = ချစ်ခင်နှစ်သက်ဖွယ်စကား
၃- သစ္စဝါစာ = မှန်ကန်သောစကား။
၄- ဥတ္တမဝါစာ = မြင့်မြတ်သော စကားတို့ ဖြစ်ပါသည်။

မေး။။ သုဘာသိတာစ ယာဝါစာ မင်္ဂလာ၏ အကျိုး ဝတ္ထုသာဓက ထုတ်ပြပါ။

ဖြေ။သဗ္ဗမံသလာဘဇာတ်တော်၌ သဌေးသား သူငယ်ချင်းလေးယောက်တို့သည် မုဆိုးတစ်ယောက်ထံ၌ ဟင်းလျာအသားတောင်းကြရာ တစ်ယောက်က ဟေ့ မုဆိုး ငါ့အား အသားတုံး ပေးလော့ဟု ဖရုသဝါစာဖြင့် ကြမ်းတမ်းသော စကားသုံးနှုန်း၍ တောင်းသောကြောင့်၊ ဖရုသဝါစာ စကား အားလျှော်စွာ အသားအပါသော အရိုးအကာကိုသာ ရ၏။ တစ်ယောက်က အကိုကြီး ကျွန်ပ်အား အသားပေးပါဟု တောင်းရာ၊ အစိတ်အပိုင်းဖြစ်သော အသားကို ရ၏။ တစ်ဦးက ဖခင်၊ ကျွန်ပ်အား အသားပေးပါဟု တောင်းသောအခါ နှလုံးသားကိုသာ ရ၏။ နောက်ဆုံးလူက အဆွေ ကျွန်ပ်အား အသားပေးပါဟု တောင်းသောအခါ သုဘာသိတဝါစာဖြစ်သောကြောင့် ပါရှိသမျှသော အသားအားလုံးကို အိမ်အရောက်လိုက်ပို့ပေးလေသည်။ ဤကား သုဘာသိတဝါစာ မင်္ဂလာအကျိုးတည်း။

မေး။။ မင်္ဂလာတရား စီမံကိန်းအရ၊ ပညာရေးစနစ် လေးမျိုးကို ထုတ်ပြပါ။

ဖြေ။။ မင်္ဂလာတရားတော် စီမံကိန်းအရ ပညာရေးစနစ် လေးမျိုးကား
၁-ဗဟုဿစ္စ ပညာရေး
၂-သိပ္ပ ပညာရေး
၃-ဝိနယောစ သုသိက္ခိတ ပညာရေး
၄-သုဘာသိတဝါစာ ပညာရေးတို့ ဖြစ်ပါသည်။

ဤပညာရေး စနစ် ၄-မျိုးကို လက်ရှိ ပညာရေးနှင့် ညှိ၍ တင်ပြပါဟု ဆိုကာ-

ဗာဟုဿစ္စ ပညာရေးသည် - ဝိဇ္ဇာပညာ
သိပ္ပ ပညာရေးသည် - သိပ္ပပညာဖြစ်၍
ဝိနယသုသိက္ခိတ ပညာရေးကို - ဥပဒေပညာ
သုဘာသိတဝါစာ ပညာရေးကို ဝိဇ္ဇာပညာထဲတွင် ထည့်သွင်းမှတ်ယူရမည်။

ယနေ့ခေတ်တွင် ဝိဇ္ဇာတက္ကသိုလ် -သိပ္ပံတက္ကသိုလ်ဟုသာ အထင်အရှားရှိ၍ ဝိနယ တက္ကသိုလ်နှင့် သုဘာသိတ ဝါစာ တက္ကသိုလ်ဟုကား သီးခြား တည်ထောင်မှု မရှိသည်ကို သတိချပ်၍ မှတ်ပါလေ။

(၁၁) မာတာပိတု ဥပဋ္ဌာန မင်္ဂလာ

မာတာပိတု - အမိအဖတို့ကို
ဥပဋ္ဌာန - လုပ်ကျွေးပြုစုခြင်း

မေး။။ မိဖကျေးဇူးကြီးမားပုံကို ဗြဟ္မစိုရ်တရားလေးပါးဖြင့် ပိုင်းခြား ရှင်းပြပြီး၊ မိဘများသည် အဘယ့်ကြောင့် ဗြဟ္မာကြီးများနှင့် တူညီရသနည်း။

ဖြေ။။ သားလေလား၊ သမီးလေလား ကွဲကွဲပြားပြား မမြင် မသိရသေးသော ချစ်ခြင်းမေတ္တာ တရားဖြင့် မိခင်ဝမ်းဝယ် ကိန်းဝပ်နေသော သူငယ်ကို မိဖတို့က အချို အချဉ် အပူအစပ် အငန်အခါး မသင့်သော အစာများ ရှောင်ရှားပြီး အသွားအလာ အနေအထိုင် စသည်တို့ကို ဆင်ခြင်ထိန်းသိမ်းကာ နေထိုင်လျက် အဘယ်အခါမှာ အင်္ဂါကြီးငယ် အသွယ်သွယ် ပြည့်စုံသော အနာရောဂါကင်း၍ ကျန်းမာသော သားသမီးရတနာကို ငါတို့ မြင်ကြရပါမလဲဟု ချစ်ချင်း မေတ္တာမိဖတို့မှာ ဖြစ်ကြရပါသည်။ ထိုကာလဝယ် မေတ္တာဗြဟ္မစိုရ်နှင့် ပြည့်စုံကြပါသည်။

သားသမီးအဖြစ် ဖွားမြင်လာသည်မှ စ၍ သန်းကြမ်းပိုး မှက်ခြင်ကိုက်၍ မျှ မပြောတတ် ရေဆာနို့ဆာ၍မျှ မတောင်းတတ်၊ ချမ်း၍ ပူ၍မျှ မပြောတတ်သော သူငယ်ဘဝမှာ ဆင်းရဲ ဒုက္ခတွေ့တိုင်း ငိုကြွေးရ၏။ ကလေးငိုသံကြားတိုင်း မိဖတို့မှာ သနားကရုဏာ ဖြစ်ကြရသည်။ ထိုကာလဝယ် ကရုဏာဗြဟ္မစိုရ်နှင့် ပြည့်စုံကြပါသည်

ဟိုဟို ဒီဒီ ပြေးလွှားသွားလာ တတ်သည်မှ၊ အသက် (၁၆)နှစ်၊ နှစ်ဆယ်နှစ် ရောက်ရှိလာ၍ ချစ်ခင် နှစ်သက် စုံမက် မြတ်နိုးဘွယ် ကောင်းသော လူလားမြောက်လာကြသော သားသမီးများ ကြည့်ရှုပြီ၊ ဖရဏပီတိ ဂွမ်းဆီထိ ပမာ မိဖတို့သည် ဝမ်းမြောက်ကြပေသည်။ ထိုကာလမက မုဒိတာ ဗြဟ္မစိုရ်နှင့် ပြည့်စုံနေကြပါသည်။

အရွယ်ရောက်ပြီးသော သားသမီးတို့သည် သီးချိန်တန်သီး ပွင်ချိန်တန်ပွင့်ဆိုသလို အိမ်ထောင်ပြု၍ တအိုးတအိမ် တည်ထောင်နိုင်သောအခါ၌ မိဖတို့မှာ ငါတို့သားသမီးများ ယခုအခါ ကိုယ့်သက်မွေးမှု ကိုယ်ပြုနိုင်စွမ်း ရှိကြပေပြီးဟုကြောင့်ကြမရှိ နေနိုင်ကြရ၏။ ထိုကာလ မိဖတို့မှာ ဥပေက္ခာဗြဟ္မစိုရ်နှင့် ပြည့်စုံနေကြပါသည်။

ဗြဟ္မာ့ပြည်မှ ဗြဟ္မာကြီးများသည် ဤဗြဟ္မာစိုရ်တရား လေးပါးနှင့် အမြဲပြည့်စုံကြသလို သားသမီးများ အပေါ်မှာ မိဖများက ဗြဟ္မစိုရ်တရား လေးပါးနှင့် ပြည့်စုံခြင်းကြောင့် မိဖများသည် ဗြဟ္မာကြီးများနှင့် တူပါသည်။

မိဖတို့သည် သားသမီးများအား သိတတ်ခါစ အရွယ်မှ စ၍ မွေးချင်း မိဖဆွေမျိုးများကို ဘယ်လိုတော်တယ်။ ဘယ်လိုခေါ်ရမည်၊ အရှေ့အနောက် တောင်မြောက် စသည်နှင့်တကွ သိမှတ်ဘွယ်ရာများကို ပထမဦးဆုံး သင်ပြပေးခြင်းကြောင့် ပုဗ္ဗစရိယ လက်ဦးဆရာ မည်ပေသည်။ ဤမျှ ကျေးဇူးကြီးမားသော မိဖတို့အား တတ်အားသမျှ လုပ်ကျွေး ပြုစုလျက်၊ မိဖ စိတ်ချမ်းသာအောင် သားလိမ္မာ၊ သမီးလိမ္မာ ကလေးအဖြစ်နှင့် ဂုဏ်သတင်းမွှေးအောင် ပြောဆိုနေထိုင် ကျင့်သုံးကြပါလေ။

ဆောင်။။ လက်ဦးဆရာ မည်ထိုက်စွာသား၊ နှစ်ဖြာမိဘ၊ ပြုစုကြလျက်၊ သုခပွားစည်၊ အသက်ရှည်၍ ရွှင်ကြည်သားအေး၊ အိမ်လုံးမွှေးအောင် (မောင်လေး လိမ္မာ စမ်းပါကွယ်) မလေးလိမ္မာစမ်းပါကွယ်။

ဗုဒ္ဓရှင်တော်မြတ်သည် မိဖနှစ်ပါးတို့အား ၁-ဗြဟ္မာကြီးဟူသော ဘွဲ့ထူး။ ၂-အိမ်ဦးနတ်ဟူသော ဘွဲ့ထူး။ ၃-လက်ဦးဆရာဟူသော ဘွဲ့ထူး၊ ၄-အလှူခံပုဂ္ဂိုလ်ဟူသော ဘွဲ့ထူးတို့ဖြင့် ဂုဏ်ပြုဟောကြားခဲ့ခြင်းကို ထောက်၍ အနန္တဂုဏ်အင် ကျေးဇူးရှင်ဟူသော စကားကို (ခေတ်လူငယ်တို့ လက်ခံယုံကြည်နိုင်ကြပါစေ)

ဆောင်။။ အံ့လောက်စရာ၊ မိမာတာနှင့် ပိတာအဖ၊ မြတ်ဂုဏအား ဆပ်ငြားပါလို မိကိုလက်ျား ဖမှာ လက်ဝဲ အမြဲထားလျက် ပခုံးထက်တွင် သို့ပင်နိစ္စ လုပ်ကျွေးကြလည်း ရှေးကပြုဘူး မွေးကျေးဇူးကို အထူးမြဲခိုင်၊ မဆပ်နိုင်တည်း။ (ပုတ္တောဝါဒ)

မေး။။ မိဘမေတ္တာ စေတနာကြီးမားပုံ၊ ဝတ္ထုသာဓက ထုတ်ဆောင်ပြပါ။

ဖြေ။ အရှင်မောဂ္ဂလာန်အလောင်းသည် တစ်ခုသော ဘဝ၌ မယားမိုက်၏ စေခိုင်းချက်ကြောင့် တောလမ်းခရီးမှ ကိုယ်တိုင် လူဆိုးဟန်ဆောင်ပြီး မျက်စိအလင်း မရသော မိဘတို့ကို ရိုက်နှက် သတ်လေရာ မိဖများက တကယ်လူဆိုးများ ရိုက်နှိက်သတ်သည် ထင်၍ သားအား ချမ်းသာစေခြင်းငှါ ငါ့သားသာ လွတ်အောင်ပြေးဟု ငိုကြွေးယင်း သား၏ ချမ်းသာမှု တောင့်တကာ အော်ဟစ် ရှာပေသည်။ (ဤမျှ သားသမီးအပေါ် မိဘမေတ္တာကြီးမားပါသည်။)

တနည်း။ဗိမ္ဗိသာရမင်းသည် မိမိသား အဇာသတ်သည် မိမိ၏ ရန်သူ မိမိအား သတ်မည့်သား ဖြစ်မည်ကို ပုရောဟိတ်အမတ်တို့ ဟောပြောချက်ဖြင့် သိရသော်လည်း မသုတ်သင်ဘဲ မေတ္တာ-ကရုဏာ ကြီးမားစွာဖြင့် မိဘဝတ္တရားမပျက် မွေးမြူ စောင့်ရှောက်၍ ကြီးပြင်းစေခဲ့ပါသည်။

အမှာ။။ တနည်း အဖြေတွေ့တိုင်း နှစ်သက်ရာ တစ်ခုကိုသာ ပိုင်အောင် ဖတ်ထားပါ။

မေး။မာတာပိတု ဥပဋ္ဌာနံ မင်္ဂလာနှင့် ပြည့်စုံ၍ ချမ်းသာရပုံ ဝတ္ထုသာဓက ထုတ်ပြပါ။

ဖြေ။သုဝဏ္ဏသာမ သတို့သားသည် မျက်စိ အလင်း မရသော ဒုကူလနှင့် ပါရိကာ အမိအဖတို့ကို သားသမင်အဖော်ပြု၍ ကျွေးမွေးပြုစုခဲ့ခြင်းကြောင့် ပီဠိယက္ခမင်း၏ မျှားဒဏ်ချက်ဖြင့် မသေဘဲ ချမ်းသာရာ ရဘူးပါသည်။

တနည်း။။ ဘုရားလောင်း ကေဒါရ ကျေးသားသည် တိရစ္ဆာန်ဖြစ်လျက် ကြွေးဟောင်း ပေးဆပ်သည်မည်သော မိဖတို့အား ပြုစု လုပ်ကျွေးမှုကြောင့် အသက်ဘေးမှ ချမ်းသာရ ရရုံမက လယ်ပိုင်ရှင်ကြီး၏ သလေးစပါးခင်းကိုပ လွပ်လပ်စွာ သုံးဆောင် ကျက်စားခွင့် ရခဲ့ဘူးပါသည်။

မေး။။ မိဖကျေးဇူးကန်းသူ၊ မဆပ်သူတို့အား ပစ္စုပ္ပန် တမလွန်တွင် ဘယ်သို့သော အကျိုးများရ၍ မိဘကျေးဇူးဆပ်သူတို့အား ရရှိသော ပစ္စုပ္ပန်တမလွန် ကျိုးများကို ကျမ်းဂန်လာ အာစရိယနည်းမှီး၍ ဖြေခဲ့ပါ။

ဖြေ။။ မိဖကျေးဇူးကန်းသူတို့အား ပစ္စုပ္ပန်ဘဝတွင် စီးပွားဥစ္စာ ဆုတ်ယုတ်ပျက်ပြားခြင်း၊ မိဘကျေးဇူး မပေးဆပ်သူဟု အများက ကဲ့ရဲ့ရှုတ်ချခြင်းနှင့် တမလွန်ဘဝတွင် ဘင်ပုပ်ငရဲသို့ ကျရောက်တတ်ပါသည်။ မိဘကျေးဇူးဆပ်သူတို့အား ပစ္စုပ္ပန် ဘဝတွင် စီးပွားဥစ္စာ တိုးတွက်ခြင်း၊ အများက ချီးကျူးဂုဏ်ပြုခြင်းနှင့် တမလွနဘဝတွင် နတ်ပြည်သို့ လားရောက်ရပါသည်။

(ဓမ္မပဒ မာရဝတ္ထုနှင့် ဣတိဝုတ္တကသ ဗြဟ္မကသုတ်)

သားသမီးကျင့်ဝတ် (၅)ပါး

ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ ၍၊ စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ်၊ ကျင့်ဘွယ် သားတို့တာ။

(၁၂) ပုတ္တဒါရဿသင်္ဂဟော

ပုတ္တဒါရဿ - သားမယားအား
သင်္ဂဟော - သင်္ဂြိုဟ်ထောက်ပံ့ခြင်း။

မေး။။ ဤမင်္ဂလာ၌ ပုတ္တအရ။ သားသုံးမျိုးကို ခွဲခြားဖြေဆိုပါ။

ဖြေ။။ ပုတ္တအရ သားသုံးမျိုးကား
(၁) အတိဇာတ= မြတ်သောသား။
(၂) အနုဇာတ= အလယ်အလတ်ဖြစ်သော သား
(၃) အဝဇာတ= ယုတ်ညံ့သော သားတို့ဖြစ်ပါသည်။

မေး။။ ဤမင်္ဂလာ (ဒါရ)အရ၊ မယား (၇)မျိုးခွဲခြားပြပါ။

ဖြေ။။ (၁) ဝဓကသမာ= သူသတ်နှင့်တူသော မယား၊
(၂) စောရီသမာ= ခိုးသူနှင့်တူသော မယား၊
(၃) အယျာသမာ= အရှင်နှင့်တူသော မယား၊
(၄) မာတာသမာ= အမိနှင့်တူသောမယား၊
(၅) ဘဂိနီသမာ=နှမနှင့်တူသော မယား၊
(၆) သခိသမာ= အဆွေနှင့်တူသော မယား၊
(၇) ဒါသိသမာ= ကျွန်နှင့် တူသောမယားတို့ ဖြစ်ပါသည်။

ဆောင်။။ မယားခုနှစ်မျိုး၊ ရှိမြဲရိုးတွင်၊ ခိုးသူအရှင်၊ သူသတ်သွင်သို့၊ အကြင်မယား၊ လား၏ငရဲ၊ အမြဲမှတ်ဘိ၊ အမိတမျှ၊ နှမ မယွန်း၊ ခင်ပွန်းသဖွယ်၊ ကျွန်နှယ်လေးဖြာ၊ မယားမှာကား၊ နိဗ္ဗာန်နတ်ပြည်၊ လားမြဲမည်၊ (မဃဒေဝလင်္ကာ)

မိ, ဘကျင့်ဝတ် (၅)ပါး

မကောင်းမြစ်ခါ၊ ကောင်းရာညွန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင် ဖခင်မယ်တို့တာ။

လင်ကျင့်ဝတ် (၅)ပါး

မထေမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမမှား၊ ဝတ်စားဆင်ယင်၊ မြတ်နိုးကြင်၊ ငါးအင်လင်ကျင့်ရာ။

မယားကျင့်ဝတ် (၅)ပါး

အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမူ၊ ဝတ်ငါးဆူ၊ အိမ်သူကျင့်အပ်စွာ။

(၁၃) အနာကုလာစ ကမ္မန္တာ

အနာကုလာ - အနှောက်အယှက် မရှိကုန်သော (ဝါ) မရှုတ်မထွေးသောကုန်သော
ကမ္မန္တာ - အမှုတို့ကိုပြုရခြင်း။

ဤမင်္ဂလာသည် အသက်မွေးကြောင်း သားမယားတို့အား ကျွေးရာ ကျွေးကြောင်း အလုပ်အကိုင်ကို ပြုလုပ်ရာ၌ သမ္မာအာဇီဖြင့် လောကဥပဒေဖြစ်လည်း ကင်းအောင်၊ သံသရာပြစ်၊ အကုသိုလ်လည်း ကင်းအောင် လုပ်ကိုင်ဆောင်ရွက်ရမည်ဟု ဆိုလိုသည်။

မေး။။ ကြီးပွားရေးအတွက် သမ္ပဒါလေးချက်ကို ဖြေဆိုခဲ့ပါ။

ဖြေ။ ၁-ဥဋ္ဌာနသမ္ပဒါ - အလုပ်၌ ထကြွလုံ့လ ဝီရိယရှိရခြင်း။
၂-အာရက္ခသမ္ပဒါ - ရသမျှ ပစ္စည်း သိမ်းဆည်းစောင့်ရှောက်တတ်ရခြင်း။
၃-ကလျာဏမိတ္တသမ္ပဒါ - နည်းပေးလမ်းပြ မိတ်ဆွေကောင်း ရှိရခြင်း။
၄-သမဇီဝိတသမ္ပဒါ - အဝင်အထွက်မျှတအောင် ချွေတာသုံးစွဲနိုင်ခြင်းတို့ ဖြစ်ပါသည်

တနည်း။။ မှတ်သားဖွယ် ချမ်းသာလေး (၄)မျိုး
၁- အတ္ထိသုခ = ကြိုးစားရှာဖွေ စုဆောင်းခြင်းကြောင့် ဥစ္စာရှိ၍ ချမ်းသာခြင်း။
၂- ဘောဂသုခ = သုံးဆောင်ခံစားရ၍ ချမ်းသာရခြင်း။
၃- အာနဏယသုခ = ကြွေးမြီ ကင်းရှင်း၍ ချမ်းသာရခြင်း။
၄-အနဝဇ္ဇသုခ = အကုသိုလ်ဒုစရိုက်ကင်း၍ ချမ်းသာရခြင်းတို့ ဖြစ်ပါသည်။

ဆောင်။။ ရှိ-သုံး ကြွေးကင်း၊ အပြစ်ရှင်း၊ ရခြင်း လူချမ်းသာ။ လူသားဟူက ဤလေးဝ၊ မုချရသင့်တာ။

မေး။။ ကြီးပွားချမ်းသာသူတို့အား မဆုတ်ယုတ် မပျက်ပြားကြောင်း ၄-ပါး ညွှန်ကြားခဲ့ပါ။

ဖြေ။။ ၁-ပျောက်သော ပစ္စည်းတွေ့အောင် ရှာလေ့ရှိခြင်း။
၂-ဟောင်းနွမ်း ဆွေးမြေ့ အိုမင်းသည်တို့ကို ပြုပြင် သုံးစွဲလေ့ရှိခြင်း။
၃-အတိုင်းအရှည်ဖြင့် (ကုန်နိုင်ရုံ) ချက်ပြုတ်စားသောက်လေ့ရှိခြင်း။
၄-အကျင့်သီလ ကောင်းမွန်သူကိုသာ ထိန်းသိမ်းအုပ်ချုပ်စေခြင်းတို့ ဖြစ်သည်။ ဤကား ကြီးပွားချမ်းသာသူတို့အား မဆုတ်ယုတ် မပျက်ပြားကြောင်းတို့ ဖြစ်ပါသည်။

အမှာ။။ ဤမှ အပြန် ၄-ချက်သည်၊ ဆုတ်ယုတ် ပျက်ပြားဆင်းရဲကြောင်း၊ မွဲကြောင်းဟု မှတ်ပါလေ။

အနာကုလာစ ကမ္မန္တာ မင်္ဂလာအဆက်

ရှေးအခါက သတိဝိရိယရှိသော လှည်းကုန်သည်တို့သည် အလွန်ရေရှားသော သဲကန္တာရကြီး အလယ်၌ ရေအခက်အခဲနှင့် ကြုံကြရလေသည်။ ထိုအခါ ဉာဏ်နှင့် ယှဉ်သော လုံ့လဝီရိယထူထောင်၍ ရေတွင်းတူကြရာ အတောင်ခြောက်ဆယ် နက်မှ ကျောက်ဖျာ သွားတွေ့နေကြသဖြင့် စိတ်ပျက် အားလျှော့စရာ ဖြစ်သော်လည်း မလျှော့သော ဇွဲလုံ့ဖြင့် ကျောက်ဖျာထွင်းဖောက်ခွဲလိုက်ရာ ကျောက်ဖျာအောက် ရေကြောင်းမှ ရေတွေ အပြည့်တက်လာသဖြင့် လှည်းကုန်သည် များရော၊ နွားများပါ ချမ်းသာကြရဘူး၏။ ဤအမှုမျိုးသည် မိမိနှင့်တကွ အများချမ်းသာကြောင်း ဖြစ်၍ အနာကုလ ကမ္မန္တ မင်္ဂလာဖြစ်သည်။

တနည်း။။ တရံရောအခါ သိကြားမင်းသည် သူ၏ သားများ ဖြစ်ကြသော သုဝိရသုသိမတို့ကို ခေါ်၍ ငါ့သားများ၊ ထကြွလုံ့လ ဝီရိယမရှိဘဲ ကြီးပွား ချမ်းသာခြင်းကို ရသော အရပ်ဒေသ အကယ်၍ ရငြားအံ့။ အဲဒီအရပ်သို့ သင်တို့ သွားကြပါ။ ငါ့ကိုလည်း အဲဒီအရပ်သို့ ပို့ပေးစမ်းပါဟု ပြောဆို ဆုံးမဘူး၏။

မင်္ဂလာသင်တန်း တက်ရောက် သင်ယူလေ့လာကြသော မောင်မယ်တို့အနေနှင့် နတ်သိကြား တို့သည်ပင်လျှင် ထကြွလုံ့လ ဝီရိယရှိကြရလျက် ချမ်းသာကြီးပွားရေးကို ဆောင်ရွက် ကြရသည်ဖြစ်ရာ ငါတို့ လူလောကမှာ ပြောဘွယ်ရာ မလိုပေ။ ယခုအချိန်မှာ ပညာရေးကို ကြိုးစားကြ၍ နောင်အခါ စီးပွားရေးမှာ ကြိုးစားထူထောင် ကြရပေမည်။

ပုတ္တဒါရဿ သင်္ဂဟောနှင့် အနာကုလာ စ ကမ္မန္တာ - မင်္ဂလာများ လက်တွေ့ ဆောင်ရွက်ရာ၌ ဆင်ခြင်ဘွယ်ကား...

မယားစားဘို့၊ သား စားဘို့ဟု၊ ကိုယ့်ဘို့ နောင်ဘေး၊ မတွေး မဆ၊ မိုက် အန္ဓဖြင့်၊ လောဘအလို၊ လိုက်မပိုနှင့်၊ ဤကိုယ် ပျက်ပြား၊ ဘဝလားသော်၊ မယား မပါ၊ သား မပါဘူး၊ ကိုယ့်တာ ကိုယ်ခံ၊ စာရေးတံသို့၊ ကိုယ့်ကံအလျောက်၊ မြေကြီ့းအောက်ဝယ်၊ မီးတောက် ဟုန်းဟုန်း၊ ငရဲး*ဖုန်းနှိုက်၊ ပြေး-ပုန်း မရ၊ မိ-မယ် တ, ၍့၊ ဒုက္ခခံမှု၊ ကိုယ်တခုဖြင့်။။ ကိုယ်ပြု ကိုယ်ကျူး ကံလွန်တည်း။ (မဃဒေဝလင်္ကာ)

အမှာ။။ စီးပွားရေး ဦးဆောင်သော အမျိုးသမီးများ သတိပြုဆင်ခြင်ဘို့ရန် အထက်ပါ လင်္ကာဝယ် မယားပုဒ်နေမှာ လင်းသားပုဒ်အစားထိုး ဖတ်ရှုက အဓိပ္ပါယ် ရှင်းပါ၏။

(၁၄) ဒါနဉ္စမင်္ဂလာ

ဒါန -ပေးကမ်းစွန့်ကြဲခြင်း

ဆင်းရဲသူအား အဝတ်အစား အိပ်ရာနေရာပေးခြင်း၊ ရောဂါရှိသူအား ဆေးဝါးပေးခြင်း။ တစ်ဦးတစ်ယောက်ဖြစ်စေ၊ အသင်းအဖွဲ့ဖြစ်စေ၊ အများကောင်းအောင် လုပ်နေသည်ကို သဘောကျခြင်းကြောင့် ကြက်ခြေနီ၊ မီးသတ်၊ မြို့ပြကာကွယ်ရေး၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့များအား ထောက်ပံ့လှူဒါန်းခြင်း၊ ကြည်ညိုဖွယ်အမူအရာကို မြင်၍ ရဟန်းစသော သူတော်စင်တို့ကို ကြည်ညိုခြင်းကြောင့် လှူဒါန်းခြင်း၊ ချစ်စရာကလေးများအား ချစ်မေတ္တာဖြင့် ပေးကမ်းခြင်းများသည် ဒါနဉ္စ မင်္ဂလာတွင် ပါဝင်သည်။ (အကျုံးဝင်ပါသည်။)

မှတ်ချက်။။ လောက၌ ကြိုက်၍ပေး၊ ကြောက်၍ပေး၊ ဂုဏ်လာဘ်မက်၍ ပေးခြင်းမျိုး ဒါနဉ္စ မင်္ဂလာမမည်ပါ။

မေး။။ ဒါနသည် ဘယ်နှစ်မျိုး ရှိသနည်း။ ရှင်းပြပါ။

ဖြေ။။ ဒါနသည် အာမိသဒါန -ဓမ္မဒါန ဟူ၍ နှစ်မျိုး ရှိပါသည်။

အစားအသောက်၊ အဝတ်အထည်၊ အဆောက်အဦး၊ ဆေးဝါးစသည် ပစ္စည်းများ ပေးလှူခြင်းသည် အာမိသဒါန၊ တရားဓမ္မဟောကြားပြသခြင်း၊ စာသင်ကြား ပို့ချပေးခြင်း၊ အသိအလိမ္မာ ပညာပေး စာအုပ်များ လှူဒါန်းခြင်း စသည်လည်း ဓမ္မဒါနမည်ပါသည်။

ဤဒါနနှစ်မျိုးတွင် အဘယ်ဒါနက မြတ်သနည်းဟု မေးလျှင် သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိဟု ဟောသည်နှင့် အညီ ဓမ္မဒါနက မြတ်သည်ဟု ဖြေပါ။

ဒါနနှင့် စပ်၍ မှတ်ဘွယ်များ

ဒါန အစွမ်းသတ္တိကား
မယဉ်ကျေးသူကို ယဉ်ကျေးစေနိုင်သည်
အကျိုးအားလုံးကို ပြီးစေနိုင်သည်။
ဒါနဖြင့်၎င်း၊ ချိုသာသော စကားဖြင့်၎င်း၊ မိမိဘက်ပါအောင် ဆွဲဆောင်နိုင်သည်။
မာန်မာန ခက်ထန်သောသူကို ပျော့ပျောင်းနူးညံ့သွားစေနိုင်သည်။

ထို့ပြင် ဒါနဟူသည်
နတ်ပြည်တက်ကြောင်း စောင်းတန်းလှေကားသဖွယ် ဖြစ်၏။ သံသရာခရီးသည်အတွက် အမြတ်ဆုံး ရိက္ခာထုပ်သဖွယ်ဖြစ်၏။ နိဗ္ဗာန်ရောက်ကြောင်း ဖြောင့်တန်းသော လမ်းမတော်လည်း ဖြစ်၏။ ဆင်းရဲလွတ်ရာ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်း ဖြစ်၏ဟု မှတ်ပါ။

ဒါနအကျိုး ငါးပါး

၁- လူအများ ချစ်ခင်မြတ်နိုးခြင်း။
၂-သူတော်ကောင်းတို့ ချဉ်းကပ်လာခြင်း။
၃-ကောင်းသတင်း ကျော်စောခြင်း။
၄-ပရိသတ်အလယ်တွင် ရဲရဲဝံ့ဝံ့ ဝင်နိုင်ခြင်း။
၅-သေပြီးနောက်၊ နတ်ပြည်ရောက်ရခြင်း တို့ဖြစ်သည်။

ဆောင်။။ လူများ ချစ်အပ်၊ ချဉ်းကပ်သူတော်။
ကောင်းတတင်းလွင့် ရဲရင့် လူမော်။
သေသည့်နောက်ကျ ရောက်ရနတ်ဖော်။
ဒါနကျိုး ငါးမျိုး မှတ်ကြနော်

မေး။ဒါနဉ္စ မင်္ဂလာနှင့် စပ်၍ နိပါတ်တော်လာ ကပ္ပဋ္ဌိတအဝင်၊ ထင်ရှားသော သာဓက တစ်ခု ထုတ်ပြခဲ့ပါ။

ဖြေ။။ ငါတို့ ဗုဒ္ဓမြတ်စွာ လောင်းလျာသည် တစ်ခုသော ဘဝ ယုန်မျိုး၌ ဖြစ်ခဲ့သည်။ မျောက်၊ မြေခွေး၊ ဖျံ သုံးဦး သားတို့သည် အလောင်းတော် ယုန်ပညာရှိ၏ ရင်းနှီးသော မိတ်ဆွေများဖြစ်ကြသည်။ ညချမ်းအချိန်တိုင်း ဆုံကြ စည်းဝေးလေ့ရှိကြ၏။

ယုန်ပညာရှိက အမြဲတန်း အလှူပေးရန်၊ သီလဆောက်တည်ရန်၊ ဥပုသ်ကျင့်သုံးရန်၊ ဟောပြညွှန်ကြားလေ့ ရှိရာ၊ သုံးဦးသော အဆွေခင်ပွန်းတို့က လက်ခံ နာယူကြသည်။ တနေ့သ၌ အလောင်းတော် ယုန်ပညာရှိက ကောင်းကင်ကို ကြည့်ရာ လ ကိုမြင်၍ မနက်ဖြန် လပြည့် ဥပုသ်နေ့ဟု သိသဖြင့် သုံးဦးသောမိတ်ဆွေတို့ကို သင်တို့ မနက်ဖြန် ဥပုသ် သီလဆောက်တည်ကြ၊ သီလဆောက်တည်ပြီး အလှူပေးလှူလျှင် အကျိုးကြီးမားတယ်။ မိမိတို့ အစာထဲမှ အလှူဒါနပေးလှူ၍ စားသောက်ကြ ဟု ပြောဆိုညွှန်ကြား၍ ဝန်ခံ ပြန်သွားကြသော်၊ ယုန်ပညာရှိသည် သူ၏ သီလကို ဆင်ခြင် နှလုံးသွင်းရင်း ငါသည် နေဇာမြိက်ကို စား၏။ အလှူခံပုဂ္ဂိုလ်က မြက်ကို စားမည်မဟုတ်။ ငါ့ကိုယ်၏ အသးာကို လှူမည်ဟု ကြံစည်ဆုံးဖြတ်လိုက်ရာ သိကြားမင်း ပဏ္ဍုကမ္ပလာ မြကျောက်ဖျာ တင်းမာ ပူးပြင်း၍ ဆင်ခြင်ကြည့်လိုက်သော် ဘုရားလောင်း ယုန်ပညာရှိ၏ ကြံစည်ဆုံးဖြတ်မှုကြောင့်ဟု သိ၍ ပုဏ္ဏားအိုယောင်ဆောင်ကာ ဘုရားလောင်း ယုန်ပညာရှိ၏ ရှေ့သို့ လာရပ်သည်။ အဘယ်အကျိုးငှါ ရပ်လာသနည်းဟု မေးသော် တစ်စုံတစ်ခု အာဟာရရရလျှင် ဥပုသ်ဆောက်တည် ကျင့်သုံးရန် ရပ်လာရကြောင်း ပြောလျှင် ယနေ့ မလှူဘူးသော အလှူကို ကျွန်လှူမည်။ အသင်ပုဏ္ဏား ထင်းစု မီးကျီးပြု၍ ကျွန်ပ်အား ပြောကြားလော့။ ကျွန်ပ်ကိုယ်ကို စွန့်၍ မီးကျီးစုမှ ဆင်းမည်။ ကျက်လျှင် ကျွန်ပ်အသားစား၍ ရဟန်းတရား အားထုတ်ရစ်ပါဟု မှာကြားပြီ ကိုယ်တွင်းရှိ ပိုးမွှားကလေးများ မသေကြစေရန် သုံးကြိမ်ပါ၍ အသင့်ဖန်ဆင်းထားသော မီးပုံတွင်းသို့ ခုန်ဆင်းလိုက်လေသည်။ ကျက်ဘို့ မဆိုထားဘိ၊ အမွှေမျှပင် မလောင်ကျွမ်း၊ ဆီးနှင်းတိုက်ထဲ ဝင်ရဘိသကဲ့သို့ ဖြစ်နေ၍ ပုဏ္ဏားအား အကျိုးအကြောင်း မေးမြန်သောအခါ ပုဏ္ဏားက သူသည် သိကြာမင်းဖြစ်ကြောင်း စုံစမ်းလို၍ လာကြောင်း ပြောပြလေသော် ဖြစ်မှ ဖြစ်ရလေ၊ သင်သိကြားသာ မဟုတ် တလေကလုံးမှ လာ၍ ကျွန်ပ်ကို အလှူဒါနဖြင့် စုံစမ်းငြားအံ့။ မပေးလိုသော အဖြစ် မမြင်ရနိုင်ဟု ရှင်းပြ ပြောဆိုသောအခါ ယုန်ပညာရှိ၊ အသင်၏ ကျေးဇူးကမ္ဘာတည်သရွေ့ ထင်ရှားသိစေသောဟု အသက်စွန့်၍ ဒါနမင်္ဂလာပြုသည်ကို မှတ်တမ်းတင်သည် အနေဖြင့် သိကြာမင်းက လဝန်းထဲ၌ တောင်ဆီဖြင့် ယုန်ရုပ်အမှတ်တံဆိပ် ရေးသားထားခဲ့ပေသည်။

အမှာ။ လဝန်းထဲမှ ယုန်ရုပ်ရှုမြင်ရတိုင်း ဒါနပါရမီ ကြည်ညိုအားကျနိုင်ကြပါစေ။

ရေအကျိုး (၁၀)ပါး

ဆောင်ပုဒ်။။ စင်ကြယ်ကျော်ကြား၊ ဖော်များလျှင်မြန်၊ မွတ်သိပ်ဆာခြင်း၊ ကွာကင်းရပြန်၊ သက်ရှည်ဆင်းလှ ချမ်းမြအားသန်။ ဉာဏ်ဝေဖြိုး ရေကျိုး ဤဆယ်တန်။

မီးလှူရကျိုး (၃)ပါး

အမျိုး မြင့်မြတ်၊ တင့်အပ်ဂုဏ်ရည်။ ရုပ်ရည် ဆင်းလှ ဝင်းပစုံညီ။ ပညာတန်ခိုး၊ ကျော်ဟိုး ပေသည်။ လင်းရောင်ဓာတ် လှူအပ် ကျိုးသုံးလီ။

(၁၅) ဓမ္မစရိယာ စ မင်္ဂလာ

ဓမ္မစရိယာ - မြတ်သော သုစရိုက် အကျင့်ကို ကျင့်သုံးခြင်း။

မေး။။ သုစရိုက်တရား ဘယ်နှစ်ပါး ရှိသနည်း၊ ၎င်းကို အမည် ဘယ်သို့ သုံးနှုန်းသေးသနည်း။

ဖြေ။သုစရိုက်တရား (၁၀)ပါး ပါရှိသည်။ ၎င်းကုသလကမ္မပထ တရား (၁၀)ပါးဟုလည်း သုံးနှုန်းပါသေးသည်။

အပြစ်ကင်းသော အလုပ် ထမြောက်အောင်မြင်ကြောင်းကို (ကုသလ-ကမ္မပထ)ဟု ခေါ်ပါသည်။

သုစရိုက်တရား (၁၀)ပါး (သို့မဟုတ်) ကုသလကမ္မပထတရား (၁၀)ပါး။

ကာယကံ (၃)ပါး

၁-ပါဏာတိပါတာ ဝေရမဏိ၊ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း။
၂-အဒိန္နာဒါန ဝေရမဏိ၊ ပိုင်ရှင်မပေးသော သူတစ်ပါး ပစ္စည်းယူခြင်းမှ ရှောင်ကြဉ်ခြင်း။
၃-ကာမေသု မိစ္ဆာစာရာ ဝေရမဏိ၊ မလွန်ကျူးထိုက်သော မိန်းမ ယောက်ျားတို့၌ လွန်ကျူးခြင်းမှ ရှောင်ကြဉ်ခြင်း။

ဆောင်။။ သက်သတ်၊ ခိုးမှု၊ ကာမေသု၊ ရှောင်မှု သုံးတန် ကာယကံ။

ဝစီကံ (၄)ပါး

၁။ မုသာဝါဒါ ဝေရမဏိ၊ မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း။
၂။ ပိသုဏဝါစာ ဝေရမဏိ၊ ဂုံးချောစကား ပြောကြားခြင်းမှ ရှောင်ကြဉ်ခြင်း။
၃။ ဖရုသဝါစာ ဝေရမဏိ၊ ကြမ်းတမ်းစွာ ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း။
၄။ သမ္ဖပ္ပလာပါ ဝေရမဏိ၊ အနှစ်မရှိသော စကား ဆိုခြင်းမှ ရှောင်ကြဉ်ခြင်း။

ဆောင်။။ မုသား ပြောဆို၊ ဂုံးချောရန်တိုက်၊ အမိုက်မဲ၊ ဆဲရေး ချောက်ခြိမ်း၊ အပြိန်းစကား၊ ဤလေးပါး ရှောင်ငြားဝစီကံ။

မနောကံ (၃)ပါး

၁။ အဘိဇ္ဈာ ဝေရမဏိ၊ သူ့စည်းစိမ်ကို မိမိဥစ္စာ ဖြစ်စေလိုခြင်းမှ ရှောင်ကြဉ်ခြင်း။
၂။ ဗျာပါဒါ ဝေရမဏိ၊ သူတစ်ပါးကို ပျက်စီးစေလိုခြင်းမှ ရှောင်ကြဉ်ခြင်း။
၃။ မိစ္ဆာဒိဋ္ဌိယာ ဝေရမဏိ၊ အယူအမြင်မှားခြင်းမှ ရှောင်ကြဉ်ခြင်း။

ဆောင်။။ သူ့စည်းစိမ်ကို တည်စေလိုမှု သူ့အသက်ဇီဝေ ရှည်စေချင်ဟု အယူဖြောင့်ငြား ဤသုံးပါး မှတ်သား မနောကံ။

ဤသို့လျှင် သုစရိုက် (၁၀)ပါး၊ သို့မဟုတ် ကုသလကမ္မပထ တရား (၁၀)ပါး ဖြစ်ပါသည်။

ဤသုစရိုက် ကုသလကမ္မပထ တရား (၁၀)ပါးကို
၁။ ကိုယ်တိုင် လိုက်နာကျင့်သုံးခြင်း။
၂။ သူတစ်ပါးလိုက်နာ ကျင့်သုံးရန် နှိုးဆော်တိုက်တွန်းခြင်း။
၃။ သူတစ်ပါး လိုက်နာကျင့်သုံးသည်ကို ချီးမွှမ်း အားပေးခြင်း။
၄။ သူတစ်ပါးနှင့်အတူတကွ ပူးပေါင်း လိုက်နာကျင့်သုံးခြင်း။

ဤလေးမျိုးနှင့် မြှောက်လျှင် (၁၀×၄=၄၀) သုစရိုက် ကုသလကမ္မပထ တရားပေါင်း (၄၀)ဖြစ်ပါသည်။

(၁၆) ဉာတကာနဉ္စ သင်္ဂဟော မင်္ဂလာ

ဉာတကာနံ - အဆွေအမျိုးတို့အား
သင်္ဂဟော - သင်္ဂြိုဟ် ထောက်ပံ့ခြင်း၊ (ဝါ) ချီးမြှောက်ထောက်ပံ့ခြင်း။

မေး။။ အဆွေအမျိုး အရ၊ ရမည်သူများနှင့် ဤမင်္ဂလာအရ သွင်းယူရမည့် သူများကိုလည်း ရေးပြခဲ့ပါ။

ဖြေ။။ အဆွေအမျိုးအရ မိမိနှင့် ဆက်စပ်သော အမိဘက်မှ အမျိုး၊ အဖဘက်မှ အမျိုး၊ သူငယ်ချင်း မိတ်ဆွေ အတူနေ အရပ်သူ ရွာသား ဟူသော ရပ်ဆွေရပ်မျိုးတို့ကို ယူရပါမည်။ တိုင်းပြည်အုပ်ချုပ်သော ပြည်အပိုင် အစိုးရများအနေနှင့် အရာရှိ အရာခံ မင်းမှုထမ်းသား လခစား ကုန်သည် လယ်သမား ပြည်သူပြည်သား ဤမင်္ဂလာအရသွင်းရမည့်သူများ ဖြစ်ပါသည်။

မေ။။ ဤဉာတကာနဉ္စ သင်္ဂဟောသင်္ဂဟတရားလေးပါး ရေးပြပါ။

ဖြေ။။ သင်္ဂဟတရား လေးပါးကား..
၁။ ဒါန - ပေးကမ်းခြင်း။
၂။ ပိယဝါစာ- ချစ်ဖွယ်စကား ပြောဆိုခြင်း။
၃။ အတ္ထာစရိယ - အကျိုးစီးပွားဆောင်ခြင်း။
၄။ သမာနတ္တာ - ကိုယ်နှင့် ထပ်တူ ပြုခြင်းတို့ ဖြစ်ပါသည်။

မေး။ဉာတကာနဉ္စ မင်္ဂလာအရ အမျိုးသားအချင်းချင်း မညီညွတ်၍ သူတစ်ပါးလက်သို့ ရောက်ရပုံ ဇာတ်လမ်းနိပါတ် တစ်ခုခုဖြင့် သာဓကပြ ဖြေဆိုခဲ့ပါ။ (နှစ်ဟောင်း မေးခွန်း)

ဖြေ။ ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှားရှိစဉ်က၊ ဝေသာလီပြည် လိစ္ဆဝီမင်းသားတို့သည်၊ ညီညီညွှတ်ညွတ် ရှိကြသဖြင့် တိုင်းပြည်စည်ကား သိုက်မြိုက်ပုံ၊ လိစ္ဆဝီမင်းသားတို့၏ တင့်တယ်ပုံကို မြတ်စွာဘုရားက တာဝတိံသာ နတ်ပြည်မှ နတ်သားတို့နှင့် ခိုင်းနှိုင်း ဂုဏ်ပြု မိန့်ဆိုခဲ့ပါသည်။

သို့သော်လည်း ရာဇဂြိုဟ်ပြည်မှ အမတ်ကြီး ဝဿကာရ၏ သွေးခွဲမှုကြောင့်၊ အချင်းချင်း စိတ်ဝမ်းကွဲကာ မညီမညွတ် ရှိကြစဉ် အဇာတသတ်မင်း တိုက်ခိုက်သိမ်းယူ၍ တိုင်းတပါး လက်အောက် တိုင်းပြည် ရောက်ခဲ့ရဘူးပါသည်။ ဤကား အမျိုးသား အချင်းချင်း မညီမညွတ်၍ တိုငးတစ်ပါး လက်သို့ ရောက်ရပုံ ဖြစ်ပါသည်။ (မဟာပရိနိဗ္ဗာနသုတ်)

(၁၇) အနဝဇ္ဇာနိ ကမ္မာနိ မင်္ဂလာ

အနဝဇ္ဇာနိ - အပြစ်မရှိကုန်သော
ကမ္မာနိ အမှုတို့ကို ပြုရခြင်း။

မေး။။ အပြစ်မရှိသော အလုပ်တို့ကို သင်ဉာဏ်မှီသမျှ ထုတ်ပြခဲ့ပါ။

ဖြေ။။ မင်းပြစ် မင်းဒဏ် လည်း မရှိ၊ အကုသိုလ်အပြစ်လည်း မရှိသော အလုပ်မျိုးကို အပြစ်မရှိသော အလုပ်ဟု ခေါ်ဆိုရာ၊ (၅-ပါး၊ ၈-ပါး၊ ၁၀-ပါး) ဥပုသ်သီလဆောက်တည်ခြင်း၊ အရိပ်ခိုနားရန် သစ်ပင်စိုက်ခြင်းနှင့် သစ်သီးဥယျာဉ် ပန်းဥယျာဉ်စိုက်ခြင်း၊ ရေးအိုးစင်တည်ခြင်း၊ ရေးတွင်း ရေကန်တူးခြင်း၊ လမ်းပြင်လမ်းခင်းခြင်း၊ ကုသိုလ်ရေး အသင်းအဖွဲ့ခြင်း၊ တရားသော ရောင်းဝယ်ရေး (သမဝါယမ) အသင်းဖွဲ့ခြင်း စသည်တို့ ဖြစ်ပါသည်။

မေး။။ ကျောင်း၊ ကန်၊ ဘုရား၊ စေတီယင်ပြင် စသည်တို့တွင် သန့်ရှင်းရေး တံမြက်စည်း လှည်းသူများအား အကျိုး ဘယ်နှစ်မျိုး ရှိပါသနည်း။

ဖြေ။။ တံမြက်စည်း လှည်းသူများအား အကျိုး ငါးပါး ရပါသည်။ (၅)ပါးကာ... ၁။ မိမိစိတ် ကြည်လ်ခြင်း၊ ၂။ သူတစ်ပါး စိတ်ကြည်လင်ခြင်း၊ ၃။ နတ်တို့ ချစ်ခင်မြတ်နိုးခြင်း၊ ၄။ ရုပ်သွင်လှပခြင်း၊ ၅။ နတ်ပြည်၌ ဖြစ်ရခြင်းတို့ ဖြစ်ပါသည်။

ဆောင်။။ မိမိနှင့် သူတပါး နှစ်ပါး စုံကြည်လင် ဒေဝတာ နတ်အပေါင်းတို့ အောက်မေ့ချစ်ခင်။ လှရုပ်သွင် ကြည်ရွှင်ပြည့်ဖြိုး၊ နတ်ပြည်ခွင် ဝင်စံရတယ်။ လှည်းပါ့ တံမျက်ကျိုး။

(၁၈) အာရတီပါပါ မင်္ဂလာ

ပါပါ - မကောင်းမှုမှ
အာရတီ - (စိတ်ဖြင့်) ဝေးစွာ ရှောင်ကြဉ်ခြင်း

မေး။ မကောင်းမှုဟူသည် အဘယ်နည်း၊ ဤမင်္ဂလာအရ မကောင်းမှု တရားများ ထုတ်ပြပါ။

ဖြေ။ သူတစ်ပါး ဆင်းရဲအောင် မခံချင်အောင် ပြုမှု၊ ပြောဆိုမှုများသည် မကောင်းမှု (ယုတ်မာမှု) ဖြစ်ပါသည်။

မကောင်းမှု တရားများကား

၁။ သူတစ်ပါးအသက်သတ်ခြင်း၊ ၂။ သူတစ်ပါး ပစ္စည်း ခိုးယူခြင်း၊ ၃။ မလွန်ကျူးထိုက်သော မိန်းမ ယောက်ျားတို့၌ ပြစ်မှား ကျူးလွန်းခြင်း၊ ၄။ မဟုတ်မမှန် ပြောဆိုခြင်းတို့ ဖြစ်ပါသည်။

မေး။ မကောင်းမှုမှ စိတ်ဖြင့် ဝေးစွာ ရှောင်ကြဉ်ပုံ ရေးပြပါ။

ဖြေ။ ငါတို့ အမျိုးသည် သူ့အသက်သတ်သော အမျိုးမဟုတ်၊ သူ့ဥစ္စာ ခိုးယူလုယက်သော အမျိုးမဟုတ်၊ သူ့မယား သူ့လင်နှင့် ကျူးလွန်းဖောက်ပြန်သော အမျိုးမဟုတ်။ လိမ်ပြောရန် ဂုံးတိုက်သော အမျိုးမဟုတ်ဟု စိတ်ကောင်း စိတ်မြတ် ထား၍ ထိုမကောင်းမှု၌ စိတ်များ မဖြစ်အောင် ရှောင်ကြဉ်ခြင်းသည် ရှောင်ကြဉ်ပုံ ဖြစ်ပါသည်။

မေး။ အာရတီနှင့် ဝီရတီ အထူးကို ရေးပြပါ။

ဖြေ။ မကောင်းမှုမှ စိတ်ဖြင့် ဝေးစွာ ရှောင်ကြဉ်ခြင်းသည် အာရတီ၊ မကောင်းမှုမှ ကိုယ်နှုတ်တို့ဖြင့် အထူးရှောင်ကြဉ်ခြင်းသည် ဝီရတီဖြစ်ပါသည်။

(၁၉) ဝိရတီပါပါ မင်္ဂလာ

ပါပါ - မကောင်းမှုမှ
ဝီရတီ - ကိုယ်နှုတ်တို့ဖြင့် အထူး ရှောင်ကြဉ်ခြင်း

အမှာ။။ စာရိတ္တဗလ မင်္ဂလာနှစ်ပါး ရေးခဲ့ပါဟု မေးလျှင် အာရတီ ဝိရတီပါပါ မင်္ဂလာ နှစ်ပါးဖြစ်ပါသည်ဟု ဖြေပါလေ။

မေး။ မကောင်းမှုမှ အထူးသဖြင့် ရှောင်ကြဉ်ပုံကို ရေးပါ။

ဖြေ။ မကောင်းမှုကို ကိုယ်ဖြင့် ပြုခွင့် ကြုံလာလျှင် မပြု၊ နှုတ်ဖြင့် ပြောခွင့် ကြုံလာလျှင် မပြောဘဲ ရှောင်ကြဉ်လိုက်ခြင်းသည် မကောင်းမှုမှ အထူးသဖြင့် ရှောင်ကြဉ်ပုံ ဖြစ်ပါသည်။

မေး။ ဝီရတီ ဘယ်နှစ်မျိုး ရှိသနည်း ရှင်းပြပါ။

ဖြေ။ ဝီရတီသည် ၁၊ သမ္ပတ္တိဝီရတီ၊ ၂။ သမာဒါနဝီရတီ၊ ၃။ သမုစ္ဆေဒဝီရတီဟူ၍ သုံးမျိုး ရှိပါသည်။

ရှင်းလင်းချက်

မကောင်းမှုပြုဘို့ ပြောဖို့ ကြုံလာလျှင် ဒို့အမျိုးအနွယ် ဒို့ဂုဏ်နှင့် မသင့်ဟု နှလုံးသွင်း၍ ရှောင်ကြဉ်ခြင်းသည် သမ္ပတ္တိ ဝိရတီမည်၏။

မကောင်းမှုတို့ကို ငါသည် တစ်နေ့ တစ်ရက်၊ တစ်လ၊ တစ်နှစ် အသက်ထက်ဆုံး မပြုတော့ဘူးဟု ဆောက်တည်၍ ရှောင်ကြဉ်လျှင် သမာဒါန ဝိရတီဖြစ်၏။

သောတာပန် ဖြစ်သည်မှ စ၍ အရိယာပုဂ္ဂိုလ်တို့သည် အရိယာမဂ်ဖြင့် ဖြတ်၍ ရှောင်ကြဉ်သောကြောင့် သမုစ္ဆေဒဝိရတီဖြစ်၏။

မေး။ ကာမေသုမိစ္ဆာစာရ မကောင်းမှုကံ ကျူးလွန်းသူတို့အား ဖြစ်ရ ခံစားရသော အကျိုးကို ရေးပြပါ။

ဖြေ။ မလွန်ကျူးသင့်သော မိန်းမတို့၌ လွန်ကျိူးသောသူသည် လက်ငင်း ဘဝပစ္စက္ခ၌ ထောင်တန်းစသော ဒုက္ခတွေ့ရတတ်သည့်အပြင် အပါယ်ငရဲ၌ နှစ်ပေါင်း အမြောက်အမြား ဆင်းရဲကြီးစွာ ခံရပြီးနောက် လူပြန်၍ ဖြစ်လျှင်လည်း မိန်းမ ဖြစ်တတ်သည်။ ယောက်ျားဖြစ်သော်လည်း ယောက်ျားကောင်း ယောက်ျားမြတ် မဖြစ်တတ်၊ ယောက်ျားမပီသသူ ဖြစ်တတ်ပါသည်။

မိမိလင်မှ တစ်ပါးသော ယောက်ျားနှင့် ကျူးလွန်ပျော်ပါးသော မိန်းမကား ရဲရဲတောက် သံမြေပြင်၌ ခါးတိုင်အောင် နစ်ကြ၍ သွေးသံယို စီးပြီး ကိုယ်အသား အစိပ်စိပ် ကွဲလျက် အော်ဟစ် ငိုယိုကြစဉ် လေးမျက်နှာမှ လာသော သံတောင်ကြီးတို့သည် ကြောက်စရာ အသံမြည်ဟိန်းလျက် နင်းကြိတ်ချေကာ ကံမကုန်သမျှ ငရဲဒုက္ခ ခံစားရကုန်၏ဟု ကျမ်းဂန်တို့၌ လာရှိပါသည်။

မေး။ မုသာဝါဒ မကောင်းမှု ကျူးလွန်းသူ၏ အကျိုးဝတ္ထုသာဓက ပြဆိုခဲ့ပါ။

စေတိယမင်းသည် မုသား မပြောမီက နတ်သား လေးယောက် အမြဲ စောင့်ရှောက်၏။ ခံတွင်းမှ ကြာညိုပန်းနံ့ မွှေး၏။ ကောင်းကင်၌ ရပ်တည်နိုင် သွားလာနိုင်၏။ မုသားပြောဆို ခြင်းကြောင့် ဖော်ပြအပ်သော တန်ခိုးလေးမျိုးသည် ပျောက်ကွယ်၍ မြေမျိုခံရ၏။ စေတီယမင်းသည် သာမာန် တန်ခိုးရှိသော မင်းမဟုတ်၊ အသက်အသင်္ချေ မရေမတွက်နိုင်သော အသက်ရှည်ခေတ်၌ ဖြစ်၍ ကောင်းကင်သို့ ပျံတတ်နိုင်၊ တည်နိုင် သွားနိုင်သော တန်ခိုး (ကမ္မဇိဒ္ဓိ) ရှိသော မင်းဖြစ်ပါသည်။ သို့သော်လည်း မုသားဝါဒ မကောင်းမှု ပြောဆိုခြင်းကြောင့် တန်ခိုး ကွယ်ပျောက်ကာ မြေမျိုး ခံရရှာလေသည်။

(၂၀) မဇ္ဇပါနာစ သံယမော မင်္ဂလာ

မဇ္ဇပါနာ - ယစ်မျိုးတို့ကို သောက်စား မူးယစ်ခြင်းမှ
သံယမော - ကောင်းစွာ စောင့်စည်းခြင်း။

မေး။ သေရည်အရက်သောက်၍ မကောင်းမှုပြုသူသည် သေသည်အခါ အဘယ်မှာ ဖြစ်ရ၍ လူ့ဘဝရလျှင် ဘယ်လိုလူမျိုး ဖြစ်တတ်သနည်း။

ဖြေ။ သေရည်အရက်သောက်၍ မကောင်းမှု ပြုသူသည် သေသည့်အခါ ငရဲသို့ လားရောက်ရပါသည်။ လူ့ဘဝရလျှင်လည်း အရူးအနှမ်းဖြစ်၍ ကျက်သရေမင်္ဂလာ မရှိသော လူမျိုးဖြစ်တတ်ပါသည်။

မေး။ အရက်သောက်ခြင်း အပြစ် (၆)ပါး ရေးခဲ့ပါ။

ဖြေ။ ၁၊ ပစ္စည်းဥစ္စာ ဆုတ်ယုတ်ခြင်း၊ ၂။ ငြင်းခုံခိုက်ရန် များခြင်း၊ ၃။ ရောဂါထူပြောခြင်း၊ ၄။ အကျော်စောမဲ့ခြင်း၊ ၅။ ကိုယ်အင်္ဂါ မလုံခြင်း၊ ၆။ ပညာနည်းပါးခြင်းတို့ ဖြစ်ပါသည်။

ဆောင်။ ဥစ္စာယုတ်ခြင်း၊ ငြင်းခုံများစွာ ရောဂါထူပြော ကျော်စောမဲ့တုံ မလုံအင်္ဂါ၊ ပညာနည်းရှား၊ ဤ (၆)ပါးသည် သောက်စားသေစာ အပြစ်တည်း။ ဤမင်္ဂလာ သီးခြား ဟောကြာခြင်း အကြောင်းကာ အာရတီ ဝီရတိ ပါပါ မင်္ဂလာ၌ ပါပအရတွင် အရက်သေစာ သောက်စားခြင်း မပါဝင်သဖြင့် သောက်လျှင် အပြစ်မရှိဟု မှတ်ယူမည် စိုးသောကြောင်၎င်း၊ အကုသိုလ်ဒုစရိုက်များ၏ အကြောင်းရင်းမှန် တရားခံကို ပြလိုသောကြောင့် ၎င်း၊ ဤမင်္ဂလာကို ထပ်မံ၍ သီးခြား ဟောရပါသည်။

မေး။ မဇ္ဇပါနာစ သံယမော၊ မင်္ဂလာ မစောင့်စည်းမှုကြောင့် တွေ့ကြုံရပုံ ဝတ္ထု သာဓက ရေးပြပါ။

ဖြေ။ ရှေးအခါ၌ သေရည် သေရက်သောက်စားလေ့ရှိသော ရှင်ဘုရင်တပါးသည် အသားမပါလျှင် ပွဲတော်တည်၍ မဖြစ်၊ တစ်နေ့သောအခါ အရက်သောက်ပြီး သားတော်လေး ရင်ခွင်ထဲ၌ ထား၍ နေစဉ်၊ အသားမပါသော ပွဲတော်ထမင်း ဆက်သလေရာ လွန်စွာ စိတ်ဆိုးသောကြောင့် သားတော်လေးကို သတ်၍ အမြန်ချက်စေလေသည်။ သို့သော် အရက်မူးပြေသောအခါ သတိရ၍ လွန်စွာ ဝမ်းနည်း ရှာလေသည်။ ဘုရင်မှာ ဝမ်းနည်းရုံသာ သားတော်ကလေးကား ဘဝဆုံးသွား ရရှာလေသည်။

တနည်း။ အင်းဝဘုရင် သတိုးစော၏ သား မင်းရဲကျော်စွာ မင်းသားငယ်သည် အသက်အရွယ် ငယ်သော်လည်း မင်းသားပီပီ သတ္တိ ဗျတ္တိရှိ၏။ ရဲရင့်၍ စစ်တိုက်ဝါသနာပါ၏။ စစ်ပွဲတိုင်း၌ နိုင်ခဲ့သည်သာ များ၏။ ပဲခူး ဟံသာဝတီ ဘုရင် ရာဇာဓိရာဇ်နှင့် ဒလ၌ တိုက်ခိုက်ကြစဉ် အရက်သောက်စားမှု လွန်ပြီး စစ်သူကြီးတို့ ညွှန်ကြားချက်ကို မနာမယူ အရက်တန်းခိုးနှင့် စိတ်လိုက်မာန်ပါ အရမ်းတိုက်ခိုက်မကြောင့် စစ်လည်းရှုံး အသက်လည်း ရှုံးသွားရရှာလေသည်။

(၂၁) အပ္ပမာဒေါ စ ဓမ္မေသု မင်္ဂလာ

ဓမ္မေသု - ကုသိုလ်ကောင်းမှုတို့၌
အပ္ပမာဒေါ - မမေ့မလျော့ခြင်း

မေး။ ကလေးတို့နှင့် ဆိုင်ရာ ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျှော့ပုံ ရေးခဲ့ပါ။

ဖြေ။ နံနက်စောစော အိပ်ရာမှ ထလျှင် ခဏလောက် ဘုရားရှိခိုးရမည်။ ပန်းရေချမ်းဘုရားရည်မှန်း လှူဒါန်းရမည်။ ကျောင်းသွားခါနီး လူကြီးမိဖကို ရိုသေစွာ ပန်ကြားရမည်။ ကျောင်းရောက်လျှင် ဆရာကို အရိုအသေပြုကာ ပညာသင်ယူရမည်။ ကျောင်းမှ အိမ်ပြန်ရောက်လျှင်လည်း ပြန်လာကြောင်း မိဖများ ပန်ကြားရမည်။ စာဖတ်ပြီး အိပ်ခါနီးလျှင် အနန္တငါးပါး ဘုရားရှိခိုးရမည်။ မိဖဘိုးဘွား ဆွေမျိုးဉာတကာ ဆရာသမား မိမိအပေါ် ချီးမြှောက်သူတို့ ကျန်းမာချမ်းသာကြပါစေ၊ ကျန်းမာချမ်းသာကြပါစေ အားလုံး သတ္တဝါအပေါင်းတို့ကိုလည်း ဤအတိုင်း မေတ္တာပို့ကာ အိပ်ရမည်။

ဤသည်ကား ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျှော့ပုံ ဖြစ်သည်။

မေး။ ကုသိုလ်ကောင်းမှုတို့၌ မမေ့ မလျှော့မှုကြောင့် ကောင်းကျိုးရပုံ သာဓကပြပါ။

ဖြေ။ ရာဇဂြိုဟ်ပြည်၌ ထင်းခုတ်သမားတစ်ယောက် တောသို့ သားကလေးနှင့်အတူ ထင်းခုတ်ထွက်သွားရာ ညနေစောင်းအချိန်မှာ ထင်းတို့ကို လှည်းဖြင့် ယူဆောင်ခဲ့၏ မြို့နားရောက်မှ နွားများ အတင်း ရုန်းထွက်မြို့တွင်း ဝင်ပြေးသွားသောကြောင့် ဖခင်သည် သားကလေး လှည်းနားထားခဲ့ပြီး နွားဖမ်းလိုက်သွားလေရာ နွားဖမ်းပြီး ပြန်လာသောအခါ မြို့တံခါး ပိတ်ထား၍ မထွက်နိုင်ဘဲ။ ၎င်းည သားအဖ ကွဲကာနေရရှာသည်။ သားကလေးက ဖခင်သင်ပေးထားသော (ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိဓမ္မော မေ သရဏံ အညံ နတ္ထိသံဃော မေ သရဏံ အညံ နတ္ထိ)ဟူသော စကားရွတ်ဆိုရင်း အိပ်ပျော်သွားစဉ် အစာရှာလာသော ဘီလူးက တွေ့၍ ဆွဲလိုက်ရာ ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ ဟု ယောင်၍ ရွတ်ဆိုလိုက်ခြင်းကြောင့် ဘီးလူး မစားဘဲ အသက်ချမ်းသာရသည်အပြင်၊ အစားအသောက်များပင် ရှာဖွေ ကျွေးမွေးသွားပါသည်။

မေး။ အပ္ပမာဒေါ စ ဓမ္မေသု မင်္ဂလာနှင့် ပြည့်စုံသော (က) ကျောင်းသား ကျောင်းသူ၊ (ခ) ကုန်သည်၊ (ဂ) ရဟန်းစသော သူတော်စင်တို့ ရနိုင်သော အကျိုးရေးပြပါ။

ဖြေ။ ဤမင်္ဂလာနှင့် ပြည့်စုံသော (က) ကျောင်းသား ကျောင်းသူတို့သည် ဘွဲ့ရ ပညာတတ်များ ဖြစ်ကြပါသည်။ (ခ) ကုန်သည်တို့သည် စီးပွားဥစ္စာချမ်းသာ ကြွယ်ဝကြပါသည်။ (ဂ) ရဟန်းစသော သူတော်စင်တို့သည် မဂ်ဉာဏ် ဖိုလ်ဉာဏ်ရ၍ လောကုတ္တရာ ချမ်းသာရကြပါသည်။

မေး။ ဗုဒ္ဓဘာသာဝင်မှန်လျှင် အနည်းဆုံး မင်္ဂလာ တရား ၄-ပါး လိုက်နာကျင့်သုံးသင့်သည်။ ထိုမင်္ဂလာ ၄-ပါးကို ထုတ်ပြခဲ့ပါ။ (မေးခွန်းဟောင်း)

ဖြေ။ ၁။ အာရတီ (ပါပါ)၊ ၂။ ဝီရတီပါပါ၊ ၃။ မဇ္ဇပါနစ သံယမော၊ ၄။ အပ္ပမာဒေါစ ဓမ္မေသု တို့ ဖြစ်ပါသည်။

ဤအဖြေသည် သဗ္ဗပါပဿ အကရဏံကုသလဿုပ သမ္ပဒါသစိတ္တပရိယောဒါပနံ ဧတံ ဗုဒ္ဓါန သာသနံ။ ဂါထာကို မျှော်ရှု၍ ဖြေပါသည်။

မေး။ အပ္ပမာဒေါ စ ဓမ္မေသုဝယ်၊ ဓမ္မေသု၌ ဓမ္မအရ ပုညကိရိယာဝတ္ထု (၁၀)ပါးကို ထောက်၍ ပါဠိမြန်မာ နှစ်ဘာသာဖြင့် ဖြေခဲ့ပါ။

ဖြေ။ ၁။ ဒါန- စွန့်ကြဲ ပေးကမ်း လှူဒါန်းမှု။

၂။ သီလ-သီလစောင့်ထိန်းမှု။

၃။ ဘာဝနာ-တရားပွားများ အားထုတ်မှု။

၄။ အပစာယန-အရိုအသေပေးမှု။

၅။ ဝေယျာဝစ္စ-အမှုကြီးငယ် ဆောင်ရွက်ပေးမှု။

၆။ ပတ္တိဒါန-အမျှဝေမှု။

၇။ ပတ္တာနုမောဒန-ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်မှု။

၈။ ဓမ္မဿဝန-တရားနာမှု။

၉။ ဓမ္မဒေသနာ-တရားဟောမှု။

၁၀။ ဒိဋ္ဌိဇုကမ္မ-အယူဖြောင့်မှန်မှုတို့ ဖြစ်ပါသည်။

ဆောင်ပုဒ်လင်္ကာ

ပေးလှူဒါန၊ သီလ သီတင်း၊ ပွါးခြင်းဘာဝနာ၊ အပစာယန၊ တုပ်ကွရိုသေ၊ ဝေယျာဝစ္စ၊ သူများမှုဆောင်၊ ထိုနောင်တစ်ရပ်၊ ပတ္တိဒါန၊ ကိုယ့်ပုညကို၊ ဝေငှ ကြည်စွာ၊ ပတ္တာ နုမောဒန၊ သုများကုသိုလ်၊ အဖို့ကို လျင်၊ နှစ်လိုကြည်ဖြူ၊ အမျှယူ၏၊ သူဟောတရား၊ နာငြား သဝန၊ တတ်သမျှကို၊ ဟောက ဒေသနာ။ ဖြောင်းစွာအယူ၊ ပြုတုံမူကား၊ ဒိဋ္ဌိဇုကမ္မ၊ ဤဆယ်ဝ၊ ပုညကိရိယာ။ (လယ်တီဆရာတော်)

(၂၂) ဂါရဝေါစ မင်္ဂလာ

ဂါရဝေါစ - ရိုသေထိုက်သော သူတို့ကို ရိုသေခြင်း။

မေး။ ရိုသေထိုက်သော သူတို့ဟူသည် အဘယ်သူတို့ပါနည်း။

ဖြေ။ ရိုသေထိုက်သော သူတို့ဟူသည် ကောင်းစွာ ကျင့်သော ရဟန်း၊ အမိ၊ အဖ၊ အဘိုး၊ အဘွား၊ ဘကြီး၊ ဘထွေး၊ ဦးကြီး ဦးလေး စသော ဆွေမျိုးများနှင့် မိမိထက် အသက်ကြီးသူ ဂုဏ်ကြီးသူများ ဖြစ်ကြပါသည်။

မေး။ မရိုသေသူသည် ဘာဖြစ်တတ်ပါသနည်း။

ဖြေ။ ပစ္စက္ခ မျက်မှောက်ကာလ၌ ကဲ့ရဲ့ ပြစ်တင်ခံရခြင်း၊ မရိုမသေ မျိုးယုတ်ချေ၊ ရိုသေမျိုးမြတ်သည် ဟူသော ဆောင်ပုဒ်ဒေသနာထောက်၍ ဘဝတိုင်း၌ အမျိုးယုတ်ဘဝကျရောက်တတ်ပါသည်။

မေး။ ဂါရဝ (၁၀)မျိုးကို ရေတွက်ပြပါ။

ဖြေ။ ၁။ ဘုရား၌ ရိုသေလေစားခြင်း။
၂။ တရား၌ ရိုသေလေစားခြင်း။
၃။ သံဃာ၌ ရိုသေလေစားခြင်း။
၄။ သိက္ခာ၌ ရိုသေလေစားခြင်း။
၅။ သမာဓိ၌ ရိုသေလေစားခြင်း။
၆။ အပ္ပမာဒ၌ ရိုသေလေစားခြင်း။
၇။ ပဋိသန္တာရ၌ ရိုသေလေစားခြင်း။
၈။ ဟိရီ၌ ရိုသေလေစားခြင်း။
၉။ ဩတ္တပ္ပ၌ ရိုသေလေစားခြင်း။
၁၀။ အချင်းချင်း၌ ရိုသေလေစားခြင်းအားဖြင့် (၁၀)ပါးရှိပါသည်။

ဝတ္ထုသာဓကကား ဆင်-မျောက်-ခါ သတ္တဝါ ၃-ဦးဝတ္ထုဖြင့် မှတ်ယူပါ။

(၂၃) နိဝါတော စ မင်္ဂလာ

နိဝါတော - မိမိကိုယ်ကိုယ် နှိမ့်ချရခြင်း။

မေး။ မိမိကိုယ်ကို နှိမ့်ချပုံ အမူအရာများ ရေးပြပါ။

ဖြေ။ သွားလာသည့်အခါ၊ ခပ်ယို့ယို့ သွားခြင်း၊ လူကြီးသူမများနှင့် တွေ့လျှင် ကြုံ့ကြုံ့ရုံ့ရုံ့ နေထိုင်ခြင်း၊ မိမိပညာတတ်သော်လည်း ပညာတတ်ကြောင်း ထုတ်ဖော်ပြလေ့ မရှိခြင်း၊ ဥစ္စာပေါ ရုပ်ချောသော်လည်း ဟန်ပန် မကြီးခြင်း၊ ရိုးရိုးသားသား စကားပြောတတ်ခြင်းတို့ ဖြစ်ပါသည်။

မေး။ မိမိကိုယ်ကို မနှိမ့်ချပုံ နိဝါတမင်္ဂလာ ပျက်ပုံ အမူအရာများ ရေးပြပါ။

ဖြေ။ လမ်းသွားသည့်အခါ ရင်ကကော့ပြီး ခပ်မော့မော့ သွားတတ်ခြင်း၊ လူကြီး သူမများကို ရိုသေလေးစားမှု မရှိခြင်း၊ စကားပြောသည့်အခါ အရေးမစိုက်သလို ပြောတတ်ခြင်း၊ ကိုယ်ပညာတတ်၊ ကိုယ်အမျိုးမြတ်ကိုယ်ရုပ်ချော-ကိုယ်ဥစ္စာပေါကြောင်း စကားပြောရာ ထည့်ပြောတတခြင်း၊ မိမိကိုယ်ကို ထင်တစ်လုံးနှင့် မာန်မာ ရှိနေခြင်းတို့ ဖြစ်ပါသည်။

မေး။ ထိပ်တန်း ခေါင်းဆောင် တစ်ဦးဖြစ်လိုလျှင် အဘယ်မင်္ဂလာနှင့် အထူးပြည့်စုံရမည်နည်း။ ၎င်းမင်္ဂလာနှင့်ပြည့်စုံသော ကမ္ဘာကျော် ပုဂ္ဂိုလ်တစ်ယောက်ကို အကြောင်းအရာနှင့် တကွ ဖော်ပြပါ။

ဖြေ။ ထိပ်တန်း ခေါင်းဆောင်တစ်ဦးဖြစ်လိုလျှင် နိဝါတ မင်္ဂလာနှင့် အထူးပြည့်စုံရပါမည်။ ၎င်းမင်္ဂလာနှင့် ပြည့်စုံသော ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးကား (မဟတ္တမဂန္ဒီ)ဖြစ်ပါသည်။ ၎င်း၏ အကြောင်းအရာတစ်ခုကား၊ တစ်နေ့သ၌ ဂန္ဒီသည် မီးရထားမှ ဆင်း၍၊ အိမ်သို့ပြန်မည်ပြုစဉ် မိန်းမကြီးတစ်ယောက်က ကူလီထင်မှတ်၍ သူ့ပစ္စည်းကို အိမ်သို့ လိုက်ပို့ပေးရန် ခေါ်သဖြင့် ငါဟာ ဂန္ဒီပဲ ဟု မပြောဘဲ အိမ်အရောက် လိုက်ပို့ပြီးမှ အခမယူတော့ပဲ ပြန်လာခဲ့၏။ မိန်းမကြီးသည် နောက်မှ ဂန္ဒီဖြစ်ကြောင်း သိရလေသည်။ (ဤမျှ နိဝါတမင်္ဂလာ ကျင့်သုံးသူ ဖြစ်ပါသည်။)

(၂၄) သန္တုဋ္ဌီစ မင်္ဂလာ

သန္တုဋ္ဌီစ - ရသမျှနှင့် မျှတရောင့်ရဲခြင်း။

မေး။ ကလေးဘဝ၌ သန္တုဋ္ဌီစ မင်္ဂလာနှင့် ပြည့်စုံရန် ဘာတွေ လိုက်နာကျင့်သုံးရမည်နည်း။

ဖြေ။ အစားအသောက်၌ အသားမပါဘူး။ ငါးမပါဘူး ဟင်းမကောင်းဘူး။ မစားချင်ဘူးဟု ဇီဇာမကြောင် ဂျီမများပဲ ဒီလောက်ဆို စားသောက်ဖြစ်တာပဲ ဟု တင်းတိမ်ရောင့်ရဲခြင်း၊ အဝတ်အထည်၌လည်း မိဖတို့ ဆင်ယင်သမျှဖြင့် ဟိုဟာဒီဟာ မပူဆာပဲ။ တင်းတိမ်းရောင့်ရဲခြင်း၊ မုန့်ဖိုးစသည်တို့လည်း ပေးသမျှနှင့် တင်းတိမ်ရောင့်ရဲခြင်းနှင့် ပြည့်စုံလျှင် (သန္တုဋ္ဌိမင်္ဂလာ) နှင့် ပြည့်စုံသူဖြစ်ပါသည်။

သာဓကမှတ်ဖွယ်ကား။

ကျီးကန်သည် မြို့ရွာမှာ မှီခို၍ အသားငါး အစားအစာကို စားသောက်ရသော်လည်း မရောင့်ရဲ မတင်းတိမ်ခြင်းကြောင့် ပိန်ချုန်းကြုံလှီရသည်။ ငုံးမှာမူကား တောထဲမှာ အဆီစေးနဲ့ပါး ခြောက်သွေ့သော အစာကို စားနေရသော်လည်း၊ သန္တုဋ္ဌိနှင့် ပြည့်စုံခြင်းကြောင့် ဝဖြိုးနေရပါသည်။

ကြီးသူများ မှတ်သားရန် သန္တုဋ္ဌီ (၃)ပါး။

၁။ ယထာလာဘသန္တုဋ္ဌီ - ရရာနှင့် ရောင့်ရဲနိုင်ခြင်း။
၂။ ယထာဗလသန္တုဋ္ဌီ - ကိုယ့်အားနှင့် ချိန်၍ ရောင့်ရဲခြင်း။
၃။ ယထာသာရုပ္ပသန္တုဋ္ဌီ - ကိုယ်နှင့် လျှောက်ပတ်ရုံ ရောင့်ရဲခြင်းတို့ ဖြစ်သည်။

ယင်း (၃)ပါးကို
စားဝတ်နေရေး သုံးပါးနှင့် မြှောက်လျှင် (၃×၃=၉)ကိုးပါး ဖြစ်သည်။ စား၊ ဝတ်၊ နေရေး၊ ဆေးဝါး ဤလေးပါးနှင့် မြှောက်သော် (၃×၄=၁၂) ဆယ့်နှစ်ပါးဖြစ်နိုင်သည်။

အမှာ။။ ဘောဂဗလ မင်္ဂလာနှစ်ပါးကို ရေးခဲ့ပါဟု မေးလျှင် အနာကုလာစ ကမ္မန္တာနှင့် သန္တုဋ္ဌီစ မင်္ဂလာနှစ်ပါးကို ဖြေဆိုပါလေ။

(၂၅) ကတညုတာ မင်္ဂလာ

ကတံ - ပြုဘူးသော ကျေးဇူးကို
ညုတာ - သိခြင်း။

မေး။ ကတညုတာ မင်္ဂလာအရ ကျေးဇူးတင် ဟူသော စကားအဓိပ္ပါယ် ရှင်းပြပါ။

ဖြေ။ မိဘဆရာစသူတို့က မိမိအပေါ် အဝတ်အစား ပေးခြင်း၊ လိမ္မာအောင် ဆုံးမခြင်း၊ ပညာသင်ပေးခြင်းများသည် သူတို့ ပြုထားသေ ကျေးဇူးဖြစ်ပါသည်။ လောက၌ ကြွေးယူသူသည် မိမိအပေါ်မှာ ကြွေးတင်သကဲ့သို့ မိဖဆရာတို့၏ ကျေးဇူး၊ မိမိအပေါ်တင်နေခြင်းကို ကျေးဇူးတင်ဟု ဆိုရပါသည်။

မေး။ သူ့ကျေးဇူးသိတတ်သော သူ၏ ဝတ္ထုသာဓက ထုတ်ပြပါ။

ဖြေ။ ခြင်္သေ့တစ်ကောင်သည် တနေ့သ၌ ရေအိုင်အနီး ရွံ့ညွှံရှိရာ အရပ်၌ သမင်တစ်ကောင်ကို ခုန်ဖမ်းလိုက်ရာ သမင်က ပြေးသဖြင့် ရွှံညွှံ၌ ကျွံနစ်နေ၏။ ခုနှစ်ရက်လုံးလုံး အစာမစားရ၊ ထိုအခါ မြေခွေးတစ်ကောင်လာ၍ ခြင်္သေ့ကိုမြင်သောကြောင့် ထွက်ပြေးလှမ်းခေါ်ပြီး ငါ့ကို ကယ်တင်ပါဟု ပြော၏။ ကျုပ်က ကယ်တင်ပြီးလျှင် ကျုပ်ကို စားမှာ ကြောက်တယ်ဟု မြေခွေးက ပြော၏။ မစားပါဘူး ကျေးဇူးဆပ်ပါမည်ဟု ခြင်္သေ့က ပြောသောအခါ မြေခွေးက ခြေထောက်လေးဘက်ဆည်မြောင်းယက် ရေဝင်စေပြီး ခုန်ထွက်စေရာ ခြင်္သေ့ညွှံတွင်းမှ လွတ်ကင်းသွားလေသည်။ ထိုနောက် ရေချိုးအနားယူပြီး မကြာမီ တောကျွဲတစ်ကောင် လာရာ ကိုက်သတ်၍ မြေခွေးအား စားပါဟု ပေးလေ၏ မြေခွေးစားပြီးမှ ခြင်္သေ့စား၏။ ထိုနေ့မှ စ၍ သူ၏ အနီးအနား လိုဏ်ဂူတစ်ခု၌ ကျေးဇူးဆပ် ကျွေးမွေးပြုစု၏။ သားစဉ်မြေးဆက် (၇)ဆက်တိုင်၊ မိတ်မပျက် ရင်းရင်းနှီးနှီး ကျေးဇူးပြုခဲ့ကြပေသည်။

တနည်း။ မြန်မာသက္ကရာဇ် (၇၀၄) ခုနှစ်၌ နန်းတက်သော ပင်းတမင်း ငါးစီးရှင်ကျော်စွာသည်၊ ပင်လယ်မြို့စားဖြစ်စဉ်က စစ်ကိုင်းမြို့စား ညီတော် အသင်္ခယာစောယွန်းကို လုပ်ကြံချေဟု ကျွန်ယုံတော် ငခင်ညိုကို လွှတ်လိုက်၏။ ငခင်ညိုသည် စစ်ကိုင်းဘက်သို့ကူး၍ အခွင့်မသာသဖြင့် သုံးရက်မျှ တော၌ ပုန်းအောင်နေပြီးမှ တညဉ့် လုပ်ကြံရန် အသင်္ခယာစောယွန်း၏ အိပ်ခန်းသို့ ဝင်၏။ ရွှေစလောင်းဖြင့် ထမင်း၊ အမဲသား၊ ငါး၊ နတ်တင်ထားသည်ကို တွေ့ရာ သုံးရက် ထမင်းမစားရသည်နှင့် နတ်ထမင်းကို စားသောက်ပြီးနောက် လုပ်ကြံတော့မည်ဟု ဦးခေါင်းရင်း၌ ရပ်စဉ်၊ ဤမင်းသည် ယနေ့ပင် ငါ၏ ထမင်းသခင် ကျေးဇူးရှင် ဖြစ်ချေပြီ ကျေးဇူးရှင် ပြစ်မှားလေသော် ငါ၌ မကောင်းကျိုး ကြီးစွာ မျက်မှောက် သံသရာ နှစ်ဖြာလုံး ကျရောက်စေလိမ့်မည်။ ငါ့အရှင် ငါ့အား မျက်၍ သေသော်သေစေ၊ ကျေးဇူးရှင် မပြစ်မှား မသတ်တော့ဟု နှလုံးသွင်းပြီး ယုံကြည်ရန် စောယွန်း၏ လက်သုံးတော် ပတ္တမြားဓားကို ဆက်လေလျှင် ငါ့ကျွန် ငခင်ညိုသည် ထမင်းတစလောင်းကိုလျှင် ကျေးဇူးသိတတ်ချေသေး၏။ သားမယားနှင့်တွက နေ့စဉ် ကျွေးမွေးထားသော ငါ၏ ကျေးဇူးကိုကား အဘယ်မှာလျှင် မသိဘဲ ရှိတော့အံ့နည်းဟု ချီးမွမ်းကာ ဝမ်းမြောက်ဝမ်းသာ စည်းစိမ်ချမ်းသာ ဆုလာဘ် ပေးသနားတော်မူလေသည်။

မေး။ ကျေးဇူးရှင်အား ကျေးဇူးကန်း၍ ပျက်စီးရသော သူ၏ ဝတ္ထုသာဓကပြ ဖြေခဲ့ပါ။

ဖြေ။ တောအတွင်း မျက်စိလည်၍ ချောက်ထဲကျနေသော ပုဏ္ဏားကို ဘုရားအလောင်း မျောက်မင်းတွေ့၍ ကယ်ဆယ်ပြီးလျှင် မောပန်းသဖြင့် အိပ်နေစဉ်၊ မျောက်မင်း၏ ဦးခေါင်းကို ကျောက်ခဲနှင့် ထုသောအခါ ဦးခေါင်းကွဲ၍ သွေးများ ယိုစီးကျဆင်းလျက်ပင် ကရုဏာရှင် မျောက်မင်းက သွေးစက်ဖြင့် သစ်ပင်ပေါ်မှ လမ်းပြလျက် ပုဏ္ဏားရွာအနီး တိုင်အောင် လိုက်ပို့ပေး၏။ မျောက်မင်းမြင်ရာ အရပ်မှ လွန်လျှင် ကျေးဇူးရှင် ပြစ်မှားသော ပုဏ္ဏား၏ တစ်ကိုယ်လုံး ဖုဖောင်း အက်ကွဲသော အနာကြီးများ ပေါ်ထွက်လာကာ ဆင်းရဲဒုက္ခ ကြီးစွာ ခံရလျက် သေပြီးနောက် ငရဲကျရောက်သွားလေသည်။ (မေးခွန်းဟောင်း အဖြေ။)။

(၂၆) ကာလေန ဓမ္မဿဝနံ မင်္ဂလာ

ကာလေန - သင့်တော်လျှောက်ပတ်သောအခါ၌
ဓမ္မသဝနံ - တရားတော်ကို ကြားနာရခြင်း။

မေး။ တရားနာရခြင်းသည် အကျိုး ဘယ်နှစ်မျိုး ရနိုင်သနည်း။

ဖြေ။ ၁။ မကြားဘူးတာ ကြားနာရခြင်း။
၂။ ကြားဘူးတာ သန့်ရှင်းစင်ကြယ်စွာ နားလည်ရခြင်း။
၃။ အယူအမြင် ဖြောင့်မှန်ခြင်း။
၄။ ယုံမှား သံသယပျောက်ခြင်း။
၅။ စိတ်နှလုံး ကြည်လင် ချမ်းသာခြင်းဟူသော အမျိုး (၅)မျိုး ရနိုင်ပါသည်။

မေး။ တရားနာခြင်းကြောင့် ရရှိသော အကျိုးသာဓက ထုတ်ပြ ဖြေဆိုခဲ့ပါ။

ဖြေ။ ဘုရားကျောင်း ဒါယကာ အနာထပိဏ် သူဌေး၌ ကာလမည်သော သားတစ်ယောက်ရှိ၏။ ဘုရားကို မကြည်ညို၊ တရားနာဖို့ကား သာ၍ ဝေးပါ၏။ သူဌေးကြီးလည်း သား၏ စိတ်ထားပုံကို မကျေနပ်၍ ချစ်သား ဥပုသ်စောင့် တရားနာပါချေ။ နက်ဖြန် ငွေတရားပေးမည် ပြော၏။ ကာလသည် ငွေလိုချင်၍ ဥပုသ်စောင့်သွား၏။ တရားမနာဘဲ တော်ရာအိပ်၍ ပြန်ခဲ့၏။ အိမ်ရောက် ယာဂုတပင်း ပေးထားသော်လည်း ငွေမရမချင်း မစား၊ ငွေရပြီးမှ စား၏။ နောက်တစ်ကြိမ် ချစ်သား ဘုရားရှေ့မှာ တရားတစ်ပုဒ်လောက် ရအောင် မှတ်မှတ်သားသား နာခဲ့ပါ။ ငွေတစ်ထောင် ပေးမည် ပြောပြီး ကျောင်းသို့ လွတ်ပြန်၏။ သူသည် ဘုရားထံရောက်၍ ဟောပြောဆုံးမသည်ကို တစ်ပုဒ်ရလျှင် ပြန်မည်ဟူသော အကြံဖြင့် နာယူလေရာ၊ နားစိုက်ရင်း တရားသဘောကျ၍ သောတာပန် ဖြစ်သွားလေသည်။ (ဤကား တရားနာရကျိုး ဖြစ်ပါသည်။)

အမှာ။။ တရား မနာကြားသော (အဿဝနတာ ဓမ္မဿပရိဟာယန္တိ)ဟူသော ဒေသနာ ပါဠိထောက်၍ သူတော်ကောင်း တရား မနာကြားရလျှင် အကျင့်တရားမှ ဆုတ်ယုတ်တတ်သည်ဟု မှတ်ခဲ့ပါ။

(၂၇) ခန္တီစ မင်္ဂလာ

ခန္တီစ - အရာရာ၌ သည်းခံခြင်း။

ခန္တီတရားသည် လွန်စွာ မြတ်သော တရားဖြစ်သည်။ ခန္တီတရားထက် ပိုလွန်မြင့်မြတ်သော တရား မရှိဟု စိတ်ထဲမှာ စွဲစွဲမြဲမြဲ သိပြီးလျှင် အရာရာမှာ သည်းခံနိုင်က ခန္တီမင်္ဂလာ ဖြစ်သည်ဟု မှတ်ပါ။

မေး။ အောင်ကြောင်းမင်္ဂလာ လေးမျိုး ဗုဒ္ဓဟောပြသည့် အဓိပ္ပါယ်ရေးပြပါ။

ဖြေ။ ၁။ စိတ်ဆိုးသူကို စိတ်မဆိုးခြင်းဖြင့် အောင်နိုင်ရာသည်။
၂။ မကောင်းသူကို ကောင်းခြင်းဖြင့် အောင်နိုင်ရာသည်။
၃။ စဉ်းလဲသူကို ပေးကမ်းခြင်းဖြင့် အောင်နိုင်ရာ၏။
၄။ စကားမမှန်သူကို စကားမှန် ပြောဆိုခြင်းဖြင့် အောင်နိုင်ရာသည်။

မေး။ သိကြားဖြစ်ကြောင်း ကျင့်ဝတ်ဘယ်နှစ်ပါး ရှိပါသနည်း၊ ထိုကျင့်ဝတ်များကို ရေးသားခဲ့ပါ။

ဖြေ။ သိကြားဖြစ်ကြောင်း ကျင့်ဝတ် (၇)ပါး ရှိပါသည်။

ထို (၇)ပါးကား

၁။ မိဘတို့ကို ပြုစုလုပ်ကျွေးခြင်း။
၂။ အသက်ဂုဏ်သိက္ခာ ကြီးသူများကို ရိုသေလေးစားခြင်း။
၃။ မှန်ကန်စွာ ပြောဆိုခြင်း။
၄။ ကြမ်းတမ်းသော စကား ပြောဆိုခြင်းကို ရှောင်ကြဉ်၍ သာယာပြေပြစ်စွာ ပြောဆိုခြင်း။
၅။ ဂုံးတိုက်စကား ပြောကြားခြင်းမှ ရှောင်ကြဉ်ခြင်း။
၆။ အမျက်ဒေါသ ဖြစ်မှုမှ ရှောင်ကြဉ်ခြင်း။
၇။ မပေးကမ်းလို၊ ဝန်တိုမှုမှ ရှောင်ကြဉ်ခြင်းတို့ ဖြစ်ပါသည်။

ဆောင်။ မိဘကို ပြုစုလို့ ကြီးသူတို့တဲ့ ရိုသေ၊ စကားသစ္စာနှင့် ဖရုသာပိသုဏ၊ ဝေးကြပါစေ၊ မျက်ကောဓေ မစ္ဆေရှောင်ရှား၊ ဤတရား (၇)ဆုနှင့် ပြည့်စုံသူထိုသူအား ဖြစ်လိမ့်သိကြား။

သာဓက ဝတ္ထု။ ခန္တီဝါဒီ ရသေ့အကြောင်း မှတ်ယူပါ။

(၂၈) သောဝစဿတာ မင်္ဂလာ

သောဝစဿတာ - ဆိုဆုံးမလွယ်သူ ဖြစ်ခြင်း။

ဆရာသမား၊ မိဘ၊ အကို၊ အမ စသော သူတို့က ဆုံးမသော စကားကို နားထောင်၍ သောဝစဿတာ မင်္ဂလာ ဖြစ်သည်ဟု မှတ်ကြရမည်။

ဆောင်။ မိဖ ဘိုးဘွား၊ ဆရာများ၏ ကောင်းစားစေလို မေတ္တာပို့၍ ထိုထိုဆုံးမ ဩဝါဒကို နားမျှမထောင်၊ မကြားယောင်သို့၊ မောင်တို့ ပြုက (မယ်တို့ပြုက) ခုပစ္စုပ္ပန်၊ နောင်သံသရာ၊ ဖြစ်များစွာလည်း ချမ်းသာမည့်ရေး၊ အလွန်ဝေးသည်၊ မောင်လေး နားထောင်စမ်းပါကွယ်။ (မလေး နားထောင်စမ်းပါကွယ်)

မေး။ သောဝစဿတာ မင်္ဂလာတရားနှင့် ပြည့်စုံ၍ အကျိုးရရှိသွားသော ဝတ္ထုသာဓက ထုတ်ပြဖြေဆိုပါ။

ဖြေ။ ဝတ္ထု အများအပြားရှိရာတွင် ဘုရား ဘုရားသက်တော်ထင်ရှားရှိစဉ် ကဿပမည်သော အစေကလတိတ္ထိသည် ဘုရားရှင်အထံ၌ ဒုက္ခဆိုတာ မိမိပြုတာလား၊ သူတစ်ပါးပြုတာလား၊ မိမိသူတစ်ပါး နှစ်ဦးသား ပြုတာလား၊ အလိုလို ဖြစ်တာလား စသည်ဖြင့် မေးလျှောက်ရာ၊ ကျေနပ်သော အဖြေကို ရ၍ ဘုရားသာသနာ၌ ရဟန်း ပြုရန် တောင်းပန်လေ၏။ အို ကဿပတိတ္ထိဖြစ်ဘူးသူသည် ငါဘုရားသာသနာ၌ ရဟန်းပြုလိုပါမူ လေးလ ပရိဝါသ်နေပြီး သံဃာ နှစ်သက်မှသာ ရဟန်းပြုခွင့်ရပေသည်ဟု ဗုဒ္ဓက မိန့်တော်မူလျှင် လေးလမက လေးနှစ်ပင် နေနိုင်ပါသည်ဘုရားဟု ဦးမလေးဘဲ လျှောက်ထားသဖြင့် သောဝစဿတာ မင်္ဂလာနှင့် ပြည့်စုံသောကြောင့် ချက်ချင်းပင် ရဟန်းပြုခွင့် ပေး၍ ရဟန်းဖြစ်ပြီးနောက် တရားအားထုတ်ရာ မကြာမီ ရဟန္တာ ဖြစ်သွားလေသည်။

တနည်း ဝတ္ထုသာဓက

စူဠပိဏ္ဍပါတိက ကမ္မဋ္ဌာနစရိယ မထေရ်သည် ကမ္မဋ္ဌာန်းတောင်းရန် ရောက်လာသော ရဟန်းသုံးပါးတို့အား၊ ငါ့ရှင်တို့ ငါ့စကားနားထောင်ကြမည်လား ဟု မေးရာ အရှင်ဘုရားအကျိုးကျေးဇူး ရှိမည်ဖြစ်ပါလျှင် ဖနောင်မှစ၍ အကြွင်းမရှိအောင် ကျောက်၌ သွေးပါမည်ဟု တစ်ပါးက လျှောက်၏။ အသူတရာနက်သော ချောက်သို့ ခုန်ဆင်းဝံ့ပါသည်ဟု တစ်ပါးက လျှောက်၏။ ထွက်သက်ဝင်သက် ပိတ်၍ ဇီဝိတိန္ဒြေကို ချုပ်စေပါမည်ဟု တစ်ပါးက လျှောက်၏။ ဒီလိုဆိုလျှင် ဤပုဂ္ဂိုလ်တို့အား ကမ္မဋ္ဌာန်းပေးသင့်ပြီဟု ဆုံးဖြတ်ပြီးလျှင် ကမ္မဋ္ဌာန်းပေးလိုက်ရာ မကြာမီ အာသဝေါကင်းငြိမ်း၍ ဘဝဇာတ်သိမ်း တော်မူကြလေသည်။

ဤပုဂ္ဂိုလ်များ အာသဝေါကင်းကွာ ရဟန္တာ ဖြစ်ကြရသည်မှာ သောဝစဿတာ၏ ကျေးဇူးပါပေတည်း။

(၂၉) သမဏာနဉ္စ ဒဿနံ မင်္ဂလာ

သမဏာနံ - ရဟန်း (ပုဏ္ဏား)တို့ကို
ဒဿနံ - ဖူးမြင်ရခြင်း။

ဣန္ဒြေသိက္ခာရှိသော ရဟန်းတော်များကို ဖူးမြင်ရခြင်းသည် သမဏာနဉ္စ ဒဿနံ မင်္ဂလာဖြစ်၏။

ဤမင်္ဂလာနှင့် စပ်၍ မှတ်ဖွယ် ဝတ္ထု သာဓကကား။

တရံရောအခါ မြတ်စွာဘုရားသည် ဝေဒိသကတောင် ဣန္ဒသာလဂူ၌ သီတင်းသုံးစဉ်က ဖြစ်၏။ ခင်ပုတ်ငှက်ငယ် တစ်ကောင်သည် ဘုရားသခင် ဆွမ်းခံကြွတိုင်း၊ အသွားလမ်းထက်ဝက် အပြန် လမ်းထက်ဝက်တိုင်အောင် လိုက်ပို့သည်၊ ကြိုဆိုသည် တစ်နေ့သော ညချမ်းအခါ ရဟန်းသံဃာ ခြံရံလျက် နေတော်မူသော မြတ်စွာဘုရားကို အတောင်နှစ်ဘက်တို့ကို ရှက်ကာ ညွတ်သဖြင့် လက်အုပ်ချီ၍ ဦးခေါင်း အောက်သို့ ချ၍ မြတ်စွာဘုရားသို့ ဦးညွတ်လျက် တည်၏။ ထိုအခါ ဗုဒ္ဓက ညီတော်အာနန္ဒာအား ဤခင်ပုတ်ငှက်ကို ကြည့်လော့။ ဤသို့ ကြည်ညိုပူဇော် ဖူးမျှော်သော ကောင်းမှုကြောင့် ဤငှက်သည် လူ့ပြည်နတ်ပြည်၌ လူနတ်အဖြစ် ကမ္ဘာတစ်သိန်း ကျင်လည်ပြီး သောမနဿ - ပစ္စေကဗုဒ္ဓါဖြစ်လတ္တံ့ဟု မိန့်တော်မူလိုက်သည်။ ဤကား ဖူးမျှော်ရကျိုးတည်း။

(၃၀)သမဏာနဉ္စ ဒဿနံ မင်္ဂလာ

ကာလေန -သင့်တင့်လျှောက်ပတ်သော အခါ၌
ဓမ္မ - တရားသဘောတို့ကို
သာကစ္ဆာ - တိုင်ပင်ဆွေးနွေးခြင်း။

ဤမင်္ဂလာကြောင့် အကျိုးရရှိပုံ ဝတ္ထုသာဓက

မိလိန္ဒမင်းကြီးသည် မရှင်းလင်းဘဲ ဉာဏ်၌ နှစ်စွန်းထွက်နေသော အချက်အလက်များကို အရှင်နာဂသိန်ထံ၌ မေးလျှောက်ဆွေးနွေးခြင်းဖြင့် ဉာဏ်၌ ရှင်းလင်း ယုံမှားသံသယကင်း၍ သာသနာ့ဘောင်ဝင်၍ ရဟန်းပြုရာ ထင်ရှားသော ရဟန်းတစ်ပါးဖြစ်ခဲ့လေသည်။

မေး။ ဓမ္မသာကစ္ဆာ၌ ဓမ္မအရ ယူသင့်ယူထိုက်သည်တို့ကို ပြဆိုခဲ့သည်။

ဖြေ။ ဓမ္မအရ နိဗ္ဗာန်ရောက်ကြောင်း လောကုတ္တရာ တရားသာ ရမည်မဟုတ်၊ လောကီကြီးပွားရေး ဖြစ်သော တိုင်းပြည်စည်ပင် သာယာရေး၊ တည်တံ့ခိုင်မြဲရေး၊ အစိုးရတည်မြဲရေး၊ သဘောတရားနှင့် မြို့ရွာ စည်ပင်သာယာရေးတို့ကိုပါ ယူရမည်၊ ၎င်းတို့နှင့် ဆက်စပ်သော ဆွေးနွေးတိုင်ပင်ခြင်းတို့သည် ကာလေန ဓမ္မသာကစ္ဆာ မင်္ဂလာပင်ဖြစ်ပါသည်။

(၃၁) တပေါစ မင်္ဂလာ

တပေါ - ခြိုးခြံစွာ ကျင့်ခြင်း။

ခြိုးခြံစွာ ကျင့်ခြင်းဟူသည် တရားဓမ္မကို ကြိုးစား အားထုတ်ခြင်း၊ စိတ်ကို ထိန်းချုပ်၍ လောကီအာရုံ ကာမဂုဏ် အပျော်အပါးများမှ ရှောင်ကြဉ်ပြီး ဥပုသ်ဆောက်တည် အဓိဋ္ဌာန် ဝင်ခြင်း စသော အကျင့်မျိုးကို ဆိုလိုသည်။

မေး။ တပေါစ မင်္ဂလာ၌ တပအရ၊ တရားကိုယ်ကောက်ပြပါ။

ဖြေ။ တပေါစ မင်္ဂလာ၌ တပအရ၊ တရားကိုယ်သည် သတိနှင့် ဝီရိယတို့ ဖြစ်ပါသည်။

မေး။ သတိဝီရိယတို့ဖြင့် ထိန်းသိမ်းစောက်ရှောက်ရမည့်အရာဌာနတို့ကို ဖော်ပြပါ။

ဖြေ။ ၁။ စက္ခုန္ဒြေ၊ ၂။ သောတိန္ဒြေ၊ ၃။ ဃာနိန္ဒြေ၊ ၄။ ဇီဝိတိန္ဒြေ၊ ၅။ ကာယိန္ဒြေ၊ ၆။ မနိန္ဒြေတို့သည် သတိဝီရိယတို့ဖြင့် ထိန်းသိမ်းစောင့်ရှောက်ရမည့် အရာဌာနတို့ ဖြစ်ပါသည်။

အကျဉ်းချုပ်အားဖြင့် မျက်စိ၊ နား၊ နှားခေါင်း၊ လျှာ၊ ကိုယ်စိတ်တို့ ဖြစ်သည်။ ထိန်းသိမ်းစောင့်ရှောက်ရာဝယ်၊စိတ်တစ်ခုမျှ စောင့်ထိန်းနိုင်က ပြီးကြောင်းကို..

စိတ်ဟုမည်ငြား၊ ဤတပါးမျှ တရားကိုယ်ကြပ် စောင့်စည်းကွပ်က လူ့ရပ်နတ်ရွာ ဗြဟ္မာနိဗ္ဗာန်၊ ရောက်ကြောင်းမှန်၏။ ဟူသော မဃဒေဝ လင်္ကာပိုဒ်ဖြင့် သဘောပေါက်၍ မိမိစိတ်ကို စောင့်ရှောက်ထိန်းသိမ်းနိုင်ကြပါစေ

(၃၂) ဗြဟ္မစရိယဉ္စ မင်္ဂလာ

ဗြဟ္မစရိယဉ္စ - မြတ်စွာသော အကျင့်ကို ကျင့်ခြင်း

မေထုန်အကျင့်မှ ရှောင်ရှားပြီး ဥပုသ်စောင့်ခြင်း၊ ဗြဟ္မာစိုရ်တရားပွားများခြင်း၊ သမထ ဝိပဿနာ ဘာဝနာအလုပ် အားထုတ်ခြင်းများသည် ဗြဟ္မစရိယပင် ဖြစ်ပါသည်။

မေး။ ဗြဟ္မစရိယ ဘယ်နှစ်မျိုးရှိပါသနည်း ရေတွက်ပြပါ။

ဖြေ။ ဗြဟ္မစရိယသည် ၁။ မေထုနဝိရတိ ဗြဟ္မစရိယ၊ ၂။ သမဏဗြဟ္မစရိယ၊ ၃။ သာသနဗြဟ္မစရိယ၊ ၄။ မဂ္ဂဗြဟ္မစရိယတို့ ဖြစ်ပါသည်။

သီးခြားမှတ်ရန် ဗြဟ္မစိုရ်တရားလေးပါးကား

၁။ မေတ္တာ၊ သတ္တဝါအားလုံးကို အမျှချစ်ခြင်း။
၂။ ကရုဏာ၊ ဒုက္ခိတ သတ္တဝါအားလုံးကို သနားကျင်နာခြင်း။
၃။ မုဒိတာ၊ သုခိတ သတ္တဝါအားလုံးကို ကြည်သာ ဝမ်းမြောက်ခြင်း။
၄။ ဥပေက္ခာ၊ သတ္တဝါ အားလုံးကို ချစ်-မုန်း မပြု လစ်လျူရှုခြင်းတို့ ဖြစ်ပါသည်။

မေး။ ဗြဟ္မစရိယာ မင်္ဂလာအရ ဗြဟ္မစိုရ် လေးပါးယူခဲ့သော် မေတ္တာပွားများရာ၌ မေတ္တာတရား တစ်ခုတည်းက (၅၂၈)သွယ် မေတ္တာဖြစ်လာပုံကို ဂဏန်းသင်္ချာနည်းဖြင့် တွက်ပြပါ။ (မေးခွန်းဟောင်း)။

ဖြေ။ အနောဓိဿပုဂ္ဂုလ် ၅ ယောက်။
ဩဓိဿပုဂ္ဂိုလ် ၇ ယောက်။
ပေါင်း ၁၂ ယောက်။
အဝေရာဟောန္တု စသော န္တု ၄-ခုဖြင့် မြှောက်။
၄၈
အရပ် ၁၀ မျက်နှာဖြင့် ထပ်မြှောက်
၄၈၀ ဖြစ်၏။
(သတ်မှတ်မှု မရှိသော) မူလမေတ္တာ ၄၈ ထည့်ပေါင်း
၅၂၈ သွယ် မေတ္တာဖြစ်ပါသည်။

(၅၂၈) သွယ် မေတ္တာလင်္ကာ

နောဓိ-ပဉ္စ၊ ဩ-သတ္တဖြင့်၊ ဒွါဒသဟု၊ ပုဂ္ဂိုလ်စုကို န္တုလေးဖြာ၊ မြှောက်ဆင့်ပါမူ၊ ရှစ်ဖြာလေးဆယ်၊ ဂဏန်းကြွယ်၏၊ ၎င်းဆယ်ဖြင့်နောက်၊ ထပ်ဆင့်မြှောက်က မှတ်လောက်လေးရာ ရှစ်ဆယ်ဖြာ၏ ထိုမှာ လေးဆယ်ရှစ်၊ ပေါင်းထည့်စစ်မူ မှတ်လစ် (၅၂၈)သွယ်တည်း။

ရှင်းလင်းချက်။ နောဓိက၊ အနောဓိဿ မရည်မှတ် မပိုင်းခြားသော ပုဂ္ဂိုလ်၊ ပဉ္စက ငါးယောက်။

ငါးယောက်ကား-

၁။ သဗ္ဗေသတ္တာ၊ အားလုံးသော သတ္တဝါတွေ။
၂။ သဗ္ဗေ ပါဏာ၊ အားလုံးသော အသက်ရှိသူတွေ။
၃။ သဗ္ဗေဘူတာ၊ အားလုံးသော ကိုယ်ထင်ရှားဖြစ်သူတွေ။
၄။ သဗ္ဗေပုဂ္ဂလာ၊ အားလုံးသော ပုဂ္ဂိုလ်တွေ။
၅။ သဗ္ဗေအတ္တဘာဝ ပရိယာပန္နာ၊ အားလုံးသော ခန္ဓာအတ္တဘောရှိသူတွေ တို့ဖြစ်သည်။

-က၊ ဩဓိဿ၊ ရည်မှန်းပိုင်းခြားသေ ပုဂ္ဂိုလ်ခုနှစ်ယောက်။

(၇)ယောက်ကား

၁။ သဗ္ဗာ ဣတ္ထိယော၊ အားလုံးသော အမျိုးသမီးတွေ။
၂။ သဗ္ဗေပုရိသာ၊ အားလုံးသော အမျိုးသားတွေ။
၃။ သဗ္ဗေအနရိယာ၊ အားလုံးသော ပုထုဇဉ်တွေ။
၄။ သဗ္ဗေဒေဝါ၊ အားလုံးသော နတ်ဗြဟ္မာတွေ။
၅။ သဗ္ဗေ မနုဿာ၊ အားလုံးသော လူတွေ။
၆။ သဗ္ဗေဝိနိပါတိကာ၊ အားလုံးသော အပါယ်ဘုံသူ၊ ဘုံသားတွေ (တို့-ဖြစ်သည်။)

ဒွါဒသဟု ပုဂ္ဂိုလ်စုကို ပိုဒ်၏ အဓိပ္ပါယ်ကား -

အထက်ပါပုဂ္ဂိုလ်များ ပေါင်းသော် (၁၂)ယောက်ဖြစ်ကြောင်းကို ပြသည်ဟု မှတ်ပါ။

န္တုလေးဖြာ (နတုလေးဖြာ-ဟုဖတ်) ဟူသည်။

၁။ အဝေရာဟောန္တု - ဘေးရန်ကင်းကြပါစေ။
၂။ အဗျာပဇ္ဇာဟောန္တု - စိတ်ဆင်းရဲ ကင်းကြပါစေ။
၃။ အနီဃာဟောန္တု - ကိုယ်ဆင်းရဲ ကင်းကြပါစေ။
၄။ သုခီအတ္တာနံ ပရိဟရန္တု - ကျန်းမာချမ်းသာ ကိုယ်ခန္ဓာ ရွက်ဆောင်နိုင်ကြပါစေ။

မြှောက်ဆင့်ပါမူ ပိုဒ်ဖြင့်။။ ပုဂ္ဂိုလ် (၁၂)ယောက်ကို အထက်ပါ (န္တု)လေး (၄)ခုဖြင့် မြှောက်ရမည်ကို ဆိုသည်။ မြှောက်ရကိန်း (၄၈)ရသည်။ အရပ် (၁၀)မျက်နှာ တစ်မျက်နှာ (၄၈)×၁၀ မျက်နှာ = ၄၈၀- မူလ ၄၈နှင့် ပေါင်းလျှင် (၅၂၈) ဖြစ်သည်ကို သိနားလည်နိုင်လောက်ပေပြီ။ လက်တွေ့ ဤမေတ္တာပို့ ပွားများနည်းအတိုင်း ပွားများအားထုတ် ကြည့်ကြပါဟု တိုက်တွန်းလိုက်ပါသည်။

မေတ္တာသုတ်လာ မေတ္တာ (ဗြဟ္မစိုရ်) ပွားများနည်း

ဧကကပွားနည်း။။ ကြွင်းမဲ့ဥဿုံ၊ လုံးစုံများစွာ၊ သတ္တဝါတို့၊ ကြည်သာအမြဲ၊ ဘေးရန်လွဲ၍၊ ကိုယ်လဲချမ်းသာ၊ စိတ်ချမ်းသာ၊ သာယာအေးမြရှိပါစေ။

ဒုကပွားနည်။။ ကြောက်တတ်-မကြောက်တတ်၊ နှစ်ရပ်ရှိရာ၊ သတ္တဝါ၊ကြည်သာအမြဲ.... စေ။

မြင်ဘူး မမြင်ဘူး၊ နှစ်ဦးရှိရာ၊ သတ္တဝါတို့
နီးနေ၊ ဝေးနေ၊ နှစ်ထွေ၊ ရှိရာ သတ္တဝါတို့
ဖြစ်ပြီး၊ ဖြစ်ရန် အကြောင်းကံကို ရှာကြံ နှစ်ဖြာ သတ္တဝါတို့၊

တိကပွားနည်း။ ရှည် တို အလတ်၊ သုံးရပ်ရှိရာ၊ သတ္တဝါတို့ ကြည်သာအမြဲ ဘေးရန်လွဲ၍ ...
ကြီး ငယ် အလတ် သုံးရပ်ရှိရာ၊ သတ္တဝါတို့...
ဆူ ကြုံ အလတ် သုံးရပ်ရှိရာ သတ္တဝါတို့

ဆူ-ဝသူ၊ ကြုံ -ပိန်သူ၊ အလတ်- မဝ မပိန်အလယ်အလတ်ဖြစ်သူဟု မှတ်ပါ။ (နတ်မောက်ရိပ်သာ ဆရာတော်)

မေတ္တာအကျိုး (၁၁)မျိုး

အိပ် နိုး ချမ်းသာ၊ ယုတ်မာ မမက်၊ ချစ်လျက် လူနတ်၊ စောင့်လတ်နတ်များ၊ မီး သိပ် ဓားတို့၊ ရှောင်းရှားကို်ယ်မှာ၊ လျှင်စွာ စိတ်တည်၊ ရွှင်ကြည်မျက်နှာ၊ သေကာမသွေ၊ လားလေဗြဟ္မာ၊ ဆယ့်တစ်ဖြာသည်၊ မေတ္တာပွားမှု အကျိုးတည်း။

(၃၃) အရိယာသစ္စာန ဒဿန မင်္ဂလာ

အရိယာသစ္စာနံ - အရိယသစ္စာလေးပါးတို့ကို
ဒဿနံ - သိမြင်ရခြင်း။

မေး။ အရိယသစ္စာလေးပါး ရေတွက်ပြပါ။

ဖြေ။ အရိယသစ္စာလေးပါးကား... ၁။ ဒုက္ခအရိယသစ္စာ၊ ၂။ သမုဒယအရိယသစ္စာ၊ ၃။ နိရောဓအရိယသစ္စာ၊ ၄။ မဂ္ဂအရိယသစ္စာတို့ဖြစ်ပါသည်။

မေး။ သဘောအဓိပ္ပါယ်နှင့်တကွ သစ္စာလေးပါး ရှင်းပြပါ။

ဖြေ။

၁။ လောက၌ ဖြစ်မှု၊ ပျက်မှု သင်္ခါရအားလုံးသည် ဆင်းရဲအစစ်ဖြစ်သောကြောင့် ဒုက္ခသစ္စာမည်၏။

၂။ ဖြစ်ပျက်သမျှ သင်္ခါရ ဆင်းရဲအစုအားလုံးသည် ခင်မင်တွယ်တာမှု သမုဒယကြောင့်ဖြစ်သောကြောင့် ခင်မင်တွယ်တာမှု အမှန်သည် သမုဒယသစ္စာမည်၏။

၃။ ဖြစ်ပျက်သမျှ သင်္ခါရ ဆင်းရဲအားလုံး ချုပ်ငြိမ်းရာသည် ငြိမ်အေးမှုအမှန်ဖြစ်သောကြောင့် နိရောဓသစ္စာမည်၏။

၄။ ဖြစ်ပျက်သမျှ သင်္ခါရ ဆင်းရဲအားလုံး၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အမှန်ဖြစ်သောကြောင့် မဂ္ဂသစ္စာမည်၏။

မေး။ သိပယ်ဆိုက်ပွား လေးပါးသစ္စာ ယှဉ်တွဲရှင်းပြပါ။

ဖြေ။

ဒုက္ခသစ္စာ (ပိုင်ပိုင်)သိရမည့်တရား၊ (သိ)

သမုဒယသစ္စာ- ပယ်ရမည့်တရား။ (ပယ်)

နိရောဓသစ္စာ - ဆိုက်ရောက် မျက်မှောက် ပြုရမည့်တရား။ (ဆိုက်)

မဂ္ဂသစ္စာ - (ပွားများအားထုတ်)ရမည့်တရား (ပွား) သိပယ်ဆိုက်ပွား ဤလေးပါး ရောက်ငြား နိဗ္ဗူတာ။

မေး။ အရိယာသစ္စာ ခေါ်ဆိုရခြင်း အကြောင်း ရေးပြပါ။

ဖြေ။ အရိယာပုဂ္ဂိုလ်တို့သည် သိမြင်အပ်သောကြောင့် အရိယသစ္စာဟု ခေါ်ပါသည်။ တနည်း၊ အရိယာအဖြစ်ကို ပြုတတ်သောကြောင့် အရိယာသစ္စာဟု ခေါ်ပါသည်။

မေး။ မဂ္ဂသစ္စာ၏ မဂ္ဂရှစ်ပါး သရုပ်ကို ပါဠိမြန်မာ နှစ်ဘာသာဖြင့် ရေးခဲ့ပါ။

ဖြေ။ မဂ္ဂင်ရှစ်ပါး သရုပ်ကား

၁။ သမ္မာဒိဋ္ဌိ- မှန်သောအယူအမြင်။

၂။ သမ္မာသင်္ကပ္ပ - မှန်သောအကြံ။

၃။ သမ္မာဝါစာ - မှန်ကန်သော စကား။

၄။ သမ္မာကမ္မန္တ - မှန်သော အလုပ်။

၅။ သမ္မာအာဇီဝ - မှန်သောအသက်မွေးမှု။

၆။ သမ္မာဝါယမ - မှန်သော လုံ့လ။

၇။ သမ္မာသတိ - မှန်သော အောက်မေ့မှု။

၈။ သမ္မာသမာဓိ - မှန်သော တည်ကြည်မှုတို့ ဖြစ်ပါသည်။

ဆောင်။ မှန်မြင်၊ မှန်ကြံ၊ မှန်ဝါစံနှင့် အမှန်ပြုရေး၊ မှန်သက်မွေးလျက်၊ မှန်ရေးလုံ့လ၊ မှန်မှတ်ရမ၍ မှန်လှတည်ကြည်၊ မှန်ရှစ်လီသည်၊ ရွှေပြည်နိဗ္ဗာန်ရောက်ကြောင်းတည်း။

(၃၄) နိဗ္ဗာန သစ္ဆိကိရိယာ မင်္ဂလာ

နိဗ္ဗာန-အရဟတ္တဖိုလ် နိဗ္ဗာန်ကို
သစ္ဆိကိရိယာ - မျက်မှောက်ပြုခြင်း။

မေး။ အဘယ်သည် နိဗ္ဗာန်မည်ပါသနည်း။

ဖြေ။ လောဘ-လိုချင်တပ်မက်မှု၊ ဒေါသ-အမျက်ထွက်မှု၊ မောဟ-မသိမှုတို့ ကုန်ခန်းချုပ်ပျောက်ခြင်းသည် နိဗ္ဗာန်မည်ပါသည်။

တနည်း။ ရာဂ-ဒေါသ-မောတို့ ကုန်ခန်း ချုပ်ပျောက် မရှိတော့ခြင်းသည်၊ နိဗ္ဗာန်မည်ပါသည်။

တနည်း။ ရာဂ-ဒေါသ-မောဟ-ဇာတိ-ဇာရာမရဏသောကပရိဒေဝဒုက္ခဒေါမနဿဥပါယာသဟူသော (၁၁)မီးတို့ ငြိမ်းအေးခြင်းသည် နိဗ္ဗာန်မည်ပါသည်။

(၃၅) ဖုဋ္ဌဿ လောကဓမ္မေဟိ စိတ္တံ ယဿ န ကမ္ပတိ မင်္ဂလာ

လောကဓမ္မေဟိ - လောကဓံတရား ရှစ်ပါးတို့နှင့်
ဖုဋ္ဌဿ-တွေ့ကြုံသော
ယဿ-အကြင် ရဟန္တာပုဂ္ဂိုလ်၏
စိတ္တံ-စိတ်သည်
နကမ္ပတိ-မတုန်လှုပ်ခြင်း။

မေး။ လောကဓံ တရားရှစ်ပါးကို ပါဠိ မြန်မာနှစ်ဘာသာဖြင့် ရေးပြပါ။

ဖြေ။ လောကဓံတရား ရှစ်ပါကား

၁။ လောဘော-လာဘ်ရခြင်း။

၂။ အလောဘော-လာဘ်မရခြင်း။

၃။ ယသော-အခြံအရံ များခြင်း။

၄။ အယသော-အခြံအရံ မရှိခြင်း။

၅။ နိန္ဒာ-ကဲ့ရဲ့ခြင်း။

၆။ ပသံသာ-ချီးမွမ်းခြင်း။

၇။ သုခံ-ချမ်းသာခြင်း။

၈။ ဒုက္ခံ-ဆင်းရဲခြင်းတို့ ဖြစ်ပါသည်။

(၃၆) အသောကံ မင်္ဂလာ

သောက-စိုးရိမ်ကြောင့်ကြခြင်း။
-မရှိ။

မေး။ စိုရိမ်းကြောင့်ကြခြင်းကို ပါဠိလို ဘယ်လိုခေါ်ပါသနည်း။

ဖြေ။ စိုးရိမ်ကြောင့်ကြခြင်းကို ပါဠိလို သောကဟု ခေါ်ပါသည်။ သောကဖြစ်စရာ အချက်များ ကား--

၁။ ဉာတိဗျသန၊ ဆွေမျိုးများ ပျက်စီးခြင်း။

၂။ ဘောဂဗျသန၊ စည်းစိမ်းဥစ္စာပျက်စီးခြင်း။

၃။ ရောဂဗျသန၊ ရောဂါနှိပ်စက် ဖျက်ဆီးခြင်း။

၄။ သီလဗျသန၊ ကိုယ်ကျင့်သီလပျက်စီးခြင်း။

၅။ ဒိဋ္ဌိဗျသန၊ အယူအမြင် ပျက်စီးခြင်းတို့ ဖြစ်ပါသည်။

အမှာ။ ဤငါးပါးကို ဗျသနာတရားငါးပါးဟုလည်း ခေါ်ပါသည်။

(၃၇) ဝိရဇံ မင်္ဂလာ

ရဇ-ကိလေသာဟူသော ရမ္မက်မြူ၊
ဝိ-ကင်းခြင်း မရှိခြင်း။

မေး။ ကိလေသာ တရား (၁၀)ပါး ရေတွက်ပြပြီးတစ်ထောင်ငါးရာ (၁၅၀၀) ကိလေသာဖြစ်ပုံကိုလည်း သင်္ချာနည်း အကျဉ်းရေတွက်ပြပါ။ (မေးခွန်းဟောင်း)

ကိလေသာ (၁၀)ပါးကား

လောဘဒေါသမောဟမာနဒိဋ္ဌိဝိစိကိစ္ဆာထိနဥဒ္ဓစ္စအဟီရိကအနောတ္တပ္ပတို့ ဖြစ်ပါသည်။

တစ်ထောင့်ငါးရာ (၁၅၀၀) ကိလေသာဖြစ်ပုံကား

နာမ်တရား ၅၃

နိပ္ဗန္နရုပ် ၁၈

လက္ခဏရုပ် ၄ ပေါင်းသော်

၇၅ ဖြစ်၏။ ၎င်းကို

အဇ္ဈတ္တဗဟိဒ္ဓသန္တာန် ၂ ဖြင့် မြှောက်သော်

၁၅၀ ဖြစ်၏။ ၎င်းကို

အထက်က ကိလေသာ ၁၀ပါးဖြင့် မြှောက်သော်

၁၅၀၀ ကိလေသာဖြစ်ပါသည်။

(၃၈) ခေမံ မင်္ဂလာ

ခေမံ- ဘေးရန် မရှိခြင်း။

ရဟန္တာပုဂ္ဂိုလ် အရှင်မြတ်တို့အား (ယောဂ)လေးပါးတည်းဟူသော အန္တရာယ်တို့မှ ကင်းလွတ်သည်ဖြစ်၍ ဘေးရန် မရှိတော့ခြင်းကြောင့် ခေမံ မင်္ဂလာဖြစ်သည်။

မေး။ ရဟန္တာပုဂ္ဂိုလ်၏ စိတ်သဘောထား ရေးခဲ့ပါ။

ဖြေ။ ရဟန္တာပုဂ္ဂိုလ်၏ စိတ်သဘောထားသည် လောကဓံ တရားရှစ်ပါးတို့နှင့် တွေ့ကြုံသော်လည်း တုန်လှုပ်ခြောက်ချားခြင်း မရှိ၊ စိုးရိမ်ကြောင့်ကြခြင်း မရှိပါ။

မေး။ ဧတာဒိသာနိ ကတွာန ချီသော မင်္ဂလာ အကျိုးပြဂါထာ၏ အဓိပ္ပါယ်ကို ရေး၍ မင်္ဂလာအကျိုးပြ ကဗျာဖြင့် ပြအပ်သော အကျိုးတရားများကိုလည်း ထုတ်ပြဖြေဆိုခဲ့ပါ။

ဖြေ။ ဤ(၃၈)ဖြာမင်္ဂလာတို့ကို လက်တွေ့ ကျင့်သုံးကြပါလျှင် အတွင်းအပ ရန်ဟူသမျှ မိမိက အနိုင်ရခြင်း၊ နေရာတိုင်း (ဘဝတိုင်း)မှာ ကြီးပွားချမ်းသာခြင်း ဟူသော အကျိုးများကို ရရှိနိုင်ပါသည်။

မင်္ဂလာအကျိုးပြကဗျာဖြင့် ပြအပ်သော အကျိုးများကား (၃၈) မင်္ဂလာတို့ကို ပန်းကုံး အသွင် လက်တွေ့လိုက်နာ ကျင့်သုံးခြင်းဖြင့် ပန်ဆင်ကြပါလျှင် စီးပွားဥစ္စာ တိုးတက်မည်။
ကြီးပွားချမ်းသာမည်။
ကျက်သရေတိုးမည်။
ဘေးရန်ကင်းမည်။
ချစ်သူခင်သူ ပေါမည်။
ကိုယ်စိတ်နှစ်ဖြာ ချမ်းသာမည်။
ပြောဆိုတိုင်း၊ ကြံတိုင်း လုပ်ဆောင်သမျှ တွေမှာ ကိန်းသေမုချ အောင်ရမည်ဟု ပြဆိုထားပါသည်။

မေး။ လူသာမာန်တို့နှင့် မသက်ဆိုင်သော မင်္ဂလာငါးပါး ရေးခဲ့ပါ။

ဖြေ။

၁။ နိဗ္ဗာနသစ္ဆိကိရိယာ စ၊
၂။ ဖုဋ္ဌဿ လောကဓမ္မေဟိစိတ္တံ ယဿ န ကမ္ပတိ
၃။ အသောကံ
၄။ ဝိရဇံ
၅။ ခေမံတို့ ဖြစ်ပါသည်။

အမှာ။ အကျိုးမင်္ဂလာ (၅)ပါး ရေးခဲ့ပါဟု မေးလျှင်လည်း အထက်ပါ (၅)ပါးကို ရေးပါ။
အကျိုးမင်္ဂလာကို ထောက်ဆ၍ အကြောင်း မင်္ဂလာ (၁ မှ ၃၃အထိ) ဖြစ်သည်ကိုလည်း သိပါလေ။

မေး။ ၃၈-ဖြာ မင်္ဂလာကို လောကီမင်္ဂလာ၊ လောကုတ္တရာမင်္ဂလာ ခွဲခြားပြပါ။

ဖြေ။

၁ မှ ၃၂-ထိ လောကီမင်္ဂလာ (၃၂)ပါး။

၃၃ မှ ၃၈-ထိ လောကုတ္တရာမင်္ဂလာ (၆)ပါး ဖြစ်ပါသည်။

မေး။ (၃၈)ဖြာမင်္ဂလာကို ပဌမ၊ ဒုတိယ၊ တတိယ -အရွယ်သုံးပါး ပိုင်းခြားပြပါ။

ဖြေ။

ပဌမအရွယ် ၁ မှ ၁၀-အထိ (၁၀)ပါး။

ဒုတိယအရွယ် ၁၁ မှ ၂၁-အထိ (၁၁)ပါး။

တတိယအရွယ် ၂၂ မှ ၃၈-အထိ (၁၇)ပါးတို့ ဖြစ်ပါသည်။

အမှာ။ ပညာ ဥစ္စာ၊ ဘာဝနာ ဟူသော စကားအရလည်း အထက်ပါအတိုင်း သိပါလေ။
အချို့က ပဌမအရွယ် ၁ မှ ၁၀-ထိ (၁၀)ပါး။
ဒုတိယအရွယ် ၁၁ မှ ၂၆-ထိ (၁၆)ပါး။
တတိယအရွယ် ၂၇ မှ ၃၈-ထိ (၁၂)ပါး ဖြစ်သည်ဟု ခွဲကြသည်။

မေး။ (၃၈)ဖြာ မင်္ဂလာ ဟောကြားတော်မူသည့်အဆုံးမှာ ကျွတ်တမ်းဝင်ကြသော ပုဂ္ဂိုလ်အရေအတွက် ကျမ်းလာအတိုင်း ဖြေဆိုခဲ့ပါ။

ဖြေ။ (၃၈)ဖြာ မင်္ဂလာ ဒေသနာကို ဟောကြားတော်မူသည့်အဆုံး၌ ကုဋေတစ်သိန်းသော နတ်တို့သည် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကြကုန်၏။ သောတာပန် သကဒါဂါမ် အနာဂါမ် ဖြစ်ကြကုန်သော နတ်တို့သည် မရေမတွက်နိုင်ဟု အဋ္ဌကထာ၌ မိန့်ဆိုလာရှိပါသည်။

မင်္ဂလာပရိယာယ် ဉာဏ်စွမ်း လေ့ကျင့်ခန်း

အောက်ပါ စကားတို့၌ အဘယ်မင်္ဂလာများ ပြည့်စုံ (သို့မဟုတ်) ပျက်သနည်း။

အချိန်မှန်မှန် စာကြိုးစားသူ(O)
လမ်းသရဲနှင့် ပေါင်းသူ(O)
အပြောအဆို ရိုင်းစိုင်းသူ(O)၁၀
မိဖ ဘိုးဘွား ဆရာသမားများ ကန့်တော့သူ (O)
အနေအထိုင် မတတ်သူ(O)
လူတော် လူကောင်းနှင့် ပေါင်းသူ(O)
ဆရာကောင်း သမားကောင်း ဆည်းကပ်သူ(O)
စိတ်ကောင်းထားသူ(O)
ရုပ်ရည်လှပသူ(O)
ဉာဏ်ကောင်းသူ(O)
ပစ္စည်းဥစ္စာ ပေါများသူ(O)
စကားတတ်သူ(O)၁၀
ပျော်ရာမနေ တော်ရာမှာ နေသူ(O)
အသိပညာရှင်(O)
အတတ်ပညာရှင်(O)
နေ့စဉ် သတင်းစာဖတ်သူ(O)
စက်ချုပ် ဇာထိုး ပန်းထိုးတတ်သူ(O)
ပန်းချီပန်းပု ပညာတတ်သူ(O)
ကျောင်းစည်းကမ်း ရိုသေသူ(O)
တရားဥပဒေ ရိုသေသူ(O)၉-၂၂
မိဘကို အကူအညီပေးသူ(O)၁၁
ဝေယျာဝစ္စ ဆောင်ရွက်သူ(O)၁၇
နေပုံ ထိုင်ပုံ စနစ်ရှိသူ(O)
အပြောအဆို ယဉ်ကျေးသူ(O)၁၀
အလုပ်ဝတ္တရား အချိန်မှန် ကြိုးစားသူ(O)၁၃
အကျင့်စာရိတ္တ ပျက်သူ(O)၁၈၊၁၉၊၂၀
လာဘ်ပေးသူ(O)၁၃၊၉
လာဘ်ယူသူ၊ လာဘ်စားသူ(O)၉၊၂၄
အရက်သောက်၊ ဘိန်းစားသူ
လမ်းသရဲ(O)၆၊၉၊၂၈
အပြောဆိုးသူ(O)၁၀
အဂတိလိုက်စားသူ(O)၆၊၉၊၁၅၊၂၄၊၂၇
နွားကို ခိုင်းပြီးမှ သတ်စားသူ(O)၂၅
ဆရာမိဘကို မရိုသေသူ(O)၂၂
ဆုံးမစကား လိုက်နာသူ(O)၂၈
ကုသိုလ်ပြုရန် နေ့စဉ် အမှတ်ရသူ(O)၂၁
သဘောထားကြီးသူ(O)၂၇
ရန်ဖြစ်တတ်သော ကျောင်းသား(O)၂၇
စာမသင်ချင်သော ကျောင်းသား(O)
ကျောင်းပြေး ကျောင်းလစ်သူ(O)၆၊၇၊၈၊၉
အများအကျိုး ဆောင်ရွက်သူ(O)၁၇
ကျောင်းမှန်မှန်တက်သူ(O)
ဆရာမိဘစကား နားမထောင်သူ(O)၂၈
မတရားနည်းဖြင့် ပစ္စည်း မလိုချင်သူ(O)၁၃၊၂၄
သူတစ်ပါး စွပ်စွဲကဲ့ရဲ့ ဆဲရေးခြင်းကို ခံနိုင်သူ(O)၂၇
ဆုံးမရခက်သူ အဆုံးအမ မခံသူ(O)၂၈
စိတ်ဆိုးတတ်သူ(O)၂၇
သတိတရား လက်ကိုင်ထားသူ(O)၂၁
ငါးပါးသီလမြဲသူ(O)၁၈၊၁၉၊၂၀
မကောင်းမှုမှ ရှောင်ကြဉ်သူ(O)၁၈၊၁၉
ကျေးဇူးသိတတ် မမေ့တတ်သူ(O)၂၅
မာန်မာန မရှိသူ(O)၂၃
ဝင့်ဝါပလွှားခြင်းကင်းသူ(O)၂၃
လောဘကြီးသူ(O)၂၄
ဒေါသကြီးသူ(O)၂၇
မာနကြီးသူ(O)၂၃
လူလိမ် လူညာ(O)၁၀၊၁၅၊၁၈၊၁၉၊
ပရိသတ်ထဲ ကိုးယိုးကားထိုင်သူ(O)
မိဖကို အမျိုးမျိုး ပူဆာသူ(O)၂၄
ဆောင့်ကြွားကြွားနိုင်သူ၊ ဘဝင်မြင့်သူ(O)၂၃
ဝင့်ဝါပလွှား ခြေဖျားထောက်သူ(O)၂၃
ကိုယ့်ကိုယ်ကို အထင်းကြီးနေသူ(O)၂၃
ညစဉ် ဘုရားရှိခိုးသူ(O)၃၊၂၁
နေ့စဉ် သံဃာဆွမ်းလောင်းသူ(O)၁၄
သမ္မာအာဇိဝဖြင့် အသက်မွေးသူ(O)၁၃
ကိုယ့်လူမျိုးမျိုး အချင်းချင်း ရိုင်းပင်းကူညီသူ(O)၁၆
ဥပုသ်စောင့်သူ(O)၁၈၊၁၉၊၂၀၊၃၁၊၃၂
တရားအားထုတ်သူ(O)၃၂
မေတ္တာပွားများနေသူ(O)၃၂
သက်သက်လွတ်စားသူ(O)၃၁
ပုတီးစိတ်သူ(O)၃၁
စည်းကမ်းရှိသူ(O)
ဇွဲသတ္တိမရှိသူ(O)၂၇၊၁၁
သစ္စာဖောက်တတ်သူ(O)၁၅၊၂၅
အပျော်အပါး ဝါသနာပါလွန်းသူ(O)၂၁၊၃၁
ဖြစ်သလို နေတတ် စားတတ်သူ(O)၂၄
ဖြစ်ကတတ်ဆန်း နေတတ် စားတတ်သူ
အမိအဖကို လုပ်ကျွေးပြုစုသူ(O)၁၁
သားမယားကို တရားသဖြင့် ရှာကျွေးသူ(O)၁၂
သီလရှိသူ(O)၁၈၊၁၉၊၂၀၊၃၁၊၃၂
ကျေးဇူးရှင်(O)၁၂၊၁၄၊၁၆၊၁၇
ပညာရှင်(O)၇၊၈၊၃၃
ဘုန်းကံရှင်(O)
အဝေဖန် မခံတတ်သူ(O)၂၇၊၂၈
သူတော်ကောင်း(O)၁၅
အကြံပေး၍ လွယ်သူ(O)၂၈
အမှားကို ဝန်ခံတတ်သူ(O)၂၈
သမာသမတ်ရှိသူ(O)၃၂
ကမ္မဋ္ဌာန်းထိုင်သူ(O)၁၅
သားသမီးမဆုံးမသော မိဖ(O)၁၂
မိဖမလုပ်ကျွေးသော သားသမီး(O)၁၁
အလုပ်ပျင်းသော ယောက်ျား(O)၁၃
ဆွေမျိုးများ ပြစ်ပယ်ထားသူ(O)၁၆
လူထုအကျိုး ဆောင်ရွက်သူ(O)၁၇
တိုင်းပြည်အတွက် လုပ်အားပေးသူ(O)၁၇
မိမိကိုယ်ကို ကောင်းအောင်ကြိုးစားသူ(O)
မိမိအတန်း မိမိကျောင်း ကောင်းအောင် ကြိုးစားသူ(O)၆၊၁၇
အကျင့်စာရိတ္တကောင်းသူ(O)၁၈၊၁၉၊၂၀
ပြည်သူပိုင် ပစ္စည်းဖျက်ဆီးသူ(O)၆၊၉၊၁၅၊၁၇
လူလိမ်ခံရသူ(O)-ချို့တဲ့

လမ်းသရဲ ဂျပိုးသူခိုးနှင့် ပေါင်ခြင်း(O)
ပညာလည်းတော် စိတ်ကောင်းလည်း ရှိသူနှင့် ပေါင်းခြင်း(O)
လူဆိုးလူမိုက် ဒုစရိုက်အိုးတို့ကို ဝိုင်းပယ်ခြင်း(O)
မိတ်ဆွေကောင်းရှိခြင်း(O)
ထကြွလုံ့လ ဝီရိယရှိခြင်း(O)
ပြည်သူ့နီတိကို တတ်သိနားလည်ခြင်း(O)
ပညာကို ကြိုးစားသင်ယူခြင်း(O)၆၊၇၊၈
စာကြိုးစား သင်ယူခြင်း(O)၆၊၇
စီးပွားကို ကြိုးစားရှာခြင်း(O)၁၃
ငါးပါးသီလ စောင့်ထိန်းခြင်း(O)၁၈၊၁၉၊၂၀
၈-ပါးသီလထိန်းခြင်း၊ ဥပုသ်စောင့်ခြင်း(O)၁၈၊၁၉၊၂၀၊၃၁၊၃၂
ပျော်ရာမှာ မနေ တော်ရာမှာ နေခြင်း(O)
အနေအထိုင်တတ်ခြင်း(O)
အပြောအဆို တတ်ခြင်း(O)၁၀
ဂုံးချောခြင်း ဂုံးတိုက်ခြင်း(O)၁၀၊၁၅၊၁၈၊၁၉
ဆဲရေးခြင်း(O)၁၀၊၁၅၊၁၈၊၁၉
အတင်းအဖျင်းပြောခြင်း ၁၀၊၁၅၊၁၈၊၁၉
မာနကြီးခြင်း(O)၂၃
လောဘမကြီးခြင်း(O)၂၄
ဒေါသမကြီးခြင်း(O)၂၇
အနေအထိုင် ယဉ်ကျေးခြင်း(O)
ကျေးဇူးသိတတ်ခြင်း(O)၂၅
အပြောအဆို ချိုသာခြင်း(O)၁၀
လူထုအကျိုးဆောင်ရွက်ခြင်း(O)၁၇
ယုတ်မာမှုမှ ရှောင်ကြဉ်ခြင်း(O)၁၈၊၁၉
အရက်သမား၊ ဖဲသမားပေါသော အရပ်၌ နေထိုင်ခြင်း(O)
ဆရာမိဖကို ရိုသေခြင်း(O)၂၂
အများအကျိုးဆောင်ခြင်း(O)၁၇
မျှတစွာ ကျင့်ကြံပြောဆို ပြုလုပ်ခြင်း(O)၁၅
တရားမျှတသေ အကျင့်ကို ကျင့်ခြင်း(O)၁၅
မတရား မလုပ်ခြင်း(O)၁၅
မယုတ်မာခြင်း(O)၁၈၊၁၉
တရားသဖြင့် စီးပွါးရှာခြင်း(O)၁၃
ညစဉ် ဘုရားရှိခိုးခြင်း(O)၃၊၂၁
စာပေပညာ သင်ကြားခြင်း(O)
လက်မှုပညာသင်ခြင်း(O)
ကိုယ်ကျင့်တရား ကောင်းခြင်း(O)၁၈၊၁၉၊၂၀
သက်သက်လွတ်စားခြင်း(O)၃၁
ပုတီးစိတ်ခြင်း(O)၃၁
တရားအားထုတ်ခြင်း၃၂
ကမ္မဋ္ဌာန်းထိုင်းခြင်း၃၂
မေထုန်မှ ရှောင်ခြင်း(O)၃၂
စည်းကမ်းရှိခြင်း၊ တာဝန်သိခြင်း(O)
ုအလုပ်တာဝန်ကို ရိုသေခြင်း(O)၁၃
သူတစ်ပါးအပြစ်ကို ခွင့်လွတ်တတ်ခြင်း(O)၂၇
မကောင်းမှုကို မပြုလုပ်ခြင်း(O)၁၈၊၁၉
သီလဆောက်တည်ခြင်း(O)၁၈၊၁၉၊၂၀၊၃၁၊၃၂
မိမိကိုယ်ကို လူတော်လူကောင်း ဖြစ်အောင် ကြိုးစားခြင်း(O)
အပြစ်ကင်းသော အလုပ်ကို လုပ်ခြင်း(O)၁၇
အလုပ်ကို သေသေသပ်သပ်လုပ်ခြင်း(O)၁၃
လူလူချင်း လေးစားခြင်း(O)၂၂
မာန်မာန မထားခြင်း(O)၂၃
ရသင့်သည်ထက် ပို မလိုချင်ခြင်း(O)၂၄
အမှားကို ဝန်ခံလွယ်ခြင်း(O)၂၈
တိုင်းပြည်အတွက် လုပ်အားပေးခြင်း(O)၁၇
ရပ်ရွာ ကျောင်းသန့်ရှင်းရေး လုပ်ခြင်း(O)၁၇
ဘုရားဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်း(O)၃၊၁၄
အာစရိယ ပူဇော်ပွဲလုပ်ခြင်း(O)
မိကောင်း ဖခင်သားသမီးဖြစ်ရခြင်း(O)
အဆင်းလှခြင်း(O)
ကိုယ့်ကိုယ်ကို တန်ဖိုးထားခြင်း၊ ထိန်းသိမ်းခြင်း(O)
ကြီးသူကို ရိုသေခြင်း(O)၂၂
ရွယ်သူကို လေးစားခြင်း(O)၂၂
ငယ်သူကို သနားခြင်း(O)၂၇
ကျန်းမာရေး မှန်မှန် လေ့ကျင့်ခြင်း(O)
နေ့စဉ် သတင်းစာဖတ်ခြင်း(O)
သူငယ်ချင်းက ဆဲသော်လည်း ပြန်မဆဲခြင်း(O)၂၇
ဆင်းရဲသော ဦးလေးအား ပုဆိုးအကျႌဝယ်ပေးခြင်း(O)၁၄
ပဲပြုတ်ရလျှင် ပဲပြုတ်နှင့်သာ စားခြင်း(O)၂၄
မုံ့ဖိုး တစ်ကျပ်ရလျှင် တမတ်သာစားခြင်း(O)၂၄
အိပ်ရာဝင် အိပ်ရာထ ဘုရားရှိခိုးရန် မမေ့ခြင်း(O)၂၁
ရဟန်းသံဃာမြင်လျှင် လက်အုပ်ချီခြင်း(O)၂၂၊၂၃
ဘုရားရုပ်ပွားမြင်လျှင် ဖိနပ်ချွတ်ခြင်း(O)၂၂
ကိုယ့်လူမျိုးအချင်းချင်း ကူညီရိုင်းပင်းခြင်း(O)၁၆
မရှိဆင်းရဲသူတို့အား အဝတ်အထည် စာအုပ် ခဲတံလှူခြင်း(O)၁၄
ဝင့်ဝါးပလွှားမှု မရှိခြင်း(O)၂၃
မိဖအား အကူအညီပေးခြင်း(O)၁၁
တစ်ကိုယ်ကောင်း မဆန်ခြင်း(O)
သူတစ်ပါး နှမသားချင်းကို မစ မနောက်ပြောင်ခြင်း(O)
ကျောင်းမှန်မှန်တက် စာမှန်မှန်ကျက်ခြင်း(O)
ကိုယ်ချင်းစာခြင်း(O)
စိတ်ကောင်းထားခြင်း(O)
အိပ်ယာမှ အချိန်မှန်မှန်မှန်ထခြင်း၊ အချိန်မှန်မှန် အိပ်ခြင်း(O)
သွားရင်း လာရင်း ဆင်းရဲဒုက္ခရောက်သူများအား ကူညီခြင်း(O)၁၇
မေတ္တာပွားများခြင်း(O)၃၂
မျက်နှာမလိုက် ဘက်မလိုက်ခြင်း(O)၁၅
အကျင့်စာရိတ္တကောင်းခြင်း(O)၁၈၊၁၉၊၂၀
ကိုယ်ကျင့်တရားပျက်ခြင်း(O)၁၈၊၁၉၊၂၀
ပညာရှင် ဆရာများထံ၌ ကျောင်းသူ ကျောင်းသားများ ပညာသင်ယူခြင်း(O)၂၊၇၊၈
အလုပ်ကိစ္စ မခိုမကပ် လုပ်ကိုင်ခြင်း(O)၁၃
စံပြကျောင်းသား ရွေးချယ်ရ၌ ရွေးချယ်သင့်သူကိုသာ ရွေးချယ်ခြင်း(O)
ဆွေးနွေးပွဲလုပ်ခြင်း(O)၃၀
ဆရာမိဘကို ကန့်တော့ခြင်း(O)
နေ့စဉ် ဆွမ်းလောင်းခြင်း(O)၁၄
ဘတ်စကားပေါ်၌ ရဟန်း သံဃာနှင့် သက်ကြီးရွယ်အိုတို့အား မိမိနေရာမှ ထပေးခြင်း(O)၉၊၁၄၊၂၂
ချွေတာ စုဆောင်ခြင်း(O)၂၄၊၃၁
အသုံးအဖြုန်းကြီးခြင်း(O)၂၄၊၃၁
ပွဲလမ်းသဘင်ကို မကြည့်ရှုခြင်း(O)၃၁
ရဟန်း သံဃာ ကြုံလာပါက အမြင့်မှ ဆင်း၍ ပေးခြင်း(O)၉၊၂၂၊၂၃
ငါ့ကို အကြောင်းပြု၍ သူတစ်ပါး စိတ်နှလုံး ကောင်းကြပါစေဟူသော စိတ်မျိုး အမြဲထားခြင်း(O)