ဗောဇ္ဈင်တရားတော်
ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး
ဟောကြားတော်မူအပ်သော
ဗောဇ္ဈင်တရားတော်
▬▬▬▬▬▬▬
မာတိကာ
၁။ သတိ သမ္ဗောဇ္ဈင် တရားတော်
၂။ ဓမ္မဝိစယ သမ္ဗောဇ္ဈင် တရားတော်
၃။ ဝီရိယ သမ္ဗောဇ္ဈင် တရားတော်
၄။ ပီတိ သမ္ဗောဇ္ဈင် တရားတော်
၅။ ပဿဒ္ဓိ သမ္ဗောဇ္ဈင် တရားတော်
၆။ သမာဓိ သမ္ဗောဇ္ဈင် တရားတော်
၇။ ဥပေက္ခာ သမ္ဗောဇ္ဈင် တရားတော်
“ဗောဇ္ဈင်တရားတော်”
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
၁၃၂၃-ခု (ဒု) ဝါဆိုလဆန်း (၈) ရက်နေ့ ဟောကြားသော
သတိသမ္ဗောဇ္ဈင် တရားတော်
▬▬▬▬▬▬▬▬▬▬▬▬
သစ္စာလေးပါး သိမှု၏ အစိတ်အပိုင်းကိုလဲ ဗောဇ္ဈင်ဟု ခေါ်သည်၊ (၃-ဆို)
အဲဒီ သစ္စာလေးပါး သိမှုရဲ့ အကြောင်း အင်္ဂါဖြစ်တဲ့ တရားတွေ သစ္စာလေးပါး သိမှုရဲ့ အစိတ်အပိုင်း ဖြစ်တဲ့ တရားတွေ အဲဒီတရားတွေဟာ ဗောဇ္ဈင်တရား၊ ဒီဗောဇ္ဈင်တရားတွေကို သဘောတရား အနေအားဖြင့် ရှုပြီးတော့ ဓမ္မာနုပဿနာဟာ ဘယ်ပုံ ဘယ်နည်း ဖြစ်ပါသလဲလို့ မြတ်စွာဘုရားက မေးပြီးတော့ ဓမ္မာနုပဿနာ ဖြစ်ပုံကို ဟောတယ်၊ တစ်နေ့က တစ်ပုဒ်တော့ပြီး သွားပါပြီ။
ဘိက္ခဝေ - ရဟန်းကို၊
ဣဓ - ဤသာသနာတော်၌၊
ဘိက္ခု - သံသရာဘေးကို ရှုမြင်သော ပုဂ္ဂိုလ်သည်၊
သန္တံဝါ အဇ္ဈတ္တံ - အဇ္ဈတ္တ ကိုယ်တွင်း သန္တာန်၌၊
သန္တံဝါ သတိသမ္ဗောဇ္ဈင်္ဂံ - ထင်ရှားရှိသော သတိသမ္ဗောဇ္ဈင်ကိုလည်း၊
မေ - ငါ၏၊
အဇ္ဈတ္တံ - ကိုယ်တွင်းသန္တာန်၌၊
သတိ သမ္ဗောဇ္ဈင်္ဂေါ - သတိသမ္ဗောဇ္ဈင်သည်၊
အတ္ထိ - ရှိ၏၊
ဣတိ - ဤသို့၊
ပဇာနာတိ - သိ။
မိမိသန္တာန်မှာ သတိသမ္ဗောဇ္ဈင် ရှိရင် ဖြစ်ရင်ဖြစ်တယ်၊ ရှိမှန်းဖြစ်မှန်း သိတယ်၊ သတိလေးရှိရင် ရှိမှန်းသိတယ်၊ သတိ မရှိလို့ ရှိရင်လဲ မရှိမှန်းသိတယ်၊ ဒါပါပဲ၊ မရှုမှတ်ဘဲနဲ့နေတဲ့ ပုဂ္ဂိုလ်တွေမှာတော့ သတိ အမြဲ မရှိနေတာပါပဲ၊ အမြဲမရှိနေတဲ့ဥစ္စာမှာ သတိသမ္ဗောဇ္ဈင် မရှိဘူး၊ သတိသမ္ဗောဇ္ဈင် မရှိဘူးလို့ ဒီလို ဆိုနေရုံနဲ့တော့ ဒီဓမ္မာနုပဿနာ ဖြစ်မှာ မဟုတ်ဘူး၊ ဒီလို ဆိုနေတာနဲ့ ဗောဇ္ဈင်က ရောက်လာမှာမဟုတ်ဘူး၊ လိုရင်းကတော့ ရှုနေရင်း ယောဂီပုဂ္ဂိုလ်မှာ ရှုနေရင်း သတိသမ္ဗောဇ္ဈင် ဖြစ်တဲ့အခါ ဖြစ်မှန်း သိရတယ်၊ မဖြစ်ရင်လဲ မဖြစ်မှန်း သိရမယ်၊ ရှုနေရင်တော့ အမြဲတမ်း ဖြစ်နေတာပေါ့။ မှတ်တိုင်းမှတ်တိုင်း သတိ သမ္ဗောဇ္ဈင်တွေ ဖြစ်နေတယ်။
အဲ-တစ်နေ့က ပြောတဲ့အတိုင်း ဒီဗောဇ္ဈင်တရားဟာ ဘယ်က စဖြစ်တုံးဆို ဥဒယဗ္ဗယဉာဏ် ဥဒယဗ္ဗယဉာဏ်က စဖြစ်တယ်တဲ့၊ ဥဒယဗ္ဗယဉာဏ်က စပြီးတော့ဖြစ်တယ်၊ ဥဒယဗ္ဗယဉာဏ် မရောက်သေးလို့ရှိရင် မဖြစ်သေးဘူး၊ ပထမစပြီး ရှုကာစ ပုဂ္ဂိုလ်နာမ်နဲ့ ရုပ်သဘောလေး သိရုံပဲ ရှိသေးတယ်၊ သဘော သိအောင်တောင် အင်မတန် ရှုရပါတယ်၊ အစက တော်တော်နဲ့ကို မသိဘူး၊ အဲမှတ်တိုင်း မှတ်တိုင်း နာမ်ရုပ်ရဲ့ သဘောလေးတွေ သိတဲ့အခါ နာမရူပပရိစ္ဆေဒဉာဏ် ဖြစ်တယ်၊ အကြောင်း အကျိုးပါ ဆက်ပြီးတော့ သိတဲ့အခါ ပစ္စယပရိဂ္ဂဟဉာဏ် ဖြစ်တယ်၊ အဲဒီမှာ အဖြစ်အပျက်က မသိသေးဘူး၊ မသိသေးတော့ အဲဒီမှာ ဆိုလို့ရှိရင်ဖြင့် ဗောဇ္ဈင်တရားတွေ မရသေးဘူးလို့ ဆိုရမှာပေါ့။
နောက် သမ္မသနတို့၊ ဥဒယဗ္ဗယတို့ အဲဒီကနေပြီးတော့ အဖြစ်အပျက်တွေ သိတယ်၊ အဲဒီအဖြစ်အပျက်တွေ သိတာက စပြီးတော့ ဗောဇ္ဈင်တရားတွေ ရလာတယ်၊ ဗောဇ္ဈင်လို့ နာမည် ရလာတယ်၊ နာမရူပပရိစ္ဆေဒတောင် မရောက်သေးတဲ့ ပုဂ္ဂိုလ်တွေလဲ ရှိတယ်၊ တရားလုံးလုံး အားမထုတ်ဘဲနေတဲ့ ပုဂ္ဂိုလ်တွေ၊ အဲဒါက ဗောဇ္ဈင်က မရဘူး၊ သူ့မှာ ဗောဇ္ဈင် မရှိဘူး၊ နာမ်ရုပ်ကို တောင် ပိုင်းခြား မသိဘဲနဲ့ ဘာဝနာအလုပ်ကို လုံးလုံး အားမထုတ်ဘဲနဲ့နေတဲ့ ပုဂ္ဂိုလ်တွေ သန္တာန်မှာ ဗောဇ္ဈင် ၇-ပါး တရားတွေ ဒါမရှိ၊ ရတယ်လို့ မဆိုနိုင်ဘူး၊ အဋ္ဌကထာဆရာက “အာရဒ္ဓ ဝိပဿက တော ပဋ္ဌာယ” တဲ့ အာရဒ္ဓဝိပဿက ပုဂ္ဂိုလ်အဖြစ်က နေပြီးတော့ စ, ရမယ်တဲ့၊ ဗောဇ္ဈင်က သစ္စာ ၄-ပါး တရားသိတာက အဲဒီက စ,သိတာတဲ့၊ ဆိုလိုပါတယ်။
ဒါပေမယ်လို့ သူနဲ့နီးစပ်တဲ့ အတွက်ကြောင့် နာမ်ရုပ်ပိုင်းခြား သိတာလဲ အကြောင်းဖြစ်လို့ သူတို့လဲ ထည့်ပြီးတော့ ယူရတာပဲ၊ ဒါကတော့ အကြောင်းလေးဖြစ်လို့ ထည့်ယူရတာ အကျိုးဖြစ်တဲ့ ဥဒယဗ္ဗယဉာဏ်က ဗောဇ္ဈင် ဟူသောအမည်ကို အကြောင်းဖြစ်တဲ့ နာမ်ရုပ် ပိုင်းခြားဖြစ်တဲ့ နာမရူပပရိစ္ဆေဒဉာဏ်, ပစ္စယပရိဂ္ဂဟဉာဏ်၊ အဲဒီဉာဏ်တွေပေါ်မှာ တင်စားပြီးတော့ ဥပစာအားဖြင့် ယူရပါတယ်၊ အဲဒီ ဗောဇ္ဈင်တရား သေသေချာချာ ဖြစ်တာကတော့ ဥဒယဗ္ဗယဉာဏ်က စပြီးတော့ဖြစ်တယ်၊ ဥဒယဗ္ဗယဉာဏ်က ရုပ်နာမ် အဖြစ်အပျက်ကလေးတွေ မှတ်လို့ မှတ်တိုင်းမှတ်တိုင်း အစနဲ့ အဆုံးနဲ့ ပိုင်းပိုင်းခြားခြား သိနေတဲ့ အခါမှာ မှတ်တိုင်းမှတ်တိုင်းဟာ အမှတ်ရမှုလေးဟာ သတိသမ္ဗောဇ္ဈင်ပဲတဲ့၊ ဒီသတိလေး အမှတ်ရတာလေး ဖြစ်နေရင် ဖြစ်မှန်း သိနေတာပေါ့၊ တစ်နေ့ကပြောခဲ့ပြီ၊ သတိလေး ကောင်းပုံလေး၊ ဒီရောက်တော့ တစ်ခါတည်း မမှတ်နိုင်တာကို မရှိဘူး၊အကုန်လုံး မှတ်နိုင်တယ်၊ အကုန်လုံး ဘာဖြစ်ဖြစ် ဘယ်လောက်ပဲမြန်မြန် အကုန်လုံး လျှောက်ပြီးတော့ အမှတ်ရပြီးတော့ သိနေတယ်၊သတိသမ္ဗောဇ္ဈင် ဖြစ်တယ်။
မလွတ်စတမ်း စောင့်ဖမ်းနေသည်၊ တစ်နေ့က ဆောင်ပုဒ်ကလေး ရေးပေးထားတယ်၊ “အပိလာနလက္ခဏေ သတိသမ္ဗောဇ္ဈင်္ဂေါ”
သတိသမ္ဗောဇ္ဈင်္ဂေါ - သတိသမ္ဗောဇ္ဈင်သည်၊
အပိလာပနလက္ခဏော - မပေါ်စေခြင်း စုံးစုံး မြုတ်စေခြင်း လက္ခဏာရှိ၏။
အာရုံပြုတတ်တဲ့ စိတ်ရဲ့နယ်ပယ်ကနေပြီး အပြင်ဘက်ကို မထွက်စေဘူး၊ အာရုံပြုတတ်တဲ့ စိတ်ရဲ့နယ်ပယ် အတွင်းမှာ ငုံပြီးတော့ ယူလိုက်တာ၊ အာရုံကို အတွင်းသွင်းပြီး သကာလ အာရုံ ပြုတယ်၊ အဲဒါကို အပြင်ဘက် မထွက်စေဘူး၊ စုံးစုံးမြုတ်စေတယ်၊ ဒီထဲမှာ တစ်နေ့က ပြောတဲ့ အထဲမှာ ခဲ(ဂဲ) ချလိုက်လော့ ရေအပြင်ဘက်ကို ထွက်မနေဘူး၊ ရေထဲ တစ်ခါတည်း မြုတ် သွားတယ်၊ ရေထဲမှာ ဘူးချလိုက်လို့ရှိရင် ဘူးတို့ ဘောလုံးတို့ ချလိုက်ရင် ရေထဲမဝင်ဘူး၊ သူက ရေအပြင်ဘက် ထွက်နေတယ် ပေါ်နေတယ်၊ အဲဒီဘူးများ ပေါ်သလို အမှတ်သတိရဲ့ အပြင်ဘက်ကို မထွက်ဘဲနဲ့ ကျောက်ခဲများ ချလိုက်ရင် ရေထဲမှာ မြုတ် သွားသလို တစ်ခါတည်း အမှတ်သတိရဲ့ အတွင်းမှာချည်း ထည့်ဖြစ်နေတယ်၊ အဲဒါဟာ သတိရဲ့ သဘောပါပဲတဲ့။
တစ်စုံတစ်ခု ဝတ္ထုပစ္စည်းတွေ တစ်နေ့ကလဲ ပြောခဲ့တယ်၊ တစ်စုံတစ်ခု ဝတ္ထုပစ္စည်း ချထား အဲ-သတိမေ့နေတဲ့ ပုဂ္ဂိုလ်က အဲဒီဝတ္ထုပစ္စည်းကို မစဉ်းစားမိဘူး၊ လုပ်ချင်တာတွေ လုပ်ပြီးကိုင်ပြီး သကာလ ထသွားတဲ့အခါ ဖြုတ်ကနဲဆိုထသွားတော့ အဲဒီဝတ္ထုပစ္စည်းတွေ မေ့ကျန်နေသလို သွားတာကို၊ အဲဒါဘာဖြစ်လို့တုံး စိတ်အသိအာရုံထဲမှာ ဒီဝတ္ထုပစ္စည်းလေး ဝင်မနေလို့ အပြင်ဘက် ရောက်နေတယ်၊ အဲဒါကို မေ့တယ်လို့ ခေါ်တာပဲ၊ အေး-ဝတ္ထုပစ္စည်း ချထားပြီးတော့ တစ်ဦးနဲ့တစ်ဦး စကား ပြောတာပဲ လုပ်နေနေ ကိုယ့်ပစ္စည်းလေး ဒီနား ချထားတယ်၊ ငါ့နာရီလေးက ဒီနားချထားတယ်၊ ဖောင်တိန်လေး ဒီနား ချထားတယ်၊ ဒီအဖိုးတန်ပစ္စည်းလေး ဒီနားချထားတယ်၊ လက်ကိုင်တဲ့ အိတ်ကလေး ဒီနားချထားတယ်၊ အမှတ်ရနေတယ်၊ အမှတ်ရနေရင် ဒီဥစ္စာတွေဟာ အပြင်ဘက်မှာ မထွက်ဘူး အတွင်းမှာ ဖြစ်နေတယ်၊ အတွင်းမှာ သူက စိတ်ထဲမှာပေါ်နေတယ်၊ ပေါ်နေတော့ ထသွားတဲ့အခါမှာ မမေ့ဘူး၊ ဒါလေးယူပြီးတော့ ထသွားတယ်၊ အဲဒါ သတိက အဲဒီလိုသတိရှိရင် အာရုံဟာ အပြင်ဘက် မထွက်ဘူး၊ စိတ်၏ အာရုံထဲ စိတ်၏ နယ်ပယ်ထဲမှာ အတွင်းဘက်မှာ ရှိနေတယ်၊
ညဉ့်အခါကာလ မီးထွန်းထားတယ်၊ မီးထွန်းထားတော့ မီး၏လင်းနိုင်တဲ့ နယ်ပယ်ရှိတယ်၊ မလင်းနိုင်တဲ့ နယ်ပယ်ရှိတယ်၊ လင်းနိုင်တဲ့ နယ်ပယ်အတွင်းရှိ ဥစ္စာတွေ အကုန်လုံး မြင်နေတာပဲ၊ လှည့်ပတ် ကြည့်လိုက် - အကုန်လုံး မြင်နေတယ်၊ မလင်းနိုင်တဲ့ နယ်ပယ်အပြင်ဘက် မှောင်နေတဲ့ အပိုင်းတွေကဟာတွေ မမြင်ရဘူး အဲဒါနဲ့လဲ ခပ်တူတူပါပဲ၊ သတိ၏ အတွင်းဘက်မှာ နေတယ်, အပြင်ဘက်မှာ နေတယ်, အပြင်ဘက်နေတဲ့ ဥစ္စာဟာ မေ့နေတယ်၊ အတွင်းဘက်နေတဲ့ဥစ္စာက ဒါမမေ့တာပဲ၊ အဲဒါကိုလဲ ဒါအပိလာပန မပေါ်စေဘူးတဲ့ အပြင်ဘက်မထွက်စေဘူး၊ အာရုံပြုတတ်တဲ့ စိတ်ရဲ့ နယ်ပယ်အတွင်းမှာ စုံးစုံးမြုတ်စေ တတ်တဲ့ သဘောပါပဲတဲ့။
ဒါက သဒ္ဒါနည်းမို့ သဒ္ဒါနည်း သဒ္ဒါနောက်လိုက်ပြီးတော့ သူ့ဟာ ရှင်းအောင်လို့ ပြောနေရတာ သူခက်ပါတယ်၊ သဒ္ဒါက သူ့ဟာ သူ့ပါဠိနဲ့ ဟိုခေတ်တုံးကတော့ တော်တော်လွယ်လို့ ဟောထားတာနဲ့ တူပါရဲ့၊ သူ့ဟာ အခုခေတ်တော့ သူ့နောက်လိုက်ပြီးတော့ ပြောနေရတော့ သိပ်ခက်နေပါတယ်၊ ဘာသာတစ်ခုနဲ့ ဘာသာတစ်ခုဟာလဲပဲ အပြောင်းအလွဲ အင်မတန် ခက်တယ်၊ သုံးနှုန်းတာ တစ်မျိုးစီပဲ မတူဘူး၊ မြန်မာစကားတွေလဲပဲ ငယ်ငယ်က ပြောလာကြလို့ပဲ တချို့စကားတွေဟာ ဘာမှ အဓိပ္ပာယ်မရဘူး၊ သေသေချာချာ လိုက်ပြီးတော့ စစ်ဆေးကြည့်လို့ရှိရင် ဘာမှအဓိပ္ပာယ် မရဘူး၊ ဘာသာခြား ပုဂ္ဂိုလ်တွေ အတွက်ဟာ အတော် အမှတ်ရခက်မှာပဲ၊ အဲဒါလိုပဲ ပါဠိကလဲ ဒီလိုပဲ သူ့နောက် လိုက်ရတာက တစ်ခါတစ်ခါကြ တော်တော် စိတ်မောတယ် တော်တော် ခက်တယ်၊ အဲ-ဘုန်းကြီးက လွယ်ကူတဲ့နည်းနဲ့ ဒီမှာ ဆောင်ပုဒ် ပေးထားတယ်။
“မလွတ်စတမ်း ... စောင့်ဖမ်း နေသည်” အဲဒါပါပဲ၊ အာရုံတွေ ကျလာတိုင်း ကျလာတိုင်း ဘယ်ဟာမှ မလွတ်စေရဘူး
စောင့်ပြီးတော့ ဖမ်းနေတယ်၊ ကဲ ကဲ ဒါလေးလဲ ဆိုပါဦး၊ တစ်နေ့ကလဲ ဆိုပြီးသားတွေပါပဲ၊ ကျေသွားတာပေါ့လေ။
မလွတ်စတမ်း စောင့်ဖမ်းနေသည်၊ (ဆို-၃)
ဖြစ်ပျက်သရွေ့ မမေ့စေပြီ၊ (ဆို-၃)
“အသမ္မောသရသော” အသမ္မောသရသော - မမေ့ခြင်းကိစ္စ ရှိပါတယ်တဲ့၊ သူ့ကိစ္စက, သူ့အလုပ်က, မမေ့တာပဲတဲ့၊ သတိရဲ့အလုပ်က မမေ့တာပဲ၊ ဒါလဲ သူ့အလုပ် မမေ့တဲ့အလုပ် သူလုပ်နေတာပဲ၊ သူ့အလုပ်က သူ့ကိစ္စက ဒါပဲ၊ သူ့သတ္တိဒါပဲရှိတယ်၊ အဲဒီတော့ -
“ဖြစ်ပျက်သရွေ့ - မမေ့စေပြီ”တဲ့၊ မြင်တိုင်း, ကြားတိုင်း, နံတိုင်း, စားတိုင်း, ဒွါရ ၆-ပါးက ဖြစ်တိုင်းဖြစ်တိုင်းတရားတွေ ဘာမှသူက မမေ့စေရဘူး၊ မမေ့အောင် သူက ဆောင်ရွက်နေတာကို၊ အဲ တစ်စုံတစ်ခု ဝတ္ထုပစ္စည်းလေး ချထားတာ မမေ့အောင်ဟာလဲ သူပဲ ဆောင်ရွက်နေတာပဲ၊ သို့သော် ဟိုဟာကတော့ သာမညပေါ့လေ၊ လောကဝေါဟာရ သတိပဲ၊ ကုသိုလ်ရယ် လို့တော့ မဆိုနိုင်ဘူး၊ အဲဒါနဲ့ အမျိုးတော့ တူတာပဲ၊ ကျမ်းဂန်တွေက နယ်ပယ် ခွဲထားလို့ တူတော့ ခပ်တူတူပဲ၊ သတိရတယ်ဆိုတာ အတူတူပဲ၊ ဒါပေမယ်လို့ အဲဒီဥစ္စာကတော့ လောကရေးရာနဲ့ ပတ်သက်ပြီး သတိ ရတာလေးတွေကြတော့ ကုသိုလ်ရယ်လို့ မဟုတ်လို့ ဒါတော့ သတိအတုပဲတဲ့၊ အစစ် မဟုတ်ဘူးတဲ့၊ သတိပဋိရူပက - သတိနဲ့ တူတဲ့တရား၊ တူတော့နေတာပဲ၊ သို့သော် ကုသိုလ်သတိတော့ မဟုတ်ဘူးတဲ့။
အဲ-အခု ကုသိုလ်ကောင်းမှု စိတ်တွေ ဖြစ်တိုင်း - ဖြစ်တိုင်းကတော့ သတိရတာတွေ အဲဒါတွေကတော့ ကုသိုလ်သတိပဲ၊ ဘာဝနာ မှာတော့ ပိုပြီးတော့ ထင်ရှားတယ်၊ ဘာဝနာ အားထုတ်တဲ့အခါမှာ ဝိပဿနာ ရှုတဲ့အခါမှာပဲ ဖြစ်တိုင်း, ဖြစ်တိုင်းတရားတွေ လိုက်ပြီးတော့ ရှုရတာ မမေ့ဘူး၊ အားထုတ်ခါစ ပုဂ္ဂိုလ်က ဒီသတိက မကောင်းသေးဘူး၊ မေ့နေတာတွေ များနေတာပဲ၊ ဟိုဟာမေ့၊ ဒီဟာမေ့၊ ဟိုဟာမမှတ်မိ၊ ဒီဟာမမှတ်မိနဲ့ ဒီလိုလွတ်နေတယ်၊ အဲ သတိကောင်းလာတဲ့ အခါကြ ဘယ်ဟာမှ မမေ့တော့ဘူး၊ တကတည်း လာချင်ရာက လာတဲ့၊ ကျချင်ရာ ကျခဲ့မိနေတာကို ဟိုမြန်မာ ခြင်းခတ်တာတွေနဲ့ ခတ်တူတူပဲ၊ မြန်မာ ခြင်းခတ် ကောင်းပြီ ဆိုလို့ရှိရင် လူတွေ ဝိုင်းလည်ပြီးတော့ နေတယ်၊ ဘယ်ကလာလာ သူ့ဟာ အောက်မကျဘူး မိနေတယ်၊ တစ်ခါတည်း ဟိုကလာလိုက်၊ လာရာက တစ်ခါတည်း ဘယ်ဘက်နဲ့မိရင် ဘယ်ဘက်နဲ့ခတ်လိုက်၊ ညာဘက်ကမိရင် ညာဘက်က ခတ်လိုက်၊ ဒူးနဲ့တော်ရင် ဒူးနဲ့၊ သူ့ဟာ နေရာကြတယ်၊ တစ်ခါတည်း မိနေတာပဲ။
အဲဒီလိုပဲ အမှတ်သတိကောင်းလာတဲ့ အခါကျတော့ ဘယ်ကလာလာ လာရာကနေပြီးတော့ အမှတ်က ရနေတာပဲ၊ ဖောင်းတယ်, ပိန်တယ် မှတ်နေရင်း တစ်နေရာက ယားတာလေးဖြစ်ဖြစ် ပူတာလေးဖြစ်ဖြစ်ပေါ့လေ၊ အဲဒါလေး မှတ်မိအောင်၊ အသံလေးက ဖြုတ်ခနဲကြားလိုက်ရင် အဲဒါလေး မှတ်မိတာပဲ၊ ဘာမှ သူက မေ့ရတာမရှိဘူး၊ အဲဒါဟာ သတိက သူ့ကိစ္စသူ ဆောင်ရွက်နေတာပဲ။
ဖြစ်ပျက်သရွေ့ မမေ့စေပြီ “အသမ္မောသရသော” ဖြစ်ပျက်သရွေ့ မမေ့စေပြီတဲ့၊ ဒါသူရဲ့ ရသပဲတဲ့၊ သတိ ထင်ရှားလို့ ရှိရင် ဒီနည်းတွေနဲ့ ထင်ရှားတာ၊ မလွတ်စတမ်း စောင့်ဖမ်းနေတာနဲ့ တူတယ်တဲ့၊ မလွတ်စတမ်း စောင့်ပြီးတော့ လာတိုင်း လာတိုင်း တစ်ခါတည်း ဒရဝမ်များ တံခါးပေါက်ကနေပြီး စောင့်ကြည့်နေတာလိုပဲ၊ ဒွါရ ၆-ပါးက ပေါ်တိုင်း ပေါ်တိုင်းတွေကို မလွတ်စတမ်း စောင့်ဖမ်း နေတာနဲ့လဲ တူတယ်၊ အဲဒီတော့ -
ဖြစ်ပျက်သရွေ့ - မမေ့စေပြီ၊ ဖြစ်တိုင်းဖြစ်တိုင်းကို မမေ့အောင်လို့ ဆောင်ရွက်နေတယ်၊ အလုပ် လုပ်နေတဲ့ အနေမျိုး သူကထင်ရှားတယ်၊ “အာရက္ခပစ္စုပဋ္ဌာနာ” စောင့်ရှောက်သောအားဖြင့် အစောင့်အနေအားဖြင့်လဲ ယောဂီဉာဏ်ထဲမှာ ထင်ပါတယ်တဲ့၊ အစောင့်အရှောက် အပြင်ဘက်က ဘေးရန် အန္တရာယ်တွေ မဝင်ရအောင် အစောင့်အရှောက် အထိန်း အနေအားဖြင့်လဲ ထင်ပါတယ်၊ ကလေးထိန်းနေတဲ့ ကလေးထိန်းများ လူကြီးတွေရှေ့ အမိဖြစ်ဖြစ်၊ အမိမဟုတ်တဲ့ ပုဂ္ဂိုလ်ဖြစ်ဖြစ် ကလေးထိန်း နေတယ်၊ ဒီကလေး ဘေးအန္တရာယ်တွေ မရောက်အောင်လို့ဟာ သူက အမြဲတမ်း စောင့်ကြည့်နေတယ်၊ ဘာမှမသိသေးတော့ ကလေးက ဟိုလျှောက် ဒီလျှောက်နဲ့ သွားလို့ရှိရင် အဲဒီဥစ္စာ လိမ့်ကျမှာပဲ၊ လိမ့်မကျအောင် ဂရုစိုက်နေရတယ်၊ ဒီတော့ မတော် တာတွေ ကောက်ပြီး စားလို့ ရှိရင်လဲ တုတ်ချောင်းတွေ ဘာတွေ စားလို့ရှိရင် လည်ချောင်းထဲဘာထဲ တစ်ဆို့နေမှာ စိုးလို့ မစားရ အောင် ဒါလဲ ဂရုစိုက်ရတာပဲ၊ အကုန်လုံး ဂရုစိုက်နေရတယ်၊ ဒီကလေး စောင့်နေရတယ်။
အဲဒါလိုပဲ၊ ဒီသတိက စိတ်သန္တာန်မှာ မတော်တဲ့ တရားတွေ ကျမလာရအောင် အကုသိုလ်တရားတွေ မကျရအောင် အမြဲတမ်း စောင့်နေရတယ်၊ မြင်ရာကနေပြီး အကုသိုလ် မဖြစ်ရအောင်၊ ကြားရာက, နံရာက, စားရာက အကုသိုလ် မဖြစ်ရအောင်၊ ကြားရာက, နံရာက, စားရာက အကုသိုလ် မဖြစ်ရအောင် တစ်ခါတည်း သူက လိုက်ပြီးတော့ စောင့်နေရတယ်၊ ဒါက တရား အားထုတ်လို့ အသားကြနေတဲ့ ပုဂ္ဂိုလ်တွေမှာ ပိုထင်ရှားတယ်၊ အသားကျနေတဲ့ပုဂ္ဂိုလ်တွေမှာ မြင်ရာကဖြစ်စေ၊ ကြားရာကဖြစ်စေ၊ လောဘတို့ ဒေါသတို့ ဖြစ်စရာ အကြောင်းလေးတွေ ရှိတာကို အဲဒါလေးတွေ ဖြစ်ဖို့ရာလေးတွေ အကြောင်းလေးတွေ ပေါ်လာရင်ဖြင့်ရင် မပြတ်အောင် ဒီက အမှတ်သတိလေးက မလစ်ရဘူး။
တကယ်ဖြစ်မိလို့ ရှိရင်လဲ အဲဒါ သတိရသွားတယ်၊ သတိရပြီးတော့ ငြိမ်းသွားတယ်၊ အင်မတန် နေရာကြတယ်၊ အဲဒါတွေ အဖိုးတန်တာပဲ၊ တရားအားထုတ်ထားတဲ့ ပုဂ္ဂိုလ်တွေ ဒါသိပ်ပြီးတော့ အသုံးကြတာပဲ၊ တယ်နေရာ ကြတယ်၊ တရား အားမထုတ်ခင်ကတော့ ကိုယ့်စိတ်ကို ဖြစ်ချင်ရာဖြစ် သိမှမသိဘဲ၊ ဘယ်သွားနေမှန်း မသိဘူး၊ ဘာမှန်းမသိဘူး၊ ကုသိုလ်မှန်း မသိဘူး၊ အကုသိုလ်မှန်း မသိဘူး၊ ကောင်းတာမှန်းမသိ၊ မကောင်းတာမှန်းမသိ၊ ပြောတော့လဲ ပြောနေတာပါပဲ၊ ဒါပေမယ့် ပြောတာထဲကိုက ပြောတဲ့စိတ်ကိုက သူကကုသိုလ်လဲ ဟုတ်ချင်မှ ဟုတ်တာ၊ သူ့ဟာ အဲဒါကိုပဲ ကုသိုလ်တွေထင်ပြီး ပြောချင်လဲ ပြောနေတာပဲ၊ အခု တရား အားထုတ်ထားလို့ အသားကျနေတဲ့ ပုဂ္ဂိုလ်တွေကြတော့ မတော်တဲ့ စိတ်ကူးလေး ဖြစ်မယ်ဆိုလို့ရှိရင် မဖြစ်ခင် ကတည်းက သူကရှေ့က တားလိုက်သလို ဖြစ်လာပြန်လို့ ရှိရင်လဲ ဖြစ်လာတာနဲ့ တပြိုင်နက် ဒီကနေပြီးတော့ တားလိုက် တယ်၊ အထူးအားဖြင့် တော့ကို ဒေါသတို့ ဘာတို့ဖြစ်ရင် ပိုသိတယ်။
ဒေါသလေးဖြစ်၊ ကြမ်းကြမ်း တမ်းတမ်းလေး စိတ်ထဲ ဖြစ်လာတာနဲ့ တစ်ခါတည်း ဝင်တားလိုက်တာ ဆိုတော့ ဆက် မဖြစ်ရဘူး၊ ငြိမ်းနေတယ်၊ သိပ်နေရာကြတယ်၊ အဲဒါကြောင့် “အာရက္ခပစ္စုပဋ္ဌာနာ” အစောင့်အရှောက် အနေအားဖြင့် ယောဂီ ပုဂ္ဂိုလ်ဉာဏ်မှာ ထင်ရှားပါတယ်တဲ့၊ ဒီသတိကလေးဟာ အကျိုးမဲ့ မဖြစ်ရအောင်လို့ စောင့်ရှောက် နေတာနဲ့ တူတယ်တဲ့၊ အစောင့်အရှောက် အနေအားဖြင့် ဉာဏ်ထဲမှာ ထင်ရှားပါတယ်တဲ့၊ အစောင့်ကလေးကို အခု အဖိုးထိုက် အဖိုးတန် ပစ္စည်းတွေ ထားတဲ့ နေရာမှာ ဆိုလို့ရှိရင်ဖြင့် အစောင့်တွေဆိုတာ ထားရတယ်၊ လက်နက်ကိုင် အစောင့်တွေနဲ့ လူကြီးလူကောင်းတွေ အရာရှိကြီးတွေ ဆိုရင်လဲ ဘေးရန်အန္တရာယ် မရှိရအောင်လို့ တစ်ခါတည်း အစောင့်တွေ ရှိရတယ်၊ အဲဒါလိုပဲ သတိရှိရတယ်၊စိတ်သန္တာန်မှာ အကုသိုလ်တွေ, ကိလေသာတွေ မကြုံရအောင် စောင့်နေတဲ့ အနေမျိုးအားဖြင့် ထင်ရှားတယ်။
“အာရက္ခပစ္စုပဋ္ဌာနာ” ဒါသာ မဟုတ်သေးဘူးတဲ့၊ “အာရမ္မဏာဘိ မုခဘာဝပစ္စုပဋ္ဌာနာဝါ” (ဝါ) တစ်နည်းကား အာရမ္မဏာဝိသယာဘိ မုခဘာဝပစ္စုပဋ္ဌာနာ အာရုံသို့ ရှေးရှုသည်၏ အဖြစ်ဖြင့် ယောဂီပုဂ္ဂိုလ် ဉာဏ်မှာလဲ ထင်ရှားပါတယ်တဲ့၊ အာရုံရှေးရှု - အာရုံဆီကို အမြဲ လှည့်နေသလိုပဲ၊ ဒီသတိက အာရုံကို ဖမ်းဖို့ရာ တစ်ခါတည်း ဖမ်းမလို့ တကဲကဲ ဖြစ်နေတယ်၊ အဲဒီ အနေအားဖြင့်လဲ ယောဂီပုဂ္ဂိုလ်မှာ ထင်ရှားပါတယ်တဲ့၊ ဒါကတော့ ရှုကာစ အားထုတ်ကာစ ပုဂ္ဂိုလ်တွေလဲ သိတယ်၊
သတိလေး ကောင်းလာတော့ အာရုံဆီကို လှည့်နေသလိုပဲ၊ အာရုံဆီကို ဖမ်းမလို့ လှည့်နေသလို တစ်ခါတည်း ပေါ်ရာပေါ်ရာဆီကို လိုက်ပြီးတော့ တစ်ခါတည်း ဖမ်းနေတယ်၊ ငှက်ကလေးတွေများ အစာကောက်တာနဲ့လဲ ခပ်တူတူပဲ၊ ငှက်ကလေးတွေ အစာ ကောက်တော့ အစာကို တစ်ခါတည်း နှုတ်သီးက လှည့်ပြီးတော့ ဟိုကောက်လိုက် ဒီကောက်လိုက် (ဒေါက်-ဒေါက်-၃) လျှောက်ကောက် နေတယ်၊ အဲဒါလိုပဲ အာရုံဆီကို ရှေးရှုပြီးတော့နေတဲ့ နေရာ ယောဂီပုဂ္ဂိုလ် ထင်ရှားပါတယ်တဲ့။
အာရုံရှေးရှု စောင့်မှု ထင်သည်တဲ့၊ အာရုံရှေးရှုသော အနေအားဖြင့်လဲ ယောဂီပုဂ္ဂိုလ်လဲ ထင်ရှား ပါတယ်၊ စောင့်ရှောက်တဲ့ အစောင့်အရှောက် အနေအားဖြင့်လဲ ယောဂီပုဂ္ဂိုလ် ထင်ရှားပါတယ်တဲ့၊ ပစ္စုပဋ္ဌာန်ကို ကိုင်း-ဒါလေးဆိုရမယ်။
အာရုံရှေးရှု စောင့်မှုထင်သည်၊ (၃)
မြတ်သတိ မှတ်သိ ဗောဇ္ဈင်မည်။ (၃)
အဲ သတိသမ္ဗောဇ္ဈင်မှာ လက္ခဏာ ရသ ပစ္စုပဋ္ဌာန်တဲ့၊ ဒါအင်မတန်ကို မှတ်သားဖွယ် ကောင်းတဲ့ဥစ္စာပါ၊ ယောဂီပုဂ္ဂိုလ် တွေနဲ့ အင်မတန် တော်တယ်၊ ယောဂီပုဂ္ဂိုလ်တွေမှာ အင်မတန် နက်နဲတဲ့ တရားတွေပဲ၊ ကိုယ်တိုင်လဲပဲ သိလဲသိနိုင်တယ်၊ နက်ပေမယ်လို့ မသိနိုင်တာလဲ မဟုတ်ဘူး၊ တရား အားထုတ်ထားတဲ့ ပုဂ္ဂိုလ်တွေက သိလဲသိနိုင်တယ်၊ အင်မတန် ကောင်းတယ်၊ အားမထုတ် ရင်တော့ သိဖို့တယ်မလွယ်လှဘူး၊ ဆိုလို့ ကောင်းပေမယ်လို့ ပြောလို့ကောင်းပေမယ်လို့ ကိုယ်တိုင်က အားမထုတ် ထားတော့ ကိုယ်တိုင် တွေ့မထားရင် ဒါလေးတွေက သိဖို့ရာတယ် မလွယ်လှဘူး၊ ခက်ခက်ပဲ၊ အဲဒီသတိဟာ ဘာအကြောင်းကြောင့် ဖြစ်သလဲ ဆိုလို့ရှိရင် ယောနိသောမနသိကာရ ကြောင့် ဖြစ်ပါတယ်တဲ့၊ သတိသမ္ဗောဇ္ဈင် ဖြစ်ခြင်း၏ အကြောင်းတွေ -
ယထာစ အနုပ္ပန္နဿ သတိသမ္ဗောဇ္ဈင်္ဂဿ ဥပ္ပါဒေါ ဟောတိ၊ တဉ္စ ပဇာနာတိ တဲ့။
ယထာစ - အကြင် အကြောင်းကြောင့်လဲ၊
အနုပ္ပန္နဿ-သတိသမ္ဗောဇ္ဈင်္ဂဿ - စောစောက မဖြစ်သေးသော သတိသမ္ဗောဇ္ဈင်၏၊
ဥပ္ပါဒေါ - ယခုအသစ် ဖြစ်ပေါ်လာခြင်းသည်၊
ဟောတိ - ဖြစ်၏၊
တဉ္စ - ထိုအကြောင်းကိုလည်း၊
ပဇာနာတိ - သိ၏၊
အစတုန်းက သတိသမ္ဗောဇ္ဈင် မဖြစ်သေးဘူးတဲ့၊ မဖြစ်သေးဘူး၊ အဲဒီမဖြစ်သေးတဲ့ သတိ သမ္ဗောဇ္ဈင်တွေ အခုဖြစ်ဖြစ်လာတယ်၊ ဘာကြောင့်လဲဆို အဲဒီအကြောင်းလေး သိရမယ်၊ အဲဒီ အကြောင်းလေးက ယောနိသော မနသိကာရပဲတဲ့၊ သတိသမ္ဗောဇ္ဈင်ဖြစ် အောင် နှလုံးသွင်းမှုပဲ၊ သတိ သမ္ဗောဇ္ဈင်ဖြစ်အောင် နှလုံးသွင်းမှုပဲ၊ သတိသမ္ဗောဇ္ဈင် ဖြစ်အောင် သတိဖြစ်အောင်လို့ ရှုမယ်၊ မှတ်မိအောင်လို့ ရှုမယ်၊ မမှတ်မိတာ မရှိစေရဘူး၊ အကုန်လုံး မှတ်မိစေရမယ်၊ အမှတ်သတိကလေး အမြဲမပြတ် ဖြစ်စေမယ်လို့ နှလုံးသွင်းပြီးတော့ အားထုတ်နေတယ်၊ အဲဒီ နှလုံးသွင်းလေး ရှိလို့ပဲ၊ ဒီနှလုံးသွင်းလေးက တစ်ခါတစ်ခါ လျော့သွားတယ်၊ လျော့သွားတဲ့အခါကြရင် အမှတ်တွေ နည်းသွားတယ်၊ ပေါ့ပေါ့ဆဆလုပ်တဲ့ ပုဂ္ဂိုလ်တွေမှာ သတိသမ္ဗောဇ္ဈင် မဖြစ်ပါဘူး ဒီလို ကမ္မဋ္ဌန်းကျောင်း လာပြီး အားထုတ် ပေါ့ပေါ့ဆဆ တရားအားထုတ်နေရင် သတိသမ္ဗောဇ္ဈင် မဖြစ်ဘူး၊ အေး-ရိုရိုသေသေ အားထုတ်နေမှ၊ ရိုရိုသေသေ အားထုတ်ပြီးတော့ နေတဲ့အခါကာလ ဒီသတိသမ္ဗောဇ္ဈင် ဖြစ်တယ်။
အဋ္ဌကထာက အကြောင်းလေးပါးပြတယ်၊ သတိသမ္ဗောဇ္ဈင် ရှိရမယ်တဲ့၊ သတိမရှိသောပုဂ္ဂိုလ်ကို ကြဉ်ရှောင်ရမယ်တဲ့၊ သတိရှိသော ပုဂ္ဂိုလ်ကို မှီဝဲရမယ်တဲ့၊ သတိသမ္ဗောဇ္ဈင် ဖြစ်အောင်လို့ စိတ် ညွတ်ကိုင်းစေရမယ်တဲ့၊ အဲ-အကြောင်းလေးပါး အဋ္ဌကထာမှာ ပြတယ်၊ အဲဒါတွေလဲ တစ်နေ့က ဆောင်ပုဒ်တွေ ပေးထားတယ်။
သတိသမ္ပဇဉ်၊ အမြဲယှဉ် ထိုထွင် စိတ်ညွတ်ပါ၊ ဒါလဲ ဆိုကြဦးစို့၊ တနေ့က သီတင်းက ကိုင်းညွတ်ရာလို့ ဆိုထားတယ်၊ တယ်မကောင်းသေးဘူး၊ ကဲ-ဆိုကြဦးစို့၊ “သတိသမ္ပဇဉ်၊ အမြဲယှဉ်၊ ထိုတွင် စိတ်ညွတ်ပါတဲ့”၊ သမ္ပဇဉ်လဲ အမြဲယှဉ်ပါစေတဲ့၊ ဒါလဲ အကြောင်းတစ်ခုပဲ၊ ထိုတွင်ဆိုတော့ ထိုသတိသမ္ဗောဇ္ဈင် ဖြစ်ဖို့ရာ ဖြစ်ဖို့ရာ ကိစ္စအတွက် စိတ်ညွတ်ထားပါတဲ့၊ သွားရင်း ဖြစ်စေ၊ ရပ်ရင်းဖြစ်စေ ထိုင်ရင်းဖြစ်စေ၊ လဲလျောင်းအိပ်ရင်းဖြစ်စေ၊ ကွေးရင်းဖြစ်စေ၊ ဆန့်ရင်းဖြစ်စေ၊ ထိုင်ရင်းဖြစ်စေ၊ နားထောင်ရင်းဖြစ်စေ၊ စားရင်းဖြစ်စေ၊ ဘယ်အချိန် မဆိုပေါ့လေ အမှတ်သတိလေး ဖြစ်မယ်လို့ အဲဒီလိုအမှတ်သတိလေး ဖြစ်အောင်လို့ဟာ စိတ်ညွတ်ထားပါတဲ့ ဒါအရေးကြီးပါတယ်၊ ခုန ယောနိသောမနသိကာရ ဆိုတာနဲ့ ဒါနဲ့ဟာ အတူတူပါပဲ၊ သဘောအားဖြင့် တူနေတာပဲ၊ အဲဒီ အကြောင်းလေးပါး ပြည့်စုံလို့ရှိရင်ဖြင့် သတိသမ္ဗောဇ္ဈင် ဖြစ်ပါတယ်တဲ့၊ ကိုင်း-ဆိုကြဦးစို့ရဲ့။
သတိသမ္ပဇဉ်၊ အမြဲယှဉ်၊ ထိုတွင် စိတ်ညွတ်ပါတဲ့၊ (ဆို-၃)
မေ့သူရှောင်လွဲ၊ မေ့တဲ့ပုဂ္ဂိုလ်၊ သတိမရှိတဲ့ပုဂ္ဂိုလ်၊ အမှတ်မရှိတဲ့ ပုဂ္ဂိုလ်တွေ ရှောင်ကြဉ်ရမယ်တဲ့ အဲဒီပုဂ္ဂိုလ်တွေနဲ့ မပေါင်းသင်း မဆက်ဆံရဘူး၊ အတူမနေရဘူးလို့ ဆိုလိုပါတယ်၊ တစ်နေ့က အကျယ်တဝင့် ပြောပြီးပါပြီ၊ ကနေ့တော့ ခေါင်းစဉ် မိရုံလေး ပြန်ပြောရတယ်၊ တစ်ချို့က အသစ်ပါနေလို့၊ အဲဒါ ပထမပိုင်းက နားမလည်ဘဲ ဖြစ်နေမှာစိုးလို့ ပြန်ပြောနေတယ်၊ အဲဒီလို ပုဂ္ဂိုလ်တွေနဲ့ အတူနေလို့ရှိရင် ကမ္မဋ္ဌန်းကျောင်းမှာ မမှတ်တဲ့ပုဂ္ဂိုလ် မရိုသေတဲ့ ပုဂ္ဂိုလ်တွေနဲ့ နေလို့ ရှိရင်အမှတ်တွေ ပျက်နေတာပဲ၊ ဟို-အတူနေရတဲ့ ပုဂ္ဂိုလ်မှာ ပျက်နေတယ်၊ အဲဒီတော့ ကမ္မဋ္ဌန်းကျောင်း နေတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းဟာ ဘယ်လို နှလုံးသွင်းထားရမလဲဆိုရင် အဲဒီမေ့တဲ့ပုဂ္ဂိုလ် စာရင်းထဲ မဝင်အောင်ပေါ့လေ၊ အဋ္ဌကထာဆရာက မေ့တဲ့ပုဂ္ဂိုလ်နဲ့ အတူ မနေရဘူးလို့ ဆိုထားတယ်၊ အဲဒီပုဂ္ဂိုလ်နဲ့ မပေါင်းရဘူးတဲ့၊ ဒီပုဂ္ဂိုလ်နဲ့ မေ့တဲ့ပုဂ္ဂိုလ်နဲ့ မပေါင်းပါနဲ့တဲ့၊ ဒီပုဂ္ဂိုလ် ရှောင်ကြဉ်ရမယ်၊ သူများက ကိုယ့်ကို ရှောင်ရတယ် ဆိုကတည်းက နေရာမကြဘူး၊ ကိုယ်ဟာ မကောင်းတဲ့ပုဂ္ဂိုလ်၊ နာမည်ပျက်စာရင်းထဲ ဝင်နေတယ်၊ အဲဒီတော့ နာမည်ပျက် စာရင်းထဲ မဝင်ဖို့ရာ အရေးကြီးတာကို၊ ကိုယ်ကသာ သူများ ရှောင်ချင်ရှောင်ရမယ်၊သူများက ကိုယ့်ရှောင်တယ် ဆိုတာဟာ နေရာမကြဘူး၊ အဲဒီလို မဖြစ်ရအောင် မမေ့တဲ့ပုဂ္ဂိုလ် ဖြစ်အောင်လို့ ကြိုးစားဖို့ အရေးကြီးတာပေါ့လေ။
နေရာတိုင်း နေရာတိုင်း မမေ့အောင် တစ်ခါတည်း မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေတဲ့ ပုဂ္ဂိုလ်မဖြစ်အောင် ကြိုးစား အားထုတ်ဖို့ရာ အရေးကြီးပါတယ်၊ မေ့သူရှောင်လွဲ၊ မေ့သူကို ရှောင်လွဲရမယ်၊ သတိမြဲတဲ့ပုဂ္ဂိုလ် မမေ့တဲ့ပုဂ္ဂိုလ်ကို မေ့သူရှောင်လွဲ၊ သတိမြဲ၊ မှီဝဲဆည်းကပ်ပါတဲ့။ အဲ-သတိကောင်းတဲ့ ပုဂ္ဂိုလ်တွေ၊ အမှတ်ကောင်းတဲ့ ပုဂ္ဂိုလ်တွေနဲ့ နေရင် ကိုယ်က အမှတ် မကောင်းဘူး၊ သူများက အမှတ်ကောင်းတယ်၊ ရိုရိုသေသေ မှတ်နေတယ်၊ အဲဒီလို ပုဂ္ဂိုလ်နဲ့နေရင် တိုးတက်တယ်၊ တစ်နေ့ကလဲ ပြောပြီးပါပြီ၊ ပစ္စုပ္ပန် ဝတ္ထုတွေနဲ့ ဘုန်းကြီး တစ်နေ့က တော်တော် ကျယ်ကျယ် ပြောပြီးပြီ၊ အဲဒါကလဲ တော်တော် ထင်ရှားပါတယ်၊ သူဟာ ကိုယ့်တစ်ယောက်တည်း အားထုတ်နေလို့ရှိရင် အားကြစရာမရှိလို့ မတိုးတက်ဘူး၊ သူများတွေ ရိုရိုသေသေ အားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေနဲ့ အတူနေရရင် တရားတွေ သိပ်တိုးတက်လာ သူက အင်မတန် ကောင်းတယ်၊ ကိုင်း-ဆိုရမယ်။
မေ့သူရှောင်လွှဲ၊ သတိမြဲ၊ မှီဝဲဆည်းကပ်ပါ။ (ဆို-၃)
သတိသမ္ပဇဉ် အမြဲယှဉ်ဆိုတာ အကြောင်းတစ်ခု နေရာတိုင်း, နေရာတိုင်း သတိသမ္ပဇဉ် ယှဉ်အောင် အားထုတ်၊ ထိုတွင် ကိုင်းညွတ်ဆိုတာ နေရာတိုင်း, နေရာတိုင်း သတိရှိအောင်လို့ နှလုံးသွင်းထားရမယ်တဲ့၊ မှတ်မိအောင်လို့ မေ့သူရှောင်လွှဲ - အမှတ်မရှိတဲ့ပုဂ္ဂိုလ်, အမှတ်မရှိသေးတဲ့ ပုဂ္ဂိုလ်တွေ အဲဒါတွေနဲ့ အတူတူမနေနဲ့တဲ့၊ သူတို့နဲ့ သတိမြဲတဲ့ သတိမြဲတဲ့ပုဂ္ဂိုလ် ရိုရိုသေသေ မှတ်နေတဲ့ပုဂ္ဂိုလ်, အမှတ်ရှိတဲ့ပုဂ္ဂိုလ်တွေ မှီဝဲပါတဲ့၊ ၄-ခုရှိတယ်၊ အဲဒါဟာ သတိဖြစ်ခြင်း၏ အကြောင်းတရား ၄-ပါးပဲ၊ အရေးကြီးတယ်၊ ၄-ခုစလုံး အရေးကြီးတာပဲ သူကတော်ကောင်းတယ်၊ အဲဒါကြောင့် အမှတ်ကောင်းချင်လို့ရှိရင် တရားအားထုတ်စ ပုဂ္ဂိုလ်တွေမှာ အဲဒါတွေ အထူးဂရုစိုက်ရမယ်။ သတိဖြစ်ရေး အကြောင်းလေး ညွှန်သေးဋ္ဌကထာတဲ့၊ ပါဠိကတော့ ဘုရားဟော ပါဠိကတော့ ယောနိသော မနသိကာရ တစ်ခုပဲ အကြောင်းပြတယ်၊ အဋ္ဌကထာက ၄ ခု ပြတယ်၊ အဲဒါ
သတိဖြစ်ရေး- အကြောင်းလေး အကြောင်းက လေးခုရှိတာကို ညွှန်သေးသည်တဲ့၊ ပါဠိတော်နည်း မဟုတ်သေးဘဲနဲ့ ပါဠိတော်နည်းလဲ သူကထုတ်ပြပါတယ်၊ ထုတ်ပြပြီးတော့ အဋ္ဌကထာက သူ့နည်း အသစ်တွေ တစ်ခါတည်း ထုတ်ပြတယ်၊ ကိုင်း ဆိုရမယ် -
သတိဖြစ်ရေး၊ အကြောင်းလေး၊ ညွှန်သေးဋ္ဌကထာ။ ဆို(-၃)
ယထာစ ဥပ္ပန္နဿ သတိသမ္ဗောဇ္ဈင်္ဂဿ ဘာဝနာယ ပါရိပူရီ ဟောတိ တဉ္စပဇာနာတိ။
ယထာစ - အကြင် အကြောင်းကြောင့်လဲ၊
ဥပ္ပန္နဿ သတိသမ္ဗောဇ္ဈင်္ဂဿ - ဖြစ်ပေါ်ပြီးသော သတိသမ္ဗောဇ္ဈင်၏၊
ဘာဝနာယ ပါရိပူရီ - ပွားများမှု၏ ပြည့်စုံခြင်းသည်၊
ဟောတိ - ဖြစ်၏၊
တဉ္စ - ထိုအကြောင်းကိုလည်း၊
ပဇာနာတိ - သိ၏။
သတိသမ္ဗောဇ္ဈင် ပွားများမှု ပြည့်စုံတာက ဘယ်ကြမှ ပြည့်စုံသလဲ၊ အရဟတ္တမဂ်ကြမှ ပြည့်စုံတယ်တဲ့၊ အဲဒီ အရဟတ္တမဂ် တည်းဟူသော အကြောင်းကိုလဲ သိပါတယ်တဲ့၊ ယောဂီပုဂ္ဂိုလ်က အဲဒါက ရောက်မှသိမှာ ဒီဥစ္စာကတော့ မရောက်သေးခင်က စာနဲ့ဘာနဲ့ ကျက်သိထားတာကတော့ ဒါကတော့ သူ့ဥစ္စာ ယောဂီအလုပ်မှ မဟုတ်ဘဲ, တရားထဲမှ ဟုတ်မှမဟုတ်ဘဲ၊ ဒါကတော့ စာရင်းမဝင်ဘူး၊ ဒီလို ကျက်သိထားရုံနဲ့ ပြီးမယ်ဆိုရင်တော့ အလွယ်သားပဲ၊ မခက်ပါဘူး သူကတော့ တော်တော် လွယ်တဲ့ဥစ္စာပဲ၊ အခုဟာက သေသေချာချာ ကိုယ်တိုင်ရောက်ပြီးတော့ သိရမှာ သတိပွားများမှုဟာ ပြည့်စုံသွားပြီလို့ အစတုန်းက ဒီသတိဟာဖြစ်အောင်လို့ အင်မတန်ကို အားထုတ်လို့ နောက်ကြတော့ ကြောင့်ကြမစိုက်ရဘဲနဲ့ ဒီသတိဟာ ဘယ်နေရာမှ သတိမေ့တယ်လို့ မရှိဘူး၊ အကုန်လုံး သတိတွေ ထင်နေတယ်၊ ရဟန္တာပုဂ္ဂိုလ်မှာ-
“သတာရက္ခေန စေတသာ ဝိဟရတိ” ထိုရဟန္တာ ပုဂ္ဂိုလ်မှာ သတိတည်း ဟူသော အစောင့်အရှောက် အခါခပ်သိမ်း ရှိနေတယ်တဲ့။ ဒွါရ ၆-ပါးက အမှုမဲ့ အမှတ်မဲ့ရယ်လို့ မရှိဘူး၊ အကုန်လုံး တစ်ခါတည်း သတိတွေ ထင်နေတယ်၊ အဲဒီသတိတွေ ထင်နေတာက ဘယ်ကလာတုန်းဆို ဒီလိုအားထုတ်လာ ရတာပဲ၊ ပထမ ပုထုဇဉ် အဖြစ်ကစပြီး အားထုတ်လာရတာ ပုထုဇဉ် အဖြစ်က စအားထုတ်လို့ သတိတွေ နည်းနည်းကောင်းလာတယ်၊ ဒါက သောတာပန်ဖြစ်၊ အဲဒီကနေပြီး ဆက်အားထုတ် လာတော့ သကဒါဂါမ်ဖြစ် တိုးပြီးတော့ ကောင်းလာတယ်၊ သကဒါဂါမ်ကနေပြီး ဆက်အားထုတ် တော့ အနာဂါမ်ဖြစ် တိုးပြီးတော့ သတိတွေ ကောင်းလာတယ်၊ အနာဂါမ်က ဆက်ပြီး အားထုတ် တော့ ရဟန္တာ ဖြစ်သွားတယ်၊ အရဟတ္တမဂ်ကြတော့ အကုန်လုံး သတိတွေပြည့်စုံသွားတယ် ဘာမှ မလိုတော့ဘူး၊ ဘယ်နေရာလေးဖြင့် လိုနေသေးတယ်လို့ ဒီလိုမရှိတော့ဘူး။
အဲဒီသတိ ပြည့်စုံသွားခြင်း၏ အကြောင်းကိုလဲပဲ သူသိသွားတယ်တဲ့၊ ယောဂီပုဂ္ဂိုလ်တွေ ဒီရောက်မှ သိမှာ၊ ဒါကတော့ အဲဒီ မရောက်သေးပေမယ်လို့ ယောဂီပုဂ္ဂိုလ်မှာ ခု-တရားအားထုတ်နေရင်းကို ဥဒယဗ္ဗယဉာဏ်လောက် ရောက်ရင်ကို တော်တော်သိလာပြီ၊ ပွားများမှုဟာ တော်တော် ပြည့်စုံ လာပြီ၊ အစတုန်းက, တရား အားမထုတ်ခင်တုန်းက ဖြစ်နေပုံနဲ့ တရားအားထုတ်တဲ့ အခါကာလ ခုဥဒယဗ္ဗယဉာဏ် ရောက်တော့ သတိကောင်းနေပုံ အင်မတန်ကိုကွာပါတယ်၊ အများကြီးကို ကွာသွားပြီ၊ တောင်ထိပ်အစွန်ဆုံး မရောက်အောင် ဆိုစေကာမူပဲ သူ့ဟာတော်တော်ကို မြေကြီးနဲ့ ပကတိမြေပြင်နဲ့ တောင်ပေါ်တက်ပြီးတော့ တောင်ပေါ်ကနေပြီးတော့ ငုံ့ကြည့်လိုက်တာနဲ့ဟာ ကွာနေသလိုပဲ သူ့ဟာ အပုံပဲ ကွာနေပါတယ်။
အဲနောက် တရားအားထုတ်လို့ ဝိပဿနာဉာဏ်တွေ ပြည့်ပြည့်စုံစုံ ဖြစ်ပြီးတော့ အချိုးကြသွားတဲ့ ပုဂ္ဂိုလ်တွေကြတော့ နောင်ကို တရားအားမထုတ်ဘဲ ရပ်နေတဲ့ အခါတွေတောင်မှ ဒီသတိတွေက တော်တော် ထင်တာများနေတယ်၊ အဲဒါတွေဟာ တော်တော် ကောင်းတယ်၊ အစတုန်းက တရားအားမထုတ် ခင်တုန်းက ဒီလိုသတိမျိုးတွေ ရှိမှမရှိဘဲ၊ ဟော အခု အလွတ်နေ ပေမယ်လို့ သတိတွေက ဟိုကထင်၊ ဟိုဟာလေးသတိရ ဒီဟာလေးသတိရနဲ့ ရှေ့ကနေပြီး ကာကာ နေသလိုပဲ၊ မတော်တာများ မဖြစ်ဖို့ရာ သတိလေးတွေလိုက်ပြီးတော့ ဖြစ်နေတာ၊ သတာရက္ခေနသတိ တည်းဟူသော အစောင့်အရှောက်နဲ့ သတိတည်းဟူသော အစောင့်အရှောက်ကလေး ပြည့်စုံနေတာ အဲသလောက်ဆိုရင်ကို တော်တော် ပြည့်စုံမှန်း သိလာပါပြီ၊
ဒါပေမယ်လို့ အကုန်လုံးတော့ မဟုတ်ဘူး၊ သူက လွတ်တာတွေကတော့ ရှိတယ်၊ လွတ်မှန်းလဲ သိသေးတာကို၊ မမှတ်မိတာကို မေ့သွားတာနဲ့ လောဘက ဖြစ်လိုက်တာ၊ ဒေါသက ဖြစ်လိုက်တာ၊ ဒါတွေလဲ သူ့ဟာက တွေ့နေသေးတော့ ပြည့်စုံပြီလို့တော့ မဆိုရသေးဘူး၊ ဒါပေမယ်လို့ ပထမ စပြီးတော့ အရင်က တရားအားမထုတ်ဘူးသေးတဲ့ အခြေအနေနဲ့ ကြည့်လိုက်ရင်တော့ အများကြီးကို ကွာနေပါပြီ၊ အင်မတန် ကောင်းနေပါပြီ။ ပြည့်စုံသွားတယ်၊ အဲ-ခုတော့ ဘယ်နေရာမှ လိုလေသေး မရှိဘူး၊ အကုန်လုံး ပြည့်စုံသွားတယ်တဲ့၊ အဲဒါ အရဟတ္တမဂ်ပဲတဲ့၊ အဲဒီ အရဟတ္တမဂ်တည်းဟူသော အကြောင်းကိုလဲပဲ ယောဂီပုဂ္ဂိုလ်က သိသွားပါတယ်တဲ့၊ ဘယ်တော့ သိမှာတုံးဆို အဲဒါကတော့ အရဟတ္တမဂ် အရဟတ္တဖိုလ် ရောက်မှပဲသိမှာ၊ ဒါကတော့ ခု စောစောတော့ မသိနိုင်သေးဘူး .... ။
၁၃၂၃-ခု၊ ဒု-ဝါဆိုလဆန်း (၈)ရက်နေ့ ဟောကြားသော
ဓမ္မဝိစယသမ္ဗောဇ္ဈင်တရားတော်
▬▬▬▬▬▬▬▬▬▬▬▬▬
သန္တံ ဝါ အဇ္ဈတ္တံ ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂံ အတ္ထိ မေ အဇ္ဈတ္တံ ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂါတိ ပဇာနာတိ၊ အသန္တံဝါ အဇ္ဈတ္တံ ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂံ နတ္ထိ မေအဇ္ဈတ္တံ ဓမ္မဝိစယ သမ္ဗောဇ္ဈင်္ဂေါတိ ပဇာနာတိ။
အဇ္ဈတ္တံ - ကိုယ်တွင်း သန္တာန်၌ဖြစ်သော၊
သန္တံ - ထင်ရှားသော၊
ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂံ ဝါ- ဓမ္မဝိစယသမ္ဗောဇ္ဈင် ကိုမူလည်း၊
မေ - ငါ၏၊
အဇ္ဈတ္တံ - ကိုယ်တွင်းသန္တာန်၌၊
ဓမ္မဝိစယ သမ္ဗောဇ္ဈင်္ဂေ - ဓမ္မဝိစယသမ္ဗောဇ္ဈင်သည်၊
အတ္ထိ - ရှိ၏၊
ဣတိ - ဤသို့၊
ပဇာနာတိ -သိ၏တဲ့။
အဲ- ဓမ္မဝိစယသမ္ဗောဇ္ဈင် - မိမိသန္တာန် ဖြစ်ပေါ်ရင် ဖြစ်ပေါ်မှန်းသိတယ်၊ မဖြစ်ပေါ်ရင် မဖြစ်ပေါ်မှန်း သိတယ်၊ ခုနက နည်းအတိုင်းပါပဲ၊ သတိသမ္ဗောဇ္ဈင်ဖြစ်ရင် ဓမ္မဝိစယသမ္ဗောဇ္ဈင် ဖြစ်တာပဲ၊ ဒီဗောဇ္ဈင် ၇-ပါးက တစ်ခုခြင်း ခွဲဖြစ်တာတော့ မဟုတ်ဘူး၊ တစ်ခုဖြစ်ရင် အကုန်လုံးဖြစ်နေတာ၊ ခုနကပြောတဲ့ ဒီပီတိလေး တစ်ခုပဲ တစ်ခါတစ်ခါ မပါဘူး၊ ပီတိက အခါခပ်သိမ်း မပါဘူး၊ ဥပေက္ခာ သဟဂုတ်စိတ်တွေနဲ့ ဝိပဿနာရှုနေတဲ့အခါ၊ ပီတိမပါဘူး၊ ပီတိက တစ်ခါတစ်ရံမှ ပါတယ်၊ ပီတိပါစေ ကာမူလည်း တစ်ခါတစ်ခါ သိပ်မထင်ရှားဘူး၊ သူဟာလွန်လွန်ကဲကဲ ဖြစ်တဲ့အခါမှ ထင်ရှားတယ်၊ အဲဒါလေးတစ်ခုပဲ၊ ဒိပြင် ဟာတွေကတော့ အကုန်လုံးပါနေတာပဲ။
အဲ-သို့သော်လဲ ပီတိပဿဒ္ဓိ ဆိုတာကလဲပဲ အခါခပ်သိမ်း မထင်ရှားဘူး၊ ပါတော့ပါတယ်၊ မပါတော့ မရှိဘူး၊ သူကတော့ အဲဒီဗောဇ္ဈင်တွေလဲ ဖြစ်နေတာပါပဲ၊ ဒါပေမယ်လို့ ဒေသနာဆိုတာ ဒီလိုတစ်ခုခြင်း ဟောရတယ်၊ အကုန်လုံး- လုံးပြီးတော့ ဟောလို့မဖြစ်ဘူး၊ ဒါကတော့ တစ်ခုခြင်း ဟောရတယ် သတိသမ္ဗောဇ္ဈင် ပွားများလို့ စုံပြီဆိုရင် ဒိပြင်ဗောဇ္ဈင်တွေလဲ ပြည့်စုံနေပါပြီ၊ ဟောစရာတောင် မလိုပါဘူး၊ ကုန်နေပါပြီ၊ ဒါပေမယ်လို့ သူက တစ်ခုခြင်း အကုန်လုံးစုံအောင်လို့ ဟောနေရတယ်၊ အဲ-ဓမ္မဝိစယ သမ္ဗောဇ္ဈင်တဲ့၊ ဓမ္မဝိစယ၊ ဓမ္မက-တရား၊ ကုသိုလ် အကုသိုလ် အစရှိသော တရား တွေပေါ့လေ၊ တိုက်ရိုက် ဟောတာကတော့ ကုသိုလ် အကုသိုလ်ပဲ ဟောထားပါတယ်။
ဒါပေမယ်လို့ ကုသိုလ် အကုသိုလ် မှတစ်ပါး အဗျာကတတွေရော အကုန်လုံး ယူရမှာပါပဲ၊ ရုပ်တရား နာမ်တရားတွေပါပဲ၊ အတိုချုပ်ကတော့ သတိက ရုပ်တရား၊ နာမ်တရားတွေ အမှတ်ရနေတာ၊ သတိက ဓမ္မဝိစယ ကုသိုလ် အကုသိုလ်မှန်း သိလို့ရှိရင် ဒီလိုတော့ မဖြစ်နိုင်ဘူး၊ ရုပ်နာမ်တွေ ကုသိုလ် အကုသိုလ်တွေ အဗျာကတတွေ အကုန်လုံးပဲ၊ ဒုက္ခသစ္စာထိုက်တဲ့ တရားတွေ အကုန်လုံး အမှတ်ရပြီးတော့ သတိသမ္ဗောဇ္ဈင်က ဖြစ်နေတာ၊ ခု သတိသမ္ဗောဇ္ဈင်နဲ့တွဲပြီး ဖြစ်တဲ့ ဓမ္မဝိစယက ကုသိုလ်နဲ့ အကုသိုလ် နှစ်ခုထဲတွင် သိတယ်လို့ ဒီလိုတော့ မဖြစ်နိုင်ဘူး၊ သူတို့က စိတ်စေတသိက် တရားတွေဆိုတာ တပေါင်းတည်း ဖြစ်ရင် အာရုံအတူတူပဲ၊ အာရုံတူရတယ်၊ ဧကာရမ္မဏ-တဲ့၊ အာရုံတူရတယ်၊ ခွဲပြီး အာရုံပြုတာ မရှိဘူး၊ အဲ-စိတ်ကနေပြီး ရုပ်နာမ်တွေ အကုန်လုံး အာရုံပြုတယ် ဆိုရင် သူနဲ့တွဲဖြစ်တဲ့ စေတသိက်တွေကလဲ အကုန်လုံး အာရုံပြုရတယ်၊ ဖဿ-ကလဲ အကုန်လုံး အာရုံပြုရတယ်၊ ဝေဒနာကလဲ အကုန်လုံး အာရုံပြုရတယ်၊ သညာက, စေတနာက, စိတ်က အကုန်လုံး အာရုံပြုရတယ်။
အခု ဒီသတိကနေပြီး ရုပ်ရှုတဲ့အခါ အာရုံပြုရတယ်၊ နာမ်ရှုတဲ့အခါ နာမ်အာရုံပြုရတယ်၊ ကုသိုလ်တရား အကုသိုလ်တရားတွေ ရှုတဲ့အခါ ကုသိုလ် အကုသိုလ် အာရုံပြုတယ်၊ အဗျာကတ ရှုတဲ့အခါ အဗျာကတ အာရုံပြုတယ်၊ အကုန်လုံးပဲ အာရုံပြုတာ ဒီသတိက အဲ-သတိနဲ့ တွဲဖြစ်တဲ့ ပညာစေတသိက်၊ ဉာဏ်၊ ဓမ္မဝိစယ လို့လဲခေါ်တဲ့၊ ဒီစေတသိက်ကလဲ အကုန်လုံး အာရုံပြုရတာပဲ၊ ဒါပေမယ်လို့ ဒေသနာမှာ ဟောထားတာတော့ ကုသလာ ကုသလာ - ကုသိုလ် အကုသိုလ် တရားတဲ့၊ သာ၀ဇ္ဇာ န၀ဇ္ဇာ - အပြစ်ရှိတဲ့တရား၊ အပြစ်မရှိတဲ့ တရားတဲ့၊ မည်းညစ်တဲ့တရား၊ ဖြူစင်တရားတဲ့၊ ဒီလိုဟောထားတယ်၊ ကုသိုလ်, အကုသိုလ်တွေကိုလဲ တိုက်ရိုက် ပဓာနအားဖြင့် ဟောထားပါတယ်၊ ဒါပေမယ့် အကုန်လုံးယူရမှာပဲ၊ အဲဒီတော့ ဓမ္မက ရုပ်နာမ် တရားတွေလို့ အကုန်လုံး ယူရမယ်၊ ဝိစယက - စုံစမ်းဆင်ခြင်ပြီး သိတာတဲ့။
စူးစမ်းဆင်ခြင် ဆိုပေမယ်လို့ သိပ်ရှာနေရတာတော့ မဟုတ်ပါဘူး၊ ခွဲခြမ်းပြီးတော့ သိလို့ပြောတာ၊ ခွဲခြမ်းတာကိုပဲ ဒီမယ် စူးစမ်းဆင်ခြင်တယ်လဲ ဆိုထားတယ်၊ စူးစမ်းတယ်, စုံစမ်းတယ်တဲ့၊ မြန်မာစကားရှိတယ် စုံစမ်းတယ်၊ စုံစမ်းတယ် ဆိုတာက မေးတာပဲ၊ မသိလို့ မေးတာပဲ၊ ဘယ်သူတုံး ဘယ်ဝါတုံး ဘယ်ကနေပြီး ဘယ်သွားရတုံး ဘယ်လိုလုပ်ရသလဲ၊ ဒီကို ဘယ်သူလာသလဲ၊ ဘာလုပ်သွားသလဲ - စသည်ဖြင့်ပေါ့လေ၊ ကိုယ်တိုင်မသိတာတွေ လျှောက်ပြီးတော့ စုံစမ်းတဲ့ဥစ္စာ စုံစမ်း ထောက်လှမ်းတာ၊ အဲဒါက မေးတာပဲ။
စုံစမ်းတယ်ဆိုတာ မေးတာပဲ၊ စူးစမ်းတယ်ဆိုတာက ဆင်ခြင်တာ၊ သိတာပဲ၊ သူက ဉာဏ်နဲ့ စူးစမ်းပြီး ဆင်ခြင်ပြီး သိတာ၊ သူများမေးနေတာ၊ မဟုတ်ဘူး၊ ကိုယ့်ဟာကို စိတ်ထဲတွင် ဉာဏ်ထဲတွင် ဆင်ခြင်ပြီး သကာလ သိတာကို စူးစမ်းတယ် လို့ခေါ်တယ်၊ အဲဒီတော့ စူးစမ်းတာနဲ့ စုံစမ်းတာနဲ့ တခြားစီပဲ၊ စုံစမ်းဆင်ခြင်သည် ဆိုရင် ဒါမဟုတ်ဘူးပဲ၊ စုံစမ်းဆင်ခြင်တာ မဟုတ်ဘူး၊ စူးစမ်း ဆင်ခြင်တာ စုံစမ်းမေးမြန်းတယ်၊ မေးမြန်းတယ်ဆိုတာ စုံစမ်းတယ်၊ မေးမြန်းတယ်ဆိုတာ စုံစမ်းတယ်၊ စုံစမ်းတယ်ဆိုတာ မေးမြန်းတာ အတူတူပဲ၊ စူးစမ်းတယ်၊ ဆင်ခြင်တယ်ဆိုတာက အခုဟာက စူးစမ်းတာ စုံစမ်းတာမဟုတ်ဘူး၊ ဓမ္မဝိစယ - ရုပ်တရား နာမ်တရားတွေကို စူးစမ်းဆင်ခြင်ပြီး သိတယ်၊ ခွဲခြမ်းပြီး သိတယ်လို့ ဆိုပါတယ်၊
ပဝိစိနနလက္ခဏော ဓမ္မဝိစယ - သမ္ဗောဇ္ဈင်္ဂေါ၊ ဓမ္မဝိစယသမ္ဗောင်္ဂေါ - ဓမ္မဝိစယသမ္ဗောဇ္ဈင်သည်၊ ပဝိစိနနလက္ခဏော - ခွဲခြမ်းစူးစမ်းခြင်း လက္ခဏာရှိတယ်၊ စူးစမ်းတယ်ဆိုတာ သိတာပါပဲ၊ ခွဲခြမ်း စူးစမ်းခြင်း လက္ခဏာရှိ၏၊ ဒီတော့ကို -
ရုပ်နာမ်ခွဲခြမ်း - စူးစမ်းသိသည်၊ ဘုန်းကြီးက ဆောင်ပုဒ်စီထားတယ်၊ ဒါပါဠိလို ဆိုတော့ ပါဠိသင်ထားတဲ့ ပုဂ္ဂိုလ်မှ ပါဠိသင်တဲ့ ပုဂ္ဂိုလ်တောင်မှ သူ့အနက် မထင်ရင် မသိဘူး၊ အဲဒီတော့ မြန်မာလိုလေး၊ တိုတိုလေး မှတ်ဖို့ရာ ရုပ်နာမ်ခွဲခြမ်း၊ စူးစမ်းသိတယ်၊ မှတ်တိုင်း မှတ်တိုင်းဟာ ဥဒယဗ္ဗယဉာဏ် ရောက်တော့ ရုပ်နာမ်လေး ခွဲခြားပြီးတော့ သိတာပဲ၊ ရုပ်ကတခြား နာမ်ကတခြား၊ ဖြစ်တာကတခြား၊ ပျက်တာကတခြား၊ ဒီလိုဖြစ်ရင် ဒီလိုပျက်တယ်၊ ဒါ မမြဲတဲ့ တရားပဲ၊ ဒါ ဆင်းရဲပဲ၊ ဒါပုဂ္ဂိုလ် သတ္တဝါမဟုတ်တဲ့ သဘောတရားပဲ၊ တစ်ခုစီ၊ တစ်ခုစီ၊ တစ်ခါတည်း လက်နဲ့ ကောက်ကောက်ပြီးတော့ ကြည့်နေသလို အကုန်လုံး လျှောက်သိနေတယ်၊ (ဒေါက်ခနဲ-၂) အကုန်လုံး သိနေတယ်၊ အမှတ်ရတဲ့ သတိက အမှတ်ရပြီး၊ အမှတ်ရတဲ့ဥစ္စာလေ၊ ဉာဏ်က လျှောက်ပြီးတော့ သိနေတယ်၊ ဒီအထဲ သမာဓိတို့ ဘာတို့လဲရှိတယ်၊ တွဲလျက်ပဲ၊ အဲဒီလို လျှောက်ပြီးတော့ သိနေတာ၊ အဲဒါ ခွဲခြမ်း စူးစမ်းပြီးတော့ သိတယ်လို့ ဆိုလိုပါတယ်။
ရုပ်နာမ်ခွဲခြမ်း - စူးစမ်းသိသည်၊ ဒါ ဓမ္မဝိစယ သမ္ဗောဇ္ဈင်ရဲ့လက္ခဏာပဲ ကိုင်း-ဆိုရမယ်။
ရုပ်နာမ်ခွဲခြမ်း - စူးစမ်းသိသည်၊ (ဆို-၃)။
ဝိသယော ဘာသနရသော - ဝိသယသြသာသန အာရုံကို ထွန်းပခြင်း ကိစ္စရှိတယ်တဲ့၊ အာရုံကို ထွန်းလင်းစေတယ်၊ ညဉ့်အခါကာလ မှောင်မိုက်နေတယ်၊ မီးနဲ့ထွန်းပြလိုက် လို့ရှိရင် အဲ-မီးရောင် မီးအလင်းရောင် ပြန့်တဲ့နေရာတွေမှာ အကုန်လုံး အရာဝတ္ထုတွေ မြင်ရတယ်၊ အဲဒါ ညအခါကာလ ခရီးသွားရင် မှောင်နေတဲ့အခါ ကာလကြ လက်နှိပ်ဓာတ်မီးနဲ့ ထိုးကြည့်ရတာကို လက်နှိပ်ဓာတ်မီးနဲ့ ထိုးကြည့်လိုက်တော့ ဒီနေရာခလုပ်ပဲ၊ ဒီနေရာကအနိမ့်ပဲ၊ ဒီနေရာက အမြင့်ပဲ၊ ဒီက တိုင်ရှိတယ်၊ ဒီက နံရံရှိတယ်၊ ဒီက တံခါးပေါက်ပဲ၊ ဒီက အဆင့်ကလေးရှိတယ် စသည်ဖြင့် အကုန်လုံး မြင်ရတာကို ဒီလိုမဟုတ်ဘဲနဲ့ ရမ်းသွား လို့ရှိရင် ကျင်းထဲမှာ ကျကုန်တယ်၊ ပုံမတော်လို့ ရှိရင် တိုင်ပေမယ်လို့ ဝင်တိုက်တာပဲ၊ အဲဒီလိုမမြင်ရဘူး၊ မှောင်နေတယ်၊ အဲ-ဓာတ်မီးနဲ့ထိုးကြည့်လိုက်တဲ့အခါကြတော့ ဟိုမှာရှိတဲ့ အရာဝတ္ထုတွေကို ရှိတဲ့အတိုင်း အကုန်လုံး သိရမြင်ရတယ်၊ ဒီတော့ ဒီဓာတ်မီးရောင်က ရှိတဲ့အရာဝတ္ထုတွေ ဖော်ပြတဲ့သဘော ရှိတာကို၊ အဲဒါလိုပဲတဲ့ ဓမ္မဝိစယ သမ္ဗောဇ္ဈင် ခေါ်တဲ့ဉာဏ်ပဲ ဝိပဿနာဉာဏ်ပါပဲ၊ ဓမ္မဝိစယသမ္ဗောဇ္ဈင်က ရုပ်တရား နာမ်တရားတွေကို သူကဖော်ပြတဲ့ သဘောရှိတယ်တဲ့၊ ဖော်ပြတဲ့သဘော။
သဘောမှန်များ ထင်ရှားပေသည်တဲ့၊ မှန်ကန်တဲ့သဘောတွေ ထင်ရှားစေတယ်၊ အဝိဇ္ဇာဆိုတဲ့ မောဟကတော့ အာရုံ၏ သဘောတွေကို ဖုံးလွှမ်းတယ်၊ အာရုံ၏ သဘောတွေကို ဖုံးလွှမ်းဆိုတာ အာရုံ၏သဘောမှန်ကို မသိရဘူး၊ မြင်ရတဲ့ အခါကာလမှာ မျက်စိရုပ်ရယ်၊ မြင်ရတဲ့အဆင်းရယ်၊ မြင်သိတဲ့ သဘောရယ်၊ ဒီတရားလေးတွေ အခိုက်အတန့်အားဖြင့် ဖြစ်ပေါ်သွားတယ်၊ အမှန်တွေပဲ၊ အဲဒါတွေကို အဝိဇ္ဇာကနေပြီး ဖုံးလိုက်တာ၊ မြင်ပြီးတာနဲ့ သူက ငါမြင်တယ်၊ ငါ့မျက်စိပဲ၊ မြင်ရတာက ဘယ်သူဘယ်ဝါပဲ၊ ဒီလိုသွားတာကို နောက်ကနေပြီးတော့ မိရိုးဖလာအတိုင်း သူကသိသွားတယ်၊ အဲဒါက အတည်ဖြစ်နေတယ်၊ နောက်မှပြန်ပြီးတော့ စာပေကျမ်းဂန်အရနဲ့၊ ရုပ်နာမ်တွေပဲ ဖြစ်ပျက်နေတာပဲဆိုပေမယ်လို့ မရဘူး၊ အဝိဇ္ဇာက ဟိုမှာ အမှတ်ပြုသွားပြီ၊ အဲဒါမြင်ပြီးတိုင်း၊ မြင်ပြီးတိုင်းသူက နောက်ကနေပြီးတော့ အဲဒီပကတိ အသိတွေ လိုက်နေတယ်။
ကြားပြီးတိုင်း, စားပြီးတိုင်း, နံပြီးတိုင်း အကုန်လုံး အဲဒါဟာ အာရုံ၏ သဘောမှန်တွေကို ဖုံးလွှမ်းသွားတာတဲ့၊(မမှတ်မိတိုင်း-၂)ဟာ အဲဒီအာရုံ၏ သဘောမှန်တွေကို ဖုံးလွှမ်းနေတယ်၊ အဲဒီဟာ မဖြစ်ရအောင်လို့ ခုရှုမှတ်နေရတာ၊ အခုရှုမှတ်တော့ကို မှတ်တိုင်း-မှတ်တိုင်း အသိဉာဏ်လေးတွေ ဖြစ်တယ်၊ အဲဒီ အသိဉာဏ်လေးကတော့ ဘာတုံးဆိုရင် သဘောမှန်တွေကို ထင်ရှားစေတာပဲတဲ့၊ ဝိသယော ဘာသနရသော - ဝိသယ အာရုံ၏သဘောမှန်တွေကို၊ သြဘာသန - ထွန်းလင်း စေတယ်တဲ့၊ ထင်ရှားစေတယ်။
သဘောမှန်များ - ထင်ရှားစေသည်၊ ဒါ သူ့ကိစ္စပဲတဲ့၊ ကိုင်း-ဆိုရမယ်။
သဘောမှန်များ - ထင်ရှားစေသည် (ဆို-၃)။
သဘောမှန်များ - ထင်ရှားစေသည်၊ အသမ္မောဟ ပစ္စုပဋ္ဌာနော၊ မတွေဝေတဲ့တရား အနေအားဖြင့် ယောဂီပုဂ္ဂိုလ်ရဲ့ ဉာဏ်မှာ ထင်ရှားပါတယ်တဲ့၊ ဘာများနဲ့ တူသလဲဆိုရင်၊ ခရီးလမ်းတွေကြေနေတဲ့ ခရီးညွှန်များနဲ့တူတယ်တဲ့၊ ခရီးလမ်း ကြေနေတဲ့ပုဂ္ဂိုလ် တောအရပ်တွေမှာ ခရီးလမ်းညွှန်ကြားတဲ့ ပုဂ္ဂိုလ်ရှိရတာကို၊ တောထဲဆိုတာ ရှေးတုန်းကလူတွေက တယ်သွားကြ လာကြတာ မဟုတ်ဘူး၊ အခုလဲပဲ တစ်ချို့တောထဲ မရောက်ပါဘူး၊ ခု တောတွေကတော့ တောကတော့ ခပ်ရှားရှား ဖြစ်နေတယ် ခုတော့ ကွင်းပြင်တွေ များနေတာပဲ၊ ရှေးကတောတွေက အဟုတ် တောကြီးတွေ ခုလဲ တောကြီးတွေ ရှိပါတယ်၊ လူအရောက် အပေါက် နည်းတဲ့ နေရာတွေကြတော့ တောတွေရှိတယ်၊ အဲဒီကြတော့ ဘယ်ကနေ ဘယ်သွားရမှန်းမသိဘူး၊ ဟိုရွာ-ဒီရွာ ရောက်အောင် သွားဖို့ရာ တော်တော် ခဲယဉ်းတယ် မလွယ်ဘူး၊ သူက အဲဒီတောစခန်းကြေတဲ့ ပုဂ္ဂိုလ်ကနေပြီး ခရီးညွှန်မှသာလျှင် သူအမှန်ကို ရောက်နိုင်တယ်။
ခရီးညွှန်တဲ့ပုဂ္ဂိုလ် ခေါ်ပြီးတော့ သွားရတယ်၊ အဲဒီတောသာ မဟုတ်ဘူး၊ မြို့လဲခက်တာပဲ၊ မြို့လဲ တောကလူကနေပြီး ဟိုရွာ-ဒီရွာ၊ ဟိုမြို့ ဒီမြို့ကနေပြီး၊ ရန်ကန်မြို့ ရောက်လာရင် ဘယ်က ဘယ်သွားရမှန်း မသိဘူး၊ တစ်ချို့ သာသနာ့ရိပ်သာ လာဖို့ရာတောင် မေးမြန်းစုံစမ်းပြီး အတော် လာရတယ် ဆိုတာပဲ၊ သူ့ဟာလာဖို့ရာ အတော်ခက်နေတယ် ဟုတ်မှာ ဘယ်က ဘယ်သွားရမှန်း မသိဘူး၊ ဘယ်ရောက်နေမှန်း မသိဘူး၊ သွားဖို့ရာ သိပ်မလွယ်ဘူး၊ အဲဒါ မြို့ကြီးတွေ ကြီးလေလေ သူတို့သွားဖို့ရာ ခက်တာပဲ၊ မြေပုံရှိရင်တော့ တော်မှာပေါ့လေ၊ မြေပုံအညွှန်းလေး ဘာလေး ကြည့်သွားရရင်တော့ တော်ပါသေးတယ် ဒီလို မဟုတ်လို့ရှိရင် သွားဖို့ရာ တော်တော်ခက်တယ်။
အဲဒီတော့ ခရီးညွှန်ပုဂ္ဂိုလ်က လမ်းပန်းစခန်းတွေ သူကသိနေတော့ သူက သိပြီးသားဟာကို သူဘာခက်မှာတုံး သူကတော့ လွယ်နေတာပေါ့ သူ့ဟာ အဲ-လာကြ လာကြဆိုပြီးတော့ ရှေ့ကခေါ်သွားတယ်၊ တစ်ချို့ကတော့ပေါ့လေ၊ မြို့ဆိုရင်လဲ မြို့ ဘယ်မှ မျက်စိလယ်တယ်လို့ မရှိဘူး၊ သူသိပြီးသားတွေ မျက်စိ လည်တယ်လို့ ဘယ်ရှိလိမ့်မှာတုံး၊ အဲဒါလိုပဲတဲ့ ဓမ္မဝိစယ သမ္ဗောဇ္ဈင် ဆိုတဲ့ အသိဉာဏ် ပညာကလဲ ရုပ်နာမ် သဘောတရားတွေနဲ့ စပ်ပြီးတော့ မျက်စိ မလည်ဘူးပေါ့၊ သူတစ်ခါတည်း ပထမအစတုန်းကဆိုရင် ရုပ်နာမ်တွေပေါ်မှာရော ပုဂ္ဂိုလ်, သတ္တဝါတွေထင် - မြဲနေတယ်ထင်၊ ချမ်းသာနေတယ်၊ ကောင်းနေတယ်၊ ဒီလိုထင်နေတာကို အခု ဒီဥဒယဗ္ဗယဉာဏ် ရောက်လာတဲ့အခါ အသိဉာဏ်က တစ်ခါတည်း မျက်စိလည်သွားသလို သိသွား တယ်၊ တစ်ခါတည်း ရှင်းသွားတာ သူကရှင်းရှင်း သွားတယ်၊ ဟိုတုန်းက ထင်လာတာတွေနဲ့ တစ်ခြားစီပဲ။
အခု တွေ့နေတာတွေက ဒီလိုတွေ့နေတာပဲ၊ ဟိုတုန်းက ဥစ္စာတွေက မဟုတ်တဲ့ ဥစ္စာတွေ အခုမှ အမှန်တွေတွေ့တာပဲ၊ ဒီလိုဟာတွေပဲဆိုပြီး တစ်ခါတည်း အမှန်အတိုင်း သိသွားတယ်၊ ဖြစ်လိုက်ပျက်လိုက်နဲ့ အဖြစ်အပျက်တွေ ရှင်းပြီးတော့ သိသွားတယ် “အသမ္မောဟပစ္စုပဋ္ဌာနော” မတွေဝေတဲ့ သဘော၊ မတွေဝေ ဆိုတာက ရှင်းရှင်းလင်းလင်းသိတာပဲ၊ ရှင်းရှင်းလင်းလင်း သိသွားတာကို ဆိုတယ်၊ ဝေးပြီးတော့ နေတာကို ပြောတာမဟုတ်ဘူး၊ ဒီတွေဝေနေတာက အလွဲသိတာကို တွေဝေတယ်လို့ ခေါ်တယ်။မောဟကို တွေဝေတယ်လို့ ခေါ်တယ်၊ အခု အများ နားလည်နေတာ တွေဝေတယ် ဆိုတာကတော့ ငေးပြီးတော့ ဟိုလိုလို ဒီလိုလိုဖြစ်နေရင် ဒါကို တွေဝေတယ်လို့ ဒီလိုအောက်မေ့တာကို၊ အဲ-အခု မောဟ တွေဝေတယ်လို့ ပြန်ထားတဲ့နေရာ တွေဝေတာက ဒီလိုမဟုတ်ဘူး၊ မဟုတ်တာတွေ လျှောက်သိနေတာ၊ သူက အလွဲတွေ သိနေရင် အဲဒါ တွေဝေနေတာပဲ၊ အဲ-မြဲတယ်၊ ချမ်းသာတယ်၊ ပုဂ္ဂိုလ်, သတ္တဝါပဲ။
ယောက်ျားပဲ၊ မိန်းမပဲ၊ အသက်ကောင်ပဲ စသည်ဖြင့် ဒီလို တကယ့်အဟုတ် အနေအားဖြင့် သိနေတဲ့ ဥစ္စာတွေ အဲဒါ တွေဟာ တွေဝေနေတာတွေ၊ အခု မတွေမဝေ အနိစ္စ, ဒုက္ခ, အနတ္တတွေ အကုန်လုံး သိသွားတယ်တဲ့၊ ဖြစ်ပျက်နေတဲ့ တရားတွေဟာ ဖြစ်လိုက် ပျက်လိုက်နဲ့ ဒါတွေ အနိစ္စ, ဒုက္ခ, အနတ္တတွေ (ရှင်းကနဲ-၂) တစ်ခါတည်း ဟို-ဘူးသီး ခရမ်းသီးများ ဓားနဲ့ တုံးချလိုက်တဲ့အခါ ကာလ ဖြုတ်ခနဲ ပြတ်ပြတ်ပြီး သကာလ ရှင်းကနဲ ရှင်းကနဲ ကျသွားသလို အဲဒါလို (မှတ်တိုင်း-၂) တရား လေး ဖြစ်လိုက် ပျက်လိုက်နဲ့ မမြဲတာလေးတွေ ရှင်းကနဲရှင်းကနဲ သိသွားတာ၊ ရှင်းပြီးတော့ မျက်စိနဲ့ကြည့်သလို ရှင်းရှင်းပြီးတော့ သိသွားတယ်၊ အဲ ဆင်းရဲတွေပဲလို့ သိသွားတယ်၊ ပုဂ္ဂိုလ်, သတ္တဝါတွေ မဟုတ်တဲ့ သဘောတရားတွေပဲလို့ သိသွားတယ်။
တွေဝေမှုကင်း၊ ရှင်းရှင်းသိသည်တဲ့။
ဒါဟာ သူ့ဟာ ပစ္စုပဋ္ဌာန်ပဲတဲ့၊ မတွေဝေ တစ်ခါတည်း ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား သိတတ်တဲ့ သဘောပဲတဲ့၊ ယောဂီပုဂ္ဂိုလ်ဉာဏ်ထဲမှာ ထင်ရှားလာတယ်တဲ့။
တွေဝေမှုကင်း ရှင်းရှင်းသိသည် (ဆို-၃)
ဓမ္မဝိ မှတ်သိဗောဇ္ဈင်မည် (ဆို-၃)
အဲဓမ္မဝိစယ သမ္ဗောဇ္ဈင်တရားပဲ၊ ဓမ္မဝိစယ သမ္ဗောဇ္ဈင်တဲ့ ဓမ္မဝိစယ သမ္ဗောဇ္ဈင် ဆိုတာ ဘယ်လိုဟာတုံး လက္ခဏာ အားဖြင့်....
ရုပ်နာမ်ခွဲခြမ်း စူးစမ်းသိသည်၊ ရုပ်နာမ်ကို ခွဲခြားပြီး သကာလ အစအဆုံး စူးစမ်းဆင်ခြင် သိသွားတာပါပဲ၊ စူးစမ်းဆိုတာလဲ ဆင်ခြင်တယ်၊ သိတာခေါ်တာပဲ။
ရုပ်နာမ်ခွဲခြမ်း စူးစမ်းသိသည် ဆိုတာ သူ့လက္ခဏာပဲ၊ သူ့ရသအားဖြင့်ဆိုရင်....
သဘောမှန်များ ... ထင်ရှားစေသည်တဲ့၊ မှန်ကန်တဲ့ သဘောတွေ ရုပ်တရား၊ နာမ်တရားတွေ ဖြစ်ပျက်နေတာတွေကို ထင်ရှား စေတာပဲတဲ့၊ မီးထွန်းပြလိုက်သလိုပဲ တစ်ခါတည်း ထင်ရှားအောင်လို့ သူက ဖော်ပြပြီးတော့ ပေးတဲ့သဘော ရှိတယ်။
သဘောမှန်များ .... ထင်ရှားစေသည်၊ အဲ-သူရဲ့ ပစ္စုပဋ္ဌာန်အားဖြင့် ဘယ်လိုတုံး ဆိုရင် ...
တွေဝေမှုကင်း ရှင်းရှင်းသိသည်၊ မတွေမဝေ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း တစ်ခါတည်း တိတိကျကျ သိသိသွားတယ်တဲ့။
ဓမ္မဝိ မှတ်သိခဗာဇ္ဈင်မည်၊ အဲဒါဓမ္မဝိစယသမ္ဗောဇ္ဈင်၊ ဒါဥဒယဗ္ဗယဉာဏ်ကစပြီး ထင်ရှားတာ၊ နောက်အထက်ပိုင်း ဉာဏ်တွေ အကုန်လုံး ထင်ရှားတာပဲ၊ ဥဒယဗ္ဗယဉာဏ်က စပြီးတော့ ဒီဓမ္မဝိစယ သမ္ဗောဇ္ဈင် ထင်ရှားလာတယ်၊ ဒီအသိဉာဏ်ကို မှတ်တိုင်းမှတ်တိုင်း (ရှင်းကနဲ)၂ သိသိသွားတယ်။
ယထာစ - အကြင်အကြောင်းကြောင့်လဲ၊
အနုပ္ပန္နဿ ဓမ္မဝိစယ သမ္ဗောဇ္ဈင်္ဂဿ - ရှေးက မဖြစ်ပေါ်သေးသော ဓမ္မဝိစယ သမ္ဗောဇ္ဈင်၏၊
ဥပ္ပါဒေါ - ဖြစ်ပေါ်လာခြင်းသည်၊
ဟောတိ - ဖြစ်၏၊
တဉ္စ - ထိုအကြောင်းကိုလည်း၊
ပဇာနာတိ - သိ၏တဲ့။
အဲဒီအကြောင်းက ဘာတုံးဆိုရင် ယောနိသော မနသိကာရပဲတဲ့၊ မြတ်စွာဘုရား ဟောတဲ့ ဒေသနာ ကတော့ တစ်လုံးတည်းပဲ၊ အကုန်လုံး ယောနိသော မနသိကာရချည်းပဲ၊ အဲဒီဓမ္မဝိစယသမ္ဗောဇ္ဈင် ဖြစ်အောင်လို့ နှလုံးသွင်းမှုပဲတဲ့၊ ဓမ္မဝိစယ သမ္ဗောဇ္ဈင် အသိဉာဏ် ဖြစ်အောင်လို့ အားထုတ်မယ်, နှလုံးသွင်းမယ်လို့ ဒီလိုရှေ့ကနေပြီးတော့ နှလုံးသွင်းထားတဲ့ ယောနိသော မနသိကာရဟာ အကြောင်း ၇-ပါးပြထားတယ်၊ သူကတော့ အကြောင်း ၇-ပါး။
၁။ ပရိပုစ္ဆကထာ - မေးမြန်းတတ်သည်၏ အဖြစ်တဲ့၊ မေးမြန်းရမယ်တဲ့။
၂။ ဝတ္ထု ဝီသတကြိယာ - ဝတ္ထုစင်ကြယ်သည်၏အဖြစ်ကို ပြုခြင်း၊ ဝတ္ထုစင်ကြယ်အောင်လို့ ပြုတာ ကလဲ အသိဉာဏ်ဖြစ်ခြင်း၏ အကြောင်းပဲတဲ့၊ ဒါတွေက အသုံးကြတယ်နော်၊ တော် တော်ကြာတော့ ယောဂီပုဂ္ဂိုလ် သိပ်အသုံးကြတယ်၊ ဒါကြောင့် ဘုန်းကြီးက ဖြေးဖြေးခြင်းပြောနေတယ်၊ ဝတ္ထုဝီသတကြိယာ၊ [ပရိပုစ္ဆကထာ - မေးမြန်းတာ၊ ဝတ္ထုဝီသတကြိယာ-ဝတ္ထုစင်ကြယ်အောင်လို့ ပြုတာ စင်ကြယ်အောင်လို့ သန့်ရှင်းအောင်လို့ ပြတာ။]
၃။ ဣန္ဒြိယ သမတ္တာပဋိကာရဏာ - ဣန္ဒြေညီမျှအောင်လို့ ပြုတာတဲ့ ဣန္ဒြေညီမျှစေတာ၊ အဲဒီက သုံးခု။
၄။ ဒုပ္ပညပုဂ္ဂလာ ပရိ၀ဇ္ဇနာ - ပညာမဲ့တဲ့ ပုဂ္ဂိုလ် ကြဉ်ရှောင်ရမယ်။
၅။ ပညဝန္တပုဂ္ဂလသေဝနာ-ပညာရှိတဲ့ ပုဂ္ဂိုလ်ကို မှီဝဲရမယ်တဲ့။
၆။ ဂမ္ဘီရဉာဏစရိယ ပစ္စဝေက္ခနာ - နက်နဲသော ဉာဏ်၏ ကျက်စားရာဖြစ်တဲ့ တရားတွေကို ဆင်ခြင်ခြင်း၊ ဒီသုံးခု။
၇။ တစဒိမုတ္တတာ - ထိုဓမ္မဝိစယ သမ္ဗောဇ္ဈင်ဖြစ်အောင်လို့ ညွှတ်ကိုင်းသော စိတ်ရှိရမယ်တဲ့၊ ဒါကတော့ ခုနကလဲပါခဲ့ပါပြီ၊ ဒါလေးကတော့ အပိုဒ်တိုင်း အပိုဒ်တိုင်းပါနေတာ စိတ်ညွှတ်တိုင်း ဒါကတော့၊ ဒီတော့ ဒီမှာ ဆောင်ပုဒ်ကလေး ပေးထားတယ်၊ ဆောင်ပုဒ်ပေးပြီးမှ ဟောရမယ်။
မေးမြန်းသန့်စင် ညီမျှယှဉ်တဲ့။
မေးမြန်းရမယ်၊ သန့်စင်စေရမယ်၊ ဣန္ဒြေညီမျှနေရမယ်။
မေးမြန်းသန့်စင်၊ ညီမျှယှဉ်၊ ထိုတွင်စိတ်ညွတ်ပါ၊ ဒီက ပထမအပိုဒ်ပဲ၊ ကိုင်း-ဆိုရမယ်။
မေးမြန်းသန့်စင်၊ ညီမျှယှဉ်၊ ထိုတွင်စိတ်ညွတ်ပါ (ဆို-၃)
မေးမြန်းရမယ်တဲ့၊ မေးမြန်းရမယ်၊ ဆွေးနွေးရမယ်၊ ဘာတ ွေဆွေးနွေးမေးမြန်း ရမယ်ဆို ခန္ဓာတဲ့၊ အာယတန၊ ဓာတ်၊ သစ္စာတဲ့၊ ဣန္ဒြေတဲ့၊ ဗိုလ်တဲ့၊ ဗောဇ္ဈင်တဲ့၊ မဂ္ဂင်တဲ့၊ ဈာန်တဲ့၊ သမထဝိပဿနာ တရားတွေတဲ့၊ အဲဒါတွေရဲ့အနက် အဓိပ္ပာယ်နဲ့ စပ်ပြီး သကာလ မေးမြန်းရမယ်တဲ့၊ ဒါမသိသေး တဲ့ပုဂ္ဂိုလ် မေးရမှာပေါ့လေ၊ သို့သော် များသောအားဖြင့် မသိတာတွေပဲ များနေတယ်၊ အထူး အားဖြင့်တော့ ဗဟုသုတ အတော်အတန်ရှိတဲ့ ပုဂ္ဂိုလ်တွေက အရေးကြီးတယ်၊ ဗဟုသုတ လုံးလုံး မရှိတဲ့ ပုဂ္ဂိုလ်တွေက ကိစ္စမရှိပါဘူး၊ သူက ဆရာသမား ပြောဟောပြီး ဒီလိုအားထုတ်ရမယ်ဆို အားထုတ်နေရင် ပြီးတာပဲ။
အေး-ဗဟုသုတ အတော်အတန်ရတဲ့ ပုဂ္ဂိုလ်ကတော့ ကိုယ်သိတာလေးတွေကလဲ ရှိပြီးထားတော့ အဲဒါကို သိတာနဲ့ ဟိုဟာနဲ့ ကိုက်လို့ မရ၊ ဒီဟာနဲ့ ကိုက်လို့ မရဖြင့်ပြီးတော့ နေတော့ အဲဒီမှာ ဇဝေဇဝါဖြစ်တတ်တယ်၊ ဒါကြောင့် ဒီလိုပုဂ္ဂိုလ်က မေးမြန်းရတယ်၊ ဒါမှမဟုတ်ရင်လဲ တရားနာပေါ့လေ၊ ဟောပြောတဲ့ပုဂ္ဂိုလ် ကမ္မဋ္ဌာန်းဆရာတွေက ဒါပြောနေရတာပဲ၊ ကမ္မဋ္ဌာန်း ဆရာတွေက ဒါပြောရတယ်၊ ဗဟုသုတ အတော်အတန်ရှိတဲ့ ပုဂ္ဂိုလ်ကြတော့ အဲဒီစာနဲ့ပေနဲ့ ရှင်းပြီးတော့ ပြောရတယ်၊ ဒါခန္ဓာ၊ ဒါအာယတန၊ ဥပမာ-ဖောင်းတယ်၊ ပိန်တယ်မှတ်နေ၊ ဖောင်းတယ် ပိန်တယ် မှတ်နေတော့ ဗဟုသုတမရှိတဲ့ ပုဂ္ဂိုလ်တွေကြတော့ဟာ ဒီဆရာသမားတွေ ညွှန်ကြား နေတာတွေ ကောင်းတာပဲ ဆိုပြီးတော့ ဘာမှမစဉ်းစားဘူး၊ ဒီအတိုင်း မှတ်နေတာပဲ၊ မှတ်နေရင်ပဲ ပြီးတာပဲ။
ဖောင်းတာဟာ ဖောင်းတဲ့သဘော၊ ဖောင်းတာဟာ စာနဲ့ပေနဲ့ ပြောရင် ဝါယောဓာတ်လို့ ပြောလဲမထူးပါဘူး၊ ဝါယောဓာတ်လို့ ပြောလဲ နာမည်ပဲ၊ တောင့်တင်းတာ, ထောက်ကန်တာလို့ ပြောလဲ နာမည်ပဲ၊ ဘာမှမထူးဘူး၊ ဒီဥစ္စာ ဒီဗိုက်ထဲကနေပြီး တောင့်လိုက် တင်းလိုက် ရွှေ့လိုက် ရှားလိုက်နဲ့ ဖြစ်နေတဲ့ သဘောလေး သိရင်ပြီးတာပဲ၊ သူက အဲဒီသဘောမှန်လေး သိဖို့က အရေးကြီးတာကို၊ အဲဒီလို အားထုတ်နေရင် ပြီးတာပါပဲ၊ ဒါပေမယ်လို့ စာပေဗဟုသုတနဲ့ သင်ကြားတတ်သိပြီး အတော်အတန်လေး ရှိတဲ့ ပုဂ္ဂိုလ်ကြတော့ သူကတော့ စာနဲ့ သူတတ် တာလေးနဲ့ ထည့်ပြီးတော့ ယူတော့ နားမလည်ဘူး၊ သဘောမပေါက်ဘူး၊ အဲဒီလို ဇဝေဇဝါ ဖြစ်တတ် တယ်၊ အဲဒါ မဖြစ်အောင်လို့ ကမ္မဋ္ဌာန်းဆရာတွေက နည်းနည်း-နည်းနည်း ဟောပြောပေးနေရတယ်။
ဘုန်းကြီးများ တရားဟောတဲ့အခါလဲ ဒီလို နည်းနည်း - နည်းနည်း ထည့်ပြောရတယ်၊ အကုန်လုံးတော့လဲ လျှောက်မပြောနိုင်ဘူး၊ နည်းပြရုံလေး ပြောရတယ်၊ ဖောင်းတယ် ဆိုတာဟာ ဗိုက်ထဲကနေပြီးတော့ တောင့်တင်းလှုပ်ရှားတဲ့ ဝါယောဓာတ်ပဲ၊ ဗိုက်ထဲမှာရှိတဲ့ ကာယပသာဒနဲ့ တိုက်ခိုက်ပြီး သကာလ ဖြစ်လာတယ်၊ တိုက်ခိုက်တော့ ဗိုက်ထဲကနေပြီး တွေ့ထိတဲ့ ကာယဝိညာဏ် ဖြစ်လာတယ်၊ အဲဒါကို ဒီကနေပြီးတော့ စိတ်က- ကာယဝိညာဏ်က သိသွားတော့ အဲဒီကနေ မရှုမမှတ်လို့ရှိရင် အဲဒါကို ငါပဲ ငါ့ဗိုက်ပဲ လှုပ်တယ် စသည်ဖြင့် ဒီလိုစွဲလမ်းမှုတွေ ရောက်ကုန်တယ်၊ အဲဒီလို မရောက်ရအောင်လို့ ဒီဖောင်းတက် လာတဲ့ သဘောလေး ရှုရတယ်၊ ဖောင်းတက်လာတဲ့ သဘောလေးဟာ ဘာလဲဆိုရင် တောင့်တင်း လှုပ်ရှားတဲ့ ဝါယောဓာတ်၊ ဝါယောဓာတ် ဆိုတော့ ခန္ဓာဖွဲ့လိုက်လို့ရှိရင် ဒါ ရူပက္ခန္ဓာပဲ၊ ရုပ် ၂၈-ခုထဲက ဝါယောဆိုတာ ရုပ်တစ်ခုတဲ့၊ ဒါ ရူပက္ခန္ဓာ ခေါ်တယ်။
အာယတန ဖွဲ့လိုက်လို့ရှိရင် ဖောဋ္ဌဗ္ဗာယတနပဲ၊ ပထဝီ၊ တေဇော၊ ဝါယော၊ ဒီဓာတ်သုံးခုက ဖောဋ္ဌဗ္ဗာယတနာ အတွေ့အထိရုပ်၊ ဖောဋ္ဌဗ္ဗာယတန ခေါ်တယ်၊ ဓာတ်နဲ့ခွဲလိုက်လို့ ရှိရင် ဖောဋ္ဌဗ္ဗဓာတ်၊ ဝါယောဓာတ်ပဲ၊ သစ္စာနဲ့ ဖွဲ့လိုက်လို့ရှိရင်ဖြင့် ဒုက္ခသစ္စာတရားပဲ၊ ဥပါဒါနက္ခန္ဓာ တရား ၅-ပါး၊ အကုန်လုံး ဒုက္ခသစ္စာချည်းပဲ၊ ရုပ်ဖြစ်ဖြစ်၊ ဝေဒနာဖြစ်ဖြစ်၊ သညာဖြစ်ဖြစ်၊ သင်္ခါရဖြစ်ဖြစ်၊ ဝိညာဏ်ဖြစ်ဖြစ် လောကီတရားတွေဟူသမျှ အကုန်လုံး ဒုက္ခသစ္စာတရားချည်းပဲ၊ ဒါကြောင့် ဒုက္ခသစ္စာတရားပဲ၊ ဒီဖောင်းတယ်၊ ပိန်တယ်ဆိုတဲ့တရားလေးဟာ ဒုက္ခသစ္စာတရားချည်းထဲပဲ၊ အဲဒီတော့ သူက ခန္ဓာ၊ အာယတန၊ ဓာတ်ကို သစ္စာဣန္ဒြေ၊ အဲ ဣန္ဒြေကတော့ကို ဒီဖောင်းတာ ထဲမှာတော့ ဣန္ဒြေမပါဘူး၊ ဣန္ဒြေမရဘူး၊ သို့သော်လဲ တွေ့ထိတဲ့ ကိုယ်ကတော့ ဣန္ဒြေထဲမှာ ကာယိန္ဒြေဖြစ်တယ်၊ အဲဒီ ဖောင်းတာကိုသိတဲ့ ဥစ္စာကတော့ မနိန္ဒြေစိတ်က မနိန္ဒြေဖြစ်တယ်၊ ဒါတွေ လျှောက်ထည့်ရင်တော့ ဣန္ဒြေရတယ်၊ ဟိုဖောင်းတာလေး သက်သက်ကတော့ ဣန္ဒြေမဟုတ်ဘူး၊ ဣန္ဒြေထဲမှာ မပါဘူး၊ ကိုယ်ဆိုရင်လဲ ကိုယ်ထဲမှာလည်း မပါဘူး၊ ဗောဇ္ဈင်လဲသူမဟုတ်ဘူး၊ မဂ္ဂင်လဲ မဟုတ်ဘူး။
ဒါပေမယ်လို့ အဲဒီ ဖောင်းတယ်လို့ မှတ်လိုက်တဲ့အခါ ကာလမှာ အမှတ်ရတဲ့ သတိက သတိသမ္ဗောဇ္ဈင် တရားပဲ၊ ဗိုလ်အားဖြင့် သတိဗိုလ်ပဲ၊ ဣန္ဒြေအားဖြင့် သတိန္ဒြေပဲ၊ ဒါလေးတွေ သူက ခွဲပြောတာကို နားမလည်ရင်လဲ မေးရတယ်၊ နည်းနည်း ပြောလိုက်ရင်လဲ ရိပ်မိပါတယ်၊ စာသင်ထားတဲ့ ပုဂ္ဂိုလ်က တော်တော်ကြီး ရိပ်မိတယ်၊ ဒီတရားတွေဟာ နာမည်တွေ ခွဲထားတာ အပြီးသတ်တော့ တရားလေး တစ်ခုတည်းနဲ့ အမျိုးမျိုးခွဲထားတယ်။
သတိလေး တစ်ခုတည်းနဲ့ သတိပဋ္ဌာန်ကြတော့ သတိပဋ္ဌာန်လို့ ခေါ်တယ်၊ ကာယနုပဿနာ သတိပဋ္ဌာန် (ပ) ဓမ္မာနုပဿနာသတိပဋ္ဌာန်၊ သတိပဋ္ဌာန် ၄-ပါးလို့ နာမည်ပေးထားတယ်၊ မှတ်ရတာ လေးပဲ၊ ဒါပဲအမှတ်ရတာလေးကို သတိပဋ္ဌာန်လို့ နာမည်ပေးထားတယ်၊ တစ်ခါ ဣန္ဒြေကြတော့ကို သတိန္ဒြေ ခေါ်ပြန်တယ်၊ သူကတစ်ခါ ဗိုလ်နာမည်နဲ့ပေးတော့ သတိဗိုလ်လို့ ခေါ်ပြန်တယ်၊ ဗောဇ္ဈင်နာမည်နဲ့ကျတော့ သတိသမ္ဗောဇ္ဈင်လို့ နာမည်ပေးထားတယ်၊ မဂ္ဂင်ထဲကျတော့ သမ္မာသတိ မဂ္ဂင်ဆိုပြီး နာမည်ပေးထားတယ်၊ သူ့ဟာ တရားလေး တစ်ခုတည်းနဲ့ အမည်တွေ အမျိုးမျိုး တပ်ပြီးတော့ ပြောနေတာ၊ အဲဒါဟာ တစ်မှတ်တစ်မှတ် အတွင်းမှာ အမှတ်ရတိုင်း သတိဖြစ်တိုင်း ဖြစ်တိုင်းဟာ သတိပဋ္ဌာန်လဲဖြစ်နေတာပဲ၊ ဣန္ဒြေလဲ ဖြစ်နေတာပဲ၊ ဗိုလ်လဲပဲ သတိဗိုလ် ဖြစ်နေတာပဲ၊ ဗောဇ္ဈင်လဲပဲ သတိသမ္ဗောဇ္ဈင် ဖြစ်နေတယ်၊ မဂ္ဂင်နဲ့ ပြောလို့ရှိရင်လဲ သမ္မာသတိ မဂ္ဂင်ဖြစ်နေတယ်။
အဲဒီတရားတွေ ဖြစ်နေတာကို အဲဒီလိုဟာတွေ နားလည်အောင်လို့ ဆွေးနွေးရမယ်တဲ့၊ မေးမြန်း ရမယ်တဲ့၊ နားလည်ရင် မေးပေါ့၊ သို့မဟုတ် ဆရာသမားတွေကပြောရင် အဲဒါနားထောင်ရုံပဲ၊ ကမ္မဋ္ဌာန်းဆရာတွေကပြောလဲ နားထောင်ရင်လဲ နားလည်တာပါပဲ၊ ခုလို တရားဟောတဲ့အခါ နားထောင်လို့ရှိရင်လဲ နားလည်တာပါပဲ၊ အဲဒါကို ပြောတာပါ၊ အဲသလို နားလည် သဘောပေါက် သွားတော့ နောက် တရားအားထုတ်တဲ့ အခါကြတော့ မှတ်တိုင်းမှတ်တိုင်း ဒီသတိလေးဖြစ်တာကို တွေ့တော့ ရှင်းသွားတာပေါ့၊ သူ့ဟာ ဒါလေးပဲ၊ ဒီဥစ္စာပဲ ဖောင်းတယ် ဆိုတာဟာ ရုပ်ပဲ၊ (မှတ်တိုင်း ၂) ရုပ်တရားတွေ သိနေတယ်၊ အာယတနအားဖြင့် ဖောဋ္ဌဗ္ဗာယတန သိတယ်၊ ဓာတ်အားဖြင့် ဖောဋ္ဌဗ္ဗဓာတ်တွေ သိတယ်၊ သစ္စာအားဖြင့် ဒုက္ခဆို သစ္စာတရားတွေ မှတ်တိုင်း မှတ်တိုင်း သိနေတာပဲ၊ ဣန္ဒြေအရ ပြောရမယ်ဆိုရင် (မှတ်တိုင်း-၂) သတိန္ဒြေဖြစ်တယ်၊ (မှတ်တိုင်း-၂) သတိဗိုလ် ဖြစ်တယ်၊ (မှတ်တိုင်း-၂) သတိသမ္ဗောဇ္ဈင်ဖြစ်တယ်၊ (မှတ်တိုင်း-၂) သမ္မာသတိမဂ္ဂင် ဖြစ်တယ်၊ သူသဘောပေါက်ပြီး နားလည်သွားတာကို အဲဒီလိုဖြစ်အောင်လို့ ဓမ္မဝိစယသမ္ဗောဇ္ဈင် အသိဉာဏ်လေး ဖြစ်သွားအောင်ပေါ့၊ အဲဒီ အသိဉာဏ်ဖြစ်အောင်ဟာ မေးမြန်းရမယ်တဲ့။
မေးမြန်းတာပါပဲ၊ သူက ဒီထက် ချဲ့မယ်ဆိုရင်လဲ ချဲ့စရာတော့ ရှိသေးတာပေါ့လေ၊ ဟိုမှာ အဲဒီခန္ဓာနဲ့ အာယတန၊ ဒီပြင် မှတ်စရာအာရုံတွေ ကွေးတာတို့ ဆန့်တာတို့ မြင်တာ ကြားတာတွေ လျှောက်ပြောနေရင် ဘယ်ဆုံးနိုင်တော့မလဲ၊ အဲဒီအတိုင်း ခန္ဓာတွေ၊ အာယတနတွေ၊ ဓာတ်တွေ အစိပ်စိပ် အမွှာမွှာတွေ လျှောက်ပြောနေ အများကြီး ရှိသေးတယ်၊ ဒါအတူတူပဲ၊ ဒါလောက်ဆိုရင် နည်းသိဖို့တဲ့၊ အဲဒါ မေးမြန်းရမယ်တဲ့၊ နားမလည်လို့ရှိရင် ဒါလေး ဘာပြုလို့ မှတ်ရတာတုံး၊ ဒီလိုမှတ်တော့ကို ဘယ်တရားကိုသိတုံး၊ ဘယ်ဒေသနာနဲ့ ဆိုင်တုံး၊ မသိရင်မေးပေါ့၊ ဒါပဲမေးလို့ သဘောကျသွားရင် ပြီးတာပဲ။
သဘောမကျရင် ဇဝေဇဝါ ဖြစ်နေရင် နေရာမကြဘူး၊ တရား မတိုးတက်ဘူး၊ ကောင်းကောင်း မမှတ်ဘူး၊ ရိုလဲမရိုသေဘဲ၊ အဲ-မရိုသေလို့ ရှိရင်တော့ မတိုးတက်ဘူး၊ တရားဟာ ရိုရိုသေသေလုပ်မှ သူ့ကိုရိုသေမှ တရားကလဲ ကိုယ့်ကိုပြန်ပြီးတော့ တိုးတက်လာတာ၊ တရားကို ကိုယ်က ဂရုမစိုက်ဘူး၊ မရိုသေဘူး ဆိုရင် တရားကလည်း ကိုယ့် ဂရုမစိုက်ဘူး၊ မရိုသေဘူး၊ တရား မတက်တော့ဘဲ၊ ဒီဥစ္စာကတော့ အဲဒီတော့ သဘောမပေါက်လို့ ရှိရင်ဖြင့် အဲဒါလေးက မေးရတယ်၊ ကမ္မဋ္ဌာန်းဆရာတွေ မမေးဝံ့လို့ရှိရင်လဲ ဒီပြင် နားလည်တဲ့ ပုဂ္ဂိုလ်တွေ မေးကြည့်ပေါ့၊ သူ့ဟာ အလွဲသားပဲ၊ အဲဒီလို မေးရမယ်တဲ့၊ နားမလည်တာလေးတွေ ရှိရင် မေးမြန်းရမယ်တဲ့။
ခန္ဓာ, အာယတန, ဓာတ်, သစ္စာ, ဣန္ဒြေ, ဗိုလ်, ဗောဇ္ဈင်, မဂ္ဂင်, ဈာန်တရားတွေလဲ ထိုက်သည့် အားလျော်စွာ ပါတယ်၊ ဒီထဲမှာ အာရုံကို ကြံစည်တဲ့ ဝိတက်ပါတယ်၊ စဉ်းစားတဲ့ ဝိစာရပါတယ်၊ တစ်ခါတစ်ရံကြ အမှတ်ကောင်းတဲ့ အခါကြ ပီတိတွေ ဖြစ်လာတယ်၊ အဲဒါက သိပ်ထင်ရှားတယ်၊ အဲ-မှတ်တိုင်း မှတ်တိုင်း စိတ်ချမ်းသာ နေတာလေးက သုခပဲ၊ မှတ်တိုင်း မှတ်တိုင်း အာရုံမှာစူးစိုက် တည်ကြည်တာက သမာဓိပဲ၊ ဈာန်တရားတွေ ဒါတွေဈာန် ခေါ်တာပဲ၊ ဒါက ကာမာဝစရဈာန်တွေ ပေါ့၊ ဥပစာရဈာန်တွေ ခေါ်တယ်၊ ဟို- အပ္ပနာဈာန် တွေတော့ မဟုတ်သေးဘူး၊ ပြီးတော့ သမထ ဝိပဿနာတွေတဲ့၊ သမထဆိုတာက သမာဓိပဲ၊ (မှတ်တိုင်း-၂) စိတ်အာရုံမှာ တည်ကြည်နေတာ သမာဓိပဲ၊ ဒီသမာဓိ၏ အစွမ်းကြောင့် ဒီသမာဓ ိကောင်းလာလို့ ရှိရင်ဖြင့် ကိလေသာတွေ ငြိမ်းနေတယ်။
အစက ကြမ်းကြမ်းတမ်းတမ်း ဖြစ်တဲ့ လောဘ, ဒေါသ, မောဟတွေ ဖြစ်တတ်တဲ့ ဟာတွေ မဖြစ်ဘဲနဲ့ ငြိမ်းနေတယ်၊ တရားအားထုတ်ရာ စိတ်ကလေး တော်တော် သိမ်မွေ့နေတယ်၊ နားတဲ့အခါလဲ တယ်မဖြစ်ဘူး၊ အစတုန်းကဆိုရင် တရား အားမထုတ်ခင်ကဆိုရင် တောင်တောင် မြောက်မြောက် တွေ လျှောက်ပြီးတော့ ကြံနေတယ်၊ အဲဒီလို ကြမ်းတို့ကြမ်းတမ်း အကြံတွေ မတော်တဲ့ အကြံတွေ ဘာတွေမျိုးဟာ အဲဒါတွေက တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်မှာ ငြိမ်းနေတာ၊ သူအဟုတ် အားထုတ် ရင် ငြိမ်းတယ်၊ ကောင်းကောင်း အားထုတ်လို့ မငြိမ်းတာတော့ မတတ်နိုင်ဘူး၊ ဒီဥစ္စာ နေရာ မကျသေးဘူး၊ အောက်မေ့နေရမှာပဲ၊ ငါအားထုတ်တာ အချိုးမကျသေးဘူးလို့ အောက်မေ့ရမှာပဲ၊ ငြိမ်းပါတယ်၊ သူက သမာဓိကြောင့် ငြိမ်းပြီးနေတာ။
အဲဒီဝိပဿနာ ဆိုတာကတော့ မှတ်တိုင်း မှတ်တိုင်း သိနေတာလေးက ဝိပဿနာပဲ၊ ခု ဓမ္မဝိစယ သမ္ဗောဇ္ဈင်ပါပဲ၊ အဲဒီ ဝိပဿနာ အစွမ်းကြောင့် မှတ်တိုင်းမှတ်တိုင်း အာရုံလေးတွေ မှတ်မိတဲ့ အာရုံလေးတွေနဲ့စပ်ပြီး ကိလေသာတွေ မဖြစ်နိုင်ဘူး၊ ငြိမ်းနေတယ်၊ အဲဒါတွေကို နားမလည်လို့ရှိရင် မေးရမယ်တဲ့၊ ဒါလေးတွေ မေးမြန်း ဆွေးနွေးရမယ်တဲ့၊ မေးမြန်းဆွေးနွေးတော့ သဘောကျ သွားတော့ စိတ်ချလက်ချ မှတ်လို့ရှိရင် ဟိုမှာ ဓမ္မဝိစယ သမ္ဗောဇ္ဈင် ဖြစ်တာပေါ့၊ မှတ်တိုင်း, မှတ်တိုင်း အမှတ်ရတဲ့ အာရုံလေးတွေ ပိုင်းပိုင်းခြားခြား သိတဲ့၊ ဉာဏ်တွေ ဥဒယဗ္ဗယက စပြီးတော့ ဉာဏ်တွေ ဖြစ်ပြီးတော့ လာတာ၊ ဒါကြောင့် -
မေးမြန်းသန့်စင်၊ သန့်စင် ဆိုတာကတော့ကို ဣန္ဒြိယ သမတ္တတာ၊ ဣန္ဒြေကို စင်ကြယ်စေရမယ်တဲ့၊ ဝတ္ထုဝိသဓကြိယာ - ဝတ္ထုကို စင်ကြယ်စေရမယ်၊ ဝတ္ထုကအတွင်းဝတ္ထု, အပြင်ဝတ္ထုရှိတယ်၊ အတွင်းဝတ္ထုကတော့ ကိုယ့်ကိုယ်ပေါ့လေ၊ အပြင်ဝတ္ထုကတော့ အသုံးဆောင်တွေပေါ့၊ အဲ ကိုယ်တွင်း ဝတ္ထုက ချေး (ဂျီး) ညှော်တွေနဲ့ ချွေးတွေသန်တွေနဲ့ မစင်ကြယ်နေတဲ့ အခါလဲ ဉာဏ်ကောင်းကောင်း မဖြစ်တတ်ဘူးတဲ့၊ အထူးအားဖြင့် အရေးကြီးတာကတော့ ဒေါသတွေ များနေတယ်ဆိုတာ၊ ဒေါသ များဆိုတာ ဝမ်းတွေဘာတွေ ချုပ်ပြီး သကာလ နေတာပါပဲ။
ဟုတ်တယ် - အဲဒါကတော့ တော်တော် မကောင်းတတ်ဘူး၊ ဒါကတော့ လူမကျန်းမမာတွေလဲ ဖြစ်တယ်၊ နောက် စိတ်တွေလဲ စနောင့်စနင်းတွေ ဖြစ်တတ်တယ်၊ တစ်ခါတလေ ဓာတ်တွေ သိပ်ချုပ်ပြီးတော့ နေတဲ့အခါ ရှိတယ်၊ အဲဒီတော့ အဲဒါ စင်ကြယ်အောင်လို့ဟာ ရေမိုး ချိုးတန် ချိုးပေါ့လေ၊ ယောက်ျားတွေ ဆိုလို့ရှိရင် မုတ်ဆိတ်မွေးတွေ ဘာတွေ ရှုပ်ပြုနေတာကလဲ ရိတ်ပြုပြီးတော့ လုပ်ရတယ်၊ ဆံပင်ရိတ်တန်လဲ ရိတ်ပေါ့လေ၊ ဆံပင်က ရိတ်တဲ့ ဆံပင် ဆိုလို့ရှိရင် အဲဒီတော့ စင်ကြယ်အောင် လုပ်ရတယ်၊ ကိုယ်ကိုသန့်ရှင်းအောင်လို့ နောက်ပြီးတော့ အဲဒီ ဓာတ်တွေဘာတွေ ချုပ်ပြုပြီး သကာလ ဒေါသတွေ များနေလို့ ရှိရင်လဲ အဲဒါဝမ်းနုတ်ဆေးတွေ ဘာတွေ စားရမယ်တဲ့ အဋ္ဌကထာကပြတယ်၊ ဝမ်းနုတ်ဆေး အန်ဆေး ပေမယ်လို့ စားရမယ်ဆို တာကို တချို့အန်ထုတ်မှဖြစ်တဲ့ ဥစ္စာက အစာမကြေဘဲ ဖြစ်နေတဲ့ဥစ္စာတွေကြ ဒီလိုဟာရှိတာကို၊ ဒါကတော့ ဆရာနဲ့လုပ်မှ ဖြစ်မှာ ကိုယ့်ဟာကိုယ် ထင်ရာတွေလျှောက်လုပ်လို့တော့ မဖြစ်ဘူး။
သူ့ဥစ္စာ အဲဒါကြောင့် အတွင်းက စင်ကြယ်သွားအောင်လို့ ဆေးနဲ့ဝါးနဲ့လဲ ပြုပြင်ပြီး သကာလ ပေးရမယ်တဲ့၊ ဒါက အတွင်းဝတ္ထု စင်ကြယ်အောင်လို့ အပြင်ဝတ္ထုကတော့ အဝတ်တွေ ဘာတွေ ညစ်နွမ်းနေလို့ ရှိရင်လဲ အဝတ်တွေ ချေး(ဂျီး)တွေ ညှော်တွေနဲ့ အနံ့အသက်တွေ ဘာတွေနဲ့ မသန့် မရှင်းဖြစ်နေရင် ဒါတွေကို လျှော်လိုက်ရမယ်တဲ့၊ နေရာထိုင်ခင်းတွေက ချေး(ဂျီး)တွေ ညှော်တွေနဲ့ ရှုပ်နေလို့ရှိရင်လဲ အဲဒါသန့်ရှင်းအောင်လို့ လုပ်ရမယ်၊ အမှိုက်တွေဘာတွေ များနေရင် အမှိုက်ပေမယ့် လှည်းလိုက်ပေါ့လေ၊ ငါတရား အားထုတ်နေတာပဲဆိုပြီး အမှိုက်တွေ ဘာတွေ ဗလပွနဲ့ ဒါကတော့ နေရာမကြဘူး။
ဟို-အနီးအပါးမှာ အထုပ်အပိုးတွေ ဘာတွေညာတွေ အိုးတွေခွက်တွေ သိပ်ရှုပ်တာလဲ ရှိတတ်တယ်၊ အဲဒါတွေလဲ မကောင်းဘူးပေါ့၊ ဒါတွေလဲ ရှင်းတန်သမျှ ရှင်းအောင် လုပ်ရမယ်၊ ဒီတော့ သန့်ရှင်းနိုင်ရင်တော့ ကောင်းတာပေါ့၊ စင်စင် ကြယ်ကြယ် သန့်သန့်ရှင်းရှင်း ကိုယ်တွင်းက စင်ကြယ်ရင် ပြင်ပဝတ္ထု တွေကလဲ စင်ကြယ် သန့်ရှင်းပြီးတော့ နေလို့ရှိရင် အသိဉာဏ်တွေဟာ ထက်ထက်မြက်မြက် ဖြစ်တတ်ပါတယ်တဲ့၊ ဘာနဲ့တူလဲ ဆိုလို့ရှိရင် ဆီမီးထွန်းရာမှာ မီးခွက်ကလဲ မစင်ကြယ်ဘူး၊ ချေး(ဂျီး)ညှော်တွေ ရှိနေမယ်၊ မီးစာကလဲပဲ အဟောင်း ညစ်နွမ်းတဲ့ မီးစာထွန်းထားမယ်၊ ဆီကလဲ မကောင်းတဲ့ ဆီပေါ့လေ၊ ရေနံချေးတွေ၊ ရှေးခေတ်တုန်းက ရေနံချေး တွေ ဘာတွေ ရှိတယ်၊ အညစ်အကြေး ချေးတွေနဲ့ ဒီထဲမှာ သဲတွေ ဖုန်တွေနဲ့ ပါလာတာတွေ ရှိတတ်ပါတယ်၊ ရေတွေ ဘာတွေနဲ့ရင် ရောနေတာ ရှိတယ်။
အဲဒီဟာမျိုး မီးထွန်း လိုက်လို့ရှိရင် မီးခွက်ကလဲ မစင်ကြယ် ဆီကလဲ မစင်ကြယ် မီးစာကလဲ မစင်ကြယ်ဆိုတော့ မီးတောက်ဟာ မှုန်မှုန်ပဲ၊ ကောင်းကောင်း မလင်းဘူး၊ မကြည်လင်ဘူး၊ အဲ မီးခွက်ကလဲ စင်စင်ကြယ်ကြယ်နဲ့၊ ဆီကလဲ စင်စင်ကြယ်ကြယ်နဲ့ ချေး(ဂျီး)ညှော် မရှိတဲ့ဆီ၊ မီးစာကလဲ သစ်သစ်လွင်လွင် တစ်ခါတည်း အညစ်အကြေး မရှိဘဲ မီးစာအသစ်ထည့်ပြီး ထွန်းလိုက်ရင် မီးတောက်ကလေးဟာ သန့်သန့်ရှင်းရှင်း ကြည်ကြည်လင်လင် ဖြစ်ပါတယ်၊ အဲဒါလိုပဲတဲ့၊ ကိုယ်တွင်းက မစင်ကြယ်လို့ဖြစ်စေ, ကိုယ်အပြင်က မစင်ကြယ်လို့ဖြစ်စေ, အတွင်းအပ နှစ်ပါးလုံး မစင်ကြယ်လို့ ဖြစ်စေ အဲဒီလိုအခါမှာ ဉာဏ်များဟာ ထိုင်းမှိုင်း လေးလံပြီးတော့ နေတတ်တယ်တဲ့၊ သန့်သန့်ရှင်းရှင်း မဖြစ်တတ်ဘူးတဲ့၊ ဒါကြောင့်မို့ ဉာဏ်မထက်တဲ့ အခါတွေ မှာပေါ့လေ၊ ဘာတွေများ လိုနေပါလိမ့်လို့ နည်းနည်းပါးပါး ပြင်ပေးရတယ်၊ ပြင်ပေးရင် ကောင်းလဲ ကောင်းသွား တတ်ပါတယ်၊ အဖျင်းဆုံး ရေမိုးချိုးတော့ မှတ်လိုက်ရင်ကို ကောင်းသွားတတ်ပါတယ်၊ အိပ်ရာနေရာလေး သန့်သန့်ရှင်းရှင်း ပြင်ပြီးတော့ မှတ်လိုက်ရင်လဲ ကောင်းသွားတတ်တယ်၊
အဲ-ခုနကပြောတဲ့ ကိုယ်တွင်းက နေပြီးတော့ ဓာတ်တွေဘာတွေ ချုပ်ပြုနေရင် အဲဒါကတော့ ဆေးလေးဘာလေး စားပြုပေးလိုက်ရင် ကောင်းသွားတတ်ပါတယ်၊ ပေါ့ပါးပြီးတော့ အသိဉာဏ်တွေ တိုးတက်ပြီးတော့ သွားတတ်တယ်တဲ့၊ ဒါအဋ္ဌကထာ ဆရာက ပြောတာ၊ အဲဒါကြောင့် အတွင်းအပ ဝတ္ထု စင်ကြယ်စေရမယ်တဲ့။ မေးမြန်းသန့်စင် နှစ်ခုနော်၊ မေးမြန်းသန့်စင် ညီမျှယှဉ်တဲ့၊ အညီအမျှ ဖြစ်စေရမယ်တဲ့၊ ဘာတွေတုံးဆို ဣန္ဒြိယ သမတ္တာ - ဣန္ဒြေတွေ ညီစေရမယ်တဲ့၊ ဣန္ဒြေက ၅-ပါးရှိပါတယ်၊ ဣန္ဒြေဆိုတာ အားလုံး ၂၂-ပါးရှိတယ်၊ အဲဒါတွေ ပြောတာ မဟုတ်ဘူး၊ ဒါကတော့ ဣန္ဒြေ ၅-ပါး၊ သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သမာဓိန္ဒြေ၊ သတိန္ဒြေ၊ ပညိန္ဒြေ၊ ဒီ ၅-ခု၊ သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာပါပဲ။
သဒ္ဓါ-ယုံကြည်မှု၊ ဝီရိယ-အားထုတ်မှု၊ သတိ-အမှတ်ရမှု၊ သမာဓိ - စူးစိုက် တည်ကြည်မှု၊ ပညာ-အသိဉာဏ်ပညာပဲ၊ အဲဒီ ၅-ပါးသော အကြောင်းတွေ သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာဆိုတဲ့ ၅ပါးသော တရားတွေကို ဣန္ဒြေ ခေါ်တယ်၊ သူ့ နေရာနဲ့သူ အစိုးရတာပေါ့၊ ယုံကြည်မှုကလဲ သူ့နေရာမှာ သူပဲ အစိုးရတယ်၊ အားတက်မှု ဝီရိယကလဲ သူ့နေရာသူပဲ အစိုးရတယ်။
အဲဒီလို သူ့နေရာနဲ့သူ, သူ့နယ်ပယ်နဲ့သူ အစိုးရတာပဲ၊ ဥပမာအားဖြင့် ဘယ်လိုတုံးဆိုလို့ရှိရင် အခု လူ့လောကထဲမှာ အိမ်ထောင် ခမ်းနားတွေရှိနေကြတယ်၊ အဲဒါ စီးပွားရေး အလုပ်အကိုင်တွေ ခက်ခက်ခဲခဲတွေ လုပ်ဖို့ကိုင်ဖို့ဆိုရင် ယောက်ျား တွေက သူ့နေရာနဲ့သူ အစိုးရပြီးတော့ သူပဲ လုပ်နေ တာပဲ၊ အိမ်တွင်းမှုတွေကြတော့လဲ ချက်ရေး, ပြုတ်ရေး, စားရေး, သောက်ရေးတွေ အဲဒါကြတော့ အိမ်သူဖြစ်တဲ့ ပုဂ္ဂိုလ်က သူအစိုးရနေတာပဲ၊ သူပဲလုပ်နေတယ်၊ အဲဒါလိုပဲ၊ သူက သဒ္ဓါ ဝီရိယ သတိ သမာဓိ သူ့နေရာနဲ့သူ အစိုးရလို့ သူ့ဣန္ဒြေလို့ ခေါ်တယ်။
ဣန္ဒြိယဆိုတာ အစိုးရဆိုတဲ့ အဓိပ္ပာယ် ရှိတယ်၊ သူ့နေရာနဲ့သူ အစိုးရလို့ သူ့ဣန္ဒြေလို့ ခေါ်တယ်၊ သဒ္ဓိန္ဒြေ ဝီရိယိန္ဒြေ၊ သဒ္ဓါ - ယုံကြည်မှု အစိုးရ, ဝီရိယိန္ဒြေ - လုံ့လအားထုတ်မှု အစိုးရ, သတိန္ဒြေ - အမှတ်ရမှု အစိုးရ, သမာဓိန္ဒြေ - စူးစိုက်တည်ကြည်မှု အစိုးရ, ပညိန္ဒြေ - သိမှုအစိုးရ သူ့နေရာနဲ့သူ အစိုးရနေတဲ့ တရား ၅-ခုရှိတယ်၊ ကိုယ်ထဲမှာ အဲဒီ ၅-ခုသော တရားတွေကို ညီမျှစေရမယ်တဲ့၊
ဒီ ၅-ခုသော တရားတွေ အစိုးရတွေဟာ တစ်ခုခုက အစိုးရနေပြီးတော့ လွန်လွန်ကဲကဲတွေ ဖြစ်နေပြီးတော့ အာဏာပြင်းထန် နေလို့ရှိရင် ဒီပြင်ဟာတွေက အလုပ်လုပ်လို့ မဖြစ်တော့ဘူးတဲ့၊ ဒီအစိုးရအဖွဲ့က ညီညွတ်နေရမှာကို မညီညွတ်ဘဲနဲ့ ခုကာလလဲ ဒီလိုပဲ တစ်ခုခုက နေပြီး သကာလ သူထင်တာတွေ သူလုပ်ပြီးတော့နေရင် ဘေးက ပုဂ္ဂိုလ်တွေ ဘာမှ လုပ်လို့ မဖြစ်ဘူး၊ အဲဒီလိုဟာတွေ ရှိပါတယ်၊ သူက အဲဒီလိုပဲ ခုတရားမှာလဲ မှတ်မှုထဲမှာလဲ ရှုမှတ်မှုတဲ့ ဝိပဿနာထဲမှာလဲ အစိုးရက-၅ခုပါနေတယ်၊ ဣန္ဒြိယတွေ အဲဒါတွေ ညီမျှစေရမယ်တဲ့၊ သဒ္ဓါက လွန်နေလို့ ရှိရင်လဲ နေရာ မကြဘူးတဲ့၊ ဒီပြင်ဟာတွေ ဘာမှ မလုပ်နိုင်တော့ဘူးတဲ့၊ သူယုံကြည်မှုတွေ သိပ်ပြီးတော့ ယုံနေတာပဲ။
တွေ့ကရတွေ လျှောက်ယုံနေ ဘာမှလုပ်လို့ မဖြစ်တော့ဘူး၊ အထူး အားဖြင့်တော့ သဒ္ဓါနဲ့ပညာဟာ ညီမျှရမယ်တဲ့၊ သဒ္ဓါက ယုံကြည်မှု သိပ်တွေ့ကရာတွေလဲ လျှောက်မယုံနဲ့ပေါ့၊ ပညာကလဲ စူးစမ်း ဆင်ခြင်မှု တွေ့ကရာတွေလဲ လျှောက်စူးစမ်းပြီးတော့လဲ မနေနဲ့၊ သူတို့နှစ်ခုက မျှရမယ်၊ သဒ္ဓါက အားကောင်း နေလို့ရှိရင် မဆင်ခြင်တော့ဘူး၊ သူက တွေ့ကရာတွေ အကုန်လုံး လျှောက်ယုံ တော့တာပဲ၊ မြန်မာပြည်မှာ အများအားဖြင့်တော့ အဲဒါတွေ များတယ်၊ မြန်မာပြည်မှာ အများအားဖြင့် တွေ့ကရာတွေ လျှောက်ယုံတာများတယ်၊
ဒါကြောင့်မို့ မြန်မာပြည်မှာ ဘာသာရေးနှင့်ဖြစ်စေ၊ ဂိုဏ်းဂဏနဲ့ဖြစ်စေ၊ဗေဒင်ဆေးဝါးနဲ့ဖြစ်စေ၊ အဲဒါတွေ ယုံလွယ်တဲ့သူတွေက ပေါတော့ အဲဒါတွေ ဝါဒဖြန့်ပြီးတော့ စီးပွားရှာတဲ့ ပုဂ္ဂိုလ်တွေ ပေါလိုက်တာ၊ ဘာသာရေးနဲ့လဲ တောင်ပြောမြောက်ပြော၊ ဂိုဏ်းတွေကလဲ တောင်ပြောမြောက်ပြော ဒီလိုဟာတွေကို အဲဒီလိုဟာတွေ သူတို့ပြောတာတွေ ဘာမှ မစူးစမ်းမဆင်ခြင်ဘဲနဲ့ သိပ်ယုံတာကိုး။
ဟိုမှာ အထက်မှာ ဘုန်းကြီးတစ်ပါး ရှိတယ်၊ ဘုန်းကြီးများနဲ့ မိတ်ဆွေပါပဲ၊ ဦးကုသလကပြောတယ် ဘုန်းကြီးနေတဲ့ ကျောင်းက ဘုန်းကြီးပါပဲ၊ သူ့ဒကာမကြီးက တွေ့ကရာတွေ ယုံတယ်၊ တွေ့ကရာတွေ ယုံတော့ ဟိုခေတ်ကာလက ဂိုဏ်းတွေ ဘာတွေပေါ့လေ၊ ဂိုဏ်းတွေဘာတွေနဲ့ တစ်ခါတည်း မင်းလောင်းလိုလို ဘာလိုလို ဒီလိုတွေဘာတွေ ရှိတာကို၊ အဲဒါတွေပေါ်ပေါ်လာတော့ သူ့ဒကာမကြီးက ယုံတော့ ဘာဖြစ်လိမ့်မယ် ညာဖြစ်လိမ့်မယ် ကြိမ်စာတွေ ဘာတွေကလဲ ပါသေးတာကို။
ဟိုခေတ်တုန်းက ရွှေပေလွှာတွေ ဘာတွေနဲ့ မယုံလို့ရှိရင် ဘာဖြစ်မယ် ညာဖြစ်မယ်နဲ့၊ ဒီလို ချောက်လှန့်ပြီးတော့ ထားတာကို၊ အဲဒီတော့ ဒီစာတွေ မယုံဘူး ပြောတဲ့အခါ ဘုန်းကြီးဆိုတော့ ဘုန်းကြီးက နည်းနည်း ဆင်ခြင်တတ်တာကို၊ ဘုန်းကြီးဆိုတော့ ဆင်ခြင်တတ်ပြီးတော့လဲပဲ စဉ်းစားတတ်တဲ့ ပုဂ္ဂိုလ်က တော်တော်နဲ့ တယ်လဲ မယုံတတ်ဘူး၊ တော်တော် စဉ်းစဉ်းစားစားမှ ယုတ္တိရှိမှ သူကယုံတာကို၊ ဒီတော့ သူကမယုံဘူး၊ မယုံတော့ သူ့ဒကာမကြီးက ယုံနေတော့ ကိုယ်တော် ဒါလေးတစ်ခုတော့ ယုံစမ်းပါအုံးလို့ ပြောတယ်၊ ဟာ-ကျုပ်ကစိတ်ကမှ မယုံတာဗျ၊ ဘယ့်နှယ်လုပ် ယုံလို့ဖြစ်မလဲဆိုတော့ စိတ်က မယုံတဲ့ဟာ ကျုပ်ကမယုံနိုင်ဘူး၊ မယုံလို့ရှိရင်ဖြင့် သူ့အမေက သူ့သားတစ်စုံတစ်ရာ ဖြစ်မှာစိုးလို့ပါ၊ ဒါကြောင့်မို့ သူက စိတ်ထဲ သူကတော့ ယုံနေတာကို၊ ဒါမယုံလို့ရှိရင် ဘာဖြစ်လိမ့်မယ် ညာဖြစ်လိမ့်မယ်၊ ချောက်ထားတာရှိတယ်၊ အဲဒါနဲ့ သူ့သား မယုံလို့ရှိရင် တစ်စုံတစ်ရာ ဖြစ်ရချည့်ရဲ့ဆိုပြီး သူကစိုးရိမ်လို့ ကိုယ်တော်လေး ဒါတစ်ခုတော့ ယုံလိုက်ပါတော့၊ မယုံနိုင်ဘူးခင်ဗျ၊ ကျုပ်က ဒါကတော့ ကျုပ်စိတ်ထဲကမှ မယုံဘဲနဲ့ဘယ်နှယ်လုပ် ယုံလို့ဖြစ်မလဲ၊ ယုံဆိုတာဟုတ်တယ် ယုံဆိုတာ သူ့ဟာသူယုံမှ ဖြစ်တာ၊ သူများပြောလို့ ယုံပါဆိုလို့ မဖြစ်ဘူး၊ သူ့ဥစ္စာ အဲဒါ အရေးကြီးပါတယ်။
အဲဒါ လိုရင်းကတော့ သဒ္ဓါ ယုံကြည်မှုဟာ ခုနက ပြောတဲ့ ဒကာမကြီး တို့ကတော့ တွေ့ကရာတွေ လျှောက်ယုံနေတာ၊ ဘာမှ သူမစဉ်းစားဘူး ဟုတ်လား, မဟုတ်လား မစဉ်းစားဘူး၊ အဲဒီမစဉ်းစားဘဲနဲ့ တွေ့ကရာတွေ လျှောက်ယုံလို့ရှိရင်လဲ အလုပ် မလုပ်တော့ဘူး၊ သူကတွေ့ကရာ ယုံပြီးပြီ၊ စဉ်းစားစရာပေါ့၊ ပညာမရှိတော့ တစ်ခါတည်း၊ ပညာ တံခါးပိတ်နေတယ်၊ အဲဒါကြောင့် သဒ္ဓိန္ဒြေ - သဒ္ဓါတရား လွန်ကဲနေလို့ရှိရင်လဲ ပညိန္ဒြေက အလုပ်မလုပ်ရဘူးတဲ့၊ ငါးဌာန သူ့ဟာနဲ့သူ ဝေအလုပ် လုပ်ရမှာကို၊ ဝေအလုပ်လုပ်ရမည့်ဥစ္စာ ပညိန္ဒြေက သူတစ်ခုတည်းနဲ့ သူက တွေ့လိုက်တာနဲ့ယုံတယ်၊ ဟုတ်ပြီဆိုပြီး ဆုံးဖြတ်ပြီး ပညာက မစဉ်းစားရတော့ဘူး ဒါ- ပြီးပါရော။
ဓမ္မဝိစယသမ္ဗောဇ္ဈင်တရားတော်
တစ်ခါတည်း မဟုတ်တာတွေလဲ လျှောက်ပြီးတော့ ယုံနေတာရှိတယ်၊ အဲဒါတွေ မြန်မာပြည်မှာ တော်တော်များပါတယ်၊ အခုတော့ ဒီတရားကို ကျကျနန အားထုတ်တဲ့ ပုဂ္ဂိုလ်တွေက အင်မတန်ကို ဟန်ကြပါတယ်၊ အင်မတန်ကို ကျေးဇူးများတယ်၊ ဒီလိုမဟုတ်လို့ရှိရင် ဟိုလိုလို ဒီလိုလိုနဲ့ ဒါတွေ တော်တော်ရှုပ်ပါတယ်၊ စိတ်ပျက်စရာ အင်မတန် ကောင်းပါတယ်၊သူက သူများတွေ ပြောရတာလဲ တယ်မကောင်းဘူး၊ အဲဒါတွေဟာ သဒ္ဓါသက်သက်နဲ့ မဟုတ်တာတွေ ယုံကြည်ပြီးတော့ လုပ်နေတာ တွေ မဟုတ်တာတွေပြော၊ ဘာမှ ကျေးဇူး မများဘူး၊ အင်မတန် အကျိုးမဲ့ဖြစ်ပါတယ်။
သဒ္ဓါ အားကြီးလို့ရှိရင် မုတ္တစာဂ အချီးအနှီး အကျိုးမဲ့ ယုံကြည်ခြင်း ဖြစ်တတ်ပါတယ်တဲ့၊ ယုံကြည်စရာ အကြောင်း မရှိဘဲနဲ့ ယုံလို့ရှိရင်လဲပဲ အကျိုးမဲ့တွေ ဖြစ်သွားတတ်ပါတယ်တဲ့၊ ပညာက လွန်ကဲနေတဲ့ပုဂ္ဂိုလ်၊ ပညာ လွန်ကဲတဲ့ ပုဂ္ဂိုလ်ကတော့ အကုန်လုံး စူးစမ်းဆင်ခြင်မှုတွေ များနေတာ တစ်ချို့ပညာလဲ မတတ်ပါဘူး၊ စဉ်းစားတာ များနေတာပါပဲ၊ တကယ့် ပညာကဖြင့် လွန်နေပါပြီ၊ တကယ့် ဉာဏ်ပညာကတော့ မလွန်ဘူး၊ ခုလွန်တယ် ဆိုတာကတော့ စူးစမ်းတဲ့ဟာ ဆင်ခြင်တာ တကယ့်ပညာက အရဟတ္တမဂ် - အရဟတ္တဖိုလ်ထိအောင် ဘယ်လောက် တက်တက် လမ်းဆုံးနေတာပဲ သူကတော့ လွန်တယ်မရှိပါဘူး၊ ဉာဏ်အစစ်ကတော့ မလွန်ပါဘူး၊ သူဟာ ဉာဏ်အစစ် မဟုတ်လို့ ဟိုကဆင်ခြင်တာတွေ၊ အဲ-စဉ်းစားဆင်ခြင်တဲ့ ဥစ္စာတွေ ဝိတက်တို့ဘာတို့ နေမှာပေါ့လေ။
ဒါတွေက စဉ်းစားဆင်ခြင်တဲ့ ဝိတက်, ဝိစာရတွေ၊ အဲဒါတွေ အဲဒီပညာတွေ လွန်ကဲနေလို့ ရှိရင်လဲ သဒ္ဓါက အလုပ်လုပ်လို့ မဖြစ်ဘူး၊ သူက တွေ့ကရာ မယုံဘဲဟာကို၊ စူးစမ်းဆင်ခြင်တယ်၊ စူးစမ်းဆင်ခြင်မှုနဲ့ချည်းပဲ လုပ်နေတယ်၊ ဥပမာ-ကုသိုလ်ကောင်းမှုဆိုတာဟာ ကုသိုလ်ဆိုတာဟာ စိတ်တွင် ဖြစ်တာပဲတဲ့၊ အဲဒီတော့ စိတ်ထဲက ကုသိုလ်စိတ် လုပ်လိုက်ရင် ကုသိုလ်ဖြစ်တာပဲ၊ ဉာဏ်က ဒီလိုစူးစမ်းဆင်ခြင် ပေးတာကို အခု အဘိဓမ္မာတို့ ပရမတ်သမားတွေပေါ့လေ၊ ပရမတ်တွေ လွန်လွန်ကဲကဲဟူတဲ့ ပုဂ္ဂိုလ်တွေ အဲဒါမျိုးတွေ ဖြစ်တတ်တယ်၊ သူ့ဟာ ကုသလာဓမ္မာ ကုသိုလ်တရားဆိုတာ စိတ်တွင် ဖြစ်တာကို စိတ်တွင်ဖြစ်တော့ ဒါနဆိုလဲပဲ လှူဒါန်းတဲ့ ဝတ္ထုပစ္စည်းတွေ မရှိပေမယ်လို့လဲ စိတ်ကူးနဲ့ လှူလိုက်လို့ရှိရင် ဒါန မြောက်တာပါပဲ၊ ပြီးတာပါပဲ ဆိုပြီးတော့ တစ်ခါတည်း ဘာမှလှူစရာ တန်းစရာ တကယ့်အလုပ် လုပ်စရာ မလိုဘူး၊ စိတ်ကူးနဲ့ ချည်းပဲ လှူနေတယ်၊ ဟိုမှာ ဘုရားတွေ ပင့်ပြီးတော့လှူလိုက်၊ သူကဟန်ကြတယ်၊ စိတ်ကူးနဲ့ချည်း လှူနေတာ အင်မတန် သက်သာတယ်၊ ဟန်ကျတယ် လှူဖွယ်ဝတ္ထုတွေ ဘာမှမကုန်ဘူး၊ စိတ်ထဲတွင် အလှူကြီး တစ်ခုတော့ ပြီးသွားရော ပူဇော်ပွဲကြီးတစ်ခု လုပ်တာလဲ ဖြစ်တာပါပဲဆိုပြီး အဲဒီ ဟိုဟာတွေ လုပ်တတ်တယ်တဲ့၊ သူက ဒါ အဋ္ဌကထာက ပြောတာပါ၊ ဘုန်းကြီးကပြောတာ မဟုတ်ဘူး၊ ဘာနဲ့တူနေသတုန်းဆိုတော့ ဘေသဇ္ဇ သမုဋ္ဌိတော ရောဂေါဝိယ ဒုက္ခေ ကိစ္ဆော-တဲ့။ ဆေးကြောင့်ဖြစ်တဲ့ ရောဂါများလိုပဲတဲ့၊ မူလရောဂါ သူ့ဟာသူ ဖြစ်နေတာက သင့်လျော်တဲ့ဆေးနဲ့ ကုလိုက်ရင် လွယ်လွယ်ပဲတဲ့။
အေး-ဆေးမှားပြီး ဖြစ်သွားတဲ့ရောဂါက အကုရ ခက်တယ်တဲ့၊ အဲဒါများလိုပဲတဲ့၊ ဉာဏ်ပညာတွေ စူးစမ်းဆင်ခြင်မှုတွေက များနေရင်ဖြင့်ရင် စူးစမ်းဆင်ခြင်မှုကြောင့် ဟိုစဉ်းစား ဒီစဉ်းစားနဲ့ ခုနပြောတဲ့ ပရမတ် သဘောတွေ ဘာတွေ လွန်သွားတာပေါ့လေ၊ စဉ်းစားရုံနဲ့ စိတ်နှလုံးသွင်းရုံနဲ့ ဒါနလဲ မြောက်နိုင်တယ်၊ သီလလဲပဲ ဖြစ်နိုင်တယ်၊ ဘာဝနာဆိုလဲ နှလုံးသွင်းရင် ပြီးတာပါပဲ၊ တရားအားထုတ်ဖို့ မလိုပါဘူးဆို တစ်ချို့က အဟုတ်ကို ဟောနေတာ၊ အဟုတ်ကို ဟောနေတာ၊ အရပ်ထဲမှာ အခု ကြားကြားနေတယ်၊ မလိုပါဘူးတဲ့၊ ဒီဥစ္စာ စိတ်နှလုံးသွင်း လိုက်လို့ရှိရင် ဒီဥစ္စာတွေ သိနေပြီးတာပါပဲ၊ ဘာမှ တရားအားထုတ်ဖို့ မလိုဘူးဆိုပြီး ဒီလိုဟောတာကို၊ အဲဒီတော့ ဒီလိုဟောတော့ တစ်ချို့ကလဲ ယုံမှာပဲ တစ်ချို့ကလဲပဲ အဲဒီလို အားမထုတ်ရတာကို သဘောကလဲ ခက်ကြကြကို၊ သူ့ဟာ ဘာမှ မလုပ်ရတဲ့ဥစ္စာ သူ့ဟာ သက်သက်သာသာပဲ ကောင်းတာပဲ အဲဒီတော့ သဘောကြပြီးတော့နေတယ်။
ဒါတွေဘာဖြစ်တုံးဆိုတော့ မဂ်ဖိုလ်လမ်း ပိတ်တယ်၊ အတော်ကြောက်စရာ ကောင်းတယ်၊ အဲဒါတွေ တရားအားထုတ်ဖို့ မလိုပါဖူး၊ ဒါ- ဒါသိရင် တော်ပါပြီ၊ ဒါလေး နှလုံးသွင်းလိုက်ရင် ပြီးတာပါပဲ၊ အဲဒါကို သဘောကြပြီး ယုံနေကြတဲ့ပုဂ္ဂိုလ်တွေ ဒါသူ အားမထုတ်တော့ဘူး၊ အားထုတ်လို့ရှိရင် ဖြစ်မည့် ကုသိုလ်တွေတောင် မဖြစ်ရတော့ဘူး၊ ဟိုမဂ်ဖိုလ်တွေ ဆိုတာထားပါအုံးတော့၊ သူ့ဥစ္စာ အားထုတ်လို့ရှိရင်ဖြင့် ၁-ရက်လောက် အားထုတ်ရင် ၁-ရက်အတွင်း သူပါရမီကုသိုလ် ဖြစ်ရမှုကို အဲဒါကို မဖြစ်ရတော့ဘူး၊ အားထုတ်ဖို့ မလိုပါဘူးဆို၊ ဒါသဘောကြတော့ အားမထုတ်ဘဲနေတော့ အဲဒီလို နစ်နာပြီးတော့ သွားတယ်၊ ဒါက ပညာတွေ လွန်နေတာ စူးစမ်းဆင်ခြင်မှုတွေ လွန်နေတာ ဒီရုပ်တရား နာမ်တရားတွေ ဒီလိုစဉ်းစားလိုက်ရင် ဒီလိုသိနေမှာပဲ၊ မထူးပါဘူးဆိုပြီးတော့ သူက ဒီလိုအောက်မေ့နေတာကို၊ အေး-ကျမ်းဂန် ဒေသနာအရနဲ့ အဘိဓမ္မာ ဒေသနာအရနဲ့ ရုပ်တရားက ဒီလို နာမ်တရားကဒီလို ဒါ- ဒါပါပဲ၊ သည်လောက်ပါပဲ၊ မထူးပါဘူး၊ ဒီလိုသိတယ်၊ အဲဒီတော့ ဒါနဲ့ပြီးပါပြီ ဆိုပြီးတော့ ဒီလိုအောက်မေ့တာကို၊ အဲဒါဉာဏ်တွေ လွန်နေတာတဲ့၊
ဘယ် - ဒီလိုနဲ့ ပြီးတာ ဟုတ်လိမ့်မှာတုံး၊ ကိုယ်တိုင် သိဖို့ရာလိုသေးတဲ့ ဥစ္စာ သူတို့ဟာ ကျက်ထားတာတွေ ဟိုမှာ သူများပြောတာတွေနဲ့ စာအုပ်ထဲကဟာတွေ၊ သူလျှောက်ပြီးတော့ ပြောပြီးတော့ အဲဒီဟာ နားထောင်တဲ့ ပုဂ္ဂိုလ်တွေက သူပြောတဲ့ဟာတွေ မှတ်ထားတာ သိတယ်ဆို ပြောနေတာ တကယ်သိတာမှ မဟုတ်ဘဲ၊ အေး-တကယ် သိဖို့ရာက လိုတယ်၊ တကယ်သိဖို့ရာလိုလို့ မြတ်စွာဘုရားက တရားအားထုတ်ဖို့ရာတွေ ဟောရတာပေါ့၊ မြတ်စွာဘုရားက တရားဟောရတယ်။
ပထမစပြီးတော့ ဓမ္မစကြာ တရားဟောတယ်၊ ဓမ္မစကြာတရား ဟောတော့ ရှေးဦးစွာ ရှင်ကောဏ္ဍညမထေရ် တရားနာနေရင်း တရားသဘောတွေပေါက်ပြီး အစဉ်အတိုင်း ဝိပဿနာ ဉာဏ်တွေ ဖြစ်ပြီးတော့ အရိယာ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရောက် သောတာပန် ဖြစ်သွားတာကို၊ ရှင်ကောဏ္ဍညနဲ့အတူ တရားနာနေတဲ့ပုဂ္ဂိုလ်တွေ ၄-ဦးရှိသေးတာကို၊ ပဉ္စဝဂ္ဂီ ၅-ဦးထဲက ၄- ဦးကျန်နေတယ်၊ ဝပ္ပ, ဘဒ္ဒိယ, မဟာနာမ်, အဿဇိ အဲဒီ ၄-ပါးက တရားနာရုံနဲ့ သူတို့မဂ်ဖိုလ်တရား မရသေးဘူး၊ မရသေးတော့ ဒီပုဂ္ဂိုလ်တွေ တရားအားထုတ်ရတယ်၊ အဲဒီကနေပြီးတော့ သူတို့ ဆက်ပြီးတော့ အားထုတ်နေတယ်၊ တချို့ ဆွမ်းခံ မသွားဘဲတောင် အားထုတ်နေကြတာ၊
အဲဒီလို အားထုတ်ပြီးတော့ နေတော့မှ နောက် ၁-ရက်ကြာတော့ကို ဝပ္ပမထေရ်က သောတာပန် ဖြစ်တယ်၊ နောက် ၂-ရက်မြောက်ကြတော့မှ ဘဒ္ဒိယမထေရ်က သောတာပန်ဖြစ်တယ်၊ ၃-ရက် မြောက်ကြတော့မှ မဟာနာမ် မထေရ်က သောတာပန်ဖြစ်တယ်၊ ၄-ရက်မြောက်ကြတော့ အဿဇိ မထေရ်က သောတာပန်ဖြစ်တယ်၊ အဲဒီလို အားထုတ်ပြီးတော့ ယူရတယ်၊ အဲဒါဟာ အားမထုတ်ဘဲနဲ့ ဒီလိုဟောလိုက်ရုံနဲ့ သိသွားရုံနဲ့ ပြီးပါပြီဆိုရင် ဘုရားက အားထုတ်ခိုင်းမှာ မဟုတ်ပါဘူး၊ အားထုတ်ခိုင်းနေဖို့ လိုမှာ မဟုတ်ပါဘူး၊ ဘုရားက ခဏခဏ ဟောမှာပေါ့၊ ဒီတစ်ခါနဲ့ နားမလည်သေး နောက်တစ်ခါ ဟောလိုက်မှာပေါ့။
ပြီးတော့ ဟိုတုန်းက မြတ်စွာဘုရားက ဟောတာပဲ၊ ဘုရားထက်ပိုပြီး ဘယ်သူ ကောင်းအောင် ဟောနိုင်လိမ့်မတုံး၊ သူ့ဟာ နားလည်အောင်လို့ ဘုရားက အဟောနိုင်ဆုံးပဲ၊ ဘယ်လိုဟောရင် နားလည်မယ်ဆိုတာ ဒါအကုန်လုံး ဘုရားက သိနေတာပဲ၊ ဒီထက်ပိုပြီး ကောင်းအောင်တော့ ဘယ်သူမှ မဟောနိုင်ဘူး၊ ပြီးတော့ တရားနာတဲ့ ပုဂ္ဂိုလ်တွေကလဲ ပဉ္စဝဂ္ဂီ ငါးဦးဆိုတာ တရားဦးကို နာရတဲ့ပုဂ္ဂိုလ်ထူးတွေပါပဲ၊ တကယ့်ပုဂ္ဂိုလ်ထူးတွေ လောကဘက်ကလဲ သူတို့တကယ် ပညာရှိတွေပဲ၊ ပညာရှိကြီးတွေ ဟိုခေတ်တုန်းက ဝေဒကျမ်းတွေမှာ ကောင်းကောင်း တတ်မြောက်ပြီးတော့နေတဲ့ ဗြဟ္မဏပညာရှိကြီးတွေ တကယ့် ပုဂ္ဂိုလ်ကြီးတွေ၊ ဉာဏ်ထူး ပုဂ္ဂိုလ်ကြီးတွေ၊ အဲဒီတော့ ပါရမီ အနေအားဖြင့်လဲပဲ တရားဦးကို နာရတဲ့ပုဂ္ဂိုလ်တွေ သာသနာဦးက အဦးဆုံး သောတာပန်ဖြစ်တဲ့ ပုဂ္ဂိုလ်တွေ၊ သူတို့ ပုဂ္ဂိုလ်ထူးတွေပဲ၊ ဒီပုဂ္ဂိုလ်တွေလဲ အညံ့တွေ မဟုတ်ဘူး၊ သူက ဒီတော့ ဘုရား ဟောတဲ့တရား သူတို့နားမလည်ဘဲ နေမှာမဟုတ်ဘူး၊ နားလည်မှာပဲ။
နားလည်ရုံနဲ့ သူက မပြီးသေးဘူး၊ မပြီးသေးလို့ သူက အားထုတ်ရတယ်၊ နောက်အခါ ကာလ တွေမှာလဲ မြတ်စွာဘုရားက တရားအားထုတ်ဖို့ရာ တိုက်တွန်းတော့ ရဟန်းတွေ တောကျောင်း တောင်ကျောင်းမှာနေပြီး ဒီလို အားထုတ်ကြရတာပဲ၊ အားထုတ်ပြီးတော့ တချို့ ရဟန္တာဖြစ်တဲ့ ပုဂ္ဂိုလ်တွေက လာပြီးတော့ မြတ်စွာဘုရားထံ လျှောက်ကြတယ်။
အနာဂါမ်စသည်ဖြစ်တဲ့ ပုဂ္ဂိုလ်တွေကလာပြီးတော့ လျှောက်ကြတယ်၊ အဲဒါတွေ ဝတ္ထုကြောင်းတွေ, သက်သေသာဓကတွေ အများကြီးရှိပါတယ်။
ဒီတော့ ဒီရုပ်တရား, နာမ်တရားတွေ ဒီလိုနှလုံးသွင်း ဆင်ခြင်ရုံနဲ့ ပြီးတယ်ဆိုတဲ့ ဥစ္စာကတော့ မဖြစ်နိုင်တဲ့ဥစ္စာ၊ ဒါပေမယ်လို့လဲ တချို့ပုဂ္ဂိုလ်က အဲဒီလို စဉ်းစား ဆင်ခြင်ပြီးတော့ ပြော-ဟောနေတာတွေ ရှိတယ်၊ ဒါဘာတုံးဆိုရင် ပညာတွေ လွန်နေတာ၊ ပညာလဲပဲ ခုနကပြောတဲ့ ဝိပဿနာပညာလဲ မဟုတ်ဘူး၊ သူ့ဥစ္စာ ဘာဝနာပညာလဲ မဟုတ်ဘူး၊ ဒါ- စူးစမ်း ဆင်ခြင်တဲ့ သူတို့အထင်အမြင်နဲ့ စူးစမ်းဆင်ခြင်နေတဲ့ အသိဉာဏ်တွေပဲ၊ သေသေချာချာ တရားကိုယ်အရ ကောက်လိုက်လို့ ရှိရင်တော့ ဒါ ဝိတက် ဝိစာရတွေ ဖြစ်မှာပဲ၊ အဲဒီဟာတွေ လွန်နေလို့ရှိရင် ခုနကပြောတဲ့ သဒ္ဓါတရားက ယုံကြည်မှုက မဖြစ်ရတော့ဘူး၊ ဒီလိုအားထုတ်ရင် ဒီလိုဖြစ်လိမ့်မယ်လို့ ယုံကြည်မှု မရောက်တော့ဘူးလား၊ ဟော-သဒ္ဓါတရားပျက်ကရော၊ သဒ္ဓါတရား အလုပ် မလုပ်ရတော့ဘူး။
အဲဒါကြောင့် သဒ္ဓါနဲ့ပညာ ညီမျှစေရမယ်တဲ့၊ အဲဒါက တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေလဲ ဒီလိုစိတ်တွေ ဖြစ်တတ်တယ်၊ ဒါအရေးကြီးလို့ ပြောနေရတာ တရားအားထုတ် နေရင်းလဲပဲ ဒီလိုအားမထုတ်ဘဲနဲ့ ရုပ်တရား နာမ်တရားတွေ ခွဲလိုက်ရင် ပြီးမှာပါပဲလို့ စိတ်ထဲက ထင်မြင် သွားတတ်တယ်၊ အဲဒါတွေလဲ အများကြီးရှိတယ်၊ ဟိုမှာ ဗဟုသုတရှိတဲ့ ပုဂ္ဂိုလ်တွေက အဲဒီလို ထင်တတ်တယ်၊ ဟာ-ဒို့ခု မှတ်နေတာတွေက အဘိဓမ္မာက လာတဲ့အတိုင်း မစုံသေးဘူး၊ မပြည့်စုံ သေးဘူး၊ အဲဒီတော့ ဒီလိုဟာ ဟုတ်မှ ဟုတ်ပါ့မလား ဆိုပြီးတော့ စဉ်းစား ဆင်ခြင်မှုတွေဝင်လာ၊ အဲဒါနဲ့ သဒ္ဓါတရား မဖြစ်ရတော့ဘူး၊ ဒီလိုရှုရင် မှတ်ရင် ရှုမှတ်သိတာလေးဟာ သဘာဝ အမှန်အတိုင်းသိတဲ့ အသိဉာဏ်ကလေးပဲလို့ ယုံကြည်ရမည့် သဒ္ဓါတရားတွေ မဖြစ်ရ တော့ဘူး၊ သူက အပေါ်ကနေ ပိတ်ထားလိုက်တာနဲ့ အဲဒါတွေ ဖြစ်တတ်တယ်။
ဒါကြောင့်မို့ သူက စဉ်းစားဆင်ခြင်မှု ဉာဏ်ပညာတွေ လွန်ကဲနေလို့ရှိရင် သဒ္ဓါ ယုံကြည်မှုတွေဟာ မဖြစ်နိုင်ဘူးတဲ့၊ ဒါကြောင့်မို့ သဒ္ဓါနဲ့ပညာဟာ ညီမျှပါစေတဲ့ ယုံသင့် ယုံထိုက်တာတွေ ယုံပေါ့လေ၊ စဉ်းစားတယ် ဆိုတော့ အဲဒီလို စဉ်းစားထိုက်တဲ့ ဟာတွေစဉ်းစား၊ လုံးလုံး မစဉ်းစားဘဲနဲ့လဲ မနေနဲ့။ ပြောတိုင်း ပြောတိုင်းလဲ ပိုပြီးတော့မယုံနဲ့၊ အဲ-ပြောတိုင်းပြောတိုင်း အကုန်လုံး ပယ်ချပြီးသကာလ ကိုယ့်စဉ်းစားချက် ကလေးတင်ကိုလဲ အတည်ပြု ပြီးတော့ မထားနဲ့၊ အသင့်ယုတ္တိရှိတာ အသင့် ယုတ္တိရှိတဲ့အတိုင်း လိုက်ပြီး သကာလ သူ့ဟာ ယုံရဦးမှာကို၊ ယုံကြည်မှုနဲ့ စဉ်းစားဆင်ခြင်မှု ညီမျှ ပါစေတဲ့၊ သဒ္ဓါနဲ့ ပညာ ညီမျှပါစေတဲ့၊ ဝီရိယနဲ့ သမာဓိ ညီမျှပါစေတဲ့၊ ဝီရိယက သိပ်ပြီး ကြောင့်ကြစိုက် အားထုတ်နေလို့ရှိရင်လဲ သမာဓိ မဖြစ်ဘူး၊ သမာဓိ မဖြစ်တော့ တရား မတိုးတက်ဘူး။
မြတ်စွာဘုရား လက်ထက်တုန်းက အရှင်သောဏ မထေရ်၊ သူ သေဋ္ဌေးသားပဲ၊ သူကတော့ သေဋ္ဌေးသားမှ တကယ် ချမ်းသာတဲ့ သေဋ္ဌေးသား၊ ငယ်ငယ်က စပြီးတော့ သူဟာ မြေကြီးပေါ်တို့ ဘာတို့ နင်းဖူးပုံမရပါဘူး၊ ခြေထောက်တွေများ နုပြီးတော့ နေလိုက်တာ တစ်ခါတည်း ခြေဖဝါးတွေက နေပြီးတော့ အမွေးတွေတောင် ပေါက်နေတယ် ဆိုတယ်၊ အင်မတန် နူးညံ့နေတယ်၊ အိမ်ပေါ် တိုက်ပေါ်မှာ နေတော့ အင်မတန် နူးညံ့တဲ့ ကော်ဇော အခင်းတွေ ဘာတွေပေါ်မှာ နင်းပြီး သွားလာနေရတယ်၊ ပြီးတော့လဲ ဘယ်လိုပဲ နုနု အချို့တွေ့ကရာ လူတော့လဲ ပေါက်မယ်တော့ မဟုတ်ပါဘူး၊ သူပေါက်တဲ့အမျိုးအနွယ်မို့နဲ့တူပါရဲ့၊ သို့သော်လဲ ကြမ်းကြမ်း တမ်းတမ်းတွေ နေရင်တော့ ပေါက်နိုင်မှာတော့ မဟုတ်ပါဘူး။
အဲဒီ နူးညံ့တဲ့ အတွက်ကြောင့် ခြေဖဝါးတွေတောင် အမွေးတွေက ပေါက်ပြီးတော့ နေတယ်တဲ့၊ ဒီသေဋ္ဌေးသားက အင်မတန်ကို နူးညံ့တဲ့ သေဋ္ဌေးသားပဲ၊ အဲဒါ နောက်အချိန်ကြတော့ကို မြတ်စွာဘုရားထံ ရောက်ပြီးတော့ လာတော့ တရားဟောတော့၊ ဒီတရားဟာဖြင့် လူ့ဘောင်နေပြီး အားထုတ်လို့တော့ စင်စင်ကြယ်ကြယ် မဖြစ်နိုင်ဘူး၊ စိတ်တိုင်း စိတ်တိုင်း စင်ကြယ်အောင် အားထုတ်ရတဲ့ တရားပဲ။
ဒီတော့ကို သာသနာဘောင်ဝင်ပြီး ရဟန်း ပြုမှ ကောင်းမှာပဲလို့ ပလိဗောဓ ကင်းအောင် သာသနာ့ဘောင်ဝင် ရဟန်း ပြုမှ၊ ဟိုတုန်းက အံ့သြစရာ အင်မတန်ကောင်းတယ်၊ ပုဂ္ဂိုလ်တွေတော်တော် အံ့သြစရာကောင်းတယ်၊ မြတ်စွာဘုရားဟောတဲ့ တရားတွေကြားနာပြီးတော့ အင်မတန် ချမ်းသာနေတဲ့ သေဋ္ဌေးသားတွေ သေဋ္ဌေးတွေက နေပြီးတော့ သာသနာဘောင် ဝင်လာတာ အံ့သြစရာ အင်မတန်ကို ကောင်းတယ်၊ ဟိုတုန်းကတော့ သာသနာဘောင်ကလဲ အခုကာလလို ပြည့်ပြည့်စုံစုံ မဟုတ်ဘူး၊ လောကဘက်က ပြည့်စုံတာ မဟုတ်ဘူး၊ တရား ဘက်ကတော့ဖြင့် ဟိုတုန်းက မြင့်မြတ်တာပေါ့လေ၊ လောကဘက်က နေပြီးတော့ ကျောင်း မရှိသေးဘူး၊ ဟိုတုန်းက သင်္ကန်းဝတ်ပြီးလို့ရှိရင် ကျောင်းနေစရာ မရှိဘူး၊ သစ်ပင်အောက် နေရမယ်တဲ့၊ သင်္ကန်း ကလဲပဲ ဘယ်သူကမှ၊ ဒကာတွေက လှူဖို့ရာရယ်လို့ မရှိသေးဘူး၊ ပံ့သကူ ကောက်ပြီး ဝတ်ရမယ်၊ ကျောင်းကလဲ သစ်ပင် အောက်နေရမယ်၊ သင်္ကန်းကလဲ ပံ့သကူ ရှာပြီးတော့ ဝတ်ရမယ်။
ဆွမ်းကလဲပဲ ဒီလိုပင့်ဖိတ်ပြီး ဆွမ်းကျွေးတဲ့ ဒကာတွေ ဘာတွေရယ်လို့ ရှိကြတာ မဟုတ်သေးဘူး၊ နည်းနည်းပါးပါးတော့ရှိတယ်၊ သိပ်မရှိသေးဘူး၊ ဒါပေမယ်လို့ အချိန်တန်လို့ရှိရင် ဆွမ်းခံပြီး စားရတယ်၊ ဆွမ်းခံပြန်တော့လဲ အဲဒီတုန်းက သာသနာက ထွန်းပကာစ, စကာစ ဆိုတော့ သာသနာ အကြောင်းလဲ မသိသေးတော့ ဆွမ်းလောင်းမည့် လူတွေကလဲ သိပ်ပြီးတော့ ရှိလှမယ် မဟုတ် သေးဘူး၊ အဲဒီလို အခါကာလကြီးမှာ မိမိတို့လက်ရှိဖြစ်တဲ့ လောကစည်းစိမ်ကြီးတွေကို အင်မတန် ကြီးကျယ်တဲ့ သေဋ္ဌေးစည်းစိမ်ကြီးတွေကို အကုန်လုံး စွန့်ပြီးတော့ သာသနာဘောင် ဝင်ပြီး ရဟန်း ပြု တာ တော်တော်အံ့သြစရာ ကောင်းတယ်၊ အင်မတန် ကြည်ညိုစရာကောင်းတယ်၊
ဘာဖြစ်လို့ ဒီလိုပြုရသလဲဆိုရင် သူတို့ အိုခြင်း, နာခြင်း, သေခြင်း အစရှိသော သံသရာ ဆင်းရဲတွေ၊ သူတို့စိတ်ထဲမှာ တကယ့်ကို ထင်နေတာကို၊ ပါရမီကလဲ ရှိလို့ပေါ့လေ၊ ပါရမီ မရှိတဲ့ ပုဂ္ဂိုလ် တွေကြတော့ ဘာမှပြောလို့လဲ မထင်ပါဘူး၊ ကြောက်ရမှန်းလဲ မသိပါဘူး၊ သတ္တိအင်မတန် ကောင်းနေပါတယ်၊ သူကလဲ ပါရမီရှိတဲ့ ပုဂ္ဂိုလ်တွေကတော့ ရှေးကပါရမီမျိုးစေ့ ရှိပြီးတော့ လာတော့ ယခုအကြောင်းကလေး တစ်ခုခု တွေ့ရ ကြားရလို့ရှိရင် တစ်ခါတည်း သံဝေဂတွေ ဖြစ်ပြီးတော့ လာတယ်၊ တရားနှလုံးသွင်း အားထုတ်ဖို့ရာကိုလဲ လာတယ်။
အဲဒါကြောင့် အိုခြင်း, နာခြင်း, သေခြင်း အစရှိသော သံသရာ ဝဋ်ဆင်းရဲတွေ တစ်ခါတည်း လောလောဆယ် တွေ့ရတော့မယ်၊ ဤသို့ တစ်ခါတည်း ထင်ပြီးတော့ ဝဋ်ဆင်းရဲတွေက လွတ်မြောက်အောင်လို့ တရားအားထုတ်ဖို့ရာ ရည်ရွယ်ပြီးတော့ သာသနာဘောင်ဝင် ရဟန်း ဒီလိုပြုပြီးတော့ တရားအားထုတ်တာပဲ၊ အားထုတ်တော့ ခုနသေဋ္ဌေးသားက နည်းနည်းအားထုတ် တာမဟုတ်ဘူး၊ တင်းတင်းရင်းရင်း လွန်လွန်ကျွံကျွံကို အားထုတ်နေတာ၊ စင်္ကြံလျှောက်ပြီးတော့ အားထုတ်နေတာ၊ ဒိပြင်နေရာ မှာနေတော့ သေဋ္ဌေးသားဆိုတော့ မျက်နှာကြီး ဂုဏ်သရေရှိတဲ့ ပုဂ္ဂိုလ်ဆိုတော့ သူ့မိတ်ဆွေတွေ ရှိတာကို၊ အဲဒီမိတ်ဆွေတွေက လာလာပြီး သကာလ စကားပြောနေ ဒါကြောင့်မို့ သူက သင်္ချိုင်းမှာ သွားနေတယ်၊ သင်္ချိုင်းဆိုတော့ လူတယ် မလာချင်ဘူး၊ ခုကာလ သင်္ချိုင်းလို့ ဆိုရင်လဲ လာဦးမှာပါပဲ။
ရှေးတုန်းက သင်္ချိုင်းက တောထဲမှာ အဲဒီသင်္ချိုင်းဆိုတာ လူတယ် မသွားဝံ့ဘူး၊ အဲ-တောထဲက သင်္ချိုင်းမှာ သူသွားပြီးတော့ နေတယ်၊ သွားနေတော့ သူ့စိတ်ထဲ အောက်မေ့တယ်၊ ငါငယ်ငယ် တည်းကစပြီး အင်မတန် ချမ်းချမ်းသာသာ နေလာတာတဲ့၊ ပေါ့ပေါ့ဆဆနဲ့ အားထုတ်လို့တော့ မဖြစ်ဘူး၊ ငါ တင်းတင်းရင်းရင်းတော့ အားထုတ်မှပဲဆိုပြီးတော့ စင်္ကြံလျှောက်ပြီးတော့ အားထုတ်တယ်။
ဘယ်လောက် အားထုတ်တုန်းဆို စင်္ကြံလျှောက်ပါများတော့ ခြေထောက်ကလဲ နုတာကို၊ ခြေထောက်ကနုတော့ သွေးတွေ တစ်ခါတည်းထွက်တယ်၊ အဲဒီသွေးတွေ ထွက်ပြီးတော့ သွေးတွေထွက်လဲ မလျှော့ဘူး၊ သွားနေတာပဲ သွားနေ မြက်တွေ ဘာတွေကို သွေးတွေ လူးလဲနေတယ် ဆိုတာကို၊ အဲဒီမှာ မြတ်စွာဘုရားက ကြွသွားတယ်၊ ကြွသွားတော့ ဟိုမှာ သူ စင်္ကြံသွားတဲ့ လမ်းကို မြတ်စွာဘုရား လျှောက်ပြီးတော့ ကြည့်တဲ့အခါကြတော့ သွေးစတွေ ဘာတွေနဲ့ လျှောက်ထားတာကို တွေ့ရတယ်၊ ဒီမှာ ဘယ်သူ သွားသလဲဆိုတော့ အရှင်သောဏ စင်္ကြံသွားပါတယ်တဲ့ (အားထုတ်ပါတယ်တဲ့၊) ဒီလိုလျှောက်တာကို၊ ဒါနဲ့ သောဏ ခေါ်ပြီးတော့ မြတ်စွာဘုရားက သြဝါဒပေးရတယ်။
သောဏ-တဲ့၊ သင်ရှေးတုန်းက လူဖြစ်စဉ်အခါ ကာလတုန်းက စောင်းအတတ်များ တတ်ခဲ့တယ် မဟုတ်လားတဲ့၊ စောင်းတီးတတ်တယ် မဟုတ်လားတဲ့၊ တီးတတ်ပါတယ်တဲ့၊ ဟိုတုန်းက သေဋ္ဌေးသားတွေဆိုတာ သူတို့ ဒီပြင်ဘာအလုပ်မှ မလုပ်ပဲ၊ ဒါပဲ သူတို့ ပျော်ပါးပါး နေဖို့ရာ အတီး အမှုတ် တူရိယာတွေ အကအခုန်တွေ ဒါတွေပဲ သင်ကြား လေ့လာကြတာကို၊ စီးပွားရေးတွေ ဘာတွေကလဲ သိပ် ကြောင့်ကြစိုက်ရတာ မဟုတ်ဘူး။
ဟိုတုန်းက အင်မတန် ပြည့်စုံပြီးတော့ နေတဲ့ပုဂ္ဂိုလ်တွေ အဲဒါကြောင့် သူတို့ တူရိယာ ပညာတွေက တတ်နေတယ်၊ စောင်းအတတ် တတ်ပါတယ်၊ စောင်းအတတ် တတ်လို့ရှိရင်လဲ စောင်းကြိုးဟာ လျော့လျော့လေး ထားလို့ ရှိရင်ကော တီးလို့ အသံကောင်းပါ့မလားတဲ့၊ ကောင်းကောင်း မမည်ဘူးတဲ့ ပြောတယ်၊ သိပ်ပြီး တင်းတင်းကြီး ဆွဲထားလိုက်ရင်ကော ဘယ်နဲ့ နေတုံးတဲ့ ဒါလဲ အသံ မကောင်းဘူး၊ သာသာယာယာ မရှိဘူးတဲ့၊ နို့ ဘယ်လိုထားမှ ကောင်းတယ်ဆို၊ မလျော့မတင်းအောင် ကြည့်ပြီးတော့ ထားရတယ်၊ အသံညှိလိုက် တီးကြည့်လိုက်, တင်းကြည့်လိုက်, လျော့ကြည့်လိုက် တော်လောက်တဲ့နေရာ ထားရတာကို၊ မလျော့မတင်း အဲဒီလို ထားရပါတယ်တဲ့။
အဲဒီတော့ မြတ်စွာဘုရားက ငါဘုရားသာသနာမှာလဲ ဒီလိုပါပဲတဲ့၊ လျော့လွန်းအားကြီးရင်လဲ မဖြစ်ဘူးတဲ့၊ လျော့နေလို့ရှိရင် သူ့ဟာတရားကို မတက်ဘူး ခုတရား အားထုတ်တဲ့ ပုဂ္ဂိုလ်တွေ, တစ်ချို့ ယောဂီတွေလျော့တယ်၊ ကမ္မဋ္ဌာန်းကျောင်း ရောက်လာကတည်းက လျော့နေတာမတတ်ဘူး၊ (တစ်နေ့လဲဒီလို-၂) ကမ္မဋ္ဌာန်းဆရာတွေကိုက စိတ်ပျက်ယူရတယ်၊ တစ်ချို့ မတက်ဘဲနေတာ ရှိတယ်။
လျော့နေတာတွေ များသောအားဖြင့် ဘုန်းကြီးပိုင်းက လျော့တတ်တယ်၊ ဘုန်းကြီးပိုင်းတွေ ဒကာပိုင်းတွေက လျော့တတ်တယ်၊ သူက စိတ်ကူးနဲ့ စဉ်းစား ဆင်ခြင်ပြီးတော့ သက်သက်သာသာနဲ့ ဖြစ်မလာလို့၊ သူက အဲဒါ စိတ်ကူးဘက်ကို သူက အားကိုးပြီးတော့ နေလို့ လျော့နေတယ်၊ လုံ့လဝီရိယ သိပ်အားမထုတ်ဘူး၊ ဒကာမတွေပိုင်း ကတော့ စိတ်ကူးက သိပ်မကူးတတ် ဘဲဟာကို၊ သူ့ဟာ ဒီက ဆရာသမားက ပြောလိုက်တဲ့အတိုင်း အားထုတ်ရမယ်ဆို နင်းကန်ပြီးအားထုတ် လိုက်တော့ သူတို့ သမာဓိ မြန်မြန်ဖြစ်တတ်တယ်၊ သမာဓိဖြစ်ရင် ဉာဏ်ဖြစ်တာပဲ၊ သမာဓိမဖြစ်ရင် ဉာဏ်ကဖြစ်တာ မဟုတ်ဘူး။
သမာဓိတော ဘိက္ခဝေ ယထာဘူတံ ပဇာနာတိ ဆိုတာ တကယ့်ကိုဟုတ်တာ၊ သမာဓိ မဖြစ်ဘဲနဲ့ ဉာဏ်က မဖြစ်ဘူး၊ တစ်ချို့တရားတွေက နှလုံးသွင်း ဆင်ခြင်ယုံနဲ့ ဉာဏ်တွေဖြစ်တယ်၊ အောက်မေ့တယ်၊ ဘယ်ဖြစ်လိမ့်မှာတုံး၊ နှလုံးသွင်းဆင်ခြင်ရုံနဲ့ သမာဓိမှ မရှိသေးဘဲနဲ့ အဲဒီဟာက ဉာဏ်မှ မဟုတ်ဘဲနဲ့၊ သမာဓိကဖြစ်မှ ဉာဏ်ဖြစ်တာ၊ နှလုံးသွင်း ဆင်ခြင်ရုံနဲ့ သင်ကြား လေ့လာပြီး ဖြစ်တာတွေက ဒါကတော့ ဗုဒ္ဓဘာသာ မဟုတ်တဲ့ ပုဂ္ဂိုလ်တွေလဲ သင်ကြားလေ့လာရင် သူကသိတာပဲ၊ ရုပ်တရား နာမ်တရား သဘောတွေ ဒါတွေ သိတာပဲ၊ အဲဒါတွေက ဉာဏ်မှမဟုတ်ဘဲနဲ့ မှတ်သားထားတာတွေ သညာတွေပဲ၊ အေး-ဉာဏ်အစစ်ကတော့ သမာဓိပေါ် မှီပြီး ဖြစ်တာ။
“သမာဓိတော ဘိက္ခဝေ ယထာဘူတံ ပဇာနာတိ” ဆိုတဲ့အတိုင်း သမာဓိဖြစ်မှ ဉာဏ်ဖြစ်တယ်၊ သမာဓိ မဖြစ်ရင်ဉာဏ် မဖြစ်ဘူး၊ အဲဒီတော့ သမာဓိဖြစ်လောက်အောင်လို့ တစ်ခါတည်း တင်းတင်းရင်းရင်း အားထုတ်မှ ဖြစ်တာ အဲ-သိပ်ပြီးတော့ တင်းလွန်း အားကြီးလွန်းလို့ရှိရင်လဲ မဖြစ်ဘူးတဲ့ သိပ်ပြီးတင်းလွန်း သိပ်ပြီးအားထုတ်လွန်း နေလို့ရှိရင်လဲ အဲဒါလဲပဲ ကြောင့် ကြဗျာပါရတွေ များလွန်းပြီးသကာလ ဟိုလို အားထုတ်လိုက်မယ်၊ ဒီလို အားထုတ်လိုက်မယ်၊ ဟိုလို မှတ်လိုက်မယ်၊ ဒီလို မှတ်လိုက်မယ်၊ တရားအားထုတ်ဖို့ရာတွေ ကြောင့်ကြစိုက်ပြီးတော့ ကြံစည် အားထုတ်နေတာနဲ့ ဟိုမှာ အမှတ်တွေက လွတ်ကုန်ရော၊ အဲဒီလိုလဲ မဖြစ်ဘူး၊ ပျံ့လွင့်တယ်တဲ့။
အဲဒီတော့ မလျော့မတင်း ဖြစ်တိုင်းဖြစ်တိုင်းကို ဖြစ်ရင် မှတ်မယ်လို့ ကိုယ်က ခတ်မှန်မှန် ထားပြီး မှတ်ထားရတာကို၊ ဒါ လုံ့လဝီရိယတွေ လွန်နေတဲ့အခါ ကာလပြောတာ၊ အများအားဖြင့်တော့ လွန်လို့ ပြင်ရတာ နည်းပါတယ်၊ လျော့လို့ပြင်ရတာ များတာ၊ လျော့လို့ တိုက်တွန်းပေးမှာ၊ ဘာပဲဖြစ်ဖြစ် တုံးတိုက်တိုက် တိုင်တိုက်တိုက် ဖြစ်ချင်ရာဖြစ်ရောဆိုပြီးတော့ နင်းကန်ပြီး အားထုတ်လိုက်မှ တက်တတ်တယ်၊ သူက အဲ-သိပ်အားထုတ်လွန်း အားကြီးလို့ ပြန်လျှော့ရတာ ကတော့ နည်းနည်းပါးပါးတော့ ရှိတယ်၊ တစ်ချို့ သိပ်အားထုတ်လွန်းကြီးလို့ နည်းနည်းပါးပါးတော့ လျှော့ရတာရှိပါတယ်၊ တစ်ချို့ မအိပ်မနေ သိပ်အားထုတ်လွန်းတော့ အိပ်လိုက်ပါဦးလို့ ခိုင်းရ သေးတယ်။ အဲဒီလိုဟာတွေလဲ ရှိပါတယ်။
နည်းတော့ နည်းတယ်၊ လျှော့ရတဲ့ပုဂ္ဂိုလ်က နည်းတယ်၊ မလျှော့ရတဲ့ ပုဂ္ဂိုလ်ကများတယ်၊ အဲဒီလို မလျှော့မတင်း အားထုတ်မှ ဖြစ်မယ်လို့ မြတ်စွာဘုရားက စောင်း ဥပမာနဲ့ ညွှန်ကြားပြီးတော့ ဟောလို့ အဲဒီမှာ မလျှော့မတင်း အားထုတ်တော့ အရှင်သောမဏမထေရ်ဟာ ဝိပဿနာဉာဏ်တွေ အစဉ်အတိုင်း တက်ပြီးတော့ သောတာပန်၊ သကဒါဂါမ် အနာဂါမ် သောတာပတ္တိမဂ်၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်၊ အရဟတ္တမဂ် အစဉ်အတိုင်း မဂ်ဖိုလ်တက်ပြီးတော့ ရဟန္တာဖြစ်သွားတယ်၊ အဲဒါဝီရိယ နဲ့ သမာဓိ ညီမျှရမယ်၊ ဝီရိယလွန်နေရင် သမာဓိ မဖြစ်ဘူး။
အရှင်အာနန္ဒာ မထေရ်လဲပဲ သင်္ဂါယနာပွဲ ကျင်းပခါနီး သူ တရားအားထုတ်တာပဲ၊ ညတွင်းချင်း တစ်ခါတည်း ကိစ္စပြီးအောင်ဆိုပြီး နောက်တစ်နေ့ကြရင် သင်္ဂါယနာပွဲ ဝင်ရမှာကို၊ ပွဲမီတစ်ခါတည်း ကြိုးစား အားထုတ်လိုက်တာ တစ်ညလုံးစင်္ကြံ လျှောက်ပြီး အားထုတ်တယ်၊ တစ်ညလုံး စင်္ကြံလျှောက် အားထုတ်နေ တရားက မပြည့်စုံသေးဘူး၊ မနက်လင်းကာနီးတောင် ရောက်နေပြီ တရားက မပြည့်စုံသေးဘူး။
ဒီတော့ ရှင်အာနန္ဒာက စဉ်းစား ဆင်ခြင်တယ်၊ ဘယ့်နှယ်လဲ မြတ်စွာဘုရားက အားထုတ်ရေး “ကတပုညောတိ အာနန္ဒ” သင်ပြုပြီးသော ကောင်းမှုတွေ ရှိနေတာပဲတဲ့၊ ပါရမီ ပြည့်စုံနေပါပြီတဲ့၊ ကြိုးစားသာ ကြိုးစားပေတော့တဲ့၊ ကြိုးစားရစ်လို့ ဆိုရင်ဖြင့် “ခိပ္ပံ ဟောတိ ခီဏာသဝေါ - မကြာခင်ပဲ ကိလေသာ အာသဝေါ ကင်းတဲ့ ရဟန္တာဖြစ်ပါလိမ့်မယ်လို့” မြတ်စွာဘုရားက မိန့်မှာ ထားခဲ့တယ်၊ အဲဒါလေး သူ့နားထဲလဲကြား စိတ်ထဲလဲပေါ်လာတယ်။
မြတ်စွာဘုရားက ဒီလို မိန့်ထားခဲ့တာပဲ၊ ဘုရားဟောတဲ့ အမိန့်ရှိတဲ့ စကားတော့ အမှန်ဖြစ်မှာပဲ ငါဘာဖြစ်လို့ တရား မတက်ဘဲ ဖြစ်နေတာတုံး၊ စဉ်းစားတော့ ငါ့ဥစ္စာ လုံ့လ ဝီရိယတွေ များနေတာပဲလို့ စင်္ကြံလျှောက်တော့ ဝီရိယက များတယ်၊ စင်္ကြံလျှောက်နေတော့ ဝီရိယတွေ ကာယိကဝီရိယ, စေတသိကဝီရိယဆိုတာ စင်္ကြံလျှောက်တဲ့ အခါမှာ နှစ်ခုလုံး ရနေတယ်၊ စေတသိကဝီရိယကတော့ စိတ်ထဲကနေပြီး မှတ်နိုင်အောင်လို့ ကြောင့်ကြစိုက်ပေးနေတာ၊ ကာယိက ဝီရိယကတော့ ခြေထောက် ကြွအောင် လှမ်းအောင်လို့ ကြောင့်ကြစိုက်ပေး နေတာရှိရတာကို။
ကာယိယဝီရိယ၊ စေတသိကဝီရိယ ဘီးနှစ်ခုလုံး လည်နေတယ်လို့ ဆိုတာကို၊ အဲဒီတော့ ကြောင့်ကြစိုက်မှုတွေ များနေတော့ စိတ်ကသမာဓိက ကောင်းသင့်သလောက် မကောင်းဘူးပေါ့လေ ရသင့်သလောက်တော့ ရတယ်၊ ဖြစ်သင့် သလောက်တော့ဖြစ်တယ်၊ သို့သော်လဲ သမာဓိအားထက် ဝီရိယအားက များနေတာ၊ အဲ-ဝီရိယနဲ့ သမာဓိအား မျှအောင်လို့ဟာ အခန်းထဲ ဝင်ပြီးတော့ အားထုတ်လိုက်ဦးမှပဲလို့ ကမ္မဋ္ဌာန်းကျောင်းထဲဝင်၊ ဝင်ပြီးတော့ လှဲလိုက်တာ၊ ခုတင်ပေါ်ထိုင်ပြီး သကာလ လှဲလိုက်တာ၊ ခုတင်ပေါ်ကထိုင်ပြီး အလှဲလိုက်မှာ ခေါင်းကလဲ ခေါင်းအုံးပေါ် မရောက် သေးဘူး၊ ခြေထောက်ကလဲ မြေကြီးကတော့ လွတ်နေပြီ၊ ဒါကြောင့် မြေကြီးနဲ့ခြေထောက်က လွတ်နေလို့ မတ်တတ်ရပ်နေတယ်လို့ ဒီလိုလဲ မဆိုနိုင်ဘူး၊ ခုတင်ပေါ်မှာ တည့်တည့်မတ်မတ် ထိုင်တာမဟုတ်လို့ ထိုင်နေတယ်လဲ မဆိုနိုင်ဘူး၊ ခေါင်းအုံးပေါ်ခေါင်းက မရောက်သေးလို့ အိပ်နေတယ်လဲ မဆိုနိုင်ဘူး၊ သွားနေတာ မဟုတ်တာကတော့ ထင်ရှားနေတယ်၊ အဲဒီအတွင်းမှာ ရဟန္တာဖြစ်သွားတယ်တဲ့။
ဣရိယာပုတ် ၄-ပါးနဲ့လွတ်ပြီးတော့ ရဟန္တာဖြစ်တယ်လို့ ဆိုတာကို၊ သို့သော်လဲ အိပ်ဆဲ ဣရိယာပုထ် ထဲပါတော့ ပါဝင်နေပါတယ်၊ အဲဒါ ဣရိယာပုထ် တိတိကျကျမဟုတ်လို့ ဣရိယာပုထ် ၄-ပါးက လွတ်ပြီးတော့ အဲဒီအတွင်း ရဟန္တာ ဖြစ်သွားတယ်၊ အံ့သြစရာ သိပ်ကောင်းတယ်၊ တရားဟာ ဖြစ်ချင်ရင် သိပ်မကြာဘူး၊ မဖြစ်ချင်တော့ တစ်ညလုံး အားထုတ်နေတာမဖြစ်ဘူး၊ ဖြစ်ချင်တော့ အဲဒီကထိုင်ပြီး ခဏ တဖြုတ် လှဲလိုက်တဲ့အချိန်လေးမှာ ဒီမှာသမာဓိနဲ့ ဝီရိယမျှပြီးတော့ တရားက တက်သွားတာကို၊ ဟော-ရဟန္တာဖြစ်သွားတယ်၊ သင်္ဂါယနာပွဲလဲ တစ်ခါတည်း အမီဝင်နိုင်တာပဲ။
မနက်ကြတော့ သင်္ဂါယနာတင်ပွဲ ကျင်းပတဲ့အခါ သွားနိုင်တယ်၊ ရဟန္တာအဖြစ်နဲ့ အင်မတန် နေရာကျတယ်၊အဲဒါကြောင့် သမာဓိနဲ့ ဝီရိယ ညီမျှဖို့ရာလိုပါတယ်၊ သမာဓိ အားကြီးနေရင် ဝီရိယက လျော့နေတတ်တယ်၊ သမာဓိ အားကြီးတာက ဘာတုံး ဆိုတော့ ငြိမ်ငြိမ်လေး ထိုင်ပြီးတော့ဖြစ်စေ၊ အိပ်ပြီးတော့ဖြစ်စေ၊ လွယ်လွယ်ကူကူလေး မှတ်နေတာ ရှိတယ်၊ အာရုံလေး တစ်ခုတည်းပေါ့လေ၊ လွယ်လွယ်လေး။
ဥပမာ (ထိုင်တယ်-၃) ဒီလိုတစ်ခုတည်း မှတ်နေရင် လွယ်တာပေါ့၊ သူ့ဥစ္စာ တစ်နေရာက ထိတာလေးတင် (ထိတယ်-၃) ဒီလိုမှတ်နေလဲ လွယ်တာပဲ၊ လွယ်တော့ ကြောင့်ကြမှ မစိုက်ရတော့ဘဲ၊ (တစ်ခါတည်းထိတာ-၃) တစ်ခါတည်း မှတ်နေတော့ သိပ်လွယ်နေတာ၊ ဒါတင်မဟုတ်ဘူး၊ အချိုးအစား တော်တော်ကြလို့ တော်တော်နိုင်နေတဲ့ ပုဂ္ဂိုလ်ဟာ နိုင်နေရဲ့သားနဲ့ ဖောင်းတာနဲ့ ပိန်တာလေး၊ လွယ်လွယ်လေး မှတ်နေလို့ရှိရင်လဲ မတက်ဘဲနဲ့နေတတ်တယ်၊ သူကလဲ သူ့ဟာလွယ်နေတာပါပဲ၊ ဖောင်းလိုက် ပိန်လိုက် ဒါလေးတင်ဆိုတော့ ကြောင့်ကြ မစိုက်ရဘဲနဲ့ အားထုတ်ကာစတော့ ဒါနှစ်ခုပဲ၊ တော်တော် အားထုတ်ရပါတယ်၊ အစနဲ့အဆုံး ဒါမိအောင် တော်တော် အားထုတ်ရတယ်၊ အေး-နိုင်နေပြီး မှတ်လို့ကို တော်တော်ကောင်း နေပြီဆိုတဲ့ ပုဂ္ဂိုလ်မှာ ဉာဏ်တွေလဲ ဖြစ်တန်သမျှ ဖြစ်နေပြီး ဟိုမှာ ဥဒယဗ္ဗယ ဉာဏ်ဆီမှာပေါ့လေ၊ အဲဒီဉာဏ်ဆီ ရောက်နေပြီ၊ အဲဒီကြတော့ ကြောင့်ကြမစိုက်ဘဲနဲ့ ဒီလို လွယ်လွယ်လေးတင် မှတ်နေလို့ရှိရင်, အဲ သက်သက် သာသာလေး မှတ်နေလို့ရှိရင် သမာဓိက များပြီးတော့ ဝီရိယ အားနည်းပြီးနေလို့ မတက်ဘဲနဲ့ နေတယ်။
အဲဒါကြောင့် အာရုံတစ်ခုတည်း မှတ်နေတဲ့ပုဂ္ဂိုလ်ဟာ မှတ်ပါများလို့ မတက်နိုင်ဘူး ဆိုရင် အာရုံနှစ်ခုလောက်ပေမယ့် တိုးတက်ပြီးတော့ မှတ်ပေါ့၊ ဒီလိုလုပ်တာ ဝီရိယလေး အားထုတ် ပေးရတာ ထိုင်ပြီးတော့ ငြိမ်နေတာနဲ့ မတက်လို့ရှိရင် စင်္ကြံလေး ဘာလေး လျှောက်ပြီးတော့ မှတ်ရတယ်၊ အဲဒါ ဝီရိယတိုးအောင်လို့ အားထုတ်ရတယ်၊ အချိန်က နည်းနည်းအားထုတ်နေလို့ မတက်လို့ရှိရင် အချိန် တိုးတက်ပြီးတော့ အားထုတ်ရတယ်၊ အဲဒီလို ဝီရိယလေး တိုးတိုးပြီးတော့ အားထုတ်ရတယ်၊ သမာဓိနဲ့ ဝီရိယမျှအောင် အားထုတ်ရတယ်၊ ဝီရိယဟာ အားထုတ် လွန်းအားကြီး နေလို့ရှိရင်လဲ လျှော့ပေး၊ ဒါကတော့ လျှော့ရတဲ့ဥစ္စာ နည်းပါတယ်။
အဲဒီလို ဝီရိယနဲ့ သမာဓိ ညီမျှရမယ်တဲ့၊ သဒ္ဓါနဲ့ ပညာ ညီမျှရမယ်တဲ့၊ အဲဒါလေးခုဟာ အရေးကြီးပါတယ်၊ ဒိပြင်ဟာက ဒီလောက်အရေးမကြီးဘူး၊ သတိကတော့ ပိုတယ်လို့မရှိဘူးတဲ့၊ သတိဆိုတာ အမှတ်ရမှုကတော့ မှတ်နေရတယ်၊ ပိုပြီးတော့ မှတ်နေရတယ်လို့ မရှိပါဘူးတဲ့၊ သူကတော့ဖြင့် လိုနေတာပဲရတယ်၊ ဒါကြောင့် သတိတော့ဖြင့် ပိုတယ်မရဘူး၊ ပြည့်စုံသည်ထက် ပြည့်စုံအောင် အမှတ်တော့ဖြင့်ရင် ဖြစ်တိုင်းဖြစ်တိုင်း အကုန်လုံး မှတ်နိုင်အောင်ပဲ ကြိုးစား နေရမှာပဲ။
အဲဒီလို သဒ္ဓါနဲ့ ပညာ၊ ဝီရိယနဲ့ သမာဓိ အဲဒီ ဣန္ဒြေတရားတွေ ညီမျှအောင်လို့ အားထုတ်ရမယ်တဲ့၊ အယုတ်အလွန် ရှိနေတဲ့အခါကာလ ညီမျှအောင်လို့ ပြု ပြင်ပေးရမယ်၊ ဒါကတော့ ကိုယ့်ဟာကိုယ် မပြုပြင်နိုင်ရင် ကမ္မဋ္ဌာန်းတရားနဲ့ အားထုတ် နေတဲ့အခါတော့ ကမ္မဋ္ဌာန်းဆရာတွေက စဉ်းစားတယ်၊ ဘာပြုလို့ မတက်ပါလိမ့်မတုံး စဉ်းစားပြီးတော့ အဲဒါ လိုနေတာလေးတွေ၊ ဒီကပြင်ပြင်ပြီးတော့ ပေးနေရတာကို၊ ဝီရိယ နည်းနေတဲ့ ပုဂ္ဂိုလ် ဝီရိယများ အောင်လို့ တိုးပြီးတော့ အားထုတ်ခိုင်းရတယ်၊
ဝီရိယများနေတဲ့ ပုဂ္ဂိုလ်လဲ နည်းနည်းပါးပါး လျှော့ပြီး အားထုတ်ခိုင်းရတယ်၊ ဒါ ရှားပါးတယ်၊ လျှော့ပေးရတယ်၊ အဲ-စူးစမ်း ဆင်ခြင်မှုတွေ များနေတဲ့ပုဂ္ဂိုလ် မဆင်ခြင်ပါနဲ့ မှတ်ရုံမှတ်ပါ၊ ဒါ ခဏခဏ ပြောရတယ်၊ ဒါကတော့ အများဆုံး ပြောရတာပဲ။
စူးစမ်း ဆင်ခြင်နေလို့ရှိရင် တရားမတက်ဘဲ နေလိမ့်မယ်၊ ခဏခဏ ပြောရတယ်၊ တစ်ချို့ မကြိုက် ဘူး၊ ဆင်ခြင်တာလေးမှ မဆင်ခြင်ရဘူး၊ မဆင်ခြင်ရဘဲနဲ့ ဘယ့်နှယ်လုပ်ပြီး ဉာဏ်ဖြစ်မလဲ သူကဒီလိုကို ဆင်ခြင်မှ သမ္မာသင်္ကပ္ပ ဆိုတာ မှန်ကန်စွာ ကြံစည်ခြင်း၊ ကောင်းစွာ ကြံစည်ခြင်း၊ သမ္မာသင်္ကပ္ပ- ကြံမှ စဉ်းစားမှဖြစ်မှာပေါ့၊ တစ်ချို့က ဒီလိုအောက်မေ့တာကို၊ အဲ-အဲ-ဒီလိုဆင်ခြင် တွေနဲ့ တက်နေရင် တရားမတက်ဘူး၊ ဒီလိုပုဂ္ဂိုလ်ကတော့ အဲဒါတွေ ဒီပုဂ္ဂိုလ်တွေ အတွက်ဟာ စူးစမ်းဆင်ခြင်မှုတွေ များနေတာ၊ စူးစမ်းဆင်ခြင်မှုတွေ မများနိုင်အောင်လို့ အားထုတ်ခိုင်းရတာ၊ သဒ္ဓါလွန်နေတဲ့ ပုဂ္ဂိုလ်လဲ ရှိတယ်၊ သဒ္ဓါလွန်တာကတော့ ဥဒ္ဒယဗ္ဗယဉာဏ်တွေကြ လွန်နေ တတ်တယ်။
ဥဒ္ဒယဗ္ဗယဉာဏ်တွေကြ တရားတွေကောင်းပြီးတော့ သဒ္ဓါတရားတွေ၊ ဖြစ်ပြီး ဟိုဟာလုပ်ချင် ဒီဟာလုပ်ချင် တစ်ချို့ကလဲ ကမ္မဋ္ဌာန်းကျောင်း ရောက်ကာစ တယ်မကြာသေးဘူး၊ သဒ္ဓါတရား တွေက ဖြစ်လာတာ တစ်ခါတည်း ဟိုဟာ ဒီဟာလုပ်ချင်၊ ကုသိုလ်တွေ ထပ်လုပ်ချင်တာကိုး၊ ကမ္မဋ္ဌာန်း ကျောင်းနဲ့စပ်ပြီး ဝေယျာဝစ္စတွေ ဆောင်ရွက်ချင်၊ ဟိုလူ့အကျိုးဆောင်ချင်, ဒီလူ့ အကျိုးဆောင်ချင်, ဟိုသွားတရားဟောချင်, ဒီသွားတရားဟောချင်, အဲဒီလိုဟာတွေ သဒ္ဓါတရားတွေ များနေတာ ရှိတယ်။
အဲဒီလိုပုဂ္ဂိုလ်တွေကြရင် သဒ္ဓါတရားမများရအောင် မှတ်ခိုင်းရတယ်၊ အဲဒါရှိပါတယ်၊ မကြာမကြာ ကမ္မဋ္ဌာန်းဆရာတွေက ဒါလေးတွေ ညီမျှအောင်လို့ ြုပပြင်ပြီးတော့ ပေးနေရတယ်၊ အဲဒါ ဣန္ဒြိယသမတ္တပဋိကာရဏာ။
မေးမြန်းသန့်စင် - ညီမျှယှဉ်၊ ထိုတွင် စိတ်ညွတ်ပါ။
ထိုတွင် စိတ်ညွတ်ပါ ဆိုတာကလဲ အသိဉာဏ် ဖြစ်အောင်လို့, ဉာဏ်ပညာ ထက်မြက်အောင်လို့ ဖြစ်တိုင်းဖြစ်တိုင်း တရားတွေ အဖြစ်အပျက်တွေ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာတွေ သိအောင်လို့ အားထုတ်မယ်လို့ နှလုံးသွင်းပြီး သကာလ ထားရတယ်၊ ထိုင်ရင်း-ရပ်ရင်း၊ နေရင်း-ထိုင်ရင်း၊ သွားရင်း လာရင်း ဘယ်အချိန်မဆို အဲဒီအသိဉာဏ် ဖြစ်စေမယ်လို့ နှလုံး သွင်းပြီးတော့ အားထုတ် နေရမယ်၊ အဲ - ထဒဓိမုတ္တာ-ဒုပ္ပည ပုဂ္ဂလ ပရိ၀ဇ္ဇတာ ပညာမဲ့တဲ့ ပုဂ္ဂိုလ်ကို ကြဉ်ရှောင်ရမယ်လို့ ပညာမဲ့တဲ့ ပုဂ္ဂိုလ်ကို ရှောင်ကြဉ်ရမယ်တဲ့၊ အဲ-အဆိုလေးက အရင် ဆိုဦးမယ်၊ ဆိုပြီး လိုက်ဆိုရမယ်။
ပညာမဲ့ကြဉ်၊ ဉာဏ်ရှိယှဉ် ဉာဏ်မဲ့ကို ကြဉ်ရမယ်၊ ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကို မှီဝဲရမယ်၊ ဆည်းကပ်ရမယ်၊ ယှဉ်တွဲရမယ်၊ ပညာမဲ့ကြဉ် ဉာဏ်ရှိယှဉ် - ဆင်ခြင်နက်နဲရာ။
နက်နဲမှာဆိုတော့ တယ်မကောင်းဘူး၊ နက်နဲရာ အဲ-နက်နဲတဲ့ တရားတွေမှာ ဖြစ်တဲ့ဉာဏ်ပညာနဲ့ နက်နဲတဲ့ တရားတွေ ဆင်ခြင်ရမယ်လို့ ဒီလိုဆိုလိုတာကို၊ အဲဒါတွေ အကုန်လုံး ပါအောင်တော့ မတတ်နိုင်ဘူး၊ နက်နဲရာ တော်ပါပြီ၊ နက်နဲရာဖြစ်တဲ့ တရားတွေပဲတဲ့၊ နက်နဲတဲ့ တရားတွေရှိတယ်၊ ကဲ-ကဲ ဆိုစမ်းပါဦး။
ဉာဏ်မဲ့ ရှောင်ကြဉ်၊ ဉာဏ်ရှိယှဉ် ဆင်ခြင်နက်နဲရာ။ (ဆို-၃)
အဲ-ဉာဏ်မဲ့ပုဂ္ဂိုလ် ရှောင်ကြဉ်ရမယ်၊ ဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်ကို ယှဉ်ရမယ်။ မှီဝဲဆည်းကပ်ရမယ်၊ နက်နဲတဲ့ တရားတွေကို ဆင်ခြင်ရမယ်၊ ဒီသုံးခုပါပဲ၊ ဉာဏ်မဲ့ဆိုတာ ဘယ်လိုပုဂ္ဂိုလ်တုံး ဆိုတော့ ခန္ဓာ အာယတန ဓာတ် သစ္စာ သဘောတရားတွေမှာ ဉာဏ်မသက်ဝင် ဘူးသေးတဲ့ ပုဂ္ဂိုလ်တွေတဲ့။
ခန္ဓ ဓာတု အာယတန ပဘေဒေသု ဓမ္မေသု အနောဃာသ သညာနံ။
ခန္ဓာ အာယတနဓာတ် - ရရှိတဲ့ တရားတွေ ခန္ဓာဓာတ် အာယတန သစ္စာတရားမျိုးတွေပေါ့လေ၊ အဲဒီတရားမျိုးတွေ အနောဃာသသညာနံ - မသက်ဝင်ဘူးတဲ့ဉာဏ်, မသက်ဝင်ဘူးသေးတဲ့ ပုဂ္ဂိုလ် တွေ၊ အဲဒါဟာ ဒုမ္မေဒ ပုဂ္ဂလာနံ - ပညာမဲ့ပုဂ္ဂိုလ် တွေပဲတဲ့၊ အဲ-ပညာမဲ့ပုဂ္ဂိုလ်-ဉာဏ်မဲ့ပုဂ္ဂိုလ် ပါဠိ ကတော့ ဒီလိုသုံးတာပဲ၊ မြန်မာစကားနဲ့ဆိုရင် တော်တော်ကို ဒီလို အဆိုခံရတဲ့ ပုဂ္ဂိုလ်တွေက အတော် မကျေနပ်စရာ ကောင်းတယ်။
ဉာဏ်မဲ့တဲ့ ဒုမ္မေဒ - ပညာမဲ့သောပုဂ္ဂိုလ်, ဉာဏ်မဲ့သောပုဂ္ဂိုလ်၊ သူ့ဟာစိတ်နာစရာ တော်တော် ကောင်းတယ်၊ ဒါပေမယ်လို့ သူ့ဟာ ဒီလိုမှမပြောရင် ဒီပြင်နည်းနဲ့ ပြောလို့လဲ မဖြစ်တော့ဘူး၊ ဒီလိုပြောရမှာပဲ၊ အဲ-ဉာဏ်မဲ့တဲ့ပုဂ္ဂိုလ်ဟာ ခန္ဓာ အာယတန ဓာတ်တရားတွေမှာ ဉာဏ်မသက်ဝင် သေးတဲ့ ပုဂ္ဂိုလ်တွေ၊ ဒီတော့ မသက်ဝင်ဘူး သေးတဲ့ပုဂ္ဂိုလ်က ဒီလိုမသင်မကြားလို စာပေဗဟုသုတ မရှိတဲ့ ပုဂ္ဂိုလ်များဆိုတာ မဟုတ်လားလို့ မေးစရာ ရှိတော့သူက နောက်နားက ပါတယ်၊ ဉာဏ်ရှိ ပညာရှိ ပုဂ္ဂိုလ်ကြတော့ ဥဒယဗ္ဗယ ပညာယသမန္နာဂတပုဂ္ဂလသေဝနာ တဲ့၊ ဥဒယဗ္ဗယ ဉာဏ်နဲ့ ပြည့်စုံတဲ့ပုဂ္ဂိုလ်ကို မှီဝဲရမယ်တဲ့ ပြောတယ်။
ပညာရှိပုဂ္ဂိုလ်က ဥဒယဗ္ဗယဉာဏ်နဲ့ ပြည့်စုံတဲ့ပုဂ္ဂိုလ် ဒီတော့ ဒီဟာက ခန္ဓာ အာယတနဓာတ်တွေ မသက်ဝင်ဘူး ဆိုတာလဲ ဥဒယဗ္ဗယဉာဏ် အနေနဲ့ မသက်ဝင်ဘူးတာ ဆိုလိုတာ၊ ဒါဆိုလိုတယ်၊ ဒါနှစ်ခုက ပြောင်းပြန်ပဲ၊ ပညာရှိတဲ့ ပုဂ္ဂိုလ် အရကို ကောက်တော့ ဘာကောက်လဲဆို ဥဒယဗ္ဗယ ဉာဏ်နဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကိုပြောတာပဲ၊ ဒီတော့ ဥဒယဗ္ဗယဉာဏ် မရောက်သေးတဲ့ ပုဂ္ဂိုလ်တွေကို ဒီအဋ္ဌကထာက အလိုအားဖြင့်တော့ ဒုမ္မေဒ - ပညာမဲ့တဲ့ ပုဂ္ဂိုလ်တွေလို့ ဆိုလိုပါတယ်။
သူက ဘယ်လိုပဲ လောကမှာ ပညာရှိကြီးတွေဖြစ်နေနေ၊ ဘာသန္တရတွေဘာတွေ ဘယ်လိုပဲ တတ်နေနေ၊ ကျမ်းပြု ဆရာကြီး ဖြစ်နေနေ အဲဒီဥဒယဗ္ဗယဉာဏ် မရောက်သေးရင် ဒုမ္မေဒ - ပညာမဲ့တဲ့ ပုဂ္ဂိုလ်ထဲထည့်မှပဲ၊ ထည့်မှလဲဖြစ်မှာ၊ မထည့်ရင် မဖြစ်ဘူး၊ ဘာပြုလို့တုံးဆို သူ့ကျမ်းပြု ပုဂ္ဂိုလ်ကြီးတွေ ရှိနေပေမယ်လို့ အဲဒီပုဂ္ဂိုလ်မှီဝဲလို့ ဒီဓမ္မဝိစယ သမ္ဗောဇ္ဈင်က ဖြစ်မှာ မဟုတ်ဘူး၊ အဲဒီပုဂ္ဂိုလ်တွေ ပြောတဲ့ဟောတဲ့ ဟာတွေ လိုက်နာနေလို့ ဖြစ်မှာမဟုတ်ဘူး၊ အဲဒီပုဂ္ဂိုလ်က အလွဲတွေ လျှောက်ပြောလို့ရှိရင် ပြီးပါရောပဲ၊ တရားအားထုတ်တာတွေ အလကားပါပဲ ပြောရင် ဒီလိုလဲ ပြောချင်ပြောမှာ -
ဟိုပညာရှိကြီးတွေက ပြောတယ်၊ ဥဒယဗ္ဗယဉာဏ်၊ ကိုယ်ကမဖြစ်ဖူးဘူး၊ ဆိုလို့ရှိရင်လေ၊ အေး-ဥဒယဗ္ဗယဉာဏ် ကောင်းကောင်း မဖြစ်ဘူးတဲ့ ပုဂ္ဂိုလ်တွေကို ကိုယ့်ထင်ကြေးနဲ့ လျှောက်ပြီး သကာလ ဒီလိုအားထုတ်ရင် မဖြစ်နိုင်ဘူး ဟိုလိုအားထုတ်ရင် မဖြစ်နိုင်ဘူး၊ ဒီလိုပေမယ့် ဆုံးဖြတ်ချက် ပေးတယ်၊ အဲ-သူလဲ အကိုးအကားတွေ ရှိတယ်၊ သာဓကတွေတော့ ထုတ်ပြထားတယ်၊ ပါဠိတွေ ဘာတွေတော့ သူရှိတာပဲ၊ ရှိပေမယ်လို့ သူ့အယူနဲ့သူ ယူထားတာကို၊ အဲဒီလိုလုပ်တတ်တယ်၊ ဒီလို အားထုတ်လို့ရှိရင် ဒါရုပ်နာမ်တရား မသိနိုင်ဘူး၊ အနိစ္စ, ဒုက္ခ, အနတ္တ မသိနိုင်ဘူး၊ ဝိပဿနာ ဉာဏ် မဖြစ်နိုင်ဘူး၊ စသည်ဖြင့် ဒီလိုပဲ ဆုံးဖြတ်ချက်ပေးတယ်။
အဲဒါ ပေးတာ ဘာတုံးဆိုရင် ကိုယ်တိုင်က ဒီဉာဏ်မျိုး မဖြစ်ဘူးလို့ မသိသေးဘဲဟာကို၊ သူ့စိတ်ထဲက မဖြစ်နိုင်ဘူး ထင်တော့ မဖြစ်နိုင်ဘူး ဆုံးဖြတ်ပြီး ဒီလိုဟောတယ်၊ ဒါကြောင့် အဲဒီလို ပုဂ္ဂိုလ်တွေ မမှီဝဲရဘူးတဲ့၊ ဒါကလဲ အရေးကြီးတယ်၊ အဲဒီလိုပုဂ္ဂိုလ်တွေ တကယ် အထင်ကြီးပြီး ဆရာကြီးမှတ် ကိုးကွယ်နေရင် ပြီးပါရော၊ ပျက်ကရောပဲ တစ်ခါတည်း၊ ဥဒယဗ္ဗယဉာဏ် ရောက်အောင်လို့ကို အားမထုတ်နိုင်တော့ဘူး၊ သူ့ကိုယ်က ဥဒယဗ္ဗယဉာဏ် ထိအောင်မှ အားမထုတ်ဘူးသေးဘဲ၊ အဲ-ရုပ်နာမ် အဖြစ်အပျက်တွေ သူမှ မသိဘဲပဲ။
သူမသိတော့ သူများတွေ သိနေတာတွေလဲ မသိဘူး မှတ်ပြီးတော့ တော်တော်ကြပ်ပါတယ်၊ တော်တော်ကြောက်စရာ ကောင်းပါတယ်၊ ဘုန်းကြီးများက ဒီကတရားတွေ ပြနေတယ်၊ ရုပ်နာမ်တရားတွေ အဖြစ်အပျက်တွေ ဒီမှာပြနေလို့ အားထုတ် နေတယ်၊ (ပုဂ္ဂိုလ်တိုင်း-၂) ကျေနပ်အောင် သိသွားတဲ့ ပုဂ္ဂိုလ်တွေ အများကြီး ရှိပါတယ်၊ မသိတဲ့ ပုဂ္ဂိုလ်တွေလဲ ရှိမှာပေါ့၊ သို့သော်လဲ ရာခိုင်နှုန်းနဲ့တွက်ရင် တစ်ရာမှာ ငါးဆယ်လောက်ကတော့ သူ့ဟာ အဖြစ်အပျက်တွေနဲ့ သိပြီးတော့ ကိုယ့်ဟာနဲ့ ကိုယ် ကျေနပ်သွားတဲ့ ပုဂ္ဂိုလ်တွေပဲများတယ်။
အဲဒီလို ပုဂ္ဂိုလ်တွေပဲ ဖြစ်ပါတယ်၊ အဲဒီတော့ ဒီပုဂ္ဂိုလ်တွေ အနေအားဖြင့်ဆိုရင် ဒီလို မှတ်နေခြင်းအားဖြင့် ရုပ်နာမ်တွေ အဖြစ်အပျက်တွေ အသေအချာ တွေ့တယ်ဆိုတာ ဘာမှ သူ့ဟာ ယုံမှားစရာ မရှိဘူး၊ ရှင်းနေတာပဲ၊ ဒါပေမယ်လို့ အဲဒီလို ကျကျနန အားမထုတ်ဘူးတဲ့ ပုဂ္ဂိုလ်တွေက ဒီလို အားထုတ်တာ၊ ဘာမှ မဟုတ်ဘူးဆိုပြီးတော့ ပြောနေတာရှိတယ်။
အဲဒါ ဘာပြုလို့ ပြောလဲဆို သူ ဒီလိုမှမဖြစ်ဘူးဘဲဟာကို၊ ဒါမဖြစ်ဘူးလို့ သူမသိလို့ပြောနေတာ၊ အဲဒီလို ပုဂ္ဂိုလ်တွေ ရှိတယ်၊ ဒါကြောင့် ဒီက ဒုမ္မေဒ - ပညာမဲ့ ပုဂ္ဂိုလ်လို့ ဆိုထားတယ်။
ခန္ဓာအာယတန ဓာတ်အစစ်အမှန်တွေ, ရုပ်နာမ် အဖြစ်အပျက်တွေကို ကိုယ်ပိုင်ဉာဏ်ဖြင့် မသက်ဝင်နိုင်သေးတဲ့ ပုဂ္ဂိုလ်တွေဟာ ဒါတွေဟာ ဒုမ္မေဒ ပုဂ္ဂိုလ်တွေပဲ၊ အဲ-ဒုမ္မေဒ ပုဂ္ဂိုလ်တွေ အဲဒီပုဂ္ဂိုလ်တွေ မမှီဝဲနဲ့တဲ့၊ မမှီဝဲရင် ပျက်မယ်တဲ့၊ အဲဒီ ပုဂ္ဂိုလ်တွေဆီ သွားပြီးသကာလ ဆည်းကပ် မှီဝဲနေလို့ရှိရင် ခုန ဒီတရားအားထုတ်ဖို့ မလိုပါဘူးဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ အဲဒီလို ပုဂ္ဂိုလ်တွေပဲ ဒီလိုဟာတွေ၊ သူက အဲဒါကို ယုံကြည်ပြီးသကာလ ဆည်းကပ်နေရင် ဒီဥဒယဗ္ဗယဉာဏ်မျိုးတွေ မဖြစ်ဘူး၊ ဓမ္မဝိစယသမ္ဗောဇ္ဈင် ဘယ်ရောက်တော့မတုံး၊ မရောက်နိုင်တော့ဘူး၊ မဖြစ်တော့ဘူး၊ အဲဒါကြောင့် အဲဒီလို ဥဒယဗ္ဗယဉာဏ် မဖြစ်ဘူးတဲ့ ပုဂ္ဂိုလ်တွေကို မမှီဝဲ မဆည်းကပ်နဲ့တဲ့၊ မလွှဲမကင်းသာလို့ မိတ်ဆွေအဖြစ် ပေါင်းသင်းတာကတော့ ဒါကိစ္စ မရှိပါဘူး၊ ဆရာသမားအဖြစ်နဲ့ ပြောတာ၊ သူက ဆရာသမားအဖြစ်နဲ့ အားကိုး အားထား ပြုပြီး သကာလ သူ့ကို မှီဝဲဆည်းကပ် မလုပ်နဲ့တဲ့၊ အဲ-လုပ်လို့ရှိရင် ဘာဖြစ်မလဲဆို ဥဒယဗ္ဗယဉာဏ် ရောက်အောင် အားမထုတ်နိုင်ဘဲ ဖြစ်သွားလိမ့်မယ်တဲ့။
ပညာရှိပုဂ္ဂိုလ်ကို မှီဝဲရမယ်တဲ့၊ ပညာရှိ ပုဂ္ဂိုလ်ကို မှီဝဲရမယ်၊ ပေါင်းသင်းရမယ်၊ အဲ-ပညာရှိ ပုဂ္ဂိုလ်ကလဲ ကျမ်းဂန်တတ် ကျမ်းပြု အင်မတန် ထင်ရှားကျော်စောတဲ့ ပညာရှိပြီး၊ ဒီလိုမဟုတ်ပါဘူး၊ သူ့ဟာက ဒီ ဥဒယဗ္ဗယဉာဏ်နဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကိုပြောတယ်၊ ဥဒယဗ္ဗယဉာဏ်နဲ့ ပြည့်စုံတဲ့ပုဂ္ဂိုလ် မှီဝဲပါတဲ့၊ အဲဒါဆိုလို့ရှိရင် ယောဂီအချင်းချင်း ပေမယ့်လဲ ဒါ ကျေးဇူး သိပ်များတယ်၊ ဥဒယဗ္ဗယဉာဏ် - သေသေချာချာ ဖြစ်ဖူးတဲ့ ယောဂီတွေနဲ့ အတူတူ ပူးပေါင်းနေရရင် သိပ်နေရာကြတာ၊ ယောဂီအသစ်တွေ ယောဂီအဟောင်းက မဂ်ဖိုလ် မရသေးဘူး ထားပါဦးတော့၊ အဲဒါတွေကတော့ အမြင့်တွေ ထားပါဦးတော့ ဥဒယဗ္ဗယဉာဏ်လောက် ဖြစ်ဖူးတဲ့ ယောဂီကလေ၊ တရား အားမထုတ် ဘူးသေးတဲ့ ယောဂီတွေ အကူအညီတွေ အများကြီးပေးတယ်။
ဘယ်လိုရှုရတယ်၊ ဘယ်လို မှတ်ရတယ်၊ ဘယ်လိုကောင်းတယ် ဘယ်လိုဟာက မဟုတ်ဘူး၊ မကောင်းဘူး စသည်ဖြင့် အမိန့်အတိုင်း သူက ညွှန်ကြားနိုင်တယ်၊ ဒါ အင်မတန် ကျေးဇူး များပါတယ်၊ သူက အဲဒါကို အဋ္ဌကထာဆရာက ဒီနေရာမှာတော့ကို “ပညဝန္တ ပုဂ္ဂလ သေဝနာ” ပညာရှိ ပုဂ္ဂိုလ် ဆိုတာပဲ၊ ပညာရှိပုဂ္ဂိုလ် ဥဒယဗ္ဗယဉာဏ်ရောက်ရင် ပညာပဲ၊ ဒီထက် တိုးတက်ပြီး သကာလ အားထုတ်ရင်တော့ ပိုကောင်းတာပေါ့လေ၊ ဒါပေမယ်လို့ ဥဒယဗ္ဗယဉာဏ်နဲ့ပြည့်စုံရင်ကို ဒါပညာရှိ ပုဂ္ဂိုလ်ပဲ၊ အဲဒီ ပညာရှိပုဂ္ဂိုလ်သာ မှီဝဲနေရရင် ကောင်းတယ်။
တရားအားထုတ်ရာမှာလဲ အဲဒီလို အမှတ်ကောင်းပြီးတော့ ဥဒယဗ္ဗယဉာဏ်တွေနဲ့ ပြည့်စုံနေတဲ့ ပုဂ္ဂိုလ်နဲ့ အတူတကွနေရရင် သိပ်ကောင်းမှာပေါ့၊ ဟိုမှာ ကမ္မဋ္ဌာန်းကျောင်းတွေ အစတုန်းက တစ်ဦးနဲ့တစ်ဦး ဘာမှ မတွေ့ဘူး, မသိဘူးပေမယ်လို့ အဲဒီ တရားအားထုတ်ရာ ကမ္မဋ္ဌာန်းကျောင်း ကြတော့မှ အဲဒီ ဥဒယဗ္ဗယဉာဏ်နဲ့ ပြည့်စုံတဲ့ ယောဂီပုဂ္ဂိုလ်နဲ့အတူ ရောနေရရင်လေ ယောဂီအသစ်တွေ သိပ်ကျေးဇူးများတယ်၊ အင်မတန် ကျေးဇူးများတယ်၊ သူက အမှတ်က ကောင်းနေတာကို၊ အမှတ်ကောင်း နေတော့ မေးစရာရှိရင် သွားပြီးတော့ မေးရတယ်၊ မမေးဘဲနဲ့လဲ ဟိုမှာ ချွတ်ယွင်းချက်ကလေး ဘာလေးရှိရင် သတိလဲ ပေးတတ်ပါတယ်၊ သတိမပေးတောင်မှ သူ မှတ်နေတာ အားထုတ်နေတာ မြင်ရတာနဲ့ကို အားကျပြီးတော့ အဲဒီတရားတွေဟာ ကောင်းတတ် ပါတယ်။
နောက်လာတဲ့ ပုဂ္ဂိုလ်တွေက အင်မတန် ကျေးဇူးများတယ်၊ ဒါကြောင့်မို့ ပညာရှိပုဂ္ဂိုလ် မှီဝဲပါတဲ့၊ အဲ-ဉာဏ်မဲ့ ရှောင်ကြဉ်၊ ဉာဏ်ရှိယှဉ် - ဉာဏ်ရှိတဲ့ပုဂ္ဂိုလ် ပေါင်းသင်း ဆက်ဆံရမယ်တဲ့၊ ဆင်ခြင် နက်နဲရာ၊ နက်နဲတဲ့ တရားတွေကို ဆင်ခြင်ပါတဲ့၊ နက်နဲတဲ့တရားတွေ ခန္ဓာ, အာယတန, ဓာတ်, သစ္စာ, ဣန္ဒြေ ဆိုတဲ့ တရားကို ဆင်ခြင်ပါ၊ အဲ-ကိုယ်တတ်သမျှ ဆင်ခြင် ရမှာပေါ့လေ။
ဒါကတော့ မသိလို့ရှိရင်လဲ ခုနက အစကအတိုင်းပဲ မေးရမှာပေါ့၊ မေးမြန်းဆွေးနွေးကြည့်၊ ကောင်းတာမှတ်တော့ ဘာသိတုံး၊ မရှုလို့ရှိရင် ဘာဖြစ်တုံး၊ မသိရင် ဘာဖြစ်သတုံး၊ ဒါသဘော မပေါက်လို့ရှိရင် မေးကြည့်ပေါ့၊ စဉ်းစားဆင်ခြင် ကြည့်ပေါ့၊ ပြောတဲ့အတိုင်း အဲဒါလေးတွေပါပဲ၊ နက်နဲတဲ့တရားလေးတွေကို ဆင်ခြင်ကြည့်ပါတဲ့၊ ဆင်ခြင်ကြည့်လို့ရှိရင်လဲ ဆင်ခြင်ရာက သဘော ကြပြီး တရားအားထုတ်တဲ့ အခါကာလမှာ ဓမ္မဝိစယ သမ္ဗောဇ္ဈင်တွေ ဖြစ်လာမှာပေါ့၊ အခု ၇-ပါး စေ့သွားပြီ၊ မေးမြန်းသန့်စင်၊ ညီမျှယှဉ် ထိုတွင် စိတ်ညွတ်ပါတဲ့၊ ဒါက လေးခု -
မေးမြန်းက တစ်ခု၊ သန့်စင်က-တစ်ခု၊ ညီမျှယှဉ်က-တစ်ခု၊ ထိုတွင် စိတ်ညွတ်ပါ၊ ဒါကတစ်ခု၊ ၄-ခု။
ဉာဏ်မဲ့ရှောင်ကြဉ်-ဒါက တစ်ခု၊ ဉာဏ်ရှိယှဉ် ဆင်ခြင်နက်နဲရာ-ဒါက တစ်ခု၊ အားလုံး ၇-ခုရှိပြီ။
ဉာဏ်ဖြစ်ပွားကြောင်း အဲ-ဉာဏ်ဖြစ်ပွားကြောင်း တရားအားလုံး ၇-ပါး၊ ဉာဏ်ဖြစ်ကြောင်းဟာ (၇)ပါး၊ အဲဒါပဲ၊ ဒီက အဋ္ဌကထာ ဆရာက ညွှန်ကြားပြီးတော့ ထားတယ်၊ ညွှန်ကြား ဋ္ဌကထာတဲ့၊ ဆိုရမယ်။
ဉာဏ်ဖြစ်ကြောင်းများ ခုနစ်ပါး၊ ညွှန်ကြားဋ္ဌကထာ။ (ဆို-၃)
အဲ-အဋ္ဌကထာက ဉာဏ်ဖြစ်ကြောင်း ၇-ပါး မြတ်စွာဘုရားဟောတဲ့ ပါဠိတော်ကတော့ ယောနိသောမနသိကာရ- ပဲတဲ့၊ ဓမ္မဝိစယသမ္ဗောဇ္ဈင် ဉာဏ်ဖြစ်အောင်လို့ သင့်တင့်အောင် နှလုံး သွင်းခြင်း၊ ဉာဏ်ဖြစ်အောင် နှလုံးသွင်းမယ်၊ အားထုတ်မယ်၊ ရှုမယ်၊ မှတ်မယ် ဒီလို နှလုံးသွင်း ထားရင် ယောနိသော မနသိကာရဟာ အကြောင်းတစ်ပါးပဲ၊ ဒါပဲ ထုတ်ပြတယ်၊ အဋ္ဌကထာကတော့ ၇-ပါး ထုတ်ပြတယ်၊ ၇-ပါးလုံးပဲ ကျေးဇူးများတယ်၊ ဒီ-၇ပါးလုံးဟာ -
အဲ-မေးမြန်းရမယ်၊ အတွင်း-အပ ဝတ္ထုစင်ကြယ်စေရမယ်၊ ဣန္ဒြေငါးပါး ညီမျှစေရမယ်၊ ဓမ္မဝိစယ သမ္ဗောဇ္ဈင် ဉာဏ်ပညာဖြစ်အောင်လို့လဲ စိတ်တိုင်း ညွတ်ထားရမယ်၊ ဉာဏ်မဲ့ပုဂ္ဂိုလ် - ဥဒယဗ္ဗယ ဉာဏ်နဲ့ မပြည့်စုံသေးတဲ့ ပုဂ္ဂိုလ်တွေ ဆရာသမား အနေအားဖြင့် အားကိုးအားထား ပြုပြီးတော့ မမှီဝဲရဘူး၊ ဥဒယဗ္ဗယဉာဏ်နဲ့ ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကို မှီဝဲရမယ်၊ ကလျာဏမိတ္တ အဖြစ်ဖြင့် ယောဂီပုဂ္ဂိုလ် အချင်းချင်းပဲဖြစ်စေ၊ ဒါကတော့ မှီဝဲရတဲ့ ဥစ္စာပဲ ပြီးတော့ နက်နဲတဲ့ ခန္ဓာ အာယတန ဓာတ်တွေကိုလဲပဲ တတ်နိုင်သမျှ စဉ်းစား ဆင်ခြင်ရမယ်။
အဋ္ဌကထာက ၇-ပါးကို၊ အဲဒါ ဉာဏ်ဖြစ်ကြောင်းတွေပဲတဲ့၊ ဓမ္မဝိစယ သမ္ဗောဇ္ဈင် ဖြစ်ကြောင်း တရားတွေ အဲဒီ ၇ပါးသော တရားတွေဖြင့် အားထုတ်ကာစပုဂ္ဂိုလ်မှာ ဒီ ၇-ပါးသောတရားတွေ ပြည့်စုံသမျှ ပြည့်စုံအောင် အားထုတ်ပြီးတော့ ဓမ္မဝိစယသမ္ဗောဇ္ဈင် ပွားရတာကို၊ ပွားလို့ ဥဒယဗ္ဗယ ဉာဏ်ကနေပြီး ဓမ္မဝိစယ သမ္ဗောဇ္ဈင်တွေ အစဉ်အတိုင်း ဉာဏ်တွေထက် တက်ပြီးသွားတာ၊ နောက်ဆုံး သောတာပတ္တိမဂ်ဖိုလ် သကဂါဒါမိမဂ်ဖိုလ်, အနာဂါမိမဂ်ဖိုလ်, အရဟတ္တမဂ်ဖိုလ် ရောက်တော့ ဒီဉာဏ်ကို ဓမ္မဝိစယသမ္ဗောဇ္ဈင် ပွားများခြင်းဟာ ပြည့်စုံသွားတာကို၊ အဲဒီ ဓမ္မဝိစယ သမ္ဗောဇ္ဈင်ပွားများမှု ပြည့်စုံခြင်း၏ အကြောင်းဖြစ်တာကတော့ အရဟတ္တမဂ်ကိုလဲပဲ သိပါတယ်တဲ့၊ ဒါကတော့ ရောက်မှသိမှာ၊ ခုနကလိုပဲ ရောက်မှသိမှာ၊ အဲဒီ ရောက်အောင်လဲ အားထုတ်ရမှာပဲ၊ ဗောဇ္ဈင် ၂-ပါးတော့ ပြီးသွားပါပြီ၊ သိမ်းဦးမှပဲ၊ တော်တော်လဲ ကြာသွားပြီ၊ ကနေ့ အစကပဲ ပြန်ပြောနေတာနဲ့ အချိန်တွေက ကြာသွားပြီ၊ သိမ်းကြဦးစို့။
ဗောဇ္ဈင်ပိုင်း ဓမ္မာနုပဿနာ တရားတော်ကို ရိုသေစွာ နာခံမှတ်သားသော ဓမ္မသဝန ကုသိုလ် စေတနာကံ၏ အစွမ်း အာနုဘော်တို့ကြောင့် ယခု တရားနာ ပရိသတ်တို့သည် မိမိတို့သန္တာန်၌ ဗောဇ္ဈင်တရားကို အဖန်ဖန် ပွားများ အားထုတ်နိုင်ကြ သည်ဖြစ်၍ ဝိပဿနာဉာဏ် အစဉ်, အရိယာမဂ်ဉာဏ် အစဉ်ဖြင့် မိမိတို့ လိုလားအပ်သည့်အတိုင်း ဆင်းရဲခပ်သိမ်း ကင်းငြိမ်းရာ နိဗ္ဗာန်ကို လျင်မြန်စွာ ဆိုက်ရောက်ရ၍ မျက်မှောက် ပြုနိုင်ကြပါစေကုန်သတည်း။
သာဓု .... သာဓု .... သာဓု ... ။
ဝီရိယသမ္ဗောဇ္ဈင် တရားတော်
▬▬▬▬▬▬▬▬▬▬▬▬▬
၁၃၂၃-ခု၊ ဒုတိယ ဝါဆိုလပြည့်နေ့။
၁၃၂၃-ခု၊ ဝါဆိုလပြည့်နေ့၊ ဝါဆိုလပြည့်ကျော် ၁-ရက်နေ့ နံနက် နက်ဖြန်ခါကျလို့ရှိရင် မြတ်စွာဘုရား ပညတ်တော်မူတဲ့ သိက္ခာပုဒ်နှင့်အညီ ရဟန်းတော်တွေ ဝါဆို-ဝါကပ်ပြီး သကာလ နေကြရလိမ့်မယ်တဲ့၊ ဝါတွင်း ၃-လပတ်လုံး အခြားတစ်ပါးကို မသွားဘဲနဲ့ သိက္ခာပုဒ်ကို ရိုသေသောအားဖြင့် စောင့်ရှောက် ထိန်းသိမ်းပြီး နေကြရတယ်၊ အဲဒီ ဝါဆို-ဝါကပ် အနီးဖြစ်တဲ့ လပြည့်နေ့ဖြစ်လို့ ဝါဆိုလပြည့်နေ့၊ ဝါဆိုလပြည့်နေ့ ဆိုတော့ ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်တွေဟာ တတ်နိုင်သမျှ ကုသိုလ်ကောင်းမှုတွေ အများဆုံး ကြိုးစား အားထုတ်ပြီး သကာလ ပြုတဲ့နေ့ပဲ၊ ဒါကြောင့် ယနေ့ ဆရာသမားတွေ ကန်တော့ကြ, မြတ်စွာဘုရား စေတီတော်မြတ်တွေ သွားရောက် ပြီးတော့ ပူဇော်ကြ, ကန်တော့ကြ, လှူဒါန်းကြ, ဥပုသ်သီတင်း သီလတွေလဲ ဆောက်တည်ကြ၊ ယနေ့တရားနာ ပရိသတ်တွေလဲ အများပဲဖြစ်လို့၊ ယနေ့ဟောမည့် တရားကလဲ တရားနာ ပရိသတ်တွေ အများနဲ့ နားလည်မှတ်သားဖို့ရာ ကောင်းတဲ့ အလှည့်ကြနေတော့ ဒီကနေ့တော့ တရားအထူးပြောင်းပြီး မဟောရပါဘူး။
တစ်ခါတစ်ရံကြလို့ရှိရင် ဒီလိုအခါကျရင် တရားဟောနေကြ အလှည့်ကို ပြောင်းရသေးတယ်၊ ဒီနေ့တော့ ပြောင်းဖို့ မလိုပါဘူး၊ လွန်ခဲ့တဲ့နှစ် သီတင်းက စပြီးတော့ မဟာသတိပဋ္ဌာနသုတ်၊ ဓမ္မာနုပဿနာ ၅-ပိုင်းထဲက ဗောဇ္ဈင် ၇-ပါး တရားကို ရှုပုံ၊ ဗောဇ္ဈင်ဓမ္မာနုပဿနာ တရားကို ဟောလို့ပြီးသွားပြီ၊ ဒုတိယသီတင်းက - ဒုတိယဝါဆိုလဆန်း ၈-ရက်နေ့က၊ ဒုတိယ သီတင်းပတ်က ဓမ္မဝိစယသမ္ဗောဇ္ဈင် အကြောင်း ဟောပြီးသွားပြီ၊ ဗောဇ္ဈင် ၂-ပါးပြီးသွားပြီ၊ ဒီကနေ့ ဟောရမှာ ကတော့ ဝီရိယ သမ္ဗောဇ္ဈင်အလှည့် တရား စာရွက်ကလေးတွေ, ဆောင်ပုဒ်စာရွက် ကလေးတွေ ဝေထားတယ်။
ဒီတိုင်းဆိုတော့ တရားနာတဲ့ ပုဂ္ဂိုလ်တွေက ရေးရမှတ်ရနဲ့ တယ်လဲ မသေချာဘူးပေါ့လေ စာရွက်ကလေးနဲ့ ဆိုတော့ သေချာတယ်၊ နောက်လဲ သိမ်းထားရတယ်၊ အိမ်ကျရင်လဲ ဒါ နားမလည် ပေမယ်လို့ ရိုရိုသေသေ သိမ်းထားရမယ်၊ တစ်ခါ တစ်ရံထုတ်ကြည့်၊ နားလည်သလောက် နားလည်သလား၊ မလည်ဘူးလား၊ ဒီလိုလုပ်ရတယ်၊ စဉ်းစားကြည့်၊ ဆွေးနွေးမေးမြန်းကြည့်၊ တရားတော်တွေဟာ အင်မတန် ကောင်းတယ်၊ သမ္ဗောဇ္ဈင် ဗောဇ္ဈင် ၇-ပါး တရားတွေ၊ ဗောဇ္ဈင် ၇-ပါး တရား ပြည့်ပြည့်စုံစုံ ဒီလိုဆောင်ပုဒ်တွေဆိုတာ အင်မတန် ရခဲတယ်၊ ဒါသိမ်းထားရမယ်၊ ဒါကြောင့်မို့ ဒီမှာ စာရွက်ကလေး ရိုက်ထားတယ်၊ ဒီကနေ့ ဝီရိယသမ္ဗောဇ္ဈင် အကြောင်း ဟောရမယ်၊ ဒါပေမယ်လို့ သတိသမ္ဗောဇ္ဈင်အကြောင်း ဓမ္မဝိစယ သမ္ဗောဇ္ဈင် အကြောင်း ဘာမှမသိသေးတဲ့ ပုဂ္ဂိုလ် တွေတော့ နည်းနည်း ထပ်ပြောဦးမှ ဖြစ်မှာပဲ။
ကထဉ္စ ဘိက္ခဝေ ဘိက္ခုဓမ္မေသု၊ ဓမ္မာနုပဿီ ဝိဟရတိ၊ သတ္တသု ဗောဇ္ဈင်္ဂေသု၊
ဘိက္ခဝေ - ရဟန်းတို့၊
ဘိက္ခူ - သံတရာဘေးကို ရှုမြင်သောပုဂ္ဂိုလ်သည်၊
ကထဉ္စ - ဘယ်ပုံ ဘယ်နည်းဖြင့်၊
သတ္တ သုဗောဇ္ဈင်္ဂေသု - ၇ ပါး ဟုဆိုအပ်ကုန်သော၊
ဓမ္မေသု - သဘောတရားတို့မှ၊
ဓမ္မာနုပဿီ - သဘောတရားမျှကို ရှုလေ့ရှိသည်ဖြစ်၍၊
ဝိဟရတိ - နေပါဘိသနည်း။
ဗောဇ္ဈင် ၇-ပါး တရားတွေကို ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ဘဲ သဘောတရားမျှပဲလို့ ဉာဏ်ဖြင့် အမှန်အတိုင်း ရှုမြင်ပြီးတော့ နေတဲ့ဥစ္စာ ဓမ္မာနုပဿနာ အဲဒီ ဓမ္မာနုပဿနာကို ဘယ်ပုံဘယ်နည်း ရှုရပါသလဲ၊ ဘယ်ပုံဘယ်နည်း ပွားရပါသလဲလို့ ဤကဲ့သို့ မေးထားတယ်၊ အဲဒီအထဲမှာ ဗောဇ္ဈင်သုတ် ဆိုတာပါတယ်၊ ဗောဇ္ဈင် ဆိုတာဟာလဲ ဗုဒ္ဓဘာသာတွေက ကြားသိနေကြတာပါပဲ၊ နေမကောင်း ထိုင်မကောင်းဖြစ်ရင် ဗောဇ္ဈင်တရား ကြားနာရင် ရောဂါဝေဒနာ ပျောက်တယ်ဆိုတာ အင်မတန် ကျော်စောနေတယ်၊ ဗောဇ္ဈင် ၇-ပါးတရားတွေ၊ အရှင်မဟာကဿပမထေရ်ကြီး မကျန်းမမာ ဖြစ်တဲ့အခါ မြတ်စွာဘုရားက ဗောဇ္ဈင် ၇-ပါး တရားဟောတယ်။
အဲဒီဗောဇ္ဈင် ၇-ပါးတရားနာရတာနဲ့ ရောဂါဝေဒနာတွေ ပျောက်သွားလိုက်တာ၊ နောက် ဒီရောဂါမျိုး ဘယ်တော့မှ မပေါ်တော့ဘူးတဲ့၊ တယ်နေရာကျတယ်၊ ရှင်မဟာမောဂ္ဂလာန်၊ အဂ္ဂသာဝကထဲက ဒုတိယအဂ္ဂသာဝက ရှင်သာရိပုတ္တရာပြီးရင် သူပဲ၊ ဘုရားပြီးတော့ ရှင်သာရိပုတ္တရာ၊ ရှင်သာရိပုတ္တရာ ပြီးတော့ ရှင်မောဂ္ဂလာန် ဆိုတော့ အင်မတန်ကို တန်ခိုးကြီးတဲ့ ပုဂ္ဂိုလ်ကြီးပဲ၊ ရှင်မဟာမောဂ္ဂလာန် နေမကောင်း ထိုင်မကောင်း ဖြစ်တော့လဲ မြတ်စွာဘုရားက ဒီဗောဇ္ဈင် ၇-ပါး တရားဟောတယ်၊ အဲဒီဗောဇ္ဈင် ၇-ပါးတရား နာရတာနဲ့ ရောဂါဝေဒနာ ပျောက်သွားတယ်၊ ယူပစ်သလိုကို ပျောက်သွား တယ်၊ သိပ်နေရာ ကျတယ်၊ ဒါဒီရောဂါ နောက်ပြန်မလာတော့ဘူး၊ အမြစ်ပြတ် တစ်ခါတည်း ပျောက်သွားတယ်၊ တယ်နေရာကျတယ်။
အခါတစ်ပါးကြတော့ မြတ်စွာဘုရား ကိုယ်တော်တိုင် မကျန်းမာဖြစ်လို့ ဘုရားလဲ သွေးနဲ့သားနဲ့ပဲ၊ ဗုဒ္ဓဘာသာ တရားကတော့ မျက်နှာကြီးမျက်နှာငယ် မလိုက်ဘူး၊ ဘုရားကိုဆိုပြီးတော့ ရောဂါ ဝေဒနာတွေက ရှောင်ရမယ်လို့၊ ဒီလိုမဟုတ်ဘူး၊ သူက ဘုရားလဲ ရုပ်တရား, နာမ်တရားတွေပဲ ဒီတော့ ရုပ်တရား, နာမ်တရားတွေ ချွတ်ယွင်းတဲ့အခါ နေမကောင်း ထိုင်မကောင်းဖြစ်တာပဲ၊ မဖြစ်ဘူးလို့ မဟုတ်ဘူး၊ အေး ထူးတာကတော့ ဘာလဲဆိုတော့ ရှေးဘုန်းရှေးကံကထူးလို့ သူများ ထက်တော့ ထူးခြားသပေါ့၊ သူများထက်တော့ ထူးခြားတယ်၊ ကျန်းမာမှုတွေလဲ မြတ်စွာဘုရားမှာ အင်မတန် ကျန်းမာပါတယ်၊ ကိုယ်ကိုမငဲ့ညှာဘဲနဲ့ ဒုက္ကရစရိယာ အကျင့်တွေ ကျင့်ပြီး အင်မတန် အပင်ပန်းခံ ကျင့်တာတောင်မှ ဘာမှမဖြစ်ဘူး၊ နောက် ပြန်ပြီး အစာအာဟာရ ဖြည့်ရာက နေ့အခါ အာဟာရတွေ ပြန်စားလိုက်တော့ ပြန်ပြီး ရုပ်တွေပြည့်ပြီး လာတယ်၊ သူတစ်ပါးဆိုလို့ရှိရင် နလံထူမှာ မဟုတ်တော့ဘူး။
အဲဒီလို ထူးတန် သလောက်တော့လဲ ထူးပါတယ်၊ ရှေးဘုန်း ရှေးကံကြောင့် ထူးတယ်၊ ပြီးတော့ ဘုရားဖြစ်ပြီးတော့ နေတဲ့အတွက် ဉာဏ်ထူး တရားထူးတွေနဲ့ ပြည့်စုံနေလို့ အဲဒါအကြောင်း ပြုပြီးတော့ ပိုပြီးတော့ သန့်သန့်ပြန့်ပြန့် စင်စင်ကြယ်ကြယ် ကျန်းကျန်းမာမာနဲ့ ဖြစ်နေတာ ထူးခြားပါတယ်၊ ထူးခြားလို့ အခါတစ်ပါးမှာ ဆိုရင်ဖြင့် ပရိနိဗ္ဗာန် စံလောက်အောင် ရောဂါ ဝေဒနာ တွေ ဖြစ်လာတယ်၊ အဲဒီရောဂါဝေဒနာတွေဟာ ဖြစ်ပြီးလာတော့ ဆရာက ဒီရောဂါဝေဒနာ တွေဟာ ဒီတိုင်းထားလို့ရှိရင် ပရိနိဗ္ဗာန်စံမယ်၊ လူပြောပြောလို့ရှိရင် ဒါသေမယ်ပေါ့လေ၊ သေလောက်တဲ့ ဝေဒနာတွေဖြစ်လာတယ်၊ ဒီတော့ တပည့်ပရိသတ် တွေကိုလဲ ငါဘယ်တော့ ပရိနိဗ္ဗာန်ဝင်မယ်လို့ စောစောကလဲ မကြေညာရသေးဘူး၊ မပြောရသေးဘူး ဒီအချိန်ကာလဆိုရင် ဘုရားက တရားဟောမှ ကျွတ်သင့်တဲ့ ပုဂ္ဂိုလ်ဟာလဲ ရှိနေတယ်၊ တပည့် သာဝကတွေကလဲ မကုန်သေးဘူး၊ မကုန်သေးတော့ ဒီအခါကာလ ပရိနိဗ္ဗာန်ပြုဖို့ရာ မကောင်းသေးဘူး၊ ဒီတော့ ရောဂါဝေဒနာ ပျောက်အောင်လို့ ဘာဝနာနဲ့ ပယ်ရှားဦးမှပဲလို့ နှလုံးသွင်း ဆင်ခြင်တော် မူပြီးတော့ ဘာဝနာနဲ့ နှလုံးသွင်း၊ ဝိပဿနာ ဘာဝနာတွေ ရှုလိုက်တော့ ရောဂါတွေ ပျောက်သွားတယ်။
ပျောက်သွားတာမှ ဘယ်လောက် ပျောက်သွားသလဲဆိုတော့ ပရိနိဗ္ဗာန်စံမှာကလဲ အချိန်က နီးနေတော့ ၄-လ၊ ၄- လတာအတွင်း တစ်ခါတည်း ရောဂါဝေဒနာတွေ လုံးလုံးကို မဖြစ်တော့ဘူး၊ ဝိပဿနာ အရှိန်အဝါနဲ့ ချက်ချင်း ကွာသွားတာ၊ ပျောက်တယ်၊ ယခု တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ ရောဂါဝေဒနာ ပျောက်တာဟာ ဒါတွေပျောက်တာ၊ ဝိပဿနာ တန်ခိုးရှိတယ်၊ ဝိပဿနာ အားကောင်းတယ်၊ အားကောင်းရင် ပျောက်တယ်၊ အားမကောင်းရင် မပျောက်ဘူးပေါ့၊ အဲ-မပျောက်သေးလို့ ရှိရင် အားမကောင်းသေးလို့ပဲ၊ ကိုယ့်မှာဖြစ်တဲ့ရောဂါက အားကြီးနေတယ်၊ ဝိပဿနာက အားနည်းတယ် ဆိုရင်တော့ မပျောက်ဘူးပေါ့၊ ရေနဲ့မီးနဲ့လိုပါပဲ၊ ရေနဲ့မီးဟာ ရေကမီးလောက် အားကြီးမှ မီးကိုငြိမ်းစေနိုင်တယ်၊ ရေက နည်းနည်းလေးနဲ့ ဆိုရင်တော့ မီးတွေ ဘယ်ငြိမ်းနိုင်မလဲ၊ မီးပုံကြီးထဲ ရေလေးတစ်ခွက်လောက် သွားဖျန်းလို့ မငြိမ်းဘူး၊ မီးပုံကြီး ငြိမ်းအောင်လို့ဟာ မီးပုံးကြီးထက် ကြီးမားတဲ့ရေတွေနဲ့ သွန်လောင်းလိုက်မှ ဒီတော့မှငြိမ်းမှာကို၊ အဲဒါလိုပဲ၊ ရောဂါဝေဒနာ အကြီးအကျယ် ဖြစ်လာလို့ရှိရင် အင်မတန် ကြီးကျယ်တဲ့ ဝိပဿနာ အင်အားနဲ့မှ ငြိမ်းနိုင်တယ်၊ သာမန် ဝိပဿနာနဲ့တော့ မငြိမ်းနိုင်ဘူး၊ အဲ-မြတ်စွာဘုရား ကတော့ ဝိပဿနာ အင်မတန် ကောင်းလို့ ငြိမ်းပြီးတော့ သွားပါတယ်။
ဒါကြောင့် ထူးခြားသင့် သလောက်တော့လဲ ထူးခြားပါတယ်၊ ဒါပေမယ်လို့ ရောဂါဝေဒနာ လုံးလုံး မဖြစ်ဘူးတော့ မဆိုနိုင်ဘူး၊ သွေးနဲ့သားနဲ့ ဖြစ်တာပဲ၊ ဗုဒ္ဓဘာသာ အပြင်ဘက်က ဘာသာ တွေကတော့ ဘုရားဆိုလို့ရှိရင် ဘာမှကို မဖြစ်ရဘူး၊ ဘုရားဆိုလို့ရှိရင် သူတို့ပြောတဲ့ အတိုင်း ဟုတ်လို့ရှိရင် သူက ကောင်းမှာလို့ ဆိုရမှာပေါ့၊ ဒါပေမယ်လို့ သူတို့လို့သာပြောတာ၊ ဒီဘုရားကြီးက ဖန်ဆင်းတယ်၊ ဒီဘုရားကြီးက အလုံးစုံသော သတ္တဝါတွေ ဖန်ဆင်းတယ်၊ ကမ္ဘာကို ဖန်ဆင်း သူမှာတော့ ဘာမှလဲပဲ ဒီရောဂါဝေဒနာတွေ မရှိဘူး၊ ဒုက္ခဆိုတာ ဘာမှ မရှိဘူးလို့ ဆိုပြီးတော့ သူတို့ သမုတ်ထားကြတယ်။
ဒါက ပထမတည်ထွင်တဲ့ ပုဂ္ဂိုလ်ရဲ့ စိတ်ကူးတွေပဲ၊ သူက ဘယ်သူမှလဲ တွေ့တာမဟုတ်ဘူး၊ ဘယ်သူ့မှမတွေ့ဘူး၊ ဒီလိုပဲ၊ နောက်လူတွေကလဲပဲ ရှေ့က သွားရာနောက်က လိုက်ပြီးတော့ ဒီအတိုင်းပဲ ယူဆနေကြတာကို၊ စွဲလမ်းနေကြတယ်၊ ဒါ အယူအဆ အစွဲအလမ်းပဲ၊ မျက်မြင်အားဖြင့် ဆိုရင်တော့ ပုဂ္ဂိုလ်, သတ္တဝါတွေမှာ ရုပ်နဲ့နာမ်ရှိတော့ ဒီရုပ်နဲ့နာမ်ဟာ အကြောင်း အဆင် မသင့်လို့ရှိရင် ချွတ်ယွင်း ပျက်စီးတာကတော့ (ပုဂ္ဂိုလ်တိုင်း-၂)မှ သိနိုင်တယ်၊ ချွတ်ယွင်းတာပဲ၊ ပြုပြင်တဲ့နည်းနဲ့ ပြုပြင်လိုက်လို့ရှိရင် သက်သာခွင့်ရတယ်၊ ဒါလောက်ပါပဲ၊ ဒါကြောင့် အခါတစ်ပါး မြတ်စွာဘုရား မကျန်းမမာဖြစ်တော်မူတဲ့ အခါကာလကျတော့ အရှင်စုန္ဒဆိုတဲ့ ရဟန္တာမထေရ် တစ်ပါးရှိတယ်၊ ရှင်သာရိပုတ္တရာရဲ့ ညီပါပဲ၊ သူကလဲ အငယ်ထဲက အငယ်ဆုံးတော့ မဟုတ်ဘူး၊ သူ့ထက်ငယ်တာလဲ ရှိသေးတယ်၊ အရှင်စုန္ဒမထေရ်က မြတ်စွာဘုရားထံ ရောက်လာတဲ့အခါ မြတ်စွာဘုရားက အရှင်စုန္ဒကို အမိန့်ရှိတယ်။
ပတိဘန္တု တံ စုန္ဒ ဗောဇ္ဈင်္ဂံ-တဲ့၊ ဗောဇ္ဈင်္ဂဿ၊
စုန္ဒ - စုန္ဒရဟန်း စုန္ဒချစ်သား၊
တံ - သင့်အား၊
ဗောဇ္ဈင်္ဂါ - ဗောဇ္ဈင် ၇-ပါး တရားတို့သည်၊
ပတိဘန္တု - ထင်ရှားပါစေကုန်သတည်း၊
ဗောဇ္ဈင် ၇-ပါးတရားတွေ သင်၏ဉာဏ်ထဲမှာ ပေါ်ပါစေတဲ့၊
ရှေးတုန်းက စကားကတစ်မျိုး၊ ဘာသာခြားစကားတွေနဲ့ မြန်မာစကားနဲ့ ဘာသာပြန်ရတာ ခက်သလိုပဲ၊ သူက ပါဠိတစ်မျိုးဖြစ်တယ်။
ဗောဇ္ဈင် ၇-ပါးတရားတွေ သင့်မှာ ထင်ပါစေတဲ့၊ သူက ပြောတယ်၊ သင့်မှာ ပေါ်ပါစေ၊ ဒါက ပြောတာလဲ ဗောဇ္ဈင် ၇-ပါး တရားတွေကို ရွတ်ဖတ် သရဇ္ဈာယ်ပါလို့ ပြောတာတဲ့၊ သူက ဟောတာလို့ ပြောတာတဲ့၊ အတော်ကွာနေတယ်၊ ဗောဇ္ဈင် ၇-ပါးတရားတွေ ထင်ပါစေဆိုတာနဲ့ ရွတ်ဖတ်ပါဆိုတဲ့ အဓိပ္ပာယ် ပြောင်းပြန်ကြီး ဖြစ်နေတယ်၊ တစ်မျိုးဖြစ်နေတယ်၊ ဒါပေမယ့် ဟိုခေတ်ကတော့ အဲဒီလိုပဲပြောတယ်၊ အဓိပ္ပာယ်အားဖြင့်တော့ မှန်တော့မှန်တယ်၊ စိတ်ကူးထဲမှာ ဒီဟာတွေ ဖြစ်ပေါ်လာရင် ပြောချင်ဆိုချင် ဖြစ်လာတဲ့ဥစ္စာ အဲဒါ ပြောချင်ဆိုချင်ဖြစ်ရင် ပြောတော့တာပဲ၊ မပြောဘဲနေလို့ မရဘူး၊ တချို့က တစ်ဦးက စကားပြောနေ- တစ်ဦးက ပြောချင်လှပြီ၊ သူ့စကား မဆုံးနိုင်လို့ ဒီကြားထဲ ဖြတ်တောင် ပြောလိုက်သေးတယ်၊ အဲဒါမျိုးပဲ၊ စိတ်ထဲမှာ ပြောချင် ဆိုချင်လေး, ထင်လာတာလေးကို အဲဒီကနေပြီး အရင်းခံကနေ သုံးနေတာကို။
အဲ-ဗောဇ္ဈင် ၇-ပါးတရားတွေ သင်၏ဉာဏ်ထဲမှာ ထင်ပါစေလို့ ဆိုတာ ဗောဇ္ဈင် ၇-ပါးတရားတွေ ရွတ်ဖတ် သရဇ္ဈာယ်ပါတဲ့၊ မြတ်စွာဘုရားက အမိန့်ရှိတော့ စုန္ဒမထေရ်က ဗောဇ္ဈင် ၇-ပါးတရားတွေဟောတယ်၊ ဘုရားကို တရားဟောရတာ အဲဒီ မထေရ်တစ်ပါးပဲရှိတယ်၊ ဘုရားက တရားနာတယ်၊ စုန္ဒမထေရ်က ဟောတယ်၊ သူဟာ မသိလို့ ဟောရတာလဲ မဟုတ်ဘူး၊ မသိလို့ နာရတာလဲ မဟုတ်ဘူး၊ သိသော်လည်း အဟောထက် နာတာက အရေးကြီးတယ်၊ ဟောတဲ့ ပုဂ္ဂိုလ်ကဟောလို့ နာတဲ့ပုဂ္ဂိုလ်ကနာတာ အရေးကြီးပါတယ်၊ ဒီအတိုင်း မြတ်စွာဘုရားက မဟောဘဲနဲ့ သူ့ဟာသူ ဆင်ခြင်လိုက်လျှင် ဗောဇ္ဈင် ၇-ပါးတရားတွေ ဉာဏ်ထဲ ထင်နေတာပဲ သိနေတာပဲ။
ဒါပေမယ်လို့ မဆင်ခြင်သေးဘူး၊ အရှင်စုန္ဒကို အဟောခိုင်းပြီးတော့ နားထောင်ပြီးတော့ ဆင်ခြင်တယ်၊ ဒါမှတစ်ခါတည်း နှလုံးသွင်းလိုက်တော့ ဗောဓိပင်အောက် ရတနာပလ္လင်ထက်မှာ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေပြီးတော့ ဝိပဿနာရှုစဉ် အခါ ကာလတုန်းက ဖြစ်ပေါ်ခဲ့တဲ့ ဗောဇ္ဈင် တရားတွေ ပြန်ပေါ်လာတာကို၊ ဟိုတုန်းက အားထုတ်ခါစက ထက်ထက်သန်သန် ဖြစ်လာပုံတွေ တစ်ခါတည်း ထက်ထက်သန်သန် တစ်ခါတည်းဖြစ်ပြီးတော့ ပေါ်လာတာ ဟိုတုန်းကလိုပဲ တရားအားထုတ်တုန်း အရဟတ္တမဂ်ဉာဏ်, အရဟတ္တဖိုလ်ဉာဏ်ရောက်စဉ် အခါကာလတုန်းက ဖြစ်တဲ့ ဗောဇ္ဈင်မျိုးတွေပဲ၊ သန်သန်စွမ်းစွမ်းကြီးတွေ ဖြစ်လာတယ်၊ အဲဒီလို ဖြစ်လာတော့ ရောဂါဝေဒနာ တွေကလည်း ပျောက်သွားရော၊ အရေးကြီးတယ်၊ တရားနာတာ အချို့က ကိစ္စမရှိပါဘူး၊ စာအုပ်ထဲကြည့်လဲ သိတာပဲ၊ စာအုပ်ထဲကြည့်လို့ သိတာကတစ်မျိုး၊ ဟောလို့ နာတာကတစ်မျိုး။
ဟာ-တချို့က အခုနေအခါတော့ ရီကော်ဒါလေးနဲ့ အသံသွင်းထားတာက ရှိနေတာပဲ၊ တရားနာ သွားဖို့မလိုပါဘူး ဆိုပြီး တစ်နေ့က ဦးကျန်စုကပြောတယ်၊ ယခုကာလ တိတ်ရီကော်ဒါတွေနဲ့ ဖမ်းထားတဲ့ တရားတွေကတော့ ကောင်းတော့ ကောင်းပါရဲ့၊ ဒါပေမယ့် တချို့က တရားတွေ ပေါ့သွားတယ်၊ ဘယ့်နှယ်တုံးဆို တရားနာသွားရအောင်ဆို၊ မလိုပါဘူးဗျာ၊ ကျုပ်တို့ တိတ်ရီကော်ဒါနဲ့ ဖမ်းထားတာ တရားရှိနေတာပဲဆိုပြီး တရားနာမလာကြဘူး၊ ပျင်းတဲ့ပုဂ္ဂိုလ်တွေနဲ့တော့ ဟုတ်တယ်၊
ဒါပေမယ့် တူတော့မတူဘူး၊ တချို့ အသံဖမ်းထားပြီး တရားနာတာက တရားနာရင်းလဲ ဆေးလိပ်သောက်, ကွမ်းစား, စကားတွေပြော, လုပ်ချင်တာ လုပ်မှာပါ၊ သူ့ဥစ္စာ သိပ်ဟုတ်မှာ မဟုတ်ဘူး၊ တရားကို စိတ်ဝင်စားချင်မှ ဝင်စားမှာပါ၊ ယခု ဒီမှာ တရားနာလာတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဘယ်တူမလဲ၊ မတူဘူး၊ ဒီ တရားနာလာတဲ့ ပုဂ္ဂိုလ်တွေက တရားဟောတဲ့ပုဂ္ဂိုလ် အခြေအနေလဲ ကြည့်တယ်၊ ဟောတဲ့ အသံကိုလည်း နားထောင်တယ်၊ ပြီးတော့ ရိုသေသမှု တွေကလဲ ရှိတယ်။
တို့-ဒီတရား နာခြင်းအားဖြင့် လောကမှာလဲ ကောင်းကျိုး ချမ်းသာတွေကို ရမယ်၊ သံသရာ ဘဝတွေမှာလဲ ကောင်းကျိုး ချမ်းသာတွေကို ရမယ်၊ မဂ်ဖိုလ်နိဗ္ဗာန် ရောက်ရာ ရောက်ကြောင်းဖြစ်တဲ့ တရားနည်းလမ်း သြဝါဒတွေလဲ ရမှာပဲလို့ဆိုပြီး တစ်ခုပြီးတစ်ခု (ဘာဟောမလဲ-၂)ဆိုပြီး ဒီလို နားစွင့်ပြီး ရိုရိုသေသေ နားထောင်နေတာ၊ အပုံပဲကွာတယ်၊ မယုံရင် အိမ်ကျရင် အသံ ဖမ်းထားတာနဲ့ နာစမ်းကြည့်၊ ဘုန်းကြီးဟောတဲ့ တရားပဲ၊ စမ်းကြည့်၊ ဒီတရားနာတုန်းက အသံတစ်မျိုး၊ ဒီတရားနာတုန်းက ဖြစ်တဲ့စိတ်မျိုးတွေ ဟုတ်သေးရဲ့လားလို့ မဟုတ်ဘူး၊ ဒါတော့ သေသေချာချာပဲ၊ အဲဒါ အရေးကြီးပါတယ်။
ဒါကြောင့် မြတ်စွာဘုရားသခင် ကိုယ်တော်တိုင် ဆင်ခြင်လို့ရှိရင် သိလျက်သားနဲ့ ဆင်ခြင်ရုံနဲ့ မပြီးသေးဘူး၊ အရှင်စုန္ဒ တရားဟောခိုင်းသေးတယ်၊ အရှင်စုန္ဒက ဟောရတယ်၊ ဟောတော့ အဲဒီ ဗောဇ္ဈင်တရားတွေ နာပြီးတော့ ခုနကပြောခဲ့တဲ့ အတိုင်း ဗောဇ္ဈင်တရားတွေ ဟိုတုန်းက ဖြစ်တဲ့အတိုင်း ဗောဇ္ဈင်တရားတွေ ပြန်ပြီးပေါ်လာတာကို၊ ပေါ်လာတော့ ရောဂါ ဝေဒနာတွေ ပျောက်သွားတယ်၊ အဲဒီတော့ ယခု တရားနာတဲ့ ပုဂ္ဂိုလ်တွေလဲပဲ တစ်ချို့လဲ ရောဂါဝေဒနာတွေ ပျောက်ချင်လဲ ပျောက်သွားမှာပါ၊ ဗောဇ္ဈင် တရားတွေ နာရတော့ ဝမ်းမြောက်ဝမ်းသာတွေ ဖြစ်ပြီး ပျောက်ချင်လဲ ပျောက်မှာပါပဲ၊ နောင်ကို ရောဂါဝေဒနာဖြစ်တဲ့ အခါကြလို့ရှိရင်လဲ ဒီတရားကို ပြန်နှလုံးသွင်း လိုက်လို့ရှိရင် ရောဂါဝေဒနာတွေပျောက်ရင် ပျောက်မယ်၊ သက်သာရင် သက်သာခွင့် ရမယ်၊ အဲဒီလို ကျေးဇူးများနိုင်တယ်၊ အဲဒီက စာရွက်ကလေးတွေနဲ့ ထုတ်ရေးထားတာ၊ အင်မတန် ကျေးဇူးများပါတယ်။
သန္တံ အဇ္ဈတ္တံ ဣဓ ဘိက္ခဝေ ဘိက္ခု သန္တံဝါ အဇ္ဈတ္တံ သတိ သမ္ဗောဇ္ဈင်္ဂံ အတ္ထိ မေ အဇ္ဈတ္တံ သတိသမ္ဗောဇ္ဈင်္ဂေါတိ ပဇာနာတိ၊ အသန္တံ အဇ္ဈတ္တံ သတိ သမ္ဗောဇ္ဈင်္ဂံ နတ္ထိ မေ အဇ္ဈတ္တံ သတိသမ္ဗောဇ္ဈင်္ဂေါ ပဇာနာတိ။
သတိသမ္ဗောဇ္ဈင် မိမိသန္တာန်ဖြစ်ရင် ဖြစ်မှန်း သိရမယ်၊ မဖြစ်လျှင် မဖြစ်မှန်း သိရတယ်၊ အဲဒီ ဗောဇ္ဈင်တရားတွေ ဘယ်ကစပြီး ဖြစ်သလဲဆိုလို့ရှိရင် ဥဒယဗ္ဗယဉာဏ်က စဖြစ်တယ်၊ ဗောဇ္ဈင်တရား ဆိုတာ လွယ်လွယ်လေး ဖြစ်လာတာ မဟုတ်ဘူး၊ တရားအားထုတ်လို့ အစဉ်အတိုင်း အားထုတ်လို့ နာမ်ရုပ်ပိုင်းခြားသိတာ၊ နာမရူပပရိစ္ဆေဒဉာဏ် ဖြစ်တယ်၊ အဲဒီကနောက် ဥဒယဗ္ဗယဉာဏ် ဖြစ်တယ်၊ အဲဒီမှာ အနိစ္စ, ဒုက္ခ သုံးသပ်တဲ့ သမ္မသနဉာဏ်ဆိုတာဖြစ်တယ်၊ အဲဒီက လွန်လာတော့ ဥဒယဗ္ဗယ အဖြစ်အပျက်ကလေးတွေ မြင်တယ်၊ အဲဒီဉာဏ်ကျမှ သတိသမ္ဗောဇ္ဈင် - ဗောဇ္ဈင်တရားတွေက ဖြစ်တာ၊ အဲဒီဉာဏ် ရောက်နေတဲ့ ပုဂ္ဂိုလ်တော့ ဗုဇ္ဈတီတိ ဗောဓိ၊ သစ္စာလေးပါးတရားကို ဝိပဿနာ ဉာဏ်နှင့် သိပါပြီ၊ သိနေလို့ သူ့ကို ဗောဓိလို့ခေါ်တယ်၊ အဲဒီ သိတဲ့ သူရဲ့ အကြောင်းအင်္ဂါတွေပဲတဲ့၊ ဒီဗောဇ္ဈင်တရားတွေနဲ့ ပြည့်စုံလို့ ဒီသစ္စာလေးပါး တရားကို သိတာတဲ့၊
ဝိပဿနာဉာဏ် ကောင်းကောင်း ဖြစ်လာတာ၊ သတိသမ္ဗောဇ္ဈင် အစရှိတဲ့ ဗောဇ္ဈင်တရားတွေနဲ့ ပြည့်စုံလို့ ဒါအကြောင်းတရားတွေပဲ၊ အဲဒီ ဗောဇ္ဈင်တရားတွေက သိသောသူ၏ အကြောင်းအင်္ဂါတွေပဲတဲ့၊ ဒီအကြောင်းအင်္ဂါတွေ စုံမှပဲ ဖြစ်နိုင်တယ်၊ လူဟာ မျက်စိရှိမှ မြင်နိုင်တယ်။ မျက်စိမရှိ မမြင်နိုင်ဘူး၊ နားအင်္ဂါရှိမှ အသံကို ကြားနိုင်တယ်၊ နားအင်္ဂါမရှိလျှင် မကြားနိုင်ဘူး၊ အဲဒါလိုပဲ၊ သစ္စာ လေးပါးတရားကို သိတာဟာ သတိသမ္ဗောဇ္ဈင် အစရှိသော အစိတ်အပိုင်း အကြောင်း အင်္ဂါလေးတွေရှိတယ်၊ အဲ - ဥဒယဗ္ဗယ ဉာဏ်ရောက်ပြီးတော့ သတိ အစရှိတဲ့ တရားလေးတွေ ပြည့်စုံနေမှ ဒီသစ္စာလေးပါးတရားက သိနိုင်တယ်၊ ဒါကြောင့် သူတို့က သိသောသူ၏ အစိတ်အပိုင်း အင်္ဂါပဲ၊ ဗောဓိဿ အင်္ဂေါ ဗောဇ္ဈင်္ဂေါ၊ ဗောဓိဿ သိသောသူ၏ သစ္စာလေးပါးကို သိသောသူ၏၊ အင်္ဂါ - အကြောင်းအင်္ဂါတို့တည်း၊ ဗောဇ္ဈင်္ဂါ - သစ္စာလေးပါးကို သိသူ၏ အကြောင်းအင်္ဂါ၊ ဒီမှာဆောင်ပုဒ် ပေးထားတယ်နော်၊
ဘုန်းကြီးက အကျယ် ဟောပြီးသားပါ၊ ဟိုတုံးက မနာရသေးတဲ့ ပုဂ္ဂိုလ်တွေ ဘာမှမသိဘဲနေမှာစိုးလို့ ပြန်ပြောနေရတာပါ၊ အချိန်တော့ နည်းနည်းတော့ ကုန်မှာပဲ၊ ကိုင်း-ဆိုရမယ်။
သစ္စာလေးပါး သိသူ၏ အကြောင်းအင်္ဂါကို ဗောဇ္ဈင်ဟု ခေါ်သည် (ဆို-၃)
ပါဠိလိုက ဗောဇ္ဈင်္ဂ၊ ဗောဇ္ဈင်္ဂမှာ ဂ-လေးဖြတ်ပြီး ဗောဇ္ဈင်လို့ မြန်မာစကား လုပ်ထားတယ်၊ ဒီတော့ အဓိပ္ပာယ်တော့ မသိဘူး၊ ဗောဇ္ဈင်ဆိုတာ ဘာတုံး၊ ဗောဇ္ဈင်ပါပဲ၊ ပြောရမှာပဲ၊ သူ-ဒါပဲ သိတာကိုး၊ အဲ-ခုတော့ သိသွားပြီ၊ ဗောဇ္ဈင်ဆိုတာ ဘာလဲ၊ သစ္စာလေးပါး သိသူ၏ အကြောင်းအင်္ဂါပဲ၊ သစ္စာလေးပါးသိတဲ့ ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ၊ ဒီအကြောင်းအင်္ဂါနဲ့ ပြည့်စုံလျှင် သစ္စာလေးပါးကို သိတယ်၊ ဒီအကြောင်းအင်္ဂါနှင့် မပြည့်စုံလျှင် သစ္စာလေးပါးမသိဘူး၊ သစ္စာလေးပါး သိနေတယ်ဆိုတဲ့ ပုဂ္ဂိုလ်ဟာ အကြောင်းအင်္ဂါရှိတယ်၊ သူ့မှာ သတိသမ္ဗောဇ္ဈင် အစရှိတဲ့ ဗောဇ္ဈင်တရားတွေ ပြည့်စုံလို့ တဲ့၊ ဒါကို ဆိုလိုတယ်၊ တစ်နည်းအားဖြင့် ဗောဓိဆိုတာက သစ္စာလေးပါးကို သိတဲ့တရားအပေါင်းပဲတဲ့၊ သိမှုပေါ့လေ၊ သစ္စာလေးပါးသိသူ၊ ဒါ - ဒုတိယ သစ္စာလေးပါး သိမှု၏ အစိတ်အပိုင်းကိုလဲ ဗောဇ္ဈင် ဟုခေါ်သည်၊ ဒုတိယဆောင်ပုဒ်ပေးထားတယ် ဆိုရမယ်။
သစ္စာလေးပါး သိမှု၏ အစိတ်အပိုင်းကိုလဲ ဗောဇ္ဈင်ဟုခေါ်သည်။
အဲဒီတော့ ခု-တရားနာ ပရိသတ်တွေ နေရာကျသွားပြီ၊ ဗောဇ္ဈင်ဆိုတာ ဘာတုံးဆိုတာ နားလည် သွားပြီ၊ နားမလည်ကြဘူး ပြောသာပြောနေတာ၊ ဗောဇ္ဈင်ဆိုတာ ပြောနေကြတာပဲ၊ ဗောဇ္ဈင်ဆိုတာ ဘာတုံးမသိဘူး၊ ခု-သိပြီ၊ ဘာလဲ သစ္စာလေးပါးသိသူ၏ အကြောင်းအင်္ဂါ၊ တစ်နည်းအားဖြင့် သစ္စာ လေးပါးသိမှု၏ အစိတ်အပိုင်း၊ ဒါပဲ၊ အဲ-ဥဒယဗ္ဗယဉာဏ်ကစပြီးတော့ ရှုမှတ်တိုင်း-ရှုမှတ်တိုင်း ဝိပဿနာဉာဏ်နဲ့ သစ္စာလေးပါးကို သိနေတယ်၊ အဲဒီသစ္စာလေးပါး သိတာဟာ ဒီအကြောင်း အင်္ဂါတွေနဲ့ ပြည့်စုံမှသိတယ်၊ ဒီအစိတ်အပိုင်းတွေနဲ့ ပြည့်စုံမှသိတယ်။
ဒါကြောင့်မို့ ဒါတွေကို ဗောဇ္ဈင်ဟု ခေါ်သည်တဲ့၊ ၇-ပါးရှိတယ်၊ သတိသမ္ဗောဇ္ဈင်၊ ဓမ္မဝိစယ သမ္ဗောဇ္ဈင် အစရှိသဖြင့် ၇-မျိုးရှိပါတယ်၊ ဗောဇ္ဈင်မှာ ဂဏန်းလေးတွေနဲ့ ပြထားတယ်၊ အဲဒီတစ်ပိုဒ်- တစ်ပိုဒ်၊ စာပိုဒ်တစ်ပိုဒ်ဟာ တစ်ဂဏန်းဟာ ဗောဇ္ဈင်တစ်ခုပဲ၊ (က) (ခ)ကတော့ အားလုံးအတွက် နောက်တစ်ခါ (၁)ကစပြီးတော့ သတိသမ္ဗောဇ္ဈင် ကစပြီး ရှစ်လုံးတည်းနဲ့ ဗောဇ္ဈင်တစ်ခု၏ လက္ခဏာ ရသ ပစ္စုပဋ္ဌာန်ကို ဖော်ပြထားတယ်၊ အဲဒါတွေတော့ အကျယ် မပြောနိုင်တော့ဘူး၊ အဲဒါတွေ အကျယ် ပြောမယ်ဆိုရင် ဝီရိယသမ္ဗောဇ္ဈင်ရောက်မှာ မဟုတ်ဘူး၊ အဲ-သို့သော်လဲ ဆောင်ပုဒ်ကလေးတွေ, ခေါင်းစဉ်ကလေးတွေ နည်းနည်းတော့ ပြောသွားမယ်။
မလွတ်စတမ်း စောင့်ဖမ်းနေသည်။
သတိဆိုတာ ပေါ်လာသမျှ အာရုံတွေကို မလွန်ရအောင် တစ်ခါတည်း စောင့်ပြီးတော့ ဖမ်းနေတာ၊ တံခါးပေါက်ကနေပြီး ဒရဝမ်က လာတိုင်းလာတိုင်း အမှတ်ပြုပြီး သိပြီးကြည့်ရှုနေသကဲ့သို့၊ တောများမှာလဲ လယ်ကွင်းထဲများမှာ ဗျိုင်းတွေဆိုတာရှိတယ်၊ ရေစီးနေရာမှာ ကတွတ်ပေါက် - ဂတိုပေါက်ဆိုတာ၊ လယ်ကန်သင်းကနေပြီး ရေတွေဘာတွေ လွှတ်ထားတဲ့ အပေါက် ကလေးတွေ ရှိတယ်၊ အဝင်အထွက် အပေါက်ကလေးတွေ၊ တော်သလင်းဆီ ကျလို့ရှိရင် ရေထဲမှာ ငါးတွေ ပါလာတယ်၊ ခုတော့ မရှိသေးဘူးပေါ့၊ အဲဒီ ငါးပါတာကို ကတွတ်ပေါက်ကနေပြီး ကောက်စား နေတာကို၊ ထို့အတူ ပေါ်လာသမျှ အာရုံတွေ တစ်ခုမှ မလွတ်စေရဘူး၊ အကုန်လုံး တစ်ခါတည်း မိနေတာသိနေတာ၊ အဲသည်လို အမှတ်ရနေတာကို သတိသမ္ဗောဇ္ဈင်လို့ ခေါ်တယ်၊ ဒါသူ့လက္ခဏာပဲ။
ပြီးတော့ ဖြစ်ပျက်သရွေ့ မမေ့စေသည်။
ဖြစ်တိုင်းဖြစ်တိုင်း သူ-ဘာမှ မမေ့တော့ဘူးတဲ့၊ မြင်တိုင်းလဲ အမှတ်ရတာပဲ၊ ကြားတိုင်း, နံတိုင်း, ထမင်းစားတိုင်း, တွေ့ထိတိုင်း တွေ့ထိတိုင်း, ကွေးတိုင်း, ဆန့်တိုင်း, လှုပ်ရှားတိုင်း၊ ဒွါရ ၆ပါးက ဖြစ်ပေါ်တာတွေ၊ အကုန်လုံး သူ-အမှတ်ရနေတာ၊ ဥဒယဗ္ဗယဉာဏ် ရောက်လျှင် အကုန်လုံး အမှတ်ရတယ်၊ အားထုတ်ခါစ ပုဂ္ဂိုလ်တွေတော့ အမှတ်မရနိုင်ဘူး၊ မေ့သွားတာ အများကြီးပဲ၊ ဥဒယဗ္ဗယဉာဏ် ရောက်တော့ မေ့တာကို မရှိတော့ဘူး၊ အကုန်သိနေတယ်၊ သိပ်နေရာကျတာ၊ အံ့သြစရာ သိပ်ကောင်းတာ၊ အားမထုတ်ဘူးတဲ့ ပုဂ္ဂိုလ်တွေက သိပ်မသိဘူး။
ဘေးက တစ်ချို့က တောင်ပြော, မြောက်ပြော, ရယ်စရာမောစရာတွေ ပြောချင်ပြောတာ၊ ဘယ်ဟုတ်မလဲ သူ့ဥစ္စာ တရား အားထုတ်ကြည့်၊ အမှတ်တွေက သိပ်သိတာ၊ ဘာမှကို မလွတ် ရအောင် အကုန်လုံး လျှောက်ပြီးတော့ သူသွားတာပဲ။
ဘာနဲ့တူနေတုံး ဆိုတော့၊ ခု-အများ နားလည်တာကတော့ တူရိယာတွေ ရှိပါတယ်၊ တူရိယာတွေဟာ အသံတွေ အမျိုးမျိုးပဲ၊ တယ်အလေ့အကျင့်ရှိတဲ့ ပုဂ္ဂိုလ်က တစ်ခါတည်း အသံသေး, အသံကြီးတွေ တစ်ခါတည်း ဗြုတ်ဗြုတ် ဆို လွှတ်လိုက်တာ တစ်ခါတည်းစုံလို့၊ တစ်ခါတည်း တီးသွားလိုက်တာ အင်မတန်ကို သူ့နေရာနဲ့သူ အကွက်ကျနေတယ်၊ နိမ့်ရမည့် နေရာနိမ့်၊ မြင့်ရမည့်နေရာမြင့်၊ လက်က သူဟာ သေနေတာပဲ တယ်နေရာကျတယ်၊ ခုကာလမှာ စာရိုက်တဲ့ တိုက်ပ် ရိုက်တဲ့ ပုဂ္ဂိုလ်လက်လဲ သေနေတာပဲ၊ သူ့ဟာ သူ့ဟာသူ ဒေါက်- ဒေါက်- ဒေါက်နဲ့ သေနေတာပဲ၊ ဘာမှမကြည့်ရဘူး၊ လက်က သူ့ဟာသူ သွားနေတာ၊ အဲဒါလိုပဲ အမှတ်သတိကလဲ အလေ့အကျင့် လုပ်တော့ အဲဒါထက် ကောင်းတာပေါ့။
ဒါက အခုအကြမ်းပြင်း ပြောရတာ၊ အမှတ် သတိကြ ဒါထက်မြန်သေးတယ် သိပ်မြန်တာ၊ တစ်ခါတည်း ဖြစ်ချင်ရာဖြစ် လုပ်ချင်ရာဖြစ်၊ အကုန်လုံး လျှောက်လျှောက်ပြီးတော့ မှတ်မိနေတာ၊ မမေ့ဘူး၊ ဖြစ်ပျက်သရွေ့ မမေ့စေသည်၊ အာရုံရှေးရှု စောင့်မှုထင်သည်၊ အာရုံရှေးရှု ဆိုတဲ့နေရာမှာ ကော်မာကလေး ပြထားတယ်၊ အာရုံရှေးရှုက တစ်ခုစောင့်မှုက တစ်ခု၊ နှစ်ခုရှိတယ်၊ အာရုံဆီကို မျက်နှာလှည့်ပြီး နေသလိုပါပဲတဲ့၊ အာရုံလာလို့ရှိလျှင် ဖမ်းသလို ဘယ်ကလာလာ ဖမ်းမလို့ တစ်ခါ တည်း သတိကလေးက အာရုံဆီကို ဦးတည်ပြီး ရှုနေသကဲ့သို့ ရှေးရှုအနေအားဖြင့် ယောဂီပုဂ္ဂိုလ်၏ ဉာဏ်ထဲမှာ ထင်ပါတယ်။
တစ်နည်းအားဖြင့် ဒွါရ ၆-ပါးက ကိလေသာတွေ အကုသိုလ်တွေ မဖြစ်ရအောင်လို့ စောင့်ရှောက်နေတဲ့ အစောင့်၊ တံခါးစောင့်များ လိုပေါ့လေ၊ အဲဒီလိုလဲ ထင်ရှားပါတယ်တဲ့၊ အဲဒါ ပစ္စုပ္ပဋ္ဌာန် နှစ်မျိုး ထုတ်ထားတယ်၊ ဒီနားမှာ ကော်မာလေး တစ်ခု လိုသွားတယ်၊ အာရုံရှေ့ရှုဆိုတာ တစ်ပိုဒ်၊ စောင့်မှုက တစ်ပိုဒ်၊ အာရုံရှေးရှုတဲ့ အနေအားဖြင့် ယောဂီပုဂ္ဂိုလ်၏ဉာဏ်မှာ ထင်တယ်၊ အဲ စောင့်ရှောက်တဲ့ အနေအားဖြင့်လဲ ယောဂီပုဂ္ဂိုလ်၏ ဉာဏ်ထဲမှာ ထင်တယ်တဲ့၊ ဒီသတိတရား၊ အဲဒါ မြတ်သတိ၊ မှတ်သိဗောဇ္ဈင်မည်၊ အဲဒါ ဥဒယဗ္ဗယဉာဏ် စပြီးတော့ဖြစ်နေတဲ့ သတိသမ္ဗောဇ္ဈင်ပါပဲတဲ့၊ ကိုင်း-ဆိုရမယ်။
မလွတ်စတမ်း စောင့်ဖမ်းနေသည်၊
ဖြစ်ပျက်သရွေ့ မမေ့စေသည်၊
အာရုံရှေးရှု စောင့်မှုထင်သည်၊
မြတ်သတိ၊ မှတ်သိဗောဇ္ဈင်မည်။
အဲဒီ ဗောဇ္ဈင်က အဲဒီလက္ခဏာနဲ့ ရသနဲ့ ပစ္စုပ္ပဋ္ဌာန်နဲ့ဟာ အခြားဆုံး၊ ဒီထက်ခြားစရာ မရှိဘူး၊ တော်ကြဦးစို့၊ အဲဒီ သတိသမ္ဗောဇ္ဈင် ဖြစ်ဖို့ရာ အကြောင်းကတော့ မြတ်စွာဘုရားက ယောနိသော မနသိကာရ ပါပဲတဲ့၊ ယောနိသော - သတိဖြစ်ဖို့အတွက် သတိဖြစ်အောင်လို့ ကြပ်ကြပ် နှလုံး သွင်းမယ်, ရှုမယ်, မှတ်မယ်၊ ယောနိသောမနသိကာရ ဖြစ်နေလျှင် သတိ သမ္ဗောဇ္ဈင်တွေ ဖြစ်ပါတယ်၊ အဋ္ဌကထာကတော့ကို အကြောင်းလေးပါး ထုတ်ပြထားပါတယ်၊ မြတ်စွာဘုရားက ယောနိသော မနသိကာရ တစ်ခုတည်းပဲ၊ ဗောဇ္ဈင်တရား ၇-ပါးကို ယောနိသောမနသိကာရ ချည်းပဲ ထုတ်ထား ပါတယ်၊ ဆောင်ပုဒ်ပေးစရာ မလိုပါဘူး၊ သူ့ဟာ ထင်ရှားနေလို့ အဲ-အဋ္ဌကထာက ပေးတဲ့ ဟာတွေကတော့ လေးခုပဲ ရှိတယ်၊ ၇-ခုလဲ ရှိတယ်၊ ၁၁-ခုလဲ ရှိတယ်၊ သူအများကြီးပဲ၊ ဒါတွေ ကတော့ ဆောင်ပုဒ် ပေးမှဖြစ်မှာပေါ့။
သတိသမ္ပဇဉ် အမြဲယှဉ် ထိုတွင် စိတ်ညွတ်ရာ။
သတိသမ္ပဇဉ် အမြဲယှဉ်နေရမယ်တဲ့၊ ကိုယ်အမူအရာ ပြုတိုင်း-ပြုတိုင်း သတိသမ္ပဇဉ် အမြဲ ယှဉ်နေရမယ်တဲ့၊ ကွေးတိုင်း ဆန့်တိုင်း လှုပ်ရှားတိုင်း သွားတိုင်းသွားတိုင်း၊ ဘာကိုယ်အမူအရာ လှုပ်လှုပ် အဲဒီမှာ အမြဲတည် အမှတ်ပြုပြီး လိုက်နေရမယ်၊ အဲဒီလို လိုက်နေမယ်ဆိုလျှင်လဲ သတိ ဖြစ်ပါတယ်တဲ့၊ ဟုတ်တယ်၊ တရားအားမထုတ်တဲ့ ပုဂ္ဂိုလ်တွေ ဘယ်သတိ ကောင်းကောင်း ဖြစ်လိမ့်မှာတုံး၊ မဖြစ်ဘူး၊ အဲ-ကမ္မဋ္ဌာန်းကျောင်းရောက်လို့ အားထုတ်တဲ့ပုဂ္ဂိုလ်တွေ အားထုတ်ခါစ ကောင်းကောင်း မဖြစ်သေးဘူး၊ အဲဒီက လိုက်ပါများပြီးတော့ တော်ကြာတော့ သတိတွေ ဖြစ်လာတယ်။
ထူးခြားတဲ့ ပုဂ္ဂိုလ်တွေကတော့ တစ်ရက်၊ နှစ်ရက်လောက်ဆို အတော်တွေ့လာပါတယ်၊ အတော်ပဲ သိသိသာသာ ဖြစ်လာတယ်၊ ၄-၅ ရက်လောက်ကျတော့ တစ်ခါတည်း အကုန်လုံး ခုနက ပြောတဲ့အတိုင်း ဘာမှအကြွင်း မရှိ အကုန်လုံး အမှတ်ရတယ်လို့ ထင်ရလောက်အောင် အပြည့်အစုံ ဖြစ်လာတယ် အင်မတန် ကောင်းပါတယ်၊ တချို့ပုဂ္ဂိုလ်တွေ သိပ်ထူးတာ၊ များသော အားဖြင့်တော့ ၇-ရက်၊ ၈-ရက်၊ ၁၀-ရက်၊ ၁၅-ရက်တွေကျမှ ပိုပြီး ကောင်းတတ်ပါတယ်၊ အဲဒါ သတိသမ္ဗောဇ္ဈင်နဲ့ အမြဲယှဉ်နေလို့ရှိလျှင် သတိသမ္ဗောဇ္ဈင် တရားတွေ ဖြစ်တတ်ပါတယ်တဲ့။
အဲဒီတော့ ကိုယ်တွင် စိတ်ညွတ်ရာ၊ သတိသမ္ဗောဇ္ဈင်ဖြစ်ဖို့ စိတ်ညွတ်ထားတဲ့ ပုဂ္ဂိုလ်တဲ့၊ သတိသမ္ဗောဇ္ဈင်ကို ထိုင်ရင်း ဖြစ်ဖြစ်, စားရင်းဖြစ်ဖြစ်၊ သွားရင်းဖြစ်ဖြစ်, လာရင်းဖြစ်ဖြစ် ဘယ်အချိန် မဆို ဖြစ်စေမယ်လို့ ရှုမှတ်မှုဖြစ်စေရမယ်လို့ နှလုံး သွင်းထားတဲ့ ပုဂ္ဂိုလ်ဟာ ဖြစ်တတ်ပါတယ်တဲ့။
မေ့သူရှောင်လွှဲ၊ အဲ-အဲ- ဒီအပိုဒ်ပဲ ဆိုပါဦးတော့ -
သတိသမ္ပဇဉ် အမြဲယှဉ်၊ ကိုယ်တွင်စိတ်ညွတ်ရာ။
မေ့သူရှောင်လွှဲ၊ သတိမြဲ၊ မှီဝဲဆည်းကပ်ပါ။
အဲ-အမှတ်မရှိတဲ့ ပုဂ္ဂိုလ်၊ မေ့တတ်တဲ့ပုဂ္ဂိုလ်တွေ ရှောင်ကြဉ်ရမယ်တဲ့၊ အဲဒီလိုပုဂ္ဂိုလ်တွေကို ဆရာသမားအဖြစ်နဲ့ မမှီဝဲနဲ့လို့ ဆိုလိုပါတယ်၊ တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်ဟာ အဲဒီပုဂ္ဂိုလ်နဲ့ အတူတူ ပူးပေါင်းရောနှောပြီး သကာလ မနေနဲ့၊ အရပ်ထဲ နေတဲ့အခါတော့ ဒါကတော့ ရှောင်လို့ မဖြစ်ပေဘူး၊ ကိုယ်လဲမေ့ သူလဲမေ့ အကုန်လုံးအတူတူ ဖြစ်နေတာကို မည်သူမှ အမှတ် ကောင်းကောင်း မှတ်ကြတာမှ မဟုတ်ဘဲ၊ အားထုတ်ကြတာမှ မဟုတ်ဘဲ၊ ဘယ်သူ့ဟာ ဘယ်သူမှ ရှောင်စရာမလိုဘူး၊ ကိစ္စမရှိဘူး၊ တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေကတော့ တရားအားမထုတ်တဲ့ ပုဂ္ဂိုလ်တွေ, ရှုမှတ်မှုမရှိတဲ့ ပုဂ္ဂိုလ်တွေသာ မေ့တာ၊ မေ့ဆို သစ်ပင်ပေါ်က လိမ့်ကျလို့ မေ့တာမျိုး မဟုတ်ဘူး၊ မမှတ်ဘဲနေလို့ ပြောနေတာ၊ အဲသလို မေ့တဲ့ပုဂ္ဂိုလ်တွေတဲ့၊ အဋ္ဌကထာက ဥပမာပေးထားတယ်။
အတ္တနိက္ခိတ္တကာက သဒိသေ၊ မုဋ္ဌသတိပုဂ္ဂလေ။
ထမင်းခဲအစာခဲကို လွှတ်ချတဲ့ ကျီးကန်းများကဲ့သို့ သတိမေ့တဲ့ ပုဂ္ဂိုလ်တဲ့၊ ဖတ်စာထဲ ဖတ်ဖူးကြမှာပါပဲ၊ ခွေးအ,က လာပြီးတော့ ကျီးကန်းကို ချီးမွမ်းတော့ ကျီးကန်းက ပါးစပ်ထဲက ဒိန်ခဲ ရှိမှန်းမသိဘဲနဲ့ အမှတ်မရ မေ့ပြီးတော့ သူက အသံနဲ့ ရွတ်ပြလိုက်တာဟု, အော်ပစ်လိုက်တာကို၊ မြေခွေးကနေပြီးတော့ ကျီးကန်း အသံ သိပ်ကောင်းမှာဘဲ ဆိုပြီးတော့ ရုပ်အဆင်းက အင်မတန် လှတော့ အသံကလဲ သိပ်ကောင်းမှာပဲလို့ ချီးကျူးလိုက်တော့ ကိုယ့်ကိုယ်ကို ချီးကျူးလျှင် သဘောကျတတ်တာပဲ၊ အဲဒီတော့ ဟုတ်မှန်းမသိ၊ မဟုတ်မှန်းမသိ ကိုယ့်ကို သူများ မြှောက်ပေး လို့ရှိရင် ဟုတ်တယ်လို့ ထင်လဲထင်တတ်တယ်။
ဒါကြောင့် သူက တစ်ခါတည်း သူ့အသံမြည် ပြလိုက်တာကို၊ ထမင်းခဲလွတ်ကျ, ဒိန်ခဲလွတ်ကျ အဲဒါ ပါးစပ်ထဲက ထမင်းခဲ လွတ်ကျလိမ့်မယ်ဆိုတာ သတိမရဘူး၊ မရဘဲ မြည်လိုက်လို့ပေါ့လေ၊ အဲဒီဟာမျိုးကို ယူပြီးတော့ အဲသလို သတိမေ့တဲ့ ပုဂ္ဂိုလ်တွေတဲ့၊ ဒီလိုပုဂ္ဂိုလ်တွေ ဆရာတင်မထားနဲ့၊ ကလျာဏမိတ္တ အဖြစ်နဲ့ အသွန်အသင် အဆုံးအမ သြဝါဒတွေ မယူနဲ့၊အဲဒီလို ပုဂ္ဂိုလ်နဲ့ ရောနှောပြီး တရားအားထုတ်ပြီး မနေနဲ့လို့ ဒီလိုဆိုလိုပါတယ်။
အဲဒီတော့ တစ်နေ့ကလဲ ပြောပြီ၊ ဒါကတော့ အဋ္ဌကထာ ဆရာက လွန်လွန်း အားကြီးပါတယ်လို့ ထင်စရာကောင်းတယ်၊ ဒီလောက်မေ့တဲ့ ပုဂ္ဂိုလ်တော့ မရှိပါဘူး၊ ထင်စရာကောင်းတယ်၊ ဒီလောက် မေ့တဲ့ ပုဂ္ဂိုလ်တော့ မပါဘူး၊ ထင်စရာကောင်းတယ်၊ ဒီလောက်မေ့တဲ့ပုဂ္ဂိုလ်၊ ဘယ်ရှိမလဲ၊ ဒီလောက် ထမင်းခဲ လွတ်ကျလောက်အောင်တော့ မမေ့ပါဘူးလို့ ဒီလိုထင်စရာ ကောင်းတယ်၊ မထင်ကြ ဘူးလား၊ ထင်မနေနဲ့၊ ကိုယ်လဲ ပါနေတယ်၊ ဒီထဲမှာ အဲဒီလို ပုဂ္ဂိုလ်တွေဆိုတာ သူများတွေ မဟုတ်ဘူး၊ ကိုယ်ရော ပါနေတယ်၊ တရားအားမထုတ်တဲ့ ပုဂ္ဂိုလ်တွေ အကုန်လုံးဖြစ်နေတယ်၊ အကုန်လုံး မေ့နေတာပဲ၊ လက်လှုပ်တိုင်း, ခြေလှုပ်တိုင်း ဘယ်သူသတိရတုံး၊ တရားအားမထုတ်တဲ့ ပုဂ္ဂိုလ်က သတိမရဘူး၊ ခုသာသနာ့ရိပ်သာလာပြီး အားထုတ်ဖူးတဲ့ ပုဂ္ဂိုလ်တွေ အားထုတ်နေဆ ဲပုဂ္ဂိုလ်တွေကတော့ သတိရမှာပေါ့၊ ပြင်ဘက် အရပ်ထဲက ပုဂ္ဂိုလ်တွေသွားပြီး မေးကြည့်စမ်းပါ၊ တွေးတာများ ဘယ်နှစ်ခါ မှတ်မိတုံးလို့၊ တစ်ခါမှ မမှတ်မိဘူး၊ စကားပြောတာ ဘယ်နှစ်ခါ မှတ်မိတုံး၊ တစ်ခါမှ မမှတ်မိဘူး။
အဲဒါ ဗုဒ္ဓဘာသာတွေပဲ၊ ဗုဒ္ဓဘာသာ မဟုတ်တဲ့ ပုဂ္ဂိုလ်တွေတော့ အထူး ပြောနေစရာ မလိုဘူး၊ အဲသလို မေ့နေတာတွေ၊ အဲဒီတော့ အဋ္ဌကထာဆရာ ပြောတာ မလွန်ဘူး၊ မှန်တယ်၊ အဲဒီလို ပုဂ္ဂိုလ်တွေကို မမှီဝဲပါနှင့်၊ ဘယ်လို ပုဂ္ဂိုလ်မှီဝဲရမလဲဆိုတော့ သတိမြဲတဲ့ ပုဂ္ဂိုလ်တွေ, ဒွါရ ၆-ပါးက ပေါ်တိုင်းပေါ်တိုင်း အမှတ်ရပြီးတော့ သတိမပြတ် ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေ, သတိ စွဲမြဲနေတဲ့ပုဂ္ဂိုလ်တွေ မှီဝဲပါတဲ့၊ ကမ္မဋ္ဌာန်းကျောင်းမှာ သိပ်တရား အားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေနဲ့ အတူနေရလို့ရှိရင် သိပ်တိုး တက်တာ တရားတော့၊ ဒါတော့ ဘုန်းကြီးက အကျယ်ပြောပြီးပြီ၊ အဲဒါကိုဆိုတယ်၊ ဟုတ်လား။
မေ့သူရှောင်လွှဲ သတိမြဲ မှီဝဲဆည်းကပ်ပါ။
မေ့သူရှောင်လွှဲရမယ်တဲ့၊ သတိမြဲတဲ့ ပုဂ္ဂိုလ်ဆိုတော့ ၄-ခုရှိသွားပြီ၊ သတိသမ္ပဇဉ် အမြဲယှဉ်ကတစ်ခု၊ စိတ်ညွတ်တာကတစ်ခု၊ သတိသမ္ဗောဇ္ဈင် ဖြစ်ဖို့ရာ စိတ်ညွှတ်တာက တစ်ခု၊ မေ့သူရှောင်လွှဲရမယ် ဆိုတာ သတိမြဲတဲ့ပုဂ္ဂိုလ် မှီဝဲဆည်းကပ်ပါ ဆိုတာက တစ်ခု၊ လေးခု၊ သတိပွားကြောင်း လေးမျိုး အဋ္ဌကထာမှာ ဆိုတယ်၊ သတိပွားဖို့ရာ, သတိသမ္ပဇဉ်ဖြစ်ဖို့ရာ အကြောင်းကတော့ ဒီလေးပါးပါပဲလို့ အဋ္ဌကထာက ညွှန်ပြထားတယ်၊ အဲဒီအကြောင်းလေးပါးနဲ့ ပြည့်စုံအောင်လို့ အားထုတ် ပြီးတော့ သွားလို့ရှိရင်ဖြင့်၊ သတိသမ္ဗောဇ္ဈင်တွေဖြစ်ပြီး တဖြည်းဖြည်း အရိယာမဂ်ဖိုလ်တွေ အစဉ်အတိုင်း တက်ပြီးတော့ အရဟတ္တမဂ် အရဟတ္တဖိုလ် ရောက်တဲ့ အခါကျတော့ သတိသမ္ဗောဇ္ဈင် ပြည့်စုံ သွားပါလိမ့်မယ်တဲ့၊ အဋ္ဌကထာ ဆရာက မိန့်ဆိုသွားတယ်၊ ကိုင်း- ဒါနိဂုံးလေး ဆိုကြဦးစို့ရဲ့။
သတိပွားရေး၊ အကြောင်းလေး၊ ညွှန်သေးအဋ္ဌကထာ။
ဟော-ဓမ္မဝိစယ သမ္ဗောဇ္ဈင်ရောက်သွားပြီ၊ သတိသမ္ဗောဇ္ဈင်ပြီးတော့ ဓမ္မဝိစယ သမ္ဗောဇ္ဈင်၊ ဓမ္မက-တရား၊ ဝိစယက - စူးစမ်းဆင်ခြင်တယ်၊ စစ်ဆေးတယ်၊ စစ်ဆေးတယ်ဆိုတာ သိတာပါပဲ၊ အဲ-တရားကိုယ် အားဖြင့်လဲ ပညာတဲ့၊ အမောဟတဲ့၊ ဉာဏ်တဲ့၊ ဝိဇဗနာတဲ့၊ အတူတူပါပဲ ဒါတွေ၊ အသဉာဏ်ကို ဓမ္မဝိစယသမ္ဗောဇ္ဈင် ခေါ်တယ်၊ ဥဒယဗ္ဗယဉာဏ်မှစပြီးတော့ ဝိပဿနာ ဉာဏ်တွေ ပါပဲ၊ ဝိပဿနာ အခိုက်အတန့်ဆို ဝိပဿနာဉာဏ်၊ အရိယမဂ်ဉာဏ် အခိုက်အတန့်မှာတော့ အရိယမဂ်ဉာဏ်ပေါ့၊ အဲဒီဉာဏ်တွေဟာ ဓမ္မဝိစယလို့ ခေါ်တယ်၊ တရားတွေကို စူးစိုက်ဆင်ခြင် တယ်တဲ့၊ ဆင်ခြင်ဆိုပေမယ့် နဖူးလက်တင် တစိမ့်စိမ့်နဲ့ ဆင်ခြင်တာ ဒီလိုမဟုတ်ပါဘူး၊ တချို့က ဒီလိုအောက်မေ့နေတာ၊ တွေးရှုမယ်, ဆင်ခြင်ရမယ်ဆိုတော့ တစိမ့်စိမ့်နဲ့ တွေးပြီးတော့ သိလာမယ်၊ ဒီလို အောက်မေ့နေတာကိုး၊ ဘယ်ဟုတ်မလဲ ဒီလိုဆို ခက်ရောပေါ့၊ အရိယာမဂ်ဉာဏ်ကျတော့လဲ ဓမ္မဝိစယ ပါနေတာပဲ၊ အရိယာမဂ်ဉာဏ်, နိဗ္ဗာန် အာရုံပြု ပြီးတော့ အရိယာမဂ်ဉာဏ် ဖြစ်လိုက်တာ၊ အဲဒါလဲ ဓမ္မဝိစယပဲ၊ အဲဒီမှာ နဖူး လက်တင် တွေးနေရမယ်ဆိုလျှင် ခက်ကရောပေါ့။
စိတ်ကလေးက တစ်ကြိမ်တည်း ဖြတ်ခနဲဆို တစ်ချက်တည်း သိသွားတာ ဘာမှတွေးစရာမရှိဘူး၊ ဘာမှစဉ်းစားနေ စရာမရှိဘူး၊ ဖြုတ်ခနဲဆို သင်္ခါရငြိမ်းတဲ့ နိဗ္ဗာန်တရား ဖြုတ်ခနဲ ဆိုသိပြီးတော့ တစ်ချက်တည်း ပြီးသွားတာ၊ လျှပ်စီးလက်လိုက် တာလိုပဲ၊ ပြီးသွားတာ၊ မြန်ကမြန်ပါဘိနဲ့၊ ဘယ်တွေးနေရတာ ဟုတ်မလဲ၊ သိသွားတာပဲ၊ ဘွားခနဲ ပေါ်ပြီး သိသွားတာ၊ အဲဒါလိုပဲ ရှုတိုင်းရှုတိုင်း ရုပ်နာမ်တွေ အဖြစ်အပျက်တွေ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာတွေ တစ်ခါတည်း ရှင်းခနဲ, လင်းခနဲ ပြတ်ပြတ်သားသား သေသေချာချာ သိသွားတာကို၊ ဒါ ဓမ္မဝိစယသမ္ဗောဇ္ဈင် ခေါ်တယ်။
ဒါကြောင့် ရုပ်နာမ် ခွဲခြမ်း စူးစမ်းသိသည်၊ ရုပ်နာမ် ခွဲခြမ်းပြီးတော့ စူးစမ်းတယ်ဆိုတာ၊ စူးစမ်းတာ ဆိုတာနဲ့ စုံစမ်းတာ တခြားစီနော်၊ စုံစမ်းတာက မေးတာ၊ စူးစမ်းတယ် ဆိုတာက ဆင်ခြင်တာပဲ၊ ရုပ်, နာမ် စုံစမ်း ခွဲခြမ်းသိသည်၊ ဆောင်ပုဒ် ပေးထားတယ်။
သဘောမှန်များ ထင်ရှားစေသည်၊ ဝိသယောဘာသန လက္ခဏာ - အာရုံတွေကို၊ သြဘာသန - ထင်လင်းစေတယ်တဲ့၊ ထင်ရှားစေပါတယ်တဲ့၊ ဒါကြောင့် သဘောမှန်များအာရုံ၏ သဘောမှန်တွေတဲ့၊ ရုပ်တရား, နာမ်တရားသဘောမှန်တွေ ဖြစ်လိုက် ပျက်လိုက်၊ သဘောမှန် အနိစ္စ, ဒုက္ခသဘောမှန်တွေကို ဥဒယဗ္ဗယ ဉာဏ်က စပြီးတော့ အသိဉာဏ်က သိသိပြီးတော့ တစ်ခါတည်း ဓာတ်မီးနဲ့ ထိုးထိုးပြသလိုပဲ၊ ဒါက ဒီလိုကွ၊ ဒါမမြဲဘူး၊ ဒီလိုဖြစ်တယ်၊ ဒီလို ပျက်တယ်ပြသလိုပဲ၊ အဲဒီလိုပဲ (ရှင်းကနဲ-၂) သိသွားတာကို၊ ဒါကြောင့် သူက သဘောမှန်များ ထင်ရှားစေသည်၊ တွေဝေမှု ကင်းရှင်းရှင်း သိသည်၊ မျက်စိလည် ပျောက်သွားသလိုပဲ တွေဝေမှုဘာမှ မရှိဘူး၊ မသိတာမရှိဘူး၊ အကုန်လုံး တိတိကျကျ၊ အဲ-ရှင်းကနဲ ပြတ်ပြတ်သားသား သိသိသွားတာကို၊ (မှတ်လိုက်-၂)တိုင်း အနိစ္စ, ဒုက္ခ, အနတ္တတွေ ရှင်းပြီးသိတယ်၊ ရှင်းကနဲရှင်းကနဲ သိသိသွားတာကို၊ အဲဒါဟာ ဓမ္မဝိစယ သမ္ဗောဇ္ဈင်ပဲတဲ့၊ ကိုင်း-ဆိုရမယ်။
ရုပ်, နာမ်ခွဲခြမ်း စူးစမ်းသိသည်၊
သဘောမှန်များ ထင်ရှားစေသည်၊
တွေဝေမှုကင်း ရှင်းရှင်းသိသည်၊
ဓမ္မဝိ မှတ်သိ ဗောဇ္ဈင်မည်။
အဲဒီ ဓမ္မဝိစယ သမ္ဗောဇ္ဈင်မှာလဲ အကြောင်းကတော့ မြတ်စွာဘုရားက ဟောတာကတော့ ယောနိသော မနသိကာရပါပဲ၊ ဓမ္မဝိစယသမ္ဗောဇ္ဈင် ဖြစ်အောင်လို့ အသိဉာဏ်ဖြစ်အောင် နှလုံး သွင်းမှုပါပဲတဲ့၊ ဒွါရ ၆-ပါးက ဖြစ်တိုင်းဖြစ်တိုင်း ရုပ်, နာမ်တွေ အမှန်အတိုင်း သိအောင် နှလုံးသွင်းပြီး နေလို့ရှိရင် ရှုမှတ်မှု ဖြစ်ပြီးတော့ ဓမ္မဝိစယ သမ္ဗောဇ္ဈင်တွေ ဖြစ်ပါတယ်တဲ့၊ အဋ္ဌကထာကတော့ ၇-ပါးပြပါတယ်၊ အဲဒါကိုလဲ ဆောင်ပုဒ် ပေးထားတယ်။
မေးမြန်းသန့်စင်၊ ညီမျှယှဉ်၊ ထိုတွင်စိတ်ညွတ်ရာ-တဲ့။
မေးမြန်းခြင်း၊ ရုပ်တရား, နာမ်တရားတွေနဲ့ စပ်ပြီးတော့ မသိတာရှိရင် မေးမြန်းဖို့ပေါ့၊ ယခုတော့ ကမ္မဋ္ဌာန်းဌာနမှာ မမေးမြန်းဘဲ ဆရာသမားတွေကို ဟောပြောပေးနေတာ အဲဒါကိုပြောတာ၊ မေးမြန်းလို့ ဟောပြောလို့ရှိရင် ကြားနာပြီးတော့ ရှေးက မရှင်းတာတွေ ရှင်းသွားတာကို၊ ဥပမာ-ဖောင်းတယ် ပိန်တယ် မှတ်တာဘာလဲ၊ မသိဘူး၊ ဘာဖြစ်လို့ မှတ်ရသလဲ၊ ဒါမသိဘူး၊ မသိရင် မေးပေါ့၊ မမေးလဲ ဆရာတွေက ပြောလိမ့်မယ်၊ သူက ဖောင်းတယ် ဆိုတာဟာ လောက ဝေါဟာရပဲ၊ ဗိုက်ထဲက တောင့်တင်း လှုပ်ရှားပြီးနေတဲ့ ဝါယော - ဖောဋ္ဌဗ္ဗအာယတနပဲ၊ ဓာတ်အားဖြင့် ဖောဋ္ဌဗ္ဗဓာတ်ပဲ၊ ဝါယောဓာတ်ပဲ၊ သစ္စာအားဖြင့် ဒုက္ခသစ္စာတရား၊ ဒါကြောင့် ဒီဥစ္စာကိုသိအောင်လို့ ရှုတာ။
ဒုက္ခသစ္စံပရိညေယျံ - ဒုက္ခသစ္စာကို ပိုင်းခြားသိရတယ်၊ ဒုက္ခသစ္စာတရား ဖြစ်တဲ့သဘော, ပျက်တဲ့သဘော, မမြဲတဲ့ သဘောတွေနဲ့ ပိုင်းခြားပြီး သကာလသိရတယ်၊ ဒါကြောင့် ပိုင်းခြား သိအောင်လို့ ဖောင်းတယ် ပိန်တယ် မှတ်ရတာ၊ စသည်ဖြင့်ပေါ့လေ၊ ကမ္မဋ္ဌာန်းဆရာတွေက အချိန်ကာလ အားလျော်စွာ ကြည့်ပြီးတော့ ဟောပြော ပြသပြီးပေးရတယ်၊ အကယ်၍ မပြောရင်လဲ တပည့်တွေက မေးရတယ်၊ သဘောပေါက်သွားအောင်၊ ဒါ နောက်စိတ်ချလက်ချ ဖြစ်သွားအောင်၊ ဖောင်းတယ် ပိန်တယ် အဖြစ်အပျက် ကလေးတွေ အမှန်သိတာပေါ့၊ ဒါကြောင့် ဟိုလိုလား ဒီလိုလား တွေးနေလို့ရှိရင် အမှတ်ပျက်တယ်၊ ဒါကြောင့် ဟောရတယ်၊ အဲဒါ မေးမြန်းရမယ်၊ သန့်စင်တယ်တဲ့၊ ဝတ္ထုဝိသတကြိယာ - ကိုယ်တွင်းကိုယ်ပ ဝတ္ထုတွေ သန့်ရှင်းစင်ကြယ် စေရမယ်တဲ့၊ ဉာဏ်မတက်တဲ့ အခါကာလမှာ ကိုယ်တွင်းက ချေးညှော် စသည် မသန့်ရှင်း နေလို့ရှိရင်လဲ ရေမိုးချိုး ကိုယ်ထဲက နေပြီး သတိ, ဒေါသ စသည်တွေရှိနေလို့ရှိရင်လဲ ဆေးဝါးစားပေါ့လေ၊ ဝမ်းနုတ်ဆေးတို့ဘာတို့ စားပြီးတော့ အဆင်ပြေအောင် လုပ်ရမယ်။
ပြင်ပက အဝတ်အထည်တွေ ညစ်နွမ်းနေလို့ရှိရင် နေရာထိုင်ခင်းတွေ ဘာတွေ မသန့်မရှင်း ဖြစ်နေလို့ရှိရင် သန့်ရှင်းအောင်လုပ်၊ ဖွပ်ရမယ်၊ လျှော်ရမယ်၊ သုတ်သင်သန့်ရှင်း စင်ကြယ်အောင် လုပ်ရမယ်၊ အဲဒါလိုဟာတွေကို သန့်စင်အောင်လုပ်ပါတဲ့၊ ဒီလိုလုပ်လို့ရှိရင်လဲပဲ အသိဉာဏ်တွေဟာ စင်စင်ကြယ်ကြယ် ဖြစ်တတ်ပါတယ်၊ တစ်နေ့က အကျယ်ပြောပြီးပြီ၊ ခေါင်းစဉ် ကလေး အညီအမျှ ယှဉ်ရမယ်တဲ့၊ သဒ္ဓါ အစရှိသော ဣန္ဒြေ ၅-ပါး တရားတွေ ညီမျှပါစေတဲ့။
တစ်ခုခုက လွန်ကဲနေရင် သဒ္ဓါတရားအားကြီးနေတဲ့ ပုဂ္ဂိုလ်က ဒိပြင်ဟာတွေ မဖြစ်ဘူး၊ သဒ္ဓါတရားတွေ သိပ်ကောင်းနေတော့ ယုံကြည်တာပဲ၊ ဝီရိယတို့, သတိတို့, ဉာဏ်တို့ဟာ သူ့အလုပ် မလုပ်ရတော့ဘူး၊ သဒ္ဓါ-ယုံကြည်လိုက်တာနဲ့ သူ တစ်ခုတည်းကနေ ခေါင်းဆောင် လုပ်နေတာနဲ့ ဒိပြင်ဟာတွေ မလုပ်ရတော့ဘူး၊ ဘာနဲ့တူနေသလဲဆိုတော့ အိမ်တစ်အိမ်တည်း လူ ၅-ယောက်ရှိတဲ့ ဥစ္စာ တစ်ဦးကနေပြီးတော့ လက်ဝါးကြီး အုပ်ပြီးတော့ သူချည်းပဲ အကုန်လုံးလုပ်၊ ဘာမဆို သူချည်းပဲလုပ်၊ ဘာမဆို ပြောစရာရှိလဲ သူချည်းပဲပြော၊ ဘေးက ပုဂ္ဂိုလ်တွေက ဘာမှ မလုပ်ရတော့ဘူး၊ အဲဒါလိုပဲ ဖြစ်နေတယ်။
အဲဒါကြောင့် သဒ္ဓါလဲ မလွန်စေရဘူး၊ ဝီရိယလဲ မလွန်စေရဘူး၊ သမာဓိလဲ မလွန်စေရဘူး၊ ပညာလဲ မလွန်စေရဘူးတဲ့၊ ဣန္ဒြေ ၅-ပါးဟာ တစ်ခုတစ်ခု မလွန်အောင်လို့ အားထုတ်ရတယ်၊ ဒါပေမယ်လို့ သူ့အချိန်ကျမှ ညီမျှတာပါပဲ၊ အဲ-တစ်ခု တစ်ခု လွန်နေတဲ့ဟာတော့ လျှော့ပစ်ပေးရတာရှိပါတယ်၊ အဲဒါလဲ လျှော့ပေးဖို့လဲ တစ်နေ့ကဟောပြီးပါပြီ၊ ဒီတော့ ထိုတွင် စိတ်ညွတ်ရာ ခုနကအတိုင်းပဲ၊ ဓမ္မဝိစယသမ္ဗောဇ္ဈင် ဖြစ်အောင်လို့ စိတ်ဟာညွတ်ထားပါတဲ့၊ အခါခပ်သိမ်း ဘယ်အချိန်မဆို ထိုင်ရင်း, ထရင်း, သွားရင်း, လာရင်း နေရာတကာမှာ မှတ်သိတဲ့ ဉာဏ်ကလေးဖြစ်နေအောင် (မှတ်တိုင်း-၂) ရုပ်,နာမ်တွေ အမြဲသိနေအောင် ရှင်းရှင်းလင်းလင်း သိအောင်ဟာ စူးစိုက်ပြီးတော့ ရှုမှတ်အားထုတ် နေပါလို့ ဆိုလိုပါတယ်၊ ကိုင်း- ဒါကလေးတော့ ဆိုရဦးမယ်။
မေးမြန်းသန့်စင်၊ ညီမျှယှဉ်၊ ထိုတွင်စိတ်ညွတ်ရာ။ (ဆို-၃)
ဉာဏ်မဲ့ရှောင်ကြဉ်၊ ဉာဏ်ရှိယှဉ်၊ ဆင်ခြင်နက်နဲမှာ။ (ဆို-၃)
ဉာဏ်မဲ့ - ဉာဏ်မရှိတဲ့ပုဂ္ဂိုလ်၊ ဒုမ္မေဓပုဂ္ဂိုလ် - ဉာဏ်မဲ့တဲ့ပုဂ္ဂိုလ်၊ ဉာဏ်မရှိတဲ့ပုဂ္ဂိုလ်၊ အဲဒီပုဂ္ဂိုလ် တွေကို ရှောင်ကြဉ်ရမယ်တဲ့၊ ယခု ခေတ်စားပြောဆိုနေကြတဲ့ ဖိုးသုညတွေလို့ ခေါ်တာပေါ့၊ ဉာဏ်မဲ့တဲ့ဟာတွေ ပညာမဲ့တယ်၊ အဲဒီပုဂ္ဂိုလ်တွေ ရှောင်ကြဉ်ပါတဲ့၊ အဲဒါက လောက ပညာမဲ့တာက တစ်မျိုး၊ ယခုဟာကတော့ ဘာဝနာပညာမဲ့ကို ဆိုလိုတယ်၊ ခန္ဓာ အာယတနဓာတ် အစရှိသော နက်နဲသော တရားတွေမှာ မသက်ဝင်ဘူးတဲ့ ပုဂ္ဂိုလ်တွေတဲ့၊ ဥဒယဗ္ဗယဉာဏ် ကင်းမဲ့တဲ့ ပုဂ္ဂိုလ်တွေကို ဆိုတယ်၊ ဒီတော့ ဉာဏ်မဲ့တဲ့ ပုဂ္ဂိုလ်က တော်တော်များနေတယ် အတော်ကိုများတယ်၊ လောကမှာ ပညာရှိကြီး တစ်ယောက် ဖြစ်ပေမယ့်လဲ သူ့ကို ဒုမ္မေဒတဲ့၊ ဥဒယဗ္ဗယဉာဏ် မဖြစ်ဘူး၊ သူ ဒုမ္မေဒထဲမှာပဲ ပညာမဲ့တဲ့ပုဂ္ဂိုလ်, ဉာဏ်မဲ့တဲ့ပုဂ္ဂိုလ်ထဲ ပါသွားတယ်။
ပညာရှိတစ်ယောက် ဖြစ်နေဦး၊ ဥဒယဗ္ဗယဉာဏ် မဖြစ်ဘူးရင် သူလဲပါသွားတယ်၊ ပါလဲပါမှဖြစ်မယ်၊ ဘာဖြစ်လို့တုံး ဆိုတော့ ကျမ်းဆရာကြီး ဖြစ်နေပေမယ်လို့ သူ့မှာ ဥဒယဗ္ဗယဉာဏ်က ဖြစ်ဖူးတော့ ဥဒယဗ္ဗယဉာဏ် အစစ်အမှန်တွေလဲ သူပယ်ပြီးတော့ ကျမ်းရေးချင်ရေးမယ်။ သူမဟုတ်တာတွေ လျှောက်ရေးချင်ရေးမယ်၊ သူ့တပည့်တွေကို ဒါမဟုတ်ဘူးကွ၊ ဒါ ဒီလို မဟုတ်ဘူး၊ ဒီလိုပဲ ပြောချင် ပြောမယ်၊ တချို့ ဓမ္မကထိကတွေက တို့ကျမ်းတွေတော့ တတ်နေတာပဲ၊ ကျမ်းတွေတတ်လို့ တရားတွေမှ ဟောလိုက်တာ၊ အဘိဓမ္မာတွေများ ကြေလို့၊ အဘိဓမ္မာသဘောတွေကိုစုံလို့၊ သူဟော လိုက်တာ ဟောပြီးပြီ ဆိုတဲ့အခါကျတော့ ဘာပြောလဲဆိုတော့ တရားအားထုတ်ဖို့ရာ မလိုပါဘူးတဲ့၊ ဒါသိရင်တော်ပြီတဲ့ ပြောတယ်။
အဲဒါ သူ့တပည့်တွေက တချို့ ယုံတဲ့ပုဂ္ဂိုလ်လဲ ရှိတာပေါ့လေ၊ အဲဒီလိုယုံတဲ့ ပုဂ္ဂိုလ်တွေတော့ ဒုက္ခဖြစ်တော့တာပဲ၊ ဘာပြုလို့တုံးဆိုတော့ မလိုဘူးတော့ သူအားမထုတ်ဘူး၊ အားမထုတ်ရင် ခုနကပြောတဲ့ ဥဒယဗ္ဗယဉာဏ် မရောက်ဘူးပေါ့၊ အဲဒီ အဘိဓမ္မာတွေ ဟောပြောနေတဲ့ ပုဂ္ဂိုလ်က သူ့ကိုယ်က မရောက်ဘူးဘဲဟာကို၊ မရောက်ဘူးတော့ သူမလိုဘူး ထင်တာ၊ မလိုဘူးလို့ ဟောလိုက် တော့ ယုံတဲ့ ပုဂ္ဂိုလ်တွေကလဲ အားမထုတ်ဘူးတဲ့၊ ဒါ ဒုက္ခ ရောက်ရရောပဲ၊ သွားရော။
အဲဒါကြောင့် ဉာဏ်မဲ့ရှောင်ကြဉ်၊ ဉာဏ်မဲ့တဲ့ ပုဂ္ဂိုလ်တွေရှောင်ပါတဲ့၊ ဒီလိုပုဂ္ဂိုလ်တွေ ဆရာသမား အဖြစ်နဲ့ ကိုးကွယ် ပြီးတော့ မနေနဲ့တဲ့၊ သူ့ကို အားကိုးယုံကြည်ပြီး မနေနဲ့တဲ့၊ ဒီလိုဆိုလိုတယ်၊ အရေးကြီးပါတယ်၊ ဒီဥစ္စာဉာဏ်ရှိတဲ့ ပဏ္ဍိတ - ပညာရှိပုဂ္ဂိုလ်တွေ ယှဉ်ပါတဲ့၊ ပညာရှိပေမယ်လို့ ကျမ်းဂန်တတ်ကြီးတွေ မဆိုလိုပါဘူးတဲ့၊ တတ်ချင်တတ် မတတ်ချင်နေ၊ တတ်ရင်တော့ ကောင်းတာ ပေါ့လေ၊ ဥဒယဗ္ဗယဉာဏ်နဲ့ ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကို ပြောတယ်၊ ရုပ်, နာမ်အဖြစ်အပျက်တွေ သိတဲ့ ပုဂ္ဂိုလ်တဲ့၊ တရားအားထုတ်လို့ ရုပ်,နာမ်အဖြစ်အပျက် သိတယ်၊ အဲဒီပုဂ္ဂိုလ် မှီဝဲပါတဲ့။
တရားအားထုတ်တဲ့ ပုဂ္ဂိုလ်မှ ဒါတွေကျေးဇူးများတယ်၊ ယောက်ျား ဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ်၊ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ တရားအားထုတ်လို့ ဥဒယဗ္ဗယဉာဏ် ကောင်းကောင်း ဖြစ်ဖူးတဲ့ ပုဂ္ဂိုလ်နဲ့ အတူတူ နေပြီးတော့များ အားထုတ်လိုက်ရရင် သိပ်ကောင်းတာ၊ သူက ညွှန်ကြား ဖော်ရတယ်၊ ဘယ်လိုမှတ်ရတယ်၊ ဘယ်လိုမှတ်တော့ ဘာဖြစ်တယ်၊ အားတက်စရာ သိပ် ကောင်းတယ်၊ တချို့ပုဂ္ဂိုလ် ဘာစာမှမတတ်ဘူး၊ ဘာမှကို မတတ်ဘူး၊ စာကိုဖတ်ကို မဖတ်တတ်ဘူး၊ ပြီးရောပဲ၊ ကုန်ရောပဲ၊ သူက တရားအားထုတ်ထားတော့ ပြောတတ်တယ်၊ တချို့က အဖြစ်အပျက် တွေ တစ်ခါတည်း အားရစရာ သိပ်ကောင်းတာ၊ ပျောက်လိုက်တာများ ဖြစ်ပျက်နေတာ ရိုးရိုးရွရွ ဖြစ်ပျက်နေတာတွေ သူသိတော့ပြောတယ်၊ သူက အင်မတန် အားရစရာ ကောင်းတယ်၊ အဲဒါကြောင့် ဥဒယဗ္ဗယဉာဏ်နဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ် ပညာရှိပဲတဲ့။
ဒါ စာတတ်ရင်တတ်၊ မတတ်ရင်နေ၊ စာတတ်ရင်တော့ ပိုကောင်းတာပေါ့လေ၊ အဲဒီပညာရှိ ပုဂ္ဂိုလ်ကို မှီဝဲပါတဲ့၊ ဉာဏ်မဲ့ရှောင်ကြဉ် ဉာဏ်ရှိယှဉ်၊ ဆင်ခြင်နက်နဲမှာ၊ နက်နဲတဲ့ တရားတွေကို ဆင်ခြင်ပါတဲ့၊ ခန္ဓာအာယတနဓာတ်တွေကိုလဲ စဉ်းစားပြီး ဆင်ခြင်ပါတဲ့၊ ဒါက ဆင်ခြင်နိုင်ရင် ဆင်ခြင်ပေါ့လေ၊ မဆင်ခြင်နိုင်ရင်တော့ ယခုလို တရားနာရတာပဲ၊ အဲဒီမှာ ၇- ပါးရှိတယ်၊ သူက မေးမြန်းကတစ်ခု၊ သန့်စင်ကတစ်ခု၊ ညီမျှယှဉ်ကတစ်ခု၊ ထိုတွင် စိတ်ညွတ်ရာကတစ်ခု၊ ဉာဏ်မဲ့ ရှောင်ကြဉ်ကတစ်ခု၊ ဉာဏ်ရှိယှဉ်၊ ဆင်ခြင်နက်နဲမှာတဲ့၊ ၇-ခုရှိတယ်။
ဉာဏ်ဖြစ်ကြောင်းများ ၇-ပါး ညွှန်ကြား အဋ္ဌကထာ။
ဉာဏ်ဖြစ်ကြောင်း ဓမ္မဝိစယ သမ္ဗောဇ္ဈင်ဖြစ်ကြောင်းတရား ၇-ပါးပဲတဲ့၊ အဋ္ဌကထာဆရာက ပြောတာလေ၊ ဒီ ၇-ပါးနဲ့ပြည့်စုံအောင် တရားအားထုတ်ရမယ်၊ အဲဒီလို အစဉ်အလိုက် အားထုတ် သွားလို့ရှိရင် အရိယာမဂ်ဉာဏ် အစဉ်အတိုင်းတက် ပြီးတော့ အရဟတ္တမဂ်ဉာဏ်, အရဟတ္တဖိုလ် ဉာဏ်ရောက်တဲ့အခါကျတော့ ဓမ္မဝိစယ သမ္ဗောဇ္ဈင်နှင့် ပြည့်စုံပြီး သွားပါလိမ့်မယ် လို့ အဋ္ဌကထာ ဆရာက ဆိုထားတယ်၊ ကိုင်း-ဆိုရမယ်။
ဉာဏ်ဖြစ်ကြောင်းများ ၇-ပါး ညွှန်ကြား ဋ္ဌကထာ (ဆို-၃)။
အဲဒါပြီးခဲ့တဲ့ နှစ်သီတင်းက ဟောပြီးသား တရားတွေပါ၊ ယခု အသစ်ပုဂ္ဂိုလ်တွေ နည်းနည်း ခေါင်းစဉ်ကလေး ရအောင်လို့ ဘုန်းကြီးကပြောတယ်၊ ယခု ယနေ့ အသစ်ဟောရမယ်၊ ရောက်လာပြီး ၃-နံပါတ် ရောက်လာပြီ၊
သန္တံ ဝါ အဇ္ဈတ္တံ ဝီရိယသမ္ဗောဇ္ဈင်္ဂံ၊ အတ္တိ မေ အဇ္ဈတ္တံ ဝီရိယ သမ္ဗောဇ္ဈင်္ဂေါတိ ပဇာနာတိ၊ အသန္တံ ဝါ အဇ္ဈတ္တံ ဝီရိယ သမ္ဗောဇ္ဈင်္ဂံ နတ္တိ မေ အဇ္ဈတ္တံ ဝီရိယသမ္ဗောဇ္ဈင်္ဂေါ ပဇာနာတိ။
အဇ္ဈတ္တံ - မိမိသန္တာန်၌ဖြစ်သော၊
သန္တံ - ထင်ရှားသော၊
ဝီရိယ သမ္ဗောဇ္ဈင်္ဂံ ဝါ- ဝီရိယ သမ္ဗောဇ္ဈင်ကိုလည်း၊
မေ - ငါ၏၊
အဇ္ဈတ္တံ - အတွင်းသန္တာန်၌၊
ဝီရိယ သမ္ဗောဇ္ဈင်္ဂေါ - ကို၊
ဣတိ - ဤသို့၊
ပဇာနာတိ - သိ၏။
မိမိသန္တာန် ဝီရိယသမ္ဗောဇ္ဈင် ဖြစ်ရင် ဖြစ်မှန်းသိတယ်တဲ့၊ မဖြစ်ရင် မဖြစ်မှန်းသိတယ်၊ တရားအားထုတ်တဲ့ပုဂ္ဂိုလ်၊ အားမထုတ်တဲ့ ပုဂ္ဂိုလ်ကတော့ ဝီရိယသမ္ဗောဇ္ဈင် အမြဲမပြတ်ကင်းမဲ့ နေတာပါပဲ၊ လောက ဝီရိယတွေတော့ရှိတာပေါ့လေ၊ စီးပွားရေးတို့ဘာတို့ အလုပ်အကိုင် အဲဒါတွေ ကြောင့်ကြဗျာပါရတွေ လုံ့လတွေ တချို့သိပ်ကောင်းတာပဲ၊ လုံ့လကောင်းချင်ရာ ကောင်းပြီး မကောင်းချင်ရာ မကောင်းဘဲဖြစ်နေတတ်တယ်၊ အဲဒီ ဘာဝနာဘက်ကျတော့ လုံ့လဝီရိယ တချို့က မကောင်းဘူး၊ တချို့ လောကဘက်က လုံ့လဝီရိယ ကောင်းတော့ ဒီလူတော့ အားထုတ်လို့ရှိရင် တော်တော် နေရာကျမှာပဲ၊ အောက်မေ့နေတယ်၊ တယ် မဟုတ်လှဘူး။
တရားအားထုတ်တဲ့ နေရာကျတော့ ယခု လူမျိုးအနေ အားဖြင့်ဆိုရင် တချို့ လူမျိုးတွေဟာ လောကဘက်က လုံ့လ ဝီရိယ သိပ်ကောင်းတယ်၊ တရားအားထုတ်ရာကျတော့ မြန်မာတွေလောက် သိပ်နေရာ မကျဘူး၊ ဘုန်းကြီးတို့ အတွေ့အားဖြင့် ပြောတာ၊ တခြားက လူမျိုးတွေက တချို့ပုဂ္ဂိုလ်တွေ သိပ်ကောင်းပါတယ်၊ လုံ့လဝီရိယ၊ လောကဘက်က လုံ့လ ဝီရိယတွေ သိပ်ကောင်းပြီးတော့၊ သူတို့ အားထုတ်လိုက်ရင်တော့ သိပ်နေရာကျမယ်လို့ အောက်မေ့တယ်၊ တယ်မဟုတ်လှဘူး၊ မြန်မာတွေ အားထုတ်တာလောက် နေရာမကျဘူး၊ တရားကျတော့ မြန်မာတွေက ကြိုးကြိုးစားစား အားထုတ်တယ်၊ လောကရေးရာတွေ ဘာမှမလုပ်ချင်၊ ဖျင်းရင်သာ ဖျင်းရမယ်၊ တရားကြတော့ တော်ပါတယ်၊ ဘုန်းကြီးက ချီးကျူးနေတာ ကိုယ့်အမျိုးမို့လို့ ချီးကျူးတာ မဟုတ်ဘူး၊ ဒါတကယ်ပြောတာပါ၊ ခု တရားအားထုတ်ရာ ကြတော့ အဟုတ်ကို တော်တယ်၊ ဒိပြင် ပုဂ္ဂိုလ်တွေနဲ့ စာရင် တရားမှာတော့ ထူးထူးခြားခြား ကောင်းပါတယ်၊ စွန့်စွန့်စားစားလဲ အားထုတ်ပါတယ်၊ တကယ်ကို အားထုတ်ကြတာ ပါပဲ၊ အားထုတ်တဲ့ ပုဂ္ဂိုလ်တွေပေါ့လေ၊ အားမထုတ်တဲ့ပုဂ္ဂိုလ် ရှိတော့ ရှိပါတယ်။
အားထုတ်တဲ့ ပုဂ္ဂိုလ်တွေ ရှိပါတယ်၊ တရားအားထုတ်တဲ့ အခါကာလမှာ ရှုတိုင်း, မှတ်တိုင်း ဝီရိယလေးဆိုတာ ရှိတယ်၊ ဒီဝီရိယကလေးက နောက်ကနေပြီး တွန်းပေးနေသလိုပဲ (သွားကွ-၂) (လုပ်ကွ-၂) တစ်ခါတည်း တွန်းပေးနေတဲ့ ဒီ ဝီရိယကလေး ရှိတယ်၊ အဲဒီ အားကလေးနဲ့၊ ဒီအားလေး၊ အားကောင်းတဲ့ ပုဂ္ဂိုလ်တွေဟာ သမာဓိ ဉာဏ်တွေ မကြာခင် တိုးတက် ပြီးသွားတာပဲ၊ ဒါ အရေးကြီးပါတယ်၊ ဝီရိယ သိပ်အရေးကြီးတယ်၊ တရားအားထုတ်ရာ အရေးကြီးတာက ဘုန်းကြီးများ အကျဉ်းချုပ် အရေးကြီးတာ မှတ်ထားတယ်၊ သဒ္ဓါတရားနဲ့ ယုံကြည်မှု၊ ယုံကြည်မှလဲ အားထုတ်တယ်၊ ဒီလိုအားထုတ်ရင် ဒီလို ဖြစ်လိမ့်မယ်ဆိုတဲ့ ယုံကြည်တဲ့ သဒ္ဓါတရား၊ သဒ္ဓါတရားပြီးတော့ ကိုယ့်ဆန္ဒ၊ ယုံကြည်ပေမယ်လို့ စိတ်ဆန္ဒကလဲ ရှိဦးမှ၊ အားထုတ်လိုတဲ့ စိတ်ဆန္ဒကလေးရှိမှ ဆန္ဒလဲ အရေးကြီးတယ်၊ ဆန္ဒထက်သန်မှ၊ ဆန္ဒပြီးတော့ ဘာလာလဲဆိုတော့ ဝီရိယပဲ အရေးကြီးတယ်။
သဒ္ဓါရယ် ဆန္ဒရယ် ဝီရိယရယ်၊ ဒီသုံးခုဟာ ဖိုခုံလောက် ဆိုင်နေသလိုပဲ၊ သဒ္ဓါကလဲ ယုံကြည်မှုက မလိုဘူး၊ အကုန်လုံး ပြည့်စုံနေတယ်၊ ဆန္ဒကလဲ အားကောင်းနေတယ်၊ ဝီရိယကလဲ နင်လား ငါလား မဖြစ်မနေ ဇွဲကောင်းကောင်းနဲ့ အားထုတ်နေတယ်ဆိုရင် အဲဒါ သတိတို့, သမာဓိတို့, ပညာတို့က ဖြစ်တော့တာပဲ၊ မဖြစ်ရင်ကို မနေတော့ဘူး၊ ဒါတွေဖြစ်တယ်၊ အရေးကြီးတာက သဒ္ဓါအား၊ ဆန္ဒအား၊ ဝီရိယအား၊ ဒီသုံးခု လိုပါတယ်၊
ယခု တရားတွေ ဘာတွေဟောပြီး အားပေးရတာလဲပဲ အဲဒီ သဒ္ဓါ ရှိအောင်လို့ ဟောရတယ်၊ ဆန္ဒ အားထုတ်ချင်တဲ့ စိတ်ဆန္ဒဖြစ်လာအောင် ဟောရတယ်၊ ပြီးတော့ လုံ့လဝီရိယနဲ့ မပျင်းရိအောင်လို့ စောစောကတော့ကို တရားတကယ်တန်း အားထုတ်မယ် ဆိုပြီး ကမ္မဋ္ဌာန်းကျောင်း ရောက်လာပြီးတော့ ကိုယ်ထင် သလောက်က မပေါက်တော့ ပျင်းပြီးတော့ လျှော့နေတာ ရှိတတ်တယ်၊ အဲဒါတွေလဲ ကမ္မဋ္ဌာန်း ဆရာတွေက အားပေးရတယ်၊ တစ်ချို့ မတတ်နိုင်တဲ့ ယောဂီတွေကျတော့ နေ့စဉ်နေ့စဉ် တိုက်တွန်း နေရတယ်၊ နွားမောင်းသလိုပဲ မောင်းနေရတယ်၊ အင်မတန် တိုက်တွန်းရတယ်။
တစ်ချို့ ကမ္မဋ္ဌာန်းဆရာတွေက စိတ်တောင် ပျက်တယ်၊ ငြီးတယ် ဘုရား-တဲ့၊ ပျင်းစရာ သိပ်ကောင်းတာပဲ (တစ်နေ့လဲဒါ-၂) ဘာမှလဲ မတက်ဘူးဆိုပြီးတော့ ပျင်းစရာ အင်မတန် ကောင်းတယ်၊ တစ်ချို့ ယောဂီတွေကျတော့ အင်မတန် အားရ ဝမ်းသာစရာ ကောင်းပါတယ်၊ ပြောတာက တစ်ခါတည်း တစ်နေ့တစ်မျိုး တစ်နေ့တစ်မျိုးပဲ၊ တစ်ချို့ တစ်နေ့ ၂-မျိုး၊ ၄-မျိုး တောင် ပြောတယ်၊ တယ်နေရာကျတယ်၊ အဲဒါ ယောဂီ ကောင်းကောင်းတွေ တွေ့ရတော့ တရားမေးမြန်း စစ်ဆေး ဟောရတဲ့ ကမ္မဋ္ဌာန်းဆရာတွေက သိပ်ပျော်တယ် ရွှင်တယ်၊ နေရာကျနေတာကို၊ တပည့် နဲ့ကို နေရာကျနေတာပဲ။
တရားက မတက်ဘူး ဆိုရင်တော့ ပျင်းလာတယ်၊ ကမ္မဋ္ဌာန်းဆရာတွေက အဲဒါက အရေးကြီးပါတယ်၊ ဝီရိယဆိုတာ အရေးကြီးတယ်၊ ဝီရိယဟာ ရှိရင်ဖြင့် ရှိမှန်းသိတယ်တဲ့၊ မရှိရင်မရှိမှန်း သိတယ်၊ လျှော့ရင် လျှော့မှန်း သိပါတယ်၊ အားထုတ်တဲ့ ပုဂ္ဂိုလ်က ဝီရိယ တစ်ခါတစ်ခါ လျှော့တယ်၊ တစ်ခါ တစ်ခါ တင်းလာတယ်၊ တင်းတဲ့အခါမှာ အမှတ်ကလေးတွေ ကောင်းပါတယ်၊ လျှော့တဲ့အခါမှာ မကောင်းပါဘူး။
အဲဒီ ဝီရိယမှာ လက္ခဏာရယ်၊ ရသရယ်၊ ပစ္စုပဋ္ဌာန်ရယ် ၃-ခုရှိတယ်၊ လက္ခဏာက ဘာတုံးဆိုလျှင် ဥဿာဟ လက္ခဏာ - အားထုတ်ခြင်းဟာ သူ့လက္ခဏာပဲ၊ ကြောင့်ကြ ပြုလုပ် အားထုတ်တတ်သည်၊ ကြောင့်ကြစိုက်ပြီးတော့ အားထုတ်တတ်တဲ့ သဘောပဲ၊ ဥပထမ္ဘနရသ - ထောက်ပံ့တတ်တယ်၊ အားပေးတတ်တယ်၊ စိတ်အားတက်၍ အားပေးတတ်သည်၊ အသန္တီရဏ ပစ္စုပဋ္ဌာနံ - မဆုတ်နစ်တဲ့ သဘော အနေအားဖြင့် ယောဂီ ဉာဏ်မှာထင်တယ်။
ဝီရိယအားကောင်းတဲ့ ပုဂ္ဂိုလ်ဟာ ဘာလုပ်လုပ် မဆုတ်ဘူး နောက်ပြန်မဆုတ်ဘူး၊ မဖြစ်မနေ တစ်ခါတည်း မဖြစ်ဖြစ်အောင် အားထုတ်တာပဲ၊ လုံ့လဝီရိယ အားမကောင်းတဲ့ ပုဂ္ဂိုလ်ကတော့ နည်းနည်းလေးလုပ်ပြီးတော့ ဖြစ်သေးမှာ မဟုတ်ပါဘူး ဆိုပြီး လျှော့ချထားတယ်၊ ဝီရိယ အားကောင်းတဲ့ ပုဂ္ဂိုလ်ကတော့ မဖြစ်မနေ တစ်ခါတည်း ဆုတ်ကိုမဆုတ်ဘူး၊ မပြီးမချင်း တစ်ခါတည်း ကြိုးစားအားထုတ်နေတာပဲ၊ ရှေ့သာတိုးနေတယ်၊ နောက်ကို မဆုတ်ဘူး၊ အဲဒါ အသန္တီရဏ မတွန့်ဆုတ်သော အနေအားဖြင့် ယောဂီပုဂ္ဂိုလ်မှာ ထင်တယ်တဲ့၊ ဆောင်ပုဒ်ကလေး ဒီမှာ ပေးထားပါတယ်၊ ကိုင်း-ဆိုရမယ်၊ ရှေ့နားကျ ပြောစရာတွေ အများကြီးရှိသေးတယ်။
ကြောင့်ကြ ပြုလုပ် အားထုတ်တတ်သည်၊
စိတ်အားတက်ရေး အားပေးတတ်သည်၊
မဆုတ်နစ်ဘဲ စိတ်ဇွဲသန်သည်၊
ဝီရိယ မှတ်ကြ ဗောဇ္ဈင်မည်၊
ဒီ ဝီရိယ ဗောဇ္ဈင်အကြောင်းပဲ ဟောရမယ်၊ အဲဒီဝီရိယမှာ လက္ခဏာဆိုတဲ့ တစ်ပိုဒ်ဟောတယ်၊ ကြောင့်ကြပြုလုပ်အား ထုတ်တာပဲ၊ ကြောင့်ကြစိုက်ကာ အားထုတ်တာဟာ ဝီရိယ၊ ဝီရိယဆိုတာ ဒါပဲ ဝီရိယကတော့ ကောင်းတာလဲ ရှိတယ်၊ မကောင်းတာလဲ ရှိတယ်၊ အကုသိုလ်ဘက်ကလဲ အကုသိုလ် အရေးတွေလျှောက်ပြီး အားထုတ်နေတယ်၊ သူလဲဝီရိယပါပဲ၊ အကုသိုလ် ဝီရိယပါပဲ၊ ဒါနသီလ အစရှိသော အကုသိုလ်ကောင်းမှုတွေ အားထုတ်နေတာ ကုသိုလ်ဝီရိယ ဘာဝနာရှုမှတ်တဲ့ အခါကျတော့ကို (မှတ်တိုင်း-၂)မှာ နောက်က တွန်းပေးနေသလို (မှတ်လိုက်-၂) ရှုလိုက်-ရှုလိုက်၊ (မလျှော့နဲ့-၂) နောက်ကနေ တွန်းပေးနေ သလိုပဲ၊ ကြောင့်ကြစိုက်နေတဲ့သဘော, အားထုတ်နေတဲ့ သဘော၊ အချက်တိုင်း-အချက်တိုင်း ပါတယ်၊ ယောဂီပုဂ္ဂိုလ်မှာ ကိုယ့်ဟာကို ထင်ရှားနေတယ်၊ အားထုတ်မှုလေးဟာ အားထုတ်တဲ့ သဘောလေးဟာ ထင်ရှားနေတာ၊ အဲဒါ ဝီရိယရဲ့ လက္ခဏာပဲ。
ကြောင့်ကြပြုလုပ် အားထုတ်တတ်သည်၊
စိတ်အားထက်ရေး အားပေးတတ်သည်၊
စိတ်အား မလျှော့အောင်လို့ အားပေးနေတဲ့ သဘောပဲ၊ လူနှစ်ယောက်ဟာ တစ်ယောက်က စိတ်အားလျှော့လာလျှင် တစ်ယောက်က နေပြီးတော့ လုပ်ကွ-လုပ်ကွ၊ ဘာမှ အားလျှော့စရာ မရှိဘူး၊ ဖြစ်တော့မှာ, ပြီးတော့မှာ စသည်ဖြင့် ဒီလိုအားပေး နေသလိုပေါ့လေ၊ အဲဒီလိုပဲ ဝီရိယသာ စိတ် စေတသိက်တွေ အားမငယ်ရအောင် အားပေးနေတဲ့ သဘောပဲ၊ အထက်ကနေပြီး တွန်းပေးနေတဲ့ သဘောရှိတယ်၊ အဲဒါလဲ ထင်ရှားပါတယ်၊ သူကရသ ခေါ်တယ်၊ သူ့အလုပ်ဝီရိယက ဒါလုပ်နေတာ၊ အဲဒါသူ့ အလုပ်ပဲ၊ အားပေးနေတာပဲ၊ မဆုတ်နဲ့၊ မလျှော့နဲ့၊ အားထုတ်လိုက်၊ အားထုတ်လျှင် ဖြစ်မယ်၊ ဒီလိုအားပေးနေတာ ယောဂီ ပုဂ္ဂိုလ်ဉာဏ်ထဲ ဘယ့်နှယ်ထင်တုံး ဆိုတော့ မဆုတ်နစ်တဲ့ အနေ အားဖြင့်ထင်တယ်၊ ဝီရိယဟာ ဇွတ်တရွတ်၊ အတင်းဆိုတဲ့ သဘော, နောက်မဆုတ်တဲ့ သဘော လေးပဲလို့ ဒီလိုယောဂီ ပုဂ္ဂိုလ်ဉာဏ်ထဲ ထင်ရှားတယ်။
ဒါက အင်မတန် ထင်ရှားတဲ့ တရားတွေပါ၊ တရားအားထုတ်လျှင် ထင်ရှားတယ်၊ တရား အားမထုတ်လျှင်, ပုဂ္ဂိုလ်တွေလဲ စဉ်းစားလိုက်လျှင် ကိုယ်လုပ်တဲ့ အလုပ်ကလေးတွေမှာ ဝီရိယက အဲဒီလိုပဲ အားထုတ်နေတဲ့ သဘောရှိတယ်၊ စိတ်ကို အားတက်အောင် ပေးနေသလိုပဲ၊ သူ့ရဲ့သဘော သတ္တိလေးလဲ ထင်ရှားတယ်၊ အဲဒီတော့ နောက်မဆုတ်တဲ့ သဘောလေးထဲ ထင်ရှား တာပဲ၊ ယောဂီပုဂ္ဂိုလ် မဟုတ်ပေမယ့် ထင်ရှားပါတယ်၊ ယောဂီတွေမှာတော့ မှတ်တိုင်းမှတ်တိုင်း ထင်ရှား နေတယ်၊ အဲဒါ ဝီရိယ သမ္ဗောဇ္ဈင် ခေါ်တယ်၊ ဘယ်ကစဖြစ်တုံး ဆိုလို့ရှိရင် ဥဒယဗ္ဗယဉာဏ်က စဖြစ်တာပဲ၊ စောစောပိုင်းကလဲ၊ ဝီရိယဆိုတာ ရှိတာပေါ့၊ တရားအားမထုတ်ခင်ကလဲ ရှိတာပဲ အမှတ်တိုင်း အမှတ်တိုင်း ဘယ်ခါမဆို ရှိတာပဲ၊ ဒါပေမယ့်လဲ ဗောဇ္ဈင်ထဲ စာရင်း မသွင်းဘူး၊ အဋ္ဌကထာဆရာက ဗောဇ္ဈင်ထဲ ဘယ်ကျမှ စာရင်းသွင်းတုံး ဆိုတော့ ဥဒယဗ္ဗယဉာဏ်ကျမှ စာရင်းသွင်းတယ်၊ ဘာဖြစ်လို့လဲဆို၊ အဲဒီကျမှ ဗောဓိသစ္စာ လေးပါး တရားကို အဲဒီကျမှ ကောင်းကောင်းသိတာကိုး။
ဒါကြောင့် သစ္စာလေးပါးကို သိသူ၏ အကြောင်းအင်္ဂါကို ဗောဇ္ဈင်ဟု ခေါ်သည်၊ ဥဒယဗ္ဗယဉာဏ်က စပြီး ရှုတိုင်း- ရှုတိုင်း သစ္စာလေးပါးကိုသိတဲ့ ပုဂ္ဂိုလ်ဖြစ်ဖို့ရာ အကြောင်းဟာ ဝီရိယတစ်ပါး ပါတယ်၊ သစ္စာလေးပါးသိမှု၏ အစိတ်အပိုင်း အင်္ဂါဟာ ဒီဝီရိယတစ်ပါး ပါတယ်၊ ဒါကြောင့် သူ့ဗောဇ္ဈင် လို့ခေါ်တယ်တဲ့၊ အဲဒီဗောဇ္ဈင်ဖြစ်ခြင်း၏ အကြောင်းဟာလဲ အာရမ္ဘထဓာတ်၊ နိဒ္ဓမထဓာတ် ပရက္ကမဓာတ် ဆိုတာရှိတယ်တဲ့၊ အာရမ္ဘထ၊ နိဒ္ဓမထ ယုဉ္ဇထ ဗုဒ္ဓသာသနေ၊ ဗုဒ္ဓသာသနာနေ - မြတ်စွာဘုရား၏ သာသနာတော်တွင်း၌၊ အာရမ္ဘထ - အစပြု၍ - အားထုတ်ခါ အစပြု၍ အားထုတ်ကြပါကုန်လော့၊ အားမထုတ်ရသေးတဲ့ ပုဂ္ဂိုလ်တွေစပြီး အားထုတ်ပါတဲ့၊ မြတ်စွာဘုရားက သြဝါဒပေးတယ်၊ အားမထုတ်ရသေးတဲ့ ပုဂ္ဂိုလ်တွေ ငါတို့ မရသေးဘူး၊ မြတ်စွာဘုရား ဟောတဲ့အတိုင်း စရဦးမှာကိုး၊ စကို အားမထုတ်ရသေးဘူး စပါတဲ့၊ အစပြုပြီး အားထုတ်ပါတဲ့။
နိဒ္ဓမထ - ပျင်းရိမှုလက်တွင်းမှ လွတ်ကင်းထမြောက်အောင် အားထုတ်ကြပါကုန်လော့၊ စပြီး အားထုတ်ရုံနဲ့ ပြီးမလားဆို မပြီးသေးဘူးတဲ့၊ မပျင်းမရိဘဲနဲ့ကို တစ်ခါတည်း အားထုတ်မှု အမှတ်ကလေးတွေနဲ့ ပျော်ပြီး အမှတ်တွေ ကောင်းနေတာကို၊ အားထုတ်ပါတဲ့၊ အားထုတ်ခါစတော့ တရားအရသာ မပေါ်သေးဘူး၊ အဲဒီတော့ တယ်မပျော်သေးဘူး၊ တော်တော်နဲ့ အမှတ်က မတိုးတက်လို့ရှိရင် ပျင်းလဲပျင်းတတ်တယ်၊ ကမ္မဋ္ဌာန်းကျောင်းက ထွက်ချင်တဲ့ စိတ်တွေလဲ ဖြစ်တတ်တယ်။
အဲဒါမျိုးတွေ လွန်မြောက်သွားအောင် အားထုတ်ရမယ်၊ အားထုတ်ခါစမှာ သူတပြန်- ငါတပြန်ပဲ၊ ပျင်းလိုက်ရင်း တော်ကြာပျင်းတယ်၊ မှတ်လိုက်ရင်း၊ မှတ်လိုက်ရရင်း ရှေ့တိုးသွားလိုက်ရင်း၊ တော်ကြာရင် ပျော်သလို ဖြစ်လာရင်း၊ တော်ကြာရင် ပျင်းလာရင်း၊ အဲဒါတွေ မှတ်ရရင်း ဖြစ်တတ်တယ်၊ ပြန်ကာလှန်ကာ မှတ်ရတယ်၊ အဲဒီပျင်းရိမှု အစရှိတဲ့ အမှတ်မကောင်းတဲ့ သဘော တွေ လွန်မြောက်သွားအောင် အားထုတ်လိုက်ပါတဲ့၊ အဲဒါ နိဒ္ဓမထ ခေါ်တယ်၊ လွန်မြောက်သွားပြီတဲ့၊ အမှတ်တွေဖြင့် ကောင်းနေလျှင် ဥဒယဗ္ဗယဉာဏ်ထဲက ကောင်းသွားတာ၊ အဲဒီကစပြီး ကောင်းသွားတာ၊ ကောင်းသွားပြန်တော့တော်ပြီလား၊ မတော်ရသေးဘူး၊ နိဒ္ဓမထ - အဆင့်ဆင့် အားထုတ်ပါကုန်လော။
အာရမ္ဘထ နိဒ္ဓမထ-ယုဥဗနထကိုး၊ ယုဉ္ဇထ - မပြတ်မစဲ အမြဲအားထုတ်ကြပါကုန်လော၊ ကိုယ်လိုတဲ့ ပန်းတိုင် မရောက်မချင်း အားထုတ်တဲ့၊ အခု ဟိုအပြေးပြိုင်တဲ့ပုဂ္ဂိုလ်၊ အပြေးပြိုင်တာ နှစ်ယောက် ဖြစ်ဖြစ်, သုံးယောက်ဖြစ်ဖြစ် ပြိုင်ပြေးကြတော့ ပထမတော့ ညီတူညာတူ သွားကြမှာ၊ နောက်တော့ နောက်ကျတဲ့ သူလဲ ရှိလိမ့်မယ်၊ ရှေ့ကလွန်နေတဲ့ ပုဂ္ဂိုလ်တွေ မီအောင် လိုက်ရမယ်၊ မီရုံတင်မက လွန်အောင်ပြေးရမယ်၊ လွန်ရင် တော်ပလား၊ လွန်တဲ့ ဟိုဘက်ကိုတော်လို့ မဖြစ်သေးဘူး၊ ပန်းတိုင် ရောက်အောင် သွားမှဖြစ်မှာ၊ ပန်းတိုင် မရောက်ရင် ရှုံးဦးမှာပဲ အဲဒီလိုပဲ တစ်ခါတည်း ပျင်းရိမှု လက်တွင်းကလွတ်ပြီးမှ အမှတ်တော့ ကောင်းပြီဆိုပြီးတော့ သက်တောင့်သက်သာဟာ ရမနေနဲ့ဦး တဲ့၊ လမ်းဆုံးပန်းတိုင် ရောက်အောင်တော့ အရိယာ မဂ်ဖိုလ်ရအောင် အားထုတ်ပြီး သွားပါတယ်တဲ့၊ မပြတ်မစဲ အားထုတ်သွားပါတယ်တဲ့။
အာရမ္ဘထ - အစအားထုတ်ဖို့၊ နိဒ္ဓမထ - ပျင်းရိမှုအစရှိတဲ့ ကိလေသာ လက်တွင်းက လွတ်မြောက် သွားအောင် အားထုတ်၊ ဒုတိယအဆင့် ပရဂ္ဂမထဓာတ် ဆိုတာကိုတော့ နိဗ္ဗာန်မရောက်သည် တိုင်အောင် ပြည့်စုံသွားအောင် အရိယာမဂ်ဖိုလ် နိဗ္ဗာန် ရောက်အောင်၊ လမ်းဆုံး ရောက်အောင်လို့ မပြတ်မစဲ အားထုတ်သွားပါတဲ့၊ အဲဒီအဆင့် သုံးဆင့်ကို ဖြစ်အောင်လို့ ယောနိသော မနသိကာရ - နှလုံးသွင်းလေ့ ရှိတယ်တဲ့။
ယခု တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေဟာ အဲဒါပဲ၊ ယောနိသော မနသိကာရနဲ့ တရားနာနေတာ၊ အားထုတ်ချင်လို့၊ အဲဒီ တရားနာပြီးတဲ့အခါ အားထုတ်မယ်၊ တချို့ မစရသေးဘူး၊ မစရသေးတဲ့ ပုဂ္ဂိုလ်ကစပြီး အားထုတ်တဲ့ ပုဂ္ဂိုလ်ကလဲ ပျင်းရိမှု အစရှိသော ကိလေသာတွေက မကင်းသေးဘူး၊ အမှတ်ကောင်းအောင် ဥဒယဗ္ဗယ ဉာဏ်ကစပြီး အကောင်းတွေ ရောက်သွားအောင် တို့ အားထုတ်မယ်၊ ဒါ နိဒ္ဒမထ - ရောက်အောင် အားထုတ်တဲ့ ယောနိသောမနသိကာရ၊ နိဒ္ဓမထ - ဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်တွေလဲ အမှတ်တော့ကောင်းနေပြီ၊ ဒါပေမယ်လို့ လိုလားအပ်တဲ့ ပန်းတိုင်တော့ မရောက်သေးဘူး၊ အဲဒီရောက်အောင် အားထုတ်မယ်။
ဂျာမနီက ဒကာမတစ်ယောက် ဟိုမှာရောက်နေတယ်၊ အင်မတန် ဝီရိယကောင်းတယ်၊ သူက တစ်ခါတည်း ကိစ္စတွေ ပြီးအောင် တစ်ခါတည်း အားထုတ်ချင်တာတဲ့၊ မပြီးနိုင်လို့တဲ့၊ သူ ဉာဏ်လေးတယ် ဆိုပြီး အမှတ်က ကောင်းပါတယ်၊အင်မတန် ကောင်းပါတယ်၊ အဲဒါသူက ကိစ္စတွေ မပြီးနိုင်လို့တဲ့ မနေ့က မြန်အောင်ဦးတင်က ခေါင်းဆောင်ပြီးတော့ ခေါ်လာတယ် ပြောတယ်၊ ဉာဏ်မလေးပါဘူးလို့ ပြောရတယ်၊ လေးလဲ မလေးပါဘူး၊ တော်တော် အမှတ်ကောင်းနေတယ်၊ သူကတခါတည်း ပြီးချင်တာကို ပြီးအောင် အားထုတ်ချင်တာ၊ အဲဒီလိုပြီးအောင် အားထုတ်မယ်၊ အပြည့်အစုံ အားထုတ်မယ်ဆိုတဲ့ စိတ်ကလေးက ဒါလဲ ယောနိသော မနသိကာရလေးပဲ အဲဒီ ယောနိသော မနသိကာရလေး ရှိနေလို့ အားထုတ်ဖြစ်တာပါပဲ။
ယောနိသော မနသိကာရလေး ရှိနေတဲ့ပုဂ္ဂိုလ်ဟာ အားမထုတ်ရသေးဘူး ဆိုတဲ့ ပုဂ္ဂိုလ်ကလဲ အားထုတ်ဖြစ်အောင်လို့ လာပြီး အားထုတ်ရတယ်၊ တချို့ သိပ်မအားတာ ထဲကနေပြီး ၃-၄-ရက် ဖြစ်စေလာပြီး ဗြုတ်ဗြုတ် ဆိုလာပြီး အားထုတ်ကြတာ ရှိသေးတာကို၊ ကိုယ့်အိမ်က မအားတော့ အားလပ်တဲ့အချိန်လေး ခွင့်ယူပြီးတော့ လာအားထုတ်ကြ၊ အားထုတ်စလေးဖြစ်အောင်လို့ လာ အားထုတ်ကြ၊ အားထုတ်စလေး ဖြစ်မိတော့လဲ အမှတ်ကောင်းတဲ့ နေရာလေးရောက်လို့ အားထုတ်ကြ၊ အမှတ်ကောင်းတဲ့ နေရာရောက်တော့လည်း လမ်းဆုံးရောက်အောင် ဒီမှာတော့ ဉာဏ်စဉ် တရားနာရအောင် ဆိုပြီး အားထုတ်ကြတယ်၊ ဉာဏ်စဉ် တရား နာရလောက်အောင် အားထုတ်လျှင် တော်တော် ကောင်းနေပါပြီ၊ အဲဒီလောက်ဖြစ်အောင်ကို အားထုတ်ကြ။
အဲဒီက ပြီးတော့လည်း ရှေ့ကို အားထုတ်စရာ တွေကတော့ ရှိသေးတာပဲ၊ တချို့ကလဲ ရှေ့ကို ကောင်းသထက် ကောင်းအောင် ပြည့်စုံသထက် ပြည့်စုံအောင် အားထုတ်ရသေးတာပဲ၊ အဲဒီ ယောနိသောမနသိကာရ အရေးကြီးတယ်တဲ့၊ ယောနိသော မနသိကာရ ရှိတဲ့ ပုဂ္ဂိုလ်တွေမှာ ဒီ ဝီရိယ သမ္ဗောဇ္ဈင် အားထုတ်မှု ဖြစ်တာပဲတဲ့၊ အဲဒီ ယောနိသောမနသိကာရကို အချို့က မရှိဘူး၊ စပြီး အားထုတ်မယ် ဆိုတဲ့ နှလုံးသွင်းကို မရှိဘူး၊ ဘယ်ထိအောင် မရှိတုံးဆိုတော့ စပြီး အားထုတ်တာ မပြောနဲ့ တရားနာ သွားဦးမယ်ဆိုတဲ့ စိတ်ကိုမရှိဘူး ဘယ်ဖြစ်တော့မလဲ ဝီရိယ မဖြစ်ဘူး၊ အဲဒါကြောင့် ယောနိသော မနသိကာရဟာ ဝီရိယသမ္ဗောဇ္ဈင် ဖြစ်ခြင်း၏ အကြောင်းပဲတဲ့၊ မြတ်စွာဘုရားက အကျဉ်းချုပ်ကို တစ်ခုတည်း ဟောထားပါတယ်၊ အဋ္ဌကထာဆရာက ၁၁-ပါး တဲ့၊ အဲဒီ ၁၁-ပါး၊ ဒါတွေပေးထားတယ်၊ အပါယ်ဘေးဆင်ခြင်၊ အာနိသင်၊ လမ်းစဉ်ရိုသေပါ တဲ့။
ကိုင်း ဆိုပြီးမှ ဘုန်းကြီးက ပြောမယ်။
အပါယ်ဘေး ဆင်ခြင်၊ အာနိသင်၊ လမ်းစဉ်ရိုသေပါ။
ဆွမ်းကျိုးတုံ့ပြန်၊ အမွေခံ၊ ပြုရန်မြတ်ဆရာ။
သာကီမျိုးတော်၊ ကျင့်သုံးဖော်၊ ရှုမျှော်ဆင်ခြင်ပါ။
ပျင်းသူကိုကြဉ်၊ ဇွဲကောင်းယှဉ်၊ ထိုတွင်စိတ်ညွတ်ရာ။
ပီတိပွားရန် ၁၁-တန် ထုတ်ပြန်ဋ္ဌကထာ။
အင်မတန်ကောင်းတဲ့ ဒီဥစ္စာ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေအတွက် သိပ်ပြီးကောင်းတယ်၊ အားမထုတ်သေးတဲ့ ပုဂ္ဂိုလ်တွေလဲ ဒါအင်မတန် ကောင်းပါတယ်၊ ဒီဟာတော့ တော်တော်လေးလဲ ဟောတော့ ဟောရလိမ့်မယ်၊ အချိန်တော့ ရကောင်းပါရဲ့၊ ဟောစရာတွေကလဲ အများကြီးပဲ၊ အားပေးတရားပဲ၊ အင်မတန်ကို ကောင်းတဲ့တရား၊ ဝီရိယသမ္ဗောဇ္ဈင် တရားကတော့ အပါယ်ဘေး ဆင်ခြင်၊ အပါယဘယ+ ပစ္စဝေက္ခဏတာ၊ အပါယ်ဘေးကို ဆင်ခြင်သည့် ဈာန်အဖြစ် ကလဲပဲ အကြောင်းတစ်ပါးပဲ။
အာနိသံသ ဒသ ဝိဓာ အကျိုး အာနိသင်ကို မြင်တာကလည်း အကြောင်းတစ်ပါးပဲ။
အပါယ်ဘေးဆင်ခြင်၊ အာနိသင်တဲ့။
ဂမနဝီထိပစ္စဝေက္ခဏတာ - မိမိသွားသော လမ်းစဉ်ကို ဆင်ခြင်ခြင်း၊ ကိုယ်သွားနေ, ကိုယ် အားထုတ်နေတဲ့ လမ်းစဉ်ကို ဆင်ခြင်ခြင်း၊ သုံးပိုဒ်ပေါ့၊ နောက်ဟာတွေ တဖြည်းဖြည်း တစ်ခုချင်း, တစ်ခုချင်းပြောရမယ်၊ အဲဒီတော့ အပါယ်ဘေးကို ဆင်ခြင်ရမယ်တဲ့၊ ဝီရိယက လျော့နေလို့ရှိရင် တရား အားထုတ်ချင်တဲ့စိတ် မရှိသေးဘူးဆိုလျှင် အပါယ်ဘေး ဆင်ခြင်ပါ၊ အားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေကလဲ အားထုတ်ရင်း ဝီရိယက လျော့နေရင် အပါယ်ဘေး ဆင်ခြင်ပါတဲ့၊ မလျော့တဲ့ အခါတော့ ဆင်ခြင်ဖို့ မလိုပါဘူး၊ မလိုဘူး၊ လျော့မှ လုပ်ရတယ်။
ဝီရိယ လိုနေတဲ့အခါမှ ဝီရိယ အစထဲက သိပ်ကောင်းနေတဲ့ ပုဂ္ဂိုလ်တောင် သွားမလုပ်ရဘူး၊ သွားလုပ်လျှင် ဝီရိယတွေ သိပ်လွန်သွားလျှင် ပြတ်တယ်၊ ဝီရိယလျှော့တန်တဲ့ ပုဂ္ဂိုလ်လဲ လျှော့ခိုင်းရသေးတယ်၊ အဲဒီ ဝီရိယက လျော့နေတဲ့အခါမှာ တရား အားထုတ်လိုတဲ့ စိတ်ဆန္ဒ မရှိဘူး၊ အားမထုတ်ချင်ဘဲ ပျင်းတယ်ဆိုရင် အပါယ်ဘေး ဆင်ခြင်ပါတဲ့၊ လူတွေက ဘေးရှိမှလဲ ကြောက်တယ်၊ ဘေးမရှိရင် မကြောက်ဘူး၊ ဘေးလဲမြင်မှ အမှုမဲ့အမှတ်မဲ့ နေတော့ ဘာမှ ကြောက်စရာ မရှိဘူးလို့ အောက်မေ့ နေကြတာကို၊ ကြောက်စရာတွေက ရှိတယ်။
ဘယ်အချိန် ထီပေါက်မလဲ၊ ဘယ်အချိန်သေမလဲ၊ မည်သူမှမသိဘူး၊ ဟို ရက်ကန်းသည်မ မေးခွန်းလေးပုဒ်ထဲမှာ ပါတယ်၊ ရက်ကန်းသည်မလေး ရက်ဖောက်ကလေးတွေ ရောက်ပြီးတော့ သူ့အဖေဆီ ရက်ဖောက်တွေ ပို့မယ်လို့ ကပျာကယာနဲ့ လာ၊ သူကလဲပဲ သုံးနှစ်လောက်ကစပြီး ဘုရားသြဝါဒ အဆုံးအမကို ယူပြီးတော့ မရဏာနုဿတိ ကမ္မဋ္ဌာန်း ပွားများနေတာ၊ အဲ သူက တရားဟော ပရိသတ်နားကပဲ ဖြတ်သွားတယ်၊ မြတ်စွာဘုရားကလဲ သူတရားဟောဖို့ရာ သူ့အတွက်ကို တမင်တကာ လာရတယ်၊ သာဝတ္ထိပြည်က နေပြီးတော့ အာဠဝီမြို့ ယခုတော့ အာလာကပ္ပ ခေါ်တဲ့ နေရာပေါ့၊ အဲဒီကို လာရတယ်၊ တော်တော်ဝေးတယ်၊ အဲဒီမှာ ရက်ကန်းသည် မကလေးကလဲ မလာသေးတာနဲ့ မြတ်စွာဘုရားက, တရား မဟောသေးဘူး၊ မြတ်စွာဘုရားက တရားဟောလို့ရှိရင် တရားနာတဲ့ ပုဂ္ဂိုလ်ထဲက အကျိုးရှိမှ ဟောတယ်၊ အလကား မဟောဘူး၊ သစ္စာလေးပါးတရား ကျွတ်မည့် ပုဂ္ဂိုလ်တွေရှိမှ ဟောတယ်၊ ဒီလိုမှမဟုတ်ရင် အဖျင်းဆုံး သရဏဂုံ သီလ တည်မည့် ပုဂ္ဂိုလ်၊ အကျိုး ဒီလိုရှိအုံးမှ၊ ဘာမှ အကျိုးမရှိဘဲနဲ့ဆိုရင် နာကောင်းရုံတော့ မဟောဘူး။
တရားက အဲဒါ ယခု အရေးကြီးတာကတော့ အဲဒီ ရက်ကန်းသည်မကလေး တရားထူးရမည့်အရေးကို မြင်တယ်၊ ဒီအခါမှ မရလို့ရှိရင်လဲ သူကလဲပဲ သူ့ကံက သေဖို့အချိန်က နီးနေပြီ၊ အရေးကြီးလို့ မြတ်စွာဘုရားက တရားလာပြီးတော့ ဟောတာကို၊ ဒီ အမျိုးသမီးက သူ့အဖေ မှာလိုက်လို့ ရက်ဖောက်ကလေးတွေ ရောက်ပြီး သူ့အဖေ ရက်ကန်းရက်ရာ ဌာနကို သွားပြီးတော့ ပို့တယ်၊ ရက်ဖောက်ခြင်းကလေးနဲ့ ပရိသတ် အစွန်အဖျားကနေ လာတော့ မြတ်စွာဘုရားက ကြည့်လိုက် တော့ မြတ်စွာဘုရားဆီ သူလာပြီး အဝေးကနေ ရိုရိုသေသေပဲ ကန်တော့ပြီး ရပ်တည်ပြီးနေတုန်း မြတ်စွာဘုရားက မေးတော်မူတာကိုး။
သူငယ်မ ဘယ်ကလာသလဲ၊ ကုတောအာဂစ္ဆတိ - ဘယ်ကလာသလဲလို့မေးတော့၊ နဇာနာမိ ဘန္တေ - မသိပါ ဘုရားတဲ့၊ ကုဟိံ ဂစ္ဆတိ - ဘယ်သွားမလို့လဲ မေးတော့ နဇာနာမိ ဘန္တေ - မသိပါဘုရားတဲ့၊ သူက အိမ်ကလာတာပဲ၊ အိမ်ကလာတယ် မပြောဘူး၊ သွားမှာလဲ ရက်ကန်းရုံဌာနကို သွားမှာ၊ ဒါလဲ မပြောဘူး၊ နဇာနာမိ - မသိပါဘူးလို့ ပြောတာကို၊ နဇာနာသိ ဘဂိနီ - ချစ်သမီး သူငယ်မ နင် မသိဘူးလားလို့၊ ဇာနာမိ ဘန္တေ - သိပါတယ်ဘုရားလို့၊ ဇာနာမိ ဘဂိနီ - နင်သိရဲ့လားလို့ မေးတော့၊ နဇာနာမိ - မသိပါ ဘုရားတဲ့၊ သူ့ဟာ ပြောင်းပြန် ဒီလိုဖြစ်နေတယ်။
တရားနာ ပရိသတ်တွေက စိတ်ထဲမှာ တယ်သဘောမကျဘဲ ဖြစ်ကြတယ်၊ တီးတိုးတီးတိုး ပြောကြတယ်၊ ဒီကလေးမ ကလေးဟာ ဘယ့်နှယ် မဟုတ်တာတွေ လျှောက်ပြော နေပါလိမ့်မလဲ၊ မြတ်စွာဘုရားကို အင်မတန် ရိုသေလေးစားရမည့် ဟာကို၊ ဘယ်ကလာသလဲဆို အိမ်ကလာတာ ပြောလိုက်ရောပေါ့၊ တပည့်တော် အိမ်ကလာတယ်၊ ဘယ်သွားမလို့လဲ၊ ရက်ကန်းရုံသွားမလို့ ပြောလိုက်ရောပေါ့၊ သူသွားတဲ့ဟာ သူသိနေတာပဲ၊ နဇာနာမိ - မသိပါလို့၊ မသိဘူးလား မေးတော့လဲ သူသိတယ်လို့ ပြောပြန်တယ်၊ သိသလားမေးတော့ မသိဘူးပြောတယ်၊ ဘာတွေပြောနေမှန်း မသိဘူးဆိုပြီးတော့ အပြစ်တင် ကဲ့ရဲ့တာကိုး။
ဒီတော့မှ မြတ်စွာဘုရားက သူငယ်မလေးတဲ့၊ နင်-ငါ ဘယ်က လာသလဲလို့ မေးတယ်၊ နင်ဘယ်က လာသလဲလို့ မေးတော့ သင်က မသိပါဘုရားလို့ ဖြေတယ်၊ ဘာကိုရည်ရွယ်ပြီးတော့ ဖြေသလဲ ဆိုတော့ကာ ကလေးမလေးက ပြန်လျှောက်တယ်၊ မြတ်စွာဘုရားတဲ့- တပည့်တော်ဟာ အိမ်ကလာတယ်ဆိုတာကတော့ ဒါကတော့အမှန်၊ ဘာမှ နက်နဲတဲ့ဥစ္စာ မဟုတ်ပါဘူးတဲ့၊ (လူတိုင်း-၂)လဲ သိနေတာပဲ၊ မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးက အိမ်က လာတာတော့လဲ မေးစရာ မဟုတ်ဘူးလို့ ထင်ပါတယ်တဲ့၊ ဘုရားဆိုတာက အကျိုးမရှိတဲ့ စကားကို မပြောဘူး၊ သို့သော်လည်း မြန်မာထုံးစံကတော့ ဘယ်ကလာသလဲ အိမ်ကလာတယ်၊ ဒါနှုတ်ဆက်စကား ဖြစ်နေတယ်၊ အဓိပ္ပာယ် ရှိပါတယ်။
ဘာသာခြားတွေ အနေအားဖြင့်ဆိုရင် ယခုကာလ တစ်ခြားနိုင်ငံက တစ်ချို့ ပုဂ္ဂိုလ်တွေ အနေ နှင့်တော့ ဘယ်ကလာသလဲလို့ မေးတာဟာ ဘာမှအဓိပ္ပာယ် မရှိဘူး၊ မြန်မာမှာတော့ အဓိပ္ပာယ် ရှိတယ်၊ ဘုရားအနေနဲ့တော့ သူဟာ အဓိပ္ပာယ်မရှိဘူးလို့ သူကယူဆတယ်၊ မြတ်စွာဘုရားဟာ အိမ်ကလာတာတော့ မေးစရာမဟုတ်ဘူး၊ မေးတာကတော့ ဘာလဲဆိုရင်ဖြင့် ဘယ်ဘဝကလာသလဲ မေးတာပဲတဲ့၊ သူသဘောပေါက်တယ်၊ အဲဒါကတော့ သိပ်ခက်တဲ့ဥစ္စာ အရေးကြီးတယ်၊ ဘယ်ဘဝက လာသလဲဆိုတော့ တပည့်တော်ဘယ်ဘဝက လာတယ်ဆိုတာ မသိဘူးတဲ့၊ မသိလို့ မသိပါဘုရားလို့ တပည့်တော်က လျှောက်တယ်ဘုရားလို့, လျှောက်တယ်၊ မြတ်စွာဘုရားက သာဓုခေါ်တယ်။
ဘုရား ရည်ရွယ်ချက်ကလဲ ဒါပဲ၊ အိမ်ကလာတဲ့ဟာကို ဘုရားကြီးပဲ၊ မြတ်စွာဘုရား ဘယ်မေးလို့ ကောင်းမလဲ၊ အိမ်က လာတာနဲ့ ဘယ်သွားမလဲ ရက်ကန်းရုံသွားလို့ ဒါတွေ မဟုတ်တာတွေ၊ အဲဒါ ဘယ်ဟုတ်မလဲ၊ လေးနက်တဲ့ဟာ မဟုတ်ဘဲနဲ့ မေးဖို့ရာ မလိုဘူး၊ ဒီကလေးမလေးက သဘောပေါက်တယ်၊ အဲဒါကြောင့် ဘယ်ဘဝက လာသလဲလို့ အရှင်ဘုရားက မေးတာပဲလို့ ယူဆပါတယ်၊ မသိလို့ မသိပါဘုရားလို့ ဖြေပါတယ်ဘုရား၊ ဆိုတော့ မြတ်စွာဘုရားက သာဓုခေါ်တယ်၊ တစ်ခါ ဘယ်သွားမလို့လဲဆိုတာလဲ ရက်ကန်းရုံသွားမယ်ဆိုတာကလဲ မြတ်စွာဘုရား မေးစရာစကား မဟုတ်ပါဘူးတဲ့၊ ဒါဟာ ဘာမှလဲ နက်နဲတဲ့ဟာ မဟုတ်ပါဘူး၊ ဒီဘဝကနေပြီး သွားလို့ရှိရင် နင်ဘယ်ဘဝ သွားမှာလဲ၊ လူဖြစ်မှာလား၊ နတ်ဖြစ်မှာလား၊ ငရဲသွားမလား၊ တိရစ္ဆာန် ဖြစ်သွားမလား ဒီလိုမေးတယ်လို့ တပည့်တော်က ထင်တယ်တဲ့။
အဲဒါ ဘယ်ဘဝ သွားမယ်ဆိုတာ တပည့်တော်ကလဲ တိတိကျကျ မသိလို့ ဒါကြောင့် မသိပါဘုရားလို့-ဖြေပါတယ် ဘုရားလို့ လျှောက်လိုက်တော့ မြတ်စွာဘုရားက သာဓုခေါ်တယ်၊ မြတ်စွာဘုရား အဲ နင်မသိဘူးလားလို့ မေးပြန်တော့ အဲဒါ မသိဘူးလားမေးတော့၊ တပည့်တော်ကလည်း မရဏာနုဿတိ ကမ္မဋ္ဌာန်း ပွားများနေတော့ ဘယ်အချိန် သေမှန်းမသိဘူး၊ (သေရမယ်-၂) အမြဲတမ်း နှလုံးသွင်းတော့ သေမယ်ဆိုတာ တပည့်တော်က သိနေတယ်၊ သေရမယ်ဆိုတာ နင်မသိဘူးလား လို့ မြတ်စွာဘုရားက မေးတယ်လို့ ယူဆတယ်၊ တပည့်တော် သိလဲသိနေပါတယ်၊ တစ်နေ့ကျ သေမှာပဲ၊ ကြီးကြီးငယ်ငယ် သေမှာပဲ၊ တစ်နေ့ တစ်ချိန်ကျ သေမှာပဲဆိုတာ သိနေတယ်၊ တပည့်တော်က သိနေလို့ သိပါတယ်ဘုရားလို့ ပြောတာပါပဲဘုရား ဆိုတော့ မြတ်စွာဘုရားက သာဓုခေါ်တယ်။
နင်သိရဲ့လားလို့ မေးပြန်တယ်၊ အဲဒါ ဘယ်အချိန်သေမှာ တိတိကျကျ သိရဲ့လားလို့မေးတယ်လို့ ယူဆတယ်၊ အဲဒါ တပည့်တော် တိတိကျကျတော့ မသိဘူး၊ တစ်နေ့သေမယ်၊ ဘယ်အချိန် သေမယ်ဆိုတာတော့ မသိဘူး၊ ယခုလူတွေကာလ သေသေချာချာ စဉ်းစားကြည့်ပေါ့လေ၊ (လူတိုင်း-၂) တစ်နေ့ကျသေမယ်ဆိုတာတော့ ဘယ်သူမှ ငြင်းလို့ မဖြစ်ဘူး၊ သေမှာပဲ၊ ကိုယ့်အဘိုးတွေ, အဖွားတွေ, ဘာတွေ, ညာတွေ, ကြီးတဲ့လူတွေ အကုန်လုံး သေကုန်ကြပြီ၊ တချို့ အရိုးတောင်ဆွေး၊ ဘာမှ မရှိတော့ဘူး၊ ဒီတော့ ယခုရှိတဲ့လူတွေလဲ သေမှာပဲ၊ ထိုင်နေတဲ့ ပုဂ္ဂိုလ်တွေ လူတွေရော ဘုန်းကြီးတွေရော အကုန်လုံး တစ်နေ့ကျ သေမှာပဲ၊ တော်တော်ကြာ အရိုးတောင် ရှိမှာမဟုတ်ဘူး၊ ဘာမှရှိမှာ မဟုတ်ဘူး၊ ယခု ထင်ရှားရှိတယ်၊ သေမှာကတော့ သေချာတယ်၊ သို့သော်လည်း ဘယ်အချိန် သေရမယ်၊ နေ့သေရမယ်, ညသေရမယ်ဆိုတာ ဒါကတော့ မသိနိုင်ဘူး၊ အံ့သြစရာ အင်မတန် ကောင်းတယ်။
သေခြင်းတရားများ၊ သေချင်တော့ ဖြုတ်ကနဲ သေသွားတာပဲ၊ ကြောက်စရာ အင်မတန်ကောင်းတယ်၊ ရောဂါဝေဒနာ ဖြစ်ပြီး သေတာကတော့ သိပ်အံ့သြစရာမကောင်းဘူး၊ တချို့ (ဖြုန်းကနဲ-၂) သေသွားတာ အင်မတန် အံ့သြစရာကောင်းတယ်၊ ကြောက်စရာ ကောင်းတယ်၊ ဘယ်အချိန် သေရမယ်ဆိုတာ တပည့်တော်က မသိဘူးတဲ့၊ မသိလို့ မသိပါဘုရားလို့ ဖြေပါတယ်၊ ဒီတော့ မြတ်စွာဘုရားက သာဓုခေါ်တယ်၊ အဲဒီအပိုဒ် လေးပိုဒ်ထဲမှာ အရေးကြီးတာကတော့ ဘယ်ဘဝက လာတယ်ဆိုတာ မသိတာကတော့ ထားပါဦးတော့၊ ဘယ်အချိန်သေရမယ်ဆိုတာ အဲဒါဟာ အရေးကြီးတယ်၊ သေမယ်ဆိုတာလဲ အရေးကြီးတယ်၊ သေပြီးတော့ ဘယ်သွားမယ် ဆိုတာ ဒါကသိပ်အရေးကြီးတယ်။
သေမှာကလဲ တစ်နေ့ကျသေမှာပဲ၊ ဘယ်အချိန် သေရမယ်ဆိုတာလဲ မသိကြဘူး၊ အသက်ငယ်တယ် လို့လဲ စိတ်ချရတာမဟုတ်ဘူး၊ အသက်ကြီးပေမယ့်လို့ သေချင်မှသေတာ၊ သူ့ဥစ္စာက ကျမ်းမာနေလဲ ဖြုန်းကနဲ သေချင်သေတယ်၊ မကျန်းမာလို့ လူကြီးဖြစ်နေ ပေမယ်လို့ အသက်ရှင်ချင် ရှင်နေတာပဲ သူက အသက်ကြီး အကုန်လုံးကို အရပ်ထဲမှသာ လျှောက်ကြည့်ကြ ပေတော့၊ ဒီလိုဟာတွေ အများကြီးပဲ၊ သေချင် (ဖြုန်းကနဲ-၂) သေတယ်။
ဒီတော့ သေမှာ ဘယ်အချိန်မှန်း မသိဘူးတဲ့၊ သေပြီးရင် ဘယ်သွားမလဲ၊ ဒါ အရေးအကြီးဆုံးပါပဲ၊ အဲဒါ အခက်ဆုံးပါပဲ၊ သေပြီးရင် ဘယ်သွားမလဲ ခက်တယ်၊ ဒီဟာ၊ အဲဒီတော့ သေပြီးရင် ဘယ်သွားမလဲက အရေးကြီးတော့ သေပြီးရင် နတ်ပြည်သွားမယ်၊ လူ့ပြည်သွားမယ်၊ ဒီလို ပြောနိုင် အောင်ပေါ့လေ၊ ကောင်းရာသွားမယ် ပြောနိုင်အောင် အားထုတ်ဖို့ အရေးကြီးပါတယ်၊ အဲဒါ အရေးကြီးပါတယ်၊ အကယ်၍ သေပြီးလို့ ရှိရင်ကို ကုသိုလ်ကောင်းမှုက မပြည့်စုံလို့ အကြောင်း မညီညွတ်လို့ ငရဲကျသွားပါပြီတဲ့ ငရဲဆိုတာလဲ ကျတယ်၊ လွယ်လွယ်လေးရယ် သေခါနီးမှာ အကုသိုလ်ဇောတွေနဲ့စောပြီး သေသွားလို့ရှိရင် တစ်ခါတည်း မျက်စိလေး မှိတ်ပြီးတော့ စုတေစိတ် ကလေး ကျတာနဲ့ ဖြုတ်ဆို ငရဲအိုးထဲ ရောက်သွားတာ ငရဲမီးတွေအလျှံလျှံနဲ့ ငရဲမီးတွေလောင်လို့ အဲဒီမှာ ရောက်သွားတာ၊ အဲဒီလို ရောက်သွားတဲ့ ပုဂ္ဂိုလ်တွေလဲ အများကြီးပဲ ရှိနေတယ်။
ငရဲကို ရောက်နေတဲ့ အခါကျ ငရဲမီးတွေ တဟုန်းဟုန်းနဲ့ လောင်နေတဲ့ အခါကာလရော တရားအားထုတ်လို့ ရဦးမလားတဲ့၊ မရဘူး၊ အားထုတ်ချင်ပေမယ့် မရဘူး၊ မြတ်ဘုရား လက်ထက် တော် ကာလတုန်းက ရေဝတီဆိုတာ ရှိတယ်၊ ရေဝတီဆိုတဲ့ အမျိုးသမီးဟာ သူ့အရှင် လတ်လတ်ကနေပြီး ဘီလူးကြီးတွေက ငရဲခေါ်သွားတယ် ဆိုတာကို၊ ငရဲမှန်းသိလို့ သူ့ကိုငရဲထဲ ပစ်ချမယ်လို့ဆိုတော့ သူဟာ ကြောက်ရှာလွန်းလို့ လူ့ပြည် ပြန်ပို့ပါဦး၊ လူ့ပြည်ရောက်လို့ရှိရင် ကောင်းမှုကုသိုလ်တွေ ပြုပါမယ်၊ ကောင်းကောင်းမွန်မွန် နေပါတော့မယ်လို့ တောင်းပန်တယ်၊ တောင်းပန်လို့ မရတော့ဘူး၊ အကုသိုလ်က အကျိုး ပေးနေပြီ။
အဲဒီလိုပဲ ငရဲရောက်နေတဲ့ အခါကျတော့ ငရဲထိန်းတွေလဲ ရှိတယ်၊ ငရဲထိန်းတွေက နှိပ်စက်တဲ့ အခါကာလတွေ, နှိပ်စက်တာတွေ အမျိုးမျိုးတွေပါပဲ၊ အဲဒါတွေ အကျယ်ချဲ့ပြီးတော့ ပြောမယ် ဆိုလို့ရှိရင် အချိန်က သိပ်မရဘူး၊ ဒီကနေ့ မပြောသေးပါဘူး၊ အဲဒါတွေပြောရင် အဲဒါတွေကတင် တစ်နာရီလောက်ကြာမယ် ငရဲအကြောင်းတွေ လျှောက်ပြောနေရင် တော်ပါပြီ၊ အတိုချုပ်ပဲ တော်ပါပြီ၊ ငရဲမီးတွေက တဟုန်းဟုန်း လောင်နေခဲ့သော် ငရဲထိန်းတွေက နှိပ်စက်ပြီးတော့ နေတဲ့ အခါကာလတွေ အဲဒီလို အခါကာလတွေမှာ လူ့ပြည်ခဏ သွားချင်ပါဘိတော့တယ်, မြတ်စွာဘုရား တရား အားထုတ်ချင်ပါဘိတော့တယ်လို့ တောင်းပန်လို့ မရဘူး၊ ခွင့်တောင်းလို့ မရနိုင်ဘူး၊ ယခုနေတော့ တရားအားထုတ်ချင် ရတယ်၊ ယခုနေ ဘယ်လို အလုပ်မအား နေနေ အားအောင် လုပ်လို့ရှိရင် ဖြစ်ပါတယ်၊ ဒီတော့ -
ဒုက္ခ နုဘဝန္တကာလေ - ဆင်းရဲဒုက္ခတွေ ခံစားနေသော အခါကာလ၌၊
ဘာဝနံ - ဘာဝနာကို၊
ကာတုံ - ပြုခြင်းငှါ၊
န သက္ကာ - မစွမ်းနိုင်ဘူးတဲ့၊
အယမေဝ ကာလော - ယခုအခါကာလသည်သာလျှင် ဘာဝနာကို အားထုတ်ဖို့ရာ အခါကာလပဲတဲ့၊
ဒီလိုဆင်ခြင်ရမယ်၊ ဒါကငရဲကို၊ ငရဲဆိုတာကတော့ မမြင်ဘူးထားပါဦးတော့၊ အဲဒါကတော့မမြင်လို့ တစ်ချို့က ငရဲမရှိဘူးလို့လဲ ပြောချင်ပြောတာပဲ၊ မမြင်လို့ ဘုန်းကြီးက ဒါတွေ မပြောတော့ပါဘူး၊ တိုတိုပဲ တိရစ္ဆာန်တွေကတော့ မြင်ရတယ်၊ တိရစ္ဆာန်ဘုံ ရောက်နေတဲ့ အခါကာလမှာ တိရစ္ဆာန်တွေ၊ တိရစ္ဆာန်တွေဟာ ငါးဖြစ်ပြီးသကာလ ပိုက်ထဲမှာမိ၊ မြှုံးထဲမှာ မိနေတော့ ဒုက္ခတွေ ရောက်နေတာ တွေရှိတယ်၊ ငှက်ကလေးတွေ ဖြစ်ပြီး သကာလ ပိုက်ထဲရောက်တယ်၊ ကြက်ဖြစ်ပြီးသကာလ ကြက်ခြင်းထဲ ရောက်ပြီးတော့ နေတာတွေရှိတယ်၊ အဲဒါတွေ ဒုက္ခရောက်နေတာ၊ ဝက်ဖြစ်ပြီး သကာလ ဝက်ခြံထဲမှာ ရောက်နေတာတွေရှိတယ်၊ အဲဒီလိုဟာတွေ, အဲဒါတွေဟာ တရားအားထုတ် ဖို့ရာ သူတို့ အခွင့်ရပါဦးမလားတဲ့ ဘယ်ရမလဲ၊ နွားဖြစ်, ကျွဲဖြစ်နေလို့ နဖားကြိုးတွေနဲ့ တပ်ပြီးတော့ လှည်းတွေနဲ့, ထွန်တွေနဲ့ရုန်းပြီး နေရတာတွေကို လူတွေက နှင်တန်နဲ့ဘာနဲ့ ရိုက်နှက်ပြီး ခိုင်းတာကိုး။
တစ်ချို့က သိပ်ပြီးတော့ကြမ်းတယ်၊ သိပ်ရိုက်နှက်တာပဲ၊ နှင်တံအဖျားမှာ၊ မြို့ကတော့သိပ်မသိဘူး၊ တောကပုဂ္ဂိုလ်တွေတော့ သိတယ်၊ နှင်တံအဖျားမှာ အပ်ကလေးတွေ ထည့်ထားသေးတယ်၊ အဲဒါ တွေနဲ့ ထိုးတာကိုး၊ အင်မတန် ကြောက်စရာ ကောင်းတယ်။
နွားက ပြောလဲမပြောနိုင်ဘူး၊ နေမကောင်းချင်လဲ နေမကောင်းနေမယ်၊ လူကမသိဘူး၊ နင်းကန် ရိုက်နှက် ခိုင်းနေတာပဲ၊ ဘာဖြစ်နေမှန်းလဲ မသိဘူး၊ နေမကောင်းလို့လဲ မပြောနိုင်ဘူး၊ ဆေးရုံတို့ ဘာတို့ ဆရာဝန်တွေနဲ့ ဘာတွေနဲ့ ဘယ်ရှိမလဲ၊ နွား သူ့ခမြာ ဒီလိုနေရတာပဲ၊ အင်မတန် ဒုက္ခ ရောက်တယ်၊ ပြီးတော့ ရေငတ်နေတဲ့အခါလဲ ရှိမယ်၊ သူကသိတာလဲ မဟုတ်ဘူး၊ ရေငတ်တယ် မသိဘူး ခိုင်းတာပဲ၊ ရိုက်နှက်ပြီးတော့ ခိုင်းတာပဲ၊ သူလဲ အစာဆာနေတဲ့အခါလဲ ရှိဦးမှာပဲ အစာ မကြေတဲ့ အခါလဲရှိမှာပဲ၊ အဲဒါ ဘာမှမသိဘူး၊ လူက ခိုင်းစရာရှိတာ ခိုင်းမှာပဲ၊ အဲဒီလို အခါကာလ တွေမှာ တရားအားထုတ်ဖို့ရာ အခွင့် ရပါ့မလားတဲ့၊ မရနိုင်ဘူး။
အဲဒီလို များသွားပြီးတော့ ဖြစ်မယ်ဆိုရင် ကြောက်စရာကြီးပေါ့၊ အဲဒီလို တိရစ္ဆာန်တွေ ဖြစ်ပြီးတော့ နေတဲ့အခါ တရား အားထုတ်ဖို့ရာ မရနိုင်ဘူးတဲ့၊ ယခု တရားအားထုတ်ဖို့ရာ အခွင့်ရနေတဲ့ အခါကာလပဲ လို့ နှလုံးသွင်းပြီးတော့ အားပေးရမယ်၊ အားမထုတ်သေးတဲ့ ပုဂ္ဂိုလ်ကလဲ တို့မသေခင် ဘယ်အချိန် သေမှန်းလဲမသိဘူး၊ ဘယ်သွားရမှန်းလဲ မသိဘူး၊ ပုံမတော် တိရစ္ဆာန် ဖြစ်နေလို့ရှိရင် တရားအားထုတ်လို့ ရပါဦးမလား၊ ရမှာမဟုတ်ဘူး၊ ယခုနေကပဲ အခွင့်ရနေတဲ့အခါ အားထုတ်ဦးမှပဲ၊ အောင်မြင်အောင် အားထုတ်ဦးမှပဲ၊ အားမထုတ်ဘဲ နေတဲ့ပုဂ္ဂိုလ်တွေ အာရမ္ဘဓာတ် ပဌမစပြီး အားထုတ်တဲ့ လုံ့လဝီရိယဖြစ်အောင် အားပေးရမှာကို၊ အားထုတ်စပြုပြီးသား ပုဂ္ဂိုလ်တွေကလဲပဲ လွန်မြောက်သွားအောင်, လွန်မြောက်ပြီးသား ပုဂ္ဂိုလ်တွေကလဲ မိမိတို့လိုအပ်တဲ့ ပန်းတိုင်ကို ရောက်အောင် အားပေးရမှာကို၊ အားထုတ်ဖို့ရာ အချိန်ကာလပဲ၊ အခွင့်ရနေတဲ့ အခါကာလ (အားထုတ်အုံးမှ-၂) အခွင့်ကောင်းရနေတာ၊ အင်မတန်ကံကောင်းလို့ ဒီလိုတရားတွေ အားထုတ်ခွင့် ရနေတာပဲလို့ အာရုံပြု ပြီးတော့ တင်းတင်းရင်းရင်း အားထုတ်ရမှာကို၊ အရေးကြီးပါတယ်၊ အင်မတန် အရေးကြီးပါတယ်၊ အဲဒါ တိရစ္ဆာန်နဲ့ ဆင်ခြင်ပုံတဲ့။
ထို့အတူ ပြိတ္တာတွေ ဆိုတာကလဲ ရှိတယ်၊ အသူရကာယ် ဆိုတာလဲ ရှိတယ်၊ အဲဒီဘုံတွေရောက်နေတဲ့အခါလဲ အားမထုတ်နိုင်ဘူး၊ အပါယ်လေးဘုံသာ မဟုတ်ဘူး၊ လူ့ဘုံပေမယ်လို့လဲ ဗုဒ္ဓဘာသာ မဟုတ်ဘဲနဲ့ တခြားဘာသာတွေ ဖြစ်နေရင် ဘယ် အားထုတ်ခွင့်ရမတုံး၊ အားထုတ်လို့ မဖြစ်ဘူး၊ ဗုဒ္ဓဘာသာ ဖြစ်ဦးတော့ ဒီလို တရားအားထုတ်ဖို့ရာ တရားသံ မကြားရဘူး၊ အားထုတ် ဖို့ရာနေရာဌာနမရှိဘူး၊ သွန်သင်ညွှန်ပြမည့် ဆရာသမားမရှိဘူး ဆိုတဲ့နေရာကလူတွေလေ သိပ် သနားစရာကောင်းတယ်၊ တချို့ တရား အားထုတ်ချင်ကြတယ်၊ ကမ္မဋ္ဌာန်းဆရာ လိုချင်ကြတာနဲ့ ကမ္မဋ္ဌာန်းကျောင်း တည်ဆောက်ချင်ကြတာနဲ့၊အဲဒီ သူတို့မှာလဲ ပြည့်ပြည့်စုံစုံကလဲ မရှိဘူး၊ ကမ္မဋ္ဌာန်းဆရာကလဲ မရနိုင်ဘူး၊ ဟောပြောမည့် ပုဂ္ဂိုလ်လဲ မရှိဘူး၊ အားထုတ်စရာ နေရာဌာနကလဲမရှိဘူး၊ အားထုတ်ချင်ရက်နဲ့ တချို့လဲ အိုပြီး သေကုန်ရှာကြတယ်၊ အင်မတန် သနားစရာကောင်းတယ်။
အဲဒီတော့ အကြောင်း ညီညွတ်တဲ့အခါ အားထုတ်ရတာ ယခုဟာကတော့ ဒီမှာအပါယ်ဘေးတွင် ဆင်ခြင် အပါယ်ဘေးတွေပြတာ၊ အပါယ်ဘေးသာ မဟုတ်ဘူး၊ အားမထုတ်နိုင်တဲ့ အကြောင်းတွေကို အများကြီးရှိတယ်၊ အပါယ်ဘေး မဟုတ်သေးဘဲနဲ့ ယခု လောကတွင်ပဲ မကျန်းမမာ ဖြစ်နေပါပြီတဲ့ အားမထုတ်နိုင်ဘူး၊ မကျန်းမာတဲ့အခါ အားမထုတ်နိုင်ဘူး၊ ကိစ္စတွေ အင်မတန်ကို အရေးကြီးနေတဲ့ ကိစ္စတွေ ရှိနေတဲ့အခါကျလိုရှိရင်လဲ အားမထုတ်နိုင်ဘူး၊ အကြောင်းတွေအကုန်လုံး ညီညွတ်တဲ့ အခါမှ အားထုတ်နိုင်တာ၊ အားထုတ်နေဆဲပုဂ္ဂိုလ်တွေ, အခွင့်ရနေတဲ့ပုဂ္ဂိုလ်တွေဟာ ဒီအချိန် အခွင့်ကလေးမှာ အလကား မဖြစ်စေဘဲနဲ့ အဲဒီအချိန်အခွင့်ကလေးကို ရသမျှတွေ အကုန်လုံးယူပြီး သကာလ ကြိုးကြိုး စားစား အားထုတ်ဖို့ရာ အင်မတန် အရေးကြီးပါတယ်၊ အဲဒီလို အားပေးပြီး သကာလ အားထုတ်ပါတဲ့၊ အပါယ်ဘေး ဆင်ခြင်သွားလိုက်ဦးမှ ရှေ့ကို၊ နို့ပြီးမှာမဟုတ်ဘူး၊ ဒီမှာ ၁၁-ခုတောင်မနည်းဘူး၊ ပြောစရာတွေ အာနိသင်တဲ့၊ အာနိသံသ ဒသဝိဓာ - အကျိုးအာနိသင်ကိုလဲ ဆင်ခြင်ပါတဲ့၊ ဒီဝိပဿနာ ဘာဝနာ အလုပ်ကို အားထုတ်လို့ ဘာအကျိုးတွေ ရမလဲ မဂ်ဖိုလ်နိဗ္ဗာန် အကျိုးကိုရတယ်။
ဘုန်းကြီးက ကမ္မဋ္ဌာန်းအားထုတ်ရခြင်း စာအုပ်မှာ ရေးထားပါတယ်၊ တချို့က တရားအားထုတ်ရတာ ဘာမှန်း မသိဘူး၊ တရားအားထုတ်လို့ရှိရင် ယခုပဲ အကြားအမြင်တွေ ပေါက်သလိုလို ဘာလိုလို ဒီအကျိုးတွေ မှတ်နေတာ၊ တချို့က စီးပွားဥစ္စာ လာဘ်လာဘတွေ တိုးတက်လာတော့ မလိုလို ဒီလိုထင်နေတယ်၊ ဒီလိုမဟုတ်ဘူး တရားအားထုတ်ရတဲ့ဟာက လိုရင်းက ကိလေသာ ငြိမ်းပြီးတော့ နိဗ္ဗာန်ရောက်ဖို့ပဲ၊ ဆင်းရဲခပ်သိမ်း ငြိမ်းတဲ့ နိဗ္ဗာန်ရောက်ဖို့ပဲ၊ တရားအားထုတ်ရတာ၊ အဲဒါကြောင့် ဝိပဿနာ ဘာဝနာနဲ့အကျိုးဟာ ဘာလဲဆို၊ မဂ်ဖိုလ်နိဗ္ဗာန် ရခြင်းဟာ အကျိုးပဲတဲ့၊ ကိလေသာ ငြိမ်းစေတတ်တဲ့ မဂ်ဖိုလ်တွေဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုပြီး နိဗ္ဗာန်တွေ့သွားတယ်၊ နိဗ္ဗာန် တွေ့သွားရင် ကိလေသာတွေငြိမ်း၊ ဆင်းရဲခပ်သိမ်း ငြိမ်းပြီးတော့ သွားတယ်တဲ့။ အဲဒါအကျိုးတွေပဲ၊ အဲဒီအကျိုးဟာ နည်းနည်း အကျိုး မဟုတ်ဘူး၊ ယခုလောကမှာ ကြိုးစားအားထုတ်ပြီး လုပ်ကိုင် နေကြတဲ့ အမှုတွေ အမျိုးမျိုး ရှိပါတယ်။
တစ်နေ့လုပ်မှ တစ်နေ့စားလောက်တဲ့ စားဖို့သောက်ဖို့ တစ်နေ့စာလောက်ရတဲ့ ဒီလိုလုပ်ရတဲ့ အလုပ်တွေလဲရှိတယ်၊ တစ်နေ့လုပ်ရင် ၂-၃-ရက်လောက် စားလောက်အောင်ရတဲ့ အလုပ်တွေလဲ ရှိတယ်၊ တစ်နေ့လုပ်ရင် တစ်လလောက် သုံးစွဲလို့ရတဲ့ဟာ တချို့ပုဂ္ဂိုလ်တွေမှာ ရှိပါတယ်။ တချို့ပုဂ္ဂိုလ်တွေ တစ်နေ့လုပ်တာနဲ့ တစ်နှစ်လောက် သုံးလောက်အောင်ရတဲ့ အလုပ်ကတော့ ရှားပါလိမ့်မယ်၊ ဒါကတော့ တစ်နေ့လုပ်တာနဲ့ တစ်သက်လုံးကြီးပွားချမ်းသာပြီးနေအောင် အလုပ် ကတော့ မရှိသလောက်ပဲ နေမှာပါပဲ၊ ဒါပေမယ်လို့ ကိုယ့်အလုပ်ကလေးနဲ့ ကိုယ်တော့ ကြိုးစား တော့ ကြိုးစားနေတာပဲ၊ နေ့မအား ညမအားပဲ စွန့်စွန့်စားစား အားထုတ်နေရတယ်။
သက်စွန့်ကြိုးပမ်းဆိုတာ တကယ်ကိုမှန်တာပဲ၊ စားရေး, သောက်ရေး, နေရေး, ထိုင်ရေးဆိုတာဟာ တစ်နေ့လုပ် တစ်နေ့စား အလုပ်သမားတွေကလဲပဲ အင်တိုက်အားတိုက် နင်းကန်ပြီးလုပ်နေရတာပဲ၊ နေ့ရောညရော တစ်ခါတည်း ဒီအထဲက နေပြီးတော့ ပုံမတော်လို့ရှိရင် အကြောင်းမညီညွတ်တဲ့ သေစရာအကြောင်းရှိ သေသွားတာပဲ၊ ဒါလဲ စွန့်စွန့်စားစား လုပ်ရတာပဲ၊ အင်မတန် အားထုတ်နေရတာ၊ အဲဒီတော့ ဒီအလုပ်ကလေးတွေ လုပ်သဖြင့် တစ်နေ့လုပ်မှ တစ်နေ့စားရတာ၊ စိတ်ချမ်းသာမှု ကကလေးပဲ ဒီအလုပ်ဟာ ဘာမှမကြီးကျယ်ဘူး၊ ဒီအကျိုးဟာ တစ်နေ့လုပ်လို့ ဥပမာ တစ်လလောက် ထိုင်ပြီးစားနိုင်လောက်တဲ့ အလုပ်ဆိုရင်လဲပဲ တစ်လလောက် ချမ်းသာဖို့ရာရှိတယ်၊ ဘာမှ မကြီးကျယ်ဘူး၊ ဒီအကျိုးဟာ တစ်နေ့လုပ်လို့ တစ်သက်လုံး, တစ်ဘဝလုံး ချမ်းသာ လောက်အောင် ဟာကတော့ မရှိပါဘူး။
အကယ်၍ ရှိတယ်ထားဦးတော့ တစ်သက်လုံး, တစ်ဘဝလုံးလောက်ပဲ ဘာမှမကြီးကျယ်ပါဘူး၊ ယခု ဘာဝနာအလုပ်ကို အားထုတ်လိုက်ရင်လေ ဘယ်လောက် အကျိုးရသလဲဆိုရင် အိုခြင်း, နာခြင်း, သေခြင်း အစရှိသော သံသရာ ဝဋ်ဆင်းရဲတွေမှ အစဉ်ထာဝရ လွတ်သွားမှာ၊ နောင်ဘဝသံသရာတွေ ဘာမှကို မဖြစ်ရတော့ဘူး၊ အကယ်၍ တရားအားမထုတ်လို့ မပြည့်စုံလို့ မဂ်ဖိုလ်နိဗ္ဗာန် မရောက် သေးဘူးဆိုရင် သေပြီးရင် ခုနကအပါယ်ဘုံ, ငရဲဘုံဖြစ်ချင်လဲဖြစ်နိုင်တယ်၊ ပြိတ္တာဖြစ်နိုင်တယ်၊ တိရစ္ဆာန်ဖြစ်နိုင်တယ်၊ ပြီးတော့ လူပဲဖြစ်ဦးတော့ ဖြစ်ရာဘဝတွေမှာ ဆင်းရဲတွေလဲ ဖြစ်နိုင်တယ်၊ အောက်တန်းကျ, နောက်တန်းကျတွေ ဖြစ်နိုင်တယ်၊ သူများ နှိပ်စက်ခံရတဲ့ ဘဝတွေ ဖြစ်နိုင်တယ်။
စားရေး, သောက်ရေး, နေရေး, ထိုင်ရေးတွေနဲ့ အင်မတန် ပင်ပန်းပြီးတော့ လုပ်ကိုင်နေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နိုင်တယ်၊ အို, နာ, ဆင်းရဲဒုက္ခတွေ တွေ့နိုင်တယ်၊ သေ-သေပြီးတော့ နေရတဲ့ ဘဝဆင်းရဲတွေလဲ အများကြီးတွေ့သွားဦးမယ်၊ အဲဒါအကြိမ်ပေါင်း မရေမတွက်နိုင်အောင် တွေ့သွားမှာ၊ အဲဒီ တွေ့သွားမည့် ဆင်းရဲတွေဟာ ယခုတရား အားထုတ်လိုက်တာနဲ့ မဂ်ဖိုလ် နိဗ္ဗာန် ရသွားပြီဆိုရင် အဲဒီဆင်းရဲတွေ အကုန်လုံး ငြိမ်းသွားတာ၊ ဘယ်လောက် အဖိုးတန်သလဲ အင်မတန် အဖိုးတန်တာ၊ ဒါထက် အဖိုးတန်တာ ဘယ်ရှိမလဲ။
အဲဒီ အကျိုးအာနိသင် အင်မတန် ကြီးကျယ်တဲ့ အကျိုးအာနိသင်ကြီးကို ပေါ့ပေါ့လျော့လျော့ ကလေးတော့ မရပေဘူးတဲ့၊ ဟင်းရွက်များ ခူးသလို ဟင်းသီးဟင်းရွက်များ ခူးသလိုတော့ လွယ်လွယ်ကူကူတော့ မရဖြစ်ပေဘူးတဲ့၊ ကြိုးစားရလိမ့်မယ်၊ ကြိုးကြိုးစားစား အားထုတ်မှ ဖြစ်မယ်၊ အဲဒီတော့ လုံ့လ - ဝီရိယနဲ့ ပြည့်စုံမှ ဖြစ်မယ်ဆိုပြီးတော့ အားပေးပြီးတော့ ဒီလိုလဲ အားထုတ်ရမယ်၊ အဲဒါလဲ အရေးကြီးပါတယ်၊ တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေမှာ အင်မတန်ကို အရေးကြီးပါတယ်၊ လုံ့လ-ဝီရိယ မလျှော့ဖို့ရာ တစ်နေ့လုပ်လို့ တစ်နေ့လောက် ချမ်းသာတဲ့အလုပ်, တစ်နေ့လုပ် တစ်လလောက် ချမ်းသာတဲ့အလုပ်, အလုပ်မျိုးတွေတောင် သက်စွန့်ကြိုးပမ်း နင်လား, ငါလား၊ ကြိုးစား အားထုတ်နေကြသေးတာ၊ ဒီ ၇-ရက်လောက်ဖြစ်စေ, ၁၅-ရက်လောက်ဖြစ်စေ, တစ်လ လောက်ဖြစ်စေ, အားထုတ်လို့ အပါယ်ဘေးတွေက လုံးဝလွတ်သွားမယ်တဲ့၊ ဘာဖြစ်လို့ အားမထုတ် ဘဲနေရမလဲ၊ အားမထုတ်ချင်ဘဲ ဘယ်မှာရှိမှာလဲ၊ သူက အားထုတ်ရမှာပေါ့၊ ကြိုးကြိုးစားစား ဘာပဲဖြစ်ဖြစ် တစ်ခါတည်း စွန့်စားပြီး အားထုတ်စရာ အင်မတန် ကောင်းတာပေါ့၊ အဲဒီလို အားပေးရမယ်တဲ့၊ အာနိသင် အကျိုးအာနိသင်ကို မြင်ခြင်းတဲ့။
အပါယ်ဘေးဆင်ခြင်၊ အာနိသင်၊ လမ်းစဉ်ရိုသေပါ- တဲ့။
လမ်းစဉ်ဆိုတာက မိမိသွားနေတဲ့လမ်း၊ ဘာဝနာလမ်းဆိုတာ သာမာန်ပုဂ္ဂိုလ်တွေ သွားနိုင်တာ မဟုတ်ဘူးတဲ့၊ လောကမှာ ဘုန်းကံမရှိတဲ့ ပုဂ္ဂိုလ်တွေမှာဆိုရင် လမ်းကောင်းမသွားရဘူး၊ တောင်ကြို တောင်ကြားနေတဲ့ ပုဂ္ဂိုလ်တွေ ဘယ်လမ်းကောင်း သွားရမှာလဲ၊ ရန်ကုန်မြို့မှာနေတဲ့ ပုဂ္ဂိုလ်တွေလို လမ်းကောင်း လမ်းမကြီး မသွားရဘူး ရွှံ့တွေဗွက်တွေထဲ ဒီလို သွားနေရတာပဲ၊ ဆူးတွေဘာတွေ စူးချင်လဲစူးတာပဲ၊ ဒီလိုသွားနေရတာပဲ၊ မသွားချင်လို့လဲ မဖြစ်ဘူး၊ ဒီလိုသွားနေရတာပဲ၊ အဲဒီမှာ ပစ်ချတာကို ကံက အဲဒီရန်ကုန်မြို့မှာ နေတဲ့ပုဂ္ဂိုလ်တွေက လမ်းကောင်းတွေနဲ့ သွားရတယ်၊ လမ်းကောင်းတွေ အင်မတန်ကောင်းတဲ့ လမ်းတွေသွားရတာ၊ တချို့က လမ်းတွေ ကန့်သတ် ထားတာ ရှိသေးတယ်၊ ဒီလမ်းဘယ်လို ပုဂ္ဂိုလ်တွေ မသွားရဘူးဆိုပြီး တချို့ပုဂ္ဂိုလ်တွေ မသွားရဘူး ဆိုပြီးတော့ ဒီလို ကန့်သတ်ထားတာ ရှိတယ်။
အဲဒီလမ်းလဲပဲ ဒိပြင်ပုဂ္ဂိုလ်တွေ မသွားရဘူး၊ ခွင့်ပြုတဲ့ပုဂ္ဂိုလ်မှ သွားရတယ်၊ လက်မှတ်ရမှ သွားရတယ်၊ ယခုဘာဝနာလမ်း ဆိုတာကတော့ အဲဒီလို လောကပုဂ္ဂိုလ်တွေမျိုး မဟုတ်ဘူး၊ အင်မတန် အထက်တန်းကျတဲ့ ဘုရား - ရဟန္တာပုဂ္ဂိုလ်တွေတဲ့၊ ပစ္စေကဗုဒ္ဓါတွေ သွားထားတဲ့လမ်းတဲ့၊ အားလုံးသော ဘုရားတွေ, အားလုံးသော ပစ္စေကဗုဒ္ဓါတွေ, အားလုံးသော ရဟန္တာတွေ အရိယာ ပုဂ္ဂိုလ်တွေ ဒီလမ်းကြီး သွားရတာပဲ၊ လမ်းမကြီးက သွားရတာ၊ နိဗ္ဗာန်သွား ဒီလမ်းက သွားရတာပဲ၊ ဒီဖြတ်လမ်းက မသွားရဘူး၊ ဒီလမ်းကမသွားဘဲ နိဗ္ဗာန်မရောက်ဘူး၊ အဲဒီတော့ ဘုရား ရဟန္တာ အရိယာပုဂ္ဂိုလ်တွေ သွားထားတဲ့ လမ်းကောင်း လမ်းမကြီး၊ လမ်းကောင်း၊ သာမာန်ပုဂ္ဂိုလ်တွေ သွားနိုင်တဲ့ လမ်းမဟုတ်ဘူး၊ ဒီလမ်းကို ငါတို့ သွားနေရတယ်၊ ဒီလိုအားပေးရမယ်၊ မသွားဘူးသေးတဲ့ ပုဂ္ဂိုလ်တွေလဲ စဉ်းစားကြည့်။
ဘုရားသွားတဲ့လမ်း, ပစ္စေကဗုဒ္ဓါ သွားတဲ့လမ်း, အရိယာသာဝကတွေ သွားတဲ့လမ်း, ဒို့ မသွားရသေးဘူး၊ ကံမကောင်းသေးဘူး၊ ကံညံ့သေးတယ်၊ ဒီလိုနှလုံးသွင်းရမှာကိုး၊ သွားနေတဲ့ ပုဂ္ဂိုလ်တွေကလဲ ဂုဏ်ယူရမှာ၊ ဒို့သွားရပြီ၊ သို့သော်လည်း သွားပေမယ့် လမ်းဆုံးဦးမှဖြစ်မှာကိုး၊ လမ်းဆုံးအောင် သွားမှပဲ ထင်တယ်၊ ဒီလိုသာ ကြိုးစားအားထုတ်ပြီး သွားရမယ်၊ လမ်းစဉ်ကို ရိုသေပါ၊ ရိုရိုသေသေ ဆင်ခြင်ကြည့်ပါ၊ အပါယ်ဘေး ဆင်ခြင် အာနိသင်၊ လမ်းစဉ်ရိုသေပါ၊ ဆွမ်းကျိုးတုံ့ပြန်၊ ဆိုလိုက်စမ်းပါဦး။
အပါယ်ဘေးဆင်ခြင် အာနိသင်၊ လမ်းစဉ် ရိုသေပါ၊
ဆွမ်းကျိုး တုံ့ပြန်၊ ပိဏ္ဍပါတာပစ္စယတာ၊
ဆွမ်းကိုတုံ့ပြန်၍ ပူဇော်ခြင်း ဒါကတော့ ရဟန်းတွေနဲ့ ဆိုင်တယ်၊ ဒကာ - ဒကာမတွေနဲ့ နည်းနည်း တော့ ဆိုင်တာပေါ့ အများကြီး မဆိုင်ဘူး၊ ဆွမ်းအကျိုးကို တုံ့ပြန်ပြီးတော့ ပူဇော်ပါတဲ့၊ ရဟန်းတော်တွေဆင်ခြင်ဖို့ရာ ရဟန်းတော်တွေ တရားအားမထုတ်သေးတဲ့ ပုဂ္ဂိုလ်တွေလဲ ဆင်ခြင် စရာတော့ ကောင်းတာပဲ၊ ဆင်ခြင်စရာ သိပ်ကောင်းတယ်၊ နက်နက်နဲနဲ စဉ်းစားကြည့် အင်မတန်ကိုကောင်း၊ မိမိကိုဆွမ်းတို့, သင်္ကန်းတို့, ကျောင်းတို့, ဆေးတို့ ပစ္စည်းလေးပါးတွေ လှူဒါန်း နေကြတာပဲ၊ ဒကာ-ဒကာမတွေက ဒီပစ္စည်းတွေ ရအောင် အတော်ရှာရတာ၊ အလွန် ကြပ်ကြပ် တည်းတည်း ရှာရတာ။
တောထဲ တောင်ထဲက ပုဂ္ဂိုလ်တွေဆိုလျှင်လည်း သက်စွန့် ကြိုးပမ်းအားထုတ်ပြီး အမောအပမ်း ကြီးစွာနဲ့ အားထုတ်ရတာ၊ နေပူမိုးရွာမရှောင် အားထုတ်ရတာ၊ မြို့မှာနေတဲ့ ပုဂ္ဂိုလ်တွေလဲ တစ်ခါတည်း၊ အင်မတန်ကို ကြောင့်ကြစိုက်နေရတာ၊ သွားရေး, လာရေး, ပြောရေး, ဆိုရေး အတော်ကို မအားကြဘူး၊ စိတ်ညစ်စရာတွေ, စိတ်ပူစရာတွေလည်း အင်မတန်များ၊ ဟိုလူနဲ့ ပူးပေါင်းရ, ဒီလူနဲ့ ပူးပေါင်းရ, ဟိုလူကို သွားပြောရ, ဒီလူကိုသွားပြောရ ဒုက္ခတွေ တော်တော် ရောက်တယ်။
ဘုန်းကြီးက ကြည့်နေတယ်၊ လူတွေအခြေအနေကို၊ တစ်ခါတစ်ခါ ဒီပုဂ္ဂိုလ်က လာလာပြီး ငြီးသေးတယ်၊ လုပ်ရကိုင် ရတာတွေ အပေါက်အလမ်း မတည့်တော့ ဒုက္ခရောက်နေတော့ တငြီးထဲ ငြီးနေတာပဲ၊ အဲဒါကြောင့် လောက အကြောင်းအရာ သိတန်သလောက်လဲ သိနေတယ်၊ အင်မတန် ဆင်းဆင်းရဲရဲ အားထုတ်ရတာ, ဆင်းဆင်းရဲရဲ အားထုတ်ရတာ၊ ဘာပြုလို့တုံး ဆိုရင် ကိုယ်အသုံးကျတာ စားရဖို့ပဲ၊ အသုံးကျတဲ့ စားရဖို့ထဲက ကိုယ်တိုင်မသုံးသေးဘဲနဲ့ ဆွမ်းဆိုလို့ရှိရင်လဲ ရဟန်းသံဃာတော်တွေကို အကောင်းအမွန်တွေကို လှူတယ်၊ အညံ့တွေ မဟုတ်ဘူး၊ အပိုအလျှံတွေ မဟုတ်ဘူး၊ တချို့လှူတယ်တန်းတယ် ဆိုပေမယ်လို့ ကိုယ်မလိုချင်တာ ကိုယ်မသုံးချင်တာ ပေးတာကိုး၊ ဒီလိုဟာရှိတယ်၊ ခုဒကာ-ဒကာမတွေက ရဟန်းတော်တွေ လှူတာဟာ ဆွမ်းဆိုလျှင် အကောင်းဆုံး အမြတ်ဆုံးကို လှူတာပဲ၊ အကောင်းဆုံး လှူတာ သင်္ကန်းတို့, အဝတ်အထည်တို့ကလဲ အကောင်းတွေကိုပဲ လှူတယ်၊ ကျောင်းအိပ်ရာ နေရာတွေဆို အကောင်းတွေချည်းပဲ၊ ဘယ်မှာ သွားကြည့်ကြည့် ဘုန်းကြီးကျောင်းဟာ နည်းနည်းတော့ ကောင်းတာပဲ၊ ရပ်ထဲရွာထဲက အိမ်တွေထက် ကောင်းတာက များတယ်၊ တောရွာတွေမှာသိသာတယ်၊ တောရွာတွေမှာ အိမ်လေး တွေက ပုံတော်သလို ဆောက်နေကြတယ်၊ ဘုန်းကြီးကျောင်းကတော့ ပြောင်ပြောင် လက်လက်ပဲ၊ ဘယ်သွား ကြည့်ကြည့် ကောင်းကောင်း ကကလေးတွေ ဆောက်ထားကြတယ်။
အဲဒီလို ဒကာဒကာမတွေက ရဟန်းသံဃာတွေကို လှူကြတန်းကြတာ ဘာပြုလို့ လှူတုံး အမျိုးတော်လို့လား, အမေနဲ့ သားမို့ လှူတာလား, အဖေနဲ့သားမို့ လှူတာလား, ညီကိုမောင်နှမမို့ လှူတာလား, သူငယ်ချင်းမို့ လှူတာလား, ရဟန်းသံဃာတွေ လှူတဲ့အတွက် မိမိတို့မှာလောကတွင် လုပ်ငန်းဆောင်တာ အောင်မြင်ပါစေလို့ ရည်ရွယ်ပြီးတော့ လှူတာလား၊ အဲဒါ တချို့က ဟုတ်ချင်လဲ ဟုတ်မှာ၊ တချို့က ဘုန်းကြီးတွေ ဗေဒင်တွေ ဘာတွေနဲ့ နည်းနည်းပါးပါးတော့ ရှိတယ်၊ ဒါတော့ ဘုန်းကြီး က စာရင်းမသွင်းဘူး၊ အကောင်းကို ခုပြောနေတာ၊ အဲဒီ ရဟန်း သံဃာတွေကို လှူတဲ့ အတွက် ရာထူးဌာနန္တရတွေ ရလိမ့်မယ်၊ ဒီလိုမျှော်လင့်လို့လား၊ မဟုတ်ဘူး၊ အမှန်က ဒီလို လှူလိုက်တဲ့အတွက် အကျိုးရှိတယ်တဲ့၊ စားဖို့သောက်ဖို့ရာလေးတွေ မစားမသုံးဘဲနဲ့ လှူလိုက် လို့ရှိရင် ဘဝများစွာ လိုက်ပြီးတော့ ကောင်းကျိုးချမ်းသာတွေ ဖြစ်မယ်လို့ ယုံကြည်ပြီးတော့ လှူတာ၊ ယုံကြည်ပြီးတော့ လှူတဲ့ဥစ္စာကို အလှူခံပုဂ္ဂိုလ်က သူယုံကြည်တဲ့အတိုင်း ဂုဏ်သိက္ခာနှင့် ပြည့်စုံနေရင်တော့ အကျိုး ပေးတာပါပဲ၊ ဂုဏ်သိက္ခာနှင့် ပြည့်စုံနေရင် အကျိုးပေးတယ်၊ ဥပမာ အားဖြင့် မြေကွက်မှာ သစ်စေ့တို့, မျိုးစေ့တို့ စိုက်လိုက်လို့ ရှိရင်ဖြင့် အပင်ဟာ ထွားထွားကြိုင်းကြိုင်း ပေါက်လာပြီးတော့ လိုအပ်တဲ့ အပွင့်အသီးတွေကို အလိုရှိတိုင်းရမယ်လို့ မျှော်လင့်ပြီးတော့ သစ်ပင်ကို စိုက်ပျိုးလိုက်တယ်၊ မြေကကောင်းနေလို့ ရှိရင်လဲ မှန်းတဲ့အတိုင်း အပွင့်အသီး တွေ့ရတယ်၊ မြေကညံ့နေ၊ သြဇာမရှိတဲ့မြေဖြစ်နေ၊ စိုက်လိုက်တဲ့မျိုးစေ့က အညှောင့်မထွက်ဘဲ ဒီလိုဖြစ်တာ ရှိသေးတာကိုး၊ အညှောင့်ထွက်လာပြီး လိမ်တိ လိမ်တိမ်နဲ့ အပင်ဖြစ်လဲ ကောင်းကောင်း မပွင့်မသီးဘူး၊ အဲဒါဆိုရင်တော့ စိုက်ရတဲ့ ပုဂ္ဂိုလ်မှာ ရင်ကျိုးတာပဲ၊ ဒုက္ခရောက်တာပဲ၊ ခက်တာပဲ။
အဲဒီလိုပဲ ဒကာဒကာမတွေက လှူဖွယ်ဝတ္ထုတွေကို လှူဒါန်းကြတာဖြင့် အင်မတန် အကျိုးကျေးဇူး များလိမ့်မယ်လို့ မျှော်လင့်ပြီးတော့ လှူဒါန်းတယ် လှူဒါန်းပြန်လဲ ကိုယ်ယုံကြည်တဲ့ ပုဂ္ဂိုလ်တွေ လှူတယ်၊ မယုံကြည်တဲ့ ပုဂ္ဂိုလ် မလှူဒါန်းဘူး၊ ကြည်ညိုတဲ့ ပုဂ္ဂိုလ် များသောအားဖြင့် လှူဒါန်းတယ်၊ အဲဒီတော့ အကြည်ညိုခံတဲ့ ပုဂ္ဂိုလ်ကို ကိုယ့်ကြည်ညိုတဲ့ပုဂ္ဂိုလ် ယုံကြည်တဲ့ပုဂ္ဂိုလ်တွေ၊ ယုံကြည်တဲ့ ကြည်ညိုတဲ့အတိုင်း အကျိုးရှိအောင် ဆောင်ရွက်သွားဖို့ အရေးကြီးပါတယ်၊ အဲဒါကိုလဲ ဆင်ခြင်ပြီး တော့ ဒါကနေပြီးတော့ သီလသမာဓိတွေ ပြည့်စုံအောင် ကြိုးစားအားမထုတ် ခဲ့လို့ရှိရင် ငါ့ကို အားကိုးပြီးနေတဲ့ ဒကာ ဒကာမတွေတော့ အလိုရှိတဲ့ အကျိုးတွေတော့ ရကြမှာမဟုတ်ဘူး၊ ငါကြိုးစား အားထုတ်မှပဲရမယ်၊ နှလုံးသွင်းပြီးတော့ လုံ့လဝီရိယ အားထုတ်မှု ရှိရမယ်တဲ့၊ အားမဟုတ်သေးတဲ့ ပုဂ္ဂိုလ်တွေလဲ အားထုတ်ဖို့ အရေးကြီးပါတယ်၊ အားထုတ်နေဆဲ ပုဂ္ဂိုလ်တွေမှာ ပိုအရေးကြီးတယ်။
ပိုအရေးကြီးတော့ အဲဒီလိုဆင်ခြင်ပြီး အားထုတ်လိုက်တော့ ဘယ်သူ့အကျိုးရှိတုံး ဆိုတော့ အမှန်ကတော့ ကိုယ်ပဲ အကျိုးရှိတာပဲ၊ သူများ အကျိုးရှိတာ နည်းနည်း ကိုယ့်အကျိုးရှိတာ များများ ဖြစ်ပါတယ်၊ အဲဒါ တော်တော်ကြာမှပြောရမယ်၊ အဲဒါ အဋ္ဌကထာတွင် ထုတ်ပြတာ၊ အဋ္ဌကထာက ဝတ္ထုနှစ်ခု ထုတ်တယ်၊ ပြောရဦးမယ်၊ နာရီကတော့ တော်တော်ကြာသွားပြီ၊ ဒါပေမယ့် ကဿက လိုဏ်မှာနေတဲ့ အရှင်မိတ္တမထေရ် ဝတ္ထုတစ်ခု ထုတ်ထားတယ်၊ နောက်တစ်ခုက ပိဏ္ဍပါတိယတိဿ မထေရ် တစ်ခု ထုတ်ထားတယ်။
ကဿကလိုဏ်မှာနေတဲ့ အရှင်မဟာမိတ္တမထေရ် ဝတ္ထုကတော့ အဋ္ဌကထာတွေ မြောက်မြားစွာမှာ ပါလို့ အများအားဖြင့် ကြားဖူးနားဝ ရှိဖူးတာတွေလဲ များပါတယ်၊ အဲဒါတော့ တိုတိုကျဉ်းကျဉ်းပဲ ပြောရမယ်၊ ကဿကလိုဏ်မှာ ရှင်မိတ္တဆိုတဲ့ မထေရ်တစ်ပါး တရားနှလုံးသွင်း အားထုတ်ပြီးတော့ နေတယ်တဲ့၊ ဆွမ်းခံရွာက ဒကာမကြီး တစ်ယောက်ကလဲ သားအဖြစ်နဲ့ ကိုးကွယ် ဆည်းကပ်ပြီး တော့နေတယ်၊ တစ်နေ့သ၌ကြတော့ ဒကာမကြီးက တောထဲမှာ ဟင်းသီးဟင်းရွက် သွားခူးသလား၊ ထင်းသွားကောက်သလားတော့ မပြောတတ်ပါဘူး၊ ဆင်းဆင်းရဲရဲနဲ့ တူပါတယ်။
တောထဲသွားကာနီး သူ့သမီးကို မှာတယ်တဲ့၊ သမီး ဘယ်အိုးထဲမှာ ဆန်ဟောင်းလေးတွေရှိတယ်နော်၊ အမွန်အမြတ်နဲ့ သိမ်းဆည်းထားတဲ့ ဆန်ဟောင်းလေးတွေ ရှိတယ်၊ ထောပတ်က ဘယ်မှာထားတယ်၊ နွားနို့က ဘယ်မှာရှိတယ်၊ တင်လဲသကြားက ဘယ်မှာရှိတယ်၊ အဲဒါလေးတွေ သင့်တော်ကောင်းမွန် အောင် ချက်ပြုတ်ပြီးတော့ သင့်မောင်ကြီး ရှင်မိတ္တမထေရ် လာတဲ့ အခါကြရင် လှူရစ်နော်၊ ဆွမ်းကပ်ရစ်၊ ငါတော့ တော-ကိစ္စရှိလို့ သွားရဦးမယ်၊ ငါတော့ မနက်ပိုင်းအတွက်ကတော့ ဟိုယခင် တစ်နေ့က ကျန်နေတဲ့ ထမင်းကျန်ပေါ့လေ၊ အဲဒီ ထမင်းကျန်နဲ့ ပုန်းရေနဲ့ မနက်အတွက်ကတော့ ငါစားပြီးပြီ၊ နို့နေ့အတွက်ကျတော့ ဘယ့်နှယ်လုပ်ရမလဲ၊ ဟင်းအတွက်တော့ ငါပြန်လာလျှင် စားဖို့တော့ ဆန်ကွဲနဲ့ ဟင်းရွက်နဲ့ ယာဂုကြိုထားလိုက်ပေါ့တဲ့၊ ဒါလေး ငါသောက်မယ်တဲ့ ပြောတယ်၊
အဲဒါကို အရှင်မိတ္တမထေရ်ကြီးက ကြားတယ်တဲ့၊ ကြားတော့ တချို့ကလဲ ပကတိနားနဲ့ ကြားတယ် လို့၊ ပကတိနားနဲ့တော့ မကြားနိုင်ဘူးထင်တယ်၊ သူ့အိမ်ထဲသူ ပြောတာကို အဘိညာဉ်နဲ့ ကြားမှာပဲ၊ အဘိညာဉ်ရှိလို့ကြားမှာ၊ ဒီတိုင်း နားနဲ့ကြားဖို့ကတော့ အခဲယဉ်းသားပဲ၊ သူ့အိမ်က သူပြောနေတာကို ကျောင်းနဲ့အိမ်နဲ့ ဘယ်လောက်နီးနီး ကြားစရာတော့ အကြောင်းမရှိဘူး၊ အိမ်ပေါက်ရောက်လို့ ကြားတယ်လဲ မဆိုနိုင်ဘူး၊ ဒီဥစ္စာက ဟုတ်မယ်မဟုတ်ပါဘူး၊ အဘိညာဉ်နဲ့ ကြားမှာပဲ၊ အဲဒီလို ကြားတော့ မထေရ်ကြီးက စဉ်းစားတယ်တဲ့၊ ရှင်မိတ္တက အင်း-ဒကာမကြီးက ငါ့အတွက်တော့ ဆန်ကောင်းတွေ၊ ထောပတ်တို့၊ နို့တို့၊ သကြား၊ တင်လဲတို့ အကောင်းတွေ ချက်ကပ်ဖို့မှာတယ်၊ သူ့အတွက်တော့လဲပဲ ထမင်းကြမ်းပဲစားတယ် ပုန်းရည်နဲ့ စားတယ်၊ ပြီးတော့ ဆန်ကွဲနှင့် ဟင်းရွက်ပြုတ်နဲ့ ပြုတ်ပြီးတော့ ယာဂုကလေး သောက်နေမယ်လို့ ဆိုတယ်တဲ့၊ ဒီက ဒကာမကြီး ငါ့ကို ကြည်ညိုပြီးတော့ အမွန်အမြတ်တွေ လှူဒါန်းနေတာဟာ ဘာကြောင့်တုံး။
ဒီလှူဒါန်းတဲ့အတွက် သူ့မှာ ပစ္စည်းလာဘ်လာဘတွေ ရမယ်လို့ မျှော်လင့်တာလား၊ မဟုတ်ဘူး ရာထူးဌာနန္တရတွေ ရမယ်လို့ မျှော်လင့်တာလား၊ မဟုတ်ဘူး၊ အမှန်အားဖြင့် မဂ်ဖိုလ်နိဗ္ဗာန် ရလိမ့်မယ်လို့ ယုံကြည်ပြီးတော့ လှူတာပဲ၊ သူ့အလိုရှိတဲ့ အတိုင်း အကျိုးအာနိသင်တွေကို ပြည့်စုံ အောင်ဟာ ငါက သီလ, သမာဓိ, ပညာတွေ အကုန်လုံး ပြည့်စုံမှဖြစ်မယ်၊ ငါ အရဟတ္တမဂ် အရဟတ္တဖိုလ် မရောက်သေးမချင်း အဲဒီ ဆွမ်းခံလဲ ငါ မသွားသေးဘူး - ဆိုပြီးတော့ တစ်ခါတည်း သပိတ်တွေ ချပြီးတော့ အခန်းထဲဝင်ပြီး ပြန်ထိုင်ပြီး တရားအားထုတ်လိုက်တယ်၊ တရားအားထုတ် လိုက်တော့ တစ်ခါတည်း သူကလဲ ပါရမီရှိတဲ့ ပုဂ္ဂိုလ်၊ အစကတည်းက အဘိညာဉ်တွေ ရထား တာကိုး။
အဲဒါ မကြာမီ အတွင်းမှာပဲ တစ်မနက် ဝိပဿနာဉာဏ်တွေ အစဉ်အတိုင်း တက်ပြီးတော့ ရဟန္တာဖြစ်သွားတယ်၊ ရဟန္တာဖြစ်သွားတဲ့ အခါကျ၊ ဆင်ခြင်ပြီးတော့ မနက်ပိုင်းဖြစ်နေလို့ အဲဒီမှာ ဆွမ်းခံသွားတယ် ဆိုတာကိုမှ အဲဒါ မိမိလှူသော ဆွမ်းကို အတုန့်ပြန်၍ ပူဇော်သောအားဖြင့် အားထုတ်ဖို့ပဲ၊ ဒီလိုအားထုတ်တော့ လှူတဲ့ ဒကာဒကာမတွေလဲ အကျိုးရှိတာပေါ့၊ မည်သူ ပိုအကျိုးရှိမလဲ ဆိုလျှင် အားထုတ်တဲ့ ပုဂ္ဂိုလ်မှာ ပိုအကျိုးရှိပါတယ်၊ လှူတဲ့ ဒကာဒကာမတွေမှာ ဆွမ်းလှူလို့ ရရှိတဲ့ အကျိုးတွေ လူချမ်းသာ, နိဗ္ဗာန်ချမ်းသာကို ရတာဟာ နောက်မှပဲ၊ တရား အားထုတ်တဲ့ ရှင်မိတ္တမထေရ်ကြီးက ချက်ချင်း သူရဟန္တာဖြစ်သွားတာ၊ မော်လမြိုင်မှာ ဘုန်းကြီးများ ရှိတုန်း မော်လမြိုင်မှာ ဦးသံဗောဓ ဆိုတာ သူရဲ့ဇာတိကတော့ မြင်းခြံကပါပဲ၊ ကြီးမှ ရဟန်းဖြစ် သားကြီးသမီးကြီးတွေနဲ့ အိမ်ထောင်ကြီးနဲ့တူပါတယ်၊ သူ့မှာ ပစ္စည်းတွေ ဘာတွေလဲရှိတယ်၊ သားကြီး သမီးကြီးတွေနဲ့ ပစ္စည်းတွေလဲ ပြည့်ပြည့်စုံစုံပါပဲ၊ သံဝေဂရပြီး သဒ္ဓါတရားဖြစ်ပြီးတော့ ၇၆-နှစ်၊ ဝါ ၃၅-ဝါထင်တယ် ပျံတော်မူသွားတယ်၊ သဒ္ဓါတရား ကောင်းတယ်၊ တောထွက်ထဲတော့ ပထမတန်းပဲ၊ တောထွက်သာဆိုတယ် ငယ်ဖြူတွေ မလိုက်နိုင်ဘူး၊ သဒ္ဓါတရားကောင်းတယ်၊ ဘုန်းကြီးရော အားလုံး ကြည့်ကြည့်ပြီး ကြည်ညိုကြပါတယ်၊ နေပုံထိုင်ပုံ အင်မတန် ကောင်းပါတယ်။
အမြဲတမ်း ဆွမ်းခံစားတယ်၊ ပျံတော်မူခါနီး နှစ်လ - သုံးလလောက်လား မသိဘူး၊ မထနိုင်ဘူး၊ လဲနေလို့ အဲဒါလောက်ပဲ ဆွမ်းမခံဘဲ နေတာ၊ ဒိပြင်ကဆိုလျှင် (နေ့တိုင်း-၂) ဆွမ်းခံနေတာပဲ၊ ဆွမ်းခံရွာကလဲ နီးနီး မဟုတ်ဘူး၊ ဆွမ်းခံ ရွာကလဲ ဘုန်းကြီး အထင်ကတော့ နှစ်မိုင်ထက် မနည်းဘူး ထင်တာပါပဲ၊ ဆွမ်းခံရွာနဲ့ ကျောင်းနဲ့ကတော့ တော်တော် ဝေးပါတယ်၊ လမ်းလဲ ကောင်းကောင်း မွန်မွန် မဟုတ်ဘူး၊ နေ့စဉ် ဆွမ်းခံသွားပြီးတော့ ဆွမ်းခံစားနေတာပဲ၊ သူ့ဆီက ဒကာဒကာမ ရောက်လာလို့ရှိလျှင် သူက ဘာပြောသလဲ။
ရောက်ရောက်ချင်း ခန္ဓာငါးပါးသိရဲ့လားလို့ စမေးတာကို၊ ရပ်ရွာအကြောင်းတွေ မမေးဘူး၊ သိက ခန္ဓာငါးပါးသိရဲ့လား, မသိသေးဘူးလား ဆိုပါဦး၊ ရူပက္ခန္ဓာ, ဝေဒနက္ခန္ဓာ ဆိုပြီး ဆိုခိုင်းဆိုလို့ မရလျှင် ရေးထားခိုင်းတယ်၊ ဒါလေးကို ယူသွားတော့ဆိုပြီးတော့ ဒါလေးကို ပေးလိုက်သေးတယ်၊ ဒါပဲပြီးပြီ၊ သွားတော့၊ အင်မတန် ကောင်းပါတယ်၊ ဦးပဉ္စင်းတွေ ရောက်လာလို့ရှိလျှင်လဲ သရုပ်ခွဲမေးတာပဲ၊ အဘိဓမ္မာလဲ သူက ကြေတယ်၊ ကြီးမှသာ ရဟန်းပြုတယ် သင်္ဂြိုဟ်တွေလဲ ငယ်ဖြူလေးတွေ လိုက်လို့မမီဘူး၊ သူက ကြေတယ်၊ အင်မတန်ကို ကြေတယ်၊ သူကအမြဲတမ်း နှလုံးသွင်းနေတာကို၊ လက်ဖက်ရည်သောက် လိုက်ဦးတော့ တဲ့-ဦးပဉ္စင်း၊ ခုနေ ဘယ်ဝိညာဉ်ဖြစ်သတုံး၊ ဘာအာရုံပြုသလဲ ဒီလိုလာတာကိုး၊ ဒီအနေမှာ ဆိုလို့ရှိလျှင်ဖြင့် ဇိဝှါဝိညာဉ် ရသာရုံကို အာရုံပြုပြီးတော့ ဇိဝှါဝိညာဉ် ဖြစ်တယ်၊ ဒီလိုပြောမှ သဘောကျတယ်။
သူက ရုပ်, နာမ်တွေ သရုပ်ခွဲတာကို၊ အဲဒီလို သူကရှိပါတယ်၊ သူက ပြောတယ်၊ ဦးပဉ္စင်းတို့ ဒကာဒကာမတွေ အတွက် ငဲ့ပြီးတော့ သီလလဲ ကောင်းကောင်းကျင့်ကြ၊ သမာဓိပညာတွေလဲ တရားအားထုတ် ကျင့်ကြ၊ ဒကာဒကာမတွေ အကျိုးများအောင်လို့ ကျင့်ကြ၊ ကျင့်တော့ ဘာဖြစ်တုံးဆိုလျှင် ဒကာဒကာမတွေ အကျိုးများအောင်လို့ ဆိုပေမယ့် ကိုယ့်က အကျိုးရနေတာ၊ သိပ်နေရာကျတာ၊ မြတ်စွာဘုရား သာသနာတော်မှာ ချောင်တာ ဒကာ, ဒကာမတွေက လှူတဲ့ပစ္စည်းတွေ ချမ်းချမ်းသာသာ သုံးဆောင်လဲ နေရသေး၊ သူ့ကို အကျိုးများအောင်လို့ဆိုပြီး ကျင့်လိုက် ပြန်တော့လဲ ဘယ်သူက၊ အကျိုးများသလဲ၊ ကိုယ်တော်တို့ အကျိုးများတာပဲ။ သူတို့က နည်းနည်းပဲ၊ အကျိုးများတယ်၊ သူပြောတာလဲ ဟုတ်တယ်၊ သေချာစဉ်းစားကြည့်တော့ တရား အားထုတ်တဲ့ ပုဂ္ဂိုလ်တွေက ပိုပြီး အကျိုးများတယ်၊ အရှင်မိတ္တမထေရ်ကြီး ကြည့်ပါလား၊ ဒကာမကြီး ကျေးဇူးများအောင်ဆိုပြီး တရားအားထုတ်တော့၊ သူရဟန္တာ ဖြစ်သွားတယ်၊ ဒကာမကြီးက ရဟန္တာ မဖြစ်သေးဘူး၊ နောက်တော့ဖြစ်မှာပေါ့လေ၊ ဘယ်တော့မှ ဖြစ်မှန်းမသိဘူး၊ အဲသလို အကျိုး များပါတယ်။
ဒါကြောင့် ဟောဒီမှာ ဒီနှစ်ဝါတွင်း တရားအားထုတ်မည့် ကိုယ်တော်တွေလဲ ဒကာဒကာမတွေ ကျေးဇူးများအောင်လို့ ဒကာဒကာမတွေ ဆွမ်းတွေလောင်းကြတယ်၊ အဲဒီ ဒကာဒကာမတွေ ကြည့်ပြီး အကျိုးများအောင်လို့ဆိုပြီး ကြိုးစားပြီးအားထုတ် ကြစမ်းပါ၊ အားထုတ်လို့ရှိရင် ဒကာဒကာမတွေ အကျိုးများအောင်ဆို အားထုတ်လိုက်ရင် အရှင်ဘုရားတို့ ဝိပဿနာဉာဏ်တွေ အစဉ်တိုင်းတက်ပြီး အကျိုးတွေ သိပ်များမှာပဲ၊ အင်မတန် ကောင်းပါတယ်။
နောက် ပိဏ္ဍပါတိကတိဿ မထေရ်၊ ဒါကတော့ တော်တော်ကို စိတ်ဝင်စားစရာ ကောင်းပါတယ်၊ ဝတ္ထုကတော့ သီဟိုဠ်ကဝတ္ထုပဲ၊ ပိဏ္ဍပါတိကတိဿ မထေရ်ဆိုတာ မဟာဂါမဆိုတဲ့ ရွာက ထင်းရောင်းစားတဲ့ လူတစ်ယောက် ရှိတယ်၊ ထင်းရောင်းတော့သူ့ကို ဒါရုဘဏ္ဍမဟာတိဿ လို့ခေါ်တယ်၊ ဒါရုဆိုတာ ထင်း၊ ဘဏ္ဍက ပစ္စည်းပေါ့လေ၊ ထင်းကုန်ရောင်းတဲ့ မဟာတိဿ ကတော့ မောင်တိဿကြီးလို့ ခေါ်ရမှာပေါ့၊ မဟာတိဿပါပဲ၊ ဒါရုဘဏ္ဍ မဟာတိဿ ဆိုတဲ့ ထင်းရောင်း သမားပေါ့လေ၊ ထင်းခုတ်ပြီးတော့ ရောင်းရတာ၊ ထင်းရောင်းနေတဲ့သူပါပဲ၊ ဆင်းဆင်းရဲရဲနှင့် သူက ခေတ်ကာလက ဘယ်လိုတုံးဆိုတော့ ကာကဝဏ္ဏတိဿမင်းကြီး လက်ထက်ကလို့ ဆိုတာကိုး၊ ကာကဝဏ္ဏတိဿ မင်းကြီးဆိုတာကတော့ ဒုဋ္ဌဂါမဏိမင်းကြီးရဲ့ အဖေကိုး၊ ဘုရားသာသနာက အဲဒီ နှစ်ပေါင်း ၄၀ဝ ခန့်လောက်ရှိတယ်၊ ဘာမှမရှိသေးဘူး။
ဘုရားပရိနိဗ္ဗာန်စံပြီးလို့ အနှစ် ၄၀ဝ လောက်ရှိဦးမှာ၊ အင်မတန်ကောင်းတဲ့ ခေတ်ကြီးပါပဲ၊ အဲဒီ ခေတ်တုံးက မဟာဂါမဆိုတာ သီဟိုဠ်ကျွန်းမှာကိုး၊ အရှေ့တောင်ဘက်နားမှာ ရှိတယ်၊ ခုတော့ မာဂမလို့ ခေါ်တယ် ရှေးက မဟာဂါမမြောက်ပိုင်းက ဧဠာရကျေးမင်းက၊ ဧဠာရကျေးမင်းဆိုတာ တမယ်ပါပဲ၊ ကပိလာဆိုတာ တမယ်ကုလားတွေပါပဲ၊ တမယ်ကုလားမျိုးတွေကို အဲဒီ ဧဠာရကျေးမင်း ဆိုတာက အနောက်ပိုင်း သီဟိုဠ် တစ်ကျွန်းလုံးကို အုပ်ချုပ်နေတာကိုး၊ တောင်ပိုင်း အစွန်အဖျား လေးမှာ ကာကဝဏ္ဏတိဿမင်းကြီး ဆိုတာရှိတယ်၊ မြန်မာပြည်က စော်ဘွားလောက်တောင် ရှိချင်မှ ရှိမှာပါ၊ အကျဉ်းလေးနဲ့တူပါတယ်၊ သူ့နယ်ကလေးက ဒါလေးကတော့ ချန်ထားတယ်၊ သူကလဲပဲ အခွန်လေး ဆက်နေပုံရတယ်၊ သူကြီးတစ်ပိုင်လို နေမှာပါပဲ၊ သိပ်ကြီးကြီးကျယ်ကျယ်တော့ ဟုတ်မယ် မထင်ပါဘူး၊ ဒုဋ္ဌဂါမဏိမင်းကြီး၏ အဖေပဲ၊ အဲဒီ လက်ထက်တုန်းက အဲဒီ မဟာဂါမ ဆိုတဲ့ ရွာက ဒါရုဘဏ္ဍမဟာတိဿ ဆိုတဲ့ ဒကာတစ်ယောက်ပေါ့၊ အဲ-လူက တစ်နေ့သ၌တော့ ငြီးတယ်၊ သူ့ခင်ပွန်းနဲ့ ရှင်မရေ - တို့လူဖြစ်ရတာ နေရာမကျပါဘူးဟ၊ လှူစရာ တန်းစရာကလဲ မရှိဘူး၊ အလှူဒါန မလှူရဘဲနဲ့ အသက်ရှင်နေရတာ အလကားပဲ၊ နေရာမကျဘူး။
မြတ်စွာဘုရားက ဆင်းရဲသား အလှူဒါန သိပ်ချီးမွမ်းတာ၊ ဆင်းရဲသား အလှူဒါန၊ ဆင်းရဲသား အဖြစ်နဲ့ ဆင်းဆင်းရဲရဲ အားထုတ်ပြီးတော့ အလှူဒါနတစ်ခုပြုရအောင် နေ့စဉ်နေ့စဉ် မလှူနိုင် တောင်မှ ပက္ခိကဆွမ်းဆိုတာ ၁၅-ရက်တစ်ကြိမ် ဆွမ်းကပ်တာကိုး၊ ရဟန်းတစ်ပါးကို ဆွမ်းကျွေး တာပါပဲ၊ ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး၊ ရဟန်း တစ်ပါးကို လဆန်းပက္ခ လဆုတ်ပက္ခ၌ တစ်ပါးနှစ်ပါး ကိုယ်တတ်နိုင်သလောက် ဆွမ်းကျွေးတာပါပဲ၊ ၁၅-ရက်တစ်ကြိမ် ကျွေးတာကို ပက္ခိကဆွမ်း ခေါ်တယ်၊ အဲသလို လှူပြီးတော့ တတ်နိုင်လို့ရှိရင်လဲ စာရေးတံ ဆွမ်းကလေးနဲ့ စာရေးတံမဲနှင့် မဲချပြီးသကာလ ဒီလိုလဲလှူသေးတာပေါ့ ဆွမ်းလှူတော့ ဒီခါတုန်းက သာသနာကလဲ အင်မတန် ခေတ်ကောင်းတဲ့ခါကို၊ ခေတ်ကောင်းနေတော့ အလှူအတန်း တွေကလဲ ပေါနေတော့ ကိုရင်ကလေးတွေက သူ့ ဒီဒကာမကြီးက လှူတဲ့ ဆွမ်းတွေ အလှူခံပြီးတော့ သွန်သွန်သွားတယ်။
သူ့ဆွမ်းဟာ မကောင်းပဲဟာကိုး၊ ဆင်းရဲသားဆိုတော့ ဟင်းကလဲမကောင်း၊ ဘာကလဲမကောင်း၊ ကိုရင်လေးတွေ ဆိုတော့လဲ ကလေးငယ် ကလေးတွေ ဟာကိုး၊ ဒကာဒကာမ သဒ္ဓါတရား စောင့်ရှောက်ရမှန်း သိတာမဟုတ်ဘဲ၊ မသုံးနဲ့ဦးတော့ မမြင်ရာ သွန်ထားလျှင် တော်သေးတာပေါ့၊ သူက ရှေ့တွင်သွန်သွား၊ ဒါပေမယ့်ဒကာမကြီးက ယောနိသောမနသိကာရ ကောင်းတယ်၊ သွန်ပါစေ၊ တို့ကကောင်းကောင်း မလှူနိုင်လို့ပဲ၊ တို့ကလိုနေတာပဲ၊ ကောင်းကောင်းလှူနိုင်မှတော်မှာပဲဆိုတော့ သူ့ခင်ပွန်းနဲ့ပြောတော့ ပြောရင်းပြောရင်းနှင့် မဟာတိဿက တို့ ဘယ့်နှယ်လုပ်ပြီးတော့ သံဃာတော်တွေ ရဟန်းတော်တွေ ရှင်သာမဏေတွေ သဘောကျအောင် ဘယ်လိုလုပ် လှူရမလဲလို့ ငြီးတဲ့အခါကာလမှာ ခင်ပွန်းဖြစ်တဲ့သူက၊ ရှင်က ပြောတာ နည်းကတော့ ရှိပါတယ်တဲ့၊ အလွယ် ပါပဲတဲ့၊ သားသမီး ရှိနေလျှင် မဆင်းရဲပါဘူး၊ ရှင့်သမီး ဒီမှာ တစ်ယောက်ရှိနေတာပဲ၊ သမီးက တစ်ယောက်ရှိတာကိုး၊ သမီးဆို ခပ်ငယ်ငယ်နဲ့ တူပါရဲ့၊
အဲဒီတော့ ဒီသမီးကို သူများအိမ်မှာ အခိုင်းအစေ ထားလိုက်လို့ရှိရင်ဖြင့် ငွေရမှာပဲ၊ ငွေ ၁၂-ကျပ်လောက်ရမှာပဲ၊ ၁၂-ကျပ်ရလျှင် နွားမတစ်ကောင်ဝယ်၊ နို့စားနွားမ တစ်ကောင်ဝယ်၊ ဝယ်ပြီးတော့ အဲဒီနွားနို့နဲ့ ဆွမ်းကပ်လို့ရှိလျှင် ကိုယ်တော်တွေ သဘောကျမှာပါပဲလို့ဆိုတော့ ဒီမှာ သဘောကျ၊ သူ့သမီးကို ပစ္စည်းရှိတဲ့ အိမ်တစ်အိမ်ကို အခိုင်းအစေသွားထား၊ ပေါင်တာပေါ့လေ၊ အပေါင်ထားရတာ၊ ဟိုခေတ်တုန်းက ဥပဒေတွေကလဲ မရှိသေးပဲဟာကိုး၊ ခုခေတ်ဆိုလျှင် တရား စွဲကောင်း စွဲလိမ့်မယ်၊ အပေါင်ထားပေမယ့် ၁၂-ကျပ်ရတယ်၊ တော်တော်တော့ရှားတာပဲ၊ ၁၂-ကျပ်ပဲ ရတယ်၊ အဲဒီ ၁၂-ကျပ်နဲ့ နွားဝယ်တော့ နွားမတစ်ကောင် ကောင်းကောင်းတော့ ရပါတယ်၊ ရှေးငွေ ကလဲ အဖိုးတန်ပါတယ်။
အဲဒီ နွားမတစ်ကောင်က နေပြီးတော့ နို့ညှစ်တော့ သူတို့သဒ္ဓါတရား အားလျော်စွာ နွားမကလဲ နို့တွေ အင်မတန်ထွက်တယ်၊ မနက်ကို သုံးမာနိကာ ပါဠိလို ပြောရတာနော်၊ မြန်မာလို ပြောလို့ မဖြစ်သေးဘူး၊ ရှေးဦးစွာ ပါဠိလို ပြောဦးမယ်၊ မနက်ကို သုံးမာနိကာ၊ ညနေ သုံးမာနိကာ မာနိကာဆိုတာက ဘာသာတိုက်ရိုက်ပြန် ဆိုလို့ရှိလျှင် တင်းလို့ ခေါ်တယ်၊ နံနက်သုံးတင်း ညသုံးတင်း ဆိုတာပါပဲ၊ ဒီတိုင်း တိုက်ရိုက်ပြန်လို့တော့ မကောင်းဘူး၊ မာနိကာ၊ နွားက တစ်ကောင် တည်းက မနက်ကို နို့ သုံးတင်းထွက်တယ်၊ ညနေသုံးတင်း ထွက်တယ်ဆိုတော့ ဒါကတော့ ခုခေတ်ကာလ လူတွေက ယုံမှာမဟုတ်ဘူး၊ သဒ္ဓါတရား အားလျော်စွာ ကံကြောင့် ဖြစ်တာပဲဟု ဆိုလျှင် သဒ္ဓါတရားကောင်းတဲ့ ပုဂ္ဂိုလ်ကတော့ ယုံမှာပေါ့၊ သို့သော် များသောအားဖြင့် ယုံမယ် မထင်ဘူး။
အဲဒီတော့ ဘုန်းကြီးက သူများယုံလောက်အောင်လို့ အနက်တော့ ပြန်မှဖြစ်မှာ၊ မာနိကာက ချင်ခွက်လို့ အဓိပ္ပာယ်ရှိပါတယ်၊ နွားနို့ချင်ခွက်နေမှာပေါ့၊ နွားနို့ချင်ခွက်နဲ့ သူများတစ်ခွက်လောက် ထွက်တဲ့ဥစ္စာ သူ့ဥစ္စာက သုံးခွက်လောက် ထွက်တာ၊ ဒီလိုဖြစ်ပါလိမ့်မယ်၊ အဲဒီတော့ မနက် သုံးခွက်၊ ညနေသုံးခွက်၊ သူများတစ်ခွက်ထွက်တယ်၊ သူ့နွားမက သုံးခွက် ထွက်တယ်၊ ထွက်စရာ ရှိပါတယ်၊ အဲဒီက နွားနို့နဲ့ ထောပတ်ပြုလုပ်ပြီး သကာလ ဆွမ်းလှူတော့ အဲဒီခါကျတော့ မြတ်နိုးကြပါတယ်တဲ့၊ မြတ်နိုးကြလို့ ရက်ပေါင်း တော်တော်ကြာတဲ့ အခါကာလကျတော့ အဲဒီ ဒါရုဘဏ္ဍမဟာတိဿဆိုတဲ့ ထင်းကုန်သည် ဒကာကြီးက စဉ်းစားတယ်၊ ဒို့မှာ ဒို့သမီးလေးရှိလို့ သမီးလေး သူများအိမ်မှာ သွားထားပြီး ငွေ ၁၂-ကျပ်နဲ့ နွားမကြီးဝယ်ရ၊ ဒီနွားမက ထွက်တဲ့ နွားနို့အကြောင်း ပြုပြီးတော့ သံဃာတော်တွေကို မွန်မြတ်တဲ့ ဆွမ်းတွေလဲ လှူရတယ်၊ စိတ်မညစ်ရဘူး၊ မျက်နှာ မငယ်ရဘူး၊ ရဟန်းသံဃာတွေလဲ မြိန်မြိန်ရှက်ရှက် ဘုဉ်းပေးတယ်၊ ဒို့သမီးလဲ အင်မတန် ကျေးဇူးများတာပဲ။
သို့သော်လဲ သူများအိမ်မှာ နေရတော့ ဆင်းရဲရှာလိမ့်မယ်၊ ဒို့သမီးအတွက် လွတ်ရာလွတ်ကြောင်း ပြန်ပြီးတော့ ငွေ ၁၂-ကျပ်နဲ့ ရွေးရမှာပဲ၊ ငွေက မရှိဘူး၊ ရွေးနိုင်အောင်လို့ အလုပ်တစ်ခုတော့ ထွက်လုပ်ဦးမှပဲဆိုပြီး ခင်ပွန်းနဲ့ တိုင်ပင်ပြီးတော့ ဒီဒကာကြီးက တစ်ရပ်တစ်ရွာ သွားပြီးတော့ ကြံစက်မှာသွားပြီး ကြံညှစ်တဲ့စက်မှာ သွားလုပ်တယ်၊ ကြံညှစ်တဲ့အလုပ် လုပ်တော့ ခြောက်လလောက်လုပ်တော့ ငွေ ၁၂-ကျပ်ရတယ်၊ တစ်လမှ ၂-ကျပ်ရတယ်၊ တော်တော်တော့ ဆင်းရဲတယ်၊ခုခေတ်ကာလ ငွေတွင်းနက်တယ်၊ အဲဒီတုန်းကနဲ့စာရင် မနက်ပါဘူး၊ တစ်လလုပ်လျှင် ၂-ကျပ်ကတော့ မကပါဘူးထင်ပါရဲ့၊ ရမှာပါ၊ တစ်လလုံးလုပ် ၂-ကျပ်ရတယ်၊ ၆လလောက် ၁၂-ကျပ်ရတယ်လို့ ဆိုတယ်၊ တော်တော်တော့ ဆင်းဆင်းရဲရဲ လုပ်ရှာရသားပဲ၊ အတော်ကို ဆင်းရဲတယ်၊ အဲဒါနဲ့ ၁၂-ကျပ်ရတော့ ဒို့သမီး ရွေးနိုင်လျှင်တော်ပါပြီဆိုပြီးတော့ ငွေ ၁၂-ကျပ်ကို အလုပ်ကလေး လုပ်ပြီးတော့ ပြန်လာတာကိုး၊ ပြန်လာတော့ လမ်းကျတော့ အမ္ဗရိယဝိဟာရ -ရှေ့ကကျောင်းတိုက် က ကိုယ်တော် တစ်ပါးကလဲ အဲဒီ မဟာဂါမမှာရှိတဲ့ မဟာတိဿ၊ တိဿမဟာရာမ ဆိုတဲ့ ကျောင်းတိုက် ရှိတယ်၊ အဲဒီမှာ စေတီအကြီးကြီး ရှိပါတယ်၊ ခုလဲရှိပါတယ်၊ ဒုဋ္ဌဂါမဏိမင်းတည်တဲ့ မဟာစေတီတို့ထက် အရင်ကျပါတယ်၊ ရှိပါတယ်၊ ဘုန်းကြီးများလဲ ရောက်ခဲ့တယ်၊ တိဿ မဟာရာမ ဆိုတဲ့ ကျောင်းတိုက်မှာ ဘုန်းကြီးများက တစ်ညဉ့် အိပ်ခဲ့တာပဲ။
အဲဒီမှာ တိဿမဟာရာမ ကျောင်းတိုက် စေတီတော် ဘုရားဖူးဖို့ အဲဒီတုန်းကလဲ စေတီက နည်းနည်း၊ ဒီစေတီတစ်ခုလောက်ပဲ ကြီးကြီးကျယ်ကျယ် ရှိပုံရပါတယ်၊ ဘုရားဖူးဖို့ရာ အမ္ဗရိယကျောင်းတိုက်ကို သွားတာ၊ ကျောင်းတိုက်ကလဲ ဘယ်နားမှာဆိုတာ သီဟိုဠ်က ပုဂ္ဂိုလ်တွေလဲ မသိဘူး၊ ခန့်မှန်း ကြတယ်၊ အဲဒီနား နယ်ပယ် ခပ်နီးနီးမှာပဲ၊ အမ္ဗရိယဆိုတာ အမ္ဗရ - ဆိုတာကတော့ ကောင်းကင်ပဲ၊ ကောင်းကင်ဆိုတော့ ကောင်းကင်မှာ တည်ရှိနေတဲ့ ကျောင်းဆိုတော့ တောင်ထိပ်ကျောင်းနဲ့ တူပါတယ်၊ တောင်ထိပ်မှာ ဆောက်ထားတော့ အောက်ကနေကြည့်တော့ ကောင်းကင်ကျောင်းလို့ ခေါ်မှာပေါ့၊ အမ္ဗရိယ ဘုန်းကြီးအထင် ပေါ့လေ၊ သူ့ဟာ ကျမ်းတွေ, ဘာတွေကတော့ ဘယ်သူမှ ဖွင့်ထားတာ မရှိပါဘူး၊ အမ္ဗရိယ - ဆိုတာ အမ္ဗရက ကောင်းကင် ကောင်းကင်ဆိုတော့ တောင်ထိပ်မှာ နေတဲ့ကျောင်း ဖြစ်ပါလိမ့်မယ်။
ရွာတစ်ရွာက တောင်ထိပ်ကျောင်းလို့ ပြောပါလိမ့်မယ်၊ အဲဒီကျောင်းတိုက်က ကိုယ်တော်တစ်ပါးက ဘုရားဖူးသွား၊ ဘုရားဖူးသွားတာလဲပဲ စိတ်ဝင်စားစရာ သိပ်ကောင်းတယ်၊ ရှေ့ကသွားတဲ့ ပုဂ္ဂိုလ်တွေမှာ ခုကာလတော့ ယာဉ်ရထားတွေက ပေါတော့ ယာဉ်ရထားတွေနဲ့ သွားကြတာကို ယာဉ်ရထားတွေနဲ့ သွားနေရုံတင် မကဘူး၊ လမ်းစရိတ်တွေ ဘာတွေ အိပ်ထဲထည့်ပြီးတော့ ငွေတွေ ဘာတွေနဲ့ သွားကြတာကို၊ ဒီလိုပဲ သွားကြတာကို ရဟန်းတော်များမှာ ဝတ္ထုငွေတွေလဲ မကိုင်ရဘူး ဆိုပေမယ့် ခုတော့ ဒီလိုကိုင်သွားနေကြတာပဲ၊ ဒါလဲ မြင်နေကြရိုးနေတော့ လုပ်ကောင်း သလိုလဲ ဖြစ်နေတယ်၊ ဟိုတုန်းက ကိုယ်တော်တွေ မပါပါဘူးတဲ့၊ ခြေကျင် သွားရှာကြတာပဲ။
အဲဒါဟာ အခုအားလုံးသော ရဟန်းတော်တွေလဲ နည်းယူပေါ့၊ ဘုန်းကြီး ပြန်ပြောပါဦးမယ်၊ နည်းနည်းလေး ပြန်ပြောချင်ပါတယ်၊ ကိုယ့်ဂုဏ်ဖော်တယ်လို့လဲ မအောက်မေ့နဲ့၊ ဘုန်းကြီးက တရား အားထုတ်မယ်လို့ လာတုန်းကလေး အဲဒီဝါက ၈- ဝါ၊ ၈-ဝါပဲရသေးတယ်၊ မော်လမြိုင် တောင်ဝိုင်း ကျောင်းက နေပြီးတော့ ဦးတေဇဝန္တဆိုတဲ့ ဦးပဉ္စင်းတစ်ပါး၊ အဲဒီ ဦးပဉ္စင်းက ဘုန်းကြီးထက် ငယ်တယ်၊ သူကကြီးမှ ရဟန်းဖြစ်တာ၊ သူက ရထားရုံပိုင်တွေ ဘာတွေလဲ လုပ်ဖူးပါတယ်၊ သူလဲသဘောတူ တရားအားထုတ်မယ်ဆိုပြီး ထွက်လာကြတယ်၊ မော်လမြိုင်က ထွက်လာတော့ မော်လမြိုင် နေပြီးတော့ ဒကာတွေဘာတွေက နေပြီးတော့ ရထားလက်မှတ် ဝယ်လိုက်တယ်၊ ဇင်းကျိုက် ရထားလက်မှတ် ခံပေးလိုက်တော့ ရထားနဲ့ စီးလာကြတော့ ဇင်းကျိုက်ရောက်၊ သပိတ်နဲ့သင်္ကန်း ၃-ထည်နဲ့ ဒါပဲ ပါပါတယ်၊ ဒိပြင်ဘာမှ မပါဘူး။
နောက် အဲဒီကနေရှေ့ဆက်ဖို့ရာ ရထားစရိတ်တွေ ဘာတွေ ဘာမှမပါပါဘူး၊ ဘာမှကို မပါဘူး၊ ဒါပဲ၊ စားရေး သောက်ရေးအတွက်က ဘာမှပြည့်စုံလို့ ဘာမှမပူဘူး၊ ရရင်စားမယ်၊ မရရင် နေတော့ဆိုပြီး ဆွမ်းခံစားမှာပဲ၊ ဒီတိုင်း လာခဲ့ကြတာပဲ၊ သင်္ကန်း ၃-ထည်နဲ့သပိတ်နဲ့ ထွက်လာကြတယ်၊ ဇင်းကျိုက်ရောက်တော့ ဝိနည်းသိက္ခာပုဒ်နဲ့ စပ်ပြီးတော့ ဖိနပ်စီးမှုကလဲ လမ်းမှာ ရှုတ်ထွေးနိုင်တယ် ဆိုပြီးတော့ ဘုန်းကြီးများ ဖိနပ်တောင် မစီးဘူး၊ ဒီတိုင်းလာတာပဲ၊ မော်လမြိုင်မှာပဲထားခဲ့တယ်၊ ဖိနပ်မစီးခဲ့ဘူး၊ ဖိနပ်မပါဘူး၊ ဒီတိုင်းလာတာ၊ မြို့ထဲရွာထဲ လျှောက်ပြီးတော့ သွားတော့ အပြစ်ပြောစရာ ရှိနေလို့၊ အဲဒါကြောင့်မို့ ဖိနပ် မပါဘူး၊ ဇင်းကျိုက်မှာဝင်ပြီး သကာလ တရားအားထုတ်ဖို့ နေရာတွေ ဘာတွေ စုံစမ်းတော့ အဲဒီမှာ မရှိဘူး၊ လမ်းလျှောက်ပြီး လာတော့ ရင်းငြိမ်ဆိုတာ ရောက်လာတယ်၊ ရင်းငြိမ်ကနေပြီးတော့ တစ်ခါ ဟိုဦးတေဇဝန္တရဲ့ သိတဲ့ ဒကာ တစ်ယောက်က နေပြီးတော့ မော်တော်ကားနဲ့ ပို့လိုက်တော့ သထုံရောက်ရော၊ သထုံရောက်တော့လဲ ဦးတေဇဝန္တရဲ့ ဆွေမျိုးတွေရှိပါတယ်၊ ရှိတော့ တစ်ခါ ရထားလက်မှတ် ခံပေးလိုက်တော့ ည-တောင်စောင်း ဆိုတာရောက်၊ တောင်စောင်းက ဟိုဘက်တော့ ဘုန်းကြီးများလမ်းလျှောက်တော့ ကျိုက်ထိုကိုရောက်၊ ကျိုက်ထိုကနေပြီး ကျိုက်ထီးရိုးဘုရားလဲရောက်။
အဲဒီကနေပြီး ပြန်ပြီးသွားတော့ လမ်းလျှောက် သွားတယ်၊ ဘယ်ရောက်တုံးဆို သထုံပြန်ရောက်၊ သထုံရောက်တော့မှ ဝင်ပြီး တရားအားထုတ်တာ၊ တစ်ခါတစ်ရံ ခြေကျင်သွားရတယ်၊ ၂-ရက်လောက် ဆက်ပြီးတော့ လမ်းလျှောက်သွားရတယ်၊ တစ်ခါတစ်ရံလဲပဲ ကားသမားကနေပြီး ကြွပါဘုရား, ကြွပါဘုရား ဆိုပြီးမေးတော့ တို့မှာ ပိုက်ဆံပေးစရာ မပါဘူးပြောတော့၊ ကြွပါဘုရား ကုသိုလ် ပြုပါတယ် - ပြောတော့ အဲဒီလို- သွားတဲ့အခါ ရှိပါတယ်၊ နည်းနည်းပါးပါး ရှိပါတယ်၊ ဒီလိုသွားတာပဲ၊ အဲဒါဘာမှမပါပါဘူး၊ မြင်းခြံမှာလဲ ကိုယ်တော်လေးတစ်ပါး ရှိပါတယ်၊ ဦးဇောတိက ဆိုတာ၊ ဒီလို ဘုန်းကြီးများ ဆိပ်ခွန်လာပြီး တရားအားထုတ်တယ်၊ ဘာမှမပါဘူး၊ သပိတ်နဲ့သင်္ကန်းနဲ့၊ ဒီလို လမ်းလျှောက်သွားတာပဲ။
အဲဒီမှာ ဒကာတွေက တစ်ချို့ကကားနဲ့ ပို့လိုက်တာလဲ ရှိတယ်၊ ဆွမ်းချိန်ကြလို့ရှိရင် ဆွမ်းကပ်တာ ရှိတယ်၊ တော်တော် သတ္တိကောင်းပါတယ်၊ သူလဲ တော်ပါတယ်၊ သူက ရှေးက ရဟန်းတော်တွေ ဒီလိုသွားနေတာပဲ၊ ခရီးစရိတ်တွေဘာတွေ ဆောင်သွားနေတာ ဘယ်ဟုတ်မလဲ၊ အဲဒါက အင်မတန် စင်ကြယ်တယ် သူက၊ အဲဒီလိုသွားတော့ ခုနက ဒါရုဘဏ္ဍမဟာတိဿ - ဆိုတဲ့ ဒကာကြီးကလဲပဲ သူက အဲဒီရဟန်း နောက်ကနေပြီးတော့ ခပ်လှမ်းလှမ်းကနေပြီးတော့ ရှေ့ကရဟန်းတစ်ပါး သွားနေတာမြင်တော့ ရှေ့က ရဟန်းတစ်ပါးပဲလို့ ဒီရဟန်းနဲ့ သွားရလို့ရှိရင် တရားစကားလေး ဘာလေး ဆွေးနွေးသွားရ ကုသိုလ်ရတာပေါ့လေ၊ ဝေယျာဝစ္စပြုစရာရှိလဲ ပြုရအောင်ဆိုပြီး သူ့အနားကို သွားတယ်၊ အပြေးလေး မီအောင် လိုက်လာပြီးတော့ ရဟန်းအနားကျတော့ အာလာပ သလ္လာပ ပြောပြီးတော့ ဖြေးဖြေး လိုက်လာခဲ့တာ။
သွားရင်း - သွားရင်းနဲ့တစ်ခါတည်း ဆွမ်းချိန် ရောက်လာတာကို၊ မွန်းတည့်ခါနီး ရောက်လာတယ်၊ မွန်းတည့်ခါနီး ရောက်လာတော့ ကိုယ်တော် ဆွမ်းစားချိန်တော့ ရောက်လာပြီ၊ မွန်းလွဲသွားရင် ဆွမ်းစားရမှာ မဟုတ်ဘူး၊ အဲဒီလို စဉ်းစားတယ်၊ ဆွမ်းကပ်စရာတော့ ငွေတော့ပါတယ်၊ ဟိုတုန်းက ဆိုင်တွေဘာတွေကလဲ ရှားပါတယ်။
ယခုနေ ဆွမ်းရောင်းတဲ့ပုဂ္ဂိုလ်များရှိရင် နေရာကျမှာပဲလို့ စိတ်ထဲက ကူးတုံးရှိသေးတယ် လူတစ်ယောက်က ထမင်းထုပ်ကလေးနဲ့ ပေါ်လာတယ်၊ ထမင်းထုပ်ကလေးနဲ့ ပေါ်လာတော့ နေရာကျပြီ ဆိုပြီးတော့ လာစမ်းပါဦးဗျာ ဆရာကြီး၊ ခင်ဗျား ထမင်းထုပ်ကို ကျုပ်ကိုရောင်းစမ်းပါ၊ ခင်ဗျားထမင်းထုပ် တစ်ကျပ်ပေးမယ်လို့ ပြောတယ်၊ ထမင်းထုပ်ရောင်းတဲ့ပုဂ္ဂိုလ်က စဉ်းစားတယ်၊ ငါ့ထမင်း တစ်ပဲတောင် မတန်ဘူး၊ ဟိုတုန်းက ထမင်းတစ်ထုပ်ကလဲ တစ်ပဲတောင် မတန်တော့ ငွေအတော် တန်ဖိုးရှိနေတာကိုး၊ ယခုကာလ ငွေတွေနဲ့တော့ အတော်ကွာနေပုံရတယ်၊ တစ်ပဲတောင် မတန်ဘူး၊ အဲဒါကိုသူက တစ်ကျပ်ပေးမယ် ဆိုတော့ ငါရှေ့မှောက် ဈေးတက်လို့ရှိရင် ရဦးမှာနဲ့ တူတယ်။
လူဆိုတာ ရရင် သိပ်လိုချင်တာကိုး၊ ရတိုင်း-ရတိုင်း ရောင်းတဲ့ပုဂ္ဂိုလ် ကတော့ ဈေးမြှင့်ပြီးတော့ ရောင်းနေတာပဲ၊ မသိတဲ့ ပုဂ္ဂိုလ်တွေ ကျလို့ရှိရင် ဈေးသည်တွေဟာ ဈေးပိုရောင်းတယ်၊ ဒါဖြင့် တစ်ကျပ်နဲ့ မရောင်းနိုင်ဘူးဗျ- လို့ဆိုတယ်၊ ဒါဖြင့်ကွာ ငါ- နှစ်ကျပ်ပေးမယ်ဆိုတယ်၊ နှစ်ကျပ်လဲ မရောင်းနိုင်ဘူး၊ ၃-၄-၅-ကျပ် စသည်ဖြင့် ဈေးတက်လိုက်တာ ၁၂-ကျပ် ကုန်ရော၊ ၁၂-ကျပ်လဲမရောင်းနိုင်သေးဘူးတဲ့၊ အေးကွာ-ငါ့မှာရှိသေးရင်တော့ ပေးပါသေးတယ် ငါ့မှာ ငွေကလဲ ၁၂- ကျပ်ပဲရှိတယ်၊ ငါဟိုကိုယ်တော်တစ်ပါးလဲ ဘုန်းကြီးတစ်ပါးပဲ၊ ဒီအနား ခဏနေပါဦးဘုရား ဆိုပြီး ထားခဲ့တယ်၊ မင်းဟာမရလို့ ရှိရင် ငါကျွေးရမှာမဟုတ်ဘူး၊ ဒီ ၁၂-ကျပ်နဲ့ပဲ ပေးပါတော့ကွာလို့ တောင်းတောင်းပန်ပန်နဲ့ ဝယ်ယူရတယ်ဆိုတာကိုး၊ ဒီတော့ မှ ဟိုလူက ဒါထက်တော့ ရမှာ မဟုတ်ဘူး၊ ၁၂-ကျပ်ဆိုတာလဲ နည်းတာ မဟုတ်ဘဲ၊ တစ်ပဲ မတန်တာ ၁၂-ကျပ်ရတာကို အင်မတန် ဝမ်းသာမှာပေါ့၊ သူ့မှာ အင်မတန် ငါကံကောင်းတယ်၊ ငါဇာတာ စန်းလာဘ် သိပ်ကောင်းတယ် အောက်မေ့မှာပေါ့၊ အိမ်ကျရင် ဘယ်လောက်များ ဝမ်းမြောက်ဝမ်းသာနဲ့ ပြောနေမှန်း မသိဘူး။
အဲဒီတော့ ဒီ ၁၂-ကျပ်နဲ့ဝယ်ရော၊ ဝယ်ပြီးတော့ အဲဒီဆွမ်းကို ရဟန်းကပ်၊ ရဟန်းကပ်တော့ ရဟန်းကလဲပဲ ဒီဆွမ်းထုပ်ကလေး တစ်ထုပ်ထဲနဲ့ ဒကာနဲ့သူနဲ့ စားရဦးမှာပဲ၊ ဒီတော့ တစ်ဝက် လောက် ကျတော့သူက လက်နဲ့ ကာတာကိုး၊ အရှင်ဘုရား တစ်ပါးစာတည်း ဒါအကုန်လုံးပဲ၊ အလှူခံပါ ဆိုတော့ အကြောင်းရှိမှာပဲလေ ဆိုပြီးတော့ ရဟန်းကလဲပဲ အကုန်လုံးအလှူခံပြီးတော့ ဆွမ်းဘုဉ်းပေးတယ်၊ ဆွမ်းဘုဉ်းပေးပြီးတော့မှ ခရီးသွားရင် တစ်ခါရဟန်းက မေးပြန်တာကိုး၊ ဒကာတဲ့-ခုနက ဆွမ်းဟာ ဒကာတော့ မစားဘူး၊ ဘာဖြစ်လို့တုံးတဲ့၊ မစားတဲ့အကြောင်း ရှိပါတယ်ဘုရားတဲ့၊ တပည့်တော် ဒီဆွမ်းက အင်မတန် ခဲခဲယဉ်းယဉ်း လှူရတာပဲတဲ့၊ တပည့်တော်မှာ သမီးကလေး အပေါင်ထားခဲ့ရပုံတွေ၊ သူ့ ၆-လ အလုပ်လုပ်လာရပုံတွေ သူ့သမီး ရွေးဖို့ရာ ငွေကလေးနဲ့ ဒီမှာဝယ်လာတာကို သူစားလို့ မတော်ပဲဟာကို၊ အဲဒါကြောင့် မစားတဲ့ အကြောင်း ပြောတော့ ရဟန်းက တစ်ခါတည်း အတော် သံဝေဂ ရသွားတယ်၊ ဆွမ်းဟာ အင်မတန်ကို သန့်ရှင်းစင်ကြယ်တဲ့ ဆွမ်းပဲ၊ အင်မတန်ကို လေးနက်တဲ့ဆွမ်း၊ ဒီဆွမ်းစားပြီးတော့ ဒီဆွမ်းဖိုး ကြေအောင် ငါတော့ အားထုတ်ဦးမှပဲလို့ စဉ်းစားတယ်။
အားထုတ်မှ၊ အားမထုတ်လို့ မဖြစ်သေးဘူး၊ သပ္ပာယ သင့်လျော်တဲ့ နေရာကျရင်တော့ ဆွမ်းဖိုးကြေအောင် ငါအားထုတ်မယ်လို့ စိတ်တစ်ခါတည်း တင်းထားတယ်၊ တိဿမဟာရာမ ဆိုတဲ့ ကျောင်းတိုက်က ဘုန်းကြီးများ အဲဒီမှာ တည်းခဲ့တဲ့ ကျောင်းပဲ၊ တည်းခဲ့တုန်းကလဲ ဒီကျောင်းက ရှေးတုန်းက အင်မတန် နာမည်ကြီးတဲ့ကျောင်း၊ ရဟန္တာပုဂ္ဂိုလ်တွေလာပြီးတော့ သီတင်းသုံးတဲ့ ကျောင်း၊ အင်မတန်ကို တစ်ခါတည်း အာရုံပြုစရာ ကောင်းတဲ့ ကျောင်းပါပဲ၊ စေတီတစ်ခုလဲ ရှိသေးတယ်၊ အဲဒီ ကျောင်းရောက်တော့ နေရာညွှန်တဲ့ ပုဂ္ဂိုလ်က နေရာညွှန်တဲ့နေရာ ချထားတဲ့ နေရာမှာ သူဝင်နေ၊ ဝင်နေပြီးတော့ တစ်ခါတည်း တရားအားထုတ်တော့တာပဲ။
ကိလေသာကုန်ခန်း ရဟန္တာ မဖြစ်သေးမချင်းဟာဖြင့် ငါဘယ်မှလဲ မသွားဘူး၊ ဆွမ်းလဲမစားဘူးဆိုပြီး တစ်ခါတည်း အားထုတ်တော့တာပဲ၊ တစ်ရက်အားထုတ် ဘာမှမဖြစ်ဘူး၊ ဆွမ်းခံလဲမသွားဘူး၊ ၂-ရက် ၃-ရက် အားထုတ်၊ ၄-၅-၆ ရက် အားထုတ်၊ ၇-ရက်အားထုတ်တော့ အကြောင်းအားလျော်စွာ ပါရမီကလည်း ရလို့ပေါ့လေ၊ ရဟန္တာ ဖြစ်သွားတယ်၊ ရဟန္တာဖြစ်တော့ သူ့ဆင်ခြင်ကြည့်တယ်၊ အသက်ရှည်ဦးမလားလို့ ဆင်ခြင်ကြည့်တော့ အသက်တော့ မရှည်တော့ဘူးတဲ့၊ ပရိနိဗ္ဗာန်စံဖို့ အချိန်ကျနေပြီ၊ ဆိုတာသိတော့မှ ဒီမှာ ခေါင်းလောင်းထိုးတာကိုး။
ခေါင်းလောင်းထိုးတော့ သံဃာတွေ စည်းဝေးပြီးတော့ ဘာပြုလို့ ထိုးသလဲတဲ့ မေးတော့ အရှင်ဘုရား အကြောင်းထူးတော့ မရှိပါဘူးတဲ့၊ အရှင်ဘုရားတို့ မြတ်စွာဘုရား၏ သာသနာတော်မှာ မဂ်ဖိုလ်နိဗ္ဗာန်နဲ့ စပ်ပြီးတော့ သံသယများရှိရင် တပည့်တော်ကို မေးပါဘုရား၊ ဒီတော့ မထေရ်ကြီးဖြစ်တဲ့ ပုဂ္ဂိုလ်ကနေပြီးတော့ ငါ့ရှင်တဲ့-သင်လို ပုဂ္ဂိုလ်ပေါ်မှာ သံသယမရှိပါဘူးတဲ့၊ တကယ် ကြိုးကြိုးစားစား အားထုတ်တာကို သေသေကြေကြေ အဟုတ်ကို အားထုတ်တာ၊ သံသယမရှိဘူး ဆိုတော့ သင် ဘာပြုလို့ ဒီလောက်တောင် ကြိုးကြိုးစားစား အားထုတ်ရသလဲ လို့မေးတော့မှ ပြန်ပြီးတော့ မဟာဂါမက ဒါရုဘဏ္ဍမဟာတိဿဆိုတဲ့ ဒကာကြီးရှိတယ်၊ သူ့သမီးအတွက် ရွေးဖို့ရာငွေ ၁၂-ကျပ်ရအောင် ၆-လအားထုတ်ပြီးလာတဲ့ ဆွမ်းကပ်တယ်။
အဲဒါအကြောင်း ပြုပြီးတော့ ဆွမ်းဖိုးကြေအောင်လို့ သူအားထုတ်တဲ့အကြောင်းတွေပြောတော့မှ သံဃာတော်တွေက သာဓုခေါ်ကြတာကိုး၊ အဲဒါပြောပြီးတော့ သူတစ်ခါတည်း အဓိဋ္ဌာန်ပြုပြီးတော့ သူက ပရိနိဗ္ဗာန်စံသွားတယ်၊ ပရိနိဗ္ဗာန်စံသွားတော့ တိဿမဟာရာမ ကျောင်းတိုက်မှ ရဟန်းတော် တစ်ပါး ပရိနိဗ္ဗာန်စံတယ်လို့ ဆိုတာ ခုနက ကာကဝဏ္ဏတိဿမင်းကြီးက ကြားတော့ကို၊ ထွက်လာ ပြီးတော့ အခမ်းအနားတွေဘာတွေနဲ့ သင်္ဂြိုဟ်တာကိုး၊ ပြာသာဒ်တွေ ဘာတွေ လုပ်ပြီးတော့ ပြင်ဆင်ပြီးတော့ အဲဒီမှာ သင်္ဂြိုဟ်မည့်နေရာ သင်္ဂြိုဟ်မည့် ထင်းပုံပေါ် တင်မည့်နေရာကို ရွှေ့ကြ, မကြတာကိုး၊ ရွှေ့လို့မရဘူး၊ ရဟန္တာ မထေရ်က အဓိဋ္ဌာန်ပြုသွားတာကိုး၊ သူ့ဆွမ်းကပ်တဲ့ ဒကာကြီး မကိုင်လို့ရှိရင်ဖြင့် ဘယ်သူမှ မ, နေစေနဲ့ ဆိုပြီးတော့ အဓိဋ္ဌာန် ပြုသွားတယ်။
ဒီတော့မှ ကာကဝဏ္ဏတိဿမင်းကြီးကမေးတယ်၊ ဘယ်လိုများ အဓိဋ္ဌာန်ပြုသွားပါသလဲဘုရား လို့ မေးတယ်၊ ဘယ်လို အကြောင်းရှိပါသလဲ ဆိုတော့ အကျိုးအကြောင်း ပြောစမ်းပါဆိုတော့ အဲဒါ ဒါရုဘဏ္ဍမဟာတိဿဆိုတဲ့ ဒကာကြီးကိုရှာခေါ်ပြီးတော့ မေးမြန်းကြည့်၊ မေးမြန်းကြည့်တော့ အကျိုးအကြောင်းတွေက မှန်နေတော့၊ ကြည့်စမ်းပါဦးဆိုတော့၊ အဲဒီ ကိုယ်တော် ဟုတ်ရဲ့လား ဆိုတာသွားကြည့်တော့၊ ဟုတ်တဲ့အကြောင်းပြောတော့၊ အဲဒါဖြင့် ဂုဏ်သရေရှိပုဂ္ဂိုလ်ကြီးတွေ အဝတ်ကောင်း အဆင်ကောင်း၊ အဆင်တန်ဆာကောင်းတွေ ဝတ်ဆင်ခိုင်းပြီးတော့မှ အဲဒီမှာ သူ့ကို အမခိုင်းရတာကိုး၊ သူ့အမခိုင်းတော့ သူ့ အလိုလို ကြွသွားတယ်၊ လက်နဲ့ထိလိုက်တာနဲ့ တစ်ခါတည်း အလောင်းတော်နဲ့ ပြာသာဒ်ကောင်းကင် တက်ပြီးသကာလ ထင်းပုံပေါ်သို့ အလိုလို ရောက်လာ တယ်၊ ထင်းပုံပေါ်လဲ ရောက်သွားရော၊ အရပ်လေးမျက်နှာကနေပြီးတော့ တေဇောဓာတ် လောင်သွား တာကိုး၊ မီးတွေတစ်ခါတည်း ထွက်ပြီးတော့ လောင်တော့ အဲဒါတွေကို တွေ့ရတယ်။
ဒီတော့ သူ့ဝတ္ထုအကြောင်းကတော့ စာကတော့ ဒီလောက်ပဲ ပြထားတယ်၊ ဒီဒကာကြီးကို ခုနကပြောတဲ့ ချီးမြှောက်တာတွေ ဘာတွေဒီမှာ မပါဘူး၊ ချီးမြှောက်တာတော့ ရှိမှာပေါ့၊ ဒါတွေမပြောတော့ဘူး၊ လိုရင်းကတော့ ဒီမှာဆွမ်းဖိုးကြေအောင် အားထုတ်ပုံကလေးကို သာဓကပြထားတယ်၊ အဲဒီလို ရှေးတုန်းက အားထုတ်ဖူးတဲ့ ထုံးတမ်း ရှိပါတယ်၊ အဲဒါ ပိဏ္ဍပါတာ ပစာယနတ္တာ - ဆွမ်းထုပ် ပူဇော်သောအားဖြင့် ကျင့်ခြင်းတဲ့၊ အဲဒါဟာ ဝီရိယ သမ္ဗောဇ္ဈင်ဖြစ်ခြင်း အကြောင်းတဲ့၊ အဲဒီလိုကျင့်တာ၊ ဘယ်သူကျေးဇူးများသလဲဆိုတော့ အားထုတ်တဲ့ပုဂ္ဂိုလ် ရဟန္တာ ဖြစ်သွားတာပဲ၊ သူ့ကျေးဇူးတွေ များများ ရှိတာပါပဲ၊အရေးကြီးပါတယ်၊ ရှေ့ ယခု ရဟန်းတော် တွေလဲပဲ အဲဒီလောက် မဟုတ်တောင်မှလဲ မိမိတို့ သမာဓိ ဉာဏ်တွေ တိုးသထက် တိုးအောင် ပြည့်စုံသထက် ပြည့်စုံအောင်ဟာ တို့ပစ္စည်းလေးပါး လှူဒါန်းနေတဲ့ ဒကာ ဒကာမတွေ အကျိုး ရှိအောင် ဆိုပြီး အဲဒီလို စိတ်နှလုံး တစ်ခါတည်း သန့်သန့်ရှင်းရှင်း ထက်ထက်သန်သန် ထားပြီး အားထုတ်ရင် အင်မတန် ကောင်းပါတယ်။
ဒကာ-ဒကာမတွေမှာလဲ ကုသိုလ်ကောင်းမှုတွေ အများကြီး ဖြစ်ပြီးတော့ အကျိုးတွေများပြီး သွားပါလိမ့်မယ်၊ ဒါယဇ္ဇမဟတ္တပစ္စဝေက္ခဏတာ - အမွေခံအဖြစ်ကို ဆင်ခြင်ခြင်းတဲ့၊ မြတ်စွာဘုရား၏ အမွေခံဆိုတာ မဂ်ဖိုလ်နိဗ္ဗာန် တရားအမွေကို အမွေခံရတာ အကောင်းဆုံးပေါ့၊ ရွှေတွေ ငွေတွေ မိဘဆွေမျိုးတွေရဲ့ အမွေတွေ ရတယ်ဆိုတာ ဒါလေးက ဘာမှပြောပလောက်တာ မဟုတ်သေးဘူး၊ သံသရာဝဋ်ဆင်းရဲက လုံးလုံး လွတ်မြောက်ပြီးတော့ သွားတဲ့ မဂ်ဖိုလ်နိဗ္ဗာန် ရဖို့ရာ ဘုရားက ရတဲ့အမွေဟာ အကောင်းဆုံးပဲ။
လောက အမွေတောင်မှလဲ မိဘဖြစ်တဲ့ပုဂ္ဂိုလ်က မကျေနပ်လို့ရှိရင် အမွေပြတ် ကြော်ငြာတာတွေ၊ ဒါတွေ သတင်းစာထဲ ခဏခဏပါတယ်၊ တရားကောင်းကောင်း မကျင့်ရင် မြတ်စွာဘုရား အမွေကလဲ မရပါဘူး၊ ကောင်းကောင်းမွန်မွန်ကျင့်မှ ရမှာ၊ ဝီရိယနဲ့ကြိုးစားမှ ရမှာ၊ ဒီတော့ဝီရိယနဲ့ ကြိုးစား အားထုတ်မှပဲ မြတ်စွာဘုရား အမွေရအောင်, တရားအမွေရအောင် ကြိုးစားမယ် အားထုတ်မယ် ဆိုတဲ့စိတ်မျိုး မွေးရမယ်တဲ့။
သတ္တု မဟတ္တ ပစ္စဝေက္ခဏတာ - ဆရာမြင့်မြတ်သည်၏ အဖြစ်ကို ဆင်ခြင်ပါတဲ့၊ မြတ်စွာဘုရားတို့ ဆရာဘုရားဟာ သာမန်ပုဂ္ဂိုလ် မဟုတ်ဘူး၊ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလပတ်လုံး ပါရမီတွေ ဖြည့်ကျင့်ခဲ့ရတယ်၊ ပဋိသန္ဓေ နေတဲ့အခါကာလ၊ ဖွားမြင်တော်မူတဲ့ အခါကာလ၊ တောထွက်တော် မူတဲ့ အခါကာလ၊ သစ္စာလေးပါး သိတဲ့အခါကာလ၊ ဓမ္မစကြာတရား ဟောတဲ့အခါကာလ၊ ပရိနိဗ္ဗာန်စံတဲ့ အခါကာလတွေမှာ မြေကြီးများ တုန်လှုပ်ပြီး တန်ခိုးပြာဋိဟာတွေ အမျိုးမျိုးပြပြီး သကာလ သွားတယ်တဲ့၊ အင်မတန်ထူးခြားတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် ဒါထက် ထူးခြားတဲ့ ပုဂ္ဂိုလ်လဲ မရှိဘူး။
ဒီလို ထူးမြတ်တဲ့ပုဂ္ဂိုလ်အတွက် အမြတ်ဆုံးပုဂ္ဂိုလ် တို့ဆရာတင်ပြီးတော့ မြတ်စွာဘုရားရဲ့ အဆုံးအမတွေကို တို့အားထုတ်နေတာပဲလို့ မိမိဆရာဖြစ်တဲ့ မြတ်စွာဘုရား၏ ဂုဏ်တွေကိုလဲ ငဲ့ပါတဲ့၊ အရေးကြီးတယ်၊ ဆရာမကောင်း တပည့်ခေါင်း၊ တပည့်မကောင်း ဆရာခေါင်း၊ တပည့်တွေ မကောင်းရင် ဆရာရော မကောင်းဘူးလို့ စွပ်စွဲစရာ ဖြစ်နေတယ်၊ အဲဒါတစ်ခါတစ်ခါ မြတ်စွာဘုရား ဟောတယ်၊ ဓမ္မဒါယာဒသုတ်မှာ
ဓမ္မဒါယာဒ၊ မေ ဘိက္ခဝေ ဘဝထ - ချစ်သား ရဟန်းတို့တဲ့၊ သင်တို့ တရားအမွေခံကြတဲ့၊ ပစ္စည်းအမွေကို မခံကြနဲ့တဲ့၊ တရားအမွေမခံဘဲ ပစ္စည်းအမွေခံရုံနဲ့ အားရကျေနပ်နေရင် တို့ကဲ့ရဲ့ခံရလိမ့်မယ်၊ ငါဘုရားလဲ ကဲ့ရဲ့ခံရလိမ့်မယ်၊ မြတ်စွာဘုရား တပည့်တွေ လာဘ်လာဘတွေ များအောင်လို့ ပစ္စည်းတွေ စုဆောင်းပြီး နေတာပဲလို့ ဆိုပြီးတော့ ငါဘုရားပါ ထိပါးပြီးသကာလ အစွပ်အစွဲ ခံရလိမ့်မယ်တဲ့၊ ဒီတော့ကို တရားအမွေခံကြ ဆိုပြီး ဆုံးမသြဝါဒ ပေးတယ်။
မြတ်စွာဘုရား မြင့်မြတ်စင်ကြယ်ပုံကို ငဲ့ပြီးတော့လဲပဲ ကြိုးစား အားထုတ်ပါတဲ့၊ ကိုယ့်ကိုယ်ကိုယ် အားပေးဖို့ရာတွေ ဒါ အကျယ်ပြောမယ်ဆိုရင် ပြောစရာပေါ့၊ အချိန်ကနည်းသွားပြီ၊ ကဲ-ရှေ့သွား လိုက်ကြဦးစို့၊ ဒါလေး ဆိုလိုက်ကြဦး။
ဆွမ်းအကျိုးတုန့်ပြန်၊ မြတ်မွေခံ၊ ပြုရန်မြတ်ဆရာ။ (ဆို-၃)
ဇာတိမဟတ္တ ပစ္စဝေက္ခဏတာ - အမျိုးဇာတ်မြင့်ပုံလဲ စဉ်းစားပါတဲ့၊ ဒါလဲ ရဟန်းတော်တွေနဲ့ ဆိုင်ပါတယ်၊ သာသနာ့ဘောင် ရဟန်း ပြုလိုက်တယ် ဆိုရင်ဖြင့် မြတ်စွာဘုရား၏ သကျပုတ္တိဟ ခေါ်တာကို၊ သာကီဝင်မင်းသား ဘုရားသားတော်တဲ့၊ သာကီဝင်မင်းသား၊ မြတ်စွာဘုရားနဲ့ အမျိုးခြင်း တူသွားတာကို၊ သာကီဝင်မင်းမျိုး အသံဘိန္ဒခတ္တိယမင်းမျိုး၊ သာမန်မျိုး မဟုတ်ဘူး၊ ဘုရားမျိုး သာကီဝင်မင်းပဲတဲ့ ဆိုပြီးတော့ အမျိုးကို ငဲ့သောအားဖြင့် ဒီအမျိုးထဲမှာ သာကီဝင်မင်းမျိုး ဖြစ်နေတဲ့ ပုဂ္ဂိုလ် ဖြစ်နေပြီး လူပျင်းကြီးလုပ်နေ၊ ဘယ်ကောင်းမလဲလို့ နှလုံးသွင်းပြီးတော့လဲ ကြိုးစား အားထုတ်ပါတဲ့။
ကျင့်သုံးဖော်တွေနှင့် သီတင်းသုံးဖော်တွေကလဲ သာမန်ပုဂ္ဂိုလ်တွေ မဟုတ်ဘူးတဲ့၊ ရှင်သာရိပုတ္တရာ တို့, ရှင်မောဂ္ဂလာန်တို့ ဒါတွေ ကျင့်သုံးဖော်တွေပေါ့လေ၊ အဲဒီ ပုဂ္ဂိုလ်တွေမြင့်မြတ်ပုံ ငဲ့သော အားဖြင့်လဲ ကိုယ့်သီတင်းသုံးဖော်တွေက အမြင့်အမြတ်တွေ၊ ကိုယ်က ညံ့ဖျင်းကြီးဆိုရင် မကောင်း ဘူးပေါ့။
ကျောင်းတစ်ကျောင်းထဲကထွက်တယ်၊ ကျောင်းတစ်ကျောင်းထဲက နာမည်ကောင်းတဲ့လူတွေက နာမည်ကောင်းနေပြီး ကိုယ်ကနာမည်ပျက်တဲ့ ပုဂ္ဂိုလ်ဆိုရင် နေရာမကျဘူးပေါ့၊ ကိုယ့်အကြောင်း ပြုပြီး တခြားပုဂ္ဂိုလ်တွေလဲ ကဲ့ရဲ့စရာဖြစ်နေမယ်၊ တစ်မိထဲက တစ်ဖထဲသား တစ်အိမ်ထဲကလူ ညီအစ်ကိုမောင်နှမတွေက သူများတွေကထူးချွန်ပြီး ကိုယ်က အဖျင်းကြီး ဖြစ်နေရင် ဘယ်နေရာ ကျပါတော့မလဲ၊ အဲဒီလို ကျင့်သုံးဖော် ရှင်သာရိပုတ္တရာ, ရှင်မောဂ္ဂလာန်, ရှင်မဟာကဿပ အစ ရှိသော လုံ့လ ဝီရိယနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေ အဲဒါတွေလဲ၊ ငဲ့ပြီးသကာလ ကြိုးစားအားထုတ်ပါတဲ့၊ ဆိုရမယ်။
သာကီမျိုးတော်၊ ကျင့်သုံးဖော်၊ ရှုမျှော်ဆင်ခြင်ပါ။ (ထို-၃)
အဲ - ပျင်းတဲ့ပုဂ္ဂိုလ်, အားမထုတ်ချင်တဲ့ပုဂ္ဂိုလ်တွေ အဲဒါတွေလဲ ကြဉ်ပါတဲ့၊ ဇွဲကောင်းကောင်းနဲ့ အားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေလဲပဲ အဲဒါတွေကိုလဲမှီဝဲပါ၊ ယှဉ်ပါတဲ့၊ ဝီရိယသမ္ဗောဇ္ဈင် ဖြစ်အောင်လဲ အားထုတ်မှုလုံ့လ ဝီရိယဖြစ်အောင်လဲ စိတ် ကိုင်းညွတ်ထားပါတဲ့၊ သွားရင်း, လာရင်း, နေရင်း, ထိုင်ရင်း ဘယ်အချိန်မဆို လုံ့လဝီရိယ မလျှော့စေရဘူးတဲ့၊ တစ်ခါတည်း လေးလံတဲ့ ဝတ္ထုပစ္စည်း, ကွဲတတ်ပြဲတတ်တဲ့ ဝတ္ထုပစ္စည်းများကို မ, ထားသကဲ့သို့ လုံ့လဝီရိယဟာ မကျဘဲနဲ့ တင်းထားရမယ်၊ မောင်းတင် ထားရမယ်လို့ ဆိုလိုပါတယ်၊ ကဲ-ဆိုကြရှိမယ်။
ပျင်းသူကိုကြဉ်၊ ဇွဲကောင်းယှဉ်၊ ထိုတွင် စိတ်ညွတ်ရာ။ (ဆို-၃)
အဲဒါ ၁၁-ပါးရှိတယ်၊
၁။ အပါယ်ဘေး ဆင်ခြင်တာတစ်ခု၊
၂။ အာနိသင်ဆင်ခြင်တာကတစ်ခု၊
၃။ ဝိပဿနာလမ်းစဉ် ဆင်ခြင်တာတစ်ခု၊
၄။ ဆွမ်းအကျိုး တုန့်ပြန်တာတစ်ခု၊
၅။ အမွေခံမြတ်ကို ဆင်ခြင်တာတစ်ခု၊
၆။ ဆရာမြတ်ပုံ ဆင်ခြင်တာတစ်ခု၊
၇။ သာကီအမျိုး မျိုးရိုးဇာတိ မြတ်ပုံဆင်ခြင်တာကတစ်ခု၊
၈။ သီတင်းသုံးဖော်ဖြစ်တဲ့ ရှင်သာရိပုတ္တရာ, ရှင်မောဂ္ဂလာန်, ရှင်မဟာကဿပ စသည်တို့ကို ဆင်ခြင်တာကတစ်ခု၊
၉-၁၀။ ပြီးတော့ ပျင်းတဲ့လူကိုကြဉ်ခြင်း ဇွဲကောင်းတဲ့လူ, အားထုတ်တဲ့ပုဂ္ဂိုလ်ကိုမှီဝဲခြင်း၊ အဲဒါက ၂-ခု၊
၁၁။ ဝီရိယသမ္ဗောဇ္ဈင်ဖြစ်အောင် စိတ်ညွတ်ပြီးတော့ထားခြင်း၊ ဒါကတစ်ခု၊
အားလုံး ၁၁-ခုရှိတယ်၊ ဝီရိယပွားရန် ဝီရိယသမ္ဗောဇ္ဈင်ပွားဖို့ရာ ၁၁-တန် ထုတ်ပြန်ဋ္ဌကထာတဲ့၊ ကိုင်းဆို -
ဝီရိပွားရန် ၁၁-တန်၊ ထုတ်ပြန်ဋ္ဌကထာ၊ (ဆို-၃)
အဲဒီ ၁၁-ပါးသော အကြောင်းအရာတွေနဲ့ ပြည့်စုံအောင် တိုက်တွန်း အားထုတ်ပြီး သွားလို့ရှိရင် ဝီရိယသမ္ဗောဇ္ဈင် အစဉ်အတိုင်း ပွားပြီးတော့ အရိယမဂ်ဉာဏ်တွေ အစဉ်အတိုင်း ဆိုက်ရောက် ပြီးတော့ အရဟတ္တမဂ်ဉာဏ် ရောက်တဲ့အခါကျတော့ ဝီရိယပွားခြင်းကိစ္စ ကုန်သွားပါတယ်တဲ့၊ အဲဒီလို ပြည့်စုံသွားအောင် အားထုတ်ဖို့ရာပါပဲ၊ ဒီနေ့ တော်တော်ကြာသွားပြီ၊ ဒီနေ့ တော်တော် လွန်သွားပြီ၊ သိမ်းကြဦးစို့ရဲ့၊ နောက်ရက်တွေကျမှ ပီတိသမ္ဗောဇ္ဈင်ဆက်ပြီး ဟောရဦးမယ်။
ဤ ဗောဇ္ဈင်ဓမ္မာနုပဿနာတရားကို ရိုသေစွာ နာခံမှတ်သားရသော ဓမ္မသဝန ကုသိုလ်ကံစေတနာ၏ အစွမ်းအာနုဘော်တို့ကြောင့် ယခု တရားနာပရိသတ်ပေါင်း သူတော်ကောင်းတို့သည် မိမိတို့သန္တာန်၌ ဗောဇ္ဈင်တရားတွေ ပွားများအားထုတ်ကြ၍၊ ဆင်းရဲခပ်သိမ်းတို့၏ ငြိမ်းရာဖြစ်သော နိဗ္ဗာန်ချမ်းသာ မြတ်သို့၊ မိမိတို့ အလိုရှိအပ်သော မဂ်ဉာဏ်, ဖိုလ်ဉာဏ်ဖြင့် လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက် ပြုနိုင်ကြပါစေကုန်သတည်း။
သာဓု.... သာဓု.... သာဓု.... ။
ပီတိသမ္ဗောဇ္ဈင် တရားတော်
▬▬▬▬▬▬▬▬▬▬▬▬
၁၃၂၃-ခု၊ ဝါဆိုလဆုတ် ၈-ရက်နေ့။
သတိသမ္ဗောဇ္ဈင်၊ ဓမ္မဝိစယသမ္ဗောဇ္ဈင်၊ ဝီရိယသမ္ဗောဇ္ဈင်၊ ဗောဇ္ဈင် ၃-ပါး ပြီးသွားပြီ၊ ယနေ့ ပီတိသမ္ဗောဇ္ဈင် ဟောရမယ်။
သန္တံ ဝါ အဇ္ဈတ္တံ ပီတိ သမ္ဗောဇ္ဈင်္ဂံ အတ္ထိ မေ အဇ္ဈတ္တံ ပီတိသမ္ဗောဇ္ဈင်္ဂေါတိ ပဇာနာတိ၊ အသန္တံဝါအဇ္ဈတ္တံ ပီတိ သမ္ဗောဇ္ဈင်္ဂံ နတ္ထိ မေ အဇ္ဈတ္တံ ပီတိသမ္ဗောဇ္ဈင်္ဂေါတိ ပဇာနာတိ။
သန္တံ - ထင်ရှားရှိသော၊
အဇ္ဈတ္တံ ပီတိ သမ္ဗောဇ္ဈင်္ဂံ - မိမိသန္တာန်၌ ဖြစ်သော ပီတိသမ္ဗောဇ္ဈင်ကို၊
မေ - ငါ၏၊
အဇ္ဈတ္တံ - ကိုယ်တွင်း သန္တာန်၌၊
ပီတိသမ္ဗောဇ္ဈင်္ဂေါ - ပီတိသမ္ဗောဇ္ဈင်သည်၊
အတ္ထိ - ရှိ၏၊
ဣတိ - ဤသို့၊
ပဇာနာတိ - သိ၏၊
အသန္တံဝါ အဇ္ဈတ္တံ ပီတိ သမ္ဗောဇ္ဈင်္ဂံ နတ္ထိ မေ - ကိုယ်တွင်း သန္တာန်၌ ဖြစ်သော ပီတိသမ္ဗောဇ္ဈင် ထင်ရှား မရှိသည်ကိုလည်း၊
မေ - ငါ၏၊
အဇ္ဈတ္တံ - ကိုယ်တွင်းသန္တာန်၌၊
ပီတိသမ္ဗောဇ္ဈင်္ဂေါ - ပီတိသမ္ဗောဇ္ဈင်သည်၊
နတ္ထိ - မရှိ၊
ဣတိ - ဤသို့၊
ပဇာနာတိ - သိ၏။
ပီတိသမ္ဗောဇ္ဈင်ဖြစ်ရင် ဖြစ်မှန်း သိရမယ်၊ ပီတိသမ္ဗောဇ္ဈင် မဖြစ်ရင်လဲ မဖြစ်မှန်း သိရမယ်၊ ပီတိသမ္ဗောဇ္ဈင်ဆိုတာ ဖြစ်ခဲတယ်၊ သူက လွယ်လွယ်ကူကူလေး မဟုတ်ဘူး၊ ပီတိသမ္ဗောဇ္ဈင်က ဖြစ်ခဲတယ်၊ အဲ-တစ်နေ့က ပြောခဲ့တဲ့အတိုင်း ဗောဇ္ဈင်ဆိုတဲ့ တရားကိုက ဥဒယဗ္ဗယဉာဏ်က စပြီးတော့ ဖြစ်တာကိုး၊ ဥဒယဗ္ဗယဉာဏ်က စပြီးဖြစ်တယ်၊ ဥဒယဗ္ဗယဉာဏ် မရောက်သေးရင် ဒီဗောဇ္ဈင်တရားတွေဟာ မသိရသေးဘူး၊ မတွေ့ရသေးဘူးပေါ့၊ ဘာဖြစ်လို့ ဥဒယဗ္ဗယဉာဏ်ကမှစပြီး ဖြစ်ရသလဲဆိုရင် ဗောဇ္ဈင်ဆိုတဲ့ တရားက သာမာန်တရားတွေ မဟုတ်ဘူး၊ အောက်တန်းစား တရားတွေ မဟုတ်ဘူး၊ အထက်တန်းစား တရားတွေ၊ သစ္စာလေးပါး သိတဲ့သူ၏ အကြောင်းအင်္ဂါကို ဗောဇ္ဈင်ဟုခေါ်သည်၊ အစဆုံးမှာ ပေးခဲ့တယ်။
တစ်နေ့က ဆောင်ပုဒ်ရထားတဲ့ ပုဂ္ဂိုလ်တွေ တစ်နေ့က နာပြီးတဲ့ ပုဂ္ဂိုလ်တွေတော့ သိမယ်၊ ဒီ အထဲမယ် နည်းနည်းက ပါနေသေးတယ်၊ သို့သော် စာရွက်ကလဲ ဒီနေ့ပေးစရာ မရှိဘူး၊ ကုန်နေပြီ၊ သစ္စာလေးပါးသိသူ၏ အကြောင်းအင်္ဂါကို ဗောဇ္ဈင် ဟုခေါ်သည်၊ သစ္စာလေးပါး သိတဲ့ပုဂ္ဂိုလ်က ပါဠိလို ဗောဓိ-သိတယ်တဲ့၊ အင်္ဂ၊ ဗောဓိနှင့် အင်္ဂနှင့်တွဲလိုက်တော့ ဗောဇ္ဈင်္ဂ သစ္စာလေးပါးသိတဲ့ သူရဲ့ အကြောင်းအင်္ဂါဟာ ဗောဇ္ဈင်ပဲလို့၊ သစ္စာလေးပါးသိရင် ဒီတရားတွေနဲ့ ပြည့်စုံမှပဲ သိနိုင်တယ်။
အဲဒီတရားတွေနဲ့ ပြည့်စုံလို့ရှိရင် သစ္စာလေးပါးကို သိတယ်၊ အဲဒီတော့ ဒီသတိ အစရှိသော ၇-ပါးသော တရားတွေဟာ သစ္စာလေးပါး တရားသိသူ၏ အကြောင်းအင်္ဂါဖြစ်လို့ ဗောဇ္ဈင်လို့ ခေါ်ပါတယ်တဲ့၊ သစ္စာလေးပါး သိတာက အောက်ထစ်ဆုံးအားဖြင့် ဥဒယဗ္ဗယဉာဏ်ကစပြီး သိတာပဲ၊ သူ့ထက် အောက်ကျတဲ့ ဉာဏ်တွေကတော့ ပြောလောက် ဆိုလောက် မသိသေးဘူး ပေါ့လေ၊ အောက်မှ နာမရူပ ပရိစ္ဆေဒဉာဏ် - နာမ်ရုပ်ကို ပိုင်းခြားသိတယ်၊ သူလဲ ဒုက္ခသစ္စာတော့ ဒုက္ခသစ္စာပဲ၊ ဒါပေမယ်လို့ ပိုင်ပိုင်နိုင်နိုင် သိတာက မဟုတ်သေးဘူး။
ဥဒယဗ္ဗယဉာဏ် ကျတော့မှ ရုပ်တရား နာမ်တရားတွေ ဖြစ်တိုင်း ဖြစ်တိုင်း သိနေတော့ ရုပ်တရား နာမ်တရားတွေ၏ ဖြစ်မှုကိုလဲ သိတယ်၊ ပျက်မှုကိုလဲ သိတယ်၊ ရုပ်တရားတွေ ဖြစ်ပေါ်လာရင် ဖြစ်ပေါ်လာတာကိုလဲ သိတာပဲ၊ ပျက်သွားတော့လဲ သွားတာကို သိတာပဲ၊ မှတ်တိုင်း-မှတ်တိုင်း အစနဲ့အဆုံးနဲ့ အပိုင်း အပိုင်းကလေးတွေဖြစ်ပြီး ပျောက်သွား၊ သိပြီး ပျောက်သွား အဲဒီလို သိနေတော့ ဖြစ်ပေါ်လာတာက ဇာတိ ဒုက္ခပဲ၊ ပျောက်သွားတာကတော့ မရဏ ဒုက္ခ ပဲ၊ အဲဒီတော့ ဖြစ်ခြင်း ပျက်ခြင်းတည်း ဟူသော ဒုက္ခတွေ ဒီကစပြီး သိလာတာတဲ့၊ အဲဒီ ဒုက္ခတွေသိတော့ ဒီ ဒုက္ခတွေနဲ့ စပ်ပြီးတော့ သာယာမည့် တဏှာတွေလဲငြိမ်းတယ်၊ သမုဒယကိုလဲ သိသွားတယ်တဲ့။
သမုဒယငြိမ်းသွားတော့ သမုဒယ ဆက်သွယ်ခြင်းကင်းတဲ့ ဆင်းရဲ ဒုက္ခတွေလဲ မဖြစ်ရတော့ဘူး၊ သူမဖြစ်ဘဲငြိမ်းသွားတာ၊ နိဗ္ဗာန်ကို မျက်မှောက်ပြု နေတာပဲ၊ မှတ်တိုင်း, မှတ်တိုင်း သိနေတာက မှတ်တိုင်း, မှတ်တိုင်း ဖြစ်ပေါ်လာတာပဲလို့ သိတယ်၊ ပျက်သွားတာကိုလဲ သိတယ်၊ မမြဲတာလဲ သိတယ်၊ မမြဲလို့ဆင်းရဲတယ်ဆိုတာလဲ သိတယ် ပုဂ္ဂိုလ် သတ္တဝါ မဟုတ်တဲ့ သဘောတရားမျှ ဆိုတာကိုလဲ သိတယ်၊ အဲဒီလို အမှန်အတိုင်း သိနေတာတွေက ဒါက ဝိပဿနာ သမ္မာဒိဋ္ဌိပဲ ဝိပဿနာ သမ္မာဒိဋ္ဌိ အမှူးရှိတဲ့ ဝိပဿနာမဂ္ဂင် တရားပေါ့၊ မဂ္ဂင်သစ္စာ တရားတွေပဲ၊ ဒါကြောင့် ဥဒယဗ္ဗယဉာဏ်က စပြီးတော့ သစ္စာလေးပါးတရားကို သိတယ်။
အဲဒီလို သစ္စာလေးပါးတရား သိခြင်းအကြောင်းတွေကလဲ ဒီကစပြီးတော့ပြည့်စုံတာ၊ ဒါကြောင့်မို့ သစ္စာလေးပါးသိသူ၏ အကြောင်းအင်္ဂါကို ဗောဇ္ဈင်ဟုခေါ်သည်၊ တစ်နည်းအားဖြင့် သစ္စာလေးပါး သိတယ်လို့ ဆိုတာ သိတဲ့ပုဂ္ဂိုလ်လို့ဆိုတာ တင်စားပြောရတာပဲ၊ ပရမတ္တအားဖြင့် သိတဲ့ပုဂ္ဂိုလ်ရယ်လို့ မရှိဘူး၊ သိသော တရားအပေါင်းပဲရှိတယ်၊ အကြောင်းညီညွတ်တဲ့ အခါကာလမှာ သတိ ဓမ္မဝိစယ အစရှိသော တရားတွေ စုပေါင်းပြီး ညီညွတ်ပြီးတော့ သိလို့ရှိရင် သစ္စာလေးပါးတရားကို သိသိပြီး သွားတယ်၊ မှတ်တိုင်း မှတ်တိုင်း တစ်မှတ်ပြီး တစ်မှတ်၊ မှတ်တိုင်း မှတ်တိုင်း, တစ်မှတ် တစ်ခါ တစ်မှတ်တစ်ခါ သိတယ်၊ အဲဒါ သိမှုအပေါင်းလဲရှိတယ်၊ သစ္စာလေးပါသိမှု အပေါင်းရဲ့ အစိတ်အပိုင်း သစ္စာလေးပါးသိမှုထဲက တစ်စိတ်ပေါ့လေ၊ ၇- ခုစုမိတဲ့အခါ သိတာကို ၇-ခုထဲက တစ်စိတ် အစိတ်အပိုင်း၊ ဒါကြောင့် သစ္စာလေးပါးသိမှု၏ အစိတ်အပိုင်းကိုလဲ ဗောဇ္ဈင်ဟု ခေါ်သည်၊ တစ်နေ့က ဆောင်ပုဒ်ကလေး ရေးထားတယ်။
အဲဒါကြောင့် သစ္စာလေးပါး သိတဲ့ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါမှာ သစ္စာလေးပါးသိမှု၏ အစိတ်အပိုင်း တရားတွေ ဆိုတာက ဥဒယဗ္ဗယဉာဏ်မှ စပြီးတော့ဖြစ်တော့ ဒီပီတိကလဲ အဲဒီကမှ စပြီး ကောင်းကောင်းဖြစ်တာပဲ၊ ဒါပေမယ်လို့ ဒီ မရောက်သေးတဲ့ ပုဂ္ဂိုလ်တွေတော့ ဒီပီတိသိရှိဖို့ နည်းနည်း ခဲယဉ်းတယ်၊ ဒါကြောင့် ကျမ်းဂန်တွေက လာပေမယ်လို့ ခပ်လွယ်လွယ်ကလေးပဲ ပြတယ် ယခု ဘုန်းကြီးဟောမှာ ခပ်လွယ်လွယ်တွေ ပါလာလိမ့်မယ်။
အဲဒီ ဥဒယဗ္ဗယဉာဏ် ရောက်တဲ့ အခါကာလကျတော့ မှတ်စရာအာရုံ ကာလတွေကလဲ သူ့အလိုလိုပဲ စိတ်ပေါ်မှာ လာဖြစ်ပေါ်လာနေသလို ဖြစ်နေတယ်၊ မှတ်စရာ အာရုံကလေးတွေ ပထမရှုခါစ ပုဂ္ဂိုလ်တွေက ဖောင်းတယ်၊ ပိန်တယ် ဒါလေး ၂-ခုကို တော်တော်ကြီးပဲ ဂရုစိုက် ရှုနေရတယ်၊ ဒါကကိုပဲ အခန့်မသင့် မေ့နေတာတွေ ရှိတယ်၊ တခြား စိတ်တွေ ထွက်သွားရင်လဲ အဲဒါမမှတ်မိဘဲနဲ့ တော်တော်ကြာမှစိတ်တွေ ဟိုရောက်နေပါလားလို့ အမှတ်ရတယ်၊ ဒီတော့ နောက်ကျနေတယ်၊ ဒီကနေပြီး လက်ကလေး, ခြေကလေးကွေး လှုပ်ရှားလိုက်ပြန်လဲ အဲဒါမမှတ်မိဘူး၊ မေ့သွားပြန်ပြီ၊ အဲဒီလို မမှတ်မိတာတွေကများတယ်၊ မြင်တာတွေ ကြားတာတွေဆိုတာတော့ တော်တော့ကို မမှတ်မိတာပါပဲ။
စ ခါစပုဂ္ဂိုလ်တွေက တော်တော် မမှတ်မိဘူး၊ အဲဒီ ဥဒယဗ္ဗယဉာဏ် ရောက်လာတဲ့ အခါကာလ ကျတော့ မှတ်စရာအာရုံ ကကလေးတွေက သူ့ဟာ သူပေါ်လာတယ်၊ (သူ့မှတ်ပါဦး-၂) (သူ့ရှုပါဦး-)လို့ အသိခံသလိုပဲ ဝင်ဝင်ပြီးတော့ အသိခံသလို, အသိဉာဏ်မှာ ထိုးပြီးဝင်လာသလို ပေါ်လာတယ်၊ ဒါမှတ်သိမှုကလဲ ကြောင့်ကြ မစိုက်ရဘဲနဲ့ သူ့အလိုလို သိတယ်၊ ပေါ်လာရင်း သိသွားတာပဲ၊ အဲဒီလို သိစရာအာရုံကလဲ အလိုလိုပေါ်၊ မှတ်သိမှု သတိကလေးကလဲ မှတ်ရမည့် သတိလေးကလဲ သူ့အလိုလို ဖြစ်ပြီးတော့ သိသိသွားတယ်၊ မှတ်ရမှုသတိဖြစ်တော့ မှတ်ရတဲ့အာရုံမှာ စိတ်တည့်ပြီး သမာဓိလဲဖြစ်တယ်၊ အဲဒီလို အခါကာလမှာ ပီတိသမ္ဗောဇ္ဈင် တရားတွေလဲ ဖြစ်ပါတယ်တဲ့။
ပီတိသမ္ဗောဇ္ဈင် ဖြစ်စရာ အကြောင်းတွေကလဲ ဒီမှာရှိတယ်၊ အစတုန်းက အင်မတန် ခက်ခက်ခဲခဲ မှတ်နေရတာ၊ ယခု လွယ်လွယ်လေး မှတ်လို့က ကောင်းလာတာကို၊ ထူးထူးခြားခြား ကလဲသိရတယ်၊ အရောင်အလင်းတွေလဲ ပေါ်ကြပါတယ်၊ အရောင်အလင်းတွေ တစ်ချို့နည်းနည်း, တစ်ချို့များများ တော်တော် ထင်ထင်ရှားရှားပဲ ပေါ်ကြပါတယ်၊ အရောင်အလင်းတွေ ကလဲဖြစ်၊ တစ်ချို့ကတော့ ကိုယ်တိုင်က အရောင်အလင်းတွေက မတွေ့ဘူး၊ တွေ့ကြုံသူများ အရောင်အလင်း တွေ့တာဟာ စိတ်ကူးတွေ့လို့ တစ်ချို့က ပြောကြတယ်၊ သူတို့မှ တွေ့မှမတွေ့ဘဲ၊ သူတို့မတွေ့တာနဲ့ သူများ တွေ့တာတွေကို စိတ်ပျက်အောင် ပြောကြတယ်။
အဲဒါ အရောင်အလင်းတွေ တွေ့တဲ့ဥစ္စာ စိတ်ကူးတွေပါပဲ ဒီဥစ္စာတွေက မှော်သဘောမျိုးပါပဲ, ဘာသဘောမျိုးပါပဲနဲ့ စိတ်ပျက်အောင်လို့ ဒီလို လုပ်ပြောတတ်ကြတယ်၊ အဲဒီလိုပြောတဲ့ ပုဂ္ဂိုလ်တွေ ကလဲ ရှိရတယ်၊ သူတို့ အားမထုတ်ဘူး၊ သူတို့ အားထုတ်ပြန်လဲ ဒီလောက်ရောက်အောင် သူတို့ အားမထုတ်ဘူး၊ သူတို့ကမသိတော့ သူများသိတယ် ဆိုတာကို သူတို့မယုံဘူး၊ အဲဒီတော့ သူများက သိတယ်ဆိုတော့ ကိုယ့်ထက်ကလဲ သာနေတော့ အဲဒါတွေ မကြိုက်လို့ အဲဒါသူတို့က ပျက်ပျယ် အောင်လုပ်ပြီးတော့ ဖျက်ပြီးတော့ ပြောတတ်ကြတယ်၊ ဘယ်က စိတ်ကူး ဟုတ်ရမှာလဲ သူ့ဟာသူ ပေါ်လာတာ၊ စိတ်ကူးလို့ ကူးကြည့်စမ်းပါဦး၊ ကိုယ်ပဲကူးကြည့်ပါဦး၊ သူများကူးလို့ သူများထင်တယ် လို့ ပြောတဲ့ ပုဂ္ဂိုလ်ကို ကူးကြည့်စမ်းပါ၊ စိတ်ကူးလို့ သူအလိုလို အရောင်အလင်း ဖြစ်ပေါ်မလားလို့ မပေါ်ပါဘူး။
သူ့သမာဓိနဲ့ သူ့အသိဉာဏ်နဲ့ သူ့အဆင့်ရောက်မှ ဖြစ်တာ၊ ပေါ်ချင်တိုင်းလဲ ပေါ်တာ မဟုတ်ဘူး၊ အဲဒီ အရောင်အလင်းတွေ တွေ့ဖူးတဲ့ ပုဂ္ဂိုလ်တောင်မှ သူ့နေရာနဲ့သူ တွေ့တာ၊ သူ့နေရာ မဟုတ်တဲ့ အခါကျတော့ စဉ်းစားလို့ စိတ်ကူးလို့လဲ မရဘူး၊ သူ့နေရာနဲ့သူပေါ်တာ၊ ပေါ်ချင်တိုင်းပေါ်လို့ ရတာ မဟုတ်ဘူး၊ သူ့အဆင့်အတန်းနဲ့သူ ပေါ်လို့ရတာ အဲဒါ ဒီဥဒယဗ္ဗယ ဉာဏ်လောက် ရောက်တဲ့ အခါကာလကျတော့ အရောင်အလင်းတွေကလဲ ပေါ်တယ်၊ ပီတိတွေဖြစ်တယ်၊ အင်း ပီတိကလဲ ကိုယ်တိုင်တွေ့မှ သိတယ်၊ ကိုယ်တိုင် မတွေ့ဘူးရင် မသိဘူး။
ပီတိဆိုတာ သမ္ပိယာယနလက္ခဏ ပီတိအားဖြင့် နှစ်သိမ့်ခြင်း, ရောင့်ရဲခြင်း, အားရခြင်းဟာ သူ့လက္ခဏာပဲတဲ့၊ ဒီကလေးများ ကလေးသူငယ် ကလေးတွေများ ဆိုလို့ရှိရင် ပိုက်ဆံလေး အနည်းငယ်ရရင် ဝမ်းသာတာပဲ၊ အားရတယ်၊ အဖေ အမေတွေက ပေးလို့ဖြစ်ဖြစ်၊ ဆွေမျိုးတွေက ပေးလို့ပဲဖြစ်ဖြစ်၊ အဲဒါအနည်းငယ် ပေးလိုက်ရင်ဖြင့် သူတို့မှာ ဝမ်းသာလို့, အားရလို့ နည်းနည်း ကလေးဆိုရင် တော်တော်ကြီးကြီး ပုဂ္ဂိုလ်တွေကျရင် နည်းနည်းကလေးနဲ့ အားမရကြဘူး၊ တော်တော်များများမှ အားရတယ်၊ အများကြီးရလေလေ သူကအားရလေလေပဲ။
အဲဒီလို လောကဘက်ကနေ ကြည့်တော့ ကိုယ်အလိုရှိအပ်တဲ့အတိုင်း အာရုံလေးတွေ ရတဲ့ အခါ ကျတော့ နှစ်သိမ့်အားရ ဝမ်းမြောက်တဲ့ သဘောတွေဖြစ်တယ်၊ အဲဒါ ပီတိတွေပဲ၊ ဒါပေမယ်လို့ လောကဘက်က နှစ်သိမ့်အားရ ဝမ်းမြောက်တာကတော့ ဒါက ဗောဇ္ဈင်က ဒီလိုမဟုတ်ပါဘူး၊ အများနားလည်အောင်လို့ ပြောရတာ၊ ဒါကတော့ကို လောဘနဲ့ယှဉ်တဲ့ ပီတိတွေပဲ၊ အကုသိုလ် ပီတိတွေ လောဘနဲ့ယှဉ်တဲ့ အကုသိုလ်ပီတိတွေဖြစ်တယ်၊ သူက အားကြီးကြီးဖြစ်တဲ့ အခါကာလ သူကလဲ ထင်ရှားတယ်၊ အဲဒါ တစ်ချို့ပီတိတွေ အလွန်အကျွံဖြစ်ပြီး သကာလ သေတယ်လို့တောင် ပြောသံကြားဖူးတာပဲ၊ တစ်ချို့ တစ်ခါတည်း လောင်းကစားတွေ လုပ်ထားတာ ကိုယ်လောင်းတာက နိုင်ပြီဆိုတဲ့ အနေ သိရတော့ တစ်ခါတည်း ဝမ်းကိုသာပြီး ဝမ်းသာလုံးဆို့ပြီး တစ်ချို့သေတယ်လို့ ပြောတာပဲ၊ အဲဒါပြောသံကြားတာပဲ၊ ဘုန်းကြီး တွေ့တော့ မတွေ့ဖူးဘူး။
အဲဒါ လောကဘက်က ဝမ်းသာတာတွေရှိတယ်၊ ဒီပီတိတွေပဲ၊ ဒီတရားဘက်က ဝမ်းသာတာတွေ ဟာလဲ ပီတိတွေပါပဲ၊ ကုသိုလ်ကောင်းမှုတွေနဲ့စပ်ပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်ရတာတွေရှိတယ်၊ ဘုရား တရား သံဃာတော်ကို အကြောင်း ပြုပြီးတော့ မိမိတို့ပြုတဲ့ ကုသိုလ်ကို အကြောင်း ပြုပြီး တော့ ကောင်းမှုတွေ အကြောင်း ပြုပြီးတော့ ဝမ်းမြောက် ဝမ်းသာတွေ ဖြစ်ရတယ်။
ယခုလိုတရားဟော - တရားနာနေတဲ့ အခါကာလတွေမှာလဲ ဝမ်းမြောက်ဝမ်းသာ ပီတိတွေ ဖြစ်တယ်၊ မြတ်စွာဘုရား ဟောကြားတော်မူတဲ့ တရားတွေကို ကြားရ နာရလို့ရှိရင် ပီတိတွေ ဖြစ်တယ်၊ ဘုရားဟောတော်မူတဲ့ တရားတွေများ အနက်အဓိပ္ပာယ် မသိနဲ့ဦးတော့ ကြည်ညိုဘွယ် ဖြစ်တဲ့ သာသာယာယာ အသံနဲ့ သာသာယာယာ ဆိုပေမဲ့ သီချင်းသံတော့ မဟုတ်ပါဘူး၊ ခံ့ခံ့ ညားညား သာသာယာယာ အသံနဲ့ ရွတ်ဖတ်ပြီးနေတာတွေ ကြားရလို့ရှိရင် ပီတိတွေဖြစ်တယ်။
မြတ်စွာဘုရား ဟောတော်မူတဲ့ ဒီဓမ္မစကြာ တရားတွေ ဆိုပါတော့၊ အဲဒါတွေကို သန့်သန့်ရှင်းရှင်း ပီပီသသ ရွတ်ဖတ်နေတာ ကြားရရင်ကိုသဒ္ဓါတရား အားကောင်းတဲ့ပုဂ္ဂိုလ်တွေမှာ ပီတိဖြစ်တယ်၊ တရားဟောတဲ့အခါ ကာလတွေမှာလဲ ပီတိဖြစ်တယ်၊ အခုနက ရွတ်တဲ့ ပါဠိမျိုးတွေ မြတ်စွာဘုရားဟောတဲ့ တရားတွေ -
သန္တံ ဝါ အဇ္ဈတ္တံ ပီတိ သမ္ဗောဇ္ဈင်္ဂံ အတ္ထိ မေ အဇ္ဈတ္တံ ပီတိ သမ္ဗေဇ္ဈင်္ဂေါတိ ပဇာနာတိ။
အသန္တံ ဝါအဇ္ဈတ္တံ ပီတိ သမ္ဗောဇ္ဈင်္ဂံ နတ္ထိ မေ အဇ္ဈတ္တံ ပီတိ သမ္ဗောဇ္ဈင်္ဂေါတိ ပဇာနာတိ။
အဲဒီလို ပါဠိကြားရုံနဲ့လဲ စိတ်ထဲမှာ တစ်ခါတည်း နှစ်သိမ့်အားရပြီး ဒီပီတိတွေက ဖြစ်တတ်တယ်၊ သူက နှစ်သိမ့် ရောင့်ရဲတဲ့ သဘောပဲ၊ ဝမ်းမြောက်တဲ့ သဘောပါပဲ၊ ဒါ သူ့လက္ခဏာပဲ၊ ဖရနရသ ပီတိသည် ဖရနရသ ပျံ့နှံ့စေခြင်းကိစ္စ ရှိသည်၊ ပီတိဟာ နှစ်သိမ့်အားရမှုကလေး ဖြစ်လိုက်လို့ရှိရင် ကိုယ်ထဲမှာ ရုပ်ကောင်း ရုပ်သန့်တွေ ပျံ့နှံ့စေပါတယ်၊ တစ်ကိုယ်လုံး တစ်ခါတည်း နွေးကနဲအေးကနဲ တစ်ကိုယ်လုံး ပျံ့ပြီးသကာလ ထင်ရှားတစ်ကိုယ်လုံး စိမ့်စိမ့် ဖြစ်တတ်ပါတယ်၊ ဒါဥဒယဗ္ဗယ ဉာဏ်ရောက်ရင် သိပ်ထင်ရှားတယ်။
ဥဒယဗ္ဗယဉာဏ် ရောက်တဲ့ အခါကာလ ဒီပီတိတွေဖြစ်တယ်၊ တစ်ခါတရံ ခေါင်းကနေပြီး ကိုယ်ထဲမှာ သက်ဝင်ပြီး ပျံ့လာတဲ့အခါ တစ်ခါတည်း ဘယ်လိုဖြစ်လာသလဲ မသိဘူး၊ တစ်ကိုယ်လုံး ပျံ့သွားတယ်။ဖျင်းကနဲဆို တစ်ခါတည်း တစ်ကိုယ်လုံး ပျံ့ပြီး သွားတတ်ပါတယ်၊ တစ်ခါတရံ အောက်ပိုင်းကဖြစ်ပြီး တက်လာတတ်ပါတယ်၊ အောက်ပိုင်းကနေ တက်လာတာ ရှိတယ်၊ အထက်ပိုင်းကနေ ဆင်းလာတာရှိတယ်၊ အင်း-ကိုယ်ထဲမှာ တငြိမ့်ငြိမ့် တစိမ့်စိမ့်နဲ့၊ ဖျိုးဖျိုး ဖျင်းဖျင်းနဲ့ တစ်ခါတည်း ကိုယ်ထဲဖြစ်လာလိုက်တာဆိုတာ ဘယ်လိုဖြစ်မှန်းရယ်လို့ မပြောတတ်ဘူး။
အဲဒီ ပီတိတွေဟာ ပီတိဇရုပ်တွေ တစ်ကိုယ်လုံး ပျံ့သွားတာပဲ၊ ပီတိကတော့ ဘယ်ကနေ ဖြစ်လဲစိတ်က- နှလုံးကဖြစ်တာပါပဲ၊ ရှုမှတ်တဲ့ စိတ်ကလေးကနေပြီး ရှုမှတ်တိုင်း, ရှုမှတ်တိုင်း ပကတိရုပ်ကို ရှုမှတ်လဲ ရုပ်ကနေ ဖြစ်တာတဲ့၊ နာမ်ကိုရှုမှတ်လဲ နာမ်ကနေပြီး ဖြစ်တာပဲတဲ့၊ ဖြစ်ရာ- ဖြစ်ရာကနေပြီး ရှုရှုရာကနေပြီးတော့ဖြစ်တာ။
ယတော ယတော သမ္မသတိ၊ ခန္ဓာနံ ဥဒယဗ္ဗယံ လဘတေ ပီတိပါမောဇ္ဇံ အမတံ ဝိဇာနတံ၊
(ရှုနည်းကျမ်း ဒုတွဲ ၁၈၆ မှ)
ယတော-ယတော - အကြင် အကြင် ရုပ်အဖို့ နာမ်အဖို့မှ၊
ခန္ဓာနံ - ခန္ဓာတို့၏၊
ဥဒယဗ္ဗယံ - ဖြစ်ခြင်း ပျက်ခြင်းကို၊
သမ္မသတိ - သုံးသပ် ရှုမှတ်၏၊
တတောတတော - ထိုထို သုံးသပ်တိုင်း ရှုမှတ်တိုင်း၌ ရုပ်အဖို့ နာမ်အဖို့တို့မှ၊
ပီတိပါမောဇ္ဇံ - နှစ်သိမ့်အားရခြင်း ဝမ်းမြောက်ခြင်းကို၊
လဘတိ - ရလေ၏၊
တံ - ထိုနှစ်သိမ့်အားရ ဝမ်းမြောက်ခြင်းသည်၊
ဝိဇာနတံ - ရုပ်နာမ်၏ အဖြစ်အပျက်ကို သိမြင်ကုန်သော ယောဂီပညာရှိတို့၏၊
အမတံ - အမြိုက် နိဗ္ဗာန်ကြီးပါပေတည်း။
မြတ်စွာဘုရားက ဓမ္မပဒမှာ ဟောထားတယ်၊ ဥဒယဗ္ဗယဉာဏ် ရောက်တဲ့အခါ ကာလကြတော့ မှတ်ရာကနေပြီးတော့ ပီတိတွေ ဖြစ်နေတယ်၊ ဖောင်းတယ် မှတ်လိုက်ရင် အဲဒီကလဲပဲ ပီတိရှင်းကနဲဆို ဖြစ်ဖြစ်လာတယ်၊ ပိန်တယ် မှတ်လိုက်လဲ ဒီဟာ ဖြစ်တာပဲ၊ လမ်းလျှောက်နေရင်းဆို ကြွတယ်ဆို မှတ်လိုက်၊ လှမ်းတယ် မှတ်လိုက်လဲဖြစ်တယ်၊ ချတယ် မှတ်လိုက်လဲဖြစ်တာပဲ၊ ကွေးတယ်မှတ်လဲဖြစ်၊ ဆန့်တယ်မှတ်လဲဖြစ်၊ မှတ်ရာ မှတ်ရာက နေပြီးတော့ ပီတိတွေဖြစ်နေတာ ကိုယ်ထဲမှာတစ်ခါတည်း ဖျင်းကနဲ ဖျင်းကနဲ (စိမ့်ကနဲ-၂) (ငြိမ့်ကနဲ-၂) ပီတိတွေ တစ်ခါတည်းပျံ့ပြီ၊ ပီတိရဲ့အစွမ်းကြောင့် ရုပ်တွေကပျံ့ပြီ၊ ဒီလိုဖြစ်နေတယ်၊ (ရှုတိုင်း-၂) သော (စိတ္တုပ္ပါဒ်တိုင်း-၂) ကနေပြီးတော့ (မှတ်ချက်တိုင်း-၂) ကနေပြီးတော့ ပီတိတွေ ဖြစ်နေပါတယ် တဲ့၊ နှစ်သိမ့် အားရမှုတွေ ဖျိုးဖျင်းဖျင်းတွေ ဖြစ်နေပါတယ်တဲ့။
အဲဒါဟာ ဒီလိုရှုလို့ အားထုတ်လို့ ဖြစ်ဖူးတဲ့ပုဂ္ဂိုလ်မှ သိမှာ၊ ဒါတော့ မဖြစ်ဘူးတဲ့ ပုဂ္ဂိုလ်ကတော့ ယခုပြောနေတာ ဘာမှန်းသိမှာကို မဟုတ်ဘူး၊ ယခု ပြောနေတာ ဘာမျှမသိဘူး၊ သူက တရားကအခက်ကြီးပဲ၊ ကိုယ်မတွေ့ဘူးရင် ခက်တယ်၊ တရားမပြောနဲ့တော့ ဒီပြင်ဟာတွေလဲ ခက်တာပါပဲ၊ မတွေ့ဘူးရင် မစားဘူးသေးတဲ့ မုန့်တစ်ခုရဲ့ အရသာကို မစားဘူးသေးတဲ့ ပုဂ္ဂိုလ်ကဘယ်သိမလဲ၊ စားမှ မစားဘူးပဲနဲ့ စားဖူးတဲ့ ပုဂ္ဂိုလ်မှသိတယ်၊ မစားဘူးတဲ့ပုဂ္ဂိုလ်က မသိဘူး။
အဲဒီလိုပဲ ပီတိကလေးကို ဖြစ်ဖူးမှ သိတာပါပဲ၊ စာထဲပေထဲမှာတော့ ဒီပီတိ အကြောင်းတွေ, ချီးကျူးတာတွေ, အများကြီး ရှိတာပေါ့၊ ဒါတွေပြောတဲ့ ပြောတတ်ပါတယ်၊ ဟောလဲ ဟောတတ် ပါတယ်၊ ဟောတတ်ကြပါတယ်၊ ကိုယ့်မှာ ဖြစ်ဖူးကြပလား ဆိုရင်တော့ အားမထုတ်ဘူးတဲ့ ပုဂ္ဂိုလ်က မဖြစ်ဘူး၊ အားထုတ်ပြန်လဲ တော်ရုံတန်ရုံ အားထုတ်ရုံလဲ မဖြစ်ပါဘူး၊ ဒီနေရာ ရောက်လာမှလဲ ဖြစ်တာ ဥဒယဗ္ဗယဉာဏ် ရောက်မှဖြစ်တယ်၊ ရှုတိုင်း မှတ်တိုင်း ပီတိ - ပီတိပါမောဇ္ဇ တရား တွေလဲဖြစ်ပါတယ်၊ အဲဒီဟာ အမြိုက်နိဗ္ဗာန် ရောက်ကြောင်းဖြစ်လို့ ယောဂီပုဂ္ဂိုလ်တွေရဲ့ အမြိုက် နိဗ္ဗာန်ကြီး ဖြစ်ပါတယ်တဲ့။
ယောဂီပုဂ္ဂိုလ်တွေမှာ ရှေ့အဖို့ကတော့ ပင်ပင်ပန်းပန်း အားထုတ်ခဲ့ရတယ်၊ ဒီနေရာ ရောက်သွားတဲ့ အခါ တစ်ခါတည်း ပီတိပါမောဇ္ဇ တွေနဲ့ အင်မတန်ကို သက်သာခွင့် ရနေတယ်၊ နှစ်သိမ့် အားရပြီးတော့ သကာလ အင်မတန်ကို သက်သာခွင့်ရပြီးတော့ သွားပါတယ်၊ အဲဒီတော့ ဒီလို အားရပြီးတော့ သွားခဲ့တဲ့အတွက် ရှေ့ဆက်ပြီးတော့ အားထုတ်ဖို့ရာ ဒီပုဂ္ဂိုလ်အတွက် မခဲယဉ်းဘူး၊ အကယ်၍သာ ဒီလို အားရစရာသာ မတွေ့လို့ရှိရင် ရှေ့ဆက် အားထုတ်ဖို့ရာ ခက်တယ်။
တောင်များ တက်ရတဲ့အခါမှာ နေကလဲပူ၊ တောင်ကလဲမြင့် ဆိုရင် တောက်လျှောက် တစ်လျှောက်တည်း တက်သွားရမယ်ဆိုရင် တော်တော် ခက်တာပေါ့ သို့သော်လဲပဲ အဲဒီလို ခရီးလမ်း ရှည်တဲ့ နေရာကျတော့ လမ်းစခန်းမှာ သစ်ပင်ဖြစ်စေ, ဆောက်ထားတဲ့ အဆောက်အဦး ဖြစ်စေ နားစရာ၊ နေစရာလေး ရှိတတ်တယ်၊ အဲဒီနားစရာ နေစရာလေးမှာ အမောအပန်းဖြေ နားပြီးတော့မှ တက်လို့ရှိရင်တော့ တက်လို့ပြုလို့ လွယ်တာပေါ့လေ။
အဲဒီလိုပဲ ဒီဥဒယဗ္ဗယဉာဏ် ရောက်တဲ့ အခါကာလ ဒီပီတိနဲ့ သွားပြီးတော့ တွေ့တဲ့အခါမှာ အားတွေ တစ်ကိုယ်လုံး ပြည့်သွားတယ်၊ လမ်းခုလပ်မှာ နားစရာ စခန်းလေးကို ရောက်မယ်ဆိုရင် တရား ဆုံးအောင် တရားအားထုတ်ဖို့ ခတ်ခက်ခက်ပဲ၊ တရားအားထုတ်ရတာ လွယ်တာမဟုတ်ဘူး၊ ဟောဒီ နေရာကလေး ရောက်ပြီး စိတ်တွေက တစ်ခါတည်း အားတက်ပြီးတော့ တစ်ခါတည်း ရှေ့ကို ဆရာ သမားတွေက တိုက်တောင် မတိုက်တွန်းရဘူး၊ သူ့ဟာသူ အားထုတ်ချင်တဲ့စိတ်တွေ တစ်ခါတည်း ပြင်းပြင်းထန်ထန် ဖြစ်ပြီးတော့ တကယ် အားထုတ်သွားတာပါပဲ၊ အင်မတန်နေရာကျတယ်။
ဒါကြောင့်မို့ ဥဒယဗ္ဗယဉာဏ်နဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်တွေဆိုရင် အဖြစ်အပျက်တွေနဲ့ ဥဒယဗ္ဗယဉာဏ်နဲ့ ပြည့်စုံတဲ့ ယောဂီပညာရှိတွေရဲ့ အမြိုက်နိဗ္ဗာန်ပဲတဲ့၊ အဲဒီ အမြိုက်နိဗ္ဗာန် မရောက်ဘူးတဲ့ ပုဂ္ဂိုလ် တွေလဲ ရောက်ဖူးအောင်လို့ အားထုတ်ဖို့လို့ ပေါ့လေ၊ အဲဒီပီတိတွေ ဖြစ်လို့ရှိရင် တစ်ကိုယ်လုံး ဖျိုးဖျိုး ဖျင်းဖျင်းနဲ့ ပျံ့ပြီးသကာလ နေလို့ထိုင်လို့လဲ အင်မတန်ကောင်းပါတယ်၊ ပီတိဟာ ငါးမျိုးရှိပါတယ်။
၁။ ခုဒ္ဒိကာပီတိ,
၂။ ခဏိကာပီတိ,
၃။ သြက္ကန္တိကာပီတိ,
၄။ ဥဗ္ဗေဂါပီတိ,
၅။ ဖရဏာပီတိလို့ ငါးမျိုးရှိတယ်။
ခုဒ္ဒိကာပီတိ ဆိုတာကတော့ တစ်ကြိမ်တစ်ခါဖြစ်ပြီး ပျောက်သွားတယ်၊ မကြာဘူး သူကတော့ ခဏလေးပဲ။
ခဏိကာပီတိဆိုတာကတော့ ထပ်ကာထပ်ကာ ဖျိုးဖျိုးဖျင်းဖျင်းတွေ ထပ်ကာဆက်ပြီးတော့ ၁-ကြိမ်၊ ၂-ကြိမ်၊ ၃- ကြိမ်၊ ၄-ကြိမ်၊ ၅-ကြိမ် ဆက်ပြီးတော့ ဖြစ်သွားတယ်၊ ဒါလဲ မကြာခင် ပျောက်သွားတယ်၊ အကြာကြီးတော့ မတည်ဘူး။
သြက္ကန္တိကာပီတိဆိုတာကတော့ အခုနကပြောခဲ့တဲ့အတိုင်း အောက်ကဖြစ်စေ, အထက်ကဖြစ်စေ ဖျိုးဖျိုးဖျင်းဖျင်းနဲ့ ကိုယ်ထဲမှာ သက်ဝင်ပြီးတော့လာတာ၊ ဘယ်လိုများ ဖြစ်သွားမှန်းမသိဘူး၊ ဖြစ်ရင်းဖြစ်ရင်းနဲ့ အတော်ကြာ၊ တော်တော်ကြာတော့ကို ဟာပြီးရှင်းပြီး နေကောင်းထိုင်ကောင်း ဖြစ်သွားတယ်၊ အဲဒါ တစ်ကိုယ်လုံး သက်ဝင်ပြီးတော့နေတာ၊ သြက္ကန္တိကာပီတိတဲ့။
ဥဗ္ဗေဂါပီတိဆိုတာကတော့ ကိုယ်လက်အင်္ဂါ တစ်စိတ်တစ်ပိုင်းတည်း ဖြစ်စေ၊ ရွှေ့လျားပြီးတော့ သွားတတ်တယ်၊ ကြွပြီးတော့လဲ တထပြီး သွားတတ်ပါတယ်၊ လွင့်စင်ပြီးတော့လဲ သွားတတ်ပါတယ်၊ ဒါက ဥဗ္ဗေဂါပီတိ ခေါ်တယ်။
ဖရဏာပီတိ ဆိုတာကတော့ တစ်ကိုယ်လုံး ပျံ့ပြီးတော့ တငြိမ့်ငြိမ့် တစိမ့်စိမ့်တွေ ကောင်းပြီးတော့ နေတာပဲ၊ ဘယ်လို ကောင်းမှန်းမသိဘူး၊ ဒီမှာ စကားလဲမပြောနိုင်ဘူး၊ ဘာမျှမလုပ်နိုင်၊ အားလဲမထုတ်နိုင်ဘူး၊ ကောင်းတဲ့အရသာကလေးပဲ ခံစားပြီးတော့ နေတော့တာပဲ၊ အဲဒါဖရဏာပီတိ ခေါ်တယ်၊ ဖရဏာပီတိ ဂွမ်းဆီထိဆိုပြီး စာတွေပေတွေ ရေးကြတာကိုး စာတွေဘာတွေရေးကြတာ၊ ဒီရောက်ဖူးတဲ့ပုဂ္ဂိုလ်ဆို ဖရဏာပီတိ ကိုယ်တိုင်တွေ့ရတာပဲ၊ ဒီမရောက်သေးတဲ့ပုဂ္ဂိုလ်တွေက သိပ်ပြီးတော့ မသိဘူး၊ ဖရဏာပီတိဆို အကြောင်းက တစ်ကိုယ်လုံး ပျံ့ပြီးတော့ တည်တယ်၊ ဒါကြောင့်မို့ ဖရဏာရသာပီတိ - ပီတိ-သည်၊ ဖရဏရသာ - ပီတိရုပ်တို့ကို ပျံ့နှံ့စေခြင်း ကိစ္စရှိ၏၊ ရုပ်ကောင်း ရုပ်သန့်တွေ ပျံ့နှံ့စေမှ တက်နိုင်စေပါတယ်တဲ့။
သြဒဂျ ပစ္စုပဋ္ဌာနံ - တက်ကြွသည်၏ အဖြစ်လျှင် ဉာဏ်အား ရှေ့ရှုခြင်းရှိ၏၊ တက်ကြွ နေတဲ့သဘောပဲ၊ ယောဂီပုဂ္ဂိုလ် ဉာဏ်ထဲထင်တယ်၊ ဒီဉာဏ်ရောက်တဲ့အခါမှာ စိတ်ရောကိုယ်ရော တစ်ခါတည်းပေါ်ပြီး ကြွ ပြီးနေတယ်၊ ခပ်ကြွကြွ ဖြစ်နေတယ်၊ စိတ်ကလဲတစ်ခါတည်း ခပ်မြောက်မြောက် ခပ်ကြွကြွ ဖြစ်နေတယ်၊ အစတုန်းက ညိုနေတဲ့စိတ် တစ်ခါတည်း ရွှင်ပြီးတော့ ကြွတက်နေတယ်၊ ကိုယ်တွေကလဲ တစ်ခါတည်း ပေါ့ပေါ့ပါးပါး ဖြစ်နေတယ်၊ အိပ်နေလို့ ရှိရင်တောင်မှ အိပ်ရင်း မှတ်နေလို့ရှိရင် ခုတင်နဲ့ မထိသလို ကိုယ့်စိတ်ထဲ ထင်ရတယ်၊ ပေါ့နေတယ်၊ အထက်ကို မြောက်တက်နေသလိုပဲ ထင်ရတယ်၊ ထိုင်နေရင် အောက်က မထိသလို တကယ်လဲ ထင်ရတတ်တယ်၊ ထိနေတောင်မှ တစ်ခါတည်း အင်မတန် ပေါ့ပေါ့လေး၊ တစ်ခါတည်း အောက်က လေမွေ့ယာများပေါ် ထိုင်နေရသကဲ့သို့ ထိနေတောင်မှ ပေါ့ပေါ့လေး၊ လေလာရင် လွင့်မှာလို့ပဲ ဒီနေရာ ပေါ့ပါးပြီး နေတယ်လို့ပဲ ထင်တတ်တယ်၊ လမ်းလျှောက်နေရင်လဲ ဒီလိုပဲ၊ လမ်းလျှောက်နေလဲ မြေကြီးနဲ့ မထိဘူးလို့ တောင်ပဲ ထင်ရတတ်တယ်၊ အဲ-ထိတယ် ထင်တောင်မှလဲ ပေါ့ပေါ့လေး ကိုယ်ထဲက တစ်ခါတည်း ပေါ့ပေါ့ပါးပါးလေး ကြွလိုက်, လှမ်းလိုက်၊ တစ်ခါတည်း လေလိုပဲ၊ သူ့ဟာသူ ရွေ့ရွေ့ နေတာတွေဟာ အင်မတန်ကို ထင်ရှားနေတယ်၊ ပေါ့ပေါ့ပါးပါးလေး ဖြစ်နေတယ်၊ အဲဒါကြောင့် ကိုယ်စိတ် တက်ကြွသည့်အနေအားဖြင့် ယောဂီပုဂ္ဂိုလ်၏ ဉာဏ်ထဲမှာ ထင်ပါတယ်၊ ထင်ပါတယ်တဲ့၊ ဒီပီတိဟာ ပီတိဆိုတာ ကိုယ်နဲ့စိတ် ပေါ့ပါး တက်ကြွ နေတဲ့ သဘောပဲတဲ့၊ ယောဂီဉာဏ်ထဲမှာ ထင်ပါတယ်၊ အဲဒါ ပီတိသမ္ဗောဇ္ဈင်ရဲ့ လက္ခဏာ ရသ ပစ္စုပ္ပဋ္ဌာန် တွေပဲ၊ အဲဒါလေးဆိုရမယ်။
နှစ်သိမ့်ရောင့်ရဲ ဝမ်းလဲမြောက်သည်၊ (၃-ခေါက်)။
ရုပ်ကောင်း ရုပ်သန့် ပျံ့နှံ့စေသည် (၃)။
နှစ်သိမ့်ရောင့်ရဲ ဝမ်းလဲမြောက်သည်တဲ့၊ နှစ်သိမ့်တယ်၊ ရောင့်ရဲတယ်၊ ဝမ်းမြောက်တယ် ဆိုတာ ပီတိတွေပဲ၊ လောကဘက်က ကိုယ်လိုချင်တာတွေ ကိစ္စတွေပြီးသွားလို့ရှိရင် ဝမ်းမြောက်ဝမ်းသာ တွေလဲ ရှိပါတယ်၊ အဲဒါတွေကတော့ လောဘတွေနဲ့ စပ်ပြီးတော့ အဲဒါကတော့ ကုသိုလ်တရားတွေ မဟုတ်ဘူး၊ အကုသိုလ်တရားတွေပဲ၊ ယခုဟာကတော့ ဝိပဿနာ (ရှုတိုင်း-၂) နှစ်သိမ့်ရောင့်ရဲ ပြီးတော့ကို ရှုရတဲ့အာရုံလေးနဲ့ နှစ်သိမ့်ရောင့်ရဲပြီး ဝမ်းမြောက်ပြီးတော့ နေတာကိုး၊ နှစ်သိမ့်ရောင့်ရဲ ဝမ်းလဲမြောက်သည်၊ ရုပ်ကောင်းရုပ်သန့်ပျံ့နှံ့စေသည်တဲ့၊ တစ်ကိုယ်လုံးမှာ ရုပ်ကောင်းရုပ်သန့်တွေ ပျံ့နှံ့စေပါတယ်တဲ့။
အဲဒီလို ရုပ်ကောင်းရုပ်သန့်တွေ တစ်ကိုယ်လုံး ပျံ့နှံ့ပြီးတော့သွားလို့ ရောဂါဝေဒနာဆိုတာ ပျောက်တာ၊ တစ်နေ့က ပြောခဲ့တဲ့ ရှင်မဟာ ကဿပ နေမကောင်း ထိုင်မသာ ဖြစ်နေတော့ မြတ်စွာဘုရားက ဗောဇ္ဈင် ၇-ပါးတရား ဟောတယ်၊ အဲဒီ ဗောဇ္ဈင် ၇-ပါး တရားနာပြီးတော့ ရောဂါ ဝေဒနာတွေ ပျောက်သွားတယ်၊ အဲဒီလို ပျောက်တာဟာ ဘယ်ပုံဘယ်နည်း ပျောက်သလဲဆိုတော့ ဒီပီတိကြောင့် ဒီပုံဒီနည်း ပျောက်တာ၊ အဲ-မြတ်စွာဘုရားဟောတဲ့ ပီတိသမ္ဗောဇ္ဈင်တွေ၊ ပီတိသမ္ဗောဇ္ဈင်္ဂေါ ခေါ ကဿပ မယာ သမ္မဒက္ခာတော ဘာဝိကတော ဗဟုလီကတော အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ၊ စသည်ဖြင့် မြတ်စွာဘုရား ဟောတာကိုး။
ကဿပ - ချစ်သား ကဿပ၊
မယာ - ငါဘုရားသည်၊
သမ္မဒက္ခာတော - ကောင်းစွာ ဟောကြားအပ်သော မှန်ကန်စွာ ဟောကြားအပ်သော၊
သမ္မဒက္ခာတော - ကိုယ်တိုင်သိပြီး နည်းအတိုင်းပင် မှန်ကန်စွာ ဟောကြားအပ်သော၊
သတိသမ္ဗောဇ္ဈင်္ဂေါ - အမှတ်ရမှု သတိတည်းဟူသော ဗောဇ္ဈင် တရားသည်၊
သတိသမ္ဗောဇ္ဈင်္ဂေါခေါ - သတိတည်းဟူသော သစ္စာလေးပါးတရားကို သိကြောင်း အင်္ဂါတရားတည်း၊
ဘာဝိတော - ဖြစ်စေအပ် ပွားစေအပ်သည်ရှိသော်၊
ဗဟုလီကတော့ - အကြိမ်များစွာ လေ့လာအပ်သည်ရှိသော်၊
အဘိညာယ - ထူးသောဉာဏ်ဖြင့် သစ္စာလေးပါးတရားအလို့ငှာ၊
သံဝတ္တတိ - ဖြစ်ပေ၏၊
သမ္ဗောဓာယ - သစ္စာ လေးပါးကို ထိုးထွင်း၍ သိခြင်းငှာ၊
သံဝတ္တတိ - ဖြစ်ပေ၏၊
နိဗ္ဗာနာယ - ဆင်းရဲခပ်သိမ်းငြိမ်းခြင်းငှာ၊
သံဝတ္တတိ - ဖြစ်ပေ၏၊
ဒီလိုဟောတာကို၊ မြတ်စွာဘုရားက ဟောတော့ ကိုယ်တိုင် တွေ့ထားတဲ့ပုဂ္ဂိုလ်မှာ အတော်ကို စိတ်ကြည်နူးစရာ ကောင်းတာ၊ ဒါ ဘုန်းကြီးဟောတာ ဘုရားဟောတာလောက်တော့ ဘယ်ကောင်း မလဲ၊ ပြီးတော့ တရားနာတဲ့ ပုဂ္ဂိုလ်တွေကလဲ ရှင်မဟာကဿပ ကြီးလောက်လဲ ဗောဇ္ဈင်တရားတွေ ပြည့်ပြည့်စုံစုံ တွေ့ထားတာ မဟုတ်တော့ ရှင်မဟာကဿပကြီးလောက်လဲ အားရနှစ်သိမ့်ခြင်း ဖြစ်ကြမယ်တော့ မဟုတ်ဘူးထင်တယ်၊ ဟောတဲ့ ပုဂ္ဂိုလ်ကလဲ ညံ့၊ နာတဲ့ ပုဂ္ဂိုလ်ကလဲ ညံ့၊ ၂-ညံ့ ဖြစ်နေတာကို သူ့ဥစ္စာ၊ အဲဒီတော့ ဟိုမှာ မြတ်စွာဘုရားက ဟောတာကိုး၊ ဟောတော့ ကြည်ညိုစရာ အင်မတန် ကောင်းပါတယ်၊ ဒီပါဠိကို ရွတ်လိုက်လို့ ရှိရင်ဖြင့် ပါဠိနားလည်တဲ့ ပုဂ္ဂိုလ်တွေအဖို့မှာ တယ်ကြည်ညိုစရာ ကောင်းတယ်။
ပီတိသမ္ဗောဇ္ဈင်္ဂေါ ခေါ ကဿပ မယာ သမ္မဒက္ခာတော ဘာဝိတော ဗဟုလီကတော အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။
အင်မတန်ကို ကြည်ညိုစရာ ကောင်းတယ်၊ သိပ်ကြည်နူးစရာ ကောင်းတယ်၊ တရားကလဲ ကိုယ်တိုင်လဲ တွေ့ထားရင် သာပြီး ကြည်နူးစရာ ကောင်းတာပေါ့၊ သတိသမ္ဗောဇ္ဈင်တရား၊ အမှတ်ရမှု သတိသမ္ဗောဇ္ဈင်တွေတဲ့၊ ဟိုနေ့ကပြောခဲ့ပြီ၊ မလွတ်စတမ်း စောင့်ဖမ်းနေသည်၊ ဒွါရ ၆-ပါးက ဖြစ်တိုင်း ဖြစ်တိုင်း အာရုံတွေကို ဘယ်ဟာမှ မမေ့ဘူး၊ အကုန်ဒေါက်ခနဲ, ဒေါက်ခနဲနဲ့လိုက်ပြီး ဖမ်းနေတယ်၊ သတိတရားကလေးကို အဲဒါ ကိုယ်တိုင်ဖြစ်ဖူးတဲ့ ပုဂ္ဂိုလ်က ဒီသတိသမ္ဗောဇ္ဈင် တရားဟာ ဟိုတစ်နေ့က ဟောခဲ့တဲ့ အတိုင်းပဲ၊ ကိုယ်တိုင်တွေ့ဖူးတဲ့ ပုဂ္ဂိုလ်က ဒီပီတိသမ္ဗောဇ္ဈင် အင်မတန် ကောင်းတာပဲ၊ သူကတော့ အကုန်လုံး သူကလျှောက်ပြီးတော့ မှတ်မိနေတာပဲ၊ မမှတ်မိတာကိုမရှိဘူး၊ အဲဒီလိုနေတာတွေ ကိုယ်တိုင်တွေ့ဖူးထားတယ်၊ ရှင်မဟာကဿပကြီးက ကိုယ်တိုင်တွေ့ထားတာ၊ ယခုယောဂီတွေလဲ တွေ့တော့ တွေ့ဖူးထားတာပဲ၊ အဲဒီတွေ့ဖူးထားတာ အဲဒီ ပီတိ သမ္ဗောဇ္ဈင် အဲဒါဟာတဲ့။
သမ္မာဒက္ခာတော - ကောင်းမှန်စွာ ဟောကြားအပ်သော ငါဘုရား ကောင်းကောင်း ဟောထားတာတဲ့၊ ကောင်းကောင်း ဟောဆိုတာ ဒီလိုကိုး အမှန်အတိုင်း ဟောထားတာတဲ့၊ မှတ်တာ ဘာဖြစ်လို့လဲ ကိုယ်တိုင်တွေ့ဆိုပြီးမှ ဟောထားတာတဲ့၊ ရန်းဆပြီး တွေးပြီးလာတာ မဟုတ်ပါဘူးတဲ့၊ ယခု လောကမှာ အဟောအပြော သမားတွေဆိုတာ အများကြီးရှိတယ်၊ အဟော အပြောသမားတွေ ဆိုတာ စိတ်ကူးစဉ်းစားပြီး သကာလ ဟောကြပြောကြတာ၊ ကိုယ်တိုင် မတွေ့ဘဲနဲ့လဲ ဟောနေ ကြတာပဲ၊ ကိုယ်တိုင်က မလုပ်ရသေးဘဲနဲ့လဲ သူများဆရာလုပ်ပြီး ဟောနေတာတွေ ဒီလိုလဲ ရှိသေးတယ်။
တချို့ ကမ္မဋ္ဌာန်းဆရာ ကိုယ်တိုင်က ဟုတ်တိပတ်တိ အားထုတ်ထားတာ မဟုတ်ဘူး၊ ဒါပေမယ်လို့ သူက ဆရာကြီး ဖြစ်ပြီးတော့ ကမ္မဋ္ဌာန်းဆရာလုပ်ပြီး ဒီလို ဟောပြောနေတာတွေရှိတယ်၊ ကျမ်းစာအုပ်တွေ ရေးထုတ် ဘာလုပ်နဲ့ အံ့သြစရာ အင်မတန် ကောင်းတာပဲ၊ သူက စာထဲကနေပြီးတော့ အဲဒီပုဂ္ဂိုလ်ဟာ သူများလဲပဲ ပယ်လိုက်သေးတယ်၊ မမှန်ဘူးဆိုပြီးတော့၊ သူလဲ အားထုတ်တာ မဟုတ်ဘူး၊ အံ့သြစရာသိပ်ကောင်းတာပဲ၊ ရီစရာလဲ အင်မတန်ကောင်းတာပဲ၊ အဲဒီလိုဟာတွေရှိတယ်၊ အဲ-အခုမြတ်စွာဘုရားက ဒီလိုမဟုတ်ဘူး၊ သမ္မဒက္ခာတော - ကောင်းစွာ ဟောထားတာ မှန်ကန်စွာ ဟောထားတယ်။
ကိုယ်တိုင်သိပြီး ဟောထားတာ၊ ကိုယ်တိုင်မသိရင် ဘုရားက မဟောသေးဘူး၊ ကိုယ်တိုင် သိအောင်လို့ကို တစ်ခါတည်း ဘုရားအဖြစ် ရောက်အောင်လို့ သေသေချာချာ ကျင့်ပြီးတော့ ဗောဓိပင်အောက် ရတနာ ပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေထိုင် နေပြီးတော့ ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကိုရှုလို့ အဲဒီမှာ ပီတိသမ္ဗောဇ္ဈင်ကို ကိုယ်တိုင် ဖြစ်လာတာကို၊ နောက်ဆုံးနိဗ္ဗာန်ကို အမှတ်ရပြီး ထင်တယ်၊ ပီတိသမ္ဗောဇ္ဈင်တွေ ဖြစ်တယ်၊ အဲဒီ ပီတိသမ္ဗောဇ္ဈင်ဖြစ်ပြီးတော့မှ ဒါတောင်မှ ရုတ်တရက် မဟောသေးပါဘူး၊ နောက်မှဟောပါတယ်။
၇-ရက် ၇-လီ၊ ၄၉-ရက်နေပြီးတဲ့နောက် တရားဟောဖို့ရာ စဉ်းစားပြီးတော့တောင် ရုတ်တရက် မဟောရသေးပါဘူး၊ ဟောဖို့အချိန် မကျသေးလို့ ကဆုန်လပြည့် မဟောရသေးဘူး၊ ဝါဆိုလပြည့်မှ ဟောရတာကို၊ ၂-လကြာ၊ ဘုရားဖြစ်ပြီ၊ ၂-လ လောက်နေမှ အဲဒီမှာ ဒီတရားကို ဟောတာကို၊ အဲဒါကြောင့် ငါ ဘုရားကိုယ်တိုင် တွေ့ပြီးတော့ တွေ့တဲ့အတိုင်း အမှန်တရား တွေဟောထား တယ်တဲ့၊ ပီတိသမ္ဗောဇ္ဈင်ဆိုတာ ဒီလိုအားထုတ် ဒီလိုဖြစ်တယ်၊ ဒီလို အားထုတ်ရင် ဒီလို ဖြစ်တတ်တယ်၊ ဒီလို သတိတရားဟာ ဒီလိုသတိဖြစ်လို့ရှိရင် ဒီသတိဟာ သစ္စာလေးပါးတရားတွေ အမှန်အတိုင်း သိတယ်ဆိုတာ ဘုရားက ဟောထားတယ်တဲ့၊ အဲဒါတွေကို မြတ်စွာဘုရားက အမှန်အတိုင်း ကိုယ်တိုင်တွေ့ပြီးတော့ ဟောထားတဲ့ ပီတိသမ္ဗောဇ္ဈင်တရားပဲလို့ ဒီသတိသမ္ဗောဇ္ဈင် တရားဟာ ဘာဝိတော - ပွားစေအပ်သည်ရှိသော်, ဖြစ်စေအပ်သည်ရှိသော်, ဖြစ်စေအပ်တယ်ဆိုတာ ဘာလဲ၊ မိမိသန္ထာန်ဖြစ်စေရမှာ၊ ကျက်ထားရုံနဲ့ မဟုတ်သေးဘူး၊ ပီတိသမ္ဗောဇ္ဈင် ဆိုတာ (ဒီလိုတဲ့-၂) ကျက်ထားတာ၊ ဒီလိုလဲ မဟုတ်သေးဘူး၊ ကိုယ့်သန္တာန်မှာရှိရမယ်၊ ပွားရမယ် ဘာဝနာ ပွားတယ်ဆိုတာ အဟုတ်ကိုပွားတယ်၊ ဘာဝနာဟာ ပဌမ တစ်ခါရှုတော့ ဖြစ်တာပဲရှိတယ်၊ မပွားသေးဘူး၊ နောက်တစ်ခါ ရှုလိုက်တော့ ၂-ခု ဖြစ်လာတယ်၊ ပွားလာတယ်၊ နောက်တစ်ခါရှုလိုက် ၃-ခုဖြစ်လာပြီး တစ်ခုပြီး တစ်ခု ပွားပြီး အဲဒီလိုဖြစ်လာတယ်၊ တစ်ခါ မှတ်လို့ရှိရင် အမှတ်သတိ တစ်ခုဖြစ်တယ်။
ဖောင်းတယ်လို့ တစ်ခါ မှတ်လိုက်ရင် တစ်ခါပွားလာတယ်၊ နောက် နောက်တစ်ခါ ပိန်တယ် မှတ်လိုက်ရင် ပီတိ သမ္ဗောဇ္ဈင် ၂-ခု ဖြစ်လာတယ်၊ နောက်တစ်ခါ ဖောင်းတယ်မှတ်ရင် ၃-ခုဖြစ်လာတယ်၊ စိတ်ကူးတာဖြင့် စိတ်ကူးတယ် မှတ်လိုက်တော့ ၄-ခုဖြစ်လာတယ်၊ ဒီကနေပြီး လက်တွေ ဘာတွေ ကွေးလိုက်လို့ရှိရင် ကွေးတယ်မှတ်ရင် ၅-ခုဖြစ်လာတယ်၊ အဲဒီလိုပဲ၊ (မှတ်တိုင်း-၂) သတိပွားနေတာ၊ ဒီသတိတွေဟာ ဘယ်လောက်ပွားရမလဲဆိုရင် ပြည့်စုံအောင်ပွားရမှာပဲ၊ တစ်ချို့ ပုဂ္ဂိုလ်တွေ ဒီလိုအကြိမ်ပေါင်း ၁၀ဝ - ၉၀ လောက်နှင့် အရိယာမဂ်ကို ရောက်နိုင် ဒီလိုပုဂ္ဂိုလ်လဲ ရှိပါတယ်၊ တချို့လဲ အကြိမ်ပေါင်း ၁၀ဝ၀ - ၂၀ဝ၀ လောက်နဲ့ ရောက်နိုင်တဲ့ ပုဂ္ဂိုလ်လဲရှိတယ်၊ တစ်သောင်း နှစ်သောင်းမှ ရောက်နိုင်တဲ့ ပုဂ္ဂိုလ်လဲရှိတယ်၊ တစ်သိန်း၊ နှစ်သိန်းမှ ရောက်မည့် ပုဂ္ဂိုလ်လဲရှိတယ်၊ အမျိုးမျိုးရှိတယ်။
အဲဒီပုဂ္ဂိုလ်တွေဟာ အဲဒါ တချို့လဲ တစ်ကုဋေလောက် မှတ်မှ ရောက်မည့် ပုဂ္ဂိုလ်တွေလဲ ရှိမှာပါပဲ၊ အဲဒီတော့ မိမိ ပါရမီအားလျော်စွာ ဒါတွေပွားရမယ်၊ ပွားသထက်ပွားရမယ်၊ ပြည့်စုံလည်း ပြည့်စုံစွာ မှတ်ရမယ်၊ အဲဒီလို၊ ဘာဝိတော - မိမိ သန္တာန်ပွားခဲ့လို့ရှိရင်၊ ဗဟုလီကတော - အကြိမ်များစွာ လုပ်ရမယ်တဲ့၊ တစ်ခုနှစ်ခုပွားရုံနဲ့ မပြီးသေးဘူး၊ အကြိမ်များများ တရား မဆုံးမချင်း မပြည့်စုံမချင်း အကြိမ်များများ အားထုတ်လို့ရှိရင် ဘာဝိတော ဗဟုလီကတော အဘိညာယ - ထူးသောဉာဏ်ဖြင့် သိပါတယ်၊ သစ္စာလေးပါးတရားတွေ ထူးပြီးသိတယ်၊ သစ္စာလေးပါးတရားတွေကို ဒီအတိုင်း ကျက်မှတ်ပြီးသိတာကို၊ ဒါအထူးသိ မဟုတ်သေး၊ ဒါက ကျက်မှတ်တဲ့ စာပေကျမ်းဂန်တွေနဲ့ လေ့လာပြီးသိတာတွေ ရှိတာပေါ့၊ ဒါကတော့ လေ့လာကြည့် သိတာပဲ၊ ဗုဒ္ဓဘာသာမဟုတ်တဲ့ ပုဂ္ဂိုလ်တွေတောင်မှ ဒီသစ္စာလေးပါးကို သူတို့ဗဟုသုတဖြစ်အောင်လို့ လေ့လာထားတာတွေ ရှိတယ်၊ တချို့လဲ သိတာပဲ၊ လေ့လာထားလို့ တချို့က စာအုပ်တွေ ဘာတွေတောင် ရေးတယ်၊ မြန်မာပြည်က ဗုဒ္ဓဘာသာတွေက ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးနေကြတာ၊ နိုင်ငံခြားက ပုဂ္ဂိုလ်တွေက ရေးတယ်၊ သူတို့ရေးတာ မညံ့ဘူး၊ သူတို့က တရားတွေ ကောက်နုတ်ချက် ထုတ်တတ်တယ်၊ လူတွေမှာ ဘယ်ဟာလိုနေတယ်၊ ဘယ်ဟာကို သိနေတယ်၊ ဘယ်ဟာ ရေးလို့ရှိရင် သဘောကျမယ်ဆိုတာ သူတို့က အတိုချုပ် ထုတ်တတ်တယ်။
ဒီမှာ စာတွေ ပေတွေ သင်နေတဲ့ ပုဂ္ဂိုလ်တွေက သူတို့လောက် နေရာကျအောင် ရေးတတ်တဲ့ ပုဂ္ဂိုလ်က ခပ်ရှားရှားပဲ၊ အင်း-သူတို့က ရေးတတ်တယ်၊ ကောက်နုတ်ချက် လုပ်တတ်တယ်၊ အဲဒါ တချို့က အဲဒီလိုရေးတဲ့ ပုဂ္ဂိုလ်တွေ တချို့ဗုဒ္ဓဘာသာကို ကောင်းကောင်း မဟုတ်ဘူး၊ မဟုတ်ပေမယ်လို့ သူတို့ လေ့လာတော့ သိတာပဲ၊ သစ္စာလေးပါးတရားကို အထူးသိ မဟုတ်ဘူး၊ ဒါကလေ့လာလို့သိတာ၊ သင်ကြားသိတာပဲ၊ သင်ကြားသိတာမျိုးက အထူးသိမဟုတ်ဘူး၊ အထူးသိကတော့ကို ရှေးကမှတ်သားပြီး သိတာထက် ကိုယ်တိုင်ဉာဏ်နဲ့ကို တွေ့ပြီး အထူး သိရမှာကိုး၊ သစ္စာလေးပါး တရားတွေ, ဒုက္ခတရားတွေတဲ့၊ ရုပ်တရား, နာမ်တရားတွေတဲ့။
ခဏမစဲ ဖြစ်ပြီး ပျက်နေတဲ့ တရားတွေပဲဆိုတာ ကိုယ်တိုင်တွေ့ရမှာ ရှုတိုင်းမှတ်တိုင်း ဥဒယဗ္ဗယဉာဏ် ရောက်တော့ ဒီလိုသိတယ်၊ (မှတ်တိုင်း-၂)ဟာ တစ်ခါတည်း အာရုံလေးတွေဟာ အသစ်အသစ်ကလေးတွေ ပေါ်လာတယ်၊ ခေါင်းထိုးဝင် လာသလိုပဲ၊ ပြတင်းပေါက်ကနေပြီးတော့ ခေါင်းပြူလာသလိုပဲ၊ တစ်ခါတည်း ဆောင့်ပေါ်လာတာလေး တွေ့ရတယ်၊ ဆုံးသွား တာလေးလဲ သိတယ်၊ မီးတောက်ကလေးများ ငြိမ်းသွားသလို ဟုတ်ကနဲ ဟုတ်ကနဲ၊ အဲ-တစ်ခါတည်း ပျောက်ပြီး ငြိမ်းသွားသလိုပဲ သိတယ်၊ (စ ပေါ်လာလိုက် ဆုံးသွားလိုက်-၂) အဲဒါလေးတွေ (အပိုင်း-၂) လေးတွေ သိရတယ်၊ ဒီလိုသိရတာကိုး။
အဲဒါ အမှတ်ကောင်းတဲ့ အခါကျတော့ ဒီအတိုင်း သိတာပဲ၊ တချို့ကလဲ စိတ်ကူး စဉ်းစား ကြံစည်နေတာနဲ့ သူကသိလာတာ၊ ပိုကောင်းတယ် အောက်မေ့တာ၊ ဘယ်ဟုတ်မလဲ၊ စိတ်ကူး စဉ်းစားကြံစည်ပြီး သိတာက ခုနက သင်တာနဲ့ အတူတူပဲ၊ ဒါက ဘာမျှထူးတာ မဟုတ်ဘူး၊ စဉ်းစားသိတာကတော့ ဒီလိုပဲ သိတာပဲ၊ စဉ်းစားသိတော့ သံသယမကင်းဘူး သူကဒီလို စဉ်းစားရင် ဒီလိုဖြစ်တာပဲ ဟိုလိုစဉ်းစားရင်လဲ ဟိုလိုဖြစ်တာပဲ၊ မမြဲဘူးလို့ စဉ်းစားရင် မမြဲဘူးလို့ဖြစ်တယ်၊ မြဲတယ်လို့ စဉ်းစားရင် မြဲတယ်လို့ ဖြစ်တယ်၊ အဲ-ရုပ်တရား နာမ်တရားများ ရှိတယ်လို့ စဉ်းစားရင် ရုပ်တရား နာမ်တရားများ ရှိတယ်လို့ ဒီလိုလဲ ဖြစ်တယ်၊ ရုပ်တရား နာမ်တရားများ မဟုတ်ဘူး၊ အသက်ကောင်ကလေးတစ်ခု ရှိသေးတယ်လို့ အဲသလိုစဉ်းစားရင် အဲဒါလေးက အတ္တဖြစ်လာတာ အဲဒါစဉ်းစားလို့၊ အဲဒါမသေချာဘူး၊ ဖြစ်တဲ့ ရုပ်နာမ်လေးတွေကို (ပေါ်တိုင်း-၂) ရှုနေတာ သေချာတယ်၊ ဘယ်ကမှ မရှိဘူး။
ဧကာယနော - တစ်ခုတည်း တစ်ကြောင်းတည်းသော လမ်းပဲလို့ဟောတယ်၊ ဧကာယနောမဂ္ဂေါ - အရိယာမဂ်ဉာဏ်ကို ရောက်ဖို့ရာ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ရာ တစ်ကြောင်းတည်းသော လမ်းပဲတဲ့၊ ဒီအတိုင်း အမှတ်သတိနဲ့ တစ်ခါတည်း ဒွါရ ၆ -ပါး ဖြစ်ခိုက်အားဖြင့် ကိုယ်အမူအရာ, ဝေဒနာ စိတ်အမူအရာ သဘောတရားတွေ (ဖြစ်တိုင်း-၂) လိုက်ပြီး ရှုနေပါ၊ နောက်က တကောက်ကောက် နောက်ကနေ လိုက်ရှုနေပါ၊ အဲဒါလေး ရှုပြီးမှတ်နေရလို့ ရှိရင်လဲ ရုပ်တရား နာမ်တရားတွေ ပိုင်းခြားပြီး သိတယ်၊ မသိလို့ဘယ်ဖြစ်မလဲ၊ သူ့ဥစ္စာက ဒီရုပ်နာမ်တွေ တကောက်ကောက် လိုက်ရှုနေလို့ပဲ သိရောပေါ့၊ မရှုလို့ မသိကြတဲ့ ဥစ္စာပဲ။
ထိုရုပ်နာမ်တွေ ဖြစ်တိုင်းဖြစ်တိုင်း လိုက်ပြီးတော့ လှန်လှော ကြည့်သလို လိုက်ကြည့်နေတာပဲ၊ ဒါက အာရုံပြုတဲ့ တရား၊ ဒါက အာရုံမပြုတတ်တဲ့တရား၊ လူကိုယ်ထဲမှာ အာရုံ မပြုတတ်တဲ့ ရုပ်တစ်မျိုးရှိတယ်၊ အာရုံပြုတတ်တဲ့, အာရုံသိတတ်တဲ့နာမ်က တစ်မျိုးရှိတယ်၊ ဒါ ၂-မျိုးရှိတယ်၊ ထိုရှုမှတ် နေတဲ့ပုဂ္ဂိုလ် ဘယ့်နှယ် မသိဘဲနေပါ့မလဲ၊ တချို့က ဒါဒီလိုမှတ်နေလို့ မသိသေးဘူး၊ ဒီလိုရှိသေးတာကိုး၊ တစ်ခု ဒါ သူကလဲ ကောင်းကောင်း အားမထုတ်ဘူး၊ အဲဒီလိုပြောတဲ့လူ ရှိတယ်၊ သေသေချာချာ လိုက်ပြီးရှုရင် ဒါ သိတာပဲ၊ ဖြစ်ခိုက် ရုပ်နာမ်လေးတွေ ရှုနေရင် အာရုံမပြုလို့ အာရုံမသိတတ်တဲ့ ရုပ်တရား ရုပ်ကိုကြီး သဘောကတစ်မျိုးပဲ၊ အာရုံပြုတတ်တဲ့ အာရုံသိတတ်တဲ့ နာမ်တရားက တစ်မျိုးပဲ၊ သူတို့ ၂-ခုဟာ ဟပ်လို့ကို မရဘူး၊ တစ်ခုနဲ့ တစ်ခု ဘာမျှစပ်လို့ကို မရဘူး၊ မြတ်စွာဘုရားက ဥပမာလေး ပေးထားတယ်၊ ရုပ်နဲ့နာမ်နဲ့ တွဲပုံကလေး ဘယ်လိုပေးထားသလဲ ဆိုတော့ ပတ္တမြားရတနာ ရှိရာ၏။
ပတ္တမြားမှ သာမန်မဟုတ်ဘူး၊ ဝေဠုရိယခေါ်တဲ့ ပတ္တမြားရတနာ၊ ဝေဠုရိယ ပတ္တမြားရတနာ ဘယ့်နှယ်နေတုံးဆိုတော့ မြန်မာက ကြောင်မျက်ရွဲလို့ ပြန်တယ်၊ ကြောင်မျက်ရွဲ - ဝါးစိမ်းအဆင်းလဲ ရှိတယ်တဲ့၊ ဘုန်းကြီးက မသိလို့ တချို့ ပုဂ္ဂိုလ်တွေ မေးရသေးတယ် လက်စွပ်ကလေး ဘာလေး တွေမှာ ကြောင်မျက်ရွဲ ရှိတာကိုး၊ အဲဒီစိမ်းစိမ်း ပြာပြာ အဲဒါပါပဲတဲ့၊ အဲဒီကြောင်မျက်ရွဲ ပတ္တမြား ရတနာ ရှိရာ၏ ထိုကြောင်မျက်ရွဲ ပတ္တမြားရတနာရှိရာ၌ ကြိုးကလေး သီထားရာ၏၊ ကြိုးကလေး ပုတီးစေ့များ ကြိုးသီထားသလိုပေါ့လေ၊ ပတ္တမြားရတနာထဲမှာ ကြိုးကလေးတပ်ထားတယ်၊ ပတ္တမြားလုံးကလေးမှာပေါ့။
ပတ္တမြား ကျောက်ကလေးမှာ အပေါက်ကလေး ဖောက်ပြီးတော့ ကြိုးလေးနဲ့ သီထားတယ်၊ ဒီကြိုးလေးက အဝါနဲ့သီထားမယ်, အပြာနဲ့ သီထားမယ်, အနီနဲ့ သီထားမယ်၊ အမည်းနဲ့ သီထားမယ်၊ အဲဒီတော့ ပတ္တမြားရတနာက ကျောက်ကကျောက် အရောင်နဲ့ သူကတစ်မျိုးကို ကြိုးကလေး အရောင်နဲ့ ကြိုးကလေးကတစ်မျိုး မျက်စိကောင်းတဲ့ပုဂ္ဂိုလ်, မျက်စိအမြင်ရှိတဲ့ပုဂ္ဂိုလ်က ကြည့်လိုက် လို့ရှိရင်တဲ့ ဘယ့်နဲ့နေမလဲ၊ ကျောက်ကလေး, ပတ္တမြားရတနာလေးက တစ်ခြား သီထားတဲ့ ကြိုးကလေးက တစ်ခြားပဲတဲ့၊ မကွဲပေလား ကွဲနေတာပဲ၊ မျက်စိမှုန်တဲ့လူ သွားကြည့်ရင်တော့ ရောချင်ရောနေမယ်၊ ဒါကတော့ မျက်စိကောင်းတဲ့ ပုဂ္ဂိုလ်တဲ့၊ မြတ်စွာဘုရားက မျက်စိအမြင်ရှိသော စက္ခုမျက်စိ ကောင်းတဲ့လူကို ဆိုလိုတယ်၊ မျက်စိမမှုန်ဘူး၊ ကြည်ကြည် လင်လင်ရှိတဲ့ ပုဂ္ဂိုလ် ကြည့်လိုက်ရင် အဲဒါက ကျောက်ကလေးပဲ။
ဒါက ပတ္တမြား ကျောက်ထဲမှာ သီထားတဲ့ ကြိုးကလေးပဲ၊ ကြိုးက တစ်ခြားပဲ၊ ပတ္တမြားက တစ်ခြားပဲ၊ ကွဲပြားပြီးတော့ သိပါတယ်တဲ့၊ မကြည့်ရင်တော့ မသိဘူး၊ ကြည့်ရင်သိမှာပေါ့ သူကမျက်စိမှုန်ရင်လဲ မသိဘူး၊ မမှုန်ရင် သိမှာပဲ၊ အဲဒါလိုပဲ၊ ယခု ဒွါရ ၆-ပါးက ဖြစ်တိုင်း, ဖြစ်တိုင်း ရုပ်နာမ်တွေ လိုက်ရှု၊ မျက်စိကမြင်တိုင်း, မြင်တိုင်းရှု၊ ကြားတိုင်း, ကြားတိုင်း ရှုတော့ ဘယ့်နဲ့ဖြစ်လာတုံး ဆိုတော့ ရုပ်အမူအရာတွေ ရှုမိရင်ရှုရတဲ့ ရုပ်ကတစ်မျိုး ရှုလို့သိတဲ့ နာမ်က တစ်မျိုး၊ ဒါကလေး ဖောင်းတယ် မှတ်လိုက်တော့ ဖောင်းတာလေးကရုပ်၊ သိတာလေးကနာမ်ကို၊ ဖောင်းတာလေးက ကျောက်ပတ္တမြား လုံးလေးလိုပဲ၊ သိတာ ကလေးက ကြိုးလေးလိုပဲ၊ ကြိုးက ပတ္တမြားလုံးထဲမှာ ထားသလိုပဲ။
အသိကလေးက ဟိုရောက်သွားတာကို၊ ဖောင်းတာလေး ရှုမှတ်တဲ့ အာရုံကလေးပေါ် ရောက်သွား တယ်၊ မှတ်ရင်လဲ ဒီအတိုင်းပဲ၊ ကွေးတာက ရုပ်၊ သိတာကနာမ်၊ ကွေးတာက ကျောက်ပတ္တမြားလိုပဲ၊ သိတာလေးက ကြိုးလေးလိုပဲ ကွဲပြီးသိတာကို၊ အဲဒီတော့ မှတ်တိုင်းမှတ်တိုင်း တစ်ခါတည်း သိစရာအာရုံ ရုပ်နဲ့သိတဲ့စိတ်နာမ်၊ ကိုယ်ရုပ်နဲ့သိတဲ့စိတ်နာမ်၊ ဒါကလေး ၂- ခုပဲတွဲဖြစ်နေတာ၊ ဒိပြင်ဘာမျှလဲမရှိဘူး၊ ဒါ ၂-ခုပဲရှိတယ်၊ မရှုတဲ့ပုဂ္ဂိုလ်တွေ အနေကတော့ ငါကောင်, သတ္တဝါကောင် တစ်ခု ရှိသလိုပေါ့လေ၊ အပိုကလေးတစ်ခု ရှိသလိုလို ထင်ရတယ်၊ ကွေးအောင်လို့လုပ်တာ ငါပဲ, ဆန့်အောင်လို့ လုပ်တာငါပဲ၊ ထိုင်အောင် ထအောင်လို့လုပ်တာငါပဲ၊ စိတ်ကူးစဉ်းစားတာငါပဲ၊ အကောင်းအဆိုး ခံစားတာငါပဲလို့၊ ငါလေး အသက်ကောင်လေး, သတ္တဝါကောင်လေးတစ်ယောက် ရှိသလိုလိုထင်ရတယ်။
တစ်သက်လုံး, တစ်ဘဝလုံး တည်နေတဲ့ ငါကောင်, သတ္တဝါကောင် အသက်ကောင် ကလေးဟာ တစ်ခါတည်း အမြဲ တည်ရှိနေသလို ထင်နေတာကို၊ ပုဂ္ဂိုလ်တွေ အနေက ရှုတဲ့အခါကျတော့ ရှုတိုင်း, ရှုတိုင်း ဘာတွေတုံး ဆိုတော့ သိစရာအာရုံနဲ့ သိစရာ စိတ်နာမ် ကိုယ်ရုပ်နဲ့ သိတဲ့စိတ်နာမ်၊ ဒါကလေး ၂-ခုရှိနေတာ၊ ဒီရုပ်နာမ်ရှိတာပဲ၊ ဘာမျှမရှိဘူးဆိုတာ ယောဂီပုဂ္ဂိုလ်က သူ့ဟာသူ ပိုင်းခြားပြီး သိလာတယ်။
နာမရူပပရိစ္ဆေဒ - နာမ်ရုပ် ပိုင်းခြားသိတယ်၊ အဲဒါလောက်ဆိုရင်ကို အဘိညာဉ် - ထူးသောဉာဏ်နဲ့ သိလာတာ၊ ပကတိ ပုဂ္ဂိုလ်တွေက ဒီလောက်ကို မသိဘူး၊ ဇဝေဇဝါပဲ၊ တစ်ခါတည်း ရုပ်နာမ် ရှိတယ်ဆိုလို့သာ ဒီလို အသာလေးလိုက်နေရတာ၊ သူတို့စိတ်ထဲက ဒီလို့မထင်ဘူး၊ ရုပ်နာမ်မျှ ရှိတယ် လို့ မှတ်ထားကျက်ထားရင်း ပြောဟောနေ ဟောနေရင်းလဲ ငါကပြောနေတယ်၊ ငါကဟောနေတယ်၊ ငါစဉ်းစားနေတယ်၊ ဒီလို လိုက်နေတာကို၊ ဒီတော့ သူ့ဥစ္စာ အထူးသိ မဟုတ်ဘူး၊ ရိုးရိုးသိပဲ၊ ယခုဟာက ပီတိသမ္ဗောဇ္ဈင် တရားလေးကို ပွားများလိုက်လို့ရှိရင် အကြိမ်များစွာ လေ့လာလိုက် လို့ရှိရင် သစ္စာလေးပါး အထူးသိဖို့ တဲ့။
သစ္စာလေးပါးဆိုတာ ပြောခဲ့တဲ့ ရုပ်တရား, နာမ်တရားတွေပဲ၊ ဒွါရ ၆-ပါးကဖြစ်နေတဲ့ တရားတွေ၊ ဥပါဒါနက္ခန္ဓာ ငါးပါး ဖြစ်ပျက်နေတဲ့တရားတွေ၊ အဲဒါတွေကို အထူးသိလာပါလိမ့်မယ်၊ ပဌမရှေးဦးစွာ ရုပ်တရားနဲ့ နာမ်တရားလေးတွေသိတယ်၊ နောက်တော့ ဒီရုပ်နာမ်ကလေးတွေ ဖြစ်လိုက် ပျက်လိုက်နဲ့ အခုနက ပြောတဲ့အတိုင်း ခေါင်းလေးပြူလာသလို ပေါ်လာလိုက် ဆုံးသွားလိုက်၊ စပေါ်လာလိုက် ဆုံးသွားလိုက်၊ ဒါလေးသိတော့ စပြီးဆုံး စပြီးဆုံး တစ်ပိုင်း တစ်ပိုင်းလေးတွေ ဖြစ်နေ တော့ မမြဲဘူးဆိုတာ ဘယ်သူကလာပြီး ပြောဖို့လိုမလဲ၊ ဘာမျှယုံမှားစရာ မရှိဘူး၊ အဲဒါလဲ မမြဲတဲ့ တရားတွေချည်းပဲ၊ အနိစ္စပဲ လို့ ယောဂီပုဂ္ဂိုလ်က သိတာပေါ့၊ ဟောဖြစ်ပြီးလို့ ရှိရင်လဲ၊ ဆင်းရဲတဲ့ တရားပဲ၊ သူ့သဘောအတိုင်း သူ့ဟာသူ ဖြစ်နေတဲ့တရားပဲ၊ ဖြစ်အောင် ငါလုပ်လို့လဲမရဘူး၊ သူ့ကိုလုပ်တတ်တဲ့ ငါလဲမရှိဘူး၊ မပျက်အောင်လဲ တားဆီးလို့မရဘူး၊ သူ့အချိန်တန် အကြောင်း ညီညွတ်ရင် ဖြစ်လာတာပဲ၊ ဖြစ်ပြီး သူ့ဟာသူ ပျောက်သွားတာပဲ၊ သူ့သဘောအတိုင်းသူ ဖြစ်နေတဲ့ သဘောတရားပဲ၊ ဒီထဲမှာ ဖြစ်အောင်လို့ လုပ်တတ်တဲ့ ပုဂ္ဂိုလ်လဲမရှိဘူး၊ ပျက်တတ်သေတတ်တဲ့ ပုဂ္ဂိုလ်ရယ်လို့လဲ မရှိဘူး၊ ဖြစ်ပြီးပျောက်သွားတဲ့ သဘောမျှပဲလို့ သူကရှုရင်း ဒီလို သဘောကျတာကို။
အဲဒါက အနတ္တာနုပဿနာဉာဏ် ခေါ်တယ်၊ အနိစ္စ, ဒုက္ခ, အနတ္တသိတယ်၊ ဒါသိတာ ဘယ်သူသိတာတုံး၊ ဒုက္ခသစ္စာ သိတာ၊ သိနေတာပဲ၊ ဒါရှုတိုင်း, ရှုတိုင်း ဒုက္ခသစ္စာ သိနေတာပဲ၊ အဲဒီလို ဒုက္ခသစ္စာ တရားတွေ သိနေတော့ ဒီဖြစ်ပျက်နေတဲ့ မမြဲတဲ့တရား, ဆင်းရဲတဲ့တရား, ပုဂ္ဂိုလ် သတ္တဝါမဟုတ်တဲ့ သဘောတရားပေါ်မှာ သာယာနှစ်သက်မှု တောင့်တမှု တဏှာဟာလဲ တစ်ခါ တည်း ကင်းငြိမ်းပြီးသွားတယ်၊ အစတုံးက အကောင်းကြီး ထင်လို့ သာယာ သဘောကျနေတာ၊ ယခုတော့ဒါတွေ သာယာစရာ ရှာလို့ကို မရဘူး၊ မသာယာဘူး၊ တောင့်တမှုက အဲဒီအမှန်အတိုင်း သိတိုင်း, သိတိုင်းဟာ သာယာမှုတွေ ကင်းကင်းသွားတာ၊ သမုဒယသစ္စာကို ပယ်နေတာ၊ ဒါ သမုဒယသစ္စာကို သိတယ်လို့ ပယ်ဆိုတာ ငြိမ်းတာပဲ၊ အမှန်သိတော့ အမှား သိတွေ ပျောက်သွား တယ်၊ အမှားသိတွေပျောက်သွားတယ်၊ အမှားသိတွေပျောက်သွားတော့ တွယ်တာမှုတွေ မဖြစ်ဘဲနဲ့ ငြိမ်းငြိမ်း သွားတာကို၊ အဲဒါသမုဒယသစ္စာ ပယ်တာတဲ့၊ ဒါသမုဒယသစ္စာ သိတာလို့ခေါ်တယ်၊ ပဟာနပဋိဝေဒ - ခေါ်တယ်။
အဲဒီလို သိလို့ရှိရင် ဒီရုပ်နာမ်တွေနဲ့ စပ်ပြီးတော့ဖြစ်မည့် ကိလေသာတွေ မဖြစ်ရဘူးတဲ့၊ ကုသိုလ်ကံ, အကုသိုလ်ကံတွေ မပွားရဘူး၊ ဆက်ပြီးဖြစ်မည့် ဘဝသစ်တွေ ပဋိသန္ဓေဆင်းရဲတွေ မဖြစ်ရဘူး၊ အဲဒါတွေဟာ ဘာတုံးဆိုတော့ ဆင်းရဲတွေ ငြိမ်းသွားတာတဲ့၊ အမှန်သိတိုင်း, သိတိုင်း ငြိမ်းသွားတယ်၊ ဖြစ်မည့်ဆင်းရဲတွေ မသိရင် အမှန်မသိလို့ရှိရင် အဲဒီအမှန်မသိခြင်း အကြောင်း ပြုပြီးတော့ ကိလေသာတွေ ဖြစ်မယ်၊ ကိလေသာတွေ ဖြစ်ရင် ကံတွေဖြစ်မယ်၊ ကံကနေပြီး ဘဝသစ်တွေဖြစ်မယ်၊ ဖြစ်ရာ ဘဝမှာ အိုရမယ်, နာရမယ်, သေရမယ်၊ ဆင်းရဲတွေ တသီတစ်တန်းကြီး သွားနေတာ။
အဲဒီဆင်းရဲတွေ သိတိုင်း, သိတိုင်း ငြိမ်နေတယ်၊ နိရောဓသစ္စာကို မျက်မှောက်ပြုနေတာပဲ၊ ဝိပဿနာက မျက်မှောက် ပြုတာ၊ ရှုတိုင်း သိတိုင်း, အမှန်အတိုင်း သိနေတာလေး ရှိတယ်တဲ့၊ အဲဒါက ဝိပဿနာ မဂ္ဂသစ္စာပဲတဲ့၊ အဲဒါလဲ ဝိပဿနာမဂ္ဂင် တရားပဲတဲ့၊ ဒါ အဋ္ဌကထာကပြောတာ ဘုန်းကြီးက ပြောတာမဟုတ်ဘူး၊ ဘုန်းကြီးက ကြံဖန်ပြီး ပြောနေတယ် မအောက်မေ့နဲ့၊ အဋ္ဌကထာကိုက ဥဒယဗ္ဗယဉာဏ်မှာ သစ္စာလေးပါး သိပုံတွေ ဒီလိုပဲ ဖွင့်ပြတယ်၊ အဲဒီတော့ အဲဒီလိုသိတာဟာ ထူးသောဉာဏ်နဲ့သိတာပဲ၊ အဲဒါဥဒယဗ္ဗယဉာဏ် ရှိသေးတယ်၊ ဥဒယဗ္ဗယ ဉာဏ်ထက်ကြီးတဲ့ အထက်ဉာဏ်တွေကျတော့ ပိုသိတာပေါ့၊ နောက်ဆုံး အရိယမဂ်ဉာဏ် ရောက်တဲ့ အခါကျတော့လဲ ဒီအတိုင်းပဲ၊ နိရောဓသစ္စာ နိဗ္ဗာန်ဆိုတာ တကယ်ကို တွေ့သွားတော့တာပဲ၊ အဲဒီကျတော့ ဆင်းရဲခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကို တွေ့သွားတယ်၊ အဟုတ်ကို တွေ့သွားတယ်၊ နိဗ္ဗာန်မျက်မှောကြ်ုပတာ၊ မျက်မှောက် ပြုပြီးသိလို့ ဖြစ်ပျက်နေတဲ့ ဆင်းရဲတွေဟာ အမြဲမကောင်းဘူး ဆိုတာ ပိုင်းခြားသိသွားတာ၊ အဲဒီ ဆင်းရဲတွေအပေါ်မှာ သာယာတပ်မက်တဲ့ တဏှာလဲ ငြိမ်းတန်သမျှ ငြိမ်းတယ်။
အဲဒီနိဗ္ဗာန်ကို မျက်မှောက်ပြု တွေ့သွားတဲ့ ဥစ္စာက အရိယမဂ္ဂသစ္စာ အစစ်ပဲ၊ အဲဒီတော့ သစ္စာလေးပါးတရားကို ထူးသောဉာဏ်နဲ့ သိတယ်ဆိုတာ ဒီလိုသိတာ၊
ဘာဝိတော - မိမိသန္တာန်၌ ဖြစ်စေအပ်သည် ရှိသော်၊
ဘာဝိတော - မိမိသန္တာန်၌ ပွားစေအပ်သည်ရှိသည်ရှိသော်၊
ဗဟုလီကတော - အကြိမ်များစွာ လေ့လာအပ်သည်ရှိသော်၊
အဘိညာယ - သစ္စာလေးပါးတရားကို ထူးသောဉာဏ်ဖြင့် သိခြင်းငှာ၊
သံဝတ္တတိ - ဖြစ်ပါ၏၊
မြတ်စွာဘုရားက ရှင်မဟာကဿပကြီး သစ္စာလေးပါး သိဖို့ရာပဲလို့ ဟောတော့ ရှင်မဟာကဿပ ကြီးက သူဒီနည်းနဲ့သိလာတာကို အမှတ်သတိလေးနဲ့ ဒီလိုသိတော့ ဟိုတုန်းက သိခဲ့တာတွေ ပြန်ပြီးအသစ်ဖြစ်ပြီး ပေါ်လာတယ်၊ ဟိုတုန်းက သိခဲ့တာတွေ အသစ်ပြန်ပေါ်လာတယ် -
ယခုလူတွေမှာ ငယ်ငယ်ရွယ်ရွယ်က နေပြီးတော့ ပျော်ခဲ့ပါးခဲ့တာတွေကို မိတ်ဆွေအချင်းချင်း ဆိုပါတော့ ငယ်ငယ်က ပျော်ခဲ့တာတွေကို အသက်က ၄-၅-၆၀-ရှိတော့ တစ်ခါ ပြန်ပြီးတော့ စမြုံ့ခပ်ပြီး ပြန်ပြောလို့ရှိရင် တစ်ယောက်ကလဲ ဟိုတုန်းက ဘယ်သွားတာ - ဘယ်သွားကြတာ၊ ဘာတွေ့ကြတယ်၊ ဘာတွေ့ကြတယ်၊ ဘယ်လိုပျော်တာပဲ ညာပဲနဲ့ ဟိုတုန်းက- ငယ်ငယ်တုန်းက ပြောခဲ့တာလေးဟာ အသစ်လိုဖြစ်ပြီး ပေါ်လာတတ်တယ်၊ အဲဒီလိုပဲပေါ့ ရှင်မဟာကဿပကြီးမှာ ပီတိသမ္ဗောဇ္ဈင်က သစ္စာလေးပါး ထူးသောဉာဏ်ဖြင့် သိဖို့ရာအကြောင်း မြတ်စွာဘုရားကနေပြီး ဟောလိုက်တော့ တစ်ခါတည်း ဟိုတုန်းက ဝိပဿနာ ရှုတုန်းက ဖြစ်ခဲ့တဲ့ ပီတိသမ္ဗောဇ္ဈင်ဟာ ပူပူနွေးနွေး တစ်ခါတည်း ပေါ်လာတာကိုး။
အဘိညာ - ထူးသောဉာဏ်ဖြင့် သိခြင်းငှာ၊ သမ္ဗောဒါယ - သစ္စာလေးပါးကို ထိုးထွင်း၍ သိခြင်းငှာ၊ သစ္စာလေးပါးဆိုတာ သိခဲတယ်၊ လူတွေဟာ ယခုသစ္စာလေးပါး တွေ့တော့ တွေ့နေတာပါပဲ၊ ဒါပေမယ့် မသိလို့ မြင်ရတာကလဲ ဒုက္ခသစ္စာပဲ၊ ဒုက္ခ ထင်ရဲ့လား၊ မထင်ဘူးလား၊ မြင်တာကဘာလဲ ဒုက္ခသစ္စာ ဆင်းရဲလားဆို မထင်ဘူး၊ အဲဒါ ထိုးထွင်းပြီးတော့ မသိလို့ မဖောက်ထွင်းနိုင်တာ၊ ဘယ်သူက ခံနေလဲဆို အဝိဇ္ဇာ ခံနေတယ်တဲ့၊ အဝိဇ္ဇာက ဖုံးနေတယ်၊ အဝိဇ္ဇာက ဘယ်လိုဖုံးသလဲ၊ အဝိဇ္ဇာက အဝတ်များ ဖုံးသလိုလား၊ ဖျာနဲ့အုပ်ထားသလို ဖုံးသလား၊ အိုးများ, သပိတ်များ, စလောင်းများဖုံးသလို ဖုံးသလား၊ ဒီလိုမဟုတ် ပါဘူး၊ မြင်ပြီးတာနဲ့ ပကတိအသိတွေ ရောက်သွားတာ၊ မြင်မိတာနဲ့ သြော် - ယောက်ျားပဲ, မိန်းမပဲ, ဘယ်သူဘယ်ဝါပဲ, ငါပဲ, သူပဲ၊ ဒီလိုသိသွားတာကို၊ အဲဒါက အဝိဇ္ဇာပဲ။
အဝိဇ္ဇာနဲ့ တိုက်ရိုက်၊ အကုသိုလ် အဝိဇ္ဇာနဲ့ တိုက်ရိုက် သိတာကလဲ ရှိတယ်၊ အဝိဇ္ဇာ၏ ကိုယ်စားလှယ်ဖြစ်တဲ့ ကုသိုလ်နဲ့ သိတာလဲရှိတယ်၊ ကုသိုလ်နဲ့သိလဲ မထူးဘူး၊ အဝိဇ္ဇာ ကိုယ်စားလှယ်ဆိုတော့ အဝိဇ္ဇာလို့ ခေါ်ရတာပဲ၊ အဲဒီလို သိသွားတာ၊ မြင်ပြီးရင် မိရိုးဖလာအတိုင်း သိရိုးသိစဉ်အတိုင်း ယောက်ျားမိန်းမ၊ ပုဂ္ဂိုလ်သတ္တဝါ၊ ဒီလိုသိတယ်၊ ကြားပြီးရင်လဲ ဒီလိုသွားတာပဲ၊ နံပြီး, စားပြီးရင်လဲ ဒီလိုသိတယ်၊ အဲဒါစဉ်းစားတိုင်း စဉ်းစားတိုင်း ပုဂ္ဂိုလ်သတ္တဝါ အနေအားဖြင့် ထင်မြင်သောအားဖြင့် ထင်နေတယ်၊ ချမ်းသာသော အားဖြင့်ထင်၊ ပုဂ္ဂိုလ်သတ္တဝါ ငါကောင်, သူကောင်, သတ္တဝါကောင် ထင်ပြီးတော့ အဲ-ကောင်းစား ချမ်းသာအောင်လို့ ပြုစု၊ အားထုတ်မှုတွေ နောက်က လိုက်လာတာ ကုသိုလ် အကုသိုလ်ကံတွေဖြစ် ဒီကံက အကျိုးပေးတော့ ဘဝသစ်တွေ ဖြစ်ပြီးတော့ ဖြစ်ရာဘဝ အိုရ ဆင်းရဲရ၊ နာရတယ်၊ ဒုက္ခတွေ ရောက်နေတာ၊ အဲဒါဟာ သစ္စာလေးပါး ထိုးထွင်း၍ မသိနိုင်တာပဲတဲ့။
ဒီ အဝိဇ္ဇာ ခံနေလို့ အဲဒီ အဝိဇ္ဇာ ပယ်နေရတာ မြင်တိုင်းမြင်တိုင်းမှတ်၊ အဝိဇ္ဇာ မလာခင် အဝိဇ္ဇာ တွေထက်ဦးအောင် ဒီက မှတ်လိုက်ရတာကိုး၊ သတိလေး သွင်းလိုက်ရတာကိုး၊ သတိက ဒီက မသွင်းလိုက်လို့ရှိရင် ဟိုက အဝိဇ္ဇာ က ဝင်လိမ့်မယ်၊ ဒီကြားထဲက လာတာ၊ ဟိုကန့်လန့်ကာ ချလိုက်စမ်း၊ ကြားထဲကန့်လန့်ကာ အမိတ်နဲ့ တိုးခံလိုက်တာ၊ ချပြီးတာနဲ့ အမှတ်မဲ့နေလိုက် လို့ရှိရင် ပိတ်သွားပြီ၊ အဝိဇ္ဇာ ကငါပဲ၊ သူပဲ ယောက်ျား မိန်းမပဲ ဖြစ်ကုန်ရော မရဘူး၊ ပြင်လို့ မရတော့ကို ကြားပြီးလို့ရှိရင်လဲ မမှတ်ဘဲနေရင် ဒီအတိုင်းရောက်သွားတာပဲ၊ အဲ-ယခု အဲဒီအပိတ်အပင်တွေကို မရောက်အောင်လို့ မြင်မြင်ခြင်း ဒီကနေပြီး အမှတ်ကလေးတွေ လိုက်ထည့်တယ်။
အဲဒါကြောင့် …
ဘာဝိတော - ပွားစေအပ်သည်ရှိသော်၊
ဗဟုလီကတော - အကြိမ်များစွာ လေ့လာအပ်သည် ရှိသော်၊
သတိ သမ္ဗောဇ္ဈင်္ဂေါတိ - သတိ သမ္ဗောဇ္ဈင်သည်၊ အမှတ်ရမှု သတိ သမ္ဗောဇ္ဈင်သည်၊
သမ္ဗောဒါယ - သစ္စာလေးပါးကို ထိုးထွင်း၍ သိခြင်းငှာ၊
သံဝတ္တတိ - ဖြစ်ပါ၏။
ဒီသစ္စာလေးပါး တရားတွေကို ဖြစ်ပျက်နေလို့ ဆင်းရဲခြင်းတွေပဲလို့ ဒီလိုမှတ်တိုင်း, မှတ်တိုင်းမှာ ဖြစ်ပါတယ်။
ဥဒယဗ္ဗယဉာဏ်က စပြီးတော့သိတယ်၊ ဥဒယဗ္ဗယဉာဏ် မရောက်ခင်တော့ အဲဒီ သမ္မသနဉာဏ်က အတော်အတန် သိလာတယ်၊ ဥဒယဗ္ဗယဉာဏ်ကျတော့ ပိုသိတယ်၊ သိတာပေါ့ အဖြစ်အပျက် တရားတွေပဲ၊ ဆင်းရဲတွေပဲ၊ ဘာမျှ အားမကိုးလောက်တဲ့ တရားတွေပဲ၊ ဘယ်အချိန်မဆို သေနိုင်တဲ့ တရားတွေပဲ၊ ဒီလိုသိတာကို၊ အဲဒါ အဝိဇ္ဇာ တည်းဟူသော အကွယ်အကာကြီးကို ဖောက်ထွင်းပြီး သကာလ သိသွားတာတဲ့ မှန်တာတွေ ထိုးထွင်းပြီးတော့ သိတာ။
နိဗ္ဗာနာယ သံဝတ္တတိ၊ နိဗ္ဗာနာယ - ဆင်းရဲခပ်သိမ်း ငြိမ်းခြင်းငှာ၊ သံဝတ္တတိ-သိ၏၊ နိဗ္ဗာန်မျက်မှောက် ပြုဖို့ရာဖြစ် ပါတယ်တဲ့၊ ရှင်မဟာကဿပကြီးက ဒီလိုအားထုတ်လို့ နိဗ္ဗာန်ကို မျက်မှောက်သူ တွေ့လာတာကို၊ ဒီလမ်းနဲ့ပဲတွေ့လာတာ၊ ဒီတော့ နိဗ္ဗာန်မျက်မှောက်ပြုဖို့ရာ ဟုတ်ပါတယ်လို့ ဟိုတုန်းက အားထုတ်ပြီး နိဗ္ဗာန်ကို တစ်ခါတည်း ကိုယ်တိုင် တွေ့လာခဲ့တာတွေ ပြန်ပြီး အသစ်လို ပေါ်လာတာကို၊ ပီတိတွေ ဖြစ်လာတာပေါ့၊ ပီတိတွေဖြစ်တာ တစ်ခါတည်း အားရတဲ့ပီတိတွေဖြစ် ပီတိ သမ္ဗောဇ္ဈင်္ဂေါလို့ အတူပဲ။
ဓမ္မဝိစယ သမ္ဗောဇ္ဈင်္ဂေါ ခေါ ကဿပ မယာ သမ္မာဒက္ခာတော၊ ဘာဝိတော ဗဟုလီကတော အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ -
အဲဒီ တရားတွေကို စူးစမ်းဆင်ခြင်ပြီး သိတဲ့, ပိုင်းခြား ခွဲခြမ်းပြီးသိတဲ့ ဓမ္မဝိစယ သမ္ဗောဇ္ဈင်လည်း ပွားများလို့ရှိရင် ထို့အတူပဲ၊ သစ္စာလေးပါး တရားကို ထူးသောဉာဏ်နဲ့သိလို့ ထိုးထွင်းပြီးသိဖို့, နိဗ္ဗာန် မျက်မှောက်ပြုဖို့, ဖြစ်ပါတယ်လို့ အဲဒီလို မြတ်စွာဘုရား ဟောလိုက်တော့ အဲဒါတွေလဲ ပြန်ပြီးတော့ ပေါ်လာတယ်။
ဝီရိယသမ္ဗောဇ္ဈင်္ဂေါ ခေါ ကဿပ မယာ သမ္မဒက္ခာတော ဘာဝိတော ဗဟုလီကတော အဘိညာယ သမ္ဗောဒါယ၊ နိဗ္ဗာနာယ သံဝတ္တတိ၊ ပီတိသမ္ဗောဇ္ဈင်္ဂေါ ခေါ ကဿပ မယာ သမ္မဒက္ခာတော ဘာဝိတော ဗဟုလီကတော အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။
ဟော - ဓမ္မဝိစယသမ္ဗောဇ္ဈင်၊ ဝီရိယသမ္ဗောဇ္ဈင်၊ ပီတိသမ္ဗောဇ္ဈင် အဲဒီ ဗောဇ္ဈင်တရားတွေလဲ ပွားများ လို့ရှိရင် သစ္စာလေးပါး ထိုးထွင်းဉာဏ်ဖြင့် သိဖို့၊ ထူးသောဉာဏ်ဖြင့်သိဖို့၊ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ ဖြစ်ပါတယ်တဲ့၊ မြတ်စွာဘုရားက ဟောထားတယ်၊ ဒီဗောဇ္ဈင်တရားတွေ, ဟိုတုန်းက ဖြစ်ခဲ့တာတွေ ပြန်ပြီး ပေါ်လာတာကို၊ အဲ ပီတိသမ္ဗောဇ္ဈင်တွေ ဖြစ်တယ်တဲ့၊ ကဲ - ပီတိသမ္ဗောဇ္ဈင်တွေ ဖြစ်လိုက် တော့ ပီတိဇရုပ်တွေ တစ်ကိုယ်လုံး ဖျိုးဖျိုးဖျင်းဖျင်းနဲ့ ပြန်ပြီး တစ်ခါတည်း ဖြစ်သွားတာကို၊ အစကနေ မကောင်းတဲ့ ရုပ်တွေ ပျောက်သွားတယ်။
ဘာနဲ့တူသလဲဆိုတော့ ပုလင်းထဲမှာ လေတွေရှိနေတယ်၊ ပုလင်းထဲမှာ လေတွေပြည့်နေတာကို ရေထည့်လိုက်လို့ရှိရင် ရေက 1/4 ထည့်လိုက်ရင် အဲဒီလေက 3-ပုံ ကျန်တော့တယ်၊ 1/4 ကို တစ်ပုံက ထွက်သွားတယ်၊ ရေတစ်ဝက်လောက် ထည့်လိုက်လို့ရှိရင် တစ်ဝက်လောက်က လေပဲ ထွက်သွားတယ်၊ လေးပုံသုံးပုံ ထည့်လိုက်လို့ရှိရင် 3-ပုံလောက် ရေတွေရောက်သွားရော၊ 3-ပုံလောက်က ထွက်သွားတယ်၊ 1-ပုံလောက်ပဲ ကျန်တော့တယ်၊ အကုန်လုံး နှုတ်ခမ်းထိအောင် ထည့်ရင် လေတစ်ခုမှ မရှိတော့ဘူး၊ ကုန်ရောပဲ၊ ထွက်သွားတာက အဲဒါလိုပဲ၊ ကိုယ်ထဲမှာ ပီတိဇရုပ်တွေကလဲ အကုန်လုံး တစ်ခါတည်း တစိမ့်စိမ့်နဲ့ပျံပြီးတော့ ဖြစ်လိုက်တော့ မူလက ပျက်ပြီးရုပ်တွေ ပျက်နေတဲ့ ဓာတ်တွေဖောက်ပြန်ပြီး ပျက်နေတဲ့ရုပ်တွေဟာ တဖြည်းဖြည်း တစ်ခါ တည်း ကုန်ကုန်သွားတာကို၊ ကုန်ဆိုတာ ဖြစ်ပြီး ပျောက်သွားတာပဲ၊ (အသစ်-2)တွေ နောက်ထပ် ဖြစ်နေလို့ မကောင်းတဲ့ ရုပ်တွေလဲ ထပ်ကာ, ထပ်ကာ ဖြစ်နေတယ်။
ဒီတော့ ယခု ပီတိဇရုပ်တွေက နောက်က လိုက်ပြီးတော့ ဖြစ်လာတာ၊ တစ်ခါတည်း ရုပ်ကောင်း ရုပ်ဟောင်းတွေက မကောင်းတဲ့ ဟာတွေက ကုန်ကုန်သွားပြန်တော့ အသစ်ပြန်ပြီးတော့ မကောင်း တာတွေ မဖြစ်လာဘူး၊ အကောင်းကြည့် တစ်ခါတည်း နောက်က လိုက်ပြီး ဖြစ်လာတယ်၊ အဲဒါ ကျန်းမာသွားတာပဲ၊ ယခု ဆေးဝါးတွေလဲ ဒီအတိုင်းပဲ၊ မမြင်ရလို့၊ ထိုးတဲ့ဆေး တွေ့ရင် တစ်ကိုယ်လုံး ပျံ့ပြီးလို့ ဖြစ်သွားရင် ဆေးက ရုပ်ကောင်းတွေက အားပေးလိုက်တော့ ကိုယ်ထဲမှာ ရုပ်ကောင်းတွေ ဆက်ပြီးတော့ ဖြစ်သွားတော့ မကောင်းတဲ့ရုပ်တွေ ပျောက်သွားတာ။
နေကောင်းထိုင်ကောင်း ဖြစ်သွားတယ်၊ စားတဲ့ဆေးလဲ ဒီအတိုင်းပဲ၊ လိမ်းတဲ့ဆေးလဲ ဒီအတိုင်းပဲ ကိုယ်ထဲမှာပျံ့ပြီး ဆေးတွေ ပျံ့သွားတော့ ရုပ်ကောင်းတွေ ဖြစ်လာတော့ ရုပ်မကောင်းတာတွေက နောက်ထပ် အသစ် မဖြစ်ရဘဲနဲ့ ကုန်ကုန်သွားတာကို၊ ရုပ်ကောင်းတွေ ဖြစ်သွားတဲ့အခါမှာ တစ်ကိုယ်လုံး ကောင်းသွားတာပဲ၊ ကျန်းမာသွား နေကောင်း, ထိုင်ကောင်း ဖြစ်သွားတယ်။
အဲဒါလိုပဲ၊ ယခု ပီတိတွေ ပျံ့ပြီးတော့သွားလို့ ရှင်မဟာကဿပကြီးလဲ တရားနာရင်း ရောဂါ ဝေဒနာတွေ ပျောက်သွားတယ်တဲ့ ထို့အတူ ရှင်မဟာမောဂ္ဂလာန်ပဲ ရောဂါဝေဒနာ ပျောက်တယ်တဲ့၊ မြတ်စွာဘုရား ကိုယ်တိုင်တောင်မှ ရှင်စုန္ဒ-ဟောတဲ့ တရား နာပြီးတော့ ရောဂါဝေဒနာတွေ ပျောက်သွားတယ်တဲ့၊ အဲဒါအများလဲ ကြားသိနေကြတယ်၊ ဒီဗောဇ္ဈင်တရား အင်မတန် ကောင်းပါတယ်၊ သူက နာရတဲ့သူလဲ ကောင်းပါတယ်၊ အဲ-ယခု နေမကောင်း ထိုင်မသာဖြစ်တဲ့ ပုဂ္ဂိုလ်တွေလဲ အဲဒီတုန်းက ရှင်မဟာကဿပကြီး ရောဂါပျောက်ပုံတွေ ကိုယ်မှာ ဗောဇ္ဈင်တရားတွေ ကောင်းကောင်း မရှိနဲ့ဦးတော့ ရှင်မဟာကဿပကြီး ရောဂါပျောက်ပုံတွေ ရှင်မဟာမောဂ္ဂလာန် ရောဂါပျောက်ပုံတွေ မြတ်စွာဘုရားက တရားနာပြီး ရောဂါပျောက်ပုံတွေ ရှင်စုန္ဒက တရားဟော နေပုံတွေ အဲဒါတွေ စိတ်ထဲမှန်းပြီးတော့ အာရုံပြုလိုက်ရင် ပီတိသမ္ဗောဇ္ဈင်တွေ ဖြစ်ဖို့ရာ အကြောင်းရှိပါတယ်၊ ဖြစ်လဲဖြစ်စရာ တော်တော် ကောင်းပါတယ်။
မြတ်စွာဘုရား တစ်ခါတည်း ရှင်မဟာကဿပကြီး အနား ထိုင်ပြီးတော့ တရားဟောနေပုံ၊ ရှင်မဟာကဿပကြီးက တရားနာနေပုံ၊ နေမကောင်းရင် တစ်ခါတည်း ရှင်မဟာမောဂ္ဂလာန်ကြီး အနားထိုင်ပြီး တရားနာနေပုံ၊ ရှင်မောဂ္ဂလာန် တရားနာနေပုံ၊ မြတ်စွာဘုရားအနား ထိုင်ပြီးတော့ ရှင်စုန္ဒက တရားဟောနေပုံ၊ မြတ်စွာဘုရားက တရားနာနေပုံ၊ ပီတိသမ္ဗောဇ္ဈင်တွေ၊ ပီတိတရားတွေ ပီတိသမ္ဗောဇ္ဈင်တွေ ဖြစ်လာပုံ၊ အဲဒါတွေ ပြန်စဉ်းစားလိုက်ရင် ကြည်ညိုစရာလဲ ကောင်းတယ်၊ နေမကောင်း ထိုင်မကောင်းဖြစ်ရင် တော်ရုံတန်ရုံ ဟာတော့ဖြင့် ပျောက်သွားစရာ အကြောင်း ရှိပါတယ်။
အဲဒါ ကောင်းပါတယ်၊ ဒီလို စဉ်းစားရုံနဲ့ မဖြစ်လို့ရှိရင် အရွတ်အဖတ် ကောင်းတဲ့ပုဂ္ဂိုလ်တွေ ဗောဇ္ဈင်တွေ ရွတ်ခိုင်းပေါ့၊ ရွတ်ပြီးတော့ အာရုံပြု၊ ပါဠိသက်သက် ရွတ်တတ်တဲ့ ပုဂ္ဂိုလ်က ပါဠိသက်သက် ပီပီသသ ရွတ်မှကို၊ ဗလုံးဗထွေး ရွတ်လို့ တော့ မကောင်းဘူး၊ အနက်ပါ ရွတ်တတ်လို့ ရှိရင်လဲ အနက်အဓိပ္ပာယ်ပါ ပြောတတ်လို့ရှိရင် ပိုကောင်းတာပေါ့၊ သူ့ဟာ၊ အဲ့ဒါ ရွတ်ဖတ်ပြီးနေရင် အင်မတန် ကောင်းပါတယ်၊ အဲဒါကြောင့်မို့။
နှစ်သိမ့်ရောင့်ရဲ ဝမ်းလဲမြောက်သည်။
အဲ - နှစ်သိမ့် ရောင့်ရဲပြီး ဝမ်းမြောက်တဲ့ဥစ္စာ ပီတိသမ္ဗောဇ္ဈင် ရုပ်ကောင်း ရုပ်သန့် ပျံ့နှံ့စေသည်၊ ရုပ်ကောင်း ရုပ်သန့်တွေ တစ်ကိုယ်လုံး ပျံ့နှံ့စေတာလဲ ပီတိသမ္ဗောဇ္ဈင်ပဲ၊ ကိုင်း-ဆိုရဦးမယ်။
နှစ်သိမ့်ရောင့်ရဲ၊ ဝမ်းလည်းမြောက်သည်၊
ရုပ်ကောင်း ရုပ်သန့် ပျံ့နှံ့စေသည်။
ကိုယ်စိတ်ပေါ့လျက် ကြွတက်ထင်သည်
မြတ်ပီတိ မှတ်သိဗောဇ္ဈင်မည်။ (ဆို-3)
ကိုယ်စိတ်ပေါ့လျက် ကြွတက်ထင်သည်၊ ကိုယ်စိတ်တွေ ပေါ့ပါးပြီးတော့ ကြွတက်နေတယ်လို့ ထင်ရပါတယ်တဲ့၊ အဲဒီအခါမှာ အဲဒါ တရားအားထုတ်လို့ ပီတိဖြစ်ဖူးတဲ့ ပုဂ္ဂိုလ်တွေ လက်တွေ့ ပေါ့လေ၊ ဒါတွေ ပေါ့ပါးပြီးတော့ နေတာတွေ သိပ်ထင်ရှားပါတယ်၊ အင်မတန်ကို ထင်ရှားတဲ့ ဥစ္စာတွေ၊ မတွေ့ဘူးတဲ့ ပုဂ္ဂိုလ်တော့ မထင်ရှားဘူးတဲ့၊ တွေ့ဖူးတဲ့ပုဂ္ဂိုလ်မှာ ထင်ရှားတယ်၊ ကိုယ်တွေဘာတွေ ကြွပြီးတော့ဖြစ်နေတာ၊ ဘုန်းကြီးများ ဆိပ်ခွန်မှာတုန်းက တစ်ချို့ပုဂ္ဂိုလ်တွေ တရားအား ထုတ်ရင် ဒီပီတိတွေကြီးဖြစ်လာတော့ သူဘယ့်နှယ်ပြောလဲဆိုတော့ သူတို့ကိုယ်သူတို့ တစ်ခါတည်း အောက်ကိုမထိဘဲနဲ့ ကြွနေတယ်လို့ ထင်တာကိုး၊ ကြွနေတယ်ထင်တော့ ဘေးက လူကို ကြည့်စမ်းပါဦးတဲ့၊ ငါအောက်က ထိသေးရဲ့လား ဘေးက ပုဂ္ဂိုလ်ကြည့်တော့လဲ ထိနေတယ်။
ဒါ သူ့စိတ်ထဲက ထင်နေတာကိုး၊ သူ့စိတ်ထဲက ထင်နေတော့ ထိနေပါတယ်ခင်ဗျား၊ အေးကွ မင်းတော့ထိ၊ ငါတော့ မထိဘဲ ဖြစ်နေတယ်၊ လမ်းလျှောက်နေပြန်လဲ ဒီလိုပဲ ကြည့်စမ်းပါဦး ငါ မြေကြီးထိမှ ထိသေးရဲ့လား၊ အပေါ်မှာ အောက်မေ့နေတာကို၊ သူ့ဟာက ဘေးလူကကြည့်တော့ ခင်ဗျားဥစ္စာ ထိနေတာပါပဲ၊ အေးကွာ မင်းတော့ ထိနေ ငါကတော့ မထိဘူးထင်နေတာ၊ သူ့ဟာ ကြွတက်နေတာကို၊ ပီတိဟာ အင်မတန်ကို ဆန်းကြယ်ပါတယ်၊ အင်မတန် နေလို့ထိုင်လို့ ကောင်းတယ်၊ အင်မတန် ကောင်းတဲ့ဥစ္စာ ဒီရောက်လို့ရှိရင် အဲဒါ ပီတိသဗောဇ္ဈင် ဖြစ်နေတာတဲ့၊ အင်မတန်ကောင်းတဲ့ ပီတိသဗောဇ္ဈင်၊ အဲဒီ ပီတိသမ္ဗောဇ္ဈင်က -
ယထာစ အနုပ္ပဿ ပီတိသမ္ဗောဇ္ဈင်္ဂဿ ဥပ္ပါဒေါ ဟောတိ၊ တဉ္စ ပဇာနာတိ၊ ယထာစ ဥပန္နဿ ပီတိသမ္ဗောဇ္ဈင်္ဂဿ ဘာဝနာယ ပါရိပုရိ ဟောတိ တဉ္စပဇာနာတိ။
ယထာစ - အကြင် အကြောင်းကြောင့်လည်း၊
အနုပ္ပန္နဿ ပီတိသမ္ဗောဇ္ဈင်္ဂဿ - မဖြစ်ပေါ်သေးသော ပီတိသမ္ဗောဇ္ဈင်၏၊
ဥပ္ပါဒေါ - အသစ် ဖြစ်ပေါ်လာခြင်းသည်၊
ဟောတိ - ဖြစ်၏၊
တဉ္စ - ထိုအကြောင်းကိုလည်း၊
ပဇာနာတိ - သိ၏၊
ယောဂီပုဂ္ဂိုလ်က ပီတိသမ္ဗောဇ္ဈင် ဘာကြောင့်ဖြစ်သလဲဆိုတာ သူကသိတယ်တဲ့၊ ပီတိသမ္ဗောဇ္ဈင် ဖြစ်ခြင်းအကြောင်းကို သိတယ်၊ ပီတိသမ္ဗောဇ္ဈင် ဖြစ်ခြင်း အကြောင်းက ဘာလဲဆိုတော့၊ ဒီ ပီတိဖြစ်အောင်လို့ ယောနိသော မနသိကာရ နှလုံးသွင်းမှုပါပဲတဲ့။
အဲဒီ ပီတိဖြစ်အောင် ဝိပဿနာရှုမယ်လို့ ဝိပဿနာတရား အားထုတ်မယ်လို့ စောစောက နှလုံးသွင်းပြီး ဝိပဿနာ တရား ရှုမယ်မှတ်မယ် ဖြစ်တိုင်းဖြစ်တိုင်း ရှုမယ်မှတ်မယ် နှလုံးသွင်းထား၊ နှလုံးသွင်းတဲ့ အတိုင်းလဲ ရှုမှတ်ပြီးနေ အဲဒီရှုမှတ် နေတာဟာ သူ့အကြောင်း ရှုမှတ်ခြင်းကြောင့်ပဲ ဖြစ်လာတာ၊ ဒီဥစ္စာက ဒိပြင် ဘုရား အာရုံပြုဖြစ်တာ, တရား အာရုံပြုဖြစ်တွေ ကတော့ အကြောင်း တစ်မျိုးတွေဖြစ်တာလဲ သူ၊ ယောနိသောမနသိကာရ၊ အဲဒီဘုရားဂုဏ်တွေ ကြည်ညိုဖွယ်ဖြစ်အောင် နှလုံးသွင်းတဲ့အခါ ပီတိတွေဖြစ်တယ်။
တရားဂုဏ်တွေ ကြည်ညိုဖွယ် ဖြစ်အောင် နှလုံးသွင်းတဲ့အခါ ပီတိတွေဖြစ်တယ်၊ သူလဲ အဲဒီ ယောနိသောမနသိကာရဟာ ပီတိဖြစ်ခြင်း အကြောင်းပဲတဲ့၊ ဒီတော့ ပီတိဖြစ်ချင်လို့ရှိရင် အဲဒီ ယောနိသောမနသိကာရနဲ့ ဝိပဿနာသာ ရှုပေတော့တဲ့၊ ရှုလို့ရှိရင် ဒါဖြစ်မှာပဲ၊ ဒါ မြတ်စွာဘုရား နည်းပဲ၊ အဋ္ဌကထာက သူ ပီတိဖြစ်ခြင်းအကြောင်း ပြထားတယ်၊ ဘယ်နှစ်ပါးလဲ ဆိုတော့ ပီတိဖြစ်ခြင်းအကြောင်း ဆယ့်တစ်ပါး ပြထားတယ်။
ဗုဒ္ဓါနုဿတိ - မြတ်စွာဘုရား၏ဂုဏ်ကို နှလုံးသွင်း ဆင်ခြင်ခြင်း။
ဓမ္မာနုဿတိ - တရားမြတ်၏ဂုဏ်ကို နှလုံးသွင်း ဆင်ခြင်ခြင်း။
သံဃာနုဿတိ - သံဃာတော်၏ဂုဏ်ကို နှလုံးသွင်း ဆင်ခြင်ခြင်း။
သီလာနုဿတိ - သီလဂုဏ်ကို နှလုံးသွင်း ဆင်ခြင်ခြင်း။
စာဂါနုဿတိ - စွန့်ကြဲခြင်း၏ဂုဏ်ကို နှလုံးသွင်း ဆင်ခြင်ခြင်း။
စသည်ဖြင့်ပေါ့၊ ဒါ တစ်ပိုဒ်စီထားတယ်၊ အဲဒါလေး တစ်ပိုဒ်ကို ပြောရအောင် ဆောင်ပုဒ်ကလေး အရင်ဆိုကြဦးစို့။
ရတနာသုံးစုံ၊ သီလဂုဏ်၊ စွန့်ပုံအောက်မေ့ပါ။ (ဆို-3)။
အဲဒီ ရတနာသုံးစုံ ရတနာ သုံးပါးရဲ့ဂုဏ်၊ ဘုရား, တရား, သံဃာ 3-ပါးရဲ့ ဂုဏ် 3-ခုပေါ့၊ သီလဂုဏ်တဲ့၊ မိမိ၏ သီလ၊ စွန့်ပုံစွန့်ကြဲပေးကမ်း လှူဒါန်းပုံ၊ အဲဒါ ငါးခု၊ အဲဒါ အကြောင်းတရား ငါးပါးပဲ၊ အဲဒါ ပီတိဖြစ်ခြင်း၏ အကြောင်း ငါးပါးပဲ၊ ရတနာသုံးပုံ ဘုရား, တရား, သံဃာ 3-ပါးထဲက မြတ်စွာဘုရားရဲ့ဂုဏ်တွေ အောက်မေ့ပါတယ်၊ ဗုဒ္ဓါနုဿတိ - မြတ်စွာဘုရား ဂုဏ်တို့၏ အဖန်ဖန် အောက်မေ့ဆင်ခြင်ခြင်း၊ ဘုရားဂုဏ်တော်ကို အဖန်ဖန် ဆင်ခြင်အောက်မေ့ရမယ်၊ ဗုဒ္ဓါနုဿတိ - ဆိုတာ ဘုရားဂုဏ်ကို ဆင်ခြင်တယ်၊ အောက်မေ့ ဆင်ခြင်ရတယ်၊ အဲ တစ်ချို့ ပုတီးစိတ်တယ်၊ ဗုဒ္ဓါနုဿတိ, ဓမ္မာနုဿတိ၊ ဒီလိုစိတ်နေတယ်၊ အဲဒါကတော့ ဗုဒ္ဓါနုဿတိ အစစ်တော့ မဟုတ်ဘူး ပေါ့လေ၊ သို့သော် ရတော့ရတယ်၊ ဗုဒ္ဓါနုဿတိဆိုတာ ဘုရားဂုဏ်ကို အောက်မေ့ရတယ်။
ဘုရားဂုဏ်တွေ၊ မြတ်စွာဘုရားရဲ့ စရိယဂုဏ် ရှိတယ်၊ ရူပကာယဂုဏ် ရှိတယ်၊ နာမကာယဂုဏ် ရှိတယ်၊ အဲဒီဂုဏ်တော်တွေ နှလုံးသွင်းရတယ်၊ မြတ်စွာဘုရား ပါရမီဖြည့်ကျင့်စဉ်က ဘုရား အလောင်းတော် ဖြစ်စဉ်က ကျင့်ကြံခဲ့တာတွေ စရိယဂုဏ်တွေခေါ်တယ်၊ အဲဒါတွေလဲ ကိုယ်တတ်သိ ဆင်ခြင်လိုက်လို့ရှိရင် ဒါလဲပဲ ပီတိဖြစ်စရာ အင်မတန် ကောင်းတယ်၊ ပြီးတော့ မြတ်စွာဘုရား ရူပကာယဂုဏ်တဲ့၊ မြတ်စွာဘုရား၏ တင့်တယ်တော်မူပုံ၊ အဲ ယောက်ျားမြတ် ပုဂ္ဂိုလ်မြတ် လက္ခဏာ ကြီးငယ်တွေနဲ့ ပြည့်စုံပြီးတော့ ရောင်ခြည်တော် ခြောက်သွယ်နဲ့ တင့်တယ်တော်မူပုံ၊ အဲဒါကတော့ မှန်းပြီးတော့ ဆင်ခြင်ရမယ်၊ မြတ်စွာဘုရားကိုလဲ ဘယ်သူမှ တွေ့ဖူးတာ မဟုတ်တော့ စာထဲကပါတဲ့အတိုင်း မှန်းဆင်ခြင်ရမှာပါပဲ၊ ဒါကတော့ဖြင့် နာမကာယဂုဏ်တဲ့၊ နာမကာယဂုဏ် ဆိုတာက ကိလေသာကင်းပုံ၊ သစ္စာလေးပါးသိပုံ စသည် နာမကာယဂုဏ်၊ အဲဒါကတော့ ကိုယ်တိုင် မသိဘူးသော်လဲ တရားတွေ အားဖြင့်တော့ တွေ့မှာပေါ့၊ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေက၊ တရားပြည့်တဲ့ အခါကာလတော့ ကိုယ်မှာ ကိလေသာ ကင်းသလို မြတ်စွာဘုရားမှာ ကင်းတယ် ဆိုတာဟာ သိနိုင်တယ်၊ ကိုယ်ရှေ့က မသိဘူးတာတွေကို သိတာလိုပဲ၊ မြတ်စွာဘုရား အလုံးစုံ သိတယ်ဆိုတာ ဒါတွေကတော့ ကိုယ်တိုင် တွေ့သိနိုင်တယ်၊ ဒီဥစ္စာတွေ အဲဒီဂုဏ်တွေကို ဆင်ခြင်ရမယ်။
အဲဒီဂုဏ်တွေ စရိယဂုဏ်တွေ ဘုရားအလောင်း ကျင့်ကြံခဲ့ပုံတွေကို ဆင်ခြင်မယ် လို့ဆိုရင် မြတ်စွာဘုရားဟာ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းထက် ကာလတုန်းက သုမေဓာဆိုတဲ့ အမျိုးသား လေး ဖြစ်တယ်၊ အမျိုးအားဖြင့် ဗြဟ္မဏမျိုးပဲ၊ အများလဲသိတော့ သိပြီးသားပါပဲ၊ သို့သော်လဲ ပီတိသမ္ဗောဇ္ဈင် ဖြစ်ဖို့ရာအတွက် ဘုန်းကြီး နည်းနည်းပြောမယ်၊ နည်းနည်းတော့ ပြောမယ်၊ များများတော့ မပြောဘူး၊ များများပြောရင် မပြီးဘူး။
ဒီဥစ္စာတွေ အဲဒီဘုရားလောင်း ဇာတ်ဝတ္ထုတွေ ပြောနေရင် ဘယ်ပြီးမလဲ၊ တစ်ဝါတွင်းလုံး ဟောရင်တောင် ပြီးမယ် မဟုတ်ဘူး၊ အများပဲ၊ နေ့တိုင်းဟောလို့ကို မပြီး၊ သူ့ဟာ အများကြီး၊ ကြည်ညိုစရာတွေ အများကြီး ရှိပါတယ်၊ အဲဒီ သုမေဓာ ဆိုတဲ့ အမျိုးသားလေး ဖြစ်ခဲ့တယ်၊ သူ့မိဘတွေက ငယ်ရွယ်စဉ်မှာပဲ ဆုံးသွားတယ်၊ ပစ္စည်းဥစ္စာတွေကလဲ ကုဋေပေါင်း များစွာ ကြွယ်ဝပြီးတော့ အဲဒီကုဋေပေါင်းများစွာ ကြွယ်ဝပြီးတော့နေတဲ့ ပစ္စည်းတွေ သူ့မိဘတွေ ဆုံးပြီးတော့သွားတယ် ဆုံးသွားကြတဲ့ အခါကာလကျတော့ အဲဒီသူ့ပစ္စည်းတွေကို ပစ္စည်းထိမ်း, ဘဏ္ဍာထိမ်းဖြစ်တဲ့ ပုဂ္ဂိုလ်က သူ့ကို စာရင်းတင်ပြတယ်၊ အရှင်သုမေဓ သတို့သားကလေး သင့်မိဘတွေ ဆုံးသွားကုန်ပြီ၊ ကွယ်လွန်ကုန်ပြီ၊ သင့်မိဘတွေ၏ အမွေအနှစ်ကို သင်လက်ခံပြီး သကာလ ပစ္စည်းတွေ စီမံဖို့ရာ ခန့်ခွဲဖို့ရာတဲ့၊ အဲဒီဟာတွေကို စာရင်းတင်ပြပါမည်ဆိုပြီး စာရင်း တင်ပြ၊ ပစ္စည်းတွေလိုက်ပြ၊ ဘဏ္ဍတိုက်ထဲမှာ ဒါက သင့်အဖေ လက်ထက်မှာ တိုးပွားတဲ့ ဘဏ္ဍာ တွေပဲ၊ ဒါက သင့်အဘိုး လက်ထက်က ဘဏ္ဍာတွေ၊ ဒါကသင့်အဘေး လက်ထက်က ဘဏ္ဍာတွေ၊ ဒါက သင့်ရဲ့ အဖေရဲ့ အဖေ၊ လက်ထက်က ဘဏ္ဍာတွေ စသည်ဖြင့် ဒါတွေ လျှောက်ပြီးတော့ ပြောတယ်၊ စာရင်းရှိတာကိုး၊ အဲ- ဘယ်သူ့ လက်ထက်ပစ္စည်း၊ ဘယ်သူ့လက်ထက်က ပစ္စည်း တစ်ခါတည်း ခုနစ်ဆက်တိုင်အောင် စာရင်းမှတ်တမ်း ရှိကာကိုး၊
အဲဒါတွေ လိုက်ပြီးတော့ပြတယ်၊ သုမေဓာသတို့သားက စဉ်းစားတယ်၊ ပစ္စည်းတွေစုဆောင်းတဲ့ ပုဂ္ဂိုလ်တွေကတော့ မရှိကြတော့ဘူး၊ ပစ္စည်းတွေကတော့ ရှိနေတယ်၊ ပစ္စည်းစုဆောင်တဲ့ ပုဂ္ဂိုလ် တွေက စုဆောင်းပြီးတော့ သူတို့လဲ ယူ၍လဲ မသွားနိုင်ကြဘူး။
ဒါတွေ တို့သုံးမယ်, တို့စွဲမယ် ဆိုပြီးတော့ ဒီပစ္စည်းတွေ စုဆောင်းကြတယ်၊ မရမက ရအောင်လို့ ရှာဖွေပြီးစုဆောင်း ကြတယ်၊ စုဆောင်းပြီးတော့ သူတို့လဲ မရှိကြတော့ဘူး၊ ဒါတွေသူတို့လဲ ယူ၍လဲ မသွားနိုင်ကြဘူး၊ ဒီတော့ ပင်ပင်ပန်းပန်း စုဆောင်းထားရတယ်၊ ကိုယ်တိုင်ယူ၍လဲ မသွားနိုင်တော့ ဒါသူတို့ဆုံးရှုံး နစ်နာတာပဲ၊ ငါတော့ ပစ္စည်းတွေယူသွားမှ ဖြစ်တော့မှာပဲ။
သူစဉ်းစားတယ်၊ ဘယ်ပုံဘယ်နည်း ယူသွားမလဲ ဆိုရင် ဒါတွေ ငါစွန့်လွှတ် လှူဒါန်းပြီးတော့ ငါတောထွက် ရသေ့ရဟန်း ပြုမှာပါပဲလို့ အဲဒီလိုစဉ်းစားတယ်၊ ဘာကြောင့်လဲဆိုလို့ရှိရင် လောကမှာ အိုခြင်းတရား, နာခြင်းတရား, သေခြင်းတရားတွေဆိုတာ ရှိတယ်တဲ့၊ ငါမိဘတွေ, ဘိုးဘွားတွေ အကုန်လုံး အိုခြင်းတရားနှင့် တွေ့လို့, နာခြင်းတရားနဲ့တွေ့လို့, သေခြင်းတရားနဲ့ တွေ့လို့ အကုန်လုံး ကွယ်လွန်ကုန်ကြပြီး မရှိကြတော့ဘူး၊ ဒီတော့ဘိုးဘွားတွေ, ရှေ့ရှေ့သော ပုဂ္ဂိုလ်တွေ အရိုးတောင် ရှိမှာမဟုတ်တော့ဘူး။
အဲဒါ - ဘာမျှမရှိကြတော့ဘူးတဲ့၊ သူတို့ပစ္စည်းတွေသာ ရှိတော့တယ်၊ ဒီတော့ အိုတတ်တဲ့ တရားရှိရင် မအိုတတ်တဲ့ တရားဟာလဲ ရှိရမှာပဲ၊ နာတတ်တဲ့ တရားရှိရင် မနာတတ်တဲ့ တရားရှိရမှာပဲ၊ သေတတ်တဲ့တရားရှိရင် မသေတတ်တဲ့တရားလဲ ရှိရမှာပဲ၊ အိုခြင်း, နာခြင်း, သေခြင်းကင်းတဲ့တရား ငါရှာမယ်လို့ သူစဉ်းစားတာကို အဲဒါကို ယခုကာလကို ဗုဒ္ဓဘာသာ စာအုပ်တွေ, ဘာတွေလည်း ကြည့်ရှုပြီး စဉ်းစားတာ မဟုတ်ဘူး၊ သူ့ပင်ကိုယ် ဉာဏ်နဲ့ စဉ်းစားတာ၊ ယခုကာလဆိုရင်ဖြင့် စဉ်းစားလို့ အလွယ်သားပေါ့၊ ကျမ်းစာတွေ အများကြီးရှိတာပဲ၊ သူများပြောတာ ဟောတာတွေလဲ ကြားနေရတာပဲ၊ အလွယ်သားပဲ။
ဒါပေမယ်လို့ ယခုလူတွေက လွယ်လွန်းအားကြီးလို့ တယ်မစဉ်းစားကြဘူး၊ လွယ်လွန်းနေတာနဲ့ ခပ်ပေါ့ပေါ့ အောက်မေ့နေတယ်၊ ဟိုတုန်းကတစ်ခါတည်း ဘယ်သူမှ ပြောတာဟောတာ မဟုတ်ဘူး၊ သူ့ပင်ကိုယ် ဉာဏ်နဲ့ စဉ်းစားတာ၊ ပင်ကိုယ်ဉာဏ်နဲ့ အိုခြင်း, နာခြင်း, သေခြင်း တရားတွေကင်းတဲ့ နိဗ္ဗာန်တရား ငါရှာမယ်လို့ သူစဉ်းစားပြီးတော့ ဒီပစ္စည်းတွေကို တစ်ခါတည်း အကုန်လုံး စွန့်လွှတ် ပြီးတော့ သူတောထွက်တယ်၊ တောထွက်တော့ တောထဲရောက်တဲ့ အခါမှာလဲ ပေါ့ပေါ့ဆဆ မဟုတ်ဘူး၊ တစ်ခါတည်း တရားနှလုံးသွင်းပြီးတော့ အားထုတ်လို့ ရှေးကလဲ ဘုရားအလောင်းဟာ ပါရမီတွေက တော်တော်ရှိလာပုံတော့ရတယ်။
ဘာဖြစ်လို့တုံးဆိုတော့ သူ 7-ရက်အတွင်းမှာ ဈာန်အဘိညာဉ်တွေ ရတယ်ဆိုတာကို၊ 7-ရက်အတွင်း ဈာန် အဘိညာဉ် ရတယ်ဆိုတော့ နည်းနည်း မဟုတ်ဘူး၊ သူက ယခုကာလ 7-ရက် မပြောနဲ့ အားထုတ်လို့ ဈာန်အဘိညာဉ်တွေ မရနိုင်ဘူး၊ ဟိုမှာ သူ 7-ရက်အတွင်း ရတယ်၊ ပြီးတော့ ဟိုတုန်းက စာအုပ်တွေ ဘာတွေလဲ ရှိတာမဟုတ်ဘူး၊ ဈာန်အဘိညာဉ်တွေက ဘယ်လို အားထုတ်လို့ ရမယ်ဆိုတာ စာအုပ်ကြီးနဲ့ကြည့် အားထုတ်တာမဟုတ်ဘူး၊ ဆရာသမားလဲ ရှိတာမဟုတ်ဘူး၊ သူ့ဟာသူ စိတ်ကူးအားထုတ်တာ။
အဲဒါနဲ့ တစ်ခါတည်း 7-ရက်နဲ့ ဈာန်အဘိညာဉ်တွေ ရတယ်ဆိုတော့ အင်မတန် ထူးတဲ့ပုဂ္ဂိုလ်၊ ဟိုတုံးကတည်းက ထူးပါတယ်။ ဒါ ဗျာဒိတ်မရသေးဘူး၊ အဲဒီလိုပဲ ဈာန်အဘိညာဉ်တွေနှင့် မွေ့လျော်ပြီးနေတုန်း တစ်နေ့သောအခါ ကာလကျတော့ အဲဒီအခါမှာ ဒီပင်္ကရာမြတ်စွာဘုရားကလဲ ပွင့်ပြီးလာတယ်။
ဒီပင်္ကရာ မြတ်စွာဘုရား ပွင့်လာလို့ တစ်နေ့သော အခါကာလမှာ ပစ္စန္တရာဇ် အစွန်အဖျားကျတဲ့ တိုင်းနိုင်ငံတစ်ခုကပေါ့လေ၊ မြို့တစ်ခုက ရမ္မာဝတီဆိုတဲ့မြို့တစ်ခုက အဲဒီမြို့ကနေပြီးတော့ လူတွေက မြတ်စွာဘုရား ပင့်ဖိတ်ပြီးတော့ ဆွမ်းလှူကြမလို့ ဆိုပဲ၊ ဆွမ်းခံကြွမလို့ ဆွမ်းခံကြွဖို့ရန် လမ်းက မကောင်းတာနဲ့ လမ်းပြင်နေကြတယ်၊ လမ်းက ရွှံ့တွေ ဗွက်တွေ ရှိပေလိမ့်မယ်၊ ရှေးတုန်းက လမ်းပန်းဆိုတာ သိပ်ကောင်းတာ မဟုတ်သေးဘူး၊ ယခုမှ လမ်းပန်းတွေက ကောင်းတာ၊ ရွှံ့တွေဗွက်တွေနဲ့ ပြီးတော့လဲ အစွန်အဖျား မြို့ဆိုတော့ တော်ရုံတန်ရုံ မြို့နဲ့တူပါတယ်၊ အဲဒီလမ်း ပြင်နေကြတယ်၊ သုမေဓာရသေ့ကလဲ သူက ဈာန်အဘိညာဉ်တွေနဲ့ ကောင်းကင်ကနေပြီး ဟိုသွားဒီသွား၊ အကြောင်းကိစ္စ အားလျော်စွာ သွားနေတာကို၊ ဒီနေ့သွားတော့ကို အောက်မှာ ဆူဆူနဲ့ အသံကြားတော့ အဲဒါ သူက အထက်ကောင်းကင်က ဆင်းလာတယ်၊ ကောင်းကင်က ဆင်းလာ ပြီးတော့ လူတွေကိုမေးတယ်၊ ဘယ့်နှယ်တုံး မင်းတို့ ဘာလုပ်ကြတာလဲလို့ ဆူဆူနဲ့၊ မင်းတို့ ဘာလုပ်ကြတာလဲ၊ ဟာ-ယခုလောကမှာ ဘုရားပွင့်တယ် (ဘုရားပွင့်တယ်-၂) ပွင့်တယ်ကြားတာနဲ့ မေ့သွားတယ် ဆိုတာကို၊ ပီတိဖြစ်လာတယ်။
ဘုရားပွင့်တယ် ဆိုတာဟာ ကြားလိုက်တာနဲ့ ပီတိဖြစ်တယ်၊ သူတော်ကောင်း ပုဂ္ဂိုလ်တွေက ဒီလို ဘုရားတို့, တရားတို့ ဒီလိုဥစ္စာတွေ ကြားရလို့ရှိရင် ပီတိဖြစ်တယ်၊ ဘုရားသာမန် ကြားတာတော့လဲ မဖြစ်ပေဘူး၊ ဒီမှာ ဘုရားပွင့်တော်မူတယ် ဆိုတော့ ပီတိဖြစ်တာပေါ့၊ ယခုကာလလဲ မဂ်ဖိုလ်နိဗ္ဗာန်ကို လိုလားတဲ့ ပုဂ္ဂိုလ်တွေက တရားကျင့်ကြံ အားထုတ်ချင်တဲ့ ပုဂ္ဂိုလ်တွေဟာ အင်း - မဂ်ဖိုလ်နိဗ္ဗာန် ရရာရကြောင်းဖြစ်တဲ့ တရားတွေကို ဘယ်ဆရာတော်ကဖြင့် ဟောနေတယ်၊ ဘယ်ပုဂ္ဂိုလ်ကြီးဖြင့် လက်တွေ့ တစ်ခါတည်း ပြနေတယ်ဆိုတာ သေသေချာချာ ကြားလို့ ပီတိတွေ အများကြီး ဖြစ်တယ်၊ သူလဲပဲ အစတုန်းက ဒီ နည်းရှာနေတာကို၊ အားထုတ်ချင်နေတာကို၊ အားမထုတ်ချင်တဲ့ ပုဂ္ဂိုလ် အဖို့တော့ ဒီလိုမဖြစ်ဘူးပေါ့၊ အားထုတ်ချင်တဲ့ပုဂ္ဂိုလ် အဖို့ကတော့ အဲဒီလို ဒီ နည်းနိသျှတွေ ကျကျနန ဟောပြောနေသတဲ့ ဆိုလို့ရှိရင် တစ်ခါတည်း ပီတိတွေ အများကြီး ဖြစ်တယ်။
အဲဒါ နောက်တစ်ခါ ထပ်ပြီးတော့ မေးတော့ ဘုရားပွင့်တော်မူတဲ့ အကြောင်းပြောတော့ ဘုရားပွင့်တော်မူတယ်တဲ့၊ ဒီမှာ အဲဒါ သူတို့မြို့ကို ဆွမ်းခံကြွဖို့တဲ့၊ အဲဒါ ဆွမ်းခံလမ်း မကောင်းလို့ ပြင်နေကြတယ်တဲ့၊ ဒီမှာ သုမေဓာရသေ့က ဒီလိုဆို လို့ရှိရင် ငါလဲ ဒီအထဲမှာ ကုသိုလ်ပါဝင်ဦးမှပဲလို့ သူ့လဲပဲ နေရာတစ်ခု ပေးပါဦး၊ အကျွန်ုပ်လဲ နေရာတစ်ခုပေးပါ၊ ကျွန်ုပ်လည်း လမ်းပြင်ချင်ပါတယ်၊ သုမေဓာရသေ့က ပြောတာကိုး၊ ပြောတော့ လူတွေက စဉ်းစားတယ်၊ ရသေ့ကြီးဟာ တန်ခိုး ကြီးတယ်၊ သူက ရသေ့ကြီး သူက ကောင်းကင်လည်း ပျံနိုင်တဲ့ တန်ခိုးကြီးတယ်၊ ဒီတော့ ရသေ့ကြီး အတွက် အခက်ဆုံးနေရာ ပေးကြစို့ရဲ့၊ သူ့မှာ တန်ခိုးနဲ့ဆို လွယ်လွယ်လေး ပြီးသွားမှာပဲ ဆိုပြီးတော့ ရွှံ့ဗွက်တွေ ထူပေ့ဆိုတဲ့ နေရာမှ မကောင်းဆုံးနေရာ သူ့ပေးတာကိုး။
လူတွေက တော်တော် သက်သာခံတဲ့ လူတွေပဲ၊ ဒီလို ကုသိုလ် များများရအောင် မလုပ်ဘူး၊ သက်သာခံတဲ့လူတွေ၊ ရသေ့ကြီးက သူတို့မျှော်လင့်တဲ့အတိုင်း မဟုတ်ဘူး၊ ရသေ့ကြီးကလဲ ပေါက်တူးနဲ့ တောင်းနဲ့ယူပြီး သကာလ သူက သူများလိုပဲ လုပ်တာပဲ၊ တန်ခိုးနဲ့ လုပ်လိုက်ရင်တော့ ဖြစ်တာပေါ့လေ၊ ဒီနေရာတွေ အကုန်လုံး ရွှံ့ဗွက်တွေပျောက်ပြီးတော့ကို ခြောက်သွေ့တဲ့ မြေတွေ ဖြစ်စေ, သဲတွေဖြစ်စေ စသည်ဖြင့် တန်ခိုးနဲ့ ဖန်ဆင်းလို့ရပါတယ်၊ အမြဲတမ်းသာ မရတာ ခဏတော့ ရတယ်၊ အမြဲတမ်း အစစ်တော့မဖြစ်ဘူး၊ အတုအပ ခဏတော့ရတယ်၊ ဘာနဲ့တူသလဲ ဆိုတော့ မျက်လှည့်နဲ့ တူတယ်၊ ခပ်တူတူနဲ့ တူပါတယ်၊ သူ့ဥစ္စာ တန်ခိုးကလဲပဲ တော်ရုံတော့ အသုံးချလို့ ရပါတယ်၊ အမြဲတမ်းတော့ အသုံးချလို့ မရဘူး၊ အဲဒီလို လုပ်လို့ရပါတယ်၊ ရပေမယ်လို့ ဒါကို သူကမသုံးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုလုပ်လို့ရှိရင် ကုသိုလ်ကရချင်လို့ လုပ်တာကိုး၊ ကုသိုလ် သိပ်မရဘူးထင်ပြီး ကုသိုလ်တွေရအောင် ကာယကံ ကုသိုလ်တွေ ထိထိရောက်ရောက် ရောက်အောင် ကိုယ်ထဲကို၊ ဒီခန္ဓာကိုယ်ကြီးဟာ ဘာမျှအသုံးမကျတဲ့ အနိစ္စ, ဒုက္ခ, အနတ္တတော့ သိချင်မှလဲ သိမယ်။
ဒီနေရာမှာ ရသေ့က ဘုရားတရားလဲ မရသေးဘူး၊ သူ ဈာန်အဘိညာဉ်သာ ရနေတာ အဲဒါ သူအနိစ္စ, ဒုက္ခ, အနတ္တတွေတော့ သူဆင်ခြင်တတ်ချင်မှ ဆင်ခြင်တတ်မယ်၊ အဲဒီ (အိုတတ်, နာတတ်, သေတတ်တဲ့ ကိုယ်ကြီးလို့ ဒီလိုတော့ သိမှာပဲ၊ ဒီကိုယ်ကြီးဟာ တစ်နေ့ကျ ပျက်သွားမှာပဲ။
အဲဒီတော့ ဒီကိုယ်ကြီးထဲကနေပြီးတော့ အဖိုးတန်တဲ့ကုသိုလ်တွေ ထုတ်ယူမယ် ဆိုတဲ့အနေနဲ့ တစ်ခါတည်း အပင်ပန်း ခံပြီးတော့ ကိုယ်ထိလက်ရောက် ဆောင်ရွက်တာကိုး၊ သူများလိုပဲ မြေကြီးတောင်းနဲ့ တစ်ခါတည်းထမ်းလောင်း၊ ဒီလိုလုပ်နေတာကိုး၊ လုပ်နေတော့ သူ့မကောင်းဆုံး နေရာပေးထား၊ သူများက လူတွေအများကြီး ဝိုင်းလုပ်တော့ သူများ နေရာတွေတော့ ပြီးတာပေါ့၊ ရသေ့ကြီး ပေးထားတဲ့နေရာက ရသေ့ကြီးရထားတဲ့နေရာက တကတဲ မကောင်းဆုံး နေရာကလဲဖြစ်၊ သူတစ်ယောက်တည်း လုပ်နေတော့ ဘယ်ပြီးမလဲ၊ မပြီးဘူး၊ မပြီးတာလဲ ခပ်ကောင်းကောင်းပဲနဲ့ တူတယ်ပြီးလို့ရှိရင် သူဒိပြင်နေရာသွားချင်လဲ သွားမယ်၊ မပြီးတော့ ဘုရားကြွလာသည့် တိုင်အောင် လုပ်ရတာရှိသေးတယ်၊ မပြီးတာနဲ့ တစ်ခါတည်း တစ်နေ့လုံး,တစ်ညလုံး, ရသေ့ညအိပ်ရပုံ မပေါ်ဘူး၊ အဲဒီမှာ မြေတွေဖို့ရတာကိုး၊ အဲ-သူဖို့နေလို့ မပြီးသေးဘူးတဲ့၊ ပြီးလုခါနီး လူတစ်ကိုယ်စာလောက်ပဲ ကျန်တော့တယ်၊ လူတစ်ကိုယ်စာလောက် အဲဒီလောက်ကလေး ကျန်တဲ့အချိန်မှာ မြတ်စွာဘုရား ကလဲ အချိန်ကျလို့ ဆွမ်း ခံကြွတာကိုး၊ သံဃာတော် လေးသိန်းနဲ့ ကြွလာတယ်၊ အများကြီးပဲ။
လေးသိန်းဆိုတာကို နည်းတာ မဟုတ်ဘူး၊ လေးသိန်းဆိုတော့ အင်မတန် အများကြီးပဲ၊ သံဃာတော် လေးသိန်း နောက်ပါ အရံ သံဃာတော်တွေ ရဟန်းတွေချည်းပဲ၊ ဖြစ်မှာပါပဲ၊ သံဃာတော် လေးသိန်း နဲ့ မြတ်စွာဘုရားက ကြွပြီးလာတော့ အင်မတန် ကြည်ညိုစရာ ကောင်းမှာပေါ့၊ တသီတစ်တန်းကြီး မြတ်စွာဘုရားကလဲဘုရားဖြစ်လို့ ဘုရား၏ ရုပ်လက္ခဏာတွေနဲ့ တင့်တယ်စွာ ကြွလာတယ်၊ ရောင်ခြည်တော် ခြောက်သွယ်တွေနဲ့ကြွတယ်၊ နောက်က သံဃာတော်တွေ ကလဲပဲ ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်တို့လို လက်ယာရံ, လက်ဝဲရံ မဟာသာဝက အဂ္ဂသာဝကတွေနှင့်တကွ ရဟန္တာ တွေနောက်ကလဲ တသီတစ်တန်းကြီး ကြွပြီးလာတယ်၊ အင်မတန် ကြည်ညိုစရာ ကောင်းမှာပေါ့၊ ယခုကာလတောင်မှ သပ်သပ် ယပ်ယပ် သံဃာတော်တွေ သင်္ကန်းရုံပြီး ကြည်ညိုဖွယ် ကြွလာလို့ရှိရင် အင်မတန် ကြည်ညိုစရာ ကောင်းတယ်၊ မကြည်ညိုတတ်တဲ့ ပုဂ္ဂိုလ်တွေတော့လဲ တချို့ ကဲ့ရဲ့ချင် ကဲ့ရဲ့မှာ၊ ဒီလိုလဲ ရှိတာပဲ။
အင်း-ကြည်ညိုတတ်တဲ့ ပုဂ္ဂိုလ်တွေ အဖို့မှာဆိုရင် သပ်သပ်ယပ်ယပ် သိမ်သိမ်မွေ့မွေ့ ဒီနည်း သိက္ခာပုဒ်နဲ့ အညီ ကြွပြီးလာရင် ကြည်ညိုစရာ အင်မတန်ကောင်းတယ် သူက၊ အဲဒီတုန်းက မြတ်စွာဘုရား နှင့်တကွ ရဟန္တာတွေကြွလာတော့ အင်မတန် ကြည်ညိုစရာ ကောင်းမှာပေါ့၊ အဲဒီမှာ လူတွေရော နတ်တွေရော ပူဇော်ပြီး သကာလ ပင့်လာကြတာကို၊ သုမေဓာရှင်ရသေ့က သူ့နေရာက မပြီးသေးဘူး၊ မြတ်စွာဘုရား ကြွလာပြီ၊ ကြွလာတော့ ဒီအတိုင်း ဆိုလို့ရှိရင် ငါ့နေရာဟာ မပြီး သေးဘူးတဲ့ ဒီမှာ ရွှံ့တွေရေတွေလဲ ရှိတယ်၊ မြတ်စွာဘုရား ရွှံ့ထဲရေထဲ ဆင်းသွားရတော့မှာပဲ။
ဒီတော့ မြတ်စွာဘုရား ရွှံ့ထဲရေထဲတော့ မဆင်းစေဘူး၊ ဒီတော့ ငါ့ကိုယ်ကို တံတားအဖြစ်နဲ့ ခင်းပြီး လှူလိုက်မယ်၊ ငါဒီဘဝ ဒီတစ်သက်ကို စွန့်ပြီးသကာလ လှူလိုက်မယ်လို့ ရည်ရွယ်ပြီးတော့ သူက သူ့လျှော်တေကို ရွှံ့ပေါ်ရေပေါ်မှာ ဖြန့်ခင်းပြီးတော့ တစ်ခါတည်း လက်အုပ်ချီပြီး ဝမ်းလျား မှောက်ပြီးတော့ မြတ်စွာဘုရားကို လျှောက်တာကို၊ မြတ်စွာဘုရားတဲ့ “သံဃာတော်လေးသိန်း နှင့်တကွ ဘုရား တပည့်တော် ကိုယ်ပေါ်ကနေပြီးတော့ တပည့်တော်ကို သနားသောအားဖြင့် နင်းပြီးတော့ ကြွတော်မူပါ ဘုရား”တဲ့။
ရွှံ့တွေရေတွေထဲကို ဆင်းတော်မမူပါနဲ့ ဆိုပြီးတော့ လျှောက်တာကို ဒါဟာ သေးသေးကွေးကွေး ကုသိုလ်မဟုတ်ဘူး၊ အင်မတန်ကြီးတဲ့ကုသိုလ်၊ အဓိကာရ ကုသိုလ်ခေါ်တယ်၊ လွန်လွန်ကဲကဲပြုလို့ လွန်လွန်ကဲကဲပြုတဲ့ ကုသိုလ်ကောင်းမှုပဲပေါ့၊ ဘုရားအလောင်းများ ဗျာဒိတ်ရတယ်ဆိုတာ လွန်လွန် ကဲကဲပြုတဲ့ ကောင်းမှုရှိတယ်၊ တစ်ခုခု ရှိတတ်တယ်၊ ဒါ သေးသေးကွေးကွေး မဟုတ်ဘူး၊ ဘယ့်နဲ့ မြတ်စွာဘုရားနှင့်တကွ နောက်က တက်နင်းလိုက်မယ်ဆို သေဖို့ရာပေါ့၊ အဲဒါ ရှင်သုမေဓာ ရသေ့လဲ သိသားပဲ၊ ဒီလို နင်းရင် သေမယ်ဆိုတာ၊ ဒါပေမယ့်လဲ သူသေချင်လဲ သေပေစေတော့ ဆိုပြီးတော့ တစ်ခါတည်းကို စွန့်လှူတာ၊ အသက်ပါ စွန့်ပြီး လှူလိုက်တာ၊ သေးသေးကွေးကွေး မဟုတ်ဘူး၊ အင်မတန် ကြီးကျယ်တဲ့ ကောင်းမှုပဲ။
အဲဒီလို စွန့်ပြီးလှူရင်းနဲ့ သူ့စိတ်ထဲမှာ ဘယ်လိုဖြစ်သလဲ ဆိုရင် ငါဟာတဲ့ သူများထက် ထူးတယ်တဲ့ သဒ္ဓါတည်း ဟူသော - သဒ္ဓါတရားဆိုတာ ငါ့လောက်ရှိတာ မဟုတ်ဘူး၊ ငါ့မှာ သဒ္ဓါတရား ကောင်းတယ်၊ ငါဟာ လုံ့လဝီရိယ ကောင်းတယ်၊ ငါဟာ သတိကောင်းတယ်၊ သူများ ဒီလောက် သတိမကောင်းဘူး၊ ငါဟာ သမာဓိစိတ် တည်ကြည်မှုဟာ သူများထက် သာတယ်၊ သူများတွေ ဒီလောက် မကောင်းကြဘူး၊ ငါဟာ စူးစမ်းဆင်ခြင်မှု ပညာတွေလဲ ပြည့်စုံတယ်၊ သူများထက် သာတယ်၊အားကောင်းတယ်၊ ဒါခွန်အားကြီးငါးခု ခေါ်တယ်၊ သဒ္ဓါ, သတိ, သမာဓိ, ဝီရိယ, ပညာ ဣန္ဒြေငါးပါး။
ဗိုလ်ငါးပါးက ခွန်အားကြီး ငါးခုတဲ့၊ အရေးကြီးပါတယ်၊ ကုသိုလ်ရေးဘက်မှာ ဒီခွန်အားကြီးတွေက အရေးကြီးတယ်၊ လောကဘက်မှာတော့ ကာယဗလတွေ အရေးကြီးတာပေါ့၊ ကာယဗလခွန်အား ကောင်းလို့ရှိရင် အလုပ်လုပ်လို့ရှိရင်လဲ တစ်ခါတည်း သူများထက် ထူးထူးချွန်ချွန် လုပ်နိုင်တယ်၊ တစ်ဦးနှင့်တစ်ဦး ရန်ဖြစ်ကြဦးတော့ ထိုးလိုက်မယ် သတ်လိုက်မယ် ဆိုလို့ရှိရင် ကာယဗလ အားကောင်းတဲ့ ပုဂ္ဂိုလ်က နိုင်မှာပဲ၊ ကိုယ်ခွန်အားကြီးတာကို၊ တရားဘက်, ကုသိုလ်ဘက်ကျတော့ ဒီခွန်အားက အသုံးချလို့ မရဘူး၊ သဒ္ဓါအစရှိသော သူတော်ကောင်း ခွန်အားတွေကမှ အသုံးချလို့ရတာ၊ အဲဒါ အရေးကြီးတယ်။
တစ်ခါက ဘုန်းကြီးတစ်ပါး၊ ကပ္ပိယဒကာ တစ်ယောက်က လျှောက်တယ်၊ တပည့်တော် ရဟန်းခံချင်တယ်ဘုရား၊ ရဟန်းပြုချင်တယ်၊ ပြုပေးပါလို့ ရဟန်းခံတာ လွယ်လွယ်မဟုတ်ဘူး၊ မင်းခွန်အားဗလကောင်းမှ ရဟန်းခံလို့ ဖြစ်တယ်လို့ ပြောတော့ တပည့်တော်ဘုရား ခွန်အားဗလ ကောင်းပါတယ်၊ ဘယ်သူနဲ့မဆို သတ်ရသတ်ရ သတ်နိုင်တဲ့ ခွန်အား သိပ်ကောင်း ပါတယ်၊ မဟုတ်ဘူးကွ၊ ဟိုခွန်အား မဟုတ်ဘူး။
အင်း-သဒ္ဓါအစရှိသော ခွန်အားတွေဆိုတာ ဒီလိုပြောတယ်၊ ဘုန်းကြီးက ရဟန်းပြုတယ် ဆိုတာလဲ သဒ္ဓါတရား အရေး ကြီးတယ်၊ သဒ္ဓါတရားကောင်းမှ သဒ္ဓါတရား မကောင်းလို့ သင်္ကန်းဝတ်ပြီး တော်တော်ကြာ၊ တောက်တီးတောက်တဲ့လျှောက်လုပ်လို့ရှိရင် နေရာမကျဘူး၊ သဒ္ဓါတရားနဲ့ အလားတူတဲ့ ဝီရိယလဲပဲ ကောင်းမှ၊ ပြီးတော့ သတိ, သမာဓိ, ပညာတွေလဲ အားကောင်းမှ သာသနာ ကြီးပွားတာ အရေးကြီးပါတယ်၊ အဲဒီလို ခွန်အားတွေ ယခု သုမေဓာရသေ့က စဉ်းစားတယ်၊ သဒ္ဓါ အစရှိသော ခွန်အားတွေ ငါ့မှာ သူများထက် ပိုပြီး ထူးခြား ပိုကောင်းနေတယ်၊ သူများတွေ ခွန်အားမရှိဘူး။
အဲဒီတော့ ကျင်းထဲချိုင့်ထဲ ကျနေတဲ့ လူတစ်စု ဆိုပါတော့ ဥပမာ - ကျင်းထဲ ချိုင့်ထဲ ချောက်ကမ်းပါးတို့ ဘာတို့ပေါ့လေ၊ လူတစ်စု ခရီးသွားရာက မတော်တဆ ကျင်းထဲချိုင့်ထဲ ရောက်သွား၊ အားနည်းတဲ့ ပုဂ္ဂိုလ်တွေက မတက်နိုင်ကြဘူး၊ အားကောင်းတဲ့ ပုဂ္ဂိုလ်တွေကတော့ ခုန်တက်လိုက်မယ် ဆိုရတယ်၊ အားနည်းတဲ့ ပုဂ္ဂိုလ်တွေက မတက်နိုင်ဘူး၊ ဘယ်လိုဖြစ်နေသလဲ ဆိုလို့ရှိရင် အားကောင်းတဲ့ပုဂ္ဂိုလ်က ကိုယ်လွတ်လွတ်လပ်လပ် တစ်ယောက်တည်း ခုန်တက် သွားလို့ရှိရင် ကိုယ်နဲ့လာတဲ့ ပုဂ္ဂိုလ်တွေ မငဲ့ကွက်ရာရောက်မှာပဲ၊ ဒီတော့ကာ ဒီအားကောင်းတဲ့ ပုဂ္ဂိုလ်ကို အားမကောင်းတဲ့ ပုဂ္ဂိုလ်, အားနွဲ့တဲ့ပုဂ္ဂိုလ်တွေ တစ်ခါတည်း တင်ရမယ်၊ အကုန်လုံး တင်ပြီးတော့မှ သူတစ်ခါတည်း အတူတူ လွှတ်မြှောက်ပြီး သွားရမယ်။
ဒါမှမဟုတ်ရင်လဲ ကိုယ်အပေါ် တက်ပြီးတော့ အပေါ်က နေပြီးတော့ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း မလွတ်သေးတဲ့ ပုဂ္ဂိုလ်တွေ ကယ်တင်ရမယ်၊ တစ်နည်းနည်းနဲ့ လုပ်ရမယ်၊ ဒီလို မလုပ်ဘဲနဲ့ လျစ်လျူရှုပြီးတော့ ကိုယ်တစ်ကိုယ်လွတ် ရုန်းထွက်သွားလို့ရှိရင် ဒါဟာ မငဲ့ကွက်ရာ ရောက်တာပေါ့။
အဲဒီလိုပဲ စဉ်းစားတယ်၊ လောကထဲမှာ သတ္တဝါတွေဟာ ငါလို သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာ တည်းဟူသော ခွန်အားတွေ မရှိကြဘူးတဲ့၊ မရှိရှာကြလို့ သူတို့ ကိုယ်တိုင်တော့ဆိုရင် သံသရာ ဝဋ်ဆင်းရဲက လွတ်မြောက်ရာ လွတ်မြောက်ကြောင်း တရားကို ထွက်လို့ မရှာနိုင်ကြဘူး။
ဒီတော့ ငါဟာ ခွန်အားကောင်းတဲ့ ပုဂ္ဂိုလ်၊ ငါကိုယ်တိုင် သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း တရားတွေ ရှာမယ်ဆိုရင် ဖြစ်နိုင်တယ်၊ ယခု ဒီပင်္ကရာ မြတ်စွာဘုရားဟာ ငါလိုပဲ၊ သဒ္ဓါ အစရှိသော တရားတွေနှင့် ပြည့်စုံလို့ပဲ၊ တရားထူးတွေ သူကိုယ်တိုင် တွေ့ပြီးတော့ သတ္တဝါတွေ သံသရာ ဝဋ်ဆင်းရဲက လွတ်မြောက်ရာ လွတ်မြောက်ကြောင်း တရားကို ဟောတယ်၊ ဟောပြီးသကာလ ကယ်တင်တော်မူတယ်၊ ဒီတော့ ငါလဲ ဘုရားဖြစ်အောင် အားထုတ်ပြီးတော့ သတ္တဝါတွေ ကယ်တင်မယ်လို့ ဒီလို နှလုံးသွင်းတာကို၊ အကယ်၍ မြတ်စွာဘုရားထံမှာ - ဒီပင်္ကရာ မြတ်စွာဘုရားထံမှာ တစ်ခါတည်း ကျင့်သုံး လိုက်မယ်ဆိုရင် နေ့ချင်းညချင်းပဲ အရဟတ္တမဂ်ဖိုလ်ကို ရဖို့ရာ ရှိတယ်တဲ့။
ရှိပေမယ်လို့ အဲဒီဟာကို ငါမယူသေးဘူး၊ ငါ တစ်ကိုယ်လွတ်တော့ မသွားသေးဘူး၊ သတ္တဝါတွေကို ကယ်တင်ပြီးတော့ သတ္တဝါတွေနှင့် အတူတူပဲ နိဗ္ဗာန်ဝင်မယ်လို့ သုမေဓာ ရှင်ရသေ့က ဒီလို စဉ်းစားတာကိုး။
ကိံမေ ဧကေန တိဏ္ဏေန ပုရိသေန ထာမဒဿိနာ၊
သဗ္ဗညုတံ ပါပုဏိတွာ သန္တာရေဿံ သဒေဝကံ။
သုမေဓာရသေ့ စဉ်းစားတယ်၊
မေ - ငါ့အား၊
ထာမဒဿိနာ - အားအစွမ်းကိုမြင်သော၊
မေ - ငါသည်၊
ဧကေန တိဏ္ဏေန - တစ်ဦးတည်း ကူးမြောက်သဖြင့်၊
ကိံ - ဘယ်အကျိုးရှိအံ့နည်း၊ ကိုယ့်အားကိုယ် ယုံကြည်နေတဲ့ ပုဂ္ဂိုလ်, အားကောင်းမှန်းသိနေတဲ့ ပုဂ္ဂိုလ်ကို တစ်ကိုယ်တည်း လွတ်မြောက် သွားအောင် အားထုတ်လို့ ဘာအကျိုးရှိမလဲ၊
သဗ္ဗညုတံ ပါပုဏိတွာ သဒေဝကံ သဗ္ဗညုတံ - သဗ္ဗညု ဘုရားအဖြစ်သို့၊
ပါပုဏိတွာ - ရောက်အောင် အားထုတ်၍၊
သဒေဝကံ - နတ်နှင့်တကွသော လူ အပေါင်းကို၊
သန္တာရေဿံ - သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်စေအံ့။
ငါဟာ ဘုရားအဖြစ် ရောက်အောင် အားထုတ်ပြီးတော့ ဘုရားဖြစ်တဲ့ အခါကျတော့ ဝေနေယျ သတ္တဝါတွေကို သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်စေချင်တယ်လို့ လူရောနတ်ရော ဝေနေယျ သတ္တဝါတွေကို သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်စေမယ် လို့ ရည်ရွယ်ပြီးတော့ သူဘုရားဖြစ်ဖို့ရာ စိတ်ညွတ်တာကို၊ ဘုရားဖြစ်ဖို့ရာ စိတ်ညွတ်တယ်၊ စိတ်ညွတ်ပြီးတော့ မြတ်စွာဘုရားကို လျှောက်တယ်။
ဒီတော့ မြတ်စွာဘုရားက ကြည့်ပြီးတော့ ရသေ့ကြည့်လိုက်တော့ စောစောကတော့လဲ ဘုရားက သိပြီးသားဖြစ်မှာပါ၊ ဒါပေမယ့် စဉ်းစားဆင်ခြင်လိုက်တော့ “ဒီရသေ့ဟာ သာမန်ပုဂ္ဂိုလ် မဟုတ်ဘူး၊ နောင် လေးသင်္ချေ၊ ကမ္ဘာတစ်သိန်း ကျရောက်တဲ့ အခါကာလ ကျလို့ရှိရင် ဒီရသေ့ဟာ ဂေါတမ အမည်ရှိသော သမ္မာသမ္ဗုဒ္ဓဘုရား၊ ငါကဲ့သို့သော ဘုရား ဧကန်ဖြစ်မည့် ပုဂ္ဂိုလ်ပဲလို့ ဒီပုဂ္ဂိုလ်ဟာ ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်ပဲ” လို့ နှလုံးသွင်းပြီးတော့ တစ်ခါတည်း အဲဒီမှာ ဗျာဒိတ်များလဲ ပေးတယ်၊ ပေးပြီးတော့ မြတ်စွာဘုရားက မနင်းပါဘူး၊ ဘေးက ကွင်းသွားပါတယ်၊ ရဟန်းတော်တွေလဲပဲ၊ နောက်က ရဟန္တာ တွေ မထေရ်မြတ်တွေလဲ နောက်က မြတ်စွာဘုရား နောက်ကလိုက်ပြီး ကွင်းလိုက်သွားတာ၊ အရိုအသေ ပြုသွားကြပါတယ်။
နောက်က ပုဂ္ဂိုလ်တွေက ဘုရားအလောင်းပဲ ဆိုပြီးတော့ အရိုအသေ ပြုဆိုတာ စိတ်ထဲက အရိုအသေပြုတာဖြစ်မှာပေါ့လေ၊ ရှိခိုးတာတွေ ဘာတွေတော့ ဟုတ်မှာ မဟုတ်ပါဘူး၊ ရဟန္တာတွေ ဆိုတော့ ရှိခိုးမယ်တော့ မဟုတ်ပေဘူး။
အဲဒီလို ပြုပြီးတော့ဘဲ ဒီကနေပြီးတော့ ပါရမီတွေ ဖြည့်ကျင့် လာရတာကိုး၊ ပါရမီတွေ ဒါနပါရမီ ဒါနဥပပါရမီ၊ ဒါနပရမတ္ထပါရမီ ၁၀-ပါးမှာ အပြားအားဖြင့် ၃၀-ရှိတယ်။
ဒါနပါရမီဆိုတာ ရိုးရိုးပစ္စည်းတွေ လှူဒါန်းတာ၊ ဒါနဥပပါရမီ ဆိုတာကတော့ ကိုယ်အင်္ဂါတွေပါ ချွတ်ယွင်းချင် ချွတ်ယွင်းပစေ ဆိုပြီးတော့ လှူဒါန်းတဲ့ ဥစ္စာတွေ၊ ဒါနပရမတ္ထပါရမီ ဆိုတာကတော့ အသက်ပါ သေချင်သေပါစေ ဆိုပြီးတော့ လှူဒါန်းတာ၊ အဲဒီလို လှူဒါန်းတာ ဒါနမှာလဲ ၃-မျိုး၊ သီလမှာလဲ ထို့အတူပဲ၊ ရိုးရိုးပစ္စည်းတွေ ပျက်စီးဆုံးရှုံး ခံပြီးတော့ သီလ ဆောက်တည်တာ သီလပါရမီရိုးရိုး၊ ကိုယ်အင်္ဂါပါ ပျက်စီးခံပြီး သကာလ သီလဆောက်တည်တာ၊ အသက်ပါ စွန့်ပြီး သကာလ သီလဆောက်တည် ကျင့်သုံးတာ သီလပရမတ္ထပါရမီ၊ အဲဒီလိုပါရမီ ၃-မျိုးရှိတယ်၊ အဲဒါ ဒါနသီလအစရှိသော ပါရမီ ၁၀-ပါး တွေကို သူကဖြည့်ကျင့်လာတာ၊ ဘဝတိုင်း-ဘဝတိုင်း ဖြည့်ကျင့် လာခဲ့ရတာ ဇာတ်နိပါတ်တွေ အများကြီးပဲ။
ဒီအထဲမှာ ဇာတ်နိပါတ်တွေမှာ တော်တော်ပဲ ခဲခဲယဉ်းယဉ်း ဖြည့်ကျင့်ခဲ့ရပါတယ်၊ တစ်ချို့ ဇာတ် နိပါတ်တွေမှာဆိုရင် သူတပါးတွေ နှိပ်စက်ညှဉ်းပန်းမှုတွေ အများကြီးခံပြီးတော့ ဖြည့်ကျင့်ခဲ့ရတယ်၊ ဒါတွေ ဘာကြောင့်တုံးဆိုရင် သတ္တဝါတွေ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရာ လွတ်မြောက် ကြောင်း တရားကို ဟောချင်လို့၊ သတ္တဝါတွေငဲ့လို့၊ မငဲ့ဘဲနဲ့သာ သူ့ဟာသူ ကိုယ်လွတ်ကလေးသာ ရုန်းသွားမယ်ဆိုလို့ရှိရင် ဟိုတုန်းကတည်းက သူဟာ နိဗ္ဗာန်ဝင်သွားဖို့ပဲ။
အဲ - မိမိကိုယ်တိုင် ကိုယ့်အနီးအပါး ရောက်နေတဲ့ နိဗ္ဗာန်ချမ်းသာကြီးကို မယူသေးဘဲနဲ့ပေါ့လေ ယူလိုက်မယ် ဆိုလို့ရှိရင် အဲဒီတုန်းက ရရဲ့သားနဲ့ မယူသေးဘဲနဲ့ စွန့်လွှတ်ပြီးတော့ သတ္တဝါတွေ ငဲ့သောအားဖြင့် သတ္တဝါတွေ သနားသောအားဖြင့် သတ္တဝါတွေ သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်အောင်လို့ ကယ်တင်ချင်လွန်းလို့ ဘုရားဆုပန်ပြီးတော့ ပါရမီတွေ ဖြည့်ကျင့်လာတာ၊ ကမ္ဘာပေါင်းကို မရေတွက်နိုင်လို့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကို သူဟာ အများကြီး (တစ်ကမ္ဘာ-၂) ဆိုရင် နည်းတာ မဟုတ်ဘူး၊ တစ်ကမ္ဘာမှာကို ဘဝပေါင်းအများကြီးရှိတာ၊ အဲဒီဘဝပေါင်း များစွာတွေမှာ မရေမတွက်နိုင်သော ဘဝတွေ အင်မတန် ပင်ပန်းဆင်းရဲခံပြီးတော့ ပါရမီတွေ ဖြည့်ကျင့်ပြီးတော့ အဲဒီထဲမှာ ဇာတ်နိပါတ်တွေ သိသလောက် စဉ်းစားစရာပေါ့လေ၊ ခန္တီဝါဒီဇာတ်မှာ သည်းခံရတာဆိုရင် အင်မတန်ကို သည်းခံရပါတယ်၊ အဲဒီ ကလာဗုမင်းက နေပြီးတော့ သူတွေ့တော့ အသင် ဘယ်ဝါဒရှိသလဲ၊ သည်းခံခြင်း ဝါဒရှိတယ် ဆိုတော့၊ သူက မလိုတဲ့ဟာကို မုန်းနေတော့ ရန်ခိုက်တုန်း ဒေါသပြုလို့ သူစိတ်ဆိုးပြီးနေတော့၊ အဲဒီသည်းခံခြင်းဟာ ဘယ်မှာရှိသလဲ၊ လက်မှာ ရှိသလား၊ လက်ဖြတ်၊ လက်ဖြတ်လဲ သည်းခံနေ တာပဲ၊ လက်ထဲမှာလဲ မရှိဘူး၊ ဆိုပြန်တော့ ခြေထောက်ဖြတ်၊ တစ်ခါတည်း၊ ဟိုလှီး ဒီလှီးပေါ့လေ၊ တစ်ခါတည်း လျှောက်ပြီးတော့ ဘယ်မှာ နှလုံးထဲမှာ ရှိတယ်ဆိုတော့ သူ နောက်ဆုံးကြလို့ ရှိရင်ဖြင့် သူ တစ်ခါတည်း ရသေ့ကြီးကို မရိုမသေနဲ့ ခြေထောက်နဲ့ ကန်ပြီးသွားတာပဲ၊ ဟိုမှာ သေလုသေခါနီး ဖြစ်နေတာကြီးကိုး။
အဲဒီထိအောင် စိတ်မဆိုးဘဲနဲ့ သည်းခံရတာကိုး၊ သည်းခံဆိုတာ သိပ်မလွယ်ဘူး၊ ပြောတာ လွယ်လွယ်ပဲ၊ သည်းခံရင် ကောင်းတယ်၊ ကောင်းတယ် ပြောတယ်၊ တစ်ကယ်သည်းခံ ဆိုကြတော့ တယ်မလွယ်ဘူး၊ ကိုယ်က အစွမ်းသတ္တိ မရှိရင်သာ၊ သတ္တိရှိလို့ရှိရင် သည်းခံရတာ တယ်မလွယ်ဘူး၊ အစွမ်းသတ္တိ မရှိရင်တော့လဲ ငုံ့ခံရတာပဲ၊ မတတ်နိုင်ဘူး၊ ဒီဥစ္စာတော့ဖြင့် အစွမ်းသတ္တိရှိရဲ့သားနဲ့ သည်းခံရတာ တော်တော်မလွယ်ဘူး။
ဥပမာ လူတစ်ယောက်က ကိုယ့်ကို ဆဲနေတယ်၊ ကိုယ်က ပြန်ဆဲမယ်ဆို ဆဲနိုင်နေတာ၊ ပါးစပ် ရှိနေတာ အဲဒါ သည်းခံဖို့ တယ်မလွယ်ဘူး၊ တယ်မခံတတ်ဘူး၊ ပြန်ပြောတတ်တယ်၊ တော်တော် မလွယ်ဘူး၊ ဟော-ဘုရားအလောင်းက အဲဒါတွေ သည်းခံတာပဲတဲ့၊ ဒီသည်းခံတာ ဘာကြောင့်တုံး ဆိုရင် ဘုရားအဖြစ် ရောက်ဖို့ရာတွေပဲ၊ ပါရမီ ဖြည့်ကျင့်လာရတာ ဝေဿန္တရာ ဇာတ်တော်မှာ ဆိုရင်ဖြင့် ဒါနတွေ လှူဒါန်းရတာတွေဟာ အင်မတန်ကို ကြည်ညိုစရာ ကောင်းပါတယ်၊ အင်း - ကြေကွဲစရာလဲ အင်မတန်ကောင်းပါတယ်။
ဆင်ဖြူတော်ကြီးလှူတော့ တိုင်းပြည်က မကျေနပ်လို့ သူ့နှင်ထုတ်တော့၊ တောထဲသွားပြီးနေရ၊ တောထဲသွားရင်းလာရင်း လမ်းမှာ တစ်ခါတည်း ရထားကမြင်း အလှူခံတဲ့လူနဲ့၊ ရထားအလှူခံတဲ့ လူနဲ့၊ အလှူခံ ပုဂ္ဂိုလ်တွေကလဲ ပေါလိုက်တာ အားမနာတတ်ဘူး၊ အလှူခံပုဂ္ဂိုလ်တွေက စာထဲ ဟိုမှာ ဒုက္ခရောက်လို့ ထွက်သွားရတဲ့ဥစ္စာ တစ်ခါတည်း မြင်းအလှူခံတဲ့လူက ခံတော့ ကံအား လျော်စွာ တောထဲက သမင်တွေက ရုန်းသွားတယ်။ နောက်တော့ ရထားပါ အလှူခံလိုက်တော့၊ ဟော-မရှိတော့ဘူး၊ ခြေကျင် ဆင်းသွားရတယ်။
သားတော်တွေ, သမီးတော်တွေနဲ့ အစတုန်းက ထီးနဲ့နန်းနဲ့ ဘုရင်အင်မတန် အထက်တန်း ကျတဲ့ပုဂ္ဂိုလ်ဟာ သားလေးတွေ, သမီးလေးတွေနှင့် မိဖုရား ဒီလေးယောက်တည်း တစ်ခါတည်း သူ့ခမျာ တောလမ်းခရီးတွေ လမ်းလျှောက်ရတာကိုး။
ဟိုတုန်းက ရှင်ဘုရင်ဆိုတဲ့ အဆင့်တန်းနဲ့တော့ အမြင့်ကြီးပေါ့၊ ယခုတော့ နှင်ထုတ်လိုက်လို့ သွားရတော့ သာမာန် လူတစ်ယောက်အနေ ရောက်နေတာ၊ ဟို-မင်းအနေနဲ့ စဉ်းစားရင်တော့ အဆင့်တန်း သိပ်မငယ်သေးဘူး၊ ဘုန်းကြီးများ ငယ်ငယ်တုန်းက စဉ်းစားတော့၊ ဝေဿန္တရာမင်းကြီး တစ်ကိုယ်တည်း တောထဲ ထွက်သွားတယ် ဆိုပေမယ့်လို့ မင်းအနေနဲ့ စဉ်းစားတော့ သိပ်ပြီးတော့ မသိမ်ငယ်ဘူး၊ နောက်တော့ တော်တော် ကြီးလာတဲ့အခါ စဉ်းစားတော့ အောင်မယ် သူ့ခမျာ တော်တော် အဆင့်အတန်း လျှောသွားရှာတာပဲလို့၊ သာမာန် လူတစ်ယောက်။ တကယ့် ဆင်းရဲသား တစ်ယောက်အနေနှင့် ရောက်သွားတာကိုး၊ ကလေးတွေ, သားတော်သမီးလေးတွေ ပွေ့ချီပြီးတော့ သွားရတာကိုး၊ သာမာန်ပုဂ္ဂိုလ် ဆိုရင်ဖြင့် မျက်ရည်ကျလို့ မဆုံးဘူးပေါ့။
အဲဒီက တောထဲသွားနေတုန်း တစ်ခါ ဇူဇကာဆိုတဲ့ ပုဏ္ဏားကလာပြီး သားတော်, သမီးတော်တွေကို လာပြီး အလှူခံ ပြန်တယ်၊ ဘာလုပ်ဖို့တုံး ဆိုတော့ အစေခံလုပ်ဖို့တဲ့၊ အင်း-တော်တော် ရက်စက်တဲ့ ပုဂ္ဂိုလ်ပဲ၊ အဲဒါတွေ ဘုရားအလောင်းတော့ လှူရတယ်၊ လှူတာ အောင့်အောင့် အင်းအင်း လှူတာ မဟုတ်ဘူး၊ သူ့စိတ်ထဲမှာ ကြည်ကြည်ဖြူဖြူပဲ လှူတာ၊ သူက ဘုရား ဖြစ်ချင်လို့ သဗ္ဗညုတဉာဏ် ရဖို့ရာ လှူဒါန်းလိုက်တယ်၊ အဲဒီလို ရက်ရက်ရောရော ကုသိုလ်ကောင်းမှု ပါရမီတွေကို ဖြည့်နိုင်လို့ သူက ဘုရားဖြစ်ပြီး လာရတာကိုး။
အဲဒါတွေ ပြန်ပြီး ဆင်ခြင်လိုက်ရင် မိမိတို့ ကိုးကွယ်ပြီးနေတဲ့ မြတ်စွာဘုရားသခင်ဟာ ဒီလိုချည်း တရားတွေကို ဒီလို - ဒီလိုကျင့်ပြီး ရှာခဲ့ရတာပဲ၊ တို့ ကိုးကွယ်နေတဲ့ - တို့အားကိုးရာဖြစ်တဲ့ မြတ်စွာဘုရား ပါရမီဖြည့်ကျင့်ပုံအားဖြင့်လည်း အင်မတန် ထူးခြားတဲ့ ပုဂ္ဂိုလ်ကြီး၊ ကြည်နူးဖွယ် အင်မတန် ကောင်းပါပေတယ်လို့ ပြန်စဉ်းစား လိုက်လို့ရှိရင် ပီတိပါမောဇ္ဈတွေ ဖြစ်နိုင်ပါတယ်၊ နောက်ဆုံးဘဝ စဉ်းစားကြည့်ပါလား၊ နောက်ဆုံးဘဝမှာ သိဒ္ဓတ္ထ မင်းသားကလေး ဖြစ်လာလိုက်၊ တဆယ့်ခြောက်နှစ် အရွယ်မှာ ယသော်ဓရာ မင်းသမီးလေးနှင့် လက်ထပ်ပြီးတော့ သုဒ္ဓေါဒန မင်းကြီးက သူ့ထီးနန်းကို လွှဲပြီးတော့ ထီးနန်းစည်းစိမ်ကို ခံစားပြီးတော့ မောင်းမ ခြွေရံတွေလဲပဲ အများကြီးပဲတဲ့၊ စာထဲဆိုတော့ လေးသောင်းလို့ ဆိုတာပါပဲ၊ အများကြီးပါပဲ။
အဲဒါနဲ့ ထီးနန်းစည်းစိမ်တွေ ခံစားပြီးတော့၊ အဲဒီလို စံစားပြီးတော့ နေရင်းက နှစ်ဆယ်နဲ့ ကိုးနှစ်မြောက်မှာ သူအို, သူနာ, သူသေ, ရဟန်းဆိုတဲ့ နိမိတ်ကြီးလေးပါးကို တွေ့မြင်တော့ သံဝေဂ အကြီးအကျယ်ရပြီးတော့ တစ်ခါတည်း တောထွက်တာကိုး၊ ၂၉-ဆိုတာ သိပ်မကြီးသေးဘူး၊ ယခုကာလ ၂၉-နှစ်ဆိုရင် ပျော်လို့ ကောင်းသေးတယ်၊ ၂၉-ဆို အချို့က အခုကာလမှာ အထက်တန်း ပညာတွေသင်တဲ့ အချို့ပုဂ္ဂိုလ်တွေ ဆိုရင် ၂၉-မှာ ပညာသင်ရတုန်းပဲ ရှိသေးတယ်၊ အဲဒီက ကျောင်းက ကောင်းကောင်း မထွက်ရသေးဘူး၊ ဟိုနိုင်ငံခြား, ဒီနိုင်ငံခြားတွေ သွားပြီး သကာလ ဂုဏ်ထူးဘွဲ့ထူးတွေ ရအောင် သင်ရသေးတယ်၊ သင်ရတုန်း ရှိသေးတယ်၊ ပညာသင်လို့ ပြန်လာကာစ ရှိသေးရင် ဘယ် - တောထွက်ဖို့ရာ အဝေးကြီး ရှိသေးတယ်။
တောထွက်ဖို့ရာ စိတ်မကူးနိုင်ပါဘူး၊ တော်တော် မလွယ်တဲ့ ဥစ္စာ၊ အဲဟိုဟာ ထီးနန်းစည်းစိမ် တွေဆိုရင် ပြောစရာ မရှိဘူး၊ အခုကိုယ့်အိမ်ကလေးနဲ့ ကိုယ်တောင် တော်ရုံသင့်ရုံတောင်မှ တောထွက်ဖို့ မလွယ်ဘူး၊ သူ့ဥစ္စာ ခဲခဲယဉ်းယဉ်းပဲ၊ သူ့ဥစ္စာ တော်တော် ခဲယဉ်းပါတယ်၊ အဲ - ပစ္စည်းဥစ္စာတွေနှင့် ပြည့်စုံပြီးတော့ နေတဲ့ပုဂ္ဂိုလ်တွေ ထားဦးတော့ ဆင်းရဲသားတွေတောင် တောထွက်ဖို့ရာ တော်တော် ခဲယဉ်းတယ်၊ ဆင်းရဲသားတွေ တောထဲ တောင်ထဲသွား၊ လယ်ယာ ကိုင်းကျွန်း လုပ်နေတဲ့ ပုဂ္ဂိုလ်ဆိုရင် ဘာမှ ပြည့်ပြည့်စုံစုံ မဟုတ်သေးဘူး၊ ဒီလိုပဲ လုပ်ကိုင် စားသောက် နေရတာ၊ အဲဒါဟာ တောထွက်ဖို့ရန် စိတ်မကူးဘူး၊ မကူးနိုင်ဘူး၊ စိတ်ကူးပြန်လို့ ရှိရင်လဲတဲ့ တော်တော် အောင်မြင်ခဲပါတယ်။
ဘာနဲ့ တူနေသလဲဆိုရင် မြတ်စွာဘုရား ဥပမာ ပေးထားတယ်၊ အားမရှိတဲ့ ဘီလုံးငှက်နဲ့ အားရှိတဲ့ ဆင်ပြောင်ကြီးများနှင့် ဥပမာ ပေးထားတယ်၊ အားမရှိတဲ့ ဘီလုံးငှက်များဟာတဲ့၊ ဒီတော်ရုံတန်ရုံ နွယ်ကလေးများနဲ့ ချည်ထားသော်လည်း သူ့ခမျာ မရုန်းနိုင်ဘူးတဲ့၊ ဆင်တုံးမနွယ်ကလေးတွေ သေးသေးကလေး အမျှင်တွေရှိတယ်၊ သေးသေးကလေးတွေ အဲဒါကလေးတွေနဲ့ ဥပမာ ပေးထား တယ်၊ ဒီမှာ ဆင်တုံးမနွယ်ကလဲ တယ်မရှိဘူး၊ နွယ်သေးသေး၊ ဘာမျှမခိုင်ပါဘူး၊ လက်နဲ့ဆွဲလိုက်ရင် ပြတ်သွားပါတယ်၊ ဒီဥစ္စာ ဘာမျှခိုင်တဲ့ ဥစ္စာလေး မဟုတ်ဘူး၊ အဲဒီအမျှင်ကလေးနဲ့ ဘီလုံးငှက်ဟာဖြင့် မရုန်းနိုင်ဘူး။
ဒါပေမယ့် ဘီလုံးငှက်ကပြောတယ်တဲ့၊ သူနံနက်စောစော အိပ်ရာထကတည်းက သူသီချင်း ဆိုနေတာပဲတဲ့၊ နံနက်စောစော ဆိုနေတာ၊ ဒီဘီလုံးငှက်ဆိုတာ အကောင်လေးတွေပဲ၊ အဲဒါ သူ့ကို နွားကျောင်းသားတွေ ဘာတွေကနေ ဖမ်းပြီးမိလို့ ရှိရင် အဲဒါ ကြိုးကလေးနဲ့ ချည်ပြီး ကစားတယ်၊ ဒီမှာ ချည်ထားလို့ရှိရင် သူ့ခမျာ မရုန်းနိုင်ဘူးတဲ့ ကြိုးကခိုင်လွန်းလို့ မဟုတ်ပါဘူးတဲ့၊ သူ့ကိုက အားမရှိလို့ပါတဲ့။
အဲဒီလိုပဲတဲ့ သဒ္ဓါအစရှိသော တရားတွေ, သူတော်ကောင်း တရားတွေ အားနည်းနေတဲ့ ပုဂ္ဂိုလ်များ တောထွက်ဖို့ရာ မဖြစ်နိုင်ဘူး၊ တောထွက်ဖို့ မပြောနဲ့ သူတော်ကောင်းတရား ကျင့်သုံး အားထုတ်ဖို့ကို မစဉ်းစားနိုင်ဘူး၊ တော်တော်ကို ဝန်လေးပါတယ်၊ ဘာပြု လို့တုံးဆိုတော့ သံယောဇဉ်တွေ တွယ်လို့ ရှိတာကိုး။
သံယောဇဉ်လဲ ခိုင်လွန်းလို့တော့ မဟုတ်ဘူး၊ အခုနကလိုပဲ ဒီလိုငှက်က အားငယ်နေလို့၊ သူ့အားက ငယ်နေလို့၊ သူက အားငယ်နေတာ၊ ဆင်ကြီးများကျတော့ တစ်ခါတည်း တော်ရုံတန်ရုံ ကြီးမား တဲ့ကြိုးနဲ့ ချည်ထားပေမယ့်လို့၊ စိတ်တွေ, မာန်တွေ ထက်လာတဲ့အခါကျတော့ ရုန်းဖြတ်လိုက်လို့ ရှိရင် ပြတ်သွားတာပဲ၊ သံကြိုးတော့ မရပေဘူး၊ သံကြိုး မဟုတ်တဲ့ ဥစ္စာလောက် ဟိုဒင်း အုံးဆံကြိုး တို့ ဘာတို့ပေါ့၊ အဲဒီလိုကြိုးကြီးတွေနဲ့ ချည်ထားပေမယ့်လို့ စိတ်ဆိုးလာတဲ့အခါ, စိတ်မာန်ထလာတဲ့ အခါကျ ရုန်းလိုက်လို့ရှိရင် ပြတ်သွားတာပဲတဲ့၊ ကြိုးကတော့အခိုင်ကြီးပါပဲတဲ့၊ ခိုင်ပေမယ့်လို့ သူက အားကောင်းတယ်။
အဲဒါလိုပဲ သဒ္ဓါ အစရှိသော သူတော်ကောင်း တရားတွေ အားကောင်းနေတဲ့ ပုဂ္ဂိုလ်တွေကတော့ သံယောဇဉ် အနှောင် အဖွဲ့တွေ ဘာမျှ မတွယ်တာနိုင်ပါဘူးတဲ့၊ အဲဒါလဲပဲ ဘုရားအလောင်းတော် ပုဂ္ဂိုလ်ကြီးတွေကို ပြောတာ၊ သာမန်ပုဂ္ဂိုလ်တွေတော့ မဟုတ်ဘူး၊ အဲ-ဘုရားအလောင်းတော် ပါရမီဖြည့်ကျင့်လာတာ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလပတ်လုံး ဖြည့်ကျင့် လာခဲ့တာကို၊ အဲဒီတော့ သူခဏခဏ တောထွက်နေကျ ဒီလိုပဲ ချစ်ခင်အပ်တဲ့ အိမ်သူအိမ်သား သားမယားတွေ ဆွေတော် မျိုးတော်တွေ စွန့်ပစ်နေကျကို၊ စွန့်ပစ်နေကျသူက၊ ရိုးနေတော့ အားရနေတယ် လေ့ကျင့် သား ရနေတယ်။
ဒါကြောင့်မို့ သူကလဲ ၂၉-နှစ်၊ သူများတွေ စိတ်မကူးဝံ့တဲ့ အကြံမျိုးနဲ့ တစ်ခါတည်း တောထွက် သွားတာ၊ တောထွက်တာက ဘာပြုလို့လဲဆိုတော့ အိုခြင်း, နာခြင်း, သေခြင်း တရားတွေက လွတ်မြောက်အောင်လို့ ကျင့်သုံး အားထုတ်ဖို့ပဲ၊ ပျော်လို့ ထွက်လာတာ မဟုတ်ဘူး၊ အဲဒါ ထွက်ပြီး တော့ တရားကျင့်သုံးတယ်၊ ဟိုဟိုဒီဒီမှာ လိုက်ပြီးတော့ တရားစုံစမ်း အာဠာရ ဥဒကတို့ ဆီမှာ စုံစမ်းလို့ အဲဒီကနေလဲ အားမရတာနဲ့ မိမိကိုယ်တိုင် တရားရှာ၊ ခြောက်နှစ်ပတ်လုံး ဒုက္ကရစရိယာ ကျင့်တယ်ဆိုတာ အစာအာဟာရတွေ ဖြတ်လာပြီးသကာလ အဲဒီကနေပြီး ဒါတွေနဲ့လဲ မဟုတ် သေးဘူးဆိုပြီးတော့ နောက်မှပြန်ပြီးတော့ အင်အား ဖြည့်ပြီး အာနာပါနဈာန်များကို အားထုတ်ပြီး တော့ အဲဒီကနောက် ဗောဓိပင်အောက် ရတနာ ပလ္လင်ထက် ထက်ဝယ်ဖွဲ့ခွေထိုင် နေပြီးတော့ ขန္ဓာငါးပါးရဲ့ အဖြစ်အပျက်ကိုရှုမှတ်၊ အဲဒီမှဘုရားအဖြစ်ရောက်တာတဲ့။
အဲဒါ ဘုရားအလောင်းတော် အင်မတန် ချမ်းချမ်းသာသာ ပြည့်ပြည့်စုံစုံ နေရာကနေပြီး တောထွက်လာပုံ၊ ယခု ဘုန်းကြီး ပြောတာ မစုံသေးပါဘူး၊ အကျဉ်းချုံး ပြောရတယ်၊ တောထွက် လာပုံ စဉ်းစားကြည့်ပေါ့လေ၊ ယခုလူတွေ အခြေအနေနဲ့ လောကလူတွေဟာ သာသာယာယာနဲ့ ပြည့်ပြည့်စုံစုံ ဖြစ်နေတဲ့အခါ ဘယ်လိုစိတ်နေစိတ်ထား ဖြစ်နေသလဲ၊ အဲဒီအနေမျိုးနဲ့ ဘုရား အလောင်းတော် တောထွက်လာခဲ့ပုံ၊ တောထွက်ပြီးတော့ ဟိုတုန်းက တောထွက်တယ်ဆိုတာ သက်သာတာ မဟုတ်ဘူး။
ယခုကာလ ဘုန်းကြီးတွေ ရဟန်းဝတ်တာ ကျောင်းတွေ, ကန်တွေ ဒကာ - ဒကာမတွေနဲ့ အပြည့်အစုံပဲ၊ ဘာမျှ မခဲယဉ်းဘူး၊ လွယ်လွယ်လေးဟာပဲ၊ ဟိုဟာနဲ့စာလို့ရှိရင် အပုံပဲကွာပါတယ်၊ ဟိုဥစ္စာ တောထဲတောင်ထဲ ပုံတော်သလိုနေရတာ၊ ကျောင်းတွေ ဘာတွေ ဘယ်ရှိမလဲ၊ ဒကာ-ဒကာမ ဘယ်ရှိပါ့မလဲ၊ ဆွမ်းတွေဘာတွေလဲ ရှာဖွေပြီးသကာလ ပုံတော်သလို စားရတာ။
အဲဒီလိုအနေမျိုးနဲ့ တစ်ခါတည်း တရားတွေ ကျင့်သုံးလာတာ၊ အဲဒီလို ကျင့်သုံးပြီးတော့ ဘုရား အဖြစ်ကို ရောက်ပြီး တော့လာတယ်၊ ဒီတော့ ငါတို့ ကိုးကွယ်တဲ့, အားကိုး အားထား ပြုတဲ့ ဂေါတမ မြတ်စွာဘုရားဟာ ဤသို့သော အကျင့်တွေကို ကျင့်သုံးပြီးတော့ သွားပါပေတယ်လို့ သတ္တဝါတွေ အတွက် သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ဟောနိုင် ပြောနိုင်အောင်လို့ ဒီလိုကျင့်သုံးပြီးတော့ သွားပါပေတယ်၊ ကျင့်သုံးပြီးတော့ ဘုရားအဖြစ် ရောက်တော်မူပါပေတယ်လို့ ဘုရားဖြစ်ကြောင်း ဂုဏ်တွေကို စဉ်းစားဆင်ခြင် လိုက်လို့ရှိရင် ပီတိသံဝေဂတွေ အများကြီး ဖြစ်နိုင်တယ်။
မိမိတို့ အားကိုးရတဲ့ပုဂ္ဂိုလ်က တော်ရုံတန်ရုံ သာမန်ပုဂ္ဂိုလ် မဟုတ်ဘူး၊ အင်မတန်ကို လေးနက်တဲ့, အင်မတန်မြင့်မြတ်တဲ့ ဘုရားရှင် ကိုယ်တော်မြတ်ကို ကိုးကွယ်ဆည်းကပ် နေရတာပဲလို့ အင်မတန်ကို အရတော်နေတာပဲလို့ စဉ်းစားလိုက်ရင် ပီတိသမ္ဗောဇ္ဈင် အများကြီး ဖြစ်စရာ ကောင်းတယ်၊ အဲဒါဟာ ဗုဒ္ဓါနုဿတိပဲ၊ အဲဒီ ဗုဒ္ဓါနုဿတိက ဒီလိုစဉ်းစားရမယ်၊ ဘုရားရဲ့ အကြောင်း တွေ စဉ်းစားရမယ်၊ တစ်ခါ မြတ်စွာဘုရား၏ ရူပကာယ - ကိုယ်တော် သပ္ပာယ်ပုံ, တင့်တယ်ပုံတွေ ကတော့ ၃၂- ပါးသော ယောက်ျားမြတ် လက္ခဏာတော်ကြီး ဆိုတာက ဂဏန်းပဲ နားလည်တာကို၊ အဲဒါလဲပဲ သေသေချာချာသိဖို့က သိပ်တော့ မလွယ်ဘူး၊ သေသေချာချာ သိအောင်ပြောနေလဲ သိပ်အချိန်မရှိဘူး။
အဲဒါ မပြောနိုင်တော့ဘူး၊ သပ္ပာယ်တဲ့ ဘုရားပုံတော်ကြည့်ပြီး အာရုံပြုကြပေတော့၊ ဒါတော့ မတတ်နိုင်ဘူး၊ ဘုန်းကြီးကလဲ ဒီရုပ်ပုံတွေ ဘာတွေသိပ်ပြီး မပြောတတ်ဘူး၊ အင်း-ယခု ရုပ်ပွားတော် တော်တော် သပ္ပာယ်ပါတယ်၊ တချို့ရုပ်ပွားတော် တွေကလဲ ပန်းရံဆရာတွေက ညံ့တော့ တယ် မသပ္ပာယ်ဘူး၊ အဲဒီအထဲမှာ ဒက္ခိဏသာခါထုတဲ့ ပုဂ္ဂိုလ်ကတော့ ပထမတုန်းကထုတာ တော်တော်ကို နေရာမကျဘူး၊ ကြည်ညိုဖွယ် မဖြစ်ဘူး၊ ဒါပေမယ့် ဒက္ခိဏသာခါက မီးတွေဘာတွေကွင်းတယ် ဆိုတာနဲ့ လူတွေကတော့ သိပ်ပြီး အလေးအမြတ်ပြုပြီး ကိုးကွယ်တော့ ဘုန်းကြီးများကတော့ ကြည်ညိုဖွယ်ဖြစ်မှာပဲ၊ သဘောကျတယ်၊ ဘုရားနဲ့အကုန်လုံး မတူစေကာမူ တစ်စိတ်တစ်ဒေသတော့ တူပြီး ကြည်ညိုဖွယ်ဖြစ်တဲ့ ဆင်းတုတော် တွေတော့ သဘောကျတာပဲ။
ဒါကြောင့် ဘုရားထုတဲ့ အခါကာလ ကျတော့ရင် အမြဲတမ်း သတိပေးနေရတယ်၊ ကြည်ညိုဖွယ် ဖြစ်အောင် သပ္ပာယ်အောင်လို့ လုပ်ပါ၊ ဘုရားဟာ အာရုံပြုလို့ သိပ်မကောင်းဘဲ ဖြစ်နေမယ်၊ ဘုရားအစစ်အမှန်က အင်မတန်ကြည်ညိုဖွယ် ကောင်းတယ်၊ ဘယ်သူနဲ့မှ မတူအောင် သပ္ပာယ် ပြီးတော့ နေတဲ့ ကိုယ်ကာယ အချိုးအစားကြည့်ပြီး ယခု မတင့်တယ်ဘဲနဲ့ ပန်းရံက ထုထားရင် နေရာမကျဘူး၊ အချိုးကျကျလုပ်ပါလို့ ဘုန်းကြီးများက အမြဲတမ်း သတိပေးနေရတယ်၊ ဒီဘုရားက (ဖလ်ယဉ် ဓမ္မာရုံအတွင်းမှ ဆင်းတုတော်ကို ရည်ညွှန်းသည်)တော့ တော်တော် ကြည်ညိုဖွယ် ကောင်းပါတယ်။
အဲဒီပုံတော်တွေ ကြည့်ပြီးတော့ အာရုံပြုပေတော့ ဒါပဲ၊ အဲဒါလဲပဲ ဘုရားပုံတော်တွေ ကြည့်ပြီးတော့ မြတ်စွာဘုရား ဗောဓိပင်အောက် ရတနာပလ္လင်ထက်မှာ ထက်ဝယ်ဖွဲ့ခွေပြီးတော့ တရား နှလုံး သွင်းနေပုံကို အင်မတန်သပ္ပာယ်တဲ့ ရုပ်ပုံတော်နဲ့ ကျင့်ကြံအားထုတ်နေပုံ အာရုံပြု လိုက်လို့ရှိရင် အဲဒါလဲပဲ ဗုဒ္ဓါနုဿတိဖြစ်နိုင်တာပါပဲ၊ ဒါလဲ ဒါကတော့ ဘဂဝါဂုဏ်တော်ထဲမှာ ပါတယ်၊ ဣဿရိယ ဓမ္မ ရသ သီရိ ကာမ ပယတ္ထ ဆိုတဲ့ ဘုန်းတော်ခြောက်ပါးထဲမှာ သီရိဘုန်းတော်ထဲမှာ ပါတယ်၊ ဘုရား ကျက်သရေတော် ရူပကာယ ကျက်သရေတော်နဲ့ ပြည့်စုံတော်မူတယ်၊ အဲဒီမှာပါတယ်။
အများဆုံးကတော့ နာမကာယ ဂုဏ်တွေက အရေးကြီးပါတယ်၊ နာမကာယ - နာမ်ဂုဏ်၊ အရဟံ - ဝါသနာနှင့်တကွ ထောင့်ငါးရာ ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးတော် မူပေသော မြတ်စွာဘုရား၊ အဲဒါမှ ကြည်ညိုစရာကောင်းတာ၊ ရုပ်ပုံတွေ သပ္ပာယ်တာ ရှိတာပဲ၊ သူကတော့ သူများကို အကျိုးဆောင်ရွက် ဖို့ရာတွေက သိပ်များများ မတတ်နိုင်ဘူး၊ ကြည်ညိုဖွယ်ဖြစ်ရုံမျှပဲ၊ အဲဒီ နာမကာယဂုဏ်တွေက အင်မတန် ကြည်ညိုစရာ ကောင်းပါတယ်။
နာမကာယဂုဏ်တွေ မြတ်စွာဘုရားက ကိလေသာ ကင်းပြီးလေတော့ သူတစ်ပါးတွေလဲ ကိလေသာ ကင်းအောင် ဆောင်ရွက်နိုင်တာကို၊ သူ ကိလေသာ ကင်းသွားတော့ ကိုင်း-ကိုင်း ဒါလေး ဆိုကြဦး စို့ရဲ့၊ မျက်စိမှိတ်ပြီးတော့ ဗောဓိပင်အောက် ရတနာပလ္လင်ပေါ် ထက်ဝယ်ဖွဲ့ခွေလို့ လောကကို အာရုံပြု ပြီးတော့ ယခုဒီကနေတော့ အနောက်ကျတာကို အိန္ဒိယထဲမှာ ဗောဓိပင်က အဲဒီ ဗောဓိပင်အောက်မှာ ထက်ဝယ်ဖွဲ့ခွေပြီး အရှေ့ဘက်လောက ဆိုတော့ မြန်မာပြည်ဘက် လှည့်ရက် ပါပဲ၊ ဒီက အာရုံယူလို့ ကောင်းပါတယ်၊ အဲ-ထိုင်ပြီးတော့ တရားနှလုံးသွင်းခြင်း ကိလေသာကင်းတဲ့ ဘုရားအဖြစ်ကို ရောက်သွားပုံ၊ အဲဒါလေး နှလုံးသွင်းရမယ်။
အရဟံ - လောဘ, ဒေါသ, မောဟ - အစရှိသော ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေး စင်ကြယ်တော်မူပေသော မြတ်စွာဘုရား။(၃-ခေါက်)
အဲ-အရဟံ ဆိုတာ ကိလေသာ အညစ်အကြေးတွေမှ ကင်းဝေး စင်ကြယ်တယ်တဲ့၊ လောကမှာ သတ္တဝါတွေ အများက လောဘဖြစ်စရာ အာရုံနဲ့ တွေ့ရင်ဖြစ်တယ်၊ မတွေ့သေးရင်တော့ မဖြစ်သေးဘူးပေါ့၊ သူတော်ကောင်းတရားတွေ နှလုံးသွင်းနေတဲ့ ပုဂ္ဂိုလ်တွေ၊ လောဘအာရုံနဲ့ မတွေ့သေးလို့ရှိရင် သူဟာ လောဘ ကင်းနေသလိုပေါ့၊ လောဘ ကင်းနေသလိုပဲ၊ သူက တော်တော် ကို ဟန်ကျနေတယ်၊ ဘာလို- ဘာလို- ဘေးကပုဂ္ဂိုလ်တွေက ထင်စရာပဲ။
အေး-လောဘဖြစ်စရာ အာရုံနဲ့တွေ့လာပြီဆိုတော့ သူလှုပ်လာပြီ၊ လိုချင်စရာနဲ့တွေ့ရင် လိုချင်လာပြီ၊ နှစ်သက်စရာနဲ့ တွေ့ရင် နှစ်သက်လာပြီ၊ သာယာစရာနဲ့ တွေ့ရင် သာယာလာပြီ၊ တချို့ စိတ်တွင်းတွင် မဟုတ်ဘူး၊ နှုတ်ကကို ပေါ်လာတယ်၊ လောဘအရိပ်အယောင်တွေ ပေါ်လာတယ်၊ သူက လောဘရှိတော့ လောဘ အရိပ်အရောင် စကားလေးက ပြောလာတယ်၊ ကိုယ်အမူအရာ လေးတွေက ပြုံးပြုံး ရွှင်ရွှင်နဲ့ စသည်ပေါ့လေ၊ ပြုံးတိုင်း ပြုံးတိုင်းတော့ မဟုတ်ဘူး၊ ပြုံးတိုင်း ပြုံးတိုင်း လောဘ ဖြစ်တယ် လို့ တချို့ကလဲ အောက်မေ့နေဦးမယ်၊ ဒီလိုတော့ မဟုတ်ဘူးပေါ့၊ ကိုယ်အမူအရာကလဲ သူဟာမျက်နှာ စသည်ကနေပြီး လောဘဖြစ်လာလို့ရှိရင် လောဘတပ်မက်တဲ့ သာယာတဲ့သဘောနဲ့ တစ်မျိုးတမည် ပြောင်းလွဲလာတယ်၊ အဲဒါတွေ ဘေးက ပုဂ္ဂိုလ်တွေက အရိပ်အကဲ ဖမ်းတတ်တဲ့ ပုဂ္ဂိုလ်တွေက သိသွားတယ်၊ ဒါက အရေးကြီးတာပဲ၊ သူက လောဘ ဖြစ်စရာရှိရင် တလောကလုံး လောဘဖြစ်ကြ သာယာကြတယ်။
ဒေါသဖြစ်စရာ အကြောင်းရှိလဲ ဒေါသဖြစ်တာပဲ၊ အဲ-ဒေါသ ဖြစ်စရာ အကြောင်း မရှိသေးရင်တော့ အင်မတန် စိတ်ကောင်း နှလုံးကောင်း ရှိတယ်၊ သီးခံတတ်တယ်၊ တယ်ကောင်း, သဘော ကောင်းတယ်၊ ဒီလို ထင်ရတာကို၊ မြတ်စွာဘုရား ဟောထားတဲ့၊ စာထဲပေထဲပါတာ ပြောမှဖြစ်မယ်၊ အလွတ်ကပြောလို့ မဖြစ်ဘူး၊ စာထဲပေထဲ ပါတဲ့ ဝေဒေဟိကာဆိုတာ သာဝတ္ထိ ပြည်မှာ ဝေဒေဟိကာဆိုတဲ့ အိမ်ရှင်မ တစ်ယောက် ရှေးကဖြစ်ခဲ့ဖူးတယ်၊ သူ့အရပ်ထဲက တယ်ချီးမွမ်း ကြတယ်၊ ဝေဒေဟိကာများ စိတ်သဘော ကောင်းပါပေတယ်၊ ပြေပြေပြစ်ပြစ် ရှိပါပေတယ်၊ သည်းခံ တတ်တယ်၊ စိတ်မဆိုးတတ်ဘူး၊ အင်မတန်ကောင်းတဲ့ သူတော်ကောင်းလေးပဲ၊ သူတော်ကောင်း မလေးပဲ စသည်ဖြင့် အရပ်ထဲက ချီးမွမ်းကြတယ်။
နောက်-သူ့အိမ်မှာ ရှေးတုန်းကတော့ ကျွန်မ ခေါ်တာပေါ့လေ၊ ယခုတော့ အခိုင်းအစေ သဘောမျိုး ပါပဲ၊ ဒါပေမယ့် ဟိုတုန်းက ကျွန်မဆိုတာ အဟုတ်ကို ကျွန်မပဲ၊ ကျွန်မလဲ တစ်ယောက်ရှိတယ်၊ အဲဒီကျွန်မက စဉ်းစားတယ်၊ တို့သခင်မကိုတော့ တယ်ချီးမွမ်းကြတယ်၊ သူဟာအဟုတ်ပဲ ဒေါသ မရှိလို့လား၊ သို့မဟုတ် ငါကပဲ တာဝန်ဝတ္တရားတွေ ကျေပွန်နေလို့လား စမ်းကြည့်ဦးမှ ဆိုပြီးတော့။
သူက အိပ်ရာက ထနေကျ ခါတိုင်း, ခါတိုင်း နံနက်စောစော ထပြီး အလုပ်လုပ်နေကျဟာ မလုပ်ဘဲနဲ့ အိပ်နေဆိုတာကို၊ အိပ်နေတော့ အဲဒီတော့ ဝေဒေဟိကာက အိပ်ရာက ထချိန်ထတော့ ခါတိုင်း, ခါတိုင်း လုပ်နေကျ အလုပ်တွေကမလုပ်ဘူး၊ အဲဒီ ကျွန်မနာမည်က ကာလီတဲ့၊ ကာလီ ယနေ့ ဘာဖြစ်နေပါလိမ့်မတုံး၊ သူကမေးကြည့်တယ်၊ ဟေ့ ကာလီ နင်ဘာဖြစ်နေသလဲလို့ မေးတော့ အိပ်ယာက မထသေးဘူးလား၊ ဘာဖြစ်နေသလဲလို့မေးတော့ မထသေးဘူး၊ ဘာမျှမဖြစ်ပါဘူးတဲ့၊ ဝေဒေဟိကာက နည်းနည်း စိတ်ထဲမှာ မျက်ပြီး မျက်နှာလေး ဘာလေး ပျက်ပြီးလာတယ်၊ ဒီတော့ ကာလီကလဲ စုံစမ်းရေးကို ဒီတော့သိတာပေါ့၊ သူက စိတ်ဆိုးသွားပြီဆိုတာ ဒေါသဖြစ်တတ်တာပဲ၊ ဝတ္တရားတွေ ကျေပွန်နေလို့ စိတ်မဆိုးတာ။
ငါဆက်ပြီး စုံစမ်းလိုက်ဦးမှပဲ ဆိုပြီးတော့ နောက်တစ်ခါ နောက်တစ်ရက်လဲ ဒီလိုအိပ်နေတယ်၊ ဒီလိုပဲ၊ နောက်တစ်ခါ မေးပြန်တော့ ဘာဖြစ်လို့ အိပ်နေသလဲဆို ဘာမှမဖြစ်ပါဘူး၊ နေမကောင်းလို့လား မေးတော့ ဘာမျှမဖြစ်ပါဘူး ဆိုတော့ နှုတ်က ပြောလာတယ်တဲ့၊ ကာလီ နင်ဒီအချိန်တောင် မထသေးဘူး ဘာမျှမဖြစ် ထပါမှပေါ့၊ စိတ်ထဲက စိတ်မချမ်းမသာ ဖြစ်တဲ့အလိုက် စကားလေးတွေလဲ ခပ်ကြမ်းကြမ်း ပြောနေတယ်၊ ငေါက်ငန်းပြီး ပြောနေတယ် နောက်တစ်ခါ ထပ်ပြီး စုံစမ်းလိုက်ဦးမှပဲ ဆိုပြီးတော့ နောက်တစ်ရက်စုံစမ်းတော့ တံခါးကန့်လန့် တံခါးမင်းတုန်းနဲ့ တူပါတယ်၊ တံခါး မင်းတုန်းကလဲ သစ်သားတွေ ဘာတွေ ထိုးတဲ့စို့ပေါ့၊ အဲဒါနဲ့ ကောက်ပြီး ပေါက်လိုက်တာ၊ ခေါင်းကွဲသွားတယ်။
ခေါင်းကွဲသွားတော့မှ ကာလီက အိမ်နားနီးချင်းတွေ လိုက်ပြီး တိုင်ကြားတယ်၊ ကြည့်ကြစမ်းပါဦး ရှင်မတို့၊ အင်မတန် သူတော်ကောင်းမလေးဆိုတဲ့ ဝေဒေဟိကာဟာ ဒီလိုပဲတဲ့၊ အိပ်ရာက မထရ မလား, စောစောမထရမလားဆိုပြီး တစ်ယောက်တည်း ရှိတဲ့ အိမ်ကျွန်မ တစ်ယောက်တည်း ရှိတဲ့ဥစ္စာကို ဘာမျှ မငဲ့မညှာဘဲနဲ့ခေါင်းကွဲသွားအောင် တံခါးကန့်လန့်နဲ့ ပေါက်ရမလားဆိုပြီးတော့ လိုက်ပြီးတော့ တိုင်ကြားတော့ အရပ်ကပုဂ္ဂိုလ်တွေက ကဲ့ရဲ့ကြတယ်ဆိုတယ်၊ ဝေဒေဟိကာများ တယ်ကြမ်းပါလား၊ ကိုယ့်အိမ်က ကျွန်မတစ်ယောက်တည်း ရှိတာလို ဒီလောက် ကြမ်းကြမ်း တမ်းတမ်း ဆုံးမရမလား၊ ဒါတော့ လွန်လွန်းတယ်၊ မတရားဘူး စသည်ဖြင့် ကဲ့ရဲ့ကြတာကိုး ကဲ့ရဲ့တာက လွယ်တယ်၊ ချီးမွမ်းဖို့ဟာကတော့ တော်တော်ခက်တယ်။
ချီးမွမ်းစရာ ဂုဏ်တစ်ခုဖြစ်အောင် အင်မတန်ကို လုပ်ရတယ်၊ တစ်သမတ်တည်း လုပ်သွားနိုင်မှ အဲဒါလေး ပျက်သွားလို့ရှိရင် ပြီးရော၊ ပျက်ကရောပဲ၊ သူ့ဥစ္စာက အရေးကြီးတယ်၊ ချီးမွမ်းဖို့ရာ တော်တော် ခဲယဉ်းတယ်၊ ကဲ့ရဲ့ဖို့ဟာက လွယ်တယ်၊ အဲဒီမှာ ဒေါသဖြစ်စရာအကြောင်း မပေါ်သေး ရင်တော့ ဒေါသ မပေါ်သေးဘူးပေါ့။
အဲဒါ ဥပမာလေး၊ ဒေါသဖြစ်စရာ အကြောင်းရှိရင် ဒေါသက ပေါ်လာရော၊ သူက မြွေဟောက်နဲ့ တူတယ်၊ ဒေါသများဟာ၊ မြွေဟောက်ဟာ သူ့ဟာသူ နေရင်တော့ ဝပ်နေတာပဲ၊ ခဲလေးနဲ့ သွားပေါက်လိုက်ရင် ထောင်လာရော၊ ရှူးကနဲဆို ထောင်လာတယ်၊ ဒေါသက ထောင်လွယ်တယ်၊ ဖြုန်းကနဲဆို တစ်ခါတည်း ထောင်လာတာ၊ ဘာမျှမလုပ်သေးရင် ကိစ္စမရှိဘူး၊ သူ့ကို မခံချင်စရာ စကားလေး တစ်လုံး ပြောလိုက်လို့ရှိရင် သူက ထလာတယ်၊ သူက ဒေါသက အင်မတန်ကို ထင်ရှားတယ်။
အဲဒီတော့ လောကမှာ သတ္တဝါတွေက လောဘဖြစ်စရာရှိရင် လောဘဖြစ်၊ ဒေါသဖြစ်စရာရှိရင် ဒေါသဖြစ်၊ မောဟဖြစ်စရာရှိရင်၊ မောဟဖြစ်၊ မောဟတို့, မာနတို့ စသည့် စိတ်အညစ်အကြေး တွေဟာ ဖြစ်နေကြတယ်တဲ့၊ ငါတို့ ကိုးကွယ်တဲ့ ငါတို့၏ ကိုးကွယ်ရာ ဖြစ်တော်မူတဲ့ မြတ်စွာဘုရားမှာ လောဘ, ဒေါသ, မောဟ အစရှိသော ကိလေသာ အညစ်အကြေးတွေမှ ကင်းနေ တယ်တဲ့၊ ကိလေသာ အညစ်အကြေးတွေ ဘယ်လိုမှ မဖြစ်ဘူး၊ လောဘ ဖြစ်စရာ အာရုံနဲ့ ဘယ်လိုပဲ တွေ့တွေ့ မဖြစ်၊ ဒေါသလဲမဖြစ် မောဟလဲမဖြစ်၊ မာနလဲမဖြစ်၊ ဒါမှ ဝါသနာနဲ့ကို ကင်းတယ်၊ ရှေးတုန်းက ပုထုဇဉ်အဖြစ်ကနေပြီးတော့ လိုက်ပါလာတဲ့ အလေ့အလာ ဝါသနာတွေကို အကုန် မရှိဘူး၊ သူ့ဥစ္စာ ကိလေသာ အရိပ်အရောင်တွေ ဘာမျှ မရှိဘဲနဲ့ကို ကင်းနေတယ်၊ အင်မတန် ကြည်ညိုစရာကောင်းပါတယ်။
အဲဒါကြောင့် အရဟံ ဝါသနာနှင့်တကွ တစ်ထောင့်ငါးရာ ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်တော်မူပေသော မြတ်စွာဘုရား ကင်းဝေးစင်ကြယ်တော် မူပါပေတယ်၊ ဝါသနာနှင့်တကွ တစ်ထောင့်ငါးရာ ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေး စင်ကြယ် ပါပေတယ်လို့ အဖန်ဖန် နှလုံးသွင်းတယ်၊ ကြည်ညိုစရာ ဖြစ်တာပေါ့၊ ဒီလို ကြည်ညိုစရာ ဂုဏ်နဲ့ ပြည့်စုံတဲ့ မြတ်စွာဘုရားကိုပဲ ကိုးကွယ်ဆည်းကပ် နေရတာကိုး၊ ဒီဘုရား၊ ဒီဘုရားရဲ့အဆုံးအမ သာသနာတော်မှာ တကတဲ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပြီးတော့ သရဏဂုံတည်တဲ့ ဥပါသကာ - ဥပါသိကာမဖြစ်ရင် ရဟန်းဖြစ်ပြီး သကာလ ဒီဘုရားရဲ့ ဆုံးမ သြဝါဒအတိုင်း ငါတို့ တရား ကောင်းတွေ၊ ငါတို့ တကယ်ကို ကျင့်နေရတာပဲလို့ နှလုံးသွင်းတဲ့ အခါကာလ ပီတိတွေဖြစ်တယ်၊ တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တာပေါ့။
အဲ-ကိလေသာ ကင်းတော်မူတဲ့ မြတ်စွာဘုရားက ပေးထားတဲ့နည်း၊ ကိလေသာ ကင်းအောင်လို့ တို့ကျင့်နေရတယ်၊ အင်မတန် ကောင်းတဲ့တရားတွေ တို့ကျင့်နေရတာပဲ၊ နှလုံးသွင်းလိုက်ရင် သိပ်ပြီးတော့ အားရစရာ ကောင်းတယ်၊ ပီတိပါမောဇ္ဇ တွေ ဖြစ်နိုင်တယ်၊ အဲဒါ-အဲဒီလို နှလုံးသွင်း ရမယ်တဲ့၊ အဲဒါ နှလုံးသွင်းပုံကလေးက မပြတ်သေးဘူး၊ အချိန်ကတော်တော် ကုန်သွားပြီ၊ တရား သိမ်းဦးမှ၊ တရားက အများကြီး ကျန်နေပါသေးလား၊ ကဲ-အဲဒီ အရဟံလဲ ဆိုပါဦးတော့-
အရဟံ - တစ်ထောင့်ငါးရာ ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေး စင်ကြယ်တော် မူပေသော မြတ်စွာဘုရား။
အရဟံ - ဝါသနာနှင့်တကွ တစ်ထောင့်ငါးရာ ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေး စင်ကြယ်တော်မူပေသော မြတ်စွာဘုရား။
အဲ-အဲဒါ ဗုဒ္ဓါနုဿတိပဲ၊ နည်းနည်းလေး ရှိသေးတယ်၊ နောက်ကိုလည်း ဗုဒ္ဓါနုဿတိ - ဒီတစ်ခါတော့ ပြောဦးမှဖြစ်မယ်၊ နောက် ဓမ္မာနုဿတိတို့၊ သံဃာနုဿတိတို့၊ သီလာနုဿတိ ဂုဏ်တို့ ရတနာသုံးပါး။
ရတနာသုံးပုံ သီလဂုဏ် - စွန့်ပုံအောက်မေ့ပါ။
စွန့်ကြဲပေးကမ်း လှူဒါန်းတာတွေလဲ ဒကာဒကာမတွေ အမြဲတမ်း လှူနေရတာ၊ အဲဒါတွေ နှလုံး သွင်းပုံတွေက အင်မတန် ကောင်းတယ်၊ အင်မတန် ကောင်းပါတယ်ဗျာ၊ ပီတိသမ္ဗောဇ္ဈင်က တော်တော့ကို ကောင်းတယ်၊ ဒါဖြေးဖြေးခြင်း ဟောရမယ်၊ ကိုင်း-ဆိုစမ်းပါဦးတော့။
ရတနာသုံးစုံ သီလဂုဏ် စွန့်ပုံအောက်မေ့ပါ။
နတ်ဖြစ်ဖွယ်စု ငြိမ်းအေးမှု တွေးရှုအောက်မေ့ပါ။
ဒေဝတာနုဿတိ နတ်ဖြစ်စရာ ဖြစ်တဲ့ သူတော်ကောင်းတရားတွေ ကိုယ်ရှိနေတာတွေ ဆင်ခြင်ဖို့ ဒါကနောက်မှ ပြောမယ်၊ ငြိမ်းအေးမှုက ကိလေသာ ငြိမ်းအေးမှုတွေ ငြိမ်းသမျှလေးပေါ့၊ အဲဒါတွေကို ဆင်ခြင်ပါတဲ့၊ ငါးခုရယ်၊ နှစ်ခုရယ်၊ ခုနစ်ခုရှိသွားပြီ။
မွဲခြောက်သူကြဉ်၊ စိုပြေယှဉ်၊ ထိုတွင်စိတ်ညွတ်ရာ။
အင်း-သဒ္ဓါတရား မွဲခြောက်နေတဲ့ ပုဂ္ဂိုလ်တွေ ဒီပုဂ္ဂိုလ်တွေ ကြဉ်ရမယ်၊ မပေါင်းနဲ့၊ ပီတိ သမ္ဗောဇ္ဈင် ဖြစ်တယ်၊ စိုပြည် ပြီးတော့ သဒ္ဓါတရား ပြည့်ဝပြီးနေတဲ့ ပုဂ္ဂိုလ်ကိုပေါင်း၊ မှီဝဲပါ၊ ပြီးတော့ ထိုတွင် စိတ်ညွတ်ရာ၊ ပီတိသမ္ဗောဇ္ဈင်ဖြစ်ဖို့ရာ၊ ပီတိသမ္ဗောဇ္ဈင် ဖြစ်ရာဖြစ်ကြောင်းတွေ ဒီလို နှလုံးသွင်းပါတဲ့၊ နှလုံးသွင်းလိုက်တော့ ခုနက ခုနစ်ခုနဲ့ တစ်ဆယ်ဖြစ်သွားပြီ။
ကြည်ညိုဖွယ်ညွှန်ကြား၊ သုတ္တန်များ စဉ်းစားဆင်ခြင်ပါ။
အဲ-ကြည်ညိုဖွယ် ညွှန်ပြတဲ့ သုတ္တန်တွေတဲ့၊ အင်မတန် ကောင်းတယ်၊ အဲဒါတွေ ဟောရဦးမယ်၊ ကြည်ညိုဖွယ်ရာ သုတ်တွေ ရှိသေးတယ်၊ အဲဒီသုတ်တွေထဲက တချို့ဟောရမှာပေါ့၊ အဲဒီတော့ ဒါတစ်ခု ထည့်လိုက်တော့ ဆယ့်တစ်ခု ဖြစ်သွားရော။
ပီတိပွားရန် ဆယ့်တစ်တန် ထုတ်ပြန်အဋ္ဌကထာ။
အဲဒီတော့ နောက်သီတင်းကျမှ ဆက်ပြီး ဟောရမယ်၊ ဒီကနေ့ တရားသိမ်းဦးမှပဲ၊ ဤ ဗောဇ္ဈင်တရားကို နာခံမှတ်သားရသော ဓမ္မသဝန ကုသိုလ်ကံ စေတနာတို့၏ အစွမ်းအာနုဘော် တို့ကြောင့် ယခု တရားနာ ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် မိမိတို့ သန္တာန်၌ ဗောဇ္ဈင် တရားတို့ကို ပွားများ အားထုတ်နိုင်ကြ၍၊ ဝိပဿနာဉာဏ်အစဉ် အရိယာမဂ်ဉာဏ်အစဉ်ဖြင့် ဆင်းရဲခပ်သိမ်း ငြိမ်းရာဖြစ်သော နိဗ္ဗာန်ချမ်းသာမြတ်သို့ လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက် ပြုနိုင်ကြ ပါစေကုန်သတည်း။
သာဓု .... သာဓု .... သာဓု .... ။
ပီတိသမ္ဗောဇ္ဈင် တရားတော်
▬▬▬▬▬▬▬▬▬▬▬▬
၁၃၂၃-ခု၊ ဒုတိယ ဝါဆိုလကွယ်နေ့။
ဗောဇ္ဈင် ဓမ္မာနုပဿနာ၊ တရားဟောလာတာ ဗောဇ္ဈင် ၃-ပုဒ်တော့ ပြီးသွားပါပြီ၊ တစ်နေ့က ပီတိသမ္ဗောဇ္ဈင်ကို ဟောတယ်၊ စပြီးတော့ ဟောလာတာ ပီတိသမ္ဗောဇ္ဈင်၊ သူကလဲ မှတ်သားစရာ တွေတော့ တော်တော်ပါတယ်၊ ဒီကနေ့လဲ ပြီးချင်မှ ပြီးဦးမယ်၊ ဒီနေ့ အဲဒီ ပီတိသမ္ဗောဇ္ဈင်ပဲ ဆက်ပြီးတော့ ဟောရမယ်။
သန္တံ ဝါ အဇ္ဈတ္တံ ပီတိသမ္ဗောဇ္ဈင်္ဂံ အတ္ထိ မေ အဇ္ဈတ္တံ ပီတိ သမ္ဗောဇ္ဈင်္ဂေါတိ ပဇာနာတိ၊ အသန္တံ ဝါ အဇ္ဈတ္တံ ပီတိသမ္ဗောဇ္ဈင်္ဂံ နတ္ထိ မေ အဇ္ဈတ္တံ ပီတိသမ္ဗောဇ္ဈင်္ဂေါတိ ပဇာနာတိ၊ ယထာစ အနုပန္နဿ ပီတိသမ္ဗောဇ္ဈင်္ဂဿ ဥပ္ပါဒေါ ဟောတိ တဉ္စပဇာနာတိ၊ ယထာစ ဥပ္ပန္နဿ ပီတိသမ္ဗောဇ္ဈင်္ဂဿ ဘာဝနာယ ပါရိပူရီဟောတိ၊ တဉ္စပဇာနာတိ။
အဇ္ဈတ္တံ - ကိုယ်တွင်းသန္တာန်၌ ဖြစ်သော၊
သန္တံ - ထင်ရှားရှိသော
ပီတိသမ္ဗောဇ္ဈင်္ဂံ ဝါ- ပီတိသမ္ဗောဇ္ဈင်တရားကိုလည်း
မေ - ငါ၏ ကိုယ်တွင်းသန္တာန်၌၊
ပီတိသမ္ဗောဇ္ဈင်္ဂေါ - နှစ်သိမ့်အားရမှုပီတိ ပီတိသမ္ဗောဇ္ဈင် တရားသည်၊
အတ္ထိ - ရှိ၏၊
ဣတိ - ဤသို့၊
ပဇာနာတိ - သိ၏။
ပီတိသမ္ဗောဇ္ဈင် - မိမိသန္တာန် ဖြစ်လာတဲ့အခါမှာ ယောဂီပုဂ္ဂိုလ်က ပီတိသမ္ဗောဇ္ဈင် ဖြစ်တယ်ဆိုတာ သိရတယ်၊ ပီတိ ဖြစ်ရင်ဖြစ်မှန်း သိတာပဲ၊ အတိုချုပ်ကတော့ ဒါပါပဲ၊ ပီတိဆိုတာ လောကနဲ့ စပ်ပြီး တော့ ဖြစ်တဲ့ပီတိလဲ ရှိတယ်၊ တရားနှင့် စပ်ပြီးတော့ဖြစ်တဲ့ ပီတိလဲ ရှိတယ်၊ လောကနှင့် စပ်ပြီး ဖြစ်တဲ့ ပီတိကတော့ ပီတိသမ္ဗောဇ္ဈင်ဟု မခေါ်ရပါဘူး၊ လောကစီးပွားရေး, သားရေးသမီးရေး, အလုပ်အကိုင်အရေး ကိစ္စတွေနှင့်စပ်ပြီးတော့ အောင်မြင်ထမြောက် ပြည့်စုံတာတွေ အကြောင်း ပြု ပြီး နှစ်သိမ့် အားရမှု ဝမ်းမြောက်ဝမ်းသာ ပီတိသောမနဿတွေ ဖြစ်တယ်။
ဒါကတော့ လူတိုင်းလူတိုင်းပဲ ထိုက်သည့် အားလျော်စွာ ဖြစ်ဖူးကြတာ၊ ဖြစ်ဖူးကြတာပါပဲ၊ သူဟာ ကိုယ့်အင်အားနှင့် ကိုယ်အကြောင်း အားလျော်စွာ ပြည့်စုံတာကလေးတွေက ရှိတာကိုး၊ ဥပမာကလေးပဲ ဆိုဦးတော့ စားစရာ မုန့်ကလေးရရင် သူ့မှာ ပီတိဖြစ်ရတာပဲ၊ ကလေးဆိုလျှင် မုန့်လေးရလာလျှင် စားစရာရ ပီတိ ဖြစ်ရတာပဲ၊ ဒီလိုတွေ အများကြီးကို ရှိပါတယ်၊ အဲဒါ လောက ရေးရာနှင့်စပ်ပြီး အောင်မြင် ထမြောက်လို့ ပြည့်စုံလို့ ကိုယ်အလိုရှိတာ ကလေးတွေ ဝမ်းမြောက် ဝမ်းသာဖြစ်ပြီး ပီတိဖြစ်စရာ တွေ့တာက အများကြီး ရှိပါတယ်၊ အဲဒီ ပီတိတွေက ပီတိသမ္ဗောဇ္ဈင်လို့ မဆိုရဘူး၊ သူက ကုသိုလ်တရားတွေလိုလဲ မဟုတ်ဘူး၊ ဒီဟာတွေက အကုသိုလ်တရားတွေက များတယ်။ သို့သော် အပြစ်ကြီးတယ် လို့တော့ မဆိုရပါဘူး၊ အပြစ်ကြီးတာ ကတော့ သူတစ်ပါးတွေ သေကြေပျက်စီးတာတွေနှင့် စပ်ပြီးတော့ အားရဝမ်းသာတွေဖြစ်ရင် အဲဒါတော့ အားရဝမ်းသာဖြစ်ရင် အပြစ်ကြီးမှာပဲကိုး၊ ကိုယ်လိုအပ်သော ကိစ္စလေးတွေ တရားသဖြင့် အောင်မြင်မှုကလေးတွေ ကတော့ ဒါကတော့ အပြစ်တော့ သိပ် မကြီးလှပါဘူး၊ အကုသိုလ်ပေမယ်လို့ သိပ်အပြစ်မကြီးပါဘူး၊ ဘုရား, တရား, သံဃာနှင့်စပ်ပြီး ကုသိုလ် အမှုကိစ္စတွေနှင့် စပ်ပြီး အောင်မြင် ထမြောက်လို့ ဝမ်းမြောက် ဝမ်းသာမှုကလေးတွေ ပီတိလေးတွေဖြစ်၊ ဒါကတော့ ကုသိုလ်တရားတွေပဲ။
ဒါပေမယ်လို့ ပီတိသမ္ဗောဇ္ဈင် အစစ်ကတော့ မဖြစ်သေးဘူးလို့ ဆိုရမှာပဲ၊ ပီတိသမ္ဗောဇ္ဈင် အစစ်ကတော့ ဥဒယဗ္ဗယဉာဏ်က စပြီးတော့ ဖြစ်တယ်လို့ အဋ္ဌကထာကပြတယ်၊ သို့သော်လဲ အဲဒီ ဥဒယဗ္ဗယဉာဏ် မရောက်သေးခင်လဲ ရတနာသုံးပါး နှင့်စပ်ပြီးတော့ ဖြစ်တဲ့ ဥစ္စာတွေတော့ ဒီအထဲ ထည့်သွင်းရမှာပဲ၊ ထည့်သွင်းမှပဲ ဖြစ်မယ်၊ မသွင်းလို့ရှိရင် ဥဒယဗ္ဗယ ရောက်ဖူးတဲ့ပုဂ္ဂိုလ်က အရှားသား၊ ပီတိသမ္ဗောဇ္ဈင် ဟောစရာတောင် တော်တော်နည်းနေတယ်၊ အာရုံပြု စရာ အတော် နည်းသွားလိမ့်မယ်၊ တရားအားထုတ်ဖူးလို့ ဥဒယဗ္ဗယဉာဏ် ရောက်တဲ့ ပုဂ္ဂိုလ်တွေမှ ဒီ ပီတိ သမ္ဗောဇ္ဈင်က ထင်ထင်ရှားရှား ကိုယ်တိုင် တွေ့ရမှာပေါ့၊ ဒီတော့ အဲဒါတွင် ဆိုလို့ရှိရင်တော့ ဒိပြင်ပုဂ္ဂိုလ်တွေ ဝမ်းသာစရာ မရှိဘဲ ဖြစ်နေလိမ့်မယ်၊ အဲ-ဘုရား, တရား, သံဃာနှင့်စပ်ပြီး ဖြစ်တဲ့ ပီတိတွေလဲ ဒီမှာယူရမှာပဲ။
တရားအားထုတ်တဲ့ အခါမှာဆိုရင် အားထုတ်လို့ ကောင်းရင် ပီတိကလေးတွေ ဖြစ်လာတယ်၊ ဝမ်းမြောက်ဝမ်းသာလေးတွေ ဖြစ်လာတယ်၊ အဲဒါကလေးတွေ ဒီထဲ သွင်းယူမှပဲ ဖြစ်မယ်၊ တရားအားထုတ်တဲ့ အခါကာလ နှစ်သိမ့်အားရမှု ပီတိကလေးတွေ ဖြစ်တယ်တဲ့၊ အဲဒီ ပီတိသမ္ဗောဇ္ဈင် ကလေးတွေကို ยောဂီပုဂ္ဂိုလ်က သိတယ်၊ သူက မသိလို့လဲ မဖြစ်ဘူး၊ သူက အထင်ရှားကြီး ဖြစ်လာတာ၊ ပီတိက မသိမသာ ကလေး ဖြစ်တာမဟုတ်ဘူး၊ သူက ထင်ထင်ရှားရှား ဖြစ်လာတာ၊ သူကတော့ မသိလို့ မဖြစ်ဘူး၊ ဒါကြောင့် -
အဇ္ဈတ္တံ - ကိုယ်တွင်း သန္တာန်၌ ဖြစ်သော၊
သန္တံ - ထင်ရှား ရှိသော၊
ပီတိ သမ္ဗောဇ္ဈင်္ဂံ ဝါ- ပီတိသမ္ဗောဇ္ဈင် တရားကိုလည်း၊
မေ - ငါ၏၊
အဇ္ဈတ္တံ - ကိုယ်တွင်း သန္တာန်၌၊
ပီတိသမ္ဗောဇ္ဈင်္ဂေါ - နှစ်သိမ့်အားရမှု ပီတိသမ္ဗောဇ္ဈင်သည်၊
အတ္ထိ - ရှိ၏၊
ဣတိ - ဤသို့၊
ပဇာနာတိ - သိ၏။
လောလောဆယ် အမှတ်ကောင်းလို့ အားရဝမ်းသာ ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိမှာပေါ့၊ ရှေ့က အမှတ်ကောင်းခဲ့ဖူးတုန်းက ဖြစ်ခဲ့ဖူးတာတွေလည်း ရှိမှာပေါ့၊ အဲဒါ ပီတိသမ္ဗောဇ္ဈင်တွေပဲ၊ ပီတိသမ္ဗောဇ္ဈင်ဖြစ်လျှင် ဖြစ်မှန်း သိရမယ်၊ ဒါတွေရှုရမယ် ပီတိဖြစ်လာတာတွေက နှစ်သိမ့်တဲ့ သဘော၊ သဘောကျလျှင် သဘောကျတယ်၊ ဝမ်းမြောက်လျှင် ဝမ်းမြောက်တယ်၊ ဒါတွေရှုရတယ်၊ ဒါလေးကို မရှုချင်ကြဘူး၊ ပျောက်သွားမှာစိုးလို့ မရှုဘဲနေကြတယ်၊ ရှုရတယ်၊ အဲဒီလိုရှုရင်း ရှုရင်း ပျောက်လို့လဲ သွားတတ်တယ်၊ ပျောက်သွားလို့လည်း ဝမ်းမနည်းရဘူး၊ ပျောက်သွားရင် သူ့ထက်ကောင်းတဲ့ဟာတွေ ဖြစ်လာမှာပဲလို့ ဒီလို အောက်မေ့ထားရတယ်၊ မှတ်လိုက်ရင်း ပျောက်သွားလိုက်ရင်း မှတ်လိုက်ရင်း ပျောက်သွားရင်း၊ ပြီးတော့ ပြန်ပေါ်လာတယ်၊ ဒီလိုလဲ ရှိပါတယ်၊ ဘယ်ပုံဘယ်နည်းနှင့်ပဲ ဖြစ်ဖြစ် ပေါ်ပျောက် သွားတာကလေးပဲ ရှိတယ်၊ အဲဒီအခါကျတော့ -
အဇ္ဈတ္တံ - ကိုယ်တွင်း သန္တာန်၌ ဖြစ်သော၊
အသန္တံ - ထင်ရှား မရှိသော၊
ပီတိသမ္ဗောဇ္ဈင်္ဂံ ဝါ- ပီတိသမ္ဗောဇ္ဈင် ကိုမူလည်း၊
မေ - ငါ၏၊
အဇ္ဈတ္တံ - ကိုယ်တွင်း သန္တာန်၌၊
ပီတိသမ္ဗောဇ္ဈင်င်္ဂေါ - ပီတိသမ္ဗောဇ္ဈင်သည်၊
နတ္ထိ - မရှိ၊
ဣတိ - ဤသို့၊
ပဇာနာတိ - သိ၏။
ပီတိသမ္ဗောဇ္ဈင် မရှိရင်လဲ မရှိမှန်းသိတယ်၊ စောစောပိုင်းက အမှတ် မကောင်းသေးတဲ့ ပုဂ္ဂိုလ်တွေကတော့ မရှိဘဲဖြစ်နေတာပါပဲ၊ အဲဒါ ပီတိကလေး ဖြစ်ဖြစ်ပြီးတော့ အားနည်းလို့ ရှိရင်လည်း ပျောက်သွားတတ်တယ် ပျောက်ရင်မရှိရင် မရှိမှန်းသိတယ်၊ မှတ်လိုက်လို့ရှိရင် ပျောက်သွားတတ်တယ်၊ မှတ်လိုက်လို့ ပျောက်သွားလျှင် ပျောက်သွားမှန်း သိတယ်၊ အများကြီးဖြစ် တဲ့အခါကျတော့ တော်တော်နှင့် မပျောက်နိုင်ပါဘူး၊ ဒါပေမယ်လို့ အဲဒါဟာ ပျောက်သွားသည့် တိုင်အောင် အဲဒါလိုပဲ မှတ်ရတာပဲ၊ ကျော်လွန်သွားအောင်လို့ ဒီပီတိတွေ မကျော်လွန်လို့ရှိရင် ဒီ အဆင့်က မတက်ဘူး၊ ဒီအနား ဝမ်းမြောက်ဝမ်းသာဖြစ်၊ အားရနှစ်သိမ့်တာတွေ ရှေ့မတိုးဘဲနှင့် ဖြစ်နေတတ်တယ်။
ဒါကြောင့်မို့ ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး အားရပြီးနေတာတွေ ရှုရတာပါပဲ၊ အဲဒီပီတိဟာ လက္ခဏာအားဖြင့် သမ္ပိယာယနလက္ခဏာ - နှစ်သက်အားရခြင်း, ဝမ်းမြောက် ဝမ်းသာခြင်း လက္ခဏာ ရှိပါတယ်တဲ့၊ သူရလာတဲ့ အာရုံကလေးနှင့် နှစ်သိမ့် အားရကျေနပ်ပြီးတော့ သိပ် ဝမ်းမြောက်ခြင်း သဘောရှိပါတယ် (ဖရဏရသာ) ရုပ်ကောင်း ရုပ်သန့်တွေကို ပျံ့နှံ့ပြီးစေခြင်း ကိစ္စရှိပါတယ်တဲ့၊ ပီတိဆိုတာ သူဖြစ်လာလို့ရှိရင် ကိုယ်တွင်းသန္တာန်မှာ ရုပ်ကောင်းရုပ်သန့်တွေ ပျံ့နှံ့ပြီးတော့ သွားတယ်။
အင်း-အခု နိုင်ငံခြားကလာတဲ့ ထိုးဆေးတွေရှိတယ်၊ ထိုးလိုက်လို့ရှိရင် တစ်ခါတည်း ဆေးထိုး လိုက်ရင် နွေးကနဲဆို ပျံ့ပျံ့သွားတယ်၊ တစ်ကိုယ်လုံး ဆေးထိုးဖူးတဲ့ ပုဂ္ဂိုလ်မှသိမယ်၊ တစ်ခါတည်း ဖြုန်းခနဲဆို ပျံ့သွားတယ်၊ အဲဒါများလိုပဲ၊ ပီတိ ဖြစ်လာတော့ ကိုယ်ထဲမှာ ဖျိုးဖျိုးဖျင်းဖျင်းတွေ ပျံ့သွားတယ်၊ အောက်ပိုင်းကနေ အထက်ပိုင်း တက်လာတာလဲ ရှိတယ်၊ အထက်ပိုင်းကနေ အောက်ပိုင်း ချလိုက်သလိုလည်း ရှိတယ်၊ ဖျိုးဖျိုးဖျင်းဖျင်းတွေ တစ်ခါတည်းကိုယ်မှာ စိမ့်စိမ့်ငြိမ့်ငြိမ့်နှင့် တစ်ခါတည်း အကောင်းတွေပါပဲ၊ ဖြစ်နေတယ်၊ တစ်ကိုယ်လုံး ပျံ့ပြီးတော့, ဖြာပြီးတော့ထွက်နေတယ်၊ ဒါကြောင့် ဖရဏရသာ - ရုပ်ကောင်းရုပ်သန့် ပျံ့နှံ့စေခြင်းကိစ္စ ရှိပါတယ်၊ သြဒဂျ ပစ္စုပဋ္ဌာနာ- တက်ကြွ နေတဲ့ သဘောတရားပဲ၊ ကြွတက်နေတဲ့ သဘောတရား ပေါ်တက် နေတဲ့ သဘောတရားပဲလို့ ထင်ရပါတယ်။
ပီတိဖြစ်တဲ့အခါမှာ ကိုယ်ရော စိတ်ရော ပေါ့ပါးပြီးတော့ ကြွနေတယ်၊ တစ်နေ့ကလည်း ပြောပြီးပါပြီ၊ ခုဟာက နည်းနည်းအသစ်တွေ ပါလာမလားလို့၊ အသစ်တွေ, တရားနာတဲ့ပုဂ္ဂိုလ်တွေ အသစ်တွေပါလာလို့ နည်းနည်းပြန်ပြောနေရတယ်၊ ကြွတက်နေတယ်၊ တကယ်လဲ ကြွတက် တာလဲရှိတယ်၊ တကယ်မဟုတ်တောင်မှ စိတ်ထဲကြွကပြီး ပေါ့နေတယ်လို့ ထင်ရတယ်၊ ပေါ့ပေါ့လေး ဖြစ်နေတယ်၊ လေးလေး လံလံတွေ မဟုတ်ဘူး၊ လမ်းလျှောက်ရင်လဲပဲ ပေါ့နေတာပဲ၊ မြေကြီးနှင့် မထိသလိုပဲ ထင်ရတယ်၊ လေမွေ့ယာပေါ်များမှာ စပရိန်ပေါ်များ နင်းပြီးသွားရသလို တစ်ခါတည်း ပေါ့ပေါ့ပြီးသကာလ တက်လာတယ်၊ ကျွံကျသွားသလို တစ်ခါတစ်ခါထင်ရတယ်၊ ပီတိအစွမ်း သတ္တိတွေ၊ ဒါကြောင့် သြဒဂ္ဂိကဘာဝေါ ပစ္စုပ္ပဋ္ဌာနံ - တက်ကြွ လာသော သဘောတရားအနေ ကြွတက်နေသော သဘောတရား အနေအားဖြင့် ယောဂီပုဂ္ဂိုလ် ဉာဏ်ထဲမှာ ထင်ပါတယ်တဲ့၊ လက္ခဏာ ရသ ပစ္စုပဋ္ဌာန်ကို တိုတိုနဲ့ မှတ်ရအောင်လို့ ဒီမှာ လင်္ကာဆောင်ပုဒ် ကလေးတွေ ပေးထားတယ်။
နှစ်သိမ့်ရောင့်ရဲ၊ ဝမ်းလည်းမြောက်သည်။
ဒါလက္ခဏာပဲ၊ ပီတိဆိုတာ နှစ်သိမ့်ရောင့်ရဲခြင်း သဘော၊ ဝမ်းမြောက်ခြင်း သဘောပါပဲ၊ လောက ရေးရာနှင့်စပ်ပြီးတော့ အခုနက နှစ်သိမ့် ဝမ်းမြောက်တာတွေလဲပဲ ပီတိတွေပဲ၊ ဒါပေမယ်လို့ ဗောဇ္ဈင်ထဲမှာထည့်မယူရဘူး၊ ဗောဇ္ဈင်တရားနှင့်စပ်ပြီးတော့ မှတ်ရင်း မှတ်ရင်း တစ်ခါတည်း မှတ်တိုင်း မှတ်တိုင်းကနေပြီး ဖျိုးခနဲ ဖျင်းခနဲ နှစ်သိမ့် အားရမှုတွေ ဖြစ်လာတယ်၊ နောက်ပြီး အဲဒီလို ဝမ်းမြောက်ဝမ်းသာမှုတွေ ဖြစ်လာတယ်။ (ရှုနည်းကျမ်း ဒု-တွဲ ၁၈၆)
“ယတောယတော သမ္မသတိ ခန္ဓာနံ ဥဒယဗ္ဗယံ၊
လဘတေ ပီတိပါမုဇ္ဇံ၊ အမတံ တံ ဝိဇာနတံ”၊
(ဓမ္မပဒပါဠိတော်-၆၇)
အဲဒီ ဒေသနာတော်အတိုင်း ရုပ်အဖို့ ကပဲဖြစ်ဖြစ်, နာမ်အဖို့ ကပဲဖြစ်ဖြစ် မှတ်တိုင်း, မှတ်တိုင်း မှတ်ရာကနေပြီး သကာလ ဖျိုးခနဲဖျင်းခနဲ ဖြစ်ပြီးတော့ ကိုယ်ထဲမှာ နှစ်သိမ့်အားရမှုတွေ ဝမ်းမြောက်ဝမ်းသာမှုတွေ ဖြစ်လာတယ်၊ လက်ကလေး ကွေးရာက မှတ်လိုက် အဲဒီကဖြစ်တာပဲ၊ ကိုယ်လှုပ်ရာက မှတ်လိုက်ရင်လဲ ဖြစ်တယ်၊ ဖောင်းရာပိန်ရာ မှတ်ရင်လဲဖြစ်တယ်၊ လမ်းလျှောက် နေရင်း ကြွတယ်, လှမ်းတယ် မှတ်တော့ကြွတယ်၊ မှတ်တော့ဖြစ်တာပဲ၊ လှမ်းတာမှတ်တော့ ဖြစ်တာပဲ၊ မှတ်တိုင်း မှတ်တိုင်းနေပြီးတော့ သူဖြစ်နေတယ်၊ အဲဒီနှစ်သိမ့်ရောင့်ရဲ ဝမ်းလည်း ဝမ်းမြောက်သည်တဲ့၊ ဒါက ပီတိရဲ့အထည်ကိုယ် သဘောရင်း လက္ခဏာပဲ၊ ကိုင်း-ဆိုရမယ်။
နှစ်သိမ့်ရောင့်ရဲ ဝမ်းလည်းမြောက်သည်။ (ဆို-၃)
ရုပ်ကောင်းရုပ်သန့် ပျံ့နှံ့စေသည်။ (ဆို-၃)
အဲဒီ ပီတိဖြစ်လာတဲ့အခါမှာ ကိုယ်ထဲမှာတစ်ခါတည်း ဖျိုးဖျိုးဖျင်းဖျင်းနှင့် ရုပ်ကောင်းရုပ်သန့်တွေ ပျံ့သွားတယ်၊ ဒါကြောင့် တော်ရုံတန်ရုံ ရောဂါဝေဒနာများ ပျောက်တယ်၊ အင်မတန်ကြီးတဲ့ ရောဂါ ဝေဒနာတွေ ပျောက်တတ်တယ်၊ မြတ်စွာဘုရားများ ပရိနိဗ္ဗာန် စံကာနီးနှစ်မှာ ဝါတွင်းပဲ၊ အဲဒီဝေသာ လီမြို့အနီး ဝေဠုဝဆိုတဲ့ရွာမှာ ဝါကပ်တဲ့အခါတုန်းက ရောဂါဝေဒနာ အကြီးအကျယ်ဖြစ်တယ်၊ သက်တော်ကလဲ ၈၀-အသက်အရွယ် ရောက်နေပြန်တော့ ရောဂါဝေဒနာ အကြီးအကျယ် ဖြစ်တယ်၊ အကြီးအကျယ်ဖြစ်တော့ မြတ်စွာဘုရားက ဆင်ခြင်တော်မူတယ်တဲ့။
ရောဂါဝေဒနာ အင်မတန် ကြီးကျယ်တာပဲ၊ ဒီအတိုင်းသာ လွှတ်ထားမယ်ဆိုရင် ပရိနိဗ္ဗာန် စံရုံပဲ ရှိတယ်၊ လောက ဝေါဟာရနှင့် ပြောရမယ် ဆိုရင်တော့ သေရုံပဲ ရှိတော့တာပေါ့ သေသည်အထိ ပြင်းထန်လာတဲ့ ကြီးကျယ်တဲ့ ရောဂါဝေဒနာကြီး တဲ့၊ ကြီးကျယ်တဲ့ သေလောက်တဲ့ ရောဂါဝေဒနာလို့ ဆိုပါတယ်၊ ဒါပေမယ်လို့ စောစောကလဲပဲ တပည့်ပရိသတ်တွေ ပရိနိဗ္ဗာန် ပြုမည်ဖြစ်ကြောင်းလဲ အကြောင်းကြားမထားရသေးဘူး၊ ဘုရားဆိုတော့ စောစောတငြ်ုကိပြီး ပြောထားဦးမှာပဲ၊ ပြောမထားဘဲ ဖြုန်းကနဲ ဘုမသိဘမသိ ပရိနိဗ္ဗာန် စံသွားလို့လဲ မလျှော်ပေဘူး၊ အဲဒါကြောင့် ဒီရောဂါဝေဒနာ ပျောက်ကင်းသွားအောင် တရားနဲ့ဖြေဖျောက်ဦးမှပဲလို့ မြတ်စွာဘုရားက ဝိပဿနာ ရှုတယ်၊ အခါတိုင်းလဲ ဝိပဿနာတရားဆို ဝိပဿနာအမြဲရှုနေတာပါ၊ အမြဲတမ်း ဝိပဿနာရှု၊ ဖလသမာပတ်ဝင်စား နေ့စဉ်နေ့စဉ် ကုဋေပေါင်းများစွာ နှစ်သိန်း လေးသောင်းလို့ ဆိုတာပဲ၊ စာက ကုဋေပေါင်းများစွာ သမာပတ်တွေ ဝင်စားပြီးတော့ ဝိပဿနာဈာန်တွေ အမြဲတမ်း ရှုနေတာပဲ။
ဒါပေမယ်လို့ အဲဒီအခါမှာ အထူးသဖြင့် ရှုပါတယ်တဲ့၊ ဘုရားအလောင်းတော် ဗောဓိပင်အောက် ရတနာပလ္လင်ထက်မှာ ဘုရားဖြစ်မည့် အခါကာလတုန်းက ရှုတဲ့အနေမျိုးပေါ့လေ၊ အကျယ်ဝိတ္ထာရ အားဖြင့် ဝိပဿနာရှုတယ်တဲ့၊ အဲဒီလို ဝိပဿနာ ရှုတော့ ရှုရင်းရှုရင်းနဲ့ အဖြစ်အပျက်တွေမြင်ပြီး ရုပ်နာမ် အဖြစ်အပျက်တွေက စပြီးမြင်နေ၊ အဖြစ်အပျက်တွေက မြင်တော့ မြင်နေတာပဲ၊ အခုတော့ ပိုပြီးမြင်တာပေါ့လေ။
အဲဒီမှာ ပီတိပဿဒ္ဓိဖြစ်၊ ဖလသမာပတ္တိတွေ ရောက်ပြီးတော့လဲ ပီတိပဿဒ္ဓိတွေ ဖြစ်မှာပါပဲ၊ အဲဒီ ပီတိတရားတွေ ဖြစ်တော့ ရုပ်ကောင်း ရုပ်သန့်တွေ တစ်ကိုယ်လုံး ပျံ့နှံ့ပြီးလာတယ်၊ အဲဒါနဲ့ ကျန်းမာသွားတယ်၊ ရောဂါဝေဒနာတွေ သူ့ဟာသူ ပျောက်သွားတယ်၊ အခုတချို့ ပုဂ္ဂိုလ်တွေမှာ တရားအားထုတ်လို့ ရောဂါပျောက်တာ ဒီပုံဒီနည်း ပျောက်သွားတာတွေ၊ ဒီပီတိတွေဖြစ်လို့, အဲဒါလို ရုပ်ကောင်း ရုပ်သန့်တွေ ပျံ့နှံ့လေသည်၊ အကြောင်းညီညွတ်လျှင် ပျောက်တတ်တယ်၊ အကြောင်း မညီညွတ်လျှင်လည်း မပျောက်ဘူးပေါ့၊ ရောဂါဝေဒနာတွေ အားကြီးနေတယ်၊ ကိုယ်ဖြစ်ချင်တဲ့ ပီတိက မပြောပလောက်ဆိုရင်တော့ မပျောက်ပေဘူး၊ ဒါကတော့ ပီတိက အားနည်းနေတာကိုး၊ ဟိုကအဖျားဖြတ်ဆေး ဆိုတာက အဖျားတော့ ပြတ်တတ်တာပဲ၊
သို့ပေမယ့် ပီတိက အားနည်းနေတာကိုး၊ အဖျားဖြတ်ဆေးဆိုတာ အဖျားတော့ ပျောက်တတ်တာပဲ၊ သို့ပေမယ့်လို့ အချိုးအစားနှင့် ကျအောင် စားမှ၊ ပျောက်တယ်၊ ဆေးက တစ်နေ့သုံးကြိမ် စားရမှာ၊ တစ်နေ့နှစ်ကြိမ်လောက် စားတောင်မှ ပျောက်ချင်မှပျောက်မှာ၊ တစ်ကြိမ်လောက် ဆိုတော့ ဘယ်ပျောက်မလဲ၊ မပျောက်ဘူး၊ နှစ်ရက်၊ သုံးရက်ဆက်စားမှ ပျောက်မည့် ဥစ္စာ၊ တစ်ရက်လောက် စားရုံနဲ့ မပျောက်ဘူး၊ အဲဒါ သူအချိုးအစား ပြည့်စုံမှ ပျောက်မယ်၊ ပီတိက ရောဂါဝေဒနာ ပျောက် လောက်အောင်လဲ ထက်ထက်သန်သန် ဖြစ်လို့ရှိရင်လဲ ပျောက်သွားတာပဲ၊ ထက်ထက်သန်သန် မဖြစ်တဲ့ ပုဂ္ဂိုလ်တွေမှာ မပျောက်ဘူး။
ရုပ်ကောင်းရုပ်သန့် ပျံ့နှံ့စေသည်။
ဟော-ကိုယ်စိတ်ပေါ့လျက်၊ ကြွတက်ထင်သည်၊ ကိုယ်ရော စိတ်ရောမှာ ပေါ့ပေါ့ပါးပါးဖြစ်ပြီး ကြွတက်ဖြစ်နေတယ်လို့ ထင်ရတယ်၊ တကယ် ကြွတက်လဲ နေတတ်တယ်၊ တစ်ချို့ပုဂ္ဂိုလ်တွေ အဟုတ်ကို ကြွတက်နေတတ်တယ်၊ ကြွတက်နေတာလဲ ရှိတတ်တယ်၊ တစ်ဦးတလေလဲ ထူးထူး ခြားခြား ဖြစ်တတ်ပါတယ်၊ တကယ့်အမြင့်ကြီး ကြွတက် နေတတ်တယ်လို့ ထင်ရတယ်၊ တကယ် မကြွနဲ့ဦးတော့ စိတ်ထဲမှာတော့ ပေါ့ပြီး ကြွတက်နေသည် ထင်ရတတ်တယ် ဆိုရမယ်။
ကိုယ်စိတ်ပေါ့လျက်၊ ကြွတက် ထင်သည်။
မြတ်ပီတိ မှတ်သိဗောဇ္ဈင်မည်။
အဲဒီပီတိယာ ဗောဇ္ဈင်တဲ့၊ ဒီလိုဖြစ်လို့ပဲတဲ့၊ ပီတိဟာ ရှုရင်းမှတ်ရင်းနဲ့ ရုပ်နာမ်အဖြစ်အပျက် ကလေးတွေ သိပြီးတော့ အားရ ဝမ်းသာဝမ်းမြောက်မှုတွေ ကိုယ်ထဲ ဖျိုးဖျိုးဖျန်းဖျန်း တငြိမ့်ငြိမ့် တစိမ့်စိမ့်နဲ့ ပေါ့ပါးပြီး ကြွတက်တဲ့ သဘောမျိုးတွေ ကိုယ်ထဲတွေ့တဲ့ ဥစ္စာဟာ ပီတိ သမ္ဗောဇ္ဈင်တွေ ပါပဲတဲ့ ယောဂီပုဂ္ဂိုလ်တွေ တကယ်အားထုတ်ရင် သိပ်မကြာဘူး၊ တစ်ချို့ပုဂ္ဂိုလ်တွေ နှစ်ရက် သုံးရက်ဆို ပီတိနဲ့တွေ့တာပဲ၊ အချို့လဲ ၄-၅-၆ ရက်နေ့မှတွေ့တယ်၊ ကြိုးကြိုး စားစား အားထုတ်ရင် ၇-ရက် တောင် မကြာဘူး၊ ၇-ရက်တောင် တွေ့တတ်ပါတယ်။
ကြိုးကြိုး စားစား အားထုတ်လို့ရှိရင် ဝီရိယလျှော့နေတဲ့ ပုဂ္ဂိုလ်ဆိုတော့ ၁၄-၅-ရက် အရက် ၂၀-မတွေ့တဲ့ ပုဂ္ဂိုလ်တွေလဲ ရှိသေးတယ်၊ ဒီဥစ္စာကတော့ လျော့လျော့လေး အားထုတ်နေတာကိုး၊ တင်းတင်းရင်းရင်း အားထုတ်လို့ရှိရင် ၇-ရက် အတွင်းမှာ ပီတိတွေ့ပါတယ်၊ တွေ့လဲတွေ့ပါတယ်၊ ဒါလောက်ကလေး မတွေ့လို့ရှိရင် ရှေ့တိုးတက်ဖို့ဟာ မလွယ်ဘူး။
အင်မတန် တံဝိဇာနတံ - ရုပ်နာမ် အဖြစ်အပျက်တို့ကို သိမြင်တဲ့ဝိပဿနာ ယောဂီပုဂ္ဂိုလ်တို့ရဲ့ အမြိုက် နိဗ္ဗာန်ကြီးပဲတဲ့၊ ဒီပီတိလဲတွေ့ရင် ရှေ့တရား အားထုတ်ဖို့ဟာတွေဟာ စိတ်တွေ အသစ် ဖြစ်ပြီးတော့ အားကောင်းသွားတယ်၊ အင်မတန် နေရာကျတယ်၊ ဒီပီတိလေးက အဲဒီပီတိဖြစ်ခြင်း အကြောင်းကိုလဲ ယောဂီပုဂ္ဂိုလ်က သိရတယ်။
ယထာစ - အကြင်အကြောင်းကြောင့်လဲ၊
အနုပ္ပန္နဿ-အနုပ္ပန္နာယ - မဖြစ်သေးသော၊
ပီတိသမ္ဗောဇ္ဈင်္ဂဿ - ပီတိသမ္ဗောဇ္ဈင်၏၊
ဥပ္ပါဒါ - အသစ်ဖြစ်ပေါ်လာခြင်းသည်၊
ဟောတိ - ၏၊
တဉ္စ - ထိုအကြောင်းကိုလဲ၊
ပဇာနာတိ - သိ၏။
ပီတိသမ္ဗောဇ္ဈင်က ဘာကြောင့်ဖြစ်သလဲ ဆိုတဲ့အကြောင်းကိုလဲ သိပါတယ်တဲ့၊ ပီတိသမ္ဗောဇ္ဈင်ဟာ ဘာကြောင့်ဖြစ်တတ်သလဲ ဆိုရင် ပီတိသမ္ဗောဇ္ဈင်ဖြစ်တဲ့ အကြောင်းတရားတွေ ရှိတယ်တဲ့၊ အဲဒီတရားတွေကို ဒီနည်းလမ်းမှန်ကန်စွာ နှလုံးသွင်းရင် ပီတိသမ္ဗောဇ္ဈင် ဖြစ်တာပဲ၊ မြတ်စွာဘုရားက ဒီလိုဟောတယ် ယောနိသောမနသိကာရ နည်းလမ်းမှန်ကန်စွာ နှလုံးသွင်း နည်းလမ်းဆိုတာ ဘာဖြစ်လို့ဆိုတော့ ပီတိဖြစ်လောက်အောင် ဝိပဿနာ ရှုတာတွေပါ၊ ရှေ့အဖို့ကနေပြီး ဝိပဿနာရှု၊ ပီတိဖြစ်အောင် နှလုံးသွင်း၊ အဲဒီဥစ္စာမျိုး ပီတိဖြစ်ကြောင်းဖြစ်တဲ့ အာရုံတွေ နှလုံးသွင်းပေးလို့ရှိရင်လဲ ဖြစ်တတ်တယ်၊ ဝိပဿနာ အချိုးတကျ ရှုလို့ရှိရင်လဲ ဖြစ်တတ်တယ်၊ ယောနိသောမနသိကာရတွေပဲ၊ အဋ္ဌကထာ ဆရာကတော့ ပီတိဖြစ်ကြောင်း တရား ဆယ့်တစ်ပါး ထုတ်ပြထားတယ်၊ မှတ်သားစရာ တွေကောင်းပါတယ်၊ ဒါတွေက အားထုတ်ရတဲ့ တရားတွေပါပဲ၊ အဲဒါတွေ လွယ်လွယ်မှတ်ရအောင်၊ ဒီက ဆောင်ပုဒ်စပ်ထားတယ်၊ အစတစ်ပုဒ် မပြီးသေးဘူး။
ရတနာသုံးစုံ၊ သီလဂုဏ် စွန့်ပုံအောက်မေ့ပါ။
ဗုဒ္ဓါနုဿတိ - မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးတွေကို အဖန်တလဲလဲ နှလုံးသွင်း ဆင်ခြင်ရမယ်တဲ့၊ ဒါလဲ ကမ္မဋ္ဌာန်း တစ်ခုပဲ၊ ဓမ္မာနုဿတိ - တရားတော်ရဲ့ ဂုဏ်တော် ကျေးဇူးတွေလို့လဲ အဖန်တလဲလဲ နှလုံးသွင်း ဆင်ခြင်ရမယ်၊ သံဃာနုဿတိ - သံဃာတော်ရဲ့ ဂုဏ်တော်တွေလဲပဲ အဖန်တလဲလဲ နှလုံးသွင်း ဆင်ခြင်ရမယ်၊ သီလာနုဿတိ - မိမိ၏ သီလဂုဏ်တွေကိုလဲ အဖန်တလဲလဲ နှလုံးသွင်း ဆင်ခြင်ရမယ်၊ စာဂါနုဿတိ - စွန့်ကြဲခြင်း၏ ဂုဏ်တော်တွေကိုလဲ အဖန်တလဲလဲ နှလုံးသွင်းဆင်ခြင် ရမယ်၊ ၅-ခု၊ ဒီအပုဒ်က ၅-ခုပါတယ်၊ အဲဒီ ၅-ခု စပြီးတော့ ဆိုကြဦးစို့ရဲ့၊ ဆိုပြီးမှ ပြောမယ်။
ရတနာသုံးစုံ၊ သီလဂုဏ် စွန့်ပုံအောက်မေ့ပါ၊ (ဆို)၊
အဲဒီ ရတနာသုံးစုံ ရတနာသုံးပါးကို ဘုရား, တရား, သံဃာ ရတနာ ၃-ပါး အဲဒီဂုဏ်ကိုလဲ အောက်မေ့ပါတဲ့၊ ဗုဒ္ဓါနုဿတိ, ဓမ္မာနုဿတိ, သံဃာနုဿတိ၊ ဒါကတော့ ပါဠိပါပဲ၊ သီလဂုဏ်ဆိုတာ သီလာနုဿတိ-သီလဂုဏ်လဲ အောက်မေ့ပါ စာဂ-စွန့်ကြဲ ပေးကမ်းခဲ့ဖူးပုံ ဂုဏ်ကို အောက်မေ့ပါ၊ အဲဒါတွေကို အောက်မေ့ နှလုံးသွင်း အောက်မေ့ဆင်ခြင်၊ ဒါတွေက ကမ္မဋ္ဌာန်းတွေပဲ၊ ဘယ်အခါများ အားထုတ်ရပါသလဲဆိုတော့ တရားအားထုတ်ရတာက နည်းနည်း မတိုးတက်ဘဲ နေတဲ့အခါတွေ ရှိတတ်တယ်၊ တရားအားထုတ်တာက မတိုးတက်ဘူး၊ ခြောက်သွေ့သွေ့ ဖြစ်နေတယ်၊ အားရစရာ, ဝမ်းသာစရာ ဘာမှ မတွေ့ရတော့ မတိုးတက်ဘူးပေါ့။
အဲဒီလိုအခါမှာ ပီတိဖြစ်အောင်လို့ အားထုတ်ရတယ်တဲ့၊ ပီတိကလေး များများမဟုတ်တောင် နည်းနည်းပါးပါးတော့ ဖြစ်မှာပေါ့လေ၊ နှလုံးသွင်းလျှင် ဘုရားဂုဏ်ကို ဆင်ခြင်ပါတဲ့၊ တရားဂုဏ်, သံဃာဂုဏ်တွေ ကိုယ်သိသမျှ နှလုံးသွင်းဆင်ခြင်ပါ၊ နောက် သီလတို့, စာဂတို့, ဒါတွေကတော့ ကိုယ့်သန္တာန်ဖြစ်တဲ့ ဥစ္စာတွေမို့ ဒါတော့ မသိစရာမရှိဘူး၊ အဲဒါတော့ဆင်ခြင်လို့ ကောင်းပါတယ်၊ တစ်နေ့က ဘုရားဂုဏ်ဆင်ခြင်ပုံ နည်းနည်းစပြီး မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးတွေဆိုတဲ့ ဘုရားဂုဏ် ကျေးဇူးဆိုတာ အင်မတန် ကျယ်ဝန်းတယ်တဲ့၊ ကိုယ်သိသမျှ ဆင်ခြင်ရမှာပါပဲ၊ ဗဟုသုတ များတဲ့ ပုဂ္ဂိုလ်တွေ များများသိတာပေါ့၊ နည်းနည်းသိတဲ့ ပုဂ္ဂိုလ်နည်းနည်းသိ၊ အချို့လဲ ဘုရား ဆိုလို့တာ သိတာ၊ ဘာမှန်းညာမှန်းကို မသိ၊ ဘုရားဆိုတော့ ဘယ်လိုဟာမျိုးဆိုရင် သေသေချာချာ မပြောတတ်ဘူး၊ ဗဟုသုတက အချို့ပုဂ္ဂိုလ် ဘာမျှရှိတာ မဟုတ်ဘူး၊ မိဘတွေက ဘုရားဆိုလို့ ဒီလို အောက်မေ့ ထားရတာပဲ၊ ယုံကြည်ထားရတာပဲ၊ ဘုရားဆိုတာ ဘယ်လိုဟာဆိုတာ သိရတာ မဟုတ်ဘူး၊ ဒါကြောင့် အတော်အတန်တော့ ဘုရားအကြောင်းတော့ သိထားစရာတော့ ကောင်းတာပေါ့။
အဲဒါ သိအောင်လို့ ဘုန်းကြီးက အခု ဖြေးဖြေးခြင်း ပြောနေတာ၊ မြတ်စွာဘုရား အကြောင်းကို အခုဒီမှာ တရားနာနေတဲ့ ပုဂ္ဂိုလ်တွေကတော့ အများအားဖြင့် သိတဲ့ပုဂ္ဂိုလ်တွေပါပဲ၊ ဒါပေမယ်လို့ အဲဒီက ဗဟုသုတရပြီး ဟိုတစ်ဆင့် မသိသေးတဲ့ ပုဂ္ဂိုလ်တွေ တစ်ဆင့် တစ်ဆင့် ပြောရတာပေါ့လေ၊ ပြောဟောရတာပေါ့၊ ဘုရားဂုဏ်တွေ ဆိုတာ သုံးမျိုး ရှိတယ်တဲ့၊ ဆင်ခြင်ရတာ၊ စရိယဂုဏ်တွေတဲ့၊ ဘုရားအလောင်းတော် ဘဝကစပြီး ဘုရားဖြစ်ကြောင်း အကျင့်တွေ ကျင့်နေတယ်၊ ဘုရားဖြစ်ခြင်း၏ အကြောင်း တစ်နေ့ကပြောခဲ့ပြီ၊ သုမေဓာရသေ့ အဖြစ်က နေပြီးတော့ ပါရမီတွေဖြစ်တာ၊ အကျဉ်းချုပ်၊ အဲဒါတွေကတော့ ဇာတ်ဝတ္ထုကြောင်းတွေ၊ ကြည်ညိုစရာ အင်မတန် ကောင်းတယ်၊
အချို့အချို့ ဝတ္ထုကြောင်းတွေမှာ မြတ်စွာဘုရား အင်မတန်ကို ဆင်းရဲခံပြီးတော့ ပါရမီတွေ ကျင့်ရတယ်တဲ့၊ အင်မတန် အနစ်နာခံပြီးတော့ ကျင့်ရတယ်, အားထုတ်ရတယ်၊ လောကတ္ထစရိယ - လောက၏ အကျိုးစီးပွား၊ သူများအတွက် အများသောပုဂ္ဂိုလ်တွေ ချမ်းသာရအောင်လို့ ဆိုပြီးတော့ အကျိုးရှိအောင်လို့ ဆောင်ရွက်ရတယ်၊ ဉာတတ္ထစရိယ - ဆွေမျိုးတွေ မိမိနှင့်စပ်တဲ့ ပုဂ္ဂိုလ်တွေ, နီးစပ်တဲ့ ပုဂ္ဂိုလ်တွေ, ချမ်းသာအောင်လို့ ဒီလိုကျင့်ရတာလဲ ရှိတယ်၊ ဗုဒ္ဓတ္ထစရိယ - ဘုရားဖြစ်ဖို့ရာ အတွက် ကျင့်ရတာလဲရှိတယ်၊ ဒီသုံးမျိုး၊ အဲဒီသုံးမျိုးလုံးဟာ ဘုရားအလောင်းတော် အချို့အချို့သော ဘဝတွေမှာ အများအတွက် အင်မတန် အနစ်နာခံပြီး စွန့်စွန့်စားစား ကျင့်ရတယ်၊ သိပ်အားထုတ် ရတယ်၊ အဲ-အချို့ ဇာတ်ဝတ္ထုတွေ ကျတော့ကို မိမိဆွေမျိုးတွေအတွက် စွန့်စွန့်စားစား ကျင့်ရတာ ရှိတယ်၊ ဘုရားဖြစ်ရာဖြစ်ကြောင်း ကျင့်ရတာတွေ ကတော့ ဘဝတိုင်း ဘဝတိုင်း ကျင့်ရတာ ထင်ရှားနေတာပဲ။
ဘုရားဖြစ်ရာ ဖြစ်ကြောင်းတွေ ဒါနပါရမီဖြစ်စေ, သီလပါရမီဖြစ်စေ, နိက္ခမပါရမီဖြစ်စေ, ထူးထူး ချွန်ချွန် ကျင့်သွားတာတွေဟာ ဇာတ်ဝတ္ထုတိုင်းလိုပဲ ထင်ရှားနေပါတယ်၊ အဲဒီ မြတ်စွာဘုရား ပါရမီ ဖြည့်ကျင့်ခဲ့ ပုံတွေကို လျှောက်ပြီး စဉ်းစား လိုက်လို့ရှိရင်၊ အင်မတန် ကြည်ညိုစရာ ကောင်းတယ်၊ နောက်ဆုံးဘဝမှာလဲ ထီးနန်းစည်းစိမ်တွေ စွန့်ပြီး တောထွက်၊ တောထဲမှာ တရားတွေ ကျင့်သုံး အားထုတ်ပြီးတော့ ၆-နှစ်ပတ်လုံး တရားရှာပြီးတော့ နေတယ်။
ဒါတွေလဲ အင်မတန် ကြည်ညိုစရာ ကောင်းတယ်၊ တစ်နေ့က အတိုချုပ် ပြောပြီးပါပြီ၊ အဲဒီလိုကျင့်လို့ သစ္စာ ၄-ပါး တရားတွေ အလုံးစုံ ကိုယ်တိုင်သိပြီး ဘုရားအဖြစ် ရောက်လာတဲ့ မြတ်စွာဘုရားကို၊ အဲဒီမြတ်စွာဘုရား ဟောကြားထားတဲ့ တရားတွေကို၊ ငါတို့ ကျင့်နေရတာပဲဆိုတာ အားရစရာ သိပ်ကောင်းတာပဲ၊ တော်စွလျော်စွ ပုဂ္ဂိုလ်ဟောတဲ့ တရားတွေ မဟုတ်ဘူး၊ လေးသင်္ချေနှင့် ကမ္ဘာ တစ်သိန်း ပတ်လုံး မရေမတွက်နိုင်သော ဘဝတွေမှာ ပါရမီဆယ်ပါး အပြားသုံးဆယ်၊ စရိယသုံးပါး စွန့်ခြင်းကြီး ငါးပါးတွေကို ကြိုးကြိုး စားစား အားထုတ်ပြီး ကျင့်သုံးလာလို့ သစ္စာလေးပါးတရား အလုံးစုံကိုယ်တိုင်သိပြီး ဘုရားအဖြစ်သို့ရောက်၊ အဲဒီလို ကိုယ်တိုင်သိ၊ ဘုရားအဖြစ်သို့ ရောက်ပြီး ကိုယ်တိုင်သိပြီးမှ ဟောထားတဲ့ တရားတွေ နည်းကောင်း လမ်းကောင်းတွေ ကိုယ်တိုင်သိပြီး ဟောထားတဲ့ တရားတွေပဲ။
ဒီက အလွယ်တကူပဲ၊ သူများ ချက်ပြုတ်လို့ ခူးပေးပြီးသား, ထမင်းပွဲ ပြင်ပြီးသားလေးကို လက်ဆေးပြီးတော့ စားရုံပဲ၊ အခုပုဂ္ဂိုလ် အင်မတန် လွယ်နေတာပဲ၊ အင်မတန် သက်သက် သာသာ လဲပဲ ဘုရားလောင်းတော်မှ ဒီတရားတွေကို ဘုရားဖြစ်ဖို့ရာ အတွက် အများကြီး ကျင့်သုံး လာခဲ့ရတယ်။
နောက်ဆုံး ဘဝမှာကိုပဲ ၆-နှစ်တိုင်တိုင် အင်မတန်ဘဲ ဒုက္ခရောက်လာပြီး ကျင့်လာခဲ့တယ်၊ လွယ်လွယ်လေး မဟုတ်ပါဘူး၊ အဲဒီလိုကျင့်ပြီးတော့ ကိုယ်တိုင် တွေ့ပြီးတော့မှ တကယ့် နည်းကောင်း လမ်းကောင်းတွေ ထုတ်ပြီးတော့ ထုတ်ဖော်ပြီးမှ ဟောထားတာ၊ အဲဒီ ဟောထားတဲ့ နည်းလမ်းအတိုင်း လိုက်ပြီး ကျင့်ရတာလေးဟာ အင်မတန်ကို ဝမ်းသာစရာ ကောင်းတယ်၊ ဒီတော့ ၁၀-ရက်၊ ၁၅-ရက်လောက် စသည်ဖြင့် အားထုတ်လို့ တရား မတိုးတက်သေးပေမယ်လို့ ဘာမျှအားငယ်စရာ မရှိဘူး၊ ဟိုမှာ ဘုရားအလောင်း ကျင့်ရတာတွေနှင့် စာလို့ရှိရင် အသက်သာကြီးပဲ၊ အလွယ်တကူလေး ကျင့်နေရတာ၊ အင်မတန် ဟန်ကျနေတယ်၊ ဒီတော့ကို မြတ်စွာဘုရားရဲ့ စရိယဂုဏ်တွေ ကျင့်ခဲ့ပုံတွေကို ပြန်ပြီးတော့ ဆင်ခြင်လိုက်လို့ရှိရင် တစ်ခါတည်း စိတ်အားတွေ တက်လာတယ်၊ ပီတိတွေ ဝမ်းမြောက် ဝမ်းသာစရာတွေ စိတ်အား ထက်သန်စရာတွေ ဖြစ်လာတယ်။
တရားအားထုတ်တဲ့ ပုဂ္ဂိုလ်မှာ ရှေးက ရဟန်းတော်တစ်ပါး ရှိတယ်၊ မြတ်စွာဘုရားက ဒုက္ကရစရိယာ ၆-နှစ် ဖြည့်ကျင့်လို့ သူလဲပဲ ၆-နှစ်ပတ်လုံး တစ်ခါတည်း အိပ်ရာထဲ မအိပ်ဘဲနဲ့ ကျင့်နေတယ် ဆိုတာကိုး၊ မြတ်စွာဘုရား ၆-နှစ်ပတ်လုံး ဒုက္ကစရိယာက ကျင့်တာကို ပူဇော်သော အားဖြင့် သူလဲပဲ အိပ်ရာထဲမှာ မအိပ်ဘူး အဲဒီလို ထိုင်တယ်၊ စင်္ကြံလျှောက်တယ်၊ ရပ်တယ်၊ ဣရိယာပုထ် သုံးပါး နဲ့ပဲ တရားအားထုတ်၊ ရဟန်းတစ်ပါး အဲဒီပုဂ္ဂိုလ်လဲ နောက်ဆုံး ရဟန္တာ ဖြစ်သွားတာပါပဲ။
အဲဒါကြောင့် မြတ်စွာဘုရား၏ ဂုဏ်စရိယ ဂုဏ်တွေကို ဆင်ခြင်လို့ရှိရင်လဲပဲ နှစ်သိမ့်အားရမှု ပီတိ တွေ ဖြစ်တတ် ပါတယ် တဲ့၊ ပြီးတော့ ရူပကာယဂုဏ်၊ နာမကာယဂုဏ်၊ ရူပကာယဂုဏ်ဆိုတာ မြတ်စွာဘုရား၏ ရုပ်ကိုယ်တော် တင့်တယ် သပ္ပာယ်တော်မူပုံ အချိုးအစား ကျပြီးတော့ ရူပကာယ ကိုယ်တော်ဖြင့် တင့်တယ်တော်မူပုံ၊ သပ္ပာယ်တော်မူပုံ အဲဒါကို အာရုံပြု ရမှာကိုး၊ ဒါကတော့ ဘုရားကို ကိုယ်တိုင်က မြင်ရတာမဟုတ်တော့ မှန်းဆပြီးတော့ အာရုံပြု ရမှာပဲ၊ တင့်တင့်တယ်တယ် သပ္ပာယ်အောင်လို့ ထုပြီး ထားတဲ့ ဘုရားရုပ်ပုံတော်တွေ, ရေးဆွဲထားတဲ့ ဘုရားကား ရုပ်ပုံတော်တွေ အဲဒါတွေ ကြည့်ပြီးတော့ အဲဒီပုံမျိုးနဲ့ အတော်အတန် တူမှာပေါ့လေ၊ ပုံကလဲပဲ ပြည့်ပြည့်စုံစုံ ဘယ်ဖြစ်နိုင်မလဲ၊ မဖြစ်နိုင်ဘူး၊ ဒါကတော့ မဖြစ်နိုင်ဘူး၊
အသောကမင်းကြီး (သီရိဓမ္မာသောက) မင်းကြီးမှာ မိဖုရားကြီး အသန္ဒိမိတ္တာ ဆိုတာရှိတယ်၊ (အသန္ဓိမိတ္တာ လို့လဲ တစ်ချို့စာမူတွေက ရှိတယ်) သန္ဓိ ဆိုတော့ အဆက်အစပ်တွေ့ တံတောင်ဆစ် တို့၊ လက်ဆစ်တို့၊ လက်ကောက်အဆစ် အဲဒီလို အဆစ်တွေ သန္ဓိ သန္ဓိနိမိတ္တ၊ အသန္ဓိနိမိတ္တ ဆိုတော့ အရိပ်ရောင်ပေါ့လေ၊ အဆစ်ရဲ့တတောင်ဆစ်တို့ အဆစ်တွေရဲ့ အရိပ်အရောင်လို နေတာတို့, မညီမညွတ် ဖြစ်နေတာတို့၊ အဲဒါတွေ အရိပ်အရောင်တွေပေါ့၊ အဲဒီလို အရိပ်အရောင်ကို မရှိလို့ အဲဒီမိဖုရားဟာ အင်မတန် ချောမော ပြေပြစ်တဲ့ မိဖုရားနဲ့တူပါတယ်။
မိဖုရားဆိုတော့ ချောမော ပြေပြစ်ရမှာပေါ့လေ၊ အသန္ဓိနိမိတ္တ တဲ့ လက်များဆန့်လို့ရှိရင် ဘယ် အနားက အဆစ်ရှိမှန်း မသိဘူးဆိုတာပဲ၊ ချောနေတယ်၊ ကွေးလိုက်မှ ဒီအနားက အဆစ်ကို သိရတယ်၊ အဲဒါ အသန္ဓိနိမိတ္တ အသန္ဓိမိတ္တတဲ့၊ (စာရေးသူများ) သီရိဓမ္မာသောကမင်းကြီးရဲ့ မိဖုရားပဲ။ အဲဒီမိဖုရားကြီးဟာ တစ်ခါတော့ကို အသောကမင်းကြီးက သူက ရွှေခြေကျင်းများနဲ့ စေလွှတ်ပြီး တော့ ကာလနဂါးကြီး ကို ခေါ်ယူတယ်လို့ ဆိုတာကိုး၊ စာထဲက ပါတဲ့အတိုင်းပဲ၊ ယခုကာလ အတွေးနဲ့ဆိုရင်တော့ ဘယ်လိုလုပ်မြင် ခေါ်ပါလိမ့်မလဲလို့ စဉ်းစားစရာတော့ရှိတယ်။
ဒါကတော့ ယခုကာလအနေနဲ့ တွေးလို့တော့ မဖြစ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဟိုတုန်းက ကာလကဟာ ဟိုတုန်းက၊ ယခုကာလက တစ်မျိုး ဟိုတုန်းကာလအနေနဲ့ ယခုကာလလို တွေးလို့လဲ မဖြစ်ပေဘူး၊ ဟိုတုန်းက အနေနဲ့ ယခုကာလလို စက်မှုကိရိယာတွေ လျှောက်တွေးလို့ရှိရင် ယုံကြည် စရာရှိမှာ မဟုတ်ဘူး၊ ဟိုတုန်းက ဘာမျှမရှိသေးတဲ့ ဟာကို၊ အဲ-ယခုအနေနဲ့ကတော့လဲ ရှေးတုန်းက အခြေအနေကို စဉ်းစားလိုက်မယ်ဆိုရင် ရှေးတုန်းက အခြေအနေက တစ်မျိုးပဲ၊ ရှေးတုန်းက ပုဂ္ဂိုလ်တွေက သဒ္ဓါသီလ အစရှိသော ဂုဏ်ကျေးဇူးတွေက တစ်မျိုး ဟိုတုန်းကပုဂ္ဂိုလ်တွေက သဒ္ဓါသီလ အစရှိသော ဂုဏ်ကျေးဇူးတွေက အင်မတန် ထက်သန်တဲ့ ခေတ်ကာလကြီးဖြစ်တယ်။
ကုသိုလ်ကောင်းမှု အကျိုးပေးတွေလဲ ထူးခြားတဲ့ ပုဂ္ဂိုလ်တွေမှာ အင်မတန် ထူးခြားနေတဲ့ ခေတ်ကာလကြီး ဖြစ်ပါတယ်၊ ဒါကြောင့် အသောကမင်းကြီးက သူ့ကောင်းမှု ကုသိုလ်၏ အစွမ်းအားဖြင့် အထက်ကောင်းကင်မှာလဲ တစ်ယူဇနာလောက် အစိုးရတယ် ဆိုတာကို၊ မြေကြီး ထဲတောင် တစ်ယူဇနာလောက် အစိုးရတယ်၊ အဲဒီတော့ ဒီကာလနဂါးကြီးက သူ့နယ်ထဲဖြစ်ပြီး နေလို့ ကာလနဂါးကြီးလာအောင် သူ ဒီရွှေခြေကျင်းနှင့် စေလွှတ်ပြီး ခေါ်လိုက်တယ်၊ အဲဒီလိုခေါ်လိုက် တဲ့အခါ ကာလနဂါးကြီးက လာရတယ်၊ လာတဲ့အခါကာလကြမှ ဒီကာလနဂါးကြီးကလဲ အသက် ရှည်တယ်၊ ဘုရားလေးဆူစလုံး အကုန်လုံး မီတယ်လို့ ပြောတယ်၊ အသက်ရှည်တယ်နော်၊ နဂါးက နဂါးဆိုတာ မြွေပဲ၊ ကောင်းတော့ မကောင်းဘူး၊ သွားများ ဆုမတောင်းကြနဲ့ ကောင်းတော့ မကောင်းဘူး၊ မြွေကြီးပဲ ဘုရားလေးဆူစလုံး သူက ကိုယ်တိုင်တွေ့ရတယ်၊ ကိုယ်တိုင် တွေ့ရလဲ တွေ့ရတာရှိတာပဲ၊ သူကမြွေကြီးဆိုတော့ ကျွတ်လဲမကျွတ်ပါဘူး၊ အသက်ရှည်တာရှိတာပဲ၊ သိပ်ပြီးတော့ အားရစရာ မရှိပါဘူး၊ သို့သော်လဲ သူ့မှာ အသက်ရှည်တာပဲ၊ ဒါ- ချီးကျူးစရာရှိတယ်။
အဲဒီတော့ အသောကမင်းကြီးက နဂါးကြီးကို တောင်းပန်တယ်၊ အသင်နဂါးကြီးဟာတဲ့၊ ဘုရား လေးဆူတို့၏ ပုံသဏ္ဌာန်တွေကို မြင်ရတယ်တဲ့၊ ပုံသဏ္ဌာန်တွေ ကိုယ်တိုင်ကို မြင်ရတယ်၊ မြင်ရတော့ အဲဒီပုံစံများ ဖန်ဆင်းပြီးပြပါလို့ပြောတော့ နဂါးကြီးက သူတတ်နိုင်သမျှ ဖန်ဆင်းပြတယ်၊ တန်ခိုးလဲ ရှိတာကို၊ နတ်နဂါးဆိုတော့ ယခု ဒီ ကမြွေ တွေလိုတော့ မဟုတ်ဘူး၊ မြွေတွေက တန်ခိုးမရှိဘူး၊ ဖန်ဆင်းပြီးပြတာ အဲဒါဖူးကြရတယ်၊ ကဲ-ခုနက မိဖုရားကြီးလဲ ဖူးရတယ်၊ ဘုရားရုပ်ပုံတော်ကို ဖူးရတယ်၊ မြင်ရတယ်၊ မြင်တော့ ဘုရားစစ် မတွေ့ရသော်လဲပဲ အတုအပ တွေ့ရတော့ သဒ္ဓါတရား ဖြစ်စရာပေါ့လေ၊ ပီတိတွေ ဘာတွေ ဖြစ်စရာပေါ့။
ဒါ တော်တော်များများ ဖြစ်မှာပေါ့ ထူးထူးဆန်းဆန်းတွေ မြင်ရတော့ ဟို တရုတ်နိုင်ငံက သာသနာပြု ဆရာတော်ကြီး တစ်ပါး ဆိုရမှာပေါ့၊ တရုတ် သာသနာပြု ပဌမ ဖာဟိရန်၊ နောက်တစ်ခါ ထိုင်ဆင် လို့လဲ ခေါ်တယ်၊ ဟီရင်ဆင် လို့လဲခေါ်တယ်၊ သာသနာပြု ဆရာတော် တစ်ပါးရှိတယ်၊ သူက အင်မတန် တော်ပါတယ်၊ အင်မတန်ကို သက်စွန့်ကြိုးပမ်း တစ်ခါတည်း အိန္ဒိယ သွားပြီးတော့ ဗုဒ္ဓဘာသာ စာပေတွေ သူလေ့လာတယ်၊ တတ်လဲတတ်တယ်၊ တယ်လဲ ဉာဏ်ကောင်းတာကို သူက၊ တယ်ဉာဏ် ကောင်းတယ်၊ သူကတော့ မဟာယာန ပဲ၊ မဟာယာန စာပေတွေရော, ထေရာဝါဒ စာပေတွေရော သူအကုန်လုံး တတ်တယ်၊ ဟိုဗြဟ္မဏက စာပေတွေ ဟိန္ဒူတွေ ဘာတွေ လောကစာပေ သူအကုန်လုံးတတ်တယ်၊ ပြိုင်ဆိုင်ပြောမယ် ဆိုရင် သူအကုန်လုံး နိုင်တာပဲ၊ သူကတော့ အကုန်လုံး ဘယ်သူမှ မဘက်ပြိုင်နိုင်ဘူး၊ သူအင်မတန် တတ်တဲ့ ကိုယ်တော်ကြီးပါပဲ၊ သူအင်မတန် တတ်တယ်။
အဲဒါသူ့မှတ်တမ်းထဲမှာ ရေးတယ်၊ အိန္ဒိယ အနောက် မြောက်ဆွယ်မှာ ဘုရားရုပ်ပုံတော်ကို ဘုရားက ထားခဲ့တယ်ဆိုတာကို၊ ဟိုရှေ့ခေတ်တုန်းက ဒီလိုပဲ အစွဲအလန်းရှိတယ်၊ ဒါပါပဲ၊ အဲဒီနေရာကို သူသွားပြီး ဖူးတာကို၊ ဂူကြီးထဲ ဝင်ပြီးတော့ ဖူးရတယ်၊ ဂူကြီးထဲဝင်ပြီးတော့ ဖူးတော့ သူခက်ခက်ခဲခဲ သွားရပါတယ်။
အဲဒါတွေ တော်တော် စိတ်ဝင်စားစရာတွေ ကောင်းပါတယ်၊ ဘယ်သူမှလဲပဲ အဲဒီအခါတုန်းက မသွားဝံ့ဘူး၊ လမ်းမှာ သူခိုးဓားပြ လူဆိုးတွေကလဲ ပေါဆိုတာကို၊ ဟိုတုန်းကလဲ စည်းမဲ့ကမ်းမဲ့ လူတွေ၊ အဲ ဘာမဟုတ်တာနဲ့လဲ သတ်ပြီးပစ္စည်းတွေ ယူတာပဲ၊ ကြောက်စရာ တော်တော် ကောင်းတာပဲ၊ အဲဒါ သူစွန့်စားသွားတာပဲ၊ လမ်းမှာ ဓားပြတွေနဲ့ တွေ့တယ်၊ ဓားပြတွေ နှင့်တွေ့တော့ ဓားပြတွေက သူ့ကိုဖမ်းတယ်၊ ပြီးတော့လုဖို့ယက်ဖို့ရာ ဖမ်းတာပဲ၊ ဖမ်းပြီး သူ့ကိုမေးတယ်၊ ဘာဖြစ်လို့ ဒီလမ်းလာရသလဲလို့၊ သူဘုရားဖူးချင်လို့ပဲ သူက ဘုရားရုပ်ပုံတော် ရှိတယ်ဆိုလို့ ဖူးချင်လို့၊ နို့ ဒီမှာ ဓားပြတွေ ရှိတာမရှိတာ မသိဘူးလားလို့ မေးတယ်၊ ရှိတာ သိပါတယ်တဲ့၊ သိပေမယ်လို့ ဘုရားဖူးချင်လို့ သေသေဆိုပြီး စွန့်ပြီးလာတာပါ၊ ဒါနဲ့ သူအပြောကောင်းတာနဲ့ ဓားပြတွေက သူတို့လဲ ဘုရားဖူးဆိုတော့ စရိတ်တော့ရှိတယ်၊ ဘုရားဖူး ဆိုတော့သူတို့လဲ ကြည့်ချင်တယ်၊ ကိုင်း သွားဆိုတော့ ဆက်ပြီးတော့ တစ်ခါတည်း လွှတ်လိုက်တယ်။
ဟိုကြတော့ ဂူကြီးထဲ သူအကြာကြီး ကန်တော့တယ် ဆိုပဲ၊ ကန်တော့ရမယ် ဆိုတော့ တစ်ခါတည်းပဲ ဝတ်ချလိုက် ကြည့်လိုက်၊ ကြည့်လိုက်၊ တစ်နာရီလောက် လုပ်နေတာပဲ၊ အရိပ်လောက်တောင် ဘုရားကမပေါ်ဘူး၊ သူက ငါအင်မတန် ကံမကောင်းတာပဲ ဆိုပြီး ဝမ်းနည်းပက်လက်ဖြစ်ပြီးတော့ စိတ်မဆိုးဘူး၊ ထပ်ကာထပ်ကာ လုပ်တော့မှ ဒီမှာ ဘုရားရုပ်ပုံတော် အရိပ် ပေါ်လာတယ်ဆိုပဲ၊ သူမှတ်တမ်းထဲ ရေးထားတယ်၊ အဲဒါ ဖူးရတယ်ဆိုပဲ၊ ထူးတော့ ထူးဆန်းတယ်၊ နတ်တွေပါပဲ၊ နတ် တွေက ပြသလား မပြောတတ်တော့ပါဘူး၊ အဲဒါလဲ ပီတိပါမောဇ္ဇ ဖြစ်စရာပါပဲ။
ဘုရားမတွေ့ဘူး၊ ရှေးကမတွေ့ဘူးတဲ့ ပုဂ္ဂိုလ်လဲ ဒီလို အရိပ်အရောင် တွေ့ရလို့ရှိရင် အခု ပီတိပါမောဇ္ဇ ဖြစ်စရာပါပဲ၊ နောက်တစ်ခါတော့ကို အသောကမင်းကြီးက ချိုင့်ကို၊ ငှက်တွေထည့်တဲ့ ချိုင့်ကို စေလွှတ်ပြီးတော့ ကရဝိက်ငှက်၊ ဟိမဝန္တာက ကရဝိက်ကို ဆင့်ခေါ်ပြီးတော့ ယူတယ်၊ ဒီချိုင့်ကို မုဆိုးက သွားပြီး ထားပါလိမ့်မယ်နဲ့တူပါတယ်၊ အဲ-အဲဒီကတော့ ဒီကရဝိက် ငှက်ကြီးရှိတဲ့ နေရာကို သွားပြီးထားလို့ ဖြစ်ပါလိမ့်မယ်၊ သူက ဒီမှာထားတော့ ကရဝိက်ငှက်က အင်း-အသောက မင်းကြီးက ငါ့ကိုဆင့်ခေါ်တာပဲလို့ သိတယ်တဲ့။
အဲ သူဘုန်းကံ အားလျော်စွာ ဘယ်ပုံဘယ်နည်းနဲ့ သိတယ်ဆိုတာ မပြောတတ်ပါဘူး၊ အဲဒါနဲ့ သူသိတာနဲ့ ချိုင့်ထဲဝင်နေတော့ ယူလာတယ်၊ ယူလာတော့ နန်းတော်ရောက်တဲ့ အခါကျတော့ ကရဝိက်ငှက်က အသံတယ်ကောင်းတယ် ပြောတာကို၊ စာထဲမှာ ဘုရားချီးကျူးတယ်၊ ဒီတော့ ကရဝိက်ငှက်သံနဲ့ တူတယ်၊ ဒီလို ချီးကျူးတာကိုး၊ ဆုတောင်းတဲ့ ပုဂ္ဂိုလ်တွေကလဲ ရုပ်အဆင်း ဆိုလို့ရှိရင် ဘယ်လိုလှရပါလို၏၊ အသံဆိုလို့ရှိရင်ဖြင့် အဲဒီ ကရဝိက်ငှက် အသံကဲ့သို့ ကောင်းရပါလို၏ စသည်ဖြင့် ဒီလို ဆုတောင်းကြပါတယ်။
ရေစက်ချကောင်းတဲ့ ပုဂ္ဂိုလ်တွေကတော့ အဖွဲ့အနွဲ့တွေနှင့် သိပ်ပြီးဆုတောင်းတယ်၊ သို့သော်လည်း ကရဝိက်ငှက် ဆိုတာ စာထဲမှာသာ ရှိတယ်၊ ဘယ်သူမှ တွေ့ကြတာ မဟုတ်ဘူး၊ ကရဝိက် ဖောင်ကြီးတွေ ဆိုတာတွေ ဒီမှာပဲလုပ်ကြတယ်၊ ဒါလဲ မှန်းဆလုပ်တာ၊ ဘယ်သူမှ မြင်ဖူးတာ မဟုတ်ဘူး၊ အဲဒါ ဘယ်လိုငှက်လဲဆိုတော့ မပြောတတ်ဘူး၊ ငှက်က တကယ်အသံ ကောင်းတယ် ဆိုတယ်၊ ကရဝိက်ငှက်များ သူတို့က သရက်သီးစတဲ့ အဲဒီလိုကောင်းတဲ့ အသီးတွေ စားပြီးတော့ တစ်ခါတည်း အားရဝမ်းသာ ဖြစ်ပြီးတော့ မြည်လိုက်တဲ့အခါမှာ ဒီအသံများ ကြားရလို့ရှိရင် ဒီသားကောင်တွေ၊ ခြင်္သေ့တို့ ကျားတို့ကလိုက်လို့ ပြေးနေတဲ့ သမင်တွေရှိတယ်၊ အဲဒီ ပြေးနေရတဲ့ ရှေ့ကသမင်တွေဟာလဲ မပြေးနိုင်တော့ဘူးတဲ့၊ ဒီအခါမှာ ဒီအသံကြားလို့ ရပ်ပြီး နားထောင် နေကြတယ် ဆိုတာကိုး၊ နောက်ကလိုက်တဲ့ အကောင်တွေကလဲ ရှေ့ကိုမလိုက်နိုင်ဘူး၊ ဒီအသံကို နားထောင် နေကြတယ် ဆိုတာကိုး၊ အဲဒီလောက်ကောင်းတယ်၊ အင်မတန် ကောင်းတဲ့အသံ နေမှာပေါ့။
ဒီအသံဟာ တော်တော်ကို စိတ်ကို ဆွဲဆောင်တဲ့အသံ၊ အဲဒါ ဒီအသံကို ကြားချင်လို့ ဘုရားအသံဟာ ဘယ်လောက် ကောင်းသလဲ ဆိုတာ၊ ကြားချင်တာနှင့် ဒါကြောင့် ဒီကရဝိက်ငှက်ကို အသောကမင်း က ဆင့်ခေါ်ပြီးတော့ ယူတော့ နန်းတော်ကို ရောက်တယ်၊ ရောက်လာတော့ တကတဲ ငှက်က မမြည်ဘူးတဲ့၊ မမြည်တော့ အမတ်ကြီးတွေကို မေးတော့ အမတ်ကြီးတွေက သူ့အဖော် မရှိလို့ပဲတဲ့၊ သူ့အဖော်ရှိမှ မြည်မယ်ဆိုတော့ ဒါနဲ့အဖော်ရအောင် ဆိုပြီးတော့ လေးဘက်လေးတန် ကနေပြီး မှန်တွေ ထောင်ထားတယ်၊ ဒီတော့မှ အရိပ်က တွေ့ရတော့မှ စိတ်ထဲ ပြောင်းလာတာကိုး၊ ငှက်က အဖော်တွေပဲဆိုပြီး အောက်မေ့ပြီးတော့ အဲသည်မှာ ကရဝိက်ငှက်က မြည်လိုက်တာ တယ်ကောင်း တယ် ဆိုတာကိုး။
အသံက အဲဒီအသံကြားရတော့မှ ခုနက အသန္ဒိမိတ္တဆိုတဲ့ မိဖုရားကြီးက ဒီငှက်တောင်မှ ဒီလောက် အသံကောင်းတာပဲ၊ ငါတို့မြတ်စွာဘုရားဟာ ဒီငှက် အသံထက်တောင် ကောင်းတယ်ဆိုတော့ ဘုရားအသံတော် ကတော့ ဒါထက်ပိုပြီးတော့ အများကြီးကို သာယာပြီး ကောင်းဦးမှာပဲလို့ အာရုံပြု ရင်းနှင့် တစ်ခါတည်း ဘုရားရဲ့ ဂုဏ်တော်လာတာကိုး၊ အဲဒီအသံတော်က နေပြီးတော့ ရှေ့ကလဲ ကာလနဂါးကို အဆင်းတော်က မြင်ထားတာ၊ ဒီတော့ အဆင်းတော်ရော, အသံတော်ရော အာရုံပြု ပြီးတော့ကြည်နူးပြီး၊ စိတ်ကြည်နူးပြီး ပီတိတွေဖြစ်လာတယ်၊ အဲဒီပီတိတွေ ဝိပဿနာ မှာရှုပြီးတော့ သောတာပန် ဖြစ်သွားတယ်လို့ ဆိုတယ်။
တရားက ဖြစ်ချင်လဲ လွယ်လွယ်ပဲ၊ မဖြစ်ချင်တဲ့ ပုဂ္ဂိုလ်တွေလဲ သိပ်အားထုတ်ရတယ်၊ ဖြစ်ချင်တဲ့ ပုဂ္ဂိုလ်လဲ လွယ်လွယ်ပဲ၊ အဲဒါ ပီတိဖြစ်လာတဲ့ အခါမှာ အရေးကြီးပါတယ်၊ ပီတိကလေး ဖြစ်လာရင် အဲဒီ ပီတိလေး ရှုမှတ်ရတယ်၊ ပီတိလေး မှတ်လိုက်ရင်း, ပျောက်သွားရင်း ပီတိလေး မှတ်လိုက်ရင်း, ပျောက်သွားရင်း အဲဒီပျောက် (သွားရင်း-၂) အဲဒါလေး (သိရင်း-၂) နဲ့ အရိယာမဂ်ဖိုလ် ဟာ ဒီခဏ ကလေးအတွင်းမှာ ဖြစ်သွားနိုင်တယ်၊ ရှေးက ဒီလိုဖြစ်ဖူးတာတွေ အများကြီး ရှိတယ်။
ဖုဿဒေဝမထေရ် တဲ့၊ သီဟိုဠ်ကျွန်းမှာ ကတကန္ဒကာရဝါသီဆိုတာ ကရကန္ဒကာရအရပ်မှာနေတယ်၊ အခေါ်ရခက်တယ်၊ သူ့အရပ်က သီဟိုဠ်နာမည်တွေ၊ အဲ-အခေါ်ရခက်မှာပဲ၊ ကရကာရကန္ဒအရပ်မှာ နေတဲ့ ဖုဿဒေဝမထေရ်က မြတ်စွာဘုရား စေတီတော်ရှိတော့ ကျောင်းထဲ ကျောင်းအနီးအပါး စေတီနဲ့တူပါတယ်၊ ဘယ်စေတီရယ် လို့တော့မပါဘူး၊ သူကျောင်းတိုက်နား အဲဒီ ကရကန္ဒကာရ အရပ်လဲ ဘယ်အနားက ဟောရမယ်လို့ဆိုတာ အခုတော့ မဖော်နိုင်တော့ဘူး၊ စာထဲရှိတာ။
အဲဒီစေတီရင်ပြင်တော်ပေါ်မှာ သူကတံမြက်စည်း လှဲတာကို (တံမြက်စည်းလှဲ-၂)ပြီး နေ့စဉ်နှင့်အမျှ တံမြက်စည်း လှဲပြီးတော့ ဘုရား အာရုံပြု ဒီလိုလုပ်တာကိုး၊ ဒီလိုလုပ်တော့ တံမြက်စည်း လှဲပြီးကာရှိသေး၊ ဟိုကနွားက ဝင်လာတယ်၊ နောက်ချေးတွေ ဟိုချဒီချ တစ်ခါတည်း အဲဒါနဲ့ မသန့်မရှင်းဖြစ်တာနဲ့ ဒါတွေကျုံးရတာနဲ့ ဘာနဲ့ အချိန်ကုန်ပြီး ဒါနဲ့ဆွမ်းခံ သွားတော့ တရားနှလုံး မသွင်းနိုင်ဘူးပေါ့လေ၊ သူက သိပ်ပြီး စိတ်က မကြည်မလင်ဘဲ ဖြစ်နေ၊ နောက်တစ်နေ့လဲ တစ်ခါ ဒီနွားက လာပြန်တာပဲ၊ သူက အမှိုက်လှဲပြီး သန့်သန့်ရှင်းရှင်း ဘုရား အာရုံပြုမယ်လို့ လုပ်ကာရှိသေး၊ ဟိုက နွားကဝင်လာ၊ နောက်ချေးတွေချသွား နွားကိုချောက်လို့မရဘူး၊ တတ်လဲ မတတ်နိုင်ဘူး၊ ဒါနဲ့ပဲ ဒါတွေ ကျုံးပစ်ရတာနဲ့ဘာနဲ့ သူ့မှာ အလုပ်တွေ အချိန်ကြာပြီး သကာလ သူအနှောက်အယှက် ဖြစ်နေတယ်။
နောက်တစ်ရက်တော့ လူတစ်ယောက် ပေါ်လာတယ်၊ တစ်ခါတည်း သူအမှိုက်လှဲပြီးလို့ သန့်သန့်ရှင်းရှင်း လုပ်ပြီးကာ ရှိသေး၊ လူတစ်ယောက်က တစ်ခါတည်း ပုပုကွကွနဲ့ ခြေထောက် ခွင်ခွင်နဲ့ အမြင်ကလဲဆိုး၊ ဒီလောက်ဆိုးတဲ့ ပုဂ္ဂိုလ် မရှိဘူးဆိုတာပဲ။ တစ်ယူဇနာ ပတ်ဝန်းကျင်မှာ အတော်ဆိုးပုံရပါတယ်၊ အဲဒီလိုလူဟာ ဘယ်တော့မှ သူမမြင်ဖူးဘူးတဲ့၊ သူက ဒီတော့ ဖုဿဒေဝမထေရ်က စဉ်းစားတယ်တဲ့၊ အော်-ဒီဥစ္စာကတော့ လူဟုတ်မှာ မဟုတ်ပါဘူး၊ ငါ့စိတ်က မကြည်လင်အောင်လို့ တရား နှလုံးသွင်းတာတွေ အလုပ်ပျက်အောင်လို့ပေါ့၊ မာရ်နတ် လာနှောင့်ယှက် တာနဲ့တူပါတယ် အောက်မေ့ပြီးတော့ ဟိုအရင် တစ်နေ့က နွားလဲ သူပဲနေမှာပါပဲလို့ စဉ်းစားပြီးတော့ မေးတယ်၊ ဟေ့-ဟေ့ မင်းက မာရ်နတ် မဟုတ်လားလို့ မေးတယ်။
အဲဒီတော့ မာရ်နတ်ကလဲ လိမ်တော့ မပြောဘူး၊ (ဟုတ်ပါတယ်-၂)လို့ ပြောတယ်၊ ဒါဖြင့် ဟုတ်ရင် နေစမ်းပါဦး၊ အသင်မာရ်နတ်က ဘုရားတွေ့ဖူးတာပဲ၊ မြတ်စွာဘုရား တွေ့ဖူးတော့ ဘုရား ရုပ်ပုံတော်တွေ ဘာတွေလဲ မှတ်မိမှာပေါ့တဲ့၊ အဲဒီ ရုပ်ပုံတော်မျိုး ဖန်ဆင်းပြီး ပြစမ်းပါဦး ကြည့်ချင်လွန်းလို့ဆိုပြီး တောင်းပန်တယ်၊ မာရ်နတ်ကိုပြောတော့ မာရ်နတ်က ဘုရားပုံတော်မျိုး တော့ ဘယ်ဖန်ဆင်းနိုင်မလဲတဲ့၊ တော်ရုံတူမှာပဲတဲ့၊ သူကတော်ရုံတူမှာပဲ အကုန်လုံးတူအောင်တော့ မဖန်ဆင်းနိုင်ဘူးတဲ့ ဒီလိုပြောတယ်။
အဲဒါကြောင့် ယခုရှိတဲ့ ရုပ်ပုံတော် တွေကတော့ ဘုရားပုံတော်နဲ့ တူအောင်လုပ်ဖို့ဟာ မလွယ်ဘူး၊ တော်ရုံတူမှာပဲ၊ ဒါဖြင့်လဲ တူတန်သမျှပေါ့ ယခုလူတွေမြင်လဲ မြင်ဖူးကြတာ မဟုတ်ဘူး၊ လက်ရာ ကလဲ လက်ရာမြောက်မှ ဖြစ်တာ၊ တူအောင် လုပ်ဖို့ဟာ တယ်မလွယ်ဘူး၊ အဲဒါ တော်ရုံ တူမှာပဲ၊ ဒါဖြင့်လဲ တူတန်သမျှကို တတ်နိုင်သမျှပြပါ၊ ဖန်ဆင်းပြီးဆိုတော့၊ ဒီမှာ သူက ဖန်ဆင်းပြီးပြတော့ မာရ်နတ်ဆိုတာ နတ်ဆိုတော့ တော်တော်တော့ ကောင်းပါလိမ့်မယ်။
ယခု လက်သမားတွေ, ပန်းရံတွေထက်တော့ တော်တော်ပဲ သာပါလိမ့်မယ်၊ အရောင်အဝါတွေနဲ့ ရောင်ခြည်တော် ခြောက်သွယ်နဲ့ အင်မတန် တင့်တယ်တဲ့ ဘုရား ကိုယ်တော်မြတ်ကို မြင်ရတာကို၊ အို-မြင်ရတော့ တစ်ခါတည်းအင်း မာရ်နတ်ဖန်ဆင်းတဲ့ ဘုရားရုပ်ပုံပဲတဲ့၊ မာရ်နတ်ဟာ ရာဂ, မောဟ ကိလေသာ မကင်းသေးတဲ့ ပုဂ္ဂိုလ် ဖန်ဆင်းပြတဲ့ပုံပဲ၊ မြတ်စွာဘုရားကိုယ်တော်မြတ်မှာတော့ ရာဂ, မောဟ ကိလေသာ တွေလဲ ကင်းပြီးနေတော့ ဒီဖန်ဆင်းပြတဲ့ ရုပ်ပုံတော်ထက် အများကြီး သပ္ပာယ် တော်မူဦးမှာပဲ တယ်ကြည်ညိုဖွယ်ရာ ရှိဦးမှာပဲ အဲဒါကို နှလုံးသွင်းပြီး ကြည့်တဲ့အခါ ဝမ်းမြောက် ဝမ်းသာ ပီတိဖြစ်လာတာကိုး၊ ရင်ထဲကနေပြီးတော့ အဲဒါမှာလဲ ဖြစ်တတ်တယ်၊ ပီတိဆိုတော့ တစ်မျိုးပဲ၊ အဲ နှစ်သက်ရောင့်ရဲ ဝမ်းလဲမြောက်သည်ဆိုတဲ့အတိုင်းပဲ၊ ရုပ်ကောင်း ရုပ်သန့်ပျံ့နှံ့ပြီး တစ်ကိုယ်လုံး ပျံ့နှံ့ပြီးဖြစ်၊ အဲဒီလိုဖြစ်လာပြီး ဝိပဿနာရှုနည်း သိထားတဲ့ ပုဂ္ဂိုလ်မို့ ပေါ့လေ၊ ဝိပဿနာရှုနည်း မသိလို့ရှိရင် ပီတိဖြစ် ဖြစ်ရုံရှိတာပဲ။
အဲ-ရှေ့ဘာမျှ တရားတက်စရာလဲ မရှိဘူး၊ အဲဒီဝိပဿနာရှုနည်း သိတော့ ပီတိဖြစ်လာလို့ရှိရင် ပီတိကို မှတ်ရတယ်၊ ပီတိတွေ တစ်ခါတည်း ဖျိုးဖျိုးဖျင်းဖျင်း ဖြစ်လာရင် နှစ်သိမ့်တယ်, နှစ်သိမ့်တယ်၊ အဲဒီလိုဖြစ်တယ်၊ ဟိုလိုဖြစ်တယ်၊ လိုရင်းတော့ (သိရုံ-၂)လေးပါပဲ၊ နောက်ကလိုက်ပြီး အမည်မတပ်လို့ ရှိရင်လဲ နောက်လိုက်ပြီးတော့ ဖြစ်ရင်ဖြစ်တဲ့အတိုင်း လိုက်ပြီးတော့ ရှုလိုက်ရုံပါပဲ၊ အဲဒီလိုရှုတော့ ဒီပီတိလေးတွေဟာ (အပြတ်ပြတ်-၂) တွေ ဖြစ်တယ်ထင်တာကို၊ ဝိပဿနာ မရှုတတ်တဲ့ ပုဂ္ဂိုလ်တော့ ဒီပီတိရဲ့ အပြတ်အပြတ် ဘယ်ဟုတ်မလဲ၊ ငါက နှစ်သိမ့်အားရနေတယ်၊ ဝမ်းမြောက် နေတယ်၊ ငါကောင်းနေတယ်၊ ဒီလိုထင်မှာပေါ့။
အဲဒီလိုဆိုလို့ရှိရင် တရားတော့ မတက်ဘူး ကုသိုလ်ရရုံပဲရှိမယ်၊ အခုတော့ နောက်ကနေပြီးတော့ ဝိပဿနာမှတ်လိုက်တော့ နှစ်သက်အားရမှုလေးတွေက (အပြတ်-၂) ဖြစ်ပြီးတော့ ပြတ်လိုက် ပျောက်လိုက် (ပျောက်သွားလိုက်-၂) ဖြစ်ပြီးတော့ မမြဲတာ၊ အဲဒါလို (ရှုရင်း-၂)နဲ့ ဝိပဿနာ ဉာဏ်အစဉ်အတိုင်းတက်ပြီး၊ အဲဒီ (ဖုဿဒေဝ) မထေရ် ရဟန္တာ ဖြစ်သွားတယ်တဲ့၊ ရဟန္တာ ဖြစ်သွားတော့ မာရ်နတ်က ဖြုတ်ခနဲဆို သူက ပကတိ (ဖန်ဆင်းတဲ့ ၂) ဘုရားပုံဖျောက်ပြီး ပကတိနတ်ပုံစံ ပြန်ရောက်ပြီးတော့ ပြောတယ်တဲ့၊ အရှင်ဘုရား တပည့်တော်ကို လိမ်တာပဲ, လှည့်စားတာပဲလို့ ပြောတယ်၊ လှည့်စားဆိုတာ တခြားမဟုတ်ပါဘူး၊ ရုပ်ပုံပြပါဆိုပြီးတော့ တရားနှလုံးသွင်းပြီ သူက တရားတွေ, တရားတွေ တက်သွားတာကို၊ သိပ်တက်သွားတော့ သူက မဖြစ်စေချင်တဲ့ အဲဒါတွေဖြစ်ကုန်တော့ သူ့ကိုလှည့်စားသလိုပဲတဲ့၊ အဲဒီတော့ ရဟန္တာဖြစ်တဲ့ အဲဒီမထေရ်က ပြန်ပြောတယ်။
မာရ်နတ်တဲ့ သင့်ကိုဘာလှည့်စားစရာ ရှိလဲတဲ့၊ ငါဘုရားဂုဏ်ကို အာရုံပြုပြီး ငါ့ဥစ္စာ, ငါ့အလုပ်, ငါလုပ်တာပဲ၊ ဒါမင်း လှည့်စားတာ မဟုတ်ပါဘူးလို့ ဆိုပြီးတော့ပြောတယ်၊ ဒီတော့ မြတ်စွာဘုရား၏ ရူပကာယ ဂုဏ်တွေတော့ ထင်ထင်ရှားရှား ဖြစ်အောင်လို့ ရှုနိုင်လို့ရှိရင်လဲ နှစ်သိမ့်အားရ ဝမ်းမြောက် တဲ့ ပီတိတွေဖြစ်ပြီး အဲဒီပီတိကို ဝိပဿနာရှုပြီးတော့ မဂ်ဖိုလ်ဆိုတာ ရောက်ပြီး သွားနိုင်တယ်၊ အဲဒီတော့ကို တစ်နေ့က ပြောခဲ့တဲ့အတိုင်း တတ်နိုင်သမျှအားထုတ် မှုပြု ပေါ့လေ၊ မြတ်စွာဘုရား ဗောဓိပင်အောက် ရတနာ ပလ္လင်ထက်မှာ ထက်ဝယ်ဖွဲ့ခွေ နေထိုင်နေပြီး ဘုရားဖြစ်တော်မူပုံကို နှလုံးသွင်းပြီးတော့ရင် ဘုရား ရုပ်ပုံတော် နှလုံးသွင်းရမှာကို။
အဲဒါနဲ့စပ်ပြီးတော့ အထူးမှတ်သားစရာ, စဉ်းစားစရာလဲ ရှိပါတယ်၊ ဘုရားပုံတော် ဆိုတာကတော့ ဟိုမြတ်စွာဘုရား လက်ထက်တုန်းကလဲ ဘုရားကိုယ်တော်က ထင်ရှားရှိနေတော့၊ ရုပ်ပုံတွေ ဘယ်သူမှ မလုပ်ကြပါဘူးတဲ့၊ ဘယ်သူမှလုပ်ပြီး ကိုးကွယ်တာ မဟုတ်ပါဘူး၊ မြတ်စွာဘုရားလို့ သိတဲ့အခါမှာဆို မြတ်စွာဘုရားကို ကိုးကွယ်ကြ ပူဇော်ကြတာပဲ၊ မရှိတဲ့အခါလဲ ဘုရား အာရုံပြု ပြီးတော့ သူတို့ အရို အသေပြု ကြမှာပေါ့၊ ဒါပါပဲ။
ဘုရားပရိနိဗ္ဗာန် စံပြီးသွားကာစကလဲ ဘုရားပုံတော်တွေတော့ မရှိသေးဘူး၊ နောက် ဘယ်လောက်ကနေ စပြီး ဖြစ်ပေါ်လာတယ်လို့ အဲဒါအတိအကျတော့ မရှိသေးဘူး၊ ဓမ္မာသောက မင်းကြီး လက်ထက်တုန်းကတော့ ဘုရားရုပ်ပုံတော်တွေ မရှိဘူး၊ အဲဒီဟာ နောက်ကျမှ ဖြစ်လာတာ၊ ဘုရားပုံတော်တွေနောက်ကျမှ သာသနာတော်နှစ် ၃၀ဝ-၄၀ဝ-ကမှ စပြီးတော့ ဘုရားပုံတော်တွေ ဖြစ်လာပုံရတယ်နဲ့တူပါတယ်။
အဲဒီတော့ ဘုရားပုံတော်တွေကို အသေပြုတဲ့ အခါကာလမှာ အမှန်ကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း (၂၅၀ဝ) အဲဒီလို ကာလတုန်းက လောကမှာ မြတ်စွာဘုရားဟာ ဒါနဲ့အတိအကျ မတူသော်လည်းဘဲ သင်္ကန်းတော် ကိုင်ပုံ၊ အချိုးအစား အနေအထိုင်၊ အချိုးအစား အနေအထိုင်ကတော့ အတော်အတန် တူသင့်သမျှဟာ ဒီပုံစံမျိုးပဲလို့ အသေပြုနိုင်၊ ဟိုတုန်းကရှိတဲ့ မြတ်စွာဘုရားကို မှန်းပြီးသကာလ အသေပြုနိုင်ဖို့ရာ ဒီပုံတော်ကြီးတွေ လုပ်ထားကြတယ်။
အဲဒါ ဘုရားရှိခိုးတဲ့ အခါကာလတွေ ဒါဘုရားကို အာရုံပြုရတယ်၊ ဘုရား ရုပ်ပုံတွင် ဒီလိုမပြီးသေးဘူး၊ ဒီတွင် ရပ်ထားတာကတော့ သူဟာ သိပ်ပြီးမပြည့်စုံဘူးပေါ့ ဒါဆိုလို့ရှိရင် တချို့တချို့ရုပ်ပုံကို ရှိခိုးတဲ့ခေတ်က ကြာလှပြီ၊ အင်မတန် ရှေ့တုန်းကတည်းက အင်မတန်ရှေးကြတဲ့ ခေတ်ထဲကရုပ်ပုံ အမျိုးမျိုးတွေ ရှိခိုးလာကြတယ်။
ယခုလဲ ဘာသာအမျိုးမျိုးတွေ ရှိတယ်၊ နတ်ရုပ်တွေ ရှိခိုးတာရှိတယ်၊ အင်း-ဆင်ရုပ်တွေ ရှိခိုးတာရှိတယ်၊ မြင်းရုပ်တွေ ရှိခိုးတာရှိတယ်၊ နွားရုပ်ရှိခိုးတာရှိတယ်၊ ခွေးရုပ်ရှိခိုးတာရှိတယ်၊ အမျိုးမျိုးရှိတယ်၊ အရုပ်တွေ ရှိခိုးလာကြတာ၊ အဲဒါတွေကို တိုက်ဖျက်တဲ့ ဘက်ကလဲ ရှိတယ်တဲ့၊ ဒီအရုပ်တွေရှိခိုးတာ အလကားပဲ ဆိုပြီးတော့ အဲဒါရှိတယ်၊ အဲဒီအရုပ်တွေ ရှိခိုးတဲ့ဟာကို မုန်းတဲ့ ဘာသာအယူဝါဒ ရှိတဲ့ပုဂ္ဂိုလ်တွေက ဗုဒ္ဓဘာသာတွေလဲ အရုပ် ရှိခိုးကြတာပဲလို့ ဒီလို အောက်မေ့ ကြတယ်၊ တစ်ချို့ ပုဂ္ဂိုလ်တွေက အဲဒီလိုပဲ ဟုတ်ချင်မှလဲ ဟုတ်မယ်၊ အမှန်ပြောလို့တော့ မဖြစ်ဘူး၊ ဒါပေမယ့် မှန်းဆ ရှိခိုးရမှာကတော့ ဘုရားအစစ်ကို အာရုံပြုရမယ်။ သက်တော် ထင်ရှားရှိတော်မူတဲ့ ဟို-နှစ်ပေါင်း ၂၅၀ဝ-ကျော် ကာလတုန်းက သစ္စာလေးပါး တရားတွေ ကိုယ်တိုင်သိသွားတဲ့, တရားတွေကို ဟောကြားပြီးတော့ ထားခဲ့တဲ့ မြတ်စွာဘုရားအစစ်ကို အာရုံပြု ပြီး ရှိခိုးရတယ်၊ ပူဇော်ရတယ်၊ ဆီမီး, ပန်း, နံ့သာ စသည်ဖြင့် ပူဇော်ရတယ်။
အဲ - အရေးကြီးတာကတော့ နာမကာယဂုဏ် က ပိုအရေးကြီးပါတယ်၊ နာမကာယ ဂုဏ်တော့ နာမ်တရားတွေရဲ့ဂုဏ်ပဲ၊ အဲ-နာမ်တရားတွေမှာ အကျဉ်းချုပ် အားဖြင့်တော့ ကိလေသာ ကင်းတဲ့ ဂုဏ် အလုံးစုံသော တရားတွေ သိတဲ့ဂုဏ်၊ ဒါနှစ်ခုလောက်ဆိုရင် လုံလောက်နေပါပြီ၊ မြတ်စွာဘုရား က အလုံးစုံကို သိတယ်၊ အဲ-ကိလေသာ အညစ်အကြေးတွေမှ ကင်းဝေး စင်ကြယ်တော်မူတယ်၊ ဒီဂုဏ် လေးခုလောက်ဆိုရင် လုံလောက်နေပါတယ်၊ ဒါလောက်ဆိုရင် ကြည်ညိုစရာ ကောင်းလှပါပြီ၊ အဲဒီ နာမကာယဂုဏ် တွေကိုကတော့ ယခုပုဂ္ဂိုလ်တွေလဲ သိနိုင်တယ်။
ယခုပုဂ္ဂိုလ်တွေလဲပဲ တရားနှလုံးသွင်း အားထုတ်တဲ့ အခါကာလမှာ ဟို-ရှေ့က မသိဘူးသေးတဲ့ တရားတွေ သိလာတာကိုး၊ ဆင်းရဲတဲ့ တရားတွေ ဆင်းရဲတရားတွေ ဆိုတာ သိရတယ်၊ ဆင်းရဲကြောင်း တရားတွေ ဆိုတာ သိရတယ်၊ အင်း- အဲဒါတွေ သိပြီးတော့ ဆင်းရဲငြိမ်းရာ တရားလဲ နောက်ဆုံး သိလာတယ်၊ ဆင်းရဲငြိမ်းရာ ရောက်ကြောင်းဖြစ်တဲ့ အကျင့်ကလဲ အားထုတ်နေတော့ ကိုယ်တိုင် တွေ့ပြီးတော့ သစ္စာလေးပါး တရားတွေကို ကိုယ်တိုင်သိနေတာ။
ဒီတော့ အဲဒါတွေ သိပြီးတော့ စိတ်အညစ်အကြေး ကင်းတယ်ဆိုတာကို၊ တရားအဆင့်အတန်း အားလျော်စွာ ကင်းတန် သမျှ ကင်းငြိမ်းတန်သမျှ ငြိမ်းပြီးသွားတယ်၊ အဲဒါတွေ ကိုယ်တိုင် တွေ့ရတယ်၊ ဒါကြောင့် မြတ်စွာဘုရား၏ နာမ ကာယဂုဏ်တော်တွေကတော့ ယခုပုဂ္ဂိုလ်တွေလဲ တွေ့ရပါတယ်၊ ဒိဋ္ဌော မေ သောဘဂဝါ-မိဒွေးတော် ဂေါတမီက ပြန်လျှောက်တယ်၊ ဘန္တေ - မြတ်စွာဘုရား၊ သောဘဂဝါ - ဘုန်းတော် ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို၊ မေ - အကျွန်ုပ်သည်၊ ဒိဋ္ဌော - တွေ့မြင်ရပါပြီ အရှင်ဘုရား။
အင်း - မြတ်စွာဘုရား တပည့်တော် တွေ့ပြီတဲ့၊ တွေ့ပြီးပါပြီတဲ့၊ ဒီလိုလျှောက်တယ်၊ ဒါ လောက ဘက်ကနေကြည့်ရင် ဘာထူးဆန်းမလဲ၊ မိဒွေးတော် ဂေါတမီဟာ သိဒ္ဓတ္ထမင်းသားကလေး မွေးကာစ ကတည်းက သူ့မယ်တော်မာယာ အမိရင်းက ၇-ရက်ရှိတဲ့ အခါမှာ ကွယ်လွန်သွားတော့ မိဒွေးတော် ဂေါတမီက မယ်တော်မာယာရဲ့ ညီမကို၊ အဲ-သူက ယူပြီးသကာလ သားအဖြစ်နဲ့ သူပဲ နို့တိုက်ပြီး မွေးလာတာပဲ၊ နို့တိုက်လို့ တကတဲ ကြီးပြင်းတဲ့ အခါကာလ ထီးနန်းစည်းစိမ် သုံးဆောင် ခံစား နေတယ်၊ ဒါလဲပဲ အမေမယ်တော်ရယ် သားတော်ရယ်လို့ ဒီလိုအချင်းချင်း အသိအမှတ်ပြု ပြီးတော့ ဒီလိုတွေ့နေကြတာပဲ။
နောက် တောထွက်သွား၊ နောက် ဘုရားဖြစ်လာ၊ အဲဒါ မြတ်စွာဘုရား တပည့်တော် တွေ့ပါပြီ လို့ဆိုတာ၊ ဘာမျှ လောကအကြောင်းနှင့်ဘာမျှ မထူးဆန်းဘူး၊ သိနေတာ ကြာကြာလှနေ မတွေ့တာကို ဆိုတာ မဟုတ်ဘူး၊ ဘုရားစစ် ဘုရားမှန်ပဲ ဆိုတာ တပည့်တော် တွေ့ပါပြီလို့ ဒီလို လျှောက်တာကိုး၊ ဒါက တရားတွေ့မှ တွေ့တယ်၊ တရားမတွေ့ရင်တော့ ဘုရားမှန်း ဘာမှန်း ဘယ်သိမလဲ၊ ဒီယသော်ဓရာနဲ့ ဖခင် သုပ္ပဗုဒ္ဓဆိုတာ ရှိတယ်။
အင်း-လူတုန်းက အနေနဲ့ ဟောမယ်ဆိုရင် ဘုရားအလောင်းတော်ရဲ့ ယောက္ခမပေါ့၊ သုပ္ပဗုဒ္ဓဆိုတာ, ရှင်ဒေဝဒတ် ဆိုတာ ရှိတယ်၊ အဲဒါ ယသော်ဓရာရဲ့ မောင်ပဲ၊ ဘုရားယောက်ဖပဲ၊ ဘုရားလောင်းရဲ့ ယောက်ဖ၊ သူတို့ဟာ ဘုရားလောင်းကို ငယ်ငယ်ကတည်းက သိနေတာပဲ၊ သိနေပေမယ်လို့ အဲဒါဘုရားပဲ ဆိုတာကို ကိုယ်တိုင်မတွေ့ဘူး၊ အဲဒီလို မတွေ့တော့ ဘုရား အစစ်ဆိုတာ ကိုယ်တိုင် မတွေ့ဘူး၊ ပုဂ္ဂိုလ်အနေအားဖြင့် မြင်တွေ့နေတာပေါ့၊ သို့ပေမယ့် ဘုရားအစစ်အမှန် သူတို့ မသိဘူး၊ မသိတော့ မရိုမသေပြုကြ၊ ပြစ်မှားကြတယ်၊ ပြစ်မှားကြတော့ သူတို့ ရှင်ဒေဝဒတ် ကလဲပဲ မြေမျိုးပြီးတော့ အဝီစိငရဲကျသွားတယ်၊ သုပ္ပဗုဒ္ဓကလဲ ဒီလိုပဲ၊ မြတ်စွာဘုရား ဆွမ်းခံကြွတဲ့လမ်းမှာ ပိတ်ထားလို့ အဲဒါလဲပဲ ၇-ရက်ကြာတဲ့ အခါကာလမှာ သူလဲ မြေမျိုပြီး ငရဲကျသွားတယ်။
အဲဒါ သူ ဘုရားမတွေ့တဲ့ ပုဂ္ဂိုလ်တွေ ပကတိ မျက်စိနဲ့ မြင်ပေမယ်လို့ တွေ့တာ မဟုတ်သေးဘူး၊ ပကတိမျက်စိနဲ့ မမြင်သော်လဲ မြတ်စွာဘုရားရဲ့ တရားကို တွေ့လို့ရှိရင် တွေ့ပါတယ်တဲ့၊ ဓမ္မံ ပဿတော မံပဿတိ၊ ဓမ္မံ - တရားကို၊ ပဿတော - တွေ့မြင်သော ပုဂ္ဂိုလ်သည်၊ မံ - ငါဘုရားကို တွေ့မြင်ရင် ဘုရားကို တွေ့တာပဲ၊ ယခုတရား အားထုတ်တဲ့ ပုဂ္ဂိုလ်တွေဟာ တရားအားထုတ်လို့ ရုပ်တရားနဲ့ နာမ်တရားတွေကို ကိုယ်တိုင် တွေ့ရတယ်ဆိုရင် ဒီက စတွေ့ရတယ်။
ပထမတုန်းက ရုပ်တရား နာမ်တရားဆိုတာ ပြောသံကြားပဲ ရှိသေးတာကိုး၊ စာပေကျမ်းဂန် သင်ထားတဲ့ ပြောသံ ကြားပဲ၊ ကိုယ်တိုင်တွေ့တာ မဟုတ်ဘူး၊ ရုပ်နှင့်နာမ်၊ ရုပ်တရားက ၂၈-ခုရှိတယ်လို့ ရေတွက် ပြတတ်ပါတယ်။ ပသာဒရုပ် ၅-ပါး၊ အဲဒီလိုလျှောက်ပြီး ရေတွက်ပြီး ပြတတ်ပါတယ်၊ ပြောလဲ ပြောတတ်ပါတယ်၊ ဟောလဲ ဟောတတ်ပါတယ်၊ ရုပ်ကလာပ်တွေ ဖွဲ့မယ်ဆိုရင်လဲ ဖွဲ့ပြီးပြတတ်ပါတယ်၊ အဲ-နာမ်တရားမှာလဲ စိတ်တစ်ခု ယုတ် ၉၀၊ အဲဒီလို စေတသိက် ဒွေပညာသ ၅၂-ပါးလို့ အဲဒီလိုစသည်ဖြင့်လဲပဲ သင်ကြားထားလို့ရှိရင် ဒါတွေ ပြောလဲ ပြောတတ်ပါတယ်၊ ဟောလဲ ဟောတတ်ပါတယ်၊အဲဒါတွေ ပီတိကျပုံတွေလဲပဲ အဲဒီလို လေ့လာ ထားလို့ရှိရင် သိနိုင်ပါတယ်၊ ဒါပေမယ့် ဒီကိုယ်ထဲမှာ ရုပ်နှင့်နာမ်ကို တွဲပြီးတော့ ဖြစ်နေတယ်၊ ရုပ်နှင့်နာမ် ၂-ခု ဆိုတာတော့ တရားအားထုတ်မှ သိတယ်၊ ကိုယ်တိုင်အားထုတ်မှ မထုတ်ဘဲနဲ့ ဒီတိုင်း စာသင်ရုံနဲ့သိတာ မဟုတ်သေးဘူး၊ မသေချာဘူး၊ ဇဝေဇဝါပဲရှိသေးတာပဲ။
အေး-ဒီမြင်ကြား တွေ့မြင်တယ် ဆိုတာတွေဟာ ငါကောင်လိုလို၊ အသက်ကောင်လိုလို၊ ငါကောင် အသက်ကောင်က အဟုတ်လေလား၊ စာထဲကပြောတဲ့ ရုပ်နာမ် ၂-မျိုး ရှိတယ်ဆိုတာ ဟုတ်လေလား ဆိုတာ သိပ်ပြီးတော့ မကွဲပြားဘူး၊ အေး- ဝိပဿနာရှုလို့ ဖြစ်တိုင်းဖြစ်တိုင်း ရုပ်နာမ်ကလေးတွေ ရှုတော့ ဒီမှာရုပ်နှင့်နာမ် ကွဲလာတယ်၊ မှတ်တိုင်း မှတ်တိုင်း မှတ်သိစရာ ရုပ်ကတစ်မျိုး၊ မှတ်သိနေတဲ့ စိတ်နာမ်လေးက တစ်မျိုး၊ ဖောင်းတယ် မှတ်လိုက်ရင် ဖောင်းတက်လာတဲ့ ရုပ်ကလေးကတစ်မျိုး၊ ဖောင်းတယ်လို့ သိနေတဲ့ နာမ်ကလေးက တစ်မျိုး၊ ဒါလေးနှစ်ခုရှိတယ်၊ ဒိပြင်ဘာမှ မရှိဘူး၊ အစတုန်းကတော့ ဖောင်းတာနှင့် တကွ တစ်ကိုယ်လုံးကလေ ငါပဲ၊ နှလုံးသွင်းရင် သိနေတာကငါပဲ၊ ဖောင်းတာ တစ်ကိုယ်လုံးနဲ့သိ, နှလုံးသွင်း သိနေတာနဲ့ အတူတူပဲ၊ တစ်ကိုယ်တည်းပဲ၊ ဒီလို ထင်နေတာကိုး။
အေး-တရားကောင်းကောင်း အားမထုတ်ဘူးတဲ့ ပုဂ္ဂိုလ်တ ွေမေးကြည့်လျှင် အဲဒီအတိုင်း ဖြေမှာပဲ၊ ဒီအတိုင်းပဲ ဖြေတယ်၊ ရိုးရိုးဆိုရင် အဲဒီအတိုင်းပဲ ဖြေတယ်၊ အဲဒါ ရုပ်နဲ့နာမ်နဲ့ မကွဲဘဲဖြစ်နေတာ၊ အခု ရှုမှတ်တဲ့ ပုဂ္ဂိုလ်မှာတော့ ဖောင်းတယ်လို့ မှတ်လိုက်တော့ ဖောင်းလာတာက တစ်ခု၊ ဖောင်းတယ်လို့ သိတာကတစ်ခု၊ သူတို့ ၂-ခု ရောလို့လဲမရဘူး၊ တစ်ခုနှင့်တစ်ခု ဘာမျှ မတူဘူး၊ တစ်ခြားစီ ဖြစ်နေတယ်၊ သူဟာ ဖောင်းတက်လာတာက အာရုံ မသိတတ်တဲ့တရား၊ ရှုမှတ်လိုက်တဲ့ စိတ်ကလေးက အာရုံသိတတ်တဲ့တရား၊ ဒါလဲ ၂-ခုဟာ တွဲဖြစ်နေတယ်၊ ပိန်တယ်မှတ်ရင်လဲ ဒီအတိုင်းပဲ၊ ထိုင်တယ် မှတ်ရင်လဲ ဒီအတိုင်းပဲ၊ ထိတယ်မှတ်ရင်လဲ ဒီအတိုင်းပဲ၊ ကွေးတယ်မှတ်ရင်လဲ ဒီအတိုင်းပဲ၊ ဆန့်တယ်မှတ်ရင်လဲ ဒီအတိုင်းပဲ၊ ကွေးတဲ့ရုပ်က တခြား၊ သိတဲ့စိတ်ကတစ်ခြား၊ ဘယ်အခါမဆို ကိုယ်ရုပ်ကတစ်ခြား သိနေတဲ့ စိတ်ကလေးက တစ်ခြားပဲ၊ ရောလို့ကိုမရဘူး၊ ကိုယ်ရုပ်က တစ်ခြား ကိုယ်ရုပ်နဲ့သိနေတာလေးနဲ့ ရောရသေးတယ်ဆိုရင် အဲဒါမကွဲသေးဘူး၊ မကွဲသေးလို့ ရောနေသေးတာ၊
အဲ-ဝိပဿနာ ရှုမှတ်လို့ ဒီရုပ်နာမ် ကွဲလာတဲ့ ပုဂ္ဂိုလ်ရောလို့ကို မဖြစ်ဘူး၊ အဲဒီလိုကွဲနေပါတယ် ဒါ အသေအချာ ကွဲနေတယ်၊ အားမထုတ်ဘူးတဲ့၊ တချို့ကတော့ သူတို့ထင်တဲ့အတိုင်း ရမ်းရမ်းပြီး စွပ်စွဲတယ်၊ ဒီလို တချို့ပုဂ္ဂိုလ်က နာမ်ရုပ်တောင် မကွဲဘူးဆိုပြီးတော့ တချို့ကပြောတယ်၊ ဘယ်ဟုတ်မလဲ သူတို့သိမှမသိဘဲနဲ့၊ ဘယ်နဲ့ကွဲမလဲ နာမ်ရုပ်က၊ ဒါနာမ်ရုပ် ၂-ပဲရှိတယ်၊ နာမ်ရုပ် ၂-ခု မကွဲလို့ ဘယ်ဖြစ်မလဲ၊ အဲ-သိစရာအာရုံနဲ့ သိတဲ့စိတ်နဲ့ ကိုယ်ရုပ်နဲ့သိတဲ့စိတ်၊ ဒါ ၂-ခုဟာ တစ်ခါတည်း သေသေချာချာရှုတဲ့ ပုဂ္ဂိုလ် ၂-ရက်နေ ကွဲတာပေါ့၊ ဒါတွေ သေသေချာချာ ကွဲလာတယ်၊ သိလာတယ်၊ ဘာစာမှ မတတ်သူက ကွဲတယ်၊ တချို့က စာမတတ်ရင် ဖြစ်ပါ့မလားတဲ့၊ ဒီလိုလဲမေးစရာ ရှိတယ်၊ ဖြစ်ပါတယ်၊ စာတတ်တာက တခြားပဲ၊ အားထုတ်တာက တခြားပဲ၊ ဘုရား လက်ထက်တုန်းက မြတ်စွာဘုရားဟောလို့ တရားနာပြီး အကျွတ်တရားရတဲ့ ပုဂ္ဂိုလ်တွေ စာတတ်တဲ့ပုဂ္ဂိုလ် တော်တော် နည်းပါလိမ့်မယ်။
အိန္ဒိယနိုင်ငံက ယခုထက်ထိပဲ စာတတ်တဲ့ပုဂ္ဂိုလ် အင်မတန် နည်းနေတာပဲ၊ ဟိုခေတ်တုန်းကဆို စာတတ်တဲ့ပုဂ္ဂိုလ် သိပ်နည်းမှာပေါ့၊ စာသင်ကျောင်းတို့ ဘာတို့ တယ်ရှိပုံ မရပါဘူး၊ နည်းနည်း ပါးပါးလောက် ရှိတာနဲ့တူတယ်၊ ဒါလဲပဲ အင်မတန် ပစ္စည်းဥစ္စာ ပြည့်စုံကြွယ်ဝတဲ့ ပုဂ္ဂိုလ်တ ွေလောက်ပဲ သင်နိုင်တာနဲ့တူပါတယ်၊ များသောအားဖြင့် ဆင်းရဲသားတွေက ဟိုခေတ် တုန်းက ဘာမျှတတ်ပုံ မရပါဘူး၊ ရေးကို ရေးတတ်ပုံ မရပါဘူး၊ စာမတတ်တဲ့ ပုဂ္ဂိုလ်တွေ များပါတယ်။
ဒီတော့ မြတ်စွာဘုရားကလဲ နောက်မှ ပွင့်လာရတော့ ဘုရားက အဲဒီမှာဟောရတာပဲ၊ ယခုကာလကို သင်္ဂြိုဟ်တို့ဘာတို့ အဘိဓမ္မာတွေ ဘယ်ရှိလိမ့်ဦးမှာလဲ၊ ယခု သင်္ဂြိုဟ်တောင်မှ သိပ်မကြာသေးဘူး၊ ပေါ်လာတာ၊ ဘုရားပရိနိဗ္ဗာန် စံပြီးနောက် သီဟိုဠ်ကျွန်းကျမှ သီဟိုဠ်ကျွန်း သာသနာထွန်းကားလို့ တော်တော်လေး နောက်ပိုင်းကျမှ ရေးထားတာပဲ၊ ဒီတော့ ဘုရားလက်ထက် တုန်းကပုဂ္ဂိုလ်တွေ များသောအားဖြင့် စာမတတ်တဲ့ ပုဂ္ဂိုလ်တွေ များပါတယ်။
မြတ်စွာဘုရားဟောတဲ့ တရားတွေ ကြားနာ နှလုံးသွင်း အားထုတ်လို့ ရုပ်နာမ်တွေကွဲ အနိစ္စ, ဒုက္ခ, အနတ္တတွေ သိမြင်ပြီးတော့ မဂ်တရား, ဖိုလ်တရားတွေ ရသွားကြတာပဲ၊ ယခု ဒီမှာ ယောဂီတွေလဲ အဲဒီလိုပါပဲ၊ တရားအားထုတ်တဲ့ပုဂ္ဂိုလ်တွေ၊ အင်း-စာတတ်ရင်တော့ ပိုကောင်းတာပေါ့လေ၊ စာမတတ်လဲဖြစ်တာပဲ၊ ကြိုးကြိုး စားစား အားထုတ်ရင် ဖြစ်တာပဲ၊ မှတ်တိုင်း မှတ်တိုင်း သိနေတဲ့ စိတ်က အာရုံကတခြား, မှတ်သိနေတဲ့ စိတ်ကလေးက တခြားကိုယ်ရုပ်ကတခြား, သိတဲ့စိတ်က တခြား၊ ခွဲမှတ်နေ၊ ဒါလေး ၂-ခုပဲရှိတာပဲ၊ တစ်ခါတည်း လက်နဲ့ ကိုင်ကြည့်သလိုပဲ၊ ဟိုကတစ်ခု ဒီကတစ်ခု ကွဲနေတယ်၊ ရောလို့ကို မရဘူး၊ အဲဒီလို နာမ်ရုပ်ကလေး ကွဲပြီးသိလာတာကို၊ နာမရူပ ပရိစ္ဆေဒဉာဏ် ခေါ်တယ်၊ အဲဒီကစပြီးတော့ တရားတွေ့လာတာ၊ မြတ်စွာဘုရားက နာမ်နှင့်ရုပ် ရှိတယ်လို့ ဟောတယ်။
အင်း-ဟောတဲ့ အတိုင်းဆိုရင် ဟုတ်သားပဲ၊ နာမ်နှင့်ရုပ်ပဲ ရှိတာပုဂ္ဂိုလ်သတ္တဝါမရှိဘူး၊ ဒီလို သိလာတာကိုး၊ ဒီလို သိတော့ ဒီတရားဟာမှန်တယ်၊ ဒီတရားကို ဟောတဲ့ မြတ်စွာဘုရား ဟာလဲပဲ၊ ဒီတရားတွေကို ကိုယ်တိုင်သိပြီး ဟောထားတော့မှန်တယ်၊ အလုံးစုံသိတဲ့ ဘုရားဆိုတာ ဟုတ်ပါ ပေတယ်၊ ဒီကစပြီးတော့ နည်းနည်းသိတယ်၊ နည်းနည်း ဝိုးတိုးဝါးတား ရှိသေးတယ်၊ သိပ်မသေချာ သေးဘူး၊ ဟောပြီးတော့ ဒီရုပ်နာမ်တွေက မှတ်တိုင်း မှတ်တိုင်းပေါ် မှတ်ပြီးရင်ပျောက်၊ မမြဲတာ တွေကို တွေ့လာတယ်၊ ဘယ်ဟာမှ တည်နေတာမရှိဘူး။
အစတုန်းက တစ်ခုတည်း တည်နေတယ် အောက်မေ့တာကိုး၊ ယခုတည်နေတာ မဟုတ်ဘူး၊ ဖောင်းတာလေးလဲ ပေါ်ပြီး ပျောက်သွားတာပဲ ပိန်တာလေးလဲ ပေါ်ပြီး ပျောက်သွားတာပဲ၊ သိတာ လေးလဲပေါ်ပြီး ပျောက်သွားတာပဲ၊ ကွေးတာ-ဆန့်တာတွေ သူ့ အခိုက်အတန့်နှင့်သူ ပေါ်ပြီး ပျောက်သွားတာပဲ၊ စိတ်ကူး စဉ်းစားကြည့်စဉ် ဒါလေးတွေလဲ သူ့အခိုက်အတန့်မှာပဲ ပေါ်ပြီး ပျောက်သွားတာပဲ၊ ကိုယ်ထဲမှာ နာကျင် ကိုက်ခဲမှု အစရှိသဖြင့် စေတနာကလေးတွေ ကလဲပဲ၊ တစ်ဆင့်ပြီး တစ်ဆင့် တစ်ခုပြီးတစ်ခု (နာလိုက်ရင်း ပျောက်လိုက်ရင်း-၂) တစ်ခုစီတစ်ခုစီပဲ၊ ဘာမျှတည်တံ့နေတာ မရှိဘူး၊ အဲဒီတော့ ဖြစ်ပြီး ပျောက်သွားလို့ မမြဲတဲ့တရားကြီးပဲ။
မှတ်ရင်းမှတ်ရင်း၊ ဒီတစ်ခါမှာ ယောဂီပုဂ္ဂိုလ်ဟာ သူ့ဟာသူ သဘောကြတယ်၊ အင်း-မမြဲလို့ ဖြစ်ချည်ပျက်ချည်နဲ့ ဆင်းရဲချည်းပဲတဲ့၊ ပုဂ္ဂိုလ်သတ္တဝါ မဟုတ်တဲ့ သဘောတရားတွေလို့ ရှုရင်းမှတ်ရင်း သဘောကျပြီး သိတယ်၊ အဲဒီလို သိလာတော့ ဘုရားကို ပိုပြီးတော့ တွေ့လာတာပေါ့၊ မြတ်စွာဘုရားက မမြဲတဲ့ တရားကြီးပဲ ဟောတယ်၊ ခဏမစဲ ဖြစ်ပျက်တဲ့ ရုပ်နာမ်တရား တွေကြီးပဲလို့ ဟောတယ်။
သဗ္ဗေသင်္ခါရာ အနိစ္စာ၊ ယဒါပညာယ၊ ပဿတိ။
သဗ္ဗေ - အလုံးစုံကုန်သော၊
သင်္ခါရာ - ရုပ်တရား, နာမ်တရား, သင်္ခါရတရားတို့သည်၊
အနိစ္စာ - မမြဲကုန်၊
ဣတိ - ဤသို့၊
ယဒါ- အကြင်အခါ၌၊
ပညာယ - ဝိပဿနာ ပညာဖြင့်၊
ပဿတိ - တွေ့မြင်၏။
အလုံးစုံသောတရားတွေ မမြဲဘူးလို့ တွေ့ရမယ်လို့ မြတ်စွာဘုရားဟောထားတယ်၊ ဟောတဲ့အတိုင်းပဲ တွေ့လာတာကိုး။
အနိစ္စာ ဝတ သင်္ခါရာ ဥပ္ပါဒါဝယ ဓမ္မိနော။
သင်္ခါရာ - ရုပ်တရား, နာမ်တရား, သင်္ခါရတရားတို့သည်၊
ဥပ္ပါဒါဝယ ဓမ္မိနော - ဖြစ်ခြင်း, ပျက်ခြင်း သဘောရှိကုန်သည်ဖြစ်၍၊
အနိစ္စာဝတ - မမြဲလေကုန် တော့တကား။
ဖြစ်ပျက်နေတဲ့ တရားတွေချည်းပဲ၊ မြတ်စွာဘုရားက ဟောထားတယ်၊ အင်း-အဲဒီ ဟောတဲ့အတိုင်း ယခုယောဂီပုဂ္ဂိုလ်က သူတွေ့လာတာကို ဖြစ်လိုက်ပျက်လိုက်, ပျက်လိုက်ဖြစ်လိုက်, တစ်ပိုင်းတစ်စ တစ်ပိုင်းစီ မမြဲတာလေ၊ သူတွေ့လာတယ်၊ ဒီတရား ဟောထားတဲ့ မြတ်စွာဘုရားဟာ ဒီတရားတွေ သူကိုယ်တိုင်သိပြီး ဟောထားတာပဲ၊ မြတ်စွာဘုရားဟာ အလုံးစုံသော တရားတွေဆိုတာ မှန်ပါ ပေတယ်, ဟုတ်ပါပေတယ်လို့ တရားစစ် တရားမှန်ကို ယုံကြည်မှု သဒ္ဓါတရားတွေ တိုးတက် ခိုင်မြဲလာတာဟာ ဘုရားတွေ့လို့ မြင်လာတာပဲ၊ အဲ-နောက် ဝိပဿနာဉာဏ်နဲ့ အစဉ်အတိုင်း တက်ပြီးတော့ ရုပ်နာမ်သင်္ခါရငြိမ်းတဲ့ နိဗ္ဗာန်တရား ရောက်သွားတော့ သေသေချာချာ တွေ့တာပေါ့ သေသေချာချာ တွေ့တော့ ဘုရားက အလုံးစုံသော တရားတွေကို တွေ့တယ်ဆိုတာ ခိုင်ခိုင်မြဲမြဲ သိသွားတယ်။
ဒါကြောင့် ဗုဒ္ဓေါ-တရား အလုံးစုံကို အကုန်အစင် သိမြင်တော်မူပေသော မြတ်စွာဘုရား၊ ဘုရားကို အာရုံပြု ပေါ့ ဟုတ်လား၊ အဲ-တရားတွေ့ထားတဲ့ ပုဂ္ဂိုလ်တွေတော့ ကိုယ်သိတဲ့အတိုင်း၊ မြတ်စွာဘုရား, မြတ်စွာဘုရားသိပြီးတော့ ဟောထားခဲ့တာပဲ၊ မြတ်စွာဘုရားက တရားစစ် တရား မှန်ကို ဗောဓိပင်အောက် ရတနာပလ္လင်ပေါ်မှာ ထက်ဝယ်ဖွဲ့ခွေထိုင်နေပြီး၊ ဒီတရား နှလုံးသွင်းလို့ သစ္စာလေးပါးသိ၊ ဘုရားအဖြစ်သို့ ရောက်နေပုံ၊ ထိုထိုအရပ် ဒေသတွေမှာ သမာပတ် ဝင်စားပြီးနေပုံ၊ ထိုထိုအရပ် ဒေသတွေမှာ ပရိသတ်ကြီးလေးပါး အလယ်ခေါင်မှာပဲ မားမားမတ်မတ် ထိုင်နေတော် မူပြီးတော့ တရားဟောနေပုံ၊ ဘုရားပုံတော် စိတ်ထဲက မှန်းပြီးတော့ -
ဗုဒ္ဓေါ - တရားအလုံးစုံကို အကုန်အစင် သိမြင်တော်မူပေသော မြတ်စွာဘုရား။
ဒီတရားတွေ အကုန်လုံး သိပြီးတော့ ဟောထားတာပဲ၊ သိပြီး ဟောထားတဲ့ မြတ်စွာဘုရားရဲ့ နည်းနိသျတွေ တို့ကျင့်ပြီးတော့ နေရတာပဲ၊ အဲဒီလို အာရုံပြု လိုက်တော့ စိတ်အားတွေ တက်လာ တယ်၊ ယခုလောကမှာ ဘာသာတွေ အမျိုးမျိုးရှိတယ်၊ ဘာသာတွေ အမျိုးမျိုး အရင်းအမြစ် လိုက်ကြည့်လို့ရှိရင် ဘာသာတီထွင်တဲ့ ပုဂ္ဂိုလ်တွေရဲ့ အခြေအမြစ်ဟာ ဘာမျှယုတ္တိ မရှိဘူး၊ လေ့လာဖူးတဲ့ ပုဂ္ဂိုလ်တွေ သိမှာပဲ၊ ဘုန်းကြီးလဲ နည်းနည်းတော့ လေ့လာထားတယ်။
တစ်ချို့က တရားတွေဟောနေတော့ သူတို့ဟာလဲ ကြည့်ထားဦးမှဆို လေ့လာထားရတယ်၊ သူတို့က ပထမ ဘာမျှကို ခြေခြေမြစ်မြစ် မရှိဘူး၊ သူတို့ထင်တာလေးတွေ, မြင်တာလေးတွေ, သဘော ကျလာတာ လေးတွေနဲ့ တစ်ခါတည်း ဟောကြ, ပြောကြတာပဲ၊ တစ်ချို့ နေထွက်တာ, နေဝင်တာ ကလေးနဲ့ကို အဲဒါကြည့်ပြီးတော့ အကောင်းနဲ့အဆိုး ၂-ခုပဲ ရှိတာပဲ၊ အဲဒါဟာ အကောင်းတစ်ချို့လဲ ကောင်းတဲ့နတ်က ဖန်ဆင်းတဲ့ဘုရားလို့ပဲ ခေါ်တာပေါ့၊ မကောင်းတာလဲ မကောင်းတဲ့ဘုရားက ဖန်ဆင်းတယ်ဆိုပြီးတော့ အကောင်းအဆိုးတွေကို ၂-မျိုး ဖန်ဆင်းတာ ဒါပဲရှိတယ်ဆိုပြီး သူတို့ စိတ်ထင်တွေကို လျှောက်ဟောတာကိုး။
ဖန်ဆင်းတဲ့နတ်လဲ သူတွေ့တာ မဟုတ်ဘူး၊ ဖန်ဆင်းတာလဲ တွေ့တာ မဟုတ်ဘူး၊ သူ နေဝင်တာ ကြည့်ပြီး ဟောတယ်၊ အံ့သြစရာတော့ တော်တော် ကောင်းတယ်၊ ဒါပေမယ့်လဲ သူ့ဟာနဲ့ သူတော့လဲ တော်တော်တော့ ကြီးပွားတယ်၊ အဲဒီလိုပဲ သူတို့ စဉ်းစားလို့ ရတာလေးတွေကို မူတည်ပြီးဟောတော့ အဲဒါလေးတွေ ယုံကြည်ပြီးတော့ နောက် ဘာသာကြီးတစ်ခု ဖြစ်လာတယ်၊ ဘာသာကြီးတစ်ခု ဖြစ်လာတာပဲ၊ ဒါတွေဘာမျှ မဟုတ်ဘူး၊ ဘာမျှမဟုတ်တဲ့ ဟာတွေ လိုက်နာပြီး ကျင့်နေတော့ ကြောက်စရာလဲ အလွန်တစ်ရာ ကောင်းပါတယ်။
သံသရာထဲမှာ ကျင်လည်ပြီးနေလို့ ဒီလိုနေရာတွေရောက်၊ ဒီလိုဟာတွေ ဘယ်လောက်များ ကျင့်သွားမှန်း မသိဘူး၊ အလွန်ကြောက်စရာ ကောင်းတယ်၊ အင်း-ရှေ့ကလဲ အဲဒီလို ဘာသာ အယူဝါဒတွေနှင့် ဒီလို ဘာသာအယူဝါဒတွေ ဘယ်လောက်များ ကျင့်လို့ ဘယ်လောက် ဒုက္ခ ရောက်ခဲ့ပြီလဲမသိဘူး၊ နောက်လဲပဲ ဒီတရားသာ မရသေးလို့ရှိရင် အဲဒီဟာတွေလဲ ဘယ်လောက်အထိ ဖြစ်သွားမှန်းမသိဘူး၊ ကြောက်စရာ အလွန်ကောင်းတယ်။
ယခုနေအခါကာလ ဒီဘဝမှာဆိုတော့ မြတ်စွာဘုရား၏ တရားတော်တွေ ကြားလို့ ဘုရား ကိုယ်တိုင်တွေ့, ကိုယ်တိုင် သိပြီး တရားတွေဟောလို့ ဒီလိုဟောထားတဲ့ တရားတွေ ကျင့်ရလို့ တို့အင်မတန် ကံကောင်းလို့ ကျင့်ရတာပဲလို့ နှလုံးသွင်းလိုက်၊ တရားအားထုတ်တဲ့ ပုဂ္ဂိုလ် သိပ်ပြီး အားရစရာ ကောင်းတယ်၊ အချို့ အားမထုတ်နိုင်သေးဘူး၊ အားထုတ်ချင်တဲ့စိတ်ရှိပြီး အားမထုတ် နိုင်သေးတဲ့ ပုဂ္ဂိုလ်တွေ ကံ ငါ့လောက် မကောင်းသေးဘူး၊ ငါအင်မတန် ကံကောင်းနေတာလို့ နှလုံးသွင်းလိုက်ရင် ပီတိတွေ အများကြီး ဖြစ်လာတတ်တယ်၊ ကောင်းပါတယ်၊ ကိုင်း-ကိုင်း ဆိုရမယ်။
ဗုဒ္ဓေါ - သစ္စာ ၄-ပါး တရားအလုံးစုံကို အကုန်အစင် သိမြင်တော်မူပေသော မြတ်စွာဘုရား။
(၃-ခေါက်)
အေး-မြတ်စွာဘုရားဆိုတာ သစ္စာ ၄-ပါး တရားအလုံးစုံကို သိတဲ့ပုဂ္ဂိုလ်ကို ဘုရားလို့ခေါ်ရတယ်၊ ဒါပါပဲ၊ ဘုရားက သတ္တဝါတွေကို ကောင်းအောင်, ဆိုးအောင်လို့ ဖန်ဆင်းပေးနိုင်တာ မဟုတ်ဘူး၊ တရားအလုံးစုံကို သိရုံပဲ ရှိတယ်၊ ဖန်ဆင်းစီမံပေးနိုင်တဲ့ ပုဂ္ဂိုလ်ရယ်လို့ မရှိဘူး၊ အကယ်၍ ယုံကြည်တဲ့ပုဂ္ဂိုလ်က ရှိပါတယ်လို့ပြောလို့ရှိရင် ဆက်ပြီးစဉ်းစားဖို့ရာ လိုလာပါတယ်၊ အဲ-ဘုရားက ဖန်ဆင်းပေးတယ်ဆိုရင် အဲဒီဖန်ဆင်းတဲ့ပုဂ္ဂိုလ်ကို သူက ဘယ်တုန်းက ပေါ်လာတာတုန်း၊ သူ့ကို ဘယ်လူကဖန်ဆင်းလို့ သူကဖြစ်လာရတာလဲ၊ စဉ်းစားရမှာကိုး၊ စဉ်းစားရင် အဲဒါကခက်တယ်။
တစ်ခါက ဆရာတော်ကြီး တစ်ပါး ရထားပေါ်မှာ ခရီးသွားရင်း အဲဒီလိုပဲ၊ ဘာသာခြား တရားဟော ဆရာကြီးတစ်ဦးနှင့်တွေ့တယ်၊ တွေ့တော့ တရားဟောဆရာကြီးက ဒီဘုန်းကြီးကို ချွတ်မလို့ တရားဟောမယ်လို့ စလိုက်တယ်၊ ဒီဆရာတော်ကြီးကို ဘုန်းကြီး - ဘုန်းကြီးတို့ ဘာသာမှာ သံသရာများ အစရှိရဲ့လား၊ ဘယ်ကစပြီးတော့ လူတွေ, သတ္တဝါတွေ ဖြစ်လာသလဲ၊ တရားဟော ဆရာကြီးက မေးတယ်၊ ဒီတော့ ဆရာတော်ကြီးကလဲ စာတတ်ပေတတ်ကြီးပါပဲ၊ တရားဟောလဲ တရားဟောတတ်တဲ့ စာတတ်ပေတတ် ဗဟုသုတရှိတဲ့ ပုဂ္ဂိုလ်ကြီးပါပဲ၊ အဲဒီတော့ သူက ဘာပြန်ပြောလဲဆို ဘုန်းကြီးတို့ ဘာသာမှာတော့ ဒီလို ဘယ်ကစတယ် ဘာရယ်လို့ ဒီလိုမရှိဘူးလို့ ပြောတယ်၊ မရှိလို့ရှိရင် မရှိတာနဲ့ရှိတာနဲ့ ဘယ်ဟာကောင်းသလဲ သူကမေးတယ်၊ ဒါကတော့ စာပေက မရှိဘူးပြောတာ ရှိအောင်လို့လဲ ရှာလို့မရတော့ မရှိဘူးလို့ ထားရတာပဲ၊ ရှိရင်တော့ ပိုကောင်းတာပေါ့၊ ဒီတော့ တရားဟောဆရာကြီးက သူလိုတဲ့ အကွက်တော့ ရောက်လာပြီလို့ ဒီလို အောက်မေ့ပုံရတယ်၊
ဘုန်းကြီး ကျုပ်တို့ဘာသာ ကတော့ရှိတယ်၊ ဒီလို အစ ချီလိုက်တယ်။ ဘယ်ကစသတုန်း ကောင်းတာပေါ့၊ အစရှိရင် ဘယ်ကစသလဲ၊ ကျုပ်တို့ဘာသာက ဘုရားသခင်က ဖန်ဆင်းတာပဲလို့ အကုန်လုံး သတ္တဝါတွေရော, လောကကြီးရော, ဘုရားသခင်ဖန်ဆင်းလို့ ဖြစ်လာတာ ဘုရားသခင်က စတာပဲ ပြောတော့၊ ဆရာတော်ကြီးက ဟုတ်ကဲ့လား၊ ဟုတ်ပါတယ်၊ ဒါဖြင့်နေစမ်းပါဦး အဲဒီဘုရားသခင်ကြီးကြတော့ ဘယ်သူက ဖန်ဆင်းသလဲ၊ သူကတော့ ဘယ်ကစပြီး ဖြစ်လာသလဲ။
ဒီတော့ တရားဟောဆရာကြီးက ဘုန်းကြီး အဲဒါက ခပ်ခက်ခက်ပါပဲလို့ ပြောတယ်၊ သူလဲပဲ အစမှ မရှိပဲဟာကိုး၊ အကယ်၍ အဲဒီဘုရားသခင်ကြီးက ဖန်ဆင်းတဲ့ပုဂ္ဂိုလ် ဆိုလို့ရှိရင် အဲဒီဖန်ဆင်းတဲ့ ပုဂ္ဂိုလ် လိုက်ရဦးမှာ၊ သူ့ဘယ်သူက ဖန်ဆင်းတုန်း၊ အဲဒီလို လျှောက်လိုက်လို့ မီးခိုးမဆုံး မိုးမဆုံး ဘယ်ကမှ စ၍မရဘူး စလိုက်လို့ရှိရင် အဲဒါ ဒုက္ခဖြစ်ကရောပဲ၊ ဒီတော့ကို အစမရှာတာပဲ အေးတယ်၊ ရှာနေလို့လဲပဲ ဘာကစပါတယ်ဆိုလို့လဲပဲ ယုံကြည်ဖို့ရာ အခက်ကြီးဟာကိုး။
ဟို အထက်အရပ်မှာ ဆရာတော်ကြီးတစ်ပါးရှိတယ်၊ သူက ဒီလိုပဲ သူကလဲ အစမရှိတာ မကောင်းဘူး ဆိုပြီး အစရှိအောင် ရှာတာကိုး၊ ပဋိစ္စသမုပ္ပာဒ်နည်းနှင့် အဝိဇ္ဇာဟာ အနုနှင့်အရင့် ၂-ခုရှိတယ်ဆိုပြီး သူက အဝိဇ္ဇာ အနု၊ တစ်ခါကောင်းကင်တွေ အကုန်လုံးရှိနေတယ်၊ အဝိဇ္ဇာ အနု၊ ဒီတော့ သူက ဥပါဒ် ဌီ ဘင် မရောက်သေးဘူးဆိုတာကိုး၊ သူ့စိတ်ကူးနှင့်သူ၊ အကြံက ဥပါဒ် ဌီ ဘင် မရောက်သေးဘူး၊ အဲဒီက အဝိဇ္ဇာ အနုကနေပြီး ဝိဇ္ဇာ ရင့်လာမှ ဥပါဒ် ဌီ ဘင်နှင့် ဝိဇ္ဇာ တွေဖြစ်လာ၊ အဲဒီကမှ အဝိဇ္ဇာပစ္စယာသင်္ခါရာ ဒီလို ဖြစ်လာမှာ၊ ဒီလိုဖြစ်ပြီးတော့လာတော့ ဒီမှာ တဖြေးဖြေးနဲ့ သူက ပစ္စယဝိညာဏံ ပဋိသန္ဓေဖြစ်ပြီး ဘဝတွေ ဘာတွေဖြစ်လာ၊ အဲဒီ အဝိဇ္ဇာ အနုဓာတ်က တလောကလုံး အကုန်လုံး ပျံ့နှံ့ပြီးတော့ အစဉ်ထာဝရ ရှိနေတယ်ဆိုပြီး သူက ဒီလိုကြံတာကိုး၊ သူကဒီလိုကြံလို့ သူ့ဝါဒကို ဘုန်းကြီးဟာ စာထဲပေထဲကလဲမရှိ ဘယ်တော့မှလဲ မရှိတော့ ယုံတာက ယုံကြည်ဖို့တော့ အခက်သား၊ ဘယ့်နဲ့ရယ်လို့တော့ မပြောတတ်ဘူး၊ သူသဘောကျလို့ ကြံထားတာ၊ အစမရှိဘူးဆိုတာ အစရှာလို့ရှိရင် ဒုက္ခရောက်ယုံ ရှိတာပဲ၊ ဘာမျှကျေးဇူး မရှိဘူး။
မြတ်စွာဘုရားဟောတယ်၊ အဲဒီအစရှာဖို့ မလိုဘူးတဲ့၊ လိုတာက ယခုလောလောဆယ် ရှိနေတဲ့ ဒုက္ခတွေငြိမ်းအောင် လုပ်ဖို့ဟာ လိုတယ်၊ ဥပမာအားဖြင့် ဘာတုန်းဆိုလို့ရှိရင် လူတစ်ယောက်၊ မြားမှန်ဖူးတဲ့ လူတစ်ယောက်က မြားကလဲ အဆိပ်ပါတဲ့မြား၊ အဲဒီတော့ မြားမှန်တော့ကို မြားမှန်ခံရတဲ့ ပုဂ္ဂိုလ်က သူ့မြားကို မြန်မြန်နုတ်ပြီး ကုဖို့ရာ လိုလားတာကိုး။
အဲ-ဆရာက ဆေးဆရာက ကုမလို့လာတယ်၊ မြားနုတ်ပြီးတော့ ဆေးကုမလို့ လာတော့ မြားမှန်ခံရတဲ့ ပုဂ္ဂိုလ်က ပြောတယ်၊ ကျုပ်ကို ခင်ဗျား ဆေးကုမယ်ဆိုရင် ကျုပ်မေးတာတွေ အကုန်လုံး ဖြေနိုင်မှ အကုခံမယ်၊ နို့မို့လို့ရှိရင် ကျုပ်စိတ်မချဘူး၊ ခင်ဗျားဥစ္စာ ကျုပ်စိတ်မချဘူး၊ ကျုပ်ကိုမှန်တဲ့မြားဟာ အဲဒါဟာ ဘာသားလဲ၊ ဘာသား လုပ်ထားတဲ့မြားလဲ အဲဒါသိချင်တယ်၊ ဒီ အထဲမှာ ထည့်တဲ့အဆိပ်ကလဲ ဘယ်ကနေပြီး ထုတ်လာတဲ့ အဆိပ်လဲ ဘယ်တောကလဲ၊ မြားက ယခုဝါးလုပ်တယ် ဆိုလို့ရှိရင် အဲဒီဝါးက ဘယ်ကပေါက်တဲ့ ဝါးလဲ၊ ဘယ်အရပ်က ဖြစ်တာလဲ၊ ဒီဝါးက ဘယ်အနားကနေပြီး ပေါက်သလဲ အဲဒါ ကျုပ်သိချင်တယ်၊ နောက်ဒီမြားကို လုပ်တဲ့လူကလဲဘာတုန်း လူမျိုးကလဲခတ္တိယမျိုးလား, ဗြဟ္မဏမျိုးလား, သုဒ္ဓမျိုးလား, ဘယ် အမျိုးလဲ၊ ဘယ်သူက လုပ်တာလဲ သိချင်တယ်။
ပြီးတော့ အဲဒီမြားဖြစ်တော့ သူ့မှာ လေးကြိုး ပါဦးမယ်၊ ဒီလေးကြိုး ကလဲ ချည်ကြိုးလား၊ သို့မဟုတ် သားရေကြိုး လား အဲဒါကျုပ်သိချင်တယ်လို့ အဲဒီ ချည်ကြိုး ဆိုလို့ရှိရင် အဲဒီကြိုး ကလဲ ဘယ်ကနေ ဘယ်ဝါးခင်းကထွက်လဲ ဘယ်သူကလုပ်တယ် ဆိုတာကို ကျုပ်သိချင်တယ်၊ အဲဒီလူမျိုးရဲ့ အမျိုး အမည်ရော ဘာတွေရော အကုန်လုံးသိချင်တယ်။
ဒီတော့ သားရေက လုပ်တယ်ဆိုရင် ဒီသားရေဟာ ဘာသားရေတုန်း နွားသားရေလား, ကျွဲသားရေ လား, ဆိတ်သားရေလား, ဘာသားရေလဲ အဲဒါကျုပ်သိချင်တယ်ဗျား၊ ဒီသားရေဟာ ဘယ်သူက လုပ်တယ် ဘာလဲသိချင်တယ်၊ လေးကိုင်းကလဲ ဘာလဲ ဝါးကိုင်းလား, သစ်သား, ကိုင်းလားအဲဒါတွေ ကျုပ်သိချင်တယ်၊ ဝါး, သစ်သားကလဲ ဝါးဆိုဝါး, သစ်သားဆိုရင် သစ်သား ဘယ်တောက ပေါက်သလဲဆိုတာ ကျုပ်သိချင်တယ်၊ အဲဒါတွေ ခင်ဗျားအကုန်လုံးပြောနိုင်မှ အကုခံနိုင်မယ်လို့ ပြောတယ်တဲ့၊ ပြောလို့ရှိရင် ဆရာက ပြောနိုင်ပါ့မလားတဲ့၊ မပြောနိုင်ဘူးတဲ့၊ ဒီဥစ္စာတော့ တာဝန် မခံနိုင်ဘူးတဲ့၊ ဆရာက ဒါတွေ ဘယ်လိုက်ပြီး စုံစမ်းပြီး ပြောနိုင်မလဲ မပြောနိုင်ဘူး၊ မပြောနိုင်လို့ ဆေးကု မခံလို့ရှိရင် ဘာဖြစ်မလဲ၊ ဆေးကုမခံလို့ရှိရင် အဲဒီမြားမှန်တဲ့ ပုဂ္ဂိုလ်သေရုံရှိတာပေါ့ ဘယ့်နှယ်မှ မတတ်နိုင်ဘူးတဲ့။
အရေးကြီးတာက ဘာလဲဆိုရင် မြားမှန်တာဟုတ်ပြီ မြားလဲ မှန်နေပြီ၊ အသားထဲမှာ အဆိပ် တက်နေပြီ၊ အဲဒါတွေ မှန်ပြီ၊ မြားနုတ်ရမယ်၊ နုတ်ပြီး ဒီအဆိပ်တွေ ပြေတဲ့ဆေး ထည့်ပေးရမယ်၊ ဒီအနာ ပျောက်စေနိုင်တဲ့ ဆေးထည့်ပေးရမယ်၊ လိုနေတာက ဒါပဲဟာ၊ ဟိုဟာတွေက မြား ဘာနဲ့လုပ်တယ်၊ လေးဘာနဲ့လုပ်တယ်၊ သားရေကြိုး ဘာနဲ့လုပ်တယ်၊ ဘယ်သူက လုပ်လဲ, ဘယ်သူကပစ်လဲ ဆိုတာတွေက အပိုတွေပဲ၊ အဲဒါတွေလိုက်နေလို့လဲ ဆေးကုဖို့ဟာနဲ့ ဘာမျှ မဆိုင်ဘူးတဲ့၊ ဒီဥစ္စာ အဲသလိုပဲ။
ယခုသတ္တဝါတွေမှာ လောလောဆယ်ဆယ် ရှိနေတာက ရုပ်နာမ်တရားတွေ မပြတ်နေတာရှိတယ်၊ ဒုက္ခတရားတွေရှိတယ်၊ ဒီရုပ်နာမ်တရားတွေ မပြတ်ဖြစ်နေတာ ဘာ့ကြောင့်လဲဆိုတော့ ရုပ်နာမ် တရားတွေမှာ သာယာမှုလေးရှိနေတယ်၊ တဏှာ ရှိနေတယ် အဲဒီ သမုဒယသစ္စာ ရှိနေတယ်၊ အဲဒီ သမုဒယသစ္စာကြောင့် ဖြစ်နေတာ၊ အဲဒီ သမုဒယသစ္စာကြောင့်ဖြစ်တဲ့ ดုက္ခ သစ္စာတရားတွေ ငြိမ်းသွားအောင်လို့ဟာ ငြိမ်းဖို့ဟာ အားထုတ်ဖို့ လိုတာပဲတဲ့။
ဟိုရှေးရှေးသော ဘဝတွေက ဘာတွေဖြစ်လာခဲ့တယ်၊ ဘယ်က စလာခဲ့တယ်၊ ဘာဘာညာညာ ဆိုတာတွေလိုက်လို့ မမီတဲ့ဟာတွေ၊ အကယ်၍ တစ်ဦးတစ်ယောက်က မီလို့ သိတယ် ဆိုဦးတော့ တခြားပုဂ္ဂိုလ် ယုံကြည်ဖို့ဟာ ခက်တယ်၊ခက်တာပေါ့ မြတ်စွာဘုရားက သူကသိလို့ပဲ ဟောထားတာ ဆိုဦးတော့ တခြားပုဂ္ဂိုလ်တွေ ယုံဖို့ခက်တယ်၊ မခက်ဘူးလား၊ ဘုရားဟာ ဟုတ်မှဟုတ်ပါ့မလား၊ သူ့ဥစ္စာ တော်သလို ဟောသွားတာပါလား၊ ဒီလိုလဲ ထင်မှာပေါ့၊ ဒီတော့ လက်လှမ်း မမီတာတွေ, မသိတာတွေ လျှောက်ဟောလို့ မဖြစ်ဘူး၊ သူက အဲဒါကြောင့် အရေးကြီးတာက ရှေးကဟာတွေ လိုက်နေဖို့ မလိုပါဘူးတဲ့၊ ရှေးကတော့ ရှိတော့ရှိမှာပေါ့၊ ခုနကပြောတဲ့လေးတို့, မြားတို့လုပ်တဲ့ ဥစ္စာတွေဟာ ရှိတော့ရှိတာပေါ့၊ ရှိပေမယ့်လဲ ဒါတွေ လိုက်စရာမလိုဘူးတဲ့။
ယခုလိုဒါက ဘာတုန်း ဆိုလို့ရှိရင် မိမိသန္တာန်မှာ ဖြစ်နေတဲ့ ဒုက္ခသစ္စာတရားတွေတဲ့၊ ဒါက လက်ငင်း ရှိနေပြီတဲ့၊ မြားမှန် သလိုပဲ၊ ဒီ ဒုက္ခသစ္စာတရားတွေ, ဆင်းရဲတရားတွေ ငြိမ်းဖို့က အရေးကြီးတယ်၊ ဘဝ ထပ်ခါဖြစ်ရင် ဖြစ်ရာဘဝမှာ အိုရမယ်, နာရမယ်, စိုးရိမ်ပူဆွေးရမယ်, ငိုကြွေး ရမယ်, ကိုယ်ဆင်းရဲ, စိတ်ဆင်းရဲတွေဖြစ်ရမယ်၊ အဲဒါတွေ အရေးကြီးတယ်၊ ဒါတွေကို သိမှုတွေ မဖြစ်ဘူးတဲ့၊ သာယာမှု မဖြစ်လို့ရှိရင် ဘဝထပ်မဖြစ်ဘူး၊ အဲဒါအရေးကြီးတယ်၊ ယခုလောကမှာလဲ တစ်စုံတစ်ခုကို နှစ်သက်သာယာ လို့ရှိရင် နှစ်သက်သာယာတဲ့ အာရုံနဲ့ စပ်ပြီးတော့ ကြောင့်ကြ စိုက်ရတာကို နှစ်သက်သာယာတဲ့ အာရုံမရှိရင် ကြောင့်ကြမစိုက်ရဘူး။
မြတ်စွာဘုရား လက်ထက်တုန်းက ဒကာတစ်ယောက်က မြတ်စွာဘုရားကို လျှောက်တယ်၊ တပည့်တော်ဘုရားတဲ့၊ တပည့်တော် တစ်ထိုင်အတွင်းပဲ ဒီဆင်းရဲနဲ့ ဆင်းရဲဖြစ်ကြောင်း တရားတွေ တပည့်တော် သိချင်တယ်တဲ့၊ အဲဒါဟောပါဆိုတော့ ဘုရားက ဒကာတဲ့ ငါအတိတ် အစအကြောင်းတွေ လျှောက်ပြီးတော့ ဟောရင် မင်းမသိဘူးတဲ့၊ ငါအတိတ်ဘဝက မင်းဘယ်က အတိတ်ဘဝက ဘယ်လိုဘယ်လို ဖြစ်လာတယ်ဆိုတာ ဟောလို့ရှိရင် အဲဒါတွေ မင်းမသိဘူးတဲ့၊ မသိတော့ ငါဟောလို့ ယုံမှာ မဟုတ်ဘူးတဲ့၊ ထားလိုက်မှဖြစ်မှာ နောက်တစ်ခါ အနာဂတ်ဘဝတွေ မင်း ဘယ်အကြောင်းကြောင့် ဘာဖြစ်သွားလိမ့်မယ်လို့ လျှောက်ဟောလို့ရှိရင် ငါသိပေမယ့်လို့ မင်းကယုံမှာ မဟုတ်ဘူး၊ အဲဒါတွေလဲ ဟောလို့ မဖြစ်ဘူး၊ ဒီတော့ကို တစ်ထိုင်အတွင်း နားလည်တာ ဟောမှ ဆိုပြီးတော့ သူဟောတယ်။
မင်း အိမ်ရှင်မ ရှိတယ်တဲ့၊ မင်းမှာ သားကလေး ရှိတယ်တဲ့၊ အဲဒီတော့ မင်းအိမ်ရှင်မနှင့် မင်း မတွေ့ခင်တုန်းကတဲ့၊ အဲဒီအိမ်ရှင်မကို ချစ်ခြင်း, ခင်ခြင်း, တပ်မက်ခြင်း, သာယာခြင်း ရှိရဲ့လားတဲ့၊ မရှိပါဘူးဘုရားတဲ့၊ လူချင်းမှ မတွေ့ရသေးဘဲ ဘယ်ရှိမလဲတဲ့ ဒီဥစ္စာကတော့၊ အဲဒီတော့ နောက် တွေ့တော့ တစ်ဦးနှင့်တစ်ဦးတွေ့တော့ ချစ်ကြခင်ကြတယ်၊ ချစ်ခင်ပြီးတော့ အခုနေကာလဆိုလို့ရှိရင် အဲဒီအိမ်ရှင်မ တစ်စုံတစ်ရာ ဆင်းရဲ ဒုက္ခရောက်သွားမယ်၊ အဲ အခြားသော လူတွေကနိုင်ထက်ကလူ နှိပ်စက်ပြီးတော့ နှိပ်စက်မယ်, သတ်ကြမယ်, ဖြတ်ကြမယ်ဆိုလို့ရှိရင် မင်းစိတ်ထဲဘယ့်နဲ့နေမလဲ၊ မြတ်စွာဘုရားက မေးတယ်။
ဒါကတော့ ဘုရား၊ ဒါကတော့ အများကြီး ဒုက္ခရောက်မှာပါတဲ့၊ ပုံမတော် အသက်တောင်မှ သေပါသေးတယ်ဘုရား၊ အဲဒါ အင်း- ဘယ်ကလာတာတုန်း အဲဒီဥစ္စာ မင်းဘယ်ကလာတာတုန်း၊ မင်းအစတုန်းက သိရဲ့လား၊ အင်း အိမ်ရှင်မနှင့် မတွေ့ခင်တုန်းက ဒီလိုဖြစ်ပါ့မလားတဲ့၊ အဲဒါ မဖြစ်ဘူးတဲ့၊ အခုတော့ ဘာဖြစ်လို့ဖြစ်သလဲ၊ ဒါ သူ့ခင်မင်တွယ်တာမှုရှိလို့ ဖြစ်တာ၊ အေး-အဲဒါ သူ့အကြောင်းကြောင့်တဲ့၊ ခင်မင်တွယ်တာမှု ရှိရင် ဒုက္ခဖြစ်တယ်တဲ့၊ ဒါလက်ငင်း ဟောတာကိုး၊ လက်ငင်းဟောတာအရေးကြီးတယ်၊
ဒီခင်မင်တွယ်တာမှု ပြုတ်ဖို့ရာ အရေးကြီးနေတာ၊ တပ်မက်နှစ်သက် သာယာတာတွေရှိသတဲ့၊ မင်းသားကလေး ရှိလို့ရှိရင် မင်းသားကလေးဟာ မရသေးဘူးတဲ့၊ မရသေးခင်က မင်းသားလေးနှင့် အကြောင်း ပြု ပြီး ချစ်ခင်တွယ်တာမှု ဖြစ်လာတယ်ဆိုတာ သားမရသေးခင်က သားကြောင့် ငါ့သားငါချစ်တယ်ဆိုတာ ဘယ်ဖြစ်မလဲ မဖြစ်နိုင်ဘူး၊ မင်းသားရှိမှ မရှိဘဲ၊ မရှိသေးဘဲနဲ့ အဲဒီအိမ်ရှင်မနဲ့ အိမ်ထောင် မကျသေးခင်တုန်းက၊ မကျသေးခင်တာဆိုရင် သား ချစ်စရာ ဘယ်ရှိ မလဲ၊ သားမရှိသေး၊ နောက်သားလေးရလာ၊ သားလေးရတော့ အဲဒီသားလေး ချစ်ခင်သာယာမှု မရှိဘူးလားတဲ့၊ သားလေးဆိုပြီးတော့ ရှိပါတယ်။
အဲဒီသားလေး အခုနေကာလမှာ အကြောင်းမသင့်လို့ သူတစ်ပါးက သတ်လို့ဖြတ်လို့ အတိ ဒုက္ခ ရောက်သွားမယ်၊ ရှေ့ မျက်မှောက်မှာပဲ နှိပ်စက်ကြမယ်ဆိုရင် မင်း ဘယ့်နဲ့နေမလဲ၊ ဒါ ဘုရားတဲ့၊ အများကြီး ဒုက္ခရောက်မှာပါပဲ၊ တပည့်တော်တို့ သေကောင်း သေပါလိမ့်မယ်၊ အဲဒါ ဘာကြောင့်တုံး၊ ဒါ ချစ်လို့ပဲ၊ အဲဒီတော့ အင်း-ချစ်ခြင်း, ခင်ခြင်းတည်း ဟူသော သာယာခြင်း, တပ်မက်ခြင်းဟူသော အကြောင်းကြောင့် ဆင်းရဲတွေ ဖြစ်တယ်တဲ့၊ အဲဒါနဲ့ ထင်ရှားရောပေါ့ ဖြစ်ရတယ်၊ နောက်ကို မင်းကိုရပ်ရွာထဲမှာတဲ့ ချစ်ခင်ရင်းနှီးတဲ့ ဆွေမျိုးမိတ်ဆွေတွေလဲ ရှိတယ်တဲ့၊ မချစ်ခင် မရင်းနှီးတဲ့ ပုဂ္ဂိုလ်တွေလဲ ရှိတယ်၊မချစ်ခင် မရင်းနှီးတဲ့ပုဂ္ဂိုလ်တွေ တစ်စုံတစ်ရာ ဘေးဒုက္ခဖြစ်လို့ သေကြေ ကုန်လို့ရှိရင် မင်းစိတ်ထဲ ဘယ့်နဲ့နေမလဲတဲ့၊ ဘာမျှမဖြစ်လှဘူးတဲ့၊ သူ့စိတ်ထဲ နေသာထိုင်သာ ရှိပါလိမ့်မယ်တဲ့၊ အဲဒီချစ်ခင်ရင်းနှီးတဲ့ ပုဂ္ဂိုလ်တွေ တစ်စုံတစ်ရာ ဘေးဒုက္ခ ရောက်သွားမယ် ဆိုရင် မင်းစိတ်ထဲ ဘယ့်နဲ့နေမှာလဲ၊ အဲဒါ ဘုရား၊ ဒါကတော့ စိတ် ဒုက္ခရောက်မှာပါ၊ အများကြီး ရောက်မှာပါပဲ၊ တစ်ဖက်က ဘာကြောင့်လဲဆိုတော့ ဒါလဲပဲ ချစ်ခင်မှုရှိလို့ပဲဆိုတာ မြတ်စွာဘုရားက ဟောရတာကိုး။
အဲဒါ ခင်မင်တွယ်တာမှု ရှိနေသမျှ ကာလပတ်လုံးဟာ ဘဝမှာထပ်ကာ ထပ်ကာဖြစ်ပြီး အိုခြင်း, သေခြင်း စသည့် စိတ်ဆင်းရဲမှုဆိုတာ တွေ့နေတယ်။ အိုခြင်း, သေခြင်း, နာခြင်း စသည့် သံသရာ ဝဋ်ဆင်းရဲတွေ ငြိမ်းဖို့ရာလို့ အရေးတကြီး၊ ဘာလဲဆိုရင် ခင်မင်တွယ်တာ သာယာမှု ကိလေသာ မဖြစ်အောင်လို့ အားထုတ်ဖို့ရာ အရေးကြီးတာကိုး၊ အဲဒါ ဒွါရ ၆-ပါးက ဖြစ်တိုင်းဖြစ်တိုင်း ရုပ်နာမ်တွေကို မရှုလို့ ဖြစ်ခိုက်ပျက်ခိုက် အဲဒါတွေကို အနိစ္စ, ဒုက္ခ မသိလို့ရှိရင်ဖြင့် အဲဒီတရား တွေနှင့်စပ်ပြီး ခင်မင်တွယ်တာမှုတွေ ဖြစ်နေတယ်၊ မရသေးတာတွေ ရချင်တယ်၊ ရပြီးတာတွေ သာယာနှစ်သက်တယ်၊ ဒီလိုဖြစ်နေတာ။
ဗောဇ္ဈင် တရားတော် အပိုင်း (၁၉ / ၅၀)
▬▬▬▬ஜ۩۞۩ஜ▬▬▬▬
အဲဒါကြောင့် ဒီတရားတွေကို သိရအောင်လို့ ဝိပဿနာ ရှုရတယ်၊ ဝိပဿနာရှုတော့ ယခု ရှုတိုင်းမှတ်တိုင်းတာ ဟုတ်လား၊ ရုပ်နဲ့နာမ် လေးပိုင်းခြားပြီးတော့ သိတယ်၊ ဖြစ်ပြီး ပျက်သွားတာ တွေဆိုတာ သိတယ်၊ ဖြစ်ပြီးတော့ ပျက်သွားတာလေး ပီတိကလေးက ဒီဖြစ်ပြီး ပျက်သွားတာ လေးတွေဟာ, ချစ်စရာလား, မုန်းစရာလား, အားမကိုးစရာလား စဉ်းစားကြည့်ပေါ့၊ ယခုလူတွေဟာ ချစ်ခင်နှစ်သက် သာယာနေတာတွေဟာ အမြဲတည်နေတယ်ထင်လို့၊ ဖြစ်ပြီးပျောက်သွားရင် မရှိတော့ဘူး။
ဥပမာ-ည လျှပ်စီးလက်တယ်၊ မိုးရွာတဲ့အခါ လျှပ်စီးလက်တယ်၊ အဲ - လက်သွားတာလေးတော့ လက်တုန်းတော့ သူကကောင်းတယ်၊ လက်ခနဲ လင်းသွားတာကိုး၊ သို့သော် လက်သွားတာတွေ ဖြစ်ပြီးတော့ ပျောက်သွားတော့ကို အဲဒီတုန်းက လက်သွားတဲ့ဥစ္စာလေးကို ကိုယ်သိမ်းပိုက် ထားတာလဲ မရှိတော့ ဘာမျှသာယာစရာ မရှိဘူး၊ ငါလင်းတာလက်တာကလေး ရှိနေတာပဲလို့ အာရုံပြုပြီးတော့ ဂုဏ်ယူစရာလဲ မရှိဘူး၊ ဝမ်းမြောက်စရာလဲ မရှိဘူး၊ ဘာမျှ တွယ်တာစရာ မရှိဘူး၊ အဲသလိုပဲ မိမိသန္တာန် ဖြစ်နေတဲ့ ရုပ်နာမ်တရားတွေ ဖြစ်ပျက်နေတယ်ဆိုတာ မသိတော့ အမြဲတမ်း တည်နေတယ် ထင်တော့ကို ဒါလေးအာရုံ ပြုပြီးတော့ ငါ့လက်ပဲ, ငါ့ခြေပဲ, ငါ့ကိုယ်ပဲ, ငါ့သားပဲ, ငါ့သမီးပဲ, ငါ့ပစ္စည်းပဲ, ငါ့ဥစ္စာပဲ စသည်ဖြင့် ဒါတွေဟာ အစဉ်ထာဝရ ရှိတယ် အောက်မေ့ပြီးတော့ ဒါတွေအားကိုးနေကြတာကိုး၊ ယခုလဲ ရှိနေတယ်၊ နောင်လဲ ရှိနေဦးမှာပဲ၊ နောက် ဘဝဘဝတွေလဲ ဒီလိုရှိပြီး စဉ်းစားနေဦးမှာပဲဆိုတော့ သာယာစရာ နှစ်သက်စရာတွေ, အားကိုးစရာတွေ ဖြစ်တယ်၊ (ဖြစ်တိုင်း ၂) ဒွါရ ၆-ပါးက ဖြစ်ပေါ်တဲ့ တရားတွေဟာ ဖြစ်ပြီးရင်း ပျောက်သွားရင်း၊ ဖြစ်ပြီးရင်း ပျောက်သွားရင်း၊ မမြဲဘူးဆိုတာ ကိုယ်တိုင် တွေ့ပြီးတော့ သိနေရင် နှစ်သက်သာယာစရာ မရှိဘူး။
ယခု ဝိပဿနာရှုလို့ အဖြစ်အပျက်ကလေးတွေ ဘာတွေ တွေ့တဲ့အခါကြတော့ ဖြစ်ပျက်ဆင်းရဲ တရားတွေပဲလို့ ဖြစ်ပြီး ပျောက်သွားတာတွေ မသိလို့ရှိရင် သာယာတာဟာ ဆင်းရဲကြောင်း တရားပေါ့၊ ခင်မင် တွယ်တာစရာ, သာယာစရာ rယ်လို့မရှိ၊ ဖြစ်ပြီး ပျောက်သွားတာပဲ၊ ယခုချက်ခြင်း ဒီသာယာမှု ငြိမ်းသွားတာ၊ အဲဒါဟာ တဒင်္ဂအားဖြင့် ငြိမ်းတာပဲ၊ အဲဒီလို ငြိမ်းသွားပြီးနောက် ဆက်ဖြစ် ပျက်မှုနဲ့စပ်ပြီးတော့ တွေ့ရတဲ့ အာရုံတွေနှင့် စပ်ပြီး သူက ကောင်းစားအောင် ကြိုးစား အားထုတ် မည့် အမှုတွေ, ကံတွေမတွေ့ရဘူး၊ ဒီကံကစပြီး နှစ်သက်ပြီး အကျိုးပေးမည့် ဘဝတွေ မဖြစ်ရဘူး၊ အဲဒါတွေလဲ အစဉ်ထာဝရ ငြိမ်းနေတယ်၊ ဒါတွေ တဒင်္ဂအားဖြင့် ငြိမ်းသွားတာ၊ အဲဒီ ရှုတိုင်းမှတ်တိုင်း ဖြစ်ပျက်နေလို့ မမြဲဘူး၊ ဆင်းရဲမှုတွေကြီးပဲလို့ ဆင်းရဲမှုတွေပဲလို့ သဘောကျနေတာ၊ ဒါက ဝိပဿနာ မဂ္ဂသစ္စာ ဝိပဿနာပဲ၊ သစ္စာ ၄-ပါး တရားတွေ ဒါ မှတ်တိုင်း မှတ်တိုင်း သိနေတာ။
အဲဒါ သစ္စာလေးပါးတရား၊ ဒီလောက်သိရင်ကို မြတ်စွာဘုရားဟာ ဒီတရားတွေ, ဆင်းရဲတရား တွေကိုလဲ သိတယ်၊ ဆင်းရဲကြောင်းဖြစ်တဲ့ သာယာ နှစ်သက်မှုကိုလဲ သိတယ်၊ ဒါငြိမ်းတဲ့ တရားကိုလဲ သိတယ်၊ ငြိမ်းကြောင်းဖြစ်တဲ့ ရှုမှု, သိမှု အဲဒီ ဉာဏ်မျိုးတွေကိုလဲ မြတ်စွာဘုရား ကိုယ်တိုင်သိတယ်၊ ဒီသစ္စာလေးပါး တရားတွေကို ကိုယ်တိုင်သိပြီး မြတ်စွာဘုရား ဟောထားတာပဲ၊ အဲဒီနည်းအတိုင်း တို့တောင် နည်းနည်းအားထုတ်လို့ နည်းနည်းသိလာပြီ၊ နောက် ဆက် အားထုတ်လို့ရှိရင် အများကြီး သိဦးမယ်ဆိုတာ စိတ်ထဲမှာ ဉာဏ်ထဲမှာရှင်းပြီး သဘောပေါက်လာတယ်၊ အဲဒီလို သဘောပေါက် လာတာ၊ အဲဒါ ဘုရားတွေ့တာပဲ၊ ကိုင်း-ကိုင်း ဆိုရမယ်။
ဗုဒ္ဓေါ - သစ္စာလေးပါး တရားအလုံးစုံကို အကုန်အစင် သိမြင်တော်မူပေသော မြတ်စွာဘုရား။
(၃-ခေါက်)
အဲ - တရားအလုံးစုံကိုသိတဲ့ မြတ်စွာဘုရားနဲ့ နည်းနိသျှအတိုင်း မိမိတို့ အားထုတ်နေရပါပေတယ်လို့ နှလုံးသွင်းလိုက်တဲ့အခါ စိတ်ထဲ တော်တော်ကို မြတ်နိုးစရာဖြစ်ပြီး ပီတိပါမောဇ္ဇတွေ ဖြစ်တတ်တယ်တဲ့၊ အဲဒါကြောင့်မို့ ဒီမှာ ရတနာသုံးစုံ သီလဂုဏ် စွန့်ပုံ အောက်မေ့ပါတဲ့၊ ရတနာ သုံးပါးရဲ့ဂုဏ်ကို ဘုရားဂုဏ်တွေအောက်မေ့ပုံ၊ နောက် တရားဂုဏ် အောက်မေ့ပုံကို ဟိုတစ်နေ့က ပြောခဲ့တဲ့ ကိလေသာကင်းငြိမ်းပုံကလေး မြတ်စွာဘုရားဟာ တရားကျင့်သုံးပြီး ကိလေသာတွေ ကင်းငြိမ်းနေတယ်၊ မျက်မှောက်မျက်ကွယ် ဘယ်အခါမျှ လောဘမဖြစ်ဘူး၊ ဒေါသမဖြစ်ဘူး၊ မောဟမဖြစ်ဘူး၊ မာနမဖြစ်ဘူး၊ ဒိဋ္ဌိ ဝိစိကိစ္ဆာစသည့် စိတ်အညစ်အကြေးတွေ ဘာမှမဖြစ်ဘူး၊ သတ္တဝါတွေဟာ အများအားဖြင့် နှစ်သက်သာယာစရာရှိရင် နှစ်သက်ကြ, သာယာကြတာပဲ၊ မုန်းစရာရှိရင် မုန်းကြ, စိတ်ဆိုးကြတာပဲ၊ ဒေါသဖြစ်ကြတာပဲ၊ အင်း-ဂုဏ်ယူစရာ ရှိရင်လဲ မာန ဖြစ်ကြတာပဲ။
ဒီအဲလို လောကကြီးထဲမှာ မြတ်စွာဘုရားဟာ နှစ်သက်စရာတွေ ဘယ်လောက် ကောင်းကောင်း သာယာနှစ်သက်မှု မရှိဘူး၊ မျက်မှောက် အများရှေ့မှာလဲ နှစ်သက်သာယာမှု မရှိဘူး၊ အများမျက်ကွယ်မှာလဲ ကိုယ်တစ်ကိုယ်တည်း နေတဲ့အခါ နှစ်သက်သာယာမှုအဖြစ်ကို မရှိဘူး၊ မဖြစ်တတ်တဲ့ သဘောဖြစ်နေတယ်၊ သာယာမှု လုံးလုံးမဖြစ်ပဲနဲ့ ငြိမ်းနေတယ်၊ စိတ်ဆိုးစရာ အာရုံတွေ ဘယ်လောက် မကောင်းတာတွေနဲ့ တွေ့တွေ့ စိတ်ဆိုးမှု, စိတ်ညစ်မှု, နှလုံးမသာယာမှု ဒေါသတွေ မဖြစ်ဘူး၊ ဂုဏ်ယူစရာတွေ ဘယ်လောက်ပဲရှိနေရှိနေ၊ အဲဒါတွေနဲ့စပ်ပြီး ငါပဲဆိုပြီး, ဂုဏ်ယူပြီး မာနဖြစ်တာတွေ မရှိဘူး၊ ဒီကိလေသာတွေဟာ အကုန်လုံး ကင်းပြီးနေတော့ ဒါကလဲကြည်ညိုစရာပဲ။
အဲဒါလဲပဲ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်က ကိုယ်တိုင် တွေ့တန်သမျှ တွေ့နိုင်တယ်၊ တရား အားမထုတ်ခင်ကဖြစ်နေတာ၊ အားထုတ်တဲ့ အခါကာလ စိတ်ဟာ တော်တော် ကွာပါတယ်၊ တော်တော်ကလေး အားထုတ်မိရင်ကို စိတ်တွေက တော်တော်သိ လာတယ်၊ တော်တော် ငြိမ်သက် လာတယ်၊ သိမ်မွေ့လာတယ်၊ ဖြစ်လာတယ် တရားထူး မရသေးဘူး ထားဦးတော့ပေါ့၊ အဲဒီ လောဘရယ်, ဒေါသရယ်, အကျယ်အကျယ်တွေ သိပ်မဖြစ်ဘူး၊ နည်းနည်း သက်သာမှု ရနေတယ်၊ တဒင်္ဂအားဖြင့် သက်သာခွင့် ရနေတယ် တရားအထူးကို ရသွားပြီ၊ အဲဒီပုဂ္ဂိုလ် တွေကတော့ တော်တော်လဲ သက်သာခွင့်ရသွားတယ်၊ ထောက်တည်ရာရသွားတယ်။
အဲဒီတော့ မိမိသန္တာန်မှာ တရားနှလုံးသွင်း အားထုတ်လို့ ကိလေသာ ငြိမ်းတန်သမျှငြိမ်းတဲ့ တရား ရတာနဲ့ အဲဒါနဲ့ အော်-မြတ်စွာဘုရား ဒီတရားဟောခဲ့တယ်၊ ကိလေသာ ငြိမ်းကြောင်းဖြစ်တဲ့ တရားတွေ၊ ကိုယ်တိုင်ကျင့်ပြီးတော့ တကယ်ငြိမ်း စေတတ်တဲ့ စိတ်ဆေးကောင်း, ဝါးကောင်း နည်းကောင်းတွေနဲ့ မြတ်စွာဘုရား ဟောထားခဲ့တာပဲ၊ အင်မတန် ကောင်းတဲ့ တရား နည်းလမ်း၊ တဒင်္ဂ အားထုတ်နေရတာပဲ၊ သံသရာ ဝဋ်ဆင်းရဲတွေမှာ သံသရာ ဝဋ်ဆင်းရဲတွေ ငြိမ်းစေနိုင်တဲ့ နည်းကောင်းလမ်း ကောင်းတွေ့တာ၊ ငါကျင့်ကြံ အားထုတ်နေရတာပဲလို့ အာရုံပြုတဲ့အခါမှာ ပီတိပါမောဇ္ဇတွေ ဖြစ်လာနိုင်ပါတယ်၊ ဖြစ်နိုင်ပါတယ်၊ အဲဒါကြောင့်မို့ အဲဒါလဲ နှလုံးသွင်းရမယ်၊ အဲ-တစ်နေ့ကဆိုပြီးသား၊ ဒါကတော့-
အရဟံ - လောဘ, ဒေါသ, မောဟ အစရှိသော ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေး စင်ကြယ် တော်မူပေသော မြတ်စွာဘုရား။ (၃-ခေါက်ဆို)
အဲ-လောဘ, ဒေါသ, မောဟ အစရှိသော စိတ်အညစ်အကြေးတွေတဲ့၊ ဒါတွေက တရားအားထုတ်တဲ့ ပုဂ္ဂိုလ်မှာ အားလုံးတော့ မဟုတ်ဘူး၊ ငြိမ်းတန်သမျှတော့ ငြိမ်းပါတယ်၊ သို့သော်လဲ တော်တော် သက်သာမယ်၊ အဲဒါကလေးတွေ သိရတော့ မြတ်စွာဘုရားမှာ ဒီကိလေသာတွေ လုံးဝကင်းငြိမ်း နေတယ်ဆိုတော့ ကြည်ညိုစရာ ကောင်းပါတယ်၊ ကိုယ့် မကင်းတာနှင့် ကိုယ်မငြိမ်းတာနဲ့ ဘုရား ငြိမ်းတယ်ဆိုတာကို ကြည်ညိုစရာ ကောင်းပါတယ်၊ အဲဒီလို ကိလေသာ ငြိမ်းစေတတ်တဲ့ အကျင့်တွေ မြတ်စွာဘုရား ဟောခဲ့လို့ တစ်ကယ် ကိလေသာငြိမ်းစေတဲ့ နည်းကောင်း လမ်းမှန်တွေ ငါအားထုတ်နေရတာပဲလို့ နှလုံးသွင်းတဲ့ အခါမှာ ပီတိတရားတွေ ဖြစ်လာတတ်ပါတယ်၊ ပီတိဖြစ်ကြောင်း တရားပဲတဲ့၊ ရတနာ ၃-စုံ၊ သီလဂုဏ်၊ စွန့်ပုံအောက်မေ့ပါတဲ့၊ ဒါလေး ဆိုထားတယ်။
ရတနာသုံးစုံ သီလဂုဏ် စွန့်ပုံအောက်မေ့ပါ။ (၃-ခေါက်)
အဲ-ဘုရားဂုဏ်တွေ လျှောက်ဟောနေလို့ မပြီးသေးဘူး၊ တရားဂုဏ် သွားဦးမှဖြစ်မှာ၊ နောက်ဟောစရာတွေ အများကြီး ရှိသေးတယ်၊ တရားဂုဏ်တွေတဲ့၊ သွာက္ခာတော ဘဂဝတာ ဓမ္မော၊ ဘဂဝတော - မြတ်စွာဘုရားသခင်သည်၊ ဓမ္မော - တရားတော်ကို ကောင်းမွန်စွာ ဟောကြားတော် မူအပ်ပါပေ၏။ မြတ်စွာဘုရားဟာ ကောင်းကောင်းမွန်မွန် ဟောတယ်တဲ့၊ (ဘာသာတိုင်း-၂)က ကိုယ့်ဘာသာ ဟောထားတဲ့ တရားတွေဟာ သူတို့ ဘုရားသခင် ဟောတယ်လို့ပဲ ဆိုတယ်၊ ကောင်းကောင်း ဟောထားတယ် လို့ ပြောကြမှာပါပဲ၊ မကောင်းကြောင်း ဟောတယ်လို့ ဘယ်သူမျှ ပြောမှာမဟုတ်ဘူး၊ ဗုဒ္ဓဘာသာကလဲ မြတ်စွာဘုရားဟာ ကောင်းကောင်း ဟောတယ်၊ ကောင်းကောင်း ဟောထားတယ်၊ ဘယ်သူ့ဟာက ဟုတ်တယ်ဆိုတဲ့ဟာ ဘယ်လိုလုပ်စစ်မယ် ဆိုရင် အဲဒါအရေးကြီးတယ်၊ ဟုတ်မဟုတ် စစ်ဖို့ရာကတော့ အရေးကြီးတယ်။
အဲဒီတော့ လောဘ, ဒေါသ, မောဟ ကိလေသာတွေ ငြိမ်းစေနိုင်တဲ့ တရားဆိုရင် ကောင်းကောင်း ဟောတာပဲ၊ လောဘ ငြိမ်းအောင်, ဒေါသ မောဟ ငြိမ်းအောင် ဒီလိုဟောရင် ကောင်းကောင်း ဟောတာပဲ၊ မြတ်စွာဘုရား လက်ထက်တော် ကာလတုန်းက ဒကာတစ်ဦးက ရှင်အာနန္ဒာကို မေးတော့ ရှင်အာနန္ဒာတဲ့၊ ကောင်းကောင်း ဟောတယ်လို့ ဆိုတယ်တဲ့၊ ဒီတော့ အရှင်ဘုရားကို တရားကောင်းကောင်း ဟောတယ်ဆိုတာ ဘာကြောင့် ကောင်းကောင်း ဟောတယ်လို့ ဆိုရသလဲ ဆိုတော့ ဒကာကလေး ဗုဒ္ဓဘာသာ မဟုတ်တဲ့ပုဂ္ဂိုလ်ကို အလွတ်ဘာသာခြား ပုဂ္ဂိုလ်ကမေးတော့ အဲဒီတော့ အရှင်အာနန္ဒာက ဒါဖြင့် ဒကာ သဘောကျသလို ဖြေတာပေါ့၊ ဖြေတာပေါ့တဲ့၊ မေးခွန်း ထုတ်ပြီးတော့ မေးခွန်းထုတ်ပြီး သူ့ဟာသူ အဖြေပေါ်လာပါတယ်၊
လောဘဆိုတာ ကောင်းရဲ့လားတဲ့၊ ဒီလောဘဟာ လိုချင်တပ်မက်မောတာ ကောင်းရဲ့လားဒကာ လောဘရမက် တပ်မက်မောကြီးရင် အားကြီး လို့ရှိရင် ကိုယ်အလို ပြည့်အောင်လို့ဟာ သူတစ်ပါးတွေ ဘာပဲဖြစ်ဖြစ်ပေါ့လေ၊ ဒီတော့ ဘာပဲဖြစ်ဖြစ် ကိုယ်အလိုရှိအောင်တော့ လုပ်ကြတာ၊ လောဘ အားကြီးအောင်၊ လောဘ တယ်အားမကြီးရင်တော့ တယ်မလုပ်ထိုက်ပါဘူး၊ တယ်လောဘ အားနည်းရင် အားနည်းလို့ ဆိုလို့ရှိရင်တဲ့ သူတစ်ပါးတို့၏ သတ်ခြင်း, ဖြတ်ခြင်း, ခိုးခြင်း, ပြုခြင်း၊ ဒီလိုဟာတွေ သိပ်မဟုတ်ပါဘူး၊ သူက အဲ-အားကြီးတော့ လုပ်ချင်တိုင်းလုပ်တယ်၊ တပ်ခြင်း လောဘတွေ များလာတယ်၊ ဘာမှမသိဘူး၊ ဘယ်လူ့မှ မငဲ့နိုင်တော့ပါဘူး၊ ဒိပြင်ဟာတွေကို မပြောထားနဲ့၊ သားသမီးနှင့်မိဘတောင်မှ တည့်တာမဟုတ်ဘူး၊ သူ့ဥစ္စာ ဆိုလို့ရှိရင် သားသမီးတွေက မိဘတွေလဲ မငဲ့ဘူး၊ လောဘ အားကြီးလာပြီဆိုမှတော့ ကိုယ်ထင်တာ လုပ်တော့တာပဲ၊ ဒါကြောင့်မို့ မိဘတွေနှင့် သားသမီးတွေနှင့် အဆင်မပြေမှုတွေ ဖြစ်ခြင်းရှိပါတယ်၊ သတင်းစာထဲ ခဏခဏ ပါနေတယ်၊ အချို့လဲ ကွဲကြတာပဲ၊ ခဏခဏပါတယ်။
မိဘတွေ သားသမီး ဆုံးမလို့မရဘဲနဲ့ ထင်တာတွေလုပ်၊ အဲဒါတွေနဲ့ပဲ အရှက်တကွဲ အကျိုးနည်း ဖြစ်တာတွေလဲ အများကြီးပါပဲ၊ သူ့ဥစ္စာပစ္စည်းတွေလဲပဲ ပြုန်းတီးပျက်စီးတော့ ဆုံးမလို့မရ၊ ဒုက္ခတွေ အများကြီး ရောက်ပါတယ်၊ လောဘအား ကြီးလာလို့ရှိရင် ကိုယ်လိုချင်တဲ့အကျိုး ကိုယ့်ဟာပြီးရော ဆိုပြီး ဘယ်သူမှ တယ်ငဲ့တာ မဟုတ်ဘူး၊ အဲဒီလိုလုပ်တယ်၊ အခု သူများဥစ္စာတွေ ခိုးတိုက်နေတဲ့ ပုဂ္ဂိုလ်တွေဟာ လောဘပါပဲ၊ လက်သယ် ရှာလိုက်တော့ ဒီလောဘပါပဲ၊ ရှေးက ဆရာတော်ကြီး တစ်ပါးက ပြောတယ်၊ လူကတော့ မဆိုးရှာပါဘူးတဲ့၊ လူကတော့ ကောင်းရှာပါတယ်၊ အဲ-သူ့ခမျာ ဒါပေမယ့် သူ့သန္တာန်က လောဘက ဆိုးနေရှာလို့ လောဘဆိုးနေတော့ -
လောဘခိုင်းတိုင်း သူ့ခမျာ လုပ်နေရတာ တယ်သနားစရာ ကောင်းတယ်၊ သနားစရာ ကောင်းဆိုတာ သူ့ဥစ္စာ သတ္တဝါ တွေကဆိုးတယ်၊ မိုက်တယ်ဆိုပြီးတော့ အပြစ်တင်ကြတာကိုး၊ လူက သိပ်ဆိုးတာ မဟုတ်ဘူး၊ အခုနက လောဘတွေက ဆိုးနေတာ၊ လောဘတွေက ခိုးဆိုရင် ခိုးရတာပေါ့၊ လူ့ဆိုရင်လု၊ အဲဒီလိုစကားတွေကို သင်တဲ့ စကားတွေလဲပြော, ယဉ်ကျေးတဲ့ စကားတွေလဲ ပြောဦးဆို ပြောရတာပေါ့၊ ခက်တယ်၊ မရှက်မကြောက်ကို ပြောရတာ၊ လောဘ တိုက်တွန်းခိုင်းလို့ လုပ်နေရတာ၊
ထို့အတူပဲ၊ ဒေါသလဲ သူကခိုင်းရာ လုပ်နေရတာပဲ၊ မောဟကလဲ မသိတော့ ထင်မိထင်ရာ အကုန်လုံး လျှောက်လုပ်၊ အဲဒီလိုလုပ်တော့ တစ်ဖက်သားတွေ အင်မတန် ဒုက္ခရောက်တယ်၊ လောကကြီး တစ်ခုလုံး အများဆုံး ဒုက္ခရောက်နေတာ သူတို့ပဲ၊ သူတို့ကြောင့် ဒုက္ခရောက်နေတာ၊ ယခု အကြီး အကျယ် တစ်နိုင်ငံနဲ့တစ်နိုင်ငံ စစ်ပွဲကြီးတွေ ဖြစ်ကြတာလဲ သူတို့ပဲ၊ လက်သယ်ရှာလို့ရှိရင် လောဘ, ဒေါသ, မောဟ သူတို့ကြောင့်ဖြစ်နေတာ၊
အဲဒါ သေသေချာချာ မျက်စိကိုဖွင့်ပြီး အကျယ်ချဲ့ ကြည့်လိုက်လို့ရှိရင် ဒီလောဘ, ဒေါသ, မောဟတွေ အင်မတန် ဆိုးတဲ့တရားတွေ၊ သတ္တဝါတွေ သန္တာန်က လောဘ, ဒေါသ, မောဟတွေ နုတ်ပစ် လိုက်မယ်ဆိုရင် အဆိပ်အတောက် မရှိဘဲ အင်မတန် ကောင်းနေမယ်၊ လူကောင်း သူကောင်း ချည်းပဲနေမှာ၊ အဲဒီတော့ လောဘ, ဒေါသ, မောဟ မကောင်းတဲ့တရား ထင်ရှားပါတယ်၊ ဒါကြောင့် လောဘဟာ ကောင်းသလား မကောင်းသလား မေးတော့ ဒကာက လောဘဟာ မကောင်းဘူး ဘုရားတဲ့၊ လောဘ အားကြီးလို့ရှိရင် သူများတွေ ဒုက္ခရောက်တာပဲ၊ ကိုယ်လဲ ဒုက္ခရောက်အောင် လုပ်နေတာ၊ ဟုတ်တယ် သူများအကျိုး ဒုက္ခရောက်အောင်ဆိုရင် ကိုယ့်အကျိုးလဲ ဒုက္ခရောက် တတ်တယ်၊ ကိုယ့်အကျိုးလဲ ဒုက္ခရောက်တာပဲ၊ တစ်နေ့ကျတော့ရင် ယခု လောကတွင်ပဲ မတော်မသင့် ရာဇဝတ်မှုတွေ ပြုပြီးတော့ လောကတွင် ချက်ချင်း ဒုက္ခရောက်တာတွေ ရှိတယ်။
တစ်ချို့များ တော်တော် အံ့သြစရာ ကောင်းတယ်၊ သက်သက်သူများ ဒုက္ခရောက်ဖို့ရာ သူ့ဟာသူ အစတုန်းက လူကောင်း ယခုတော့ ဒုက္ခရောက်ပြီး သူများအိမ်သွားပြီး ခိုးလိုက်လို့ ချက်ချင်းဟိုမှာ ပုလိပ်နဲ့မိလို့ ဒီတော့ ခိုးပြီး ဘာမှသုံးလဲ မသုံးရ၊ ရလဲမရသေးဘဲနဲ့ ထောင်ကျနေပြီး ဒီလိုဟာတွေ ရှိတာကိုး ကိုယ့်ကိုယ် ဒုက္ခပေးတာ ဒီလိုဟာတွေ အများကြီးရှိတယ်။
ဘုန်းကြီးတို့ တစ်ခါတစ်ခါ သတင်းစာထဲ ဖတ်ရင်း ဖတ်ရင်းနဲ့၊ သြော် - တယ်နှိပ်စက်တဲ့ တရားပါလား၊ တယ် ဒုက္ခရောက်ပါလားလို့ စဉ်းစားမိတယ်၊ အဲဒီလိုကို အကျိုးရှိအောင် လုပ်ရင်း လုပ်ရင်းနဲ့ ကိုယ် ဒုက္ခရောက်တာ၊ လောလောဆယ် ဒုက္ခရောက်တတ်တယ်၊ လောလောဆယ် ဒုက္ခမရောက်တောင် သံသရာမှာ ဒုက္ခရောက်တတ်တယ်၊ လောကမှာတော့ ပုံတော်လို့ရှိရင် တချို့ လဲပဲ ကံအားလျော်စွာ လွတ်နေတာ အများကြီး ရှိပါတယ်၊ အဲဒါကြောင့် လောဘဟာ မိမိအကျိုးလဲ ပျက်စီးအောင် လုပ်တတ်ပါတယ်၊ သူတစ်ပါးအကျိုးလဲ ပျက်စီးအောင် လုပ်တတ်ပါတယ်၊ ဒေါသဟာ ကောင်းသလား မကောင်းသလားဆို ဒီ အတိုင်းပဲ၊ မောဟကောင်းသလား မကောင်းဘူးလား ဒီအတိုင်းပဲ၊ ကိုယ့်အကျိုး သူ့အကျိုး ပျက်စေတတ်ပါတယ်တဲ့၊ ဒီတော့ လောဘ, ဒေါသ, ငြိမ်းအောင် ကျင့်တဲ့ အကျင့်ဟာ ကောင်းသလား မကောင်းသလားဆိုတော့ လောဘ, ဒေါသ, မောဟငြိမ်းအောင် ဟောတဲ့တရားဟာ ကောင်းသလား မကောင်းဘူးလား ပြောတော့ ကောင်းတယ်လို့ ပြောရမှာပဲ၊ လောဘငြိမ်းစေတတ်တဲ့ တရားဒေသနာ နည်းလမ်းတွေကို ဟောပြဖွင့်ဆိုတာ ကောင်းတယ်လို့ ယူရမယ်။
အဲဒီတော့ မြတ်စွာဘုရား ဟောတဲ့ တရားတွေဟာ လောဘ, ဒေါသ မောဟ မဖြစ်အောင် ဟောနေတာပဲ၊ တချို့တချို့ ဘာသာတရား တွေကလဲ လောဘ, ဒေါသ, မောဟတရားတွေ ငြိမ်းအောင် ဟောတဲ့ တရားတွေ ရှိတော့ ရှိကြမှာပဲ၊ ဒါပေမယ့်လို့ နည်းလမ်းက တကယ် ငြိမ်းစေ တတ်တဲ့ နည်းလမ်းက မပြည့်စုံလို့ ဖြစ်နေတယ်၊ တော်ရုံတန်ရုံသိမှ တစ်ဖက်က ပြည့်စုံတယ်၊ ဒါပေမယ့် အချိုးတကျ မဟုတ်ဘူး၊ သူတို့သီလကလဲ အမျိုးမျိုးတွေ ယူထားတော့ ဥပမာဆိုရင် ဘုရား လက်ထက်က နိဂန္ဓနာထပုတ္တကြီး ဆိုတာ ရှိပါတယ်၊ မကောင်းမှု မပြုရဘူးတဲ့၊ သူတစ်ပါးအသက်ကို မသတ်ရဘူးတဲ့၊ ဟောပြောတယ်၊ ဒါပေမယ့် သူများအသက် မသတ်ရဘူးဆိုတာ မှန်ပါတယ်၊ ကောင်းတဲ့ဥစ္စာ ဗုဒ္ဓဘာသာနဲ့ တူတယ်။
ဒါပေမယ်လို့ သူတစ်ပါး အသက်ဆိုတာက သူ့ဟာက လွန်နေတာကိုး၊ တွေ့ကရာ အသက်တွေ လုပ်ထားတာ၊ သစ်ပင်တွေလဲ အသက်တွေ၊ မြက်ပင်တွေလဲ အသက်တွေ၊ ရေကစပြီး အသက်တွေ လုပ်ထားတော့ ခက်တာပေါ့ သူ့ဥစ္စာ၊ အဲဒါကျင့်ဖို့ရာ ဟုတ်လဲမဟုတ်တဲ့ ဥစ္စာတွေကို၊ ဣန္ဒြေတစ်ပါး ရှိတဲ့သတ္တဝါ၊ ၂-ပါး ရှိတဲ့သတ္တဝါ သူပညတ်ထားတာကိုး၊ အဲဒါက ရေကစပြီးတော့ သူကသတ္တဝါတွေ လုပ်ထားတော့ ရေတောင် မသောက်ရဘူး၊ ရေမချိုးရဘူး၊ ရေမသောက်ဘူး၊ ရေနွေးမကျိုရဘူး၊ ခက်တာပေါ့၊ စားဖို့သောက်ဖို့ အင်မတန်ခက်သွားတယ်၊ အဲဒီလို တရားတွေလဲ ရှိပါတယ်။
အဲ-တစ်စိတ်တစ်ပိုင်းက ကောင်းပေမယ့် တစ်စိတ်တစ်ပိုင်းက သူ့ဥစ္စာက အချိုးမကျဘဲ ဖြစ်နေတယ်၊ နောက် အဲဒီ တစ်ဖက်က လုပ်ငန်းက မှန်သင့်သလောက် မှန်နေသော်လဲ သမာဓိ လုပ်ငန်းကျရင် ချွတ်ယွင်းနေတာတွေ နေရာမကျဘူး၊ မကျပြန်ဘူး၊ တစ်ခါတစ်ချို့ သမာဓိကလဲပဲ မှန်တာလေးတွေ ရှိပါတယ်၊ တစ်ချို့ကလဲ ဈာန်အဘိညာဉ် ရနေတဲ့ ပုဂ္ဂိုလ်တွေရှိပါတယ်၊ အဲဒီသမာဓိက မှန်နေပေမယ်လို့ ပညာစခန်းကျတော့ ဝိပဿနာပညာ ဆိုတာက မရှိဘဲ ဖြစ်နေတယ်၊ ရုပ်နာမ်တွေ, အဖြစ်အပျက်တွေ အနိစ္စ၊ ဒုက္ခ၊ အဲဒါတွေကြတော့ မသိဘူး၊ အဲဒါက သာသနာပမှာ မရှိဘူး၊ ဗုဒ္ဓဘာသာ မြတ်စွာဘုရား ဟောတဲ့တရားမှာ ရှိတယ်၊ ဒါကြောင့် သာသနာပ အခြားသော ပုဂ္ဂိုလ်တွေ ဟောနေတာကတော့ တချို့တချို့ တော်တော် ကောင်းတာတွေလဲ ပါပါတယ်။
တချို့ကတော့ လုံးလုံးက မကောင်းတာ ပြောင်းပြန် နေတာလဲ ရှိတယ်၊ မြတ်စွာဘုရား ဟောတဲ့ တရားလို လောဘ, ဒေါသ, မောဟ တကယ် ငြိမ်းစေတတ်တဲ့ တရားမဟုတ်ဘူး၊ မြတ်စွာဘုရား ဟောတဲ့ တရားကတော့ သီလနှင့် ပရိယုဋ္ဌာန် ကိလေသာ - လောဘအကြမ်းစားတွေ ငြိမ်းနေတယ်၊ သမာဓိအကျင့်ရှိရင် သီလနှင့် ဝီတိက္ကမ ကိလေသာတွေ အကြမ်းစားတွေ ငြိမ်းတယ်၊ သမာဓိနှင့် ပရိယုဋ္ဌာန် လောဘ, ဒေါသ, မောဟ အကြမ်းစားတွေ ကိလေသာတွေ ငြိမ်းတယ်၊ အဲ-ပညာနှင့် အနုသယခေါ်တဲ့ အနုစားကိလေသာ လောဘ, ဒေါသ, မောဟတွေ ဒါတွေက အခြေအမြစ်က စပြီးတော့ငြိမ်းတယ်၊ အဲဒီလို ငြိမ်းအောင်လို့ ကျင့်ရတာ။
ဒီတရားတွေ မြတ်စွာဘုရား ဟောထားတယ်၊ လောဘငြိမ်းအောင်, ဒေါသငြိမ်းအောင်, မောဟ ငြိမ်းအောင် ကောင်းစွာ ဟောထားတဲ့ တရားပဲလို့ဆိုတော့ ဒကာ သဘောကျသွားတယ်၊ မြတ်စွာဘုရား ဟောတဲ့ တရားတွေ လောဘ, ဒေါသ, မောဟ ကင်းအောင် ဟောထားတဲ့ တရားတွေ တကယ်ကို ကင်းစေနိုင်တဲ့ တရားဆိုတော့ ကောင်းကောင်း ဟောထားတဲ့ တရားတွေပဲ လို့ဆိုတာ ရှင်းပြီးတော့ သွားပါတယ်။
သန္ဒိဋ္ဌိကော - ကျင့်ကြံအားထုတ်လျှင် ကောင်းစွာမုချ ကိုယ်တိုင် တွေ့မြင်နိုင်သော တရားတော်မြတ် ပါပေတည်း၊ ဘဂဝတာ - မြတ်စွာဘုရားသည်၊ (သွာက္ခာတော-၂) ကောင်းစွာဟောကြားအပ်သော၊ ဓမ္မော - တရားတော်မြတ်ပါပေတည်း၊ သန္ဒိဋ္ဌိကော - ကျင့်ကြံအားထုတ်က မုချကိုယ်တိုင် တွေ့မြင် နိုင်သော တရားတော်မြတ်ပါပေတည်း၊ မြတ်စွာဘုရား ဟောထားတဲ့ တရားက ကျင့်လျှင် ကိုယ်တိုင် တွေ့ရတယ်၊ တရားသိလို့ ဟောထားတာပဲတဲ့၊ ဘုရားဟောလို့ ယုံရတာပဲလို့ ဘုရားယုံပြီးတော့ မျက်စိမှိတ်ပြီး ယုံရမယ်လို့ ဒီလိုမဟုတ်ဘူး၊ ကိုယ်တိုင် ကျင့်ကြံကြည့်ပါတဲ့၊ ကိုယ်တိုင် ကျင့်ရင် ကိုယ်တိုင် တွေ့ရပါတယ်။
လောကမှာ ဘုန်းကြီးကလဲ ပြောနေကြပါပဲ၊ ပေါ်လွင်တဲ့ ဥပမာ - ဆားဟာငန်တယ်၊ လျှာပေါ် တင်ကြည့်ရင် လူတိုင်း လူတိုင်း သိနိုင်ပါတယ်၊ သကြားဟာ ချိုတယ်၊ လျှာပေါ်တင်ကြည့်၊ လူတိုင်း လူတိုင်း သိနိုင်ပါတယ်၊ အဲဒါလိုပဲ မြတ်စွာဘုရား တရားတော်က ကျင့်ကြည့်ရင် ဘယ်သူမဆို ကိုယ်တိုင် တွေ့နိုင်တဲ့ တရားတဲ့၊ မျက်နှာကြီးငယ် မလိုက်ဘူး၊ ဟာ - ဒီပုဂ္ဂိုလ်ကတော့ အမျိုးအစား အားဖြင့်ညံ့တယ်၊ ပစ္စည်းဥစ္စာမရှိဘူး၊ ဂုဏ်သိမ်နိမ့်တယ်၊ သူ့ကိုတော့ဖြင့် ငါတရားအသိပေးလို့ မဖြစ်ဘူးလို့ ဒီလိုမရှိပါဘူး၊ ဒီပုဂ္ဂိုလ်ကတော့ ရာထူးဌာနန္တရ ကြီးတယ်၊ အထက်တန်းကျတယ်၊ သူ့ကို တရားက မြန်မြန်သိမယ်၊ ဒီလို မဟုတ်ဘူး၊ မကျင့်တဲ့ပုဂ္ဂိုလ်ကို ဘုရားက ဘာမျှအသိမလုပ်ဘူး၊ ကျင့်တဲ့ပုဂ္ဂိုလ် အသိလုပ်တာပဲ၊ ဒီပုဂ္ဂိုလ်က ဗဟုသုတမရှိဘူး ဆိုပြီးတော့လဲ ဗဟုသုတမရှိတဲ့ ပုဂ္ဂိုလ်ကိုလဲ ဒီလို ပစ်မထားပါဘူး၊ ဒီပုဂ္ဂိုလ်က ဗဟုသုတတွေ များတယ်ဆိုပြီးတော့ ဒီပုဂ္ဂိုလ် မျက်နှာမလိုက်ဘူး၊ ကျင့်မှတဲ့၊ ကောင်းကောင်းကျင့်မှ ဒီမှာလာပြီး တရားအားထုတ်တဲ့ တချို့ ပုဂ္ဂိုလ်တွေ ဗဟုသုတများတယ် ဆိုပြီးတော့ ခပ်ပေါ့ပေါ့ အားထုတ်နေ၊ တရားက မတက်ဘူး။
တချို့ပုဂ္ဂိုလ်တွေက ဗဟုသုတ မရှိပေမယ်လို့ ဆရာသမား ပြောတဲ့အတိုင်း နင်းကန်ပြီး အားထုတ်တာကိုး၊ သူက တရားတက်တာပေါ့၊ ဒါနဲ့ တချို့က သံသယတောင် ဖြစ်လာတယ်၊ ဘယ့်နှယ် ဗဟုသုတ မရှိတဲ့ပုဂ္ဂိုလ်တွေက တရားက အတက်မြန်တယ်၊ စာပေကျမ်းဂန် ဗဟုသုတ ရှိတဲ့ပုဂ္ဂိုလ်တွေက တရားမတက်ဘူး၊ ဟုတ်မှဟုတ်ပါ့မလား၊ ဒီတော့ဘယ်မဟုတ် ဘဲနေပါ့မလဲ သူအားမထုတ်ဘဲ သူ့ဟာ တရားက သူ့ကို အားထုတ်မှဖြစ်တာ၊ ဆေးလိုပဲ၊ နေမကောင်း ထိုင်မကောင်းဖြစ်တဲ့ အခါကာလ ဆရာတွေက ဆေးပေးတယ်၊ မြန်မာဆရာတွေကလဲ ပေးတာပဲ၊ ဆရာဝန်တွေကလဲ ပေးတာပဲ သူပေးတဲ့ဆေးစားမှ သုံးဆောင်မှ မစား မသုံးဆောင်ဘဲ နေလို့ရှိရင် ဘယ်ရောဂါ ပျောက်မလဲ၊ သူပြောတဲ့အတိုင်းလုပ်မှ ဖြစ်တာ အဲဒီလိုပဲ။
တရားကလဲ သူ့ကျင့်မှတဲ့၊ သူ့ကိုကျင့်လို့ရှိရင် ကိုယ်တိုင် တွေ့နိုင်တဲ့ တရားပါပဲ၊ သူများပြောလို့ ယုံရတဲ့ တရား မဟုတ်ဘူး၊ ကိုယ်တိုင်ကျင့် ကိုယ်တိုင်တွေ့တဲ့ တရားပဲတဲ့၊ ယခု ဝိပဿနာက သိပ်ထင်ရှားတယ်။ ဒီပြင်ဟာတွေကတော့ သိပ်မသိသာသေးဘူး၊ ဝိပဿနာက အင်မတန်ကို ထင်ရှားတယ်၊ ဝိပဿနာတရား အားထုတ်လို့ရှိရင် ရှေးက မသိရသေးတဲ့ ရုပ်တရား, နာမ်တရား တွေကို ကိုယ်တိုင် သိလာတာ၊ ရှုတိုင်းမှတ်တိုင်း ရုပ်နှင့်နာမ်နှစ်ခု ရှိတယ်ဆိုတာ ကိုယ်တိုင်တွေ့လို့ ခဏမစဲ (ဖြစ်ပြီး-၂) ပျောက်သွားတဲ့ မမြဲတဲ့ တရားတွေ ကိုယ်တိုင်တွေ့တယ်၊ ကိုယ်တိုင် မတွေ့ သေးလို့ရှိရင် တွေ့အောင် အားမထုတ်သေးလို့ဘဲ၊ တွေ့အောင် အားထုတ်ရင် ကိုယ်တိုင် တွေ့ရတဲ့တရား၊ သန္ဒိဋ္ဌိကော - ကျင့်ကြံအားထုတ်က မုချကိုယ်တိုင် တွေ့မြင်အပ်သော တရားတော်မြတ်ပါပေတည်း။
အဲ - ငါတို့ကျင့်နေတဲ့ တရားဟာ ကိုယ်တိုင်ကျင့် ကိုယ်တိုင်တွေ့တဲ့ တရားပဲလို့ တခြားသော ဘာသာတရားတွေများလို ဘုရားသခင်ပုံပြီး ယုံရတာ မဟုတ်ဘူး၊ တချို့ ဘာသာက သိပ်ခြောက် ထားတယ်၊ ဘုရားသခင် ဟောတဲ့တရား ယုံရမယ်၊ မယုံလို့ရှိရင် ငရဲချမယ် ဆိုတဲ့ ဒီလိုကိုး၊ တစ်ခါတည်း ခြောက်ထားတာကိုး ဒီတော့ စဉ်းတောင် မစဉ်းစားဝံ့ဘူး၊ မယုံဘဲနဲ့ စဉ်းစား လိုက်ရင် ငရဲကျသွားမှာ ကြောက်တာနဲ့ မစဉ်းစားဝံ့ဘူး၊ အဲဒီလိုဖြစ်နေတယ်၊ သိပ်ခြောက်တာ၊ အင်း-ဗုဒ္ဓဘာသာ တရားက ဒီလိုမဟုတ်ဘူး ကိုယ်တိုင် ကျင့်မှတဲ့၊ ကိုယ်တိုင်ကျင့်ရင် ကိုယ်တိုင်တွေ့ ပါလိမ့်မယ်၊ အကျိုးရှိသလား, ကောင်းသလား, မကောင်းသလားဆိုတာ ကိုယ်တိုင်ပဲ သိပါ လိမ့်မယ်တဲ့၊ ကိုယ်တိုင်သိနိုင်တဲ့ တရားပဲ၊ အင်မတန် ကောင်းတဲ့တရားပါ၊ဒါမှ တရား ဆိုတဲ့အတိုင်း တရားမယ်၊ မတရားမဟုတ်ဘူး၊ တရားလမ်းမှန်ကြတယ်၊ မျှတတယ်၊ အဲဒီတော့ အဲဒီတရားက ဘာတရားတုန်း ဆိုလို့ရှိရင် မဂ်တရား, ဖိုလ်တရား, နိဗ္ဗာန်တရား, မဂ်ဖိုလ်နိဗ္ဗာန်ကို ရောက်ကြောင်းတရား၊ ကျင့်တဲ့အကျင့်တရား၊ ဒီတရားတွေကတဲ့၊ အဲဒီတရားတွေကို ယခု အာရုံပြု ပြီးတော့ ဆိုရမယ်၊ ဘုရားရဟန္တာ အရိယာပုဂ္ဂိုလ်တွေရဲ့ သန္တာန်မှာရှိတယ်၊ မဂ်တရား ဖိုလ်တရား တွေ မဂ် ၄-ပါး, ဖိုလ် ၄-ပါး, နိဗ္ဗာန်တရား ကျင့်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ သန္တာန်မှာ ပဋိပတ် အကျင့် တရားတွေ ရှိတယ်။
အဲဒီ အကျင့်တရားတွေ မိမိတို့ကျင့်ရင် မိမိသန္တာန်မှာ ဒီတရားရှိနေတာပဲ၊ စာတွေ အံပြုပြီး တရားဆိုတာ ဗီရိုထဲမှာသာ လှောင်ထားတာ မဟုတ်ဘူး၊ တစ်နေရာရာမှာ စေတီကြီးထဲ၊ အောင်းနေတာ မဟုတ်ဘူး၊ တရားဆိုတာ ကျင့်တဲ့ပုဂ္ဂိုလ်တွေ သန္တာန် မှာရှိတာ၊ မကျင့်ရင်မရှိဘူး၊ မကျင့်ရင် ဘယ်သူ့သန္တာန်မှ မရှိဘူး၊ ဗီရိုကြီးထဲမှာ စာအုပ်တွေက ဒေသနာတွေပဲ၊ ဟောထားတာ တွေ အဲဒါတွေက တစ်မျိုးပဲ၊ ကျင့်ဖို့နည်းလမ်းကို ညွှန်ပြရုံလောက်ပဲ၊ တကယ်ကျင့်တဲ့ ပုဂ္ဂိုလ်တွေ သီလကျင့်ချင်ရင် သီလ အကျင့်တရား ကိုယ့်သန္တာန်မှာ တည်တာပဲ၊ သမာဓိ ကျင့်ချင်ရင် သမာဓိ အကျင့်တရား တည်တာပဲ၊ ဝိပဿနာ ကျင့်ချင်ရင် ဝိပဿနာ အကျင့်တရားတွေ တည်နေတာပဲ၊ အဲဒါ ဝိပဿနာအကျင့် အစဉ်အတိုင်း တက်သွားတော့ အရိယာမဂ်ရောက်ရင် အရိယာမဂ်က မိမိသန္တာန်မှာ ဖြစ်တယ်။
အရိယာဖိုလ် ရောက်ရင် ဖိုလ်တရား မိမိသန္တာန်မှာ ဖြစ်တယ်၊ နိဗ္ဗာန်လဲ မျက် မှောက်ပြုရော၊ အဲဒီကို ရောက်အောင်လဲ ယခု အားထုတ်နေရတာပေါ့၊ ဘုရားရဟန္တာ အရိယာပုဂ္ဂိုလ်တို့၏ သန္တာန် တရားကျင့်သုံးနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ သန္တာန်မှာရှိတဲ့ ပဋိပတ် အကျင့်တရားတွေ မဂ်တရား ဖိုလ်တရား တွေဟာ ကိုယ်တိုင်ကျင့် ကိုယ်တိုင်တွေ့တဲ့ တရားတွေပဲလို့ အဲဒါတွေ အာရုံပြု ပြီး နှလုံးသွင်းရမယ်၊ ဆိုရမယ်။
သန္ဒိဋ္ဌိကော - ကျင့်ကြံအားထုတ်က မုချကိုယ်တိုင် တွေ့မြင်နိုင်သော တရားတော်မြတ် ပါပေတကား၊
(၃-ခေါက်ဆို)
အေး ... မြတ်စွာဘုရား ဟောထားတဲ့ တရားတော်တွေဟာ ကိုယ်တိုင်ကျင့်ရင် ကိုယ်တိုင် တွေ့နိုင်တဲ့ တရား၊ အဲဒီလို ကိုယ်တိုင်ကျင့်ရင် ကိုယ်တိုင်တွေ့တဲ့ တရားတွေ အားထုတ် နေရတာပဲလို့ နှလုံးသွင်းတဲ့အခါ အင်မတန်ကို အားတက်စရာ ကောင်းပါတယ်။ တရားတွေကို နှလုံးသွင်းလိုက်တဲ့ အခါမှာ ပီတိတွေ ဖြစ်ပြီးတော့ ကိုယ်တိုင်ကျင့်ရင် ကိုယ်တိုင်တွေ့မည့် တရားတွေ အကြောင်း ညီညွတ်ရင်၊ တစ်ထိုင်အတွင်းလဲ တွေ့နိုင်တယ်၊ တစ်နေ့အတွင်းမှာလဲ တွေ့နိုင်တယ်၊ တစ်ညအတွင်း မှာလဲ တွေ့နိုင်တယ်၊ တစ်ရက်အတွင်းလဲ တွေ့နိုင်တယ်၊ နှစ်ရက်အတွင်းလဲ တွေ့နိုင်တယ်၊ မကြာခင် တွေ့မှာပဲလို့ တွေ့ဖို့ရာ တရားတွေ အကြောင်း မညီညွတ်သေးလို့ မတွေ့တာပဲ၊ တစ်နေ့ကျရင် တွေ့မှာပဲ။
ကိုယ်တိုင်ကျင့် ကိုယ်တိုင် တွေ့နိုင်တဲ့တရား၊ အဲဒါ ငါကျင့်နေရတာပဲ ဒီလို ကျင့်ရတာဟာ ရှေးကပြု ခဲ့တဲ့ ပါရမီကုသိုလ်ကံတွေနှင့် ပြည့်စုံလို့ ငါ ယခု ကျင့်နေရတာပဲလို့ တရားဂုဏ်တွေ နှလုံးသွင်း လိုက်တဲ့အခါ ပီတိတွေက ဖြစ်တတ်ပါတယ်၊ ဖြစ်တယ်၊ စိတ်အားလျှော့နေတဲ့ အခါမှာ အားပေး ရတာပေါ့၊ ဒိပြင်လဲ တရားဂုဏ်တွေက နှလုံးသွင်းစရာတွေ အများကြီးရှိတယ်။ အဲဒါလို ၂-ခု ၃-ခုလောက်တော့ နှလုံးသွင်းလိုက်မှ ဖြစ်မယ်။ နောက် သံဃာဂုဏ်တွေ အများကြီး ရှိသေးတယ်၊ ဒီတစ်ပုဒ်က မပြီးနိုင်ပါပဲ၊ နောက်သီလဂုဏ်တွေ စွန့်ကြဲပုံတွေ ဒါတွေ အများကြီး ရှိသေးတယ်။
ဒီကနေ့တော့ ဒီတရားဂုဏ်နဲ့ပဲ နောက် တစ်ပုဒ် ၂-ပုဒ်လောက် နှလုံးသွင်းဦးမှပဲ၊ “အကာလိကော - အချိန်အခါအခွင့် မဆိုင်းဘဲနှင့် အသင့် လက်ငင်းချက်ခြင်း အကျိုးပေးတတ်သော တရားပဲ၊ တစ်ချို့က နောက်ဘဝကျမှ တစ်ချို့က ဒီလိုရှိတာကိုး၊ နောက်ဘဝကျမှ သေပြီးတဲ့နောက်မှ ဘုရားသခင်က ကယ်မယ် စသည်နှင့် ဒီလိုပြောတယ်၊ အဲဒါ မျက်မှောက်တော့ မတွေ့နိုင်ဘူး၊ မသိနိုင်ဘူး၊ ကယ်မှန်း မကယ်မှန်းလဲ မသိသေးဘူး၊ သေပြီးမှ ကယ်မယ်ဆိုတာ အဲဒါကတော့ တာဝန်တော့ တော်တော် သက်သာတာပါပဲ၊ ဟိုဒင်းလိုပဲ၊ တချို့တချို့ ဗေဒင်ဆရာတွေ ဟောတယ်၊ နောက်အနှစ်ပေါင်း တစ်သိန်းလောက် ကြာတဲ့အခါ ဘာဖြစ်လိမ့်မယ်လို့ပေါ့။
အဲဒါ သိပ်နေရာကျတယ်၊ မှားပြန်တော့လဲ ဘယ်သူမှ မဝေဖန်ဘူး၊ ပြီးရော၊ အနှစ်တစ်သိန်း ဘယ်သူကမှလဲ စောင့်ပြီး မကြည့်နိုင်ဘူး၊ ဒီဥစ္စာ ကမ္ဘာကြီးပျက်လိမ့်မယ် ဟောလိုဟော၊ တယ်နေရာကျတယ် သူ့ဥစ္စာ ဘယ်သူကမျှ မပြောနိုင်ဘူး၊ အဲဒီလိုပဲ၊ သေပြီးတဲ့နောက်မှ ဆိုတော့ ဟုတ်သလား မဟုတ်လား ခက်သားပေါ့၊ ဘယ်သူမှ မှားတယ်, မှန်တယ် မပြောနိုင်ဘူး၊ မြတ်စွာဘုရားက ဒီလိုမဟုတ်ဘူး၊ အကာလိကော - အချိန်အခါမဆိုင်းဘဲ အသင့်လက်ငင်း အကျိုးပေးတာတဲ့၊ ယခုကျင့် ယခု အကျိုးရတယ်၊ ဒါပဲ၊ အဲဒါ စင်စစ် အကျိုးရတာကတော့ အရိယာမဂ်ပြီးရင် အရိယာဖိုလ် အကျိုး ချက်ချင်းရပါတယ်၊ ဒါပေမယ့် ဒိပြင်တရားတွေလဲ ဒါလိုပဲ သူ့ဥစ္စာ၊ ယခုကျင့်ရင် ယခုပဲ အကျိုးတွေက ရတယ်၊ ယခုသီလအကျင့် ကျင့်ရင် သီလနဲ့စပ်တဲ့အကျိုး တွေဟာ ယခုလောလောဆယ် ရပါတယ်၊ သီလနဲ့စပ်တဲ့ အကျိုးတွေရ၊ သီလကျင့်ခြင်း အကြောင်း ပြုပြီး စိတ်နှလုံး သန့်ရှင်း စင်ကြယ်ခြင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ရခြင်း သီလစင်ကြယ်တဲ့ အခါမှာ တွေ့နေရတယ်၊ ဒါကစပြီး အကျိုးလေးတွေ ရနေတယ်၊ အများကြီး ကဲ့ရဲ့ဖွယ် မရှိဘူး၊ ချီးမွမ်းဖွယ်နဲ့ ပြည့်စုံတယ်၊ ဒီအကျိုးလေးတွေ ရတယ်၊ သမာဓိအကျင့် ကျင့်လို့ရှိရင် စိတ်တွေပျံ့လွင့်ပြီး နေတဲ့ဥစ္စာမှ မပျံ့လွင့်ဘဲနဲ့ စိတ်ကလေးက တစ်ခါတည်း ငြိမ်ငြိမ်ပြီး တည်ပြီး သိမ်မွေ့နေတယ်၊ ငြိမ်သက်မှုရတယ်၊ စိတ်ချမ်းသာမှုကို ရတယ်၊ သမာဓိအကျင့် များများကျင့်လေလေ များများ သက်သာခွင့် ရလေလေ၊ ဝိပဿနာ ဘာဝနာအကျင့်ကို ကျင့်ပြန်လို့ရှိရင်လဲ ရုပ်တရား နာမ်တရား တွေ ဖြစ်ပျက်တွေ သိတယ်ဆိုတာ ယခုချက်ခြင်း သိတာ၊ တကယ်အားထုတ်လို့ ရှိရင် တကယ် သိတာ၊ ယခုသိတာပဲ။
အနိစ္စ, ဒုက္ခ, အနတ္တတွေ ယခု အဲဒါ သိသွားတယ်၊ နောက် ရုပ်နာမ်သင်္ခါရ ငြိမ်းတဲ့ နိဗ္ဗာန်တရား ဆိုတာ ယခုပဲသိတာ၊ တကယ် အားထုတ်လို့ရှိရင် ယခုပဲပြည့်စုံတဲ့ အခါကာလမှာ သိသွားတယ်၊ နောက်ဘဝတွေ မဟုတ်ဘူး၊ ဒါကြောင့် အကာလိကော - အချိန်အခါအခွင့် မဆိုင်းလင့်ပဲ အသင့် လက်ငင်း ချက်ချင်းချက်ချင်း အကျိုးပေးတတ်သော တရားတော်မြတ်ပါပေတကား၊ အချိန်အခါ အခွင့်မဆိုင်းဘူးတဲ့၊ အကြွေး မဟုတ်ဘူး၊ လက်ငင်းပဲ၊ ယခုကာလမှာ ဈေးဝယ်တော့ ကြွေးတွေ ရှိတာကိုး၊ ကြွေးက တော်တော်နဲ့ အကြွေး မဆပ်လို့ရှိရင် တော်တော်သူက တာဝန်လေးတယ်၊ အဲယခုတရားက အကြွေး မဟုတ်ဘူး၊ ချက်ချင်းလက်ငင်းပဲ၊ ယခုကျင့် ယခုအကျိုးရတဲ့ တရားပဲတဲ့၊ ကျင့်စရာကောင်းတာပေါ့၊ ကြွေးဆိုရင် ယခုကျင့်ထားပြီး နောက်ဘယ် လောက်ကြာမှ အကျိုး ရမယ်ဆိုရင်တော့ ဒါကတော့ နည်းနည်း စိတ်အားလျှော့စရာပဲ၊ သူကတော့ ယခုတရား ကျင့်သုံး ရမယ်၊ နောက် ၁၀-နှစ်လောက်နေမှ အကျိုးရမယ် ဆိုရင်ကို စိတ်ပျက်စရာတော့ တော်တော် ကောင်းတယ်။
သေပြီးနောက်ဘဝမှာ ဆိုရင် ဒါကတော့ သာပြီး စိတ်ပျက်ဖို့လဲ ကောင်းတာပဲ၊ စိတ်အားလျှော့စရာ ကောင်းတယ်၊ ယခု ကျင့်ပါတဲ့၊ ယခုကျင့်လို့ရှိရင် ယခုပဲ အကျိုးရမယ်တဲ့၊ အားတက်စရာ အင်မတန် ကောင်းတယ်၊ ဒါကြောင့် အကာလိကော - အချိန်အခါ အခွင့်မဆိုင်းပဲ အသင့်လက်ငင်း ချက်ချင်း အကျိုးပေးနိုင်သော တရားတော်မြတ်ပါပေတကားတဲ့၊ ငါတို့ကျင့်တဲ့တရားဟာ ချက်ချင်း အကျိုး ပေးမယ့်တရား ချက်ချင်း အကျိုးရတဲ့ တရားပဲ၊ ရုပ်တရား နာမ်တရား အနိစ္စ ဒုက္ခ အနတ္တ တရား တွေကို ချက်ချင်း တွေ့ရသိရတဲ့တရား၊ နိဗ္ဗာန်တို့လဲ ချက်ချင်း တွေ့ရသိရမယ်၊ မဂ်ဖိုလ်နိဗ္ဗာန် ရပါလို၏ ဆုတောင်းပြီးတော့ ဒီလို နေကြတာကိုး။
အဲဒါတွေက နောက်တော်တော်ကြာမှ ရမည့်ဥစ္စာကို တော်တော် ဝေးတယ်၊ တော်တော်ဝေးမှ ရမည့်ဥစ္စာ ရှိတယ်၊ ယခု တရားက ဒီလိုမဟုတ်ဘူး၊ နောက်မှ မဟုတ်ဘူး၊ ယခုကိုရမှာ၊ ယခု တရား အားထုတ်နေတဲ့ အတွင်းပဲ မဂ်ဖိုလ်နိဗ္ဗာန် ရမည့် တရား၊ အဲဒါကြောင့် ချက်ချင်း အကျိုးပေးမယ့် တရား၊ မဂ်ဖိုလ်နိဗ္ဗာန်ကို ချက်ချင်းရမည့်တရား၊ ငါအားထုတ်နေရတာပဲလို့ နှလုံးသွင်းလိုက်လို့ရှိရင် စိတ်အားတက်လာတာပဲ၊ အင်မတန် ကောင်းပါတယ်။
“ဧဟိပဿိကော” ဧဟိ - လာလော့၊ ပဿိကော - ကြည့်ရှုလှည့်လော့၊ ဒီလိုဆိုလိုက်တဲ့တရားတဲ့၊ လာစမ်းပါ၊ လာကြည့်စမ်းပါ၊ ဒီမှာ (လာကြည့်စမ်းပါ ကောင်းလွန်းလွန်းလို့-၂) ဒီလို ပြောလိုက်တဲ့ တရားပါပဲ၊ ဘာများတုန်း လို့ဆိုရင် စားကောင်း သောက်ဖွယ်တွေ အရသာကောင်းတွေ့တဲ့ အရသာ ကောင်းတွေ စားကောင်း သောက်ဖွယ်ပစ္စည်း၊ မုန့်ပဲဖြစ်ဖြစ် သစ်သီးပဲဖြစ်ဖြစ် ပေါ့လေ၊ ရလာတဲ့ အခါမှာ မိတ်ဆွေတွေခေါ် ကျွေးရတယ်၊ လာစမ်းပါ, စားစမ်းပါ စားကြည့်စမ်းပါ ကောင်းလွန်းလို့ စားကြည့် စမ်းပါ၊ မြည်းစမ်းပါ မြည်းကြည့်စမ်းပါ တိုက်တွန်းရတာပေါ့၊ ကောင်းတဲ့အာဟာရ တိုက်တွန်းရတာကိုရှာရင် ကျေးဇူးတင်တယ်၊ စားရတဲ့ပုဂ္ဂိုလ်က သြ-သူက ကျွေးပေလို့ ငါ့မှာ စားရပေတယ်၊ မစားရဘူး၊ ဒါတွေ ယခုမှစားရတယ်၊ အဲဒီလိုဖြစ်ပြီး ဝမ်းမြောက်ဝမ်းသာတွေ ဖြစ်ရတယ်၊ မကောင်းတဲ့ အစာတော့ သွားတိုက်တွန်းလို့ မဖြစ်ဘူး၊ မကောင်းတဲ့အစာ သွားတိုက် တွန်း လို့ရှိရင် သူက မကောင်းတဲ့အစာ စားရလို့ရှိရင်ဖြင့် အဲဒါအဆဲမခံရရင် ကံကောင်းပဲ၊ အဲဒီဥစ္စာ ကတော့ ဟိုတုန်းက ဂျပန်တွေ တက်ခါစတုန်းကပေါ့ ဘုန်းကြီးများ ဆိပ်ခွန်ရွာမှာ ကြားရတယ်။
ဈေးထဲရောက်တော့ ဈေးသည်တွေက ဟင်းသီးဟင်းရွက်တွေ ရောင်းနေတာကိုး၊ ဟင်းသီး ဟင်းရွက်တွေ ရောင်းနေတော့ ဂျပန်တွေက လျှောက်ကြည့်တယ်၊ ကြက်ဟင်းခါးသီးသည် သွားတွေ့တယ်၊ ကြက်ဟင်းခါးသီးသည် ဖြစ်တဲ့သူကို မေးတာကိုး၊ ဒါဘာလုပ်ရသလဲလို့ မေးတော့ ဈေးသည်က ရိုးရိုးပေါ့၊ ပြောတော့ မြန်မာစကား သူတို့က သိပ်နားမလည်တော့ ခြေပြလက်ပြ လုပ်နေတယ်၊ ခြေပြလက်ပြ လုပ်နေပေမယ့် ခဲခဲယဉ်းယဉ်း မဟုတ်ဘူး၊ လွယ်လွယ်ကူကူပဲ၊ ပြီးတော့ အရေးတကြီး ပြောရမယ့်ဟာ မဟုတ်ဘူး၊ အဲဒီလို ဖြစ်နေတာကိုး၊ စားရတယ်လို့ ပြောလိုက်တော့ ဂျပန်က ဒီလိုစားရတယ်လို့ မှတ်နေတာကိုး၊ ဒီအတိုင်း ကိုက်စားရတယ် အောက်မေ့ပြီး တစ်ခါတည်း ကောက်ပြီး သူက စားလိုက်တာ၊ စားတော့ ကြက်ဟင်းခါးသီးက ကောင်းမှ မကောင်းဘဲကိုး၊ ချက်ပြုတ်စားမှ သူနိုင်တဲ့ဥစ္စာတွေနဲ့ တွဲစားမှ တော်ရုံရှိတာပဲ၊ ကြက်ဟင်းခါးသီး အင်မတန် ခါးတဲ့ ဥစ္စာ၊ အစိမ်းလိုက် ဝါးပြီးစားလိုက်တော့ မကောင်းတဲ့ အရသာတွေ တွေ့တာကိုး၊ ဒီတော့ ဂျပန်က စည်းကမ်းမှမရှိဘဲ၊ သူ့ မကောင်းတာကို မစားကောင်းတဲ့ ဥစ္စာကို စားကောင်းတယ် ပြောရမလား ဆိုပြီး တစ်ခါတည်း စိတ်ဆိုးပြီး ပါးရိုက်လိုက်တာ၊ တစ်ခါတည်း အဲဒါ ကြားရတယ်။
အဲ-မကောင်းတဲ့ အစာကို ကျွေးမိလို့ရှိရင်တော့ စားတဲ့ပုဂ္ဂိုလ်က အဲဒီလိုပဲ အပြစ်မြင်တတ်တယ်၊ ကောင်းတဲ့အစာကို ကျွေးလို့ရှိရင် ကောင်းတဲ့ အစာကျွေးလို့ ရှိပေမယ့် သူကျွေးလို့ ကျေးဇူးတင် ပါတယ်၊ သူကျွေးလို့သာ စားရပါတယ်၊ ကျေးဇူးတင်ပါတယ်၊ အဲဒီလိုပါပဲ၊ တရားကလဲ ဒီလိုပါပဲ၊ တရားကလဲပဲ ကောင်းတဲ့ တရားမဟုတ်တဲ့ ဟာတွေကို ဟောပြောလို့ အဲဒါတွေ၊ လိုက်နာမိလို့ရှိရင် တစ်နေ့ကျတော့ သူအကျိုးတွေရမယ်၊ အဲ-သူတရား လိုက်နာမိသောကြောင့် နောက်ကျတော့ မကောင်းတဲ့ အကျိုးတွေတွေ့၊ တွေ့ရတဲ့အခါကျတော့ ပုဂ္ဂိုလ်စိတ်ဆိုးဖြစ်မှာပဲ၊ ပြန်ပြီး စိတ်ဆိုးမှာ ပါပဲ၊ မချေပနိုင်လို့သာ ကြည့်နေရတယ်၊ တော်တော်ကို မကျေနပ်တာ၊ ပြောတဲ့ ဥစ္စာလုပ်မိလို့ ဒုက္ခရောက်တယ် ဆိုပြီး တော်တော် မချမ်းမသာ ဖြစ်မှာပါ။
အဲ-ကောင်းတဲ့တရား နှလုံးသွင်း တိုက်တွန်းပေးလို့ ရှိရင်တော့ နှလုံးသွင်း အားထုတ်တဲ့ ပုဂ္ဂိုလ်က တရားကောင်းတွေ အရသာကောင်း တွေ့ရတာကိုး တွေ့ရတော့ ကျေးဇူးတင်တယ် ကျေးဇူး တင်ပါတယ်၊ အခု ဘုန်းကြီးများ ကမ္မဋ္ဌာန်းတရားတွေ ပြနေမှလာပြီး တရားအားထုတ်တဲ့ ပုဂ္ဂိုလ်က တော်တော်ပဲ ကျေးဇူးတင်ကြပါတယ်၊ ဟောပြောနေတဲ့ ပုဂ္ဂိုလ်တွေလဲ ကျေးဇူးတင် ပါတယ်၊ တစ်ဆင့်တစ်ဆင့် တိုက်တွန်းတဲ့ ပုဂ္ဂိုလ်တွေလဲ ကျေးဇူးတင်ပါတယ်၊ အချို့ပုဂ္ဂိုလ်က ထုတ်ပြီးတော့ ပြောတယ်၊ အစတုံးက သူက တရားထဲ စိတ်မဝင်စားဘူးတဲ့၊ ဘယ်သူကခေါ်လို့ပဲ သူကတိုက်တွန်း ပေလို့တဲ့ပေါ့၊ တရားအားထုတ်ရတယ်၊ သူက တိုက်တွန်းပေလို့တဲ့ နို့မဟုတ်လို့ရှိရင် ဒီတရားနှင့် လွဲသွားမည်လို့ တကယ်မှ လက်မတင်လဲ မလွှဲရုံကလဲပဲ ချိပ်မိရုံကလေးပဲ ရှိတယ်၊ အချို့က သိပ်ကျေးဇူး တင်လွန်းလို့ ပြောရှာကြတယ်၊ အဲ-တိုက်တွန်းပေးတဲ့ ပုဂ္ဂိုလ်ကျေးဇူးတင်ပါ တယ်၊ ဧဟိပဿိကော ဧဟိပဿိကော - လာစမ်းပါ လာကြည့်စမ်းပါဟု နှိုးဆော် တိုက်တွန်းထိုက်တဲ့ တရားပဲ၊ ဒါက လာကြည့် လှည့်စမ်းပါ၊ ကျင့်ကြည့်စမ်းပါ၊ ကောင်းလွန်းလို့ ဒီတရား ကျင့်လှည့်စမ်း ပါလို့ တရားတော်ကလည်း ခေါ်ထိုက်တယ်၊ အဲ-တရားတော် နှစ်သက်တဲ့ ပုဂ္ဂိုလ်တွေ မိတ်ဆွေတွေ ပုဂ္ဂိုလ်ကလဲ သိပ်ပြီးတော့ တိုက်တွန်းတာပါပဲ၊ တယ်ကောင်းလွန်းလို့ တိုက်တွန်းတဲ့တရားပဲတဲ့၊ အဲဒါကတော့ ဟောကြည့်တဲ့အခါမှာ ထင်ရှားစွာသိရတယ်၊ တိုက်တွန်းတဲ့ တရားပဲ၊ ချီးမွမ်းထိုက်တဲ့ တရားပဲဆိုတာ သိရတယ်။
ကိုင်းဆို - အဲဒါလဲပဲ မြတ်စွာဘုရားဟောတဲ့ မဂ်တရား, ဖိုလ်တရား, နိဗ္ဗာန် တရား အကျင့်တရား တွေပါပဲတဲ့၊ အဲဒါ ကလေးတွေ ဆိုရမယ်၊ အဲဒါတွေ နှလုံးသွင်းရမယ်။
ဧဟိပဿိကော - လာကြည့်စမ်းပါ၊ ကျင့်ကြည့်စမ်းပါဟု နှိုးဆော်ပြညွှန် တိုက်တွန်းထိုက်သော တရားတော်မြတ်ပေတကား၊ (၃-ခေါက်ဆို)။
အေး - လာကြည့်လှည့်စမ်းပါ၊ ကျင့်ကြည့်စမ်းပါ၊ ဒီတရား ကောင်းလွန်းလို့ မိတ်ဆွေတွေကို တိုက်တွန်းထိုက်ပါတယ်တဲ့၊ တိုက်တွန်းထိုက်တဲ့တရား တိုက်တွန်းလို့ရှိရင် အဲဒီပုဂ္ဂိုလ်လဲ သိထိုက် သိသင့်တဲ့တရားတွေရပြီး နောင်အခါကာလ ကျေးဇူး အတင်ခံရပါတယ်၊ ကျေးဇူးတင်တာ မတင်တာ ထား၊ သူ့မှာ ရသွားတာတော့ အင်မတန်ကို ကောင်းပါတယ်၊ ဝမ်းမြောက်စရာ သိပ်ဝမ်းသာစရာ ဝမ်းမြောက်စရာပဲ၊ သိပ်ကျင့်ဖို့ကောင်းပါတယ်။
အခု ဘုန်းကြီးများ ဒီကမ္မဋ္ဌာန်း တရားတွေဟောလို့ တရားတွေ အားထုတ်ကြ။ တရားတွေ တွေ့တန်သမျှတွေ့၊ သိတန် သမျှသိသွား၊ အားထုတ်ရတာလေး အားထုတ်ရ၊ အားကိုးရာကလေး ရသွားတယ်၊ အင်မတန်ကို ဝမ်းသာစရာလဲ ကောင်းတာ၊ ဘုန်းကြီးများက ဒီလိုကျကျနန ဟောမပေး လို့ရှိရင် ဒီပုဂ္ဂိုလ်တွေဟာ တရားဝါသနာမပါ၊ ဟိုရောက် ဒီရောက် ဘယ်ရောက်မယ်ဆိုတာ မသိဘူး၊ အများကြီးရှိပါတယ်၊ အဲဒါတွေက အခုတော့ ဒီမှာ ကျကျနန အားထုတ်လို့ အကျိုးတွေရနေတာတွေ၊ အင်မတန် ဝမ်းသာစရာ ကောင်းတယ်၊ အဲဒါဟာ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်ဟာ နှလုံးသွင်း လိုက်လို့ရှိရင် အားတက်စရာ အင်မတန် ကောင်းတယ်။
အဲ-မြတ်စွာဘုရား တရားတော်ဟာ လာကြည့်စမ်းပါလို့ တိုက်တွန်းထိုက်တဲ့ တရား ကျင့်ကြည့် စမ်းပါလို့, အားထုတ် ကြည့်စမ်းပါလို့ တိုက်တွန်းထိုက်တဲ့ တရားပဲလို့ တိုက်တွန်းတဲ့ တရားပဲ၊ တိုက်တွန်းလို့ အားထုတ်လို့ရှိရင် တော်တော်ကြာ တစ်နေ့ကျရင် အကျိုးတရားတွေ ရပြီးလို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရမည့် တရားတော်ပဲ၊ အဲ-တရားတွေ ငါအားထုတ်နေရတာပဲ လို့ နှလုံးသွင်း လိုက်လို့ရှိရင် စိတ်အားတက်စရာပဲ၊ ပီတိပါမောဇ္ဇတွေ ဖြစ်စရာ ကောင်းတယ်တဲ့။
သြပနေယျိကော - မိမိကိုယ်တွင်းသို့ ရောက်အောင် မိမိကိုယ်ထဲ စိတ်ထဲသို့ ရောက်အောင် ကျင့်ဆောင်ထိုက်တဲ့ တရားပဲ၊ ရောဂါ ဝေဒနာရှိတဲ့ ပုဂ္ဂိုလ်ဟာ ဆေးကောင်း ဝါးကောင်းတွေကို မိမိကိုယ်တိုင် ပျောက်အောင်လို့ စားရတယ်၊ ထိုးရတယ်၊ လိမ်းရတယ်၊ မိမိကိုယ်ထဲ ရောက်အောင်လို့ စားလိုက်လို့ ဝမ်းထဲ ရောက်သွားလို့ရှိရင် အချို့က ရောဂါပျောက်တယ်၊ ဝမ်းထဲ မရောက်လို့ရှိရင် မပျောက်ဘူး၊ ထိုးလိုက်လို့ ဝမ်းထဲ ရောက်လို့ရှိရင် ရောဂါပျောက်တယ်၊ လိမ်းလိုက်လို့ ကိုယ်ထဲစိမ့်ပြီးတော့ ဝင်သွားလို့ရှိရင် ရောဂါပျောက်တယ်၊ အဲဒီတော့ ဆေးကောင်း ဝါးကောင်း တွေဟာ ရောဂါရှိတဲ့ ပုဂ္ဂိုလ်မှာ ကိုယ်ထဲရောက်အောင်လို့ တစ်ခါတည်း စားပြီးတော့ သွင်းသင့်တယ်၊ ထိုးပြီးတော့ သွင်းသင့်တယ်၊ လိမ်းပြီးတော့ သွင်းသင့်တယ်၊ ကိုယ်ထဲ ရောက်အောင်လို့ သွင်းသင့်တဲ့ ဆေးကောင်း ဝါးကောင်းတွေပဲ။
အဲဒါလိုပဲ မြတ်စွာဘုရား တရားတော်လဲ ကိုယ်ထဲရောက်မှာ အသင့် ဝင်အောင်လို့ ကိုယ်ထဲစိတ်ထဲမှာ သက်ဝင်ပြီး တည်သွားအောင်လို့ အားထုတ်ထိုက်တဲ့ တရားတွေပဲ၊ ကိုယ်ထဲမှာ များများ သက်ဝင်လေလေ များများ အကျိုးရှိလေလေပဲ၊ များများ သက်ဝင်လေလေ ကိလေသာတွေက ကုန်ကုန်သွားတာကို တစ်နေ့က ပြောခဲ့တဲ့ ဥပမာလိုပဲ၊ ပုလင်းထဲမှာ လေတွေ ပြည့်နေတယ်၊ အဲ-ရေက လေးပုံတစ်ပုံလောက် ထည့်ထားလို့ရှိရင် လေကလဲ လေးပုံတစ်ပုံ ထွက်သွားတယ်၊ သုံးပုံတစ်ပုံ
ကျန်နေတယ်၊ တစ်ဝက်လောက်ထည့်ရင် တစ်ဝက်လောက် လေတွေထွက်သွားတယ်၊ နှစ်ပုံ ကျန်နေတယ်၊ သုံးပုံလောက် ရေထည့်လိုက်လို့ရှိရင် သုံးပုံလောက် ထွက်သွားတယ်၊ တစ်ပုံ ကျန်နေတယ်၊ ပုလင်းနှုတ်ခမ်း ရောက်အောင် အပြည့်ထည့်လိုက်လို့ ရှိရင်တော့ လေတွေ အကုန်လုံး ထွက်သွားတယ်၊ ကုန်ရော အဲဒါလိုပဲ၊ ကိုယ်ထဲမှာ ဒီဘာဝနာတရားတွေ မိမိသန္တာန်မှာ ပြည့်စုံ သွားအောင်လို့ ကျင့်လိုက်လို့ရှိရင် နည်းနည်းကျင့်ရင် နည်းနည်း ပြည့်စုံလာလို့ရှိရင် ကိလေသာ နည်းနည်း လျှော့သွားတာပဲ။
များများကျင့်လို့ရှိရင် များများ လျှော့သွားတာပဲ၊ အကုန်လုံး ပြည့်စုံစွာ ကျင့်လိုက်လို့ရှိရင် အကုန်လုံး ကိလေသာတွေ ကုန်ရော၊ အဖြူအစင် ခဝါချလိုက်တဲ့ အဝတ်အစားများ၊ ခဝါချလိုက် ချေးတွေညှော် တွေ အကုန်လုံး ထွက်သွားသလိုပဲ ဘာမှ အညစ်အကြေး မရှိဘူး၊ စိတ်တွေဟာ စင်ကြယ်လို့ အမြဲတမ်း ချမ်းသာပြီးတော့ သွားမယ်၊ နောက်ဘဝက အဲ-နောက်ဆုံးဘဝက ပရိနိဗ္ဗာန်စံသော အခါမှာလဲပဲ ဆင်းရဲခပ်သိမ်း တစ်ခါတည်း ငြိမ်းသွားတာပေါ့၊ ဒါကြောင့် သြပနေယျိကော - ကိုယ်ထဲ စိတ်ထဲသို့ ရောက်အောင် ကျင့်ဆောင်ထိုက်သော တရားပါတဲ့၊ ဒီတရားဟာ သာမန်တရား မဟုတ်ဘူး၊ ကိုယ်ထဲ စိတ်ထဲရောက်အောင် ကျင့်ထိုက်သော တရားလို့ပဲ ဒီလို နှလုံးသွင်းရမှာကိုး။
သြပနေယျိကော - ကိုယ်ထဲ စိတ်ထဲသို့ ရောက်အောင် ကျင့်ဆောင်ထိုက်သော တရားတော်မြတ် ပါပေတကား၊ (၃-ခေါက်) အဲ-ဧဟိပဿိကော သြပနေယျိကော၊ ပစ္စတ္တံဝေဒိတဗ္ဗော ဝိညူဟိတဲ့၊ တရားဂုဏ်တွေ နှလုံးသွင်းပါတဲ့၊ ဒီတရားတွေ နှလုံးသွင်းရင် ကိုယ်ထဲစိတ်ထဲ ရောက်အောင် တကယ်ကျင့်ထိုက်တဲ့ တရား၊ တကယ်ကျင့်လို့ ကိုယ်ထဲ စိတ်ထဲသို့ ရောက်လာလို့ ရှိရင် သူ ရောက်လာသလောက်ဟာ ချမ်းသာမှုတွေရတယ်၊ ဆင်းရဲတွေ ကင်းငြိမ်းပြီးတော့ သွားတယ်၊ အဲဒီ ဆင်းရဲကင်းငြိမ်းကြောင်း တရားတွေကို ငါအားထုတ်ကျင့်ကြံ နေရပါပေတယ်လို့ နှလုံးသွင်းလိုက်လို့ ရှိရင် ဝမ်းမြောက် ဝမ်းသာပီတိတွေ ဖြစ်သွားပါတယ်၊ ဒါကြောင့် -
ရတနာသုံးစုံ သီလဂုဏ် စွန့်ပုံအောက်မေ့ပါ၊ ဒါလဲဆို၊ တရားသိမ်းကြဦးစို့၊ အချိန်လဲ တော်တော် ကြာသွားပြီ။
ရတနာသုံးစုံ သီလဂုဏ် စွန့်ပုံအောက်မေ့ပါ။
နတ်ဖြစ်ဖွယ်စု ငြိမ်းအေးမှု တွေ့ရှုအောက်မေ့ပါ။
မွဲခြောက်သူကြဉ် စိုပြည်ယှဉ် ထိုတွင်စိတ်ညွတ်ရာ။
ကြည်ညိုဖွယ်ညွှန်ကြား သုတ္တန်များ စဉ်းစားဆင်ခြင်ပါ။
ပီတိပွားရန်၊ ဆယ့်တစ်တန်၊ ထုတ်ပြန် ဋ္ဌကထာ။
နောက်ဟာတွေကျတော့ နောက်သီတင်းမှ ဆက်ဟောရမှာပဲ၊ တော်တော် ဟောရလိမ့်မယ် ထင်တယ်၊ ကောင်းလဲ ကောင်းပါတယ်၊ ကြည့်ညိုစရာ မှတ်သားစရာ ကောင်းပါတယ်၊ တရား သိမ်းကြစို့ရဲ့၊ ဒီကနေ့တော့ ပီတိသမ္ဗောဇ္ဈင်တရားကို ရိုသေစွာ နာခံမှတ်သားရသော ဓမ္မသဝန ကုသိုလ်ကံ စေတနာ, စေတနာကံ၏ အစွမ်းအာနုဘော်တို့ကြောင့် တရားနာ ပရိသတ် အပေါင်း သူတော်ကောင်းတို့သည် ဘုရားဂုဏ်အစရှိသည်ကို အာရုံပြုလျက် မိမိတို့သန္တာန်၌ ပီတိသမ္ဗောဇ္ဈင် တရားကို ပွားများ အားထုတ်နိုင်ကြ၍ ဝိပဿနာဉာဏ်အစဉ် အရိယာမဂ်ဉာဏ်အစဉ်ဖြင့် ဆင်းရဲခပ်သိမ်း ငြိမ်းရာဖြစ်သော နိဗ္ဗာန်ချမ်းသာမြတ်သို့ လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက် ပြုနိုင်ကြ ပါစေကုန်သတည်း။
သာဓု .... သာဓု .... သာဓု .... ။
ပီတိသမ္ဗောဇ္ဈင် တရားတော်
▬▬▬▬▬▬▬▬▬▬▬
၁၃၂၃-ခု၊ ဝါခေါင်လဆန်း ၈-ရက်။
ဘာဝနာယ ပါရိပူရိ ဟောတိ၊ တဉ္စ ပဇာနာတိ။
ယထာစ - အကြင် အကြောင်းကြောင့်လည်း၊
အနုပ္ပန္နဿ ပီတိသမ္ဗောဇ္ဈင်္ဂဿ - မဖြစ်သေးသော ပီတိသမ္ဗောဇ္ဈင်၏၊
ဥပ္ပါဒေါ - အသစ်ဖြစ်ပေါ်လာခြင်းသည်၊
ဟောတိ - ဖြစ်၏၊
တဉ္စ - ထိုပီတိသမ္ဗောဇ္ဈင် ဖြစ်ခြင်း၏ အကြောင်းတရားကိုလည်း၊
ပဇာနာ - သိ၏၊
ဝိပဿနာရှုနေတဲ့ ယောဂီပုဂ္ဂိုလ်အား ဥဒယဗ္ဗယဉာဏ် ရောက်တဲ့အခါ ဥဒယဗ္ဗဉာဏ်ဆိုတာ မိမိတို့၏ ကိုယ်တွင်း သန္တာန်မှာ ဖြစ်နေတဲ့ ရုပ်နာမ်တရားတွေဟာ ခဏမစဲ ဖြစ်ချည်ပျက်ချည်နှင့် တစ်ပိုင်းစီ တစ်ပိုင်းစီ ပိုင်းခြားပြီး သိနေတဲ့အခါမှာ ဥဒယဗ္ဗယဉာဏ်လို့ခေါ်တယ်၊ ဥဒယ-ဆိုတာက ဖြစ်ခြင်း၊ ဝယ-ဆိုတာက ပျက်ခြင်း၊ ဖြစ်ခြင်းပျက်ခြင်း, ဖြစ်ခြင်းပျက်ခြင်းဆိုတာ ဖြစ်ပေါ်လာတာနဲ့ ပျောက်သွားတာပဲ၊ ပကတိပုဂ္ဂိုလ်တွေ အနေကတော့ မိမိတို့သန္တာန်မှာ ဖြစ်နေတယ်၊ ရုပ်ကိုယ်ကြီး ဟာလဲ တကျံ့တည်း တည်နေတာပဲ၊ ဖြစ်ပုံ၊ သူ့ဟာသူ ပျောက်သွားတာလဲ မရှိဘူး။
မွေးလာကတည်းက အမိဝမ်းထဲက စပြီးတော့ အဲဒီထဲက ဒီကိုယ်ကြီးဟာ ဒီလိုရှိနေတာပဲဟု အောက်မေ့နေတာပဲ၊ တဖြေးဖြေး ဒီကိုယ်ကြီးက ကြီးလာ၊ နောက်ဆုံး တစ်နေ့ကျ သေရော၊ အဲ-သေတဲ့အခါကျတော့ မူလအခြေအနေတိုင်း မဟုတ်ဘူး၊ ပျက်တော့ ပျက်သွားတယ်၊ ဒါပေမယ်လို့ အကောင်အထည်ကြီးလိုက် ဒီလိုပဲ ရှိနေသေးတာ၊ နောက်ဆုံး တဖြေးဖြေးနဲ့ သူဆွေးမြေ့ပြီးတော့ အမှုန့်မှုန့်တွေ ဖြစ်ပြီး တဖြေးဖြေးနဲ့ ပျက်စီး ပျောက်သွားတယ်။
အဲဒီလို စဖြစ်တာနဲ့ ဒီပျက်တာနဲ့ ဒီလောက်ပဲသိတယ်၊ ရုပ်တရားထဲမှာ ခဏမစဲရုပ်တွေ ဖြစ်ပျက် နေတယ်လို့ရှိတာ၊ ဒါကကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားဆင်ခြင်ဖို့ရာ မလွယ်ဘူး၊ ပကတိပုဂ္ဂိုလ်တွေ အနေနဲ့ မလွယ်ဘူး၊ စာပေကျမ်းဂန် ဗဟုသုတအရနဲ့ ဆင်ခြင်လို့ရှိရင် အတော်အတန်တော့ ဆင်ခြင်တာပေါ့၊ အတော်အတန်တော့ ထင်မြင်တယ်၊ ဥပမာ ဥပမေယျနဲ့ ဆောင်ပြီးတော့ နှလုံး သွင်းတဲ့အခါ အတော်အတန်တော့ဖြင့် ထင်တယ်၊ ဥပမာ ပူတဲ့ရုပ်ကတစ်မျိုး၊ အေးတဲ့ရုပ်က တစ်မျိုး၊ ပူတာကနေပြီး အေးရာသို့ မရောက်ဘူး အေးရာကနေပြီးတော့ ပူတာကိုလဲ မရောက်ဘူး၊ အေးတဲ့ရုပ်ကတခြား၊ ပူတဲ့ရုပ်ကတခြား အဲဒါလိုဥပမာ လေးတွေဆောင်ပြီးတော့ နှလုံးသွင်း ဆင်ခြင်ပြီးတော့ ရေအေးအိုးထဲထည့် မီးပေါ်မှာတင်၊ အဲ-အစက အအေးတွေပဲ၊ တဖြေးဖြေးနဲ့ မီးကပူပြီးတော့ အပူရုပ်တွေ တဖြေးဖြေးဖြစ်လာတယ်၊ အပူရုပ်တွေ တဖြေးဖြေး ဖြစ်ပြီးတော့ ဒါကအင်မတန် ပူတဲ့ရုပ်တွေ ဖြစ်လာတယ်၊ မူလက ထည့်တုန်းကတော့ အအေးရုပ်တွေ၊ နောက်ကျတော့ ပူတယ်၊ အေးတဲ့ရုပ်က ပူတဲ့ရုပ် ဖြစ်ပွားလာတာလားလို့၊ ဒီလိုတော့မဟုတ်သေးဘူး၊
ဒါပေမယ်လို့ သာမန်ပုဂ္ဂိုလ်တွေ အနေအားဖြင့်တော့ ဒီရုပ်တွေကတော့ ဒီရုပ်တွေကပဲ အအေးတွေက အပူဖြစ်သွားတယ်လို့ ဒီလိုပဲ ထင်နေကြတာပါပဲ၊ ဒီလိုထင်ပြန်တာပဲ၊ အမှန်ကတော့ အေးတဲ့ရုပ်က ပူတဲ့ရုပ် ဖြစ်လာတာမဟုတ်ဘူး၊ ပူတဲ့ရုပ်က အေးတဲ့ရုပ်ဖြစ်တာ မဟုတ်ဘူး၊ အဲဒါလို ကိုယ်ထဲမှာ အေးတဲ့ရုပ်တွေလဲ ရှိတယ်၊ ပူတဲ့ရုပ်တွေလဲရှိတယ်၊ အေးတဲ့ရုပ်က ပူတဲ့ရုပ် မဖြစ်ဘူး၊ ပူတဲ့ရုပ်ကလဲ အေးတဲ့ရုပ် မဖြစ်ဘူး၊ ခဏမစဲ ပြောင်းလွဲနေတယ်လို့ ဒီလိုနှလုံးသွင်း ဆင်ခြင်ရင် တော်ရုံတန်ရုံတော့ ထင်တာပေါ့လေ။
ဒါပေမယ်လို့ ကောင်းကောင်း မထင်နိုင်ဘူး မလွယ်ဘူးပေါ့၊ ဒီလိုထင်ဖို့ရာ ခဏမစဲ ပျောက်ပျက် နေတာထင်ဖို့ တော်တော်ကိုမလွယ်တဲ့ ဥစ္စာပဲ၊ လှုပ်ရှားတဲ့ရုပ်နဲ့ တည်ငြိမ်တဲ့ရုပ်၊ တည်ငြိမ်တဲ့ရုပ် လှုပ်ရှားလာတဲ့ အခါကတော့ ရုပ်သစ်တွေဖြစ်လာတယ်၊ လှုပ်ရှားရာကနေဖြစ်၊ တစ်ခါတည်း ငြိမ်းသွားပြန်လို့ရှိရင် လှုပ်ရှားတဲ့ရုပ်က တည်ငြိမ်တဲ့ရုပ် ဖြစ်သွားတာ မဟုတ်ဘူး၊ လှုပ်ရှားတဲ့ရုပ်က တခြား၊ တည်ငြိမ်တဲ့ရုပ်က တခြားပဲ။
ဒါပေမယ့် ပကတိလူတွေ အနေကတော့ ဒီလိုမထင်ပြန်ဘူး၊ တည်ငြိမ်နေတဲ့ ရုပ်ကပဲ လှုပ်နေတာ၊ ဒါပဲ ဒီလက်ကပဲ လှုပ်နေတာပဲ၊ ပထမ တည်နေတာလဲ ဒီလက်ပဲ၊ တစ်ခါပြန်ပြီးတော့ ငြိမ်လို့ ရှိပြန်တော့လဲ ဒီလက်ပဲ၊ ဒီကိုယ်ပဲ၊ ဒီလိုထင်နေတာ၊ မလွယ်ဘူး၊ ပကတိ အနေနဲ့တော့ ရုပ်သေ ခဏခဏ ပျက်နေတယ်ဆိုတာ တော်တော်ကိုသိဖို့ ခဲယဉ်းပါတယ်၊ နောက် တစ်ခါ စိတ်နာမ် တရားတွေတဲ့၊ အဲဒီ စိတ်နာမ်တရားတွေ ပိုပြီးတော့ သူကလဲသိဖို့ ခက်ပါတယ်၊ စိတ်နာမ်တရားက အထည်ဝတ္ထုရှိတာ မဟုတ်တော့ သူကပိုပြီးတော့ ခက်ပါတယ်၊ အဲဒီစိတ်နာမ်တရားတွေ ဆိုတာ ကတော့ အမြဲတမ်း တည်ရှိနေတယ်လို့ ထင်နေတယ်၊ အထည်ဝတ္ထုလဲ ရှာလို့မရဘူး၊ ဒါလဲ ငယ်ငယ်ထဲက သိနေတဲ့စိတ်ဟာ ယခုထက်ထိ တစ်စိတ်တည်းပဲ၊ တစ်ယောက်တည်းပဲ၊ ကိုယ် တစ်ယောက်တည်းက သိနေတယ်လို့ ဒီလိုနှလုံးစွဲ ထင်နေတယ်။
အသစ်အဟောင်း ပြောင်းလွှဲနေတယ်၊ ပျက်သွားတယ်လို့ ဒီလိုမထင်ဘူး၊ ဒါပေမယ်လို့ စိတ်နာမ် တရားကမှ အပြောင်းအလွဲတွေမြန်တာပဲ၊ စိတ်ဟာအာရုံတွေ (ပြောင်းလွဲတိုင်း-၂) စိတ်အသစ်အသစ် ချည်းတည်းပဲ၊ မြင်တဲ့စိတ်ကလဲ ကြားတဲ့စိတ် မဖြစ်ဘူး၊ ကြားတဲ့စိတ်ကလဲ မြင်တဲ့စိတ်မဖြစ်ဘူး၊ စိတ်ကူး စဉ်းစားကြံစည်တဲ့ စိတ်ကလဲ မြင်တဲ့စိတ် မဖြစ်ဘူး၊ တစ်ခုစီ တစ်ခုစီပဲ၊ ပျော်ရွှင်တဲ့စိတ်က ညှိုးနွမ်းတဲ့စိတ် မဖြစ်ဘူး၊ ညှိုးနွမ်းတဲ့ စိတ်က ပျော်ရွှင်တဲ့ စိတ်မဖြစ်ဘူး၊ သူ့ဟာတွေ တခြားစီပဲ၊ ချမ်းသာက ဆင်းရဲမဖြစ်ဘူး၊ ဆင်းရဲကလဲ ချမ်းသာမဖြစ်ဘူး စသည် ဒါပေမယ်လို့ ပကတိ ပုဂ္ဂိုလ်တွေကတော့ အဲဒါပဲ တစ်ယောက်တည်းပဲ ထင်နေတာပဲ၊ စိတ်ကူးနေရာက မြင်သွားတယ်၊ မြင်ရာက စိတ်ကူးတယ်၊ မြင်ရာက ကြားသွားတယ်၊ ကြားရာက တစ်ခါ မြင်လာပြန်တယ်၊ ချမ်းသာတာကနေ ဆင်းရဲသွားတယ်။
ပျော်ရွှင်နေရာက စိတ်မချမ်းမသာ ဖြစ်သွားတယ်၊ စိတ်မချမ်းမသာ ဖြစ်နေရာကနေပြီး ပြန်ပြီးတော့ ပျော်ရွှင်မှု ဖြစ်လာ ပြန်တယ်၊ ဒီလိုပဲ တစ်ယောက်တည်းပဲ ထင်နေတယ်၊ အဲဒါကြောင့် ပကတိ အနေအားဖြင့် ရုပ်နာမ်တွေ ခဏမစဲ ဖြစ်ပျက်နေ တယ်ဆိုတာ သိဖို့ရာဟာ တော်တော် မလွယ်ပါဘူး၊ ကိုယ်ပိုင်ဉာဏ်နဲ့ တစ်ခါတည်း စိတ်ချလက်ချရှင်းပြီးသိဖို့ တော်တော် မလွယ်ပါဘူး၊ သို့သော်လည်း မြတ်စွာဘုရား ပေးထားတဲ့ သတိပဋ္ဌာန်နည်းအရ ဒွါရ ၆-ပါးက ဖြစ်တိုင်းဖြစ်တိုင်းတွေ လိုက်ပြီး ရှုနေတဲ့ ယောဂီပုဂ္ဂိုလ် တို့မှာတော့ ဒါတွေကို ပိုင်းခြားပြီးတော့ သိပါတယ်။
အဲဒါတွေဟာ သူ့ဟာသူပဲ သိပါတယ်၊ အတွေးအဆ မဟုတ်ဘူး၊ အတွေးအဆ ဆိုတာကတော့ ကိုယ်ကြိုက်ရာဘက်က နေပြီးတွေးရင် ကိုယ်ကြိုက်သလို ဖြစ်တာပဲ၊ ဗုဒ္ဓဘာသာတွေက ဗုဒ္ဓဘာသာ တရားတော်အရနဲ့ မှန်းဆပြီးတော့ ရှုလို့ရှိရင် ဒီအတိုင်းဖြစ်တာပဲ၊ ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်တွေကလဲ သူတို့ရဲ့ ဘာသာတရားနဲ့ စဉ်းစား ဆင်ခြင်လိုက်တဲ့အခါ ဒီလိုရနေတာပဲ၊ သူတို့ကလဲ အတ္တက ရှိနေတယ် ဆိုပြီးသကာလ သူတို့က ဒီလိုပဲ သဘောကျတယ်၊ အတ္တအသက်ကောင်က တည်ရှိနေ တယ်လို့ ဒီလို သဘောကျနေတယ်၊ အဲဒါ စိတ်ကူး စဉ်းစားမှု ဆင်ခြင်မှုတွေ ဆိုတာကတော့ ကိုယ်သဘောကျရာ ကိုယ်လိုရာကိုဆွဲပြီး စဉ်းစားလို့ ရှိရင်လဲ ရတယ်၊ ဒါပေမယ်လို့ တစ်ချို့ ပုဂ္ဂိုလ်တွေက ဒီလိုစိတ်ကူး စဉ်းစားဆင်ခြင်ပြီးတော့ သဘောကျတာမှ ဉာဏ်ပဲဆိုပြီး ဒီလိုယူဆပြီး ပြောဟောနေတဲ့ ပုဂ္ဂိုလ်တွေက ရှိသေးတာကိုး၊ မြတ်စွာဘုရားက ဘုရားဖြစ်တော်မူစကတည်းက
အဓိကတော ခေါ မျာယံ ဓမ္မော ဂမ္ဘီရော ဒုဒ္ဒသော။
အဓိကတော ခေါ မျာယံ ဓမ္မော၊ ဂမ္ဘီရော ဒုဒ္ဒသော အတက္က ဝစရော ပဏ္ဍိတ ဝေဒနီယော။
မယံ - ငါသည်၊ အဓိကတော - ရအပ်သော၊ အယံဓမ္မော - ဤတရားသည်၊ ဂမ္ဘီရော - နက်နဲ သိမ်မွေ့လှ၏၊ ငါဘုရား ရထားတဲ့တရား နက်နဲပါတယ်တဲ့၊ ဒုဒ္ဒသော - မြင်နိုင်ခဲ၏၊ မြင်ဖို့ရာ မလွယ်ဘူး၊ ဒီတရား နိပုနော - သိမ်မွေ့၏၊ အတက္က ဝစရော - ကြံဆခြင်းဖြင့် မရောက်နိုင် ကောင်းသော တရားကြံဆခြင်းဖြင့် မကျက်စားနိုင်ကောင်းသော တရားတည်း၊ ကြံဆခြင်းဖြင့် ကျက်စားရာ မဟုတ်သော တရားတည်း၊ ကြံစည် စဉ်းစားမှုတော့ ကြံစည် စဉ်းစား တွေးတောလို့ မရနိုင်တဲ့တရားပဲ။
စဉ်းစားကြံစည်ပြီးတော့ နေလို့တော့ တရား မတွေ့နိုင်ဘူးလို့ ဆိုလိုပါတယ်၊ ပဏ္ဍိတဝေဒနိယော - ပညာရှိတို့သာလျှင် သိအပ်သော တရားတည်း၊ ဝိပဿနာဉာဏ်ပညာနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်တွေ, အရိယာ မဂ်ဉာဏ် ဖိုလ်ဉာဏ်ပညာနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်တွေမှ တွေ့နိုင်တဲ့ တရားပဲတဲ့၊ အဲဒါကြောင့် မြတ်စွာဘုရား ပေးထားတဲ့ နည်းအတိုင်း ဒွါရ ၆-ပါးက ဖြစ်တိုင်း ရုပ်နာမ်တွေကို လိုက်ပြီးတော့ သတိတွေ မှတ်ရှုနေရလို့ရှိရင် သူသဘောမှန်တွေ ပေါ်လာပါတယ်၊ သူသဘောမှန်တွေ ဖြစ်ခိုက် ဖြစ်ခိုက် ရုပ်နာမ်တွေကို လိုက်ပြီးတော့ရှုနေတော့ သဘောမှန်တွေကို ပေါ်တာပေါ့၊ မရှုတဲ့ပုဂ္ဂိုလ် တွေကတော့ ရှေ့ရုပ်နာမ်တွေနဲ့ နောက်ရုပ်နာမ်တွေ တစ်စုတည်း တစ်လုံးတည်း, တစ်ပေါင်းတည်း တစ်စုတည်း တစ်ပေါင်းတည်း လုပ်ပြီးတော့ အဲဒီလို သိနေကြတာကိုး။
ဒီလိုသိနေကြတော့ အစဉ်ထာဝရ တည်မြဲနေတယ်လို့ ထင်တာပေါ့၊ အခုန ပြောခဲ့သည့်အတိုင်းပဲ ငယ်ငယ်တည်းက ရှိနေတဲ့ရုပ် အခုထိ တစ်ရုပ်တည်းပဲဟု ထင်နေတယ်၊ ငယ်ငယ်တည်းက ရှိတဲ့စိတ်ဟာ အခုထိ ဖြစ်နေတဲ့စိတ်ပဲ၊ တစ်ယောက်တည်းပဲဖြစ်နေတယ်၊ ဖြစ်တာလဲ ဒီစိတ်ပဲ၊ ကြားတာလဲ ဒီစိတ်ပဲ၊ စိတ်ကူး စဉ်းစားကြံစည်တာလဲ ဒီစိတ်ပဲ၊ တစ်ယောက်တည်းပဲ၊ ပျော်ရွှင်နေတာ လဲ ဒီစိတ်ပဲ၊ နှလုံးမသာယာတာလဲ ဒီစိတ်ပဲ၊ တစ်ယောက်တည်းလို ဖြစ်နေတယ်၊ အဲဒါဟာ ဖြစ်ခိုက်ရုပ်နာမ် ကလေးတွေ ပိုင်းခြားပြီး မသိလို့တဲ့၊ ဖြစ်ခိုက် ရုပ်နာမ် ကလေးတွေဖြစ်တိုင်း လိုက်ပြီးတော့ ရှုလို့ရှိရင် ဖြစ်တဲ့သဘောလဲ အမှန်အတိုင်းပဲ သိတယ်။
ရုပ်သဘောကလေးတွေ အမှန်အတိုင်း သိတယ်၊ နာမ်သဘော ကလေး အမှန်အတိုင်း သိတယ်၊ ပထဝီဓာတ်ရဲ့ ခက်မာ ကြမ်းတမ်းတဲ့ သဘောလေး, ခက်မာကြမ်းတမ်းတဲ့ သဘောမျှပဲဆိုတာ အတွေ့အထိတွေလို မှတ်တဲ့အခါ သိရတယ် ဒါပဲလို့၊ ဥပမာဆိုပါတော့ လူတစ်ယောက်က ကျောကိုလာပြီး တုတ်တစ်ခုနဲ့ လာပြီးတော့ တို့တယ်၊ ညအခါကာလကြီး ညကို တုတ် တစ်ခုနဲ့ ကျောကို လာတို့လို့ရှိရင် ဘယ်သိမလဲ၊ ကြမ်းတမ်းရင် ကြမ်းတမ်းတာ သိမှာပဲ၊ တုတ် တိုတိုလို့လဲ မသိနိုင်ဘူး၊ ရှည်ရှည်လို့လဲ မသိနိုင်ဘူး၊ ကောက်ကောက်လို့လဲ မသိနိုင်ဘူး၊ ဘာရယ်လို့ မသိနိုင်ဘူး၊ ကြမ်းတမ်းရင် ကြမ်းတမ်းတာလေးပဲ သိလိုက်ရတယ်၊ အဲ-ယခု မျက်မှောက်တွင် လာပြီးတော့ တုတ်နဲ့လာတို့ရင်တော့ သြော်-တုတ်နဲ့ လာတို့တာပဲ၊ တုတ်ရှည်ကြီးပဲ လို့ ကောက်ရင်လဲ ကောက်တယ်၊ တုတ်ကောက်ကြီးပဲ၊ ချောချောမွေ့မွေ့ ဆိုလို့ရှိရင် ချောချောမွေ့မွေ့ တုတ်ပဲ၊ မချောမွေ့တဲ့ တုတ်ဖြစ်ရင်လဲ မချောမွေ့တဲ့ တုတ်ပဲဆိုတာ သူကသိတယ်၊ ဘယ်ကဘယ်လို လုပ်ပြီးတော့ တို့လိုက်တာပဲ၊ အဲဒါလိုလျှောက်ပြီးတော့ သိတယ်။
ညအခါကာလ မမြင်ရတဲ့ မှောင်ထဲမှာလာပြီး တွေ့ထိသွားလို့ ရှိရင်တော့ ထိတာလောက်ပဲ သိတယ်၊ ဒါထက်ပိုပြီးတော့ မသိဘူး၊ ကြမ်းတမ်းရင် ကြမ်းတမ်းတယ်၊ နူးညံ့ရင်နူးညံ့တယ်၊ ဒါပဲသိတယ်၊ အဲဒါလိုပဲ ပကတိ ပုဂ္ဂိုလ်တွေ မရှုဘဲနေတော့ ခုနက တုတ်ကြီးတဲ့ ထိသွားတယ်၊ အရှည်ကြီးပဲ၊ အကောက်ကြီးပဲ၊ ဘယ်သူက လာထိုးသွားတယ် စသည်ဖြင့် လျှောက်ပြီး သိနေတာလို၊ မရှုဘဲနေတဲ့ ပုဂ္ဂိုလ်တွေမှာ ဘေးက ဟာတွေရော ပတ်ဝန်းကျင်တွေရော အကုန်လုံး သူကစုပေါင်းပြီးတော့ သတ္တဝါတွေ မြဲတဲ့အနေအားဖြင့် ထင်သွားတာကိုး။
အဲ - ညဉ့်မှောင်ထဲမှာ လာပြီးတော့ တွေ့ထိသွားရင်တော့ တွေ့ထိတာလောက်ပဲ သူကသိတယ်၊ အဲဒါလိုပဲ၊ ဖြစ်ခိုက်ကလေး ရှုရင်ဖြင့် ထိရင် ထိတာပဲသိတယ်။
ထိတယ်, ထိတယ်၊ ကြမ်းရင် ကြမ်းတာလဲ သိတာပဲ၊ နုလဲနုတာပဲ သိတယ်၊ ပထဝီဓာတ်ကို အပူထိတဲ့ အခါကာလ ပူတာပဲသိတယ်၊ အအေးထိတဲ့ အခါကာလ အေးတာပဲသိတယ်၊ တောင့်တင်းလို့ရှိရင် တောင့်တင်းတာ သိတယ်၊ လှုပ်ရှားရင်လဲ လှုပ်ရှားတာ သိတယ်၊ ဒါကြောင့်မို့ ဗိုက်ကနေပြီးတော့ ဖောင်းတယ်၊ ပိန်တယ် ဒီလို မှတ်နေရတယ်၊ တောင့်တင်းတဲ့ သဘော လှုပ်ရှားတဲ့ သဘောကနေပြီး အဆင့်ဆင့်ဖြစ်နေတာတွေကို သူကသိတယ်၊ မရှုဘဲနေရင်တော့ တစ်ခါတရံမှ စဉ်းစားကြည့်ရင် ဗိုက်ကြီးက အလုံးကြီးလို့ ထင်မှာပေါ့၊ ဒါပဲ၊ နှလုံးမသွင်းခင်ကလဲ ဒီကိုယ်ကြီး ရှိနေတာပဲ၊ နှလုံးသွင်းတော့လဲ ဒီလိုရှိနေတာပဲ၊ ပြီးတော့လဲ ဒီလိုရှိနေတာ၊ ဒီလိုသိမှာပဲ၊ အမြဲမပြတ်ရှုနေလို့ သမာဓိဉာဏ် အားကောင်းလာတော့ ၂-ခါ ၃-ခါ ၄-၅-၁၀ ခါလောက်ရှုတော့ မသိသေးဘူး၊ ဒါက သူအဆင့်အတန်း မြင့်လာမှာ၊ မီးပွားတဲ့ ပုဂ္ဂိုလ်ဟာ သစ်သားချင်း သစ်သားချင်းပွတ်လို့ မီးပွင့်ပါတယ် ဆိုတာဟာ ဒီအတိုင်းစဉ်းစားကြည့်လို့ ရှိရင်တော့ ဘယ်သဘာဝ ယုတ္တိရှိမလဲ၊ သစ်သားပဲ၊ ဟိုဟာက သစ်သား ဒီကလဲသစ်သားပဲ၊ ဒီကနေပြီးတော့ မီးပွင့်ရမယ်ဆိုတာ ကြားလဲ မကြားဖူးဘူးဆိုရင် သဘာဝဟာ သဘောကွဲပြားမှု မရှိဘူး၊ ဒါပေမယ်လို့ ဒါပွတ်လို့ရှိရင် မီးကပွင့်တာပဲ၊ သို့သော်လည်း ၂-ချက် ၃-ချက် ပွတ်လို့တော့ ပွင့်မလာဘူး၊ မီးပွင့်လောက် အောင်လို့ကို အင်မတန်ကို ပူလောင်အောင်လို့ ပွတ်မှမီးက ပွင့်ရမှာကိုး၊ အဲဒါလိုပဲ။
သမာဓိ ဖြစ်လောက်အောင် ရှုတဲ့အခါကျတော့ ဒီဖောင်းတာပိန်တာ ကကလေးမှတ်တာက ဖောင်းလိုက်, ပိန်လိုက်၊ အစတော့ ဒီလိုဗိုက်ကြီးလိုက် ထင်နေမှာပဲ၊ ကိုယ်ကြီးလိုက်ပဲ ထင်နေမှာပဲ၊ ဒါမထင်ပါနဲ့ပြောလို့ ဘယ်ဖြစ်လိမ့်မလဲ၊ ဗိုက်ကြီး ကိုယ်ကြီးကို မရှုတော့ဘူး၊ အဲဗိုက်ထဲက တောင့်တင်းတာလေးတွေကို ငါကောက်ပြီးတော့ ရှုတော့မယ်လို့ ရှုကြည့်စမ်းပါ ဖြစ်မလားလို့၊ မဖြစ်ပါဘူး၊ ဘယ်ဖြစ်မှာတုံး၊ ဒီဥစ္စာ တောင့်တင်းတာလေးတွေ လိုက်ပြီးတော့ ရှာနေလို့ ရှိရင်လဲ ဗိုက်ကြီးပဲပေါ် နေမှာပဲ၊ ကိုယ်ကြီးလဲ ပေါ်နေမှာပဲ၊ မပေါ်လို့ကို မဖြစ်ဘူး။
နောက်တစ်ခုဟာ ဘာလဲဆိုတော့ အဲဒါ တောင့်တင်း တာလေးတွေ လိုက်ပြီး ရှာနေတဲ့အတွက် သမာဓိလဲ ကောင်းကောင်းမဖြစ်ဘူး၊ စိတ်ကူးစဉ်းစားတာတွေ ဝင်ပြီးတော့ သမာဓိ ကောင်းကောင်း မဖြစ်ဘူး၊ ဉာဏ်လဲ မဖြစ်တော့ဘူး၊ တော်တော်ကြာ တော့ကို စဉ်းစားသလို ဖြစ်တော့မှာ၊ ဟိုဒင်းဟာလေးက ဘယ်လိုဟာပဲ၊ ကြားတာလေးက ဘယ်လိုဟာပဲ၊ ကိုယ်စဉ်းစားတဲ့ အတိုင်း ဖြစ်သွားတယ်၊ သဘာဝမကျဘူး၊ အမှန်မရဘူး၊ အဲ-ယခုပေါ်ခိုက် ပေါ်ခိုက်ကလေးတွေ သူရှိတဲ့အတိုင်း ဖောင်းတာလေးကို ဖောင်းတယ်မှတ်၊ ပိန်တာလေး ပိန်တယ်မှတ်၊ ဖောင်းစက ဖောင်းဆုံးနေရာကို စိုက်စိုက်ပြီးတော့ အစတော့လဲပဲ ပုံပန်းသဏ္ဍာန် အထည်ဒြပ်တွေ သမာဓိဉာဏ် ရင့်လာတဲ့ အခါကျတော့ တောင့်တင်းတဲ့သဘော လှုပ်ရှားတဲ့ သဘောလေးတွေ အဆင့်ဆင့်ဖြစ်နေတာ၊ ကိုယ်ပိုင်ဉာဏ်နဲ့ သူကရှင်းပြီးတော့ သိလာတယ်။
အဲ-ဖြစ်ခိုက်တရားလေးတွေ ရှုနေရင် အစလေးနဲ့ နောက်ပြီးလို့ရှိရင် ပျောက်သွားတဲ့ အဆုံးကလေးနဲ့ ပေါ်လာလိုက်, ဆုံးသွားလိုက်, စပေါ်လာလိုက် ဆုံးသွားလိုက်-၂) အပိုင်း အပိုင်းကလေးတွေ ဖောင်းတာလေးတွေမှတ်၊ အစကတော့ တစ်ဖောင်းနဲ့ တစ်ပိန်နဲ့ ဖောင်းတာ စလိုက်, ဆုံးလိုက်ပဲ၊ ပိန်တာစလိုက်, ဆုံးသွားလိုက်၊ အဲဒါလေး ၂-ခုပဲ၊ ဒါလေး ၂-ခုကိုပဲ သိပ်မလွယ် လှသေးဘူး၊ အဲဒါ နိုင်လာပြီဆိုတော့ ဖောင်းတာက တစ်ခြား ပိန်တာက တစ်ခြားပဲ၊ မရောဘူး၊ အဲဒီကနေပြီးတော့ တစ်ခါ တစ်ဆင့် တက်လာတဲ့အခါ ဖောင်းတာမှာကို တစ်ဖောင်းတည်း မဟုတ်ဘဲ၊ တစ်ရိပ်ရိပ်နဲ့ တစ်ခါတည်း ဖောင်းတက် လိုက်ရင်း တစ်ဆင့်ပြတ်သွားလိုက်ရင်း ဖောင်းတက်လိုက်ရင်း တစ်ဆင့်ပြတ်သွားလိုက်ရင်း (ရိပ်ခနဲရွှေ့လိုက်ပျောက်လိုက်-၂) ပိန်တာမှာလဲ တစ်ဆင့်ပြီး တစ်ဆင့်ပဲ၊ အဲဒီလိုပဲ။
လက်များ ကွေးလို့ရှိရင် ကွေးတယ်, ကွေးတယ်၊ မှတ်ရင်လဲ တစ်ဆင့်ခြင်း တစ်ဆင့်ခြင်းပဲ၊ (ရွှေ့လိုက် ပျောက်လိုက်-၂)နဲ့ ဒီတော့ မကွေးခင်က လက်ကပဲ ကွေးလာတယ်လို့ ထင်မြင်စွဲလမ်းမှုတွေ ဒီမှာမရှိဘူး၊ ကွေးနေတဲ့ လက်ကပဲ ကိုယ်ချထားရာကို ရောက်သွားဘိ သကဲ့သို့ စွဲလမ်းမှုမရှိဘူး၊ အဲ-သူ့နေရာတွင် သူဖြစ်ပြီး သူ့နေရာတွင် သူပျောက်နေတာပဲလို့ ပိုင်းခြားပြီး သိသွားတာ၊ အဲဒီလိုသိမှ ဥဒယဗ္ဗယဉာဏ်က ဖြစ်လာတာကိုး၊ စိတ်ကလေးတွေဟာလဲပဲ မရှုခင်ကတော့ စိတ်တွေဟာ တစ် ယောက်တည်း တစ်စိတ်တည်း သူ့နေရာတွင် စိတ်ကူးနေရာတွင် ဖြစ်နေတယ် အောက်မေ့နေတယ်၊ ဘယ်ဟုတ်မလဲ သူက ဖြစ်ပေါ်ခိုက်ကလေး မှတ်လိုက်တော့ တော်တော်ကြာရင် မရှိဘူး၊ မှတ်နေတုန်းရှိသေး ဟိုမှာ ဒီကစိတ်ကူးတယ်ဆို ဟိုမှာ မရှိ ပြန်ဘူး၊ စဉ်းစားတယ်ဆို မရှိပြန်ဘူး၊ လိုချင်တယ်ဆို မရှိပြန်ဘူး၊ မှတ်လိုက်လို့ ရှိရင်ဖြင့် ဘာမျှ အထည်ဝတ္ထုရှာလို့ မရဘူး၊ အကုန် ပျောက်နေတာချည်း တွေ့နေတယ်။
အဲဒီတော့ အဲဒီစိတ်ကလေး တွေဟာလဲပဲ ဖြစ်ပြီးရင် ပျောက်နေတာပဲ ဆိုတာ အထူး မစဉ်းစား ရပါဘူး၊ သူ့ဟာသူ ကိုယ်ပိုင်ဉာဏ်နဲ့ ရှင်းပြီး သိနေတယ်၊ အဲဒီလိုသိတာက ဥဒယဗ္ဗယဉာဏ်၊ အဲဒီ ဥဒယဗ္ဗယဉာဏ်နဲ့ ဖြစ်တိုင်းဖြစ်တိုင်း ရုပ်နာမ် တွေကို မှတ်တိုင်း မှတ်တိုင်းဟာ ပေါ်လာလိုက်ရင်း ပျောက်သွားလိုက်ရင်း တစ်ခါတည်း အင်မတန်ကို မြန်ပါတယ်၊ ယခုပြောနေတာက နားလည်အောင် လို့ ဖြည်းဖြည်းချင်း ပြောနေတာ၊ ဟိုမှာ အမြန်ကြီး စက်ခုတ် နေတာလိုဖြစ်တယ်၊ အမြန်ကြီး ဒေါက် ဒေါက် သွားနေတယ်၊ (ဖြစ်လိုက် ပျောက်လိုက်-၂) အမြန်ကြီး သွားနေတာတွေ၊ အသိကလဲပဲ အမြန်ကြီးပဲ လိုက်သိနိုင်တာပဲ၊ အံ့သြစရာ တော်တော် ကောင်းတယ်။
ပကတိ စကာစ ပုဂ္ဂိုလ်မျိုးဆိုရင် ဘယ်သိနိုင် လိမ့်မှာလဲ၊ ဒီတော့ မြန်မြန်ကြီး မသိနိုင်ဘူး၊ ဟိုမှာ အသိကကို မြန်နေတော့ တစ်ခါတည်း အာရုံပေါ်သလောက် အသိကလဲမြန်ပြီး လိုက်နေတယ်၊ ဒေါက်ဒေါက်နဲ့ လိုက်နေတယ်၊ အဲဒီလို သိနေတဲ့ အခါမှာ ပီတိသမ္ဗောဇ္ဈင်လည်း ဖြစ်တတ်တယ်တဲ့၊ နှစ်သိမ့်အားရမှု ပီတိသမ္ဗောဇ္ဈင်၊ သမ္ပီယာယနလက္ခဏာ နှစ်သိမ့်ခြင်း လက္ခဏာရှိ၏တဲ့၊ တွေ့ထိခြင်း လက္ခဏာ, ရောင့်ရဲခြင်း လက္ခဏာလဲရှိတယ်၊ ဒါကြောင့်-
နှစ်သိမ့်ရောင့်ရဲ ဝမ်းလည်းမြောက်သည် -
လို့ ဒီလိုဆောင်ပုဒ်ကလေး ရေးထားတယ်၊ ပီတိရဲ့ လက္ခဏာဟာ နှစ်သိမ့်ရောင့်ရဲခြင်း သဘော ရှိတယ်၊ ဝမ်းမြောက်ခြင်း သဘော ရှိတယ်၊ တရားအားထုတ်လို့ အမှတ်ကောင်းတဲ့ အခါ ကျတော့ ကာရင် ကိုယ့်အာရုံကလေးနဲ့ကိုယ် နှစ်သိမ့်ရောင့်ရဲ နေတယ်၊ အားရကျေနပ်ပြီး ဝမ်းမြောက် ဝမ်းသာတွေ ဖြစ်တာကိုး၊ ဝမ်းမြောက်တာ မှန်မှန်မြောက်တာ မဟုတ်ဘူး၊ သူက အလွန် အကျူးကို မြောက်တတ်တယ်၊ သိပ်မြောက်တတ်တယ်၊ နှစ်သိမ့်ရောင့်ရဲ ဝမ်းလဲမြောက်သည်။
ရုပ်ကောင်းရုပ်သန့် ပျံ့နှံ့စေသည်တဲ့၊ ဖရဏရသာ - ရုပ်ကောင်းရုပ်သန့်တွေ တစ်ကိုယ်လုံး ပျံ့နှံ့စေပါတယ်တဲ့၊ ကိုယ်ထဲမှာ တစိမ့်စိမ့် တငြိမ့်ငြိမ့် ဖျိုးဖျိုးဖျင်းဖျင်းနဲ့ တစ်ခါတည်း ကိုယ်ထဲမှာ ထိုးဆေးများ ထိုးလိုက်တော့ ကိုယ်ထဲမှာ ပျံ့သွားသလိုပဲ၊ ရုပ်ကောင်းရုပ်သန့်တွေ တစ်ခါတည်း ပျံ့ပြီးသွားတာ တော်ရုံတန်ရုံ နေမကောင်းတာ ပျောက်သွားပြီး ရောဂါဝေဒနာတွေ ပျောက်သွား တတ်တယ်၊ အင်မတန်ကောင်းတယ်၊ ရုပ်ကောင်း ရုပ်သန့် ပျံ့နှံ့စေသည်၊ တစ်ချို့ ပုဂ္ဂိုလ်များ (မှတ်တိုင်း-၂) မှတ်ရာကလေးမှာ အေးကနဲ နွေးကနဲ တစ်ခါတည်း လောင်းလောင်း ထည့်လိုက်သလို တစ်ခါတည်း အအေး အနွေးကလေးတွေနဲ့ ပက်ဖျန်းပက်ဖျန်းပြီး ပေးလိုက်သလို တစ်ခါတည်း မှတ်ရာမှတ်ရာ တွေမှာ ဥပမာ အထိဆိုပါတော့ တစ်ကိုယ်လုံး လိုက်ပြီးတော့ ထိတယ်ဆို ထိတဲ့နေရာ ကလေးမှာ နွေးကနဲ အေးကနဲဟာ ဟိုနေရာ မှတ်လိုက် ဟိုနေရာ နွေးကနဲအေးကနဲ၊ ဒီနေရာ မှတ်လိုက် ဒီနေရာက နွေးကနဲ အေးကနဲ ပီတိတွေ ပြန်ပြန်ပြီး သကာလ ဖြစ်သွားတယ်၊ အင်မတန် ကောင်းတယ်။
ရုပ်ကောင်းရုပ်သန့် ပျံ့နှံ့စေသည်၊ ကိုယ်စိတ်ပေါ့လျက်၊ ကြွတက် ထင်သည်၊ သြဒဂျ ပစ္စုပဋ္ဌာန - တက်ကြွခြင်း, ပေါ့ပါးခြင်း သူရဲ့ ပစ္စုပဋ္ဌာန်ပဲတဲ့ ပီတိဖြစ်လာလို့ ရှိရင်ဖြင့် ပေါ့ပြီးတော့ ကိုယ်လေးပေါ့လို့ ပေါ့ပေါ့ပါးပါး ဖြစ်ပြီးတော့ စိတ်တွေလဲ ပေါ့ပါးလျင်မြန်ပြီးတော့ ဒါက တစ်နေ့က ပြောပြီးသား၊ ယခုဟာက ထင်မိရုံလေးပြောတာ၊ မြတ်ပီတိ မှတ်သိ ဗောဇ္ဈင်မည် ပီတိသမ္ဗောဇ္ဈင် ပါပဲတဲ့၊ ကဲကဲ ဒါလေးတစ်ခေါက်တော့ ဆိုကြဦးမယ်။
နှစ်သိမ့်ရောင့်ရဲ ဝမ်းလဲမြောက်သည်၊
ရုပ်ကောင်းရုပ်သန့် ပျံ့နှံ့စေသည်။
ကိုယ်စိတ်ပေါ့လျက် ြွကတက်ထင်သည်၊
မြတ်ပီတိ-မှတ်သိဗောဇ္ဈင်မည်။ (၃-ခေါက်)
အဲဒါ လက္ခဏာ ရသ ပစ္စုပဋ္ဌာန်တဲ့၊ ပီတိသမ္ဗောဇ္ဈင်ဆိုတာ ဒါပဲ၊ ပီတိသမ္ဗောဇ္ဈင်ရဲ့ လက္ခဏာက ဘာလဲ၊ နှစ်သိမ့် ရောင့်ရဲတာ၊ ဝမ်းမြောက်တာတဲ့။ ဒါလဲ အခါခပ်သိမ်း နှစ်သိမ့်ရောင့်ရဲတာတွေ ဗောဇ္ဈင်မခေါ်ဘူး၊ ပီတိတော့ ဟုတ်တော့ဟုတ်ပါတယ်၊ တယ်နှစ်သိမ့်ရောင့်ရဲ ဝမ်းမြောက်လို့ရှိရင် ပီတိတော့ဟုတ်တယ်၊ အဲဒီကိုယ့်အလို ဆန္ဒတွေပြည့်ဝလို့, အလုပ်အကိုင်တွေ ထမြောက် အောင်မြင်လို့, ကိုယ်လိုချင်တဲ့ ပစ္စည်းဥစ္စာတွေရလို့, ကိုယ်တွေ့ချင်တဲ့ ပုဂ္ဂိုလ်နဲ့တွေ့ရလို့ အားရ ဝမ်းသာဖြစ်ပြီး နေတာတွေဟာ အဲဒါလဲပီတိပါပဲ၊ သို့သော်လည်း သူကတော့ ဗောဇ္ဈင်မဟုတ်ဘူး၊ သူကတော့ကို လောဘနဲ့ယှဉ်တဲ့ အကုသိုလ် ပီတိပေါ့လေ၊ ဒါကတော့ ယခုဟာကတော့ ရုပ်, နာမ်တွေ အဖြစ်အပျက်တွေ ဖြစ်တိုင်းပျက်တိုင်း အသိတွေ ဉာဏ်တွေက မှီပြီးတော့ ရှုရင်းရှုရင်း နှစ်သိမ့်ရောင့်ရဲပြီးတော့ အားရ ဝမ်းမြောက် ဝမ်းသာတွေ ဖြစ်ပြီးနေတာ အဲဒီလိုအခါကာလမှာ ပီတိသမ္ဗောဇ္ဈင် ဖြစ်တယ်။
ရုပ်ကောင်း ရုပ်သန့် ပျံ့နှံ့စေသည်တဲ့၊ ရုပ်ကောင်း ရုပ်သန့်တွေက တစ်ကိုယ်လုံး ပျံ့ပြီးတော့သကာလ ကိုယ်, စိတ်ပေါ့လျက် ကြွတက်ထင်သည်၊ ကိုယ်ရော စိတ်ရော တစ်ခါတည်း ပေါ့ပေါ့လေး၊ အင်မတန် ပေါ့ပါးပြီးတော့ ကြွတက်နေတယ်လို့ ထင်ရတယ်၊ အင်မတန်ကို နေသာထိုင်သာလဲ ရှိပါတယ်၊ အင်မတန်ကို နေလို့လဲကောင်းပါတယ်၊ ဘာမျှ ကိုယ်ထဲမှာ ဆင်းရဲပင်ပမ်းခြင်းမရှိဘူး၊ ဒီအခါမှာ သိပ်နေလို့ ကောင်းတာ၊ အင်မတန်ကောင်းတယ်၊ အဲဒါ ပီတိသမ္ဗောဇ္ဈင်ရဲ့ လက္ခဏာ ရသ ပစ္စုပဋ္ဌာန် မှတ်သားဖို့တဲ့၊ ဒါဟောတာကလဲပဲ ယခုဆိုရင် လေးသီတင်းလောက် ရှိသွားပြီ၊ သုံးလားလေးလား မပြောတတ်ဘူး၊ အဲဒီ ပီတိသမ္ဗောဇ္ဈင် ဘာကြောင့် ဖြစ်တယ်ဆိုတဲ့အကြောင်းကလေးကို တချို့ ယောဂီပုဂ္ဂိုလ်က သိပါတယ်တဲ့၊ ပီတိသမ္ဗောဇ္ဈင် ဖြစ်ဖို့ဟာ ယောနိသော မနသိကာရ၊ ပီတိသမ္ဗောဇ္ဈင် ဖြစ်အောင် နှလုံးသွင်းမယ်, ရှုမယ်, အားထုတ်မယ်လို့ ရှေးအဖို့က နှလုံးသွင်းတဲ့ ယောနိသော မနသိကာရ ပီတိသမ္ဗောဇ္ဈင် ဖြစ်လောက်အောင် အဆင့်ဆင့် ရှုမှတ်ပြီးလာတဲ့ ဝိပဿနာ မနသိကာရ၊ အဲဒါတွေ အဋ္ဌကထာကတော့ ၁၁-ခု ပြတယ်။
ရတနာသုံးစုံ သီလဂုဏ် စွန့်ပုံအောက်မေ့ပါတဲ့၊ ဗုဒ္ဓါနုဿတိ, ဓမ္မာနုဿတိ, သံဃာနုဿတိ, သီလာနုဿတိ, စာဂါနုဿတိပေါ့လေ၊ နုဿသတိတရားနောက် ဒေဝတာနုဿတိ၊ ဥပသမာနုဿတိ ရှိပါသေးတယ်၊ ဒါပေမယ်လို့ သံပေါက် လင်္ကာကတော့ ဒီလောက်ပဲ ရတာပဲ၊ နောက် အပိုဒ်ကမှ ဆက်ပြီး ဖော်ပြထားရတယ်၊ တစ်ပိုဒ်တည်းနဲ့တော့ မသိဘူး။
ရတနာသုံးစုံက ဗုဒ္ဓါနုဿတိ, ဓမ္မာနုဿတိ, သံဃာနုဿတိ၊ ရတနာသုံးပါး၏ ဂုဏ်ကို နှလုံးသွင်း ဆင်ခြင်ပါ၊ အောက်မေ့ပါတဲ့၊ သီလဂုဏ်တဲ့ သီလဂုဏ်ကို နှလုံးသွင်းဆင်ခြင် အောက်မေ့ပါ၊ စွန့်ပုံ စွန့်ကြဲပုံ လှူဒါန်းပုံတွေကိုလဲ အောက်မေ့ပါ၊ အဲဒါတွေ အောက်မေ့ဆင်ခြင်လို့ရှိရင် ပီတိသမ္ဗောဇ္ဈင် ဖြစ်ပါတယ်၊ အဲဒါ ဗုဒ္ဓါနုဿတိနဲ့ ဘုရားဂုဏ် အောက်မေ့ပုံ၊ ဓမ္မာနုဿတိနဲ့ တရားဂုဏ် အောက်မေ့ပုံ၊ အကျဉ်းချုပ်တော့ ဟောပြီးပါပြီ၊ နည်းနည်းတော့ ဟောရမယ်၊ ဒီနေ့ သံဃာနုဿတိ ဟောရမယ်၊ သံဃာနုဿသတိနဲ့ သံဃာ့ဂုဏ် အောက်မေ့ပုံ။
သုပ္ပဋိပန္နော ဘဂဝတော သာဝက သံဃော။
ဘဂဝတော - ဘုန်းတော်ခြောက်ပါးနဲ့ ပြည့်စုံတော်မူသော မြတ်စွာဘုရား၏၊
သာဝကသံဃော - တပည့်သား အစစ်ဖြစ်တော်မူသော သံဃာသည်။
သုပ္ပဋိပန္နော - ကောင်းစွာ ကျင့်ကြံတော်မူတတ် ပါပေစွတကား၊
သုပ္ပဋိပန္နော - လောဘ, ဒေါသ, မောဟ ကင်းကြောင်း ကောင်းမြတ်သော အကျင့်ပဋိပတ်ကို ကျင့်ကြံတော်မူတတ်ပေစွတကား၊ ဒီလိုဆင်ခြင်ရမှာကိုး၊ မြတ်စွာဘုရား၏ တပည့်သား သံဃာတော် ဆိုတာ ဘယ်လိုဟာတုန်း၊ တပည့်သားသံဃာ အစစ်ကတော့ အရိယာပုဂ္ဂိုလ် ရှစ်ယောက်ပဲ။
စတ္တာရော စ ပဋိပန္နာ၊ စတ္တာရော စ ဖလေဌိတာ၊
ဧသာ သံဃော ဥဇုဘူတော၊ ပညာ သီလသမာဟိတော။
စတ္တာရော - လေးယောက်ကုန်သော၊
ပဋိပန္နာ စ - ကျင့်ဆဲ ပုဂ္ဂိုလ်တို့လည်းကောင်း၊
စတ္တာရော - လေးပါးကုန်သော၊
ဖလေဌိတာ စ - အရိယာဖိုလ်၌တည်သော ပုဂ္ဂိုလ်တို့လည်းကောင်း၊
ဧသာ-ဧသော - ဤပုဂ္ဂိုလ် ၈-ယောက်အပေါင်းသည်,ပုဂ္ဂိုလ် ၈-ပါးအပေါင်းသည်၊
ပညာသီလသမာဟိတော - ပညာဂုဏ်, သီလဂုဏ်တို့နှင့် ပြည့်စုံသော။
ဥဇုတော - ဖြောင့်မတ်သော၊
ဘဂဝတာ - မြတ်စွာဘုရား၏၊
သာဝကသံဃော - တပည့်သားဖြစ်သော သံဃာတော် မည်ပါပေ၏၊
ဧသာသံဃော ဥဇုဘူတော - ဖြောင့်မတ်စွာ ဖြစ်၍ဖြစ်သော၊
ဘဂဝကော-ဧသာ သာဝကသံဃော - တပည့်သားဖြစ်သော၊
သံဃော - သံဃာတော် မည်ပါပေ၏၊
အဲ-အရိယာ ကျင့်ဆဲ ကျင့်တုန်းဖြစ်တဲ့ အရိယာမဂ်မှာ ရောက်တဲ့ပုဂ္ဂိုလ်က ၄-ပါး၊ ကျင့်ပြီး အရိယာဖိုလ်မှာ ရောက်နေတဲ့ ပုဂ္ဂိုလ် ၄-ပါး၊ အကျဉ်းချုပ်ကတော့ သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာပေါ့လေ၊ အဲဒီလေးပါးပဲ၊ မဂ်နဲ့ဖိုလ်နဲ့ကလဲ တွဲရက်ပါပဲ၊ မဂ်ရောက်တယ်ဆိုရင် ဖိုလ်ရောက်သွား၊ မဂ်စိတ်ပြီး ဖိုလ်စိတ်ပဲ တွဲရက် ခွဲနေရတာ၊ ဒေသနာမို့ ခွဲထားတာ မဂ် ပုဂ္ဂိုလ်က တစ်ပါး၊ ဖိုလ်ပုဂ္ဂိုလ်က တစ်ပါးသာခွဲ၊ မဂ်ပုဂ္ဂိုလ် ဖြစ်ပြီးတာနဲ့ ဖိုလ်ပုဂ္ဂိုလ် တစ်ခါတည်း ဖြစ်သွားတာကို၊ မဖြစ်အောင်လို့ ရပ်ဆိုင်းထားလို့ ရကိုမရဘူး၊ စိတ်ကလေးနဲ့ဟာ တစြ်ုပိင်တည်း ကွာတာပဲ၊ ပြီးနောက် စိတ်ဖြစ်တာပဲ၊ အဲဒီတော့ကို သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာ ဒါလေးပါးပါပဲ။
အဲဒီ အရိယာဖြစ်ဖို့ရာ ကျင့်နေတဲ့ ပုဂ္ဂိုလ်တွေလဲ ပါပါတယ်၊ အရိယာဖြစ်ဖို့ရာ မြတ်စွာဘုရား ညွှန်ကြား ဆုံးမတဲ့ အတိုင်း သီလအကျင့် ပဋိပတ်ကစပြီးတော့ ရိုရိုသေသေ ကျင့်နေတဲ့ ပုဂ္ဂိုလ်တွေ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်တွေပဲတဲ့၊ အဲဒီ တပည့်သား သံဃာတော်တွေဟာ သုပ္ပဋိပန္န ကောင်းသော အကျင့်နဲ့ ပြည့်စုံတယ်တဲ့၊ ကောင်းသောအကျင့်နဲ့ ပြည့်စုံတယ်ဆိုတာ လောကမှ ဘာသာတရားတိုင်းက မိမိတို့ ဘာသာတရားအရ အကျင့်ကျင့်တဲ့ ပုဂ္ဂိုလ်တွေ အပေါင်း ကောင်းသော အကျင့် ကျင့်နေတယ်လို့ ဒီလိုပြောကြပါတယ်၊ အဲဒါလိုပဲ ဆိုကြတယ်။
အဲ-ကိုယ့် ဘာသာတရား မဟုတ်ဘဲနဲ့ အလွတ်ဖြစ်တဲ့ ပုဂ္ဂိုလ်တွေက မှားယွင်းနေတာပဲ၊ မသိ ရှာကြဘူးတဲ့၊ ဒီလို ပြောကြတယ်၊ ဘာသာတရား အသိက ဒီလိုပဲ၊ ကိုယ့်ဘာသာတရားကို ကောင်းတဲ့ သူများဥစ္စာတွေ မကောင်း ဒီလိုပဲ ဆိုကြပါတယ်၊ အဲဒီတော့ ဗုဒ္ဓဘာသာတရားကလဲ ဗုဒ္ဓဘာသာ တရားအတိုင်း ကျင့်နေတဲ့ ပုဂ္ဂိုလ်တွေက ကောင်းသော အကျင့်ကို ကျင့်တယ်လို့ပဲ ဟိုက ဒီက သူတစ်ပါးတွေကလဲ သူတို့ဘာသာ အတိုင်းတော့ အကျင့်ကျင့်တယ် ဆိုတော့ အငြင်းအခုန် ဖြစ်နေတယ်၊ ဘာကို ခုံတင်ပြီး ဆုံးဖြတ်ရမလဲဆိုတော့။
မြတ်စွာဘုရား လက်ထက်တော် ကာလတုန်းက အာဇီဝက၏ တပည့်ဖြစ်တဲ့ ဒကာတစ်ယောက်က မေးလို့ အာနန္ဒာက ဖြေကြားတယ်၊ အရှင်အာနန္ဒာတဲ့ လောကမှာ ကောင်းသော အကျင့်ကို ကျင့်တယ်ဆိုတာ ဘယ်ပုဂ္ဂိုလ်တွေ ပါလဲလို့ မေးတာကို သူက ကောင်းသော တရားတွေချည့်ပါပဲ၊ အရှင်အာနန္ဒာက ဆိုင်ရာကလေး တစ်ပုဒ်ဖြင့် ဖြေရတယ်၊ ဒီတော့ အရှင်အာနန္ဒာက တိုက်ရိုက် မဖြေသေးပဲနဲ့ မေးမြန်းပါတယ်၊ ပြန်ပြီးတော့ ဒါယကာတဲ့-ငါမေးမည်တဲ့၊ နှလုံးသွင်းပြီး စဉ်းစားပြီးတော့ ဖြေပေါ့၊ လောဘဆိုတဲ့တရား ကောင်းသလား, မကောင်းသလားတဲ့၊ စဉ်းစား ကြည့်ပါတဲ့၊ လောဘဟာ လိုချင်တဲ့စိတ်တရား, နှစ်သက် သာယာတဲ့ တရား, တပ်မက်သာယာတဲ့ တရားတဲ့။
လောဘ အားကြီးလာရင် ဘာလုပ်သလဲဆိုရင် ကိုယ့်အလို ကိုယ့်ကိစ္စပြီးအောင် ဘယ်သူ့မှ မညှာဘူး၊ သူလုပ်ချင်တာ လုပ်တာပဲ၊ လောဘဆိုတာတော့ နည်းနည်းဆို သိပ်ပြီးတော့ လောဘအားကြီးလာပြီး ပထမတော့ ကိုယ်ရစရာတွေ ရအောင် လုပ်တယ်၊ ဘာမဆိုလုပ်တယ်၊ ဘယ်သူမှမငဲ့ဘူး၊ မိဘနဲ့သားသမီးတောင်မှ မငဲ့ဘူး၊ မိဘနဲ့သားသမီးတောင်မှ များသောအားဖြင့် သားသမီးတွေ အဲဒီ မိဘတွေအပေါ်မှာ ကျူးလွန်တာတွေ များတတ်တယ်၊ မငဲ့ဘူး၊ ငါ ဒီဟာ လုပ်လိုက်လို့ရှိရင်,ငါ ဒီဟာ ပြောလိုက်လို့ရှိရင် မိဘတွေ စိတ်မချမ်းမသာ ဖြစ်လိမ့်မည်၊ မငဲ့ဘူး၊ ကိုယ့်အလို တကယ် အရေးကြီးလာရင် တပ်မက်လာပြီ, သာယာလာပြီ ဆိုရင် ဘယ်သူ့မှမငဲ့ဘူး၊ ရှက်ရမှန်း ကြောက်ရမှန်း လဲ မသိဘူး၊ အကုန်လုံးလုပ်တာပဲ၊ ကြောက်စရာ ကောင်းတယ်။
တစ်စုံတစ်ယောက်ကို သတ်ရမယ်ဆိုရင်လဲ သတ်မှာပဲ၊ ဒီဥစ္စာ ကိုယ့်ကိစ္စ ပြီးမယ်ဆိုရင် သတ်ဖို့ရာ ဝန်မလေးဘူး၊ လောဘအားကြီး လာလို့ရှိရင် သတ်တယ်၊ လောကမှာ လူတွေ တစ်ဦးနဲ့တစ်ဦး ပြစ်မှားကျူးလွန် သတ်ဖြတ်ပြီးတော့ နေတာဟာ ဒီလောဘတွေ ရှိလို့၊ ဒါကြောင့်လဲပါတယ်၊ ဒီ လောဘလက်သည် တစ်ခုပဲ၊ သူ့ကြောင့်ပဲဖြစ်၊ ထို့အတူ ဒေါသကြောင့်လဲ ပါပါတယ်၊ မောဟ ကြောင့်လဲ ပါတယ်၊ မာနကြောင့်လဲ ပါတယ်၊ ကိလေသာတွေ အားလုံးတော့ ပါလဲ ပါပါတယ်။
ဒါပေမယ်လို့ လောဘက ပြဋ္ဌာန်းတာတစ်ခု၊ အဲဒီတော့ကာ လောဘဟာ ကောင်းသလား, မကောင်း သလား မေးတော့ ပညာရှိ ပုဂ္ဂိုလ်တွေ အနေနဲ့ဆိုရင်တော့ မကောင်းဘူးလို့ ဖြေရမှာပါပဲ၊ မကောင်းဘူးလို့ ဖြေရမယ်၊ တစ်ချို့ မိမိ ကိုယ်တိုင်က လောဘရှိနေတဲ့ ပုဂ္ဂိုလ်တွေကဆိုတော့ လောဘတော့ ကောင်းတယ်လို့ ထင်တဲ့၊ ပုဂ္ဂိုလ်တွေ ရှိတော့ရှိသေးတယ်၊ လောဘလဲ ရှိဦးမှ လောဘ မရှိလို့ရှိရင်ဖြင့် စီးပွား ချမ်းသာရေးတွေ ပျက်နေတယ်၊ တစ်ချို့က ဒီလို အောက်မေ့နေတယ်၊ အဲဒါကိုယ်က လောဘအားကြီးနေလို့ လောဘရဲ့ အပြစ် မမြင်တာပါပဲ။
ဥပမာ-ဘာလို့တုန်း ဆိုလို့ရှိရင် မျက်စိမမြင်တဲ့ ပုဂ္ဂိုလ်က မျက်စိကမမြင်တော့ ကိုယ့်မှာ ဘယ်လို အညစ်အကြေးတွေရှိ နေနေ ကိုယ်အပြစ်ရှိတာတွေ မမြင်နိုင်ဘူးပေါ့လေ၊ ကိုယ်က မြင်နိုင်ဖို့ရာ မျက်စိရှိမှ မရှိဘဲကိုး၊ ကိုယ်မှာလို ညစ်ပေနေလို့ မျက်စိမမြင်နိုင်ဘူး၊ အကြောင် အကြားကြီး ဖြစ်နေလဲ မမြင်နိုင်ဘူး၊ ဘာဖြစ်လို့လဲဆို သူက မျက်စိက မမြင်ဘဲ၊ အဲဒါလိုပဲ၊ ကိုယ်က လောဘ အားကြီးနေတော့ ဒီလောဘဖြစ်တာကို ကောင်းတယ် ထင်တာကိုး။
လောဘက သာယာတယ်၊ သူဘဝ ဟန်ကျနေတယ်လို့ သူမရှိလို့ရှိရင် မကောင်းဘူးလို့ သူက ထင်နေတာကိုး၊လောဘ အနေနဲ့ဆိုတော့ သူ့ဟာ မှန်သလောက်တော့ မှန်တယ်၊ လောကထဲမှာ လောကတစ်ခု နုတ်လိုက်ရင် ပျော်စရာတော့ မရှိတော့ဘူး၊ လောဘရှိလို့ ပျော်နေကြတာ၊ သူ့များ နုတ်လိုက်လို့ရှိရင် ဘယ်သူမ ှပျော်ကြမည်မဟုတ်၊ ဘယ်သူမှ မနေချင်ကြဘူး၊အကုန်လုံး လောကထဲက ထွက်ကုန်ကြမယ်၊ ရဟန္တာပုဂ္ဂိုလ်တွေမှာ လောကထဲ မပျော်တော့ဘူး၊ ခန္ဓာကိုယ်ကြီး တာဝန်လေးတာပါပဲ။
နာပိ နန္ဒန္တိ မရဏံ၊ နာပိ နန္ဒန္တိ ဇီဝိတံ။
ရဟန္တာပုဂ္ဂိုလ်များ - နာပိ နန္ဒန္တိ မရဏံ၊ နာပိ နန္ဒန္တိ မရဏံ - အသက်ရှင်ရခြင်းလဲ အလိုမရှိပါဘူး၊ အသက်ရှင်ရခြင်း အလိုမရှိတော့ အသက်ရှင်တာ မှန်နေရင် သေချင်တာလား ဆိုတော့၊ နာပိ နန္ဒန္တိ မရဏံ - သေလဲ မသေချင်ဘူးတဲ့၊ သေချင်တယ် ဆိုတာလဲ ဒေါသကို သေအောင် ပျက်အောင် ကြံတာက ဒေါသကိုး၊ ဒေါသ, လောဘ, သို့သော်လဲ ခန္ဓာကိုယ်ကခန္ဓာကိုယ် ဆောင်နေရလို့ ဒုက္ခရောက်နေလို့ ဘာမှသာယာစရာ မရှိ၊ အဲဒီတော့ -
ကာလဉ္စ ပဋိကင်္ခါမိ - ပရိနိဗ္ဗာန်စံရတဲ့ကာလပဲ၊ အဲဒီလို ရှုတာပါပဲ၊ ခန္ဓာဝန် ဇာတ်သိမ်းပြီးတော့ ရုပ်နာမ်တွေ ငြိမ်းပြီး သွားတဲ့ အဲဒီကာလကို အလိုရှိပါတယ်၊ ဘာများတုံးဆို။
ဝေတန ပဋကော ယထာ။
ပဋကော - နေ့စား အလုပ်လုပ်သော အလုပ်သမားသည်၊
ဝေတနံ - လခရိက္ခာကို၊
ပဋိကင်္ခတိ ဣဝ - အလိုရှိဘိ သကဲ့သို့တည်း၊
နေ့စား, လစား, လုပ်ရတဲ့ပုဂ္ဂိုလ်, အလုပ်လုပ်နေတဲ့ ပုဂ္ဂိုလ်ဟာ အလုပ်လုပ်ရတာလဲပဲ ကောင်းလွန်း လို့အလုပ် လုပ်ရတာမဟုတ်၊ ဒါလဲပဲ ဒါအလုပ်သက်သက်အနေနဲ့ ကြည့်လို့ရှိရင်တော့ ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲ လုပ်ရတာ၊ ဒီတော့ အလုပ် မလုပ်ဘဲ နေချင်သလား၊ ဘာလဲဆို အလုပ်မလုပ်ဘဲ နေမယ်ဆို ထမင်းစားရတာ မဟုတ်ဘူး၊ ဒီတော့ အလုပ်မလုပ်ဘဲ အလုပ် ပြုတ်တာလဲ သူ သဘောမကျဘူး၊ အလုပ်လုပ် ရတာပင်ပန်းလို့၊ ကြိုက်လို့တော့ မဟုတ်ဘူး၊ မလွှဲသာလို့လုပ်၊ အလုပ် မလုပ်ဘဲနဲ့ အလုပ်ပြုတ် သွားရင်လဲ အဲဒါလဲ သူ မကြိုက်ဘူး၊ ဘာမှ ကြိုက်သလဲဆိုတော့ လခ ရတာတော့ ကြိုက်တယ်တဲ့၊ သူ့အချိန်ကျလို့ရှိရင်ဖြင့် အဲ-နေ့စားဖြစ်ဆိုရင် နေ့စားရ၊ လခလဲ လစားဖြင့် လခ ဒါမလုပ်ပဲ ရနေရင် ပိုကောင်းတာပေါ့လေ၊ ဒီလို ဆိုလိုပါတယ်၊ ဒါလေးတော့ ကြိုက်တယ်။
အဲဒါလိုပါပဲတဲ့၊ ဥပမာပေးတာ၊ ရဟန္တာပုဂ္ဂိုလ်များ သာယာနှစ်သက်မှု လောဘလုံးလုံး ကုန်ပြီးတော့ သွားတော့ လောကထဲမှာ ပျော်စရာမရှိဘူး၊ မြင်ရတာလဲ ပျော်စရာမရှိ, ကြားရတာလဲ ပျော်စရာမရှိဘူး၊ လာရတာ, စားရတာ, တွေ့ထိရတာ စိတ်ကူးစဉ်းစား ကြံစည်ရတာ ဘာမှ ပျော်စရာ မရှိဘူး၊ ဒီခန္ဓာဝန်ကြီး မလွှဲသာလို့ သူက ဆောင်ရွက်ပြီး နေရတယ်၊ ရေမိုး ချိုးတန်ရင်ချိုးရ အစာ ကျွေးတန်ရင် ရှာပြီးကျွေးရတယ်၊ အညောင်းအညာ ပြေအောင်လို့ ကိုယ်လက်ဆန့်ခြင်း, သွားခြင်း, လာခြင်း ဣရိယာပုထ် ပြောင်းလွဲနေထိုင်ခြင်း စသည် ပြုပြင်ပြီး ပေးရတယ်။
သူများနဲ့ အတူတကွ နေရတော့ အဝတ်အဆင် တန်ဆာတွေလဲပဲ မလွှဲသာမရှောင်သာ သူက ဝတ်တန်သလောက်ကလေး ဝတ်ရသေးတာကိုး၊ ဒါလိုပဲ ပြုပြင်ပေးနေရတယ်၊ နေမကောင်း, ထိုင်မကောင်း ရောဂါဝေဒနာလဲ မဖြစ်တန် မဖြစ်ရအောင် ဒီလိုပဲ စောင့်ရှောက် ရသေးတာကိုး၊ ခန္ဓာ ကိုယ်ကြီးဟာ ဝန်ထုပ်ဝန်ပိုးကြီး ထမ်းထားရသလိုပဲ သာယာမှုကလေးသာ မရှိရင် လောကဘက်က ပုဂ္ဂိုလ်တွေပြောတာ သိပ်တော့ဆိုးတော့ မဆိုးလှဘူး၊ ဒါပေမယ့် ဒီသာယာ နှစ်သက်မှုကလေး ရှိနေလို့ပဲ၊ တာဝန်တွေက ဒုက္ခတွေများနေတာ။
ဒါကြောင့် သူကောင်းတယ် လို့တော့ မဆိုနိုင်ပါဘူး၊ မချီးမွမ်းနိုင်ပါဘူး၊ လောဘဟာ ကောင်းသလား, မကောင်းသလားဆိုရင် အမှန်တော့ ကောင်းတော့ မကောင်းဘူးလို့ ဖြေရမှာပဲ၊ တစ်စုံတစ်ယောက် သော ပုဂ္ဂိုလ်က ကောင်းတယ်လို့ဝန်ခံ ခဲ့လို့ရှိရင် အဲဒီပုဂ္ဂိုလ်ကို လောဘ အားကြီးတဲ့ ပုဂ္ဂိုလ်က သူ့မှာရှိတဲ့ ပစ္စည်းတွေကို လိုချင်လို့ လာယူရင် ဘယ့်နဲ့ပြောမလဲ၊ ကောင်းတယ်လို့ပဲ ပြောနိုင်ပါဦးမလားလို့ မပြောနိုင်ပါဘူး၊ ကိုယ့်ပစ္စည်းတွေလာပြီး သူက လိုချင်လို့ လာယူတာကိုး၊ လောဘအားကြီးလို့ သူ့ဟာတွေလာယူ၊ သူက မြတ်နိုးနေတုန်း သူ့ဟာတွေ လာပြီးယူသွားရင် လောဘကောင်းပါတယ်လို့ ချီးမွမ်းထားတဲ့ ပုဂ္ဂိုလ်ဆိုရင် ဒါ သာဓုခေါ်ရတော့မှာပဲ သူလာယူရင် သြော်-သူလောဘရှိလို့ လာယူတာပဲ၊ ကောင်းတဲ့တရားရှိလို့၊ သူလာယူတာပဲဆိုပြီး သာဓုခေါ်ရမှာ ဖြစ်နေတယ်၊ အဲ-သက်မဲ့ဝတ္ထုပစ္စည်း သက်ရှိဝတ္ထုပစ္စည်းတွေလဲပဲ ကိုယ်နဲ့စပ်တဲ့ အသက်ရှိ ဝတ္ထုပစ္စည်းတွေလဲ သူ လောဘ လာယူသွားသည်ဖြစ်စေ, တစ်စုံတစ်ရာ ကျူးလွန်သည်ဖြစ်စေ၊ သူ့ဟာ လောဘ ချီးမွမ်းတဲ့ ပုဂ္ဂိုလ်ဆိုရင် လက်ခံရတော့မှာလို ဖြစ်နေတယ်။
လောဘကောင်းတယ်၊ သူကပြောထားတာကိုး ဒီတော့ ဒီလိုကြတော့ လက်မခံနိုင်ပါဘူး။
အဲ-လောဘ အားကြီးတဲ့ပုဂ္ဂိုလ်ဟာ လောဘ အကြောင်း ပြုပြီးတော့ သူလိုချင်တာရအောင်, ပြီးတဲ့ကိစ္စ ပြီးအောင်လို့ လာပြီးသတ်မယ် ဆိုလို့ရှိရင် ဘယ်အသတ်ခံနိုင်မှာလဲ၊ အဲဒီဥစ္စာကတော့ ပိုဆိုးတာပေါ့၊ အဲဒီတော့ လောဘ အသတ်ခံနိုင်မှာလဲ၊ အဲဒီဥစ္စာကတော့ လောဘဆိုတာ တကယ် စင်စစ်တော့ မကောင်းဘူး၊ အဲဒါကြောင့် ရှင်အာနန္ဒာက မေးတော့ ဒါယကာကပြန်ပြီးတော့ ဖြေကြားလျှောက်ထားပါတယ်၊ လောဘဆိုတာ မကောင်းပါဘူး ဘုရားလို့ ဒါဖြင့် ကောင်းပြီ၊ ဒီလောဘငြိမ်းအောင် ကျင့်တာရော ကောင်းသလား, မကောင်းဘူးလားလို့ မေးတော့ လောဘ မကောင်းတော့ မကောင်းတဲ့တရား ငြိမ်းအောင်ကျင့်တာကို ကောင်းတယ်လို့ပဲ ဖြေရမှာပေါ့၊ ရောဂါဝေဒနာတွေ ဖြစ်တာ ကောင်းသလား, မကောင်းသလား မေးရင် မကောင်းဘူး၊ ဒီအတိုင်း ဖြေရမယ်။
ရောဂါဝေဒနာ ပျောက်အောင်လို့ ဆေးကုတာ ကောင်းသလား, မကောင်းသလား မေးရင် ဒီဆေးကုတာကတော့ ရောဂါပျောက်အောင် ကုတာကို ကောင်းတယ်လို့ ဖြေရမှာပေါ့၊ ဒါ ဘယ်သူမှ မငြင်းနိုင်ပါဘူး ထို့အတူ ဒေါသဟာလဲ မကောင်းဘူး၊ ဒေါသငြိမ်းအောင် ကျင့်တာကောင်းတယ်၊ မောဟဟာလဲ မကောင်းဘူး၊ မောဟငြိမ်းအောင် ကျင့်တာ ကောင်းတယ်၊ သူက ဒီ ၃-ချက်ပဲ အရင်းခံမေးပါတယ်၊ ဒိပြင်လဲ ကိလေသာတွေ မေးမယ်ဆို ကိလေသာတွေ အများ ရှိပါသေးတယ်၊ အဲဒီလို မေးတော့ ဒကာက သဘောပေါက်သွားတယ်။
အရှင်ဘုရားတို့ ဂေါတမ မြတ်စွာဘုရားရဲ့ တပည့်သာဝကဖြစ်တဲ့ ပုဂ္ဂိုလ်တွေဟာ ကောင်းသော အကျင့်တွေ ကျင့်နေတာပဲ၊ ဘာဖြစ်လို့တုန်း ဆိုတော့ လောဘမဖြစ်အောင် အကျင့်တွေ ကျင့်နေတယ်၊ ဒေါသ, မောဟ မဖြစ်အောင်လို့ ကျင့်တယ်၊ ငြိမ်းအောင်ကျင့်နေတယ်၊ သီလအကျင့် တွေ ကျင့်နေတယ်၊ ကာယကံ ဝစီကံဖြင့် ကျူးလွန်တဲ့ ဝီတိက္ကမ လောဘ, ဒေါသ, မောဟတွေ မဖြစ်ရအောင်လို့ ကျင့်နေတာ၊ သာသနာ့ဘောင် ဝင်ရောက်ပြီးတော့ ရှင်သာမဏေပြု သည်ဖြစ်စေ၊ ရဟန်း ပြုသည် ဖြစ်စေ, ကာယကံ, ဝစီကံမြောက် ကျူးလွန်တဲ့ အကုသိုလ် ဒုစရိုက်တွေ လောဘ, ဒေါသ, မောဟတွေ မဖြစ်အောင်လို့ ကျင့်ရတယ်၊ သိက္ခာပုဒ်က ဒါမလုပ်ရဘူး, ဟိုဟာမလုပ်ရဘူး, ဒီဟာမလုပ်ရဘူး၊ ဒါလုပ်လို့ရှိရင် ဘယ်အပြစ်သင့်မယ်၊ မလုပ်ကောင်းဘူး၊ စသည်ဖြင့် ပညတ်ထားတာတွေ ရှိတယ်။
ဒါတွေလိုက်နာပြီး ကျင့်ရတယ်၊ အဲဒီလိုလိုက်နာပြီး ကျင့်သောအားဖြင့် ကာယကံ, ဝစီကံ ကျူးလွန်မည့် အကြမ်းစား ဖြစ်တဲ့ လောဘ, ဒေါသ, မောဟတွေငြိမ်းတယ်၊ ဒါ သီလနယ်က ငြိမ်းတာ၊ လူတွေလဲ ဒီအတိုင်းပါပဲ၊ မြတ်စွာဘုရား သွန်သင် ဆုံးမထားတဲ့အတိုင်း ငါးပါးသီလ ဆိုတာကတော့ အောက်ထစ်ဆုံး အဲဒါ ကာယကံ, ဝစီကံတွေပဲ၊ သူတစ်ပါးအသက်ကို မသတ်ရဘူး၊ သူ့ဥစ္စာကို မခိုးရဘူး၊ မပိုင်ဆိုင်တဲ့ ကာမဂုဏ်တွေ မကျူးလွန်ရဘူး၊ ကာယကံ ၃-ပါး ကိုယ်နဲ့ ကျူးလွန်ရတဲ့ အမှုကြီး ၃-မှု။
ဝစီကံလေးပါးရှိတယ်၊ မုသာဝါဒ - လိမ်မပြောရဘူး၊ ပိသုဏဝါစာ - တစ်ဦးနဲ့တစ်ဦး မတဲ့အောင်လို့ ကုန်းမတိုက်ရဘူး၊ ဖရုသဝါစာ - ကြမ်းတမ်းတဲ့ ဆဲရေးတဲ့ စကားတွေမဆိုရဘူး၊ သမ္ဖပ္ပ္ပလာပ - အနှစ်မဲ့တဲ့ ဒဏ္ဍာရီဝတ္ထုတွေကို တကယ်အနေအားဖြင့် သူတစ်ပါးကို ယုံကြည်ပြီးတော့ နှစ်သက် သဘောကျပြီးတော့ အချိန်ကုန်အောင်, အလုပ်ပျက်အောင် ဒါတွေကို မပြောရဘူး၊ ဝစီကံလေးပါး နှုတ်နဲ့ကျူးလွန်တာ ဒီအထဲမှာ သုရာမေရယက ထည့်လိုက်တော့ ကာမေသုမိစ္ဆာစာရက ထည့်လိုက် တော့ သူလဲပါသွားတယ်။
အဲဒီတော့ ငါးပါးသီလတွေ အကျဉ်းချုပ်အားဖြင့် ငါးပါးသီလ၊ အကျယ်ဆိုလို့ရှိရင်ဖြင့် ကာယကံသုံးပါး၊ ဝစီကံက လေးပါး၊ အားလုံး အဲဒီသိက္ခာပုဒ်တွေကို စောင့်ရှောက်ပြီးနေတဲ့ ပုဂ္ဂိုလ် တွေဟာ ကာယကံနဲ့ ဝစီကံကို ကျူးလွန်တဲ့ အကုသိုလ်တွေ မဖြစ်ရအောင် ဒါ သူကောင်းသော အကျင့်တွေ ကျင့်တာပဲ၊ တစ်ခါ ထို့ထက် တိုးတက်ပြီးတော့ သီလတွေ တိုးတက်ပြီးတော့ သမာဓိအကျင့်တွေ ကျင့်ရမယ်တဲ့၊ တစ်ခုတည်းသော အာရုံကို စူးစိုက်ပြီးတော့ နှလုံးသွင်းရမယ်၊ ကသိုဏ်းဖြင့် ကသိုဏ်း အာရုံ ဗုဒ္ဓါနုဿတိဆိုရင် ဘုရားဂုဏ်တွေ၊ ဓမ္မာနုဿတိ - တရားဂုဏ်၊ သံဃာနုဿတိ - သံဃာဂုဏ် နှလုံးသွင်းရမယ်။
ဒီအချိန်မှာ ဒိပြင် စိတ်မကူးရဘူး၊ ထပ်ခါထပ်ခါ နှလုံးသွင်းနေရင် ဒီအထဲမှာပဲ စိတ်ဝင်စားနေတယ်၊ အကယ်၍ တစ်ခြားကို စိတ်ထွက်သွားရင်လဲ ဒါပြန်လာခဲ့ရမှာ၊ ဒီအာရုံပြန်ပြီး နှလုံးသွင်းရမယ်၊ ထွက်သက်ဝင်သက် အာနာပါနရှုတဲ့ ပုဂ္ဂိုလ်ကလည်း အာနာပါန ရှုမှတ်နေတော့ ဘယ်မှမသွားရဘူး၊ အဲဒီတော့ သမာဓိဖြစ်နေတယ်၊ သမာဓိအကျင့်တွေ ကျင့်နေ သောအားဖြင့် စိတ်ထဲမှာ အကုသိုလ် စိတ်ကူးတွေ ဟိုဟာ လိုချင်, ဒီဟာလိုချင်၊ ဟိုကြံစည်, ဒီကြံစည် မကောင်းတဲ့အကုသိုလ် စိတ်တွေ မဖြစ်ရဘူးတဲ့၊ ပရိယုဋ္ဌာန်တွေ ငြိမ်းသွားတယ်တဲ့၊ အဲ-သီလဖြင့် ကာယကံမြောက်, ဝစီကံမြောက်, ဝီတိက္ကမကိလေသာ ငြိမ်းနေတယ်၊ သမာဓိဖြင့် စိတ်ထဲမှာ ထကြွသောင်းကျန်းနေတဲ့ ပရိယုဋ္ဌာန် ကိလေသာ ငြိမ်းတယ်။
အဲဒါထက် တိုးတက်ပြီးတော့ ဝိပဿနာပညာ အားထုတ်တဲ့အခါ ဒွါရ ၆-ပါးက ဖြစ်တိုင်း, ဖြစ်တိုင်း ရုပ်နာမ်တွေကို မြင်ရင်ဖြင့် မြင်တာကို ရှုလိုက် မြင်ပြီးတော့ ပျောက်သွားတယ်၊ မမြဲဘူး သိရတယ်၊ ကြားရင်လဲ ကြားတာကို ရှုလိုက် ကြားမိ ချက်ချင်း ပျောက်သွားတယ်၊ မမြဲဘူး၊ ထို့အတူ နံပြီး ချက်ချင်း ပျောက်သွားလိုက် မမြဲဘူး၊ အရသာ စားသိလဲ သိပြီး ချက်ချင်း ပျောက်သွားလိုက် မမြဲဘူး၊ အတွေ့အထိ ကကလေးတွေလဲ ထိပြီးရင်း ပျောက်ရင်း မမြဲဘူး၊ ဖောင်းတာ ပိန်တာလေးတွေလဲ ဒါတွေပေါ့၊ (ဖောင်းလိုက် ပျောက်လိုက်-၂) (ပိန်လိုက် ပျောက်လိုက်-၂) မမြဲဘူး၊ ကွေးတိုင်း ဆန့်တိုင်း လှုပ်ရှားတိုင်းလဲပဲ ဒီအတိုင်း-၂ ဖြစ်ပြီးတော့ ပျောက်ပျောက် သွားတာပဲ၊ မမြဲဘူး။
စိတ်ကူးစဉ်းစား ကြံစည်မှုတွေ ဖြစ်လာရင် အဲဒီ စိတ်ကူးစဉ်းစား ကြံစည်မှုတွေ ရှုလိုက်၊ စိတ်ကူးပြီးရင်း ပျောက်သွားရင်း၊ လိုချင်ပြီးရင်း ပျောက်သွားရင်း၊ နှစ်သက်ပြီးရင်း ပျောက်သွားရင်း၊ စိတ်ကူးလေးတွေ (ဖြစ်လိုက် ပျောက်လိုက်-၂)မမြဲတဲ့ တရားချည့်ပဲ၊ ဘာမှ မြဲတာမရှိဘူး၊ ရှုနေတဲ့ စိတ်, နှလုံးသွင်းနေတဲ့ စိတ်ကလေးလဲ ရှုပြီးပျောက်သွား၊ နှလုံးသွင်းပြီး ပျောက်သွား မမြဲဘူး။
မမြဲတဲ့တရားတွေဟာ ဆင်းရဲလား, ချမ်းသာလားဆို ဆင်းရဲပေါ့ ဒီဥစ္စာတွေ ဆင်းရဲ ဆိုပေမယ်လို့ အလူးအလဲ ခံရတာ၊ သည်လိုတော့ မဟုတ်ပါဘူး၊ အားကိုးလောက်တဲ့ တရား မဟုတ်ဘူး၊ ပကတိပုဂ္ဂိုလ်တွေ အနေကတော့ ဒီလိုဖြစ်နေတာ ကိုယ်က သာယာစရာတွေ အောက်မေ့နေတယ်၊ အကောင်းတွေ မှတ်နေတယ်၊ အဲဒါတွေ ကောင်းတာ မဟုတ်ဘူး၊ ဖြစ်ပြီးရင်း ပျောက်သွားရင်း ဘာမှ မကောင်းဘူး၊ နှစ်သက်စရာ, အားကိုးစရာ, မရှိဘူး။
အဲဒီလိုဖြစ်ပြီး ပျောက်နေလို့ ဘယ်အချိန်မဆို သေနိုင်တယ်၊ သေနေတာကြီးတည်းပဲ၊ ဖြစ်ပြီးရင်း (ပျောက်သွားရင်း- ၂) သေနေတာပဲ၊ ခဏခဏ သေနေတယ်၊ နောက်ထပ် ရုပ်နာမ်တွေ အသစ်အသစ် ဖြစ်ပြီးတော့နေလို့၊ မဖြစ်ရင် တစ်ခါတည်း သေတာပဲ၊ ဒါကြောင့်မို့ ဖြစ်ပြီး ပျောက်သွားတဲ့ တရားတွေ ဟာဖြင့် ဆင်းရဲကြီး တည်းပဲလို့ ဘာမျှအားကိုးစရာလဲ မရှိဘူး၊ အဲ-ဖြစ်ချည်ပျက်ချည်နဲ့ တရားတွေ ဖြစ်တော့ ပုဂ္ဂိုလ်သတ္တဝါတွေ မဟုတ်ဘူး၊ သူက ဖြစ်လိုက် ပျောက်လိုက် တရားလေးပဲ၊ သူ့ သဘောအတိုင်း သူဖြစ်နေတဲ့ အနတ္တ သဘောတရားချည်းပဲ။
လိုက် ရှုတိုင်း, ရှုတိုင်း သူက သိတယ်၊ (ရှုတိုင်း-၂) သိနေတာကိုး၊ ဖောင်းတာ မှတ်လိုက် မမြဲဘူး၊ ဆင်းရဲပဲ၊ အနတ္တ သဘောတရားမျှပဲ၊ ပိန်တာ မှတ်လိုက် မမြဲဘူး၊ ဆင်းရဲပဲ၊ အနတ္တ သဘော တရားမျှပဲ၊ မြင်တာမှတ်လိုက် မမြဲဘူး၊ ဆင်းရဲပဲ၊ အနတ္တ သဘောတရားမျှပဲ၊ ကိုယ်က လှုပ်ရှားမှုတွေ ကွေးမှု ဆန့်မှုတွေ ဒါတွေမှတ်လိုက်လဲ ဖြစ်ပြီး ပျောက်သွားတာပဲ၊ မမြဲဘူး၊ အားလုံး ဒီလို ဒီလို ပေါ်တိုင်း, ပေါ်တိုင်း လိုက်ပြီးတော့မှတ်။
ဥဒယဗ္ဗယဉာဏ် ရောက်တော့ ပေါ်တိုင်း, ပေါ်တိုင်း, တရိပ် တရိပ်နဲ့ ပျောက်နေတာချည်းပဲ၊ ဘာမှ တည်နေတာ မရှိဘူး၊ မမြဲတဲ့ တရားချည်းပဲ၊ မမြဲတဲ့ တရားတိုင်း, တရားတိုင်းဟာ ဆင်းရဲချည်းပဲ၊ ဘာမှ အားကိုးစရာ မရှိဘူး၊ တွယ်တာစရာ မရှိဘူး၊ ပုဂ္ဂိုလ်သတ္တဝါဆိုလဲ ခေါ်စရာ မရှိဘူး၊ ဖြစ်ပြီး ပျောက်နေတာကိုး၊ ခဏလေးမှ တည်တာမှ မဟုတ်ဘဲ ဖြစ်ပြီး ပျောက်နေတာပဲ။
အဲဒီတော့ ပုဂ္ဂိုလ်သတ္တဝါ ခေါ်လောက်တဲ့ တရားလဲ ဒီအထဲမှာ မရှိဘူး၊ အနိစ္စ, ဒုက္ခ, အနတ္တ တရားတွေ ဒါတွေလဲ သိနေတယ်၊ ဒီလိုသိနေတော့ မြဲတဲ့အနေအားဖြင့် သာယာတဲ့ ကိလေသာ ဖြစ်ဦးမလားတဲ့၊ မဖြစ်နိုင်ဘူး၊ ပုဂ္ဂိုလ်သတ္တဝါ အနေ အားဖြင့် သာယာ နှစ်သက်မှု ဖြစ်ပါဦးမလား၊ မဖြစ်နိုင်ဘူး၊ ပုဂ္ဂိုလ်သတ္တဝါ အနေအားဖြင့် သာယာနှစ်သက်မှု, တောင့်တမှု ဖြစ်ပါဦးမလား၊ မဖြစ်နိုင်ဘူး၊ အဲ-မြဲတဲ့အနေအားဖြင့် ထင်မြင်စွဲလမ်းပြီးတော့ သူတစ်ပါးတွေ အပေါ်မှာ ပြစ်မှားမည့် ဒေါသ ဖြစ်ပါဦးမလား၊ ပုဂ္ဂိုလ်သတ္တဝါ အနေအားဖြင့် ထင်မှားတဲ့ မောဟများ ဖြစ်ပါဦးမလား၊ မဖြစ်နိုင်ဘူး၊ လောဘ, ဒေါသ, မောဟ တရားတွေ ဖြစ်တိုင်း, ဖြစ်တိုင်း, အနိစ္စ, ဒုက္ခ, အနတ္တ တရားတွေ အမှန်အတိုင်း သိနေတော့ တစ်ခါတည်း လောဘ, ဒေါသ, မောဟတွေ ငြိမ်းနေတယ်၊ (တစ်မှတ် မှတ်လိုက် တစ်ခါငြိမ်းလိုက်-၂) မှတ်တိုင်း မှတ်တိုင်း သူက ငြိမ်းနေတယ်၊ အဲဒါ ဝိပဿနာနယ်က နေပြီးတော့ အနုသယ ကိလေသာ ငြိမ်းနေတာတဲ့။
အဲဒီ မြင်တုန်း ကြားတုန်းက ဝိပဿနာ ရှုစဉ်က မြင်တာ ကြားတာတွေ ရှိတယ်၊ အဲဒီ မြင်တာ ကြားတာတွေ ရှုမှတ်ပြီးတော့ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာတွေ သိနေတယ်၊ ပြန်ပြီး စဉ်းစား ရင်ကော စဉ်းစားလို့ရှိရင် စဉ်းလဲ မစဉ်းစားပါဘူး၊ စဉ်းစားလဲပဲ နိစ္စ, သုခ, အတ္တ အနေအားဖြင့် ထင်မြင်စွဲလမ်းပြီးတော့ လောဘ, ဒေါသ, မောဟ မဖြစ်နိုင်တော့ဘူး၊ ငြိမ်းသွားတယ်။
အဲဒါလို အနုသယ ကိလေသာငြိမ်းတာတဲ့၊ ဒါ ဝိပဿနာနဲ့ ငြိမ်းတာ၊ အဲဒီလို ငြိမ်းပြီးတော့ သွားလို့ အစဉ်အတိုင်း တက်သွားလို့ နောက်ဆုံးကျတော့ နိဗ္ဗာန်တရားကို တွေ့ရတာကိုး၊ အဲဒီနိဗ္ဗာန်တရား တွေ့တဲ့ အခါကျတော့ ငြိမ်းသင့် ငြိမ်းထိုက်တဲ့ ကိလေသာတွေ လုံးလုံးငြိမ်းတယ်၊ ငြိမ်းသွားတယ်၊ ဒါကတော့ သေရောပဲ၊ နောက်တစ်ခါကို ဘယ်တော့မှ ပြန်မဖြစ်တော့ဘူး၊ ခုနက ဝိပဿနာက ငြိမ်းတယ် ဆိုတာကတော့ နောက် ပြန်လည် စဉ်းစားပြီးတော့ တစ်နည်းနည်းနဲ့ ကိလေသာ ဖြစ်နိုင် သေးတယ်၊ ယခု အရိယာမဂ်ကနေပြီး ငြိမ်းသွားတယ်၊ ပြန်ကိုမလာတော့ဘူး၊ သေရောပဲ၊ ကိလေသာ တွေ အဲဒီလို ငြိမ်းသွားတာကိုး။
အဲဒါ အနုသယ ကိလေသာ ငြိမ်းတာ၊ ဒီတော့ သီလနဲ့ ဝီတိက္ကမ ကိလေသာ ငြိမ်းသည်၊ သမာဓိနဲ့ ပရိယုဋ္ဌာန် ကိလေသာ ငြိမ်းသည်၊ ပညာနဲ့ အနုသယ ကိလေသာ ငြိမ်းသည်၊ ကိလေသာ အဆင့်သုံးဆင့် ရှိတယ်၊ အဲဒီသုံးဆင့်မှာ ဒီက သီလ, သမာဓိ, ပညာ တရား ၃-ဆင့်နဲ့ အစဉ်အတိုင်း ပယ်သတ်ပြီး ကျင့်ရတာကိုး၊ မြတ်စွာဘုရား သာသနာတော်မှာ အဲဒီလို ပယ်သတ်ပြီးတော့ ကျင့်တော့ ဒီလိုကျင့်တဲ့ ပုဂ္ဂိုလ်တွေဟာ သုပ္ပဋိပန္နော - လောဘ, ဒေါသ, မောဟ ကင်းကြောင်း ကောင်းမွန်စွာ ကျင့်ကြံတော်မူတတ်သော သံဃာတော်မြတ် ပါပေတကား။
သံဃာတော်ဂုဏ်က ဒီလို ဆင်ခြင်ရမှာကိုး၊ သံဃာဂုဏ်က သင်္ကန်းဝါဝါ ဝတ်ထားရုံနဲ့ မမဟုတ်သေးဘူး၊ ဝါဝါလေး ဝတ်ထားတာကတော့ ကြည်ညိုတာလဲ ဒါကတော့ ကုသိုလ်ရပါတယ်၊ သို့သော်လည်း ဒီဥစ္စာ မဟုတ်သေးဘူး၊ လောဘ, ဒေါသ, မောဟ ငြိမ်းအောင်လို့ ကောင်းကောင်း ကျင့်နေပါပေတယ်၊ သီလအကျင့်တွေ မြတ်စွာဘုရား သွန်သင်ဆုံးမတဲ့ အတိုင်း ကျင့်နေပါပေတယ်၊ သမာဓိ အကျင့်တွေ ကျင့်နေပါပေတယ်၊ ပညာ အကျင့်တွေ ကျင့်နေပါတယ်၊ အဲဒီလို အာရုံပြု ပြီးတော့ သံဃာ့ဂုဏ်ကို နှလုံးသွင်းရ, အောက်မေ့ရ, ဆင်ခြင်ရမှာ၊ ကဲ-ကဲ ရှေးဦးစွာ ဒီ အပိုဒ် ကလေးက စပြီးဆိုပါ၊ အသေးစိတ်က -
သုပ္ပဋိပန္နော - လောဘ, ဒေါသ, မောဟကင်းကြောင်း ကောင်းမွန်စွာ ကျင့်ကြံတတ်သော သံဃာတော်မြတ်ပါပေတကား။ (ဆို-၃)။
အဲဒီ သံဃာတော်တွေဟာ ဘယ်သံဃာတော် တွေလဲဆို၊ ဘုရား လက်ထက်က စပြီးတော့ ဆုံးမတော်မူတဲ့အတိုင်း ကျင့်လာတဲ့ သံဃာတွေ အကုန်လုံး ယခု မျက်မှောက်တွင် တွေ့ရတဲ့ ကိုယ်တော်တစ်ပါးကိုလဲ ဆိုတာ မဟုတ်ဘူး၊ ၄-၅-၁၀ ပါးလဲ ဆိုတာ မဟုတ်ဘူး၊ ၁၀ဝ၀ - ၁၀ဝ၀ဝ လဲဆိုတာ မဟုတ်ဘူး၊ တစ်သာသနာလုံး ငါတို့ မြတ်စွာဘုရား၏ သွန်သင်ဆုံးမတဲ့ အတိုင်း ကောင်းကောင်း ကျင့်နေတဲ့ ပုဂ္ဂိုလ်တွေ အကုန်လုံးကို ပြောတာ၊ ကဲ-ခေါင်ချုပ်က စပြီးပြောမယ် ဆိုရင် ရှင်သာရိပုတ္တရာ, ရှင်မောဂ္ဂလာန် အစရှိသော အဲဒီ ရဟန္တာကြီးတွေကစ၍ ယခု လက်ရှိ မြတ်စွာဘုရား၏ တပည့်သားတွေ လောဘ, ဒေါသ, မောဟ ငြိမ်းအောင်လို့ ကောင်းကောင်း သီလကို ရိုရိုသေသေ ကျင့်နေတယ်၊ သမာဓိ သိက္ခာတွေ ရိုရိုသေသေ ကျင့်နေတယ်၊ ပညာ သိက္ခာ တွေကို ရိုရိုသေသေ ကျင့်နေတယ်။
အဲဒီလိုကျင့်နေတဲ့ ပုဂ္ဂိုလ် အပေါင်းဟာ သုပ္ပဋိပန္နပဲတဲ့၊ တစ်စိတ် တစ်ဒေသအားဖြင့် လူတွေလဲ ပါနိုင်ပါတယ်၊ လူတွေလဲ ကောင်းကောင်းမွန်မွန် ကျင့်နေတာ ရှိသားပဲ၊ လူလဲ သူ့သီလ အလျောက် ဘုရားဆုံးမတဲ့အတိုင်း လူ့သီလတွေ ကျင့်နေတယ်၊ သမာဓိ ပညာတွေကျတော့ အတူတူလိုပဲ၊ သိပ် မထူးဘူး၊ သူကတော့ အဆင့်အတန်း အရဟတ္တမဂ်ဖိုလ် ရောက်အောင် ပြည့်စုံနိုင်တာနဲ့ မပြည့်စုံ နိုင်တာ ဒါလောက်ပဲ ကွာတယ်၊ လူထဲမှာလဲပဲ အရဟတ္တမဂ်ဖိုလ် ရောက်အောင် ပြည့်စုံတဲ့ပုဂ္ဂိုလ်က အနည်းငယ်တော့ ရှိတယ်၊ သို့သော်လည်း ရဟန်းထဲကတော့ များတာပေါ့၊ အဲဒါလောက်ပဲကွာတယ်၊ သူ အကုန်လုံး တူနေတာပဲ။
အဲဒီတော့ လောဘ, ဒေါသ, မောဟ ကင်းအောင်လို့ သီလကို ရိုရိုသေသေ ကျင့်နေတယ်၊ သမာဓိ ပညာ ရိုရိုသေသေ ကျင့်နေတယ်၊ အဲဒီဟာတွေဟာ မြတ်စွာဘုရား၏ တပည့်သား သံဃာတော် တွေပဲတဲ့၊ လောဘ ငြိမ်းအောင်, ဒေါသငြိမ်းအောင်, မောဟငြိမ်းအောင် ဒီ လောဘ, ဒေါသ, မောဟတွေရှိလို့ ကိုယ်အကျိုးမဲ့လဲ ဖြစ်တယ်၊ သူတစ်ပါး အကျိုးမဲ့လဲ ဖြစ်တတ်တယ်၊ အကုသိုလ်တွေ ပွားပြီး အပါယ်လေးပါးလဲ ကျတတ်တယ်၊ သံသရာ ဒုက္ခတွေ ရောက်ပြီးတော့ နေတယ်။
အဲဒီ ဆင်းရဲ ဒုက္ခတွေ အကုန်လုံး ကင်းပြီးငြိမ်းပြီး သွားအောင်လို့ လောဘကင်းအောင်, ဒေါသကင်းအောင်, မောဟ ကင်းအောင် ကျင့်နေတဲ့ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်တွေ ကျင့်နေပါပေတယ်လို့ ရှေးက မြတ်စွာဘုရား သာသနာတော် တည်ထောင်စကစပြီး ရှင်သာရိပုတ္တရာ တို့, ရှင်မောဂ္ဂလာန်တို့ ဒီလိုသီလတွေ ကျင့်နေတယ်၊ သမာဓိအကျင့်တွေ ကျင့် နေတာရှိတယ်၊ ပညာတွေ, ဝိပဿနာတွေ ရှင်မဟာမောဂ္ဂလာန်က ၇-ရက် ကျင့်ရတယ်၊ ရှင်မဟာမောဂ္ဂလာန်က ၇-ရက် ဝိပဿနာတရား အားထုတ်ရတယ်၊ ၇-ရက် အားထုတ်လို့ ပင်ပန်းပြီးတော့ ၁-ရက်များ ငိုက်မြည်း ပြီးတော့နေလို့ ဘုရားကတောင် သတိပေးရသေးတယ်။
အစလာယတိ မောဂ္ဂလာန - မောဂ္ဂလာန်၊ ငိုက်နေသလားတဲ့။
တရားအားထုတ်ရတာ၊ တရားအားထုတ်ရင်ဖြင့် လွယ်လွယ်လေး အောက်မေ့နေတယ်၊ ဒီလို မဟုတ်ဘူး၊ သူ့ဟာက မောဂ္ဂလာန်ကြီးတောင် အတော်အားထုတ်ရတာပဲ၊ ငိုက်မြည်းပြီးနေလို့ မြတ်စွာဘုရားက သွားသတိပေး ရသေးတယ်၊ သတိပေးတဲ့အခါ သတိပေးပုံတွေ ပါတယ်၊ ရှင်မောဂ္ဂလာန်ကြီး ငိုက်မြည်း လာလို့ရှိရင် မငိုက်မြည်းအောင် လုပ်ဖို့ရာတွေပါတယ်၊ ကိုယ် အင်္ဂါတွေ ဘာ တွေပြုပြင်ဖို့ စင်္ကြံလေး ဘာလေး လျှောက်ဖို့ နေပြီးတော့ နားတို့ ဘာတို့ လက်နဲ့ဘာနဲ့ ပွတ်ပေးဖို့ရာတွေပါတယ်၊ ငိုက်မြည်းတာတွေ ပျောက်သွားအောင်လို့ ဒီလိုလုပ်ရမှာ တွေတောင် ပါတယ်၊ သွန်သင် ဆုံးမပြီးတော့ ပေးတယ်၊ အဲဒီလို သွန်သင်ဆုံးမပေးပြီးတော့ ရှင်မဟာမောဂ္ဂလာန် လဲ အားထုတ်လို့ ၇-ရက်ပြည့်လို့ ၈-ရက်မြောက်တဲ့ အခါမှာ ၇-ရက် အား ထုတ်ရပြီးတဲ့အခါ ကျတော့ သူက ရဟန္တာ ဖြစ်သွားပါတယ်။
ရှင်သာရိပုတ္တရာ မထေရ်မြတ်က ပိုပြီးတောင် ကျင့်ရသေးတယ်၊ ရှင်သာရိပုတ္တရာ ပထမ အဿဇိမထေရ်က ဂါထာလေးတစ်ပိုဒ်ကို ကြားနာပြီးတော့ ဂါထာနှစ်ပါဒနဲ့ပဲ သောတာပန် ဖြစ်လာခဲ့လို့ ကျမ်းဂန်တွေမှာ ပြဆိုထားပါတယ်၊ ဒါပေမယ်လို့ ရဟန်းအဖြစ် ရောက်ပြီးတဲ့အခါ ၁၅-ရက် အားထုတ်ရတယ်၊ ၁၅-ရက် အားထုတ်တော့ သူရဟန္တာ ဖြစ်သွားပါတယ်၊ သူလဲ အတော်ကြာအောင် အားထုတ်နေရတာ။
လောဘ, ဒေါသ, မောဟ ကင်းငြိမ်းအောင် သီလအကျင့်တွေ, သမာဓိအကျင့်တွေ, ပညာအကျင့်တွေ ကျင့်ရတယ်၊ အရှင်မဟာကဿပကြီးလဲ ဒီလိုပဲ၊ ၇-ရက်လောက် အားထုတ်ရတယ်၊ ဒီလိုပါပဲ၊ သူ့ဥစ္စာက အသီးသီး အားထုတ်ကြရပါတယ်၊ အဲဒီအထဲမှာ အထူး အားထုတ်ရတာက ရှင်သောဏ မထေရ်ပဲ။
ရှင်သောဏ ဆိုတာဖြင့် သူက သေဋ္ဌေးသား မနေ့ကလဲ ပြောပြီး သွားပြီ၊ အင်မတန်ကို ချမ်း သာကြွယ်ဝတဲ့ ပုဂ္ဂိုလ်က နေပြီးတော့ သာသနာ့ဘောင်မှ ရဟန်းဝင်ပြီးတော့ ပြုတယ်၊ ရဟန်း ဝတ်ပြုပြီးတော့ တရားအားထုတ်တာ သူတော်တော် အားထုတ်ရတယ်၊ သူစင်္ကြံလျှောက်တဲ့ နေရာမှာ ခြေထောက်က ပေါက်ပြီးတော့ သွေးတွေ ထွက်ကုန်တော့တယ်၊ သွေးတွေထွက်လဲ မလျှော့ဘူး စင်္ကြံတွေ လျှောက်နေတယ်၊ အင်မတန်ကို အပြင်းအထန် အားထုတ်ရတယ်၊ အဲဒီလို အားထုတ်ရတယ်။
အဲဒီတော့ လောဘ, ဒေါသ, မောဟ ကင်းအောင် ကိလေသာတွေ ကင်းငြိမ်းပြီးတော့ သွားအောင် အဲဒီလို ကျင့်သုံးပြီးနေတဲ့ မြတ်စွာဘုရား၏ သာသနာတော်က ရှင်သာရိပုတ္တရာ, ရှင်မောဂ္ဂလာန်, ရှင်မဟာကဿပ, ရှင်သောဏမထေရ် အစရှိသည်ဖြင့် ရှေးက ပုဂ္ဂိုလ်တွေ၊ အဲဒါတွေ အာရုံပြု ပြီးတော့ ကြည်ညိုရမှာပေါ့၊ ရှင်အာနန္ဒာလဲပဲ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက် သင်္ဂါယနာ တင်ခါနီး တစ်ညတည်း ဒိပြင်ကလဲ အားထုတ်ဖူးတာကိုး၊ တစ်ညတည်း၊ အဲဒီ ညတော့ အထူးသဖြင့် အားထုတ်တယ်၊ တစ်ညလုံးပေါက် အားထုတ်တယ်၊ လျှောက်ပြီး အားထုတ်တယ်၊ နံနက်လင်းခါနီး ရောက်တော့ ဘာမှတော့ မဖြစ်သေးဘူး၊ တရားကို အားထုတ်နေတာပဲ၊ ဘာမှလဲ မဖြစ်သေးဘူး၊
ဝီရိယလွန်ပြီး နေတယ်ဆိုပြီး ဝီရိယလျှော့ပြီး သမာဓိ အားကောင်းအောင်လို့ အခန်းထဲဝင် အိပ်ရာပေါ်မှာလှဲပြီး အားထုတ်ဦးမယ်လို့၊ အဲဒီလို နှလုံးသွင်းပြီး အိပ်ရာပေါ်မှာ အလှဲ လိုက်မှာ သူ့ဟာ အဆင်သင့်ပြီးတော့ စောစောက အပြင်းအထန် အားထုတ်တုန်းက တရားကမတက်ဘူး၊ အိပ်ရာထဲ အလှဲ လိုက်မှာ သူက ဝီရိ ယလျှော့ပြီးတော့ သမာဓိအားနဲ့ ညီမျှသွားတာကိုး၊ အစက ဝီရိယတွေက သိပ်ကောင်းနေတာ သိပ်ကောင်းနေတော့ သမာဓိက မလိုက်နိုင်ဘဲ ဖြစ်နေတယ်၊ ဝီရိယနဲ့ သမာဓိနဲ့မျှပြီး အလှဲလိုက်ကလေးမှာ (လှဲတယ်-၂) (အိပ်တယ်-၂) ယခုကာလ မှတ်တဲ့ အမှတ်မျိုး အဲဒီအတွင်းမှာ တစ်ခါတည်း သမာဓိနဲ့ ဝီရိယမျှပြီး ဝိပဿနာဉာဏ်တွေ တက်သွားတာ အင်မတန် အံ့သြစရာ ကောင်းတယ်။
သောတာပတ္တိ သောတာပန် ပုဂ္ဂိုလ်ကနေပြီး တရားအားထုတ်တော့ ဝိပဿနာ ဉာဏ် အစဉ်အတိုင်း တက်ပြီးတော့ သကဒါဂါမိမဂ်ကို ရောက်သွားတာ၊ အဲဒီကနေပြီး ဝိပဿနာ ရှုပြန်တော့ အရဟတ္တ မဂ်ကို ရောက်တယ်၊ သုံးဆင့် တက်ရတယ်၊ မကြာဘူး၊ သူက ခဏလေးပဲ၊ တစ်လှဲ လှဲချလိုက်တာ လေးပဲ၊ ယခုကာလ အမှတ်မရှိဘဲနဲ့ ဖြုန်းခနဲ လှဲချလိုက်တာမျိုး ဆိုရင်တော့ရောက်မှ ရောက်ပါ့ မလား မပြောတတ်ဘူး၊ ဖြုန်းခနဲဆို လှဲချလိုက်တာကို အမှတ်မရှိတဲ့ ပုဂ္ဂိုလ်တွေက အိပ်ရာထဲ လှဲတယ်၊ အမှတ်ရှိမှာလဲ၊ အဲ-အမှတ်ရှိတဲ့ ပုဂ္ဂိုလ်တွေကျတော့ တဖြည်းဖြည်းပဲ အိပ်တယ်၊ (လှဲတယ်-၂) ဆိုပြီး အမှတ်မှတ်ပြီး အိပ်သွားတာ၊ သူက ဖြစ်နိုင်ပါတယ်။
အဲဒီမှာ မဂ္ဂ သုံးဆင့်၊ ဖိုလ် သုံးဆင့် တစ်ခါတည်း တက်သွားတာ၊ တက်သွားပြီးတော့ ရဟန္တာ ဖြစ်တာ၊ အဲဒါလဲ သုပ္ပဋိပန္နပဲ၊ ကောင်းသော အကျင့်တွေကျင့်တာ၊ ဒိပြင် ပုဂ္ဂိုလ်တွေလဲ ဒီနည်းအတိုင်း ကျင့်ရင် ကောင်းမှာပါပဲ၊ မြတ်စွာဘုရား သာသနာ တစ်လျှောက်လုံး ဒီလိုပဲ ကျင့်ကြတာ၊ တစ်ချို့ မထေရ် ကြီးများ မဟာသိဝ မထေရ်ကြီးများ အနှစ် ၃၀-တောင်ကျင့် ရှာတယ်၊ အနှစ် ၃၀-တစ်ခါတည်း အကြာကြီးကျင့်ရတာ။
ယခုကာလ တစ်ချို့ အားထုတ်လို့ ရက်ကလေး ၄-၅-၁၉-ရက်၊ အရက် ၂၀-လောက်ကျရင် တရားကလဲ ရခဲတယ် ဆိုပြီး စိတ်တွေ ပျက်သွား တတ်သေးတာကိုး၊ တစ်ချို့ တစ်လလောက် ကြာတဲ့အခါကျတော့ တော်တော်ကို စိတ်ပျက်လာပြီး ကမ္မဋ္ဌာန်းကျောင်းက ထွက်ချင်လာပြီ၊ တစ်လ-နှစ်လကြာရင် ဟိုတုန်းက မထေရ်ကြီး ကျင့်ရှာတယ်၊ အနှစ် ၃၀-တောင် ကျင့်ရတယ်၊ ဒီလို ကျင့်ရတယ်၊ အဲဒီလို အနှစ် ၃၀-ကာလ ကျင့်နေတဲ့ မထေရ်ကြီးတွေလဲ အနှစ် ၃၀-ပတ်လုံး သီလရော, သမာဓိရော, ပညာရော ဒီလို ကျင့်နေတာပဲ၊ အဲဒါ လောဘ, ဒေါသ, မောဟကင်းအောင် ကောင်းသော အကျင့်တွေကို ကျင့်နေတာပဲတဲ့၊ သုပ္ပဋိပန္န - လောဘ, ဒေါသ, မောဟကင်းကြောင်း ကောင်းမွန်စွာ ကျင့်ကြံတော် မူတတ်ပါပေစွတကား။
လောဘ, ဒေါသ, မောဟ ကင်းကြောင်း ကောင်းစွာ ကျင့်ကြံတော်မူတတ်ပါပေတယ်လို့ မြတ်စွာဘုရား တပည့်သား သံဃာတော်တွေ အာရုံပြုပြီးတော့ ကြည်ညိုရပါတယ်၊ သံဃာတော်တွေ ရှိခိုးတိုင်း, အရိုအသေ ပြုတိုင်း နှလုံးသွင်းပြီး သကာလ အရိုအသေ ပြုရတယ်၊ အရိုအသေ ပြုတိုင်း, လှူဒါန်းတိုင်း ဒီဂုဏ်နဲ့ နှလုံးသွင်းပြီး သကာလ အရိုအသေ ပြုရတယ်၊ ဒီဂုဏ်နဲ့ နှလုံးသွင်းပြီး သကာလ အဲဒီမှာ ကောင်းကောင်း မွန်မွန်ကျင့်တော့ ဘယ်လို အကျင့်တွေတုန်း ဆိုတော့ သီလ အကျင့်တွေ, သမာဓိ အကျင့်တွေ, ပညာအကျင့်တွေပဲ၊ သီလအကျင့်ဖြင့် သီလကို ရိုရိုသေသေ လုံလုံခြုံခြုံ ကျင့်နေတဲ့ ပုဂ္ဂိုလ်က ဝစီကံမြောက် ကျူးလွန်ခဲ့တဲ့ အမှုတွေ မရှိဘူး၊ သမာဓိအကျင့် ကျင့်နေတဲ့ပုဂ္ဂိုလ်က စိတ်ထဲမှာ စိတ်ကူးနဲ့ ပရိယုဋ္ဌာန် စိတ်ကူး ထကြွ သောင်းကျန်းမှု လောဘ, ဒေါသ, မောဟ အကြမ်းစားတွေ မဖြစ်ဘူး။
အဲ .... ဝိပဿနာဖြင့် ဒွါရ ၆-ပါးက ပေါ်လာတိုင်း, ပေါ်လာတိုင်း ရှုမှတ်ပြီးတော့ ဖြစ်ပျက်ပြီး အနိစ္စှ, ဒုက္ခ, အနတ္တ သိနေတဲ့ ပုဂ္ဂိုလ်က အနုသယ ကိလေသာတွေ နောင် ပြန်လည်စဉ်းစားပြီး လောဘ, ဒေါသ, မောဟ ဖြစ်ဖို့ရာတွေ ကိလေသာ အမြစ်အရင်းတွေ ကိလေသာ အနုစားတွေ၊ အဲဒါတွေ မဖြစ်ဘူးတဲ့၊ အဲဒါကြောင့် အဲဒါလေးလဲ မှတ်ရမယ်၊ ကောင်းကောင်းမွန်မွန် ကျင့်ဆိုတာ ဒါပဲ၊ ကောင်းကောင်းမွန်မွန် ကျင့်တယ်ဆိုတာဟာ သီလနဲ့ ဝီတိက္ကမ အကုသိုလ်တွေ မဖြစ်အောင် ကျင့်တယ်၊ သမာဓိနဲ့ ပရိယုဋ္ဌာန် ကိလေသာတွေ စိတ်ကူးထဲမှာ ထကြွသောင်းကျန်းတဲ့ လောဘ, ဒေါသ, မောဟ မဖြစ်အောင် ကျင့်ရတယ်၊ ပညာနဲ့ အနုသယ ကိလေသာတွေ နောင်အကုသိုလ် တရား ဖြစ်ကြောင်း ဖြစ်တဲ့ မျိုးစေ့ ကိလေသာတွေ မဖြစ်အောင် မကိန်းဝပ်ရအောင် ကျင့်ရမယ်၊ အဲဒါပါပဲ၊ ကဲ ... ကဲ ... ဆိုရမယ်။
သီလဖြင့် ဝီတိက္ကမကိလေသာကို ပယ်သည်။
သမာဓိဖြင့် ပရိယုဋ္ဌာန်ကိလေသာကို ပယ်သည်။
ပညာဖြင့် အနုသယကိလေသာကို ပယ်သည်။
အဲ ... မြတ်စွာဘုရား၏ တပည့်သား ဖြစ်တဲ့ အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန် စသော တစ်သာသနာလုံး မြတ်စွာဘုရား အဆုံးအမ သြဝါဒ လိုက်နာကျင့်တဲ့ သံဃာတော်ဟာ သီလ ဖြစ်ရင်လဲပဲ ဝီတိက္ကမ ကာယကံမြောက်, ဝစီကံမြောက် ကျူးလွန်တဲ့ လောဘ, ဒေါသ, မောဟ အကြမ်းစားတွေ ကျင့်ပယ်ပြီးတော့ ကျင့်သွားရမယ်။
သမာဓိဖြင့် စိတ်ထဲမှာ စိတ်ကူးတွေ တော်တော်ပဲ မတော်တာတွေ စိတ်ကူးတတ်တယ်၊ တရား အားထုတ်တဲ့ ပုဂ္ဂိုလ် တွေမှာ ခဏခဏ အဲဒါတွေ မှတ်မှတ်ပြီး နေရတယ်၊ အဲဒီလူမျိုးတွေ မဖြစ်ရအောင် ကျင့်သွား၊ ဒွါရ ၆-ပါးဖြစ်ခိုက် ရုပ်နာမ်တွေရှုမည့် ဝိပဿနာပညာဖြင့် အနုသယ ကိလေသာတွေတဲ့ မရှုရင် ဖြစ်မယ်၊ လောဘ, ဒေါသ, မောဟ ကိလေသာ ဖြစ်ခွင့်မရအောင် ရှုပြီးတော့ ကျင့်သွားရတယ်။
အဲဒါ သုပ္ပဋိပန္နော - လောဘ, ဒေါသ, မောဟ ကင်းအောင် ကောင်းသောအကျင့်ကို ကျင့်တော် မူတတ်ပါပေတကား၊ သုပ္ပဋိပန္နော - လောဘ, ဒေါသ, မောဟ ကင်းအောင် ကောင်းမွန်စွာ ကျင့်ကြံတော်မူတတ်ပေစွ တကား။
အဲ ... လောဘ, ဒေါသ, မောဟ ကင်းအောင် ကောင်းမွန်စွာ ကျင့်တော်မူတတ်ပါပေတယ်လို့ သံဃာ့ဂုဏ်ကို အာရုံပြု ရတယ်၊ ဝမ်းသာစရာ အင်မတန် ကောင်းတယ်၊ ဒီသံဃာတော်တွေကို အမှီပြု ပြီးတော့ မိမိတို့ ကိုယ်တိုင်ကိုးကွယ် ဆည်းကပ် နေရတယ်တဲ့၊ ဒီတော့ ရဟန်းဖြစ်တဲ့ ပုဂ္ဂိုလ်တွေလဲပဲ မိမိတို့ ဒီသံဃာတော်တွေထဲ ပါဝင်နေတာကိုး။
လောဘ, ဒေါသ, မောဟကင်းအောင် ကောင်းသော အကျင့်ကို ကျင့်ရပါတယ်တဲ့၊ သံဃာတော်ထဲ အပါအဝင်ပါပဲ၊ ဝမ်းသာစရာ ကောင်းပါတယ်တဲ့ ရဟန်းတော်တွင် မဟုတ်ပါဘူး၊ လူတွေလဲပဲ, လူ့သိက္ခာတွေလဲပဲ ကျင့်ရင် ကောင်းပါတယ်၊ သူလဲ ပါဝင်နေတာပဲ၊ သူလဲ ပါဝင်နေတယ်၊ လောဘ, ဒေါသ, မောဟ ကုန်ကြောင်း ကောင်းသော အကျင့်ကို ကျင့်နေရတာပါပဲ။
လောဘ, ဒေါသ, မောဟဖြစ်မယ်၊ သီလကလဲ ကျင့်တယ်၊ သမာဓိကလဲပဲ ကျင့်လို့ စိတ်တွေတော်တော် ပြေးမသွားရ အောင်ထိန်း၊ ပညာကလဲ ရှုတိုင်း-ရှုတိုင်း ဒွါရ ၆-ပါးက ဖြစ်မည့် ကိလေသာတွေ မဖြစ်ရအောင် အနုသယကိလေသာ ငြိမ်းတန်သမျှ ငြိမ်းအောင်၊ ဒီတော့ ဝမ်းသာစရာ သိပ်ကောင်း၊ ဒါကြောင့်မို့ ပီတိတွေဖြစ်တာ၊ သံဃာ့ဂုဏ်တွေ အာရုံပြု လိုက်တဲ့အခါ ရှေ့က အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန် အစရှိသော မြတ်စွာဘုရား၏ တပည့်သားဖြစ်သော ရဟန္တာ မထေရ်ကြီးတွေ ကျင့်နေတာတွေ နှလုံးသွင်းရင် တော်တော်ကို ဝမ်းသာစရာကောင်းတယ်။ ပီတိ ပါမောဇ္ဇ သိပ်အားရစရာ, ကောင်းတယ်။
အဲ-မိမိတို့ မိမိတို့လဲပဲ ဒီသံဃာ့ဂုဏ်ထဲပါအောင် လောဘ, ဒေါသ, မောဟကင်းကြောင်း ကောင်းသော အကျင့်တွေ ကျင့်နေရတာပဲ ဆိုပြီးတော့ အင်မတန်ကို ဝမ်းသာအားရစရာ ဖြစ်စရာ ဖြစ်တယ်၊ ဒါကြောင့် သံဃာ့ဂုဏ်တွေ အာရုံပြု ပြီးတော့ နှလုံးသွင်းရင် ပီတိပါမောဇ္ဇတွေ ဖြစ်တတ် ပါတယ်တဲ့ ကိုင်း-ပြန်ပြီး နှလုံးသွင်းစမ်းပါဦးတော့၊ သံဃာတွေ အာရုံပြု ပြီးတော့ -
သုပ္ပဋိပန္နော - လောဘ, ဒေါသ, မောဟကင်းကြောင်း ကောင်းမွန်စွာ ကျင့်ကြံတော်မူတတ်သော သံဃာတော်မြတ် ပါပေတကား။ (၃-ခေါက်ဆို)
အဲ-သံဃာတော်မြတ်ရဲ့ သုပ္ပဋိပန္နဂုဏ်တွေ ငါ့မှာ ထိုက်သည့်အားလျော်စွာ ပြည့်စုံနေတာပဲ၊ အဲဒီလို အာရုံပြု လိုက်ရင် တရားအားထုတ်တဲ့ ပုဂ္ဂိုလ်က အင်မတန် ဝမ်းသာစရာ ကောင်းပါတယ်၊ အင်မတန်ကို ဝမ်းသာစရာ ကောင်းပါတယ်၊ တရား အားမထုတ်စဉ် အခါကာလတုန်းက အခု ပြောတာတွေ ပြည့်ပြည့်စုံစုံ မဖြစ်သေးဘူးပေါ့၊ သီလတော့ရှိမှာပေါ့၊ ဒါပေမယ်လို့ သမာဓိအား မရှိသေးဘူး၊ ပညာလဲမရှိသေးဘူး၊ ရဟန်းပုဂ္ဂိုလ်တွေ ဖြစ်စေကာမူ တရားအားမထုတ်ဘဲ အလွတ်နေတဲ့ အခါကာလ ဒါတွေ ကောင်းကောင်း မပြည့်စုံဘူး၊ သီလတောင်မှ ရိုရိုသေသေ ထိမ်းသိမ်းဖို့ရာ ပြည့်စုံတဲ့ ပုဂ္ဂိုလ်က သူက ခပ်နည်းနည်း ရှိတာ၊ စိတ်တွေ တော်တော်များများ ပြည့်စုံမည် မဟုတ်ဘူး။
တရား အားထုတ်နေတဲ့အခါ သီလပျက်စရာ ဘာမျှမရှိဘူး၊ သူက ရိုသေအောင် နေရတယ်၊ သီလကို ဘာမျှ ချွတ်ယွင်းစရာ မရှိ၊ သမာဓိ ပညာအကျင့်တွေ ကလဲပဲ ထပ်ဆင့်ပြီး ကျင့်နေရတယ်၊ လောဘ, ဒေါသ, မောဟကင်းကြောင်း ကောင်းသော အကျင့်တွေကို ကျင့်နေရတာပဲလို့ သုပ္ပဋိပန္န အကျင့် တွေနဲ့ ပြည့်စုံနေတာပါပဲလို့ အာရုံပြု တဲ့အခါ ကိုယ့်ဟာကိုယ် လဲပဲ ဝမ်း မြောက်ဝမ်းသာဖို့ ကောင်းပါတယ်၊ ဒါကြောင့် ပီတိသမ္ဗောဇ္ဈင် ဖြစ်တတ်ပါတယ်၊ စိတ်ထဲမှာ တရားမတက်တဲ့ အခါလေးသာ၊ တရားမတက်နိုင်တဲ့အခါ ဒါလေး နှလုံသွင်းရတာပေါ့၊ နှလုံးသွင်းလိုက်တော့ အားတက် စရာ ကောင်းပါတယ်။
ရတနာသုံးစုံ၊ ရတနာသုံးစုံဂုဏ်ကို နှလုံးသွင်းပြီးသွားပြီ ထားဦးတော့ ဒါ- ရှေ့သွားကြည့်ဦးစို့၊ သီလဂုဏ်တဲ့, သီလာနုဿတိကို သီလဂုဏ်လေးတွေ ဆင်ခြင်ပါတဲ့။ (ဝိသုဒ္ဓိမဂ်-ပတွဲ ၂၁၅-မှာ)
အဟော မေ ဝတ သီလာနိ အဟောဝတ မေ သီလာနိ၊
အခဏ္ဍာနိ အစ္ဆိဒ္ဒါနိ အသဗလာနိ အကမ္မာသာနိ၊
ဘုဇိဿာနိ ဝိညုပ္ပသတ္ထာနိ အပရာမဋ္ဌာနိ သမာဓိသံဝတ္တနိကာနိ။
သီလဂုဏ် ဆင်ခြင်ပုံကလေး ဝိသုဒ္ဓိမဂ်ကပြတယ်၊ မေ - ၏၊ သီလာနိ - သီလတို့ကို၊ အဟော ဝတ အခဏ္ဍာနိ - မကျိုး မပျက်ပေစွတကား၊ ဆောက်တည်ထားတဲ့ သီလကို လူမှာလဲ လူအလိုက်, ရဟန်းမှာလဲ ရဟန်းအလိုက် သီလကလေးတွေ ဘယ်တုန်းကနေပြီး ဆောက်တည်လာတယ်၊ သီလကလေးတွေ စင်ကြယ်နေတာပါပဲလို့ နှလုံးသွင်းရမှာကိုး။
အထူးအားဖြင့်တော့ ကမ္မဋ္ဌာန်း ဝင်နေတဲ့အတွင်း သီလတွေ စင်ကြယ်နေတာကိုး၊ ဒါထားပါဦးတော့ ကမ္မဋ္ဌာန်းဝင်နေတဲ့အတွင်း သီလအထူးစင်ကြယ်နေတဲ့ လူတွေမှာ ဥပုသ်သီလ သီတင်းသီလ ဆိုတာ ဆောက်တည်ဘူး ကြတာပဲ၊ တော်တော်သိတတ်တဲ့ အရွယ်ကစပြီး မိဘ ဆရာသမားတွေက တိုက်တွန်းလို့ ဥပုသ်သီတင်း သီလ ဆောက်တည်လာတယ်၊ ဒါပေမယ်လို့ တရားအားထုတ်နေတဲ့ အခါကာလ ဆောက်တည်နေတဲ့ သီလနဲ့ မတူဘူး၊ အခြားကာလ ဥပုသ်သီတင်းသီလ ဆောက်တည်ပြီး ပြောချင်တာတွေပြော ဆိုချင်တာတွေဆို၊ လုပ်ချင်တာတွေ လုပ်နေတာပဲ၊ သီလ မကျိုးရုံ တမယ်ပဲ ရှိတယ်၊ သီလတော့ဖြင့် သူများအသက် မသတ်ရဘူးဆို မသတ်ဘူး၊ သူ့ဥစ္စာကို မခိုးဘူး၊ မြတ်သော အကျင့်တွေ ဆောင်တယ်၊ လိမ်လည် မပြောဆိုဘူး၊ အဲဒီတော့ သေရည်သေရက် မသောက်ဘူး၊ နေမွန်းလွဲတဲ့ အခါကာလ မစားဘူး၊ နစ္စ ဂီတ - ကခြင်း, သီခြင်း စသည်တို့ကို မပြုဘူး၊ မြင့်သောနေရာ, မြတ်သော နေရာတို့၌ မနေဘူး၊ ရှစ်ပါးသီလ လုံခြုံ နေတာပါပဲ။
ဒိပြင်အခါ ဥပုသ်ဆောက်တည်နေတော့ကို သီလတော့ လုံခြုံနေတာပါပဲ၊ ဒါပေမယ့်လို့ သူက စကားတွေကလဲ ပြောချင်တာတွေ ပြောနေတာပါပဲ၊ အရပ်စကား ရွာစကား တောရောက် တောင်ရောက် ပြောနေကြတာပါပဲ၊ အဲဒီ ပြောနေတာတွေဟာ ပြောတာကလဲ ပြောတိုင်း, ပြောတိုင်း စိတ်မပါဘဲ ပြောလို့ဖြစ်တာ မဟုတ်ဘူး၊ စိတ်တွေက ပါသေးတာ၊ တစ်ခါတစ်ရံ ကိုယ်ပြောတဲ့ စိတ်ထဲမှာ လောဘနဲ့သာယာပြီး ပြောနေတယ်၊ ဒေါသနဲ့စိတ်ဆိုးပြီး ပြောနေတတ်တယ်၊ ပါဦးမှာပါပဲ၊ ကိုယ် မကြိုက် တာတွေပြောနေဦးမှာ အဲဒါဆိုလို့ရှိရင် ဝစီကံကနေပြီး နည်းနည်းတော့ ချွတ်ယွင်း နေတယ် သူက။
အဲဒီတော့ အလွတ်သီလ ဆောက်တည်ထားတာက သီလ လောက်ကသာ ပြည့်စုံပြီးတော့ စိတ်က မစင်ကြယ်ဘူး၊ အင်းမပြောဘူး၊ အချို့ကလဲ မပြောဘူး၊ ထားပါဦးတော့၊ ပြောတောင်မှလဲ သူဘာလုပ်လဲ စိတ်ကူးထဲရှိတယ်၊ စိတ်ကူးတွေကတော့ ပိတ်ထားလို့မရဘူး၊ သူကတော့ ခက်တာပဲ၊ စကားကတော့ မပြောလို့ရှိရင် ရသေးတာကိုး၊ သူကတော့ လွယ်တယ်၊ မပြောဘူးဆိုရင် မပြောဘူး၊ ထားပါဦးတော့၊ သူများပြောတာတွေလဲ နားမထောင်ဘူး ဆိုပေမယ့် သူများ ပြောတာတွေ တို့မသွား ဘူးဆိုရင် မသွားဘဲနေရင် ဖြစ်သေးတာကိုး၊ သူကတော့ ရပါတယ်၊ ပိတ်လို့ ရပါတယ်၊ စိတ်ကူးက ခက်တယ်၊ စိတ်ကူးက အင်မတန် ပိတ်ရခက်တယ်၊ တော်တော်ကို ခက်တယ်၊ ဘယ်ကနေလို့မှ ပိတ်လို့မဖြစ်ဘူး၊ မျက်စိမှိတ်ထားလို့လဲ မရဘူး၊ နားပိတ်ထားလို့လဲ မရဘူး၊ သူ့ဥစ္စာ အိပ်ရာထဲ အခန်းတံခါးပိတ်ပြီး သကာလ အိပ်နေပေမယ်လို့ အိပ်မပျော်လို့ရှိရင်,နိုးနေရင်, စိတ်ကူးသေးတာပဲ၊ ကိုယ်အလိုရှိတာတွေ လျှောက်စိတ်ကူးနေတာ လောဘနဲ့စပ် စိတ်ကူး၊ ဒေါသနဲ့စပ် စိတ်ကူးကတော့ ရှိပါတယ်၊ စိတ်ကူးကတော့ အဲဒါ ဒီစိတ်ကူးတွေ မဖြစ်ပါနဲ့လို့ တားထားလို့လဲ ဖြစ်တာမဟုတ်၊ ရိုက်လို့လဲ ရတာမဟုတ်ဘူး၊ ချောက်လို့လဲ မရ၊ လှန့်လို့လဲ မရ၊ တော်တော်ကို ခက်ပါတယ်။
အဲဒီတော့ အဲဒီ စိတ်ကူးတွေရှိနေတော့ ဒါစိတ်မတည်ကြည်ဘူးပေါ့၊ ဥပုသ်စောင့်တဲ့ တရား အားထုတ်တဲ့ အခါကာလ ကျတော့ သီလက သိပ်စင်ကြယ်တာ၊ ဘာမျှ မဖြစ်နိုင်ဘူး၊ သီလတော့ စင်ကြယ်တယ်၊ ဒါက မှတ်နေရတာမဟုတ်ဘူး၊ ဖောင်းတယ် ပိန်တယ်ဟု အမြဲတမ်းမှတ်နေရတယ်၊ ကြားထဲကတော့ စိတ်ကူးလေး နည်းနည်းလေးတော့ ဖြစ်သေးတာကို၊ ဒါပေမယ့် အဲဒီစိတ်ကူးကလဲ မှတ်လိုက်ရသေးတာပဲ၊ ဆက်စိတ်မကူးရပြန်ဘူး၊ စိတ်ကူးပျက်သွား၊ အဲ-ဖောင်းတယ် ပိန်တယ် ပြန်မှတ် တော်တော်ကြာ စိတ်ကူးပြန်ဖြစ်ပြန် မှတ်လိုက် အဲဒီစိတ်ကူး ပျက်သွားတယ်၊ စိတ်ကူးက ကြာကြာကြီး စိတ်မကူးရဘူး၊ အလွတ်ထွတ်ပြီးတော့ လောဘအလို ဒေါသအလိုနဲ့ စိတ်ကူးတွေ ဖြစ်ဖြစ်လာလို့ရှိရင် ကြာကြာကြီး စိတ်မကူးရဘူး၊ ဒီဥစ္စာကတော့ ပြန်ပြန်ပြီးတော့ လာတယ်။
ဒီသီလဟာ ဒီတော့ အထူး စင်ကြယ်တာပေါ့၊ တရားအားထုတ်နေတဲ့ အတွင်း ၇-ရက် အားထုတ်ရင် ၇-ရက်အတွင်း ရှေးက စင်ကြယ်ခဲ့ဖူးတာတွေနဲ့ မတူဘူး။ သူက အင်မတန် အားရစရာကောင်းတယ်၊ ၁၅-ရက် အားထုတ်လို့ရှိရင် ၁၅-ရက်၊ တစ်လအားထုတ်ရင် တစ်လ၊ အထူးစင်ကြယ်ရတယ် ရဟန်းများလဲ ဒီအတိုင်းပဲ၊ တရား အားထုတ်နေတဲ့ အခါကာလက သီလက အထူးသဖြင့် စင်ကြယ် နေတာ အင်မတန်ကို ဝမ်းသာစရာ ကောင်းတယ်။
အဟောဝတ အခဏ္ဍာနိ - မကျိုး မပျက်လေကုန်စွ တကား၊ အကျိုးအပျက် မရှိဘူးတဲ့၊ ကျိုးတယ် ဆိုတာဟာ အကြမ်းပြင်းအားဖြင့် ပြောလို့ရှိရင် အစနဲ့အဆုံး သိက္ခာပုဒ်တွေ ပျက်လို့ ဒါကို ကျိုးတယ်ပျက်တယ်လို့ ခေါ်ပါတယ်တဲ့၊ ဒါ- အကြမ်းပြင်းပြောတာ၊ အနုကတော့ အဲဒီ အကုသိုလ စိတ်ကူးတွေ ဖြစ်နေတာ၊ ဒါတွေဟာ ကျိုးတာ ပျက်တာတွေပဲ။
အဟောဝတ အခဏ္ဍာနိ၊
အဟောဝတအစ္ဆိဒ္ဒါနိ - သြော်... ဒီအပေါက် အပျက် မရှိလေကုန်စွတကား၊ ပေါက်တာကတော့ကို အလယ်ခေါင်က သိက္ခာပုဒ်တွေ တစ်ခုတစ်ခု အဝတ်များလိုပဲ၊ ဒီအဝတ်က နှုတ်ခမ်းစုတ်လို့ ရှိရင်ဖြင့် စုတ်တယ်လို့ ခေါ်တာပဲ၊ စုတ်တယ် ပြဲတယ် လို့ခေါ်ရတာ၊ အဲဒါလိုပဲ အစနားအဆုံးက သိက္ခာပုဒ် ပျက်လို့ ရှိရင်လဲ အစအဆုံး သိက္ခာပုဒ်ပျက်ရင်လဲ ကျိုးတယ်လို့ခေါ်တယ်၊ အလယ်ကောင် သိက္ခာပုဒ် က အလယ်ကောင်၊ ဟိုအနားက တစ်ပုဒ်ဖြစ်စေ ဒီအနားက တစ်ပုဒ်ဖြစ်စေ၊ တစ်ခုတစ်ခု ပျက်လို့ ရှိရင် ဒါကတော့ ပေါက်သွားတာ ခေါ်မယ်၊ အဝတ်များမှာ ဆေးလိပ်မီးပွား ကျတော့ ပေါက်သွားသလို အပေါက်ကလေး ဖြစ်သွားတာပေါ့၊ သူက အလယ်ကောင်ကနေပြီး ပျက်သွားတာ။
အဲဒီလိုလဲပဲ အလယ်သားပိုင်း ဖြတ်တဲ့ သီလတွေ မပျက်လို့လဲပဲ ပေါက်ခြင်း ပျက်ခြင်း မရှိဘူး၊ အသဗလာနိ - သြော် - မကြောင်မကြား လေကုန်စွတကား၊ အကြောင်အကြားလဲ မရှိဘူးတဲ့၊ အကြောင်အကြား ရှိတယ် ဆိုတာကတော့ကို နွားများ ဘာများမှာ အကြောင်အကြားကြီး ဆိုတာ အစင်းအစင်းကြီး ရှိနေတဲ့ဥစ္စာပဲ၊ အဖြူထဲမှာဆိုရင်ဖြင့် အညိုတို့ အနီတို့ပေါ့၊ အဲဒီလို စသည်ဖြင့် အကြောင်ကြားကြား ကြီးတွေဖြစ်တာ၊ ကြားကြားကြီးတွေ၊ အဲသည်လိုတဲ့ သိက္ခာပုဒ် ၂-ခုဖြစ်စေ၊ ၃-ခုဖြစ်စေ၊ ဆက်ပြီးတော့ သိက္ခာပုဒ်တွေ ပျက်သွားလို့ရှိရင် အကွက်ကြီးလိုပေါ့လေ၊ ကွက်လပ်ကြီး ဖြစ်ပြီးတော့ ပျက်သွားတယ်၊ အဲဒါ အကြောင်အကြား ခေါ်တယ်။
အဟောဝတ အကမ္မာသာနိ - သြော်-အစွန်းအကွက် မရှိလေကုန်စွတကား၊ အကွက်ကလေးတွေ ဆိုတာကတော့ ဟိုအနား တစ်ပြောက်၊ ဒီအနားတစ်ပြောက်ပေါ့လေ၊ အစက တစ်ပေါက်တည်း၊ ယခုတော့ ၂-ပေါက်၊ ၃-ပေါက်၊ ဒါအပြောက် အပြက် ကလေးတွေ နွားများမှာ နွားများမှာ ဒီဝစီ ပြောက်ကလေးဆိုတာ (အပြောက်-၂) ကလေး အစင်းလေးတွေ ရှိတာလိုပဲ သိက္ခာပုဒ်မှာလဲ ဟိုနား တစ်ခု၊ ဒီအနား တစ်ခု ပျက်လို့ရှိရင် (အပြောက်-၂) ကလေးတွေလိုပဲ အဲဒါက အကြမ်းပြင်းပြတာ၊ အနုစိတ်အားဖြင့် ဆိုရင်တော့ လောဘ, ဒေါသ, မောဟစိတ်ကူးတွေ ဝင်နေရင် အဲဒါကျိုးတယ်လဲ ခေါ်တာပဲတဲ့၊ ပေါက်တယ်လဲ ခေါ်တာပဲတဲ့၊ ကြောင်ကြားတယ် လို့လဲခေါ်တယ်၊ အစွန်းအကွက် ထင်တယ်လို့လဲ ခေါ်တာပဲ။
အဲ - တရား အားထုတ်နေတဲ့ ပုဂ္ဂိုလ်မှာ အဲဒီလို သိက္ခာပုဒ်တွေလဲ အကြမ်းပြင်း အားဖြင့်လဲ မဖြစ်ဘူး၊ အနုစိတ်အားဖြင့်လဲ မတော်တဲ့ စိတ်ကူးတွေက မဖြစ်ရသလောက်ပဲ၊ ဖြစ်ရင်လဲ များများမဖြစ်ရဘူး၊ ခဏလေးဆိုတော့ စင်ကြယ်နေတယ်၊ ကိုယ့် သီလကို အားရစရာ အင်မတန်ကောင်းပါတယ်၊ အများကြီး ကြာရှည်စွာကနေပြီးတော့ စင်ကြယ်လာတဲ့ သီလ ဆိုလို့ရှိရင် သာပြီး အားရစရာ ကောင်းတာပေါ့၊ ကြာရှည်စွာကနေပြီး စင်ကြယ်လာခဲ့တဲ့ သီလများ ဆင်ခြင်လိုက်လို့ရှိရင် အားရစရာ အင်မတန်ကောင်း၊ အဲဒီလိုအားရတဲ့အခါ ပီတိတွေဖြစ်လာတယ်၊ ပီတိတွေဖြစ်ရင်ဖြင့် ဒီပီတိကို ဝိပဿနာ ရှုလိုက်တဲ့အခါ နှစ်သက်တယ်၊ အားရတယ်၊ ဝမ်းသာတယ်၊ ရှုလိုက်လို့ရှိရင် ဒီက နေပြီးတော့ ဝိပဿနာ ဉာဏ်အစဉ်အတိုင်း တက်ပြီးတော့ တခဏခြင်းပဲ မဂ်ဖိုလ်ဆိုတာ ရောက်သွားနိုင်တယ်။
မေ - ငါ၏၊
သီလာနိ - သီလတို့သည်၊
အဟောဝတ အခဏ္ဍာနိ - သြော် မကျိုးမပျက်လေကုန်စွ တကား၊
အဟောဝတ အစ္ဆိဒ္ဒါနိ - မပေါက်မပျက် လေကုန်စွတကား၊
အဟောဝတ အကမ္မာသာနိ - သြော် အစွန်းအကွက် မထင်လေကုန်စွတကား၊
အဟောဝတ အသဗလာနိ - သြော် မကြောင်မကြားလေကုန်စွတကား၊
အဟောဝတ အကမ္မာသာနိ - အစွန်းအကွက် မထင်လေ ကုန်စွတကား၊
ဘုဇိဿာနိ - သြော် တဏှာကျွန် အဖြစ်မှ လွတ်လေကုန်စွတကား။
တဏှာကျွန်ဆိုတာက ကုသိုလ်ကောင်းမှု တွေပြု၊ တဏှာက နေပြီးတော့ နှစ်သိမ့်လိုချင်တာ ဟိုဟာ လိုချင် ဒီဟာလိုချင်၊ လိုချင်တဲ့ ဒီကုသိုလ် ကောင်းမှုကြောင့် ဒီအကျိုး ရပါလို၏ဆိုရင် တဏှာကျွန် ဖြစ်သွားတာပဲ၊ ဒီသီလ ဆောက်တည်တဲ့အတွက် လူချမ်းသာရပါလို၏၊ နတ်ချမ်းသာ ရပါလို၏၊ လူ့ဘဝ, နတ်ဘဝ ရပါလို၏ အစရှိသည် ဒီလိုတောင့်တလို့ရှိရင် တဏှာခိုင်းကာ လုပ်ရတာလို တဏှာက မင်း သီလဆောက်တည်တာတော့ ကောင်းတယ်၊ မင်းသီလနဲ့ ဘာမဆိုရအောင် လူချမ်းသာတောင်း, နတ်ချမ်းသာတောင်း၊ လူ့လောကမှာ ဘယ်လို - ဘယ်လိုချမ်းသာရအောင်, နတ်လောက ဘယ်လို - ဘယ်လိုချမ်းသာရအောင် တောင်းလို့ မခိုင်းသော်လည်း ခိုင်းဘိသကဲ့သို့ တဏှာကနေပြီး အလိုရှိနေတာတွေကို ဒီက တောင်းရတာကိုး၊ ဒီတော့ တဏှာကျွန် ဖြစ်သွားတယ်တဲ့။
ဒီသီလလေးဟာ တဏှာကျွန် ဖြစ်တတ်တယ်၊ တဏှာအုပ်စိုးခြင်း ခံရသလို၊ အဲ - ယခု တရား အားထုတ်နေတဲ့ ပုဂ္ဂိုလ် စောင့်တဲ့သီလက ဒါမှမဟုတ်ဘဲ၊ မဂ်ဖိုလ်နိဗ္ဗာန်ရဖို့ဟာကို မဂ်ဖိုလ်နိဗ္ဗာန် ရည်ရွယ်ပြီးတော့ ဆုတောင်းတာ၊ ဆောက်တည်ရတာ ကမ္မဋ္ဌာန်းဝင်တဲ့ အခါတည်းက သီလ ဆောက်တည်လိုက်လို့ ရှိရင် ဒီသီလ ဆောက်တည်ပြီးတော့ မဂ်ဖိုလ်နိဗ္ဗာန် ရအောင် ဝိပဿနာ ဉာဏ်တွေဖြစ်ပြီး မဂ်ဖိုလ်နိဗ္ဗာန် ရောက်ဖို့ပဲ၊ အဲသလို ရည်ရွယ်ပြီးတော့ သီလ ဆောက်တည် တာကိုး၊ ဒါအထူးပဲ သတိရအောင်လို့ ဘုန်းကြီးများ သီလပေးတဲ့ အခါလဲ အထူးသဖြင့်ပေးပါတယ်၊ ယခုလဲ ဒီမှာ တရားနာတဲ့ အခါလဲ ဒီလိုပဲ -
ဣဒံ မေ သီလံ မဂ္ဂဖလ ဉာဏဿ ပစ္စယော ဟောတု။
မေ - ကျွန်ုပ်၏၊
ဣဒံ - ဤသီလသည်၊
မဂ္ဂ ဖလ ဉာဏဿ - အရိယာ မဂ်ဉာဏ်ဖိုလ်ဉာဏ်အား၊
ပစ္စယော - ကျေးဇူး ပြုတတ်သော အကြောင်း အထောက်အပံ့သည်၊
ဟောတု - ဖြစ်ပါစေသတည်း။
ဒါက ပါဠိနဲ့ အနက်ကိုး၊ ဘုန်းကြီးများက ပါဠိ - ပါဠိတစ်ခြား၊ အနက်-အနက် တစ်ခြား ခွဲခြား ပြီးတော့ ဒီမှာ- ဣဒံ မေ သီလံ မဂ္ဂ ဖလ ဉာဏဿ ပစ္စယော ဟောတု၊ မေ - အကျွန်ုပ်၏ သီလသည် မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ကျေးဇူး ပြုပါစေသတည်း၊ ဟော-သူ ဆောက်တည်လိုက်တဲ့ သီလဟာ မဂ်ဖိုလ်ကျေးဇူး ပြုပါစေ၊ မဂ်ဖိုလ်ရခြင်း၏ အကြောင်းဖြစ်ပါစေလို့ ဒီလို ရည်ညွှန်းပြီး သကာလ ဆောက်တည် ကျင့်သုံးနေတဲ့ သီလ၊ တဏှာ၏ ကျွန်အဖြစ်မှ လွတ်တယ်၊ တဏှာက လူချမ်းသာ နတ် ချမ်းသာတွေတောင်း၊ လူချမ်းသာ နတ်ချမ်းသာတွေယူ၊ တဏှာကပြောတယ်၊ သူကမလိုချင်ဘူးကွ၊ တဏှာဆိုတာ လူချမ်းသာ နတ်ချမ်းသာ၊ လူဖြစ်လာရင် ဟိုက အိုရ နာရ သေရ ဆင်းရဲ ဒုက္ခတွေ့ရ၊ နတ်ဖြစ်ရင်လဲ အိုရ နာရ ဆင်းရဲ ဒုက္ခ တွေ့ရတာပဲ၊ ဆင်းရဲ ဒုက္ခမငြိမ်းဘူး၊ အပါယ်လေးပါးလဲ ကျသွားနိုင်သေးတယ်၊ ဒုက္ခမငြိမ်းသေးဘူး။
အဲဒီတော့ အရိယာမဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်မျက်မှောက်ပြု ပြီးတော့သွားရင် အပါယ် လေးပါးကလဲ လွတ်မြောက်တယ်၊ ဒီတော့ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရာ လွတ်မြောက် ကြောင်းဖြစ်တဲ့ အရိယာ မဂ်ဉာဏ်ဖိုလ်ဉာဏ် တွေဖြင့် နိဗ္ဗာန်ကို တွေ့မြင့်သည့် တိုင်အောင် ဒီသီလက ကျေးဇူး ပြုသွားပါစေလို့ သီလဖြင့်ရနိုင်တဲ့ အကျိုးဟာလဲ အမြင့်မြတ်ဆုံး ဒီထက် မြင့်မြတ်တာ မရှိတော့ဘူး၊ ဒါကြောင့်-
ဣဒံ မေ သီလံ မဂ္ဂဖလ ဉာဏဿ ပစ္စယော ဟောတု။
မေ - အကျွန်ုပ်၏၊
ဣဒံ သီလံ - ဤသီလသည်၊
မဂ္ဂဖလဉာဏဿ - အရိယာမဂ်ဉာဏ် ဖိုလ်ဉာဏ်အား၊
ပစ္စယော - ကျေးဇူး ပြုသောအကြောင်း အထောက်အပံ့သည်၊
ဟောတု - ဖြစ်ပါစေသတည်း၊
ဒီလို ဆောက်တည်ရတာကိုး၊ ဆိုတတ်မှ မဟုတ်ပါဘူး၊ မဆိုတတ်ရင်လဲ စိတ်ထဲက ဒီလို အောက်မေ့လည်း ပြီးတာပါပဲ၊ ငါသီလ ဆောက်တည်တာဟာ မဂ်ဖိုလ်ရဖို့ရာပဲ၊ နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်ဖို့ရာပဲ၊ ဒီလိုစိတ်ထဲက ရည်ညွှန်း လိုက်ရင်လည်း ပြီးတာပါပဲ၊ ဆိုတာကတော့ သေချာအောင်လို့ ဆိုကြရတာကိုး၊ ကုသိုလ်ကောင်းမှုတွေ ပြုတိုင်း ပြုတိုင်း ဣဒံ မေ ပုညံ အာသဝက္ခယာ ဝဟံ ဟောတု၊ ဒါလဲ အတူတူပါပဲ၊
မေ - အကျွန်ုပ်၏၊
ဣဒံ ပုညံ - ဤကောင်းမှုသည်၊
အာသဝက္ခယာ ဝဟံ - အာသဝေါတရား လေးပါးတို့၏ ကုန်ရာကုန်ကြောင်း ဖြစ်သော မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ရွက်ဆောင်သည်၊
ဟောတု - ဖြစ်ပါစေသတည်း။
ကုသိုလ်ကောင်းမှုဟာ အာသဝေါတရားတို့၏ ကုန်ရာ ကုန်ကြောင်းဖြစ်တဲ့ နိဗ္ဗာန်ကို ရွက်ဆောင် ပါစေလို့ ကုသိုလ် ကောင်းမှုပြုရင် လူချမ်းသာ နတ်ချမ်းသာတွေ ရနိုင်သေးတယ်၊ သေးသေးကြီးကြီး ရနိုင်တယ်၊ အဲဒါကြောင့် လူချမ်းသာ နတ်ချမ်းသာ ရနိုင်တယ်၊ အဲဒါ ရနိုင်တော့ တဏှာအလို လိုက်ပြီးသကာလ ဒီကုသိုလ် ကောင်းမှုကြောင့် ဒီအလှူဒါနကြောင့် ဒီသီလကြောင့် ဤကုသိုလ် ကောင်းမှုကြောင့် လူချမ်းသာတွေ လူလောကမှာ မင်းဖြစ်ရပါလို၏၊ သေဋ္ဌေး ဖြစ်ရပါလို၏၊ ရုပ်အဆင်းက ဘယ်လိုလှရပါလို၏၊ အဆွေအမျိုးတွေက ဘယ်လို ပေါရပါလို၏၊ အသက်က ဘယ်လိုရှည်ရပါလို၏၊ ဒီလို ဆုတောင်းတွေရှိတာကိုး။
တစ်ချို့ ရေစက်ချပေးတဲ့ ဆရာတော်က သိပ်ပြီး အာဝဇ္ဇန်း ကောင်းတယ်၊ အင်မတန်ကို ကောင်းတယ်၊ စကြာမင်းကြီး ဖြစ်ရပါလို၏ စသည်ဖြင့် ဆုတောင်းတွေရှိတယ်၊ အဲဒါ တဏှာ၏ကျွန် ခေါ်တယ်၊ တဏှာ၏ ကျွန်တဲ့၊ တဏှာအစေခံပဲတဲ့၊ တဏှာကြိုက်ရာတွေကို တဏှာစာ ကျွေးနေတာ လို နတ်ပြည်မှာ စတုမဟာရာဇ် နတ်မင်းကြီး ဖြစ်ရပါလို၏၊ နတ်မိဖုရားတွေ ဖြစ်ရပါလို၏၊ သိကြားမင်းကြီး အင်း-သိကြားမင်းကြီး မိဖုရားကြီး ဖြစ်ရပါလို၏ စသည်ဖြင့်ပေါ့လေ၊ နတ်မင်း နတ်မိဖုရားတွေ ဖြစ်ရပါလို၏ဆိုတာ ဒါလဲ တဏှာကျွန်ပဲ၊ အဲဒီ ကုသိုလ်ကောင်းမှုတွေ။
အဲဒါတွေ မတောင်းတာ၊ ဘယ့်နှယ် ဤကောင်းမှုကြောင့် အာသဝေါတရား လေးပါးတို့၏ ကုန်ရာကုန်ကြောင်းဖြစ်တဲ့ မဂ်ဉာဏ်ဖိုလ်ဉာဏ်နိဗ္ဗာန်ကို ရပါစေလို့ စိတ်ပါလက်ပါ တောင်းလို့ရှိရင် တဏှာကျွန် အဖြစ်မှ လွတ်သွားတယ်၊ အခု သီလလဲ ဒီအတိုင်းပဲ၊ တရားအားထုတ်နေတဲ့ အခါတော့ သေသေချာချာ လုပ်တယ်၊ ဒိပြင်အခါတော့ လုပ်ချင်မှလုပ်မယ် ပြောလို့မဖြစ်ဘူး တရားအားထုတ် နေတဲ့အခါတော့ သီလဆောက်တည်တာဟာ မဂ်ဖိုလ်နိဗ္ဗာန် ရဖို့ရာပဲ၊ ဒါပဲ ရည်ရွယ်ထားတယ်၊ ဒါကြောင့်မို့ မေ-ငါ၏၊ သီလာနိ-ဤသီလသည်၊ အဟော ဝတ ဘု ဇိဿာနိ - တဏှာ၏ ကျွန်အဖြစ်မှ လွတ်မြောက်ပေစွတကား၊ တဏှာ၏ကျွန် တဏှာအုပ်စိုးတယ်ပြောလို့သာ ပြောနေရတာ၊ လူတွေ ဒါကြောင့် တဏှာအလို လိုက်ပြီး ဆုတောင်းတွေက ဖြစ်နေတယ်၊ တဏှာက ကြိုက်စရာကလဲ ကောင်းလဲ ကောင်းတယ်၊ အဲဒါကြောင့် တဏှာအလို လိုက်ပြီးတော့ ကုသိုလ်ကောင်းမှုတွေကို ဆုတောင်းနေကြတာ၊ အဲဒီ တဏှာကျွန်အဖြစ်က ယခု ငါဆောက်တည် ထားတဲ့သီလဟာ လွတ်နေတာပဲ၊ အဲဒီလို နှလုံးသွင်း လိုက်ရင်လဲ ပီတိပါမောဇ္ဇ ဖြစ်ပါတယ်။
ဝိညူပသဋ္ဌာနိ - ပညာရှိတို့ ချီးမွမ်းအပ်သော သီလတို့ပါပေတည်း ပညာရှိတို့ ချီးမွမ်းအပ်တဲ့ သီလပဲ၊ တဏှာ၏ကျွန် အဖြစ်မှလွတ်နေလို့ ချီးမွမ်းစရာကောင်းတယ် ဖြစ်မှာပေါ့လေ၊ တဏှာအလို လိုက်ပြီးတော့ လူချမ်းသာ နတ်ချမ်းသာ တောင်းထားလို့ရှိရင် ဘုရားအစရှိတဲ့ ပညာရှိတွေက မချီးမွမ်းပါဘူး၊ မဂ်ဖိုလ်နိဗ္ဗာန် ရည်ရွယ်ပြီးတော့ ဆုတောင်းပြီးတော့ ကျင့်နေတဲ့ သီလဟာ ဘုရား အစရှိသော အရိယာ သူတော်ကောင်းတို့ ချီးမွမ်းပါတယ်တဲ့၊ အဟောဝတ အပရာမဋ္ဌာနိ - တဏှာဒိဋ္ဌိတို့ဖြင့် မှားယွင်းစွာ မသုံးသပ် လေကုန်စွတကား၊ တဏှာဒိဋ္ဌိတွေက တဏှာနဲ့ ဤသီလဖြင့် လူချမ်းသာ နတ်ချမ်းသာတွေရရမယ်၊ နတ်ပြည်လောကမှာ ဖြစ်နေတဲ့ ထင်ရှားသော နတ်ဖြစ်ဖြစ် မထင်ရှားသော နတ်ဖြစ်ဖြစ် ဖြစ်မယ်၊ ဒီလိုအောက်မေ့တယ်၊ ဒါလဲ တဏှာနဲ့ မှားယွင်းစွာ သုံးသပ်တာ၊ ဒိဋ္ဌိကလဲပဲ ဒီသီလ ကျင့်သုံးခြင်းဖြင့်ပင်လျှင် သီလကျင့်ရုံနဲ့ပဲ သံသရာဝဋ်ဆင်းရဲမှ လွတ် မြောက်သွားမယ်လို့ ယူဆလို့ရှိရင် သီလဗ္ဗတပရာမာသပဲ၊ ဒိဋ္ဌိဖြင့် မှားယွင်းစွာ သုံးသပ်တာ၊ ယခုတော့ ဒီလိုမဟုတ်ဘူး၊ ဒီသီလ ဆောက်တည်ရုံနဲ့ မပြီးသေးဘူး။
ဒီသီလ အခြေခံပြီး ကျင့်သောအားဖြင့် အရိယာ မဂ် ဉာဏ် ဖိုလ်ဉာဏ်တွေရောက်ပြီး နိဗ္ဗာန်ကို ရောက်သွားနိုင်တယ်လို့ ဒီလို အမှန်အတိုင်း ယုံကြည်ပြီးတော့ သီလဟာ မဂ်ဖိုလ်နိဗ္ဗာန်ရဲ့အကြောင်း အထောက်အပံ့ပဲလို့ ဒီလိုဆောက်တည်ထားတဲ့ သီလအပရမဋ္ဌာနိ-တဏှာ ဒိဋ္ဌိတို့ဖြင့် မှားယွင်းစွာ မသုံးသပ်အပ်သော သီလတို့ပါပေတည်း၊ သမာဓိ သံဝတ္တနိကာနိ- ဥပစာရသမာဓိ အပ္ပနာသမာဓိ၊ ခဏိကသမာဓိ မဂ်သမာဓိ ဖိုလ်သမာဓိ ဖြစ်စေနိုင်သော သီလတို့ ပါပေတည်း။
မိမိဆောက်တည်ထားတဲ့ သီလဟာ ဥပစာရသမာဓိ အပ္ပနာသမာဓိ သမထ တရားတွေ အားထုတ်လို့ရှိရင် ဥပစာရ သမာဓိ အပ္ပနာ သမာဓိကိုလဲ ရောက်စေတယ်၊ ဝိပဿနာတရား အားထုတ်လို့ရှိရင် ခဏိကသမာဓိ ရနိုင်တယ်၊ မဂ္ဂသမာဓိ ဖိုလ်သမာဓိကို ရောက်နိုင်တယ်၊ ရနိုင်တယ်၊ ဒီသီလတွေ ဆောက်တည်ပြီးတော့ ကျင့်လိုက်ရင် ချက်ခြင်းကို ရနိုင်တာပဲ။
အကြောင်းညီညွတ်ရင် ရနိုင်တယ်၊ အဲဒီတော့ ဒီသီလတွေနဲ့ ငါပြည့်စုံနေတာပဲလို့ ဆင်ခြင်လိုက်ရင် ရှေးနှစ်ပေါင်း များစွာက စင်ကြယ်လာခဲ့တဲ့ ပုဂ္ဂိုလ်ဆိုရင် ပိုပြီးဝမ်းသာစရာ ကောင်းတာပေါ့၊ နှစ်ပေါင်းများစွာက မဟုတ်ပေမယ်လို့ ယခုတရားဝင်တဲ့ အချိန်ကစပြီး စင်ကြယ်တဲ့ သီလတွေ ပြန်အာရုံ ပြုလိုက်ရင်လဲ ဝမ်းသာစရာ အင်မတန် ကောင်းပါတယ်၊ ဒါကြောင့် အဲဒါ သီလ ဆင်ခြင် ပုံကို ကဲ-ကဲ- ဆိုကြရမယ်။
(မေ - ငါ၏၊
သီလာနိ - သီလတို့သည်၊
အဟောဝတ အခဏ္ဍာနိ - သြော် မကျိုးမပျက်လေကုန်စွ တကား-၂)
အဆိဒ္ဒါနိ - မပေါက်မပျက်လေကုန်စွ တကား၊
အသဗလာနိ - မကြောင်မကြားလေကုန်စွတကား၊
အကမ္မာသာနိ - အစွန်းအကွက် ကင်းလေကုန်စွတကား၊
ဘုဇိဿာနိ - တဏှာ၏ ကျွန်အဖြစ်မှ လွတ်မြောက်ပါပေကုန်စွတကား၊
ဝိညူပဿဋ္ဌာနိ - ဘုရားအစရှိသော ပညာရှိ အပေါင်းတို့ ချီးကျူးထိုက်ပါပေစွတကား၊
အပရာမဋ္ဌာနိ - တဏှာဒိဋ္ဌိဖြင့် မှားယွင်းစွာ မသုံးသပ်အပ်ပေကုန်စွတကား၊
သမာဓိ သံဝတ္တနိ ကာနိ - ဥပစာရသမာဓိ အပ္ပနာသမာဓိ ခဏိကသမာဓိ ဝိပဿနာသမာဓိ မဂ်သမာဓိ ဖိုလ်သမာဓိကို ဖြစ်နိုင်ပေကုန်စွတကား။
အဲ - ကိုယ်ဆောက်တည် ထားတဲ့ သီလတွေဟာ ဝိပဿနာသမာဓိ ဖြစ်စေနိုင်တယ်၊ မဂ္ဂသမာဓိ ဖိုလ်သမာဓိလဲဖြစ်စေနိုင်တယ်၊ သီလပဲလို့ ဒီလို နှလုံးသွင်းလိုက်ရင်ကို သီလတွေဟာ အားရစရာ ဝမ်းသာစရာ သိပ်ကောင်းပါတယ်၊ တရားအားထုတ်လို့ ဘာမျှမဖြစ်နဲ့ဦး၊ သီလတွေ ပြည့်စုံနေတာကို ကောင်းလှပြီ၊ ဝမ်းသာစရာ အင်မတန်ကောင်းလှပြီ၊ အဲဒီလိုသီလဂုဏ်တွေ ဆင်ခြင်လို့ရှိရင်လဲ ပီတိဖြစ်တတ်ပါတယ်တဲ့။
ရတနာသုံးစုံ သီလဂုဏ်၊ စွန့်ပုံအောက်မေ့ပါတဲ့၊ စွန့်ကြဲပုံဆိုတာ စာဂါနုဿတိ၊ ပစ္စည်းဥစ္စာတွေ ဆိုတာကို အသုံးချဖို့ရာ စုဆောင်းထားကြရတာပဲ လောကမှာ လူတွေဟာ ပစ္စည်းဥစ္စာတွေ ကိုယ်အလိုရှိတဲ့အခါရဖို့ သုံးစွဲဖို့၊ စားဖို့စုဆောင်းပြီး ထားရတာ၊ အဲဒီလို စုဆောင်းထားတဲ့ ပစ္စည်းဥစ္စာတွေကို တွယ်တာမက်မောခြင်း မရှိဘဲနဲ့ ပေးသင့်ပေးထိုက်တဲ့ပုဂ္ဂိုလ် လှူသင့် လှူထိုက်တဲ့ပုဂ္ဂိုလ်တော့ ရက်ရက်ရောရော စွန့်လွှတ်ပြီးလှူနိုင်တာ အင်မတန် အံ့သြစရာ ကောင်းတယ်၊ မစ္ဆေရမလ ပရိယုတ္တိတာယ ပဓာရမစ္ဆေရ ဝန်တိုခြင်းတည်း ဟူသော အညစ်အကြေး ဖြင့် မြေးယှက်ပြီးတော့နေတဲ့ လောကထဲမှာ တစ်ခါတည်းကို ပစ္စည်းလေးကို ခင်မင်တွယ်တာပြီး မပေးချင်တဲ့ သဘောသတ္တိရှိတဲ့ လောကထဲမှာ အဲဒီလောကထဲမှာ၊ ဝိဿဋ္ဌာ စာဂေါ - ရက်ရက် ရောရော စွန့်လွှတ်နိုင်သည်ဖြစ်၍ လွတ်လွတ် ကျွတ်ကျွတ် စွန့်ကြဲနိုင်သည်ဖြစ်၍ လှူဖူး ပေးဖူး ကမ်းဖူးတာလေးတွေ မြတ်စွာဘုရား၏ တရားတော်တွေ ကြားနာရလို့ ကံ-ကံ၏ အကျိုးကို သိရတယ်။
သဒ္ဓါတရားတွေ ဖြစ်နေတယ်၊ ကောင်းသော အမှုပြုရင် ကောင်းကျိုး တွေ့ရတယ်၊ မကောင်းသော အမှုပြုရင် မကောင်းကျိုးတွေရမယ်၊ စွန့်ကြဲပေးကမ်း လှူဒါန်းလို့ရှိရင်ဖြင့် ဒါနကုသိုလ်တွေ ဖြစ်ပြီး တော့ လူ့ဘဝ နတ်ဘဝတွေ ကောင်းရာဘဝ ရောက်နိုင်တယ်၊ ရောက်ရာရာ ဘဝတွေမှာလဲ စည်းစိမ် ဥစ္စာ ပေါများခြင်း, ချမ်းသာကြွယ်ဝခြင်း, ဂုဏ်ကျေးဇူး အထူးတွေကို ရနိုင်တယ်၊ ညောင်စေ့လောက် လှူရင် ညောင်ပင်ကြီးလောက် အကျိုးတွေ ရနိုင်တယ်၊ ဒီလို တရားတွေ ကြားနာပြီးတော့ သဒ္ဓါတရားဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေက မိမိတို့သုံးဖို့ စွဲဖို့လေးတွေကို လှူဒါန်းကြရတယ်၊ တော်ရုံတန်ရုံ အလှူခံပုဂ္ဂိုလ်, လာတောင်းတဲ့ ပုဂ္ဂိုလ် လှူကြရတာပဲ၊ ဒီလို လှူရတာပဲ၊ ကိုယ်သုံးဖို့ ဆိုတာ ကလေးကို မသုံးဘဲနဲ့ လှူလိုက်ရတာ၊ တမင်တကာကို အပင်ပန်းခံပြီး ရှာထားရတာ။
အဲဒါလေးကို လှူလိုက်ရတယ်၊ အဲ - အထက်တန်းကြတဲ့ ပုဂ္ဂိုလ်တွေ သီလ, သမာဓိ, ပညာနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်တွေ ရဟန်းတော်တွေ ဒီလိုပုဂ္ဂိုလ်တွေလဲ လှူဒါန်းရတာပဲ၊ အမြဲမပြတ် လှူနေရ တာပါပဲ၊ ဗုဒ္ဓဘာသာတွေ အမြဲမပြတ် ဒါနကုသိုလ်တွေ ပွားနေကြတယ်၊ အဲဒီပေးကမ်းရတဲ့ ဟာလေးတွေ ပြန်စဉ်းစား လိုက်ရင် ဝမ်းသာစရာ အင်မတန် ကောင်းတယ်၊ စွန့်နိုင်ခဲရင် လှူနိုင် ခဲတာပဲ၊ ဒီကုသိုလ်တရား ဘာသာတရား မရှိတဲ့ပုဂ္ဂိုလ်တွေဆိုရင် စွန့်ဖို့ကြဲဖို့ကို အင်မတန် ခဲယဉ်းတယ်၊ မြန်မာပြည်လို ဘာသာတရားတွေကို လေးစားပြီးတော့ ကုသိုလ် ကောင်းမှုတွေကို စိတ်ဝင်စားနေကြလို့, ယုံကြည်နေကြလို့ လှူဒါန်းပေးကမ်း နိုင်တာပဲ၊ အဲဒါကြောင့်မို့ လှူဒါန်း နိုင်ကြတာ၊ အဲဒီတော့ မိမိတို့ လှူဒါန်းတာလေးတွေ နည်းသည်ဖြစ်စေ, များသည်ဖြစ်စေ လှူဒါန်းတဲ့ အခါကာလမှာ မစ္ဆေရ - ဝန်တိုခြင်းဆိုတဲ့ အညစ်အကြေးလေးကို ပယ်ပြီး လှူဒါန်းရတာ၊ သဒ္ဓါတရား မရှိတဲ့ ပုဂ္ဂိုလ်က တစ်ပဲမပြောနဲ့ တစ်ပြားနှစ်ပြားလဲ မလှူနိုင်ဘူး၊ တစ်ပြားတောင်း၊ နှစ်ပြားတောင်း၊ ငါးပြားတောင်း မလှူနိုင်ဘူး ဒီဥစ္စာ မလှူနိုင်ဘူး၊ မရသေးတာတောင်မှ ရှာရသေးတာပဲ၊ ကိုယ့်ရှိတာ တွေ ဘယ်လှူနိုင်မလဲ၊ ယခု သဒ္ဓါတရားနဲ့ ယုံကြည်မှုတွေရှိပြီး ကံ,ကံ၏ အကျိုးတွေ ယုံကြည်ပြီးတော့ သဒ္ဓါတရားရှိလို့ ကုသိုလ် ကောင်းမှုတွေ ယုံကြည်ပြီးသကာလ နောက် တမလွန် လောကတွေ ယုံကြည်ပြီး သကာလ လှူဒါန်းကြတယ်။
အဲဒီလို လှူနိုင်တာသည်ပင် အင်မတန် အဖိုးတန်တာပဲ၊ ဒီလို လှူဒါန်းနိုင်တဲ့ အတွက်ဟာ ဒီကုသိုလ်ကောင်းမှုတွေက နောင်အခါကာလ အကျိုးပေးပြီးတော့ ကြီးကျယ်ဖို့, ကြီးပွားဖို့, ပြည့်စုံဖို့ ရာတွေပဲ၊ မလှူမတန်းနိုင်တဲ့ ပုဂ္ဂိုလ်တွေက ယခုကို ရတာလေးကို နှမြောလို့ မလှူတဲ့အတွက် နောက်အကျိုး ပေးဖို့မရှိဘူး၊ မြတ်စွာဘုရား လက်ထက်တော် အခါကာလ သာဝတ္ထိပြည်က သေဋ္ဌေးကြီး တစ်ယောက် ရှိတယ်။ သားသမီးလဲ မရှိဘူး၊ အမျိုးလဲ မရှိဘူး၊ ဘာမှမရှိဘူးတဲ့၊ ကုဋေပေါင်း မြောက်မြားစွာပစ္စည်းတွေ ပေါများတယ်။
အဲဒါ တစ်နေ့ကျတော့ သူဆုံးသွားတော့ ဟိုခေတ်တုန်းက သားသမီးအမွေခံ မရှိလို့ရှိရင် အစိုးရ ပိုင်တာကိုး၊ ရှေးက မင်းဘဏ္ဍာဖြစ်တာကိုး၊ မင်းဘဏ္ဍာဖြစ်တော့ သိမ်းတယ်၊ အစိုးရကသိမ်းတယ်၊ ဆွေမျိုးတွေ ဘာတွေလာပြီးတော့ အမွေခံလဲ မရဘူး၊ ဝေစုလည်းမရဘူး၊ ဟိုတုန်းက ဥပဒေကဒီလိုပဲကိုး၊ အစိုးရ ဘဏ္ဍာတော် အဖြစ်နဲ့ သိမ်းတယ်၊ သားသမီးတောင် မရဘူး၊ ဟိုတုန်းက ခေတ်က ဒီလိုလုပ်တာ၊ အဲဒါတွေကို သိမ်းဆည်းပြီးတော့ ပသေနဒီ ကောသလမင်းကြီးက မြတ်စွာဘုရားထံကို ရောက်သွားတယ်။
မြတ်စွာဘုရားထံ ရောက်သွားတဲ့ အခါကာလကြတော့ မြတ်စွာဘုရားက ဘယ်ကလာသလဲလို့ မေးတော့ သူက ဒီလိုပဲ တဲ့ဘုရား ပစ္စည်းတွေက ပေါက ပေါပါဘိသနဲ့၊ ကုသိုလ်ကောင်းမှု ဘာမှ မပြု ဘူးတဲ့၊ အမွေခံလည်း မရှိဘူးတဲ့၊ ဒါနဲ့ သူတို့ ဥပဒေအရနဲ့ ဟိုခေတ်တုန်းက ဥပဒေအရနဲ့ မင်းဘဏ္ဍာ အဖြစ်နဲ့ သိမ်းပြီးလာရတယ်၊ သိမ်းလာရတယ် ဘုရားလို့ လျှောက်တာကိုး၊ မြတ်စွာဘုရားက အဲဒါ အကြောင်း ပြုပြီးတော့ ဟောတယ်၊ ကုသိုလ်ကောင်းမှုဟာ မပြုလို့ရှိရင် မဖြစ်တဲ့အကြောင်း၊ မိမိမှာ ပစ္စည်းဥစ္စာတွေ ဘယ်လိုပဲ ပေါနေနေ ရက်ရက်ရောရော မစွန့်နိုင်လို့ရှိရင် ဒီပစ္စည်းတွေဟာ အလကား ကျန်နေရစ်ခဲ့တာကိုး၊ ဟိုဘဝလဲ ယူသွားနိုင်တာမဟုတ်ဘူး၊ စွန့်ကြဲပေးကမ်း လှူဒါန်း သွားလို့ရှိရင် လှူဒါန်းသမျှလေးဟာ ကုသိုလ်ကောင်းမှုကလေး အထုပ်အထည် ကလေး ဖြစ်ပြီးတော့ ဘဝသံသရာ လိုက်ပြီးတော့ အကျိုးပေးသွားတယ်။
အဲဒါတွေကို ဗုဒ္ဓဘာသာတွေက အကုန်လုံး သိပြီးသား ဖြစ်နေတော့ ဒါတွေကို နှလုံးသွင်းပြီး တတ်နိုင်သမျှလေးတွေကို သုံးဖို့စွဲဖို့ ဟာထဲက ဖဲ့ပြီးတော့ လှူဒါန်းကြတာ၊ မသုံးရက်, မစွဲရက်, မစားရက်, မသောက်ရက်ဘဲနဲ့ လှူဒါန်းကြတယ်၊ အထူးအားဖြင့်တော့ကို ရဟန်း သံဃာတော်တွေ လှူဒါန်းတာက များပါတယ်၊ ကိုယ်စားဖို့ သောက်ဖို့ရာ တော်ရုံတန်ရုံ စားသောက်ပြီး သကာလ ရဟန်းသံဃာ အတွက်ဆိုပြီး သကာလ လှူကြတန်းကြတယ်၊ တယ်ပြီး သဒ္ဓါတရား ကောင်းကြ တယ်၊ တစ်ချို့များ သိပ်သဒ္ဓါတရား ကောင်းတယ်၊ ကိုယ်ကတော့ ဘာမျှမစားဘူး၊ ရဟန်း သံဃာတော် အတွက်ဆိုပြီးတော့ ပင်ပင်ပန်းပန်းတွေ လုပ်ပြီးတော့ သကာလ လှူဒါန်းတယ်၊ အဲဒါတွေ လှူတာဒါန်းတာတွေ စဉ်းစားရင် အလွန့်အလွန် ဝမ်းသာစရာကောင်းတယ်။
အဲ-မပေးရက်, မလှူဒါန်းရက်တော့ ဝန်တိုပြီးတော့ နေတယ်၊ နှမြောပြီးတော့ နေတဲ့ လောကထဲမှာ ငါမနှမြောဘဲနဲ့ကို ပစ္စည်းမနှမြောဘဲ ရက်ရက်ရောရော တယ်စွန့်နိုင်တာပဲ၊ အင်မတန် စွန့်နိုင်တဲ့ စွန့်နိုင်ခဲတဲ့ ဝတ္ထု ပစ္စည်းတွေ ငါ လှူဒါန်းခဲ့ရပါတယ်၊ စွန့်ကြဲခဲ့ရပါတယ်၊ ပေးကမ်းခဲ့ရပါပေတယ်၊ စသည်အားဖြင့် ဒါတွေ ပြန်ဆင်ခြင်ရင် ဒါက ပီတိပါမောဇ္ဇတွေ ဖြစ်ပါတယ်တဲ့။
မုတ္တစာဂေါ ပယတပါဏီ၊
မုတ္တစာဂေါ - လွတ်လွတ် စွန့်ကြဲနိုင်သည်ဖြစ်၍၊
ပယတပါဏီ - ဆေးအပ်တော လက်ရှိသည် ဖြစ်၍၊
လှူဒါန်းဖို့ရာလက်က အမြဲတမ်း ဆေးထားသကဲ့သို့ပေါ့လေ၊ လှူနိုင် တန်းနိုင် ဆိုတယ်၊ တစ်နည်းအားဖြင့် ပယတဏ-ပ-န ယတနဲ့ ပနယတ နဲ့ဆိုရင် ဖြန့်အပ်သော လက်ရှိသည်ဖြစ်၍ ဒါလဲ ခပ်ကောင်းကောင်းပါပဲ။
သို့သော် အဋ္ဌကထာက မဖွင့်ဘူး၊ ဒီ အနက်ကတော့ ဆုပ်အပ် ဖြန့်အပ်သော လက်ရှိသည်၊ ဆုပ်ထားတဲ့ လက်ဆိုရင် မပေးဘူးပေါ့လေ၊ ဆုပ်ရင်ဆိုရင်ကို ပစ္စည်းကို ဖြန့်ဖြူးပြီး သကာလ ပေးရတယ်၊ ဖြန့်အပ်သော လက်ရှိသည်ဖြစ်၍၊ ဝေါသဂ္ဂရ တော - စွန့်ကြဲမှုနဲ့ မွေ့လျော်သည်ဖြစ်၍၊ ယာစ ယောဂေါ - တောင်းခံသော ပုဂ္ဂိုလ်တွေနဲ့ အမြဲတမ်း ယှဉ်သည်ဖြစ်၍၊ ဝိဟရာမိ - နေရပါပေ၏ လို့ စွန့်ကြဲလှူဒါန်း ပြီးတော့ နေနိုင်ပါပေတယ်လို့ ကိုယ်တတ်နိုင် သမျှလေးပေါ့လေ၊ များများ တတ်နိုင်တဲ့ ပုဂ္ဂိုလ်က များများလှူဒါန်း ရမယ်၊ ကိုယ့်ရှိသလောက် ကိုယ့်ဉာဏ်အလိုက် ဆိုပြီးတော့ နည်းနည်းပေါ့၊ နည်းနည်း ဆွမ်းလေး လောင်းနိုင်တဲ့ ပုဂ္ဂိုလ်က ဆွမ်းလေး လောင်းတယ်ဆိုရင် မနည်းပါဘူး၊ အဲ .... လှူဒါန်းနိုင်သရွေ့ အာရုံပြု ပြီးတော့ နှလုံးသွင်း ဆင်ခြင် လိုက်လို့ရှိရင် ပီတိတွေ ဖြစ်လာတယ်တဲ့။
အဲဒီ ပီတိတွေဟာ၊ အဲဒီ ပီတိတွေ ဖြစ်လာလို့ ဝိပဿနာ ရှုလိုက်ရင် မဂ်ဖိုလ်နိဗ္ဗာန် ရောက်သွား တတ်ပါတယ်၊ ဒါကလဲပဲ အထူးအားဖြင့်တော့ ဆင်းဆင်းရဲရဲ ခဲခဲယဉ်းယဉ်း လှူဒါန်းရတဲ့ ဥစ္စာတွေ ပိုပြီးတော့ ပီတိ ဖြစ်တတ်တယ်၊ ဒီ ပီတိတွေ အင်မတန် ပေါ်ပြီးတော့ နေတာထဲက နည်းနည်းပါးပါး လွယ်လွယ်ကူကူ သက်သက်သာသာ လေးကို ဒါကတော့ သိပ်အားရ စရာတွေပါပဲ၊ ဖြစ်တတ်ပါတယ်၊ အဲ .... ခဲခဲယဉ်းယဉ်း လှူဒါန်းပြီဆိုရင် နည်းနည်း လှူဒါန်းရတာ သိပ်ပြီးတော့ အားရစရာ အင်မတန် ဝမ်းမြောက်စရာ ကောင်းတယ်၊ ဟိုမှာ စားဖို့သောက်ဖို့ဟာတွေက ရှိတာလဲပဲ စွန့်ကြဲပြီးတော့ လှူဒါန်းလိုက်လို့ရှိရင် အင်မတန်ကို အားရစရာ အင်မတန် ဝမ်းမြောက်စရာ ကောင်းတယ်၊ ဒါကြောင့် ဒီနေရာမှာ အဋ္ဌကထာက ဖွင့်ထားတယ်။
ဒုဗ္ဘိက္ခဘယာဒီသု - ငတ်မွတ်ခေါင်းပါးသောဘေး အစရှိသည်တို့၌၊
ပဏီတဘောဇနံ - မွန်မြတ်သော ဘောဇဉ်တို့ကို၊
သဗြဟ္မစာရိနံ - သီတင်းသုံးဖော်တို့အား၊
ဒတွာ - ပေးလှူ၍။
အဲ ... ရှားပါးတဲ့ အခါကာလ ဒုဗ္ဘိက္ခဘေးတွေ သင့်နေတဲ့အခါ ကာလပေါ့လေ၊ အစာရေစာ ရှားပါးပြီးတော့ ဆွမ်းတွေ ဘာတွေ ရခဲသော အခါကာလ အဲဒီလို အခါကာလမှာ ကိုယ်ဆွမ်းခံလာတဲ့ မွန်မြတ်သော ဆွမ်းကလေး ရလာတယ်၊ ရတဲ့ဥစ္စာ ကိုလဲ သီတင်းသုံးဖော် ဆွမ်းမရတဲ့ ပုဂ္ဂိုလ်တွေ ဝေဖြန့်ပြီးသကာလ စားသောက်ရတယ် ဆိုလို့ရှိရင် စသည်အားဖြင့် သိပ်ဝမ်းသာစရာကောင်းတယ်၊ ပြန်စဉ်းစားလို့ရှိရင် ဒါက ဆွမ်းခံစားတဲ့ ပုဂ္ဂိုလ်တွေရဲ့အတွက်၊ လူတွေလဲပဲ အတူတူပဲတဲ့။
ဂဟဋ္ဌာနမ္ပိ - လူတို့အားလည်း၊ ဧဝရှုပေကာလေ - ဤသို့ သဘောရှိသော ကာလမှာ စွန့်ကြဲ ပေးကမ်း လှူဒါန်းပြီးတော့ တဲ့၊ ဒီလို ရှားပါးသော အခါကာလများ လှူဒါန်းပြီးတော့ အဲဒါတွေ ပြန်စဉ်းစား လို့ရှိရင် ဝမ်းသာစရာ သိပ်ကောင်းတယ်တဲ့၊ သူများတွေ မရှားပါး ပေါနေပေမယ့်၊ ကိုယ့်မှာ ရှားပါးသေးတာကိုး၊ အဲဒီ ကိုယ်ရှားပါးနေတဲ့ ပုဂ္ဂိုလ်ကလဲ ကိုယ်ရှားရှားပါးပါး ခဲခဲယဉ်းယဉ်း ရှာဖွေ ထားတာ ကလေးကို လှူဒါန်း လိုက်ရတာကလဲ ဒါလေး သိပ်အားမငယ်ရဘူး၊ ဒါအဖိုးတန်တယ် အင်မတန် အဖိုးတန်တဲ့ ဥစ္စာကလေး သိန်းနဲ့သောင်းနဲ့ ချီပြီးတော့ရှိတဲ့ ပုဂ္ဂိုလ်တွေက တစ်ရာ တစ်ထောင် လှူဒါန်းနိုင်တာက မခဲယဉ်းဘူး၊ စားဖို့သောက်ဖို့ရာကလေး ကိုယ်တတ်နိုင်သမျှ လုပ်နေတဲ့ ပုဂ္ဂိုလ်က နေပြီးတော့ တစ်ကျပ်တစ်ပြား လှူဖို့ရာ အင်မတန် ခဲယဉ်းတယ်။
အဲဒါကို လှူဒါန်းတာ ကလေးကို လှူတာကလေးကိုပဲ အင်မတန် ဝမ်းသာစရာ ကောင်းတယ်၊ လှူနိုင်ခဲတဲ့ ဥစ္စာ၊ သူ့မှာ ရှိစုမဲ့စု ပစ္စည်း အကုန်လုံးလှူတာပဲ၊ တစ်သိန်း တစ်သန်းနဲ့ ချီရှိတဲ့ ပုဂ္ဂိုလ်က တစ်သိန်း တစ်သန်း အကုန်လုံး လှူဖို့ရာ ခဲယဉ်း ပါတယ်၊ လှူနိုင်ခဲပါတယ်၊ အခုလိုပဲ နေ့လုပ် နေ့စား ညလုပ်ညစား ပုဂ္ဂိုလ်က လုပ်လို့ရတာလေး အဲဒါလေးကို ကိုယ်စားဖို့ သောက်ဖို့ဟာကလေး ခြစ်ခြစ် ချုတ်ချုတ် လှူဒါန်းတာ၊ အဖိုးတန်တာ အင်မတန် ဝမ်းသာစရာ ကောင်းတာ၊ လှူနိုင်တန်းနိုင် တာကလေး ရပြီးတော့ ဟိုရှေးတုန်းက ....
ဒုဋ္ဌဂါမဏိမင်းကြီးဝတ္ထု
ဒုဋ္ဌဂါမဏိ မင်းကြီးဆိုတာ ဟိုအခါတုန်းက သီဟိုဠ်မှာ တမီလ်ခေါ်တဲ့ ကျေးကုလားတွေကို မြန်မာက ကျေးကုလားလို့ ခေါ်တယ်၊ အခုမြန်မာပြည်ရှိတဲ့ တမီလ် ကုလား လိုလို၊ အခုလဲ ရှိပါတယ်၊ သူတို့ အဆက်အနွယ်လေး အဲဒီ ကုလားတွေက အုပ်စိုးနေတာကိုး၊ မြောက်ပိုင်းမှာ၊ ဒုဋ္ဌဂါမဏိမင်းကြီးရဲ့ အဖေက ကာကဝဏ္ဏတိဿ မင်းကြီး၊ သူက သီဟိုဠ်ကျွန်း တောင်ပိုင်းနားမှာ ပင်လယ်ကမ်းစပ်မှာ တောင်ဘက် အစွန်းအနားလေးမှာ၊ မဟာဂါမလို့ ခေါ်တယ်၊ အခု မာဂမ္မ လို့ခေါ်နေတယ်၊ မဟာဂါမ ဆိုတဲ့ရွာ ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး၊ တော်ရုံ သင့်ရုံပါပဲ၊ တောင်ပိုင်းအစွန်းလေးမှာ မြောက်ပိုင်းနဲ့ သီဟိုဠ်ကျွန်း တစ်ကျွန်းလုံးကိုက -
ဧလာရဆိုတဲ့ တပီလ်ကျေးကုလားမင်းက အုပ်ချုပ်နေတယ်၊ တောင်ပိုင်းအစွန်းလေးမှာ သူ့နယ်ပယ်လေး၊ ဒါလေး နည်းနည်း မြန်မာပြည်က စော်ဘွားတွေ ဘာလေးတွေနဲ့ တူပါတယ်၊ သူနယ်ပယ်လေး သူအစွန်အဖျားလေး ဒီလိုဖြစ်နေတယ်၊ ထင်ပါရဲ့၊ သိပ်ကြီးမဲ့ ဥစ္စာ မဟုတ်ပါဘူး၊ သေးသေး ကွေးကွေးလေးပါပဲ၊ အဲဒီနယ် ကာကဝဏ္ဏတိဿ မင်းကြီးရဲ့သားက ဒုဋ္ဌဂါမဏိမင်းနဲ့ ညီတော်တိဿဆိုတာ နှစ်ဦးရှိတယ်၊ မင်းကြီး နတ်ရွာစံသွားတဲ့အခါမှာ သူတို့စစ်ပွဲဖြစ်ကြတယ်၊ နန်းလုတာတော့မဟုတ်ပါဘူး၊ မယ်တော်နဲ့ ဆင်တော်ကို ညီတော်က ယူပြီးသွားမယ်လို့ မယ်တော်လဲပြန်ပို့ ဆင်တော်လဲပြန်ပို့ ဒုဋ္ဌဂါမဏိမင်းက တောင်းတော့ ပြန်မပို့ဘူး။
နှစ်ကြိမ် - သုံးကြိမ် ပြောလို့ မရတာနဲ့ စစ်ထွက်တိုက်ကြတာပေါ့၊ တစ်ဦးနှင့်တစ်ဦး ညီအစ်ကို နှစ်ယောက် ရန်ဖြစ်ကြတာကိုး၊ ရန်ဖြစ်ကြတော့အကြောင်း မသင့်တော့ ဒုဋ္ဌဂါမဏိ မင်းကြီးဘက်က စစ်သည်တော်တွေ ကျတယ်၊ ကျတော့ နောက်ဆုံး တစ်ခါတည်း မြင်းကိုစီးပြီးတော့ အစတည်းက မြင်းနဲ့သွားတိုက် ရတယ်၊ မြင်းစီးပြီးတော့ ထွက်ပြေးရတယ်၊ သူ့နောက်က တိဿဆိုတဲ့ အမတ်တစ်ယောက်က နောက်ကပါတယ်၊ ဘယ်သူမှ မပါတော့ဘူး၊ ဒုဋ္ဌဂါမဏိမင်းကြီးက မြင်းစီးပြီး သကာလ ထွက်ပြေးရတာကိုး၊ နောက်ကအတင်းလိုက်၊ အတင်းလိုက်တော့ သူတို့ သီဟိုဠ်စာတွေက ရေးထားတာက အဲဒီမှာ ရဟန်းတော်တွေက ဟိုတုန်းက သာသနာက အင်မတန် ကောင်းတဲ့အခါ ကာလကိုး၊ အဲဒီတုန်းက ရဟန္တာတော်တွေ ဆဠာဘိည-အဘိညာဉ် ၆-ပါးနဲ့ ပြည့်စုံတဲ့ ရဟန္တာတွေ တန်ခိုးကြီးတဲ့ရဟန္တာတွေ ရှိပါတယ်၊ ဟိုတုန်းက -
အဲဒီတော့ သာသနာပြုမည့့် ဒီညီနောင်နှစ်ဦး စစ်ထိုးတဲ့ အခါကာလမှာ ဒုဋ္ဌဂါမဏိမင်းကြီးရှုံးလို့ ထွက်ပြေးတော့ နောက်က ဆင်နဲ့ လိုက်လာတော့၊ မြင်းနဲ့ပြေးတော့ ဘယ်ပြေးနိုင်စရာ ရှိမလဲ၊ မလွတ်နိုင်ဘူးပေါ့၊ ညီတော် တိဿမင်းက ဆင်နဲ့ လိုက်၊ အစ်ကိုဖြစ်တဲ့ ဒုဋ္ဌဂါမဏိက မြင်းစီးပြီး ပြေးရတာကိုး၊ ဘာမှလဲ သူ့မှာ အကာအကွယ်လဲ မရှိတော့ဘူး၊ ဒီအတိုင်း ပြေးရတာကိုး။
လွတ်နိုင်ဖို့ရာ အကြောင်းမရှိတော့ ရဟန်းတော်များက ရဟန်းဣဒ္ဓိပါဒ်နဲ့ ပြည့်စုံတဲ့ ရဟန္တာ မထေရ်ကြီးများက တန်ခိုးနဲ့ ဖန်ဆင်းလိုက်တယ်၊ ဒီကြားထဲမှာ တောင်ကြီးတစ်လုံး ဖန်ဆင်းတယ်၊ တန်ခိုးဆိုတာ ခဲကလေး တစ်လုံးလဲ တောင်ကြီးလုပ်ထားတာ၊ ဒီတော့ တောင်ကြီးဖြစ်တာပေါ့၊ ရေစီးကြောင်း ကလေးလဲ မြစ်ကြီးလုပ်လိုက်ရင် အကျယ်ကြီးဖြစ်နေ၊ ပင်လယ်ကြီးလောက် ဖန်ဆင်း လိုက်ရင် ပင်လယ်ကြီးဖြစ်တာပဲ၊ ပင်လယ်ကြီးလဲပဲ ရေမြောင်းကလေး ဖန်ဆင်းရင် ရေမြောင်း ကလေးဖြစ်တာပဲ၊ ဖန်ဆင်းလို့ရတာကိုး၊ အကုန်ရလွယ်လွယ်လေး တယ်ကောင်းတယ်။
ဒီတန်ခိုးတွေက ယခုကာလ ဒီတန်ခိုးများ ပြည့်စုံမယ်ဆိုရင် သိပ်နေရာကျမှာပေါ့၊ ယခုနေ မြတ်စွာဘုရား သာသနာတော်က စာထဲမှာရှိပြီးတော့ တန်ခိုးတွေကလဲမလုပ်နိုင်နဲ့၊ ဒါကသိပ်နေရာ မကျပဲ ဖြစ်နေတယ်၊ ကြိုးစားနိုင်တဲ့ ပုဂ္ဂိုလ်တွေ ကြိုးစားလို့ရှိရင်လဲ နောင် တစ်နေ့ကျလို့ရှိရင်တော့ မျှော်လင့်စရာတော့ ရှိပါသေးတယ်၊ အဲဒီမှာ တောင်ကြီး ဖန်ဆင်းလိုက်တယ်တဲ့၊ ဒုဋ္ဌဂါမဏိမင်း ရှေ့ကပြေးနေတယ်၊ နောက်က တိဿမင်းသားက နေပြီးတော့ ဆင်နဲ့လိုက်နေတာ၊ ကြားထဲသိပ် ကွာခြားပုံ မရဘူး၊ ခပ်နီးနီးပဲနေမယ်။
ဒီကြားထဲ ဖန်ဆင်းပြီးတော့ တောင်ကြီး ဖန်ဆင်းလိုက်တော့ ဘွားခနဲ တောင်ကြီးပေါ်တဲ့အခါမှာ တိဿမင်းက စဉ်းစားတယ်၊ ဒီအနား တောင်လဲမရှိဘူး၊ ယခု ငါ့ရှေ့နားတွင် ဖြစ်လာတယ်၊ တောင်ကြီး ဖြုန်းခနဲဆို ဒီနေရာလာပြီး တောင်ကြီးဖြစ်တာပဲ၊ ဒါတော့ တို့ဆရာသမားဖြစ်တဲ့ ရဟန်းတော်တွေ မထေရ်မြတ်တွေရဲ့ အလုပ်ပဲ၊ သူတို့တားတာပဲ၊ ဒီတော့ ငါရှေ့လိုက်လို့တော့ မတော် တော့ဘူး ဆိုပြီး ပြန်သွားတယ်၊ ဟိုတုန်းကလဲ သာသနာတော်က သိပ်ပြီးတော့ ရိုသေလေးစား ရှိပါတယ်၊ အင်မတန် ရိုသေလေးစားပါတယ်၊ သာသနာတော်မှ မထေရ်ကြီးတွေ ပြောတဲ့စကားတွေ တည့်တည့်မတ်မတ် လိုက်နာကြတယ်။
ဟိုတုန်းက မထေရ်ကြီး တွေကလဲပဲ ရဟန္တာ မထေရ်ကြီးတွေပဲ၊ အင်မတန်ကို ကောင်းပါတယ်၊ အဲဒီတော့ ဒါနဲ့ သူပြန်လာတယ်၊ ဒုဋ္ဌဂါမဏိမင်းက တစ်ခါတည်း တောထဲ ပုန်းနေရတယ်၊ တောထဲမှာ သူ့နောက်က အမတ်တစ်ယောက်နဲ့ မြင်းနဲ့ အားလုံး ဒီ ၃-ယောက်ပဲ ရှိတယ်၊ တောထဲမှာ ပုန်းနေတာ၊ စားချင်လဲ မစားရဘူးပေါ့၊ ၃-ယောက် ပုန်းနေရတော့ စားစရာကလဲ မရှိဘူး၊ ဆာတောင် အင်မတန် ဆာလောင် မွတ်သိပ်ပြီးတော့ မတတ်နိုင်ဘူး၊ ထမင်းက သည်းမခံနိုင်တော့ဘူး။
ဒါနဲ့ သူ့နောက်ပါတဲ့ အမတ်ကို ဟေ့-ငါ့ညီ တိဿ၊ ဆာလောင် လိုက်တာကွာ၊ နှိပ်စက်လိုက်တာ မပြောဘဲနဲ့တော့၊ အို-ဘယ့်နှယ် လုပ်မတုံးဟ၊ မစားရရင် မနေနိုင်တော့ဘူး၊ ဘာလုပ်စားရမလဲ, ဘယ့်နှယ် လုပ်ရမလဲ, တောထဲမှာ သစ်မြစ် သစ်ဥ သစ်ရွက်တွေ ရှာစားချင်လဲ စားရဦးမှာကိုး၊ ဒီအနားက တောကလဲ စားစရာလဲ ရှိပုံမရဘူး၊ တယ်ခြောက်သွေ့တဲ့ တောပဲ၊ အဲဒီတော့ တိဿ အမတ်က ပြောတယ်၊ အရှင်မင်းကြီးတဲ့၊ ထမင်းထုပ်ကလေး တစ်ခုတော့ ပါတယ်တဲ့၊ ဟိုမှာအိမ်က လိုလိုရရ လိုလိုမယ်မယ် ဆိုပြီးတော့ ထမင်း တစ်စလယ်ချက်ပေါ့လေ၊ အင်း-ဒီထမင်း အထုပ်ကလေး တော့ ပါတယ်၊ စလူရွက်လေးနဲ့ ထုပ်ပြီးတော့ ပုဆိုးနဲ့ ထည့်ယူလာတာကိုး။
ဟိုတုန်းက စစ်ပွဲက တော်တော်ရိုးတဲ့ စစ်ပွဲပဲ၊ သူဟာ ဘာမှ ရိက္ခာတွေ ဘာတွေ ပါတာ မဟုတ်ဘူး၊ ဒီလို-ဒီလို စစ် တိုက်ကြတာကိုး၊ အဲဒီမှာ အထုပ်ကလေးနဲ့ ပါတယ်၊ အဲဒါဖြင့် ယူခဲ့စမ်းပါကွာ၊ ဆာလှပြီ ဆိုပြီးတော့ ဒါနဲ့ ယူလာတော့ကာ၊ လေးပုံပုံကွာတဲ့၊ လေးယောက်အတွက်၊ ဒီတော့ အမတ်က ပြန်လျှောက်တယ်၊ အရှင်မင်းကြီး-အရှင်မင်းကြီးနဲ့ ကျွန်တော်မျိုး ရယ် မြင်းရယ်ဆိုရင် သုံးယောက်ပဲရှိတယ်၊ လေးယောက်ဆိုတော့ တစ်ပုံပိုမနေဘူးလား ဆိုတော့ အေးကွာပုံသာပုံပါ၊ လေးပုံ သာပုံပါ၊ ငါသိတယ်၊ လိမ္မာတဲ့ အရွယ်ကစပြီး ငါစားတိုင်း စားတိုင်း မလှူဘဲနဲ့ တစ်ခါမှ မစားခဲ့ဘူး၊ ဒါကြောင့် လှူရဦးမယ်ကွာ တဲ့၊ သံဃာတော်တွေ လှူရဦးမယ်။
မင်းကြီး ဒီတောထဲ ဘယ်က သံဃာတော်ရမလဲ၊ အေးကွာ-နေစမ်းပါဦး ဒီဥစ္စာ ငါသဒ္ဓါ အားလျော်စွာ ရမှာပါပဲ၊ လှူမည့် ပုဂ္ဂိုလ် စိတ်ချလက်ချသာ ပြင်ပါဆိုပြီးတော့ လေးပုံပုံပြီး ထားတယ်၊ ဖက်ရွက် ကလေး ဘာလေးဖြစ်မှာပေါ့၊ ဘယ် အိုးခွက်ရှိမလဲ၊ ဟိုမှာ ဇွန်းပန်းကန် မဟုတ်ပါဘူး၊ တောထဲမှာ ဖက်ရွက်ကြီးကြီး ခူးပြီး ပြင်ရမှာပါပဲနဲ့ တူပါတယ်၊ ဒါ ဘုန်းကြီးက စဉ်းစားကြည့်တာ၊ စာထဲ မှာတော့ မပါဘူး၊ ဒါတော့ ဒီလိုပဲ စဉ်းစားရမှာပဲ၊ ဘယ်ဇွန်းတွေ ပန်းကန်တွေမျိုး ဆိုပြီးတော့ ရွှေအိုး ရွှေခွက်ကတော့ ဘယ်ရမှာလဲ၊ ဒီမှာ ပန်းကန်ပြား ဘယ်ရမလဲ၊ ဖက်ရွက်နဲ့ပဲ ပြင်ရမှာပဲ။
အဲဒါ ပြင်ပြီးတဲ့အခါကျတော့ ကဲကွာတဲ့၊ ကြွေးကြော်ကွာတဲ့၊ “ဆွမ်းများပြင်ပြီးပါပြီ၊ အရှင်ဘုရားတို့ အလှူခံဖို့ရာ၊ ဆွမ်းအလှူခံဖို့ရာ ကြွတော်မူပါ ဘုရား”လို့ ပင့်လိုက်တာ၊ ကြေညာလိုက်စမ်းတဲ့၊ ပင့်တာကို သုံးကြိမ်အော်ပြီးတော့ ပင့်တယ်။
“အရှင်ဘုရားတို့ ဆွမ်းပြင်ပြီးပါပြီ ဘုရား၊ ဆွမ်းအလှူခံ ကြွတော်မူကြပါ” ကြေညာလိုက်တာ၊ ဟိုတုန်းက ဈာန် အဘိညာဉ်နဲ့ ပြည့်စုံတဲ့ ရဟန္တာမထေရ် တွေကလဲရှိတယ်၊ ရှိပြီးတော့လဲ အမြဲတမ်း နှလုံးသွင်းနေပါလိမ့်မယ် အမြဲတမ်းနှလုံးသွင်း ပြီးတော့ နေတာနဲ့တူပါတယ်၊ တစ်ချို့လဲ လောကကို အသံတွေဖမ်း၊ ယခုအခါ ဟိုဒင်းလိုပေါ့၊ ဝိုင်ယာလက်နဲ့ဘာနဲ့ အသံတွေ ဖမ်းနေတာလို အဲဒါလိုပဲ တစ်ချို့ကလဲ လောက အကြောင်းတွေနဲ့ အသံတွေ ဘာတွေ စဉ်းစားဆင်ခြင် နေတာလဲ ရှိမှာပေါ့။
ဒီတော့ကို ဂေါဒေါမကဆိုတဲ့ မထေရ်ကြီးက ကြားတယ်တဲ့၊ သူ အဘိညာဉ်နဲ့ ယခုလောက အကြောင်းတွေမှာ ဆိုလို့ရှိရင် ဘယ်ဝိုင်ယာလက်က လာမိတယ်၊ ပြောတာလိုပေါ့လေ၊ သူက ဒိဗ္ဗသောတ အဘိညာဉ်နဲ့ မိတာကိုး၊ ဒုဋ္ဌဂါမဏိမင်းကြီး စစ်ပွဲရှုံးလို့ တောထဲရောက်ပြီးနေလို့ စားစရာမရှိလို့ တစ်ယောက်အတွက် ထမင်းထုပ်ကလေးကို ထမင်းထုပ်ဆို ထမင်းကြမ်း ဆိုတာ တော်တော် မကောင်းတဲ့ ဥစ္စာပါပဲ၊ ထမင်းကြမ်း ထမင်းထုပ်ကလေးကို အဲဒါလေးကို လေးဦးခွဲပြီး သကာလ ဝေတယ်၊ လေးပုံဝေပြီးတော့ ယခု ဆွမ်းလှူမလို့ သူပင့်တာပဲ။
ဂေါဒေါမကထေရ်က ဒီကနေပြီးတော့ တိဿဆိုတဲ့ မထေရ်ကို ဆွမ်းခံလွှတ်တာကိုး၊ ဗောဓိမာတု မဟာတိဿဆိုပြီးတော့ အင်္ဂုတ္တိုရ် အဋ္ဌကထာမှာ ပြတယ်၊ သီဟိုဠ်မဟာဝင် ကတော့ တိဿ သာမညပါပဲ၊ တိဿ သူကတိုတို ရေးထားတာကိုး၊ အင်္ဂုတ္တိုရ် အဋ္ဌကထာကတော့ ဗောဓိမာတု- မဟာတိဿ ဆိုပြီးတော့ နာမည်ရှည်ရှည်ပဲ ရေးထားတာ၊ တိဿမထေရ်ပဲ တိုတိုပဲ မှတ်ရင်ထဲ ကောင်းကောင်းပါပဲ၊ အဲ-တိဿမထေရ်က ဒီလိုသူလဲ ရဟန္တာမထေရ် ဆိုတော့ ဈာန်အဘိညာဉ်နဲ့ တစ်ခါတည်း ကြွသွား၊ ဗြုန်းခနဲဆို ကြွလာတယ်၊ သူ့ကို မမြင်ရဘူး၊ ဟိုအနားရောက်မှ ဆွမ်းခံ ရပ်နေတာတွေ့တယ်၊ ဆွမ်းခံရပ်နေတာ တွေ့တာကိုး။
ဒုဋ္ဌဂါမဏီမင်းကြီးက ဟေ့-မပြောဘူးလားတဲ့ ဟိုမှာ ကြွလာပြီကိုး၊ အလှူခံပုဂ္ဂိုလ်တွေ ရှိပါတယ်လို့ ပြောတယ်၊ ဟေ့-ဆွမ်းလောင်းလိုက်ကွ၊ လောင်းလိုက်ကွ ဆိုပြီးတော့ သူကပထမတည်းက သူ့ဖို့ရည်ရွယ်ထားတဲ့ အပုံက တစ်ပုံ သူစားဖို့ အပုံကိုလဲ သူစဉ်းစားတယ်၊ ဒါ ဘာဖြစ်လို့စားသလဲ၊ ဒါစားလဲ တော်တော်ကြာ သေမှာပါပဲ၊ မထူးပါဘူး၊ သူ့မှာ လှူဒါန်း လိုက်မှဆိုပြီး သူစားဖို့ရာက တစ်ခါတည်း လှူလိုက်တာ ၂-ပုံ မစားဘူး ဆိုပြီးတော့ နောက် သူကလှူလိုက်တော့ သူ့အမတ် တိဿအမတ်ကလဲ သူ့အပုံလေးကတော့ စားဖို့ရာ ရှိသေးတာပေါ့၊ ငါကလဲပဲ ငါအရှင်သခင်မစားဘဲ ငါတစ်ယောက်တည်းစား နေလို့ မဖြစ်ဘူး၊ ငါလဲလှူမှ ဖြစ်တော့မှာပဲ ဆိုပြီးတော့ သူလဲ လှူလိုက်ရတာ။
လှူလိုက်တော့ မြင်းကလဲ မစားဘူးတဲ့၊ သူက မြင်းကြည့်လိုက်တော့ မြင်းကလဲ စားပုံမရဘူး၊ သူလဲ လှူချင်ပုံရတယ် ဆိုပြီး ကိုင်းကွာ မြင်းအတွက် လှူလိုက်ပါ၊ တို့မထူးပါဆိုပြီး သေချင်လဲ သေပစေတော့ ဆိုပြီးတော့ တစ်ခါတည်း လှူလိုက်တာကိုး၊ လှူလိုက်တော့ အဲဒီမှာ တိဿမထေရ် ကလဲပဲ တန်ခိုးဣဒ္ဓပါဒ်နဲ့ ကောင်းကင်က ကြွသွားတာကိုး၊ ကြွသွားတာလဲပဲ မြင်အောင်လို့ ဖန်ဆင်းတဲ့ လောကဝိဝရဏ ဆိုတာရှိတယ်၊ မြင်အောင်လို့ အဘိညာဉ်နဲ့ ဖန်ဆင်းနိုင်တယ်၊ အဘိညာဉ်နဲ့ ဖန်ဆင်းလိုက်ရင် တစ်ခါတည်း ကြွသွားတာတွေ အကုန်လုံးမြင်ရတာကိုး၊
ယခုကာလ ဘိုင်စကုပ်ထဲ ပြတာလို နေမှာပေါ့၊ သူ့ဟာ ဟိုဟာကတော့ အစစ်ပဲ၊ ဒီဥစ္စာကတော့ အတုအပတွေ လုပ်ထားတာ ဒါကတော့ တစ်ချို့ကားတွေ ဘာတွေရေးပြီး ပုံတော် သလို ရိုက်ထား တာနဲ့ တူပါတယ်၊ ကြည့်တဲ့ပုဂ္ဂိုလ်တွေက အဟုတ်ထင်အောင် သူတို့လဲ တော်တော်တတ်နိုင်တဲ့ လူတွေပဲ၊ သူတို့လဲပဲ လောကအဘိညာဉ်တွေပေါ့လေ၊ သူတို့လဲ တော်တော်တတ်နိုင်တဲ့ ပုဂ္ဂိုလ်တွေ တဲ့၊ သဒ္ဓါတရား ဖြစ်အောင် တော်တော် လုပ်တတ်ကြတာပဲ၊ အဲဒါ ဟိုမှာတော့ အစစ်ပဲ၊ ကြည်ညိုစရာ ကောင်းတာပေါ့၊ ကောင်းကင်က ကြွပြီးသွားတော့ သပိတ်နဲ့ ဆွမ်းခံပြီး ကြွသွားတော့တာကိုး၊ ပိရင်ဂုကျွန်း ဆိုတာမှာ သံဃာတော်တွေ အမြောက်အမြား ၅၀ဝ-နဲ့ တူတယ်၊ သံဃာတော် ၅၀ဝ-နဲ့ ဝေပြီးတော့ ဘုဉ်းပေးကြတာကိုး။
အဲဒါလဲ ဆွမ်းတွေ မကုန်တဲ့နည်း ရှိတယ်၊ သူ့ဟာ ဟန်ကျတယ်၊ ဟိုက တန်ခိုးတွေ ရှိတယ်၊ ဈာန်အဘိညာဉ်တန်ခိုးတွေနဲ့ တစ်ခါတည်း သပိတ်ထဲက နှိုက်ပေးနေရင် မကုန်ဘူး၊ ဒါလဲ တော်တော်နေရာ ကျတာပဲ၊ ရှားပါးတဲ့အခါနဲ့တော့ သိပ်နေရာကျတာပဲ ဒီတန်ခိုးတွေဟာ ဒါနဲ့ နှိုက်ပြီးတော့ ဝေတာတွေ အကုန်လုံး ဝေပြီးတော့ ဘုဉ်းပေးနေတာတွေ ဟိုက မြင်ရတယ်၊ မင်းကြီးလဲ မြင်နေရတာပဲ၊ သူတို့ ရှေ့နားတွင်လိုပဲ၊ ယခုအခါကာလ ဘိုင်စကုပ် ကြည့်သလို နေမှာပေါ့။
ရှေ့နားတွင် မြင်နေရတော့ သံဃာတော်တွေ ဆွမ်းဝေပြီး ဘုဉ်းပေးနေတာ၊ အဲ .... မြင်နေတာက နေပြီးတော့ ဆာကလဲ အစကတည်းက ဆာနေတာကိုး၊ သူက သိပ်ဆာနေတော့ သူ့စိတ် အောက်မေ့မယ်၊ သြော် ... သံဃာတွေ ဆွမ်းဘုဉ်းပေးပြီးရင် နည်းနည်းတော့ ကျန်ကောင်းပါသေးရဲ့ ကျန်လို့ရှိရင် တို့တွေ စားရရင် နေရာကျမှာပဲလို့ တွေးမိတယ်။
မင်းကြီးက တော်တော် ဆာနေပုံရတယ်၊ တော်စွာ လျော်စွာ စိတ်ကူးမိတော့ မထေရ်တွေက သိပါတယ်၊ စိတ်ကူးလဲ သိနေတာပဲ၊ သိတော့ အဲဒီ စိတ်ကူးသိတော့ ဒီကနေ သပိတ်ကို ပြန်လွှတ် လိုက်တာကိုး၊ တန်ခိုးနဲ့ မင်းကြီးလက်ထဲရောက်စေလို့ဆိုပြီးတော့ လွှတ်လိုက်တော့ သပိတ်က ကောင်းကင်က သူက အလိုလို သွားတာကိုး၊ အလိုလို သွားတော့မှ ဒုဋ္ဌဂါမဏိမင်းကြီးလက်ထဲ ရောက်သွားတာကိုး၊ ရောက်သွားတော့ ဆွမ်းတွေ ယူထည့်၊ သူတို့ တန်ခိုးနဲ့ လုပ်ထားတော့ မကုန်ဘူးပေါ့။ သူက အစကမှ လေးယောက်စာပဲ ဟိုမှာလဲ ဝေပြီး အများကြီးကုန်ပြီ။
ဒါပေမယ့် ဒီအထဲက သူတို့ တစ်ခါတည်း နှိုက်နှိုက်ပြီး ထုတ်ယူပြီး သကာလ စားဖို့ရာ ဝအောင်လဲ စားနေသေးတယ်၊ မင်းကြီးလဲ ဝအောင်စားရတယ်၊ အမတ်လဲ ဝအောင်စားရတယ်၊ မြင်းလဲ ဝအောင်ကျွေးရသေးတယ်၊ ကျွေးပြီးတော့ ကုန်တောင် မကုန်သေးဘူးဆိုပဲ၊ မကုန်သေးတော့ အဲဒီတော့မှ သပိတ်မှောက်လိုက်မှ ကုန်သွားတယ်ဆိုပဲ၊ မမှောက်လိုက်ရင် မကုန်ဘူး၊ မှောက်လိုက်မှ ကုန်သွားပြီး ဆေးကြော သုတ်သင်ပြီးတော့ တစ်ခါတည်း သူ့အပေါ်ရုံ အဝတ်တစ်ထည် အပိုပါပုံရပါတယ်၊ အပေါ်ရုံ အဝတ်ဆိုတော့ ခြုံထည်ပေါ့လေ၊ ခြုံထည်ကို ရှေးတုန်းက ယခုကာလလို အင်္ကျီတွေ ဘာတွေတော့ ဟုတ်ပုံမရပါဘူး။
အဲဒီ ခြုံထည်နဲ့ ခြုံထည်တစ်ခုကို သပိတ်သုတ် ပုဝါအဖြစ်နဲ့ ထည့်ပြီးတော့ တစ်ခါတည်း ဓိဋ္ဌာန်ပြီးတော့ အဓိဋ္ဌာန်နဲ့ လွှတ်လိုက်တာကိုး၊ မင်းကလည်း သစ္စာရှိတဲ့မင်း၊ တန်ခိုးဣဒ္ဓပါဒ်ရှိတဲ့ မင်းလည်းဖြစ်၊ ရဟန်းတော် တွေကလဲ အဘိညာဉ်နဲ့ ပြည့်စုံပြီးတော့နေတဲ့ အခါကာလဆိုတော့ အကုန်လုံး မိမိတို့ ရည်ရွယ်တဲ့ အတိုင်း အကုန်လုံး ပြီးမြောက်နေတာပါပဲ၊ ဒီက သပိတ်မြှောက်ပြီး လှူလိုက်တော့ သပိတ်ကလည်း မထေရ်ထံပြန်သွား၊ အဲဒါတွေ အကုန်လုံး မြင်ရတယ်၊ အင်မတန် ဝမ်းသာစရာကောင်းတာပဲ၊ သူက နောက်အဲဒီကနေပြီး သူ့နန်းတော်တွေဘာတွေ ပြန်ရောက်၊ ပြန်ရောက်သွားပြီးတော့ နောက်တော့လဲ ညီတော်တွေ နောင်တော်တွေ ပြန်ပြီး စစ်ဖြစ်လို့ နောက်တစ်ခါ နိုင်ပါတယ်။
အဲ နောက်တစ်ခါနိုင်တော့ နိုင်ပြီးတဲ့နောက် စစ်ပြေငြိမ်းတွေဘာတွေ ပြုလုပ်ပြီးတော့ သူတို့အချင်းချင်း တည့်ပါတယ်၊ ဘာမှလဲမဖြစ်ပါဘူး၊ ဘာမှလဲဖြစ်လောက်စရာ အကြောင်းလဲ မရှိပါဘူး၊ နောက်ကျတော့မှ သူ ဧလာရကျေးမင်းကို တိုက်တာကိုး၊ အတော်တိုက်ယူရတာ၊ ကျေး ၁၈-ပြည်ထောင်ဆိုပြီးတော့ ၁၈- မြို့ နေမှာပေါ့၊ သီဟိုဠ်ကျွန်းမှာ ဒါတွေ ရှေးက အကြီးအကျယ် ပြောကြဟောကြ လုပ်နေကြတာပါ၊ သို့သော်လည်း ယခုကာလ စိတ်ကူးတွေနဲ့ ကြည့်မယ်ဆိုရင် ဒါက ကလေးကစားစရာ ရယ်စရာလိုဖြစ်နေမှာပါ၊ သေးသေးလေးပါပဲ၊ မပြောပလောက်ပါဘူး။
ဒါပေမယ့် ဟိုခေတ်တုံးကတော့ ဒီလောက် လုပ်ရတာကို တော်ရုံတန်ရုံ ပုဂ္ဂိုလ် မလုပ်နိုင်ဘူး၊ အင်မတန် ဘုန်းတန်ခိုး ကြီးတဲ့ပုဂ္ဂိုလ်မို့ ဆောင်ရွက်နိုင်တာ၊ အဲဒီကနေ သီဟိုဠ်တကျွန်းလုံး အောင်မြင်ပြီးတော့ သူဟာ မင်းဖြစ်၊ မင်းဖြစ်ပြီးတော့ ကုသိုလ်ကောင်းမှုတွေလဲ အများကြီးပါပဲ၊ သာသနာတွေလဲ အများကြီး ပြုပြီးတော့ သွားပါတယ်။
မဟာစေတီကြီးဆိုတာ ယခုတစ်ချို့ ဘုရားဖူးသွားတဲ့ ပုဂ္ဂိုလ်တွေ တွေ့ပါလိမ့်မယ်၊ တွေ့ပါတယ်၊ မဟာစေတီကြီးကို သွားဖူးတဲ့ပုဂ္ဂိုလ်တွေ မနုရာဓမြို့မှာ မဟာစေတီ ဖူးကြရတယ်၊ အဲဒီမဟာစေတီ ကြီးက သူ တည်ခဲ့တာပဲ၊ အဲဒီ သူတည်ခဲ့တဲ့ မဟာစေတီကြီး မပြီးသေးဘူး၊ နောက်ဆုံးကြတော့ ရောဂါစွဲပြီးသကာလ စုတေဖို့ရာ နတ်ရွာစံဖို့ အချိန်နီး လာတဲ့အခါ မဟာစေတီကြီး အနီးအပါးမှာပဲ သူ့ထားပြီးတော့ ဘုရားကျမ်းဂန်တွေ ရွတ်ဖတ်သရဇ္ဈာယ်၊ ဘုရားကျမ်းဂန်တွေ ရွတ်ဖတ်သရဇ္ဈာယ် ရင်း ကုသိုလ်ကောင်းမှု စာရင်းကိုဖတ်ကြားတယ်တဲ့။
အမတ်တစ်ယောက်ကနေပြီး ကုသိုလ်ကောင်းမှု စာရင်း ဖတ်ကြား၊ မင်းကြီး ဘယ်အခါကာလ ဘယ်လိုကုသိုလ် ကောင်းမှုတွေ ပြုခဲ့တယ်၊ သံဃာတော်တွေ ဘယ်လိုဆွမ်းကျွေးခဲ့တယ်၊ စေတီတော်ကြီး ဘယ်လို တည်ခဲ့တယ်၊ အစရှိသည့် ကျောင်းတွေ ဘယ်လိုဆောက်တည်ခဲ့တယ်၊ ဘယ်ကျောင်း ဘယ်ကျောင်းတွေ စသည်ဖြင့် ကောင်းမှုစာရင်းတွေ လျှောက်ဖတ်ပြီး ဖတ်ရင်း ဖတ်ရင်း (ရှေ့ဖတ်အုံး-၃) ဖတ်လိုက်တာ အဲဒီစာရင်း ရောက်လာတယ်၊ အသင်မင်းကြီး တစ်ခါတုန်းက ညီတော် တိဿနဲ့ သူဓဏီရအင်္ဂန ဆိုတဲ့၊ ကွင်းပြင်မှာ စစ်ပွဲကြီး ဖြစ်ကြတယ်၊ စစ်ခင်းကြ ညီတော်နဲ့ ပြီးတော့ အသင်မင်းကြီးက စစ်ရှုံး ပြီးတော့ မြင်းစီးပြီး အမတ်တစ်ယောက် နောက်ပါနဲ့ တိဿအမတ်နောက်ပါနဲ့ ထွက်ပြီးတော့ပြေးရတယ်။
အဲဒီအခါတုန်းက တောထဲရောက်တော့ အရှင်မင်းကြီးတို့ စားစရာမရှိလို့ ဆာလောင်မွတ်သိပ်တယ်၊ အမတ်က ပါလာတဲ့ ထမင်းထုပ်ကလေး တစ်ယောက်စာ ကလေးကို လေးပုံပုံပြီး စားမလို့လုပ်တုံး သံဃာတော်တွေကို ကြွေးကြော်လိုက်တော့ကို တိဿမထေရ် ကောင်းကင်က ကြွလာပြီးတော့ ဆွမ်းခံတယ်၊ အဲဒီဆွမ်းကို သံဃာတော်တွေ ပိရင်ဂုကျွန်းမှာ ရဟန်းတော်တွေနဲ့ ဝေပြီး ဘုန်းပေးတယ်။
အဲဒီလို အရှင်မင်းကြီး လှူခဲ့ရတယ်လို့ ဖတ်လိုက်တော့ တစ်ခါတည်း ဒုဋ္ဌဂါမဏိမင်းကြီး အင်မတန်ကို အားရဝမ်းသာ ဖြစ်သွားတယ်၊ ဟိုးရှေးရှေးက ဖတ်ခဲ့တဲ့ စာရင်းတွေဟာ သံဃာတွေ ထောင်လိုက် သောင်းလိုက် လှူဒါန်းတဲ့ဟာတွေလဲ ရှိတာပေါ့လေ၊ ဆွမ်းတွေ အများကြီးပေါ့၊ အဖိုးထိုက် အဖိုးတန်တွေပဲ ဘာဒီဥစ္စာလေး ဘာအဖိုးတန်လို့လဲ၊ ဘာမျှ အဖိုးမတန်ဘူး၊ ထောင်လိုက်, သောင်းလိုက်အများကြီး လှူတန်းခဲ့ရတာတွေ, ကျောင်းကြီးကန်ကြီးတွေ လှူရတာလဲရှိတယ်၊ စေတီကြီးတွေ တည်ပြီး လှူဒါန်းခဲ့ရတာတွေ အများကြီးပါပဲ၊ အင်မတန် အကြီးအကျယ်ကြီးတွေ လှူတာ၊ အဲဒါတွေဟာ သူ့စိတ်ထဲမှာ အားရပါးရ မရှိသေးဘူး၊ ဒီဟာလေး ကြားရတော့မှ တော်တော့ တော်တော့ တော်ပြီဆိုပဲ။
ဒီအခါမှာ နတ်ပြည်က နတ်ရထားတွေကလဲ ၆-စင်း ဆိုက်နေတယ် ဆိုတာကိုး၊ စုတေခါနီး ကျတော့ နတ်ပြည်က နတ်ရထား တွေကလည်း ကုသိုလ်ကောင်းမှုရှိတဲ့ ပုဂ္ဂိုလ်ကို လာပြီးတော့ ကြိုကြ ဆိုကြတယ်၊ နတ်ပြည်ရောက်အောင် သူ့နတ်ပြည်ရောက်အောင် သူ့ဌာနရောက်အောင် ဘုန်းကံရှိတဲ့ ပုဂ္ဂိုလ်တွေ ရောက်လာလို့ ရှိရင်ဖြင့် အဲဒီဘုန်းကံရှိတဲ့ ပုဂ္ဂိုလ်ရောက်တဲ့ နတ်ပြည်က စည်ကား တာကိုး၊ အဲဒီမှာ ဘုန်းကံရှိတဲ့ ပုဂ္ဂိုလ်အားလျော်စွာ နတ်ဘုံဗိမာန်တွေ အသစ်တွေ ဖြစ်တယ်၊ ပြီးတော့လဲ ဒီလို ဘုန်းကံရှိတဲ့ ပုဂ္ဂိုလ်က သူခေါင်းဆောင်ကြီး ဖြစ်မှာပေါ့၊ သူက ခေါင်းဆောင်ကြီး ဖြစ်မယ်၊ သူက အများနတ်တွေ ချမ်းသာအောင် စောင့်ရှောက်နိုင်တဲ့ပုဂ္ဂိုလ်, ကူညီနိုင်တဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်မှာပါ။
ယခုကာလ နိုင်ငံရေးလို နတ်ရွာ စည်ကားရေးကို သူတို့ကလဲ ကုသိုလ်ကောင်းမှု ရှိတဲ့ ပုဂ္ဂိုလ်တွေ လာကြိုကြတာ၊ ယခုလဲ ကုသိုလ်ကောင်းမှုရှိတဲ့ ပုဂ္ဂိုလ်တွေသေရင် ဒီလိုပဲ နတ်တွေက လာကြို ကြမှာပဲ၊ ကုသိုလ်ကောင်းမှု မရှိတဲ့ ပုဂ္ဂိုလ်တွေတော့ လာကြိုမယ် မဟုတ်ဘူး၊ ဒါတော့ အဲဒီလို ကြိုပြီးတော့နေတော့ ဘယ်ဘုံ အကောင်းဆုံးလဲလို့ မေးတဲ့အခါမှာ တုသိတာ နတ်ဘုံဟာဖြင့် ဘုရားအလောင်းတော်တို့နေရာ ကောင်းတယ်ဆိုတော့ အဲဒီနတ်ဘုံပဲ သူ အဲဒီကစုတေပြီး သူ တုသိတာနတ်ဘုံ ရောက်သွားတဲ့အကြောင်း ပါပါတယ်။
အဲဒီအတ္ထုပ္ပတ္တိမှာ ယခုဒေသနာနဲ့ စပ်ပြီးတော့ စဉ်းစားဖို့ရာ မှတ်သားဖို့ရာကတော့ ခေါင်းပါးတဲ့ အခါကာလ, ရှားတဲ့ အခါကာလ အဲဒီလို အခါကာလမှာ ခဲခဲယဉ်းယဉ်း လှူရတဲ့ အလှူဟာဖြင့် ဒါစွန့်ကြဲ ပေးကမ်းရတာဖြင့် စဉ်းစားဆင်ခြင်လိုက်ရင် ဝမ်းသာစရာ အကောင်းဆုံးပဲ၊ ဒိပြင်ဟာ တွေလဲ ဝမ်းသာစရာ ကောင်းတော့ ကောင်းစရာပဲ၊ ကုသိုလ်ကောင်းမှုဆိုတာ ဘယ်ဟာဖြစ်ဖြစ် ဝမ်းသာစရာ ကောင်းပါတယ်၊ အဲဒီလိုဟာကပိုပြီး ဝမ်းသာစရာ ကောင်းပါတယ်၊ ပီတိပါမောဇ္ဇ တွေဖြစ်တယ်၊ အဲ-ခဲခဲယဉ်းယဉ်း ကိုယ်စားဖို့ရာ သုံးဖို့ရာလေး ခက်ခက်ခဲခဲ ရှာဖွေထားတာကလေးကို ဝမ်းမြောက်ဝမ်းသာနဲ့ လှူလိုက်ရတာ အင်မတန် ....
ဒီလိုဟာ မရှိရင်လဲ ဒိပြင်ဟာတွေပေါ့လေ၊ သာမန် လှူတန်းထားတဲ့ ဟာတွေကို စဉ်းစားရမှာပေါ့၊ သူများတွေမလှူနိုင်တဲ့ လှူဖို့တန်းဖို့ ခဲယဉ်းတဲ့ ဥစ္စာတွေကို ငါ့မှာ လှူခဲ့တန်းခဲ့ရပြီ၊ ဘယ်လို ဘယ်ဟာတွေ လှူခဲ့ရတယ်၊ ပေးခဲ့ရတယ် ကမ်းခဲ့ရတယ်၊ စွန့်ကြဲခဲ့ရတယ်၊ သီတင်းသုံးဖော်တွေနှင့် ဝေခြမ်းပြီး သုံးဆောင်ခဲ့ရတယ် စသည်တွေကို စဉ်းစားလိုက်ရင် ပီတိပါမောဇ္ဇတွေဖြစ်ပါတယ်တဲ့၊ အဲဒါဟာ စာဂါနုဿတိ ခေါ်တယ်၊ ဒါကြောင့် ရတနာသုံးစုံ သီလဂုဏ် စွန့်ပုံ အောက်မေ့ပါ၊ ကဲ .... အပိုဒ်ကတော့ ပြီးသွားပါပြီ၊ ကိုင်း .... ဆိုကြဦးစို့။
ရတနာသုံးစုံ၊ သီလဂုဏ်၊ စွန့်ပုံအောက်မေ့ပါ။ (ဆို-၃)
နောက်တစ်ခါက ဒေဝတာနုဿတိ၊ ဗုဒ္ဓါနုဿတိ ဓမ္မာနုဿတိ သံဃာနုဿတိ သီလာနုဿတိ စာဂါနုဿတိ ဒီ ၅-ခု၊ ဒေဝတာနုဿတိ ၆-ခု၊ ဒေဝတာဆိုတာ နတ်ပဲ၊ နုဿတိ - အောက်မေ့တာ၊ နတ်တွေကို အောက်မေ့တယ်လို့ အဓိပ္ပာယ် ရှိတာကိုး၊ ဒါပေမယ်လို့ နတ်ကြီးသက်သက် အောက်မေ့ရမှာ မဟုတ်ဘူး၊ နတ်တွေက ဘာဖြစ်လို့ဖြစ်ရလဲ နည်ပြည်ရောက်ရ သလဲဆိုရင် ကုသိုလ် ကောင်းမှုတွေ ရှိလို့တဲ့၊ သဒ္ဓါ သီလ သုတ စာဂ ပညာ အဲဒီ ကုသိုလ်ကောင်းမှု တရားတွေနှင့် ပြည့်စုံလို့ တဲ့။
ကံ-ကံ၏အကျိုး ယုံကြည်တဲ့ သဒ္ဓါတရား ရတနာသုံးပါး ယုံကြည်တဲ့ သဒ္ဓါတရား ရှိတယ်၊ ပြီးတော့ သီလတွေနှင့် ပြည့်စုံတယ်၊ မြတ်စွာဘုရား တရားတော်တွေ ကြားဖူးနာဖူးတဲ့ သုတနဲ့ပြည့်စုံတယ်၊ စွန့်ကြဲ ပေးကမ်း လှူဒါန်းမှု ဒါနကုသိုလ်လဲ ပြည့်စုံတယ်၊ ပညာ - ဝိပဿနာ ပညာမျိုး၊ သို့မဟုတ် သုတမယ စိန္တာမယ ပညာမျိုး၊ အဲဒီ ပညာတွေနှင့် ပြည့်စုံတယ်၊ အဲဒီ ကုသိုလ်ကောင်းမှုနှင့် ပြည့်စုံတဲ့ ပုဂ္ဂိုလ်တွေဟာ နတ်ပြည်ရောက် နေတာပဲ၊ တစ်ချို့က သဒ္ဓါတရား သက်သက်နှင့် ဘုရား-တရား -သံဃာ ရတနာသုံးပါး ကိုးကွယ်တဲ့ သဒ္ဓါဂုဏ် လောက်နှင့် ရောက်ရတာလဲ ရှိတယ်။
တစ်ချို့က သဒ္ဓါနှင့် သီလနှင့် ပြည့်စုံလို့ တစ်ချို့ကလဲ သဒ္ဓါ သီလ သုတ စာဂ တစ်ချို့ကလဲ သဒ္ဓါ သီလ သုတ စာဂ ပညာ ငါးခုပေါ့လေ အဲဒီလိုပြည့်စုံတဲ့အတွက် နတ်ပြည်ရောက်နေကြတာ၊ နတ်ပြည် လောက ရောက်တဲ့ ပုဂ္ဂိုလ်တွေ အလကား ရောက်တာ မဟုတ်ဘူး၊ ယခု ခရီးသွား ချင်လို့ရှိရင် ခရီးစရိတ် ဆိုတာ ရှိရတယ်၊ ဒီ ခရီးစရိတ် မရှိဘဲနဲ့ဆိုရင် လမ်းလျှောက်ပြီး ခြေလျင် သွားရမှာပေါ့၊ အဲဒါ သိပ်ဝေးတဲ့ နေရာတော့ သွားလို့မဖြစ်ဘူး၊ နီးနီးတော့ သွားလို့ ဖြစ်တယ်၊ သိပ်ဝေးတဲ့ နေရာဆိုရင် ဘယ်သွားနိုင်မလဲ၊ ဟိုနိုင်ငံ ဒီနိုင်ငံ ဆိုလို့ရှိရင် ခြေလျင် လျှောက်သွားဖို့ရာ ဘယ်ဖြစ်နိုင်မလဲ၊ သူ့ဟာ ခရီးစရိတ် လုံလုံ လောက်လောက်ရှိမှ အဲဒါလိုပဲ၊ နတ်ပြည်ရောက်ဖို့ရာ ခရီးစရိတ်ဆိုတာ ဘာတွေလဲဆိုတော့ ဒီ ကုသိုလ်ကောင်းမှုတွေပဲ။
သဒ္ဓါ သီလ သုတ စာဂ ပညာတွေတဲ့၊ ဒါတွေ များများ ရှိလေလေ နတ်ပြည်လောကတွေ များများရောက်၊ ကြာကြာ နေနိုင်တယ်၊ နတ်စည်းစိမ် အကြီးအကျယ် တွေနှင့် အင်မတန် အထက်တန်း ကျနိုင်တယ်၊ အဲဒီ သဒ္ဓါ သီလ သုတ စာဂ ပညာ တွေဟာ နည်ပြည်မှာသာ ရှိသလား၊ မိမိမှာရော မရှိဘူးလားလို့ စဉ်းစားကြည့်လိုက်စမ်းပါ၊ သဒ္ဓါ သီလ သုတ စာဂ ရှိတဲ့ ပုဂ္ဂိုလ်တွေ ဝမ်းသာစရာ အင်မတန် ကောင်းတယ်၊ နတ်ပြည် ရောက်ကြောင်းဖြစ်တဲ့ ဂုဏ်တွေ ငါ့မှာ ပြည့်စုံနေတာပဲ၊ ငါလဲ သဒ္ဓါတရားရှိလို့ ဘုရား-တရား-သံဃာ ယုံကြည်တယ်၊ ကြည်ညိုတယ်၊ ကံ-ကံ၏အကျိုး ယုံကြည်တယ်၊ သီလလဲ ငါ စောင့်ရှောက်ထားလို့ လုံခြုံ နေတယ်၊ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တော့ အထူး ပြောစရာမလိုဘူး၊ သီလက စင်ကြယ်နေတယ်၊ သဒ္ဓါ သီလ သုတလဲ ကြားဖူး၊ တရားတွေ ပြည့်နေတာပဲ။
စွန့်ကြဲပေးကမ်းမှု ထိုက်သည် အားလျော်စွာ ရှိနေတာပဲ၊ ပညာကတော့ ယခုလောလောဆယ် အားထုတ်နေတာ၊ အင်မတန်ကောင်းတာ၊ ဝိပဿနာ ပညာ အင်မတန် ကောင်းတာ၊ သုတမယ စိန္တာမယတွေ မဟုတ်ဘဲနဲ့ ဘာဝနာမယ ကိုယ်တိုင် သိပြီးတော့ ရုပ်တရား နာမ်တရားတွေကို ရှုမှတ်ပြီး ရှုတိုင်း ရှုတိုင်း ရှုခါစတည်းက သိသွားတာပါ၊ ဒီဥစ္စာတွေ ရှုတိုင်း ရှုတိုင်းဟာ ရုပ်တရား နာမ်တရားတွေ သိတယ်၊ နာမရူပ ပရိစ္ဆေဒဉာဏ်တွေ ရှုလိုက်ရင် ရှုစရာ အာရုံတွေက ရုပ်၊ ရှုသိနေတဲ့စိတ်က နာမ်၊ မှတ်လိုက်ရင် ဖောင်းတယ်၊ မှတ်လိုက်ရင် (ဖောင်းတာကရုပ်၊ သိတာက နာမ်-၂) ဖောင်းတာနဲ့ သိတာနဲ့ဟာ ၂-ခု၊ ၂-ခု ကွဲပြီးတော့ ကွဲနေတယ်၊ ဖောင်းတာကလဲ သိတာ မဟုတ်ဘူး၊ သိတာကလဲ ဖောင်းတာ မဟုတ်ဘူး၊ အဲ (မှတ်တိုင်း-၂)မှတ်စရာ အာရုံနဲ့ မှတ်သိတဲ့စိတ်၊ မှတ်စရာအာရုံနဲ့ မှတ်သိတဲ့စိတ် ဒါပဲရှိတာပဲဥစ္စာ၊ ဒီလိုသိနေတာဟာ ပညာတွေပဲ။
မှတ်စရာကလဲ (မှတ်တိုင်း-၂) ဖြစ်ပြီးရင်း ပျောက်သွားရင်း ဖြစ်ပြီးရင်း ပျောက်သွားရင်း မမြဲတာတွေ သိနေတယ်၊ အင်မတန် သိခဲတယ်၊ ဒါက စာပေကျမ်းဂန် ဗဟုသုတတွေနှင့် ဘယ်လိုပဲသင်ထား တကယ်မရှုရင် မသိဘူး၊ အပြောအဟော ကောင်းလို့ သူ့ဟာသူ ပြောသာပြောနေမယ် တကယ်တော့ မသိဘူး၊ ကိုယ်တိုင်သိ မဟုတ်ဘူး၊ စဉ်းစားဆင်ခြင်ပြီးတော့ တစ်ချို့က ပြောဟောပြီးတော့ နေတယ်၊ ကိုယ့်ဟာကိုယ်လဲ ပညာတွေလို့လဲ ထင်နေတတ်တယ်၊ အမှန်ကတော့ အဲဒါပညာ အစစ်တွေ မဟုတ်ဘူး၊ ဒါတွေအလကား စဉ်းစားထားတာ၊ ဒါဝိတက်တွေ၊ ဝိတက် ဝိစာရတွေနှင့် စဉ်းစားဆင်ခြင်ပြီး သကာလ သူသိထားတာတွေ ပညာတွေပဲ၊ စာထဲက ဒီလိုရုပ်တရား နာမ်တရား၊ အနိစ္စ ဒုက္ခ အနတ္တပြောထားလို့ သူပြောလို့ မှန်းဆပြီးသိတယ်၊ တွေးထင်ထားတာတွေ ကိုယ်တိုင် သေသေချာချာ သိတာမဟုတ်ဘူး၊ ယခု ဖြစ်ခိုက် ဖြစ်ခိုက် ရုပ်နာမ်ကလေးတွေ ရှုလို့ ဖြစ်လိုက်ပျက်လိုက် (ဖြစ်ပြီးရင်းပျက်လိုက်ရင်း-၂) ဒါဘယ်သူကမှ ပြောလို့ မဟုတ်ဘူး၊ ဆရာက ပြောလို့လဲ မဟုတ်ဘူး၊ စာကပြောလို့လဲ မဟုတ်ဘူး၊ ဘယ်သူမှ သူအားနာလို့လဲ မဟုတ်ဘူး၊ သူ့ဟာသူကို တွေ့နေတာ၊ (ဖြစ်ပြီး ပျောက်သွားရင်း-၂) မမြဲတာတွေ တွေ့နေရတယ်၊ (ညောင်းတယ်-၂) ဟုတ်လား ညောင်းတာလေးမှတ်နေ၊ ညောင်းတာလေးတွေ (ညောင်းလိုက် ပျောက်လိုက်-၂) (နာတယ်-၂) မှတ်နေ နာတာလေးတွေ (နာလိုက်ပျောက်လိုက်-၂) ဒါလေးတွေ သိနေတာ။
အဲဒါလေးတွေ သေသေချာချာ တွေ့နေတာ၊ ဒီလောက်ကတော့ တော်တော်လေး အားထုတ်မိတဲ့ ပုဂ္ဂိုလ်သိပါတယ်၊ ဘယ် ၄-၅-၆-၇-ရက်ဆိုရင် ဖြစ်လိုက်ပျက်လိုက်နှင့် (အပိုင်း-၂) လေးတွေ မမြဲတာလေးတွေ၊ အနိစ္စာနုပဿနာဉာဏ် လောက်ကတော့ ပြည့်စုံနေတာတွေ များပါတယ်၊ မပြည့်စုံတဲ့ပုဂ္ဂိုလ် တစ်ဦးတစ်လေ နည်းနည်းပါးပါးတော့ ရှိမှာပေါ့၊ တရား အားထုတ်တဲ့ပုဂ္ဂိုလ် ၁၀-ယောက်လောက်ဆိုရင် ဘုန်းကြီး အထင်ကတော့ ၈-၉-ယောက် လောက်တော့ ဒီလောက်တော့ ပြည့်စုံမယ် ထင်တယ်၊ ၇-ရက်လောက် အားထုတ်လို့ရှိရင် ကြိုးကြိုး စားစား မှတ်ရင် ပြည့်စုံပါတယ်။
အေး- ကြိုးကြိုး စားစား မမှတ်မိလို့ မပြည့်စုံတဲ့ ပုဂ္ဂိုလ်တော့လဲ ရှိပါတယ်၊ အဲဒါကြောင့်မို့ ဒီရုပ်နာမ်တွေကို အမှန်အတိုင်း သိရတယ် (မှတ်တိုင်း-၂) အမှန်အတိုင်းသိတယ်၊ ဖြစ်ပျက်နေလို့ မမြဲတာတွေ အမှန်အတိုင်းသိတယ်၊ မမြဲတာသိတော့ ဆင်းရဲတွေပဲ၊ ပုဂ္ဂိုလ်သတ္တဝါ မဟုတ်တဲ့ သဘောတရားတွေပဲ၊ အစတုန်းကဆိုရင် အကောင်လိုက် ထင်နေတာ ဒါတစ်သက်လုံး တစ်ဘဝလုံး အသက်ရှင်နေတဲ့ အကောင်ကလေး မှတ်နေတာ၊ ရှုနေပြန်လဲ ရှုတာကိုက အကောင်မှတ်နေတာ၊ မှတ်နေရာက အကောင်လေးမှတ်နေတာ။ ယခုတော့ (ရှုတိုင်း-၂) (ရှုလိုက်ရင်း ပျောက်သွားရင်း-၂)ဆိုတော့ ရှုတာကိုပဲ မမြဲဘဲနဲ့ ဖြစ်နေတယ်၊ ဖြစ်လိုက် ပျက်လိုက်ဖြစ်နေတော့ ဘယ်ပုဂ္ဂိုလ် သတ္တဝါကောင်ရှိမလဲ၊ အဲဒါ ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ်ကိုယ်တိုင် ဉာဏ်နှင့်ယှဉ်ပြီး အတ္တမရှိ တာကို သိရတာ၊ အင်မတန်ကောင်းပါတယ်၊ တစ်ချို့အစက အတ္တစွဲ အဟုတ်ကိုရှိတယ်၊ ပြောလဲပြောတယ်၊ အတ္တစွဲရှိနေတာကို ရှုပေါ့လေ၊ ရှုရင်း ရှုရင်း သူ့ဟာသူ သိမှာပေါ့လို့ သူဉာဏ်ပိုင်း ရောက်လာလို့ သူပြောတဲ့ အတ္တရှိသေးသလားဆို မရှိတော့ဘူး၊ မရှိတော့ဘူးတဲ့၊ သူက (ဖြစ်ပြီး ပျောက်သွားရင်း ၂-) မမြဲတဲ့ တရားတွေပဲတဲ့၊ ဖြစ်လိုက်ပျက်လိုက်တရားတွေပဲ၊ ရှိတယ်၊ အတ္တမရှိတော့ဘူး ဆိုပြီးတော့ သူ့ဟာသူပဲသိတယ်၊ အသိက ရှင်းလာတယ်၊ အဲဒါ ကိုယ်ပိုင်သိတဲ့ဉာဏ်ပဲ။
အင်မတန် အဖိုးတန်တာတွေ ဒါငွေနဲ့ပေးဝယ်လို့ မရဘူး၊ ငွေနဲ့ပေးဝယ်လို့ ကုဋေကုဋာ ပေးဝယ်လို့လဲ မရနိုင်ဘူး၊ အားထုတ်မှပဲရတာ၊ အဲဒီ သဒ္ဓါ သီလ သုတ စာဂ ပညာတွေ နတ်ဖြစ်ကြောင်းဖြစ်တဲ့ ပညာတွေ နတ်ဖြစ်ကြောင်းဖြစ်တဲ့ တရားတွေတဲ့၊ သူတို့မှာတင် ရှိတာ မဟုတ်ဘူး၊ ငါ့မှာလဲ ရှိတာပဲလို့၊ ဒါက နတ်ဖြစ်ရုံတွင် မကပါဘူး၊ နိဗ္ဗာန်ရောက်ကြောင်း ဖြစ်တဲ့ တရားတွေ၊ အဆင့်တော့ မြင့်နေသေးတယ်။
အဲဒီ သဒ္ဓါ သီလ သုတ စာဂ ပညာဆိုတဲ့ သူတော်ကောင်း တရားတွေဟာ နတ်ဖြစ်ကြောင်း တရား တွေပဲ၊ နတ်ပြည် ရောက်နေတဲ့ ပုဂ္ဂိုလ်တွေဟာ ဒီသူတော်ကောင်း တရားတွေနှင့် ပြည့်စုံလို့ နတ်ပြည် ရောက်တယ်၊ ငါ့မှာလဲ ဒီသူတော်ကောင်း တရားတွေနှင့် ပြည့်စုံနေတာပဲလို့ စဉ်းစားလိုက်ရင် အင်း-စိတ်က ဝမ်းသာပြီး အားတက်စရာကြီး အင်မတန် ကောင်းတယ်။
အဲဒါကြောင့် အဲဒါလဲ ပီတိပါမောဇ္ဇ ဖြစ်တတ်ပါတယ်တဲ့၊ ဒါကြောင့် နတ်ဖြစ်ဖွယ်စုဆိုပြီးတော့ နတ်ဖြစ်ဖွယ် စုတွေကိုလဲ ဆင်ခြင်ပါတဲ့၊ နတ်ဖြစ်ဖွယ်စုဆိုတာ နတ်ဖြစ်ကြောင်းဖြစ်တဲ့ သီလ သမာဓိ၊ နတ်ဖြစ်ကြောင်းဖြစ်တဲ့ သဒ္ဓါ သီလ သုတ စာဂ ပညာတွေ၊ ဒီတရားတွေပေါ့လေ၊ သူတော်ကောင်း တရား တွေ ကုသိုလ်တရားတွေပါပဲ၊ အတိုချုပ်ဆို အဲဒီ ဒါန သီလ ဘာဝနာ မှတ်ထားလိုက်လဲ ပြီးတာပါပဲ၊ အဲ-နောက်တစ်ခုက အချိန်ကလဲ တော်တော်ကြာသွားပြီ၊ ငြိမ်းအေးမှုတဲ့၊ ဥပသမာ နုဿတိတဲ့၊ နတ်ဖြစ်ဖွယ်စု ငြိမ်းအေးမှု ဥပသမာ ကိလေသာ ငြိမ်းအေးမှုကိုလဲ ဆင်ခြင်ပါတဲ့၊ ဒါကတော့ကို ငြိမ်းမှုရှိမှဖြစ်မှာ၊ သူကတော့ကို ငြိမ်းတာကို ဆင်ခြင်ဖို့ပြောတာ၊
ကိုယ့်မှာ တရားနှလုံးသွင်း အားထုတ်နေလို့ ရှေးက မငြိမ်းဘူးတဲ့၊ ကိလေသာတွေ ကိုယ်မှာ ငြိမ်းနေတာတွေ ရှိသေးတာကိုး၊ အတော်လေး အားထုတ်မိရင်တော့ နည်းနည်းတော့ ငြိမ်းတတ် တယ်၊ ရှေးက ကြိုးတို့ ကြမ်းတမ်းဖြစ်တဲ့ ကိလေသာ တွေဟာ, ကိုယ့်မဖြစ်ဘဲနဲ့ ငြိမ်းနေတတ်တယ်၊ တော်တော် သိမ်မွေ့သွားတယ်၊ ငြိမ်းအေးသွားတယ်၊ အဲဒါလေးတွေ ပြန်ဆင် ခြင်လိုက်ရင်လဲ ဒါအားရစရာ အင်မတန် ကောင်းပါတယ်၊ အဲဒါကို ရှိလို့ရှိရင် မရှိတော့လဲပဲ သူများရှိတာတွေ ဆင်ခြင်မှ ဖြစ်တော့မယ်၊ အဲဒါကတော့လဲ တယ်ပြီး ပီတိပါမောဇ္ဇဖြစ်ဖို့ ခဲယဉ်းတယ်၊ သိပ်တော့ မလွယ်လှဘူး။
ရဟန္တာပုဂ္ဂိုလ်တွေမှာ တရားအားထုတ်လို့ ကိလေသာတွေ ငြိမ်းနေတာတွေဆိုတာ ကိုယ်တွေ့ရတာ မဟုတ်တော့ အားရဝမ်းသာစရာ ဒါလောက်ဖြစ်လှမယ် မဟုတ်ဘူး၊ ကိုယ်ရှိမှတော့ ပိုပြီး ကောင်းတယ်၊ ယခုဟာက အဋ္ဌကထာက ညွှန်ပြတာက ကိုယ်ရှိတာကို ကိုယ်မှာငြိမ်းမှု ရှိလို့ရှိရင် အဲဒီငြိမ်းမှု ကလေးတွေကို တစ်ချို့ပုဂ္ဂိုလ်မှာ သမာပတ်တွေနှင့် ပွားများထားလို့ နှစ်ပေါင်းများစွာ ကိလေသာတွေ မဖြစ်ဘဲနဲ့ ငြိမ်းနေတာတွေ ရှိပါတယ်တဲ့၊ အဲဒါတွေကို ဆင်ခြင်လိုက်လို့ရှိရင် ပီတိ ပါမောဇ္ဇ ဖြစ်ပါတယ်တဲ့၊ ယခုတော့ တရားအားထုတ်နေတဲ့ အခါကာလ အားထုတ်ဆဲမှာ အရင် တုန်းကဖြစ်တဲ့ စိတ်မျိုးတွေ မဟုတ်ဘဲနဲ့ ကြိုးတိုး ကြမ်းတမ်းတွေ မဖြစ်ဘဲနဲ့ သိမ်မွေ့ နေတာလေး ဖြစ်နေလို့ရှိရင်လဲ တော်တော်လေးတော့ အဖိုးတန်သွားပါပြီ၊ အဲဒါလဲ ဝမ်းသာစရာကောင်းပါတယ်၊ အဲဒါ ဥပသမာနုဿတိ ခေါ်တယ်၊ ကိလေသာ ငြိမ်းမှု၊ အဲ-ကဲ ဒါလေးဆိုပြီး တရားသိမ်းကြဦးစို့။
နတ်ဖြစ်ဖွယ်စု ငြိမ်းအေးမှု တွေးရှုအောက်မေ့ပါ။ (ဆို-၃)
အဲ-နတ်ဖြစ်ဖွယ် ဒေဝတာနုဿတိ နတ်ဖြစ်ရာ ဖြစ်ကြောင်းဖြစ်တဲ့ သဒ္ဓါ သီလ သုတ စာဂ ပညာ သူတော်ကောင်း တရားတွေ နတ်တွေမှာ သာရှိတာ မဟုတ်ဘူး၊ ငါ့မှာလဲ ရှိတယ်၊ ငါဟာလဲ ဘယ် နတ်ပြည် မဆို ရောက်နိုင်တယ်၊ ဘယ်နတ်မျိုး မဆို ငါဖြစ်နိုင်တယ်၊ အင်း - ဒါတင်မကပဲနှင့် မဂ်ဖိုလ်နိဗ္ဗာန် ရောက် ကြောင်း ဖြစ်တဲ့ ပါရမီမျိုးစေ့တွေလဲ ငါ့ ပြည့်စုံနေတာပဲလို့ စဉ်းစားလိုက်ရင် ပီတိတွေဖြစ်ပြီး စိတ်အားတက်လာပါတယ်၊ အဲဒါစဉ်းစားရင် တရား အားထုတ်ချင်အောင် အားပေးတာပေါ့၊ ထိုတရား အားထုတ်သည့် အချိန်ကာလက စပြီးတော့ ရှေးကလို ကျိုးတိုး ကြမ်းတမ်း အကြမ်းစားတွေ မဖြစ် ဘဲနဲ့ စိတ် နူးနူးညံ့ညံ့ သိမ်မွေ့ပြီးတော့ ကောင်းနေတာလေးတွေ ရှိပါလိမ့်မယ်၊ အဲဒါလေးတွေ ဆင်ခြင်လိုက်လို့ရှိရင်လဲ တရားတက်ပြီးတော့သွားပါတယ်၊ ပီတိပါမောဇ္ဇတွေ ဖြစ်တတ်ပါတယ်။
အဲဒါ ပီတိဖြစ်ကြောင်းတရားတွေ ဗုဒ္ဓါနုဿတိ, ဓမ္မာနုဿတိ, သံဃာနုဿတိ, သီလာနုဿတိ, စာဂါနုဿတိ, ဒေဝတာနုဿတိ, ဥပသမာနုဿတိ ဆိုတော့ နုဿတိ ၇-ပါးပေါ့လေ၊ နုဿတိ ၇-ပါး နှလုံးသွင်းဆင်ခြင်ရင် ပီတိဖြစ်ကြောင်း တရား ၇-ပါးဆိုတယ်၊ နောက် လေးပါး ကျန်နေသေးတယ်၊ မွဲခြောက်သူကြဉ်၊ စိုပြည်သူ ယှဉ်ရမယ်၊ ဆို ပီတိဖြစ်အောင်လို့ စိတ်ကို ညွတ်ထားရမယ်၊ ဒီသုံးခု-
ကြည်ညိုဖွယ် ညွှန်ကြား သုတ္တန်များ စဉ်းစား ဆင်ခြင်မယ်၊ အဲဒါ တစ်ခုနဲ့ပေါင်းလို့ရှိရင် လေးခုပေါ့၊ ဒါ နောက် သီတင်းကျမှ ဟောနိုင်တော့မယ်၊ အချိန်ကုန်သွားပြီ၊ အဲဒါတွေလဲ ကြည်ညိုဖွယ် သုတ္တန် တွေ နောက်သီတင်းကျ ကြည်ညိုဖွယ်ရာ သုတ္တန်တွေ လျှောက်ပြီးဟောရမယ်၊ ကောင်းပါတယ်၊ ဒါလေးဆိုပြီး သိမ်းကြစို့ရဲ့။
မွဲခြောက်သူကြဉ်၊ စိုပြည်ယှဉ်၊ ကိုယ်တွင်စိတ်ညွှတ်ရာ။
ကြည်ညိုဖွယ်ညွှန်ကြား၊ သုတ္တန်များ၊ စဉ်းစားဆင်ခြင်ပါ။
ပီတိပွားရန်၊ ၁၁-တန်၊ ထုတ်ပြန်ဋ္ဌကထာ။
အဲဒီ ပီတိဖြစ်ကြောင်း တရား ၁၁-ပါး တရား အားထုတ်နေတဲ့ အခါကာလ စိတ်အားများ လျော့နေ ခဲ့ရင် အားပေးဖို့ တွေပေါ့လေ၊ ဘုရားဂုဏ်ဆင်ခြင် တရားဂုဏ် သံဃာဂုဏ်ဆင်ခြင် မိမိ၏သီလ ဂုဏ်ကို ဆင်ခြင်ပြီးတော့ အားပေး။ မိမိစွန့်ကြဲ ပေးကမ်းတဲ့ ဒါနဂုဏ် အာရုံပြု၊ ပြုစရာရှိရင်လဲ အဲဒါကို ဆင်ခြင်ပြီး သကာလ အားပေး၊ သဒ္ဓါ သီလ အစရှိသော နတ်ဖြစ်ကြောင်း တရားတွေ မိမိ ပြည့်စုံနေတာတွေကို ဆင်ခြင်ပြီး သကာလ အားပေး။ အဲဒီတော့ ကိလေသာ ငြိမ်းမှုတွေရှိရင် ဆင်ခြင်ပြီး သကာလ အားပေး၊ နောက် အကြောင်း လေးပါး ရှိတယ်။
အဲဒီ အကြောင်းလေးပါးနဲ့လဲ ဆင်ခြင်ပြီး အားပေးလို့ရှိရင် ပီတိပါမောဇ္ဇတွေ ဖြစ်လာတတ်ပါတယ်တဲ့၊ ပီတိပါမောဇ္ဇတွေ ဖြစ်လာလို့ စိတ်အားတက်လာတဲ့အခါမှာ အဲဒီပီတိပါမောဇ္ဇကို ဝိပဿနာရှုပြီးတော့ ပွားရမယ်၊ (ပေါ်ရာ-၂) ရှုသွားလို့ရှိရင် မကြာခင်အတွင်း ဝိပဿနာဉာဏ်တွေ အဆင့်ဆင့်တက်ပြီး သကာလ အရိယာအထက် မဂ်ဉာဏ် ဖိုလ်ဉာဏ်တွေလဲ ရောက်ပြီး သွားတတ်ပါတယ်တဲ့။
ယထာစ - အကြင်အကြောင်းကြောင့်လည်း၊
ဥပ္ပန္နဿ - ဖြစ်ပေါ်ပြီးသော၊
ပီတိသမ္ဗောဇ္ဈင်္ဂဿ - ပီတိသမ္ဗောဇ္ဈင်၏၊
ဘာဝနာယ ပါရိပူရီ - ပွားများအားထုတ်မှု ပြည့်စုံခြင်းသည်၊
ဟောတိ - ဖြစ်၏၊
တဉ္စ - ထို အကြောင်းကိုလည်း၊
ပဇာနာတိ - သိ၏၊
အဲဒီလို အစဉ်အတိုင်း ပွားများ သွားလို့ရှိရင် ပီတိပါမောဇ္ဇပြည့်စုံပြီး သွားပါလိမ့်မယ်၊ ပြည့်စုံ သွားတာက ဘယ်ကျမှ ပြည့်စုံမလဲဆိုတော့ အရဟတ္တမဂ် အရဟတ္တဖိုလ် ရောက်မှ ပြည့်စုံမယ်၊ အဲဒီ တရားလဲ ကိုယ်တိုင် တွေ့မှ သိရပါလိမ့်မယ်၊ ဒါက ရောက်မှ သိရမှာပဲ၊ မရောက်သေးရင်တော့ မသိဘူး။
အဲ-ပထမဆုံး သောတာပတ္တိမဂ်ကို ရောက်ရင်လဲ ပီတိပါမောဇ္ဇ တစ်စိတ်တစ်ပိုင်းတော့ ပြည့်စုံသွားပါတယ်၊ အဲဒါလဲ ကိုယ်တိုင်ရောက်ပြီး ကိုယ်တိုင်တွေ့မှပဲ၊ သကဒါဂါမိမဂ်ဖိုလ် ရောက်လဲ သူ့အဆင့်အတန်းနဲ့သူ သိသွားမှာပဲ၊ ဒါပေမယ့် အနာဂါမိမဂ်ဖိုလ်ရောက်လဲ သိသွားမှာပဲ၊ အရဟတ္တ မဂ်ဖိုလ် ရောက်ရင်တော့ ပီတိပွားများမှု လမ်းဆုံးပြီး နောက်တစ်ခါ ပွားစရာကို မရှိဘူး၊ ကုန်ပြီ၊ ပီတိသမ္ဗောဇ္ဈင် ပွားများမှု အပြည့်အစုံတဲ့၊ တရားကိုလဲပဲ ကိုယ်တိုင် သိရပါတယ်တဲ့၊ ပီတိသမ္ဗောဇ္ဈင် ပွားများပုံ သိမ်းကြဦးစို့ရဲ့၊ နောက်သီတင်းကျရင် အပြီးသတ် ဟောရတော့မယ်၊ ပီတိသမ္ဗောဇ္ဈင်တရား ရိုသေစွာ နာခံရသော ဓမ္မသဝန ကုသိုလ်ကံ အာနုဘော် တို့ကြောင့် နိဗ္ဗာန်ချမ်းသာမြတ်သို့ လျင်မြန် စွာ ဆိုက်ရောက်၍ မျက်မှောက် ပြုနိုင်ကြပါစေ ကုန်သတည်း။
သာဓု .... သာဓု .... သာဓု .... ။