ဗောဓိပက္ခိယဒီပနီ
ဗောဓိပက္ခိယဒီပနီ
▬▬▬▬▬▬▬
မာတိကာ
၁။ ပဋိညာဉ်
၂။ ပုဂ္ဂိုလ်ခွဲခန်း
၃။ ပုဂ္ဂိုလ် ၄-မျိုး၊ ၃-မျိုးတို့၏ အလား
၄။ လူဖြစ်ကျိုးနပ်ရန်
၅။ ဗောဓိပက္ခိယတရား ၃၇-ပါး
၆။ သတိပဋ္ဌာန် ၄-ပါး
၇။ သမ္မပ္ပဓာန် ၄-ပါး
- အကုသိုလ်၌ ဥပ္ပန္န, အနုပ္ပန္နခွဲခန်း
- ကုသိုလ်၌ ဥပ္ပန္န, အနုပ္ပန္န ခွဲနည်း
- သီလကုသိုလ် ၂-ပါး
- သမာဓိကုသိုလ် ၂-ပါး
- ပညာကုသိုလ် ၂-ပါး
၈။ ဣဒ္ဓိပါဒ် ၄-ပါး
၉။ ဣန္ဒြေ ၅-ပါး
၁၀။ ဗိုလ် ၅-ပါး
၁၁။ ဗောဇ္ဈင် ၇-ပါး
၁၂။ မဂ္ဂင် ၈-ပါး
၁၃။ သာသနာ့ အမွေတော်
နိဂုံး
ဗောဓိပက္ခိယဒီပနီ မာတိကာ ပြီးပြီ။
……………
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
၁။ ပဋိညာဉ်
▬▬▬
သက္ကရာဇ် ၁၂၆၆ - ခု နယုန်လအတွင်း ပျဉ်းမနားမြို့အုပ် မောင်ဘိုးမြ, ကုန်သည် မောင်လှတို့က ဗောဓိပက္ခိယတရား ၃၇-ပါး တို့၏ သဘော အဓိပ္ပါယ်များကို ထင်ရှားစွာ သိမှတ်လိုပါကြောင်းနှင့် တောင်းပန် လျှောက်ထားအပ်သည်ဖြစ်၍ ၎င်း မောင်ဘိုးမြ, မောင်လှတို့ တောင်းပန် လျှောက်ထား ချက်အရ “ဗောဓိပက္ခိယတရား ၃၇-ပါး” တို့၏ သဘော အဓိပ္ပါယ်များကို အကျဉ်းအားဖြင့် ပြဆို ပေအံ့သတည်း။
၂။ ပုဂ္ဂိုလ်ခွဲခန်း
▬▬▬▬
ခပ်သိမ်းသော ဘုရားရှင်တို့၏ သာသနာတော်မြတ်၌ ကြုံကြိုက် ကြကုန်သော သတ္တဝါ အပေါင်း တို့သည် -
(၁) ဥဂ္ဃါဋိတညူ ပုဂ္ဂိုလ်မျိုး
(၂) ဝိပဉ္စိတညူ ပုဂ္ဂိုလ်မျိုး
(၃) နေယျ ပုဂ္ဂိုလ်မျိုး
(၄) ပဒပရမ ပုဂ္ဂိုလ်မျိုး
ဟူ၍ လေးမျိုးရှိကြောင်းကို ပုဂ္ဂလပညတ် ပါဠိတော် အင်္ဂုတ္တိုရ် ပါဠိတော်တို့၌ ဟောတော်မူသည်။ ထိုလေးမျိုးတို့တွင် -
(၁) ဥဂ္ဃါဋိတညူ ပုဂ္ဂိုလ်
ဥဂ္ဃါဋိတညူ ပုဂ္ဂိုလ်မျိုး ဆိုသည်ကား သက်တော် ထင်ရှား ရှိတော်မူသော မြတ်စွာဘုရားနှင့် ကိုယ်တိုင်တွေ့ကြုံရ၍ တစ်ခုသော တရားဓမ္မကို ဟောတော်မူရာ အကျဉ်းသင်္ခေပ ဥဒ္ဒေသ စကား၏ အဆုံး၌ မဂ်, ဖိုလ်ကို ရနိုင်သော ပုဂ္ဂိုလ်မျိုးသည် ဥဂ္ဃါဋိတညူ ပုဂ္ဂိုလ်မျိုး မည်၏။
(၂) ဝိပဉ္စိတညူ ပုဂ္ဂိုလ်
ဝိပဉ္စိတညူ ပုဂ္ဂိုလ်ဆိုသည်ကား - အကျဉ်းသင်္ခေပ ဥဒ္ဒေသ မျှနှင့် မဂ်, ဖိုလ်ကို မရ နိုင်သေး၊ ထို အကျဉ်းသင်္ခေပ ဥဒ္ဒေသကို အကျယ်ဝိတ္ထာရ အားဖြင့် ဖွင့်ပြဝေဖန်၍ ဟောတော်မူမှသာ မဂ်, ဖိုလ်ကိုရနိုင်သော ပုဂ္ဂိုလ်မျိုးသည် ဝိပဉ္စိတညူ ပုဂ္ဂိုလ်မျိုး မည်၏။
(၃) နေယျပုဂ္ဂိုလ်
နေယျ ပုဂ္ဂိုလ်မျိုး ဆိုသည်ကား - ဥဒ္ဒေသ, နိဒ္ဒေသ အကျဉ်း, အကျယ် အားဖြင့် ဟောတော် မူသော်လည်း ဒေသနာအဆုံး၌ မဂ်, ဖိုလ်ကို မရနိုင်မူ၍ ထိုဒေသနာကို ကြားနာဆောင်ရွက် လေ့ကျက် မှတ်သား၍ ထားပြီးလျှင် ထိုဒေသနာ လာရှိတိုင်းသော တရားကို များစွာသော နေ့, ရက်, လ, နှစ်တို့ဖြင့် ကျင့်ကြံ ပွားများ အားထုတ်မှသာ မဂ်, ဖိုလ်ကို ရနိုင်သော ပုဂ္ဂိုလ်မျိုးသည် နေယျ ပုဂ္ဂိုလ်မျိုး မည်၏။
ဤနေယျ ပုဂ္ဂိုလ်မျိုးသည်လည်း မိမိသန္တာန်၌ ပါရှိသော ပါရမီ အနုအရင့် အဆင့်ဆင့်သို့ လိုက်၍လည်းကောင်း, ကိလေသာ အထက် အနုံ့ အဆင့်ဆင့်သို့ လိုက်၍လည်းကောင်း ကျင့်ကြံ အားထုတ်ရသော ကာလ အတို အရှည်အားဖြင့် အများ ရှိကြ၏၊ ခုနစ်ရက် ကျင့်ရသော ပုဂ္ဂိုလ်မှစ၍ အနှစ်သုံးဆယ်ကျင့်ရသော ပုဂ္ဂိုလ်မျိုး, အနှစ်ခြောက်ဆယ် ကျင့်ရသော ပုဂ္ဂိုလ်မျိုးတို့ကိုဆိုသည်။
ထိုတွင် ခုနစ်ရက် ကျင့်မှရမည့် ပုဂ္ဂိုလ်သည် ထိုခုနစ်ရက်ကို ပဌမအရွယ်၊ ဒုတိယ အရွယ်တို့၌ ကျင့်မည်ဖြစ်အံ့ ရဟန္တာ တိုင်အောင် ဖြစ်နိုင်၏၊ တတိယအရွယ်မှာမှ ကျင့်ခဲ့လျှင် အောက်မဂ် အောက်ဖိုလ်မျှကိုသာ ရောက်နိုင်၏၊ ခုနစ်ရက်ကျင့်မှု ဆိုသည် ကား အင်အား ရှိသလောက် အစွမ်းကုန် ကျင့်မှုကို ဆိုသတည်း၊ ဝီရိယ ယုတ်လျော့၍ နေပြန်လျှင် ယုတ်လျော့မှု အားလျော်စွာ ခုနစ်လ, ခုနစ်နှစ် စသည် ရှည်လျား၍ သွားပြန်၏။
ယခုဘဝ၌ မဂ်, ဖိုလ်ကို ရလောက်အောင် ဝီရိယထုတ်မှု မရှိ ပြန်လျှင် ဝီရိယ လိုသည့်အတွက် ဤသာသနာမှာ မကျွတ်ရပြီ၊ နောက်နောက် ဘုရားသာသနာမှာ လည်း သာသနာနှင့်တွေ့ကြုံရမှ ကျွတ်နိုင်သည်၊ မတွေ့ကြုံပြန်လျှင် မကျွတ်နိုင်၊ နိယတဗျာဒိတ် ရရှိသော ပုဂ္ဂိုလ်မျိုး မှသာလျှင် ပါရမီရင့်ရာဘဝတွင် ဗျာဒိတ်တော် အတိုင်း တွေ့ကြုံမှု, ကျွတ်လွတ်မှု မလွဲနိုင်ရှိသည်၊ နိယတ ဗျာဒိတ် ရှိသော ပုဂ္ဂိုလ်မျိုး မဟုတ်ခဲ့လျှင် ပါရမီ ရှိသော်လည်း ဘုရားသာသနာနှင့် တွေ့ကြုံမှု လည်း စိတ်မချရ၊ ကျွတ်လွတ်မှုလည်း စိတ်မချရ။
[ဤကား ယခု ဘုရားသာသနာ ၌ပင်လျှင် ခုနစ်ရက်ကျင့်မှ မဂ်, ဖိုလ်ကိုရမည့် အနိယတ နေယျ ပုဂ္ဂိုလ် တို့၏ အထွေအပြားကို ပြဆိုသော အချက်တည်း၊ ယခုဘဝ၌ လခွဲပက္ခ ကျင့်နိုင်မှရမည့် ပုဂ္ဂိုလ် စသည် တို့ကိုလည်း ဤနည်းတူ ဝေဖန်၍သိလေ။]
(၄) ပဒပရမ ပုဂ္ဂိုလ်
ပဒပရမ ပုဂ္ဂိုလ်မျိုး ဆိုသည်ကား ဘုရားသာသနာနှင့် တွေ့ကြုံ၍ ပရိယတ်, ပဋိပတ်တရားကို ဘယ်လိုပင် အားထုတ်သော်လည်း ယခုဘဝ မဂ်, ဖိုလ်ကို မရထိုက် မူ၍ ဝါသနာဘာဂီ ပါရမီမျှကိုသာ ရထိုက်သော ပုဂ္ဂိုလ်သည် ပဒပရမ ပုဂ္ဂိုလ် မည်၏၊ ထိုပုဂ္ဂိုလ်သည် ယခုဘဝ၌မူကား မကျွတ်နိုင်၊ သမထ အလုပ်၊ ဝိပဿနာ အလုပ် လက်ရှိ နှင့် သေလွန်၍ လူ့ဘဝ, နတ်ဘဝ၌ ဖြစ်သည်ရှိသော် နောက်ဘဝ၌ ဤဘုရားသာသနာ မှာပင် အကျွတ်ရနိုင်၏၊ ဤသို့ ပုဂ္ဂိုလ်လေးမျိုး ရှိကြောင်းကို ဟောတော်မူသည်။
၃။ ပုဂ္ဂိုလ် ၃-မျိုး
▬▬▬▬
၎င်းပါဠိတော်ပင်လျှင် သူနာ ၃-ယောက်ကို ဥပမာပြု၍ ပုဂ္ဂိုလ် ၃-ယောက်ကို ဟောတော်မူပြန်၏။ သူနာ ၃-ယောက်ဆိုသည်ကား -
၁။ ဆေးဝါးကို မမှီဝဲသော်လည်း အချိန်ကျလျှင် ဧကန် ပျောက်ငြိမ်းမည့် သူနာ တစ်မျိုး။
၂။ ဘယ်လိုပင်ဆေးဝါးကို မှီဝဲငြားသော်လည်း ဤအနာမှ မထမြောက်မူ၍ ဧကန် သေမည့် သူနာတစ်မျိုး။
၃။ မသင့်သော အရာကို ရှောင်ကြဉ်၍ ဓာတ်စာ ဆေးဝါးကို နိုင်လောက်အောင် မှီဝဲပါမူကား ဤအနာမှ ထမြောက်လတ္တံ့၊ မသင့်သော အရာကို မရှောင်ကြဉ်ခဲ့သော် လည်းကောင်း, ဆေးဝါးကို နိုင်လောက်အောင် မမှီဝဲခဲ့သော်လည်းကောင်း, ဤအနာ နှင့် သေလတ္တံ့သော သူနာတစ်မျိုး။
ဤကား သူနာ ၃-မျိုးတည်း။
“ပဌမသူနာနှင့် တူသူ”
ရှေးရှေးဘုရားတို့ အထံက နိယတဗျာဒိတ် ရရှိပြီးဖြစ်၍ ယခုဘဝတွင် ဧကန် အကျွတ် ရလတ္တံ့သောသူသည် ပဌမသူနှင့် တူ၏။
“ဒုတိယသူနာနှင့် တူသူ”
ပဒပရမ ပုဂ္ဂိုလ်မျိုးသည် ဒုတိယသူနာနှင့် တူ၏၊ ပဒပရမ ပုဂ္ဂိုလ်သည် ဘယ်လိုပင် အားထုတ်သော်လည်း ဤဘဝ၌ကျွတ်ခွင့်မရှိ၊ နောက်နောက် ဘဝ၌မူကား ဤဘုရား သာသနာ မှာသော်လည်း ကျွတ်နိုင်၏၊ နောက်နောက် ဘုရားသာသနာတို့မှာလည်း ကျွတ်နိုင်၏။ ဆတ္တမာဏဝ လုလင်ဝတ္ထု, ဖားနတ်သား ဝတ္ထု, သစ္စကပရိဗိုဇ် တို့သည် နောက်ဘဝ၌ ဤ ဘုရား သာသနာမှာပင် ကျွတ်ကြကုန်၏။
“တတိယသူနာနှင့် တူသူ”
နေယျ ပုဂ္ဂိုလ်မျိုးသည် တတိယ သူနာနှင့် တူ၏၊ တတိယသူနာသည် အနာပျောက်ငြိမ်း ခွင့်, ဤအနာနှင့်ပင် သေဆုံးခွင့်, နှစ်လမ်းနှင့် ဆက်ဆံသကဲ့သို့ နေယျ ပုဂ္ဂိုလ် သည်လည်း ယခုဘဝ၌ ကျွတ်ခွင့်, မကျွတ်ခွင့် နှစ်ဖက်နှင့်ဆက်ဆံ၏၊ မိမိအရွယ် ဝုဍ္ဎို ကိုသိ၍ စွန့်ပယ်သင့်သော အရာကို စွန့်ပယ်၍ ဆရာဥပနိဿယကို ရှာကြံ တွယ်တာ၍ နေရာကျ တရားကိုရရှိ၍ ဝီရိယတရားကို လုံလောက်စွာ အားထုတ်စေ မူကား ယခုဘဝ၌ ကျွတ်နိုင်၏။ (ဥပနိဿယ = အားကြီးသော မှီရာ)
အလွန်မှောက်မှားသော တရားကို လိုက်စား ကျွံလွန်ပြီး ဖြစ်ခဲ့သော် လည်းကောင်း, ကာမဂုဏ်တရားကို မစွန့်နိုင် ရှိခဲ့သော်လည်းကောင်း, စွန့်နိုင်ပါသော်လည်း ဆရာ ဥပနိဿယ ကောင်းကို အမှီမရခဲ့သည် ရှိသော်လည်းကောင်း, ဆရာ ဥပနိဿယ ကောင်းကို တွေ့ရှိပါ သော်လည်း ဝီရိယတရားကို လုံလောက်စွာအားထုတ်မှု မရှိခဲ့ သော် လည်းကောင်း, အားထုတ် လိုပါသော်လည်း အရွယ်ကြီးရင့်၍ စိတ်ရှိတိုင်း မလုပ် နိုင်ရှိခဲ့သော်လည်းကောင်း, ပျိုရွယ်သူ ဖြစ်ပါသော်လည်း ဂိလာနပုဂ္ဂိုလ် ဖြစ်ခဲ့သော် လည်းကောင်း ယခုဘဝ၌ မကျွတ်နိုင်ပြီ၊
အဇာတသတ် မင်း, မဟာဓန သူဋ္ဌေးသား ရဟန်း ရှင်သုဒိန် တို့သည် ယခုဘဝ၌ ကျွတ်ထိုက်သော သူတို့ပင်တည်း၊ အဇာတသတ်မင်းသည် အဖကို သတ်မိ၍ ယခု ဘဝ၌ မကျွတ်နိုင်၊ နောင်သံသရာ၌ ကမ္ဘာနှစ်သင်္ချေ တိုင်အောင် မျောလေ၍ ပစ္စေက ဗုဒ္ဓါ ဖြစ်လတ္တံ့ ဟူ၏။ မဟာဓန သူဋ္ဌေးသားသည် အရွယ်ရှိစဉ်အခါ၌ ကာမဂုဏ် အမိုက်အလိုက် အစားကြူး၍နေ၏၊ အရွယ်ကြီးရင့်သောအခါ၌ စိတ်ကြည်ခွင့် မရရှိနေ၏၊ ကျွတ်မှုမှာ ဝေးစွ၊ ရတနာသုံးပါးနှင့် ဆက်ဆံခွင့်ကိုပင် မရလေပြီ၊ ထိုအခါ မြတ်စွာဘုရား မြင်တော်မူ၍ အရှင်အာနန္ဒာကို ဤသို့ မိန့်တော်မူ၏။
အာနန္ဒာ … ဤသူဌေးသားသည် ပဌမအရွယ် ငယ်စဉ်အခါ၌ ငါဘုရားသာသနာမှာ ရဟန်း ပြုပါဘိမူကား ရဟန္တာ ဖြစ်၍ ယခုဘဝမှာပင် ပရိနိဗ္ဗာန် စံရလတ္တံ့၊ ထိုသို့မဟုတ် ဒုတိယအရွယ်၌ ငါဘုရား သာသနာမှာ ရဟန်း ပြုပါဘိမူကား အနာဂါမ် ဖြစ်၍ သေလွန်လျှင် သုဒ္ဓါဝါသ ဗြဟ္မာ့ဘုံမှာ ပရိနိဗ္ဗာန် စံရလတ္တံ့၊ သို့မဟုတ် တတိယ အရွယ်ရောက်စ၌ ငါဘုရား သာသနာမှာ ရဟန်းပြုပါဘိ မူကား သကဒါဂါမ် အဖြစ်, သောတာပန် အဖြစ်သို့ ရောက်၍ အပါယ်သံသရာမှ အစဉ်ထာဝရ လွတ်ငြိမ်းလေအံ့ ဟု အရှင်အာနန္ဒာကို မိန့်တော်မူ၏။
ပစ္ဆိမဘဝိကပင်ဖြစ်စေ
▬▬▬▬▬▬▬▬
ဤသို့ ရင့်ပြီးသော ပါရမီရှိသော ပစ္ဆိမဘဝိက သားပင် ဖြစ်ငြားသော်လည်း နိယတ ဗျာဒိတ် ရရှိပြီးလျက်ပင် ကိုယ်တွင်းကိလေသာ သောင်းကျန်းမှု ကျွံလွန်သည့်အတွက် ယခုဘဝ အကျွတ်မရလေ၊ ယခုဘဝ ပြုသော မကောင်းမှု ကံစုအတွက် အပါယ်၌ ဘဝ ရှည်လျား၍ နေပြန်လျှင် မေတ္တေယျ ဘုရားရှင့်သာသနာ၌လည်း ပေါ်လာဦး မည်မဟုတ်၊ နောက်၌လည်း သုည ကမ္ဘာ တွေသာ များစွာရှိတော့သည်၊ အနီးအပါး၌ ဘုရားပွင့်သော ကမ္ဘာ မရှိပြီ၊ ရင့်ပြီးသော ပါရမီရှိသော ပစ္ဆိမဘဝိက ဖြစ်သူ ထို သူဌေးသားသည် ကျွတ်ခွင့် ကျွတ်လမ်း ကွာလှမ်းလျက်ရှိ၏။
[ပရိနိဗ္ဗာန် = ထက်ဝန်းကျင်အားဖြင့် ရာဂမီး စသည်တို့မှ ငြိမ်းခြင်း၊ ပစ္ဆိမဘဝိကသား = ဤဘဝ၌ပင်လျှင် ရဟန္တာဖြစ်လျက် ခန္ဓာဇာတ်သိမ်း ငြိမ်းရအံ့သည်ဖြစ်၍ နောက်ဆုံး ဘ၀ ရှိသည်ဟု ဆိုအပ်သော ပုဂ္ဂိုလ်မျိုး]
ကျွတ်လောက်အောင် ကျင့်မှသာ
▬▬▬▬▬▬▬▬▬▬▬▬
ယခုကာလ၌ အများတို့ မှတ်ထင်နေကြသည်ကား - ပါရမီ ပြည့်လျှင် ဘုရား သာသနာ နှင့် မတွေ့ချင်သော် မနေရ တွေ့ရမည်မုချ၊ မကျွတ်ချင်သော်လည်း မနေရ၊ ကျွတ်ရမည်မုချဟု မှတ်ထင်ကြကုန်၏၊ နိယတ, အနိယတ ရှိသည်ကို သတိ မမူ ကြကုန်၊ ဤသို့ ပြဆိုခဲ့ပြီးသော ပါဠိတော် နှစ်ရပ်ကိုလည်းကောင်း, မဟာဓန သူဌေးသား ဝတ္ထုများကို လည်းကောင်း, ထောက်မြော်၍ ကျွတ်ထိုက်သော ပါရမီ ရှိကြကုန်သော်လည်း အနိယတ နေယျ ပုဂ္ဂိုလ် မျိုးတို့မှာ ကျွတ်လောက်အောင် ကျင့်ကြကုန်မှသာ ဤဘုရား သာသနာ၌ မဂ်, ဖိုလ် ကို ရနိုင်ကြကုန်သည်၊ ကျွတ်ထိုက် သော ပါရမီ ရှိကြကုန်သော်လည်း ကျင့်မှုလုံ့လ ဝီရိယ ယုတ်လျော့၍ နေခဲ့လျှင် ဤဘုရား သာသနာ၌ မဂ်, ဖိုလ် ကို မရကြကုန် ဟူသော သဘောကို ယုံကြည်စွာ သိအပ်မှတ်အပ်၏၊ “အာဠာရ” ရသေ့၊ “ဥဒက” ရသေ့ တို့ကဲ့သို့ ကျွတ်ထိုက်သော ပါရမီရှိကြပါလျက် လောက၌ ဘုရား ပွင့်ဆဲအခါတွင် မိမိတို့က အရပ်ပြစ်ရှစ်ပါး သို့ ရောက်၍ နေခိုက်ကြုံသည်နှင့် ဘုရားပေါင်း တစ်ရာ, တစ်ထောင်မက ပွင့်သော်လည်း ကျွတ်ခွင့်မရရှိ နေကြကုန်သော သတ္တဝါ အနန္တတို့သည်ကား ဤဒေသနာမှ အလွတ်ဖြစ်ကုန်၏။
[သုညကမ္ဘာ = ဘုရား မပွင့်သေးသည်ဖြစ်၍ သုဉ်းသည်ဟု ဆိုအပ်သောကမ္ဘာ၊
အနိယတ = မမြဲသော၊
အရပ်ပြစ်ရှစ်ပါး = ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ ပဋိသန္ဓေအားဖြင့် ကန်း ဆွံ့အ ထိုင်းသူ၊ ပစ္စန္တရစ် အရပ်၌ဖြစ်သူ၊ မိစ္ဆာဒိဋ္ဌိ၊ အသညသတ်၊ အရူပ၊]
အဘိဓမ္မာ ပုဂ္ဂလပညတ် ပါဠိတော်, သုတ္တန် အင်္ဂုတ္တိုရ် ပါဠိတော်တို့၌ ဟောတော်မူသော ပုဂ္ဂိုလ်လေးမျိုး၊ သုံးမျိုး ခွဲခန်းပြီး၏။
“ပုဂ္ဂိုလ် ၄-မျိုး၊ ၃-မျိုးတို့၏ အလား”
ဝိသာခါ အနာထပိဏ်တို့လို
▬▬▬▬▬▬▬▬▬▬
လေးမျိုးသော ပုဂ္ဂိုလ်တို့တွင် ဥဂ္ဃါဋိတညူ ပုဂ္ဂိုလ်မျိုး, ဝိပဉ္စိတညူ ပုဂ္ဂိုလ်မျိုး တို့သည် ဝိသာခါ, အနာထပိဏ် တို့ကဲ့သို့ တရားဒေသနာကို ကြားနာကာ မျှဖြင့်ပင် သောတာပတ္တိမဂ်ဉာဏ် စသည်ကို ရနိုင်ကြကုန်၏၊ သီလဝိသုဒ္ဓိ၊ စိတ္တဝိသုဒ္ဓိ အစ ရှိသော ပဋိပတ်ကျင့်စဉ်များကို ရှေးအဖို့၌ ကျင့်ကြသည် မရှိကုန်ပြီ၊ ခပ်သိမ်းသော နတ်ဗြဟ္မာတို့ ကျွတ်ကြရာ၌လည်း ဤနည်းတူ သိကြလေ။
ထို့ကြောင့် သောတာပတ္တိမဂ် ၏ ရှေးအဖို့၌ ကျမ်းဂန်တို့တွင် ယခုရှိကြသော သီလ ဝိသုဒ္ဓိ, စိတ္တဝိသုဒ္ဓိ အစရှိသော ပဋိပတ်ကျင့်စဉ်များ သည်ကား နေယျ ပုဂ္ဂိုလ်, ပဒပရမ ပုဂ္ဂိုလ် နှစ်မျိုးတို့၏ အကျိုးငှါ ထားတော်မူအပ်သော ပဋိပတ်ကျင့်စဉ်ဖြစ်သည်ဟူ၍ မှတ်အပ်၏။
အထက်မဂ်, အထက်ဖိုလ်တို့၏ ရှေး၌မူကား ပုဂ္ဂိုလ်သုံးမျိုးနှင့်ပင် ဆိုင်၏။ ရဟန္တာ ဖြစ်ပြီးသော ကာလ၌လည်း ထိုအကျင့်တို့နှင့် ပြည့်စုံပြီး ဖြစ်ကြ၍ ဒိဋ္ဌဓမ္မသုခဝိဟာရ ကိစ္စ၌ ထိုအကျင့်တို့ကို အသုံးချကြကုန်၏။ ပဋိသမ္ဘိဒါပတ္တ ရဟန္တာခေတ် အနှစ် တစ်ထောင်မှ နောက်ကာလ၌ ဤသာသနာတော်သည် နေယျ ပုဂ္ဂိုလ်, ပဒပရမ ပုဂ္ဂိုလ် နှစ်မျိုးတို့၏ ခေတ်သမယသာဖြစ်၏၊ ယခုအခါ၌ သာသနာတော်တွင်းမှာ ထိုပုဂ္ဂိုလ် နှစ်မျိုးသာ ရှိကြတော့သည်၊ ထိုပုဂ္ဂိုလ်နှစ်မျိုးတို့တွင် -
[သီလဝိသုဒ္ဓိ = စတုပါရိသုဒ္ဓိသီလ ဟူသော သီလကြီး လေးပါး၏ စငိကြယ်ခြင်း၊
စိတ္တဝိသုဒ္ဓိ = စိတ်၏ စင်ကြယ်ခြင်း၊
ဒိဋ္ဌဓမ္မသုခဝိဟာရ = ယခု မျက်မြင်ဘဝ၌ ချမ်းသာစွာ နေရခြင်း၊
ပဋိသမ္ဘိဒါပတ္တ = ပဋိသမ္ဘိဒါဉာဏ်သို့ ရောက်သော ပုဂ္ဂိုလ်၊]
“နေယျပုဂ္ဂိုလ်”
နေယျ ပုဂ္ဂိုလ်သည် သတိပဋ္ဌာန်, သမ္မပ္ပဓာန် စသော ဗောဓိပက္ခိယ တရားတို့ကို ကောင်းစွာ ကျင့်နိုင်ပါလျှင် ယခုဘဝ၌ပင် သောတာပန် ဖြစ်နိုင်၏၊ အကျင့် ပေါ့လျော့ခဲ့လျှင် နောက်ဘဝ၌ နတ်ပြည်သို့ရောက်မှ သောတာပန် ဖြစ်နိုင်၏၊ သတိပဋ္ဌာန် စသည်နှင့် ကင်း၍ သေလွန်ခဲ့လျှင် ဤ သာသနာတော်မှာ မထင်ရှားရပြီ၊ နောက်ဘုရား သာသနာနှင့် တွေ့ကြုံခဲ့ပါလျှင် ထိုသာသနာ၌ ကျွတ်နိုင်ရာ၏။
“ပဒပရမပုဂ္ဂိုလ်”
ပဒပရမ ပုဂ္ဂိုလ်သည် ထိုတရားတို့ကို ကောင်းစွာကျင့်နိုင်ပါလျှင် ဤသာသနာ၌ပင်လျှင် နောက်ဘဝ နတ်ပြည်မှာ ကျွတ်နိုင်၏၊ မကျင့်နိုင်ပါလျှင် နေယျ ပုဂ္ဂိုလ် နည်းလမ်း အတိုင်း သွားလတ္တံ့။
အရိယာခေတ်ရှိနေပုံ
သာသနာငါးထောင်သည် အရိယာခေတ် ချည်း သာတည်း၊ ပိဋကတ်သုံးပုံ ရှိနေသမျှ သည် အရိယာခေတ် ရှိသည်ချည်းမှတ်၊ ပဒပရမ ပုဂ္ဂိုလ် တို့သည်ကား ယခုဘဝ ဘုရား သာသနာတွင်း၌ ကြုံကြိုက်ဆဲ အခါမှာ ဝါသနာဘာဂီ ပါရမီသမ္ဘာရ တို့ကို အစွမ်းရှိသမျှ အရအမိ ဆည်းပူး ကြရကုန်၏၊ သီလ မျိုးကိုလည်း ဆည်းပူးကြရ ကုန်၏၊ သမာဓိ မျိုးကိုလည်း ဆည်းပူးကြရကုန်၏၊ ပညာ မျိုးကိုလည်း ဆည်းပူးကြရ ကုန်၏။ ထိုမျိုးသုံးပါးတို့တွင်-
၁။ သီလမျိုး ဆိုသည်ကား - လူတို့၌ ငါးပါးသီလ, အာဇီဝဋ္ဌမက ရှစ်ပါးသီလ, အဋ္ဌင်္ဂ ဥပေါသထ သီလ, သင်္ဂသီလတို့ပေတည်း၊ ရဟန်းတို့၌ ရဟန်းတို့၏ သီလတို့ ပေတည်း။
၂။ သမာဓိမျိုး ဆိုသည်ကား - ကသိုဏ်းဆယ်ပါး စသော ကမ္မဋ္ဌန်း ၄၀ တို့တွင် တစ်ခုခုသော ကမ္မဋ္ဌန်း၌ ပရိကမ္မသမာဓိ ကို ဖြစ်ပွားအောင် အားထုတ်မှု, ထိုထက် တတ်နိုင်ပါမူ ဥပစာရသမာဓိ ကို ဖြစ်ပွား အောင် အားထုတ်မှု, ထိုထက်တတ်နိုင်ပါမူ အပ္ပနာသမာဓိ ကို ဖြစ်ပွားအောင် အားထုတ်မှုသည် သမာဓိမျိုးမည်၏။
၃။ ပညာမျိုး ဆိုသည်ကား - ရုပ်, နာမ်, ခန္ဓာ, အာယတန, ဓာတ်, သစ္စာ, ပဋိစ္စသမုပ္ပါဒ် တို့၌ ဝေဖန်ခွဲခြမ်း တတ်စွမ်း လိမ္မာမှု, အနိစ္စ, ဒုက္ခ, အနတ္တ ရှုမြင်မှုသည် ပညာမျိုး မည်၏။
[ပါရမီသမ္ဘာရ = ပါရမီ အဆောက်အဦ၊
ပရိကမ္မ သမာဓိ = စီးဖြန်း၍ အဦးအစ ရသော သမာဓိ၊
ဥပစာရ သမာဓိ = ဈာန် မဂ် ဖိုလ်၏ အနီး၌ဖြစ်သော သမာဓိ၊
အပ္ပနာ သမာဓိ = ဈာန် မဂ် ဖိုလ်နှင့် ယှဉ်သော သမာဓိ၊]
အလွန်အားခဲသင့်ပုံ
▬▬▬▬▬▬▬
ထိုမဂ်ဉာဏ်, ဖိုလ်ဉာဏ် တို့၏ မူလ ဗီဇ သမ္ဘာရ ဟု ဆိုအပ်သော မျိုး ၃-ပါးတို့တွင် သီလ, သမာဓိ တို့သည်ကား သာသနာမရှိသော သုညကမ္ဘာ တို့၌လည်း အစဉ်ထာဝရ ကမ္ဘာ့တန်ဆာ ကဲ့သို့ဖြစ်၍ အမြဲရှိနေကြကုန်၏၊ ဘယ်အခါမဆို ယူလိုလျှင် ရနိုင် ကုန်၏။ ရုပ်, နာမ်, ခန္ဓာ, အာယတန, ဓာတ်, သစ္စာ, ပဋိစ္စသမုပ္ပါဒ်လျှင် အရင်း ရှိသော ပညာမျိုးသည် မူကား ဘုရားပွင့်ရာ သာသနာတော်နှင့် တွေ့ကြုံဆဲ အခါ၌သာ ရနိုင်၏၊ သာသနာပ၌မူကား သုညကမ္ဘာ အသင်္ချေပင် ကြာသော်လည်း ထိုပညာ စကားမျိုးကို ကြားရုံမျှ အခွင့်မရှိပြီ၊
ထို့ကြောင့် ယခုအခါ သာသနာတော် တွင်း၌ ကြုံကြိုက်ကြကုန်သော သူတို့သည် နောက်နောက်ဘဝ, နောက်နောက် ဘုရားသာသနာ မှာ ကျွတ်လွတ်ဖို့ မဂ်ဉာဏ်, ဖိုလ်ဉာဏ် ၏ သမ္ဘာရ မျိုး အနေမျှကို အရ အမိ ရည်သန်ကြကုန်သည် ရှိသော် သီလ, သမာဓိ မျိုး ၂-ပါးတို့ထက် အတိဒုလ္လဘ တွေ့ကြုံခဲလှသော ပရမတ္ထ ပညာ မျိုးကို အထူး အချွန် အလွန်အားခဲ၍ ယူကြကုန်ရာ၏။
ဓာတ်ကြီးလေးပါးမျှ - တတ်လျှင်
▬▬▬▬▬▬▬▬▬▬▬
ယုတ်စွာ့အဆုံး ပထဝီ, အာပေါ, တေဇော, ဝါယော ဟူသော ဓာတ်လေးပါးကို မိမိသန္တာန်၌ လေးစိတ်လေးပုံ ခွဲခြမ်း၍ မြင်တတ် ရှုတတ်ရုံမျှပင် အားထုတ်ကြကုန် ရာ၏၊ တစ်ပါးသော အဘိဓမ္မာကို မတတ်သော်လည်း ဓာတ်ကြီးလေးပါးမျှကို ကောင်းစွာတတ်လျှင်ပင် အတိဒုလ္လဘ ပညာမျိုးစေ့ ကောင်းကောင်းကြီး ရတော့သည်၊ ဘုရားသာသနာ၌ ကြုံကြိုက်ခဲလှ တစ်ဘဝ ပြောစလောက်တော့သည်။
ဝိဇ္ဇာနှင့် စရဏ
▬▬▬▬▬▬
သီလ, သမာဓိ သည် စရဏ မျိုးတည်း၊ ပညာ သည် ဝိဇ္ဇာ မျိုးတည်း၊ ဝိဇ္ဇာ စရဏ နှစ်ပါးဖြစ်၏၊ ဝိဇ္ဇာ သည် လူသတ္တဝါတို့၌ မျက်စိနှင့် တူ၏၊ စရဏ သည် ခြေလက်နှင့် တူ၏၊ ဝိဇ္ဇာ သည် ငှက်တို့၌ မျက်စိနှင့် တူ၏၊ စရဏ သည် အတောင်နှင့် တူ၏၊ သီလ, သမာဓိ နှင့်ပြည့်စုံ၍ ဝိဇ္ဇာဉာဏ် ချို့တဲ့သော သူတို့သည် ခြေလက်အင်္ဂါ ပြည့်စုံ၍ မျက်စိနှစ်ဘက် ချို့တဲ့သောသူနှင့် တူကုန်၏၊ ဝိဇ္ဇာဉာဏ် နှင့် ပြည့်စုံ၍ စရဏ တရား အားနည်းလှသော သူတို့သည် မျက်စိအင်္ဂါ ပြည့်စုံ၍ ခြေအင်္ဂါ လက်အင်္ဂါ ချို့တဲ့သောသူနှင့် တူကုန်၏၊ ဝိဇ္ဇာ, စရဏ ၂-ပါးနှင့် ပြည့်စုံသူတို့သည် ခြေအင်္ဂါ, လက်အင်္ဂါ, မျက်စိအင်္ဂါ အလုံးစုံနှင့် ပြည့်စုံသော လူကောင်း သူကောင်း ပကတိနှင့် တူကုန်၏၊ ဝိဇ္ဇာ, စရဏ ၂-ပါးမှ ချို့တဲ့သော သူတို့သည် ခြေအင်္ဂါ, လက်အင်္ဂါ, မျက်စိအင်္ဂါ အကုန်ချို့တဲ့၍ အသက်ရှိ သည်ဟူ၍ မပြောစလောက်သော သူနှင့် တူကုန်၏။
စရဏသာ ပြည့်စုံကျိုး
▬▬▬▬▬▬▬▬
ဤဘုရား သာသနာတွင်း၌ ယခုရှိနေကြကုန်သော သူအပေါင်းတို့တွင် အကြင် သူတို့ သည် သီလ, သမာဓိ ဟူသော စရဏ နှင့် ပြည့်စုံကြကုန်၏၊ ရုပ်, နာမ်, ခန္ဓာတို့၌ ဉာဏ်၏ ကျက်စားခြင်းဟူသော ဝိဇ္ဇာ မျိုး မရှိကြကုန်၊ ထိုသူတို့သည် စရဏ တရား အားကောင်းလှသည့် အတွက် နောက် ဘုရားသာသနာကို တွေ့ကြုံကြ ကုန်ရာ၏၊ တွေ့ကြုံကြ ကုန်သော်လည်း သစ္စာဉာဏ် အလင်း မပေါက်နိုင်ကြကုန်၊ ငါတို့ဘုရား လက်ထက်၌ လာဠုဒါယီ မထေရ်, ဥပနန္ဒ မထေရ်, ဆဗ္ဗဂ္ဂီ ရဟန်း၊ ကောသလ မင်းကြီး စသည်တို့ကဲ့သို့တည်း၊ ထိုသူတို့သည် ဒါနသီလ စရဏ နှင့် ပြည့်စုံခဲ့ကြ သည့်အတွက် အသက်ထက်ဆုံး မြတ်စွာဘုရားနှင့် တွေ့ဆုံပေါင်းဖက် ကြရကုန်၏၊ ရှေးဘုရား သာသနာက ဝိဇ္ဇာ မျိုး မပါခဲ့သည့်အတွက် ငါတို့ဘုရား တရားတော်ကို အခါခါ ကြားနာကြ ကုန်သော်လည်း အသက်ထက်ဆုံး ကျွဲပါးစောင်းတီးနှင့် ပြီးရှာကြကုန်၏။
ဝိဇ္ဇာသာ ပြည့်စုံကျိုး
▬▬▬▬▬▬▬
အကြင်သူတို့သည် ရုပ်, နာမ်ခန္ဓာတို့၌ ဉာဏ်ကျက်စားခြင်း ဟူသော ဝိဇ္ဇာ မျိုးနှင့် ပြည့်စုံကြကုန်၏၊ ဒါန မှု, နိစ္စသီလ မှု, ဥပေါသထ သီလ မှု ဟူသော စရဏ တရား နည်းပါးကြကုန်၏။ ထိုသူတို့သည် ဝိဇ္ဇာ မျိုး ရှိကြသည့်အတွက် နောက်ဘုရား တရားကို ကြားနာခွင့် ရကြပါကုန်မူကား သစ္စာဉာဏ် အလင်းသို့ ပေါက်နိုင်ကြ ကုန်ရာ၏၊
စရဏ တရား နည်းပါးကြ ကုန်သည့်အတွက် နောက်ဘုရားနှင့် တွေ့ကြုံကြနိုင်ရန် အခွင့်မူကား အလွန် ခဲယဉ်းလှကုန်၏၊ အဘယ်ကြောင့်နည်း ဟူမူ ဤဘုရား သာသနာနှင့် နောက်ဘုရား သာသနာသည် အန္တရကပ် ကြီး တစ်ကပ် ကွာခြားလျက် ရှိ၏၊ ကာမဘုံ၌ဖြစ်ခဲ့မူ ဘဝပေါင်း အကုဋေမက ဆက်လက် ကျင်လည်ရ လိမ့်ဦးမည်၊
ယခုဘဝမှစ၍ နောက်ဘုရား လက်ထက်တိုင်အောင် အန္တရကပ် ကြီး တစ်ကပ်ပတ်လုံး အကုဋေ မကသော ဘဝတို့၌ လူ့ရပ်, နတ်ရွာ သုဂတိဘုံမှာချည်း ဆက်လက် ကျင်လည်၍ သွားနိုင်မှ နောက်ဘုရားကို တွေ့နိုင်မည်၊ စပ်ကြား၌ အပါယ်သို့ တစ်ချက်စောင်း၍ သွားခဲ့လျှင် နောက်ဘုရားကို တွေ့နိုင် တော့မည် မဟုတ်။
အပါယ်မည်သည် တစ်ကြိမ်ကျခဲ့လျှင် ဘဝအသင်္ချေ သွားတတ်ချေသည်၊ ယခုဘဝ၌ ဒါန မှုနည်းပါး၍ ကာယကံ မလုံခြုံ, ဝစီကံ သောင်းကျန်း, မနောကံ ညစ်နွမ်း၍ စရဏ တရား နည်းပါးသော သူတို့သည် သေသည့် အခြားမဲ့၌ပင် အပါယ်ကျမှု အားကြီးလျက် ရှိနေကြကုန်၏၊ အခန့်တော်၍ သုဂတိဘဝသို့ ရောက်ကြပါ ကုန်သော်လည်း ဒါန ဟူသော စရဏ တရား နည်းပါး ခဲ့သည့်အတွက် ဖြစ်လေရာ ဘုံဘဝ၌ ဓနဥစ္စာ ချို့တဲ့မှုနှင့် ကိုယ်မချမ်း, စိတ်မချမ်း အသက်မွေး ကြမ်းတမ်းမှု အပါယ်လမ်း တစ်မျိုး, နိစ္စသီလ, ဥပေါသထသီလ ဟူသော စရဏ တရား နည်းပါးခဲ့သည့်အတွက် တွေ့ရှိသော သူတို့နှင့် ခိုက်ရန်ဒေါသ ဝိဝါဒ ကြီးပွား အနာရောဂါ များပြားမှု အပါယ်လမ်းတစ်မျိုး, ဤသို့သော အပြစ်ဒေါသတို့သည် ဘဝတိုင်း တွေ့ကြုံ၍ အထုံဝါသနာ အစဉ်ပါသဖြင့် သုဂတိဘုံမှာ များစွာ ဆက်လက်ခွင့် မရကြကုန်မူ၍ အပါယ်သို့သာ မကြာမီ ကျရောက်ကြ လေကုန်ရာ သောကြောင့် ဒါန, သီလ ဟူသော စရဏ တရား နည်းပါးသော သူ တို့သည် နောက်ဘုရားနှင့် တွေ့ကြုံရန်အခွင့် အလွန် နည်းပါးလျက် ရှိကြလေသတည်း။
လိုရင်းအချုပ်ကား
▬▬▬▬▬▬▬
ဝိဇ္ဇာ မျိုး, စရဏ မျိုးတရား ၂-ပါးနှင့် ပြည့်စုံသူမှ နောက်ဘဝ၌ ကျွတ်နိုင်သည်၊ ဝိဇ္ဇာ မျိုးသာ ပါရှိ၍ ဒါန, သီလ ဟူသော စရဏ မျိုး နည်းပါးခဲ့ပြန်လျှင် နောက်ဘုရား သာသနာနှင့်ပင် တွေ့ကြုံခွင့် မရှိ၊ စရဏ မျိုးသာ ပါရှိ၍ ဝိဇ္ဇာ မျိုး မရှိပြန်လျှင် နောက် ဘုရားသာသနာနှင့် တွေ့ကြုံသော်လည်း မကျွတ်ရ၊
ထို့ကြောင့် ယခုအခါ၌ နောက်ဘုရား သာသနာကို မြော်လင့်ကြကုန်သော ပဒပရမ ပုဂ္ဂိုလ်တို့သည် ဤ သာသနာ၌ ဒါန, သီလ, သမထ ဘာဝနာ ဟူသော စရဏ မျိုး တို့ကို အားထုတ် ဆည်းပူးကြ၍ ဝိဇ္ဇာ မျိုးမှာလည်း ယုတ်စွာ့အဆုံး ဓာတ်ကြီးလေးခု မျှကိုသော်လည်း လေ့လာ စွဲမြဲကြ၍ နောက်ဘုရား သာသနာနှင့် တွေ့နိုင်ကြရန် တွေ့ပြန်လျှင်လည်း ကျွတ်နိုင်ကြရန် ဝိဇ္ဇာ, စရဏ မျိုး ၂-ပါးတို့ကို ယောက်ျား မိန်းမ မဆို ကြိုးစားအားထုတ်ကြကုန်ရာသည်။
ဒါန ကို စရဏ ဆိုသည်မှာ - စရဏတရား ၁၅-ပါး တွင် ပါဝင်သော သူတော်ကောင်း တရား ခုနစ်ပါးမှာ သဒ္ဓါ ဟူသော သူတော်ကောင်း တရားတွင် ပါဝင်လေသတည်း။
စရဏတရား ၁၅-ပါး ဆိုသည်ကား -
သီ, ဣန်, ဘော, ဇာ၊ သဒ်, ဈာန်, ဖြာ၊ မှတ်ပါ စရဏ။
ဤ ၁၅-ပါးကို ဆိုသတည်း။
သီ - ကား သီလတည်း。
ဣန် - ကား ဣန္ဒြိယသံဝရတည်း。
ဘော - ကား ဘောဇနမတ္တညုတာတည်း。
ဇာ - ကား ဇာဂရိယာနုယောဂတည်း。
သဒ် - ကား သူတော်ကောင်းတရား ခုနစ်ပါးတည်း。
ဈာန် - ကား ပဌမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန် ဟူသော ဈာန်လေးပါးတည်း。
အထွတ်အမြတ်ဖြစ်သော ဈာနလာဘီ ပုဂ္ဂိုလ်တို့၌ ရအပ်သော စရဏ ၁၅-ပါး တည်း။ သုက္ခဝိပဿက ပုဂ္ဂိုလ်တို့၌ကား ဈာန်လေးပါးကို ချန်လှပ်၍ စရဏ ၁၁-ပါး ရ၏။
[သုက္ခဝိပဿက = သမထ ဈာန်သမာပတ် တည်းဟူသော အစေးခြောက်၍ ဝိပဿနာရှိသော ပုဂ္ဂိုလ်]
နောက်ဘုရားကို မြော်သူများ
▬▬▬▬▬▬▬▬▬▬
နောက်ဘုရား သာသနာကို မြော်လင့်ကုန်သော သူတို့အားကား ဒါန, သီလ, ဥပေါသထ နှင့် သူတော်ကောင်းတရား ခုနစ်ပါးသည် လိုရင်းတည်း၊ ယခုဘဝ၌ပင် မဂ်, ဖိုလ် ကိုရ၍ အားထုတ်သော ပုဂ္ဂိုလ်အား သီ, ဣန်, ဘော, ဇာ, သဒ် ဟူသော ရှေ့ တစ်ဆယ့် တစ်ပါးကို ပြည့်စုံစေရာ၏။
သီ - ကား လူတို့၌ အာဇီဝဋ္ဌမက နိစ္စသီလတည်း。
ဣန် - ကား ဣန္ဒြေ ၆-ပါးကို စောင့်ထိန်းမှုတည်း。
ဘော - ကား အစားအစာ အာဟာရ၌ ရူပကာယ မျှတနိုင်ရုံ တိုင်းထွာ၍ ရောင့်ရဲမှုတည်း。
ဇာ - ကား နေ့အခါ၌ အိပ်ခြင်းမရှိ, ညဉ့်အခါ၌လည်း ညဉ့်သုံးယံတွင် တစ်ယံမျှ အိပ်၍ ဘာဝနာတရားကို အားထုတ် မှုတည်း。
သဒ်- ကား သဒ္ဓါ, သတိ, ဟိရီ, ဩတ္တပ္ပ, ဗာဟုဿစ္စ, ဝီရိယ, ပညာ ဤ ၇-ပါးတည်း。
ယခုဘဝ၌ပင် သောတာပန် ဖြစ်ရန် အားထုတ်လိုသောသူ ဖြစ်ခဲ့လျှင် ဒါန မှုကို အားထုတ်ဖွယ် မရှိလှပြီ၊ ယခုဘုရားသာသနာ၌ ပါနိုင်လောက်အောင် ဝီရိယတရားကို အားမထုတ်နိုင်ရှိ၍ နောက် ဘုရားကို မြော်လင့်လျက် ရှိသူတို့မှာမူကား - ဒါန, ဥပေါသထ မှု တို့ကိုလည်း ကြိုးစားအားထုတ် ကြလေကုန်။
[သဒ္ဓါ = ရတနာသုံးပါး၌ ယုံကြည်ခြင်း၊
သတိ = ဘုရားစသော ကောင်းမြတ် မှန်ကန်သော အာရုံ၌ အောက်မေ့ ထင်မြင်ခြင်း၊
ဟိရီ = မကောင်းမှု ဒုစရိုက်မှ ရှက်ခြင်း၊
ဩတ္တပ္ပ = မကောင်းမှု ဒုစရိုက်မှ ကြောက်ခြင်း၊
ဗာဟုဿစ္စ = အကြားအမြင် များခြင်း၊
ဝီရိယ = ရဲရင့်သူ ဖြစ်ခြင်း၏ အကြောင်းလုံ့လ၊
ပညာ = အပြားအားဖြင့် သိတတ်သောဉာဏ်၊]
နောက်ဘုရားကို ကိုးစားမြော်လင့်လျက် ရှိသူတို့မှာ မူကား - ဤဘုရား သာသနာ၌ ဝါသနာဘာဂီ ပါရမီ မျိုးတို့ကိုသာ ဆည်းပူးကြရ ကုန်သည်ဖြစ်၍ သီလ, သမာဓိ, ပညာ ဟူသော ပဋိပတ် ကျင့်စဉ် အတိုင်း တစ်ပါးပြည့်စုံ လုံလောက်ရှိမှ တစ်ပါးကို ကျင့်မည်ဟု မနေကြကုန်ရာ၊
သီလဝိသုဒ္ဓိ, စိတ္တဝိသုဒ္ဓိ, ဒိဋ္ဌိဝိသုဒ္ဓိ အစရှိသော ဝိသုဒ္ဓိအစဉ်အတိုင်း တစ်ပါးပြည့်စုံ လုံလောက်ရှိမှ တစ်ပါးကို ကျင့်မည်ဟု မနေကြကုန်ရာ၊ မျိုးမျှကို အရယူကြရသော သူတို့ဖြစ်ကြ၍ သီလမျိုးကိုလည်း ယူနိုင်သမျှ ကြံဖန် အားထုတ်၍ ယူကြကုန်ရာ၏၊ သမာဓိမျိုးကိုလည်း ယူနိုင်သမျှ ကြံဖန် အားထုတ်၍ ယူကြကုန်ရာ၏၊ ပညာမျိုး, ဝိဇ္ဇာမျိုးကိုလည်း ယူနိုင်သမျှ ကြံဖန် အားထုတ်၍ ယူကြရာ၏။
ကျင့်စဉ်လွတ် ကျင့်နိုင်ပုံ
ကျမ်းဂန်တို့၌ သီလဝိသုဒ္ဓိ ပြည့်စုံမှ စိတ္တဝိသုဒ္ဓိကို လုပ်ရမည်၊ စိတ္တဝိသုဒ္ဓိပြည့်စုံမှ ဒိဋ္ဌိဝိသုဒ္ဓိကို လုပ်ရမည်၊ ဒိဋ္ဌိဝိသုဒ္ဓိပြည့်စုံမှ ကင်္ခါဝိတရဏဝိသုဒ္ဓိကို လုပ်ရမည်၊ ကင်္ခါဝိတရဏဝိသုဒ္ဓိ ပြည့်စုံမှ အနိစ္စ ဒုက္ခ အနတ္တဘာဝနာအလုပ်ကို လုပ်ရမည်ဟု ပဋိပတ်ကျင့်စဉ် ထင်ရှား ရှိနေသည်မှာ ယခုဘဝ၌ပင် မဂ်ဉာဏ်, ဖိုလ်ဉာဏ်ကို အလျင် အမြန်ရဖို့ အားထုတ်သော သူတို့၏ ကျင့်စဉ် ပေတည်း။
ထိုကဲ့သို့ မတတ်နိုင်ကြ ကုန်မူ၍ ပါရမီမျိုးမျှကို အရယူကြရကုန်သော သူတို့မှာ ရသာရာကို အမိဖမ်း၍ ယူကြရကုန်သော သူတို့ဖြစ်သောကြောင့် သီလဝိသုဒ္ဓိ မပြည့်စုံသေးလျှင် သမထ မနသိကာရ, စိတ္တဝိသုဒ္ဓိ အမှုမျိုးကို မလုပ်နှင့်ဟု မဆိုအပ်။
မုဆိုးတံငါ အလုပ်နှင့် နေသော သူကိုပင် ထိုအလုပ်မှ မကျွတ်နိုင်လျှင် သမထ, ဝိပဿနာ မနသိကာရမှုကို မလုပ်ထိုက်ဟု မပြော မဆိုအပ်၊ ပြောဆိုလျှင် ဓမ္မအန္တရာယ် ငြိရာ၏။
ဘုရားဂုဏ်, တရားဂုဏ်, သံဃာ့ဂုဏ်များကို တတ်အားသမျှ နှလုံးသွင်း ရမည်၊ မိမိကိုယ်ခန္ဓာ၏ အသုဘ အခြင်းအရာများကို တတ်အားသမျှ နှလုံးသွင်း ရမည်၊ သေခြင်းတရားများကို တတ်အားသမျှ နှလုံးသွင်းရမည်ဟု သမထ မနသိကာရ မှုများကို မုဆိုးတံငါ တို့အားပင် တိုက်တွန်းခြင်းကိုသာ ပြုအပ်သည်။
တံငါသူကြီး တစ်ယောက်သည် ထိုကဲ့သို့သော တိုက်တွန်းမှုကြောင့် တံငါအလုပ် တန်းလန်းနှင့်ပင် သြင်္ဂိုဟ်ကိုးပိုင်း ပါဌ်အနက်, ပဋ္ဌာန်း ပါဠိတော် ပစ္စယနိဒ္ဒေသ ပါဌ်အနက် အကုန်လုံး သွက်သွက်လည် ရ၍နေသည်ကို ငါတို့ တွေ့ကြုံရဘူး၏၊ ဝိဇ္ဇာမျိုး ကောင်းကောင်းကြီး ဖြစ်သော အမှု ပေတည်း။
ယခုကာလ၌လည်း ဒါယကာ ဥပါသကာတို့နှင့် တွေ့ဆုံသောအခါ ရဟန်းပီပီ စကား ပြောဆိုလျှင် မုဆိုးတံငါအားပင် ဖြစ်သော်လည်း ရတနာသုံးပါးဂုဏ်နှင့် လက္ခဏာရေးသုံးပါးကို မမေ့မလျော့ကြနှင့်ဟု ဟောပြောမြဲ ဖြစ်သည်၊ ရတနာသုံးပါးဂုဏ်ကို မမေ့မလျော့မှုကား သမထမျိုး ပေတည်း၊ လက္ခဏာရေး သုံးပါး ကို အောက်မေ့မှုကား ဝိဇ္ဇာမျိုးပေတည်း။
မုဆိုးတံငါပင် ဖြစ်သော်လည်း ထိုမနသိကာရ မျိုးကို ပြုအပ်ပေသည်ဆိုလျှင် တွင်တွင်တိုက်တွန်းခြင်းကိုသာ ပြုအပ်၏၊ မုဆိုးတံငါ သည် သမထ, ဝိပဿနာကို နှလုံးသွင်း၍ ဘာဖြစ်မလဲဟု မဆိုအပ်၊ မထင်တတ်, မမြင်တတ်ရှိခဲ့လျှင် ထင်တတ်, မြင်တတ်အောင်ဟုသာ ပြောဟော၍ ပေးရမည်၊ မပြောတတ်လျှင် ကြိုးစားပါဟု တိုက်တွန်းရမည်၊ ဝါသနာဘာဂီ ပါရမီမျိုးမျှကိုပင် အထွတ်အမြတ် ပြုရသောအခါ ဖြစ်သည်။
ခေတ်သမယအကြောင်း မသိကြ၍ ဝိဇ္ဇာမျိုး မရပုံ
ကျမ်းဂန်တို့၌ တိုက်ရိုက် ရှိနေသော ဝိသုဒ္ဓိ ၇-ရပ် ပဋိပတ် ကျင့်စဉ်များကိုသာ တွေ့ရှိ၍ ခေတ်သမယကို မမြော်မိကြကုန်သော ဆရာတို့သည်ကား ယခုအခါ၌ သမထအမှု, ဝိပဿနာ အမှုများကို အားထုတ်ပါသည် ဆိုလျှင် သီလဝိသုဒ္ဓိ ပြည့်စုံပြီလား၊ သီလဝိသုဒ္ဓိ မရှိလျှင် အာပေါက်အောင် စီးဖြန်းသော်လည်း မဖြစ်ဟု ပြောဆိုလေ့ ရှိကြကုန်၏၊ အချို့သော လူပြိန်းတို့ကလည်း ထိုစကားကို နားယောင်ကြကုန်၏၊ ဓမ္မန္တရာယ် ဖြစ်လေ၏။
ထိုသူတို့သည် အခါသမယကို မသိကြသည့်အတွက် ဘုရား သာသနာနှင့် တွေ့ကြုံမှ ရနိုင်ယူနိုင်သော ဝိဇ္ဇာမျိုးမှ အပဖြစ်ကြ ကုန်လတ္တံ့။ လွန်ခဲ့ပြီးသော အနမတဂ္ဂ သံသရာ၌ ဂင်္ဂါသဲလုံး မျှမက ပွင့်ကြကုန်သော ဘုရားသာသနာတို့၌ ရံခါရံခါ ကြုံကြိုက်ကြပါ ကုန်သော်လည်း ဝိဇ္ဇာမျိုးအခံ မရှိကြ ကုန်သည့်အတွက် မကျွတ်နိုင်ကြ ကုန်မူ၍ ယနေ့ထက်တိုင် သံသရာ၌ မျော၍ လာကြ ကုန်သည်။
မျိုးဆိုသော်လည်း အညွန့် အညှောက် ပေါက်လောက်အောင် အဆန်အမာ, အနှစ်သာရ နှင့်တကွ အောင်မြင်သော မျိုးလည်း ရှိ၏၊ အောင်မြင်သည်ထက် အောင်မြင်မှု အဆင့်ဆင့် ရင့်မာသည်ထက် ရင့်မာမှု အဆင့်ဆင့် ရှိသော အမျိုးလည်း ရှိ၏၊ အလွန်နုလှသော မျိုးလည်းရှိ၏။
ဘယ်ဟာကို ဆိုသည်ဟု အနက်မျှ မသိသူ, အနက်မျှကိုသာ သိ၍ အမှုမှန်ကို နေရာကျ မသိသူတို့၏ မိရိုးဖလာအားဖြင့် ရွတ်ကြ ဖတ်ကြ ပုတီးစိပ်ကြသော ဗုဒ္ဓါနုဿတိ သမထ, အနိစ္စ, ဒုက္ခ, အနတ္တများသည် အလွန်နုလှသော မျိုးစေ့နှင့် တူ၏၊ အနုမည်သည် နောက် နောက် ဘဝ၌ ဆက်လက်ခွင့် ရပါမူ အရင့်သို့ ရောက်ဖို့ပေတည်း။
အဓိကာရမှု
ပရိကမ္မနိမိတ် ထင်မြင်အောင် အားထုတ်ဖူးသော သမထမှု, ရုပ်နာမ်ဓမ္မ၌ ဉာဏ် သက်၍ တစ်ကြိမ်တစ်ခါမျှပင် ထင်မြင်ရသော ဝိပဿနာမှုများသည် အဆန်အမာ တည်ရှိသော မျိုးစေ့နှင့် တူကုန်၏။
သမထအရာ၌ ဥဂ္ဂဟနိမိတ် ထင်မြင်မှု, ဝိပဿနာ အရာ၌ တစ်ကြိမ် တစ်ခါမျှပင် သမ္မသနဉာဏ်ဖြစ်မှုများသည် ထိုထက် အောင်မြင် ရင့်သန်သော မျိုးစေ့နှင့် တူ၏၊ သမထအရာ၌ ပဋိဘာဂနိမိတ် ထင်မြင်မှု, ဝိပဿနာအရာ၌ တစ်ကြိမ်တစ်ခါမျှပင် ဥဒယဗ္ဗယဉာဏ် ဖြစ်မှုများသည် ထိုထက် အလွန်ပင် အောင်မြင်ရင့်သန်သော မျိုးစေ့နှင့် တူ၏။
ဤမှ အထက်သို့ အဆင့်ဆင့် တက်နိုင်ပါလျှင် သမထအရာ, ဝိပဿနာအရာ နှစ်ဖက် တို့၌ အလွန်ထက် အလွန်အောင်မြင်ရင့်မာ ကြီးမားစွာသော မျိုးကြီး အဆင့်ဆင့် ဖြစ်လေတော့သည်၊ ရှေးရှေးသော ဘဝတို့၌ အဓိကာရ ရှိဖူးခဲ့မှ နောက်ဘုရား သာသနာ၌ ထိုထိုဈာန်, မဂ်, ဖိုလ်ကို ရနိုင်သည်ဟူသော ကျမ်းဂန် စကား၌ အဓိကာရ ဆိုသည်ကား အောင်မြင်သော မျိုးမှုကို ဆိုသတည်း။
[ဥဒယဗ္ဗယဉာဏ် = ရုပ်နာမ်တို့၏ ဖြစ်ခြင်း ပျက်ခြင်းကို သိသောဉာဏ်]
ယခုကာလ၌ မိရိုးဖလာမျှဖြစ်သော အတုအပ သမထ, အတုအပ ဝိပဿနာမျှနှင့် သေလွန် သွားကြကုန်သော လူရှင်အပေါင်းတို့သည် အဓိကာရ ဆိုစလောက်သော သမထမျိုး, ဝိဇ္ဇာမျိုးတို့မှ အပ ဖြစ်ကြလေကုန်၏။
ထိုမျိုးနှစ်ပါးတို့တွင် ဘုရား သာသနာ၌ ကြုံကြိုက်သူတို့မှာ ဝိဇ္ဇာမျိုးမှအပ ဖြစ်ရမှုသည် အလွန် အနာကြီး နာလှ၏၊ အဘယ်ကြောင့်နည်း ဆိုသော် ရုပ်, နာမ် ဓမ္မလျှင် အရာရှိသော ဝိဇ္ဇာမျိုး မည်သည် ဘုရားသာသနာနှင့် တွေ့ကြုံ၍ ကောင်းစွာ ယူတတ်မှ ရနိုင်သောမျိုး ဖြစ်သောကြောင့် တည်း။
ထို့ကြောင့် ယခုအခါ၌ ပါရမီနည်းပါးလှ၍ ရုပ်, နာမ် ဓမ္မတို့ကို အကျယ် မလိုက်စား နိုင်ကြကုန်သော ယောက်ျား, မိန်းမတို့သည် ဓာတ်ကြီးလေးပါး မျှကိုပင် နှုတ်တက် ရအောင် ဆောင်ရွက်မှု, အနက်သဘောကို ကြံဖန် ဆွေးနွေးမှု, မိမိ ကိုယ်ခန္ဓာ၌ လေးဖြာ လေးစိတ် ကွဲအောင် ရှုမြင်မှုများကို အသက်ထက်ဆုံး လေ့ကျက်ကြကုန် ရာသတည်း။
ဤတွင်ရွေ့ကား ယခုအခါ ဘုရားသာသနာတော်၌ သမထ, ဝိပဿနာ တရားများကို အလေးမပြု အတုအပနှင့် ပြီးကြလျှင် ဘုရား သာသနာ၌ အလွန် လူဖြစ်ရှုံးဖွယ်ကြီး ဖြစ်ကြောင်း၊ နေယျ ပုဂ္ဂိုလ်တို့ ခေတ်သမယဖြစ်ခဲ့၍ အလေးပြုကာ အားထုတ်ကြပါမူ ယခု ဘဝသော် လည်းကောင်း, ဤသာသနာတွင် နတ်ပြည်သို့ ရောက်ကြသော နောက်ဘဝ၌သော် လည်းကောင်း, နောက်ဘုရား သာသနာ၌သော် လည်းကောင်း, အလွန် မြင့်မြတ်စွာသော လောကုတ္တရာ အကျိုးကို အလွယ်တကူ ရယူနိုင်ကြရန် ရင့်သန်အောင်မြင်စွာသော သမထ, ဝိပဿနာ ပါရမီ သမ္ဘာရကို ကောင်းကောင်းကြီး ရကြသဖြင့် အလွန်လူဖြစ်ကျိုး ကြီးမြတ်ဖွယ် ဖြစ်ကြောင်းများကို ထင်ရှားစွာ သိကြစေခြင်း အကျိုးငှါ သုတ္တန်, အဘိဓမ္မာ ပါဠိတော်လာ ပုဂ္ဂိုလ်လေးပါး, ပုဂ္ဂိုလ်သုံးပါးတို့၏ အလားကို ပြဆိုခန်း ပြီး၏။
လူဖြစ်ကျိုးနပ်ရန် ပိဋကတ် အဆီအနှစ်
ဘုရားအဖြစ်သို့ ရောက်တော်မူ၍ ၄၅-ဝါ ကာလပတ်လုံး ဟောကြားတော် မူအပ်သော ပိဋကတ် သုံးပုံကို အဆီညှစ်၍ အနှစ်သာရကို ထုတ်ယူသည်ရှိသော် ဗောဓိပက္ခိယ တရား ၃၇-ပါး ရ၏၊ ဗောဓိပက္ခိယတရား ၃၇-ပါးသည် ပိဋကတ်သုံးပုံ၏ အဆီအနှစ် တည်း။
တစ်ဖန် ဗောဓိပက္ခိယတရား ၃၇-ပါးကို အကျဉ်းချုံးပြန်သည်ရှိသော် ဝိသုဒ္ဓိ ၇-ပါး ဖြစ်၏၊ တစ်ဖန် ဝိသုဒ္ဓိ ၇-ပါးကို အကျဉ်းချုံးပြန်သည်ရှိသော် သီလ, သမာဓိ, ပညာ သုံးပါး ဖြစ်၏၊ အဓိသီလ, အဓိစိတ္တ, အဓိပညာ သာသနာတော်ကြီး သုံးပါး ခေါ်၏၊ သိက္ခာသုံးပါးလည်း ခေါ်၏။
သီလဆိုသော်လည်း လူတို့မှာ နိစ္စသီလမျိုးကိုသာ ပဓာနအားဖြင့် လိုအပ်၏၊ နိစ္စသီလမျိုးနှင့် ပြည့်စုံသော သူတို့အား ယခုဘဝ၌ မဂ်, ဖိုလ်ကို ရနိုင်ရန် ဝိဇ္ဇာ, စရဏတရား တို့တွင် သီလဟူသော စရဏတရား ပြည့်စုံ တော့သည်။ ထို နိစ္စသီလမျိုး အပေါ်၌ ဥပေါသထ သီလမျိုး အမွှမ်းတင်နိုင်ပါလျှင် သာ၍ ကောင်းမြတ် တော့သည်။
နိစ္စသီလမျိုး
နိစ္စသီလမျိုး ဆိုသည်ကား လူတို့၌ အာဇီဝဋ္ဌမက သီလပေတည်း၊ ထိုသီလမျိုးကို ကောင်းစွာ စောင့်ထိန်းရာ၏၊ ပုထုဇဉ်ဂတိဖြစ်၍ လွန်ကျူး မိပြန်လျှင် ဤအမှုကို နောင် ရှောင်ကြဉ်အံ့ဟု ဆောက်တည်က ခဏချင်း တည်ပြန်၏၊ နောင် လွန်ကျူးမိပြန်လျှင်လည်း ထိုနည်းတူ ဆေးကြောလျှင် စင်မြဲစင် ပြန်တော့သည်၊ ဆေးကြော၍ စင်ပြန်လျှင် သီလနှင့် ပြည့်စုံသူ ဖြစ်ပြန်၏။
မခဲယဉ်းလှ, နိစ္စသီလမျိုး ဖြစ်ခဲ့၍ လွန်ကျူးမိလို့ရှိလျှင် ဘယ်အခါမဆို ခဏချင်းသုတ်သင် ဆေးကြောမှု အသစ်ဆောက်တည်မှုကို ပြုရသည်။ ယခုကာလ၌ သီလနှင့် ပြည့်စုံသူတို့ကား အလွန် ပေါများကုန်၏။
ကသိုဏ်း အသုဘအစရှိသော အာရုံတို့ မနောဒွါရအတွင်း၌ ကွင်းကွင်း ကွက်ကွက် ထင်မြင်မှုရှိသော သမာဓိသို့ ပေါက်ရောက်ဖူးသောသူ, ရုပ်နာမ် ဓမ္မတို့၏ အနိစ္စ လက္ခဏာသို့ ဉာဏ်ပညာ ပေါက်ရောက်ဖူးသော သူတို့သည်ကား အလွန် ရှားပါးလှကုန်၏၊ အဘယ်ကြောင့်နည်းဆိုသော် သမထ, ဝိပဿနာ၏ ဓမ္မန္တရာယ်ကို ပြုတတ်သော မိစ္ဆာဓမ္မတို့ အလွန် ထကြွ သောင်းကျန်းသောအခါ ဖြစ်လေသော ကြောင့်တည်း။
ဓမ္မန္တရာယ် ဟူသည်
ဓမ္မန္တရာယ်ကို ပြုတတ်သော မိစ္ဆာဓမ္မ ဆိုသည်ကား - သံသရာဘေးကို ကောင်းစွာ မမြင်နိုင်ခြင်း, မဂ်, ဖိုလ်ကို ရထိုက်သော ခေတ်ကာလ မဟုတ်ဟု ထင်မှတ်ခြင်း, ပါရမီ အရင့်ကို စောင့်စားခြင်း, ယခုကာလ ရှိကြသူတို့ကို ဒွိဟိတ် ပုဂ္ဂိုလ်ဟု ထင်မှတ်ခြင်း, အဓိပတိဖြစ်သော ရှေးရှေး ဆရာကြီးပင် မဖြစ်နိုင်ကြကုန်ပြီဟု ဆန္ဒ - ဥဿဟကို စွန့်ထားခြင်း စသည်တို့တည်း။
ကုသိုလ်မှုတို့ မည်သည် အဆုံးတိုင် မရောက်သော် လည်း အချည်းနှီး ဖြစ်နိုင်သောအမှုမျိုး မဟုတ်ကုန်၊ ပါရမီ မရှိသေးသူ အားထုတ်လျှင် ပါရမီဖြစ်၏၊ အားမထုတ်လျှင် ပါရမီ ဖြစ်ခွင့်ကိုမျှ မရပြီ၊ ပါရမီမရင့် သေးသောသူ အားထုတ်လျှင် ပါရမီရင့်ရာ နောက်ဘဝမှာ ဤသာသနာ၌ပင် မဂ်, ဖိုလ်ကိုရနိုင်၏။
လောက၌ တစ်ယောက်သော သူသည် ရဟန်းပြုမည် ကြံစည် အားသစ်လျက် ရှိ၏၊ တစ်ယောက်သောသူက တစ်သက်လုံး နေနိုင်မှကြံ၊ မနေနိုင်လျှင် မကြံနှင့်ဟု ဆိုမိတတ်၏။ ဓမ္မန္တရာယ်ကို ပြုသည်မည်၏။
“စိတ္တုပ္ပါဒမတ္တမ္ပိ ကုသလေသု ဓမ္မေသု ဗဟူပကာရံ ဝဒါမိ” ဟု ဟောတော်မူ၏။
ကုသလေသု ဓမ္မေသု - ကောင်းမှုကုသိုလ် တရားမျိုးတို့၌၊
စိတ္တုပ္ပါဒ မတ္တမ္ပိ - စိတ်အကြံ ဖြစ်ကာမျှကိုလည်း၊
ဗဟူပကာရံ - ကျေးဇူးဥပကာရ များမြတ်လှ၏ ဟူ၍၊
အဟံ - ငါဘုရားသည်၊
ဝဒါမိ - ဟောတော်မူ၏၊
ဒါနကုသိုလ်ကိုလည်းကောင်း, ဒါနပြုသူကိုလည်းကောင်း ရှုတ်ချလျှင် ပုညန္တရာယ် ငြိတတ်သည်၊ သီလ, သမာဓိ, ပညာကုသိုလ်ကို လည်းကောင်း, အားထုတ်သူကိုလည်းကောင်း, ရှုတ်ချလျှင် ဓမ္မန္တရာယ် ငြိတတ်သည်၊ ပုညန္တရာယ် ငြိခဲ့လျှင် နောက် နောက်ဘဝတို့၌ တန်ခိုး အရှိန်အဝါ ဥစ္စာဓန ကင်းရှင်း၍ ဆင်းရဲအတိ ဖြစ်တတ်သည်၊ ဓမ္မန္တရာယ် ငြိခဲ့လျှင် နောက်နောက်ဘဝတို့၌ သီလသိက္ခာ အလိမ္မာကင်းရှင်း၍ ယုတ်ညံ့ခြင်းအတိ ဖြစ်သည်၊ သတိမူကြလေကုန်။
ဗောဓိပက္ခိယတရား ၃၇-ပါး
ယခုအခါ ဘုရားသာသနာ၌ လူဖြစ်ကျိုးနပ်ကြအောင် သမထ, ဝိပဿနာ တရား များကို အားထုတ်လိုကြကုန်သော သူတို့အား မဖြစ်လျှင် မနေရ ထမြောက်အောင် ထူထောင် အားသစ်ရာသော ဗောဓိပက္ခိယတရား ၃၇-ပါးတို့ကို အကျဉ်းမျှ ပြဆိုပေအံ့။
သတိပဋ္ဌာန်, သမ္မပ္ပဓာန်, ဣဒ္ဓိပါဒ်, ဣန္ဒြေ, ဗိုလ်, ဗောဇ္ဈင်, မဂ္ဂင်ဟူ၍ အကျဉ်းအားဖြင့် ၇-ပါးရှိ၏။ ထို ၇-ပါးတို့သည်-
“ဗောဓိယာ ပက္ခေ ဘဝါတိ ဗောဓိပက္ခိယာ”
ဟူသော ဝစနတ္ထနှင့်အညီ မဂ်ဉာဏ်၏ အပင်းအသင်းတွင် ပါဝင်သော တရားဖြစ်၍ ဗောဓိပက္ခိယ မည်ကုန်၏။
ဗောဓိယာ - မဂ်ဉာဏ်၏၊
ပက္ခေ - အဖို့၌၊
ဝါ - အပင်းအသင်း၌၊
ဘဝါ - ဖြစ်ကုန်သော တရားတို့တည်း၊
ဣတိ - ဤသို့သော အကြောင်းကြောင့်၊
ဗောဓိပက္ခိယာ - ဗောဓိပက္ခိယ မည်ကုန်၏။
သတိပဋ္ဌာန် ၄-ပါး
ထို ၇-ပါးတို့တွင် သတိပဋ္ဌာန် ဆိုသည်ကား -
“ဘုသံ တိဋ္ဌတီတိ ပဋ္ဌာနံ၊ သတိဧဝ ပဋ္ဌာနံ သတိပဋ္ဌာနံ”။
ဘုသံ - လွန်စွာ၊
တိဋ္ဌတိ - တည်တတ်၏၊
ဣတိ - ဤသို့သော အကြောင်းကြောင့်၊
ပဋ္ဌာနံ - ပဋ္ဌာန မည်၏၊
သတိဧဝ - သတိသည်ပင်လျှင်၊
ပဋ္ဌာနံ - လွန်စွာ တည်သည်တည်း၊
သတိပဋ္ဌာနံ - သတိသည်ပင်လျှင် လွန်စွာ တည်သည်။
(လွန်စွာတည်သော သတိ, ခိုင်မြဲစွာတည်သော သတိဟု ဆိုလိုသည်။)
ထိုသတိပဋ္ဌာန်သည် -
(၁) ကာယာနုပဿနာ သတိပဋ္ဌာန်၊
(၂) ဝေဒနာနုပဿနာ သတိပဋ္ဌာန်၊
(၃) စိတ္တာနုပဿနာ သတိပဋ္ဌာန်၊
(၄) ဓမ္မာနုပဿနာ သတိပဋ္ဌာန်
ဟူ၍ လေးပါးအပြားရှိ၏။ ထိုလေးပါးတို့တွင် ထွက်သက် ဝင်သက် အစရှိသော ရူပကာယ၌ ခိုင်မြဲစွာ တည်သောသတိသည် ကာယာနုပဿနာ သတိပဋ္ဌာန် မည်၏။
ထို လေးပါးတို့တွင် ထွက်သက်ဝင်သက်ဟူသော အဿာသ ပဿာသ ကာယတစ်ခု၌ ခိုင်မြဲစွာ တည်လျှင်ပင် အလုံးစုံ၌ တည်သည်ပင် မည်၏၊ အဘယ့်ကြောင့်နည်းဆိုသော် ထားလိုရာ အာရုံ၌ တည်နိုင်သော အစွမ်း ရှိလေသောကြောင့်တည်း။
စိတ်တည်ငြိမ်မှု နည်းပုံ
လောက၌ စိတ်ကို အစိုးမရသော သူရူး မဟုတ်ကြ၊ စိတ်ကို အစိုးရကြသော ပကတိ လူကောင်း, သူကောင်း ဖြစ်သူတို့သည်လည်း သမထအရာ, ဝိပဿနာအရာတို့၌ စိတ်ကို အစိုးမရကြသော သူရူးတွေချည်း ဖြစ်ကြကုန်၏။
ဘုရားကိုရှိခိုးမည်, ဘုရားဂုဏ်ကို ကြည်ညို သော အလုပ်ကို ငါလုပ်ဦးမည်ဟု ဦးတည်ကြပါလျက် စိတ်ကို အစိုးမရကြသည့် အတွက် ဣတိပိသော - တစ်ပုဒ်ဆုံးသည် တိုင်အောင် ဘုရားဂုဏ်တော်တို့၌ စိတ်ကို တည်ငြိမ်စွာနေအောင် အစိုးမရကြ၊ ဘုရားကိုလွှတ်၍ ထိုထို အာရုံတစ်ပါးသို့ အခါများစွာ ထွက်သွား လွင့်ပါးလျက် ရှိကြကုန်၏။
ပါပသ္မိံ ရမတေ မနော။ (ဓမ္မပဒ ပါဠိတော်။)
မနော - စိတ်မည်သည်၊
ပါပသ္မိံ - မကောင်းရာ၌သာလျှင်၊
ရမတေ - မွေ့လျော်၏။
[ရေမည်သည် အလွတ်ထားခဲ့လျှင် နိမ့်ရာသို့ စီးမြဲဓမ္မတာ ဖြစ်သကဲ့သို့ သတ္တဝါတို့၏ စိတ်မည်သည် လွှတ်၍ထားခဲ့လျှင် မကောင်းရာသို့သာ တွင်တွင်သွားမြဲ ဓမ္မတာဖြစ်၍ မကောင်းရာ၌သာ မွေ့လျော်၏ ဟူလိုသည်၊ မိမိတို့ စိတ်၏အလေ့ကို သိကြရန် အချက်တည်း။]
လှေသူကြီး ဥပမာ
အနမတဂ္ဂ သံသရာကြီးသည် အယဉ်ထန်စွာ စီးသော မြစ်ကြီးနှင့် တူ၏၊ စိတ်ကို မနိုင်ကြသော ဤသတ္တဝါ အပေါင်းတို့သည် လှေတက်ကို မနိုင်သော ထိုလှေသူကြီးနှင့် တူ၏၊ စိတ်သည် လှေကြီးနှင့် တူ၏။
ရံခါရံခါ ဘုရားသာသနာ၌ ဗုဒ္ဓဘာသာလူမျိုး, နတ်မျိုး, ဗြဟ္မာမျိုး ဖြစ်ကြပါကုန် သော်လည်း သတိပဋ္ဌာန် အလုပ်ကို အားမထုတ် နိုင်ကြသည့်အတွက် စိတ်ကိုအစိုးရမှု မရှိကြကုန်သည် ဖြစ်၍ ဝိပဿနာ အစစ်ကို ဖြစ်မြောက်အောင် မလုပ်နိုင်ကြသဖြင့် တွေ့ကြုံခဲ့ကြရသော ဘုရား သာသနာတော်ကြီး၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန် ဆိပ်ကမ်းကြီးတို့သို့ မကပ်နိုင်ကြကုန် မူ၍ ယနေ့ထက်တိုင် သံသရာ၌ ကျင်လည်လာခဲ့ ကြရကုန်သည်။
နွားဆင် ဥပမာ
ကာယဂတာ သတိပဋ္ဌာန် တရားကို ပွားများ အားထုတ်မှုသည် နွားကို နဖားကြိုး တပ်မှု, ချည်တိုင်ကြိုးလွန်တို့ဖြင့် ယဉ်ကျေးအောင် ဆုံးမမှုနှင့် တူ၏။
မိမိကိုယ်ခန္ဓာ တည်းဟူသော ချည်တိုင်၌ သတိပဋ္ဌာန် တည်းဟူသော ကြိုးလွန်ဖြင့် ခိုင်မြဲစွာ ချည်မှု ထမြောက်သောအခါ သတ္တဝါတို့၏ စိတ်သည် စိတ်ရှင်ထားရာ၌ ထားလိုသမျှနေတော့သည်၊ အနမတဂ္ဂ သံသရာမှ အစဉ်ပါရှိ၍ နေသော မငြိမ်သက်ခြင်း အလေ့, ထိုထို အာရုံသို့ ရပ်တည်မရ ပြေးသွား လွင့်ပါးခြင်း အလေ့တို့သည် ပျောက်ငြိမ်းကုန်၏။
နွားရိုင်း ဆင်ရိုင်းလို
▬▬▬▬▬▬▬
ကာယဂတာ သတိပဋ္ဌာန် ဘာဝနာမှုကို ရှေးဦးစွာ မတည်ထောင်မူ၍ သမထမှု, ဝိပဿနာမှုကို ပြုလုပ်သော သူသည် ကြိုးမရှိသေးသော နွားရိုင်းကို ထွန်တွင်း, လှည်းတွင်းသို့ သွင်း၍ အသုံးပြုသည်နှင့်တူ၏၊ ထိုနွားကို လိုရာလမ်းစခန်းသို့ ဖြောင့် တန်း ငြိမ်သက်စွာ သွားအောင် မတတ်နိုင်လတ္တံ့၊ ရိုင်းသည့်အတွက်, ကြိုးမရှိ သည့်အတွက်, ခဏချင်း လမ်းမဟုတ်ရာသို့ ဆွဲငင်၍ သော်လည်း သွားလတ္တံ့၊ လှည်းထမ်းပိုး, ထွန်ထမ်းပိုး တို့ကိုသော်လည်း ချိုးဖဲ့၍ ထွက်သွားလတ္တံ့ သာတည်း၊ မိမိ ခန္ဓာကိုယ်၌ထားလိုသမျှ ငြိမ်သက် တည်ကြည်စွာ နေသဖြင့် ကာယဂတာ သတိပဋ္ဌာန် ဘာဝနာ တည်ထောင်မိသော အခါမှ သမထ လုပ်ခွင်, ဝိပဿနာ လုပ်ခွင်များသို့ စိတ်က သွင်းထားပါမူကား ထိုအာရုံ၌ တည်ငြိမ်စွာ နေသဖြင့် ထင်မှု, မြင်မှု, အလုပ်တွင်ကျယ် လေသတည်း။
ဆင်ရိုင်းဥပမာ၌ တော၌နေသောဆင်ရိုင်းကို အောင်းမနှင့် တွဲ၍ လွင်သို့ ထုတ်ယူခဲ့ ပြီးမှ ကျုံးတွင်းသို့သွင်း၍ ကြိုးလွန်တပ်ပြီးလျှင် ဆင်ချည်တိုင်၌ ခိုင်မြဲစွာချည်နှောင်၍ ယဉ်အောင် ပြုလုပ်ပြီးမှ အဆိပ်အတောက် မရှိ၊ အလွန်ငြိမ်သက် တည်ကြည် ရှိသောအခါ သိမှု လိမ္မာမှု အမျိုးမျိုးတို့ကို ကြိုးကျ နပ်နောစွာ ဆုံးမပြီးမှ မင်းပွဲသဘင် စစ်မြေပြင်တို့၌ မင်းစီးဆင် ပြုလုပ်ရသတည်း။
“ဥပမေယျ”
လူ့ကာမဂုဏ်စုသည် ဆင်ပျော်သော တောကြီးနှင့် တူ၏၊ သာသနာတော်သည် မြို့ရွာလွင်ပြင်နှင့် တူ၏၊ စိတ်သည် တောဆင်ရိုင်းနှင့် တူ၏၊ သာသနာဓမ္မတို့၌ အလွန် ယုံကြည်လှ, လိုလားလှသော သဒ္ဓါ, ဆန္ဒ တို့သည် အလွန်လိမ္မာသော အောင်းမတို့နှင့် တူကုန်၏၊ သီလဝိသုဒ္ဓိသည် ဆင်ကျုံးတော်ကြီးနှင့် တူ၏၊ ထွက်သက် ဝင်သက် အစရှိသော မိမိ ကိုယ်ခန္ဓာသည် ဆင်ချည်တိုင်ကြီးနှင့် တူ၏၊ ကာယဂတာသတိသည် ကြိုးလွန်နှင့်တူ၏၊ သမထ, ဝိပဿနာတို့၏ ရှေးအဖို့ ပရိကံမှုစုသည် ဆင်ကို သွန်သင်ဆုံးမမှုနှင့် တူ၏၊ သမထမှု, ဝိပဿနာမှုသည် မင်းပွဲ သဘင် စစ်မြေပြင်နှင့် တူ၏။
(အကြွင်းဆိုဖွယ်စုသည် သိသာလေပြီ။)
ဤသို့လျှင် သူရူးဥပမာ, လှေသူကြီးဥပမာ, နွားဥပမာ, ဆင်ဥပမာ တို့ဖြင့် အနမတဂ္ဂ သံသရာ၌ ပွင့်တော်မူကုန်သော ခပ်သိမ်းသော မြတ်စွာဘုရားတို့၏ သာသနာ၌ သီလဝိသုဒ္ဓိမှ အထက်သို့ တက်လမ်းတွင် ရှေးဦးစွာ တည်ထောင်ကြရမြဲ အရိုး အစဉ် ကြီးဖြစ်သော ကာယဂတာသတိ၏ အချက်အရာကြီးကို ပြဆိုလိုက်သည်။
လိုရင်းအဓိပ္ပါယ်မူကား ထွက်သက် ဝင်သက်မှုနှင့်ဖြစ်စေ, ဣရိယာပထမှုနှင့်ဖြစ်စေ, သမ္ပဇညမှု, ဓာတုမနသီကာရမှု, အဋ္ဌိကသညာမှု စသည်နှင့်ဖြစ်စေ၊ နေ့နေ့ညည နိုးကြားသမျှ ဣရိယာပုထ် ၄-ပါးတို့၌ မိမိစိတ်ကို မိမိကိုယ်၌ ထားလိုသမျှ ထားနိုင် ကြအောင် ပွားများအားထုတ် ကြကုန်ရာ၏၊ ထားလိုသမျှ ထားနိုင်ကြလျှင် စိတ်ကို အစိုးရမှု ရှိပေသဖြင့် စိတ်ကိုအစိုးမရသော သူရူး, သူနှမ်း အဖြစ်မှ ကျွတ်လွတ် ကြကုန်၏၊ လှေတက်ကို အလွန်နိုင်နင်းသော လှေသူကြီးနှင့် တူကြကုန်၏၊ ဝန်ဆောင်မှုနှင့် ထမ်းပိုး နပ်နောပြီးသော နွားရှင်, မင်းပွဲသဘင် စစ်မြေပြင် တို့၌ ယဉ်ပြီး လိမ္မာပြီးသော ဆင်ကြီးရှင် မင်းတို့နှင့် တူကုန်၏။
[ဣရိယာပထမှု = ဣရိယာပုတ် ၄ ပါးကို အညီအမျှ ဖြစ်စေမှု၊
သမ္ပဇညမှု = ပညာဖြင့် အဖန်ဖန် ဆင်ခြင်မှု၊
ဓာတုမနသီကာရမှု = ဓာတ် ၄ ပါးကို နှလုံးသွင်းမှု၊
အဋ္ဌိကသညာမှု = အရိုးစုဟု အမှတ်ထားမှု၊]
စိတ်ကို အစိုးရမှု မည်သည် အမျိုးမျိုး အဆင့်ဆင့် ရှိ၏၊ ကာယဂတာသတိ တည်ထောင်မိမှုသည် မြတ်စွာဘုရားတို့၏ သာသနာ အလုပ်၌ အစစွာသော အစိုးရမှု ပေတည်း၊ သမထလမ်းကို မလိုက်လိုကြမူ၍ သုက္ခဝိပဿက ပုဂ္ဂိုလ်တို့၏ လမ်းဖြစ်သော ဝိပဿနာမှု သက်သက်ကိုသာ အားထုတ်ကြလျှင် ကာယဂတာသတိ ထမြောက်သည်မှ ဝိပဿနာသို့ တက်ကြလေ။
ကာယဂတာ သတိပဋ္ဌာန်ကို အသီးအခြား မလုပ်လိုပြီ၊ ဝီရိယကိုသာ ထက်သန်စွာ အားထုတ်၍ ဝိပဿနာမှုမှာပင် ကာယဂတာသတိလည်း အပြီးပါအောင် အားထုတ် မည်ဆိုလျှင် ဉာဏ်စွမ်း ဝီရိယစွမ်း ရှိသောသူ မှန်ပေမူ ပြီးစီး၏၊ နာမ်ရုပ်တို့၏ ဖြစ်မှု ပျက်မှုကို အမြင်ပေါက်သော ဥဒယဗ္ဗယ ဉာဏ် နှင့်ယှဉ်သော ကာယဂတာသတိသည် အထွတ်အမြတ် ဖြစ်သော ကာယဂတာသတိ ပေတည်း။
သမထလမ်း၌လည်း ထွက်သက်ဝင်သက်ဖြစ်အံ့ ရူပါဝစရ စတုတ္ထဈာန် တိုင်အောင် ပေါက်ရောက်နိုင်၏၊ ကေသာ, လောမာ စသော ဒွတ္တိံသာကာရ ကာယဂတာသတိ၌ ဝဏ္ဏမနသိကာရမှု ဖြစ်အံ့၊ သမာပတ် ရှစ်ပါး အကုန် ပေါက်ရောက်နိုင်၏၊ ပဋိကူလမနသိကာရမှု ဖြစ်အံ့၊ ပဌမဈာန်သို့ ပေါက်ရောက်နိုင်၏၊ ဝိပဿနာအမြင် ပေါက်ပေလျှင် မဂ်ဉာဏ်, ဖိုလ်ဉာဏ် သို့လည်း ပေါက်ရောက် နိုင်တော့သည်၊ သမထ, ဝိပဿနာ မပေါက်သော်လည်း မိမိကိုယ်၌ မိမိစိတ်ကို ထားလိုသမျှ ထားနိုင်သော ကာယဂတာတိသို့ ရောက်လျှင်ပင် အမြိုက်နိဗ္ဗာန်ကို သုံးဆောင်ရသောသူ မည်၏ ဟူ၍ ဟောတော်မူပေ၏။
[ရူပါဝစရ စတုတ္ထဈာန် = နှစ်သက်ခြင်း ပီတိ၊ ချမ်းသာခြင်း သုခ ၂ ပါးရှိသောဈာန်၊
ဝဏ္ဏမနသိကာရမှု = အဆင်းအားဖြင့် နှလုံးသွင်း ဆင်ခြင်မှု၊
ပဋိကူလမနသိကာရမှု = စက်ဆုပ်ဖွယ်အားဖြင့် နှလုံးသွင်း ဆင်ခြင်မှု၊]
“အမတံ တေသံ ပရိဘုတ္တံ၊ ယေသံ ကာယဂတာသတိ ပရိဘုတ္တာ။”
( အင်္ဂုတ္တိုရ် ပါဠိတော်။)
ယေသံ - ရှင်ရှင်လူလူ အကြင်သူတို့သည်၊
ကာယဂတာသတိ - ကာယဂတာ သတိကို၊
ပရိဘုတ္တာ - သုံးဆောင်ရ၏၊
တေသံ - ထိုသူတို့သည်၊
အမတံ - အမြိုက် နိဗ္ဗာန်ကို၊
ပရိဘုတ္တံ - သုံးဆောင်ရ၏။
(အနက်။)
အမြိုက်နိဗ္ဗာန်ဆိုသည်ကား စိတ်၏ အလွန် အေးငြိမ်းခြင်းကို ဆိုသတည်း၊ ယခု ပကတိ မိမွေးတိုင်း ဘမွေးတိုင်း ရှိနေကြသော စိတ်သည် စိတ်ရူး, စိတ်နောက်, စိတ်လေ, စိတ်လွင့်မျိုး ဖြစ်၍ အလွန်ခြောက်သွေ့ ပူလောင်၏၊ ငြုတ်သီးပိုးသည် ငြုတ်သီးအပူကို မသိသကဲ့သို့ လည်းကောင်း, တဏှာနိုင်ငံသို့ လိုက်၍ နေသော သူသည် တဏှာအပူကို မသိသကဲ့သို့ လည်းကောင်း, ဒေါသမာန လွှမ်းမိုး၍ နေသောသူသည် ဒေါသအပူ မာနအပူကို မသိသကဲ့သို့ လည်းကောင်း, မိမိတို့ စိတ်ရူး စိတ်နောက် အပူကို ပူမှန်း မသိကြကုန်၊ ကာယဂတာသတိ ခိုင်မြဲစွာတည်၍ စိတ်ရူး စိတ်နောက် ပျောက်ငြိမ်းသော အခါမှ ထိုအပူကို ကောင်းကောင်းကြီး သိကြကုန်၏၊ ထို အပူငြိမ်းသော အခွင့်ကိုလည်း ရကြကုန်၏၊ ထိုအပူသို့ တစ်ဖန်ပြန်၍ ရောက်မည်ကိုပင် ကြောက်ကြကုန်၏၊ သမထဈာန် အနေသို့ရောက်သော ကာယဂတာ သတိပဋ္ဌာန်, ဥဒယဗ္ဗယ ဉာဏ်သို့ ရောက်သော ကာယဂတာ သတိပဋ္ဌာန်တို့၌ ဆိုဖွယ် မရှိပြီ။
ထို့ကြောင့် အထက် အထက်သော ပုဂ္ဂိုလ်အဖြစ်သို့ ရောက်လေလေ ကာယဂတာ သတိပဋ္ဌာန်ကို မလွှတ်နိုင်လေလေ ဖြစ်သတည်း။
အရိယာ ပုဂ္ဂိုလ်တို့သည်လည်း ပရိနိဗ္ဗာန် စံသည်တိုင်အောင် သတိပဋ္ဌာန်လေးပါးကို အာဟာရ ပြုကြကုန်တော့သည်၊ ထွက်သက် ဝင်သက်စသော ကိုယ်အင်္ဂါ၌ တစ်နာရီ, နှစ်နာရီ စသည်ဖြင့် စိတ်ကို တည်ငြိမ်စွာ ထားနိုင်ရုံမျှသော ကာယဂတာသတိ မူသည်ကား ဝီရိယ ထက်သန်လျှင် ထက်သန်သည့်အလျောက် ဝီရိယ ပျော့ညံ့လျှင် ပျော့ညံ့သည့် အလျောက် ခုနစ်ရက်ခန့်နှင့် ပေါက်သည်လည်းရှိ၏၊ ၁၅-ရက်ခန့်နှင့် ပေါက်သည်လည်းရှိ၏၊ တစ်လခန့်နှင့် ပေါက်သည်လည်း ရှိ၏၊ ၂ လ၊ ၃ လ၊ ၄ လ၊ ၅ လ၊ ၆ လ၊ တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်မှ ပေါက်သည်လည်း ရှိ၏။ ထွက်သက် ဝင်သက် လုပ်ပုံ အစီရင်မှာ ငါတို့စီရင်သော အာနာပါန ဒီပနီ ရှိလေ၏၊ ဒွတ္တိံသာကာရ အစီရင်မှာ ရှေးဆရာတို့ ထုတ်ပြသော ကမ္မဋ္ဌာန်းစာ အများရှိ၏၊ ဤဒွတ္တိံသာကာရ အလုပ်၌ ကေသာ, လောမာ, နခါ, ဒန္တာ, တစော ဤငါးခုသည် တစပဉ္စက မည်၏၊ ဤငါးခု ထင်မြင် စွဲမြဲလျှင်ပင် ကာယဂတာသတိ မြောက်တော့သည်။
[စတုဓာတုဝဝတ္ထာန် အစီအရင်, ရုပ်ဝိပဿနာ - နာမ်ဝိပဿနာ အစီအရင်တို့ကိုမူကား ငါတို့စီရင်သော “လက္ခဏဒီပနီ” “ဝိဇ္ဇာမဂ္ဂ ဒီပနီ” “အာနာပါန ဒီပနီ”, “အနတ္တ ဒီပနီ” စာအုပ်တို့မှာ ယူလေ။ ဤတွင်ရွှေ့ကား ခပ်သိမ်းသော ဘုရား သာသနာတို့၌ နေယျပုဂ္ဂိုလ်, ပဒပရမပုဂ္ဂိုလ် တို့သည် တွေ့ရှိဆဲဖြစ်သော ဘုရား သာသနာ၌ပင် မဂ်ဖိုလ်ကို ရနိုင်ခြင်းငှါ ဘာဝနာမှုတွင်ရှေးဦးစွာ တည်ထောင် အားထုတ်ကြသော ကာယဂတာသတိ ဘာဝနာဟု ဆိုအပ်သော သတိပဋ္ဌာန်လေးပါး အမြွက်ပြီး၏။]
သတိပဋ္ဌာန် ၄-ပါး ပြီး၏။
သမ္မပ္ပဓာန် ၄-ပါး
▬▬▬▬▬▬
သမ္မပ္ပဓာန် ဆိုသည်ကား -
“ဘုသံ ဒဟတိ ဝဟတီတိ ပဓာနံ၊ သမ္မဒေဝ ပဓာနံ သမ္မပ္ပဓာနံ”။
ဘုသံ - လွန်စွာ၊
ဒဟတိ ဝဟတိ - ရွက်ဆောင်တတ်၏၊
ဣတိ - ဤသို့သော အကြောင်းကြောင့်၊
ပဓာနံ - ပဓာန မည်၏၊
သမ္မဒေဝ - ကောင်းစွာသာလျှင်၊
ပဓာနံ - လွန်စွာ ဆောင်ရွက်တတ်သော တရားသည်၊
သမ္မပ္ပဓာနံ - သမ္မပ္ပဓာန်မည်၏။
တွန့်တိုခြင်းမရှိသော ဝီရိယကို သမ္မပ္ပဓာန် ဆိုသည်၊ အာတာပဝီရိယလည်း ခေါ်၏။ အားထုတ်မှု အရာ၌ လွန်စွာအပူအပန် အပင်အပန်း ခံနိုင်သော ဝီရိယဟူလို၊ အင်္ဂါလေးပါးနှင့် ပြည့်စုံသော ဝီရိယ၏အမည်ချည်းတည်း။ အင်္ဂါလေးပါးကိုမူကား -
“ကာမံ တစော စ နှာရု စ အဋ္ဌိ စ အဝသိဿတု။ ဥပသုဿတု မေ သရီရေ မံသလောဟိတံ၊ ယံ တံ ပုရိသထာမေန ပုရိသပရက္ကမေန ပတ္တဗ္ဗံ။ န တံ ပတွာ ဝီရိယဿ သဏ္ဌာနံ ဘဝိဿတိ။” ဟူ၍ ဟောတော်မူ၏။
မေ - ငါ၏၊
သရီရေ - ကိုယ်၌၊
တစော စ - အရေသည် လည်းကောင်း၊
နှာရု စ - အကြောသည် လည်းကောင်း၊
အဋ္ဌိစ - အရိုးသည် လည်းကောင်း၊
အဝသိဿတု - ကြွင်းကျန်လေစေ၊
မံသ လောဟိတံ - အသား အသွေးဟူသမျှသည်၊
ကာမံ - စင်စစ်၊
ဥပသုဿတု - ခန်းခြောက်၍ ကုန်လေစေ၊
ယံ တံ - အကြင် ဈာန်, မဂ်,ဖိုလ်တရား မည်သည်ကို၊
ပုရိသ ထာမေန - ယောက်ျားတို့၏ အစွမ်းဖြင့်၊
ပုရိသ ပရက္ကမေန - ယောက်ျားတို့၏ မတွန့်မရွံ့ စွန့်စားမှုဖြင့်၊
ပတ္တဗ္ဗံ - ရောက်ထိုက်၏၊
တံ - ထိုဈာန်, မဂ်,ဖိုလ်ကို၊
အပတွာ - မရောက်သည်ရှိသော်၊
ဝီရိယဿ - ဝီရိယ၏၊
သဏ္ဌာနံ - တန့်ရပ်ခြင်းသည်၊
န ဘဝိဿတိ - မဖြစ်လတ္တံ့။
(အနက်)
၁။ အရေကြွင်းစေ အင်္ဂါတစ်ပါး။
၂။ အကြောကြွင်းစေ အင်္ဂါတစ်ပါး။
၃။ အရိုးကြွင်းစေ အင်္ဂါတစ်ပါး။
၄။ အသား၊ အသွေး ကုန်ခန်း ခြောက်လေစေ အင်္ဂါတစ်ပါး။
ဤကား သမ္မပ္ပန်ဓာန် ဝီရိယ၏ အင်္ဂါလေးပါးတည်း၊ ဝီရိယကို အားထုတ်နိုင်လျှင် ရထိုက်သော တရားမျိုးသာ မှန်ပါစေ၊ မရသမျှ ငါမနေ၊ မပေါက်သမျှ ငါမနေ၊ မရောက် သမျှ ငါမနေ၊ ဝီရိယကို မလျှော့ပြီဟု အရှင်သောဏ မထေရ်၊ အရှင်စက္ခုပါလ မထေရ် တို့ကဲ့သို့ ဖြစ်သော ဝီရိယမျိုးတည်း။ ဝီရိယမှုမှာ ကမ်းကုန်အောင် လွှတ်မှုတည်း။ ဤကဲ့သို့ မြတ်စွာဘုရား ထားတော်မူခဲ့သော ဝီရိယ အပိုင်းအခြားကို သေသည့်နေ့တိုင် ပြည့်မှီအောင် အားထုတ်ပါလျက် ဈာန်, မဂ်, ဖိုလ်တရားကို မရနိုင်ရှိခဲ့လျှင်သာ ခေတ် သမယကို ချလိုလျှင် ချသင့်၏၊ ဒွိဟိတ်ကို ချလိုလျှင် ချသင့်၏၊ ပါရမီကို ချလိုလျှင် ချထိုက်၏။
ဖြစ်မြောက်အောင် အားမထုတ်ကြ
▬▬▬▬▬▬▬▬▬▬▬▬
ယခု လောက၌ အချို့သောသူတို့သည်ကား မြတ်စွာဘုရား ထားတော်မူခဲ့သော ဝီရိယ အပိုင်းအခြားကို အပြည့်မှီအောင် အားထုတ်မှုမှာ ဝေးစွ၊ ပကတိသော စိတ်လေ စိတ်လွင့်, စိတ်ရူး စိတ်နောက်ကို ပျောက်ငြိမ်းစေရန် ကာယဂတာသတိမှုကိုမျှ ဖြစ်မြောက်အောင် အားမထုတ် ကြပဲလျက် အချို့သူတို့ကား မဂ်, ဖိုလ်ကို ရထိုက် သောအခါ မဟုတ်၍ မရနိုင်ကြသည်ဟု ပြောဆိုကြကုန်၏၊ အချို့သူတို့ကား ယခု ကာလ၌ ဒွိဟိတ်သားတွေ ဖြစ်၍ မရနိုင်ကြသည်ဟု ပြောဆိုကြကုန်၏။ အလွန် အားထုတ်မှ ရနိုင်သော နေယျပုဂ္ဂိုလ်တို့၏ ခေတ်ကာလ၌ သမ္မပ္ပဓာန် ဝီရိယ အချိုး မကျ ရှိနေမှုကို မသိကြ၍ ပြောဆိုကြကုန်သတည်း။ သမ္မပ္ပဓာန် ဝီရိယ အချိုး ကျအောင် ပဟိတတ္တ စိတ်ထားနှင့် အားထုတ် ကြပါကုန်မူကား လူတစ်ထောင် အားထုတ်လျှင် သုံးရာ, လေးရာ, ငါးရာ စသည် လူတစ်ရာ အားထုတ်လျှင် သုံးကျိပ်, လေးကျိပ်, ငါးကျိပ်စသည် ဧကန်ထမြောက် ပေါက်ရောက်ကြကုန်ရာ၏။ ပဟိတတ္တ စိတ်ဆိုသည်ကား ဤအလုပ်နှင့် ဤ တစ်သက်ဟု တစ်စိတ်တည်း ချထား၍ အားအင်မယုတ် အစွမ်းထုတ်မှုတည်း။
သမ္မပ္ပဓာန် မဖြစ်နိုင်ကြ
▬▬▬▬▬▬▬▬▬▬▬▬
ရှင်သောဏ မထေရ် သည် ဝါတွင်း သုံးလပတ်လုံး အိပ်မှုမရှိ၊ ထိုင်မှု, စြင်္ကန်သွားမှုနှင့် အားထုတ်၏၊ ရှင်စက္ခုပါလလည်း ထို့အတူ၊ ဖုဿဒေဝမထေရ်သည် ထိုကဲ့သို့ ၂၅-နှစ် တိုင်တိုင် အားထုတ်မှ ရ၏၊ မဟာသိဝ မထေရ်သည် အိပ်မှုကို ပယ်ရှား၍ အနှစ် သုံးဆယ် အားထုတ်မှ ရ၏၊ ယခုကာလ၌ ထိုကဲ့သို့သော သမ္မပ္ပဓာန်မှု အလွန်ကြီး လို၍ နေကြ၏၊ အားထုတ်ကြသူတို့မှာလည်း ပရိယတ္တိ ဉာဏ်ပညာ အားသေးလျက် နေကြ၏၊ ပရိယတ္တိဉာဏ်ပညာ အလိမ္မာ ရှိကြ သူတို့မှာလည်း မြို့ရွာမှာနေလျှင် မြို့ဘုန်း ရွာဘုန်းကြီးမှု, တောတောင်မှာ နေလျှင်တောဘုန်း တောင်ဘုန်းကြီးမှု, တရားဓမ္မ ပြောဟောမှု, ကျမ်းဂန်ဓမ္မ ရေးသားမှု, ပလိဗောဓကြီးတွေနှင့် နေကြကုန်၏၊ နှစ်ရှည်လများ တစ်သွန်တည်း သွားသော သမ္မပ္ပဓာန် ဝီရိယ မဖြစ်နိုင်ကြကုန်။
အချို့သူတို့ကား ပါရမီပြည့်သဖြင့် ကျွတ်ချိန်ကျသောအခါ အလွယ်တကူနှင့် ကျွတ်ရ လိမ့်မည်၊ ယခုအခါ ရမည် မရမည်ကို မသိဘဲနှင့် အပန်းမခံနိုင်ဟု ယခုအပန်း ခံရမည်ကို ကြောက်ကြကုန်၏၊ အလွယ်တကူ ကျွတ်ခွင့်သို့မရောက်မီ အကြား၌ အပါယ်ငရဲသို့ အနှစ်တစ်သိန်း စသည် ကျ၍ ငရဲမီးတွင်းမှာ နေရမည့် ဒုက္ခနှင့် ယခုဘာဝနာ အလုပ်နှင့် အနှစ်သုံးဆယ် ပန်းရသော ဒုက္ခကို နှိုင်းယှဉ်၍ မကြည့် ကြကုန်၊ ယခု အနှစ်သုံးဆယ် ပန်းမှုသည် ငရဲ၌ သုံးနာရီ ပန်းမှုလောက် မဆိုးဝါး၊ ယခု အနှစ်သုံးဆယ် အပန်းခံလျှင် ထိုအပါယ်ကျမှုမှ ဧကန္တ လွတ်လိမ့်မည် သိသလား၊ မလွတ်လျှင် အတူတူပင် ဟူငြားအံ့၊ ကျွတ်ထိုက်လျှင် ယခုဘဝ၌ပင် ကျွတ်လိမ့်မည်၊ ယခုဘဝ မကျွတ်ထိုက်သေးလျှင် နောက်ဘဝ၌ ကျွတ်လိမ့်မည်၊ ဤဘုရားသာသနာ၌ မကျွတ်ရသော်လည်း အနှစ်သုံးဆယ် အပန်းခံရသော ဘာဝနာ အာစိဏ္ဏကံသည် အလွန်ကြီးကျယ်သော ကံဖြစ်၍ အပါယ်ကျခြင်း မရှိဘဲ သုဂတိဘဝ အဆက်ဆက် နှင့်ပင် နောက်ဘုရားကို တွေ့လိမ့်မည်၊ အားမထုတ်ဘဲ နေကြသူတို့မှာ အနှစ်သုံးဆယ် အပန်း မခံနိုင်ကြပါလျှင် ယခုဘဝ ယခုဘုရား သာသနာ၌ ကျွတ်ထိုက်သူ ဖြစ်ကြကုန်သော်လည်း မကျွတ်ကြကုန်ပြီ၊ အားမထုတ်ဘဲ နေကြသည့်အတွက် တစ်စုံ တစ်ခုမျှ တွက်ခြေမရှိ၊ ရှုံးမှုကြီး သက်သက်သာဖြစ်၏၊ ပညာသတိ ရှိကြစေကုန်။ [အာစိဏ္ဏကံ = အလေ့အထများသော အမှုအလုပ်]
ထိုသမ္မပ္ပဓာန်သည် လိုအပ်သော အကျိုးအပြားအားဖြင့် လေးပါးရှိ၏။
၁။ ဥပ္ပန္နာနံ အကုသလာနံ ဓမ္မာနံ ပဟာနာယ ဝါယာမော။
၂။ အနုပ္ပန္နာနံ အကုသလာနံ ဓမ္မာနံ အနုပ္ပါဒါယ ဝါယာမော။
၃။ အနုပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ ဥပ္ပါဒါယ ဝါယာမော။
၄။ ဥပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ ဘိယျောဘာဝါယ ဝါယမော။
၁။ ဥပ္ပန္နာနံ - မိမိသန္တာန်၌ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်ကုန်သော၊
အကုသလာနံ ဓမ္မာနံ - အကုသိုလ်တရားတို့ကို၊
ပဟာနာယ - ပယ်ခြင်းငှါ၊
ဝါယာမော - အားထုတ်ခြင်း လည်းကောင်း၊
၂။ အနုပ္ပန္နာနံ - မိမိသန္တာန်၌ ရှေ့သို့ ဖြစ်လတ္တံ့ကုန်သော၊
အကုသလာနံ ဓမ္မာနံ - အကုသိုလ်တရားတို့ကို၊
အနုပ္ပါဒါယ - နောင်ဘဝ အဆက်ဆက် တစ်ရံတစ်ဆစ်မျှ မိမိသန္တာန်မှာ မဖြစ်လာ စေခြင်းငှါ။
ဝါယာမော - အားထုတ်ခြင်းလည်းကောင်း၊
၃။ အနုပ္ပန္နာနံ - မိမိသန္တာန်၌ မဖြစ်ဘူးသေးကုန်သော၊
ကုသလာနံ ဓမ္မာနံ - ကုသိုလ်တရားတို့ကို၊
ဥပ္ပါဒါယ - မိမိသန္တာန်၌ ဖြစ်စေခြင်းငှါ၊
ဝါယာမော - အားထုတ်ခြင်း လည်းကောင်း။
၄။ ဥပ္ပန္နာနံ - မိမိသန္တာန်၌ ဖြစ်ဆဲဖြစ်ကုန်သော၊
ကုသလာနံ ဓမ္မာနံ - ကုသိုလ်တရားတို့ကို၊
ဘိယျောဘာဝါယ - နိယာမအဖြစ်သို့ ရောက်စေရန် လွန်စွာကြီးပွား စေခြင်းငှါ၊
ဝါယာမော - အားထုတ်ခြင်း လည်းကောင်း။
[နိယာမ = မြဲမြံခိုင်ခံ့သော သဘော]
သမ္မပ္ပဓာန် ဝီရိယ လေးပါးတည်း။
အကုသိုလ်၌ ဥပ္ပန္န - အနုပ္ပန္န ခွဲပုံ
▬▬▬▬▬▬▬▬▬▬▬▬
အဓိပ္ပါယ်ကား သံသရာ၌ ကျင်လည်၍ နေကြကုန်သော သတ္တဝါ အပေါင်းတို့၏ သန္တာန်၌-
(၁) ဥပ္ပန္န အကုသိုလ်၊
(၂) အနုပ္ပန္န အကုသိုလ် ဟူ၍ နှစ်ပါးစီ ရှိကြကုန်၏။
၁။ ဥပ္ပန္နအကုသိုလ် ဆိုသည်ကား အတိတ်အကုသိုလ်, ပစ္စုပ္ပန် အကုသိုလ်ကို ဆိုသတည်း။ ရှေးရှေးသော ကမ္ဘာအဆက်ဆက် ဘဝ အဆက်ဆက်တို့မှ ယနေ့ ထက်တိုင် မိုက်မှား ပြုကျင့်၍ လာခဲ့သော အကုသိုလ်ဟောင်းစု, ဒုစရိုက်ဟောင်းစု, မကောင်းစု ဆိုလိုသည်။ ထိုအတိတ် အကုသိုလ်သည် အပါယ်ငရဲ၌ ပဋိသန္ဓေအကျိုးကို ပေးခွင့်ရ၍ အချင်းခပ်သိမ်း ကုန်ငြိမ်း လေပြီးသော အကုသိုလ် ကံဟောင်းစုလည်း ရှိ၏၊ ပဋိသန္ဓေ အကျိုးကို ပေးခွင့်မရသေး၍ ထိုပုဂ္ဂိုလ် သန္တာန်တွင် ဘဝများစွာ ကမ္ဘာအဆက်ဆက် စိတ်ထဲ, နှလုံးထဲမှာ အမြဲပါရှိ၍ နေသော အကုသိုလ်ကံ ဟောင်းစုလည်းရှိ၏၊ သက္ကာယဒိဋ္ဌိ တင်းလင်း ရှိနေကြကုန်သော လူ, နတ်, ဗြဟ္မာ, သတ္တဝါတို့အား တစ်ယောက် တစ်ယောက်သော သူမှာပင် အဝီစိသို့ ကျရောက်ရန် ကြွေးဟောင်း, မြီဟောင်း အကုသိုလ်ကံပေါင်း အနန္တပါရှိ၍ နေကြ၏၊ ကြွင်းသော ငရဲ, ကြွင်းသော အပါယ်တို့သို့ ကျရောက်ရန် ကံဟောင်းတို့လည်း အနန္တပါရှိ၍ နေကြ၏၊ ဤသို့ ကံမြောက်ပြီးဖြစ်လျက် ပဋိသန္ဓေအကျိုးကို ပေးခွင့်မရသေး၍ အခွင့်ကို စောင့်စားကာ အစဉ်ပါရှိ၍နေကြသော အကုသိုလ် ဒုစရိုက်ဟောင်းစုကို ဤအရာ၌ ဥပ္ပန္န ဆိုသတည်း။
ထိုဥပ္ပန္န အကုသိုလ် ဒုစရိုက် ကံဟောင်းတို့သည် သက္ကာယဒိဋ္ဌိမှာ တွယ်တာကြကုန်၏၊ သက္ကာယဒိဋ္ဌိ ရှိနေသမျှ ကာလပတ်လုံး အကျိုးမပေးရလျှင် တစ်ခုသော ကံဟောင်းမျှ ပျောက်ပျက်သည် ဟူ၍ မရှိလေ၊ အကြင်အခါ၌ အနတ္တလက္ခဏာကို ကောင်းစွာ ထင်မြင်၍ သက္ကာယဒိဋ္ဌိ ချုပ်ဆုံး၏၊ ထိုအခါ၌ ထိုဥပ္ပန္နဖြစ်သော အကုသိုလ် ဟောင်းတို့သည် အဏုမြူမျှ အကြွင်းအကျန် မရှိကုန်မူ၍ အကုန် ကွယ်ပျောက်ကြ ကုန်၏၊ ထိုပုဂ္ဂိုလ်သည် ထိုဘဝမှစ၍ နောင်အနာဂတ် သံသရာ၌ ကံဟောင်းတို့ အတွက်နှင့် အပါယ်မှုကို အိပ်မက်တွင်မျှ မကြုံရလေပြီ။
၂။ အနုပ္ပန္န အကုသိုလ် ဆိုသည်ကား အနာဂတ် အကုသိုလ်တည်း၊ ယခုဘဝတွင် နောက်ခဏမှစ၍ ဘဝအဆက်ဆက် မိုက်ကွက်ရှိတိုင်း တွင်တွင်မိုက်မဲ မှောက်မှား၍ သွားဦးမည့် အကုသိုလ်သစ်, ဒုစရိုက်သစ်, အမိုက်သစ်, အမှားသစ် အနန္တတို့ကို အနုပ္ပန္န ဆိုသတည်း။ ထိုအကုသိုလ် ဒုစရိုက်သစ်, အမိုက်သစ်, အမှားသစ်တို့သည် တစ်ယောက် တစ်ယောက်သော သူအား တစ်ဘဝ တစ်ဘဝမှာပင် အနန္တ အနန္တ ဖြစ်နိုင်၏၊ ထိုအနုပ္ပန္န အကုသိုလ် ဒုစရိုက် အမိုက်ခပ်သိမ်း တို့သည် လည်း သက္ကာယဒိဋ္ဌိမှ ထွက်ကြကုန်၏၊ သက္ကာယဒိဋ္ဌိမှ ပေါက်ဖွားကြကုန်၏၊ အကြင်အခါ၌ သက္ကာယဒိဋ္ဌိ ချုပ်ဆုံး၏၊ ထိုအခါ၌ ထိုပုဂ္ဂိုလ်သန္တာန်တွင် ထိုအနုပ္ပန္နဖြစ်သော အကုသိုလ် ကံသစ်တို့သည် အဏုမြူမျှ အကြွင်းအကျန် မရှိကုန်မူ၍ အကုန် ချုပ်ငြိမ်း ကြကုန်၏၊ ထိုသန္တာန်၌ နောက်ခဏ, နောက်ဘဝ, နောက်ကမ္ဘာ အဆက်ဆက်တို့၌ တစ်ရံတစ်ဆစ်မျှ ဖြစ်လာခြင်း မရှိသည်ကို ချုပ်ပြီးမှု ဆိုသတည်း။ ထိုပုဂ္ဂိုလ်သည် ထိုခဏမှစ၍ နောက် အနမတဂ္ဂ သံသရာ၌ ပါဏာတိပါတ အစရှိသော အကုသိုလ် ဒုစရိုက် အမိုက် အမှားမှုများကို အိပ်မက်တွင်မျှ မကြုံရလေပြီ။
သက္ကာယဒိဋ္ဌိ ရှိနေကြကုန်သည် ရှိသော် လေးကျွန်းသေဌ်နင်း စကြာမင်း တို့သည် လည်း ငရဲမီးတွေ ရှေ့နောက် တစ်ခွင်လုံး ညှပ်၍ နေဘိသကဲ့သို့ ထိုဥပ္ပန္န, အနုပ္ပန္န အကုသိုလ် နှစ်ရပ်ကို ညှပ်၍ လှောင်၍ နေကုန်၏၊ အပူကောင်ကြီး သက်သက် တို့သာတည်း၊ နတ်ပြည်ခြောက်ထပ် နတ်မင်း၊ သိကြား မင်းကြီး, ရူပ, အရူပ ဗြဟ္မာမင်းကြီးတို့သည်လည်း ထို့အတူ အပူကောင်ကြီးတွေ တို့သာတည်း၊ ငရဲကြိုး, ငရဲလွန်, အပါယ်ကြိုး, အပါယ်လွန်, တင်းလင်းနှင့် အကျဉ်းအကြပ် နေရသော သူတို့သာတည်း။ သံသရာ ဝဲဩဃကြီး၌ နစ်သမား, မွန်းသမား တို့သာတည်း၊ မြုပ်သမား, မျောသမား တို့သာတည်း။
အနမတဂ္ဂ သံသရာတွင် အလွန်တွေ့ကြုံခဲလှသော ဘုရား သာသနာကို မြော်ကြ ရကုန်သည်, တောင့်တကြရကုန်သည်ကား ဖြစ်လေရာရာ အစဉ်ပါ၍ ရှေ့တစ်ခွင်လုံး နောက်တစ်ခွင်လုံး ဝိုင်းအုံ လှောင်ညှပ်၍ နေကုန်သော ထို ဥပ္ပန္န, အနုပ္ပန္န အကုသိုလ် ငရဲမီးတို့၏ တစ်ခါတည်းပြီး ချုပ်ငြိမ်းခြင်း ဟူသော အခွင့်ကို အလွန်အလိုရှိကြ ကုန်သည်ဖြစ်၍ ဘုရားသာသနာကို မြော်ကြ ရကုန်၏၊ တောင့်တရကုန်၏၊ ဘုရားသာသနာနှင့် တွေ့ကြုံကြသော သူတို့သည်လည်း ထိုဘဝတွင် ထိုဥပ္ပန္န အနုပ္ပန္န အကုသိုလ် ငရဲမီးတို့ကို အသေသတ်မှု အလုပ်တစ်ခုကိုသာ ကိုယ်ကျိုး ကိုယ်စီးပွား ပြုလုပ်ကြရကုန်၏၊ ထိုဥပ္ပန္န, အနုပ္ပန္န အကုသိုလ် နှစ်ရပ်တို့ကို အသေသတ်မှု ဆိုသည် လည်း သက္ကာယဒိဋ္ဌိကို အသေသတ်မှု သာတည်း၊ သက္ကာယဒိဋ္ဌိ သေလျှင် ထို အကုသိုလ် နှစ်ရပ်တို့လည်း အကုန်သေကုန်တော့သည်။
[အနမတဂ္ဂ သံသရာ = အစမထင်သော ခန္ဓာ အာယတန ဓာတ်တို့၏ မပြတ်ဖြစ်စဉ်]
ထိုအကုသိုလ်နှစ်ရပ် သေငြိမ်းပြီးသော ဝိသာခါ, အနာထပိဏ် အစရှိကုန်သော အသင်္ချေယျ အနန္တ များလှစွာကုန်သော ဘုံစဉ်စံ သောတာပန်ဖြစ်သူ နတ်, လူ, ဗြဟ္မာ အပေါင်းတို့သည်ကား သက္ကာယဒိဋ္ဌိ ချုပ်ငြိမ်းသော နာရီမှစ၍ ဝဲဩဃ သံသရာ၌ နစ်မှု, မွန်းမှု, မြုပ်မှု, မျောမှုတို့မှ ကျွတ်လွတ်ကြလေကုန်၏၊ သဥပါဒိသေသ ပဌမ နိဗ္ဗာန် တွင်းသို့ ရောက်ကြလေကုန်၏၊ ဘဝများစွာ ကမ္ဘာများစွာ သံသရာ၌ ကျင်လည်၍ သွားကြကုန်သော်လည်း လောကီဘုံသူ, လောကီဘုံသား မဟုတ်ကြ ကုန်ပြီ၊ ဘုံစဉ်စံအရိယာ လောကုတ္တရာဘုံသူ, လောကုတ္တရာ ဘုံသားတို့ပေတည်း။
[သဥပါဒိသေသ ပဌမနိဗ္ဗာန် = ဝိပါက်နှင့် ကမ္မဇရုပ်ဟူသော ဤခန္ဓာကြီး တင်းလင်း ရှိလျက်နှင့် ရှေးဦးစွာ သောတာပတ္တိ မဂ်ဉာဏ်ဖြင့် မြင်အပ်သော နိဗ္ဗာန်]
ဤကား သောတာပန်ပုဂ္ဂိုလ်တို့ ကျွတ်လွတ်ကြသော ဥပ္ပန္န, အနုပ္ပန္န အကုသိုလ် နှစ်ရပ် တို့ကို ပြဆိုချက်တည်း။
အကုသိုလ်၌ ဥပ္ပန္န, အနုပ္ပန္န ခွဲခန်းအမြွက် ပြီး၏။
ကုသိုလ်၌ ဥပ္ပန္န - အနုပ္ပန္န ခွဲနည်း
▬▬▬▬▬▬▬▬▬▬▬▬
ကုသိုလ်၌ ဥပ္ပန္န, အနုပ္ပန္န ခွဲခန်းကို သီလ, သမာဓိ, ပညာ ဟူသော သာသနာ ၃-ပါး၊ သီလဝိသုဒ္ဓိ, စိတ္တဝိသုဒ္ဓိ, ဒိဋ္ဌိဝိသုဒ္ဓိ, ကင်္ခါဝိတရဏဝိသုဒ္ဓိ, မဂ္ဂါမဂ္ဂဉာဏ ဒဿနဝိသုဒ္ဓိ, ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိ, လောကုတ္တရ ဉာဏဒဿန ဝိသုဒ္ဓိ ဟူသော ဝိသုဒ္ဓိခုနစ်ပါး တို့ကို အစဉ်မှီ၍ ပြဆိုပေအံ့။
ကြောက်လန့်ဖွယ်ရာ သံသရာ
▬▬▬▬▬▬▬▬▬▬▬
ဤသံသရာကြီးသည် အလွန်ကြောက်ဖွယ်, လန့်ဖွယ် ကောင်းလှ၏ - ဆိုသည်မှာ လည်း ဒိဋ္ဌိ အမှောက် အမှားကြီးလျှင် အရင်းရှိသော ပြဆိုခဲ့ပြီးသော ဥပ္ပန္န, အနုပ္ပန္န, ဒုစရိုက် အမိုက်အမဲတို့ အတွက်ပင်တည်း။ ဤသံသရာကြီးသည် ခိုရာမရှိ, ကိုးရာမရှိ, ပုန်းအောင်းရာမရှိ ဆိုသည်မှာလည်း ထိုဒိဋ္ဌိအမှောက်အမှား ဒုစရိုက် အမိုက်အမဲ အကုန်ချုပ်ငြိမ်းလျှင် ထိုသူမှာ အပါယ် သံသရာကြီး အပြီးလွတ်ငြိမ်း၏၊ မြင့်မြတ် သော လူ့ဘဝ၊ နတ်ဘဝ၊ ဗြဟ္မာ့ဘဝတို့သာ ကျန်ရှိကုန်၏။
ထို့ကြောင့် အပါယ်သံသရာကြီးနှင့်တကွ ဥပ္ပန္န, အနုပ္ပန္နဖြစ်သော ဒုစရိုက် အသစ် အဟောင်းတို့ကို တစ်ပေါင်းတည်း တစ်လုံးတည်း တစ်ချက်တည်း ကျွတ်လွတ် စေခြင်းငှါ ဘုရားသာသနာကို မြော်ကြ တောင့်တကြ ရသည်နှင့်အညီ ယခုတွေ့ကြုံ၍ နေကြဆဲအခါ ထိုဒိဋ္ဌိ အမှောက်အမှား ကြီးကို အသေသတ်ကြကုန်ရာ၏။
ထိုဒိဋ္ဌိသည် သတ္တဝါတို့၏ သန္တာန်၌ အခိုက်အတန့်သုံးပါးဟု ဆိုအပ်သော ဘုံသုံးဆင့်, ဘုံသုံးထပ် အနေနှင့်တည်နေ၏၊ ဝီတိက္ကမ ဘုံတစ်ဆင့်, ပရိယုဋ္ဌာန ဘုံတစ်ဆင့်, အနုသယ ဘုံတစ်ဆင့်, ဤကား သက္ကာယဒိဋ္ဌိ ဘုံသုံးဆင့်တည်း၊ နိုင်ငံသုံးရပ်လည်း ဆိုရ၏၊ ဒိဋ္ဌိကြမ်း, ဒိဋ္ဌိလတ်, ဒိဋ္ဌိနု သုံးမျိုးဟူလို၊ ဤအရာ၌ ဒိဋ္ဌိ၏ သား, မြေး ဖြစ်ကြကုန်သော ဒုစရိုက် ဆယ်ပါးတို့ကို ဒိဋ္ဌိ၌ အတွင်းဝင်ပြု၍ ဆိုပေအံ့။
[ဝီတိက္ကမ = ပြုလုပ်လွန်ကျူး ပြီးမြောက်ငောအမှု၊
ပရိယုဋ္ဌာန = ထကြွ ပေါ်ပေါက်လာမှု၊
အနုသယ = အစဉ်ကိန်းအောင်း တည်ရှိသော အငွေ့အသက်သဘော၊]
၁။ ဝီတိက္ကမ ဒိဋ္ဋိကြမ်း ဆိုသည်ကား - အကုသိုလ် ကာယကံကိစ္စ, ဝစီကံကိစ္စနှင့် ထကြွ သောင်းကျန်းသော ဒိဋ္ဌိတည်း။
၂။ ပရိယုဋ္ဌာန ဒိဋ္ဌိလတ် ဆိုသည်ကား-မနောဒွါရ၌သာ ပွက်ပွက်ဆူ ထကြွသော ဒိဋ္ဌိ တည်း။
၃။ အနုသယ ဒိဋ္ဌိနု ဆိုသည်ကား - ကာယကံ, ဝစီကံ, မနောကံ ဟူသော ကံသုံးပါးအနေနှင့် လှုပ်ရှားထကြွ ခြင်း မရှိမူ၍ အနမတဂ္ဂသံသရာ ခန္ဓာအစဉ်၌ အမြဲနိစ္စ ထာဝရ ကိန်းဝပ် တည်ထောင်၍ နေသော ဒိဋ္ဌိတည်း။
မီးခြစ်မှဖြစ်သော မီး၌ အခိုက်အတန့် ၃-ပါး ရှိ၏၊ မီးခြစ်ခဲ တစ်ခုလုံးမှာ ကိန်းဝပ်နေသော မီးဓာတ်တစ်မျိုး၊ ကော်ဖတ်နှင့် တိုက်ခိုက်ရာ မီးခြစ်တံမှာ တောက်၍ နေသော မီးတစ်မျိုး၊ ဝတ္ထုတစ်ပါးနှင့် ပေါင်းဆုံမိက မီးခြစ်တံမှ ဝတ္ထုတစ်ပါးသို့ ကူး၍ တောက်လောင်သော မီးတစ်မျိုး၊ အမှိုက်သရိုက်, အဝတ်ပုဆိုး, အိမ်ယာ, ကျောင်းကန်, ဝင်းခြံ, ရပ်ရွာကို လောင်သောမီးကို ဝတ္ထုတစ်ပါးသို့ ကူး၍ တောက်လောင်သော မီး ဆိုသတည်း၊
ဤဝတ္ထု တစ်ပါးသို့ကူး၍ တောက်လောင်သော မီးနှင့် ဝီတိက္ကမ ဒိဋ္ဌိကြမ်းသည် တူ၏၊ မီခြစ်တံမှာ တောက်၍ နေသော မီးနှင့် လှုပ်ရှားထကြွရန် အာရုံအကြောင်း ဆိုက်တိုက် မိတိုင်း မနောဒွါရမှ ထကြွသော ပရိယုဋ္ဌာန ဒိဋ္ဌိလတ်သည် တူ၏၊ မီးခြစ်ခဲတစ်ခုလုံးမှာ ကိန်းဝပ်၍နေသော မီးဓာတ်နှင့် အနမတဂ္ဂဘဝအစဉ်၌ ကိုယ်ခန္ဓာ တစ်ခုလုံးမှာ အမြဲထာဝရ ကိန်းဝပ်တည်ထောင်၍ နေသော အနုသယ ဒိဋ္ဌိနုသည် တူ၏။
အကြောင်းမဆုံခိုက်သာ ငြိမ်ပုံ
▬▬▬▬▬▬▬▬▬▬▬
ထိုမီးဓာတ်သည် ကော်ဖတ်ကော်နှင့် မတိုက်သေးသမျှ ကာလပတ်လုံး ထကြွခြင်းမရှိ၊ ယမ်းပုံယမ်းစုမှာ ထားသော်လည်း ဥပါဒ်မရှိ၊ ထို့အတူ ထိုအနုသယဒိဋ္ဌိသည် မကောင် သော အာရုံ မကောင်းသော အကြောင်းတို့နှင့် မတွေ့ဆုံသေးသမျှ ကာလပတ်လုံး မနောဒွါရ၌မျှ ထကြွခြင်း မရှိ၊ ကိန်းဝပ်မြဲ အတိုင်းသာ တည်နေ၏၊ မကောင်းသော အာရုံ, မကောင်းသော အကြောင်း ထို ခြောက်ဒွါရ၌ ခိုက်တိုက်လာသည် ရှိသော် အနုသယဘုံမှ ခဏချင်းထကြွ၍ မနောဒွါရ၌ ပရိယုဋ္ဌာနဘုံသို့ ဇောကိစ္စနှင့် ထကြွ ဆူပွက်၍ လာ၏။
ထိုအခါတွင် သူတော်ကောင်းတရားနှင့် နှိပ်ကွပ်နိုင်ခဲ့ပါမူ ထိုဘုံမှ ချုပ်ကွယ်၍ အနုသယဘုံ၌ ကိန်းဝပ်မြဲ ကိန်းဝပ်ပြန်၏၊ မနှိပ်ကွပ်နိုင်ခဲ့ပါမူ မနောဒွါရ၌သော်လည်း ဇောတစ်ဖွားဖွား ပွားစီး၍ နေတတ်၏၊ ထိုထက် လှုံ့ဆော်မှု အားကြီးပြန်လျှင် ပရိယုဋ္ဌာနဘုံမှ ခဏချင်း ထကြွ၍ ဝစီဒွါရ၌ ဝီတိက္ကမဘုံမှ ဒုစရိုက်စကား တစ်ဖွားဖွား, ဒိဋ္ဌိစကား တစ်ဖွားဖွားနှင့် လူကြား ရှင်ကြား ဖြစ်၍နေ၏၊ ကာယဒွါရ၌သော်လည်း ဝီတိက္ကမဘုံမှာ ဒုစရိုက် အမူအရာ, ဒိဋ္ဌိအမူအရာတို့နှင့် သောင်းကျန်း၍ နေ၏။
သူတော်စင် သူတော်ကောင်း
▬▬▬▬▬▬▬▬▬▬▬
လောက၌ကား ဝီတိက္ကမဘုံ, ပရိယုဋ္ဌာနဘုံ လုံခြုံ၍ ကာယကံ, ဝစီကံ, မနောကံ ဟူသော ကံသုံးပါး ဖြူစင်ပေလျှင် သူတော်စင် သူတော်ကောင်း ခေါ်ကြရကုန်၏။ အနုသယဘုံကို မူကား မသိနိုင်ကြကုန်၊ အနုသယဘုံ မပျက်စီးက ပရိယုဋ္ဌာနဘုံ, ဝီတိက္ကမဘုံ လုံခြုံသည် ဆိုသော်လည်း တဒင်္ဂ တစ်ခဏသာ လုံခြုံနိုင်၏၊ သူတော် ကောင်း တရား အားကောင်းလှလျှင် မသေမီကာလ တစ်ဘဝသာ လုံခြုံနိုင်၏၊ နောက် ခဏ နောက်ဘဝတို့၌မူကား ပွက်ကြမ်း၍ ထလေကုန်အံ့ သတည်း။ လောဘ၌လည်း ဘုံ၃-ဆင့်, ဒေါသ၌လည်း ဘုံ၃-ဆင့်, မောဟ၌လည်း ဘုံ ၃-ဆင့် ကိုယ်စီ ရှိကြသည်ကို သိလေ။
ဒိဋ္ဌိ၏ ဘုံသုံးဆင့် နိုင်ငံသုံးရပ်ကို အစဉ်အတိုင်း အဆုံးတိုင် ဖြိုဖျက်ခြင်းငှါ သီလ, သမာဓိ, ပညာ ဟူသော သိက္ခာ သုံးပါးကို အားထုတ်ကြရကုန်၏၊ သီလဝိသုဒ္ဓိ အစရှိသော ဝိသုဒ္ဓိခုနစ်ပါးကို အားထုတ်ကြရကုန်၏။
“သီလ”
ပကတိလူတို့၌ အာဇီဝဋ္ဌမကသီလဟု ဆိုအပ်သော နိစ္စသီလသည် သီလမည်၏၊ ဤပကတိလူတို့၌ အဋ္ဌင်္ဂဥပေါသထ သီလ, ဒသင်္ဂသီလ နှစ်ပါးသည် အမွှမ်းတင် သီလတည်း၊ နိစ္စသီလမျိုး မဟုတ်၍ တတ်နိုင်လျှင် ကောင်း၏၊ မတတ်နိုင်လျှင် နေရ၏၊ ညောင်ခေါက်စသော ဖန်ရည်ဆိုးသော အဝတ်ကို ဝတ်၍ ပဗ္ဗဇိတအသွင် သူတော်စင် အဖြစ်၌ တည်ကုန်သော လူဝိသေသတို့၌ အာဇီဝဋ္ဌမကသီလနှင့် ဇာတရူပ တိုင်အောင်သော ဒသင်္ဂနိစ္စသီလသည် သီလမည်၏။ အဋ္ဌင်္ဂ ဥပေါသထသီလသည် ဒသင်္ဂသီလ၌ အတွင်းဝင်လေ၏၊ ရဟန်းတို့၌ စတုပါရိသုဒ္ဓိသည် သီလ မည်၏။
“သမာဓိ”
ထွက်သက် ဝင်သက်အာရုံ, အဋ္ဌိကအာရုံ စသည်တို့၌ ရှုကြည့်စွဲမြဲ ဖြစ်လာသော ပရိကမ္မဘာဝနာ, ဥပစာရ ဘာဝနာ, သမာပတ်ရှစ်ပါးဟု ဆိုအပ်သော အပ္ပနာဘာဝနာ ဤဘာဝနာ သမာဓိ သုံးပါးသည် သမာဓိ မည်၏။
“ပညာ”
ဒိဋ္ဌိဝိသုဒ္ဓိ အစရှိသော လောကီဝိ သုဒ္ဓိလေးပါး, လောကုတ္တရ ဉာဏဒဿနာ ဝိသုဒ္ဓိ၊ ဤ ဝိသုဒ္ဓိငါးပါးသည် ပညာမည်၏။
သီလသမာဓိပညာသုံးပါး ခွဲနည်း ပြီး၏။
ဒိဋ္ဌိဘုံသုံးမျိုးကို သိက္ခာသုံးပါးက ဖြိုခွဲပုံ
▬▬▬▬▬▬▬▬▬
ဒိဋ္ဌိ၏ ဘုံကြီး ၃-ဆင့်, နိုင်ငံကြီး ၃-ရပ်တို့တွင် …
၁။ သီလသည် ဝီတိက္ကမဘုံကြီး ဝီတိက္ကမနိုင်ငံကြီးကို ဖျက်ဆီးနိုင်၏။ သီလဝိသုဒ္ဓိနှင့် ပြည့်စုံလျှင် ကာယကံ သောင်းကျန်းမှု, ဝစီကံ သောင်းကျန်းမှု မရှိနိုင်ပြီ ဟူလို။
၂။ သမာဓိသည် ဒိဋ္ဌိ၏ ပရိယုဋ္ဌာနဘုံကြီး ပရိယုဋ္ဌာန နိုင်ငံကြီးကို ဖျက်ဆီးနိုင်၏၊ ဘာဝနာ မနသိကာရ စွဲမြဲပါလျှင် မနောကံ ဆိုးဝါးမှု မရှိနိုင်ပြီဟု ဟူလို။
၃။ ပညာသည် ဒိဋ္ဌိ၏ အနုသယဘုံကြီး အနုသယနိုင်ငံကြီးကို ဖျက်ဆီးနိုင်၏၊ ခန္ဓာကိုယ် တစ်ခုလုံးကို ရုပ်အစု, နာမ်အစု, အနိစ္စ, ဒုက္ခ, အနတ္တအစုဟု အလင်း ထင်မြင်ခဲ့လျှင် ပုဂ္ဂိုလ်သတ္တဝါ နိစ္စ, သုခ, အတ္တ အနေနှင့် ဘဝအဆက်ဆက် အရိုး စိုက်၍ ကိန်းဝပ်တည်ထောင်ကာ နေသော ဒိဋ္ဌိအသိုက် အအုံကြီးသည် ကွယ်ပျောက် လေ၏ ဟူလို၊ ဤဒိဋ္ဌိ အနုသယ အသိုက်အအုံကြီး ရှိနေသမျှ ကာလပတ်လုံး သီလ, သမာဓိတို့နှင့် ဝီတိက္ကမဘုံ, ပရိယုဋ္ဌာနဘုံ တို့ကို ဖျက်ဆီး သော်လည်း တဒင်္ဂသာ ပျက်စီးနိုင်သည်။
ဥပ္ပန္န, အနုပ္ပန္န ခွဲနည်းသည် ယခုပစ္စုပ္ပန်ဘဝမှ စ၍ ခွဲနည်း, အတိတ် သံသရာမှစ၍ ခွဲနည်းအားဖြင့် ၂-ပါး ရှိ၏။
ယခု ပစ္စုပ္ပန်ဘဝမှစ၍ ခွဲနည်းကို ပြဆိုပေအံ့။
ယခုဘဝ၌ သီလကို မဆောက်တည်ဖူးသောသူအား ဥပ္ပန္နသီလ ဟူ၍ပင်မရှိ၊ ဆောက်တည် ဖူးသောသူအား သီလသည် ဥပ္ပန္န မည်၏၊ အားမထုတ်ဖူးသေးသော သမာဓိ, ပညာသည် အနုပ္ပန္န မည်၏။
ဤနည်းတူ သမာဓိ အဆင့်ဆင့်, ပညာအဆင့် ဆင့်တို့၌လည်း ရောက်ဖူး, ရဖူးသည်ကို ဥပ္ပန္န, မရောက်ဖူး, မရဖူးသေးသည်ကို အနုပ္ပန္န ဆိုလေ။
ဤဘဝမှစ၍ ခွဲနည်း ပြီး၏။
အနမတဂ္ဂသံသရာမှ စ၍ ခွဲနည်းမှာ -
၁။ သီလသည် လောကီသီလ, လောကုတ္တရာသီလ ဟူ၍ ၂-ပါး ရှိ၏။ လောကီ သီလသည် အနမတဂ္ဂ အတိတ်ကာလ၌ မဖြစ်ဘူးသည် ဟူ၍ မရှိရာသောကြောင့် ဥပ္ပန္န မည်၏၊ ပုထုဇဉ်သတ္တဝါတို့အား လောကုတ္တရာ သီလသည် အနုပ္ပန္န မည်၏။
၂။ သမာဓိသည်လည်း လောကီသမာဓိ, လောကုတ္တရာ သမာဓိ ဟူ၍ ၂-ပါးရှိ၏၊ လောကီသမာဓိ သည် ရှေးရှေး၌ ဖြစ်ဘူးလှပြီဖြစ်၍ ဥပ္ပန္န မည်၏၊ ပုထုဇဉ် သတ္တဝါ တို့အား လောကုတ္တရာ သမာဓိ သည် အနုပ္ပန္န မည်၏။
၃။ ပညာသည်လည်း လောကီပညာ, လောကုတ္တရာပညာ ဟူ၍ ၂-ပါးရှိ၏၊ ဒိဋ္ဌိဝိသုဒ္ဓိ, ကင်္ခါဝိတရဏ ဝိသုဒ္ဓိ, မဂ္ဂါမဂ္ဂ ဉာဏဒဿန ဝိသုဒ္ဓိ, ပဋိပဒါ ဉာဏဒဿန ဝိသုဒ္ဓိ ဟူသော ဝိသုဒ္ဓိ လေးပါးသည် လောကီပညာ မည်၏၊ ဤလောကီပညာသည် ရှေးရှေး သော ဘုရား သာသနာတော် တို့၌ ဖြစ်ဖူးသော သူတို့အား ဥပ္ပန္န မည်၏၊ မဖြစ်ဖူးသေး သော သူတို့အား အနုပ္ပန္န မည်၏။ လောကုတ္တရာ ဉာဏဒဿန ဝိသုဒ္ဓိသည် လောကုတ္တရာပညာ မည်၏၊ ဤ လောကုတ္တရာ ပညာသည် ပုထုဇဉ် သတ္တဝါတို့အား တစ်ရံတစ်ဆစ်မျှ မဖြစ်ဖူး သေးသောကြောင့် အနုပ္ပန္န မည်၏။
ကုသိုလ်၌ ဥပ္ပန္န, အနုပ္ပန္န ခွဲနည်း ပြီး၏။
သီလကုသိုလ် ၂-ပါး
▬▬▬▬▬▬▬
ဝီရိယလေးချက်ကို ပြဆိုပေအံ့။ ဥပ္ပန္န အကုသိုလ် ဟောင်းတွေကို အကုန်ပယ်မှု ဟူသည်လည်း ဘုရားသာသနာနှင့် ကြုံကြိုက်ဆဲ အခါ၌သာ ဖြစ်ပေါ်သော အမှု ပေတည်း၊ နောင်ဘဝ အဆက်ဆက် ဖြစ်လတ္တံ့သော အနုပ္ပန္န အကုသိုလ်သစ်တွေကို မဖြစ်လာရအောင် ပြုမှု ဟူသည်လည်း ဘုရားသာသနာနှင့် ကြုံကြိုက်ဆဲ အခါ၌သာ ဖြစ်ပေါ်သော အမှုပေတည်း၊ အနမတဂ္ဂ သံသရာပင် ကြာညောင်းသော်လည်း ဘုရားသာသနာနှင့် မကြုံကြိုက်က ထိုအကုသိုလ် နှစ်အဖို့တို့ကို ပယ်ဖျက်ပေါက် မရှိ၊ အဘယ်ကြောင့်နည်း ဟုဆိုသော် အကုသိုလ် နှစ်အဖို့တို့ကို ပယ်သတ် မှုဆိုသည် ကား သက္ကာယဒိဋ္ဌိ၏ အနုသယဘုံကြီး, အနုသယ အသိုက်အအုံကြီး, အနုသယနိုင်ငံကြီးကို အကုန်အစင် ဖြိုဖျက်မှုကို ဆိုသတည်း။
ဒိဋ္ဌိအနုသယ အသိုက်အအုံကြီးကို ဖြိုဖျက်မှု ဆိုသည်လည်း အနတ္တဘာဝနာ အလုပ်ပေတည်း၊ အနတ္တဘာဝနာအလုပ် မည်သည်လည်း ဘုရားသာသနာ ပေါ်ရှိခိုက် အခါ၌သာ ပေါ်ရှိ၏၊ ပစ္စေကဗုဒ္ဓါ အလောင်းအလျာ တို့သည်လည်း ဘုရားသာသနာ ကြုံကြိုက်ဆဲအခါ အနတ္တဘာဝနာ မျိုးစေ့ကို ယူကြရကုန်၏၊ “ဘုရားသာသနာ မရှိခိုက် အခါ၌ အနတ္တဟူသော အသံမျှပင် လောက၌ မရှိကြ”။ အနတ္တအသံ ဆိုသည်ကား ရုပ်, နာမ်, ခန္ဓာ, အာယတန, ဓာတ်, ပဋိစ္စသမုပ္ပါဒ် အသံတို့ကို ဆို သတည်း။ အဘိဓမ္မာ ပိဋကတ်သည် အနတ္တသံပေတည်း။ သြင်္ဂိုဟ် တစ်ကျမ်းလုံးသည် အနတ္တသံပေတည်း။
အနတ္တဘာဝနာအလုပ် ဆိုသည်ကား - သီလဝိသုဒ္ဓိကို ရှေးဦးစွာ ပြည့်စုံစေ၍ ကာယဂတာသတိကို တည်ထောင်ပြီးလျှင် အစိုးမရသော မိမိစိတ်ရူး၊ စိတ်နောက်ကို ပျောက်ငြိမ်းအောင် ပြုပြီးမှ သမထအလုပ်, ဝိပဿနာအလုပ်တို့ကို အားထုတ်ခြင်း တည်း။ ထိုသို့ အားထုတ်၍ အနတ္တဘာဝနာ ကောင်းစွာ ထမြောက်သဖြင့် ဒိဋ္ဌိအနုသယ ဘုံကြီး အကုန် ပျက်စီးသောအခါမှ ဥပ္ပန္န, အနုပ္ပန္န ဖြစ်သော ခပ်သိမ်းသော မိစ္ဆာဒိဋ္ဌိ, ခပ်သိမ်းသော ဒုစရိုက် အမိုက်အမှားတို့သည် အကုန် ချုပ်ငြိမ်း ကုန်၏။
မိမိသန္တာန်၌ မဖြစ်ဖူးသေးသော ကုသိုလ်တရားကို ဖြစ်စေခြင်းငှါ အားထုတ်မှု, ဖြစ်ဖူးပြီးသော ကုသိုလ်တရားကို နိယာမအဖြစ်သို့ ရောက်အောင် ပွားများအားထုတ်မှု ဆိုသည်လည်း ထိုကာယဂတာသတိကို တည်ထောင်မှုမှစ၍ အနတ္တဘာဝနာ ကိစ္စ ထမြောက်အောင် အားထုတ်မှု ကိုပင် ဆိုသတည်း။
သီလ၌ အနမတဂ္ဂ သံသရာမှာ ပုထုဇဉ်တို့၏ သန္တာန်တွင် တစ်ရံတစ်ဆစ်မျှ မဖြစ်ခဲ့ဖူး သေးသော အနုပ္ပန္နသီလ ဆိုသည်ကား သောတာပတ္တိမဂ်၌ အကျုံးဝင်သော နိဗ္ဗာန်လျှင် အာရုံရှိသော သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝကို ဆိုသတည်း၊ ထိုသီလသည် ကာယဒုစရိုက်, ဝစီဒုစရိုက် အမိုက်အမှား မိစ္ဆာဇီဝတရားတို့ကို သမုစ္ဆေဒပဟာန်ဖြင့် ပယ်သတ်နိုင်၏၊ ထိုပုဂ္ဂိုလ်သန္တာန်မှာ ထိုအခါမှစ၍ ဘဝများစွာ ကမ္ဘာ အဆက်ဆက် တို့၌ ကာယဒုစရိုက်, ဝစီဒုစရိုက် အမိုက်အမှား မိစ္ဆာဇီဝတရား ဟူ၍ တစ်ရံတစ်ဆစ်မျှ ဥပါဒ်ခြင်း မရှိပြီ။
ထိုလောကုတ္တရာသီလကို အနတ္တဘာဝနာ ကိစ္စ ထမြောက်မှ ပေါက်ရောက်နိုင်၏၊ ဘုရား သာသနာနှင့် ကြုံကြိုက်ဆဲအခါ အနမတဂ္ဂ သံသရာ၌ တစ်ရံတစ်ခါမျှ မတွေ့ကြုံဖူးရသော ထိုအနုပ္ပန္နသီလကို ဘုရားသာသနာနှင့် မကွာမကွဲမီ အရအမိ ကြိုးကုတ်အားထုတ် ကြရမည်၊ သီလဝိသုဒ္ဓိနှင့်တကွ ကာယဂတာ သတိပဋ္ဌာန်ကို တည်ထောင်သည်မှ စ၍ အနတ္တဘာဝနာကိစ္စ ထမြောက်သည် တိုင်အောင် ဗောဓိပက္ခိယ တရားတို့ကို အားထုတ် ကြရမည် ဆိုလိုသည်။
အနမတဂ္ဂ သံသရာ၌ ဖြစ်ခဲ့ဖူးလှသော ဥပ္ပန္နသီလ ဆိုသည်ကား လောကီသီလ ကာမာဝစရ သီလတည်း။ ထိုသီလကို နိယာမအဖြစ်သို့ ရောက်အောင် ပွားများရမည် ဟူရာ၌ လောကီသီလ၏ ဘုံသည် နိယာမဘုံ, အနိယာမဘုံဟူ၍ ၂-ပါး အပြားရှိ၏၊ အရိယာ၏ အဖြစ်သည် နိယာမဘုံ မည်၏၊ ပုထုဇဉ်၏ အဖြစ်သည် အနိယာမဘုံ မည်၏။
သောတာပန် အရိယာတို့၌ တည်သော ထိုကာမာဝစရ လောကီ သီလသည် နိယာမ ဘုံသို့ ရောက်၍ အမြဲတည်၏၊ ထိုပုဂ္ဂိုလ်တို့အား အဆုံးစွန် ပရိနိဗ္ဗာန် စံသည်တိုင ်အောင် ဘဝ အဆက်ဆက် ကမ္ဘာ အဆက်ဆက်တို့၌ အိပ်မက်တွင်မှ အာဇီဝဋ္ဌမက သီလကို လွန်ကျူးမှုဟူ၍ မရှိလေပြီ၊ ပုထုဇဉ်တို့၌တည်သော ထိုကာမဝစရ လောကီ သီလသည် မူကား အနိယာမဘုံ၌ တည်၏၊ အနမတဂ္ဂသံသရာ၌ လူသီလဝန္တ ဖြစ်ခဲ့ကြ သည်လည်း ဘဝပေါင်းအနန္တ များလှလေပြီ၊ အပါယ်လေးပါးသို့ ကျမှုလည်း စဲခဲ့သည်မရှိကြ။ ထို့အတူ ရသေ့ သီလဝန္တ, ရဟန်း သီလဝန္တ, ဖြစ်ခဲ့ကြသည်လည်း ဘဝအနန္တ ရှိခဲ့ကြလေပြီ၊ အပါယ်လေးပါးသို့ ကျမှုလည်း စဲခဲ့သည် မရှိကြ၊ ယခုလည်း အပါယ်ဘုံသို့ ကျ၍ နေကြသူ အနန္တ, ကျလတ္တံ့သောအဖို့၌ တည်၍နေကြသူ လူ, နတ်, ဗြဟ္မာအနန္တ, ဤသို့ မိမိတို့ သန္တာန်တွင် အနိယာမ တစ်ခဏ တဒင်္ဂ တစ်နပ်စာ အဖြစ်ဖြင့် ရှိနေသော ထိုကာမဝစရ လောကီသီလကို ဘုရားသာသနာတွင်း၌ ကြုံကြိုက်ဆဲ အခါမှာ နိယာမအဖြစ်သို့ ရောက်လေအောင် အားထုတ်ကြရမည်။
[ကာယဂတာသတိကို တည်ထောင်၍ အနတ္တ ဘာဝနာကိစ္စ ထမြောက်သည်တိုင်အောင် ဗောဓိပက္ခိယ တရားတို့ကို အားထုတ်ကြရမည် ဟူလို။]
သီလကုသိုလ် နှစ်ပါး ပြီး၏။
သမာဓိကုသိုလ် ၂-ပါး
▬▬▬▬▬▬▬▬
သမာဓိဘုံသည်လည်း နိယာမဘုံ, အနိယာမဘုံဟူ၍ ၂-ပါး ရှိ၏၊ ပညာဘုံသည်လည်း နိယာမဘုံ, အနိယာမဘုံ ဟူ၍ ၂-ပါး ရှိ၏၊ သမာပတ် ရှစ်ပါး, ကိုးပါးတည်းဟူသော အပ္ပနာသမာဓိသည်ကား အနာဂါမ်ပုဂ္ဂိုလ် အဖြစ်သို့ ရောက်မှ နိယာမဘုံသို့ ရောက်၏၊ တာဒိဂုဏ်ကို ဆောင်ရွက်နိုင်သော ပညာသည်ကား ရဟန္တာအဖြစ်သို့ရောက်မှ နိယာမဘုံသို့ ရောက်၏။ သောတာပန် ပုဂ္ဂိုလ်၌ ရထိုက်သော သမာဓိ, ပညာတို့ကို ပြဆိုပေအံ့ -
[တာဒိဂုဏ် = လောကဓံတို့ကြောင့် မတုန်မလှုပ် ကျောက်တိုင်ရုပ်ကဲ့သို့ တည်ကြည် ခိုင်မာသော စိတ်ရှိသောဂုဏ်]
“ယော စ ဝိသာခ သမ္မာဝါယာမော ယာ စ သမ္မာသတိ ယော စ သမ္မာသမာဓိ၊ ဣမေ ဓမ္မာ သမာဓိက္ခန္ဓေ သင်္ဂဟိတာ”။
ဝိသာခ - ချစ်သား ဝိသာခ၊
ယော စ သမ္မာဝါယာမော - အကြင် သမ္မာဝါယာမသည် လည်းကောင်း၊
ယာ စ သမ္မာသတိ - အကြင် သမ္မာသတိသည် လည်းကောင်း၊
ယော စ သမ္မာသမာဓိ - အကြင် သမ္မာသမာဓိသည် လည်းကောင်း၊
အတ္ထိ - ရှိ၏၊
ဣမေ ဓမ္မာ - သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ ဤတရားသုံးပါးတို့ကို၊
သမာဓိက္ခန္ဓေ - သမာဓိက္ခန္ဓ (သမာဓိအစု) ၌၊
သင်္ဂဟိတာ - ပေါင်းယူအပ်ကုန်၏။
ဟူသော မဟာဝေဒလ္လသုတ်နှင့်အညီ သောတာပတ္တိမဂ်၌ အကျုံးဝင်သော နိဗ္ဗာန်လျှင် အာရုံရှိသော သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ ဤသုံးပါးသည် လောကုတ္တရာ သမာဓိ မည်၏၊ ထိုသမာဓိ သုံးပါးသည် မိစ္ဆာဝါယာမ, မိစ္ဆာသတိ, မိစ္ဆာသမာဓိလျှင် အရင်းရှိသော အဘိဇ္ဈာ, ဗျာပါဒဟူသော မနောဒုစရိုက် အမိုက်အမှားတို့ကို သမုစ္ဆေဒပဟာန်ဖြင့် နောက် တစ်ဖန်ဖြစ်ခွင့် မရှိအောင် ပယ်သတ်နိုင်၏၊ ထိုပုဂ္ဂိုလ် သန္တာန်မှာ ထိုခဏမှစ၍ ဘဝများစွာ ကမ္ဘာ အဆက်ဆက်တို့၌ အဘိဇ္ဈာ, ဗျာပါဒ ဟူသော မနောဒုစရိုက် အမိုက်အမှားဟူ၍ တစ်ရံတစ်ဆစ်မျှ ဥပါဒ်ခြင်း မရှိလေပြီ၊ အနတ္တဘာဝနာ ပေါ်ရှိရာ ဘုရားသာသနာ တွင်း၌သာ ပေါ်ရှိသော သမာဓိပေတည်း၊ ထို့ကြောင့် ဘုရားသာသနာ ကြုံကြိုက်ဆဲအခါ ထို အနုပ္ပန္နသမာဓိ ကုသိုလ် တရားကို ဘုရားသာသနာနှင့် မကွာမကွဲမီ အရအမိ ကြိုးကုတ် အားထုတ်ကြရမည်။
[ကာယဂတာသတိပဋ္ဌာန် တည်ထောင်မှုမှစ၍ အနတ္တ ဘာဝနာကိစ္စ ထမြောက်သည် တိုင်အောင် သတိပဋ္ဌာန်စသော ဗောဓိပက္ခိယ တရားတို့ကို အားထုတ်ကြရမည် ဟူလို။]
အနမတဂ္ဂ သံသရာ၌ ဖြစ်ခဲ့ဖူးသော ဥပ္ပန္နသမာဓိ ဆိုသည်ကား - ကာမာဝစရ သမာဓိ, ရူပါဝစရ သမာဓိ, အရူပါဝစရ သမာဓိ စုပေတည်း၊ ထိုသမာဓိ တရားတို့ကို နိယာမအဖြစ်သို့ ရောက်အောင် ပွားများရမည် ဟူရာ၌ လောကီသမာဓိ၏ဘုံသည် နိယာမဘုံ, အနိယာမဘုံ ဟူ၍၂-ပါး ရှိ၏၊ အရိယာပုဂ္ဂိုလ်တို့၌ တည်သော လောကီ သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ သုံးပါးသည် နိယာမဘုံ၌ တည်၏။ ထိုပုဂ္ဂိုလ် တို့အား အဆုံးစွန် ပရိနိဗ္ဗာန် စံသည်တိုင်အောင် ဘဝအဆက်ဆက် ကမ္ဘာအဆက်ဆက် တို့၌ အိပ်မက်တွင်မျှ အဘိဇ္ဈာ, ဗျာပါဒတို့၏ ဥပါဒ်ဟူ၍ မရှိလေပြီ၊ ပုထုဇဉ်တို့၌ တည်ရှိသော ထိုလောကီ သမာဓိစုသည် မူကား အနိယာမဘုံ၌ တည်၏၊ အနမတဂ္ဂ သံသရာ၌ လူသမာဓိ, ရှင်သမာဓိ, ရသေ့သမာဓိ ရဟန်းသမာဓိ, ဈာနလာဘီ, အဘိညာလာဘီ လောကီတန်ခိုး မြေလျှိုး မိုးပျံ လုပ်ခဲ့ကြသည်လည်း ဘဝအနန္တ ရှိခဲ့ကြလေပြီ။
[အဘိဇ္ဈာ = သူတပါးပိုင် ဥစ္စာကို လိုချင်တောင့်တ ရှေးရှုကြံမှု၊
ဗျာပါဒ = သူတပါး ပျက်စီးအောင် အားထုတ်မှု၊]
တစ်ခုတစ်ခုသော မဟာကမ္ဘာ၌ အသင်္ချေယျ ၄-ကပ် ၄-ကပ်စီ ရှိကြသည်တွင် ၃-ကပ် ၃-ကပ်တို့၌ ဗြဟ္မာ့ပြည်မှာ ကမ္ဘာတိုင်း ကမ္ဘာတိုင်း ဗြဟ္မာချည်း လုပ်ခဲ့ကြလှလေပြီ၊ အပါယ် ၄-ဘုံပေါ်လာလျှင် ကမ္ဘာတိုင်း ကမ္ဘာတိုင်း အပါယ် ၄-ဘုံမှာလည်း ထိုဗြဟ္မာ တို့ပြင် တစ်ခြားတစ်ပါး ရှိတော့မည် မဟုတ်၊ သူတို့ပင် ဗြဟ္မာ, သူတို့ပင် ပြိတ္တာ, သူတို့ပင် ငရဲ, တိရစ္ဆာန်, အသုရကာယ်ဖြစ်၍ နေကြ ရသည်လည်း အရိုးအစဉ် အထင် အရှားပေတည်း။ အနမတဂ္ဂ သံသရာနှင့် ထောက်စာသည်ရှိသော် မဟာကမ္ဘာကြီး တစ်ကမ္ဘာသည် မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်စာ တစ်သက်လျာမျှ တစ်ခဏကဲ့သို့သာ ဖြစ်၏၊ ဤသို့ မိမိတို့ သန္တာန်တွင် အနိယာမ တစ်ခဏ တဒင်္ဂ တစ်နပ်စာ အဖြစ်နှင့် ဖြစ်ခဲ့ဘူးကြ, ရှိခဲ့ဘူးကြသော ထိုလောကီ သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ တို့ကို ဘုရား သာသနာတွင်း၌ ကြုံကြိုက်ဆဲအခါမှာ နိယာမအဖြစ်သို့ ရောက်လေအောင် အားထုတ်ကြရမည်။
[ကာယဂတာသတိကို တည်ထောင်၍ အနတ္တ ဘာဝနာကိစ္စ ထမြောက်သည် တိုင်အောင် သတိပဋ္ဌာန်စသော ဗောဓိပက္ခိယ တရားတို့ကို အားထုတ်ကြရမည် ဟူလို။]
သမာဓိကုသိုလ် ၂-ပါး ပြီး၏။
ပညာကုသိုလ် ၂-ပါး
▬▬▬▬▬▬▬▬
“ယာ စ ဝိသာခ သမ္မာဒိဋ္ဌိယော စ သမ္မာသင်္ကပ္ပေါ၊ ဣမေ ဓမ္မာ ပညာက္ခန္ဓေ သင်္ဂဟိတာ”။
ဝိသာခ - ချစ်သားဝိသာခ၊
ယာ စ သမ္မာဒိဋ္ဌိ - အကြင်သမ္မာဒိဋ္ဌိသည် လည်းကောင်း၊
ယော စ သမ္မာသင်္ကပ္ပေါ - အကြင် သမ္မာသင်္ကပ္ပသည် လည်းကောင်း၊
အတ္ထိ - ရှိ၏၊
ဣမေ ဓမ္မာ - သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ ဤတရား ၂-ပါးတို့ကို၊
ပညာက္ခန္ဓေ - ပညာက္ခန္ဓ (ပညာအစု) ၌၊
သင်္ဂဟိတာ - ပေါင်းယူအပ်ကုန်၏။
ဟူသော မဟာဝေဒလ္လသုတ်နှင့်အညီ သောတာပတ္တိမဂ်၌ အကျုံးဝင်သော နိဗ္ဗာန်လျှင် အာရုံ ရှိသော သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ တရား ၂-ပါးသည် ပညာမည်၏၊ ထိုပညာသည် သက္ကာယ ဒိဋ္ဌိ၏ အနုသယဘုံကြီးကို အပြီးတိုင် ဖြိုဖျက်၍ ခပ်သိမ်းသော မိစ္ဆာဒိဋ္ဌိ, မိစ္ဆာသင်္ကပ္ပ တို့ကို လည်းကောင်း, ခပ်သိမ်းသော ဒုစရိုက် - ဒုရာဇီဝ တို့ကို လည်းကောင်း, သမုစ္ဆေဒပဟာန်ဖြင့် နောင်တစ်ဖန် ဖြစ်ခွင့် မရှိအောင် ပယ်သတ် နိုင်၏၊ ဒုစရိုက် ကံဟောင်း တို့သည်လည်း အကုန်ကွယ်ပျောက် ရလေကုန်၏၊ အပါယ်သံသရာကြီး သည်လည်း ကျွတ်လွတ်လေ၏၊ ထိုပုဂ္ဂိုလ် သန္တာန်မှာ ထိုအခါမှစ၍ ဘဝအဆက်ဆက် ကမ္ဘာအဆက်ဆက် တို့၌ ဒိဋ္ဌိအမှောက်အမှား ဒုစရိုက် အမိုက်အမဲ ဟူ၍ တစ်ရံတစ်ဆစ်မျှ ဥပါဒ်ခြင်း မရှိလေပြီ။ အနတ္တဘာဝနာ ပေါ်ရှိရာ ဘုရား သာသနာ တွင်းမှာသာ ပေါ်ရှိသော ပညာပေတည်း၊ ထို့ကြောင့် ဘုရား သာသနာ၌ ကြုံကြိုက်ဆဲ အခါ ထို အနုပ္ပန္နပညာ ကုသိုလ်တရားကို ဘုရားသာသနာ နှင့် မကွာမကွဲမီ အရအမိ ကြိုးကုတ် အားထုတ်ကြရမည်။
[ကာယဂတာသတိကို တည်ထောင်မှုမှစ၍ အနတ္တ ဘာဝနာ ကိစ္စ ထမြောက်သည် တိုင်အောင် သတိပဋ္ဌာန်စသော ဗောဓိပက္ခိယ တရားတို့ကို အားထုတ်ကြရမည် ဟူလို။]
အနမတဂ္ဂသံသရာ၌ ဖြစ်ခဲ့ဖူးလှသော ပညာဆိုသည်ကား ကမ္မသကတာ သမ္မာဒိဋ္ဌိနှင့် တကွ ခပ်သိမ်းသော ကာမာဝစရဉာဏ်ပညာ, ဒိဗ္ဗစက္ခု ဒိဗ္ဗသောတ အစရှိသော အဘိညာပညာ တို့ပေတည်း၊ ထိုပညာတို့ကို နိယာမအဖြစ်သို့ ရောက်အောင် ပွားများ ရမည် ဟူရာ၌ လောကီပညာ တို့၏ ဘုံသည် နိယာမဘုံ, အနိယာမဘုံဟူ၍ နှစ်ပါးရှိ၏၊ အရိယာတို့၌ ဖြစ်သော လောကီ သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ တရားတို့သည် နိယာမဘုံ၌ တည်ကုန်၏၊ ထိုပုဂ္ဂိုလ်တို့အား အဆုံးစွန် ပရိနိဗ္ဗာန်စံသည် တိုင်အောင် ဘဝ အဆက်ဆက် ကမ္ဘာအဆက်ဆက်တို့၌ သစ္စာလေးပါး တရားတို့နှင့်တကွ ယခုဘဝ တတ်ကျွမ်း သိရှိသမျှသော အလုံးစုံသော ကမ္မသကတာ သမ္မာဒိဋ္ဌိဉာဏ်, ပရိယတ္တိ ဉာဏ်, ပဋိပတ္တိဉာဏ်တို့သည် အမြဲပါရှိကုန်တော့သည်၊ ပုထုဇဉ်တို့ သန္တာန်၌ တည်ရှိသော ထိုလောကီပညာ တို့သည်မူကား အနိယာမဘုံ၌ တည်ကုန်၏။
[ကမ္မသကတာ သမ္မာဒိဋ္ဌိ = ကံသာလျှင် မိမိဥစ္စာရှိ၏ဟု မဖောက်မပြန် သိသော ဉာဏ်အမြင်၊
ဒိဗ္ဗစက္ခု = နတ်မျက်စိကဲ့သို့ မြင်သော ဉာဏ်အမြင်၊
ဒိဗ္ဗသောတ = နတ်နားကဲ့သို့ ကြားသော ဉာဏ်အမြင်]
အနမတဂ္ဂသံသရာတွင် ကျင်လည်၍ နေကြရာ ရံခါ ရံဖန် ကျမ်းတတ် ဂန်တတ် ပရိယတ်အကျော် ဆရာတော် သမားတော်ကြီး, ရံခါရံဖန် အသက်ရှိသည်ဟူ၍ ပြောရုံမျှ ရှိကြသော ခရု, ပက်ကျိ, တီ, မြှော့, သန်း, ကြမ်းပိုး, ပိုးလောက်, ကမြင်းနီ စသည် ဖြစ်ရိုးအစဉ် အထင်အရှားပင်တည်း။ ဤသို့ မိမိတို့သန္တာန်တွင် တဒင်္ဂ တစ်ခဏ တစ်နပ်စာမျှ အဖြစ်နှင့် ဖြစ်ခဲ့ဖူးကြ, ရှိခဲ့ဖူးကြသော ထိုလောကီ အသိအလိမ္မာ ဉာဏ်ပညာတို့ကို ဘုရားသာသနာတွင်း၌ ကြုံကြိုက်ဆဲ အခါမှာ နိယာမအဖြစ်သို့ ရောက်လေအောင် အားထုတ်ကြရမည်။
[ကာယဂတာသတိကို တည်ထောင်သည်မှစ၍ အနတ္တ ဘာဝနာ ကိစ္စ ထမြောက်သည် တိုင်အောင် သတိပဋ္ဌာန်စသော ဗောဓိပက္ခိယ တရားတို့ကို အားထုတ်ကြရမည် ဟူလို။]
ပညာကုသိုလ် နှစ်ပါး ပြီး၏။
တိုက်တွန်းချက်
▬▬▬▬▬▬
အနမတဂ္ဂ သံသရာမှာ မိမိတို့ ကိုယ်ခန္ဓာတွင် အစဉ်ထာဝရ ကိန်းဝပ် တည်ထောင်ကာ ပါရှိ၍နေကြသော ဒိဋ္ဌိနိုင်ငံကြီး မပျက်စီးသမျှ ကာလပတ်လုံး အလုံးစုံသော လောဘ, ဒေါသ, မောဟ အစရှိကုန်သော ကိလေသာ တရားတို့သည် အလွန်ထက်သန် စည်ကား အားခွန်ဗလနှင့် ပြည့်စုံကြကုန်သည်ဖြစ်၍ ထိုကိုယ်ခန္ဓာ၌ အတွင်းနေ, အတွင်းသား, မြို့စီး, မြို့ခံ ဖြစ်ကြကုန်၏၊ ကိလေသာတို့၏ ရန်သူရန်ဘက်ဖြစ်ကြသော သီလ, သမာဓိ ပညာတို့သည်လည်း ရံခါရံဖန်မှ ရောက်ပေါက်လာ ကြကုန်သော တစ်ပြည်သူ, တစ်ပြည်သား ခရီးသွား အာဂန္တုတို့ကဲ့သို့ ဖြစ်ကြကုန်၏၊ အာဠဝကဘီလူးကဲ့သို့ အလွန် ဘုန်းတန်ခိုး ဆိုးဝါး သောင်းကျန်းသော ဘီလူးမင်းနှင့်တကွ အားရှိကြ ကုန်သော ဘီလူး ပြည်သား အပေါင်းတို့၏ တိုင်းတွင်း ပြည်တွင်းသို့ ချဉ်းနင်း ဝင်ရောက်ပြီးကာလ ရပ်ရွာတည်ထောင်၍ နေလာကြကုန်သော ရန်သူသတြု အာဂန္တု လူသူအပေါင်း တို့သည် လာလာသမျှ မကြာမီ ဘီလူးတို့ အစာချည်းဖြစ်၍ ရပ်ပါ ရွာပါ မကြာခဏ ပျက်ဆုံးကြရကုန်သကဲ့သို့တည်း။
အာဠဝကဘီလူးသည် ဟိမဝန္တာမှ မိမိဗိမာန်သို့ လာရောက် ကြကုန်သော ဈာန်ရ ရသေ့ငါးရာတို့ကို ခြေနှစ်ချောင်းကို ကိုင်ကာ ကိုင်ကာ ဂင်္ဂါမြစ် တစ်ဘက်သို့ ပစ်လွှင့်သဖြင့် ရသေ့ငါးရာ ဆုံးပါးကြရ သကဲ့သို့သော်လည်း ဆိုလေ။
ထို့ကြောင့် ဘုရား သာသနာတော်တွင်း၌ ကြုံကြိုက်ကြရကုန်သော ရှင်,လူ အပေါင်း တို့သည် ဒုဿီလဓမ္မတို့မှ ဘဝအဆက်ဆက် လွတ်ကင်းမှု, သီလဝိသုဒ္ဓိဓမ္မတို့၏ နိစ္စနိယာမ ဘဝအဆက်ဆက် မြဲမှုတို့ကို အလိုရှိကြကုန်သည် ရှိသော် ဒိဋ္ဌိ၏ အနုသယနိုင်ငံကြီးကို ဖြိုဖျက်ရန် သတိပဋ္ဌာန်တရားတို့ကို သမ္မပ္ပဓာန်ကိစ္စ အချိုး ကျအောင် အားထုတ်ကြ ကုန်ရာ၏။ ရှေး၌ပြဆို ခဲ့ပြီးသော သူရူး, လှေတက် မနိုင်သော လှေသူကြီး, ခွေးရူးပြန်သောသူ, ခံတွင်းဝသို့ ဆေးရောက်တိုင်း ပျို့အန် သော သူနာကြီးတို့ ကဲ့သို့ ကမ္မဋ္ဌာန်းတရားမျိုးနှင့် တွေ့ခဲ့လျှင် ချုပ်မရ ထိန်းမရ ရိုင်းစိုင်းလှသော စိတ်နောက် စိတ်ရူးတို့မှ ဘဝအဆက်ဆက် ကျွတ်လွတ်၍ သွားမှု, ကမ္မဋ္ဌာန်းအာရုံ၌ မိမိတို့ကို အလိုရှိတိုင်း တည်ငြိမ်စွာ ထားနိုင်သော သမာဓိဓမ္မတို့၏ နိစ္စနိယာမ ဘဝအဆက်ဆက် ခိုင်မြဲမှုတို့ကို အလိုရှိကြ ကုန်သည်ရှိသော် ဒိဋ္ဌိ၏ အနုသယနိုင်ငံကြီးကို ဖြိုဖျက်ကြရန် သတိပဋ္ဌာန် တရားတို့ကို သမ္မပ္ပဓာန်ကိစ္စ အချိုးကျအောင် အားထုတ်ကြကုန်ရာ၏။
ယခုတွေ့ရှိနေကြသော မြတ်စွာဘုရားကြီး၏ ဂုဏ်ကျေးဇူး အနန္တကိုလည်းကောင်း, တရားတော် အရိယာအရှင် သံဃာတော်မြတ်တို့၏ ဂုဏ်ကျေးဇူး အနန္တတို့ကို လည်းကောင်း, ယခု ဘဝ သိရှိမှီခို ကြည်ညို ကိုးကွယ်၍နေကြသော သာသနာဓမ္မ အသိုက်အအုံတို့ကို လည်းကောင်း, နောက်ဘဝ၌ တစ်စမကျန် အကုန်ကွယ်ပစေ၍ တွေဝေပြင်းပြ မှောင်ကြီးချနိုင်သော သမ္မောဟ တရားကြီးမှ လည်းကောင်း, အနမတဂ္ဂ သံသရာ၌ ပုထုဇဉ်သတ္တဝါတို့၏ အလေ့အားဖြင့် ဘုရားမှန်, တရားမှန်, သံဃာမှန်, သာသနာမှန်ကို မသိနိုင်ကြကုန်သည်ဖြစ်၍ ရောက်ရာဘဝတို့၌ အမျိုး ဘာသာ တွေ့ရှိရာဘုရား အလွန်အမှားကြီးတွေကို တစ်ဘဝတစ်မျိုး ကိုးကွယ်ရိုး ဓမ္မတာ သံသရာတွင် အမှားကြီး နာလှသော မိစ္ဆာဒိဋ္ဌိ တရားကြီးမှလည်းကောင်း, ယခုဘဝမှစ၍ ဘဝအဆက်ဆက် ကမ္ဘာအဆက်ဆက် အပြီးလွတ်ကင်းမှု ဘုရားမှန် တရားမှန် သံဃာမှန် သာသနာမှန်တို့နှင့် နိရန္တရ ဘဝမကွာ ကမ္ဘာအဆက်ဆက် ကိုးကွယ်ရာ အခြေမပျက်နိုင်သော အဓိဂမသဒ္ဓါ အဓိဂမပညာတို့၏ နိစ္စနိယာမ အဖြစ်သို့ ရောက်မှုတို့ကို အလိုရှိကြ ကုန်သည်ရှိသော် ဒိဋ္ဌိ၏ အနုသယ နိုင်ငံကြီးကို ဖြိုဖျက်ကြရန် သတိပဋ္ဌာန်တရားတို့ကို သမ္မပ္ပဓာန်ကိစ္စ အချိုး ကျအောင် အားထုတ်ကြ ကုန်ရာသတည်း၊ သမ္မပ္ပဓာန်ကိစ္စ အချိုးကျမှု ဆိုသည်ကား အရေ ကြွင်းစေ, အရိုးကြွင်းစေ အစရှိသော ထက်သန်လှသော ဝီရိယမှုတို့ကို ဆိုသတည်း။
[သမ္မောဟ = ပြင်းပြစွာ တွေဝေမှု၊
နိရန္တရ = အကြားမရှိ အခြားမရှိ၊
အဓိဂမသဒ္ဓါ = ပိုင်နိုင်စွာ သိရှိ ယုံကြည်ခြင်း၊]
သမ္မပ္ပဓာန် ၄-ပါးပြီး၏။
ဣဒ္ဓိပါဒ် ၄-ပါး
▬▬▬▬▬
ဣဒ္ဓိပါဒ် စသည်တို့၌ သိသာရုံမျှ ပြဆိုပေအံ့။
“ဣဇ္ဈနံ ဣဒ္ဓိ”။
ဣဇ္ဈနံ - ပြည့်စုံခြင်း၊
ဣဒ္ဓိ - ပြည့်စုံခြင်း၊ ပြီးစီး ပေါက်ရောက် ထမြောက် အောင်မြင်ခြင်းဟူလို။
ထိုဣဒ္ဓိသည် သာသနာတော်မြတ်ကြီး၌ အကျဉ်းအားဖြင့် ငါးပါးရှိ၏။
၁။ အဘိညေယျေသု ဓမ္မေသု အဘိညာသိဒ္ဓိ။
၂။ ပရိညေယျေသု ဓမ္မေသု ပရိညာသိဒ္ဓိ။
၃။ ပဟာတဗ္ဗေသု ဓမ္မေသု ပဟာနသိဒ္ဓိ။
၄။ သစ္ဆိကာတဗ္ဗေသု ဓမ္မေသု သစ္ဆိကြိယာသိဒ္ဓိ။
၅။ ဘာဝေတဗ္ဗေသု ဓမ္မေသု ဘာဝနာသိဒ္ဓိ။
၁။ အဘိညေယျေသု ဓမ္မေသု - အထူး သိထိုက်ကုန်သော ရုပ်နာမ်တရားတို့၌၊
အဘိညာသိဒ္ဓိ - အထူးသိမှု၏ ပြီးစီးခြင်း တစ်ပါး။
၂။ ပရိညေယျေသု ဓမ္မေသု - ပိုင်ပိုင်သိထိုက်သော ဒုက္ခသစ္စာ တရားတို့၌၊
ပရိညာသိဒ္ဓိ - ပိုင်ပိုင်သိမှု၏ ပြီးစီးခြင်း တစ်ပါး။
၃။ ပဟာတဗ္ဗေသု ဓမ္မေသု - ပယ်ထိုက်သော သမုဒယသစ္စာ တရားတို့၌၊
ပဟာနသိဒ္ဓိ - ပယ်မှု၏ ပြီးစီးခြင်း တစ်ပါး။
၄။ သစ္ဆိကာတဗ္ဗေသု ဓမ္မေသု - မျက်မှောက်ပြုထိုက်သော တရားတို့၌၊
သစ္ဆိကြိယာသိဒ္ဓိ - မျက်မှောက်ပြုမှု၏ ပြီးစီးခြင်း တစ်ပါး။
၅။ ဘာဝေတဗ္ဗေသု ဓမ္မေသု - ပွားထိုက်သော တရားတို့၌၊
ဘာဝနာသိဒ္ဓိ - ပွားမှု၏ ပြီးစီးခြင်း တစ်ပါး။
ဤကား ဘုရားသာသနာ၌ လိုရင်း ဣဒ္ဓိကြီး ငါးပါးတည်း။
၁။ အဘိညာသိဒ္ဓိဆိုသည်ကား - သာသနာ၌ မသိဖူးရကုန်သော ပရမတ္ထတရားတို့ကို အသီးအသီး သော သရုပ်သဘောအားဖြင့် ခွဲခြမ်းဝေဖန်၍ သိမှု၏ ပြီးစီးခြင်းတည်း၊ သြင်္ဂိုဟ်ကျမ်းကို ကောင်းစွာ တတ်ကျွမ်းလိမ္မာမှုသည် အဘိညာသိဒ္ဓိပင် မည်၏။
၂။ ပရိညာသိဒ္ဓိဆိုသည်ကား - ဒုက္ခသစ္စာ တရားတို့တွင် တစ်ခုခုသော တရားတို့ကို လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်တို့ဖြင့် လည်းကောင်း, အနိစ္စအခြင်းအရာ, ဒုက္ခအခြင်းအရာ, အနတ္တ အခြင်းအရာ တို့ဖြင့်လည်းကောင်း, ပိုင်ပိုင်သိမှု၏ ပြီးစီး ခြင်းကို ဆိုသတည်း။
[လက္ခဏ = သာမန် အမှတ်အသား၊
ရသ = သဘောတရား အလုပ်ကိစ္စ၊
ပစ္စုပဋ္ဌာန် = ဉာဏ်၌ ထင်ရသော အခြင်းအရာ၊
ပဒဋ္ဌာန် = အရေးကြီး၍ နီးစပ်သော အကြောင်းအရင်း၊]
၃။ ပဟာနသိဒ္ဓိဆိုသည်ကား -သမုဒယသစ္စာ ကိလေသာ တရားတို့ကို ပယ်သတ်မှု၏ ပြီစီးခြင်းကို ဆိုသတည်း။
[ဤစာအုပ်မှာမူကား ဘုရားသာသနာ၌ အကျွတ်ရကြကုန်သော အရိယာပုဂ္ဂိုလ် အပေါင်းတို့တွင် အညံ့ဆုံး အများဆုံးဖြစ်ကုန်သော ဘုံစဉ်စံ သောတာပန်တို့ကို လိုရင်းပဓာနပြု၍ ပြဆိုရာ ဖြစ်သောကြောင့် သက္ကာယဒိဋ္ဌိကို ပယ်သတ်မှု၏ ပြီးစီးခြင်းသည် ပဟာနသိဒ္ဓိမည်၏၊ ဝီစိကိစ္ဆာကို ပယ်မှုသည်ကား သက္ကာယဒိဋ္ဌိ ပယ်သတ်မှုတွင် ပါဝင်၏။]
၄။ သစ္ဆိကြိယာသိဒ္ဓိ ဆိုသည်ကား - မိမိအဇ္ဈတ္တ သန္တာန်တွင် အစဉ်ကိန်းဝပ် ပါရှိ၍ နေကုန်သော ကိလေသာ တို့၏ ချုပ်ငြိမ်းမှု ဟူသော နိရောဓသစ္စာကို ကိုယ်ဖြင့် လည်းကောင်း, ဉာဏ်ဖြင့် လည်းကောင်း, မျက်မှောက်ပြုရမှု၏ ပြီးစီးခြင်းကို ဆို သတည်း။
၅။ ဘာဝနာသိဒ္ဓိ ဆိုသည်ကား - သီလ, သမာဓိ, ပညာ ဟူသော သိက္ခာသုံးပါး တို့ကို လောကုတ္တရာ မဂ္ဂသစ္စာ အဖြစ်သို့ရောက်အောင် ပွားမှု ပြီးစီးခြင်းကို ဆိုသတည်း၊ ဝိသုဒ္ဓိ အစဉ်အားဖြင့် ဆိုသည်ရှိသော်ကား …
သီလဝိသုဒ္ဓိ၌ စတုပါရိသုဒ္ဓိ သီလလေးပါး၏ ပြည့်စုံခြင်းသည် ဣဒ္ဓိလေးပါး,
စိတ္တဝိသုဒ္ဓိ၌ ပရိကမ္မသမာဓိ ဥပစာရ သမာဓိတို့နှင့်တကွ သမာပတ်ရှစ်ပါး၏ ပြည့်စုံခြင်းသည် ဣဒ္ဓိရှစ်ပါး,
ဣဒ္ဓိဝိဓ အဘိညာ စသော လောကီအဘိညာ ၅-ပါးတို့၏ ပြီးစီးခြင်းသည် ဣဒ္ဓိ ၅-ပါး,
ပညာဝိသုဒ္ဓိတို့၌ ဒိဋ္ဌိဝိသုဒ္ဓိဉာဏ်၏ ပြီးစီးခြင်းသည် ဣဒ္ဓိတစ်ပါး စသည်ဖြင့် ဆိုလေ။
သာသနာ ဣဒ္ဓိကြီး ငါးပါး ဝေဖန်ခန်း ပြီး၏။
“ဣဒ္ဓိယာ ပါဒေါ ဣဒ္ဓိပါဒေါ”။
ဣဒ္ဓိယာ - ပြည့်စုံခြင်း ပြီးစီးခြင်း အမျိုးမျိုး၏၊
ပါဒေါ - အခြေအမြစ်သည်၊
ဣဒ္ဓိပါဒေါ - ဣဒ္ဓိပါဒ် မည်၏။
ထို ဣဒ္ဓိပါဒ်သည် လေးပါးအပြား ရှိ၏။
ဆန္ဒိဒ္ဓိပါဒေါ, ဝီရိယိဒ္ဓိပါဒေါ, စိတ္တိဒ္ဓိပါဒေါ, ဝီမံသိဒ္ဓိပါဒေါ။
၁။ ဆန္ဒိဒ္ဓိပါဒေါ - ဆန္ဒဟူသော ဣဒ္ဓိပါဒ် တစ်ပါး၊
၂။ ဝီရိယိဒ္ဓိပါဒေါ - ဝီရိယဟူသော ဣဒ္ဓိပါဒ် တစ်ပါး၊
၃။ စိတ္တိဒ္ဓိပါဒေါ - စိတ်ဟူသော ဣဒ္ဓိပါဒ် တစ်ပါး၊
၄။ ဝီမံသိဒ္ဓိပါဒေါ - ပညာဟူသော ဣဒ္ဓိပါဒ် တစ်ပါး။
ဤကား ဣဒ္ဓိပါဒ် လေးပါးတည်း။ ဆန္ဒ, ဝီရိယ, စိတ်, ပညာ ဤလေးပါးကို ဣဒ္ဓိပါဒ်လေးပါး ဆိုသည်။
၁။ ဆန္ဒ ဆိုသည်ကား - လိုချင်မှု, ရချင်မှု, ပေါက်ချင်မှု, ရောက်ချင်မှု, ပြည့်စုံချင်မှု, ပြီးစီးချင်မှုတည်း။ အလွန်အကျူး ထက်သန်သော ဆန္ဒကိုဆိုသည်၊ အလွန်အကျူး ထက်သန်သော ဆန္ဒ ဆိုသည်ကား ထိုဆန္ဒကို မိမိအဇ္ဈတ္တသန္တာန်၌လည်း နှောင့်ယှက်နိုင်သော သူမရှိ၊ ဗဟိဒ္ဓသန္တာန်၌လည်း နှောင့်ယှက်နိုင်သော သူမရှိ၊ ထိုထို ဣဒ္ဓိကို ယခုဘဝတွင် မရလျှင် မနေနိုင်, မရလျှင် သေရသည်ကပင် ကောင်းသေး၏ ဟု မရဘဲ နေရသည်ထက် အသေကို အမြတ် ထားနိုင်သော ဆန္ဒတည်း။
ကဿပ မြတ်စွာဘုရား၏ တစ်ပုဒ်တစ်ဂါထာသော တရားကိုမျှ မကြားမနာရလျှင် ဗာရာဏသီ ပြည်ကြီးမှာ မင်းလုပ်၍ နေရမှုသည် အဘယ်အကျိုး ရှိမည်နည်းဟု ထီးနန်းကိုစွန့်၍ ကဿပ ဘုရား၏ တရားကို ဟောနိုင်သော သူကို အရရှာခြင်းငှါ တိုင်းပြည်မှထွက်လေသော ဓမ္မသောဏ္ဍ မင်းကြီး၏ ဆန္ဒမျိုးတည်း၊ ဗိမ္ဗိသာရမင်းကြီး, အနာထပိဏ် တို့ကဲ့သို့ မိမိလိုရာ ဣဒ္ဓိကို အလွယ် တကူနှင့် ရလျှင်လည်း ထိုဆန္ဒ ကြေငြိမ်းတော့သည်။ ရခွင့်ရလမ်း အစအန ထင်မြင်ရပါလျက် မရဘဲနေလျှင် စိတ်မချမ်းသာ သည့်အတွက် သေရသည်ကပင် ကောင်းသေး၏ဟု ဖြစ်လေ သတည်း၊ တေမိမင်း ဟတ္ထိပါလမင်း စသည်တို့၏ ဆန္ဒ, ဘုရား လက်ထက်တော်၌ ကြီးစွာသော ထီးနန်းစည်းစိမ် သူဌေးစည်းစိမ် သူကြွယ်စည်းစိမ်တို့ကို စွန့်ပစ်၍ ရဟန်း ပြုလုပ်ကြသော သူတို့၏ ဆန္ဒ တို့ကိုလည်း ပြဆိုလေ။
၂။ ဝီရိယ ဆိုသည်ကား - ပြဆိုခဲ့ပြီးသော အင်္ဂါလေးပါးနှင့် ပြည့်စုံသော သမ္မပ္ပဓာန် ဝီရိယကို ဆိုသည်၊ ထိုကဲ့သို့ ဝီရိယနှင့် ပြည့်စုံသော သူသည် ဝီရိယကို စိုက်ထုတ နိုင်လျှင် ရ၏, ရောက်၏, ပေါက်၏ ဟူသော ဒေသနာ စကားကို ကြားနာရလျှင် ဧကန် ငါရတော့မည်, ငါရောက်တော့မည်, ငါပေါက်တော့မည်ဟု ထင်၏၊ နေ့နေ့ညည ဘယ်မျှလောက် အပန်းခံရပါလိမ့်မည် ဆိုသော်လည်း စိတ်မတွန့်, အပန်းခံရ သော်လည်း စိတ်မတွန့်, ရက်ပေါင်း လပေါင်း နှစ်ပေါင်း မည်မျှကြာအောင် အားထုတ် ရလိမ့်မည် ဆိုသော်လည်း စိတ်မတွန့်, ထိုလောက် ကြာမြင့်စွာ အားထုတ်၍ နေရ သော်လည်း စိတ်မတွန့်, စိတ်မကွက်၊
ဝီရိယဓာတ် နုံ့လှသော သူတို့သည် ခွေးဖြူ တောမတိုးဝံ့ ဆိုသကဲ့သို့ ဝီရိယစိုက်ထုတ်၍ လုပ်ဆောင်ရသော အမှုတို့နှင့် တွေ့ကြုံလျှင် တွန့်၍ သွားကြကုန်မြဲတည်း။ အပေါင်းအဖော်နှင့် ကင်းရလိမ့်မည် ဆိုလျှင် ဆုတ်ကြကုန်၏၊ အအိပ်ကို ခြိုးခြံရ လိမ့်မည်ဆိုလျှင် ဆုတ်ကြကုန်၏၊ အစားကို ခြိုးခြံရလိမ့်မည် ဆိုလျှင် ဆုတ်ကြ ကုန်၏၊ နှလုံးသွင်းမှု စွဲမြဲရလိမ့်မည် ဆိုလျှင် ဆုတ်ကြ ကုန်၏၊ နေ့ရက် ရှည်ကြာသံကို ကြားလျှင် ဆုတ်ကြကုန်၏၊ ခွေးဖြူတို့မည်သည် တောချုံဆိုလျှင် ယာပြင်၌ ပေါက်ရောက်သော အရပ် တစ်တောင်ခန့် ရှိသော မဲရိုင်းပင်ခေါ်သော မြက်ပင်တော ကိုပင် သစ်ရှိလိမ့်မည်၊ ကျားရှိလိမ့်မည်၊ ဆင်ရှိလိမ့်မည် ထင်၍ အနီးအနားသို့ မတိုးဝံ့ကြကုန် သကဲ့သို့တည်း။
၃။ စိတ်ဆိုသည်ကား - သာသနာတော်ကို တွေ့ကြုံ၍ သာသနာ ဓမ္မကို ကြားနာရသော အခါမှစ၍ ထိုဣဒ္ဓိတို့၌ စွဲလန်းမှုတည်း၊ အလွန်အကျူး ထက်သန် ခိုင်မာသော စိတ်စွဲလန်းမှုကို ဆိုသည်။ ထို ဣဒ္ဓိပါဒ် တို့မှတစ်ပါး လောက၌ အတင့်အတယ် အဖွယ်အရာ ချမ်းသာမှု စီးပွားမှု, ဘုန်းတန်း လာဘ်လာဘမှု, ကျမ်းဂန်ပရိယတ် မှုတို့နှင့် နေရသော်လည်း ထိုအမှုတို့၌ စိတ်မပါ, စိတ်မရှိ, ဣဒ္ဓိမှု တို့၌သာ စိတ်သွား ၍နေ၏၊ ဣဒ္ဓိမှုတို့ကို ထိုထို ဤဤ ကြံစည် စိတ်ကူး၍နေရမှသာ စိတ်ချမ်းသာခွင့်ကို ရတော့သည်၊ လောက၌ ရွှေဖြစ် ငွေဖြစ်စသော အဂ္ဂိရတ် အလုပ်၌ အထုံဝါသနာ အစွဲကြီးစွဲသော သူသည် တစ်ပါးသော စီးပွားမှုတို့၌ ပြုလုပ်ရသော်လည်း စိတ်မရှိ, စိတ်မပါ, အဂ္ဂိရတ်အမှု၌သာ စိတ်သွား ၍နေ၏၊ ဣရိယာပုထ် လေးပါး၌ အဂ္ဂိရတ် စိတ်သာရှိ၏၊ အိပ်ချိန်မှန်း မသိ, စားချိန်မှန်း မသိ, အိပ်၍လည်း အိပ်ရမှန်း မသိ, စား၍လည်း စားရမှန်း မသိ, လမ်းခရီးသွား၍ ဘယ်ဟာကို တွေ့ခဲ့သည်ဟု သတိမရ၊ ဤကဲ့သို့ အစွဲသန်လှသော စိတ်တို့ကို ဆိုသည်။
၄။ ဝီမံသပညာ ဆိုသည်ကား - အပါယဒုက္ခ ဝဋ်ဒုက္ခ ကြီးကျယ်ပုံကို ကောင်းစွာ မြင်နိုင်သော ပညာ, ဣဒ္ဓိ တို့၏ အကျိုးအာနိသင်ကို ကောင်းစွာမြင်နိုင်သော ပညာ, ခက်ခဲနက်နဲသော တရားဓမ္မ သဘာဝတို့၌ ဖြန့်ဖြူးစွာ ကျက်စားနိုင်သော ပညာကို ဆိုသတည်း၊ ထိုပညာနှင့် ပြည့်စုံသော သူသည် ပြဆိုခဲ့ပြီးသော ဣဒ္ဓိ အစီးအပွား တို့မှတစ်ပါး အလုံးစုံသော လောကီတရား ချမ်းသာ စီးပွား မှုတို့၌ စိတ်အရသာကို ရှာကြံ၍ မရလေ၊ နက်နဲသော ဣဒ္ဓိ အစီးအပွားကြီးတို့၌ စိတ်အရသာ ကို တွေ့နိုင် တော့သည်၊ နက်နဲသော တရားဆိုလေလေ ပေါက်ရောက်အောင် လုပ်ကြံချင်လေလေ သာတည်း။
ဆန္ဒ, ဝီရိယ, စိတ္တ, ဝီမံသ ဟူသော ဣဒ္ဓိပါဒ်တရား လေးပါးကို ပြဆိုခန်း ပြီး၏။
တိုက်တွန်းချက်
ဤဣဒ္ဓိပါဒ်တရား လေးပါးတို့တွင် တစ်ပါးပါးနှင့် ပြည့်စုံကြကုန်သော သူတို့ သည်ကား ကာယဂတာသတိကို တည်ထောင်မှုမှ စ၍ စိတ္တဝိသုဒ္ဓိ, ဒိဋ္ဌိဝိသုဒ္ဓိ အစ ရှိသော အထက်ထက်သော သာသနာ့ အစီးအပွားကြီးတို့ကိုလည်း ယခုဘဝ ဝန်ချ၍ မထားနိုင်ကြကုန်၊ တစ်ပါးမျှ မကပ်ဖူး ကြကုန်သော သူတို့သည်သာလျှင် ဘဝအတိမ်အနက် ဓမ္မအတိမ်အနက်ကို မသိကြကုန် သည်ဖြစ်၍ မဖြစ်နိုင်ဟု ဝန်ချ၍ ထားကြကုန်၏။
ဤ တရားလေးပါးတို့တွင် တစ်ပါးပါးနှင့်ပင် ပြည့်စုံသောသူသည် မိမိပါရမီ အားလျော်စွာ ဤဘုရား သာသနာမှာပင် ယခုဘဝ၌သော် လည်းကောင်း, နတ်ပြည်သို့ ရောက်သည့်ကာလ နောက်ဘဝ၌ သော်လည်းကောင်း, လောကုတ္တရာ ဣဒ္ဓိတိုင်အောင် ပေါက်ရောက်ပေလတ္တံ့၊ ၂-ပါးနှင့် ပြည့်စုံသောသူ, ၃-ပါးနှင့် ပြည့်စုံသောသူ, ၄-ပါးနှင့် ပြည့်စုံသော သူတို့မှာ ဆိုဖွယ်မရှိပေပြီ၊ ဣဒ္ဓိမှာ ဝေးစွ၊ ပါဒမျှ မရှိကြ ကုန်သေးသော သူတို့မှာမူကား ပါဒကို ရှေးဦးစွာ ထူထောင်ပွားများ ကြရကုန်၏။
မိမိသန္တာန်၌ သတိပဋ္ဌာန်တရားကို ပွားများမှု အစရှိသော အထက် အထက်သော သာသနာတော်မြတ် အစီးအပွားကြီးတို့ကို ယခုဘဝ ယခုဘုရား သာသနာမှာ အလွန်ရလိုလှသော ဆန္ဒပင် မရှိကြသေးကုန်မူ၍ ဝန်ချလျက် နေကြကုန်သော သူတို့သည် ထို ဝန်ချမှုကိုပင် အပါယ် လမ်းမကြီး တစ်ခုဟု သိမြင်ကြ၍ ထိုဆန္ဒကို ဖြစ်ပွားစေနိုင်သော သုတ္တန်ဒေသနာတော်များကို ကောင်းစွာ ကြည့်ရှု ကြံဖန် ဆင်ခြင်ကြကုန်ရာသည်၊ ထိုဆန္ဒကို ဖြစ်ပွားအောင် ဟောပြော ဆုံးမနိုင်သော ဥပနိဿယ ဆရာကို ကောင်းစွာမှီဝဲ ဆည်းကပ် ကြရကုန်၏၊ ထို့ကြောင့် မြတ်စွာဘုရားသည်-
“ဆန္ဒိဒ္ဓိပါဒံ ဘာဝေတိ၊ ဝီရိယိဒ္ဓိပါဒံ ဘာဝေတိ၊ စိတ္တိဒ္ဓိပါဒံ ဘာဝေတိ၊ ဝီမံသိဒ္ဓိပါဒံ ဘာဝေတိ”
ဟူ၍ ဟောတော်မူသည်။ အကြင်သူတို့သည် ထိုထို ဣဒ္ဓိကို ဝေးစွ၊ ပါဒကိုမျှ ဖြစ်ပွားအောင် အားထုတ်မှု မရှိကြကုန်။ ဆန္ဒ မရှိသေးလျှင် ဆန္ဒရှိအောင်ပင် ပွားများအားထုတ် ရသေးသည် ဟူ၍မျှ မသိကြကုန်။ ထိုသူတို့သည် ဝန်ချသူတို့ချည်း ဖြစ်ကြလေကုန်၏။
[ဝီရိယ, စိတ္တ, ဝီမံသတို့၌လည်း ပါဒထူထောင်မှ အသီးသီး ရှိကြသည်ကို သိကြလေ။]
ကာယဂတာသတိကို စွဲမြဲမှုသည်ပင်လျှင် စိတ်ကို ထူထောင်မှု မည်၏၊
သံဝေဂ ဝတ္ထုတို့ကို လေ့ကျင့်မှု, ဓုတင် ပဋိပတ်တို့ကို အားထုတ်မှုသည် ဝီရိယကို ထူထောင်မှု မည်၏၊
ဓာတ်ကြီးလေးပါး စသော နက်နဲသော ဓမ္မသဘာဝ တို့ကို ကြံဖန် လေ့ကျင့်မှုသည် ဝီမံသကို ထူထောင်မှု မည်၏။
အဋ္ဌကထာ စကား
တစ်ခုခုသော ပါဒ ထူထောင်မိခဲ့လျှင်ပင် ပါရမီ အားလျော်စွာ ထိုထို ဣဒ္ဓိတို့ကို မလွဲစေနိုင် ကြကုန်ပြီ။ ထို့ကြောင့် အဋ္ဌကထာ ဆရာတို့၌ ဣဒ္ဓိပါဒ် တစ်ပါးပါးမျှ မရှိကြကုန်သော သူတို့သည် ဒွန်းစဏ္ဍား၏ သားတို့နှင့် တူကုန်၏၊ တစ်ပါးပါး ရှိကြကုန်သောသူတို့သည် ဧကရာဇ် မင်းသားတို့နှင့် တူကုန်သည်ဟု မိန့်ဆိုကြကုန်၏။
“တူပုံ”
ဒွန်းစဏ္ဍား၏ သားတို့သည် မင်းဧကရာဇ် ပြုလုပ်ရန် အကြံဖြစ်မြဲ မဟုတ်ကုန်၊ အဘယ် ကြောင့်နည်းဆိုသော် အကြံဖြစ်ရန် အခြေပါဒ တစ်စွန်းတစ်စမျှ မရှိကြကုန် သောကြောင့်တည်း၊ ဧကရာဇ် မင်းသားတို့ သည်ကား မင်းဧကရာဇ် ပြုလုပ်ကြရန် အလိုအကြံ ရှိမြဲတို့ပေတည်း၊ အဘယ်ကြောင့်နည်း ဆိုသော် အလိုအကြံ ဖြစ်နိုင်ကြရန် အခြေပါဒ ကြီးမြင့်ကြကုန် သောကြောင့် တည်း ဟူလိုသည်။
“တိုက်တွန်းချက်”
ထို့ကြောင့် ယခုအခါ ပညာရှိအပေါင်း သူတော်ကောင်းတို့ သည်လည်း မိမိတို့ ပါရမီအားလျော်စွာ ဤသာသနာတော် အတွင်း၌ပင်လျှင် အထက် အထက်သော သာသနာ့ အစီးအပွား ကြီးများသို့ ရောက်ကြ၍ သက္ကာယဒိဋ္ဌိ အသိုက်အအုံကြီးများကို ဖျက်ဆီးနိုင်ကြရန် ဤ ဣဒ္ဓိပါဒ်တရား လေးပါး များကို ထူထောင် ပွားများကြ ကုန်ရာသတည်း။
ဣဒ္ဓိပါဒ် ၄-ပါး ပြီး၏။
ဣန္ဒြေ ၅-ပါး
ဣန္ဒြေငါးပါး၌ ဣန္ဒြေ ဆိုသည်ကား -
“ဣန္ဒဿ ကမ္မံ ဣန္ဒြိယံ၊”
ဣန္ဒဿ - အစိုးရမင်း၏၊
ကမ္မံ - အစိုးရမှုသည်၊
ဣန္ဒြိယံ - ဣန္ဒြေမည်၏။
အစိုးရမင်း၏ အစိုးရမှု ဆိုသည်ကား မိမိအုပ်ချုပ်ရာ ဌာန၌ မိမိအလိုကို တစ်စုံတစ်ယောက်သော သူကမျှ မလှန်မပြန် နိုင်မှုတည်း။ ဤအရာ၌ကား စိတ်ကို အစိုးရမှုသည် လိုရင်းတည်း။ ထို ဣန္ဒြေသည် ၅-ပါး ရှိ၏။
(၁) သဒ္ဓိန္ဒြေ၊
(၂) ဝီရိယိန္ဒြေ၊
(၃) သတိန္ဒြေ၊
(၄) သမာဓိန္ဒြေ၊
(၅) ပညိန္ဒြေ၊
ဤကား ဣန္ဒြေ ၅-ပါး တည်း။
၁။ သဒ္ဓိန္ဒြေ ဆိုသည်ကား သဒ္ဓါပင်တည်း၊ ထိုသဒ္ဓါသည် အစိုးရမျိုး ပေတည်း၊ ပကတိသဒ္ဓါ, ဘာဝနာသဒ္ဓါ ဟူ၍ ၂-ပါး ရှိ၏။ ပကတိ လူတို့၌ ဒါနမှု, သီလမှု, အတုအပ ဘာဝနာမှုနှင့် ဖြစ်၍နေသော သဒ္ဓါသည် ပကတိသဒ္ဓါ မည်၏။ ထိုပကတိ သဒ္ဓါသည် စိတ်ကိုအစိုးရ၏ ဆိုသော်လည်း အထက်၌ ပြဆိုခဲ့ပြီးသော သူရူးဥပမာ အတိုင်း ပကတိလူတို့ စိတ်ရူး, စိတ်နောက်ကို ပျောက်ငြိမ်းအောင် အုပ်ချုပ်နိုင်သည် မဟုတ်၊ ထိုစိတ်ရူး, စိတ်နောက် အတိုင်းမှာ အလိုက်သင့် လိုက်လျော၍ ဒါနပြုရုံမျှ စိတ်ကို အစိုးရ၏။
[ဤကား ပွားများခြင်း မရှိသော ပကတိသဒ္ဓါ၏ အစိုးရမှုနှင့် ဖြစ်နိုင်သော ပကတိ ကုသိုလ်မျိုးတည်း၊ ကမ္မဋ္ဌာန်း အမှုနှင့် တွေ့ခဲ့လျှင် ထိုပကတိသဒ္ဓါသည် စိတ်ကို အစိုးမရ၊ စိတ်သည် သဒ္ဓါကို လှန်ပြန် ကန်ကျောက်၍ လွတ်ရာ တစ်ပါးသို့ ထွက်သွား၏၊ ပကတိသဒ္ဓါကို ဤ အရာ၌ မလိုအပ်။]
ဘာဝနာ သဒ္ဓါ ဆိုသည်ကား ထွက်သက် ဝင်သက် ကမ္မဋ္ဌာန်းအလုပ် အစရှိသော ဘာဝနာ အလုပ်ဖြင့် အားခွန်ဗလ တေဇတန်ခိုး တိုးတက်ပွားစီး ဆင်ပြောင်ကြီးကဲ့သို့ ကြီးပွားလေအောင် ပျိုးထောင် ပြုပြင်၍ ထားအပ်သော သဒ္ဓါသည် ဘာဝနာသဒ္ဓါ မည်၏။
ဤ၌ သဒ္ဓိန္ဒြေ
ဤဘာဝနာသဒ္ဓါကို ဗောဓိပက္ခိယ အရာ၌ သဒ္ဓိန္ဒြေ ဆိုသည်၊ ကမ္မဋ္ဌာန်း အာရုံတို့၌ စိတ်ရူး, စိတ်နောက် ပျောက်ငြိမ်း၍ စိတ်ကြည် ရောက်ခြင်းတည်း၊ စိတ်မည်သည် သူကြည်ရာ အာရုံ၌ နေရမှ ငြိမ်သက်တော့သည်၊ အာနာပါနဿတိ အစရှိသော ကာယဂတာသတိကို အားထုတ်မှုသည် ထိုဘာဝနာသဒ္ဓါကို ပျိုးထောင် ပြုပြင်မှု ပင်တည်း။
၂။ ဝီရိယန္ဒြေ ဆိုသည်ကား - ဝီရိယပင်တည်း၊ ပကတိဝီရိယ, ဘာဝနာဝီရိယ ဟူ၍ နှစ်ပါးရှိ၏။ ကာယိကဝီရိယ, စေတသိကဝီရိယ ဟူ၍လည်း နှစ်ပါးရှိ၏။ ပကတိ ဝီရိယမှာ သိသာပြီ၊ လောကမှုတို့၌ ပကတိဝီရိယ လွန်ကဲသော သူတို့မှာ ဘာဝနာဝီရိယ ထမြောက်လွယ်၏။
လူကို အလုပ်က နိုင်မှု
ခပ်သိမ်းသော လုပ်မှုကိုင်မှု တို့၌ပင်လျှင် အလုပ်ကို လူက မြန်မြန်နိုင်တဲ့မှ နေရာ ကျသည်၊ လူကို အလုပ်က နိုင်၍နေလျှင် နေရာမကျပြီ၊ လူကို အလုပ်ကနိုင်မှု ဆိုသည်ကား အတုအပ ဝီရိယနှင့် သွပ်၍ အလုပ် အရာမထင်တဲ့နိုင်ဘဲ နေ့ရက် ကြာညောင်း ရှိလတ်သော် ဣရိယာပထဒုက္ခ ညှဉ်းဆဲမှုနှင့်ပင် ထိုအလုပ်၌ ပျင်းရိခြင်း ဖြစ်၍နေ၏။
ဘာဝနာ ဝီရိယ
ကာယဂတာသတိတည်ထောင်မိသည်မှစ၍ တစ်နေ့တစ်ခြား တိုးပွား၍လာသော ဘာဝနာ ဝီရိယ ကို ဤ ဗောဓိပက္ခိယ အရာ၌ ဝီရိယိန္ဒြေ ဆိုသတည်း။
၃။ သတိန္ဒြေ ဆိုသည်ကား - ဤဗောဓိပက္ခိယ အရာ၌ ထွက်သက် ဝင်သက်စသော မိမိ ကိုယ်အင်္ဂါ၌ ကောင်းစွာတည်ထောင် မိသော ကာယဂတာသတိမှစ၍ လောကုတ္တရာ သမ္မာသတိမဂ္ဂင် တိုင်အောင် ကြီးပွား၍သွားသော သတိပဋ္ဌာန ခေါ်သော ဘာဝနာ သတိကို ဆိုသတည်း။
[သမာဓိန္ဒြေ, ပညိန္ဒြေတို့ကိုလည်း ထိုနည်းတူ ဆိုလေ။]
သဒ္ဓိန္ဒြေ
ကတ္ထ သဒ္ဓိန္ဒြိယံ ဒဋ္ဌဗ္ဗံ၊ စတူသု သောတာပတ္တိယင်္ဂေသု ဧတ္ထ သဒ္ဓိန္ဒြိယံ ဒဋ္ဌဗ္ဗံ၊ (ပါဠိတော်)
ကတ္ထ - အဘယ်အရာဌာန၌၊
သဒ္ဓိန္ဒြိယံ - သဒ္ဓိန္ဒြေကို၊
ဒဋ္ဌဗ္ဗံ - ရှုမှတ်အပ်သနည်း။
စတူသု သောတာပတ္တိယင်္ဂေသု - သောတာပတ္တိအင်္ဂါ လေးပါးဟု ဆိုအပ်ကုန်သော၊
ဧတ္ထ - ဤ အရာဌာန၌၊
သဒ္ဓိန္ဒြိယံ - သဒ္ဓိန္ဒြေကို၊
ဒဋ္ဌဗ္ဗံ - ရှုမှတ်အပ်၏။ (အနက်)
အဝေစ္စ ပသာဒ
“ဗုဒ္ဓေ အဝေစ္စပသာဒေန သမန္နာဂတော” အစရှိသော ပါဠိတော်၌ “အဝေစ္စပသာဒ” ပုဒ်အနက်ကို မတုန်မလှုပ် သက်ဝင်၍ ကြည်ညိုခြင်းဟု ဆိုသည်၊ ဘုရားဂုဏ်၌ ဥပစာရသမာဓိကို ရသောသူ၏ သဒ္ဓါပေတည်း။
ဝီရိယိန္ဒြေ
ကတ္ထ ဝီရိယိန္ဒြိယံ ဒဋ္ဌဗ္ဗံ၊ စတူသု သမ္မပ္ပ ဓာနေသု ဧတ္ထ ဝီရိယိန္ဒြိယံ ဒဋ္ဌဗ္ဗံ။ (ပါဠိတော်)
ကတ္ထ - အဘယ်အရာဌာန၌၊
ဝီရိယိန္ဒြိယံ - ဝီရိယိန္ဒြေကို၊
ဒဋ္ဌဗ္ဗံ - ရှုမှတ်အပ်သနည်း။
စတူသု သမ္မပ္ပ ဓာနေသု - သမ္မပ္ပဓာန်ကိစ္စ လေးဌာနဟု ဆိုအပ်ကုန်သော၊
ဧတ္ထ - ဤ အရာဌာန၌၊
ဝီရိယိန္ဒြိယံ - ဝီရိယိန္ဒြေကို၊
ဒဋ္ဌဗ္ဗံ - ရှုမှတ်အပ်၏။ (အနက်)
သတိန္ဒြေ
ကတ္ထ သတိန္ဒြိယံ ဒဋ္ဌဗ္ဗံ၊ စတူသု သတိပဋ္ဌာနေသု ဧတ္ထ သတိန္ဒြိယံ ဒဋ္ဌဗ္ဗံ။ (ပါဠိတော်)
ကတ္ထ - အဘယ်အရာဌာန၌၊
သတိန္ဒြိယံ - သတိန္ဒြေကို၊
ဒဋ္ဌဗ္ဗံ - ရှုမှတ်အပ်သနည်း။
စတူသု သတိပဋ္ဌာနေသု - သတိပဋ္ဌာန်ကိစ္စ လေးဌာနဟု ဆိုအပ်ကုန်သော၊
ဧတ္ထ - ဤ အရာဌာန၌၊
သတိန္ဒြိယံ - သတိန္ဒြေကို၊
ဒဋ္ဌဗ္ဗံ - ရှုမှတ်အပ်၏။ (အနက်)
သမာဓိန္ဒြေ
ကတ္ထ သမာဓိန္ဒြိယံ ဒဋ္ဌဗ္ဗံ၊ စတူသု ဈာနေသု ဧတ္ထ သမာဓိန္ဒြိယံ ဒဋ္ဌဗ္ဗံ။ (ပါဠိတော်)
ကတ္ထ - အဘယ်အရာဌာန၌၊
သမာဓိန္ဒြိယံ - သမာဓိန္ဒြေကို၊
ဒဋ္ဌဗ္ဗံ - ရှုမှတ်အပ်သနည်း။
စတူသု ဈာနေသု - ဈာန်လေးပါးဟု ဆိုအပ်ကုန်သော၊
ဧတ္ထ - ဤ အရာဌာန၌၊
သမာဓိန္ဒြိယံ - သမာဓိန္ဒြေကို၊
ဒဋ္ဌဗ္ဗံ - ရှုမှတ်အပ်၏။ (အနက်)
ပညိန္ဒြေ
ကတ္ထ ပညိန္ဒြိယံ ဒဋ္ဌဗ္ဗံ၊ စတူသု အရိယသစ္စေသု ဧတ္ထ ပညိန္ဒြိယံ ဒဋ္ဌဗ္ဗံ။ (ပါဠိတော်)
ကတ္ထ - အဘယ်အရာဌာန၌၊
ပညိန္ဒြိယံ - ပညိန္ဒြေကို၊
ဒဋ္ဌဗ္ဗံ - ရှုမှတ်အပ်သနည်း။
စတူသု အရိယသစ္စေသု - အရိယ သစ္စာလေးပါးဟု ဆိုအပ်ကုန်သော၊
ဧတ္ထ - ဤ အရာဌာန၌၊
ပညိန္ဒြိယံ - ပညိန္ဒြေကို၊
ဒဋ္ဌဗ္ဗံ - ရှုမှတ်အပ်၏။ (အနက်)
ဘုရားသာသနာ၌ ကြုံကြိုက်ကြသော သူတို့မှာ သစ္စာလေးပါးကို သိမှုသည် အထွတ် အမြတ် တည်း။ သစ္စာလေးကို သိမှ ဒိဋ္ဌိနယ်ကြီး, ဒုစရိုက်နယ်ကြီး, အပါယ် သံသရာကြီး တို့မှ အပြီးတိုင် ကျွတ်လွတ်နိုင် ကြကုန်သည်၊
ထို့ကြောင့် သစ္စာလေးပါးကို သိခြင်းငှါ မိမိတို့သန္တာန်၌ ယုတ်စွအဆုံး မြေဓာတ်, ရေဓာတ်, မီးဓာတ်, လေဓာတ်, အာကာသဓာတ်, စိတ်ဓာတ်ဟူသော ဓာတ် ၆-ပါးတို့ကိုလည်းကောင်း၊ ထိုဓာတ် ၆-ပါးတို့၏ မျက်တောင်တခတ် လျှပ်တပြက်မျှ အသက်မရှည် အတည်မမြဲ မစဲချုပ်ဆုံး၍ နေမှုဟူသော အနိစ္စအချက်ကြီးကို လည်းကောင်း ထင်မြင်နိုင်ကြရန် အားထုတ်ရမည်။
ပညိန္ဒြအချက်ပြီး၏။
သဒ္ဓိန္ဒြေ
သဒ္ဓိန္ဒြိယံ ဘဝေတိ၊ ဝိရိယိန္ဒြိယံ ဘာဝေတိ၊ သတိန္ဒြိယံ ဘာဝေတိ၊ သမာဓိန္ဒြိယံ ဘာဝေတိ၊ ပညိန္ဒြိယံ ဘာဝေတိ။
[သမထအလုပ်ကြီး ဝိပဿနာ အလုပ်ကြီးကို လုပ်နိုင်ကြရန် ရှေးဦးစွာကပင် တင်ကူး၍ ဣန္ဒြေကြီး ငါးပါးကို ကြီးပွါးအောင် မွေးမြူ ထူထောင်ရမည် ဟူ၍ ဟောတော်မူသော ပါဠိတော်။]
“မင်းမဲ့တိုင်းပြည်”
ဤ ဣန္ဒြေကြီး ငါးပါး ပွားများမှု မရှိသောသူ၏ ကိုယ်ခန္ဓာသည် မင်းမဲ့တိုင်းပြည်နှင့် တူ၏၊ အအုပ် အချုပ် မရှိသော အရိုင်းအစိုင်းတို့နေရာ တောရွာ တောင်ရွာနှင့် တူ၏၊ မင်းမဲ့တိုင်းပြည်သည် တရားမရှိ၊ စိတ်ထင်တိုင်း ပြုကျင့်၍ နေကြ၏။
[ပစ္စယသန္တောသ = ပစ္စည်းလေးပါး၌ ရောင့်ရဲမှု၊
ဘာဝနာရမ္ဘ = ဘာဝနာကို အားထုတ်မှု၊
နာနာဝါဒ = အထူးထူး အထွေထွေသော အယူဝါဒ]
ဣန္ဒြေပွါးခြင်း ရှိ - မရှိမှု
ဤသို့ လောက၌ စိတ်ဆန္ဒ နှစ်မျိုးဖြစ်၍ နေကြမှုသည် ပုဂ္ဂိုလ် သတ္တဝါတို့၏ အမှုမဟုတ်၊ ဣန္ဒြေကြီး ငါးပါးကို ပွါးများမှု ရှိမရှိ၏ အမှုပေတည်း။ ပွါးများမှု မရှိသေးလျှင် စိတ်တစ်မျိုး ဆန္ဒတစ်မျိုး၊ ပွါးများမှုရှိခဲ့လျှင် ထိုစိတ် ထိုဆန္ဒမျိုး ကွယ်ပျောက်၍ စိတ်တစ်မျိုး ဆန္ဒတစ်မျိုး ပြောင်းတတ်၍ လာမြဲတည်း။ ဣန္ဒြေ ၅-ပါး အဆင့်ဆင့် ကြီးပွါး၍ သွားလေလေ စိတ်ဆန္ဒ အဆင့်ဆင့် တိုးတက်၍ သွားလေလေ ဖြစ်မြဲတည်း။ ဣန္ဒြေ ၅-ပါး စုံလင်စွာ ထူထောင်မိသော အခါ၌မူကား ယနေ့ နက်ဖြန်ပင် မဂ်ဉာဏ်, ဖိုလ်ဉာဏ်ကို အကြံပြု၍ လာလတ္တံ့။
ဤသို့ ပကတိသော သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာတို့နှင့်သာ စိတ်ချ၍ နေကြသဖြင့် သေးနုပ်သိမ်ဖျင်း၍ နေကြသော စိတ်ဆန္ဒမျိုးတို့ကို မိုးလောက်နီးပါး ကြီးပွါးတိုးတက်၍ လာကြစေခြင်းငှါ ဤဣန္ဒြေငါးပါးကို ပွါးများ အားထုတ် ကြရမည် ဟူလိုသည်။
[သဒ္ဓိန္ဒြယံ ဘာဝေတိ - အစရှိသော ပါဠိတော်မြတ်၏ အဓိပ္ပါယ်။]
ဣန္ဒြေငါးပါးပြီး၏။
ဗိုလ်ငါးပါး
ဗိုလ် ၅-ပါး၌ “ပဋိပက္ခဓမ္မေ ဗလိယန္တီတိ ဗလာနိ”။
ပဋိပက္ခဓမ္မေ - ဆန့်ကျင်ဘက် တရားတို့ကို၊
ဗလိယန္တိ - အားထုတ် ဖိစီးတတ်ကုန်၏၊
ဣတိ - ထို့ကြောင့်၊
ဗလာနိ - ဗိုလ်မည်ကုန်၏။
ကျမ်းဂန်တို့၌ကား “အကမ္ပနဋ္ဌေန ဗလာနိ” ဟူကုန်၏။ ။ဆန့်ကျင်ဖက်ဖြစ်သော ရန်သူတို့နှင့် တွေ့ကြုံလျှင် မတုန်လှုပ်ဘဲ အခြေမြဲသော အနက်ကြောင့် ဗိုလ်မည်၏ ဆိုလိုသည်။ ထိုဗိုလ်သည် သဒ္ဓါဗိုလ်, ဝီရိယဗိုလ်, သတိဗိုလ်, သမာဓိဗိုလ်, ပညာဗိုလ်ဟူ၍ ဣန္ဒြေ အတိုင်း ၅-ပါးရှိ၏။
သက္ကာယဒိဋ္ဌိ နိုင်ငံကြီးကို တိုက်ဖျက်ရန် ဗိုလ်ချုပ်ကြီး ၅-ဦး, ဗိုလ်မှူးကြီး ၅-ယောက် ဆိုလိုသည်။ သက္ကာယဒိဋ္ဌိ နိုင်ငံကြီးကို ဖျက်စီးနိုင်ရန် ဗုဒ္ဓဘာသာ သာသနာဝင် လူ, ရှင်အများတို့၏ အားကြီး ၅-ပါးလည်း ဆိုရ၏။
“ပကတိ သဒ္ဓါ”
သဒ္ဓိန္ဒြေ၌ ပြဆိုပြီးသောအတိုင်း သဒ္ဓါသည် ပကတိသဒ္ဓါ, ဘာဝနာသဒ္ဓါဟူ၍ နှစ်ပါး ရှိ၏။ ပွားများခြင်းမရှိသော ပကတိသဒ္ဓါသည် တဏှာနှင့် အလိုက်သင့်ပေါင်း၍ လှူဒါန်းမှု, သီတင်းသီလ ဆောက်တည်မှု စသော ပကတိ ကုသိုလ်မှုတို့ကိုသာ ဖြစ်ပွါးစေနိုင်၏။ တဏှာကို အားတိုက် မတွန်း မလှန်နိုင်၊ တဏှာကသာ ထိုသဒ္ဓါကို တွန်းလှဲ နင်းချိုး၍ ထား၏။
ထားပုံကား ပိဋကတ်တော်တို့၌ ဆွမ်းပစ္စည်း၌ ရောင့်ရဲ လွယ်ခြင်း, သင်္ကန်းပစ္စည်း၌ ရောင့်ရဲလွယ်ခြင်း, ကျောင်းပစ္စည်း၌ ရောင့်ရဲလွယ်ခြင်း, ဘာဝနာမှု၌ မွေ့လျော်ခြင်း ဟူသော အရိယဝံသ တရားလေးပါး အစီရင်သည် ကောင်းကင်၌ နေ, လကဲ့သို့ ထင်ရှား၏။ သဒ္ဓါ၏ နယ်ကြီးတည်း။ ထိုသဒ္ဓါ၏ နယ်ကြီးသည် ယခုလောက၌ တိမ်မြုပ်၍ နေ၏။
ယခုလောက၌မူကား ပစ္စည်း ၄-ပါး ဟူသော ပစ္စယာမိသ၌ သာယာမှု၊ လောက၌ ဂုဏ်ကျက်သရေ ဟူသော လောကာမိသ၌ သာယာမှု၊ နောင် ဘဝသမ္ပတ္တိ, ဘောဂသမ္ပတ္တိ, ဣဿရိယသမ္ပတ္တိ ဟုဆိုအပ်သော ဝဋ္ဋာမိသ၌ သာယာမှုဟူသော တဏှာ၏ နယ်ကြီးသည် ကျွန်းအပြင်မှာ ပင်လယ် ရေပြင်ကြီးလွမ်း၍ နေသကဲ့သို့ ထင်ရှား၏။ ဤကား ပကတိ သဒ္ဓါအစွမ်း ညံ့ပုံကို လောက၌ ဒိဋ္ဌ သိမြင်ကြရန် အချက်တည်း။
“ဘာဝနာ သဒ္ဓါ”
ထွက်သက် ဝင်သက် စသည်၌ ကာယဂတာသတိ အလုပ်ကောင်းစွာ ထမြောက်၍ စိတ်ရူး, စိတ်နောက် ပျောက်သည့် တိုင်အောင် ပွါးများအပ်သော ဘာဝနာသဒ္ဓါ သည်သာလျှင် ထိုအာမိသ သုံးပါး၌ သာယာ တွယ်တာသော တဏှာသုံးပါးကို အားတိုက် တွန်းလှန်နိုင်လေသည်။ တဏှာ သုံးပါး တည်းဟူသော ပင်လယ်ရေပြင်ကြီး အတွင်း၌ နစ်မွန်းနေသော ရဟန်း ရှင်လူကို ထုတ်ဆယ် ကယ်တင်၍ အရိယာဝံသ တရားလေးပါး တည်းဟူသော ကျွန်းသောင်ကြီးသဖွယ် သဒ္ဓါနယ်သို့ ရောက်စေ နိုင်သည်၊ ဗောဓိပက္ခိယ အရာ၌ ဤ ဘာဝနာသဒ္ဓါကို လိုအပ်၏။
ဝီရိယနှစ်ပါးတို့တွင် ပွါးများခြင်းမရှိသော ပကတိ ဝီရိယသည် ကောသဇ္ဇနှင့် အလိုက်သင့်ပေါင်း၍ ဒါနမှု, သီလမှု, စာပေပရိယတ် သင်ကြားလေ့ကျက် ဆောင်ရွက် တတ်မြောက်မှု စသော ပကတိကုသိုလ်မှု တို့ကိုသာ ဖြစ်ပွါးစေနိုင်၏။ ကောသဇ္ဇ အကုသိုလ်ကို အားတိုက် မတွန်းလှန်နိုင်၊ ကောသဇ္ဇ အကုသိုလ်ကသာ ထိုဝီရိယကို တွန်းလှဲနင်းချိုး၍ ထား၏။
[ကောသဇ္ဇ = ပျင်းရိခြင်း၊]
ထားပုံကား - ဘုရား သာသနာတွင်း၌ ကြုံကြိုက်သည့်အခါ အနမတဂ္ဂ သံသရာ၌ ဒိဋ္ဌိမျိုးကြီး, ဒုစရိုက်မျိုးကြီး, အပါယ် မျိုးကြီးဖြစ်၍ နေကြသည်ကို သိကြကုန်။ ထိုအဖြစ်မှ ကျွတ်လွတ်ခြင်းသို့ မရောက်သေးသမျှ ကာလပတ်လုံး ကောသဇ္ဇ အကုသိုလ်ကို တွန်းလှန်လျက် ဘာဝနာရာမ တရားနှင့်သာ နေ့, ရက်, နာရီကို ကုန်စေ ရမည်ဟူသော အရိယဝံသ တရား အစီရင်သည် ကျမ်းဂန်တို့တွင် နေ, လအသွင် ထင်ရှားလျက်ရှိ၏။
ကောသဇ္ဇ အကုသိုလ်ကို တွန်းလှန်မှု ဆိုသည်ကား ရဟန်းခံစဉ် သိမ်အပြင်၌ ခံယူခဲ့သော “ရုက္ခမူလ သေနာသနံ နိဿာယ ပဗ္ဗဇ္ဇာ၊ တတ္ထ တေ ယာဝဇီဝံ ဥဿဟော ကရဏီယော” အစရှိသော ဘုရား အမွေတော်ကြီးကို လက်ကိုင်ပြု၍ တောတောင်ရှိ သစ်ပင် တောခြုံတို့ကိုသာ နေရာ ကျောင်းပြုခြင်း၊ သလုံးမြင်းခေါင်း ဖြင့် လှည့်လည် ၍ရသော ဆွမ်းကိုသာ အာဟာရပြုခြင်း၊ လူ ရှင်တပါးတို့နှင့် မရော မယှက်ခြင်း၊ ဓုတင် ပဋိပတ်ကြီးများ၌ မြဲစွာတည်၍ ကာယဂတာသတိ စသော ဘာဝနာများကို တင်းတင်း ကြပ်ကြပ် ထူထောင်အားထုတ်ခြင်း၊ ဤသို့သော ဝီရိယ ဘာဝနာမှုမျိုး သည် ကောသဇ္ဇ အကုသိုလ် ကို တွန်းလှန်မှု မည်၏။ ဝီရိယ၏ နယ်ကြီးတည်း။ ထို ဝီရိယ၏ နယ်ကြီးသည် ယခုလောက၌ တိမ်မြုပ်၍ နေ၏။
[ဘာဝနာရာမ = ဘာဝနာ၌ မွေ့လျော်ခြင်း၊]
ယခုလောက၌မူကား မိမိတို့ကိုယ်ကို သံသရာက လာခဲ့ကြသည့် ဒိဋ္ဌိမျိုးကြီး, ဒုစရိုက် မျိုးကြီး, အပါယ်မျိုးကြီး အတိုင်း ရှိနေသေးသည်ကို သိကြလျက် မြို့ရွာတွင် ဒါယကာတို့ ဆောက်လုပ်လှူဒါန်းသော ကျောင်းတိုက်တို့၌ အမြဲနေခြင်း၊ အတိရေက လာဘ်လာဘတို့ကို သာယာခြင်း၊ တပည့်တကာ လူရှင်ပရိတ်သတ် တို့ကို မစွန့် နိုင်ခြင်း အစရှိသော ကောသဇ္ဇ၏ နယ်ကြီးသည် ကျွန်းအပြင်မှာ ပင်လယ်ရေပြင်ကြီး လွှမ်း၍ နေသကဲ့သို့ ထင်ရှား၏။ ဤကား ပကတိဝီရိယ အစွမ်းညံ့ပုံကို လောက၌ ဒိဋ္ဌ သိမြင်ကြရန် အချက်တည်း။
ပြဆိုခဲ့ပြီးသော ဝီရိယ ဘာဝနာမှုမျိုးကို ထမြောက်အောင် ထူထောင်၍ အအိပ်အနေ အလွန်နည်းပါးခြင်း, ထကြွ လုံ့လမြဲခြင်း, အကြောက်အလန့် မရှိ တကိုယ်ရေ တစ်ကာယ အနေအထိုင် ရဲတင်းခြင်း, မနသိကာရ စွဲမြဲခြင်းဟူသော ဘာဝနာဝီရိယ သည်သာလျှင် ထိုကောသဇ္ဇ အကုသိုလ်ကြီးကို အားတိုက် တွန်းလှန်နိုင်လေသည်။ ဗောဓိပက္ခိယ အရာ၌ ဤ ဘာဝနာဝီရိယကို လိုအပ်၏။
[ဤနည်းကို အမှီပြု၍ သတိ, သမာဓိ, ပညာတို့၌လည်း ဗလသဒ္ဒါ၏ အနက်အသွားကို ထိုက်သည့် အားလျော်စွာ အကျယ်ဝေဖန်၍ သိကြလေ၊ အကျဉ်းချုပ်မျှကိုသာ ပြဆိုတော့အံ့။]
သတိ၏ ဆန့်ကျင်ဖက်
သတိ၏ ဆန့်ကျင်ဘက်ကား - မုဋ္ဌသစ္စ အကုသိုလ် အသင်းကြီးတည်း။ ကာယဂတာသတိ ဘာဝမှု စသော သမထဘာဝနာမှု, ဝိပဿနာ ဘာဝနာမှု တို့၌ စိတ်အစွဲကြီး မစွဲနိုင်မှု, စိတ်အမြဲကြီး မမြဲနိုင်မှု, မိမိတို့စိတ်ကို မိမိထိန်း၍ မနိုင်နိုင်မှု, အာရုံတစ်ပါးတို့ မကြာကြာ ထွက်ပြေးမှုကြီးကို မုဋ္ဌသစ္စ အကုသိုလ် အသင်းကြီး ဆိုသည်၊ ထိုမုဋ္ဌသစ္စ အကုသိုလ် အသင်းကြီးကို မိမွေးတိုင်း ဖမွေးတိုင်းရှိနေသော ပကတိသတိသည် မတွန်းလှန်နိုင်၊ ဘာဝနာသတိမှသာ တွန်းလှန်နိုင်သည်။
[မုဋ္ဌသစ္စ = သတိလွတ်ကင်းမှု]
သမာဓိ၏ ဆန့်ကျင်ဖက်
သမာဓိ၏ဆန့်ကျင်ဘက်ကား - ဝိက္ခေပ အကုသိုလ် အသင်းကြီးတည်း။ ပြဆိုခဲ့ပြီး သော ဘာဝနာ မနသိကာရ အမှုတို့၌ စိတ်မတည်ငြိမ်မှု ကြီးတည်း၊ စိတ်မဝပ်မှု ကြီးတည်း၊ စိတ်လှုပ်ရှားမှုကြီးတည်း၊ အာရုံတစ်ပါး၌ စိတ်ဖွားခနဲ ဖွားခနဲ ပေါ်မှုကြီးတည်း၊ ဘာဝနာအာရုံ၌ မိမိတို့စိတ်ကို မိမိတို့ ဖိ၍ မနိုင်နိုင်မှု ကြီးတည်း။ ထိုဝိက္ခေပ အကုသိုလ် အသင်းကြီးကို ပကတိသမာဓိသည် မတွန်းလှန်နိုင် ဘာဝနာ သမာဓိသည်သာ တွန်းလှန်နိုင်လေသတည်း။
[ဝိက္ခေပ = ပျံ့လွင့်မှု]
ပညာ၏ ဆန့်ကျင်ဖက်
ပညာ၏ ဆန့်ကျင်ဖက်ကား - သမ္မောဟ အကုသိုလ် အသင်းကြီးတည်း။ သမ္မောဟ အကုသိုလ်အသင်းကြီး ဆိုသည်ကား လွန်စွာ တွေဝေမှုကြီးတည်း အာရုံ၌ စိတ်မှုန်မှု ကြီးတည်း၊ စိတ်မှေးမှုကြီးတည်း၊ စိတ်မလင်းမှုကြီးတည်း၊ အကြည်အလင် မထင် မြင်ဘဲ စိတ်မှောင်ကြီးကျ၍ နေမှုတည်း။ ထိုသမ္မောဟ အကုသိုလ်အသင်းကြီးကို ပကတိသော ဉာဏ်ပညာ, ပိဋကတ် သုံးပုံကို တတ်သော ပရိယတ် ဉာဏ်ပညာသည် မတွန်းလှန်နိုင်၊ ကာယဂတာသတိ ထူထောင်မိသော ဘာဝနာ ဉာဏ်ပညာမှသာ တစတစ အလင်းရအောင် တွန်းလှန်နိုင်လေသတည်း။
ဤကား “ပဋိပက္ခဓမ္မေ ဗလိယန္တီတိ ဗလာနိ” ဟူသော ပဌမဝိဂြိုဟ်၌ ပဋိပက္ခ အသင်းကြီး ၅-ပါးနှင့် ဗိုလ် ၅-ပါးကို တွဲဖက်၍ အနက်အဓိပ္ပါယ်ကို ပြဆိုချက်တည်း။
ပဋိပက္ခ အကုသိုလ်အသင်းကြီး ငါးပါးဆိုသည်ကား -
၁။ တဏှာအသင်းတစ်ပါး,
၂။ ပျင်းရိမှု, ကိုယ်အနွမ်းအပါး မခံနိုင်မှု, ပဋိပတ်အရာ၌ စိတ် ကျွတ်ကျွတ် လွတ်လွတ် မရဲမှု ဟူသော ကောသဇ္ဇ အသင်းကြီးတစ်ပါး,
၃။ မုဋ္ဌသစ္စ အသင်းကြီးတစ်ပါး,
၄။ ဝိက္ခေပ အသင်းကြီးတစ်ပါး,
၅။ သမ္မောဟ အသင်းကြီးတစ်ပါး,
ဤ အသင်းကြီး ငါးပါးကို ဆိုသတည်း။
ထိုအကုသိုလ် အသင်းကြီးတို့ကို အသီးသီး အားတိုက်ဘိစီး၍ တွန်းလှန်နိုင်ကြ ကုန်သော တရားငါးပါးတို့ကို ဗိုလ်ဟူ၍ ဆိုအပ်ကုန်သတည်း။ ထိုငါးပါးသော ဗိုလ်ကြီးတို့တွင် တခုခုသော ဗိုလ်အား သေးသည့်အတွက် ပဋိပက္ခ အကုသိုလ် အသင်းကြီး တစ်ခုခု တပ်ခြေမပျက် ရှိနေခဲ့လျှင် နေယျပုဂ္ဂိုလ်တို့မှာ သမထမှု ဝိပဿနာမှု တွင်ကျယ်စွာ မဖြစ်ထွန်းနိုင်ပြီ။
ထို့ကြောင့် ယခုကာလ၌ အချို့ချို့သော ပုဂ္ဂိုလ်တို့သည် သဒ္ဓါဗိုလ် အားကောင်း၍ တဏှာ အသင်းကြီးမှ ထွက်နိုင် ကြကုန်၏၊ ပစ္စည်းအာမိသ လောကဂုဏ် အသရေ တို့ကို ငဲ့ကွက်ခြင်း ကင်းကြကုန်၏၊ ကြွင်းသော ဗိုလ်လေးပါးတို့ အားသေး၍ နေသည့်အတွက် သန္တုဋ္ဌီ စခန်းမှ အထက်သို့ မတက်နိုင် ကြလေကုန်။ တဏှာအသင်း ကောသဇ္ဇအသင်းတို့မှ ထွက်နိုင်ကြ ကုန်၏၊ သန္တောသတရားတို့နှင့်တကွ အသက် ထက်ဆုံး တော တောင်၌နေ၍ ဓုတင်ပဋိပတ် ကြီးများကို စွဲမြဲနိုင်ကြကုန်၏၊ ကြွင်းသော ဗိုလ်သုံးပါး အားသေး၍ နေသည့်အတွက် ကာယဂတာ သတိ အလုပ်ကြီး သမထ အလုပ်ကြီး ဝိပဿနာ အလုပ်ကြီးများသို့ မတက်နိုင်ကြကုန်ပြီ။
[ပဋိပက္ခ = ဆန့်ကျင်ဖက်၊
သန္တုဋ္ဌီ = ရောင့်ရဲခြင်း၊
ဓုတင်ပဋိပတ် = ကိလေသာကို ပယ်တတ် ခါတွက်တတ်သော အကျင့်၊]
အချို့သော ပုဂ္ဂိုလ်တို့သည် ရှေ့ဗိုလ်သုံးပါး အားကောင်းသည့် အတွက် ကာယဂတာသတိ အလုပ်တိုင်အောင် ရောက်နိုင်ကြကုန်၏၊ ထွက်သက် ဝင်သက် အာရုံ ထင်ကြကုန်၏၊ အရိုးစုအာရုံ ထင်ကြကုန်၏၊ နောက်ဗိုလ်နှစ်ပါး အားသေး သည့်အတွက် ဈာန်ဝိပဿနာသို့ မတက်ကြကုန်။ အချို့သော ပုဂ္ဂိုလ်တို့သည် ရှေ့ဗိုလ် လေးပါး အားရှိကြသည့် အတွက် ဈာန်သမာပတ် တိုင်အောင် ရောက်နိုင်ကြကုန်၏၊ ပညာဗိုလ် အားသေးသည့်အတွက် ဝိပဿနာသို့ မတက်နိုင်ကြကုန်။ အချို့ သော ပုဂ္ဂိုလ်တို့အား ပညာဗိုလ် အားကောင်း၏။ ကျမ်းဂန် တတ်ကြကုန်၏။ ပရမတ်ဉာဏ် ကြီးကြ ကုန်၏၊ ရှေ့ဗိုလ်လေးပါး ခါးကျိုး၍ နေသည့်အတွက် တဏှာနယ်, ကောသဇ္ဇနယ်, မုဋ္ဌသစ္စနယ်, ဝိက္ခေပနယ်, သမ္မောဟနယ်တို့မှ မထွက်နိုင်ကြကုန်မူ၍ ထိုနယ်တို့၌ပင် သေဆုံးကြလေကုန်၏။
[ဤနည်းအတိုင်း ထိုထိုဗိုလ် ခါးကျိုး၍ နေခဲ့လျှင် ထိုထို ပဋိပက္ခနယ်မှ မထွက်နိုင် ကြပုံကို အကုန် ဝေဖန်၍ သိကြလေ။]
ဣဒ္ဓိပါဒ်မျိုးဗိုလ်
ဗိုလ်ငါးပါးတို့တွင်လည်း ဝီရိယဗိုလ်, ပညာဗိုလ် ၂-ပါးတို့သည် ဣဒ္ဓိပါဒ်မျိုး ဖြစ်ကြ ကုန်၏။ ထို့ကြောင့် ထိုဗိုလ်ကြီးနှစ်ပါး တညီတညာ ခိုင်ခန့်ခဲ့လျှင် ကြွင်းသောဗိုလ် သုံးပါးတို့အတွက် ဝိပဿနာမှု၌ မတိုးနိုင် မတက်နိုင် မရှိပြီ။ ဂဟဋ္ဌဖြစ်သူ အိမ်နေလူ ပကတိ ဖြစ်ကြကုန်လျက် သာဝတ္ထိပြည်တွင်းမှ “ငါးကုဋေ ငါးသိန်း” မျှ ကျွတ်လွတ် နိုင်ကြသည်ကို မြင်လေ။
“အရိယနွယ် ပဋိပတ်ကွယ်”
ဤသို့ ဣဒ္ဓိပါဒ် အချက်, ဣန္ဒြေ အချက်, ဗိုလ်အချက်တို့ကို မသိကြကုန်သော သူတို့သည် ငါ၌ ဘယ်တရား ထူထောင်မှုလို၍ နေသည့်အတွက် ငါ့စိတ်, ငါ့ဆန္ဒ သေးနုပ်၍ နေသည်, ငါ၌ ဘယ်ပဋိပက္ခ ဖိစီး၍ နေသည်ဟု မသိကြကုန်သည် ဖြစ်၍ ထိုတရားကို ထူထောင်လိုသည့်စိတ်ပင် မရှိကြကုန်၊ ထူထောင်ရမှန်းပင် မသိကြကုန်၊ အရိယဝံသ ပဋိပတ်ကြီးများ ကွယ်လုနီးနီး ဖြစ်၍ နေပြီ။
ဥပမာကား ဥသဘနွားမျိုး မည်သည် ရှိ၏၊ နွားတစ်ကောင်လျှင် အထောင် အသောင်းမက အဖိုးတန်၏။ တန်ပုံကား ထိုနွားမျိုး၏ လက္ခဏာကိုသိ၍ ကောင်းစွာ မွေးမြူထားလျှင် ဗွေကြန်အင်္ဂါကြီးပွား အားခွန်ဗလ တေဇတန်ခိုး ကြီးမားသဖြင့် နွားခြံပေါင်း တစ်ရာကိုပင် ခြင်္သေ့, သစ်, ကျား မထိပါးရအောင် စောင့်ရှောက်နိုင်၏။ ထိုနွားရှိသော ခြံ၌ နွားအပေါင်းတို့တွင် အနာဆိုးမကျနိုင်၊ လူတို့၌လည်း အရှေ့အနောက် တောင် မြောက် ခုနစ်အိမ်စီတိုင်တိုင် ရောဂါဆိုး အနာဆိုး, ဥပါဒ်ဆိုး မကျနိုင် ဟူ၏။
နန္ဒိဝိသာလ နွားလားကဲ့သို့ ဝန်အပြည့်တင်သော လှည်းငါးရာကိုပင် တစ်ကောင်တည်း နှင့် ရုန်းနိုင်၏။ နွားရှင် မလိမ်မာ၍ ကောင်းစွာ မမွေးဘဲ တစ်ခြားတစ်ပါးသော နွားတို့နှင့်အတူ မွေးမြူ၍ ထွန်မှု, တိုက်မှု ဟူသော အမှုသေးတို့၌ တစ်ပါးသော နွားတို့နှင့်အတူ ဖက်တွဲ၍ စေစားခဲ့မူကား ဗွေကြန်အင်္ဂါ စသည်တို့ ကြီးပွားခွင့် မရသဖြင့် မိမိတန်ခိုးလည်း မထင်ရှား၊ နွားရှင်မှာလည်း အကျိုးမများ၊ တစ်ပါးသော နွားကဲ့သို့ပင် သေဆုံးရလေ၏။
ကောင်းစွာ မွေးမြူမှု ဆိုသည်ကား ဥသဘ လက္ခဏာကို သိတတ်သော သူသည် နွားအပေါင်းမှ ထုတ်၍ တဲအိမ်အသီး၌ ထားရာ၏။ တဲအိမ်၌လည်း သဲမွှေ့ရာ အပြည့်ခင်း၍ အထက်၌ ဗိတာန် မျက်နှာကြက် မိုး၍ ကျင်ကြီး, ကျင်ငယ် အစွန်းမငြိ မရှိစေရအောင် သုတ်သင်ရှင်းလင်း ရာ၏။ လူတို့စားသော စပါးမျိုး, ဆန်မျိုး, ပဲမျိုးကို ပြုတ်၍ ကျွေးမွေးရာ၏၊ တတ်နိုင်ပါမူ သလေးထမင်းကို ကျွေးရာ၏၊ လူသောက်သော ရေကိုသာ သောက်စေရာ၏၊ ရေချိုးခြင်း, ကိုယ်၌ နံ့သာလိမ်းကျံခြင်း စသည်ကို ပြုရာ၏။ ထိုသို့မွေးမြူလျှင် ဗွေကြန်အင်္ဂါ လက္ခဏာတို့ ပေါ်ထွန်းလာကုန်၏၊ ဘုန်းတန်ခိုး ကြီး၍လာကုန်၏၊ ဤကား - ဥပမာတည်း။
“တူကြပုံ”
ဤသာသနာတော်၌ နေယျပုဂ္ဂိုလ်တို့သည် နွားရှင်နှင့် တူကုန်၏။ နေယျပုဂ္ဂိုလ်မျိုး ဖြစ်ကြသူ ရှင်, လူအပေါင်းတို့၌ ရှိနေကြသော သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာဟူသော ဗိုလ်တရားငါးပါးတို့သည် ဥသဘမျိုးအစစ် ဖြစ်ကြသော နွားလား ငါးဦးတို့နှင့် တူကုန်၏။ အဘိဓမ္မာ၌ သတိပဋ္ဌာနဝိဘင်း ပါဠိတော်ကြီး, သမ္မပ္ပဓာန ဝိဘင်း ပါဠိတော်ကြီး, ဣန္ဒြိယဝိဘင်း ပါဠိတော်ကြီး, ဗောဇ္ဈင်္ဂဝိဘင်း ပါဠိတော်ကြီး, မဂ္ဂင်္ဂဝိဘင်း ပါဠိတော်ကြီး တို့သည် လည်းကောင်း, သုတ္တန်တို့၌ မဟာသတိပဋ္ဌာန သုတ်ကြီး, သတိပဋ္ဌာန သံယုတ် ပါဠိတော်ကြီး, သမ္မပ္ပဓာနသံယုတ် ပါဠိတော်ကြီး, ဗောဇ္ဈင်္ဂသံယုတ် ပါဠိတော်ကြီး တို့သည် လည်းကောင်း၊ ထို ဥသဘနွားလား၏ ကြန်အင်္ဂါ လက္ခဏာတို့နှင့်တကွ မွေးမြူပုံ နည်းလမ်းအတိုင်း မွေးမြူ၍ ကြီးပွါးခဲ့လျှင် ဖြစ်ပေါ် လာအံ့သော တန်ခိုးအမျိုးမျိုး, နွားရှင်မှာ ခံစားစံစား ရအံ့သော အကျိုးအမျိုးမျိုးတို့ကို ပြဆိုရာ လောကီလက္ခဏာ ကျမ်းကြီးတို့နှင့် တူကုန်၏။
“မသိတတ်ကြသည့်အတွက်”
ထိုဗိုလ်တရား ငါးပါးတို့ကို ဘာဝနာကိစ္စဖြင့် ကောင်းစွာပွားအောင် မွေးမြူမှုကို မပြုကြကုန်မူ၍ ဒါန, သီလ, ပရိယတ္တိဓမ္မ ဟူသော အောက်အောက်သော အလုပ်တို့၌ အသုံးတွင်မှုနှင့်ပင် အားရ တင်းတိမ်၍ နေကြကုန်သော နေယျပုဂ္ဂိုလ်တို့သည် ဥသဘ၏ လက္ခဏာကို မသိတတ်သည့် အတွက် ဥသဘမျိုးဖြစ်သော နွားလားကို ပြဆိုခဲ့ပြီးသော မွေးမြူမှု တို့ဖြင့် မမွေးမမြူမူ၍ ထွန်မှု, တိုက်မှုတို့နှင့် တင်းတိမ်လျက် ဖျက်ဆီး၍ ပစ်သော နွားရှင်နှင့်တူ၏။
လောကအလုပ်ကြီးများ
လောက၌ ဥစ္စာအားရှိမှ လုပ်ကြံနိုင်သော စီးပွားအလုပ်ကြီး၊ ပညာအားရှိမှ လုပ်ကြံ နိုင်သော စီးပွားအလုပ်ကြီး စသည်ဖြင့် လောကစီးပွား အလုပ်ကြီးများစွာရှိ၏။ တောင်သူလယ်ယာ လုပ်မှု၌ပင်လျှင် လုပ်နိုင် လောက်အောင် အားအမျိုးမျိုးရှိမှ လုပ်နိုင်သည်၊ ဥစ္စာအားကို ရှေးဦးစွာ ထူထောင်ရသည်၊ ပညာအားကို ရှေးဦးစွာ ထူထောင်ရသည်။ ပညာအားကို ရှေးဦးစွာထူထောင်မှု ဆိုသည်ကား ထိုထိုပညာကို တတ်မြောက်အောင် သင်ကြားမှုတည်း။
သာသနာ့ အလုပ်ကြီးများ
ထို့အတူ သာသနာတော် အတွင်း၌ နေယျပုဂ္ဂိုလ်မျိုးတို့မှာ သမထ အလုပ်ကြီး, ဝိပဿနာ အလုပ်ကြီး, မဂ်ဖိုလ် နိဗ္ဗာန်ဟူသော သာသနာ့ စီးပွားကြီးများ၌လည်း ဤဗလတရား အားကြီး ၅-ပါးရှိသည်၊ ရှေးဦးစွာ ဤအားကြီး ၅-ပါးကို ထူထောင်မိမှ ထို အလုပ်ကြီးများကို လုပ်နိုင်သည်၊ အားကြီး ၅-ပါးတွင် တစ်ပါးပါးမျှ မရှိသော သူသည် ထိုအလုပ်ကြီးများကို လုပ်လိုသော စိတ်ဆန္ဒပင် မပေါ်နိုင်၊ ယခုဘဝ ဖြစ်မြောက်နိုင်လိမ့်မည်ပင် အထင်မကပ်၊ စိတ်ချ၍ ထား၏။ ဖြစ်ခွင့်ဖြစ်လမ်းကို ပြောဆိုလျှင်ပင် မနာလိုရှိ၏။ မိမိ၌ ဗလတရား အားအမျိုးမျိုး မွဲ၍ တီး၍ ဖွတ်ကျောပြာ လှည်းကြီးဖြစ်၍ ထိုစိတ်မျိုး ရှိနေသည်ကို သက်သက် မသိ၊ ပါရမီကို ချ၏၊ ဒွိဟိတ်ကိုချ၏၊ ကာလကိုချ၏။
အာနာပါနဿတိ အစရှိသော သတိပဋ္ဌာန် အလုပ်တစ်ခုခုကို ကောင်းကောင်း တွယ်တာ စွဲမြဲမိ၍ သဒ္ဓါဗလ, ဝီရိယဗလ, သတိဗလဟူသော အားသုံးမျိုး အတော် ထူထောင်မိခဲ့ မူကား ထိုသူမှာ ထိုစိတ်မျိုး ဧကန် ပျောက်လတ္တံ့၊ မပြောင်းဘဲ မနေနိုင်၊ အဘယ်ကြောင့်နည်း၊ အားရှိလာသော ကြောင့်တည်း။
အားရှိပုံကား - ထိုသူမှာ ရုပ်တရား, နာမ်တရားကို မထင်တတ် မမြင်တတ်သေး သော်လည်း ပစ္စယာမိသ တဏှာကြီး ၂-ပါး အတော်ကြီး ပါး၍ နည်း၍ သွားသဖြင့် ရှေ့အဖို့၌ ထိုတဏှာကြီး ဖိစီးမှုနှင့် ဒုဗ္ဗလ ဖြစ်နေသော သဒ္ဓါသည် ထိုအခါ ကြီးပွါး၍လာ၏။ ရှေးအဖို့၌ ကောသဇ္ဇ တရားကြီး ဖိစီးမှုနှင့် ဒုဗ္ဗလဖြစ်၍နေသော ဝီရိယ, ရှေးအဖို့၌ မုဋ္ဌသစ္စတရားကြီး ဖိစီးမှုနှင့် ဒုဗ္ဗလဖြစ်၍နေသော သတိတို့သည် ထိုအခါ ကြီးပွား၍ လာကုန်၏။ ရှေ့အဖို့၌ ဝိက္ခေပတရားကြီး သမ္မောဟ တရားကြီး ဖိစီးမှုနှင့် ဒုဗ္ဗလဖြစ်၍ နေကြကုန်သော သမာဓိ ပညာတို့လည်း ထိုအခါ အားပြည့်၍ လာကြ ကုန်သည်သာတည်း၊ ထိုတရားတို့ အားရှိ၍လာလျှင် ထိုပုဂ္ဂိုလ်စိတ် မပြောင်းဘဲ မနေနိုင်ပြီ။
[ဒုဗ္ဗလဖြစ်နေသော သဒ္ဓါ = အားနည်းသော အားမရှိသော သဒ္ဓါ]
ကုဋ္ဌ ဂဏ္ဍ အစရှိသော အနာကြီး ၅ - ပါး ဖိစီးနှိပ်စက်၍ နေသောကြောင့် မိမိနေရာ မှာပင် မထနိုင်သော သူအား တစ်စုံတစ်ခုသော လူတို့ကိစ္စ၌ စိတ်ဆန္ဒ မဖြစ် ဆေးဝါးကို ကောင်းစွာ မှီဝဲ၍ တစ်စတစ်စ အနာပျောက်ငြိမ်း၍ လာသဖြင့် ထိုင်နိုင် ထနိုင် သွားနိုင် လာနိုင် လုပ်နိုင် ကိုင်နိုင် ရှိခဲ့လျှင် စိတ်တစ်မျိုး တစ်မျိုးပြောင်း၍ လာလတ္တံ့၊ မပြောင်းဘဲ မနေနိုင်။ တဏှာ, ကောသဇ္ဇ, မုဋ္ဌသစ္စ, ဝိက္ခေပ, သမ္မောဟ အကုသိုလ် အသင်းကြီး ၅-ပါးသည် ကုဋ္ဌ, ဂဏ္ဍ - စသော အနာကြီး ၅-ပါးနှင့် တူ၏။ သာသနာ၌ သမထ, ဝိပဿနာ ဘာဝနာအလုပ်ကြီးတို့သည် လောက၌ လူတို့ကိစ္စနှင့်တူ၏။ အနာပါနဿတိ အစရှိသော သတိပဋ္ဌာန် အမှုသည် ဆေးဝါးကို ကောင်းစွာ မှီဝဲမှုနှင့် တူ၏။
[အနာကြီး ၅-ပါး = ကုဋ္ဌံ - နူနာ၊ ဂဏ္ဍော - အိုင်းအနာ၊ သောသော - ချောင်းဆိုး ခရရုတ်နာ၊ အပမာရော - ဝက်ရူး ကြက်ရူးနာ၊ ကိလာသော - ပွေးကြီး ဝဲကြီးနာ။]
[အကြွင်းသိပြီ။]
ထို့ကြောင့် မြတ်စွာဘုရားသည် -
“သဒ္ဓါဗလံ ဘာဝေတိ၊ ဝီရိယဗလံ ဘာဝေတိ၊ သတိဗလံ ဘာဝေတိ၊ သမာဓိဗလံ ဘာဝေတိ၊ ပညာဗလံ ဘာဝေတိ။” ဟူ၍ ဟောတော်မူ၏။
ဘာဝေတိ အဓိပ္ပါယ်
ဗိသုကာတို့၏ အား
လောက၌ ဗိသုကာတို့၏ အလုပ်၌ စူးကောင်း, ဆောက်ကောင်း, ပုဆိန်ကောင်း , ပဲခွပ်ကောင်း, ဓားကောင်း, လွှကောင်းတို့သည် ဗိသုကာတို့၏ အားမည်၏၊ ထိုအားကို ပြည့်စုံစွာ ထူထောင်၍ လုပ်မှ ကျောင်းဆောက်, အိမ်ဆောက်မှုစသော ဗိသုကာ အလုပ်ကို တွင်ကျယ်စွာ လုပ်နိုင်သည်၊ ပန်းရံတို့အလုပ်, ပန်းဘဲတို့အလုပ်, ပန်းထိမ် တို့အလုပ်, ပန်းချီတို့အလုပ်, ပန်းပုတို့အလုပ် အစရှိသော ခပ်သိမ်းသော လောကီ စီးပွားမှုတို့၌ ဆိုင်ရာဆိုင်ရာ ကြိယာမျိုး အသီးအသီး ရှိကြကုန်၏၊ မိမိတို့ အလုပ်နှင့် ဆိုင်ရာ ကြိယာကောင်းမျိုးသည် မိမိတို့ အားမည်၏၊ ကြိယာကောင်း အဆောက်အဦ ကောင်းတို့ကို ပြည့်စုံ လုံလောက်စွာ ထူထောင်၍ လုပ်နိုင်မှ မိမိတို့အလုပ်ကို တွင်ကျယ်စွာ လုပ်နိုင်ကြကုန်သည်။
“ယောဂီတို့၏အား”
ထို့အတူ မြတ်စွာဘုရား သာသနာတော်၌လည်း ယခုဘဝ၌ပင်လျှင် မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရနိုင်ရန် သမထအလုပ်ကြီး ဝိပဿနာ အလုပ်ကြီးတို့၏ ဆိုင်ရာကြိယာ အဆောက်အဦ တို့ကား အာနာပါနဿတိ အစရှိသော တစ်ခုခုသော သတိပဋ္ဌာန် အလုပ်ကို အားထုတ်စွဲမြဲ၍ ကြီးပွား လာသော ဘာဝနာသဒ္ဓါ ဘာဝနာဝီရိယ ဘာဝနာသတိ, ဘာဝနာသမာဓိ, ဘာဝနာပညာ ဤ ၅-ပါး တို့ပေတည်း၊ ဤ ၅-ပါး တို့သည် ယောဂီပုဂ္ဂိုလ်တို့၏ အားပေတည်း။
သာသနာတော်မြတ်၌ သမထအလုပ်ကြီး ဝိပဿနာအလုပ်ကြီး တို့ကို တွင်ကျယ်စွာ လုပ်နိုင်ကြရန် ဤအားကြီး ၅-ပါး ကြိယာကြီး ၅-ပါး အဆောက်အဦကြီး ၅-ပါးတို့ကို ပွါးများ ထူထောင်ရမည် ဟူလို။
(ဘာဝေတိအဓိပ္ပါယ်)။
ဗိုလ် ၅-ပါး ပြီး၏။
ဗောဇ္ဈင် ၇-ပါး
သမ္ဗောဇ္ဈင် ၇-ပါးတို့၌ “ စတုသစ္စဓမ္မေ သုဋ္ဌု ဗုဇ္ဈတီတိ သမ္ဗောဓိ၊ သမ္ဗောဓိယာ အင်္ဂေါ သမ္ဗောဇ္ဈင်္ဂေါ”။
စတုသစ္စဓမ္မေ - သစ္စာလေးပါး တရားတို့ကို၊
သုဋ္ဌု - ကောင်းစွာ၊
ဗုဇ္ဈတိ - သိမြင်တတ်၏၊
ဣတိ - ထို့ကြောင့်၊
သမ္ဗောဓိ - သမ္ဗောဓိ မည်၏။
(လောကုတ္တရာ မဂ်ဉာဏ်ကို ဆိုသည်)
သမ္ဗောဓိယာ - မဂ်ဉာဏ်၏၊
အင်္ဂေါ - အတောင် အလက်သည်၊
သမ္ဗောဇ္ဈင်င်္ဂေါ - သမ္ဗောဇ္ဈင်မည်၏။
“ငှက်ဥပမာ”
ငှက်တို့သည် အမိဝမ်းတွင်းမှ တစ်ကြိမ်ပေါက်ဖွား၍ တစ်ဖန် ဥခွံတွင်းမှ ပေါက်ဖွား ရပြန်ကုန်၏၊ ထိုနောက် အတောင် အလက် စုံလင်သော အခါ၌ အသိုက်မှ ပျံတက်၍ အလိုရှိရာသို့ ကျွတ်လွတ်စွာ ပျံသွားကုန်သကဲ့သို့ ထို့အတူ ယောဂီပုဂ္ဂိုလ်တို့သည် ကာယဂတာသတိ တည်ထောင် မိသောအခါ, သမထအလုပ် ထမြောက်သောအခါ, အနမတဂ္ဂ ဘဝသံသရာမှ ပါရှိကြသော စိတ်ရူး, စိတ်နှမ်း, စိတ်နောက် အတွင်းမှ တစ်ကြိမ် ကျွတ်လွတ်ကုန်၏။ တစ်ဖန် ရုပ်နာမ် ခန္ဓာတို့၌ ဝိပဿနာ အမြင် ပေါက်သောအခါ ရုန့်ရင်းသော အဝိဇ္ဇာမှတစ်ကြိမ် ကျွတ်လွတ်ကုန်၏။
ထိုနောက် ဗောဇ္ဈင် ၇-ပါး ကြီးပွားရင့်သန်သောအခါ လောကုတ္တရာ မဂ်ဉာဏ်၏ အတောင်အလက် စုံလင်သဖြင့် သမ္ဗောဓိမည်သော မဂ်ဉာဏ်သို့ ရောက်၍ လောကီဘုံသူ လောကီဘုံသား နစ်သမား မွန်းသမားအဖြစ်မှ တစ်ကြိမ် ကျွတ်လွတ် ကြကုန်၍ ပုထုဇဉ်ဘုံမှ ပျံတက်၍ ဘဝအဆက်ဆက် တောင့်တ၍လာခဲ့ကြသော အရိယာဘုံသူ အရိယာဘုံသား လောကုတ္တရာဘုံသူ လောကုတ္တရာ ဘုံသား နိဗ္ဗာန်ဘုံသူ နိဗ္ဗာန်ဘုံသားအဖြစ်သို့ ပေါက်ရောက်ကြလေကုန်၏။
[ဤကား ဗောဇ္ဈင်ကို မဂ်ဉာဏ်၏ အတောင် အလက်ဆိုရာ၌ ဥပမာနှင့်တကွသော အတ္ထယုတ္တိ ပေတည်း။]
“ဗောဇ္ဈင် သရုပ်”
ထိုဗောဇ္ဈင်သရုပ်သည် ၇-ပါးရှိ၏။
၁။ သတိသမ္ဗောဇ္ဈင်၊
၂။ ဓမ္မဝိစယသမ္ဗောဇ္ဈင်၊
၃။ ဝီရိယသမ္ဗောဇ္ဈင်၊
၄။ ပီတိသမ္ဗောဇ္ဈင်၊
၅။ ပဿဒ္ဓိသမ္ဗောဇ္ဈင်၊
၆။ သမာဓိသမ္ဗောဇ္ဈင်၊
၇။ ဥပေက္ခာသမ္ဗောဇ္ဈင်။
ဤကား ဗောဇ္ဈင် ၇-ပါး တည်း။
၁။ သတိပဋ္ဌာန်, သတိန္ဒြေ, သတိဗိုလ်, သမ္မာသတိ မဂ္ဂင်ခေါ်သော သတိစေတသိက်သည် သတိသမ္ဗောဇ္ဈင် မည်၏။
၂။ ဝီမံသိဒ္ဓိပါဒ်, ပညိန္ဒြေ, ပညာဗိုလ်, သမ္မာဒိဋ္ဌိမဂ္ဂင် ခေါ်သော ပညာစေတသိက်သည် ဓမ္မဝိစယသမ္ဗောဇ္ဈင် မည်၏။
ဒိဋ္ဌိဝိသုဒ္ဓိ အစရှိသော ပညာဝိသုဒ္ဓိ ၅-ပါး, အနုပဿနာဉာဏ် ၃-ပါး, ဝိပဿနာ ၁၀-ပါးသည် ဓမ္မဝိစယသမ္ဗောဇ္ဈင် မည်၏သော်လည်း ဆိုလေ။ ဝါပင်ဝါပေါက်ကို လဲဝါဂွမ်းနု ဖြစ်အောင် ဝါဖန်မှု, ဝါကြိတ်မှု, ဂွမ်းဖတ်မှုကို ပြုသကဲ့သို့ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို ဆယ်ပါးသော ဝိပဿနာဉာဏ် အမှု တို့ဖြင့် အဖန်ဖန်ကြိတ်နယ်၍ ရှုမှုကို ဓမ္မဝိစယ ဆိုသည်။
[ပညာဝိသုဒ္ဓိ ၅-ပါး = ဒိဋ္ဌိ ဝိသုဒ္ဓိ၊ ကင်္ခါဝိတရဏ ဝိသုဒ္ဓိ၊ မဂ္ဂါမဂ္ဂ ဉာဏဒဿန ဝိသုဒ္ဓိ၊ ပဋိပဒါ ဉာနဒဿန ဝိသုဒ္ဓိ၊ ဉာဏဒဿန ဝိသုဒ္ဓိ၊
အနုပဿနာဉာဏ် ၃-ပါး = အနိစ္စာနုပဿနာဉာဏ်၊ ဒုက္ခာနုပဿနာဉာဏ်၊ အနတ္တာ နုပဿနာဉာဏ်၊
ဝိပဿနာ ၁၀-ပါး = သမ္မသနဉာဏ်၊ ဥဒယဗ္ဗယဉာဏ်၊ ဘင်္ဂဉာဏ်၊ ဘယဉာဏ်၊ အာဒီနဝဉာဏ်၊ နိဗ္ဗိဒါဉာဏ်၊ မုစ္စိတုကမျတာဉာဏ်၊ ပဋိသင်္ခါဉာဏ်၊ သင်္ခါရုပေက္ခာဉာဏ်၊ အနုလောမဉာဏ်၊]
၃။ သမ္မပ္ပဓာန်, ဝီရိယိဒ္ဓိပါဒ်, ဝီရိယိန္ဒြေ, ဝီရိယဗိုလ်, သမ္မာဝါယာမ မဂ္ဂင်ခေါ်သော ဝီရိယစေတသိက် သည် ဝီရိယသမ္ဗောဇ္ဈင် မည်၏။
၄။ ကာယဂတာသတိ စသည် တည်ထောင်မိ၍ ထင်မှုမြင်မှု တိုးပွား၍ လာသောအခါ ဝမ်းမြောက်ခြင်း, နှစ်သက်ခြင်းသည် ပီတိသမ္ဗောဇ္ဈင် မည်၏။
၅။ စိတ်မငြိမ်သက်မှု, စိတ်အကြံ များမှုကြောင့် ဖြစ်ကုန်သော ကိုယ်စိတ်နှစ်တန် ပူပန်ခြင်း ခပ်သိမ်းတို့၏ အစဉ်အတိုင်း ငြိမ်းချမ်း၍ လာခြင်းသည် ပဿဒ္ဓိသမ္ဗောဇ္ဈင် မည်၏။
[ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိ စေတသိက်ပင်တည်း။]
၆။ သမာဓိန္ဒြေ, သမာဓိဗိုလ်, သမာဓိမဂ္ဂင်ဟု ဆိုအပ်သော သမာဓိတရားသည် သမာဓိသမ္ဗောဇ္ဈင် မည်၏။
[သမထအရာ, စိတ္တဝိသုဒ္ဓိ အရာဖြစ်သော ပရိကမ္မသမာဓိ, ဥပစာရသမာဓိ, သမာပတ် ရှစ်ပါး ဟုဆိုအုပ်သော အပ္ပနာ သမာဓိသည် လည်းကောင်း၊ ပညာဝိသုဒ္ဓိအရာဖြစ်သော သုညတသမာဓိ အနိမိတ္တသမာဓိ အပ္ပဏိဟိတသမာဓိသည် လည်းကောင်း သမာဓိသမ္ဗောဇ္ဈင် မည်၏သော်လည်း ဆိုလေ။ ဝိပဿနာ ဉာဏ်နှင့်ယှဉ်သောသမာဓိ, မဂ်ဉာဏ်ဖိုလ်ဉာဏ်နှင့် ယှဉ်သော သမာဓိကို သုညတသမာဓိ စသည်ခေါ်၏။]
[သုညတသမာဓိ = ကိလေသာ ဆိတ်သုဉ်းသော တည်ကြည်ခြင်း၊
အနိမိတ္တသမာဓိ = ကိလေသာ အကြောင်းကင်းသော တည်ကြည်ခြင်း၊
အပ္ပဏိဟိတသမာဓိ = ကိလေသာ တောင့်တမှု ကင်းသော တည်ကြည်ခြင်း၊ ]
၇။ ကမ္မဋ္ဌာန်း အလုပ်တွင်း၌ အချိုးအစား မကျနိုင်သေး၍ ကြောင့်ကြစိုက်ရသော ဗျာပါရ အမှုတို့သည် များစွာရှိကုန်၏၊ အချိုးအစားလှလှ အကုန်ကျသောအခါ၌ ကြောင့်ကြ စိုက်မှုတို့မှ ကင်းရှင်းခြင်းဟူသော တတြမဇ္ဈတ္တတာ စေတသိက်သည် ဥပေက္ခာသမ္ဗောဇ္ဈင်မည်၏။
အညီအမျှ အားရှိကြကုန်သော ဤသမ္ဗောဓိအင်္ဂါ ၇-ပါးတို့နှင့်ပြည့်စုံ သောအခါ စကြာမင်းတို့၏အင်္ဂါ ရတနာ ၇-ပါးနှင့်ပြည့်စုံသော လေးကျွန်းသေဌ်နင်း စကြာ မင်းကြီးသည် လူ့လောကတွင် အတုမရှိသော စည်းစိမ်ချမ်းသာကြီးကို ခံစားရသကဲ့သို့ ယောဂီပုဂ္ဂိုလ် သည်လည်း သာသနာတော် စီးပွားတွင် လောကသုံးပါး၌ အတုမရှိသော သမဏ စည်းစိမ်ကို ခံစား စံစားရလေ၏။ သည်ကို ရည်၍ ဓမ္မပဒ ပါဠိတော်၌ -
၁။ သုညာဂါရေ ပဝိဋ္ဌဿ၊
သန္တစိတ္တဿ ဘိက္ခုနော။
အမာနုသီ ရတိ ဟောတိ၊
သမ္မာဓမ္မံ ဝိပဿတော။
၂။ ယတော ယတော သမ္မသတိ၊
ခန္ဓာနံ ဥဒယဗ္ဗယံ။
လဗ္ဘတိ ပီတိပါမောဇ္ဇံ၊
အမတန္တံ ဝိဇာနတံ။
ဟူ၍ ဟောတော်မူသည်။
၁။ သုညာဂါရေ - ဆိတ်ငြိမ်သော ကမ္မဋ္ဌာန်းကျောင်း၌၊
ပဝိဋ္ဌဿ - ဝင်၍တည်နေသော၊
သမ္မာ - ကောင်းစွာ၊
ဓမ္မံ - ရုပ်နာမ်တရားကို၊
ဝိပဿတော - အထူးထင်မြင်ရသည်ဖြစ်၍၊
သန္တစိတ္တဿ - ငြိမ်းချမ်းသော စိတ်ရှိသော၊
ဘိက္ခုနော - ယောဂီရဟန်းအား၊
အမာနုသီ - လေးကျွန်းသေဌ်နင်း စကြာမင်း၏ စိတ်ပျော်မွေ့ခြင်းထက်လွန်ကဲသော၊
ရတိ - ရွှင်ပျော်ချမ်းမြေ့ စိတ်ပျော်မွေ့ခြင်းသည်၊
ဟောတိ - ဖြစ်လေ၏။
၂။ ယတော ယတော - အကြင်အကြင် ကိုယ်အင်္ဂါ၌၊
ခန္ဓာနံ - ရုပ်နာမ်ခန္ဓာတို့၏၊
ဥဒယဗ္ဗယံ - ဖြစ်မှုပျက်မှုကို၊
သမ္မသတိ - သုံးသပ်၏၊
အမတန္တံ - အမြိုက်ချမ်းသာအစုကို၊
ဝိဇာနတံ - သိနိုင်ကြကုန်သော ယောဂီပုဂ္ဂိုလ်တို့အား၊
တတော တတော - ထိုထို သုံးသပ်ရာတိုင်း သုံးသပ်ရာတိုင်းမှ၊
ပီတိပါမောဇ္ဇံ - နှစ်သက်ရွှင်လန်း ဝမ်းမြောက်ခြင်းကို၊
လဗ္ဘတိ - ရနိုင်လေသတည်း။
(အနက်)။
လူမင်း နတ်မင်း, သိကြာမင်းတို့၏ လောကီစည်းစိမ်ကို ခံစားဆဲ အခါ၌ မြိန်ရှက် နှစ်သက်ခြင်းသည် သမ္ဗောဓိအင်္ဂါ ညီညွတ်ပြည့်စုံ၍ ဝိပဿနာ သုခကို ခံစားရသော ယောဂီပုဂ္ဂိုလ်၏ မြိန်ရှက် နှစ်သက်ခြင်းကို အစိတ် ၂၅၆-ပုံ စိတ်သော်လည်း တစ်စိတ်မျှ မမှီဟူလို၊ သမ္ဗောဓိအင်္ဂါ ၇-ပါး တို့၏ အရသာသည် ဤမျှလောက် ကြီးကျယ်၏။
ထိုကြောင့် “သဗ္ဗရသံ ဓမ္မရသော ဇိနာတိ” ဟူ၍လည်း ဟောတော်မှုပေ၏။
သဗ္ဗရသံ - အလုံးသော လောကီချမ်းသာ အရသာဟူသမျှကို၊
ဓမ္မရသော - ဓမ္မချမ်းသာရသာသည်၊
ဇိနာတိ - လွှမ်းမိုးနိုင်၏။
(အနက်)
ဤသမ္ဗောဓိအင်္ဂါ ၇-ပါးကို ကြားနာ၍ အနာရောဂါကြီး ခဏခြင်း ပျောက်ငြိမ်းကြသော ဝတ္ထုများသည်လည်း ထင်ရှား၏၊ ကြားနာသူတို့က အနက် အဓိပ္ပါယ်များကို ကောင်းကောင်းသိကြ၍ သဒ္ဒါပသန္န ထက်သန်လှမှ ပျောက်ငြိမ်းနိုင်သည်၊ ဤ သမ္ဗောဓိအင်္ဂါ ၇-ပါးတို့၏ ညီညွတ်ခြင်းသို့ ရောက်သောအခါ၌ ယောဂီပုဂ္ဂိုလ်သည် ကာယဂတာသတိ အတွက်နှင့်လည်း လိုလေသေးသည် မရှိ စိတ်အေးရပြီ၊ အနိစ္စ ထင်မြင်မှု အနတ္တ ထင်မြင်မှု အတွက်နှင့်လည်း လိုလေသေးမရှိ စိတ်အေးရပြီ။ ထို ၃-ဌာန၌ စိတ်အေးရသဖြင့် အနမတဂ္ဂသံသရာမှ အိမ်မက်တွင်မျှ မမြင်ဘူးရသော နိဗ္ဗာန်အလင်းကြီးကို ဧကန္တ ငါမြင်ရပေတော့မည်ဟု ဝမ်းမြောက်ဝမ်းသာခြင်းသည် ဖြစ်၏၊ စိတ်စေတသိက်တို့၏ ပူပန်ခြင်း ခပ်သိမ်းမှ အေးငြိမ်းခြင်းသည်ဖြစ်၏။
ထိုသို့ လွန်စွာဝမ်းမြောက် ဝမ်းသာခြင်း စိတ်စေတသိက်တို့၏ အေးငြိမ်းခြင်း ဖြစ်လာ သဖြင့် ကမ္မဋ္ဌာန်းအာရုံ၌ အလွန်တည်ငြိမ်သော သမာဓိသည် ဖြစ်လာ တော့သည်၊ သတိအတွက်နှင့် ကြောင့်ကြစိုက်ရမှု အနိစ္စ,အနတ္တ ထင်မြင်ရန်အတွက်နှင့် ကြောင့်ကြ စိုက်ရမှု, ဝီရိယအတွက်နှင့် ကြောင့်ကြစိုက်ရမှုတို့မှ ကင်းရှင်းသော ဥပေက္ခာတရား လည်း ဖြစ်လာတော့သည်၊ ဤအလုံးစုံ ကိုလည်း သမ္ဗောဓိအင်္ဂါတို့ အလွန်ညီညွတ်ခြင်း သို့ ရောက်၍ သမ္ဗောဇ္ဈင်ကိစ္စ အထူးထင်ရှားသော အခါကိုရည်၍ ဆိုသတည်း။ သမ္ဗောဇ္ဈင်သာမည အနေအားဖြင့်မှုကား ကာယဂတာသတိ တည်ထောင်မိသော အခါကစ၍ပင် သတိစသော တရားစုသည် သမ္ဗောဇ္ဈင် မည်သည်သာ ဖြစ်၏။
၁။ သတိသမ္ဗောဇ္ဈင်္ဂံ ဘာဝေတိ၊ ဝိဝေကနိဿိတံ၊ ဝိရာဂနိဿိတံ၊ နိရောဓနိဿိတံ၊ ဝေါဿဂ္ဂပရိဏာမိံ။
၂။ ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂံ ဘာဝေတိ၊ ဝိဝေကနိဿိတံ၊ ဝိရာဂနိဿိတံ၊ နိရောဓနိဿိတံ၊ ဝေါဿဂ္ဂပရိဏာမိံ။
၃။ ဝီရိယသမ္ဗောဇ္ဈင်္ဂံ ဘာဝေတိ၊ ဝိဝေကနိဿိတံ၊ ဝိရာဂနိဿိတံ၊ နိရောဓနိဿိတံ၊ ဝေါဿဂ္ဂပရိဏာမိံ။
၄။ ပီတိသမ္ဗောဇ္ဈင်္ဂံ ဘာဝေတိ၊ ဝိဝေကနိဿိတံ၊ ဝိရာဂနိဿိတံ၊ နိရောဓနိဿိတံ၊ ဝေါဿဂ္ဂပရိဏာမိံ။
၅။ ပဿဒ္ဓိသမ္ဗောဇ္ဈင်္ဂံ ဘာဝေတိ၊ ဝိဝေကနိဿိတံ၊ ဝိရာဂနိဿိတံ၊ နိရောဓနိဿိတံ၊ ဝေါဿဂ္ဂပရိဏာမိံ။
၆။ သမာဓိသမ္ဗောဇ္ဈင်္ဂံ ဘာဝေတိ၊ ဝိဝေကနိဿိတံ၊ ဝိရာဂနိဿိတံ၊ နိရောဓနိဿိတံ၊ ဝေါဿဂ္ဂပရိဏာမိံ။
၇။ ဥပေက္ခာသမ္ဗောဇ္ဈင်္ဂံ ဘာဝေတိ၊ ဝိဝေကနိဿိတံ၊ ဝိရာဂနိဿိတံ၊ နိရောဓနိဿိတံ၊ ဝေါဿဂ္ဂပရိဏာမိံ။
ဟူ၍ သမ္ဗောဇ္ဈင် ၇-ပါးကို ပွါးများကြရမည်ဟု ဟောတော် မှုရာ၌လည်း ထွက်သက် ဝင်သက်စသော ကိုယ်အင်္ဂါ၌ ကာယဂတာသတိ တည်ထောင် မှုစသည်ကိုပင် သာမညအားဖြင့် ဗောဇ္ဈင်ခုနစ်ပါးကို ပွါးများမှု ဆိုသတည်း။ ဝိသေသအားဖြင့် အသီးအသီး ပွါးများမှုကိုမူကား ဗောဇ္ဈင်္ဂဝိဘင်း အဋ္ဌကထာမှာ ယူလေ။
“ပါဠိတော်အနက်”
ဝိဝေကနိဿိတံ - သင်္ခါရ ပလိဗောဓ ခပ်သိမ်း ကင်းငြိမ်း ဆိတ်ငြိမ်ရာကို မှီသော၊
ဝိရာဂနိဿိတံ - ရာဂ ကင်းငြိမ်းရာကို မှီသော၊
နိရောဓနိဿိတံ - ဝဋ္ဋဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာကိုမှီသော၊
ဝေါဿဂ္ဂပရိဏာမိံ - ဥပဓိ လေးပါးကို စွန့်ငြိမ်းရာကို မှီသော၊
သတိသမ္ဗောဇ္ဈင်္ဂံ - သတိသမ္ဗောဇ္ဈင်ကို၊
ဘာဝေတိ - ပွားများ၏။
ဘဝသမ္ပတ္တိ ဘောဂသမ္ပတ္တိကို အလျင်း မငဲ့မှု၍ ယခုဘဝ၌ပင်လျှင် သက္ကာယဒိဋ္ဌိ အနုသယနိုင်ငံကြီး၏ အပြီးတိုင် ချုပ်ငြိမ်းမှုကိုငဲ့၍ ဝိဝဋ္ဋနိဿိတ သက်သက်ဖြစ် သည်ကို ဝိဝေကနိဿိတ, ဝိရာဂနိဿိတ, နိရောဓနိဿိတ ဆိုသတည်း။ ကာမဂုဏ် အစု ကိလေသာအစု စသည် တို့မှ တစ်နေ့တစ်ခြား စိတ်ကျွတ်လွတ်၍ သွားမှုကို ရှေ့ရှု၍ ပွားများရမည် ဆိုလိုသည်၊ ဝိဝဋ္ဋနိဿိတ အဓိပ္ပါယ်ပင်တည်း။ ဗောဇ္ဈင်, သမ္ဗောဇ္ဈင်, သမ္ဗောဓိအင်္ဂါ အတူတူပင်။
[ပလိဗောဓ = စိုးရိမ်ကြောင့်ကြ၊
ဥပဓိ = ဒုက္ခအပေါင်း၏ တည်ရာဖြစ်သောကြောင့် - ဥပဓိ လေးပါး = ခန္ဓာ ၅ ပါး၊ ကာမဂုဏ် ၅ ပါး၊ ကိလေသာ ၁၀ ပါး၊ အဘိသင်္ခါရ ၃ ပါး]
ဗောဇ္ဈင် ၇-ပါး ပြီး၏။
မဂ္ဂင် ၈-ပါး
မဂ္ဂင်ရှစ်ပါး၌ မဂ်ဆိုသည်ကား “ကိလေသေ မာရေန္တာ နိဗ္ဗာနံ ဂစ္ဆန္တိ ဧတေနာတိ မဂ္ဂေါ”။
ဧတေန - ဤတရားစုဖြင့်၊
ကိလေသေ - သက္ကာယဒိဋ္ဌိ အစရှိသော ကိလေသာအညစ်တို့ကို၊
မာရေန္တာ - ပယ်သတ်ကုန်လျက်၊
နိဗ္ဗာနံ - အပါယဒုက္ခ ဝဋ္ဋဒုက္ခ လွတ်ကင်းခြင်းသို့၊
ဂစ္ဆန္တိ - ရောက်ကြကုန်၏၊
ဣတိ - ထို့ကြောင့်၊
မဂ္ဂေါ - မဂ် မည်၏။
[ကိလေသာတို့ကို ပယ်သတ်ကြောင်း, နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော တရားစုကို မဂ်ဆိုသည် ဟူလို။]
ထိုမဂ်၏ အင်္ဂါကား ၈-ပါး ရှိ၏။
၁။ သမ္မာဒိဋ္ဌိ,
၂။ သမ္မာသင်္ကပ္ပ,
၃။ သမ္မာဝါစာ,
၄။ သမ္မာကမ္မန္တ,
၅။ သမ္မာအာဇီဝ,
၆။ သမ္မာဝါယမ,
၇။ သမ္မာသတိ,
၈။ သမ္မာသမာဓိ။
ဤကား အင်္ဂါ ရှစ်ပါးတည်း။
ထိုရှစ်ပါးသည် လောကုတ္တရဉာဏဒဿနဝိသုဒ္ဓိ၌ ရှစ်ပါးလုံး တစ်ပေါင်းတည်းဖြစ်၏၊ ရှေ့ဖြစ်သော လောကီဝိသုဒ္ဓိတို့၌မူကား အင်္ဂါငါးပါးသည်သာ တစ်ပေါင်းတည်းဖြစ်၏၊ သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မအာဇီဝ တို့ကိုမူကား သီလဝိသုဒ္ဓိ၌သာ ရအပ်ကုန်၏၊ စိတ္တဝိသုဒ္ဓိစသည်တို့၌ မရအပ်ကုန်။ သီလဝိသုဒ္ဓိ ဆိုသော်လည်း -
၁။ သမ္မာဝါစံ ဘာဝေတိ၊ ဝိဝေကနိဿိတံ၊ ဝိရာဂနိဿိတံ၊ နိရောဓနိဿိတံ၊ ဝေါဿဂ္ဂ ပရိဏာမိံ။
၂။ သမ္မာကမ္မန္တံ ဘာဝေတိ၊ ဝိဝေကနိဿိတံ၊ ဝိရာဂနိဿိတံ၊ နိရောဓနိဿိတံ၊ ဝေါဿဂ္ဂပရိဏာမိံ။
၃။ သမ္မာအာဇီဝံဘာဝေတိ၊ ဝိဝေကနိဿိတံ၊ ဝိရာဂနိဿိတံ၊ နိရောဓနိဿိတံ၊ ဝေါဿဂ္ဂပရိဏာမိံ။
ဟူသော ပါဠိတော်မြတ်နှင့်အညီ ဝိဝေကနိဿိတ, ဝိရာဂနိဿိတဖြစ်သော သီလကိုသာ ဤ ဗောဓိပက္ခိယအရာ၌ ယူအပ်၏၊ ဘဝသမ္ပတ္တိကို ငဲ့ခြင်းရှိသော ဝဋ္ဋနိဿိတ သီလမျိုးကို မယူအပ်၊ ယခုဘဝ မဂ်ဖိုလ်ကိုရခြင်း၌ ဝန်ချ၍ ထားကြကုန်သော သူတို့၏ သီလဝိသုဒ္ဓိသည် အာဒိဗြဟ္မစရိယက သီလအစစ် မဟုတ်သောကြောင့် ဗောဓိပက္ခိယမျိုး အစစ်မဟုတ်၊ နောင်ဘဝ၌ နိဗ္ဗာန်ကိုတောင့်တ၍ ဖြည့်ကျင့်ပါသည် ဆိုလျှင် ဝိဝဋ္ဋနိဿိတ တစ်စိတ်ဖြစ်သော ပါရမီသီလကား ဖြစ်ရာ၏။ ဤသမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ မဂ္ဂင်သုံးပါးကား သီလမျိုး သက်သက်ဖြစ်၍ သီလဝိသုဒ္ဓိ စင်စစ်တည်း။ ဝိရတီစေတသိက် သုံးပါးတည်း။ သမ္မာသင်္ကပ္ပကား ဝိတက် စေတသိက်တည်း။ ပညာ၏ ရှေ့သွားဖြစ်၍ ပညာ၌ ဝင်၏။
[အာဒိဗြဟ္မစရိယက = အစဦးစွာ ဖြူစင်မြင့်မြတ်သော အကျင့်ဖြစ်သော၊]
“သင်္ကပ္ပ ၃-ပါး”
(၁) နေက္ခမ္မ သင်္ကပ္ပ,
(၂ ) အဗျာပါဒ သင်္ကပ္ပ,
(၃ ) အဝိဟိံသာ သင်္ကပ္ပ ဟူ၍ သုံးပါးရှိ၏။
၁။ ထောင်၌ ကျရောက်၍ နေသောသူ, ရန်သူတပ် ဝိုင်း၍ နေသောသူ, တောမီး ဝိုင်း၍ နေသောသူ, ပိုင်တွင်း ကွန်တွင်း မြှုံးတွင်း၌ လှောင်မိ၍ နေသောငါး ချိုင့်တွင်း၌ လှောင်မိ၍ နေသော ငှက်တို့သည် ထိုအကျဉ်းအကြပ်မှ ထွက်ပြေးရန် အပေါက် အလမ်းကို မအိပ်နိုင်, မစားနိုင်, စိတ်တစ်ပါး မဝင်နိုင် ရှာကြံကြကုန်၏။ ထို့အတူ သမ္မပ္ပဓာန် အခန်းတွင် ပြဆိုပြီးသည့် အတိုင်း မိမိတို့သန္တာန်တွင် အစဉ်ပါရှိ၍နေသော ဥပ္ပန္န အကုသိုလ်ဟောင်းအနန္တ ရှေ့သို့ဘဝ အဆက်ဆက်တွင် မိုက်မှားဖြစ်ပွားလတ္တံ့ ကုန်သော အနုပ္ပန္န အကုသိုလ်သစ် အနန္တတို့သည် အကျဉ်းအကြပ် လှောင်မိ၍ နေကြကုန်သည်နှင့် ထိုဥပ္ပန္န, အနုပ္ပန္န အကုသိုလ်ဓမ္မတို့မှ ယခုဘဝ ကျွတ်လွတ်ကြရန် အပေါက်အလမ်းကို စွဲမြဲစွာ ရှာကြံကြကုန်သော သူတို့၏ အကြံအစည်မျိုးသည် နေက္ခမ္မ သင်္ကပ္ပမဂ္ဂင် မည်၏၊ ဝဋ္ဋဒုက္ခမှ ယခုဘဝကျွတ်လွတ်ရအောင် ရှာကြံသော အကြံအစည် မျိုးတည်း။
၂။ မေတ္တာဈာန်နှင့်ယှဉ်သော သင်္ကပ္ပသည် အဗျာပါဒ သင်္ကပ္ပ မည်၏။
၃။ ကရုဏာဈာန်နှင့်ယှဉ်သော သင်္ကပ္ပသည် အဝိဟိံသာသင်္ကပ္ပ မည်၏။
ကြွင်းသော ဈာန်မဂ်တို့နှင့် ယှဉ်သော သင်္ကပ္ပသည် နေက္ခမ္မသင်္ကပ္ပ မည်၏၊ ဤသို့ ထင်ရှားရာ ဌာနအထူးကိုလည်း သိအပ်၏။ သမ္မာဒိဋ္ဌိ, သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိဟူသော မဂ္ဂင်လေးပါးတို့၏ သရုပ်ကိုမူကား ဗောဇ္ဈင်အရာ၌ ဆိုခဲ့ပြီ။
သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ ဤမဂ္ဂင် ၂-ပါးသည် ပညာက္ခန္ဓမည်၏။ [ပညာအဖို့အစု ဆိုလိုသည်၊ ခန္ဓသဒ္ဒါသည် အဖို့အစုကို ဟော၏။]
သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ ဤမဂ္ဂင်သုံးပါးသည် သီလက္ခန္ဓ မည်၏။ [သီလ အဖို့အစု ဆိုလိုသည်။]
သမ္မာဝါယမ, သမ္မာသတိ, သမ္မာသမာဓိ ဤမဂ္ဂင်သုံးပါးသည် သမာဓိက္ခန္ဓ မည်၏။ [သမာဓိ အဖို့အစု ဆိုလိုသည်။]
သီလက္ခန္ဓမဂ္ဂင်
ယခုဘဝ၌ပင် - ဒိဋ္ဌိအနုသယ နိုင်ကြီးကို ဖြိုဖျက်ခြင်းငှါ တည်ထောင် ဖြည့်ကျင့် အပ်သော အာဇီဝဋ္ဌမက သီလသည် လောကီသီလက္ခန္ဓမဂ္ဂင် မည်၏၊ သီလဝိသုဒ္ဓိကို ဆိုသတည်း။ အာဇီဝဋ္ဌမက သီလသည် လူတို့၏ အာဇီဝဋ္ဌမကသီလ ရဟန်းတို့၏ အာဇီဝဋ္ဌမကသီလဟူ၍ ၂-ပါး ရှိ၏၊ ထိုတွင် ကာယဒုစရိုက် ၃-ပါး ဝစီဒုစရိုက် ၄-ပါး တို့၏ လုံခြုံမှုသည် လူတို့၏ အာဇီဝဋ္ဌမကသီလ မည်၏၊ အဋ္ဌင်္ဂဥပေါသထသီလ, ဒသင်္ဂသီလ များသည် ထို အာဇီဝဋ္ဌမကသီလ၌ အမွှမ်းတင် သီလ, အရောင်တင် သီလစုပေတည်း။ ရဟန်းတို့၏ ၂၂၇-ပါးသော သိက္ခာပုဒ် အပေါင်းတို့၏ လုံခြုံမှုသည် ရဟန်းတို့၏ အာဇီဝဋ္ဌမကသီလ မည်၏၊ ထို ၂၂၇-ပါးသော သိက္ခာပုဒ် တို့သည် ကာယကံ, ဝစီကံနှစ်ပါး၌ အကျုံးဝင်ကုန်၏၊ ထို့ကြောင့် ထိုသိက္ခာပုဒ် တို့၏ အဖွင့် အဋ္ဌကထာတို့၌ “ကာယကမ္မ,ဝစီကမ္မ” ဟု နှစ်ပါးခွဲခြားမှုကို ဆိုရိုး ပြုကြကုန်၏၊ ကြွင်းသမျှသော ရဟန်းတို့၏ သီလစုသည် ထိုသီလ၌ အမွှမ်းတင်, အရောင်တင် သီလတို့ပေတည်း။
သစ်ပင်အပေါင်းတို့သည် မြေကြီးပေါ်၌ ပေါက်ရောက် ကြီးပွားကြကုန်သကဲ့သို့ စိတ္တဝိသုဒ္ဓိ အစရှိသော အထက် ဝိသုဒ္ဓိ ၆-ပါးတို့သည် ဤသီလဝိသုဒ္ဓိအပေါ်၌ ဖြစ်ထွန်း ကြီးပွားကြရကုန်၏၊ အထူးမှာကား ဤသီလဝိသုဒ္ဓိသည် စိတ္တဝိသုဒ္ဓိ အစ ရှိသော အလယ်ဝိသုဒ္ဓိ ၅-ပါးတို့ကို မိမိနှင့် မရောမယှက်မူ၍ ရှေး၌ စင်ကြယ်မြဲ တိုင်းသော အနေအားဖြင့် ဆောင်ရွက်ပေ၏၊ အဘယ်ကြောင့် အလယ်ဝိသုဒ္ဓိ ၅-ပါးကို မရောမယှက် မူ၍ ဆောင်ရွက် လေသနည်း ဟူမူ အာရုံမတူကြ သောကြောင့်တည်း၊ လောကုတ္တရာဝိသုဒ္ဓိ မူကား အာရုံတူသောကြောင့် သဟဇာတ အဖြစ်ဖြင့် ရောယှက်၍ ရွက်ဆောင်ပေသတည်း။
[သဟဇာတ = အတူတကွ ဖြစ်ခြင်း၊]
သီလက္ခန္ဓမဂ္ဂင် ၃-ပါး၏ အခွင့်အလမ်းကို ပြဆိုခန်း ပြီး၏။
သမာဓိက္ခန္ဓမဂ္ဂင်
သမာဓိက္ခန္ဓမဂ္ဂင် ၃-ပါး၌ သုဒ္ဓိဝိပဿနာ ယာနိကလမ်း, သမထ ဝိပဿနာ ယာနိကလမ်းဟူ၍ ၂-ပါး ရှိသည်တွင် သီလဝိသုဒ္ဓိနှင့် ပြည့်စုံသောအခါ ကာယဂတာသတိကို တည်ထောင်ပြီးလျှင် သမထလမ်းသို့ မလိုက်မူ၍ ဒိဋ္ဌိဝိသုဒ္ဓိ အစရှိသော ဝိပဿနာလမ်း သက်သက်ကို အားထုတ်မှုသည် သုဒ္ဓိဝိပဿနာ ယာနိကလမ်းမည်၏။ ကာယဂတာသတိ တည်ထောင်ပြီးလျှင် ဈာန်သမာပတ် ဟုဆိုအပ်သော သမထလမ်းသို့ တက်၍ ပဌမဈာန်သမာပတ်မှသော် လည်းကောင်း၊ ဒုတိဈာန် သမာပတ်မှသော် လည်းကောင်း တတိယဈာန် စတုတ္ထဈာန် ပဉ္စဈာန် အာကာသာနဉ္စာယတနဈာန် ဝိညာဏဉ္စာယတနဈာန် အာကိဉ္စညာယတနဈာန် နေဝသညာ နာသညာယတနဈာန် သမာပတ် မှသော် လည်းကောင်း ဒိဋ္ဌိဝိသုဒ္ဓိ အစရှိသော ဝိပဿနာလမ်းသို့တက်၍ အားထုတ်မှုသည် သမထဝိပဿနာယာနိက လမ်း မည်၏။
ထိုနှစ်လမ်းတို့တွင် သုဒ္ဓဝိပဿနာ ယာနိကလမ်း၌ ဤသမာဓိက္ခန္ဓ မဂ္ဂင်သုံးပါးသည် သုညတသမာဓိ, အနိမိတ္တသမာဓိ, အပ္ပဏိဟိတ သမာဓိ ဟူသော သုံးပါးသော သမာဓိအမည်နှင့် သမထကိစ္စ, စိတ္တဝိသုဒ္ဓိကို ပြီးစီးစေ၏။ သမထဝိပဿနာ ယာနိကလမ်း၌ မူကား ပရိကမ္မသမာဓိ, ဥပစာရသမာဓိ, အပ္ပနာသမာဓိဟူသော သုံးပါးသော သမာဓိအမည်နှင့် လည်းကောင်း ဝိပဿနာ ခန်းသို့ရောက်သောအခါ သုညတသမာဓိ အနိမိတ္တသမာဓိ အပ္ပဏိဟိတသမာဓိ ဟူသော ၃-ပါးသော သမာဓိအမည်နှင့် လည်းကောင်း သမထကိစ္စ စိတ္တဝိသုဒ္ဓိကိစ္စကို ပြီးစီးစေ၏၊ ရှေ့ဖြစ် သော သီလဝိသုဒ္ဓိနှင့် ကာယဂတာသတိ အခိုက်တို့၌ကား ခဏိကသမာဓိ ကိစ္စကို ပြီးစီးစေ၏။
သမာဓိက္ခန္ဓမဂ္ဂင် ၃-ပါး ပြီး၏။
ပညာက္ခန္ဓမဂ္ဂင်
ပညာက္ခန္ဓမဂ္ဂင် နှစ်ပါး တို့သည်ကား - သီလဝိသုဒ္ဓိ, ကာယဂတာသတိ တို့မှစ၍ သုဒ္ဓဝိပဿနာ ယာနိကလမ်း, သမထဝိပဿနာ ယာနိကလမ်း ၂-လမ်းလုံး တို့၌ ပင်လျှင် ထိုက်သည့်အားလျော်စွာ ပညာကိစ္စကို ပြီးစီး စေကုန်၏။ ။ဤကား လောကီ မဂ္ဂင်, လောကုတ္တရာမဂ္ဂင် နှစ်ပါးတို့နှင့် ဆက်ဆံသော စကားရပ်တည်း၊ ယခုအခါ သောတာပတ္တိမဂ်၌ အကျုံးဝင်ကုန်သော လောကုတ္တရာ မဂ္ဂင်တို့၏ အလားကို ပြဆိုပေအံ့။ တစ်ဆူတစ်ဆူသော မြတ်စွာဘုရားတို့၏ သာသနာ၌ ကျွတ်ကြကုန်သော အရိယာပုဂ္ဂိုလ် အပေါင်းတို့တွင် အညံ့ဆုံး အများဆုံး ဖြစ်ကြကုန်သော ဘုံစဉ်စံ သုက္ခဝိဿက သောတာပန် တို့၏ အလားကို ဤစာအုပ်မှာ လိုရင်းမှတ်။
ထိုကဲ့သို့သော ဝဋ်၌ မွေ့လျော်ကြကုန်သော ဝိသာခါ, အနာထပိဏ်, သိကြားမင်း, စူဠရထ နတ်သား, မဟာရထနတ်သား, အနေကဝဏ္ဏ နတ်သား, စတုမဟာရာဇ် နတ် မင်းကြီး ၄-ပါး, နေနတ်သား, လနတ်သား, အစရှိကုန်သော ဝဋ္ဋာဘိရတ သောတာပန် အရိယာတို့သည် ယခုအခါ စတုမဟာရာဇ် ဘုံမှာပင် အသင်္ချေများစွာ ရှိကြကုန်၏၊ တာဝတိံသာဘုံမှာ အသင်္ချေများစွာ ရှိကြကုန်၏၊ အထက် အထက်သော နတ်ဘုံတို့မှာ လည်း ထိုနည်းတူ ရှိကြကုန်၏၊ ကာမဘုံမှာ ခုနှစ်ကြိမ်သော ပဋိသန္ဓေ ရှိကြကုန်၏၊ ဝေဟပ္ဖိုလ်စသော စတုတ္ထဈာန် ၆-ဘုံတို့မှာ တစ်ကြိမ်စီသာ ပဋိသန္ဓေ ရှိကြကုန်၏၊ ပဌမဈာန် ၃-ဘုံ, ဒုတိယဈာန် ၃-ဘုံ, တတိယဈာန် ၃-ဘုံ တို့၌ကား ပဋိသန္ဓေ အပိုင်း အခြား မရှိကြကုန်။
[ဝဋ္ဋာဘိရတ = ဝဋ်ဆင်းရဲ၌ မွေ့လျော်သော ပုဂ္ဂိုလ်၊]
သောတာပန်ခေါ်ပုံ
အဘယ်ကြောင့် သောတာပန် ခေါ်သနည်း ဟူမူကား ဟိမဝန္တာမှ စီးလာကြကုန်သော မြစ်ကြီး ငါးသွယ်, မြစ်ငယ်ငါးရာ ရေအယဉ်တို့သည် နောက်သို့ပြန်နစ်ခြင်း မရှိကုန် မူ၍ မဟာသမုဒ္ဒရာသို့ အရောက်စီးသွား ကြကုန်သောကြောင့် သောတ မည်ကုန်၏၊ ထို့အတူ ထိုအရိယာတို့သည်လည်း ပုထုဇဉ်အဖြစ်သို့ တဖန် ပြန်ရောက်ခြင်း မရှိကြကုန်မူ၍ အနုပါဒိသေသ နိဗ္ဗာန်သို့သာ တစ်ဖြောင့်တည်း ဆန်တက်၍ သွားကြ ကုန်၏၊ ပုထုဇဉ်တို့သည် ဘဝဂ်ဘုံမှ သော်လည်း အဝီစိတိုင်အောင် အောက်အောက် ဘုံသို့ တစ်ဖန် ပြန်ရောက်ကြကုန်သကဲ့သို့ ထိုအရိယာတို့သည် မိမိတို့ဖြစ်ရာဘုံမှ အောက်အောက်ဘုံသို့ တဖန် ပြန်ရောက်ခြင်း မရှိကြကုန်ပြီ၊ အထက် အထက်ဘုံသို့ ဆန်တက်ဖို့ရာ တစ်ပေါက် တစ်လမ်းသာ ရှိကြကုန်၏။
[အနုပါဒိသေသ = ခန္ဓာငါးပါး အကြွင်းမရှိသော၊]
ပုထုဇဉ်တို့သည် ရူပ အရူပ ဗြဟ္မာတိဟိတ်ကြီး ဖြစ်ကြကုန်ပြီးမှ ခွေး ဝက် ကြက် ငှက် စသော ဒုဂ္ဂတိ အဟိတ်တိုင်အောင် အောက်အောက်သို့ တစ်ဖန် ပြန်ရောက်ကြကုန် သကဲ့သို့ ထိုအရိယာတို့သည် ပုထုဇဉ်အဖြစ်သို့ တစ်ဖန် ပြန်ရောက်ခြင်း မရှိကြကုန်ပြီ၊ အထက်အထက် အရိယာပုဂ္ဂိုလ် အဖြစ်သို့ ဆန်တက်ဖို့ တစ်ပေါက်တစ်လမ်းသာ ရှိကြကုန်၏၊ ဤသို့ ဘုံအားဖြင့်လည်းကောင်း ဘဝအားဖြင့် လည်းကောင်း ယုတ်နိမ့်ရာ အဖို့သို့ တစ်ဖန် ပြန်ရောက်ခြင်း မရှိကြကုန်မူ၍ တစ်ဘုံထက် တစ်ဘုံ, တစ်ဘဝထက် တစ်ဘဝမြင့်ရာ အဖို့သို့ မြတ်ရာ အဖို့သို့ ဆန်တက်မှု တစ်ပေါက် တစ်လမ်းသာ ရှိကြကုန်သည်ဖြစ်၍ ဘဝများစွာ ကမ္ဘာများစွာ တစ်ရွေ့ရွေ့ ဆန်တက်၍ သွားကြလေကုန်ရာ အမြတ်ဆုံးဘုံ အမြတ်ဆုံး ဘဝသို့ ဆိုက်ရောက်ကြ ကုန်သောအခါ ခန္ဓာငါးပါးကိုစွန့်၍ အနုပါဒိသေသ နိဗ္ဗာန်သို့ ကူးကြကုန်လတ္တံ့၊ ဤသို့ အနုပါဒိသေသ နိဗ္ဗာန်သို့တိုင်အောင် တစ်ဖြောင့်တည်း တစ်တန်းတည်း ဆန်တက်၍ သွားမှုကို ဓမ္မသောတ ခေါ်သည်။
သမ္မာဒိဋ္ဌိသောတ, သမ္မာသင်္ကပ္ပသောတ, သမ္မာဝါစာသောတ, သမ္မာကမ္မန္တသောတ, သမ္မာအာဇီဝသောတ, သမ္မာဝါယမသောတ, သမ္မာသတိသောတ, သမ္မာသမာဓိသောတ ဆိုလိုသည်။
“သမ္မာဒိဋ္ဌိသောတ”
ထိုတွင် သမ္မာဒိဋ္ဌိသောတ ဆိုသည်ကား သက္ကာယဒိဋ္ဌိ အနုသယ နိုင်ငံကြီးပျက်စီး ကုန်သောအခါ ထိုသက္ကာယဒိဋ္ဌိ နိုင်ငံကြီးအရာမှာ သစ္စာ ၄-ပါးကို အလင်းမြင်နိုင်သော သမ္မာဒိဋ္ဌိနိုင်ငံကြီးဖြစ်၍ တည်လေ၏၊ တစ်ညဉ့်လုံးမှောင်မိုက်တို့၏ တည်ရာ၌ နေထွက်၍ လာသောအခါ အရောင်အလင်း ဖြစ်၍ တည်သကဲ့သို့တည်း၊ ထိုသမ္မာဒိဋ္ဌိ အလင်းနိုင်ငံကြီးသည် အနုပါဒိသေသ နိဗ္ဗာန် စံရာဘဝ တိုင်အောင် ဘဝများစွာ ကမ္ဘာအဆက်ဆက် တည်လေတော့သည်။ တစ်ဘဝထက် တစ်ဘဝ ထွန်းလင်း စည်ကား၍သာ သွားတော့သည်။ လောက၌ အမိဝမ်းမှ ဖွားစဉ် အခါ အန္တရာယ် ကပ်ငြိ၍ မျက်စိနှစ်လုံး တိမ်သလ္လာ ထူထပ်စွာ ဖုံး၍ အလင်းကိုမျှ မမြင်ဖူး ရသောသူမှာ ဝိဇ္ဇာမယ ဆေးကောင်း မျက်စဉ်းကောင်းနှင့် တွေ့၍ တိမ်သလ္လာ အကုန် ကွာပျောက် သည်နှင့် တစ်ပြိုင်နက် စက္ခုအမြင်နှင့် ပြည့်စုံသော သူကောင်း ပကတိ ဖြစ်၏၊ အသက်ထက်ဆုံး မြေ, မိုး, ကောင်းကင်, နေ, လ, နက္ခတ် အရပ်ဆယ်မျက်နှာ အလင်းပွင့်၏ ဘယ်အခါမဆို ကြည့်လို မြင်လိုသောအခါ မြင်နိုင်၏။
ဤဥပမာကဲ့သို့ ထိုသောတာပန် အရိယာတို့သည် ဖြစ်လေရာရာ ဘဝအဆက်ဆက် တို့၌ လက္ခဏာရေး ၃ - ပါး, သစ္စာ ၄-ပါး တရားတို့သည် အလင်းပွင့်ကုန်၏၊ ကြည့်လို မြင်လို ဆင်ခြင်လို သောအခါ ကောင်းကင်, နေ, လ တို့ကဲ့သို့ လင်းလင်းထင်းထင်း မြင်နိုင်ကြကုန်၏ ဟူလိုသည်။
[ဤကား သမ္မာဒိဋ္ဌိသောတ တည်ထောင်ပုံတည်း။]
“သမ္မာသင်္ကပ္ပသောတ”
“သမ္မာဒိဋ္ဌိဿ သမ္မာသင်္ကပ္ပေါ ပဟောတိ” ဟူသော မဂ္ဂသံယုတ် ပါဠိတော်မြတ်နှင့် အညီ သမ္မာဒိဋ္ဌိနိုင်ငံကြီး အမြဲတည်သည် ရှိသော် ထိုအရိယာ ပုဂ္ဂိုလ်တို့အား ဝဋ်ဒုက္ခမှ ထွက်မြောက် ကြောင်း အကြံအစည်မျိုး သတ္တဝါတစ်ပါးကို မပျက်စီး စေလိုသော အကြံအစည်မျိုး သတ္တဝါ တစ်ပါးကို မပင်ပန်းစေလိုသော အကြံအစည်မျိုးဟူသော သမ္မာသင်္ကပ္ပ နိုင်ငံကြီး သည်လည်း အနုပါဒိသေသ နိဗ္ဗာန်စံရာ ဘဝတိုင်အောင် ဘဝများစွာ ကမ္ဘာအဆက်ဆက် တည်ထောင်ဖြစ်ပွါး တစ်ဘဝထက် တစ်ဘဝ စည်ကား၍ သွားလေတော့သည်။
[ဤကား သမ္မာသင်္ကပ္ပသောတ တည်ထောင်ပုံတည်း။]
သမ္မာဒိဋ္ဌိဿ - သမ္မာဒိဋ္ဌိ ဉာဏ်အမြင် တည်ထောင်မိသော အရိယာ ပုဂ္ဂိုလ်အား၊
သမ္မာသင်္ကပ္ပေါ - ကောင်းမြတ်သော အကြံအစည်သည်၊
ပဟောတိ - တိုးပွါး၍သွား၏။
(ပဟောတီတိ ဝဍ္ဎ တိ၊ အဋ္ဌကထာ။)
“သမ္မာဝါစာသောတ”
“သမ္မာသင်္ကပ္ပဿ သမ္မာဝါစာ ပဟောတိ” ဟူသော ၎င်းပါဠိတော်မြတ်နှင့်အညီ ဝဋ်မှ ထွက်မြောက် စေတတ်သော အကြံအစည် သတ္တဝါတစ်ပါးကို ချမ်းသာစေလိုသော အကြံအစည် အမြဲတည်သည် ရှိသော် ဝစီဒုစရိုက်မှ ကင်းလွတ်စင်ကြယ် ကြည်ညိုဖွယ်သော ဝစီကံမှုတို့သည်လည်း အမြဲအစဉ် တည်ထောင် စည်ကား၍ သွားကုန်တော့သည်၊
[ဤကား သမ္မာဝါစာသောတ တည်ထောင်ပုံတည်း။]
“သမ္မာကမ္မန္တသောတ”
“သမ္မာဝစဿ သမ္မာကမ္မန္တော ပဟောတိ” ဟူသောပါဠိတော်မြတ် နှင့်အညီ ဝစီ ဒုစရိုက်တို့မှ လွတ်ကင်းစင်ကြယ် ကြည်ညိုဖွယ်သော ဝစီကံနှင့် အမြဲအစဉ် ပြည့်စုံကြ ကုန်သည်ရှိသော် ထို့ထက်ရုန့်ရင်းသော ကာယဒုစရိုက်တို့မ လွတ်ကင်းစင်ကြယ် ကြည်ညိုဖွယ်သော ကာယကံမှု တို့သည်လည်း အမြဲအစဉ် တည်ထောင် စည်ကား၍ သွားကုန်တော့သည်။
[ဤကား သမ္မာကမ္မန္တသောတ တည်ထောင်ပုံတည်း။]
“သမ္မာအာဇီဝသောတ”
“သမ္မာကမ္မန္တဿ သမ္မာအာဇီဝေါ ပဟောတိ” ဟူသော ၎င်းပါဠိတော်မြတ် နှင့်အညီ အမြင် အကြံ, ကာယကံ, ဝစီကံ အာဇီဝ စင်ကြယ်ကြကုန်သည်ရှိသော် ယုတ်ညံ့သော အသက်မွေးမှုတို့မှလည်း အစဉ်ထာဝရ စင်ကြယ်ကြကုန်တော့သည်။
[ဤကား သမ္မာအာဇီဝတည်ထောင်ပုံတည်း။]
“သမ္မာဝါယာမ သောတ”
“သမ္မာအာဇီဝဿ သမ္မာဝါယာမော ပဟောတိ” ဟူသော ၎င်းပါဠိတော်မြတ်နှင့်အညီ အမြင်, ကာယကံ, ဝစီကံ အာဇီဝ စင်ကြယ်ကြ ကုန်သည်ရှိသော် ဒုစရိုက် ဒုရာဇီဝ တို့မှ စင်ကြယ်သော ဝီရိယမှုတို့သည် အမြဲ တည်ကုန်တော့သည်။
(ဒုရာဇီ၀ = မကောင်းသော အသက်မွေးခြင်း၊)
[ဤကား သမ္မာဝါယာမသောတ တည်ထောင်ပုံတည်း။]
“သမ္မာသတိသောတ”
“သမ္မာသတိဿ သမ္မာသတိ ပဟောတိ” ဟူသော ၎င်းပါဠိတော်မြတ်နှင့်အညီ သီလ, သမာဓိ, ပညာမှုတို့၌ တည်ကြည်သော စိတ်ကို လွန်စွာအစိုးရသော သမ္မာသတိမဂ္ဂင် လည်း အစဉ်အမြဲ စည်ကား၍ သွားတော့သည်။
[ဤကား သမ္မာသတိသောတ တည်ထောင်ပုံတည်း။]
“သမ္မာသမာဓိသောတ”
“သမ္မာသတိဿ သမ္မာသမာဓိ ပဟောတိ” ဟူသော ၎င်းပါဠိတော်မြတ် နှင့်အညီ သီလ, သမာဓိ, ပညာမှုတို့၌ တည်ကြည်သောစိတ်ကို လွန်စွာအစိုးရသော သမ္မာသမာဓိ မဂ္ဂင်လည်း အစဉ်အမြဲ စည်ကား၍ သွားတော့သည်။
[ဤကား သမ္မာသမာဓိ တည်ထောင်ပုံတည်း။]
[ဤကား သောတာပန် အဖြစ်သို့ ရောက်သည်မှစ၍ အနုပါဒိသေသ နိဗ္ဗာန်စံရာ ဘဝတိုင်အောင် ဘဝများစွာ ကမ္ဘာအဆက်ဆက် မဂ္ဂင်ရှစ်ပါး တရားအယဉ်တည်း ဟူသော ဓမ္မသောတ တည်ထွန်း ၍ သွားပုံတည်း။]
သောတာပန်
ထွက်သက်ဝင်သက် အစရှိသော ကိုယ်အင်္ဂါတို့၌ ကာယဂတာသတိ တည်ထောင် မိသည်မှစ၍ ထိုကဲ့သို့ အစဉ်တိုးတက်၍ သွားမှု ရှိငြားသော်လည်း နိယာမအဖြစ်သို့ မရောက်သေးသောကြောင့် အရိယသောတ မဟုတ်သေး သောတာပတ္တိမဂ်သည် ထို အရိယသောတ၏ အစအဦး ပေတည်း၊ ထိုပုဂ္ဂိုလ်တို့သည် သောတာပတ္တိမဂ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ထိုအရိယသောတ နယ်တွင်းသို့ ရောက်ကြလေကုန်၏။
ထို့ကြောင့် -
“သောတံ အာဒိတော ပဇ္ဇိံသု ပါပုဏိံ သူတိ သောတာပန္နာ။”
ယေ - အကြင်သူတို့သည်၊
သောတံ - အရိယသောတသို့၊
အာဒိတော - အစစွာ၊
ပဇ္ဇိံသု ပါပုဏိံသု - ရောက်ကြကုန်ပြီ၊
ဣတိ - ထို့ကြောင့်၊
တေ - ထိုသူတို့သည်၊
သောတာပန္နာ - သောတာပန် မည်ကုန်၏၊
အဘယ့်ကြောင့် သောတာပန် ခေါ်သနည်းဟူသော အမေးကို ဖြေဆိုချက် ပြီး၏။
လောကီဘုံသား မဟုတ်ပြီ
ထိုသူတို့သည် အရိယသောတ နယ်တွင်းသို့ ရောက်ကုန်သည်နှင့် တစ်ပြိုင်နက် ပုထုဇဉ် ဘုံကို လွန်မြောက်ကြကုန်၏၊ လောကီဘုံသူ လောကီဘုံသား မဟုတ်ကြကုန်ပြီ၊ လောကုတ္တရာဘုံသူ လောကုတ္တရာဘုံသား ဖြစ်ကြလေကုန်၏၊ ဝဋ္ဋဒုက္ခဘုံသူ ဝဋ္ဋဒုက္ခ ဘုံသား မဟုတ်ကြကုန်ပြီ၊ နိဗ္ဗာန်ဘုံသူ နိဗ္ဗာန်ဘုံသား ဖြစ်ကြလေကုန်၏၊ ဘဝ အဆက်ဆက် ကမ္ဘာအဆက်ဆက် ပဌမ နိဗ္ဗာန်နယ်တွင်းမှ မထွက်ကြရကုန်ပြီ၊ သက္ကာယဒိဋ္ဌိ အနုသယနိုင်ငံကြီးသို့ တစ်ဖန်ပြန်ရောက်မှု, ပုထုဇဉ်အဖြစ်သို့ တစ်ဖန် ပြန်ရောက်မှု မရှိကြကုန်ပြီ ဟူလိုသည်။ သဥပါဒိသေသ ပဌမနိဗ္ဗာန်ကြီး၌ အမြဲ တည်ကြ ကုန်၍ အလိုရှိရာ ကောင်းမြတ်ရာ လူ့ချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာ တို့ကို ဘဝများစွာ ကမ္ဘာအဆက်ဆက် ခံစား စံစား၍ သွားကြရကုန်၏။
(သဥပါဒိသေသ = ခန္ဓာငါးပါး အကြွင်းရှိသော၊)
[အကျယ်ကိုမူကား ငါတို့စီရင်သော စတုသစ္စဒီပနီကျမ်း, ပရမတ္ထ သံခိပ်ကျမ်း တို့မှာကြည့်လေ။]
ဤ မဂ္ဂင်ရှစ်ပါးတို့သည် ထိုအရိယာ ပုဂ္ဂိုလ်အား လောကုတ္တရာ မဂ်ခဏ, ဖိုလ်ခဏ တို့၌သာ တစ်ပေါင်းတည်း ဖြစ်ကြကုန်၏၊ လောကီကုသိုလ် ခဏတို့၌မူကား သီလက္ခန္ဓမဂ္ဂင် ၃-ပါး၊ ပညာက္ခန္ဓမဂ္ဂင် ၂-ပါး တို့သည်ကား ကုသိုလ် အများပင် ယှဉ် ကုန်၏။ သီလက္ခန္ဓမဂ္ဂင် ၃-ပါးတို့သည် သီလကုသိုလ်နှင့်သာ ထိုအရိယာ ပုဂ္ဂိုလ်တို့၌ ဘဝများစွာ ကမ္ဘာအဆက်ဆက် အခိုင်အမြဲ တည်ကုန်၏။
မဂ္ဂင်ရှစ်ပါး ပြီး၏။
[ထိုဗောဓိပက္ခိယတရား ၃၇-ပါးတို့၏ တရားကိုယ် တို့သည်မူကား ဆန္ဒ, စိတ်, တတြမဇ္ဈတ္တတာ, သဒ္ဓါ, ပဿဒ္ဓိ, ပီတိ, ပညာ, ဝိတက်, ဝီရိယ, ဝိရတီ-သုံး, သတိ, ဧကဂ္ဂတာအားဖြင့် ၁၄-ပါး တို့တည်း။]
ဗောဓိပက္ခိယပွားပုံ အကျဉ်း
ဘုရားသာသနာတော်တွင်း၌ ကြုံကြိုက်ကြကုန်သော သူတို့သည် ထိုအရိယသောတသို့ ရောက်ခြင်းငှါ သီလဝိသုဒ္ဓိကို ရှေးဦးစွာ တည်ထောင်၍ ပြဆိုခဲ့ပြီးသော ဗောဓိပက္ခိယ တရားတို့ကို ပွားများအားထုတ် ကြရကုန်ရာ၏။ ပွားများပုံကို အကျဉ်းချုပ်အားဖြင့် ပြဆိုဦးအံ့။ ဝိသုဒ္ဓိ ၇-ပါးကို ပွားများအားထုတ်မှုသည် ဗောဓိပက္ခိယတရားကို ပွားများမှု မည်၏၊ ဝိသုဒ္ဓိ ၇-ပါးတွင်လည်း “စိတ္တဝိသုဒ္ဓိ” အထူးမှာ သမထယာနိက ပုဂ္ဂိုလ်၌သာ လိုအပ်၏။ ။”မဂ္ဂါမဂ္ဂ ဉာဏဒဿနဝိသုဒ္ဓိ” မှာ မဂ်ဖိုလ်သို့ မရောက် သေးဘဲလျက် ရောက်ပြီဟု ထင်မှတ်သော အဓိမာနိက ပုဂ္ဂိုလ်၌သာ လိုအပ်၏။ သီလ ဝိသုဒ္ဓိ, ဒိဋ္ဌိဝိသုဒ္ဓိ, ကင်္ခါဝိတရဏဝိသုဒ္ဓိ, ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ, လောကုတ္တရာ ဉာဏဒဿနဝိသုဒ္ဓိ ဤဝိသုဒ္ဓိ ၅-ပါးသည် ပုဂ္ဂိုလ်အများနှင့် ဆက်ဆံ၏။
[သမထယာနိက = သမထတည်းဟူသော ယာဉ်ရှိသော ပုဂ္ဂိုလ်၊
အဓိမာနိက = မဂ်ဖိုလ်သို့ မရောက်သေးဘဲလျက် ရောက်ပြီဟု ထင်မှတ်သော လွန်ကဲသော မာနရှိသော ပုဂ္ဂိုလ်၊]
ထို ၅-ပါးတွင် သီလဝိသုဒ္ဓိကို သီလက္ခန္ဓမဂ္ဂင် ၃-ပါး အခန်းတွင် ပြဆိုခဲ့ပြီ၊ အာဇီဝဋ္ဌမက သီလကို ဖြည့်ကျင့်မှုပင်တည်း။ စိတ္တဝိသုဒ္ဓိ သာမညမှာ မှုကား ကာယ ဂတာသတိ တည်ထောင်မှုသည် စိတ္တဝိသုဒ္ဓိ အလုပ်ပင်တည်း၊ ထိုကာယဂတာသတိကို ထွက်သက်ဝင်သက် အလုပ်နှင့်လည်း တည်ထောင်ကြ၏၊ ဣရိယာပုထ် လေးပါး လုံးမှာ ထွက်သက် ဝင်သက်၌ စိတ်ထားတိုင်း နေလျှင်ပင် ကာယဂတာသတိ သာမည တည်ပြီ၊ “ဂစ္ဆန္တော ဂစ္ဆာမီတိ ပဇာနာတိ” အစရှိသည်ဖြင့် ဣရိယာပုထ်ကြီး လေးပါး ကိုယ်အင်္ဂါ လှုပ်ရှားမှုတို့၌ သတိသမ္ပဇည အလုပ်နှင့်လည်း တည်ထောင်ရ၏၊ ဒွတ္တိံသာကာရတွင် တစပဉ္စက နှင့်လည်း တည်ထောင်ရ၏၊ ဆံပင်, မွေးညှင်း, ခြေသည်း, လက်သည်း, သွား, အရေ ဤ ၅-ပါးသည် တစပဉ္စက မည်၏၊ ဣရိယာပုထ် လေးပါးလုံးမှာ ဤ တစပဉ္စက တို့၌ စိတ်အမြဲနေပေလျှင် တည်ထောင်မိပြီ၊ မိမိကိုယ်တွင်းရှိ အဋ္ဌိနှင့်လည်း တည်ထောင်ရ၏၊ မိမိဦးခေါင်းရိုး၌ မိမိစိတ်ကို ထားလိုတိုင်း ထားနိုင်လျှင် တည်ထောင်မိပြီ၊ အစမှစ၍ ခန္ဓာကိုယ်တွင် ရုပ်နာမ် ၂-ပါးတို့ကို ခွဲခြမ်းစိတ်ဖြာ၍ ရှုမှု စွဲမြဲမှု နေရာကျလျှင်လည်း ကာယဂတာသတိ ကိစ္စ ပြီးစီးတော့သည်။
[သတိသမ္ပဇည = အောက်မေ့ခြင်း သတိ၊ အဆင်ခြင် ဉာဏ်ပညာ၊
တစပဉ္စက = အရေလျှင် ငါးခုမြောက်ရှိသော ကမ္မဋ္ဌာန်း၊]
ကာယဂတာသတိ အကျဉ်းနည်းပြီး၏။
ဒိဋ္ဌိဝိသုဒ္ဓိ အစီအရင်၌ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်, အာကာသဓာတ်, ဝိညာဏဓာတ်ဟူ၍ ကိုယ်ခန္ဓာ၌ ဤဓာတ် ၆-ပါးကို ခွဲခြမ်းမှု ပိုင်နိုင်လျှင်ပင် ဒိဋ္ဌိဝိသုဒ္ဓိ ဖြစ်၏။ ကင်္ခါဝိရဏဝိသုဒ္ဓိ အစီအရင်၌ ရှေ့ဓာတ်ကြီး ၄-ပါးနှင့် အာကာသဓာတ်တို့၏ ဖြစ်ပေါ်ရန် အကြောင်းကား ကံ, စိတ်, ဥတု, အာဟာရ ဤလေးပါးတည်း၊ ဝိညာဏ်ခြောက်ပါး၏ ဖြစ်ပေါ်ရန် အကြောင်းကား အသီးသီး သော အာရုံ ၆-ပါး ဝတ္ထု ၆-ပါးတည်း၊ ဤအကြောင်းစု ပိုင်နိုင်လျှင်ပင် ကင်္ခါဝိရဏ ဝိသုဒ္ဓိ ဖြစ်၏။ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ ဆိုသည်ကား လက္ခဏာရေး သုံးပါး ပင်တည်း၊ ပြဆိုခဲ့ပြီးသော ဓာတ် ၆-ပါးတို့၌ အနိစ္စလက္ခဏာ, ဒုက္ခလက္ခဏာ, အနတ္တ လက္ခဏာ ကောင်းစွာ ထင်မြင်လျှင် ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိမည်၏၊ လောကုတ္တရဉာဏဒဿန ဝိသုဒ္ဓိကား လောကုတ္တရာ မဂ်ဉာဏ်လေးပါးတည်း။
[ဤကား ဝိသုဒ္ဓိငါးပါး အကျဉ်းတည်း။ ဓာတ်ကြီး ၄-ပါး, ဝိညာဏ် ၆-ပါးတို့၌ ခွဲခြမ်းနည်း, ရှုနည်း, အကျယ် တို့ကိုမူကား ငါတို့စီရင်သော လက္ခဏဒီပနီကျမ်း, ဝိဇ္ဇာမဂ္ဂဒီပနီကျမ်းတို့မှာ ယူလေ။]
သာသနာ့အမွေတော်
ဤဗောဓိပက္ခိယတရား ၃၇-ပါးတို့သည် ဘုရားအမွေတော် မည်ကုန်၏၊ သာသနာ့ အမွေတော် မည်ကုန်၏၊ သာသနာတော်မြတ်ကြီး၌ အသင်္ချေယျ အနန္တ အဘိုးထိုက် သော အမြိုက်ဥစ္စာ ရတနာတို့မည်ကုန်၏။
ဤဗောဓိပက္ခိယတရား၌ သာသနဒါယဇ္ဇ စစ်တမ်းကို ပြဆိုရာ၏။ သာသန ဒါယဇ္ဇ ဆိုသည်ကား - သာသနာ့အမွေအနှစ်ကို ခံမှုတည်း၊
“ဒါတဗ္ဗန္တိဒါယံ”။
ဒါတဗ္ဗံ - ပေးအပ်၏၊
ဣတိ - ထို့ကြောင့်၊
ဒါယံ - ဒါယမည်၏။
မိဘဖြစ်သူတို့က သားသမီးဖြစ်သူတို့အား စင်စစ် ပေးခြင်းငှါထိုက်သော အမွေဥစ္စာတည်း။
“ဒါယံ အာဒဒါတီတ ဒါယာဒေါ”
ဒါယံ - အမွေဥစ္စာကို၊
အာဒဒါတိ - ခံယူထိုက်၏၊
ဣတိ - ထို့ကြောင့်၊
ဒါယာဒေါ - ဒါယာဒမည်၏။
ထိုအမွေဥစ္စာကို ခံယူထိုက်သော သားသမီးတည်း။
“ဒါယာဒဿ ကမ္မံ ဒါယဇ္ဇံ”
ဒါယာဒဿ - အမွေဥစ္စာကို ခံယူထိုက်သော သူ၏၊
ကမ္မံ - အမွေခံမှုသည်၊
ဒါယဇ္ဇံ - ဒါယဇ္ဇမည်၏။
အမွေခံမှုတည်း။
“သာသနဿ ဒါယဇ္ဇံ သာသနဒါယဇ္ဇံ”
သာသနဿ - သာသနာတော်၏၊
ဒါယဇ္ဇံ - အမွေခံမှုသည်၊
သာသနဒါယဇ္ဇံ - သာသနဒါယဇ္ဇမည်၏။
ဗုဒ္ဓဒါယဇ္ဇဟူ၍လည်း ဆိုရ၏၊
ဘုရားအမွေခံဆိုလိုသည်။
အမွေဥစ္စာကို ရှေးဦးစွာ ပြဆိုအပ်၏။
အမွေ ၂-ပါး
သာသနာတော်၏အမွေသည် အာမိသအမွေ, ဓမ္မအမွေဟူ၍ နှစ်ပါးရှိ၏။
၁။ ဆွမ်း, သင်္ကန်း, ကျောင်း, ဆေးဟူသော ပစ္စည်းလေးပါးသည် အာမိသအမွေ မည်၏။
၂။ သီလ, သမာဓိ, ပညာဟူသော သိက္ခာသုံးပါး, သီလဝိသုဒ္ဓိ, စိတ္တဝိသုဒ္ဓိအစရှိသော ဝိသုဒ္ဓိခုနစ်ပါး, သတိပဋ္ဌာန် လေးပါး၊ သမ္မပ္ပဓာန် လေးပါး အစရှိသော ဗောဓိပက္ခိယ တရား ၃၇-ပါး သည် ဓမ္မအမွေ မည်၏။
ဓမ္မအမွေ ၂-ပါး
ထို ဓမ္မအမွေသည် လောကီဓမ္မအမွေ, လောကုတ္တရာဓမ္မအမွေ ဟူ၍ နှစ်ပါးရှိ၏။
၁။ လောကီဖြစ်သော သီလ, သမာဓိ, ပညာဟူသော သိက္ခာ သုံးပါး လောကီဝိသုဒ္ဓိ ခြောက်ပါး, ထိုလောကီသိက္ခာ, လောကီဝိသုဒ္ဓိတို့၌ အကျုံးဝင်သော ဗောဓိပက္ခိယ တရား ၃၇-ပါးတို့သည် လောကီဓမ္မအမွေ မည်၏။
၂။ လောကုတ္တရာ မဂ်ဖိုလ်တို့၌ အကျုံးဝင်သော သိက္ခာသုံးပါး, လောကုတ္တရ ဉာဏ ဒဿနဝိသုဒ္ဓိတစ်ပါး, လောကုတ္တရာ ဗောဓိပက္ခိယ တရား ၃၇-ပါးတို့သည် လောကုတ္တရာ ဓမ္မအမွေ မည်၏။
[လောကီဝိသုဒိ = ဉာဏဒဿန ဝိသုဒ္ဓိမှတစ်ပါး ဝိသုဒ္ဓိ ခြောက်ပါး၊]
လောကီဓမ္မအမွေ ၂-ပါး
လောကီဓမ္မအမွေသည်လည်း ဝဋ္ဋနိဿိတ ဓမ္မအမွေ, ဝိဝဋ္ဋနိဿိတ ဓမ္မအမွေ ဟူ၍ လည်းကောင်း၊ နိယတ ဓမ္မအမွေ, အနိယတ ဓမ္မအမွေ ဟူ၍ လည်းကောင်း နှစ်ပါး ရှိ၏။
၁။ ဤသာသနာတော် အတွင်း၌ ပင်လျှင် မင်းဆရာ စိုးဆရာ ဖြစ်ရန်, ဘုန်းတန်ခိုး အရှိန်အဝါ ကြီးရန်, အခြွေအရံ များရန် ပစ္စည်းလေးပါး များရန် အားထုတ်အပ်သော သီလ, သမာဓိ, ပညာမျိုးသည် လည်းကောင်း၊ သံသရာ၌ လူကောင်း, နတ်ကောင်း ဖြစ်ရန် အားထုတ်အပ်သော သီလ, သမာဓိ, ပညာမျိုးသည် လည်းကောင်း ဝဋ္ဋနိဿိတ မည်၏။
၂။ ကိလေသဝဋ်, ကမ္မဝဋ်, ဝိပါကဝဋ်ဟုဆိုအပ်သော ဝဋ်သုံးပါးသည် ရှိ၏၊ ထိုဝဋ် သုံးပါး၏ ကုန်ငြိမ်းမှုဟူသော နိဗ္ဗာန်သည် ဝိဝဋ္ဋ မည်၏၊ ယခုဘဝ၌ပင်လျှင် အလုံးစုံအားဖြင့် လည်းကောင်း, တစ်စိတ် တစ်ဒေသ အားဖြင့် လည်းကောင်း, ဝဋ်သုံးပါး ကုန်ငြိမ်းရန် အားထုတ်အပ်သော သီလ, သမာဓိ, ပညာမျိုးသည် ဝိဝဋ္ဋနိဿိတ မည်၏။
မိမိပြုသောကုသိုလ်အတွက် နောင်သောအခါ မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ကိုလည်း ရောက်လို၏၊ ယခုဘဝ၌ လောကီပသာဒ ဂုဏ်ကိုလည်း အလိုရှိ၏၊ နိဗ္ဗာန်သို့ မရောက်မီ နောင်ဘဝ၌ လူကောင်း, နတ်ကောင်း အဖြစ်ကိုလည်း အလိုရှိ၏ဟု ဖြစ်သော သီလ, သမာဓိ, ပညာမျိုး သည်ကား ဝဋ္ဋ, ဝိဝဋ္ဋ နှစ်ပါးကိုမီသော ဥဘယ နိဿိတ ကုသိုလ်မျိုး မည်၏။
[ကျမ်းဂန်တို့၌ကား - ဝဋ္ဋနိဿိတ, ဝိဝဋ္ဋနိဿိတ နှစ်ပါးသာ အဆို ရှိ၏၊ ဝဋ်ဖက်၌ စိတ်ညွတ်ခြင်း အားကြီးသူတို့၏ ကုသိုလ်ကို ဝဋ္ဋနိဿိတ၌ သွင်းယူလေ၊ ဝိဝဋ္ဋဖက်၌ စိတ်ညွတ်ခြင်း အားကြီးသူတို့၏ ကုသိုလ်ကို ဝိဝဋ္ဋနိဿိတ၌ သွင်း၍ ယူလေ။]
နိယတ, အနိယတ နှစ်ပါး၌ ပုထုဇဉ်ပုဂ္ဂိုလ်တို့၌ ရှိနေသော သက္ကာယဒိဋ္ဌိ အနုသယ နိုင်ငံကြီးသည် အလွန်တရာ နက်ကျယ်စွာသော ရှားမီးကျီး ပင်လယ်ကြီးနှင့် တူ၏၊ ပုထုဇဉ်ပုဂ္ဂိုလ်တို့၌ ရံဖန်ရံခါဖြစ်သော သီလ, သမာဓိ, ပညာတို့သည် ထိုရှားမီးကျီး ပင်လယ်ပြင်သို့ ကျရောက်သော မိုးရေ မိုးပေါက်စုနှင့် တူကုန်၏၊ သီလကို ငါဖြည့်သည် ငါ သီလရှိသည်၊ သမာဓိကို ငါပွားများသည် သမာဓိဈာန်ကို ငါရသည်၊ ငါသမာဓိရှိသည် ငါတတ်သည် ငါသိသည် ငါပညာရှိသည် ငါလိမ္မာသည် ရုပ်နာမ်ကို ငါရှုသည် ငါမြင်သည်ဟူ၍ ဖြစ်သမျှသော သီလ, သမာဓိ, ပညာတို့သည် ငါငါဟူသော သက္ကာယဒိဋ္ဌိ ပေါ်မှာချည်း ဖြစ်ကြရကုန်သည်ဖြစ်၍ ရှားမီးကျီး၊ ပင်လယ်ပြင်မှာ ကျရောက်သော မိုးရေမိုးပေါက်တို့နှင့် တူကုန်၏ ဟူလို။
သက္ကာယဒိဋ္ဌိ နိုင်ငံကြီးသည် ထိုသီလ သမာဓိ ပညာတို့ကို လွန်စွာ ကွယ်ပျောက် ပျက်ဆုံးစေနိုင်၏၊ ထို့ကြောင့် ပုထုဇဉ်တို့၌ ဖြစ်ရသော လောကီ သီလ သမာဓိ ပညာတို့သည် အနိယတ မျိုးတို့သာတည်း၊ ပုထုဇဉ်တို့၌ သီလရှိသည် သမာဓိရှိသည် ပညာရှိသည် ဆိုသော်လည်း တဒင်္ဂ ခဏသာတည်း၊ သောတာပန်တို့၌ ဖြစ်ကုန်သော အာဇီဝဋ္ဌမက လောကီသီလသည် လည်းကောင်း၊ ဘုရားဂုဏ်၌ တည်ကြည်သော လောကီသမာဓိ တရားဂုဏ် သံဃာဂုဏ် သီလဂုဏ်စသည်တို့ သိမှု မြင်မှု လိမ္မာမှု ဟူသော လောကီပညာတို့သည် လည်းကောင်း နိယတမျိုးတို့သာတည်း၊ အနဝတတ်အိုင်ကြီး အပြင်၌ ကျရောက်သော မိုးရေမိုးပေါက်ကဲ့သို့ ထိုလောကီ သီလ သမာဓိ ပညာတို့သည် သောတာပန်ပုဂ္ဂိုလ်တို့အား ဘဝများစွာ ကမ္ဘာအဆက်ဆက် ကွယ်ပျောက်ပျက်ဆုံးသည် ဟူ၍ မရှိကြကုန်ပြီ။
[ဤကား လောကီဓမ္မ အမွေဥစ္စာ အပြားကို ပြဆိုချက်တည်း။]
လောကုတ္တရာ ဓမ္မအမွေ
လောကုတ္တရာစိတ် ၈-ခု၌ယှဉ်သော သီလ သမာဓိ ပညာ ဉာဏဒဿနဝိသုဒ္ဓိ ဗောဓိပက္ခိယ တရား ၃၇-ပါးဟုဆိုအပ်သော လောကုတ္တရာ ဓမ္မအမွေသည်ကား ဝိဝဋ္ဋနိဿိတ သာတည်း၊ နိယတသာ တည်း၊ နိယတဖြစ်သော လောကုတ္တရာသီလ သမာဓိ ပညာသို့ ပေါက်ရောက်ကြကုန်ပြီးသော အရိယာပုဂ္ဂိုလ်တို့မှာ ဖြစ်ကြလေ ကုန်သော လောကီသီလ သမာဓိ ပညာတို့သည်လည်း နိယတအဖြစ်သို့ ရောက်ကြ လေကုန်၏၊ ထိုပုဂ္ဂိုလ်တို့အား ဒုဿီလအဖြစ်သို့ တစ်ဖန်ရောက်ခြင်း အသမာဟိတ အဖြစ်သို့ တစ်ဖန်ရောက်ခြင်း ဒုပ္ပည အန္ဓဗာလ အဖြစ်သို့ တစ်ဖန်ရောက်ခြင်း မရှိကြကုန်ပြီ၊
(အသမာဟိတ = မတည်ကြည်ခြင်း၊
ဒုပ္ပည = ပညာ မရှိသောသူ၊
အန္ဓဗာလ = ဉာဏ်ပညာ ကန်းသော၊ တုံးသော လူမိုက်၊)
[ဤကား သာသနာ့အမွေ ဥစ္စာ အပြားကို ပြဆိုခန်းတည်း။]
အမွေခံပုဂ္ဂိုလ် ၇-ပါး
သာသနာ့အမွေခံ ပုဂ္ဂိုလ်တို့သည်ကား …
ဘိက္ခု၊
ဘိက္ခုနီ၊
သာမဏေယောက်ျား၊
သာမဏေမိန်းမ၊
သိက္ခမာန်မိန်းမ၊
ဥပါသကာယောက်ျား၊
ဥပါသိကာမိန်းမ ဟူ၍ ၇-မျိုး ရှိကြကုန်၏၊
သိက္ခမာန်မိန်းမ ဆိုသည်ကား - ရဟန်းလောင်းမ ပဉ္စင်းလောင်းမတည်း၊ ရှေ့ငါးဦး တို့သည် သီတင်းသုံးဖော် ငါးယောက် မည်၏၊ သီတင်းသုံးဖော် ငါးယောက်တို့မှ တစ်ပါးကုန်သော သရဏဂုံ၌ ကောင်းစွာတည်ကုန်သော လူနတ် ဗြဟ္မာတို့သည် ဥပါသကာ ဥပါသိကာတို့၌ အတွင်းဝင်ကုန်၏၊ ထို ၇-ယောက်သော ပုဂ္ဂိုလ်တို့တွင် ပစ္စည်းလေးပါး တည်းဟူသော အာမိသအမွေကို သီတင်းသုံးဖော် ငါးဦးသား တို့သည်သာ ခံကြရကုန်၏၊ ကျန်နှစ်ဦးသားတို့ မခံကြရကုန်၊ လောကီ လောကုတ္တရာ ဓမ္မအမွေ နှစ်ပါးကို မူကား ၇-ဦးသား တို့ပင် ခံကြရကုန်၏၊ ထိုသို့ ခံကြရကုန်ရာ လောကီသီလအမွေ၌ အထူးရှိကြကုန်၏၊ လောကုတ္တရာ သီလအမွေ၌ လည်းကောင်း၊ လောကီ လောကုတ္တရာ သမာဓိအမွေ နှစ်ပါးတို့၌ လည်းကောင်း အထူး မရှိကြကုန်။
လောကီသီလ အမွေ
အဘယ်သို့လျှင် လောကီသီလအမွေ အထူး ရှိကြကုန်သနည်း ဟူမူကား - သီတင်း သုံးဖော် ငါးဦးတို့သည် ဝိနည်း သီလအမွေ၊ သုတ္တန်သီလ အမွေ နှစ်ပါးတို့ကို ခံကြရကုန်၏၊ ဥပါသကာ ဥပါသိကာတို့သည် သုတ္တန်သီလ အမွေကိုသာ ခံကြရ ကုန်၏၊ ဝိနည်းသီလအမွေကို မခံကြရကုန်၊ ဤသို့ လောကီသီလ အမွေ၌ အထူး ရှိကြကုန်၏၊ သုတ္တန်သီလ ဆိုသည်ကား - သီတင်းသုံးဖော် ငါးဦးတို့မှာ ဗြဟ္မဇာလ သုတ္တန်၌လာသော သီလစုတည်း။ ဥပါသကာ ဥပါသိကာတို့မှာ ထိုထိုသုတ္တန် တို့၌ လာသော အာဇီဝဋ္ဌမကသီလ အဋ္ဌင်္ဂဥပေါသထသီလ ဒသင်္ဂသီလစုတည်း၊ ဓုတင်္ဂသီလ၊ ဣနြ္ဒိယ သံဝရသီလ၊ ပစ္စယ သန္နိဿိတ သီလစုသည်လည်း သုတ္တန် သီလစု ပင်တည်း။
လောကုတ္တရာသီလ အမွေ
လောကုတ္တရာသီလအမွေ၌ အဘယ်သို့ အထူးမရှိကြ ကုန်သနည်း ဟူမူကား လောကုတ္တရာမဂ္ဂင် ၈-ပါးတို့တွင် ပါဝင်သော သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ, ဤမဂ္ဂင် ၃-ပါးကို လောကုတ္တရာ သီလ အမွေဆိုသည်၊ ထိုလောကုတ္တရာ သီလကို မူကား သီတင်းသုံးဖော် ငါးဦး တို့သည်လည်း ရထိုက်သော သူတို့မှာပင် ရကြ ကုန်သည်၊ ဥပါသပကာ, ဥပါသိကာတို့သည်လည်း ရထိုက်သော သူတို့သည် ရကြကုန်သည်သာတည်း။
[သမ္မာဓိအမွေနှစ်ပါး, ပညာအမွေနှစ်ပါး တို့၌လည်း ထို့အတူ အထူးမရှိကြပုံကို သိလေ။]
ဝိသုဒ္ဓိ ၇-ပါး ဗောဓိပက္ခိယတရား ၃၇-ပါးတို့သည် ထိုသီလ, သမာဓိ, ပညာသုံးပါးတို့၌ အတွင်းဝင်ကြကုန်၏၊ ထို ၇-ယောက်သော သာသနာ့ အမွေခံတို့တွင် သာသနာ တော်ထမ်း ဖြစ်ကြပေကုန်သော သီတင်းသုံးဖော် ငါးယောက်တို့သည်ကား မိမိတို့ အဖို့အရာ သာသနာ့ အမွေလည်း ဖြစ်ကြပေကုန်၏၊ ပိဋကတ်သုံးပုံနှင့်တကွ အလုံးစုံ သော သာသနာကို အနှစ်ငါးထောင် တည်လေအောင် ဆောင်ရွက်စောင့်ရှောက် ထိန်းသိမ်းကြကုန်သည်ဖြစ်၍ သာသနာ့ အမွေထိန်းလည်း ဖြစ်ကြပေကုန်၏၊
ကျန်ရှိသော နှစ်ဦးသားတို့သည်ကား အမွေခံသက်သက်သာ ဖြစ်ကြပေကုန်၏၊ အမွေခံဌာနထက် အသွင်အပြင်ကို ဆောင်မှုနှင့်တကွ အမွေထိန်းဌာနသည် အလွန် ကြီးမြတ်၏၊ ထို့ကြောင့် အရိယာ ဖြစ်၍ အနှစ်ခြောက်ဆယ်ရှိပြီးသော လူဂဟဋ္ဌသည် ယနေ့တွင် ရှင်ပြုသော ပုထုဇဉ် ၇-နှစ်အရွယ် သာမဏေငယ်ကို ရှိခိုးရ၏၊ ရဟန္တာဖြစ်ပြီးသော ရဟန်းသည် မိမိထက် တစ်နာရီမျှ ရဟန်းသိက္ခာ ကြီးသော ပုထုဇဉ်ရဟန်းကို ရှိခိုးရ၏၊
သာသနာ့ အမွေခံပုဂ္ဂိုလ်အပြား ကိုပြဆိုခန်းပြီး၏။
ဓမ္မနုဓမ္မပ္ပဋိပတ်
သိက္ခာသုံးပါး, ဝိသုဒ္ဓိခုနှစ်ပါး, ဗောဓိပက္ခိယတရား ၃၇-ပါးတို့သည် လောကုတ္တရာ တရား ကိုးပါးတို့ အားလျော်သော သဘောရှိသော အကျင့်မျိုး စင်စစ် ဖြစ်၍ ဓမ္မာနုဓမ္မပဋိပတ် မည်ကုန်၏။ ထိုအကျင့်တို့ကို ကောင်းစွာကျင့်ကြံ ပေကုန်သော ၇-ယောက်သော သာသနာ့အမွေခံ ပုဂ္ဂိုလ်တို့သည် သုပ္ပဋိပန္န ပုဂ္ဂိုလ်တို့ မည်ကုန်၏၊ ဥဇုပ္ပဋိပန္န ပုဂ္ဂိုလ်တို့ မည်ကုန်၏။ ဉာယပ္ပဋိပန္န ပုဂ္ဂိုလ်တို့ မည်ကုန်၏၊ သာမိစိပ္ပဋိပန္န ပုဂ္ဂိုလ်တို့ မည်ကုန်၏။ ပုထုဇဉ်ပင် ဖြစ်ကြကုန်သော်လည်း အရိယာ ရှစ်ယောက် တို့တွင် အစဆုံးဖြစ်သော သောတာပတ္တိမဂ္ဂဋ္ဌ သေက္ခပုဂ္ဂိုလ်တို့၌ သင်္ဂြိုဟ်ရေတွက် ရကုန်၏၊ ဓမ္မာနုဓမ္မပ္ပဋိပန္န အရိယာဟူ၍ ဆိုအပ်ကုန်၏၊ ပုထုဇဉ်ဇာတိ ရှိကြကုန် သေးသည် ဖြစ်၍ ပရမတ္ထ အရိယာကား မဟုတ်ကြကုန်သေး၊ ထိုစကားမှန်၏။ မြတ်စွာဘုရား ဟောကြား ပညတ်တော်မူအပ်သော အာဇီဝဋ္ဌမကသီလ အစရှိသော ဗောဓိပက္ခိယတရားမျိုးကို သေက္ခပဋိပဒါ သုတ် စသည်တို့၌ အရိယသီလ, အရိယသမာဓိ, အရိယပညာဟူ၍ ဟောတော်မူ၏။ “ဣမိနာ အရိယေန သီလက္ခန္ဓေန သမန္နာဂတော ဟောတိ” အစရှိသည်တည်း။
ဂုဏ်တစ်စိတ်နှင့် ပြည့်စုံသူ
ထို့ကြောင့် မြတ်စွာဘုရား သာသနာတော်တွင်း၌ သရဏဂုံသုံးပါး နှင့်တကွ အာဇီဝဋ္ဌမကသီလ အမြဲနိစ္စ တည်ရှိသော ဥပါသကာပုဂ္ဂိုလ်, ဥပါသိကာပုဂ္ဂိုလ် ဖြစ်ပေလျှင်ပင် သုပ္ပဋိပန္နဂုဏ် တစ်စိတ်နှင့် ပြည့်စုံသူ ဖြစ်ပေ၏၊ ဥဇုပ္ပဋိပန္နဂုဏ် တစ်စိတ်, ဉာယပ္ပဋိပန္နဂုဏ် တစ်စိတ်, သာမိစိပ္ပဋိပန္နဂုဏ် တစ်စိတ်နှင့် ပြည့်စုံသောသူ ဖြစ်ပေ၏၊ ဓမ္မာနုဓမ္မပ္ပဋိပန္န အရိယာ မည်ပေ၏၊ “သံဃံ သရဏံ ဂစ္ဆာမိ သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော” စသည်ဖြင့် သံဃသဒ္ဒါနှင့် လာရာတို့၌မူကား သီလဝန္တ ကလျာဏ ပုထုဇဉ်ဖြစ်သော ဘိက္ခု, ဘိက္ခုနီ နှစ်ဦး ကိုသာ သင်္ဂြိုဟ် ရေတွက်ရာ၏၊ ဝိနည်းအရာ၌ ဥပသမ္ပန္န သံဃာမှ အပဖြစ်သော သာမဏေ ယောက်ျား, သာမဏေ မိန်းမ, သိက္ခမာန်မိန်းမ, ဥပါသကာ, ဥပါသိကာတို့ကို မသင်္ဂြိုဟ် မရေတွက် အပ်ကုန်။
ထိုဗောဓိပက္ခိယဓမ္မ ဟုဆိုအပ်သော ဓမ္မာနုဓမ္မပ္ပဋိပတ်ကို ကောင်းစွာကျင့်သော ပုဂ္ဂိုလ် သည် ဥပါသကာပုဂ္ဂိုလ် ဥပါသိကာပုဂ္ဂိုလ်ပင် ဖြစ်ငြားသော်လည်း သုတ္တန်ဒေသနာ တော်နည်းအားဖြင့် သမဏ မည်၏။ ဗြဟ္မဏ မည်၏၊ ဘိက္ခု မည်၏၊ ရဟန်း မည်၏ ဆိုလိုသည်။
အလင်္ကာတောပိ စေ သမံ စရေယျ၊
သန္တော ဒန္တော နိယတော ဗြဟ္မစာရီ။
သဗ္ဗေသု ဘူတေသု နိဓာယ ဒဏ္ဍံ၊
သ သမဏော သဗြဟ္မဏော သ ဘိက္ခု။
( ဓမ္မပဒ ပါဠိတော်)
အလင်္ကတောပိ - ပကတိသော လူဝတ်တန်ဆာ ဝတ်ဆင်လျက်လည်း၊
သမံ - ညီညွတ်စွာ၊
စရေယျ - ကျင့်ပေငြားအံ့၊
သန္တော - ငြိမ်သက်သော စိတ်နှလုံး ရှိသည်ဖြစ်၍၊
ဒန္တော - နူးညံ့ဆေးလေး ယဉ်ကျေးသော စိတ်နှလုံးရှိသည်ဖြစ်၍၊
သဗ္ဗေသု - အလုံးစုံကုန်သော၊
ဘူတေသု - သတ္တဝါတို့၌၊
ဒဏ္ဍံ - ကံသုံးပါးဖြင့် ထိပါးခြင်းအမှုကို၊
နိဓာယ - ပယ်စွန့်ချထား၍၊
နိယတော - အမြဲလျှင်၊
ဗြဟ္မစာရီ - ကာမဂုဏ်နှင့် အာရုံမစပ် မြတ်သော အကျင့်ရှိသည်၊
ဘဝေယျ - ဖြစ်ပေငြားအံ့၊
သော - ထိုလူဝတ် ပကတိဆင်ယင်လျှက် ရှိသောသူသည်၊
သမဏော - ရဟန်းပင်တည်း၊
သော - ထိုသူသည်၊
ဗြဟ္မဏော - အရိယာပင်တည်း၊
သော - ထိုသူသည်၊
ဘိက္ခု - ရဟန်းပင်တည်း။
ဤကား ဗောဓိပက္ခိယတရား တည်းဟူသော ဓမ္မာနုဓမ္မပ္ပဋိပတ် အကျင့်မြတ်လက်ရှိနှင့် စိတ်နှလုံး ဖြူစင်စွာ နေထိုင်ပေသော သူကို ပကကိ လူပုဂ္ဂိုလ်ပင် ဖြစ်သော်လည်း ရဟန်းဆိုရ၏ ဟု ဟောတော်မူသော ပါဠိအနက်တည်း။
[ဤကား သာသနာ့အမွေခံ ဖြစ်ရမှု မြင့်မြတ်ပုံကို ပြဆိုခန်းတည်း။]
အမွေသည်လည်း ဆိုးမွေ ကောင်းမွေ နှစ်မျိုး, အမွေခံပုဂ္ဂိုလ် သည်လည်း ဆိုးမွေခံ ကောင်းမွေခံ နှစ်မျိုး, မူလပဏ္ဏာသ ပါဠိတော် ဓမ္မဒါယာဒသုတ်ကြီးကို လိုရင်းမျှ ထုတ်ပြပေအံ့။
“ဓမ္မဒါယာဒါ မေ ဘိက္ခဝေ ဘဝထ၊ မာ အာမိသ ဒါယာဒါ၊ အတ္ထိ မေ တုမှေသု အနုကမ္ပာ၊ ကိန္တိ မေ သာဝကာ ဓမ္မဒါယာဒါ ဘဝေယျုံ နော အာမိသ ဒါယာဒါတိ။”
ဘိက္ခဝေ - ရဟန်းတို့၊
တုမှေ - သင်တို့သည်၊
မေ - ငါဘုရား၏၊
ဓမ္မဒါယာဒါ - ဗောဓိပက္ခိယ ဓမ္မအမွေကို ခံစံကြကုန်သည်၊
ဘဝထ - ဖြစ်ရစ်ကြကုန်လော့၊
အာမိသဒါယာဒါ - အာမိသအမွေကို ခံစံကြကုန်သည်၊
မာဘဝထ - မဖြစ်ရစ်ကြကုန်လင့်၊
တုမေသု - သင်တို့၌၊
မေ - ငါ၏၊
အနုကမ္ပာ - သနားသမှု ကြောင့်ကြ ပြုခြင်းသည်၊
အတ္ထိ - ရှိနေ၏၊
ကိံအတ္ထိ - အဘယ်သို့ ရှိသနည်းဟူမူ၊
မေ - ငါ၏၊
သာဝကာ - တပည့်တပန်း ရဟန်းရှင်လူတို့သည်၊
ကိန္တိ - အဘယ်တို့လျှင်၊
ဓမ္မဒါယာဒါ - ဓမ္မအမွေကိုသာ ခံယူကြကုန်သည်၊
ဘဝေယျုံ - ဖြစ်ပါကုန်အံ့နည်း၊
အာမိသဒါယာဒါ - အာမိသအမွေကို ခံယူကြကုန်သည်၊
နော ဘဝေယျုံ - မဖြစ်ပါကုန်အံ့နည်း၊
ဣတိ - ဤသို့ သနားသမှု ကြောင့်ကြ ပြုခြင်းသည်၊
မေ - ငါ့အား၊
အတ္ထိ - ရှိနေ၏။
(အနက်။ )
အမွေ ၂-ပါး, ၃-ပါး
အဓိပ္ပါယ်ကား - ဘုရားအမွေသည် အာမိသအမွေ, ဓမ္မအမွေ ဟူ၍ နှစ်ပါး ရှိ၏။ ထိုတွင် အာမိသသည် ပစ္စယာမိသ, လောကာမိသ, ဝဋ္ဋာမိသ ဟူ၍ သုံးပါးရှိ၏၊
ဆွမ်း, သင်္ကန်း, ကျောင်း, ဆေးပစ္စည်း ပရိက္ခရာ လာဘသက္ကာရမျိုးသည် ပစ္စယာမိသ မည်၏။ လောက၌ ထင်ပေါ်သော ဂုဏ်ရှိန်အဝါ မင်းဆရာ, စိုးဆရာ, သူဋ္ဌေးဆရာ, သူကြွယ်ဆရာ, တပည့်သံဃာ တကာပရိသတ် ပေါများမှု အလုံးစုံသည် လောကာမိသ မည်၏၊ နောက်နောက် ဘဝ၌ ရယူခံစံရန် ဘဝသမ္ပတ္တိ, ဘောဂသမ္ပတ္တိ, ဣဿရိယသမ္ပတ္တိ အလုံးစုံသည် ဝဋ္ဋာမိသမည်၏။
[ဓမ္မအမွေမှာ ရှေ့၌ပြဆိုတိုင်းပင် သိလေ။]
မြတ်စွာဘုရားသည် ကိုယ်တော်မြတ် ပရိနိဗ္ဗာန် စံတော်မူသည့်နောက် ကျွန်းအပြင်မှာ သုံးကြောင်း သုံးသွယ် ပင်လယ်ရေပြင်ကြီး လွှမ်း၍ သွားဘိသကဲ့သို့ ဗုဒ္ဓဘာသာ သာသနာတော်မြတ်ကြီးမှာ ဤ အာမိသအမွေကြီး သုံးကြောင်း သုံးသွယ်လွှမ်း၍ အလွန်ထက်အလွန် ဖြစ်ပွား၍ သွားလိမ့်မည်ကို မြင်တော်မူ၏။ ထိုကြောင့် -
“ဓမ္မဒါယာဒါ မေ ဘိက္ခဝေ ဘဝထ၊ မာ အာမိသဒါယာဒါ” -
ဟူသော အမိန်တော်မှာတမ်းကို ဟောဖော်မြွက်ကြား ထားတော်မူခဲ့သတည်း။
အနုကမ္မ ဆိုသည်ကား မြတ်စွာဘုရားတို့၏ ကြောင့်ကြတော် မူခြင်းပင်တည်း။ ပင်လယ်ကြီးသုံးခု ဆူဝေရာ ကျွန်းနေလူတို့ကို ပင်လယ်ကြီး လွှမ်း၍ သွားသကဲ့သို့ ဘုရားဘုန်းတော် တန်ခိုးတော်နှင့် အာမိသ အမွေကြီး စီးပွားကြီးကျယ်၍ သွားရာ ဗုဒ္ဓဘာသာ သာသနာဝင် ရှင်, လူအပေါင်းတို့ကို ထိုအာမိသအမွေ ပင်လယ်ကြီး လွှမ်း၍ ထိုအာမိသအမွေ ပင်လယ်ရေငန်ကြီး၌ နစ်မွန်းမျောပါး၍ ဓမ္မအမွေသည် အထွတ်အမြတ်တို့မှ အပဖြစ်၍ နေရစ်ကြမည်ကို ကြောင့်ကြတော်မူကြောင်းကို -
“ကန္တိမေ သာဝကာ ဓမ္မဒါယာဒါ ဘဝေယျုံ၊ နော အာမီသဒါယာဒါ” - ဟု မိန့်တော်မူလေသတည်း။
ဤသို့ မြတ်စွာဘုရားသည်ကြောင့်ကြတမည် မကြည်မဖြူ ပယ်မြစ်တော်မူသော အမွေမျိုးဖြစ်၍ အာမိသအမွေ သုံးပါးသည် အမွေဆိုး မည်၏၊ မြတ်စွာဘုရားသည် အကြည်အဖြူ ဆောင်နှင်းတော် မူခဲ့သော သတိပဋ္ဌာန်စသော ဗောဓိပက္ခိယ ဓမ္မ အမွေတော် ၃၇-ပါးသည် မွေကောင်း မည်၏၊ ဤသို့လျှင် သာသနာ့အမွေတော် သည် ဆိုးမွေ ကောင်းမွေ နှစ်ပါး ရှိလေ သတည်း။ ဆိုးမွေကောင်းမွေ နှစ်ပါးကို ပြဆိုလိုက်သဖြင့် ဆိုးမွေကို ခံယူသောသူ ကောင်းမွေကို ခံယူသောသူ ဟူသော အမွေခံနှစ်မျိုးသည်လည်း ထင်ရှား လေတော့သည်။
ဆိုဖွယ်အထူးကား - အာမိသအမွေမှာလည်း မြတ်စွာဘုရားသည် အကြည်အဖြူ ဆောင်နှင်းတော် မူခဲ့သော အရာရှိသေး၏၊ ပိဏ္ဍိယာလောပ ဆွမ်း, ပံသုကူ သင်္ကန်း, ရုက္ခမူကျောင်း, ပူတိမုတ္တဆေး ဤလေးပါးတည်း၊ ဤလေးပါးသည် ဗုဒ္ဓဒါယဇ္ဇကြီး လေးပါး မည်၏၊ ဘုရားကြည်ဖြူတော်မူလှသော အမွေတော်ကြီးလေးပါး ဆိုလိုသည်။
[ပိဏ္ဍိယာလောပ = သလုံးမြင်းခေါင်းဖြင့် ရင်းနှီး၍ရသော၊
ပံသုကူ = မြေမှုန့် အလိမ်းလိမ်း ကပ်ငြိသော၊
ရုက္ခမူ = သစ်ပင်ရင်း၊
ပူတိမုတ္တ = နွားကျင်ငယ်ပုပ်၊]
ထိုသို့ဖြစ်ခဲ့သော် မြတ်စွာဘုရားသည်၊ “အတိရေက လာဘောဝိဟာရော, အဍ္ဎ ယောဂေါ” အစရှိသည်ဖြင့် ဒါယကာတို့ လှူဒါန်းသော အတိရေကလာဘ အာမိသ အမွေတို့ကို အဘယ်ကြောင့် ခွင့်ပြုတော် မူသနည်း ဟူမူကား ပိဋကတ်သုံးပုံဟု ဆိုအပ် သော ပရိယတ္တိ သာသနာကြီးသည် ပဋိပတ်သာသနာကြီး, ပဋိဝေဓ သာသနာကြီး နှစ်ပါး၏ အမြစ် မူလကြီးဖြစ်၏၊ ပရိယတ္တိသာသနာကြီးတည်ရှိမှသာ ထိုသာသနာ ကြီး နှစ်ပါးသည် တည်နိုင်၏၊ ပရိယတ္တိ သာသနာကြီးကို သာသနာငါးထောင် ဆောင်ရွက်မှုသည် အလွန် ဝန်ကြီးလှ၏၊
ဆုတ်ကပ်ကာလဖြစ်၍ သာသနာ့ဝန်ထမ်း ရဟန်းသံဃာတို့သည် ကာယဗလ, ဉာဏဗလ လျော့ ပါးကြကုန်၏၊ အတိရေကလာဘ ကိုလွှတ်၍ ရုက္ခမူလစသည်၌ တည်၍ ပရိယတ္တိသာသနာကြီးကို ရွက်ဆောင်ခြင်းငှါ မတတ်နိုင် ရှိကြမည့် အခွင့်ကို မြင်တော်မူသည် တစ်ကြောင်း၊ ပါရမီနည်းပါးကြသော သူတို့မှာ ပရိယတ္တိမှု, ဒါနမှု, သီလမှု, ပစ္စယာနုဂ္ဂမှု တို့ကို ပြန့်ပြောစွာ ပြုကြသဖြင့် အပါယဒုက္ခမှ လွတ်မြောက်၍ နောက်ဘုရားသာသနာ၌ ကျွတ်လွတ်ကြရန် အခွင့်ကို မြော်လင့်တော် မူသည်တစ်ကြောင်း၊ သို့အကြောင်းများကြောင့် အတိရေက လာဘ အာမိသအမွေ တို့ကိုလည်း ခွင့်ပြုတော်မူရပြန်သတည်း။
[အတိရေကလာဘ = အပိုအလွန်ဖြစ်သောလာဘ်၊]
ထိုသို့ဖြစ်ခဲ့သော် အာမိသအမွေ၌ နစ်မွန်းမျောပါးကြရန် အမှုကို မြတ်စွာဘုရားပင် ပြုခဲ့ရာ မကျပြီလော ဟူမူ ပရိယတ္တိ သာသနာတော် အတွက် ပစ္စယာမိသ, လောကာမိသ နှစ်ချက်နှင့် ဆက်ဆံကြကုန်သော ပရိယတ္တိဓရ ပုဂ္ဂိုလ်တို့မှာ အာမိသတဏှာ လွှမ်းမှိုးမှု, အာမိသအမွေ၌ နစ်မွန်းမျောပါးမှုတို့မှ ကင်းလွတ်စေခြင်းငှါ “ပဋိသင်္ခါ ယောနိသော စီဝရံ ပဋိသေဝတိ” အစရှိသော ပစ္စဝက္ခဏသုဒ္ဓိ အစီအရင်ကို ထားတော် မူပေသတည်း၊ ထို့ကြောင့် အာမိသ နှစ်ချက်နှင့် ရောယှက်ဆက်ဆံကာ နေရသော်လည်း ပစ္စဝက္ခဏသုဒ္ဓိ အစီအရင်အတိုင်း အာမိသနှစ်ရပ်၌ ငြိကပ်ခင် တွယ်ခြင်းမရှိသော ပစ္စယသန္နိဿိတ သီလစေတနာ ဉာဏ်ပညာ တည်းဟူသော သင်္ဘောကြီးကို တက်စီး၍ နေကြပေမူကား အာမိသ အမွေ ပင်လယ်ဝေရာ၌ နစ်မွန်းမျောပါဖွယ် မရှိကြလေပြီ။
နစ်မွန်း မျောပါ ဤနှစ်ပါးတို့ အထူးကား - ပစ္စယာမိသ, လောကာမိသ, ဝဋ္ဋာမိသ ဟူသော အာမိသ သုံးချက်တို့၌ အာဒီနဝဉာဏ် ဖြစ်ပေါ်မှု မရှိသည်ကို နစ်မွန်းမှု ဆိုသည်၊ ထိုနစ်မွန်းမှု အတိုင်းပင် နှစ်ရှည်လများ အရွယ်သုံးပါး လိုက်စား သာယာ၍ နေမှုကို မျောပါမှု ဆိုလိုသည်၊ ထိုသို့ အရွယ်သုံးပါးလုံး နစ်မွန်းမျောပါမှုကို တားမြစ်တော်မူခြင်းငှါ -
“တိဏ္ဏံ အညတရံ ယာမံ၊ ပဋိဇဂ္ဂေယျ ပဏ္ဍိတော” ဟူ၍ ဓမ္မပဒ ပါဠိတော်၌ ဟောတော်မူ၏။
ပဏ္ဍိတော - အသိလိမ်မာ ဉာဏ်ပညာနှင့် ပြည့်စုံသောသူသည်၊
တိဏ္ဏံ - အရွယ်သုံးပါးတို့တွင်၊
အညတရံ ယာမံ - တစ်ပါးပါးသော အရွယ်၌၊
ပဋိဇဂ္ဂေယျ - မိမိကိုယ်ကို သုတ်သင် ရှင်းလင်းရာ၏။
အဓိပ္ပါယ်ကား - ပဌမအရွယ်မှာ အာမိသ အမွေဆိုး၌ နစ်မွန်းမျောပါး၍ နေခဲ့လျှင် ဒုတိယအရွယ်၌ မိမိကိုယ်ကို ဖော်ထုတ်ယူငင်၍ စင်ကြယ်အောင် သုတ်သင်ရှင်းလင်း ရာ၏၊ ဒုတိယအရွယ်မှာပင် နစ်မွန်းမျောပါး၍ နေခဲ့လျှင် တတိယ အရွယ်၌ မိမိ ကိုယ်ကို ဖော်ထုတ်ယူငင်၍ စင်ကြယ်အောင် သုတ်သင်ရှင်းလင်းရာ၏၊ ဖော်ထုတ် ယူငင် သုတ်သင်ရှင်းလင်းမှု ဆိုသည်ကား - အာမိသအမွေ၌ တွယ်တာသောတဏှာကို ဝေးစွာပယ်ရှား၍ ဗောဓိပက္ခိယ ဓမ္မအမွေဖက်၍ ကောင်းစွာတည်ခြင်းကို ဆိုသတည်း၊ စီဝရသန္တောသ, ပိဏ္ဍပါတသန္တောသ, သေနာသနသန္တောသ, ဘာဝနာရာမ ဟူသော အရိယဝံသတရား လေးပါးတို့၌ ကောင်းစွာ တည်ခြင်းကို ဆိုလိုသတည်း။
[စီဝရသန္တောသ = သင်္ကန်း၌ ရောင့်ရဲခြင်း၊
ပိဏ္ဍပါတသန္တောသ = ဆွမ်း၌ ရောင့်ရဲခြင်း၊
သေနာသနသန္တောသ = ကျောင်း၌ ရောင့်ရဲခြင်း၊]
သေသည့်တိုင်အောင် အရွယ်သုံးပါးလုံး အာမိသအမွေ၌ နစ်မွန်းမျောပါး၍ သွားခဲ့ သော်လည်း အဘယ်သို့ ဖြစ်သနည်း ဟူမူကား အပါယ်သို့ ကျတတ်ကြောင်းကို ဟောတော်မူပြန်၏။
အယသာဝ မလံ သမုဋ္ဌာယ၊ တဒုဋ္ဌာယ တမေဝ ခါဒတိ။
ဧဝံ အတိဓောနစာရိနံ၊ တာနိ ကမ္မာနိ နယန္တိ ဒုဂ္ဂတိံ။
(ဓမ္မပဒ ပါဠိတော်)
အယသာ - သံမှ၊
မလံ - သံချေးသည်၊
သမုဋ္ဌာယ - လွန်စွာထ၍ လည်းကောင်း၊
တဒုဋ္ဌာယ - ထိုထိုအရပ်မှထ၍ လည်းကောင်း၊
တမေဝ = ထိုသံကိုသာလျှင်၊
ခါဒတိဣဝ - နေ့စဉ်အမြဲ စားသကဲ့သို့၊
ဧဝံ - ဤအတူ၊
အတိဓောနစာရိနံ - အာမိသအမွေ၌ ပစ္စဝက္ခဏာ ဉာဏ်ပညာမကြီး တဏှာက ဖိစီး၍ ခရီးမသင့် လွန်၍ကျင့်သော ရဟန်းကို၊
တာနိကမ္မာနိ - ထို မိမိစိတ်မှ နေ့စဉ်ထကုန်သော အာမိသတဏှာ ကံကြမ္မာတို့သည်၊
ဒုဂ္ဂတိံ - အပါယ်လေးပါးသို့၊
နယန္တိ - ဆွဲငင်ဆောင်ပို့ ကြကုန်၏။
(အနက်။)
သန်းပြိတ္တာကြီး
မြတ်စွာဘုရား ထင်ရှားရှိစဉ်အခါ ဇေတဝန်ကျောင်းတိုက်တွင်းမှာ ရဟန်းကြီးတစ်ပါး သေဆုံးခဲ့ရာ သင်္ကန်းတစ်ထည်၌ သာယာသည့်အတွက် ထိုသင်္ကန်းမှာပင် သန်း ဖြစ်လေ၏။ ထိုရဟန်းကို အကြောင်းပြု၍ ဟောတော်မူသော ဒေသနာပေတည်း။ သင်္ကန်းတစ်ထည်၌ ဖြစ်ပွားသော တဏှာသည်ပင်လျှင် အပါယ်သို့ ချနိုင်၏၊ ထို့ထက် ပိုမိုရာ၌ ဆိုဖွယ်မရှိပြီ။ ထိုသင်္ကန်းသည် သံဃိကအဖို့မှ ဝေစုရသော သင်္ကန်းဖြစ်၍ ဓမ္မိကဥစ္စာပင် ဖြစ်၏၊ ရဟန်းတော်ကြီးသည်လည်း ၂၂၇-ပါးသော သိက္ခာပဒသီလရှင် ဖြစ်၏၊ ဓမ္မိကသင်္ကန်း တစ်ထည်သည်ပင်လျှင် ၂၂၇-ပါးသော သိက္ခာပဒသီလရှင် ရဟန်းတော်ကြီးကို အပါယ်သို့ ချလေ၏၊ လောဘ ပယောဂတွေ များစွာနှင့် ရှာကြံလုပ်ဆောင်၍ရသော လူတို့၏ ပစ္စည်းဥစ္စာမှာ ငါးပါးမျှသော သိက္ခာပဒသီလရှင် ဖြစ်သူ လူတို့၌ အဘယ်ဆိုဖွယ် ရှိအံ့နည်းဟု သံဝေဂသတိ ရှိကြကုန်ရာ၏။
သူဌေးကြီး ဥပမာ
တနည်းကား - သူဌေးကြီးတစ်ဦးသည် ငွေအကုဋေများစွာ ရွှေအကုဋေများစွာ ပုလဲ ပတ္တမြား အကုဋေများစွာ ကြွယ်ဝ၏၊ ထိုရတနာတို့ကို ဝိပတ္တိကာလ၌ ရန်သူမျိုး ၅-ပါးမှ လွတ်ကင်း၍ သားစဉ်မြေးဆက် ကြွယ်ဝစွာ ခံစံရစ်ကြစေခြင်းငှါ နက်လှ စွာသောမြေ၌ မြုပ်နှံ၍ ထား၏၊ အိမ်၌ အလွယ်တကူ သုံးစွဲရန် ခြောက်သောင်း မျှလောက်သော ငွေ ဆန်ရေ စပါး ဝတ်စားတန်ဆာ မျှသာရှိ၏၊ အမွေခံသား ခြောက်ယောက်ရှိ၏၊ သူဌေးကြီးသေလွန်၍ အမွေခွဲဝေကြရာ အိမ်ရှိပစ္စည်းများကို ခြောက်ပုံ ခြောက်စုပြု၍ ဝေယူကြ၏၊ မြေနှံပစ္စည်းများမှာလည်း ကမ္ပည်း မှတ်စာတို့ကို ခြောက်ပုံခြောက်စုပြု၍ ဝေယူကြ၏၊ မြေနှံရတနာတို့ကား ဥစ္စာရှင်ကိုယ်တိုင် တူးဖော်မှရနိုင်သော အခွင့်ရှိကြကုန်၏။
သားခြောက်ယောက်တို့တွင် တစ်ယောက်သောသူသည် လောဘ အလွန်ကြီး၏၊ လက်ရောက် ရရှိသော ပစ္စည်းမျှနှင့် အနည်းငယ်မျှ ရောင့်ရဲခြင်း မရှိ၊ ရရှိသည်ဟူ၍မျှ မထင်နိုင်၊ မိမိဝေပုံကျရာ မြေနှံရတနာတို့ကို လွန်စွာ တပ်စွန်း၏၊ မရလျှင် ရက်ရှည်မနေနိုင် ရှိ၏၊ ထိုသို့ ထက်သန်သော လောဘကြောင့် အပန်းခံ၍ အမြန် တူးဖော်လေရာ အကုဋေများစွာ ရွှေငွေရတနာ တို့ကိုရ၍ သူဌေးကြီးဖြစ်လေ၏။
တစ်ယောက်သော သူသည် ဝီရိယ အလွန်ကောင်း၏၊ ခဲယဉ်းစွာနေ့ရှည်ရက်များ တူးဖော်ပင်ပန်း ရမည်ကို အမှုကြီးတစ်ခုဟု မထင် အလွယ်တကူမှုသာ ထင်၏၊ ထိုသို့ ထက်သန်သော ဝီရိယဖြင့် အပန်းခံ၍ အမြန် တူးဖော်လေရာ အကုဋေများစွာ ရွှေငွေရတနာတို့ကို ရ၍ သူဌေး ကြီးဖြစ်လေ၏။
တစ်ယောက်သော သူသည် စိတ်စွဲသန်လှ၏၊ ဝေပုံကျပြီး သောအခါမှစ၍ ထို ရတနာတို့၌သာ စိတ်သွား၍ နေ၏၊ အိပ်၍အိပ်ရမှန်း မသိ စား၍စားရမှန်း မသိ ဖျောက်ဖျက်၍ပင် မရ ရှိနေ၏၊ ထိုကဲ့သို့ စွဲမြဲသောစိတ်ဖြင့် အပန်းခံ၍ အမြန်တူးဖော် လေရာ အကုဋေများစွာ ရွှေငွေရတနာ တို့ကိုရ၍ သူဌေးကြီးဖြစ်လေ၏။
တစ်ယောက်သောသူသည် အကြံအဖန် ဉာဏ်ပညာ အလွန်ကောင်း၏၊ စက်ကြိယာ ကြံဖန် လုပ်ဆောင်၍ တူးဖော်သော် အလွယ်တကူနှင့် ရနိုင်လတ္တံ့ဟု စိတ်ချ၏၊ ထိုသို့သောဉာဏ်ဖြင့် ကြံဖန် လုပ်ဆောင်၍ တူးဖော်လေရာ အကုဋေများစွာ ရွှေငွေ ရတနာ တို့ကိုရ၍ သူဌေးကြီး ဖြစ်လေ၏။
တစ်ယောက်သောသူသည် လောဘ နည်းလှ၏၊ တစ်သောင်းကျော်တန် ရရှိလျှင်ပင် သူဌေးကြီး ဖြစ်ပြီ ဟုထင်၏၊ မြေနှံ ရတနာတို့ကို ယူလိုသော ဆန္ဒပင ်မရှိ၊ မိမိဥစ္စာဟူ၍ပင် မမှတ်၊ ရရှိပြီးသော ဥစ္စာနှင့်သာ တင်းတိမ်၍ နေလေ၏။
တစ်ယောက်သော သူသည် ရပြီးသောဥစ္စာကို မကြာမီဖြုန်းတီး၍ ကုန်စေ၏၊ နက်နဲ ခက်ခဲစွာသော ရတနာတို့ကို တူးဖော်ရန် ပေါက်တူး တူရွင်းဖိုးမျှ မကျန် မကောင်းသူ ဖြစ်၍လည်း ရပ်ရွာမှ နှင်ထုတ်၍ တစ်ရွာ တစ်ပြည်၌ နေရ၏။
“ဥပမာ, ဥပမေယျ”
ဤ ဥပမာ၌ မြတ်စွာဘုရားသည် သူဌေးကြီးနှင့်တူ၏၊ သီလဝိသုဒ္ဓိနှင့် ပရိယတ္တိဓမ္မ တို့သည် အိမ်တွင်းရှိ ရွေငွေ ရတနာဥစ္စာ ဓမ္မစုနှင့် တူကုန်၏၊ ဈာန်အဘိညာ ဟူသော စိတ္တဝိသုဒ္ဓိသည် နက်နဲခက်ခဲစွာ မြှုပ်၍ထားသော အကုဋေများစွာ ရွှေငွေရတနာ နှင့်တူ၏၊ ဒိဋ္ဌိဝိသုဒ္ဓိ အစရှိသော လောကီပညာ ဝိသုဒ္ဓိလေးပါးသည် နက်နဲခက်ခဲစွာ မြှုပ်ထားသော အကုဋေများစွာ ရွှေငွေရတနာ နှင့်တူ၏၊ လောကုတ္တရာ ဉာဏဒဿန ဝိသုဒ္ဓိသည် နက်နဲခက်ခဲစွာ မြှုပ်ထားသော အကုဋေများစွာ ပုလဲ ပတ္တမြား ရတနာ နှင့်တူ၏၊ ဗုဒ္ဓဘာသာ သာသနာဝင် လူရှင်အပေါင်းသည် အမွေခံသား ၆-ယောက်နှင့် တူကုန်၏။
၁။ လူရှင် အပေါင်းတို့တွင် ဣဒ္ဓိပါဒ် ဆန္ဒမျိုး ရှိသော သူအပေါင်းတို့သည် လောဘ အလွန် ကဲလှသော ပဌမ သူဌေးသားနှင့် တူကုန်၏၊
ဣဒ္ဓိပါဒ်ဆန္ဒရှိကြကုန်သော လူအပေါင်း ရှင်အပေါင်း မည်သည် ရရှိတတ်သိ၍ နေကြသော သီလဝိသုဒ္ဓိ ပရိယတ္တိဓမ္မနှင့် အနည်းငယ်မျှ တင်းတိမ်ခြင်း မရှိကြကုန်၊ မြတ်စွာဘုရား၏ သာသနာ့ဓမ္မနှင့် တွေ့ရပေပြီ၊ သာသနာ့အမွေကို ခံရပေပြီဟူ၍ပင် ပြောလောက်သည် မထင်နိုင်ကြလေကုန်၊ အထက်ဝိသုဒ္ဓိတို့ကို ရလိုသောဆန္ဒ အလွန် သန်ကြကုန်၏၊ မရလျှင် မနေနိုင်ကြကုန်။
၂။ ဣဒ္ဓိပါဒ် ဝီရိယမျိုးရှိသော သူအပေါင်းတို့သည် ဝီရိယ လွန်ကဲသော ဒုတိယ သူဌေးသားနှင့် တူကုန်၏၊
ထိုကဲ့သို့သော သူတို့သည် မိမိတို့မရဖူးကြကုန်သေးသော အထက်ထက်သော အလုပ်ကြီး အကိုင်ကြီးတို့နှင့် အပန်းခံ၍ နေရမှ စိတ်ကြည်နိုင်ကြကုန်၏။
၃။ ဣဒ္ဓိပါဒ် စိတ်မျိုး ရှိသော သူအပေါင်းတို့သည် စိတ်စွဲကြီးလှသော တတိယ သူဌေးသားနှင့် တူကုန်၏၊
ထိုကဲ့သို့သော သူတို့သည် အကျိုးအာနိသံသ ကြီးမြတ်လှသော အလုပ်ကို ကြားသိ လျှင် တစ်ခြား တစ်ပါးသော အလုပ်တို့၌ စိတ်မရှိကြကုန်ပြီ။
၄။ ဣဒ္ဓိပါဒ်ပညာမျိုးရှိကြသော သူအပေါင်းတို့သည် ပညာလွန်ကဲသော စတုတ္ထ သူဌေးသားနှင့် တူကုန်၏၊
ထိုကဲ့သို့သော သူတို့သည် သူများတို့ မတတ်နိုင်ကြသော ခက်ခဲသောပညာမှု, နက်နဲသောပညာမှု, အကျိုးအာနိသံသ ကြီးမြတ်လှသော ပညာမှုတို့ကို ဖြစ်မြောက် ပေါက်ရောက်အောင် ထူထောင် လုပ်ကြံ၍ နေရမှ စိတ်ကြည်နိုင်ကြကုန်တော့သည်။
၅။ ဣဒ္ဓိပါဒ်မျိုး မဟုတ် ဆန္ဒနုပ်, ဝီရိယနုပ်, ပညာနုပ်မျိုးသာ ရှိသော သူအပေါင်း တို့သည် လက်ရောက်ရရှိသော ဥစ္စာစုနှင့်ပင် သူဌေးကြီးဖြစ်ပြီဟု စိတ်ချသော ပဉ္စမသူဌေးသားနှင့်တူကုန်၏။
ထိုကဲ့သို့သော သူတို့သည် သဒ္ဓါဆန္ဒ သေးနုပ်ကြသည့်အတွက် အထက်ထက်သော ဝိသုဒ္ဓိတို့ကို ယခုဘဝ၌ မိမိတို့ရထိုက်သော မိမိတို့ဆိုင်ရာ မိမိတို့အမွေ ဥစ္စာဟူ၍ပင် အထင်မရကြကုန်၊ လုံ့လဝီရိယ သေးနုပ်ကြသည့်အတွက် အအိပ်အနေကို ခြိုးခြံ၍ နေ့ရှည်ရက်များ အားထုတ်ရသော အမှုမျိုးဆိုလျှင် ထိုအမှု၌ စိတ်မရှိကြကုန်ပြီ၊ မဖြစ်နိုင်သောအမှုဟု ပစ်ပယ်၍ထားကြကုန်၏၊ စိတ်စေတနာ သေးနုပ်ကြသည့် အတွက် ထိုအမှု၌ အခိုင်အမြဲ စိတ်စွဲမှု မရှိကြကုန်၊ သူတစ်ပါးတို့ စိတ်ထင်ရာပြောဆို ကြသော နာနာဝါဒ စကားကို ကြားတိုင်းကြားတိုင်း စိတ်ပြောင်း၍ နေကြကုန်၏၊ အသိပညာ သေးနုပ်ကြသည့်အတွက် မိမိတို့နှင့် ထိုက်တန်သော အလုပ်မဟုတ်ဟု စွန့်ပယ်၍ ထားကြကုန်၏၊ ထိုကဲ့သို့သောသူတို့ကို မြင်တော်မူ၍ -
“ဆန္ဒိဒ္ဓိပါဒံ ဘာဝေတိ၊ ဝီရိယိဒ္ဓိပါဒံ ဘာဝေတိ၊ စိတ္တိဒ္ဓိပါဒံ ဘာဝေတိ၊ ဝီမံသိဒ္ဓိပါဒံ ဘာဝေတိ” ဟူ၍ ဟောတော်မူသည်။
မိရိုးဖလာအားဖြင့် သေးနုပ်၍နေသော ဆန္ဒစသည်တို့ကို ကြီးပွား၍လာအောင် ထူထောင်ပွါးများ ကြရမည် ဟူလို။ ကြီးပွား၍လာကြမှ ဆန္ဒတစ်မျိုး, စိတ်တစ်မျိုး ပေါ်နိုင်ကြ လေကုန်သတည်း။
၆။ ဗုဒ္ဓဘာသာ၌ လူဒုဿီလ, ရဟန်းဒုဿီလတို့သည် ဆဋ္ဌမသူဌေးသား လူပျက်နှင့် တူကြကုန်၏။
သရဂုံသုံးပါးနှင့်တကွ ၅-ပါးသီလ, အာဇီဝဋ္ဌမကသီလဟု ဆိုအပ်သော နိစ္စသီလ မလုံခြုံကြ ကုန်သော လူမိန်းမ, လူယောက်ျားတို့သည် သာသနာ့အမွေခံ ဥပါသကာ အင်္ဂါ, ဥပါသိကာအင်္ဂါတို့မှ လွတ်ကွာ၍ ဥပါသကာပျက်, ဥပါသိကာပျက် အဖြစ်၌ တည်ကြကုန်၏။ ပါရာဇိက ကျရောက်သော ရဟန်း သာမဏေတို့သည် ဘုရားအမွေခံ ရဟန်းကောင်းအင်္ဂါ, သာမဏေကောင်းအင်္ဂါတို့မှ လွတ်ကွာ၍ ရဟန်းပျက် သာမဏေပျက် အဖြစ်၌သာ တည်ကြကုန်၏၊ ထိုသူတို့တွင် လူတို့မှာ ငါးပါးသီလ, အာဇီဝဋ္ဌမကသီလတို့ကို ယနေ့မှစ၍ စောင့်ထိန်းပါမည်ဟု ဆောက်တည်လျှင် ယနေ့မှစ၍ ဥပါသကာ, ဥပါသိကာအဖြစ်သို့ ရောက်နိုင်ကြကုန်၏။
ဤကား တစ်ဦးသော အဘ၏ အမွေခံ သားမြေး အရိုးအမျိုးပင် မှန်ကြ ကုန်သော်လည်း ဣဒ္ဓိပါဒ်လေးပါးတွင် တစ်ပါးပါး အခြေခံရှိကြသော သူတို့သည်သာ မိမိတို့ဆိုင်ရာ အမွေဥစ္စာကို အကုန်ရယူ ခံစံကြရကုန်သည်၊ ဣဒ္ဓိပါဒ်လေးပါးတွင် တစ်ပါးပါးမျှ မရှိကြကုန်သော သူတို့သည်ကား အလွယ်တကူ အပေါ်ယိက အချို့ မျှသော အမွေကိုသာ ရယူခံစံရကုန်သည်။ အနှစ်သာရဖြစ်သော အမွေဥစ္စာကြီးမှအပ ဖြစ်ကြကုန်၏၊ အချို့သူတို့က အလွယ်တကူ အပေါ်ယိက အချို့မျှကိုပင် ဖြုန်းတီး၍ ပစ်ကြသဖြင့် ဘုရားအမွေ, သာသနာ့အမွေမှ အပဖြစ်ကြကုန်သည်ဟု အမွေခံသူ အထူးအပြားကို ပြဆိုခန်းတည်း။
အနိယတ အမွေခံ
တနည်းကား - အနိယတအမွေခံ, နိယတအမွေခံအားဖြင့် နှစ်ပါး ရှိ၏၊ အကြင်သူ တို့သည် မိမိတို့ အဇ္ဈတ္တခန္ဓာ၌ ကောင်းကောင်းကြီး ထင်မြင်သော အနိစ္စဉာဏ်, အနတ္တဉာဏ်ကို တရံတဆစ်မျှ မရဖူးကြကုန်၊ ထိုသူတို့သည် အနိယတ အမွေခံ မည်ကုန်၏၊ အနိယတဆိုသည်ကား - ယခုနေ့၌ သဗ္ဗညုဘုရားတပည့်သား, သဗ္ဗညု ဘုရား အမွေခံ, နက်ဖြန်၌ တစ်ပါးသော ဘုရားတပည့်သား, တစ်ပါးသော ဘုရားအမွေခံ ဖြစ်ကြကုန်လတ္တံ့၊ မိမိကိုးကွယ်၍ လာခဲ့သော သဗ္ဗညုဘုရား သာသနာ ကိုပင် ကဲ့ရဲ့ရှုတ်ချ ဖျက်ဆီးကြကုန်လတ္တံ့၊ လောက၌ ဗုဒ္ဓဘာသာမှ ခရစ်ယာန် ဘာသာသို့ ပြောင်း၍ ဗုဒ္ဓဘာသာကို ကဲ့ရဲ့ရှုတ်ချ ဖျက်ဆီးကြကုန်၏၊ နောက်ဘဝ ဆိုဖွယ်ရာ မရှိပြီ။
ထို့အတူ သည်လ၌ သဗ္ဗညုဘုရားတပည့်သား, နောက်လ၌ တစ်ပါးသော ဘုရား တပည့်သား၊ သည်နှစ်၌ သဗ္ဗညုဘုရားတပည့်သား, နောက်နှစ်၌ တစ်ပါးသော ဘုရားတပည့်သား၊ ပဌမအရွယ်၌ သဗ္ဗညုဘုရားတပည့်သား, ဒုတိယအရွယ်၌ တစ်ပါးသော ဘုရားတပည့်သား ဒုတိယအရွယ်၌ သဗ္ဗညုဘုရားတပည့်သား, တတိယ အရွယ်၌ တစ်ပါးသော ဘုရားတပည့်သား, တစ်ပါးသော ဘုရားအမွေခံ ဖြစ်ကြကုန် လတ္တံ့၊ သည်ဘဝ၌ သဗ္ဗညုဘုရား တပည့်သား,သဗ္ဗညုဘုရား အမွေခံ နောက်ဘဝ၌ တစ်ပါးသော ဘုရားတပည့်သား, တစ်ပါးသော ဘုရားအမွေခံ ဖြစ်ကြကုန်လတ္တံ့။
နာနာသတ္ထာရာနံ မုခံ ဥလ္လောကေန္တီတိ ပုထုဇ္ဇနာ။
(ပဋိသမ္ဘိဒါမဂ်ပါဠိတော်။)
နာနာသတ္ထာရာနံ - အထူးထူးသော ဆရာ, အထူးထူးသောဘုရားတို့၏၊
မုခံ - မျက်နှာကို၊
ဥလ္လောကေန္တိ - တမော့မော့ကြည့်တတ်ကုန်၏၊
ဣတိ - ထို့ကြောင့်၊
ပုထုဇ္ဇနာ - ပုထုဇဉ်မည်ကုန်၏။
[ဆည်းကပ်ကိုးကွယ်သည်ကို တမော့မော့ကြည့်မှု ဆိုသည်။]
အဓိပ္ပါယ်ကား - ပုထုဇဉ် သတ္တဝါတို့ မည်သည် အနမတဂ္ဂ သံသရာ၌ ကိုးကွယ်ရာဌာန မြဲသည်ဟု မရှိကြ ယခုနေ့၌ တစ်မျိုး, နက်ဖြန်၌ တစ်မျိုး သည်လ၌ တစ်မျိုး နောက်လ၌ တစ်မျိုး၊ သည်နှစ်၌ တစ်မျိုး နောက်နှစ်၌ တစ်မျိုး၊ သည်အရွယ်၌ တစ်မျိုး နောက်အရွယ်၌ တစ်မျိုး၊ သည်ဘဝ၌ တစ်မျိုး နောက်ဘဝ၌ တစ်မျိုး ကိုးကွယ်ရာဘုရား အစားစား အဖုံဖုံ ပြောင်းကြမြဲ ဖြစ်ကုန်၏။
အနမတဂ္ဂသံသရာ၌ သဗ္ဗညုဘုရားကို ဘုရားဟု ကိုးကွယ်ကြရသောဘဝကား အလွန်နည်းပါး၏၊ ရံခါ ဗြဟ္မာကို ဘုရားဟု ကိုးကွယ်ကြရကုန်၏၊ ရံခါ သိကြားကို ရံခါ ထိုထိုနတ်ကြီးတွေကို ရံခါ နေကို ရံခါ လကို ရံခါ ထိုထိုနက္ခတ် ရံခါ ဘုမ္မဇိုဝ်းနတ်ကြီးကို ဘီလူးကြီးတွေကို ဘုရားဟု ကိုးကွယ်ကြရကုန်၏။
လောက၌ အလွန်ယုတ်မာ မှောက်မှားသော မိစ္ဆာဒိဋ္ဌိ ဆရာကြီးတွေတို့ကား ကမ္ဘာ့တန်ဆာ, ကမ္ဘာမြေစာကဲ့သို့ အလွန်တရာ ပေါများကြကုန်၏၊ မိစ္ဆာဒိဋ္ဌိ အယုတ် တမာကြီးတွေကို တွေ့မိတွေ့ရာ ဘုရားဟူ၍ ကိုးကွယ်ကြကုန်သော ဘဝတို့ကား အလွန် များပြားကြကုန်၏၊ ရံခါ နဂါးကို ရံခါ ဂဠုန်ကို ရံခါ မြစ်ကို ရံခါ တောင်ကို ရံခါ တောကို ရံခါ သစ်ပင်ကို ရံခါ တောင်ပို့ကို ရခါ မီးကို ရံခါ ရေကို ဘုရားဟူ၍ ကိုးကွယ်ကြရကုန်၏၊ ဤသို့လျှင် ကိုယ်တွင်း၌ သက္ကာယဒိဋ္ဌိ အမှောက် အမှာကြီး ရှိနေကြကုန်သော ပုထုဇဉ်သတ္တဝါတို့၏၊ တစ်ဘဝ, တစ်ဘဝလျှင် တစ်မျိုးတစ်မျိုး ကိုးကွယ်ရာ ဘုရားမည်သည် လောကဓာတ်၌ အလွန် များပြား၏၊ ကြပ်ကြပ် ကိုးကွယ်လေလေ အပါယ်ငရဲ ကြပ်ကြပ် နက်နဲလေလေသာ ဖြစ်၏။
ဤဘဝမှ နောက်၌လည်း သက္ကာယဒိဋ္ဌိ အမှောက်အမှားကြီးနှင့် တကွ ကျင်လည်၍ သွားကြရကုန် သေးသည်ရှိသော် တစ်ဘဝလျှင် တစ်မျိုး တစ်မျိုး ကိုးကွယ်ရာဘုရား ပြောင်း၍ ပြောင်း၍ သွားကြကုန်လတ္တံ့၊ ပုထုဇဉ် အဖြစ်သည် ကြောက်ဖွယ် လန့်ဖွယ် စက်ဆုပ်ဖွယ် ရွံရှာဖွယ် အော့အံဖွယ် အလွန်ကောင်းလေစွ။
[ဤကား “နာနာသတ္ထာရာနံ မုခံ ဥလောကေန္တီတိ ပုထုဇ္ဇနာ” ဟူသော ပါဠိတော်မြတ်၏ အဓိပ္ပါယ် ရပ်တည်း။]
ကိုးကွယ်ရာ ဘုရား ပြောင်းရွှေ့လျှင် ကိုးကွယ်ရာ တရားလည်း တစ်ဘဝလျှင်တစ်မျိုး ပြောင်းရွှေ့ ကြရကုန်၏၊ ရံခါ သဗ္ဗညုဘုရားတို့ ပညတ်သော အဓိသီလ တရားကို ကိုးကွယ်ကြရကုန်၏၊ ရံခါ နွားတို့ အလေ့အကျင့် ဟူသော ဂေါသီလ ဂေါဝတ တရားတို့ကို ကိုးကွယ်ကြရကုန်၏၊ ရံခါ ခွေးတို့၏ အလေ့အကျင့် ရံခါမြင်းတို့၏ အလေ့အကျင့် ရံခါ ဆင်တို့၏ အလေ့အကျင့် စသည်ဖြင့် ကိုးကွယ်ရာ သီလတရား လည်း အလွန် များပြား၏။
ဒိဋ္ဌိအရာ၌လည်း - သမ္မာဒိဋ္ဌိ တရားကို ကိုးကွယ်ရသောဘဝ အလွန်နည်းပါး၏၊ အလွန်ယုတ်မာ လှသော မိစ္ဆာဒိဋ္ဌိဓမ္မတို့သည် ကမ္ဘာ့တန်ဆာ ကမ္ဘာမြေစာဖြစ်၍ အလွန်ပေါများကြကုန်၏၊ ထိုတရား ထိုသာသနာတို့ကို ကိုးကွယ်ရာပြု၍ လာကြ ကုန်၏၊ ကြပ်ကြပ် ကိုးကွယ်လေလေ အပါယ်ငရဲ နက်နဲလေလေချည်းသာတည်း။
မဟာအမှောက်အမှား
သံသရာ၌ ကျင်လည်ကြရကုန်သော ပုထုဇဉ်သတ္တဝါတို့မှာ အမိုက်အမဲ အမှောက်အမှား အနန္တ ရှိနေကြသည်တွင် ကိုးကွယ်ရာဘုရား မှောက်မှားမှု, ကိုးကွယ်ရာတရား မှောက်မှားမှုသည် အလွန်တရာ နာကျည်းလှသော မဟာအမှောက်အမှားကြီး ပေတည်း၊ အဘယ့်ကြောင့်နည်း ဆိုသော် ကိုးကွယ်ရာဘုရား မှောက်မှားခဲ့လျှင် အလုံးစုံသော ကိုယ့်ကျင့်တရားလည်း အကုန် မှောက်မှားတော့သည်။ မနုဿတ္တ ဒုလ္လဘ ဟူသော ဘဝပဒေသာပင်ကြီးသည် ငရဲပဒေသာပင် ကြီးလုံးလုံး ဖြစ်လေ တော့သည်။
[ဤကား အနိယတ အမွေခံတို့၏ ရှေသို့သွားကြလတ္တံ့သော အနိယတ အလားကို ပြဆိုချက် တည်း။]
နိယတ အမွေခံ
အကြင်သူတို့သည် မိမိတို့အဇ္ဈတ္တခန္ဓာ၌ အနိစ္စအချက် အနတ္တအချက်ကို ကောင်းစွာ မြင်ဖူး ကြကုန်၏၊ သက္ကာယဒိဋ္ဌိနိုင်ငံကြီးမှ ကျွတ်လွတ်ကြကုန်၏၊ ထိုသူတို့သည် နိယတအမွေခံ မည်ကုန်၏။
နိယတဆိုသည်ကား - ထိုသူတို့သည် နောင်အနမတဂ္ဂ သံသရာ၌ ကိုးကွယ်ရာဘုရား မှောက်မှားမှု ကျွတ်လွတ်ကြပေကုန်၏၊ သဗ္ဗညု မြတ်စွာဘုရား၏ သားတော်အစစ် သမီးတော်အစစ် ဘဝ ဆက်တိုင်း အမြဲဖြစ်ကြကုန်၏၊ ထိုသူတို့အား ဘုံစဉ်စံမျိုး ဖြစ်ကြကုန်၍ သံသရာ၌ ဘဝများစွာ ကမ္ဘာများစွာ ကျင်လည်၍ သွားကြကုန် သော်လည်း ငါတို့ဘုရား၏ ဂုဏ်တော်ကျေးဇူးတော်တို့သည် တစ်ဘဝထက် တစ်ဘဝ တစ်ကမ္ဘာထက် တစ်ကမ္ဘာ ပွင့်လင်း၍သွားကြကုန်၏၊ တရားတော် ဂုဏ်တော် ကျေးဇူးတော် သံဃာတော် ဂုဏ်တော် ကျေးဇူးတော်တို့သည် တစ်ဘဝထက် တစ်ဘဝ တစ်ကမ္ဘာထက် တစ်ကမ္ဘာ ပွင့်လင်း၍ သွားကြကုန်၏၊ သီလ, သမာဓိ, ပညာ သာသနာတော်ကြီး ၃-ပါး သီလဝိသုဒ္ဓိ အစရှိသော ဝိသုဒ္ဓိ ၇-ပါး သတိပဋ္ဌာန်, သမ္မပ္ပဓာန်, ဣဒ္ဓိပါဒ်, ဣန္ဒြေ, ဗိုလ်, ဗောဇ္ဈင်, မဂ္ဂင်ဟူသော ဗောဓိပက္ခိယ တရား ၃၇-ပါး၊ ဤအလုံးစုံသော ဓမ္မအမွေတော်ကြီး တို့သည် တစ်ဘဝထက်တစ်ဘဝ တစ်ကမ္ဘာထက် တစ်ကမ္ဘာ ထိုသူတို့ စိတ်နှလုံးမှာ ကြီးကျယ်စွာ ပွားများ စည်ကား ၍သာ သွားကြကုန်၏။
ငါတို့မြတ်စွာဘုရား၏ ပရိယတ္တိ သာသနာတော်ကြီး, ပဋိပတ္တိ သာသနာတော်ကြီး, ပဋိဝေဓ သာသနာတော်ကြီး သုံးပါးတို့သည် ထိုသူတို့မှာ အစဉ်ထာဝရ ဘဝ အဆက်ဆက် ကမ္ဘာအဆက်ဆက် မပျက်ခိုင်ကျည် အမြဲတည်လေကုန်၏။ လူ့ချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ချမ်းသာတို့ကို အစဉ် ခံစားစံစားသော သံသရာ၌ ကျင်လည်ကြရကုန်သော်လည်း တစ်ဘဝ တစ်မျိုး ကိုးကွယ်ရာဘုရား ပြောင်းရွှေ့ကြ ရသော လောကီဘုံသူ လောကီဘုံသား မဟုတ်ကြကုန်ပြီ၊ လောကုတ္တရာဘုံသူ လောကုတ္တရာဘုံသား အရိယာဘုံသူ အရိယာဘုံသား အဖြစ်နှင့်သာ ကျင်လည်ကြ ရကုန်၏။
နိဗ္ဗာန်ဘုံသူ နိဗ္ဗာန်ဘုံသား
သံသရာဝဲဩဃ၌ နစ်၍, မြှုပ်၍, မွန်း၍, မော၍, မျောပါး၍ နေကြကုန်သော သံသရာဘုံသူ သံသရာဘုံသား ဝဋ်ဒုက္ခသမားမျိုး မဟုတ်ကြပေကုန်ပြီ၊ သဥပါဒိသေသ အမည်ရှိသော ပဌမနိဗ္ဗာန်ဘုံသူ ပဌမနိဗ္ဗာန်ဘုံသား အစစ် ဖြစ်ကြကုန်၍ ဘုံစဉ် အားဖြင့် ခံစားစံစားကာ အနုပါဒိသေသ နိဗ္ဗာန်သို့ တသန်တည်း ဆန်တက်သမား တို့သာတည်း။
အနမတဂ္ဂ သံသရာ၌ ခပ်သိမ်းသော ပညာရှိသူ လူ နတ် ဗြဟ္မာ သတ္တဝါတို့သည်၊ သဗ္ဗညု မြတ်စွာဘုရား၏ သားတော်အစစ် သမီးတော် အစစ် နိယတဘုံသူ နိယတ ဘုံသားအဖြစ်ကို အလိုရှိကြလှကုန်သည်ဖြစ်၍ …
ဘုရားကို တစ်မြော်တည်း မြော်ကြရကုန်၏၊
တရားကို တစ်မြော်တည်း မြော်ကြရကုန်၏၊
သံဃာကို တစ်မြော်တည်း မြော်ကြရကုန်၏၊
သာသနာကို တစ်မြော်တည်း မြော်ကြရကုန်၏၊
ဒါနကို များစွာပြု၍ ဆုတောင်းကြရကုန်၏၊
သီလကို များစွာပြု၍ ဆုတောင်းကြရကုန်၏၊
ဘာဝနာကို များစွာပြု၍ ဆုတောင်းကြရကုန်၏။
[ဤကား နိယတအမွေခံ ပုဂ္ဂိုလ်တို့၏ ယခုဘဝမှ ရှေ့သို့ တဖြောင့်တည်း သွားကြ လတ္တံ့သော နိယတအလားကို ပြဆိုချက်တည်း။]
သည်ရည်၍ သုတ္တန်, အဘိဓမ္မာ ပါဠိတော်အရပ်ရပ်တို့၌ -
“တဏ္ဏံ သံယောဇနာနံ ပရိက္ခယာ သောတာပန္နော ဟောတိ၊ အဝိနိပါတဓမ္မော နိယတော သမ္ဗောဓိပရာယဏော” ဟူ၍ ဟောတော်မူသည်။
တိဏ္ဏံ သံယောဇနာနံ - သုံးပါးကုန်သော သံယောဇဉ်တို့၏၊
ပရိက္ခယာ - ကုန်ဆုံးချုပ်ငြိမ်း ရုပ်သိမ်းခြင်းကြောင့်၊
သောတာပန္နော - အနုပါဒိသေသနိဗ္ဗာန်သို့ တစ်ဖြောင့်တည်း သွားသော ဗောဓိပက္ခိယဓမ္မ အယဉ်သို့ ရှေးဦးစွာရောက်သော သူသည်၊
ဟောတိ - ဖြစ်၏၊
အဝိနိပါတဓမ္မော - စုတေသည်၏ အခြားမဲ့၌ အလိုမရှိရာဘဝသို့ ဘယမ်းဘတာ ကျခြင်း သဘောမှ ကျွတ်လွတ်လေ၏၊
နိယတော - ဘဝအဆက်ဆက် ကမ္ဘာအဆက်ဆက် မပျက်မကွဲ အစဉ်ထာဝရမြဲသော ဗောဓိပက္ခိယ ဓမ္မအမွေခံ ဖြစ်လေ၏၊
သမ္ဗောဓိပရာယဏော - အထက်မဂ် အထက်ဖိုလ်လျှင် အလိုရှိကာ လွယ်စွာရကြောင်း လည်းလျောင်း မှီခိုရာရှိသည်၊
ဟောတိ - ဖြစ်၏။
သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ, သီလဗ္ဗတပရာမာသ ဤသုံးပါးကို သံယောဇဉ်သုံးပါး ဆိုလိုသည်။ ထိုသုံးပါးတို့တွင်လည်း သက္ကာယဒိဋ္ဌိသည်သာ ပဓာနအချုပ်တည်း။
[သီလဗ္ဗတပရာမာသ = နွားအလေ့အကျင့်ကို အကောင်းထင်ကာ အမှားအားဖြင့် လိုက်နာသုံးသပ် ကျင့်ကြံမှု]
အနိယတ, နိယတအမွေခံ နှစ်ပါးကို ပြဆိုခန်း ပြီး၏။
တိုက်တွန်းချက်
ဤသို့လျှင် ခွဲခြမ်းဝေဖန်၍ ပြဆိုခဲ့ပြီးသော ဆိုးမွေကောင်းမွေ ဟူ၍ အမွေ ၂-မျိုး၊ အနိယတအမွေ နိယတအမွေဟူ၍ အမွေနှစ်မျိုး ရှိသည်ကို လည်းကောင်း၊ ဆိုးမွေခံ ကောင်းမွေခံဟူ၍ အမွေခံ ၂-မျိုး၊ အနိယတမွေခံ နိယတ အမွေခံဟူ၍ အမွေခံနှစ်မျိုးရှိသည်ကို လည်းကောင်း၊ သိမြင်နိုင်ကြ ကုန်သော ရှင်ရှင်လူလူ သူတော်ကောင်း သူမြတ်လောင်း အပေါင်းတို့သည် ရှေးရှေးသော ဘဝအဆက်ဆက် ကမ္ဘာအဆက်ဆက်တို့က ဆိုးမွေကို ခံစံလို၍ ဘုရားသာသနာကို ငါတို့ဆုတောင်း ခဲ့ကြကုန်သည် မဟုတ်၊ ကောင်းမွေကို ခံစံလို၍သာ ဆုတောင်းခဲ့ကြကုန်သည်၊ အနိယတ တဒင်္ဂအမွေကို လို၍ ဒါန သီလ ဘာဝနာ ပါရမီဆုတောင်းမှုကို ငါတို့ပြုခဲ့ ကြကုန်သည် မဟုတ်၊ နိယတအမွေကိုရလို၍ ပြုခဲ့ကြကုန်သည်ဟု မိမိတို့ ပင်ပန်း တကြီး နှီးရင်းကိုးစား၍ လာခဲ့ကြသော အမှုရင်းကို ကောင်းစွာမြော်ထောက်၍ လည်းကောင်း၊ အမွေယုတ် အမွေဆိုးများကို မြတ်စွာ ဘုရား မြစ်ပယ်တော်မှုသည်ကို မြော်ထောက်၍ လည်းကောင်း ယခုဘဝ ဘုရား တပည့်သား ဘုရားမွေခံအဖြစ်ကို ရကြသည့်အခါ၌ မိမိတို့ကိုယ်ကို ဆိုးမွေကို ခံစံသော အမွေဆိုး အမွေခံယုတ် မဖြစ်ကြ စေကုန်ရာ၊ အနိယတ တဒင်္ဂအမွေမျှကို ခံစံရသော အနိယတအမွေခံ မဖြစ်ကြစေ ကုန်ရာ၊ ဗောဓိပက္ခိယ ဓမ္မအမွေ တည်းဟူသော ကောင်းမွေကို ခံစံသော အမွေခံ ကောင်း အမွေခံမြတ်သာ ဖြစ်ကြစေကုန်ရာ၏။
ထိုစကားမှန်၏၊ ဘဝသံသရာ ရှည်မြင့်စွာ ကာလ၌ ဘုရားအမွေခံ ဖြစ်ကြရန် ဒါန သီလ ဘာဝနာ ပါရမီ ဆုတောင်းမှုကို ပြုကြသောအခါ၌ “အကျွန်ုပ်တို့ ယခု ပြုအပ်သော ကောင်းမှုကုသိုလ်ကြောင့် နောင်လူတွင် ထင်ရှား ဘုရားမြတ်စွာ ပွင့်သောအခါ၌ ကောင်းစွာဖူးတွေ့ကြ ရကုန်သည်ဖြစ်၍ အကျွတ်တရားကို ရကြပါလို ကုန်၏” ဟူ၍ လည်းကောင်း၊ “မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် တရားတော်မြတ်ကို ရကြပါလိုကုန်၏” ဟူ၍ လည်းကောင်း၊ ဤသို့ ဓမ္မအမွေကိုသာ ဆုတောင်း ကြမြဲ ဓမ္မတာဖြစ်သည်။
နောင်လူတွင်ထင်ရှား ဘုရားမြတ်စွာ ပွင့်သောအခါ၌ ကောင်းစွာဖူးတွေ့ရကြ ကုန်သည်ဖြစ်၍ ပစ္စည်း လာဘ်လာဘ ပေါများကြရပါလိုကုန်၏၊ မင်းဆရာ စိုးဆရာ သူဌေးသူကြွယ်ဆရာ ဖြစ်ကြရပါ လိုကုန်၏ဟု အာမိသ အမွေနှစ်ပါးကို ဆုတောင်း ကြမြဲ မဟုတ်၊ လူတို့မှာလည်း ဘဝသမ္ပတ္တိ ဘောဂသမ္ပတ္တိ ဣဿရိယသမ္ပတ္တိ ကုသိုလ်မျိုးကို များများကြီး စိုက်ပျိုးကြရပါလိုကုန်၏ဟု ဆုတောင်းကြမြဲ မဟုတ်။
ယခုအခါ၌မူကား - ရှင်လူအပေါင်းတို့၌ ပစ္စယာမိသတဏှာ, လောကာမိသတဏှာ, ဝဋ္ဋာမိသ တဏှာ တို့သည် လွန်စွာမင်းမူ၍နေကြကုန်၏။ တဏှာသုံးပါး၏ ဆန့်ကျင့်ဖက်ဖြစ်သော အရိယာဝံသတရား လေးပါးများကို ပြောဆိုခဲ့လျှင် မခံနိုင် ရှိကြကုန်၏။
အရိယာဝံသတရားလေးပါး ဆိုသည်ကား -
၁။ ဆွမ်းပစ္စည်း၌ ရောင့်ရဲ့လွယ်ခြင်း တစ်ပါး၊
၂။ သင်္ကန်းပစ္စည်း၌ ရောင့်ရဲ့လွယ်ခြင်း တစ်ပါး၊
၃။ ကျောင်းပစ္စည်း၌ ရောင့်ရဲ့လွယ်ခြင်း တစ်ပါး၊
၄။ ဘာဝနာတရား၌ မွေ့လျော်ခြင်း တစ်ပါး၊
ဤလေးပါးတို့တည်း။
ဤလေးပါးတို့သည် ဘုရား ဘုရားတပည့်သား, ဘုရားအမွေခံ ရှင်လူအရိယာအရိုး အမျိုးခံသူတို့ မစွန့်အပ်သော တရားဖြစ်၍ အရိယာဝံသတရား မည်၏။
[ဤကား အသိအလိမ္မာ ဉာဏ်ပညာရှိသူတို့ သတိမူကြရန် အချက်တည်း။]
[ပစ္စယာမိသတဏှာ = ပစ္စည်းကို လိုချင်တပ်မက်မောသော တဏှာ၊
လောကာမိသတဏှာ = လောကစည်းစိမ်ကို လိုချင်တပ်မက်မောသော တဏှာ၊
ဝဋ္ဋာမိသ တဏှာ = သံသရာဝဋ်ကို တမ်းတလိုချင်သော တဏှာ၊]
အသိဉာဏ်ပညာ နည်းသူတို့မှာ အသိအလိမ္မာ ဉာဏ်ပညာ နည်းပါးလှသူတို့မှာမူကား ကုသိုလ် တရား အဖြစ်များပင် အကောင်းပြုရတော့သည်။
ဉာဏ်ပညာကြီးသူတို့မှာ အသိအလိမ္မာ ဉာဏ်ပညာရှိသူတို့သည် ယခုဘဝ၌သော် လည်းကောင်း, နတ်ပြည်သို့ ရောက်ကြ၍ နောက်ဘဝ၌သော် လည်းကောင်း, နိယတ ဓမ္မ အမွေခံ ဘုံစဉ်စံအဖြစ်သို့ မချွတ်မလွဲ အမြဲမုချ ရောက်လိုကြကုန်သည် ရှိသော် အာဇီဝဋ္ဌမကသီလ၌ ကောင်းစွာတည်၍ ပြဆိုခဲ့ပြီးသော ကာယဂတာသတိကို ထူထောင်ပြီးလျှင် ခန္ဓာငါးပါး တရားတို့၌ လက္ခဏာရေး သုံးပါးတို့ကို တစ်နေ့တစ်နေ့ လျှင် ယုတ်စွအဆုံး သုံးနာရီမျှ အချိန်ရအောင် လုံ့လစွဲမြဲကြကုန်ရာ၏။
နိယတအမွေခံ ဘုံစဉ်စံ
ခန္ဓာငါးပါးတို့တွင် တစ်ပါးပါး၌ ပေါက်ပေါက်ရောက်ရောက် ထင်မြင်နိုင်ကြကုန် လျှင်ပင် နိယတ အမွေခံ ဘုံစဉ်စံအဖြစ်သို့ ရောက်နိုင်ကြကုန်၏။ လက္ခဏာရေး သုံးပါးတို့တွင်လည်း အနိစ္စ လက္ခဏာရေးတစ်ပါး ကောင်းကောင်းထင်မြင်နိုင်ကြ ကုန်လျှင်ပင် နိယတအမွေခံ ဘုံစဉ်စံ အဖြစ် သို့ ရောက်နိုင်ကြကုန်၏။
[တစ်ပါးပါး၌ စွဲမြဲရန် အစီရင်ကိုမူကား ငါတို့စီရင်သော လက္ခဏ ဒီပနီ, ဝိဇ္ဇာမဂ္ဂဒီပနီ, အာဟာရဒီပနီ, အနတ္တဒီပနီ, ကမ္မဋ္ဌာနဒီပနီ စာအုပ်တို့မှာယူကြလေကုန်၊ နိယတ ဘုံစဉ်တို့၏ အလားကိုလည်း ငါတို့စီရင်သော စတုသစ္စဒီပနီကျမ်း, ပရမတ္ထသံခိပ် ကျမ်း နိဗ္ဗာန်အခန်းတွင် ကြည်ရူကြလေ။]
ဗောဓိပက္ခိယဒီပနီ ပြီး၏။
နိဂုံး
၁။ နဂရေ ပျဉ်းမနား နာမ၊
အရညေ ပဗ္ဗတန္တရေ။
တန္နိဝါသီဟိ သာဓူဟိ၊
ဓမ္မကာမေဟိ ကာရိတေ။
၂။ သဉ္ဆန္နေ သာရရုက္ခေဟိ၊
စန္ဒနောဒကသီတလေ။
စင်္ကမေ သာလမဏ္ဍမှိ၊
ဝသန္တေန မယာ ကတာ။
၃။ ဥဇုမဂ္ဂံ ဝိဘာဝေန္တီ၊
ဗောဓိပက္ခိယဒီပနီ။
ဣမေဝ ဇနာ ဗုဇ္ဈန္တု၊
သန္တာ သမ္ဗောဓိဘာဂိနော။
ပျဉ်းမနား နာမေ - ပဋိရူပ အနေလှလျက် အောက်ထက်မြေမှာ ကြေညာထုံသင်း ဂုဏ်သတင်းဖြင့် ပျဉ်းမနားဟု ထင်ရှားသော အမည်ရှိသော၊
နဂရေ - မြို့၌၊
အရညေ - ကုလားလေးတာ ငါးရာမက အရညအင်္ဂါနှင့် ကောင်းစွာပြည့်စုံထသော၊
ပဗ္ဗတန္တရေ - ဝဲယာမြှောင်ယှက် တောင်နှစ်ဘက်တို့၏ အကြား၌၊
ဓမ္မကာမေဟိ - ဗောဓိပက္ခိယ ဓမ္မအချက် သဘောအနက်ကို လက်ဝယ်တင်ထား ပတ္တမြားသို့ ထင်ရှားပြင်ပြင် သိမြင်လိုလားကြကုန်သော၊
တန္နိဝါသီဟိ သာဓူဟိ - ပျဉ်းမနားနေ မိတ်ဆွေအပေါင်း သူတော်ကောင်းတို့သည်၊
ကာရိတေ - ငွေကြေးများစွာပေး၍ မနှေးဆောလျင် တည်ထွင် ဆောက်လုပ် စေအပ်သော၊
သာရရုက္ခေဟိ - ချောသွယ်မြင့်ဖြူး စွင့်စွင့်မြူးလျှင် အထူးကြည်လင် အနှစ်ယှဉ်သော သစ်ပင်ပျို အပေါင်းတို့သည်၊
သဉ္ဆန္နေ - ရှည်သွယ်ကိုင်းခက် ဗိတာန်ကြက်သို့ ကူးယှက်ပိတ်သန်း ရိပ်ချမ်းသပ်ရပ် ဖုံးလွှမ်းအပ်ထသော၊
စန္ဒနောဒကသီတလေ - စမ်းရေစိမ့်ရေ တတွေတွေလျှင် မြေတွင်အထူး ရေရွှင်မြူး၍ လွန်ချမ်းမြေ့ ရာလည်း ဖြစ်ထသော၊
သာလမဏ္ဍမှိ စင်္ကမေ - မွှေးပျံ့သင်းကြိုင် ရနံ့လှိုင်သော အင်ကြင်းမြိုင် စြင်္ကံကျောင်း၌၊
ဝသန္တေန - ယခုနှစ်တွင်း သီတင်းဝါကပ်ဆိုမည် ကြံစည် နေထိုင်လျက်ရှိသော၊
မယာ - မုံရွာမြို့ လယ်တီတောကျောင်းဆရာ ငါသည်၊
ဥဇုံမဂ္ဂံ ဝိဘာဝေန္တိ - ဗောဓိပက္ခိယ တရားတို့၏ နေရာတကျ ဖြောင့်မှန်လှသော အတ္ထအချက် အနက်စခန်း ကျင့်နည်းလမ်းကို ဖြောင့်တန်းတည့်မတ် ပြပေတတ်သော၊
ဗောဓိပက္ခိယဒီပနီ - ဗောဓိပက္ခိယ အမည်ရှိလစ် ဤကျမ်းသစ်ကို၊
ကတာ - ၁၂၆၆-ခု၊ ရတုဂိမှ ဝါဆိုလတွင် စီရင်ပြုအပ် အပြီးသတ်သတည်း။
ဣမိနာ ပုညေန - ကျမ်းသစ်ပြုစု ဤကောင်းမှုကြောင့်၊
သန္တာ - သဒ္ဓါလူလူ နှလုံးဖြူ၍ သူတော်အစစ် အမှန်ဖြစ်ကြကုန်သော၊
ဇနာ - လူရှင်ဓာတ်ကောင်း သူမြတ်လောင်းတို့သည်၊
ဣဓေဝ - ချစ်ရှင်ဂေါတမ ဘုရားရိုက်ရာ ဤသာသနာ၌ပင်လျှင်၊
သမ္ဗောဓိဘာဂိနော - သမ္မာဒိဋ္ဌိ သမ္ဗောဓိကို သိရန်အဖို့ ကုသိုလ်တို့နှင့် မချို့ကုန်ငှ ပြည့်စုံကြ ကုန်သည်ဖြစ်၍၊
ဗုဇ္ဈန္တု - ဘုံစဉ်စံညောင်း ဗောဓိနှောင်းနှင့် အကြောင်းသင့်၍ ပွင့်ကြစေကုန်သတည်း။
“မှတ်ချက်”
ဘုရားသာသနာတွင်း၌ အကျွတ်ရကြကုန်သောသူတို့တွင် အညံ့ဆုံးဖြစ်သော ဘုံစဉ်စံ သောတာပန်တို့၏ မဂ်ဉာဏ်ကို အငယ်အနှောင်းဖြစ်၍ ဗောဓိနှောင်းဆိုသည်၊ တစ်ဆူ တစ်ဆူသော ဘုရားရှင် သာသနာ၌ ၂၄-သင်္ချေနှင့် ကုဋေခြောက်ဆယ် ဗိုလ်ခြေ တစ်သိန်း ကျွတ်မြဲဟူ၍ မေတ္တယျ ဗုဒ္ဓအနာဂတဝင် အဋ္ဌကထာ၌လာ၏၊ ထိုတွင် ၂၄-သင်္ချေဟူသော အရေအတွက်သည် ဗောဓိ နှောင်းတို့၏ အရေအတွက်သာ များလှ၏၊ ယခုအခါ၌ ဘုံစဉ်စံ အရိယာမျိုးတို့သည် စတုမဟာရာဇ် နတ်ပြည်မှာပင် အသင်္ချေယျ အနန္တ ရှိကြကုန်၏။
တာဝတိံသာ နတ်ပြည်မှာလည်း အသင်္ချေယျ အနန္တ ရှိကြကုန်၏၊ ယာမာစသော အထက်ထက်သော နတ်ပြည် ဗြဟ္မပြည်တို့မှာလည်း ထို့အတူ အသီးသီး အသင်္ချေ အနန္တစီ ရှိကြကုန်၏၊ ဗြဟ္မာ့ပြည်မှာမူကား ဝိပဿီ, သိခီ, ဝေဿဘူ, ကကုသန်, ကောဏာဂုမ်, ကဿပ ဤခြောက်ဆူသော ဘုရားရှင်တို့၏ တပည့်သား ဖြစ်ကြသူ အရိယာ ဗြဟ္မာတို့သည် ယခုတိုင်ရှိကြကုန်၏၊ နောင်လည်း ကမ္ဘာများစွာ တည်နေ ကြကုန် လိမ့်ဦးမည်၊ နောင်သုဒ္ဓါသဘုံမှာ မဟာ ကမ္ဘာကြီး သုံးသောင်းကျော်မှ ယခု ရှိနေကြသော ဘုံစံ အရိယာမျိုး အဆက်ပြတ်တော့မည်။
အရူပဘုံမှာမူကား ကမ္ဘာနှစ်သိန်းကျော်မှ ပြတ်တော့မည်၊ ကမ္ဘာသုံးသောင်းကို မလွန် မူ၍ ဆက်ကာဆက်ကာ ဘုရားပွင့်၍သွားခဲ့လျှင် သုဒ္ဓါဝါသဘုံမှာ အရိယာ အဆက် ပြတ်ခွင့် မရှိပြီ၊ ကမ္ဘာနှစ်သိန်းကို မလွန်မူ၍ ဆက်ကာဆက်ကာ ဘုရားပွင့်၍ သွားခဲ့မူ အရူပဘုံမှာ အရိယာ အဆက်ပြတ်ခွင့် မရှိပြီ၊ ကမ္ဘာငါးရာကို မလွန်မူ၍ တက်ကာ တက်ကာ ဘုရားပွင့်၍သွားခဲ့မူ ဝေဟပ္ဖိုလ်ဘုံမှာ အရိယာ အဆက်ပြတ်ခွင့် မရှိပြီ၊ ဤအရာ၌ ဓမ္မစကြာကျွတ်ပွဲ, မင်္ဂလသုတ် ကျွတ်ပွဲ, ရတနာသုတ်ကျွတ်ပွဲ, မဟာသမယ သုတ်ကျွတ်ပွဲ စသော ကျွတ်ပွဲကြီးတို့တွင် တစ်ခု တစ်ခုသော ကျွတ်ပွဲကြီးများပင်လျှင် ကျွတ်လွတ်ကြသူတို့သည် အရေအတွက်အစဉ်ကို လွန်ကုန် ၏ဟု အဋ္ဌကထာကြီးတို့၌ လာ၏။
ထို့ကြောင့် အနာဂတဝင်အဋ္ဌကထာ၌ ၂၄-သင်္ချေနှင့် ကုဋေ ၆၀- ဗိုလ်ခြေ တစ်သိန်း ဟူ၍လာသော ကျွတ်တန်းဝင် သင်္ချာအရေအတွက် စကားသည် မသင့်ဟူ၍ ဆိုကြ ကုန်၏၊ ဤအရာမျိုး၌ အရေအတွက် အစဉ်ကို လွန်သည်ဟူသော စကားသည် အသင်္ချေ၏ အမည်ပေတည်း၊ ကျွတ်ပွဲကြီးတစ်ခု၌ ကျွတ်လွတ်သူ အရေအတွက် အစဉ်ကို လွန်မှု တစ်ကြိမ်သည် အသင်္ချေ တစ်ခုသာဖြစ်၏၊ မိလိန္ဒပဥှာ၌ လည်းကောင်း, အဋ္ဌကထာကြီးတို့၌ လည်းကောင်း ထိုကဲ့သို့သော အသင်္ချေ ဌာနကြီးသည် တစ်ဆယ့်လေးကြိမ်မျှသာ တိုက်ရိုက်လာ၏၊ တစ်ဆယ့်လေးကြိမ်မျှသာ ရရှိသေး၏၊ ဆယ်သင်္ချေ လိုသေး၏၊ အရေအတွက် အစဉ်ကိုလွန်သော ဂဏနပထ အဘိက္ကန္တ အသင်္ချေကြီးကို သတိရရှိကြပါလျှင် အနာဂတဝင် အဋ္ဌကထာကို မပယ်သင့်ပေ။
နိဂုံး ပြီး၏။
ဗောဓိပက္ခိယဒီပနီ ပြီး၏။
(ပဌမ လယ်တီဆရာတော်)