မာတိကာသို့ ခုန်သွားရန်

ဗောဓိဉာဏ်ရရှိရေးအတွက် အရေးကြီးသော အခြေခံ လိုအပ်ချက်

ဝီကီရင်းမြစ် မှ
ဗောဓိဉာဏ်ရရှိရေးအတွက် အရေးကြီးသော အခြေခံ လိုအပ်ချက်
by အရှင်အဂ္ဂည
ဗောဓိဉာဏ်ရရှိရေးအတွက် အရေးကြီးသော အခြေခံ လိုအပ်ချက်
6007ဗောဓိဉာဏ်ရရှိရေးအတွက် အရေးကြီးသော အခြေခံ လိုအပ်ချက် — ဗောဓိဉာဏ်ရရှိရေးအတွက် အရေးကြီးသော အခြေခံ လိုအပ်ချက်အရှင်အဂ္ဂည (ဖားအောက်တောရ)

ဗောဓိဉာဏ်ရရှိရေးအတွက် အရေးကြီးသော အခြေခံ လိုအပ်ချက်

(ဂမ္ဘီရစိန္တကာ)

အရှင်အဂ္ဂည (ဖားအောက်တောရ)

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ
သဗ္ဗရသံ ဓမ္မရသော ဇိနာတိ
သဗ္ဗရတိံ ဓမ္မရတိ ဇိနာတိ
တဏှာက္ခယော သဗ္ဗဒုက္ခံ ဇိနာတိ

ဒါနအားလုံးကို ဓမ္မဒါနက အောင်နိုင်၏။ အရသာအားလုံးကို တရားအရသာက အောင်နိုင်၏။ မွေ့လျော်ဖွယ်အားလုံးကို တရား၌ မွေ့လျော်ခြင်းက အောင်နိုင်၏။
ဒုက္ခအားလုံးကို တဏှာကုန်ခြင်းက အောင်နိုင်၏။

အစိရံ တိဋ္ဌတု သဒ္ဓမ္မော၊ ဓမ္မေ ဟောန္တု၊ သင်္ဂါရဝါ

ဘုရားရှင်၏ အဆုံးအမ သာသနာတော်သည် အဓွန့်ရှည်စွာ တည်ပါစေသတည်း။
သဒ္ဓမ္မသုံးဖြာ၌ ရိုသေလေးစားခြင်း ရှိကြပါစေကုန်သတည်း။

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
“ဗောဓိဉာဏ်ရရှိရေးအတွက် အရေးကြီးသော အခြေခံလိုအပ်ချက်”

မြန်မာသက္ကရာဇ်၁၃၇၃/၇၄ခုနှစ် နှောင်းတန်ခူးလဆုတ်ကိုးရက် တနင်္ဂနွေနေ့၊ သင်္ကြန်အကြတ်နေ့၊ ခရစ်နှစ်အားဖြင့် ၂ဝ၁၂၊ ဧပြီလ ၁၅ရက်၊ သံလျှင်မြို့ ဖားအောက်တောရရိပ်သာခွဲ၌ ကျင်းပပြုလုပ်တဲ့ သင်္ကြန်တွင်းဆယ်ရက် အထူးတရားစခန်းဝင် ယောဂီသူတော်စင်တို့အတွက် သီရိခေမာဓမ္မာရုံကြီးအတွင်း၌ ကျင်းပပြုလုပ်တဲ့ဓမ္မသဘင်မှာဟောကြားမယ့် တရားခေါင်းစဉ်ကတော့ “ဗောဓိဉာဏ်ရရှိရေးအတွက်အရေးကြီးသော အခြေခံလိုအပ်ချက်တရားတော် ”ဖြစ်ပါတယ်။

ဘာကြောင့် ဒီတရားခေါင်းစဉ်ကို ရွေးချယ်ပြီး တရားတော် တစ်ပုဒ်အဖြစ် တန်ဆာဆင် ဟောကြားရသလဲဆိုရင် တရားစခန်းဝင် အားထုတ်ကြပြီးလေးငါးရက်၊ တစ်ပတ်ဆယ်ရက်လောက်ကြာလာတဲ့အခါ အချို့ယောဂီတွေက “တရားအားထုတ်ရတာ စိတ်မပါဘူး၊ ငြီးငွေ့လာတဲ့အခါ “သီလရှင်ဘဝ ၊ ရဟန်းဘဝမှာမပျော်ဘူး၊ ဒီလိုသာသနာဘောင်နေချင်အောင် ကိုယ့်ကိုယ်ကို ဘယ်လိုအားပေးဆင်ခြင်ရမလဲ၊ တစ်ချို့ကြလည်း အရှင်ဘုရားတို့ ဒီလိုနေချင်အောင်ဘယ်လို တရားနှလုံးသွင်း ဆင်ခြင်နေသလဲ” လို့လည်း မေးတတ်ကြပြန်တယ်။

အဲဒါတွေအားလုံးအတွက်ရော တရားစခန်းဝင်အားထုတ်နေကြတဲ့ ယောဂီသူတော်စင်တွေအတွက်လည်း ဘာဝနာအလုပ်ခွင်မှာ လီန လို့ခေါ်တဲ့တွန့်ဆုတ်တဲ့ စိတ်တွေဖြစ်လာခဲ့ရင် ဖယ်ရှားနိုင်ပြီး ထက်သန်တဲ့ ဝီရိယတွေဖြစ်စေဖို့ ဒီတရားတော်ကို ဟောကြားပေးမှာဖြစ်ပါတယ်။

တရားမဟောကြားခင်မှာ တရားတော်ရဲ့ပိုင်ရှင် ဖြစ်တော်မူတဲ့ မြတ်စွာဘုရားရှင်တော်မြတ်အား ပရိတ်တရားတော်တစ်ပုဒ်ကို ရွတ်ဆိုပူဇော်ပြီး တရားနာပရိတ်သတ်တွေကို ရှေးဦးစွာမေတ္တာပို့သလိုပါတယ်။

မဟာကာရုဏိကော နာထော၊ ဟိတာယ သဗ္ဗပါဏိနံ
ပူရေတွာ ပါရမီသဗ္ဗာ၊ ပတ္တော သမ္ဗောဓိ မုတ္တမံ
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ၊ တေ ဟောတု သဗ္ဗဒါ

မဟာကာရုဏိကော-ကြီးမြတ်သော ကရုဏာတော်လည်း ရှိတော်မူသော၊ နာထော-ဗြဟ္မာ၊ နတ်၊ လူသုံးဘုံသူတို့၏ ကိုးကွယ် အားထားရာအစစ်ကြီးဖြစ်တော်မူသော ဘုရားမြတ်စွာသည်၊ သဗ္ဗပါဏိနံ-ခပ်သိမ်းဥဿုံ အလုံးစုံကုန်သော သတ္တဝါအပေါင်းတို့၏၊ ဟိတာယ-လောကီ၊ လောကုတ္တရာအကျိုးစီးပွား ချမ်းသာအလို့ဌာ၊ သဗ္ဗာပါရမီ-ခပ်သိမ်းဥဿုံ အလုံးစုံကုန်သော ပါရမီတော်မြတ် အပေါင်းကို၊ ပူရေတွာန-ဖြည့်ကျင့်ဆည်းပူတော်မူပြီး၍၊ ဥတ္တမံ- မြတ်လှစွာသော၊ သမ္မာသမ္ဗောဓိ-အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတ ဉာဏ်တော်မြတ်သို့၊ ပတ္တော-ရောက်ရှိတော်မူခဲ့လေပြီး၊ ဧတေန သစ္စဝဇ္ဇေန-ဝစီမင်္ဂလာ ဤသစ္စာကို ပြောဆိုရလေသောကြောင့်၊ တေ-တုမှကံ-သင်တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့ အား၊ သဒါ-နေ့ရာညဉ့်ပါ ဘယ်ခါမလပ် အခါခပ်သိမ်း၊ သောတ္ထိ-ဘေးရန်ကုန်ကင်း ချမ်းသာအေးမြခြင်းသည်၊ ဟောတု-မုချမသွေ ဖြစ်ကြပါစေ ကုန်သတည်း။

ဥုးဇင်းတို့ရဲ့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ လေးသင်္ချေနဲ့၊ ကမ္ဘာတစ်သိန်း ကာလပတ်လုံး အသက်ကိုစွန့် သားမယားတို့ကိုစွန့် ပစ္စည်းဥစ္စာတွေကို စွန့်လွှတ်လှူဒါန်းခြင်း အစရှိတဲ့ ဒါနပါရမီကိုအခြေခံပြီး ပါရမီဆယ်ပါး အပြားသုံးဆယ်တို့ကို ဖြည့်ကျင့်တော်မူခဲ့တယ်။ ဘာဦးတည်ချက်နဲ့ ဖြည့်ကျင့်ခဲ့တော်မူသလဲ? အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုဉာဏ်တော်မြတ်တည်းဟူသော သမ္မာသမ္ဗောဓိဉာဏ်ကို စိတ်သန်ရည်စူး သဒ္ဓါထူးဖြင့်ဆည်းပူး ဖြည့်ကျင့်ခဲ့ တော်မူခဲ့တယ်။ ဒီလိုဝစီမင်္ဂလာ မှန်ကန်တဲ့သစ္စာစကားကြောင့် သင် သတ္တဝါအပေါင်းတို့ ဘေးရန်ကုန်ကင်း ချမ်းသာအေးမြခြင်း ရှိကြပါဖြစ်ကြပါစေလို့ သစ္စာတရားကိုဆိုပြီး မေတ္တာပို့တဲ့ ဂါထာလေး တစ်ပုဒ် ဖြစ်ပါတယ်။

ဗောဓိဉာဏ် ရရှိရေးအတွက် အရေးကြီးတဲ့အခြေခံ လိုအပ် ချက်အကြောင်းကို မဟောကြားခင်မှာ ရှေးဦးစွာဗောဓိဉာဏ် အကြောင်းကို ပြောပြလိုပါတယ်။

ဗောဓိညဏ်ဆိုတာ. . . .

မဂ်ဉာဏ်လေးပါး၊ သဗ္ဗညုတဉာဏ်တို့ကို ဗောဓိဉာဏ်လို့ခေါ်တယ်။ ဗောဓိဉာဏ်တော်မှာလည်း ပါရမီတော်တွေကိုဖြည့်ကျင့် ဆည်းပူးရတဲ့ကာလ ပုဂ္ဂိုလ်သတ္တဝါတို့ရဲ့ အလိုဆန္ဒအားလျှော်စွာ သုံးမျိုးကွဲပြားတယ်။

  1. ဆရာမကူမိမိကိုယ်တိုင် သစ္စာလေးပါးကိုသိတယ်။ ဝါသနာအငွေ့ဓါတ်နဲ့တကွ ကိလေသာတို့ကို ပါယ်နိုင်တဲ့ သတ္တိထူးရှိတဲ့မဂ်ဉာဏ်လေးပါးနဲ့ ခပ်သိမ်းသောသိသင့်သိထိုက်တဲ့ ဉေယျဓံတရားတို့ကို အကြွင်းမရှိသိမြင်နိုင်တဲ့ သဗ္ဗညုတဉာဏ်တို့ကို “သမ္မာသမ္ဗောဓိဉာဏ်” လို့ခေါ်တယ်။
  2. ဆရာမကူ မိမိကိုယ်တိုင် သစ္စာလေးပါးကိုသိတဲ့ မဂ်ဉာဏ် လေးပါးကို “ပစ္စေကဗောဓိဉာဏ်”လို့ခေါ်တယ်။
  3. ဆရာရှိမှ ဆရာရဲ့သွန်သင်ပြသ ဟောဖော်ညွှန်ကြားမှသာ သစ္စာလေးပါးကို သိနိုင်တဲ့မဂ်ဉာဏ်လေးပါးကို “သာဝကဗောဓိဉာဏ်”လို့ခေါ်တယ်။

ဗောဓိသတ္တသုံးမျိုး

အဲဒီလိုဗောဓိဉာဏ်သုံးပါး ကွဲပြားမှုကြောင့် သမ္မာသမ္ဗောဓိဉာဏ်ကို လိုလားတောင့်တတဲ့ ကုသိုလ်ဆန္ဒပြင်းထန်လှတဲ့ ပုဂ္ဂိုလ်သူမြတ်ကို သမ္မာသမ္ဗောဓိသတ္တ-သဗ္ဗညုဘုရားအလောင်းလို့ခေါ်ပြီး ပစ္စေကဗောဓိဉာဏ်ကိုလိုလားတောင့်တတဲ့ ကုသိုလ်ဆန္ဒ ပြင်းပြလှတဲ့ ပုဂ္ဂိုလ်သူမြတ်ကို ပစ္စေကဗောဓိသတ္တ-ပစ္စေကဗောဓိဘုရားအလောင်းလို့ ခေါ်တယ်။

သာဝကဗောဓိဉာဏ်ကို လိုလားတောင့်တတဲ့ ကုသိုလ်ဆန္ဒ ပြင်းထန်အားကြီးတဲ့ ပုဂ္ဂိုလ်သူမြတ်တို့ကို သာဝကဗောဓိသတ္တ- တပည့်အရိယာအလောင်းလို့ခေါ်ပါတယ်။ သာဝကဗောဓိအရာမှာလည်း အဂ္ဂသာဝက, မဟာသာဝက, ပကတိသာဝက ဆိုပြီးသုံးမျိုးကွဲပြားသေးတယ်။

ဗောဓိဉာဏ်ရရှိရေးအတွက်ပါရမီဖြည့်ကျင့်ရာကာလ

သမ္မာသမ္ဗောဓိ သဗ္ဗညုဗောဓိအရာ၌လည်း သဒ္ဓါဓိက, ဝီရိယာဓိက, ပညာဓိက ဆိုပြီးသုံးပါးရှိတယ်။

နိယတဗျာဒိတ်ကိုရရှိပြီးနောက် ပါရမီဆယ်ပါး, ဥပပါရမီဆယ်ပါး, ပရမတ္ထပါရမီဆယ်ပါးတို့ကို

  • လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းဖြည့်ကျင့်မှ ပညာဓိကဗောဓိ ပွင့်နိုင်တယ်။
  • ရှစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်းဖြည့်ကျင့်မှ ဝီရိယာဓိကဗောဓိ ပွင့်နိုင်တယ်။
  • တစ်ဆယ်ခြောက်သင်္ချေနဲ့ ကမ္ဘာတစ်သိန်းဖြည့်ကျင့်မှ သဒ္ဒါဓိကဗောဓိပွင့်နိုင်တယ်။

ပစ္စေကဗောဓိအရာမှာလည်း သဒ္ဓါဓိက၊ ဝီရိယာဓိက၊ ပညာဓိကဆိုပြီး သုံးမျိုးလာတယ်။ ဗျာဒိတ်ခံပြီးနောက် နှစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်းကာလကြာမြင့်အောင် ပါရမီဆယ်ပါး, ဥပပါရမီဆယ်ပါးတို့ကို ဖြည့်ကျင့်ရမယ်လို့ အဋ္ဌကထာမှာဖော်ပြထားတယ်။ သာဝကဗောဓိအတွက်လည်း ပထမပါရမီဆယ်ပါးကို ကမ္ဘာပေါင်းတစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်းမျှကာလ ကြာအောင်ဖြည့်ကျင့်လျှင် အဂ္ဂသာဝကဗောဓိကို ရနိုင်တယ်။ အရှင်သာရိပုတ္တရာ, အရှင် မဟာမောဂ္ဂလာန်တို့လို လက်ယာရံ၊ လက်ဝဲရံနှစ်ပါးကို အဂ္ဂသာဝက ရဟန္တာ အရှင်သူမြတ်လို့ဆိုပါတယ်။

ပါရမီဆယ်ပါးကို ကမ္ဘာတစ်သိန်းကာလ ကြာမြင့်အောင် ဖြည့်ကျင့်လျှင် မဟာသာဝကဗောဓိသို့ ရောက်နိုင်တယ်။ ဂေါတမဘုရားရှင်လက်ထက်အခါကအသီတိရှစ်ကျိပ် ရဟန္တာအရှင်မြတ်တို့ကို ဆိုလိုတယ်။ အရှင်မဟာကဿပ, အရှင်အနုရုဒ္ဓါ, အရှင်မဟာ ကစ္စည်း၊ အရှင်အာနန္ဒာ၊ အရှင်ပုဏ္ဏ အစရှိတဲ့ မဟာသာဝကကြီး ရှစ်ကျိပ် ရဟန္တာအရှင်မြတ်တို့ ဖြစ်ပါတယ်။

ပကတိသာဝက တို့အတွက်ကတော့ ဘဝမည်ရွေ့မည်မျှ ပါရမီတော်ဖြည့်ရမယ်လို့ အတိအကျသတ်မှတ်ချက် မရှိပါဘူး။ လယ်တီဆရာတော်ဘုရားကြီးရဲ့ အလိုအရ သစ္စကပရိဗ္ဗာဇက, မဏ္ဍုကဒေဝပုတ္တ-ဖားနတ်သားတို့လို နှစ်ဘဝသုံးဘဝခန့် နိဗ္ဗေဓဘာဂိယကုသိုလ်ပြုရင် ပကတိသာဝကဗောဓိဉာဏ်အတွက် လုံလောက်တယ်လို့ ပါရမီဒီပနီမှာဆိုထားပါတယ်။

နိဗ္ဗေဓဘာဂိယကုသိုလ်-ဆိုတာ ဗောဓိဉာဏ်ရရှိရေးအတွက် အတိတ်ဘဝကပြုစုထားတဲ့ ဝိဇ္ဇာမျိုးစေ့ကောင်း, စရဏမျိုးစေ့ကောင်းလို့ဆိုတဲ့ ကိလေသာထုတို့ကို ဖြိုခွဲနိုင်တဲ့စွမ်းအားရှိတဲ့ ကုသိုလ်အထူးလို့ဆိုပါတယ်။

ဗောဓိဉာဏ်ရစေတဲ့အခြေခံအကြောင်းတရား

အခုလိုဗောဓိဉာဏ်သုံးပါး, ဗောဓိသတ္တလို့ခေါ်တဲ့ အရိယာပုဂ္ဂိုလ်သုံးမျိုးနဲ့ ပါရမီတော်ဖြည့်ကျင့်ရာ ကာလ တို့ကိုပြောပြီးတဲ့အခါ အခုတရားနာပရိသတ်တွေထဲက သပ္ပုရိသနွယ်ဝင် သူတော်စင်အမျိုးသား၊ အမျိုးသမီးတွေကိုလည်း ဥုးဇင်းမေးချင်ပါတယ်။

ဘယ်လိုဗောဓိဉာဏ်မျိုးကို ဆုတောင်းပန်ထွာပြီး ပါရမီလက်တွေကို ဖြည့်ကျင့်နေပါသလဲလို့?

သတ္တဝါတို့ရဲ့ အလိုဆန္ဒအရတော့ တစ်ယောက်တစ်မျိုးစီ မတူကွဲပြားတဲ့ ဆန္ဒရည်မှန်းချက်တွေကို ပြောကြမှာပါဘဲ။ တစ်ချို့ကျ တော့လည်း နိဗ္ဗာန်ကိုတော့ဆုတောင်းတယ် ဘယ်လိုဗောဓိဉာဏ် လည်းလို့ ခွဲခြားပြီး ဆုမတောင်းတတ်ကြဘူး ဘယ်လိုပဲကွဲပြားခြားနားစေ, ဗောဓိဉာဏ်ရဖို့ အခြေခံအကြောင်းတွေထဲက အရေးကြီးတဲ့ အခြေခံအချက်တစ်ခုကို မပြောပြခင် ဒီဂါထာလေးကို ရွတ်ဆိုပြီး အနက်အဓိပ္ပါယ်ကို ပြောပြပါမယ်။

ဟိတွာ ကာမေ ပဗ္ဗဇ္ဇိံသု၊ သန္တော ဂမ္ဘီရစိန္တကာ
တေ တုမှေပျ နုသိက္ခာဝေါ၊ ပဗ္ဗဇိတာ သုပေသလာ

သန္တော- ဘုရားအလျာ ပစ္စေကာနဲ့ အရိယာနွယ်လောင်း ဟိုတို့ရှေ့က သူတော်ကောင်းတို့သည်။
ဂမ္ဘီရစိန္တကာ- တွေ့ကြုံသမျှ မှုကိစ္စဝယ် အဇ္ဈတ္တ၌ ဉာဏ်မြင်ဆိုက်အောင် လှိုက်လှိုက်လှဲလှဲ စိတ်တွင်စွဲ၍ နက်နဲသည့် ဓာတ်သဘောတွေကို နက်နဲစွာကြံစီ အကြံကောင်း ဉာဏ်ကောင်းဝင်တော်မူကြကုန်သည်ဖြစ်၍။
ကာမေ- ရှေးကပြုဖန် ကုသိုလ်ကံတို့ စီမံထောက်မ လက်ရောက်ရသား များလှဇနီးသည် ကြီးကြီးငယ်နှင့် နှီးနွယ်ရောယူ ကိုယ်တော်တို့ပိုင်သသည် ကာမဝတ္တုအစုစုတို့ကို။ ဟိတွာ- ငါတို့ပိုင်ငြား ဤကာမတရားတို့သည် အများတကာတို့နှင့် ဆက်ဆံ ဘေးတွေကဝန်းရံ ရန်သူတွေကမြောက်မြား တကယ်ကို ကြောက်လန့်ဖွယ်တွေပါတကားဟု ကြောက် အားတော်ဉာဏ်ကြွယ် လွတ်လွတ်ကြီး စွန့်ပယ်တော်မူ ကြကုန်သည်ဖြစ်၍။
ပဗ္ဗဇ္ဇိံသု- ဃရာဝါသ သမ္ဗာဓဟုကိစ္စများမြောင် လူတို့ဘောင်ဝဋ် နှောင်ကို လွတ်အောင်ကြုံးလျက်ရုန်းကန်ထွက်၍ နှစ်သက် ရွှင်လန်းမြတ်သင်္ကန်းဖြင့် ရှင်ရဟန်းပြု၍ တောထွက်တော် မူကြလေကုန်ပြီ။
တုမှေပိ- မြတ်နိက္ခမ္မ ဓါတ်အာသယဟု ဆန္ဒကိန်းအောင်း သင်သူ တော်ကောင်းတို့သည်လည်းပဲ။
ပဗ္ဗဇိတာ- ဝတ္ထုကာမဟူသမျှမှ မရအရကြုံးလျက် ရုန်းကန် ထွက်ကြ ကုန်သည်ဖြစ်၍။
သုပေသလာ- စာမရီသား မြီးဖျားခုံမင် ပုံအသွင်သို့ ချစ်ခင်လေးမြတ် နှစ်သက်အပ်သော သီလ ကိုယ်စီကိုယ်ငရှိကြကုန်သည်ဖြစ်၍။
တေ- ထိုဘုရားအလျာ ပစ္စေကာနှင့်အရိယာနွယ်လောင်း ဟိုတို့ ရှေ့က သူတော်ကောင်းတို့ကို။
အနုသိက္ခာဝှေါ- အတုလိုက်ကာ ကျင့်တတ်ရာကို ကျင့်ကာမသွေ အားထုတ်နိုင်ကြပါစေကုန်သတည်း။

ဒီဂါထာနဲ့ အနက်အဓိပ္ပါယ်ကို ဥုးဇင်းတို့ရဲ့ ကျေးဇူးတော်ရှင် ဖားအောက်ဆရာတော်ဘုရားကြီးရဲ့ တရားနိဂုံးအဆုံးသတ်မှာ ရွတ်ဆိုလေ့ရှိတာကို ကြားဘူးကြမယ်ထင်ပါတယ်။ ဆရာတော်ရဲ့ တစ်ချို့တပည့် ဓမ္မကထိကဆရာတော်များလည်း တရားတော်နိဂုံးမှာ ရွတ်ဆိုတတ်ကြတယ်။ တစ်ချို့ကြားနာဘူးတဲ့ ပုဂ္ဂိုလ်တွေကတော့ ဒီဂါထာရွတ်သံကြားတာနဲ့ တရားပွဲကပြီးသွားပြီးလားလို့ထင်ကောင်းထင်ကြလိမ့်မယ်။ ဦးဇင်းကတော့ ဒီဂါထာရွတ်ဆိုပြီး တရားတော်ကစ ရမှာဖြစ်ပါတယ်။

ဒီဂါထာမှာ သန္တော ဆိုတာရာဂအစရှိတဲ့ ကိလေသာတွေ ငြိမ်းပြီးတဲ့ ဘုရား အစရှိတဲ့ အရိယာသူတော်ကောင်းတွေလို့ အဓိပ္ပါယ်လည်းရနိုင်တယ်။ ရှေးဘုရားတို့ထံမှ ပြုအပ်ပြီးသောကုသိုလ် ဆုတောင်းရှိသူ သမ္မာသမ္ဗုဒ္ဓဘုရားအလောင်း၊ ပစ္စေကဗုဒ္ဓအလောင်းနဲ့ ဘုရားရှင်တို့ရဲ့ တပည့်သားအဂ္ဂသာဝက၊ မဟာသာဝက၊ ပကတိသာဝက အလောင်းအလျာတို့ကိုလည်း အဓိပ္ပါယ်ယူလို့ရတယ်။

ဘုရားအလောင်း ဘဝပါရမီဖြည့်ကျင့်စဉ်က အကြောင်းအရာတွေကို ဟောကြားထားတဲ့ ငါးရာငါးဆယ်ဇာတ်တော်တွေ၊ ရဟန္တာထေရာ ထေရီအရှင်မြတ်တို့ရဲ့ အတိတ်ဇာတ်အကြောင်းတွေကို ဟောကြားထားတဲ့ထေရာ ထေရီအပါဒါန်တို့ကိုဖတ်ပြီး ဒီဂါထာတော်နဲ့ ဆက်စပ်ဆင်ခြင်ရင် ဒီတရားတော်ကိုဖြစ်လာဖို့ ဥုးဇင်းစိတ်ကူး ရလာခဲ့ပါတယ်။

ဥုးဇင်းတို့ရဲ့ ဂေါတမဘုရားအလောင်းတော်ရဲ့ အတိတ်ဘဝတွေနဲ့ ရဟန္တာထေရာထေရီ အလောင်းအလျာတို့ရဲ့ အတိတ်ဘဝတွေကို ကြည့်ရင်များသောအားဖြင့်လူလောကမှာအထက်တန်းကျတဲ့ ဘဝမျိုးတွေမှာဖြစ်ခဲ့ကြတယ်။ မင်းမျိုး, ပုဏ္ဏား, သူဋ္ဌေးသူကြွယ်စတဲ့ အဆင့်အတန်းမြင့်တဲ့ ဘဝတွေပေါ့။ ဒီလိုဘဝမျိုးတွေမှာ အများနည်းတူ လူ့ဘဝလူကာမဂုဏ် စည်းစိမ်ချမ်းသာတွေနဲ့ နှစ်မြောပြီးဘဝကို အဆုံးမသတ်ကြပဲ တောထွက်ကာ ရသေ့ရဟန်းပြုခဲ့ကြတယ်။ ဒီလို စွန့်နိုင်ကြတာ ရသေ့ရဟန်းပြုပြီး ဗောဓိဉာဏ်ရဖို့ပါရမီတော်တွေဖြည့်ကျင့်ကြတဲ့ အကြောင်းအချက်တွေထဲမှာအဓိကအကြောင်းက ဘာဖြစ်နိုင်မလဲဆိုတာမကြာခဏ စဉ်းစားဆင်ခြင် ကြည့်မိခဲ့တယ်။

ဂမ္ဘီရစိန္တကာ

အကြောင်းအရာများစွာတွေထဲက ဂါထာတော်မှာ ဖော်ပြ ထားတဲ့ ဂမ္ဘီရစိန္တကာ- ဆိုတာကိုသဘောပေါက်မိပါတယ်။ ဂမ္ဘီရစိန္တကာ- တွေ့ကြုံသမျှမှုကိစ္စဝယ် အဇ္ဈတ္တ၌ဉာဏ်မြင်ဆိုက်အောင် လှိုက်လှိုက်လှဲလှဲ စိတ်တွင်စွဲ၍ နက်နဲသည့်ဓာတ်သဘောတွေကို နက်နဲစွာကြံစည် အကြံကောင်းဉာဏ်ကောင်း ဝင်တော်မူကြကုန်သည်ဖြစ်၍တဲ့။ နေ့စဉ်တွေ့နေကြ၊ ကြုံနေဆုံနေကြတဲ့ အကြောင်း အရာအဖြစ်တွေ သူတကာအတွက် သာမာန်ဖြစ်ရိုးဖြစ်စဉ် အာရုံတစ်ခုခုအပေါ်မှာ ဓမ္မနဲ့ယှဉ်ပြီးလေးလေးနက်နက် စဉ်းစားတဲ့ ဉာဏ်အဲဒါကို ဂမ္ဘီရဉာဏ်လို့ခေါ်တယ်။ ဂမ္ဘီရဉာဏ်နဲ့တွေးတော စဉ်းစားတာကို ဂမ္ဘီရစိန္တကာလို့ဆိုပါတယ်။

အဲဒီလို သဘာဝရဲ့ဖြစ်စဉ်တွေ၊ ဘဝရဲ့ အဖြစ်အပျက်တွေအပေါ်မှာ တရားနဲ့ယှဉ်ပြီး လေးလေးနက်နက် တွေးခေါ် စဉ်းစား၊ ဆင်ခြင် သုံးသပ်တဲ့ ဂမ္ဘီရဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာ သံဝေဂဉာဏ်တွေကို ဖြစ်စေတယ်။ ဂမ္ဘီရဉာဏ်က သံဝေဂဉာဏ်ကို အထောက်အကူပြုတယ်။

သံဝေဂဉာဏ်

သံဝေဂဉာဏ်ဆိုတာ သံသရာအရေး၊ သံသရာဘေး သံသရာမှာ ကျင်လည်ရရင်တွေ့ခဲ့ရတဲ့၊ တွေ့ရဦးမယ့်ဒုက္ခဆင်းရဲ အမျိုးမျိုးကိုတွေးပြီး ကြောက်လန့်တဲ့စိတ်နဲ့ ယှဉ်ဖြစ်တဲ့ဉာဏ်ကို သံဝေဂဉာဏ် (သဩတပ္ပဉာဏ်)လို့ခေါ်တယ်။ သံဝေဂဉာဏ်ထက်သန်ရင် ဘာအကျိုးရနိုင်သလဲ?၊ သံဝေဂဉာဏ်ထက်သန်ရင် သံသရာဝဋ်ဆင်းရဲက လွတ်မြောက်ချင်တော့ မကောင်းမှုတွေကို ရှောင်ရှားလို့ ကောင်းမှုတွေကို ပြုဖို့မမေ့မလျော့တဲ့ အပ္ပမာဒတရားကို ဖြစ်စေနိုင်တယ်။ ဘာဝနာအလုပ်ခွင်မှာ တွင်တွင်ကြီးအားထုတ်လို့ ဝိပဿနာဉာဏ်တွေဖြစ်ဖို့များစွာ အထောက်အကူပြုတယ်။ ပဋ္ဌာန်းနည်းအရဆိုရင် ဥပနိဿယပစ္စယသတ္တိ အားကြီးသောမှီရာအားဖြင့် ကုသိုလ်ကောင်းမှုပြုဖို့ ကျေးဇူးပြုတယ်။ ဒါကြောင့် ဂမ္ဘီရဉာဏ် သံဝေဂဉာဏ်နဲ့ ဝိပဿနာဉာဏ်တို့ဟာ အပြန်အလှန် ကျေးဇူးပြုနေကြတယ်။ ဝိပဿနာဉာဏ်တွေ အားကောင်းပြီဆိုရင် သံသရာဝဋ်က လွတ်မြောက်စေနိုင်တဲ့ သစ္စာလေးပါးကို ထွင်းဖောက်သိမြင်နိုင်တဲ့ ဗောဓိဉာဏ်လို့ခေါ်တဲ့ မဂ်ဉာဏ်လေးပါးကို ရစေနိုင်ပြီပေါ့။

ဒါကြောင့် ဂမ္ဘီရဉာဏ်သံဝေဂဉာဏ်တို့ဟာ ဗောဓိဉာဏ်ရရှိရေးအတွက် အရေးကြီးတဲ့ အခြေခံအကြောင်းဖြစ်တယ်။ ကဲ တရား ကတော့ပြီးသွားပြီ၊ ခပ်တိုတိုကျဉ်းကျဉ်းကြိုက်တဲ့ သူတွေအတွက်တော့ ဒီလောက်ပါဘဲ။ ကျယ်ကျယ်ကြိုက်တဲ့သူတွေ သဘောပေါက်အောင် ချဲ့ထွင်ပြောမှ နားလည်နိုင်မယ့် သူတွေအတွက် ဗောဓိဉာဏ်ရတဲ့အထိ သမထဝိပဿနာကျင့်စဉ်တွေပေါ် ထပ်ဟောရရင်တော့ နာနိုင်ကြဦးမလား?

သံဝေဂဉာဏ်ဖြစ်စရာ ရှေးသူတော်ကောင်းတို့ထုံး နှလုံးမူစရာ အကြောင်းအရာလေးတွေကို ဆက်ဟောကြနာကြရတာပေါ့နော်။

ကိုယ်နဲ့ကိုယ့်ပတ်ဝန်းကျင်က လူတွေရဲ့နေ့စဉ်ဘဝကို ကြည့်ကြည့်ရင် များသောအားဖြင့် လူ့ဘဝရခိုက် လူ့ကာမဂုဏ်ချမ်းသာ အမျိုးမျိုးကိုခံစားပြီး သူလိုကိုယ်လိုပဲနေကြတယ်။ ဘဝရဲ့အဖြစ်သနှ တွေအပေါ်မှာ နက်နဲစွာဆင်ခြင်တဲ့ဉာဏ် ဖြစ်ကြတာနည်းတယ်။ ဒါကြောင့်သံဝေဂရဖို့ မလွယ်ဘူး၊ သံဝေဂဉာဏ်ဖြစ်ရင်လည်း ခဏဘဲ။ သံဝေဂမရသေး၊ အားမကောင်းသေးရင် ကုသိုလ်ကောင်းမှုတွေကို မလုပ်ချင်ကြဘူး၊ မေ့မေ့လျော့လျော့နေချင်ကြတယ်။ ဝဋ်ကိုလည်စေတတ်တဲ့ ဆုတောင်းတွေနဲ့ ဒါနစတဲ့ကုသိုလ်ကောင်းမှုတွေကို ပြုချင်ကြတယ်။ ဒါ့ကြောင့် သမထဝိပဿနာအားထုတ်မှုမှာ ထက်သန်တဲ့ ဆန္ဒ ဝီရိယ သဒ္ဓါတရားတွေ အထူးသဖြင့် အားမကောင်းဘဲ ရှိတတ်ကြတယ်။

ဝိပဿနာအားထုတ်ကြတဲ့သူတွေထဲမှာသော်မှ သံဝေဂဉာဏ်နဲ့ တကယ်သံသရာဝဋ်က လွတ်မြောက်ချင်လို့ အားထုတ်တဲ့ သူတွေက နည်းတယ်။ ပါရမီပါရုံလောက်ဆိုသူက အများသား။

သံဝေဂဉာဏ်နဲ့ ပြင်းပြတဲ့ဆန္ဒဝီရိယသဒ္ဓါတရားတွေနဲ့တစ်စိုက်မတ်မတ်အားထုတ်တဲ့သူတွေကတော့ တိုးတတ်မှုအကျိုးတရားတွေ အထိုက်အလျောက် ရရှိခံစားကြရပါတယ်။

အဲဒီတော့ ဂမ္ဘီရဉာဏ်ဆိုတာ ဥပမာအားဖြင့်နေ့စဉ်ဘဝမှာ သစ်ရွက်သစ်သီး ကြွေတာလေးကိုပဲ တရားနဲ့ယှဉ်စဉ်းစားရင် ဂမ္ဘီရဉာဏ်ပါဘဲ။ လူ့ဘဝအတွက် အဖိုးတန်တဲ့သင်္ခန်းစာ၊ ဉာဏ်အလင်းတွေ့ရနိုင်တယ်။ အဲဒီလို သစ်ရွက်ကြွေတာကိုကြည့်ပြီး တရားနှလုံးသွင်းဆင်ခြင်ကာ ပစ္စေကဗောဓိဉာဏ်ရသွားတဲ့ သူတော်ကောင်းတွေ အကြောင်းကို ဘုရားဟောဇာတ်တွေမှာ တွေ့ နိုင်တယ်။

ကာမတရားနှစ်ပါး(ဝတ္ထုကာမကိလေသာကာမ)

မူလရွတ်ဆိုခဲ့တဲ့ ဂါထာကိုပြန်ကောက်ရရင် အဲဒီဂါထာမှ ဖော်ပြထားတဲ့ ကာမေ- ကာမဆိုတာ မြန်မာစကားမှာ မဖွယ်မရာ ဆိုတဲ့ အပြုအမူကိုရည်ညွှန်းသုံးတတ်ကြတယ်။ ဒါပေမယ့် ဘုရားဟော ပါဠိတော်မှာ ကာမဆိုတာချစ်ကြိုက်ခြင်း လိုချင်တောင့်တခြင်းလို့ အဓိပ္ပါယ်ရှိတယ်။

ကာမကိုဝတ္ထုကာမ ကိလေသာကာမလို့ နှစ်မျိုးခွဲပြထားတယ်။

ဝတ္ထုကာမနဲ့ ကိလေသာကာမကို ခွဲခြားရှင်းပြရရင် မျက်စေ့နဲ့ မြင်စရာရူပါရုံတို့ ပေါင်းစုံထိခိုက်မိတဲ့အခါ စက္ခုဝိညာဏ် မြင်သိစိတ် ဆိုတာဖြစ်လာတယ်။ ဒီစက္ခုဝိညာဏ်နဲ့ အတူဖြစ်လာတာက ဒီရူပါရုံကို ကောင်းမကောင်းခံစားတဲ့ ဝေဒနာ၊ ကောင်းတယ်လှတယ်ဆိုပြီး သဘောကျနှစ်သက်ရင် သောမနဿဝေဒနာ၊ သဘောမကျမနှစ်သက်ရင် ဒေါမနဿဝေဒနာဖြစ်မယ်။ အဲဒီအာရုံအပေါ်မှာ တပ်မက်စွဲလမ်းတဲ့လောဘ မကျေနပ်ရင်တော့ဒေါသ ကိလေသာတွေဖြစ်လာလိမ့်မယ်။ အဲဒီလိုရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ ၊ဖောဋ္ဌဗ္ဗရုံတို့ကို ဝတ္ထုကာမလို့ခေါ်တယ်။ ဒီအာရုံတွေအပေါ်မှာ ဖြစ်လာတဲ့လောဘ ဒေါသစတဲ့ ကိလေသာတရားအားလုံးကို ကိလေသာကာမလို့ခေါ်တယ်။

ဒါကြောင့် ကာမေ-ရှေးကပြုဖန် ကုသိုလ်ကံတို့ စီမံထောက်မ လက်ရောက်ရသား များလှဇနီးသည် ကြီးကြီးငယ်ငယ်နှင့် နှီးနွယ်ရောယူကိုယ်တော်တို့ပိုင်သသည့် ကာမဝတ္ထုအစုစုတို့ကို၊ ဟိတွာ-ငါတို့ပိုင်ငြား ဤကာမတရားတို့သည် အများတကာတို့နှင့်ဆက်ဆံ ဘေးတွေကဝန်းရံ ရန်သူတွေကမြောက်များ၊ တကယ်ကို ကြောက်လန့်ဖွယ်တွေပါတကားဟု ကြောက် အားတော်ဉာဏ်ကြွယ် လွတ်လွတ်ကြီး စွန့်ပယ်တော်မူကြကုန်သည်ဖြစ်၏။ ဒီဝတ္ထုကာမတွေကလည်း လူ့လောကမှာများများပိုင်ဆို ပေါကြွယ်ဝရင် ဂုဏ်သိက္ခာအဆင့်အတန်း အာဏာတန်ခိုးတွေကို မြှင့်တက်စေနိုင်တော့လည်း များများရှာ များများပိုင်ဖို့ပဲကြိုးစားကြ မယ်။ ကြိုးစားရတယ်။ ဘုန်းကြီးတွေတောင်မှ ယခုခေတ်မှာ ဒီအတွက်ရှာကြရသေးတာ လူတွေအတွက်ကတော့ အထူးပြောစရာ လိုမယ်မထင်ပါဘူး။ နောက်တစ်ခုကလည်း စားဝတ်နေရေးအတွက်ကလည်း ပြည့်စုံဖို့က ရှိသေးတယ်။ ဒါကြောင့် ဥုးဇင်းတို့မိတ်ဆွေ ဓမ္မကထိက ဆရာတော်တစ်ပါးပြောသလိုပဲ သုံးတော့သုံးပါ မစွဲပါနဲ့ တဲ့။ ကာမဝတ္ထုအစုစုတွေကို ပိုင်ဆိုင်အသုံးပြုတဲ့အခါ သုံးစွဲတယ်ဆိုတဲ့မြန်မာစကားလုံးကို အဓိပ္ပါယ်ဖွင့်ပြီး အကြံပေးထားတယ်။ ဘာဖြစ်လို့လည်းဆိုရင် ဒီကာမဝတ္ထုတွေဆိုတာ ကိုယ်ပိုင် ပစ္စည်းလို့ထင်ရပေမယ့် တကယ်မပိုင်ဘူး။ အများနဲ့ဆက်ဆံနေတယ်။ တစ်နည်းအားဖြင့် ရန်သူမျိုးငါးပါးနဲ့ဆက်ဆံနေပါတယ်။ ဒါတွေကိုစွဲလန်းတွယ်တာမှုအားကြီးရင် နောက်ဆုံးမှာဖြစ်တတ်တဲ့ သဘာဝကို ဒီနေရာမှာ ပြောပြလိုပါတယ်။

မယှကငှက်

အာဂန္တုက သူဋ္ဌေးကိုအကြောင်းပြုပြီး မြတ်စွာဘုရားဟောတော်မူတဲ့ မယှကဇာတ်-မယှကငှက်ကလေးအကြောင်း ငါးရာ ငါးဆယ် နိပါတ်တော်မှာပါတယ်။

အဲဒီငှက်ကလေးကအော်တဲ့အခါ မယှံ၊ မယှံ နဲ့အော်လေ့ရှိလို့ သူရဲ့အော်မြည်သံကိုစွဲပြီး မယှကငှက်လို့ခေါ်တယ်တဲ့။ မယှံဆိုတာ ပါဠိလို ငါ့ဟာ၊ ငါ့ဥစ္စာလို့အဓိပ္ပါယ်ရတယ်။ အင်္ဂလိပ်လိုဆိုရင်တော့ “my possession, my property, this is mine” ပေါ့။ ဘယ်အကိုင်းဘယ်အပင်နားနား “မယှံ မယှံ”နဲ့ အော်နေတာဟာ ငါ့ဟာ ငါ့ဟာနဲ့အော်နေသလိုပဲ၊ သစ်ကိုင်းခြောက် သစ်ငုတ်ခြုံပုတ်ပေါ် နားလည်း ဒီလိုပဲအော်နေတယ်။ အသီးတွေသိန်းသန်းမက သီးနေတဲ့ညောင်ပင်ကြီး၊ သူတစ်ကောင်တည်းစားလို့ မကုန်နိုင်တဲ့ အဲဒီညောင်ပင်ကြီးပေါ်မှာ ဟိုနားဒီနားလိုက်နဲ့ မယှံ မယှံ- ငါ့ဟာ ငါ့ဟာနဲ့အော်နေတယ်။ ငှက်မျိုးစုံကလည်း အသီးတွေဝေနေတဲ့ ဒီညောင်ကြီးစီကို အုပ်လိုက်လာပြီးစားကြတယ်။ နောက်တော့ ညောင်သီးတွေကလည်း ရင့်မှည့်လို့ကြွေ ငှက်တွေကလည်းစားနဲ့ အပင်ကြီးမှာအသီးတွေမရှိတော့ပဲ ညောင်ပင်အောက်ကမြေပြင်မှာ အသီးကြွေနဲ့ ငှက်ချေးတွေပဲရှိတော့တယ်။ အဲဒီအချိန်မှာလည်း အဲဒီငှက်ကတော့ မယှံ မယှံနဲ့ အော်နေဆဲပါဘဲ။

လူတွေကလည်း လောကမှာတရားသော နည်းလမ်းနဲ့ဖြစ်စေ မတရားသောနည်းလမ်းနဲ့ပဲဖြစ်စေ ရှာဖွေစုဆောင်းထားတဲ့ ဥစ္စာ ပစ္စည်းတွေကို မိမိလည်း မသုံးစား လှူဒါန်းပေးကမ်းမှုလည်း မပြုကြရင် ရန်သူမျိုးငါးပါးဘေးနဲ့ ကြုံတဲ့အခါဖြစ်စေ သေဘေးကပ်ရောက် လာတဲ့အခါဖြစ်စေ ပုံပြင်ထဲကမယှကငှက်လို ငါ့ဟာ ငါ့ဟာလို့အော်ရင် မစင်နဲ့တူတဲ့ အချည်းနှီးပဲကျန်ရစ်ခဲ့မယ်။ ဒါကြောင့်ရှေးသူတော်စင် သူတော်မြတ်တွေက

ကာမေ- ရှေးကပြုဖန်ကုသိုလ်ကံတို့ စီမံထောက်မ လက်ရောက် ရသား များလှဇနီးသည် ကြီးကြီးငယ်ငယ် နှီးနွယ်ရောယူ ကိုယ်တော်တို့ပိုင်သသည့် ကာမဝတ္ထုအစုစုတို့ကို။
ဟိတွာ- ငါတို့ပိုင်ငြား၊ ဤကာမတရားတို့မှ လွတ်လွတ်ကြီး စွန့်ပယ်တော်မူကြကုန်သည်ဖြစ်၍။
ပဗ္ဗဇိံသု-ဃရာဝါသ သဗ္ဗာဓဟု ကိစ္စများမြောင် လူတို့ဘောင် ဝဋ်နှောင်မှ ရုန်းလျက် ရှင်ရဟန်းပြု၍ တောထွက်တော်မူကြလေကုန်သတည်း။ ဒါကြောင့် ရန်သူမျိုးငါးပါးနှင့် အမြဲဆက်ဆံနေတဲ့ ဥစ္စာတွေထဲက ဒါနဆိုတဲ့အနှစ်၊ ရောဂါဝေဒနာတွေနဲ့ အမြဲဆက်ဆံနေတဲ့ ဒီခန္ဓာကိုယ်ကြီးထဲမှ သီလဆိုတဲ့အနှစ်၊ ဒီခန္ဓာကိုယ်ကြီးကို ပရမတ္ထနယ်ကကြည့်လျှင် သဘောတရားသက်သက်မျှသာရှိတဲ့ ခန္ဓာငါးပါး အစုံအပုံမျှသာရှိတယ်၊ ဖြစ်ပျက်နှစ်တန် နှိပ်စက်ဒဏ်ဖြင့် တရံမဆဲ လွန်ဆင်းရဲလှတဲ့ ဒီခန္ဓာငါးပါးတို့မှ ဝိပဿနာဉာဏ်ဆိုတဲ့ အနှစ်တို့ကိုရယူနိုင်ကြရမယ်။ ဒါမှသာ ပစ္စုပ္ပန် သံသရာချမ်းသာရာ ရနိုင်ကြလိမ့်မယ်။

ဒီနေရာမှာလည်း တစ်ချို့ အဝိဇ္ဇာတဏှာ ဓါတ်အားကြီးတဲ့သူတွေကတော့ လောကမှာနေ့စဉ်ကြုံတွေ့နေရတဲ့ သက်ရှိသက်မဲ့ ကာမဝတ္ထုအမျိုးမျိုး ကို သာယာဖွယ်လိုပဲ မြင်ကြတယ်။ လောကရဲ့ အလှတရားတွေ၊ ဒီဟာတွေကြောင့် ပျော်စရာသုခဘုံကြီး ဘုရားသခင်ဖန်ဆင်းထားတဲ့ လောကကြီးမှာ အပြစ်တွေပဲကြည့် အပျက်တွေပဲမြင်တယ်ဆိုတာ အဆိုးမြင်ဝါဒီတွေ (Pessimism and Pessimist) စိတ်ကျရောဂါ (Depression) ဖြစ်မယ်။ “ဘဝရဲ့တိုးတက်ရာမဖြစ်နိုင်ပဲ လူညွှန့်တုံးလိမ့်မယ်” လို့ဆိုတတ် ကြတယ်။ ကာမဝတ္ထုအသစ် အဆန်းတွေကို တစ်မျိုးပြီးတစ်မျိုး ရှာဖွေပိုင်ဆိုင်သုံးဆောင် ခံစားနိုင်တာဟာ ဘဝရဲ့အနှစ်သာရ အရသာလို့ ဆိုတတ်ကြတယ်။ အဲဒီလိုနဲ့ တစ်ဘဝအဆုံးသတ်ကြ တယ်။ ဒီလိုပုဂ္ဂိုလ်တွေအတွက်ကတော့ သံသရာထဲမှာ တိရစ္ဆာန် ဖြစ်တော့လည်း တိရစ္ဆာန်နဲ့တန်တဲ့ကာမဝတ္ထုတွေ လူဖြစ်တဲ့အခါ ကြလည်း လူ့ကာမဂုဏ်တွေကို ရှာဖွေစုဆောင်း သုံးဆောင်ခံစားရင်း တစ်ဘဝပြီး တစ်ဘဝသံသရာခရီးသွားခဲ့ပြီး သွားနေကြတယ်၊ သွားကြ ရဦးမယ်။

သံဝေဂဉာဏ်ပွားတာအဆိုးမြင်ဝါဒီမဟုတ်ပါ။
ဒါတွေကို အပြစ်လို့ကြည့်နိုင်တဲ့ သံသရာကလွတ်မြောက်လို တဲ့ နိက္ခမအားကောင်းတဲ့သူတွေကျ အများအမြင်နဲ့မတူဘူး။ ဥပမာအားဖြင့် နံနက်ခင်းရဲ့နေရောင်ခြည်အောက်မှာ လန်းဆန်းလှပတဲ့ ပန်းပွင့်တစ်ပွင့်မြင်ရင်ပဲ တစ်ဖြေးဖြေးနဲ့ မကြာခင်နွမ်းကြွေလို့ အလှ တွေ ဆိတ်သုဉ်းသွားတော့မယ်။ ဒီလိုပဲတို့ရဲ့ ခန္ဓာကိုယ်နဲ့ တို့နှစ်သက်တဲ့ သက်ရှိသက်မဲ့ဝတ္ထုတွေလည်း ဒီပန်းလေးလိုပဲလို့ မမြဲတဲ့သဘော တွေကို နှလုံးသွင်းဆင်ခြင်ပြီး သံဝေဂဉာဏ်တွေ ပွားမယ်။ အဲဒီလို ဆင်ခြင်တာဟာ အဆိုးမြင်ဝါဒီ မဟုတ်ပါဘူး၊ အဲဒီလိုဆင်ခြင်လို့လည်း စိတ်ဓါတ်ကျဆင်းတဲ့ စိတ်ကျရောဂါလည်း မဖြစ်နိုင်ပါဘူး။ စိတ်ကျ ရောဂါသည် ဆိုတာ ဘဝတိုးတက်ရာ တိုးတက်ကြောင်း ဘာမျှမလုပ်ပဲ တစ်မှိုင်မှိုင် တစ်ထွေထွေနဲ့ တွေဝေထုံထိုင်းနေတဲ့ပုဂ္ဂိုလ်၊ ဗုဒ္ဓဘာသာဝင်တွေအဖို့ အဲဒီလိုဆင်ခြင်ပြီးရင် သံသရာဘေး၊ အပါယ်ဘေးမှ လွတ်မြောက်အောင် ဒါန၊သီလ၊ ဘာဝနာအလုပ်တွေကို မမေ့မလျော့ လုပ်မယ်။ အကုသိုလ်ဒုစရိုက် ဒုရာဇီဝအလုပ်တွေ ရှောင်ရှားပြီး ကုသိုလ် သုစရိုက်တရားတွေမှာ အားသွန်ကြိုးပမ်းအားထုတ်မယ်။ အချိန်ရှိခိုက် လုံ့လစိုက်ရမယ်ဆိုပြီး ဘဝရဲ့တိုးတက်ရာ တိုးတက်ကြောင်း အောင်မြင်ရာအောင်မြင်ကြောင်းတွေကို လုပ်ကြရမှ သာဖြစ်တယ်။

ဒါကြောင့်ဂမ္ဘီရဉာဏ်ကနေ သံဝေဂဉာဏ်၊ဘာဝနာဉာဏ် တွေ အဆင့်ဆင့်ဖြစ်ပြီး ဗောဓိဉာဏ်ကိုပိုင်ဆိုင်သွားတဲ့ ဦးဇင်းတို့မြတ်စွာဘုရားအလောင်းနဲ့ ပစ္စေကအရှင်မြတ်တို့ရဲ့ အကြောင်းတို့ကို ဥပမာထုတ်ဆောင် ဟောပြပါမယ်။ မဟာဇနကမင်းကြီး ငယ်ငယ်တုံးက ကြားဖူးခဲ့ကြတဲ့ မဟာဇနကမင်းသား အကြောင်းကပဲစပြောရအောင် ဇာတ်တော်ကြီးတစ်ခုလုံးတော့ အစကနေ အသေးစိတ် မပြောတော့ဘူး။ အားလုံးသိတဲ့အတိုင်း မဟာဇနကမင်းသား ကုန်ကူးသွားရင်း ပင်လယ်ထဲမှာ သင်္ဘောပျ တော့ သင်္ဘောပေါ်ပါတဲ့သူတွေ ငါးစတဲ့ ရေသတ္တဝါအစာအဖြစ်နဲ့ ရေနစ်သေဆုံးခဲ့ကြတယ်။ မင်းသားကတော့ ကံဉာဏ်ဝီရိယစွမ်းအားကြောင့် သမုဒ္ဒရာစောင့်နတ်သမီး ကယ်တင်ခဲ့ပြီး မိတ္ထီလာပြည်ရှင် ဘုရင်ကြီးဖြစ်လာခဲ့တယ်။

တစ်နေ့မင်းကြီးရဲ့ ဥယျာဉ်မှူးက ဥယျာဉ်ထွက် ပန်းမာလ် သစ်သီးတွေ ဆက်သပြီး ဥယျာဉ်တော်ကို ကြွတော်မူပါရန် မင်းကြီးကို လျှောက်ထားတယ်။ မဟာဇနကမင်းကြီးလည်း မင်္ဂလာဆင်တော်ကို စီးပြီး မောင်းမမိဿံ နောက်လိုက်နောက်ပါ အခြွေအရံတွေနဲ့ ဥယျာဉ်တော်ကို ကြွတော်မူခဲ့တယ်။ ဥယျာဉ်တော်အဝင်ဝမှာ သရက်ပင်ကြီးနှစ်ပင်ကို မြင်တော်မူတယ်။

သရက်ပင်တစ်ပင်က အသီးတွေကတွဲရရွဲနဲ့ မှည့်ဝင်းလို့ စားချင်စရာ ကြည့်လို့လည်း အင်မတန်လှနေတယ်။ ကျန်တစ်ပင်က တော့ အသီးအပွင့်မရှိ အရွက်စိမ်းစိမ်းစိုစိုဖားဖားလျားလျားနှင့် နှစ်သက်စရာ တင့်တင့်တယ်တယ် စည်စည်ကားကားရှိနေတယ်။ မင်းကြီးဟာအသီးရှိတဲ့ သရက်ပင်အနားသို့ မင်္ဂလာဆင်တော်ကို ချဉ်းကပ်စေပြီး သရက်သီးမှည့်တစ်လုံးကို ကိုယ်တော်တိုင် ဆွတ်ယူသုံးဆောင်တော်မူလိုက်တယ်။ အလွန်ချိုမြိန်သောအရသာရှိတာကြောင့် ဥယျာဉ်တော်က အပြန်ကျရင် များများဆွတ်ယူ သုံးဆောင်တော်မူမယ်လို့ ကြံရွယ်တော်မူခဲ့ပြီး ဥယျာဉ်တော်အတွင်းကို ကြွမြန်းတော်မူခဲ့တယ်။ နန်းဓလေ့ထုံးစံအရ ရှင်ဘုရင်မသုံးဆောင်ရသေးခင် ဘယ်သူမျှမစားဝင့် မစားရပေမယ့် ရှင်ဘုရင်သုံးဆောင်ပြီးမှန်းသိရင်တော့ နောက်ပါအခြံအရံပရိသတ်တွေက အလုအယက် ဆွတ်ခူးစားလိုက်ကြတာ အရွက်တွေကြွေ အကိုင်းအခတ်တွေကျိုးနဲ့ သရက်ပင်ကြီးဟာ ဖရိုဖရဲကျိုးကြေလို့ မြင်မကောင်း ရှုမကောင်း ဖြစ်သွားရတော့တယ်။

ဒီလိုနဲ့ မဟာဇနကမင်းကြီးဥယျာဉ်တော်မှာ ပျော်ပါးပြီးလို့ ပြန်ထွက်တော်မူတဲ့အခါ သရက်ပင်ကြီးရဲ့ မြင်ကွင်းဟာ မနက်ကနဲ့ မတူတော့ဘူး၊ အသီးတွေဝေပြီးလှပခဲ့တဲ့ အပင်ကြီးခမြာ အကိုင်း အခတ်တွေကျိုးပြတ်လို့ ရှုမကောင်း မြင်လို့မတင့်တယ်တဲ့ အနေအထားကို တွေ့ရတော့တယ်။ အသီးမသီးတဲ့ အပင်ကြီးကတော့ မူလအတိုင်း အလှမပျက် မြတောင်ကြီးလို တင့်တယ်နေဆဲပဲ။ လောကမှာ ကျွတ်ချိန်တန်ရင် သံဝေဂရဖို့ဆိုတာ တစ်ကြောင်းမဟုတ် တစ်ကြောင်း ဖြစ်လာတတ်တယ်။

မင်းကြီးလည်း သရက်ပင်နှစ်ပင်ကို ကြည့်ပြီး သံဝေဂဉာဏ်တွေ ဖြစ်တော်မူခဲ့တယ်။ ငါတို့ရဲ့မင်းစည်းစိမ် ကာမဂုဏ်ချမ်းသာဆိုတာ အသီးရှိတဲ့အပင်နဲ့ တူတယ်။ လူတွေဟာ အသီးကိုလိုလို့ အပင်ကို ဖျက်ဆီးသလို ရန်သူဘုရင်တွေက လာပြီးတော့ လုယက် ဖျက်ဆီးတဲ့အခါကျရင် ဘာမျှရစရာမရှိ အသက်ရော စည်းစိမ်ပါဆုံးရှုံး ရလိမ့်မယ်။ ရသေ့ရဟန်းဘဝကတော့ အသီးမသီးတဲ့အပင်လိုပဲ ရန်သူတို့ရဲ့ နှောက်ယှက်ဖျက်ဆီးခြင်း ဘေးအန္တရာယ်မှ ကင်းတယ်။ ဒါကြောင့် ငါဟာအသီးသီးတဲ့ သရက်ပင်လိုမဟုတ်ဘဲ အသီးမသီးတဲ့ သရက်ပင်လို ထီးနန်းစည်းစိမ်ကို စွန့်လို့ ရသေ့ရဟန်းပြုတော့မယ်ဆိုပြီး အဓိဌာန်ပြုကာ တောထွက်တော်မူခဲ့ပါတယ်။ ဒါကတော့ မြတ်စွာဘုရားအလောင်း မဟာဇနကမင်းသားဘဝမှာ သရက်ပင်နှစ်ပင်ကို ကြည့်ပြီး ကာမဂုဏ်ရဲ့အပြစ်ကို သံဝေဂဉာဏ်ယူခဲ့ပုံပါဘဲ။

မဃဒေဝမင်းကြီး

ဘုရားအလောင်း မဃဒေဝမင်းကြီးဘဝက အဖြစ်အပျက်ကလည်း မှတ်သားစရာကောင်းတယ်။ အဲဒီအချိန်အခါကာလက လူအများစုဟာ သီလမြဲတဲ့အခါဆိုတော့ လူတို့ရဲ့သက်တမ်းဟာ နှစ်ပေါင်းသုံးသိန်းကျော်ရှိခဲ့တယ်။ အခုခေတ်လူတွေရဲ့ သက်တမ်းနဲ့ နှိုင်းယှဉ်ရင်တော့ အံ့ဩစရာ မယုံနိုင်စရာဘဲ။ မယုံမရှိနဲ့။ ယခုခေတ်မှာ တောင်မှ နိုင်ငံအလိုက် လူသက်တမ်းချင်းမတူကြဘူး။ တစ်ချို့ဆင်းရဲ တဲ့အာဖရိကနိုင်ငံတွေမှာ လူ့သက်တမ်းလေးဆယ်ကျော်ပဲရှိတယ်တဲ့။ တချို့နိုင်ငံတွေ ဂျပန်နိုင်ငံလိုမျိုးကြတော့ အသက်ရှည်တဲ့ လူတွေများကြတယ်တဲ့။

လူတွေရဲ့ သီလမြဲကြတဲ့ ကာလမှာ လူသက်တမ်း နှစ်နှစ်သိန်းကျော်အထိ ရှည်ကြတယ်။ လူတွေ သီလပျက်ကြတဲ့ ကာလမှာ သက်တမ်းဆုတ်ယုတ်သွားတယ်။ ဘုရားအလောင်း မဃဒေဝဟာ မင်းသားငယ်ဘဝနဲ့ နှစ်ပေါင်းရှစ်သောင်းလေးထောင် ပျော်ရွှင်စွာ ခံစားခဲ့တယ်။အိမ်ရှေ့မင်းသားအဖြစ်နဲ့ နှစ်ပေါင်းရှစ်သောင်းလေးထောင်၊ ရှင်ဘုရင်အဖြစ်နဲ့ နှစ်ပေါင်း ရှစ်သောင်း လေးထောင် မင်းစည်းစိမ်ခံစားခဲ့ပြီး တစ်နေ့မှာသူရဲ့ ဆတ္တာသည်ကို ငါ့ရဲ့ဦးခေါင်းတော်မှာ ဆံပင်ဖြူတစ်ချောင်း တွေ့တဲ့နေ့ကျရင် လျှောက်ထားပါလို့ မိန့်တော်မူခဲ့တယ်။

ဒီလိုနဲ့ ဆံပင်ဖြူတစ်ပင်ကို မြင်ရတဲ့အခါ “ငါ့ရဲ့ဦးခေါင်းမှာ သေမင်းရဲ့ အောင်လံစိုက်ထူလာခဲ့ပြီ” ဆိုပြီး ယခုချက်ခြင်း သေမင်းလားခေါ်တော့မလို မိမိကိုယ်ကို မီးလောင်မြိုက်နေတဲ့ သစ်ရွက်မိုးတဲငယ်အတွင်း ဝင်ရောက်နေရသလို သေခြင်းတရားရဲ့ နီးကပ်မှု သေခြင်းတရားအပေါ်မှာ ထိတ်လန့်ခြင်းသံဝေဂတွေဖြစ်ခဲ့တယ်။

တကယ်တော့အဲဒီကာလ လူတို့ရဲ့ သက်တမ်းနဲ့ဆိုရင် နောက်ထပ်နှစ်ပေါင်း ရှစ်သောင်းလေးထောင် မင်းစည်းစိမ်ခံစားနိုင်သေး တယ်တဲ့။ ယခုလိုလူ့သက်တမ်း ခုနှစ်ဆယ်ငါး၊ ရှစ်ဆယ့်သက်တမ်းလောက်တောင် မဟုတ်သေးဘူး။ သံဝေဂဉာဏ်တွေ ဖြစ်တော်မူခဲ့ပြီး မင်းကြီးဟာ ကျန်နေသေးတဲ့ နှစ်ပေါင်းရှစ်သောင်း လေးထောင်သော ကာလအတွင်းမှာ ရသေ့ဝတ်ပြီး မေတ္တာဈာန်တွေဝင်စားပြီး နေထိုင်ခဲ့တယ်။ စုတေတဲ့အခါ နတ်ရွာမလားပဲ ဗြဟ္မာပြည်ကို လားတော်မူခဲ့တယ်။

တစ်ချို့ကတော့ ဆိုကြမယ် “တပည့်တော်ခေတ်ရဲ့သက်တမ်း ကလည်းတိုတိုလေး၊ မနုဿတ္တဘာဝေါဒုလ္လဘောတဲ့ လူအဖြစ်လူ ဘဝကလည်းရခဲတယ် ဆိုသေးတယ်။ ဒါကြောင့် နောက်ဘဝလူပြန် ဖြစ်ဖို့ကလည်း မကျိန်းသေဘူး။ ဒါကြောင့် မသေခင်လေး လူ့ဘဝ လူ့စည်းစိမ်ချမ်းသာ တစ်ဝကြီး ခံစားလိုက်ဦးမယ်။ မဃဒေဝမင်းကြီး လူဘဝမှာ ဒီလောက်ကြီး နေရမှတော့ ငြီးငွေ့ချင် ငြီးငွေ့မှာပေါ့။ တပည့်တော်တို့က မငြီးငွေ့ပေါင် တောထွက်ရမှာပျင်းတောင် ပျင်းသေးတယ်”လို့ ဆိုကြမလားဘဲ။

ဒါကတော့ဇရာရဲ့အမှတ်လက္ခဏာ ဆံဖြူတဲ့သဘောကနေ အိုဘေး၊ နာဘေး၊ သေဘေးရဲ့ဒုက္ခကို သံဝေဂဉာဏ်ဆင်ခြင်ပြီး ဘုရားအလောင်းရဲ့ ဗောဓိဉာဏ်အတွက် ပါရမီဖြည့်တော်မူခဲ့ပုံပါဘဲ။

ယုဒ္ဓဉ္စမင်းသား

ဘုရားလောင်း ယုဒ္ဓဉ္စယမင်းသား ဘဝမှာလည်း သံဝေဂယူခဲ့ ပုံဟာ မှတ်သားစရာ တစ်မျိုးကောင်းတယ်။ ရမ္မပြည့်ရှင်သဗ္ဗတ္ထ မင်းကြီးရဲ့သားတော် ယုဒ္ဓဉ္စယမင်းသားဟာ ဆောင်းရာသီရဲ့ တစ်နေ့ နံနက်စောစောမှာ မြင်းရထားစီးပြီး ဥယျာဉ်တော်ကိုထွက်တော် မူခဲ့ပါတယ်။ ဥယျာဉ်တော်သွား လမ်းခရီးမှာ သစ်ပင်တွေရဲ့ သစ်ခက်သစ်ရွက်ဖျားမြက်ဖျားများနဲ့ ပင့်ကူမြှေးပင့်ကူချည်ကွန်ယက်စ တာတွေပေါ်မှာ စိန်ပွင့် ပုလဲပွင့်သဏ္ဍာန် ဆီးနှင်းပေါက်လေးတွေ တွဲရရွဲခိုနေကြတယ်။ မင်းသားဟာ နန်းတော်တွင်းမှာ နေထိုင်ပျော်ပါးရင်း ကြီးပြင်းခဲ့ရသူဖြစ်တော့ နံနက်ခင်းရဲ့ နေခြည်အောက်မှာ တောက်ပပြီး စိန်ပွင့် ပုလဲပွင့်သဏ္ဍာန် အလှဆောင်နေတဲ့ ဆီးနှင်းပွင့် လေးတွေကို မမြင်ဘူးခဲ့ဘူးနဲ့ တူတယ်။

ဒါကြောင့်ရထားထိန်းကို “အိုရထားထိန်း.. အဲဒါလေးတွေက ဘာတွေလဲ၊ လှလိုက်တာ”ဆိုပြီး ဆီးနှင်းပေါက်လေးတွေကို ညွှန်ပြပြီး မေးတော်မူတယ်။ ရထားထိန်းကလည်း“အရှင်သား.. ဆီးနှင်းပေါက် ကလေးများသာဖြစ်ပါတယ်” လို့သာမာန်ပဲ လျှောက်ထားလိုက်တယ်။ ဒီလိုနဲ့ ဥယျာဉ်တော်မှာ တစ်နေကုန်လှည့်ပတ်ပျော်ပါးကစားလို့ ညနေကျ ဥယျာဉ်တော်ကနေ နန်းတော်ကို ပြန်ကြွတော်မူတဲ့အခါ နံနက်ခင်းက အမှတ်တရဖြစ်လောက်အောင် လှပခဲ့တဲ့ ဆီးနှင်းပေါက် ဆီးနှင်းပွင့်လေးတွေကို ပြန်တွေ့ရဦးမယ်အထင်နဲ့ လမ်းဘေးဝဲယာ ကြည့်တော့ မတွေ့ ရတော့ဘူး။

ဒါနဲ့ရထားထိန်းကို “ဆီးနှင်းပေါက်လေးတွေ ဘယ်ဆီရောဂါ ကုန်ပြီလဲ” လို့မေးတယ်။ ရထားထိန်းကလည်း “ဆီးနှင်းပေါက်လေးများဟာ နေရောင်ခြည်တက်လာရင် ကွယ်ပျောက်ပျက်စီးမြဲ ဓမ္မတာပါဘဲ အရှင့်သား”လို့လျှောက်ထားလိုက်တယ်။ ရထားထိန်းရဲ့အဖြေ ကြားရတဲ့အခါ မင်းသားရဲ့စိတ်ထဲမှာ ကြီးစွာထိတ်လန့်တုန်လှုပ်ခြင်း ဖြစ်ပြီး “ဆီးနှင်းပေါက်လေးများဟာ ပျောက်ပျက်လွယ်သလိုပဲ သတ္တဝါတို့ရဲ့ အသက်ဟာလည်း အလွန်ပျက်စီးလွယ်လိုက်တာ လောကမှာ ဘာမျှ ခိုင်တာမြဲတာမရှိဘူး”လို့ နှလုံးသွင်းဆင်ခြင်ကာ သံဝေဂဉာဏ်တွေ ဖြစ်တော်မူခဲ့တယ်။

ယုဒ္ဓဉ္စယမင်းသားရဲ့အဖြစ်ဟာ လူ့ဘဝလူ့လောကကြီးဟာ ဘယ်လောက်ပဲသာယာဖွယ် နှစ်သက်ဖွယ်ကောင်းတယ် ဆိုပေမယ့် “ဆီးနှင်းပေါက်လိုပဲ ပျောက်လွယ်ပျက်လွယ် မခိုင်မမြဲခေတ္တမျှသာပဲလို့ အမြင်ပေါက်ပြီး အိုနာသေဘေးမနှိပ်စက်မှီ တောထွက်ကာ ရသေ့ရဟန်းပြုခဲ့တယ်။

အခုပြောခဲ့တဲ့ သာဓကတွေက ဥုးဇင်းတို့ ဂေါတမဘုရားရှင်အလောင်း သမ္မာသမ္ဗောဓိဉာဏ်ရဖို့ ပါရမီတော်တွေ ဖြည့်စဉ်က သာမန်တွေ့နေမြင်နေကျ ဖြစ်စဉ်တွေကနေ ဂမ္ဘီရဉာဏ် သံဝေဂဉာဏ် ယူခဲ့ပုံတွေပါဘဲ။ ဒီလိုသာဓကတွေ ငါးရာငါးဆယ်ဇာတ်တော်၊ ဓမ္မပဒအဋ္ဌကထာ အပါဒါန်အဋ္ဌကထာတွေမှာ ရှာဖွေဖတ်ရှု ကုသိုလ် ပွားနိုင်ပါတယ်။ များများပြောရင် သံသရာဝဋ်က မငြီးငွေ့ဘဲဥုးဇင်း ပြောတာများလို့ ငြီးငွေ့ကြကုန်မယ်။ ဒီလောက်ပြောရင်သဘောပေါက် ကြပါလိမ့်မယ်။

ပစ္စေကဗုဒ္ဓအလောင်းရဲ့ သံဝေဂဉာဏ်

ပစ္စေကဗုဒ္ဓအရှင်မြတ်တစ်ပါးရဲ့ သံဝေဂဉာဏ်ဖြစ်ပုံကလည်း ယောဂီတွေအတွက် မှတ်သားစရာကောင်းတယ်။ ဒီဝတ္ထုက အပါဒါန် အဋ္ဌကထာပထမတွဲနဲ့ သုတ္တနိပါတ် အဋ္ဌကထာပထမတွဲမှာ ဖေါ်ပြထားတယ်။

ပစ္စေကဗုဒ္ဓအလောင်းဗာရာဏသီပြည့်ရှင် ဘုရင်ကြီးတစ်ပါးဟာ နွေရာသီပူအိုက်လှတဲ့ နေ့တစ်နေ့မှာ ပြာသာဒ်ဆောင်ထက်မှာ လေညှင်းခံလို့ အနားယူစံနေတော်ပါတယ်။ သူရဲ့ရှေ့တစ်နေရာမှာ နန်းတွင်းသူလေးတစ်ယောက်ဟာ မင်းကြီးအပူဒါဏ်သက်သာစေဖို့ စန္ဒကူးနံ့သာနီ လိမ်းရန် ကျောက်ပြင်ထက်မှာ စန္ဒကူးတုံးကို သွေးနေပါ တယ်။ ဒီနန်းတွင်းသူလေးရဲ့ ဘယ်ညာလက်တစ်ဖက်ဆီမှာ ရွှေလက်ကောက်တစ်ကွင်းစီ ဝတ်ဆင်ထားတယ်။ နောက်တော့ ညာဖက်လက်ကောက်ကို ချွတ်ပြီး ဘယ်ဘက်လက်ကို ပြောင်းဝတ် လိုက်တယ်။ သွေးပြီးသား နံ့သာနှစ်တွေကို ညာလက်နဲ့ ကျုံးသပ်လို့ ရွှေခွက်ထဲ ထည့်လိုက်တယ်။ ပြီးတာနဲ့ စန္ဒကူးတုံးကို ဘယ်ညာကိုင်ပြီး ကျောက်ပြင်ထက်မှာ အားပါးတရ သွေးပြန်ပါတယ်။ နဂိုရ် သွေးတုံးတော့ ဘယ်လက်ကတော့ လက်ကောက်ကတစ်ဖက် တစ်ကွင်းစီ၊ ခုတော့ တစ်ဖက်ထဲမှာ လက်ကောက်နှစ်ကွင်း၊ တစ်ကွင်းနဲ့ တစ်ကွင်း အချင်းချင်း ထိခတ်ရာက အသံတွေ တစ်ချွင်ချွင်မြည်လို့ နေပါတယ်။

အသံဖြစ်ပေါ်လာရာ နန်းတွင်းသူလေးရဲ့ လှုပ်လီလှုပ်လဲ့ နံ့သာသွေးနေတဲ့ အမူအယာကို ကြည့်ပြီး မင်းကြီးဟာ ကိလေသာ ရာဂမဖြစ်ဘဲ လက်ကောက်နှစ်ကွင်း ထိခတ်မိလို့ဖြစ်လာတဲ့ အသံနောက် အတွေးစိတ်ရောက်လို့နေပါတယ်။ “အော်! လောကမှာ လူတွေဟာ နှစ်ယောက်သားပေါင်းမိရင် ကိလေသာ အသံတွေထွက် လာတတ်ကြတယ်။ တစ်ယောက်တည်းနေရတာက ကိလေသာကင်းလို့ ချမ်းသာတယ်လို့ စဉ်းစားရင်း ဂမ္ဘီရဉာဏ်တွေ ဖြစ်နေပါတယ်။ အပေါင်းအဖေါ်နဲ့နေနဲ့ အပြစ်ကိုပေါ့။

မင်းကြီးဟာ အဲဒီလို ဂမ္ဘီရဉာဏ်တွေဖြစ်ပြီး သံဝေဂဉာဏ်ယူနေဆဲမှာ မိဖုရားခေါင်ကြီး ရှေ့တော်မှောက် ရောက်လို့လာပါ တော့တယ်။ မင်းကြီးမောင်းမငယ်ကို စိုက်ကြည့်နေတာမြင်လိုက်တော့ ဒီသူငယ်မကို မင်းကြီး တပ်မက်နေပြီအထင်နဲ့ မိဖုရားကြီးဟာ မစ္ဆရိယစိတ်ဖြင့် မောင်းမငယ်ကို အခန်းထဲကနေ မောင်းထုတ်လိုက်တယ်။ သူကိုယ်တိုင်ထိုင်ပြီး ကျောက်ပြင်မှာ နံ့သာသွေးတော့တယ်။ မောင်းမငယ်သွေးတုံးကတော့ မရှိမဲ့ရှိမဲ့ ဝတ်ဆင်ထားတဲ့ လက်ကောက် နှစ်ကွင်း။ ခုတော့ မင်းမိဖုရားခေါင်ကြီး၊ စဉ်းစားသာကြည့်တော့။ ရုပ်ရှင်ထဲက အိန္ဒိယနန်းတွင်းသူတွေ ဝတ်စားဆင်ပြင်တဲ့အတိုင်း ရှိမှာပေါ့။ တစ်တောင်ဆစ်နီးပါး ဝတ်ထားတဲ့ ရွှေလက်ကောက်တွေ၊ အသံတွေ တချွင်ချွင်မြည်လို့ တစ်ခန်းလုံး ညံသွားတယ်။

ဒီဖြစ်အင်ကိုကြည့်လို့ ကာမဂုဏ်အနှောင့်အဖွဲ့ ပရိသတ် အခြံအရံနဲ့ နေရတာ၊ တိုင်းသူပြည်သားတွေရဲ့ တစ်ယောက်တစ်မျိုး၊ လိုအင်ဆန္ဒတွေနဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင်မကကို ရင်ဆိုင် ဖြေရှင်းပေးနေရတဲ့ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ရတဲ့ ဒုက္ခအဖြစ်တွေကို သံဝေဂဉာဏ် ဖြစ်တော်မူခဲ့ပါတယ်။ အဲဒီကတဆင့် ငြီးငွေ့ မှုဖြစ်ရာက ဝိပဿနာဉာဏ်တွေ ပွားများအားထုတ်လိုက်တာ ပစ္စေကဗောဓိဉာဏ်အတွက် အတိတ်က ဖြည့်ကျင့်ဆည်းပူးခဲ့တဲ့ ပါရမီတော်တွေကလည်း ရင့်ကျက်အကျိုးပေးဖို့ အချိန်ကျလာတော့ ဝိပဿနာဉာဏ် တွေရဲ့ ရင့်ကျက်လာတဲ့အဆုံးမှာ ပစ္စေကဗောဓိဉာဏ်တော်ကို လက်ဝယ်ပိုင်ပိုင် ရရှိသွားတော်မူခဲ့ပါတယ်။

ဒါကြောင့်ပဲ တစ်ယောက်တည်းနေတော့ ဗြဟ္မာ၊ နှစ်ယောက်နေတော့ ဒေဝါ၊ သုံးယောက်နေတဲ့အခါကျတော့ ရွာတဲ့၊ ယခုလို သင်္ကြန်တွင်းတရားစခမ်းမှာ တစ်ခန်းထဲ ခြောက်ယောက် ခုနှစ်ယောက်စုနေရတော့ ဘယ်လိုနေကြလဲ?
သတ္တဝါတွေရဲ့ သဘာဝလောကမှာ ယောက်ျားနဲ့ မိန်းမပဲ နေနေ၊ အမျိုးသားအချင်းချင်း၊ အမျိုးသမီးအချင်းချင်းပဲနေနေ များလေလေ ကိလေသာအသံ ပိုမြည်လေလေပဲ မဟုတ်လား၊ ချစ်လည်း ချစ်တဲ့ ကိလေသာသံပေါ့၊ မုန်းတဲ့အခါ မတည့်တော့လည်း ဘယ်လို အသံထွက်မလဲ? ဒေါသကိလေသာအသံတွေမြည်မှာပေါ့။ ဘဝမှာ ချစ်ခြင်း၊ မုန်းခြင်းကင်းတဲ့သူအဖို့တော့ အနှောင်အဖွဲ့ကင်းလို့ လွတ်မြောက်မှုရတယ်။ ဂမ္ဘီရဉာဏ်, သံဝေဂဉာဏ်, ဝိပဿနာဉာဏ်တွေကနေ ပစ္စေကဗောဓိဉာဏ်ရစေခဲ့တယ်။ မိဖုရားခေါင်ကြီးပဲ ကျေးဇူးတင်စရာ ကောင်းတော့တယ်။

အင်ကြင်းရွက်ယော်တစ်ရွက်ရဲ့ လေတိုက်ခတ်မှုကြောင့် အညှာမှ ကြွေကျသွားတာကို ကြည့်ပြီး မမြဲတဲ့သဘောကို ဆင်ခြင်ပြီး ဝိပဿနာဉာဏ်တွေဖြစ်ကာ ပစ္စေကဗုဒ္ဓဗောဓိဉာဏ်ရရှိသွားတဲ့ အရှင်မြတ်တစ်ပါး, အသားတစ်ခုကို ချီပြီးပျံတဲ့ စွန်တစ်ကောင်ကို အခြားသော စွန်တွေရဲ့ ဝိုင်းဝန်းထိုးဆိတ် တိုက်ခိုက်လုယက်ခံရတာကို မြင်ပြီး သားတစ်နဲ့အလားတူတဲ့ ကာမဂုဏ်ရဲ့ အပြစ်ကို ဆင်ခြင်သံဝေဂဉာဏ်တွေဖြစ်ပြီး ပစ္စေကဗောဓိဉာဏ်ရရှိသွားတဲ့ အရှင်မြတ်လည်း ရှိတယ်။ ဒီလောက်ဆို ဂမ္ဘီရဉာဏ် သံဝေဂဉာဏ် ဖြစ်ပုံကို သဘောပေါက်ကြမယ် ထင်ပါတယ်။

သံဝေဂဉာဏ်ဖြစ်ပေမယ့် ရုန်းမထွက်နိုင်ကြတာ ဘာကြောင့် လည်း?

ဒီနေရာမှာ စဉ်းစားစရာတစ်ခုကတော့ တချို့ကြလည်း သံဝေဂဉာဏ်တွေဖြစ်တဲ့အခါ ဖြစ်ပေမယ့် ဘုရားပစ္စေကဗုဒ္ဓ ရဟန္တာ အရှင်မြတ်အလောင်းလျာတွေလို့ ရုန်းမထွက်နိုင်ကြတာ ဘာကြောင့်လည်းဆိုရင် သူတို့လိုပါရမီမရင့်သေးလို့ပါလို့ ဆိုကြမယ်။ ပါရမီ မရင့်သေးတာလည်း အကြောင်းတစ်ခုပေါ့။ ဒါပေမယ့် ရုန်းမထွက် နိုင်ကြတာဟာ အနှောင်အဖွဲ့တွေနဲ့ နှောင်ဖွဲ့ခံထားရလို့ပါဘဲ။ ဘယ်လို အနှောင်အဖွဲ့မျိုးတွေလည်း ဆိုရင်တော့ ၁။ အမိ၊ ၂။ အဖ၊ ၃။ ဇနီးခင်ပွန်း၊ ၄။ သားသမီး၊ ၅။ ဆွေမျိုး၊ ၆။ မိတ်ဆွေ၊ ၇။ ပစ္စည်း ဥစ္စာ၊ ၈။ လာဘပူဇော်သက္ကာရ၊ ၉။ အာဏာတန်ခိုးအစိုးရခြင်း၊ ၁၀။ ကာမဂုဏ်ငါးပါး အနှောင်အဖွဲ့တွေပဲ ဖြစ်တယ်။ ဒါကြောင့်...

သာဝတ္ထိမြို့မှာ ကောသလ္လမင်းကြီးရဲ့ ရဲမက်စစ်သည်တွေ ဖမ်းထားတဲ့ သူခိုးဓါးပြတွေကို ကြိုး၊ ထိပ်တုံး၊ သံခြေချင်းတွေနဲ့ နှောင်ဖွဲ့ထားတာကို ရဟန်းတော်တွေကို မြင်တွေ့ ရတဲ့အခါ မြတ်စွာဘုရားကို လျှောက်ထားတယ်။

မြတ်စွာဘုရားက ဒီအနှောင်အဖွဲ့က တကယ့်အနှောင်အဖွဲ့ မဟုတ်သေးဘူး။ တကယ့်အနှောင်အဖွဲ့က ပတ္တမြား နားတောင်းစတဲ့ ရတနာတွေ၊ သားသမီး မယား စသည့်တွေမှာ အလွန်တပ်မက် နှစ်သက်တတ်တဲ့ တဏှာဆိုတဲ့ ကိလေသာ အနှောင်အဖွဲ့နဲ့ ဖွဲ့နှောင် ထားတယ်။ ဒီအနှောင်အဖွဲ့ကသာ ကြိုး၊ ထိပ်တုံး၊ သံခြေချင်းတွေထက် အဆအရာအထောင်အသိန်းမက အလွန်မြဲမြံခိုင်ခံ့တယ်။ ဖြတ်လည်းဖြတ်နိုင်ခဲတယ်။ အပါယ်လေးပါးသို့ ရောက်အောင်လည်း ဆောင်တတ်တယ်။ နှောင်ဖွဲ့မှန်းမသိ ဖွဲ့နှောင်ထားလို့ လျော့ရဲဟန်ရှိတဲ့ လွတ်နိုင်ခဲတဲ့ ဒီတဏှာအနှောင်အဖွဲ့ကို ရုန်းဖြတ်ပြီး ကာမဂုဏ် ချမ်းသာတွေကို မငဲ့မကွက်စွန့်ပြီး ပညာရှိပုဂ္ဂိုလ်တွေဟာ တောထွက် ကြတယ်လို့ ဟောတော်မူပါတယ်။

နတံ ဒဠှံ ဗန္ဓနမာဟု ဓီရာ၊
ယဒါယသံ ဒါရုဇပဗ္ဗဇဉ္စ။
သာရတ္တရတ္တာ မဏိကုဏ္ဍလေသု
ပုတ္တေသု ဒါရေသု စ ယာ အပေက္ခာ။
ဧတံ ဒဠှံ ဗန္ဓနမာဟု ဇီရာ၊
ဩဟာရိနံ သိတိလံ ဒုပ္ပမုဉ္စံ။
ဧတမ္ပိ ဆေတွာန ပရိဗ္ဗဇန္တိ၊
အနပေက္ခိနော ကာမသုခံ ပဟာယ။
(ဓမ္မပဒ-၃၄၅-၃၄၆)

ဒါကြောင့်ပဲ ထိတ်လန့် တုန်လှုပ်မှု သံဝေဂဉာဏ်ဟာ အရိယာအလောင်းလျာသူတော်ကောင်းတွေနဲ့ ပုထုဇဉ်တွေဟာ ကွာခြားတယ်။ သူတော်ကောင်းတွေကြ ပြင်းပြင်းထန်ထန် ဖြစ်တယ်။ ပုထုဇဉ်တွေက သံဝေဂတော့ဖြစ်တတ်ပေမယ့် အားမကောင်းဘူး။ အဝိဇ္ဇာက အမှန်ကိုမသိအောင် ဖုံးလွှမ်းပေးလိုက်တဏှာဆိုတဲ့ သာယာဖွယ် အစေးအဖွဲ့နဲ့ ကပ်ညှိနှောင်ဖွဲ့လိုက်နဲ့ ဖြစ်လာတဲ့ သံဝေဂလေးဟာ မကြာခင်ပျောက်သွားပြီး မျက်ရည်မခြောက်ခင်ပဲ ရယ်လို့ ပြုံးလို့ မူလ အနေအထားပြန်ရောက်သွားတာပါဘဲ။ ဒါကြောင့်ပဲ သံဝေဂဖြစ်စရာ ကြုံလာရင် သံဝေဂများများဖြစ်အောင် ဆင်ခြင်နှလုံးသွင်းပေးဖို့ လိုအပ်တယ်။

သံဝေဂဝတ္ထုရှစ်ပါး

အဲဒီလို သံဝေဂဉာဏ်ဖြစ်စရာ သံဝေဂဉာဏ်ကနေ သံသရာဝဋ်က လွတ်မြောက်ချင်တဲ့ဆန္ဒနဲ့ ဘာဝနာအလုပ်ခွင်မှာ သဒ္ဓါဝီရိယတွေ ထက်လာဖို့ သံဝေဂဉာဏ်ဖြစ်ရာ ဝတ္ထုရှစ်ပါးပြထားတယ်။ အဲဒါက

ဇာတိ ဇရာ ဗျာဓိ စုတိ အပါယ၊ အတီတ အပ္ပတ္တက ပဋ္ဋဒုက္ခ ဣဒါနိ အာဟာရ ဂဝေဋ္ဌိဒုက္ခံ၊ သံဝေဂ ဝတ္ထုနိ ဣမာနိ အဋ္ဌာ။
၁။ ဇာတိဒုက္ခ - ပဋိသန္ဓေ တည်နေမှု ဘေးဆိုးကြီး။
၂။ ဇရာဒုက္ခ - အိုရမှု ဘေးဆိုးကြီး။
၃။ ဗျာဓိဒုက္ခ - နာရမှုဘေးဆိုးကြီး။
၄။ မရဏဒုက္ခ - စုတိဒုက္ခ - သေကျေပျက်စီးရမှု ဘေးဆိုးကြီး။
၅။ အပါယဒုက္ခ - အပါယ်သံသရာ ဝဋ်ဆင်းရဲဒုက္ခဘေးဆိုးကြီး။
၆။ အတီတဝဋ္ဋ မူလကဒုက္ခ - အတိတ်သံသရာဝဋ်ဆင်းရဲလျှင် အကြောင်းရင်းရှိသော ဒုက္ခ။
၇။ အနာဂတဝဋ္ဋမူလကဒုက္ခ - အနာဂတ်သံသရာ ဝဋ်ဆင်းရဲလျှင် အကြောင်းရင်းရှိသော ဒုက္ခ။
၈။ အာဟာရပရိယေသနဒုက္ခ - ပစ္စုပ္ပန်၌ အစာအာဟာရ စည်းစိမ် ဥစ္စာ ရှာမှီးရခြင်း အကြောင်းရင်းရှိသော ဒုက္ခ။

လူ့ ဘဝလူ့ လောကမှာသံဝေဂဖြစ်စရာရှစ်ပါး၊ သံဝေဇနိယေသု ဋ္ဌာနေသု သံဝေဂေါတဲ့ သံဝေဂဖြစ်စရာတွေနဲ့ ကြံလာခဲ့ရင် သံဝေဂ ဖြစ်ရမယ်တဲ့။ ဒီသံဝေဂဝတ္ထုရှစ်ပါးကို ဥုးဇင်းတို့ရဲ့ ကျေးဇူးတော်ရှင် သံလျင်ဖားအောက်တောရရိပ်သာခွဲရဲ့ ပဓာနနာယက ရေဦးဆရာတော် ဘုရားကြီးက မှတ်သားလွယ်ကူစေရန်နဲ့ ရွတ်ဆိုဆင်ခြင်လို့ ကောင်းအောင် လင်္ကာစီထားတယ်။

ပဋိသန္ဓေ အိုနာသေ၊ လေးထွေ အပါယ်ရွာ။
တီတာနာဂာ အတိတ် အနာဂတ၊ ဝဋ်ဒုက္ခ ကြီးလှဆင်းရဲပါ။
အာဟာရရှာမှု ဆင်းရဲစု၊ ပေါင်းစု ဤရှစ်ဖြာ။
ထိတ်လန့်သံဝေ၊ ဤရှစ်ဗွေ၊ ပွားလေနေ့ညဉ့်သာ။

ဒီလင်္ကာလေးကို အလွတ်ရအောင် ဆောင်ထားပြီးလည်း နေ့စဉ်ဘဝမှ သံဝေဂဉာဏ်တွေဖြစ်အောင် ရွတ်ဆိုပွားများနိုင်တယ်။ တကယ်တော့ ဒီသံဝေဂဝတ္ထုရှစ်မျိုးဆိုတာ စာထဲမှာပါလို့ တွေ့ နိုင်တာမဟုတ်ဘူး။ နေ့စဉ်ဘဝမှာလည်း ကြုံတွေ့နေတာဘဲ။ ကြုံတွေ့ တဲ့အခါ ကြေကွဲဝမ်းနည်းပူဆွေးသောက ရောက်ခဲ့ကြတယ်။ ထိတ်လန့်ခြင်း သံဝေဂဖြစ်ခဲ့ရင်လည်း ခဏဘဲ။ အဝိဇ္ဇာရဲ့ ဖုံးလွှမ်းမှု တဏှာရဲ့ လှည့်စားမှုတွေအောက်မှာ အပြုံးမပျက်ပြန်ဖြစ်သွားတယ်။

အဲဒီလို အဝိဇ္ဇာ၊ တဏှာအတွယ်အတာတွေ အားကြီးနေ သရွေ့လည်း သံသရာဝဋ်က လွတ်ဖို့ဆိုတာမရှိနိုင်သေးဘူး၊ သံဝေဂ ဖြစ်စရာတွေနဲ့ ကြုံလို့မှ သံဝေဂမဖြစ်သေးဘူးဆိုရင်တော့ နိဗ္ဗာန်နဲ့ လည်း ဝေးနေဦးမယ်။ ဒီအာရုံတွေအပေါ်မှာ ထိတ်လန့်တယ်၊ ကြောက်တယ်ဆိုတာ တစ္ဆေသရဲကြောက်သလို ကြောက်တာ မဟုတ်ဘူး။ ဘဝမှာ သင်္ခါရတရားတွေနဲ့ သံသရာမှာလည်ရမှာကို ကြောက်လန့်တယ်။ အိုလိုက် နာလိုက် သေလိုက်၊ ဒီလို ဘဝကြီးကို မလိုချင်တော့ဘူး။ ဒီလိုဖြစ်ရမှာကို ကြောက်လာတဲ့ တုန်လှုပ်လာတဲ့ စိတ်မှာ အသိဉာဏ် ရှေးသွားရှိရမယ်။

ဒါကြောင့် သံဝိဂ္ဂဿ စ ယောနိသော ပဒဋ္ဌံ တဲ့ သံဝိဂ္ဂဿစ-သံဝေဂဖြစ်စေတဲ့ပုဂ္ဂိုလ်မှာ ယောနိသောမနသိကာရ-နည်းမှန်လမ်းမှန် နှလုံးသွင်းမှုရှိရမယ်။ မှန်ကန်တဲ့နည်းလမ်းနဲ့ ကြိုးပမ်း အားထုတ်မှုလည်းရှိရမယ်။ တကယ်တော့ အတိတ်ကပြုခဲ့ဘူးတဲ့ ကုသိုလ်ကောင်းမှုကြောင့်ရထားတဲ့ တန်ဖိုးရှိတဲ့လူဘဝကို အလဟဿ အချိန်မဖြုန်းပစ်ဘဲနဲ့ ကြိုးပမ်းအားထုတ်ကြမယ်ဆိုရင် မိမိတို့ ရည်မှန်းထားတဲ့ ဗောဓိဉာဏ်ကို လက်ဝယ်ပိုင်ပိုင် ရနိုင်ကြလိမ့်မယ်။ ယနေ့ကမ္ဘာတစ်ဝှမ်းမှာ စစ်မက်တွေနဲ့ လူသားအချင်းချင်း သတ်ဖြတ်နေကြတာ သဘာဝဘေးဒဏ်အမျိုးမျိုးနဲ့ ဒုက္ခတွေ့ကြုံ နေရာတာတွေ၊ ဝိသမလောဘနဲ့ အချင်းချင်း လှည့်ပတ်ညှင်းပန်းဆဲ နေကြတာတွေဟာ ယခုလို အိုင်တီခေတ်မှာ ပိုလို့တောင် သိလွယ် မြင်လွယ်နိုင်ပြီး သံဝေဂဖြစ်စရာ အင်မတန်ကောင်းတယ်။ အဲဒီလို ဒုက္ခတွေမှ လွတ်မြောက်နိုင်ဖို့ ကိုယ်ယုံကြည်တဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့အမည် နာမကို တမ်းတနေရုံ၊ ကယ်တင်တော်မူပါလို့ ဆုတောင်းနေရုံနဲ့ လွတ်နိုင်ပါ့မလား? လွတ်မြောက်စရာလမ်းကတော့ နည်းမှန်လမ်းမှန် လွတ်မြောက်ရာလမ်းကို ကြိုးစားအားထုတ်ခြင်းသာလျှင် ဖြစ်နိုင်တယ်။

အာဇာနည်မြင်းလေးကောင်ဥပမာ သံဝေဂဉာဏ်ဖြစ်ကြသူ လေးဦး (ပတောဒသုတ်)

ဒီလိုနေ့စဉ်ကြုံတွေ့ရတဲ့ သံဝေဂဖြစ်ဖွယ်ကိစ္စတွေကနေ ထိတ်လန့်ခြင်းဖြစ်ပြီး လွတ်မြောက်အောင် အားထုတ်သွားကြတဲ့ သူတော်ကောင်းပုဂ္ဂိုလ်လေးမျိုးကို အာဇာနည်မြင်းလေးကောင်နဲ့ ဥပမာပြလို့ မြတ်စွာဘုရားဟောတော်မူထားတာရှိတယ်။ အင်္ဂုတ္တရနိကာယ စတုက္ကနိပါတ ပတောဒသုတ်ဖြစ်ပါတယ်။ အကျဉ်းချုံးတင်ပြရရင်...

တချို့ အာဇာနည် အမျိုးကောင်းမြင်းဟာ မြင်းထိန်းက နှင်တံကို ဝင့်ပြလိုက်ရုံနဲ့ ထိတ်လန့်တုန်လှုပ်သွားပြီး သခင့်အလိုကျ ဆောင်ရွက်တယ်။
ဒုတိယအာဇာနည်မြင်းကောင်းကတော့ နှင်တံဝင့်ရုံလောက်နဲ့ ထိတ်လန့်တုန်လှုပ်ခြင်းမဖြစ်သေးဘူး၊ မြင်းထိန်းက အမွေးထိရုံ အရေပြားကို နှင်တံနဲ့ အသာယာရိုက်မှ ထိတ်လန့်တုန်လှုပ်ခြင်း ဖြစ်တယ်။
တတိယအာဇာနည်မျိုးကတော့ နှင်တံကိုမြင်ရုံ၊ အမွေးထိရုံ နှင်တံနဲ့ ရိုက်ပေမယ့် ကြောက်ရွံ့ထိတ်လန့်တုန်လှုပ်ခြင်း မဖြစ်သေးဘူး။ အရေပြားထိ ခပ်စပ်စပ် ခပ်နာနာလေးရိုက်မှ ထိတ်လန့်တုန်လှုပ်ကာ မြင်းထိန်းအလိုကျ လုပ်ဆောင်တယ်။ စတုတ္ထအာဇာနည်အမျိုးကောင်းမြင်းကျတော့ ရှေ့သုံးမျိုးနဲ့ မြင်းထိန်းက အချက်ပြလှုံ့ဆော်ပေမယ့် ထိတ်လန့်တုန်လှုပ်ခြင်း မဖြစ်ဘဲ နှင်တံနဲ့ အရေပြားသာမက အရိုးထိခပ်နာနာရိုက်မှဘဲ ထိတ်လန့်တုန်လှုပ်ပြီး သခင်အလိုကျ ပြုမူဆောင်ရွက်တယ်လို့ အာဇာနည် မြင်းလေးမျိုးကို ဟောတော်မူပါတယ်။ အဲဒီလို ဥပမာပြပြီး လောကမှာလည်း အာဇာနည်မြင်းကောင်လေးမျိုးနဲ့ အလားတူတဲ့ အာဇာနည်ယောက်ျားကောင်းလေးမျိုးလည်း ရှိတယ်လို့ မိန့်တော်မူပါတယ်။

ဒီလောကမှာ တချို့သော အာဇာနည်ယောက်ျားကောင်း မြို့ရွာနိဂုံးမှာ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ရောဂါဝေဒနာ နှိပ်စက်လို့ အကြောင်းတစ်ခုခုကြောင့် ဆင်းရဲဒုက္ခရောက်နေတယ်။ ဒါမှမဟုတ်လည်း သေဆုံးသွားတယ်လို့ ကြားသိရတယ်။ အဲဒီလို ကြားလိုက်ရရုံနဲ့ငါလည်း တနေ့ဒီလိုဖြစ်ရ ကြုံရဦးမှာပါလားဆိုပြီး ထိတ်လန့်တုန်လှုပ်တဲ့ သံဝေဂဉာဏ်တွေဖြစ်တယ်။ ထိတ်လန့်ခြင်း သံဝေဂ ဉာဏ်နဲ့အတူ နိဗ္ဗာန်ကို ရည်မှန်းပြီးထက်သန်တဲ့ လုံ့လဝီရိယနဲ့ နည်းမှန်လမ်းမှန် ကြိုးစားအားထုတ်မယ်။ မကြာခင်ပဲ ဝိပဿနာဉာဏ်ဖြင့် မွန်မြတ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တယ်။ မဂ်ပညာဖြင့်လည်း ထိုးထွင်းသိမြင်သွားတယ်။ ဒီလိုပုဂ္ဂိုလ်မျိုးဟာ ပထမအာဇာနည်မြင်းကောင်းနဲ့ အလားတူတဲ့ အာဇာနည်ပုဂ္ဂိုလ်ဖြစ်တယ်။ ဒုတိယအာဇာနည်ယောက်ျားကောင်းကတော့ ယောက်ျား မိန်းမ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ဆင်းရဲဒုက္ခရောက်တာဖြစ်စေ၊ ကွယ်လွန်အနိစ္စ ရောက်တာဖြစ်စေ ကြားသိရုံနဲ့ ထိတ်လန့်တုန်လှုပ်ခြင်း သံဝေဂမဖြစ်ဘူး။ ဒါပေမယ့် ကိုယ်ကိုယ်တိုင် မျက်စေ့နဲ့ မြင်တွေ့ လိုက်ရတဲ့အခါမှာတော့ ငါလည်းတစ်နေ့ ဒီလိုကြုံရဦးမယ်။ ဒီလိုဒုက္ခမျိုးတွေ မတွေ့ကြုံ မဆုံဆည်းရလေအောင် လွတ်မြောက်အောင် အားထုတ်မယ်ဆိုပြီး သံဝေဂဉာဏ်တွေဖြစ်လို့ နိဗ္ဗာန်ကို စေလွှတ်တဲ့စိတ်နဲ့ ဝိပဿနာတရားတွေကို ဝီရိယကောင်းကောင်းနဲ့ အားထုတ်တယ်။ မကြာခင်ပဲ နိဗ္ဗာန်ကို မျက်မှောက်ပြုလို့ ပညာဖြင့် ထိုးထွင်း သိမြင်သွားတယ်။ ဒါကတော့ အမွေးကို နှင်တံနဲ့ ထိရုံမျှနဲ့ ထိတ်လန့် တုန်လှုပ်တတ်တဲ့ အာဇာနည်မြင်းနဲ့တူတဲ့ ဒုတိယအာဇာနည် ယောက်ျားကောင်းဖြစ်တယ်။

တတိယ အာဇာနည်ယောက်ျားကောင်းကတော့ ကြားတာ မြင်တာတွေ အသာထား ကိုယ်နဲ့သွေးသားနီးစပ်တဲ့ ဆွေမျိုးသားချင်း မိသားစုဝင်တစ်ဦးတစ်ယောက် ရောဂါဝေဒနာ ပြင်းပြင်းထန်ထန် နှိပ်စက်ခံရလို့ ဆင်းရဲဒုက္ခရောက်တာ၊ သေကျေပျက်စီးသွားတာကို မြင်တွေ့လိုက်ရတဲ့အခါမှာ ထိတ်လန့်ခြင်း သံဝေဂဉာဏ်တွေဖြစ် တယ်။ အဲဒီသံဝေဂဉာဏ်က ဝီရိယတွေဖြစ်လာဖို့ အထောက်အပံ့ပေးတယ်။ ထက်သန်တဲ့ လုံ့လဝီရိယဖြင့် အားထုတ်ပွားများလိုက်တာ ဝိပဿနာဉာဏ်တွေကိုဖြစ်စေပြီး ဗောဓိဉာဏ်ကို ရရှိပိုင်ဆိုင်သွား တယ်။ ဒီလိုပုဂ္ဂိုလ်မျိုးက မြင်းထိန်းက နှင်တံဖြင့် ရိုက်တဲ့အခါ အရေပြားထိ နာတဲ့အခါမှာ ထိတ်လန့်တတ်တဲ့ အာဇာနည်မြင်းကောင်းနဲ့ အလားတူတဲ့ တတိယအာဇာနည်ယောက်ျားကောင်းဖြစ်တယ်။

စတုတ္ထပုဂ္ဂိုလ်မျိုးကတော့ သူတစ်ပါး ဆင်းရဲဒုက္ခကြုံတာ သေကျေပျက်စီးတာကို မကြားမမြင်လို့ရင် ရှိမယ်။ ကြားဘူး၊ မြင်ဘူး ရင်လည်းရှိမယ်။ ဆွေမျိုးနီးစပ်သူတစ်ဦးတစ်ယောက် ရောဂါဝေဒနာ ပြင်းထန်စွာနှိက်စက်ခံစားရလို့ ဆင်းရဲဒုက္ခရောက်တာ သေကျေပျက် စီးတာတွေကိုလည်း တွေ့ကြုံပေမယ့် သံဝေဂမဖြစ်ခဲ့ဘူး။ ပျော်လို့ပါးလို့ ကောင်းတုံး၊ ဒါပေမယ့် ကိုယ်ကိုယ်တိုင်သေလောက်အောင် ပြင်းထန်တဲ့ ဆင်းရဲဒုက္ခဝေဒနာနဲ့ကြုံရတဲ့အခါမှာ ထိတ်လန့်တုန်လှုပ်ခြင်း သံဝေဂဉာဏ်ဖြစ်ပြီး ဝိပဿနာတရားကို ပြင်းပြင်း ထန်ထန် ကြိုးစားအားထုတ်တယ်။ မကြာခင်ပဲ နိဗ္ဗာန်ကို မဂ်ဉာဏ်ဖြင့် ထိုးထွင်းသိမြင်ပြီး မျက်မှောက်ပြုသွားတယ်။ ဒီလို အာဇာနည် ပုဂ္ဂိုလ်မျိုးကတော့ အရိုးထိနာအောင် အရိုက်ခံရမှ ထိတ်လန့်တုန် လှုပ်တတ်တဲ့ စတုတ္ထအာဇာနည်မြင်းကောင်းမျိုးနဲ့ အလားတူတဲ့ စတုတ္ထအာဇာနည် ယောက်ျားကောင်း ဖြစ်တယ်လို့ မြတ်စွာဘုရား မိန့်တော်မူပါတယ်။

ဒါကတော့ မြတ်စွာဘုရား ပတောဒသုတ်မှာ ဟောကြားထားတဲ့ လောကမှာ လောကဓံတရား၊ သံဝေဂဖြစ်စရာတွေနဲ့ ကြုံတဲ့အခါ သံဝေဂဉာဏ်ဖြစ်ပြီး သံသရာဝဋ်ကလွတ်အောင် နည်းမှန် လမ်းမှန် ကြိုးပမ်းအားထုတ်သွားကြတဲ့ အာဇာနည်ပုဂ္ဂိုလ်သူတော်ကောင်းတွေကို မြင်းလေးမျိုးနဲ့ ဥပမာ ဟောတော်မူထားတာဖြစ်ပါ တယ်။ တရားနာနေတဲ့ ပုဂ္ဂိုလ်တွေရော၊ ဘယ်လို အာဇာနည်မြင်းကောင်း အမျိုးအစားထဲမှာပါလဲ? အဲ! ဘယ်လို အာဇာနည် သူတော်ကောင်း ပုဂ္ဂိုလ်အမျိုးအစားထဲမှာပါလဲ? ဒီမှာမြတ်စွာဘုရားက ယောက်ျားလို ဥပမာဟောပေမယ့် ဘုရားရှင်ရဲ့ သာဝက မှန်ရင် အမျိုးသားရော အမျိုးသမီးရောပါတယ်။ ဘယ်အမျိုးအစားထဲမှ မပါသေးဘူး၊ ဟုတ်လား၊ ပျော်လို့ပါးလို့ ကောင်းတုံးလား? ယခုလို သင်္ကြန်တွင်းမှာသူများတွေလို မူးယစ်သောက်စားပြီး မူးမူး ရူးရူးမေ့လျော့ ပျော်ပါးမနေဘဲ တရားစခန်းဝင် အားထုတ်ကြတယ် ဆိုကတည်းက သံဝေဂဉာဏ်ရှိလို့ပါ။ ဟုတ်တယ်မဟုတ်လား?

ဥုးဇင်းတို့ မိတ်ဆွေတစ်ဦး ပြောတာကြားဘူးတယ်။ သံဝေဂ မပါ တရားမရှာနဲ့တဲ့။ ဒါကတော့ ရှေ့ပိုင်းမှာ ပြောခဲ့သလိုပဲ သံဝေဂ ဉာဏ်မရှိရင် တရားအားထုတ်တဲ့အခါ လီနလို့ ခေါ်တဲ့ ပျင်းရိတဲ့စိတ် တွန့်ဆုတ်စိတ်တွေ အဖြစ်များမယ်။ ထက်သန်တဲ့ လုံ့လဝီရိယမရှိဘူး။ ဒါကြောင့် တရားစခန်းဝင်ပြီး တရားအားထုတ်လို့ ကြာလာတဲ့အခါ ငြီးငွေ့တဲ့စိတ်တွေ ဖြစ်လာခဲ့ရင် သံဝေဂဝတ္ထုရှစ်မျိုးထဲက တစ်မျိုးမျိုးနဲ့ ဆင်ခြင်တွေ နှလုံးသွင်းပေးပါ။

မရဏာနုဿတိနဲ့ အင်္ဂုတ္တရ ပဉ္စကနိပါတ်မှာ ဖေါ်ပြထားတဲ့ အနာဂတဘယသုတ္တံများမှာလာတဲ့ “အိုနာ ဆွမ်းရှား၊ ထပွားသူပုန်၊ ကွဲတုံသလော၊ ဘေးများစွာ နောင်ခါရောက်တတ်လှ၊ ဘေးမရောက် ခင်၊ ယခုပင် အလျင် ငါကျင့်မှ” ဆိုတဲ့ အနာဂတ်မှာ ရောက်လာ တတ်ဖြစ်လာတတ်တဲ့ဘေးဆိုးတွေကို ဆင်ခြင်နှလုံးသွင်းပြီး မိမိတိုရဲ့ စိတ်ကို ထက်သန်တဲ့ ဝီရိယတွေဖြစ်အောင် လုပ်ပေးရတယ်။

သာမဏေဘဝနဲ့ဖြစ်စေ၊ ရဟန်းဘဝပဲဖြစ်စေ သီလရှင်ဘဝနဲ့ ဖြစ်ဖြစ်၊ သာသနာဘောင်မှာ နေရတာ ငြီးငွေ့လာခဲ့ရင်သော်လည်းကောင်း၊ ယခုလို သင်္ကြန်တွင်းကာလမှာ ခဏဝတ်တဲ့ ဒုလ္လဘ ရဟန်း သာမဏေနဲ့ ဆရာလေးတွေရောပေါ့၊ အပြင်က အသံတွေကြားလို့ လူထွက်ပြီး အိမ်ပြန်ပြေးချင်လျှင် ဥုးဇင်းရှေ့ပိုင်းဟောပြခဲ့တာတွေနဲ့ ဆင်ခြင်နှလုံးသွင်းပြီး သံဝေဂဉာဏ်တွေဖြစ်အောင် ကြိုးစားပါ။ မြတ်စွာဘုရားရဲ့သာသနာတော်မှာ ကိုယ်နေရတဲ့ဘဝ နေရသခိုက်က လေးမှာ အကျိုးရှိရှိနဲ့ရှိနေနိုင်အောင် သံဝေဂဉာဏ်တွေနဲ့ထောက်ပံ့ပေး ထားပါ။ ဒါမှ မိမိတို့ရဲ့ သမထဝိပဿနာဘာဝနာ ပွားများအားထုတ် မှုတွေကို တိုးတက်လာတာ တွေ့ ရပါလိမ့်မယ်။

ဒါကြောင့် မြတ်စွာဘုရားရှင်တော်မြတ်က ဓမ္မပဒ၊ ဒဏ္ဍဝဂ္ဂ ပိလောတိကတိဿမထေရ်ဝတ္ထုမှာ ဂါထာနှစ်ပုဒ် ဟောတော်မူထားတယ်။

မြင်းကောင်းမြင်းလိမ္မာဟာ ကြိမ်လုံးကို ရှောင်ကြဉ်သလို အကြင်ပုဂ္ဂိုလ်သည် မိမိရဲ့ အိပ်ပျော်ခြင်းကို နိုးကြားစေပြီး မိစ္ဆာဝိတက်ကို အရှက်အကြောက်တရားဖြင့် တားမြစ်တဲ့ပုဂ္ဂိုလ်မျိုးဆိုတာ လောကမှာ တစ်ယောက် တစ်လေသာရှိတယ်။
မြင်းကောင်းမြင်းလိမ္မာဟာ ကြိမ်လုံးဖြင့် ပုတ်ခတ်ခံရတဲ့အခါ လုံ့လရှိသလို အသင်တို့သည်လည်း အာတာပလို့ ခေါ်တဲ့ ကိလေသာကို ပူပန်စေတတ်တဲ့ လုံ့လရှိကြကုန်လျက် ထိတ်လန့်ခြင်း သံဝေဂ ရှိကြပါကုန်လော့။ ယုံကြည်ခြင်း- သဒ္ဓါတရားနဲ့လည်းကောင်း၊ သီလ လေးပါးနဲ့လည်း ပြည့်စုံကြသည်ဖြစ်၍ ဝီရိယ၊ တည်ကြည်ခြင်း သမာဓိတရား၌ မှန်မမှန် သင်မသင့် ဆုံးဖြတ်ဆင်ခြင်နိုင်သော ဓမ္မဝိနိစ္ဆယဉာဏ်နဲ့လည်းကောင်း ပြည့်စုံကြလျက် အသိဝိဇ္ဇာ၊ အကျင့်စရဏတရားနှင့် ပြည့်စုံကြကုန်၍ ထင်သောသတိရှိကြပါရင် အတိုင်းမသိ ရှည်လျားလှတဲ့ သံသရာဝဋ်ဆင်းရဲတို့ကို စွန့် လွှတ်နိုင်ကုန်လတ္တံ့။ လွတ်မြောက်နိုင်ကြမယ်လို့ ဟောတော်မူထား ပါတယ်။

ဟီရိနိသေဓောပုရိသော၊ ကောစိလောကသ္မိံ ဝိဇ္ဇတိ၊
ယောနိဒ္ဓံ အပဗောဓေတိ၊ အဿော ဘဒြော ကသာမိဓ။
အဿော ယထာ ဘဒြော ကသာနိဝိဋ္ဌော၊
အာတာပိနော သံဝေဂိနော ဘဝါထ။
သဒ္ဓါယ သီလေန စ ဝီရိယေန စ၊
သမာဓိနာ ဓမ္မဝိနိစ္ဆယေန စ။
သမ္ပန္နဝိဇ္ဇာစရဏာ ပတိဿတာ၊
ဇဿထ ဒုက္ခမိဒိ အနပ္ပကံ။
(ဓမ္မပဒ-၁၄၃-၁၄၄ ဒဏ္ဍဝဂ္ဂ)

ဒါကြောင့် သံသရာဝဋ်က လွတ်မြောက်စေနိုင်တဲ့ သစ္စာ လေးပါးကို ထွင်းဖေါက်သိမြင်ခြင်းဖြင့် ဗောဓိဉာဏ်အသီးသီးကို ရစေနိုင်တဲ့ အကြောင်းတရားတွေထဲမှာ အရေးကြီးတဲ့ အခြေခံအကြောင်း တရားဟာ သံဝေဂဉာဏ်ဖြစ်ပါတယ်။ သံဝေဂဉာဏ်ရှိမှ ဘဝရဲ့အပြစ် သံသရာရဲ့ အပြစ်တွေကိုမြင်ပြီး လွတ်မြောက်ချင်တဲ့စိတ်ဖြစ်မယ်။ လွတ်မြောက်ရာနည်းလမ်းကိုရှာပြီး လွတ်မြောက်အောင် ထက်သန် ပြင်းပြတဲ့ ဝီရိယတွေနဲ့ အားထုတ်ပါလိမ့်မယ်။ ဝိပဿနာဉာဏ်တွေ ရင့်ကျက်လာတဲ့အခါမှာတော့ မိမိတို့ရည်မှန်းထားတဲ့ ဗောဓိဉာဏ်ကို လက်ဝယ်ပိုင်ပိုင်ရရှိပါလိမ့်မယ်။

ဆုတောင်းနိဂုံး

ရှေးရှေးဘုရားအလျာပစ္စေကာနှင့် အရိယာသူတော် ကောင်းများလိုပဲ နေ့စဉ်ဘဝရဲ့အဖြစ်သနှစ်တွေမှ ဂမ္ဘီရစိန္တကာလို့ခေါ် တဲ့ နက်နဲစွာ ဆင်ခြင်ပြီး သံဝေဂဉာဏ်တွေ ဖြစ်နိုင်ကြပါစေ။ သံဝေဂ ဉာဏ်ရဲ့စွမ်းအား ထက်သန်တဲ့ဝီရိယနဲ့ အားထုတ်ကြလျှက် သမာဓိတွေလည်း အဆင့်ဆင့်အားကောင်းပြီး ဝိပဿနာဉာဏ်တွေလည်း တဆင့်ထက်တဆင့် ရင့်ကျက်ပြီး မိမိတို့ရည်မှန်းထားတဲ့ ဗောဓိဉာဏ် အသီးသီးကို လက်ဝယ်ပိုင်ပိုင်ရရှိနိုင်ကြပါစေလို့ ဆန္ဒပြုရင်း တရား အစမှာ ရွတ်ဆိုပူဇော်ခဲ့တဲ့ ဂါထာတော်နဲ့ပဲ တရားနိဂုံးချုပ်ပါမယ်။

ဟိတွာ ကာမေ ပဗ္ဗဇ္ဇသု၊ သန္တော ဂမ္ဘီရစိန္တကာ။
တေ တုမှေပျနုသိက္ခာဝှါ၊ ပဗ္ဗဇိတာ သုပေသလာ။
သန္တော - ဘုရားအလျာ ပစ္စေကာနှင့် အရိယာနွယ်လောင်း ဟိုတို့ရှေ့က သူတော်ကောင်းတို့သည်။
ဂမ္ဘီရစိန္တကာ - နက်နဲသည့်ဓာတ်သဘောတွေကို နက်နဲစွာ ကြံဆင်အကြံကောင်း ဝင်တော်မူကြကုန်သည် ဖြစ်၍။
ကာမေ - ရှေးကပြုဖန် ကုသိုလ်ကံတို့ စီမံထောက်မ လက်ရောက်ရသား များလှဇနီးသည် ကြီးကြီးငယ်နှင့် နှီးနွယ်ရောယူ ကိုယ်တော်တို့ ပိုင်သသည့် ကာမဝတ္ထုအစုစုတို့ကို။
ဟိတွာ - ငါတို့ပိုင်ငြား ဤကာမတရားတို့သည် အများနှင့် ဆက်ဆံဘေးတွေက ဝန်းရံ ရန်တွေကမြောက်မြား တကယ်ကိုကြောက်လန့်ဖွယ်တွေပါတကားဟု ကြောက်အားတော်ဉာဏ်ကြွယ် လွတ်လွတ်ကြီး စွန့်ပယ်တော်မူကြကုန်သည်ဖြစ်၍။
ပဗ္ဗဇ္ဇိံသု -ဃရာဝါသ သမ္ဗာဓဟု ကိစ္စများမြောင် လူတို ဘောင် ဝဋ်နှောင်ကို လွတ်အောင်ကြုံးလျက် ရုန်းကန်ထွက်၍ နှစ်သက်ရွှင်လန်း ရှင်ရဟန်းပြု၍ တောထွက် တော်မူကြလေကုန်ပြီ။
တမှေပိ - မြတ်နိက္ခမ ဓာတ်အာသယဟု ဆန္ဒကိန်း အောင်း သင်သူတော်ကောင်း တို့သည်လည်းပဲ။
ပဗ္ဗဇိတာ - ဝတ္ထုကာမ ဟူသမျှမှ မရအရ ကြုံးလျက် ရုန်းကန် ထွက်ကြကုန်သည်ဖြစ်၍။
သုပေသလာ - စာမရီသား မြီးဖျားခုံမင် ပုံအသွင်သို့ ချစ်ခင် လေးမြတ် နှစ်သက်အပ်သောသီလကိုယ်စီ ကိုယ်င ရှိကြကုန်သည်ဖြစ်၍။
တေ - ထိုဘုရားအလျာ ပစ္စေကာနှင့် အရိယာနွယ်လောင်း ဟိုတို့ရှေ့က သူတော်ကောင်းတို့လို။
အနုသိက္ခာဝေါ - အတုလိုက်ကာ ကျင့်တတ်ရာကို ကျင့်ကာမသွေ အားထုတ်နိုင်ကြပါစေကုန်သတည်း...။
(သာဓု သာဓု သာဓုပါဘုရား ...)

အားလုံးချမ်းသာကိုယ်စိတ်မြဲပါစေ။


သီတဂူဆရာတော်ဘုရားကြီး၏ ဂမ္ဘီရစိန္တကာတရားတော်၊ တည်တောဆရာတော်ဘုရားကြီး၏ ထွက်မြောက်ခြင်းဟူသည် ဖားအောက်ဆရာတော်ဘုရားကြီး၏ နိဗ္ဗာနဂါမီနိပဋိပဒါ၊ ရေဦးဆရ တော်ဘုရားကြီး၏ သံဝေဂလင်္ကာ၊ အင်္ဂုတ္တရနိကာယ၊ ဓမ္မပဒ၊ ဇာတကအဋ္ဌကထာ တို့ကိုမှီငြမ်း၍ ဤတရားပန်းကုံးကို သီကုံးပူဇော် အပ်ပါသည်။
အနန္တောအနန္တဂိုဏ်းဝင် ကျေးဇူးရှင် အပေါင်းတို့အား ဤဓမ္မပူဇာဖြင့် ပူဇော်ကန်တော့ပါသည်။
ဤတရားစာအုပ်ဖြစ်မြောက်ရေးအတွက် လုပ်အားဒါန ပစ္စည်းဒါနဖြင့် ကုသိုလ်ပြုကြသူများကိုလည်း မိမိတို့၏ ဒါနအား ကြောင့် မိမိတို့ရည်မှန်းတောင့်တသော ဗောဓိဉာဏ်အသီးသီးပြည့်စုံရရှိကြပါစေ။
အရှင်အဂ္ဂည
ဗုဒ္ဓသာသနာ့ရိပ်သာ
(ဖားအောက်တောရရိပ်သာခွဲ)
သီလဝါလမ်း၊ ဘုရားကုန်းကျေးရွာ၊
သန်လျင်၊ ရန်ကုန်တိုင်း။