ဗောဇ္ဈင်တရားတော်-ဒု
ပီတိသမ္ဗောဇ္ဈင် တရားတော်
၁၃၂၃-ခု၊ ဝါခေါင် လပြည့်။
သတိပဋ္ဌာန် တရားတော်ထဲက ဓမ္မာနုပဿနာပိုင်း၊ အဲဒီဓမ္မာနုပဿနာလဲ ဗောဇ္ဈင် ပဗ္ဗဗောဇ္ဈင်အပိုင်း ဟောနေတယ်၊ ဗောဇ္ဈင်ထဲမှာလဲ သတိသမ္ဗောဇ္ဈင် ဟောပြီးပြီ၊ ဓမ္မဝိစယသမ္ဗောဇ္ဈင် ဟောပြီးပြီ၊ ဝီရိယသမ္ဗောဇ္ဈင် ဟောပြီးပြီ၊ ပီတိသမ္ဗောဇ္ဈင်ကို ဟောနေတဲ့ အပိုင်းရောက်နေတယ်၊ ဒါ သီတင်း တိုင်း သီတင်းတိုင်း လာနေတဲ့ပုဂ္ဂိုလ် အကုန်လုံး သိတယ်၊ ဒီကနေ့မှ အထူးဖြစ်ပြီးတော့ အခွင့်သာလို့ ရောက်လာတဲ့ ပုဂ္ဂိုလ်ကလဲ နည်းနည်းပါးပါး ပါကောင်းပါဦးမယ်၊ အဲ-ဆောင်ပုဒ်ကလေးတွေ နည်းနည်းပါးပါးတော့ရှိမယ်၊ ဘယ်သူ မရမှန်းလဲမသိဘူး၊ အကုန်လုံးလဲ မပေးနိုင်ဘူး၊ တရားဟောပွဲ ပြီးတဲ့အခါမှာ နည်းနည်းပေးရဦးမယ်၊ ဆောင်ပုဒ် စာရွက်တော့ နည်းနည်းတော့ ရှိသေးတယ်။
ဗောဇ္ဈင်ဆိုတာဟာ ဗောဓိ အင်္ဂ ဗောဇ္ဈင်္ဂပုဒ် ဗောဓိနှင့် အင်္ဂပေါင်းရင် ဗောဇ္ဈင်္ဂဟုဖြစ်လာတယ်၊ ဗောဓိက သစ္စာလေးပါး သိတဲ့ ပုဂ္ဂိုလ်တဲ့၊ တစ်နည်းအားဖြင့် သစ္စာလေးပါးကို သိမှုအပေါင်း အင်္ဂလို့ အဓိပ္ပာယ်ရတယ်၊ သစ္စာလေးပါး သိမှုထဲက အစိတ်အပိုင်း တစ်ခုဟု အဓိပ္ပာယ် ရတယ်၊ အဲဒါကို ဆောင်ပုဒ်မှာ ပေးထားတယ်၊ အဲဒီတော့ ဒါလေး မကြားဘူးသေးတဲ့ ပုဂ္ဂိုလ်တွေလဲ ကြားရအောင် နည်းနည်းပြန်ပြီးတော့ ပြောဦးမှ နည်းနည်း ကိုင်း-ဒါလေးဆိုရမယ်။
သစ္စာလေးပါး သိသူ၏ အကြောင်း အင်္ဂါကို ဗောဇ္ဈင်ဟုခေါ်သည်။ (ဆို-၃)
အဲ-သစ္စာလေးပါး သိသူ၏ အကြောင်းအင်္ဂါကို ဗောဇ္ဈင်ဟု ခေါ်တယ်တဲ့၊ အဲဒီ ဗောဇ္ဈင်ဆိုတဲ့ တရားတွေနဲ့ ပြည့်စုံမှ သစ္စာလေးပါးကို သိတယ်၊ သစ္စာလေးပါးက ဒုက္ခသစ္စာ - ဆင်းရဲတရားပဲ၊ ဒုက္ခ သမုဒယသစ္စာ - ဆင်းရဲကြောင်း ဖြစ်တဲ့တရားပဲ၊ ဒုက္ခနိရောဓသစ္စာ - ဆင်းရဲငြိမ်းရာ နိဗ္ဗာန်တရားပဲ၊ ဒုက္ခနိရောဓ ပဋိပဒါမဂ္ဂသစ္စာ - ဆင်းရဲငြိမ်းရာသို့ ဆိုက်ရောက်ကြောင်းဖြစ်တဲ့ တရားပဲလို့ အဲဒီလို လေးပါးရှိပါတယ်၊ မြတ်စွာဘုရား၏ သာသနာတော်မှာ ဒီလေးပါးက အရေးလဲ အကြီးဆုံးပါပဲ၊ ဘယ်နည်းနဲ့မဆို စဉ်းစားကြည့်ရင် ဒီလေးပါးဟာ အရေးကြီးပါတယ်။
လောကမှာ သတ္တဝါတွေဟာ ဆင်းရဲကို ရွံ့မုန်းကြတယ်။ ဆင်းရဲ ကင်းငြိမ်းချင်ကြတယ်၊ ချမ်းသာ စေချင်ကြတယ်၊ အဲဒီ ဆင်းရဲတာတွေ ဘာတွေလဲ အဲဒါသိမှကိုး၊ ဒါမှ သူဆင်းရဲတွေက လွတ်မြောက် ဖို့ရာ အားထုတ်ရမှာကိုး၊ အဲ ချမ်းသာဆိုတာ ဘယ်ဟာလဲဆိုတာသိဖို့ရာ လိုပါတယ်၊ ဆင်းရဲအစစ် အမှန် ချမ်းသာ အစစ်အမှန် သိအောင် ဝေဖန်တတ်ဖို့ လိုပါတယ်၊
အဲ .... ဆင်းရဲအစစ်အမှန် သိပြန်တော့လဲ ဒီဆင်းရဲတွေဟာ ဘယ်ကလာနေရတာလဲ၊ ဘာကြောင့် ဖြစ်နေသလဲဆိုတဲ့ အကြောင်း ကလေးတွေ သိဖို့ လိုပါတယ်၊ ဥပမာအားဖြင့် ရောဂါဝေဒနာ ဆိုတာဟာ မကောင်းတဲ့ တရားတွေ၊ အလိုမရှိအပ်တဲ့ တရားတွေပဲ၊ ရောဂါဝေဒနာဆိုတာ ဒါပေမယ်လို့ အချို့က ရောဂါမှန်း မသိတော့ အဲဒါလဲ အကောင်းထင်လို့ထင်၊ အချို့က ဥပမာ - နည်းနည်းပါးပါး ရောင်ဖောပြီး ဝလာလို့ရှိရင် အသားအရေတွေ တိုးလို့ ဝလာတယ်လို့ ဒီလို အောက်မေ့တာကိုး၊ အဲ-ရောဂါကြောင့် ဖြစ်တဲ့ဥစ္စာ ရောဂါကမှန်း မသိဘူး၊ မသိတော့ အဲဒီလိုပဲ အသားအရေတွေ ၀ဖြိုးလာတယ် ဆိုပြီးတော့ ကိုယ့်ဟာကိုယ် သဘော ကျနေတတ်တယ်၊ ဆင်းရဲမှန်း မသိ၊ မကောင်းတာမှန်း မသိဘူး။
အဲ .... ဆင်းရဲမှန်း သိတော့ ရောဂါဝေဒနာမှန်း သိပြန်တာပါပဲ၊ ရောဂါဝေဒနာ ဘာကြောင့် ဖြစ်လာ သလဲဆိုတာ အကြောင်းကို သိဖို့ရာ လိုပါတယ်၊ အကြောင်းသိမှ ဒီရောဂါက ဆေးကုလို့ရမယ်၊ အဲဒီ တော့ ဆင်းရဲကြောင်း တရားဆိုတာ သိဖို့လိုပါတယ်၊ အဲ....ဆင်းရဲ အစစ်အမှန်သိရင် ဆင်းရဲငြိမ်း တာဟာ ချမ်းသာအစစ်အမှန်ပဲ၊ အဲဒါလဲ သိဖို့လိုပါတယ်၊ ချမ်းသာ အစစ်အမှန်သိဖို့ရာ လိုပါတယ်၊ အဲ.... ချမ်းသာအစစ်အမှန် သိပြန်တော့ ချမ်းသာ အစစ်အမှန် ဘယ်လိုရအောင် လုပ်မည်ဆိုတာ ရအောင်လုပ်တဲ့ လုပ်နည်းကလေးကိုလဲ သိဖို့လိုသေးတယ်။
ဥပမာအားဖြင့် လောကမှာ ရွှေတို့ ငွေတို့ အဖိုးတန် အဖိုးထိုက် ရတနာတွေဆိုတာ ကောင်းမှန်းတော့ သိကြသားပဲ၊ ဒါပေမယ်လို့ ဤ ရွှေ ငွေ ရတနာတွေရအောင် ဘယ်လို အလုပ်လုပ်ရမယ်ဆိုတာ အလုပ်လုပ် ဖို့ရာလဲ နားလည်မှ ဖြစ်ဦးမှာကိုး၊ အဲ....ကောင်းတာ သိပြီးလို့သာ လိုချင်နေတယ်၊ မလုပ်တတ်လို့ ရှိရင်လဲ မရနိုင်ဘူး၊ အဲဒီတော့ လုပ်ပုံလုပ်နည်း စီးပွားဖြစ်ရာဖြစ်ကြောင်း လုပ်ပုံ လုပ်နည်းလေးလဲ နည်းလည်ထားဦးမှ နားလည်ပြီးတော့မှ စီးပွားဥစ္စာ ရတနာတွေကိုရအောင် အလုပ် လုပ်နိုင်တယ်၊ အဲဒါလိုပဲ ဆင်းရဲတွေ အကုန်လုံး ငြိမ်းရင် ချမ်းသာပဲလို့ ဒီလို သဘောပေါက် နေပေမယ်လို့ အဲဒီ ဆင်းရဲတွေ အကုန်လုံး ငြိမ်းအောင်က ဘယ်လို လုပ်ရမယ်ဆိုတာ လုပ်ပုံလုပ်နည်း ကလည်း လိုပါတယ်၊ အဲဒီ လေးနည်း ဒီလေးချက်ကို သိဖို့ရာ အရေးကြီးဆုံးပဲ။
ဒီလေးချက် သိလို့ရှိရင်တော့ ဒါအကောင်းဆုံးပဲ၊ ဆင်းရဲခပ်သိမ်းတွေ ငြိမ်းသွားနိုင်တယ်၊ ဒါကြောင့် မြတ်စွာဘုရားက ဒီသစ္စာလေးပါး တရား အရေးကြီးတဲ့ အချက်ကြီးလေးခုကို သိအောင်လို့ ဘုရားပွင့် လာရတာ ဘုရားပွင့်အောင်လို့ ပါရမီတွေ ဖြည့်ကျင့်လာရတယ်၊ ပါရမီတွေ ဖြည့်ကျင့်လာရတာ နည်းနည်းမဟုတ်ဘူး၊ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း အကြာကြီးကျင့်ရတာ၊ နည်းနည်းကလေး မဟုတ်ဘူး၊ တစ်ရက် နှစ်ရက်နဲ့လဲ မဖြစ်ဘူး၊ တစ်နှစ် နှစ်နှစ်နဲ့လဲ မဟုတ်ဘူး၊ တစ်ဘဝ နှစ်ဘဝလဲ မဟုတ်ဘူး၊ တစ်ကမ္ဘာ နှစ်ကမ္ဘာလဲ မဟုတ်ဘူး၊ ကမ္ဘာပေါင်း လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်မှ ဒီတရား ဒီလိုလုပ် ဒီလိုအားထုတ်လို့ ဒီတရားတွေဟာ တွေ့ရတာကိုး၊ အဲဒီလို တွေ့သိ ပြီးတော့ ဟောတဲ့ တရား၊ အဲဒီ တရားကို ဗောဇ္ဈင် ခေါ်တဲ့ အင်္ဂါတရားတွေနှင့် ပြည့်စုံမှပဲ သိနိုင် တယ်တဲ့၊ ဒီ တရားတွေ မိမိသန္တာန်မှာ မရှိရင် သစ္စာလေးပါး တရား မသိနိုင်ဘူး။
ဥပမာအားဖြင့် လူတွေဟာ မြင်ကြတယ်၊ အဆင်း အမျိုးမျိုးတွေ မြင်ကြတယ်၊ အဖြူအမည်း လူပုဂ္ဂိုလ် တုံး-တိုင်-သစ်ပင် လမ်း ညီညွတ်တာ မညီညွတ်တာ စသည်ဖြင့် မျက်စိက မြင်ကြတယ်၊ အဲဒီ မြင်တဲ့ ပုဂ္ဂိုလ်ဟာ မျက်စိအင်္ဂါရှိရတယ်၊ မျက်စိမရှိဘဲနဲ့ မမြင်နိုင်ဘူး၊ မျက်စိအင်္ဂါ ချို့တဲ့နေရင် အဲဒီပုဂ္ဂိုလ် မမြင်ဘူး၊ မျက်စိရှိမှပဲ မြင်နိုင်တယ်၊ ပြောတဲ့အသံတွေလဲ နားရှိမှပဲ ကြားနိုင်တယ်၊ နား ကြည်လင်တာ ရှိမှပဲ ကြားနိုင်တယ်၊ နားမရှိရင် မကြားနိုင်ဘူး။
အဲဒါလိုပဲ အမှန်တရားလေးပါး သစ္စာလေးပါးတရားကို သိဖို့ဆိုတာလဲ ဒီဗောဇ္ဈင်ဆိုတဲ့ အကြောင်း အင်္ဂါတွေ စုံလင်မှ သိနိုင်တယ်၊ ၇-ပါးရှိတယ်၊ အဲဒါကြောင့် ဒီ ၇-ပါးသော တရားကို သစ္စာလေးပါး သိသူ၏ အကြောင်းအင်္ဂါတွေကို ဗောဇ္ဈင် လို့ခေါ်ပါတယ်တဲ့၊ သစ္စာလေးပါးသိလို့ ဒီအကြောင်းအင်္ဂါကို ဗောဇ္ဈင်ဟုခေါ်သည်၊ ဒီဗောဇ္ဈင်တရားက ဘယ်မှ ဖြစ်မှာတုန်းဆိုရင် ဝိပဿနာ ဘာဝနာတရားတွေ အစဉ်အတိုင်း အားထုတ်သွားတော့ ဥဒယဗ္ဗယဉာဏ်ရောက်မှ ပြည့်စုံတယ်တဲ့။
ဥဒယဗ္ဗယ အာရဒ္ဓ ဝိပဿက တော ပဋ္ဌာယ စတ္တာရိ သစ္စာနိဗုဇ္ဈတီတိ ဗောဓိ။
အာရဒ္ဓ ဝိပဿကာတော - အားထုတ်စ ပြုပြီးသော ယောဂီ ပုဂ္ဂိုလ်အဖြစ်မှ၊
ပဋ္ဌာယ - အစပြု၍၊
စတ္တာရိသစ္စာနိ - လေးပါးသော သစ္စာတရားတို့ကို၊
ဗုဇ္ဈတီ - သိတတ်၏၊
ဣတိ - ထို့ကြောင့်၊
ဗောဓိ - ဗောဓိမည်၏၊
သစ္စာလေးပါးကိုသိတဲ့ ယောဂီပုဂ္ဂိုလ်က အားထုတ်စ ဝိပဿနာအားထုတ်စပြုပြီး ဖြစ်တဲ့ ဥဒယဗ္ဗယ ဉာဏ် ရောက်နေတဲ့ ပုဂ္ဂိုလ်တဲ့၊ မြင်တိုင်း ကြားတိုင်း ဒွါရ ၆- ပါးကပေါ်တဲ့ တရားလေးတွေက ပေါ်လာလိုက် ပျောက်သွားလိုက်၊ ဖြစ်ပေါ်လာလိုက် ပျောက်သွားလိုက်၊ (တစ်ပိုင်းစီ-၂) ကလေးတွေ သိနေတယ်၊ (ဖြစ်ပြီးရင်း ပျောက်သွားရင်း-၂) အဲဒီလို သိနေတာ။
ယခု တရား အားမထုတ်သေးတဲ့ ပုဂ္ဂိုလ်တွေ အားမထုတ်ဘူးသေးတဲ့ ပုဂ္ဂိုလ်တွေ အနေတော့ ဘယ်ဖြစ်ပြီး ပျောက်လိမ့် မှာတုန်း၊ ဖြစ်လဲမဖြစ်ပါဘူး၊ ဖြစ်တယ်လို့ မထင်ပါဘူး အရင်က ရှိနေတယ်လို့ ထင်နေတာပဲ၊ (မြင်တိုင်း-၂) ဟာတွေက အရင်က ရှိနေတယ် ထင်တာပဲ၊ မြင်ရတဲ့ အဆင်းတွေလဲ အရင်ကရှိနေတာပဲ၊ မြင်တဲ့စိတ်ကလဲ အရင်ကရှိနေတာပဲ၊ မိမိကိုယ်ကြီး တစ်ကိုယ် လုံးလဲ အရင်ကရှိနေတာပဲ၊ သူများကိုယ်တွေလဲ အရင်ကရှိနေတာပဲ၊ အရင်ကရှိနေတဲ့ မြင်စရာတွေကို အရင်ကနေတဲ့ ငါကပဲမြင်သွားတယ်လို့ ဒီလို အောက်မေ့တာကိုး၊ မြင်ပြီးတော့ကော မြင်ပြီးတော့လဲ အရင်မြင်ရတဲ့ အမြင်ခံပုဂ္ဂိုလ်တွေရော, မြင်တဲ့မိမိကိုယ်ရော၊ မြင်ပြီးတော့လဲ ရှိနေသေးတယ် ထင်နေတာပဲ၊ ဖြစ်တယ်, ပျက်တယ်လို့ မထင်ဘူး၊ မမြဲဘူးလို့ မထင်ဘူး၊ မြဲတယ်လို့ပဲ ထင်နေတယ်၊ အဲ-ဝိပဿနာအဆင့်အတိုင်း ရှုမှတ်အားထုတ်သွားတော့ ဥဒယဗ္ဗယဉာဏ် ရောက်တဲ့အခါကျတော့ မြင်တိုင်း, ကြားတိုင်း ဒွါရ ၆-ပါးက ဘယ်ဟာမှ တည်မြဲနေတာ မရှိဘူး၊ သူ့အခိုက်အတန့် ဖြစ်ပေါ်ပြီး ချက်ချင်း ပျောက်ကုန်တာပဲ တွေ့ရတယ်၊ (ဖြစ်ပေါ်လာလိုက် ပျောက်သွားလိုက်-၂) တစ်ပိုင်းစီ တစ်ပိုင်းစီလေးတွေ သူက အဲဒါ ဥဒယဗ္ဗယဉာဏ် ခေါ်တယ်။
ဒါက စဉ်းစားဆင်ခြင် ပြောတာ မဟုတ်ဘူး၊ သူ့ဟာသူကို ရှုရင်း, ရှုရင်းနဲ့ ကွဲကွဲပြားပြား တကယ်ကို ရှင်းပြီးတော့သိတာ၊ သူများပြောလို့ ယုံရတာလဲ မဟုတ်ဘူး၊ ယခု ဒီတရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ, တစ်ချို့ပုဂ္ဂိုလ်တွေက ဒါတွေတွေ့ပြီးသားပဲ၊ တစ်ချို့ပုဂ္ဂိုလ်ကလဲ ယခုမှတွေ့ကာစ ရှိဦးမယ်၊ တွေ့နေတုန်းဆဲဆဲ တစ်ချို့ပုဂ္ဂိုလ်ကလဲ မတွေ့တတ် တွေ့တတ်ပုဂ္ဂိုလ်လဲ ရှိဦးမှာပဲ၊ အဲ-ရှုတိုင်း မှတ်တိုင်းဟာ တစ်ခါတည်း (ဖြစ်ပေါ်လာရင်း ပျောက်သွားရင်း-၂) တစ်ပိုင်းစီ, တစ်ပိုင်းစီ ကလေးတွေ၊ ဥပမာအားဖြင့်ဆိုရင် ကိုယ်ထဲက နာတာလေးဆိုပါတော့ နာတာလေးကို စိုက်ပြီးတော့ မှတ်လိုက်ရင် (နာတယ်-၂) ဆိုရင်လေ၊ အဲဒီနာတာလေးဟာ တစ်ခုခြင်း၊ (နာလိုက်ရင်း ပျောက်သွား လိုက်ရင်း-၃) တည်နေတာ မရှိဘူး။
ပကတိပုဂ္ဂိုလ်တွေ အနေအားဖြင့်တော့ နာတယ်ဆိုတာ အကြာကြီးပဲ၊ ယားတယ်ဆိုရင်လဲ အကြာကြီး ယားနေတယ်၊ ဒီလိုထင်နေတယ်၊ ယောဂီပုဂ္ဂိုလ်မှာ ဥဒယဗ္ဗယဉာဏ် ရောက်လာတဲ့ အခါကျတော့ ရှုတိုင်း, မှတ်တိုင်းဟာ (နာပြီးရင်း ပျောက်သွားရင်း-၂) (ယားပြီးရင်း ပျောက်သွားရင်း-၂) တစ်ခုချင်း, တစ်ခုချင်းလေး မစပ်မိဘူး၊ အဲဒီလိုဖြစ်ပျက်နေတဲ့ တရားတွေကို (ရှုတိုင်း-၂) သိနေတဲ့ ပုဂ္ဂိုလ်ဟာ ဒါဥဒယဗ္ဗယဉာဏ်နဲ့ ပြည့်စုံနေတဲ့ ပုဂ္ဂိုလ်၊ အဲဒီပုဂ္ဂိုလ်ဟာ သစ္စလေးပါး သိပါတယ်တဲ့၊ အဲဒီကစပြီး သိတာ၊ (ရှုတိုင်း-၂) ဖြစ်ပြီးပျောက်တဲ့ တရားတွေဟာ ဆင်းရဲတွေပဲ၊ ကောင်းတဲ့ တရားတွေ ဘယ်ဟုတ်မလဲ၊ အစတုန်းကတော့ ဒါတွေ အကောင်းတွေမှတ်နေတာ၊ မြင်ရတာလဲ ကောင်း, ကြားရတာလဲ ကောင်း, တွေ့ထိတာလဲ ကောင်း၊ အစဉ်ထာဝရတည်ရှိပြီး အကောင်းတွေလို့ အားကိုးစရာတွေ ထင်တာတွေ၊
ယခု (ပေါ်တိုင်း-၂)ကို မှတ်တော့ (မှတ်တိုင်း-၂) ဖြစ်ပြီး ပျောက်တာချည်း တွေ့နေရတဲ့ ပုဂ္ဂိုလ်မှာ ဘာမှ ကောင်းတာ မရှိဘူး အားကိုးစရာ တစ်ခုမှ မရှိဘူး၊ ဆင်းရဲတွေ အကုန်လုံး ချည်းပဲလို့ သဘောပေါက်နိုင်ပါတယ်၊ အဲဒါတွေကို သာယာနှစ်သက်နေတာလဲပဲ ဆင်းရဲတွေကို ခင်မင်တွယ်တာ သာယာနှစ်သက်လို့ ဆင်းရဲရှာနေတာ ဆင်းရဲကြောင်း တရားပဲလို့ ဒီလိုလဲ သိနိုင်ပါတယ်၊ အဲဒီလို ဖြစ်ပျက်နေတဲ့ တရားတွေကိုသိတော့ ဒီတရားတွေနှင့် စပ်ပြီးတော့ သာယာနှစ်သက်မှု မရှိဘူး၊ ဒီ တရားတွေရအောင် အားမထုတ်ဘူး။ အားမထုတ်တဲ့အတွက် ကုသိုလ်, အကုသိုလ်တွေ မဖြစ်ဘူး၊ ဒီကံကနေပြီး အကျိုးပေးသည့် ဘဝ အသစ်မဖြစ်ရဘူး၊ အိုခြင်း, နာခြင်း အစရှိသော သံသရာ ဝဋ်ဆင်းရဲတွေ တမြင်, တကြား, တစ်ခါရှုတဲ့ အာရုံကလေးနဲ့စပ်ပြီး၊ အခိုက်အတန့်အားဖြင့် ငြိမ်သွား တာ တဒင်္ဂလို့ခေါ်တယ်၊ ငြိမ်းတယ်လို့ခေါ်တယ်။
အဲဒါ တစ်ဒင်္ဂကနိဗ္ဗာန်ပဲ၊ ဒါကနိရောဓသစ္စာ၊ ဒါ (ရှုတိုင်း-၂) ပြည့်စုံတာ၊ အဲဒီ (ရှုတိုင်း-၂)သိနေတာ ကတော့ ဝိပဿနာမဂ်ပဲတဲ့၊ (မဂ္ဂသစ္စာ-၂)ပဲတဲ့၊ ဒါကြောင့်မို့ (ရှုတိုင်း-၂) ဒီသစ္စာ တရားလေးပါးကို ယောဂီပုဂ္ဂိုလ်က သိနေတယ်တဲ့၊ အဲဒီလိုသိနေလို့ ဒီလိုသိတဲ့ပုဂ္ဂိုလ်ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ဗောဇ္ဈင် ၇-ပါးတရားတွေကို ဗောဇ္ဈင်လို့ခေါ်ရတာကိုး၊သစ္စာလေးပါး သိသူ၏အကြောင်းအင်္ဂါကို ဗောဇ္ဈင်ဟု ခေါ်သည်၊ တစ်နည်းအားဖြင့် သစ္စာလေးပါးသိမှု အစိတ်အပိုင်းပဲတဲ့၊ သစ္စာလေးပါးသိတဲ့ ဥစ္စာဟာလဲ ဒီ တရား ၇-ပါး စုစုပေါင်းမှ သိသွားတာပဲတဲ့၊ တစ်ခုတည်းနဲ့ မသိနိုင်ဘူး။
ဒီ ဉာဏ်ကသိတယ် ဆိုပေမယ်လို့ ဉာဏ်တစ်ခု ဖြစ်ချင်မှ ဖြစ်ဦးမယ်၊ ဉာဏ်ရဲ့အထောက်အပံ့ ဝိတက် - သမ္မာသင်္ကပ္ပ ဆိုတာ သူ့ကြံစည်မှု အထောက်အပံ့လေးက ပါရသေးတယ်၊ သမာဓိဆိုတဲ့ စူးစိုက် တည်ကြည်မှု ပါရတယ်၊ သမ္မာဝါယမ ဆိုတဲ့ အားထုတ်မှုပါရတယ်၊ သမ္မာသတိဆိုတဲ့ အမှတ်ရမှု သတိပါရတယ်၊ ဒါတွေ မပါဘဲနဲ့ မဖြစ်နိုင်ဘူး။
ဥပမာအားဖြင့် ဘာလိုတုန်းဆိုရင် အပင်ပေါ်မှာ သစ်ပင်ပေါ်မှာ သစ်သီးကို လက်နဲ့ လှမ်းတော့ မမီဘူး၊ မမီတမီ ဖြစ်နေတယ်၊ ဒီတော့ လူနှစ်ယောက် သုံးယောက်ရှိနေမယ် ဆိုလို့ရှိရင် အဲဒီဟာကို (တစ်ယောက်နဲ့-၂) အထောက်အပံ့ ပေးပြီးတော့ ခူးလို့ရတယ်၊ တစ်ယောက်က နေပြီးတော့ ခါးကုန်း ပြီးတော့ပေး၊ အဲဒီလူအပေါ်ကို လူတစ်ယောက်က တက်ပြီးရပ်ပြီး ခူးလိုက်ရင်မီတယ်၊ ဒါပေမယ့် လူအပေါ်ကို တက်ပြီး ရပ်ရတယ် ဆိုတာ ကျင့်သားမရလို့ရှိရင် မရပ်နိုင်ဘူး၊ လိမ့်ကျမယ်၊ ဒါကြောင့် ဘေးနားကလူက မှေးပြီးပေးတယ်၊ အဲဒီတော့ ကုန်းထားတဲ့လူရဲ့ ခါးပေါ်မှာတက်၊ ဘေးက ရပ်နေတဲ့ လူရဲ့ပခုံးကို ကိုင်ပြီးတော့ ပကတိ အနေအားဖြင့် မမီနိုင်တဲ့ပစ္စည်းကို လက်နဲ့လှမ်းပြီး ဆွတ်လိုက် လို့ရှိရင် အဲဒါ ရတာပဲ။
အဲဒါလိုပဲ သိတယ်ဆိုတာဟာ ဉာဏ်တစ်ခုတည်းနဲ့ သိတာ မဟုတ်ဘူး၊ သူ့ရဲ့ အထောက်အပံ့ အကူအညီတွေက ရှိရသေးတယ်၊ ဒါကြောင့် သိမှုဆိုတာဟာ အဲဒီ ၇-ပါး တရားအပေါင်းတွေပဲတဲ့၊ (ရှုတိုင်း-ရှုတိုင်း) ယောဂီပုဂ္ဂိုလ်က (ရှုတိုင်း-၂) ဖြစ်ပျက်နေတဲ့ တရားတွေ သိနေတာဟာ ဉာဏ် တစ်ခုတည်း မဟုတ်ဘူးတဲ့၊ သူ့ အစိတ်အပိုင်းတွေ အားထုတ်မှု ဝီရိယ ရှိရတယ်၊ အားမထုတ်ဘဲနဲ့ ဘယ်သိမလဲ၊ အမှတ်ရမှု သတိရှိရတယ်၊ အမှတ်မရဘဲနဲ့ ဘယ်သိမလဲ၊ မှတ်ရာ အာရုံမှာ စူးစိုက် တည်ကြည်တဲ့သမာဓိ ရှိရတယ်၊ ဒီသမာဓိ မတည်ကြည်ဘဲနဲ့လဲမဖြစ်ဘူး၊ အဲဒီအာရုံကို စိတ်က တက်တက် သွားတဲ့ ဝိတက်ဆိုတဲ့ သမ္မာသင်္ကပ္ပ ဆိုတာလဲ ရှိရတယ်၊ သူမပါဘဲနဲ့လဲ မဖြစ်ဘူး၊ ရှိရတယ်။
ဒီတရားတွေအကုန်လုံး စုပေါင်းပြီးတော့ သိတာပဲ၊ သမ္မာဝါစာ - သမ္မာကမ္မန္တ - သမ္မာအာဇီဝ ဆိုတဲ့ သီလတွေ၊ ဒါ သီလ စင်ကြယ်တဲ့ပုဂ္ဂိုလ်မှာ ရှိရတယ်၊ အရေးကြီးတာက အထူးအားဖြင့် ရဟန်းမှာ အရေးကြီးတယ်၊ လူမှာတော့ တရားအားထုတ် တာနဲ့ သူ့အလိုလိုစင်ကြယ်နေတယ်၊ ရဟန်းမှာတော့ အာပတ်တွေ သင့်နေလို့ရှိရင် မစင်ကြယ်ဘူး၊ တရား အားထုတ်ရုံနဲ့ မစင်ကြယ်ဘူး၊ သူကတော့ အာပတ်တွေ သူ့စင်ကြယ်အောင်လို့ ဝိနည်းအရနဲ့ ကုစားမှပဲ စင်ကြယ်သွားမှ ဉာဏ်တွေဖြစ်တာ၊ သီလ မစင်ကြယ်လို့ရှိရင် သမာဓိတွေ ဉာဏ်တွေက ဖြစ်ကိုမဖြစ်ဘူး၊ မဖြစ်ကိုမဖြစ်ဘူး၊ ရဟန်းတွေ ကျတော့ အရေးကြီးပါတယ်၊ တစ်ချို့က ဗဟုသုတကလဲ သိပ်မရှိ၊ ကိုယ်ထင်ရာတွေကို လျှောက်ပြော နေတာ ရှိသေးတယ်၊ ဘုန်းကြီးလဲ တစ်နေ့က စာအုပ်ထဲမှာ စာအုပ်တစ်အုပ်မှာ ရေးထားတာ တွေ့တယ်၊ သီလဆိုပြီးတော့ အဲဒီသီလက နောက်မှ ဖြစ်တာတဲ့၊ ဉာဏ်က အရင် ဖြစ်တယ်၊ ဉာဏ်ပြီးမှ သီလဖြစ်တယ် ဆိုပြီးတော့ ရေးထားတဲ့ အဋ္ဌကထာကျမ်းဆရာကြီးတွေလဲ စွပ်စွဲပြီး ရေးသွားတယ်။
လူတစ်ယောက်က တော်တော်ကို ဟိုဒင်းပြုတဲ့ ပုဂ္ဂိုလ်တစ်ယောက်၊ တော်တော်ကို သတ္တိကောင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲလို့ အောက်မေ့ရတာပဲ၊ သူလဲပဲ ဘာမှ ဗဟုသုတလဲ ရှိတာမဟုတ်ဘူး၊ သူ့အထင် အမြင်နဲ့ လျှောက်ပြီး ရေးထားတာ၊ သူ့ဥစ္စာက လူမှာတော့ကို တရားကျင့်သုံး အားထုတ်ရင် သီလ သမာဓိတွေ ပြည့်စုံသွားနိုင်ပါတယ်၊ ဒါလဲ လွန်လွန် ကျူးကျူး ပြုမထားမှ၊ လွန်လွန်ကျူးကျူး ပြုထားရင် မရဘူး။
ဥပမာ မာတုဃာတက၊ ပိတုဃာတကတို့ ဒါတွေ ကျူးလွန်ထားရင် ဘယ်လို တရားကျင့်နေ ကျင့်နေ၊ တရားမတက်တော့ဘူး ပြီးရော၊ ဒါ မရတော့ဘူး၊ ရဟန်းမှာတော့ ရဟန်းသီလတွေရှိတယ်၊ ရဟန်း သီလတွေ လွန်လွန် ကျူးကျူး ပြုထားလို့ ရှိရင် တရားကို အားထုတ်လို့ မဖြစ်တော့ဘူး၊ အေး - လွန်လွန်ကျူးကျူး မဟုတ်လို့ အတော်အတန် ဆိုလို့ရှိရင်လဲ ဒေသနာ ပြောကြား ကုစားပြီးတော့ စင်ကြယ်သွားလို့ရှိရင် တရားက တက်နိုင်သေးတယ်၊ အဲဒီလို မလုပ်လို့ရှိရင် တရားက တက်ကို မတက်နိုင်ဘူး၊ ရဟန်းမှာတော့ ဒီလို ရှိပါတယ်။
ဒါကြောင့်မို့လို့ သူက သီလကလဲ အရေးကြီးတယ်၊ အဲဒါကြောင့် သီလသမာဓိရဲ့ အထောက်အပံ့ပေးမှ ပညာဖြစ်နိုင် မှာပေါ့၊ ဒါကြောင့် သိတယ် ဆိုတာဟာ တရား ၇-ပါး အပေါင်းပဲတဲ့၊ အဲဒါ တရား ၇-ပါး အပေါင်းထဲက ဗောဇ္ဈင်ဆိုတဲ့ တရား (တစ်ခု-၂) ကတော့ အစိတ်အပိုင်း ကကလေးတစ်ခုပါပဲတဲ့၊ ဒါကြောင့်မို့ သစ္စာလေးပါးကိုသိမှု၏ အစိတ်အပိုင်းကိုလည်း ဗောဇ္ဈင်ဟု ခေါ်သည်၊ ခေါင်းစဉ်ပေးထား တယ်၊ ဗောဇ္ဈင် ဆိုတာ နက်နဲတယ်၊ ကိုင်း ... ဆိုရမယ်။
သစ္စာလေးပါးသိမှု၏ အစိတ်အပိုင်းကိုလည်း ဗောဇ္ဈင်ဟု ခေါ်သည်။ (၃)
သစ္စာလေးပါးသိသူ၏ အကြောင်းအင်္ဂါကို ဗောဇ္ဈင်လို့ ခေါ်တယ်၊ တစ်နည်းအားဖြင့် ဥစ္စာလေးပါး သိမှု၏ အစိတ်အပိုင်းကိုလဲ ဗောဇ္ဈင်ဟု ခေါ်သည်၊ အဲဒီ ဗောဇ္ဈင်က ၇-မျိုး ရှိတယ်၊ သတိသမ္ဗောဇ္ဈင် ဝီရိယ သမ္ဗောဇ္ဈင်၊ ပီတိသမ္ဗောဇ္ဈင်၊ ပဿဒ္ဓိသမ္ဗောဇ္ဈင်၊ သမာဓိသမ္ဗောဇ္ဈင် ဥပေက္ခာသမ္ဗောဇ္ဈင် ၇-မျိုးရှိတယ်၊ အဲဒီ ၇-ခုထဲမှာ သတိတို့, ဓမ္မဝိစယ, ဝီရိယ, ဒီ ၃- ခုကဟောပြီးသွားပြီ၊ အဲဒါတွေကိုတော့ ပြန်ပြောနေလို့ရှိရင် ယနေ့တရား ရှေ့ရောက်မှာ မဟုတ်ဘူး။ ပီတိသမ္ဗောဇ္ဈင်နဲ့ကို သုံး သီတင်း လောက်ရှိနေပြီ၊ ဒီနေ့ ပီတိသမ္ဗောဇ္ဈင် ရောက်ရာက ပြောရမှာပဲ မတတ်နိုင်ဘူး၊ တော်တော်ကြာကြာ ပြောနေရင်တော့ မဖြစ်ဘူး၊ အဲ ပီတိသမ္ဗောဇ္ဈင်ဆိုတာ ဘာလဲဆိုရင်-
နှစ်သိမ့်ရောင့်ရဲ၊ ဝမ်းလဲမြောက်သည်။
ရုပ်ကောင်းရုပ်သန့်၊ ပျံ့နှံ့စေသည်။
ကိုယ်စိတ်ပေါ့လျက်၊ ကြွတက်ထင်သည်။
မြတ်ပီတိ မှတ်သိဗောဇ္ဈင်မည်။
ဆောင်ပုဒ်ကလေး၊ အဲဒါ အရင်သီတင်းတွေက လာပြီး တရားနာတဲ့ ပုဂ္ဂိုလ်တွေတော့ ရှိတောင်နေပြီ၊ ရနေပါရော့မယ်၊ မရလား ရလားတော့ မပြောတတ်ဘူး၊ ရတော့ရလောက်ပြီနဲ့ တူပါတယ်။
နှစ်သိမ့်ရောင့်ရဲ ဝမ်းလဲမြောက်သည်တဲ့၊ ပီတိဆိုတာ နှစ်သိမ့်ရောင့်ရဲ ဝမ်းမြောက်သည့် သဘောပဲ၊ ပီတိဟာ ကုသိုလ် ရှိတယ်၊ အကုသိုလ်လဲ ရှိတယ်၊ လောကရေးရာနဲ့ စပ်ပြီးတော့ ဝမ်းမြောက်ဝမ်းသာ တွေ ဖြစ်နေတာကတော့ ကုသိုလ်မဟုတ်ဘူး အကုသိုလ်တွေ၊ သို့သော်လဲ အကုသိုလ်ကလဲ အပြစ်ကြီးတာ ရှိတယ်၊ အပြစ်သေးတာရှိတယ်၊ ၂-မျိုးရှိပါတယ်၊ အပြစ်ကြီးတာ ကတော့ သူတစ်ပါး တွေ သေအောင် ပျက်စီးအောင်ကြံပြီး အောင်မြင်ထမြောက်လို့ ဝမ်းမြောက်လို့ရှိရင် အဲဒါကတော့ အပြစ် ကြီးတယ်၊ ဒီလိုမဟုတ်ဘဲနဲ့ ကိုယ်ကျိုးစီးပွား ဖြစ်မြောက် တာလေးလောက် အကြောင်း ပြုပြီးတော့ ဝမ်းမြောက်ဝမ်းသာဖြစ်တယ်၊ ဒါကတော့ သိပ် အပြစ်မကြီးဘူးပေါ့၊ (အကုသိုလ်တော့-၂) အပြစ်တော့ မကြီးဘူး။
အဲ-ကုသိုလ်ကတော့ ဘုရားနဲ့ တရားနဲ့ သံဃာနဲ့ စပ်ပြီးတော့ ဖြစ်တယ်တဲ့၊ ပီတိတွေပေါ့လေ၊ ကုသိုလ်ကောင်းပြီးတော့ ဖြစ်တယ်၊ ပီတိတွေ ဒါတွေဟာလဲပဲ နှစ်သိမ့်ရောင့်ရဲ ဝမ်းလဲမြောက်သည်၊ ဖြစ်နေတဲ့ ပီတိတွေပဲ၊ ဒီနေ့ဒီကနေ့များ မြန်မာပြည် တစ်ပြည်လုံး တစ်ခါတည်း အမှတ်တရ မှတ်တမ်းတင်ရမည့်နေ့ ဖြစ်နေတယ်၊ ပြည်သူ့လွှတ်တော်တွေ လူမျိုးစု လွှတ်တော်ထဲက နေပြီးတော့ မြန်မာပြည် တစ်ပြည်လုံးက မဲဆန္ဒရှင်တွေ အဆိုဆန္ဒအရနှင့် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ အဖြစ် သတ်မှတ်ဖို့ရာ ဥပဒေ တင်သွင်းပြီးတော့ အတည်ပြုတဲ့နေ့ဆိုပြီးတော့ တစ်နိုင်ငံလုံးရှိကြတဲ့ သူတွေလဲ ဗုဒ္ဓဘာသာဝင် အပေါင်းတွေကသာ အာရုံပြုပြီး သကာလ ဝမ်းမြောက် ဝမ်းသာ ဖြစ်နေတယ်၊ အဲဒါတွေဟာ ပီတိ တွေပဲ၊ ဒါက ကုသိုလ်ပီတိ တရားတွေ။
အဲ - မြတ်စွာဘုရား ဟောကြားတော်မူသော တရားတွေအရ၊ ဗုဒ္ဓဘာသာ သာသနာတော်ကြီး ဟာဖြင့်ရင် မြန်မာနိုင်ငံတော်အစိုးရက အသိအမှတ်ပြုပြီးတော့ကာ အစိုးရကတော့ လေးစားပြီး တာဝန်ယူရမည့် သာသနာတော်ကြီးအဖြစ်ကို ကနေ့ သတ်မှတ်ချက် ထားတယ်တဲ့ဆိုပြီး၊ ပြီးတော့ အင်မတန် ဝမ်းသာစရာကောင်းတယ်၊ နောင်လာနောင်သား တွေအဖို့ သိပ်ကျေးဇူး များတယ်၊ ဘုန်းကြီးများ စဉ်းစားကြည့်တယ်၊ သိပ်ပြီးတော့ ကျေးဇူးများတယ်၊ နို့မဟုတ်လို့ရှိရင် မြန်မာပြည်မှာ ရှေ့ရှေ့တုန်းကတော့ ဗုဒ္ဓဘာသာမင်းတွေက အာဏာပိုင်မင်းတွေပဲ၊ နောက်ဆုံး - နောက်ဆုံး မင်းဆက် သီပေါမင်း ထိအောင် အာဏာပိုင် မင်းတွေ၊ အဲ-အာဏာပိုင်မင်းတွေ ဆိုတော့ မင်းက ဗုဒ္ဓဘာသာ ကြည်ညိုနေလို့ရှိရင် သူတို့ဥပဒေမှာ လုပ်စရာဘယ်ရှိမလဲ၊ သူတို့ကြည်ညိုရင်ပြီးတာပဲ၊ ဒါက နိုင်ငံတစ်နိုင်ငံက ကိုးကွယ်နေတဲ့ ဘာသာအကုန်လုံး တစ်နိုင်ငံလုံးက တာဝန်ယူပြီးသကာလ စောင့်ရှောက် ရမည့်ဘာသာ ဖြစ်နေတာကိုး။
အဲဒီတုန်းကတော့ မင်းကပြဋ္ဌာန်းတယ် အခု နောက်ပိုင်းမှာတော့ အဲဒီလို အာဏာပိုင်မဟုတ်တော့ ဥပဒေနဲ့လုပ်ရတာကိုး၊ ဥပဒေနဲ့ မလုပ်လို့ရှိရင် ဘာဖြစ်မလဲဆိုတော့ မြန်မာပြည်မှာ ပြည်သူပြည်သား တွေက အများအားဖြင့် ဗုဒ္ဓဘာသာပဲ၊ သို့သော်လဲပဲ အစိုးရက ဘယ်ဘာသာမှ သူက အသိအမှတ် အထူး ပြုထားတာ မဟုတ်တော့ နောင်တစ်နေ့ကျလို့ရှိရင် ဗုဒ္ဓဘာသာ မကြည်ညိုတဲ့ ပုဂ္ဂိုလ်တက်ပြီး များ အနိုင်ကျင့်ပြီး ဒီအစိုးရအဖွဲ့တွေ ဘာတွေများ တက်ဖြစ်ရင်တော့ တော်တော်ခက်မှာပဲ။
အဲဒါကို ဘုန်းကြီးက စဉ်းစားတယ်၊ ရှေးတုန်းက ကြာပါပြီ၊ ယခုမှ မဟုတ်ဘူး၊ ကြာပြီ၊ ယခုမှ သူများ တွေ နိုင်ငံတော် ဘာသာ လုပ်ဖို့ လှုံ့ဆော်ပေး မဟုတ်ဘူး၊ ဘုန်းကြီးများ ဟိုပထမ လွတ်လပ်ရေး ရကာစတည်းက စဉ်းစားနေတာ၊ ဘုန်းကြီးက နိုင်ငံရေးလုပ်တာ မဟုတ်တော့ ဘာမှတော့ မလုပ် ပါဘူး၊ ဒါပေမယ့် စပ်မိစပ်ရာ နည်းနည်းပါးပါး ပြောဖူးပါတယ်၊ ဒါ တော်တော်အရေးကြီးတာပဲ၊ အဲဒါဟာ ယခု နိုင်ငံတော်ဘာသာ အဖြစ်နဲ့ကို သတ်မှတ်ပြီးထားပြီးတော့၊ အေး....ယခု အောင်မြင်လဲ သွားပါပြီ။
အဲဒီတော့ အဲဒါက နောင်လာနောင်သား တွေအတွက် ဗုဒ္ဓဘာသာကို အစဉ်ထာဝရ တစ်ခါတည်း ကိုးကွယ်ဆည်းကပ်ပြီး သွားရအောင်လို့ ရှိတဲ့လူတွေရဲ့ သားတွေ သမီးတွေ မြေးတွေ မြစ်တွေ အစဉ်အဆက်ပေါ့၊ အဲဒါတွေ ဗုဒ္ဓဘာသာ သာသနာကြီးဟာ မြန်မာပြည်မှာ တည်တံ့ပြီး သွားဖို့ရာ အင်မတန် ကျေးဇူးများသွားပါတယ်။
အဲဒါ အကြောင်း ပြုပြီးတော့ ဗုဒ္ဓဘာသာဝင်အပေါင်းတွေက ဒီဥပဒေ အတည်ပြုခြင်းကို အကြောင်း ပြုပြီးတော့ တရားရတဲ့ပုဂ္ဂိုလ်တွေက ဝမ်းမြောက်ဝမ်းသာ ဖြစ်ရတယ်၊ အဲဒါတွေဟာ ပီတိတွေလို့ ခေါ်တာပဲ၊ နှစ်သိမ့်ရောင့်ရဲ ဝမ်းလဲ မြောက်သည် တဲ့၊ ဒါပီတိ၊ အဲဒါ ကုသိုလ် ပီတိတွေပါပဲ၊ ပီတိ သမ္ဗောဇ္ဈင်ရဲ့ အမျိုးအစားထဲက ဝင်လာတယ်၊ ပီတိသမ္ဗောဇ္ဈင် အစစ်ရယ်လို့တော့ မဆိုနိုင်ဘူး၊ ဘာပြုလို့တုန်းဆိုတော့ ပီတိသမ္ဗောဇ္ဈင်က ဥဒယဗ္ဗယဉာဏ်က စဖြစ်တယ်လို့ ဆိုတာကိုး၊ ဒီတော့ ဒီလို အလွတ်ပီတိတွေကို သူက သေသေချာချာ ဆိုလို့ရှိရင် သူက စာရင်း မသွင်းပြန်ဘူး၊ ဒါပေမယ်လို့ သူ့အမျိုးအစားထဲက ဆိုတော့ ပီတိသမ္ဗောဇ္ဈင် အမျိုးအစားထဲကပဲလို့ ဒီလိုတော့ မှတ်သားရပါတယ်၊ မှတ်ထင်ပြီးတော့လဲ ကြည့်နိုင်ပါတယ်၊ ဝိပဿနာတရား အားထုတ်တဲ့ အခါကာလမှာ ပီတိ သမ္ဗောဇ္ဈင် ဖြစ်တဲ့အခါလဲ သူ ဒီလိုဖြစ်တာပါပဲ။
သို့သော်လည်း ဟိုဟာကတော့ နည်းနည်း ပိုပြီးတော့ဖြစ်တယ်၊ ဒါကတော့ သူများနဲ့ဆိုင်တာမို့ ဒါလောက်မဟုတ်ဘူး၊ တရား အားထုတ်တဲ့ အခါကာလကြတော့ ရုပ် နာမ် အဖြစ်အပျက်တွေ ကိုယ်တိုင်တွေ့ရ သိရတော့ ပီတိတွေက ကိုယ့်အတွက်ကို တစ်ကိုယ်တည်း သူများနဲ့ ဘာမှမဆိုင်ဘူး၊ ကိုယ့်တစ်ကိုယ် တည်းအတွက် ရှေးက မသိဘူးတာတွေသိရ၊ မဖြစ်ဘူးတာတွေ ဖြစ်ရတော့ ပီတိတွေ လှိုင်နေပြီ၊ ကိုယ်ထဲမှာ ဖြစ်တာ၊ တစ်ခါတည်း ဖျိုးဖျိုး ဖျင်းဖျင်းနဲ့ တရိုးရိုး တရွရွနဲ့ ကိုယ်ထဲမှာ ပီတိတွေက တစိမ့်စိမ့် တညိမ့်ညိမ့်နဲ့ သိပ်ပြီးတော့ ဖြစ်လာတာ၊ ပီတိဖြစ်လာတာ ဝမ်းသာတာ၊ ဘယ်လို ဝမ်းသာမှန်း မသိအောင် ဖြစ်လာတာ၊ အဲဒါက မဖြစ်ဘူးသေးတဲ့ ပုဂ္ဂိုလ်တော့ မသိသေးဘူးပေါ့လေ၊ ဖြစ်ဖူးမှပဲ သိမှာ၊ ဒါက မဖြစ်ဘူးသေးရင်လဲ ဖြစ်ဖူးအောင် အားထုတ်ပေါ့။
နှစ်သိမ့်ရောင့်ရဲ၊ ဝမ်းလဲမြောက်သည်။
ရုပ်ကောင်းရုပ်သန့် ပျံ့နှံ့စေသည်။
အဲဒီ ပီတိတွေဖြစ်လာရင် ကိုယ်ထဲမှာ ရုပ်ကောင်း ရုပ်သန့်တွေ ပျံ့သွားစေပါတယ်တဲ့၊ အဲ.... ရုပ်ကောင်း ရုပ်သန့်တွေ တစ်ကိုယ်လုံးမှာ ရုပ်ကောင်းရုပ်သန့်တွေ ပျံ့နှံ့ပြီးသွားတော့ တော်ရုံတန်ရုံ
ရောဂါဝေဒနာတွေ ပျောက်တောင် သွားတတ်တယ်၊ တရားထုတ်နေလို့ ရောဂါ ဝေဒနာ ပျောက်တယ် ဆိုတာ ဒီနည်းနဲ့ ပျောက်တာ၊ ကိုယ်ထဲမှာ ရှိတဲ့ မကောင်းတဲ့ရုပ်တွေကို ကောင်းတဲ့ရုပ်တွေက လွှမ်းမိုးသွားတော့ ပျောက်သွားတာပေါ့၊ ယခု ရောဂါဝေဒနာပျောက်အောင် ဆေးထိုးရတယ်။ ဆေးစားရ တယ်ဆိုတာတွေ အဲဒီဆေးအစွမ်းကြောင့် ရုပ်ကောင်းရုပ်သန့်တွေ တစ်ကိုယ်လုံး ပျံ့သွား တဲ့အခါမှာ ကိုယ်ထဲမှာ ရောဂါဝေဒနာ ဖြစ်နေတဲ့ မကောင်းတဲ့ ရုပ်တွေဟာ အကုန် ကွယ်ပျောက် သွားတာကိုး၊ ရောဂါဝေဒနာပျောက်တယ်။
အဲဒါလိုပဲ တရားနှင့်စပ်ပြီးသကာလ ပီတိတွေ အလှိုင်းတကြီးဖြစ်တဲ့ အခါကာလကျတော့ ကိုယ်ထဲမှာ ရုပ်ကောင်း ရုပ်သန့်တွေ ပျံ့နှံ့ပြီးတော့ ဖြစ်သွားပြီး ရောဂါ ဝေဒနာတွေ ပျောက်သွားတတ်တယ်တဲ့၊ ဒါတစ်နေ့တုန်းက နှစ်ကြိမ် သုံးကြိမ် ပြောပြီးပါပြီ၊ ရှေးက ရှင်မဟာကဿပကြီးတို့ ရောဂါ ပျောက်တယ်၊ ရှင်မဟာမောဂ္ဂလာန် ရောဂါ ပျောက်တယ်၊ မြတ်စွာဘုရား ရောဂါ ပျောက်တယ်ဆိုတာ ဒီဗောဇ္ဈင်တရားတွေနာပြီး ရောဂါပျောက်တယ်ဆိုတာ အဲဒါ ပီတိတွေ အလှိုင်းတကြီးဖြစ်ပြီး အဲဒီ ပီတိကနေပြီး ပီတိဇရုပ်တွေ ပျံ့ပြီးတော့ တစ်ခါတည်း ကိုယ်ထဲမှာ လွှမ်းမိုးသွားတာကိုး၊ ကျန်းမာတဲ့ ရုပ်တွေ တစ်ခါတည်း ဖြစ်သွားတာကိုး၊ ရုပ်ကောင်း ရုပ်သန့်ပျံ့နှံ့စေသည်၊ ကိုယ်စိတ်ပေါ့ပါးလျက် ကြွတက်ထင်သည်၊ ကိုယ်ရော စိတ်ရော ပေါ့ပြီးတော့ ကြွတက်သလို ထင်ရပါတယ်တဲ့၊ ပီတိ ဖြစ်တဲ့အခါကာလမှာ ကိုယ်ရောစိတ်ရော တစ်ခါတည်းထွက်ပြီးတော့ ပေါ့နေတယ်။
အဲဒီ ပီတိ မရှိတဲ့အခါတော့ စိတ်တွေရော ကိုယ်တွေရော လေးလေးလံလံဖြစ်လို့ ထိုင်းထိုင်း မှိုင်းမှိုင်း ဖြစ်နေတယ်၊ အဲ ... ပီတိတွေ ဖြစ်လာတဲ့ အခါကျတော့ ကိုယ်ရော စိတ်ရော တစ်ခါတည်းပေါ့ပြီး ကြွတက်နေတယ် ထင်ရတယ်တဲ့၊ စိတ်ကလေးကလဲ သွက်လို့ ကိုယ်ကလဲသွက်လို့ ပေါ့ပေါ့ပါးပါး ကလေး ထင်ရတယ်၊ ဒါတွေလဲ ပြောပြီးပြီ၊ တရား အားထုတ်ရင်များ အင်မတန်ကိုပေါ့ပြီးတော့ တက်နေတတ်ပါတယ်၊ ကိုယ်စိတ်ပေါ့လျက် ကြွတက်ထင်သည်၊ မြတ်ပီတိ မှတ်သိဗောဇ္ဈင်မည်တဲ့၊ အဲဒီ အပိုဒ်ကလေးတော့ ဆိုကြရဦးမယ်၊ သူ့ဟောနေတာကို သူ့ဆိုဦးမှပဲ။
နှစ်သိမ့်ရောင့်ရဲ၊ ဝမ်းလဲမြောက်သည်၊
ရုပ်ကောင်း ရုပ်သန့်၊ ပျံ့နှံ့စေသည်။
ကိုယ်စိတ်ပေါ့လျက်၊ ကြွတက်ထင်သည်။
မြတ်ပီတိ မှတ်သိဗောဇ္ဈင်မည်။
အဲဒါ ပီတိသမ္ဗောဇ္ဈင်ပဲတဲ့။
ယထာစ အနုပ္ပန္နဿ ပီတိသမ္ဗောဇ္ဈင်္ဂဿ ဥပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ၊ ယထာစ အနုပ္ပန္နဿ ပီတိသမ္ဗောဇ္ဈင်္ဂဿ အနုပ္ပါဒေါ ဟောတိ၊ တဉ္စ ပဇာနာတိ၊ ယထာစ ဥပ္ပန္နဿ ပီတိသမ္ဗောဇ္ဈင်္ဂဿ ဘာဝနာယ ပါရိပူရီ ဟောတိ တဉ္စ ပဇာနာတိ။
ယထာစ - အကြင် အကြောင်းကိုလည်း၊
အနုပ္ပန္နဿ ပီတိသမ္ဗောဇ္ဈင်္ဂဿ - မဖြစ်ပေါ်လာသေးသော ပီတိသမ္ဗောဇ္ဈင်၏၊
ဥပ္ပါဒေါ - ဖြစ်ပေါ်လာခြင်းသည်၊
ဟောတိ - ၏၊
တဉ္စ - ထိုအကြောင်းကိုလည်း၊
ပဇာနာတိ - သိ၏။
ယောဂီပုဂ္ဂိုလ်က တရားအားထုတ်နေရင် မဖြစ်ဘူးသေးတဲ့ ပီတိသမ္ဗောဇ္ဈင်တွေ ဖြစ်လာတာ တွေ့ရတာကိုး၊ နှစ်သိမ့် အားရတာ ဝမ်းမြောက်တာတွေ ဖြစ်လာတယ်၊ အဲဒါဟာ ဘာကြောင့် ဖြစ်သလဲဆိုတာ အကြောင်းကိုလဲသိပါတယ်၊ အကြောင်းလေးကတော့ အနည်းက ဆိုလို့ရှိရင်တော့ ရှုမှတ်နေတဲ့ ဝိပဿနာကြောင့်ဖြစ်တယ်၊ အမှတ်ကောင်းတဲ့အခါ ဖြစ်တယ်၊ အဲ-ဒိပြင် တစ်နည်း အားဖြင့်တော့ ပီတိဖြစ်အောင် နှလုံးသွင်းလို့ရှိရင် အဲဒီနှလုံးသွင်းမှုကြောင့်ဖြစ်တယ်၊ ဘုရားဂုဏ် တရားဂုဏ်တွေ သံဃာဂုဏ်တွေ အာရုံပြု နှလုံးသွင်း ဝမ်းသာစရာလေးတစ်ခု အာရုံပြု နှလုံး သွင်းလိုက်၊ အဲဒီလို နှလုံးသွင်းတဲ့အခါ ပီတိတွေ ဖြစ်လာတယ်၊ ဖြစ်ပြီးတော့ လာတယ်၊ အဲဒါ ပီတိ ဖြစ်ခြင်း၏ အကြောင်းကလေးကိုလဲ တွေ့ပါတယ်တဲ့။
အဲဒီဟာ ဘာကြောင့် ဝမ်းမြောက်ဝမ်းသာ နှစ်သိမ့်ရတယ်၊ ဒါကြောင့်မို့ ပီတိတွေ ဖြစ်နေတာပဲလို့ ဒီအကြောင်းလေးတွေ သိရတယ်၊ အဲ-ပြီးတော့ ဒီပီတိသမ္ဗောဇ္ဈင် ပြည့်စုံသွားတဲ့အကြောင်းလေးလဲ ရှိသေးတယ်တဲ့၊ အဲဒါကတော့ အရဟတ္တဖိုလ် ရောက်မှ ပြည့်စုံတယ်၊ ရောက်မှပဲသိမယ်၊ မရောက်ရင် မပြည့်ဘူး၊ ယခု ပီတိဖြစ်ခြင်း၏ အကြောင်းတွေကတော့ အဋ္ဌကထာမှာ ၁၁-ပါး ပြထားတယ်၊ ဒါတွေပဲ ဟောနေရတာ။
ယနေ့တော့ အပြီးသတ်ဦးမှပဲ၊ ၄-ရက်လား ရှိပါပြီ၊ သူက ဒီပီတိဟော နေရတာ ရတနာသုံးစုံ သီလဂုဏ် စွန့်ပုံ အောက်မေ့ပါတဲ့၊ ဗုဒ္ဓါနုဿတိ - ဘုရားဂုဏ်ကို အောက်မေ့ခြင်း၊ ဓမ္မာနုဿတိ - တရားဂုဏ်ကို အောက်မေ့ခြင်း၊ သံဃာနုဿတိ - သံဃာဂုဏ်ကို အောက်မေ့ခြင်း၊ ဘုရား တရား သံဃာ ရတနာ သုံးပါးဂုဏ်ကို အောက်မေ့ပုံ၊ ရတနာသုံးစုံလို့ ဒီကဆောင်ပုဒ် ပေးထားတယ်၊ သီလာနုဿတိ - မိမိ၏သီလဂုဏ်ကို အောက်မေ့ခြင်း၊ သီလဂုဏ်လို့ ဒီကဆောင်ပုဒ်ပေးထားတယ်၊ စာဂါနုဿတိ - စွန့်ကြဲမှုကို အောက်မေ့ခြင်း၊ မိမိကိုယ်တိုင် သုံးစွဲဖို့ရာထဲက မသုံးရက်ဘဲနဲ့ ကိုယ့်ထက် မြင့်မြတ်တဲ့ အလှူခံပုဂ္ဂိုလ် ဖြစ်ဖြစ်၊ ကိုယ်နဲ့တန်းတူဖြစ်ဖြစ် ကိုယ့်ထက် အောက်တန်း ကျတဲ့ အလှူခံပုဂ္ဂိုလ် ဖြစ်ဖြစ်ပေါ့လေ၊ စွန့်ကြဲပေးကမ်း လှူဒါန်းခဲ့ဖူး တာတွေ ရက်ရက်ရောရော စွန့်လွှတ်ပြီး လှူဒါန်းဖူးတာတွေ အာရုံပြုပြီးတော့ နှလုံးသွင်းဆင်ခြင်၊ စာဂါနုဿတိဆိုတာ အဲဒါ တွေလဲ ဟောပြီးပါပြီ၊ ရတနာ သုံးစုံ သီလဂုဏ် စွန့်ပုံအောက်မေ့ပါတဲ့။
အဲဒီ ဗုဒ္ဓါနုဿတိ ဓမ္မာနုဿတိ သံဃာနုဿတိ သီလာနုဿတိ စာဂါနုဿတိ ဒီ ၅-ခုကြောင့်လဲ ပီတိတွေဖြစ်တတ်ပါတယ်တဲ့၊ ဘုရားဂုဏ် အောက်မေ့ရင်လဲ ဖြစ်တတ်တယ်၊ တရားဂုဏ် အောက်မေ့ရင်လဲ ဖြစ်တတ်တယ်၊ သံဃာဂုဏ် အောက်မေ့ရင်လဲ ဖြစ်တတ်တယ်၊ သီလဂုဏ်တွေ စွန့်ကြဲတဲ့ ကုသိုလ်ကောင်းမှုတွေ အောက်မေ့ရင်လဲ ဖြစ်တတ်ပါတယ်၊ ကိုင်း-ဒါလေး ဆိုကြဦးစို့။
ရတနာသုံးစုံ၊ သီလဂုဏ်၊ စွန့်ပုံအောက်မေ့ပါ။ (ဆို-၃)
အဲ-ရတနာသုံးပါးရဲ့ဂုဏ် သီလဂုဏ် စွန့်ကြဲပေးကမ်း လှူဒါန်းတဲ့ဂုဏ်၊ အဲဒါတွေ အောက်မေ့ ဆင်ခြင်ရင်လဲ ပီတိတွေ ဖြစ်တတ်တယ်၊ ပီတိဖြစ်အောင်လို့ ဒါလေး အောက်မေ့ဆင်ခြင်ရမယ်၊ တရားအားထုတ်တဲ့ပုဂ္ဂိုလ်မှာ တရားအားထုတ်နေရင်း တရားမတိုးတက်နိုင်တဲ့အခါကာလ ပီတိက အရေးကြီးတယ်၊ တရား မတိုးတက်နိုင်တဲ့အခါကာလ အဲဒါ စိတ်က ခြောက်သွေ့ ပြီးတော့ ပျင်းရိနောက်ဆုတ်ချင်တဲ့ သဘောတွေ ဖြစ်တတ်ပါတယ်၊ အဲဒီလိုအခါကာလတွေမှာ ဘုရားဂုဏ် တရားဂုဏ် သံဃာ ဂုဏ်တွေဆင်ခြင်၊ အထူးအားဖြင့် သီလဂုဏ်ဆင်ခြင်တာကတော့ ပိုပြီးကောင်း တတ်တယ်၊ သီလစင်ကြယ်လို့ရှိရင် ရှေ့အဖို့က ရှေ့မဆွက စောင့်ထိန်းဆင်ခြင်တာက ပြန်ကြည့် လာတော့ ရှုမှတ်လိုက်ရရင် ဝမ်းသာစရာ သိပ်ကောင်းတယ်၊ သီလစင်ကြယ်ပုံ စွန့်ကြဲပေးကမ်း လှူဒါန်းမှုမှာလဲပဲ ဒီလို ရက်ရက်ရောရော စွန့်ကြဲပေးကမ်းမှုဟာ ကလေး ပြန်အောက်မေ့ နှလုံးသွင်းလို့ရှိရင် အင်မတန် ဝမ်းသာစရာ ကောင်းတယ်၊ ဒုဋ္ဌဂါမဏိ ဝတ္ထုများနှင့် ဟောပြီးပြီ။
အဲဒီတော့ ဒေဝတာနုဿတိဆိုတာ နတ်တွေ၏ သဒ္ဓါသီလ အစရှိသော ဂုဏ်ကျေးဇူးတွေနဲ့ ဥပမာပြုပြီးတော့ မိမိ၏ သဒ္ဓါတရားအစရှိသော ဂုဏ်ကျေးဇူးတွေကို ဆင်ခြင်ပါတယ်၊ နတ်ပြည် လောကတွေမှာ နတ်မင်းတွေ နတ်မိဖုရားတွေဖြစ်၊ အဲဒီပုဂ္ဂိုလ်တွေ ထူးထူးခြားခြား ဖြစ်ပြီးတော့ နေကြ၊ နတ်စည်းစိမ်တွေ ပျော်မွေ့ပြီးတော့ နေကြတယ်၊ သူတို့ဟာ ဘာဖြစ်လို့ နတ်ပြည် ရောက်နေကြသလဲ၊ အကြောင်းမဲ့သက်သက် ရောက်တာမဟုတ်ဘူး၊ ဘာကြောင့်ရောက်သလဲဆို သူတို့မှာသဒ္ဓါတရား ရှိလို့၊ ကံ-ကံ၏အကျိုးယုံကြည်လို့ သဒ္ဓါတရားရှိလို့၊ ဘုရား, တရား, သံဃာကို ယုံကြည်တဲ့ သဒ္ဓါတရားရှိလို့ ကုသိုလ် ကောင်းမှုတွေ ပြုပြီးတော့ နတ်ပြည်ရောက်ကြတယ်။
သီလတွေ စောင့်ရှောက်သွားလို့ အဲ - ဗဟုသုတတွေနဲ့ ကုသိုလ်ကောင်းမှုနဲ့စပ်ပြီးတော့ကို ဗဟုသုတတွေ ကြားနာရပြီးတော့ အဲ ဗဟုသုတအရင်းခံပြီးတော့ ကောင်းမှုပြုသွား နတ်ပြည် ရောက်နေရတယ်၊ စာဂ-စွန့်ကြဲပေးကမ်းမှု, အလှူဒါန ကုသိုလ်ကြောင့် ရောက်နေတာလဲ မနည်းဘူး၊ ပညာအသိအလိမ္မာ ဉာဏ်ပညာကြောင့် ရောက်နေတာလဲ မနည်းဘူး၊ နတ်ပြည်မှာ အဲဒီ နတ်ပြည်နေတဲ့ ပုဂ္ဂိုလ်တွေမှာ ပြည့်စုံနေသလိုပဲ၊ ငါ့မှာလဲ သဒ္ဓါတရားရှိနေတယ်၊ သီလလဲ ပြည့်စုံ နေတယ်၊ သုတလဲ ပြည့်စုံနေတယ်၊ စွန့်ကြဲမှုလဲ ပြည့်စုံနေတယ်၊ ပညာလဲပြည့်စုံနေတယ်တဲ့၊ ကိုယ့်ဂုဏ်ကလေးတွေ အောက်မေ့ပြီးသကာလ ဝမ်းသာစရာအင်မတန်ကောင်းတယ်၊ ဒါတွေလဲ ဟောပြီးပါပြီ။
ဥပမာအားဖြင့် သူများတွေမှာ ငွေကြေး ရှိသည့်အတွက်ကြောင့် ဝတ်ကောင်း, စားကောင်း တွေဝတ်ပြီး ဝတ်လို့ရှိရင်, ကိုယ့်မှာလဲ ရှိလို့ရှိရင် ဝမ်းသာစရာပေါ့၊ သူများလို ဝယ်ပြီး ဝတ်နိုင်တာပဲ၊ အဲ-သူများတွေမှာ ငွေကြေးပြည့်စုံတဲ့အတွက် အိမ်ကောင်းဆောက်ပြီး နေနိုင်သလို၊ ကိုယ့်မှာလဲ ရှိနေလို့ရှိရင် ဝမ်းသာစရာပေါ့၊ ကိုယ့်ရှိတဲ့ပစ္စည်းတွေနဲ့ ဒီလိုအိမ်ဆောက် လိုက်မှာဆိုရင် ဆောက်လိုက်မှာပဲ၊ ဆောက်နိုင်တာပဲ၊ ဝမ်းသာစရာပေါ့လေ၊ ဘာမဆိုပေါ့လေ၊ ကိုယ်ရှိနေလို့ရှိရင် သူများရှိသလို၊ ကိုယ်ရှိနေလို့ရှိရင် စဉ်းစားလိုက်ရင် ဝမ်းသာစရာဖြစ်တယ်။
ဒီလိုပဲ နတ်ပြည်ရောက်နေတဲ့ပုဂ္ဂိုလ်တွေမှာ သဒ္ဓါ, သီလ စသော သူတော်ကောင်းတရားတွေ ပြည့်စုံလို့ ရောက်နေတယ်၊ အဲဒီလို သဒ္ဓါ, သီလ အစရှိသော ဒီလို သူတော်ကောင်း တရားတွေမို့လဲ ပြည့်စုံနေတာပဲလို့ အာရုံပြုလိုက်တော့ ဝမ်းသာစရာပဲ၊ ဥပုသ်သီတင်းသီလ ဆောက်တည်နေတဲ့ ပုဂ္ဂိုလ်တွေ ဝမ်းသာစရာတွေ အများကြီးရှိတယ်၊ အဲဒါတွေက နတ်ပြည်ရောက်နေတဲ့ ပုဂ္ဂိုလ်တွေ၊ ဒီလိုပုဂ္ဂိုလ်တွေ ရောက်နေကြတာပဲ၊ ဒီလိုပဲ သူတော်ကောင်း တရားတွေ ပွားများအားထုတ်နိုင်တဲ့ ပုဂ္ဂိုလ်တွေရောက်ကြတာ။
နယိဒံ အကတ ပုညာနံ ကတပုညာနမေဝိဒံ အသောကံ နန္ဒနံ ရာမန္တိတသာသနံ ယသဿိနံ။
ဒါက နတ်ပြည်က၊ နတ်ပြည်က နတ်သား, နတ်သမီးတွေ ဆိုတဲ့ သီချင်းတဲ့၊ ဒီဥစ္စာဘုန်းကြီးက အဆိုမကောင်းလို့ သူတို့သီချင်း ကျအောင်ဆိုရင် သီချင်းက ကောင်းတယ်၊ သီချင်းဆိုတာ အဆို ကောင်းမှ ကောင်းတာ၊ မြန်မာသီချင်းလေးတွေ၊ တစ်ချို့သူတို့ ရေးထားတယ်၊ ဘုန်းကြီးများ ဖတ်ကြည့်တော့ ဘာမျှအဓိပ္ပာယ်မရှိပါဘူး၊ ဘာမှလည်းမကောင်းဘူး၊ ဒါပေမယ့် သူတို့ဟာနဲ့သူတို့ စည်းဝါးကိုက် ဆိုတော့ အောင်မယ် သူ့ဟာ အဟုတ်ကြီးပဲ၊ ဆွဲရမှာ မြှင့်ရမှာ တင်ရမှာနဲ့ သူကအဟုတ်ကြီး ဒီလိုပဲ၊ မြန်မာသီချင်းလိုပဲ၊ ဘာသာခြားသီချင်းတွေ ဒီလိုပဲ၊ ဘုန်းကြီးဖတ်ကြည့် တယ်၊ ဥပမာအင်္ဂလိပ်သီချင်းဆိုပါတော့ ဘာမျှမကောင်းဘူး၊ သူ့ဥစ္စာအောင်မယ် - သူတို့ဆိုတော့လဲ အောင်မယ် ဟုတ်သလိုလိုရှိသားပဲ၊ သူ့ဟာ သူ့ဘာသာနဲ့သူ ကောင်းတာပဲ၊ အင်း-ယခုပါဠိလဲပဲ သီချင်းပဲ၊ သူတို့နတ်တွေ ဆိုရင် ကောင်းမှာပါပဲ၊ နတ်တွေဆိုရင်တော့ ကောင်းမှာ၊ ဘုန်းကြီး ရိုးရိုးပဲ၊ ကောင်းအောင်လဲ ဆိုလို့လဲ မဖြစ်ဘူး။
နယိဒံ အကတ ပုညာနံ့ အကတပုညနမေဝိဒံ အသောကံ နန္ဒနံ ရာမန္တိတသာသနံ၊ ယသဿိနံ။
ဣဒံ - ဤ နတ်စည်းစိမ်ချမ်းသာသည်၊
အကတပုညာနံ - ပြုအပ်သော ကောင်းမှုမရှိသော ပုဂ္ဂိုလ်တို့၏၊
သမ္ပတ္တိ - စည်းစိမ်ချမ်းသာသည်၊
နဟောတိ - မဖြစ်ပေ၊
ဣဒံ - ဤနတ်စည်းစိမ်ချမ်းသာသည်၊
ကတပုညာနမေဝ - ပြုအပ်ပြီးသော ကောင်းမှု ရှိသော ပုဂ္ဂိုလ်တို့၏သာလျှင်၊
သမ္ပတ္တိ - စည်းစိမ် ချမ်းသာပေတည်း။
သူတို့ လက်ငင်းခံစားနေရတဲ့ စည်းစိမ် ချမ်းသာလေးကို လက်ညှိုး ထိုးပြတာတော့ ဒို့နတ်ပြည်မှာ ဘုန်းတန်ခိုးအာနုဘော်တွေ အခြွေအရံတွေ ဂုဏ်သိမ်တွေနဲ့ ပြည့်စုံပြီးတော့နေတဲ့ နတ်မင်းကြီးတွေ ဖြစ်လို့နေရတယ်၊ အဲ-နတ်သား, နတ်သမီး တွေဖြစ်ပြီး ဒို့နတ်စည်းစိမ်တွေ ဒို့ခံစားနေတယ်၊ ဒို့အခု ရတဲ့ စည်းစိမ်တွေဟာ ကုသိုလ်ကောင်းမှု မရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့မဆိုင်ဘူးတဲ့၊ ဒီလူတွေ, ဒီပုဂ္ဂိုလ်တွေနဲ့ ဘာမှမဆိုင်ဘူးလို့ဆိုတယ်။
အဲဒါဘာမှမဆိုင်ဘူး၊ ကုသိုလ် ကောင်းမှု မရှိတဲ့ပုဂ္ဂိုလ်တွေ ဒါတွေ မသုံးဆောင်မခံစားနိုင်ဘူး၊ ဒီသုံးဆောင်ခံစားနိုင်ဖို့ ဝေးလို့ ရောက်တောင် မရောက်နိုင်ဘူး၊ ကုသိုလ်ကောင်းမှု မရှိတဲ့ ပုဂ္ဂိုလ် တွေက အင်း-စိတ်ကြီးဝင်စရာကောင်းတယ်၊ လူ့ပြည်မှာလဲ ဒီလိုပါပဲ။
လူ့ပြည်မှာလဲပဲ အထက်တန်းကျတဲ့ ပုဂ္ဂိုလ်တွေက သူတို့အခြေအနေနဲ့သူတို့ အထက်တန်းကျတဲ့ ပုဂ္ဂိုလ်အချင်းချင်း ပေါင်းသင်း ဆက်ဆံနေတဲ့ အခါကာလမှာ သူ ဒီစိတ်ကူးတွေ ဖြစ်တယ်၊ အောက်တန်းကျတဲ့ ပုဂ္ဂိုလ်တွေ ဒီလိုစိတ်ကူးဖြစ်တယ်၊ တို့ ဟိုပုဂ္ဂိုလ်တွေနဲ့ မဆိုင်ဘူး၊ တို့ ယခုဖြစ်နေတဲ့ အခြေအနေက တို့လိုအထက်တန်းကျတဲ့ ပုဂ္ဂိုလ်နဲ့ ဆိုင်တယ်ဆိုပြီးတော့ ရာထူး ဌာနန္တရရှိတဲ့ ပုဂ္ဂိုလ်တွေ၊ ပညာတတ် ပုဂ္ဂိုလ်တွေ၊ အလုပ်အကိုင် ကောင်းတဲ့ပုဂ္ဂိုလ်တွေ အစ ရှိသည်ဖြင့်ပေါ့လေ၊ စီးပွား ဥစ္စာ ရတနာရှိနေတဲ့ ပုဂ္ဂိုလ်တွေကနေ စဉ်းစားတယ်၊ အောက်တန်းကျတဲ့ ပုဂ္ဂိုလ်တွေ ဘာမှမဆိုင်ဘူး ဆိုပြီး သူတို့စိတ်ထဲမှာ ဒီလိုပဲ ဖြစ်တယ်၊ နတ်တွေကလဲ အဲဒီလိုပဲ။
ဣဒံ - ဤနတ်ပြည်လောက၌ သုံးဆောင်ခံစားနေရသော ဤစည်းစိမ်ချမ်းသာမျိုးသည်၊
အကတပုညာနံ - ကောင်းမှုပြုအပ်သော ကောင်းမှု မရှိသော ပုဂ္ဂိုလ်တို့၏ (ဝါ) ကောင်းမှုကို မပြု လုပ်သော ပုဂ္ဂိုလ်တို့၏၊
နသမ္ပတ္တိ - စည်းစိမ်ချမ်းသာ မဟုတ်ပေ၊
ဒါတွေဟာ သူတို့နဲ့ မဆိုင်ဘူးတဲ့၊
ကတပုညာနံ မေ ဝိဒံ-ဣဒံ - ငါတို့ သုံးဆောင် ခံစားနေရသော နတ်စည်းစိမ် ချမ်းသာသည်၊
ကတပုညာန-မေဝ - ပြုအပ်သော ကောင်းမှုရှိသော ပုဂ္ဂိုလ်တို့သည်သာလျှင်
သမ္ပတ္တိ - စည်းစိမ်ချမ်းသာပါ တကား။
တို့ခံစားနေရတာ ကောင်းမှုရှိတဲ့ ပုဂ္ဂိုလ်တွေ သုံးဆောင်ခံစား ရတာတွေတဲ့၊ ဒီတော့ ယခု ကုသိုလ်ကောင်းမှုပြုနေတဲ့ ပုဂ္ဂိုလ်တွေလဲ ပါသွားတာပေါ့၊ သူတို့ သီချင်းထဲပါတယ်၊ ကုသိုလ် ကောင်းမှုမရှိသော ပုဂ္ဂိုလ်တွေ သုံးဆောင်ခံစားရတာတွေပဲလို့ အဲဒီကနေ ဒိပြင်ဟာတွေ ထားပါ ဦးတော့၊ ဒီကနေ့ သီလတွေဆောက်တည်လို့ တရားနာလို့ သူတော်ကောင်းတရားတွေ ပွားများလို့ ကုသိုလ်ကောင်းမှုတွေ ပြုနေတဲ့ပုဂ္ဂိုလ်တွေ သင်းတို့ ဟိုနတ်ပြည်နတ်တွေ ဆိုထားတဲ့ သီချင်း-သီချင်းတွေ ရတိုင်း နတ်ပြည် လောကစည်းစိမ်တွေ တို့နဲ့လဲ ဆိုင်နေတာပဲလို့ ဒီလိုနှလုံးသွင်း ရောပေါ့လေ။
အသောကံ နန္ဒံရာမံ သိတသာသနံ၊ ရသဿိနံ -
ဣဒသာသနံ-ရသိနံ - အခြွေ အရံများစွာရှိသော တာဝတိံသာရွာက နတ်သား နတ်သမီးတို့၏၊
အသောကံ - စိုးရိမ် ကင်းရာဖြစ်သော၊
ရာမံ - နှလုံးမွေ့လျော်ရာဖြစ်သော၊
နန္ဒနံ - နန္ဒဝန်ဥယျာဉ်ကြီးသည်၊
ဣဒံ - ဤတာဝတိံသာ နတ်ပြည်နတ်ရွာက နတ်သား နတ်သမီးတို့၏၊
သမ္ပတ္တိ - စည်းစိမ်ချမ်းသာ ကြီးပါတကား။
အဲ-သူတို့နတ်ပြည်မှာ နန္ဒဝန်ဥယျာဉ် ဆိုတာရှိတယ်၊ တယ်ကောင်းတယ်လို့ ပြောတယ်၊ ဘယ်လိုပဲ စိတ်ပူနေတဲ့ ပုဂ္ဂိုလ်တွေဖြစ်ဖြစ်၊ အဲဒီ နန္ဒဝန် ဥယျာဉ်ထဲရောက်ရင် အပူတွေ ပျောက်ကုန်တယ် ဆိုပါတယ်၊ အစတုန်းကတော့ ပူစရာဆွေးစရာတွေနဲ့ စိတ်က ဟိုစိတ်ကူး ဒီစိတ်ကူးရှိနေတာကိုး၊ နန္ဒဝန်ဥယျာဉ်ထဲ ရောက်လို့ ဟိုကြည့်ဒီကြည့် သစ်ပင်တွေကြည့် သာသာ ယာယာတွေ လျှောက်ကြည့်၊ နတ်သားတွေ နတ်သမီးတွေ ကခုန်နေတာ သီချင်းဆိုနေတာတွေ တီးမှုတ် နေတာတွေ ကြားလိုက်ရတော့ အရင်က စိတ်ကူးတွေ ပျောက်သွားတာပေါ့၊ တစ်ခါတည်း စိုးရိမ်မှု ပူပန်မှုတွေ အကုန်လုံးငြိမ်းသွားတာပဲဆိုပဲ၊ ဒီလူ့ ပြည်လောကလဲ ဒါနဲ့တူတာတွေ ရှိပါတယ်။
ပွဲကောင်း လမ်းကောင်းတွေ သွားပြီး ကြည့်လို့ရှိရင် တော်ရုံတန်ရုံ စိတ်ညစ်တာ ပျောက်သွားတာပဲ၊ ဒါနဲ့ တစ်ချို့လဲ စိတ်ညစ်လို့ရှိရင် ပွဲတို့ဘာတို့ သွားပြီးကြည့်ကြတာပဲ ထင်ပါရဲ့၊ အဲ-တာဝတိံသာ နတ်ပြည်ထဲက နန္ဒဝန်ဥယျာဉ် ဆိုတာ စိုးရိမ် ပူဆွေးမှုတွေကို ငြိမ်းစေနိုင်တယ်တဲ့၊ နှလုံးရွှင်ပျော် စေတယ်၊ ဒါလဲ အင်မတန် ကောင်းတယ်၊ ပျော်စရာကောင်းတာမှ ဘယ်လောက် ကောင်းလဲဆိုတော့ အဲဒီ ရောက်သွားလို့ရှိရင် ပြန်မထွက်ချင်ဘူးဆိုတယ်၊ အဲဒါလောက် ပျော်စရာကောင်းပြီး နေတယ်။
အဲဒါဟာ ကောင်းမှုရှိတဲ့ တာဝတိံသာ နတ်ရွာက နတ်သား နတ်သမီးတွေ ပျော်ပါးဖို့ သုံးဆောင်ဖို့ရာ စံစားဖို့ရာ ဌာနကြီးပဲလို့ သူတို့သီချင်းက ဒီလိုအဓိပ္ပာယ်ရှိတယ်၊ ဒါအနက်အဓိပ္ပာယ်လဲ ကောင်းသင့် သလောက် ကောင်းပါတယ်၊ ဒါ အဆိုကောင်းရင်တော့ ပိုပြီးတော့ ကောင်းမှာပါပဲ။
အဲဒီလို နတ်ပြည်လောကမှာရှိတဲ့ ပုဂ္ဂိုလ်တွေ နတ်ပြည် လောက သုံးဆောင်စံစားနေရတာ လူ့ပြည်က ပြုစုအားထုတ် ခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေကြောင့် ဖြစ်နေတာပဲတဲ့၊ ဒါကြောင့် မိမိမှာလဲ ဒီကုသိုလ် ကောင်းမှုတွေ ငါ့မှာ ဘာတွေ ဘာတွေ ပြည့်စုံနေတယ်လို့ ပြန်စဉ်းစားလိုက်ရင် စိတ်ထဲမှာ တစ်ခါတည်း ပီတိတွေ နှစ်သိမ့်အားရမှုတွေ ဖြစ်လာပါတယ်၊ စိတ်တွေ အားတက်ပြီးတော့လာတယ်။
ဒါကြောင့် အဲဒါတဲ့ နတ်ဖြစ်ဖွယ်စု၊ အဲဒါတွေလဲ ဆင်ခြင်ပါတဲ့ ပီတိဖြစ်တတ်ပါတယ်၊ ငြိမ်းအေးမှုတဲ့၊ မိမိမှာ တရား နှလုံးသွင်း အားထုတ်ထားလို့ ငြိမ်းတန်သမျှ ငြိမ်းနေတဲ့ ကိလေသာတွေရှိလို့ရှိရင်လဲ ဒီကိလေသာ ငြိမ်းမှုရှိလဲ ဆင်ခြင်ပါ၊ တရားအားထုတ်သည့် အချိန်ကစပြီးတော့ တရားအား မထုတ်ခင်က ဖြစ်နေတဲ့ အခြေအနေမျိုး မဟုတ်ဘဲနဲ့ စိတ်ကလေးတွေက ပြောင်းသွားတယ်၊ တော်တော်လေး အားထုတ်မိလို့ရှိရင် စိတ်ကလေးတွေဟာ တော်တော် ပြောင်းလာပြီ၊ ငြိမ်းအေးမှု တွေရှိတယ်၊ အဲဒါတွေ ဆင်ခြင်လိုက်လို့ရှိရင်လဲ ပီတိဖြစ်တတ်ပါတယ်တဲ့၊ နှစ်သက်ဖွယ်စု ငြိမ်းအေးမှု ရှေးရှုအောက်မေ့ပါတဲ့၊ဒါက ၂-ခု၊ ဒါ ပါဠိလိုတော့ကို ဒေဝတာနုဿတိ ဥပသမာနုဿတိ လို့ ခေါ်တယ်၊ ဒီက ဘုန်းကြီးက အများ နားလည်အောင်လို့ နတ်ဖြစ်ဖွယ် ဒေဝတာနုဿတိကို နတ်ဖြစ်ဖွယ်အကြောင်းတွေကို ငြိမ်းအေးမှု ဥပသမာနုဿတိကို စီထားတယ်၊ ရှေးရှု အောက်မေ့ပါက နုဿတိပဲ၊ နုဿတိက အောက်မေ့တာပဲ၊ တွေးရှု အောက်မေ့ပါ၊ ကိုင်း .... ဆိုရမယ်။
နတ်ဖြစ်ဖွယ်စု ငြိမ်းအေးမှု တွေးရှု အောက်မေ့ပါ။
မွဲခြောက်သူကြဉ် စိုပြည်ယှဉ် ထိုတွင်စိတ်ညွတ်ရာ။ (ဆို-၃)
သဒ္ဓါတရား တည်းဟူသော အဆီအစေ မရှိဘဲနဲ့ ပုဂ္ဂိုလ်တွေတဲ့၊ သဒ္ဓါတရား အဆီအစေး မရှိတဲ့ ပုဂ္ဂိုလ်၊ ယခုနေပူလို့ သစ်သားတွေ ဘာတွေများ သွေ့ခြောက်နေ၊ အဆီအစေး မရှိ သစ်သားတွေ သွေ့ခြောက်ပြီးတော့ တစ်ချို့ တစ်ခါတည်း ကွဲအက်၊ ဒါမျိုးနေတာလိုပဲ၊ လူမှာလဲ သဒ္ဓါတရား မရှိတဲ့ ပုဂ္ဂိုလ်တွေက အခြောက်ပဲတဲ့၊ သွေ့ခြောက်နေတာ၊ သို့သော်လည်း ရုပ်ရည်အားဖြင့်တော့ သန့်သန့် ပြန့်ပြန့်တော့ ရှိမှာပေါ့၊ စိုစိုပြည်ပြည် ရှိချင်လဲ ရှိမှာပေါ့၊ သို့သော်လည်း သဒ္ဓါတရားအနေ စိတ်ဓာတ် အနေ ကြည့်လိုက်လို့ရှိရင် သူ့ခမြာခြောက်နေတယ်၊ သွေ့ခြောက်နေတယ်၊ သစ်ကိုင်းခြောက်တွေ ဘာတွေများဟာ ခြောက်ပြီးရင် ကျိုးပျက်ပြီး သွားတာပဲ။
အဲဒါလိုပဲ သဒ္ဓါတရား တည်းဟူသော အဆီအစေးမရှိတဲ့ပုဂ္ဂိုလ်တွေ အပိနိဒ္ဓပုဂ္ဂိုလ်တွေ မပြေပြစ် မစိုပြည်တဲ့ ပုဂ္ဂိုလ်တွေ သွေ့ခြောက်နေတဲ့ပုဂ္ဂိုလ်တွေ သဒ္ဓါအဆီအစေး ကင်းမဲ့တယ်၊ ကင်းမဲ့တဲ့ ပုဂ္ဂိုလ်-သူက ဘုရားလည်း မကြည်ညိုဘူး၊ တရားလည်း မကြည်ညိုဘူး၊ သံဃာလည်း မကြည်ညိုဘူး၊ ကုသိုလ်ကောင်းမှုတွေ မယုံဘူး၊ ဒီလိုဟာတွေကို အဲဒီလို သဒ္ဓါတရား အားနည်းတဲ့ ပုဂ္ဂိုလ်တွေ ကုသိုလ်ကောင်းမှုလဲ တယ်မလုပ်ဘူး၊ ဘုရားလဲမရှိခိုးဘူး၊ ဘုရားရှိခိုးရမှာလဲ ပျင်းတယ်၊ တစ်ချို့ ဝါသနာမပါဘူး၊ အဲ တရားနာရမှာလဲ ပျင်းတယ်၊ ညောင်းတယ် ပန်းတယ် ဒီလိုဆိုတာကိုး၊ အဲ ပြီးတော့ ရဟန်းသံဃာတွေကို လည်း မဆည်းကပ်လိုဘူး၊ အရိုအသေ မပြုလိုဘူး၊ ဒါတွေကလဲ ညောင်းတယ် ပင်ပန်းတယ် ဒီလိုထင်နေတာ၊ အဲ-ကုသိုလ် ကောင်းမှုတွေလဲ မပြုလိုဘူး။
အဲဒီ ကုသိုလ်ကောင်းမှု ပြုရတာဟာ ကိုယ်လုပ်ချင်တာတွေ မလုပ်ရဘဲ ရှောင်ကြဉ်နေရတာ၊ ဒါကလဲပဲ ဆင်းရဲတာပဲ ဆိုပြီး ဒီလို ဖြစ်နေတာကိုး၊ အဲဒီတော့ကို ကုသိုလ်ကနေပြီး ကောင်းကျိုးတွေ ပေးပါလိမ့်မယ် ဆိုတာကိုသိပ်ပြီး သူကမယုံဘူး၊ အကုသိုလ်ကံတွေ အကျိုးပေး၊ ငရဲတွေ ဘာတွေ ကျလိမ့်မယ်၊ ပြိတ္တာ ဖြစ်တတ်တယ်၊ တိရိစ္ဆာန်ဖြစ်တတ်တယ်၊ ဒါကို သူက မယုံဘူး၊ မယုံတော့ဘူး၊ စိတ်ထဲမှာ ခြောက်နေတာ၊ အဆီမရှိတဲ့ ကွဲအက်နေတဲ့ သစ်ဆွေးများလိုပဲ ခြောက်ပြီး သွေ့နေတယ်၊ မွဲခြောက်နေတဲ့ ပုဂ္ဂိုလ်ပဲတဲ့ သဒ္ဓါ မွဲခြောက်နေတဲ့ ပုဂ္ဂိုလ်တဲ့၊ ဒါ မွဲခြောက်တဲ့ ပုဂ္ဂိုလ်ပဲတဲ့၊ သဒ္ဓါ မွဲခြောက်နေတာ၊ အဲဒီလို ပုဂ္ဂိုလ်ကို ကြဉ်ရှောင်ရမယ်တဲ့။
သဒ္ဓါတရား မွဲခြောက်နေတဲ့ ပုဂ္ဂိုလ်တွေ လူမွဲခြောက်ကြီးပဲတဲ့၊ သူ့ကို မကြဉ်လို့ရှိရင် သူနဲ့ပေါင်းရင် ပီတိတော့ မဖြစ်ဘူးတဲ့၊ ကုသိုလ်ပီတိ မဖြစ်နိုင်ဘူးတဲ့၊ အဲဒီ မွဲခြောက်နေတဲ့ ပုဂ္ဂိုလ်က သူက သဒ္ဓါတရားမရှိတော့ သဒ္ဓါတရား ဖြစ်ရာဖြစ်တဲ့ စကားကို သူမပြောဘူး၊ ပီတိဖြစ်ရာ ဖြစ်ကြောင်း သူမပြောဘူး၊ ကုသိုလ်နဲ့စပ်ပြီးတော့ ဝမ်းမြောက်ဝမ်းသာ ဖို့ရာတွေ သူက မပြောဘူး၊ သူက ဘုရားလက်ထက်တုန်းက အရှင်သာရိပုတ္တရာက ဘုရားဂုဏ်တွေ ချီးကျူးတယ်၊ မြတ်စွာဘုရား ဂုဏ်တွေ လျှောက်ပြီး ပထမ ဘယ်ကစချီလာလဲ ဆိုရင်တော့ မြတ်စွာဘုရားတဲ့ တပည့်တော် သဘောပေါက်တာကတော့ ရှေးကပွင့်ခဲ့တဲ့ ဘုရားတွေလဲပဲ အရှင်ဘုရားလိုပါပဲ၊ ဒီထက် မပိုတော့ဘူး၊ နောင်ပွင့်မည့် ဘုရားတွေ အရှင်ဘုရားလိုပဲ၊ ဒီထက် မပိုတော့ဘူး တဲ့၊ အတိတ်အနာဂတ် ဘုရား တွေလဲ အရှင်ဘုရားလိုပဲ၊ ဒီထက် မပိုတော့ဘူးလို့ တပည့်တော်က ဒီလို သဘောကျနေတယ်လို့ လျှောက်တော့ မြတ်စွာဘုရားက စစ်ဆေးတယ်၊ သာရိပုတ္တရာတဲ့ သင်ပြောတာ တယ်ကြီးကျယ် ပါလားတဲ့၊ ဒီစကား တယ်ကြီးကျယ်တဲ့ စကားပဲတဲ့၊ နေပါဦး ငါမေးဦးမယ် တဲ့။
ရှေးရှေးက ပွင့်တဲ့ ဘုရားတွေကော သင် ရှေးရှေးကပွင့်တဲ့ ဘုရားတွေရဲ့ စိတ်တွေ တန်ခိုးတွေ အမျိုးအစားတွေ အနေ အထိုင်တွေ အကုန်လုံး သင်သိရဲ့လားတဲ့၊ ဒါတော့ တပည့်တော် မသိဘူးတဲ့၊ ရှေးက ဘုရားတွေ ဘယ်လောက် ပွင့်သွားတယ်၊ အဆူပေါင်း ဘယ်လောက်ရှိတယ်ဆိုတာ မသိနိုင်ဘူးတဲ့၊ ဒီဥစ္စာတော့ အဲဒီ ဘုရားတွေရဲ့ စိတ်တွေ ပညာတွေ သမာဓိတွေ တန်ခိုးတွေ ဘယ်လိုရှိတယ်ဆိုတာ ဒါတွေ အကုန်လုံးတော့ မသိဘူးတဲ့၊ သူက ဒါဖြင့် ရှေးက ဘုရားတွေလဲမသိ၊ နောင်ပွင့်မည့် ဘုရားတွေအကြောင်းကော အကုန်လုံး ဒီလိုသိပါရဲ့လားတဲ့၊ နောင်ပွင့်မည့်ဘုရား တွေလဲ မသိပါဘုရားတဲ့၊ ဒါလဲပဲ နောင်ပွင့်မည့်ဘုရားတွေ အဆူပေါင်း ဘယ်လောက်ပွင့်မယ်၊ ဘယ်ဘုရား-၂) တွေပွင့်မယ်၊ ဒီဘုရားတွေမှာ စိတ်ဓာတ်က ဘယ်လိုရှိတယ်၊ သမာဓိက ဘယ်လို ရှိမယ်၊ ပညာက ဘယ်လိုရှိမယ်၊ တန်ခိုးတော်က ဘယ်လိုရှိမယ်၊ ဒါတွေတော့ မသိဘူးတဲ့၊ နို့နေပါဦးတဲ့ အတိတ်အနာဂတ် ဘုရားတွေလဲ မသိဘူး၊ ယခုပစ္စုပ္ပန်မှာရှိနေတဲ့ ငါဘုရား အကြောင်း တော့ရောတဲ့ သင်သိရဲ့လားတဲ့၊ ငါ့ စိတ်ဓာတ်က ဘယ်လိုနေတယ်၊ သမာဓိက ဘယ်လောက် ရှိနေတယ်၊ ဉာဏ်က ဘယ်လောက်ရှိနေတယ်၊ အဲဒါတွေ အကုန်လုံး သိရဲ့လားတဲ့၊ အဲဒါလဲ ဒီလိုအကုန်လုံးတော့မသိဘူး၊ နို့ဘာမှမသိဘဲနဲ့ ဘယ်နဲ့ကြောင့် ဒီဥစ္စာ ဆုံးဖြတ်သလဲတဲ့ ဒီလိုမေးတာကိုး၊ ရှေးဘုရားတွေအကြောင်းလဲ မသိဘူး၊ နောက်ဘုရားတွေ အကြောင်းလဲ မသိဘူး၊ ယခုပစ္စုပ္ပန် လက်ငင်း သင့်ရှေ့မှာရှိနေတဲ့ ဘုရားအကြောင်း ဒါတွေအကုန် မသိဘူးဆိုတော့ နို့ဘာဖြစ်လို့ ဒီဘုရားတွေဟာ တစ်မျိုးတည်းပဲ၊ ဒီထက် အချိုးအစား မသာဘူး ဒါလောက်ပဲလို့ ပြောရသလဲလို့မေးတော့ တပည့်တော်က ဓမ္မအနွယ် ချိန်ထိုးတဲ့နည်း တပည့်တော်က သိထား တယ်တဲ့။
ရှေးရှေးသော ဘုရားတွေကလဲပဲ သတိပဋ္ဌာန် တရားလေးပါး တည်ပြီးတော့ နီဝရဏတရား ငါးပါး တရားရယ်, ဗောဇ္ဈင်တရားတွေ ပွားများပြီးတော့ ဘုရားဖြစ်သွားတာပဲတဲ့၊ သစ္စာလေးပါးတရား အလုံးစုံသော တရားတွေ သိသွားတာပဲတဲ့၊ အဲဒါတွေ တပည့်တော်ကသိတယ်၊ နောင်ပွင့်မည့် ဘုရားတွေလဲ ဒီနည်းအတိုင်းပဲ၊ သတိပဋ္ဌာန်တရားလေးပါး အခြေတည်ပြီးတော့ ဗောဇ္ဈင် ၇-ပါး ပွားများ နီဝရဏတရား ငါးပါးပယ်၊ ဗောဇ္ဈင် ၇-ပါးတရား ပွားများပြီးတော့ သမ္မာသမ္ဗုဒ္ဓ ဘုရား ဖြစ်ကြမှာပဲ၊ ဒိပြင်နည်းနဲ့ မဖြစ်နိုင်ဘူးတဲ့ ဒီလမ်းပဲရှိတယ်တဲ့။
ပြီးတော့ ယခုပွင့်နေတဲ့ ဘုရားဟာလဲပဲ ဒီအတိုင်းပဲတဲ့၊ သတိပဋ္ဌာန်တရား လေးပါး အခြေတည်ပြီးတော့ နီဝရဏ တရားငါးပါးပယ်၊ ဗောဇ္ဈင် ၇-ပါး ပွားများပြီးတော့ ဘုရားဖြစ်သွား တာပဲလို့ တပည့်တော် ဒီအတိုင်း သိထားတာတဲ့၊ ဥပမာ အားဖြင့် ဘာလိုတုန်းဆိုရင် မြို့ကြီး တစ်မြို့ ရှိတယ်ဆိုပါတော့ ဘုရားတဲ့ မြို့ကြီး တစ်မြို့၊ မြို့ကြီး ကလဲပဲ သူတို့မြို့တံတိုင်းက လုံခြုံတယ်တဲ့၊ ဒီမြို့တံတိုင်းက အကုန်လုံး ပတ်ဝန်းကျင် လုံခြုံတယ်တဲ့၊ တံခါးကလဲ တစ်ပေါက်တည်း ရှိတယ်တဲ့ဘုရား၊ ဒိပြင် နေရာကဆိုလို့ရှိရင် အဲဒါ ကြောင်လို အကောင်လေးတောင်မှ ဝင်နိုင် ထွက်နိုင်တဲ့ အပေါက် မရှိဘူး ဘုရားတဲ့၊ တံခါးက လုံနေတယ်တဲ့၊ တံခါးမြို့တံတိုင်းက အလုံကြီး၊ တံတိုင်းကြီးဟာ အလုံလုပ်ထားတယ်တဲ့၊ မန္တလေးမှာ ရှေးတုန်းက ယခုလဲ ရှိပါသေးတယ်၊ ကောင်းကောင်း မပျက်သေးပါဘူး၊ နန်းတော်တံတိုင်းကြီးတွေ ဆိုတာရှိတယ်၊ အဲဒီအထဲ ဝင်ချင် လို့ရှိရင် သူက တံတိုင်းပေါက်က ဝင်မှပဲ ဖြစ်တယ်၊ ဒိပြင်ကဝင်လို့ မဖြစ်ဘူး၊ ထွက်ချင်လဲ တံခါးပေါက်ကပဲ ထွက်လို့ရတယ်၊ ရှေးကဆိုရင် ဘယ်ကမှ ထွက်လို့မရဘူး၊ ယခုနေအခါတောင် လေယာဉ်ပျံလေးဘာလေးနဲ့ ကျော်ထွက်ရင် ဖြစ်မှာပေါ့လေ၊ ဒါကတော့ ပြောလို့ မဖြစ်ဘူး၊ ဒါရိုးရိုးအနေ စဉ်းစားမှ ဖြစ်မယ်။
အဲဒီတော့ အဲဒီမြို့ကြီးမှာ ဘုရားတဲ့၊ တံခါးစောင့်ကလဲပဲ ပညာရှိ တံခါးစောင့်ကလဲ စောင့်နေတယ် ဆိုပါတော့တဲ့၊ ဒီ တံခါးစောင့်က ဝင်တဲ့ ထွက်တဲ့ ပုဂ္ဂိုလ်တွေ သူအကုန်လုံး စစ်ဆေးပြီးတော့ ဝင်သင့်တဲ့ပုဂ္ဂိုလ် ဝင်ထုတ်သင့်တဲ့ ပုဂ္ဂိုလ်ထုတ် သူ ဒီလိုလုပ်နေတယ်၊ ဒီလိုလုပ်နေတော့ သူ သဘောပေါက်ပြီးတော့ ဘယ်မှ အပေါက် မတွေ့ဘူးဆိုတော့ သူ့စိတ်ထဲမှာ သဘော ပေါက်လာ တယ်တဲ့၊ တံခါးစောင့်က ဒီမြို့ထဲဝင်တဲ့ ပုဂ္ဂိုလ်တွေဟာ ဒီအပေါက်ကချည်း ဝင်ကြတာပဲ၊ အထဲထဲက ထွက်တဲ့ပုဂ္ဂိုလ်လဲ ဒီအပေါက်ကချည်း ထွက်ကြတာပဲ၊ ဒိပြင် အဝင်အထွက် မရှိဘူး၊ ဒါကို ဆုံးဖြတ်တယ်၊ နို့ ဒီတံခါးစောင့်က ဒီအထဲက ဝင်တဲ့ ထွက်တဲ့ပုဂ္ဂိုလ်တွေ အကုန်လုံး လိုက်ပြီးတော့ စေ့စေ့ငင လိုက်ကြည့်ဘို့ မလိုပါဘူးတဲ့၊ သူဟာ ဒီကနေပြီး ထွက်တယ် ဝင်တယ်ဆိုတာ သူသိ ပါတယ်တဲ့၊ အဲဒါလိုပါပဲတဲ့။
တပည့်တော် ဓမ္မချိန်ထိုးတဲ့နည်း တပည့်တော် သဘောပေါက်ထားတယ်တဲ့၊ (ဘုရားတိုင်း-၂)ဟာ သတိပဋ္ဌာန်လေးပါး တရားတွေ ပွားများရမယ်၊ သတိပဋ္ဌာန်လေးပါး တရားပွားများပြီးတော့ နီဝရဏတရား ငါးပါးပယ်ရမယ်၊ ဗောဇ္ဈင် ၇-ပါး တရား ပွားများရမယ်၊ ပွားများပြီးတော့ သစ္စာလေးပါး တရားသိရင် ဘုရားဖြစ်ကြတာပဲ၊ ဒီလို သဘောပေါက်ထားတယ်၊ဒီတော့ မြတ်စွာဘုရားက သာဓုခေါ်တယ်၊ အဲဒီနောက် လျှောက်ပြီးတော့ ချီးကျူးတာကိုး၊ ဒီချီးကျူးတာ တွေတော့ ဘုန်းကြီးက မဟောနိုင်ဘူး၊ အဲဒါတွေ အများကြီး၊ ဒါတွေကို ချီးကျူးနေလို့ရှိရင် တရားကို ဟောရမှာ မဟုတ်ဘူး၊ အဲဒါတွေ ချီးကျူးတော့ တစ်ခါတည်း အင်မတန်ကို အံ့သြစရာ ဂုဏ်တွေ ပေါ်လာတာကိုး၊ ပေါ်လာတော့ အရှင်အာနန္ဒာက သဒ္ဓါတရားရှိတဲ့ပုဂ္ဂိုလ်ကို သူက တစ်ခါတည်း ရှင်အာနန္ဒာက အင်မတန် ဝမ်းမြောက်ဝမ်းသာ ဖြစ်ပြီးတော့ တစ်ခါတည်း မြတ်စွာဘုရား ဝမ်းမြောက်ဝမ်းသာတဲ့ အကြောင်းတွေ သူက လျှောက်တယ်။
ဥဒါယီဆိုတဲ့ ကိုယ်တော်ကြီးက သူက သဒ္ဓါတရားမရှိဘူး၊ သဒ္ဓါတရား မရှိတော့ သူက ဘာပြောသလဲ ဆိုတော့ ရှင်အာနန္ဒာတဲ့၊ ဘုရားဂုဏ်တွေနဲ့ ပြည့်စုံနေလို့ ရှင်အာနန္ဒာ ဘာရလို့လဲတဲ့၊ ဒီဥစ္စာ ဘာမှ ဝမ်းမြောက်စရာ မရှိဘူးဆိုပြီး ဝင်ပြီး ကန့်ကွက်၊ သူက ကန့်ကွက်တယ်၊ မြတ်စွာဘုရားက ပြောရတယ်၊ မဟုတ်ဘူးတဲ့ ဒါအကျိုးရှိပါတယ်တဲ့၊ အာနန္ဒာ သူ့မှာ ဘုရားဂုဏ်တွေ သူမရပေမယ်လို့ သူ့ကျေးဇူးရှိတယ်တဲ့၊ ဒီလိုပီတိမောဇ္ဇ ဖြစ်တာတွေကလဲ ကုသိုလ်တွေပဲတဲ့၊ သူဟာ အကယ်၍ အရဟတ္တမဂ် အရဟတ္တဖိုလ် မရောက်လို့ရှိရင် လူ့ပြည်လောကမှာလဲ သူ ၇-ကြိမ်တိုင်တိုင် စကြာမင်း ဖြစ်နိုင်တယ်တဲ့၊ နတ်ပြည်လောက တွေမှာလဲ ၇-ကြိမ်တိုင်တိုင် အကြာကြီး မင်းဖြစ်နိုင်တယ်၊ အကျိုးတွေ ခံစားရရှိ နိုင်ပါတယ်ဆိုပြီးတော့ ဘုရားက ချီးကျူးရသေးတယ်။
အဲဒီတော့ သဒ္ဓါ တရား မရှိတဲ့ ပုဂ္ဂိုလ်က သူများတွေ အသီးသီး ပါမောဇ္ဇ ဖြစ်စရာ ကုသိုလ် ဖြစ်စရာတွေ ပြောလို့ရှိရင် သူက ဝင်ပြီးတော့ ကန့်ကွက်တယ်၊ အားပေးတာ မဟုတ်ဘူး၊ ဒါကြောင့်မို့ မွဲခြောက် သူကြဉ် ဒါကြောင့် သူ့ကို ဘုန်းကြီးက သူ့ကို မွဲခြောက်တယ်လို့ အမည်တပ်ထားတယ်၊ စာကလဲ မွဲခြောက်တဲ့ အဓိပ္ပာယ်ပါပဲ၊ အပိနိပ္ပ - မပြေပြစ်ဘူးတဲ့၊ ဂဒြပိဌ - မပြေပြစ်ဘူး၊ မြည်းရဲ့ကျောပေါ်မှာ (မြည်းဆိုတာ မြဲခေါ်တယ်) မြဲရဲ့ကျောပေါ်မှာ မြန်မာပြည်မှာတော့ တယ် မရှိဘူး၊ မြဲဆိုတာ မြင်ဖူးကြမယ်၊ မဟုတ်ဘူးထင်တယ်၊ မြင်းအသေးစားလေးပဲ၊ မြင်းလဲ မဟုတ်ဘူး။
အိန္ဒိယမှာတော့ ဒါတွေက သုံးတယ်၊ မြန်တာကိုး သူက၊ အဲဒီ အကောင်ရဲ့ကျော။ ဒီအကောင်ရဲ့ကျော ဆိုတော့ ဘယ်အဆီရှိလိမ့်မှာတုံး ခြောက်သွေ့နေတာ အဲဒါနဲ့အလားတူတဲ့ ပုဂ္ဂိုလ်တွေတဲ့၊ သဒ္ဓါ တရား တည်းဟူသော အဆီအနှစ် ခြောက်သွေ့နေတဲ့ပုဂ္ဂိုလ်တွေတဲ့၊ သဒ္ဓါတရားနည်းတဲ့ ပုဂ္ဂိုလ် တွေပေါ့လေ၊ ရတနာသုံးပါးနဲ့ စပ်ပြီးသကာလ ကိုင်းရှိုင်းခြင်းတဲ့ မရှိဘူး၊ ကြည်ညိုခြင်းလဲမရှိဘူး၊ ပီတိပါမောဇ္ဇ သူကိုယ်တိုင်လဲ မဖြစ်ဘူး၊ ပီတိပါမောဇ္ဇ ဖြစ်ခြင်း အကြောင်းကိုလဲ သူမပြောတတ်ဘူး။
အဲဒီလို ပုဂ္ဂိုလ်တွေ ကြဉ်မှတဲ့၊ အတူမနေနဲ့တဲ့၊ ဒီပုဂ္ဂိုလ်တွေ ဆရာသမား လုပ်ပြီးတော့ ဆည်းကပ် နေရင်တော့ ငါးပါး မှောက်တော့ မှာပဲ၊ ဒုက္ခ ဖြစ်တော့မှာပဲ၊ အဲဒါကြောင့် မွဲခြောက်သူကြဉ်၊ တရား အားထုတ်ရင်လဲ ဒီလိုပဲ၊ တရားအားထုတ်နေတဲ့ လူတွေလဲ ဒီလိုပဲ၊ မွဲမြောက်တဲ့ ပုဂ္ဂိုလ် အတူတူ နေရင်လဲ သဒ္ဓါတရား မဖြစ်ဘဲနဲ့ ကိုယ်ရှိတဲ့ သဒ္ဓါတရားတောင် ပျက်ပြီးတော့ တော်တော်ကြာ အားထုတ်ချင်တဲ့ စိတ်တွေ၊ အချို့ ဒီလိုပဲ တရားအားထုတ်နေပြီး သဒ္ဓါတရားနည်းတဲ့ ပုဂ္ဂိုလ်က ကိုယ်က တရားနဲ့ ကောင်းကောင်းမွန်မွန် အားထုတ်နေရင် ဘယ်သူက အဖျက်ဝင်လာ ကိစ္စမရှိပါဘူး၊ ဒီလောက်ပဲ တရားအားထုတ်လဲ ကိစ္စမရှိပါဘူး၊ နောက်တော့ အားမထုတ်ပဲလဲ နေနိုင်ပါတယ်၊ သိပ်အရေး မကြီးလှပါဘူးဆိုပြီး လျောက်ပြောတာနဲ့ တရားအားထုတ်တဲ့ပုဂ္ဂိုလ် စိတ်ပျက်ကရောတဲ့၊ အဲဒါလေးရှိတယ်၊ ဒါက အရေးကြီးပါတယ်။
သူက အဲဒါကြောင့် မွဲသူကြဉ်ရမယ်တဲ့၊ စိုစိုပြည်ပြည်ရှိတဲ့ ပုဂ္ဂိုလ်၊ သဒ္ဓါတရား ပြည့်စုံပြီးတော့ သကာလ ပီတိ ပါမောဇ္ဇတွေနဲ့ ပြည့်စုံနေပြီး ဘုရားတရားနဲ့စပ်ပြီးတော့ ပီတိပါမောဇ္ဇတွေ ဖြစ်တတ်တဲ့ပုဂ္ဂိုလ်၊ ကုသိုလ်ကောင်းမှုနဲ့စပ်ပြီး ရိုရိုသေသေ ရှိတတ်တဲ့ပုဂ္ဂိုလ်၊ အဲဒီလို ပုဂ္ဂိုလ်တွေ ကိုပဲ မှီဝဲဆည်းကပ်ပါတဲ့၊ ဒီလိုပုဂ္ဂိုလ်တွေ မှီဝဲဆည်းကပ်လို့ရှိရင် အဲဒီ ပုဂ္ဂိုလ်တွေ အတုအပ လိုက်ပြီးတော့ ဒိပြင်ပုဂ္ဂိုလ်တွေလဲ ကုသိုလ်တရားတွေ ဖြစ်ပါတယ်၊ ပီတိပါမောဇ္ဇတွေလဲ ဖြစ်တယ်။ အရေးကြီးတာက လူကြီးမိဘတွေဖြစ်တဲ့ ဆရာသမားဖြစ်တဲ့ လူကြီးတွေ သားသမီးတွေ တပည့်တွေအတွက် သိပ် အရေးကြီး တယ်၊ မိဘဆရာသမားဖြစ်တဲ့ ပုဂ္ဂိုလ်တွေက ရတနာသုံးပါး အကိုင်းအရှိုင်း ရှိလို့ရှိရင် ဒီကုသိုလ်ကောင်းမှုတွေကို လေ့လာပြီးပြုစုနေလို့ရှိရင်ဖြင့် သားသမီး မြေးမြစ်ဖြစ်တဲ့ ကလေးသူငယ်တွေဟာ အတုအပရပြီးတော့ သူတို့မှာ ကုသိုလ်ကောင်း မှုတွေ ဖြစ်တယ်၊ ပီတိပါမောဇ္ဇတွေဖြစ်ရတယ်၊ သူတို့လဲ ကုသိုလ်ကောင်းမှုတွေ ပီတိပါမောဇ္ဇတွေဖြစ်၊ ဒါတွေ သိပ်အရေးကြီးတယ်၊ အဲဒါ အင်မတန် အရေးကြီးပါတယ်။
ယခု တရား အားထုတ်တဲ့ ပုဂ္ဂိုလ်မှာတော့ ပီတိဖြစ်ရာ ဖြစ်ကြောင်း၊ အဲ-ဒီမွဲခြောက်သူကြဉ် ဆိုတာ သဒ္ဓါတရားနည်းတဲ့ ပုဂ္ဂိုလ်ကို ရှောင်ရမယ်တဲ့၊ သဒ္ဓါတရားနဲ့ပြည့်စုံပြီး စိုစိုပြည်ပြည်ရှိတဲ့ ပုဂ္ဂိုလ်ကို မှီဝဲရမယ်၊ ပီတိပါမောဇ္ဇ ဖြစ်အောင်လဲပဲ နှလုံး သွင်းရမယ်တဲ့၊ ထိုတွင် စိတ်ညွတ်ရန် ဒီသုံးခုပဲ၊ ကဲ-ဒါလေး ဆိုကြရဦးမယ်၊ နောက်နားကျမှ ပြောရမယ်။
မွဲခြောက်သူကြဉ်၊ စိုပြေယှဉ်၊ ထိုတွင်စိတ်ညွတ်ရာ၊
ကြည်ညိုဖွယ်ညွှန်ကြား၊ သုတ္တန်များ စဉ်းစားဆင်ခြင်ပါ-တဲ့။ (ဆို-၃)
ဒီနေ့ဟောဖို့ရာကတော့ ဒါဟောမှာကိုး၊ ယခုမှ စကာရှိသေးတယ်၊ ကြည်ညိုဖွယ် ပသာဒနီယ သုတ္တန္တပစ္စဝေက္ခဏာ ပသာဒနီယ - ကြည်ညိုဖွယ်ရှိတဲ့ သုတ္တန္တ သုတ်တရားတွေကို ပစ္စဝေက္ခဏာ ဆင်ခြင်ပါတယ်၊ ပီတိပါမောဇ္ဇ အားနည်းနေတဲ့အခါ တရားအားထုတ်တဲ့ပုဂ္ဂိုလ်က ကိုယ့်မှာတရားက မတိုးတက်လို့ ပီတိပါမောဇ္ဇတွေလျော့လို့ ပေါ်နေတဲ့ အခါကာလမှာ ဆင်ခြင်ရမှာ။
တရားအားထုတ်တဲ့ပုဂ္ဂိုလ်က မဆင်ခြင်တတ်လို့ရှိရင်လဲ တရားဟောတဲ့ ကမ္မဋ္ဌာန်းဆရာတွေက ဟော - ဟောပေးရတယ်၊ ဒီပုဂ္ဂိုလ်လျော့နေတယ်၊ ပီတိပါမောဇ္ဇ အဖြစ်နည်းနေပါတယ်၊ ဒီလို တရားကလေးတွေ မပြတ်ဟောပေးရတယ်။ ပီတိပါမောဇ္ဇ ဖြစ်အောင် သုတ္တန်တရားလေးတွေ ဟောပေးရတယ်၊ အခု တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေကလဲ ဒီလို ပုဂ္ဂိုလ်တွေ ပါချင်လဲ ပါနေ တာပါပဲ၊ ဒီနေ့ ဟောရမယ်၊ ကြည်ညိုဖွယ်သုတ္တန်တွေက အများကြီး ရှိပါတယ်၊ ဒါပေမယ်လို့ ဒီ ကနေ့တော့ အချိန်ရှိသလောက်ကြည့်ပြီးတော့ ပေါ်ရာ-ပေါ်ရာ လျှောက်ပြီးတော့ ဟောရမှာပဲ၊ အဲ- ကြည်ညိုဖွယ်ရာ သုတ္တန်တွေဆိုတာ အချို့ အများအားဖြင့်တော့ တရားနဲ့စပ်ပြီး ကြည်ညိုဖွယ်ရာ ရှိပါတယ်၊ ရှေ့က တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေနဲ့ စပ်ပြီးတော့ ကြည်ညိုဖွယ်တွေလဲ ရှိပါတယ်၊ တရားတော်တွေနဲ့စပ်ပြီး ကြည်ညိုနေတာတွေလဲ ရှိပါတယ်။
ကြည်ညိုဖွယ်ရာသုတ္တန်၊ အဲ-ကြည်ညိုဖွယ်ရာ သုတ္တန်တွေလို အဲဒါတွေ ဆင်ခြင်ရမယ်တဲ့၊ ဒါကတော့ ဗဟုသုတရှိတဲ့ ပုဂ္ဂိုလ်မှ ဆင်ခြင်တတ်မှာ၊ ဗဟုသုတမရှိရင် သုတ္တန် ကိုယ်မှမသိဘဲနဲ့ ဘယ့်နှယ် လုပ်လို့ ဆင်ခြင်မှာလဲ၊ ဒီတော့ကို ဆရာသမားက ဟောပြပေးရမယ်၊ အဲ .... ရှေးဦးစွာ ဒီ ပါထိကသုတ် ဆိုတာ ရှိပါတယ်၊ ဒီဃနိကယ်မှာ ပါထိကသုတ် အဲဒီသုတ်က အတိုချုပ်တော့ ဟောရမယ်၊ သုတ်ကြီးကတော့ အရှည်ကြီးပဲ။
ပါထိကသုတ်မှာ အခါတစ်ပါး မြတ်စွာဘုရားက ဘဂ္ဂဝကဆိုတဲ့ အိုးထိန်းသည်အထံ ရောက်သွားတဲ့ အခါကာလ ဘဂ္ဂဝဆိုတဲ့ ဘဂ္ဂဝအနွယ်ဖြစ်တဲ့ အိုးထိန်းသည်က မြတ်စွာဘုရားလျှောက်တယ်၊ မြတ်စွာဘုရားတဲ့ သုနက္ခတ္တဆိုတဲ့ လိစ္ဆဝီ မင်းသား တစ်နေ့က တပည့်တော်ဆီ လာတယ်တဲ့၊ သူက သူပြောတယ်တဲ့၊ မြတ်စွာဘုရားထံ ဂေါတမဘုရားထံ ဝင်ပြီးတော့ ရဟန်းသုံးနှစ် ရဟန်းပြုလာတယ်၊ အခုတော့ အဲဒီက လူထွက်လာတယ်၊ သာသနာတော်ကနေပြီး လူထွက်လာတယ်၊ အဘယ်ကြောင့် ထွက်လာသလဲဆိုတော့ ဆိုလို့ရှိရင် မြတ်စွာဘုရားက တန်ခိုးမပြဘူးတဲ့ သူ့က တန်ခိုး ပြစေချင်တာ၊ သူက တန်ခိုး မပြဘူး၊ ဒါကြောင့် သူ စိတ်ပျက်တာနဲ့ ထွက်လာတယ်လို့ သူပြောတယ်။ အဲဒါဟာဘုရား၊ သူပြောတာဟုတ်သလား ဘုရားတဲ့၊ မလျှောက်တတ်ပါဘူး၊ တပည့်တော်က ဒီလိုကြားရတယ်၊သူက ဒီလိုပဲပြောတယ်၊ တကယ်ဟုတ်သလား၊ မဟုတ်သလားဆိုတာ၊ ဘုရားက ဟုတ်တယ်၊ သူပြောတာက ဟုတ်တော့ ဟုတ်တယ်၊ ဒီအတိုင်းပါပဲတဲ့၊ ဒါပေမယ့် တန်ခိုးမပြလို့ ဆိုတာက အဲဒါက မဟုတ်ဘူး၊ ဒီဥစ္စာကတော့ သူထွက်သွားတာက ဟုတ်တယ်၊ ဒါကတော့ ဟုတ်တယ်၊ သုနက္ခလိစ္ဆဝီ မင်းသား လိစ္ဆဝီ မင်းမျိုးကနေ ဘုရားကျောင်းသို့ဝင် ရဟန်းပြု၊ သူညံ့တော့ မညံ့ပါဘူး၊ လူညံ့တော့ မဟုတ်ပါဘူး၊ သူ တရားအားထုတ်လို့ ကမ္မဋ္ဌာန်းဘက်က ဈာန်တွေ အားထုတ်လို့ အဘိညာဉ်တွေတောင်ရတာပဲ၊ ဒိဗ္ဗစက္ခုအဘိညာဉ်ရတယ်၊ အမြင်ပေါက်တာပေါ့လေ၊ အကြားအမြင် ပေါက်တယ်လို့ ပြောကြတာပေါ့။
တရားအားထုတ်ရင် တစ်ချို့က အကြားအမြင် သိပ်ပေါက်ချင်တယ်၊ သူက တယ်အကြားအမြင် ပေါက်ချင်ကြတယ်ကိုး၊ ဒါကတော့ အကြားအမြင်က အရေးကြီးတာ မဟုတ်ပါဘူး၊ သစ္စာတရား လေးပါးကို သိဖို့ရာ အရေးကြီးတယ်၊ အဲ-သူက အမြင်ပေါက်တယ်၊ အမြင်ပေါက်တော့ ဒိဗ္ဗစက္ခု အဘိညာဉ် ခေါ်တယ်၊ ဒါနဲ့ ကြည့်လိုက်လို့ရှိရင် နတ်ပြည်လောကတွေ မြင်တယ်၊ မြင်ရတယ်၊ နတ်ပြည်လောကတွေ လျှောက်ပြီးတော့ သူက တာဝတိံသာ စတုမဟာရာဇ် ယာမာ တုသိတာ ဒါတွေ လျှောက်ပြီး ပြီးတော့ သူမြင်ကြည့်ရင် သူမြင်ရတယ်၊ မြင်ရတော့ သူက စိတ်ထဲ နတ်ပြည်က ရုပ်အဆင်းတွေတော့ သိပ်လှတာပဲ၊ အဲဒီ နတ်တွေ သူတို့စကားပြောတာတွေ အမူအရာတွေ မြင်မှာပေါ့လေ၊ မကြားရဘူး။
အဲဒီတော့ ရုပ်အဆင်းလှတာလို သူတို့လဲ အသံတွေလဲ သိပ်ကောင်းလိမ့်မယ်လို့ ထင်တယ်၊ သူက ကြားချင်တယ်၊ နားထောင်ချင်တယ်၊ နားထောင်ချင် ကြားချင်ရင်တော့ အဲဒီကြားတဲ့နည်းကတော့ ဘုရားကို လျှောက်ဦးမှပဲလို့၊ ဒိဗ္ဗသောတ အဘိညာဉ်ခေါ်တယ်၊ ဒါက အကြားပေါက်တဲ့နည်း၊ အဲဒါပဲ ဒိဗ္ဗသောတ အဘိညာဉ် ရကြောင်း ဘယ်လိုလုပ်ပြီး၊ တရားအားထုတ်ရသလဲ ဘုရားလျှောက်တော့ မြတ်စွာဘုရားက အဲဒီ အဘိညာဉ်တရား အားထုတ်တဲ့နည်းကို သူ့ကိုမဟောဘူး၊ မဟောတာလဲ အကြောင်းရှိတယ်။
မဟောတာက သူ ဟောလိုက်ပေမယ်လို့ သူ အဘိညာဉ်ရဖို့ရာ အကြောင်းကလေး မရှိတော့ သူ့မှာ အကုသိုလ်ကံရှိတယ်၊ အဘိညာဉ်ရနိုင်တယ်၊ မရနိုင်အောင်လို့ တားမြစ်နေတာ အကုသိုလ်ကံ ရှိတယ်တဲ့၊ ရှေးက သူများတွေ နားပင်းအောင်လို့ လုပ်တာတဲ့၊ အဲဒီ အကုသိုလ်ရှိလို့၊ ဒါကြောင့် သူ ကြားတဲ့အဘိညာဉ်တော့ မရနိုင်ဘူးလို့ဆိုတယ်၊ အဲဒါ ဘုရားက နည်းမပေးဘူး၊ နည်းပေးလိုက်ရင် သူဟာ ကြားမှာ မဟုတ်ဘူး၊ ရမယ် မဟုတ်ဘဲကိုး၊ ရတော့ သူ့ဘုရားက ဘယ်လိုများ အောက် မေ့မယ်လို့ မသိဘူး၊ ဘုရားက မဟုတ်တဲ့နည်းတွေ ပေးတာပဲ၊ မမှန်တဲ့ နည်းတွေပေးတယ်၊ ဒီလိုဆို စွပ်စွဲဦးမှာကိုး။
မြတ်စွာဘုရားက ပေးကိုမပေးဘူး၊ ဒီနေရာ တရား အားထုတ်ဖို့ရာ မလိုပါဘူး ဆိုပြီးတော့ မြတ်စွာဘုရားက ပိတ်ထား လိုက်တော့ အခုချက်ချင်း အောက်မေ့၊ ဒီဂေါတမ ဘုရား သူ့တရားလေး ဝန်တိုလို့ နှမျောလို့ ငါလဲ မင်းမျိုးပဲလို့၊ သူလဲ မင်းမျိုးပဲ ငါလဲ မင်းသားပဲ၊ သူလဲ မင်းသားပဲ ငါလဲ ရဟန်း၊ သူလဲ ရဟန်းပဲလို့ ဒါတွေက တူနေတယ်၊ ငါလဲ အဘိညာဉ်ဒိဗ္ဗစက္ခုရပြီးတော့ အမြဲတမ်း နတ်ပြည်လောက မြင်နိုင်တယ်၊ သူလဲ မြင်နိုင်တယ်၊ ဒါလေးတူနေတယ်။
ဒီလိုဟာတွေတော့ နတ်တွေအသံတွေမကြားဘူး၊ ငါ မကြားဘူးသေး၊ သူကြားတယ်၊ ဒါကလေး ထူးတာပဲ၊ ဒီတော့ ဒါလေး ပေးလိုက်လို့ရှိရင် ဒီနည်းကလေးရသွားရင် ငါလဲကြားသူလဲကြား၊ အင်း-ငါနဲ့သူနဲ့ တန်းတူသွားမှာ စိုးလို့တဲ့၊ ဒီလို စဉ်းစား၊ သူက နေရာမကျချင်ဘူး ဆိုတော့ အဲဒီလို လျှောက်စဉ်းစားတယ်၊ အဲဒါကို အယောနိသော မနသိကာရ ခေါ်တယ်၊ ငါ မဟုတ်တာတွေ စဉ်းစားတာတွေ အကုသိုလ် ဖြစ်တယ်၊ အကုသိုလ် ဖြစ်ဖို့ရာ လမ်းဖွင့်လိုက်တာ၊ အဲဒီကနေပြီးတော့ ဘုရားကို အကုန်လုံး အကြည်အညို ပျက်တယ်၊ အကြည်အညို ပျက်ပြီးတော့ သူက တစ်ခြားဘဝ ရှေးရှေးသော ဘဝတွေကလဲ မဟုတ်တဲ့ ဘက်က မဟုတ်တဲ့ဘက်ကချည်း နေလာတာကိုး၊ အမူအရာ တွေတွေ့ရင် ကြည်ညိုတယ်၊ သူက နေရာမကျတာ ဆိုရင်တော့ အဲဒီလို မဟုတ်တာတွေကိုမှ သဘောကျတယ်။
အဲဒီတော့ကာ ဒါကြောင့်မို့ သူက ငါဘုရားကို လျှောက်တယ်၊ ဒီသုနက္ခတ္တဟာ အရှင်ဘုရား တပည့်တော်တော့ အရှင်ဘုရားကို ဆရာအဖြစ်နဲ့ တပည့်တော် တပည့်အဖြစ်နဲ့ မနေတော့ဘူး၊ အရှင်ဘုရားကို စွန့်တော့မလို့တဲ့၊ သူ လူထွက်တော့မယ်လို့ ပြောတယ်၊ ဒီတော့ မြတ်စွာဘုရားက မေးတယ်၊ ဟာ .... သုနက္ခတ္တ၊ သင်ဘာပြောတာတုန်း၊ နေပါဦး၊ မင်း သုနက္ခတ္တ မင်း ငါက ဆရာအဖြစ်နဲ့ ငါ့ဆီ လာနေလှည့်လို့ ငါကခေါ်တာလား၊ မင်းကလဲပဲ အရှင်ဘုရား ဆရာအဖြစ်နဲ့ တပည့်တော် နေလိုပါတယ်လို့ လာလျှောက်ဖူးလား၊ ဒီလိုမေးတော့ ....
အဲဒါ ဘုရားကလဲ မခေါ်ဘူးတဲ့၊ လျှောက်လဲ မလျှောက်ဖူးပါဘူးတဲ့၊ ဒါ သာသနာတော်ဝင် နေသူ၊ ဒိပြင် ပုဂ္ဂိုလ်တွေမှာ ရဟန်းပြုတာ နေမှာပေါ့လေ၊ ဘုရားဆီမှာ သူတိုက်ရိုက်ပြုတာ မဟုတ်ဘူး၊ ဘုရားက မေးတာကိုး မင်း ငါခေါ်သလားတဲ့၊ ခေါ်လို့လာနေသလား၊ မဟုတ်ဘူးတဲ့၊ မင်းက လာပြီး တော့နေမယ်လို့ လာလျှောက်သလား၊ တပည့်အဖြစ်နဲ့ လျှောက်သလား ဒီလိုလဲ မလျှောက်ဘူး။
နို့ ဒါဖြင့်ရင် နေပါဦး၊ မင်းက ဘယ်သူဖြစ်လို့ ငါက ဘယ့်နှယ်လုပ်လို့ စွန့်မှာလဲတဲ့၊ ဒီဥစ္စာ စွန့်တယ် ဆိုတာဟာ တစ်ဦးနဲ့တစ်ဦးနဲ့ အဆက်အသွယ်ရှိမှ စွန့်တယ်တဲ့၊ မင်းက ငါနဲ့ အဆက်အသွယ် ဘာမှလဲ မရှိဘူး၊ ဒီတော့ ဘယ့်နှယ်လုပ်လို့ စွန့်မလဲလို့၊ အရှင်ဘုရား တပည့်တော်ကို တန်ခိုးပြတော့ မပြဘဲ၊ သူက ပြောပြန်တယ်၊ မဟုတ်ဘူးတဲ့ နေပါဦးတဲ့၊ ဟေ့-သုနက္ခတ္တ ငါ့ဆီလာပြီး ရဟန်း ပြုလှည့် ငါ တန်ခိုးပြမယ်လို့ ဒီလို ပြောဖူးသလား၊ ဒီလိုလည်း မပြောဖူးဘူး၊ နေပါဦး မင်းက လျှောက်ဖူး လို့လားတဲ့၊ ဒါဟာ ငါ အရှင်ဘုရားဆီမှာ အရှင်ဘုရားက တန်ခိုးပြလို့ရှိရင် တပည့်တော်က အရှင်ဘုရားဆီ တပည့်ခံပြီး ရဟန်းပြုမယ်၊ အရှင်ဘုရား တန်ခိုး ပြရလိမ့်မယ်လို့ ဒီလိုများ လျှောက်ပြီးတော့ ပဋိညာဉ်များ တောင်းဖူးသလား မေးတယ်၊ ဒီလိုလဲ မတောင်းဖူးပါဘူး၊ နို့ဒါဖြင့်ရင် ဘာဆိုင်သလဲလို့ ဒီဥစ္စာ တန်ခိုးမပြတာနဲ့ ငါ စွန့်မယ်ဆိုတာ ဘာမှမဆိုင်ဘူး၊ မင်းက အင်မတန် လွဲနေပြီ၊ မြတ်စွာဘုရားက ပြောတယ်။
အဲဒီလို ပြောတော့ သုနက္ခတ္တ၊ မင်းစဉ်းစားကြည့်တဲ့၊ ဘုရားက အများကြီး ဆုံးမနေတာကို ဟိုဘုရားဆိုတာ အင်မတန် မေတ္တာ ကရုဏာ အင်မတန် ရှိတာပါပဲ၊ ရန်သူ ပုဂ္ဂိုလ်တွေလဲပဲ ကိုယ် အင်မတန် ရင်းနှီးတဲ့ လူအဖြစ်က ရလာတဲ့ သားတော် ရာဟုလာကဲ့သို့ ဒီလိုပဲ သတ္တဝါတွေ သနား ကြင်နာခြင်း ဒီလိုရှိနေတယ်၊ ဘာမှ ထူးတာ မဟုတ်၊ ခွဲခြားခြင်း ရှိတာ မဟုတ်ဘူး၊ သူ အကျိုးမဲ့တွေ ဖြစ်သွားမယ်လို့ မြတ်စွာဘုရားက သြဝါဒ ပေးတယ်။
သုနက္ခ၊ တယ် .... မင်း စဉ်းစားတဲ့၊ အဲဒီ ဝေသာလီပြည်က လိစ္ဆဝီမင်းတွေလဲ မင်းနာမည်ကြီး တစ်ယောက်ပဲ၊ မင်း လျှောက်ပြီးတော့ တရားဟောဖူးတယ်၊ ဒါကြောင့် ဘုရားဂုဏ်တွေ တရား ဂုဏ်တွေ ဒီဂုဏ်တွေ မင်းဟောလာပြီး တရားဂုဏ် တွေလဲဟောလာပြီး သံဃာ့ဂုဏ်တွေလဲ ဟောလာပြီးတဲ့၊ အဲ.... မင်းဟောလို့ တစ်ချို့လူတွေ သဘောကျတဲ့ ပုဂ္ဂိုလ်တွေ ဘုရား- တရား-သံဃာ ရတနာသုံးပါး အကြောင်းတွေ သဘောကျတဲ့ ပုဂ္ဂိုလ်တွေလဲ ရှိတယ်တဲ့။
အခု ဒီထဲကနေပြီး မင်းက သာသနာဘောင်မှာ ဒီအကြောင်းတစ်မျိုးနဲ့ ပြုပြီးတော့ မင်းလူ ထွက်သွားလို့ရှိရင် ဟိုလူတွေက မင်းဘယ့်နှယ် အောက်မေ့မတုံး၊ မင်းအရင်က အကောင်းတွေ ဟောလာတာပဲ၊ အခု မနေနိုင်လို့ ထွက်သွားတော့ သုနက္ခတ္တကြီးတော့ ဘုရားသာသနာတော် မကျင့်နိုင်လို့ သူ လျှောကျလာတာပဲ ဆိုပြီးတော့ မင်းကို ပြောလိမ့်မယ်၊ မင်း အကဲ့ရဲ့ ခံရလိမ့်မယ်၊ ဘုရားက ဟောတယ်၊ ဒါလဲပဲ သူ မစောင့်စည်းနိုင်လို့ ထွက်သွားတာပဲတဲ့၊ တန်ခိုးမပြတာနဲ့ မဟုတ်ဘူးတဲ့။
အခါတစ်ပါးမှာ မြတ်စွာဘုရား၊ သုနက္ခတ္တ ဘုရားသွားရာ နောက်က လိုက်လာလို့ သပိတ်သင်္ကန်း ယူပြီးတော့ ဝေယျာဝစ္စတွေလဲ ပြုပြီးတော့ လိုက်နေတယ်၊ ဘုရားနားကပ်ပြီးတော့ လိုက်နေတယ်၊ အဲ-ဘုရားနောက်က လိုက်ပါလာတယ်၊ ကုရုတိုင်းဥတ္တရ ဆိုတဲ့နိဂုံးကို ရောက်ကြတယ်၊ ရောက်တဲ့ အခါကာလ ကျတော့ အဲဒီမှာ ကောရခတ္တိယဆိုတဲ့ လူတစ်ယောက်က အစေလက ကုက္ကုရဝတီ ဒါခေါ်တယ်၊ ကုက္ကုရ ဒါခွေးအကျင့်ပေါ့၊ အဲဒီအကျင့်ကို သူကကျင့်တယ်၊ မြန်မာပြည်ကအနေနဲ့ဆို တော်တော် အံ့သြစရာကောင်းတယ်၊ အကျင့်ဆိုတာဟာ ယုံစရာကို မကောင်းဘူး။
ဒါပေမယ့်လဲ အိန္ဒိယအနေကတော့ ဟုတ်တယ်၊ သူတို့က ဒီလိုဟာမှ သဘောကျတယ်၊ ခုထက်ထိပဲ ကိုယ်တုံးလုံး ကျင့်တာတွေ ရှိတယ်၊ ခွေးဇာတ် အံ့သြစရာ သိပ်ကောင်းတယ်၊ ဒါမှ သူ့ဥစ္စာ ဘုရား ကျောင်းကြီးတွေ ဆောက်ပြီးတော့ ပုံတွေများ ရေးထားလိုက် သေးတယ်၊ ဘုန်းကြီး ဝင်ကြည့်တယ်၊ မုနိတဲ့ သူတို့ မုနိ ကိုယ်တုံးလုံးတွေပဲဆိုတာ ဒီဟာတွေကို သူတို့ ကိုးကွယ်နေတာပဲ၊ သူတို့ တော်တော် အံ့သြစရာ ကောင်းတယ်၊ သူတို့ လူတွေဟာ အမျိုးမျိုးပဲ။
အဲဒါ ကောရခတ္တိယ ဆိုတဲ့ လူတစ်ယောက်က ခွေးများလို ကျင့်တယ်၊ ခွေးအကျင့်ကျင့်တယ်၊ အဝတ်မရှိဘူး၊ အိပ်ရင်လဲ ပြာပုံပေါ်မှာ အိပ်တယ်၊ သွားရင်လဲ လေးဘက်ထောက် သွားတယ်၊ စားရင်လဲပဲ မြေပေါ်မှာ ပုံကျွေးမှ ခွက်နဲ့ ဘာနဲ့ ပန်းကန်နဲ့ ထည့်ကျွေးရင် မစားဘူး၊ မြေပေါ်မှာ ပုံကျွေးမှ သူက စားတယ်၊ အဲဒါ လေးဘက်ထောက်ပြီးတော့ စားတယ်၊ ဒီလို ကျင့်ရတာ၊ သူတို့ အယူအဆနှင့်ဆိုရင် ဒီလိုအကျင့်တွေ ကျင့်နိုင်လို့ရှိရင် နောင်ဘဝမှာ ရှေးက ပါလာတဲ့ အကုသိုလ် တွေ, ဝဋ်ကျွေးတွေလဲ အကုန် ကျေသွားတယ်လို့ ယူဆတယ်၊ နောင်လဲပဲ အကုသိုလ် အသစ်မရှိလို့ နောင်ဘဝကျလို့ရှိရင် အမြဲတမ်း ချမ်းသာနေမှာပဲလို့ ယူဆတာကိုး၊ ယူဆတော့ အဲဒီအကျင့်ကို၊ ကျင့်တယ်။
အဲဒါကျင့်နေတာ သွားတွေ့တော့၊ တွေ့တော့ ဒီ သုနက္ခတ္တက သူ့စိတ်ထဲမှာ သဘောကျသွားတာကိုး၊ သူက မဟုတ်ရာက လိုက်လာတဲ့ ပုဂ္ဂိုလ်ဟာ ဒီလိုပဲ၊ ဒါမျိုးမှ သူက သဘောကျတာ၊ ဘုရားနောက်က လိုက်ပြီးတော့ သူက စဉ်းစားတယ်၊ ပလိဗောဓ နည်းလိုက်တာ၊ ဒီရဟန်းကတော့ တယ်နေရာ ကျတယ်၊ သူက သဘောကျတယ်။
အချို့ရဟန်း ဆိုပေမယ်လို့ သင်္ကန်းတွေရော ဘာတွေရော ရှုပ်က ရှုပ်ပါဘိသနဲ့၊ သပိတ်ကြီးကလဲ လွယ်လာရသေး၊ ပလိဗောဓတွေ များတယ် ဒီရဟန်း သိပ်နေရာကျတာပေါ့၊ သူ့မှာ အဝတ်မရှိဘူး၊ အိပ်ရာလဲမလိုဘူး၊ စားခွက်သပိတ်လဲ မလိုဘူးတဲ့၊ သူဟာ သိပ်ပြီးတော့ နေရာကျတာပဲ၊ ဒါ အရဟံ သမဏော ဆိုတာ ဒီပုဂ္ဂိုလ်ဟာဖြင့် ရဟန္တာပဲလို့ သူက တွက်တယ်၊ သူလဲ သဘောကျတယ်၊ သူ စိတ်ကူးထဲ သဘောကျတာ မြတ်စွာဘုရားက သုနက္ခတ္တကို သုနက္ခတ္တအကြောင်းလဲ သိပြီးသား ဖြစ်တော့ ဆင်ခြင်ကြည့်လိုက်တာကိုး၊ သုနက္ခတ္တကြီး ဒါကြောင့် ဘာများစိတ်ကူးပါလိမ့်ဆိုပြီးတော့ သူ့စိတ်ကူးတွေ အကုန်လုံး ပေါ်နေတာကိုး၊ စာရေးပြသလို ဘုရားက အကုန်လုံး သိတာကိုး၊ ဘုရားမဟုတ်တောင်မှ ဒိပြင် ရဟန္တာ ပုဂ္ဂိုလ်တွေလဲ သိပါတယ်၊ သူများ စိတ်တွေဆိုတာသိတယ်၊ အဘိညာဉ်ရတဲ့ပုဂ္ဂိုလ်တွေ သူများစိတ်တွေ စဉ်းစားရင် သူများစိတ်တွေ အကုန်သိတယ်။
အဲဒါတွေသိပြီးတော့ မြတ်စွာဘုရားက သုနက္ခတ္တကို အမိန့်ရှိတယ်၊ သုနက္ခတ္တမင်း ငါ့နောက်က ရဟန်းဆိုပြီးတော့ သမဏဂေါတမ ဘုရား၏တပည့် သာကီဝင်မင်းသား ရဟန်းဆိုပြီးတော့ မင်းဝန်ခံနေတာ အံ့သြပါရဲ့၊ မင်းကတော့ အံ့သြစရာ ပါပဲဆိုတော့ သူက စိတ်ထဲအောက်မေ့တယ်၊ ဘာပြုလို့ ငါ့ကို ဒီလို နှိမ့်နှိမ့်ချချ ဘုရားက ဘာလို့ပြောရပါလိမ့်မလဲလို့၊ အရှင်ဘုရားက ဘာဖြစ်လို့ တပည့်တော်ကို အံ့သြရသလဲ ဆိုတော့ မင်းဟာလေတဲ့ မင်း ငါ့နောက်ကလိုက်လာပြီး မင်းသာကီဝင် မင်းသား တစ်ယောက်ပါပဲ၊ ရဟန်းပဲဆိုပြီးတော့ ဝန်ခံနေတာ သူ့ရဲ့သားနဲ့ ကောရခတ္တိယကြီး မင်းကြည်ညိုတယ် မဟုတ်လား၊ ဒါကြီးဟာဖြင့် ရဟန္တာပုဂ္ဂိုလ်ပဲလို့၊ ငါတို့မှာ တစ်ခါတည်း ရဟန်း ဆိုပြီးတော့ သင်္ကန်းတွေ သပိတ်တွေနဲ့ ပရိက္ခရာတွေနဲ့ အိပ်ရာနေရာတွေနဲ့ ရှုပ်ပါဘိသနဲ့၊ ပလိဗောဓ တွေနဲ့များလိုက်တာ။
ဒီပုဂ္ဂိုလ် သိပ်နေရာ ကျတာပဲဆို၊ မင်းဒီလို သဘောကျတယ်မို့လား ဆိုတော့ ဟုတ်ပါတယ်၊ ကျပါတယ်တဲ့၊ နို့-ဗျာတဲ့ သူတစ်ပါး ရဟန္တာဖြစ်တာကို ဝန်တိုစရာ မရှိပါဘူးလို့ သူက ပြောသေးတယ်၊ ဘုရားက ဝန်တိုလို့ ပြောတယ် အောက်မေ့တာ သူက လခုလဲဒီလိုပဲ၊ ယခု ကာလလဲ ဒီလိုပဲ သီလမှားနေတဲ့ ပုဂ္ဂိုလ်တွေမှားတယ် သွားပြောလို့ရှိရင် ဒီကောင်သူ့ကို မနာလိုလို့ ပြောတယ်၊ အောက်မေ့တတ်တယ်၊ တချို့မပြောရဘူး ဘုန်းကြီးများ အင်မတန် စောင့်စည်းရတယ်၊ သူများတွေ မဟုတ်ပေမယ်လို့ အသာ နားထောင်နေရတယ်၊ မဟုတ်ဘူးလို့ မပြောရဘူး ပြောလို့ရှိရင် သူဟာ မနာလိုတယ် အောက်မေ့နေမှာစိုးလို့ အသာကလေး နေရတယ်။
သူ့ဥစ္စာ အဲဒီတော့ ဘာကြောင့် ဝန်တိုရလဲလို့ သူကအပြစ်တင် လိုက်သေးတယ်၊ အပြစ်တင်တော့ မြတ်စွာဘုရားက မဟုတ်ဘူးတဲ့၊ မင်းအထင်လွဲနေလို့တဲ့၊ ငါ ဝန်တိုတာ မဟုတ်ပါဘူးတဲ့၊ ဒီပုဂ္ဂိုလ်ဟာ မင်းထင်တဲ့အတိုင်း ရဟန်းလဲ မဟုတ်ဘူး တဲ့၊ ရဟန်းဖြစ်ကြောင်း တရားလဲ သူဘာမှ မရှိဘူးတဲ့၊ ဘာမှအကျင့် မရှိဘူးတဲ့၊ ဒီပုဂ္ဂိုလ်ဟာလေ မင်းမှတ်ထားတဲ့ နောက် ခုနစ်ရက် နေတဲ့အခါကျလို့ရှိရင် အစာမကြေတဲ့ ရောဂါဖြစ်ပြီးတော့ သေလိမ့်မယ်တဲ့၊ သူဟာသေလို့ရှိရင်လဲပဲ ပြိတ်မြက်ရှိတဲ့သင်္ချိုင်းမှာ ချရလိမ့်မှာတဲ့၊ သူ့အလောင်း ဒိပြင်နေရာမှာ မဟုတ်ဘူး ပြိတ်မြက်ရှိတဲ့ သင်္ချိုင်းမှာ ချရမယ်၊ ပြီးတော့ကာ သူဟာ အသူရကာယ်ဘုံမှာ ဖြစ်မယ်တဲ့ အသူရကာယ်ဘုံ ဆိုတာဟာဖြင့်ရင် အသူရာထဲမှာဖြင့် သူဟာ အောက်ဆုံးပါပဲတဲ့၊ အဲဒီ အသူရကာယ် မျိုးမှာ သူသွားဖြစ်မယ်တဲ့၊ ပြိတ္တာမျိုးထဲမှာ အောက်တန်းထဲကပေါ့၊ ကာလကဉ္စိက ဆိုတဲ့ အသူရာများသာ ဖြစ်မယ်တဲ့၊အညံ့ဆုံးပဲတဲ့၊ အသူရာထဲမှာ အဲဒီ အသူရာမျိုးဖြစ်မယ်၊ ဖြစ်ပြီးတော့ မယုံရင် မင်းသွား မေးနိုင်သေးတယ်တဲ့၊ မင်း အလောင်းကြီးကို ကျောပုတ်ပြီးတော့ ကောရခတ္တိယ မင်းဖြစ်တဲ့ နေရာဌာန သိရဲ့လား၊ မေးလို့ရှိရင် မင်းအလောင်းကြီးက ထပြောလိမ့်မယ်တဲ့၊ ငါဟာ ကာလကဉ္စိက အသူရာမျိုး ဖြစ်ပါတယ်ဆိုတာ ပြောလိမ့်မယ်လို့ ဘုရားက ဒီလို သူ့ကိုပြောတာကိုး၊ အမှန် ဒီလိုပြောရတာ တခြားကြောင့်မဟုတ်ဘူး၊ သူ သဒ္ဓါတရားဖြစ်ပြီးတော့ ဘုရားစကား နားထောင်တာ နားထောင်အောင်လို့ ရိုသေအောင်လို့ပြောရတာ၊ ဒါပြောတော့ သူက မယုံဘူး၊ ကောင်းကောင်း မယုံဘူး၊ မယုံတဲ့အပြင် သူက ဘုရားထံ လိုက်ပြီး ကျောင်းရောက်တဲ့ အခါကျတော့ သပိတ် သင်္ကန်းတွေ ဘာတွေ သိမ်းဆဲပြီးတော့ သူက အဲဒီကောရခတ္တိယဆီ တိတ်တိတ် ပြန်သွားတာကိုး။
ပြန်သွားပြီးတော့ အဲဒီမှာ သွားပြီးတော့ ကောရခတ္တိယ သူတော့ ရဟန္တာကို ရိုရိုသေသေပဲ သေသေ ချာချာဝပ်ပြီး ခစားပြီး သူကပြောတာကိုး၊ အရှင်ကောရခတ္တိယ သူက ကြည့်လိုက်တော့၊ ဟာ.... ဒီဥစ္စာ ဂေါတမ ဘုရားတပည့်ပဲ၊ အဝတ် သင်္ကန်းကြည့်တော့ ဒီကောင် ဘာလုပ်လာပါလိမ့်မလဲ၊ သူက ခွေးများကျင့်သလို ခွေးများဟာလဲ ခွေးချင်းခွေးချင်း တွေ့လို့ရှိရင် သွားဖြဲပြီးတော့ ဒီလိုပြရသေး တာကိုး၊ ဒီလို လုပ်ရသေးတာကိုး။
အဲဒီမှာ အဲဒီလို လုပ်ပြီးတော့မှ ဘာလုပ်လာလဲ လို့မေးတော့ အရှင်ကောရခတ္တိယတဲ့ ငါတို့ဆရာ အရှင်ဂေါတမကတော့ ဒီလိုပြောတယ်၊ ဒီတော့ ကောရခတ္တိယက စိတ်ဆိုးတာပေါ့လေ၊ သူ့ကို ဒီလိုပြောရမလားလို့ နှိမ်ချပြောရမလားဆိုပြီးတော့ ဂေါတမဟာ တို့ရန်သူပဲကွာ၊ သူပေါ်လာတည်းက တို့ဘာမှ ဘုန်းလာဘ်သပကာ မရှိတော့ဘူး၊ တန်ခိုးဣဒ္ဓိပါဒ်တွေ အောက်ကျတယ်၊ သူကပြောမှာ ပေါ့ကွာတဲ့၊ မလိုလားတဲ့ ပုဂ္ဂိုလ်ဆိုတာ မဟုတ်တာတွေ ပြောမှာပဲဆိုတော့ ကောရခတ္တိယက ဒီဥစ္စာ မဟုတ်ဘူးတဲ့၊ သတိပြုပါတဲ့၊ ဒီအစာ ၇-ရက်နေလို့ရှိရင် အစားလွန်ပြီးတော့ အစာမကြေဖြစ်ပြီး သေလိမ့်မယ်လို့ ဆိုတယ်၊ အဲဒီတော့ အစာများ တိုင်းထွာပြီး စားပါ။
အေး .... ကိစ္စမရှိပါဘူး၊ ငါသတိနဲ့ ဝီရိယနဲ့ နေမှာပေါ့တဲ့၊ သွားသာသွားပါဆိုပြီးတော့ လွှတ်လိုက်တယ်၊ လွှတ်လိုက်တော့ သူပြန်လာတယ်၊ ပြန်လာပြီးတော့ နောက်ရက်-နောက်ရက် တွေလဲ အမြဲတန်း သွားပြီးတော့ သူက အားပေးနေတယ်၊ ဟိုက ကောရခတ္တိယကလည်း အစာ လွန်ပြီးတော့ သေလိမ့်မယ်ဆိုတော့ ဒီလောက်ရှိလှတာ ငါ ဒီကနေ့ကစ၍ အစာကို မစား တော့ဘူးဆို၊ သူက အစာ မစားဘူး၊ အစာနဲ့ မသေအောင်လုပ်တာ သေချင်တော့ ဒိပြင် နည်းနဲ့ သေချင် သေရောဆိုပြီးတော့ အစာကိုမစားဘူး၊ ဒီလိုလုပ်တာ ဒီလိုလုပ်တော့ သူကလည်း (နေ့စဉ်-၂) သွားပြီးပြောတယ်၊ အရှင်ကောရခတ္တိယ တစ်ရက်တော့ အောင်သွားပြီး၊ နေရာကျပြီ သတိပြုပါဦး၊ နောက် ၆-ရက် ကျန်သေးတယ်၊ သူ့ဥစ္စာသူက အမြဲတန်းသွားပြီးတော့ အားပေးနေတယ်၊ သူ ဒီလိုဖြစ်နေတာကို ဘုရားနောက်က သူဒီလိုဖြစ်နေ နောက်တစ်ခါ နောက် ၂-ရက်နေလဲ သွားသတိပေး၊ နောက် သုံးလေးငါး ခြောက်ရက် တိုင်အောင်ပေါ့လေ။
အဲဒီလိုသတိပေးပြီး ၆-ရက်လွန်သွားပြီ၊ ၆-ရက်တော့ အောင်သွားပြီ၊ နောက် ၁-ရက် ကျန် တော့တယ်၊ အောင့်လိုက်ဦး တစ်ရက်တော့ဖြင့် ၇-ရက်ကလဲ စေ့နေ၊ ဒီတော့ မကျန်းမာတဲ့ ပုဂ္ဂိုလ် ဆိုတော့ ၇-ရက်၊ ၇-ရက်လောက် မစားရတောင် ကိစ္စမရှိဘူးပေါ့၊ ကျန်းကျန်းမာမာကြီးနဲ့ မစား ရတော့ ဆာတယ်၊ သူက သိပ်စားချင်တာ၊ ၇-ရက်ကတည်း စေ့ပြီးတော့ အဲဒီ ကောရခတ္တိယကို ကိုးကွယ်တဲ့ ဒကာတွေလဲ ရှိသေးတာကိုး၊ သူ့ဒကာက ခါတိုင်း သူ့ဆွမ်းဒကာ ခါတိုင်း-ခါတိုင်း သူ အိမ်လာစားနေကျ သူက ဒီတော့ တို့အရှင်လဲ မလာတာ ၇-ရက်ရှိနေပြီ။
နေမကောင်းလို့လား ဘာလား၊ မပြောတတ်ဘူး၊ သွားကြည့်လိုက်ဦးမှပဲ ဆိုပြီးတော့ တစ်ခါတည်း ဆွမ်းသွားပို့တာကိုး၊ စားစရာတွေနဲ့ ဆွမ်းတွေကောင်းကောင်း မွန်မွန် ဝက်သားနဲ့ဘာနဲ့ (ဆွမ်းသွားပြီးတော့ပို့-၂)တော့ အကျိုးအကြောင်းတွေ မေးကြည့်တော့ (ဒီလို-၂)ပဲ ပြောတော့ ဟိုကျတော့ သူဆွမ်းလာပို့တဲ့ အကြောင်း ပြောပြီးတော့ သူ့ကို လှူရတာကိုး၊ လှူဆို ပေမယ်လို့ ခွက်တွေဘာတွေနဲ့ လှယ်နေစရာ မလိုဘူး၊ သူတော့ မြေကြီးပေါ်ပုံပြီး ကျွေးခဲ့ရတာပါပဲ၊ သူ့ဟာ ကတော့ လွယ်လွယ်တော့ လွယ်လွယ်ပဲ။
အဲဒီတော့ သူက ဟင်းနံ့တွေနဲ့ ဆွမ်းနံ့တွေနဲ့ မစားရတာကလဲ ၇-ရက်ရှိတော့ ဆာကလဲ ဆာလှနေတာကိုး၊ စားချင်စိတ်ကလဲ ပေါက်နေတာကိုး၊ စိတ်ကူးတယ်တဲ့ ကောရခတ္တိယက ဒီအစာ အစားပြီးရင် အဆာလွန်ပြီးတော့ အစာမကြေပြီး သေလိမ့်မယ်လို့တော့ ဆိုတယ်တဲ့၊ ငါအခု မစား ရတာလဲ ၇-ရက်ရှိပြီး၊ ဆာလဲဆာလှပြီ သေမှာကတော့ မစားဘဲနဲ့နေလဲ ငတ်ပြီးသေချင်လဲ သေမှာပဲတဲ့ မထူးဘူးတဲ့။
ဒီဥစ္စာ သေချင်းတူလို့ရှိရင် ဝ၀လေး စားပြီး သေတာ ကောင်းဦးမယ်၊ စားချင်လာပြီဟာကိုး၊ စားချင်လာတော့ ကိုယ့်ဟာကိုယ် တစ်ခါတည်းကို တစ်ဘက်က နေပြီးတော့ ရှေ့နေလုပ်ရသေး တာကိုး၊ ဆင်ခြေလဲ လိုက်ရသေးတာ၊ တစ်ခါတည်း ဒီလိုပဲ စိတ်က လုပ်ချင်လာပြီ ဆိုလို့ရှိရင် တစ်ဘက်ကနေပြီး အကြောင်းကလေး ကိုယ့်ဟာကိုယ် သူများပြလိုက်ရသေးတယ်၊ သူများ မသိပေမယ်လို့ စိတ်ကူးနဲ့ပေါ့လေ၊ ဒါကပ်ချင်လာပြီ ဆိုမှတော့ (ဘာကြောင့်-၂) လုပ်ဦးမှပဲ ဆိုပြီး တော့ တစ်ဘက်က နေပြီးတော့ ဒီလိုလုပ်ရသေးတာ၊ သူ့ဟာ အဲဒီတော့ ကောရခတ္တိယကလဲ သူက စားချင်လှပြီ၊ ဆာနေမှကိုး၊ စားချင်တဲ့ ဘက်ကနေ စားရမည့် ဘက်ကနေ အားပေးပြီး သူ စဉ်းစားလိုက်တာကိုး၊ မစားဘဲလဲ အစာငတ်တာနဲ့ ဒီနေ့ပဲ သေမှာပါပဲတဲ့၊ ဒီတော့ အစာငတ်ပြီး သေမည့် အတူတူတော့ ဝ၀လင်လင်နဲ့ သေရတာ ကောင်းပါတယ်၊ ဟိုကပြောတာ ဟုတ်ချင်မှ ဟုတ်မှာပါဆိုပြီးတော့ တစ်ခါတည်း သူစားတာကိုး။
စားတော့ ၇-ရက်လောက်ကလဲ မစားဘဲနေတော့ အစာအိမ်ကလဲ ပျက်နေလိမ့်မယ်၊ စားတာကလဲ နည်းနည်း လွန်သွားပါလိမ့်မယ်၊ အဲဒီည အစာမကြေဘဲနဲ့ သူ့ခမြာ သေရှာပါရော၊ သေတော့ ကောရခတ္တိယ သတင်းကြားတယ်တဲ့၊ ဟုတ်တယ် သွားကြည့်တယ်၊ အင်း-ဂေါတမပြောတာ တစ်ချက်တော့ မှန်သွားပြီ၊ သို့သော်လည်း နောက်အချက်တွေက လွဲနိုင်စရာ အကြောင်း ရှိသေး တယ်ဆိုပြီးတော့ သူက သွားပြီးတော့ အားပေးပြန်တယ်၊ ဟိုကလူတွေ သူ့တပည့်တွေ ရှိတာကိုး။
ကောရခတ္တိယ တပည့်တွေ၊ အေး-ဟုတ်ပြီကွ တဲ့၊ သူပြောတော့ ဂေါတမပြောတာ တစ်ခုမှန်သွားပြီ၊ ဒီတော့ နောက်ဟာတွေက ပြိတ်မြက်ရှိတဲ့ သင်္ချိုင်း ချရမယ် ဆိုတာပဲကွာတဲ့၊ ဒါကဖြင့် ပြိတ်မြက် မရှိတဲ့ သင်္ချိုင်းချလိုက် ပြီးတာပဲတဲ့၊ ဒါဖြစ် ပါတယ်တဲ့၊ ဒီဥစ္စာတော့ လုပ်ကြကွာ၊ ကြိုးစားကြတော့ ကောရခတ္တိယ အလောင်းကို ကြိုးနဲ့ချည်ပြီးတော့ ဆွဲကြတာကိုး၊ ဆွဲပြီးတော့သွားတော့ တော်တော် ကြာလို့ ပစ်ထားလို့ ရှေးတုန်းက သင်္ချိုင်းက လူတွေမြှုပ်ပုံ မရပါဘူး၊ လူတွေ ဒီလိုပစ်ထားတာပဲနဲ့ တူပါတယ်။
တော်တော် ဝေးလောက်လို့ ပစ်ကြစို့ရဲ့ဟေ့၊ ကဲ-(ကြည့်ဦးကွ-၂) ပြိတ်မြက်များ ရှိသလား ကြည့်ဦးဆိုတော့ ကြည့်လိုက်တော့ ပြိတ်မြက်တွေက ရှိနေတာကိုး၊ မဟုတ်သေးဘူးကွ မဟုတ် သေးဘူး၊ (ဆွဲကြဦး-၂) ဆိုပြီး တစ်ခါပြန်ဆွဲကြပြန်ရော၊ ဒီလို နောက်တစ်ခါ ပစ်မယ်လို့လုပ်ပြန် ပစ်ရင် ပြိတ်မြက်တွေက ရှိနေတယ်၊ (ဆွဲကြဦးကွ-ဆွဲကြဦးကွနဲ့-၂)ဆွဲရင်း ဆွဲရင်းနဲ့ နောက်တော့ ကြိုးကပြတ် ကြိုးကပြတ် သွားတော့ နောက်ဆွဲလို့ လှုပ်လို့မရဘူး၊ (ကြည့်ကြဦးကွ-၂)ဆိုတော့ ဟိုမှာ ပြိတ်မြက်တွေက ရှိနေတယ်၊ ဆွဲလို့ လှုပ်လို့ကိုမရတော့ဘူး၊ ဒါဖြင့်ရင် မတတ်နိုင်ပါဘူးကွာ သူ့ဟာမှန်သွားပြီ ဆိုပြီးတော့ လက်လျှော့လိုက်တယ်။
လျှော့လိုက်ရတော့ သုနက္ခတ္တက သိတယ်၊ စဉ်းစားတယ်၊ နှစ်ခုတော့ မှန်သွားပြီတဲ့၊ ဒီတော့ ကာလဉ္စိက အသူရကာယ် ဘုံမှာ ဖြစ်တယ်၊ အဲဒါ ဟုတ်-မဟုတ်ကို မေးနိုင်တယ်တဲ့ဆိုပဲ၊ ဒီအလောင်းကြီးက ထပြောမယ်တဲ့ ဒါကတော့ မဟုတ်နိုင်ဘူး၊ အလောင်းဆိုတာ ဘယ့်နှယ်မှ မထ နိုင်ဘူး၊ သေပြီးတော့မှ ဘယ်ကလာ ထနိုင်ရမလဲ မဟုတ်နိုင်ဘူး။ ဒါတော့ မှားရမှာပဲဆိုပြီးတော့ သူက တစ်ယောက်တည်း သွားပြီးတော့ ကောရခတ္တိယ အလောင်းကို ကျောပုတ်ပြီးတော့ ဟေ့-ကောရခတ္တိယလို့၊ ဟိုက အလောင်းကြီးက ထလာတယ်၊ မင်းဖြစ်တဲ့ဘုံများ သိရဲ့လားလို့ဆိုတော့ ဟိုက ထထိုင်ပြီးတော့ သိပါတယ်ကွာ။
ငါကတော့ ငါဖြစ်တဲ့ဘုံက ကာလကဉ္စိက အသူရာဘုံဆိုတာ အသူရာထဲတော့ အညံ့ဆုံးပါပဲတဲ့ အဲဒီအသူရာမျိုးမှာ ငါဖြစ်တယ်လို့ ပြောပြီးတော့ တစ်ခါတည်း အလောင်းကြီးက ပြန်ပြီး ဘုန်းကနဲ လဲသွားတယ်၊ ဒီတော့ အကုန်လုံးမှန်တယ်၊ မှန်သွားတော့မှ ဘုရားကျောင်းတော် ပြန်လာတာကိုး၊ လက်မှိုင်ချပြီး ပြန်လာတော့ ဘုရားက သိတယ်၊ သူ့ဥစ္စာ အကုန်လုံးသိတော့ သုနက္ခတ္တ မင်းဟိုသွား မင်းမေးကြည့်တော့ ဘယ့်နှယ်နေတုန်း၊ ငါဟောတာတွေ ပြောတဲ့အတိုင်း ဟုတ်ရဲ့လား၊ မဟုတ် ဘူးလား၊ ဘယ့်နှယ်နေတုန်း ဆိုတော့ ဒီတော့မှ ဟုတ်ပါတယ်တဲ့၊ ဒါဖြင့်ရင် မင်းငါ့ကို တန်ခိုးမပြဘူး မပြဘူးနဲ့ ဘယ့်နှယ်တုန်း ဒါဆိုရင် တန်ခိုးပြတာမဟုတ်ပေဘူးလား၊
ဒါဆိုရင်တော့ တန်ခိုးပြသလို ဖြစ်နေတာပဲ၊ ဒါပေမယ့် သူ့စိတ်ထဲတော့ သိပ်တော့ သဘော မကျသေးဘူး၊ အဲဒီလိုဟာကို တစ်ခုပြောပြီးတော့ နောက် ထိုစဉ်အခါ ကာလတုန်းက ဝေသာလီ ပြည်မှာ ကဠိရမတ္တာ ဆိုတဲ့ လူတစ်ယောက်ရှိတယ်တဲ့၊ သူကလဲပဲ ဝတ် ၇-ပါးကျင့်နေတယ်၊ ဝတ် ၇-ပါးက ယခု ဘာသာတရား တွေဆိုတာ ပုံတော်သလို ဖြစ်နေတာတွေ၊ ယခုကာလ ဘာသာတွေလဲ ဒီလိုပဲ လျှောက်ကြည့် အခြေအမြစ် ဘာမှသိပ်ရှိတာ မဟုတ်ဘူး၊ ဒီလိုဟာတွေ ဖြစ်ဖြစ်နေတာတွေ၊ အဲဒါကြောင့် ဒါလေးတွေလဲ နည်းနည်း သိအောင်လို့ ဘုန်းကြီးက ဒီမှာ ဗုဒ္ဓဘာသာနဲ့စပ်ပြီး ကြည်ညိုစရာတွေ အင်မတန် ကောင်းပါတယ်လို့ အခြေအမြစ်တွေ သိပ်ရှိတာ။
အဲဒါတွေက နောက်နားကျမှ ပြောရမယ်၊ အဲဒီ ကာလမတ္တ ဆိုတာက ဝတ် ၇-ပါးကျင့်တယ်၊ သူ့ဝတ် ၇-ပါးက ဘာတုန်းဆိုရင် ပထမ ဝတ်က တစ်သက်ပတ်လုံး အဝတ်မပါဘူး၊ ကိုယ်တုံးလုံး နေတော့မယ်ပေါ့လေ၊ ဒါက အကျင့်တစ်ခု၊ ဒါကလဲ ဗုဒ္ဓဘာသာတွေအဖို့ အမြင်နဲ့ ဆိုလို့ရှိရင် ဘာမှကောင်းတာတွေ မဟုတ်ဘူးပေါ့၊ သို့သော်လည်း သူတို့ အိန္ဒိယမှာတော့ ဒါက ဂုဏ်ရှိတယ်၊ သူ့ဟာနဲ့သူတော့ ဂုဏ်ရှိနေတာ၊ ဟိုမှာ လူတွေက ဒီလို ဖြစ်နေတယ်။
နောက် အဗြဟ္မစရိယ အကျင့်ကို ကျင့်မယ်တဲ့၊ ဗြဟ္မစရိယ ဆိုတဲ့ အကျင့်ကို ကျင့်မယ်တဲ့၊ အဗြဟ္မ မေထုန်မှုမပြုဘူး၊ ဒါကတော့ ကောင်းပါတယ်၊ ဗြဟ္မစရိယ တစ်သက်ပတ်လုံး ဗြဟ္မစရိယ အကျင့်ကို ကျင့်မယ်တဲ့၊ ဒါကတော့ ကောင်းပါတယ်၊ တစ်သက်ပတ်လုံး သေရည်အရက်ပဲ သောက်စားမယ်တဲ့၊ ထမင်းတွေ မုန့်တွေ မစားတော့ဘူးတဲ့၊ ဒါကလဲ သူ့ကျင့်ဝတ်တစ်ခုပဲ၊ ဒါလဲပဲ လောက ထူးထူး ဆန်းဆန်း လုပ်ရင် တစ်ချို့က အကောင်းထင်တယ်၊ ယခု ဗုဒ္ဓဘာတွေတောင်မှ ဒီလိုပဲ တစ်ချို့က ဆွမ်းမစားဘူးတဲ့၊ သစ်သီးစားမယ်တဲ့ ဆိုရင် သူ့ဟာက ဟုတ်မလိုလို တစ်ချို့ သစ်သီးစားတယ်တဲ့၊ သစ်သီးစားတဲ့ ပုဂ္ဂိုလ်ကလဲ သူ့အကြောင်းနဲ့သူ စားနေတာပါ၊ အကျိုးရှိတယ်၊ အသီးပဲ စားနေတာ၊ ဆွမ်းစားလို့ ရှိရင်ဖြင့် ဆွမ်းစားလို့ရှိရင် အစာ မကြေလို့ နွားနို့ချည်းပဲ သောက်နေတဲ့ ပုဂ္ဂိုလ်လဲ ရှိတယ်။
အဲဒါ တစ်ချို့လဲ ဒါကိုပဲ အကျင့်တစ်မျိုး မှတ်ပြီးတော့ ကြည်ညိုနေတာ ရှိသေးတာကိုး၊ ဒီလိုပဲ ဘယ်ထူးမလဲ သစ်သီး စားနေတာ သစ်သီးကလဲပဲ သစ်ပင်က ဖြစ်တာပဲ၊ ဆွမ်းကလဲပဲ ဒီစပါးပင်က ဖြစ်တာပဲ၊ ဘာမှမထူးပါဘူး၊ သူ့ဥစ္စာ သက်သတ်လွတ်လဲမဟုတ်၊ ဘာလဲမဟုတ် သက်သတ်လွတ်လဲ မခေါ်နိုင်ဘူး၊ သူ့ဥစ္စာ အအတူတူပဲ ဖြစ်နေတာ၊ ဒါပေမယ့် ထူးထူးခြားခြားလေး လုပ်လို့ရှိရင် ဒါကိုပဲ ကောင်းတယ်ထင်တာကိုး၊ ၃-ခု ရှိသွားပြီ။
အဲဒီတော့ ဝေသာလီပြည်မှာတဲ့၊ အရှေ့ဘက်က ဥဒေနဆိုတဲ့ နတ်ကွန်းကြီးရှိတယ်၊ နတ်ကွန်း ပေါ့လေ၊ နတ်ကွန်းကြီးကို ထူးထူးခြားခြား ဒါတွေကို ဟိုတုန်းက ဘုရားတွေပါပဲ ဘုရားမပွင့်ခင် တုန်းက ဒါတွေကို ဘုရားတွေပဲ၊ နတ်ကိုးကွယ်တဲ့ လူတွေမှာတော့ ဒါတွေဟာ အမွန်မြတ်ဆုံး ဘုရားတွေပါပဲ၊ ဥဒေနဆိုတဲ့ စေတီရှိတယ်၊ တောင်ကနေပြီးတော့ ဂါဒေါမကဆိုတဲ့ စေတီရှိတယ်၊ အနောက်ကတော့ကို သတ္တမ္မဆိုတဲ့ စေတီရှိတယ်၊ မြောက်အရပ်ကတော့ကို ဗဟုပုတ္တဆိုတဲ့ စေတီရှိတယ်။
စေတီ ၄-ခု၊ နတ်ကွန်းကြီး ၄-ခုပေါ့လေ၊ အဲဒီ ၄-ခုကို မကျော်လွန်ဘူး၊ ဒီနယ်ပယ် အတွင်းမှာပဲ သူ နေမယ်ပေါ့လေ၊ တစ်သက်လုံး ဒီ ၄-ခုကို ကျော်လွန်ပြီး သကာလ မသွားဘူးလို့ဆိုပြီး ဆောက်တည် တာကိုး၊ အဲဒီတော့ ဒီနယ်ပယ် ၄- ခုက မကျော်လွန်တာက ၄-ခုရယ်၊ အခုနက အဝတ် မဝတ် တာရယ်၊ သေအရက်သာ သောက်စားမယ်၊ ထမင်းမစားဘူးဆိုတာရယ်၊ ပြီးတော့ကို အဗြဟ္မစရိယ ကျင့်ရှောင်တာ၊ ဒီ ၃-ခုရယ် ပေါင်း ၇-ခုပေါ့၊ အဲဒါကို ဆောက်တည်ပြီးတော့ ကျင့်နေတာနဲ့ လူသိ နတ်ကြား ဖြစ်ပြီးတော့ အောင်မယ် သူ့လဲ ကြည်ညိုတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဘုန်းတန်ခိုး ကြီးနေတယ် ဆိုတာကိုး၊ တစ်ခါတည်း အဲဒါတွေနဲ့ စပ်ပြီးတော့ သူက တွေ့ရ သိရလို့ သုနက္ခတ္တက အဲဒါလဲ ကောင်းတယ်လို့ ထင်လာတာကိုး။
ထင်လာတော့ ဘုရားကပြောတယ်၊ ဒီပုဂ္ဂိုလ်လဲပဲ ကျင့်ဝတ်တွေ တစ်နေ့ကျ ပျက်မှာပဲ၊ မကြာခင် ဒီဝတ်တွေအကုန်လုံး ကျိုးပျက်ပြီးတော့ အိမ်ထောင်ရက်သားကျပြီး ကျင့်ဝတ်တွေ ဖောက်ပြားပြီး သကာလ မကြာခင် သေလိမ့်မယ်လို့ ဟောတာကိုး၊ အဲဒါကိုလဲ သူကသွားပြီးတော့ သတင်းပေးပြန်တယ်၊ သတင်းသွားပေးမယ်လို့ နောက်မကြာခင်ဘဲ မြတ်စွာဘုရား ဟောကြား တဲ့အတိုင်းပဲ၊ အဝတ်မဝတ်ဘူးဆိုတာကလဲ အဝတ်ဝတ်လို့ အိမ်ထောင်ရက်သားတွေကျလို့ အဗြဟ္မစရိယတွေလဲ ကျင့်လို့ သူများလိုပဲ ထမင်းတွေ မုန့်တွေ စားလို့ပေါ့လေ၊ နယ်ပယ်တွေလဲပဲ ဟိုဘက် ဒီဘက်ကို သွားချင်ရာတွေသွား ကျူးလွန်ပြီး တော့ အကုန်လုံး ဝတ်တွေ ပျက်ပြီးတော့ မကြာခင်ပဲ သူလဲ သေသွားတယ်။
အဲဒီတော့ မြတ်စွာဘုရားက မေးပြန်တယ်၊ သုနက္ခတ္တတဲ့၊ ငါပြောတဲ့အတိုင်း ဘယ့်နှယ်နေတုန်းတဲ့၊ ဒါလဲမှန်ပါတယ်၊ မှန်လို့ရှိရင်တော့ကာ တန်ခိုးဗျာဒိတ်တွေ မဟုတ်လား ဆိုတော့ ဒီလိုဆိုတော့၊ ဒီလိုဆိုရင်တော့ တန်ခိုးဗျာဒိတ်တော် ပြတာပဲတဲ့၊ ဝန်ခံတယ်၊ ဒါပေမယ့် သူ့စိတ်ထဲမှာ မကျေနပ်ဘူး၊ ဒီလိုဟာတွေကို နောက် ပါဌိကပုတ္တ၊ ပါဌိကပုတ္တဆိုတဲ့ပုဂ္ဂိုလ်က သူက သူကလဲပဲ ပရိဗိုဇ်တစ်ယောက် သူက သူ့ ပရိသတ်နဲ့သူ ဟောပြောနေတယ်၊ သူလဲပဲ ဉာဏဝါဒပဲ၊ ဉာဏ်အကြောင်းတွေ ဟောပြောနေတာပဲ၊ ဂေါတမဘုရားလဲ ဉာဏဝါဒ ဉာဏ်အကြောင်းတွေ ဟောပြောနေတာပဲ၊ ဘာမှ မထူးပါဘူးတဲ့။
ဂေါတမဘုရား တစ်ခု ပြောလို့ရှိရင် သူ ၂-ခု ပြောနိုင်ပါတယ်တဲ့၊ ဂေါတမက ၂-ခု ပြောလို့ရှိရင် သူက ၄-ခု ပြောနိုင်ပါတယ် ဆိုပြီးတော့ ကြွားနေတာ၊ အကယ်၍သာ ၂-ဦးချင်းဆုံပြီးတော့ ပြောရမယ် ဆိုလို့ရှိရင် ပြောနိုင်ပါတယ်၊ ပြောရဲပါတယ်လို့ သူကပြောတော့ ဒါနဲ့ မြတ်စွာဘုရားက (သုနက္ခတ္တ-၂)ကနေပြီးတော့ သွားပြီးတော့ စုံစမ်းပြီးတော့ သူ သဘောကျတာနဲ့ ယုံကြည်ချက် ချပြီးတော့ မြတ်စွာဘုရားကို ပြောတယ်၊ ဒါနဲ့ မြတ်စွာဘုရားက ပြောတယ်၊ ဒါမဟုတ်ဘူးတဲ့၊ ဒိပါဌိက ပါဌိ၏သား၊ ပါဌိကပုတ္တ ဘာမှပြောနိုင် ဆိုနိုင်တဲ့သတ္တိ မရှိပါဘူးတဲ့၊ ဒီပုဂ္ဂိုလ်ဟာ ငါဘုရား၏ မျက်မှောက်သို့ မလာနိုင်ဘူး တဲ့၊ မျက်မှောက်သို့ မရောက်ထိုက်၊ မရောက်ထိုက်တော့ဘူးတဲ့၊ သူပြောတဲ့စကားတွေ အင်မတန် လွန်ကျူးနေကုန်ပြီ ဆိုတော့ သုနက္ခတ္တက မြတ်စွာဘုရားကို လျှောက်တယ်။
မြတ်စွာဘုရား ဒါတော့ ဒီစကားတော့ဖြင့် သည်းခံတော်မူပါဘုရား၊ ဒီလောက်တော့ လွန်လွန် ကျူးကျူးတော့ မပြောပါဘူးတဲ့၊ ဗွေမယူပါနဲ့ဘုရား၊ ဟာ.... သုနက္ခတ္တ နင်ဘာဖြစ်လို့ ဒီလို ပြောရသလဲ၊ မဟုတ်ပါဘူး ဘုရားတဲ့၊ ဒီ ပါဌိကပုတ္တက ပကတိရုပ်နဲ့ မဟုတ်ဘဲ ရုပ်နဲ့ချုပ်ပြီးတော့များ အရှင်ဘုရား မျက်မှောက်၌များ ရောက်လာလို့ရှိရင် အရှင်ဘုရား စကားမှားသွားမှာ စိုးလို့ပူတာပါ၊ သူ့စိတ်ထဲမှာ တန်ခိုးကြီးတယ်လို့ ထင်နေတာကိုး၊ သူက တန်ခိုးကြီးတဲ့ ပုဂ္ဂိုလ်ဆိုတော့ ဘုရားဆီ ကိုယ်ရောင် ဖျောက်ပြီးတော့ လာလိမ့်မယ် အောက်မေ့တယ်၊ ရောက်လာလို့ရှိရင် ဘုရားက မသိဘဲနဲ့ နေမှာ သူက စိုးရိမ်တယ်၊ အဲဒီ အနေမျိုးနဲ့ပူတာ၊ ဘုရားစောင့်ရှောက်တဲ့ အနေမျိုးနဲ့ မြတ်စွာဘုရား မြတ်စွာဘုရား ဒီလောက်တော့ လွန်လွန်ကျူးကျူး မယူပါနဲ့ ဘေးကနေပြီးတော့ သူက ပြောလိုက် သေးတာကိုး။
ငါဘုရား ဒီပုဂ္ဂိုလ်တွေ၏ အကြောင်းကို အကုန်လုံး သိလို့ပြောတာ သူက ငါဘုရား၏ မျက်မှောက် မရောက်ထိုက်ပါဘူးလို့ပြောတော့ သူ အဲဒါတွေလဲ သွားပြီးပြောတော့ တစ်နေ့ ဒီအခါကျတော့ မြတ်စွာဘုရား ဆွမ်းခံပြန် ဆွမ်းဘုန်းပေးပြီးတဲ့ အခါမှာ တစ်နေ့တော့ တစ်ခါတည်း အဲဒီ ပါဌိကပုတ္တရဲ့ နေရာဌာနကို မြတ်စွာဘုရား ကြွသွားရာ ဒီတော့ ပါဌိကပုတ္တက ပထမ ပြောထားတာက ဒီ အကယ်၍ ဟိုဒင်း တွေ့လို့ရှိရင်ဖြင့် ပြိုင်ဆိုင် ပြောရမယ်၊ ဆိုလို့ရှိရင် သူကလဲ ခရီးတစ်ဝက် သွားပါမယ်။
သူကလဲ ခရီးတစ်ဝက်လာခဲ့၊ ဂေါတမ ဘုရားကလဲ ခရီးထွက်လာခဲ့ သူကလဲ ခရီးထွက်လာခဲ့၊ လမ်းတစ်ဝက်ဆီမှာ ဆုံပြီးတော့၊ တွေ့ပြီးတော့ ဝါဒပြိုင်ကြရအောင်လို့ ပြောထားတဲ့ သူက မြတ်စွာဘုရား သူ့ကျောင်းသွားတယ်၊ ဘုရားတစ်ပါးတည်းပဲ သွားတယ်၊ ပရိသတ်တွေ ဘာတွေ ခေါ်မသွားဘူး၊ ပရိသတ်တွေ ခေါ်သွားလို့ရှိရင်ဖြင့် နောက်ပါပရိသတ်တွေနဲ့ အနိုင်ကျင့်နေတာလို့ ဖြစ်နေမယ်ဆိုလို့ မြတ်စွာဘုရား တစ်ပါးတည်းပဲ ကြွတယ်။
တစ်ပါးတည်း ကြွသွားလို့ သုနက္ခတ္တအရပ်ထဲ လိုက်ပြီးတော့ ကြေညာတယ်၊ သူက ဘုရားတော့ ပါဌိကပုတ္တထံသွားပြီ၊ ပါဌိကပုတ္တ ကျောင်းသွားတယ်။ ပရိဗိုဇ်ကျောင်း သွားတယ်၊ အဲဒီတော့ ပညာရှိ ပုဂ္ဂိုလ် အချင်းချင်း ပြောကြဆိုကြတာတွေကို ကြားရနာရအောင် ထွက်ကြစို့ ဆိုပြီးတော့ လူတွေကို လိုက်နှိုးဆော်တာကိုး၊ သူကတော့ သူ့စိတ်ထဲမှာ အဲဒီ ပါဌိကပုတ္တက ပြောလို့ ဟောလို့ရှိရင် နိုင်လိမ့် မယ်လို့၊ သူ့စိတ်ထဲမှာ အောက်မေ့နေတာကိုး၊ အဲဒီလို ထင်နေတာကိုး၊ ဒါနဲ့ သူ့လူတွေ စုထားတာ မနည်းဘူးတဲ့၊ ပရိသတ်တွေ အများကြီး စုထားတယ်။
အဲဒီတုန်းကတော့ မြတ်စွာဘုရား ကြွလာတဲ့သတင်းကြားတော့ ပါဌိက ပုတ္တကတော့ မနေဝံ့ဘူး၊ ကျောင်းမှာ ဟုတ်မှ မဟုတ်ဘဲနဲ့၊ အလကား ကြွားထားတာကိုး၊ ဒီတော့ ဘုရားနဲ့ တွေ့နေလို့ရှိရင် ဘာမျှ လုပ်စရာလဲ မရှိဘူး၊ ဘုရားက တစ်ခုပြရင် ငါက ၂-ခုပြမယ်၊ ငါ့မှာ ပြစရာလဲမရှိ၊ ပြစရာ တစ်ခုမှ မရှိဘူး၊ ဒီတော့ ငါနေရာမကျဘူး၊ စောစောက ရှောင်မှဆိုပြီးတော့ အခြား နေရာဌာနသို့ သွားပြီးရှောင်နေတယ်၊ ထိုင်နေတော့ ပရိသတ်တွေ အများကြီး စုတဲ့အခါစတော့ မြတ်စွာဘုရားက ပြောတယ်၊ ပါဌိကပုတ္တ ငါဘုရား မျက်မှောက် မရောက်ထိုက်ပါဘူးလို့ ပြောတာ၊ အဲဒီမှာ အမတ်ကြီး တစ်ယောက်ရယ်၊ အိုးထိန်းသည် တစ်ယောက်ရယ် ဒီလူတွေက သွားပြီးတော့ တမင်တကာ ခေါ်ကြတယ်၊ ပါဌိကပုတ္တဆီ သွားပြီးတော့၊ ပြီးတော့ ဘယ်မှာ ရှိတယ်ဆိုပြီးတော့ သွားပြီးတော့ ခေါ်ကြတော့ အရှင်ပါဌိကပုတ္တတဲ့ အရှင်က အစက ပြောထားတာပဲတဲ့၊ ငါလဲ ဉာဏ်အကြောင်း ဟောပြောနေတာပဲ၊ ဂေါတမဘုရားလဲ ဉာဏ်အကြောင်း ဟောနေတာပဲ၊ သူ တစ်ခုပြောရင် ငါ ၂-ခု ပြောနိုင်တယ်၊ သူ တန်ခိုး တစ်ခုပြရင် ငါ နှစ်ခုပြနိုင်တယ်၊ ပြီးတော့ ဒီဂေါတမဘုရားနဲ့ ငါတို့ဟာ တကယ် ယှဉ်ပြောရမယ် ဆိုလို့ရှိရင် သူက လမ်းတစ်ဝက်လာခဲ့ ငါကလမ်းတစ်ဝက်သွားပြီး လမ်းအလယ်မှာဆုံပြီး သကာလ ပြောရဲပါတယ်၊ ဆိုရဲပါတယ်၊ ပြိုင်ရဲပါတယ်ဆိုပြီးတော့ အရှင်ပါဌိကပြောတယ်။
.
ယခုဟာတော့ လမ်းတစ်ဝက် မဟုတ်ဘူး ကျောင်းကို ရောက်နေပြီ ဂေါတမဘုရား အဲဒါ ဂေါတမဘုရားက ရောက်နေပြီတဲ့၊ သတ္တိရှိလို့ရှိရင် တကယ်ဟုတ်လို့ရှိရင် အရှင်ပါဌိကပုတ္တ လာပါတဲ့၊ ပြီးတော့ကို နောက်တစ်ခုက ဘာလဲဆိုတော့ အဲဒီ ဂေါတမဘုရားက ပြောပြန်တယ်၊ ဒီပါဌိကပုတ္တဟာ ငါရှေ့မျက်မှောက်ကို မရောက်နိုင်ဘူးလို့ ပြောပြန်တယ်တဲ့၊ ဒီတော့ ဝါဒ ပြိုင်ဖို့ဟာ မလိုဘူးတဲ့၊ တန်ခိုးလဲ ပြဖို့မလိုဘူးတဲ့၊ ရှေ့ရောက်လို့ ရှိရင်ကို အရှင်ဘုရား အနိုင်ရပါပြီ ကြွသွားကြပါ ဆိုပြီး ဒီလို ပင့်ကြတာကိုး။
ဒီတော့ဟိုက (လာပါ့မယ်-၂ နဲ့ မလာနိုင်ဘဲနဲ့ ဖြစ်နေတာကိုး၊ ကြာတော့ ဟိုက စောင့်ကြည့်နေတယ်၊ လာဦးမလား ထဦးမလားဆိုပြီး (လာပါ့မယ်-၂) နဲ့ ထလဲမထနိုင်ဘူး၊ လာပါ့မယ်နဲ့ မလာတော့ စိတ်ပျက်ပြီးတော့ ပြန်လာကြတာကိုး၊ ဥပမာတွေ ဘာတွေလဲ အရှည်ကြီးပါပဲ ပြောတာ၊ အဲဒီလို ဟိုဒင်း ပြုတဲ့အခါကြတော့ မြတ်စွာဘုရားက ဟောသင့်ဟောထိုက်တဲ့ တရားပရိသတ်တွေ ဟောပြီးတော့ တန်ခိုးတွေ ပြပြီးသကာလ ကျောင်းတော်ကို ဝေသာလီက အဲဒီကျောင်းတော်ကို မဟာဝိဟာရ ခေါ်တဲ့ ကျောင်းတော်မှာ အဲဒီကျောင်းတော်ကို ပြန်ပြီးတော့ ကြွလာတော့မှကိုး၊ သုနက္ခတ္တကို မေးပြန်တယ်။
သုနက္ခတ္တဘယ့်နဲ့လဲ ငါပြောတဲ့အတိုင်း မှန်ရဲ့လား မမှန်ဘူးလား ဆိုတော့ အဲဒါတွေလဲ မှန်တဲ့အကြောင်း ဝန်ခံတာပါပဲ၊ ဒါပေမယ်လို့ သူက ယောနိသောမနသိကာရ မရှိလို့၊ အယောနိသောမနသိကာရ ရှိပြီးတော့ သူဟာသူ သာသနာတော် ကနေပြီးတော့ အရှုံးပေးပြီးတော့ ထွက်သွားတာပါပဲတဲ့ ဆိုတဲ့အကြောင်း အဲဒီသုတ်မှာဟောထားတယ်၊ သုတ်မှာဟောထားတဲ့ သုတ် ဒေသနာတွေ ထောက်ရှုသော အားဖြင့် မြတ်စွာဘုရားဟာ တရားတွေကို ကိုယ်တိုင်သိပြီးတော့ ဟောထားတယ်၊ သူတစ်ပါး၏ စိတ်တွေလဲ ကိုယ်တိုင်သိပြီးသကာလ ဟောထားတယ်၊ သူတစ်ပါးတွေလဲ အကျိုးများအောင်လို့ မေတ္တာနဲ့ ကရုဏာနဲ့ တရား စောင့်ရှောက်ပြီး သကာလ ဟောပြော ညွှန်ပြဆုံးမနေတယ်လို့ အာရုံပြုလိုက်တဲ့ အခါကာလမှာ ကြည်ညိုစရာတွေ အင်မတန် ကောင်းပါတယ်။
ဟော-နောက်သုတ်တစ်ခုမှာတော့ ဥဒုဗ္ဗယိက ပရိဗိုဇ်ဆိုတာရှိတယ် သူကလဲ တပည့် ပရိသတ်တွေ အမြောက်အများနဲ့ ရာဇဂြိုဟ်ပြည်မှာ ဥဒုဗ္ဗယိက ပရိဗိုဇ်တဲ့၊ သူကလဲတပည့် ပရိသတ်တွေ အမြောက်အမြားနဲ့ တစ်နေ့သော အခါကာလကြတော့ ရာဇဂြိုဟ်က သန္တာနဆိုတဲ့ ဒကာတစ်ယောက်က ဘုရားလက်ထက် တုန်းကတော့ ဒီအရိယာမဂ်ဖိုလ်ရောက် သောတာပန် သက ဒါဂါမ်တွေ အနာဂါမ်တွေဆိုတာ ဒကာတွေက ရှိတယ်၊ ပညာရှိတွေပဲ သူတို့က၊ သူတို့ကလဲ ပရိဗိုဇ်ကျောင်းထဲကို တစ်ခါတစ်လဲ သွားတယ်၊ သွားပြီးတော့ ပရိဗိုဇ်တွေနဲ့သွားပြီး တရားဆွေးနွေး ပြောကြတာကိုး၊ တခြား မဟုတ်ပါဘူး၊ ပရိဗိုဇ်တွေများ နည်းနည်းပါးပါးများ ကျွတ်တဲ့ ပရိဗိုဇ်များ ရှိမလားဆိုပြီး တကာတွေက သွားပြီးတော့ဟောတယ်၊ ဒကာတွေကလဲ ဟောနိုင်ပြောနိုင် တွေကို သွားသွား ဟောကြတယ်။
သွားသွားဟောလို့ တချို့လဲ သူတို့ပြောတာနဲ့ တချို့လဲပဲ တော်တော် သဘောပေါက်လာတာ ရှိပါတယ်၊ စိတ္တသူကြွယ်ကြီးများ ဟောလို့ သဘောပေါက်လာတဲ့ ပရိဗိုဇ်ထဲက ကျွတ်လာတာတွေ ရှိတယ်၊ အဲဒါနဲ့ သန္တာနဒကာက တစ်နေ့သောအခါ မြတ်စွာဘုရားကျောင်းတော် သွားမယ်လုပ်တော့ တွေ့သေးတယ်လေ။
ဘုရားကျောင်းတော် ဒီအချိန်လောက်ဆိုရင် ရဟန်းတော် သံဃာတော်တွေရော မြတ်စွာဘုရားရော ခေတ္တခဏ ကျိန်းစက်နေတဲ့ အခါကာလဖြစ်မှာပဲ၊ ဆိတ်ဆိတ်ငြိမ်ငြိမ် သီတင်းသုံးနေတဲ့ အခါပဲ၊ တရားဟောဖို့ရာ အအချိန်လဲ မဟုတ်သေးဘူး၊ နည်းနည်း စောသေးတယ် ဆိုပြီးတော့ ဥဒုဗ္ဗယိကပရိဗိုဇ် အာရာမ် သွားတာကိုး၊ အဲဒီသွားတော့ အဲဒီမှာ ပရိဗိုဇ်တွေက စုဝေးပြီး သကာလ တောအကြောင်း တောင်အကြောင်း တွေပေါ့လေ။
၃၂-ပါးသော တိရစ္ဆာနကထာ တွေဆိုတော့ မြို့အကြောင်း ရွာအကြောင်း အစစအရာရာ အကြောင်းအရာတွေ လျှောက်ပြီးတော့ ပြောနေကြတာကိုး၊ အဲဒီလို ပြောပြီးတော့ ဆူဆူနဲ့ တစ်ခါတည်း ငြင်းကြခုန်ကြ ဆူဆဲဖြစ်နေတော့ ဆရာကြီးကနေပြီးတော့ပြောတယ်၊ ဟိုမှာ ဂေါတမဘုရား တပည့်သန္တာန ဆိုတဲ့ဒကာကြီး လာနေတယ်တဲ့၊ ဟိုမှာ တိတ်တိတ်နေကြ တိတ်တိတ် နေကြ၊ ဂေါတမဘုရားက တိတ်တိတ်နေဖို့ရာ သွန်သင်ဆုံးမ ထားတယ်တဲ့၊ ဘုရားက -
သန္နိပတိတာနံ ဝေါ ဘိက္ခဝေ ဒွယံ ကရဏီယံ။
ဘိက္ခဝေ - ရဟန်းတို့၊
သန္နိပတိတာနံ - အညီအညွှတ် စုဝေးမိကုန်သော
ဝေါ - သင်တို့အား ဒွယံ-၂-ပါးကုန်သော အမှုကို၊
ကရဏီယံ - ပြုရမယ်၊ ကိစ္စ ၂-ခုရှိတယ်တဲ့၊ အဲဒီ ၂-ခုထဲက တစ်ခုကိုပြုတဲ့၊
ဓမ္မံဝါကထာ အရိယော ဝါ တုဏှိဘာ ဝေါ။
ဓမ္မဝါကထာ - တရားနှင့် စပ်သော စကားဖြစ်စေ၊
အရိယော ဝါ တုဏှိဘာဝေါ - မြတ်သော ဆိတ်ဆိတ်နေခြင်းဖြစ်စေ၊
ဒွယံ - ၂ ပါးသောအမှုကို၊
ကရဏီယံ - ပြုကျင့်အပ်၏တဲ့။
တရားစကား ပြောချင်လဲ ပြောပါတဲ့၊ အဲဒါလို တရားစကား မပြောနိုင်လို့ ရှိရင်လဲ မြတ်သော နေခြင်းဖြင့် ဆိတ်ဆိတ်နေချင် နေပါတဲ့၊ တရားစကား ပြောတယ်ဆိုတာ ဒါကတော့ ထင်ရှား နေပါတယ်၊ တရားနဲ့စပ်တဲ့ စကားပြောတဲ့၊ ပြောလို့ရှိရင် တရားနဲ့စပ်တဲ့ စကားတွေ ပြောပါတဲ့၊ ရဟန်းတွေ ဆုံးမတာနော်၊ လူတွေတော့လဲ အကုန်လုံး လိုက်နာရမယ်လို့ မဖြစ်ပေဘူး၊ ဒီတော့ လူတွေတော့ စီးပွားရေးတွေ ကြံစည် လုပ်ကိုင်ရေးတွေ ပြောဦးမှဖြစ်မှာကိုး တရားချည်း ပြောနေလို့တော့ မဖြစ်ပေဘူး၊
တရားချည်း ပြောနေလို့ရှိရင် ရောင်းရဝယ်ရမှာ မဟုတ်ဘူး၊ အဲဒါ မဖြစ်ပေဘူး။ လူကတော့ ပြောသင့် ပြောထိုက်တာ ပြောရမယ်၊ ရဟန်းကတော့ ဒီပြင်အလုပ်မှ ရှိမှမရှိဘဲ၊ တရားစကားပြောပါတဲ့၊ နောက် တရားစကား မပြောလို့ရှိရင်လဲပဲ မြတ်သော ဆိတ်ဆိတ်နေပါတဲ့။
ဆိတ်ဆိတ်နေတာလဲ ၂-မျိုးရှိတယ်၊ မြတ်သော ဆိတ်ဆိတ်နေခြင်း ရှိတယ်၊ မမြတ်သော ဆိတ်ဆိတ်နေခြင်း ရှိတယ်၊ မမြတ်သော ဆိတ်ဆိတ် နေခြင်းကတော့ စကားတော့ မပြောဘူး ပေါ့လေ၊ စိတ်ကူးနဲ့ လျှောက်ကြံနေမှာ၊ ကာမဝိတက်တွေလဲ ကြံနေမှာပဲ၊ ဗျာပါရ ဝိတက်တွေနဲ့ ကာမဝိတက်တွေနဲ့ ကာမဂုဏ်အာရုံ တွေကို စဉ်းစားကြံနေမယ်။ ဗျာပါရဝိတက်တွေနဲ့ ဒေါသတွေနဲ့ သူတစ်ပါးတွေ ပြစ်မှားသတ်ဖြတ်ဖို့ ညှဉ်းဆဲဖို့ ဟာတွေ လျှောက်ကြံနေတယ်။
အဲဒါကတော့ မြတ်သော ဆိတ်ဆိတ်နေခြင်း မဟုတ်ဘူး၊ ဆိတ်ဆိတ် နေပေမယ်လို့လဲ အကုသိုလ် တွေက ပွားနေတာပဲ၊ ဒါကတော့ ကောင်းတယ်လို့ ဘုရားက မချီးမွမ်းဘူး၊ ဒါတော့-အရိယော - မြတ်သော ဆိတ်ဆိတ်နေခြင်းဆိုတာ တရား တစ်ခုခုနဲ့ နှလုံးသွင်း နေတာကို ပြောတယ်၊ သမထဖြစ်စေ၊ ဝိပဿနာဖြစ်စေ၊ ကိုယ့်တရားလေးနဲ့ကို ရှုပြီးတော့နေတာကိုး၊ အဲဒါ ၂-ယောက်ရှိရှိ ၃-ယောက်ရှိရှိ၊ ၄-ယောက်ရှိရှိ တရားဟောစရာ ပြောစရာ မရှိရင် ကိုယ့်တရားလေးနဲ့ကို ရှုမှတ်ပြီးတော့ နေရတယ်။
ယခုဒီမှာ ယောဂီပုဂ္ဂိုလ်တွေဟာ ဒီလိုနေကြတာပဲ၊ အချိုးကျကျ ယောဂီပုဂ္ဂိုလ်တွေ ဆိုရင် ဒီလိုနေကြတာပဲ၊ ဆုံစည်း ပေမယ်လို့ ပြောစရာအကြောင်း မရှိရင် မပြောဘူး၊ ကိုယ့်ကိုကိုယ် တရားလေးနဲ့ကို မှတ်ပြီးနေတယ်၊ အင်မတန်ကောင်းပါတယ်၊ အဲဒါ ၂-ခု တစ်ခုခုကို ပြုရမယ်တဲ့၊ ဘုရားက ဆိုထားတော့ သူတို့ အဲဒါလဲပဲ သိနေတာပဲ။
ဂေါတမဘုရားက ဆိတ်ဆိတ်နေဖို့ရာ သွန်သင် ဆုံးမထားတယ်တဲ့၊ အဲဒါကြောင့် တို့ဆိတ်ဆိတ် နေကြ၊ အေးအေးနေကြ၊ ဘယ်သူဖြစ်ဖြစ် သတိပေးလိုက်တယ်၊ အဲဒီတော့မှ သန္တာနဒကာကြီးကလဲ သွားပြီးတော့ သူတို့လဲ အရိုအသေ ပေးတန်သလောက် ပေးပါလိမ့်ဦးမယ်၊ ပေးတန်သမျှပေးပြီးတော့ သန္တာနမည်တဲ့ ဒကာကြီးက သူတို့ကို ပြောတာကိုး၊ ဒီပရိဗိုဇ်အကျင့် တွေကတော့ ဂေါတမဘုရားများ ကျင့်ပုံကျင့်နည်းနဲ့ မတူဘူးတဲ့၊ တစ်မျိုးပဲတဲ့၊ ဘယ့်နဲ့ ဆူဆူညံညံနဲ့ စကားတွေ အော်ကျယ် - အော်ကျယ်နဲ့ ပြောနေကြတာကိုးတဲ့၊ စုဝေးပြီးတော့ ဂေါတမဘုရား တပည့် ပရိသတ်တွေကတော့ ဟိုမှာ တိတ်တိတ်ဆိတ်ဆိတ် ပဲတဲ့၊ တစ်ခါတည်း တရားဟောရင်လဲဟော။ တရားမဟောရင်လဲ နာတဲ့ပုဂ္ဂိုလ်ကနာ၊ ဟောတဲ့ပုဂ္ဂိုလ်က တစ်ယောက်တည်း ဟောနေတာပဲ၊ မေးမြန်းစရာရှိရင်လဲ ထပြီးမေးတာပဲ ရှိတာကို၊ ငြင်းခုံနေတာ မဟုတ်ဘူး။
အဲဒီတော့ တရားနာရင်လဲ ဆိတ်ဆိတ် ငြိမ်ငြိမ်ပဲ၊ ဒါမှ မဟုတ်လို့ရှိရင်လဲ ကိုယ့်တရားလေးနဲ့ပဲ နှလုံးသွင်းပြီးတော့ ဆိတ်ဆိတ် တိတ်တိတ်ကလေး နေတာပဲ၊ ဒီအရှင်ပရိဗိုဇ် တွေကြတော့ အရှင်ဘုရားတို့နေတာက တစ်မျိုးပဲတဲ့၊ မတူဘူးလို့ပြောတော့ သူတို့ တယ်မကြိုက်ဘူး ပေါ့လေ၊ ကဲ့ရဲ့တယ်ဆိုတာ မကြိုက်ဘူး၊ လူတွေကဲ့ရဲ့တယ် ဆိုတာ ဟုတ်ဟုတ်-မဟုတ်ဟုတ် ဘယ်သူမှ တယ်မကြိုက်ဘူး၊ ဟုတ်ပေမယ့်လဲ မကြိုက်ဘူး၊ ချီးမွမ်းရင်တော့ ကြိုက်တယ်၊ သူက ချီးမွမ်း ရင်တော့ ဟုတ်ပေမယ်လို့ မဟုတ်မှန်းတော့ သိသားပေါ့လေ။
ဒါပေမယ့် ချီးမွမ်းလို့ ရှိရင်တော့ စိတ်မဆိုးဘူး၊ အဲဒီတော့ သန္တာန ဒကာကြီးက ပရိဗိုဇ်တွေကို ကဲ့ရဲ့ပြီး ပြောတာကို၊ ပြောတော့ တစ်ခါတည်း မကျေနပ်ဘူး၊ ဟိုက ဥဒုဗ္ဗယက ခေါင်းဆောင် ပရိဗိုဇ်ကြီးက ပြောတယ်၊ အဲဒီဆရာကြီးက အရှင်ဂေါတမ ဟာလေတဲ့ သင်တို့ဆရာ အရှင်ဂေါတမ ဟာ ပရိသတ်ထဲမှာ မကျက်စားဘဲ ကိုယ့်ဟာကို တစ်ယောက်တည်း ဆိတ်ဆိတ်ငြိမ်ငြိမ် တောထဲ တောင်ထဲမှာ နေနေတာပဲတဲ့၊ ဒီတော့ ဘာအသိဉာဏ် ပွားမလဲတဲ့၊ ကိုယ့်ဟာကို တစ်ယောက်တည်း နေလို့မပွားဘူး၊ ဟိုတောထဲတောင်ထဲမှာ ကျင့်သုံးတုန်းက နည်းနည်းပါးပါး ပွားထားတဲ့ အသိဉာဏ် ကလေးဟာလဲ တစ်ယောက်တည်း နေနေတော့ ပရိသတ်တွေနဲ့ ဘယ်သူနဲ့မှမတွေ့ရတော့ ဒီစိတ်ကူး ဉာဏ်ကူးလေးတွေဟာလဲ တစ်ဖြည်းဖြည်း ပျောက်ကုန်တာပဲ။
ဘာနဲ့တူနေသလဲ ဆိုတော့ မျက်စိကန်းနေတဲ့ နွားမနဲ့ တူနေတယ်၊ တူတယ်တဲ့၊ သူက ဥပမာပေးတာကို မျက်စိကန်းနေတဲ့နွားမက မျက်စိတစ်ဖက် ကန်းနေတာကိုး၊ တစ်ဖက်ကန်း နေတော့ နောက်တစ်ဖက်လည်း ပုံမတော် တိုက်ရင် ကန်းသွားမှာ စိုးလို့ သူဟာ ပရိသတ်ရဲ့ အလယ်ခေါင်မှာ မနေဝံ့ဘူးတဲ့၊ အစွန်အဖျားမှာ နေတယ်၊ အလယ်ခေါင်မှာ နေရင် နွားတွေနဲ့ တိုးဝှေ့ကုန်ရင် ဟိုမျက်စိပါ ကွယ်သွားရင် ဒုက္ခရောက်ရတော့မှာကိုး၊ ဒါကြောင့်မို့ မျက်စိတစ်ဖက် ကန်းနေတဲ့ နွားမဟာ ပရိသတ်အစွန်အဖျားက လွတ်လွတ်ကင်းကင်း ကနေပြီး ကျက်စားနေတာလို ပါပဲတဲ့။
အရှင်ဂေါတမ ပရိသတ်ထဲ မဝင်ဝံ့လို့ သူတောထဲမှာ နေနေတာနဲ့ တူပါတယ်၊ ဒီလာခဲ့စမ်းပါတဲ့၊ လာခဲ့လို့ရှိရင်ဖြင့် စကားတစ်ခွန်း တည်းနဲ့ တစ်ခါတည်း ရှေ့ကို မဆက်နိုင်အောင်လို့ ပြတ်သွား အောင် ဒီက ပြောပြစ်လိုက်မယ်၊ ဒီလိုကို သူ့ဥစ္စာ တယ်ရယ်စရာ ကောင်းတယ်၊ အချီးနှီး ရေအိုးများ ကဲ့သို့ ဘာမှကို စကားတစ်ခွန်းမှ စကားတစ်လုံးမှ မပြောနိုင်အောင်လို့ ဒီလို ပြောတာကိုး။
အဲဒီလိုပြောတော့ မြတ်စွာဘုရားကလဲ ဒီအခိုက်အတန့်မှာ ဘုရားက လောကလဲ အမြဲတန်း ကြည့်နေတယ်၊ ကြည့်နေတော့ ဆင်ခြင်နေတော့ သူပြောတဲ့စကား ဟိုက ဒိဗ္ဗသောတ အဘိညာဉ်နဲ့ ကြားနေတော့ ပြောတာ သိပ်နေရာကျတယ်၊ မြတ်စွာဘုရားက ဒိဗ္ဗသောတ ဒိပြင် ဘုရားတပည့်သား တွေ ရှင်သာရိပုတ္တရာ, ရှင်မောဂ္ဂလာန် အစရှိသော ပုဂ္ဂိုလ်တွေလဲ ဒီအဘိညာဉ်ရပါတယ်၊ သိပ်နေရာကျတယ်၊ ယခုကာလ ဟို ရေဒီယိုတွေ ဘာတွေကနေ ကြားနေသလို ဝိုင်ယာလက်တွေ ကနေ မိနေသလိုပဲ၊ သူက နှလုံးသွင်းမိတဲ့ အချိန်နဲ့ဆိုရင် သိတာပဲ၊ နှလုံးမသွင်းမိတဲ့ အချိန်တော့လဲ မကြားရဘူး၊ ဒါကတော့ သမာပတ်ဝင်စားနေတဲ့အချိန် ဒီလိုအချိန်တော့ မကြားရဘူး။
ဒိပြင် တရားတွေဘာတွေ ဟောနေလို့ နှလုံးသွင်းမိတဲ့အချိန် ဒီလိုအချိန်လဲ ကြားမှာမဟုတ်ဘူး၊ အဲ သူက နှလုံးသွင်းမိတဲ့အချိန် သူ့ဘက်ကို ဟိုဒင်းလိုပဲ၊ ယခု ရေဒီယိုမှာ သူ့လိုင်းနဲ့သူ ဝင်သလိုပေါ့၊ အဲ-သူ့ဘက်ကို လှည့်ပြီးသကာလ နှလုံးသွင်းမိတဲ့အချိန် ဆိုလို့ရှိရင် အဲဒီမှာ အကုန်ကြားနေတယ်၊ သူပြောတာ ကြားနေတယ်၊ ကြားတော့ မြတ်စွာဘုရားက အင်း - ဒီဟာက သွားဖို့အချိန်ပဲတဲ့၊ ဒီ ပရိသတ်တွေ ကျွတ်သည်ဖြစ်စေ၊ မကျွတ်သည်ဖြစ်စေ၊ ပါရမီမှ ရရ ဆိုပြီးတော့ မြတ်စွာဘုရား ဆိုတာ တရားဟောရတယ်၊ မြတ်စွာဘုရား အင်မတန် ကြည်ညိုစရာ ကောင်းပါတယ်။
မိမိဟောတဲ့တရားတွေ အကုန်လုံး လိုက်နာနိုင်လိမ့်မယ်, ဒီလိုမဟုတ်ဘူး၊ သူဟာ မလိုက်နာနိုင်လဲ သွားဟောသေးတာပဲ၊ ဘာမသိ ညာမသိနဲ့ တစ်ခါ တစ်ခါကို မင်းအစည်းအဝေးတွေ, ပုဏ္ဏား အစည်းအဝေးတွေ, သေဋ္ဌေး အစည်းအဝေးတွေ, ရဟန်း အစည်းအဝေးတွေ, နတ်အစည်းအဝေးတွေ သွားပြီး မြတ်စွာဘုရားဟာ တိတ်တိတ် သွားဟောတာ ရှိသေးတယ်၊ အဲဒီမှာ သွားတဲ့အခါကျတော့ ဘယ်လိုလုပ်သွားလဲဆိုတော့ ဘုရားအနေနဲ့ သွားတာမဟုတ်ဘူး၊ ဒီလိုပဲ သာမန်ပုဂ္ဂိုလ် တစ်ယောက် အနေနဲ့သွားတာ၊ ဟိုရောက်တော့ကို သူတို့ထက်တော့ သာနေတာပေါ့၊ ပရိသတ်ထဲကထက် သာနေတာကိုး၊ ဒီတော့ သူတို့ အထဲက လူကြီးလို့ အောက်မေ့ရတယ်၊ အကြီးအကဲဖြစ်တဲ့ ပုဂ္ဂိုလ်, အောက်မေ့ရတယ်။
ဒါနဲ့ သူတို့ အမြင့်အမြတ် ထားပြီး သူတို့တော့ သင့်တော်တဲ့ နေရာမှာ ထိုင်ပြီး တရားစကားတွေ ဟောနေတယ်၊ ဟောတော့လဲ သူတို့အထဲက အကြီးအကဲဖြစ်တဲ့ ပုဂ္ဂိုလ်တွေက ဟောပြောနေတယ် အောက်မေ့ပြီး ရိုရိုသေသေ ဟိုက နားထောင် နေကြတယ်၊ နားထောင်နေတော့ ပြန်သွားရော၊ မြတ်စွာဘုရား ပြန်သွားတဲ့ အခါကျတော့ တရားကတော့ ကျန်ရစ်နေတယ်၊ သူတို့ ကြားရနာရတဲ့ တရားတွေက နောက်သူတို့။ အင်း-တို့အကြီးအကဲက ယခုမှ လာတယ်၊ အခုနက ပြောသွားတာ တူတော့ အတူသား၊ ဘယ်သူများ ဖြစ်ပါလိမ့်မလဲ ဒီလို အောက်မေ့ကြတာကိုး၊ ဒီလိုလဲ သွားဟောတဲ့ အခါ ရှိတယ်၊ ဘာဖြစ်လို့-ဒီလို ဟောရလဲ ဆိုလို့ရှိရင် ပါရမီဖြစ်အောင်လို့, ဝါသနာ ဖြစ်အောင်လို့ အစကတည်းက ဘုရားအဖြစ်နဲ့ သွားလို့ရှိရင် ဟို ပုဂ္ဂိုလ်တွေက နာချင်မှ နာမှာ၊ နာချင်မှ နာမယ်။
ဒါကြောင့်မို့လို့ ဒီလိုလုပ်ပြီး ဟောရတာ သူဟာ ဒါလဲပဲ တစ်မျိုးပဲ သူလဲတစ်နည်းပေါ့ ဘုန်းကြီးက ဒီက ဟိုအရင်က ဒီမှာ တရားအားထုတ်တဲ့ စတောက်ခိဆိုတဲ့ စစ်ဗိုလ်တစ်ယောက် ရှိတယ်၊ အရင်က ဟိုဒင်းမှာ စင်္ကာပူက နေပြီးတော့ အဲဒီက အပြန်မှာ ဒီမှာဝင်ပြီးတော့ တရားအားထုတ်တာ ၁၅-ရက်လောက်နဲ့ တူပါတယ်၊ အားထုတ်သွားပြီးတော့ ဟိုကျတော့ သူအားထုတ်သွားတဲ့ တရားတွေ အကြောင်း သူ စာအုပ်ကလေး တစ်အုပ် ရေးထားတယ်၊ အောင်မယ် သူက တော်တော်ကောင်းတယ်၊ ဘုန်းကြီးလဲ အကုန်လုံးတော့ မဖတ်ရသေးဘူး၊ နည်းနည်း တစ်ချို့ တစ်ဝတ်တော့ ဖတ်ပြီးပြီ၊ သူ့ဟာ တော်တော်ကောင်းတယ်။
သူက ဘယ်လိုလုပ်ရေးလဲ ဆိုတော့ သူက ခရစ်ယာန်တစ်ယောက် အနေနဲ့ ရေးထားတယ်၊ ခရစ်ယာန် ပေမယ်လို့ ဗုဒ္ဓဘာသာဝင်ပြီးတော့ စုံစမ်းတဲ့အနေနဲ့ သူကရေးတာ၊ အမှန်ကတော့ ပြန်စစ်ကြည့်လို့ရှိရင် ယခုဗုဒ္ဓဘာသာ ဖြစ်နေတာကြာပြီ၊ ဒါနဲ့ သူက ခရစ်ယာန် တစ်ယောက်အနေနဲ့ ရေးထားတယ်၊ ဒီမှာ သာသနာ့ရိပ်သာ တရား အားထုတ်ပုံတွေ ဘာတွေ အားထုတ် ကတည်းက (ဘယ်လို-၂) ဖြစ်တတ်တာတွေ အဲဒီ ပထမက သူ့စိတ်တွေ နိုင်ငံခြားသားပုဂ္ဂိုလ်တွေ မကျေနပ်စရာ အချက်တွေ ဘာတွေ, အပြစ်တွေ ဘာတွေ လျှောက်ပြပြီးတော့ သူကပြန်ပြီးတော့ ဖြေရှင်းပြလို့ အောင်မယ် သူ့ဟာ တော်တော်ကောင်းတယ်၊ သူရေးထားတယ်။
ဘာဖြစ်လို့ ဒီလိုရေးလဲဆိုရင် ပထမတည်းက ဗုဒ္ဓဘာသာ တစ်ယောက်အနေနဲ့ ရေးလို့ရှိရင် ဗုဒ္ဓဘာသာ မဟုတ်တဲ့ ပုဂ္ဂိုလ်တွေ ဒီစာအုပ်ကြည့်မှာ မဟုတ်ဘူး၊ သူ့ဟာ ဒီတော့ သူက တခြား ပုဂ္ဂိုလ်တစ်ယောက် အနေနဲ့ ရေးထားတယ်၊ ဘယ်သူမဆိုလာပြီး ဗဟုသုတအဖြစ်ပဲ လာပြီးကြည့်နိုင်တာကိုး၊ သူလဲ စိတ်ကူးတော်တော် ကောင်းတဲ့ ပုဂ္ဂိုလ်ပဲလို့ အောက်မေ့ရတယ်၊ မြတ်စွာဘုရားကလဲ ဒီလိုပဲ၊ ဘုမသိဘမသိ လူတွေ သွားပြီးတော့ ဒီအတိုင်း ဟောတယ်၊ ဟိုမှာသိတဲ့အနေနဲ့ ရဟန်းအသွင်ကြီးနဲ့ သွားဟောလို့ရှိရင် ဟာ တို့နဲ့ အသွင်မတူဘူး ဆိုပြီးတော့ရင် နာချင်မှနာမယ်၊ အဲဒီလိုဟာတွေလဲ ရှိပါတယ်။
ဒါကြောင့် မြတ်စွာဘုရားက ဒီပရိဗိုဇ်တွေကို ဒီလို တရားစကားတွေ သူတို့ဘုရား ကဲ့ရဲ့ ပြောနေတာတွေ ကြားတော့ ကြွသွားပြီးတော့ တရားဟောဦးမှပဲလို့ အဲဒီမှာဆင်ခြင်ပြီး မြတ်စွာဘုရားက တန်ခိုးနဲ့ ကြွပြီးတော့ သူတို့ မျက်မှောက် အနီးအနီးမှာ မြတ်စွာဘုရား စင်္ကြံလျှောက်နေတော့ ဗြုန်းခနဲ သူတို့မြင်တာပေါ့လေ၊ ဟ ဒီက ကဲ့ရဲ့စကား ပြောနေတုန်း ဟိုမှာ မလှမ်းမကမ်း မြင်နေတာကိုး၊ မြင်နေတော့ သူ့တပည့်တွေ ကဲကဲ တိတ်တိတ်နေကြ ဟိုမှာ ဂေါတမဘုရား ဟိုမှာ ရောက်နေတယ်၊ သူက တိတ်တိတ် ဆိတ်ဆိတ် ကြိုက်တယ်၊ တိတ်တိတ် နေလို့ရှိရင် တို့ဆီလာချင်လာမှာပါပဲ။
လာတာတော့လဲ သဘောကျတယ်၊ ဘုရားကြွလာတယ်ဆိုရင် သူတို့နာမည်ရတာပေါ့၊ တို့ဘုရားလဲ ကြွလာတယ်ဆိုပြီး ဘုရားတပည့်တွေကလဲ သူတို့နည်းနည်းပါးပါး အာရုံပြုသေးတာကိုး၊ အဲဒါနဲ့ တိတ်တိတ်နေကြ ဆိုတော့ တိတ်တိတ်နေတယ်၊ မြတ်စွာဘုရားက ဒီတော့ ကြွလာတယ်၊ ကြွလာ ပြီးတော့ ရောက်တဲ့အခါ ကျတော့ သူတို့နေရာ မြင့်မြတ်တဲ့နေရာ ပေးပါတယ်၊ ပေးတော့ မြတ်စွာဘုရားက ထိုင်ပြီးတော့ မေးတယ်။
အဲ ယခုဘာတွေ ဘာတွေများ ပြောဆိုနေကြသလဲလို့ မေးတော့ မြတ်စွာဘုရား လာလို့ရှိရင် တပည့်တော်တို့ လျှောက်ထားဖို့ပါပဲတဲ့၊ မြတ်စွာဘုရားဟာ၊ ဂေါတမမြတ်စွာဘုရားဟာ မိမိတပည့်သားတွေအပေါ် ဘယ်လို-ဘယ်လိုတရားနှင့် သွန်သင်ဆုံးမထားပါသလဲ၊ အဲဒီသွန်သင် ဆုံးမတဲ့ တရားကို တပည့်တော်တို့က မေးလိုပါတယ်တဲ့ဆိုတော့ မြတ်စွာဘုရားက အဲဒီ သွန်သင် ဆုံးမတဲ့ တရားဆိုတာကတော့ နက်နဲပါတယ်တဲ့၊ သင်တို့က အယူတစ်မျိုး ဖြစ်နေပါတယ်။
အဲ အယူတစ်မျိုးဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေကိုငါ ဒီတရားတွေ ဒီလို အားထုတ်ရတယ်၊ ဒီလိုလုပ်ရတယ် ဆိုရင် သဘောပေါက်ဖို့ မလွယ်ဘူးတဲ့၊ ဟုတ်တယ်၊ သူဟာ အယူမတူတဲ့ ပုဂ္ဂိုလ်တွေကို ဒီကတရားတွေ သွားပြလို့ရှိရင် မလွယ်ဘူး၊ အဲဒီ ဘာသာခွဲ မပြောနဲ့ အဲဒီဘုန်းကြီးများ ဒီကရှုမှတ်တဲ့ တရားလေး၊ ဒွါရ ၆-ပါးကဖြစ်တဲ့ ရုပ်နာမ်တွေ ရှုမှတ်ရမယ်ဆိုတာကို အဲဒါကိုး၊ အလေ့အလာ မရှိတဲ့ပုဂ္ဂိုလ်တွေ သွားဟောလို့ရှိရင် အောင်မယ် သူဟာ တရားမဟုတ်သလို ဖြစ်နေတာပဲ၊ ဘာမှမဟုတ်သလိုဖြစ်နေတာပဲ၊ ဝိပဿနာတဲ့၊ ဘယ့်နဲ့ ဝိပဿနာလဲလို့ ဒီလိုအောက်မေ့တယ်၊ သူတို့က အဲဒီလိုဖြစ်နေတယ်၊ အဲဒီတော့ အယူမတူတဲ့ ပုဂ္ဂိုလ်တွေကို တည့်တိုးကြီး ဟောလို့ မဖြစ်ဘူး၊ ဒါနဲ့ မြတ်စွာဘုရားက အဲဒါက အသင်က အယူတစ်မျိုးဖြင့်, သဘောကြတာ တစ်မျိုး ဖြစ်နေပါတယ်တဲ့၊ အယူအကြိုက်တစ်မျိုးဖြစ်နေတော့ ဒီဟာကို ဟောလို့ မဖြစ်သေးဘူး၊ ကဲ အသင် မေးချင်လို့ရှိရင် သင်တို့နဲ့စပ်တဲ့ ခြိုးခြံတဲ့အကျင့်ကို မေးချင် မေးပါတဲ့။
တပေါစ-လို့ ခေါ်တယ်၊ ခြိုးခြံတဲ့အကျင့်ပါပဲ၊ အဲဒါကို မေးပါဆိုတော့ အဲဒါကိုမေးတယ်၊ ဒါဟာ ဘယ်လိုလုပ်ကျင့်လို့ ရှိရင် ပြည့်စုံပါသလဲလို့၊ မြတ်စွာဘုရားက ခြိုးခြံတဲ့အကျင့်တွေ အဝတ်မဝတ် တာတို့, အစားအသောက် အနေအထိုင် ခြိုးခြံတာတို့ သူတို့အကျင့်တွေ ရှိပါတယ်၊ ဆွမ်းခံ အလှူခံရာတွေမှာလဲ (ဘယ်လို-၂) ဆွမ်းအလှူခံရမယ်၊ ဘယ်လို-ဘယ်လို မခံရဘူး၊ ဘယ်လိုဟာ ဝတ်ရတယ်ဆိုတာ သူတို့ကျင့်ဝတ်တွေ ရှိပါတယ်၊ အဲဒါကို ဂျိမ်းတွေ၊ ဂျိမ်းလို့ခေါ်တယ်၊ ဟိုတုန်း ကတော့ နာဋပုတ္တ တပည့်တွေပေါ့လေ၊ အဲဒီ ပရိဗိုဇ်အကျင့်တွေ ရှိပါတယ်၊ အဲဒီအကျင့်တွေ ဟောပြီးတော့ ဒီအကျင့်တွေကျင့်လို့ရှိရင် ဒါတွေဟာ သင်တို့ပြောတဲ့အတိုင်း ဒါတွေ ကောင်းနေ တာပဲမို့လား လို့ဆိုတော့ ဒီအတိုင်းဆိုလို့ရှိရင် ကောင်းပါတယ် ဒါတွေ ပြည့်စုံနေတာပဲ။
ဒါပေမယ်လို့ ဒီအကျင့်တွေမှာ ချွတ်ယွင်းနေတော့ အများကြီးရှိတယ်၊ မြတ်စွာဘုရား ဟောထားတယ်၊ ချွတ်ယွင်းချက်တွေ အများကြီး ရှိသေးတယ်၊ ဒီအကျင့်တွေ ပြည့်ပြည့်စုံစုံ ကျင့်နေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်စေကာမူ ပြည့်စုံဖို့ကလဲ သိပ်မလွယ်ဘူး၊ ကြမ်းကြမ်းတမ်းတမ်း သေလု မျောပါး ကျင့်ရတယ်၊ သူဟာ အကျင့်တွေက တော်တော် ပြင်းထန်တယ်၊ လွန်လွန်းနေတဲ့ ဥစ္စာတွေ, မလိုတဲ့ ဥစ္စာတွေလဲ လျှောက်ကျင့်နေတာ၊ သူ့ဟာက အဲဒီတော့ ဒီအကျင့်တွေ ကျင့်ဖို့ဟာ တော်တော်မလွယ်ပါဘူး၊ အဲဒီ အကျင့်တွေ ပြည့်စုံနေသော်လည်း ဒီပုဂ္ဂိုလ်မှာ ချွတ်ယွင်းချက်တွေ ရှိပါတယ်။
ဘာတွေတုန်း ဆိုလို့ရှိရင် ဒီအကျင့်ကျင့်နေတဲ့ ပုဂ္ဂိုလ်ဟာ ငါဟာဖြင့် ဒီအကျင့်နဲ့ ပြည့်စုံတယ်၊ ငါလို မကျင့်နိုင်တဲ့ ပုဂ္ဂိုလ်တွေက ချွတ်ယွင်းတယ် ဆိုပြီးတော့ ကိုယ့်ကို ပင့်မြှောက်ပြီးတော့ သူများတွေ နှိမ့်ချပြီး သူများတွေ အထင်သေးတယ်၊ ကိုယ့်ကိုအထင်ကြီးတယ်၊ အဲဒါဟာ အပြစ်တွေပဲ၊ ဒီတော့ ဒီအကျင့် ကျင့်တဲ့သူဟာ ဒီအကျင့် ကျင့်တဲ့အတွက် လာဘသက္ကာရ လောကတွေ လာဘ်လာဘတွေ, ဂုဏ်သီတင်း ကြီးမှုတွေ, ဘုန်းကြီးမှုတွေ, အဲဒါတွေ မျှော်လင့်ပြီးတော့ ကျင့်နေတာတွေလဲ ရှိတယ် စသည်ဖြင့် အဲဒါနဲ့စပ်ပြီး လောဘတွေ, ဒေါသတွေ, မောဟတွေ, မာနတွေ, ကိလေသာတွေ, ဖြစ်နိုင်ပုံတွေလျှောက်ပြီးတော့ဟော ဒါတွေအကုန်လုံးအပြစ်တွေချည်းပဲတဲ့။
ဒါတွေဆိုလို့ရှိရင် အပြစ်တွေ မဟုတ်ပေဘူးလား လို့မေးတော့ ဒီတော့ ဟုတ်ပါတယ်လို့ ဝန်ခံတယ်၊ ဝန်ခံပြီးတော့ နောက်တစ်ခါ ဒါနဲ့လဲ မပြည့်စုံသေးဘူး ဆိုပြီး နောက်တစ်ခါ ဆက်ပြီးတော့ ပြည့်စုံတဲ့ဟာ ဘယ်လိုဟာတုန်း ဆိုတော့ အဲဒီမှာ သမာဓိလုပ်ငန်းတွေ ဟောတာကိုး၊ သမာဓိ လုပ်ငန်းတွေ, သမာဓိဈာန်တွေ ဟောတယ်၊ မေတ္တာ, ကရုဏာ, မုဒိတာဈာန်စသည့် ဈာန်တွေ ဟောပြီးတော့ ဒီဈာန်တွေက နေပြီးတော့ ပြည့်စုံတဲ့အခါ ကာလကျတော့ အဘိညာဉ် ဟောတာကိုး၊ ပုဗ္ဗေနိဝါသအဘိညာဉ် - ရှေးရှေးသော ဘဝတွေ သိနိုင်တယ်၊ အဲဒီတော့ ဒိဗ္ဗစက္ခုနဲ့ အမြင် ပေါက်ပုံတွေ အဲဒါအကြားအမြင်တွေပေါက်တဲ့ အဘိညာဉ်ဟောတယ်။
အဲဒါဒီလိုရှိရင်ဖြင့် သင်ချိုးခြံတဲ့ အကျင့်နည်းလမ်းဟာ ပြည့်စုံမယ်မို့လား လို့ဆိုတော့၊ ပြည့်ပါ တယ်တဲ့၊ ဒီလောက်ဆို ပြည့်စုံနေပြီ၊ ဒါလောက်ဆို ဆုံးနေပြီ၊ ကုန်နေပြီတဲ့၊ အေး-ငါဘုရား တပည့်သားတွေ သွန်သင်ဆုံးမတဲ့ နည်းနိဿရည်း တရားတွေက ဒီလောက်နဲ့ မပြည့်စုံသေးဘူးတဲ့၊ ဒီအထက်မှာ ရှိသေးတယ်တဲ့၊ အဲဒါတွေဟောလို့ မဖြစ်ဘူးတဲ့၊ မြတ်စွာဘုရားက ဒီတော့ ဟုတ်တယ်၊ ဟိုပြောတဲ့ သမထတို့ ဈာန်အဘိညာဉ်တွေ ပြည့်စုံရုံနဲ့တော့ မပြည့်စုံဘူး ဝိပဿနာ ဟောရမှာကိုး။
ရုပ်တရား, နာမ်တရားတွေ အဖြစ်အပျက် အနိစ္စ, ဒုက္ခ, အနတ္တတွေ ဟောရမှာကိုး၊ အဲဒီအထက်မှာ ရှိသေးတယ်တဲ့၊ ဒါတွေဟောရမှာ၊ သူ့ပရိဗိုဇ် တပည့်တွေ အားလုံးက အင်မတန်ကို အံ့သြ အံ့အားသင့်ပြီးတော့ တို့မှာတဲ့ ဒိဗ္ဗသောတ, ဒိဗ္ဗစက္ခု အဘိညာဉ်တွေ ဆိုလို့ရှိရင် လမ်းဆုံးနေပြီတဲ့၊ တို့နည်းလမ်းတွေမှာ ယခု ဂေါတမ မြတ်စွာဘုရားကတော့ ဒီအထက်က တရား တွေတောင်မှ ရှိသေးတယ်လို့ သူဆိုပါကောတဲ့။
အင်မတန် အံ့သြစရာ ကောင်းတယ်ဆိုပြီး တစ်ခါတည်း ဝမ်းမြောက်ဝမ်းသာနဲ့ ပြောကြဆိုကြတယ်၊ ဆူဆူညံညံနဲ့ အားရပါးရ ပြောကြတာကိုး၊ ပြောတော့မှ ခုနကသန္တာနဆိုတဲ့ ဒကာကြီးက ထပြီးတော့ လျှောက်တယ်၊ အားလုံးကတော့ ထောက်ခံကုန်ကြပြီတဲ့၊ အားပေးကုန်ကြ ပြီတဲ့၊ ဒီအချိန်အခါမှာ ဆိုရင်ဖြင့် ခုနကစကားလေး ဖြေရဦးမှပဲ ဆိုပြီးတော့ ခုနက ပရိဗိုဇ်ဆရာတွေ ပြောထားတာကိုး၊ ဥဒုဗ္ဗယိက ဆရာကြီးက ပြောထားတယ်၊ ဂေါတမဘုရားဟာ တောထဲတောင်ထဲ တောကြို တောကြားမှာ နေတယ်၊ အစွန်အဖျားမှာ နေတယ်၊ ပရိသတ်ထဲ မဝင်ဝံ့ဘူးဆို၊ သူက မျက်စိ တစ်ဖက်ကန်းနေတဲ့ နွားမများလိုပဲ၊ အစွန်အဖျားမှာ သူကျက်စားရတယ်၊ သူပညာ အသိလေး တွေဟာ မတိုးပွားဘူး၊ ပျက်စီးနေတယ် ဆိုပြီးတော့ သူပြောထားတာ လေးကို ပြန်ဖြေတာကိုး၊ အရှင်ဥဒုဗ္ဗယိကပရိဗိုဇ် ခုနက အရှင်ဒီလိုဒီလို ပြောတယ်တဲ့၊ ဂေါတမဘုရားဟာ ပရိသတ်အစွန် အဖျားမှာ ကျက်စားတယ်။
မျက်စိတစ်ဖက်ကန်းတဲ့ နွားမနဲ့တူတယ်၊ ပရိသတ်ထဲ မဝင်ဝံ့ဘူး၊ ဒီလာလို့ရှိရင်ဖြင့် စကားတစ်ခွန်းတည်းနဲ့ တစ်ခါတည်း ရှေ့ကိုမဆက်နိုင်အောင် ပြောမယ်လို့ သင်အခုနက ပြောတယ် မို့လားတဲ့၊ ကိုင်း-ယခု ဂေါတမဘုရား ပရိသတ်ထဲ မဝင်နိုင်အောင် ပြောတော်မူပါ၊ ရှေးကစကားကို ဒကာက စပြီးဖြေတာကို၊ ဖြေတော့မှ တစ်ခါတည်း ပရိဗိုဇ်ဆရာကြီးက တစ်ခါတည်း စိတ်မချမ်းမသာ ဖြစ်နေတယ်၊ သူလဲပြန်ပြီးတော့ ချေစရာလဲ မရှိဘူး ပြောလဲ မပြောတတ်ဘူး၊ ဘုရားနဲ့မျက်မှောက် ဖြစ်နေတော့ ဒီတော့ သူပြောတာတွေက လွန်နေတာကိုး။
ဒီတော့ မြတ်စွာဘုရားက မေးတယ်၊ ဒီလိုဒီလို ပြောတာဟုတ်သလားလို့ မေးတယ်၊ ဟုတ်တယ်လို့ ဆိုတော့မှ ဝန်ခံတော့ မြတ်စွာဘုရားက ထပ်ပြီးတော့မေးတယ်၊ ဥဒုဗ္ဗယိကပရိဗိုဇ်တဲ့ စဉ်းစားကြည့်၊ သင်ဘယ်လို ကြားဖူးသလဲတဲ့၊ သင် ရှေးက သင့်ဆရာ့ဆရာတွေက သမ္မာသမ္ဗုဒ္ဓဿ မြတ်စွာဘုရား တွေဟာ ပရိသတ်တွေနဲ့ စုဝေးပြီးသကာလ တောအကြောင်း တောင်အကြောင်းတွေ တစ်ခါတည်း တကြော်ကြော်နဲ့ ဟောပြောပြီးတော့ ငြင်းခုံပြီး နေတယ်လို့ ကြားဖူးသလား၊ သို့မဟုတ် ငါကဲ့သို့ ဆိတ်ဆိတ် ငြိမ်ငြိမ်ပဲ တရားတွေနဲ့ နှလုံးသွင်းပြီး ဝမ်းမြောက်နေတာ ကြားဖူးသလား၊ ဘယ်လို ကြားဖူးသလဲ။
ဒီတော့ အဲဒီ ပရိဗိုဇ်ဆရာကြီးက ပြန်ဖြေတယ်၊ တပည့်တော် ကြားဖူးတာကတော့ အဲဒီအတိုင်းပါပဲ၊ ပရိသတ်တွေ ဆူဆူညံညံနေတယ်လို့ မကြားဖူးပါဘူးတဲ့၊ ဒီလိုပဲ ဆိတ်ဆိတ်ငြိမ်ငြိမ်တော့ ကျောင်းတော် ကျောင်းတော်တွေမှာ ဆိတ်ဆိတ် ငြိမ်ငြိမ်နေပြီး ကိုယ့်တရားလေးနဲ့ကိုယ် တရားအားထုတ်နေတယ်လို့ ဒီလိုပဲ ကြားဖူးပါတယ်တဲ့ မြတ်စွာဘုရားက ပြန်ပြီးတော့ မိန့်တော် မူတယ်၊ ဥဒုဗ္ဗယိပရိဗိုဇ်က သင်ဟာ စဉ်းစားကြည့်ပေါ့တဲ့၊ သင်ဟာ ငယ်ရွယ်တဲ့ ပုဂ္ဂိုလ် မဟုတ်ဘူး၊ သင်ဟာ ဆရာကြီးလဲ ဖြစ်နေပြီ၊ သင်ပညာရှိ ပုဂ္ဂိုလ်ကြီးတစ်ယောက် မဟုတ်လားတဲ့၊ ဒီလို စဉ်းစားဆင်ခြင်သင့်ပါတယ်။
ဗုဒ္ဓေါ သောဘဂဝါ ဗောဓာယ ဓမ္မံ ဒေသတံ။
သန္တော သောဘဂဝါ သမထာယ ဓမ္မံ ဒေသေတိ။
သန္တော သောဘဂဝါ သမထာယ ဓမ္မံ ဒေသေတိ။
တိဏ္ဏော သောဘဂဝါ တရဏာယ ဓမ္မံ ဒေသေတိ။
ပရိနိဗ္ဗူတော သောဘဂဝါ ပရိနိဗ္ဗာနာယ ဓမ္မံ ဒေသေတိ။
အဲဒီလို စဉ်းစားသင့်ပါတယ်၊ စာကလေး ကောင်းပါတယ်၊ မြတ်စွာဘုရား ကြည်ညိုစရာ ကောင်းပါတယ်။
သောဘဂဝါ - ထိုမြတ်စွာဘုရားသည်၊
ဗုဒ္ဓေါ - သစ္စာလေးပါး အမှန်တရားကို ပိုင်းခြား သိမြင်တော်မူပြီးသည် ဖြစ်၍၊
ဗောဓာယ - သစ္စာလေးပါး အမှန်တရားကို ပိုင်းခြားထင်ထင် သိမြင်ကြပါစေခြင်း အကျိုးငှာ၊
ဓမ္မံ - သစ္စာလေးတန် တရားမှန်ကို၊
ဒေသေတိ - ဟောကြားတော်မူပါပေ၏။
မြတ်စွာဘုရား တရားဟောတာ ဒီနည်းအတိုင်း ဟောတယ်၊ ကိုယ်တိုင်သိပြီးမှ သူများတွေလဲ ကိုယ့်လိုသိအောင် ဟောတယ်၊ မြတ်စွာဘုရား ကိုယ်တိုင် သစ္စာလေးပါး တရားတွေ ကိုယ်တိုင် သိအောင်လို့ ကျင့်ခဲ့တယ်၊ ကိုယ်တိုင် သိအောင်လို့ ကျင့်ပြီး ကိုယ်တိုင် သိပြီးတော့မှ သိသင့် သိထိုက်တဲ့ ဝေနေယျ သတ္တဝါတွေလဲပဲ ငါဘုရားကဲ့သို့ သိကြပါစေဟု သိပြီးတော့ အကျိုးများပါစေဟု
ရည်ရွယ်ပြီးတော့ မြတ်စွာဘုရား တရားဟောတယ်၊ အဲဒါ နှလုံးသွင်းပြီးတော့ ကျင့်ပါတယ်တဲ့၊ ဒါလေးတွေ စဉ်းစားလို့ရှိရင် အင်မတန် ကြည်ညိုစရာ ကောင်းပါတယ်တဲ့။
ဘုရားနဲ့စပ်ပြီးတော့ ပီတိပါမောဇ္ဇတွေ သိပ်ဖြစ်စရာ ကောင်းတယ်၊ မြတ်စွာဘုရား တရားတွေ တို့ အားထုတ်နေရတာပဲလို့ မြတ်စွာဘုရားက ကိုယ်တိုင် သိပြီးတော့ ဟောထားတယ်တဲ့၊ ကိုယ်တိုင် သိပြီးတော့ ဟောတာလဲ တစ်ခြားကြောင့် မဟုတ်ဘူး၊ သိထိုက်သိသင့်တဲ့ ပုဂ္ဂိုလ်တွေ, ကျွတ်ထိုက် ကျွတ်သင့်တဲ့ ပုဂ္ဂိုလ်တွေ, သစ္စာလေးပါး တရားတွေ အမှန်အတိုင်း သိရအောင်လို့ ဟောတော် မူတယ်၊ အဲဒီလိုဟောတဲ့ တရားတွေ တို့ အားထုတ်နေရပါလားလို့ စဉ်းစားလိုက်ရင် ဝမ်းသာစရာ အင်မတန် ကောင်းတယ်၊ ပီတိပါမောဇ္ဇတွေ ဖြစ်ကို ဖြစ်နိုင်ပါတယ်။
ဗုဒ္ဓေါ သောဘဂဝါ ဗောဓာယ ဓမ္မံ ဒေသေတိ။
သောဘဂဝါ - ထိုမြတ်စွာဘုရားသည်၊
ဗုဒ္ဓေါ - သစ္စာလေးပါး အမှန်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူပြီးသည် ဖြစ်၍၊
ဗောဓာယ - ဝေနေယျ သတ္တဝါ အပေါင်းတို့အား အလားတူစွာ သိကြပါစေခြင်း အကျိုးငှာ၊
ဗောဓာယ - ငါတို့အားလဲ သစ္စာလေးပါး အမှန်တရားကို ပိုင်းခြားထင်ထင် သိမြင်ကြပါစေခြင်း အကျိုးငှာ၊
ဓမ္မံ - သစ္စာလေးတန် တရားအမှန်ကို၊
ဒေသေတိ - ဂရုဏာ ရှေ့သွား ပညာအားဖြင့် ဟောကြားတော် မူခဲ့ပါပေ၏။
ဒီလို နှလုံးသွင်းပါတယ်တဲ့၊ ဟုတ်လား၊ ကိုင်း-ကိုင်း .... ဒါလေး ဆိုကြဦးစို့၊ အလွန်ကြည်ညိုစရာ ကောင်းပါတယ်။
ဗုဒ္ဓေါ သောဘဂဝါ ဗောဓာယ ဓမ္မံ ဒေသေတိ။ (ဆို-၃)
သောဘဂဝါ - ထိုမြတ်စွာဘုရားသည်၊
ဗုဒ္ဓေါ - သစ္စာလေးပါး အမှန်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူပြီးသည် ဖြစ်၍၊
ဗောဓာယ - ငါလို့အားလဲ အလားတူစွာ သိမြင်ကြပါစေခြင်း အကျိုးငှာ၊
ဓမ္မံ - သစ္စာလေးတန် တရားမှန်ကို၊
ဒေသေတိ - ဂရုဏာရှေ့သွား ပညာအားဖြင့် ဟောကြားတော်မူပါပေ၏။
အဲ-မြတ်စွာဘုရားဟာ တရားဟောတယ်ဆိုတာ ကိုယ်တိုင်သိပြီးတဲ့တရား သူများတွေလဲ တို့လိုသိပါစေဟု ရည်ရွယ်ပြီးတော့ မသိသေးသော ပုဂ္ဂိုလ်တွေကို သနားသောအားဖြင့် ကရုဏာနှင့် ရှေ့ရှုပြီးတော့ ဟောထားတယ်၊ ဒီလိုဟောထားတဲ့ တရားတွေကို ငါတို့ အားထုတ် နေရတာပဲလို့ အကျင့်တွေ ကျင့်နေရတာပဲ မဟုတ်လား၊ သူများလို အပြောတွေမဟုတ်ဘူး၊ တို့ကိုယ်တိုင်ကို အားထုတ်နေရတာပဲ၊ အင်မတန် ဝမ်းသာစရာ ကောင်းတယ်၊ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ၊ ဘုန်းကြီးများ တရားအားထုတ်တုန်းက စဉ်းစားမိတယ်၊ တရားအားထုတ် ပြီးတော့နေတော့ ကျောင်းနားဘာနား လူတွေ တရားအားထုတ်တုန်း လာကြသေးတာကိုး၊ သီချင်း တကြော်ကြော်နဲ့ သွားနေကြတယ်၊ ဒီလို သွားနေတာလဲ ရှိသေးတာကိုး။
အဲဒါတွေကြားရတော့ ဘုန်းကြီးစိတ်ထဲ အောက်တော့ အောက်မေ့ရတယ်၊ သူတို့အဆင့်အတန်း အတော်ကို မြင့်နေတာကိုး၊ သူများတွေ သီချင်းတောင် ဆိုနေသေးတယ်၊ တို့တရားတွေ အားထုတ် နေရလို့ သိပ်နေရာကျတာပဲ ဟုတ်လား၊ ဒါပေမယ့် တရားထဲ ဝါသနာမပါတဲ့ ပုဂ္ဂိုလ်တွေက စိတ်ပျက် တတ်တယ်၊ မြတ်စွာဘုရား လက်ထက်တုန်းက အဲဒီ ဝေသာလီပြည်က လိစ္ဆဝီမင်းသား တစ်ယောက် သူရဟန်းပြုပြီးတော့ သူတရား အားထုတ်တော့ ကျောင်းမှာ တရားအားထုတ်နေတယ်၊ တရား အားထုတ်နေတော့ တစ်နေ့သောအခါ ကာလကျတော့ အဲဒီဝေသာလီပြည်က ပွဲတော်ကြီး ကျင်းပတဲ့ အခါကိုး မြန်မာပြည်မှာ တန်ဆောင်မုန်းလပြည့်တို့ ဘာတို့ နေမှာပေါ့၊ နက္ခတ်ပွဲသဘင်ကြီး ကျင်းပတယ် ဆိုတာကိုး။
နက္ခတ်ပွဲသဘင်ကြီးကျင်းပတော့ အဲဒီမှာ အတီး အမှုတ်အကအခုန်တွေ စုံနေမှာပေါ့၊ ဥပမာ အမျိုးသမီး, အမျိုးသားတွေ မိမိတို့ ပစ္စည်းဥစ္စာရှိသလောက် အလှအပ အတင့်အတယ်တွေ ပြုပြင်ပြီးသကာလ သွားကြလာကြ ဒီတော့ ပျော်ပါးကြတဲ့ အချိန်ကာလကြီးကိုး၊ ဆိုင်းသံဗုံသံတွေ တူရိယာအသံတွေ တညံညံနဲ့ တောကျောင်း ဆိုပေမယ့် မြို့နဲ့က သိပ်ဝေးနေပုံ မရဘူး၊ ကြားနေပုံရတယ်၊ အဲဒီတော့ အဲဒီကိုယ်တော်ကြီးက စဉ်းစားတယ်၊ သူကလဲ စဉ်းစားတယ်၊ လကလဲ သာလို့၊ ကိုယ့်အရိပ်ကိုယ် ကြည့်ပြီးတော့ သူများတွေတော့ ဆိုင်းသံဗုံသံတွေ တညံညံနဲ့ ပျော်စရာ ရှေးတုန်းက သူလဲ သွားဖူးလာဖူးတာကိုး၊ သူလဲ သွားဖူးလာဖူးတော့ သူ့မျက်စိထဲ မြင်နေတာကိုး၊ ရှေ့က တွေ့ဖူး ကြုံဖူးတာ တွေကို သူကမြင်နေတယ်၊ သူများတွေ ဒီလိုသွား နေတယ်၊ သွားနေကျဆိုတော့ သူသိတယ်၊ အဲ-သူ့ကိုယ်သူ ကြည့်လိုက်တော့ လရောင်က အရိပ်နဲ့ဆိုတော့ ခေါင်းကလဲ ကတုံးနဲ့၊ ဟိုတုန်းကတော့ ဆံပင်နဲ့၊ အခုတော့ အခုကာလက လူတွေလိုပဲ၊ သိပ်မထူးဘူး၊ အခုကာလ ဆံပင်ကတော့ သိပ်မရှည်၊ ကတုံးတွေက များနေတော့ သိပ်မထူးလှ၊ ဟိုတုန်းကတော့ သိပ်ထူးတယ်၊ ကတုံးက ဘုန်းကြီး ရဟန်းလောက် ရှိတာကိုး၊ လူတွေ ကတော့ ဆံပင်တွေနဲ့၊ အဲ-ခေါင်းကလဲ ကတုံးနဲ့၊ ဝတ်ပြီးတော့ ဝတ်ထားတဲ့ အဝတ်ကလဲပဲ သင်္ကန်းနဲ့၊ အရိပ်ထဲကြည့်လိုက် တော့ သူဟာ လူအခြေအနေနဲ့ ကြည့်လို့ရှိရင် သူ့ဟာ ဘာမှ မတင့်တယ်ဘူးလေ၊ သပ်သပ်ရပ်ရပ် မရှိဘူး။
အဲဒါနဲ့ သူကဆိုတယ်၊ တို့ဟာ ဒီလိုပျော်ပွဲကြီးတွေ ကျင်းပနေတဲ့ အချိန်ကာလမှာ ဒီဘယ်သူမှလဲပဲ အဖော်အလှော် မရှိဘူး၊ ရှိတဲ့ အနီးအပါးမှာ စောင့်ရှောက်မည့် ပုဂ္ဂိုလ်, ကူညီမဲ့ပုဂ္ဂိုလ်, အားပေးမည့် ပုဂ္ဂိုလ် ဘယ်သူမှလဲ မရှိဘူးတဲ့၊ ဘာနဲ့တူနေသလဲဆိုတော့ တောထဲမှာ အသုံးမကျလို့ ပစ်ထားတဲ့ ထင်းခြောက်များလို ဖြစ်နေတယ်၊ ဘာမှ နေရာမကျဘူး ဆိုပြီးတော့ စိတ်ပျက်ပြီးသကာလ ညည်းတယ်၊ ဒီကိုယ်တော်ကို နတ်ကနေပြီး အားပေးရဖူးတယ်၊ အဲ-အရှင်ဘုရားတို့လို ဥစ္စာဟာ အင်မတန် ကောင်းပါတယ်။
ဒေဝါပိ ပဟီယန္တိ - နတ်တွေက အင်မတန် အားကျနေပါတယ်၊ သူတော်ကောင်းတရားတွေ ကျင့်နေ ရတာ၊ အင်မတန်ကို အားကျနေတယ်။
နေရယိကာဝိယ သဂ္ဂဂါမိနာ - သတ္တဝါတွေ ငရဲကျနေတဲ့ ပုဂ္ဂိုလ်လို ငရဲသားတွေကနေပြီး နတ်ပြည်က နတ်သား, နတ်သမီးတွေ လူ့ပြည်ကို တောင့်တနေသလို ပါပဲတဲ့၊ အရှင်ဘုရားတို့လို တရားအားထုတ် နေရတာဟာဖြင့် တပည့်တော်တို့ အများက နတ်တွေကပါ အင်မတန်ကို အားကျပါတယ်၊ အဲဒီလိုဟာမျိုး ကျင့်ရဲရင် အင်မတန်ကို အားကျစရာ ကောင်းပါတယ်၊ လိုလား တောင့်တနေပါတယ်၊ နတ်က အားပေးရတယ်၊ အားပေးတော့မှ စိတ်ကလေး တက်သွားတယ်။
အဲဒါ သေချာစွာ စဉ်းစားကြည့်၊ တရားကျင့်သုံး နေရတာ အင်မတန် အားတက်စရာ ကောင်းတယ်၊ သူတစ်ပါးတွေမှာ ဒီလိုကို တရားတွေ အပိုင်ပိုင်အနိုင်နိုင် နှလုံးမသွင်းနိုင်သေးဘူး၊ စားရေး, သောက်ရေး နေထိုင်ရေးနဲ့ ပျော်ရေး, ပါးရေးဘက်က နေပြီးတော့, အချိန်တွေဖြုန်း ပြီးတော့ နေကြတယ်၊ လောကကြီး ထဲမှာ ဒါတွေမလုပ်ဘဲနဲ့ ကိုယ်ရေးကိုယ်တာ အလဲတစ်ခါတည်း သံသရာ ဝဋ်ဆင်းရဲမှ ကျွတ်လွတ်ထွက်ရအောင် သံသရာ ဝဋ်ဆင်းရဲတွေ မတွေ့ဘဲနဲ့ သံသရာ ဝဋ်ဆင်းရဲမှ ငြိမ်းမည့်နိဗ္ဗာန်ရအောင် အင်မတန်အဆင့်အတန်းမြင့်တဲ့ တရားတွေကျင့်ကြံအားထုတ်ရတယ်၊ မြတ်စွာဘုရား သစ္စာလေးပါးတရားကို ကိုယ်တိုင်သိပြီးတော့ မလွဲနိုင်တဲ့ တရားတွေ ဟောထားတယ်၊ အဲဒီ မလွဲနိုင်တဲ့ တရားကို ငါတို့ အားထုတ် နေရတာပဲလို့ နှလုံးသွင်းလိုက်ရင် အားထုတ်ရင် ပီတိ ပါမောဇ္ဇတွေဖြစ်ပြီး အားတက်လာပြီး-
ဗုဒ္ဓေါ သောဘဂဝါ ဗောဓာယ ဓမ္မံ ဒေသေတိ။
သောဘဂဝါ - ထိုဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားသည်၊
ဗုဒ္ဓေါ - သစ္စာလေးပါး အမှန်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူပြီးသည်ဖြစ်၍၊
ဗောဓာယ - ငါတို့အားလည်း သစ္စာလေးပါး အမှန်တရားကို ပိုင်းခြားထင်ထင် သိမြင်ကြပါစေခြင်း အကျိုးငှာ၊
ဓမ္မံ - သစ္စာလေးတန်တရားမှန်ကို၊
ဒေသေသိ - ကရုဏာရှေ့သွား ပညာအားဖြင့် ဟောကြားညွှန်ပြတော်မူခဲ့ပါပေသတည်း။
သန္တော သောဘဂဝါ သမထာယ၊ ဓမ္မံဒေသေတိ။
သောဘဂဝါ - ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားသည်၊
သန္တော - ကိလေသာ အဆိပ်အတောက် ကင်းဝေးလျက် ယဉ်ကျေးသိမ်မွေ့တော်မူပြီးသည်ဖြစ်၍၊
သမထာယ - ငါတို့အားလည်း အလားတူစွာ ယဉ်ကျေး သိမ်မွေ့ကြပါစေခြင်း အကျိုးငှာ၊
ဓမ္မံ - သစ္စာလေးတန် တရားမှန်ကို၊
ဒေသေတိ - ဖြင့် ဟောကြားတော်မူခဲ့ပါပေသတည်း။
အဲ-မြတ်စွာဘုရား တရားကျင့်သုံးအားထုတ်လို့ လောဘ, ဒေါသ, မောဟ အစရှိသော မယဉ်ကျေးတဲ့ အကုန်လုံး အဆိပ်အတောက်တွေ၊ လောက မယဉ်ကျေးဘူး ရိုင်းစိုင်းတယ်ဆိုတာ သူတို့ပဲ၊ ဒါတွေအကုန်လုံး ငြိမ်းသွားပြီးတော့ကာ ယဉ်ကျေးသိမ်မွေ့မှုတွေ အကုန်လုံး ရှိနေတာကိုး၊ ကိုယ် အမူအရာ, နှုတ်အမူအရာ, စိတ်အမူအရာ ဘယ်ကမှ ရိုင်းတဲ့သဘော မရှိဘူး၊ အကုန်လုံး ယဉ်ကျေးပြီး ပြည့်စုံတဲ့အခါ ကာလကျတော့ မိမိကဲ့သို့ပင် ကိလေသာ အဆိပ်အတောက်တွေ ကင်းပြီးတော့ ယဉ်ကျေးသိမ်မွေ့ ပြီးတော့ မြတ်စွာဘုရား ဒီလို တရားတွေ ဟောထားခဲ့တယ်၊ အဲဒီတရားတွေ တို့အားထုတ်နေရတယ်လို့ နှလုံးသွင်း လိုက်ရင် ဝမ်းမြောက် ဝမ်းသာ ဖြစ်ဖို့ သိပ်ကောင်းတယ်။
သန္တော သောဘဂဝါ သမထာယ ဓမ္မံ ဒေသေတိ။
သောဘဂဝါ - ငါတို့အများ၏ အားထား ကိုးကွယ်ရာ ဖြစ်တော်မူသော ထိုမြတ်စွာဘုရားသည်၊
သန္တော - ကိလေသာ အပူမီး ငြိမ်းအေးတော်မူပြီးသည်ဖြစ်၍၊
သမထာယ - ငါတို့အားလည်း အလားတူ ငြိမ်းအေးကြပါစေခြင်း အကျိုးငှာ၊
ဓမ္မံ - ။လ။ ကို၊
ဒေသတိ - ။ပ။ သတည်း။
အဲ ကိလေသာတွေ ဆိုတာ မီးတွေပဲတဲ့၊ ကိလေသာတွေကို မီးမှန်းလဲ မသိဘူးပေါ့၊ နေပူထဲမှာ နေထိုင်သွားလာနေရတဲ့ ပုဂ္ဂိုလ်တွေဟာ နေပူလို့ပူမှန်း မသိဘူး၊ အရိပ်ထဲက အအေးထဲကနေတဲ့ ပုဂ္ဂိုလ်အနေနဲ့တော့ ပူမှန်း သိတာပေါ့၊ အဲဒီလိုပဲ ကိလေသာ မကင်းသေးတဲ့ ပုဂ္ဂိုလ်တွေ ကိလေသာတွေနဲ့ နေရတာကိုက သူဟာ ကောင်းသလိုလို ဖြစ်နေတယ်၊ ကိလေသာတွေ မရှိလို့ရှိရင် ခြောက်သွေ့ သလိုလို၊ လောဘလေးတွေနဲ့ လောဘတွေဖြစ်ပြီး သာယာနေရတာ ကောင်းတယ်လို့ အောက်မေ့နေရတာ၊ ဒေါသဖြစ်နေတဲ့ ပုဂ္ဂိုလ်ကလဲ သူ့ဒေါသနဲ့သူ အနေကတော့ ကောင်းသလိုလို ဖြစ်နေတာပဲ၊ အဲ မာနကလဲ သူ့ဟာသူ အထင်အမြင်ကြီးနေတာ ကောင်းသလိုလို ဖြစ်နေတာ။
အဲ ဒီကိလေသာတွေနဲ့ ကောင်းတယ်လို့ အောက်မေ့တယ်၊ မိစ္ဆာဒိဋ္ဌိဆိုတဲ့ ဒိဋ္ဌိကလဲ ကိုယ့်အယူနဲ့ ကိုယ့်ဟာလေး သူကလဲ ကောင်းနေတာပဲ၊ သူ့အယူနဲ့သူ ကောင်းနေတယ်၊ ဒါလေးပျက်သွားမှာ သူက စိုးရိမ်နေတယ်၊ အဲဒီ ကိလေသာတွေဟာ အပူမီးတွေပဲတဲ့၊ လောင်နေတာ လောကတွင်လဲပဲ ပူမှန်းမသိပူနေတယ်၊ နောင်သံသရာ ဘဝတွေမှာလဲပဲ အပါယ်ငရဲကို ပစ်ချပြီး သကာလ အင်မတန် ပူလောင်စေတတ်တဲ့ တရားတွေတဲ့။
အင်မတန်ဆိုးတဲ့ တရားတွေ အဲဒီ ကိလေသာ အပူမီးတွေ မြတ်စွာဘုရားက အကုန်လုံး ငြိမ်းအေး အောင် ကျင့်တာ ငြိမ်းအေးပြီး အကုန်လုံးငြိမ်းလို့ အပူမီးတွေငြိမ်းလို့၊ သတ္တဝါတွေမှာ မီးတွေတဟုန်းဟုန်း လောင်နေတယ်၊ မျက်စိကလဲပဲ အာဒိတ္တသုတ်မှာ လာတဲ့အတိုင်းပဲ မျက်စိကလဲပဲ မီးတွေလောင်နေတယ်၊ လောဘ, ဒေါသ, မောဟမီးတွေ ဇာတိ, ဇရာ, ဗျာဓိ, မရဏ အစရှိသော ၁၁-ပါးသောမီးတွေ လောင်ပြီးတော့နေတယ်၊ အဆင်းအာရုံ တွေကြောင့်လဲလောင်၊ မြင်မှု, ကြားမှုတွေကြောင့်လဲ လောင်နေတယ်၊ စက္ခုစသည့် ဒွါရ ၆-ပါးက တစ်ခါတည်း ရာဂ, ဒေါသ, မောဟ အစရှိသော ၁၁-ပါးသော မီးတွေဟာ တညီးညီးနဲ့ တောက်လောင်ပြီးနေတဲ့ လောကကြီးမှာ အဲဒါ ရာဂ, ဒေါသ, မောဟ အစရှိသော ကိလေသာမီးတွေ ငြိမ်းအေးအောင်လို့ မြတ်စွာဘုရားက ဟောထားခဲ့တာကိုး၊ အဲဒီ ဟောထားခဲ့တဲ့ ၁၁-သီးသော မီးတို့၏ ငြိမ်းအေးရာမှန် ပြည်နိဗ္ဗာန်ကို လျင်မြန်စွာ ဆိုက်ရောက်ရပါစေလို့ ရေစက်ချတဲ့ အထဲမှာပါတယ်၊ ဆရာတော်တွေကလဲ ချ,ချ သွားပါတယ်၊ အဲဒီ မီးငြိမ်းအောင်လို့ မြတ်စွာဘုရားဟောထားခဲ့တာ။
သောဘဂဝါ - ထိုမြတ်စွာဘုရားသည်၊
သန္တော - ကိလေသာ အပူမီးငြိမ်းအေးတော်မူပြီးသည် ဖြစ်၍၊
သမထာယ - ငါတို့ အားလည်း အလားတူစွာ ငြိမ်းအေးပါစေခြင်းအကျိုးငှာ၊
ဓမ္မံ....ကို၊
ဒေသေတိ...သတည်း။
တိဏ္ဏော သောဘဂဝါ တရဏာယ ဓမ္မံ ဒေသေတိ။
သောဘဂဝါ - သည်၊
တိဏ္ဏော - သံသရာဝဋ်ဆင်းရဲ ဝဲသြဃ ရေအယဉ်ကို ကျော်လွန် ကူးမြောက်ပြီးသည်ဖြစ်၍၊
တရဏာယ - ငါတို့အားလည်း အလားတူစွာ ကူးမြောက်နိုင်ကြပါစေခြင်းအကျိုးငှာ၊
ဓမ္မံ - သစ္စာလေးတန် တရားမှန်ကို၊
ဒေသေတိ - ကရုဏာရှေ့သွား ပညာအားဖြင့် ဟောပြညွှန်ကြားတော်မူခဲ့ပါပေသတည်း၊
သံသရာဝဋ်ဆင်းရဲတွေ ကိလေသာတွေ မကင်းသေးရင် သံသရာထဲ ခဏ-ခဏဖြစ်ရမယ် ဖြစ်ရာဘဝမှာ အိုရ-နာရ-သေရ၊ အကြောင်းမညီညွတ်လို့ရှိရင် အပါယ်လေးပါးကျ၊ ငရဲ တိရစ္ဆာန် ပြိတ္တာ အပါယ်လေးပါးတွေ ကျပြီးတော့ ဝဲသြဃရေအယဉ်နဲ့ တူတယ်တဲ့၊ အဲဒီ ဝဲသြဃ ရေအယဉ် ရေထဲကျနေတဲ့ပုဂ္ဂိုလ် ရေပေါ်ကလွန်မြောက် ကုန်းပေါ် ရောက်လို့ရှိရင် အောင်မြင်သွားသလိုပဲ။
သံသရာဝဋ်ဆင်းရဲတွေက လွန်မြောက်ပြီး နိဗ္ဗာန်တည်းဟူသော ကုန်းမြတ်စွာဘုရား ရောက်တယ်၊ မြတ်စွာဘုရား ရောက်တော်မူတယ်တဲ့၊ အဲဒီလို ရောက်ပြီးတော့နေတဲ့ မြတ်စွာဘုရားက ငါကဲ့သို့ပဲ ဝေနေယျသတ္တဝါ အပေါင်းတွေ သံသရာ ဝဲသြဃကြီးက လွတ်မြောက်ပြီးတော့၊ နိဗ္ဗာန် - ဆင်းရဲခပ်သိမ်း ငြိမ်းတဲ့ နိဗ္ဗာန်ရောက်ကြပါစေလို့ ရည်ရွယ်ပြီးတော့ ဒီတရားတွေ ဟောထားခဲ့တာပဲ၊ ဟောထားတဲ့တရားတွေ ငါတို့ ယခုလက်တွေ့ အားထုတ်နေရတယ်လို့ အဲဒီလို အာရုံပြု လိုက်ရင် ဝမ်းမြောက် ဝမ်းသာတွေဖြစ်ဖို့ သိပ်ကောင်းပါတယ်၊ ပီတိပါမောဇ္ဇတွေ ဖြစ်နိုင်ပါတယ်။
ပရိနိဗ္ဗူတော သောဘဂဝါ ပရိနိဗ္ဗာနာယ ဓမ္မံ ဒေသေတိ။
သောဘဂဝါ - ထိုမြတ်စွာဘုရားသည်၊
ပရိနိဗ္ဗူတော - ဆင်းရဲခပ်သိမ်း ငြိမ်းတော်မူသည်ဖြစ်၍၊
ပရိနိဗ္ဗာနာယ - ပြတ်ငြိမ်းခြင်း အကျိုးငှာ၊
နိဗ္ဗာနာယ - ငါတို့အားလည်း အလားတူစွာ ဆင်းရဲခပ်သိမ်း ငြိမ်းကြ ပါစေခြင်းအကျိုးငှာ၊
ဓမ္မံ - သစ္စာလေးတန် တရားမှန်ကို၊
ဒေသေတိ - ကရုဏာ ရှေ့သွား ပညာအားဖြင့် ဟောပြညွှန်ကြားတော်မူခဲ့ပါပေသတည်း။
အဲ-မြတ်စွာဘုရားက ကိုယ်တိုင်ကျင့်လို့ ကိလေသာ ကင်းသဖြင့် ဘဝသံသရာတွေ နောက် မဖြစ်ရအောင်, မအိုရအောင်, မနာရအောင်, မသေရအောင် သံသရာ ဝဋ်ဆင်းရဲတွေ ရှိသမျှတွေဟာ အကုန်လုံး ငြိမ်းနေပြီ၊ အဲ-ဘုရားကိုယ်တိုင် ငြိမ်းသလိုပဲ၊ ကျွတ်သင့် ကျွတ်ထိုက်တဲ့ ပုဂ္ဂိုလ်တွေ, ဝေနေယျ သတ္တဝါတွေ ငြိမ်းအောင်လို့ မြတ်စွာဘုရားက တရားတွေ ဟောထားခဲ့တယ်တဲ့၊ သတ္တဝါတွေ သနားတော်မူလို့ နိဗ္ဗာန်ရောက်ပြီးတော့ တရား မဟောဘဲနဲ့ ဒီတိုင်း ပရိနိဗ္ဗာန်ပြုသွားလဲ ပြီးတာပါပဲ၊ ဒါတော့ အဲဒါလို သက်သက်သာသာလေးနဲ့ ပရိနိဗ္ဗာန် မပြုသေးဘဲနဲ့ ၄၅-ဝါ ကာလပတ်လုံး နေ့ရော ညရော မပြတ်မစဲ တရားတွေ ဟောပြီးတော့ သွားတယ်။
ဒါဟာ ဘာအတွက်တုံး ဆိုလို့ရှိရင် ကျွတ်သင့်ကျွတ်ထိုက်တဲ့ ပုဂ္ဂိုလ်တွေ ဒီလိုမှ ဘုရားတရား မဟောလို့ရှိရင် နည်းလမ်းမရတော့ မကျင့်နိုင်ဘူး၊ အဲဒီလိုပုဂ္ဂိုလ်တွေ နည်းလမ်းရပြီးတော့ ကျင့်နိုင်အောင်လို့ မြတ်စွာဘုရားက ၄၅-နှစ်ကာလပတ်လုံး ဟောသွားခဲ့တယ်တဲ့၊ အဲဒီလို ဟောသွားခဲ့တဲ့ တရားတွေကို မိမိကိုယ်တွေ့ လက်တွေ့ ကျင့်ရတယ်၊ ဆင်းရဲခပ်သိမ်း ငြိမ်းတဲ့ တရားတွေ ဆွေးနွေးရုံ, ပြောဆိုရုံ, ဒီလိုတင် မဟုတ်သေးဘူး၊ ကိုယ်တွေ့လက်တွေ့ကို တကယ်တန်း ကျင့်ပြီးနေရပြီ၊ တို့ကျင့်တဲ့ အကျင့် ရောက်နေပြီ၊ တရား မတိုးတက်သေးတာ ကတော့ မတိုးတက် သေးဘူးပေါ့၊ သို့သော်လည်း တက်သလောက်လည်း တက်နေမှာပါပဲ။
အဲဒါ တက်သလောက်ကလေး ပြန်စဉ်းစားလိုက်၊ အင်းဒီတရားတွေ တို့ကျင့်ရကြံရလို့ ဘယ်လောက်တော့ တိုးတက်လာပြီ၊ ဘယ်လိုတော့ ဖြစ်လာပြီ၊ ရှေ့လျှောက်ပြီး သကာလ တရား တွေကတော့ တိုးတက်သွားမှာပဲ၊ ဆင်းရဲခပ်သိမ်းငြိမ်းတဲ့ တရားတွေ တို့တွေ့ရတော့မှပဲလို့ ယုံကြည် စိတ်ချပြီးသကာလ ဒီမှာ အားထုတ်ရမှာကိုး၊ အဲဒီလို နှလုံးသွင်းရင် ပီတိပါမောဇ္ဇတွေ ဖြစ်နိုင်ပါတယ်၊ ဒါဟာ ကြည်ညိုဖွယ်ဖြစ်တဲ့ သုတ္တန်တွေပဲ၊ အဲ-ခုနက ပရိဗိုဇ်ကို ဒီလိုစဉ်းစား သင့်ပါတယ်လို့ အဲဒါ မေးပြီးတော့ မေးတဲ့အခါ ကာလကျတော့ ပရိဗိုဇ်ကနေပြီး မြတ်စွာဘုရားကို တောင်းပန်ပါတယ်၊ တောင်းပန်ပြီးတော့ မြတ်စွာဘုရားက အားပေးတရားတွေ၊ ဟောပါသေးတယ်၊ အားပေးတရား တွေကတော့ ရှည်နေတော့ အတိုချုပ် ပြောရမယ်ဆိုရင်တော့။
ဧတု ဝိညူပုရိသော အသဋ္ဌော အမာယာဝီ ဥဇုဇာတိကော။
အသဋ္ဌော - စဉ်းလဲခြင်း မရှိသော၊
အမာယာဝီ - လိမ်လည် ကောက်ကျစ်ခြင်း မရှိသော၊
ဥဇုဇာတိကော - ဖြောင့်မတ်သော သဘောရှိသော၊
ဝိညူပုရိသော - ပညာရှိပုဂ္ဂိုလ်သည်၊
ဧတု - လာလှည့်ပါ၊
ယထာနုသိဋ္ဌံကဌာပတိသစ္စ မန္တော - ငါဘုရား ဆုံးမသည့်အတိုင်း ကျင့်ကြံခဲ့သည်ရှိသော်၊
ရသဌာရ ကုလပုတ္တ အနာဂါရသမံ ပဗ္ဗဇဗနန္တိ - အကြင်အကျိုးငှာ အမျိုးကောင်းသားတို့သည် အိမ်ရာ တည်ထောင် လူ့ဘောင်မှထွက်၍ ရဟန်း ပြု၍ ကျင့်သုံးကြလေကုန်၏၊
တဒနုတ္တရဗြဟ္မစရိယံ - အလွန်အကဲ အမြင့်မြတ်ဆုံးဖြစ်သော ထိုမြတ်အကျင့် အဆုံးဖြစ်သော တရားကို၊ အလွန်အကဲ အမြင့်မြတ်ဆုံးဖြစ်သော အကျင့်မြတ်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ် တရားကို၊
သယံ အဘိညာယ - ကိုယ်တိုင်သိ၍၊
သစ္စိကတွာ - မျက်မှောက်ပြု ၍၊
ဥပသမ္ပဇ္ဇ - ဆိုက်ရောက်၍၊
သတ္တဝဿာနိ - ၇ နှစ်အတွင်းတွင်၊
သတ္တာယံ - ၇ ရက်အတွင်း၌၊
ဝိဟရိဿတိ - နေရပါလိမ့် မည်တဲ့။
မြတ်စွာဘုရားက အားပေးတရား ဟောသွားတယ်၊ လာခဲ့ပါတဲ့၊ အသဋ္ဌော - မကောက်ကျစ်ရဘူး၊ မစဉ်းလဲရဘူး၊ အမာယာဝီ - လိမ်လည် ကောက်ကျစ်ခြင်းမရှိဘူး၊ မာယာနဲ့ သာဌေယျဆိုတာ ၂-ခုရှိတယ်၊ ဟိုကောက်ကျစ်တယ် ဆိုတာက စဉ်းလဲတယ် ဆိုတာက ကိုယ့်မရှိတဲ့ ဂုဏ်မဟုတ်ဘဲနဲ့ ဂုဏ်လုပ်ချင်တာက အဲဒါက စဉ်းလဲတယ် လို့ခေါ်တယ်၊ ကောက်ကျစ်တယ် ဆိုတာကတော့ ကိုယ့်မှာရှိတဲ့ အပြစ်တွေကို ဖုံးကွယ်ထားတာ၊ မရှိတဲ့ဂုဏ်တွေတော့ ဖော်ချင်တယ်၊ ဒါက သာဌေယျ - စဉ်းလဲတာ၊ ဟိုဟာကတော့ လိမ်လည် ကောက်ကျစ်တာ၊ ဟိုဟာက မာယာ ဆိုတာကတော့ ကိုယ့်မှာရှိတဲ့ အပြစ်တွေကို ဖုံးကွယ်ထားတယ်၊ အပြစ်ရှိရဲ့သားနဲ့ အပြစ်မရှိ ဟန်ဆောင်နေတယ်။
အဲသလို မဟုတ်ဘဲနဲ့ပေါ့လေ၊ ကိုယ်မရှိတဲ့ဂုဏ်လဲ ဟန်ဆောင်ပြီး သကာလ ပြောလိုတဲ့စိတ် မရှိဘူး၊ ပြလိုတဲ့စိတ် မရှိဘူး၊ ကိုယ့်ရှိတဲ့ အပြစ်လဲ ဖုံးကွယ်လိုတဲ့စိတ် မရှိဘူး၊ အဲဒါ ဖြောင့်မတ်တဲ့ ပုဂ္ဂိုလ် စိတ်သဘော ဖြောင့်မတ်တဲ့ပုဂ္ဂိုလ်၊ သူ ရှားတယ်၊ ဒီလိုဟာ သူတော်ကောင်းတွေမှ ရှိတယ်၊ လူတိုင်း, လူတိုင်း ရှိတာ မဟုတ်ဘူး၊ ဒါ-အင်မတန် ကောင်းတဲ့ဥစ္စာတွေ ဒါ ၂-ခုပြည့်ခဲ့လို့ရှိရင် တရားရမည့် ပုဂ္ဂိုလ်တွေပဲ။
အေး-မဟုတ်တဲ့ဟာကို ကိုယ်မဟုတ်တဲ့ ဂုဏ်လုပ်ပြီး သကာလ မပြလိုဘူး၊ ကိုယ့်မှာရှိနေတဲ့ အပြစ်လဲ ဖုံးကွယ်မထားလိုဘူး၊ (လူတိုင်း-၂)တော့ လျှောက်ပြီးတော့ ဘယ်ဖြစ်မလဲ၊ ကိုယ်နဲ့ သီတင်းဖော် သမဂ္ဂပုဂ္ဂိုလ်ကို ပြောရတယ်၊ ရန်သူအဖြစ် ပြုချင်တဲ့ ပုဂ္ဂိုလ်ကို သွားပြောလို့ရှိရင် ဒုက္ခဖြစ်ရောပေါ့၊ ကိုယ့်အပြစ်တွေ နေရာတကာပြောဖို့ ပြောတာမဟုတ်ဘူး၊ အပြစ်ဝန်ခံ ဆိုတာက တွေ့ကရာ လျှောက်ဝန်ခံရမှာ မဟုတ်ဘူး၊ ကိုယ့်ဆရာသမားတွေ, ကိုယ့်မိတ်ဆွေတွေ ရင်းနှီးတဲ့ ပုဂ္ဂိုလ်တွေသာ ဝန်ခံရမှာ၊ ရန်လိုနေတဲ့ပုဂ္ဂိုလ် ကြော်ငြာချင်တဲ့ပုဂ္ဂိုလ် သွားပြောလို့ရှိရင် ခက်ကရော၊ သတင်းစာထဲများ ထည့်လိုက်ရင် ပြီးပါလေရော၊ သူ့ဥစ္စာကတော့ ယခုကာလ သတင်းစာတွေက ပေါပါဘိသနဲ့ ကြောက်စရာ အလွန်ကောင်းတယ်၊ ဒါက ဆရာသမား သတင်းသုံးဖော်တွေ၊ မိတ်ဆွေအချင်းချင်း ပြောဖို့ရာ ပြောသင့် ပြောထိုက်တဲ့ ပုဂ္ဂိုလ်ပြောရမှာ ဒါကိုပြောတာ၊ သီတင်း သုံးဖော်တွေ၊ ဆရာသမားတွေထံမှ အပြစ်ရှိရင် ဒါကိုပြောရတယ်၊ မဟုတ်ရင် မဟုတ်တဲ့အတိုင်း၊ အဲဒါ ဝန်ခံရတယ်။
အဲဒါဟာ ဖြောင့်မတ်တဲ့ ပုဂ္ဂိုလ်ပဲ၊ အဲဒီလို ဖြောင့်မတ်တဲ့ ပုဂ္ဂိုလ်လာခဲ့ပါတဲ့၊ မြတ်စွာဘုရားက ဖြောင့်မတ်တဲ့ ပုဂ္ဂိုလ် လာခဲ့၊ ဒီမှာကြည့်ပါ၊ ယထာနုသိဋ္ဌံ - ငါဘုရားဆုံးမတဲ့အတိုင်း၊ ပတိသစ္စမန္တော - ဆုံးမတဲ့အတိုင်း တစ်သဝေမတိမ်းကျင့်ကြည့်ပါတဲ့၊ ကျင့်ရင်ဘာဖြစ်မလဲ အေး - အမျိုးကောင်း သားတွေဟာ အရဟတ္တမဂ် အရဟတ္တဖိုလ် ရည်ရွယ်ပြီးတော့ သာသနာ့ဘောင် ရဟန်း ပြုပြီးတော့ တရားကျင့်ပါတယ်၊ အဲဒီ အရဟတ္တမဂ်, အရဟတ္တဖိုလ်ဆိုတဲ့ တရားမြတ်တွေ၊ အမြတ်ဆုံးဖြစ်တဲ့ တရားကို ကိုယ်တိုင်ရောက်ပြီး ကိုယ်တိုင်တွေ့ပြီး နေကြရမှာတဲ့။
ဘယ်လောက်ကြာအောင် အားထုတ်ရမလဲ ဆိုတော့ ခုနစ်နှစ် အားထုတ်ပါတဲ့၊ ခုနစ်နှစ် ဆိုတော့ ကြောက်လိမ့်မယ်၊ ခုနစ်နှစ်မပြောနဲ့ သာသနာ့ရိပ်သာ တစ်လလောက်တောင် တယ် မလာ ချင်ကြဘူး၊ အိမ်မှာ အလုပ်တွေ မအားဘူးဆိုပြီး မြတ်စွာဘုရားကလျှော့တယ်၊ ခုနစ်နှစ် မဟုတ်ရင်လဲ ခြောက်နှစ် အားထုတ်ပါတော့၊ ခြောက်နှစ်များရင် ငါးနှစ်, လေးနှစ်, သုံးနှစ်, နှစ်နှစ်, တစ်နှစ်, တိုးလျှော့လာပါတယ်၊ သူတို့က ဈေးလဲဆစ်တယ်၊ ဘုရားကလဲ လျှော့လျှော့ ပေးနေရတယ်၊ တစ်နှစ်ဆိုလဲ အများကြီး ရှိသေးတာကိုး၊ ဒါဖြင့် ခုနစ်လတဲ့၊ နောက် ခြောက်လ, ၅-၄-၃-၂-၁-လ၊ တစ်လလဲ များပါသေးတယ်ဆိုတော့ ဘုရားကတော့ ၁၅-ရက်လျှော့လိုက်တယ်၊ ၁၅-ရက်တောင် များသေးတယ်ဆိုတော့ ၇-ရက်ပါပဲ။
ခုနစ်ရက်၊ အဲဒီ ခုနစ်ရက်ကျင့်ပါတဲ့၊ ခုနစ်ရက်တော့ သိပ်မများပါဘူး၊ ခုနစ်ရက်တော့ မများပါဘူး၊ အဲဒါ ခုနစ်ရက် အတွင်းမှာပဲ ရပြီးသကာလ နေနိုင်ပါတယ်တဲ့၊ ဘုရား ဒီသာသနာမှာ ပရိဗိုဇ်တွေ ဆိုတာ ပရိဗိုဇ်တွေ သူတို့ပရိဗိုဇ် ကျင့်ဝတ်တွေ ကျင့်တာတော့ ကြာလှမှပဲ၊ သူနှစ်ပေါင်းများစွာ ကြာလှပြီး ဘာမျှလဲ ဖြစ်တာ မဟုတ်၊ ကိုယ်တိုင်လဲ ဘာမျှဖြစ်တာ မဟုတ်၊ ဒါပေမယ့် ငယ်ငယ် ကတည်းက စပြီးတော့ သူ့ကို ဆရာသမားအဖြစ်နဲ့ ကိုးကွယ်လာ၊ အယူဝါဒတွေကလဲ စွဲလမ်းလာပြီ ဆိုတော့ ခဲယဉ်းပါတယ်၊ ဖျောက်ဖို့ရာ အင်မတန် ခဲယဉ်းတယ်၊ ဒီလိုဥစ္စာမျိုးက စွဲလမ်းမိမှဖြင့် အယူဆိုတာ အင်မတန် ကြောက်စရာ အင်မတန် ကောင်းတယ်၊ သူက စပြီးသကာလ ငယ်ငယ် ကတည်းက စွဲလမ်းမိလျှင် တော်တော့်ကို ဖျောက်လို့မရဘူး။
ကြောက်စရာ ကောင်းတဲ့ဥစ္စာ မိစ္ဆာဒိဋ္ဌိ ဘေးကြီးဆိုတာ အင်မတန် ကြောက်စရာကောင်းတယ်၊ အဲဒီပုဂ္ဂိုလ်တွေ မြတ်စွာဘုရားက ၇-ရက်ကျင့်ကြည့်ပါတဲ့၊ ကျင့်ကြည့်လို့ရှိရင် ဒီတရားအကြောင်း သိနိုင်ပါတယ်၊ ဒါရောက်မည့် ပုဂ္ဂိုလ်ပေါ့လေ၊ ပုဂ္ဂိုလ်တိုင်း-ပုဂ္ဂိုလ်တိုင်းတော့ ၇-ရက်ရမှာ မဟုတ် ပေဘူး၊ ဒါပေမယ့်လို့ အဲဒီပရိသတ် ထဲတုံးက မြတ်စွာဘုရားဟောတဲ့ တရားတော်မြတ် မည်သူမှ ထွက်ပြီး အားထုတ်မဲ့ ပုဂ္ဂိုလ် မရခဲ့ဘူး၊ အဲဒီပရိသတ်မှာ မရဘူး၊ မရပေမယ်လို့ သူတို့အထဲမှာ စွဲမြဲတာတော့ ကျန်သွားတာပေါ့၊ ဒီလို-ဒီလို တရားတွေ ရှိတယ်။
အဲဒီလောက်တော့ ဝါသနာ ပါရမီတော့ ဖြစ်သွားတယ်၊ အဲဒါကြောင့် မြတ်စွာဘုရားက ဟောတယ်၊ မြတ်စွာဘုရားက ဒီတော့မှ သူတို့စိတ်တွေ, အတွင်းစိတ်ဓာတ်တွေ ဆင်ခြင်ကြည့်လိုက်တော့ ဒီသတ္တဝါ တွေကတော့ ကိလေသာမာန်ဖြင့် သူတို့အပေါ်မှာ လွှမ်းမိုး နှိပ်စက်နေတာပဲ၊ ကိလေသာ မာန်တွေ ကာမ တေ ပဌမာသေနာ - အစရှိတဲ့ မာန်တွေခေါ်တယ်။
ကိလေသာ ကာမစိတ်တွေကစပြီး ကိလေသာတွေဖြစ်တာ အားကြီးနေလို့ရှိရင် တရားဆိုတာ မသက်ဝင်နိုင်ဘူး၊ အဲဒီ မာန်စစ်သည်တွေ ကိလေသာ မာန်တွေက လွှမ်းမိုး နှိပ်စက်ပြီးတော့ နေတယ်၊ ဒီသတ္တဝါ တွေဟာ တကယ်ဆိုတော့ ၇-ရက် လောက်ဟာ ဘာမှမကြာဘူး၊ ၇-ရက် လောက်ဖြင့် တို့စမ်းကြည့်ဦးမယ်လို့ ဒီလိုစိတ်ကလေးတောင် မဖြစ်ကြဘူး၊မြတ်စွာဘုရားက ဆိုပြီးတော့ မြတ်စွာဘုရား တန်ခိုးပြာဋိဟာတွေ ပြပြီးတော့ ကျောင်းတော်ကို ပြန်သွားပါတယ်။
အဲဒီသုတ်မှာ လာတာတဲ့ အဲဒီတော့ အခုဒီမှာ တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်၏အနေနဲ့ စဉ်းစား လို့တော့ သြော် - ပထမ ကတည်းက အယူအဆတွေ တစ်မျိုးတစ်မည် ဖြစ်သွားလို့ရှိရင် မြတ်စွာဘုရား ကိုယ်တော်တိုင် ရဲရဲရင့်ရင့်နှင့် ဝန်ခံပြီးတော့ ဟောတဲ့တရား အားမထုတ်နိုင်ကြဘူး၊ ၇-ရက်လောက်တောင်မှ အစမ်းသဘော အားမထုတ်နိုင်ဘူး၊ အားမထုတ်နိုင်ကြဘူး၊ အဲဒီတော့ ငါတို့မှာ အင်မတန် ကံကောင်းနေတာပဲ၊ ဘယ်သူမှ ဘုရားကိုယ်တိုင်လည်း မတိုက်တွန်းရဘူး၊ ဘယ်သူမှ မတိုက်တွန်းရဘဲနဲ့ ကိုယ့်ဟာကိုယ် အားထုတ်ချင်တဲ့ စိတ်ဆန္ဒတွေလဲ ဖြစ်လာတယ်။
ဒီဆန္ဒတွင် ဖြစ်တာ မဟုတ်ဘူး၊ တကယ် အားထုတ်နေရပြီ၊ အင်မတန်ကို ကံကောင်းတာပဲ၊ ဝမ်းသာစရာ အင်မတန် ကောင်းတာပဲ၊ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ သိပ်အားရစရာ ကောင်းတယ်၊ ဒါကြောင့် အဲဒီလို ကြည်ညိုဖွယ်ဖြစ်တဲ့ သုတ္တန်တွေဆင်ခြင်ပါတဲ့၊ ဟုတ်လား၊ ကြည်ညိုဖွယ်ဖြစ်တဲ့ သုတ္တန်တွေက မကုန်သေးဘူး၊ နောက်လည်း ပြောရဦးမယ်၊ နာရီက လေးနာရီတောင် ခွဲသွားပြီ၊ ဒီတော့ သိမ်းဦးမှဖြစ်မယ်၊ ကဲ-ကဲ ယနေ့တော့ သိမ်းဦးမှပဲ။
ကြည်ညိုဖွယ် ညွှန်ကြား သုတ္တန်များ စဉ်းစားဆင်ခြင်ပါ။
ကြည်ညိုဖွယ်ညွှန်ကြားတဲ့ သုတ္တန်တွေ ပီတိပါမောဇ္ဇအဖြစ်နဲ့ နေတဲ့အခါမှာ ဆင်ခြင်ကြည့်ပါ၊ ဆင်ခြင်လိုက်တဲ့အခါမှာ ပီတိပါမောဇ္ဇတွေဖြစ်ပြီးတော့ တရားအားထုတ်ချင်တဲ့ စိတ်ဆန္ဒတွေ တက်လာပါလိမ့်မယ်၊ ကိုင်း-ကိုင်း ဆို။
ကြည်ညိုဖွယ် ညွှန်ကြား သုတ္တန်များ စဉ်းစားဆင်ခြင်ပါ။ (ဆို-၃)
ဒီနေ့ ရောက်သွားမလား အောက်မေ့တယ်၊ မရောက်ဘူး၊ ကုန်သွားပြီ၊ ဒီနေ့သိမ်းဦးမှ၊ ဤပီတိ သမ္ဗောဇ္ဈင် တရားကို ရိုသေစွာနာခံမှတ်သားရသော ဓမ္မသဝန ဥက္ကဋ္ဌကုသိုလ် စေတနာကံ၏ အစွမ်းအာနုဘော်တို့ကြောင့် ယခုတရားနာ ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် မိမိတို့ သန္တာန်၌ ဗောဇ္ဈင်တရားတို့ကို ပွားများအားထုတ်နိုင်ကြ၍ ဆင်းရဲခပ်သိမ်း ငြိမ်းရာဖြစ်သော နိဗ္ဗာန် ချမ်းသာမြတ်ကို မိမိတို့ အလိုရှိအပ်သော မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက် ပြုနိုင်ကြပါစေကုန်သတည်း။
သာဓု .... သာဓု .... သာဓု။
ပီတိသမ္ဗောဇ္ဈင် တရားတော်
▬▬▬▬▬▬▬▬▬▬▬
၁၃၂၃-ခု၊ ဝါခေါင်လဆုတ် ၈-ရက်။
သန္တံဝါ အဇ္ဈတ္တံ ပီတိ သမ္ဗောဇ္ဈင်္ဂံ အတ္ထိ မေ အဇ္ဈတ္တံ ပီတိ သမ္ဗောဇ္ဈင်္ဂေါ ပဇာနာတိ၊ အသန္တံ အဇ္ဈတ္တံ ပီတိ သမ္ဗောဇ္ဈင်္ဂံ နတ္ထိမေ အဇ္ဈတ္တံ ပီတိသမ္ဗောဇ္ဈင်္ဂေါတိ ပဇာနာတိ၊ ယထာစ အနုပ္ပန္နဿ ပီတိသမ္ဗောဇ္ဈင်္ဂဿ ဥပ္ပါဒေါ ဟောတိ၊ တဉ္စ ပဇာနာတိ၊ ယထာစ ဥပ္ပန္နဿ ပီတိ သမ္ဗောဇ္ဈင်္ဂဿ ဘာဝနာယ ပါရိပူရီ ဟောတိ၊ တဉ္စ ပဇာနာတိ။
အဇ္ဈတ္တံ - ကိုယ်တွင်း သန္တာန်၌၊
သန္တံ - ထင်ရှားရှိသော၊
ပီတိ သမ္ဗောဇ္ဈင်္ဂံ ဝါ- နှစ်သိမ့်အားရမှု ပီတိသမ္ဗောဇ္ဈင်ကိုလဲ၊
မေ - ငါ၏၊
သန္တံ - ကိုယ်တွင်းသန္တာန်၌၊
ပီတိသမ္ဗောဇ္ဈင်္ဂေါ - နှစ်သိမ့်အားရမှု ပီတိသမ္ဗောဇ္ဈင်သည်၊
အတ္ထိ - ရှိ၏၊
ဣတိ - ဤသို့၊
ပဇာနာတိ - သိ၏။
ပီတိသမ္ဗောဇ္ဈင်ဖြစ်ပေါ်လာလျှင် ဖြစ်ပေါ်လာမှန်း၊ ဗောဇ္ဈင်ရှိလျှင်လဲ ရှိမှန်းသိတယ်၊ ပီတိသမ္ဗောဇ္ဈင် ဖြစ်ပေါ်လျှင် မသိလို့လဲ မသိလို့လဲ မရပါဘူး၊ ထင်ထင်ရှားရှားကြီး ဖြစ်လာတာပဲ၊ မသိမသာလေးမှ မဟုတ်ဘဲ၊ ထင်ထင်ရှားရှား ဖြစ်လာတာပဲ၊ ပီတိသမ္ဗောဇ္ဈင်က လောဘနဲ့ယှဉ်တဲ့ ပီတိဖြစ်လာလျှင်လဲ ထင်ထင်ရှားရှား ဖြစ်လာတာပဲ၊ နှစ်သိမ့်အားရမှု ဝမ်းမြောက် ဝမ်းသာမှု ဖြစ်လာလို့ရှိရင် တစ်ခါတည်း ကိုယ်ထဲမှ လှိုက်လှိုက်လှဲလှဲ ဖြစ်လာတာပဲ၊ အသားတွေ, အရေတွေပါ ဆိုးဆိုး ဆတ်ဆတ်ပေမယ့် ခါပြီး သွက်သွက်ခါပြီး ပီတိဖြစ်လာလို့ရှိရင် အင်မတန် ထင်ထင်ရှားရှား ဖြစ်လာတယ်။
ကိုယ်အလိုရှိတဲ့ ကိစ္စတွေ အောင်မြင်တဲ့ အခါကာလတွင်၊ ကိုယ်အလိုရှိတဲ့ ပစ္စည်းတွေရတဲ့ အခါကာလတွင်၊ တွေ့ချင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့ရတဲ့အခါ ကိုယ်သဘောကျတာတွေ ကြားရတဲ့အခါ ကာလတွေမှာ နှစ်သိမ့် အားရမှု ဝမ်းမြောက်ဝမ်းသာတွေ သိပ်ဖြစ်လာတယ်၊ အဲ-မြတ်စွာဘုရား တရားတော် ကြားရတဲ့အခါလဲ တရားတော်တွေ ကြားရတော့ ကြားရတဲ့ ပုဂ္ဂိုလ်တွေမှာလဲ ပီတိတွေ အများကြီး ဖြစ်ပါတယ်၊ တရားနှလုံးသွင်း အားထုတ်နေတဲ့ ပုဂ္ဂိုလ်မှာ ဥဒယဗ္ဗယဉာဏ် ရောက်တဲ့ အခါကာလကျတော့ အဲဒီတော့လဲ ပီတိတွေဟာ အလှိုင်းတကြီး ဖြစ်တာပဲ၊ အဲဒီတော့ ဒီပီတိဖြစ်တာ ယောဂီပုဂ္ဂိုလ်က မသိဘဲနဲ့ မေ့ထားလို့ ဖြစ်ကိုမဖြစ်ဘူး၊ ဒါက ဒါ ပီတိ ဖြစ်လျှင် ဖြစ်မှန်းသိတော့ ဒါပဲတဲ့၊ သို့သော်လဲ တစ်ခုရှိရဲ့၊ ပီတိဖြစ်တဲ့ ဥစ္စာကို မရှုဘဲမမှတ်ဘဲ နေလို့ရှိရင် နေလို့ကတော့ သိပ်ပြီးမမြင်ဘူး၊ ပီတိကိုပဲ သာယာနှစ်သက် သဘောကျပြီး နေတယ်၊ ဒါက တရား မတိုးတက်ဘူး။
ပီတိ ဖြစ်လာလို့ရှိရင် ဝမ်းမြောက်လျှင် ဝမ်းမြောက်တယ်၊ နှစ်သက်လျှင် နှစ်သက်တယ်၊ သဘောကျလျှင် သဘောကျတယ်၊ အဲဒါလေးကို မှတ်ရတယ်၊ အဲဒါလေး ရှုရင်း, မှတ်ရင်းနဲ့ မဂ်ဖိုလ်နိဗ္ဗာန်ဆိုတာ ရောက်သွားနိုင်တယ်၊ ရှေးက ဘုရားဂုဏ်တွေ အာရုံပြုရင်း ပီတိဖြစ်ပြီးတော့၊ အဲဒီ ပီတိရှုရင်း, ရှုရင်းနဲ့ တစ်ခါတည်း မဂ်ဖိုလ် ရောက်သွားတာ (အများကြီးရှိပါတယ်-၂) မထေရ် တစ်ပါးများ မဟာကတိဓမ္မိယ တိဿမထေရ်ဆိုတာ သီဟိုဠ်ကျွန်းက နေပြီးတော့ မဟာဗောဓိကို ဘုရားဖူး လာတယ်၊ သီဟိုဠ်ကနေ မဟာဗောဓိကို ရောက်လာတော့ သင်္ဘောနဲ့ လာရတာကိုး၊ ယခုလဲ သင်္ဘောနဲ့ သွားရတာ များပါတယ်၊ လေယာဉ်ပျံ မဟုတ်ရင် သင်္ဘောနဲ့ပဲ သွားရတယ်၊ ပင်လယ်က သင်္ဘောနဲ့ လာတော့ ပင်လယ်ထဲ ရောက်တဲ့ အခါကျတော့ ဟိုဘက်ကမ်းလဲ မမြင်ရ၊ ဒီဘက်ကမ်းလဲ မမြင်ရနဲ့ တစ်ခါတည်း ရေပြင်ကြီး ပတ်ဝန်းကျင် လှည့်ပြီး ရေပြင်ကို မျက်စိတဆုံးဟာ မျှော်လို့မဆုံးနိုင်အောင် ကျယ်ဝန်းနေတာ တွေ့ရတယ်၊ အဲဒီမှာ လှိုင်းတွေကလဲ လေတွေနဲ့ လှိုင်းတွေ လေထန်တဲ့အခါဆို လှိုင်းကြီးကြီး ရှိတာပေါ့၊ လေမထန်တဲ့ အခါတောင်မှ လှိုင်းတွေ အတော်အသင့် ရှိနေတာပဲ၊ တအိအိနဲ့ တစ်ခါတည်း ရေထဲမှာ လှိုင်းတွေတစ်ခုနဲ့ တစ်ခု ထပ်ပြီးသကာလ ရေတွေ ဖြာဖြာ ပြီးတော့ ဖွေးခနဲ ဖွေးခနဲ သွားတာ ဒီလိုဟာတွေလဲ ရှိတာပဲ။
အဲဒါတွေ ကြည့်ပြီးတော့ လှိုင်းတွေ အဆင့်ဆင့် တစ်ခါတည်း လှိမ့်လှိမ့်ပြီးတော့ သွားနေတာတွေ၊ ဒါတွေမြင်ရတော့ ပင်လယ်ကြီးဟာ တယ်ကျယ်ပါလားလို့ သူ့စိတ်ထဲမှာ ထင်မြင်လာတယ်၊ ရှေးကလဲ ပင်လယ်ဆိုတာ ကျယ်မှန်းတော့ သိသားပေါ့လေ၊ ဒါပေမယ့်လို့ ပင်လယ်ထဲ ရောက်တဲ့အခါ ကျတော့မှ ပိုပြီးတော့ သိတယ်၊ ဒါတောင်မှ သီဟိုဠ်ကျွန်းကနေပြီး အိန္ဒိယ ကူးတာက သိပ်ကျယ်မယ် မဟုတ်ပါဘူး၊ မျက်စိနဲ့ မမီလို့သာ ကျယ်တယ် ပြောရတာ၊ အမှန်ကတော့ သီဟိုဠ်ကနေ မြန်မာပြည် လာမယ်၊ မြန်မာပြည်ကနေ သီဟိုဠ်သွားမယ်ဆို အဲဒါက သာပြီးတော့ ကျယ်သေး၊ အဲဒါထက် သီဟိုဠ်က နေပြီးတော့ အရှေ့ အင်ဒိုနီးရှားတို့ဆီကို, သြစတြေးလျတို့ဆီကို သွားမယ်, ကူးမယ်ဆိုရင် သာကျယ်တာပေါ့၊ အဲဒီမှာ ပင်လယ် အလယ်ခေါင် အတော်ကျယ်တာ၊ အဲဒါ အင်္ဂလန်ကနေပြီး အမေရိကန် ကူးတဲ့ဥစ္စာတွေ, ဂျပန်ကနေ အမေရိကန်ဘက် ကူးတာတွေ အဲဒါတွေက ပိုပြီးကျယ်တယ်၊ အင်မတန် ကျယ်တာတွေပဲ။
အဲဒါ မျှော်လို့, မှန်းလို့ကို မမြင်နိုင်ဘူး၊ လေယာဉ်ပျံ ပေါ်ကနေ ကြည့်တာတောင်မှ ပင်လယ်စပ် မမြင်ရဘူး၊ သင်္ဘော ဆိုတာတော့ ပြောစရာမရှိဘူး၊ အဲဒီလောက် ကျယ်ဝန်းတဲ့ ပင်လယ်ရေပြင်ကြီး မြင်ရတဲ့အခါ အဲဒါ သူက စဉ်းစားတယ်တဲ့၊ မြတ်စွာဘုရား ဟောထားတဲ့ ပဋ္ဌာန်းဒေသနာတော်ကြီးကို သူစဉ်းစားကြည့်တယ်တဲ့၊ ပဋ္ဌာန်းဒေသနာ ကလဲ သူက နှုတ်တက် အကုန်လုံးရပြီးတော့ သိနေတော့ ပဋ္ဌာန်းဒေသနာတော်ကြီး ကျယ်ဝန်းပုံ အင်မတန် ကျယ်ဝန်းတယ်၊ ပဋ္ဌာန်းဒေသနာတော်ကြီး ကလဲ ပင်လယ်ကြီးလိုပဲ၊ သိပ်ကို တစ်ခါတည်း မျှော်လို့ကို မဆုံးနိုင်အောင် ကျယ်တာပဲ၊ သိပ်ကျယ်ဝန်းတာ။
ပဋ္ဌာန်းက နည်းနယတွေ စဉ်းစားလို့ လိုက်လို့ကို မမီအောင် ကျယ်ကျယ်ဝန်းဝန်း မြတ်စွာဘုရား ဟောထားခဲ့တာ အင်မတန် ကို အံ့သြစရာကောင်းတယ်၊ အဲဒီပဋ္ဌာန်း ဒေသနာတော်ကြီးကို လျှောက်ပြီး စဉ်းစားလိုက်တဲ့ အခါကာလကျတော့ ပဋ္ဌာန်း ဒေသနာတော်ကြီး ကျယ်ဝန်းတာနဲ့ မြတ်စွာဘုရား ဉာဏ်တော်တွေ ကျယ်ဝန်းပြီးနေတာနဲ့ တစ်ခါတည်း အဆုံးအစမရှိ ကျယ်ဝန်းတာ တွေကို အာရုံပြုပြီးတော့ ပီတိတွေ ဖြစ်လာတာကိုး၊ ဝမ်းမြောက်ဝမ်းသာ ပီတိတွေ၊ ပင်လယ်ကမှ ကမ်းတွေရှိသေးတာတဲ့၊ ဒီပဋ္ဌာန်း ဒေသနာတော်ကြီးဟာ လိုက်လိုက်မယ် ဆိုလို့ရှိရင် မဆုံးနိုင် အောင်ကို ကျယ်ဝန်းနေတာပဲ၊ မြတ်စွာဘုရား၏ ဉာဏ်တော်တွေကလဲပဲ မဆုံးနိုင်အောင် ကျယ်ဝန်း နေတာပဲလို့ နှလုံးသွင်းလိုက်တဲ့အခါမှာ ပီတိတွေ ဖြစ်လာတာပဲ၊ တစ်ကိုယ်လုံး ဆိုးဆိုးဆတ်ဆတ်နဲ့ ဖျိုးဖျိုးဖျင်းဖျင်းနဲ့ တုန်လှုပ်ပြီးတော့ ပီတိတွေဖြစ်လာတော့ အဲဒီပီတိတွေကို ရှုရင်း, ရှုရင်းနဲ့ ရဟန္တာ ဖြစ်သွားတာပဲ၊ သူ့ဟာ တယ်နေရာကျတယ်။
ပင်လယ်ထဲ ခရီးသွားရင်း ရဟန္တာဖြစ်တယ်၊ ဒါတရား အားထုတ်တာ မဟုတ်ဘူး၊ ခရီးသွားရင်းနဲ့ ပီတိဖြစ်လာတာ သိပ်ပြီးတော့ ဘုရား ရှိခိုးရင်းလဲ ပီတိဖြစ်လာရင် အဲဒီပီတိ ဝမ်းမြောက်ဝမ်းသာ ဖြစ်လာရင် ရှုလိုက်ရင် တရားထူးတွေ တွေ့ရတယ်၊ ရောက်တတ်တယ်၊ ယခုလို တရားနာ နေရင်းနဲ့ ဝမ်းမြောက်ဝမ်းသာ ပီတိဆိုတာ တစ်ခါတစ်ခါ ဖြစ်တယ်၊ မြတ်စွာဘုရား တရားတော်တွေ ကြားရတဲ့ အခါ နှစ်သက်သဘောကျပြီး တရားသံလေး ကြည်ညိုပြီးတော့ ပီတိတွေက ဖြစ်တတ်တယ်၊ တစ်ခါတစ်ခါ မျက်ရည်တွေတောင် ကျလာတတ်သေးတယ်၊ လှိုက်လှိုက်လှဲလှဲတွေ ဖြစ်လာ တတ်တယ်။ ဖြစ်ပြီးလာလို့ရှိရင် တစ်ခါတည်း မှတ်ပေတော့ ရှုလိုက်လို့ရှိရင် ဒီအတွင်းမှာ ဝိပဿနာ ဉာဏ် အစဉ်အတိုင်း တက်ပြီးတော့ တရားထူး ရချင်လဲ ရသွားမယ်၊ သူက အင်မတန် ကျေးဇူး များပါတယ်၊ အဲဒီလို ပီတိဖြစ်လာတဲ့ အခါကာလ အဲဒီပီတိကို ရှုပြီးတော့ သိတာကိုး၊ ဒါကို ဆိုလိုတယ်။
အဇ္ဈတ္တံ - ကိုယ်အတွင်းသန္တာန်၌၊
သန္တံ - ထင်ရှားရှိသော၊
ဝါ- ထင်ရှားဖြစ်ပေါ်လာသော၊
ပီတိသမ္ဗောဇ္ဈင်္ဂံ - နှစ်သိမ့်အားရမှု ပီတိသမ္ဗောဇ္ဈင်တရားကိုလည်း၊
မေ - ငါ၏၊
အဇ္ဈတ္တံ - ကိုယ်တွင်းသန္တာန်၌၊
ပီတိသမ္ဗောဇ္ဈင်္ဂေါ - နှစ်သိမ့်အားရ ဝမ်းမြောက် ဝမ်းသာမှုသည်၊
အတ္ထီ - ရှိ၏၊
ဝါ- ဖြစ်ပေါ်လာ၏၊
ဣတိ - ဤသို့၊
ပဇာနာတိ - သိ၏၊
ဒီလိုသိရမှာကိုး။
အဇ္ဈတ္တံ - ကိုယ်တွင်းသန္တာန်၌၊
အသန္တံ - ထင်ရှား မရှိသော၊
ဝါ- မဖြစ်ပေါ်လာသော၊
ပီတိသမ္ဗောဇ္ဈင်္ဂံ ဝါ- ပီတိသမ္ဗောဇ္ဈင်ကိုလည်း၊
မေ - ငါ၏၊
အဇ္ဈတ္တံ - ကိုယ်အတွင်းသန္တာန်၌၊
ပီတိသမ္ဗောဇ္ဈင်္ဂေါ - နှစ်သက်အားရ ဝမ်းမြောက်ဝမ်းသာ ပီတိ သမ္ဗောဇ္ဈင်သည်၊
နတ္ထိ - မရှိ၊
ဣတိ - ဤသို့၊
ပဇာနာတိ - သိ၏။
ပီတိသမ္ဗောဇ္ဈင်ဖြစ်လို့ မှတ်လိုက်ရင် ပျောက်သွားတတ်တယ်၊ ပျောက်သွား ပေမယ်လို့ ဒါ ဝမ်းမနည်းရဘူး၊ ဒီနေရာ ပျောက်တာလဲ ဒီနေရာ သူက တစ်မျိုးဉာဏ် တိုးတက်သွားတာပဲ၊ ဥဒယဗ္ဗယ ဉာဏ်ကနေ ပီတိသမ္ဗောဇ္ဈင်တွေ မှတ်လို့ ပီတိတွေ ပျောက်သွားရင် နောက်ဘင်္ဂဉာဏ် ရောက်တာပဲ၊ ဉာဏ်တက်သွားတာ သူက၊ အဲဒီတော့ ပီတိတွေမှတ်လို့ မှတ်ရင်း - မှတ်ရင်းနဲ့ ပီတိတွေ ပျောက်သွားတယ်၊ ပျောက်သွားတော့လဲ ပျောက်သွားပြီ ဆိုတာ သိရတာပဲ၊ ပျောက်သွားရင် ရှေ့ဉာဏ်တစ်ခု တိုးတက်သွားတာပဲ၊ ဉာဏ်ရင့်သွားတယ်။
ယထာစ - အကြင် အကြောင်းကြောင့်လည်း၊
အနုပ္ပပန္နဿ - မဖြစ်ပေါ်သေးသော၊
ပီတိသမ္ဗောဇ္ဈင်္ဂဿ - ပီတိသမ္ဗောဇ္ဈင်၏ ဝမ်းမြောက်ဝမ်းသာမှုဟုဆိုအပ်သော ပီတိသမ္ဗောဇ္ဈင်၏၊
ဥပ္ပါဒေါ - အသစ် ဖြစ်ပေါ်လာခြင်းသည်၊
ဟောတိ - ဖြစ်၏၊
တဉ္စ - ထိုအကြောင်းကိုလည်း၊
ပဇာနာတိ - သိ၏၊
ပီတိသမ္ဗောဇ္ဈင်ဖြစ်ခြင်း၏ အကြောင်းတွေကိုလည်း သိတယ်၊ ဘာကြောင့် ဖြစ်သလဲဆိုတာ ဘုရားဂုဏ် နှလုံးသွင်းလို့ ပီတိဖြစ်ရင် အဲဒီဘုရားဂုဏ်နှလုံးသွင်းမှုကြောင့် ဖြစ်တာပဲ၊ ဝိပဿနာ ရှုလို့ဖြစ်ရင်လဲပဲ ရှုမှုကြောင့် ဖြစ်တာပါပဲ ဝိပဿနာ ရိုရိုသေသေရှုတော့ အဖြစ်အပျက် ကလေးတွေ သိအောင် အဲဒီ ရှုမှု, သိမှုကြောင့် ဖြစ်လာတာ၊ ရှုတိုင်း-ရှုတိုင်း ပီတိတွေ တစ်ခါတည်း ဖြစ်လာတယ်၊ တစ်နေ့က ပြောခဲ့တဲ့အတိုင်း-
ယတော ယတော သမ္မာသတိ ခန္ဓာနံ ဥဒယဗ္ဗယံ လဘတေ။ ပီတိပါမောဇ္ဇံ အမတံ တံ ဝိဇာနတံ။
ယတော ယတော - အကြင်အကြင် ရုပ်အဖို့, နာမ်အဖို့မှ၊
ခန္ဓာနံ - ရုပ်ခန္ဓာ နာမ်ခန္ဓာတို့၏၊
ဥဒယဗ္ဗယံ - ဖြစ်ခြင်း ပျက်ခြင်းကို၊
သမနေသတိ - သုံးသပ်၏၊
တတော တတော - ထိုထို ရှုတိုင်း ရှုတိုင်းသော ရုပ်အဖို့, နာမ်အဖို့မှ၊
ပီတိပါမောဇ္ဇံ - နှစ်သိမ့်အားရမှု ပီတိပါမောဇ္ဇ ကို၊
လဘတေ - ရလေ၏။
ရှုတိုင်း-ရှုတိုင်း တစ်ခါတည်း ဖောင်းတယ်မှတ်လိုက်ရင် အဲဒီဖောင်းတာလေး မှတ်ရာကနေပြီးတော့ ဖျိုးဖျိုးဖျင်းဖျင်းနဲ့ ပီတိတွေ ဖြစ်လာတယ်၊ ပိန်တယ်မှတ်လိုက်၊ ပိန်ရာက ဖြစ်လာတယ်၊ လက်ကလေး လှုပ်လိုက်ရင် လှုပ်ရာကနေပြီးတော့ ဖြစ်တာပဲ ကြွတဲ့အခါများ ကြွတယ် မှတ်လိုက်၊ ကြွရာကနေပြီး ပီတိဖြစ်လာတယ်၊ လှမ်းရာကဖြစ်လိုက်၊ ဆန့်တယ်မှတ်လိုက်၊ ဆန့်ရာကဖြစ်တယ်၊ (မှတ်တိုင်း-၂) မှတ်ရာကနေပြီးတော့ ဖြစ်နေတယ်၊ ပီတိတွေ တစ်ခါတည်း ဖြစ်နေတာ၊ အဲဒီတော့ ဒီပီတိတွေ ဘာကြောင့်ဖြစ်ပါသတုံးဆိုတော့ ရှုလို့ဖြစ်တာပဲ၊ ယောနိသော မနသိကာရ ဆိုတာပဲ၊ ဝိပဿနာရှုလို့ ယောနိသောမနသိကာရဖြစ်တာ၊ အဲဒီ ပီတိဖြစ်ပုံတွေ, ပီတိဖြစ်ခြင်း၏ အကြောင်း တွေကို အဋ္ဌကထာက ၁၁-ပါးရှိပါတယ်၊ ၁၁-ပါးရှိတယ်တဲ့၊ အဲဒါတွေ ပြောလို့လဲ အတော်စုံခဲ့ပါပြီ၊ ဒါနဲ့ ခေါင်းစဉ်လေး ပြန်ဆိုကြဦးစို့-
နှစ်သိမ့်ရောင့်ရဲ ဝမ်းလဲမြောက်သည်၊
ရုပ်ကောင်းရုပ်သန့် ပျံ့နှံ့စေသည်၊
ကိုယ်စိတ်ပေါ့လျက် ကြွတက်ထင်သည်၊
မြတ်ပီတိ မှတ်သိဗောဇ္ဈင်မည်။
အဲဒီပီတိဆိုတာဟာ နှစ်သိမ့်ရောင့်ရဲခြင်း သဘော, ဝမ်းမြောက်တဲ့ သဘောပါပဲ၊ သူ၏ သဘာဝ လက္ခဏာပဲ၊သမ္ပိယာယန လက္ခဏာ - နှစ်သိမ့်ခြင်း လက္ခဏာရှိ၏၊ ပီတိဆိုတာ နှစ်သိမ့်ခြင်း, အားရခြင်း, ဝမ်းမြောက် ဝမ်းသာခြင်းဟာ သူ့လက္ခဏာပဲ။
နှစ်သိမ့်ရောင့်ရဲ ဝမ်းလဲမြောက်သည်၊
ရုပ်ကောင်းရုပ်သန့် ပျံ့နှံ့စေသည်။
ဒါပီတိဖြစ်တဲ့အခါ ကိုယ်ထဲမှာ ဖျိုးဖျိုးဖျင်းဖျင်း တစ်ကိုယ်လုံးကို တစ်ခုခုနဲ့ ပက်ဖျန်းလိုက်သလို တစ်ခါတည်း ပျံ့ပြီးတော့ အခိုးအငွေ့တွေ ပျံ့သွားသလိုပဲ ကောင်းတာပဲ၊ ပီတိတွေနေ, ရုပ်ကောင်း ရုပ်သန့်တွေ ပျံ့နေတာပဲ၊ များများ ပျံ့သွားရင် တော်ရုံတန်ရုံ ရောဂါ ပျောက်တယ်၊ တယ်နေရာ ကျတာပဲ။
ဖရဏရသ - ပီတိဇရုပ်ကို ပျံ့နှံ့စေခြင်းလျှင် ကိစ္စရှိ၏၊ ပီတိဇရုပ်တွေ ကိုယ်ထဲမှာ ပက်ဖျန်း ပေးလိုက်သလို ပျံ့နှံ့စေတတ်သည်၊ ရုပ်ကောင်း ရုပ်သန့်ပျံ့နှံ့စေသည်။
သြဒဂ္ဂိယစ္စုပ္ပဋ္ဌာနံ - တက်ကြွသော သဘောဟု ယောဂီ၏ ဉာဏ်၌ ဘယ့်နှယ်ထင်တုံး ဆိုလျှင် ကိုယ်ရောစိတ်ရော ပေါ့တက် ကြွတက်သွားတယ်လို့ ထင်ရတယ်တဲ့၊ ပီတိဖြစ်လာတဲ့အခါ ခပ်ကြွကြွ ဖြစ်နေတယ်၊ တစ်နေ့က အကျယ်ပြောပြီးပါပြီ၊ အဲဒါကြောင့် ကိုယ်စိတ်ပေါ့လျက် ကြွတက်ထင်သည်၊ အဲဒါဟာ ဘာတုံးဆိုတော့ မြတ်ပီတိ မှတ်သိဗောဇ္ဈင်မည်၊ ပီတိ သမ္ဗောဇ္ဈင်တရားပဲ၊ အဲဒီသမ္ဗောဇ္ဈင် တရားဖြစ်ကြောင်း ဖြစ်ခြင်း၏ အကြောင်းတရား မြတ်စွာဘုရားက ယောနိသော မနသိကာရပဲ၊ ပီတိဖြစ်အောင်လို့ နှလုံးသွင်းမှု ပီတိဖြစ်အောင်လို့ ရှုမှတ်မှု ယောနိသောမနသိကာရကြောင့် ဖြစ်တယ်တဲ့၊ အကြောင်း တစ်ခုပြတယ်၊ အဋ္ဌကထာက ၁၁-ခုပြတယ်။
ရတနာသုံးစုံ သီလဂုဏ် စွန့်ပုံအောက်မေ့ပါ၊ ရတနာသုံးပါးရဲ့ ဂုဏ် ဘုရား, တရား, သံဃာ ရတနာသုံးပါးဂုဏ်၊ ဗုဒ္ဓါနုဿတိ, ဓမ္မာနုဿတိ, သံဃာနုဿတိ, နုဿတိ ၃-ပါး သီလဂုဏ်က သီလာနုဿတိ သီလကို နှလုံးသွင်းဆင်ခြင်တာတဲ့ အောက်မေ့ပါတဲ့၊ ရတနာသုံးစုံ၊ သီလဂုဏ် စွန့်ပုံအောက်မေ့ပါ၊ စာဂါနုဿတိ။ စွန့်ကြဲပေးကမ်း လှူဒါန်းတာတွေကို သုံးဖို့စွဲဖို့ရာထဲက မသုံးရက် မစွဲရက်ဘဲနဲ့ ရက်ရက်ရောရော မနှမြောဘဲနဲ့ စွန့်ကြဲပေးကမ်း လှူဒါန်းလိုက်တာ၊ အဲဒါတွေ ပြန် စဉ်းစား ဝမ်းသာစရာတွေ သိပ်ကောင်းတယ်၊ လှူလဲ လှူနိုင်ခဲတယ်၊ ဒါတွေ အင်မတန်မှ ဝမ်းသာစရာ ကောင်းတယ်၊ကဲ.... ဒါတွေ ဆိုရမယ်။
ရတနာသုံးစုံ သီလဂုဏ် စွန့်ပုံအောက်မေ့ပါ။
နတ်ဖြစ်ဖွယ်စု ငြိမ်းအေးမှု၊ တွေးရှုအောက်မေ့ပါတဲ့။
ဒေဝတာနုဿတိ - နတ်ဖြစ်စရာ အကြောင်းတွေ သဒ္ဓါ သီလ သုတ စာဂ ပညာအစရှိသော သူတော်ကောင်းတရားတွေကြောင့် နတ်ပြည်လောကမှာ ရောက်ပြီး နတ်သား နတ်သမီး နတ်မင်း နတ်မိဖုရားတွေ, နတ်စည်းစိမ်တွေနဲ့ ပျော်ပါးပြီးတော့ နေကြတယ်တဲ့၊ အဲ - သူတို့မှာ နတ် ဖြစ်ကြောင်း တရားတွေ ပြည့်စုံသလိုပဲ ငါ့မှာလဲ ပြည့်စုံနေတယ် သဒ္ဓါ သီလ အစရှိသော သူတော်ကောင်းတရားတွေ ပြည့်စုံနေတယ်။
စဉ်းစားလိုက်တဲ့အခါ ဝမ်းသာစရာကောင်းတယ်။
အဲဒါတွေလဲ ဒေဝတာနုဿတိ ခေါ်တယ်၊ နတ်ဖြစ်ဖွယ် စုတဲ့၊ ငြိမ်းအေးမှုတဲ့၊ မိမိမှာ တရားနှလုံး သွင်းလို့ ငြိမ်းသင့် ငြိမ်းထိုက် ငြိမ်းသင့်သလောက် ငြိမ်းပြီးတော့ နေတဲ့ ကိလေသာလေးတွေ ရှိတတ်ပါတယ်၊ အားထုတ်တဲ့ ပုဂ္ဂိုလ်မှ အားမထုတ်ရင်တော့ မသိဘူး၊ အားထုတ်လို့ရှိရင် လောဘ ဒေါသ မောဟ အကြမ်းစား အတော်အတန်တော့ ငြိမ်းနေတယ်၊ (ဝါ)ငြိမ်းပြီးတော့ နေတယ်။
တရားအားမထုတ်ဘဲ တရားနှလုံး မသွင်းဘဲနေတဲ့ အခါကာလကလို မထုတ်ဘဲနဲ့ နှလုံးသွင်း အားထုတ်တဲ့ အခါကာလ ကျတော့ ကိလေသာ လျော့ပါးမှု နည်းမှုကတော့ သူကရှိရမယ်၊ မလျော့ပါး မနည်းသေးလို့ရှိလျှင် ကိုယ်အားထုတ်တာကို အချိုးမကျသေးဘူး၊ တယ်နေရာ မကျသေးဘူး၊ ငါကြိုးစားဦးမှဖြစ်မှာ၊ ဆေးစားလျှင် ရောဂါဆိုတာ ပျောက်ရမယ်၊ မပျောက်တောင် သက်သာရမယ်၊ မသက်သာသေးဘူး ဆိုလျှင် ဆေးကရင်လဲ မကောင်းလို့ရှိရင်လဲ ဖြစ်ရမယ်၊ ဆေးစားပုံ နေရာမကျလို့
ရင်လဲ ဖြစ်ရမယ်၊ အခုတော့ တရားနှလုံးသွင်း အားထုတ်တာမှ အားထုတ်ပါရဲ့လား ကိလေသာက ငြိမ်းမှု မရှိဘူးဆိုလျှင် အားထုတ်တဲ့နည်းက မမှန်ဘဲလဲ ဖြစ်ရမယ်။
အားထုတ်တဲ့နည်းက မှန်နေပြန် ပါသော်လည်း အားထုတ်ပုံက မပြည့်စုံသေးလို့ ဖြစ်မှာပေါ့၊ အချိုးမကျသေးလို့ ဖြစ်မှာပေါ့၊ အဲ-အားထုတ်တဲ့ ပုဂ္ဂိုလ်တွေမှာ ကိလေသာ ငြိမ်းအေးမှု ကလေးတွေ ထိုက်သည့် အားလျော်စွာ ရှိပါတယ်တဲ့၊ အဲဒီ ငြိမ်းအေးမှုကလေးတွေ ပြန်တွေးလိုက်လျှင် ဝမ်းသာစရာ သိပ်ကောင်းတယ်၊ ရှေ့ကကြမ်းတမ်းတဲ့ စိတ်တွေ သိမ်မွေ့ပြီးနေတယ်၊ ဒါကြောင့် တွေးရှုအောက်မေ့ပါတဲ့၊ ဆို-
နတ်ဖြစ်ဖွယ်စု ငြိမ်းအေးမှု တွေးရှု အောက်မေ့ပါ၊ (ဆို-၃)
အဲ-အဲဒါက ဗုဒ္ဓါနုဿတိ, ဓမ္မာနုဿတိ, သံဃာနုဿတိ ရတနာသုံးစုံ၊ သီလာနုဿတိ, စာဂါနုဿတိ-သီလဂုဏ် စွန့်ပုံငါးခု၊ ဒုတိယအပိုဒ်က ဒေဝတာနုဿတိ ဥပသမာနုဿတိ-ဒီကနှစ်ပိုဒ်၊ ၇-ပုဒ် ပြီးသွားပြီ။
မွဲခြောက် သူကြဉ် စိုပြေယှဉ်၊ ထိုတွင် စိတ်ညွတ်ရာ။
မွဲခြောက် - လုခပုဂ္ဂလ ပရိဝဇ္ဇန - လုခ ခေါင်းပါးတဲ့ပုဂ္ဂိုလ် - အဆီအစေးမရှိဘဲနဲ့ ခြောက်နေတဲ့ ဝတ္ထုပစ္စည်းများလိုပဲ၊ အဆီအစေးမရှိဘဲ ခြောက်နေတဲ့ဝတ္ထုပစ္စည်းများ-သူက ဥပမာပေးတော့ မြည်း ခေါ်တဲ့ သတ္တဝါကိုး၊ ပုပုကလေး ခေါ်တယ်၊ မြင်းလဲမဟုတ်ဘူး၊ မြည်းဆိုတာ ငယ်ငယ်ပဲ၊ အဲဒီမြည်းရဲ့ ကျောမှာ မြည်းအညစ်အကြေးတွေနဲ့ ခြောက်သွေ့နေတဲ့ ဥစ္စာတွေရှိတယ်၊ ချေးတွေဖုံးနေမှ ဘယ်မှာ အဆီရှိနိုင်မှာတုန်း၊ ခြောက်နေတဲ့ ဥစ္စာ။
အဲ-အချို့ပုဂ္ဂိုလ်မှာ အဆီအစေး မရှိဘူးတဲ့၊ ဘာအဆီအစေးတုံး ဆိုတော့၊ သဒ္ဓါအဆီအစေး တရား မရှိဘူး၊ သဒ္ဓါတရား မရှိတဲ့အတွက် ဒီလိုပုဂ္ဂိုလ် သဒ္ဓါတရား မဖြစ်တာပေါ့၊ ကြည်ညိုစရာ မကြည်ညိုတတ်ဘူး၊ သူများကြည်ညိုတာတောင် သူက ပျက်အောင်ပြုတတ်တယ်၊ တစ်နေ့က ပြောသလို ရှင်အာနန္ဒာကနေပြီး မြတ်စွာဘုရား၏ အဆုံးအမတွေ ကြားရတော့ မြတ်စွာ ဘုရား အဆုံးအမတွေ အသံတော်နှင့် စပ်ပြီးတော့ အသံလွှင့်တာပါ၊ ဘုရားက အဘိညာဉ်တန်ခိုးနှင့် အသံလွှင့်တယ်၊ ခုကာလ အသံလွှင့်တာလိုပါပဲ၊ ဗြဟ္မာပြည်ကနေပြီးတော့ အဘိဘူဆိုတဲ့ ရဟန်း ကဿပ မြတ်စွာဘုရား လက်ထက်က အဘိဘူဆိုတဲ့ ရဟန်း ဗြဟ္မာပြည်က နေပြီးသကာလ အသံလွှင့်လိုက်တာ၊ တရားဟောလိုက်တာ၊ လူ့ပြည်လောက ကြားအောင်လို့ ဟောလိုက်တာ, အဲဒီတရားကို ကြားအောင်လို့ ဟောလိုက်တာ၊ အဲဒါကတော့ ရေဒီယိုဟာနဲ့ ဖမ်းရအောင် မဖမ်းရဘူး၊ သူ့အလိုလို ကြားရတယ်၊ အကုန်လုံး တလောကလုံး ကြားအောင် တစ်ခါတည်း အဓိဋ္ဌာန် ပြုပြီးတော့ ဟိုကနေပြီး ဂါထာဟောလိုက်တာ။
အာရမ္ဘထ နိဒ္ဓမထ၊ ယုဉ္ဇထ ဗုဒ္ဓသာသနေ။
ဓုနာထ မစ္စုနောသေနံ၊ နဠကာရံဝကုဉ္ဇရော။
ယောဣမသ္မိံ ဓမ္မဝိနယေ၊ အပ္ပမတ္တော ဝိဟိဿတိ။
ပဟာယ ဇာတိ သံသာရံ ဒုက္ခဿန္တံ ကရိဿတိ။
ဒီဂါထာနှစ်ပုဒ်ကို ဗြဟ္မာပြည်ကနေပြီးတော့ ကကုသန္ဒ မြတ်စွာဘုရားလက်ထက်က ဟောကြားတဲ့ အဘိဘူဆိုတဲ့ အဂ္ဂသာဝက ရဟန္တာ ပုဂ္ဂိုလ်ကနေပြီးတော့ တရားဟောတာ၊ လူ့ပြည်လောကက နေပြီး ကြားရတယ်။
အာရမ္ဘထ နိဒ္ဓမထ၊ ယုဉ္ဇထ။
ဗုဒ္ဓသာသနေ - မြတ်စွာဘုရား၏ သာသနာတော်၌၊
အာရမ္ဘထ - အစပြု၍ အားထုတ်ကြပါကုန်လော၊
အားမထုတ်ရသေးတဲ့ ပုဂ္ဂိုလ်တွေ ဘုရား သာသနာတော်တွင်းမှာ စပြီးအားထုတ်ကြ၊ စပြီး အားထုတ်လျှင် တော်ပါကလားလို့ဆိုတော့
နိဒ္ဓမထ - ကိလေသာတွင်းမှ လွတ်ကင်း ထွက်မြောက် အောင် အားထုတ်ကြပါကုန်လော၊
ကိလေသာ ဝဋ်ဆင်းရဲ အတွင်းက လွတ်အောင် အားထုတ်တဲ့ တရား အားထုတ်ကာစ တရားဆိုတာကလဲ အားထုတ်ခြင်းက ကောင်းတာ မဟုတ်ဘူး၊ မကောင်းတာ ပျင်းတာတွေ ပေါ်တတ်တယ်၊ စိတ်လျော့ရဲတာတွေ ပေါ်တတ်တယ်။
အဲဒီ ပျင်းတာတွေ လျော့ရဲတာတွေနဲ့ ပျင်းလိုက်၊ ပျင်းတာတွေကို (မှတ်လိုက်-၂)နဲ့ တစ်ခါတည်းလွတ်အောင်ကို အားထုတ်ရတာကိုး၊ တော်တော်ကြာတော့ ပျော်လာတယ်၊ မှတ်လို့ ကောင်းလာတယ်၊ မှတ်လို့ ကောင်းတော့ ပျင်းတာမရှိတော့ဘူး၊ မပျင်းဘူး တစ်ခါတည်း နေ့ရော ညရော မှတ်ရတာ၊ ပျော်လို့၊ သူ့တရားလေးနဲ့သူကောင်း၊ အဲဒီလို လွတ်မြောက်သွားအောင် အားထုတ်ပါတဲ့၊ တော်ပြီလားဆိုတော့ မတော်ရသေးဘူး။
ယုဉ္ဇထ - မပြတ်မစဲ အမြဲအားထုတ်ကြပါကုန်လော့ မပြတ်မစဲ အားထုတ်တဲ့ လိုအပ်တဲ့ပန်းတိုင် မရောက်မချင်းပေါ့ လေ၊ ပြိုင်ပွဲများမှာ အပြေးတွေ ပြိုင်တော့ ပန်းတိုင်မရောက်မချင်း ပြေးရတာပဲ၊ အစတော့ သူများထက် နောက်မကျအောင်လို့ ကြိုးစားရတယ်၊ သူများ ရှေ့ရောက်အောင်လို့ ကြိုးစားရတယ်၊ သူများနဲ့ နောက်ကျနေရင်လဲ မီအောင် လိုက်ရတယ်။ မီနေလို့ရှိရင် ကျော်အောင်လဲ ကြိုးစားရတယ်၊ ကျော်ရင် တော်ပြီလားဆို ကျော်လို့ရပ်နေလို့ ဘယ်ဖြစ်မလဲ၊ ပန်းတိုင်ရောက်အောင် ပြေးရမှာပေါ့၊ အရင်ဆုံးရောက်မှ ဖြစ်မယ်၊ ဒါမှ သူအောင်မှာကိုး၊ နိုင်မှာ၊ အဲဒီလိုပဲ၊ တရားလမ်းဆုံး မရောက်မချင်း အားထုတ်ပါတဲ့၊ တရားလမ်းဆုံး အနည်းဆုံး အောက်ထစ်ဆုံးအားဖြင့် သောတာပတ္တိ မဂ်ဖိုလ်ပေါ့၊ အဲဒီမရောက်မချင်း, နိဗ္ဗာန်မတွေ့မချင်း အားထုတ်ပါတဲ့။
ဗုဒ္ဓသာသနေ - မြတ်စွာဘုရားသခင်၏ သာသနာတော်၌၊
အာရမ္ဘထ - အစပြု၍ အားထုတ်ကြပါကုန်လော့၊
နိဒ္ဓမထ - ကိလေသာလက်တွင်းမှ လွတ်ကင်းအောင် အားထုတ်ကြပါကုန်လော့၊
ယုဉ္ဇထ - မပြတ်မစဲ အမြဲအားထုတ်ကြပါကုန်လော။
သူက အဆင့်လေးသုံးဆင့်ကို တစ်ဆင့်ပြီး တစ်ဆင့် တက်လာတယ်၊ သူ့ စေတနာ တယ်ကောင်း တယ်၊ အဲဒီစေတနာလေးက တယ်ကောင်းတယ်၊ စင်စစ်တော့ ဘုရားဟောတဲ့ ဥစ္စာပါပဲ၊ အဲဒီ ရဟန္တာပုဂ္ဂိုလ်က မြတ်စွာဘုရား ဒေသနာကိုယူပြီးတော့ ဟောတာပါပဲ။
ဒုနာထ မစ္စုနော သေနံ၊ နဠကာရံဝ ကုဉ္ဇရော၊
ကုဉ္ဇရော - ဆင်ပြောင်ကြီးသည်၊
နဠကာရံ - ကြူထရံအိမ်ကို
ဓုနာတိဧဝ - မှုန့်မှုန့်ညက်ညက် နင်းချေဖျက်ဘိ သကဲ့သို့၊
ကြူထရံအိမ်၊ ကြူထရံအိမ်ဆိုတာ အိမ်ထဲမှာ အညံ့ဆုံးပဲ၊ ကြူထရံ ဆိုတာက ဝါးလောက်မှ မကောင်းဘဲ၊ ကြူထရံနဲ့ အိမ်ဆောက် ထားတယ်တဲ့၊ ကြူထရံအိမ် ဆောက်ထားတော့ အိမ်လေးက ခနော်ခနဲ့ပဲ၊ အစက ဘာမှခိုင်တာမှ မဟုတ်ဘဲ၊ အဲဒါ ဆင်ကြီးက မုန်ရစ်နေတဲ့ ဆင်ကြီး၊ အင်မတန် အားကောင်းနေတဲ့ ဆင်ကြီးလာပြီး နင်းလိုက်လို့ရှိရင် ကြေသွားတာပေါ့၊ ဘာခက်မလဲ၊ ဒီဥစ္စာ အလွယ်လေးပဲ၊ ဘာမှမခက်ဘူး၊ အဲဒါလိုပဲတဲ့၊ ဥပမာပေးတာ။
ကုဉ္ဇရော - ဆင်ပြောင်ကြီးသည်၊
နဠကာရံ - ကြူထရံအိမ်ကို၊
ဓုနာတိ ဧဝ - မှုန့်မှုန့်ညက်ညက် ခြေဖျက်ဘိသကဲ့သို့၊
မစ္စုနော - သေမင်း၏၊
သေနံ - ကိလေသာ စစ်သည်အပေါင်းကို၊
ဓုနာထ - မှုန့်မှုန့်ညက်ညက် ခြေဖျက်လိုက်ကြပါကုန်လော၊
(ကိလေသာ-၂) စစ်သည်တွေတဲ့၊ သေမင်း၏ ကိလေသာ စစ်သည်တွေ၊ သေမင်းက သေမင်းဆိုတာ သေခြင်းတရားပါပဲ၊ သေမင်းဆိုတာ မင်းကြီးရှိတာ မဟုတ်ဘူး၊ တချို့က အဟုတ်မင်းကြီးရှိတယ် မှတ်နေတယ်။
မင်းကြီးတော့ မရှိတော့ပါဘူး သေမင်းဆိုတာ ဘုန်းကြီး ငယ်ငယ်တုန်းက ငြင်းရဘူးတယ်၊ ဒကာကြီးတစ်ယောက်နဲ့၊ ဒကာကြီးတစ်ယောက်က သူက သေမင်းဆိုတာကို တကယ်သေမင်းလို့ လုပ်နေတဲ့ မင်းကြီးတစ်ခု ရှိတယ်လို့ ယူဆထားတော့၊ ဒကာကြီး သေမင်းဆိုတာ မရှိဘူး၊ နို့ဘုရား မရှိရင် ဒီစာတွေက ဘာဖြစ်လို့ ရေးထားသလဲ၊ ရှိရမှာပေါ့၊ ရှိလို့ ရေးထားတာပေါ့၊ မဟုတ်ဘူး ဒကာကြီး သေခြင်းတရားကိုပဲ ဒါကိုသေမင်းလို့ တင်စားပြီး ပြောနေတာဆိုတော့ ငြင်းလို့ကို မရဘူး၊ ဒကာကြီးနဲ့ ဘုန်းကြီးကတောင် အရှုံးပေးရသေးတယ်၊ ငယ်ငယ်တုန်းက ဒီဟာကို ရဟန်း ဖြစ်ခါစလောက်က ဖြစ်ပါလိမ့်မယ်၊ ဒကာကြီးက တယ်အငြင်းသန်သကိုး၊ အမှန်တော့လဲ သူက အငြင်းသန်မှာပဲ၊ သူက အရွယ်ကြီးနေမှပဲ၊ ဘုန်းကြီးက အငယ်လေး ရှိသေးတာကို ဒီကိုယ်တော်လေး ဘာမှမသိသေးဘူး အောက်မေ့မှာပဲ၊ အဲ သေခြင်းတရားပါပဲ။
သေခြင်းတရားကို သေမင်းလို့ တင်စားပြီးတော့ ခေါ်ထားတာ၊ (တစ်ခါ-၂) သတင်းစာတွေထဲက ရုပ်ပြောင်တွေဘာတွေ ရေးထားတယ်၊ သေမင်းကြီး ဆိုပြီးတော့ ကလေးတွေက အဟုတ်မှတ်လို့ သူ့အရုပ်ကြီး ရေးထားတာ၊ အဲဒီသေခြင်းတရားပါပဲ၊ အဲ့ဒီသေခြင်းတရားဟာ စစ်သည်တွေ အများကြီးရှိတယ်တဲ့၊ သေခြင်းတရားမှာ ယခုသတ္တဝါတွေ သေရတာဟာ သူ့စစ်သည်တွေနဲ့ လက်နက်တွေနဲ့ တိုက်ပြီးတော့ သေနေတာပဲ၊ စစ်သည်တွေနဲ့ တစ်ချို့က ရေနစ်ပြီးတော့ သေတယ်ဆို၊ ရေက သူ့စစ်သည်ပဲ၊ တစ်ချို့က မီးလောင်ပြီး သေတယ်၊ မီးဟာ သူ့စစ်သည်ပဲ၊ အဆိပ်သင့်ပြီးတော့ သေတယ် ဆိုရင်လဲ အဆိပ်ဟာ သူ့စစ်သည်ပဲ၊ အစားအသောက်မှား သေပြန်ပြီ၊ အဲဒါလဲ သူ့စစ်သည်ပဲ၊ ရေချိုးမှား သေပြန်ပြီ၊ ဒါလဲ သူ့စစ်သည်ပဲ၊ ဝမ်း ရောဂါဖြစ်ပြီး သေပြန်လဲ ဒါလဲ သူ့စစ်သည်ပဲ၊ ကာလရောဂါဖြစ်ပြီး သေတယ်၊ အကုန်လုံးရောဂါတွေ ဟူသမျှတွေဟာ သူ့စစ်သည် တွေပဲ၊ လိမ့်ကျပြီးသေတာလဲ သူ့စစ်သည်ပဲ။
ဘာပဲဖြစ်ဖြစ် သေစရာတွေ အကြောင်းတွေ အများကြီးရှိတယ်၊ သို့သော်လည်း ဒါကစစ်သည် အရင်းခံတော့ မဟုတ်ဘူး၊ ဒါကအဖျားအနား ရှိသေးတယ်၊ စစ်သည် အရင်းခံကတော့ ကိလေသာ တွေတဲ့၊ သတ္တဝါတွေ သေရတာဟာ ဘာကြောင့် သေရသလဲဆိုရင် ဘဝအသစ်ဖြစ်လာလို့၊ မဖြစ်တဲ့ ပုဂ္ဂိုလ် သေပါ့မလား မသေဘူး၊ သူကဖြစ်လို့သေတာ၊ ဖြစ်ရင်တော့ ပျက်ရမှာပဲ၊ ဖြစ်ပြီးရင် ပျက်ရမယ်၊ မဖြစ်ရင်တော့ မပျက်ဘူး၊ ဖြစ်လာလို့ရှိရင် တစ်နေ့ကျရင် ပျက်ရဦးမှာပဲ၊ ဒါမုချမလွှဲဘူး၊ မပျက်လို့ကို ပြီးကိုမပြီးဘူး အမှတ်တမဲ့ နေနေလို့ တော်တော် နေသာ ထိုင်သာအရှိသား။
စဉ်းစားလိုက်တဲ့အခါကျ တယ်နေရာမကျဘူး၊ တစ်နေ့ကျ သေရဦးမှာကိုး၊ သေမှဘဲ အပြီးသတ်မယ်၊ ဘဝအသစ် ဖြစ်လာလို့ရှိရင် ဘယ်ဘဝဖြစ်ဖြစ် ဘယ်လောက် အထက်တန်းကျတဲ့ ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် နောက်ဆုံး တစ်နေ့ကျ သူဟာ သေရမှာဘဲ၊ သေသွားပြန်တာပဲ၊ လူ့ဘဝနဲ့ သေရတယ်၊ နတ်ဘဝနဲ့ သေရတယ် စသည်အားဖြင့် ဗြဟ္မာဘဝနဲ့လဲ သေရတယ်၊ ဘာဖြစ်လို့ ဖြစ်ရတာလဲဆိုရင် ကိလေသာ တွေ ရှိနေလို့တဲ့၊ ကိုယ့်ဘဝတွေနဲ့ကို ခင်မင်တွယ်တာမှုတွေရှိလို့ ဒါတွေ ရှိနေတယ်၊ ကိလေသာတွေ မကင်းသေးသမျှ ကာလပတ်လုံး တစ်ဘဝက သေသွားရင် တစ်ဘဝဖြစ်မယ်၊ ဖြစ်ရာဘဝ သေရမယ်၊ နောက်တစ်ခါ တစ်ဘဝ ဖြစ်ဦးမယ်၊ အဲဒီဖြစ်ရာဘဝသေရမယ်၊ နောက်တစ်ခါလည်း ဘဝဖြစ်ဦးမယ်၊ ဖြစ်ရာဘဝ သေရမယ်၊ ဖြစ်လို့လဲမဆုံးဘူး၊ သေလို့လဲမဆုံးဘူး၊ ဒါပေမယ်လို့ အဖြစ်ကောင်း ကလေး တွေ ဖြစ်ပြီးနေရင် တော်သေးတာပေါ့လေ၊ လူအဖြစ်, နတ်အဖြစ်ကြီးပဲ ဆိုရင်တော့ နည်းနည်း တော်သေးတာပေါ့၊ ဆောက်တည်ရာလေး နည်းနည်းရရဲ့၊ အဲဒီ ငရဲတို့ တိရစ္ဆာန်တို့ ပြိတ္တာတို့ ဖြစ်ရင်တော့ နေရာမကျတာ၊ ဖြစ်ကတည်းက တယ်နေရာမကျဘူး၊ သေလဲ မကောင်းဘူး၊ ဘယ်ဟာ မှ နေရာမကျပါဘူး။
အဲဒီဘဝ သေရခြင်းဟာ လက်သယ်အရင်းခံ ရှာလိုက်လို့ရှိရင် ကိလေသာကြောင့်ပဲတဲ့၊ ကိလေသာ တွေဟာ သေမင်း၏ စစ်သည်တွေတဲ့၊ သူတို့ဟာ သေမင်း၏ စစ်သည်ဖြစ်တဲ့ ကိလေသာတွေကို မှုန့်မှုန့်ညက်ညက် ပျက်အောင်လို့ ခြေဖျက်ကြပါတဲ့၊ သီလတည်းဟူသော လက်နက်နဲ့, သမာဓိတည်းဟူသော လက်နက်နဲ့ ပညာတည်းဟူသော လက်နက်နဲ့ ခြေဖျက်ရမှာကိုး၊ ဝိပဿနာ ရှုရာတော့ အမှတ်ကလေးတွေနဲ့ ရှုတာလေးတွေ ပညာလက်နက်ကလေးနဲ့ ရှုလိုက်-ရှုလိုက်၊ ရှုတိုင်းရှုတိုင်း ကိလေသာ ငြိမ်းတာပေါ့၊ မရှုရင် ကိလေသာ မငြိမ်းဘူး။
မရှုမိတဲ့ အာရုံနဲ့စပ်ပြီးတော့ လောဘလဲ ဖြစ်နိုင်တယ်၊ ဒေါသလဲ ဖြစ်နိုင်တယ်၊ မောဟ, မာန, ကိလေသာတွေဖြစ်နိုင်တယ်၊ အဲဒီကိလေသာတွေ အကြောင်းပြုပြီး ဘဝတစ်ခု ဖြစ်နိုင်တယ်၊ ဖြစ်ရာ ဘဝမှာ သေရမယ်၊ အဲ-ရှုမိလို့ရှိရင် ရှုမိတဲ့ အာရုံတိုင်းမှာ ကိလေသာ မဖြစ်ဘူး၊ ကိလေသာ ငြိမ်းတယ်၊ ကိလေသာငြိမ်းတော့ ကံတွေမဖြစ်ဘူး၊ ကံကနေပြီး ဖြစ်မည့်ဘဝလဲ မဖြစ်ရဘူး၊ ဘဝငြိမ်းတယ်၊ ဘဝဖြစ်တော့ကို မအိုရ, မနာရ, မသေရဘူး၊ အဲ-သေပြီး ငြိမ်းတာပေါ့၊ ဒါသေမင်း မနှိပ်စက်နိုင်ဘူး၊ အဲဒါကြောင့် -
မစ္စုနော - သေမင်း၏၊
သေနံ - ကိလေသာ တည်းဟူသော စစ်သည်အပေါင်းကို၊
ဓုနာထ - မှုန့်မှုန့်ညက်ညက် ခြေဖျက်လိုက်ကြပါ ကုန်လော့၊
ဘယ်လို ခြေဖျက်ရမလဲဆို၊ ဥပမာအားဖြင့် ဆင်ပြောင်ကြီးလို ဆင်ပြောင်နဲ့ ကျူထရံအိမ်လိုပေါ့။ ကျူထရံအိမ်ဆိုတာ အမွလေးပဲတဲ့၊ အပျော့လေးပဲတဲ့၊ ဆင်ကြီးနင်းလိုက်ရင် ကြေသွားမှာပေါ့တဲ့၊ အဲဒါလိုပါပဲတဲ့၊ ကိလေသာတွေဟာ တစ်ကယ် အားထုတ်လိုက်လို့ရှိရင် ကြေပျက်သွား မယ်၊ အဲဒီတော့ ယောဂီပုဂ္ဂိုလ်တွေ, တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ စဉ်းစားပေါ့၊ တရားအားထုတ်တဲ့ ယောဂီဟာ ဆင်ကြီးလောက် သန်မှ သန်ရဲ့လား၊ ကိလေသာတွေလဲ ကျူထရံလိုမှ ပျော့ပျော့ ကလေးမှ ဟုတ်ရဲ့လား စဉ်းစားရဦးမှာကိုး။
အေး-တရားအားထုတ်တဲ့ ယောဂီပုဂ္ဂိုလ်က ဆင်ပြောင်ကြီးလို မသန်ဘဲနဲ့ အပျော့စား ဖြစ်နေလို့ ရှိရင်တော့ ခါခြင်ကောင် တို့လို ဘာလိုဖြစ်နေလို့ရှိရင် ဟိုကကပ်မယ်၊ ကိလေသာတွေ ကျူထရံ မဟုတ်ဘဲနဲ့ တစ်ခါတည်း တိုက်အိမ်ကြီးဖြစ်နေမှ သိပ်မာနေမှ ဖြစ်တော့ဖြင့် ဘာမှကို ဖျက်လို့ရမှာ မဟုတ်တော့ဘူး၊ အဲဒီလိုပဲ တွေ့နေတတ်တယ်၊ ဒီမှာ ဒေသနာကတော့ သေသေချာချာ ပေးထား တယ်၊ အားရစရာ အားပေးထားတယ်၊ ကျူထရံအိမ်လို ပါပဲတဲ့၊ မခက်ပါဘူးတဲ့။
ကိလေသာတွေဟာ ဘာမှအားမရှိဘူး၊ အေး - တရား လက်နက်တွေကလဲ အားကောင်းပါတယ်၊ ဆင်ပြောင်ကြီးလိုပါတဲ့၊ သိပ် အားကောင်းပါတယ်တဲ့၊ ဥပမာပေးထားတယ်၊ အဲဒီလို သဘောထားပြီး အားထုတ်ရမှာပဲ၊ ဟာ.... မဖြစ်နိုင်ပါဘူး ဆိုတဲ့ဘက်ကနေ အားထုတ်လို့တော့ မရဘူး၊ ဖြစ်မှာပဲလို့ စိတ်ထဲ တစ်ခါတည်းထားပြီး အားထုတ်ရမှာကိုး၊ ဒါက ရဲရဲတင်းတင်း အားထုတ်ဖို့ရာ ဥပမာပေးထားတာ၊
ကုဉ္ဇရော - ဆင်ပြောင် ကြီးသည်၊
နဠကာရံ - ကျူထရံအိမ်ကို၊
ဓုနာတိဧဝ - မှုန့်မှုန့်ညက်ညက် နင်းခြေဖျက်ဘိသကဲ့သို့၊
မစ္စုနော - သေမင်း၏၊
သေနံ - ကိလေသာ အပေါင်း တည်းဟူသော စစ်သည်အပေါင်းကို၊
ဓုနာထ-မှုန့်မှုန့်ညက်ညက် ခြေဖျက်လိုက်ကြပါကုန်လော့၊
ဗြဟ္မာပြည်ကနေပြီးတော့ အဘိဘူရဟန်းက ဟောတယ်၊ အဲဒီ လူ့ပြည်က နေပြီး အားလုံး ကြားရတယ်၊ ဟိုတုန်းက....
ယော ဣမသ္မိံ ဓမ္မဝိနယေ၊ အပ္ပမတ္တော ဝိဟေဿတိ၊
ပဟာယ ဇာတိသံသာရံ၊ ဒုက္ခဿန္တံ ကရိဿတိ။
ယော - အကြင်ပုဂ္ဂိုလ်သည်၊
ဣမသ္မိံ ဓမ္မဝိနယေ - ဤတရား ဝိနည်းတည်းဟူသော သာသနာတော်၌ ဤတရားဖြင့် ဆုံးမရာ သာသနာတော်၌
အပ္ပမတ္တော - မမေ့ မလျော့သည်ဖြစ်၍၊
ဝိဟေဿတိ - နေသည် ဖြစ်ငြားအံ့။
တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ် ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ်၊ လူကြီးဖြစ်ဖြစ်၊ လူငယ်ဖြစ်ဖြစ် တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်တဲ့၊ ဒီသာသနာမှာ မမေ့မလျော့ နေခဲ့လို့ရှိလျှင် မမေ့မလျော့ သတိတရားနှင့် သီလလဲ မချို့ယွင်းရအောင် သမာဓိလဲ မချို့ယွင်းရအောင်၊ ကုသိုလ်ကောင်းမှုတွေ မချို့ယွင်းရအောင် အကုသိုလ်တရားတွေ မပွားရအောင် သတိတရားရှိရမယ်၊အထူး သဖြင့် ဒွါရ ၆-ပါးက ဖြစ်တိုင်းဖြစ်တိုင်း ရုပ်နာမ်တွေကို တစ်ခါတည်း အမှတ်ရပြီး သတိလေးထင်ပြီး အသိတရား လေးနဲ့ ....
ဣမသ္မိံ ဓမ္မဝိနယေ - ဤမြတ်စွာဘုရား၏ သာသနာတော်၌၊
ယော - အကြင်ပုဂ္ဂိုလ်သည်၊
အပ္ပမတ္တော - မမေ့မလျော့သည်ဖြစ်၍၊
ဝိဟေဿတိ - နေငြားအံ့၊
သော - ထိုပုဂ္ဂိုလ်သည်၊
ဇာတိသံသာရံ - အဖြစ်ပေါင်း များစွာရှိသော သံသရာကြီးကို၊
ပဟာယ - ပယ်စွန့်၍၊
ဒုက္ခဿန္တံ - ဆင်းရဲ၏ အဆုံးဖြစ်သော နိဗ္ဗာန်ချမ်းသာကို၊
ကရိဿတိ - ပြုနိုင် ပြီးစီးနိုင်ပါလိမ့်မည်။
အဲ .... မမေ့မလျော့ နေသွားလို့ရှိရင် ဘဝ ထပ်ကာထပ်ကာ ဖြစ်ရတဲ့သံသရာကြီး အဲဒီသံသရာကြီးကို ပယ်စွန့် ဘဝသစ်မဖြစ်ရဘဲနဲ့ ဆင်းရဲဆုံးရာဖြစ်တဲ့ နိဗ္ဗာန်ရောက်သွား ပါလိမ့်မယ်တဲ့၊ ဒီဂါထာ ၂-ခု ဟောတယ်၊ အဲဒီ ဂါထာ ၂-ခုဟောတော့ လူ့ပြည်က နေပြီးတော့ အားလုံးကြားရတယ်၊ ကြားရတာနဲ့ စပ်လို့ ရှင်အာနန္ဒာက မေးလျှောက်တယ်၊ မြတ်စွာဘုရား ဒီအဘိဘူရဟန်းက ဗြဟ္မာပြည်က နေပြီးတော့ အသံကြားအောင်လို့ အဓိဋ္ဌာန်ပြီး ဟောတော့ကို အားလုံး လူ့ပြည်ကနေပြီး ကြားရတယ်၊ မြတ်စွာဘုရား ဟောလို့ရှိရင်တော့ ဘယ်လိုနေပါ့မလဲ ဘုရားလို့ လျှောက်တယ်၊ ဟာ - ဟိုဟာက သာဝက ရှိသေးတာပဲ၊ ဒါက တပည့် ဟောတာပဲတဲ့၊ ဘာပြောပလောက်သေးသလဲ ဘုရားဟောလို့ ရှိရင်တော့ အများကြီးပါပဲတဲ့၊ စကြာဝဠာပေါင်း သိန်းပေါင်း သန်းပေါင်းများစွာ ကြားနိုင်တာပဲတဲ့၊ ပြောတော့ ဒီထက်လဲ ပိုပြီးတော့ ကြားနိုင်တာပါပဲတဲ့၊ အလိုရှိရင် အလိုရှိသလောက် ကြားနိုင် တယ်တဲ့။
ဒီလိုပြောတော့ ရှင်အာနန္ဒာက ဝမ်းမြောက် ဝမ်းသာဖြစ်လို့ တစ်ခါတည်း မြတ်စွာဘုရား အင်မတန် တန်ခိုးကြီးတာပဲ လို့ဆိုပြီးတော့ ချီးကျူးတာကိုး၊ ချီးကျူးတော့ အရင်တစ်နေ့ကပြောတဲ့ ရှင်ဥဒါရီက၊ ဥဒါရီက အမျိုးမျိုးရှိတယ်၊ ရဟန္တာဥဒါရီကြီးကရှိသေးတယ်၊ ရဟန္တာဥဒါရီကြီးကတော့ သူက ရဟန္တာ ဆိုတော့ သူက ဟိုဒင်းမပြု ပါဘူး၊ ကာဠုဒါရီဆိုတဲ့ ရဟန္တာဥဒါရီ ကရှိတယ်၊ အဲဒီဥဒါရီမဟုတ်ဘူး၊ ဒါကတော့ လာလုဒါရီဆိုတဲ့ ဥဒါရီ တစ်ယောက်ရှိတယ်၊ သူကတော့ခပ်ပေါ့ပေါ့ပဲ၊ သူက နာမည် ပျက်တယ်၊ ဒီဥဒါရီက အဲဒီဥဒါရီကြီးက ထပြီးပြောတယ်၊ ရှင်အာနန္ဒာနဲ့ မြတ်စွာဘုရား တန်ခိုးကြီး တာ ရှင်အာနန္ဒာ ဘာအကျိုးရှိသလဲ၊ သူ့ဟာသူကြီးတာ၊ ဘာမှအကျိုးမရှိဘူး၊ ဒီလိုကိုး၊ သူ့ဥစ္စာက ဘုရား တန်ခိုးကြီးတာ၊ သူ့ဟာသူကြီးနေတာ၊ ကိုယ့်မှာ ဘာအကျိုးရသလဲ ဆိုတော့မှ ဒီတော့ မြတ်စွာဘုရားက အကျိုးရှိပါတယ်တဲ့။
အဲဒီလို ကြည်ညိုတဲ့ သဒ္ဓါတရား ဟာလဲ ကုသိုလ်တွေ ဖြစ်သွားတာပဲတဲ့၊ အကယ်၍သာ အာနန္ဒာဟာ ယခုဘဝမှာ ကိလေသာ မကင်းသေးလို့ ရဟန်းအဖြစ် မရောက်သေးလို့ရှိရင်၊ ဒီကြည်ညိုတဲ့ ကုသိုလ် စေတနာလေးကြောင့် လူ့လောကက ဖြစ်မယ်ဆိုရင်၊ ၇-ကြိမ်တိုင်တိုင် လူ့လောကမှာ မင်းစည်းစိမ် ၇-ကြိမ်တိုင်တိုင် ဖြစ်နိုင်တယ်၊ ဒီ စေတနာလေးကြောင့် ဟုတ်လား၊ ဒါ သောတာပန်ဖြစ်နေလို့ သောတာပန် မဖြစ်သေးရင် ဒါလောက် မကသေးဘူး၊ ပုထုဇဉ်ဖြစ်ရင် ဘယ်လောက် သွားမှန်း မသိဘူး။
အဲဒီအချိန်က သောတာပန် ဖြစ်နေတဲ့အချိန်၊ ရှင်အာနန္ဒာက သောတာပန်ဖြစ်တော့ ၇-ဘဝတဲ့၊ ပိုဟောလို့တော့ မဖြစ်ဘူး၊ ၇-ဘဝက ၈-၉ ဘဝ သွားဟောလို့ရှိရင် သောတာပန်ဘဝတွေ များသွားမယ်၊ အဲ ၇-ကြိမ်တိုင်တိုင် လူ့ပြည်ဖြစ်မယ်ဆိုရင် ၇-ကြိမ်တိုင်တိုင် သူ မင်းဖြစ်နိုင်တယ်တဲ့၊ နတ်ပြည်ဖြစ်မယ်ဆိုရင် နတ်ပြည်မှာ ၇-ကြိမ်တိုင်တိုင် သူမင်းဖြစ်နိုင် တာပဲတဲ့၊ ဒီစေတနာ ကုသိုလ်၊ ဒီပြင်ကုသိုလ် မဟုတ်ဘူး၊ သူကြည်ညိုတာလေး ဒီတရားလေးကို ကြားရတာနဲ့ မြတ်စွာဘုရား တန်ခိုးကြီးပါပေတယ် ဆိုပြီး ကြည်ညိုတဲ့ စေတနာလေး၊ အဲဒီလောက် အကျိုးရှိပါတယ်လို့ ဒါပေမယ် လို့ ရှင်အာနန္ဒာဟာ အဲ-ယခုဘဝပဲ အာသဝေါကုန်ခန်း ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန် စံမှာတဲ့၊ ဒီကုသိုလ် အကျိုး ဒီတော့ ပေးရမှာ မဟုတ်ဘူး ဆိုပြီးတော့ မြတ်စွာဘုရားက ဟောပါတယ်၊ ရဟန္တာ ဖြစ်တော့ လဲ အကျိုးက မပေးရဘူး၊ အဲဒီလိုသဒ္ဓါတရား မရှိတဲ့ ပုဂ္ဂိုလ်က သူများကြည်ညိုတာလဲ ဝင်ပြီး ဖျက်တာပဲ၊ ကြည်ညိုအောင်လို့လဲ မပြောဘူး၊ အဲဒီလို ဖြစ်တယ်။
ဒါကြောင့်မို့ မွဲခြောက်သူကြဉ်တဲ့၊ ဒါလူမွဲကြီးဒါ မွဲခြောက်သူနှင့် မပေါင်းနဲ့တဲ့၊ မွဲခြောက်သူကြဉ် ဆိုတာ လူသာ မဟုတ်ဘူး၊ မွဲခြောက်သူတွေကလဲ ဒါတွေလဲ ကြဉ်နိုင်ရင်တော့ ကောင်းတာပဲ၊ အကယ်၍ ကိုယ်က သတ္တိကောင်းလို့ ရှိရင်တော့ ကိစ္စမရှိဘူးပေါ့လေ၊ ကိုယ်က သဒ္ဓါတရား ခိုင်ခိုင်ခန့်ခန့် သဒ္ဓါတရား ကောင်းတယ်၊ ငါက ဆင်ခြင်နိုင်တဲ့ ပညာရှိတယ်၊ ခိုင်ခန့်တယ် ဆိုရင် တော့ ကိစ္စမရှိပါဘူး၊ ဘယ်စာကြည့်ကြည့် ရပါတယ်၊ ဒါကတော့ မိစ္ဆာဒိဋ္ဌိ၊ ဗုဒ္ဓဘာသာမဟုတ်တဲ့ ပြင်ဘက် လောကက ရေးထား ရေးချင်တာတွေ ရေးတာတွေ ရေးရေး ကြည့်လို့ရပါတယ်၊ ကိုယ်က ခိုင်ခန့်လို့ရှိရင် ခိုင်ခန့်တဲ့ပုဂ္ဂိုလ်ကတော့ ကိုယ့်စိတ် တယ်မယုံတဲ့ ပုဂ္ဂိုလ်တော့ သွားမကြည့်နဲ့၊ နေရာမကျဘူး၊ စိတ်နှလုံးခိုင်တဲ့ ပုဂ္ဂိုလ်တွေဟာ ဘာဘဲဖြစ်ဖြစ် သွားကြည့်လို့ရှိရင် စိတ်နှလုံး မခိုင်တဲ့ပုဂ္ဂိုလ်တွေက ကြောက်စရာ, လန့်စရာတွေ သွားမကြည့်ရဘူး၊ ကြောက်စရာ, လန့်စရာတွေ သွားကြည့်လို့ရှိရင် အဲဒါလန့်ဖျပ်ပြီးတော့ စိတ်တွေ ဖောက်ပြန်ပြီး သွားတတ်တယ်။
တစ်ချို့ အဲဒီလိုဟာတွေ သွားကြည့်ပြီးတော့ စိတ်တွေ ဖောက်ပြန်ကုန်လို့ တကတည်း ဘုန်းကြီးတို့ ရွာမှာ လူတစ်ယောက်ရှိတယ်၊ လူတစ်ယောက်ဟာ ခွေးကို လူတစ်ယောက်က ဓားနဲ့ခုတ်လိုက်ဆို ထင်ပါရဲ့၊ ဘုန်းကြီးက နောက်မှ ကြားသိတာပဲ၊ ဓားနဲ့ခုတ်လိုက်တော့ ခွေးကတစ်ခါတည်း အူတွေ ဘာတွေထွက်ပြီးတော့ အော်ပြီးတော့ ပြေးလာတယ်၊ အဲဒီလူကို မြင်တော့ မြင်တဲ့လူကလဲ စိတ်ထဲမှာ တစ်ခါတည်း နောက်သွားတယ်၊ လန့်ဖျပ်ပြီးတော့ စိတ်နောက်သွားတယ်၊ နောက်တွေ့ကရာတွေ လျှောက်ပြောတယ်၊ တစ်နေ့လုံး တစ်ခါတည်း ပြောနေတာ၊ ပါးစပ်က ဘာတွေ ပြောနေမှန်း မသိဘူး၊ တစ်ခါတည်း အကျယ်ကြီးပြောတာ၊ အော်-အော်ပြီးပြောနေတော့ နေ့ရောညရော အံ့သြစရာ ကောင်းပါတယ်။
ဘာဖြစ်လို့တုန်းလို့ ဘုန်းကြီးက မေးတယ်၊ အကြောင်းကတော့ ဒါပါပဲတဲ့ ခွေးကို ဓားနဲ့ခုတ်တာ သွေးသံရဲရဲ မြင်ရတော့ လန့်ပြီးတော့ စိတ်ဖောက်ပြန်သွားတာတဲ့၊ အဲဒီစိတ် ဖောက်ပြန်သွားတာ ဆေးကုလို့လဲမရ ဘာလဲမရ၊ အင်မတန် သနားစရာကောင်းတယ်၊ သူက အဲဒါ စိတ်မခိုင်လို့ရှိရင် မကြည့်ထိုက် မကြည့်အပ်တာတွေ မကြည့်ရဘူး၊ ကြောက်တတ်တဲ့ ပုဂ္ဂိုလ် ကြောက်စရာတွေ မကြည့်ရဘူး၊ လန့်စရာတွေ မကြည့်ရဘူး၊ ကြည့်လို့ ရှိရင်ဖြင့် အဲဒါ တော်တော်ကြာရင် စိတ်တွေ ကိုးရိုးကားရားတွေ လျှောက်ဖြစ် သွားတတ်တယ်၊ အဲဒါလိုပဲ မိမိက သဒ္ဓါတို့ ပညာတို့ မခိုင်တဲ့ ပုဂ္ဂိုလ်တွေက တွေ့ကရာ စာအုပ်စာတမ်းတွေဘာတွေ လျှောက်ကြည့်လို့ရှိရင် အဲဒါ ကိုးရိုးကားရား တွေ လျှောက်ဖြစ် သွားတတ်တယ်၊ သတ္တိကောင်းရင်လဲ ကိစ္စ မရှိဘူးပေါ့၊ သဒ္ဓါတရား ပျက်အောင်လို့ သဒ္ဓါတရားဖြစ်ပြီးသား သဒ္ဓါတရားတွေကို ပျက်အောင်လို့ရေးထားတဲ့ စာတွေဘာတွေ ရှိတယ်၊ အဲဒါတွေလဲ အတူတူပဲ၊ မွဲခြောက်သူကြဉ်ဆိုတာ ဒါလဲ မွဲခြောက်သူပဲတဲ့၊ လိုက်ရမှာပဲ ပီတိ မဖြစ်ဘူး၊ သူ့ကြည့်လို့ရှိ ရင် ပီတိမဖြစ်ဘဲနဲ့ ဖြစ်ပြီးသား ဟာတွေတောင် တစ်ခါပြန်ပြီး ပျက်သွားတတ်တယ်။
တစ်ချို့ပုဂ္ဂိုလ်တွေက ပထမကို ကုသိုလ်လေးနဲ့ ဒါနသီလ ကုသိုလ်လေးနဲ့ ဝမ်းမြောက်ဝမ်းသာဖြစ်လို့ တစ်ခါတည်း ဝမ်းမြောက် ဝမ်းသာ ကုသိုလ်တွေက တော်တော် ပြည့်စုံနေတော့ ဘာဖြစ်မယ်ဆိုပြီး အားရနေတယ်၊ နတ်ပြည်ရောက်ကြောင်း ကုသိုလ်တွေ ငါ့မှာပြည့်စုံနေပြီဆိုပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်နေတယ်၊ အဲဒီအထဲက နေပြီးတော့ တစ်ချို့ သဒ္ဓါတရားပျက်အောင် ပြောတတ်တဲ့ပုဂ္ဂိုလ်က ဘယ့်နှယ်ပြောသတုန်းဆိုတော့ ဟ-ဒါတွေက သံသရာ လည်ကြောင်း တရားတွေပဲ။
ဒါတွေ ခဏပြုတာ မှားတာပဲ၊ ဘဝတွေတော့ ဒုက္ခရောက်တော့မှာပဲ၊ ပြောတာနဲ့ တစ်ချို့က အဟုတ်ကြီး မှတ်ပြီးတော့ ငါဒီကုသိုလ်မျိုး နောက်လဲ မပြုတော့ဘူး ဆိုပြီးတော့ စိတ်ပျက်သွားတဲ့ ပုဂ္ဂိုလ်တွေရှိတယ်၊ သဒ္ဓါတရား ပျက်သွားတတ်တယ်၊ မွဲခြောက်သူကို ကြဉ်ရမယ်တဲ့။
တရား အားထုတ်နေတာလဲ ဒီအတိုင်းပဲ၊ သဒ္ဓါတရား အားကြီးတဲ့ပုဂ္ဂိုလ် တွေကတော့ တရား အားထုတ်နေရင် ကိုယ်တိုင်လည်း အားထုတ်လိုတဲ့ ဆန္ဒရှိတယ်၊ အားလဲထုတ်တယ်၊ သူများလဲ အားထုတ်ဖို့ တိုက်တွန်းတယ်၊ သူများအားထုတ်နေလို့ရှိရင်လဲ အားပေးတယ်၊ ဒါ သဒ္ဓါတရားရှိတဲ့ ပုဂ္ဂိုလ်၊ သဒ္ဓါတရားမရှိတဲ့ ပုဂ္ဂိုလ်ကျတော့ အားထုတ်နေတာလေးကိုပဲ ဒါဟာမလိုပါဘူး၊ ဒီဥစ္စာက လူပင်ပန်းရုံပါပဲ၊ ဘာလေးညာလေးလုပ် တော်ပါပြီဆိုပြီးတော့ သူကြိုက်တာတွေကို လျှောက်ပြောပြီး တော့ အားထုတ်နေတာ စိတ်ပျက်အောင်တော့ ပြောတတ်တယ်၊ ဒါကြောင့် မွဲခြောက်သူကြဉ်၊ စိုပြည်ယှဉ်တဲ့၊ အဲ-သဒ္ဓါတရားဖြင့် စိုစိုပြည်ပြည် ရှိတဲ့ပုဂ္ဂိုလ်, သဒ္ဓါတရားကောင်းတဲ့ ပုဂ္ဂိုလ်တွေကို မှီဝဲပါတဲ့၊ ကိုင်း-ဆိုရမယ်။
မွဲခြောက်သူကြဉ် စိုပြည်ယှဉ် ထိုတွင် စိတ်ညွတ်ရာ။ (ဆို-၃)
ကြည်ညိုဖွယ်ညွှန်ကြား သုတ္တန်များ စဉ်းစားဆင်ခြင်ပါ။ (ဆို-၃)
ဒါက ယနေ့ဒါကိုဟောရမယ်၊ ပသာဒနိယ သုတ္တန္တ ပစ္စဝေက္ခဏာ - ကြည်ညိုဖွယ်ကိုဆောင်တတ်တဲ့ ကြည်ညိုဖွယ် သဒ္ဓါ တရားတွေ ဖြစ်စေတတ်တဲ့ သုတ္တန်တရားတွေ စဉ်းစားဆင်ခြင် ကြည့်ပါတဲ့၊ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်မှာ တရားက မတိုးတက်လို့ အားလျော့ပြီးနေတဲ့ အခါမှာ အဲဒီလို အခါကာလမှာ ကြည်ညိုဖွယ် သုတ္တန်တွေကို ဆင်ခြင်ပါတဲ့၊ တစ်နေ့က ဆင်ခြင်ပုံတွေ ဘုန်းကြီးက တစ်နေ့ကပြောပြီးပြီ၊ တော်တော်များသွားပြီ၊ ဒီကနေ့လဲ တော်တော်ပြောရဦးမယ်၊ ပြီးတော့ ပြီးကောင်းပါရဲ့ ဒီနေ့ အပြီးသတ်မှဖြစ်မယ်၊ မပြီးနိုင်လို့ဖြစ်နေတယ်၊ သုတ်တွေကလဲ တယ်ကောင်း၊ သုတ်တစ်သုတ်လဲ အကြာကြီး အကြာကြီးပြောရတာကိုး၊ သူက တိုတိုလေးပြောလို့ မဖြစ်ဘူး။ ကြည်ညိုဖွယ်ရာ သုတ်တွေ အင်မတန် ကောင်းတယ်။
ယနေ့တော့ မြတ်စွာဘုရား ကိုယ်တော်တိုင် တရားအားထုတ်ခဲ့ပုံ အကြောင်းအရာ သုတ်တွေနဲ့ ရှင်အနုရုဒ္ဒါ တရားအားထုတ်ပုံ အကြောင်းအရာ သုတ်ကလေး အဲဒါတွေပါပဲ၊ အဲဒါတွေပြောရမယ်၊ အင်မတန် ကောင်းတယ်၊ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ အားကျစရာ အားတက်စရာတွေ၊ မြတ်စွာဘုရား အလောင်းတော်ဟာ ၂၉-နှစ်မှာ တောထွက်တာကိုး၊ ၁၆-နှစ် အရွယ်မှာ ယသော်ဓယာ မင်းသမီးနဲ့ ထိမ်းမြား လက်ထပ်ပြီးတော့ ထီးနန်းစည်းစိမ်တွေ သုံးဆောင် ခံစားပြီးတော့ နေခဲ့တယ်။
နန်းမသုံးဆောင်၊ ဆောင်းဥတုနဲ့ သင့်လျော်တဲ့ နန်းမပြာသာဒ် တစ်ဆောင် ဘုံနန်းပြာသာဒ်၊ ဆောင်းဥတု ဆိုတော့ အေးတာကိုး၊ မအေးအောင်လို့ အဆောက်အအုံ လုပ်တယ်၊ နွေဥတုနဲ့ သင့်လျော်တဲ့ ဘုံနန်းပြာသာဒ်က တစ်ဆောင်၊ နွေဥတု ဆိုတော့လဲပဲ ပူအိုက်တာကိုး၊ မပူမအိုက်အောင်လို့ မပူမအိုက်ရအောင်လို့ ဆောက်တယ်၊ တစ်မျိုးဆောက်တယ်၊ မိုးဥတုနှင့် သင့်လျော်တဲ့ နန်းမပြာသာဒ် တစ်ဆောင်တဲ့၊ မိုးတွင်းဆိုတော့လဲ မိုးတွေကရွာတော့ မိုးဒဏ်ကို ခံနိုင်အောင်လို့ ဒီမှာလဲ သင့်လျော်အောင်လို့ ဆောက်တယ်၊ မိုးရွာပြီးတော့လဲ အိုက်တတ်တယ်၊ အဲဒါကြောင့် သင့်လျော်အောင်လို့ ဆောက်တယ်၊ နန်းသုံးဆောင်၊ ဆောင်းဥတုရာသီ ကြလို့ရှိရင်လဲ ဆောင်းဥတုနှင့် သင့်လျော်တဲ့ ပြာသာဒ်ပေါ်မှာ ပြာသာဒ် ဆိုတာလဲ အဆောက်အအုံကြီးပါပဲ၊ အုတ်တိုက်လဲ ဖြစ်ချင်ဖြစ်မှာပေါ့၊ ဟိုအခါတုန်းက သစ်သား အဆောက်အအုံလဲ ဖြစ်မှာပေါ့၊ ဘာရယ်လို့တော့ မပြောတတ်ဘူး။
အဲဒီမှာနေတာကိုး၊ အဲဒီမှာ အလုပ်အကျွေး ဖျော်ဖြေမည့် ပုဂ္ဂိုလ်တွေနဲ့ပေါ့လေ၊ ဟိုတုန်းက မင်းတွေက အင်မတန် စည်းစိမ် ရှိတာတွေပဲ၊ ဟိုတုန်းက မင်းတွေက ယခုကာလလို လူတွေကျေနပ်အောင်လို့ ဘာတွေ ဘာတွေလုပ်နေရတာ မဟုတ်ဘူး၊ သူတို့က တစ်သြဇာ တစ်မိန့် ပြီးတာပဲ၊ ဥပမာ ဘာလုပ်ကြဆိုရင် ပြီးတာပဲ၊ သိပ်ဟန်ကျတယ်၊ ဟိုတုန်းက မင်းတွေက လူထုတွေ ကျေနပ်အောင် သိပ်လုပ်ရတာ တစ်ခါတည်း အင်မတန် လုပ်ရတယ်၊ ဝန်သိပ်လေးပါတယ်၊ ပြီးတော့ ရတဲ့လခလေးနဲ့ မသုံးလောက် သုံးလောက်နဲ့ ဒါလေး သုံးစွဲနေရတာကိုး၊ ဟိုတုန်းက သူတို့ အခွန်တော်တွေ အကုန်လုံးဟာ မင်းက အကုန်လုံး ပိုင်တယ်၊ လုပ်ထားတာကိုး၊ ရေမြေကို အစိုးရတော်မူသော ဆိုတော့ မြေကြီးနဲ့ဆိုင်သော ဥစ္စာတွေလဲသူတို့ပဲ အကုန်လုံး ကောက်ယူတာပဲ၊ ရေနဲ့ဆိုင်တာတွေ သစ်တောနဲ့ ဆိုင်တာတွေ ဘာတွေအကုန်လုံး အခွန်ကောက်ပြီး အဲဒါတွေ အကုန်လုံး သူတို့ သိမ်းထားတာပဲ၊ သိမ်းထားပြီးတော့ သူတို့ပေးချင်တဲ့ ပုဂ္ဂိုလ်တွေကို ထိုက်သည့် အားလျော်စွာ ပေးပေါ့လေ၊ ကျန်တာတွေ သူတို့သုံးနေတာပဲ၊ သူအလိုရှိတဲ့အတိုင်း သုံးစွဲနေတာပဲ။
အဲဒီတော့ အစစအရာရာ ပြည့်စုံပြီးနေတာ၊ အစစအရာရာ ပြည့်စုံနေတဲ့အပြင် ဘုရားအလောင်းတော် ဆိုတော့ ဘဝ ပါရမီတွေကလဲ ပါလာတော့ သူ့မှာ အထူးသဖြင့် ပြည့်စုံနေတာပါ၊ အဲဒီမှာ အမြဲမပြတ် ပွဲလမ်းသဘင် တူရိယာတွေ တခြား ငှားရတာမဟုတ်ဘူး၊ သူ့အခြွေအရံ တွေကိုက ဒါတွေကို တစ်ခါတည်း အတီးအမှုတ် အကအခုန်တွေကို လေ့လာထားတာကိုး၊ အဲဒီမှာ ဒါတောင်မှ ယောကျာ်းတွေဆိုရင် မထားရဘူးတဲ့၊ အမျိုးသမီးတွေချည်းပဲ ယောက်ျားတွေရှိရင် သူက သံသယ ဖြစ်ဦးမှာကိုး၊ ဟိုလူနဲ့ ရှုပ်ထွေးသလား၊ ဒီလူနဲ့ရှုပ်ထွေးသလား အစရှိသည့် သံသယ ဖြစ်စရာတွေ အများကြီးရှိတယ်၊ ယခု ဘုံနန်း ပြာသာဒ်မှာ ယောက်ျားတွေ တစ်ယောက်မှ မထားဘူး၊ အကုန်လုံး တစ်ခါတည်း အတီးအမှုတ် တူရိယာတွေမှ စပြီးသကာလ အမျိုးသမီးတွေ တီးမှုတ်ကခုန်ပြီးတော့ ဖြေဖျော်ပြီးတော့ နေတယ်၊ အဲဒီလို ဘုံနန်းပြာသာဒ်ပေါ်မှာ နေတာဟာ ၄-လပတ်လုံး တစ်ခါတည်း အောက်မှ မဆင်းတော့ဘဲ၊ အဲဒီမှာပဲ နေနေတာ၊ အင်မတန် ချမ်းသာတဲ့ မင်းတွေ၊ ဟိုတုန်းက တစ်ခါ နွေဥတု ပေါက်လာလို့ ပူလာပြီဆိုရင် နွေဥတု နွေရာသီနဲ့ စံနန်းတော် ပြောင်းပြန်တာကိုး။
အဲဒီမှာလဲ တီးမှုတ် ကခုန်တွေနဲ့ ပျော်ပျော်ပါးပါးကြီး ပြောင်းသွားတာ သူက၊ အဲဒီမှာလဲ ပျော်ပျော်ပါးပါးကြီး ပြောင်းသွားပြီးတော့ ဟိုမှာနေပြန်ရော၊ ၄-လပတ်လုံး မဆင်းဘူး၊ တစ်ခါ မိုးကျလာပြီ မိုးဥတုရောက်ပြန်ရင် မိုးဆောင်ကိုရွှေ့ အဲဒီလို ပြောင်းလွှဲပြီးတော့ စံနေရာက ၂၉-နှစ်မြောက်ကျတော့ ဥယျာဉ်တော်ကို ထွက်ရင်း ဘုရားဖြစ်ဖို့ရာ အချိန်ကလည်း နီးပြီးလာတော့ နိမိတ်တွေ မြင်ရတာကိုး၊ အစတုန်းကဆိုရင် ဘုရားအလောင်း သွားတဲ့လမ်းဟာ သူအို, သူနာ, သူသေတို့ဘာတို့ မကောင်းတဲ့ အနိဋ္ဌာရုံ နိမိတ်တွေ ဘာမှမမြင်ရဘူး၊ အကုန်လုံးရှင်းနေတာ၊ ယခုကာလလဲ ဒီလိုပဲ။
ယခုကာလလဲ အရာရှိကြီးတွေ ဘယ်တွေသွားတော့မယ် ဆိုရင် အဲဒီလမ်းတွေမှာ သန့်ပြန့်စင်ကြယ် နေအောင်လုပ်ထားတယ်၊ အစက ဘယ်လိုနေနေ ကောင်းအောင် တတ်နိုင်သမျှ လုပ်ကြတယ်၊ ဟိုတုန်းကတော့ သူ့ထက်လုပ်တာပေါ့၊ လမ်းမှာ အရှုပ်အထွေးတွေ အညစ်အကြေးတွေ ဘာမှမရှိရဘူး၊ လူတွေဘာတွေ မရှိရဘူး၊ စိတ်နှလုံး မသာစရာတွေ မရှိရဘူး၊ လူအို လူနာတွေ မရှိရဘူး၊ အဲဒီလို လုပ်ထားတယ်၊ ဒီထဲကနေပြီးတော့ သုဒ္ဓါဝါသ ဗြဟ္မာတွေက နေပြီးတော့ ဆင်းပြတာ၊ သုဒ္ဓါဝါသ ဗြဟ္မာ့ပြည်ကနေပြီး ဆင်းပြီးပြတယ်၊ သူအိုယောင်ဆောင် ပြီးတော့ပြတယ်၊ သူနာယောင် ဆောင်ပြီးတော့ ပြတယ်၊ သူသေ ယောင်ဆောင်ပြတယ်၊ ရဟန်းယောင်ဆောင်ပြီးတော့ ပြတယ်။
အဲဒါတွေ မြင်တော့မှ သူမေးမြန်းပြီး စုံစမ်းကြည့်တော့ သတ္တဝါတွေဟာ တစ်နေ့ကျလျှင် ဒီလိုဖြစ်ပြီး ဒီလိုဖြစ်လဲ အိုရတယ်၊ ဒီလိုလဲနာရတယ်၊ ဒီလိုလဲသေရတယ်၊ မသေလို့မပြီးဘူး၊ အို, နာ, သေ ရှိမှုရှိတာပဲ၊ အဲဒါတွေ သူသိရတာကိုး၊ စောစောတုန်းကတော့ တစ်ခါမျှ မမြင်ဖူးဘူးတဲ့၊ အို, နာ, သေတာ တချို့က အဲဒါကို ကဲ့ရဲ့ကြတယ်၊ ဘုရားအလောင်း ဆိုပြီးတော့နော်၊ အိုတတ်တာ သေတတ်တာ စောစောကမသိဘူး၊ သူများပြမှ သိတယ်ဆိုတော့ ဒါ သူက တစ်ခါတည်း ဉာဏ်နည်းတဲ့ အဓိပ္ပာယ်မျိုးနဲ့ တချို့က ကဲ့ရဲ့ကြတယ်၊ အဲဒီတော့ ဗုဒ္ဓဘာသာ မဟုတ်တဲ့ ပုဂ္ဂိုလ်တွေက ပြောကြတယ်၊ အရင်မှ မြင်မှမမြင်ဖူးဘူးဘဲတဲ့၊ ဘုရားလဲ မဖြစ်သေးဘူး၊ သူ့ဥစ္စာ ဒါ သူစဉ်းစားစရာလဲ မလိုဘူး၊ ကလေး ငယ်ငယ်လေးတွေ အခု ငယ်ငယ်ကလေးတွေဟာ ဘာမှ မစဉ်းစားဘူး၊ အဲဒါလိုပဲ။
ဘုရားလောင်းဟာလဲ စဉ်းစားစရာ အတွက်ကို မရှိဘူး၊ သူ့မှာ အိုတာ နာတာတွေ အစကတည်းက မြင်ကိုမမြင်ရဘူး၊ အဲဒီ အိုတတ်နာတတ်တဲ့ သဘော မစဉ်းစားခဲ့ဘူး၊ မဆင်ခြင်ခဲ့ဘူး၊ မမေးမြန်းခဲ့ဘူး၊ ဒီလိုပဲ အမှုမဲ့ အမှတ်မဲ့ နေတာ၊ ဒီခါကျမှ တွေ့ရတော့ သြော်... လောကကြီး အိုရတာ မကောင်းဘူး၊ နာရတာ မကောင်းဘူး၊ သေရတာ မကောင်းဘူး၊ မအို မနာ မသေတဲ့ တရားတော့ ရှိမှာပဲ၊ ရှာစရာတော့ ကောင်းတယ်၊ အဲဒီလို သူစဉ်းစား၊ ကိုယ့်အတွက်လဲ မကောင်းဘူး၊ လောကကြီး တစ်ခုလုံး အတွက်လဲ မကောင်းဘူး၊ မအို မနာ မသေတဲ့ တရားဟာ ရှိစရာတော့ ကောင်းတယ်၊ ရှာမယ်ဆိုပြီး သူ စဉ်းစားတယ်။
ခုကာလလဲ လူတွေ ဒုက္ခရောက်တယ်, ဆင်းရဲတယ် ဆိုလျှင်ဖြင့် ချမ်းသာတဲ့နည်းတွေ ရှာနေကြတာပါပဲ၊ မဖြစ်လို့သာဘဲ၊ အားလုံး တစ်လောကလုံး လူတွေဟာ တစ်ခါတည်း အမြဲတမ်း ချမ်းသာနေအောင်လို့ ဆိုပြီးတော့ လူတွေ ချမ်းသာတဲ့နည်း ဆိုပြီး ရှာကြတယ်၊ တချို့ ဘုန်းကြီး များဆီတောင် လာလာ မေးကြသေးတယ်၊ လူတွေအားလုံး လောကကြီး ပြဿနာတွေ ဖြေရှင်း သွားအောင်လို့ ဗုဒ္ဓဘာသာ တရားတော်က ဘယ့်နဲ့လုပ်နိုင်မလဲ ဆိုပြီးတော့ မေးတာပါပဲ၊ အဲဒါ လူထုတွေ ဆင်းရဲတဲ့လူရှိတယ်၊ ချမ်းသာတဲ့လူ ရှိတယ်၊ အဲဒါတွေ တစ်ခါတည်း တစ်တန်း တစ်စားတည်း အကုန်လုံး ညီတူညီမျှ ချမ်းသာအောင် လုပ်ဖို့ရာ နည်းကို လာလာပြီးတော့ မေးတယ်။
ဒါကိုတော့ တာဝန် မခံနိုင်ဘူး၊ အဲဒီတော့ ဗုဒ္ဓဘာသာ သူ့ကံနဲ့သူ၊ အဲ-သူ့ကံနဲ့သူ အကျိုးပေးတာတဲ့၊ လူတစ်ယောက် ဟာ သူ့လုံ့လနဲ့ သူ့ဝီရိယနဲ့ အားထုတ်လို့ရှိရင် ကြီးပွားချမ်းသာမှာပဲ၊ လုံ့လဝီရိယ မရှိဘဲနဲ့ ပေတေပြီး အလကားနေတဲ့ ပုဂ္ဂိုလ် သူ ဆင်းရဲမှာပဲ၊ ဒါ ဘယ့်နဲ့မှ မတတ်နိုင်ဘူး။
ဥပမာ-မိမိကိုယ်ကို သန့်ရှင်း စင်ကြယ်အောင် ရေမိုးချိုးပြီး သန့်ရှင်း စင်ကြယ်အောင် လုပ်ရင် သူ သန့်သန့်ရှင်းရှင်း ရှိမှာပဲတဲ့၊ ကိုယ့်ကိုယ်ကို ရေမိုးတောင် မချိုးဘူး၊ ဘာမှမလုပ်ဘဲနဲ့ ပစ္စလက်ခတ် နေလျှင် အဲဒါ သူ့ဟာသူ မသန့်ရှင်းဘဲနေမှာ၊ ဘာမှမတတ်နိုင်ဘူး၊ ဗုဒ္ဓဘာသာ တရားက ဒီလောက် ထိအောင်တော့ မတတ်နိုင်ဘူး၊ သူက တယ်တောင် မကျေနပ်ဘူး၊ သူက လူတစ်ယောက်ကနေ အားထုတ်လိုက်လျှင် အကုန်လုံး ချမ်းသာသွားလိမ့်မယ်လို့ အောက်မေ့တာကိုး၊ ဒါ ဖြစ်ချင်တာကိုး၊
ဖြစ်မှ မဖြစ်နိုင်တဲ့ ဥစ္စာကြီးပဲ၊ ဘယ့်နဲ့လုပ်မလဲ ဖြစ်လို့ရှိလျှင်လဲ သူ့ဟာနဲ့သူဖြစ်၊ သူ့အကြောင်းနဲ့သူ အကျိုးပေးတယ်၊ အဲဒါ ဘယ့်နဲ့မတတ်နိုင်ဘူး၊ အဲဒီတော့ အခုလဲပဲ သတ္တဝါရှာတော့ ရှာကြံနေကြ တာပါပဲ၊ မဖြစ်တဲ့ဥစ္စာတွေ ရှာနေတော့ အချိန်ကုန်ရုံ ရှိတာပါပဲ၊ မဖြစ်ပါဘူး။
အဲ-အိုခြင်းနာခြင်း သေခြင်းတရားတွေ မကောင်းဘူး၊ သည်တရားတွေ ငြိမ်းရာဖြစ်တဲ့ တရားကို ရှာသင့်တယ်လို့ စိတ်ကူးပြီးတော့ နေတုန်း တစ်ခါ ရဟန်းတွေ ပြန်တာကိုး၊ ဒါဘာတုန်း သူများနဲ့လဲ မတူပါဘဲလား သူ့ဥစ္စာကြည့်စမ်း ဒီပုဂ္ဂိုလ်ကဘာလဲ၊ သူ့အဝတ်က သူများအဝတ်နဲ့မတူ၊ သူ့ခေါင်း ကလဲ သူများနဲ့မတူ၊ သူအနေအထိုင် အဆန်း သွားတွေ့နေတာကိုး၊ အဲဒီတော့ ဒါက ရဟန်း ခေါ်တယ်၊ ဒါက သူက တရားရှာတဲ့ ပုဂ္ဂိုလ်၊ ဆင်းရဲတွေကို ငြိမ်းအောင်လို့ ဆင်းရဲငြိမ်းတဲ့ တရားကို ရှာနေတဲ့ ပုဂ္ဂိုလ်ဆိုတော့မှ အောင်မယ် ဒါဖြင့်နေရာကျသားပဲ၊ ဒီလိုဆိုလို့ရှိရင် ဆင်းရဲငြိမ်းတဲ့ တရားကို ရှာမယ်၊ ကောင်းတာပဲ၊ စိတ်ကူးရပြီးတော့ သူလဲဆင်းရဲငြိမ်းရာ ရှာဖို့ရာ သဘောပေါက်ပြီး တော့ သံဝေဂရပြီးတော့ တောထွက်တာ ၂၉-နှစ်မှာ- ၂၉-နှစ်ဆိုတော့ ငယ်ပါသေးတယ်၊ ဟိုတုန်းက ၂၉-နှစ်ဆို အင်မတန် ငယ်သေးဦးမှာပေါ့၊ ဟိုတုန်းက အသက်တမ်းက အသက်တစ်ရာ ကောင်းကောင်းနေရတာ၊ အခု အသက်တစ်ရာ ရနေရတဲ့ ခေတ်တောင်မှ ၂၉-နှစ်ဆိုတာ ဒါမကြီးသေးပါဘူး၊ သိပ်မကြီးသေးဘူး၊ ပျိုပျိုရွယ်ရွယ်ပဲ ရှိတယ်၊ အဲဒီမှာ တောထွက် ရဟန်းပြု၊ တောထွက် ရဟန်း ပြုတော့ ခုကာလ စာအုပ်တွေဘာတွေ ရှိလို့ မဟုတ်ဘူး၊ ရှိပြီးသား စာအုပ်တွေ စာတမ်းတွေနဲ့ ကြည့်ပြီး အဲဒီကျမ်းတွေ အမှီပြု ပြီးတော့ကျင့်ဖို့ရာ ထွက်သွားတာ ဘယ်ဟုတ်မလဲ၊ သူ့ဟာရှာရမှာ အသစ်ရှာရမှာ သူ့ဟာသူ ရှာဖို့ရာထွက်သွား သူ့ဟာသူ ရှာဖို့ရာ ထွက်သွားတော့ တောထဲ ရောက်တဲ့အခါ ကာလကျတော့ သူ ဟိုအရပ် ဒီအရပ်တွေ ဆွမ်းခံစား တရားနှလုံးသွင်း ရှာကြံပြီးတော့ နေရင်း အာဠာရ ရသေ့၊ ဥဒကရသေ့ ဆိုတာရှိတယ်၊ အဲဒါတွေ ခဏခဏပြောလို့ တိုတိုပဲ ပြောပါ့မယ်။
အာဠာရ ရသေ့ထံရောက်တော့လဲ သမာပတ် ၇-ပါး နည်းနိဿရည်းယူပြီး အားထုတ်လို့ရခဲ့တယ်၊ ဒါကို စွန့်လွှတ်ပြီးတော့ တစ်ခါ အားထုတ်ပြန်တယ်၊ ကိုယ့်ဟာကို တရားရှာပြန်တယ်၊ ဥဒက ရသေ့ဆီရောက်၊ ဥဒကရသေ့ဆီ ရောက်တော့လဲ သူလိုချင်တဲ့တရား မဟုတ်ဘူး၊ ဒါတွေစွန့်ပြီးနောက် ပြန်အားထုတ်ရတယ်။
အားထုတ်တော့ ဘယ်အချိန်ကာလရယ်လို့ အကန့်အသတ် မပါဘူးပေါ့လေ၊ သုတ်တစ်သုတ်မှာ ဟောထားတယ်၊ ရှေးအခါကာလ သူဖြစ်ခဲ့တာတွေ ဟောထားတာ၊ ဘယဘေဒဝသုတ် တဲ့။ ဘယ်အချိန်က ရယ်လို့တော့ မပါဘူး၊ အကန့်အသတ် မပါဘူး၊ သို့သော် စောစောပိုင်းက ဖြစ်မှာပဲ၊ ဒုက္ကရစရိယာ မကျင့်ခင်က ဖြစ်မှာပဲ၊ ဒုက္ကရစရိယာ ကျင့်ပြီးတဲ့နောက်၊ ဒုက္ကရစရိယာ ကျင့်ပြီးတော့ ဘုရားဖြစ်တာ မကြာဘူး၊ အဲဒီကနေ ဖြစ်သွားတာ၊ ဒုက္ကရစရိယာ မကျင့်ခင်ကနေမှာဘဲ၊ အဲဒီ ဘယဘေဒဝသုတ်မှာ-
ဇာနုသောနိ ဆိုတဲ့ ပုဏ္ဏားအမည်ပါပဲ၊ ဟိုတုန်းကအမည်, ဟိုတုန်းက ရာထူးဌာနန္တရ တစ်ဦးပါပဲ၊ အင်း - ဇာနုသောနိ ပုဏ္ဏား ဇာဏုသောနိ ရာထူးဌာနန္တရ ရှိတဲ့ ပုဏ္ဏားကြီးက မြတ်စွာဘုရားလျှောက်၊ မြတ်စွာဘုရား အားလုံးသော ရဟန်းတော်တွေ လူ့ဘောင်လောကက နေနေပြီးသကာလ ရှင် ရဟန်းပြု၊ ရှင်ရဟန်း ပြုပြီး တောထဲတောင်ထဲနေကြ၊ တရားကျင့်သုံးကြတာတွေဟာ အရှင်ဂေါတမ ဟာ ခေါင်းဆောင်ကြီးပဲ၊ တယ် အများသော ပုဂ္ဂိုလ်တွေ ကျေးဇူးများ အရှင်ဂေါတမက ခေါင်းဆောင် ပြီးတော့ သာသနာကြီး တီထွင်ခဲ့တယ် ဆိုပြီးတဲ့နောက် မြတ်စွာဘုရားက ဟုတ်မှန်တဲ့ အကြောင်း ပြန်ပြီး အမိန့်ရှိတယ်၊ တောထဲ တောင်ထဲ နေဖို့ဆိုတာ အင်မတန် ခက်ပါတယ်ဘုရား။
ဒုရာဘိသမ္ဘဝါနိ အယုကရာနိ အရညဝဏ္ဏပတ္တာနိ သန္တာနိ သေနာနိ။
အရညဝဏ္ဏပတ္တာနိ - တောအုပ်အရပ်တို့၌ တောနက်နက် တောအုပ်အရပ်တို့၌ နေထိုင်ခြင်းတို့ကို၊
ဒုရဘိသမ္ဘဝါနိ - ဖြစ်စေနိုင်ခဲကုန်၏၊
အရညကာနိ - လူနဲ့မနီးသော၊
သေနာသနာနိ - တောကျောင်း တောင်ကျောင်းတို့၌ နေထိုင်ခြင်းတို့ကို
ဒုရာဘိသမ္ဘဝါ - ဖြစ်စေနိုင်ခဲလှကုန်၏၊
အဲ ဟိုတုန်းက ရဟန်းတွေက တောထဲမှာနေကြတာ၊ ခုကာလမှ တဖြည်းဖြည်းနဲ့ နောက်မှ မြို့တွေဘာတွေထဲ ရောက်ကုန်၊ တောထဲနေကြတာပဲ၊ တောကျောင်းတွေ မြို့နဲ့ ရွာနဲ့ တစ်မိုင်လောက်၊ တစ်မိုင်သာသာလောက် ဝေးတဲ့နေရာမှာ နေကြတာပဲ၊ တောထဲမှာပဲ၊ အဲဒီတော တွေကလဲ ဟိုတုန်းကတော့ အဟုတ်တောတွေ၊ ခုကာလတော့ လူတွေကလဲ များလာတာနဲ့ အသုံး အဖြုန်း တွေကလဲ များလာတာနဲ့ တောထွက်ခုတ်၊ လယ်လုပ်၊ ထင်းခုတ်ဘာခုတ်နဲ့ သစ်ပင် တွေလဲ အကုန်လုံး ပြုန်းလို့ကုန်ပြီ၊ တစ်ခါတည်း ပြောသာ ပြောရတယ်၊ ကွင်းပြင်တွေ ဖြစ်ကုန်ပါပြီ၊ ရှေ့တုန်းက တောဆို အဟုတ်တောကြီးတွေ တကယ့်တောကြီးတွေ ဆိုတော့ လူတွေနေဘို့ မပြောနဲ့ ခဏတစ်ဖြုတ် သွားဖို့တောင် ကြောက်စရာလို့ အောက်မေ့ရတယ်၊ အဲသလို မြို့ရွာနဲ့ဝေးတဲ့ တောကျောင်းတွေမှာ ကျောင်းဆိုပေမယ့် ကျောင်းတောင် မရှိသေးပါဘူး၊ ရှေးခေတ်တုန်းက ကျောင်းတောင် ရှိသေးမှာ မဟုတ်ဘူး၊ အစပိုင်းတုန်းကဆိုလျှင် ကျောင်းမရှိသေးပါဘူး၊ ဒီလိုပဲ သစ်ပင်အောက်တို့ ဘာတို့နေကြရ၊ မိုးရွာလို့ရှိရင် မိုးလုံလေလုံ ဖြစ်အောင်လို့ တော်ရုံသင့်ရုံ သစ်ခက်ပဲ၊ ကျောင်းလေးတွေ ရှိမှာပေါ့၊ အဲဒါတွေ ဆောက်ပြီးတော့ ကိုယ့်ဟာကို ရှာကြံ ဆောက်ပြီးတော့ ပုံတော်သလို နေရတယ်၊ အဲသလို ကျောင်းနဲ့နေရတယ်၊ နေနိုင်ခဲ့ပါတယ်၊ ဒုက္ကရဝိဝေက - အဖော်မမှီးပဲနဲ့ တစ်ကိုယ်တည်းနေတဲ့ ဥစ္စာဟာလဲပဲ ပြုနိုင်ခဲပါတယ်၊ တစ်ကိုယ်တည်း တစ်ခုတည်းနေတဲ့ဥစ္စာ နေနိုင်ခဲတယ်၊ တရားတွေနဲ့ အာရုံပြု ပြီးတော့ တရားကို ရိုသေလေးစားသောအားဖြင့်သာ ခုသာသနာဘောင် တစ်ကိုယ်တည်း, တစ်ယောက်တည်း နေကြရတာကိုး၊ ဒီလိုမဟုတ်ဘဲနဲ့ ဆိုလျှင် တစ်ကိုယ်တည်း, တစ်ယောက်တည်း နေဖို့ ခက်တယ်၊ သူက တစ်ကိုယ်တည်း နေဖို့ခက်တယ်၊ ခက်ပါတယ်၊ အင်း-တစ်ကိုယ်တည်း နေဖို့ရာ အင်မတန်ကို တာဝန်လေးတဲ့ဥစ္စာ။
ဟရန္တိမညေ မနောနာနိ - သမာဓိ အလတမာနဿ ဘိက္ခုနော။
သမာဓိမရတဲ့ ရဟန်းမှာ ဆိုလို့ရှိရင် တောတွေက စိတ်ကို ဆွဲဆောင်သွားသလို ရှိမှာပါဘုရား၊ ကြောက်စရာ အင်မတန် ကောင်းတယ်၊ နေဖို့ရာ ခဲယဉ်းပါတယ် ဆိုပြီးတော့ သူစိတ်ကူးနဲ့သူ လျှောက်တာကိုး၊ လျှောက်တော့ မြတ်စွာဘုရားကလဲ မှန်ပေတယ်၊ မှန်ပေတယ်၊ သင်ပုဏ္ဏား လျှောက်တဲ့အတိုင်း ဟုတ်ပေတယ်၊ ငါလဲပဲ ရှေးအခါတုန်းက ဘုရားလောင်း၊ ဘုရားမဖြစ် သေးဘူးတဲ့၊ ဒီတုန်းက ဗောဓိဉာဏ် ဘုရားအဖြစ်ကို မရသေးဘူး၊ ဘုရားအဖြစ် မရောက်သေးခင် အခါကာလက သင်ပြောသလိုပါပဲတဲ့ စဉ်းစားမိတယ်၊ လူနဲ့မနီးတဲ့ တောထဲတောင်ထဲ နေဖို့ ဆိုတာဟာ ခဲယဉ်းတယ်၊ တစ်ကိုယ်တည်းနေဖို့ဆိုတာ ခဲယဉ်းတယ်၊ သမာဓိ မရလို့ရှိရင် စိတ်တွေဟာ လေလွင့်ပြီးတော့ တစ်မျိုးတစ်မည် ပြောင်းလဲ ဖောက်ပြန်ပြီး သွားနိုင်တယ်၊ ကြောက်စရာ အင်မတန်ကောင်းတဲ့ ဌာနတွေပဲ၊ ဒီလိုပဲ စဉ်းစားမိပါတယ်၊ အဲဒီလို စဉ်းစားမိတဲ့ အခါကာလမယ် သူဆင်ခြင်ကြည့်တယ်တဲ့၊ ဘုရားလောင်း ဆင်ခြင်ပုံလေး၊ ဆင်ခြင်ပုံ ၁၆-မျိုး ရှိတယ်။
တစ်ချို့သော ပုဂ္ဂိုလ်တွေက ရသေ့ ရဟန်းပြု၊ သူတော်သူမြတ် ပြုပြီးတော့ တောထဲမှာနေကြ၊ သူတို့က စောစော ကတည်းက ကာယကံတွေက မစောင့်စည်းခဲ့ကြဘူး။
အပရိသုဒ္ဓကာယ ကမ္မန္တာ။
ကိုယ့်ကံက မကောင်းခဲ့ကြဘူးတဲ့၊ ကာယကံ မကောင်းခဲ့လို့ သူတစ်ပါး အသက်တွေကို သတ်ခဲ့ ဖြတ်ခဲ့ကြတယ်၊ သူတစ်ပါးဥစ္စာ ခိုးခဲ့ကြတယ်၊ သူတစ်ပါး၏ သားမယားတွေ ပြစ်မှားကျူးလွန် ခဲ့ကြလို့ ဒီလို ပုဂ္ဂိုလ်တွေ ရှိတယ်တဲ့၊ အဲဒီပုဂ္ဂိုလ်တွေဟာ လူ့ပြည်လောကမှာ နေလို့ရှိရင် မင်းပြစ် မင်းဒဏ်တွေ ကြောက်တာနဲ့ တောထဲသွားပြီး သကာလ တောခိုကြတာကိုး၊ ဒါက သူပုန် မဟုတ်ဘူး၊ သူ့ဥစ္စာ ကိုယ့်အပြစ် လွတ်အောင်လို့ တောသွားပြီး နေကြတာကိုး၊ ပြီးတော့ ရွာတွေနေလို့ရှိလျှင် သူ့ဥပဒေက ရှိနေတာကိုး၊ သူ့အမှုတွေက သူ့ဟာက သူဘယ်သူ့သတ်တယ်၊ ဘယ်သူ့ ဘယ်သူရိုက်တယ်၊ ဘယ်သူ့ဥစ္စာခိုးတယ်၊ ဘယ်တုန်းက ဓားပြတိုက်တယ်၊ ဘယ်သူ့ သားမယား သူကျူးလွန်တယ်၊ ဘာလုပ်တယ် ဆိုတော့ ဘေးက အစိုးရဘက်ကရော၊ သို့မဟုတ် သူ့ဆွေမျိုးတွေ ဘာတွေ ရှိမှာပေါ့။
ခံရတဲ့ပုဂ္ဂိုလ်က ဆွေမျိုးတွေ ဘာတွေလဲ ရှိသေးတာပဲ၊ အပေါင်းအဖော်တွေလဲ ရှိသေးတာပဲ၊ ဒါတွေကလဲ အခဲမကြေ ဖြစ်နေတော့ ဒီအရပ်တောင် နေလို့မဖြစ်ဘူး ဆိုပြီးတော့ တောထဲတောင်ထဲ နေကြတဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်၊ တောထဲတောင်ထဲမှာ လာနေပြီးတော့ ရသေ့ ရဟန်းပြုနေ ဒီပုဂ္ဂိုလ်တွေက ကြောက်ရတယ်တဲ့၊ ဟိုက ချိုးချိုးချွတ်ချွတ် ကြားရင် ကိုယ့်နောက်က လူတွေ လိုက်တာ ထင်ပါရဲ့၊ ကြောက်နေမယ်တဲ့၊ သူကတော့ ဟုတ်တယ်၊ သူဟာ သူက အမှုရှိတဲ့ ပုဂ္ဂိုလ်ဆိုတော့ မလုံဘူး၊ ဟိုနားနေလို့ သိပ်မလုံဘူး၊ ဒီနားနေလဲ မလုံဘူး၊ အမှုက ရှိနေလာကိုး၊ သူ့ဟာက ကြောက်စရာ ရှိနေတော့ မလုံဘူး၊ အဲဒီတော့ ငါက ပရိသုဒ္ဓကမ္မန္တပဲတဲ့ ငါက အဲသလို စဉ်းစား ငါဘာမှ အပြစ်မရှိဘူး၊ ကာယကံနဲ့ စပ်ပြီး ဘာမှ ချို့ယွင်းချက် မရှိဘူး၊ ဘာကြောက်စရာ ရှိမလဲတဲ့။
အဲဒီလို စဉ်းစားလိုက်တဲ့အခါမှာ ကြောက်စရာတွေ လုံးလုံးမရှိဘူး ဆိုတာ ပေါ်ပါတယ်တဲ့၊ ဘယ်လိုနေနေ တောက ဘယ်လို နက်နက် ဘာမှ ကြောက်စရာ မရှိဘူးဆိုတာ ပေါ်လာတယ်၊ ရဲရင့်တဲ့ စိတ်တွေ ဖြစ်လာတယ်၊ ထို့အတူပဲ တချို့က ဝစီကံတွေ ချို့ယွင်းတယ်တဲ့။
ဝစီကံ ချို့ယွင်းမှုကြောင့် သူ့မှာလဲ အပြစ်တွေ ရှိနေတော့ အဲဒီပုဂ္ဂိုလ်မှာလဲ တောထဲတောင်ထဲ နေလျှင် သူ့လိပ်ပြာသူ လန့်နေတယ်တဲ့၊ သူ့ဟာသူ မလုံဘဲဖြစ်နေတယ်၊ အဲ-ငါ့မှာတော့ ဒါမရှိဘူး၊ စဉ်းစားလိုက်တဲ့ အခါမှာ သူ့မှာလဲ လုံနေတာပဲ၊ ဝစီကံနဲ့စပ်ပြီးတော့ လုံနေတယ်၊ တချို့က မနောကံနဲ့ ပြစ်မှားထားတာတွေ ရှိတယ်တဲ့၊ အဲဒီမနောကံနဲ့ ပြစ်မှားထားတာ ဆိုပေမယ့်လဲ ဒါကလဲ မနောကံပြစ်မှားတာ လူတွေကမသိပေမယ့် နတ်တွေက သိဦးမှာကိုး၊ အဲဒါကြောင့်မို့လဲ သူက ကြောက်လန့်ပြီးနေတာ ရှိပါတယ်တဲ့၊ အဲ-ဘုရားအလောင်းမှာတော့ ငါ့မှာ မနောကံလဲ ဘာမှမရှိဘူး၊ ငါ့မှာ အကောင်းတွေ ချည်းပဲ၊ စိတ်ဟာလုံနေတယ်။
တချို့က အသက်မွေးမှုတဲ့၊ အသက်မွေးဝမ်းကြောင်းမှုတွေ မတော်မတရားတွေ ပြုလာတာ ရှိတယ်တဲ့၊ ဒါကလဲ သူအပြစ် ရှိနေတာကိုး၊ တောထဲ တောင်ထဲ ရောက်တော့ သူလဲ လိပ်ပြာ မသန့်တော့ လန့်နေတာပေါ့၊ အဲ - ငါ့မှာ အသက်မွေးဝမ်းကြောင်း မဖြောင့်တာလဲ မရှိခဲ့ဘူး၊ ငါ စင်ကြယ်နေတာပဲ ဆိုတော့ ဘာမှ ကြောက်စရာ လန့်စရာ မရှိဘူး၊ အကြောက်အလန့် ကင်းခဲ့ ပါတယ်လို့ ဆိုပြီး အဲဒီလို ပြန်ဟောတယ်။
ဒါ သူ ဘုရားအလောင်း အဲဒီအခါ ကာလတုန်းက တောထဲနေတဲ့အခါ ကာလဖြစ်တဲ့ စိတ်တွေ ပြောနေတာ၊ တောထဲ ဖြစ်တဲ့စိတ်တွေ အင်မတန် တောကြီးတွေထဲမှာ နေစဉ်အခါ ကာလက စဉ်းစားပြီး ဖြစ်တဲ့စိတ်တွေ၊ အင်း-ကြည်ညိုစရာ အင်မတန် ကောင်းတာပေါ့၊ ဒီလိုနေရာမှာ ကြောက်စရာ လန့်စရာ တောကြီးတွေထဲမှာ ရောက်ပြီးနေတော့ ကြောက်စရာ ဌာနတွေပဲလို့ စဉ်းစားလိုက်တဲ့အခါ ကြောက်စရာ လန့်စရာ မရှိဘူးဆိုတဲ့ ဘက်ကနေပြီး စဉ်းစားတယ်။
ခုကာလ ပုဂ္ဂိုလ်တွေလဲ တရားနှလုံးသွင်းပြီး အားထုတ် နေလို့ရှိလျှင် တောထဲ တောင်ထဲမှာပဲ ဖြစ်ဖြစ် တောတောင် မဟုတ်တဲ့ နေရာမှာပဲဖြစ်ဖြစ် သူ့မှာစင်ကြယ်နေတယ်၊ ဘာမှ ကြောက်စရာ မရှိဘူး၊ စင်ကြယ်နေတာကိုး၊ နောက် -
အဘိဇ္ဈာ ဗျာပါရ ကာမစ္ဆန္ဒဗျာပါရ - အဲဒါ အဘိဇ္ဈာဗျာပါရလို့ ခေါ်တယ်၊ ဒီမှာတော့ ထိနမိဒ္ဓ ဥဒ္ဓစ္စ ကုက္ကုစ္စ ဝိစိကိစ္ဆာ နီဝရဏ ငါးပါးပေါ့လေ၊ အကျဉ်းချုပ်ပဲ ချုံးပြီးတော့ ပြောပါမယ်။
အဲဒီ-နီဝရဏ ငါးပါးရှိတဲ့ ပုဂ္ဂိုလ်တွေကလဲပဲ မိမိစိတ်မှာ နီဝရဏ တရားငါးပါး ရှိနေတဲ့အတွက်တဲ့၊ တောထဲတောင်ထဲ နေလျှင် ကြောက်စရာ လန့်စရာ ဖြစ်မယ်တဲ့၊ သူ့မှာတော့ နီဝရဏတရား ငါးပါး တွေလဲ ဘာမှမရှိဘူး၊ ဆိုးဆိုးသွမ်းသွမ်း တရားတွေ ဘာမှမရှိဘူး၊ ဒီတော့ ဘာမှ ကြောက်စရာ မရှိဘူး၊ ရဲတင်းတဲ့စိတ်တွေ သူ့မှာ ဖြစ်ခဲ့ပါတယ်တဲ့။
အဲဒီတော့ တချို့ ပုဂ္ဂိုလ်က - အတ္တုက္ကံသန ပရဝမ္ဘနတွေ ရှိတယ်တဲ့၊ ကိုယ့်ကိုကိုယ်တော့ ချီးမြှောက်၊ သူများကိုတော့ ကဲ့ရဲ့ရှုတ်ချ ဒီလိုဟာတွေ ရှိပါတယ်တဲ့၊ အရပ်ထဲမှာ ကိုယ်တိုင်တော့ မကဲ့ရဲ့ မြှောက်စားပြီးတော့ ပြောချင်သလိုပြော သူများတွေတော့ ကဲ့ရဲ့ရှုတ်ချပြီး သကာလ နှိပ်နှိပ်စက်စက် ဖိဖိစီးစီးပြော၊ အဲဒါကြောင့် အရပ်ထဲမှာ သူမတည့်ဘူး မတည့်တာနဲ့ ဒီလို လုပ်ပြီး တောထဲတောင်ထဲ သွားနေရတဲ့ပုဂ္ဂိုလ် ရှိတယ်။
အဲဒီပုဂ္ဂိုလ်တွေလဲ ကြောက်စရာ ရှိတယ်၊ ဘုရားလောင်းမှာ အဲဒါလဲ မရှိဘူးတဲ့ အဲဒီတော့ တစ်ချို့ပုဂ္ဂိုလ်က ကြောက်တတ်တယ်၊ အဲဒါ - အဲဒါကတော့ ခက်တယ်၊ တချို့ပုဂ္ဂိုလ်က ကြောက်တတ်ဆို အဟုတ်ကို ကြောက်တတ်တာ၊ တချို့ပုဂ္ဂိုလ်က ငယ်ငယ်ကတည်းက ကြောက်တတ်တာ၊ တစ်ယောက်တည်းနေလို့ မနေဝံ့ဘူး၊ အိမ်တွင်းတောင်မှ အခန်းထဲက တစ်ယောက်တည်း ခွဲပြီး မအိပ်ဝံ့ဘူး၊ ဒီလိုကြောက်တာကိုး၊ ညအခါကာလ ဆိုလို့ရှိလျှင် အိမ်ထဲ ကနေပြီး အိမ်ပြင် တချို့မထုတ်ဝံ့ဘူး၊ ဒါဟာ ဒကာမတွေ မဟုတ်ဘူး၊ တချို့ ယောက်ျားတွေကို ကြောက်နေတာ၊ သူ့ဥစ္စာ အဖော်မပါဘဲနဲ့ မပြင်ဘက် မသွားဝံ့ဘူး၊ အခင်းငယ် သွားစရာရှိလို့တောင် အဖော် လိုက်ရသေးတယ်၊ ကြောက်တတ်တာကိုး။
အဲဒီလို ကြောက်တတ်တဲ့ ပုဂ္ဂိုလ်ရှိတယ်တဲ့၊ အဲဒီ ကြောက်တတ်တဲ့ ပုဂ္ဂိုလ်ကတော့ သူက တောနဲ့ ဝေးပါရဲ့၊သူကတော့ အရပ်ထဲတောင်မှ ကြောက်နေတာ၊ တောဆိုရင် စိတ်ဖောက်ပြန်လိမ့်မယ်၊ ရူးလိမ့်မယ်၊ ဒီပုဂ္ဂိုလ်ကတော့ အဲဒီဘုရားလောင်း ကတော့ ဒီလိုကြောက်တတ် တာကလဲ မရှိဘဲ ဟာကိုး အဲဒါကြောင့် သူလဲစိတ်လုံနေတာ၊ ကြောက်လဲ မကြောက်တတ်ဘူးတဲ့၊ အဲဒီတော့ တစ်ချို့ ပုဂ္ဂိုလ်ကတဲ့ လာဘသက္ကာရသိလောက အလိုရှိလို့တဲ့၊ တောထဲတောင်ထဲမှာ နေလို့ရှိရင်ဖြင့်ရင် လူတွေက ကြည်ညိုကြမယ်၊ ချီးမွမ်းကြမယ်၊ ပေးလှူမယ်ဆိုပြီးတော့ လာဘ်လာဘတွေ, ချီးမွမ်း ကျော်စောမှုတွေ, ဂုဏ်ဒြပ်တွေ အလိုရှိပြီး တောထွက်ပြီးတော့ တောကျောင်းနေတယ် အဲဒါကလဲ စိတ်မသန့်တော့ သူ့ဟာသူ တစ်ခါတည်း လိပ်ပြာမသန့်တော့ကို ကြောက်စရာ, လန့်စရာတွေ သူ့ဟာသူခေါ်ယူသလိုပဲတဲ့။
ဟုတ်တယ်၊ ကြောက်တဲ့ ပုဂ္ဂိုလ်တွေက သူ့ဟာသူခေါ်ယူတာ၊ တစ်ချို့တစ္ဆေကြောက်တဲ့ ပုဂ္ဂိုလ်ကလဲ တစ္ဆေမှ မချောက် သေးဘူး၊ သူ့ဟာသူချောက်နေ၊ စိတ်ကူးကလဲ မည်းမည်း ပေါ်လာတော့မလိုလို၊ ဟိုက ချိုးချိုး ချောက်ချောက် ပေါ်လာတော့မလို၊ သူ့ဟာသူ ချောက်နေတာမို့၊ ဒါနဲ့ တစ်ခုခု ကြားလို့ရှိရင် တစ္ဆေပါပဲဆိုပြီး လန့်တော့တာပဲ၊ ဒီလိုဖြစ်တာကိုး။
အဲဒါက အဋ္ဌကထာက ဥဒါဟရုဏ် ဝတ္ထုကလေး တစ်ခု ထုတ်ပြထားတယ်၊ ပိယဂါမိက ဆိုတဲ့ ရဟန်းတစ်ပါးရှိတယ်၊ ပိယဂါမိကတဲ့၊ ရဟန်းတစ်ပါးက သူကစဉ်းစား ဆင်ခြင်ကြည့်တယ်တဲ့၊ သူ့ဒကာတွေမှာ သုသာန်ဓူတင် ဆောက်တည်ကြလို့ ဒကာဒကာမတွေက ကြည်ညိုကြတယ်၊ သုသာန်ဓူတင် ဆောက်တည်တော့ သူများက ကြည်ညိုကြတာပေါ့၊ သုသာန်ဓူတင် ဆောက်တည် တယ် ဆိုတော့ သုသာန်ဓူတင်နဲ့ နေတယ်ဆိုတော့ အများက ကြည်ညိုကြတာပေါ့၊ သုသာန်ဆိုတော့ နေနိုင်ခဲတယ်။
ဟုတ်တယ်၊ သုသာန်ဆိုတာ တော်တော်ကို နေနိုင်ခဲတယ်၊ ဘုန်းကြီးများလဲ အကြောင်းအားလျော်စွာ တစ်ခါက ရောက်သွားတယ်၊ သိပ်မလွယ်ဘူး၊ သုသာန်နေရတာတော့၊ ဒါတောင် ကိုယ်တစ်ပါးတည်း မဟုတ်ဘူး၊ စိတ်က နည်းနည်းတော့ လန့်သေးတာပဲ၊ သုသာန်ဓူတင်က ၂၈-နှစ်တုန်းက ပါပဲ၊ ၈-ဝါရတုန်းက တရားရှာရင်း ဘာရင်း ထွက်ပြီးတော့ သွားရင်း ကနေပြီးတော့ ကျိုက်ထီးရိုးတွေလဲ ရောက်၊ အဲဒီက ပြန်တဲ့အခါ ကာလမှာ ရွှေရောင်, မြတောင် ဆိုတာ အရင်က ဦးအုံးခိုင်ဆိုတာ ရှိတယ်၊ သူကကြီးမှ ရဟန်းပြုတာပါပဲ၊ သဒ္ဓါတရား တယ်ကောင်း၊ ဒီကိုယ်တော်ကြီးက သူကလဲပဲ ဓူတင်တွေ ဆောက်တည်ပြီး နေလို့ ကျော်ကြားလို့ ဒီကိုယ်တော် သူလဲပဲ ဘာတွေ အကောင်းတွေ ရှိမလဲ မသိဘူး၊ နည်းနိသျများ ကောင်းကောင်း ရှိလို့ရှိရင်လဲ နည်းနိသျ ယူရအောင်လို့ ဘုန်းကြီးက သွားတယ်၊
ဘုန်းကြီးက ဒီတုန်းကလဲ ဘာမှမပါပါဘူး၊ သင်္ကန်းနဲ့ သပိတ်ပဲ ပါပါတယ်၊ ဖိနပ်တောင် မပါဘူး၊ သင်္ကန်းနဲ့သပိတ်နဲ့ အဲဒီမှာသွားတော့ ကြည်ညိုစရာ ကောင်းပါတယ်၊ တောင်ခြေရွာတွေနဲ့ ဝေးပါတယ်၊ ရွာတွေနဲ့ ဆိုလို့ရှိရင် ၃-မိုင်ထက် မနည်းဘူးနဲ့တူတယ်၊ သူ့နေရာဌာနနဲ့က နီးတဲ့ရွာဟာ ၃-မိုင်လောက်ရှိမယ်၊ ၃-၄ မိုင် ဝေးပါတယ်၊ အဲဒီတော့ ကျောင်းမှာ တောင်ခြေရင်းမှာ လမ်းမှာတွေ့တယ်၊ သူက ဘယ်သွားမလို့လဲတဲ့၊ ဦးအုန်းခိုင်ကျောင်း သွားမလို့၊ သွားပါတဲ့၊ ဒီက သွားလို့ရှိရင် ရောက်သွားမယ်၊ သူ့ကို ဦးအုန်းခိုင်မှန်းလဲ ဘုန်းကြီးက မသိဘူး၊ သူနဲ့ လမ်းမှာ တွေ့နေတာကိုး၊ မသိပါဘူး၊ မသိတာနဲ့ ကိုယ်တော်ကြီး တစ်ပါးပါပဲလို့ ဒီလိုပဲ အောက်မေ့တယ်။
ဒါနဲ့ အရိုအသေ ပြုပြီးတော့ လျှောက်သွားရော၊ ညနေခင်း ရောက်ပြီးတော့ ဟိုမှာ ဘုန်းကြီး ဘယ်သူမှ မတွေ့ဘူး၊ ကပ္ပိယဒကာတွေနဲ့ တွေ့တယ်၊ ဘုန်းကြီးတွေ ဘယ်သွားကုန်ကြတုံး ဦးအုန်းခိုင်ဆိုတာ ဘယ်မှာတုံး၊ ယခု ဒီလမ်းက သွားတာပဲ အရှင်ဘုရားလမ်းမှာ မတွေ့ခဲ့ဘူးလားတဲ့၊ လမ်းမှာ တစ်ပါးတော့ တွေ့ခဲ့တယ်၊ အဲဒါ ဦးအုန်းခိုင် ပါပဲတဲ့၊ ဒီက မသိလို့ဘဲ၊ နို့ ဘယ်သွား ကုန်ကြတုန်း ဘုန်းကြီးတွေလဲ မတွေ့ရှိပါလား။
ဘုန်းကြီးတွေက ဒီအချိန်တော့ မရှိဘူးတဲ့၊ ညနေပိုင်း ဆိုလို့ရှိရင် သူတို့ သုသာန်ဓူတင် ဆောက်တည် ရအောင် သုသာန်ကို သွားကြတယ်တဲ့ သုသာန်သွားပြီးတော့ ညဆို သူတို့သုသာန် မှာပဲအိပ်၊ အိပ်ပြီးတော့ အဲဒီက နီးရာ ရွာကနေပြီး ဆွမ်းခံပြီး ပြန်ကြတာကိုး၊ ဆွမ်းခံပြီး ပြန်ကြတော့ မိုးကလဲ ချုပ်နေပြီ၊ ဘုန်းကြီးက တစ်ပါးတည်း ရောက်သွားတယ်။
ဒါဖြင့်လဲ ဒီကနေ့ညတော့ ဒီလိုအိပ်ရမှာဘဲလို့၊ အိပ်ရမှာပဲ ဆိုပေမယ်လို့ အိပ်ရာနေရာတော့ မရှိဘူး၊ ဓူတင် ဆောက်တည်ကြတာကိုး၊ ခေါင်းအုံးလဲ မရှိဘူး၊ ခေါင်းအုံးချင် အုံးအိပ်ရအောင်ဆိုပြီးတော့ ဟိုလို ခုံကလေးပေါ့လေ၊ ဘာခေါ်မလဲ သူက ခုံကလေး အပြားကလေး ဖင်ထိုင်တဲ့ ခုံကလေးမျိုးပါပဲ၊ ခေါင်းအုံးအိပ်ဖို့ရာ ဒါလေးတစ်ခုနဲ့ ဖျာလေးတစ်ချပ် ပေးတယ်။
အဲဒီတော့ ကျောင်းတွေကတော့ သူ့ကျောင်းလေးတွေ ရှိပါတယ်၊ တော်ရုံတန်ရုံ ဖက်မိုးလေးတွေ ကျောင်းလေးတွေပါပဲ၊ ဦးအုန်းခိုင်ကိုက ကျောင်းကောင်းကောင်း မဆောက်ရဘူးတဲ့၊ ကျောင်း ကောင်းကောင်း မဆောက်ရဘူး၊ ဒါကြောင့်မို့လို့ ဒီလိုဟာ ဆောက်ထားတယ်၊ ဖက်မိုးလေးတွေနဲ့ ဖက်ကာလေးတွေနဲ့ တော်ရုံသင့်ရုံ ကျောင်းလေးတွေပါပဲ၊ (တစ်ပါးနေ-၂) ကလေးတဲ့။
အဲဒါ ဘယ်ကျောင်းမဆို တက်နေနိုင်တာပဲ၊ သူကတော့ ဘယ်သူ့ကျောင်းရယ် ဘာရယ်လို့ မဟုတ်ဘူး၊ ဘယ်သူ တက်နေနေ ကျောင်းပေါ်မှာလဲပဲ သူ့ပစ္စည်းမှ ဘာမှရှိတာ မဟုတ်ဘူး၊ တက်ပြီး နေနိုင်တယ်၊ ကိုယ့်ဟာကိုယ် တက်နေ၊ ဟိုအပေါ် တက်သွားလို့ရှိရင်လဲ ဘာမှမရှိဘူး၊ ဖျာလေး တစ်ခုတော့ ခင်းထားမယ်၊ ခုနက ခေါင်းအုံးစရာ ခုံလေးတစ်ခုနဲ့ ဒါပဲ ရှိတာပဲ၊
ဒိပြင်ဘာမှမရှိဘူး၊ အဲဒီမှာနေပြီး နောက်တစ်ရက်ကျတော့ သူတို့ ဆွမ်းခံပြန်လာ၊ ဆွမ်းခံ ပြန်လာပြီးတော့ ဆွမ်းတွေပေါင်းထား၊ အဲဒီဆွမ်းတွေ အချိန်ကျတော့ကို ခွဲဝေပြီးတော့ ဘုဉ်းပေးကြတာပဲ၊ ကိုယ်တော် သလောက် တော်သလောက် ကိုယ့် သပိတ်ထဲ ထည့်ပြီးတော့ ကိုယ့်ကျောင်းပေါ်ကို သွားပြီး ကိုယ့်ဟာကို တစ်ပါးတည်း တစ်ပါးချင်း ဘုဉ်းပေးကြတာပဲ။
ဓူတင် ဆောက်တည်ပြီး နောက်တစ်နေ့ ညနေကျတော့ ဒီလိုပဲ၊ ညနေကျတော့ကို ဒီကလဲပဲ သူများလိုပဲ လိုက်ဦးမှ ဖြစ်မှာပဲ၊ သူများလိုပဲ ဆွမ်းခံလိုက်ဦးမှပဲ၊ သုသာန်ဓူတင်လဲပဲ လိုက်နိုင်မှာပဲ၊ ညနေခင်း လိုက်သွားတယ်၊ ညနေ ၃-နာရီ လောက်ကတည်းက သူတို့ သွားကြတာကိုး အဖွဲ့က ဦးအုန်းခိုင်က တစ်ပါးလား ၂-ပါးလား မသိပါဘူး၊ သူ့နောက်ကပါတာ၊ အဲ-သူက တစ်ဖွဲ့၊ ဘုန်းကြီး များက တစ်ဖွဲ့ပေါ့၊ ဘုန်းကြီးက ဟိုတုန်းက ၈-ဝါပဲ ရသေးတယ်။
ဒါပေမယ့် ဘုန်းကြီးက အကြီးဆုံး ဖြစ်နေတယ်၊ အဲဒီမှာက ဦးပဉ္စင်းကြီးတွေ ရသေ့တွေ ဘာတွေ လောက် ရှိတာကိုး၊ သူ့မှာ ကြီးကြီးမားမား ပုဂ္ဂိုလ်ကမရှိဘူး၊ ကိုရင်ကြီးတွေရှိတယ်၊ ဦးပဉ္စင်းကြီးတွေ ပါတာလဲ ဝါ ၃-၄ ဝါပေါ့လေ ဒါလောက်ပဲ၊ ဘုန်းကြီးက အကြီးဆုံး ဖြစ်နေတယ်၊ ကျောင်းနဲ့ ၄-မိုင်လောက်ဝေးတဲ့ ရွာတစ်ခု ရောက်သွားတယ်၊ အဲဒီရွာတွေမှာ တစ်ရွာတစ်ရွာမှာ ၃-ရက် ၃-ရက်နေတာကိုး၊ သင်္ချိုင်း တစ်ခု-တစ်ခုမှာ ၃-ရက်နေတာကိုး၊ ၂-ရက်တော့ ပြီးပြီးတဲ့၊ ဒါ နောက်ဆုံးရက်ပဲ။
အဲဒီမှာ နေရာလေး ဘာလေး ဝင်မယ်လို့လုပ်တော့ ရွာတစ်ရွာက သင်္ချိုင်းတစ်ခုက လာပြီးတော့ ဒကာတွေက လာပြီး ပင့်တယ်၊ ဟိုကြွကြပါဘုရားတဲ့၊ ဟိုနေရာကို နောက်တစ်ရက်ဆိုရင်လဲ အဲဒီနေရာကို အလှည့်ကျတာပါပဲ၊ အဲဒီတော့ ကြွကြပါတဲ့၊ ဘာ့ကြောင့်တုန်း ဆိုတော့ အကြောင်း ရှိပါတယ်တဲ့၊ ကလေးမလေး တစ်ယောက်က ကြိုးဆွဲချသေလို့တဲ့၊ ဒီဥစ္စာကို ကြိုးဆွဲချ သေတဲ့ဟာကို မြှုပ်ထားတယ်ပေါ့လေ၊ သင်္ဂြိုဟ်ထားတယ်၊ မြှုပ်ထားတယ်၊ ပယောဂ ဆရာတွေက ရှိသေးတာကိုး၊ တော်တော်ကြာ အရိုးဖော်ယူ ပယောဂဘက်က ရှိသေးတယ်။
အဲဒီတော့ အဲဒါ မလုပ်ရအောင်လို့ သူတို့ စောင့်စောင့် နေရတာကိုး၊ ဒီမှာ ဘုန်းကြီးတွေရှိတော့ သူတို့မစောင့်ရဘူး၊ သူတို့ အစောင့် သက်သာမှာကိုး၊ ဒါကြောင့် ဘုန်းကြီးတွေကို ပင့်တယ်၊ ဒါနဲ့ ဒါဖြင့်လဲ မထူးပါဘူး ဆိုပြီးတော့ ရွာနဲ့လဲနီးနီးပဲ၊ သိပ်မဝေးလှဘူး၊ နံနက်ဆိုရင် မူလရွာကို ပြန်ဆွမ်းခံမယ် ဆိုပြီး ဒါကြောင့် လိုက်သွားကြတယ်၊ လိုက်သွားတော့ သုသာန် ရောက်တဲ့အခါ ကျတော့ နေရာမှတ်ကြတာကိုး၊ နေရာမှတ်ကြတော့ သူတို့ ကိုယ်ကြိုက်တဲ့ နေရာလေးတွေကို ကောက်ရိုးလေး တွေဘာတွေနဲ့ နေရာလုပ်ထားကြတယ်၊ ကောက်ရိုးခင်းပေါ့လေ၊ ကောက်ရိုးခင်း ပေါ်မှာပဲ ကောင်းကောင်း မွန်မွန်တော့ မဟုတ်ဘူး၊ ရေအိုးတော့ တည်ထားတယ်၊ ရေသောက်ချင် သောက်ရအောင်လို့။
အဲဒီမှာ ကိုယ့်နေရာ ကိုယ်ယူကြတော့ သူတို့နဲ့ ခပ်ဝေးဝေးပါပဲ၊ ဘုန်းကြီးက နောက်ဆုံး နေရာရတယ်၊ ဘယ်နေရာတုန်း ဆိုတော့ အဲဒီကလေးမလေး မြှုပ်ထားတဲ့နေရာနဲ့ နှစ်တောင် လောက် ဝေးတယ်၊ မြေပုံနဲ့က အနီးဆုံးနေရာ ရတယ်၊ အဲဒီအနားမှာ သစ်ပင်လေးရှိတယ်၊ အခင်း လေးနဲ့ နေရာကရတော့ စဉ်းစားတယ်၊ ငါလဲ သုသာန်ထဲ တစ်ခါမှ မနေဖူးဘူး၊ ဒီမြေပုံနဲ့ကလဲ နီးလွန်းနေတော့ စိတ်ထဲ နည်းနည်းမသန့်ဘဲ ဖြစ်နေတယ်၊ မသန့်ဘဲ ဖြစ်ပေမယ်လို့ ဟို ကိုယ်တော်တွေနဲ့ လဲဖို့ရာ ခက်တာပဲလို့ ကိုယ်က အကြီးလဲ ဖြစ်နေတယ်၊ အသက်ကတော့ သူတို့က ကြီးပါတယ်၊ ဒါပေမယ့်လို့ ရဟန်းဝါ အနေနဲ့ကျတော့ ကိုယ်က အကြီးဆုံးဖြစ်နေတယ်။
ဗဟုသုတအနေနဲ့ ဆိုရင်လဲ ဒီက ဗဟုသုတတွေ ဘာတွေရှိပြီး ပုဂ္ဂိုလ်ဖြစ်နေတယ်၊ သူတို့နဲ့လဲ နေရာတော့ မကျဘူး၊ ဒီတော့ ဘာပဲဖြစ်ဖြစ်လေ ကိုယ်ရတဲ့ နေရာနေမှပါပဲ ဆိုပြီး ဘုန်းကြီးက ဒီနေရာမှာပဲ နေပါတယ်၊ ဒီလိုပဲ ထိုင်ပြီးတော့ အဲဒါ တခြားတော့ မဟုတ်ဘူး၊ စာထဲက ဆိုထားတယ်၊ အသုဘရှုသွားတဲ့ ပုဂ္ဂိုလ်ဟာတဲ့ ဒီလေအောက်က မနေရဘူးတဲ့၊ အလောင်း လေအောက်က မနေရဘူး၊ ဘာ့ကြောင့်တုန်းဆိုတော့ အလောင်း လေအောက်မှာတဲ့ ဘီလူးတွေ ဘာတွေက အနံ့ခံပြီးတော့ ဒီမှာ နေတတ်တယ်တဲ့၊ နေလို့ရှိရင် သူတို့နဲ့ တိုက်သွားလိမ့်မယ်တဲ့၊ စိတ်ဆိုးတတ် တယ်တဲ့၊ စာထဲက ဒါကို ဘုန်းကြီးက မှတ်ထားတယ်။
ဒါနဲ့အလောင်းနေရာက ဘုန်းကြီးနဲ့ နီးနေတော့ ဒီသေတဲ့ ကလေးမကိုတော့ ဘုန်းကြီးက မကြောက်ပါဘူး၊ ဒါသေတာ ကလေးမလေးပဲ၊ ဒကာမကြီးတွေ ဘာတွေတောင်မှ ဘုန်းကြီးကို ရိုသေနေတာ ဘာမှကြောက်စရာ မရှိပါဘူး၊ ဒီအနားမှာ ဘီလူးတွေများ လာလို့ တိုက်များသွားလို့ ရှိရင်တော့ ကြပ်တာပဲဆိုပြီး ဒါနဲ့ စိတ်ထဲက စနိုးစနောင့် ဖြစ်လာတယ်၊ ဖြစ်ပေမယ်လို့ ကိုယ့်ဟာကိုယ် နေနေတာပဲ၊ သူတို့လဲ ဒီနားရှိမှန်း သိသားပဲ။
ကိုယ်လဲ ထိုင်နေတာပဲလို့ ဒါ မထိုက်တန်ဘူး ဆိုပြီးတော့ ဒီလို စွန့်ပြီးတော့ နေရတာကိုး၊ ဘုန်းကြီး ထိုင်ပြီးနေတော့ တစ်ညလုံး တခြားပုဂ္ဂိုလ်တွေကတော့ အဲဒီမှာ ညဦးမှာ ဘုရားရှိခိုး ပရိတ်တွေ ဘာတွေ ရွတ်ဖတ် မေတ္တာတွေ ဘာတွေပို့ပြီးတော့ သူတို့ အိပ်ကြတာပါပဲ၊ တုံးလုံးလှဲပြီးတော့ အိပ်ကြတာပါပဲ။ ဘုန်းကြီးလဲပဲ ဘုရား အာရုံပြု၊ ပရိတ်တွေ ဘာတွေရွတ်ဖတ် မေတ္တာပို့ပြီးတော့ အိပ်တော့ မအိပ်ပါဘူး၊ လှဲတော့မအိပ်ဘူး၊ သင်္ချိုင်းမှာ လှဲချင်စိတ်လဲ မရှိတာနဲ့ လှဲတော့မအိပ်ပါဘူး၊ ဒီတော့ အိပ်လဲ မအိပ်ရအောင် နေသဇ္ဇိ ဓူတင် ဆောက်တည်မှပဲ ဆိုပြီးတော့ ထိုင်ပြီးတော့ နေတယ်၊ ထိုင်ပြီးတော့ နေပေမယ်လို့ သူအိပ်ချိန်တန်တော့ အိပ်သွားတာပါပဲ၊ ဒီတုန်းကလဲ တရားကလဲ ဘာတရား အားထုတ်ရမယ်ဆိုတာ ဒီလိုဆရာသမားနဲ့ နည်းနိသျ ယူထားတာ မရှိသေးပါဘူး၊ စာထဲ ပေထဲက ဗဟုသုတနဲ့ ကိုယ့်ဟာနဲ့ကိုယ်တော့ ရှိတာပေါ့လေ၊ အဲဒါလောက်ပဲ ရှိပါသေးတယ်။
အဲဒါနဲ့ နေတော့ စိတ်ထဲမှာ နေနေကြ မဟုတ်တော့ အစဆိုတော့ နည်းနည်းတော့ ရွံ့ကြောက် ရှိသေးတာပဲ၊ ဒါတောင် ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး၊ ဘေးနားမှာ ခပ်ဝေးဝေးမှာတော့ ရှိတယ်၊ ဝါး ၂-ပြန်လောက် ခဲတစ်ပစ်လောက်မှာ ရှိတယ်၊ သို့သော်လည်း အနီးကပ်ရက်တော့ မရှိဘူး၊ ညခွေးတွေဘာတွေ ဟောင်တဲ့အခါ ရှိသေးတာကိုး၊ ခွေးတွေဘာတွေ ဟောင်တဲ့အခါလဲ အဲဒီစိတ် ထဲက နည်းနည်း အောက်မေ့သေးတာပဲ၊ သူ့ဟာသူ တွေ့ကရာ ဟောင်နေမှာပါပဲ ဆိုပြီး ဒီလိုပဲ နေတာပဲ ဘာမှတော့ မဖြစ်ပါဘူး၊ အဲဒီတော့ သုသာန်နေတယ် ဆိုတာ သိပ်မလွယ်လှဘူး။
သုသာန်နေတယ် ဆိုတာက ဓူတင်ဆောက်တည်တာ သူက တာဝန် တော်တော်လေးတဲ့ ဟာပဲ၊ အဲဒီမှာ ဘုန်းကြီးများ နောက်ရက်တွေလဲ ဒီနေရာမှာပဲ ဆက်ဆက်ပြီး နေတာပဲ၊ အဲဒီမှာ ၄-ညတိုင်တိုင် နေတယ်၊ နောက်ရက်တွေတော့ နေနေကျ သွားတော့ အချိုးကျသွားပါတယ်၊ ပထမတစ်ရက်ပါပဲ၊ နည်းနည်း အစလေးမို့၊ အဲဒီတော့ သုသာန်ဓူတင် ဆောက်တည်တယ်ဆိုတာ လွယ်လွယ်ကူကူ မဆောက်တည်နိုင်ဘူး၊ သုသာန်ဓူတင် ဆောက်တည်တဲ့ ပုဂ္ဂိုလ်ဟာ အမြဲတမ်း စင်ကြယ်ရမယ်၊ မစင်ကြယ်လို့ရှိရင် စိတ်က သူ့ဟာသူကို လန့်နေတာပဲ၊ နေနိုင်မှာ မဟုတ်ဘူး။
ဒီတော့ အဲဒီမှာ ပိယဂါမိကဆိုတဲ့ ရဟန်းက သူက စဉ်းစားတယ်တဲ့၊ သုသာန်ဓူတင် သူများတွေ ဆောက်တည်ကြ၊ ဆောက်တည်တဲ့ ပုဂ္ဂိုလ်တွေလဲ ဒကာ ဒကာမတွေက ကြည်ညိုကြတယ်၊ ငါလဲ ဓူတင် ဆောက်တည်ဦးမှပဲ၊ သူက သူများလို သွားမှပဲဆိုပြီး သွားတယ်တဲ့၊ သွားပြီးတော့ သူက တစ်ပါးတည်းကို အဖော်မပါဘူး၊ သုသာန်ဓူတင် ဆောက်တည်နေတော့ ညကျတော့ သူကပထမ လာရင်းကလဲ ကုသိုလ်ရအောင်လို့ သဒ္ဓါတရား သက်သက်မှ မဟုတ်ဘဲ ဟာကိုး၊ သူက သူများ ကြည်ညိုအောင်, လာဘ်လာဘ ပေါများအောင်, သူများ ချီးမွမ်းရအောင် ဒီလိုကို ရည်ရွယ်ပြီးတော့ လာတာကိုး၊ သူက စိတ်က မသန့်တော့ အစကတည်းက သူ ခပ်လန့်လန့် ဖြစ်နေပါလိမ့်မယ်။
ညကျလို့ရှိရင် သုသာန်စောင့် နတ်တွေက ငါ့အကြောင်းတော့ သိပြီး နေရာမကျဘူး ဆိုပြီးတော့ တစ်ခါတည်း အဲဒီ ချွတ်ချွတ် အသံကြားရာဆီကို သူက လက်အုပ်ချီပြီးတော့ အရှင် သုသာန်စောင့် နတ်မင်းကြီး ဒီကနေ့ တစ်ညတော့ဖြင့် သည်းခံပါ၊ နောက်တော့ ဒီလိုမလုပ်ပါဘူး၊ တောင်းပန်ပြီး လက်အုပ်ချီပြီးတော့ နေတယ်ဆိုတာကိုး၊ ဒါပေမယ့် ဟိုက ချွတ်ချွတ်တွေက အသံကကြားနေတယ်၊ တစ်ညလုံး သူကြောက်ပြီးတော့ အိပ်မပျော်ဘူး၊ နံနက်လင်းလာတော့, ကြည့်လိုက်တော့ ဟိုက နွားကြီး၊ နွားကြီးက တစ်ခါတည်း နွားကြီးက စမြုပ်ခတ် နေတာကိုး၊ ဒီတော့မှ ပိယဂါမိက ဆိုတဲ့ ကိုယ်တော်ကြီးက ဒီနွားကြီးဟာ ငါ့ တစ်ညလုံး မင်းခြောက်တာပဲကွာ၊ နေရာမကျတာပဲ ဆိုပြီးတော့ ခဲနဲ့ဘာနဲ့ ပေါက်ပြီးတော့ ထုတ်လိုက်တာပဲ။
အဲဒါ လိုရင်းကတော့ ဒါ ဟိုဒင်းပါပဲ၊ ဘေးဆိုတာ ကိုယ့်ဟာကို ခေါ်ယူတာ ကိုယ်က မလုံခြုံပြီ ဆိုရင် ကိုယ့်ဟာကို ခေါ်ယူတာ၊ ကိုယ်က အစတည်းက ကုသိုလ်ရအောင် သူတော်ကောင်းတရား တိုးတက်အောင် ဒီလိုအနေနဲ့ သူ ဓူတင်ဆောက်တည်တာမှ မဟုတ်ဘဲ၊ သူက ပထမတည်းက လာဘ်လာဘတွေ ရအောင်လို့ ရည်ရွယ်ပြီးတော့ သူများ ကြည်ညိုအောင် ချီးမွမ်းအောင်လုပ်တာကိုး၊ သူ မစင်ကြယ်တော့ ကိုယ့်အမှုနဲ့ကိုယ် ပြန်စဉ်းစားတာ၊ ငါ့အမှုက မကောင်းဘူး၊ ဒါကြောင့် နတ် တွေက ငါ့ ချောက်မှာပဲ ဆိုပြီးတော့ အစကတည်းက သူ့ဟာသူ လန့်နေတာ။
အဲဒါ ကိုယ်မစင်ကြယ် လို့ရှိရင် ကိုယ့်ဟာကို ဘေးတွေ ခေါ်ယူတယ်တဲ့၊ ကိုယ်က စင်ကြယ်နေရင် ဘာမှဘေးရန်မရှိပါဘူး ဆိုပြီး ဘုရားအလောင်းက ငါ့မှာ ဒီလို လာဘ်လာဘတွေ ရဖို့ရာအတွက် သူများ ချီးမွမ်း အံ့သြအောင်လို့ ကြည်ညိုဖွယ်ရာ ဖြစ်ဖို့ရာအတွက်လဲ ဘာမှရည်ရွယ်ချက် မရှိဘူး၊ ငါ စင်စင်ကြယ်ကြယ်ပဲတဲ့၊ တကယ့် သူတော်ကောင်းတရားတွေ ငါကျင့်ကြံနေတာပဲလို့ စဉ်းစား လိုက်တဲ့အခါ ဘာမှ ကြောက်စရာ မရှိပါဘူးတဲ့၊ ဒီတော့ တစ်ချို့ပုဂ္ဂိုလ်တွေက သတိမေ့တယ်၊ တစ်ချို့ ပုဂ္ဂိုလ်က သမာဓိ မရှိဘူး၊ တစ်ချို့ပုဂ္ဂိုလ် ပျင်းရိတယ်တဲ့၊ တစ်ချို့ ပုဂ္ဂိုလ်က ဉာဏ်ပညာ မရှိဘူးတဲ့၊ အဲဒီ ပုဂ္ဂိုလ်တွေမှာလဲ မိမိ မပြည့်စုံတဲ့ အကြောင်းအချက် တွေကြောင့် ကြောက်လန့်ခြင်း တွေ ဖြစ်နိုင်ပါတယ်တဲ့။
ဘုရားအလောင်း ကတော့ ငါ့မှာ ပျင်းရိခြင်း မရှိဘူးလို့ လုံ့လဝီရိယလဲ ကောင်းတယ်, သတိလဲ ကောင်းတယ်, သမာဓိလဲကောင်းတယ်, ပညာလဲကောင်းတယ် ဘာမှကြောက်စရာ မရှိဘူးလို့ စဉ်းစားတဲ့ အခါကာလ ကြောက်စရာတွေ အကုန်လုံး ပျောက်နေပါတယ်တဲ့၊ တောကြီးတောင်ကြီး ဖြစ်ပေမယ်လို့ ဘာမှ ကြောက်စရာ မရှိဘူးဆိုတဲ့ အကြောင်းကို ၁၆-ဌာနနဲ့ စဉ်းစားပုံတွေကို ဟောပါတယ်၊ အဲဒါပြီးတော့ ကြောက်စရာတွေဟာ ဘယ်လိုဟာတွေ နေမလဲ, ဘယ်လိုနေမလဲ၊ တကယ်ရှိ သလား, အမှန်ရှိသလား, မရှိသလား၊ ကြောက်စရာတွေ ငါရှာဦးမှပဲလို့ ကြောက်စရာတွေ ရှာခဲ့ဖူးပါတယ်တဲ့၊ လပြည့်နေ့တို့, လကွယ်နေ့တို့, ၁၄-ရက်နေ့တို့, ၁၅-ရက်နေ့ လဆန်း ၈-ရက် အဲဒီလို သီတင်းနေ့ထူး နေ့မြတ်ကြီးတွေ ဆိုတာ ရှိပါတယ်တဲ့။
ဟိုတုန်းကတည်းက သာသနာပမှာထဲက ဒီဟာတွေဟာ နေ့အထူးတွေပဲ၊ အဲဒီ နေ့ထူးနေ့မြတ် တွေမှာဆိုရင် တောတွေ ဥယျာဉ်တွေတောတွေ တစ်ချို့ဥယျာဉ်တွေ သစ်တောတွေ ရှိတယ်၊ ဒါတွေကို သူတို့ကိုးကွယ်တဲ့ ဟာတွေ ဥယျာဉ်တွေ သစ်တောတွေမှာ နတ်ကြီးတွေ, အရှင်ကြီးတွေ ရှိတယ်ဆိုပြီးတော့ အဲဒီ ကိုးကွယ်ထားတာ ရှိတယ်၊ ဒါတွေကို အာရာမစေတီယာနိ - အာရာမစေတီယာနိ စေတီဆိုပေမယ်လို့ ဒီလိုဟုတ်ပုံတော့ မဟုတ်ပါဘူး။
အဲဒီ အာရာမ အရံဥယျာဉ်သည်ပင် ကိုးကွယ်ရာ အရှင်ကြီးတွေ နေရာဆိုပြီးတော့ ဒီလို ကိုးကွယ် ကြတာကိုး၊ နတ်တွေ ကိုးကွယ်ကြတာ ယခုလဲရှိပါတယ်၊ တစ်ချို့နေရာတွေမှာ ရှိပါတယ်၊ တောကြီး တွေကို ကိုးကွယ်ကြတယ်၊ သစ်ပင်တွေ ကိုးကွယ်ကြတယ်၊ ရုက္ခစေတီယာနိ ဘုန်းကြီးများတို့ အရပ်ဌာနမှာပဲ ရှိတာပဲ၊ သစ်ပင်တွေ အဲဒါ သစ်ပင်တန်းကြီးတွေ အဲဒါလဲ အရှင်ကြီးတွေ၊ ရှိတယ်ဆိုပြီး ဒီမှာပဲ နတ်တွေ ဘာတွေ သွားပြီးတော့ တင်ကြပြုကြရတယ်။
တစ်ချို့ အပင်ကြီးတွေကျရင် ရိုရိုသေသေ လုပ်ရတယ်၊ ကိုင်းတွေ ဘာတွေ မခုတ်ရဘူး၊ တယ်လဲ မသွားဝံ့ကြဘူး၊ ဒီအနီးအနား မရိုမသေ မလုပ်ဝံ့ဘူး၊ ဖိနပ်တောင် မစီးရဘူး၊ ကြောက်ရတယ်၊ သူ့ဥစ္စာတွေက ပြောထားတော့ ကလေးတွေက ငယ်ငယ်ကတည်းက ကြောက်လာတာ ကြီးတော့လဲ ကြောက်ရတာပဲ၊ ဒီလိုဖြစ်နေတာကိုး၊ အဲဒီလိုပဲရှိတယ်။
အရပ်တိုင်း အရပ်တိုင်း ဒီလိုရှိကြမှာပါပဲ၊ အဲ- ဘုရားမပွင့်ခင်ကတော့ သာပြီး ရှိတာပေါ့၊ ယခု ဘုရား ပွင့်ပြီးတာတောင် ဗုဒ္ဓဘာသာ နိုင်ငံတောင် ဒီလိုဟာတွေ ရှိနေတာပဲ၊ အများကြီးပဲ ရှိနေတယ်၊ ဒါလဲ နတ်တွေဘာတွေ တစ်ခါတည်း အရိုအသေ အလေးအမြတ် ပြုတာတွေ ရှိတယ်၊ အဲဒီလိုနေရာ ဌာနတွေ ရှိတယ်၊ ဒီလို နေရာဌာနတွေမှာ အဲဒီနေ့ထူးနေ့မြတ်တွေ ဆိုလို့ရှိရင် ထိုခေတ် အခါတုန်းက နတ်တွေ ပူဇော်ကြတာကိုး၊ နတ်တွေဆို ဟိုတုန်းကတော့ ဘုရားအနေနဲ့ ပူဇော်ကြတာပဲ၊ ဒါတွေပူဇော်ကြလို့ရှိလျှင် လောကလဲ အကျိုးရှိတယ်၊ ဒီလို ရည်ရွယ်ချက်တွေလဲ ရှိကြမှာပါပဲ။
အဲ-ယဇ်ပူဇော်ကြတာတွေ ဆိုတာ ဒါတွေပဲ၊ စားသောက်ဖွယ်တွေ သတ္တဝါတွေ သတ်ဖြတ်ပြီးတော့လဲ ပူဇော်ကြတာပဲ၊ အသားတွေဘာတွေ အဲဒီက အသားတွေ အသွေးတွေ ကြောက်စရာပဲ၊ အဲဒီလို နေရာတွေဟာ ညမပြောနဲ့ နေ့အခါကာလတောင်မှ သွားကြည့်ဖို့ရာ အတော်ကြောက်စရာ ကောင်းတယ်၊ ဒီနေရာ အဲ-စားစရာ သောက်စရာတွေ သွေးသံတွေရဲရဲနှင့် ဒီတော့လဲ အရှင်ကြီးတွေ ဘာတွေ နေတဲ့နေရာ နတ်ကြီးတွေဘာတွေ သဘောကြီးတဲ့ ပုဂ္ဂိုလ်တွေ နေတဲ့နေရာဆိုတော့ သစ်ပင်ကြီးတွေ ဘာတွေနဲ့အုပ်ပြီးတော့ သွားပြီးတော့ ကြည့်ဖို့ရာကို နေ့တောင် အင်မတန် ကြောက်စရာကောင်းတဲ့ နေရာတွေ၊ အဲဒီလိုနေရာတွေကို ဘုရားလောင်းက စုံစမ်းတာကိုး၊ ဒီမှာ ကြောက်စရာများ ဘာများရှိမတုံး၊ ဘယ်လိုဘေးတွေနဲ့ တွေ့ဦးမလဲ၊ တွေ့ချင်လို့ ဘေးရှာတာပေါ့၊ သူ့ဥစ္စာ ဘေးရှာတာ ရှာကြည့်တယ်တဲ့။
အဲ-စင်္ကြံလျှောက်ရင်း လျှောက်ပြီး ညတစ်ခါတည်း တစ်ညလုံး ဘာဘေးများ ဘေးများ ပေါ်ဦးမလဲ၊ ကြောက်စရာများ ပေါ်များ လာဦးမလား၊ ဘာမှတော့ မလာဘူးတဲ့၊ လိုရင်းကတော့ ဘုရားလောင်းလဲ ဖြစ်လို့ ဘုရားအလောင်း မို့နဲ့တူတယ်၊ ဒီပြင်ပုဂ္ဂိုလ်ဆိုလျှင် ချောက်ချင်လဲ ချောက်မှာပဲ၊ သူ့ဥစ္စာ ဘုရားအလောင်းက သူက တန်ခိုး ရှိနေတာကိုး၊ ဘုရားအလောင်းသာမဟုတ်ဘူး၊ ခုကာလကလဲ တစ်ချို့ပုဂ္ဂိုလ်တွေ တစ္ဆေမှ မချောက်ဘူးဘဲ၊ တစ်ချို့ပုဂ္ဂိုလ်တွေက တစ္ဆေ ခဏခဏချောက်တယ်၊ တစ်ချို့ပုဂ္ဂိုလ်တွေ ကျတော့ မချောက်ဘူး၊ အဲဒါ တစ္ဆေမချောက် နိုင်တဲ့ပုဂ္ဂိုလ် ချောက်နိုင်တဲ့ ပုဂ္ဂိုလ် ရှိပုံတော့ ပေါ်တယ်၊ အဲ-ဘာမှ မတွေ့ပါဘူးတဲ့၊ တစ်ခါတစ်ရံ သားကောင်တွေပြေးလာတယ်လို့ တောက်တောက် အသံတွေ ကြားလာတယ်။
သြော်-ကြောက်စရာဆိုတာ ဒါများဖြစ်မလားဆိုပြီးတော့ စိတ်ထဲမှာ ပေါ်လာတယ်၊ ပေါ်လာတော့ အဲဒါ သွားနေရင်းဆို သွားနေတာပါပဲ၊ ရပ်ပြီးတော့ ကြောက်စရာပဲဆိုပြီး စိတ်က ခြေလှမ်း ပျက်မသွားဘူး၊ ခြေလှမ်းမပျက် စေရပါဘူး၊ သွားလျင် သွားနေတာ၊ ရပ်လျှင်လဲ ရပ်နေတာ၊ ထိုင်လျှင်လဲ ထိုင်နေတာပဲ၊ ဣရိယာပုထ် မပျက်စေရဘူး။
ဒါဘာလဲဆိုတာ စုံစမ်း စဉ်းစားကြည့်တယ်တဲ့၊ စဉ်းစားကြည့်တော့ တော်တော်ကြာတော့ အနီးအပါး ရောက်လာတဲ့ အခါကျတော့ သမင်ပဲ၊ ဒါက ဂျီပဲ, ဒါကနွားပဲ ဒါက ဘာပဲဆိုတာ နီးကပ်လာတော့ သေသေချာချာ တွေ့ရတာပဲ၊အင်း-ဒါပါပဲ၊ ကြောက်စရာ ဆိုတာ ဒါမဟုတ်ဘူး ဆိုတာ သိရတယ်၊ တစ်ခါတစ်ခါ သစ်ကိုင်းလေးတွေ ဘာလေးတွေ ကျိုးကျတာရှိတယ်၊ ချိုးချိုးချွတ်ချွတ် နဲ့ကျတာ ဖက်ရွက်တွေ ဘာတွေ ကျတာရှိတယ်တဲ့၊ ဒါကြောက်စရာတွေလားလို့ အောက်မေ့တယ်၊ သေချာ ကြည့်လိုက်တော့ ဘာမှ မဟုတ်ပါဘူး၊ ဒေါင်းကလေးပါ၊ ငှက်ကလေးတွေပဲ၊ ဘာမှ ကြောက်စရာ မရှိပါဘူး။
တစ်ခါတစ်ခါ သစ်ကိုင်းတွေ လှုပ်လှက်ပြီး သကာလ သွားတာရှိတယ်၊ အဲဒီလိုပါပဲတဲ့၊ ဘာမှတော့ မဟုတ်ဘူးတဲ့၊ သူ့ဥစ္စာ အဲဒါတွေ စုံစမ်းတယ်၊ အကြောင်းတွေ ပြောတယ်၊ ဘုရားအလောင်းဆိုတာ စောစောပိုင်းက ဖြစ်ပါလိမ့်မယ်၊ အဲဒီက နောက်တော့ ဥရုဝေလ တောအုပ်ရောက်၊ ဥရုဝေလ တောအုပ် ရောက်တဲ့အခါ ကာလကျတော့ တောကလဲ သာသာယာယာ ရှိတယ်တဲ့၊ မြစ်ကလဲ ရေသန့်ရှင်း စင်ကြယ်တဲ့ မြစ်ရေကလဲ စီးဆင်းနေတာတွေ တွေ့ရတယ်။
အဲဒီတော့ အနီးအပါးမှာလဲ ဆွမ်းခံဖို့ရာ ဆွမ်းခံရွာကလဲ ရှိတယ်တဲ့၊ သေနနိဂုံးဆိုတာ သေနရွာ သေနနိဂုံးဆိုတာ ရှိတယ်၊ အဲဒါကလဲရှိတယ်၊ အဲဒီတော့ ဒီနေရာဖြင့်ရင် အားထုတ်ဖို့ရာ သင့်လျော်တဲ့ နေရာပဲဆိုပြီး အဲဒီနေရာမှာ သူ တရား အားထုတ်တယ်တဲ့။
တရား အားထုတ်တော့ ဟိုခေတ်တုန်းက အကျင့်ကောင်း အနေနဲ့ ထင်ပြီးနေတော့ အစာ အာဟာရတွေ ဖြတ်ကျင့်တာ ကိုယ်ပင်ပန်းအောင် ကျင့်တဲ့အကျင့်တွေ ရှိတာကိုး၊ အဲဒီတော့ကို ပထမရှေးဦးစွာ အားနာပါးနာနဲ့ ထွက်သက်ဝင်သက်တွေကို ချုပ်ပြီးတော့ ကျင့်တာလဲရှိပါတယ်၊ ဒီထွက်သက်ဝင်သက်တွေ ဘယ်ကမှ မထွက်အောင် ကျင့်ကြတယ်၊ အစာအာဟာရတွေ တဖြည်းဖြည်း ဖြတ်ပြီးတော့ လျှော့လျှော့ပြီးတော့ ပဲပြုတ်ရေ လက်တစ်ကော်လောက် ရှိအောင် အဲဒီလို လက်တစ်ကော်ဆိုတော့ ဒါ ၂-ဇွန်း ၃-ဇွန်းလောက် ရှိချင်ရှိမှာပေါ့၊ ဒါပဲ။
အဲဒါလောက်ပဲ တစ်နေ့တစ်နေ့ ဒီလောက်ပဲ သုံးဆောင်ပြီး သကာလ အစာအာဟာရတွေ ဖြတ်ပြီး သကာလ ကျင့်ခဲ့တယ်၊ ၆-နှစ် ကြာတာကိုး၊ ဒုက္ကရစရိယာ ၆-နှစ်ကျင့်တယ် ဆိုတာ ဒါပဲ၊ အဲဒါ အိုခြင်း, နာခြင်း, သေခြင်း ကင်းတဲ့တရားတွေ့ မလားလို့ ကျင့်တာပဲ၊ သို့သော်လဲ အဲဒါတွေ့မည့် တရားတော့ မဟုတ်ဘူး၊ အဲဒီ ၆-နှစ်တိုင်တိုင် ကျင့်တဲ့အခါကာလ အဲဒီတော့ သူအင်မတန် ပင်ပန်းတယ်၊ ဘယ်လောက် ပင်ပန်းသလဲ ဆိုလို့ရှိရင် ဗိုက်ကနေ စမ်းလျှင် ကျောရိုး တွေ့ရတယ်တဲ့၊ ကျောရိုးကနေစမ်းလျှင် ဗိုက်ကိုတွေ့ရတယ်။
ဒါကြောင့် အရုပ်ကြီးတွေ လုပ်ထားတယ်၊ ဒါပဲ ဒုက္ကရစရိယာ ကျင့်တယ်ဆိုတာ ကျင်ကြီးကျင်ငယ် စွန့်ဖို့ရာ အားထုတ်တဲ့အခါကာလ ပင်ပန်းလို့ တစ်ခါတစ်ခါ လဲနေ၊ မှောက်ရက်များ လဲနေတယ်၊ ဘာမှအင်အားတွေ မရှိဘဲ အင်အားတွေ ကုန်သွားအောင် အင်မတန် ပင်ပင်ပန်းပန်း ဖြစ်အောင် ကျင့်ခဲ့တယ်တဲ့။
အဲဒါတွေ ပြန်စဉ်းစားလို့ရှိရင် ခုကာလ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေက အပုံပဲ သက်သာ သေးတာပဲ၊ ပင်ပင်ပန်းပန်း ဘာမှအားမထုတ်ရဘဲ သက်သက်သာသာလေးပဲ၊ ဘယ်လောက် ပင်ပန်းတယ် ဆိုပေမယ်လို့ အဲဒါတွေနဲ့ စာလိုက်လို့ရှိရင် အသက်သာကြီးပဲ၊ ဒီတော့ ပီတိပါမောဇ္ဇ ဖြစ်စရာပဲ၊ တို့အလွယ်တကူပဲလို့ မြတ်စွာဘုရားကိုယ်တိုင် ရှာမှီးပြီးထားတဲ့ တရားတွေ လွယ်လွယ် ကူကူနဲ့ တို့ကျင့်ရတာ၊ သူများ ချက်ပြုတ်ပြီးလို့ ခူးပြီးလို့ ပန်းကန်ပြားထဲ ထည့်ပြီးတဲ့ ထမင်းကို ကောက်စားရသလို သက်သက်သာသာ လေးပဲ၊ အဲဒါတော့ အားရစရာ အားတက်စရာတွေပဲ။
အဲဒီကနေပြီးတော့ ၆-နှစ်တိုင်တိုင် ကျင့်လို့ ဘာမှမဖြစ်တော့မှ ဒါဖြင့် ကိုယ်ပင်ပန်းရုံ ရှိတာပဲ၊ ကိုယ်အလိုရှိတဲ့ အိုခြင်း, နာခြင်း, သေခြင်း ကင်းတဲ့တရား မတွေ့ရဘူး၊ ဒီနည်းဟာတော့ဖြင့် တရားရနိုင်တဲ့နည်း မဟုတ်သေးဘူး ထင်တယ်၊ ငယ်ငယ်ရွယ်ရွယ် တုန်းက သုဒ္ဓေါဓနမင်းကြီး၊ ငယ်ငယ်တုန်းက ကလေးအရွယ်တုန်းက သုဒ္ဓေါဓနမင်းကြီးက လယ်ထွန် မင်္ဂလာ လုပ်တာကိုး၊ အဲဒီ အခါတုန်းက လယ်ထွန်မင်္ဂလာ အခမ်းအနားမှာ အစောင့်အရှောက် အထိန်းတော်တွေကလဲ သွားပြီး တော့ ကြည့်ကြတော့ သူတစ်ယောက်တည်း ရှိနေတဲ့အခါမှာ ကန့်လန့်ကာတွင်း သူတစ်ယောက် တည်း ရှိပြီးတော့ ထိုင်ပြီးတော့ အာနာပါန ထွက်သက် ဝင်သက်ကို နှလုံးသွင်းတော့ သမာဓိရတယ်၊ ဈာန်ရခဲ့ဖူးတာကိုး။
အဲဒါတွေ ပြန်ပြီး သတိရတော့ ဒါတွေက အင်မတန် ကောင်းတာပဲ၊ ဒါလေးဟာဖြင့် အိုခြင်း, နာခြင်း, သေခြင်းကင်းတဲ့ တရားကို ရရာရကြောင်းဖြစ်တဲ့ အကျင့်ရလိမ့်မယ်လို့ ယူဆပြီးတော့ အဲဒီအကျင့်လမ်း ကျင့်ဖို့ရာ စဉ်းစားတယ်၊ စဉ်းစားလို့ တစ်ခါတည်း အစာအာဟာရမရှိဘူး၊ ဖောပြီး အင်မတန် ချိနဲ့နေတယ်၊ အဲဒီအချိန်မှာတော့ အားထုတ်လို့ မဖြစ်ဘူး၊ အစာ အာဟာရ ပြန်စားမှပဲလို့ ဆင်ခြင်ပြီး အစာအာဟာရ ဖြည်းဖြည်းပြန်စား၊ အစာအာဟာရ တဖြည်းဖြည်း ပြန်စားတော့ ပဉ္စဝဂ္ဂီ ငါးဦးက အဲဒီမှာ ဝတ်ကြီးဝတ်ငယ်ပြုနေကြတာ၊ ဝတ်ကြီးဝတ်ငယ် ပြုနေရာကနေပြီး စိတ်ပျက် သွားတယ်၊ တို့တရားနေရာ မကျဘူး၊ အစက သူအစာမစားဘဲနဲ့ ကျင့်နေတာလဲ ခုအစာစားတော့ တရားထွက်ပြီး ဘာမှလဲ မဖြစ်ဘူး၊ အစတုန်းက သူတို့ တရားရမလားလို့ ဝတ်ကြီးဝတ်ငယ် တွေပြုနေကြတာ၊ ခု သူ အစာတွေ စားကတည်းက တရားထွက်ပြီးတဲ့ သူက အစာ မစားဘဲနဲ့ နေရင်း နေရင်းနဲ့ တရားတွေ တွေ့လာလိမ့်မယ်လို့ ဒီလို အောက်မေ့တာကိုး။
အစာစားလိုက်လို့ ရှိရင်ဖြင့် တရားက ပျက်သွားလိမ့်မယ်လို့ သူတို့ အမြင်က ဒီလိုဖြစ်နေတယ်၊ ဟိုခေတ်တုန်းက အခုလဲပဲ ဒီလိုတော့ရှိတယ်၊ ဟိုမှ ဂျိန်းအယူဝါဒတွေက ဒီလို - ဒီလိုပါပဲ၊ အစာ မစားတဲ့ အကျင့်တွေကို အကောင်းထင်နေတာကိုး၊ အဲဒါနဲ့ သူတို့ စိတ်ပျက်ပြီးတော့ အရှင်ဂေါတမ အားကိုးလို့ မဖြစ်ပါဘူး၊ တို့ဟာတို့ ရှာကြံပြီး တို့ဟာတို့ ရှာမှ ဖြစ်တော့မှာပဲဆိုပြီး ပဉ္စဝဂ္ဂီငါးဦးက သူ့ကို စွန့်ပြီးတော့ ထွက်သွားကြတာကိုး၊ ဗာရာဏသီမှာ မိဂဒါဝုန်တော သွားပြီးတော့ နေကြတယ်၊ သူတို့သွားတာလဲ ကောင်းကောင်းပဲ၊ သူတို့ မသွားလို့ရှိရင် သူတို့က အနားနား ရှိနေတော့ ဆိတ်ဆိတ်ငြိမ်မှ မရဘဲဟာကိုး။
သူတို့မရှိတော့မှ တဖြည်းဖြည်း အာဟာရနဲ့ ဖြည့်တင်းလို့ မကြာခင်ဘဲ အရွယ်ကလဲ ၂၉-နှစ်ကနေပြီး ၆-နှစ်ဆိုတော့ ၃၅-နှစ် ရှိသေးတာကိုး၊ ငယ်သေးတာပဲ၊ အဲဒီတော့ ဘုရားလောင်း ဆိုတော့လဲ အစကလဲ ရုပ်ကလဲ ရုပ်ကောင်းဆိုတော့ မကြာခင်ဘဲ ပြန်ပြီး ပကတိအတိုင်း အသားအရေတွေ ပြန်ပြည့်လာတယ်၊ ပြန်ပြီး အားရှိလာတယ်၊ ဒီတော့မှ အားရှိလာတဲ့ အခါကျမှ နှလုံးသွင်း အားထုတ်တော့ ဈာန်တရားတွေရ၊ အဲဒီကနေပြီး နောက်ဆုံး တစ်နေ့ကျတော့ ဗောဓိပင်အောက် ရတနာပလ္လင်ပေါ်မှာ ထက်ဝယ်ဖွဲ့ ခွေထိုင်နေပြီး တရားနှလုံးသွင်း အားထုတ်လိုက်တော့ ရှေးဦးစွာ ပုဗ္ဗေနိဝါသဉာဏ် ဆိုတာ ရတာကိုး၊ နောက် သန်းခေါင်ယံမှာ ဒိဗ္ဗစက္ခုဉာဏ်ရတာကိုး။
ဒိဗ္ဗစက္ခုအကြောင်း နောက်တစ်ခါ ပြန်ပြောရဦးမယ်၊ လင်းအားကြီးယံကျတော့ ပဋိစ္စသမုပ္ပာဒ် နှလုံးသွင်းပြီးတော့ ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို ရှုပြီးတော့ ခန္ဓာငါးပါး ရှုတာမျိုးပါပဲ၊ မကဘူး ပေါ့လေ၊ အားလုံး တစ်လောကလုံးကိုပဲ ရှုတာပဲ။
သာဝကတွေ သာမာန် ပုဂ္ဂိုလ်တွေက ကိုယ့်သန္တာန်က တရားလေးလောက်က တစ်စိတ်တစ်ဒေသ ရှုရုံနဲ့လဲ ပြည့်စုံသွားတာပါပဲ၊ ဘုရားအလောင်း ဆိုတာကတော့ အကြွင်းမဲ့ အကျယ်ရှုရတာကိုး၊ ဒါပေမယ့် အချိန်ကာလ ကတော့ မကြာဘူး၊မနက်ပိုင်း လေးတင်ပဲ မနက်လင်းအားကြီး ယံလေးတွင် မနက်မလင်းခင် အရုဏ် မတက်ခင် အဲဒီအချိန်လေးမှာပဲ သိပြီးတော့ အစဉ်အတိုင်း ဝိပဿနာ ဉာဏ်တွေ တက်ပြီးတော့ အရဟတ္တမဂ်ဉာဏ်ရောက်၊ ဘုရားအဖြစ်ကို ရောက်သွားတာပေါ့၊ အဲဒီ မြတ်စွာဘုရား၏ ကျင့်စဉ်တွေကို ပြန်ပြီး နှလုံးသွင်း လိုက်လို့ရှိလျှင် တရားအားထုတ်ရတဲ့ ပုဂ္ဂိုလ်တွေ အင်မတန် ဝမ်းသာစရာ ကောင်းတယ်။
ဟော - အရှင်အနုရုဒ္ဓါရဲ့ ကျင့်စဉ်ကလေး၊ သူကလဲပဲ နှလုံးသွင်းစရာ အင်မတန် ကောင်းပါတယ်၊ အရှင်အနုရုဒ္ဓါဟာ ပထမက တောထွက်စဉ်အခါ ကာလတုန်းက အရှင်အာနန္ဒာတို့နဲ့ မင်းသား ခြောက်ယောက် တောထွက်လာကြတာကိုး၊ အရှင် ဒေဝဒတ်လဲ ပါတယ်၊ မင်းသား ခြောက်ယောက် တောထွက်လာကြတယ်။
အရှင်အနုရုဒ္ဓါ၊ အရှင်ဘဒ္ဒိယ၊ အရှင်အာနန္ဒာ၊ အရှင်ကိမိလ၊ အရှင်နန္ဒိယ တောထွက်လာကြတယ်၊ တောထွက်လာပြီးတော့ ပထမနှစ်အတွင်းမှာပဲ အရှင်အနုရုဒ္ဓါ ဒိဗ္ဗစက္ခု အဘိညာဉ်ရတယ်လို့ အဋ္ဌကထာများမှာ ပြထားပါတယ်၊ အဲဒီနှစ်က ဘယ်နှစ်လောက်ဖြစ်မလဲ ဆိုလို့ရှိလျှင် အဲဒီနှစ်က မြတ်စွာဘုရား ဘုရားဖြစ်ပြီးတဲ့နောက် ၁၂-ဝါမြောက်မှာ ကောသမ္ဗီပြည်မှာ သံဃာတွေ အချင်းချင်း အငြင်းအခုံဖြစ်လို့ ကွဲပြားပြီးတော့ နေတဲ့အခါ ကာလမှာ မြတ်စွာဘုရားဆုံးမ သြဝါဒပေးပေမယ့် အဲဒီ ကနေပြီးသကာလ ကြွသွားတာကိုး။
ဒီအငြင်းအခုံတွေဖြစ်နေ ရန်ဖြစ်နေတော့ ရုန်းရင်း ဆန်ခတ် ဖြစ်နေလျှင် မသင့်လျော်တာနဲ့ သူ့ဟာသူ တစ်ပါးတည်း ကြွသွား-အဲဒီ တစ်ပါးတည်းကြွသွားတဲ့အခါမှာ အရှင်အနုရုဒ္ဓါ တရားနှလုံးသွင်း အားထုတ်နေတဲ့ အခန်းမှာ ပြထားတဲ့ မြတ်စွာဘုရား ကြွသွားတော့ ရှေးဦးစွာ ဘဂုဆိုတဲ့မထေရ် တစ်ပါးတည်း နေတယ်တဲ့၊ အဲဒီမှာ တောကျောင်း မြတ်စွာဘုရား ရှေးဦးစွာ ရောက်၊ အဲဒီကနေ ပြီးတော့မှ တစ်ဆင့်သွားတော့ အရှင်အနုရုဒ္ဓါရယ်၊ အရှင်ကိမိလရယ်၊ အရှင်နန္ဒိယရယ် ၃-ပါး သူတို့ နေကြတယ်၊ တောကျောင်းလေး ကိုယ့်နေရာလေးတွေနဲ့ကိုယ် ကိုယ့်ဟာကိုယ်နေကြ၊ အဲဒီနေရာ ရောက်သွား။
ဒီနေရာရောက်သွားတော့ မြတ်စွာဘုရားက ကြွလာတယ်ဆိုလျှင် အဲဒီတော့ ဒါယပါလဆိုတဲ့ သစ်တောစောင့် တောစောင့်ရာထူး ခန့်ထားတဲ့ လူတစ်ယောက်က ရှိတာကိုး၊ မြတ်စွာဘုရား ကြွလာတာမြင်တော့ ကောသမ္ဗီနဲ့ကလဲ သိပ်ဝေးပုံမရပါဘူး၊ ကောသမ္ဗီမှာ သံဃာတွေ အဓိကရုဏ်း ဖြစ်နေတာလဲ သူ ဟိုကကြားသိတော့ ဟာ-ကိုယ်တော်ကြီးတစ်ပါး ကြွလာပြန်ပြီ၊ ဒီမှာကိုယ်တော် သုံးပါး အေးဆေးနေနေတာ ဒီကိုယ်တော်ကြီး လာတယ်၊ ဒီကိုယ်တော်ကြီးဟာ ကြီးလဲကြီးပုံ ရတယ်၊ ခန့်ခန့် ညားညားလဲ ရှိတယ်။
အဲဒီ ကိုယ်တော်လေး ၃-ပါး တော်ကြာလို့ ရှိလျှင်ဖြင့် ဟိုက ကောသမ္ဗီက လာတော့ ဝါဒတွေနဲ့ အငြင်းအခုံတွေများ ဖြစ်ကုန်မလား စိုးရိမ်တာနဲ့ မြတ်စွာဘုရားကို သူကတားတယ်၊ ကိုယ်တော် အရှင်ရဟန်းကြီး၊ ဒီမှာ ရဟန်း ၃-ပါး ရှိတယ်တဲ့၊ သူတို့ ကောင်းကောင်းမွန်မွန် အားထုတ် နေကြပါတယ်တဲ့၊ ဒီမကြွပါနဲ့ မလာပါနဲ့တားတာကိုး၊ ဘုရားမှန်း သိဘူး၊ အဲဒီလို သွားပြီးတော့ ပြောနေသံကြားတော့ အရှင်အနုရုဒ္ဓါက ထပြီးတော့ ကြည့်တော့ တောစောင့်က ဘာများ ပြောပါလိမ့်တုံး ထကြည့်တော့မှ ဘုရားမှန်း သိတော့မှ တောစောင့် - ဒီဥစ္စာ အခြားပုဂ္ဂိုလ်မဟုတ် တို့ဆရာပဲ၊ မြတ်စွာဘုရား ဆိုတာ ဒါပဲဆိုတော့ မြတ်စွာဘုရားကို ကြွပါဘုရား ကြွပါဘုရားလို့ ပင့်တယ်၊ ပင့်ပြီးတော့ အရှင်နန္ဒိယတို့ အရှင်ကိမိလ တို့ကိုလဲခေါ်၊ မြတ်စွာဘုရား ကြွလာပြီဆိုတော့ သူတို့နေတဲ့နေရာလေးက ထွက်လာပြီးတော့ ဝတ်ကြီး ဝတ်ငယ်တွေ ပြုကြပေါ့လေ၊ ခြေဆေးပေးကြ၊ နေရာ ခင်းပေးကြ။
ထိုင်ပြီးတော့ သီတင်းသုံးနေတဲ့ အခါကာလကျတော့ မြတ်စွာဘုရားက အနုရုဒ္ဓါတို့ သင်တို့ ဒီမှာ နေကြရတာဟာ ကျန်းကျန်းမာမာ - ချမ်းချမ်းသာသာ နေသာထိုင်သာ ရှိကြရဲ့လားလို့ ပဋိသန္တာရ စကားပြော၊ ကျန်းကျန်းမာမာ ရှိကြတဲ့အကြောင်း လျှောက်ထားတော့ ဒါဖြင့် ဒီမှာနေရတာ အားလုံး ညီညီညွတ်ညွတ် ရှိကြရဲ့လား၊ တစ်ဦးနဲ့တစ်ဦး ချစ်ခင်ကြည်ညိုဖွယ်ဖြစ်တဲ့ မျက်စိများနဲ့ ကြည့်ပြီး သကာလ နို့နဲ့ရေနဲ့ ရောလို့ရှိလျှင်ဖြင့် နို့ရော ရေရော ရောပြီး သွားဘိသကဲ့သို့ ညီညီညွတ်ညွတ်များ ရှိကြရဲ့လား၊ မြတ်စွာဘုရားက မေးတာကိုး၊ မေးတော့ အရှင်အနုရုဒ္ဓါတို့က မှန်ပါအရှင်ဘုရားတဲ့။ တပည့်တော်တို့ ညီညီညွတ်ညွတ် နေတာတော့ ဧကန်အစစ်ပါပဲ၊ အင်မတန်ကိုကောင်းပါတယ်၊ ညီညီ ညွတ်ညွတ်နေတာ ဘယ်ပုံ-ဘယ်ပုံ ညီညွတ်နေ ကြသလဲလို့ မေးတယ်၊ တပည့်တော်တို့ ညီညွတ် နေတာ ကတော့ဘုရား- ဒီလိုပါပဲ။
တပည့်တော် စိတ်ထဲမှာ ဒီလို အောက်မေ့တယ်တဲ့၊ ဘယ့်နှယ်အောက်မေ့လဲ ဆိုတော့ လာဘာဝတ - အင်မတန် အရတော်တာပဲ၊ အင်မတန် ကံကောင်းတာပဲ၊ တို့သုံးပါး ဒီမှာ ညီညီညွတ်ညွတ် နေရတယ်၊ အဲဒါ ကိုယ့်စိတ်ရဲ့ အလိုကို ဖယ်ထားပြီးတော့ ကျန်တဲ့ပုဂ္ဂိုလ် ၂-ပါးရဲ့ စိတ်အလိုအတိုင်းပဲ လိုက်ပြီးသကာလ ပြုလုပ်ဆောင်ရွက်မယ်လို့၊ ဒီလိုလဲ နှလုံးသွင်းထားပါတယ်၊ မျက်မှောက်မှာရော, မျက်ကွယ်မှာရော၊ မေတ္တာကာယကံ, မေတ္တာဝစီကံ, မေတ္တာ မနောကံဖြင့် ဆောင်ရွက်ကြပါတယ်၊ အရှင်အနုရုဒ္ဓါကလဲ ဒိပြင် ပုဂ္ဂိုလ် ၂-ပါးကို မျက်မှောက်မှာရော မျက်ကွယ်မှာရော မေတ္တာစိတ်နဲ့ ကိုယ်ဖြင့် ဆောင်ရွက်ပေးနိုင်တာတွေ ဆောင်ရွက်ပေးတဲ့ စိတ်ဖြင့် ပြောပြန်လဲ မေတ္တာစိတ်နဲ့ ပေါ့လေ၊ စိတ်မချမ်းသာမည့် ဥစ္စာတွေ, နားမချမ်းသာမည့်ဟာတွေ ဘာမှမပြောဘူး၊ စိတ်ကူး အားဖြင့်လဲ ကျန်းမာပါစေ, ချမ်းသာပါစေ, မေတ္တာစိတ်နဲ့ တစ်ခါတည်းထား၊ မျက်မှောက်ရော မျက်ကွယ်ရောပဲတဲ့၊ မေတ္တာ - ကာယကံမေတ္တာ, ဝစီကံမေတ္တာ, မနောကံမေတ္တာတွေ ပွားနေ ပါတယ်တဲ့၊
ဒီတော့ကာ မိမိစိတ်ကို, မိမိအလိုကို ဖယ်ထားပြီးတော့ တခြားပုဂ္ဂိုလ်၏ စိတ်အလိုကို လိုက်ပြီးတော့ ဆောင်ရွက်မယ်လို့ ဒီလိုလဲ နှလုံးသွင်းထား ပါတယ်တဲ့၊ ကိုယ်က သင်္ကန်း လျှော်စရာ ရှိနေရင် ဟိုကိုယ်တော်က သူ့သင်္ကန်း ချုပ်စရာ ရှိနေတယ်ဆိုရင် ကိုယ့်အလိုကို ဖယ်ထားအုံးပေါ့လေ၊ သူ့အလို ကိုပဲ အရင်လုပ်မယ်၊ ဒီလို စိတ်ထားပါတယ်၊ အဲဒါ အရေးကြီးတယ်၊ အတူနေတဲ့ ပုဂ္ဂိုလ်တွေမှာ အားလုံးပဲ၊ တစိမ်းတရံစာ ပုဂ္ဂိုလ်တွေ စုပြီးတော့နေတာ အရေးကြီးတာပေါ့၊ သို့တည်း မဟုတ်လဲ ကိုယ့်သွေးရင်း သားရင်းဆိုလဲ အဲဒီလိုပဲ။
အဲဒီလိုစိတ်ထားနိုင်ဖို့ အရေးကြီးတယ်၊ တစ်အိမ်တည်းမှာ ၂-ယောက်ပဲရှိရှိ၊ ၃-ယောက်ပဲရှိရှိ၊ ၄-ယောက်၊ ၅- ယောက်ပဲရှိရှိ၊ အဲဒါ ကိုယ့်စိတ် ကိုယ့်အလိုကို ဖယ်ထားပြီးတော့ သူတစ်ပါး စိတ်အလို အတိုင်း တို့လိုက်ပြီးတော့ ဆောင်ရွက်မယ်၊ ချမ်းသာပါစေဆိုတဲ့ မေတ္တာစိတ်တဲ့၊ ကိုယ့်အတူ နေတဲ့ပုဂ္ဂိုလ် ချမ်းသာပါစေဆိုတဲ့ မေတ္တာစိတ်နဲ့ ဟိုကိုယ်အားရှိသမျှ တစ်ခါတည်း ကာယကံနဲ့လဲ ဆောင်ရွက်ပြီးတော့ ဟိုမျက်မှောက်လဲ ဆောင်ရွက်မယ်၊ မျက်ကွယ် သူမသိတဲ့ အခါလဲ ဆောင်ရွက် စရာရှိတာ ဆောင်ရွက်မယ်၊ ဒီလို နှလုံးသွင်းရမှာကိုး။
နှုတ်ဝစီကံအားဖြင့်လဲ မျက်မှောက်လဲပဲ ကောင်းရာ ကောင်းကြောင်း ချမ်းသာရာ ချမ်းသာကြောင်း စကားကိုသာ ပြောရမယ်၊ နားမသာတဲ့စကား မပြောဘူး၊ မျက်ကွယ်မှာလဲ အကျိုးမဲ့စကားကို မပြောဘူး၊ စိတ်နှလုံးအားဖြင့်လဲပဲ ချမ်းသာရာ ချမ်းသာကြောင်း ကိုသာလျှင် နှလုံးသွင်းရမယ်၊ ချမ်းသာပါစေလို့ စိတ်အမြဲထားရမယ်၊ မေတ္တာကာယကံ, မေတ္တာဝစီကံ,မေတ္တာ မနောကံ၊ အဲဒီလို ထားဖို့ရာ အရေးကြီးပါတယ်၊ ဒါက တရားအားထုတ်တဲ့ ပုဂ္ဂိုလ်သာ မဟုတ်ဘူး၊ တရားအား မထုတ်တဲ့ ပုဂ္ဂိုလ်လဲ အသုံးကျတယ်၊ အိမ်တိုင်း အိမ်တိုင်း အသုံးကျတယ်၊ ကျောင်းတိုင်း ကျောင်းတိုင်း အသုံးကျတယ်၊ အရပ်တိုင်း အရပ်တိုင်း အသုံးကျတယ်၊ မြို့တိုင်း မြို့တိုင်း၊ နိုင်ငံတိုင်း နိုင်ငံတိုင်း အသုံးကျတယ်၊ ဘယ်မှာဖြစ်ဖြစ် အကုန်လုံး အသုံးကျတယ်၊ စုနေရတဲ့နေရာ ဆိုလို့ရှိရင် အသုံးကျတာချည်းပဲ၊ တစ်ယောက်တည်း နေရင်တော့ ကိစ္စမရှိဘူးပေါ့၊ နှစ်ယောက် နေရင်ကို ဒီလိုစိတ်ထားမှ ဖြစ်မှာ၊ ဒီပုဂ္ဂိုလ်ဟာလဲပဲ တခြားပုဂ္ဂိုလ်ထက် မေတ္တာကာယကံ, မေတ္တာ ဝစီကံ, မေတ္တာမနောကံနဲ့ဆောင်ရွက်၊ ထိုပုဂ္ဂိုလ်ကလဲပဲ မေတ္တာကာယကံ, မေတ္တာဝစီကံ, မေတ္တာမနောကံနဲ့ ဆောင်ရွက်မယ်ဆိုရင် နှစ်ဦးစလုံး တစ်ခါတည်း တစ်ဦးတစ်ဦး အသာပေးပြီးတော့ ကိုယ်က အလျှော့ ပေးပြီးတော့ ဟိုဘက် တခြားဘက် အသာပေးပြီး ဆောင်ရွက်သွားတယ် ဆိုရင် ဘာမှငြင်းခုံစရာ မရှိဘူး၊ ရန်ဖြစ်စရာမရှိဘူး။
ဒီလိုနေ အင်မတန် အကောင်းဆုံးပဲ၊ အဲဒီလိုနေရမှာ ကိုယ့်စိတ် ကိုယ့်အလိုကို ဖယ်ထားပြီးတော့ သူ့စိတ် လူ့အလိုတွေ လိုက်ပြီးတော့ နေမယ်ဆိုရင် သိပ်ကောင်းမှာပဲ၊ ကိုယ်အလိုရှိရာကို လုပ်ရမယ်၊ သူများတွေကို ဇွတ်အတင်း ခိုင်းမယ်ဆိုရင် တော်ကြာ ရန်ဖြစ်တာပဲ၊ ငြင်းခုံတယ်ဆိုတာ ဒါတွေက စပြီး ဒါတွေက ငြင်းခုံနေကြတာပဲ၊ ကွဲလွဲကြတယ် ဆိုတာ ဒါပဲ၊ ကိုယ့်ဘက်ကို လုလို့ပဲ၊ ကိုယ့်အကျိုးတွေကို လုတဲ့အတွက် တစ်ဘက်က မခံနိုင်တဲ့ အခါကျတော့ အဲဒါ ရန်ဖြစ်တာပဲ၊ အဲ ကိုယ်က အရှုံးပေးပြီးတော့ သူ့အလိုပဲ လိုက်ပြီးတော့ သူလုပ်ချင်တာ လုပ်ပေစေ၊ ကိုယ့်အလုပ်မှ မလုပ်ရချင် နေပေစေ ထားလိုက်ဦး၊ သူ ကြိုက်ရာကို လိုက်ပြီး ဆောင်ရွက်မယ်၊ လိုက်ဆောင်ရွက် ပေးဦးမယ်လို့ အဲဒီလို စိတ်ထားပြီး ဒါအကောင်းဆုံးပဲ။
အဲဒီတော့ ဘယ့်နှယ်ဖြစ်နေလဲ ဆိုတော့ အရှင်အနုရုဒ္ဒါတို့က ကိုယ်သာ သုံးကိုယ်ခွဲ နေတာပါပဲဘုရား၊ စိတ်က အားလုံးပဲ ဟိုပုဂ္ဂိုလ်ကလဲဒီစိတ်, ဒီပုဂ္ဂိုလ်ကလဲဒီစိတ်ပဲ ဖြစ်နေပါတယ်၊ ကိုယ်ကတော့ ၃-ခုပေါင်းလို့ မဖြစ်ဘူးတဲ့၊ စိတ်ကတော့ တစ်စိတ်တည်း တစ်မျိုးတည်းပဲ တူနေပါတယ်၊ တစ်ပါးက နေပြီး ဒီကနေ့ ဘာလုပ်ကြစို့ဆိုရင် ဒီပြင်ပုဂ္ဂိုလ်တွေကလဲ ဘာလုပ်ကြစို့ဆိုပြီး တစ်ခါတည်း ညီနေတယ်၊ အရှင်ဘုရား ဘာလုပ်စရာရှိသလဲ တပည့်တော်က အရေးကြီးတဲ့ ကိစ္စတစ်ခုရှိတယ်, ဘာနဲ့ဆို အဲဒါကွဲတာပေါ့၊ ဒီလိုဟာ မလုပ်ရဘူးတဲ့၊ သူတို့မှာ မရှိဘူးတဲ့၊ တစ်ပါးက ဒီနေ့ တပည့်တော် သင်္ကန်းတွေ လျှော်ချင်တယ်ဘုရား ဆိုရင် အကုန်လုံး ဝိုင်းပြီးသကာလ လျှော်၊ ရေခပ်စရာ ရှိလဲခပ်၊ လျှော်တဲ့ပုဂ္ဂိုလ်က လျှော်ပေါ့လေ၊ လှန်းတဲ့ပုဂ္ဂိုလ်ကလှန်း လုပ်စရာတော့ အကုန်လုံး ဝိုင်းလုပ် ကြတယ်၊ တညီတညွတ်တည်းပဲ၊ အင်မတန် ကောင်းပါတယ်။
အဲဒီနည်းဟာ အများစုနေတဲ့နေရာမှာ သိပ်နေဖို့ အရေးပါတယ်၊ ဒီလို တပည့်တော်တို့ ၃-ပါး ညီညွတ်နေပါတယ်လို့ ညီညွတ်တဲ့ အကြောင်းပြောတော့ မြတ်စွာဘုရားက သာဓုခေါ်တော်မူတယ်၊ သာဓုခေါ်စရာလဲ တယ်ကောင်းတယ်၊ ကမ္မဋ္ဌာန်းကျောင်း ဆိုတာ အရေးကြီးတယ်၊ ကမ္မဋ္ဌာန်းကျောင်း တရားအားထုတ်တဲ့ ပုဂ္ဂိုလ်မှာ မညီညွတ် လို့ရှိရင် တရားအားထုတ်တဲ့ ပုဂ္ဂိုလ် အနှောင့်အယှက် သိပ်ဖြစ်တာ၊ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်က စိတ်ကောင်း နှလုံးကောင်းနဲ့ အားထုတ်မလို့ လာတာ၊ ဒီမှာ ကိုယ်သဘောမကျတာတွေနဲ့ တွေ့နေတော့ စိတ်မချမ်းသာ စရာတွေနဲ့ တွေ့တော့ ပြီးပါရော၊ အဲဒီတော့ တရားအားထုတ်မယ် လာတဲ့ ပုဂ္ဂိုလ်တွေကို ယောဂီဟောင်းတွေက အခွင့်အရေး ပေးရမယ်၊ အသစ်အသစ် ချင်းကလဲ ကိုယ့်အလို မကြည့်ဘဲနဲ့ သူများ အလိုလဲ လိုက်ပြီး သကာလ ပေါ့လေ၊ အဲဒါတွေ အခွင့်အရေး ပေးပြီးတော့ နေထိုင်သွားကြလို့ရှိရင် အင်မတန် ကောင်းပါတယ်၊ အကျိုးသိပ်များတယ်။
နောက်တစ်ခါ မြတ်စွာဘုရားက မေးပြန်တယ်၊ အနုရုဒ္ဓါတို့တဲ့၊ မမေ့မလျော့များ ကြိုးကြိုးစားစား အားထုတ်ကြပါရဲ့လားလို့ မေးတာကိုး၊ အားထုတ်ပါတယ်ဘုရားတဲ့၊ မမေ့မလျော့ပါဘူး ဘုရား၊ အားထုတ်ပါတယ်တဲ့၊ ဘယ်လို မမေ့မလျော့ အားထုတ်ကြသလဲ၊ တပည့်တော်တို့ ဘုရားတဲ့ နံနက် ဆွမ်းခံ သွားရော၊ ဆွမ်းခံသွားတော့ ကိုယ့်ဟာကိုယ် သူ့ဟာသူ သွားကြတာပဲ၊ သွားပြီးတော့ ပြန်လာတဲ့ပုဂ္ဂိုလ်က အရင်ရောက်တဲ့ ပုဂ္ဂိုလ်က ဒီမှာ တံမြက်တွေဘာတွေ လှဲတယ်၊ အမှိုက်လှဲ သန့်ရှင်းရေးတွေဘာတွေ ဒီမှာတဲ့၊ ရေတွေဘာတွေ ဆွမ်းစားဖို့နေရာမှာ တည်ထားပြီးလို့ရှိရင် ကိုယ့်ဟာကိုယ် ဒီမှာ ဆွမ်းစားတာပဲ၊ ဆွမ်းစားခါနီး အကယ်၍ ဆွမ်းများ ပိုနေသေးလို့ရှိရင် ဆွမ်းပို ထည့်စရာ ဇလုံကြီးပေါ့လေ။
ရှေးတုန်းကတော့ မြေခွက်ဖြစ်ချင် ဖြစ်မှာပါပဲ၊ အင်တုံကြီး ဖြစ်ချင်ဖြစ်မှာပါပဲ၊ အဲဒါ ဘောဇနပါတ် ခေါ်တယ်၊ ဆွမ်းပို ထည့်စရာဇလုံ၊ အဲ-ဆွမ်းပိုထည့်စရာ ဇလုံကြီးထဲကို စားလောက်ရုံနဲ့ ပိုသေးတယ်ဆိုလို့ရှိရင် အဲဒါတွေ စောစောကနေ ထည့်ထားတယ်၊ ဦးဦးဖျားဖျားပေါ့လေ၊ အကြွင်း အကျန်တွေ မဖြစ်ရအောင် စားကြွင်းစားကျန် ဖြစ်တော့လဲ နေရာမကျဘူး၊ ထည့် ထားပါတယ်၊ နောက်ပုဂ္ဂိုလ် စားချင်စားရအောင်လို့၊ နောက်ပုဂ္ဂိုလ်က ဆွမ်းမရဘဲနဲ့ လာချင် လာဦးမှာကိုး၊ အဲ-ကိုယ်ကများလို့ရှိရင်ဖြင့် ဒီလိုပဲ ပိုတာလေးတွေ စောစောကတည်းက ထည့်ထားတယ်၊ ထည့်ထား ပြီးတော့ ကိုယ်စားသောက် ပြီးလို့ရှိရင် ကိုယ့်သပိတ်ကလေး ကိုယ်ဆေးပြီးတော့ သွားတာပါပဲ။
နောက်ပုဂ္ဂိုလ်က ဒုတိယပုဂ္ဂိုလ်ကလာတယ်၊ ဒုတိယပုဂ္ဂိုလ်က လာတော့ ဒီမှာ ပထမက ပြင်ပြီး ဆင်ပြီးသား ဖြစ်တော့ သူကတော့ ဘာမှမလုပ်ရဘူး၊ သူကထိုင်ပြီးတော့ ဆွမ်းစားရုံပဲ၊ အဲ-သူကလဲ ဆွမ်းပိုသေးလို့ရှိရင် ဆွမ်းပိုကို အပိုဇလုံထဲထည့်ထားတယ်၊ အကယ်၍ ဆွမ်းမလောက်ဘူး၊ ရတာနည်းရင် ဟိုအထဲကဟာ ယူပြီးတော့ စားလိုက်သေးတာပဲ၊ ဟိုဟာ ယူစားတယ်၊ ပိုလို့ရှိရင်လဲ ဒီမှာ စောစောက ထည့်ထားတယ်၊ စားသောက်ပြီးလို့ရှိရင်လဲ သူက ကိုယ့်သပိတ်ကလေး ကိုယ်ဆေးပြီးတော့ သွားတော့တာပဲတဲ့၊ သူကတော့ အလုပ်နည်းတယ်။
နောက်ဆုံး ရောက်တဲ့ပုဂ္ဂိုလ်က ရောက်လာရော၊ ရောက်လာတော့ အရင်ရောက်တဲ့ပုဂ္ဂိုလ် ၂-ပါးသွားပြီဆိုတာ သိတယ်တဲ့၊ ဟိုမှာ နေပုံထိုင်ပုံ အသုံးအဆောင် မြင်တာနဲ့ သူကသိတယ်၊ ၂-ပါးတော့သွားပြီ၊ ငါနောက်ဆုံးပဲ၊ နောက်ဆုံးကျတဲ့ ပုဂ္ဂိုလ်ကလဲ ဆွမ်းပိုသေးလို့ရှိရင် သူကလဲ ခွက်ပိုထဲ ထည့်လိုက်သေးတာပဲတဲ့၊ ဘာပြုလို့တုန်းဆိုတော့ ရုတ်တရက်အချိန်နည်းမှ ရောက်လာတဲ့ ပုဂ္ဂိုလ် အာဂန္တု ရှိရင်လဲ ပေးရအောင် အာဂန္တု မရှိရင်လဲ ဒီပြင်ပုဂ္ဂိုလ်တွေ သင့်လျော်တဲ့ပုဂ္ဂိုလ် လာလို့ ရှိရင်လဲ လှူဖို့ပေါ့လေ၊ စားတုန်း သောက်တုန်း အလှူခံ ရောက်လာရင်လဲ ပေးဖို့ထည့်ထားပြီးတော့ သူ ဆွမ်းစားတယ်။
အကယ်၍ သူကဆွမ်းနည်းလို့ မလောက်လို့ရှိရင် ဟိုအထဲက ယူပြီးတော့စားပေါ့၊ စားသောက် ပြီးတော့ အကုန်လုံး ဆေး၊ ဆေးကြောပြီးတော့ နေရာတွေ ဘာတွေလဲ အမှိုက်လှဲ၊ ခုံလေးဘာလေး ရှိလို့ရှိရင်လဲ သိမ်း၊ ရေအိုးတွေ ဘာတွေလဲ သိမ်းပေါ့လေ၊ အကယ်၍ ဆွမ်းဇလုံက ပိုနေတဲ့ ဆွမ်းတွေ ရှိနေသေးလို့ရှိရင် အဲဒါတွေကို ပိုးမွှားတွေ ဘာတွေ မရှိတဲ့နေရာမှာ လွတ်လပ်တဲ့နေရာမှာ သွားပြီးတော့ သွန်၊ သွန်ပြီးတော့ အဲဒီခွက်ကြီးလဲ ဆေး၊ ဆေးကြော သိမ်းဆည်းပြီးတော့ သွားတာပဲတဲ့။
ကိုယ့်နေရာကိုယ်သွား တရားအားထုတ် နေကြတာပဲတဲ့၊ တစ်ဦးနဲ့တစ်ဦး စကားမပြောဘူး၊ သူတို့ ဒါပေမယ့် အကြောင်းတစ်ခုခု ရှိလို့ရှိရင် ရေတို့ဘာတို့ ခတ်စရာ အကြောင်း ရှိလာလို့ရှိရင် ကိုယ့်ချည်းမနိုင်လို့ ရှိရင်လဲ ဘာလုပ်ရသလဲ ဆိုလို့ရှိရင် အခြားပုဂ္ဂိုလ် ခေါ်ရတယ်၊ အခြား ပုဂ္ဂိုလ် ခေါ်တဲ့ အခါကျတော့ အသံပြုပြီး ခေါ်လိုက်ရင် လိုချင်တာက တစ်ပါး၊ ၂- ပါးစလုံး အသံကြား သွားတော့ အဲဒီအလုပ်ပျက်မှာ စိုးလို့တဲ့ အသံမပြုဘူးတဲ့၊ သူက ဟိုသစ်ပင်အောက်က တစ်ပါး၊ ဒီသစ်ပင်အောက်က တစ်ပါး၊ ဒီလိုထိုင်ပြီး အားထုတ်နေကြတာကိုး။
အားထုတ်နေတော့ ဒီကခေါ်လိုက်လို့ရှိရင် အရှင်နန္ဒိယလို့ ဆိုလို့ရှိရင် အရှင်ကိမိလက ကြားသွားမှာကိုး၊ ဘယ်သူပါလိမ့်မတုံး၊ ဘာအကြောင်း ရှိပါလိမ့် စဉ်းစားမှာပေါ့၊ စဉ်းစားကတည်းက အဲဒါ သမာဓိပျက်သွားပြီ၊ အဲဒီလို မပျက်ရအောင်လို့ တဲ့ သူက အရှင်နန္ဒိယခေါ်ချင်လို့ရှိရင် အရှင်နန္ဒိယရှေ့ သွားပြီးတော့ မတ်တတ် ရပ်လိုက်တယ်တဲ့၊ ရပ်တော့ ဟိုက တရားစိုက်ပြီး နှလုံးသွင်းနေလို့ မမြင်သေးဘူးပေါ့လေ၊ အဲ ခေါင်းထောင်လာတဲ့ အခါကျရင်တော့ ကိုယ်က လက်ရိပ် ကလေး ပြလိုက်လို့ ရှိရင် ဟိုကိုယ်တော်က ထလိုက်လာလိမ့်မယ်၊ ပါးစပ်က မပြောဘူး၊ လက်ရိပ် ပြပြီးတော့ ခေါ်တာပဲ။
အဲဒါနဲ့ ဟိုရောက်တော့ ရေခတ်ဖို့ရာ ဆိုလို့ရှိရင် ရေအိုး မနိုင်လို့ရှိရင် တစ်ယောက်တစ်ဖက်စီ မ,ကြတာပေါ့၊ မ, စကား မပြောဘူး၊ မ,ပြီးတော့ ဟို ထားရမည့် နေရာကျထား၊ ထားပြီးတော့လဲ ကိုယ့်နေရာလေး ကိုယ်ပြန်သွားတာပဲ၊ သွားပြီး တရား အားထုတ်ကြတာပဲတဲ့၊ အင်မတန် ကောင်းတယ်။
တစ်ယောက် တစ်ယောက် စောင့်ရှောက်ပုံ၊ သမာဓိ မပျက်အောင် စောင့်ရှောက်ပုံ ဒါအရေးကြီးတယ်၊ အဲ ကမ္မဋ္ဌာန်းကျောင်းမှာ တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေ အကြောင်းပြုပြီးတော့ သူများတွေ သမာဓိ မပျက်အောင် စောင့်ရှောက်ပုံ၊ အင်မတန် ကောင်းတယ်၊ အဲဒီလို အားထုတ်ပါတယ်တဲ့၊ တစ်ဦးနဲ့တစ်ဦး စကားမပြောလို့ လုံးလုံး မပြောဘူးလားဆို ဒီလိုလဲ မဟုတ်ပါဘူးတဲ့၊ ၅-ရက် တစ်ကြိမ် ၅-ရက်တစ်ကြိမ် တပည့်တော်တို့ တရား ဆွေးနွေးပါတယ်တဲ့။
၅-ရက်တစ်ကြိမ် ၅-ရက်တစ်ကြိမ် တစ်ပါးကဟောလိုက်၊ ၂-ပါးကနာ၊ နောက်တစ်ပါးက ဟော၊ ဒီပြင် ၂-ပါးက နာ၊ ဒီလို တရားဆွေးနွေး ကြပါတယ်တဲ့၊ ၅-ရက်တစ်ကြိမ် ၅-ရက်တစ်ကြိမ် တရားဆွေးနွေး ကြပါတယ်တဲ့၊ ဒီလိုပဲ တပည့်တော်တို့ အားထုတ်နေပါတယ်တဲ့၊ ကြည်ညိုစရာ ကောင်းတယ် ဟုတ်လား၊ အင်း-ယခု တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေလဲ စဉ်းစားကြည့်လို့ရှိရင် အဲဒါတွေ အကုန်လုံး မတူသော်လည်း တို့ဒီလို အဆင့်အတန်း ရောက်နေတာပဲ၊ သိပ်ကောင်းတဲ့ စင်ကြယ်တဲ့ မြင့်မြတ်တဲ့ အလုပ်တွေကို တို့ အားထုတ်နေရတာပဲလို့ အာရုံပြုလိုက်ရင် ဝမ်းသာစရာ အင်မတန် ကောင်းပါတယ်၊ အားတက်စရာကောင်းတယ်။
ပြီးတော့ အဲဒီတုန်းက ပုဂ္ဂိုလ်တွေမှာ ဘယ်သူမှ အထောက်အပံ့ အကူအညီ မရှိဘူး၊ ယခု အထောက်အပံ့ အကူညီတွေ ရပါဘိသနဲ့၊ ဒီတော့ အားထုတ်ရတာ အင်မတန် ချမ်းသာပါတယ်လို့ နှလုံးသွင်းလိုက်ရင် ဝမ်းသာစရာ အားတက်စရာ အလွန် ကောင်းပါတယ်။
ပြီးတော့ မြတ်စွာဘုရားက တစ်ဆင့်မေးတယ်၊ အနုရုဒ္ဓါတို့ သင်တို့ ဒီလို မမေ့မလျော့ အားထုတ် နေတော့ တရားထူး ကလေးများ တွေ့မြင်ကြပါရဲ့လားလို့ ဘုရားကမေးတော့ တွေ့ပါတယ်ဘုရားတဲ့၊ တရားထူးတော့ တပည့်တော်တို့တွေ တွေ့ပေမယ်လို့ ဒီလိုဘုရား တွေ့တာက အရောင်အလင်း တွေ့တယ်၊ ဒီအရောင်အလင်းကလဲ မကြားဘူး၊ ပျောက်သွားတာပဲ ဘုရားတဲ့၊ ဘာကြောင့်မှန်းလဲ မသိဘူးဘုရား၊ အရောင် အလင်းတွေ ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဒီလိုဖြစ်နေတယ်တဲ့၊ ပြောတယ်၊ ဒါ ပထမအကြိမ်ပါပဲ၊ ပထမအကြိမ်ပဲ။
ဒိဗ္ဗစက္ခုအဘိညာဉ် မရခင် ရှေးဦးစွာ အရောင်အလင်းလေး နည်းနည်းပေါ်ကာစ ရှိသေးတာပဲ၊ ဒီလိုဖြစ်နေတယ်တဲ့၊ ဒီတော့ မြတ်စွာဘုရားက အနုရုဒ္ဓါ ဒီလိုဖြစ်တတ်တဲ့ သဘောပါပဲတဲ့၊ ဟိုတုန်းကလဲ ယခုကမ္မဋ္ဌာန်း ဆရာတွေ အားပေးသလိုပါပဲ၊ မြတ်စွာဘုရားက အားပေးရတယ်၊ ယခုလဲ ယောဂီတွေ အချိုးမကျလို့ ဆိုလို့ရှိရင် စိတ်စနောင့်စနင်း ဖြစ်နေရင်၊ မေးမြန်းပြီး သကာလ ဖြစ်တတ်တာလေးတွေ ဘာလေးတွေ ပြောရတာကိုး အားပေးရတယ်။
အဲဒီ မြတ်စွာဘုရားက ဒီမှာ အားပေးစကား ပြောတယ်၊ ဖြစ်မှာပေါ့တဲ့၊ ဖြစ်တတ်တဲ့ သဘောပဲတဲ့၊ ငါဘုရားကိုယ်တိုင်လဲ ဒီလိုဖြစ်ခဲ့ဖူးတာပဲတဲ့ ဘုရားမဖြစ်ခင်က စောစောပိုင်း ကပေါ့လေ ဒိဗ္ဗစက္ခု အဘိညာဉ် နဲ့ စပ်ပြီးသကာလ ဒီလိုပဲ ဖြစ်ခဲ့ဖူးတယ်တဲ့၊ ဥပက္ကိလေသာ အညစ်အကြေးတွေ ခေါ်တယ်။
ဒါတွေ အရောင်အလင်းကလေး ပေါ်လာတယ်၊ အရောင်အလင်းကလေး ပေါ်လာတော့ သူဟာ သွားပြီးတော့ ကြည့်မိတယ်တဲ့၊ ကြည့်မိတော့ ဘာပါလိမ့်မတုန်း ဆိုပြီးတော့ သူစဉ်းစားတော့ ဝိစိကိစ္ဆာ ဖြစ်လာတယ်တဲ့၊ ဘာလို - ဘာလို ရိုးတိုးရိပ်တိတ်ဆိုတော့ လူလိုလို နတ်လိုလို ဟုတ်သလား မဟုတ်သလား ဒီလိုဟာတွေဖြစ်လာတယ်၊ ဝိစိကိစ္ဆာ ဖြစ်လာတယ်၊ ဝိစိကိစ္ဆာ ဖြစ်လာတာနဲ့ ဟော အရောင်အလင်းတွေ ပျောက်သွားရော၊ မရှိဘူး၊ အင်း-ငါ့ဥစ္စာ အရောင်အလင်း ကလေးပေါ်လာ၊ ဘာဖြစ်လို့ ပျောက်သွားပါလိမ့်၊ သြော်-ငါ သွားစဉ်းစားလို့ကိုး၊ ဝိစိကိစ္ဆာ ဖြစ်တာကိုး၊ ဒီဝိစိကိစ္ဆာကြောင့် ဒီအရောင်လေးပေါ်တာပဲ၊ ဒီတော့ကာ ဒီဝိစိကိစ္ဆာ နောက်မဖြစ် ရအောင် ငါ ဒါတွေကို နှလုံးမသွင်း တော့ဘူးဆိုပြီးတော့ စိတ်ထဲ ဆုံးဖြတ်လိုက်တယ်၊ နှလုံးမသွင်း ဘဲနဲ့နေ အရောင်အလင်းလေး ပေါ်လာပေါ်လာ ပျောက်သွားပြန်တယ်၊ ဘာကြောင့်ပါလိမ့်လို့ စဉ်းစားတော့ အပြီးသတ်တော့ စိတ်က နှလုံးမသွင်းဘဲကိုး။
အရောင်အလင်း ပေါ်လာတဲ့ ဥစ္စာကို ပေါ်လာတော့ တရားကို နှလုံးမသွင်းဘဲနဲ့ လျစ်လျူ ပစ်ထားတော့ ပျောက်သွား ပြန်တယ်တဲ့၊ ဒါလဲ မကောင်းသေးဘူး၊ နှလုံးလဲ သွင်းတန်သမျှ သွင်းဦးမှ၊ ဒီလို အစဉ်ကလေးတွေကို သူ့ဟာက အစကတော့ ဝိစိကိစ္ဆာဖြစ်လို့ နှလုံးမသွင်းဘဲနေ နှလုံးမသွင်းဘဲ နေတော့လဲ နှလုံးမသွင်းခြင်း ကြောင့်လဲ ပျောက်သွားသေးတာကိုး၊ အရောင်အလင်းက ဒီလိုလဲဖြစ်တယ်တဲ့၊ နောက် အဲဒီလို နှလုံးမသွင်းဘဲ နေရာက နောက်နှလုံးသွင်းမယ်လို့ စိတ်ထဲမှာ ဆောက်တည်ပြီးသကာလ တစ်ခါ ထိနမိဒ္ဓ ဆိုတဲ့ စိတ်ထိုင်းမှိုင်းမှု ဖြစ်လာပြန်တယ်တဲ့၊ အဲဒါကြောင့်လဲ အရောင်အလင်းက ပျောက်သွားတယ်။
ထိနမိဒ္ဓ - စိတ်ထိုင်းမှိုင်းမှု ဖြစ်လာလို့ အဲဒီလိုလဲ ပျောက်သွားတာ ရှိတာပဲတဲ့၊ သူ့ဟာ ၁၁-ခု ရှိတယ်တဲ့၊ ပြီးတော့ ထိနမိဒ္ဓ မဖြစ်အောင်လို့ နှလုံးသွင်းတဲ့အခါကာလမှာကို တောင့်တမှုတွေလဲ ရှိလာတယ်တဲ့၊ အဲဒီ ကိုယ်တောင့်တမှု ဖြစ်ခြင်းကြောင့်လဲ ဒီအရောင်အလင်းက ပျောက်သွား တယ်တဲ့၊ အဲဒီ ကိုယ်တောင့်တမှု မဖြစ်အောင် နှလုံးပြန်သွင်းတဲ့ အခါကာလကျတော့ အဲဒီ ကိုယ်တောင့်တင်းမှုတွေ ထိနမိဒ္ဓ မဖြစ်အောင်လို့ အာရုံကိုစူးစိုက်ပြီး နှလုံးသွင်းတဲ့ အခါကာလမှာ ဒီအရောင်အလင်း ထဲမှာ သူက အရောင်အလင်းတွင် မကဘူး၊ ပုံသဏ္ဌာန် အထည်ဒြပ်တွေ ပေါ်လာတယ်၊ ပေါ်လာတော့ အဲဒီမှာ ကြောက်စရာ လန့်စရာတွေ ပေါ်လာတယ်တဲ့။
ကြောက်စရာ လန့်စရာတွေ သွားပြီးမြင်တဲ့ အခါကာလကျတော့ ဖြုန်းခနဲဆိုတော့ မြင်မြင်ခြင်း ဆိုတော့, ဘွားခနဲဆိုတော့ လန့်တဲ့သဘော ဖြစ်တာပေါ့လေ၊ ဥပမာ နဂါးကြီးတွေ ဘာတွေ သွားတွေ့တယ်တဲ့၊ ဘီလူးကြီးတွေ သွားတွေ့တယ်၊ ဖြုန်းကနဲဆို ဘွားကနဲ သွားတွေ့လိုက်တော့ ဖြုန်းကနဲ လန့်တဲ့သဘော သွားပြီးတော့ ဖြစ်သွားတယ်၊ အဲဒီလို ဖြစ်ခြင်းကြောင့်လဲ အရောင် အလင်းတွေ ပျောက်ပြီးသွားတယ်တဲ့၊ ဒါကတော့ ဟုတ်မှာပဲ။
ဘုန်းကြီးများ ငယ်ငယ်တုန်းက ကိုရင်တုန်းကပေါ့လေ၊ ကိုရင်တုန်းက မှန်ပျောင်းတစ်ခု သူများလဲ ကြည့်ကြတာပါပဲ၊ ဒါနဲ့ဘုန်းကြီးက မှန်ပျောင်း ကောက်ပြီးတော့ ကြည့်တာကိုး၊ အဲဒီတုန်းက ကိုရင်ပေါ့လေ၊ ၁၈-နှစ်လောက်ရှိမလား၊ ၁၇-နှစ် လောက်လား မပြောတတ်ပါဘူး၊ မှန်ပျောင်းနဲ့ ကြည့်လိုက်တော့ ဟိုမှာ လမ်းလျှောက်နေတဲ့ ဒကာမကြီးဟာ မှန်ပျောင်းနဲ့ဆိုတော့ နီးနီးကလေး ဖြစ်နေတာကိုး၊ ဖြုန်းကနဲဆို လန့်သွားတယ်၊ သူ့ကို မှန်ပျောင်းနဲ့ ကြည့်တယ်လို့များ အောက်မေ့မလားလို့၊ ဘာဟုတ်မလဲ သူ့ဟာ အဝေးကြီး ရိုးရိုးကြည့်ရင်တော့ အဝေးကြီးပဲ၊ မှန်ပျောင်းနဲ့ ကြည့်တော့ ဒီမှာ ကပ်နေတာပေါ့၊ သူ့ကို သက်သက်မဲ့ ချိန်ကြည့်သလို ဖြစ်နေတယ်၊ နီးနီးကလေး အောက်မေ့ပြီးတော့ သူများ အပြစ်တင်မလား အောက်မေ့မိတယ်၊ မှန်ပျောင်း ဖြုတ်ကြည့်လိုက်တော့လဲ အဝေးကြီးပါပဲ၊ ဖြုန်းကနဲ ဆိုတော့ အနားနားကပ်ပြီး ကြည့်လိုက်သလို ဖြစ်သွားတာကိုး။
အဲဒီလို ဒီက ဒိဗ္ဗစက္ခု အဘိညာဉ်က ဘွားကနဲ မြင်လိုက်တော့ နဂါးကြီးဆိုတော့ မြွေကြီးပဲ၊ မြွေကြီးအနားနား ရောက်သွားသလို ဖြစ်နေတာကိုး၊ ဘီလူးကြီးဆိုရင် ဘီလူးကြီးနားရောက်နေတယ်
ထင်တာကိုး၊ ဖြုန်းခနဲဆိုတော့ ဒီဟာ လန့်တဲ့စိတ်ကလေး ဖြစ်သွားတာကိုး၊ အဲဒါကြောင့်လဲ အရောင် အလင်း ပျောက်သွားတယ်တဲ့၊ အဲဒီတော့ ဒါဟာ အမှန်အားဖြင့်တော့ မရှိဘူး၊ တရားသဘောနဲ့ နှလုံးသွင်းလို့သာလျှင် ဒီအာရုံတွေထင်တာပဲ၊ တကယ်ဆို ဒီနား ဘာမှ မရှိဘဲကိုး၊ နှလုံးသွင်းပြီး သကာလ ဖြေဖျောက်ပါတယ်တဲ့၊ ဖြေဖျောက်တဲ့ အခါကာလတော့ အဲဒါ ပျောက်သွားတယ်။
ပျောက်သွားတော့ အဲဒီကြောက်နေတဲ့ စိတ်တွေ နောက်မရှိတော့ဘူး၊ မရှိတော့ စိတ်က တက်ကြွ လာတယ်၊ အောင်မယ် ငါသိပ်နေရာကျတာပဲ၊ ဒီလိုကြောက်လန့်တဲ့စိတ်တွေ ငါပျောက်အောင်လို့ နှလုံးသွင်းနိုင်တာ ငါသိပ်နေရာ ကျတာပဲ၊ ငါဆင်ခြင်တတ်တယ်၊ နှလုံးသွင်းတတ်တယ်ဆိုပြီး စိတ်က တစ်ခါတည်း ကြွပြီး ပီတိတွေ နဲ့ တစ်ခါတည်း တက်ကြွလာတယ်၊ ကြွလာခြင်းကြောင့်လဲ အရောင် အလင်းတွေဟာ ပျောက်ကုန်တယ်။
အဲဒီလို အရောင်အလင်း ပျောက်တတ်တာတွေ သူကအများကြီးပါပဲ၊ နောက်ကို တောင့်တင်းပြီးတော့ ပျောက်တာတွေလဲ ပါတယ်၊ အလွန်အမင်း အားထုတ်လို့ ပျောက်သွားတာတွေလဲ ပါတယ်၊ လျှော့နေလို့လဲ ပါတယ် မြင်ရတဲ့အာရုံနဲ့စပ်ပြီး တောင့်တမှုလေးတွေက ရှိသေးတာကိုး၊ တောင့်တမှု သဘောကျမှု ကလေးတွေ အဲဒါကြောင့်လဲ ပျောက်သွားတာရှိတယ်၊ စူးစိုက် ကြည့်လွန်း အားကြီးလို့ ပျောက်သွားတာရှိတယ်၊ အားလုံး ၁၁-ပါးရှိတယ်၊ ဒိဗ္ဗစက္ခုအဘိညာဉ်ရဖို့ရာ အားထုတ်တဲ့ ဖြစ်တဲ့အခါမှာ ဖြစ်တဲ့ ရဟန္တာတွေ ၁၆-ပါး ရှိတယ်၊ အဲဒါ မြတ်စွာဘုရားက ဘုရားလောင်း ဖြစ်စဉ်အခါ ကာလတုန်းက ဒါတွေ အကုန် တွေ့လာတယ်လို့ ဆိုတာပဲ။
အဲဒါ ဘယ်အခါက တွေ့သလဲဆိုတာကို ဒါထောက်ဆကြည့်မယ်ဆိုရင် တိတိကျကျ ပြဆိုတာ မရှိဘူး၊ ဘုရား ဒိဗ္ဗစက္ခု အဘိညာဉ်ရတာက ဗောဓိမဏ္ဍိုင် ရတနာ ပလ္လင်ပေါ် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေပြီး အားထုတ်တဲ့အခါမှာ ညဉ့်ဦးယံက မရသေးဘူး၊ သန်းခေါင်ယံမှရတာ၊ အဲဒီအချိန်ကလေး ဖြစ်မှာပေါ့၊ အဲဒီအချိန်မှာ ဒိဗ္ဗစက္ခု အဘိညာဉ်အားက သန်းခေါင်ယံမှာ သူက ရတာကိုး၊ အဲဒီအချိန်မှာ ဖြစ်မှာပေါ့၊ အဲဒီမှာ ၁၁-ပါးသော တစ်ခုပြီးတစ်ခု ခဏခဏ ပြောင်းလွှဲဖြစ်ပေါ်တာ နေမှာပေါ့၊ အတည်တော့ မဟုတ်ဘူး၊ ခဏခဏ ဟိုဟာ ပေါ်လာလိုက် ပျောက်လိုက်၊ ဒီဟာပေါ်လာလိုက် ပျောက်လိုက်၊ ဟိုဒင်းလိုပဲ၊ ဦးကနင်း ပဲ့ကထောင် ဆိုတာလို သူကအကြောင်း မညီညွတ်သေးတော့ အန္တရာယ်ကလေးတွေ ပေါ်နေတာကိုး။
အဲဒါ ရှင်အနုရုဒ္ဓါ လဲ ဒီအန္တရာယ်တွေတွေ့တယ်၊ မြတ်စွာဘုရား အလောင်းတော် ကိုယ်တိုင်တောင်မှ ဒါတွေ တွေ့လာတာကိုး၊ ဒါတွေ တွေ့တယ်တဲ့၊ မြတ်စွာဘုရားက ဟောတယ်၊ ဟောတော့ကို ယခု တရား အားထုတ်တဲ့ ပုဂ္ဂိုလ်တွေဟာ အဆင်မပြေလို့ အကြောင်းမညီညွတ်တဲ့အခါ ဘာမှ အားငယ် စရာ မရှိဘူး၊ သူ့ဟာ တွေ့တတ်တဲ့ သဘောတွေ သူတွေ့ရမှာပဲ၊ အဲဒါတွေ မတွေ့အောင်လို့ တစ်နည်းနည်းနဲ့ တိမ်းရှောင်ပြီးသကာလ ဒီလို အားထုတ်ရတာပဲ။
တစ်ခါ တစ်ခါကို သဒ္ဓါတရား အားကောင်းလွန်းလို့၊ ဒီလိုပဲ ဖြစ်နေတာရှိတယ်၊ သဒ္ဓါတရား လျော့လို့ ဖြစ်နေတာရှိတယ်၊ လုံ့လဝီရိယ အားကောင်းလို့ ဖြစ်နေတာရှိတယ်၊ လုံ့လဝီရိယ လျော့လို့ ဖြစ်နေတာရှိတယ်၊ စူးစိုက်မှု လျော့လို့ဖြစ်နေတာလဲရှိတယ်၊ စူးစိုက်မှု လွန်ကဲပြီးတော့ ပျက်နေ တာလဲ ရှိတယ်၊ အဲဒီလို အမျိုးမျိုး ရှိပါတယ်၊ အဲဒါတွေ အကြောင်း မညီညွတ်တာတွေ အကြောင်း ညီညွတ်အောင်လို့ ကမ္မဋ္ဌာန်းဆရာတွေ က သိလို့ရှိရင်လဲ ပြင်ပြီးတော့ ပေးတာပဲ၊ ကိုယ့်ဟာကိုယ်လဲ စဉ်းစား ဆင်ခြင်ပြီး သကာလ ပြင်ပြီးသကာလ သွားရမယ်။
ဒါကြောင့် အကြောင်း မညီညွတ်လို့ တရားမတိုးတက် နိုင်လို့ရှိရင် ဟောဒီလို သုတ်တွေ စဉ်းစားဆင်ခြင် လို့ရှိရင် အားတက်စရာတွေ အများကြီးရှိပါတယ်၊ အော်-ဒါက တွေ့ရမှာပဲ၊ တရားလမ်းစဉ် သွားလို့ရှိရင် ဥပက္ကိလေသာ ဘေးအန္တရာယ် ဆိုတာတွေဟာ ဖြစ်တတ်တဲ့ သဘော တွေပဲလို့ ဘုရားအလောင်းတောင်မှ ဒီလိုတွေ့ရတာပဲ၊ အရှင်အနုရုဒ္ဓါ သူလဲအားထုတ်တွေ့ တာပဲ၊ တို့လဲတွေ့မှာပဲ၊ ဒါတွေကို ကျော်လွန်အောင်လို့ တို့အားထုတ်ရမှာပဲလို့ ဒါအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ တွေ့မှမတွေ့ဘဲ အားထုတ်တဲ့ ပုဂ္ဂိုလ်တွေ ဘာမျှမတွေ့ဘူး။
အားထုတ်လို့ ဒါတွေတွေ့တာ အားတက်စရာ ရပြီးနောက် အရှင်အနုရုဒ္ဓါက ဒီလိုအားထုတ်နေရင် အဘိညာဉ်တော့ ရပြီးပါပြီ၊ တစ်ချိန်ကျတော့ သူက ရှင်သာရိပုတ္တရာ ထံ သွားပြီး ပြောပြန်တယ်၊ ရှင်သာရိပုတ္တရာ တဲ့၊ တပည့်တော်ဟာလေ စကြာဝဠာ ၁၀ဝ၀-အဘိညာဉ်နဲ့ ကြည့်နိုင်တယ်တဲ့၊ မြင်နိုင်တယ်၊ ဒိဗ္ဗစက္ခုနဲ့ စကြဝဠာ ၁၀ဝ၀-အခြင်းအရာတွေ အကုန်လုံး တွေ့မြင်နိုင်ပါတယ်တဲ့၊ တပည့်တော် အားလဲ ထုတ်ပါတယ်၊ လုံ့လ ဝီရိယနဲ့ အားထုတ်တယ်၊ ဝီရိယလဲ ကောင်းကောင်း ပြည့်
ပြည့်စုံစုံ အားထုတ်တယ်၊ သတိလဲ ထင်နေတယ်၊ သမာဓိစိတ်ကလဲ၊ တည်ကြည် ငြိမ်သက်ပြီး နေတယ်၊ ကိုယ်ပင်ပန်းမှုတွေလဲ ငြိမ်းနေတာပဲ၊ ဒါပေမယ်လို့ အာသဝေါကုန်ခမ်းတဲ့ ရဟန္တာ မဖြစ်သေးဘူးတဲ့၊ ဒါပေမယ့်လို့ ဒီဥစ္စာ အာသဝက္ခယနဲ့ အရဟတ္တ မဂ်ဖိုလ်တော့ မရောက်သေးဘူး။
ဘာကြောင့်ပါလိမ့်မလဲ တပည့်တော် စဉ်းစားနေတယ်၊ ပြောတာကိုး ဆိုတော့ ရှင်သာရိပုတ္တရာက သူ့ကို ပြောတယ်၊ အနုရုဒ္ဓါတဲ့ သင့်ဥစ္စာက ငါ စကြဝဠာ ၁၀ဝ၀- မြင်နိုင်တယ်လို့ နှလုံးသွင်းလိုက်ရင် ဒါဘာမှတ်သလဲ တဲ့၊ ဒါ မာန ခေါ်တယ်၊ မာနတွေ ခံနေတာတဲ့၊ ဒါကြောင့်မို့လို့လဲ ဟိုအာသဝက္ခယ ဉာဏ် မရောက်ဘဲ နေတာတဲ့၊ ဒါ မာန ခံနေတယ်တဲ့၊ ဒီတော့ကာ ငါကတော့ အားထုတ်ပါပြီတဲ့၊ အားထုတ်တာ အစွမ်းတော့ ကုန်နေပါပြီ။
သတိလဲ ထင်နေတယ်၊ သမာဓိလဲ စိတ်က ငြိမ်သက်နေတယ်၊ ကိုယ့်မှာလဲပဲ ကိုယ်ပင်ပန်းမှုတွေ ငြိမ်းပြီးတော့ ငြိမ်းချမ်းမှုလဲ ငါ့မှာ ရနေတာပဲ၊ တရားတွေက အချိုးအစားတွေ ကောင်းနေတာပဲ၊ သင်က ဒီလို စဉ်းစားတယ်တဲ့၊ အဲဒါဘာမှတ်သလဲ၊
ဒါ ဥဒ္ဓစ္စ ခေါ်တယ်တဲ့၊ စိတ်ပျံ့လွင့် နေတာတဲ့၊ အဲဒါ အလွန် သိမ်မွေ့တယ်၊ အားထုတ်တဲ့ပုဂ္ဂိုလ်တွေ ဒါ စဉ်းစားဖို့ရာ ကိုယ့်မှာ တရားကလေး ကောင်းနေပြီးတော့ ကိုယ်လိုရာက မရောက်လို့ရှိရင် ဘာလို့ မရောက်ပါလိမ့်ဆိုတာ လုပ်သေးတာကိုး၊ ကိုယ့်မှာ ဥဒ္ဓစ္စတွေ ဖြစ်နေတာ၊ ဥဒ္ဓစ္စဖြစ်တယ်ဆို ပြောတော့ သူက တရားကောင်းတွေပဲ၊ ရှင်အနုရုဒ္ဓါပြောတစုံ ကောင်းတယ်၊ အကောင်းပဲတဲ့၊ သူ အားထုတ်ပါတယ်တဲ့၊ တရားတွေ ပြည့်ဝနေပြီတဲ့၊ သတိကလဲ ထင်နေတာပဲ သတိကောင်းနေတယ်၊ သမာဓိကလဲ သိပ်တည်ကြည် နေတာပဲတဲ့၊ ကိုယ်ပင်ပန်းမှုတွေလဲ ရနေတာပဲတဲ့၊ အဲဒါ ဘာဖြစ် လို့လဲဆိုတော့ ဥဒ္ဓစ္စဖြစ်နေတာတဲ့၊ စိတ်ပျံ့လွင့်နေတာ။
ဒီတော့ ဒီလိုကောင်းနေပါရက်နဲ့ အာသဝေါ ကုန်ခန်းတဲ့ ရဟန္တာတော့ မဖြစ်ဘူးတဲ့၊ အာသဝက္ခယ အရဟတ္တမဂ်ဉာဏ် တော့လဲ မရောက်ဘူး၊ ဘာကြောင့်ပါလိမ့်မလဲ၊ ဒီဥစ္စာ စဉ်းစားပြန်တယ်တဲ့၊ အဲဒါ ဘာမှတ်တုံး၊ ဒါ ကုက္ကုစ္စ ခေါ်တယ်၊ ဒါ ကုက္ကုစ္စ သိပ်နုတယ်၊ စိတ်ပူပန်တာတဲ့၊ ဒါလောက် အားထုတ်ရက်နဲ့ ဘာလုပ် မဖြစ်ပါလိမ့်မလဲ စိတ်ပူပန်တာတွေတဲ့၊ အဲဒီတရား ၃-ပါးခန်းနေတာ၊ အခြားမဟုတ်ပါဘူးတဲ့၊ ဒိဗ္ဗစက္ခုအဘိညာဉ်နဲ့ စကြဝဠာ ၁၀ဝ၀- မြင်နိုင်တယ် ဆိုတဲ့ မာနခံတယ်တဲ့၊ နောက်တစ်ခုက ငါအားထုတ်ပါတယ်၊ သမာဓိလဲ ရှိနေပါပြီ၊ တည်ကြည်နေပါပြီ၊ ငြိမ်းချမ်းနေပါပြီ၊ အားထုတ်မှုတော့ ပြည့်စုံနေပါပြီလို့ စဉ်းစားတဲ့ ဥဒ္ဓစ္စ စိတ်ပျံ့လွင့်နေတာတဲ့၊ ဟုတ်တယ်၊ ဒီစိတ်က ပျံ့လွင့်တတ်တယ်။
ခဏခဏ စဉ်းစား စဉ်းစားနေရင်း စိတ်ပျံ့လွင့်တာပေါ့၊ စိတ်လုံးလုံး မပါဘဲကို စဉ်းစားတာ၊ တရားထဲ မပါဘူး၊ ရှုမှတ်တာက တရားထဲ ပါတယ်၊ စိတ်ကူးစဉ်းစားလို့ရှိရင် ဒါက ဥဒ္ဓစ္စဖြစ်နေတယ်၊ နောက်တစ်ခု ဒီလို အားထုတ်နေရင်း ဒီလိုပြည့်စုံရက်နဲ့ မဂ်ဖိုလ်တော့ ဘာဖြစ်လို့ မရောက်ပါလိမ့် မတုံးဆို ကုက္ကုစ္စ စိတ်ပူပန်တာတဲ့၊ အဲဒီတရား ၃-ပါးကို ပယ်ပြီးတော့ ဒါတွေ မစဉ်းစားပါနဲ့တဲ့၊ ဒီ ၃-ပါး ပယ်ပြီးသကာလ အားထုတ်ပါတဲ့၊ ရှင်သာရိပုတ္တရာ သြဝါဒပေးတယ်၊ အဲဒီသုတ်ကို ထောက်ဆ ကြည့်လို့ရှိရင်လဲ ယခု တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ အားတက်စရာပဲ။
ကိုယ်အကြောင်း မညီညွတ်တာ တစ်ခုခုတော့ ရှိနေတာပဲ၊ ခုနကပြောတဲ့ မာနခံနေမလား စာပေ ကျမ်းဂန်တတ်တဲ့ ပုဂ္ဂိုလ်ကတော့ စာပေတွေနဲ့ မာနခံနေတယ်၊ ဒိဗ္ဗစက္ခုကတော့ မရလို့ ဒိဗ္ဗစက္ခု နဲ့တော့ မာနမခံဘူး၊ စာပေဗဟုသုတ ရှိတဲ့ ပုဂ္ဂိုလ်တွေကတော့ ငါ စာတွေလဲသင်လာတာပဲ၊ ဒါတွေ ဒါတွေကလဲ သိနေတာပဲ၊ ဘာပြုလို့ တရားဟာ မတက်ပါလိမ့်မတုန်း၊ ဒီလို လုပ်သေးတာကိုး၊ စာပေတွေနဲ့ မာနတွေ လွှတ်ခံနေတယ်။
အားထုတ်မှုတွေနဲ့ စပ်ပြီးတော့ ငါ အားထုတ်ပါတယ်၊ ဒါထက်တော့ပိုပြီး အားထုတ်စရာ မရှိပါဘူး၊ ငါအားထုတ်တာ တွေတော့ ကုန်နေပါပြီ၊ ဒါတွေလုပ်နေတာ ဒါတွေက စိတ်ပျံ့လွင့်နေတာပဲ၊ ဥဒ္ဓစ္စတွေ ဖြစ်နေတာ၊ ဒီလောက် အားထုတ်တာတောင် ဘာဖြစ်လို့ မဖြစ်ပါလိမ့်မတုံး ဆိုပြီးတော့ ဒီလိုဟာလဲ ရှိသေးတာပေါ့၊ ခုနက ပြောတဲ့ အတိုင်းပဲ၊ ဒါ ကုက္ကုစ္စဖြစ်နေတာပဲ၊ ဒါတွေ မဖြစ်တောင် ဒါတွေ မှတ်မှတ်ပြီး သကာလ ပယ်သွားရမယ်၊ အဲဒီတရား ၃-ပါးပယ်ပြီး အားထုတ်ပါလေလို့ ရှင်သာရိပုတ္တရာက ညွှန်ကြားလိုက်တော့ ရှင်အနုရုဒ္ဓါ ဆက်ပြီးတော့ အားထုတ်တာကိုး။
ရဟန္တာဖြစ်အောင် ၁၅-ရက်ပတ်လုံး စင်္ကြံလျှောက်တယ်၊ မအိပ်ဘဲနဲ့ပေါ့လေ၊ ခဏတဖြုတ်များ ထိုင်ဦးမလားတော့ မပြောတတ်ဘူး၊ စင်္ကြံလျှောက်နေတယ်လို့ စာကတော့ ရေးထားတာပဲ၊ ခဏတဖြုတ် ထိုင်တာ ရှိချင်လဲရှိမှာပေါ့၊ သို့သော်လဲ အင်မတန်ကျန်းမာတဲ့ ပုဂ္ဂိုလ်ကြီးဆိုတော့ ၁၅-ရက်လုံး လျှောက်ချင်လဲ လျှောက်နိုင်မှာပါပဲ။
ဘုန်းကြီးတို့လဲ အားထုတ်တုန်းက အားထုတ်ဖူးပါတယ်၊ တစ်နေ့လုံး တစ်ညလုံး စင်္ကြံလျှောက်ပြီး အားထုတ်နေတယ်၊ လျှောက်တော့ တော်တော်တော့ ပင်ပန်းတယ်၊ မအိပ်မနေ ဒီလောက်ရှိလှတယ် ဆိုပြီးတော့လျှောက်၊ လျှောက်တော့ နည်းနည်းပင်ပန်းလာတော့ ခဏတဖြုတ် နားဦးမှပဲဆို ထိုင်နေတယ်၊ ထိုင်ရင်းနဲ့ အိပ်ပျော် သွားတော့တယ်၊ ပင်ပန်းလာတော့ ဘာမှ မခံနိုင်ဘူး၊ ထိုင်ရင်းနဲ့ သူ့ဟာသူ အိပ်ပျော်သွားပါရော၊ ဘယ်လောက် ကြာသွားမှန်းတောင် မသိဘူး။
တစ်နေ့လုံး တစ်ညလုံး စင်္ကြံလျှောက်ပြီးတော့ သူလဲပဲ ၁၅-ရက်ပတ်လုံး စင်္ကြံလျှောက်ပြီး အားထုတ်တယ်တဲ့၊ စင်္ကြံလျှောက်တဲ့ အခါကျတော့ အင်မတန် ပင်ပန်းလာတဲ့အခါမှာ သူက စိတ်ကူးဉာဏ်တွေ ရောက်လာတယ်တဲ့၊ အဲဒီ စိတ်ကူးဉာဏ်တွေ အဖိုးတန်ပါတယ်၊ စိတ်ကူး ကောင်းတွေပဲ။
အပိစ္ဆ ဿာယံဓမ္မော နာယံ ဓမ္မော မဟိစ္ဆဿ။
အယံဓမ္မော - ဤလောကုတ္တရာ တရားသည်၊
အပိစ္ဆဿ - အလိုနည်းသော ပုဂ္ဂိုလ်၏၊
ဓမ္မော - တရားပေတည်း၊
မဟိစ္ဆဿ - အလိုကြီးသော ပုဂ္ဂိုလ်၏၊
နဓမ္မော - တရားမဟုတ်ပါ တကား။
အကြံအစည် တစ်ခုပဲ၊ ဤတရားဟာ အလိုနည်းတဲ့ ပုဂ္ဂိုလ်တွေနဲ့ ထိုက်တန်တဲ့ တရားပဲ၊ အလို ရမက်ကြီးတဲ့ ပုဂ္ဂိုလ်တွေနဲ့တော့ မထိုက်တန်ဘူး၊ တရားကို မြန်မြန်ရချင်တဲ့ ပုဂ္ဂိုလ်တွေ တရားရပြီး သကာလ ကြီးပွား ချမ်းသာချင်တဲ့ ပုဂ္ဂိုလ်တွေ အဲဒါတွေ မထိုက်တန်ဘူး၊ တစ်ချို့ကလဲ တရားမြန်မြန် ရချင်တယ်၊ ရပြီးတော့ ဆရာလုပ်မယ်၊ ဘာလုပ်မယ်၊ ညာလုပ်မယ်၊ ဒီလိုဟာတွေ ရှိသေးတာကိုး၊ အဲဒါတွေကလဲ အလိုကြီးနေတာ ခေါ်တယ်၊ အဲဒါတွေ များနေလို့ရှိရင် တရားကမ တက်ဘဲနေတတ် တယ်။
ဘာလုပ်မယ် ညာလုပ်မယ်နဲ့ သဒ္ဓါတရားတ ွေကောင်းပြီး ကောင်းတော့ အကောင်းတွေပါပဲ၊ အဆိုးတွေတော့ မဟုတ်ဘူး၊ ဒါပေမယ်လို့ သူက ခုနေတယ်၊
အယံဓမ္မော - ဤတရားသည်, ဤလောကုတ္တရာ တရားသည်၊
အပိစ္ဆဿ - အလိုနည်းသော ပုဂ္ဂိုလ်၏၊
ဓမ္မော - တရားပါပေတည်း၊
အယံ ဓမ္မော - ဤတရားသည်၊
မဟိစ္ဆဿ - အလိုကြီးသော ပုဂ္ဂိုလ်၏၊
နဓမ္မော - တရား မဟုတ်ပါတကား၊
သူတရား မရနိုင်လို့ စဉ်းစားနေတယ်၊ ငါ အလိုကြီးတာတွေ ရှိနေတယ်၊ ဒါကြောင့် ငါတရား မတက်ဘူးဆိုပြီးတော့ စဉ်းစားတယ်။
သန္တုဋ္ဌဿာယံ ဓမ္မော အသန္တုဋ္ဌဿ နာယံဓမ္မော
အယံဓမ္မော - ဤတရားသည်၊
သန္တုဋ္ဌဿ - ရောင့်ရဲလွယ်သောပုဂ္ဂိုလ်၏
ဓမ္မော - တရားပါတကား၊
အယံဓမ္မော - ဤ တရားသည်၊
အသန္တုဋ္ဌဿ - မရောင့်ရဲသော ပုဂ္ဂိုလ်၏၊
နဓမ္မော - တရားမဟုတ်ပါတကား။
ဒီတရားက ရောင့်ရဲလွယ်တဲ့ ပုဂ္ဂိုလ်ရဲ့ တရားပဲ၊ မရောင့်ရဲနိုင် လို့ရှိလျှင်, ဟိုဟာရလဲ မရောင့်ရဲ၊ ဒီဟာရလဲ မရောင့်ရဲ၊ ဟိုဟာဖြစ်ဘို့လဲ မရောင့်ရဲ၊ ဒါဖြစ်လို့လဲ မရောင့်ရဲ၊ ဒါမပြည့်စုံနိုင်တဲ့ တရားပဲ၊ လောကကြီးဟာ မပြောနဲ့၊ တရားရေးရာနဲ့ စပ်ပြီးတော့ကို ကိုယ်ဖြစ်သမျှလေးနဲ့ အားရကျေနပ်မှ သူတရား သဘောအတိုင်း သူ့ဟာသူ ဖြစ်ချင်ရာဖြစ်၊ ကိုယ့်အလုပ်ကလေးကို မှန်မှန်လေးသာ လုပ်နေလို့ သူကဟိုလိုဖြစ်ချင်၊ ဒီလိုဖြစ်ချင် ဟိုတောင့်တ, ဒီတောင့်တ ဆိုရင် တရားက မတက်ဘူး၊ အင်မတန် သိမ်မွေ့တယ်၊ အင်မတန်နူးညံ့တဲ့ တရားတွေ။
ရောင့်ရဲတဲ့ ပုဂ္ဂိုလ်မှ ရနိုင်တဲ့ တရားပဲလဲ၊ မရောင့်ရဲတဲ့ ပုဂ္ဂိုလ်ဆို မရနိုင်ဘူးတဲ့၊ အဲဒါ အကုန်လုံး ၈-ခု ရှိပါတယ်၊ အဲဒီ ၈-ခု မဆိုရတာလဲ တော်တော်ကြာသွားပြီ၊ ကဲ-ဆိုကြအုံးစို့၊ ဆိုအုံးမှ ဖြစ်မယ်၊ ဒါလေးကတော့-
လိုနည်းရောင့်ရဲ၊ ဖော်ဆိတ်စဲ၊ အားခဲမမေ့သူ။ (ဆို-၃)
အဲ-အဲဒီပုဂ္ဂိုလ်တွေ အလိုနည်းတဲ့ပုဂ္ဂိုလ်, ရောင့်ရဲတဲ့ပုဂ္ဂိုလ်၊ ဖော်စိတ်စဲ၊ ပဝိဝိတ္တဿ - ပုဂ္ဂိုလ်အဖော် ကိလေသာအဖော်တွေနဲ့ဆိတ်ပြီး တစ်ကိုယ်တည်း၊ ကိလေသာ အဖော်တွေမရှိ၊ တစ်စိတ်တည်း ဘာဝနာစိတ် တစ်စိတ်တည်း ဒီလိုနေနိုင်တဲ့ ပုဂ္ဂိုလ်၊ ဒါကို အဖော်ဆိတ်စဲ အဖော်တွေ သိပ်ပြီးတော့ စွဲနေတာ၊ အဖော်တွေ ကင်းနေတာ ခေါ်တယ်၊ ကာရန်လည်း ရအောင်ဘို့ ဆိုရတာ နည်းနည်း ခက်တယ်၊ ကဲ-ဆနဲ့ စနဲ့ နီးနေတော့ နည်းနည်းခက်တယ်၊ ဖော်ဆိတ်စဲအားခဲ၊ အာရဒ္ဓဝီရိယ - ကြိုးစားအားထုတ်တဲ့ ပုဂ္ဂိုလ်မှ ရနိုင်တဲ့ တရားတဲ့၊ ပေါ့ပေါ့လျော့လျော့ လွယ်လွယ်လေးနဲ့တော့ မရဘူး။
တစ်ချို့က တရားလွယ်လွယ်လေးနဲ့ ရချင်တာ၊ လွယ်လွယ်လေးနဲ့ ရချင်တော့ လွယ်လွယ်လေးနဲ့ ပေါ့ပေါ့လေး ရလိမ့်မယ်၊ အောက်မေ့နေတာကိုး၊ ဒီလိုတော့ မဟုတ်ဘူး၊ ကြိုးတော့ ကြိုးစားရတယ်၊ ကြိုးကြိုးစားစား အားထုတ်မှ စိတ်က ပျော့ပျော့ နည်းနည်းဆိုရင် တယ်ပြီးတော့ မဖြစ်ဘူး၊ စိတ် တင်းတင်းရင်းရင်း ထားမှဖြစ်မှာ၊ ဘာနဲ့တူနေတုန်း ဆိုလို့ရှိရင် ဒီရော်ဘာတို့ ဘာတို့ ဆိုတာရှိတယ်၊ ပျော့နေတယ်၊ ထုလို့လဲ မပေါက်ဘူး၊ မပျက်ဘူး၊ သူက ပျော့နေပြီး ခံနေတာကိုး ဘောလုံး ပျော့ပြီး ခံနေတယ်၊ အိုးများကြည့် မာတော့ မာတာပဲ၊ ဒါပေမယ့် တိုက်လိုက်လျှင် ကွဲတာပဲ အဲဒါလိုပဲ။
တစ်ချို့ စိတ်ကလေးက နူးညံ့နေတယ်၊ သူတော်ကောင်း စိတ်တော့ ကောင်းရှာပါတယ်၊ ဒါပေမယ့် စိတ်ပျော့နေတော့ တရားအားထုတ်ရာကျ မတက်ဘဲ နေတတ်တယ်၊ စိတ်ကလျော့နေတော့၊ တစ်ချို့ ပုဂ္ဂိုလ်က ခပ်ကြမ်းကြမ်းပဲ၊ ဒီလူကတော့ အင်မတန်ကြမ်းတဲ့ ပုဂ္ဂိုလ်ပဲလို့ အထင်သေးတတ်တယ်၊ တရားအားထုတ်တဲ့ အခါကျ ကြမ်းကြမ်း ဆိုတော့ စိတ်ကြမ်း ကိုယ်ကြမ်းနဲ့ နင်းကန်ပြီး အားထုတ် တာကိုး၊ ဖြစ်ချင်တာ ဖြစ်ရောဆိုပြီးတော့ အဲဒီပုဂ္ဂိုလ်က တော်တော် တိုးတက်တယ်၊ တရား အားထုတ်တဲ့အခါ စိတ်ကလေး ခပ်ဆတ်ဆတ်ကလေး အားထုတ်မှ -
အာရဒ္ဓ ဝီရိယဿ၊
အယံ ဓမ္မော - ဤတရားသည်၊
အာရဒ္ဓ ဝီရိယဿ - ပြင်းပြင်းထန်ထန် အားထုတ်သော ပုဂ္ဂိုလ်၏၊
ဓမ္မော - တရားပဲ၊
ပျင်းရိနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ တရားမဟုတ်ဘူးတဲ့၊ လိုနည်းရောင့်ရဲ ဖော်ဆိတ်စဲ အားခဲမမေ့သူတဲ့၊ သတိမမေ့တဲ့သူ၏ တရားပဲတဲ့။
ဥပဋ္ဌိတသတိဿ ဥပဋ္ဌိတဿာယံ ဓမ္မော နယံ ဓမ္မော မုဋ္ဌသတိံ စ။
သတိမေ့တဲ့ ပုဂ္ဂိုလ် အမှတ်မရှိတဲ့ ပုဂ္ဂိုလ်ရဲ့ တရားမဟုတ်ဘူးတဲ့၊ သတိမမေ့ဘဲနဲ့ အချက်တိုင်း အချက်တိုင်းကို မှတ်ရပြီးတော့ သွားနေတဲ့ ပုဂ္ဂိုလ်မှ ရနိုင်တဲ့ တရားပဲတဲ့၊ စဉ်းစားတာကို ဘယ်နှစ်ခုရှိတုန်းဆို - အလိုနည်းသော ပုဂ္ဂိုလ် ရောင့်ရဲတယ်၊ ရောင့်ရဲသောပုဂ္ဂိုလ် ဖော်ဆိတ်စဲ အဖော်ဆိတ်ပြီးတော့ တစ်ကိုယ်တည်း ကိုယ်ကလဲ တစ်ကိုယ်တည်း သူများနဲ့ မရောဘဲနဲ့ပေါ့၊ သူများနဲ့ ရောနေတောင်မှ စိတ်က သူများနဲ့မရောဘဲ ကိုယ့်တရားသေးနဲ့ကိုယ် နှလုံးသွင်းနေတာ အဲဒီလိုဟာ ခေါ်တယ်၊ ကာယဝိဝေက စိတ္တဝိဝေက ခေါ်တယ်၊ အဲဒါ အားထုတ်နေလျှင် ဥပဓိဝိဝေက ခေါ်တဲ့ နိဗ္ဗာန် တွေ့သွားတာပဲ။
ဖော်ဆိတ်စဲ အားခဲအားထုတ်တဲ့လူ ပြင်းပြင်းထန်ထန် မမေ့သူ၊ ငါးယောက်ရှိပြီ၊ အဲ-ငါးယောက် နောက်တစ်ခါ သမာဓိရယ်၊ ပညာရယ်၊ သမာဓိရှိတဲ့ ပုဂ္ဂိုလ်မှ ရနိုင်တဲ့ တရားပဲ၊ စိတ်တည်ကြည်မှ ပညာဉာဏ် ရှိတဲ့ပုဂ္ဂိုလ်မှ ရနိုင်တဲ့တရား ပညာမဲ့ပုဂ္ဂိုလ် မရနိုင်ဘူး၊ ဒါက နှစ်ခု အဲဒါ အရှင်အနုရုဒ္ဓါ စဉ်းစားတာ ဒီလောက်ပါပဲ၊ အဲဒီ ၇-ခုကို စဉ်းစားတော့ အဲဒီလို စဉ်းစားနေရင်း မြတ်စွာဘုရားက ကြွသွား၊ ကြွသွားပြီးတော့ မေးမြန်းတဲ့အခါကာလကျတော့ သူက လျှောက်တယ်။
ဒီလို-ဒီလိုပါဘုရား၊ ဒီမှာ တရားအားထုတ်ရင်း ဒီလိုဖြစ်လာတယ်၊ ဒီလို-ဒီလို စိတ်ကူးတွေပေါက်လာ ပါတယ် ဘုရား၊ စိတ်ကူး ၇-ခု လျှောက်တော့မှ မြတ်စွာဘုရားက သာဓု-ကောင်းတယ်တဲ့၊ မဟာပုရိသဝိတက် ခေါ်တယ်၊ ယောက်ျားကောင်း ပုဂ္ဂိုလ်မြတ်တွေ စဉ်းစားကြံစည်တဲ့ ဝိတက်ပဲတဲ့၊ ဝိတက်ကောင်းပဲ၊ အဖိုးတန်တဲ့ ဝိတက်ပဲတဲ့၊ ဒါပေမယ့် နောက်တစ်ခုတော့ လိုသေးတယ်၊ ငါတစ်ခု ထည့်ပေးမယ်တဲ့၊ မြတ်စွာဘုရား နောက်တစ်ခု ထည့်ပေးတယ်။
နိပ္ပပ္ပဉ္စာရ မဿာယံ ဓမ္မော နာယံ ဓမ္မော ပပဉ္စာရာမဿ။
အယံ ဓမ္မော - ဤလောကုတ္တရာ တရားသည်၊
နိပ္ပပ္ပဉ္စရာမဿ - အကျယ်မကြိုက် အကျဉ်းလိုက်သော ပုဂ္ဂိုလ်၏၊
ဓမ္မော - တရားတည်း၊
ပပဉ္စရာမဿ - အကျဉ်းမကြိုက် အကျယ်လိုက်သော ပုဂ္ဂိုလ်၏၊
န ဓမ္မော - တရား မဟုတ်ပါတကား။
အဲဒီလိုစဉ်းစားရမယ်၊ အကျယ်ကြိုက်တဲ့ပုဂ္ဂိုလ် မရနိုင်ဘူး၊ အကျယ်ပွားနေတဲ့ ပုဂ္ဂိုလ် တဏှာနဲ့ သာယာတောင့်တမှုတွေနဲ့ ဟိုဟာလဲ အလိုရှိ၊ ဒီဟာလဲ အလိုရှိ အလိုဖြစ်ချင်တယ်၊ ဒီလိုလဲ ဖြစ်ချင်တယ်၊ တဏှာနောက် လိုက်ပြီး ချဲ့ချဲ့သွားတာပဲ၊ တဏှာဆိုတာ လမ်းမှမဆုံးဘဲ၊ ဒီလို တစ်ခုဖြစ်လျှင် ဟိုလိုနှစ်ခုလိုချင်တာ၊ တချို့က ၃-ခု၊ ၄-ခု၊ ၅-ခု စသည်ဖြင့် နေရာတကာမှာပဲ သူက ကျယ်တယ်၊ တဏှာက ဘဝတွေလဲချဲ့၊ သံသရာတွေလဲ ချဲ့ချဲ့နေတာဘဲ။
ဒါပြောလို့ရှိလျှင် မပြီးဘူး၊ အချိန်လဲ တော်တော် ကြာသွားပြီ၊ အကျဉ်းချုပ်ပဲ ပြောရတော့မှာပဲ၊ သူ့ဟာ ကောင်းတော့ အင်မတန် ကောင်းတဲ့ဥစ္စာ၊ ဒိဋ္ဌိနဲ့လဲ ချဲ့တာပဲ၊ ဝါဒဖြန့်ပြီး သကာလ သိပ်ချဲ့တယ်၊ ဒိဋ္ဌိအယူရှိတဲ့ ပုဂ္ဂိုလ်တွေက သူတို့ဝါဒသိပ်ချဲ့တယ်၊ သာသနာပြုတယ်၊ မာနတဲ့၊ မာနကလဲ တချို့ ပုဂ္ဂိုလ်တို့က ကိုယ့်ကိုကိုယ်တော့ အထင်ကြီးပြီး သူက တယ်ပြီးတော့ နေရာတကာမှာ တွင်ကျယ် ချင်တာကိုး။
သူကလဲပဲ အဲ-တဏှာ မာန ဒိဋ္ဌိနဲ့ အကျယ်ချဲ့ ပွားနေတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဒီတရားနဲ့ လားလားမှ မထိုက်တန်ဘူး၊တဏှာ, မာန, ဒိဋ္ဌိတွေ ပယ်ပြီးတော့ တဏှာနဲ့ သာယာမှုတွေကို အကုန်လုံး ပယ်ချဖို့ မာနနဲ့ အထင်ကြီးမှုတွေ ပယ်ချလို့ မာနအထင်ကြီးမှု တက်ကြွမှုတွေကို ပယ်ချလို့ မာနထောင်လွှား မှုတွေ ပယ်ချလို့ ဒိဋ္ဌိနဲ့ကိုယ့်အယူ ကိုယ့်အစွဲလေးတွေကို ပယ်ချလို့ တရား သဘောလေးသက်သက် နှလုံးသွင်းတော့မှ ရနိုင်တာပဲ။
နိပ္ပပ္ပဉ္စာ ရာမဿ (လ) ပပဉ္စာရာမဿ။
အယံဓမ္မော - ဤလောကုတ္တရာတရားသည်၊
နိပ္ပပ္ပဉ္စ ရာမဿ - အကျယ်မကြိုက် အကျဉ်းလိုက်သောပုဂ္ဂိုလ်၏၊
ဓမ္မော - တရား၊
ပပဉ္စာ ရာမဿ - အကျဉ်းမလိုက် အကျယ်ကြိုက်သော ပုဂ္ဂိုလ်၏၊
န ဓမ္မော - တရား မဟုတ်ပါတကား။
အဲ-ဒါလေးလဲ တစ်ခုထည့်ပြီး စဉ်းစားရမယ်တဲ့၊ မြတ်စွာဘုရားကပေးတယ်၊ အားလုံး ၃-ခုနော်၊ အဲဒီ ၃-ခုလဲ ဆိုရမယ်။
စိတ်တည်ဉာဏ်များ ကျယ်မပွား တရားရထိုက်သူ၊ (ဆို-၃)
အဲဒါ မဟာပုရိသဝိတက် (၈) ပါး တဲ့၊ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေနဲ့ သိပ်အဖိုးတန်ပါတယ်၊ အဲဒီ မဟာပုရိသဝိတက် ရှစ်ပါး ဒီတိုင်း နှလုံးသွင်းပြီး သကာလ အားထုတ်ပါ၊ အားထုတ်လို့ရှိရင် အကျိုးတွေတော့ အများကြီးပါ၊ မြတ်စွာဘုရား ဟောထားပါတယ်၊ အဲဒီတိုင်း အားထုတ်တော့ မကြာမီမှာပဲ ရဟန္တာဖြစ်သွားပါတယ်၊ အရှင်အနုရုဒ္ဓါ ဒီတော့ ခုကာလ တရား အားထုတ်တဲ့ ပုဂ္ဂိုလ် တွေ တရားမတက်ပေမယ့် ဘာမှ အားငယ်စရာမရှိဘူး။
မြတ်စွာဘုရားသခင် လက်ထက်က ဘုရားလက်ထက်၊ ဘုရားကိုယ်တိုင်ပဲ ကမ္မဋ္ဌာန်းတွေ ကိုယ်တိုင် ပြပြီးနေတာကိုး၊ သာမာန်ပုဂ္ဂိုလ် ပြတာမဟုတ်ဘူး၊ ဘုရားကိုယ်တိုင်ပဲ ပြနေတာ၊ တရားအားထုတ် နေတဲ့ ပုဂ္ဂိုလ်တွေ ဘုရားကို အမှီပြုပြီးအား ထုတ်နေတာ၊ အားထုတ်တဲ့ပုဂ္ဂိုလ်လဲ သာမန်ပုဂ္ဂိုလ် မဟုတ်ဘူး၊ ဒိဗ္ဗစက္ခုအရာမှာ ဧတဒဂ်ရ ရှေးက ပါရမီဆုတောင်းနဲ့ လာတဲ့ ပုဂ္ဂိုလ်၊ အဲဒီပုဂ္ဂိုလ် ကြီးတောင်မှ တရားအားထုတ်တဲ့အခါ ဒီလို အနှောက်အယှက်တွေကြောင့် ရုတ်တရက် တရား မတက်ဘဲနေသေးတာပဲ၊ ဒါ ဘယ်လောက် ကြာမှန်းမသိဘူး၊ ဟိုအစပိုင်းကရောဆို ဘယ်လောက် ကြာမှန်း မသိဘူး၊ အချိန်ကာလ မပါဘူး။
ခုနက စာထဲ တိုက်ရိုက်ပါတာတွေ ၁၅-ရက် စင်္ကြံလျှောက်ပြီး အားထုတ်တယ်ဆိုတာဟာ ရှေးကလဲ ဘယ်လောက် အားထုတ်လာမှန်း မသိဘူး၊ အဲဒီက နောက်ကို အခု မဟာပုရိသဝိတက် ရှစ်ပါးကို မြတ်စွာဘုရား အားပေးပြီး၊ ဟောလိုက်တော့မှ နောက်များမကြာခင် ရဟန္တာဖြစ်သွားတယ်၊ အဲဒါလဲ ရက်မပါဘူး ဘယ်နှစ်နာရီရှိတယ်၊ ဘယ်နှစ်ရက်ရှိတယ်၊ အဲဒါလဲ အပိုင်းအခြားမရှိဘူး၊ အဲဒါ ဘယ်လောက်ကြာမှန်းမသိဘူး။
အဲဒီတော့ အဲဒါတွေ စဉ်းစားကြည့်လို့ရှိရင် ဒီတရား အားထုတ်ရတဲ့ ပုဂ္ဂိုလ်တွေ တရားမတက်လို့ဘဲ၊ တရားမတက်တဲ့ အခါလဲ ဘာမှစိတ်ပျက်စရာ မရှိဘူး၊ ရှေ့ကကိုယ်တော်တွေ ဒီလိုပဲ အားထုတ် ရတာပဲ၊ ရှေးကပုဂ္ဂိုလ်တွေ အားထုတ်တဲ့ပုဂ္ဂိုလ်တွေ အားထုတ်နေတဲ့ အခြေအနေမျိုးတွေ တို့ရောက် တော့မှာပဲလို့ နှလုံးသွင်း လိုက်တဲ့အခါမှာ တရားတက်စရာတွေ အများကြီးရှိပါတယ်၊ ပီတိပါမောဇ္ဇတွေ ဖြစ်လာနိုင်ပါတယ်။
ရှေးက တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ, ရဟန္တာပုဂ္ဂိုလ်တွေ, ဘုရားရဟန္တာ ပုဂ္ဂိုလ်တွေလို အခုအားထုတ်တဲ့ အကျင့်ပဋိပတ်ဖြင့် ပူဇော်နေရတာပဲ၊ ဟိုပုဂ္ဂိုလ်တွေ သွားတဲ့လမ်း သွားနေရတာ ပဲလို့ နှလုံးသွင်းရင် ဝမ်းသာစရာ အားတက်စရာတွေ အများကြီး ရှိပါတယ်၊ ဒါကြောင့် အဲဒီလို ကြည်ညိုဖွယ် ကောင်းတဲ့ သုတ္တန်တွေကို ဆင်ခြင်ပါတဲ့၊ ပီတိပါမောဇ္ဇ ဖြစ်တတ်ပါတယ်တဲ့၊ ပီတိပါမောဇ္ဇဖြစ်တဲ့အခါ ပီတိပါမောဇ္ဇတွေကို စပြီးတော့ ရှုသွားပေါ့လေ၊ တစ်ခဏခြင်းလဲ မဂ်ဖိုလ်တရားတွေ ရချင်လဲ ရသွားနိုင်တယ် ကိုင်းဆိုရမည်။
ကြည်ညိုဖွယ် ညွှန်ကြား သုတ္တန်များ စဉ်းစားဆင်ခြင်ပါ။
ပီတိပွားရန် ဆယ့်တစ်တန် ထုတ်ပြန်ဋ္ဌကထာ။
အဲဒီ ၁၁-ပါးသော အကြောင်းတရားတွေဖြင့် ပီတိဖြစ်အောင် အားထုတ်ပါတဲ့၊ အဲသလို အားထုတ် လျှင်ဖြင့် အစဉ်အတိုင်း ဝိပဿနာ ဉာဏ်တွေ အစဉ်အတိုင်း တက်ပြီးတော့ အရဟတ္တမဂ် အရဟတ္တဖိုလ်ရောက်တဲ့ အခါကာလကျတော့ ပီတိပွားများမှုကိစ္စ လမ်းဆုံး ပြည့်စုံသွားပါတယ်တဲ့၊ အဲဒီအခါကျတော့ ကိုယ်တိုင် သိရမှာပေါ့။
ယထာစ ဥပ္ပန္နဿ ပီတိသမ္ဗောဇ္ဈင်္ဂဿ ဘာဝနာယ ပါရိပူရီ ဟောတိ တဉ္စ ပဇာနာ တိ။
ယထာစ - အကြင်အကြောင်းကြောင့်လဲ၊
ဥပ္ပန္နဿ - ဖြစ်ပေါ်ပြီးသော၊
ပီတိသမ္ဗောဇ္ဈင်္ဂဿ - နှစ်သိမ့်အားရမှု ဝမ်းမြောက် ဝမ်းသာမှု ပီတိသမ္ဗောဇ္ဈင်တရား၏၊
ဘာဝနာယ ပါရိပူရီ - ပွားများမှု၏ ပြည့်စုံခြင်းသည်၊
ဟောတိ - ဖြစ်၏၊
တဉ္စ - ထို အကြောင်းကိုလည်း၊
ပဇာနာတိ - သိ၏။
အဲ-ပီတိပါမောဇ္ဇ ပွားများမှု ပီတိသမ္ဗောဇ္ဈင် ပွားများမှုဟာ ပြည့်စုံသွားတဲ့ အဆင့်ရှိပါတယ်တဲ့ အဲဒီပြည့်စုံတာ ဘာကြောင့်တုံး ဆိုရင် အရဟတ္တမဂ် ရောက်တဲ့အခါမှာ ပြည့်စုံသွားတာပဲ၊ အဲဒါ ရောက်ပြီးတော့မှ သြော်-လမ်းဆုံးပါလား, ပြည့်စုံပါလားလို့ ကိုယ်တိုင်သိသွားပါ လိမ့်မယ်တဲ့၊ ဒါ ပီတိသမ္ဗောဇ္ဈင် စုံပါပြီ။
နောက်တစ်ခါ ပဿဒ္ဓိ-အစဉ်အတိုင်း ရောက်ရာရာတွေ လျှောက်ပြီးတော့ ဟောရမှာပဲ၊ ဒီနေ့တော့ ပီတိသမ္ဗောဇ္ဈင် အပြီးသတ်မှပဲ၊ ဤပီတိသမ္ဗောဇ္ဈင်တရားကို ရိုသေစွာ နာခံမှတ်သားရသော ဓမ္မဝသနကုသိုလ်ကံ စေတနာတို့၏ အစွမ်းအာနုဘော်တို့ကြောင့် မိမိတို့ သန္တာန်၌ ဗောဇ္ဈင်တရား တို့ကို ပြည့်စုံအောင် ပွားများ အားထုတ်နိုင်ကြ၍ ဝိပဿနာဉာဏ် အဆင့်ဆင့် အစဉ်အတိုင်း တိုးတက်ကြ၍ ဆင်းရဲခပ်သိမ်းတို့၏ ငြိမ်းရာဖြစ်သော နိဗ္ဗာန်ချမ်းသာကို မိမိတို့ လိုလားအပ်သော မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင် ကြပါစေကုန်သတည်း။
သာဓု .... သာဓု .... သာဓု။
ပဿဒ္ဓိသမ္ဗောဇ္ဈင် တရားတော်
၁၃၂၃-ခု၊ ဝါခေါင်လကွယ်နေ့ဟောသည်။
ဓမ္မာနုပဿနာ ငါးပိုင်းထဲမှာ ဗောဇ္ဈင်ပိုင်းက ဟောလာတာ သတိသမ္ဗောဇ္ဈင် ပြီးသွားပြီ၊ ဓမ္မဝိစယ သမ္ဗောဇ္ဈင် ပြီးသွားပါပြီ၊ ဝီရိယသဗ္ဗောဇ္ဈင်ပြီးသွားပြီ၊ ပီတိသမ္ဗောဇ္ဈင် တစ်နေ့က သီတင်းနေ့ အပြီး သတ်လိုက်ပြီ၊ မ္ဗောဇ္ဈင်လေးခု ပြီးသွားပြီ၊ ၃-ခု ကျန်တော့တယ်၊ နောက် ၃-ခုကတော့ ပြီးလွယ်မယ်၊ မ္ဗောဇ္ဈင်တွေ များပါတယ်၊ ဘာပြုလို့တုံးဆိုတော့ တစ်ချို့ဟာတွေလဲ အဓိပ္ပာယ်တွေ နည်းနည်း ထပ်နေတယ်၊ ယနေ့ဟောရမည့် ဗောဇ္ဈင်ကတော့ ပဿဒ္ဓိသမ္ဗောဇ္ဈင်တဲ့။
သန္တံ ဝါ အဇ္ဈတ္တံ ပဿဒ္ဓိသမ္ဗောဇ္ဈင်္ဂံ အတ္ထိမေ အဇ္ဈတ္တံ ပဿဒ္ဓိ သမ္ဗောဇ္ဈင်္ဂေါတိ ပဇာနာတိ။ အသန္တံ ဝါ အဇ္ဈတ္တံ ပဿဒ္ဓိ သမ္ဗောဇ္ဈင်္ဂံ နတ္ထိ မေ အဇ္ဈတ္တံ ပဿဒ္ဓိသမ္ဗောဇ္ဈင်္ဂေါတိ ပဇာနာတိ။
ယထာ စ အနုပ္ပန္နဿ ပဿဒ္ဓိသမ္ဗောဇ္ဈင်္ဂဿ ဥပ္ပာဒေါ ဟောတိ တဉ္စ ပဇာနာတိ ယထာ စ ဥပ္ပန္နဿ ပဿဒ္ဓိသမ္ဗောဇ္ဈင်္ဂဿံ ဘာဝနာယ ပါရိပူရီ ဟောတိ၊ တဉ္စ ပဇာနာတိ။
အဇ္ဈတ္တံ - ကိုယ်တွင်းသန္တာန်၌ ထင်ရှားရှိသော၊
ပဿဒ္ဓိသမ္ဗောဇ္ဈင်္ဂံ ဝါ - ငြိမ်းအေးခြင်းဟု ဆိုအပ်သော ပဿဒ္ဓိသမ္ဗောဇ္ဈင် တရားကိုလည်း၊
မေ - ငါ၏၊
အဇ္ဈတ္တံ - ကိုယ်တွင်း သန္တာန်၌၊
ပဿဒ္ဓိသမ္ဗောဇ္ဈင်္ဂေါ - ပဿဒ္ဓိသမ္ဗောဇ္ဈင်သည်၊
ဝါ - ငြိမ်းအေးသော ဗောဇ္ဈင်တရားသည်၊
အတ္ထိ - ရှိ၏၊
ဣတိ - ဤသို့၊
ပဇာနာတိ - သိ၏။
ပဿဒ္ဓိဆိုတာ တိုတိုအနက်ပြန်လျှင် ပြီးခြင်း၊ ငြိမ်းခြင်းကို ဂုဏ်မြှောက်အောင်လို့ အေးခြင်း လို့ထပ်ထည့် ထားတယ်၊ ငြိမ်းတာပါပဲ၊ ငြိမ်းအေးခြင်းဟာ ပဿဒ္ဓိ၊ အဲဒီငြိမ်းအေးခြင်းကိုပဲ ဗောဇ္ဈင်တရားပဲ၊ ငြိမ်းအေးခြင်းရှိမှ ကိုယ်၏ ငြိမ်းအေးမှု၊ စိတ်၏ငြိမ်းအေးမှုရှိမယ်၊ ငြိမ်းအေးမှု ရှိမှလည်း သစ္စာလေးပါး တရားတွေ အမှန်အတိုင်း သိနိုင်တယ်၊ ငြိမ်းအေးမှု မရှိလို့ရှိလျှင် သစ္စာလေးပါး တရားတွေ အမှန်အတိုင်း မသိနိုင်ဘူး၊ ဒါကြောင့် ငြိမ်းအေးခြင်း တရားဟာလဲ ဗောဇ္ဈင် တရားပဲ၊ အဲဒီငြိမ်းအေးတဲ့ ဗောဇ္ဈင်တရားဟာလဲ ဘယ်က စဖြစ်တုံးဆိုတာ တစ်နေ့ကဟောခဲ့တဲ့ အတိုင်းပါပဲ၊ ဥဒယဗ္ဗယဉာဏ်က စဖြစ်တယ်၊ ပီတိကမှ လောဘနဲ့ စပ်ပြီးဖြစ်တဲ့ ပီတိတွေရှိတယ်၊ ပဿဒ္ဓိကတော့ အဲဒီလို လောဘနဲ့ စပ်ပြီးဖြစ်တဲ့ ပဿဒ္ဓိ မရှိဘူး၊ ပီတိကတော့ လောဘစိတ်ထဲမှာ သောမနဿသဟဂုတ်ဆိုတဲ့ ဝမ်းမြောက် ဝမ်းသာတဲ့ စိတ်တော့ ရှိတယ်။
အဲဒီစိတ်တွေနဲ့ ပူးတွဲပြီးတော့ နှစ်သိမ့်အားရမှု ဝမ်းမြောက်မှုတွေ ဖြစ်တာကိုး၊ ကိုယ်လိုချင်တဲ့ ဥစ္စာတွေရတယ်၊ ကိုယ်တွေ့ချင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့ရတယ်၊ ကိုယ်အလိုရှိတဲ့ ကိစ္စတွေ အောင်မြင်တယ်၊ ဆောင်ရွက် တာတွေ အောင်မြင်တယ်၊ လုပ်ငန်း ဆောင်တာတွေ ကြီးပွားတယ် ဆိုရင် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရတာပေါ့။ အဲဒါ ပီတိတွေပဲ အဲဒါ လောဘနဲ့ယှဉ်တဲ့ ပီတိတွေပဲ၊ ဒါကတော့ ဗောဇ္ဈင်မဟုတ်ဘူး၊ ပဿဒ္ဓိကတော့ အဲဒီလိုဟာကို မရှိဘူး၊ ပဿဒ္ဓိက လောဘနဲ့ တွဲပြီးမဖြစ်ဘူး ဒေါသ ဆိုတာတော့ ပြောစရာမရှိဘူး၊ မောဟနဲ့တွဲပြီးတော့လဲ ပဿဒ္ဓိမဖြစ်ဘူး၊ ပဿဒ္ဓိကဖြစ်ရင် ကုသိုလ်တရားတွေမှ ဖြစ်တယ်၊ ဝိပါက်ကြိယာ အဗျာကတ တရားတွေနဲ့လဲ ယှဉ်ပြီးတော့ မဖြစ်ဘူး ဒါကတော့ ဝိပါက် ဆိုက်တာကတော့ သိပ်မထင်ရှားဘူး၊ ကြိယာ ကတော့လဲ၊ ရဟန္တာပုဂ္ဂိုလ် သန္တာန်မှာ ဖြစ်တယ်၊ ဒါကတော့ အများပုဂ္ဂိုလ်နဲ့ မဆိုင်ဘူး၊ အများပုဂ္ဂိုလ်တွေနဲ့ ဆိုင်တာကတော့ ကုသိုလ်တရားတွေပဲ၊ ကုသိုလ်တရားတွေနဲ့ တွဲပြီးတော့ ဖြစ်တယ်။
ကုသိုလ်တရားတွေနဲ့ တွဲပြီးဖြစ်တဲ့ တရားတွေ၊ ပဿဒ္ဓိ၊ ဒီ ပဿဒ္ဓိဟာလဲ ကုသိုလ်တရားတွေ ဖြစ်လျှင် သူ ပါတာချည်းပါပဲ၊ အဲ-မပါတာမရှိဘူး၊ ကုသိုလ်ဖြစ်တိုင်း သူပါတယ်၊ ဘာကုသိုလ်ဖြစ်ဖြစ် သူပါတယ်၊ ဒါနကုသိုလ်တွေပြု သေးသေး ကြီးကြီး ပြုတိုင်းပြုတိုင်း ပဿဒ္ဓိ ပါတယ်၊ ကိုယ်၏ ငြိမ်းအေးမှု စိတ်၏ငြိမ်းအေးမှု ပါနေတာပဲ၊ သို့သော်လဲပဲ အခါခပ်သိမ်း မထင်ရှားဘူး၊ ပဿဒ္ဓိက ထင်ရှားခဲတယ်၊ ပီတိက ထင်ရှားတယ်။
ပဿဒ္ဓိက တော်တော်ကို မထင်ရှားတဲ့ တရား၊ တော်တော် သိမ်မွေ့နေတယ်၊ နူးညံ့နေတယ်၊ ကိုယ်၏ အေးငြိမ်းခြင်း ဆိုတာကလဲ တရားကိုယ်အစစ် ကောက်လိုက်မယ် ဆိုလျှင် ကိုယ်ဆိုတာ ရုပ်ကိုယ် ကြီးတော့ မဟုတ်ဘူး၊ စေတသိက် တရားတွေပဲတဲ့၊ နာမ်တရားအပေါင်းကို ကိုယ်ခေါ်တယ်၊ စိတ်၏ ငြိမ်းအေးခြင်းဆိုတာ စိတ်ငြိမ်းအေးတာ၊ စိတ်ငြိမ်းအေးတော့ စိတ်နဲ့ တွဲဖြစ်တဲ့ စေတသိက် နာမ်တရားတွေဆိုတာ ရှိတယ်။
သဒ္ဓါ သတိ ဟီရိ သြတ္တပ္ပ ဖဿ ဝေဒနာ အစရှိသော တရားတွေပေါ့၊ အဲဒီ သူနဲ့ ယှဉ်ဖော် ယှဉ်ဖက်ဖြစ်တဲ့ စေတသိက် နာမ်တရားတွေ၊ အဲဒီစေတသိက် နာမ်တရားတွေ ငြိမ်းအေးချင်တဲ့ ကြောင့်ကြဗျာပါရနဲ့ လှုပ်ရှားနေခြင်း မရှိဘဲနဲ့ ငြိမ်းပြီး ငြိမ်သက်နေတဲ့ သဘောလေးကို ပဿဒ္ဓိ ခေါ်တာပဲ။
ဒါနကုသိုလ်ပြုတဲ့ အခါကာလတွေမှာ ပဿဒ္ဓိပါတာပဲ၊ သီလဆောက်တည်တဲ့အခါလဲ ပါတာပဲ၊ ဘုရားရှိခိုးတဲ့အခါလဲ ပါတာပဲ၊ စာပေ ကျမ်းဂန်ရွတ်ဖတ် သရဇ္ဈာယ်တဲ့အခါ ပဿဒ္ဓိပါတာပဲ၊ ငြိမ်းအေး တဲ့သဘောက ပါတယ်၊ ဘာကုသိုလ်ပဲဖြစ်ဖြစ် ကုသိုလ် ဖြစ်တိုင်းဖြစ်တိုင်း သူပါတယ်။
သတ္တဝါတစ်ဦး တစ်ယောက်အပေါ်မှာ သနားတဲ့ စိတ်ကလေးဖြစ်ရင် အဲဒီမှာလဲ ပဿဒ္ဓိပါတာပဲ၊ ချမ်းသာပါစေလို့ နှလုံးသွင်းတဲ့ စိတ်မျိုး ပေါ်လာရင်လဲ အဲဒီမှာလဲ ပဿဒ္ဓိပါတာပဲ၊ ကုသိုလ်စိတ် ဖြစ်တိုင်းဖြစ်တိုင်း ပဿဒ္ဓိက ပါတယ်၊ ဒါပေမယ့်လို့ ဒီပဿဒ္ဓိက မထင်ရှားဘူး၊ ထင်ရှားခဲတယ်၊ ဘာဝနာကို ကျကျနန အားမထုတ်ဘူးဆိုလျှင် ပဿဒ္ဓိဆိုတာ ဘယ်လို ဖြစ်တယ်ဆိုတာ ကိုယ်တိုင် တွေ့အားဖြင့် သိကို မသိရဘူး။
ပြောလို့သာပြောနေရ၊ ဒီပဿဒ္ဓိက တော်တော့ကို မထင်ရှားတဲ့တရား၊ တော်တော် သိမ်မွေ့တဲ့တရား၊ ဘာဝနာတရား အားထုတ်တဲ့ ပုဂ္ဂိုလ်တွေမှ ထင်ရှားတာကိုး၊ ထင်ရှားပြန်တော့လဲ ဝိပဿနာမှာဆိုရင် ဥဒယဗ္ဗယဉာဏ်က စထင်ရှားတယ်၊ သမထဆိုရင် ပဋိဘာဂနိမိတ်ဖြစ်ရင် ထင်ရှားပါတယ်၊ သမထ မှာလဲ ပဋိဘာဂနိမိတ်တွေ ထင်လာတော့ ကြောင့်ကျ ဗျာပါရတွေ ငြိမ်းအေးပြီး သက်သာမှုရပြီး အဲဒီကစပြီး ထင်ရှားတယ်၊ ဝိပဿနာမှာတော့ ဥဒယဗ္ဗယဉာဏ်က စပြီးတော့ ထင်ရှားတယ်။
ပထမ စောစောပိုင်းကဆိုရင် တရားအားထုတ်တဲ့ ပုဂ္ဂိုလ်က မငြိမ်းအေးဘူး၊ အင်မတန် ကြောင့်ကျ စိုက်ရတယ်၊ စပြီး အားထုတ်ကာစကများ ဘာမသိညာမသိနဲ့ တော်တော် ကြောင့်ကျစိုက်ရတယ်၊ အချိုးအစား မတည့်နိုင်တဲ့ ပုဂ္ဂိုလ်တွေများဆိုရင် တော်တော့ကို ကြောင့်ကျ စိုက်ရတယ်၊ ပူပန်ပင်ပန်းမှုတွေ ဖြစ်နေတယ်၊ သို့သော် လောဘ ဒေါသ ပင်ပန်းတာမျိုးတော့ မဟုတ်ဘူး၊ ဝီရိယတွေနဲ့ လွန်ပြီးတော့ ဝီရိယတွေနဲ့ တိုက်တွန်းပြီးတော့ ကြောင့်ကျ ဗျာပါရတွေ များတော့ ပင်ပန်းမှုတွေများပြီးတော့ မသက်သာဘူး။
အားထုတ်ကာစမှာ မသက်သာဘူး၊ မသက်သာတာမှ ဘယ်လောက်ထိအောင် မသက်သာလဲဆိုရင် တစ်ချို့ပုဂ္ဂိုလ်များ ကိုယ်ထဲက အခိုးတွေ ထောင်းထောင်း ထွက်သလို ပူတတ်တယ်၊ ချွေးတွေလဲ ကျတတ်တယ်၊ ခေါင်းကလဲ အခိုးတွေ ထွက်နေတယ်လို့ ထင်ရတတ်တယ်၊ တစ်ကိုယ်လုံး တစ်ခါ တည်း မနေသာ မထိုင်သာ ပူလောင်ပြီးလဲ နေတတ်ပါတယ်၊ ဝိပဿနာ အားထုတ်တဲ့ပုဂ္ဂိုလ် ဒါက အဋ္ဌကထာက ပြောတာ၊ ဘုန်းကြီးက ပြောတာ မဟုတ်ပါဘူး။
အဋ္ဌကထာ ရေးတာက အရှင်ဗုဒ္ဓဃောသ ရေးတာကိုက သာသနာနှစ် ၉၀ဝ-ကျော်လောက်က ရေးခဲ့တာကိုး၊ ဘုရား ပရိနိဗ္ဗာန် စံပြီးတဲ့နောက် ၉၀ဝ လောက် အနှစ်တစ်ထောင် အတွင်းလောက်က ရေးခဲ့တာ၊ အဲဒီ အဋ္ဌကထာ မရေးခင်ကတည်းက ဘယ်လောက်စပြီး ရေးထားမှန်း မသိဘူး၊ သူကလဲ တစ်ဆင့် ကူးရေးတာ၊ သူကိုယ်တိုင် သူ့ဉာဏ်နဲ့ ရေးတာ မဟုတ်ပါဘူး၊ ရှေးက သီဟိုဠ်ဆရာတွေ ရေးတာ ဖြစ်ချင်လဲဖြစ်မှာပေါ့။
အဲ-အစောဆုံး ဆိုလို့ရှိရင်တော့ ရှင်မဟာကဿပ အစရှိသော သင်္ဂါယနာတင် မထေရ်မြတ်တွေ လက်ထက်ကတည်းက ရှိတယ်ဆိုတဲ့ အစဉ်အလာတော့ ပြောဆိုနေကြတာပဲ၊ ဘုရားလက်ထက် ကတည်းက ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ရောက်နေပါတယ်၊ ဒါပေမယ့် အဲဒီတုန်းက မဟုတ်တောင်မှ သီဟိုဠ်ဆရာတွေ လက်ထက်က ရှင်ဗုဒ္ဓဃောသထက် ရှေးကျ၍ ပုဂ္ဂိုလ်တွေ အဲဒီထဲက ရေးထားတာ၊ တရားအားထုတ်ကာစ ပုဂ္ဂိုလ်မှာ သမာဓိကလဲ နုသေးတယ် ဆိုရင်တဲ့ ဝိပဿနာဉာဏ်ကလဲ နုသေးတယ်ဆိုရင် ကိုယ်ပင်ပန်း, စိတ်ပင်ပန်းတွေ ဖြစ်တတ်တယ်တဲ့၊ လူတစ်ကိုယ်လုံး ပူလောင် နေသလို ထင်လဲ ထင်တတ်တယ်တဲ့၊ ချွေးတွေလဲ ကျတတ်တယ်တဲ့၊ ခေါင်းထဲကလဲ အခိုးအငွေ့တွေ ထောင်းထောင်း ထွက်နေတယ်လို့ ထင်ရတတ်တယ်တဲ့၊ မနေသာ မထိုင်သာ ဖြစ်တတ်တယ်တဲ့၊ အင်မတန် ပင်ပန်းတတ်တယ်တဲ့။
ဘာလုပ်ရမလဲဆိုရင် ပင်ပန်းလာရင် ကိုယ်ရှေးက လေ့လာထားတဲ့ သမထဈာန် ရှိတဲ့ပုဂ္ဂိုလ် ဖြစ်ခဲ့လို့ ရှိရင်တော့ အဲဒီဈာန်တရားလေး နှလုံးသွင်းလိုက်ရမယ်၊ သမထအာရုံလေး ပြန်နှလုံး သွင်းလိုက်တဲ့ ဝိပဿနာ ပင်ပန်းနေရင် သမထ ပြန်နှလုံးသွင်း၊ သမထ ပြန်နှလုံးသွင်းတော့ ရှေးက လေ့လာထားပြီး ကြေပြီးသား တရားတွေဆို အဲဒီတော့ သက်သာခွင့်ရတာပေါ့၊ အဲဒီမှာ စိတ်ရောကိုယ်ရော အေးချမ်းပြီး သွားတယ်တဲ့၊ ငါးမိနစ်ဖြစ်ဖြစ် ၁၀-မိနစ်ဖြစ်ဖြစ် နာရီဝက် ဖြစ်ဖြစ် နှလုံးသွင်းလိုက်ရင် အေးချမ်းသွားတာပဲ။
အေးချမ်းသွားပြီး နေသာထိုင်သာ ရှိနေပြီဆိုတော့ ဘာလုပ်ရမလဲဆို ဝိပဿနာ ပြန်ရှုပါတဲ့၊ တစ်ခါ ပင်ပန်းလာပြန်ပြီ ဆိုရင် ဒီလိုပဲ ဈာန်ပြန်ဝင်စား လိုက်ပါတဲ့၊ ဈာန်ရှိတဲ့ ပုဂ္ဂိုလ်ပြောတာပေါ့၊ ဘာနဲ့တူနေတုံးဆိုရင် စာပြန်ရတာနဲ့, ရွတ်ဖတ်သဇ္ဈာယ်ရတာနဲ့ တူတယ်၊ မကြေသေးတဲ့ စာနဲ့ ကြေပြီးသားစာလို နှစ်မျိုး မကြေသေးတဲ့ စာအသစ်တွေကို ရွတ်ရဖတ်ရတာ မသက်သာဘူး၊ စာအုပ်နဲ့ ကြည့်ဖတ်လဲ မသက်သာဘူး ရပြီးသား တရားပဲ ဆိုပြီးတော့ ပြန်ပြီးတော့ ရွတ်ဖတ် နေရတာပဲ စဉ်းစားပြီးတော့ ရွတ်နေတာကိုး။
နှုတ်လဲ ကောင်းကောင်း မတက်ဘူး စိတ်ကလဲ မှန်းဆပြီး ရွတ်နေရတာကိုး၊ ဘာမှ အတိမ်းအစောင်း မခံဘူး၊ အမြဲတမ်း ဂရုစိုက်နေရတာ၊ မသက်သာဘူး၊ ရပြီးသား စာရွတ်ရတာတော့ တယ် သက်သာတယ်၊ ရပြီးသား စာရွတ်တာ ဘာမှ အားမစိုက်ရဘူး ဒီတော့ စာပြန်နေတဲ့ ပုဂ္ဂိုလ် ရွတ်ဖတ် သရဇ္ဈာယ် နေတဲ့ပုဂ္ဂိုလ် အသံမဆိတ်ကလဲ မြည်စေချင်တယ် ဆိုလို့ရှိရင် တစ်ခါ အသစ်တွေ ရွတ်ရတာလဲ ပင်ပန်းလာပြီး တစ်ခါဘယ့်နဲ့ လုပ်ရမတုံးဆိုတော့ ရပြီးသားစာ အောက်မေ့ရွတ်ပေါ့၊ သက်သာတာပေါ့၊ ဘာမှကြောင့်ကြ မစိုက်ရဘူး၊ ဥပမာ ဆိုပါတော့ မင်္ဂလသုတ်တို့လို, ပရိတ်ကြီးတို့လို ဒီလို စာတွေရှိတယ်၊ ကြေနေတာကိုး၊ အဲဒီစာတွေကတော့ ဘာမှမစဉ်းစားရဘဲ သူနှုတ်တက်နေတဲ့ အတိုင်း သူ့ဟာသူ သွားတာပဲ၊ အခု သြကာသတို့ ဘုရားရှိခိုးတွေများ ရနေ ကြတယ်၊ အဲဒါ သူ့ဟာသူ သွားနေတာပဲ၊ စက်ဖွင့်ထားတာလို သွားနေတာပဲ၊ ဘာမှ ကြောင့်ကြ မစိုက်ရဘူး သက်သာတယ်။
အဲဒီလို သက်သာလို့ နေသာထိုင်သာရှိတဲ့အခါကျတော့ တစ်ခါ စာအသစ်ကလေး ပြန်ချင်လို့ရှိလျှင် ပြန်လိုက်တာပေါ့၊ ရသွားတော့ နည်းနည်း တော်တာပေါ့၊ အဲဒါလိုပဲ အခု ဝိပဿနာရှုလို့ ပင်ပန်းရင်ဖြင့် သမထအာရုံကို ပြန်နှလုံးသွင်း သက်သာခွင့် ရတဲ့အခါ ဝိပဿနာပြန်ရှု၊ နောက်တစ်ခါ ဝိပဿနာရှုလို့ ပင်ပန်းလာလျှင် သမထအာရုံ ပြန် နှလုံးသွင်း သက်သာလို့ရှိလျှင် ဝိပဿနာပြန်ရှု၊ ဒီလိုအစဉ်အတိုင်း အားထုတ်ရတယ်၊ အားထုတ်လို့ ဝိပဿနာ သမာဓိဉာဏ် ရင့်လာတဲ့အခါ ပင်ပန်း ခြင်း မရှိပါဘူးတဲ့၊ ဒီကျတော့မှ မပင်ပန်းတော့ဘူး၊ သက်သက်သာသာ လေးနဲ့ သွားတယ်။
အဲဒါ ဥဒယဗ္ဗယဉာဏ် ရောက်လာတဲ့အခါ သက်သာတာပဲ၊ ယခု ဝိပဿနာ သက်သက် အားထုတ်တဲ့ ပုဂ္ဂိုလ်တွေ ကတော့ သမထ လမ်းကလဲ စောစောက အားထုတ်တာ မဟုတ်ဘဲဟာကိုး၊ တစ်ချို့ နည်းနည်းပါးပါး အားထုတ်ကြပါတယ်၊ ဒါကလဲ ဖြစ်ဖြစ် မြောက်မြောက် မဟုတ်တော့ဘူး၊ ဈာန် ဝင်စား လောက်အောင်လဲ သူက ခိုင်ခိုင်မြဲမြဲ မရှိဘူး၊ သမာဓိကောင်းကောင်းဖြစ်တာ မဟုတ်တော့ ဈာန်ဝင်စားလို့ မဖြစ်ပေဘူး။
ဒါက အဲဒီတော့ ယခုပုဂ္ဂိုလ်တွေတော့ ဘယ်နဲ့လုပ်မလဲ ဆိုရင် ယခုတော့ သက်သာတဲ့နည်းက ဒီလိုလုပ်ရတယ်၊ ရှုနေကျမှတ်နေကျအာရုံ လေ့လာထားတာ ရှိရတယ်၊ ဘုန်းကြီးများဆီမှာတော့ ဗိုက်က လှုပ်ရှားတာလေးကို အစဉ်လုပ်ထားရတယ်၊ ဒါအားထုတ်ခါစ ပုဂ္ဂိုလ်တွေ မမှတ်တတ်ဘူး၊ နှလုံးမသွင်းတတ်ဘူး၊ ရှုစရာ မှတ်စရာအာရုံ ဘာရှုရမလဲ၊ ဘယ်ဟာ ရှုရမလဲလို့ ရှာမနေရတော့ဘူး၊ မမှတ်တတ်ဘူးလို့လဲ မရှိတော့ဘူး၊ ဒါပဲရှုရမယ်ဆိုတော့ ဒါပဲရှုရတာ လွယ်တယ်ပေါ့။ ဒါ လွယ်လွယ် လေး အစက ပေးထားတယ်။
အဲဒါလေး လေ့လာပြီးနေ ဖောင်းစကနေ ဖောင်းဆုံးတိုင်အောင် ဘာမှ မခက်ဘူး၊ သူက ဗိုက်က ဖောင်းတာ ပိန်တာကလေး ဗိုက်ထဲကနေပြီး ဖောင်းလက်လာလိုက်၊ ဖောင်းဆုံးတိုင်အောင် နှလုံး သွင်းပြီးတော့ ပိန်စကနေ ပိန်ဆုံး တိုင်အောင် ပိန်တာလေး နှလုံးသွင်းတာကိုး၊ အလွယ်လေးပဲ၊ ဖောင်းတယ်-ပိန်တယ် ဒါလေး မှတ်နေရတယ်။
မှတ်တယ်ဆိုတာ မျက်စိက ဝေါဟာရပဲ၊ မျက်စိက ကြည့်နေတဲ့ ဝေါဟာရကို စိတ်မှာ အသုံးပြု ထားတယ်၊ နှလုံးသွင်း တာကို ရှုတယ်လို့ ပါဠိဝေါဟာရနဲ့ ပဿတိ - ရှုတယ်လို့, ဝိပဿတိ ရှုတယ်လို့ သမနုပဿတိရှုတယ်၊ ဒါတွေသုံးထားတယ်၊ အဲဒါ မှတ်တယ်ဆိုတာကတော့ သလ္လက္ခတိ၊ ဒါကလဲ ပါဠိယူသုံးထားတယ်။
အဲ ရှုတယ်၊ မှတ်တယ်၊ တစ်ခါ မနသိကရောတိ - နှလုံးသွင်းတယ်တဲ့၊ သူကလဲ အတူတူပဲ၊ ရှုတာပါပဲ၊ ဒါဝေါဟာရတွေ ဒါက ဆိုလိုတဲ့ ပုဂ္ဂိုလ်ရဲ့ ရည်ရွယ်ချက် အတိုင်း သမထမှာလဲ ရှုတယ်ပြောရင်, မှတ်တယ် ပြောရင် နှလုံးသွင်းတယ်ပြောရင် သမထပဲ၊ ဝိပဿနာအနေနဲ့ ရုပ်တရား နာမ်တရား တွေကို ရှုတယ်, မှတ်တယ်, နှလုံးသွင်းတယ် လို့ ပြောလို့ရှိရင်တော့ ဝိပဿနာပဲ။
တစ်ချို့က ဝေါဟာရ အမည်ကလေးကို လိုက်ပြီးတော့ စကားလိုက်ပြီး ကပ်နေတာရှိတာကိုး၊ ရှုတယ်ဆိုရင်ဘာ, မှတ်တယ်ဆိုရင်ဘာ, နှလုံးသွင်းတယ်ဆိုရင်ဘာ, ပွားတယ်ဆိုရင်ဘာ စသည်ဖြင့် ပေါ့လေ၊ ဒါက ဝေါဟာရတွေပဲ၊ အေး-ရှုတဲ့ အာရုံက အရေးကြီးတယ်၊ ရှုတဲ့အာရုံက ပုံကလေးက အရေးကြီးတယ်၊ ရှုအာရုံက သမထအာရုံကို ရှုတယ်ဆိုဆို, ပွားတယ်ဆိုဆို, နှလုံးသွင်းတယ်ဆိုဆို ဘာဆိုဆို သမထပဲ။
ပထဝီ-ပထပဲလို့ ရှုနေတယ်ပြောပြော, ပထဝီ-ပထဝီလို့ မှတ်နေတယ် ပြောပြော နှလုံးသွင်း နေတယ်ပြောပြော ဆင်ခြင်နေတယ်ပြောပြော ဘာပဲပြောပြော ဒါဟာသမထပဲ၊ သမာဓိဖြစ်အောင် ဒီတစ်အာရုံတည်း နှလုံးသွင်းနေတာကိုး၊ ဒီတစ် အာရုံတည်း ထပ်ကာ ထပ်ကာ နှလုံးသွင်းနေတော့ ဒီတစ်အာရုံထဲမှာ စူးစိုက်ပြီး တည်နေတဲ့ စိတ်ကလေး ဖြစ်တာပေါ့။
အဲဒီစိတ်ကလေး တည်နေတာကို သမာဓိ ခေါ်တာပဲ၊ ဒါသမထပဲ၊ ဒွါရ ၆-ပါးက ဖြစ်ခိုက် ရုပ်နာမ်ကလေးတွေ လိုက်ပြီးရှုတဲ့မျက်စိက မြင်တဲ့အခါ မြင်တာရှု၊ နားကကြားတဲ့အခါ ကြားတာရှု၊ နှာခေါင်းက နံတဲ့အခါ နံတာရှု၊ လျှာက အရသာသိတဲ့အခါ သိတာရှု၊ တွေ့ထိတဲ့အခါ တွေ့သိတာရှု၊ ဒွါရ ၆-ပါးကဖြစ်ခိုက် ရုပ်နာမ်ကလေးတွေသာ ဖြစ်တဲ့အတိုင်းသာ လိုက်ပြီးရှုနေ၊ အဲဒါ ရှုတယ်လို့ပြောပြော၊ မှတ်တယ်လို့ပြောပြော၊ နှလုံးသွင်းတယ်လို့ ပြောပြော ပွားတယ်လို့ပြောပြော၊ ဘာပဲပြောပြော ဒီဟာ ဝိပဿနာပဲ။
ဘာပြုလို့တုံးဆို ဝိပဿနာ ရှုရမည့်အာရုံတွေ လိုက်သိနေတာပဲ၊ ရုပ်တရား, နာမ်တရားတွေ ဖြစ်တာကို လိုက်သိနေတာ၊ ပထမရှုခါစက ဘာသိသလဲဆို သူ့ရဲ့ ပင်ကိုယ်ရင်း သဘောလက္ခဏာကို သိတယ်တဲ့၊ သဘောတရားတွေ သဘောတရား ဆိုတာ အခြေခံကို ရှေးဦးစွာ သိရတယ်၊ သဘောတရား မသိဘဲနဲ့ အနိစ္စ, ဒုက္ခ, အနတ္တ သွားလုပ်လို့ မဖြစ်ဘူး၊ ဒီဟာ ခဏခဏ ပြောနေတာ ကြာပါပြီ၊ ပန်းချီဆေး ရေးတော့မယ်ဆိုရင် ရှေးဦးစွာ ကားထောင်ရာက စရတယ်၊ ကားထောင်ပြီး တော့မှ စက္ကူဖြစ်ဖြစ်, ပိတ်ဖြစ်ဖြစ် ကပ်ရတယ်၊ ကပ်ပြီးတော့မှ အဖြူခြယ်ရတာကိုး၊ ဒီအတိုင်း ဆေးရေးလို့ မဖြစ်သေးဘူး၊ ပြီးတော့မှ အဲဒီမှာ ထောင့်လေးဘာလေး သပ်ပြီးတော့ အလယ်ခေါင်မှာ အရုပ်ပဲရေးရေး, ပန်းပင်ပဲရေးရေး, စားပွဲ ကုလားထိုင် ပဲရေးရေး, အိမ်ပဲရေးရေး, အလယ်ခေါင် ရေးရတာကိုး၊ ဒီလိုလုပ်ရတယ်။
အဲဒီလို မလုပ်ပါဘဲနဲ့ ပန်းချီဆေးရေးတဲ့ ပုဂ္ဂိုလ်က စ စခြင်း စုတ်တံနဲ့ မင်နဲ့ကိုင်ပြီးတော့ ရေးလို့တော့ ဖြစ်ပါ့မလား၊ မဖြစ်နိုင်ဘူး၊ ဒါရေးစရာမရှိမှ မရှိဘဲနဲ့၊ မဖြစ်သေးဘူး၊ ကားဘောင်လဲ မရှိသေးဘူး၊ အဖြူထည် ကြက်ထားတာလဲ မရှိသေးဘူး၊ အဖြူထည် ဆေးခြယ်ပြီးသားလဲ မရှိသေးဘဲနဲ့ ဒီတိုင်း မှင်နဲ့စုတ်တံလေးကို ကိုင်ပြီးရေးလို့ မဖြစ်ဘူး။
အဲဒါလိုပဲ ရုပ်တရား နာမ်တရားတွေ သဘော သဘာဝအားဖြင့် မိမှမမိသေး, သိမှမသိသေးဘဲနဲ့ အနိစ္စ, ဒုက္ခ, အနတ္တကစပြီး နှလုံးသွင်းလို့ကတော့ ဒါက သဘာဝမကျတဲ့ ဥစ္စာဘဲ၊ သို့သော် မလုပ်ကောင်းဘူးလား လို့တော့ မေးစရာရှိပါတယ်၊ လုပ်ကောင်းပါတယ်၊ မလုပ်ကောင်း တာတော့ မဟုတ်ဘူး၊ ဒီလိုလုပ်တဲ့အခါ အကုသိုလ် ဖြစ်သလား၊ အကုသိုလ်တော့ မဖြစ်ပါဘူး၊ ဘာဖြစ်သလဲ ကုသိုလ်ဖြစ်ပါတယ်၊ ဒါပေမယ့်လို့ မဂ်ရောက်ကြောင်း တကယ်နီးစပ်တဲ့ ဝိပဿနာ ဖြစ်ပါ့မလားဆို တော့ အဲဒါတော့ တာဝန်မခံဘူး၊ ဘာပြုလို့လဲဆိုတော့ အခြေခံ မရှိဘဲနဲ့ လုပ်နေလို့ မဂ်ဖိုလ် တကယ် ရောက်အောင် အားထုတ်တဲ့ ဝိပဿနာဆိုရင် သူက အစဉ်အတိုင်း အားထုတ်ရတယ်။
အစဉ်အတိုင်း ရုပ်တရား နာမ်တရားတွေ ရှေးဦးစွာ ရှုရတယ်၊ နာမရူပ ပရိစ္ဆေဒဉာဏ်တဲ့၊ ဝိပဿနာ ဉာဏ်အစ အခြေခံက နာမ်နဲ့ရုပ်ကို ရှေးဦးစွာ ရှုရမယ်တဲ့၊ ရုပ်နာမ်တရားရဲ့ သဘောသဘာဝ ရှေးဦးစွာရှုရမယ်၊ ရုပ်ရယ် နာမ်ရယ် ဒါပဲရှိတယ်ဆိုတာ ရှေးဦးစွာသိရမယ်၊ ပကတိပုဂ္ဂိုလ်တွေ သိနေတာကတော့ ဘာသိနေသလဲဆိုတော့ ပုဂ္ဂိုလ်သတ္တဝါ အကောင် အထည်ကြီးလိုက် တည်နေ တယ်လို့ ထင်နေကြတယ်၊ သူကောင်, ငါကောင်, ယောက်ျားကောင်, မိန်းမကောင် ထင်နေတယ်၊ သတ္တဝါကောင်ကြီး အနေနဲ့ ဒီလိုထင်နေကြတယ်၊ အဲဒီလို သတ္တဝါကောင်ကြီး အနေနဲ့ ထင်နေ တာဟာ တကယ်ဟုတ်သလားဆိုတော့ တကယ် မဟုတ်ဘူး၊ ဘာတွေ ဟုတ်နေသလဲ၊ ရုပ်တရား, နာမ်တရားပဲ ရှိတယ်တဲ့။
အဲဒီ ရုပ်တရား နာမ်တရားကို ဘယ်လိုလုပ်ပြီး သိမလဲဆိုရင် သူဖြစ်ခိုက်, ပျက်ခိုင်မှာ လိုက်ရှုမှ သိမှာပဲ၊ ရုပ်တရား, နာမ်တရားတွေက ဖြစ်ခိုက်မှာ ထင်ရှားတာပဲ၊ ဖြစ်ပြီးသား တရားတွေက ဖြစ်ပြီးတော့ ပျက်ကုန်ပြီ၊ မရှိဘူး၊ ဥပမာ ဆိုပါတော့ အထင်ရှားဆုံးဟာနဲ့ စဉ်းစားမယ်ဆိုရင် ဟိုဘဝက ရုပ်နာမ်တွေ စဉ်းစားကြည့်စမ်းပါလား၊ ရှေးဘဝက ဘာရုပ်တွေ ဘယ်လို ဖြစ်ခဲ့မလဲ၊ ဘယ်နာမ်တွေ ဘယ်လိုဖြစ်ခဲ့မလဲ၊ ရှေးဘဝ ရှိမှန်းတောင်မှ မသိကြဘူး၊ အများအားဖြင့် မသိကြဘူး။
ဟိုဘဝဟောင်းကပြန်ပြီး ဇာတိဿရဉာဏ် ရတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေ လူဝင်စားလို့ ခေါ်ရတာပေါ့လေ၊ အဲဒီပုဂ္ဂိုလ်တွေ အနည်းငယ်လောက်ပဲသိတယ်၊ လူဝင်စားတာ မဟုတ်ဘူး၊ နတ်ဝင်စားလဲရှိတယ်၊ နတ်က လူဖြစ်လာတာလဲရှိတယ်၊ လူကနတ် ဖြစ်လာတာလဲရှိတယ်၊ တိရစ္ဆာန်ကလူ ဖြစ်လာတာ လဲရှိတယ်၊ အဲဒီဟာတွေ မှတ်မိတာတွေရှိတယ်၊ ဒီပြင် နည်းနည်းပါးပါးရှိတယ်၊ များသောအားဖြင့် ရှေးဘဝကို လုံးလုံး မမှတ်မိတာက များတယ်၊ ရှေးဘဝမပြောနဲ့ ၃-၄ နှစ်အရွယ်လောက်က ၃-၄ နှစ်တဲ့အောက်ငယ်တဲ့ ကလေးဘဝတုန်းကဟာ ကိုယ့်ဟာကိုပြန်ပြီးတော့ မသိဘူး၊ ဘယ်သူမှ တာဝန်ခံနိုင်မှာ မဟုတ်ဘူး၊ ၃- ၄ နှစ်တုန်းက ဘာလုပ်ခဲ့တယ်၊ ဘယ်သွားခဲ့တယ်၊ ဘာမှမသိဘူး၊ အဲဒါတွေ စဉ်းစားလို့ဖြစ်တာ မဟုတ်ဘူး။
ဒီတော့ အတိတ်တရားတွေဆိုတာ အခု မရှိတော့ဘူး၊ မရှိတဲ့အတွက် အဲဒါတွေကို ပြန်စဉ်းစား ဆင်ခြင်လို့ သဘာဝ အတိုင်း မပေါ်တော့ဘူးတဲ့၊ ရှေးက မှတ်မိတာလေးတွေ ရှိပါတယ်၊ ရှေးက မြင်ခဲ့ဖူးတာတွေ ကြားခဲ့ဖူးတာတွေ နံခဲ့ဖူး, စားခဲ့ဖူး တွေ့ထိခဲ့ဖူးတာတွေ ဒါတွေ မှတ်မိတာ တွေရှိပါတယ်၊ မှတ်မိတာတွေ ရှိပြန်တော့လဲ အဲဒီမှတ်မိတာ တွေဟာလဲ ရုပ်နာမ်အနေ မဟုတ်ဘူး၊ ပုဂ္ဂိုလ်သတ္တဝါအနေ ဖြစ်နေတယ်၊ ပြန်ပြီး စဉ်းစား ဆင်ခြင်လိုက်ရင် ငါအနေကြီးနဲ့ လာထင်တယ်၊ ငါမြင်ခဲ့တယ်၊ ငါကြားခဲ့တယ်၊ ငါသိခဲ့တယ်၊ ငါစားခဲ့တယ်၊ ငါလုပ်ကိုင်ခဲ့တယ်၊ ဘယ်သူနဲ့ တွေ့ခဲ့တယ်၊ ဘယ်သူပဲ ဘယ်ဝါပဲဆိုတဲ့ ပညတ် ပုဂ္ဂိုလ် သတ္တဝါအထည်ကိုယ်ကြီးတွေနှင့် ဉာဏ်ထဲ ထင်နေတယ်။
ဒီတော့ အဲဒါကို ရုပ်ပဲနာမ်ပဲလို့ ဒီလိုဆိုနေပေမယ့်လဲ ဆိုရုံရှိမှာပဲ၊ တစ်ကယ်တော့ မထင်ဘူး၊ ဟိုတုန်းက ငါက ဟုတ်နေတာပဲ၊ အတိတ်တရားတွေ ဆိုတာဟာ ယခုရှိတာမဟုတ်လို့ သူတို့ရဲ့ ပင်ကိုသဘာဝ လက္ခဏာ မပေါ်ပါဘူးတဲ့၊ သူတို့ ရှုလို့မဖြစ်ဘူး။
အနာဂတ်တရား တွေဆိုတာ ယခုမရှိသေးဘူး၊ နောက်မှဖြစ်မည့်ဥစ္စာ၊ ယခုကနေပြီးတော့ နှလုံး သွင်းလို့ ဘယ်မှန်မှန်ရမလဲ၊ မရနိုင်ဘူး၊ နက်ဖြန်ခါကျရင် ဘယ်သွားမယ်၊ ဘာလုပ်မယ်လို့ မှန်းထားပေမယ့် ဟုတ်ချင်မှဟုတ်တာ၊ သွားချင်မှသွားတာ၊ မသွားချင်လဲမသွားရဘူး၊ နက်ဖြန်ခါ ကျရင် ပျော်ပျော်ပါးပါး နေရလိမ့်မယ်လို့ ထင်ပေမယ့် ပုံမတော်လို့ရှိရင် စိတ်ညစ် နေရတာ၊ မှန်းလို့ မဖြစ်ဘူး၊ နက်ဖြန်ခါ နေကောင်း ထိုင်သာ ရှိမယ်လို့ကိုယ်က အောက်မေ့ထား၊ ပုံမတော် နေမကောင်း တာနဲ့ တွေ့နေတာ ဝမ်းမြောက်ဝမ်းသာ နေရလိမ့်မယ်အောက်မေ့၊ စိတ်ပူစရာ စိတ်ညစ်စရာ တွေနဲ့တွေ့လို့ ဒုက္ခရောက်နေဟုတ်လား၊ အဲဒါတွေ အများကြီး၊ သူ့ဥစ္စာ မှန်းလို့မဖြစ်ဘူး၊ နက်ဖြန်ခါမှ မဟုတ်၊ တော်တော်ကြာလဲ အတူတူပဲ၊ နောက်နှစ် နောက်လ နောက်ဘဝတွေဆိုတာ သာပြီး မသိသေးတဲ့။
အဲဒီတော့ အနာဂတ်တွေကို ခုနေက နေပြီးတော့ ရုပ်နာမ်တရားတွေပဲ ဆိုပြီးရှုလို့ ဒီဟာလဲ သဘာဝမကျဘူး၊ တကယ် ဖြစ်မည့် ရုပ်နာမ်တွေ မဟုတ်ဘူး၊ ဥပမာဆိုပါတော့ ညာဘက်က ခြေလှမ်းလှမ်းနေတုန်း ဘယ်ဘက်ကခြေလှမ်းလှမ်းတဲ့အခါ ဝမ်းမြောက်ဝမ်းသာ သောမနဿ- သဟဂုတ်စိတ် ဖြစ်လိမ့်မယ်လို့ မှန်းထားပေမယ့် ဟုတ်ချင်မှဟုတ်တာ၊ ဘယ်ဘက်က လှမ်းတဲ့ အခါကတော့ စိတ်ညစ်စရာ ဒေါမနဿ ဖြစ်ချင်လဲဖြစ်တယ်၊ ညာဘက်က လှမ်းပြီးကာရှိသေး ဟိုက ဘေးနားက ပုဂ္ဂိုလ် တစ်ယောက်က ဆဲလိုက်လို့ဖြစ်စေပေါ့လေ၊ ကြားတော့ စိတ်ဆိုးသွားလိုက်တာ တစ်ခါတည်း ဒေါမနဿဖြစ်တယ်၊ အဲဒီလိုဖြစ်နိုင်တယ်။
အဲဒီတော့ အနာဂတ် ဆိုတာကတော့ မှန်းထားလို့ မှန်နိုင်တာ မဟုတ်ဘူး၊ ဒါကြောင့် အနာဂတ်တရား ဆိုတာ ထင်ရှား မရှိဘူး၊ ပစ္စုပ္ပန် တရားလေးရှိတယ်ကိုး၊ ပစ္စုပ္ပန်တရား၊ ပစ္စုပ္ပန်ဆိုတာ အကြောင်း တရားကို စွဲမှီ၍၊ ဖြစ်သောတရား ဖြစ်ဆဲ - ဖြစ်ဆဲတရားလေးကို ပစ္စုပ္ပန္နတရား ခေါ်တယ်၊ အဲဒီ ဖြစ်ဆဲတရားလေးက ထင်ရှားရှိတယ်၊ ပြီးတော့ ဒီပစ္စုပ္ပန် တရားလေးဟာ အသစ်စက်စက် ကလေး၊ သူက အဟောင်းမဟုတ်ဘူး။
ဟိုအတိတ်တရားတွေက အဟောင်း အဟောင်းတွေဆိုတော့ ကိလေသာက စွဲပြီးသား ဖြစ်နေတယ်၊ ဥပမာ-ဝတ်ပြီးသားအဝတ်များလိုပေါ့ ဝတ်ပြီးသား အဝတ်တွေက ညစ်နွမ်းကုန်ပြီ၊ ချေးတွေဘာတွေ စွဲကုန်ပြီး သူများဝတ်ပြီးသား အဝတ်ဆိုရင် သူများရဲ့ ချေးညှော်တွေ စွဲကုန်ပြီ၊ ပုံမတော် ရောဂါရှိတဲ့ပုဂ္ဂိုလ်ကဝတ်ထားရင် ပိုးမွှားတွေဘာတွေ အခုဆရာဝန်တွေ အပြောနဲ့ဆိုရင် ရောဂါပိုး တွေ ဘာတွေ ဒီအဝတ်ထဲ ဝင်နေပြီးပုံ၊ မတော်လို့ရှိရင် ရောဂါတွေ ကူးလိမ့်မယ်။
အဲဒီတော့ အတိတ်တရား တွေဆိုတာ ကိလေသာ တည်းဟူသော ပိုးမွှားတွေက စွဲပြီးသား ဖြစ်နေတယ်၊ အတိတ်တရားတွေကို လွန်ပြီးသားတရားတွေဆိုတာ အရင်က မြင်ခဲ့တာတွေ ကြားခဲ့တာတွေဆိုတာ ငါမြင်ခဲ့တယ်၊ ငါကြားခဲ့တယ်၊ သူ့ကိုမြင်ခဲ့တယ်၊ ချစ်စရာ ကောင်းတယ်၊ မုန်းစရာ ကောင်းတယ်စသည်ဖြင့် စွဲပြီးသားဖြစ်နေတာ၊ ကိလေသာက ပစ္စုပ္ပန်ကျကျ မြင်တုန်း ဆဲဆဲ ကြားတုန်းဆဲဆဲ တရားကလေးတွေကတော့ စွဲလမ်းမှု မရှိသေးဘူးတဲ့၊ သူက အသစ်စက်စက် ကလေးတွေပဲတဲ့၊ အဲဒါကလေးကို ဝိပဿနာဉာဏ်က မှန်အောင် သိလိုက်လို့ရှိရင် ကိလေသာတွေ မစွဲလမ်းဘူး၊ ကိလေသာတွေက လက်မဦးခင်ပေါ့လေ၊ ကိလေသာတွေက မသိမ်းပိုက်သေးခင် ကိုယ်ကရှိရင်သိမ်းပိုက်ရတာ၊ ဟိုတောထဲ တောင်ထဲများမှာ မှိုထွက်ရှာကြတာရှိတယ်၊ တော အရပ်မှာ၊ တောအရပ်က ပုဂ္ဂိုလ်တွေဟာ မှိုတွေဘာတွေ ထွက်အာကြ၊ ထွက်ရှာကြတော့ အရင် ဦးအောင် ရှာရတယ်၊ ကိုယ်အရင်တွေ့လို့ရှိရင် အဲဒါ ကိုယ်ပိုင်တာပဲ၊ သူအရင် တွေ့သွားရင် သူပိုင်တာပဲ။
အဲဒီတော့ သူများအရင် မတွေ့သေးခင် ကိုယ်က အရင်တွေ့အောင် ရှာရတာကိုး၊ ဟင်းသီးဟင်းရွက် ခူးတာတွေလဲ ဒီလိုပဲ၊ တောထဲမှာ လျှောက်ပြီးတော့ ပိုင်ရှင်မရှိတဲ့ တောထဲမှာ လိုက်ပြီးတော့ ခူးကြလို့ရှိရင်ဖြင့် အဲဒီတောသူတောသားတွေမှာ ကိုယ်အရင် ဦးအောင်လို့ပဲ လိုက်ရှာနေရတယ်၊ အဲဒါလိုပဲ၊ ဒွါရ ၆-ပါးက ဖြစ်ခိုက် ရုပ်နာမ်ကလေးတွေက အခုမှ အသစ်ပေါ်လာကာစ ရှိသေးတယ်၊ ပေါ်ပေါ်ခြင်းဟာ ဝိပဿနာတရားက မရှုမိလို့ အမှန်အတိုင်း မသိရင် ကိလေသာက စွဲလမ်းသွား တယ်၊ ကိလေသာက ချစ်စရာကောင်းတယ်၊ မုန်းစရာ ကောင်းတယ်၊ မြဲတယ်၊ ချမ်းသာတယ်၊ ပုဂ္ဂိုလ် သတ္တဝါကောင်ပဲလို့ လောဘ- ဒေါသ- မောဟ- မာန အစရှိသော ကိလေသာ တရားတွေက စွဲလမ်းပြီးသွားတယ်။
အဲဒီ ကိလေသာတွေ မစွဲလမ်းရအောင်ကို ရုပ်နာမ်သဘောတရား အမှန်လေးကို ရုပ်တရားပဲ, နာမ်တရားပဲ, သဘောတရားပဲ ဆိုတာလေးကို သိအောင်လို့ဟာ ဖြစ်တိုင်းဖြစ်တိုင်း လိုက်ပြီး ရှုရတယ်၊ အဲဒီ ဖြစ်တိုင်းဖြစ်တိုင်း လိုက်ပြီးတော့ သဘောမှန်လေး သိအောင် ရှုနေတာကို နာမရူပပရိစ္ဆေဒဉာဏ် လို့ခေါ်တယ်၊ နာမရူပ - ပိုင်းခြားသိတာ၊ နာမ်ရုပ်ကို သိမ်းဆည်းတာ၊ အဲဒီနာမ်ရုပ် သိမ်းဆည်းတော့ ဘယ်လို သိမ်းဆည်းရမလဲ ဆိုတော့ လက္ခဏ ရသ စသည်တို့ဖြင့် သိမ်းဆည်းရမယ်တဲ့၊ ဝိသုဒ္ဓိမဂ်က ဟောထားတယ်။
လက္ခဏရသာဒိဝသေန ပရိဂ္ဂဟေတဗ္ဗာ - လက္ခဏာ ရသ စသည်တို့၏ အလိုအားဖြင့် သိမ်းဆည်းရမည်။
လက္ခဏာဆိုတော့ သူ့ပင်ကိုယ်ရင်း သဘောပဲ၊ ရသဆိုတာ သူ့ကိစ္စပဲ၊ ပစ္စုပ္ပဋ္ဌာန် ဆိုတာ သူ့ရဲ့ထင်ပေါ်တဲ့ အခြင်းအရာ အဲဒါလေးတွေနဲ့ သိအောင်ရှုပါတဲ့၊ ဒါပဲရှိသေးတယ်၊ အနိစ္စ, ဒုက္ခ, အနတ္တ စဉ်းစားရမယ်လို့ မပါသေးဘူး၊ သူ့ပင်ကိုယ်ရင်းသဘောလေး၊ ဥပမာ ဆင်ဆိုရင်ဖြင့် ဆင်ရဲ့လက္ခဏာရှိတယ်၊ ဆင်ဆိုတာဟာ ခြေထောက် လေးချောင်းနဲ့ ကိုယ်ထည်ကြီးနဲ့၊ အမြီးနဲ့ ခေါင်းနဲ့၊ နှာမောင်းနဲ့၊ နားရွက်နဲ့၊ ဆင်ကြီးဆိုတာ ဒီလိုနေတာကိုး၊ အဲဒါသူ့ရဲ့ လက္ခဏာပဲ၊ ဒီကိုယ်ထည်ကြီး တစ်ခုလုံးဟာ သူ့ရဲ့ လက္ခဏာပဲ။
ဆင်ဟာ အားကောင်းတယ်၊ ဝန်လေးတွေကို ဆွဲနိုင်တယ်၊ အလုပ်လုပ်နိုင်တယ်။ အစွမ်းသတ္တိရှိတယ်၊ အဲဒါ သူ့ရဲ့ ကိစ္စပဲ၊ သူ့ရဲ့ ရသပဲ၊ ပစ္စုပ္ပဋ္ဌာန်ဆိုတာကတော့ အဲဒီပုံသဏ္ဌာန်အထည်ဒြပ်ကြီးနဲ့ ဆင်ဆိုတာ ဘယ်လိုဟာတုံးဆိုတော့ အကောင်ကြီးနဲ့ အထည်ဒြပ်ကြီး လာပြီးတော့ ထင်တယ်၊ အဲဒါမျိုးလိုကို သူက နာမ်တရား, ရုပ်တရားတွေကို ရှုလိုက်လို့ရှိရင် အဲဒီ လက္ခဏာ ရသ ပစ္စုပ္ပဋ္ဌာန်နဲ့ တစ်ခုခုက ထင်တာပဲ။
ဒါပေမယ့် မထင်လို့ကို မရဘူး၊ ရုပ်-နာမ် တရားလေးတွေ သိရင် လက္ခဏာနဲ့ရင်လဲ သိရမယ်၊ ရသနဲ့ရင်လဲ သိရမယ်၊ ပစ္စုပ္ပဋ္ဌာန်နဲ့ရင်လဲ တွေ့ရမယ်၊ ဒီတွေ့ရအောင်လို့ ဒွါရ ၆-ပါးက ဖြစ်တိုင်းဖြစ်တိုင်း ရုပ်နာမ်ကလေးတွေကို လိုက်ပြီးရှုရတာကိုး၊ အဲဒါ နာမရူပပရိစ္ဆေဒဉာဏ် - ဒီကစတာ ဝိပဿနာ၊ ဖောင်းတယ်-ပိန်တယ် ဒီကစရမယ်။
အဲဒါ ဒွါရ ၆-ပါးက ဖြစ်တိုင်းဖြစ်တိုင်းတွေ လိုက်ပြီး ရှုရမယ် ဆိုရင် စခါက ပုဂ္ဂိုလ်က ဘယ်ရှုမှန်း သိအုံးမတုံး၊ ဒွါရ ၆-ပါးဆိုတာလဲ ယခုမှ ကြားရကာ ရှိသေးတယ်၊ အိမ်နေတုန်းက မကြားသေးဘူး၊ ကျောင်းရောက်မှကြားရတာ၊ သူက ကမ္မဋ္ဌာန်းကျောင်း တရားဝင်မယ် လုပ်မှကြားတာ၊ ယခု ကြားကာ ရှိသေးတယ်၊ ဒွါရဆိုတာလဲ ဘာမှန်း မသိသေးဘူး၊ ခြောက်ပါး ဆိုတာလဲ ဘာမှန်း မသိသေးဘူး၊ အဲဒီတော့ ဘာတွေ ရှုရမှန်းမသိဘူး၊ ခက်နေ၊ သို့သော်လဲ ဘုန်းကြီးက ပြောစရာမရှိလို့ ဒါပဲ ပြောရတာ၊ ဒိပြင် စကားလဲပြောလို့ မဖြစ်ဘူး၊ ဒီအတိုင်း ပြောမှဖြစ်မယ်၊ ဒီလိုတော့ ပြောရတယ်၊ ကြာတော့လဲ နားလည်သွားတာပဲ။
လွယ်လွယ်နဲ့ ရှုရ-မှတ်ရအောင်လို့ အတွေ့အထိ ဗိုက်ထဲကအတွေ့အထိ ဖောင်းတာ, ပိန်တာလေးသာမှတ်ပါ၊ ဘုန်းကြီးများက ပြောတယ်၊ ဒီလိုပဲမှတ်ကြရပါတယ်၊ ဒီလိုမှတ်တော့လဲ သူ့ဟာ နေရာကျသားပဲ၊ စာတွေဘာတွေ သင်နေတာကမှ ကြာနေသေးတယ်၊ တယ်မကြာဘူး၊ သူက တစ်ရက်နှစ်ရက် တောက်နေလျှင် ဟန်ကျလာတာပဲ၊ အင်မတန် နေရာကျတယ်၊ ဖောင်းတယ် - ပိန်တယ်၊ ဖောင်းတက်လာတာလေး၊ ဖောင်းစက ဖောင်းဆုံး တိုင်အောင် ပိန်ကျသွားတာလေး၊ ပိန်စက ပိန်ဆုံး တိုင်အောင် ဒါလေးပဲ စိုက်မှတ်နေရတယ်၊ ဗိုက်ထဲကနေပြီး တောင့်တင်းနေတဲ့ သဘော လှုပ်ရှားတဲ့ သဘောလေးကို သူ့ဟာသူ သိလာတယ်။
အဲဒါတွေ လက္ခဏာ ရသတွေ ဆိုတာ ဒါတွေပဲ၊ ဖောင်းတယ်၊ ပိန်တယ်ဆိုတာ ဝါယောဓာတ်ပဲ၊ ဝါယောဓာတ်ဘာ ဝိတ္ထမ္ဘဏလက္ခဏာ တောင့်တင်းခြင်းဟာ သူ့လက္ခဏာပဲ၊ ဝိတ္ထမ္ဘဏလက္ခဏာ ဝါယောဓာတု သမုဒီရဏ ရသ လှုပ်ရှားခြင်းဟာဖြင့် သူ့ကိစ္စပါပဲတဲ့၊ သူက လှုပ်တတ်တယ်တဲ့၊ အားကောင်းရင် လှုပ်တယ်၊ အားမကောင်းရင်တော့ မလှုပ်ဘူး၊ အဘိနီဟာရ ပစ္စုပ္ပဋ္ဌာနာ - ရှေးရှုဆောင်ရွက်ခြင်း ဟာဖြင့် သူ့ရဲ့ပစ္စုဋ္ဌာန်ပါပံ့တဲ့၊ တစ်နေရာက တစ်နေရာ ဆွဲသွားသလို၊ ဆောင်သွားသလို၊ တွန်းသွားသလို ယောဂီပုဂ္ဂိုလ်၏ ဉာဏ်ထဲမှာ ထင်ရပါတယ်တဲ့၊ အဲဒါလေးကို ဒီတရားနာတဲ့ ပုဂ္ဂိုလ်တွေကလဲ ယောဂီပုဂ္ဂိုလ် တွေများလို့ သိပါတယ်၊ ဒါပေမယ်လို့ သူ့နေရာလေး ရောက်လာတော့ သူက ဆောင်ပုဒ်ကလေး ဆိုဦးမှပဲ၊ ဝါယောဓာတ်ရဲ့ လက္ခဏာ ရသ ပစ္စုပ္ပဋ္ဌာန်၊ အင်မတန် ကောင်းတယ်၊ ဆောင်ပုဒ်ဆိုတာ အရေးကြီးတာ၊ သတိပဋ္ဌာနသုတ်မှာ အဋ္ဌကထာက ကာယာနုဿနာ ရှုပုံတွေကျတော့ ဝါယောဓာတ်ချည်းပဲ ရှုနေရတယ်၊ ဝါယောဓာတ် ရှုတယ်လို့ ဆိုပြီး ရှုတိုင်း - ရှုတိုင်း ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ - သွားလျှင် သွားတယ်လို့သိ ဆိုတာ ဒါပြောတာ၊ ဝါယောဓာတ်ကို ရှုသွားချင်တဲ့စိတ် ဖြစ်လာတာ၊ သွားချင်တဲ့စိတ်ကြောင့် ဝါယောဓာတ်ဖြစ်လာ တာသိ၊ ဝါယောဓာတ် လှုပ်ရှားခြင်းကြောင့် တရွေ့ရွေ့ ရွေ့သွားတာကိုပဲ ငါသူလို့ ခေါ်ရတယ်။
အမှန်အားဖြင့် ငါသူမရှိ၊ ပုဂ္ဂိုလ်သတ္တဝါ မရှိဘူး၊ သူလို အခိုက်အတန့်မှာ တောင့်တင်း လှုပ်ရှားမှု လေးတွေ ဖြစ်သွား တာဟာ မမြဲတာဘဲဆိုတာ ကိုယ်ပိုင်ဉာဏ်နဲ့ သိသွားတယ်၊ အဋ္ဌကထာက ဒီလို ဖွင့်ထားတယ်၊ ယောဂီပုဂ္ဂိုလ် သိပုံကလေး ဒါက အရေးကြီးတယ်၊ ဝါယောဓာတ် ဆောင်ပုဒ်ကလေး ဘုန်းကြီးက ပေးထားတယ်၊ ယောဂီပုဂ္ဂိုလ်တွေက ရတာတော့ များနေပါလိမ့်မယ်၊ ဒါပေမယ့် ရောက်တဲ့အခါ ဆိုကြပါဦး။
ထောက်ကန်တောင့်တင်း လျော့ခြင်းတမည်၊
ယိမ်းယိုင်လှုပ်ရှား ရွေ့သွားတတ်သည်၊
သူလိုရာဘက် တွန်းလျက်ဆောင်သည်၊
ဝါယောဓာတ် သိမှတ်မြတ်ယောဂီ။
ဝါယောဓာတ်လိုသိလျှင် ယောဂီပုဂ္ဂိုလ်ဟာ ဒီနည်းအတိုင်း သိရမယ်၊ လက္ခဏာနဲ့ သိရမယ်၊ ရသနဲ့ သိရမယ်၊ ပစ္စုပ္ပဋ္ဌာန်နဲ့ သိရမယ်၊ ဝါယောဓာတ်သိရင် လက္ခဏာနဲ့ ဘယ်လိုသိမလဲ၊ ထောက်ကန် တောင့်တင်း၊ လျော့ခြင်းတမည်၊ တောင့်တာတို့၊ တင်းတာတို့ လျော့တာတို့ ဒါတွေပဲ၊ ရသနဲ့ သိလို့ရှိလျှင် ဘယ်လိုသိမသိ၊ ယိမ်းယိုင်လှုပ်ရှား ရွေ့သွားတတ်သည်၊ ယိမ်းတယ်, ယိုင်တယ်, လှုပ်ရှားတယ်, ရွေ့တယ်, သွားတယ် ဒီလိုသိရမှာပဲ၊ ပစ္စုပ္ပန်ဋ္ဌာန်နဲ့သိရင် ဘယ်လိုသိမလဲ သူလိုရာ ဘက် တွန်းလျက်ဆောင်သည်၊ အလိုရှိရာဘက် တွန်းတယ်၊ ဆွဲဆောင်နေတယ် တွန်းပို့နေတယ်၊ ဆွဲပို့နေသလို ဒီလိုပဲထင်ရမယ်တဲ့၊ ဒါထင်လဲထင်တာပါပဲ၊ မထင်မရှိပါဘူး၊ ဒီလိုထင်တာပဲ။
အဲဒီလိုသိရအောင်ဟာ ဗိုက်ဖောင်းတိုင်း - ပိန်တိုင်း ဒါလေးက စပြီး ဘုန်းကြီးက မှတ်ခိုင်းတာပဲ၊ ကမ္မဋ္ဌာန်းဝင်ဝင်ခြင်း ဘုန်းကြီးက ခိုင်းတယ်၊ ဖောင်းတယ် - ပိန်တယ်၊ ဒါလေးက စမှတ်ရတယ်၊ ဒါလေးမှတ်တော့ လွယ်လဲ လွယ်တယ်၊ အစက အမျိုးမျိုးတွေ လျှောက်ပေးထား၊ ဘယ်လွယ်မလဲ၊ အမျိုးမျိုးတွေ မှတ်စရာတွေလဲ ပြောတော့ ပြောထားတယ်၊ မလိုလဲလိုလဲ မှတ်ချင်ရအောင် ပြောတော့ ပြောထားတာပဲ၊ လိုရင်းကတော့ ဒါလေးက လိုရင်းပဲ ချည်တိုင် လုပ်ထားရတာကိုး၊ ဘာမှ
ရှုစရာမရှိဘူးဆိုရင် ရှာမနေနဲ့၊ ဒါပဲမှတ်၊ အဲဒီလိုမှတ်ပြီးတော့ နေလိုက်တော့ ဘယ့်နဲ့ဖြစ်လာတုန်း ဆိုရင် သူကသွားနေကျလမ်း ဆိုတော့ အချိုးကျလာတယ်၊ ဖောင်းတာ ပိန်တာ ယိုင်နေရင်သာပဲ သိပ်ပြီးတော့ သမာဓိအား မကောင်းသေးတော့ ဝိပဿနာ သိပ် ထူးထူးခြားခြား မဖြစ်နဲ့ဦး၊ ဒီတိုင်း ငြိမ်နေလို့ရှိရင် စိတ်က ဗိုက်ရောက်နေတာပဲ၊ သူက အမှတ်ရှိတဲ့ဗိုက်ကို ရောက်လာတာပဲ၊ အမှတ်က ဒီရောက်နေတာပဲ၊ ဒီပြင်နေရာ မရှိဘူး၊ ဖောင်းလိုက် - ပိန်လိုက်၊ ဖောင်းလိုက် - ပိန်လိုက် ဒါလေးရောက်နေတာပဲ၊ တော်တော်ဟန်ကျနေပဲ။
အားမထုတ်ဘဲနဲ့ သူ့အလိုလိုစိတ်က ရောက်နေပြီး တော်တော် နေရာကျတယ်၊ ဖောင်းလိုက်-ပိန်လိုက်မှတ်နေရင် နောက်ကျတော့ တွဲရသေးတာကိုး၊ ဒွါရ ၆-ပါးက ပေါ်တိုင်း-ပေါ်တိုင်း လိုက်ပြီးမှတ်ရတာပဲ၊ ပေါ်တိုင်း ပေါ်တိုင်း လျှောက်ပြီး မှတ်ရတယ်၊ လျှောက်ပြီး ရှုတဲ့အတွက် တစ်ခါတရံ ပင်ပန်းတယ်၊ ရှုနေကျမှ စိတ်ပန်းသွားတဲ့အခါကျ ဘယ့်နဲ့လုပ်ရတုန်းဆိုတော့ ရှေးကဟာလေး ကိုယ့်နေရာဟောင်းလေး ပြန်ဦးမှပဲဆိုပြီး ဖောင်းတာ-ပိန်တာလေး ပြန်မှတ်ရတယ်၊ ဒီဟာလေး နှစ်ခုထဲ မှတ်၊ ဘာမှ ကြောင့်ကျ မစိုက်နဲ့၊ ဖောင်းတယ် - ပိန်တယ်၊ ဖောင်းတယ် - ပိန်တယ်၊ အေးချမ်းပြီး ငြိမ်သက်သွားတာပဲ၊ ပင်ပန်းမှုတွေ ပြေသွားတယ်၊ ဈာန်ဝင်စားတာလိုပဲ၊ ဈာန်ရတဲ့ ပုဂ္ဂိုလ်က ဈာန်ပြန်ဝင်စား သွားတာကိုး၊ အဲဒါလိုပဲ။
ခုဒွါရ ၆-ပါး ပေါ်တိုင်းပေါ်တိုင်း ရုပ်နာမ်တွေ လိုက်မှတ်လို့ ပန်းလာရင် ဖောင်းတာ ပိန်တာမှတ်ပေါ့၊ မှတ်နေကျ နှစ်ခုထဲ ပြန်မှတ်လိုက်၊ သက်သာ အေးချမ်းသွားတယ်၊ တစ်ခါ ဒွါရ ၆-ပါးပေါ်တိုင်း လိုက်မှတ်လိုက်၊ ပင်ပန်းလာပြန်ရင် ဖောင်းတာ - ပိန်တာ ပြန်မှတ်လိုက်၊ ဒီလိုလုပ်ရတာကိုး၊ ဒါဈာန်မရှိလို့ ဈာန်အစားထိုးထားရတာ၊ ဈာန်မရှိဘဲကိုး၊ ဈာန်ရှိအောင်လုပ်ပါဆိုတော့ ပြန်ကို လုပ်ရမှာ၊ အဲဒါက အင်မတန် တာဝန်လေးတယ်၊ ဈာန်မလုပ်ဘဲ ဝိပဿနာ ထဲကပဲ ဈာန်လေးတွေ လုပ်ပြီးပေးထားတယ်၊ အဲဒီလိုမှတ်တော့ သက်သာမှုရပါတယ်၊ အဲဒီလို သက်သာခွင့်ရတဲ့အခါမှာ ငြိမ်းအေးမှုလေး ရလာတယ်၊ အဲ - ဥဒယဗ္ဗယဉာဏ်တွေ ရောက်လာတဲ့အခါကျတော့ တော်တော် ဟန်ကျသွားပါတယ်၊ ငြိမ်းအေး သွားပြီတဲ့၊ တစ်ခါတည်း ကြောင့်ကျမှုမစိုက်ရဘဲ မှတ်စိတ်အာရုံလေး တွေက မှတ်သိတဲ့ အာရုံကလေးတွေကလဲ ပေါ်လို့, မှတ်သိတဲ့ စိတ်ကလေးတွေကလဲ ရှိလို့ ပေါ်လာလိုက်, ပျောက်လိုက်နဲ့ မမှတ်နိုင်တာလည်း မရှိဘူး။
သြဘာသေဉ္စဝ ဉာဏော စ ပီတိယာစ ဝိကမတိ။
ဥပက္ကိလေသတွေဖြစ်တယ်။ ဥပက္ကိလေသဆိုပေမယ့် သူဟာ အကောင်းတွေမကောင်းတာတွေ မဟုတ်ဘူး၊ သာယာနေရင်တော့ မကောင်းဘူး၊ မသာယာရင် ကောင်းတယ်၊ အရောင်အလင်းတွေ ပေါ်လာတယ်၊ ဘယ်တော့မှမလင်းဘူး၊ ဒါတွေ ဒီဥစ္စာကဖြစ်တာပဲ၊ ကောင်းတဲ့ ဥစ္စာတွေ သာယာနေရင် ရှေ့မတိုးဘူး၊ မသာယာနဲ့ ဘာမှ အလွန် ကြီးကြီးကျယ်ကျယ်ဖြစ်တာ မရှိပါဘူး၊ ရှေ့မတိုးတက်တာရှိတာပဲ၊ ရှေ့မတိုးတက်ဘူး၊ အားမထုတ်တဲ့ ပုဂ္ဂိုလ်တွေကျတော့ အပုံပဲ သာနေ တာပေါ့၊ ဒါပေမယ့်လို့ ရှေ့မတိုးတာဘဲ ရှိတာပဲ၊ အားထုတ်ခါစ ပုဂ္ဂိုလ်တွေထက်တော့ သက်သာ တာပဲ၊ အဲ-ဉာဏ်မရောက်သေးတဲ့ ပုဂ္ဂိုလ်တွေထက်တော့ အများကြီးသာနေတာပဲ၊ သို့သော်လဲ ရှေ့မတိုးဘူး၊ သာယာနေရင်တော့ အေး-မသာယာဘဲနဲ့ ဆက်မှတ် သွားလို့ ရှိရင် သြဘာသေဉ္စဝ ဉာဏော စ ပီတိယာစ ဝိကမတိ။
ဉာဏ်တွေကလည်း လျင်မြန်တယ်တဲ့၊ မသိနိုင်တာကို မရှိဘူး၊ ဘယ်ကပဲ လာလာရှုတာပဲ၊ တစ်ခုမှတ်လိုက်လို့ရှိရင်လဲ အပြတ်အပြတ် အပိုင်းအပိုင်း ကလေးတွေ ဖြစ်ပြီးတော့ မမြဲတဲ့သဘော ကလေးတွေ ထင်နေတာကိုး၊ စဉ်းမှ မစဉ်းစားရဘဲ၊ ဒီတိုင်း ဆိုရင်တော့ စဉ်းစားရတာနဲ့ ဘာနဲ့ဆိုရင် ရုပ်နာမ်တွေ မမြဲအောင်လို့ တစ်ခါတည်း ဖျက်ကြည့်နေရတာပဲ၊ အမှုန့်ခြေကြည့်လိုက်၊ ဟာ-ရာသီဥတုနဲ့ ပြောင်းကြည့်လိုက်၊ ဟာ-အင်မတန် လုပ်ရတယ်၊ တစ်ချို့ ဆရာတော်ကြီးတွေ အင်မတန်လုပ်ရတယ်၊ ဉာဏ်ကြီးကြီးနဲ့ တစ်ခါတည်း ကြံဖန်ပြီးတော့ ထင်အောင်လို့ တပည့်တွေ ဟောရ ပြောရတာကိုး။
အဲဒီဆရာတော်ကြီးက ဉာဏ်ကြီးလို့ ဟောလို့ ပြောလို့ လွယ်ပါရဲ့၊ တပည့်တွေက လိုက်ဖို့ခက်တယ် သူဟာ အခက်ကြီးပဲ၊ သူ့ဉာဏ်လောက်မှ လိုက်မှမလိုက်နိုင်ဘဲ ဒီတော့ခက်နေတာပေါ့၊ ဒီဥစ္စာက မလိုပါဘူး၊ ဒွါရ ၆-ပါး ပေါ်ခိုက်,ပေါ်ခိုက် ကလေးမှာ ရှုနေရုံပါပဲ၊ ပေါ်တိုင်း သိလာတာ ဘာမှ ဉာဏ်နဲ့ အကြီးအကျယ် ထုတ်စရာမလိုဘူး၊ ရှုရုံ မှတ်ရုံလေးနဲ့ပဲ ဖြစ်ပြီးရင် ပျောက်သွားတာလေးတွေ တွေ့ရတယ်။
အဲဒီတော့ ဒါကဘာလဲဆိုရင် ဒါက သူ့ဥစ္စာ အင်မတန်ကို သန့်ရှင်း စင်ကြယ်ပါတယ်၊ သူ့သဘာဝ တိုင်းဖြစ်တဲ့ ဉာဏ်ကလေးပဲ ကိုယ်က ဘာမှ ထွေထွေလာလာ ဉာဏ်ကူယူရတာ မဟုတ်ဘူး။ အနိစ္စ မမြဲတာကို မမြဲဘူးလို့ ထင်အောင်ဟာ ဘာမှ သွေးဆောင်ပြီးတော့ မယူရဘူး။ စိတ်ကို ဆွဲဆောင်ပြီးတော့ မယူရဘူး သဘာဝကိုး၊ နဂိုက မမြဲတာကိုး၊ ကိုယ်တိုင် တွေ့လို့ မမြဲဘူးလို့ သိတာပဲ၊ ရွှေမဟုတ်တဲ့ ကြေးတွေကို အရောင်တင်ထားတော့ ရွှေရောင်တော့ တောက်တော့ တောက်ပါရဲ့၊ ရွှေနဲ့တွဲပြီးတော့ ရွှေရောင်ကလေး တင်ထားတာပေါ့၊ ဒီလိုအောက်မေ့ရတယ်၊ တော်ကြာတော့ အဲဒီအရောင်ကလေးပြယ်သွားတော့နေရာမကျဘူး၊ အဲဒီလိုပဲ သဘာဝတိုင်းဖြစ်တဲ့ ဉာဏ်မဟုတ် လို့ရှိလျှင် စဉ်းစားဆင်ခြင် လို့ရှိလျှင် စဉ်းစားဆင်ခြင်တုန်းတော့ဟုတ်တာပေါ့၊ တော်ကြာတော့ စဉ်းစားတာ ပျောက်သွားတော့ ဟော-ပျောက်သွားရော အဲဒီတော့ မူလပြန်တာပဲ၊ ရွှေမဟုတ်တော့ဘူး၊ ကြေးပြန်ဖြစ်တယ်။
အဲ-အခုဟာက သဘာဝအတိုင်း ပေါ်တိုင်းပေါ်တိုင်း သိနေတဲ့ ပေါ်တာလေးတွေရှု၊ ရှုတော့ကို သူ့ဟာသူ အပိုင်း အပိုင်းကလေးတွေ ပြတ်နေတာကို တွေ့ရပါတယ်၊ အနိစ္စလက္ခဏာကို သန္တတိက ဖုံးလွှမ်းသည်။ အနိစ္စ - လက္ခဏာ - မမြဲတာကို ခေါ်တယ်၊ ဘာဖြစ်လို့ မမြဲဘူးလို့သိသလဲ၊ ရုပ်နာမ် တွေက မမြဲနေတာ ဟုတ်ရဲ့သားနဲ့ သတ္တဝါတွေက ဘာဖြစ်လို့ မြဲတယ် ထင်နေရသလဲ သန္တတိက ဖုံးနေလို့တဲ့၊ သန္တတိကဖုံးနေ၊ သန္တတိဆိုတာ ဘာလဲ၊ ရှေ့နောက်ဆက်စပ်ပြီးတော့ ဖြစ်နေတဲ့ ရုပ်နာမ်တွေကို မခွဲခြားနိုင်လို့ပဲ၊ တစ်ဆက်တည်း ဖြစ်နေတာကိုး၊ ပုတီးစေ့ကလေးတွေ တစ်လုံးနဲ့ တစ်လုံး ဆက်နေတယ်၊မျက်စိနဲ့ကြည့်လို့တော့ ဘယ်အပေါက်အကြား မြင်ရမလဲ တစ်ဆက်တည်း ဖြစ်နေတာပဲ၊ တစ်လုံးနဲ့ တစ်လုံးကြားထဲ ခါးနည်းနည်း သပ်တာလေးပဲ ရှိတယ်၊ အပြတ်မရှိဘူး၊ အဲဒီလို တစ်ဆက်တည်း ဖြစ်နေတယ်၊ အဲဒါ ပုတီးကြီးကို ကိုယ်ကလဲ ကိုင်နေကျ ပုတီးမို့လို့ တစ်ခုနဲ့တစ်ခု မရောဘူးဆိုတာ သိရတယ်၊ ပုတီးဆိုတာ တော်သေးတာကိုး၊ အဲဒီလိုမဟုတ်ဘူး၊ သူ့ဥစ္စာ မြစ်ရေအယဉ် အစရှိတဲ့ မြစ်ရေတွေချောင်းရေတွေ စီးနေတဲ့အခါ ဟိုရေနဲ့ ဒီရေနဲ့ ခွဲလို့ ဘယ်ရလိမ့်မတုန်း တစ်ဆက်တည်း ဖြစ်နေတာပဲ။
အုန်းဆံကြိုးကြီး စမ်းကြည့်ကြပါဦး၊ အုန်းဆံကြိုး ဆိုတာဟာ အုန်းမျှင်ကလေးတွေ ဆက်ထား တာပါပဲ၊ ဒါပေမယ့် အပြတ်အကြား ရှာလို့မရဘူး၊ သူဟာ အရှည်ကြီး ဖြစ်နေတာပဲ၊ အုန်းဆံကြိုးကြီးက ပေ ၁၀ဝ ရှည်တယ်၊ ပေ ၂၀ဝ-ရှည်တယ် ရှိနိုင်တယ်၊ နို့-အုန်းဆံက ပေ ၁၀ဝ-ရှိနိုင်ပါ့မလားဆို ဘယ့်နဲ့လုပ်မတုံး၊ တစ်ပေတောင်ရှိတာ မဟုတ်ဘူး၊ တိုတိုလေးတွေပေါ့၊ အဲဒါ လေးတွေ ဆက်ဆက်သွားတော့ ကြိုးအရှည်ကြီး ဖြစ်နေ၊ အဲ-သဲချောင်းကြီးတွေ သဲတွေ တစ်ခါ တည်း လမ်းမှာ သဲတွေ စီတန်းပြီးတော့ တစ်လုံးနဲ့တစ်လုံး သဲချောင်း အရှည်ကြီးလို့ အောက်မေ့ ရတယ်၊ အကယ်၍ သဲအိတ်ထဲက နေပြီးတော့ သွန်ချလိုက်မယ်ဆိုလျှင် သဲအတန်းကြီးလို အောက်မေ့ရတယ်။ ဘယ်အတန်းကြီး ရှိမှာတုံး၊ တစ်လုံးချင်း တစ်လုံးချင်း ကျနေတာပဲ၊ ဒါပေမယ့် ဟိုတစ်လုံးနဲ့ ဒီတစ်လုံးနဲ့ တစ်ဆက်တည်း ကျနေတော့ အတန်းကြီးလို့ အောက်မေ့ရတယ်၊ တစ်ဆက်တည်းလို ထင်ရတယ်၊ အဲဒါလိုပဲ။
မိမိတို့ သန္တာန်ဖြစ်နေတဲ့ ရုပ်နာမ်တွေဟာလဲ ပဋိသန္ဓေက စပြီးတော့ ယခုထက်တိုင်ပေါ့လေ၊ နောင်လဲ စုတေတိုင်အောင် အစဉ်အတိုင်း စိတ်တွေ, ရုပ်တွေက မပြတ်ဖြစ်နေတာပဲ, ရှေ့နောက် ပျံ့နှံ့နေတာပဲ၊ မြင်ပြီးလျှင် စဉ်းစား, စဉ်းစားပြီးလျှင် မြင်, မြင်ပြီးလျှင် စဉ်းစား, စဉ်းစားပြီးလျှင်မြင်၊ မြင်တာနဲ့, စဉ်းစားတာနဲ့, ဆင်ခြင်တာနဲ့, ဒီထဲက သာယာနှစ်သက်တာနဲ့ အဲဒါတွေ, ဟာ .. ဆက်လို့ရတာ မဟုတ်ဘဲ၊ မြင်တာကတစ်ခု, စဉ်းစားတာကတစ်ခု, ကြားတာကတစ်ခု, စဉ်းစား တာကတစ်ခု၊ ဒီလို ဘယ်သူခွဲနိုင်သလဲ၊ မခွဲနိုင်ဘူး၊ တစ်ဆက်တည်း ဖြစ်နေတာကိုး။
ရှေ့အမြင်နဲ့ နောက်အမြင်နဲ့လဲ မခွဲနိုင်ဘူး၊ ရှေ့ကြားနဲ့ နောက်ကြားတာနဲ့လဲ မခွဲနိုင်ဘူး၊ အဲဒါလို တစ်စပ်တည်း ဖြစ်နေတာလဲလို့ဆိုလျှင် အဲဒါ သန္တတိ ခေါ်တယ်၊ အဲဒီ သန္တတိ ဖုံးလွှမ်းနေလို့တဲ့၊ အနိစ္စလက္ခဏာ မထင်ကြတာပဲ။
အဲဒီလို သန္တတိဖုံးလွှမ်းတာလဲ ဘာကြောင့်လဲဆိုလျှင် ဖြစ်မှု, ပျက်မှုကလေး နှလုံးမသွင်းလို့ပါတဲ့၊ ရုပ်နာမ်တွေက သူတို့ကတော့ ဖြစ်နေကြတာပဲ၊ ဖြစ်ပြီးတော့ ပျောက်နေပါတယ်တဲ့၊ နှလုံးမသွင်းလို့ ဥပမာ-ဘာလိုတုံးဆိုလျှင် ခြံများ,ဝင်းများမှာ ဝင်းခတ်ထားတာ ရှိတယ်၊ တစ်ချို့နေရာတွေမှာ သစ်သားချောင်းလေးတွေ ထောင်ပြီးတော့ ရိုက်ထားပါတယ်၊ အဲဒါ အနားနားမှာ သွားကြည့် လျှင်တော့ နှစ်လက်မ သုံးလက်မ စသည်ဖြင့် ခြားနေပါတယ်၊ ဒါပေမယ့် အဝေးကနေကြည့်လျှင် မကွဲဘူး၊ အနားနား သွားကြည့်တော့မှ နီးလာလေ ကျဲလာလေလေ အနားက သေသေချာချာ သွားကြည့်တော့ ၂-လက်မ ၃-လက်မ ခြားနေတာ တွေ့ရတယ်၊ တစ်ခုနဲ့ တစ်ခုနဲ့ ဘာမှမဆက်ဘူး၊ အဲဒါလိုပဲ ရုပ်နာမ်တွေက မရှုတော့ ရှေ့ရုပ်နဲ့နောက်ရုပ်နဲ့, ရှေ့နာမ်နဲ့ နောက်နာမ်နဲ့ တစ်စပ်တည်း ဖြစ်နေပြီး ထင်နေပါတယ်။
စဖြစ်ပေါ်လာတာလဲမသိ, ဆုံးသွားတော့လဲ မသိ၊ ဒီလိုဖြစ်နေတာပဲ၊
ဥဒယဗ္ဗယံ - ဖြစ်မှုပျက်မှုကို၊
အမနသိကာရာ - နှလုံးမသွင်းခြင်းကြောင့်လည်းကောင်း၊
သန္တတိယာ - ရှေ့နောက် ဆက်စပ်လျက်ဖြစ်သော ရုပ်နာမ် အစဉ်အတန်းက
ပဋိစ္ဆန္နက္တာ - ဖုံးကွယ်အပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊
အနိစ္စလက္ခဏံ - မမြဲဟု မှတ်သိရသော အနိစ္စ လက္ခဏာသည်၊
နဥပဌာတိ - မထင်ဘဲ ရှိလေတော့၏။
ဒါဝိသုဒ္ဓိမဂ်က ဒိပြင် အဋ္ဌကထာတွေလဲ ဒီအတိုင်းပါပဲ၊ အနိစ္စလက္ခဏာ မမြဲဘူးလို့ မသိရတာ ဘာကြောင့်လဲဆိုလျှင် ဖြစ်ပျက်နေတဲ့ သဘောလေးတွေ နှလုံးမသွင်းလို့၊ ရှေ့နောက် ရုပ်နာမ်တွေ တစ်စပ်တည်း ဖြစ်ပြီးတော့ ထင်တယ်၊ ရှေ့နောက် ရုပ်နာမ်တွေ တစ်စပ်တည်း ဖြစ်ပြီးတော့ ထင်တော့ သန္တတိက ဖုံးလွှမ်းသွားတာပေါ့တဲ့၊ ရှေ့နောက်စပ်နေတာ၊ ရှေ့က ဖုံးဆိုတာ အပြတ် အပြတ် ထင်နေရမှာ၊ အပြတ်အပြတ် မထင်ဘဲနဲ့ တစ်ဆက်တည်းက ထင်တာဟာ ဖုံးတာပါပဲ၊ အဝတ်နဲ့ ဘာနဲ့ ဖုံးတာ မဟုတ်ဘူး၊ အဲဒီ သန္တတိက ဖုံးတဲ့အတွက် မြဲတယ်လို့ ထင်သွားတယ်၊ မမြဲဘူးလို့ မထင်ဘဲ အဲသလို ထင်ပါတယ်တဲ့၊ အဲဒီတော့ မမြဲဘူးလို့ထင်တာ ဘာလုပ်ရမလဲ၊ ဥဒယဗ္ဗယကို နှလုံးသွင်းရမယ်၊ တဲ့....။
ဥဒယဗ္ဗယံ ပန မနသိကတွာ - ဥဒယဗ္ဗယကို နှလုံးသွင်း၍၊
သန္တတိယာ - ရှေ့နောက် ဆက်စပ်၍ ရှေ့နောက်ဆက်စပ်လျက် အစဉ်မပြတ်ဖြစ်နေသော သန္တတိကို၊
ဝိကောပိတာယ - ဖြစ်လိုက်သည်ရှိသော်၊
အနိစ္စလက္ခဏံ - မမြဲဟု မှတ်သိအပ်သောကြောင့် အနိစ္စလက္ခဏာကို၊
ယထဝတော - ဟုတ်မှန်သော သဘောအားဖြင့် စ၍ ထင်လေတော့၏။
သူ့သဘောအတိုင်း သူ့ဟာသူထင်လာတာတဲ့၊ ယောဂီက လုပ်ယူရတာ မဟုတ်ဘူး၊ မပြတ်တာတွေ တမင်ဆင်ခြင်ယူရတာ မဟုတ်ဘူး၊ ရုပ်နာမ်တွေ မမြဲဘူးလို့ တမင်တကာ ဉာဏ်ကူပြီးတော့ ဆင်ခြင်ယူရတာ မဟုတ်ဘူး၊ သူ့ဟာသူကို မမြဲတာ၊ ပေါ်လာ ပြတ်ပြတ်ပြီး ထင်လာတယ်၊ ဝင်းခြံဟာ အဝေးကနေကြည့်ရင် တစ်ဆက်တည်းပဲ၊ အနားနား သွားကြည့်တော့ ကျဲနေတာ ကိုယ်က ကွဲအောင်လို့ တမင်တကာ ခွဲမယူရပါဘူး၊ သူ့ကိုက ကွဲနေတာ၊ အဲဒါလိုပဲ ဒွါရ ၆-ပါးက ဖြစ်ခိုက် ရုပ်နာမ် ကလေးတွေ မှတ်လို့ရှုလို့ သမာဓိဉာဏ် အားကောင်းလာတဲ့အခါကျတော့ ရုပ်နာမ်တွေဟာ သူ့ဟာသူ အပြတ်အပြတ်တွေပဲ ပေါ်လာလိုက် ပျောက်သွားလိုက် သူ့ဟာသူ အပိုင်းအပိုင်း ကလေးတွေနှင့် သိလာတယ်။
အဲဒီလို အပိုင်းအပိုင်းကလေးတွေ သိတာကို ဉာဏ်လို့ ခေါ်တယ်၊ ဒါ မစဉ်းစားရဘူး၊ မဆင်ခြင်ရဘူး၊ သူ့သဘာဝ တိုင်းဖြစ်တာ၊ တစ်ချို့အပြင်ကနေပြီး ဗုဒ္ဓဘာသာကို စူးစမ်းဆင်ခြင်တဲ့ ပုဂ္ဂိုလ်တွေက သူတို့ကရောတဲ့ အတ္တကို အနိစ္စ ဒုက္ခတော့ တစ်ချို့တစ်ဝက်တော့ လက်ခံပါတယ်၊ ဒါပေမယ့်သူတို့က အနိစ္စ, ဒုက္ခ, အနတ္တ ထင်နေတာဟာ တရားကျမ်းဂန်တွေအရ ယုံကြည်ပြီးတော့ စိတ်ကမှန်းပြီးတော့ ရှုလို့ ထင်တာပဲလို့ တစ်ချို့က အောက်မေ့တယ်။
အောက်မေ့လဲအောက်မေ့စရာပဲ၊ ဘာဖြစ်လို့တုံးဆိုတော့ တရားက ဒီလို ဟောထားတာကိုး၊ အနိစ္စ, ဒုက္ခ, အနတ္တ နှလုံးသွင်းရမယ်လို့ဆိုတော့ သူက မှန်းကြည့်၊ ဒါနဲ့ မှန်းတဲ့အတိုင်း မှန်းလို့ ထင်နေတာပဲလို့ ဒီလိုထင်နေကြတာ။
သူတို့က ဒီလိုမဟုတ်ဘူး၊ ယခုဟာ ဘာမှမမှန်းရဘူး၊ ယောဂီပုဂ္ဂိုလ်က အနိစ္စရယ်, ဒုက္ခရယ်, အနတ္တရယ် ဘာမှ မမှန်းရဘူး၊ သို့သော်လဲ အနိစ္စရယ်, ဒုက္ခရယ်, အနတ္တရယ် စောစောကတော့ ကြားသိတော့ သိတာပဲ၊ ဒါပေမယ့်လို့ ဘာမှ မှန်းစရာမလိုပါဘူး၊ ဖြစ်ပေါ်လိုက်ကလေး လိုက်ပြီးတော့ ရှု၊ ဖြစ်တိုင်းဖြစ်တိုင်း လိုက်ရှု၊ တော်တော်ကြာတော့ အစကလေး ပေါ်လာတာပဲ၊ တော်တော်ကြာ ဆုံးသွားအောင် ဖောင်းတာ လေး မှတ်လိုက်၊ ဖောင်းတာလေး စလာလိုက်ပြီးတော့ ဆုံးသွားလိုက်၊ ပိန်တာလေး ပေါ်လာလိုက်, ပြီးတော့ ဆုံးသွားလိုက်၊ ဖောင်းတာ အဆင့်ဆင့် ပေါ်လိုက် - ပေါ်လိုက် - ဆုံးလိုက် ဒါတွေ တွေ့တယ်၊ စိတ်ကလေးတွေ အဆင့်ဆင့် ပေါ်လိုက် တိုးလိုက် ဒါတွေ့တယ်၊ ဝေဒနာလေးတွေများ ညောင်းတာ ပူတာ စသည်ဖြင့် မှတ်နေရင်း ညောင်းလိုက် - ပျောက်လိုက်၊ ပူတာမှတ်နေရင်း ပူလိုက် - ပျောက်လိုက်ဆို သိပ်ထင်တာ။
အဲဒီလို ဖြစ်ပြီးပျောက်နေတဲ့ သဘောလေးတွေကို ပိုင်းခြားပြီးတော့ သိတာဟာ ဘာမှ မှန်းဆယူရတာ မဟုတ်ဘူး၊ အမှန်းအဆ မပါဘူး၊ ဥပမာ ဥပမေယျတွေနဲ့ ယှဉ်ကြည့်ရတာ မဟုတ်ဘူး၊ ရှုမှတ်နေရုံနဲ့ လက်နဲ့ ကိုင်ကြည့်သလိုကို ဖြစ်ပြီး ပျက်သွားလို့ မမြဲဘူးဆိုတာ သေသေချာချာ သိရတာ၊ အဲဒီလို သိတာကို ဉာဏ်သိလို့ခေါ်တယ်၊ ဥဒယဗ္ဗယဉာဏ် အဖြစ်အပျက် သိတဲ့ဉာဏ်၊ အဲဒီဉာဏ်ကလဲ ကောင်းတယ်၊ ဖြစ်တိုင်းဖြစ်တိုင်းကို မှတ်နိုင်နေတာပဲ၊ မမှတ်နိုင်တာကို မရှိဘူး၊ ဥဒယဗ္ဗယဉာဏ် ရောက်တော့ ဘာမှမမှတ်နိုင်တာ မရှိဘူး၊ သူ့ဟာသူ ဖြစ်ချင်ရာဖြစ်၊ အကုန်လုံး တစ်ခါတည်း မှတ်မိနေတာပဲ၊ အလွတ်မရှိဘူး၊ အဲဒီအခါကျတော့ သက်သာခွင့် ရနေတာကိုး။
ဒီမှာ ပဿဒ္ဓိ - စိတ်ငြိမ်း၍သွားတယ်တဲ့၊ စ,အားထုတ်ခါစက လေးလေးပင်ပင် အင်မတန် အားထုတ် ရတာ၊ ဟိုဟာမှတ်ရ ဒီဟာမှတ်ရ, ဖောင်းတာ မှတ်မိအောင်, ပိန်တာမှတ်မိအောင်, ကြားထဲ စိတ်ကူးချင်ရင်လဲ မှတ်မိအောင် ဘယ်ဟာမှတ်ရမှန်း မသိ ကြောင့်ကြတွေက များနေတာကိုး၊ ကြောင့်ကြဗျာပါရတွေ များတော့ ပင်ပန်းနေတာ၊ အဲဒီ ဥဒယဗ္ဗယဉာဏ်ရောက်တော့ သက်သာ သွားပြီး ငြိမ်းချမ်းသွားတယ်၊ တစ်ခါတည်း အင်မတန် ဟန်ကျသွားတယ်။
ကာယ ပဿဒ္ဓိ, စိတ္တ ပဿဒ္ဓိ၊ အဲဒီပဿဒ္ဓိဟာ သူ့လက္ခဏာက ဘာတုံးဆိုတော့ ဥပသမာလက္ခဏာ - ငြိမ်သက်ခြင်း လက္ခဏာရှိပါသည်တဲ့၊ ငြိမ်းအေးတဲ့ လက္ခဏာတွေပဲတဲ့၊ ပူပန်ပင်ပန်းမှုတွေ ငြိမ်းသွားတာတဲ့၊ စိတ်၏ ကြောင့်ကြမှု ပင်ပန်းမှုတွေ ငြိမ်းသွားတယ်၊ အစတုန်းက ပင်ပင်ပန်းပန်း တွေ လုပ်လာခဲ့ရတာတွေ ငြိမ်းပြီး အေးပြီးသွားတာကိုး။
ဘာနဲ့တူသလဲဆိုတော့ တောင်တက်တဲ့ ပုဂ္ဂိုလ်များလို နေကလဲ ပူပူ၊ တောင်ကလဲ မတ်စောက်နေတဲ့ တောင်ကြီးကို တစ်ခါတည်း တစ်အားခဲပြီး တက်ရတာကိုး၊ ရှေ့ကကျိုက်ထီးရိုးတောင်တို့ ဘာတို့ဆိုတာ တယ်သွားကြတယ်၊ အတော်တက်ရတယ်၊ ဘုန်းကြီးများလဲ တစ်ခေါက် သွားဖူးလို့ တက်ရတာ တယ်ပင်ပန်းတာပဲ၊ ညမို့တော်ပါသေးရဲ့၊ ဘုန်းကြီးများ သွားတာ ကတော့ ဘုန်းကြီးများ ညနေခင်းသွားတယ်၊ ဒါတောင်မှ တော်တော် ကြိုးစားရပါတယ်၊ တော်တော် ပင်ပန်းတာပဲ၊ တောင်ထိပ်ကို ၁၂-နာရီကျော်ကျော်လောက်မှ ရောက်တယ်၊ တော်တော်သွားရတယ်၊ ဒါ ညမို့ တော်သေးတာ၊ နေ့ဆိုရင် အင်မတန် ပင်ပန်းမှာပေါ့၊ သူက နေ့ဆိုတော့ တော်တော်လေး မြင့်ရင်ကို တော်တော် ပင်ပန်းတာ၊ ခပ်နိမ့်နိမ့် တောင်တွေ ဒီလိုပဲ တက်ဖူးပါတယ်၊ အင်မတန် ပင်ပန်းတယ်၊ လမ်းမှာ နားရသေးတယ်။
အဲဒီတော့ အဲဒီလို တောင်တက်တဲ့ ပုဂ္ဂိုလ်တွေဟာ ပင်ပန်းလာပြီဆိုတဲ့ အခါကျတော့ လမ်းမှာ နားစရာလေး တစ်ခု နှစ်ခုရှိတယ်၊ သစ်ပင်အောက်တို့ ဘာတို့ သစ်ပင်ဖြစ်ရင်လဲ သစ်ပင်အောက်မှာ အရိပ်ကောင်းကောင်းလေးနဲ့ တောင်စောင်းဆိုတော့ လေလေးက တယ်ကောင်းတယ်၊ အေးအေးနဲ့ အဲဒီမှာ တောင်ကမ်းပါးယံမှာ နားလိုက်တဲ့အခါကျတော့ သက်သာပြီးတော့သွားတယ်၊ ခုနက လမ်းကတက်လာမို့ ပန်းလာတာတွေ အမောအပန်းတွေ ပြေတော့ နေသာထိုင်သာ ရှိသွားတာလိုပဲ၊ ဒီဥဒယဗ္ဗယဉာဏ် ရောက်တဲ့ အခါကျတော့ တရားအားထုတ်တဲ့ပုဂ္ဂိုလ် သိပ်သက်သာသွားတာ၊ ပင်ပန်းမှုတွေ ဘာမှမရှိတော့ဘူး၊ တစ်ခါတည်း ရှေ့ကပင်ပန်းလာတာတွေ အကုန်လုံး ပျောက်ပြီး ငြိမ်းသွားတော့ အင်မတန် ကောင်းနေတာကိုး၊ ဥပသမ လက္ခဏာ ငြိမ်းအေးခြင်းဟာ သူ့လက္ခဏာ ပါပဲတဲ့၊ ပဿဒ္ဓိလက္ခဏာနော်၊ အဲဒီပဿဒ္ဓိ လက္ခဏာက အားထုတ်တဲ့ပုဂ္ဂိုလ် ကိုယ်တိုင်တွေ့ရတယ်။
ယခုဟာကတော့ ဘုန်းကြီး ပြောတာပဲရှိတယ်၊ သို့သော် ယောဂီတွေကတော့ အားထုတ်တဲ့ ပုဂ္ဂိုလ်တွေ များပါတယ်၊ တွေ့ဖူးတဲ့ ပုဂ္ဂိုလ်များပါတယ်၊ ကြောင့်ကြပူရေး ငြိမ်းအေးနေသည်တဲ့၊ ယောဂီပုဂ္ဂိုလ်မှာ ဒါအားမထုတ်ဘဲနဲ့ မတွေ့ဘူး၊ ကိုယ်သန္တာန် ဖြစ်ဖူးတာ မဟုတ်ဘဲ၊ စာတွေ့ ပြောတာ၊ ယခု စာရေးထားတဲ့ ကြောင့်ကြပူရေး ငြိမ်းအေးသည်ဆိုတာ ဘယ်သူသိမှာလဲ ကိုယ့်သန္တာန်မှာ ဖြစ်ဖူးတာမှ မဟုတ်ဘဲ၊ ကြောင့်ကြ ပူရေး ဘယ်လိုငြိမ်းတယ်ဆိုတာ ဘယ်လိုအားထုတ်တုန်း၊ ဘယ်လိုငြိမ်းတယ်ဆိုတာ ကိုယ်တိုင်တွေ့မှ ဒါလေးကလဲ စာတတ်သည်ဖြစ်စေ မတတ်သည်ဖြစ်စေ အားထုတ်လို့ရှိရင် ယောဂီ ငြိမ်းအေး တာလေး တွေ့တယ်၊ ဒါ သိပ်နေရာကျတယ်။
ဒါ ဘာမှ တရားသဘော အနေအားဖြင့် လောကုတ္တရာ တရားလဲ မဟုတ်သေးဘူး၊ ဘာမှ ကြီးကျယ်တဲ့ တရား မဟုတ်ဘူး၊ အဲဒါဟာ တရားအားထုတ်မှပဲ တွေ့တယ်၊ ဒါန သီလတွေ ပြုတဲ့အခါလဲ ဒီလို ငြိမ်းအေးတာပါပဲ၊ သို့သော် မထင်ရှားဘူး၊ တရားအားထုတ်တဲ့ အခါမှာ ဒါလေးက တွေ့ရတယ်၊ သိပ်နေရာကျတယ်၊ ကိုင်း-ဆိုရမယ်။
ကြောင့်ကြပူရေး ငြိမ်းအေးနေသည်။ (ဆို-၃)
ကြောင့်ကြစိုက်ပြီးတော့ ပူပန်တဲ့ဟာတွေဟာ ငြိမ်းအေး သွားပါတယ်တဲ့။ သူက ဥဒယဗ္ဗယဉာဏ် ရောက်ဖူးတဲ့ပုဂ္ဂိုလ်တွေကိုယ်တိုင် တွေ့ပေါ့၊ ဒါတွေဟာ ရောက်ပြီးတော့ ငြိမ်းလို့၊ ကာယပဿဒ္ဓိ ကိုယ်၏ ငြိမ်းအေးခြင်း၊ စိတ္တပဿဒ္ဓိ - စိတ်ငြိမ်းအေးခြင်း၊ စိတ်၏ငြိမ်းအေးစိတ်နဲ့ တွဲပြီးဖြစ်တဲ့ စေတသိက်နဲ့ တရားအပေါင်း ငြိမ်းတာ ကာယ ခေါ်တယ်၊ အဲဒီကာယတွေ ငြိမ်းသွားတယ်၊ အဲဒီ စိတ် နာမ်အပေါင်း ငြိမ်းအေးသဖြင့် ရုပ်ကိုယ်ကြီးလဲ အေးသွားတယ်၊ ရုပ်ကိုယ်လဲ တော်တော်ကိုအေး ငြိမ်းသွားတယ်၊ အစက ညောင်းကိုက် ပူပန်နေတာတွေ အဲဒါတွေ အကုန်လုံးပျောက်တယ်၊ ဒီမှာ ရုပ်ကိုယ်လဲ အကုန်လုံးငြိမ်းတာ။
ဒါကြောင့် ဒီမှာ စေတသိက်ပဿဒ္ဓိလို့ ဘုရားက မဟောဘဲနဲ့ ကာယပဿဒ္ဓိလို့ ဟောထားတာ၊ စေတသိက်နာမ် အပေါင်း ကာယငြိမ်းတယ် ဆိုပေမယ်လို့ စိတ်နာမ် အပေါင်းသာ မဟုတ်ဘူး၊ ရူပကာယ - ရုပ်ကိုယ်ကြီးလိုပါ ငြိမ်းအေးသွားတာ အင်မတန် ထင်ရှားပါတယ်၊ ယောဂီပုဂ္ဂိုလ်တွေ အားထုတ်တဲ့အခါမှာ အင်မတန် ထင်ရှားတယ်၊ ကိုယ်ရော စိတ်ရော အေးငြိမ်းပြီး ငြိမ်းပြီးတော့ နေတာ ယောဂီက သိပ်လဲ သဘောကျတယ်၊ ဒီငြိမ်းအေးတာ နိဗ္ဗာန် ရောက်နေတယ်လို့ အောက်မေ့တယ်၊ နိဗ္ဗာန်နဲ့လဲ တူလဲတူတယ်၊ နိဗ္ဗာန်နဲ့တော့ ဆင်လဲဆင်တယ်၊ သိပ်သာယာစရာ ကောင်းတယ်၊ ငြိမ်းအေးမှုကို ရောက်တယ်။
ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ နှစ်ခုရှိတယ်၊ အဲဒါ နှစ်ခုကို ဒီမှာတော့ ဗောဇ္ဈင် အနေအားဖြင့် ခွဲလိုက်တဲ့ အခါကျတော့ သူ့ကို တစ်ခုပဲယူတယ်၊ နို့မို့ရင် ဗောဇ္ဈင် ၈-ပါး ဖြစ်နေတယ်၊ ဗောဇ္ဈင် ၇-ပါး ရှိတာကိုး၊ သတိသမ္ဗောဇ္ဈင်ကတစ်ခု ဓမ္မဝိစသ သမ္ဗောဇ္ဈင်ကတစ်ခု ဝီရိယကလဲတစ်ခု ပီတိကလဲ တစ်ခု သူ့ကျော်ပြီးတော့ သမာဓိကတစ်ခု ဥပေက္ခာကတစ်ခု ကျန်တာ ၆-ခု ရှိတာကိုး၊ အဲ-ပဿဒ္ဓိကရော တစ်ခုပဲ ထည့်ရတယ်၊ ပဿဒ္ဓိက ကာယ ပဿဒ္ဓိ သမ္ဗောဇ္ဈင်တစ်ခု၊ စိတ္တပဿဒ္ဓိ ဗောဇ္ဈင်က ဒီလိုနှစ်ခု တွဲလိုက်ရင်ဖြင့် ဗောဇ္ဈင် ၈-ပါး ဖြစ်သွားမှာပေါ့၊ ၈-ပါး မလုပ်ရဘူး၊ ဒီမှာ ၂-ခု စလုံးပေါင်းပြီးတော့ တစ်မျိုးတည်း ယူရတယ်၊ ဗောဓိပက္ခိယတရား ၃၇-ပါး ဆိုရာမှာလဲ သူတို့ကို ၂-ခုမခွဲရဘူး၊ သူတို့ တစ်ခုပဲ ယူရတယ်။
အကယ်၍ သူ့ကို နှစ်ခုခွဲလိုက်လို့ရှိရင် ဗောဓိပက္ခိယ တရား ၃၈-ပါး ဖြစ်ကရောပဲ၊ အဲဒီလို မခွဲရဘူး၊ သူက တစ်ခုပဲ ယူရမယ်၊ အဲဒီ ပဿဒ္ဓိသမ္ဗောဇ္ဈင်က ငြိမ်းအေးခြင်းဟာ သူ့လက္ခဏာပဲတဲ့၊ ငြိမ်းအေးပြီး ငြိမ်းချမ်းနေတာ၊ စိတ်တစ်ခါတည်း ပူပန်ပင်ပန်းမှုတွေ အဲ-စိတ်ထဲက ပူပန်ပင်ပန်းမှု ငြိမ်းအေးသလို ကိုယ်ထဲမှာလဲ ပူပန် ပင်ပန်းမှုတွေ ငြိမ်းလို့ သက်သာခွင့်ရပြီး အေးနေတာကိုး၊ အားထုတ်တဲ့အခါ ကိုယ်တိုင် သိရမယ်၊ ဒီဗောဇ္ဈင်တရား အင်မတန် ကောင်းတဲ့တရား၊ နောက် သူ့ရဲ့ လက္ခဏာ၊ ပြီးတော့ သူ့ရသက ဘာရသလဲဆို ကာယစိတ္တ ဒရထနိမ္မဒ္ဓန ရသာ တဲ့။
ပဿဒ္ဓိ - ပဿဒ္ဓိသည်၊
ကာယစိတ္တ ဒရထနိဒ္ဓနရသ - ကိုယ်စိတ်တို့၏ ပူပန်ပင်ပန်းခြင်းကို နင်းနယ် ချေမှုန်းခြင်းလျှင် သူ့ကိစ္စရှိ၏တဲ့၊ ဆင်များ ဘေးရန်အန္တရာယ် နင်းပြီးသကာလ ချေမှုန်းပစ်သလို ကိုယ်မှာ ပိုးကောင်လေးတွေ ဘာလေးတွေ တက်လာလို့ရှိရင် ကလေးတွေ ဘာတွေ မစောင့်စည်းတဲ့ ပုဂ္ဂိုလ် ဆိုလို့ရှိရင်ပေါ့လေ၊ ကိုယ်ပေါ် လာကိုက်ရမလား ဆိုပြီးတော့ ငါချပစ်လိုက်တာ၊ ဒါလဲ လုပ်ကောင်းတဲ့ ဟာတော့ မဟုတ်ဘူးပေါ့လေ၊ ဒါ ဥပမာ ပြောရတာ အဲဒါလိုပဲ။
ဒီအသုံးက ဒီလို သုံးထားတယ်၊ ချေမှုန်းတဲ့ သဘော ချေဖျောက်ပစ်တယ်၊ ချေပြီးသကာလ ပစ်လိုက်တယ်၊ ကိုယ်ပင်ပန်းမှု စိတ်ပင်ပန်း မှုတွေကို ချေဖျက်ပြီးသကာလ ပစ်လိုက်တယ်တဲ့၊ ဒီတရားတွေက အစတုန်းက ကိုယ်ရော စိတ်ရောပင်ပန်းနေ၊ ကြောင့်ကြစိုက်ရလို့ နှလုံးသွင်း အားထုတ်ရလို့ ပူပန်ပင်ပန်း နေတာတွေဟာ ဒီရောက်တော့ တစ်ခါတည်း ပျောက်ပြီးသွားတာကိုး။ ငြိမ်းအေးမှုတွေ ယူပစ်လိုက်သလိုပဲ။ တစ်ခါတည်း ဖြုန်းကနဲဆို ပျောက်သွားတာကိုး။ အပူထဲကလာ အအေးထဲ ဖြုတ်ခနဲ ရောက်သွားသလို တစ်ခါတည်း ပူပန်ပင်ပန်းမှုတွေ တစ်ခါတည်း လုံးလုံးပျောက်သွားတာကိုး။
ဒါကြောင့် ကိုယ်စိတ်ပင်ပန်းမှုကို နင်းနယ်ချေမှုန်းခြင်း ပပျောက်စေခြင်းဟာ သူ့ရဲ့ကိစ္စပဲတဲ့၊ သူ့အလုပ်ပါပဲတဲ့။ သူဖြစ်လာလို့ရှိရင် ကိုယ်ပင်ပန်းမှု စိတ်ပင်ပန်း မှုတွေဟာ တစ်ခါတည်း ပျောက်ငြိမ်းသွားတယ်၊ အဲဒီကိုယ်ပင်ပန်း, စိတ်ပင်ပန်းတာတွေ ဒီနေရာ ဘယ်လို ဖြစ်သွားသလဲဆို ကြောင့်ကြစိုက်ပြီးတော့ ပူပန်ပင်ပန်းတာတွေ တရားအားထုတ်ရလို့ ကြောင့်ကြ စိုက်ပြီး ပူပန်ပင်ပန်း တာတွေ ဒါန သီလမှုတွေမှာတော့ ဒါတွေက သိပ်မထင်ရှားဘူး။ ဒါနဆိုတာက ကြောင့်ကြစိုက် လုပ်ရတာကိုး။ လုပ်နေတော့ ပူပန်ပင်ပန်းမှုတွေ မပျောက်ဘဲနဲ့ တိုးဖြစ်နေတတ်ပါတယ်။
သို့ပေမယ့် မထင်ရှားဘူး။ သူက သီလစောင့်ထိန်း ရတာလဲ ဒီလိုပဲ။ သီလသိက္ခာပုဒ်တွေ ခဲခဲယဉ်းယဉ်းတွေ မစောင့်ချင်ပေမယ့် ပေပြီးစောင့်နေရတာ သူကလဲ ပင်ပန်းသား ကိုယ်ကလုပ်ချင်တာတွေ မလုပ်ရဘူး၊ ဒါပင်ပန်းနေတာပေါ့၊ ဥပမာ - ပွဲက ကြည့်ချင်နေတယ်၊ မကြည့်ရဘူး ဆိုတော့ ကြိုက်တဲ့ လူအဖို့ ခက်တာပေါ့၊ ပင်ပန်းမှုတွေ မအေးဘူး၊ ဒါပေမယ့် ကိုယ် အကျိုးကျတော့ အေးပါတယ်။ ပွဲမကြည့်ရတဲ့အတွက် အိပ်ရေး မပျက်ဘူး။ သို့သော်လဲ သူ အောင့်ရတာတော့ သူ တယ် မသက်သာလှဘူး၊ ယခု ဘာဝနာကဖြစ်တဲ့ ပဿဒ္ဓိသမ္ဗောဇ္ဈင်ကလဲ အဲဒီ ပူပန်ပင်ပန်းမှုတွေ ငြိမ်းအေးတာ သိပ်ကို ထင်ရှား တယ်။
တရားအားထုတ်ကာစက ခုနကပြောခဲ့တဲ့ ပူပန်ကြောင့်ကြ ဗျာပါရ စိုက်ပြီးတော့ ရှုမှတ် ရတာ တွေဟာ ဒီကျတော့ ကြောင့်ကြ မစိုက်ရဘဲနဲ့ သက်သက်သာသာကလေး အမှတ်ကလေး သွားပြီး တော့ ငြိမ်းအေးနေတာကိုး၊ ကိုယ်စိတ်ကြောင့်ကြ ပင်ပန်းမှုတွေဟာ တစ်ခါတည်း ပျောက်ပြီးတော့ သွားပါတယ်တဲ့၊ အဲဒီ ပျောက်ငြိမ်းနေတာဟာ သူ့ရဲ့ အလုပ်ပါပဲတဲ့၊ ကိုင်း- ဆိုရမယ်။
ကြောင့်ကြပူခြင်း နှိမ်နင်းပယ်သည်။ (ဆို-၃)
အဲ - ကြောင့်ကြပြီးတော့ စိတ်ထဲမှာ ကြောင့်ကြ စိုက်ပြီးတော့ ပူပန်ပြီး နေတာတွေကို မင်းတို့ သွားကြရော့ ဆိုပြီးတော့ ပယ်ထုတ် လိုက်သလိုပဲ၊ တစ်ခါတည်း ချေဖျက်လိုက်သလို တစ်ခါတည်း အေးသွားတယ်။ အင်မတန် ကောင်းတယ်၊ ဒီဉာဏ် ရောက်လို့ရှိရင် ရောက်လဲ ရောက်ပါတယ်။ ကြိုးကြိုးစားစား အားထုတ်လို့ရှိရင် ဒါ ကြိုးကြိုးစားစား အားထုတ်ရင် ၃-၄ ရက်ဆိုရင် ရောက် တာပဲ။ မကြိုးစားတဲ့ပုဂ္ဂိုလ်တွေတော့ ၇-ရက် နဲ့မရောက်တာလဲ ရှိတာပဲ။ ၁၅-ရက် မရောက် တာလဲရှိတယ်၊ တစ်လတောင် တချို့မရောက်ဘူး၊ ဒါတွေလဲရှိတာပဲ ပြောလို့တော့ မဖြစ်ဘူး။ ကြိုးစားပြီး တင်းတင်းရင်းရင်းသာ အားထုတ်လို့ရှိရင် ၃-၄ ၅ ရက်ဆိုရင် ဒါရောက်ပြီးတော့ အေးငြိမ်းမှုတွေ ရပြီးတော့နေတာ၊ အင်မတန် ကောင်းတယ်။
နောက်တစ်ခုက လက္ခဏာ ရသ ပစ္စုပ္ပဋ္ဌာန် ကတော့ ဘာတုံးဆိုတော့ ကာယစိတ္တာနံ အပရိဖန္ဒ နာဘူတပီတိဘာဝ ပစ္စုပ္ပဋ္ဌာနံ။
ကာယစိတ္တာနံ - ကိုယ်စိတ်နှစ်ပါးတို့၏
အပရိဖန္ဒနဘူတာ ပီတိဘာဝ ပစ္စုပဋ္ဌာနာ - မတုန်လှုပ်ခြင်း, မတုန်လှုပ်သည် ဖြစ်၍ဖြစ်ခြင်း, ငြိမ်းအေးခြင်းလျှင် ယောဂီပုဂ္ဂိုလ်၏ ဉာဏ်၌ထင်သော အခြင်းအရာရှိ၏၊ မတုန်လှုပ်တဲ့ သဘောပဲ၊ ကိုယ်ရော, စိတ်ရောလှုပ်ရှားခြင်း မရှိဘူး၊ ငြိမ်လို့ ငြိမ်သက်ပြီးနေတယ်၊ အစတုန်းကဆိုလျှင် ဟိုသွားရဦးမလိုလို ဒီသွားရဦးမလိုလို၊ ဟိုဟာလုပ်ရဦးမလိုလို ဒီဟာလုပ်ရမလိုလို စိတ်က တယ်ငြိမ်တာ မဟုတ်ဘူး၊ အင်မတန် ထိန်းရတယ်။ ယခုတစ်ခါတည်း ငြိမ်းပြီးတော့ အဲဒီလို ဖြစ်နေတာကိုး၊ ကိုယ်ရော, စိတ်ရော ငြိမ်သက်ပြီး နေခြင်းတဲ့။
အဲဒီ ခုနက စေတသိက် ရုပ်အပေါင်းကို စေတသိက် နာမ်အပေါင်းကို ငြိမ်နေသလိုပဲ၊ ရုပ်ကြီးကလဲ ငြိမ်သက်ပြီးတော့ တစ်ခါတည်း ထိုင်လဲငြိမ်နေတာပဲ၊ လှဲနေထဲ ငြိမ်းနေတာပဲ၊ မလှုပ်ဘူး၊ သူက ကိုယ်က ငြိမ်သက်နေတာ၊ ညောင်းညာပင်ပန်းခြင်း တွေကလဲ မရှိဘဲဟာကိုး၊ ငြိမ်သက်နိုင်တာပေါ့၊ အစတုန်းက တလွန့်လွန့် တလက်လက်တွေ ဖြစ်နေတာ ငြိမ်းပြီးတော့ ကိုယ်ရော, စိတ်ရော တစ်ခါတည်း ငြိမ်သက်နေတာ၊ ပီတိဘာဝ - အေးတဲ့သဘောပဲတဲ့၊ အေးနေတဲ့ သဘောလို့ အစက ပူပန်နေတဲ့ သဘောထဲက အအေးထဲ ရောက်သွားတာ သူက ကိုယ်ရော စိတ်ရော အေးခြင်း သဘောဟာဖြင့် ယောဂုပုဂ္ဂိုလ်ဉာဏ်ဖြင့် ထင်ပါတယ်တဲ့ အေးနေတဲ့ သဘောဟာ ဒါကြောင့် ဒီဥစ္စာနိဗ္ဗာန် ထင်တာ၊ တချို့က နိဗ္ဗာန်လို့ ထင်တတ်တယ်၊ ဒီရောက်ရင် ငါ ဒီနေရာရောက်လို့ရှိရင် ငါ နိဗ္ဗာန်ရောက်နေတာပဲ ထင်တတ်တယ်။
လှုပ်ရှားမှုကင်း အေးခြင်းထင်သည်၊ လှုပ်ရှားမှုကင်းနေတဲ့ အနေအားဖြင့်လဲ ယောဂီပုဂ္ဂိုလ် ထင်ပါ တယ်တဲ့၊ အေးငြိမ်းတဲ့အနေအားဖြင့် အေးနေတဲ့ အနေအားဖြင့်လဲ ယောဂီပုဂ္ဂိုလ်မှာ ထင်ပါတယ်တဲ့၊ ကိုင်း ဆိုရမယ်။
လှုပ်ရှားမှုကင်း အေးခြင်းထင်သည်။ (ဆို-၃)
အဲ လှုပ်ရှားမှုကင်းတဲ့ အနေအားဖြင့်လဲ ထင်တယ်၊ ဒါက ပစ္စုပ္ပဋ္ဌာန်တစ်ခု၊ အေးတဲ့ အနေ အားဖြင့်လဲ ထင်တယ်၊ ပီတိဘာဝကို အေးပြီးတော့ ကိုယ်ထဲမှာ တစ်ခါတည်း အေးပြီးနေတဲ့ နေရာလေး ဒီလိုလဲပဲ ထင်တယ်၊ ဒါကြောင့် သူက နိဗ္ဗာန်လို့ထင်ရတယ်၊ အဲဒါဟာ ပဿဒ္ဓိသမ္ဗောဇ္ဈင် ပဲလို့၊ ပဿဒ္ဓိသမ္ဗောဇ္ဈင် သိလို့ရှိရင် ဒီတိုင်းသိရမယ်၊ လက္ခဏာအားဖြင့် ကြောင့်ကြပူရေး ငြိမ်းအေးစေသည့် လက္ခဏာ ရသ အားဖြင့် ကြောင့်ကြပူခြင်း နှိမ်နင်းပယ်ပျက်သည့် လက္ခဏာ ကြောင့်ကြအပူတွေ ယူပစ်လိုက်သလို ပယ်ဖျောက်တတ်တဲ့ တရားပဲ၊ ဟော ပစ္စုပ္ပဋ္ဌာန်အားဖြင့် ဆိုရင်ဖြင့် လှုပ်ရှားမှု ကင်းနေတယ်။
ကိုယ်ရောစိတ်ရော လှုပ်ရှားမှု မရှိဘဲနဲ့ ငြိမ်သက်နေတယ်၊ အပူအပန်တွေ မရှိဘဲနဲ့ အေးနေတဲ့ သဘော အဲဒီလိုအနေ အားဖြင့် ယောဂီပုဂ္ဂိုလ်ဉာဏ်အားဖြင့် ထင်ရှားပါတယ်၊ ဒီလိုသိရပါတယ်၊ အဲဒါကြောင့် ပဿဒ္ဓိ မှတ်သိသမ္ဗောဇ္ဈင် မည်တဲ့။ နောက်ဆုံးက နိဂုံးချုပ်ကလေး ဆိုရမယ်၊
ပဿဒ္ဓိ မှတ်သိ သမ္ဗောဇ္ဈင်တည်း၊ ပဿဒ္ဓိမ္ဗောဇ္ဈင် မည်ပါတယ်တဲ့၊ ယောဂီပုဂ္ဂိုလ် ပဿဒ္ဓိဗောဇ္ဈင် မည်တယ်လို့ မှတ်ပါတယ်တဲ့၊ ဒီလိုဆိုပါတယ်၊ အဲဒီ ပဿဒ္ဓိဗောဇ္ဈင် ပြီးသွားပြီ။ ပဿဒ္ဓိဗောဇ္ဈင် ပြီးသွားတော့-
အသန္တံ ဝါ အဇ္ဈတ္တံ ပဿဒ္ဓိ သမ္ဗောဇ္ဈင်္ဂံ နတ္ထိမေ အဇ္ဈတ္တံ ပဿဒ္ဓိ မေ ဗောဇ္ဈင်င်္ဂေါတိ ပဇာနာတိ။
အဇ္ဈတ္တံ - ကိုယ်တွင်းသန္တာန်၌၊
အသန္တံ - ထင်ရှားမရှိသော၊
ပဿဒ္ဓိ သမ္ဗောဇ္ဈင်္ဂံ ဝါ- ပဿဒ္ဓိသမ္ဗောဇ္ဈင်ကိုလည်း၊
မေ - ငါ၏၊
သန္တံ - ကိုယ်တွင်းသန္တာန်၌၊
ပဿဒ္ဓိသမ္ဗောဇ္ဈင်္ဂေါ - ပဿဒ္ဓိသမ္ဗောဇ္ဈင်သည်၊
နတ္ထိ - မရှိ၊
ဣတိ - ဤသို့၊
ပဇာနာတိ - သိ၏။
ငြိမ်းအေးမှု ပဿဒ္ဓိသမ္ဗောဇ္ဈင် မရှိရင်လဲ မရှိမှန်းသိတယ်၊ အားထုတ်ခါစ ပုဂ္ဂိုလ်ကတော့ မရှိနေတာပါပဲ၊ အဲဒီ ဥဒယဗ္ဗယဉာဏ် ရောက်တဲ့အခါ ကျတော့ ရှိနေတာပဲ၊ ရှိတဲ့ကာလကြတော့ တချို့ပုဂ္ဂိုလ်က ဒါပဲ သဘောကျနေတော့တာပဲ၊ နိဗ္ဗာန်ရောက်နေတယ်လို့ အောက်မေ့နေတယ် သဘောကျပြီး ဒါဆိုရင် တရားမတက်တော့ဘူး၊ ဒီတော့ ကမ္မဋ္ဌာန်းဆရာတွေက တယ် တိုက်တွန်း ရတယ်၊ ဒါလေး အမှတ်ခိုင်းရတယ်၊ ငြိမ်းရင်လဲငြိမ်းတယ်၊ အေးရင်လဲအေးတယ်၊ အဲဒါလေး မှတ်ရတယ်၊ ရပ် နေလို့မဖြစ်ဘူး၊ အဲဒါလေးကို ကောင်းနေတဲ့ သဘောလေးကို မှတ်ရတယ်၊ မှတ်ပါများတော့ သူက ပျောက်သွားတယ်။
ပျောက်သွားလို့ ဝမ်းနည်းစရာတော့ မကောင်းပါဘူး၊ သူ ပျောက်သွားတာနဲ့ ရှေ့ကို တိုးတက်ပြီး ကောင်းလာတာပဲ၊ ငြိမ်းအေးမှုကလေး ကင်းသွားတဲ့အခါ ရှုမှတ်လို့ ပျောက်သွားတဲ့ အခါလဲ ပျောက်သွားတယ်၊ ပျောက်တာသိပါတယ် သိပါတယ်၊ ယောဂီတွေက ပြောတာတော့ အရင် တစ်နေ့က ဟာတွေ ရှိသေးသလား မရှိဘူးလား၊ မရှိဘူး၊ သူ့ဟာသူ ပျောက်လာတယ်၊ ဟိုဟာတွေ ပျောက်ကုန်ပြီ မရှိဘူး၊ သူတို့ကပြောတာ၊ မရှိရင်လဲ မရှိမှန်း သိတာပဲ၊ ရှိရင်ရှိမှန်းသိတယ်၊ ကိုယ့်သန္တာန်မှာ ဖြစ်နေတာပဲ၊ အဲဒါ သိပါတယ်။
ယထာစ - အကြင်အကြောင်းကြောင့်လဲ၊
အနုပ္ပန္နဿ - မဖြစ်ပေါ်သေးသော၊
ပဿဒ္ဓိသမ္ဗောဇ္ဈင်္ဂဿ - ပဿဒ္ဓိသမ္ဗောဇ္ဈင်၏၊
ဥပ္ပာဒေါ - ဖြစ်ပေါ်လာခြင်းသည်၊
ဟောတိ - ဖြစ်၏၊
တဉ္စ - ထိုအကြောင်းကိုလည်း၊
ပဇာနာတိ - သိ၏။
ပဿဒ္ဓိ - မဖြစ်ပေါ်သေးတဲ့ ပဿဒ္ဓိ - အသစ်ဖြစ်လာရင် ဘာကြောင့်ဖြစ်တယ်ဆိုတဲ့ အကြောင်းလေး ရှိရတယ်၊ အဲဒီ အကြောင်းလေးကိုလဲ သိပါစေ၊ ဒီအကြောင်းလေးက ဘာတုန်းလို့ မြတ်စွာဘုရားက ယောနိသော မနသိကာရ ပါပဲတဲ့၊ ပဿဒ္ဓိ သမ္ဗောဇ္ဈင် ဖြစ်ခြင်း၏ အကြောင်းက ကာယပဿဒ္ဓိ, စိတ္တပဿဒ္ဓိ ဆိုတာ ရှိတယ်၊ အဲဒီ ပဿဒ္ဓိတွေဖြစ်ဖို့ရန်အတွက် ယောနိသော မနသိကာရ ရှိတယ်တဲ့၊ ပဿဒ္ဓိဖြစ်အောင်လို့ နှလုံးသွင်းတယ်ဆိုတဲ့ ယောနိသော မနသိကာရ၊ ပဿဒ္ဓိဖြစ်လောက်အောင်လို့ ရှုမှတ်တဲ့ ဝိပဿနာ ယောနိသော မနသိကာရ စိတ်အကြောင်း ပြုပြီးတော့ ဖြစ်တာပဲတဲ့၊ အဲဒါကတော့ လိုရင်းပါပဲ။
ဒါပေမယ့်လဲ အဋ္ဌကထာဆရာ ကတော့ကို ပဿဒ္ဓိသမ္ဗောဇ္ဈင်ဖြစ်ခြင်း အကြောင်း ၇-ပါး ထုတ်ပြ ထားတယ်၊ အဲဒီ ၇- ပါးထဲက ဆောင်ပုဒ်ကလေး ဒီမှာရေးထားတယ်၊ ပဿဒ္ဓိဖြစ်ခြင်း အကြောင်း ၇-ပါး မ္ဗောဇ္ဈင်ဥတု နေထိုင်မှု မှီပြု သင့်မြတ်ရာ တဲ့။
ဗောဇ္ဈင်ရယ်, ဥတုရယ်, နေထိုင်မှုရယ်၊ အဲဒါ ၃-ခုပေါ့လေ၊ သင့်မြတ်ရာကို မှီရမယ်တဲ့။
ပဏီတတောဇနသေဝိတာ - မွန်မြတ်သော ဗောဇ္ဈင်ကို သုံးဆောင်ရမယ်တဲ့၊ ဒါ တယ်နေရာ ကျတယ်၊ပဿဒ္ဓိသမ္ဗောဇ္ဈင် ဖြစ်ချင်လို့ ရှိရင် အစားကို ကောင်းကောင်း စားပေးရတယ်၊ ဟန်ကျတဲ့ဥစ္စာပဲ၊ ကောင်းကောင်း မစားရင် ဖြစ်မှာတော့ မဟုတ်ဘူး၊ တရားလဲ အားထုတ်ဦးမှဖြစ်မှာ ကောင်းကောင်းလဲ စားချင်သေး၊ အိပ်နေလို့ဘာမှ ဖြစ်မှာမဟုတ်ဘူး၊ အားလဲထုတ်ဦးမှ ဖြစ်မှာ ပဏီတဘောဇန - မွန်မြတ်တဲ့ ဘောဇဉ်ကို မှီဝဲသုံးဆောင်လို့ရှိရင် ကောင်းတဲ့ အစာအာဟာရ လေးတွေစား၊ ကိုယ်နဲ့ သင့်မြတ်တဲ့ အစာအာဟာရလေးတွေ စားနေရမယ်ဆိုလျှင် သင့်မြတ်တဲ့ အစာအာဟာရ စားမယ်ဆိုပြီး ဗောဇ္ဈင်တွေဖြစ်ပြီးတော့ တရားထူး ရဖူးတာကတော့ မာတိကာ ဒါယိကာမကြီး ဝတ္ထုဖြင့် အတော် ထင်ရှားပါတယ်၊ အဲဒါပဲ ကြားဖူးနေကျ ဖြစ်မှာပါပဲ၊ ဘုန်းကြီးလဲ ဟောဖူးတာတွေ တော်တော် များနေပါပြီ၊ ဒါပေမယ်လို့ ဒီနေရာမှာ သာဓကအဖြစ်နဲ့ ထုတ်ပြီး ပြရမှာပေါ့၊ ထုတ်ပြဖို့ရာ လိုနေပါတယ်၊ မကြားဖူးတဲ့ ပုဂ္ဂိုလ်တွေလဲ မှတ်ရတာပေါ့၊ မာတိကာ ဒါယိကာမကြီးဝတ္ထု သို့သော်လဲ ဆောင်ပုဒ်ကလေးက အရင်ဆုံး ဆိုဦးမှဖြစ်မှာ၊ ဘောဇဉ်ဥတု နေထိုင်မှု မှီပြုသင့်မြတ်ရာတဲ့၊ ၃-ခု၊ ကဲ-ဆိုရမယ်။
ဘောဇဉ် ဥတု နေထိုင်မှု မှီပြုသင့်မြတ်ရာ။ (ဆို-၃)
အဲ - ဘောဇဉ်၊ သင့်မြတ်တဲ့ ဘောဇဉ် ကောင်းမြတ်တဲ့ ဘောဇဉ် မှီဝဲရမယ်၊ ဥတု အအေးအပူမှာပဲ ကိုယ်နဲ့သင့်လျော်တဲ့ ဥတုကို မှီဝဲရမယ်၊ နေထိုင်မှုတဲ့၊ ဣရိယာပုထ်၊ သင့်လျော်တဲ့ ဣရိယာပုထ်နဲ့ နေထိုင်ရမယ်၊ ဒီလိုဆိုတာပါပဲ၊ ကိုယ်က ထိုင်နေတာဖြစ်ရင် ထိုင်ရမယ်၊ စင်္ကြံသွားနေတာဖြစ်ရင် စင်္ကြံသွားရမယ်၊ သင့်လျော်အောင် စင်္ကြံသွားရမယ်၊ ထိုင်ချင်ထိုင် သွားချင်သွားပေါ့၊ လှဲအိပ် နေလို့ရှိရင်လဲ ခဏတဖြုတ် လှဲအိပ် ဒီလိုလုပ်မှပေါ့၊ ထိုင်ရာမှာလဲ တင်ပျဉ်ခွေ ထိုင်နေရင် တင်ပျဉ်ခွေ ထိုင်ရမှာပေါ့၊ ခြေထောက်ဆင်းထိုင်လို့ တော်ရင်လဲ ခြေထောက် ဆင်းထိုင်ရမယ်၊ ကိုယ်သဘော ကျသလို ထိုင်ရမယ်၊ တစ်ချို့ပုဂ္ဂိုလ်က ဒူးကွေးလို့ မရဘူး၊ ဒူးကွေးလို့ မရတဲ့ဥစ္စာ ကွေးထိုင်ရမယ်ရင်၊ ဘယ်ဖြစ်လိမ့်မလဲ၊ ဆန့်ထိုင်လို့ဖြစ်ရင် ဆန့်ထိုင်ရမှာပဲ၊ ပုံတော်သလို သင့်လျော်တဲ့ ဣရိယာပုထ်နဲ့ နေရမယ်၊ သင့်လျော်တဲ့ ဣရိယာပုထ်နဲ့ နေမှ ကိုယ်စိတ်ချမ်းသာပြီးတော့ ဒီပဿဒ္ဓိက ဖြစ်မှာ။
မသင့်လျော်တဲ့ ဣရိယာပုထ်နဲ့ နေလို့ရှိလျှင် လက်တွေဘာတွေ ကောက်ကွေး နာကျင်ပြီးတော့ ဒီဟာလိုက ကိုယ်ပင်ပန်း စိတ်ပင်ပန်းတွေ ဖြစ်နေတာပဲ၊ ပဿဒ္ဓိ ဘယ်ဖြစ်နိုင်မလဲ။ ဘောဇဉ်ဥတု နေထိုင်မှု မှီမှုသင့်မြတ်ရာ။
အဲဒါ အမှီပြုရမှာ ဒါတွေကတော့ သိပ်မနက်နဲပါဘူး၊ လွယ်လွယ်ကလေးပါပဲ၊ ဒါပေမယ့် ခုနက ဘောဇဉ် သင့်လျော်တဲ့ ဘောဇဉ် မှီဝဲရတဲ့အတွက် တရားထူး ရသွားကြတယ်ဆိုတဲ့ အတ္ထုပ္ပုတ္တိကတော့ ခုနက ပြောခဲ့တဲ့ မာတိကာ ဒါယိကာမကြီး ဝတ္ထု၊ သူက မှတ်သားစရာလဲကောင်း ကြည်ညိုစရာလဲ ကောင်းပါတယ်၊ အတုယူစရာလဲ ကောင်းပါတယ်၊ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ အားတက်စရာ ကောင်းရဲ့၊ သူက တယ် နေရာကျတယ်၊ မြတ်စွာဘုရားလက်ထက် အခါကာလက ရဟန်း ၆ကျိပ် ခြောက်ဆယ်ပေါ့လေ၊ ဝါဆိုဦးဆိုတော့ မြတ်စွာဘုရားဆီက ကမ္မဋ္ဌာန်း ယူပြီးတော့ သင့်လျော်ရာ ဌာနမှာ ဝါဆိုပြီး တရားအား ထုတ်ကြတယ်၊ ရှေးတုန်းက ဒီလိုအားထုတ်ကြတာပဲ။
ဘုရားလက်ထက် တုန်းကလဲ များသောအားဖြင့် တရား အားထုတ်ကြတာပဲ၊ သာသနာဘောင် ဝင်လာကတည်းက အားထုတ်ဖို့ဝင်လာကြတာပဲ။ အခု အဲဒီက စည်းစနစ်ကို ယူပြီးတော့ သင်္ကန်းဝတ်တဲ့ အခါကာလ ဘာပြောသလဲ ဆိုရင် သကလ ဝဋ္ဋ ဒုက္ခ နိဿရဏ နိဗ္ဗာနဿ သစ္ဆိကရဏတ္ထာယဆိုတာ ဆိုရတာပဲ၊ အဲဒါ တကယ့် စိတ်ပါလက်ပါ အလုပ်လုပ်ဖို့၊ ဒါက သတိ ရအောင်လို့ ဆိုပေးရတာ၊ ခုတော့ ဘာရယ် မဟုတ်ပါဘူး၊ ဒါတွေ ဆိုရမယ်ဆိုပြီး ဆိုကြတာပဲ၊ စိတ်က ဟုတ်ချင်မှဟုတ်မယ်၊ အလုံးစုံသော သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက် ပါရခြင်းအကျိုးငှာ ရှင်သာမဏေပြုပေးပါ၊ ဒီလို တောင်းပန်ရတာကိုး၊ ဒါနဲ့ ဝဋ်ဆင်းရဲမှ လွတ်မြောက်၍ နိဗ္ဗာန် မျက်မှောက်ပြုဖို့ရာအတွက် သာမဏေပြုပေးပါတဲ့၊ စိတ်ပါလက်ပါနဲ့ တကယ်တောင်းပန်ပြီးတော့ တကယ် သင်္ကန်းဝတ်တဲ့ အခါကျတော့လဲ တကယ် ကျင့်ရမှာကိုး။
တောင်းပန်တုန်းက တောင်းပန်ပြီး ပြီးတော့လဲ ပြီးပြီးသား ပြီးပြီးပျောက်ပျောက် တော့လဲ နေရာမကျဘူး၊ တကယ် တောင်းပန်ပြီးတော့ တကယ် သင်္ကန်းဝတ်ပြီး တကယ်ကျင့်ရတယ်၊ သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ဖို့ရာ သီလ - သိက္ခာပုဒ်တွေ ဘုရားပညတ်တော် မူတဲ့အတိုင်း မကျိုးမလွန်အောင် စင်ကြယ်အောင် ကျင့်ရမယ်၊ သမာဓိဘာဝနာတွေ တတ်နိုင်သလောက် ပွားများ အားထုတ်ရမယ်၊ ကြိုးစားရမယ်၊ ပညာဘာဝနာ ဝိပဿနာ ဘာဝနာတွေ တရားတွေကို အားထုတ်ရမယ်၊ ကြိုးစားပြီး ဖြည့်ကျင့် အားထုတ်ရမယ်၊ ဒီလိုလုပ်ရမှာကိုး၊ ပေါ့ပေါ့ဆဆ နေရမှာ မဟုတ်ဘူး။
ဘုရားလက်ထက်ကတော့ အဲဒီလိုစိတ်တွေနဲ့ အစကတည်းက လာကြတာကိုး၊ မြတ်စွာဘုရား တရားဟောလိုက်တယ် ဆိုရင်ဖြင့် ဘဝဘဝတွေကလဲ ပါရမီရှိတဲ့ ပုဂ္ဂိုလ်တွေဆိုတော့ စဉ်းစားဉာဏ်လေးတွေ သံဝေဂတွေ ဖြစ်ကြတယ်၊ စောစောတည်းက အပြစ်မြင်ကြတဲ့ သံသရာ လောကရဲ့ အပြစ်သံသရာလောကမှာ နေရတာ ဘာအကျိုးရှိသလဲ၊ နည်းနည်းပါးပါး စဉ်းစား ထားကြတယ်၊ တစ်ချို့က စောစောက မစဉ်းစားပေမယ့် တရားဟောတဲ့အခါကျ စဉ်းစားကြည့်၊ ဘာရသလဲ၊ တို့အသက် ဒီ အရွယ်ရောက်အောင် ဘာတွေရလာလဲ၊ ဘာတွေခံစားရသလဲ ဘာတွေက ကောင်းသလဲ စဉ်းစားမှာပေါ့၊ ငယ်ငယ်ပုဂ္ဂိုလ်တွေကတော့ ငယ်သေးလို့ မသိသေးဘူး၊ ကြီးရင် ကောင်းဦးမယ်လို့ အောက်မေ့နေကြတယ်။
ဒီလိုအရွယ်တွေ အများကြီးရှိတာပဲ၊ ကြီးတဲ့ပုဂ္ဂိုလ်တွေက စဉ်းစားကြည့်မှ ကြီးတဲ့ပုဂ္ဂိုလ်တွေက စဉ်းစားကြည့်တယ်၊ ဒီအသက် ဒီအရွယ်ရှိအောင်လဲ ဘာတွေများ ရလာသလဲ၊ ဘာတွေခံစားလို့ ဘာတွေများ အားကိုးစရာ ဘာတွေရှိနေသလဲ၊ ဘာမှမရှိဘူး၊ ပြီးပြီးပျောက်ပျောက်တွေပဲ။
မနေ့က စားခဲ့သောက်ခဲ့လို့ အရသာ ကောင်းတာတွေ ဒီနေ့ စဉ်းစားကြည့်၊ ဘာမှမရှိဘူး၊ မနက်က နေထိုင်ကောင်းခဲ့တာ ညကအိပ်လို့ကောင်းခဲ့တာ ဘာမှမရှိတော့ဘူး၊ ပြန်စဉ်းစားရင် အကုန်လုံး ကုန်နေပြီ၊ အရင့်အရင် နေ့တွေကဟာတွေဆိုတော့ ပြောစရာမရှိဘူး၊ ကုန်နေပြီ၊ နောက်နေ့တွေ ကျတော့လဲ ဒီလိုနေမှာပဲ၊ ရှေ့ကတော့လဲ ဒီလိုပဲ၊ ဘာမှ အနှစ်အသား မကျန်တော့ဘဲနဲ့ ဘာမှကျန်မှာ မဟုတ်ဘူး၊ ဒီလို - ဒီလိုနဲ့ ကုန်မှာပဲ။
အဆင်မသင့်တဲ့အခါ မကျန်းမမာ လာဖြစ်ရသေးတယ်၊ ရောဂါဝေဒနာတွေ တွေ့တယ် တော်ကြာ တော့ အိုးကြီးအိုလာတဲ့ အခါကျတော့ အိုမင်းတဲ့ဒုက္ခတွေနဲ့ တွေ့ရတယ်၊ တော်ကြာ တစ်နေ့ကြလို့ ရှိရင်ဖြင့်တော့ ချစ်ခင်ပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေနဲ့ အတူမနေရဘဲနဲ့ သူကကွဲသွားပြန်တော့ သူဟာသေပြီးတာ ကိစ္စမရှိဘူး၊ သေပြီးတော့ ဘယ်သွားရမှန်း မသိဘူး၊ အဲဒါကအရေးကြီးတယ်၊ သေပြီးရင် အပယ်လေးပါး သွားရင် ခက်ရတော့မယ်၊ အဲဒါအရေးကြီးပါတယ်။
အဲဒီလို သံသရာထဲမှာ ဖြစ်နေတဲ့ဟာတွေ ဘာမှ အနှစ်အသား မရှိဘူး။ ဟိုဒင်းနဲ့ တူနေတယ်၊ ကူလီလုပ်ရသလို၊ ကူလီလုပ်ရတဲ့ ပုဂ္ဂိုလ်ဟာ ပင်ပင်ပန်းပန်း လုပ်ကိုင်ပြီး ဆိုရင်တော့ စားဖို့သောက်ဖို့လေး နေ့တွက်ကလေး ရတာပေါ့၊ တနေ့လုပ် တစ်နေ့စာလေး ရတယ်၊ လုပ်တဲ့အတွက် အဲဒါလေးကို အိမ်ပြန်ပြီးတော့ ချက်ပြုတ်ပြီး စားရမယ်၊ နေစရာ ထိုင်စရာလေး အသင့် အတင့်ရှိရမယ်၊ ဒါလဲနေထိုင်ဖြစ်ရုံ လောက်ကလေးပဲ၊ ဒါလဲပဲ ဖြစ်အောင်လို့ ကြည့်ပြီး နေရတော့တာပေါ့လေ၊ နေဖြစ်ရုံကလေးပဲ၊ ဒီထဲကနေပြီးတော့ နေမဖြစ်လောက်တဲ့ ဒုက္ခတွေ တွေ့တော့ ပုံတော်သလို ကြိတ်မှိတ်ပြီး ခံရတာပဲ။
အဲဒါလိုပဲ သံသရာထဲမှာ ဖြစ်နေရတဲ့ သတ္တဝါတွေဟာ ခုလို အကျိုးပေးလို့ ကံကောင်းတဲ့ အခါမှာဖြင့် ပစ္စည်းဥစ္စာ ကလေးတွေနဲ့ အဆင့်အတန်းနဲ့ တင့်တင့် တယ်တယ်လေး ဖြစ်ပြီး နေသာထိုင်သာ လေးတော့ ရှိပါမှ၊ ဒီထဲက မကျန်းမမာ ရောဂါ ဝေဒနာတွေလဲ ရှိတာပေါ့၊ ကံမကောင်း အကြောင်း မလှတဲ့ အခါကျတော့ အပါယ်လေးပါးသို့ကျ၊ ဒုက္ခရောက်ရတယ်၊ အပါယ် လေးပါးတွင် မပြောနဲ့ လူ့ပြည်လောကတွင် ဒုက္ခရောက်တာတွေ အများကြီးပဲ။
တစ်ချို့များ ဒုက္ခတွေ သိပ်ရောက်နေတာ၊ သနားစရာ ကောင်းတယ်၊ ဘာမှကို စိတ်အေးချမ်းသာမှု မရှိရဘူး၊ဒါကြောင့် တစ်ချို့လဲ စိတ်ညစ်ပြီး သေချင်လဲသေရော့ ဆိုပြီး သေအောင်လို့ သေကြောင်း ကြံတဲ့ ပုဂ္ဂိုလ်တွေလဲ ရှိတာပဲ၊ သံသရာထဲဖြစ်ပြီး နေရတာဟာ ဘာမှ အနှစ်အသား မရှိဘူး၊ ဆင်းရဲတွေနဲ့ တွေ့နေရတာပဲ၊ ဒီလိုဖြစ်လိုက် ဒီလို နေလိုက်ထိုင်လိုက်၊ ဒီလိုသေလိုက်၊ ဟိုဘဝ သွားလိုက် ဒီဘဝသွားလိုက်နဲ့ ဒီလိုနဲ့တော့ နေရာမကျဘူး။
မအိုမနာ မသေဘဲ ဆင်းရဲခပ်သိမ်းငြိမ်းတဲ့ တရားတော့ ရှာဖို့ရန် သင့်ပြီလိုလို သဘော ပေါက်ကြတာကိုး၊မြတ်စွာဘုရား ဟောတော့ ပိုသဘောပေါက်တာကိုး၊ သံသရာ ဝဋ်ဆင်းရဲက ထွက်မြောက်အောင် မြတ်စွာဘုရား သွန်သင် ဆုံးမတဲ့အတိုင်း တရားကို အားထုတ်ကျင့်ရင်တော့ ဖြစ်မှာပဲဟု ယုံကြည်ပြီးတော့ ကျင့်တာ သဒ္ဓါတရား ခေါ်တယ်၊ သဒ္ဓါပဗ္ဗဇ္ဇိတ - ရဟန်းပြုပြီး တော့ တရားအားထုတ်ကြတာပဲ၊ မဖြစ်မနေ အားထုတ်ကြတာ၊ ကုသိုလ်ရရုံလေး မဟုတ်ဘူး၊ နောင်အခါ ကျတော့ မဂ်ဖိုလ်နိဗ္ဗာန် ရအောင် ပါရမီဖြစ်ဖို့ရာ ဒီလို မဟုတ်ဘူး၊ တစ်ကယ့်ကို ခုလက်ငင်းကို မဂ်ဖိုလ်နိဗ္ဗာန် ရအောင် အားထုတ်တာ။
ဒါကြောင့် အဲဒီရဟန်း ၆၀က စိတ်တူသဘောတူ တိုင်ပင်ပြီးတော့ သင့်လျော်တဲ့ ဌာနလိုက်ရှာတော့ ကောသလတိုင်းထဲက ရွာကြီးတစ်ရွာ ရှိတယ်၊ တောက တောင်ပိုင်း နည်းနည်းကျပုံ ပေါ်ပါရဲ့၊ အဲဒီရွာကြီးတစ်ရွာမှာ အကြီးအကဲဖြစ်တဲ့ ပုဂ္ဂိုလ်က မာတိက၊ သူ့ရဲ့အမေကလဲ မာတိကာလို့ ခေါ်တယ်၊ မာတိကာရွာကြီးတဲ့၊ အကြီးအကဲဖြစ်တဲ့ ပုဂ္ဂိုလ်၏ အမေကလဲ မာတိကာဆိုတဲ့ ဒါယိကာမကြီး ရှိတာကိုး၊ အဲဒီမှာ ရောက်သွားတော့ မာတိကာ ဒါယိကာမကြီးက သဒ္ဓါတရား ကောင်းကောင်းနဲ့ ရဟန်းတော်တွေကို ဆွမ်းတွေဘာတွေ ကပ်ပြီးတော့ ဘယ်ကြွကြမလဲလို့ မေးတော့ သူတို့ ဒီလိုပါပဲတဲ့၊ သင့်လျော်တဲ့ နေရာ လိုက်ကြည့်တာပါပဲ။
အဲဒီတော့ ဒါယိကာမကြီးက ဝါဆိုဖို့ရာ နေရာ ရှာနေကြတာပဲလို့ သိတဲ့အတွက် သီတင်းသုံးကြပါ ဘုရား၊ ဒီမှာ သီတင်းသုံးကြပါဘုရား၊ တည့်တော်တို့လဲ ကုသိုလ်ရပါတယ်၊ ဥပုသ်သီတင်းလဲ ဆောက်တည်ရမယ်၊ တရားလဲ နာရမယ်၊ဒီမှာ သီတင်းသုံးကြပါ၊ တပည့်တော်တို့ နေရာ ထိုင်ခင်းနဲ့ ပြင်ဆင်ပေးပါ့မယ် ဆိုပြီးတော့ အဲဒီမှာ ကျောင်း အဆောက်အအုံလေးတွေ နေခင်းထိုင်ခင်း ဖြစ်အောင် တော်ရုံသင့်ရုံ ထန်းရွက်မိုး ကျောင်းလေးတွေ နေမှာပေါ့။ အဲဒီမှာ ဆောက်ပေးတော့ ရဟန်းတော်တွေလဲ သဘောကျတာနဲ့ နေနေကြတယ်၊ ဝါတွင်းဝါကပ် နေကြတယ်။
ဝါကပ်တဲ့အခါ မထေရ်ကြီးကနေပြီး သြဝါဒ ပေးလိုက်တယ်တဲ့။ ဘယ့်နဲ့ပေးတုန်း ဆိုတော့ ငါရှင်တို့၊ ငါတို့က မြတ်စွာဘုရားထံက ကမ္မဋ္ဌာန်း ယူလာကြတယ်၊ သာမန်ပုဂ္ဂိုလ်တွေ မဟုတ်ဘူး၊ မြတ်စွာဘုရားထံက ယူလာကြတာ၊ ဘုရားထံက မဂ်ဖိုလ်နိဗ္ဗာန် ရောက်ကြောင်း တရားတွေ ဟောပါဆိုလို့ ဘုရားက အားထုတ်လိမ့်မယ် ယုံကြည်ပြီးတော့ ကမ္မဋ္ဌာန်းတွေဘာတွေ ပေးလိုက် တယ်၊ အားထုတ်ကြလေလို့ ဟောထားတယ်၊ အဲ-ယူလာတဲ့ ကမ္မဋ္ဌာန်း မေ့မေ့လျော့လျော့ နေလို့ မဖြစ်ဘူး၊ မြတ်စွာဘုရားက မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေလို့တော့ အားရမှာ မဟုတ်ဘူး၊ ဘုရားကျေနပ်အောင် တရားအားထုတ်မှ၊ လောကတော့ ဆရာသမားတွေ ဆိုတာက ဒီပြင်နည်းနဲ့ ကျေနပ်အောင် လုပ်လို့ ရပါတယ်၊ လှူစရာ တန်းစရာလေး လှူလိုက်ရင် သဘော ကျချင် ကျနေတာပဲ၊ ခုတော့လွယ်ပါတယ်၊ ဘုရားက ဒီလိုလုပ်လို့ မရဘူး၊ ဘုရားက သင်္ကန်း သပိတ်တွေ သွားလှူလို့ ကျေနပ်မှာမဟုတ်ဘူး၊ အဲဒီတော့ တရားအားထုတ်မှပဲ၊ သူ့သာသနာထဲနေရင် တရားအားထုတ်ရမယ်၊ မဂ်ဖိုလ်ရမယ်၊ တရားအားထုတ် ကျင့်ကြံလို့ မဂ်ဖိုလ်ရရင် အဲဒါ သဘောကျတာပဲ။
ငါတို့ အပါယ်လေးပါး ဆိုတာလဲ မေ့မေ့လျော့လျော့ နေတဲ့ ပုထုဇဉ်ပုဂ္ဂိုလ် တွေမှာတော့ တံခါးက ပွင့်နေတယ်၊ အပါယ် လေးပါးဟာ မိမိတို့ နေအိမ်ကြီးများနဲ့ တူတယ်၊ နေအိမ်ဆိုတာ အမြဲနေရတာပဲ၊ သူများအိမ်ကို အကြောင်း ရှိရင်တော့ တစ်ခါ တစ်ခါ သွားရတာပေါ့၊ ပြီးတော့ ကိုယ့်အိမ် ပြန်လာရတာပဲ၊ ပုထုဇဉ် မေ့လျော့နေတဲ့ ပုထုဇဉ်မှာတော့ အမြဲနေရတာက ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသူရကာယ် အပါယ်လေးဘုံပဲ၊ အဲဒီမှာ အမြဲနေရတယ်၊ လူ့ပြည်တို့ နတ်ပြည်တို့က ခဏတဖြုတ် အလည် လာတာပေါ့လေ၊ တော်တော်ကြာ ပြန်သွား၊ ဟုတ်တယ်၊ မေ့လျော့တဲ့ပုဂ္ဂိုလ် အဲဒါ မပြောနဲ့တော့။
ခု လောကတွင်တောင်မှ ရာဇဝတ်မှု ကျူးလွန်တဲ့ပုဂ္ဂိုလ်တွေ ရှိတယ်၊ ထောင်ထဲကနေပြီး တော်ကြာ ထွက်လာလိုက်၊ တော်ကြာ ပြန်ကျူးလွန်လိုက် အင်မတန် အံ့သြစရာကောင်းတယ်၊ ဗုဒ္ဓဘာသာ နိုင်ငံတော် ဘာသာပြုလို့ အောင်မြင်ရေးနဲ့ စပ်ပြီးတော့ သူတို့ လွှတ်လိုက်ပါရော၊ အပြင်ဘက် ရောက်တော့ ရာဇဝတ်မှု ကျူးလွန်၊ ပြန်ရောက်တော့ သာမှမကြာဘူး၊ သူတို့က အဲဒီက နေအိမ်ဖြစ်နေတာကိုး၊ သူတို့နေအိမ်ဖြစ်နေတာ။
ပမတ္တဿ - မေ့လျော့တယ် ဆိုတာ သူတို့မှမဟုတ်တာ အဲဒီလို သံသရာထဲ နေတဲ့ပုဂ္ဂိုလ် မေ့မေ့လျော့လျော့ နေတဲ့ ပုဂ္ဂိုလ်တွေ အပါယ်လေးဘုံ ပြန်သွားတယ်၊ လူ့ပြည်နတ်ပြည် တစ်ခါတစ်ခါ လာဖြစ် ပြီးတော့ပြန်သွား၊ အဲဒီလိုဖြစ်နေ ဒါကြောင့်မို့ မေ့မေ့လျော့လျော့ နေတဲ့ ပုဂ္ဂိုလ်တွေမှာဆိုရင် အပါယ်လေးဘုံဟာ နေအိမ်ကြီးများနဲ့ တူတယ်၊ ငါရှင်တို့ မမေ့ကြနဲ့၊ မပေါ့ကြနဲ့ သြဝါဒပေးတယ်၊ သြဝါဒပေးပြီးတော့ တရားလဲ အမြဲတမ်း အားထုတ်နေရမယ်။
မထေရ်ကြီးကို ဆည်းကပ်တဲ့ အခါကာလတွေ သံဃာစည်းဝေးတဲ့ အခါကာလတွေ၊ ဒီလိုအခါ ကာလတွေမှာ တစ်ပါးဆိုလျှင် ဒီပြင်အခါကာလ ဆိုရင် ၂-ပါး ၃-ပါးရောပြီး စုဆုံပြီးတော့ စကား ပြောနေတာ မရှိရဘူး။ ကိုယ့်တရားကိုယ် တစ်ပါးစီ တစ်ပါးစီ အားထုတ်နေရမယ်လို့ သြဝါဒ ပေးတော့ ဒီလို အားထုတ်နေကြတယ်။
တစ်နေ့သော အခါကာလကျတော့ ဒီမာတိကာဆိုတဲ့ ဒါယိကာမကြီးက ကျောင်းကို ထောပတ်တို့ တင်လဲတို့စသည် ပေါ့လေ၊ ရဟန်းတော်များ သုံးဆောင်ကောင်းတဲ့ ဖျော်ရည်တို့ ဘာတို့ ယူပြီး သကာလ ကျောင်းလာ ဒကာတွေနဲ့ ကျောင်းလာတဲ့အခါကျတော့ ကျောင်းကြတော့ ရဟန်းတော် တွေ မတွေ့ဘူး၊ အဲဒီတော့ မေးကြည့်၊ ရဟန်းတော်တွေ ဘယ်ကြွကုန်ကြသလဲ၊ အဲဒါ သိတဲ့ ဒကာတစ်ဦးကပြော၊ ရဟန်းတွေ ဒီလိုပဲနေတော့ ကိုယ့်နေရာလေးနဲ့ ကိုယ်နေတာပဲ၊ တစ်ပါးစီ တစ်ပါးစီ သူ့ဟာနဲ့သူနေကြတာပဲ၊ နို့ ဒီရဟန်းတွေတွေ့ချင်လျှင် ဘယ့်နဲ့လုပ်ရမလဲ၊ တုံးခေါက် လိုက်ရင်တော့ အကုန်လုံး စုလာကြတာပဲ။
တုံးခေါက်လိုက်ရင် ဟိုက အကြောင်းရှိလျှင် တုံးခေါက်ရမှာကိုး။ ကတိကဝတ် လုပ်ထားကြတယ်။ တုံးခေါက်ရင် အကုန်စုကြတယ်၊ စုပြီးတော့ ကိစ္စရှိတာ အကုန်လုံး ဝိုင်းဝန်း ဆောင်ရွက်ရမှာကိုး၊ အဲဒီတော့ တုံးခေါက်ရမလား ဆိုပြီးတော့ လူတစ်ယောက်က တုံးခေါက်လိုက်တော့ ရဟန်းတော်တွေ ထလာကြတယ်၊ ဟိုကတစ်ပါး ဒီကတစ်ပါး၊ ဟိုသစ်ပင်အောက်က ထွက်လာ၊ ဒီသစ်ပင်အောက်က ထွက်လာ၊ ဟိုချုံထဲကထွက်လာ၊ ဒီချုံထဲက ထွက်လာ၊ ဒကာမကြီးက ကြည့်နေ။
ဒီကိုယ်တော်တွေ ဘယ့်နဲ့ဖြစ်လာကြတာတုန်း၊ အိမ်လာတဲ့ အခါကျတော့ ဆွမ်းခံကြွလာ တစ်စုတစ်ဝေးတည်း ညီညီ ညွတ်ညွတ် လာကြတာကိုး၊ အခုဒီမှာတော့ တစ်ပါးစီ တစ်ပါးစီ နေကြတယ်၊ ကိုယ်တော်တွေ တစ်ပါးနဲ့တစ်ပါး ရန်ဖြစ်လာကြ သလား၊ ဘာများဖြစ်လာကြတုန်း သူကစဉ်းစား၊ စဉ်းစားပြီးတော့ စဉ်းစားရုံတွင် မကဘူး၊ အရှင်ဘုရားတို့ ဘယ့်နဲ့လဲ တပည့်တော်အိမ် လာတော့ အရှင်ဘုရားတို့ ညီညီညွတ်ညွတ် ကြွလာပါတယ်၊ ခု ဒီမှာ တစ်ပါးစီ တစ်ပါးစီနဲ့ ဘာများဖြစ်ကြတုန်း၊ ဒကာမကြီး ဘာမှမဖြစ်ပါဘူးတဲ့၊ နို့-ဘုရား ဘာမှမဖြစ်ရင် အတူတူလဲ မနေကြဘူး၊ ဟိုတစ်ပါး ဒီတစ်ပါး ဘယ့်နဲ့နေကြတာတုန်း။
လူ့လောကမှာတော့ ဒီလိုစုနေကြတာကိုး၊ စုနေတာကိုပဲ အရသာရှိတယ် အောက်မေ့နေတာကိုး၊ တစ်ယောက်စီနေလျှင် ပျင်းစရာကြီး ဖြစ်နေတယ်၊ စုနေလဲ ကောင်းလဲ ကောင်းနေတာကိုး၊ ဒီလိုပဲ စုနေကြတယ်၊ အဲဒီတော့ ဘယ့်နဲ့ကြောင့် တစ်ပါးစီ တစ်ပါးစီ နေရသလဲဆိုတော့ ဒကာမကြီးတဲ့ ရဟန်းများ ရဟန်းကျင့်ဝတ် ကျင့်ရတယ်၊ ရဟန်းတရား အားထုတ်ရတယ်၊ ဒကာမကြီးကလဲ ဗဟုသုတ ဘာမှမရှိဘူး၊ ဘာမှမရှိဘူးဆို ခုမှ ရဟန်းသံဃာ ကိုးကွယ်ရတာကိုး၊ အစက ဗုဒ္ဓဘာသာ ဟုတ်ချင်မှဟုတ်မှာ၊ အဲဒီတော့ ခု ဒကာ၊ ဒကာမတွေ သိပ်ပြီးတော့ နေရာကျတာ၊ စောစော ကတည်းက တရားတွေ အင်မတန် သိနေတယ်၊ အဲ - ဘာမှ သူက ဗဟုသုတ ရှိတာမဟုတ်ဘူး။
ရဟန်းတရား အားထုတ်ရတယ်ဆိုတာ သူမသိဘူး၊ ရဟန်းတရား ဆိုတာ ဘာတုန်းဘုရား, ဘာလုပ်ရတာလဲ၊ ရဟန်းတရားဆိုတာ ဒီလိုပဲ၊ ၃၂-ကောဋ္ဌာသတွေ နှလုံးသွင်းရတာပဲ၊ အဲ - ကိုယ်ထဲမှာ ကုန်ခြင်း၊ ပျက်ခြင်းတရားတွေ၊ ခယ ဝယ - ကုန်ခြင်း, ပျက်ခြင်းတရားတွေ ထင်အောင်လို့ရှုရတယ်၊ ဝိပဿနာကို အဲဒါ ဘာဖြစ်လို့တုန်း ဆိုတော့ သံသရာ ဝဋ်ဆင်းရဲက ထွက်မြောက်အောင်လို့ ဒါက ရဟန်းများအတွက် သီးသန့်တရားလား, လူတော့ အားမထုတ် ကောင်းဘူးလား၊ ဒကာမကြီးက မေး၊ ဗဟုသုတတော့ တော်တော် မရှိတာဘဲ ဒကာမကြီးနှယ်၊ ဘယ့်နဲ့ ရဟန်းပဲရမယ်လို့ ဘယ်ဟုတ်မလဲ၊ မြတ်စွာဘုရားတရား ဘယ်သူမှ အကန့်အကွက်မရှိဘူး၊ ဘယ်သူတော့ အားမထုတ်ရဘူး၊ ဘယ်သူတွင် အားထုတ်ရမယ်, ဒီလိုအကန့်အသတ် မရှိပါဘူး၊ ဘယ်သူမဆို သဒ္ဓါတရားရှိတဲ့ ပုဂ္ဂိုလ်တွေ အားထုတ်နိုင်တာပဲ။
ဒါဖြင့် တပည့်တော်လဲ အားထုတ်စမ်းချင်တယ်၊ အရှင်ဘုရားတို့ နည်းပေးပါဦး၊ ရဟန်းတော်တွေက သူတို့အားထုတ်တဲ့နည်းတွေ ဟောကြပြောကြတာပေါ့၊ အဲဒီတော့ ဒကာမကြီး မှတ်သားပြီးတော့ အားထုတ်တယ်၊ အားထုတ်တော့ ဒကာမကြီး သူ အဆင့်သင့်ချင်တော့ အဆင့်သင့် အားထုတ် လိုက်တာ၊ ဝိပဿနာဉာဏ် အစဉ်အတိုင်း တက်ပြီးတော့ သောတာပန် သကဒါဂါမ်၊ အနာဂါမ် ဖြစ်သွားတယ်။
ဒကာမကြီးက အိမ်တွင် အားထုတ်တာ၊ ခုလို ကမ္မဋ္ဌာန်းကျောင်းတောင် လာအားထုတ်တာ မဟုတ်ဘူး၊ အနာဂါမ် ဖြစ်သွား၊ ဒါပေမယ့် သူ့ဟာ ရိုးရိုးအနာဂါမ် မဟုတ်ဘူး၊ ပဋိသမ္ဘီဒါတွေလဲ ရတယ်တဲ့၊ ပဋိသမ္ဘီဒါဆိုတာ အင်မတန် ရခဲတယ်၊ ရဟန္တာဖြစ်တိုင်း ပဋိသမ္ဘီဒါ ရတာမဟုတ်ဘူး၊ အနာဂါမ်ရဟန္တာ ပဋိသမ္ဘီဒါ အဘိဉာဏ်တွေလဲ သူကရ၊ အဘိဉာဏ်လဲ တချို့, ရဟန္တာတွေ မရဘူး၊ သူက ရနေတယ်၊ အနာဂါမ် ဖြစ်တာနဲ့ အဘိဉာဏ်ရ၊ အဘိဉာဏ်ရတယ်ဆိုတာ ဘာတုန်း၊ အဘိဉာဏ်ရတယ်ဆိုတာ တစ်နေ့ကလဲ ပြောခဲ့ပြီ။
အဘိဉာဏ်ရတယ်ဆိုတာ အမြင်အကြားတွေ ပေါက်တာ၊ စိတ်နဲ့ မှန်းကြည့်လျှင် မြင်တယ်၊ ဟိုမှာကျောင်းက ပုဂ္ဂိုလ်တွေရော နတ်ပြည်တွေရော ကြည့်လို့ရတယ်၊ သိပ်နေရာကျတယ်၊ အကြားကလဲ နားထောင်လိုက်ရင် သူများပြောနေတာတွေ အဝေးကပြောနေတာတွေ ကြားတတ်၊ တခြားက သူတို့က ပြောနေတာတွေ လူ့ပြည်လောကက ပြောနေတာတွေ နတ်ပြည် လောကက ပြောနေတာတွေ ငရဲပြည်လောကက ပြောနေတာတွေ အကုန်လုံးသူက ကြားတယ်၊ ကြားချင်ရင် ကြားလို့ရတယ်၊ သူများစိတ်တွေလဲ သိပြန်တယ်၊ စိတ်တွေက ဘယ်လို ဘယ်လို ဘယ်သူ ဘယ်သူ ဘာတွေ စိတ်ကူးနေတယ်ဆိုတာ ဒါတွေလဲ သိတယ်။
အဲဒီအဘိဉာဏ်တွေ ရတာကိုး၊ ရတော့ သူက သူတရားတွေ နှလုံးသွင်းတော့ အင်မတန် အဖိုးတန်တဲ့ တရားတွေရတော့ ဝမ်းမြောက်ဝမ်းသာ ဖြစ်တာပေါ့၊ တစ်ခါတည်း အင်မတန်ကောင်းတဲ့ တရားတွေပဲ၊ အင်မတန်ကို အဖိုးတန်တဲ့တရားတွေ အင်မတန်ကိုကောင်းတဲ့ တရားတွေရတာ၊ ကောင်းပါသော်ကော၊ အနာဂါမ်ဖြစ်သွားတော့ အင်မတန်ကောင်းတာ၊ ကာမ, ရာဂ ဆိုတဲ့ ကာမ အာရုံတွေ နှစ်သက် တွယ်တာမှုတွေ ဘာမှ မရှိတော့ဘဲ၊ အစက ဘာမှမရှိဘဲနဲ့ ဒီကာမရာဂနဲ့ ဒါလေးနဲ့သာယာလို့ ကာမအာရုံတွေနောက် တကောက်ကောက် လိုက်ပြီးတော့ ရှာကြံနေလို့ ဒုက္ခရောက်နေတာ၊ ဗျာပါရ ဆိုတာက စိတ်ဆိုးလိုက်သေးတယ်၊ စိတ်ဆိုးတဲ့အခါ ဖြစ်လိုက် သေးတယ်၊ အဲဒါတွေကလဲ မရှိဘူး၊ နှလုံးမသာခြင်း စိတ်ပင်ပန်းခြင်း ဘာမှမရှိတော့ဘူး၊ သိပ်နေရာကျတာ၊ ဒါလေးနှစ်ခု နုတ်ပစ်လိုက်ရင် အင်မတန်ကို ချမ်းသာသွားတယ်။
အဲဒီတော့ အင်မတန်ကောင်းတဲ့ တရားပဲလို့။ ကိုယ်တော်တွေများ ဒီတရား ဘယ်တုန်းကများ ရနေပါလိမ့်မတုန်း၊ အင်မတန်ကောင်းတဲ့ တရားတွေပဲဆိုပြီးတော့ ကိုယ်တော်တွေက စောစော အားထုတ်ပြီးတော့ သိနေရမယ် အောက်မေ့တာကိုး။ ဒီတော့ သူကလျှောက်ပြီး ကြည့်လိုက်တော့ စိတ်ထဲသိနေတာကိုး၊ မြင်ရုံနဲ့မဟုတ်ဘူး၊ ကိုယ်တော်တွေ ထိုင်နေရာမှာ ကြည့် လိုက်လို့ထင်နေတာ၊ အားထုတ်နေတာ မြင်တာပဲ၊ တရားအားထုတ် နေတာတွေ မြင်တာပဲ၊ မြင်ရုံတွင် မဟုတ်သေးဘူး၊ သူက အတွင်းစိတ်ထိအောင် သူကသိနေတာကိုး၊ အတွင်းစိတ်က ဘယ်လိုရှိနေတယ်၊ တရားရတဲ့ အဆင့်အတန်းများ ရှိသလားလို့ ကြည့်လိုက်တော့ တရားရတဲ့ အဆင့်အတန်း ထိအောင် ရှိသလားလို့ကြည့်တော့ တရားမရတာတွေ သူတွေ့သွားတော့ တစ်ပါးမှ တရားက မရသေးဘူး ဆိုတာကိုး။
မရတာတွေ့မှာပေါ့၊ စိတ်က တချို့က ကာမဝိတက်တွေ, ကြံတာတွေရှိမှာပဲ၊ မကြံဘူးလို့ မပြောနိုင်ဘူး၊ ဗျာပါရကလဲ နှလုံးမသာမှု ဖြစ်မှာပဲ၊ တောင့်တမှု, ကြောင့်ကြမှုတွေ ဖြစ်မှာပါ။ အဲဒီလိုကိစ္စတွေ သူသွားတွေ့မှာကိုး၊ တွေ့ကတည်းက ဒါမပြည့်စုံသေးဘူး၊ ဒီကိုယ်တော်ကြည့်လဲ မပြည့်စုံသေးဘူး။ အကုန်လုံး ဘယ်သူမှ မပြည့်စုံသေးဘူး ဆိုပဲ၊ အဲဒီတော့ ထားပါဦးတော့။ လောကုတ္တရာတရား မပြည့်စုံဘူး ထားဦးတော့၊ လောကီတရား ဈာန်သမာပတ်များ ရလိမ့်မလားလို့၊ ဈာန်သမာပတ် ဘက်ကလဲပဲ သမာဓိ တည်ငြိမ်နေတာကို မတွေ့ဘူး။
ဒီကိုယ်တော်တွေ တရားအားထုတ်လဲ ထုတ်ကြသားပဲ၊ ဘာပြုလို့ မပြည့်စုံပါလိမ့်မတုန်းလို့ သူ စဉ်းစားတော့ကြည့် - လျှောက်ပြီးတော့ ကြည့်တော့ ဘာများလိုနေသလဲ၊ ပုဂ္ဂိုလ်အချင်းချင်း နေထိုင်လို့ ပုဂ္ဂလသပ္ပာယ မဖြစ်ရင်လဲဘဲ တရားဆိုတာ မဖြစ်ဘူး၊ ယောဂီပုဂ္ဂိုလ်တွေ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်အချင်းချင်း ဟိုဘက်ကပုဂ္ဂိုလ်နဲ့ ဒီဘက်က ပုဂ္ဂိုလ်နဲ့ စိတ်ချင်း, စိတ် ချင်းတယ်မကိုက်ဘူး၊ နေပုံထိုင်ပုံတွေ သဘောမကျဘူးဆို တစ်ယောက်, တစ်ယောက် စိတ်က ပြစ်မှားနေတာနဲ့ အဲဒီတော့ စိတ်ကိုမကြည်လင်ဘူး၊ သမာဓိမရဘူး၊ တစ်ဘက်က ပုဂ္ဂိုလ်က ဂျိုးဂျိုး ဂျောင်းဂျောင်းတွေလုပ်၊ ဟိုက တရားအားထုတ်နေ, အဲဒါပျက်စီးတာပဲ၊ အဲဒီတော့ ပုဂ္ဂလသပ္ပယ မဖြစ်ဘူး၊ အားထုတ်လို့ မရဘူး၊ အာဝါသ သပ္ပါယ နေရာထိုင်ခင်းတွေ၊ နေရာထိုင်ခင်းကလဲ မိုးယိုလို့ ဆိုရင်လဲ အဲဒါလဲ နေရာမကျတာဘဲ။ တရားအားထုတ်တဲ့ပုဂ္ဂိုလ် အနှောက်အယှက်တွေ အင်မတန် ဖြစ်တာပဲ၊ အဲဒါတွေ လျှောက်ပြီးကြည့်တော့ ပုဂ္ဂိုလ် အနေအထိုင်အားဖြင့်လဲ သပ္ပါယ ဖြစ်နေတာပဲ၊ အဲဒါတွေ လျှောက်ပြီးကြည့်တော့ ပုဂ္ဂိုလ် အနေအထိုင် အားဖြင့်လဲ သပ္ပာယ ဖြစ်နေတာပဲတဲ့၊ ဘာမျှ ပြောစရာမရှိဘူး၊ နေရာထိုင်ခင်းမှာလဲ သပ္ပါယဖြစ်နေတတ်။
ဘယ်လိုနေပါလိမ့်မလဲ ကြည့်လိုက်တော့ အာဟာရ စားစရာသောက်စရာ အစာအာဟာရက ဟိုတုန်းက ဆွမ်းခံပြီးတော့ စားရတော့ ဟိုတုန်းကလဲပဲ ဒကာဒကာမတွေ ကြည်ညိုကြတယ် ဆိုပေမယ့် ယခုလို ဗုဒ္ဓဘာသာတွေချည်းပဲ ဟုတ်မှ မဟုတ်ဘဲ၊ ဘုရားက နောက်မှပွင့်လာရတော့ သူတို့ စောစောက ဗြဟ္မဏဝါဒတွေ ဆိုတော့ ဗုဒ္ဓဘာသာ လေးလေးနက်နက် ယူတဲ့ ပုဂ္ဂိုလ်က ဘယ်လောက်ရှိမှန်း မသိဘူး နည်းနည်းရှိမှာ၊ ဒီပြင်ဟာတွေက များနေမှာ၊ ကံ-ကံ၏အကျိုး ယုံကြည်တာတွေ, သံသရာအကြောင်း ယုံကြည်တာတွေ, သဒ္ဓါတရား ရှိတာတွေကလဲ ဘယ်လောက် များများ ရှိမယ်၊ သိပ်များများ ရှိချင်မှ ရှိတာ၊ ယခုကာလလို နှစ်နှစ်ကာကာတွေ မဟုတ်ဘူး၊ ဒီတော့ ရဟန်းတော်တွေမှာ သင့်တော်လောက်တဲ့ အစာအာဟာရတွေ မပြည့်စုံဘဲ ဖြစ်နေတာ သူ တွေ့တာကိုး၊ တွေ့တော့ ဒါလိုနေတာပဲ။
ဒါကြောင့် ဒီကိုယ်တော်တွေ တရားမရဘူး ဆိုပြီးတော့ သူက သင့်လျော်အောင် အာဟာရတွေ စီရင်ပြုပြီးသကာလ သူက ပစ္စည်းကလဲ ရှိတာကိုး၊ တတ်လဲတတ်နိုင်တယ်၊ အဲဒီတော့ ကိုယ်တော် တွေ အလိုရှိတာ ဘုဉ်းပေးဖို့ရာ ဆိုပြီး သင့်လျော် လိမ့်မယ်လို့ ထင်မြင်ရတဲ့ အစာအာဟာရတွေ သူကပြုပြင်ပြီး သကာလ ကပ်လှူတာကိုး၊ ဒီလို သင့်လျော်တဲ့ အစာအာဟာရ တွေ ဘုဉ်းပေး သုံးဆောင်ရတော့ မကြာခင်အတွင်းပဲ သမာဓိတွေ, ဉာဏ်တွေ အစဉ်အတိုင်း တက်ပြီးတော့ ဗောဇ္ဈင် ၇-ပါးတွေပေါ့၊ ပဿဒ္ဓိသမ္ဗောဇ္ဈင်လဲ ပါတာပေါ့၊ အဲဒါတွေ ပြည့်စုံပြီးတော့ တစ်ခါတည်း ရဟန္တာတွေ ဖြစ်ကုန်ကြတာ။
ဝါတွင်း ၃-လအတွင်းမှာပဲ ဖြစ်မည့်ဖြစ်တော့ သူတို့က ရဟန္တာ ဖြစ်တာကိုး၊ ဒကာမကြီးကတော့ အနာဂါမ်လောက် ဖြစ်တယ်၊ သူတို့ကတော့ ရဟန္တာဖြစ်တယ် ရဟန်း ၆-ကျိပ်လုံး အကုန်လုံးပဲ ရဟန္တာတွေ အကုန်လုံး ဖြစ်ကြတယ်၊ အဲဒီလို မာတိကာဒကာမကြီး ဝတ္ထုမှာ လာပါတယ်။
အဲဒါကြောင့် သင့်လျော်တဲ့ အစာအာဟာရကို စားရခြင်းဟာလဲပဲ တရားအားထုတ်ရာမှာ ကျေးဇူးပြု ပါတယ်တဲ့၊ သူလဲ ပဿဒ္ဓိသမ္ဗောဇ္ဈင် ကိုယ်စိတ်ငြိမ်းအေးမှု ဖြစ်စေတတ် ပါတယ်တဲ့၊ တော်ဦးမှ၊ အချိန်က တော်တော် ကုန်သွားပြီ၊ ဥတုတဲ့၊ သင့်လျော်တဲ့ ဥတု၊ ဒါလဲ ထင်ရှားပါတယ်၊ အအေးအပူ လွယ်ပါတယ်၊ ဒါကတော့ အနေအထိုင်က ပြောပြီးပြီ၊ ကိုယ်အနေအထိုင် သင့်လျော်နေရာမှ၊ ကိုယ်ပင်ပန်းဆင်းရဲဖို့ အနေအထိုင်မျိုးတွေ သွားလို့ရှိရင် ခက်တာပေါ့။
ဂျပန်က မဟာယာနဂိုဏ်းက ဈင်ဂိုဏ်းဆိုတာ ရှိတယ်၊ ဈာန်ဂိုဏ်းပေါ့လေ၊ သူကတော့ စာနဲ့ ပေနဲ့တော့ စာနဲ့ပေနဲ့ပါပဲ၊ ပလ္လင်္ကံ အာဘုဇိတွာ ဆိုတဲ့ အတိုင်း ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတာကိုး၊ တရားအားထုတ်ရင်း ထက်ဝယ်ဖွဲ့ခွေနေရတယ်၊ ထက်ဝယ်ဖွဲ့ခွေထိုင်တာလဲ ကျကျနန ထက်ဝယ် ဖွဲ့ခွေ ထိုင်ဆိုတာက ဘုရားထိုင်သလို ထိုင်ရတာပေါ့၊ ဘုရားမှာ များသောအားဖြင့် မြန်မာပြည် မှာရှိတဲ့ ဆင်းတုတော်တွေကြည့်၊ တင်ပျဉ်ခွေလေး၊ ခြေထောက် ကြက်ခြေခတ်ပြီးတော့ ထိုင်ရတယ်၊ ဘယ်ဘက်ခြေသလုံးပေါ်မှာ ညာဘက်ခြေများတင်ပြီးတော့ ဘယ်ဘက်ပေါင်ပေါ်မှာ ညာဘက် ခြေဖျား တင်ပြီးတော့ တစ်ခါ ညာဘက် ခြေသလုံးပေါ်မှာ ဘယ်ဘက်ခြေထောက် တင်ပြီးတော့ ထိုင်ထားတာကိုး၊ အဲဒီလို ထိုင်လိုက်ရတာကိုး။
မြန်မာတွေ တင်ပျဉ်ခွေထိုင်တယ် ဆိုတာက ရိုးရိုးပဲ၊ ဒါက ထိုင်လို့ မခက်ပါဘူး၊ ဟိုဟာ သိပ်မလွယ်လှဘူး၊ ဟိုဟာက ခြေထောက်တွေ ကန့်လန့်ဖြတ် တစ်ခါတည်း ချိတ်ပြီးတော့ နေအောင် ထိုင်ရတာကိုး၊ တင်ပျဉ်ချိတ်တယ် ဆိုတာ ဒါမှ တင်ပျဉ် ချိတ်တာ၊ အဲဒီလိုထိုင်ရင်တော့ အာရှတိုက်က လူတွေအတွက်ကတော့ ဝန်မလေးပါဘူး၊ ဒီကပုဂ္ဂိုလ်တွေက ဒီလိုထိုင်နေကြတာကိုး၊ လွယ်လွယ်ပါပဲ၊ ထိုင်လို့ရပါတယ်။
ဂျပန်မှာ တရားအားထုတ်ရင် သူတို့ဒီအတိုင်းထိုင်ရတယ်၊ ကျကျနန ထိုင်ရတယ်၊ အချိုးမကျဘဲနဲ့ ထိုင်လို့ရင် သူတို့ သဘောမကြဘူး သူတို့ တရားလို အားထုတ်ရင် မရဘူး၊ ဒီလိုထိုင်ရတယ်၊ ပလ္လင်္ကံ အာဘုဇိတွာ ဆိုတဲ့အတိုင်း တင်ပျဉ်ခွေထိုင်လျက်၊ ဒီလိုဆိုတော့ ဥရောပတို့ အမေရိကတို့ဆိုတဲ့ လူတွေက ခက်တာပေါ့၊ တင်ပျဉ်ခွေဖို့ ခက်တာကိုး၊ တင်ပျဉ်ခွေဖို့ခက်တော့ သူတို့ ဒီတရား အားထုတ်မယ်ဆိုရင် တင်ပျဉ်ခွေ မထိုင်နိုင်တာနဲ့ကို တရားအားမထုတ်ရဘူး၊ ခက်နေတာကတော့ ဒီက ဝန်ကြီးချုပ်တွေ သွားတုန်းက မေးတယ်တဲ့၊ ဒီတရားအားထုတ်တော့ ဒီလိုပဲ ဈင်ဂိုဏ်းကလိုပဲ တင်ပျဉ် ခွေရဦးမှာလားလို့ မေးတယ်တဲ့၊ ဟာ ဒါမထိုင်ရပါဘူး၊ ကိုယ်သဘောကျသလို ထိုင်နိုင်ပါတယ်၊ ဘယ်လို ထိုင်ထိုင် ခင်ဗျားတို့ ကုလားထိုင်လှဲနဲ့ ထိုင်နိုင်တယ်၊ ဒီက ဒီလို ပြောရတယ်ဆိုတာကိုး။
ဟုတ်လဲ ဟုတ်ပါတယ်၊ ဒီက ကုလားထိုင်နဲ့လဲ ထိုင်နိုင်ပါတယ်၊ သင့်လျော်တဲ့ ဥတုနဲ့ ဒါက အရေးကြီးတယ်၊ အဲဒါပဲ နေထိုင်မှု သင့်မြတ်ရာကို အမှီပြုရမယ်တဲ့၊ ဣရိယပထ သုခသေဝနတာ - ချမ်းသာတဲ့ သင့်လျော်တဲ့ ဣရိယာပုထ်ကို မှီဝဲရမယ်တဲ့၊ သပ္ပာယဣရိယာပုထ် မှီဝဲရမယ်၊ အဲဒီလို မှီဝဲသောအားဖြင့် သင့်တော်သလို နေထိုင်ပြီး ရှုမှတ်နေလို့ရှိရင် ပဿဒ္ဓိသမ္ဗောဇ္ဈင် ကိုယ်စိတ်၏ ငြိမ်းခြင်း ဖြစ်တတ်ပါသည်တဲ့၊ သုံးခု။
ဗ္ဗောဇ္ဈင် ဥတု နေထိုင်မှု မှီပြုသင့်မြတ်ရာ။ ဒါပြီးသွားပြီ။
မလွန်မယုတ် မဇ္ဈတ္တ ပယောဂ - အလယ်အလတ် ပယောဂ၊ ပယောဂဆိုတာ လုံ့လပဲ၊ အလယ်အလတ် ပယောဂရှိရမယ်၊ အလယ်အလတ် လုံ့လရှိရမယ်၊ အလယ် အလတ် လုံ့လ ဆိုတာဟာ ဘာတုန်းဆိုတော့ အဋ္ဌကထာ အကျယ်ဖွင့်တဲ့အခါ ကျတော့ ကံ-ကံ၏အကျိုးကို နှလုံးသွင်း ဆင်ခြင်တယ်တဲ့ ဆိုပြီးတော့ ထုတ်ပါတယ်၊ ကံ-ကံ၏အကျိုးကို နှလုံးသွင်း ဆင်ခြင်တာနဲ့ အလယ်အလတ် လုံ့လထုတ်တာနဲ့ ကတော့ တော်တော် ဝေးနေတယ်၊ ဘာမှ မစပ်သလိုတော့ ဖြစ်နေတယ်၊ စပ်အောင်လို့ ယူရမှာပေါ့လေ၊ စပ်အောင်ယူမှဖြစ်မယ်။
ဒီမှာတော့ ဘုန်းကြီး သဒ္ဒါနက်တော့ ပြန်ထားပါတယ်၊ သူက မဇ္ဈတ္တ ပယောဂဆိုတော့ မဇ္ဈတ္တက အလယ်အလတ်ပဲ၊ ပယောဂက အားထုတ်တာပဲ အလယ်အလတ် အားထုတ်ရမယ်၊ အလယ်အလတ် အားထုတ်မယ် ဆိုတော့၊ တင်းတင်းရင်းရင်း အလွန်တင်းတင်း ရင်းရင်း အားမထုတ်နဲ့၊ လျော့လျော့လဲ အားမထုတ်နဲ့၊ အလယ်အလတ် မှန်မှန်ပဲ အားထုတ်၊ ဒီအဓိပ္ပာယ်ကို မှန်မှန် အားထုတ်လို့ရှိရင် ငြိမ်းအေးတာလဲ မှန်တယ်၊ ပြင်းပြင်း အားထုတ်လို့ရှိရင် ကိုယ့်စိတ် မငြိမ်းအေးနိုင်ဘူး၊ လျော့လွန်းနေ လို့ရှိရင်လဲ သမာဓိ မဖြစ်ဘဲ ဘယ်က ငြိမ်းအေးမှု ပဿဒ္ဓိ ဖြစ်မလဲ၊ မဖြစ်နိုင်ဘူး။
အဲဒီတော့ သူ့သဒ္ဒါအနက် အတိုင်းဆိုရင် တော်တော့ တော်နေတာပါပဲ၊ ဒါပေမယ့် အဋ္ဌကထာမှာ ဖွင့်ထားတာကတော့ အလယ်အလတ် အားထုတ်မှုဆိုတာဟာတဲ့ ကံ-ကံ၏ အကျိုးကို ဆင်ခြင် တာတဲ့၊ တော်တော်တော့ စပ်လို့မရဘူး၊ ဒီဥစ္စာဟာ၊ ဒါပေမယ်လို့ ဘုန်းကြီးက စပ်တော့ပြပါတယ်၊ ကံ-ကံ၏ အကျိုး ဆင်ခြင်တယ်ဆိုတာက ကံဆိုတာ အမှုပဲ၊ ကံ၏ အကျိုးဆိုတာက အဲဒီ အမှုရဲ့အကျိုး ကောင်းသောအမှုပြုရင် ကောင်းသောအကျိုး ရှိမယ်၊ မကောင်းသော အမှုပြုရင် မကောင်းသော အကျိုးရမယ်၊ ဒါကို ဆင်ခြင်ရမယ်။
ဒီတော့ ကောင်းသောအမှုကို ပြုရမယ်။ ကောင်းသောအမှု ပြုရင်ကောင်းကျိုးရမယ်။ ကောင်းကျိုးရသထက်ကို ပိုပြီး သကာလ မျှော်လင့်လို့မဖြစ်ဘူး။ ကိုယ့်ကံရှိသလောက်ပဲ ကိုယ်အကျိုးပေးမှာပဲ။ တရားအားထုတ်ရာမှာလဲ ဒီအတိုင်းပဲ။ ကိုယ်က ကောင်းသောအမှုပြုလို့, ကောင်းသော အားထုတ်မှုရှိရင်၊ ကိုယ်အားထုတ်သလောက် သမာဓိတွေ ဉာဏ်တွေ တက်မှာပဲ။ ကိုယ်အားထုတ်တာထက် ပိုပြီး မလိုချင်နဲ့။ တချို့က ရှိသေးတယ်၊ တရားနည်းနည်း အားထုတ်ကာရှိသေးတယ်၊ တရားက ကောင်းချင်တာကိုး။ တရားအားထုတ်တာ ၂-၃-ရက် ၄-၅ ရက်ရှိသေး၊ သူများတွေလို ဉာဏ်စဉ်တရား နာချင်ရတာနဲ့ ဒီလိုဟာ ရှိသေးတာကိုး။ သူ့ဟာ အဲဒီလို လုပ်လို့တော့ မဖြစ်ဘူး။ ကိုယ့်ကံနဲ့ကိုယ် အကျိုး ဒီလိုဆင်ခြင်မှ ဖြစ်မှာ။ ကိုယ်က နည်းနည်း အားထုတ်ကာ ရှိသေးရင် နည်းနည်းဖြစ်မှာပဲ။ များများအားထုတ်ရင် များများဖြစ်မှာပဲ။ သူ့အကြောင်း အားလျော်စွာ သူအား ထုတ်သလောက် သူ့အကျိုးဖြစ်မှာပဲလို့ နှလုံးသွင်းပြီးတော့ ကိုယ်က အားလျော်စွာပေါ့။ ကိုယ်အားထုတ်သည့် အားလျော်စွာ အကျိုးရမှာပဲလို့ စဉ်းစားလိုက်ရင် စိတ်အေးချမ်းပါတယ်။ အဲဒါကိုပဲ ယူရမှာပဲ။ ဒီလိုဆိုတော့ အဓိပ္ပာယ်ရှိတယ်။ နို့မို့ရင် တရား အားထုတ်တဲ့ပုဂ္ဂိုလ်တွေဟာ ကိုယ်က နည်းနည်းအားထုတ်ပြီး များများကြီး လိုချင်နေရင် အဲဒါ ခက်တာပဲ။ တရားမရနိုင်လို့ တော်ကြာလို့ရှိရင် ကမ္မဋ္ဌာန်း ဆရာတွေ ဒုက္ခရောက်တယ်၊ ရှုပ်ကလဲရှုပ် တော်တော်ကြာနေ သူတို့ကလဲ အားထုတ်တာကလျော့နေ သူများတွေက ဉာဏ်စဉ်တရား နာသူက ဉာဏ်စဉ်တရားလဲ မထည့်တော့ ကမ္မဋ္ဌာန်းဆရာကပဲ မထည့်ချင်ဘူးလိုလို, သူ့ မျက်နှာ လိုက်တာလိုလို ဘာလိုလို, သူ့ကိုသနားတာ လိုလို ဖြစ်ပြီးတော့ ကမ္မဋ္ဌာန်းဆရာတွေ တာဝန် လေးတယ်။ ဒါ သူတို့ကို ကျေနပ်အောင်လို့ ဟောရသေးတယ်။
အဲဒါက အလုပ်ပိုတစ်ခု လုပ်နေရတယ်။ အဲဒီတော့ မဇ္ဈတ္တ ပယောဂ အလယ်အလတ်ပဲ အားထုတ်ရမယ်တဲ့။ ကံ-ကံ၏ အကျိုး နှလုံးသွင်းရမယ်တဲ့၊ ကိုယ်အားထုတ်သလောက် ကိုယ်ဖြစ်မှာ ပဲတဲ့။ ကိုယ့်သမာဓိ ဉာဏ်တွေဟာ ကိုယ်အားထုတ် သလောက်ဖြစ်မယ်။ နည်းနည်းအားထုတ်ရင် နည်းနည်းဖြစ်မယ်။ များများ အားထုတ်ရင် များများဖြစ်မယ်။ ငါနည်းနည်းဖြစ်ရင် ငါနည်းနည်း အားထုတ်လို့ပဲ။ ငါများများ ဖြစ်လို့ရှိရင် များများ အားထုတ်လို့ပဲ။ သူများတွေ များများ ဖြစ်နေတယ်။ များများစားစား ပြည့်စုံနေတယ်။ ကြိုးကြိုး စားစား အားထုတ်လို့။ အဲဒီတော့ ငါ့မှာ သူများလောက် မဖြစ်သေးဘူးဆိုရင် သူများလောက် ငါအားမထုတ်လို့ပဲ။ ဒီလို လုပ်ရမှာကိုး။ ဒါ အဓိပ္ပာယ် ရှိပါတယ်။ သူ့ဟာ အဓိပ္ပာယ် ရှိပါတယ်။ ဒါပေမယ့်လို့ အဓိပ္ပာယ် မစပ်တတ်ဘူး။ ဒီဥစ္စာစပ်လို့ကို မရဘူး။ ဒါ တော်တော် ခက်နေတယ်လို့ သူ့ဟာ မစပ်တတ်လို့ရှိရင် ခက်မယ်။
ဘုန်းကြီးက စဉ်းစားတယ်။ ဘုန်းကြီး သဒ္ဒါနက် ရေးထားတယ်၊ (မလွန်မယုတ် လုံ့လထုတ်-၂) ဆိုပေမယ့် အနက် အဓိပ္ပာယ်ကတော့ ခုနကအတိုင်းပဲ၊ ကံ-ကံ၏အကျိုး၊ ကံ၏အကျိုးဆိုတာလဲ ကိုယ်အားထုတ်မှ ကိုယ်အကျိုးရမယ်၊ သူများတွေအကျိုးရတယ်၊ ဉာဏ်တွေ တက်နေတယ်, သိနေတယ်။ သူများတွေ တကတည်း ထူးထူးခြားခြားတွေ ပြောနေတယ်။ ကမ္မဋ္ဌာန်းစစ်ရာမှာ သူများတွေက ပြောကြတယ်။ ဘာတွေ ဘာတွေ ဘယ်လိုဖြစ်တယ်။ ဘယ်လိုရှိတယ်၊ အားရစရာ အင်မတန် ကောင်းတယ်။ တချို့ ကိုယ်က သိပ်အားမထုတ်တော့ ပြောစရာလဲ မရှိဘူး၊ ဘာမှမရှိဘူး၊ ဒီလို ဒီလိုဖြစ်နေတယ်။ အိမ်ကလာတဲ့အတိုင်းပဲ၊ မိမွေးတိုင်း ဖမွေးတိုင်းဆိုတာလို ဒီလိုဖြစ်နေတယ်။ ပြောစရာမရှိဘူး၊ ပြောစရာ မရှိတော့ သူများတွေတော့ ပြောစရာရှိတယ်၊ ငါပြောစရာ မရှိဘူးဆိုရင် ဘာတုံးဆိုရင် ငါအားမထုတ်လို့ဘဲ၊ ငါ အားထုတ်မှု လိုနေလို့ ဒီလိုနှလုံးသွင်းရမှာကိုး။ ဒီတော့ စိတ်အေးတာပေါ့။ နို့မို့ ငါလဲ ကမ္မဋ္ဌာန်းကျောင်း ရောက်လာတာကြာလှပြီ။ သူများတွေ တက်နေတယ်။ ငါမတက်ဘူး။ စိတ်မချမ်းသာဘူး၊ ဘယ် စိတ်အေးချမ်းနိုင်မလဲ။ မအေးချမ်းနိုင်ဘူး။ သူများတွေ အားထုတ်လို့ သူများတွေ တက်တဲ့ဟာ သူတို့တွေ အားထုတ်လို့ပဲ၊ ငါကတော့ကို မတက်သေးတာ အားမထုတ်လို့ဘဲ၊ အားထုတ်ဦးမှပဲလို့ ဒီလိုနှလုံးသွင်းလိုက်တော့ သက်သာခွင့် ရသွားတယ်၊ အဲဒါကိုဆိုတာတဲ့၊ မလွန်မယုတ် လုံ့လထုတ်တဲ့၊ ကြမ်းကြုတ် ကြဉ်ရှောင်ပါတဲ့၊ တစ်ချို့က ကိုယ်ကြမ်း စိတ်ကြမ်းတွေရှိတယ်၊ ဒိုင်းဒိုင်း ဟိုဟာညှဉ်းဲ၊ ဒီဟာညှဉ်းဆဲ၊ နှုတ်ကလဲ ပြောချင်ရာတွေပြော ကြိုးတို့ကြမ်းတမ်းတွေ ရှိတယ်၊ အဲဒီပုဂ္ဂိုလ်တွေကို မပေါင်းနဲ့တဲ့၊ ဒီပုဂ္ဂိုလ်တွေက စိတ်မအေးဘူး၊ သူတို့အလိုလိုက် သူတို့လိုပဲ အတုလိုက်သွားလို့ရှိရင် မနူးညံ့ဘဲ မငြိမ်းအေးဘဲနဲ့ ဖြစ်လာနိုင်တယ်တဲ့၊ ကြမ်းြုကတ်တဲ့လူကို ရှောင်ပါတဲ့။ ကိုင်း-ဆိုရမယ်။
မလွန်မယုတ် လုံ့လထုတ် ကြမ်းကြုတ်သူရှောင်ပါ။ (ဆို-၃)
ကိုယ်ကြမ်း နှုတ်ကြမ်း၊ ကြမ်းကြမ်းတမ်းတမ်း နေတတ် ထိုင်တတ် ပြောတတ်တဲ့ ပုဂ္ဂိုလ်တွေနဲ့ မမှီဝဲနဲ့၊ ရောမနေဘဲနဲ့၊ ငြိမ်းအေးတဲ့လူ ကိုယ်မကြမ်းကြုတ်ဘဲနဲ့၊ ငြိမ်ငြိမ်သက်သက် သိမ်သိမ်မွေ့မွေ့ ရှိတဲ့ပုဂ္ဂိုလ်ပဲ၊ ဒီလို ပုဂ္ဂိုလ်ကို မှီဝဲရမယ်တဲ့။ ကိုယ်စိတ်ငြိမ်းအေးမှု ပဿဒ္ဓိသမ္ဗောဇ္ဈင် ဖြစ်ဖို့ရာလဲ စိတ်ထဲ အမြဲတန်း ညွှတ်ထားရမယ်တဲ့။ ဒီပဿဒ္ဓိသမ္ဗောဇ္ဈင် ဖြစ်အောင်ဟာကို နှလုံးသွင်းမယ်၊ အားထုတ်မယ်လို့ စိတ်ဆန္ဒဖြစ်ပြီးတော့ နှလုံးသွင်းထားရမယ်တဲ့၊ ဒါလဲ လွယ်လွယ်ပါပဲ။
ငြိမ်းအေးသူတွင် မှီဝဲယှဉ် ထိုတွင် စိတ်ညွတ်ရာ။ (ဆို-၃)
ငြိမ်းအေးတဲ့ ပုဂ္ဂိုလ်၊ ကာယစိတ္တ ပဿဒ္ဓိ၊ ပဿဒ္ဓိ ပုဂ္ဂိုလ်၊ ငြိမ်းငြိမ်းချမ်းချမ်း နေတတ်တဲ့ ပုဂ္ဂိုလ်၊ ကိုယ်ရောစိတ်ရော အကုန်လုံး ငြိမ်းချမ်းတဲ့ပုဂ္ဂိုလ်၊ အဲဒီလိုပုဂ္ဂိုလ် မှီဝဲဆည်းကပ်ရမယ်တဲ့၊ တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်ဟာ အတူတူနေတဲ့ပုဂ္ဂိုလ်နဲ့ ငြိမ်းအေးတဲ့ ပုဂ္ဂိုလ်နဲ့ ရောနေလို့ရှိရင် ကိုယ်စိတ်ငြိမ်းအေးမှု ပဿဒ္ဓိဟာ ဖြစ်လွယ်တာပေါ့၊ ပဿဒ္ဓိဗောဇ္ဈင် ဖြစ်ဖို့ရာလဲ စိတ်ထဲမှာ ညွတ်ရမယ်တဲ့၊ ဒါသူတစ်ခုတည်းရယ် မဟုတ်ပါဘူး၊ တရားကောင်းအောင်လို့ စိတ်ညွှတ်ရတာပဲ၊ ပဿဒ္ဓိ တစ်ခုတည်းလဲ မဟုတ်ပါဘူး၊ အဲ-တရားကောင်းအောင် ရှုမယ်, မှတ်မယ်, အားထုတ်မယ်, နှလုံးသွင်းမယ်၊ ဒီလို စိတ်ညွတ်ထားလို့ ရှိရင် ပြီးတာပါပဲ၊ ကိုယ်တွင် စိတ်ညွတ်ရာ ပဿဒ္ဓိဖြစ်ရာ အတွက်ပေါ့လေ၊ ပဿဒ္ဓိ ဖြစ်ဖို့ရာမှာ စိတ်ကလေး ကိုင်းညွတ်ပြီး ထားရမယ်တဲ့၊ အဲဒီတော့ ဘယ်နှစ်ခုရှိသွား ၇-ပါးရှိသွားပြီ။ ဗောဇ္ဈင် သင့်မြတ်တဲ့ ဗောဇ္ဈင်မှီဝဲ၊ သင့်မြတ်တဲ့ ဥတုမှီဝဲ၊ သင့်မြတ်တဲ့ နေထိုင်မှု ဣရိယာပုတ်ကို မှီမှု သုံးခု၊ ပထမပုဒ်က၊ ဒုတိယပုဒ်က မလွန် မယုတ် အားထုတ်ဖို့ ကြမ်းကြုတ်သူကိုရှောင်၊ အဲဒါနဲ့ဆိုတော့ ၅-ခုရှိသွားပြီ၊ ငြိမ်းအေးသူကိုမှီ၊ ကိုယ်စိတ်ငြိမ်းအေးသူ ငြိမ်းအေးတဲ့သူကိုမှီ၊ ပဿဒ္ဓိ ဖြစ်ဖို့ရာအတွက် စိတ်ကိုင်းညွတ်ထားရမယ်၊ ဒီကနေ နှစ်ခုထည့်လိုက်တော့ ၇-ခု ရှိသွားပြီ၊ အဲဒါ ပဿဒ္ဓိဖြစ်ကြောင်းတရားပဲ၊ ပဿဒ္ဓိ ၇-ပါး ညွှန်ကြား ဋ္ဌကထာ၊ အဲဒါ အဋ္ဌကထာက ပြတဲ့ ပဿဒ္ဓိဖြစ်ပွားကြောင်း တရား ၇-ပါးပါပဲ ဆိုရမယ်။
ပဿဒ္ဓိပွား ခုနစ်ပါး ညွှန်ကြားအဋ္ဌကထာ။ (ဆို-၃)။
အဲဒီ ၇-ပါးသော တရားတွေ ပြည့်စုံအောင် အားထုတ်ရင် ပဿဒ္ဓိတရား ပြည့်စုံတယ်။
ယထာစ ဥပ္ပန္နဿ ပဿဒ္ဓိ သမ္ဗောဇ္ဈင်္ဂဿ ဘာဝနာယ ပါရိပူရိဟောတိ၊ တဉ္စ ပဇာနာတိ။
ယထာစ - အကြင်အကြောင်းကြောင့်လည်း၊
ဥပ္ပန္နဿ - ဖြစ်ပေါ်ပြီးသော၊
ပဿဒ္ဓိသမ္ဗောဇ္ဈင်္ဂဿ - ပဿဒ္ဓိသမ္ဗောဇ္ဈင်၏၊
ဘာဝနာယ ပါရိပူရီ - ပွားစည်းမှု၏ ပြည့်စုံခြင်းသည်၊
ဟောတိ - ဖြစ်၏၊
တဉ္စ - ထိုအကြောင်းကိုလည်း၊
ပဇာနာတိ - သိ၏။
ပဿဒ္ဓိ - ပွားစေမှုက ဘယ်ကျမှ ပြည့်စုံသလဲဆိုတော့ အရဟတ္တဖိုလ်ကျမှ ပြည့်စုံတယ်၊ အရဟတ္တမဂ်၊ အရဟတ္တဖိုလ် တည်းဟူသော အကြောင်းကိုလဲပဲ ယောဂီပုဂ္ဂိုလ်က သိပါတယ်တဲ့၊ အစဉ်အတိုင်း ပွားများ အားထုတ်တဲ့ ကာလ၊ အရဟတ္တမဂ် အရဟတ္တဖိုလ် ရောက်တဲ့ကာလ ပွားစရာမရှိဘူး၊ လမ်းဆုံးသွားတယ် ဆိုတာ သိတာပဲ၊ အဲဒီတော့ ပဿဒ္ဓိပွားမှု ဘယ်မှာဆုံးသလဲ၊ ဘာကြောင့် ဘယ်တရားကြောင့် ပြည့်စုံသွားသလဲ၊ အရဟတ် ဖိုလ်တရားကြောင့် ဒီရောက်တဲ့အခါမှာ ရှုရင်းရှုရင်းကနေပြီး နိဗ္ဗာန်ကို ရောက်သွားတယ်၊ သောတာပတ္တိမဂ်ဖိုလ် ရောက်သွားတာပဲ၊ ပဿဒ္ဓိ တစ်စိတ် တစ်ပိုင်းတော့ ပြည့်စုံသွားတာပဲ၊ သကဒါဂါမ်မိဖိုလ် ရောက်လဲ တစ်စိတ်တစ်ပိုင်းတော့ ပြည့်စုံသွားတာပဲ၊ အနာဂါမိဖိုလ် ရောက်တဲ့ အခါလဲ ပြည့်စုံတာပဲ၊ အရဟတ္တမဂ်ဖိုလ် ရောက်တဲ့ အခါကြတော့ အကုန်လုံး ပြည့်စုံသွားတာပဲ၊ နောက်ထပ်မှာစရာ မလိုဘူး၊ ပြည့်စုံသွားတာ။
ဒါကြောင့် အကြင် အရဟတ္တမဂ်ဖိုလ် တည်းဟူသော အကြောင်းကြောင့် ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွားများမှ ပြည့်စုံတယ်၊ အရဟတ္တမဂ် အရဟတ္တဖိုလ် တည်းဟူသော အကြောင်းကိုလည်း ယောဂီပုဂ္ဂိုလ်က ကိုယ်တိုင် တွေ့သိ သွားပါတယ်၊ ဒီနေရာလေးရောက် ဒါလေးနဲ့ ပြည့်ဝခြင်းကြောင့် ပဿဒ္ဓိတရားတွေ နောက်ထပ် ပွားစရာမလိုဘဲနဲ့ ကိစ္စပြီးသွားတာပဲတဲ့၊ ကိုယ်တိုင် သိနိုင်ပါတယ်တဲ့၊ ရောက်မှ သိရမှာ၊ အဲဒီလိုအစဉ်အတိုင်း သိဖို့ရာကို ရှေးကနေပြီး ညွှန်ကြားထားရတယ်၊ ဒီနေ့ ပဿဒ္ဓိ
သမ္ဗောဇ္ဈင်လဲ ပြီးသွားပြီ၊ နာရီကလဲ ၄ နာရီ တီးသွားပြီ၊ သဓိသမ္ဗောဇ္ဈင်နဲ့ ဥပေက္ခာသမ္ဗောဇ္ဈင် ၂-ခုပဲ ရှိတော့တယ်၊ နောက်သီတင်းတွေကျတော့ ဆက်ဟောမယ်၊ ရပ်ဦးမှ။
ဤ ပဿဒ္ဓိသမ္ဗောဇ္ဈင်တရားတော်ကို ရိုသေစွာ နာခံမှတ်သားရသော ဓမ္မသဝနကုသိုလ် စေတနာ၏ အစွမ်းအာနုဘော်ကြောင့် ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် မိမိတို့သန္တာန်၌ ပဿဒ္ဓိ သမ္ဗောဇ္ဈင် နှင့်တကွ ကြွင်းသော ဗောဇ္ဈင်တရားတို့ကို ဖြစ်ပွားပြည့်စုံအောင် အားထုတ်နိုင်ကြ၍ ဝိပဿနာ ဉာဏ်အစဉ် အရိယာမဂ်ဉာဏ် အစဉ်သို့ ဆင်းရဲခပ်သိမ်း ငြိမ်းရာဖြစ်သော နိဗ္ဗာန် ချမ်းသာမြတ်သို့ လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း။
သာဓု .... သာဓု .... သာဓု။
သမာဓိသမ္ဗောဇ္ဈင် တရားတော်
၁၃၂၃-ခု၊ တော်သလင်းလဆန်း ၈-ရက်နေ့ ဟောသည်။
သန္တံ ဝါ အဇ္ဈတ္တံ သမာဓိ သမ္ဗောဇ္ဈင်္ဂံ အတ္ထိ မေ အဇ္ဈတ္တံ သမာဓိ သမ္ဗောဇ္ဈင်္ဂေါတိ ပဇာနတိ။ အသန္တံ ဝါ အဇ္ဈတ္တံ သမာဓိ သမ္ဗောဇ္ဈင်္ဂံ အတ္ထိ မေ အဇ္ဈတ္တံ သမာဓိ သမ္ဗောဇ္ဈင်္ဂေါတိ ပဇာနာတိ။ ယထာ စ အနုပ္ပန္နဿ သမာဓိ သမ္ဗောဇ္ဈင်္ဂဿ ဥပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ ယထာ စ ဥပ္ပန္နဿ သမာဓိသမ္ဗောဇ္ဈင်္ဂဿ ဘာဝနာယ ပါရိပူရီ ဟောတိ တဉ္စ ပဇာနာတိ။
ဒီနေ့ သမာဓိသမ္ဗောဇ္ဈင်ကို ဟောဖို့ အလှည့် ရောက်လာတယ်၊ အဲဒီသမ္ဗောဇ္ဈင်ကို သိပုံကို မြတ်စွာဘုရားက ခုနရွတ်တဲ့အတိုင်း ဘာဟောသွားတယ်၊ ဒါ ပါဠိဘာသာနဲ့ ဟောတာ၊ ဘုရား ဟောတဲ့အတိုင်း ကြည်ညိုရအောင်လို့ ရွတ်လိုက်တာ။ ဒါကတော့ ဒါကြားလို့ နားလည်တဲ့ ပုဂ္ဂိုလ်လဲ နည်းနည်းပါးပါး ရှိမယ်။ များသော အားဖြင့်တော့ ပါဠိဆိုတာ နားမလည်ဘူး။ မြန်မာပြန်ပြီး ပြောရဦးမယ်။
သန္တံ ဝါ အဇ္ဈတ္တံ သမာဓိ သမ္ဗောဇ္ဈင်္ဂံ အတ္ထိ မေ အဇ္ဈတ္တံ သမာဓိ သမ္ဗောဇ္ဈင်္ဂေါတိ ပဇာနတိ။
အဇ္ဈတ္တံ - ကိုယ်တွင်း သန္တာန်၌၊
သန္တံ - ထင်ရှားရှိသော၊
သမာဓိ သမ္ဗောဇ္ဈင်္ဂံ ဝါ- သမာဓိသမ္ဗောဇ္ဈင် တရားကိုလည်း၊
မေ - ငါ၏၊
အဇ္ဈတ္တံ - ကိုယ်တွင်းသန္တာန်၌၊
သမာဓိသမ္ဗောဇ္ဈင်္ဂေါ - သမာဓိသမ္ဗောဇ္ဈင်သည်၊
အတ္ထိ - ရှိ၏၊
ဣတိ - ဤသို့၊
ပဇာနာတိ - သိ၏။
သမာဓိသမ္ဗောဇ္ဈင်တရား ရှိလျှင်လဲ ရှိမှန်း သိပါတယ်တဲ့။ သမ္ဗောဇ္ဈင်တရား မိမိသန္တာန်မှာ ဖြစ်နေလို့ ရှိလျှင် ဖြစ်နေမှန်း ယောဂီပုဂ္ဂိုလ်က သိတယ် သိရမှာပေါ့ ကိုယ့်သန္တာန် ဖြစ်တာကိုး၊ သမာဓိ သမ္ဗောဇ္ဈင် ဖြစ်နေတာ ဖြစ်မှန်း သိတော့ သိတာပေါ့။ ဖြစ်မှလဲသိတာ၊ မဖြစ်ရင်လဲ မသိဘူး။ သမာဓိ သမ္ဗောဇ္ဈင်က မဖြစ်တဲ့ ပုဂ္ဂိုလ်တွေ သမာဓိသမ္ဗောဇ္ဈင်ဟာ၊ စာပေအရကတော့ ကိုယ်ကြားနာပြီး မှတ်သားထားရတော့ ကိုယ်တိုင်တွေ့တော့၊ ကိုယ်တိုင် တွေ့သိဖို့ရာကတော့ ကိုယ့်သန္တာန် ဖြစ်မှပဲ သိမှာပဲ၊ ခုဟာက ယောဂီပုဂ္ဂိုလ်က အစဉ်အတိုင်း တရားအားထုတ်နေတော့ ဥဒယဗ္ဗယဉာဏ် ရောက်တဲ့ အခါကာလက စပြီးတော့ ရှုတိုင်း မှတ်တိုင်း သမာဓိသမ္ဗောဇ္ဈင်ဖြစ်တယ်၊ ဖြစ်နေတာကို ကိုယ်တိုင် တွေ့ပြီးတော့ သိရပါတယ်တဲ့။
အသန္တံ ဝါ အဇ္ဈတ္တံ သမာဓိသမ္ဗောဇ္ဈင်္ဂံ။
အဇ္ဈတ္တံ - ကိုယ်တွင်းသန္တာန်၌၊
အသန္တံ - ထင်ရှားမရှိသော၊
သမာဓိ သမ္ဗောဇ္ဈင်္ဂံဝါ- သမာဓိသမ္ဗောဇ္ဈင် တရားကိုလဲ၊
မေ - ငါ၏၊
အဇ္ဈတ္တံ - ကိုယ်တွင်းသန္တာန်၊
သမာဓိသမ္ဗောဇ္ဈင်္ဂေါ - သမာဓိသမ္ဗောဇ္ဈင်သည်၊
နတ္ထိ - မရှိ၊
ဣတိ - ဤသို့၊
ပဇာနာတိ - သိ၏။
သမာဓိသမ္ဗောဇ္ဈင် တရား မရှိရင်လဲ မရှိမှန်း သိပါတယ်တဲ့၊ တရားအားထုတ်နေတဲ့ ယောဂီပုဂ္ဂိုလ်မှာ သမာဓိသမ္ဗောဇ္ဈင် ရောက်ပြီး ရပြီးနေတဲ့အခါကာလ အကြောင်း မညီညွတ်တဲ့ အခါကျတော့ သမာဓိ က မဖြစ်ပြန်ဘူး။ အဲဒီလို မဖြစ်တဲ့အခါလဲ မဖြစ်ဘူး။ သမာဓိ မရှိဘူး သိနေတာတော့၊ အဲဒါတော့ အဲဒီလို သိရုံနဲ့လဲပဲ သတိပဋ္ဌာန် ဘာဝနာလဲ မဖြစ်ပါဘူး။
ဒီလိုဆိုလို့ရှိရင် တရား အားမထုတ်တဲ့ပုဂ္ဂိုလ် သမာဓိသမ္ဗောဇ္ဈင် မရှိရင်လဲ မရှိမှန်း သိနေတာနဲ့ ဘာဝနာတွေ ဖြစ်ကုန်မှာပေါ့။ တရား အားမထုတ်ဘဲနဲ့ သမာဓိ ကျဲနေပြီး သမာဓိမရှိဘူးလို့ သိရုံနဲ့လဲ သတိပဋ္ဌာန် ဘာဝနာ မဖြစ်ဘူး။ အားထုတ်တဲ့ ပုဂ္ဂိုလ်မှာလဲပဲ သမာဓိသမ္ဗောဇ္ဈင် မရောက်သေးခင် သမာဓိသမ္ဗောဇ္ဈင် မရှိမှန်း သိနေရုံနဲ့ အဲဒါလဲပဲ သတိပဋ္ဌာန်ဘာဝနာ တည်တယ်လို့ မဆိုနိုင်ဘူး။
ခုဟာကတော့ သမာဓိ သမ္ဗောဇ္ဈင် ရောက်နေတာကိုး၊ သမာဓိ သမ္ဗောဇ္ဈင် ကိုယ့်သန္တာန် ဖြစ်နေတာ၊ ဖြစ်နေတဲ့ခါ ဖြစ်မှန်းလဲ သိတယ်၊ အကြောင်း မညီညွတ်တဲ့အခါ အဲဒီဥစ္စာက မဖြစ်ပြန်ဘူး၊ ဝိပဿနာ သမာဓိ ဆိုတာက မပျက်စီးနိုင်တဲ့ တရားမဟုတ်ဘူး၊ ပျက်စီးနိုင်တဲ့တရားပဲ၊ မပျက်စီးနိုင်တဲ့တရားက အကုပ္ပံ မေ ဝိမုတ္တိ - အရဟတ္တမဂ်, အရဟတ္တဖိုလ် ရောက်သွားတဲ့ အခါကျတော့ ရဟန္တာပုဂ္ဂိုလ်တွေ တရားဆင်ခြင်တဲ့ ပစ္စဝေက္ခဏဉာဏ်ရှိတယ်။
အကုပ္ပာ မေ ဝိမုတ္တိ၊
မေ - ငါ၏၊
ဝိမုတ္တိ - ကိလေသာမှ လွတ်ခြင်းသည်၊
အကုပ္ပာ - မပျက်စီးနိုင်တော့ပြီ၊
ရဟန္တာဖြစ်တဲ့အခါကာလကျတော့ ကိလေသာမှ လွတ်မြောက်တဲ့ စိတ်ဟာ ဘယ်တော့မှ မပျက်စီး တော့ဘူး၊ သမာဓိကလဲ ဘယ်တော့မှ မပျက်စီးတော့ဘူး၊ အဲဒီသမာဓိကတော့ အဲဒါသာ မဟုတ်ဘူး။
အနာဂါမ်ပုဂ္ဂိုလ်မှာလဲ သမာဓိသ္မိံ ပရိပူရကာရီ ဆိုတော့ အနာဂါမ်ပုဂ္ဂိုလ်လဲ အနာဂါမိမဂ်ဖိုလ် ရောက်သွားလို့ရှိရင် သူလဲ သမာဓိမပျက်ဘူး၊ အနာဂါမ် ရဟန္တာကမှ သမာဓိက မပျက်ဘဲနဲ့ ဒိပြင် ပုဂ္ဂိုလ်တွေမှာတော့ သမာဓိ ကောင်းတဲ့အခါလဲ ကောင်းမှာပဲ၊ ပျက်တဲ့အခါလဲ ပျက်မှာပဲ၊ အဲဒီတော့ အခါကောင်းတဲ့ခါ ကောင်းတဲ့သမာဓိကိုလဲ သိတယ်၊ ပျက်တဲ့အခါလဲ ပျက်တဲ့သမာဓိကိုသိတယ်၊ ဒီလိုသိရမယ်တဲ့၊ သမာဓိဆိုတာဟာ မြတ်စွာဘုရား၏ သာသနာတော်မှာ သာသနာသုံးရပ်ထဲက အလယ်ပိုင်းပဲ သီလတဲ့, သမာဓိတဲ့, ပညာတဲ့, မြတ်စွာဘုရား၏ သာသနာတော်မှာ အရေးအကြီးဆုံး သာသနာကြီးသုံးရပ်၊ သာသနာဆိုတာ ဆုံးမညွှန်ကြားချက်ကို သာသနာခေါ်တာပဲ၊ သာသနာဆိုတာ ဆုံးမခြင်းလို့ အဓိပ္ပာယ်ရှိတယ်၊ ဆုံးမတဲ့ စကားရပ်တွေဟာ သာသနာတွေပဲ။
ဒါပေမယ့် ဆိုဆုံးမချက် ဒေသနာအရအားဖြင့် ကျင့်သုံးပြီးတော့ ပြည့်စုံတဲ့ တရားတွေကိုလဲ သာသနာလို့ပဲ ခေါ်ရတယ်၊ မြတ်စွာဘုရား ညွှန်ကြားဆုံးမထားတဲ့ ဝိနည်း သုတ္တန် အဘိဓမ္မာတရား ဒေသနာတော်တွေရှိတယ်၊ အဲဒါတွေဟာ မြတ်စွာဘုရား သွန်သင်ဆုံးမထားတဲ့ တရားတော်တွေ ဖြစ်ခြင်းကြောင့် ဒါတွေဟာ သာသနာတွေပဲ၊ ဒါတွေက ပရိယတ္တိသာသနာ ခေါ်တယ်၊ ပရိယတ္တိသာသနာတွေတဲ့၊ အဲဒါတွေက သင်ကြားရတယ်၊ မကြားဘူး မနာဘူးသေးတဲ့ ပုဂ္ဂိုလ်တွေ ကြားရနာရတယ်၊ မသိတဲ့ ပုဂ္ဂိုလ်တွေ သိအောင်လို့ သိတဲ့ပုဂ္ဂိုလ်တွေက ဟောကြားရတယ်၊ ခုခေတ်ကာလတော့ အင်မတန် လွယ်တာပဲ၊ ခုတော့ စာအုပ်တွေက ရှိတာကိုး၊ အဲဒီစာအုပ်တွေ ကြည့်ပြီးတော့ လေ့လာရင်ကို ဒီတရားတော်တွေ အဆုံးအမတွေ ရနိုင်တာပဲ။
မြတ်စွာဘုရားလက်ထက်တော် အခါကာလတုန်းကဆိုရင် ဒီလိုစာအုပ်တွေ မရှိသေးဘူး၊ ဘုရားကလဲ အကြောင်း အားလျော်စွာ ကြုံတဲ့အခါ ဟောသွားတာပဲ၊ အကြောင်း အားလျော်စွာ ကြည့်ပြီးတော့ ပရိသတ်နဲ့ ဒီတရားနဲ့ သင့်လျော်တယ်ဆိုရင် အဲဒီပရိသတ် အဲဒီတရားဟော သွားတယ်၊ ဘုရားဆိုတော့လဲ တရားက အထူး နှလုံးသွင်းနေရတာ မဟုတ်ဘူး၊ ပရိသတ် ကြည့်ပြီး ဟောသင့် ဟောထိုက်တဲ့တရား ဟောသွားတာပဲ၊ အဲဒီ ဟောသွားတဲ့ တရားတွေကို ကြားနာတဲ့ ပုဂ္ဂိုလ်တွေက မှတ်သားထားရတယ်၊ ဟိုတုန်းက ပုဂ္ဂိုလ်တွေ ဉာဏ်သိပ်ကောင်းလို့ပေါ့၊ ဘုရားက တစ်ခေါက် ဟောသွား တာပဲ၊ တစ်ခေါက် လျှောက်တန်း ဟောသွားတာ အကုန်လုံး နောက်က လိုက်မှတ် ရတာကိုး။ ဆောင်ထားရတာ။
ဒီဆောင်ထားလို့ရတဲ့ ပုဂ္ဂိုလ်တွေကလဲ မြတ်စွာဘုရားက ဘယ်ခါတုန်းက ဘယ်ပုဂ္ဂိုလ် အကြောင်း ပြုပြီးတော့ ဘယ်လို ပရိသတ်တွေ အကြောင်း ပြုပြီးတော့ ဘယ်လိုတရားတွေဟောတယ်၊ ဘယ်-ဘယ်လိုပဲ ဒါတွေ လျှောက်ပြီးတော့ အဆင့်ဆင့် ညွှန်ကြား ပေးရတာပေါ့၊ အဲဒါတွေ ဆောင်ထားရတယ်၊ ဒီတော့ မြတ်စွာဘုရား၏ အဆုံးအမတွေကို လေ့လာချင်လို့ရှိရင် အဲဒီ တတ်သိတဲ့ ပုဂ္ဂိုလ်တွေက ဟောမှပဲသိနိုင်တယ်၊ မဟောရင် မသိနိုင်ဘူး၊ စာအုပ်စာတမ်းတွေလဲ ရေးမထားကြသေးဘူး၊ ဟိုတုန်းက မရေးကြသေးဘူး၊ နောက်မှ ပေခေတ်တွေပေါ်လာတော့မှ သာသနာ ၄၅၀-လောက်ကျမှ ပေနဲ့ ရေးပြီးတော့ ပိဋကတ်တွေဖြစ်လာတယ်၊ ပေဆိုတောင်မှ တော်တော် ရှားသေးတယ်။
ခုခေတ်ကျတော့ စာအုပ်တွေ ဖြစ်လာတာကိုး၊ စာအုပ်တွေကတော့ ပေါပါတယ်၊ စာအုပ်တွေက အင်မတန်ပေါ၊ ဟိုတုန်းက စာကြည့်ချင်လို့ရှိရင် ပေထုပ်တစ်ထုပ် ထမ်းရဖို့ရာ တယ်မလွယ်ဘူး၊ ဘုန်းကြီးကျောင်းတွေမှ ရှိတယ်၊ အဲဒါတွေက သွားငှားဖို့ရာ တယ်မလွယ်ဘူး၊ ဘုန်းကြီးတွေကလဲ ပျောက်သွားမှာစိုးလို့ တယ်မငှားချင်ကြဘူး၊ တစ်ထုပ်လုံးများ မငှားဘူး၊ အပိုင်း အပိုင်းလေးတွေနဲ့ ဘုန်းကြီးများ ငယ်ငယ်တုန်းက စာအုပ်ကလဲ မရှိတော့ အဲဒီစာကို ကျောင်းတစ်ကျောင်းမှာ သွားပြီးတော့ ပေထုပ်ရတာ၊ ပေထုပ်တဲ့ခါမှာ ဆရာတော်ကြီးက ဘယ့်နဲ့လဲတဲ့၊ စာပုလွေလေး ဘာလေး မပါးဘူးလား တဲ့၊ အထုပ်လိုက် ငှားလို့ ရလိမ့်မယ်လို့ အောက်မေ့တာကိုး၊ ဟာ ဒီလို မလုပ်ရဘူး၊ စာပုလွေလေး ယူခဲ့ရတယ်တဲ့၊ ပေတွေ ဘာတွေ ထုပ်ရတာကလေး။
အဲဒါလေးက ဝါးခြမ်းတွေနဲ့ အဝတ်နဲ့ ကပ်ထုပ် ထားတာလေး၊ အဲဒါလေးနဲ့ ယူသွားမှ တစ်အင်္ဂါ နှစ်အင်္ဂါချင်း ထုတ်ပေးတာကိုး၊ စာသင်ပြီးလို့ တက်ပြီးရင် ပြန်ပို့ရတယ်၊ ပြန်ပို့ နောက်အသစ်ထုတ် ဒီလို လုပ်ရတာကိုး၊ မလွယ်ဘူး ရှေးတုန်းက အခုတော့ တော်တော်တော့ ကြာသွားပါပြီ၊ စာအုပ်တွေပေါ်လာတာ စာအုပ်ပေါ်တဲ့ ခေတ်က စပြီးတော့ စာအုပ်တွေက ပေါပါရဲ့၊ ဒါပေမယ်လို့ ဘုန်းကြီးများ ငယ်ငယ်တုန်းကတော့ ကြည့်တော့လဲကြည့်ပါရဲ့ နေရာတိုင်းတော့ မပေါသေးဘူး၊ ခုတော့ ပေါကုန်ပါပြီ၊ ဆဋ္ဌသင်္ဂါယနာ ဗုဒ္ဓသာသနာ အဖွဲ့ကနေပြီးတော့ စာအုပ်တွေ ရိုက်လိုက်တာမှ အင်မတန်ကို ပေါသွားတယ်၊ ထိုထို ဆရာတွေ ရေးပြီးထုတ်တဲ့ အမျိုးမျိုးသော တရားစာအုပ် တွေကလဲ ခုကာလ အင်မတန် ပေါပါတယ်၊ လေ့လာချင်လို့ရှိရင် တရားတော့ အင်မတန် လေ့လာဖို့ လွယ်တယ်၊ အဲဒီလို လေ့လာသင်ကြားပြီး ယူရတဲ့တရားကို ပရိယတ္တိ သာသနာတွေတဲ့။
ပရိယတ္တိ သာသနာ၊ အဲဒီ ပရိယတ္တိ သာသနာတော်က ညွှန်ကြားထားတဲ့အတိုင်း ကျင့်ကြံ အားထုတ်တော့ ဖြစ်ပေါ်လာတာတွေ၊ အဲဒါတွေက ပဋိပတ်တွေ ကျင့်ကြံအားထုတ်တဲ့ ကာလ ဖြစ်ပေါ်တာတွေ၊ ပဋိပတ် သီလ အကျင့် ကျင့်တယ်၊ သမာဓိအကျင့် ကျင့်တယ်၊ ဒါ ပဋိပတ် အကျင့်တွေ၊ အဲဒီလို အကျင့်တွေ ကျင့်လို့ ပြည့်စုံတဲ့အခါကျမှ ပဋိဝေဓလို့ ခေါ်တာကိုး၊ ပဋိဝေဓဆိုတာ တရားထူး တရားမြတ်တွေ ရသွားတာကိုခေါ်တယ်၊ ပဋိဝေဓ ထိုးထွင်းပြီး သိသွား တယ် တဲ့၊ အဲဒီရောက်အောင် အားထုတ်ရတာ။
အဲဒီလို အားထုတ်တဲ့ထဲမှာ သီလဆိုတဲ့ ကျင့်သုံးရတဲ့ သာသနာက တစ်ခု၊ သမာဓိဆိုတာ တစ်ခု၊ ပညာဆိုတာ တစ်ခု၊ သုံးခု၊ အဲဒီ ၃-ခုထဲမှာ သမာဓိသမ္ဗောဇ္ဈင် ဆိုတာက အလယ်ပိုင်း၊ အလယ်ပိုင်းကျတယ်၊ အလယ်ပိုင်းထဲမှာ ပါဝင်နေတယ်၊အဲဒီ သမာဓိတရား၊ သမာဓိကလဲ အမျိုးမျိုး ရှိပါတယ်၊ သမာဓိကလဲ ကုသလာဓမ္မာ, အကုသလာဓမ္မာ, အဗျာကတာဓမ္မာ ဆိုတဲ့ အဘိဓမ္မာ ဒေသနာ၊ ပထမဆုံးတိတ်နဲ့ တွဲလိုက်လို့ရှိရင် ကုသိုလ်သမာဓိလဲ ရှိတာပဲ၊ အကုသိုလ်သမာဓိလဲ ရှိတာပဲ၊ အဗျာကတ သမာဓိလဲ ရှိတာပဲ၊ အမျိုးမျိုးရှိတယ်၊ အကောင်းလဲရှိတယ်၊ အဆိုးလဲရှိတယ်၊ သမာဓိအကုသိုလ် မကောင်းမှုတွေ ပြုနေတဲ့ ပုဂ္ဂိုလ်တွေလဲ သူတို့ အထိုက်အလိုက် သူတို့လဲ သမာဓိနဲ့ပဲ၊ သူတို့လဲ သမာဓိ စိတ်တည်ကြည်မှု ရှိတန်သလောက် ရှိလို့ အလုပ် လုပ်လို့ဖြစ်တာ၊ လောကဘက်ကနေပြီး စူးစူးစမ်းစမ်းတွေ ကြံစည်ပြီး သကာလ အားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ သမာဓိတွေကလဲ သူတို့လဲ သမာဓိတွေနဲ့ပဲ လောကဘက်ကနေ ကျမ်းစာအုပ်တွေရေး, ဘာသာရေး ဝါဒတွေရေး, ဟောဒီလို လုပ်နေတာတွေ သူတို့လဲ သမာဓိတွေနဲ့ သူတို့သမာဓိနဲ့ လုပ်နေတာ စက်မှုလက်မှု စသည်တွေ ကြံစည်တည်ထွင်တဲ့ နေရာတွေ သူတို့လဲ သမာဓိတွေ ပါတယ်။
သမာဓိမရှိရင် ဘယ်ဖြစ်လိမ့်မတုန်း၊ သူတို့လဲ တော်တော်ကြီးတဲ့ သမာဓိနဲ့ လုပ်ရတာ။ သို့သော်လဲ ဒီသမာဓိတွေကတော့ ကုသိုလ်သမာဓိလို့ မဆိုနိုင်ဘူး၊ လောဘ ဦးစီးပြီးတော့ ကြံစည်နေတဲ့ သမာဓိလဲ ဖြစ်နိုင်တယ်၊ ဒေါသဦးစီးပြီးတော့ လက်နက်တွေ, ဘာတွေလုပ်တယ် ဆိုတာ သေရာ သေကြောင်းတွေ လျှောက်လုပ်နေတာကိုး၊ ဒေါသ ဦးစီးပြီးတော့ ကြံစည်နေတဲ့ သမာဓိလဲ ဖြစ်နိုင်တယ်၊ မောဟတို့, မာနတို့, ဒိဋ္ဌိတို့ အဲဒါတွေ ဦးစီးပြီး သကာလ ကြံစည်ပြီးနေတဲ့ သမာဓိတွေလဲ ဖြစ်နိုင်တယ်၊ အကုသိုလ် သမာဓိတွေပဲ။
ကုသိုလ်ကောင်းမှုနဲ့ စပ်ပြီးတော့ တည်ကြည်နေတဲ့ စိတ်တည်ကြည်မှုက ကုသိုလ် သမာဓိပဲ၊ ဒါက ဒါနပေးကမ်း လှူဒါန်းခြင်းနဲ့ ဆက်စပ်ပြီးတော့ ဖြစ်တယ်၊ သီလစောင့်ထိန်းမှုနဲ့ စပ်ပြီးဖြစ်တယ်၊ သမထဝိပဿနာ ဘာဝနာ အားထုတ်မှုနဲ့ စပ်ပြီးတော့ ဖြစ်တယ်၊ အဲဒီသမာဓိဟာ သူ့ရဲ့အမည်ကို လိုက်ပြီးတော့ ပြောရမယ်ဆိုရင် သမာဓိဆိုတာ ကောင်းစွာ ထားတတ်တဲ့ တရားပဲ၊ ယှဉ်ဖော်ယှဉ်ဖက် တရားတွေကို စေတသိက် တရားတွေကို တစ်ခုတည်းသော အာရုံ၌ ကောင်းစွာ ထားတတ်တဲ့ တရား, တည်ကြည်စေတတ်တဲ့ တရားလို့ ဆိုလိုပါတယ်၊ စူးစိုက်ပြီး တည်ကြည်တတ်တဲ့ တရား၊ အကုသိုလ်သမာဓိကလဲ အကုသိုလ်အာရုံမှာ ထားမှာပေါ့၊ ကုသိုလ်သမာဓိကလဲ ကုသိုလ်အာရုံမှာ ထားမှာပေါ့၊ တည်ကြည် စေတတ်တဲ့တရား၊ ခု ဘာဝနာနဲ့ စပ်တဲ့နေရာမှာတော့ ကုသိုလ်သမာဓိလို့ ပြောရလိမ့်မယ်၊ အကုသိုလ် သမာဓိတော့ ပြောလို့ မဖြစ်ဘူး။
ဒါကြောင့် ဝိသုဒ္ဓိမဂ်မှာ သမာဓိခန်း ဖွင့်တော့မယ်ဆိုတော့ သမာဓိဆိုတာဘာလဲလို့ မေးခွန်း ထုတ်လိုက်တယ်၊ရှေးဦးစွာ မေးခွန်းထုတ်ပြီးဖြေတော့ သမာဓိအမျိုးမျိုး အစားစားတွေ ရှိနေတာတဲ့၊ အဲဒီ သမာဓိ အမျိုးမျိုး အစားစား ရှိနေတာတွေ လျှောက်ပြောနေရင် ဒီမှာလိုအပ်တဲ့ သမာဓိတွေ ရောက်မှာ မဟုတ်ဘူးတဲ့၊ ဒီတော့ အတိုချုပ် မြန်မာလို သမာဓိပြောရမယ် ဆိုလို့ရှိရင်တော့ ကုသိုလ်နဲ့ယှဉ်တဲ့စိတ် ဧကဂ္ဂတာပါပဲတဲ့၊ ကုသိုလ်နဲ့ ယှဉ်ပြီးဖြစ်တဲ့စိတ် ဧကဂ္ဂတာ၊ စိတ္တက - စိတ်၊ ဧကဂ္ဂတာက - တစ်ခုတည်းသော အာရုံမှာတည်ပြီးတော့ နေတာ၊ တစ်ခုတည်းသော အာရုံမှာ တည်တဲ့ စိတ်ပါပဲတဲ့၊ စိတ်၏တစ်ခုတည်းသော အာရုံမှာ တည်တဲ့သဘောပါပဲတဲ့၊ ဒါကုသိုလ်နဲ့ ယှဉ်ပြီးဖြစ်တာပဲ၊ အကုသိုလ်နဲ့ ယှဉ်တာမဟုတ်ဘူး၊ အဗျာတကနဲ့ ယှဉ်တာမဟုတ်ဘူး၊ ဘာဝနာနဲ့ စပ်တော့ ကုသိုလ်သမာဓိလို့ ပြောရတယ်၊ အဲဒီ ကုသိုလ်သမာဓိက ခုနကပြောတဲ့အတိုင်း ဒါနသီလ နဲ့လဲ စပ်ပြီးတော့ ဖြစ်တာလဲရှိပါတယ်။
ဒါပေမယ်လို့ ဒါတွေက သိပ်မထင်ရှားဘူး၊ ဒါနသီလနဲ့ စပ်ဖြစ်တာတွေက မထင်ရှားဘူး၊ ဘာဝနာနဲ့စပ်ဖြစ်တဲ့ သမာဓိက ထင်ရှားတယ်၊ ဘာဝနာနဲ့ စပ်ပြီးဖြစ်တဲ့ သမာဓိမှာလဲ ဥပစာရသမာဓိ, အပ္ပနာသမာဓိ, ခဏိကသမာဓိ, မဂ်သမာဓိ၊ ဖိုလ်သမာဓိ, ဒီလိုသမာဓိတွေ အမျိုးမျိုး အစားစား ရှိပါတယ်၊ ဥပစာရသမာဓိဆိုတာ သမထဘာဝနာ အားထုတ်တော့ သမထဘာဝနာ မပြည့်စုံသေးခင် ဈာန်သမာပတ် မရောက်သေးခင် ဖြစ်ပေါ်နေတဲ့ စိတ်တည်ကြည်မှုတွေ ဥပစာရသမာဓိခေါ်တယ်၊ ဥပစာရ - အနီးကပ်ဖြစ်တဲ့ သမာဓိတွေ၊ ဈာန်အပ္ပနာ သမာဓိတွေရဲ့ အနီးအပါးဖြစ်တဲ့ သမာဓိတွေ ဒီလိုဆိုလိုတယ်၊ ဒါကလဲ တော်တော်လေး နီးသွားမှ ခေါ်တယ်၊ စ, ကာစ လက်ဦးစတော့ မခေါ်သေးဘူး၊ သာမညတော့ သမာဓိပဲ ဖြစ်တယ်၊ စ, ကာစတော့ သူက သိပ်ပြီးတော့ စာရင်းမဝင်သေးဘူး၊ ဥပစာရ သမာဓိဆိုတာ ပဋိဘာဂနိမိတ်။
ထူးထူးခြားခြား နိမိတ်တွေ, အာရုံတွေ, တင်လာပြီဆိုတဲ့ အခါကစပြီးတော့ ဥပစာရသမာဓိဖြစ်တယ်၊ ဥပစာရသမာဓိ ဖြစ်တဲ့ အခါကာလမှာ နီဝရဏစိတ်တွေလဲ ကင်းစင်ပြီးတော့ သွားတယ်၊ နီဝရဏစိတ်တွေ မကင်းစင်သေးလို့ရှိရင် ဥပစာရ သမာဓိ မဖြစ်သေးဘူး၊ နီဝရဏစိတ်တွေက ဘာတုံးဆိုရင် ကာမစ္ဆန္ဒနီဝရဏ တဲ့၊ ဗျာပါရနီဝရဏ, ထိနမိဒ္ဓ နီဝရဏတဲ့၊ ဥဒ္ဓစ္စ ကုက္ကုစ္စ၊ ဝိစိကိစ္ဆာ နီဝရဏတဲ့၊ ကိလေသာ နီဝရဏတဲ့ အကျဉ်းချုပ် အားဖြင့် ၅-ခုရှိတယ်၊ အကျယ်ဆိုရင်တော့ ၈-ခု ရှိပါတယ်။
ကာမအာရုံတွေကို စဉ်းစားကြံစည် နေတာလေးတွေဟာ ကာမစ္ဆန္ဒ နီဝရဏခေါ်တယ်၊ ကာမဘုံက ပုဂ္ဂိုလ်တွေက အမြဲတမ်းလိုပဲ ဒီကာမအာရုံတွေကို ကြံစည်နေကြတာပဲ၊ ကာမအာရုံတွေ မရသေးတာတွေရဖို့ ရပြီးတာတွေ သိမ်းပိုက်ပြီးထားဖို့၊ မြင်စရာအာရုံတွေ, အကောင်းတွေကို ရဖို့မြင်ဖို့၊ ကြားစရာ အာရုံတွေ အကောင်းတွေကို ရဖို့ကြားဖို့၊ နံစရာအာရုံတွေ အကောင်းတွေကို စားစရာအာရုံတွေ အကောင်းတွေကို ရဖို့, စားဖို့၊ တွေ့ထိစရာ အာရုံအကောင်းတွေကို ရဖို့တွေ့ထိဖို့၊ အသုံးအဆောင် အမျိုးမျိုးတွေကိုရဖို့၊ အပေါင်းအဖော် ပရိသတ်တွေ, အခြံအရံတွေရဖို့၊ လောက ဂုဏ်သတင်း ကျက်သရေတွေရဖို့, ကြီးပွားဖို့, ချမ်းသာဖို့ အဲဒါတွေ လျှောက်စဉ်းစားနေတာ၊ ကာမစ္ဆန္ဒနီဝရဏလို့ ခေါ်တယ်၊ ကာမ အလိုဆန္ဒတွေတဲ့၊ လောက ရေးရာနဲ့စပ်ပြီးတော့ ကောင်းစားဖို့, ကြီးပွားချမ်းသာဖို့, ချမ်းသာဖို့ရာတွေ လျှောက်ကြံနေတာ။ အကုန်လုံး ကာမစ္ဆန္ဒ ချည်းပဲတဲ့၊ အဲဒီလို စိတ်မျိုးတွေ ကင်းနေရမယ်။
ဥပစာရသမာဓိ ရောက်တဲ့ အခါကျတော့ ဒီစိတ်မျိုးတွေ မရှိတော့ဘူး၊ ခုဒီမှာ ကမ္မဋ္ဌာန်း အားထုတ်တဲ့အခါမှာ ရှုရမည့်တရားလေး တွေရှုမှတ်နေတာပဲ၊ ဖောင်းတယ်, ပိန်တယ်စသည်ဖြင့် ရှုမှတ်နေရင်း ကြားထဲကနေ ဒီစိတ်ကလေးတွေ ဘယ်သွားလဲ ထွက် ထွက်သွားတယ် မမိဘူး၊ သူက ကာမအာရုံတွေ ပြန်ပြန်သွားတယ်၊ သူနေနေကျ နေရာလေးကို သူက ကာမအာရုံတွေမှာ နေရ တာက ချောင်ချောင်ချိချိ ရှိတယ်၊ လွတ်လွတ်လပ်လပ် ရှိတယ်၊ သမထအာရုံ ဝိပဿနာအာရုံတွေမှာ နေရတာက သိပ်ပြီးတော့ မလွတ်လပ်ဘူး၊ အမြဲတန်း ကြောင့်ကြ စိုက်နေရတာပဲ၊ သူ့ကို မသွားအောင်ဟာ ဒီအာရုံနဲ့ စိတ်နဲဟာ အမြဲတမ်းကပ်ပေးနေရတာပဲ၊ တစ်ခုပြီးတစ်ခု အမြဲတမ်း ကပ်ပေးနေရတယ်၊ ကြောင့်ကြစိုက်ပေး နေရတယ်၊ လွတ်လပ်ခြင်း မရှိဘူး၊ အဲ-သူ့အလိုလို့ သွားနေတဲ့ ကာမအာရုံတွေကတော့ လွတ်လပ်တယ်၊ ကိုယ်လဲ ဘာမှ ကြောင့်ကြ မစိုက်ရဘူး၊ သူ့ဟာသူ သွားနေတာပဲ၊ ဘာမှ ကြောင့်ကြ မစိုက်ရဘူး၊ တစ်နေ့လုံး တစ်ညလုံး သွားနေတာ၊ တယ် သက်သာတာပဲ၊ သွားနေတာလဲ တယ်ပျော်စရာကောင်းတယ်၊ သူက ဟိုဟာစဉ်းစား ဒီဟာစဉ်းစား စဉ်းစားတိုင်း စဉ်းစားတိုင်းဟာ ကောင်းနေတာပဲ၊ အဲဒါ ကာမစ္ဆန္ဒနီဝရဏတွေ ခေါ်တယ်တဲ့။
ဒီကာမစ္ဆန္ဒတရားတွေ ဖြစ်နေသမျှ ကာလပတ်လုံး ဘာဝနာတွေပျက်၊ လုံးလုံး အားမထုတ်တဲ့ ပုဂ္ဂိုလ်တွေ လုံးလုံး တစ်ခုမှမဖြစ်ဘဲ အရပ်ထဲမှာ နေကြတယ်၊ ဘာဝနာတွေ ဘာမှမဖြစ်ဘူး၊ အရပ်ထဲနေတဲ့ ပုဂ္ဂိုလ်တွေ တရား အားမထုတ်တဲ့ပုဂ္ဂိုလ်တွေပေါ့၊ အရပ်ထဲလဲ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ ရှိနေလို့ အဲဒါတွေတော့ မပါဘူးပေါ့၊ တရားလဲ အားမထုတ်ဘဲနဲ့ အလွတ်နေတဲ့ ပုဂ္ဂိုလ်တွေ ဘာမှ သူ့မှာ ဘာဝနာတစ်ခုမှ မဖြစ်ရဘူး၊ ဘာပြုလို့တုန်း ဆိုတော့ ကာမစ္ဆန္ဒ နီဝရဏတွေ ဖြစ်နေတာပဲ၊ တချို့ တရားနှလုံးသွင်းတဲ့ စိတ်တောင် မဖြစ်ဘူး၊ တချို့ ပုဂ္ဂိုလ်က တရားနှလုံးသွင်းတဲ့ စိတ်ကလေးတွေ ဖြစ်လာတယ်။
အဲဒီမှာ ကာမစ္ဆန္ဒ နီဝရဏလေး ကွာသွားတယ်၊ တချို့ တရားနှလုံးသွင်းဖို့ တရားနာဖို့ စိတ်ကူး လိုက်တာနဲ့ ကာမစ္ဆန္ဒက လာပြီးတားတယ်၊ နေဦး တယ်မသွားနဲ့ဦး၊ မင်း ဟိုအလုပ်ကလေးက ရှိသေးတယ်၊ ဘယ်သူနဲ့က တွေ့ရဦးမယ်၊ ဘာလုပ်ရဦးမယ်၊ ဒါလေးမရဘဲ ဖြစ်သွားလိမ့်မယ်၊ ဒီကနေ့က အရေးကြီးတယ်၊ မသွားနဲ့ဦး ဒီလိုလုပ်တာကိုး၊ သူက အဲဒါဟာ တားနေတာ၊ တားလိုက်တာ၊ တရားနာပြီးတော့ ကုသိုလ်ဖြစ်မယ့် ဟာတွေကို မတွေ့ရအောင်လို့ တားလိုက်တာ၊ မသွားနဲ့ဦးလို့ တားလိုက်တယ်၊ အဲဒါ နီဝရဏပဲ၊ နီဝရဏဆိုတာ အဓိပ္ပာယ်ရှိတယ်၊ တကယ်တားနေတာ၊ တရားအားထုတ်ဖို့ရာ ကြံတဲ့ပုဂ္ဂိုလ်မှာ သာပြီးတော့ တားတာပေါ့၊ သူ တရား အားထုတ်မယ်လို့ ဆိုတော့ တရားအားထုတ်မယ် ဆိုလို့ရှိရင် တရားအားထုတ်တာကလဲ တစ်နာရီ ၂-နာရီနဲ့ ပြီးတာမှ မဟုတ်ဘဲ ဟာကိုး၊ တကယ် အားထုတ်ရမှာဆိုတော့ မဂ်ဖိုလ်ရအောင် အားထုတ် မယ်ဆိုတော့ တော်တော် ကြာအောင် အားထုတ်ရမှာ၊ အဲဒီမှာ ယခုနေတော့ သွားလို့မဖြစ်သေးဘူး၊ အေးလေ၊ ယခု ငယ်ငယ်ရှိသေးတာပဲ၊ ကြီးတဲ့အခါကျတော့မှ အားထုတ်ရမှာ ဒီလိုရှိပါတယ်။
တချို့လဲ အလုပ်အကိုင်တွေနဲ့ ပတ်သက်ပြီး သကာလဖြစ်စေ၊ တစ်ခုသော ကိစ္စနဲ့ပတ်သက်ပြီး သကာလဖြစ်စေ သူက ရွှေ့တယ်၊ သူဟာက ဒီနှစ်တော့ အကြောင်း မညီညွတ်သေးပါဘူး၊ နောက်နှစ်မှဆိုပြီး ရွှေ့လိုက်ပြန်ရော၊ သူ့ဥစ္စာ ဒီလ အကြောင်း မညီညွတ်ဘူးဆို နောက်လ၊ ဒီတစ်ခါ မအားသေးဘူး၊ ဘယ်တော့မှ ဆိုပြီး ဒီလို ရွှေ့သွားတယ်၊ ဒါနဲ့ အချိန်တွေ ကုန်ချင်လဲ ကုန်သွားတာပဲ။
အဲဒါ ဘာကြောင့်တုံးဆို ကာမစ္ဆန္ဒကနေ သူတားမြစ်နေတာပဲ၊ အဲဒါ အားမထုတ်ခင်က နေပြီးတော့ တားမြစ်တာ၊ အားထုတ်တဲ့ အခါကာလကျတော့ (အားထုတ်ရင်း-၂) ရှုလို့မှတ်လို့ ဘာဝနာဖြစ်အောင် အင်မတန် ကြောင့်ကြစိုက်နေတဲ့ကြားထဲက သူကထွက်ထွက်ပြီးတော့ ကာမအာရုံတွေ သွားနေတာ၊ အခွင့်အရေး ယူနေတာကိုး၊ ဒီမှာ တရားအားထုတ်တဲ့အချိန်လေးမှာ ဝင်ပြီးတော့ ကာမစ္ဆန္ဒ အာရုံတွေ, ကာမအာရုံတွေဆီကို စိတ်ကသွားတာ၊ စိတ်ကသွားတယ်ဆိုရင် ပျက်တာပေါ့၊ ဟိုမှာ ၅-မိနစ်လောက် စိတ်ကူးနေရင် ၅-မိနစ်လောက် ပျက်သွားတာပဲ၊ ၁၀-မိနစ်လောက် စိတ်ကူးနေမယ် ဆိုရင် ၁၀-မိနစ်လောက် ဘာဝနာတွေ ပျက်သွားတာပဲ။
အဲဒါ မင်းနိဗ္ဗာန်မသွားနဲ့ဦး မဆိုသော်လည်း ဆိုသလိုပဲ၊ သူ့ဟာ တားနေတာ၊ ဒါကြောင့် နီဝရဏတရားတွေလို့ခေါ်တယ်၊ ကာမစ္ဆန္ဒလိုပဲ၊ ဗျာပါရဆိုတဲ့ စိတ်ဆိုးမှုတွေလဲ ရှိတယ်၊ အဲဒီ ဗျာပါရဆိုတဲ့ စိတ်ဆိုးမှုတွေ ဖြစ်နေပြန်လဲ ဘာဝနာတွေ ပျက်နေတာပဲ၊ ထိနမိဒ္ဓတဲ့၊ ပျင်းရိတာတဲ့၊ သူကလဲ တားတယ်၊ ထိနမိဒ္ဓက သူက တယ်ပျင်းတာကိုး၊ တရားနဲ့စပ်ပြီးတော့ ပျင်းတယ်၊ သူက တရားနာရမှာလဲ ပျင်းတယ်၊ တရားစာအုပ် ဖတ်ရမှာလဲပျင်းတယ်၊ တရားနှလုံးသွင်း ဆင်ခြင်ရမှာ ပျင်းတယ်၊ အားထုတ်ရမှာပျင်းတယ်၊ ပျင်းတတ်ပါတယ်၊ သူက တော်တော်ကို ပျင်းတယ်။
ဒီအထဲကနေပြီးတော့ တချို့ တရားအားထုတ်ချင်တဲ့ စိတ်ဆန္ဒတွေ ပေါ်လာတာ အံ့သြစရာ ကောင်းတယ်၊ ကျေးဇူးတင်စရာ ကောင်းတယ်၊ အများအားဖြင့် ပျင်းကြတယ်၊ အားလုံးသော ပုဂ္ဂိုလ်တွေ လူရော, ရှင်ရော, ရဟန်းရောပဲ၊ အကုန်လုံးပဲ ပျင်းကြတယ်၊ တရားအားထုတ် ရမှာ ဆိုလို့ရှိရင် ပျင်းတယ်၊ တချို့ ကိုယ်အားထုတ်ဖို့ မပြောနဲ့ သူများ အားထုတ်တာတောင် သူက ဝင်ပြီးတော့ ပျင်းနေသေးတယ်၊ ကိုယ်နဲ့စပ်တဲ့ပုဂ္ဂိုလ် အားထုတ်နေတော့ အောင်မယ်လေး ပျင်းစရာ ကောင်းလိုက်တာမှ တကထဲမှပဲ၊ သူ အားမထုတ်ဘဲ ဘေးကနေပြီးတော့ ပျင်းပေးနေလို့ ရှိရင်တော့ တရားကမဖြစ်ဘူး၊ လုံးလုံးကို အားမထုတ်ချင်ဘူး၊ အားထုတ်ပြန်လဲ ပျင်းပျင်းရိရိ အားထုတ်နေရင် တရားက မတိုးဘူး၊ ပျင်းပျင်းရိရိ အားထုတ်နေလို့ကတော့ တရားက ဘာမှမဖြစ်ဘူး၊ ဘာမှမထူးဘူး၊ မတက်ဘူး၊ အသားမတက်ဘူး၊ ဥဒ္ဓစ္စ ကုက္ကုစ္စတဲ့၊ ဥဒ္ဓစ္စဆိုတာ ပျံ့လွင့်တယ်၊ ကုက္ကုစ္စ ပူပန်တာ၊ ပျံ့လွင့် ပူပန်နေတာရှိတယ်၊ အဲဒါဆိုလဲ တရား မတက်တော့ဘူး၊ သူကလဲ တားမြစ်တာပဲ၊ ဝိစိကိစ္ဆာတဲ့ ယုံမှားတာ အဲဒါလဲ၊ အရေးကြီးတယ်။
တရားအားထုတ်လို့ရှိရင် တရားကို ရနိုင်တယ်ဆိုတာလေးဟာ မယုံကြည်လို့ရှိရင် ဟုတ်မှ ဟုတ်ပါ့ မလား၊ ဝိစိကိစ္ဆာ ဖြစ်နေရင် အားမထုတ်ဖြစ်ဘူး၊ တကယ်ဟုတ်မယ်, တကယ်ဖြစ်တယ်, တကယ် ရမယ်၊ ဒီလိုစိတ်ထဲမှာ ယုံကြည်မှ လေးလေးနက်နက် ယုံကြည်မှ တရားဆိုတာ တက်တာကိုး၊ အခုက ဟုတ်မှဟုတ်ပါ့မလားဆိုရင် တရားအားမထုတ်ဘူး၊ အားထုတ်ရင်း, အားထုတ်ရင်း ဟုတ်မှဟုတ်ပါ့မလား, ဖြစ်မှဖြစ်ပါ့မလား ဆိုတဲ့ စိတ်တွေက ဝင်နေလို့ရှိရင် အဲဒီစိတ်တွေဟာ ပျက်နေတာပဲ၊ ရှေ့လဲပဲ တယ်မတိုးတက်ဘူး၊ အဲဒါကြောင့် သူကလဲတားမြစ်တဲ့ နီဝရဏပဲတဲ့၊ အဲဒီနီဝရဏ တရားတွေ ကင်းစင်ပြီးသွားတဲ့ အခါမှာ ဥပစာရသမာဓိဖြစ်တယ်တဲ့၊ ဥပစာရ သမာဓိဖြစ်တဲ့ အခါကျတော့ စိတ်ကလေးဟာ ဘယ်မှမသွားဘူး၊ ဥပစာရသမာဓိမှာ ပဋိသမ္ဘိဒါမဂ်က ၃-မျိုး လောက်ခွဲပြီးတော့ ပြထားပါတယ်။
ဥပစာရသမာဓိတဲ့၊ ဧကတ္တ ၄-မျိုးရှိရာမှာ ဧကတ္တ ၃-မျိုးက ဥပစာရသမာဓိနဲ့ ဆိုင်ပါတယ်၊ သမာဓိနိမိတ္တုကဋ္ဌာနေ ကတ္တာ သမာဓိနိမိတ် ထင်ပြီးတော့နေတဲ့ ဧကတ္တက တစ်ခု၊ ဧကတ္တ-တစ်ခုတည်းသော သဘော ကိလေသာတွေနှင့် မရောယှက်ဘဲနဲ့၊ ကိလေသာ အာဘော်တွေနဲ့ မရော ဘဲနဲ့၊ တစ်ကိုယ်ချင်း, တစ်ခုချင်း တည်နေတာတဲ့၊ တရားအားထုတ်တယ် ဆိုတာ စိတ်ကို တည်အောင် အားထုတ်ရတာ၊ စိတ်ကူးက သူက အဖော်တွေနဲ့ပဲ၊ အမြဲတန်း သူက ရာဂနဲ့ ပေါင်းပြီးတော့ ဖြစ်လိုက်, ဒေါသနဲ့ပေါင်းပြီးတော့ဖြစ်လိုက်, မောဟနဲ့ပေါင်းပြီးတော့ ဖြစ်လိုက်, မာနနဲ့ ပေါင်းပြီးတော့ ဖြစ်လိုက်, ဒိဋ္ဌိနဲ့ ပေါင်းပြီးတော့ဖြစ်လိုက်, ဝိစိကိစ္ဆာနဲ့ ပေါင်းပြီးတော့ ဖြစ်လိုက်, သူ့မှာ ကိလေသာ အဖော်တွေ အများကြီးရှိတယ်။
ကိလေသာ အဖော်တွေနဲ့ နေရလို့ စိတ်ကပျော်တယ်၊ ကိလေသာ အဖော်တွေနဲ့ပဲ၊ စိတ်ကူး ပြီးတော့နေရတာ ပျော်နေတယ်၊ အဲဒီအဖော်တွေနဲ့ခွဲပြီး စိတ်ကလေး တစ်ကိုယ်ချင်းတည်အောင် အားထုတ်ရတာကို စိတ်ကလေး တည်နေအောင် သမထ ဘာဝနာ အားမထုတ်တဲ့ ပုဂ္ဂိုလ်ကလဲ သမထအာရုံမှာ စိတ်ကလေး တစ်ကိုယ်ချင်းတည်အောင် အားထုတ်ရမယ်၊ အဲဒါသမထ နိမိတ္တူကဋ္ဌာနေကတ္တ - သမထနိမိတ်ထင်ပြီးတော့ စိတ်တစ်ကိုယ်ချင်း တည်နေတဲ့ ဧကတ္တက တစ်ခုတည်း၊ ပထဝီကသိုဏ်းရှုတယ် ဆိုလို့ရှိရင် မြေပုံသဏ္ဌာန်လုပ်ပြီး အဲဒီမှာယူရတာကိုး၊ ပထဝီ, ပထဝီ စသည်ဖြင့် ရှုပြီးတော့ နေတာ၊ ပါဠိလို၊ မြန်မာလိုတော့ မြေမြေဆိုရင်လဲ ပြီးတာပါပဲ၊ လိုရင်းတော့ အဲဒီ မြေကသိုဏ်းဝန်းထဲမှာ စိတ်ကလေး ဝင်နေတာပဲ လိုရင်းပါပဲ၊ စိတ်အာရုံရှိ နေတယ်၊ ဘယ်မှစိတ်မသွားဘူး၊ ဒီထဲက ကြားထဲကနေပြီး ပြောခဲ့တဲ့ ကာမစ္ဆန္ဒတို့ ဘာတို့ ဝင်ချင်လဲ ဝင်မှာပေါ့၊ ဝင်လာလို့ရှိရင်လဲ ဒီအာရုံပြန်ပြီး နှလုံးသွင်း၊ ဒီလိုလုပ်ရတယ်၊ အဲဒီလို လုပ်လို့ကြာတော့ စိတ်ကတခြားကို မသွားဘူး။
ဒီကသိုဏ်း အာရုံထဲမှာပဲ စိတ်ကလေး တည်နေတော့ ကသိုဏ်းအာရုံထဲမှာ အဲဒါဟာ သမထနိမိတ် ထင်ပြီးတော့ နေတဲ့ ဧကတ္တပဲတဲ့၊ စိတ်ကလေး တစ်ကိုယ်တည်း တည်နေတာတဲ့၊ ဗုဒ္ဓါနုဿတိ-ဘုရားဂုဏ် အာရုံပြု နေတာ၊ ဗုဒ္ဓါနုဿတိ-ဘုရားဂုဏ်ကို အာရုံပြု တာပဲဆိုရင် အများအားဖြင့် လွယ်လွယ်ကူကူ အာရုံပြု တတ်တာကတော့ ဘုရားပုံတော်ပဲ အာရုံပြုတတ် ကြတယ်၊ ဘုရားပုံတော်ထဲ ထားပါတော့၊ အများ နားလည်တာက စပြောမှ၊ ဘုရားပုံတော်ပဲ အာရုံပြု ပြီး မြတ်စွာဘုရား ၃၂- ပါးသော ယောကျာ်းမြတ်တို့၏ လက္ခဏာတော်ကြီးတွေနဲ့ သင်္ကန်း သပ္ပါယ်ထားပုံနဲ့ တင့်တင့်တယ်တယ် ထက်ဝယ်ဖွဲ့ခွေထိုင် နေပုံနဲ့၊ ဘုရားပုံတော် စိတ်ထဲကမှန်းပြီး အာရုံပြုရမယ်၊ ဘုရားပုံတော်ထဲ စိတ်ကလေးက တည်နေတယ်၊ သမာဓိအာရုံရတယ်၊ ဘုရားနိမိတ်တည်းဟူသော သမာဓိအာရုံ တစ်ခုတည်း တည်နေတာကိုး။
သမထ နိမိတ္တုကဋ္ဌာနေကတ္တ - စိတ်တစ်ခုတည်း တည်နေတာကိုး၊ ဒါကတော့ကို အများပုဂ္ဂိုလ်တွေ နားလည်လွယ်တာပြောရတာ၊ အမှန်အားဖြင့် မြတ်စွာဘုရားအလိုရှိတဲ့ ဗုဒ္ဓါနုဿတိကလဲ အဲဒါ ကတော့ သိပ်ပြီးတော့ ပဓာန မဟုတ်ဘူး၊ပဓာန အလိုရှိတာကတော့ မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေ အလိုရှိတယ်။
တစ်နေ့က ပီတိသမ္ဗောဇ္ဈင်တုံးက တော်တော် ပြောပြီးသွားပြီ၊ အရဟံ - ကိလေသာ ကင်းဝေး စင်ကြယ်တော်မူပါပေတယ်တဲ့၊ သူတကာ, လူတကာတွေ လောဘ, ဒေါသ, မောဟ ကိလေသာတွေနဲ့ နေကြ၊ မြတ်စွာဘုရားမှာ ကိလေသာတွေ အကုန်လုံး စင်ကြယ်တော် မူပါပေတယ်၊ ကင်းတော်မူပါပေတယ်၊ အလုံးစုံသော တရားတွေ မြတ်စွာဘုရား သိတော်မူပါပေတယ် စသည်ဖြင့် ဘုရားဂုဏ်တွေကို သိသမျှလျှောက်ပြီး နှလုံးသွင်းနေတော့ အစတော့လဲ ဘုရားဂုဏ်နှလုံးသွင်းရင်း ဟိုအရေး ဒီအရေး, ဟိုကိစ္စ ဒီကိစ္စတွေ စိတ်က သွားဦးမှာပဲ၊ နှလုံးသွင်းပါ များလာတဲ့ အခါကျတော့ အဲဒီစိတ်ကလေး ဘုရားဂုဏ်ထဲမှာ စိတ်ကလေး တည်ပြီးတော့ နေတာကိုး၊ မြတ်စွာဘုရား ကိလေသာ ကင်းတော်မူပုံ၊ လောဘကင်းတော်မူတယ်၊ ဒေါသကင်းတော်မူတယ်၊ မောဟ ကင်းတော် မူတယ်၊ မာန ကင်းတော်မူတယ်၊ အလုံးစုံသောတရားတွေ သိတော်မူတယ်။
ဈာန်အဘိညာဉ် တရားတွေနဲ့ ပြည့်စုံတော်မူပုံ စသည့် ကိုယ်သိသမျှတွေ လျှောက်နှလုံးသွင်း၊ ဘုရားဂုဏ်တွေကြည့် လျှောက်ပြီးတော့ ဆက်ပေါ်နေတဲ့အခါ ဒါဆို သမထနိမိတ်တွေ ထင်နေတာပါပဲ၊ ပြီးတော့ မေတ္တာ ဘာဝနာ ပွားများတယ်ဆိုပါတော့၊ မေတ္တာဘာဝနာ ပွားများတဲ့ အခါ ကာလမှာ တစ်စုံတစ်ယောက်ကို ရည်စူးပြီးတော့ မေတ္တာ ပို့လို့ရှိရင် မည်သူမည်ဝါ ချမ်းသာ ပါစေ၊ ဘေးကင်းပါစေ၊ ရန်ကင်းပါစေ၊ အန္တရာယ်ကင်းပါစေ နှလုံးသွင်းပြီးတော့ အဲဒီပုဂ္ဂိုလ် ချမ်းသာ စေလိုတဲ့စိတ်၊ ဘေးအန္တရာယ် ကင်းစေလိုတဲ့စိတ်ချည်း ဆက်ပြီးတော့ဖြစ်နေရင် အဲဒါလဲ သမာဓိ နိမိတ်မှာ တည်နေတာပဲ၊ နောက်အများစု အနေအားဖြင့် အလုံးစုံသော သတ္တဝါတွေ ချမ်းသာပါစေလို့ မေတ္တာပို့လို့ ရှိရင်လဲ အလုံးစုံသော သတ္တဝါတွေ ချမ်းသာစေလိုသောစိတ်ချည်း ဖြစ်နေတဲ့အခါမှာ သမာဓိနိမိတ်တည်နေတယ် ဆိုရမှာပေါ့။
ထွက်သက် ဝင်သက် နှလုံးသွင်းနေတယ် ဆိုပါတော့၊ အာနာပါန ကမ္မဋ္ဌာန်း ရောက်လာပြီ၊ ကမ္မဋ္ဌာန်း နှာခေါင်းမှာ တိုက်ပြီး သကာလ နှာသီးဖျား၊ နှာခေါင်းဖျား တိုက်ပြီးတော့ ဝင်လိုက် ထွက်လိုက်၊ ဒါလေး စူးစိုက်နေတာ၊ (ဝင်တယ်-ထွက်တယ် ၂) ဒါလေး နှလုံးသွင်းပြီးတော့ အစကတော့ ဟိုဟိုဒီဒီ စိတ်တွေ သွားဦးမှာပဲ၊ နောက် ရှုပါများတဲ့အခါ ဘယ်မှ မသွားဘဲနဲ့ ဝင်လိုက် - ထွက်လိုက်၊ ဒီတွင်ပဲ တည်နေတယ်၊ အဲဒါဟာ သမာဓိနိမိတ် တည်နေတာပဲ၊ စိတ်တစ်ခုချင်း တည်နေတာ၊ အဲဒါလဲပဲ ဧကတ္တပဲ၊ အဲဒါက သမာဓိနိမိတ် တည်တယ်ဆိုတာ ကတော့ ဥပစာ သမာဓိလဲရှိတယ်၊ အပ္ပနာ သမာဓိလဲ ရှိတယ်၊ နှစ်မျိုးရှိပါတယ်။
စောစောပိုင်းက ဥပစာသမာဓိပေါ့၊ ဈာန်ရောက်သွားတဲ့ အခါကျတော့ အပ္ပနာသမာဓိ ရောက်သွားတယ်၊ ဒါနဝေါသက္ကု ပဋ္ဌာနေ မတ္တ ဒါန ဝေါ သက္က - စွန့်ကြဲပေးကမ်း လှူဒါန်းနေတဲ့ အနေအားဖြင့် အာရုံ ထင်ပြီးတော့နေတဲ့ ဧကတ္တပဲတဲ့၊ စိတ်တစ်ခုတည်း တည်နေတာ၊ ဒါက စာဂါနုဿတိ - စာဂါနုဿတိကမ္မဋ္ဌာန်း နှလုံးသွင်းတဲ့ပုဂ္ဂိုလ်တွေ စွန့်ကြဲပေးကမ်း လှူဒါန်းမှု ပြည့်စုံတဲ့ ပုဂ္ဂိုလ်တွေက မိမိတို့ စွန့်ကြဲပေးကမ်း လှူဒါန်းတာတွေ ရက်ရက်ရောရော လှူဒါန်းတာတွေ, ပစ္စည်းကို မတွယ်တာဘဲနဲ့ လှူဒါန်းခဲ့တာတွေ, အလှူခံပုဂ္ဂိုလ်ကို အလိုရှိတိုင်း - ရှိတိုင်း လှူဒါန်းပေးကမ်း ခဲ့တာတွေ, အဲဒါလေးတွေ ပြန်စဉ်းစားလိုက်၊ နှလုံးသွင်းပြီးတော့ ဆင်ခြင်လိုက်တဲ့ အခါကာလ တစ်ခြားတစ်ပါးစိတ်တွေ မဝင်ဘဲနဲ့ စွန့်ကြဲပေးကမ်း လှူဒါန်းမှု ကလေးထဲမှာ စိတ်ကလေးငြိမ်ပြီးတော့ တည်နေတာ၊ စိတ်တစ်ကိုယ်တည်းဖြစ်နေတာ။
အဲဒါ ဒါနဝေါသက္က နောက် ဝယဝေါသက္ကုပဋ္ဌာနေ ကတ္တ ဒါက ဝိပဿနာယောဂီနဲ့ ဆိုင်တယ်၊ ဝယလက္ခဏ ကဋ္ဌနေကတ္တ - အပျက် လက္ခဏာတွေ ထင်နေတာ၊ ဥပသက္က ယောဂီပုဂ္ဂိုလ်တွေ ဝိပဿနာရှုတဲ့ ယောဂီပုဂ္ဂိုလ်တို့ရဲ့ ဧကတ္တပဲတဲ့၊ ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ်ဟာ အစတော့ ဒွါရ ၆-ပါးက ဖြစ်တိုင်း-ဖြစ်တိုင်း ရုပ်နာမ်ရှုနေတာပဲ၊ ဖြစ်တာ ပျက်တာတွေ ဘယ်သိဦးမလဲ၊ ဘာမှမသိသေးဘူး၊ ဖောင်းတယ်-ပိန်တယ် စသည်ဖြင့် ဖြစ်ခိုက် ရုပ်နာမ်ကလေးတွေ ရှုနေရတာပဲ၊ ဖြစ်တိုင်း - ဖြစ်တိုင်း လိုက်ရှုနေရတာ၊ ဒီအထဲကနေပြီး စိတ်တွေက တခြားထွက်ထွက် သွားလိုက်သေး၊ အဲဒါ နီဝရဏတွေပဲ၊ အဲဒါတွေကို မှတ်မှတ်ပြီး ပယ်ဖျောက်ရတယ်၊ ပယ်ဖျောက်လို့ နောက်တခြားတပါး စိတ်မသွားဘူး ဆိုတဲ့ အခါကာလကျတော့ (မှတ်တိုင်း-၂) အာရုံ ကလေးတွေ ရုပ်နဲ့နာမ်ကလေးတွေ ပိုင်းခြားသိတယ်၊ ပိုင်းခြားသိရာက နေပြီးတော့ နောက်တော့ အပျက်အပျက်တွေချည်း ထင်လာတယ်။
ဒါ မှတ်တိုင်းမှတ်တိုင်း ပျောက်ပျောက် သွားတာချည်းပဲ၊ တည်နေတာ မရှိဘူး၊ ပုံသဏ္ဌာန် အထည်ဒြပ် မရှိဘူး၊ ဖောင်းတာပိန်တာ မှတ်လိုက်လဲ ပျောက်သွား, ပိန်တာမှတ်လိုက်လဲ ပိန်တာပျောက်သွား၊ ကွေးတာဆန့်တာ မှတ်ရင် ကွေးတာဆန့် တာလေးတွေ ရိပ်ရိပ်နဲ့ ပျောက်သွား၊ မြင်တာကြားတာတွေ မှတ်လဲပျောက်သွား၊ စိတ်ကူးစဉ်းစား တာတွေမှတ်လည်း ပျောက်သွားတာပဲ၊ ညောင်းတာ, ကျင်တာ, ကိုက်ခဲတဲ့ ဝေဒနာတွေ မှတ်ရင်လဲ ဝေဒနာတွေဟာ ပျောက်သွားတာပဲ၊ ရှုတဲ့စိတ်တွေလဲ ပျောက်နေတာပဲ၊ ဘာမှ အထည်ဒြပ်ရှာလို့မရဘူး၊ ဖြစ်တိုင်း- ဖြစ်တိုင်း၊ ရှုတိုင်း- ရှုတိုင်း၊ မှတ်တိုင်း- မှတ်တိုင်းဟာ အာရုံရော, စိတ်ရော ပျောက်ပျောက်နေတာချည်းပဲတွေ့တယ်။ အဲဒါ ဝယလက္ခဏာ အပျက်လက္ခဏာထင်နေတာတဲ့၊ ဘင်္ဂဉာဏ်ကျမှ ထင်တယ်၊ အစနားမှာ ထင်တာမဟုတ်သေးဘူး၊ တော်တော်လေး ရောက်လာမှ အဲဒါလဲ စိတ်တစ်ကိုယ်တည်း တည်နေတာပဲတဲ့၊ ဒီကာလမှာ အဲဒီလိုတည်နေတဲ့ သမာဓိတွေဟာ ဒါ ဥပစာရ သမာဓိ လက္ခဏာ ရှိပါတယ်၊ အပ္ပနာဈာန် မဟုတ်သေးဘူး၊ အပ္ပနာဈာန် မရောက်သေးခင် အဲဒါ ဥပစာရသမာဓိတဲ့၊ နီဝရဏတရားတွေ ကင်းစင်နေပြီတဲ့၊ ဥပစာရသမာဓိတွေ၊ အပ္ပနာသမာဓိ ဆိုတာကတော့ ကသိုဏ်း အစရှိသော အာရုံနိမိတ်တွေထဲမှာ စိတ်ကလေး ဝင်ပြီးတော့ တည်နေသလို ကြောင့်ကြ မစိုက်ရဘဲနဲ့ သူ့အာရုံနဲ့သူ တည်ပြီးနေတာ၊ ဈာန်စိတ်ကလေးပဲ၊ ဈာန်ဆိုတာလဲ စိတ်ကလေးပါပဲ တည်တံ့နေတဲ့ စိတ်ကလေးပဲ၊ အဲဒါ အပ္ပနာသမာဓိခေါ်တယ်။
အဲဒီ ဥပစာသမာဓိ, အပ္ပနာသမာဓိ, နောက် ခဏိကသမာဓိတဲ့၊ ခဏိကသမာဓိဆိုတာ အခုန ဝယလက္ခဏာ ထင်တဲ့ သမာဓိမျိုးပဲ၊ ဒါက ဝိပဿနာသမာဓိပဲ၊ ဝိပဿနာ ရှုတဲ့အခါကာလမှာ အခိုက်အတန့်မျှတည်တယ်၊ ဈာန်သမာဓိများလို သူက တစ်တန်းကြီး တစ်စဉ်ကြီး အကြာကြီး တည်နေတာ မဟုတ်ဘူး၊ ရှုတိုင်း ရှုတိုင်း အာရုံလေးမှာ တစ်အာရုံမှာ တစ်ခါ, တစ်အာရုံတစ်ခါ ဒီလို တည်တာကိုး၊ အဲဒါကို ခဏိကသမာဓိခေါ်တယ်။
ခဏမတ္တဌိတိကော သမာဓိတဲ့၊ ခဏမတ္တဌိတိကော - စိတ်၏ ခဏမျှကလေး တည်တဲ့ သမာဓိပဲတဲ့၊ စိတ်ခဏလေးစိတ် ဖြစ်ခိုက် ခဏလေးပဲ တည်တယ်တဲ့၊ သူက ဒါပေမယ်လို့ သူကလဲပဲ အားကောင်း နေတဲ့ အခါကျတော့ ဈာန်သမာဓိလိုပါပဲ၊ ဒီ စိတ်ဖြစ်တဲ့အခါ ဒီတစ်ခါရှုလိုက်တဲ့ စိတ်ကလေး ဖြစ်တဲ့အခါမှာ အဲဒီစိတ်ကလေး အခိုက်အတံ့ တည်နေတာ၊ ဒီလိုတည်နေတာ၊ သူဟာ အပြောင်း အလဲမရှိဘူး၊ အာရုံတွေ ပြောင်းသွားပေမယ်လို့ တည်ကြည်ပုံကတော့ မပြောင်းဘူး၊ တစ်မျိုးတည်းပဲ တည်နေတာပဲ၊ သမာဓိကောင်းလာတဲ့ခါကြ ဒီအတိုင်းဖြစ်နေတယ်၊ ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ်က အဲဒီသမာဓိမျိုး ကိုယ့်မှာမဖြစ်ဘူးသေးဘူး၊ ဒီသမာဓိမျိုးဖြစ်ပုံကိုလဲ မစဉ်းစား မဆင်ခြင်သေးဘူး၊ တချို့ကတော့ ဝိပဿနာ ရှုတာဟာ ဒွါရ ၆-ပါးက ဖြစ်တိုင်း ဖြစ်တိုင်းတွေ လျှောက်သိနေတာ သမာဓိဖြစ်မှာ မဟုတ်ဘူး။
ဒါတွေ ပျံ့လွင့်နေတယ်လို့ တချို့က ပြောတယ်၊ ပျံ့လွင့်နေတာပဲ၊ သမာဓိမဖြစ်ဘူးတဲ့၊ မြင်တာ ရှုလိုက်, ကြားတာရှုလိုက်, ဟိုအာရုံရှု၊ ဒီအာရုံရှုနဲ့ သမာဓိ မဖြစ်ဘူးဆိုပြီးတော့ တချို့က ပြောကြ တာကိုး၊ သူက သမာဓိမှ မဖြစ်ဘူးသေးဘဲဟာကိုး၊ မဖြစ်ဘူးသေးတော့ သမာဓိကို ကောင်းကောင်း မသိဘူး၊ သမာဓိဆိုတာ တစ်ခါတည်း တစ်အာရုံ တည်းမှာ တည်နေမှ သမာဓိ၊ ဒီလို အောက်မေ့ တာကိုး။
စာပေကျမ်းဂန် အရအားဖြင့်ဆိုရင်လဲ သူပြောတာ ခပ်ကိုက်ကိုက်ပါပဲ၊ ဧကဂ္ဂတာလို့ ဆိုထားတာကိုး၊ ဧက-တစ်ခု၊ အဂ္ဂ-က အာရုံအဖို့၊ တစ်ခုတည်းသော အာရုံအဖို့ ရှိတယ်လို့ သူက ဆိုထားတာကိုး၊ အဲဒါနဲ့ သမာဓိဆိုလျှင် တစ်ခုတည်းသော အာရုံအဖို့ရှိရမယ်၊ အာရုံနှစ်ခုရှိနေရင် သမာဓိ မဖြစ်ဘူး၊ ဒီတော့ (ဖြစ်တိုင်း, ကြားတိုင်း) ဒွါရ ၆-ပါးက ပေါ်တိုင်း ပေါ်တိုင်းဟာတွေ လျှောက်ပြီးသိနေရင် အာရုံတွေများ နေတာကိုး၊ အဲဒီတော့ သမာဓိမဖြစ်ဘူးတဲ့၊ ဒီလို အပြစ်တင်ပြီး ပြောကြတယ်၊ ဒါက သမာဓိအကြောင်း ကောင်းကောင်း မသိလို့ ပြောကြတာပါ၊ အဲဒီ ဈာန်သမာဓိဟာ ပဗန္ဓသမာဓိ ခေါ်တယ်၊ ကသိုဏ်းအစရှိသော အာရုံမှာ တကျံ့တည်း ပြုပြီးတည်နေတယ်၊ ပထဝီ - ပထဝီ စသည်ဖြင့် ရှုလိုက်တာ၊ အဲဒီ မြေကသိုဏ်း နိမိတ်ဟာ တကျံ့တည်း တည်နေတာ အဖြစ်အပျက် မရှိဘူး၊ မြဲပြီးတော့ တည်နေတာ၊ ထွက်သက်ဝင်သက် ရှုတဲ့ပုဂ္ဂိုလ်ကလဲ ထွက်သက်ဝင်သက် နိမိတ်ထင်လာတဲ့ အခါကျတော့လဲ ထွက်လိုက် ဝင်လိုက်တော့လဲ အတွင်းဝင်သွားလိုက် အပြင် ထွက်သွားလိုက်၊ ဒီလို တည်နေတာကိုး အာရုံကတော့ တစ်ကျံ့တည်းပဲ၊ အပြတ်မရှိဘူး၊ ကျန်ပြီး တော့ အပြတ်အခြား မရှိဘူး၊ ကြိုးဟာ တစ်ခါတည်း ဆွဲလိုက်, ထုတ်လိုက်ဆိုသလို၊ အဲဒီ သဘောမျိုးပဲ၊ အထည်ဝတ္ထု တစ်ခုတည်း အနေအားဖြင့် ထင်တာ၊ အဲဒါက ပဗန္ဓသမာဓိခေါ်တယ်၊ ဒါကမြဲနေတယ်၊ ဒါဝိပဿနာမဖြစ်ဘူး၊ အဲဒါ ပဗန္ဓသမာဓိမျိုး, ဈာန်သမာဓိမျိုး ဖြစ်နေရင် ဝိပဿနာကို မဖြစ်နိုင်ဘူး။
ဒါကြောင့်မို့ သာသနာပဈာန်ရ ပုဂ္ဂိုလ်တွေဟာ ဝိပဿနာ ဉာဏ် မဖြစ်တာတော့ သူတို့မှာ မြဲတဲ့အနေ အားဖြင့် အာရုံရနေတာကိုး၊ မမြဲတဲ့ အနေအားဖြင့် အာရုံကို မရဘဲနဲ့ ဝိပဿနာ သမာဓိဆိုတာကတော့ မြဲတဲ့အာရုံ ဆင်ခြင်နေရင် ဝိပဿနာ သမာဓိမဖြစ်နိုင်ဘူး၊ အာရုံက တစ်ခုတည်းအနေအားဖြင့်တည်ပြီးတော့ ဒီအာရုံကိုစိုက်ပြီး ထပ်ကာ ထပ်ကာနှလုံးသွင်းနေရ သလို ထင်ရင် အဲဒါ ဝိပဿနာကိုမဖြစ်ဘူး၊ မဖြစ်သေးဘူး၊ (အဟောင်း-၂) ပညတ်၊ (အသစ်-၂) ပရမတ် အဟောင်း အဟောင်းတွေပဲ တွေ့နေရလို့ရှိရင် အဲဒါပညတ်ပဲ၊ ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ်ဟာ အဟောင်း တွေ ထပ်ကာထပ်ကာ တွေ့နေရင်လဲ အဲဒီဝိပဿနာ မစင်ကြယ်သေးဘူး၊ တက်လမ်း မကျသေးဘူး။
အသစ်အသစ်တွေ တင်မှ မြင်တိုင်း, မြင်တိုင်း, အသစ်ကြားတိုင်း, အသစ်တွေ့တိုင်း, တွေ့တိုင်း, အသစ်အသစ်ကြီးပဲ၊ တစ်ခါတည်း မြင်ပြီးရင်း ပျောက်သွား၊ အသစ်ကြီးပဲ ထင်နေမှ၊ ဒီမှ ပရမတ်အစစ်ကို မြင်တယ်၊ အမှန် ရုပ်နာမ်တရားတွေဆို တာ ၂-ကြိမ် အာရုံပြု လို့မရဘူး၊ တစ်ကြိမ် တည်း အာရုံပြုရတယ်၊ ရုပ်နာမ်တရားတွေဟာ တခဏဖြစ်တာပဲ၊ လျှပ်စီး လက်သလိုပဲ၊ လျှပ်စီး လက်တာ တစ်ခါလက်လိုက်တာ နောက်တစ်ခါ ဒါကပြန်ပေါ်တာ မဟုတ်ဘူး၊ နောက်တစ်ခါ လက်တာကအသစ် အဲဒါလိုပဲ၊ ဒွါရ ၆-ပါးမှာ ဖြစ်ပေါ်နေတဲ့ ရုပ်နာမ်တွေဟာ အသစ်ချည်းပဲ၊ မြင်တာလဲ အသစ်၊ ကြားလဲအသစ်၊ အကုန်လုံး အသစ်အသစ်ကြီးပဲ၊ ခုလိုပြောဆိုနေတဲ့ အသံတွေလဲ အသစ်ချည်းပဲ၊ ပြောဖို့ရာ ကြံတဲ့ စိတ်တွေလဲ အသစ်အသစ် တွေချည်းပဲ၊ နာကြားနေတဲ့ ပုဂ္ဂိုလ်တွေကလဲ အသစ်တွေချည်းပဲ။
ကြားပြီးရင်း, ပျောက်သွားရင်း, ပျောက်လိုက်နေတာပဲ၊ အဲဒါတွေဟာ အသစ်အသစ် တွေချည်းပဲ၊ အဲသလို အသစ် တရားတွေကို အသစ်အသစ် တရားတွေ အနေအားဖြင့် သိပြီးတော့ တစ်အာရုံချင်း ပိုင်းခြားပြီးတော့ အဖြစ်အပျက်တွေ ထင်နေမှ ဝိပဿနာဆိုတာ ဖြစ်တာ၊ ဝိပဿနာ ဆိုတာကတော့ ပဗန္ဓသမာဓိ မဟုတ်ဘူး၊ ခဏိကသမာဓိတဲ့၊ တခဏမျှပဲ တည်တယ်၊ ဥပမာ ဖောင်းတယ်လို့ မှတ်တဲ့အခါကာလ စိတ်ကလေးက တခဏမျှပဲ၊ ဖောင်းတဲ့ အာရုံပေါ်မှာပဲ ခဏမျှ ထင်သွားတယ်၊ ပိန်တယ်လို့ မှတ်တဲ့အခါကာလမှာ ပိန်တဲ့အာရုံပေါ်မှာ ကပ်တည်သွားတယ်၊ ညောင်းတယ်လို့ မှတ်လိုက်ရင် ညောင်းတဲ့အာရုံပေါ်မှာ ကပ်တည်သွားတယ်။
နောက်တစ်ခါ ညောင်းတယ်လို့ မှတ်ရင်လဲ နောက်တစ်ခါ အာရုံပေါ်မှာ ကပ်တည်သွားတာပဲ၊ နာတယ်လို့မှတ်ရင်လဲ ပထမ တစ်နာ၊ အာရုံပေါ်မှာ စိတ်စွဲကပ်ပြီးနေတယ်၊ နောက်တစ်ခါ နာတယ်လို့ မှတ်ရင်လဲ နောက်တစ်ခါ နာတဲ့အနာပေါ်မှ စိတ်ကလေးကပ်ပြီး တည်သွားတာပဲ၊ တစ်အာရုံတစ်အာရုံမှာ တစ်ခါတစ်ခါ တည်တည်သွားတာ၊ ဒါက ခဏိက သမာဓိပဲတဲ့၊ ဒီ ခဏိကာသမာဓိနဲ့မှ ဝိပဿနာဉာဏ်ဖြစ်တယ်၊ ခဏိကသမာဓိနဲ့ ဝိပဿနာဉာဏ် ဖြစ်ပြီးတော့ အစဉ်အတိုင်း တက်သွားမှ အရိယာမဂ်ရောက်ပြီးတော့ မဂ်သမာဓိ, ဖိုလ်သမာဓိတွေ ဖြစ်ရမှာကိုး၊ ဒီအတိုင်းသွားရမှာ၊ အဲဒီ သမာဓိ ဘယ်လိုလက္ခဏာ ရှိသလဲဆိုရင် သမာဓိဟာ အဝိက္ခေပလက္ခဏာ ရှိတယ်၊ မပျံ့မလွင့်ခြင်း လက္ခဏာရှိတယ်၊ အဝိသာရလက္ခဏာရှိတယ်တဲ့၊ ပြန့်ကြဲမသွားခြင်း လက္ခဏာလဲ ရှိပါတယ်တဲ့၊ အတူတူပါပဲ၊ ပျံ့လွင့်သွားတယ် ဆိုတာနဲ့ ပြန့်ကြဲသွားတယ် ဆိုတာ ဝေါဟာရလေး နည်းနည်းပါးပါး လောက်ပဲ ထူးပါတယ်၊ ပြန့်လွင့်ပြီး မသွားဘဲနဲ့ ရှုရာရှုရာအာရုံမှာ ကပ်ပြီးသကာလ တည်တာ၊ သမထ သမာဓိဆိုရင်တော့ တစ်ခုတည်းသော အာရုံမှာ တည်ရှိနေတာ ပထဝီကသိုဏ်းပေါ်မှာ တစ်ခါတည်း တစ်ကျံ့တည်း တည်နေတယ်။
ဝိပဿနာ သမာဓိ ဆိုရင်တော့ ဝိပဿနာရှုအပ်တဲ့ အာရုံလေးပေါ်မှာ ရှုရာရှုရာ အာရုံပေါ်မှာ ကပ်ခနဲ ကပ်ခနဲတည်နေတာပဲ၊ ဖောင်းတာပေါ်လာတဲ့ အခါ ဖောင်းတာရှု၊ ဖောင်းတာမှာ တည်တာပဲ၊ နောက်တစ်ခါ ဖောင်းတာ ပေါ်လာရင်လဲ အဲဒီပေါ် တည်တာပဲ၊ စိတ်ကူး စဉ်းစားတာလေး ပေါ်ရင်လဲ စိတ်ကူးစဉ်းစားတဲ့ အပေါ်မှာ တည်တာပဲ၊ လက်ကွေးလိုက်ရင် ကွေးတာပေါ်မှာတည်တယ်၊ ဆန့်လိုက်ရင် ဆန့်တာပေါ်မှာ တည်တယ်၊ ပေါ်ရာ ပေါ်ရာပေါ်မှာ ဖြစ်ရာဖြစ်ရာ အာရုံပေါ် မှာလိုက်ပြီး ရှုရာရှုရာ အာရုံပေါ်မှာ စိတ်ကလေးက ဆပ်ခနဲရောက်ပြီး တည်သွားတာကိုး၊ ခဏိကသမာဓိ ခေါ်တယ်။
ဒီသမာဓိကလဲပဲ၊ စပြီးအားထုတ်ခါစမှာ ကောင်းကောင်း မထင်ရှားသေးဘူး၊ အားမကောင်းသေးဘူး၊ ခုနကပြောတဲ့ ဟိုပြေး ဒီပြေး ပြေးနေတဲ့ နီဝရဏအာရုံတွေ နီဝရဏစိတ်တွေ ကင်းပြီးသွားတဲ့ ခါကျတော့မှ စိတ်ကလေး တစ်ကိုယ်တည်းချင်း တည်နေတဲ့ ခါကျတော့မှ အာရုံနဲ့မှတ်စိတ်ကပ်ပြီး အဲဒီတော့မှ သမာဓိအားကကောင်းတယ်၊ တစ်ခါတည်း ပစ်ပြီး ချလိုက်သလို ပဲ၊ မှတ်တိုင်း-မှတ်တိုင်း မှတ်ရာအာရုံလေးပေါ်မှာ ပစ်ချလိုက်သလို ပစ်ချလိုက်တော့ တစ်ခါတည်း ကပ်ကပ်သွားတာပေါ့၊ ဥပမာဆိုပါတော့ မြေပျော့ပျော့မှာဆိုရင် ချွန်ချွန်အရာဝတ္ထုနဲ့ လှံစသည်တို့နဲ့ စိုက်လိုက်ရင် ဘယ်မှမသွားဘူး တစ်ခါတည်း တန်းခနဲကျသွားတာပဲ၊ ဥပမာ အလွန်လေးလံတဲ့ ဆန်အိတ်ကြီး တွေကိုချလိုက်ရာ ကျရာတွင် တစ်ခါတည်းကပ်နေတာပဲ၊ ဘယ်မှ လိမ့်မသွားဘူး။
ကလေးတွေကစားတာရှိတယ်၊ ကော်စီးတွေ၊ ကော်စီးတွေနဲ့ပစ်လိုက်ရင် နံရံပစ်လိုက်၊ နံရံဖတ်ခနဲဆို ကပ်နေတာပဲ၊ တိုင်ပစ်လိုက်လဲ တိုင်မှာ ဖတ်ခနဲကပ်နေတာပဲ မရွေ့ဘူး၊ အဲဒီလိုရှုရာရှုရာ အာရုံမှာ ကပ်ကပ်ပြီးတော့သွားတဲ့ သဘောလေးပဲ၊ ဝိပဿနာအရာမှာ ခဏိကသမာဓိပဲတဲ့၊ အဲဒီသမာဓိကို လက္ခဏာနဲ့ဆောင်ပုဒ်ကလေးက ဆိုထားတယ်၊ လိုက်ဆိုရမယ်။
ပျံ့လွင့်မထွက်၊ ကပ်လျက်တည်သည်။ (ဆို-၃)
ပျံ့လွင့်ပြီးတော့ တခြားတပါးထွက်မသွားဘဲ၊ အာရုံနဲ့စိတ် ကပ်ကပ်ပြီးသကာလ အာရုံပေါ်မှာ စိတ်ကလေးက ကပ်ကပ်ပြီး တည်တည်သွားသလိုပဲ။ ဒါကလဲ အဲဒီသမာဓိမျိုး ဖြစ်ဖူးမှသိတယ်၊ မဖြစ်ဘူးရင် သိပ်မသိသေးဘူး၊ မဖြစ်ဘူးရင် ပဗန္ဓသမာဓိကတော့ တွေးကြည့်ရင်ရတယ်၊ ဒီခဏိကာ သမာဓိက တွေးလို့မရဘူး၊ (သူကတစ်ခါမှတ်လို့ တစ်ခါ ကပ်ခနဲ သွားလိုက်-၂) သူ့ဟာနဲ့သူ အံကျ တစ်ခါတည်း ကိုက်ပြီးသွားနေတာ၊ အင်မတန်ကောင်းတဲ့ သမာဓိလေးပဲ ဆိုရမယ်။
ပျံ့လွင့်မထွက်၊ ကပ်လျက်တည်သည်။ (ဆို-၃)
အဲ-အဲဒီ သမာဓိအား ကောင်းလာတဲ့ခါ ဝိပဿနာ သမာဓိက အဲဒီလိုဖြစ်တာပဲ၊ ပေါ်တိုင်းပေါ်တိုင်း အာရုံပေါ်မှာ မှတ်တိုင်းမှတ်တိုင်း အာရုံဆီကို ပြေးပြေးပြီးတော့ ကပ်ကပ်သွားတာပါပဲ၊ တခြားကို ဘာမှပျံ့မသွားဘူး သမာဓိမဖြစ်ခင်ကတော့ ဒီအာရုံတစ်ခုရှုနေရင် ဟိုအာရုံတစ်ခု သွားတော့ မလိုလိုဘဲ၊ ဂဏာမငြိမ်သလိုဖြစ်နေတယ်၊ မတည်တန့်ဘူး၊ သမာဓိ ဖြစ်လာတဲ့အခါတော့ မှတ်ရာ မှတ်ရာပေါ်မှာ ကပ်ခနဲ ကပ်ခနဲကျသွားတာကိုး၊ မှတ်လို့လဲ ကောင်းတယ် စီးစီးပိုင်ပိုင်၊ အဲဒါ ခဏိကာ သမာဓိပဲ၊ ပျံ့လွင့်မထွက် ကပ်လျက်တည်သည်၊ နောက် သမ္ပီန္ဓနရသရှိတယ်တဲ့၊ စိတ္တံ စေတသိကာနံ သမ္ပီန္ဓနရသော စိတ်တရားတွေကို ပေါင်းစည်းစေခြင်းဟာ သူ့ကိစ္စပဲတဲ့။
အစတုန်းကတော့ ဟိုအာရုံပြုလိုက်၊ ဒီ အာရုံပြုလိုက်၊ ဟိုသွားလိုက် ဒီသွားလိုက် စိတ်တွေဟာ ကစင့်ကရဲဖြစ်နေတဲ့ သဘောရှိတာကိုး၊ အဲဒါတွေဟာ သမာဓိဖြစ်လာတဲ့အခါကျတော့ စိတ်ကလေး က တစ်ခါတည်း စုပြီးတော့ အာရုံဆီကိုစူးဝင် သွားသလိုပဲ၊ ဘယ်မှမသွားဘူး၊ မပြန့်ကြဲဘူး၊ တစ်ခုတည်းသော အာရုံထဲမှာ စုပေါင်းပြီးတော့ လုံးပေးသလို ဘာနဲ့တူသလဲဆိုရင် ဆန်မှုန့်တွေ ဂျုံမှုန့်တွေ တစ်မှုန့်စီတစ်မှုန့်စီ သူ့ဟာသူနေရင် ပြန့်ကြဲနေတယ်၊ ဒါတွေကို ရေလေးနဲ့ စွတ်လိုက်တဲ့အခါကျတော့ အမှုန့်တွေ တစ်ခုနဲ့တစ်ခု ကပ်သွား လုံးသွားတယ်၊ အလုံးအခဲဖြစ်သွား အဲဒါများလိုပဲတဲ့။
သမ္ပယုတ်တရား စိတ်စေတသိက်တရားတွေ ထိုထိုအာရုံဆီကို ပျံ့ပြီး မပြေးသွားရအောင် ဒီသမာဓိကနေ စုပြီးလုံးပေး သလိုပါပဲတဲ့၊ မှတ်ရာမှတ်ရာ အာရုံကလေးမှာ စုစုပြီးသွားတော့၊ ညအခါ ကာလမှာ လက်နှိပ်ဓာတ်မီးရှိတယ်၊ လက်နှိပ်ဓာတ်မီးနဲ့ ပြန့်ကျယ်ကြီးဖြစ်အောင်ထိုးရင် ပြန့်ကျယ်ကြီးဖြစ်တယ်၊ စုအောင်လုပ်ရင်လဲစုလို့ရတယ်၊ စုပြီးတော့ထိုးလိုက်တဲ့အခါကျတော့ ရှေ့ တည့်တည့်ဟာလေးက ပီပီသသမြင်ရတယ်၊ ပြန့်ကျယ်ကြီးဆိုတဲ့ အခါကြတော့ တယ်ပြီး မပီသဘူး၊ ပြားပြားကြီးပဲ၊ အဲဒါလိုပဲ။
ခု သမာဓိအား ကောင်းလာတဲ့အခါကျတော့ ဓာတ်မီးဟာ စုထိုးလိုက်သလိုပဲ၊ စိတ်စေတသိက် တွေဟာ တခြားအာရုံ ဆီမှာ ဘယ်မှမသွားဘဲ ရှုရာရှုရာ အာရုံကလေးပေါ်မှာ တစ်ခါတည်း တန်းခနဲတန်းခနဲ ကျသွားတာကိုး၊ အင်မတန်ကောင်းတယ်၊ အဲဒါ ကိုယ်တိုင်တွေ့မှ ဖြစ်မှာ၊ မတွေ့ ရင်တော့မသိဘူး၊ ရှုရာရှုရာ အာရုံလေးမှာ ချိန်ထားသလိုပဲ၊ တစ်ခါတည်းပေါ်လိုက်, ပေါ်ရာလေးမှာ စိတ်ကလေး တစ်ခါတည်း အဲဒီမှာပဲ တန်းသွားတာပဲ၊ ဒီပြင်နေရာ မသွားဘူး၊ အဲဒီသမာဓိမျိုး မတွေ့ဘူးသေးတဲ့ ပုဂ္ဂိုလ်တွေက ရှုမှတ်နေတဲ့ဥစ္စာ ပုံသဏ္ဌာန် အထည်ဒြပ်တွေ ဒီရောက်နေမှာပေါ့၊ ဒီလို ပြောကြတယ်။
သူ့ဟာ ဒီသမာဓိမှမရောက်ဘဲနဲ့၊ ဒီသမာဓိ ရောက်တဲ့အခါကျတော့ သဘောတရားလေးတွေ သက်ရောက်တာ၊ ဘေး အကျယ်အပြန့်တွေ သွားနေတာမဟုတ်ဘူး၊ ခု ဘေးအကျယ်အပြန့် တွေသွားပြီးတော့ မြင်တယ်ဆိုရင်, ဘာပဲ ကြားတယ်ဆိုရင်, ဘာပဲ စသည်ဖြင့် ပုံသဏ္ဌာန် အထည်ဒြပ်တွေကို လျှောက်ပြီးသိနေတာ၊ ပြန့်ကြဲပြီး ဘေးသွားနေတာ၊ ဘေးကို အရှာသွားနေတာ၊ အဲသလိုမသွားဘဲနဲ့ မှတ်ရာအာရုံကလေးမှာ တစ်ခါတည်း စိုက်ခနဲ စိုက်ခနဲ ကြနေတာကိုး၊ အဲဒီသမာဓိဟာ သူ့ရဲ့ကိစ္စကတော့ သမ္ပယုတ်တရားတွေကို၊ တစ်ခြားတစ်ပါး၊ ပြန့်ကြဲပြီးမသွား စေဘဲနဲ့ တစ်ခုတည်းသော အာရုံမှာ ပေါင်းစုပေးခြင်းဟာဖြင့် သူ့ရဲ့ကိစ္စပါပဲတဲ့၊ တစ်ခုတည်း တစ်လုံးတည်းဖြစ်ပြီး အာရုံမှာရှုမိတာကိုး၊ တစ်အာရုံပြီး ပေါင်းစည်းစေသည်၊ သမ္ပယုတ္တာနံ စိတ္တစေတသိကာနံ - သမ္ပယုတ်ဖြစ်သော စိတ်စေတသိက်တရားတို့ကို၊ သမ္ပီန္ဓနရသော - ပေါင်းခြင်း ဟာ သူ့ကိစ္စပါပဲ၊ပေါင်းစည်းခြင်း, လုံးပေးခြင်းဟာ သူ့ကိစ္စပါပဲ၊ ဆိုရမယ်။
တစ်အာရုံတည်း ပေါင်းစည်းစေသည်။ (ဆို-၃)
ဥပသမပစ္စုပဋ္ဌာနံ-ငြိမ်သက်နေတဲ့ သဘောအားဖြင့်လဲ ယောဂီပုဂ္ဂိုလ်ဉာဏ်မှာထင်ပါတယ်တဲ့၊ စိတ္တဌိတိ ပစ္စုပဋ္ဌာနာ-အဋ္ဌကထာတွေက စိတ်တည်တံ့နေတဲ့ သဘောအနေထားအားဖြင့်လဲ ထင်ပါတယ်တဲ့၊ လေငြိမ်တဲ့နေရာမှာ ထွန်းထားတဲ့ မီးကလေးများ ငြိမ်နေသလိုပေါ့၊ ပဗန္ဓသမာဓိ နေရာမှာလဲ ဒီတိုင်းပဲ၊ ဈာန်သမာဓိ နေရာမှာ တစ်ခုတည်းသော အာရုံမှာ စိတ်ကလေးက တည်နေတာပဲ၊ ဘယ်မှ မသွားဘူး၊ ပထဝီ-ပထဝီ တစ်ခုတည်းသော အာရုံထဲမှာ တည်နေတယ်။
အဲဒီရှုမှတ်တဲ့ ဝိပဿနာမှာလဲ ဒွါရ ၆-ပါးပေါ်ခိုက်, ပေါ်ခိုက်, ရှုတော့ အာရုံသာပြောင်းတာ၊ တည်ပုံတော့ ဒီအတိုင်းပဲ၊ မှတ်ရာ, မှတ်ရာ အာရုံကလေးထဲမှာ ကပ်ခနဲ, ကပ်ခနဲ တည်နေတာ၊ ငြိမ်ပြီးတော့ တည်နေတာ၊ တည်တံ့ပုံခြင်းဟာ မကွဲဘူး၊ ရှေ့စိတ်တည်တံ့ပုံ၊ ဒီနောက်စိတ်က တည်တံ့ပုံနဲ့ (မှတ်တိုင်း-၂) တစ်ကျံ့တည်း တည်တံ့ပြီးနေတဲ့ သမာဓိ၊ အဲဒါ စိတ္တဌိတိပစ္စုပဋ္ဌာနာ-စိတ်၏ တည်တံ့တဲ့သဘောဆိုရင် ငြိမ်သက်နေတဲ့သဘောပါပဲ၊ ဒီလိုယောဂီပုဂ္ဂိုလ်ဉာဏ်မှာ ထင်ရှားပါတယ်တဲ့၊ ဒီမှာတော့ ဥပသမာပစ္စုဋ္ဌာနာဆိုတဲ့ အဋ္ဌကထာ စကားကို ယူပြီးတော့ ဘာသာပြန်ထားတယ်၊ ငြိမ်သက်တည်မှု၊ ရှေးရှုထင်သည်၊ လေငြိမ်ရာ နေရာမှာ ထွန်းထားတဲ့ မီးလေးလို မှတ်ရာ, မှတ်ရာအာရုံမှာ ဝပ်ပြီး တည်နေတဲ့ သဘော, ကပ်ပြီး တည်နေတဲ့သဘော, ငြိမ်သက်ပြီးတည်နေတဲ့ သဘောအားဖြင့် ယောဂီပုဂ္ဂိုလ်ဉာဏ်မှာ ထင်ရှားပါတယ်တဲ့၊ ဆိုရမယ်။
ငြိမ်သက်တည်မှု ရှေးရှုထင်သည်။
သမာဓိ မှတ်သိဗောဇ္ဈင်မည်။ (ဆို-၃)
သမာဓိဗောဇ္ဈင် မည်ပါတယ်လို့ မှတ်ရမယ်၊ လက္ခဏာနဲ့, ရသနဲ့, ပစ္စုဋ္ဌာန်နဲ့ လက္ခဏာက ဘာလဲ စိတ်မပျံ့လွင့်ခြင်း၊ ပျံ့လွင့်မထွက် ကပ်လျက်တည်သည်၊ တခြား တစ်ပါးက အာရုံတွေမှာ ပျံ့လွင့်မထွက်ဘဲနဲ့ မှတ်ရာ, မှတ်ရာအာရုံမှာ ကပ်ခနဲ, ကပ်ခနဲ တည်နေတာ၊ သူ့လက္ခဏာပဲ၊ တစ်အာရုံတည်း ပေါင်းစည်းစေသည်၊ ဒီလိုအာရုံတွေဟာ စိတ်တွေဟာ မပြေးသွားဘဲနဲ့ တစ်အာရုံတည်းမှာ နေပြီးတော့, လုံးပြီးတော့ အာရုံပြု လိုက်သလို၊ လုံးပြီး အာရုံပြုတာ ဟုတ်လဲ ဟုတ်တယ်၊ ပြောစရာမရှိလို့သာ ပြောတာ အာရုံထဲမှာ စုပြီးတော့ ကပ်ရောက်ပြီး သွားတာပဲ။
အဲဒီအနေအားဖြင့် စိတ်စေတသိက်တွေကို ပေါင်းစုပေးသလိုပဲ၊ သူ့ကိစ္စရှိပါတယ်။ နောက်လေ ငြိမ်ရာနေရာမှာ ထွန်းထားတဲ့မီးလေးလိုပဲ၊ ငြိမ်လို့ ထိုထိုအာရုံတွေဆီကို ဘယ်မှ ခြေလှမ်းမပြင်ဘူး၊ တစ်ခါတည်း လှုပ်ရှားခြင်းမရှိဘူး၊ ငြိမ်သက်နေတဲ့ သဘောအားဖြင့်လဲ ယောဂီပုဂ္ဂိုလ်ဉာဏ် ထင်ပါတယ်တဲ့၊ အဲဒီလို လက္ခဏာနဲ့, ရသနဲ့, ပစ္စုဋ္ဌာန်နဲ့ ပြည့်စုံတဲ့ တရားဟာဖြင့် သမာဓိသမ္ဗောဇ္ဈင် မည်တယ်လို့ မှတ်ရမယ်၊ ဒီလိုဆိုပါတယ်၊ သမာဓိသမ္ဗောဇ္ဈင်တရားက ဥဒယဗ္ဗယဉာဏ်က ဖြစ်တယ်၊ ဒီရှေ့ကလဲဖြစ်ပါတယ်၊ နာမရူပပရိစ္ဆေဒ ဉာဏ်လောက်ကလဲ စပြီးတော့ ဖြစ်တယ်။
ခုန နီဝရဏတွေ ကင်းသွားတယ်ဆိုတာ အဲဒီကနေ ကင်းသွားတာ၊ နီဝရဏတွေ မကင်းသေးလို့ရှိရင် ဒီသမာဓိ ကောင်းကောင်း မဖြစ်သေးဘူး၊ ပထမရှုကာစပုဂ္ဂိုလ်က နီဝရဏတွေက ရှိတာကိုး၊ ဟိုအာရုံပြေး, ဒီအာရုံပြေး, ဟိုထွက်လိုက်, ဒီထွက်လိုက်၊ ဒါတွေက အင်မတန် ထိန်းပေးနေရတယ်၊ အဲဒီလိုထိန်းပေးနေသမျှကာလပတ်လုံးဟာ ဒီသမာဓိဟာ ကောင်းကောင်း အားမကောင်းသေးဘူး၊ သမာဓိအား ကောင်းလာတဲ့ အခါကျတော့ ဘယ်မှ မပြေးတော့ဘူး၊ စိတ်ကလေး တစ်စိတ် တည်းတည်နေတာ၊ ဝိပဿနာစိတ်ကလေး တစ်စိတ်တည်း ရှေ့စိတ်ကလဲ မှတ်စိတ်, နောက်စိတ် ကလဲမှတ်စိတ်နဲ့, မှတ်စိတ်နဲ့ ချည်းပဲ မှတ်ရာ, မှတ်ရာ အာရုံကလေးမှာ မှတ်စိတ်ချည်းပဲ ကျနေ တာပဲ၊ အဲဒီမှာ နီဝရဏ ကင်းသွားတာပဲ၊ အဲဒီအချိန်ကစပြီး နာမ်ရုပ်တွေလဲ ပိုင်းခြားပြီး သိလာတာ၊ စိတ္တဝိသုဒ္ဓိဖြစ်ရင် ဒိဋ္ဌိဝိသုဒ္ဓိဖြစ်တယ်၊ ဒိဋ္ဌိဝိသုဒ္ဓိဖြစ်ပြီး အစဉ်အတိုင်း တက်လာတော့ ဘင်္ဂဉာဏ် ရောက်တဲ့အခါကျတော့ ခုန-
ဝယလက္ခဏုပဋ္ဌာနေကတ္တဉ္စ ဝိပဿကာနံ၊ ဝယလက္ခဏုပဋ္ဌာနေကတ္တဉ္စ။
အပျက်လက္ခဏာထင်သော စိတ်တစ်ခုခြင်းတည်းသော ဧကတ္တာသည်၊ ဝိပဿကာနံ-ဝိနဿနာ ယောဂီပုဂ္ဂိုလ်တို့၏၊ ဧကတ္တံ-စိတ်တစ်ခုခြင်းအဖြစ်တည်သော ဧကတ္တပေတည်း၊ ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ်တွေ ဒီဧကတ္ထနဲ့ ရှုမှုစိတ်တစ်ခုတည်း တည်နေရမယ်၊ ဒီပြင်ဟာတွေနဲ့ မရောရဘူး၊ ရာဂ, ဒေါသ, မောဟစသည်တို့နဲ့ မရောရဘူး၊ စိတ်တစ်ခုတည်း တည်နေရမယ်၊ ဘယ်လိုလုပ်တည်သလဲဆို အပျက်လက္ခဏာလေးထပ်ပြီး တည်နေရမယ်၊ မှတ်တိုင်း-မှတ်တိုင်း အာရုံလေးတွေဟာ ပျက်သွား တယ်၊ ပျောက်သွားတယ်၊ ကုန်သွားတယ်၊ ဆုံးသွားတယ်။
အဲဒါတွေဟာ အမြဲသိနေရမယ်၊ (တစ်ခါမှတ်ရင်းပျောက်သွားရင်း-၂) နောက်တစ်ခါမှတ်ရင်း ပျောက်သွားရင်း၊ ရှေ့ဆင့်နောက်ဆင့် အပျောက်ကြီးပဲ ထင်နေတာပဲ၊ မှတ်တဲ့စိတ်ရော ပျောက် နေတာ၊ မှတ်တဲ့စိတ်ရော တစ်ခါတည်း ပျောက်နေတာ၊ ဖောင်းတယ်မှတ်လိုက်ရင် ဖောင်းတာတွင် မဟုတ်ဘူး၊ မှတ်တဲ့စိတ်ကလေးပါ ပျောက်သွားတာ၊ ပိန်တာမှတ်လိုက်ရင် ပိန်တာတင်မဟုတ်ဘူး၊ မှတ်တဲ့စိတ်ကလေးပါ ပျောက်သွားတာ၊ နာတာမှတ်ရင် နာတာလေးလဲပျောက်၊ မှတ်တာလေးလဲ ပျောက်ပဲ၊ လက်ကလေး လှုပ်လိုက်ရင် လှုပ်တာမှတ်လိုက်၊ လှုပ်တာလဲပျောက်၊ မှတ်တာလဲပျောက်၊ မှတ်တာက တစ်ခါတည်း ပျောက်ပျောက်သွားတာ တစ်ခါမှ တည်နေတာမရှိဘူး။
ဒီတော့ မှတ်တိုင်း-မှတ်တိုင်း ပျောက်ပျောက် သွားတာချည်းပဲ သိနေတဲ့အတွက် ဒီပုဂ္ဂိုလ်က အနိစ္စမမြဲဘူးဆိုတာ ပိုင်ပိုင်နိုင်နိုင် သိတာပေါ့၊ အနိစ္စာနုပဿနာဉာဏ် ကောင်းကောင်းကြီး ဖြစ်လာ တယ်၊ အဲဒီ အနိစ္စာနုပဿနာဉာဏ်ဖြစ်သလိုပဲ ဒုက္ခဆင်းရဲတွေချည်းပဲဆိုတာလဲ ထင်လာတယ်၊ ဒီတိုင်းနေတဲ့ပုဂ္ဂိုလ်တွေတော့ မြဲနေတယ်ထင်တော့ ချမ်းသာတွေ အကောင်းတွေ အများကြီး ရှိတယ်ထင်နေတာကိုး၊ ခဏမစဲဖြစ်ပျက်နေတဲ့ တရားတွေ ဘာမှချမ်းသာတာ မရှိဘူး၊ အားကိုးစရာ ဘာမှ မရှိဘူး၊ ဖြစ်ပျက်နေတာတွေ ခဏမစဲတွေ့ပြီးနေရတော့ ပုဂ္ဂိုလ် သတ္ဝါရယ်လို့ ဘယ်ရှိမလဲ၊ သူ့သဘောနဲ့သူ ဖြစ်နေတဲ့ တရားချည်းပဲ၊ အနတ္ထလက္ခဏာတရားချည်းပဲ ဆိုတာ ယောဂီ ပုဂ္ဂိုလ် ဉာဏ်ထဲ ရှင်းပြီးတော့ သိလာတာ၊ အဲဒီလိုသိရမှာပေါ့။
အဲဒီလို သိအောင်လို့ ဒီသမာဓိက ကျေးဇူး ပြုပေးတာ၊
သမာဓိ ဘိက္ခဝေ ဘာဝေထ သမာဟိတော ဘိက္ခဝေ ယထာဘူတံ ပဇာနာတိ ပဿတိ။
ဘိက္ခဝေ - ရဟန်းတို့၊
သမာဓိ - စူးစိုက်တည်ကြည်မှု သမာဓိကို၊
ဘာဝေထ - ဖြစ်ပွားစေကြပါကုန်လော့၊
သမာဓိ ဖြစ်စေရမယ်၊
သမာဟိတော - စူးစိုက်တည်ကြည်သော ပုဂ္ဂိုလ်သည်၊
ယထာဘူတံ - ဟုတ်တိုင်းမှန်စွာ၊
ပဇာနာတိ - သိ၏၊
ပဿတိ - မြင်၏။
သမာဓိဖြစ်လို့ စိတ်တည်ကြည်လာရင် ဟုတ်တိုင်းမှန်စွာ မြင်ပါတယ်တဲ့၊ ဘာတွေသိသလဲ။
အနိစ္စန္တိ ပဇာနာတိ - မမြဲဘူးလို့လဲ သိပါတယ်တဲ့၊
ဒုက္ခန္တိ ပဇာနာတိ - ဆင်းရဲလို့လဲ သိပါတယ်တဲ့၊
အနတ္တာတိ ပဇာနာတိ - အတ္တံ မဟုတ် သဘောမျှလို့လဲ သိပါတယ်တဲ့။
ဘုန်းကြီးများ၊ ရှေးက ခပ်ငယ်ငယ်တုံးက စဉ်းစားဖူးတယ်၊ သမာဓိဖြစ်ရင်၊ ယထာဘူတ - အမှန်အတိုင်း သိတဲ့ဉာဏ် ဖြစ်တယ်တဲ့၊ ဒီဒေသနာ ဟောထားတာ အားလုံး စာပေဗဟုသုတ လိုက်စားတဲ့ပုဂ္ဂိုလ်တွေ အကုန်လုံး သိနေတာပါ၊ ဒီအဓိပ္ပာယ်ကတော့ သမာဓိဖြစ်ရင် ဉာဏ်ဖြစ်တယ် ဆိုတာ သိနေတယ်၊ ဒီတော့ သမာဓိဖြစ်ရင် ဉာဏ်ဖြစ်တယ်လို့တော့ ဆိုတယ်၊ သာသနာပက ပုဂ္ဂိုလ်တွေ ဈာန်ရ ရသေ့တွေ ရှိတာကိုး၊ သူတို့ သမာဓိတွေတော့ ဖြစ်နေတယ်၊ ဈာန်ရရသေ့ သမာဓိဖြစ်နေတယ်၊ ဈာန်လဲရတယ်၊ အဘိညာဉ်တွေရလို့ ကောင်းကင်တွေ ဘာတွေတောင် သွားနိုင်နေတာပဲ၊ အဲဒီရသေ့တွေဟာ သမာဓိတော့ ဖြစ်နေတာ၊ ဘာမှ ငြင်းစရာမရှိဘူး၊ သူက သမာဓိ သေသေချာချာ ဖြစ်နေတယ်။
သမာဓိဖြစ်ပေမယ်လို့ အဲဒီ ရသေ့တော့ အနိစ္စ, ဒုက္ခ, အနတ္တတွေမသိဘူး၊ သမာဓိဖြစ်ရဲ့သားနဲ့ ဘာဖြစ်လို့ မသိရလဲ၊ သမာဟိတော ဘိက္ခဝေ ယထာဘူတံ ပဇာနာတိ - သမာဓိဖြစ်ရင် ဉာဏ်ဖြစ် ရမယ်ဆိုပြီး သမာဓိဖြစ်ပြီး ဘာဖြစ်လို့ ဉာဏ်မဖြစ် သလဲ၊ ဘုန်းကြီးများ ငယ်ငယ်တုန်းက ကိုယ့်ဟာ ကိုယ် စဉ်းစားဖူးတာပေါ့၊ သူများနဲ့တော့ မဆွေးနွေးဖူးပါဘူး၊ ကိုယ့်ဟာကိုယ် စဉ်းစားကြည့်တာ သဘောမပေါက်ဘူး နောက် ဝိပဿနာတရားနဲ့ စဉ်းစားတော့မှ တော်တော်ကြီးလာမှ ဝိပဿနာ တရားတွေလဲ အားထုတ်ပြီးတော့မှ ဝိပဿနာနဲ့ စဉ်းစားမှ သဘောပေါက်တယ်၊ သာသနာပက ပုဂ္ဂိုလ်တွေက သမာဓိဖြစ်ရင် သမာဓိသက်သက် ဖြစ်နေတာကိုး၊ ဝိပဿနာ ရှုနည်းမှ ရှိမှ မရှိဘဲ။
ရုပ်နာမ်တွေဟာ ခဏမစဲ ဖြစ်ပျက်နေတာ၊ မမြဲတဲ့တရားလို့ သူတို့မှာ စောစောကလဲ သိမထားဘူး၊ ဒုက္ခ, အနတ္တ တရားတွေ စောစောကလဲ သိမထားဘူး၊ ဒါတွေသိအောင် ရှုရမယ်လို့ဆိုတာ သူတို့ မသိဘူး၊ မသိတော့ သမာဓိဖြစ်ရင် သမာဓိ ဖြစ်ရုံပဲရှိတယ်၊ ဒါပဲ ရုပ်နာမ်တရားတွေ အဖြစ်အပျက် အနိစ္စ, ဒုက္ခ, အနတ္တကို မသိဘူး၊ သာသနာတွင်း ပုဂ္ဂိုလ်တွေသိတော့ သမာဓိဖြစ်လာလို့ရှိရင် ရုပ်နာမ် တရားတွေပဲလို့၊ အနိစ္စ, ဒုက္ခ, အနတ္တတွေပဲ စောစောကလဲ ကြားသိထားတဲ့ ဗဟုသုတရှိလို့ သမာဓိ ဖြစ်နေတဲ့ ပုဂ္ဂိုလ်က ကိုယ့်သန္တာန်မှာ ဒွါရ ၆-ပါးက ဖြစ်နေတဲ့ တရားတွေကို စိတ်စိုက်လိုက်လို့ရှိရင် စိုက်ရာ-စိုက်ရာမှာ အပိုင်း-အပိုင်းနှင့် အဖြစ်အပျက်ကလေးတွေ ထင်လာတာကိုး၊ ဒါကြောင့် သမာဓိဖြစ်ရင် ဉာဏ်ဖြစ်တယ်လို့ ဘုရားက ဟောထားတယ်၊ ဟောတဲ့အတိုင်းလဲ ဟုတ်တယ်။
သမာဓိကောင်းကောင်းသာဖြစ်၊ ဖြစ်လို့ရှိရင် ကိုယ်ထဲမှာ စိုက်၊ ဘယ်နေရာက စိုက်စိုက် စိုက်ပြီး ရှုလိုက်လို့ရှိရင် ရှုရာကနေပြီးတော့ တစ်ခုခြင်း တစ်ခုခြင်း၊ တစ်ပိုင်းစီ တစ်ပိုင်းစီ ပိုင်းခြားပြီး သိရမှာပဲ၊ ယခု ဒီမှာ ဒွါရ ၆-ပါးက ဖြစ်ခိုက် ရုပ်နာမ်တွေ ရှုနေကြတယ်၊ ဖောင်းတာ ပိန်တာက စပြီးတော့ ဒွါရ ၆-ပါးဖြစ်ခိုက် ရုပ်နာမ်တွေ သမာဓိ မဖြစ်သေးခင်ကတော့ ရုပ်နာမ်တွေ ဘယ်သိဦး မလဲ၊ သမာဓိဖြစ်လာတော့ မှတ်တိုင်း-မှတ်တိုင်း ရုပ်တရားနဲ့ နာမ်တရားတွေ ပိုင်းခြားသိတယ်။
ရုပ်တရား, နာမ်တရား ပိုင်းခြားသိရုံမကဘူး၊ မှတ်တိုင်း မှတ်တိုင်း အာရုံကလေးတွေဟာ တစ်ခါသိလိုက် တစ်ခါ ပျောက်သွားလိုက်၊ နောက်တစ်ခါသိလိုက် တစ်ခါပျောက်သွားလိုက်၊ တစ်ပိုင်းစီ တစ်ပိုင်းစီဖြစ်ပြီးတော့ ထင်လာတာကိုး၊ ဘယ်အပိုင်းကနေပြီး ရှုရှု ဒီလိုပဲ၊ တရား အားထုတ်လို့ အချိုးအစားကျနေတဲ့ပုဂ္ဂိုလ်မှာ ရှုချင်ရာကရှုပဲ၊ ဘယ်ကရှုရှု ရတယ်၊ ဖောင်းတာ ပိန်တာသာ မဟုတ်ဘူး၊ တွေ့ထိရာကနေပြီး ဘယ်နေရာကနေ ရှုရှုပဲ၊ မြင်ရာကနေ စရှုလဲ ရတယ်၊ ကြားရာကနေ စရှုလဲရတာပဲ၊ စိတ်ကူးရာကနေ စရှုလဲရတာပဲ၊ ဘယ်ကနေပြီးတော့ပဲရှုရှုပဲ၊ ပေါ်ရာ ပေါ်ရာက နေပြီးတော့ လျှောက်ရှုသွား ရှုလို့ရှိရင် အဲဒီမှာ အပိုင်း အပိုင်းတွေ၊ တစ်ခုစီ တစ်ခုစီ လေးတွေ ပိုင်းခြားသိတယ်၊ ဒီလို သိရတယ်။
အဲဒါကြောင့် သမာဓိဖြစ်လို့ရှိရင် သမာဓိရှိတဲ့ ပုဂ္ဂိုလ်ဟာ ယထာဘူတာ - ဟုတ်တိုင်းမှန်စွာ၊ ပဇာနာတိ - သိတယ်၊ မြင်တယ်တဲ့၊ တကယ်ကို သိတာ၊ အဲဒီ သမာဓိသမ္ဗောဇ္ဈင် ဖြစ်လာတဲ့အခါ ပညာဖြစ်လာတာပေါ့၊ သီလ သမာဓိ, ပညာ ၃- ခုထဲမှာ အဲ-ယခု သမာဓိသမ္ဗောဇ္ဈင် (အလယ်ပိုင်း-၂) သမာဓိသမ္ဗောဇ္ဈင်ပြည့်စုံလာရင် အဆုံးပိုင်းပညာက ပြည့်စုံလာတယ်၊ ပညာကဟောခဲ့ပြီ၊ ပညာက ဓမ္မဝိစယ သမ္ဗောဇ္ဈင်အစနားက ပြီးခဲ့ပြီ၊ အဲဒါ ဟောခဲ့ပြီ၊ အဲဒီ သမာဓိသမ္ဗောဇ္ဈင်ဟာ သူဖြစ်ပွားခြင်း အကြောင်းတရားတွေလဲရှိတယ်၊ အဲဒီအကြောင်းတရားတွေ သိရမယ်ဆိုတဲ့ အကြောင်း မြတ်စွာဘုရား ဟောထားတယ်၊
ယထာစ - အကြင် အကြောင်းကြောင့်လည်း၊
အနုပ္ပန္နဿ - မဖြစ်ပေါ်သေးသော၊
သမာဓိသမ္ဗောဇ္ဈင်္ဂဿ - သမာဓိသမ္ဗောဇ္ဈင်၏၊
ဥပ္ပါဒေါ - ဖြစ်ပေါ်၍လာခြင်းသည်၊
ဟောတိ - ဖြစ်၏၊
တဉ္စ - ထိုအကြောင်းကိုလည်း၊
ပဇာနာတိ - သိ၏၊
သမာဓိသမ္ဗောဇ္ဈင်ဖြစ်ခြင်း၏ အကြောင်းကိုလည်း သူသိပါတယ်တဲ့၊ သမာဓိသမ္ဗောဇ္ဈင် ဖြစ်ပေါ်ခြင်း ၏ အကြောင်းက ဘာလဲဆိုရင် သမထနိမိတ်, သမာဓိနိမိတ်ရှိတယ်၊ အဲဒီ သမာဓိ နိမိတ်ကို သင့်တင့်စွာ နှလုံးသွင်းလို့ရှိရင် သမာဓိဖြစ်ပါတယ်တဲ့၊ သမာဓိနိမိတ်ဆိုတာဟာ သမထအာရုံနိမိတ် တွေပဲတဲ့၊ သမထအာရုံနိမိတ်တွေကို နှလုံးသွင်းမှု နှလုံးသွင်းတတ်ရမယ်လို့ ဆိုလိုတယ်၊ နှလုံးသွင်း တတ်လို့ရှိရင် သမာဓိဖြစ်အောင် နှလုံးသွင်းတတ်ရင် သမာဓိသမ္ဗောဇ္ဈင် ဖြစ်တယ်လို့ အဲဒီလို ဆိုပါတယ်။
ယခု ဝိပဿနာ ရှုနေတဲ့ပုဂ္ဂိုလ်မှာ ဝိပဿနာ သမာဓိပေါ့၊ ဝိပဿနာ ရှုပုံရှုနည်းကလေး နားလည် နေလို့ရှိရင် အဲဒီနည်း အတိုင်း စူးစိုက်ရှုလိုက်လို့ရှိရင် သမာဓိဖြစ်တာပဲ၊ ဆရာသမားတွေက ညွှန်ကြား ထားတဲ့အတိုင်း ပေါ်ရာပေါ်ရာလေး စူးစိုက်ပြီး တော့ရှု၊ စိတ်တွေ ပျံ့လွင့်သွားရင် ပျံ့လွင့်တဲ့ စိတ်ကလေး ရှုလိုက်၊ ရှုပြီးလို့ရှိရင် ရှုနေကြ အာရုံကလေး ပြန်ပြီးရှုလိုက်တော့ တော်တော်ကြာတော့ ငြိမ်နေတယ်၊ စိတ်ကလေးက တည်သွားတယ်၊ သမာဓိဖြစ်သွားတယ်၊ အဲဒါ သမာဓိဖြစ်ကြောင်း တရားဟာ သမာဓိဖြစ်အောင်လို့ နှလုံးသွင်းမှုပဲတဲ့၊ အဋ္ဌကထာဆရာက ဒီနေရာမှာ အကြောင်း ၁၁-ခု ပြထားတယ်။
ဧကာဒသ ၁၁-ပါးသော တရားတွေဟာ သမာဓိသမ္ဗောဇ္ဈင် ဖြစ်ခြင်း၏အကြောင်းတရားတွေပဲ ဆိုပြီးတော့ ပြထားတယ်၊ အဲဒီသမာဓိဖြစ်ခြင်းအကြောင်းတွေ ဒီမှာ ဆောင်ပုဒ်အနေနဲ့ ၁၁-ခု မှတ်ရအောင် လင်္ကာလေးရေးထားတယ်။
ဝတ္ထုသန့်စင် ညီမျှယှဉ် ကျွမ်းကျင်နိမိတ်မှာ၊ အဲဒါ ၃-ခုရှိတယ်၊ ဝတ္ထုသန့်စင်ရမယ်၊ ပြီးတော့ ဣန္ဒြေညီမျှရမယ်၊ နိမိတ္တကုသလ သမာဓိ နိမိတ်မှာ ကျွမ်းကျင်နားလည်ရမယ်၊ အဲဒီ ၃-ခု၊ ကဲ ကဲ ဒါလေး ဆိုရဦးမယ်၊ တစ်နေ့ကလဲ ပြောပြီးသားတွေပါ၊ ဒါတွေက-
ဝတ္ထုသန့်စင် ညီမျှယှဉ် ကျွမ်းကျင်နိမိတ်မှာ။ (ဆို-၃)။
ဝတ္ထုဝိသဒ ကြိယာဝတ္ထု သန့်ရှင်း စင်ကြယ်ခြင်းကိုပြုခြင်း၊ ဒါတစ်နေ့က ဓမ္မဝိစယ သမ္ဗောဇ္ဈင် အခန်းက ပြောခဲ့ပြီးပါပြီ၊ ဝတ္ထုဆိုတာမိမိကိုယ်ပဲ၊ မိမိကိုယ်ကိုယ် သန့်ရှင်းစင်ကြယ်ရဖို့ ရဟန်းဆိုလို့ ရှိရင် လက်သည်း, ခြေသည်းတွေရှည်နေရင် ဖြတ်ပစ်၊ ခေါင်းက ဆံပင်ရှည်နေရင် ရိတ်ပစ်၊ ရေမိုးချိုး သန့်ရှင်းစင်ကြယ်အောင် လုပ်ရမှာကိုး၊ အဝတ်တွေ, ဘာတွေ ညစ်နွမ်း နေလို့ရှိရင် အဝတ်တွေလျှော်၊ အခန်းတွေဘာတွေ မသန့်မရှင်းဖြစ်နေရင်လဲ အမှိုက်တွေဘာတွေလဲ သန့်ရှင်းအောင်လုပ်၊ အဲဒီလို မိမိကိုယ် အသုံးအဆောင်တွေ သန့်ပြန့်အောင်လို့ လုပ်ပေးခြင်းဟာ ဝတ္ထုသန့်စင်တာပဲ၊ တရား အားထုတ်တဲ့ပုဂ္ဂိုလ်မှာ တရားမတက်တဲ့အခါကျရင် ဒါလေးတွေလုပ်ရတယ်၊ ဒါတွေ ရှုပ်နေလို့လဲပဲ တရားက မတက်ဘဲနဲ့ နေတယ်၊ သန့်ရှင်းစင်ကြယ် တော့ စိတ်ကြည်လင်ပြီးတော့ သမာဓိလဲ ဖြစ်တယ်၊ ဉာဏ်လဲဖြစ်တယ်။
ဒါကြောင့် ဒါလုပ်ရမယ်တဲ့၊ ဘာနဲ့တူတုန်းဆိုရင် ရှေးကဆီမီးခွက်တို့, ရေနံဆီမီးခွက်တို့ဆိုတာ ရှိတယ်၊ ယခုတော့ ယခုလူတွေ နောက်မှကြီးလာတဲ့ ကလေးတွေက သိတောင်သိမှာမဟုတ်ဘူး၊ မီးခွက်မရှိတော့ဘူး၊ ဓာတ်မီးတွေချည်းဖြစ်နေလို့၊ အဲဒီ ဆီမီးခွက်, ရေနံဆီမီးခွက်တွေ အဟောင်း ဆိုလို့ရှိရင် သိပ်မသန့်ရှင်းဘူး၊ မီးခွက်က အဟောင်း ပွတ်တိုက်ထားတာ မဟုတ်ဘူး၊ ဂျီးတွေ ညှော်တွေနဲ့၊ ဆီတွေကလဲ အဟောင်းတွေ၊ ဂျီးတွေညှော်တွေနဲ့ မီးစာကလဲ အဟောင်းနဲ့ဆိုရင် အဲဒီမီးတောက်ဟာ ကောင်းကောင်း ကြည်ကြည်လင်လင် သန့်သန့်ရှင်းရှင်း မလင်းဘူး၊ သန့်သန့် ရှင်းရှင်းမလင်းဘူး၊ ယခု နားလည်ရမှာကတော့ ဖန်သီး ဂျီးတွေဘာတွေ ပေနေလို့ရှိရင် မလင်း ဘူးပေါ့၊ အဲဒါနဲ့လဲ အတူတူပါပဲ၊ မီးခွက်ကိုလဲ ဆေးကြော သုတ်သင် သန့်ရှင်း အောင်လုပ်၊ အသစ် ရင်လဲလဲပေါ့လေ၊ ဆီလဲအသစ်ထည့်၊ မီးစာလဲအသစ်ထည့်၊ ထည့်ပြီး ထွန်းလို့ရှိရင် ကြည်ကြည် လင်လင်နဲ့ သန့်သန့်ရှင်းရှင်း လင်းတယ်။
ယခုလဲ ဖန်သီး ဂျီးတွေ ဘာတွေပေနေလို့ရှိရင်ဆေး၊ ဒါမှမဟုတ်ရင် အသစ်ရင်လဲ လဲတပ်လိုက်ပေါ့၊ အဲဒါလိုပဲ သမာဓိတွေ ဉာဏ်တွေမဖြစ်တဲ့အခါကာလမှာ သမာဓိတွေ ဉာဏ်တွေ မတိုးတက်နိုင်တဲ့ အခါကာလမှာ မိမိကိုယ် မသန့်ရှင်းလဲ သန့်ရှင်းအောင်လုပ် အဝတ်အစားစသည်တို့ လျှော်တန်လျှော်၊ အခန်းတွေဘာတွေ သန့်သန့်ရှင်းရှင်းလုပ်၊ အဲဒီလိုလုပ်ခြင်းကြောင့်လဲ စိတ်ကြည်လင်ပြီးတော့ ပြောခဲ့တဲ့ မီးစာတို့, ဆီတို့, မီးခွက်တို့ သန့်ရှင်းတဲ့အခါ မီးဟာ ကြည်ကြည်လင်လင် တောက်သလိုပဲ၊ သမာဓိဉာဏ်တွေ ကြည်ကြည်လင်လင် သန့်သန့်ရှင်းရှင်း ဖြစ်တတ်ပါတယ်တဲ့၊ ဒါလေးကလဲပဲ နည်းနည်း ပါးပါး အကူအညီလိုလို့ အဲဒါလဲပဲ အကြောင်းတစ်ခုပဲတဲ့၊ သမာဓိဖြစ်ဖြစ် အကြောင်း တစ်ခုပဲတဲ့။
ဣန္ဒြိယသမတ္တပဋိဘာနတဲ့-ဣန္ဒြေညီမျှခြင်းကို ပြီးစေရမယ်တဲ့၊ ဒါလဲ ပြောပြီးသားပါပဲ၊ ဒါပြောမယ် ဆိုရင် ဒါက အကျယ်ကြီး၊ ဣန္ဒြေတစ်ခုနဲ့ တစ်ခုနဲ့ မညီမျှဘဲနဲ့ လွန်ကဲနေလို့ရှိရင် တစ်ခုခုက လွန်ကဲနေလို့ရှိရင် လုပ်လို့ကိုမဖြစ်ဘူး၊ အညီအမျှ လုပ်ရတဲ့အလုပ်ဟာ တစ်ခုခုကနေပြီးတော့ လွန်ကဲနေလို့ရှိရင် အလုပ်လုပ်လို့မဖြစ်ဘူးတဲ့၊ အညီအမျှလုပ်ရတယ်၊ ဥပမာအားဖြင့် ဝတ္ထုပစ္စည်း တစ်ခုကို လူလေးယောက် ဝိုင်းပြီးတော့ မ, ရမည့်ဥစ္စာတစ်ယောက်ကနေပြီး နင်းကန်ပြီး မ, ထား လို့ရှိရင် ဟိုဘက်က ပုဂ္ဂိုလ်တွေပိနေရင် အဲဒါ မ,လို့မဖြစ်ဘူး၊ ညီညီမျှမျှလုပ်ရတယ်။
သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာဆိုတဲ့ ဣန္ဒြေ ၅-ပါးရှိတယ်၊ အဲဒီ ဣန္ဒြေ ၅-ပါးဟာ အညီအမျှဖြစ်မှတဲ့၊ သဒ္ဓါက အားကောင်းနေလို့ ယုံကြည်မှုတွေ သဒ္ဓါတွေကများလွန်းနေရင်လဲ တရားမတက်ဘူးတဲ့၊ တချို့ယောဂီပုဂ္ဂိုလ်တွေဟာ တချို့ သဒ္ဓါတရားသိပ်ကောင်း၊ သဒ္ဓါတရား သိပ်ကောင်း နေတာနဲ့၊ သဒ္ဓါတရားတွေ သိပ်များနေတာနဲ့ သမာဓိတွေ ဉာဏ်တွေ မဖြစ်ဘူး ကောင်းတော့လဲကောင်းနေတယ်၊ မတက်ဘဲနဲ့ဖြစ်နေတယ်၊ တချို့က ဝီရိယတွေကလွန်ကဲနေတယ်၊ သိပ်အားထုတ်တယ်၊ အားထုတ်လွန်းအားကြီးတော့လဲ စိတ်ပျံ့လွင့်နေတယ်၊ မတက်ပြန်ဘူး။
တချို့က သမာဓိတစ်ခုတည်းသောအာရုံမှာ စူးစိုက်ပြီး စိုက်လွန်းအားကြီးနေလို့ တရားမတက် တာလဲရှိတယ်၊ သမာဓိ လွန်နေလို့ တချို့ကပညာ၊ ပညာဆိုပေမယ်လို့ သူက ဝိပဿနာပညာတော့ မဟုတ်ပါဘူး၊ စူးစမ်း ဆင်ခြင်တဲ့ ပညာတွေများတယ်၊ ဟိုဟာစဉ်းစား ဒီဟာစဉ်းစားနဲ့ ဆင်ခြင် သုံးသပ်နေတာနဲ့ တရားကမတက်ဘူး၊ အဲဒါ ပညာလွန်နေလို့ အဲဒါတွေ မလွန် စေနဲ့တဲ့၊ ဒါတွေ အညီအမျှလုပ်ပေးရမယ်တဲ့၊ သဒ္ဓါနဲ့ပညာကို ညီမျှအောင်လုပ် သဒ္ဓါအားမကြီးအောင် ပညာကလဲ အားမနည်းအောင်။ ပညာအား မကြီးအောင် သဒ္ဓါကလဲအားမနည်းအောင် ညီမျှပြီးပေးရမယ်၊ မမျှလို့ ရှိရင် မျှအောင်လုပ်၊ ကမ္မဋ္ဌာန်းဆရာတွေက ဟောပေးရတာပေါ့။
သမာဓိနဲ့ ဝီရိယကလဲ သမာဓိအားကြီးနေလို့ရှိရင် ဝီရိယက အားမထုတ်ဘူး၊ ဝီရိယက အားကြီး လို့ရှိရင် အားထုတ်နေပေမယ့် သမာဓိကသိပ်မဖြစ်ဘူး၊ အဲဒါလဲ ညီမျှအောင်လုပ်ပေးရတယ်၊ ရှင်သောနမထေရ်တို့ ဝီရိယလွန်ပြီးတော့ လျှော့ရတယ်၊ ရှင်အာနန္ဒာမထေရ်လဲ စင်္ကြံလျှောက်ပြီး တော့ တရားအားထုတ်လွန်းအားကြီးလို့ လျှော့ရတယ်၊ ဝီရိယများနေလို့ အဲဒီလို လျှော့လိုက်တဲ့ အခါကျမှ သူက ညီမျှပြီးတော့သွားတယ်၊ ညီမျှသွားမှ တရားတက်သွားတယ်၊ ဒါကြောင့် သဒ္ဓါနှင့် ပညာ ဝီရိယနဲ့ သမာဓိ၊ အထူးအားဖြင့် အဲဒီတရားတွေကို ညီမျှအောင် လုပ်ပေးရမယ်တဲ့၊ တစ်ခုခု လွန်နေလို့ရှိရင် လွန်တဲ့ဟာ လျှော့ပစ်ရုံပါပဲ။
နည်းတဲ့ဟာလဲပဲ အားတက်လာအောင် အားပေးပေါ့လေ၊ အားပေးပြီးတော့ နှလုံးသွင်းဆင်ခြင်ရမယ်၊ အဲဒီလိုဆိုရင် သမာဓိတိုးတက်ပြီးတော့ လာတတ်ပါတယ်၊ ကျွမ်းကျင်နိမိတ်မှာတဲ့၊ သမာဓိ နိမိတ်ကို နားလည်ရမယ်တဲ့၊ အဲဒီတော့ သမာဓိ ဖြစ်အောင်လို့ နှလုံးသွင်းမှုကလေး သမထသမာဓိဆိုရင် သမထအာရုံကိုရှုဖို့ အားထုတ်ပုံ နှလုံးသွင်းပုံကလေးကို နားလည် ထားရမယ်၊ နားလည်ထားရင် တော့ သမာဓိအားနည်းနေတဲ့အခါကို နားလည်ထားတဲ့ သမာဓိ ကမ္မဋ္ဌာန်းလေး နှလုံးသွင်းလိုက်ရုံပဲ၊ နှလုံးသွင်းလိုက်ရင် သမာဓိတွေ ဖြစ်လာတယ်၊ ယခု သမာဓိကမ္မဋ္ဌာန်း နှလုံးမသွင်းချင်လို့ရှိရင်လဲ ဝိပဿနာ ကမ္မဋ္ဌာန်း မှာလဲ သမာဓိဖြစ်အောင် ရှုပုံတွေ စူးစူးစိုက်စိုက် ရှုပုံကလေး နားလည်ထား ရမှာကိုး၊ နားလည်ထားလို့ရှိရင် စူးစူး စိုက်စိုက် ရှုလိုက်လို့ရှိရင် သမာဓိလေး ဖြစ်ပြီးတော့ သွားပါတယ်။
ဝတ္ထု သန့်စင် ညီမျှယှဉ် ကျွမ်းကျင်နိမိတ်မှာတဲ့၊ သမာဓိ သမ္ဗောဇ္ဈင်ဖြစ်ကြောင်းတရား ၃-ပါးတဲ့၊ ကြွလျှင် နှိမ်လင့်ကျလျှင်ပင့် ရွှင်သင့်ရွှင်စေရာ၊ သမယေ စိတ္တဿပဂ္ဂဏှတာ-တစ်ရံတစ်ခါ စိတ်က တက်ကြွ နေလို့ရှိရင် နှိမ်ပေးရမယ်တဲ့၊စိတ်က တစ်ခါတစ်ခါ အားတက်လွန်းနေတဲ့ အခါရှိတယ်၊ လျှော့ပေးရတယ်၊ ကြွလျှင် နှိမ့်လင့်၊ ကျလျှင်ပင့်၊ တစ်ခါတစ်ခါ စိတ်က ကျနေတယ်၊ သမယေ စိတ္တဿ ပဂ္ဂဏှတာ - တစ်ခါတစ်ရံကျ အဲဒီစိတ်ကို မြှင့်မြှောက်ပြီးတော့ ပေးရမယ်၊ အောက်က မြေတောင် မြှောက်ပေးတာလို စိတ်ဓာတ်မြှောက်ပြီးတော့ ပေးရမယ်တဲ့၊ သမယေစိတ္တဿ သမ္ဗန္ဓနာ-တစ်ခါတရံ စိတ်က အရသာကင်းမဲ့ပြီးတော့ နေတဲ့အခါရှိတယ်တဲ့၊ အားမတက်ဘဲနေတာပေါ့လေ၊ အဲဒီအခါမှာ စိတ်ကို ရွှင်လန်းစေရမယ်တဲ့၊ ဒီလို ဆိုပါတယ်၊ ဒါလေး ဆိုရဦးမယ်။
ကြွလျှင်နှိမ်လင့် ကျလျှင်ပင့် ရွှင်သင့်ရွှင်စေရာ။ (ဆို-၃)
တစ်ခါတစ်ခါကျတော့ တရားက တိုးတက်လို့၊ တရားက တိုးတက်လာတော့ စိတ်တွေက သိပ်ပြီးတော့ မြောက်ပြီး ကြွနေတဲ့အခါရှိတယ်၊ သိပ်ကြွတယ်၊ ဝမ်းမြောက် ဝမ်းသာတွေ သိပ်ပြီးတော့ အားတက်နေတာလဲ ရှိတယ်၊ တစ်ချို့ကလဲပဲ လုံ့လ ဝီရိယတွေ နင်းကန်ပြီးတော့ အားထုတ်နေတာ၊ တရားတွေ အလွန်အကဲ သိပ်အားထုတ်နေတာလဲ ရှိတယ်၊ အဲဒီလို ကြွလွန်း နေတဲ့အခါကျတော့ နှိမ်ပေးရမယ်တဲ့၊ ကြွလွန်းလို့ မနှိမ်တော့ မနှိမ်လို့ရှိရင်လဲ သိပ်နေရာမကျဘူး၊ တရားမတက်ဘူး၊ တရား မတက်ရုံတင် မဟုတ်ဘူး၊ ပျက်ကုန်တတ်တယ်၊ သူက-
ဒါကြောင့် ကမ္မဋ္ဌာန်းဆရာတွေ နှိမ်ပြီးတော့ ဟောရတယ်၊ ဒီလိုပုဂ္ဂိုလ် စိတ်ကြွနေတဲ့ ပုဂ္ဂိုလ်ကျရင် နှိမ်ပေးရတယ်၊ နှိမ်ပြီးတော့ဟောရတယ်၊ အဲဒီလို ကြွနေတဲ့ပုဂ္ဂိုလ် မြှောက်ပေးရင်တော့ သွားရောပဲ၊ တစ်ခါတည်း တိုးပြီးတော့ ကိုးယိုးကားယားတွေ လျှောက်ဖြစ်ကုန်တတ်တယ်၊ ကြွတာတော့ မမြှောက်ရဘူး၊ ကြွလျှင် နှိမ်လင့်တဲ့၊ အဲဒါ ဘယ်လို နှိမ်မလဲဆိုရင် ကြွနေတဲ့အခါကာလကျတော့ ပဿဒ္ဓိသမ္ဗောဇ္ဈင်, သမာဓိသမ္ဗောဇ္ဈင်, ဥပေက္ခာသမ္ဗောဇ္ဈင်တွေကို ပွားပေးရမယ်၊ ပဿဒ္ဓိ - စိတ်ငြိမ်း အေးမှုပေါ့လေ၊ ကြောင့်ကြဗျာပါရတွေမစိုက်ဘဲ ကြောင့်ကြဗျာပါရတွေ စွန့်လွှတ်ပြီးတော့ အေးအေး ချမ်းချမ်းကလေး ခပ်လျှော့လျှော့လေးပေါ့လေ၊ အားထုတ်ခိုင်းရတယ်၊ ပဿဒ္ဓိ သမ္ဗောဇ္ဈင် ပွားများ ပေးရတယ်၊ ဥပေက္ခာကလဲ လစ်လျူရှုရတယ်။
ဥပေက္ခာကလဲ လစ်လျူရှုပြီးတော့ စိတ်တိုးတက်အောင်, ဘာဖြစ်အောင်, ညာဖြစ်အောင်တွေ မမျှော်လင့်ဘဲနဲ့ မှန်မှန်ကလေးပဲ မလွတ်တမ်းလေးဘဲ အားထုတ်ပြီးနေလို့ ဥပေက္ခာသမ္ဗောဇ္ဈင် သမာဓိကတော့လဲပဲ စိတ်ငြိမ်သက်ရုံလောက်ပဲ၊ ငြိမ်သက်မှု သမာဓိဖြစ်အောင် ထိုထိုအာရုံတွေကို များများလျှောက်ပြီး ရှုမှတ်မနေဘဲနဲ့ အာဓိတစ်ခုတည်းပေမယ်လို့ ရှုပေါ့လေ၊ အာရုံနည်းနည်း-နည်းပြီး သကာလ စိတ်တည်ကြည်အောင်, ငြိမ်သက်အောင်လို့ သမာဓိဖြစ်အောင်လို့ပဲ၊ အဲဒီလို ရှူဖို့ရာလေး အားထုတ်ခိုင်းရတာပဲ၊ အဲဒီလိုအားထုတ်လိုက်လို့ရှိရင် သူကတော့ လွယ်ပါတယ်၊ ကြွနေတဲ့ဟာကို နှိမ်ပေးတာ လွယ်တယ်၊ မခက်ဘူး၊ သူကတော့ ကြွနေတာ လျှော့ဖို့ရာကတော့ တော်တော်လွယ်ပါတယ်။
အဲဒီလို ကြွနေတာ လျှော့လိုက်တဲ့ အခါကျတော့ အနေတော် ကျသွားတဲ့အခါမှာ သမာဓိ ဖြစ်လာတယ်တဲ့၊ သမာဓိ ဖြစ်ပြီးတော့ ဉာဏ်တွေဖြစ်၊ ဝိပဿနာဉာဏ်တွေ အစဉ်အတိုင်း တက်သွားတယ်၊ ကြွလျှင် နှိမ်လင့် ကျလျှင်ပင့်၊ တစ်ခါတစ်ခါ စိတ်တွေကကျနေတယ်တဲ့၊ တရားက မတိုးတက်နိုင်တော့ စိတ်တွေက လျှော့ပြီး စိတ်ပျက်ပျက် စိတ်တွေ အားလျော့နေတယ်၊ တစ်ချို့ တော်တော်ပျက်တယ်၊ တရားကို အားမထုတ်ချင်အောင် ကမ္မဋ္ဌာန်းကျောင်းက ထွက်ချင်အောင်လို့ကို စိတ်တွေက ပျက်သွားတတ်တယ်။
အဲဒီလိုအခါကာလကျတော့လဲ စိတ်ကိုမကျရအောင်လို့ ပင့်မြှောက်ပြီး သကာလပေးရတယ်၊ ဘာလဲမြှောက်ပေးရမယ် ဆိုရင် ဓမ္မဝိစယသမ္ဗောဇ္ဈင်, ဝီရိယသမ္ဗောဇ္ဈင်ဖြစ်ကြောင်းတရားတွေ နှလုံး သွင်းပြီး ရှေးကလဲဟောခဲ့ပါပြီ၊ ဓမ္မဝိစယသမ္ဗောဇ္ဈင်, ဝီရိယသမ္ဗောဇ္ဈင်ဖြစ်ကြောင်း တရားတွေ နှလုံးသွင်းပြီးတော့ ဝီရိယဖြစ်အောင်, ဝီရိယ တိုက်တွန်းပေးရတာ၊ ဝီရိယနဲ့ တိုက်တွန်းပြီး အားထုတ် တဲ့အခါကျတော့ သူကနည်းနည်း ခက်တယ်၊ ကျနေတာကို ပင့်ဖို့ရာခက်တယ်၊ ဝီရိယချဖို့ရာ လွယ်တယ်၊ အဲဒါ လောကမှာလဲ ဒီအတိုင်းပဲ။
မြင့်ရာက အောက်ဆင်းရင် လွယ်တယ်၊ အောက်ကနေ အထက်တက်ဖို့ အင်မတန်ခက်တယ်၊ လွန်နေတဲ့ဥစ္စာက ပြန်လျှော့ဖို့ရာ မခဲယဉ်းဘူး၊ လွယ်လွယ်ပဲ၊ လျှော့နေတာက တင်းဖို့ရာ နည်းနည်း ခက်တယ်၊ သူက နည်းနည်းခက်တယ်၊ဒါပေမယ့် ကြိုးစားပြီး အားထုတ်ရတာကိုး၊ ဝီရိယနဲ့ ဓမ္မဝိစယ သမ္ဗောဇ္ဈင်ဖြစ်ကြောင်း တရားတွေ နှလုံးသွင်းဆင်ခြင်ပြီးတော့ စိတ်ကို မြင့်တက်လာအောင် အားပေးရတယ်၊ တရားဟောတဲ့ ကမ္မဋ္ဌာန်းဆရာတွေကလဲ ဒီလိုပဲအားပေးရတယ်၊ ကြွလျှင်နှိမ်လင့်၊ ကျလျှင်ပင့်၊ ရွှင်သင့်ရွှင်စေရာ၊ တစ်ခါတရံကျတော့ တရားအားထုတ်တဲ့ပုဂ္ဂိုလ်မှာ တရားရသွားပြီ၊ မပေါ့ဘဲ ဖြစ်မှာစိုးလို့ စိတ်က မရွှင်မလန်းဖြစ်နေမှာကိုး၊ စိတ်ကကျတာလဲ မဟုတ်ဘူး၊ မတိုးတက်ဘဲဖြစ်ပြီး စိတ်မရွှင်မလန်းနဲ့ ဖြစ်နေတာ၊ အဲဒီခါကျတော့ စိတ်ရွှင်လန်းစရာပဲ၊ စိတ် ရွှင်လန်းပုံက နှစ်မျိုးရှိတယ်၊ စိတ်ကို ခြောက်လှန့်ပြီးတော့ သံဝေဂဖြစ်ပြီး ရွှင်လန်းစေတာ တစ်မျိုးပဲ၊ ပီတိပါမောဇ္ဇတွေဖြစ်ပြီး ရွှင်လန်းစေတာ တစ်မျိုးပဲ၊ နှစ်မျိုးရှိပါတယ်၊ အဲဒီ ၂-မျိုးထဲမှာ စိတ်ကို ခြောက်လှန့်ပြီး ရွှင်တာ သံဝေဂဖြစ်အောင် နှလုံးသွင်းဆင်ခြင်တာကတော့ သံဝေဂ ဝတ္ထု ၈-ပါး နှလုံးသွင်းရမယ်။ သံဝေဂဝတ္ထု ၈-ပါး သံဝေဂဖြစ်ကြောင်းတရား ၈-ခု ရှိတယ်တဲ့။
သံဝေဂဝတ္ထု ဒီပနီ ဆိုပြီးတော့ ရှေးက ဆရာတော်ကြီး တစ်ပါးရေးထားတာ ကောင်းပါရဲ့၊ ခပ်ငယ်ငယ်တုန်းက ဖတ်ဖူးတယ်၊ သံဝေဂဝတ္ထုဒီပနီ ဆိုတာ တယ်သံဝေဂ ရတယ်၊ သံဝေဂ နည်းတဲ့ပုဂ္ဂိုလ်တွေ အဲဒီ စာအုပ်ကြီး ကြည့်စရာကောင်းတယ်၊ အခုတော့ နောက်ထပ် ရိုက်ပုံမရဘူး၊ သံဝေဂ ဝတ္ထု ဒီပနီ။ သံဝေဂဝတ္ထု ၈-ပါး၊ သံဝေဂဝတ္ထု ၈-ပါး ဆိုတာကတော့ ဇာတိ ဇရာ, ဗျာဓိ မရဏ အများသိနေတာပဲ၊ ၄-ခု ဒါက နှုတ်တက်ရနေပါပြီ၊ ဓမ္မစကြာထဲလဲပါတယ်၊ နောက် အတီတေဝဋ္ဋ မူလက ဒုက္ခ၊ အပါယဒုက္ခ အပါယ်ဆင်းရဲက ငါးခု၊ အတီတေဝဋ္ဋမူလကဒုက္ခံ အနာဂတေဝဋ္ဋ မူလကဒုက္ခ အာဟာရ ပရိယေသနဒုက္ခ၊ အဲဒါက ၃-ခု၊ အားလုံး ၈-ခုရှိတယ်၊ အဲဒီ ၈-ခုနဲ့ ဆင်ခြင်ပြီးတော့ သံဝေဂဖြစ်စေရမယ်၊ ဇာတိ-ပဋိသန္ဓေနေခြင်းဒုက္ခနဲ့ ရောက်၊ ပြီးနေတဲ့ပုဂ္ဂိုလ်၊ ယခုလောလောဆယ် ပဋိသန္ဓေနေနေရတဲ့ ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေချည်း ပဲတဲ့။
အဲဒီပုဂ္ဂိုလ်တွေဟာ အခုတရားအားထုတ်ဖို့ရာ အခွင့်ဘယ်ရမလဲ၊ တရားနာဖို့ရာ ဘယ်ရမလဲ၊ ပဋိသန္ဓေ ဒုက္ခကြောင့် ပဋိသန္ဓေ အဆင့်ဆင့်ပဋိသန္ဓေ တည်ပြီးနေတဲ့ ပုဂ္ဂိုလ်တွေ မွေးဖွားဆဲ ဖြစ်ပြီးနေတဲ့ ပုဂ္ဂိုလ်တွေ မွေးဖွားတဲ့ပုဂ္ဂိုလ်တွင် မကဘူး၊ မိခင်ရော ဘာရော ဒုက္ခတ ွေရောက်ပြီးနေတာတွေ၊ ဘယ်တရား အားထုတ်ဖို့ရာ, တရားနာဖို့ရာ ဘယ်တတ်နိုင်မှာလဲ၊ ဒီတော့ ငါတို့မှာ ဇာတိဒုက္ခက လွတ်နေတဲ့ အခိုက်အတံ့ အကြောင်းညီညွတ်လို့ တရားနှလုံးသွင်းရတယ်, အားထုတ်ရတယ်လို့ နှလုံးသွင်းပေးရမယ်၊ ဒီလို စိတ်ကလေးက နည်းနည်း အားတက်လာတယ်၊ ရွှင်လန်းမှု ရလာတယ်၊ ဇရာ ဒုက္ခနဲ့ တွေ့နေတဲ့ ပုဂ္ဂိုလ်တွေ တချို့က ဇရာတွေနဲ့ အလွန့်အလွန် အိုလာပြီဆိုတော့ကို သွားချင်တိုင်း မသွားနိုင်၊ ကိုယ်စားချင်တိုင်း မစားနိုင်ဘူး၊ နေချင်လဲမနေနိုင်ဘူး၊ ထိုင်ချင်လဲ မထိုင်နိုင်ဘူး၊ အိပ်ချင်လို့လဲ မအိပ်နိုင်ဘူး။
ဒုက္ခတွေရောက်နေလိုက်တာ၊ ဒီလိုတော့ရှိတာပေါ့၊ အိုနာ ဖြစ်နေတယ်၊ အိုနာဖြစ်နေတဲ့ ပုဂ္ဂိုလ်ဆိုတာ အရပ်ထဲဘာထဲ ရှိနေတာပဲ၊ ဟိုနား ဒီနားရှိကြပါတယ်၊ ဒုက္ခရောက်နေတာပဲလို့ အိုကြီး, အိုပြီးတော့ အိုနာကြီး ဖြစ်ပြီးနေတဲ့ပုဂ္ဂိုလ်ဟာလဲပဲ တရားနှလုံးသွင်း အားထုတ်ဖို့က မဖြစ်နိုင်ဘူးတဲ့၊ တစ်ချို့ စောစောစီးစီး တရားအားထုတ်ဖို့ရာ စိတ်မဝင်စားခဲ့လို့ပေါ့လေ၊ ခုနက ပြောခဲ့တဲ့နည်းအတိုင်း ကာမစ္ဆန္ဒတွေ တွေ့လာတဲ့အချိန် ကာမစ္ဆန္ဒက ငယ်ပါတယ်၊ (ကြီးမှအားထုတ်မယ်-၂) ကြီးတော့ သိပြီး အိုလို့ ဘာမှ မတတ်နိုင်ဘူး၊ အဲဒီကျမှ တရားအားထုတ်ချင်တဲ့ စိတ်တွေက ပေါ်ပြီး နေတော့မတုံး။
အဲဒီ အိုကြီးအိုပြီးနေတဲ့အခါ၊ အဲဒီပုဂ္ဂိုလ်တွေနဲ့ နှိုင်းစာပြီးတော့ ကြည့်လို့ရှိရင် ငါတို့မှာ အိုမင်းခြင်း ဇရာကလဲ မနှိပ်စက်သေးလို့ လွတ်လွတ်လပ်လပ်နဲ့ အားထုတ်ခွင့်ရတယ်၊ အင်မတန်ကောင်းတာပဲ၊ ကံကောင်းတာပဲလို့ နှလုံးသွင်း ဆင်ခြင် ပေးလိုက်လို့ရှိရင် စိတ်ကရွှင်လန်းပြီး လာနိုင်ပါတယ်၊ ဗျာဓိ-မကျန်းမမာ နာနေတဲ့ ပုဂ္ဂိုလ်ဟာ၊ အဲဒါကတော့ အထင်ရှားဆုံးပါပဲ၊ ဒုက္ခဝေဒနာဖြစ်နေတဲ့ပုဂ္ဂိုလ်ဟာ ဘာမှသက်သာရာမရဘူး၊ ရောဂါဝေဒနာတစ်ခုရှိနေရင် ဆေးကုရတာ ရောဂါဖြစ်လာလို့ ရှိရင် ဘာမှနေရာမကျဘူး၊ မဖြစ်လောက်ကတော့ ကိစ္စမရှိဘူးပေါ့၊ တော်တော်လေး ကြီးလာရင်တော့ သေးသေး မပြောပ လောက်တဲ့ရောဂါပေမယ့် အားကောင်းလာလို့ရှိရင် မနေနိုင်, မထိုင်နိုင် ဖြစ်လာတယ်၊ ဘာမှအားမထုတ်နိုင်တော့ဘူး၊ တရားနှလုံး မသွင်းနိုင်တော့ဘူး၊ ဘာကိုမှ မလုပ်ချင်တော့ဘူး၊ စိတ်အားတွေ ကုန်သွားတာပေါ့၊ အားမထုတ်နိုင်ဘူး။
အဲဒီတော့ ခုလောလောဆယ် ဗျာဓိဒုက္ခနဲ့ မကျန်းမမာ ရောဂါဝေဒနာ အသည်းအသန်တွေ ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေ တရားအားမထုတ်နိုင်ဘူး၊ အဲဒီ မကျန်းမမာတဲ့ပုဂ္ဂိုလ်သာ မဟုတ်ဘူး၊ အဲဒီပုဂ္ဂိုလ်နဲ့စပ်ပြီး ကျန်းမာနေတဲ့ပုဂ္ဂိုလ်, ပြုစုနေရတဲ့ ပုဂ္ဂိုလ်တွေလဲ ရှိသေးတာကိုး၊ အဲဒီ ပုဂ္ဂိုလ်တွေကတော့ ဘယ်တရားအားထုတ်နိုင်မှာလဲ၊ သူတို့လဲ ပြုစုနေရတာနဲ့ အတော်ပဲ၊ ဒုက္ခရောက်နေရတာ၊ အဲဒီတော့ တို့မှာ ကိုယ်တိုင်ကလဲ ကျန်းမာနေလို့ ကိုယ်နဲ့စပ်တဲ့ ပုဂ္ဂိုလ်တွေလဲ ကျန်းကျန်းမာမာရှိလို့ ဒီလိုကျန်းမာနေလို့ တရားအားထုတ်နေရတာပဲ၊ ဒီလိုနှလုံးသွင်းပြီးတော့ စိတ်တွေဟာ ရွှင်လန်းပြီး လာနိုင်ပါတယ်၊ မရဏဒုက္ခ - သေလုဆဲဆဲဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေ ကိုယ်က မသေသော်လဲ ကိုယ်နဲ့စပ်တဲ့ပုဂ္ဂိုလ်က သေနေရင် အဲဒါလဲ တရားအားထုတ်လို့ မဖြစ်ဘူး။
အဲဒီလိုဒုက္ခတွေကကင်းနေလို့ တရားအားထုတ်နေရတာ၊ အဲဒီလို နှလုံးသွင်းဆင်ခြင်လို့ရှိရင် စိတ်ရွှင်လန်းစရာပါပဲ၊ အပါယဒုက္ခ-အပါယ်ကျနေတဲ့ပုဂ္ဂိုလ်တဲ့၊ အဲဒါမှသာဆိုးတာ၊ ငရဲရောက်နေတဲ့ ပုဂ္ဂိုလ် အထူးပြောစရာမလိုဘူး၊ ဒုက္ခတွေကတော့ ရောက်နေတာ၊ တိရစ္ဆာန်ဖြစ်နေတယ်၊ အဲဒါတွေ မြင်နေရတာ ငရဲကမမြင်ရဘူး ထားဦးတော့၊ ငရဲက မမြင်ရလို့ တယ်မကြောက်ဘူးထားဦးတော့၊ သူကတော်သေးရဲ့၊ မမြင်ရလို့၊ တိရစ္ဆာန်တွေက မြင်ရတယ်။
တိရစ္ဆာန်တွေက နွားတွေ, ခွေးတွေ, ငှက်တွေ, ဝက်တွေ, အသေးစားအကောင်တွေ ပြေးနေတာပဲ၊ ပုရွက်ဆိတ်တွေက စပြီးတော့ အများကြီးပဲ၊ သတ္တဝါတွေကတော့ အဲဒီသတ္တဝါဟာ တချို့သတ္တဝါ တွေက တရားမှန်းဘာမှန်း ဘယ်သိမှာလဲ၊တချို့ နည်းနည်းပါးပါး သိခြင်လဲသိမှာပေါ့၊ တချို့ ပုဂ္ဂိုလ်တွေကနည်းတယ်၊ တိရစ္ဆာန်တွေကတော့ မသိတာများမှာပါပဲ၊ တရားအားထုတ်ဖို့ဆိုတာ ဘယ်ဖြစ်မှာတုံး တရားအားထုတ်ဖို့ အခွင့်အရေးဘယ်ရမှမတုံး၊ မဂ်ဖိုလ်နိဗ္ဗာန်ရဖို့ရာ ဒီပုဂ္ဂိုလ်တွေ ဘယ်တော့များ ရမယ်မပြောတတ်ဘူး၊ စဉ်းစားလို့ မပေါ်နိုင်ဘူး၊ မျှော်လင့်စရာလဲမရှိဘူး၊ တချို့သတ္တဝါတွေက ဘာမှမသိတတ်တဲ့ သတ္တဝါတွေကများတယ်၊ တချို့ သတ္တဝါတွေက နည်းနည်း ပါးပါးသိတယ်၊ လူနဲ့ဘာနဲ့စပ်နေတဲ့ သတ္တဝါတွေက နည်းနည်းသိပုံပေါ်တယ်၊ အငယ်အသေး အကွေးတွေက ဘာမှသိပုံမရဘူး၊ အဲဒီလို သတ္တဝါတွေ ဖြစ်နေရင် ဒုက္ခပေါ့၊ သိပ်ကြောက်စရာ ကောင်းတယ်။
အဲဒီလို အပါယ်လေးဘုံက လွတ်ပြီးတော့နေလို့ ငါတို့မှာ အခွင့်ကောင်း အခါကောင်းရပြီးတော့ မဂ်ဖိုလ်နိဗ္ဗာန် ရရာ ရကြောင်းဖြစ်တဲ့ သူတော်ကောင်းတရားတွေ ပွားများပြီးနေရတာပဲ၊ ဒီလို နှလုံးသွင်းလိုက်တဲ့အခါ ဝမ်းမြောက်စရာ သိပ်ကောင်းပါတယ်၊ စိတ်ရွှင်လန်းစရာပါပဲ၊ အတီတေဝဋ္ဋ မူလကဒုက္ခတဲ့၊ အတိတ်ကာလက လွန်ခဲ့ပြီးသော ဘဝ, ဘဝတွေကပေါ့လေ၊ ဝဋ်ဆင်းရဲ အကြောင်း ပြုပြီး ဖြစ်ခဲ့တဲ့ဆင်းရဲတွေ ဒါတွေကလဲ ဘဝတိုင်း ဘဝတိုင်းက အမျိုးမျိုးဒုက္ခတွေ တွေ့လာတာပေါ့၊ ဝဋ်ဆင်းရဲတွေ တစ်ဘဝ တစ်ဘဝတွင် နည်းတာမဟုတ်ဘူး၊ ခုနကပြောတဲ့ ဇာတိဇရာ ဗျာဓိမရဏဆိုတာ ခုဘဝအတွက် ပြောနေတာ၊ အပါယ်ဘေးနဲ့ တွေ့ကြုံနေတာလဲ ခုလောလော ဆယ် တွေ့ကြုံနေတော့ ခုပြောတာ ကိုယ်အတွက် မဟုတ်ဘူး၊ ခုအတီတေဝဋ္ဋ မူလက ဒုက္ခဆိုတာ အတိတ် အတိတ်ဖြစ်ပြီး သားဘဝတွေက ကိုယ်ကိုယ်တိုင် ဒုက္ခရောက်လာခဲ့တာ ပြောတာ၊ အဲဒါတွေ ပြန်စဉ်းစားဖို့ အများကြီးပေါ့။
မမြင်ရလို့ဘဲ ကိုယ်ဖြစ်ခဲ့တဲ့ဘဝတွေကို ရုပ်ပုံနဲ့ ရေးပြီးတော့ ကြောက်စရာ အင်မတန် ကောင်းတယ်၊ တစ်ခါတစ်ခါ လူဖြစ်နေတာလဲ ရှိမှာပဲ၊ လူဖြစ်နေတဲ့အခါလဲအများကြီးပဲ၊ ဒုက္ခတွေ ရောက်နေတာ၊ သူများတွေက နှိပ်စက်နေလို့ ညှဉ်းဆဲနေလို့, ခံနေရတာလဲရှိမယ်၊ အများကြီးနေမယ်၊ ခုနပြောတဲ့ ရောဂါဝေဒနာတွေဖြစ်ပြီးတော့ အကြီးအကျယ် ဒုက္ခ ရောက်နေတာလဲ အများကြီးရှိမယ်၊ အစစ အရာရာ မပြည့်စုံလို့ ဒုက္ခရောက်နေတာလဲ အများကြီးရှိတာပဲ၊ ဒီထဲက လူမဟုတ်လို့ တိရစ္ဆာန် တွေဖြစ်နေတဲ့ အခါလဲရှိမယ်၊ ပြိတ္တာဖြစ်နေတဲ့အခါလဲရှိမယ်၊ ငရဲကျနေတဲ့အခါလဲရှိမယ်၊ အဲဒါတွေကို ဇာတ်လမ်းရေးပြီး ကြည့်လိုက်မယ်ဆိုရင် အလွန် ကြောက်စရာကောင်းမယ်။
ကိုယ်ကကိုယ် သိပ်ကြောက်စရာကောင်းမယ်၊ ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်ဆိုတာရှိတယ်၊ အဲဒီ ကိုယ့်ဖြစ်စဉ်တွေ အကုန်လုံး လျှောက်ပြီးသိတာပဲ၊ ကြောက်စရာ ဘဝတွေလဲ အများကြီးပါတယ်၊ ရှေးရှေးသော သံသရာဘဝတွေက မရေမတွက်နိုင်သော ဆင်းရဲတွေ ခံစားခဲ့ရပြီးလို့ အမျိုးမျိုး ဒုက္ခတွေ တွေ့ခဲ့ပြီး, အမျိုးမျိုးသေခဲ့ပြီ၊ အမျိုးမျိုးညှဉ်းဆဲနှိပ်စက်ခံခဲ့ရပြီ၊ သမင်တို့ ဖားတို့ ဘာတို့ ဖြစ်ပြီးတော့ ကျားတွေ မြွေတွေ စားတာလဲ အကြိမ်များစွာ ခံခဲ့ရပြီ၊ သွေးသံအမျိုးမျိုး တွေဖြစ် ပြီးတော့ လူတွေ သတ်ဖြတ်စားတာလဲခံခဲ့ရပြီ၊ ငါးတွေ ဘာတွေ ဖြစ်ပြီးသကာလ တစ်ခြားသော သတ္တဝါတွေက ဒီဟာတွေလဲ မရှုမလှ ခံခဲ့ရပြီ၊ ဘဝတွေ ပြန်စဉ်းစားလိုက်မယ် ဆိုရင် ကြောက်စရာ အင်မတန်ကောင်းပါတယ်။
ခုနေခါကာလဆိုရင် အဲဒီလိုဆင်းရဲတွေ လွတ်မြောက်အောင်လို့ အားထုတ်နေရတာပဲလို့ နှလုံးသွင်း လိုက်ရင် စိတ်ရွှင်လန်းစရာအကြောင်းပါပဲ၊ အနာဂတေ ဝဋ္ဋမူလေကဒုက္ခ၊ အဲဒါက အရေးကြီးတယ်၊ အတီတေက ပြီးပြီးသားမို့ ကိစ္စမရှိဘူး၊ ပြီးပြီးသား ဆင်းရဲတွေက ပြီးနေပြီ၊ ဒါက အရေးမကြီးဘူး၊ အောင်ခဲ့ပြီလို့ ဆိုရမှာပေါ့လေ၊ မကောင်းတာ မကောင်းတယ်၊ အောင်လာခဲ့ပြီးပြီ၊ အနာဂတေ နောင်ခါက ခက်တယ်၊ နောင်ရေးက ခက်တယ်၊ နောင်ရေးကတော့ ကိုယ်တိုင်တွေ့ရမှာ၊ ယခု ဘဝတွင် စဉ်းစားကြည့်ပါလား၊ ပြီးခဲ့တဲ့ အချိန်ကာလတွေက နေမကောင်း ထိုင်မကောင်းခဲ့တာ အရေးမကြီး၊ ယနေ့ နက်ဖြန် နောင်ခါကာလတွေမှာ နေမကောင်း ထိုင်မကောင်းဖြစ်မှာ အရေးကြီးတယ်။
ဒုက္ခတွေရောက်မှာ နောင်အနာဂတ်က အရေးကြီးတယ်၊ အနာဂတေဝဋ္ဋ မူလကဒုက္ခတဲ့၊ နောင်အနာဂတ်ဘဝတွေမှာ ရှေးရှေးသော ဘဝတွေကလိုပဲ၊ အပါယ်လေးပါး ကျပြီးတော့ ဒုက္ခတွေ ရောက်သွားနိုင်တယ်၊ ငရဲတိရစ္ဆာန် ပြိတ္တာတွေဖြစ်ပြီး ဒုက္ခတွေ ရောက်သွားနိုင်တယ်၊ လူ့ဘဝ လူဆင်းရဲတွေဖြစ်ပြီး ဒုက္ခရောက်သွားနိုင်တယ်၊ အဲဒါတွေက တစ်ဘဝတည်းလဲ မဟုတ်ဘူး၊ ဘဝဘဝတွေ ယခုဘဝမှာ တရားကျင့် အားထုတ်လို့ မဂ်ဖိုလ်တရားမရဘူး၊ သောတာပန် အဖြစ် မရောက်သေးဘူး ဆိုရင် သိပြီးတဲ့အခါ ဘယ်သွားမလဲ မည်သူမှ တာဝန်မခံနိုင်ဘူး၊ သေပြီးတဲ့ အခါကျတော့ ဘယ်လိုဘဝရပါလိမ့်မယ်လို့ ဘယ်သူမှ တာဝန်မခံနိုင်ဘူး။
အဲဒီနောက်ဘဝကျ ဘယ်သွားမယ်၊ နောက်ဘဝကျ ထားပါဦးတော့၊ ခုဘဝ ဒါန သီလကုသိုလ် ကောင်းမှုတွေပြုလို့ နောက်ဘဝမှာ ကောင်းရာရောက်မယ် ဆိုတာ တော်တော် သေချာပါတယ်၊ ဒါကတော့ နောက်တစ်ခါ တတိယဘဝကျတော့ ဘယ်သွားမလဲ၊ အဲဒါရှိသေးတာကိုး၊ ဒုတိယ ဘဝကတော့ ခုဘဝက ကုသိုလ်ကောင်းမှုတွေ နောင်ဘဝမှာ ချမ်းသာတဲ့ ဘဝတော့ ဖြစ်ပါပြီ၊ လူပဲဖြစ်ဖြစ်၊ နတ်ပဲဖြစ်ဖြစ် ကောင်းနေတာပဲ၊ သို့သော်လဲ အဲဒီဘဝမှာ သူတော်ကောင်းတွေနဲ့ ပေါင်းမိမလား၊ သူယုတ်မာတွေနဲ့ပေါင်းမိမလား၊ ဘယ်လိုမိတ်ဆွေတွေနဲ့ပေါင်းလို့ ဘယ်လိုမိဘတွေနဲ့ ဘယ်လိုဆွေမျိုးတွေနဲ့ အပေါင်းအသင်းတွေနဲ့ တွေ့ပြီးတော့ ဘာအယူဝါဒတွေယူပြီးတော့ ဘာတွေ လုပ်မလဲဆိုတာ ဘယ်သူမှ တာဝန်မခံနိုင်ဘူး။
ခု-ဒီကနေပြီးတော့ ဗုဒ္ဓဘာသာ သူတော်ကောင်း ပုဂ္ဂိုလ်ကြီး တစ်ယောက်က နေပြီးတော့ တစ်ခြား ဘာသာဝင်ပုဂ္ဂိုလ် တွေထဲ သွားပြီးတော့ အဲဒီဘာသာဝင်ဖြစ်မှာပဲ၊ ဘာသာမရှိတဲ့ ပုဂ္ဂိုလ်တွေထဲ သွားဖြစ်ရင်လဲ အဲဒီလိုဖြစ်မှာပဲ၊ ဒီလိုဖြစ်တဲ့အခါ ကာလကျတော့ အပေါင်းအသင်းတွေ အဆွေ အမျိုးတွေ အားလုံး အယူဝါဒတွေအတိုင်း ယူပြီးတော့ အဲဒီလူတွေလိုပဲ လုပ်ချင်တာတွေ လျှောက် လုပ်မှာ၊ အဲဒီလို မကောင်းမှု အကုသိုလ်ဖြစ်မှာ၊ အကုသိုလ်မဖြစ်ဘူးလို့လဲ ဘယ့်နဲ့မှတာဝန်မခံနိုင်ဘူး၊ အဲဒီတော့ ဒီမကောင်းမှု အကုသိုလ်တွေရ၊ အဲဒီက သေတဲ့အခါကျရင် နောင်ဘဝကျတော့ ကောင်းရာ ရောက်ပါလိမ့်မယ်လို့ တာဝန်မခံနိုင်ဘူး၊ မသေချာပါဘူး၊ နောင်သံသရာဘဝတွေ အများကြီး သွားဦးမယ်။
အဲဒီတော့ နောင် သံသရာဘဝတွေ မရေမတွက်နိုင်အောင် ဆင်းရဲတွေ တစ်ဘဝပြီးတစ်ဘဝ ဖြစ်သွားနိုင်တယ်ဆိုတာ လျှောက်တွေးလိုက်လို့ရှိရင် ခုနေကာလ တရားအားထုတ်ဆို့ရာ အခွင့် ကောင်း အခါကောင်းကြီးပေါ့၊ အဲဒီတော့ ဒီကာလကနေ ပြီးတော့ တရားအားထုတ်လိုက်လို့ တရားထူး တရားမြတ်နဲ့ ပြည့်စုံသွားမယ်ဆိုလို့ရှိရင် အဲဒီလို ဘဝဆိုးတွေ မဖြစ်ရတော့ဘူး၊ မကြောက်ရတော့ဘူး၊ စိတ်ချရပြီး သေချင်သေ၊ ကြေချင်ကြေ၊ ဘာမှ စိတ်ပူစရာ မလိုတော့ဘူး၊ အဲဒီတော့ စိတ်ကလေးက အားတက်ပြီးတော့ လာတယ်၊ အားတက်ပြီးသွားတော့ တရားက တကယ် အားထုတ်ရမယ်၊ ကံကောင်းလို့ အခွင့်သာလို့ အားထုတ်နေရတာပဲလို့၊ စိတ်ကလေးက တစ်ခါတည်း ကြွပြီး ရွှင်လန်းလာပါတယ်။
ဒါကြောင့်မို့ အနာဂတေဝဋ္ဋမူလကဒုက္ခ - အနာဂတ် ဆင်းရဲတွေ အနာဂတ်ဘဝတွေ ဝဋ်ဆင်းရဲ အမှီပြုဖြစ်တဲ့ အနာဂတ် ဆင်းရဲတွေလဲ စဉ်းစားဆင်ခြင်ပါ၊ အာဟာရ ပရိယေသနဒုက္ခ-ရှာမှီးရတဲ့ ဒုက္ခ၊ ဒါကလဲ အရေးကြီးတယ်၊ ရှာမှီးရတာကတော့ အာဟာရကို ခေါင်တတ်ထားတာ၊ အာဟာရတွင် မကဘူး၊ အကုန်လုံး ရှာနေရတာပဲ၊ အာဟာရ ဆိုတာ သိပ်ရှာနေရတယ်၊ စားစရာ ဘဝတိုင်း, ဘဝတိုင်း စားစရာ ရှာနေရတာပဲ၊ အခုလူဖြစ်လာတယ်ဆိုရင် ငယ်ငယ် မွေးကတည်းက စပြီးတော့ မိဘတွေကနေပြီး နို့တိုက်ပြီး ကျွေးလာခဲ့ရတာကိုး၊ ငိုတိုင်း ငိုတိုင်း နို့တိုက်ပြီး ကျွေးလာခဲ့ရတာ၊ တော်ပါသေးရဲ့၊ မိဘတွေက ကျွေးမည့်ပုဂ္ဂိုလ်ရှိလို့ ကျွေးမယ့်ပုဂ္ဂိုလ် မရှိရင် သေဖို့ပဲ၊ နောက်ပြီး ကြီးပြင်းလာတဲ့အခါကျ မိဘတွေက မကျွေးနိုင်တော့ ကိုယ့်ဟာကိုယ် ရှာပြီးစားရတယ်၊ ဒါပေမယ်လို့ ဒီမှာ ဒီပြည်ကတော့ တော်ပါရဲ့၊ မိဘတွေက သားသမီးတွေ တတ်နိုင်တဲ့ ပုဂ္ဂိုလ်တွေက ကျွေးနေတာပါပဲ၊ ဘာမှမလုပ်လဲ ကျွေးနေတာပဲ၊ လုပ်တဲ့ပုဂ္ဂိုလ်လဲ များတော့ များပါရဲ့၊ ဒါပေမယ်လို့ မလုပ်မကိုင်လဲ မိဘတွေက ကျွေးနေတာပဲ၊ မြန်မာပြည်မှာ နေရာကျတယ်၊ တခြားနိုင်ငံတွေများ ဒီလိုမဟုတ်ဘူးလို့ ကြားတယ်၊ သေချာတော့ မသိဘူးပေါ့၊ ဒီလိုပြောကြတယ်။
အနောက်နိုင်ငံတွေများမှာ တော်တော်ကြီးလာရင် မိဘတွေက မကျွေးဘူးဆိုတာပဲ၊ အရွယ်ရောက် လာရင် ဥပမာ ၁၈- နှစ်လောက်ဆိုရင် ကိုယ့်ဟာကို ရှာဖွေစားရတယ်ဆိုတာကိုး၊ ကိုယ့်ဟာ ကိုယ်ရှာဖွေစား၊ ကိုယ့်ဟာကိုယ် ပုံတော်သလိုနေ၊ ဒီ အရွယ်ဆိုတော့ မိဘတွေကလဲ ကြောင့်ကြ မစိုက်ဘူး၊ အဲဒီလိုနေရတယ်၊ အဲဒါတွေနဲ့ဆိုရင် မြန်မာပြည်က ပုဂ္ဂိုလ်တွေ အများကြီး ကံကောင်း တယ်လို့ ဆိုရမှာပဲ၊ အဲဒါလဲပဲ ရှာမှီးရတာပဲ၊ မြန်မာပြည်မှာလဲ အားလုံး ရှာမှီးရတယ်၊ စားရေး၊ သောက်ရေး၊ နေရေး၊ ထိုင်ရေးတွေဟာ တစ်ခါတည်း နေ့မအား ညမအားရှာနေကြတာပဲ၊ ရှာမှီး နေကြတယ်။
တစ်ချို့ ဆင်းဆင်းရဲရဲရှာရတယ်၊ တောထဲ တောင်ထဲ၊ လယ်ယာကိုင်းကျွန်းစသည့် လုပ်နေတဲ့ ပုဂ္ဂိုလ်တွေ အင်မတန်ကို ဆင်းဆင်းရဲရဲ မြွေဘေး ကင်းဘေး အသက်ဘေးကိုစွန့်ပြီးတော့ အားထုတ် ရှာကြရတယ်၊ ဒီထဲကနေပြီး ကံမကောင်း အကြောင်းမသင့်လို့ရှိရင် ပုံမတော် သေကုန်ကြတာပဲ၊ ရှာမှီးရင်း ရှာမှီးရင်းနဲ့ရှာရတယ်၊ မြို့တွေဘာတွေနေတဲ့ ပုဂ္ဂိုလ်တွေမှာ မိမိတို့ စားရေးသောက်ရေး၊ နေရေးထိုင်ရေး အမြဲတန်းရှာနေရတယ်၊ ဒီဘဝထဲ ရှာရတာလား ဘာဟုတ်မလဲ၊ ဘဝတိုင်းဘဝ တိုင်း ဒီလိုရှာနေရတာ ရှေးကလဲ ဒီလိုပဲ၊ ရှေးက လူဖြစ်ခဲ့ရင် ဒီဘဝလိုပဲ ရှာရတာပဲ၊ နောက်ဘဝတွေလဲ လူတွေဖြစ်သွား၊ ဒီလို ရှာရမှာပဲ၊ လူမဖြစ်လို့ တိရစ္ဆာန်တွေဖြစ်တော့ သက်သာမလား၊ တိရစ္ဆာန် တွေလဲ ရှာနေရတာပဲ၊ စားရေး သောက်ရေး အဲဒါ ပဋိသန္ဓေမှာ စဉ်းစားကြည့်ရင် အတော် ကြောက်စရာ ကောင်းတယ်။
လူတွေကတော့ စားစရာ သောက်စရာတွေ အစစအရာရာကို သိမ်းဆည်းထားတတ်တာကိုး၊ အသုံးကျတဲ့ခါမှာ အလွယ်တကူ စားဖို့သောက်ဖို့ သုံးဖို့က ရတယ်၊ တိရစ္ဆာန်တွေမှာ သိုမှီးထားတာလဲမရှိဘူး၊ တစ်နေ့တစ်နေ့ အသစ်အသစ် ရှာစားနေရတာ၊ ဘုန်းကြီးက စဉ်းစားကြည့်၊ ဒီသတ္တဝါတွေက အစာမစားရဘူးထင်တယ်၊ ဒီကောင်တွေဟာ သူတို့ကို တစ်ချို့ကလဲ လိုက်ဖမ်းစား ရတာကိုး၊ တစ်ကောင်ကောင် လိုက်စားနေတာပဲ၊ တစ်ကောင်ကောင် လိုက်စားနေတော့ စ,စားစရာ အကောင်တ ကိုယ့်နားအနီးအနားမရရင် အခက်သားပဲ၊ ဘာများစားနေသလဲမသိဘူး၊ တစ်ချို့ မစားရဘဲနဲ့ ငတ်နေတဲ့အခါတွေ ရှိမှာပေါ့၊ ဒုက္ခတွေ အများကြီး ရောက်နေမှာပေါ့၊ သူ့ဥစ္စာ သနားစရာ ကောင်းတယ်၊ စဉ်းစားကြည့်တယ်၊ အဲဒီ သနားစရာ ကောင်းတာတွေဟာ သူများတွေ မဟုတ်ဘူး၊ တော်တော့ကြာ ကိုယ်လဲ ဒီလို ပုံမတော် ဖြစ်ချင်ဖြစ်နေမှာ၊ တော်တော် ကြောက်စရာ ကောင်းတယ်။
ပြီးတော့ အဲဒီတစ်သံသရာလုံးလုံး ရှေးရှေးကဟာတွေကတော့ ရှာမှီးပြီးသားမို့ ထားပါတော့၊ ယခုဘဝလဲ ရှာမှီးကြရတယ်၊ ယခုဘဝ ကံကောင်းလို့ သက်သက်သာသာနဲ့ လှုပ်ခါလှက်ခါ ပြည့်စုံနေတဲ့ ပုဂ္ဂိုလ်တွေလဲ ရှိပါတယ်၊ အဲ ဒါပေမယ့် သူလဲ ကြောင့်ကြတော့ စိုက်ရတာပဲ၊ သူလဲပဲ မအေးဘူး၊ နောက်နောက်သော သံသရာဘဝတွေကျတော့ ဒီလိုရှာသွားရဦးမှာ၊ တစ်ဘဝထဲလဲ မဟုတ် မပြီးနိုင်ဘူး၊ ဘယ်တော့မှ ပြီးတယ်လို့လဲ မရှိဘူး၊ နိဗ္ဗာန်မရမချင်း ဒီလိုပဲ ရှာသွားနေရမှာပဲ၊ အဲဒီတော့ ရှာမှီးရတဲ့ ဒုက္ခကြီးကလဲ တယ်ကြီးပါလားလို့ တစ်သံသရာလုံး လျှောက်ပြီးတော့ မျှော်ကြည့်လိုက်တဲ့ခါမှာ ကြောက်စရာ အင်မတန်ကောင်းတယ်။
ဒီကြောက်စရာကောင်းလဲ ရှာမှီးရတဲ့ ဘေးဒုက္ခကြီးက ကင်းလွတ်အောင်ဟာ ယခုတရား အားထုတ်ရတာဖြင့် အကောင်းဆုံးပဲလို့ တို့အကြောင်းညီညွတ်လို့ အားထုတ်ရတာ၊ တရားအားထုတ် ပြီးတော့ အဖျင်းဆုံး သောတာပတ္တိ မဂ်ဖိုလ်လောက် ရသွားတယ်ဆိုရင် ရှာမှီးရတဲ့ဘဝဟာ အလွန် ၇-ဘဝပဲ ရှာရတော့မပေါ့၊ ၇-ဘဝလဲ သက်သက်သာသာနဲ့ ရှာရတာပေါ့၊ ဆင်းဆင်းရဲရဲမဟုတ်ဘူး၊ ၇-ဘဝထက် ပိုလွန်ပြီးတော့ ရှာမှီးတဲ့ဘဝတွေက ငြိမ်းလို့သွားမှာပါပဲ။
ဒီတော့ စဉ်းစားလို့ တရားအားထုတ်စရာ အားတက်စရာ အင်မတန်ကောင်းပါတယ်၊ တစ်သံသရာလုံး ဆင်းရဲငြိမ်းသွားစေနိုင်တဲ့ အလုပ်အကောင်းဆုံးအလုပ်ကို လုပ်နေရတာပဲ၊ စဉ်းစားလိုက်ရင် အားတက်စရာ အင်မတန် ကောင်းပါတယ်၊ အဲဒါကြောင့် အဲဒီ သံဝေဂဝတ္ထု ၈-ပါးစဉ်းစားရမယ်၊ များများစဉ်းစားနိုင်ရင် များများကောင်းတာပဲ၊ သိပ်ကောင်းတာပဲ၊ ဘုန်းကြီးက ကျောင်းသား အရွယ်လောက်တုန်းက သံဝေဂ ဝတ္ထု ၁၁-ပါး ဖတ်ဖူးတယ်၊ အဲဒီတုန်းကတည်းက သဘောကျတယ်၊ ဘာမှ တရားတွေဘာတွေ သိပ်သိတာမဟုတ်ဘူး၊ ကျောင်းသားဆိုတော့ ၁၂-နှစ်က သင်္ကန်းဝတ် တာကိုး၊ အဲဒီအချိန်ကပေါ့၊ ငယ်ပါသေးတယ်၊ တော်တော် သဘောကျတယ်။
ဒီစာအုပ်ကလေးက သံဝေဂ ဝတ္ထုဖြစ်ပါတယ်၊ ယခုဟာကတော့ အကျဉ်းချုပ်ကလေးပြောတာ၊ ဘာမှ မစုံသေးပါဘူး၊ ဟိုမှာ အများကြီးစုံတယ်၊ အဲဒီ သံဝေဂ ဝတ္ထု ၈-ပါး ခေါင်းစဉ်ကလေး ဆိုကြဦးစို့၊ ဆောင်ပုဒ်တော့ မပါဘူး၊ ဒီအတိုင်း အလွတ်ဆိုမှပဲ။
ပဋိသန္ဓေနေရခြင်း၊ အိုရခြင်း၊ နာရခြင်း၊ သေရခြင်း၊ အပါယ်လေးပါး၌ဆင်းရဲရခြင်း၊ ရှေးရှေးသော ဘဝ၌ ဆင်းရဲခဲ့ရခြင်း၊ နောက်နောက်သောဘဝ၌ တွေ့ရမည့် ဆင်းရဲတွေ, စားဖွယ်သောက်ဖွယ် စသည်ကိုရှာတဲ့ ဆင်းရဲတွေ၊ ဤ ၈-ပါးသည် သံဝေဂ ဝတ္ထု ၈-ပါးမည်၏။
အဲဒီ သံဝေဂ ဝတ္ထု ၈-ပါး၊ မှတ်မိလောက်ပါပြီ၊ ပဋိသန္ဓေနေရခြင်း, အိုရခြင်း, နာရခြင်း, သေရခြင်း သူကတော့ မှတ်မိ လောက်ပါပြီ။
နောက်အပါယ်လေးပါးနှင့် တွေ့ကြုံရတဲ့ ဆင်းရဲတဲ့၊ ယခုရောက်နေတဲ့ပုဂ္ဂိုလ်တွေကို တွေ့ရတာ မဟုတ်သေးပါဘူး၊ အပါယ်ဘုံရောက်ပြီးတော့ ငရဲရောက်နေ၊ ဒုက္ခရောက်နေ၊ တစ်ချို့ ပြိတ္တာဖြစ်၊ တိရစ္ဆာန်ဖြစ်ပြီးတော့ ဒုက္ခရောက်နေကြတယ်၊ အဲဒီပုဂ္ဂိုလ်တွေ, ဆင်းရဲတွေ၊ အဲဒီတော့ ရှေးရှေးသော ဘဝတွေက တွေ့ကြုံခဲ့ရတဲ့ဆင်းရဲတဲ့၊ ဒါကတော့ ကိုယ်တိုင်တွေ့လာခဲ့ တာပြီးခဲ့ပြီ၊ ပြီးလို့ တော်ပါသေးတယ်၊ ကိစ္စမရှိဘူး၊ နောက်နောက်သော ဘဝတွေမှာ ကြုံရမည့်ဆင်းရဲ၊ ဒါကတော့ မတွေ့ရ သေးဘူး၊ အဲဒါ ယခုဘဝ မဂ်ဖိုလ်ရအောင် အားမထုတ်နိုင်ရင်တော့ တွေ့သွားမှာ၊ ဒီဒုက္ခတွေ တွေ့ရမှာ ပြေးလို့မလွတ်ဘူး၊ ဒါတွေ့ရမှာ၊ အဲဒါတွေ အရေးကြီးတယ်။
စားဖွယ်သောက်ဖွယ် စသည်ကို ရှာမှီးရတဲ့ ဆင်းရဲတဲ့၊ ဒါကတော့ လက်ငင်းတွေ့နေတာ, ယခု ရှာနေရတာ, ဒုက္ခရောက်နေရတာ တစ်ချို့ သက်သက်သာသာနဲ့ တော်သေးရဲ့၊ ကံကောင်းလို့၊ မသက်သာတဲ့ ပုဂ္ဂိုလ်တွေက အများကြီးပဲ၊ ဒုက္ခတွေရောက်၊ သတင်းစာတွေ ဘာတွေက ကြားရတယ်၊ ရေဘေးသင့်ရတာနဲ့, ဘာသင့်ရတာနဲ့ ဒုက္ခတွေ သိပ်ရောက်တယ်၊ ရှာမှီးရတဲ့ ဆင်းရဲတွေ အများကြီး၊ အထူးအားဖြင့်ဆင်းရဲတယ်၊ အဲဒါနောက် တစ်သံသရာလုံးလဲ ဒီလိုပဲသွားမှာ၊ နောက်နောက်က ဘဝတွေလဲ စားဖွယ် သောက်ဖွယ် စသည် ရှာမှီးရတဲ့ဘဝ တွေ့သွားရဦးမှာ၊ နောက်လဲ တွေ့သွားဦးမှာ၊ အေးမှာ မဟုတ်ဘူး။
ဒီဘဝက ဘယ်လောက် ရှာထားပေမယ်လို့ ပြည့်စုံမှာ မဟုတ်ဘူး၊ ဒီဘဝက ရှာတာတွေ, ဒီဘဝတွင် ထားခဲ့ရမှာတွေ ယခုဘဝ ပြုတဲ့ကုသိုလ် ကောင်းမှုလောက်လေး ပါသွားမယ်၊ အဲဒီကုသိုလ် ကောင်းမှုလေး ပါသွားတဲ့ပုဂ္ဂိုလ်တွေတော့ နောက်ဘဝ အရှာသက်သာပေါ့လေ၊ တော်ပါသေးရဲ့၊ သူကတော့ နောက်ဘဝ အရှာသက်သာလို့၊ ယခုဘဝ ဒါန, သီလ စသည် ကုသိုလ်ကောင်းမှုတွေ ပြုထားလဲ ပုဂ္ဂိုလ်တွေက နောက်ဘဝ သက်သက် သာသာနဲ့ ရှာရမယ်၊ ဒီလိုပြုထားတာတွေ မရှိရင်တော့ နောက်ဘဝလဲ အဲဒီလို ဒုက္ခရောက်ပြီးတော့ ဆင်းဆင်းရဲရဲနဲ့ရှာပြီး သွားရမှာတွေ၊ တစ်သံသရာလုံး သက်သက်သာသာနဲ့ လွယ်လွယ်ကူကူနဲ့ ရှာမှီးရအောင်လို့, ရနိုင်အောင်လို့ ကုသိုလ် ကောင်းမှုတွေ ပြည့်စုံအောင် ပြုသွားဖို့ဆိုတာ မလွယ်ဘူး၊ ဒါကလဲပဲ မလွယ်ဘူး။
ဒီတော့ အကောင်းဆုံးက တရားအားထုတ်တာ အကောင်းဆုံးပဲ၊ တရားအားထုတ်လို့ သောတာပတ္တိ မဂ်ဖိုလ် ရောက်သွားပြီဆိုရင် အလွန်ဆုံး ၇-ဘဝပဲ၊ ရှာရမယ်တဲ့၊ ဒီ ၇-ဘဝအတွင်း ဆင်းဆင်းရဲရဲ မရှာရဘူး၊ လွယ်လွယ်ကူကူ ချမ်းချမ်း သာသာနဲ့ ပြည့်စုံပြီးတော့ သွားမှာကိုး၊ ဘဝကောင်း ဘဝမြတ်ချည်း ဖြစ်သွားမယ်၊ အဲဒီ ၇-ဘဝ အတွင်းမှာပဲ ပါရမီတွေ ရင့်ပြီးတော့ တရားတွေ တစ်ဆင့်ထက်တစ်ဆင့် တိုးတက်ပြီး ရဟန္တာဖြစ်၊ ဆင်းရဲခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန် ရောက်သွားမှာကိုး၊ တစ်ခါတည်း ဆင်းရဲ ငြိမ်းသွားမယ်၊ အဲဒါ အကောင်းဆုံးပဲ။
မိမိ ယခု တရားအားထုတ်ခွင့်ရနေတာဟာဖြင့် အင်မတန် ကံကောင်းတာပဲလို့ စဉ်းစားလိုက်ရင် စိတ်ကလေးဟာ ရှင်းပြီးတော့ တက်လာနိုင်ပါတယ်၊ အားထုတ်စရာကောင်းတယ်၊ စိတ်ကျနေတဲ့ စိတ်က တက်လာနိုင်တယ်၊ ဒါကြောင့် သံဝေဂ-ဝတ္ထု ၈-ပါး စဉ်းစား ဆင်ခြင်ရမယ်၊ နောက်ဘုရား ဂုဏ် စသည်ကို စဉ်းစားဆင်ခြင်ပြီးတော့လဲ စိတ်ရွှင်လန်းစေရမယ်၊ ဒါတစ်နေ့က ပြောခဲ့ပါပြီ၊ ဒါကတော့ ပီတိသမ္ဗောဇ္ဈင် ဖြစ်စေတတ်တဲ့တရားတွေ ရတနာသုံးစုံ သီလဂုဏ် စွန့်ပုံအောက် မေ့ပါတဲ့၊ တစ်နေ့က ဟောခဲ့တာ၊ အဲဒါမျိုးတွေပါပဲ၊ ပီတိပါမောဇ္ဇ ဖြစ်စရာတွေ မြင်လိုက်တော့ တစ်ခါတည်း ပီတိပါမောဇ္ဇတွေ ဖြစ်သွားတာပေါ့၊ ပီတိတွေဖြစ်လာရင် စိတ်တွေ တက်ကြွလာ တာကိုး။
အဲဒီလိုလဲပဲ အားပေးရမယ်တဲ့၊ အားပေးလို့ရှိရင်လဲ ရွှင်သင့်စေရာ စိတ်ရွှင်လန်းပြီးတော့ သမာဓိ ဖြစ်လာနိုင်ပါတယ်တဲ့၊ ကြွလျှင်နှိမ်လင့် ကျလျှင်ပင့်၊ ရွှင်သင့် ရွှင်စေရာတဲ့၊ သူက ပြီးသွားပြီ၊ ညီနေလျှင် ရှုမြဲပင်၊ ထိုတွင် စိတ်ညွှတ်ရာတဲ့၊ ဒါက လွယ်တယ်ဆိုရမယ်၊ အလုပ် မလုပ်ရဘူး၊ သိပ်နေရာကျတယ်။
ညီမျှနေလျှင် ရှုမြဲပင် ထိုတွင်စိတ်ညွတ်ရာ။ (ဆို-၃)။
အဲ-တစ်ခါတရံ ကျတော့ တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်မှာ အစစအရာရာ ညီမျှနေတယ်၊ မယုတ်မလွန် ညီနေတယ်၊ ဘာများလို့တုန်း ဆိုရင် မြင်းရထားနဲ့ ဥပမာ ပေးထားတယ်၊ မြင်း နှစ်ကောင်က ခြေညီနေတယ်ပေါ့လေ၊ မြင်းလိမ်မာတွေ ခြေညီနေတယ်၊ အသွားညီတယ်၊ ဘယ်မြင်းကမှ မမြန်ဘူး၊ ဘယ်မြင်းကမှ မနှေးဘူး၊ ခြေလှမ်း တစ်ခါတည်း ခြေလှမ်း စုံပြီးတော့ ကျနေတယ်၊ ဒီလိုအခါကာလမှာ ရထားမောင်းတဲ့ ပုဂ္ဂိုလ်က ဘာမှ မလုပ်ရတော့ဘူး၊ ဘာမှလုပ်စရာ မလိုဘူး၊ မြင်းကို သွားပြီး နှင်တံနဲ့တို့ဖို့ကလဲမလိုဘူး၊ ဒီမြင်းတို့ဖို့ကလဲ မလိုဘူး၊ ဟိုမြင်းဆွဲဖို့ရာလဲ မလိုဘူး၊ တစ်ခုခု သွားလုပ်လိုက်ရင် ခြေလှမ်းပျက်ကုန်မှာပေါ့၊ သူဟာ အဲဒီအခါမှာ ရထား မောင်းတဲ့ပုဂ္ဂိုလ်က အသာလေး ငြိမ်ငြိမ်ကလေး နေသွားရုံပဲ၊ ဆေးလိပ် သောက်ချင် သောက်နိုင် သေးတယ်၊ သူက နေရာကျတယ်၊ အဲဒီလိုပဲတဲ့၊ ရှေးတုန်း မြင်းရထားခေတ်ကိုး၊ မြင်းရထားခေတ် ဆိုတော့ မြင်းရထားနဲ့ ပေးရတယ်၊ မြင်းရထားတောင်မှ အတော်နည်းကုန်ပြီ၊ နောက်ကျလို့ရှိရင် ဒီစာတွေတောင် အဓိပ္ပာယ် ပြောဖို့ခက်လိမ့်မယ် ထင်တယ်၊ မြင်းရထားတွေ ပျောက်ကုန်တာနှင့် မော်တော်ကားနဲ့ ပြောရမှာပဲ၊ ဒီဥစ္စာ ကားကလဲ ပထမ အချိုးမကျခင်တော့ တစ်ခါတရံ တစ်ချို့တစ်ချို့ မော်တော်ကားတွေက နှိုးလို့မရနိုင်တာနဲ့ မောင်းတဲ့ပုဂ္ဂိုလ် တော်တော် ဒုက္ခ ရောက်တယ်။
အဲ လမ်းကလဲကောင်းလို့၊ စက်ကလဲ အချိုးကျပြီး သွားနေတဲ့အခါ တိမ်းစရာ ရှောင်စရာကလဲမရှိဘူး၊ လမ်းဖြောင့်နေလို့ရှိရင် မော်တော်ကားမောင်းတဲ့ပုဂ္ဂိုလ်လဲ သက်သာပါတယ်၊ အဲဒါလိုပဲ အသာလေး မှေးလိုက်သွားရုံပဲ။
အဲဒါလိုပဲတဲ့၊ ရှုမှတ်နေတာ အချိုးကျနေတဲ့အခါ ရှိတယ်၊ အချိုးကျနေတဲ့အခါ သူ့ဟာသူ သွားနေတာပဲ၊ လူက ထိုင်ရုံထိုင်နေရသလိုပဲ၊ အမှတ်ကလေးတွေက သူ့ဟာသူသွားနေတယ်၊ သိပ်နေရာကျတာပဲ၊ ဒါရောက်ဖူးမှလဲသိတယ်၊ မရောက်ဘူးရင် ဘာမှမသိနိုင်ဘူး၊ ဒါကတော့ ရောက်ဖူးမှ သိတယ်၊ ဒါစဉ်းစားလို့လဲမရဘူး၊ သိစရာလေးတွေ သူ့ဟာသူသိ နေတယ်၊ အာရုံ ကလေးတွေကလဲ သူ့ဟာသူပေါ်လိုက်၊ ပေါ်တာလေးတွေ သိပြီးတော့လဲ နောက်တစ်ခါ အာရုံ ကလေးတွေ သူ့ဟာသူပေါ်လာတယ်၊ ဒီကလဲ သိစရာလေးကလဲ သူ့ဟာသူသိသွားတယ်၊ ဘာမှ လုပ်နေရတာ မဟုတ်ဘူး၊ အစလောက်ပဲ နည်းနည်း ကြောင့်ကြစိုက်ပေးရတာကိုး။
နောက်ပိုင်းကျတော့ သူ့အရှိန်နဲ့သူသွားနေတာ၊ သိပ်ကောင်းတယ်၊ အဲဒါကတော့ အားထုတ်လို့ ရောက်မှပဲသိမှာပဲ၊ မရောက်ရင်တော့ မသိဘူးလေ၊ ဒီဥစ္စာ ညီမျှနေတာတဲ့၊ ညီမျှနေတဲ့အခါတော့ ဘာလုပ်ရမလဲ၊ ဘာမှမလုပ်နဲ့၊ သွားလုပ်လိုက်လို့ ရှိရင် တရားတိုးပြီးတော့ အားထုတ်လိုက်ရင် အဲဒါပျက်ကရော၊ ဒါတော့ သူ့ဟာ မှန်မှန်လေးသာလိုက်တဲ့၊ ညီမျှနေရင် ရှုမြဲပင်၊ ထိုတွင် စိတ်ညွှတ်ရာဆိုတာက အဲဒီသမာဓိမဖြစ်ရင် ဖြစ်အောင်လို့ပေါ့လေ၊ သမာဓိသမ္ဗောဇ္ဈင်ဖြစ်အောင် စိတ်ညွှတ်ပြီးတော့ အားထုတ်ပါတဲ့၊ ပျံ့လွင့်သူကြဉ် တည်သူယှဉ် ဆင်ခြင်ဈာန်မောက္ခတဲ့၊ ပျံ့လွင့်တဲ့ပုဂ္ဂိုလ် သမာဓိမရှိတဲ့ ပုဂ္ဂိုလ်တွေ ပျံ့လွင့်တဲ့ပုဂ္ဂိုလ်တွေနဲ့ မပေါင်းသင်းပါနဲ့တဲ့၊ အဲဒီ ပုဂ္ဂိုလ်ဆရာသမားအဖြစ်နဲ့ မပေါင်းသင်းနဲ့၊ မိတ်ဆွေအဖြစ်နဲ့ မပေါင်းသင်းနဲ့၊ အထူးအားဖြင့်တော့ တရားအားထုတ်တဲ့ အခါကာလမှာ ရောပြီးသကာလ နေရင် မကောင်းဘူးပေါ့တဲ့၊ ရှောင်နိုင်သမျှ ရှောင်ရ မှာပေါ့၊ မရှောင်နိုင်ရင်တော့လဲ မတတ်နိုင်ဘူး။
အဲဒီ ပုဂ္ဂိုလ်တွေနဲ့ ရောနှောမနေနဲ့တဲ့၊ ရောနှောနေရင် သူ့လိုပဲ သူက တရားကို စူးစူး စိုက်စိုက်ရှုတာမဟုတ်တော့ ပျံ့လွင့်နေတဲ့ ပုဂ္ဂိုလ်ဆိုတော့ သူ့ကိုအတုလိုက်သွားရင် ကိုယ်လဲ သမာဓိတွေ ပျက်ကုန်မှာပေါ့၊ ဒါကြောင့် ပျံ့လွင့်တဲ့ပုဂ္ဂိုလ်ကို ရှောင်ကြဉ်ပါတဲ့၊ သမာဓိရ တည်ကြည်နေတဲ့ ပုဂ္ဂိုလ်လဲရှိတယ်၊ အဲဒီပုဂ္ဂိုလ်များမှီဝဲပါတဲ့၊ ဆရာသမားတွေ အဲဒီပုဂ္ဂိုလ် မှီဝဲ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်အချင်းချင်း အဲဒီပုဂ္ဂိုလ်တွေနဲ့ ရောပြီးနေလို့ရှိရင် သမာဓိတွေ ဖြစ်တတ်ပါတယ်၊ ဒါကြောင့် ကဲ ဆို-ဆို။
ပျံ့လွင့်သူကြဉ်၊ တည်သူယှဉ်၊ ဆင်ခြင်ဈာန်မောက္ခ။ (ဆို-၃)
အဲ သမာဓိမရတဲ့ပုဂ္ဂိုလ်တဲ့၊ ဥပစာသမာဓိ၊ အပ္ပနာသမာဓိမှ ကင်းလွတ်နေတဲ့ ပုဂ္ဂိုလ်တွေတဲ့၊ အဲဒီ ပုဂ္ဂိုလ်တွေကို အလေးအမြတ်ပြုပြီးတော့ မပေါင်းနဲ့၊ တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်ဟာ ဥပစာရ သမာဓိလောက်ကတော့ ရောက်နေတာ၊ သူ့ဟာ အမှတ်ကောင်းရင် ရောက်နေတာပဲ၊ အပ္ပနာ သမာဓိကတော့ ဈာန်ရနေတဲ့ပုဂ္ဂိုလ်တွေပေါ့၊ အရိယာမဂ်ဖိုလ်ရနေတဲ့ ပုဂ္ဂိုလ်တွေလဲ အရိယာမဂ်ကို အပ္ပနာသမာဓိနဲ့ပြည့်စုံနေတာ၊ အဲဒီလို ပုဂ္ဂိုလ်တွေ မှီဝဲရမယ်တဲ့။
ဒါက အချို့ အဋ္ဌကထာတွေမှာပါတယ်၊ ဈာန်ဝိမောက္ခတွေ ဆင်ခြင်တာလဲ သမာဓိဖြစ်ခြင်း အကြောင်းပဲတဲ့၊ အချို့, အချို့ အဋ္ဌကထာတွေကျတော့ အဲဒီအပိုဒ်မပါဘူး၊ ဒါပေမယ်လို့ ဈာန်ဝိမောက္ခ ဆင်ခြင်ပုံလဲ အကျယ်တဝင့် ထုတ်ပြထားတော့ ဘယ် အဋ္ဌကထာမှလဲ မပါဘူး၊ ဒီစာပိုဒ်ကလေးဟာ ပိုသလိုလိုတော့ ရှိနေတာပဲ၊ သူ့နုတ်လိုက်လို့ရှိရင်လဲ ၁၁-ပါးတောင် မရှိဘူး၊ ၁၀-ပါးရှိတာပေါ့၊ ယခုတော့ သတိပဋ္ဌာန် အဋ္ဌကထာကတော့ ပါတယ်၊ ပါတော့ ဒီမှာထည့်ပြီးတော့ ပြောရမှာပဲ၊ အဋ္ဌကထာထဲမှာ အကျယ်ချဲ့ထားတာမပါဘူး၊ မပါလဲ ဘုန်းကြီးကပြောရမှာပဲ၊ ဈာန်ဝိမောက္ခတရားတွေက ကိုယ်မှာရှိရင်တော့ အထူးပြောစရာ မလိုဘူးပေါ့လေ၊ ကိုယ့်ရှိရင်တော့ ကိုယ့်ရဲ့ ရှိတဲ့တရား နှလုံးသွင်းလိုက်ရင် သမာဓိ ဖြစ်တတ်ပါတယ်၊ သမာဓိ ဖြစ်မှာပဲ၊ ယခု ဟာကတော့ ကိုယ့်မရှိတာ ဆင်ခြင်မှ ဖြစ်တယ်၊ ကိုယ့်မရှိပေမယ့်လို့ သူများမှာ ရှိဖူးတဲ့, သူများ သန္တာန်မှာ ဖြစ်ဖူးတဲ့ ဈာန်တရား ဝိမောက္ခတွေရဲ့ ဂုဏ်ကျေးဇူးကို ဆင်ခြင်လိုက်ရင်လဲ ဈာန်ဝိမောက္ခတရားတွေ ဖြစ်အောင် အားထုတ်လိုတဲ့ စိတ်ဆန္ဒတွေ တိုးတက်လာမှာပါပဲ၊ အဲဒီတော့ ဈာန်ဝိမောက္ခတရားတွေ ဆိုတာ အင်မတန် ကောင်းတယ်၊ ဈာန်တရားတွေ အင်မတန်ကို ကောင်းတဲ့ တရားတွေ၊ အဲဒီတော့ ကြည်ညိုစရာ ဖြစ်အောင်လို့ ဘုန်းကြီးက မြတ်စွာဘုရား ကိုယ်တိုင် သမာဓိ ဖြစ်ပုံလေးတစ်ခုကို ကိုယ်တိုင် ဟောထားတာလေး ရှိပါတယ်။
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံခါနီး ပရိနိဗ္ဗာန်စံမည့် နေ့ရက်ဆိုပါတော့ ပါဝါ- ပြည်က ဆွမ်းဘုဉ်း ပေးပြီးတော့ ကုသိနာရုံကို ကြွလာတယ်၊ ပါဝါပြည်က နံနက်ဆွမ်းဘုဉ်းပေးပြီးတော့ ကုသိနာရုံ ကြွတယ်၊ ၃-ဂါဝုတ်ဝေးတယ်၊ ၄-ဂါဝုတ် တစ်ယူဇနာ ရှိတယ်၊ တစ်ယူဇနာကို ယခုကာလ မိုင်နဲ့ တွက်ကြည့်လို့ရှိရင် ၇-၈-မိုင်ရှိတယ်၊ ဒါ ဒေသန္တရဗဟုသုတ လိုက်စားတဲ့ ပုဂ္ဂိုလ်တွေက ယူဆ ကြတယ်၊ ၈-မိုင်ထားပါတော့ တစ်ယူဇနာ ၈-မိုင်ဆိုတော့ အဲဒါ ၄-ဂါဝုတ်မှ ၈-မိုင်ရှိမှာကိုး၊ တစ်ဂါဝုတ် ၂-မိုင်လောက် ရှိနေတာ၊ ၃-ဂါဝုတ် ဝေးတယ်ဆိုတော့ ၆-မိုင်လောက် ရှိမှာပေါ့၊ ပါဝါနဲ့ ကုသိနာရုံဆိုရင် ၆-မိုင်လောက် ဝေးမှာပေါ့၊ မြတ်စွာဘုရားပရိနိဗ္ဗာန် စံမည့်နေရာ ကြွလာတယ်။
ခရီးစဉ် ဘယ်လောက်ဝေးသလဲဆိုတာ နံနက်ဆွမ်းဘုဉ်းပေးပြီးတော့ ၆-မိုင်ခရီး ကြွလာတာ ဆွမ်းဘုဉ်းပေးပြီးကတည်းက ရောဂါဝေဒနာလဲ တစ်ခါတည်း အရင်က ရောဂါဟောင်းပေါ့လေ ထလာတယ်၊ ပရိနိဗ္ဗာန် စံလောက်အောင်ဖြစ်လာတယ်၊ ရောဂါဟောင်းထတယ်၊ ထလာပေမယ်လို့ မြတ်စွာဘုရား ဒီအတိုင်းကြွတာပဲ၊ ခြေကျင်၊ ဟိုတုန်းက ယခုအခါများလို ဘယ် ယာဉ်ရထားတွေ ရှိတာမှမဟုတ်ဘဲ၊ ဟိုတုန်းက ယာဉ်ရထားတွေက မြင်းရထားတွေ, ဘာတွေဆိုတာ မစီးကောင်းဘူး၊ ဂိလာနမှ စီးရတယ်၊ ခြေကျင်ကြွတာပဲ၊ နောက်က တပည့်သံဃာတော် ပရိသတ်တွေနဲ့ ဒီအတိုင်းခြေကျင်ကြွတယ်။
သပိတ်တွေ, သင်္ကန်းတွေနဲ့ တစ်ခါတည်း ဘုရားတော့ သပိတ်လွယ်ရပုံ မပေါ်ပါဘူး၊ နောက်က ဝတ်ကြီးဝတ်ငယ် ပြုတဲ့ ပုဂ္ဂိုလ်က လွယ်လာတယ်၊ အခြားပုဂ္ဂိုလ်တွေက သပိတ်နဲ့ကိုး၊ သင်္ကန်း တွေနဲ့ လွယ်ပြီးတော့ ကြွရတာကိုး၊ ပါဝါပြည်က ဆွမ်းဘုဉ်းပေးပြီး ကြွတယ်၊ ဆွမ်းဘုဉ်းပေးပြီး ကြွလာတော့ အဲဒီက ရောဂါထလို့ အပြင်းအထန်, အသည်းအသန်ကို ထတာပဲ၊ ဝမ်းတွေ ဘာတွေ သွားလို့ သွေးဝမ်းတွေသွားတယ်၊ အားတွေ အင်မတန်ကုန်သွားတယ်၊ ဝမ်းသွားတယ်ဆိုတာ အင်မတန် အားကုန်တယ်၊ ရောဂါဖြစ်တာမပြောနဲ့ ဝမ်းနုတ်ဆေး စားတာတောင် အတော်အားကုန် သွားတာ။
အဲဒီတော့ အဲဒီက ကြွပြီးလာလို့ တစ်နေရာ ရောက်တဲ့အခါ မြတ်စွာဘုရား မောပန်းတာနဲ့ လမ်းဘေးဖယ်ပြီးတော့ သစ်ပင်တစ်ပင်အောက်မှာ သီတင်းသုံးဖို့ အရှင်အာနန္ဒာကို သင်္ကန်းကြီး ခင်းပြီးတော့ ပေးခိုင်းတယ်၊ နှစ်ထပ် သင်္ကန်းကြီး ခေါက်ပြီး သကာလခင်းပြီးပေးတယ်၊ အဲဒီ အပေါ်မှာ မြတ်စွာဘုရား သီတင်းသုံးတယ်၊ ယခုနေအခါ ဆိုလို့ရှိရင်တော့ မြတ်စွာဘုရား မပြောနဲ့တော့ အင်မတန်လေးစားလောက်တဲ့ ပုဂ္ဂိုလ်ဆိုလို့ရှိရင် နောက်က ဝတ်ကြီးဝတ်ငယ်ပြုမည့် ပုဂ္ဂိုလ်တွေ အများကြီးနေမှာပေါ့၊ ယခုဟာ ပရိနိဗ္ဗာန် စံခါနီးရောက်နေပြီ ဒါတောင် ဘယ်သူမှတောင် လိုက်ပြုစုမည့် ပုဂ္ဂိုလ်မရှိဘူး ဟိုခေတ်တုန်းက ဘယ်လိုနေသလဲ မပြောတတ်ဘူးပေါ့လေ၊ အဲ-ရဟန်းတော်တွေပဲ ဝတ်ကြီးဝတ်ငယ် ပြုတယ်၊ တိုင်ဖို့ရာကလဲ ဘာမှ ထူးထူးဆန်းဆန်း ရှိတာ မဟုတ်ဘူး၊ နှစ်ထပ်သင်္ကန်းကြီး ခင်းပြီးတော့ ထိုင်ရတာကိုး။
ထိုင်ပြီးတော့ အတော် ပင်ပန်းတယ်၊ ပင်ပန်းတော့ မြတ်စွာဘုရားက ရေ ဘုဉ်းပေးချင်လို့ ရှင်အာနန္ဒာကို ရေခပ်ခိုင်းတယ်၊ ရေခပ်ခိုင်းတော့ အဲဒီအခိုက်အတန့်မှာ ဒီအနား ချောင်းကလဲ ရှိတာကိုး၊ นဒီ-မြစ်လို့လဲ ပြောတယ်၊ မြစ်ဆိုပေမယ့် ချောင်းပါပဲ၊ ချောင်းကလေးပေါ့လေ၊ ချောင်းတော့ကြီးကြီးကျယ်ကျယ် ဟုတ်ပုံမရပါဘူး၊ တော်ရုံ တန်ရုံဟာနဲ့ တူပါတယ်၊ အဲဒီမှာ ရေသွားပြီး ခပ်ဖို့ရာပြောတော့ လှည်းကလဲ ဒီမှာ လှည်း ၅၀ဝ-ကလဲ ဖြတ်ပြီးတော့ ကူးထားတယ်၊ လှည်းလမ်းကြောင်း ရေတွေက နောက်နေတယ်။
ရှင်အာနန္ဒာက လျှောက်တယ်၊ အရှင်ဘုရားတဲ့၊ ယခုတွင်ပဲ လှည်း ၅၀ဝ-လဲ ဖြတ်သွားပါတယ်တဲ့၊ ဒီတော့ ရေတွေလဲ နောက်နေပါတယ်တဲ့၊ မကောင်းပါဘူးတဲ့၊ တော်တော်ကြာရင် ဒီက လျှောက်သွားပြီးရင် တယ်မဝေးပါဘူးတဲ့၊ ကကုဒါဆိုတဲ့ မြစ်ကလေးတစ်ခု ရောက်ပါလိမ့်မယ်၊ ဒါလဲ ချောင်းလေးနေမှာပါပဲ၊ သူက နည်းနည်းကြီးပုံပဲ ပေါ်ပါတယ်၊ အဲဒီက ရေလဲ ကြည်ပါတယ်တဲ့၊ ဆိပ်ကမ်းလဲကောင်းပါတယ်၊ သာယာပါတယ်၊ အဲဒီကျမှ မြတ်စွာဘုရား ဘုဉ်းပေးတော်မူပါလို့ ရှင်အာနန္ဒာက လျှောက်တယ်။
မြတ်စွာဘုရား ဟိုမှာတကတဲ့မှ သွေးဝမ်းတွေ သက်ပြီးတော့ အင်မတန်ကို တကထဲ အားတွေ လျှော့ပြီးတော့ နေတော့ ရေဘုဉ်းပေးချင်လို့ ရေအခပ်ခိုင်းတာ ရှင်အာနန္ဒာကနေပြီးတော့ ရေမကောင်းလို့ တားမြစ်နေတယ်၊ ဆိုင်းငံ့ဖို့ရာ လျှောက်နေတယ်၊ မြတ်စွာဘုရားက နှစ်ခါပြော၊ နှစ်ခါပြောလဲပဲ ရှင်အာနန္ဒာက တားမြစ်၊ ဒီလိုပဲ ဆိုင်းငံ့တော်မူပါဦး ဆိုပြီးတော့ လျှောက်နေတယ်၊ သုံးခါပြောတော့မှ ရှင်အာနန္ဒာက သွားပြီးခပ်တာကိုး၊ သွားတော့ မြတ်စွာဘုရားဘုန်းကံ အားလျော်စွာ သူသွားတော့ ရေတွေက ကြည်နေတယ်၊ သူထင်တဲ့အတိုင်း မဟုတ်ဘူး၊ လှည်း ၅၀ဝ-ဖြတ်ကူးသွားတဲ့ဟာ ရေတွေ နောက်နေရမှာပဲ၊ ဒါပေမယ်လို့ ဘုရားဘုန်းကံတော်အရနဲ့ သွားတော့ ရေတွေက ကြည်လို့တဲ့၊ တစ်ခါတည်း အံ့သြတယ်၊ မြတ်စွာဘုရား သိပ်ပြီးတော့ ဘုန်းတန်ခိုး ကြီးတာပဲ၊ ကြည့်စမ်း လှည်းတွေမောင်းသွားတာ ရေနောက်နေရမှာ မနောက်ဘူး၊ ရေကများပုံ မပေါ်ပါဘူး၊ နည်းနည်းနဲ့ တူပါတယ်။
ဒါနဲ့ ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး တစ်ခါတည်း သပိတ်နဲ့ ရေခပ်ပြီးတော့လာတော့ မြတ်စွာဘုရား ရေကပ်တယ်၊ ရေကပ်ပြီးတော့ ရေဘုဉ်းပေးတယ်၊ ရေဘုဉ်းပေးပြီး အဲဒီအခါမှာ လှည်းကုန်သည် ထဲက မလ္လအမျိုးသား၊ ပုက္ကုသဆိုတဲ့ လှည်းကုန်သည် ကုန်သူကြီးပေါ့လေ၊ ရှေးကတော့ ကုန်သည် တွေဟာ တစ်နေရာက တစ်နေရာ, တစ်ရွာကတစ်ရွာ, တစ်မြို့ တစ်မြို့ လှည်းတွေနဲ့ သွားကြ ပြီးတော့ အကြီးအကျယ် ရောင်းကြတာပဲ၊ လှည်းငါးရာ သွားကြတာကိုး၊ ဒီကကုန်တွေတင်သွား၊ ဟိုက ကုန်တွေ ယူလာပြီး ဒီလိုလုပ်ကြတာပေါ့၊ ကုန်သည်ကြီးတွေပါပဲ။
ဒါကို ဟိုတုန်းက သူဌေးသူကြွယ်တွေနေမှာပေါ့၊ အဲဒီ ပုက္ကုသဆိုတဲ့ မလ္လအမျိုးသား၊ မင်းမျိုး ထဲကနေမှာပေါ့၊ မလ္လအမျိုးသားဆိုတော့ သူက ကုန်သည်လုပ်နေသူ မြတ်စွာဘုရားထံ ဝင်ရောက် ပြီးတော့ ဆည်းကပ်ကန်တော့၊ ကန်တော့တော့ စပ်မိစပ်ရာ မြတ်စွာဘုရားကို လျှောက်တယ်၊ မြတ်စွာဘုရားတဲ့ တပည့်တော် တွေ့ဖူးကြုံဖူးတာလေးတစ်ခု လျှောက်ချင်ပါ တယ်တဲ့၊ ရသေ့ ရဟန်းတော်တွေဟာ အင်မတန်သိမ်မွေ့တဲ့ ဝိဟာရ၊ အင်မတန် သိမ်မွေ့တဲ့ သမာပတ်တွေနဲ့ နေကြတာ သိပ်အံ့သြစရာကောင်းတယ် ဘုရားတဲ့၊ ဘယ်လိုကြားဖူး တွေ့ဖူးပါသလဲ ဆိုလို့ရှိရင် တစ်ခါက လှည်းကုန်သည်တွေ လှည်းအစီး ၅၀ဝ-နဲ့သွားကြတော့ တစ်နေရာမှာ အာဠာရ ရသေ့ကြီး သီတင်းသုံးနေတယ်၊ အာဠာရ ရသေ့ကြီးက သူ့ဆရာပဲ၊ သူကိုးကွယ် တာကိုး၊ ဘုရားအလောင်းတော် တောထွက်ခါစတုန်းက အာဠာရ ရသေ့ကြီးထံမှာ ဈာန်သမာပတ် နည်းတွေ ယူဖူးတာပဲ။
အဲဒီမှာ တရားတောင် အားထုတ်ဖူးသေးတာပဲ၊ ဒီကနည်းတွေနဲ့ အားထုတ်ဖူးသေးတယ်၊ လောကီသမာပတ်တွေ သူက ရူပဈာန် ၄-ပါးနဲ့ အရူပဈာန် ၃-ပါး၊ ဈာန်သမာပတ် ၇-ပါးတိုင်အောင် ပြည့်စုံတယ်၊ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ပါပဲ၊ ပုဂ္ဂိုလ်ထူး ကြီးပါပဲ၊ ထိုခေတ်တုန်းကတော့ လေးစားလောက်တဲ့ ပုဂ္ဂိုလ်ပါပဲ၊ ဘုရားမပွင့်ခင်က ဆိုတော့ ဒီလိုပုဂ္ဂိုလ်က အရှားသားပဲ၊ အင်မတန်ကို လေးစား လောက်တဲ့ ပုဂ္ဂိုလ်ကြီးပါ၊ အဲဒီ အာဠာရဆရာကြီးက တပည့်တော်တို့ဆရာပဲ၊ ဆရာရသေ့ ကြီးဟာ အဲဒီ လှည်းလမ်းဘေးမှာ သီတင်းသုံးနေပါတယ်တဲ့၊ လှည်းအစီး ငါးရာ မောင်းသွားတာ သူ့နားက ကပ်ပြီး မောင်းသွားတာပဲ။
လှည်းအစီးငါးရာ မောင်းသွားတယ်၊ နောက်ဆုံးက လိုက်လာတဲ့ လူတစ်ယောက်က ရသေ့ကြီးတွေတော့ ရသေ့ကြီးထံ ဝတ်ကြီး ဝတ်ငယ် ပြုစုပြီးတော့ မေးမြန်းတယ်၊ အရှင်ဘုရား ဒီမှာ လှည်းအစီးငါးရာ မောင်းသွားတာ မတွေ့လိုက်ဖူးလား၊ ဟာမတွေ့ဘူး၊ နို့ဘုရား ဒီနားက မောင်းသွားတာပဲ၊ လှည်းအစီးငါးရာ မောင်းသွားတာ အသံများမကြားဘူးလား၊ လှည်းသံ လူသံ ကြားရမှာပေါ့၊ ဒါလဲ မကြားလိုက်ဘူး၊ နို့ အရှင်ဘုရား အိပ်ပျော်နေတာလား၊ အိပ်လဲမပျော်ပါဘူး၊ ဒါဖြင့် အရှင်ဘုရား သတိမှရှိတာဟုတ်ရဲ့လား၊ သညာများရှိရဲ့လား၊ သညာလဲရှိပါတယ်၊ မေ့နေတာ မဟုတ်ပါဘူး။
ဒီတော့မှ သူက အံ့သြတယ်တဲ့၊ အဲဒီယောကျာ်းက ရသေ့ ရဟန်းတော်တွေဟာ အင်မတန် သိမ်မွေ့တဲ့ သမာပတ် ဝိဟာရတွေနဲ့နေကြတာပဲ၊ ကြည့်စမ်းပါ၊ အံ့သြစရာသိပ်ကောင်းတာ၊ ဒီနား လှည်းအစီးငါးရာ သူ့နားက ကပ်မောင်းသွားတာ ဒါတွေ မြင်လဲမမြင်လိုက်ဘူး၊ ကြားလဲ မကြားဘူးလို့ဆိုတယ်၊ အိပ်ပျော်နေတာလဲ မဟုတ်ဘူး၊ ဒီတော့ မေ့နေတာ၊ သတိ မရဘဲနေတာ၊ မှတ်သိဉာဏ် ကင်းမဲ့တာ ဒီလိုလဲ မဟုတ်ဘူး၊ သူ့သင်္ကန်းမှာ လှည်းက ဖုံတွေကပ်လို့ ဒီမှာ ဖုံတွေ ကလဲပေနေ၊ တော်တော်နီးပုံ ရပါတယ်၊ ကပ်မောင်းသွားတာ ဖုံတွေကလဲကပ်နေတယ်၊ အရှင်ဘုရား ဒါလဲသတိမရဘူးဆိုတာ သိပ်အံ့သြစရာကောင်းတာပဲ။
အဲဒီပုဂ္ဂိုလ်က အာဠာရရသေ့ကြီးပေါ်မှာ အများကြီး ကြည်ညို သဒ္ဓါပေါက်ပြီးတော့ မိမိကြည်ညို သဒ္ဓါပေါက်တာတွေ လျှောက်ထားပြီးတော့ သွားပါတယ်တဲ့၊ တပည့်တော် ကြားဖူးတွေ့ဖူးတာ ဟာဖြင့် အင်မတန် အံ့သြစရာကောင်းလို့ ဆိုပြီးတော့ သူက လျှောက်တယ်၊ လျှောက်တော့ မြတ်စွာဘုရားက အဲဒီ ပုက္ကုသကီ မေးတယ်။ ပုက္ကသတဲ့၊ သင် စဉ်းစားကြည့်ပါလားတဲ့ လှည်းအစီး ငါးရာကို မသိတာနဲ့ မိုးကြိုး ပစ်လို့ရှိရင် မသိတာနဲ့ ဘယ်ဟာကများ ပိုပြီးတော့ ထူးကဲမလဲလို့ မေးတော့ ဟာ-မိုးကြိုး ပစ်တာမှ မသိလို့ရှိရင်တော့ လှည်းအစီးငါးရာ မပြောပလောက်ပါဘူးတဲ့၊ ဒါတော့ မပြောပလောက်တော့ဘူးတဲ့၊ မိုးကြိုး ပစ်တာတောင် မသိတဲ့ဥစ္စာ။
ငါဟာ တစ်ခါက မြတ်စွာဘုရားက သူကိုယ်တိုင် အတွေ့ကို ပြောတယ်၊ ငါဟာ တစ်ခါက ဒီ ကောက်ရိုးတဲတစ်ခုမှာ နေတယ်တဲ့၊ လယ်သမားတွေ တဲလေးမှာနေမှာပေါ့၊ ကောက်ရိုးနဲ့ လုပ်ထားတဲ့ ကောက်ရိုးတဲလေးတစ်ခုမှာ သီတင်းသုံးနေ ပါတယ်တဲ့။ အဲဒီအခါမှာ မိုးကရွာတယ်တဲ့။ မိုးရွာတော့ မိုးကြိုး ပစ်တယ်တဲ့၊ မိုးကြိုး ပစ်တော့ လယ်သမား ညီနောင် နှစ်ယောက်လဲ မိုးကြိုးပစ်လို့ သေရှာတယ်၊ နွားလေးကောင်လဲသေရော၊ ဒါနဲ့ လယ်သမားညီနောင် နှစ်ယောက်လဲ ဆုံး၊ နွားလေးကောင်လဲသေ၊ ဒါနဲ့ စပ်ရာဆိုင်ရာ ဆွေမျိုးမိတ်ဆွေက လာပြီး ကြည့်ကြ ရှုကြပေါ့လေ၊ သူတို့ လုပ်သင့်တဲ့ တာဝန်ဝတ္တရားတွေ ထုပ်ကြ ကိုင်ကြ စုစုနဲ့ လုပ်နေကြတယ်။
အဲဒါ မြတ်စွာဘုရားသီတင်းသုံးတဲ့ ကောက်ရိုးတဲနဲ့ နီးနီး မလှမ်းမကမ်းမယ်၊ အဲဒီထဲက လူတစ်ယောက်က မြတ်စွာဘုရားဆီ ရောက်လာတယ်တဲ့၊ မြတ်စွာဘုရားကလဲ ကောက်ရိုးတဲ အပြင်ဘက်မှာထွက်ပြီး ဒီခါမှာလမ်းလျောက်နေတယ်၊ မြတ်စွာဘုရားရှေ့ကိုရောက်လာတယ်၊ ရောက်လာတဲ့အခါ မြတ်စွာဘုရားက မေးတယ်၊ သိတော့ သိတာပေါ့၊ ဘုရားဆိုတာ ဆင်ခြင်လိုက်ရင် သိနေတာကိုး၊ ဒါပေမယ်လို့ အကြောင်းပေါ်လာအောင်လို့ ဟေ့ ဟိုလူတွေ စုစုနဲ့ ဘာလုပ်ကြ တာတုန်း၊ နို့ဘုရားဒီမှာ မိုးကြိုး ပစ်လို့တဲ့၊ ဟိုမှာ လယ်သမားနှစ်ယောက် သေရှာတယ်၊ နွားလေး ကောင်လဲ သေရောတဲ့၊ အဲဒါကြောင့်မို့ ဒီမှာ လူတွေ စုနေတာ၊ အရှင်ဘုရား ခုနက ဘယ်မှာ ရှိနေလဲ ဒီမှာပဲ သီတင်းသုံး ရှိနေတာပဲ၊ ကောက်ရိုးတဲထဲမှာ ရှိနေတာပဲ၊ နို့ အရှင်ဘုရား အိပ်ပျော်နေသလား၊ အိပ်ပျော်တာလဲ မဟုတ်ဘူး၊ မိုးကြိုး ပစ်တာလဲမြင်လဲ မမြင်လိုက်ဘူးလား၊ မမြင်လိုက်ဘူး၊ ကြားလဲ မကြားလိုက်ဘူးလား၊ မကြားလိုက်ဘူး၊ အိပ်ပျော်နေတာလဲ မဟုတ်ဘူး၊ နို့ အမှတ်သညာများမရှိဘဲနဲ့ ဖြစ်နေသလား၊ မေးမြန်းကြည့်တော့ ဒီလိုလဲ မဟုတ်ဘူး၊ အမှတ်သညာလဲ မယုတ်ဘူး၊ အမှတ်သညာ လဲ ရှိတယ်၊ အဲဒီတော့ ဒီနေရာမှာ ဒီလူက အင်မတန်အံ့သြတယ်။
ရဟန်းတော်များ အင်မတန်သိမ်မွေ့တဲ့ ဝိဟာရ သမာပတ်တွေနဲ့ နေကြတာပဲလို့ ချီးကျူးပြီးသကာလ သွားတယ်၊ အဲဒီ အကြောင်းကို ပြောပါတယ်၊ ပြောတော့မှ ခုနက ပုက္ကုသထိုတဲ့ မလ္လအမျိုးသားက အင်မတန်ကို အံ့သြတယ်၊ ကြည်ညိုပြီးတော့ သွားတယ်၊ တပည့်တော်အရင်က အာဠာရဆရာကြီး ကြည်ညိုတဲ့ဥစ္စာ အဲဒါတွေကုန်သွားပါပြီ၊ မြတ်စွာဘုရား ဟောလိုက်တာနဲ့ မိုးကြိုးတောင် မကြားလို့ရှိရင်တော့ အဲဒါက ပိုပြီးတော့ လွန်ကဲနေတာပဲ၊ သမာပတ်က ပိုလွန်ကဲနေတာပဲ၊ သမာပတ် မှာဖြင့် အာနဉ္စသမာပတ် ဆိုတာ ရှိတယ်၊ အာနဉ္စသမာပတ်ဆိုတာ စတုတ္ထဈာန် သမာပတ်တွေ၊ ဒီဈာန်သမာပတ်တွေ ဝင်စားနေလို့ရှိရင် မိုးကြိုး ပစ်တာတောင် မကြားဘူး၊ သူ့အာရုံမို့ သူတော့ ရှိနေတာပဲ။
မေ့တာလဲ မဟုတ်ဘူး၊ အိပ်ပျော်နေတာလဲ မဟုတ်ဘူးဆိုတာ သေချာနေတာပဲ၊ သမာပတ် ဝင်စားနေတာအိပ်ပျော်တာလဲ မဟုတ်ဘူး၊ အမှတ်သညာလဲ သူ့ဟာနဲ့သူရှိနေတာပဲ၊ ပထဝီ ကသိုဏ်းနဲ့ဆို ပထဝီကသိုဏ်း အာရုံပဲ၊ အာကာသနဉ္စာယတနဈာန်ဆိုရင် ကောင်းကင် ပညတ်အာရုံ၊ ဝိညာဏဉ္စာယတနဈာန်ဆိုရင် အာကာသနဉ္စာယတနဈာန်စိတ်ကလေးကို အာရုံပြု၊ သူက အင်မတန် သိမ်မွေ့တဲ့စိတ်ကလေး ဝိညာဏဉ္စာယတန အာကိဉ္စညာယတန ဆိုလို့ရှိရင်လဲပဲ အဲဒီဈာန်စိတ်မရှိတဲ့ သဘော နတ္ထိဘောပညတ် လို့ခေါ်တဲ့ ဈာန်စိတ်ကလေး အာကာသာနဉ္စာယတန ဈာန်စိတ်လေး မရှိတော့ဘူးဆိုတာ နှလုံးသွင်း၊ နေဝသညာ နာသညာယတန ဈာန်ဆိုရင်တော့ အာကိဉ္စညာယတန ဈာန်စိတ်ကလေး သိမ်မွေ့တာကို နှလုံးသွင်းပြီးတော့ သိမ်မွေ့တယ်, သိမ်မွေ့တယ်စသည်ဖြင့် နှလုံးသွင်းနေတာ၊ အဲဒါ လောကီဈာန်သမာပတ်ထဲ အာနဉ္စသမာပတ်၊ လောကုတ္တရာမှာလဲပဲ အဲဒီ အာနဉ္စသမာပတ်က တက်လာပြီးတော့ ဝိပဿနာရှုပြီး ဖလသမာပတ် ရောက်နေတာ ရှိတယ်၊ အရဟတ္တ ဖလသမာပတ်ကိုပဲ ပဓာနပြုပြီးတော့ ပြတယ်၊ အရဟတ္တ ဖလသမာပတ်၊ မြတ်စွာဘုရားကလဲ အဲဒီ အရဟတ္တဖလသမာပတ် ရောက်နေတာပါ၊ အရဟတ္တဖလသမာပတ် ရောက်နေ၊ စတုတ္တဈာန် အရဟတ္တ ဖလသမာပတ် ရောက်နေတာ၊ အဲဒီအခါကာလမှာ နိဗ္ဗာန် အာရုံပြုနေတယ်၊ ဒီကတော့ ဘယ်မှ မရောက်ဘူး။
အဲဒါ ဒီလို သမာပတ်ဝင်စားနေတဲ့ အခါကာလမှာ မြင်စရာ ရှိပေမယ်လို့ မြင်စရာတွေလဲ မမြင်ဘူး၊ ကြားစရာ ရှိနေပေမယ်လို့ မကြားဘူး၊ မိုးကြိုး ပစ်တာတွေလဲ မကြားဘူး၊ သမာပတ်လဲ မပျက်ဘူး၊ အိပ်ပျော်နေတာလဲ မဟုတ်ဘူး၊ သညာမရှိဘဲနဲ့ အမှတ်မရှိဘဲနဲ့လဲ မယုတ်ဘူး၊ သူ့အာရုံနဲ့သူ ရှိနေ တာပဲ၊ အဲဒါဟာ သမာဓိတရား၏ အစွမ်း သတ္တိပဲ၊ အဲဒီလိုဟာတွေ ခေါ်တယ်၊ ဈာန်သမာပတ်ရဲ့ အစွမ်းသတ္တိတွေဟာ တကယ် ပြည့်စုံလာလို့ရှိရင် တကယ်ဖြစ်နိုင်တယ်၊ ဒါတွေကို နှလုံးသွင်းရမှာပဲ၊ နှလုံးသွင်းတော့ ဈာန်သမာပတ်တွေရအောင်, သမာဓိဖြစ်အောင်, အားထုတ်ဖို့ရာ စိတ်တွေဟာ တက်ကြွ ပြီးတော့လာမှာပေါ့၊ ဒါကြောင့် ဈာန်ဝိမောက္ခ တရားတွေလဲ ဆင်ခြင်ရမယ်လို့ ပြောထားတာ။
အဲဒီတော့ တော်တော် စုံသွားပါပြီ၊ တော်တော်စုံသွားတော့ တရားသိမ်းဦးမှပဲ၊ သမာဓိပွား ဆယ့်တစ်ပါး ညွှန်ကြား အဋ္ဌကထာတဲ့၊ ဝတ္ထု သန့်စင်ညီမျှယှဉ် ကျွမ်းကျင်နိမိတ်မှာ၊ ကြွလျှင်နှိမ်လင့် ကျလျှင်ပင့်၊ ရွှင်သင့် ရွှင်စေရာ၊ ၆-ခုရှိသွားပြီ၊ ညီမျှနေလျှင် ရှိမြဲပင် ထိုတွင်စိတ်ညွှတ်ရာ၊ ဒီက ၂-ခု၊ ၈-ခုရှိပြီ၊ ပျံ့ထွင့်သူကြဉ်၊ တည်သူယှဉ်၊ ဆင်ခြင်ဈာန်မောက္ခာ၊ ဒီက ၃-ခု၊ ၁၁-ခုရှိသွားပြီ၊ သမာဓိပွား ဆယ့်တစ်ပါး ညွှန်ကြားဋ္ဌကထာ၊ သမာဓိပွားကြောင်းဖြစ်တဲ့အင်္ဂါတွေ အကြောင်းအရာတွေ ၁၁-ပါးရှိပါတယ်တဲ့၊ အဋ္ဌကထာဆရာတွေက ညွှန်ကြားပြီးထားပါတယ်၊ ကဲ-ဆိုကြရမယ်။
သမာဓိပွား ဆယ့်တစ်ပါး ညွှန်ကြားအဋ္ဌကထာ။ (ဆို-၃)
အဲဒီ ၁၁-ပါးသော အကြောင်းအင်္ဂါတွေနဲ့ သမာဓိဖြစ်အောင် အားထုတ်တဲ့ သမာဓိသမ္ဗောဇ္ဈင်တွေ တစ်စတစ်စ ရင့်ပြီးတော့ သွားလို့ရှိရင် သောတာပတ္တိမဂ်ဖိုလ်ရောက်၊ နောက် သကဒါဂါမိမဂ်၊ အနာဂါမိမဂ်ဖိုလ်ရောက်၊ အရဟတ္တဖိုလ် ရောက်တဲ့အခါကျရင် ဒီသမာဓိဟာ ပွားများခြင်းကိစ္စ ပြည့်စုံသွားတယ်တဲ့။
ယထာစ - အကြင် အကြောင်းကြောင့်လဲ၊
ဥပ္ပန္နဿ - ဖြစ်ပေါ်ပြီးသော၊
သမာဓိသမ္ဗောဇ္ဈင်္ဂဿ - သမာဓိသမ္ဗောဇ္ဈင်တရား၏၊
ဘာဝနာယ ပါရိပူရီ - ပွားများမှု ပြည့်စုံခြင်းသည်၊
ဟောတိ - ဖြစ်၏၊
တဉ္စ - ထိုအကြောင်းကိုလည်း၊
ပဇာနာတိ - သိ၏။
သမာဓိပြည့်စုံတဲ့ အရဟတ္တဖိုလ် ရောက်တဲ့ အခါကာလကျတော့ သမာဓိပွားများမှုနဲ့ ပြည့်စုံသွားပါပြီလို့ …
ကတံ ကရဏီယံ၊
ကရဏီယံ - ပြုဖွယ်ကိစ္စကို၊
ကတံ - ပြုအပ်ပေပြီ။
အနာပရံ ဣတ္ထတ္တာယ၊
ဣတ္ထတ္တာယ - ဤကိစ္စအလို့ငှာ၊
အပရံ - တစ်ပါးသော ပြုဖွယ်ကိစ္စသည်၊
န - မရှိတော့ပြီ။
အဲဒီ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်က ဒီလို သိရမှာကိုး၊ အရဟတ္တဖိုလ် ရောက်တဲ့အခါ သမာဓိ သမ္ဗောဇ္ဈင်တွင် မကဘူး၊ အားလုံးသော သမ္ဗောဇ္ဈင်တရားတွေ ဒီမှာပြည့်စုံတာပါပဲ။ ခုတော့ သမာဓိ ခေါင်းတပ်ပြီးတော့ ပြောနေရတာ၊ သမာဓိခန်းမို့ သမာဓိ ပြောနေရတာ၊ အဲဒီ သမာဓိအစရှိတဲ့ ဗောဇ္ဈင်တရားတွေ ပွားများခြင်းကိစ္စဖြင့် ပြည့်စုံသွားပြီ၊ ဒီဗောဇ္ဈင်တရားတွေ ဒီတရားထူးတွေကို ပွားများဖို့ရာ လုပ်ငန်းဆောင်တာ နောက်ထပ်ပြီး လုပ်စရာ မလိုတော့ဘူး။
အစစအရာရာ ပြည့်စုံသွားပြီ လို့ဆိုတာ၊ ပစ္စဝေက္ခဏာဉာဏ်နဲ့ ဆင်ခြင်ပြီးသကာလ သိနိုင်ပါတယ် တဲ့၊ နောက်သီတင်းကျတော့ ဥပေက္ခာသမ္ဗောဇ္ဈင်ဟောရမယ်၊ သမာဓိသမ္ဗောဇ္ဈင်တရားကို ရိုသေစွာ နာခံ မှတ်သားရသော ဓမ္မသဝနကုသိုလ်ကံ စေတနာ၏ အစွမ်းအာနုဘော်တော် တို့ကြောင့်၊ ယခု တရားနာ ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် မိမိတို့သန္တာန်၌၊ သမာဓိသမ္ဗောဇ္ဈင်အစရှိသော ဗောဇ္ဈင်တရား၊ ထိုမှတစ်ပါး မင်္ဂလာတရား တို့ကိုလည်း ပွားများအားထုတ် နိုင်ကြ၍ ဝိပဿနာ ဉာဏ်အဆင့်ဆင့် တိုးတက်၍ ကိလေသာ ချုပ်ငြိမ်းရာဖြစ်သော နိဗ္ဗာန်ချမ်းသာမြတ်ကို လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြု နိုင်ကြပါစေ။
သာဓု .... သာဓု .... သာဓု .... ။
ဥပေက္ခာသမ္ဗောဇ္ဈင် တရားတော်
▬▬▬▬▬▬
၁၃၂၃-ခု၊ တော်သလင်းလပြည့်နေ့ဟောကြားသည်။
ဒီကနေ့တော့ သတိပဋ္ဌာန် ဓမ္မာနုပဿနာ ၅-ပိုင်းထဲက ဗောဇ္ဈင်ပဗ္ဗ ဗောဇ္ဈင်ပိုင်း နောက်ဆုံး ဟောဖို့ရာ အလှည့်ပါပဲ၊ ဒီနေ့ ဥပေက္ခာသမ္ဗောဇ္ဈင် ဟောဖို့ အလှည့်ကျတယ်။
သန္တံ ဝါ အဇ္ဈတ္တံ ဥပေက္ခာ သမ္ဗောဇ္ဈင်္ဂံဝါ အတ္ထိ မေ အဇ္ဈတ္တံ ဥပေက္ခာ သမ္ဗောဇ္ဈင်္ဂေါတိ ပဇာနာတိ။ အသန္တံ ဝါ အဇ္ဈတ္တံ သမ္ဗောဇ္ဈင်္ဂံ နတ္ထိ မေ အဇ္ဈတ္တံ ဥပေက္ခာ သမ္ဗောဇ္ဈင်္ဂေါတိ ပဇာနာတိ။ ယထာစ အနုပ္ပန္နဿ ဥပေက္ခာသမ္ဗောဇ္ဈင်္ဂဿ ဥပ္ပေါဒါ ဟောတိ တဉ္စ ပဇာနာတိ။ ယထာစ အနုပ္ပန္နဿ ဥပေက္ခာ သမ္ဗောဇ္ဈင်္ဂဿ ဘာဝနာယပါရိပူရီ ဟောတိ တဉ္စ ပဇာနာတိ။
အဇ္ဈတ္တံ - ကိုယ်တွင်းသန္တာန် ထင်ရှားရှိသော၊
ဥပေက္ခာ သမ္ဗောဇ္ဈင်္ဂံ ဝါ- ဥပေက္ခာသမ္ဗောဇ္ဈင်တရားကိုလည်း၊
မေ - ငါ၏၊
အဇ္ဈတ္တံ - ကိုယ်တွင်းသန္တာန်၌။
ဥပေက္ခာသမ္ဗောဇ္ဈင်္ဂေါ - ဥပေက္ခာသမ္ဗောဇ္ဈင်သည်၊
နတ္ထိ - ရှိ၏၊
ဣတိ - ဤသို့၊
ပဇာနာတိ - သိ၏၊
အဇ္ဈတ္တံ - ကိုယ်တွင်းသန္တာန်၌၊
အသန္တံ - ထင်ရှားမရှိသော၊
ဥပေက္ခာ သမ္ဗောဇ္ဈင်္ဂံ ဝါ- ကိုလည်း၊
မေ - ငါ၏၊
အဇ္ဈတ္တံ - ကိုယ်တွင်း သန္တာန်၌၊
ဥပေက္ခာသမ္ဗောဇ္ဈင်္ဂေါ - သည်၊
အတ္ထိ - ရှိ၏၊
ဣတိ - ဤသို့၊
ပဇာနာတိ - သိ၏။
ဥပေက္ခာသမ္ဗောဇ္ဈင်တရား၊ မိမိသန္တာန် ဖြစ်ပေါ်လာရင် ဖြစ်ပေါ်လာမှန်းသိတယ်တဲ့၊ မဖြစ်ပေါ်ရင်လဲ မဖြစ်ပေါ်မှန်းသိ၊ မဖြစ်ပေါ်မှန်းသိတာကတော့ စောစောက လုံးလုံးမဖြစ်လို့ ဥပေက္ခာသမ္ဗောဇ္ဈင် လုံးလုံးမရှိတဲ့ ပုဂ္ဂိုလ်က ငါ့မှာဥပေက္ခာ သမ္ဗောဇ္ဈင်မရှိဘူးလို့ သိတာ၊ ဒါမျိုးကိုတော့ ဆိုလိုတာ မဟုတ်ဘူး၊ အဲဒါကတော့ ကိုယ်လုံးလုံးမရှိတာနဲ့ မသိတာနဲ့ ဗောဇ္ဈင်ဓမ္မာနုပဿနာ သတိပဋ္ဌာန်တော့ မဖြစ်နိုင်ဘူး။
အရင် အရင်နေ့တွေက ပြောခဲ့သည့်အတိုင်း ဝိပဿနာ အစဉ်အတိုင်းရှုလို့ ဥဒယဗ္ဗယဉာဏ် ရောက်တော့ ရုပ်နာမ် ကလေးတွေ ဖြစ်လိုက် ပျက်လိုက် ပေါ်လိုက် ပျောက်လိုက် ဖြစ်ပျက် စလေးတွေ မြင်တဲ့အချိန်ကာလကစပြီး ဒီဗောဇ္ဈင် ၇-ပါး တရားတွေကဖြစ်တာ၊ အဲဒီ ဗောဇ္ဈင် ၇-ပါး တရားတွေ ဖြစ်တဲ့အခါမယ် မိမိသန္တာန် ဗောဇ္ဈင် ၇-ပါးတွေကဖြစ်လာတော့ ဖြစ်လာမှန်း သိတာပဲ။
ဒီအထဲကနေပြီး အကြောင်းမညီညွတ်တဲ့အခါကျတော့ ဗောဇ္ဈင်တွေက မဖြစ်ပြန်ဘူး၊ ဝိပဿနာ လျော့သွားတဲ့အခါမှ ဗောဇ္ဈင်တရားတွေ အဆင့်အတန်းမြင့်တဲ့ ဗောဇ္ဈင်တရားထိအောင် မရောက် တော့ဘူး၊ ဝိပဿနာရှုတော့ ရှုနေတာပဲ၊ ဒါပေမယ်လို့ အောက်လျှောသွားတဲ့အခါကျတော့ အဲဒီအခါ ကျတော့ ဗောဇ္ဈင်တရားတွေမရှိဘူး၊ မရှိတော့လဲ မရှိမှန်းသိတယ်၊ အတိုချုပ် အားဖြင့်ဆိုရင်တော့ ရှုမှတ်လို့ ကောင်းနေတာ လေးရှိတယ်၊ မကောင်းတာရှိတယ်၊ ကောင်းတဲ့နေရာက မကောင်းသွားတဲ့ အခါမှာ ကောင်းနေရင် ကောင်းနေမှန်းသိတယ်၊ မကောင်းရင် မကောင်းမှန်း သိတယ်၊ အဲဒါ အတိုချုပ် ဒါပါပဲ။
ဥပေက္ခာသမ္ဗောဇ္ဈင်လေးဖြစ်နေရင် ဖြစ်မှန်းသိတယ်တဲ့၊ ဖြစ်နေရာက နေပြီး အကြောင်းမညီညွတ်လို့ မဖြစ်တဲ့အခါ ရှိတယ်၊ မဖြစ်တော့ မဖြစ်မှန်းသိတယ်တဲ့၊ ဒါကတော့ ဖြစ်ရင်လဲဖြစ်မှန်းသိတော့မှာပဲ၊ ယောဂီပုဂ္ဂိုလ်က မိမိသန္တာန်မှာ ဖြစ်ပေါ်တိုင်းသော တရားတွေ အမြဲရှုနေတော့ ဝိပဿနာ အထူးကောင်းပြီးတော့ ဗောဇ္ဈင်တရားတွေနဲ့ ပြည့်စုံနေတဲ့အခါမှာ ဗောဇ္ဈင် တရားမှန်း သိတာပေါ့၊ မသိဘဲဘယ်နေမလဲ၊ တော်တော်ကြာတော့ ဒီအထဲကနေပြီး မကောင်းပြန်တော့ မကောင်းလို့ မဖြစ်မှန်း သိပြန်တယ်၊ မသိဘဲနဲ့မနေနိုင်ဘူး၊ သူကတော့ သိရမှာပဲ၊ အဲဒါကို ဆိုလိုပါတယ်။
အဲဒီတော့ ဗောဇ္ဈင်ဆိုတာဟာ ပထမ ဟောကာစတုန်းက တစ်ကြိမ် နှစ်ကြိမ် ဗောဇ္ဈင်အကြောင်းကို ရှင်းပြီးတော့ ပြောဖူးပါပြီ၊ ဒီနေ့တော့ နောက်ဆုံးကိုး၊ ပြီးတော့ ပြီးကောင်းပါရဲ့၊ ပြီးပါ့မလားတော့ မပြောတတ်ဘူး၊ နောက်ဆုံးလို ဖြစ်နေတဲ့အတွက်ကြောင့် ဗောဇ္ဈင်အကြောင်း ပြန်ပြောရဦးမယ်၊ ဗောဇ္ဈင်ဆိုတာ ဗောဓိအင်္ဂ၊ ဗောဓိ-သစ္စာလေးပါးကို သိသော ပုဂ္ဂိုလ်၊ အင်္ဂ-အကြောင်းအင်္ဂါ သစ္စာလေးပါး သိသောအကြောင်းပဲ၊ အကြောင်းအင်္ဂလို့ ပေါ်တယ်၊ ဗောဓိအင်္ဂ-ဗောဇ္ဈင် တစ်နည်း အားဖြင့် ဗောဓိ - သစ္စာလေးပါးကို သိသော တရားအပေါင်း သစ္စာလေးပါးသိမှု၊ အင်္ဂက အစိတ်အပိုင်းရှိတာ၊ သစ္စာလေးပါး သိမှုထဲက တရားအပေါင်းထဲက အစိတ်အပိုင်း အင်္ဂါလေး တစ်ခုပါပဲတဲ့။
ဗောဇ္ဈင်ဆိုတာ သစ္စာတရားလေးပါး တရားသိဖို့ရဲ့ အစိတ်အပိုင်း အင်္ဂါလေးတစ်ခုပါပဲတဲ့၊ အဲဒါလေးတွေ ပထမ ဆောင်ပုဒ် ကလေးတွေနဲ့ အဆိုခိုင်းထားတယ်၊ ဒီနေ့ဆိုကြဦးစို့၊ နောက်ဆုံး ဒီကနေ့ ပြီးကောင်းပါရဲ့၊ မပြီးလဲဘဲ ဆက်ဟော ရမှာပေါ့လေ၊ သစ္စာလေးပါးကိုသိသူ၏ အကြောင်း အင်္ဂါကို ဗောဇ္ဈင်ဟုခေါ်သည်တဲ့ဆိုတာ ဗောဇ္ဈင်ဆိုတဲ့ပုဒ်ရဲ့အနက် ဗောဇ္ဈင် ဆိုတာ ဘာတုံးလို့မေးရင် သစ္စာလေးပါးကိုသိသူ၏ အကြောင်းအင်္ဂါကို ဗောဇ္ဈင်ဟု ခေါ်သည်၊ ကိုင်း ဆိုရမယ်။
သစ္စာလေးပါးကို သိသူ၏ အကြောင်းအင်္ဂါကို ဗောဇ္ဈင်ဟု ခေါ်သည်။ (ဆို-၃)
အဲ သစ္စာလေးပါးကို သိတဲ့သူရဲ့ အကြောင်းအင်္ဂါပဲတဲ့၊ ဝိပဿနာ အစဉ်အတိုင်းရှုလို့ ဥဒယဗ္ဗယ ဉာဏ် ရောက်တဲ့အခါ ကာလကျတော့ ဒီဗောဇ္ဈင်ခေါ်တဲ့ ၇-ပါးသော တရားတွေကိုတွေ့တယ်၊ အဲဒီ အခါကာလကစပြီးတော့ သစ္စာလေးပါး တရားတွေကို ထိုက်သည့်အားလျော်စွာ သိသွားတယ်၊ အရင်ကလဲပဲ သစ္စာလေးပါးဆိုင်ရာဖြစ်တဲ့ ဒုက္ခသစ္စာတွေ သိတော့သိနေတာပဲ၊ ဒါပေမယ်လို့ သူက အဆင့်အတန်းမြင့်မြင့် မသိသေးဘူးပေါ့လေ၊ ရှေ့နားက နာမ်ရုပ် ပိုင်းခြားသိတဲ့ဉာဏ်လဲ ရှိပါတယ်၊ အကြောင်းနဲ့အကျိုး ဆင်ခြင်ပြီးသိတဲ့ ဉာဏ်လဲရှိပါတယ်၊ အဲဒါတွေကတော့ အဆင့်အတန်း မမြင့်သေးဘူး၊ ဥဒယဗ္ဗယဉာဏ် ရောက်တဲ့ အခါကာလကျတော့ ရှုတိုင်း မှတ်တိုင်း ရုပ်နာမ် ကလေးတွေ အပိုင်းအပိုင်းနဲ့ ပိုင်းခြားပြီးတော့ သိတော့ အဲဒီ ရုပ်နာမ်လေးတွေဟာ ဆင်းရဲတရားပဲလို့ ဒုက္ခသစ္စာတရားတွေပဲဆိုတာ ပိုင်းပိုင်းခြားခြားသိတယ်၊ ဒုက္ခသစ္စာတရားတွေမှန်းသိတော့ ဒီ ဒုက္ခသစ္စာ တရားတွေအပေါ်မှာ သာယာမည့်တဏှာဟာလဲ ငြိမ်းသင့်သလောက် ငြိမ်းသွားတယ်၊ သမုဒယသစ္စာကိုလဲ ပယ်ခြင်းကိစ္စပြီးတယ်၊ အဲ သမုဒယသစ္စာ ငြိမ်းသွားသဖြင့် ကိလေသာတွေ, ကံတွေ, ဆက်ဖြစ်ရမှာတွေ မဖြစ်ဘဲနဲ့ ငြိမ်းသွားတာ၊ ဒါက နိရောဓသစ္စာကို မှတ်တိုင်းမှတ်တိုင်း ဆိုက်ရောက်နေတယ်၊ ရှုတိုင်းရှုတိုင်း အဖြစ်အပျက်ကလေးတွေ သိနေတာက ဝိပဿနာ မဂ္ဂသစ္စာ ပဲတဲ့။
ဒါကြောင့် ဥဒယဗ္ဗယဉာဏ်ကစပြီး သစ္စာလေးပါးတရား ထိုက်သည့်အားလျော်စွာ သိတယ်တဲ့၊ ဒီလိုသိတာဟာ ဘာကြောင့် သိသလဲဆိုရင် သတိသမ္ဗောဇ္ဈင် အစရှိသော ၇-ပါးသော တရားတွေနှင့် ပြည့်စုံလို့တဲ့၊ ဒီအစိတ်အပိုင်းတွေနှင့် ပြည့်စုံမှသိတယ်၊ လူမှာ မျက်စိတည်း ဟူသော အင်္ဂါရှိသည့် အတွက် အဆင်းကိုမြင်ရတယ်၊ မျက်စိအင်္ဂါမရှိရင် အဆင်းမမြင် နိုင်ဘူး၊ နားကိုယ့်မှာရှိတဲ့အတွက် အသံကိုကြားရတယ်၊ နားမရှိရင် မကြားနိုင်ဘူး၊ အဲဒါလိုပဲ ဗောဇ္ဈင် ၇-ပါး တရားတည်းဟူသော အစိတ်အပိုင်း အင်္ဂါနဲ့မပြည့်စုံခဲ့လို့ရှိရင် ဒီသစ္စာလေးပါး တရားတွေကို မသိနိုင်ဘူး၊ ဥဒယဗ္ဗယဉာဏ် မရောက်ခင်က ရှေ့အဖို့ဆိုလို့ရှိရင် ဒီဗောဇ္ဈင် ၇-ပါးတရားတွေနဲ့ မပြည့်စုံဘူး၊ အစိတ်အပိုင်းအင်္ဂါတွေ ကောင်းကောင်း မပြည့်စုံသေးဘူး၊ ဒါကြောင့် သစ္စာလေးပါး တရားတွေကို ပြည့်ပြည့်စုံစုံ မသိရသေးဘူး၊ ဥဒယဗ္ဗယဉာဏ်စပြီးတော့ ဗောဇ္ဈင် ၇-ပါးတရားတွေနဲ့ ပြည့်စုံတဲ့အတွက်ကြောင့် သစ္စာလေးပါးတရားတွေ သိရတယ်တဲ့။
ဒါကြောင့်မို့ အဲဒီ ဗောဇ္ဈင် ၇-ပါးတရားတွေက သစ္စာ လေးပါးတရားကို သိတဲ့သူရဲ့ အကြောင်းအင်္ဂါတရားတွေပါပဲတဲ့၊ ဒါကြောင့် သူ့ဗောဇ္ဈင်လို့ ခေါ်တယ်၊ သစ္စာလေးပါးကို သိသူ၏ အကြောင်း အင်္ဂါကို ဗောဇ္ဈင်ဟု ခေါ်သည်၊ ဆောင်ပုဒ်က နောက်တစ်ခုက သစ္စာလေးပါး သိမှု၏ အစိတ်အပိုင်းကိုလဲ ဗောဇ္ဈင်ဟုခေါ်သည်၊ သစ္စာလေးပါး သိမှု၏ အစိတ်အပိုင်း ခုနက သိသော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ ယခုဟာကတော့ သစ္စာလေးပါးသိမှု၏ အစိတ်အပိုင်း ဒါပါပဲ၊ ဗောဓိပုဒ်က အနက် ၂-မျိုး ရပြီးနေလို့ အဋ္ဌကထာဆရာများက နည်းနည်းဖွင့်ထားတယ်၊ ကဲ-ဆိုရမယ်။
သစ္စာလေးပါး သိမှု၏ အစိတ်အပိုင်းကိုလည်း ဗောဇ္ဈင်ဟုခေါ်သည်။ (ဆို-၃)
ဗောဇ္ဈင်ဆိုတာဟာ သစ္စာလေးပါး သိတဲ့ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ၊ တစ်နည်းအားဖြင့် သစ္စာ လေးပါးကို သိမှုထဲက အစိတ်အပိုင်း အင်္ဂါလေးတစ်ခုတဲ့၊ ဒီလိုဆိုလိုရပါတယ်၊ အဲဒီ အစိတ်အပိုင်း အင်္ဂါဟာ ဘယ်နှစ်ခု ရှိသလဲဆို ၇-ခုရှိတယ်၊ အဲဒီ ၇-ခုကို ဗောဇ္ဈင် ၇-ပါးလို့ခေါ်တာပဲ၊ အဲဒီ ၇-ခုသော ဗောဇ္ဈင် ၇-ပါး တရားထဲက ရှေ့ ၆-ပါးကတော့ ဟောပြီးပါပြီ၊ ဒီနေ့ ဥပေက္ခာသမ္ဗောဇ္ဈင် မိမိသန္တာန်ရှိရင် ရှိမှန်းသိတယ်၊ မဖြစ်ရင်လဲ မဖြစ်မှန်းသိတယ်။
အဲဒီ ဥပေက္ခာ သမ္ဗောဇ္ဈင်ဟာ ဘယ်လိုသဘော ရှိပါသလဲဆိုတော့ ဥပေက္ခာသမ္ဗောဇ္ဈင်က လက္ခဏာ အားဖြင့် သမဝါ ဟိတလက္ခဏာ အညီအမျှဆောင်ခြင်း, အညီအမျှဖြစ်စေခြင်း လက္ခဏာ ရှိပါ တယ်တဲ့၊ အတူတကွ ပူးပေါင်းပြီးတော့ ဖြစ်တဲ့ တရားတွေကို ညီမျှစေတယ်တဲ့၊ သူက အလယ်ကြား ကနေပြီးတော့ အလေးချိန် ဟိုဘက်မသာရအောင် ဒီဘက် မသာရအောင် မျှပြီးတော့ ပေးတဲ့သဘော။
ဥပမာအားဖြင့် ကလေးတွေကစားတာလဲ ရှိတတ်ပါတယ်၊ ဘားဆပ်ကတွေ ပြတဲ့နေရာမှာလဲ ရှိတတ်ပါတယ်၊ တုတ်ချောင်းတစ်ခုကို တုတ်တန်း တစ်ခုပေါ် တန်းပေါ်မှာ ရပ်ပြီးနေတော့ ဟိုဘက်က လေးသွားရင်လဲ ဒီဘက်ကိုတစ်ခါ အားပြုလိုက်ရတာကိုး၊ ကျ-မသွားအောင် ဒီဘက်က လေးသွားပြန်လို့ရှိရင်လဲ ဟိုဘက်ကိုအားပြုရတယ်၊ အဲဒီလူက အလယ်ခေါင်က လူကနေပြီး ထိန်းထားတယ်၊ ဘေးအစွန်ကနေပြီးတော့ လူနှစ်ယောက်ထိုင်နေရင် ဘေးအစွန်က လူနှစ်ယောက် ထိုင်နေ၊ ဟိုဘက်က လေးသွားတဲ့အခါ ဟိုဘက်စောင်းသွားတော့ ပေါ့တဲ့ဘက်က နေပြီး လူတစ်ယောက်ကနေပြီး ဖိနင်းပေးရတာကို မျှနေအောင်, လိမ့်မသွားအောင် လုပ်ရတယ်၊ ကလေးတွေ ကစားတဲ့အခါမှာလဲ ရှိကြပါတယ်၊ ဘားဆပ်ကတွေ ဘာတွေ ပြတဲ့ နေရာမှာလဲ ရှိတတ်တယ်၊ အဲဒါများလိုပဲ အလယ်ခေါင်ကနေပြီးတော့ ဟိုဘက်ဒီဘက်မလွန်ရအောင်, မလျှော့ရ, မလွန်ရအောင် မျှပေးတဲ့ သဘောကို ဥပေက္ခာသမ္ဗောဇ္ဈင် ခေါ်တယ်တဲ့။
သမဝါဟိတ လက္ခဏာ - အညီအမျှ အညီအမျှဖြစ်ခြင်းဟာ သူ့သဘောပါပဲတဲ့၊ အညီအမျှ မဖြစ်သေးသမျှ ကာလပတ်လုံး တရား အားထုတ်လို့ မကောင်းဘူး၊ အားထုတ်ခါစ ပုဂ္ဂိုလ်တွေကို အညီအမျှ မဖြစ်နိုင်ဘူး၊ ဝီရိယ လျော့နေတဲ့အခါလဲ ရှိတယ်၊ လွန်တဲ့အခါလဲရှိတယ်၊ သမာဓိကလဲ လျော့တာရှိတယ်၊ လွန်တာရှိတယ်။ သဒ္ဓါကလဲ လျော့တဲ့အခါရှိတယ်၊ လွန်နေတဲ့အခါရှိတယ်၊ စဉ်းစားဆင်ခြင်မှုတွေ ပညာလို့ ခေါ်ရတာပေါ့လေ၊ ပညာအစစ်ဟုတ်ချင်မှလဲ ဟုတ်မယ်၊ အဲဒါတွေကလဲ လျော့နေတဲ့အခါရှိတယ်၊ လွန်နေတဲ့အခါရှိတယ်၊ အဲဒီတရားတွေ မညီမျှသေးသမျှ ကာလပတ်လုံး ရှုမှတ်တာလေးက အချိုး မကျဘူး ရုပ်တရား, နာမ်တရားလေးတွေ ပိုင်းခြားပြီးတော့ တည့်တည့်မတ်မတ် မသိဘူး၊ ရုပ်တရား နာမ်တရားလေးတွေရဲ့အဖြစ်အပျက်ကို ပိုင်းပိုင်းခြားခြား သူမသိသေးဘူး၊ ညီမျှသွားတဲ့အခါကျတော့မှ အပိုင်းပိုင်း အခြားခြား သူသိတယ်၊ ညီမျှသွားတဲ့အခါ ကျတော့ ကြောင့်ကြလဲ မစိုက်ရဘူး၊ မှတ်ရတာကလေးတွေက အချိုးကျနေတယ်။
ဒီနေ့တော့ ညီမျှတဲ့ သဘောလေးတွေ ပြောရမယ်၊ သရုပ်တရားကိုယ်အားဖြင့်ဆိုရင် အဘိဓမ္မာ ကျမ်းဂန်တွေမှာ ပြထားတာက စေတသိက် ၅၂-ပါးတဲ့၊ အဲဒီ ၅၂-ပါးထဲက ဒီညီမျှစေတဲ့ စေတသိက်ကလေးက တစ်ခုရှိတယ်၊ တတြမဇ္ဈတ္တတာ စေတသိက်တစ်ခုရယ်၊ တတြမဇ္ဈတ္တတာ ခေါ်တယ်၊ တတြမဇ္ဈတ္တတာ-ထိုထိုသမ္ပယုတ်တရားတွေထဲမှာဖြင့်ရင် အလယ်အလတ် ဖြစ်နေတဲ့ သဘောပဲတဲ့၊ ညီမျှနေတဲ့ သဘောပဲတဲ့၊ ညီမျှတဲ့အပိုင်းကလေး ရောက်လာတဲ့အခါကျရင် ရှုမှတ်တာလေးတွေ ကောင်းလာတာပဲ၊ ညီမျှတာလေးကလဲ တရားအားထုတ်မှသိတယ်၊ တရား အားမထုတ်လို့ရှိရင် ဒီဟာလေး မသိဘူး၊ ဒါပေမယ်လို့ တတြမဇ္ဈတ္တတာဆိုတဲ့ ညီမျှတာလေးဟာ ကုသိုလ်စိတ်တိုင်းစိတ်တိုင်းမှာ ပါပါတယ်၊ ဘုရားရှိခိုးလဲ သူပါတာပဲ၊ ဒါန ကုသိုလ်ပြုရင်လဲ ပါတာပါပဲ၊ ကောင်းသော အလုပ်လုပ်ရင်လဲ ပါတာပါပဲ အရိုအသေပေးရင်လဲ ပါတာပဲ၊ ဘယ်အချိန် မဆို ကုသိုလ်စိတ်ကလေး ဖြစ်တိုင်း ဖြစ်တိုင်းမှာ ဒီ မျှတတဲ့ သဘောလေးဟာ ပါတော့ ပါတယ်။
ဒါပေမယ့်လို့ သူက မထင်ရှားဘူး၊ သူက အသိခက်တဲ့ ဟာလေးပဲ၊ တရားအားထုတ်တဲ့ အခါကာလမှာ ညီမျှတာလေးက ထင်ရှားတယ်၊ တရားအမှတ်ကောင်းနေတဲ့အခါကျတော့ ကြောင့်ကြမစိုက်ရဘဲနဲ့ သူ့အချိုးအတိုင်းသွားနေတာ အချိန်မှန်ပြီး သွားနေတာရှိတယ်၊ ညီမျှတဲ့သဘောလေး၊ အဲဒါ တတြမဇ္ဈတ္တတာ ခေါ်တဲ့ သဘောလေးပဲ၊ အဲဒါလေးကို ဥပေက္ခာ သမ္ဗောဇ္ဈင်လို့ခေါ်တာ၊ သူခေါ်တာ ဥပေက္ခာက ညီမျှစေသည်တဲ့၊ သမဝါဟိတလက္ခဏာဥပေက္ခာ၊ ဥပေက္ခာ - ဥပေက္ခာသည်၊ သမဝါဟိတလက္ခဏာ - အညီအမျှဆောင်ခြင်း အညီအမျှဖြစ်စေခြင်း လက္ခဏာရှိ၏တဲ့၊ သူနဲ့ ယှဉ်ဖော်ယှဉ်ဖက် တရားတွေကို မယုတ်မလွန်ရအောင်လို့ ညီမျှစေပါတယ်တဲ့၊ ကိုင်း-ဆိုရမယ်။
ဥပေက္ခာက ညီမျှစေသည်။
တစ်ဖက်လိုက်ခြင်း ပါယ်ခွင်းတတ်သည်။
တစ်ဖက်သတ်မလိုက်ဘူးတဲ့၊ သူက ဟိုဘက်ဒီဘက်တစ်ဖက်သတ်လိုက်ပြီးတော့ မသွားပါဘူးတဲ့၊ သူက ပြောခဲ့တဲ့အတိုင်း အလယ်ခေါင်ကနေ ညီမျှပေးနေတာကိုး၊ ဟိုဘက်မလွန်ရအောင်, ဒီဘက် မလွန်ရအောင် ဟိုတရားက လွန်သွားလို့ရှိရင် အဲဒီတရားမလွန်ရအောင်လို့ သူက လျော့ပေးတယ်၊ ဒီတရားက လျှော့သွားလို့ရှိရင် မလျှော့ရအောင်ဖြည့်ပေးတယ်၊ သူက အလယ်ခေါင်က နေပြီးတော့ မျှပေးနေတဲ့သဘောပဲတဲ့၊ အဲဒီဟာက ဘက်လိုက်ခြင်း တစ်ဖက်သတ်လိုက်ခြင်းကို ပယ်တတ်တဲ့ သဘောရှိပါတယ်တဲ့။
ပက္ခပါတုပစ္ဆေဒ ရသာ - ပက္ခပါတဆိုတာ တစ်ဖက်သတ် လိုက်ခြင်းကို ပက္ခပါတလို့ ပါဠိလိုခေါ်တယ်၊ ပက္ခက - တစ်ဖက်၊ ပါတဆိုတာ - ကျတယ်လိုက်တယ်၊ တဖက်သတ် လိုက်ခြင်းကိုး၊ ဥပစ္ဆေဒ - ပယ်ဖြတ်ခြင်းဟာ သူ့ကိစ္စပါပဲတဲ့၊ သူ့ အလုပ်ကဒါပဲ၊ တစ်ဖက်သတ်လိုက်ခြင်းကို ပယ်ဖို့ရာပဲ သူ့အလုပ်ပဲ၊ ဥပမာပြောခဲ့တာထဲမှာ ဒါန်းစီးတဲ့နေရာမှာ အလယ်ခေါင်ကနေပြီး မျှပေးတဲ့ပုဂ္ဂိုလ်၊ သူ့အလုပ်ကဘာတုံး၊ မျှပေးဖို့က သူ့အလုပ်ပဲ၊ ဟိုဘက်ထောင်မသွားအောင် ဒီဘက်ထိုးကျ မသွားအောင် ဒါသူ့အလုပ်ပဲ၊ ဒါလုပ်နေရတာတဲ့၊ သူကအဲဒါလိုပဲ၊ သမ္ဗယုတ်တရားတွေထဲမှာ မလွန်ရအောင်လို့ ညီမျှအောင် ဆောင်ရွက်ပေး နေတာဟာ သူ့အလုပ်ပဲ၊ ညီမျှအောင်ဆောင်ရွက် ပေးတဲ့ ဥပေက္ခာအားကောင်းတဲ့အခါမှာ အမှတ်ကလေးတွေက ကောင်းလာတာပဲ။
ဒါဘယ်လိုလုပ်ရမလဲလို့ စောစောကတော့ ဖြစ်တော့မဖြစ်ဘူး၊ အစဉ်အတိုင်း ရှုပြီးသွားလို့ရှိရင် သူ့အချိန်ကတော့ ညီမျှတာလေး ဖြစ်လာတယ်၊ အဲ ညီမျှတဲ့အချိန်လေးမှာ မှတ်ရတယ်၊ ဆွဲတင်လိုက် သလိုကို သူက ကောင်းလာတာ၊ အစက အာရုံတွေဖမ်းလို့မမိဘူး၊ စိတ်တွေက ပြေးချင်တိုင်း ပြေးနေတာတွေ ညီမျှတဲ့အချိန်လေးကျတော့ တစ်ခါတည်း မှတ်စရာအာရုံနဲ့ အသိနဲ့ မှတ်စရာ အာရုံနဲ့အသိနဲ့၊ တစ်ခါတည်း ကပ်ပြီးတော့ (ကပ်ခနဲ-၂) ကျသွားလိုက်တာ၊ သူ့အရှိန်လေးနဲ့သူ သွားနေလိုက်တာ နာရီစက်ကလေး သွားနေသလို အင်မတန်ဟန်ကျတယ်၊ အဲဒီလို ညီမျှပြီးသွားတဲ့ ဟာ ဒါဥပေက္ခာသမ္ဗောဇ္ဈင်တဲ့၊ တစ်ဖက်လိုက်ခြင်း ပယ်ခွင်းတတ်သည်တဲ့။
အဇ္ဈတ္တ ဘာဝ ပစ္စုပဋ္ဌာနံ-အလယ်အလတ် သဘောအနေအားဖြင့် ယောဂီပုဂ္ဂိုလ် ဉာဏ်ထဲမှာ ထင်ရှားပါတယ်တဲ့၊ မလွန်မယုတ်ဘဲနဲ့ လွန်လဲမလွန် ယုတ်လဲမယုတ်ဘူး သဒ္ဓါအားဖြင့် ကြည်ညိုမှုတွေ ယုံကြည်မှုတွေ အဲဒါတွေလဲ လွန်ကဲပြီးတော့ မနေဘူးတဲ့၊ ပညာအားဖြင့် စဉ်းစားဆင်ခြင်မှုတွေ ဒါတွေလဲ လွန်ကဲပြီးတော့ မနေဘူး၊ သဒ္ဓါလျှော့ပြီးတော့လဲ မနေဘူး၊ စူးစမ်း ဆင်ခြင်မှုတွေလဲ လျှော့ပြီးတော့ မနေဘူး၊ ဝီရိယတွေဟာ လွန်လဲမနေဘူး၊ လျှော့လဲ မနေဘူး၊ အားထုတ်မှု ဝီရိယတွေ သမာဓိ စူးစိုက်တည်ကြည်မှုဟာလဲ လွန်မနေဘူး၊ လျှော့လဲမနေဘူး၊ ညီမျှပြီး တော့နေတယ်၊ အဲဒီလို အလယ်အလတ် သဘောအားဖြင့် ယောဂီပုဂ္ဂိုလ်ဉာဏ်ထဲမှာ ထင်ပါတယ်တဲ့၊ ဒါပစ္စုပဋ္ဌာန်ခေါ်တယ်၊ ဆိုရမယ်။
အလယ်ဗဟိုမျှ ချိန်ကြနေသည်။
အလယ်ဗဟို ချိန်ခွင်လျှာများ အလယ်မှာတည့်မတ်ပြီး နေသလိုပဲတဲ့၊ ဟိုဘက်မလိုက်၊ ဒီဘက်မလိုက် အလယ်ခေါင် ကနေပြီးတော့ ချိန်ခွင်လျှာသဘောအားဖြင့် ညီမျှပြီးတော့ နေပါတယ်တဲ့၊ လယ်ဗဟိုမှ ချိန်ကျနေသည်၊ အဲဒါ ယောဂီပုဂ္ဂိုလ်ရဲ့ ဉာဏ်ထဲမှာထင်တဲ့ အခြင်းအရာပဲ၊ အဲဒါ ပစ္စုပဋ္ဌာန်ခေါ်တယ်၊ ယောဂီပုဂ္ဂိုလ်မှာ ဒီအမှတ်ကလေး ရောက်လာတော့ တစ်ခါတည်းလျှော့လဲမလျှော့ လွန်လဲမလွန် ဘယ်ဘက်မှမလိုက်ဘဲနဲ့ အမှတ်ကလေးဟာ တစ်ခါတည်း ငြိမ်ပြီးတော့ သွားနေတာ ညီမျှပြီး သွားနေတယ်တဲ့၊ ယောဂီဉာဏ်ထင်ရှားတယ်။
ဘာနဲ့ဥပမာအားဖြင့်တူသလဲဆိုရင် ..
သမပဝတ္တာနံ အဿာနံ သာရထိဝိယ ဒါတဗ္ဗံ၊
သမပဝတ္တာနံ - အညီအမျှပြေးသွား၍ နေကုန်သော၊
အဿာနံ - မြင်းတို့အား၊
အဇ္ဇုပဋ္ဌာကာသာရထိဝိယ - လျစ်လျူ ရှုနေသော ရထားထိန်းကဲ့သို့၊
ဒဋ္ဌဗ္ဗာ - မှတ်အပ်၏တဲ့၊
ရှေးတုန်းက မြင်းရထားတွေ ၂ ကောင်ဆွဲ မြင်းတွေကို မြန်မာပြည်မှာ တယ်မရှိဘူး၊ ဘုန်းကြီး ကတော့ လှည်းနဲ့ပဲ ဥပမာ ပေးထားတယ်၊ နွားနဲ့ လှည်းနဲ့ ဒါကတော့ လူတိုင်း လူတိုင်း မြင်ဖူးတယ်၊ နွားနှစ်ကောင်ကတဲ့လှည်း မြန်မာပြည်မှာ ထင်ရှားတယ်၊ မြင်းနှစ်ကောင်ကပြီး မောင်းတဲ့ရထား နည်းနည်းပါးပါးတော့ ရှိပါတယ်။
ယခုခေတ်ဆိုရင် မြင်းတောင် မမြင်ရတော့ဘူး၊ ဒါ ဥပမာပေးလို့ရှိရင် သဘောပေါက်မှာ မဟုတ်ဘူး၊ အဲဒီထဲကတော့ မြင်းနဲ့ဥပမာပေးတယ်၊ ဘုန်းကြီးက နွားနဲ့ပဲ ဥပမာပေးရတယ်၊ အဲ နွား ၂ ကောင်က အညီအမျှသွားနေတဲ့အခါ လှည်းမောင်းတဲ့ပုဂ္ဂိုလ်က ဘယ်နွားမှလဲ မမောင်းရဘူး၊ ဘယ်နွားမှလဲ မဆွဲရဘူး၊ အသာလေးမှေးလိုက်၊ မှေးလိုက်တဲ့ပုဂ္ဂိုလ်ပါဦးမှဖြစ်မယ်၊ မပါလို့ရှိရင် နွားက တစ်ဖက်က လွန်သွားရင်လဲ သွားမယ်၊ တစ်ကောင်က မသွားဘဲနဲ့နေချင်လဲနေမယ်၊ မဟုတ်ရာတွေလဲ လှည်းသွားချင်သွားမယ်၊ လူကတော့ ပါဦးမှဖြစ်မယ်။
အဲဒီလိုပဲ သမုဒယ ရုပ်တရားတွေ, စိတ်စေတသိက် တရားတွေ ဝိပဿနာရှုပြီးနေတဲ့ တရားတွေ, အညီအမျှ့ဖြစ်ပြီးနေတဲ့ အခါကာလ ဥပေက္ခာသမ္ဗောဇ္ဈင် ဆိုတဲ့ တရားလေးက လှည်းမောင်းတဲ့ ပုဂ္ဂိုလ်လိုပဲ၊ နွားနှစ်ကောင် ဟိုဘက်လဲမလွန်, ဒီဘက်ကလဲမလွန်၊ ဟိုဘက်ကလဲမလျှော့, ဒီဘက်ကလဲမလျှော့ ဖြစ်ပြီးနေတော့ အညီအမျှဖြစ်ပြီးနေတော့ အသာလေး မှေးပြီးတော့ လိုက် သွားသလိုပဲ။ အဲဒါနဲ့တူပါတယ်တဲ့။
တရားအားထုတ်လို့ အမှတ်ကောင်းတဲ့ အခါကျတော့ အဲဒါလေး ရောက်လာတယ်၊ ဒါလေး ရောက်ဖို့ရာလဲ ကြိုးစားနေရတာ၊ ဒီဟာလေး ရောက်နေလို့ရှိရင်ဖြင့် တစ်ဉာဏ်ပြီးတစ်ဉာဏ် တက်သွားတာပဲ၊ ဒါအဆင်လေးမသင့်တဲ့အခါလဲ ကျသွားတာပဲ ဒါလေး အဆင်သင့်တဲ့အခါ တက်သွားပြန်တာပဲ၊ ဒီလို ဒီလိုနဲ့ တက်သွားလိုက်တာ တစ်ခါတည်း သင်္ခါရုပေက္ခာကတော့ အကောင်းဆုံးပေါ့၊ အဲဒါတွေ ညီမျှနေတာပဲ၊ အဲဒီကနေပြီး ကောင်းသွားတာ အရိယာမဂ်ဉာဏ် ဖိုလ်ဉာဏ်တွေ တစ်ခါတည်း တက်သွားတာ တန်းပြီးတော့ ဒါကြောင့်-
နွားစုံကောင်း နှင်မောင်းတူပေသည်။
ရှုတဲ့ပုဂ္ဂိုလ်တွေမှာ နွားစုံကောင်းနေတဲ့ နွားလှည်းများ မောင်းနေရတာနဲ့တူတယ်၊ မောင်းတဲ့ပုဂ္ဂိုလ် ဘာမှ မလုပ်ရဘူး အသာလေး မှေးလိုက်နေရုံပဲ၊ ကိုင်းဆိုရမယ်။
နွားစုံကောင်း နှင်မောင်းတူပေသည်။ (ဆို-၃)
နွာစုံကောင်း၊ စုံလုံးကောင်းတဲ့ နွားတစ်ကောင်ကောင်ကနေ ညံ့နေရင်လဲ အဲဒါ မောင်းရတယ်၊ တစ်ကောင်ကောင်က နေပြီးတော့ လွန်သွားနေရင်လဲ အဲဒါ ဆွဲထားရတယ်၊ အဲ-နွားတစ်စုံ နှစ်ကောင်လုံး ညီနေရင် ညီပြီးသွားနေရင် နွားမောင်းတဲ့ ပုဂ္ဂိုလ်က ဘာမှ ကြောင့်ကြ မစိုက်ရဘူး၊ မှေးလိုက်နေတယ်၊ အဲဒါလိုပဲ။
အမှတ်ကလေးက အချိုးကျနေတဲ့အခါကျတော့ မယုတ်မလွန်သွားနေတာပဲ၊ ကြောင့်ကြကို မစိုက်ရဘူး၊ သူ့ဟာသူ သွားနေတာပဲ၊ တရှိန်တည်းသွားနေပြီးတော့ အဲဒါနဲ့တူပါတယ်၊ နို့ ဒီဥပေက္ခာ ဆိုတော့ ဥပေက္ခာလဲအမျိုးမျိုးရှိတယ်၊ ဥပေက္ခာ သမ္ဗောဇ္ဈင်ပြောတော့ ဥပေက္ခာသရုပ်လဲ ဖော်ဦး မှဖြစ်မှာ၊ ဆယ်မျိုးတောင်ရှိတယ်၊ ဥပေက္ခာက ဥပေက္ခာဆိုတာ ဆယ်မျိုးရှိတယ် တဲ့၊ အဋ္ဌကထာ များမှာ ဖွင့်ထားတယ်။
ပိဋကတ်သုံးပုံမှာ ဘုရားဟောတဲ့ ဥပေက္ခာတွေဟာ အမျိုးပေါင်း ၁၀-ခုရှိတယ်၊ ဆယ်ခုဆိုတော့ ဒါကလဲ ဆောင်ပုဒ်နဲ့ မှတ်လို့ရမှာ၊ ဆယ်ခုဆိုတော့ ဒီအတိုင်းကတော့ မှတ်ထားလို့ ထပ်မေ့မှာပဲ၊ လွယ်လဲမလွယ်ဘူး၊ ဒါ ဗဟုသုတ အလေ့အလာ မရှိတဲ့ပုဂ္ဂိုလ်တွေ ဆယ်ခုမှတ်ဖို့ တော်တော် မလွယ်ပါဘူး၊ ဒီဆယ်ခုလဲ ကျကျနန မှတ်ဖူးတဲ့ပုဂ္ဂိုလ်လဲ အင်မတန်ကိုနည်းပါလိမ့်မယ်၊ စာပေကျမ်းဂန် သင်ကြားထားတဲ့ ပုဂ္ဂိုလ်တွေလဲ စာထဲတော့လဲသိနေတာပေါ့၊ စာကြည့်ရနေတာ၊ အဲဒါလဲပဲ အဲဒါတွေလဲ မှတ်မထားဘူး၊ သူက တော်တော် မှတ်မိခဲတယ်၊ ဒါလေး ဆောင်ပုဒ်ကလေး ပေးထားမှ၊ ဆောင်ပုဒ်ကလေးက ဘုန်းကြီးကတော့ ရေးထားတယ်၊ ဆောင်ပုဒ်ဥပေက္ခာ ဆယ်ခု မှတ်စရာလဲ ကောင်းပါတယ်။
ဒီဥပေက္ခာ ဆယ်ခုကလဲ ဆဠင်္ဂဥပေက္ခာ အင်္ဂါ ၆-ပါး၊ အနေအားဖြင့် ဟောထားတဲ့ ဒေသနာမှာ လာတဲ့ ဥပေက္ခာက တစ်မျိုး၊ ဗြဟ္မဝိဟာရ ဥပေက္ခာ မေတ္တာ, ကရုဏာ, မုဒိတာ ဥပေက္ခာလို့ ဗြဟ္မဝိဟာရတရားထဲလဲ လာတဲ့ ဥပေက္ခာတစ်မျိုး၊ ဗောဇ္ဈင် ဥပေက္ခာတဲ့၊ ခုဒီဥပေက္ခာပေါ့၊ ဥပေက္ခာလို့ ခေါ်တယ်၊ ဗောဇ္ဈင် ဥပေက္ခာကတော့ ဆဠင်ဗြဟ္မ ဗောဇ္ဈင်င်္ဂ-ဆောင်ပုဒ်က ဒီလို စီသွားရမယ်၊ တတြမေဇ္ဈတ္တတာ ဥပေက္ခာတဲ့၊ ဒီဗောဇ္ဈင်ဥပေက္ခာနဲ့ အတူတူပါပဲ၊ တရားကိုယ်က တတြမဇ္ဈတ္တတာ ဆိုသည်ကတော့ အဘိဓမ္မာကျမ်းဂန်တွေမှာ ဝေါဟာရကိုး သူက အဘိဓမ္မာ ကျမ်းဂန်တွေမှာ တတြမဇ္ဈတ္တတာလို့ ဟောတယ်။
ဒါက စေတသိက် နာမည်ပဲ သူတော့၊ သူက သုတ္တန် ဒေသနာတော်တွေမှာ အထူးဟောထား တာကတော့ မဟုတ်ဘူး၊ ဈာန ဥပေက္ခာတဲ့၊ ဈာန်ထဲမှာပါတဲ့ ဥပေက္ခာ၊ ပါရိသုဒ္ဓိ ဥပေက္ခာတဲ့၊ ဒါကလဲဈာန်ထဲပါတာပဲ၊ ဒါပေမယ့် ပါရိသုဒ္ဓိနဲ့ ဟောထားတယ်၊ ပါရိသုဒ္ဓိ ဥပေက္ခာကို ကွဲနေတယ်၊ အဲဒီ ဥပေက္ခာ ၆-ခုရှိတယ်၊ ဒီ ၆-ခုက တစ်မျိုးတည်းပါပဲ၊ တတြမေဇ္ဈတ္တတာ ခေါ်တဲ့ စေတသိက်အရပါပဲ၊ အဲဒါလေး ခေါင်းစဉ်လေး ရှေးဦးစွာ ဘုန်းကြီးပြောမယ်၊ ဆဠင်ဗြဟ္မ ဗောဇ္ဈင်္ဂ တတြ ဈာန်ပါရီ၊ တတြရယ်၊ ဈာန်ရယ်၊ ပါရီ၊ ပါရိသုဒ္ဓိဥပေက္ခာလို့ ခေါ်တယ်၊ ကိုင်း-ဆိုရမယ်၊ သူက ရှည်တယ်။
ဆဠင်ဗြဟ္မ ဗောဇ္ဈင်္ဂ တတြဈာန်ပါရီ။ (ဆို-၃)
အဲ-ဆဠင်္ဂဥပေက္ခာ သူက ကျယ်ဝန်းတယ် နောက်ဆုံးမှ ပြောမှ၊ ဝိပဿနာမှာ သူကလဲ အရေးကြီးပါတယ်၊ သူတို့ နောက်ဆုံးမှ ပြောမှ ဖြစ်မယ်၊ ကားလိုက်ဦးမှ သူ့ပြောနေ ဒိပြင်ဟာတွေ အကုန်လုံး ပြောရမှာ မဟုတ်ဘူး၊ ဆဠင်္ဂဗြဟ္မဝိဟာရ ဥပေက္ခာတဲ့၊ ဗြဟ္မာဝိဟာရ ဥပေက္ခာ ဆဠင်ဗြဟ္မ ဗြဟ္မဝိဟာရ ဥပေက္ခာဆိုတာ မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာဆိုတာ ဒါတွေရနေကြတာပါပဲ၊ သဗ္ဗေသတ္တာ အဝေရာဟောန္တု၊ အဗျာပဇဗနာဟောန္တု၊ အနီဃာဟောန္တု၊ သုခိအတ္တာနံ ပရိဟရန္တု လို့ မေတ္တာပို့ကြတယ်။
အဲဒီရှေ့ပုဒ်က မေတ္တာကို သဗ္ဗေသတ္တာ - အလုံးစုံသော သတ္တဝါတို့သည်၊ အဝေရာ - ရန်ကင်း ကုန်သည်၊ ဟောန္တု - ဖြစ်ကြပါစေကုန်သတည်း၊ မေတ္တာပို့တာ အားလုံးသော သတ္တဝါတွေ ဘေးရန် ကင်းကြပါစေတဲ့၊ တစ်ယောက်တည်းလဲ ပို့လို့ရပါတယ်၊ ကိုယ်နဲ့စပ်တဲ့ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို အာရုံပြုပြီးတော့ ရန်ကင်းပါစေလို့ အဝေးတွေ ဘယ်တွေရောက်ပြီးနေ တဲ့ ပုဂ္ဂိုလ်, သွားနေတဲ့ပုဂ္ဂိုလ်တွေ အာရုံပြုပြီးတော့ သွားလေရာရာမှာ ဘေးကင်းပါစေ၊ ရန်ကင်းပါစေလို့ နှလုံးသွင်းရင်း ဒါမေတ္တာဖြစ်နေတာပဲ၊ မေတ္တာပို့ရစ်ပါဆိုတာ အဲဒါပဲ၊ မေတ္တာပို့နေပါတယ်ဆိုတာ ဒါပဲ။
ဒီလို နှလုံးသွင်းပြီးတော့ နှလုံးသွင်းပြီးနေတဲ့ ပုဂ္ဂိုလ်ဟာ မေတ္တာပို့နေတာပဲ၊ ပါးစပ်က ဆိုရင်လဲဆို မဆိုရင်လဲ စိတ်ထဲက ဒီလိုဆင်ခြင်တာ မေတ္တာပို့နေတာပဲ၊
အဝေရာဟောန္တု - (အဗျာပဇ္ဇာ -၂) ဆင်းရဲကင်းကြကုန်သည်၊
ဟောန္တု - ဖြစ်ကြပါစေ ကုန်သတည်း၊
သဗ္ဗေသတ္တာ-အလုံးစုံသော သတ္တဝါ တို့သည်၊
အဗျာပဇ္ဇ - စိတ်ဆင်းရဲကင်းကြကုန်သည်၊
ဟောန္တု - ဖြစ်ကြပါစေ ကုန်သတည်း၊
အားလုံး သတ္တဝါတွေ စိတ်ဆင်းရဲကင်းကြပါစေ၊ နှလုံးမသာ မဖြစ်ကြပါစေနဲ့ ဒါမေတ္တာပို့တာပဲ၊ ကိုယ်နဲ့စပ်တဲ့ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကိုဖြစ်စေ၊ အများဖြစ်စေ၊ ဘဝတစ်ပါးရောက်နေတဲ့ ပုဂ္ဂိုလ် ဖြစ်စေ၊ အဲဒါ အဲဒီပုဂ္ဂိုလ်ကို အာရုံပြုပြီးတော့ သွားလေရာရာ ရောက်လေ ရာရာ ဘယ်နေရာမှ စိတ်ဆင်းရဲ မရှိပါစေနဲ့၊ ချမ်းချမ်းသာသာ ရှိပါစေလို့ ဒီလိုနှလုံးသွင်းနေတာ၊ ဒါ မေတ္တာပို့နေတာပဲ။
အနီဃာဟောန္တု - သဗ္ဗေသတ္တာ အလုံးစုံသော သတ္တဝါ အပေါင်းတို့သည်၊
အနီဃာ - ကိုယ်ဆင်းရဲ မရှိကြကုန်သည်၊
ဟောန္တု - ဖြစ်ကြပါစေကုန်သတည်း၊
ကိုယ်ဆင်းရဲ၊ ကိုယ်ထဲမှ ပင်ပန်းမှု, ဆင်းရဲမှု, ရောဂါဝေဒနာဖြစ်မှုတွေ, အနေအထိုင် ခက်မှုတွေ, ကိုယ်ဆင်းရဲတွေ အဲဒီ ကိုယ်ဆင်းရဲ ကင်းကြပါစေလို့ အားလုံးသတ္တဝါတွေအား အာရုံပြုပြီးတော့ မေတ္တာပို့တယ်၊ ကိုယ်နဲ့စပ်တဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်လဲ အာရုံပြုပြီးတော့ ပို့လို့ရတာပါပဲ၊ မည်သူမည်ဝါဟာ ကိုယ်ဆင်းရဲကင်းပါစေ၊ ဆင်းရဲမရှိပါစေနဲ့ ဆင်းရဲကင်းပါစေလို့ နှလုံးသွင်းဆင်ခြင်၊ နှလုံးသွင်းတိုင်း သွင်းတိုင်း မေတ္တာဖြစ်နေတာပဲ။
သုခိအတ္တာနံ ပရိဟရန္တု။
သုခိ - ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းရှိသည်ဖြစ်၍၊
အတ္တာနံ - မိမိကိုယ်ကို၊
ပရိဟရန္တု - ဆောင်နိုင်ကြပါ စေကုန်သတည်း၊
ကိုယ်ရောစိတ်ပါချမ်းသာပြီး မိမိကိုယ်ကိုချမ်းသာနဲ့ဆောင်နိုင်ပါစေလို့၊ ขန္ဓာဝန်ကောင် ဆိုတာဟာ သေသေချာချာ စဉ်းစားကြည့်ရင် ဆောင်ရတာ တယ်မသက်သာဘူး၊ ရောဂါဝေဒနာတွေ အမျိုးမျိုးလဲဖြစ်တတ်တယ်၊ ပုံမတော်လို့ရှိရင်ဖြင့် ခလုတ်တိုက်တာက စပြီးတော့ နာတတ်ကျင် တတ်တဲ့ ဥစ္စာတွေကို ကိုယ်ကြီးက ဘာမှ ခိုင်ခံ့တဲ့ သဘောမရှိဘူး။
အကြောင်းမညီညွတ်ရင် ဥတုအဆင်မသင့်ရင် နေမကောင်း ထိုင်မကောင်းလဲဖြစ်တာပဲ၊ အစားမှားပြီး နေမကောင်း ထိုင်မကောင်းလဲ ဖြစ်တာပဲ၊ ခန္ဓာကိုယ်ကြီးဆောင်ရတာ သက်သက်သာသာ မဟုတ်ဘူး၊ သေချာ စဉ်းစားပြီးတော့ ကြည့်လို့ရှိရင် မသက်သာဘူး၊ အရွယ်ကြီးလာလေလေ မသက်သာမှန်း သိလေလေပဲ၊ ငယ်သေးရင် သိပ်မသိသေးဘူး၊ အဲဒီလို ဆောင်ရွက်ဖို့ရာ တာဝန်လေးပြီးတော့နေတဲ့ ခန္ဓာ၊ ခန္ဓာဝန် နေ့တိုင်း နေ့တိုင်း အစာရှာပြီး ကျွေးရတယ်၊ နေ့တိုင်း နေ့တိုင်း ကျွေးနေရ, ရေမိုးချိုးပေးရ, နေကောင်းထိုင်ကောင်း ကျန်းမာရှိအောင်လို့လဲ ဆောင်ရွက် ပြီးတော့ နေရတယ်၊ ဒီခန္ဓာကြီး အင်မတန် တာဝန်လေးတဲ့ခန္ဓာကြီး၊ ဒီခန္ဓာကြီးက ဝန်ထုပ်ဝန်ပိုး ကြီးများ ထမ်းနေရသလိုပဲ။ .
ဝန်ထုပ်ဝန်ပိုးကြီး ထမ်းနေရတာများတော့ စဉ်းစားလိုက်ရင် ဒါကတော့ ထင်ရှားတယ်၊ ဆန်အိတ်ကြီး တစ်အိတ်လောက် ကျောပေါ်မှာ ထမ်းထားရသလို ကြောက်စရာကြီး၊ ခေါင်းပေါ်မှာ ရွက်ထား ရမယ်ဆိုလဲ ကြောက်စရာကြီး၊ ဒါအင်မတန် ဝန်လေးတယ်၊ အဲဒါလိုပဲ၊ မိမိတို့၏ ခန္ဓာဝန်ဟာ ရလာ ကတည်းက စပြီးတော့ ခန္ဓာဝန်ကြီးကို ထမ်းဆောင်ပြီး နေကြရတယ်၊ လွယ်လွယ်ကူကူမဟုတ်ဘူး။
ဒါကြောင့်မို့ မိမိတို့ခန္ဓာဝန်ကို ကိုယ်ရောစိတ်ရော ချမ်းသာပြီးတော့ ချမ်းချမ်း သာသာနဲ့ ဆောင်ရွက်နိုင်ကြပါစေ၊ ကိုယ်လဲ ချမ်းသာချင်တယ်၊ သူများတွေ ချမ်းသာကြပါစေလို့ မေတ္တာ ပို့ရတာပါ၊ အဲဒါက မေတ္တာရှိသေးတာ၊ ဒီမေတ္တာက စပြောမှ နောက်ဥပေက္ခာကပေါ်မှာကိုး။
ဒါကြောင့် မေတ္တာကစပြောတာ၊ ဗြဟ္မဝိဟာရထဲက သူကတစ်ပါး၊ ကရုဏာ၊ ကရုဏာကတော့ ဒုက္ခာမုဉ္စန္တု - မေတ္တာပို့ ထဲပါတယ်၊
ဒုက္ခာ - ဆင်းရဲမှ၊
မုဉ္စန္တု - လွတ်ကြပါစေကုန်သတည်း၊
သဗ္ဗေသတ္တာ - အလုံးစုံသောသတ္တဝါတို့သည်၊
ဒုက္ခာ - ဆင်းရဲမှ၊
မုဉ္စန္တု - လွတ်ကြပါစေ ကုန်သတည်း၊
အားလုံးသတ္တဝါတွေဟာ ဆင်းရဲမှ လွတ်ကြပါစေလို့ ဆင်းရဲရောက်နေတဲ့ ပုဂ္ဂိုလ်တွေ အာရုံပြု ပြီးတော့ ဆင်းရဲမှလွတ်ကြပါစေ၊ ဒီလိုနှလုံးသွင်းပြီးတော့ ကရုဏာကတော့ သနားတာ၊ ကရုဏာ ပိုတယ်လို့တော့ မည်သူမှ မပြောကြဘူး၊ ဒါတော့ သနားတာပဲ။
အဲဒီလို သနားတိုင်းသနားစရာပုဂ္ဂိုလ်တွေ တွေ့တိုင်းတွေ့တိုင်း ဆင်းရဲဒုက္ခ ကင်းကြပါစေ၊ ဆင်းရဲလွတ်စေချင်တဲ့ စေတနာတွေနဲ့ ပို့တိုင်းပို့တိုင်းကရုဏာတွေဖြစ်တယ်၊ အဲဒါလဲ ဗြဟ္မာဝိဟာရ ပါပဲ၊ မုဒိတာတဲ့၊
ယထာလဒ္ဓသမ္ပတ္တိတော မာဝိ ဂစ္ဆန္တု၊
ယထာလဒ္ဓသမ္ပတ္တိတော - အကြင် ရအပ်သော စည်းစိမ်ချမ်းသာမှ ရှုမြဲတိုင်းဖြစ်သော စည်းစိမ် ချမ်းသာမှ၊
မာဝိ ဂစ္ဆန္တု - မကွာမကင်းကြပါစေကုန်သတည်း။
ရရှိမြဲတိုင်းဖြစ်တဲ့ စည်းစိမ်ချမ်းသာတွေ မကွာမကင်းဘဲနဲ့ ရမြဲရနေကြပါစေ၊ ချမ်းသာမြဲ ချမ်းသာ နေကြပါစေ၊ ကြီးပွားမြဲ ကြီးပွားနေကြပါစေလို့ ဒီလိုနှလုံးသွင်းရမှာကိုး၊ ကောင်းတယ်၊ သူ့ဟာ အင်မတန်ကောင်းတဲ့ ဥစ္စာတွေပဲ၊ သူများချမ်းသာနေတာ၊ ကိုယ်က သူ့စီးပွားလေးနဲ့သူ ကြီးပွားမြဲ ကြီးပွားပါစေ၊ ချမ်းသာနေပါစေလို့ နှလုံးသွင်းတာ တော်တော် ကောင်းတယ်၊ ဘာမှစရိတ်လဲ မကုန်ဘူး၊ သူ့ဟာ ကုသိုလ်ရတယ်၊ တယ်ဟန်ကျတယ်၊ လောကလူတွေက အဲသလိုဟာ သိပ်မအောက်မေ့နိုင်ဘူး၊ ကိုယ့်ထက်သာရင် မနာလိုဖြစ်ကြတယ်၊ မုဒိတာဖြစ်ဖို့ရာ မုဒိတာမဖြစ်ဘဲနဲ့ မနာလိုတဲ့ ဣဿာရောက်ရောက်သွားတတ်တယ်၊ အရေးကြီးတယ်၊ ဒါ ကိုယ်နဲ့နီးစပ်တဲ့ ပုဂ္ဂိုလ်တွေ ကိုယ်နဲ့အစတုန်းက တန်းတူဖြစ်နေတယ်၊ သူက တိုးတက်သွားပြီ ဆိုရင်တယ်ပြီးတော့ မကြိုက် ချင်ကြဘူး ဖြစ်တတ်တယ်၊ ကိုယ့်ထက်သာသွားပြီဆိုရင် မမြင်ချင်ဘူး၊ မကြားချင်ဘူး၊ မတွေ့ချင်ဘူး၊ ကိုယ်က သာချင်နေတာကိုး၊ ဒီလိုစိတ်ကလေးတွေက ရှိတတ်တယ်။
အဲဒီလို စိတ်ကလေးတွေ ပယ်ပြီးတော့ကို သူ့အကြောင်း ကံအားလျော်စွာ သူကြီးပွားပြီးတော့နေတာ ကြီးပွားမြဲ ကြီးပွားနေကြပါစေ၊ ချမ်းသာမြဲ ချမ်းသာနေကြပါစေ၊ ဒီလို နှလုံးသွင်းတာ မုဒိတာခေါ်တယ်၊ အင်မတန် ကောင်းတယ်၊ မုဒိတာ အားကြီးတဲ့ပုဂ္ဂိုလ်ဟာ လောကတွင်လဲ ကြီးပွားတယ်၊ သံသရာမှာလဲကြီးပွားတယ်၊ အနှောက်အယှက် ဘေးအန္တရာယ် မရှိဘူး၊ အင်မတန်ကောင်းတယ်၊ သူက မုဒိတာခေါ်တယ်၊ အဲ မေတ္တာ, ကရုဏာ, မုဒိတာ ပြီးတော့ အဆုံးက ဥပေက္ခာလို့ခေါ် တယ်၊ ဥပေက္ခာကတော့ ..
သဗ္ဗေသတ္တာ ကမ္မသကာ၊
သဗ္ဗေသတ္တာ - အလုံးစုံသော သတ္တဝါအပေါင်းတို့သည်၊
ကမ္မသကာ - ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏၊
ကံအတိုင်းပဲ, ကံတရားအတိုင်းပဲ၊ သူကံကောင်းရင်လဲ သူချမ်းသာမှာပဲ၊ သူကံမကောင်းရင်လဲ သူဆင်းရဲမှာပဲ၊ မတတ်နိုင်ဘူးဆိုပြီးတော့ ဒီလိုနှလုံးသွင်းရတာကိုး။
ဒါကလဲ စစခြင်း နှလုံးသွင်းရတာ မဟုတ်ဘူး၊ စစခြင်းဆိုရင် ဥပေက္ခာက အလွယ်ဆုံးဖြစ်နေတယ်၊ အဲဒါ လောက အနေနဲ့ ကြည့်မယ်ဆို ဒီပုဂ္ဂိုလ်ကတော့ သူများကို ဘာမှမငဲ့တဲ့ ပုဂ္ဂိုလ်ပဲဆိုပြီး အပြစ်တင်စရာရှိလာတယ်၊ ဒါက စစခြင်း လုပ်ရတာမဟုတ်ဘူး၊ ဈာန်ထဲမှာဆိုရင် မေတ္တာနဲ့ ပွားများ၊ မေတ္တာနဲ့ ပွားများပြီးတော့ မေတ္တာဈာန်တွေရတယ်၊ ကရုဏာနဲ့ပွားပြီး ကရုဏာဈာန်တွေ ရတယ်၊ မုဒိတာနဲ့ပွားများပြီး မုဒိတာဈာန်တွေရတယ်၊ မေတ္တာ, ကရုဏာ, မုဒိတာ ဒီ ၃-ပါး ပြည့်စုံသွားပြီးတဲ့နောက် တစ်ဆင့်တက်ချင်တဲ့အခါကျတော့ ဥပေက္ခာနဲ့ လုပ်ရတယ်။
အဲဒါ နောက်တစ်ဆင့်တက်ချင်ရင် ဥပေက္ခာနဲ့ ပွားမှ ရတော့တယ်၊ မေတ္တာကရုဏာနဲ့ တက်လို့ တော့မရဘူး၊ ဒါကြောင့်မို့ အဲဒီကျတော့ သဗ္ဗေသတ္တာ ကမ္မသကာနဲ့ပဲ တက်ရတယ်၊ ကံအတိုင်းပဲ ဆိုပြီး နှလုံးသွင်းရတယ်၊ အဲ မေတ္တာက သတ္တဝါတွေ ချမ်းသာပါစေဆိုတာလဲ သတ္တဝါတွေအတွက် ကြောင့်ကြစိုက်နေရတယ်၊ တယ်မငြိမ်သက်ဘူး၊ ကရုဏာက သတ္တဝါတွေ သနားနေတာနဲ့ သူကလဲ မငြိမ်သက်ဘူး၊ မုဒိတာက သတ္တဝါတွေ ချမ်းသာနေတာ အာရုံပြုပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်နေ တာလဲ သူကလဲ သိပ်ပြီးတော့ မငြိမ်းဘူး၊ ကောင်းတော့ကောင်းတာပဲ၊ ဥပေက္ခာကတော့ သူ့ကံနဲ့သူ၊ သူ့အကြောင်းနဲ့သူ ဖြစ်နေတာပဲဆိုပြီး ငြိမ်ငြိမ်သက်သက်သဘော သိမ်မွေ့နေတယ်။
အဲဒါကြောင့် အဲဒီ သိမ်မွေ့တဲ့သဘောကလေးနဲ့ နှလုံးသွင်းလိုက်မှ ဈာန်အဆင့်အတန်း တက်သွားတယ်၊ ဒါက ဥပေက္ခာဗြဟ္မဝိဟာရလို့ ခေါ်တယ်၊ အဲဒါ ဥပေက္ခာဗြဟ္မဝိဟာရ၊ ဥပေက္ခာ ဆယ်မျိုးထဲက တစ်မျိုးပဲတဲ့၊ ဆဠင်ဗြဟ္မ ကိုး၊ ဗြဟ္မဝိဟာရဥပေက္ခာ အားလုံးသော သတ္တဝါတွေ ကံတရားအတိုင်းပဲ နှလုံးသွင်းရတယ်၊ ဒါပဲ နှလုံးသွင်းရတယ်၊ ဒါက မဖြစ်လှတဲ့ခါ ဒီလို နှလုံးသွင်းရတယ်၊ ကိုယ်ကတတ်နိုင်ရင်တော့ ချမ်းသာအောင် ဆောင်ရွက်နိုင်ရင်တော့ ချမ်းသာ အောင် ဆောင်ရွက်ပေး ရတယ်၊ ဆင်းရဲ ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေ ဆင်းရဲကထွက်မြောက်အောင် ဆောင်ရွက်ပေးနိုင်ရင်လဲ ဆောင်ရွက်ပေးရတယ်၊ သူတစ်ပါးတွေ ကြီးပွားချမ်းသာတာတွေ အာရုံပြု ပြီးသကာလ မုဒိတာနဲ့လဲ နှလုံးသွင်းရတယ်။
ဒါပေမယ်လို့ ကိုယ်လဲဘာမှမတတ်နိုင်ဘူးဆိုတဲ့ ကိစ္စတစ်ခုကျတော့ ကမ္မသကာပဲ နှလုံးသွင်းရတယ်၊ ဒါမှ သက်သာတော့တယ်၊ နို့မို့ဖြင့် ဆင်းရဲနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ဆင်းရဲက လွတ်စေချင်တဲ့ စိတ်ကြောင့် ကိုယ်ကလဲ လွတ်အောင်လို့ မတတ်နိုင်ဘူး၊ ဆင်းရဲနေတာတွေ တွေ့တိုင်းတွေ့တိုင်း နှလုံးမသာယာမှုတွေ ဖြစ်လာတတ်တယ်၊ အစကတော့ ကရုဏာပဲ၊ တော်တော်ကြာ ဘာဖြစ်လာတုံး ဆိုတော့ ဒေါမနဿ ရောက်လာတယ်၊ နှလုံးမသာမှု ရောက်လာတယ်၊ စိတ်ပင်ပန်းမှုတွေ ရောက်လာတယ်၊ အဲဒီအရောက်ခံလို့ မဖြစ်ဘူး။
အဲဒီတော့ မရောက်ရအောင် ဘာလုပ်ရတုံးဆိုရင် ကမ္မသကာပဲ၊ သူ့ကံနဲ့သူပဲ၊ သူ့အကြောင်းနဲ့သူပဲလို့ နှလုံးသွင်း လိုက်ရတယ်၊ အဲဒီမှာ နည်းနည်း သက်သာရာ ရသွားတယ်၊ ဒါ သူများအတွက်နဲ့ စပ်ပြီးတော့ ကိုယ်လဲ ဘာမှမတတ်ဘဲနဲ့ ကြားထဲကနေပြီး စိတ်ဆင်းရဲနေရင် အဲဒီဥပေက္ခာဟာ တော်တော်အသုံးကျတယ်၊ ဥပေက္ခာ နှလုံးသွင်းရတယ်၊ ကောင်းတယ်၊ လောကနဲ့စပ်ပြီးတော့ နှလုံးသွင်းရတယ်၊ ကိုယ်တတ်နိုင်သလောက်တော့ ကောင်းအောင်လို့တော့ ဆောင်ရွက်ရတာပဲ၊ မတတ်နိုင်ဘူးဆိုတဲ့ တစ်နေ့ကျတော့ သက်သက်မဲ့ စိတ်ဆင်းရဲခံလို့ မဖြစ်ဘူး၊ ဥပေက္ခာပဲ နှလုံးသွင်းလိုက်ရတာပဲ၊ မတတ်နိုင်ဘူး။
အဲဒီတော့ အဲဒါ ဗြဟ္မဝိဟာရဥပေက္ခာတဲ့၊ ဥပေက္ခာ ဆယ်မျိုးထဲက တစ်မျိုးပေါ့လေ၊ ဆဠင်္ဂဗြဟ္မဗောဇ္ဈင်က ဗောဇ္ဈင်္ဂပါပဲ၊ ဥဒယဗ္ဗယဉာဏ်ကနေပြီး အညီအမျှဖြစ်နေတဲ့ သဘောကလေး၊ ဗောဇ္ဈင်ဥပော ဒါကတော့ နားလည်ပြီး ဆဠင်္ဂဗြဟ္မ ဗောဇ္ဈင်္ဂ တတြ မဇ္ဈတ္တတာတဲ့၊ တတြမဇ္ဈတ္တတာ ဆိုတာလဲပဲ ဒီဗောဇ္ဈင်နှင့် အတူတူပဲ၊ ကုသိုလ်စိတ် ဖြစ်တိုင်း ဖြစ်တိုင်းမှာပါတယ်၊ သမ္ပယုတ္တ တရားတွေ မယုတ်မလွန် ညီမျှစေတဲ့ သဘောလေးပဲတဲ့၊ တတြမဇ္ဈတ္တတာ ဆဠင်္ဂဗြဟ္မဗောဇ္ဈင်က တတြဈာန် ပါရိဈာန် ဥပေက္ခာဈာန် ဥပေက္ခာတစ်မျိုး၊ ဒါ တတိယဈာန်မှာရှိတယ်၊ ပထမဈာန်မှာ ဈာန်အင်္ဂါ ၅-ပါးရှိတယ်၊ ဝိတက်, ဝိစာရ, ပီတိ, သုခ၊ ဧကဂ္ဂတာ ၅-ခုရှိတယ်။
ဒုတိယဈာန် ကျတော့ သုတ္တန်နည်းတွေမှာ ဈာန်က ၃-ခုပဲ ခွဲတယ်၊ ၅-ခု မခွဲဘူး၊ အဘိဓမ္မတ္တသင်္ဂဟကျမ်းတို့မှာတော့ ၅-ခုခွဲတယ်၊ သုတ္တန်နည်းတွေကတော့ ၃-ခုပဲ ခွဲတယ်၊ ဝိတက် ဝိစာရ မပါဘူး၊ ဒုတိယဈာန်ကျရင် ပီတိ, သုခ, ဧကဂ္ဂတာ ဈာန်အင်္ဂါ ၃-ပါး၊ တတိယဈာန်ကတော့ ပီတိမပါဘူး၊ သုခ, ဧကဂ္ဂတာဈာန် အင်္ဂါ ၂-ပါး၊ အဲဒီ သုခနဲ့ ဧကဂ္ဂတာဈာန်အင်္ဂါ ၂-ပါးနဲ့ ဖြစ်တဲ့အခါမှာ သုခက အင်မတန် ကောင်းတယ်တဲ့၊ ချမ်းသာတယ်။ အင်မတန်ကို ချမ်းသာတယ်တဲ့၊ ပီတိနဲ့ ဖြစ်တုန်းကလဲပဲ နှစ်သက်ဝမ်းမြောက်ပြီးတော့ သုခနဲ့ ချမ်းသာနေတာပါပဲ။
ဒါပေမယ်လို့ ပီတိနဲ့ရောနေလို့ သုခဟာ အရသာ ပေါ်သင့်သလောက် မပေါ်ဘူး၊ တတိယဈာန် ကျတော့ ပီတိနဲ့ကွဲ သွားတဲ့အခါမှာ သုခသက်သက်ဖြစ်တာ၊ အင်မတန် ကောင်းတယ်တဲ့၊ ဝိပဿနာအားထုတ်တဲ့ ပုဂ္ဂိုလ်တွေလဲ တစ်ခါတစ်ခါ ပြောတယ်၊ သူတို့ သုခတွေ တစ်ခါတစ်ခါ ဖြစ်နေတာဘယ်လိုကောင်းမှန်း မသိဘူး၊ ကောင်းမှန်းမသိ ကောင်းနေတာ၊ သူ့ဟာ ပီတိနဲ့လဲမရောဘူး၊ ပီတိနဲ့ရောပြီး ဝမ်းမြောက်နေတာ တက်ကြွနေတာ ဒီလိုလဲမဟုတ်ဘူး၊ သူ့ဟာ ကောင်းနေတာ၊ ထိုင်နေလဲကောင်း၊ ထနေလဲကောင်း၊ လမ်းလျှောက်နေလဲကောင်း၊ ဘယ်လို ကောင်းမှန်း မသိဘူး၊ ကောင်းပုံကောင်းနည်းကို ပြောလို့ မဖြစ်အောင် ကောင်းနေတာရှိတယ်၊ ဒါ ချမ်းသာနေတာ၊ အဲဒါ သုခတွေဖြစ်နေတာ၊ အဲဒီသုခတွေ မမှတ်နိုင်ရင်တော့ ဉာဏ် မတက်ဘူးပေါ့၊ အဲဒါ ရှုရမှတ်ရတယ်၊ အဲဒါ တတိယဈာန်က သုခမျိုး၊ အဲဒီသုခမျိုးနဲ့ တွေ့ပင် တွေ့ငြားသော်လည်း ဒီဥပေက္ခာ ကလဲ အဲဒီမှာ ကောင်းနေတယ်၊ ဥပေက္ခာ မကောင်းလို့ရှိရင် ဒီဈာန်က မတည်နိုင်ဘူး။
ဒါကြောင့် ပီတိယာစ ဝိရာဂါ ဥပေက္ခာကောစ ဝိဟာရတိ၊ သိတောသမ္ပဇာနော ယန္တံ အာရိယာအစိက္ခံတိဥပေက္ခကော သတိမာ သုခ ဝိဟာရတိ၊ တတိယဈာန ဥသမ္ပဇ္ဇ ဝိဟာရတိ-ဒီဒေသနာမှာ ဒီလိုဟောတာကိုး။
ပီတိယာစ - နှစ်သိမ့်ဝမ်းမြောက်ခြင်း ပီတိ၏လည်း၊
ဝိရာဂါ - ကင်းခြင်းကြောင့်၊
ဥပေက္ခကောစ - အညီအမျှ ရှုသည် ဖြစ်၍လည်း၊
ဝိဟရတိ - နေ၏။
သတော - အမှတ်ရသည်ဖြစ်၍။
သမ္ပဇာနော - သိသည်ဖြစ်၍၊
ဝိဟရတိ - နေ၏၊
ယန္တံ - အကြင်ပုဂ္ဂိုလ်ကို၊
အရိယာ - အရိယာသူမြတ် တို့သည်၊
ဥက္ခေကော - လျစ်လျူရှုနိုင်ပါပေသည်ဟူ၍၊
သတိမာ - သတိထင်နိုင်ပါ ပေဟူ၍၊
သမ္ပဇာနော - သိနိုင်ပါပေသည်ဟူ၍၊
အာစိက္ခတိ - ချီးမွမ်း ပြောကြားကြလေ ကုန်၏၊
တတိယဈာနံ - ထိုကဲ့သို့သော တတိယဈာန်ကို၊
ဥသမ္ပဇ္ဇ - ကပ်ရောက်၍၊
ဝိဟရတိ - နေ၏၊
ဈာန်အစဉ် အတိုင်းတက်သွားတာ၊ အဲဒီဈာန်တွေ ရောက်သွားတာကိုး။
အဲဒီဈာန် ရောက်တဲ့အခါမှာ သုခ ချမ်းသာက သိပ်ကောင်းတယ်တဲ့၊ သိပ်သိမ်မွေ့တယ်၊ တစ်ကိုယ်လုံး တစ်ခါတည်း ဘယ်လိုချမ်းသာနေမှန်း မသိဘူးတဲ့၊ ယောဂီပုဂ္ဂိုလ်တွေ, တစ်ချို့ ပုဂ္ဂိုလ်တွေ ပြောတတ်ပါတယ်၊ (ပုဂ္ဂိုလ်တိုင်း-၂)တော့ မဟုတ်ဘူး၊ တော်တော်ကို ပြောတယ်၊ အဲဒါတွေဖြစ်နေရင် ဘယ်လိုကောင်းနေမှန်း မသိဘူးတဲ့၊ ဘာဖြစ်နေတယ်လို့ကို မပြောတတ်ဘူးတဲ့။ ကောင်းနေတာ၊ သိပ်ကောင်းနေတာ၊ အဲဒီသုခတွေဖြစ်နေတာ၊ အတွေ့အထိတွေရော ဘာတွေရော နေတကာကနေ ဖြစ်နေတာ ကောင်းနေတာ အဲဒါ သုခတွေ ဖြစ်နေတာ။
အဲဒီ သုခတွေ ဖြစ်နေပေမယ်လို့ ဥပေက္ခာကလေးကလဲ ထင်နေတယ်တဲ့၊ လျစ်လျူရှုပြီးနေတယ်၊ ဥပေက္ခာကလေး၊ ဒီသုခတွေ ကောင်းနေပေမယ်လို့ ကောင်းတာလေးကို သာယာလိုက်တာ ကောင်းလိုက်တာ ဆိုပြီးတော့ စိတ်ထဲက နှစ်သက်မှု, သာယာမှုတွေ နောက်ကလိုက်နေတာကိုး၊ သတိလေးကလဲ ထင်နေတယ်တဲ့၊ သိလဲသိနေတယ်၊ ယောဂီပုဂ္ဂိုလ်တွေလဲ ဒီအတိုင်းပဲ ဥပေက္ခာ သုခတွေဖြစ်နေတဲ့အခါ အမှတ်ကလေးက ကောင်းပြီးနေတော့ သတိနဲ့လျစ်လျူရှုပြီးတော့ သွားနေတာ၊ ကောင်းနေတာပဲ၊ သူက မပျက်ဘူး၊ နို့မို၊ သာယာမှုတွေ ရောက်သွားရင် ပျက်ကျသွားတယ်၊ လျှောကျသွားတယ် ဒီနေရာကနေပြီးတော့ ဘယ်....သူက အလှုပ်မခံဘူး။
အဲဒါကြောင့် အဲဒီလို သုခနဲ့ပြည့်စုံနေတဲ့ ပုဂ္ဂိုလ်၊ ဥပေက္ခာနဲ့လျစ်လျူရှုပြီးနေတဲ့ပုဂ္ဂိုလ်ကို အရိယာ ပညာရှိ သူတော်ကောင်းတွေက ချီးကျူးကြပါတယ်တဲ့၊ ဒီလောက်ကောင်းတဲ့ ချမ်းသာကို တစ်ခါတည်း မသာယာဘဲ၊ မတပ်မက်ဘဲ မစွဲလန်းဘဲနဲ့ သတိကလေးနဲ့သတိရပြီး သိပြီးတော့ လျစ်လျူရှုပြီးတော့ နေနိုင်ပါပေတယ်၊ တော်လဲတော်ပါပေတယ်ဆိုပြီးတော့ ချီးကျူးကြတယ်၊ ဒါ ကိုယ်တိုင်တွေ့ဖူးမှ ပိုပြီးကောင်းတယ်၊ ဝိပဿနာကလဲ ရှိပါတယ်၊ ဈာန်ရယ်လို့ ပြောလို့မဖြစ်ပေ မယ့် ဈာန်နဲ့တူနေတယ်၊ တစ်ချို့ ပုဂ္ဂိုလ်မှာ တွေ့တယ်။
အဲဒီ သုခကောင်းနေတဲ့ဟာလေး မသာယာဘဲနဲ့ အမှတ်ကလေးထင်ပြီးတော့ သွားနေတာရှိတယ်၊ အဲဒီလိုအခါကာလမှာ အင်မတန် ကောင်းတဲ့သုခကိုလည်း စွဲလမ်းခြင်း, မက်မောခြင်း, သာယာ တွယ်တာခြင်း မရှိဘဲနဲ့ လျစ်လျူရှုပြီးတော့ မှတ်မြဲတိုင်းမှတ်သွားနိုင်တဲ့ သဘောလေးဟာ ဈာနုပက္ခာ ခေါ်တယ်၊ အဲဒါ ဈာနုပက္ခာလေး၊ ဒါ ဝိပဿနာထဲမှာလဲ ဟောပြီးတော့ပါနေတယ်၊ ဈာနုပက္ခာလေး၊ (ပါရိသုဒ္ဓီ-၂) ဥပေက္ခကတော့ စတုတ္ထဈာန်ထဲကပဲ၊ အလုံးစုံသော စိတ်အညစ်အကြေးတွေ ကင်းပြီးနေတဲ့အတွက်ကြောင့် သူကလဲ လျစ်လျူရှုတာ တစ်မျိုးပဲတဲ့၊ အဲဒါ စတုတ္ထဈာန်မှာရှိတယ်။
အဲဒီ ဥပေက္ခာတွေ ဘယ်နှစ်မျိုးရသွားမလဲ၊ ဗြဟ္မဝိဟာရ ဥပေက္ခာ၊ ဗောဇ္ဈင်္ဂ ဥပေက္ခာ၊ တတြမဇ္ဈတ္တတာ ဥပေက္ခာ၊ ဈာန ဥပေက္ခာ၊ ပါရိသုဒ္ဓိဥပေက္ခာ၊ ပါရိသုဒ္ဓိ-ထက်ဝန်းကျင် စင်ကြယ်တာ၊ ဥပေက္ခာ သတိ-ပါရိသုဒ္ဓိ သတိ၏ ထက်ဝန်းကျင် စင်ကြယ်ခြင်းကြောင့်ဖြစ်တဲ့ ဥပေက္ခာပဲတဲ့၊ သတိကောင်းလွန်းလို့ လျစ်လျူရှုမှုကလေး အညီအမျှ ရှုမှုကလေးဟာ အထူးသဖြင့် သန့်ရှင်း စင်ကြယ်ပြီး သကာလ နေပါတယ်တဲ့။
အဲဒါလေးက စတုတ္ထဈာန်မှာရှိတယ်၊ ယောဂီပုဂ္ဂိုလ်တွေမှာတော့ ပြောခဲ့တဲ့ သုခမပါဘဲနဲ့ အမှတ် ကလေး ကောင်းနေတာရှိတယ်၊ လျစ်လျူရှုပြီးနေတယ်၊ အထူးအားဖြင့် သင်္ခါရုပက္ခာဉာဏ်မှာရှိတယ်၊ ခုနကလို သုခတွေမပါတော့ဘူး၊ခုနကတော့ သုခတွေနဲ့ကောင်း နေတာကိုး၊ ဟိုကကောင်း၊ ဒီကကောင်း တစ်ခါတည်း အင်မတန်ကိုကောင်းနေတာ၊ ခုတော့ ဒီလိုကောင်းတာမပါဘူး၊ အဲဒီလို ကောင်းတာမပါဘဲနဲ့ သိမ်သိမ်မွေ့မွေ့ကလေးဖြစ်ပြီးတော့ အရှုအမှတ်သတိကလေးကောင်းပြီးတော့ အသိကလေးချည်းကောင်းနေတာ ဒါကတော့ အဲဒီဟာ အထက်ပိုင်း ဉာဏ်တွေမှာ ရှိပါတယ်၊ အထူးအားဖြင့် သင်္ခါရုပေက္ခာ ဉာဏ်မှာရှိတယ်၊ ဒါလေးဖြစ်ပြီးတော့နေတယ်၊ ဒီက ၅-ခုပေါ့လေ၊ နောက်တစ်ခုက ဆဠင်္ဂုပေက္ခာ ၆-ခုရှိတယ်၊ အဲဒီ ၆-ခု၊ ဒါလေး ဆိုကြဦးစို့၊ သူက ၆-ခုရှိတယ်။
ဆဠင်ဗြဟ္မ ဗောဇ္ဈင်္ဂ တတြဈာန်ပါရီ။
ဆဠင်္ဂဥပေက္ခာ-ဒါက တစ်မျိုး၊ မပြောရသေးဘူး၊ တော်တော်ကြာမှ ပြောရမယ်၊ ဗြဟ္မဝိဟာရ ဥပေက္ခာ ဗောဇ္ဈင်က ဥပေက္ခာကိုး။
တတြမဇ္ဈတ္တတာ ဒါလေးက ဆိုရမယ်၊ ဒါကတော့ ခေါင်းစဉ်ကလေးတွေ တိုတိုလုပ်ရတာကိုး၊ အရှည်တွေ လျှောက် ဆိုလို့ရှိရင်လဲ ပုဒ်တွေများကုန်မယ်၊ တတြမဇ္ဈတ္တတာ ဥပေက္ခာကတစ်မျိုး၊ တတြမဇ္ဈတ္တတာ သူက စေတသိက်နာမည်ပဲ၊ ဈာနဥပေက္ခာ သူက တစ်မျိုး၊ ပါရီက ပါရိသုဒ္ဓိဥပေက္ခာ သူကလဲ နည်းနည်းရှည်တယ်၊ ပါရိသုဒ္ဓိဥပေက္ခာတဲ့၊ သူက အဲဒါ ၆- ခုရှိတယ်၊ အဲဒီ ၆-ခုထဲမှာ ယခု ဆဠင်္ဂုဥပေက္ခာပြောမယ်၊ ဆဠင်္ဂုဥပေက္ခာက သူက တော်တော် ကျယ်ဝန်းတယ်၊ ဝိပဿနာ နဲ့လဲ ဆိုင်တယ်၊ ယောဂီပုဂ္ဂိုလ်တွေနဲ့လဲ ဆိုင်တယ်။
ကထဉ္စ ဘိက္ခဝေ ဘိက္ခူ ဆဠင်္ဂသမ္ပန္နာဂတော ဟောတိ။
ဘိက္ခဝေ - ရဟန်းတို့၊
ကထဉ္စ - ဘယ်ပုံဘယ်နည်းဖြင့်၊
ဘိက္ခု - ရဟန်းသည်၊
ဆဠင်္ဂသမ္ပန္နာဂတော - ၆ပါးသော အင်္ဂါနှင့် ပြည့်စုံသည်၊
ဟောတိ - ဖြစ်ပါသနည်း၊
အင်္ဂါ ၆-ပါးနဲ့ ပြည့်စုံရမယ်၊ အင်္ဂါ ၆-ပါးနှင့် ဘယ်လိုပြည့်စုံရမလဲလို့၊ အင်္ဂါ ၆-ပါး ရှိတယ်၊ ပြည့်စုံပုံ ဆဠင်္ဂက ဥပေက္ခာနဲ့ ပြည့်စုံပုံ။
ဣဓ ဘိက္ခဝေ ဘိက္ခု စက္ခုနာ ရူပံ ဒိသွာနေဝ သုမနော ဟောတိ၊ နေဝ ဒုမ္မနော ဥပေက္ခာကာ ဝိဟရတိ သတော သမ္မဇာနော။
ဘိက္ခဝေ - ရဟန်းတို့၊
ဣဓ - ဤသာသနာတော်၌၊
ဘိက္ခု - ရဟန်းသည်၊
စက္ခုနာ - မျက်စိဖြင့်၊
ရူပံ - အဆင်းကို၊
ဒိသွာ - မြင်ပြီး၍၊ မြင်ပြီးလတ်သော်၊
နေဝ သုမနော ဟောတိ - ဝမ်းမြောက်ဝမ်းသာလည်းမဖြစ်။
မျက်စိဖြင့်အဆင်းမြင်ပြီးတဲ့အခါ ကိုယ်မြင်ချင်တာတွေမြင်ရလို့ လှလှပပ တင့်တင့်တယ်တယ်တွေ မြင်ရလို့လဲ ဝမ်းမြောက်ဝမ်းသာ မဖြစ်ရဘူးတဲ့၊ လောကလူတွေကတော့ ကိုယ်မြင်ချင်တာတွေ မြင်နေရရင် ဝမ်းသာနေတာပဲ၊ တမင်တကာ အကောင်းတွေမြင်ရအောင်လဲ လိုက်ရှာကြတယ်၊ မြင်လို့ ရှိရင် ကြည့်ရလို့ရှိရင် သူက သဘောလဲကျတယ်။
နေဝ သုမနောဟောတိ - ဝမ်းမြောက် ဝမ်းသာလဲမဖြစ်၊
န ဒုမ္မနော-ဟောတိ - နှလုံးမသာယာခြင်းသည်လည်း မဖြစ်၊
မကောင်းတာတွေ မြင်ရလို့လဲ နှလုံးမသာခြင်းမဖြစ်ပါဘူးတဲ့၊ နှလုံးမသာခြင်း၊ စိတ်ပျက်ခြင်း၊ စိတ်ဆိုးခြင်း၊ ဝမ်းနည်းခြင်း၊ ကြောက်ခြင်း၊ လန့်ခြင်း၊ ရွံ့ခြင်း၊ အဲဒါတွေလဲ မဖြစ်ဘူးတဲ့၊ ဘာဖြစ်နေတုန်း ဆိုတော့ …
ဥပေက္ခကောဝိဟရတိ-၊
ဥပက္ခကော - အညီအမျှလျစ်လျူရှုလျက်၊
ဝိဟရတိ - နေ၏တဲ့၊
မချစ်မမုန်းပေါ့လေ၊ ဝမ်းသာဝမ်းနည်းခြင်းလဲ မရှိ၊ မချစ်မမုန်းဘဲနဲ့ အညီအမျှ ပဲတဲ့။
ဒီအာရုံနဲ့စပ်ပြီး ဘာမျှမဖြစ်သိရုံတစ်ဘူး၊ လေးပဲတဲ့၊ ဘာကြောင့်တုန်းဆိုရင်
သတော သမ္ပဇ္ဇာနော၊
သတော - အမှတ်ရသည်ဖြစ်၍၊
သမ္ပဇ္ဇာနော - သိသည်ဖြစ်၍၊
ဝိဟရတိ - နေ၏တဲ့၊
အမှတ်ရပြီးတော့ သိနေပါ၏လို့ပါပဲ၊ မျက်စိဖြင့် မြင်ခိုက်မှာ ထင်ရှားရှိတဲ့ တရားလေးအမှတ်ရတယ်၊ အမှတ်ပြီးတော့ မြင်ပြီး ပျောက်သွားတာလေး သိတယ်၊ ဒါပဲသိတာကိုး၊ (ပေါ်ပြီးရင်း ပျောက်သွား ရင်း-၂) ဒါလေးအမှတ်ရပြီး သိနေရုံကလေးပဲ သိလိုက်နေတယ်၊ အဲဒီ အာရုံကလေးကောင်းလို့လဲပဲ ကောင်းတာလေး မြင်ရလို့လဲ ဝမ်းသာခြင်း မဖြစ်ဘူးတဲ့၊ မကောင်းတာ မြင်ရလို့လဲ စိတ်ပျက် နှလုံးမသာခြင်း မဖြစ်ဘူး၊ အရေးကြီးတယ်၊ ဒါကတော့ လူတွေအနေအားဖြင့်တော့ ကောင်းတာ မြင်ရင် ဝမ်းသာရမှာပဲ။
ဒါသာယာရမှာ သဘောကျရမှာပဲ၊ မကောင်းတာ မြင်လဲ စိတ်ညစ်နှလုံးမသာရမှာပဲ၊ အဲဒါတွေ မဖြစ်ဘဲနဲ့ နေတာကိုး၊ ဒါသေသေချာချာပြည့်စုံတာကတော့ ဘယ်သူ ပြည့်စုံလဲဆိုတော့ ရဟန္တာမှပဲ ပြည့်စုံတယ်၊ ရဟန္တာမှာ (မြင်တိုင်း-၂) ဘယ်လို ကောင်းတဲ့ အာရုံတွေ မြင်ရလို့လဲ ဘာမှမဖြစ်ဘူး၊ သူက မကောင်းတဲ့ အာရုံတွေ မြင်ရလို့လဲ ဘာမှမဖြစ်ဘူး၊ မြင်ရုံပဲရှိတယ်၊ မြင်ရုံမျှပဲ ရှိတယ်၊ မြင်ရုံမျှ, သိရုံမျှပဲရှိတယ်။
အဲဒါလိုပဲ ယခုတရား အားထုတ်နေတဲ့ ပုဂ္ဂိုလ်မှာလဲပဲ ဒီအဆင့်အတန်း အရောက်ရမှာကို ဆဠင်္ဂဥပေက္ခာ ခေါ်တယ်၊ မြင်ရာကနေပြီးတော့ ဥပေက္ခာလေး ဖြစ်ရမယ်တဲ့၊ မချစ်မမုန်း, ဝမ်းသာ ဝမ်းနည်းမရှိ, ကောင်းတယ်ဆိုးတယ်လို့လဲမရှိ၊ ကောင်းတယ်လို့လဲ မထင်, ဆိုးတယ်လို့လဲ မထင်၊ သဘောတရားမျှကလေး, အဖြစ်အပျက်ကလေး သိပြီး သက်သာနေရမယ် တဲ့၊ ကိုင်း-ဒါလေး ကတော့ ဆောင်ပုဒ်ဆိုရမယ်။
အဆင်းမြင်ရာ ရှုမှတ်ပါ၊ မှန်စွာသိပါစေ။ (ဆို-၃)
စက္ခုနာရူပံ၊ ဒိသွာကို စက္ခုနာ - မျက်စိဖြင့်၊ ရူပံ - အဆင်းကို၊ ဒိသွာ - မြင်ရ၍၊ အဆင်းမြင်ရာ ရှုမှတ်ခါ မှန်စွာသိပါစေ ဆိုတာကတော့-သတောသမ္ပဇာနော သညိတော - အမှတ်ရသည်ဖြစ်၍၊ သမ္ပဇာနော-သိသည်ဖြစ်၍၊ ရှုမှတ်ပြီးတော့၊ သတော - အမှတ်ရမယ်၊ ရှုရမယ်၊ သမ္ပဇာနော-သိရ မယ်တဲ့၊ ဒါကို ဆိုလိုပါတယ်၊ အဆင်းမြင်ရာ ရှုမှတ်ကာ မှန်စွာသိပါစေ၊ ဝမ်းသာ မဖက် စိတ်မပျက်၊ ရှုလျက်လျစ်လျူနေ-ဝမ်းမသာရဘူးတဲ့။
ဝမ်းသာခြင်း မဖြစ်စေရဘူး၊ မကောင်းလို့လဲ စိတ်ပျက်ခြင်း, နှလုံးမသာယာခြင်း မဖြစ်စေရဘူး၊ ဘာဖြစ်ရမလဲ လျစ်လျူရှုပြီးတော့နေရမယ်တဲ့၊ ဒါက သူ့အဆင့်အတန်း မရောက်ဘဲနဲ့တော့ မဖြစ်သေးဘူး၊ ဒီတိုင်း ဘာမှလေ့လာမှုမရှိဘဲနဲ့ (ရှုတိုင်း-၂) ဒီလိုချည်းလျစ်လျူရှုနေလို့ ဘယ်ဖြစ်လိမ့်မတုန်း၊ သူက အစဉ်အတိုင်း အားထုတ်သွားမှ ဖြစ်တယ်၊ အစဉ်အတိုင်း အားထုတ်ပြီး ရောက်နေတာ အဆင့်ကိုပြောတာ၊ ဝမ်းသာမဖက် စိတ်မပျက် ရှုလျက် လျစ်လျူနေ-ဆိုရမယ်။
ဝမ်းသာမဖက် စိတ်မပျက် ရှုလျက်လျစ်လျူနေ၊ (ဆို-၃)
ဝမ်းမသာရဘူး၊ နေဝသုမနော-ဟောတိ၊ ဝမ်းသာခြင်းလဲ မဖြစ်ရဘူး၊ နဒုမ္မနော ဟောတိ - နှလုံး မသာခြင်းလဲ မဖြစ်ရဘူး၊ ဝမ်းသာမဖက်စိတ်မပျက်ဆိုတာ ရှုလျက်လျစ်လျူနေ၊ ဥပေက္ခကော ဝိဟရတိ၊ ဥပေက္ခကော - လျစ်လျူရှုသည်ဖြစ်၍၊ ဝိဟရတိ - နေ၏၊ ဒီဒေသနာ အရကိုး၊ ဒါက ဘုန်းကြီး ဆောင်ပုဒ်ကလေး ပေးထားတယ်၊ ပါဠိလိုဆိုတော့ ကျက်ဖို့ဟာလဲ မလွယ်ဘူး၊ ကျက်ပြီးလဲ အနက် အဓိပ္ပာယ် သိဖို့ရာလဲ မလွယ်ဘူး၊ ဆောင်ပုဒ်ကလေးက လွယ်တယ်၊ အဆင်းမြင်ရာ ရှုမှတ်ခါ မှန်စွာသိပါစေ၊ ဝမ်းသာမဖက် စိတ်မပျက် ရှုလျက်လျစ်လျူနေ၊ နားလည်ရောပေါ့၊ ဒါတော့ နားလည်မှာပါပဲ၊ အဆင်းမြင်လို့ရှိရင် ရှုမှတ်ပြီးတော့ အမှန်အတိုင်းသိရမယ်၊ အမှန်အတိုင်းသိအောင် ရှုမှတ်ရမယ်၊ အမှန်အတိုင်းသိအောင် ရှုမှတ်ပြီးတော့ ဝမ်းသာမှုလဲ မရောက်စေရဘူး၊ ဝမ်းနည်း နှလုံးမသာမှုလဲ မဖြစ်စေရဘူး၊ အမှန်အတိုင်း သိနေလို့ရှိရင် ဝမ်းသာဝမ်းနည်း မဖြစ်ပါဘူး၊ မသိလို့ ဖြစ်နေတာ၊ ဘယ်မှာတည်ရမလဲဆိုရင် လျစ်လျူရှုပြီးတော့ နေရမယ်၊ ဒါကို ဆိုတာကိုး။
အဆင်းမြင်ရာ ရှုမှတ်ခါ မှန်စွာသိပါစေ။
ဝမ်းသာမဖက် စိတ်မပျက် ရှုလျက်လျစ်လျူနေ။
ဒါတော့ ဘယ်ပုဂ္ဂိုလ် ပြည့်စုံမလဲ၊ ရဟန္တာမှ ပြည့်စုံမှာ သေသေချာချာ ဆိုတော့ ရဟန္တာမှ ပြည့်စုံတာ၊ ရဟန္တာမှ ပြည့်စုံလို့ရှိရင်တော့ သာမန်ပုဂ္ဂိုလ်တွေ ဖြစ်ပါ့မလားလို့ဆိုရင် ဖြစ်ပါတယ်၊ တရား အားထုတ်နေတဲ့ ယောဂီပုဂ္ဂိုလ်ကျတော့ ဖြစ်တယ်၊ ရဟန္တာအသွင် ယောဂီရှင် ရှုလျှင်ဖြစ်နိုင်သည်၊ ရှုရင်ဖြစ်မယ် မရှုရင်တော့ မဖြစ်ဘူးပေါ့၊ အစဉ်အတိုင်းသာ ရှုသွား ဒွါရ ၆-ပါးက ပေါ်ခိုက်, ပေါ်ခိုက်ကလေးသာ လိုက်ပြီးတော့ ရှုသွားလို့ရှိရင် သူ့အဆင့်အတန်း မှီလာတဲ့အခါကျတော့ ဒီအတိုင်း ဖြစ်မှာပဲ၊ ဒါ ကိုယ်တိုင်တွေ့ရမှာပဲ။
ဒါဖြစ်နိုင်တဲ့ဟာတွေပဲ၊ ရဟန္တာအသွင် ယောဂီရှင် ရှုလျှင်ဖြစ်နိုင်သည်၊ ရဟန္တာများလိုပါပဲတဲ့၊ ယောဂီ ပုဂ္ဂိုလ်မှာ ရဟန္တာအသွင် ယောဂီရှင်၊ အဋ္ဌကထာကပြောတယ်၊ ဝိပဿကော ကာတုံ သက္ကောတိ၊ ဝိပဿကော-ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ်လည်း တတ်နိုင်ပါတယ်တဲ့၊ ဒါကို ဒါမျိုးဖြစ်အောင် လုပ်နိုင် ပါတယ်၊ ဒါကြောင့် ရဟန္တာအသွင် ယောဂီရှင် ရှုလျှင်ဖြစ်နိုင်ပေ။
ရဟန္တာအသွင် ယောဂီရှင် ရှုလျှင်ဖြစ်နိုင်ပေ။
ဆဠင်္ဂ ဥပေက္ခာထဲက ဒါတစ်ခု၊ ဥပေက္ခာတစ်ခုပဲ၊ ၆-ခုရှိရမှာကိုး၊ သူ့ဥစ္စာက မျက်စိထဲက အဆင်းမြင်တဲ့ကာလ ဥပေက္ခာဖြစ်ရမယ်၊ မြင်တိုင်း မြင်တိုင်း ရှုမှတ်ပြီးတော့သိရမယ်၊ သိပြီးတော့ နှစ်သက်ခြင်း, ဝမ်းမြောက်ခြင်း, ဝမ်းသာခြင်းလဲ မဖြစ်၊ စိတ်ပျက်, စိတ်ဆိုးခြင်းလဲမဖြစ်, ဝမ်းသာမှုလဲမဖြစ်ဘဲနဲ့ (သိရုံ-၂)မျှ လျစ်လျူရှုပြီး နေနိုင်ရမယ်၊ မြင်ရာမှာ ဥပေက္ခာ ဖြစ်ပုံ၊ ထို့အတူ ကြားရာတွေမှာလဲ ဒီအတိုင်းပဲ။
သောတေန သဒ္ဒံ သုတွာ သုမနော ဟောတိ။
န ဒုမ္မနော ဥပေက္ခကော ဝိဟာရတိ၊ သောတံ သမ္ပဇာနော။
သောတေန - နားဖြင့်၊
သဒ္ဒံ - အသံကို၊
သုတွာ - ကြား၍၊
နေဝသုမနော ဟောတိ - ဝမ်းမြောက်ဝမ်းသာလဲ မဖြစ်၊
နဒုမ္မာ နောဟောတိ - နှလုံးမသာမယာလဲ မဖြစ်၊
သတော - အမှတ်ရသည်ဖြစ်၍၊
သမ္ပဇာနော - သိသည်ဖြစ်၍၊
ဥပေက္ခကော - လျစ်လျူရှုလျက်၊
ဝိဟရတိ - နေ၏၊ ဒီအတိုင်းပါပဲ။
ဆောင်ပုဒ်ကလဲ ဒီလိုပါပဲ၊ ဆောင်ပုဒ်က နည်းနည်းလေး ပြင်လိုက်ရုံပဲ၊ လွယ်လွယ်ပဲ မခက်ဘူး၊ သူက အဆင့်သင့်ရာ ရှုမှတ်တာ အသံကြားရာပေါ့၊ သူကလွယ်လွယ်လေးပဲ၊ ဒါလေးပြောင်းလိုက်ရတာပဲ၊ အသံကြားရာ ရှုမှတ်ခါ မှန်စွာသိပါစေ၊ အနံ့နံရာ ရှုမှတ်ခါ မှန်စွာသိပါစေ၊ အရသာသိရာ ရှုမှတ်ခါ မှန်စွာသိပါစေ၊ အတွေ့တွေ့ရာ ရှုမှတ်ခါ မှန်စွာသိပါစေ၊ သဘောသိရာ ရှုမှတ်ခါ မှန်စွာသိပါတယ်၊ ဒွါရ ၆-ပါးလုံး အကုန်လုံးရပါတယ်၊ အကုန်လုံး ပြောင်းလိုက်ရုံပဲ၊ ဘာမှမခက်ဘူး၊ အဆင်းမြင်ရာ, အသံကြားရာ, အနံ့နံရာ, အရသာသိရာ, အတွေ့ထိရာ, သဘောသိရာ ဒါလေးပြောင်းလိုက်ရုံပဲ။
နောက်ကဟာတွေက အကုန်လုံးအတူတူပဲ၊ သဘောဆိုတာ စိတ်ကူးစဉ်းစား ကြံစည်တဲ့ အာရုံတွေ ပေါ့၊ စိတ်ကူး စဉ်းစားကြံစည်တဲ့ အာရုံတွေရောက်လာလို့ရှိရင် သဘော-သိတာပဲ၊ သဘောသိရာ ရှုမှတ်ရမှာပဲ၊ စိတ်ကူးတွေဖြစ်တိုင်း ရှုမှတ်ရုံပါပဲ၊ သူ့ကို ချမ်းသာပေးလို့မဖြစ်ဘူး၊ သဘောသိရာ ရှုမှတ်ပါ မှန်စွာသိပါစေ၊ ဝမ်းသာမဖက် စိတ်မပျက် ရှုလျက်လျစ်လျူနေ၊ စိတ်ကူးအာရုံတွေ အကြောင်းြုပပြီး ဝမ်းသာလဲမနေနဲ့၊ စိတ်ပျက်လဲမနေနဲ့၊ လျစ်လျူရှုပြီးတော့ နေရမယ်။
ဝမ်းသာမဖက် စိတ်မပျက် ရှုလျက်လျစ်လျူနေ။
ရဟန္တာအသွင် ယောဂီရှင် ရှုလျှင်ဖြစ်နိုင်ပေ။
ဥပေက္ခာ ၆-ပါး စုံသွားပါရော၊ အဲဒါကို ဆဠင်္ဂပေက္ခာတဲ့၊ ဒါက ခုပြောတဲ့ ဥပေက္ခာတွေဟာ တရားကိုယ် စစ်လိုက်လို့ရှိရင် တတြမေဇ္ဈတ္တတာဥပေက္ခာပါပဲ၊ ဆဠင်္ဂဗြဟ္မဗောဇ္ဈင်၊ တတြဈာန်ပါရီ ဆဠင်္ဂ ဥပေက္ခာ ဗြဟ္မဝိဟာရ ဥပေက္ခာ၊ ဗောဇ္ဈင်္ဂ ဥပေက္ခာ၊ ဈာန်ဥပေက္ခာ၊ ပါရိသုဒ္ဓိ ဥပေက္ခာဆိုတာတွေဟာ တတြ မေဇ္ဈတ္တတာ စေတသိက်ပါတယ်၊ တရားကိုယ်အားဖြင့်တော့ အတူတူပဲ၊ ဒါဖြင့် ဒီ ၆-ခုက ပေါင်းပြီးတော့ ဆောင်ပုဒ်ပေးထားတယ်၊ ဘုန်းကြီးကသာ ၆-ခုက တတြမေဇ္ဈတ္တဟာ စေတသိက်ချည်းပဲ၊ တရားကိုယ် ကောက်လိုက်တော့ ဒါရတယ်၊ နောက် ၄-ခုလာရမယ်၊ ဝိပသ်သင်္ခါ ဝိ ဝေဒနာ၊ တစ်လုံးတောင်ပိုနေပြီ၊ မတတ်နိုင်ဘူး၊ ဝေဒနာ ဆိုလို့တောင် ဟန်တော့မကျလှဘူး၊ ဆိုလို့ကောင်းတယ်၊ ဝိ-ဝေဒနာ၊ ဝိပသ်သင်္ခါ၊ ဝိဝေဒနာ၊ ဝိရိယကိုး။
ဥပေက္ခာဆယ်မျိုး နောက် ၄-ခုပဲ ကျန်တော့တယ်၊ ဝိပဿနာနုပေက္ခာတဲ့၊ သင်္ခါရုပေက္ခာတဲ့၊ သူတို့နှစ်ခုကတော့ ဝိပဿနာဥပေက္ခာ, သင်္ခါရဥပေက္ခာ, ဒီဥပေက္ခာနှစ်ခုကတော့ အမျိုးတူပါပဲ၊ ဉာဏ်ပဲ သူကတော့ ဝိ-ဝိရိယ၊ ဝေဒနာ ဝေဒနာဥပေက္ခာ၊ ဝေဒနာဥပေက္ခာကတော့ အများပဲ သိကြပါတယ်၊ သူကတော့ ကုသိုလ်လဲရှိတာပဲ၊ အကုသိုလ်လဲရှိတာပဲ၊ အဲဒီ ၄-မျိုးပဲ၊ ဝိပဿနာ ဥပေက္ခာတစ်ခု၊ သင်္ခါဥပေက္ခာဆိုတဲ့ ဥပေက္ခာကတစ်ခု၊ ဝီရိယကတစ်ခု၊ ဝိရိယဥပေက္ခာ၊ ဝေဒနာ ဥပေက္ခာ တစ်ခု၊ ၄-ခုပေါ့၊ ခုန ၆-ခုနဲ့ပေါင်းတော့ ဆယ်ခု၊ ဥပေက္ခာဆယ်မျိုးတည်း၊ ဆယ်မျိုး ရှိပါတယ်လို့ ဆိုလိုတယ်၊ ကိုင်း ဆိုရအောင်။
ဝိပသ်သင်္ခါ ဝိဝေဒနာ ဥပေက္ခာ ဆယ်မျိုးတည်း။ (ဆို-၃)။
ဆဠဗြဟ္မ ဗောဇ္ဈင်္ဂ တတြဈာန်ပါရီ၊ အဲဒါက ၆-ခုပဲ၊ ဝိပသ်သင်္ခါ ဝီဝေဒနာ ဒီက ၄-ခု၊ ဥပေက္ခာဆယ်မျိုးတည်း ဆိုတာဒါပဲ၊ ဝိပဿနုပေက္ခာနဲ့ သင်္ခါရုပေက္ခာ၊ ဉာဏ်ကြီးထဲပဲတဲ့၊ ဝိပဿနာ ဉာဏ်ကြီးပဲ၊ ဝိပဿနုပေက္ခာဆိုတာ ဘယ်လိုဟာတုံးဆို၊ ယောဂီပုဂ္ဂိုလ်က အစဉ်အတိုင်း ရှုမှတ် ပြီးတော့ ပထမ နာမ်နဲ့ရုပ်ပိုင်းခြားပြီးတော့သိတယ်၊ မှတ်တိုင်း မှတ်တိုင်း မှတ်သိစရာ အာရုံရုပ်က တစ်မျိုး၊ မှတ်သိနေတဲ့ စိတ်နာမ်ကတစ်မျိုး အစရှိသည်ပေါ့။
ရှုကာစ ပုဂ္ဂိုလ်ကတော့ ရုပ်မှတ်ရတာများတယ်၊ (ရုပ်အာရုံနဲ့ အသိနဲ့-၂) တစ်နည်းအားဖြင့် (ကိုယ်ရုပ်နဲ့အသိနဲ-၂)ကွဲပြီး မှတ်တိုင်း မှတ်တိုင်း ကိုယ်မှာ ကွေးတယ်ဆိုရင် ကွေးတယ်, ကွေးတယ် မှတ်လိုက်ရင် ကွေးရွေ့လာတာက ရုပ်ကိုး၊ ကွေးတယ်လို့သိလာတာလေးက နာမ်ကိုး၊ ရုပ်နဲ့နာမ် ဒီနှစ်ခုပဲ၊ ဒါဝိပဿနာဉာဏ် ကောင်းကောင်းမဖြစ်သေးခင်တော့ ကွေးတယ်လို့ မှတ်ရမယ်ဆိုလို့ မတ်နေရတာပဲ၊ ကွေးတာ လက်ကလဲ ငါပဲ၊ ရှုမှတ်နေတာလဲ ငါပဲ၊ ဒီလိုပဲ သိနေသေးတာတဲ့၊ ဘာမှ မကွဲပြားသေးဘူး။
.
သမာဓိဉာဏ် ရင့်လာတဲ့ခါကျတော့ မှတ်တိုင်းမှတ်တိုင်းဟာ ကွေးတယ်ဆိုရင် ကွေးတာလေးဟာ ကွေးတဲ့ သဘောလေးက တစ်ခြားပဲ၊ ကွေးတယ်လို့ သိတာလေးက တစ်ခုပဲ၊ ကွေးတာနဲ့ ကွေးတယ်သိတာ ရောလို့ကိုမရဘူး တစ်ခြားစီဖြစ်နေတာပဲ၊ အဲဒီလိုကွဲနေတာ၊ ရုပ်နဲ့နာမ်နဲ့ ကွဲနေတာ၊ နာမရူပပရိစ္ဆေဒဉာဏ်ကျတော့ ဒီလိုကွဲနေတာပဲ၊ ဖောင်းတယ်, ပိန်တယ်မှတ်လဲဒီတိုင်းပဲ၊ ဖောင်းတက်လာလဲ ရုပ်ကလေးက တစ်ခြား၊ ဖောင်းတယ်လို့ သိတာလေးက တစ်ခြား၊ ပိန်တယ်မှတ်ရင်လဲ ပိန်တာလေးကတစ်ခြား၊ သိတာလေးက တခြား၊ ရုပ်နဲ့ နာမ်နှစ်ခုပဲရှိတယ်၊ အစမှတ်ခါစတော့ ဖောင်းတယ်, ပိန်တယ် မှတ်လို့သာ မှတ်နေရတယ်၊ ဖောင်းတာကလဲ ကိုယ်ကြီး နဲ့က ကိုယ်လုံးငါပဲ၊ ဖောင်းတယ်လို့ရှုနေတာလဲ ငါပဲ၊ စိတ်ကလဲငါပဲ၊ အတူတူပဲလို့ အောက်မေ့တာကိုး၊ မကွဲဘူး သမာဓိဉာဏ်ရင့်လာတော့ ဖောင်းတယ်, ပိန်တယ်လို့မှတ်ရင် ဖောင်းတက်လာတာ လေးက တစ်ခြား၊ ဖောင်းတာလေးကို ပြေးပြေးပြီး သိတာလေးက နာမ်ကလေးက တစ်ခြား ရုပ်နာမ် ဒီနှစ်ခုပဲရှိတယ်။
သွားနေပြန်လဲ ခြေထောက်ကြွလိုက်, လှမ်းလိုက်, ချလိုက်, ကြွတယ်, လှမ်းတယ်, ချတယ်, ဒီလိုမှတ်ရတယ်၊ ကြွတယ်လို့မှတ်ရင် ကြွတက်လာတာလေးက တစ်ခု၊ ကြွတယ်လို့ သိတာလေးက တစ်ခု၊ လှမ်းတယ်ဆိုရင်လဲ ဒီတိုင်းပဲ လှမ်းတာလေးက တစ်ခု၊ သိတာလေးက တစ်ခု၊ ချတယ် ဆိုရင်လဲ ချတာလေးကတစ်ခု သိတာလေးကတစ်ခု၊ ဒီလိုပဲ မှတ်တိုင်း မှတ်တိုင်း မှတ်စရာ အာရုံ ကလေးက တခြား မှတ်သိတဲ့ စိတ်ကလေးက တခြား၊ ကွဲပြားနေတယ်၊ အဲဒီလို ကွဲပြားထင်လာတော့ နောက်တော့ မှတ်တိုင်း, မှတ်တိုင်း မှတ်တဲ့အာရုံကလေးတွေ အစကနေအဆုံးနဲ့ ပေါ်ပြီးရင် ပျောက်သွား တာလေးတွေ တွေ့လာတာပဲ။
ဥပမာ စိတ်ကူးလေးဆိုပါတော့။ စိတ်ကူးလေး တခြားထွက်သွား, ထွက်သွားတယ် သွားတယ်၊ စိတ်မှတ်လေးလဲမရှိဘူး၊ ဟော မရှိတော့ နောက်ကလိုက်လာတုံး မမြဲတာ ဟုတ်သားပဲ၊ သုံးသပ် ဆင်ခြင်လာတာ ဒီလိုဖြစ်ပြီး ပျောက်သွားတာကိုး၊ နောက်က သူက စဉ်းစား လိုက်လာတာ၊ ဆင်ခြင်မှုကလေးက နောက်ကပါလာတယ်၊ ကိုယ်ထဲမှာ ညောင်းတာ, ပူတာ, နာတာ, ကျင်တာ, ကိုက်ခဲတာ အဲဒါလေးဖြစ်ရင်လဲ အဲဒါလေးမှတ်ရတာပဲ၊ ညောင်းတယ်, ညောင်းတယ်, ပူတယ် (ပူတယ်-၂)မှတ်၊ မှတ်ရင်း, မှတ်ရင်းနဲ့ ပျောက်သွားတာပဲ၊ မမြဲတယ်ဆိုတာ ဒါပဲ။
ပျောက်သွားတာ, ပျောက်တယ်ဆို မမြဲတဲ့တရားပဲ၊ နောက်ကလိုက်လာတယ်၊ အဲဒီလိုမမြဲတဲ့ သဘောတွေ, ဆင်းရဲတဲ့ သဘောတွေ, ပုဂ္ဂိုလ်သတ္တဝါမဟုတ်တဲ့ သဘောတရားတွေပဲလို့ ဆိုတာလေး တွေ သုံးသပ်ဆင်ခြင်ပြီးတော့ လိုက်နေတာပဲ၊ အဲဒီလိုသုံးသပ်ဆင်ခြင်ပြီးလိုက်လာတော့ ဒါမမြဲတဲ့ သဘောလေးတွေ ကိုယ့်ဉာဏ်ထဲမှာ ပိုင်လာပြီဆိုတော့ မဆင်ခြင်တော့ဘူး။ ဆင်ခြင်မှုကို လျစ်လျူရှုလိုက်တယ်၊ တမင်တကာ ရှုနေတာ မဟုတ်ဘူး။ သူ့ဟာသူကို မဆင်ခြင်တော့ဘဲနဲ့ မှတ်ရုံလေး သိရုံလေး သိနေတာ၊ အဲဒါကို ဝိပဿနာဥပေက္ခာ ခေါ်တယ်၊ ဥဒယဗ္ဗယဉာဏ်ကျ ဖြစ်လာတာပဲ၊ ဘာနဲ့တူသလဲဆိုရင် ဥပမာပေးထားတယ်၊ ညနေချမ်းမှောင်ရီချိန်မှာ အိမ်ထဲကို မြွေဝင်လာတယ်၊ ဥပမာပေးထားတယ်။
ညနေချမ်း မှောင်ရီချိန်မှာ မြွေဝင်လာတယ်ဆိုပါတော့ အိမ်ရှင်က မြွေဝင်လာပြီဆိုပြီးတော့ ဝင်သွားတာ လိုက်ပြီးတော့ တုတ်တစ်ချောင်းနဲ့လိုက်ပြီးတော့ ကြည့်ရတာကိုး၊ မြွေဆိုတာ ချောင်ကြို ချောင်ကြားမှာ နေတတ်တယ်၊ သူက ချောင်ကြိုချောင်ကြားမှောင်တဲ့နေရာမှာ သူကနေတတ်တယ်၊ မှောင်တဲ့နေရာမှာတော့ မှောင်ထဲမှာ ကြိုးလိုလို, မြွေလိုလို ဘာပါလိမ့် မတုန်း၊ ပထမမသေချာ သေးတော့ စဉ်းစားနေတာပေါ့၊ စဉ်းစားပြီးတော့ မြွေမှာ အရစ်ကလေးတွေ, ဘာလေးတွေ ရှိတတ်တယ်၊ မြွေရဲ့လက္ခဏာကလေးတွေ ဒီမှာတော့ ပုံတူ ဥပမာပေးတယ်။
သူကတော့ မြွေမှာ လည်ပင်းအရစ်ကလေး သုံးခုရှိတယ်၊ အဲဒီအရစ်ကလေးသုံးခုကို မြင်ကတည်းက မြွေပဲဆိုတာ အိမ်ရှင်က ဆုံးဖြတ်လိုက်တယ်၊ သေချာသွားပြီ၊ သေချာပြီးတဲ့နောက် ထပ်ပြီး မြွေ ဟုတ်လေသလား, မဟုတ်လေသလား ထပ်ပြီးစဉ်းစားပါဦးမလား၊ ဘယ်စဉ်းစားတော့မလဲ။ မြွေမှန်းသူသိသွားပြီ၊ မစဉ်းစားတော့ဘူး၊ အဲဒါလိုပဲတဲ့။
ဝိပဿနာ ရှုတဲ့ပုဂ္ဂိုလ်က စပြီး အားထုတ်ကာစတော့ ဘာမှမသိသေးဘဲနဲ့ ရှုတာပဲ၊ နောက်ရုပ်နဲ့ နာမ်ကို သိလာတာ၊ ရုပ်နဲ့နာမ်ရှိတာပဲဆိုတာ သဘောကျလာ၊ မှတ်စရာအာရုံနဲ့ မှတ်သိနေတဲ့ စိတ်နာမ်တရားတွေရှိတယ်၊ သဘောကြ၊ ဒါကနေပြီးတော့ အဲဒီတုန်းကပဲ ဖြစ်တယ်, ပျက်တယ် မထင်သေးဘူး၊ နောက်တစ်ဆင့် တိုးတက်လာတဲ့အခါကျတော့စပြီး ပေါ်လာလိုက်, ပျောက်သွား လိုက်၊ ဒါလေးတွေ တွေ့တော့ပေါ်ပြီး ပျောက်သွားတဲ့ မမြဲတဲ့တရားပဲ၊ မမြဲဘူးဆိုတာ ဒါပဲ၊ ဒါကြောင့် မမြဲတာပဲ၊ နောက်ကလိုက်ပြီး စဉ်းစားတယ်၊ ဒီလို ဖြစ်ပျက်နေလို့ မကောင်းတဲ့ ဆင်းရဲတဲ့ တရားပဲ။
ကိုယ်ထဲမှာ မရှုလိုဘဲ၊ ရှုရင်တော့ ကိုယ်ထဲမှာ ဆင်းရဲတွေ ပြည့်နေတာပဲ၊ မရှုလို့ဘဲ ဆင်းရဲတွေချည်းပဲ၊ သုံးသပ် ဆင်ခြင်တာတွေ လိုက်လာတယ်၊ ပုဂ္ဂိုလ်သတ္တဝါမဟုတ်တဲ့တရားတွေပဲ၊ သူ့ဟာအတိုင်းသူဖြစ် သူ့ဟာသူဖြစ်နေတာပဲ၊ မဖြစ်အောင်လို့လဲ တားလို့မရဘူး၊ သူ့ဟာသူ ဖြစ်နေ တာပဲ၊ အကြောင်းရှိမှ ဖြစ်လာတဲ့ တရားတွေ, သဘောတရားတွေပဲ၊ အနတ္တ တရားတွေပဲဆိုတာ ရှုရင်း မှတ်ရင်း သဘောကျလာတာပဲ၊ အဲဒီ သဘောကျတိုင်း ကျတိုင်း သုံးသပ်ဆင်ခြင်လိုက်တာပဲ။
ခုနက မြွေမဟုတ်လေသလား စဉ်းစားတာနဲ့ တူနေတယ်၊ သေသေချာချာတွေ့မြင်လို့ သဘော ကျသွားပြီ ဆိုတဲ့အခါကျတော့ မစဉ်းစားတော့ဘူး၊ ရှုရုံကလေးပဲရှိတော့ အဖြစ်အပျက် ကလေးတွေ ရှုရုံပဲ၊ အဲဒါ ဥဒယဗ္ဗယဉာဏ် ရောက်တော့ မစဉ်းစားဘူး၊ အဲဒါလို အဲဒါ ဘာနဲ့တူတုန်းဆို ခုနမြွေပဲဆိုတာ သေချာပြီးတဲ့နောက် ထပ်မစဉ်းစားသလိုပဲတဲ့၊ အဲဒါ ဝိပဿနုပေက္ခာ ခေါ်တယ်၊ အနိစ္စ, ဒုက္ခ, အနတ္တလက္ခဏာလေးတွေတွေ့တော့ ခုနက မြွေမှာလည်ရေး လည်ပင်းမှာ အရေး ကလေး သုံးစင်းမြင်လို့ မြွေပဲဆုံးဖြတ်သလိုပဲ။
ဒီအနိစ္စ, ဒုက္ခ, အနတ္တလက္ခဏာ ၃-ခုကို မြင်တာနဲ့ သေချာ သိသွားတဲ့အခါမှာ အနိစ္စလေလား ဒုက္ခလေလား၊ အနတ္တလေလား ဟုတ်လေသလား မဟုတ်လေသလားလို့ သုံးသပ်ဆင်ခြင်နေစရာ စဉ်းစားနေစရာ မလိုတော့ဘူးတဲ့၊ သိရုံလေး သိပြီး လိုက်သွားတယ်တဲ့၊ သိရုံလေးသိသွားတာဟာ ဝိပဿနုပေက္ခာ ခေါ်တယ်၊ ဘယ်မှာဖြစ်တုန်းဆိုတော့ ဒီဥဒယဗ္ဗယဉာဏ်မှာ ဖြစ်တယ်၊ ယောဂီ ပုဂ္ဂိုလ်တွေ ဒီလိုပဲ ဖြစ်တာပဲ။
ပထမက သမ္မသနဉာဏ် သုံးသပ်တဲ့ အပိုင်းရောက်ရင် သုံးသပ်တယ်၊ ဆင်ခြင်တယ်၊ ဆင်ခြင်လို့က ကောင်းပါတယ်၊ ဗဟုသုတရှိတဲ့ ပုဂ္ဂိုလ်တွေ သိပ်ဆင်ခြင်တာ ဒီမှာဆင်ခြင်နေရင် တိုးကိုမတိုးဘူး၊ ဒီနားကမတက်ဘူး၊ မသုံးသပ် မဆင်ခြင်ဘဲနဲ့ ရှုသွားလို့ အားရပြီဆိုရင် အားရသွား၊ သုံးသပ် ဆင်ခြင်လို့ အားရပြီးတော့ ရှုရုံလေးရှုပြီးသွားတော့မှ တိုးတက်ပြီး ဥဒယဗ္ဗယဉာဏ် ရောက်သွားတာ၊ အဲဒီမှာ ဖြစ်တာ ဝိပဿနုပေက္ခာ ဝိပဿနုပေက္ခာပြီးတော့ သင်္ခါရုပေက္ခာ ဆိုတာကတော့ သင်္ခါရတွေ လျစ်လျူရှုတာတဲ့၊ ဒါကတော့ ခုနက ဆဠင်္ဂုပေက္ခာထဲလဲ ပါဝင်ပြီးတော့သွားပါတယ်၊ ဆဠင်္ဂုပေက္ခာ ကတော့ တတြမေဇ္ဈတ္တတာ အရ ကောက်ထားတယ်။
အဲဒီတတြမေဇ္ဈတ္တတာယှဉ်ပြီးတော့ သင်္ခါရုပေက္ခာနဲ့ဖြစ်နေတာ၊ အတူတူယှဉ်တွဲဖြစ်နေတာ၊ သင်္ခါရအာရုံတွေကို ၀မ်းမြောက်စရာ နှစ်သက်စရာလို့လဲ မအောက်မေ့ကြဘူး၊ စိတ်ပျက်စရာ နှလုံးမသာစရာလို့လဲ မအောက်မေ့၊ သိရုံသိရုံကလေးပဲ လျစ်လျူရှုပြီးတော့ လိုက်နေတာ၊ လိုက် နေတာ သူက အာရုံတွေ ကောင်းလို့လဲ သူစွဲပြီးမထားဘူး၊ အာရုံတွေ မကောင်းလို့လဲ စိတ်ထဲ စွဲပြီးကျန်မနေဘူး၊ သိရုံသိရုံကလေးပဲ သိပြီးတော့ လိုက်နေတာပဲ၊ အဲဒါ သင်္ခါရုပေက္ခာခေါ်တယ်၊ အဲဒီ သင်္ခါရုပေက္ခာက အင်မတန်ကောင်းပါတယ်။
သင်္ခါရုပေက္ခာရောက်တော့ ရှုမှတ်စရာ အာရုံတွေ ကြောင့်ကြစိုက်ပြီးတော့ ရှာဖွေမနေရဘူး၊ သူ့ဟာသူ ပေါ်တယ်၊ တစ်မှတ်ပြီးရင် တစ်မှတ်က သူ့ဟာသူပေါ်နေတာပဲ၊ မှတ်စရာအာရုံတွေ သူ့ဟာသူ ပေါ်နေတာပဲ၊ ပေါ်လာတဲ့ အာရုံလေးကို မှတ်ပြီးသားဖြစ်နေတာ၊ အထူးကြောင့်ကြ မစိုက်ရဘူး၊ မှတ်ပြီး သိသိသွားနေတာ၊ သူ့ဟာသူ သိသွားနေတာ၊ ယောဂီပုဂ္ဂိုလ်က ထိုင်ရုံ ထိုင်နေရသလိုပဲ၊ သူ့ဟာသူ သိပြီးတော့ သွားနေတာ၊ ငါးမိနစ်ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်၊ မိနစ် နှစ်ဆယ်၊ နာရီဝက်၊ နှစ်နာရီ စသည်ဖြင့် တစ်ခါတည်း တစ်ရှိန်တည်း တန်းသွားနေတာ ကောင်းတယ်၊ ဒါ သင်္ခါရုပေက္ခာခေါ်တယ်၊ ဝိပသ်သင်္ခါ အဲဒါက (ဉာဏ်ချည်းပဲ-၂) ဒါကတော့ ဝိပသ်သင်္ခါ၊ ဝိဝေဒနာ၊ ဝီရိယယုပေက္ခာ-ဝီရိယ ဥပေက္ခာကတော့ မယုတ်မလွန်ညီမျှနေတဲ့ ဥပေက္ခာ က ဝီရိယ ဥပေက္ခာခေါ်တယ်၊ မယုတ်မလွန် ညီမျှပြီးတော့နေတယ်။
တစ်ခါတစ်ခါ ဝီရိယ သိပ်လွန်တဲ့ခါရှိတယ်။ ရှင်သောနမထေရ်တို့, ရှင်အာနန္ဒာတို့ တရားအားထုတ်ရာ လွန်နေသလို ဝီရိယတွေ သိပ်လွန်နေတဲ့အခါရှိတယ်၊ အခု တရားအားထုတ်တဲ့ ယောဂီတွေလဲ တစ်ခါတစ်ခါ လွန်နေပါတယ်၊ သိပ်လွန်နေတော့ နည်းနည်းလျော့ပေးရတယ်၊ လွန်နေရင်လဲ တရားကမတက်ဘူး။ တစ်ခါတရံကျ ဝီရိယကလျော့နေ, များသောအားဖြင့်တော့ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေက လျော့လျော့နေပါတယ်။ လျော့လျော့နေတော့ နေ့စဉ်နေ့စဉ်ပဲ လျော့တဲ့ပုဂ္ဂိုလ်တွေကို ကမ္မဋ္ဌာန်းဆရာတွေက တရားမတက်ဘူးဆိုရင် တိုးပြီးမှတ်မှတ် ဆိုရမှာပဲ။
တရားအားထုတ်တဲ့ပုဂ္ဂိုလ်ကလဲ သူတို့ကတော့ အစွမ်းကုန် အားထုတ်နေတာပဲ၊ အစွမ်းကုန် အားထုတ်နေတယ်ဆိုတော့ ကမ္မဋ္ဌာန်းဆရာက တယ်အားမရတော့ (တိုးမှတ်ဦး-၂) ခိုင်းတော့ နောက် ကမ္မဋ္ဌာန်းဆရာတောင် တယ်ပြီး မကျေနပ်ဘူး၊ မကျေနပ်ဘူး အားထုတ်တဲ့ပုဂ္ဂိုလ်က ငါဒီလောက် အားထုတ်နေတာပဲ တိုးရဦးမလား တိုးစရာ ကုန်နေပါပြီလို့ သူက ဒီလို အောက်မေ့တယ်၊ ဟုတ်တော့ လဲဟုတ်တာပဲ၊ သူ့အင်အားနဲ့သူတော့ ခပ်ကုန်ကုန်ပဲ ဖြစ်နေတာ၊ လိုနေလို့သာ (တိုးမှတ်ဦး-၂) ခိုင်းရတာကိုး၊ အဲဒါ ဝီရိယလျော့နေလို့။
အဲဒီတော့ အဲဒီလို ဝီရိယ မယုတ်မလွန် လွန်လဲမလွန်ဘူး၊ လျော့လဲမလျော့ဘူး၊ ညီမျှနေတဲ့အခါမှာ ဝိပဿနာတွေဟာ ကောင်းလာတာကိုး၊ နာမရူပပရိစ္ဆေဒ ဉာဏ်လဲညီမျှတဲ့အခါ ကောင်းတာပဲ၊ အထူးအားဖြင့် ဥဒယဗ္ဗယ ဉာဏ်ကျမှဖြစ်တယ်၊ အဲဒီကစပြီးတော့ ဝီရိယ မလွန်မယုတ် ကျနေတဲ့ ခါမှာ တက်ပြီးသွားတယ်၊ အဲဒီ ဝီရိယ မလွန်မယုတ်ညီမျှနေတဲ့ဥစ္စာကို ဝီရိယ ဥပေက္ခာလို့ ခေါ်တယ်၊ ဝီ-လို့ တစ်လုံးတည်းစီထားတယ်၊ ဒီမှာတော့ များများ အက္ခရာ မထားနိုင်ဘူး၊ ဒီမှာ ဝိပသ်သင်္ခါတဲ့၊ ဝီ-ဝိရိယ ဝေဒနုပေက္ခာတဲ့၊ ဝေဒနာဥပေက္ခာကတော့-
ယသ္မိံ သမယေ ကာမာဝစရံ ကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ၊ သောမနဿ သဟဝတံ ဒေါမနဿသဟဝတံ။
လို့ပါတယ်။ ဥပေက္ခာသဟဂုတ်၊ ဥပေက္ခာနဲ့ယှဉ်ပြီးတော့ စိတ်ကလေးဖြစ်တယ်တဲ့၊ အာရုံကောင်းရင် ကောင်းတဲ့အာရုံ အကြောင်းပြုပြီးတော့ ဝမ်းမြောက်ဝမ်းသာနဲ့ အာရုံပြုတယ်၊ အာရုံမကောင်း လို့ရှိရင် မကောင်းတဲ့အာရုံ အကြောင်းပြုပြီးတော့ စိတ်နှလုံး မသာမယာ မချမ်းသာတဲ့ သဘော လေးနဲ့ စိတ်ကလေးဖြစ်တယ်၊ အာရုံက အလတ်စားဖြစ်ရင်တော့ ဝမ်းမြောက်တာလဲမဟုတ်ဘူး၊ စိတ်ပျက်တာလဲမဟုတ်ဘူး၊ အလယ်အလတ် ဥပေက္ခာဝေဒနာလေး ခေါ်တယ်၊ အဲဒါလေးနဲ့ ကွဲပြီးဖြစ်တယ်။
အဲဒါ ဝေဒနာ ဥပေက္ခာခေါ်တယ်၊ အဲ အခုသိနေတာ ဒါပါပဲ။ ဒီဥပေက္ခာက အများသိပါတယ်၊ အကြမ်းဖျင်းသိတာပေါ့လေ၊ သိတယ်ဆိုပေမယ်လို့ သူကလေး သိဖို့ရာအခက်သားပဲ၊ အကြမ်းဖျင်း တော့ သိနေကြတယ်၊ ကိုယ်ထဲစိတ်ထဲမှာ ကောင်းနေတာ, ချမ်းသာနေတာက သောမနဿ သုခကို ချမ်းသာနေတာ, ကိုယ်ထဲစိတ်ထဲမှာ မကောင်းနေတာ, ဆင်းရဲနေတာက ဒေါမနဿဒုက္ခကိုး၊ သုခနဲ့ဒုက္ခက ထင်ရှားနေတယ်၊ ဥပေက္ခာကတော့ သိမ်တော့ သိမ်မွေ့နေတယ်၊ ကောင်းတာလဲ မဟုတ်ဘူး၊ ဆိုးတာလဲ မဟုတ်ဘူး၊ နေသာထိုင်သာရုံ ဖြစ်နေတာ၊ ဥပေက္ခာတွေပဲ သူကတော့ သိပ်မထင်ရှားဘူး၊ သူက သိမ်မွေ့တယ်၊ ဘာနဲ့တူတုံးဆိုတော့ သူက မှောင်ထဲမှာရှိတဲ့ အရာဝတ္ထု များနဲ့တူတယ်၊ အလင်းထဲနေတဲ့ဟာတော့ မြင်ရတာပေါ့၊ အမှောင်ထဲနေတဲ့ဟာ မမြင်ရဘူး၊ သူ့ကိုမြင်ချင်လို့ရှိရင် မီးနဲ့ဘာနဲ့ ထွန်းပြီး ကြည့်ရတယ်၊ အဲဒါလိုပဲ။
သူ့ကိုမြင်ချင်လို့ရှိရင် သုခနဲ့ဒုက္ခနဲ့ ဖောက်ပြီးကြည့်ရတယ်၊ ချမ်းသာနဲ့ ဆင်းရဲနဲ့ဖောက်ပြီး ချမ်းသာဆင်းရဲ မဟုတ်ဘဲနဲ့ အလယ်အလတ် ဖြစ်နေတာ၊ ဒါ ဥပေက္ခာပဲလို့ သိရတယ်၊ အဲဒါ တောလိုက်တဲ့ မုဆိုးများ သမင်ခြေရာခံတာနဲ့ သမင် ခြေရာခံတဲ့ ဥပမာများနဲ့လဲ သိနိုင်ပါတယ်။ တောလိုက်တဲ့ မုဆိုးဟာ သမင်ခြေရာတွေတွေ့လို့ရှိရင် လျှောက်ပြီး သမင်ခြေရာခံ လိုက်သွားတယ်၊ သမင်ခြေရာက မြေပျော့တဲ့နေရာမှာ ထင်တာကိုး၊ မြေမပျော့တဲ့ ကျောက်ဖျာပေါ်ကျတော့ မထင်ဘူး၊ ကျောက်ဖျာပေါ် တက်သွားတဲ့နေရာ ကျောက်ဖျာကတော့ ခြေရာရှိတာပေါ့၊ ကျောက်ဖျာပေါ် ကျတော့ ခြေရာမရှိဘူး၊ ကျောက်ဖျာ ဟိုဘက်ကျတော့ တစ်ခါ လွန်သွားတဲ့အခါကျတော့ ဆင်းသွား တဲ့ ခြေရာထင်တယ်။
အဲဒီတော့ ဒီဘက်က ကျောက်ဖျာဆီကို လာတဲ့ ခြေရာတွေ့ရင် ဆင်းသွားတဲ့ ခြေရာတွေ့မယ်၊ ဒီအတက်အဆင်းခြေက ၂-ခုတွေ့ရင် အလယ်ခေါင်တည့်တည့်က ခြေရာတော့ မရှိဘူးပေါ့၊ ကျောက်ဖျာပေါ် မရှိပေမယ်လို့ မုဆိုးက သိတယ် တဲ့၊ ဒီကပဲ ဖြတ်သွားတာပဲ သိရတယ်။
ဒါကတော့ တောထဲမှာ ကျက်စားတဲ့ မုဆိုး ပြောရတာပေါ့လေ၊ ဒိပြင် ပုဂ္ဂိုလ်တွေလဲ ဒါလောက်တော့ သိပါတယ်၊ ဒါလောက်တော့ ရိပ်မိပါတယ်၊ အဲဒါလိုပဲ သုခနဲ့ဒုက္ခကြားထဲမှာ ဆင်းရဲမဟုတ် ချမ်းသာမဟုတ် အလယ်အလတ်ဖြစ်နေတာ လေးရှိပါတယ်၊ အဲဒါ-ဥပေက္ခာပဲတဲ့၊ ယခုလူတွေမှာ အများအားဖြင့် ဥပေက္ခာ ဝေဒနာတွေ ဖြစ်နေတယ်၊ သူကများတတ်ပါတယ်၊ ကိုယ်စိတ်ထဲမှာ နေသာထိုင်သာပြီးတော့, ကောင်းပြီးတော့ နေတဲ့အခါရှိတယ်၊ အထူးကောင်းနေတာ ရှိတယ်၊ ချမ်းသာတွေ ဖြစ်နေတာရှိတယ်၊ ကိုယ်ထဲစိတ်ထဲမှာ မနေသာမထိုင်သာဖြစ်ပြီးတော့ ဆင်းရဲတွေ ဖြစ်နေတာရှိတယ်၊ ဒုက္ခတွေပဲ ကောင်းတယ်လဲမဟုတ်, မကောင်းတယ်လဲမဟုတ်ဘူး၊ သို့သော် လည်း နေတော့ နေတာပဲ၊ အဲဒါ ဥပေက္ခာတွေပဲ။
အဲဒီဥပေက္ခာတွေ ယောဂီပုဂ္ဂိုလ်မှာတော့ ဒါလေးတွေ (ဖြစ်တိုင်း-၂) လိုက်ပြီးတော့ မှတ်နေ၊ သူကထင်ရှားတယ်၊ (တစ်ခါ-၂) ကိုယ်ဒုက္ခတွေ ဖြစ်တယ်၊ ဒုက္ခတွေဖြစ်လာတယ်၊ ညောင်းတာ, ပူတာ, နာကျင်ကိုက်ခဲတာ, စိတ်မချမ်းမသာတာတွေ စိတ်ထဲက အဲဒါတွေ ရှုမှတ်ရတယ်၊ ရှုရင်းရှုရင်းနဲ့ တော်တော်ကြာတော့ သူက ပျောက်သွားတယ်၊ ပျောက်သွားပြီး တော်တော်ကြာ တော့ကို မချမ်းသာဘူး၊ ဒီအထဲမှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ပြီးပေါ်လာတယ်၊ ကိုယ်ထဲက နေသာထိုင်သာဖြစ်ပြီး ပေါ်လာတယ်၊ အဲဒါလဲကောင်းတယ်၊ ကိုယ်ထဲနေသာထိုင်သာ ဖြစ်လာလို့ နေသာထိုင်သာ မှတ်ရတယ်။
ချမ်းသာရင် ချမ်းသာတာမှတ်၊ ဝမ်းမြောက်ရင် ဝမ်းမြောက်တာ မှတ်ရတယ်၊ အဲဒီရှေ့က ဆင်းရဲချမ်းသာနဲ့ နောက်က ဆင်းရဲချမ်းသာ ကြားထဲမှာ မဆင်းရဲမချမ်းသာ ကြားလေးရှိတယ်၊ ကောင်းတယ်လို့ မဆိုနိုင်ဘူး၊ မကောင်းတယ်လို့ မဆိုနိုင်ဘူး၊ အလတ်စားရှိတယ်၊ သူက အပူနဲ့ အအေးကြားထဲ မပူလဲမပူ မအေးလဲမအေး၊ အဲဒါလေးလိုပဲ အလယ်စပ်ကလေးလို ဥပေက္ခာလေး ရှိတယ်၊ အဲဒါလေးကို ယောဂီပုဂ္ဂိုလ် အမှတ်ကောင်းတဲ့ ပုဂ္ဂိုလ်က သိတယ်၊ ဒါလေးတွေ့တယ်၊ စိတ်ကလေး ပြောင်းသွားတတ်တယ်၊ ချမ်းသာလဲမဟုတ်, ဆင်းရဲလဲမဟုတ်, အလယ်အလတ် သဘောလေး အဲဒါတွေ့ရတယ်၊ အဲဒါဟာ ဝေဒနာဥပေက္ခာပဲတဲ့၊ အဲဒီတော့ ဥပေက္ခာပေါင်း ဘယ်လောက်ရှိတုန်းဆို ၁၀-ခုရှိတယ်၊ ဥပေက္ခာ ၁၀-မျိုးသိတာကိုဆိုတာကိုး၊ ဝိပဿင်္ခါ-ဝီဝေဒနာ ဥပေက္ခာ ၁၀-မျိုးရှိ၊ ဥပေက္ခာ ၁၀-မျိုး တစ်ခါမှတ်ပေါ့၊ မှတ်ရခဲတယ်၊ ဥပေက္ခာ ၁၀-မျိုးက ဥပေက္ခာ ၁၀-မျိုး ဆိုတာ ဒါပဲ၊ ကိုင်းကိုင်း ပြန်ပြီးတော့ အရင်းကစပြီးတော့ ဆိုဦးစို့ရဲ့။
ဆဠင်ဗြဟ္မ ဗောဇ္ဈင်္ဂ တတြဈာန်ပါရီ။
ဝိပသ်သင်္ခါ ဝီ ဝေဒနာ၊ ဥပေက္ခာ ၁၀-မျိုးတည်း။ (ဆို-၃)
ဆဠင်ဆဠင်္ဂ ဥပေက္ခာ နာမည်ကလေးတွေ ခေါ်တတ်အောင်လို့ ဆဠင်္ဂဥပေက္ခာ-ခုနက အကျယ်ပြောသွားပြီ၊ အဆင်း မြင်ခါ ရှုမှတ်ခါ ဆဠင်္ဂဥပေက္ခာပဲ၊ ဥပေက္ခာအကျယ်ပဲ၊ သူကတော့ ဗြဟ္မ-ဗြဟ္မဝိဟာရ ဥပေက္ခာ-သဗ္ဗေသတ္တာ ကမ္မသကာ နှလုံးသွင်းတာ ဆဠင်္ဂဗြဟ္မ ဗောဇ္ဈင် ယခုဟောနေတဲ့ ဗောဇ္ဈင် တတြမဇ္ဈတ္တတာတဲ့၊ ဒါက စေတသိက် နာမည်ပဲ၊ ဈာနတဲ့၊ ဈာန် ထဲမှာပါတယ်၊ ပါရိသုဒ္ဓိတဲ့၊ စတုတ္ထဈာန် မှာပါတယ်၊ ဥပေက္ခာပဲ၊ ဒီက ၆-ခု ဝိပသ်က ဝိပဿနာ ဥပေက္ခာတဲ့၊ ဝိပဿနုပေက္ခာ၊ ဝိပဿနာ ဥပေက္ခာ ဒါက ဥဒယဗ္ဗယဉာဏ်မှာ ရှိတယ်။
အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေ မဆင်ခြင်ဘဲနဲ့ သိရုံလေး သိသွားနေတာ၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ သူက သဘောကျနေတာ၊ ဖြစ်ပျက်နေတဲ့ တရား၊ မမြဲတဲ့တရားပဲလို့၊ ဆင်းရဲတဲ့ အနတ္တပဲဆိုတာ ပိုင်ပိုင် နိုင်နိုင် သူသဘောကျတယ်၊ မစဉ်းစားတော့ဘူး၊ ရှုရုံလေး ရှုသွားနေတာ၊ သိရုံလေး သိသွားနေတာ အဲဒါ ဝိပဿနုလက္ခာ ခေါ်တယ်။
နောက် သင်္ခါရုပေက္ခာ - သင်္ခါရတွေကို လျစ်လျူရှုတာ၊ အဲဒါလဲ ဥပမာပေးထားတယ်၊ မြွေပဲ၊ ဥပမာပေးထားတယ်၊ မြွေက အိမ်ထဲကြွေမ ဖမ်းပြီးသကာလ ဖြစ်ဖို့ရာကြံရတာကိုး၊ ဖမ်းပြီးတော့ ဖြစ်ဖို့ရာ ကြံတဲ့ပုဂ္ဂိုလ်က ဖြစ်တဲ့အခါမှာ ဒီမြွေကို သိမ်းပိုက်လိုတဲ့စိတ် မရှိဘူး၊ မြွေကို မလွှဲသာလို့သာ ယူခဲ့ရတာကိုး၊ သိမ်းပိုက်ချင်တဲ့စိတ် မရှိဘူး၊ ဒီလိုပဲ သင်္ခါရတွေ ရှုတော့ ရှုတယ်။ သင်္ခါရတွေမှာ မတွယ်တာဘူး၊ ရှုတော့ရှုတယ်၊ သိတော့သိတယ်၊ သိပေမယ့်လို့ သိတဲ့အာရုံတွေကို တွယ်တာ သာယာပြီးတော့နေတာ၊ စိတ်ထဲမှာစွဲနေတာ မရှိဘူး၊ ပကတိ ပုဂ္ဂိုလ်တွေတော့ မြင်ရာကြားရာကနေ စွဲနေတယ်၊ ပြန်ပြန်စဉ်းစားတယ်၊ စမြုံ့ခတ်သလို ပြန်ပြန်ပြီး စဉ်းစားတယ်။
လောဘ ဖြစ်စရာရှိရင်လဲ ဖြစ်တယ်၊ ဒေါသဖြစ်စရာရှိရင်လဲ ဖြစ်တယ်၊ ဒေါသဖြစ်စရာရှိရင် ကြံဖြစ်နေတာပဲ၊ တွေ့ကြုံဖူးတဲ့ အာရုံတွေပြန်ပြီး စဉ်းစားတယ်၊ အဲဒီလို စဉ်းစားပြီးတော့ ကိလေသာ တွေ ဖြစ်နေကြတာ၊ ယခု သင်္ခါရုပေက္ခာကျတော့ သင်္ခါရအာရုံတွေ ရှုတော့ ရှတာပဲ၊ မြင်ရင်လဲ မြင်တာရှုရတာပဲ၊ ကြားရင်လဲ ကြားတာရှုရတာပဲ၊ ဒါပေမယ်လို့ အဲဒီ မြင်တာ ကြားတာတွေကို သူက စွဲပြီးတော့ ရှုမနေဘူး၊ သိမ်းပိုက်ပြီးတော့ မထားဘူး၊ ခုနက မြွေကို သွားပစ်သလို သူက လွှတ်ဖို့ရာပဲ၊ သူအလိုရှိနေတယ်၊ မြွေကို သိမ်းပိုက်ထားဖို့ရာ အလိုမရှိဘူး၊ အဲဒါလိုပဲတဲ့ ဥပမာပေးထားတယ်။
ဝီရိယ ဥပေက္ခာကို မယုတ်မလွန်ဖြစ်နေတဲ့ ဝီရိယ ဒါကတော့ အမှတ်ကောင်းတိုင်း ကောင်းတိုင်း ဝီရိယ မယုတ်မလွန် ဖြစ်နေတာပဲ၊ နာမရူပရိစ္ဆေဒဉာဏ် အစပ်နားထဲက အမှတ် ကောင်းတိုင်း ကောင်းတိုင်း ဝီရိယ ညီမျှနေတဲ့အခါမှာ ရှုမှတ်တဲ့ အသိတွေဟာ ကောင်းနေတာကိုး၊ ဝေဒနာ - ဝေဒနာဥပေက္ခာ ကတော့ ဒါက တရားအားထုတ်တာ မဟုတ်ဘူး၊ တရားထဲမှာလဲ ပါတယ်၊ တရား မဟုတ်တာ ထဲလဲပါတယ်၊ သူကတော့ လောဘဖြစ်တဲ့အခါလဲ ဝမ်းမြောက်ဝမ်းသာနဲ့ လောဘ ဖြစ်တယ်၊ ဝမ်းမမြောက်ဘဲနဲ့ လောဘဖြစ်တာရှိတယ်၊ ဝမ်းမြောက်ဝမ်းသာနဲ့ လောဘဖြစ်နေတဲ့အခါ သောမနဿ ဝေဒနာခေါ်တယ်၊ ဝမ်းမမြောက်ဘဲနဲ့ လောဘ သာယာနှစ်သက်မှု ဖြစ်နေတဲ့ အခါ ရှိတယ်။
ဒါကတော့ ဥပေက္ခာ ဝေဒနာခေါ်တယ်။ သူကတော့ ကုသိုလ်လဲရတယ်၊ အကုသိုလ်လဲ ရှိတယ်၊ စုံလို့ပါပဲ။ သူကတော့ ကုသိုလ်တရားချည်းလဲ မဟုတ်ဘူး၊ ခုနက ဝိပဿနာတို့ သင်္ခါရုပေက္ခာတို့ ဒါတွေကတော့ ဝိပဿနာဆိုင်တာတွေ၊ ကုသိုလ် ဝေဒနာတွေ ဒါတွေက အကောင်းတွေပြောခဲ့တဲ့ ဆဠင်္ဂဗြဟ္မ ဗောဇ္ဈင်္ဂ တတြဈာန်ပါရီဆိုတာတွေက ဒါတွေလဲ တတြမဇ္ဈတ္တတာ အကောင်းတရား တွေချည်းပဲ၊ အညံ့ဒီအထဲမပါဘူး၊ အကောင်းချည်းပဲ၊ သူကတော့ အဲဒါ ဥပေက္ခာ ၁၀-မျိုးတဲ့၊ အဲဒီ ဥပေက္ခာ ၁၀-မျိုးထဲက ဥပေက္ခာ သမ္ဗောဇ္ဈင်ဆိုတာက ဒီဗောဇ္ဈင်က ဥပေက္ခာပေါ့။
အဲဒီ ဗောဇ္ဈင်္ဂ ဥပေက္ခာ လက္ခဏာအားဖြင့် ဥပေက္ခာက ညီမျှစေသည်တဲ့၊ လက္ခဏာတဲ့၊ ရသအားဖြင့် တစ်ဖက်လိုက်ခြင်း ပယ်ခွင်းတတ်သည်၊ ပစ္စုပဋ္ဌာန်အားဖြင့် အလယ်ဗဟိုမျှ ချိန်ကျနေသည်။ ဥပမာအားဖြင့်ဆိုရင် နွားစုံကောင်း နှင်မောင်း တူပေသည်၊ နွားစုံကောင်းလို့ စုံကောင်းတဲ့နွားတွေ သူ့ဟာသူ သွားနေတာကို လှည်းမောင်းသမားလိုပဲတဲ့၊ ဥပေက္ခာသမ္ဗောဇ္ဈင် ကတော့ သမ္ပယုတ် တရားတွေ အညီအမျှဖြစ်ပြီးတော့ ဝိပဿနာရှုမှတ်ပြီးတော့ သွားနေတာ၊ တစ်ခါတည်း ကြောင့်ကြ မစိုက်ရဘဲနဲ့ သူ့အရှိန်လေးနဲ့သူ ညီမျှတော့ လိုက်သွားနေတာ၊ အဲဒါ ဥပေက္ခာ သမ္ဗောဇ္ဈင်ပဲတဲ့၊ အဲဒါ တရားအားထုတ်ဖူးမှပဲသိမယ်၊ တရားအားထုတ်ဖူးတာလေး တွေ့ဖူးမှသိမယ်၊ စာနဲ့ပေနဲ့တော့ ဟောနေကြတာပဲ၊ ဗောဇ္ဈင်ဆိုတာ ရှိနေကြတာပဲ၊ တချို့က ကျန်းမာရေးဖြစ်တယ် ဆိုပြီးတော့ အဖျင်းဆုံး ပရိတ်ကြီးထဲက ဗောဇ္ဈင်တော့ရနေတာပဲ။
ပရိတ်ကြီးထဲမှာ ဗောဇ္ဈင် ၇-ပါးရှိတယ်၊ ဒါလေးတော့ ရနေတာပဲ၊ အဲဒီ ဗောဇ္ဈင်တွေ ရနေပေမယ်လို့ ကိုယ့်သန္တာန် မဖြစ်ဖူးရင် ဒီဟာလေးက အညီအမျှ ဖြစ်နေပုံကလေးက သိဖို့အတော်ခက်တယ်၊ စာနဲ့ပေနဲ့ ကျမ်းဂန်တွေနဲ့ အဋ္ဌကထာဋီကာတွေနဲ့ ပို့ချရေးသားပြီး နေပေမယ်လို့ ကိုယ့်သန္တာန် မဖြစ်ဘူးရင် ဒါလေးသိဖို့ခက်တယ်၊ ဒီဟာ လွယ်လွယ်လေးနဲ့ ခက်နေတာ၊ သမ္ပယုတ်တရားတွေ အညီအမျှဖြစ်တဲ့ သဘောလေးဆိုတာ ညီမျှပြီးလိုက်နေတာ၊ တရားအားထုတ်ဖူးလို့ရှိရင် သူက ဘယ်က စပြီး ဖြစ်လာတုန်းဆိုတော့ နာမရူပပရိစ္ဆေဒဉာဏ်က စဖြစ်လာတယ်၊ တတြမဇ္ဈတ္တတာ - ကောင်းတာကတော့ ဥဒယဗ္ဗယဉာဏ် ကျမှ ပိုပြီးကောင်းတာ၊ ညီမျှပြီးတော့ ကောင်းတယ်၊ သင်္ခါရုပေက္ခာဉာဏ်ကျရင် အကောင်းဆုံးပေါ့လေ၊ ကြောင့်ကြမစိုက်ရဘဲနဲ့ သူ့ဟာသူသွားနေတာ၊ ညီမျှပြီးတော့ လိုက်နေတာ၊ အင်မတန်ကို ကောင်းတယ်၊ အဲဒါလေးဟာ ဥပေက္ခာ သမ္ဗောဇ္ဈင်ပဲတဲ့။
ဥပမာအားဖြင့် နွားစုံကောင်း နှင်မောင်း တူလေသည်။ နွားစုံကောင်း အညီအမျှ သွားနေတော့ ကြောင့်ကြ မစိုက်ရဘဲနဲ့ လိုက်နေရတဲ့ နွားမောင်းသမားလိုပဲ အညီအမျှဖြစ်ပြီးတော့ လိုက်နေ တယ်တဲ့၊ အဲဒီ ဗောဇ္ဈင်ဟာ ဖြစ်ကြောင်းတရား ပြည့်စုံကြောင်းတရားတွေရှိပါသေးတယ်တဲ့၊
ယထာ စ - အကြင် အကြောင်းကြောင့်လည်း
ဥပေက္ခာသမ္ဗောဇ္ဈင်္ဂဿ - အညီအမျှရှိသော ဥပေက္ခာသမ္ဗောဇ္ဈင်၏၊
အနုပ္ပန္နဿ - မဖြစ်သေးသော ဥပေက္ခာသမ္ဗောဇ္ဈင်၏၊
ဥပ္ပါဒေါ - ဖြစ်ပေါ်လာခြင်းသည်၊
ဟောတိ - ဖြစ်၏၊
တဉ္စ - ထိုအကြောင်းကိုလည်း၊
ပဇာနာတိ - သိ၏၊
မဖြစ်သေးတဲ့ ဥပေက္ခာသမ္ဗောဇ္ဈင် ဖြစ်ပေါ်လာတာ ဘာကြောင့်ဖြစ်တယ်ဆိုတဲ့ အကြောင်းလေး၊ အဲဒါလေးကို သိရမယ်။
အဲဒါ ဘာကြောင့်ဖြစ်တုန်းဆို မြတ်စွာဘုရားက ယောနိသော မနသိကာရပဲတဲ့၊ ဒီဥပေက္ခာသမ္ဗောဇ္ဈင် ဖြစ်အောင်လို့ ရှုမှတ် နှလုံးသွင်းနေလို့ ဖြစ်လာတာတဲ့၊ ဒါကတော့ မလွဲဘူးပေါ့လေ၊ ရှေးက ဒီဟာဖြစ်အောင်လို့, ဒီလို အညီအမျှဖြစ်အောင်လို့, အမှတ်ကောင်းအောင်လို့, ကြောင့်ကြစိုက်ပြီး ရှေးက မှတ်လာတဲ့အတွက်တော့ ဒါလေးက ကောင်းတာကိုး၊ ရှုမှတ်တာ အချိုးမကျလို့ရှိရင် ဒါလေးက မကောင်းဘူး၊ တစ်ခါတရံကျ အရင်ကကောင်းသလို ကောင်းအောင်ဆို မဲပြီးအားထုတ် လိုက်မှ မညီမမျှဖြစ်ကုန်လို့ မကောင်းဘဲနဲ့ ဖြစ်နေတာရှိသေးတယ်၊ တချို့ယောဂီက တစ်ခါတည်း ကောင်းလာလို့ တစ်ခါက အမှတ်တွေကောင်းပြီး, ညီမျှပြီး အထူးကောင်းလာတော့ နောက်တစ်ခါလဲ ဒီလို ကောင်းဦးမှာပဲဆိုပြီးတော့ ကောင်းချင် အားကြီးနဲ့ တစ်ခါတည်း ကြောင့်ကြစိုက်ပြီးတော့ အတင်း တွန်းမှတ်တာကိုး။
အဲဒါ အကြောင်းမညီညွတ်တော့ မကောင်းဘူး၊ ဝီရိယတွေ လွန်နေတော့မကောင်းဘူး၊ မှန်မှန်လေး သူ့ဟာသူ သူ့ တရားသဘောအတိုင်း သူ့ဟာသူ ဖြစ်မှာပဲ ဆိုပြီးတော့ ကိုယ့်အလုပ်ကလေး မှန်မှန်လေးရှုနေမှ ကိုယ်က သိပ်ကောင်းချင်လို့ သိပ်အားထုတ်လို့လဲ မဖြစ်ဘူး၊ ဖြစ်ချင်မှ ဖြစ်တာ၊ လျှော့ထားရင်တော့လဲမဖြစ်ဘူး၊ မှန်မှန်လေး ရှုနေကြအတိုင်း အစဉ်အတိုင်း လိုက်ပြီးရှုသွားမှ သူ့အချိန်ကျတော့ သူ ကြောင့်ကြမစိုက်ရဘဲနဲ့ မယုတ်မလွန်ညီမျှတဲ့ ဥပေက္ခာလေးတွေဖြစ်လာ တယ်။
အဲဒါကြောင့် ယောနိသောမနသိကာရ-သင့်တင့်တဲ့ နှလုံးသွင်းမှု, ရှုမှတ်မှုကြောင့်ဖြစ်တာ ပါပဲတဲ့၊ မြတ်စွာဘုရားက ဟောတယ်၊ ဒီ ယောနိသော မနသိကာရလေးကို နှလုံးသွင်းတဲ့ပုဂ္ဂိုလ်က သိတယ်၊ ဘယ်လို, ဘယ်လိုဆိုတာ နှလုံးသွင်းလို့ ဒါ အမှတ်ကောင်းလာတာပဲလို့ သိတယ်၊ ရှေ့နားက ဒီလို နှလုံးသွင်းလာလို့ ဘယ်လိုမှလာလို့ ဘယ်လို အကောင်းဖြစ်လာတယ် ဆိုတာ ဒီလိုသိတဲ့အတွက် နောင်ကိုလဲ ကောင်းချင်လို့ရှိရင် အဲဒီလို အသိတရားလေးနဲ့ထားပြီးတော့ မှတ်သွားရမယ်၊ ဒါလေးလဲ မှတ်ထားရမယ်၊ အဋ္ဌကထာက
ပဉ္စ ဓမ္မာ ဥပေက္ခာသမ္ဗောဇ္ဈင်္ဂဿ ဥပ္ပါဒါ သံဝတ္တန္တိ။
ငါးပါးသော တရားတွေဟာ ဥပေက္ခာသမ္ဗောဇ္ဈင်ဖြစ်ဖို့ လာတာပဲ၊ ဥပေက္ခာသမ္ဗောဇ္ဈင် ဖြစ်စေတတ်တဲ့ တရား ငါးပါးရှိ တယ်၊ ဘာတွေလဲဆိုလို့ရှိရင် သတ္တမဇ္ဈတ္တတာ - သတ္တဝါတို့၌ အညီအမျှ သဘောရှိသည်၏အဖြစ်၊ သတ္တဝါတွေလို သတ္တဝါနဲ့ စပ်ပြီးတော့ လျစ်လျူရှုနိုင်တဲ့သဘော ရှုနိုင် ရမယ်၊ သင်္ခါရမဇ္ဈတ္တတာ သင်္ခါရတို့နှင့် လျစ်လျူရှုသည်၏အဖြစ်၊ သင်္ခါရတရားတွေမှာ လျစ်လျူရှုနိုင် ရမယ်တဲ့။
သဗ္ဗသင်္ခါရ ဧလာယနပုဂ္ဂလ ပရိဝဇ္ဇန သင်္ခါရတို့နှင့် ယုယုယယ အလေးအမြတ်ပြုတဲ့ပုဂ္ဂိုလ်တို့နှင့် ကြဉ်ရှောင် ရမယ်တဲ့၊ ဒါလေး အကြောင်းတစ်ခုပဲ။
သတ္တသင်္ခါရ သတ္တသင်္ခါရ၊ အဧလာယနပုဂ္ဂလ သတ္တသင်္ခါရမဇ္ဈတ္တ ပုဂ္ဂလတာ သေဝနတာ - သတ္တဝါ သင်္ခါရ၌ ယုယခြင်း, မြတ်နိုးခြင်း မရှိဘဲ လျစ်လျူရှုသောပုဂ္ဂိုလ်ကို မှီဝဲရမယ်၊ အဲဒါ အကြောင်း တစ်ခုပဲ။
တထာဒိမုဒ္ဒတာ - ဥပေက္ခာသမ္ဗောဇ္ဈင်္ဂ ဖြစ်စေရန် ညွှတ်ကိုင်းခြင်းရှိသော စိတ်နှလုံးရှိသည်၊ အဲဒါလေး အကြောင်း တစ်ပါးပဲ၊ ၅-ပါးရှိသွားပြီ၊ အဲဒီ ၅-ပါး၊ ဒီမှာ ဆောင်ပုဒ်ပေးထားတယ်။
ပုဂ္ဂိုလ်ဝတ္ထု လျစ်လျူရှု မှတ်မှုထိုတွင်သာ။
ပုဂ္ဂိုလ်ကို လျစ်လျူရှုရမယ်၊ ဝတ္ထုကို လျစ်လျူရှုရမယ်၊ ၂-ခုပေါ့၊ တဒရိမုတ္တတာ-ထိုတွင်မှတ်ရမယ်၊ ဒါက တစ်ခု၊ ၃-ခု၊ ကဲ ဒါလေး ရှေးဦးစွာ ဆိုကြစို့၊ ပြီးမှ အဓိပ္ပာယ်ပြောမယ်။
ပုဂ္ဂိုလ် ဝတ္ထု လျစ်လျူရှု မှတ်မှု ထိုတွင်သာ (ဆို-၃)။
ပုဂ္ဂိုလ်ဝတ္ထု လျစ်လျူရှုတဲ့၊ ပုဂ္ဂိုလ်လျစ်လျူရှုနိုင်ရမယ်၊ ဝတ္ထုကိုလဲ လျစ်လျူရှုရမယ်၊ ပုဂ္ဂိုလ်ဆိုတော့ သက်ရှိပုဂ္ဂိုလ်တွေ, နီးစပ်တဲ့ ပုဂ္ဂိုလ်တွေ, ကိုယ်နဲ့ နီးစပ်တဲ့ ပုဂ္ဂိုလ်တွေမှာ လျစ်လျူရှုနိုင်ရမယ်တဲ့၊ ဘယ်လို ရှုရမလဲ ဆိုတော့ ကာမသတ္တာ ပစ္စဝေက္ခဏတာ - ကံ၏အကျိုးကို ကံနှင့်ကံ၏ အကျိုး သာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိတယ်ဆိုတာ နှလုံးသွင်းရင် ခုနက ဗြဟ္မဝိဟာ ရုပေက္ခာထဲက ဥပေက္ခာ လေးနဲ့ နှလုံးသွင်းရမယ်၊ သဗ္ဗေကတ္တာ ကမ္မသကာပေါ့လေ။
အဲဒါလဲ ဥပေက္ခာသမ္ဗောဇ္ဈင် ဖြစ်ခြင်းအကြောင်းပဲတဲ့၊ ဒါနဲ့ မဟုတ်ဘဲနဲ့ ကိုယ်နဲ့စပ်တဲ့ ပုဂ္ဂိုလ်တွေအတွက် ကြောင့်ကြစိုက်လွန်း အားကြီးနေလို့ရှိရင် ကိုယ်က ကောင်းစေချင်တာကို ချမ်းသာစေချင်, ကြီးပွားစေချင် ကိုယ်လိုတဲ့အတိုင်းက မဖြစ်ဘူး ဆိုရင် စိတ်မချမ်းမသာတွေ အများကြီး ဖြစ်တတ်တယ်၊ ဥပေက္ခာ လျစ်လျူမရှုနိုင်ဘူး၊ အဲဒီတော့ မဖြစ်လှတဲ့ဟာတွေကျတော့ ခုနကအတိုင်း ကမ္မသကာရှုထားလိုက်မှာ သူ့ကံနဲ့ သူပဲလို့ နှလုံးသွင်းလိုက်တော့ သူလဲ သူ့ကံနဲ့သူပဲ၊ ငါလဲ ငါ့ကံနဲ့ငါပဲ၊ သူများ ကိုယ်အတွက် စဉ်းစားရင်လဲပဲ ဟိုရှေးက ကံအားလျော်စွာ အကျိုးပေးနေ တာပဲလို့ သူများတွေအတွက်လဲ သူ့ကံနဲ့သူပဲ၊ ကိုယ်နဲ့စပ်တဲ့ ပုဂ္ဂိုလ်တွေ သူ့ကံနဲ့သူပဲ၊ ကိုယ်နဲ့မုန်းတဲ့ ပုဂ္ဂိုလ်တွေရှိလဲ သူ့ကံနဲ့သူပဲ၊ အကုန်လုံးပေါ့လေ၊ တစ်ခါတည်း
အဲဒါ ကံအားလျော်စွာ သူ့အကျိုး ပေးနေတာပဲလို့ နှလုံးသွင်းလိုက်လို့ရှိရင် အဲဒီ နှလုံးသွင်းတဲ့အခါ ဗြဟ္မဝိဟာရ ဥပေက္ခာဖြစ်တယ်၊ ဗြဟ္မဝိဟာရ ဥပေက္ခာမှီပြီးတော့ တရားအားထုတ်တဲ့အခါမှာ ဗောဇ္ဈင် ဥပေက္ခာတွေ ဆက်ပြီးသကာလ ဖြစ်လွယ်တာပေါ့လေ၊ သူကနီးစပ်လို့ သူကဆိုတာ၊ အဲဒီလိုဆိုရုံနဲ့ အားလုံးသတ္တဝါ တွေဟာ သူ့ကံနဲ့သူပဲလို့ နှလုံးသွင်းကနေ ဗောဇ္ဈင်ဖြစ်လိမ့်မယ်လို့ ဒီလိုတော့မဟုတ်ဘူး၊ နီးစပ်လို့ နီးစပ်တာချင်းဆက်သွယ်ပြီး သိရအောင်လို့ ညွှန်ကြားပြီးတော့ ထားတယ်၊ ကိုယ့်ကိုယ်အတွက် ဖြစ်ဖြစ်၊ သူများကိုယ်အတွက်ဖြစ်ဖြစ် ကိုယ့်ကိုယ်အတွက် ကိုယ်လို တာတွေ မပြည့်စုံဘူး၊ နို့မို့သူများ အနှောက်အယှက်ပေး လို့ကို ဖြစ်ချင်တာတွေ မဖြစ်ရဘူးဆိုရင် စိတ်မချမ်းမသာတွေ ဖြစ်တတ်တာပဲ၊ ကိုယ်နဲ့စပ်တဲ့ ပုဂ္ဂိုလ်အတွက် ကောင်းစားစေချင်လို့ မကောင်းစားလို့ရှိရင်လဲ စိတ်မချမ်းသာမှု ဖြစ်တတ်တယ်၊ ကိုယ်နဲ့မတည့်တဲ့ ပုဂ္ဂိုလ်တွေ ကြီးပွားချမ်းသာနေတာ အကြောင်းပြုပြီးတော့လဲ အဲဒါတွေကိုလဲ စိတ်မချမ်းမသာဖြစ်တတ်တယ်။
အဲဒါတွေနဲ့စပ်ပြီးတော့ ကြောင့်ကြဗျာပါရ ဘာမှမစိုက်ဘဲနဲ့ လျစ်လျူရှုနေရအောင် ကံ-ကံ၏အကျိုးနှလုံးသွင်းပါတဲ့၊ ကမ္မသကာ ပစ္စဝေက္ခဏတာ၊ ကံအတိုင်းပဲလို့ သူများတွေလဲ သူ့ကံနဲ့သူဖြစ်နေတာ၊ ငါလဲ ငါ့ကံနဲ့ ငါပဲလို့ ဒီလိုနှလုံးသွင်း လိုက်တော့ သက်သာရာရသွားတာပေါ့၊ အဲဒီလိုဆိုတော့ အဲဒီလို ဗြဟ္မဝိဟာရဥပေက္ခာနဲ့ လျစ်လျူရှုနေနိုင်တဲ့အခါမှာ ဝိပဿနာ ရှုလိုက်လို့ ရှိရင် ဥပေက္ခာသမ္ဗောဇ္ဈင် ဖြစ်တတ်တယ်၊ ဒါကြောင့်မို့လို့ အနိစ္စလို့ ဟောထားတယ်၊ နောက်တစ်ခုက နိသတ္တနိဇဗနီဝ - ပုဂ္ဂိုလ်သတ္တဝါ မရှိဘူးဆိုပြီး နှလုံးသွင်းနိုင်ရမယ်တဲ့၊ ကိုယ့်အတွက် ကောင်းစား ချမ်းသာရေး လိုလားတောင့်တ နေတယ်ဆိုတာ ပုဂ္ဂိုလ်သတ္တဝါအနေအားဖြင့် ထင်မှတ်စွဲလမ်း နေသလိုပဲ၊ သူများအတွက် ကောင်းစားစေချင်တယ်, မကောင်းစားစေချင် တယ်ဆိုတာတွေဟာလဲပဲ ဒါကလဲ ပုဂ္ဂိုလ်သတ္တဝါအနေနဲ့ ထင်မှတ်စွဲလမ်းနေလို့ပဲ။
အဲဒါကြောင့် ပုဂ္ဂိုလ်သတ္တဝါ မရှိဘူးဆိုတာကိုလဲ နှလုံးသွင်းနိုင်ရမယ်၊ ရုပ်တရား နာမ်တရားရှိတာပဲ, ရုပ်နဲ့နာမ်ပဲ ရှိတယ်၊ ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ်ကသာသိတယ်၊ သာပြီးတော့ ထင်ရှားသေးတာပဲ၊ ရုပ်နဲ့နာမ်နဲ့ ပုဂ္ဂိုလ်သတ္တဝါရယ်လို့ မရှိဘူး၊ သူ့သဘောအတိုင်း သူဖြစ်ပျက်နေတဲ့ ရုပ်နဲ့နာမ်တရား ရှိတာပဲ၊ သည်လို နှလုံးသွင်းလိုက်တော့လဲပဲ ကိုယ့်အတွက်ဖြစ်စေ၊ သူများအတွက်ဖြစ်စေ ကြောင့်ကြ ဗျာပါရတွေ ဘာမှမရှိတော့ဘူး၊ ကြောင့်ကြဗျာပါရမရှိတဲ့ အခါကာလမှာ ဝိပဿနာရှုလိုက်လို့ ရှိရင် ဒီဥပေက္ခာသမ္ဗောဇ္ဈင်ကို ရောက်သွားတာပဲ ရောက်သွားတတ်ပါတယ်။
အဲဒါ အရေးကြီးတယ်၊ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်မှာ အဲဒါက အရေးကြီးတယ်၊ ကိုယ့်အတွက် ဖြစ်ဖြစ် သူများအတွက် ဖြစ်ဖြစ် ကြောင့်ကြစိုက်စရာလေးတွေက ရှိနေကြတာပဲ၊ မရှိပါဘူးလို့ လုံးလုံးကင်းနေတဲ့သူ ဘယ်ရှိမလဲ၊ ရှိတယ်၊ ကြောင့်ကြ စရာလေးတွေရှိနေတာပဲ၊ အဲဒီကြောင့်ကြတွေ မပယ်နိုင်လို့ရှိရင် တရားက လွယ်လွယ်နဲ့မဖြစ်နိုင်ဘူး၊ အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေ သာပြီးတော့ ကြောင့်ကြ စိုက်ရသေးတယ်၊ ငယ်ငယ်ပုဂ္ဂိုလ်တွေကမှ သန်သန်စွမ်းစွမ်းနဲ့ စွမ်းဆောင်နိုင်လို့ရှိရင် စွမ်းဆောင်နိုင်တာ တော်သေးတယ်၊ အရွယ်ကြီးလာပြီဆို လူကလဲ သိပ်လဲ မစွမ်းဆောင်နိုင် တော့ဘူး။
ဒါပေမယ်လို့ သူများလဲသိပ်အားမကိုးရဘူး၊ ကိုယ်က ဆောင်ရွက်ပေးမှဖြစ်မလိုလို, ကိုယ်မရှိရင် မဖြစ်တော့ဘူးလိုလို၊ တစ်ခါတည်း သိပ်ကြောင့်ကြစိုက်တာ၊ အဘွားကြီးတွေ, အဘိုးကြီးတွေ သိပ်ကြောင့်ကြစိုက်တယ်၊ သူတို့က လူငယ်တွေ အတွက် စိတ်မချဘူး၊ ဒါပေမယ့် သူလဲ ဘာမှမလုပ် နိုင်ဘူး၊ အဲဒီလိုဟာတွေရှိတာကိုး၊ အဲဒီပုဂ္ဂိုလ်တွေ တရားအားထုတ်လို့ ဘယ်ထုတ်နိုင်ဦးမှာလဲ၊ မထုတ်နိုင်ဘူး၊ တရားအားထုတ်နေတုန်း သိပ်ပြီးတော့ ကြောင့်ကြ စိုက်နေတာနဲ့ ဥပေက္ခာ သမ္ဗောဇ္ဈင် မရောက်ဘူး။
အဲဒီတော့ ဒီလိုပုဂ္ဂိုလ်တွေက အရေးကြီးတယ်၊ ဒါကတော့ ကံပဲ၊ ကမ္မသကာပဲလို့ ဒီလိုနှလုံး သွင်းလိုက်တော့ သူ့ကံနဲ့ သူ, သူ့ဟာနဲ့သူ အကျိုးပေးနေတာ၊ ဒို့မရှိ သေသွားတဲ့နောက်လဲ သူ့ဟာသူ ပုံတော်သလို ဖြစ်နေမှာပဲလို့ နှလုံးသွင်းလိုက်တော့ အေးသွားတာပဲ၊ တရားကို စိတ်အေးလက်အေး အားထုတ်နိုင်တယ် ပုဂ္ဂိုလ်သတ္တဝါရယ်လို့ ရှိတာမဟုတ်ဘူး၊ ငါရယ်, သူရယ်ဆိုတာ လောက ဝေါဟာရပဲ၊ ရုပ်နာမ်တွေဟာ သူဖြစ်ပျက်နေတဲ့ တရားတွေပဲဆိုပြီး နှလုံးသွင်းလိုက်ရင်လဲပဲ ကြောင့်ကြ ဗျာပါရ နည်းသွားတာပဲ၊ ကြောင့်ကြဗျာပါရ အေးတဲ့အခါကာလမှာ တရားနှလုံးသွင်း လိုက်ရင် ဥပေက္ခာသမ္ဗောဇ္ဈင်တွေ ဖြစ်လာ တတ်ပါတယ်၊ ဒါ ကျေးဇူးများပါတယ်၊ အရေးကြီးတယ်။
ဒါကြောင့် ပုဂ္ဂိုလ်ဝတ္ထု၊ ပုဂ္ဂိုလ်ကို လျစ်လျူရှုနိုင်ရမယ်၊ ဒါတစ်ချက်၊ ဒါကြောင့်မို့ ဒီမှာ ကော်မာလေးဆွဲထားတယ်၊ “ပုဂ္ဂိုလ်, ဝတ္ထု”လျစ်လျူရှု ဒါလေးက တစ်ပိုဒ်နော်၊ တော်ကြာ ၇-ပါးမစေ့ဘဲ နေမှာစိုးလို့ ပုဂ္ဂိုလ်ဝတ္ထုနဲ့ နှစ်ခုပေါင်းလိုက်မှ တစ်ခုဆိုလျော့သွားလိမ့်မယ်၊ ငါးခုမဖြစ် ဘဲနဲ့ ၄-ခုဖြစ်နေမှာစိုးလို့ ကော်မာလေး ဆွဲထားတယ်၊ ပုဂ္ဂိုလ် လျစ်လျူရှုဒါက တစ်ခု ယူရမယ်၊ ဝတ္ထုလျစ်လျူရှု - ဝတ္ထုဆိုတာကတော့ သက်မဲ့ ဝတ္ထုပစ္စည်းတွေ သင်္ခါရကို ပါဠိမှာတော့ သင်္ခါရ လို့သုံးတယ်၊ သက်မဲ့ ဝတ္ထုပစ္စည်း ဒါသက်မဲ့ ဝတ္ထုပစ္စည်းတွေကိုလဲ ကြောင့်ကြဗျာပါရတွေ စိုက်နေလို့ရှိရင်လဲ ဒါကလဲ ဥပေက္ခာ လျစ်လျူရှုပြီးတော့ ဥပေက္ခာသမ္ဗောဇ္ဈင်မဖြစ်နိုင်ဘူး။
ကြောင့်ကြ စိုက်လွန်းအားကြီးနေရင် ဒါက လောကဆိုရင်တော့ လောကကြီး ကြောင့်ကြ စိုက်စရာတွေ အများကြီးရှိတာပေါ့၊ လောကမှာ ကိုယ့်အသုံးအဆောင် ပစ္စည်းတွေနဲ့ စပ်ပြီးတော့ ဒါလေးက ငါမရှိလို့ရှိရင် ဒါလေး လုံမှလုံခြုံ ပါ့မလား၊ ဒီအလုပ်ကလေးက ရှေ့လျှောက်ပြီးတော့ ပျက်များ သွားမှာလေလား စသည်ဖြင့် စဉ်းစားစရာတွေ အများကြီးရှိပါတယ်၊ လူ့ လောကမှာတော့ ရဟန်းတွေမှာလဲ ရှိတာပဲ၊ ရဟန်းတွေမှာလဲ ကိုယ့်စည်းစိမ် ပစ္စည်းတွေနဲ့ ကိုယ့်ဟာကိုယ် သာယာနေ, သဘောကျနေ, ရချင်နေ, ကြောင့်ကြနေ, ဒီလိုစိုးရိမ်စရာတွေ ရှိတယ်၊ အဲဒီတော့ ကြောင့်ကြစရာတွေ များနေလို့ရှိရင် ဥပေက္ခာသမ္ဗောဇ္ဈင် မဖြစ်နိုင်ဘူး၊ လျစ်လျူရှုပြီး တရား အားမထုတ်နိုင်ဘူး။
အားထုတ်နိုင်အောင်လို့ ဘယ့်နဲ့လုပ်ရမလဲဆိုလို့ရှိရင်ဖြင့် သူလဲပဲ လျစ်လျူရှုပါ၊ လျစ်လျူရှုတော့ ဘယ်လိုလျစ်လျူ ရှုရမလဲဆိုတော့ တာဝကာလိက - အခိုက်အတန့်ပဲလို့ စဉ်းစားထားရတယ်၊ တာဝကာလိက - အခိုက်အတန့်ပဲလို့ အခိုက်အတန့်မျှပါပဲ၊ မြဲတဲ့တရား မဟုတ်ဘူး၊ ဥပမာ အဝတ်အထည်ဆိုပါတော့ အဝတ်အထည်ကလေး ရလာကာစဆိုရင် မရဘူးတာလေး ရလာတဲ့အခါ သာယာတယ်၊ မရဘူးတာလေး ကိုယ်ကလဲ လိုချင်နေရင် ဒီ ဝတ္ထုကလေးကို ရလာလို့ရှိရင် သာယာ တယ်၊ အဲ-သာယာပြီးတော့ ဒါလေး ကြောင့်ကြစိုက်ပြီးတော့ နေလို့ရှိရင် တရားနှလုံးသွင်းဖို့ရာ အနှောက်အယှက် ဖြစ်နိုင်တာပဲ။
အဲဒီ အဝတ်အထည်လေးဟာ စဉ်းစားကြည့်ပါတဲ့၊ သူဘယ်လောက် အထိတောင် ခံမလဲတဲ့၊ တော်တော်ကြာ ဟောင်းနွမ်းသွားမှာပဲ ဟောင်းပြီးတော့ ဆွေးမြေ့သွားမယ်၊ ဂျီးတွေညှော်တွေနဲ့ ကြာတော့ သိပ်ပြီးတော့ ဟောင်းနွမ်း ညစ်ပေပြီးသကာလ ဘာမှသုံးမဖြစ်တဲ့အထိ ရောက်သွားတာပဲ ဥပမာ ၁၀-နှစ်၊ ၁၁-နှစ်နေတဲ့အခါ ဒီအဝတ်အထည်လေးဟာ ဘာမှအသုံးမကျဘူး၊ တချို့လဲ တစ်နှစ်လောက်နဲ့ မကောင်းတော့ပါဘူး၊ ထားပါတော့ တစ်နှစ်လောက်တော့ ထားလို့ကောင်းတယ် ထားပါတော့၊ ၁၅-နှစ်လောက်ရှိရင် အသွေးအရောင် ဒီအထည်ကလေးဟာ အဲဒီကျတော့ ဘာမှ မကောင်းတော့ဘူး၊ အဲဒီကနောက် အမှိုက်ပုံထဲ ရောက်သွားမှာပဲ၊ အမှိုက်ပုံထဲ ပစ်ထားရာက တဖြေးဖြေး ဆွေးပြီးတော့ အမှုန့်ကလေးတွေဖြစ်ပြီး ပျက်စီးသွားတယ်၊ နောက် ၁၅-နှစ်၊ အနှစ် ၂၀-လောက်ဆိုရင် အမှုန့်တောင် ရှာလို့မရတော့ဘူး။
အဲဒီတော့ အခိုက်အတန့်မျှတည်တဲ့ ပစ္စည်းလေးပဲလို့ ဒါလေးသာယာနေလို့ရှိရင်ဖြင့် မသင့်ဘူးလို့ အောက်မေ့နေပြီး သကာလ နှလုံးသွင်း လျစ်လျူရှုနေရမှာပဲ၊ ဒီတော့ တစ်နည်းအားဖြင့်ဆိုရင် ဝတ္ထုပစ္စည်းကလဲ မပျက်နဲ့ဦးတော့ ကိုယ်က ပျက်သေးတာကိုး၊ ပစ္စည်းတွေ ကိုယ်ပိုင်နေတဲ့ ပစ္စည်း ရယ်လို့, ကိုယ့်ပစ္စည်းရယ်လို့ အနေအားဖြင့် ကိုယ်က သိမ်းပိုက်ပြီးထားရော၊ ကိုယ်ကလဲ အမြဲတမ်း တည်နေတာမဟုတ်ဘူး၊ တစ်နေ့ကျလို့ရှိရင် ကိုယ်ကပဲ ပစ္စည်းတွေ တည်နေသော်လည်း ကိုယ်က မရှိတော့ဘူး၊ အသက်အတိုင်းနေပြီးသကာလ သေသွားတာထားပါတော့ လတ်တလောသေတာကို မဆိုလိုပါဘူး၊ အသက်အတိုင်း နေပြီးတော့ ၇၀-၈၀-၉၀-နေတဲ့အခါကာလ ကိုယ်က သေသွားမှာကိုး၊ ၇၀-၈၀-၉၀-က ဟိုဘက်ကျတော့ ဒီပစ္စည်းက ကိုယ့်ဟာမဟုတ်တော့ဘူး။
ဒီလိုဟုတ်ကဲ့လား ကိုယ်ကတော့ မရှိဘူး၊ ပစ္စည်းကတော့ ရှိနေဦးမှာပဲ၊ မပျက်မည့် ပစ္စည်းတွေကရှိနေဦးမှာပဲ၊ တို့မှာ အိမ်တို့တိုက်တို့ အခိုင်အမာတွေ ဒီဟာတွေ ဆိုလို့ရှိရင် ရှိရင်လဲ ရှိနေမှာပဲ၊ လောက ဥပမာ မြို့ကြီးတွေ, ပြကြီးတွေလို လမ်းတွေ, သစ်ပင်တွေ, တောတွေ, တောင်တွေ, ဒါတွေကတော့ ဒီလိုနေမှာပဲ၊ လောက လူတွေကသာ ဥပမာ သေသေပြီးတော့ ပျောက်ပျောက်သွားတယ်၊ နောက်အနှစ် တစ်ရာလောက် နေလဲ ဒီလိုနေမှာပဲ၊ အနှစ် ၂၀ဝ-လောက် နေလဲ ရှိဦးမှာပဲ၊ ၃၀ဝ- လောက်နေလဲ ရှိမှာပဲ၊ လူကတော့ မရှိဘူး။
ဒီတော့ ပစ္စည်းဆိုတာဟာ အခိုက်အတန့်မျှ သုံးဆောင်တာတွေပဲလို့ နှလုံးသွင်းလိုက်ရင်လဲပဲ ဒါတွေကြောင့်ကြစိုက်စရာ သက်သာတာပေါ့၊ အဲဒီလို လျစ်လျူရှုနေရမယ်တဲ့၊ ဒါကြောင့် ပုဂ္ဂိုလ် ဝတ္ထု လျစ်လျူရှု ညွတ်မှု ထိုတွင်သာ၊ ဥပေက္ခာ သမ္ဗောဇ္ဈင် ဖြစ်ဖို့ရာလဲ စိတ်ညွတ်ပြီးသကာလ အားထုတ် ရမယ်၊ ဒါတော့ ရှုမြဲရှုနေရုံပါပဲ၊ စိတ်ညွတ်နေဖို့ရာတောင် မလိုပါဘူး၊ ဥပေက္ခာသမ္မောဇ္ဈင် ဖြစ်ဖို့ရာ တရားကောင်းဖို့အတွက် တစ်မှတ်ပြီးတစ်မှတ် မှတ်ရုံလေးပဲ ရှုမှတ်ပြီး သကာလ သွားနေရုံလေးပါပဲ ဒါကို ဆိုလိုပါတယ်၊ အဲဒါလေး ဆိုရမယ်။
ယုယသူအား ပယ်ရှောင်ရှား စိတ်ထားမျှသူမှီဝဲပါ။ (ဆို-၃)။
ယုယသူအား သင်္ခါရာ ဧလာယနပုဂ္ဂလ ပရိဝဇ္ဇနတာ - သင်္ခါရ သတ္တဝါ ဝတ္ထုပစ္စည်း အဲဒါတွေ အပေါ်မှာ ကေလာယန - ယုယုယယအမြတ်တနိုး လုပ်နေတဲ့ ပုဂ္ဂိုလ်တွေရှိတယ်တဲ့၊ အဲဒီလို ပုဂ္ဂိုလ်တွေနဲ့ မပေါင်းနဲ့တဲ့၊ ဒီလိုဆိုလိုပါတယ်၊ တချို့ ယုယတယ်၊ သိပ်ယုယတယ်၊ အဋ္ဌကထာစာထဲက ပြောတဲ့အတိုင်းပဲ ဘုန်းကြီးပြောတာပါ လူတွေဆိုလို့ရှိရင် အရပ်ထဲလူတွေ ဆိုလို့ရှိရင် သားလေး သမီးလေးတွေ သိပ်ယုယတယ်တဲ့၊ ကိုယ့်သားမှ သား ကိုယ့်သမီးမှ သမီး, အဲဒါတွေက သိပ်ယုယတယ်၊ အထူး ကြောင့်ကြစိုက်နေတာပဲ၊ ဒါက လူတွေကိုး၊ ကျမ်းကတော့ ဘုန်းကြီးတွေ လေ့လာပြီး ရေးထားတယ်၊ ရဟန်းတွေကလဲ ကိုယ့် တပည့်လေးတွေ ဘာလေး တွေရှိသတဲ့၊ ဒါလေးတွေ ကြောင့်ကြစိုက်ပြီး ဟုတ်တယ်ထင်နေတာ။ ဒါလေးတွေက ကြောင့်ကြစိုက် စရာမှတ်ပြီး တစ်ချို့ ရဟန်းတွေက ကိုယ့်တပည့်လေး ဘာလေးတွေကို အထူးတွေကို တစ်ခါတည်း ဂရုစိုက်တာ ရှိသေးတယ်၊ ဒါကြောင့် ဒိပြင် တပည့်တွေက တကယ်တောင် မကျေနပ်ဘူး၊ ဘယ်ကျရင် ပိုဂရုစိုက်တယ် ဆိုပြီးတော့ တော်တော်မကျေနပ်ကြဘူး ရှိတယ်၊ အဲဒီလို ယုယုယယ လုပ်နေတဲ့ ပုဂ္ဂိုလ်ကို ယုယုယယနေတဲ့ ပုဂ္ဂိုလ်တွေ သားသမီးဖြစ်စေ၊ နီးစပ်တဲ့ပုဂ္ဂိုလ်တွေပေါ့၊ ကိုယ်က ကြောင့်ကြစိုက်နေ အစစအရာရာ ကိုယ်က ဆောင်ရွက်နေတာ၊ ဘာမဆို မပြည့်စုံ ပြည့်စုံရအောင် ဆောင်ရွက်နေတာ။
ဥပမာ တပည့်ဆိုရင် ခေါင်းလေးဘာလေး ရိပ်ပေးဦးတော့ သူကိုယ်တိုင် ရိပ်ပေးလို့ အစစအရာရာ ဆောင်ရွက်နေတာ ဒီလိုဟာတွေ လုပ်နေတာကိုး၊ အဲဒီလို ပုဂ္ဂိုလ်ကို သူများကများလာပြီးတော့ ဒီကလေးကို ခဏထည့်လိုက်ပါဦးဆိုရင် မကျေနပ်ဘူးတဲ့၊ သဘောမကျဘူးတဲ့၊ အမယ်ဒီကလေး ထည့်လိုက်ရင် ပင်ပန်းနေမှာပေါ့၊ ကိုယ်တောင်မှ မခိုင်းရက်ဘူး၊ ပင်ပန်းမှာစိုးလို့ ကိုယ်တောင် မခိုင်းရက်ဘူး၊ အရှင်ဘုရားတို့ ဘယ်ထည့်နိုင်ပါ့မတုံးဆိုပြီးတော့ ဒီလိုပေမဲ့ ငြင်းတတ်သေးတယ်။
ကျမ်းဂန်တွေကပြောတယ်၊ အဲဒါ စာထဲက ပြောတဲ့အတိုင်းပဲ၊ ခုကာလလဲရှိတယ်၊ ဒီဥစ္စာက လူဆိုတော့ပြောစရာ မရှိဘူးပေါ့၊ ကိုယ့်သားသမီးဟာကိုး၊ ကိုယ့်သားသမီးဆိုတော့ သာပြီး ယုယမှာပေါ့၊ အဲဒီလို ယုယပြီးတော့နေတဲ့ ပုဂ္ဂိုလ်တွေ ယုယနေတဲ့ပုဂ္ဂိုလ်တွေနဲ့ မပေါင်းနဲ့တဲ့၊ ယုယတဲ့ပုဂ္ဂိုလ်တွေနဲ့ မပေါင်းနဲ့တဲ့၊ ပေါင်းရင် ကိုယ်လဲယုယပြီးတော့ ကိုယ်နဲ့ဆက်စပ် တာလေးတွေ ယုယလုပ်နေတော့ ဟုတ်တယ် အတုဆိုတာ လိုက်တတ်တယ်၊ ယုယုယယလုပ်နေလို့ရှိရင် ဒီ တရားကို လျစ်လျူ ရှုပြီးတော့ တရားကို အားထုတ်နိုင်မှာ မဟုတ်ဘူး၊ ယုယတဲ့ဥစ္စာ အကျင့်ပါနေတာ။
ပြီးတော့ ဝတ္ထုပစ္စည်း ယုယတဲ့ပုဂ္ဂိုလ်၊ ဝတ္ထုပစ္စည်းလဲ အဖိုးတန်ပစ္စည်းလေးတွေ ယုယနေတာ ရှိတယ်တဲ့၊ တသသနဲ့ သူ့ဟာလေး ညစ်ပေသွားမစိုးလို့ ကိုယ်တောင်မှ သိပ်မကိုင်ရက်ဘူးပေါ့လေ၊ ရိုသေနေတာ၊ သူများကိုင်မှာဆိုတော့ သိပ်စိုးရိမ်တာ၊ သူများသွားကိုင်မှဖြင့် ပျက်သွားမှာ ပြုသွားမှာ သိပ်စိုးရိမ်နေတာ၊ အဲဒီလိုဟာ ရှိတာကိုး၊ အဲဒီလို ယုယနေတဲ့ ပုဂ္ဂိုလ်တွေ ရှိပါတယ်တဲ့၊ ဒါကတော့ သက်ရှိသက်မဲ့ နှစ်ခုရှိတယ်၊ သက်ရှိသက်မဲ့ နှစ်ခုလုံးကို ပေါင်းပြီးတော့ဆိုထားတယ်၊ ယုယတဲ့ပုဂ္ဂိုလ် သက်ရှိဝတ္ထုပစ္စည်း, သက်မဲ့ဝတ္ထု ပုဂ္ဂိုလ် ပစ္စည်းဖြစ်ဖြစ်၊ ယုယတဲ့ ပုဂ္ဂိုလ် ရှိပါတယ်တဲ့၊ အမြတ်တနိုး ပြုနေတဲ့ ပုဂ္ဂိုလ်တွေ အဲဒီလို ပုဂ္ဂိုလ်တွေရှောင်ပါ၊ ဒီလိုပုဂ္ဂိုလ်တွေနဲ့ အထူးအားဖြင့် တရား အားထုတ်နေတဲ့ အခါပေါ့လေ၊ တရားအားထုတ်နေတဲ့ အခါကာလမှာ အဲဒီလို ပုဂ္ဂိုလ်တွေနဲ့ ရောပြီးနေလို့ရှိရင် တရားနည်းနည်း ပျက်တာပေါ့၊ သူ့လို အတုလိုက်သွား မယ် ဆိုရင်တော့ သာဆိုးတာပေါ့၊ သူ့လို အတုလိုက်သွားမယ်ဆိုရင် အဲဒီလို ပုဂ္ဂိုလ်က ကိုယ့်ပစ္စည်းလေးတွေ ကိုယ့်ဟာလေးတွေဆို သိပ်ဂရုစိုက်တယ်၊ အဲဒါတွေ ဥပေက္ခာသမ္ဗောဇ္ဈင် မဖြစ်တတ်ဘူး။
ဒါကြောင့်မို့ ဒီလိုပုဂ္ဂိုလ် ကြဉ်ရှောင်ရမယ်တဲ့၊ မယုယတဲ့ပုဂ္ဂိုလ် ယုယုယယ မလုပ်ဘဲနဲ့ ကိုယ့်ကိုယ်အတွက်လဲ မယုယဘူး၊ ကိုယ်နဲ့စပ်တဲ့ ပုဂ္ဂိုလ်အတွက်လဲ မယုယဘူး၊ ဝတ္ထုပစ္စည်းတွေလဲ မယုယဘူး၊ ယုယုယယမလုပ်ဘူး၊ ဂရုမစိုက်ဘူး၊ လျစ်လျူရှုပြီး နေတတ်တဲ့ ပုဂ္ဂိုလ်ဆိုတာ ရှိသေးတာကိုး၊ အဲဒီလို ပုဂ္ဂိုလ် မှီဝဲပါတဲ့၊ စိတ်ထားမျှသူဆိုတာ ဒါပဲ၊ စိတ်ထား ညီညီ မျှမျှထားနိုင်တဲ့ ပုဂ္ဂိုလ်တဲ့၊ ယုယခြင်း မရှိဘဲနဲ့ ညီညီမျှမျှ ထားနိုင်တဲ့ပုဂ္ဂိုလ်တွေ မှီဝဲပါတဲ့၊ အထူးအားဖြင့် အရေးကြီးတာကတော့ ဆရာသမားတွေ ပိုအရေးကြီးတယ်၊ ဆရာသမားက ကိုယ်ယုယုယယ လုပ်တဲ့ ပုဂ္ဂိုလ်ဆီက ဆရာလုပ်လျှင် တပည့်ကလဲ ဒီလို အတုလိုက်သွားမှာပဲ၊ မဖြစ်ဘူး၊ သူ့ဟာ ဆရာသမားက ယုယုယယမရှိဘူး၊ ပုဂ္ဂိုလ်လဲ ယုယုယယ မရှိဘူး၊ သူများတွေကိုလဲ ယုယုယယ မရှိဘူး၊ ဝတ္ထုပစ္စည်းတွေပေါ်လဲ ငဲ့ကွက်တွယ်တာပြီး ယုယုယယအလေးအမြတ် ပြုနေတာမရှိဘူး၊ ဒီလိုပုဂ္ဂိုလ်မှီဝဲပါတဲ့၊ ဥပေက္ခာသမ္ဗောဇ္ဈင် ဖြစ်တတ်ပါတယ် ဒီလိုဆိုပါတယ်။
ယုယသူအား ပယ်ရှောင်ရှား ဒါကတစ်ခု၊ စိတ်ထားမြတ်သူ မှီဝဲပါဆိုတာက မယုယတဲ့ပုဂ္ဂိုလ်တဲ့၊ ပါဠိလို ပါဠိလိုက် ပြီးစစ်မယ်ဆိုရင် ဒီလိုမဖြစ်ဘူး၊ တစ်ခုတည်းနဲ့မပြီးနိုင်ဘူး၊ ဒါကြောင့်မို့ အဓိပ္ပာယ်ရရုံ ဒီမှာစီထားရတယ်၊ ပါဠိကတော့ သတ္တသင်္ခါရ ဧလာယနံ ပုဂ္ဂလပရိဝဇ္ဇနတာ - သတ္တဝါ သင်္ခါရ ဝတ္ထုတို့ကို အမြတ်တနိုး ယုယုယယ ပြုလေ့ရှိသော ပုဂ္ဂိုလ်ကိုကြဉ်ရှောင်ခြင်း၊ အဲဒါကတစ်ခု၊ သတ္တဝါသင်္ခါရ မေဇ္ဈတ္တ ပုဂ္ဂလ ပရိဝဇ္ဇနတာ သတ္တဝါ သင်္ခါရတို့၌ လျစ်လျူရှုသော ပုဂ္ဂိုလ်ကို အညီအမျှ ရှုသောပုဂ္ဂိုလ်ကို မှီဝဲခြင်း၊ အဲဒါ အညီအမျှရှုသောပုဂ္ဂိုလ်ကို ဒီမှာ စိတ်ထားမျှယူမှီဝဲပါ၊ ဒီလို ဆောင်ပုဒ်ကလေးပေးထားတယ်၊ ဒါပါပဲ၊ ယုယသူအား ပယ်ရှောင်ရှား စိတ်ထားမျှသူ မှီဝဲပါ၊ ၅-ခု ရှိသွားပြီး ဥပေက္ခာပွား အကြောင်းငါးပါး ညွှန်ကြားဋ္ဌကထာ၊ ဒါလေးက နိဂုံးလေး။
ဥပေက္ခာပွား အကြောင်းငါးပါး ညွှန်ကြား ဋ္ဌကထာ။ (ဆို-၃)
ဥပေက္ခာ သမ္ဗောဇ္ဈင်ပွားခြင်း၏ အကြောင်း ၅-ပါးတဲ့ ဒီအကြောင်းငါးပါး ထိုက်သင့်သည့် အားလျော်စွာ ဒီအကြောင်း ငါးပါးပြည့်စုံအောင် အားထုတ်ပြီးတော့ ဥပေက္ခာသမ္ဗောဇ္ဈင်ကို များများ အားထုတ်ရမယ်လို့ ဆိုလိုပါတယ်၊ အဲသလို ပွားများ လို့ရှိရင် ဒီဥပေက္ခာသမ္ဗောဇ္ဈင် ဟာ ပြည့်စုံ သွားမှာပဲ၊ ဘယ်ကျမှ ပြည့်စုံမလဲဆိုရင် အရဟတ္တမဂ်ကျမှ ပြည့်စုံမယ်။
ယထာစ - အကြင် အကြောင်းကြောင့်လဲ၊
ဥပ္ပန္နဿ - ဖြစ်ပေါ်ပြီးသော၊
ဥပေက္ခာသမ္ဗောဇ္ဈင်္ဂဿ - ဥပေက္ခာသမ္ဗောဇ္ဈင်၏၊
ဘာဝနာယပါရိပူရီ - ပွားများမှုပြည့်စုံသည်၊
ဟောတိ - ဖြစ်၏၊
တဉ္စ - ထိုအကြောင်းကိုလည်း၊
ပဇာနာတိ - သိ၏၊
ဥပေက္ခာ-အစဉ် အတိုင်းပွားပြီးတော့၊ ဗောဇ္ဈင်တွေ ပြည့်စုံသွားတာ၊ အရဟတ္တမဂ်ရောက်တော့ ပြည့်စုံပွားများစရာ မလိုတော့ဘူး၊ ကတံကရဏီ ယံ - ရှုဖွယ်ကိစ္စတွေ အကုန်လုံးပြီးပြီလို့ ရဟန္တာ ဖြစ်ပြီးတဲ့အခါ အကုန်လုံး ဆင်ခြင်ကြည့်တယ်၊ လမ်းဆုံးသွားပြီး၊ အောင်မြင်သွားပြီ၊ ဒီအတိုင်း ဆင်ခြင်တယ်။
အဲဒါကြောင့် အရဟတ္တမဂ် ရောက်တဲ့အခါ ဗောဇ္ဈင်ပွားများမှုက ပြီးဆုံးသွားပါတယ်တဲ့၊ အရဟတ္တမဂ် ဆိုလဲပဲ ယောဂီ ပုဂ္ဂိုလ်က သိပါတယ်တဲ့၊ ရဟန္တာဖြစ်တဲ့ခါ သိမှာပေါ့လေ၊ စောစောကတော့ မသိနိုင် သေးဘူး၊ တချို့ကတော့ သိချင် ဒီလို စာကျက်ထားရမှာပဲ၊ ကိုယ်တိုင်သိ မဖြစ်နိုင်ဘူး၊
ဣတိ အဇ္ဈတ္တံ ဝါ ဓမ္မေသု ဓမ္မနုပဿီ ဝိဟာရတိ၊ ဗဟိဒ္ဓါ ဝါ ဓမ္မေသု ဓမ္မာ နုပဿီ ဝိဟရတိ၊ အဇ္ဈတ္တ ဗဟိဒ္ဓါ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ။
ဣတိ - ဤသို့ ဆိုအပ်ခဲ့ပြီးသော အပြားအားဖြင့်၊
အဇ္ဈတ္တံ ဝါ ဓမ္မေသု - မိမိကိုယ်တွင်း သန္တာန်၌ ရှိသော ဗောဇ္ဈင်တရား တို့၌လည်း၊
ဓမ္မာနုပဿီ - သဘောတရားမျှ ရှုသည်ဖြစ်၍၊
ဝိဟရတိ - နေ၏၊
ဗဟိဒ္ဓါဝါဓမ္မေသု - ဗဟိဒ္ဓ ဗောဇ္ဈင်တရားတို့၌လည်း၊
ဓမ္မာနုပဿီ - သဘောတရားမျှ ရှုသည်ဖြစ်၍၊
ဝိဟရတိ - နေ၏၊
အဇ္ဈတ္တ ဗဟိဒ္ဓါဝါဓမ္မေသု - ကိုယ်တွင်းကိုယ်ပ တရားတို့ ၌လည်း၊
ဓမ္မာနုပဿီ - သဘောတရားမျှဟု ရှုသည်ဖြစ်၍၊
ဝိဟရတိ - နေ၏။
မိမိသန္တာန်မှာ တစ်နေ့ကပြောခဲ့တဲ့ သတိသမ္ဗောဇ္ဈင်ကစ၍၊ ဗောဇ္ဈင်တရားတွေ ဖြစ်တိုင်းဖြစ်တိုင်း သိနေတာ၊ အဲဒီတော့ မိမိသန္တာန်ဖြစ်ပေါ်နေတဲ့ ဗောဇ္ဈင်တရားသိတော့ သူများသန္တာန်လဲသိတာပေါ့၊ ဟိုရှေးက ဘုရားရဟန္တာပုဂ္ဂိုလ်တွေမှာ ဒီလိုတရားမျိုးတွေပဲလို့ ဒီလိုသိတာပေါ့၊ သူများသန္တာန် တကယ်ဖြစ်နေတာတော့ ဘယ်သိမလဲ၊ ကိုယ့်သန္တာန် ဖြစ်တာတော့ ပဿဒ္ဓိ - ကိုယ်ရောစိတ်ရော အေးနေတယ်၊ သမာဓိ - ရှုမှတ်တဲ့ အာရုံကလေးတွေမှာ တစ်ခါတည်း ဖပ်ခနဲဖပ်ခနဲ ကပ်သွားသလို ကျရောက်ပြီးသွားတာ သမာဓိသမ္ဗောဇ္ဈင်၊ ယခုပြောတဲ့ ဥပေက္ခာသမ္ဗောဇ္ဈင် မယုတ်မလွန်ညီမျှနေတဲ့ ဥပေက္ခာ သမ္ဗောဇ္ဈင် အဲဒီ ဗောဇ္ဈင်တရားတွေကို သန္တာန်ဖြစ်လာတာ တွေ့ရတော့ သူများ သန္တာန်လဲဖြစ် ရှေးက ဘုရား ရဟန္တာ ပုဂ္ဂိုလ်တွေ သန္တာန်မှာ ဗောဇ္ဈင်တရားတွေဖြစ်တယ်ဆိုတာ ဒီတရားမျိုးတွေပဲလို့ ဒီလိုဖြစ်သွားတာ၊ ဒီလိုတွေ့သွားတာပဲလို့ ဘုရားရဟန္တာပုဂ္ဂိုလ်တွေ တွေပြီး နေတဲ့တရားမျိုးတွေ ငါ့မှာ တွေ့နေရတာပဲလို့ ဒီလိုလဲနှလုံးသွင်းပြီးတော့ သိသွားပါတယ်၊ အဲဒါကို ပြောတာ။
ဗဟိဒ္ဓါ ဝါ ဓမ္မေသု၊
ဗဟိဒ္ဓါဝါ - အပြင်ပ သန္တာန်၌လည်း၊
ဓမ္မေသု - ဗောဇ္ဈင် ၇ ပါးတည်းဟူသော သဘောတရားတို့၌၊
ဓမ္မာနုပဿီ - သဘောတရားမျှရှုသည်ဖြစ်၍၊
ဝိဟရတိ - နေ၏။
မိမိသန္တာန် ဗောဇ္ဈင်တရားတွေဖြစ်တော့လဲ ငါမဟုတ်ဘူး သူတစ်ပါးမဟုတ်၊ ပုဂ္ဂိုလ်မဟုတ်ဘူး၊ အမြဲတည်နေတာ မဟုတ်ဘူး၊ ချမ်းသာနေတယ်၊ ကောင်းစားနေတယ်၊ အကောင်အထည်မဟုတ်ဘူး၊ သူတစ်ပါး သန္တာန်တွေမှာ ဗောဇ္ဈင်တရားတွေ ရှိတယ်ဆိုတာလဲ ဒါမျိုးပဲ၊ သဘောတရားတွေပဲ ပုဂ္ဂိုလ်, သတ္တဝါ, ယောကျာ်း, မိန်းမ အကောင်အထည်မဟုတ်ဘူး၊ သဘောတရားမျှပဲ၊ အဲဒီလို ယောဂီပုဂ္ဂိုလ်က သဘောကျပြီး သိသွားတာကိုး။
သမုဒယဓမ္မာ နုပဿိဝါ ဓမ္မေသု ဝိဟရတိ ဝယဓမ္မာ ဓမ္မေသု ဝိဟရတိ၊ သမုဒယဓမ္မာနုပဿီဝါ ဓမ္မေသု ဝိဟရတိ။
ဓမ္မေသု - ဗောဇ္ဈင်တရားတို့၌၊
သမုဒယဓမ္မနုပဿိဝါ - ဖြစ်ခြင်းသဘောကို ရှုသည်ဖြစ်၍လည်း၊
ဝိဟရတိ - နေ၏၊
ဝယဓမ္မ နုပဿိဝါ - ပျက်ခြင်းသဘောကို ရှုသည်ဖြစ်၍၊
ဝိဟရတိ - နေ၏၊
သမုဒယဝယဓမ္မနုဿိဝါ - ဖြစ်ခြင်းပျက်ခြင်း သဘောကို ရှုသည်ဖြစ်၍လည်း၊
ဝိဟရတိ - နေ၏။
အဲဒီ ဗောဇ္ဈင်တရားတွေဖြစ်တဲ့ အခါကာလမှာ ဗောဇ္ဈင်တရားတွေကို အဖြစ်အပျက် ထင်နေတာပဲ၊ ရှုတိုင်း-ရှုတိုင်းဟာ ဥပမာ ဖောင်းတယ် မှတ်လိုက်တော့ ဖောင်းတာ မှတ်ရတဲ့ အသိလေး ဖောင်းတာ လေး ဖြစ်ပျက်သွားတာကို သိတယ်၊ မမြဲဘူးဆိုတာ သိတယ်၊ ဒါပဲလားဆိုတော့ ဒါတွင် ဘယ်ကမလဲ ဖောင်းတယ်လို့မှတ်တာသိလေး သူဖြစ်ပျက်သွားတာ မမြဲတာသိတာ၊ အဲ ဖောင်းတယ်လို့ အမှတ်ရတဲ့ သတိလေးလဲဖြစ်ပြီး ပျက်သွားတာပဲ၊ ဖောင်းတယ်လို့ သိသွားတဲ့ အသိလေး ဟာလဲ ဖြစ်ပြီး ပျက်သွားတာပဲ၊ ဖောင်းတယ်လို့ အားထုတ်မှုကလေး မှတ်နိုင်အောင် အားထုတ်မှုကလေး ဝီရိယ ကကလေးကလဲ ဖြစ်ပြီး ပျက်သွားတာပဲ၊ ကြောင့်ကြစိုက်မှုတွေဖြစ်ပြီး ပျက်သွားတယ်။
အဲဒီ အခိုက်အတန့်မှာ ပီတိဖြစ်နေသေးလို့ရှိလဲ အဲဒီ ပီတိကလေးကလဲ ဖျင်းခနဲဖြစ်ပြီးတော့ သူကလဲ ဖြစ်ပြီးပျက်သွားတာပဲ၊ ပဿဒ္ဓိ ငြိမ်းအေးမှုကလေးကလဲ ဖြစ်ပြီးပျက်သွားတာပဲ၊ သမာဓိ-မှတ်ရတဲ့ အာရုံကလေးမှာ ကပ်ခနဲကပ်သွားတဲ့ သမာဓိကလေးကလဲကပ်ပြီး ဖြစ်ပြီးပျက်သွားတာပဲ၊ မှတ်နေတဲ့ သဘောလေးကလဲ ဖြစ်ပြီး ပျက်သွားတာပဲ၊ အဲဒီတော့ ဗောဇ္ဈင်တရားတွေရဲ့ ဖြစ်ခြင်းသဘော ကိုလည်း လူ ယောဂီ ပုဂ္ဂိုလ်က ရှုပြီးတော့ သိပါတယ်၊ ပျက်ခြင်းသဘောကိုလဲ ရှုပြီးသိပါတယ်၊ အာရုံတွင်မဟုတ်ဘူး၊ အာရမ္မဏိကဖြစ်တဲ့ ဗောဇ္ဈင်တရားတွေပါ အကုန်ရှုပြီးတော့ သိသွားတာ၊ အဲဒီလိုသိသွားတာက အဲဒါက အရေးကြီးတယ်။
တချို့ ကမ္မဋ္ဌာန်းတရားတွေ ဝိပဿနာ တရားတွေပြကြ, ဟောကြတယ်၊ အာရုံအပျက်တွေကိုသာ ရှုဖို့ရာ တိုက်တွန်းထားလို့ အာရုံတွေပျက်တော့ ဖိုးဖိုး ဖွားဖွားတွေ သူတို့နည်းအတိုင်း သူတို့ ထင်နေကြတာပေါ့လေ၊ ဖွားဖွားတွေတစ်ခါတည်း ဖြစ်ပြီး ပျက်နေတာတွေ သူတို့ပြောတယ်၊ သို့သော်လည်း ရှုတဲ့စိတ်ကလေး ပျက်တာကတော့ သူတို့မတွေ့ဘူး ရှုတဲ့စိတ်လဲပျက် မှာပဲလို့ မှန်းပြီးတော့ ဒီလိုပဲပြောရတယ်၊ ရှုတဲ့စိတ်ကလေးပျက်တာ မတွေ့ဘူး၊ အဲဒါဘုန်းကြီးများတို့ အမြင် ကတော့ မပြည့်စုံသေးဘူးလို့ ယူဆတယ်၊ ဘာပြုလို့တုန်းဆို ရှုတဲ့စိတ်ကလေး မပျက်ရင် ရှုတဲ့စိတ် ကကလေးက ငါဖြစ်နေမှာပေါ့ ငါက ရှုနေတာဖြစ်နေ၊ ငါက မြဲနေတယ် ထင်မှာကိုး၊ ရှုတာက အာရုံတွေကတော့ မမြဲဘူး၊ သို့သော်လဲ ရှုတဲ့စိတ်ကလေးက မြဲတယ်၊ ရှုတာလေးက ငါဖြစ်နေ တာကိုး၊ ငါကျန်နေတယ်။
အခု သတိပဠာန် နည်းအရ ရှုမှတ်တာကတော့ ရှုတိုင်းမှတ်တိုင်းတော့ အာရုံလေးတွေ ဖြစ်လိုက်ဖြစ်လိုက် ပျောက်လိုက်၊ ဘယ်ဟာ ရှုရှုပေါ်လာတဲ့အာရုံလေးတွေဖြစ်ပြီး ပျောက်သွားတယ်၊ မြဲနေတာတစ်ခုမှ မရှိဘူး၊ ဒါတွင်လားဆို ဒါတွင် မဟုတ်ဘူး၊ ရှုတဲ့စိတ်ကလေးပါကိုပဲ၊ ဗောဇ္ဈင် ၇-ပါးတရားဆိုတာ ရှုတဲ့စိတ်တွေ တခြားတွေမဟုတ်ဘူး၊ အာရုံတွေ မဟုတ်ဘူး၊ ရှုတဲ့စိတ်တွေ မှတ်တိုင်း မှတ်တိုင်း တစ်မှတ် တစ်မှတ်အတွင်း ပေါ်တဲ့တရားလေးတွေ သတိဆိုတာ အမှတ်ရတဲ့ တရားပဲ၊ ဝီရိယဆိုတာကလဲ အားထုတ်မှုလေးပဲ၊ သမာဓိဆိုတာကလဲ မှတ်ရတဲ့ အာရုံလေးမှာ စိတ်ကလေး ကပ်ပြီး ကျသွားတဲ့ဟာလေး၊ စူးစိုက်ပြီး ကျသွားတဲ့ဟာလေးဟာ သမာဓိပဲ၊ မှတ်ရတဲ့ အာရုံ သိသွားတာက ဓမ္မဝိစယဆိုတာ သူပဲ။
ဒီအထဲမှာ ပီတိတို့, ပဿဒ္ဓိတို့ဆိုတာ တရံတစ်ခါ ထင်ရှားတယ်၊ သူတို့လဲပါသွားတယ်၊ ဥပေက္ခာကလဲ ညီမျှပြီးတော့ ပါသွားတယ်၊ အဲဒါရှုတဲ့စိတ်ကလေးထဲမှာ တစ်ပေါင်းတည်းပါတယ်၊ ဒီ ၇-ပါးလုံး အကုန်လုံး ရှုတဲ့စိတ်တိုင်း စိတ်တိုင်း ပါနေတယ်၊ အဲဒါလေးတွေရဲ့ ပေါ်လာတဲ့ဖြစ်မှုလေးတွေကို ယောဂီပုဂ္ဂိုလ်က ရှုလိုက်တာနဲ့ ပေါ်လာတာ သိတယ်၊ ပေါ်ပြီးတော့ ပျောက်သွားတာ သိတယ်၊ ဒါကြောင့် သမုဒယဓမ္မာနုပဿီ - ဖြစ်ခြင်းသဘောကို သိသည် ဖြစ်၍၊ ဝယဓမ္မာနုပဿီ - ပျက်ခြင်း သဘောရှုသည်ဖြစ်၍၊ ဝိဟရတိ - နေ၏ ဖြစ်တာပျက်တာလေးကို ယောဂီ ပုဂ္ဂိုလ်က ရှုမြင်နေတာ၊ ဒီတော့ မြဲနေလဲ ငါကောင် ဘယ်ရှိတော့မလဲ၊ ပေါ်လာတဲ့အာရုံတွေကလဲ သူ့ဟာသူဖြစ် ပျောက်သွား လို့ မမြဲတဲ့ တရားချည်းပဲတဲ့၊ အနိစ္စချည်းပဲတဲ့၊ ပုဂ္ဂိုလ် သတ္တဝါ မဟုတ်ဘူး၊ အနတ္တတရား ချည်းပဲတဲ့ ဒီလိုသိနေတာ။
ရှုနေတဲ့ ဗောဇ္ဈင် ၇-ပါး ရှုသိနေတဲ့ ဝိပဿနာဉာဏ်တွေဟာ ဒါတွေဟာဖြစ်ပြီး ပျောက်သွားလို့ မမြဲတဲ့တရားတွေချည်းပဲ၊ ပုဂ္ဂိုလ် သတ္တဝါမဟုတ်ဘူး၊ ဘယ်မှာ ပုဂ္ဂိုလ်သတ္တဝါ ရှိတော့လို့လဲ ဘယ်မှ မရှိတော့ဘူး၊ သူက အပြင်က ပေါ်လာတဲ့ အာရုံတွေလဲ ပျောက်ပြီးသွားလို့ မမြဲတဲ့တရားချည်းပဲ၊ ရှုသိနေတဲ့ စိတ်တွေကလဲ သိပြီးပျောက်သွားလို့ မမြဲတဲ့တရားချည်းပဲ၊ အနိစ္စ, ဒုက္ခ, အနတ္တတရား ချည်းပဲဆိုတာ ယောဂီပုဂ္ဂိုလ်မှာ သူ့ဟာသူရှင်းပြီးတော့ သိနေတာ၊ ဘုန်းကြီးများကတော့ ဟောပြော နေဖို့ရာ မလိုဘူး၊ သူ့ဟာသူ ရှင်းနေတာ၊ အနတ္တတရားတွေ သူ့ဟာသူ ရှင်းနေတာ။
အတ္ထိဓမ္မာတိ ဝါ ပဿတိ ပစ္စုပဋ္ဌိတာ ဟောတိ။
ဝါ ပန - တစ်နည်းအားဖြင့်သော်ကား၊
ပဿ - ထို ယောဂီပုဂ္ဂိုလ်အား၊
ဓမ္မာ - သဘောတရားတို့သည်၊
အတ္ထိ - ရှိကုန်၏၊
ဣတိ - ဤသို့၊
သတိ - အမှတ်ရမှု သတိသည်၊
ပစ္စုပဋ္ဌိတာ - ရှေ့ရှုထင်သည်၊
ဟောတိ - ဖြစ်၏။
တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် သဘောတရား တွေချည်းပဲလို့ ဒီလိုထင်တဲ့သတိလဲရှိတယ်၊ ပုဂ္ဂိုလ် သတ္တဝါ အကောင်အထည်မရှိဘူး၊ မြဲတည်နေတာမရှိဘူး၊ ငါကောင်, သူကောင်, သတ္တဝါ ကောင်ရယ်လို့ မရှိဘူး၊ သဘောတရားတွေချည်းပဲ၊ အမှတ်ကောင်းတယ်၊ သူကလဲ သဘောတရားပဲ၊ အသိကောင်းတယ်ဆိုတာလဲ သဘောတရားပဲ၊ ဝမ်းမြောက် ဝမ်းသာ ဖြစ်တာလဲ သဘောတရားပဲ၊ ငြိမ်းအေးနေတယ်ဆိုတာလဲ သဘောတရားပဲ၊ အညီအမျှဖြစ်နေတယ် ဆိုတာလဲ သဘောတရားပဲ၊ အားလုံးဗောဇ္ဈင်တရားတွေ၊ သဘောတရားတွေချည်းပဲ၊ ဒီဥစ္စာ ငါကမှတ်သိနေတာ မဟုတ်ဘူး၊ ငါက စူးစိုက် တည်ကြည်နေတာ မဟုတ်ဘူး၊ ငါက ဝမ်းမြောက်နေတာ မဟုတ်ဘူး၊ ငါက အညီအမျှဖြစ်အောင် လုပ်နေတာမဟုတ်ဘူး၊ သဘောတရားတွေချည်း၊ သူ့ဟာသူ ဖြစ်နေတာပဲ ဆိုတာ ယောဂီပုဂ္ဂိုလ်မှာ ထင်ပါတယ်၊ ဒီလိုထင်ရမှာကိုး၊ ဒီလိုထင်မှလဲ သူ့ဟာ လမ်းမှန် ရောက်တယ်။ ထင်လဲထင်ပါတယ်။
ယခု တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ သူ့အဆင့်တန်း ရောက်တော့ သမ္မာသန ဉာဏ်က စပြီးတော့ ထင်လာပါတယ်၊ ဒါပေမယ်လို့ ဥဒယဗ္ဗယဉာဏ် အထက်ဘက်ကျမှ ပိုကောင်းပါတယ်၊ ရှုတဲ့စိတ် ကလေးတွေက သဘောတရားချည်းပဲ၊ သူ့ဟာသူ ဖြစ်ပျက်နေတဲ့ သဘောတရားချည်းပဲ ထင်နေတယ်၊ အဲဒီ သတိ အားကောင်းတဲ့ သတိပဲ၊ ဘာအကျိုးရှိသလဲဆိုရင်-
ယာဝ ဒေဝညာဏာမတ္တယ ပတိဿတိ မတ္တာယ။
သာသတိ - ထိုအမှတ်ရမှုသတိသည်၊
သာသတိ - ထိုဖြစ်ပေါ်သော အမှတ်ရမှု သတိသည်၊
ယာဝ ဒေဝဉာဏ မတ္တာယ - အသိဉာဏ် အဆင့်ဆင့်တိုးတက်ရုံအလို့ငှာသာလျှင်၊
ယာဝ ဒေဝ ပတိသတိ မတ္တာယ - အမှတ်ရမှု သတိအဆင့်ဆင့် တိုးတက်သွားဖို့ ငှာသာလျှင်၊
ဟောတိ - ဖြစ်၏၊
အဲသလိုသိတဲ့ဉာဏ်လေးဟာ ဘာအကျိုးရှိသလဲ အဲသလိုထင်တဲ့ အသိတရားလေးက ဘာအကျိုး ရှိသလဲဆိုတော့ အဆင့်ဆင့်တိုးပြီးတော့ သတိတွေ, ဉာဏ်တွေ ကောင်းသွားဖို့ပါပဲ။
အနိဿိတောစ ဝိဟရတိ၊
အနိဿိတောစ - တဏှာဒိဋ္ဌိ အမှီအတွယ်မရှိသည်ဖြစ်၍လည်း၊
ဝိဟရတိ - နေ၏၊
တဏှာ ဒိဋ္ဌိတို့သည် ဖြစ်၍လည်း၊
ဝိဟရတိ - နေ၏။
တဏှာဒိဋ္ဌိတို့သည် တဏှာနှင့် သာယာပြီးတော့လည်း အေးငြိမ်းနေပြီး အမှတ်ကောင်းနေတာ ကကလေးတွေ သာယာ နေတာကိုး၊ ဥဒယဗ္ဗယဉာဏ် ဒါလဲ သာယာတာပဲ၊ အဲဒီမှာသာယာနေတာ၊ အမှတ်ကောင်းလို့ သတိလေး ကောင်းနေတာ၊ သာယာတယ်၊ အသိဉာဏ်တွေ ကောင်းနေတာ သာယာတယ်၊ ပီတိပါမောဇ္ဇတွေ ဝမ်းမြောက်ဝမ်းသာဖြစ်နေတာ သာယာတယ်။
နောက်ပိုင်းကျတော့ သာယာမှု မဖြစ်တော့ဘူး။ ရှုမှတ်မှု အမှတ် နိုင်လာတဲ့အခါကျတော့ သာယာတဲ့ တဏှာတွေလဲ မှီပြီးတော့ မနေတော့ဘူးတဲ့၊ ငါရှိနေတယ်၊ ငါကောင်းနေတယ်၊ ငါသိနေတယ်၊ ဒီလို ဒိဋ္ဌိအမှီတွေနဲ့ ကင်းပြီးသကာလနေပါတယ်၊ အဲဒီလို ရှိပါတယ်။
န ကိဉ္စ လောကေ ဥပါဒိယတိ၊
လောကေ - လောက၌၊
ကိဉ္စ - တစ်စုံတစ်ခုသောတရားကိုမှ၊
န စ ဥပါဒိ ယတိ - စွဲလဲမစွဲလမ်း၊
အဲဒီရှုရတဲ့ အာရုံတွေထဲမှာ ရှုသိနေတဲ့သဘောတရားတွေထဲမှာ ဘယ်ဟာမှ တဏှာဒိဋ္ဌိနဲ့ မစွဲလမ်းပါဘူး၊ တဏှာတွေနှင့် သာယာပြီးတော့ ဟိုဟာလေးက ကောင်းလိုက်တာ၊ ဒီဟာလေးက ကောင်းလိုက်တာ သာယာပြီးတော့ မစွဲလမ်းဘူး၊ အဲဒီလို ဖြစ်ပါစေလို့ သာယာပြီးတော့, တောင့်တ ပြီးတော့လဲ မစွဲလမ်းဘူး၊ ဒိဋ္ဌိနဲ့ငါပဲ သူပဲ စသည် အနေအားဖြင့် ဒီလိုလဲ မစွဲလမ်းဘူး၊ တဏှာဒိဋ္ဌိ အစွဲအလမ်းတွေကင်းနေပါတယ်၊ အဲဒီလိုကင်းပြီး နေတာနဲ့ အစဉ်အတိုင်း လျှောက်ရှုသွားရင် သင်္ခါရုပေက္ခာ ရောက်မှ ရုပ်နာမ်သင်္ခါရ ငြိမ်းတဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုမှာကို တွေ့သွားတာကို တွေ့ရမှာ၊ မှတ်ရင်း-မှတ်ရင်း ဖြစ်ပျက်သွားတဲ့ တရားတွေသိရင် တခါတည်း ဖြုတ်ခနဲဆို ရုပ်နာမ် သင်္ခါရငြိမ်းတဲ့ နိဗ္ဗာန်ကို ရောက်သွားရော။
ဧဝံပိ ခေါ ဘိက္ခဝေ ဘိက္ခုဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ။
ဘိက္ခဝေ - ရဟန်းတို့၊
ဧဝံ - ဤဆိုအပ်ခဲ့ပြီးသော နည်းဖြင့်လည်း၊
ဘိက္ခု - ယောဂီရဟန်းသည့်၊
ဓမ္မေသု - ဗောဇ္ဈင် ၇ ပါးတည်း ဟူသော သဘောတရားတို့၌၊
ဓမ္မာနုပဿီ - သဘောတရားမျှဟု ရှုသည်ဖြစ်၍၊
ဝိဟရတိ - နေ၏။
အဲဒီနည်းဖြင့်လည်း ဗောဇ္ဈင် ၇-ပါး တရားတွေကိုသိပြီး၊ သိသိပြီးတော့ နောက်ဆုံး အရိယာ မဂ်ဉာဏ်ဖိုလ်ဉာဏ် အစဉ်အတိုင်း ဆိုက်ရောက်ပြီး သကာလ သွားနိုင်ပါတယ်၊ ဒီနိဗ္ဗာန် ရောက်ကြောင်း တစ်ခုပဲ၊ အချိန်လဲ တော်တော်ကြာသွားပြီ၊ ဗောဇ္ဈင် ၇-ပါး တစ်ပိုင်းလည်း ပြီးသွားပြီ၊ နောက် သီတင်းကျရင်တော့ အရိယာသစ္စာ ၄-ပါးအပိုင်း ဟောရမှာပဲ၊ ဆက်ပြီးတော့ ဟောရမှာပဲ၊ တရားသိမ်းကြဦးစို့။
ဤဗောဇ္ဈင် ၇-ပါး တရားကို နာခံမှတ်သားရသော စေတနာ၏ အစွမ်းအာနုဘော်တို့ကြောင့် ယခုတရားနာ ပရိသတ် အပေါင်း သူတော်ကောင်းတို့သည် မိမိတို့သန္တာန်၌ သတိသမ္ဗောဇ္ဈင် အစရှိသော သစ္စာလေးပါး တရားကို သိကြောင်း သစ္စာလေးပါးတရားကို သိမှု၏ အစိတ်အပိုင်း အင်္ဂါဖြစ်သော ဗောဇ္ဈင်တရားတို့ကို ပွားများ အားထုတ်နိုင်ကြ၍ ဝိပဿနာ ဉာဏ်အစဉ်, အရိယာ မဂ်ဉာဏ်အစဉ်ဖြင့် ဆင်းရဲခပ်သိမ်း ငြိမ်းရာဖြစ်သော နိဗ္ဗာန်ချမ်းသာကို လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေ။
သာဓု .... သာဓု .... သာဓု .... ။