မာတိကာသို့ ခုန်သွားရန်

ဗြဟ္မဇာလသုတ် မြန်မာဘာသာပြန်

ဝီကီရင်းမြစ် မှ
6068ဗြဟ္မဇာလသုတ် မြန်မာဘာသာပြန် — အရှင်ဇနကာဘိဝံသ(မဟာဂန္ဓာရုံဆရာတော်)

အရှင်ဇနကာဘိဝံသ

“ဗြဟ္မဇာလသုတ် မြန်မာဘာသာပြန်”

ဗြဟ္မဇာလသုတ်၌
အကျဉ်းချုပ် သိနှင့်ဖွယ်
▬▬▬▬▬▬▬▬

၁။ ရတနာသုံးပါးကို သုပ္ပိယပရဗိုဇ်သည် ကဲ့ရဲ့၏၊ ဗြဟ္မဒတ် လုလင်သည် ချီးမွမ်း၏၊ ထိုအကြောင်းကို ဗုဒ္ဓမြတ်စွာ သိတော်မူ၍ “ကဲ့ရဲ့ ခံရသော်လည်း စိတ်မဆိုးကြနှင့်၊ ချီးမွမ်း ခံရသော်လည်း ဝမ်းသာအားရ စိတ်မကြွကြနှင့်”ဟု သြဝါဒ ပေးတော်မူသည်။

၂။ “ဗုဒ္ဓမြတ်စွာကို ပုထုဇဉ်က ချီးမွမ်းသော်လည်း သူ့ဉာဏ် မှီသမျှ အောက်တန်းကျသော သီလဂုဏ်ဖြင့်သာ ချီးမွမ်းနိုင်မည်။ အထက်တန်းဖြစ်သော သမာဓိဂုဏ် ပညာဂုဏ်ဖြင့် မချီးမွမ်းနိုင်”ဟု မိန့်တော်မူကာ သီလသုံးမျိုး (စူဠသီလ မဇ္ဈိမသီလ မဟာသီလ) ကို ပြတော်မူသည်။

(ဤ ပြတော်မူခြင်းကား ဗြဟ္မဒတ်လုလင်၏ ချီးမွမ်းမှုနှင့်စပ်၍ စကား အဆင်သင့် သောကြောင့် ဖြစ်သည်။)

၃။ “ပုထုဇဉ်တို့ဉာဏ် မမှီနိုင်သော သဗ္ဗညူတဉာဏ ဂုဏ်တော်ကြီး ရှိသေး၏၊ ထိုဂုဏ်ဖြင့် ချီးမွမ်းနိုင်မှ ဗုဒ္ဓကို အမှန်ချီးမွမ်းရာ ရောက်မည်”ဟု မိန့်တော်မူ၍ သဗ္ဗညုတဉာဏ် တော်ကို မှန်းမျှော်နိုင်ဖို့ရာ မိစ္ဆာအယူ ၆၂ ပါးကို ခွဲခြားပြတော်မူပြန်သည်။ ထိုမိစ္ဆာအယူ ဝါဒတို့၏ အတ္တ စွဲလမ်းမှုသည် အချုပ်အချာ ဖြစ်၏၊ ထို့ကြောင့် ထိုမိစ္ဆာဝါဒီတို့၏ အယူဝါဒကို နားလည်လိုလျှင် အတ္တစွဲလမ်းပုံကို ပဌမဆုံး နားလည်ဖို့ အရေးကြီးပေသည်။

၄။ ဗုဒ္ဓမြတ်စွာ၏ အဘိဓမ္မာ တရားတော်ကို အတော်အတန် လိုက်စားမိသူတို့သည် “ထိုထိုအာရုံ၌ ဖဿဖြင့် ဓာတ်ခိုက်မိ၏၊ ထိုသို့ ဓာတ်ခိုက်သည်နှင့် တပြိုင်နက်စိတ်က သိ၏၊ ဝေဒနာက ခံစား၏၊ သညာက မှတ်သား၏၊ စေတနာက လှုံ့ဆော်၏”ဤသို့ စသည်ဖြင့် နားလည်ကြသောကြောင့် “ထိုစိတ် ဖဿ ဝေဒနာ သညာ စေတနာ စသည်ကို ဖယ်ထား၍ “အတ္တ”ဟူသော အကောင်အထည် တစ်မျိုး မရှိတော့”ဟု နားလည်ကြ၏၊

ရုပ် နာမ် စိတ် ဖဿ ဝေဒနာ စသော အသံကိုမျှမကြားရသော သာသနာပ ကာလ၌ကား အာရုံတစ်ခုကို ထိတွေ့ခံစား မှတ်သားကြရာ၌“အတ္တသည် သိ၏၊ အတ္တသည် ထိ၏။ အတ္တသည် အကောင်းအဆိုး သုခ-ဒုက္ခ ၂ မျိုးကို ခံစား၏၊ အတ္တသည် မှတ်သား၏၊ အတ္တသည် ကိုယ်ဖြင့်ပြု၏၊ နှုတ်ဖြင့် ပြော၏။ အတ္တသည် ကြံ၏”ဟု နေရာတိုင်း၌ အတ္တကို အသုံးပြုကာ “အတ္တ ရှိ၏”ဟုပင် မှတ်ထင် စွဲလမ်းကြလေတော့သည်။

(ဤ စာကြည့်သူပင် ဗုဒ္ဓဘာသာ တရားတော်ကို လုံးဝ မကြားဖူးလျှင် မည်ကဲ့သို့ ယူဆ မှတ်ထင် လိမ့်မည်နည်း။)

၅။ ထိုကဲ့သို့ အတ္တရှိ၏ဟု စွဲလမ်း မှတ်ထင်ကြရာဝယ် တစ်ဦးနှင့် တစ်ဦး မတူကြချေ။ တချို့ ဆရာတို့က “အတ္တသည် လူတို့မျက်စိဖြင့် ကြည့်၍ မမြင်နိုင်လောက်အောင် အလွန့်အလွန် သေးငယ်၏၊ ပရမာဏုမြူခေါ် အသေးဆုံး မြူမှုန်လောက်သာ ရှိ၏”ဟု ယူဆကြ၏။

ဂျိန်းဆရာတို့ကား အတ္တသည် ခန္ဓာကိုယ်တစ်ခုလုံး၌ ပျံ့နှံ့ တည်နေရကား ခန္ဓာကိုယ် ကြီးသလောက် အတ္တသည် ကြီး၏ဟု ယူဆကြ၏။ ဝေဒန္တကျမ်းဆရာတို့ကမူ “ အတ္တ ဟူသည် ကမ္ဘာကြီးကို ဖန်ဆင်းသော ဗြဟ္မာ၏ အစိတ်အပိုင်း ဖြစ်သောကြောင့် ဗြဟ္မာ တန်ခိုးကြီးသလို တန်ခိုးကြီး၏၊ ကြီးမားသင့်သည့်အခါ ကြီးမား၏၊ ခန္ဓာဟောင်းကို စွန့်၍ (သေ၍) ခန္ဓာသစ်ကို ရှာနေခိုက်၌ အလွန် သေးငယ်၏”ဟု ဆိုကြသည်။

၆။ ထိုအတ္တသည် ခန္ဓာအိမ် တစ်ခုလုံးကို အုပ်စိုးနေ၏၊ အိမ်ကို အုပ်ချုပ်သေ၁ အိမ့်ရှင်သည် မိမိအိမ်ကို မိမိအလိုရှိသလို ပြုပြင်နိုင်သကဲ့သို့ မိမိခန္ဓာအိမ်ကိုလည်း အတ္တသည် အလိုရှိသလို ပြုပြင်နိုင်၏၊

(အတ္တက စားချင်လျှင် ခန္ဓာအိမ် အစိတ်အပိုင်းက ပေးရ၏၊ အိပ်ချင်လျှင် အိပ်ပေးရ၏- စသည်တည်း၊)

အိမ်တစ်လုံး ဟောင်းနွမ်းလျှင် အိမ်အသစ် ဆောက်သကဲ့သို့ အတ္တလည်း လက်ရှိ ခန္ဓာအိမ် အိုမင်း ပျက်စီးလျှင် ခန္ဓာအိမ်အသစ်ကို တည်ထောင်၏၊ ထိုသို့ တည်ထောင်ရာ၌ အတ္တပြုထားသော ကောင်းမှု မကောင်းမှု ကံအားလျော်စွာ ခန္ဓာအိမ် အကောင်း အဆိုးကို ရရှိလေသည်။

ထို အတ္တသည် ပြုဖွယ် ကိစ္စဟူသမျှကို ပြု၏၊ ပြော၏၊ ကြံ၏၊ ထိုသို့ပြုလုပ် ပြောဆိုရာ၌ လက် ခြေ အင်္ဂါ ကိုယ်ခန္ဓာ အစိတ်အပိုင်းတို့သည် အတ္တအလိုကျအောင် မြှောက်ပင့်ရ ကြွရ ချရ ခုတ်ရလေသည်။ ထို အတ္တသည် ကောင်းသော အရသာ ဆိုးသော အရသာ ကိုလည်း ခံစား၏၊ မျက်စိဖြင့် မြင်ရာ၌ အတ္တသည် မြင်၏၊ နားဖြင့်ကြားရာ၌ အတ္တသည် ကြား၏၊

ဤသို့စသည်ဖြင့် လောက၌ ရှိသမျှကိစ္စတွေကို အတ္တ၏ အလုပ်ကိစ္စဟုချည်း မှတ်ထင် ကြလေ၏၊ (ဤစာကြည့်သူ ကိုယ်တိုင်လည်း ရုပ်-နာမ်သဘောကို မသိဘဲ လောက ဖြစ်ပုံကို စဉ်းစားကြည့်ပါမူ အတ္တ၏ ကိစ္စတွေချည်းဟုပင် ထင်မြင်ပေလိမ့်မည်။)

၇။ ထိုကဲ့သို့“အတ္တ”ရှိ၏ဟု မှတ်ယူ စွဲလမ်းသော အမြင်တစ်မျိုး ကို “ဒိဋ္ဌိ”ဟု ခေါ်၏၊ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဉ်တို့၏ ကိစ္စကို အတ္တ၏ ကိစ္စဟု ထင်မှားနေရကား ရုပ်စသော ခန္ဓာငါးပါးကိုပင် အတ္တဟု စွဲလမ်း မှတ်ထင်နေခြင်း ဖြစ်သည်။

ဤသို့ ခန္ဓာ ငါးပါးအပေါ်၌ အတ္တဟု စွဲလမ်းခြင်း ဖြစ်သောကြောင့် ထိုဒိဋ္ဌိကို “သက္ကာယဒိဋ္ဌိ”ဟုလည်း ခေါ်သည်။ [သန္တ + ကာယ = သက္ကာယသန္တ = အထင်အရှား ရှိသော + ကာယ = ခန္ဓာငါးပါးအပေါင်း၊ သက္ကာယေ = အထင်အရှားရှိသော ခန္ဓာငါးပါး အပေါင်း၌ + ဒိဋ္ဌိ = ဖြစ်သော အယူ။]

၈။ (က) ရုပ်ကို အတ္တဟု မှတ်ထင်မှု၊
(ခ) အတ္တသည် ရုပ်ရှိ၏ ဟု မှုတ်ထင်မှု၊
(ဂ) အတ္တ၌ ရုပ်ရှိ၏ဟု မှတ်ထင်မှု၊
(ဃ) ရုပ်၌ အတ္တ ရှိ၏ဟု မှတ်ထင်မှု၊

ဤသို့ ရုပ်နှင့်စပ်၍ အတ္တစွဲလမ်းမှု လေးချက်ရှိ၏။

ဝေဒနာ သညာ သင်္ခါရ ဝိညာဉ်နှင့် စပ်၍လည်း လေးချက်စီ ရှိ၏၊

“ဝေဒနာကို အတ္တဟု မှတ်ထင်မှု”စသည်ဖြင့် ရုပ်နေရာ၌ ဝေဒနာ စသည်ကို သွင်း၍ ရေတွက်ပါ၊ ဤသို့ ခန္ဓာငါးပါးအပေါ်၌ အတ္တ စွဲလမ်းမှု လေးမျိုးစီ ရှိရာ အားလုံး ၂၀-ရှိ၏၊ ထို ၂၀-ကိုပင် သက္ကာယ ဒိဋ္ဌိ ၂ဝ-ဟု ခေါ်ကြသည်။

၉။ ရုပ် နှင့်စပ်၍ အတ္တစွဲ လေးမျိုးတွင် ရုပ်ကိုပင် အတ္တဟု စွဲလမ်းသော --

(က) အစွဲသည် ရုပ်နှင့်အတ္တကို မခွဲခြားဘဲ တစ်ခုထဲဟု စွဲလမ်းခြင်းတည်း။ ဥပမာ - မီးတောက်ကို အရောင်အလင်းဟု မှတ်ထင်ရာ၌ မီးတောက်နှင့် အဆင်း (အလင်း)သည် မကွဲမပြားဟု ယူဆသကဲ့သို့တည်း၊

(ခ) (ဂ) (ဃ) အစွဲတို့ကား ရုပ်တခြား အတ္တတခြားဟု ခွဲခြား၍ စွဲလမ်းခြင်းတည်း။ ထိုတွင်
(ခ) အစွဲသည်“အရိပ်ရှိသော သစ်ပင်”ဟူရာ၌ အရိပ်တခြား သစ်ပင်တခြား ဖြစ်သကဲ့သို့ တည်း။

(ဂ) အစွဲသည်“ပန်း၌ အနံ့ရှိ၏”ဟူရာ၌ ပန်းသည် အနံ့၏တည်ရာ ဖြစ်သကဲ့သို့ အတ္တသည် ရုပ်၏ တည်ရာဖြစ်၏ဟု စွဲလမ်းခြင်းတည်း၊

(ဃ) အစွဲသည်“ပတ္တမြားကြုတ်၌ ပတ္တမြားရှိ၏”ဟူရာဝယ် ကြုတ်သည် ပတ္တမြား၏ တည်ရာ ဖြစ်သကဲ့သို့ “ရုပ်သည် အတ္တ၏ တည်ရာဖြစ်၏” ဟု စွဲလမ်းခြင်းတည်း၊

ဤ (ခ) (ဂ) (ဃ) စွဲလမ်းခြင်းများ၌ ရုပ် နာမ်နှစ်ရပ် ပေါင်းစပ်နေသော ခန္ဓာကိုယ်ဝယ် ဝေဒနာ သညာ သင်္ခါရ ဝိညာဉ် နာမ်တရားတို့ကို အတ္တဟု စွဲလမ်းမှုများ ဖြစ်သည်၊

(ဝေဒနာကို အတ္တဟု စွဲလမ်းမှုစသော နောက် သက္ကာယဒိဋ္ဌိ တို့၌လည်း ဤနည်း မှီ၍ စိစစ်ပါလေ။)

၁၀။ ဤ သက္ကာယဒိဋ္ဌိခေါ် အတ္တစွဲလမ်းမှု မပျောက်သမျှ မဂ် ဖိုလ်ကို မထိရောက်နိုင်ကြ၊ မြန်မာလူမျိုးတွင်လည်း “လူသေလျှင် အသက်ထွက်သွား၏” ဟု ယူဆလျက် စိတ်ဝိညာဉ်ကို အသက်လိပ်ပြာ အတ္တဟု မှတ်ထင်သူ အများရှိသေး၏၊ ထိုသူတို့ မှတ်ထင် အပ်သော “အသက်”ဟူသည် ဤ သက္ကာယဒိဋ္ဌိ အတ္တစွဲလမ်းမှုပင်တည်း။

ဗြဟ္မဇာလသုတ်၌ ဟောတော်မူအပ်သော ၆၂-ပါး မိစ္ဆာအယူဝါဒများသည် ဤ သက္ကာယ ဒိဋ္ဌိခေါ် အတ္တစွဲလမ်းမှုမှ ပြန့်ကျယ် ပေါက်ပွားလာသော အယူများတည်း၊ ထို့ကြောင့် ထို ၆၂-ပါး မိစ္ဆာအယူများကို လွယ်ကူစွာ နားလည်ဖို့ရာ အတ္တစွဲလန်းပုံကို မှတ်သား နှင့်ကြပါကုန်။

……..

မာတိကာ
▬▬▬▬

ဗြဟ္မဇာလသုတ်တော် မြန်မာပြန်
ဤသုတ်တော်ကို ဟောရအကြောင်း
ဗုဒ္ဓမြတ်စွာ သြဝါဒပေးတော်မူခြင်း
စူဠသီလအခန်း
မဇ္ဈိမသီလအခန်း
မဟာသီလအခန်း
သုညအဖြစ်ကိုပြခန်း
သဗ္ဗညုတဉာဏ်ကိုပြခန်း

၆၂-ပါးသော မိစ္ဆာအယူများ

ပုဗ္ဗန္တကပ္ပိကဝါဒ ၁၈ မျိုး

သဿတဝါဒ ၄-မျိုး
(က) ဘ၀ သိန်းပေါင်းများစွာကို ပြန်၍ သိသဖြင့် မိစ္ဆာအယူဖြစ်ပုံ
(ခ) ဆယ်ကမ္ဘာအထိ ပြန်၍သိသူ
(ဂ) ကမ္ဘာ ၄၀-အထိ ပြန်၍ သိသူ
(ဃ) တက္ကီပုဂ္ဂိုလ်

သဗ္ဗညုတဉာဏ်တော်ပြခန်း
ဝေဒနာကမ္မဋ္ဌာန်း

ဧကစ္စသဿတဝါဒ ၄-မျိုး
(က) တစ်ဘဝမျှ အောက်မေ့နိုင်၍ မိစ္ဆာအယူဖြစ်ပုံ
(ခ) အပျော်များ၍ ပျက်ပြားရသော နတ်ဘဝမှ လာသူတချို့ အယူမှားပုံ
(ဂ) ဒေါသကြီးမား၍ ပျက်ပြားရသော နတ်ဘဝမှ လာသူတချို့ အယူမှားပုံ
(ဃ) တက္ကီပုဂ္ဂိုလ်

အန္တာနန္တဝါဒ ၄-မျိုး
(က) လောကကြီး အဆုံးရှိဝါဒ
(ခ) လောကကြီး အဆုံးမရှိဝါဒ
(ဂ) အဆုံးလည်းရှိ အဆုံးလည်းမရှိဝါဒ
(ဃ) တက္ကီဝါဒ

အမရာဝိက္ခေပဝါဒ ၄-မျိုး
(က) မုသားကြောက်၍ အမရာ ဝါဒဖြစ်ပုံ
(ခ) ဥပါဒါန်ကြောက်၍ အမရာ ဝါဒဖြစ်ပုံ
(ဂ) ပညာရှိများ စစ်ဆေးမည်ကိုကြောက်၍ အမရာဝါဒဖြစ်ပုံ
(ဃ) ညံ့ဖျင်းထုံအ-ခြင်းနှင့် အမရာ ဝိက္ခေပဝါဒဖြစ်ပုံ

အဓိစ္စသမုပ္ပန္နဝါဒ ၂-မျိုး
(က) အသညသတ်ဘုံမှ စုတေခဲ့သူ
(ခ) တက္ကီဝါဒ
ပုဗ္ဗန္တကပ္ပိက ၁၈-မျိုးလုံး၏ နိဂုံး

အပရန္တကပ္ပိကဝါဒ-၄၄

ဥဒ္ဓမာဃာတနိကသညီ ဝါဒ ၁၆-ပါး
ဥဒ္ဓမာဃာတနိကအသညီ ဝါဒ ၈-ပါး
ဥဒ္ဓမာဃာတနိက နေ၀သညီနာသညီ ဝါဒ ၈-ပါး
ဥစ္ဆေဒဝါဒ ၇-ပါး
ဒိဋ္ဌဓမ္မနိဗ္ဗာန ဝါဒ ၅-ပါး
အပရန္တကပ္ပိက ၄၄-မျိုး၏ ဝါဒနိဂုံး

မိစ္ဆာဝါဒ ၆ ၂-ပါးလုံး၏ နိဂုံး

သဗ္ဗညုတဉာဏ်တော်ပြခန်း
ဝေဒနာကမ္မဋ္ဌာန်း

မိစ္ဆာအမြင်နှင့် သမ္မာအမြင် ခွဲခြားချက်

အကြောင်း အဆက်ပြပုံ
ဖဿအကြောင်း အားကောင်းပုံ
အယူအားလုံး အကြောင်းဆက်ပြပုံ
တရားအားထုတ်သော ရဟန်း
ဤဒေသနာပိုက်မှ လွတ်သော မိစ္ဆာ ဝါဒီမရှိ
ဒေသနာပိုက်တွင်း၌ ကိုယ်တော်မြတ် မပါဝင်ပုံ
ဒေသနာတော်၏ အမည်
၆ ၂-ပါးမိစ္ဆာအယူများ၏ အချုပ်မှတ်ဖွယ်
ဗုဒ္ဓ၏ ဉာဏ်တော်

ဗြဟ္မဇာလသုတ်တော် မြန်မာပြန် မာတိကာ ပြီး၏။

ဒီဃနိကာယ် သီလက္ခန္ဓဝဂ်

ဗြဟ္မဇာလသုတ်တော် မြန်မာပြန်

▬▬▬▬▬▬▬▬▬▬▬

၁။ ဤသုတ်ကိုဟောရခြင်း အကြောင်း
▬▬▬▬▬▬▬▬▬▬▬▬

“ဆရာတပည့် ဆန့်ကျင်ဖက် ပြောကြပုံ”

အခါတစ်ပါး၌ ဗုဒ္ဓမြတ်စွာသည် ရာဇဂြိုဟ်နှင့် နာဠန္ဒာမြို့ အကြားဝယ် ရဟန်းငါးရာနှင့် အတူ ဒေသစာရီ ကြွချီတော်မူလေသည်။ ထိုအခါ သုပ္ပိယပရဗိုဇ်လည်း တပည့် ဗြဟ္မဒတ္တ လုလင်နှင့် ထိုခရီးလမ်းကိုပင် သွားလေရာ မမြှော်လင့်ဘဲ ဗုဒ္ဓမြတ်နှင့် ကြုံကြိုက် နေသောကြောင့် ခပ်လှမ်းလှမ်း နောက်မှ လိုက်သွားလေသည်၊

ထိုဆရာတပည့် နှစ်ယောက်တွင် သုပ္ပိယ ပရဗိုဇ်သည် (နဂိုကပင် ဗုဒ္ဓမြတ်စွာကို ငြူစူ နေသူ ဖြစ်သောကြောင့်) ဣန္ဒြေရရ ကြွတော်မူသော သံဃာတော်များနှင့် ဗုဒ္ဓမြတ်ကို လှမ်းမျှော် ကြည့်ရှုမိလေရာ (သာ၍ ဣဿာ ဖြစ်လေရကား) အတွင်း၌ မျိုသိပ်၍ မထား နိုင်တော့ဘဲ ရတနာသုံးပါး၏ မဟုတ်မမှန် အပြစ်များကို အမျိုးမျိုး ပြောဆိုလေသည်၊

ဗြဟ္မဒတ္တလုလင်ကမူ ဆရာပြောသမျှကို ကန့်ကွက် မြစ်တား၍ ဂုဏ်ကျေးဇူးစကားကိုသာ ပြောလေသည်။ ထိုအခါဗုဒ္ဓမြတ်စွာသည် နာဠန္ဒာမြို့သို့ မရောက်မီ နေဝင်ခါနီး သောကြောင့် “အမ္ဗလဋ္ဌိက” မည်သော ဥယျာဉ်သို့ဝင်၍ မင်းကွန်း စံအိမ်တော်၀ယ် တစ်ညဉ့်မျှ တည်းခိုတော်မူသည်၊

သုပ္ပိယပရဗိုဇ်လည်း နောက်လိုက်များနှင့်အတူ ဝင်ရောက် တည်းခိုပြီးလျှင် ညဉ့်အချိန် မှာလည်း ရှေးနည်းအတိုင်းပင် ဆရာက အပြစ်ပြော၍ တပည့်က ဂုဏ်ကျေးဇူးကိုသာ ပြောဆိုလေသည်။

ရဟန်းများ
ဂုဏ်တော်ကို ပြောပုံ
▬▬▬▬▬▬▬

ဗုဒ္ဓမြတ်စွာ၏ နောက်တော်ပါ သံဃာတော် များသည် (ရတနာသုံးပါးနှင့် စပ်လျဉ်း၍ ထို ဆရာတပည့်တို့ အယူအဆ မတူကြပုံကို ကြားရသဖြင့်) နံနက်စောစော အိပ်ရာမှ ထသည့်အခါ တန်ဆောင်းဝိုင်း တစ်ခု၌ ပေါင်းစု နေထိုင်ကြပြီးလျှင် ဗုဒ္ဓမြတ်စွာ၏ ဉာဏ်တော် ကြီးမားပုံကို ပြောဆိုကြသည်မှာ “အရှင်ဘုရားတို့ … ဗုဒ္ဓမြတ်စွာ၏ နာနာဓိမုတ္တိကတာ ဉာဏ်တော်သည် အံ့သြဖွယ် ကောင်းပါပေစွ၊

ရှေးက မဖြစ်ဖူးသေးသော အထူးအဆန်း ဉာဏ်တော် ဖြစ်ပေါ်လာပါပေသည်၊ အလို ဆန္ဒချင်း မတူကြသေ၁ ဆရာတပည့် နှစ်ယောက်တို့တွင် ဆရာဖြစ်သူ သုပ္ပိယပရဗိုဇ်သည် (ယုတ်ညံ့သော အလိုဆန္ဒရှိသူ ဖြစ်သောကြောင့်) ရတနာသုံးပါး၏ မဟုတ်မမှန် အပြစ် များကို ပြောဆို၏၊

တပည့်ဖြစ်သူ ဗြဟ္မဒတ္တ လုလင်ကမူ (ကောင်းမွန်သော အလိုဆန္ဒရှိသူ ဖြစ်သောကြောင့်) ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးနှင့် စပ်သော စကားကို ပြောဆိုပေသည်”။

ဤသို့ ဗုဒ္ဓမြတ်စွာ၏ နာနာဓိမုတ္တိကတာ ဉာဏ်တော်ကို အကြောင်းပြု၍ ရဟန်းတော်များ စကားစမြည် ပြောဆိုကြလေသည်၊ (ဤသို့ ရတနာသုံးပါးကို သုပ္ပိယက အပြစ်ပြောခြင်း ဗြဟ္မဒတ္တက ဂုဏ်ကျေးဇူးပြောခြင်း, ရဟန်းတော်များက “နာနာဓိမုတ္တိကတာ ဉာဏ်”ဟုခေါ်ရသော သဗ္ဗညုတ ဉာဏ်တော်ကို ချီးမွမ်းကြခြင်းသည် ဤ ဗြဟ္မဇာလ သုတ်တော် ဖြစ်ပေါ်လာခြင်း၏ အကြောင်းရင်းပေတည်း။)

[တစ်ယောက်နှင့်တစ်ယောက် အလိုဆန္ဒ (နှလုံးသွင်းစိတ်ထား) မတူကြခြင်းကို “နာနာဓိမုတ္တိ” ဟု ခေါ်၏။
(နာနာ = မတူကွဲပြားသော, အဓိမုတ္တိ = နှလုံးသွင်း အလိုဆန္ဒ) ထိုသို့ အလိုဆန္ဒချင်း မတူပုံကို သိသောဉာဏ်ကို “နာနာဓိမုတ္တိကတာဉာဏ်” ဟု ခေါ်၏၊ ဗုဒ္ဓမြတ်စွာသည် ထို ဉာဏ်တော်ဖြင့် သတ္တဝါ အချင်းချင်း အလိုဆန္ဒ မတူကြပုံကို သိ၍ ဟောတော်မူဖူး၏၊ ထိုတရားတော်ကား နိဒါနဝဂ္ဂ ဓာတုသံယုတ် ၌လာ၏။]

….

၂ ။ ဗုဒ္ဓမြတ်စွာ
သြဝါဒ ပေးတော်မူခြင်း
▬▬▬▬▬▬▬▬

ဗုဒ္ဓ ကြွလာခြင်း
▬▬▬▬▬

ဗုဒ္ဓမြတ်စွာသည် ရဟန်းတို့၏စကားကို ကြားသိတော်မူ၍ တန်ဆောင်းဝိုင်းသို့ ကြွလာ တော်မူပြီးလျှင်“ယခုအခါအဘယ်စကားကို ပြောဆို နေထိုင်ကြသနည်း” ဟု သိတော် မူပါလျက် (စကားလက်စရအာင်) မေးတော်မူလေရာ သုပ္ပိယနှင့် ဗြဟ္မဒတ္တတို့၏ ကဲ့ရဲ့ခြင်း ချီးမွမ်းခြင်းကို အထောက်အထားပြု၍ တစ်ယောက်နှင့် တစ်ယောက် အလိုဆန္ဒ မတူကြပုံကို သိတော်မူသော ဉာဏ်တော်၏ အကြောင်းကို ပြောဆို နေကြပါကြောင်း လျှောက်ထားကြလေသော် ကဲ့ရဲ့ခြင်း ချီးမွမ်းခြင်း နှင့်စပ်၍ သြဝါဒပေးတော်မူသည်မှာ--

ဘိက္ခုတို့ … ဆန့်ကျင်ဖက်ကို လိုလားသူတို့သည် ငါဘုရား၏ အပြစ် သို့မဟုတ် တရား၏ အပြစ် သို့မဟုတ် သံဃာ၏ အပြစ်ကို ပြောကြလျှင် ထိုသူတို့ အပေါ်၌ အာဃာတ မထားကြနှင့်၊ မနှစ်သက် မကျေနပ်သော အမူအရာတို့ကို ပြုကြနှင့်၊ စိတ်မပျက်ကြနှင့်။

ဘိက္ခုတို့ … ထိုအပြစ်ပြောသူတို့ အပေါ်၌ သင်တို့ အာဃာတ ထားကြ၊ မနှစ်သက် မကျေနပ်ကြ၊ စိတ်ပျက်နေကြလျှင် ထိုဒေါသ ဒေါမနဿ ဖြစ်နေမှုနှင့် သင်တို့မှာသာ ဈာန် မဂ်ဖိုလ်တရား၏ အန္တရာယ် ဖြစ်ဖွယ်ရှိသည်။

(ဒေါသ ဒေါမနဿ ဖြစ်နေမှုကြောင့် တရားအားထုတ်၍ မရနိုင် - ဟူလို။)

ဘိက္ခုတို့ ... ထို အပြစ်ပြောသူတို့ အပေါ်၌ သင်တို့က ဒေါသ ဒေါမနဿ ဖြစ်ကြလျှင် စကားကောင်း စကားဆိုးကို ခွဲခြား၍ သိနိုင်ကြဦးမည်လော။

[မိမိက ဒေါသ ဒေါမနဿ ဖြစ်နေလျှင် သူ့စကားကို စဉ်းစဉ်းစားစား ဝေဖန်နိုင်ဦး မှာလား” ဟု မေးတော်မူသည်။ ရဟန်းများကလည်း “ဒေါသ ဒေါမနဿ လွှမ်းနေလျှင် သူ့စကားကို မဝေဖန်နိုင်ကြ တော့ပါ ဘုရား” ဟု လျှောက်ကြသည်။ ]

ဘိက္ခုတို့ ... ထိုသို့ အပြစ်ပြောရာ၌ မဟုတ်ကြောင်း , မမှန်ကြောင်း သူတို့ ပြောဆို အပ်သော အပြစ်မရှိကြောင်း ဖြေရှင်းရမည်။

[မဖြေရှင်းဘဲ ငုံ့ခံနေလျှင်“ဟုတ်လို့သာ ခံနေတာဘဲ” ဟု ယူဆဖွယ် ရှိသောကြေင့် စိတ်မဆိုးဘဲ ပြန်၍ ဖြေရှင်းကြရမည် ဟူလို၊ သင်ဟာ ခွေးဘဲ နွားကြီးဘဲ စသည်ဖြင့် ဆဲရာ၌မူကား ဖြေရှင်းနေဖွယ် မလို၊ သည်းခံရမည်။]

ဘိက္ခုတို့ ... ရတနာသုံးပါးကို ကြည်ညိုသော နတ်လူတို့သည် ဘုရား တရား သံဃာတို့၏ ဂုဏ်ကျေးဇူးကို ပြောကြလျှင် ထိုပြောခြင်းကြောင့် သင်တို့သည် နှစ်သက် ရွှင်ပျသော အမူအရာကို မပြကြနှင့်၊ ဝမ်းသာအားရသော လက္ခဏာကို မပြကြနှင့်၊ စိတ်တကြွကြွ တရွရွဖြစ်ကာ (ရေပေါ်မှာ ဗူးပေါ်သလို ) မပေါ်လွင်ချင်ကြနှင့်။

ဘိက္ခုတို့ ... သူတစ်ပါးတို့က ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို ပြောခြင်းကြောင့် သင်တို့သည် နှစ်သက်ရွှင်ပျ ဝမ်းမြောက်လှ၍ တကြွကြွဖြစ်နေလျှင် သင်တို့မှာသာ ဈာန် မဂ် ဖိုလ်၏ အန္တရာယ် ဖြစ်ဖွယ် ရှိသည်။

(သာယာ နှစ်သက်မှု လောဘနှင့် ယှဉ်သော ပီတိ သောမနဿသည် အကုသိုလ်ဖြစ်ရကား ထိုအကုသိုလ် ဖြစ်နေလျှင် တရားအားထုတ်၍ မရနိုင် ဟူလို။)

ဘိက္ခုတို့ … သူတစ်ပါးတို့က ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို ပြောခြင်းကြောင့် သင်တို့သည် နှစ်သက်ရွှင်ပျ ဝမ်းမြောက်လှ၍ တကြွကြွဖြစ်နေလျှင် စကားကောင်း စကားဆိုးကိုပင်ခွဲခြား၍ သိနိုင်ကြဦးမည်လော..၊ “မသိနိုင်ပါ ဘုရား။

….

၃။ စူဠသီလ အခန်း
▬▬▬▬▬▬▬▬

ဘိက္ခုတို့ … သူတစ်ပါးတို့က ရတနာသုံးပါး၏ ကျေးဇူးစကားကို ပြောကြလျှင် ဟုတ်မှန်ကြောင်းကိုကား ထောက်ခံ ပြောပြရမည်၊ ကိုယ့်ဂုဏ်ကို ပြောလာလျှင်လည်း ဟုတ်မှန်လျှင် ဟုတ်မှန်ကြောင်း မဟုတ်လျှင် မဟုတ်ကြောင်း အတိအလင်း ပြောရမည်၊ မဟုတ်ဘဲနှင့်ကား ငြိမ်၍ မနေရ။

ဤမျှသော စကားအစဉ်ဖြင့် အပြစ်ပြောခံရ ဂုဏ်ခံရသည့်အခါ ပြုကျင့်ရမည့် သြဝါဒ တော်များ ပြီးပြီ။

ဘိက္ခုတို့ … ပုထုဇဉ်ပုဂ္ဂိုလ်သည် တထာဂတ ဂုဏ်ကို အစွမ်းကုန် ပြောဆို ချီးမွမ်းလျှင် သီလဂုဏ်လောက်ဖြင့်သာ ပြောဆိုချီးမွမ်း နိုင်စရာရှိ၏၊ ပုထုဇဉ်တို့ ပြောဆိုချီးမွှမ်း နိုင်သော သီလဂုဏ်ဟူသည် အဘယ်နည်း။

၁။ ရဟန်းဂေါတမသည် ပါဏာတိပါတ (သူ့ အသက်သတ်ခြင်း) မှ ရှောင်ကြဉ်တော်မူ၏။ သူတစ်ပါးကို ညှဉ်းဆဲဖို့ ဒုတ် ဓားစသော လက်နက်ကို ကိုင်ဆောင်လေ့ ရှိတော်မမူ၊ မကောင်းမှု ပြုရမည်မှ ရှက်တော်မူ၏။ သတ္တဝါတို့ အပေါ်၌ မေတ္တာစိတ် ရှိတော်မူ၏၊

အားလုံးသော သတ္တဝါတို့၏ စီးပွားကို လိုလားသော စိတ်ဖြင့်သာ အမြဲနေတော်မူ ပါပေသည်၊ ဤသို့လျှင် ပုထုဇဉ် ပုဂ္ဂိုလ်သည် တထာဂတ ဂုဏ်တော်ကို အစွမ်းကုန် ချီးမွမ်းလျှင် “ဤ ပါဏာတိပါတ ဝိရတိသီလ”ဂုဏ်ဖြင့်လည်း ချီးမွမ်းနိုင်စရာ ရှိသည်။

၂။ ရဟန်းဂေါတမသည် အဒိန္နာဒါနမှ ရှောင်တော်မူ၏။ ဥစ္စာရှင်တို့ ပေးအပ်သော ပစ္စည်းကိုသာ ယူလေ့ရှိမူ၏၊ ဥစ္စာရှင်တို့ ပေးအပ်သော ပစ္စည်းကိုသာ စိတ်ဖြင့် လိုလား တော်မူ၏၊ ခိုးဝှက်မှုကင်း၍ သန့်ရှင်းသော ကိုယ်ဖြင့်သာ နေတော်မူပါပေသည်။ ဤသို့ သော်လည်း ချီးမွမ်း ပြောဆိုနိုင်ရာ၏။

၃။ ရဟန်းဂေါတမည် ဗြဟ္မစရိယ၏ (မြတ်သော အကျင့်၏) ဆန့်ကျင်ဖက်ဖြစ်သော မေထုန်အကျင့်ကို ပယ်စွန့်၍ “မေထုန်မှ ရှောင်မှုဟူသော မြတ်သော အကျင့်ကို ကျင့်တော်မူလေ့ရှိ၏။ ရွာသူရွာသားတို့၏ အကျင့်ဖြစ်သော မေထုန်မှ ဝေးစွာ ကျင့်တော်မူ ပါပေသည်၊ ဤသို့သော်လည်း ချီးမွမ်းပြောဆိုနိုင်ရာ၏။

၄။ ရဟန်းဂေါတမသည် မုသာဝါဒကို ပယ်စွန့်၍ မုသားပြောခြင်းမှ ရှောင်တော်မူ၏၊ မှန်သော စကားကိုသာ ပြောတော်မူ၏၊ (အကြား အကြား၌ မုသားမညှပ်ဘဲ) သစ္စာစကားချင်းစေတော်မူ၏၊ တည်တံ့သော စကားရှိတော်မူ၏၊ အရာရာ၌ ယုံကြည် စိတ်ချ ထိုက်တော်မူ၏။ လောကကို (လူအများကို) ချွတ်ချော် တိမ်းပါးခြင်း ရှိတော်မမူ၊ ယခုခေတ်၌ အထက်တန်းရောက်နေသူ လူတစ်ချို့သည် တိုင်းသူပြည်သားအား လမ်းမှားကို ညွှန်ပြနေသကဲ့သို့ ဗုဒ္ဓမြတ်စွာသည် ဘယ်အခါမှ လမ်းမှားကို ညွှန်ပြတော်မမူ ဟူလို။ ဤသို့သော်လည်း ချီးမွမ်း ပြောဆိုနိုင်ရာ၏။

၅။ ရဟန်းဂေါတမသည် ပိသုဏဝါစာကို ပယ်စွန့်၍ ချောပစ် ကုန်းတိုက်စကားကို ပြောဆိုခြင်းမှ ရှောင်တော်မူ၏၊ ဤသူတို့၏ (ထိုသူတို့နှင့်) ကွဲပြားဖို့ရာ ဤသူတို့ အထံမှ ကြားရသောစကားကို ထိုသူတို့အား ပြောတော်မမူ၊ (ထိုသူတို့၏ဤသူတို့နှင့်) ကွဲပြားဖို့ရာ ထိုသူတို့အထံမှ ကြားရသော စကားကိုလည်း ဤသူတို့အား ပြောတော်မမူ၊

ဤနည်း အားဖြင့် ကွဲပြားနေသူတို့ကိုလည်း စေ့စပ်ပေးတော်မူ၏၊ စပ်ပြီးသူတို့ကိုလည်း (သာ၍ စေ့စပ်အောင်) အားပေးတော်မူ၏၊ ညီညွှတ်သူသာ မွေ့လျော်ရာရှိ၍ ညီညွှတ် သူတို့၌သာ မွေ့လျော်တော်မူ၏၊ ညီညွတ်နေသည်ကို မြင်ရ ကြားရလျှင် အားရ နှစ်သက်တော်မူ၏၊ ညီညွတ်အောင်ပြုနိုင်သော စကားကိုသာ ဟောလေ့ ရှိတော် မူပေသည်။ ဤသို့သော်လည်း ချီးမွမ်း ပြောဆိုရာ၏။

၆။ ရဟန်းဂေါတမသည် ဖရုသဝါစာကို ပယ်စွန့်၍ ကြမ်းတမ်းသော စကားကို ပြောခြင်းမှ ရှောင်တော်မူ၏၊ ဒေါသတည်းဟူသော အပြစ် အနာအဆာ မရှိသော စကား၊ နားဝင် ချိုသော စကား၊ နှစ်သက်ဖွယ် စကား၊ နှလုံး အသည်း စွဲလောက်သော စကား၊ မြို့သုံး ပြသုံးဖြစ်၍ ယဉ်ကျေးသော စကား အသုံးအနှုန်းနှင့် အားလုံး နှစ်သက်ဖွယ် စကား ကိုသာ ပြောလေ့ ရှိပါပေသည်။ ဤသို့သော်လည်း ချီးမွမ်း ဆိုနိုင်ရာ၏။

၇။ ရဟန်းဂေါတမသည် သမ္ဖပ္ပလာပကို ပယ်စွန့်၍ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင်တော်မူ၏၊ အခါကာလ လိုက်၍ ထိုက်တန်သော စကားကို ဟောတော်မူ၏၊ (အသုဘအိမ်၌ မင်္ဂလာတရား၊ လက်ထပ်ပွဲ၌ အသုဘစကားကို ပြောဟောတော်မမူ -ဟူလို)၊ ဟုတ်မှန်သော စကားကို ပြောဟောတော်မူ၏၊ (အခါကာလအလိုက် ဟောပြန် သော်လည်း မမှန်တာကိုမဟော - ဟူလို)

အကျိုးရှိသော စကားကိုသာ ဟောတော်မူ၏၊ (မှန်စေကာမူ အကျိုးမရှိလျှင် မဟော - ဟူလို) အစစ်အမှန် သဘာဝကျသော တရားကိုသာ ဟောတော်မူ၏၊ ဝိနည်းကိုလည်း ဟောတော်မူ၏၊ သင့်လျော်သော အချိန်အခါဝယ် ဥပမာ အကြောင်းပြနှင့် တကွ အဆုံး အပိုင်းအခြား ရှိသော ဆိုလိုရင်း အကျိုးနှင့် စပ်သော (ကျယ်ဝန်းသော အနက် အဓိပ္ပါယ်နှင့် စပ်သော) စိတ်ထဲ၌ အမြဲ သိမ်းထား၍ မှတ်သားဖွယ် ကောင်းသော စကားကိုသာ ဟောတော်မူ ပါပေသည်။ ဤသို့သော်လည်း ချီးမွမ်းပြောဆိုနိုင်ရာ၏။

၈။ ရဟန်းဂေါတမသည် ဗီဇဂါမ် ဘူတဂါမ်တို့ကို ဖျက်ဆီးခြင်းမှ ရှောင်တော်မူ၏၊

[မျိုးစေ့ကို “ဗီဇဂါမ်”ပေါက်ပြီး သစ်ပင်ကို “ဘူတဂါမ်”ဟုခေါ်၏၊ မြက်သစ်ပင် ခုတ်ဖြတ်သတ်ခြင်းကို လူတို့က မနှစ်သက်ကြ၊ သစ်ပင်၌ အသက်ရှိသည်ဟု အထင် ရှိနေကြသည်။]

၉။ ရဟန်းဂေါတမသည် နံနက်စာ တစ်ထပ်ကိုသာ စား၍ ညဉ့်စာ စားခြင်းမှ ရှောင် တော်မူ၏၊ နေလွဲသည့်အခါ စားခြင်းမှ ရှောင်တော်မူပါပေသည်။ ဤသို့သော်လည်း ချီးမွမ်း ပြောဆိုနိုင်ရာ၏။

၁ဝ။ ရဟန်းဂေါတမသည် ကိုယ်တိုင် ကခြင်း သူတစ်ပါးကို အကခိုင်းခြင်း, ကိုယ်တိုင် သီချင်းဆိုခြင်း သူတစ်ပါးကို အဆိုခိုင်းခြင်း ကိုယ်တိုင်တီးမှုတ်ခြင်း သူတစ်ပါးကို တီးမှုတ် ခိုင်းခြင်း သူတို့ဘာသာ က-ဆို တီးမှုတ် နေသည်ကို (သူတော်ကောင်း တရားနှင့် ကန့်လန့်ဖြစ်သော) ကြည့်ရှု နားထောင်ခြင်မှ ရှောင်တော်မူပါပေသည်၊ ဤသို့သော်လည်း ချီးမွမ်းပြောဆိုရာ၏။

၁၁။ ရဟန်း ဂေါတမသည် ကိလေသာ တိုးပွားခြင်း၏ အကြောင်းဖြစ်သော ပန်းပန်ခြင်း နံ့သာလိမ်းခြင်း အရောင်တင်ဆေး ရေမွှေး စသည်ကို သာယာခြင်းမှ ရှောင်တော်မူပါ ပေသည်။ ဤသို့သော်လည်း ချီးမွမ်းပြောဆိုနိုင်ရာ၏။

၁၂။ ရဟန်းဂေါတမသည် မြင့်သောနေရာ မြတ်သော (ကြီးကျယ် ခမ်းနားသော) နေရာ၌ နေထိုင် (အိပ်)ခြင်းမှ ရှောင်တော်မူ ပါပေသည်။ ဤသို့သော်လည်း ချီးမွမ်းပြောဆို နိုင်ရာ၏။

[ဥစ္စာသယန မဟာသယန သိက္ခာပုဒ် ဖြစ်သည်၊ မဇ္ဈိမသီလအခန်း၌ ဤ နေရာများ ကျယ်ဝန်းစွာ လာလိမ့်ဦးမည်။]

၁၃။ ရဟန်းဂေါတမသည် ရွှေငွေကို ကိုယ်တိုင် ခံယူခြင်း စသည်မှ - ရှောင်တော်မူပါ ပေသည်၊ ဤသို့သော်လည်း ချီးမွမ်း ပြောဆိုရာ၏။

၁၄။ ရဟန်းဂေါတမသည် စပါးစိမ်းကို ခံယူခြင်း စသည်မှ ရှောင်တော်မူပါပေသည်၊ ဤသို့သော်လည်း ချီးမွမ်း ပြောဆိုရာ၏။

[စပါးစိမ်း ဟူရာ၌ စိုစိမ်းနေသည်ကို မဆိုလို၊ ဆန်မဖြစ်သေးသည်ကို “အစိမ်း”ဟု ဆိုလိုသည်၊ စပါးဟူရာ၌လည်း ဂျုံ ပြောင်း စသည်တို့ပါယူ။]

၁၅။ ရဟန်းဂေါတမသည်(မကျက်သေးသော သားစိမ်း ငါးစိမ်းတို့ကို၊ (၁၆) မိန်းမအို မိန်းမပျိုတို့ကို၊ (၁၇)ကျွန်ယောက်ျား ကျွန်မိန်းမတို့ကို၊ (၁၈) ဆိတ် သိုးတို့ကို၊ (၁၉) ကြက် ၀က်တို့ကို၊ (၂၀) ဆင် နွား မြင်း မြည်းတို့ကို၊ (၂၁) လယ်တို့ကို ခံယူခြင်း စသည်မှ ရှောင်တော်မူပါပေသည်၊ ဤသို့သော်လည်း ချီးမွမ်း ပြောဆိုရာ၏။

၂၂။ ရဟန်းဂေါတမသည် လူတို့၏ အမှာစာ နှုတ်မှာစကားကို ယူ၍ ထိုထိုအရပ်သို့ ခရီးရှည်သွားခြင်း လူတို့ခိုင်းအပ်သည်ဖြစ်၍ တစ်အိမ်မှသည် တစ်အိမ်သို့ ခရီးတိုသွားခြင်း ဟူသော စေတမန အလုပ်ကို အားထုတ်ခြင်း ပြုလုပ်ခြင်းမှ ရှောင်တော်မူပါပေသည်။ (လူအများ၏ အစေအပါး မခံ- ဟူလို။) ဤသို့သော်လည်း ချီးမွမ်း ပြောဆိုရာ၏။

၂၃။ ရဟန်းဂေါတမသည် ရောင်းခြင်း ၀ယ်ခြင်းမှ၊ (၂၄) ချိန်ခွင်ဖြင့် လိမ်လည်လှည့်စား , ရွှေခွက်ဖြင့် လိမ်လည်လှည့်စားခြင်း တင်းတောင်း ချင့်ခွက် တိုင်းတာကြိုးတို့ဖြင့် လိမ်လည် လှည့်စားခြင်းမှ ရှောင်တော်မူပါပေသည်၊ ဤသို့သော်လည်း ချီးမွမ်း ပြောဆို ရာ၏။

၂၅။ ရဟန်း ဂေါတမသည် မတရား ပြုလုပ်ဖို့ရန် တံစိုးလက်ဆောင် ယူခြင်း (လာဘ် စားခြင်း), နည်းပရိယာယ် အသွယ်သွယ်ဖြင့် လှည့်စားခြင်း၊ ဂါထာမန္တာန်ဖြင့် ဖြစ်စေ မျက်လှည့်အတတ် ဖြင့်ဖြစ်စေ လှည့်ပတ်ခြင်း ဟူသေ၁ ကောက်ကျစ် စဉ်းလဲမှုကို အားထုတ်ခြင်းမှ ရှောင်တော်မူပါပေသည်၊ ဤသို့သော်လည်း ချီးမွမ်းပြောဆိုရာ၏။

၂၆။ ရဟန်းဂေါတမသည် သူတစ်ပါး၏ လက် ခြေစသည်ကို ဖြတ်ခြင်း တုတ် ဓား စသည်ဖြင့် ညှင်းဆဲနှိပ်စက်ခြင်း ကြိုးစသည်ဖြင့် တုတ်ချည်နှောင်ခြင်း ဆီးနှင်း ချုံ ပိတ်ပေါင်း စသည် ထူထပ် ရှုပ်ထွေးရာ အရပ်၌ ပုန်းကွယ်၍ ခရီးသွားသူတို့ကို လုယူခြင်း ရွာ နိဂုံးစသည်ကို လုယက်ခြင်း တစ်အိမ်အိမ်သို့ဝင်၍ အနုကြမ်းစီခြင်းမှ ရှောင်တော်မူ ပါပေသည်၊

ပုထုဇဉ်ပုဂ္ဂိုလ်သည် တထာဂတ၏ ဂုဏ်တော်ကို အစွမ်းကုန် ပြောဆိုမည်ဟု ကြိုးစား ပြောဆိုပါသော်လည်း ဤကဲ့သို့သော သီလလောက်ဖြင့်သာ ပြောဆိုနိုင်ရာ၏။

(၁) အကျယ်ချဲ့၍ ပြောခြင်းမဟုတ်ဘဲ (အကျဉ်းမျှသာ ပြောနိုင်သူတို့အတွက်) ထိုအကျဉ်း ပြောအပ်သော သီလကို “စူဠသီလ = သီလငယ်”ဟု နာမည်တပ်၍ ကန့်သတ် ခွဲခြားထားသည်။

စူဠသီလခန်း ပြီးပြီ။

၄။ မဇ္ဈိမသီလ အခန်း

၁။ ချီးမွမ်းပုံ တစ်မျိုးကား အရှင်ကောင်း အရှင်မြတ် ဖြစ်ကုန်သော သမဏ ဗြာဟ္မဏ တချို့တို့သည် (လူတို့က) သဒ္ဓါတရားဖြင့် လှူအပ်သော ပစ္စည်းများကို သုံးစွဲကြပြီးလျှင် သူတို့သည် --

(အမြစ်မျိုးစေ့ - ထိုမျိုးစေ့မှ ဖြစ်သော သစ်ပင်၊
ပင်စည်မျိုးစေ့ - ထိုမျိုးစေ့မှ ဖြစ်သော သစ်ပင်၊
အဆစ်မျိုးစေ့ - ထိုမျိုးစေ့မှ ဖြစ်သော သစ်ပင်၊
အညွန့်မျိုးစေ့ - ထို မျိုးစေ့မှ ဖြစ်သော သစ်ပင်၊
ပဉ္စမမြောက် အစေ့ မျိုးစေ့ - ထို မျိုးစေ့မှ ဖြစ်သော သစ်ပင်)

ဤသို့ သဘောရှိသော မျိုးစေ့အပေါင်း သစ်ပင်အပေါင်းကို ခုတ်ဖြတ် ဖျက်ဆီးမှု၌ အားထုတ်နေကြ သကဲ့သို့ ထို့ အတူ ရဟန်းဂေါတမသည် ဤသို့ သဘောရှိသော ဖျက်ဆီး ခြင်းမှ ရှောင်တော်မူပါပေသည်။ ပုထုဇဉ် ပုဂ္ဂိုလ်သည် တထာဂတ၏ ဂုဏ်ကို အစွမ်းကုန် ပြောဆိုစေကာမူ ဤသို့သော်လည်း ချီးမွမ်းပြောဆိုရာ၏။

၂။ ချီးမွမ်းပုံ တစ်မျိုးကား - အရှင်ကောင်း အရှင်မြတ် ဖြစ်ကြကုန်သော သမဏ ဗြာဟ္မဏ တချို့တို့သည် သဒ္ဓါတရားဖြင့် လှူအပ်ကုန်သော ပစ္စည်းတို့ကို သုံးစွဲပြီးလျှင် သူတို့သည် သိုလှောင် သိမ်းထားအပ်သော ပစ္စည်းများကို သုံးစွဲလျက် နေထိုင်ကုန်၏၊

(ဘယ်အရာများကို သိုလှောင် သိမ်းထားကြသနည်း၊)

စားဖွယ် သောက်ဖွယ် အဝတ် ယာဉ် (ဖိနပ်ကို ဆိုလိုသည်) အိပ်ရာ နေရာ နံ့သာ နှမ်း ဆန် ပဲစသော ကြွင်းသမျှ ပစ္စည်းစု၊ ဤသို့သော ပစ္စည်းများကို သိုလှောင် သိမ်းထား၍ သုံးစွဲနေကြသကဲ့သို့ ရဟန်း ဂေါတမသည် ဤသိုလှောင် သိမ်းထား၍ သုံးစွဲခြင်းမှ ရှောင်တော်မူပါပေသည်။ ဤသို့သော်လည်း ချီးမွမ်း ပြောဆိုရာ၏။

၃။ ချီးမွမ်းပုံ တစ်မျိုးကား - အရှင်ကောင်း အရှင်မြတ် ဖြစ်ကြကုန်သော သမဏ ဗြာဟ္မဏ တချို့တို့သည် သဒ္ဓါတရားဖြင့် လှူအပ်ကုန်သော ပစ္စည်းတို့ကို သုံးစွဲကြပြီးလျှင် သူတို့သည် သူတော်ကောင်းတရားနှင့် ဆန့်ကျင်ဘက် ကန့်လန့်ဖြစ်သော ကြည့်ရှု နားထောင်မှုကို အားထုတ် နေထိုင်ကြကုန်၏၊

(ဘယ်အရာများကို ကြည့်ရှု နားထောင် နေကြသနည်း၊)

ကခြင်း သီချင်းဆိုခြင်း တီးမှုတ်ခြင်း ကြည့်ရှုဖွယ်ရာ ကြီးကျယ်စွာသော ကပွဲသဘင် ကွက်စိပ်ဆရာများ ကဲ့သို့ လေ့ကျင့်ပြီး ပုဂ္ဂိုလ်တို့ ပြောဆိုအပ်သော ဘာရတညီနောင် ရာမမင်းတို့ စစ်တိုက်ခန်း စသောစကား၊
လက်ခုပ်တီးသံ၊ (တနည်း– လက်ဖြင့် တီးအပ်သော လင်းကွင်းတီးသံ) “ဃန”မည်သော တူရိယာတီးသံ (အထဲ၌ အခေါင်း၀ပါသော“ခွက်ခွင်း” ခေါ် သစ်သားချပ် “ကြေးနင်း - ကြေးနောင်” ခေါ် မောင်းတီးသံ)၊
အိုးစည်တီးသံ မကပြမီ နတ်တင်သောအားဖြင့် တင့်တယ်အောင် ပြုခြင်း (တစ်နည်း - မင်းသမီး မင်းသားတွဲ၍ ကခြင်း စသော တင့်တယ်ဖွယ်ရာအောင် ပြုခြင်း)၊
ကျန်းမာ သန်စွမ်းအောင် သံလုံး ကစားခြင်း (တစ်နည်း - စဏ္ဍာလတို့၏ ပိုက်ဆံလျှော် တို့ကို ရေဆွတ်၍ အချင်းချင်း ရိုက်တမ်း ပုတ်တမ်း ကစားခြင်း)၊
ဝါးလုံးဖြင့် ကစားခြင်း (ဝါးလုံးရိုက်၍ ချောတိုင်တက်သေ၁ ကစားခြင်းကို ဆိုလိုဟန် တူသည်)၊
အရိုးဆေး၍ ကစားခြင်း (သေသူ ဆွေမျိုး၏ အရိုးကို နံ့သာဖြင့်သုတ်လိမ်း၍ နက္ခတ် ကောင်းသည့်အခါ သောက်ကြ စားကြ ငိုကြသော ကစားပွဲတစ်မျိုး)၊
ဆင်တိုက်ပွဲ မြင်းတိုက်ပွဲ ကျွဲတိုက်ပွဲ နွားလား ဥသဘတိုက်ပွဲ ဆိတ်တိုက်ပွဲ သိုးတိုက်ပွဲ ကြက်တိုက်ပွဲ ငုံးတိုက်ပွဲ တုတ်ရိုက်ပွဲ လက်ဝှေ့ပွဲ စစ်တိုက်ပွဲ စစ်သည် ဗိုလ်ပါတို့ကို ရေတွက်ရာအရပ် စစ်ဆင်ရာအရပ် စစ်တပ်တို့ကို ကြည့်ရှုခြင်း၊

ဤသို့သော ကြည့်ရှု နားထောင်ခြင်းကို အားထုတ်နေကြ သကဲ့သို့ ရဟန်းဂေါတမသည် ဤသို့ ကြည့်ရှု နားထောင်ခြင်းမှ ရှောင်တော်မူပါပေသည်။ ဤသို့သော်လည်း ချီးမွမ်း ပြောဆိုနိုင်ရာ၏။

၄။ ချီးမွမ်းပုံတစ်မျိုးကား - အရှင်ကောင်းအရှင်မြတ် ဖြစ်ကြကုန်သော သမဏ ဗြာဟ္မဏ တချို့တို့သည် သဒ္ဓါတရားဖြင့် ပေးလှူအပ်ကုန်သော ပစ္စည်းတို့ကို သုံးစွဲကြပြီးလျှင် သူတို့သည် ဤသို့ သဘောရှိသော မေ့လျော့ခြင်း တည်ရာအကြောင်း လောင်းကစားမှုကို အားထုတ်နေကြကုန်၏၊

(အဘယ် ကစားမျိုးများနည်း၊)

ရှစ်ကွက် ကျားကစားခြင်း၊
၁၀-ကွက် ကျားကစားခြင်း (စစ်တုရင်ထိုးခြင်းနှင့်လည်း ဆိုင်သည်)
ကောင်းကင်၌ကစားခြင်း (အကွက်မရေးဘဲ ၈ကွက် ၁၀ကွက်စိတ်မှန်းထား၍ မည်သည့် အကွက်သို့ (ဇယ် ကြွေအန် ကျား) ရွှေ့လိုက်ပြီ ဟု နှုတ်ဖြင့်သာ ပြော၍ ကစားခြင်း)၊
ကြွေ (ဇယ်) လမ်းတို့ကို ရေးသား၍ မထိအောင် ရှောင်ရှား ကစားခြင်း (ပရွက်ဆိတ် ကြောင်းလိုက်တမ်း ကစားခြင်းဟု ဆိုကြ၏၊ သို့သော် ထိုကစားမျိုး၌ ဇယ်မပါသော ကြောင့် စဉ်းစားသင့်၏)၊
ဇယ်တောက်တမ်း ဇယ်ကောက်တမ်း ကစားခြင်း၊
အန် ပျဉ်ချပ်ပေါ်၌ အန်စာချ၍ ကစားခြင်း(ကြွေခြင်းမျိုးဖြစ်ဟန် တူသည်)၊
ကျီးသားရိုက်တမ်း ကစားခြင်း၊
ထန်းမြှင်အစည်း (တံမြက်စည်း) စသည်တို့ကို ချိတ်ရည် စသည်ဖြင့် ဆွတ်၍ ဆင်ရုပ် မြင်းရုပ် - စသည်ထင်အောင် မြေကြီးနံရံတို့၌ ရိုက်၍ကစားခြင်း၊
ဂေါ်လီလုံး စသည်ကို ကစားခြင်း၊
ထန်းရွက်စသည်ကို ပီပီလုပ်၍ (နှဲသဏ္ဌာလုပ်၍) မှုတ်တမ်း ကစားခြင်း၊
ထွန်ငယ်ဖြင့်ကစားခြင်း၊
ကျွမ်း ကစားခြင်း၊ (တစ်နည်း- ဘားကစားခြင်း)
ထန်းရွက် စသည်ဖြင့် စကြာလုပ်၍ ကစားခြင်း၊
သစ်ရွက် ပြည်တောင်းဖြင့် သဲစသည်ကို ချင့်၍ ကစားခြင်း၊
ရထားငယ်ဖြင့်ကစားခြင်း၊
လေးငယ်ဖြင့်ကစားခြင်း၊
အက္ခရာဖော်တမ်းကစားခြင်း (ကောင်းကင်မှာဖြစ်စေ အမေးခံရသူ၏ ကျောကုန်းမှာ ဖြစ်စေ စာရေး၍ ထိုစာကိုသိလျှင် ဖော်စမ်းဟု မေးမြန်းသော ကစားနည်း)
စိတ်အကြံကို ဖော်တမ်းကစားခြင်း (ယခုခေတ်၌ ပုဏ္ဏားတိုင်းမေးတမ်း ကစားခြင်း မျိုးလည်း ဖြစ်သင့်၏)
ကန်းဟန် ကောက်ဟန် ကုန်းဟန် စသည်ဖြင့် အပြစ်တစ်မျိုးမျိုးကို ဟန်ဆောင်၍ ပြတမ်း ကစားခြင်း၊

ဤသို့သော ကစားခြင်းမျိုးကို (အရှုံးအနိုင် အလောင်းအစားလုပ်လျက်) အားထုတ်နေကြ ကုန်သကဲ့သို့ ရဟန်းဂေါတမသည် ဤသို့သော ကစားခြင်းမှ ရှောင်တော်မူပါပေသည်။ ဤသို့သော်လည်း ချီးမွမ်း ပြောဆိုနိုင်ရာ၏။

၅။ ချီးမွမ်းတစ်မျိုးကား အရှင်ကောင်း အရှင်မြတ် ဖြစ်ကြကုန်သော သမဏ ဗြာဟ္မဏ တချို့တို့သည် သဒ္ဓါတရားဖြင့် ပေးလှူအပ်ကုန်သော ပစ္စည်းတို့ကို သုံးစွဲကြပြီးလျှင် သူတို့သည် ဤသို့ သဘောရှိသော မြင့်သောနေရာ မြတ်သော ကြီးကျယ် ခမ်းနားသော နေရာတို့၌ (အိပ်စက်နေထိုင်ဖို့ရာ) အားထုတ်နေကြကုန်၏။

(အဘယ်နေရာများနည်း)

လက်ရှစ်သစ်ထက် ပိုလွန်ရှည်လျားသော အခြေ (ခြေထောက်) တပ်သော ညောင်စောင်း အင်းပျဉ် (ခုတင် ထိုင်ခုံ)၊
[ဤတစ်ခုသာ “ဥစ္စာသယန”ခေါ်မြင့်သော နေရာတည်း၊ နောက်၌လာမည့် ပလ္လင် စသည်တို့ကား“မဟာသယန”ခေါ် မြတ်သော နေရာများ တည်း]
ခြင်္သေ့ ကျား စသော ရဲရင့်သော သားကောင်တို့၏ ရုပ်ပုံကိုဖော်၍ ပြုလုပ်သော ပလ္လင် (ထိုင်ခုံ)၊
လက်လေးသစ်ထက် ပိုလွန် ရှည်လျား အမွေးဖားသော ကော်ဇောကြီး အကွက်အပြောက် ဖော်ကာ ဆန်းကြယ်စွာ ရက်အပ် ချုပ်အပ်သော သားမွေးအခင်း၊
အဖြူထည်သက်သက် သားမွေးဖြင့် ရက်အပ်သော အခင်း၊
ပန်းပြောက် ပြည့်နှက် သားမွေးဖြင့် ရက်အပ်သော အခင်း၊
လဲ (မှို့) သွင်းထားအပ်သော အခင်း၊
ခြင်္သေ့ရုပ် ကျားရုပ် စသည်တို့နှင့် ထူးဆန်းစွာ ရက်လုပ်အပ်သော သားမွေး အခင်း၊
အတွင်းပြင် နှစ်ဖက်လုံး၌ ပေါ်ထက်သော အမွေး ရှိသော (နှစ်ဖက်ချော) သားမွေးအခင်း၊
တစ်ဖက်၌ အမွေးပါသော (တဖက်ချော) အခင်း၊
ရတနာ ရွှေချည် ငွေချည် တို့ဖြင့် ချုပ်အပ်သော ရိုးရိုး ပိုးချည် အချောအခင်း၊
(ရတနာချည်ဖြင့် မချုပ်အပ်သော ရိုးရိုး ပိုးအခင်းကား ခုတင်စသည်၌ ခင်းကောင်း၏)၊
၁-ကျိပ်ခြောက်ယောက်သော ကချေသည် မိန်းမတို့ ကလောက်သော သားမွေးအခင်းကြီး၊
ဆင်မြင်းတို့၏ ကျောကုန်းအပေါ်၌ ခင်းအပ်သော ခမ်းနားကြီးကျယ်သော အခင်း၊
ရထားပေါ်၌ ၎င်းအပ်သော အခင်း၊
အထပ်ထပ် ချုပ်အပ်သော သစ်နက်ရေ (သမင်ရေ) အခင်း၊
ဝံပိုင်ရေဖြင့် ပြုအပ်သော မြတ်သော အခင်း၊
ညောင်စောင်း (ခုတင်) အထက်၌ အမိုး မျက်နှာကြက် နှင့် တကွဖြစ်သော အခင်း၊
(“အနီ”ဟူရာ၌ ပိန္နဲနီ ညောင်နီမျိုးကား အပ်၏။ “ ဝတ်ပန်းနီမျိုးသာ မအပ်”ဟု ဆို၏)၊
နီသော အဆင်းရှိသော ခြေအုံး ခေါင်းအုံနှစ်လုံး၊
(တစ်လုံးတည်း အနီဖြစ်လျှင်လည်းကောင်း ဝတ်ပန်းနီစသော အနီရောင် မဟုတ်ဘဲ နှစ်လုံး ဖြစ်လျှင်လည်းကောင်း အပ်၏ )

ဤသို့ အလားတူ ဥစ္စာသယန မဟာသယန အိပ်စက်နေထိုင်ဖို့ရာ အားထုတ်ကြကုန် သကဲ့သို့ ရဟန်းဂေါတမ သည် ဤကဲ့သို့သော ဥစ္စာသယန မဟာသယနမျိုးမှ ရှောင်တော် မူပါပေသည်။ ဤသို့သော်လည်း ချီးမွမ်းပြောဆိုနိုင်ရာ၏။

၆။ ချီးမွမ်းပုံ တစ်မျိုးကား - အရှင်ကောင်း အရှင်မြတ် ဖြစ်ကြကုန်သော သမဏ ဗြာဟ္မဏတချို့တို့သည် သဒ္ဓါတရားဖြင့် ပေးအပ်ကုန်သော ပစ္စည်းတို့ကို သုံးစွဲကြပြီးလျှင် သူတို့သည် အကုသိုလ် တိုးပွားခြင်း၏ အကြောင်းဖြစ်သော တန်ဆာဆင်ခြင်း နံ့သာ (အမွှေးအကြိုင်) သုံးစွဲသာယာခြင်းကို အားထုဘ်နေကြကုန်၏။

(အဘယ် အရာများနည်း။)

ကိုယ်နံ့ကောင်းအောင် နံ့သာမှုန့် စသည်တို့ဖြင့် ပွတ်တိုက်ခြင်း၊
ကိုယ်နေသဏ္ဌာန် ပုံဟန် ကြော့အောင် (အဆစ်အလက် ပြေပြစ်အောင်) ဆုပ်နယ်ခြင်း၊
နံ့သာရည် တို့ဖြင့် ရေချိုးခြင်း၊
လက်ဝှေ့သည်တို့ကဲ့သို့ လက်ရုံးလက်မောင်း အားကောင်း တိုးတက်အောင် (လက်ရိုက် စသည် တို့ဖြင့်) ထုရိုက်ခြင်း၊
မှန်ကို ဆောင်ခြင်း၊ (မှန်ကြည့်ခြင်း)၊
မျက်ရေးကွင်း ဂရာ မျက်စဉ်းကို ဆောင်ခြင်း(မျက်ရေးကွင်းခြင်း)၊
ပန်းနံ့သာ အရောင်တင်ဆေးတို့ကို ဆောင်ခြင်း၊
မျက်နှာ၏ အသွေးကို ကြည်လင်စေတတ်သော ပြေညက်မှုန့် မုန့်ညင်းမှုန့် နှမ်းမှုန့် နနွင်းမှုန့် ဟူသော မျက်နှာချေမှုန့်တို့ကို ဆောင်ခြင်း၊
မျက်နှာ လိမ်းချယ်အပ်သော သနပ်ခါးစသည်တို့ကို ဆောင်ခြင်း(လိမ်းခြင်း)၊
လက်၌ ဆင်အပ်သော တန်ဆာအမျိုးကို ဆောင်ခြင်း (ဆင်ခြင်း)၊
ဦးစွန်းထုံးခြင်း(ထုံးပြီးကိုလည်း တန်ဆာဆင်ခြင်း)၊
တုတ်ကောက် စသည်ကို ကိုင်ခြင်း၊
မိန်းမ ယောက်ျား အရုပ်များဖြင့် ဆန်းကြယ်သော ဆေးကျည်တောက်ကို ဆောင်ခြင်း၊
သံလျက်ကိုဆောင်ခြင်း၊
ဆန်းကြယ်သော ထီးကို ဆောင်ခြင်း၊
ဆန်းကြယ်သော ဖိနပ်ကို စီးခြင်း၊
နဖူး၌ သင်းကျပ်ပြားကို ဖွဲ့ထားခြင်း၊
မကိုဋ်၌ အထွတ် တပ်သောကျောက်မျက် ရတနာကိုဆောင်ခြင်း၊
စာမရီ သားမြီးယပ်ကို ဆောင်ခြင်း၊ ဖြူကုန် ရှုပ်ကုန်သော အမြိတ်အဆာ ရှိကုန်သော အဝတ်တို့ကိုဆောင်ခြင်း၊

ဤသို့သော အကုသိုလ် တိုးပွားကြောင်း ဖြစ်သော တန်ဆာဆင်မှု အမွှေးအကြိုင် သာယာမှုတို့ကို အားထုတ်နေကြကုန် သကဲ့သို့ ရဟန်းဂေါတမသည် ထိုကဲ့သို့သော အလုပ်တို့ကို အားထုတ်ခြင်းမှ ရှောင်တော်မူပါပေသည်၊ ဤသို့သော်လည်း ချီးမွမ်း ပြောဆိုရာ၏။

၇။ ချီးမွမ်းပုံ တစ်မျိုး - အရှင်ကောင်း အရှင်မြတ် ဖြစ်ကြကုန်သော သမဏ ဗြာဟ္မဏ တချို့တို့သည် သဒ္ဓါတရားဖြင့် လှူအပ်ကုန်သော ပစ္စည်းတို့ကို သုံးစွဲကြပြီးလျှင် သူတို့ သည် ဤသို့ သဘောရှိသော နတ်ပြည် နိဗ္ဗာန်လမ်းကြောင်း တို့၏ ဖီလာကန့်လန့် စကားကို ပြောဆိုအားထုတ်နေကြကုန်၏၊

(အဘယ်စကားများနည်း)

မင်းနှင့် စပ်သော စကား၊
စစ်ဘပ်နှင့် စပ်သော စကား၊
ဘေး စစ်တိုက်ပုံ စားဖွယ် သောက်ဖွယ် အဝတ် အိပ်ရာနေရာ ပန်း နံ့သာ ဆွေမျိုး, ယာဉ်(ရထား), ရွာ, နိဂုံး မြို့ဇနပုဒ် မိန်းမ ယောက်ျား, သူရဲကောင်း လမ်း(လမ်း၌ နေကြသူများ , ရေဆိပ် ( အိုးထိန်း ကျွန်မ), ရှေးက သေလွန်ကြသော ဆွေမျိုးများနှင့် စပ်သော စကား၊
ရှေ့နောက် စကားတို့မှ ကြွင်းကျသော အမျိုးမျိုးသော စကား၊
လောကနှင့် စပ်သော စကား "ဤလောကကို မည်သူဖန်ဆင်းထားသနည်း" စသော စကား)
သမုဒြာနှင့်စပ်သော စကား (သမုဒြာကို ဘာကြောင့် သာဂရ ဟု ခေါ်သနည်း စသော စကား )၊
"ဤနည်းဖြင့် ကြီးပွားနိုင်၏၊ ဤနည်းဖြင့် ဆုတ်ယုတ် ပျက်စီးတတ်၏” စသောစကား၊

ဤသို့လျှင် အကျိုးမများသော ရောက်တတ်ရာရာ စကားတို့ကို - ဆိုကြနေကြကုန် သကဲ့သို့ ရဟန်းဂေါတမသည် ဤသို့သော စကားကို ပြောဆိုခြင်းမှ ရှောင်တော်မူ ပါပေသည်။ ဤသို့သော်လည်း ချီးမွမ်း ပြောဆိုနိုင်ရာ၏။

၈။ ချီးမွမ်းပုံ တစ်မျိုးကား - အရှင်ကောင်း အရှင်မြတ် ဖြစ်ကြကုန်သော သမဏ ဗြာဟ္မဏ တချို့တို့သည် သဒ္ဓါတရားဖြင့် ပေးလှူအပ်ကုန်သော ပစ္စည်းတို့ကို သုံးစွဲကြပြီးလျှင် သူတို့သည် ဤသို့သဘောရှိသော ဆန့်ကျင်ဖက် စကားကို အားထုတ် ပြောဆိုကြကုန်၏။

(အဘယ်စကားနည်း၊)

သင်သည် ဤဓမ္မဝိနယကို နားမလည်၊ ငါသာနားလည်၏၊ သင်သည် (သင်လိုလူစား သည်) ဤ ဓမ္မဝိနယကို အဘယ်မှာ နားလည်နိုင်လိမ့်မည်နည်း၊ (ဘယ်မှာ နားလည် နိုင်မှာလဲ)။
သင်သည် အမှား ကျင့်နေသူတည်း၊ ငါကား အမှန်ကျင့်နေသူတည်း၊
ငါ၏ စကားသည် ရှေ့နောက် ညီလျက် ညက်ညော၏၊ သင်၏ စကားသည်ကား ရှေ့နောက် မညီ၊
သင်သည် အလျင်ပြောရမည့် စကားကို နောက်မှပြော၊ နောက်မှ ပြောရမည့် စကားကို အလျင်ပြော၏၊ သင်၏ ကာလရှည်ရွာ လေ့လာအပ်သော စကားသည် ငါ၏ စကားတစ်ခွန်းကြောင့် ဖောက်ပြန်ပျက်ပြား၍ အလကား ဖြစ်တော်၏၊
သင်၏အယူဝါဒ၌ ငါသည် (မည်သည့်) အပြစ်ကို တင်အပ်ပြီ (တင်လိုက်ပြီ) သင့်ကို ငါကနှိပ်အပ်ပြီ၊ (နှိပ်လိုက်ပြီ) ငါတင်အပ်သော အပြစ်မှ လွတ်ဖို့ရာ ထိုထို ဤဤ လှည့်လည် သင်ယူချေဦးလော့၊ ဖြေနိုင်လျှင်လည်း ယခု လက်ငင်း ဖြေရှင်းလော့၊

ဤသို့ အလားတူဖြစ်သော ဆန့်ကျင်ဘက် (ရန်စကား) တို့ကို ပြောဆိုအားထုတ်နေကြ သကဲ့သို့ ရဟန်း ဂေါတမသည် ဤသို့သော ဆန့်ကျင်ဘက်စကားမျိုးကို ပြောဆိုခြင်းမှ ရှောင်တော်မူပါပေသည်၊ ဤသို့သော်လည်း ချီးမွမ်းပြောဆိုရာ၏။

၉။ ချီးမွမ်းပုံတစ်မျိုးကား - အရှင်ကောင်း အရှင်မြတ် ဖြစ်ကြကုန်သော - သမဏ ဗြာဟ္မဏ တချို့တို့သည် သဒ္ဓါတရားဖြင့် ပေးလှူအပ်ကုန်သော ပစ္စည်းတို့ကို သုံးစွဲကြ ပြီးလျှင် သူတို့သည် ဤသို့ သဘောရှိသော သဝဏ်စာလွှာ နှုတ်မှာစကားကို ယူဆောင်၍ တစ်ရွာမှ တရွာ, တစ်မြို့မှ တစ်မြို့သို့ ပို့ဆောင်ခြင်းဟူသော တမန်သည်တို့၏ အလုပ် တစ်အိမ်မှ တစ်အိမ်သို့ စေခိုင်းအပ် သည်ဖြစ်၍ သွားခြင်း ဟူသော အစေခံအလုပ်ကို အားထုတ်နေကြကုန်၏၊

(အဘယ်သို့နည်း)

ရှင်ဘုရင် အမတ်ကြီး (သမ္မတ - ဝန်ကြီး) မင်းမျိုးမင်းနွယ် သူကြွယ်မျိုးနွယ်ရှိသူ သတိုးသား စသူတို့၏ “မည်သည့်အရပ်သို့ သွားပေးစမ်းပါ၊ ထိုအရပ်မှ မည်သည့်အရပ်သို့ လာခဲ့ပါ၊ သည်ဟာကို ဆောင်ယူသွားပါ၊ ထိုအရပ်က မည်သည့် ဥစ္စာကို ဆောင်ယူ ခဲ့ပါ”ဤသို့စသော စေခိုင်းမှုကို ခံနေကြသကဲ့သို့ ရဟန်းဂေါတမသည် ဤသို့သော တမန်လုပ်မှု အစေအခိုင်းခံမှုမှ ရှောင်တော်မူပါပေသည်။ ဤသို့လည်း ချီးမွမ်းပြောဆို ရာ၏။

၁၀။ ချီးမွမ်းပုံတစ်မျိုးကား - အရှင်ကောင်း အရှင်မြတ် ဖြစ်ကြကုန်သော သမဏ ဗြာဟ္မဏတို့သည် သဒ္ဓါတရားဖြင့် ပေးလှူအပ်ကုန်သော ပစ္စည်းတို့ကို သုံးစွဲကြပြီးလျှင် သူတို့သည် လောကကို အံ့သြလာအောင်” ချီးမွမ်းအောင် ပြုလုပ်တတ်ကြကုန်၏၊ မိမိကို လှူချင်လာအောင် ဒါယကာ ဒါယိကာမတို့ကို မြှောက်၍ ဖြစ်စေ၊ မိမိဂုဏ်ကို ဖေါ်၍ဖြစ်စေ ပြောတတ်ကြကုန်၏၊ ပစ္စည်းကို မလှူ-လှူအောင်အောင် အရိပ်နိမိတ် ကိုလည်း ပြုတတ်ကြကုန်၏၊ မလှူဘဲ မနေနိုင်အောင် ဆဲဆို ရှုတ်ချတတ်ကုန်၏။ [”သဒ္ဓါတရား အင်မတန်နည်းတဲ့လူ”စသည်ဖြင့် ပြောတတ်ကြကုန်၏] တစ်အိမ်မှရသော လာဘ်ဖြင့် တစ်အိမ်မှ လာဘ်ကို ရှာတတ်ကြကုန်၏၊ ရဟန်းဂေါတမသည် ဤနည်း များကို မပြုလုပ်ဘဲ ရှောင်တော်မူပါသည်၊ ဤသို့သော်လည်း ချီးမွမ်း ပြောဆိုရာ၏။

မဇ္ဈိမသီလအခန်း ပြီးပြီ။

၅ ။ မဟာသီလ အခန်း

၁။ ချီးမွမ်းပုံတစ်မျိုးကား - အရှင်ကောင်း အရှင်မြတ် ဖြစ်ကြကုန်သော သမဏဗြာဟ္မဏ တချို့တို့သည် သဒ္ဓါတရားဖြင့် ပေးလှူအပ်ကုန်သော ပစ္စည်းတို့ကို သုံးစွဲကြပြီးလျှင် သူတို့သည် ဤသို့ သဘောရှိသော တိရစ္ဆာနဝိဇ္ဇာဖြင့် လမ်းရိုး လမ်းမှန် မဟုတ်သော အသက်မွေး ဝမ်းကျောင်းမှုကို ပြုနေကြကုန်၏၊

(အဘယ် အတတ်မျိုးနည်း၊)
လက်-ခြေစသော ကိုယ်အင်္ဂါကို ကြည့်၍ အကျိုးအပြစ်ကို သိသော အင်္ဂကျမ်းအတတ်,
သေးငယ်သော အရိပ်နိမိတ် အမှတ်အသားကို ကြည့်၍ (နားထောင်၍) မိမိအလိုရှိအပ် သော အရာကို သိနိုင်သော နိမိတ္တကျမ်းအတတ်,
မိုးကြိုးကျခြင်း (ဥပါပျံ - တော်လဲခြင်း) စသော တိတ်ကြီး နိမိတ်ကြီးများကိုကြည့်၍ ဖြစ်လတံ့သော အကျိုးအပြစ်ကို ညွှန်ပြနိုင်သော ဥပ္ပါတကျမ်းအတတ်,
အိပ်မက်ကျမ်းအတတ်,
အင်္ဂါကြီးငယ်၏ အသေးစိတ် လက္ခဏာ (အမှတ် အသား)ကိုကြည့်၍ (မင်းဖြစ်မည် အိမ်ရှေ့မင်းဖြစ်မည် စသည်ဖြင့်) သိသော လက္ခဏာကျမ်းအတတ်,
ကြွက်ကိုက်ခြင်း၏ အကျိုး အပြစ်ကို သိသောအတတ်,
“မည်သည့်ထင်းဖြင့် မည်ကဲ့သို့ မီးပူဇော်လျှင် မည်သို့သော အကျိုးကိုရ၏” ဟု သိသော အဂ္ဂံဟောမ အတတ်,
“မည်သည့် ယောက်မဖြင့်မွှေ၍ ပူဇော်လျှင် မည်သည့် အကျိုးကို ရ၏” ဟု သိသော ဒိဗ္ဗိဟောမအတတ်,
“မည်သည့် ဆန်ကွဲဖြင့် မီးပူဇော်လျှင် မည်သည့် အကျိုး ရ၏” ဟု သိသော ကဏဟောမ အတတ်,
ထို့အတူ ဆန်, ထောပတ်, ဆီတို့ဖြင့် မီးပူဇော်ခြင်း၏ အကျိုးအပြစ်ကို သိသော အတတ်,
မုန်ညင်းစေ့ စသည်ကို ပါးစပ်ဖြင့်ယူ၍ မီး၌ထည့်ခြင်း(ပါးစပ်ဖြင့် မန္တာန်စုပ်၍ ပူဇော်ခြင်း) ဟူသော မုခဟောမ အတတ်,
လက်ျာညှပ်ရိုး ဒူး ပဆစ်စသည်တို့၏ သွေးဖြင့် ပူဇော်ခြင်း ဟူသော လောဟိတဟောမ အတတ်,
ကိုယ်အင်္ဂါအစိတ်အပိုင်း ကိုကြည့်၍ ဂါထာမန္တာန်စုပ်ပြီးနောက် ထိုသူ၏ အကျိုး အပြစ်ကို သိသော အင်္ဂဝိဇ္ဇာအတတ်,
အိမ်နေရာ ဝင်းခြံနေရာ စသည်တို့၏ အကျိုးအပြစ်ကို သိသော ဝတ္ထုဝိဇ္ဇာ အတတ်,
အဗ္ဘေယျကျမ်း မာသုရက္ခကျမ်း ရာဇသတ်ကျမ်း စသော လောက စီးပွါးကိုသာပြသော ခတ္တဝိဇ္ဇာ အတတ်,
သုသာန် သင်းချိုင်းသို့ သွား၍ ဘေးဥပါဒ် ကင်းငြိမ်းအောင် ပြုနည်းကိုပြသော သိဝဝိဇ္ဇာ အတတ်,
ဘုတ် (တဆေ) တို့ကို မိမိ အလိုပါအောင်ပြုသော ဘူတဝိဇ္ဇာအတတ်,
မြေအိမ်၌ နေ၍ သင်ယူအပ်သော (တနည်း - ကောက်ပင်တို့၏ တိုးပွါးနည်းကိုပြသော) ဘူရိဝိဇ္ဇာအတတ်,
မြွေကိုက် သည်ကို ကုတတ် မြွေကို ခေါ်ယူတတ်သော အဟိဝိဇ္ဇာ အတတ်,
အဆိပ်ချနိုင် အဆိပ် မတက်အောင် စောင့်ရှောက်နိုင်သော ဝိသဝိဇ္ဇာ အတတ်,
ကင်းမြီးကောက် ကိုက်နာကို ကုနိုင်သော ဝိစ္ဆိကဝိဇ္ဇာအတတ်,
ကြွက်ကိုက်နာကို ကုနိုင်သော မူသိကဝိဇ္ဇာ အတတ်,
သတွာအမျိုးမျိုးတို့၏ ပြောဆို မြည်တွန်သံ သွားလာဟန်တို့၏ အကောင်းအဆိုးကို သိသော သကုနဝိဇ္ဇာ အတတ်,
ကျီးမြည်သံကို သိသော ဝါသယဝိဇ္ဇာ အတတ်, [သကုနဝိဇ္ဇာ အပြင်, ဝါယသ ဝိဇ္ဇာ ကျမ်းလည်း ထင်ရှားသော ကျမ်းတကျမ်း ဖြစ်သတဲ့၊]
ကြီးရင့်သော အရွယ်ကို ထောက်၍ နောက်ရှည်ဦးမည့် အသက်ကို ဟောပြောနိုင်သော ပက္ကဇ္ဈန အတတ်,
မြှားကို ကာကွယ် စောင့်ရှောက်နိုင်သော သရပရိတ္တာဏ အတတ်,
ငှက်မျိုး သားကောင်မျိုး အားလုံးတို့၏ မြည်တွန်သံကိုသိသော မိဂစက္က အတတ်,
ဤသို့သော အတတ်မျိုးဖြင့် လမ်းမှန် မဟုတ်သော အသက်မွေး ဝမ်းကြောင်းမှုကို ပြု သကဲ့သို့ ရဟန်းဂေါတမသည် ဤသို့သော အတတ်မျိုးဖြင့် အသက်မွေးမှ ရှောင်တော်မူ ပါပေသည်။ ဤသို့သော်လည်း ချီးမွမ်းပြောဆိုရာ၏။

၂။ ချီးမွမ်းပုံ တမျိုးကား - အရှင်ကောင်း အရှင်မြတ် ဖြစ်ကြ ကုန်သော သမဏဗြာဟ္မဏ တချို့တို့သည် သဒ္ဓါတရားဖြင့် ပေးလှူအပ်ကုန်သော ပစ္စည်းတို့ကို သုံးစွဲကြပြီးလျှင်, သူတို့သည် ဤသို့ သဘောရှိသော တိရစ္ဆာနဝိဇ္ဇာဖြင့် အသက်မွေး ဝမ်းကြောင်းမှုကို ပြုနေကြကုန်၏၊

(အဘယ် အတတ်မျိုးနည်း။)
ပိုင်ဆိုင်သော ဥစ္စာရှင်မှာ ဖြစ်လာတတ်သော အကျိုး အပြစ်ကို ပြသော ပဒမြား လက္ခဏာကျမ်း,
အဝတ် - ဒုတ် - ဒါး - သံလျက် - မြှား - လေး (ဆိုပြီး လက်နက်များမှ ကြွင်းသော) လက်နက် အမျိုးမျိုး၏ လက္ခဏာကျမ်း,
နေထိုင်ရာ အမျိုး၏ တိုးပွါးခြင်း ဆုတ်ယုတ်ခြင်းတို့ကို ပြသော မိန်းမလက္ခဏာကျမ်း, ယောက်ျားလက္ခဏာကျမ်း, သတို့သား လက္ခဏာကျမ်း, သတို့သမီး လက္ခဏာကျမ်း , ကျွန်- ကျွန်မ- ဆင်- မြင်း- နွားလား နွားရိုးရိုးလက္ခဏာကျမ်း
စားသူတို့မှာ ဖြစ်လာတတ်သော အကျိုး အပြစ်ကို ပြသော ဆိတ် လက္ခဏာကျမ်း, သိုး-ကြက်- ဖွတ် လက္ခဏာကျမ်း, (အိမ် စသည်၌ ဖွတ်ရုပ် ရှိလျှင်လည်း အကျိုးအပြစ်ကို ဤကျမ်းက ပြသေး၏။)
တန်ဆာအထွဋ် အိမ်အထွဋ် တို့၏ လက္ခဏာကျမ်း , လိပ်လက္ခဏာကျမ်း, ကြွင်း သမျှသော သားကောင်တို့၏ လက္ခဏာကျမ်း,
ဤသို့သော ကျမ်းအတတ်ဖြင့် “လမ်းမှန် မဟုတ်သော အသက်မွေးမှုကို ပြုနေကြသကဲ့သို့ ရဟန်းဂေါတမသည် ဤသို့သော အသက်မွေးမှုမှ ရှောင်တော် မူပါပေသည်၊ ဤသို့သော် လည်း ချီးမွမ်းပြောဆိုရာ၏။

၃။ ချီးမွမ်းပုံ တမျိုးကား -- အရှင်ကောင်း အရှင်မြတ် ဖြစ်ကြကုန်သော သမဏ ဗြာဟ္မဏ တချို့တို့သည် သဒ္ဓါတရားဖြင့် ပေးလှူအပ်ကုန်သော ပစ္စည်းတို့ကို သုံးစွဲကြပြီးလျှင် သူတို့သည် ဤသို့ သဘောရှိသော တိရစ္ဆာနဝိဇ္ဇာဖြင့် လမ်းမှန် မဟုတ်သော အသက် မွေးမှုကို ပြုနေကြကုန်၏။

(အဘယ် အတတ်မျိုးနည်း၊)
မည်သည့်နေ့ မည်သည့် နက္ခတ်ဖြင့် မင်းတို့၏ စစ်မြေပြင်သို့ ထွက်ခြင်း ဖြစ်လိမ့်မည်၊
မည်သည့်နေ့ မည်သည့်နက္ခတ်ဖြင့် မင်းတို့၏ ပြန်လာခြင်း ဖြစ်လိမ့်မည်။
မည်သည့်နေ့ မည်သည့်နက္ခတ်ဖြင့် ငါတို့ပြည်တွင်းက မင်းတို့၏ ပြည်ပမင်းထံ (စစ်တိုက်ရန်) ချဉ်းကပ်လိမ့်မည်၊ ပြည်ပမင်းတို့ ဆုတ်ခွါလိမ့်မည်၊
ပြည်ပမင်းတို့က ပြည်တွင်းမင်းထံ ချဉ်းကပ်လိမ့်မည်၊ ပြည်တွင်းမင်းတို့က ဆုတ်ခွါရ လိမ့်မည်၊
ပြည်တွင်းမင်းတို့ နိုင်လိမ့်မည်။ ပြည်ပမင်းကို ရှုံးလိမ့်မည်
ပြည်ပမင်းတို့ နိုင်လိမ့်မည် ပြည်တွင်းမင်းတို့ ရှုံးလိမ့်မည်
ဤသို့လျှင် “မည်သူကနိုင်၍ မည်သူက ရှုံးလိမ့်မည်” စသည်ဖြင့် ဟောပြောကာ တိရစ္ဆာနဝိဇ္ဇာဖြင့် လမ်းမှန်မဟုတ်သော အသက်မွေးမှုကို ပြုနေကြသကဲ့သို့ “ရဟန်း ဂေါတမသည် ဤသို့သော အသက် မွေးမှုမှ ရှောင်ကြဉ်တော် မူပါပေသည်။ ဤသို့ သော်လည်း ချီးမွမ်းပြောဆိုရာ၏။

၄။ ချီးမွမ်းပုံ တမျိုးကား - အရှင်ကောင်း အရှင်မြတ် ဖြစ်ကြကုန်သော သမဏ ဗြာဟ္မဏ တချို့တို့သည် သဒ္ဓါတရားဖြင့် ပေးလှူအပ်ကုန်သော ပစ္စည်းတို့ကို သုံးစွဲကြပြီးလျှင်, သူတို့သည် ဤသို့ သဘောရှိသော တိရစ္ဆာနဝိဇ္ဇာဖြင့် လမ်းမှန် မဟုတ်သော အသက် မွေးမှုကို ပြုနေကြကုန်၏။

(အဘယ် အတတ်မျိုးနည်း၊)
လ ကြတ်လိမ့်မည်၊ နေ ကြတ်လိမ့်မည်၊ နက္ခတ် ကြတ်လိမ့်မည်
လ-နေ တို့ လမ်းမှန် သွားလိမ့်မည်။ နက္ခတ်တို့ လမ်းလွှဲ၍ သွားလိမ့်မည်၊
ဥက္ကာ ကျလိမ့်မည်။ (လေထုချင်း တိုက်မိ၍ မီးရောင်ကဲ့သို့ အရောင် ဖြစ်ပြီးလျှင် ကောင်းကင်မှ ကျခြင်းကို ဥက္ကာကျခြင်း ဟု ခေါ်၏။ မြန်မာတို့က “ဥဘာပျံသည်”ဟု ခေါ်ကြသည်၊)
အရပ်မျက်နှာဘို့၌ မီးလောင်သကဲ့သို့ မီးလျှံ အခိုးလျှံ ပေါ်ထွက်လိမ့်မည်၊ မြေ(ငလျင်) လှုပ်လိမ့်မည်၊ ကောင်းကင်၌ ခြိမ်းဟိန်းသံကြီး ဖြစ်လိမ့်မည်။ (ကောင်းကင်၌ လေထု၏ ပြင်းစွာ တိုက်ခိုက်မှုကြောင့် အသံမြည်ခြင်းတည်း၊ “တော်လဲခြင်း” ဟု ခေါ်ကြ သည်၊)
လ - နေ တို့၏ လမ်းမှန်သွားခြင်း စသည်ကြောင့် မည်သည့်ကောင်းကျိုး ဖြစ်၍, လမ်းလွဲသွားခြင်း စသည်ကြောင့် မည်သည့် ဆိုးကျိုး ဖြစ်လိမ့်မည်၊
လ နေ နက္ခတ်တို့၏ မည်သည့် ရာသီသို့ တက်ခြင်း သက်ခြင်းသည် မည်သည့် အကျိုး ရှိလိမ့်မည်၊
လ နေ နက္ခတ်တို့ မသန့်မရှင်း ဖြစ်လိမ့်မည်သန့်သန့် ရှင်းရှင်း ဖြစ်လိမ့်မည်
ဤသို့ ဟောပြောကာ တိရစ္ဆာနဝိဇ္ဇာဖြင့် လမ်းမှန် မဟုတ်သော အသက် မွေးမှုကို ပြုနေကြသကဲ့သို့, ရဟန်း ဂေါတမသည် ဤသို့သော အသက်မွေးမှုမှ ရှောင်ကြဉ်တော် မူပါပေသည်၊ ဤသို့သော်လည်း ချီးမွမ်းပြောဆိုရာ၏။

၅။ ချီးမွမ်းပုံ တမျိုးကား - အရှင်ကောင်း အရှင်မြတ် ဖြစ်ကြကုန်သော သမဏ ဗြာဟ္မဏ တချို့သည် - သဒ္ဓါတရားဖြင့် ပေးလှူအပ်ကုန်သော ပစ္စည်းတို့ကို သုံးစွဲကြပြီးလျှင် သူတို့သည် ဤသို့ သဘောရှိသော တိရစ္ဆာနဝိဇ္ဇာဖြင့် လမ်းမှန် မဟုတ်သော အသက်မွေးမှု ကို ပြုနေကြကုန်၏၊

(အဘယ်အတတ်မျိုးနည်း။)
မိုဃ်းကောင်း လိမ့်မည်၊ မိုဃ်းခေါင် လိမ့်မည်၊
သာယာဝပြောလိမ့်မည်၊ ငတ်မွတ်လိမ့်မည်၊
ဘေးကင်း လိမ့်မည်၊ ဘေးဖြစ်လိမ့်မည်၊ ရောဂါဖြစ်လိမ့်မည်၊
လက်ချိုး၍ ရေတွက်နည်း၊ တစ်နှစ် စသော ဂဏန်းစဉ် အတိုင်း ရေတွက်နည်းအပေါင်း အနှုတ် အမြှောက်အစား ရေတွက်နည်းကဗျာဖွဲ့နည်းလောကာယတကျမ်း အတတ်
ဤသို့သော အတတ်မျိုးဖြင့် ဟောပြောချက် လမ်းမှန် မဟုတ်သော အသက်မွေးမှုကို ပြုနေကြကုန်သကဲ့သို့, ရဟန်းဂေါတမသည် ဤသို့သော အသက်မွေးမှုမှ ရှောင်တော် မူပါပေသည်။ ဤသို့သော်လည်း ချီးမွမ်းပြောဆိုရာ၏။

၆၊ ချီးမွမ်းပုံ တမျိုးကား - အရှင်ကောင်း အရှင်မြတ် ဖြစ်ကြကုန်သော သမဏ ဗြာဟ္မဏ တချို့တို့သည် သဒ္ဓါတရားဖြင့် ပေးလှူအပ်ကုန်သော ပစ္စည်းတို့ကို သုံးစွဲကြပြီးလျှင် သူတို့သည် ဤသို့ သဘောရှိသော တိရစ္ဆာနဝိဇ္ဇာဖြင့် လမ်းမှန် မဟုတ်သော အသက် မွေးမှုကို ပြုနေကြကုန်၏

(အဘယ် အတတ်မျိုးနည်း၊)
သတို့သမီးပေးပို့ခြင်း မင်္ဂလာကို ပြုပေးခြင်း, (အခါပေးခြင်း)
ကွဲပြီးသူတို့ကို (သူ့ခင်ပွန်းကို) ပြန်၍ ပေါင်းမိအောင် ပြုပေးခြင်း, ကွာရှင်းပေးခြင်း,
လယ်စု ယာစု ကြွေးမြီစုကို စုရုံး သိမ်းဆည်းဘို့ရာ အခါပေးခြင်း၊ အရပ်တပါး၌ ရောင်း ဘို့ရာ အတိုးချဘို့ရာ အခါပေး ခြင်း,
တင့်တယ်အောင် ဘုန်းကြက်သရေ တိုးအောင် ပြုပေးခြင်း, (ရန်သူတို့အား) မတင့်တယ် အောင် ကြက်သရေ မရှိအောင် ပြုပေးခြင်း,
မတည်သော ကိုယ်ဝန်ကို (နောက်တကြိမ်၌) တည်အောင် ပြုပေးခြင်း, (ကိုယ်ဝန်တည် ဆေးပေးခြင်း)
မန္တာန်ဖြင့် လျှာခိုင်နေအောင် (စကားမပြောနိုင်အောင်) ပြုခြင်း, မန္တာန်ဖြင့် မေးခိုင် အောင်ပြုခြင်း,
မိမိအား ပုတ်ခတ်မည့်သူကို လက်ပြန်ဖြစ်အောင် မန္တာန်စုပ်ခြင်း,
ပြောအပ်သမျှ စကားကို မကြားအောင် မန္တာန်စုပ်ခြင်း, [တရားရုံး၌ မိမိပြောစကားကို တရားတွေ့ဘက်တို့ မကြားအောင် လုပ်နည်း]
မှန်၌ နတ်ကိုသွင်းချ ပြဿနာပေးခြင်း, သတို့သမီးကိုယ်၌ နတ်ကိုသွင်းချ၍ ပြသနာမေး ခြင်း, ကျွန်မကိုယ်၌ နတ်ကိုသွင်းချ၍ ပြဿနာမေးခြင်း,
အသက်မွေး ဝမ်းကျောင်းအတွက် နေကိုပူဇော် လုပ်ကျွေးခြင်း, [နွယ်သာကီ သို့မဟုတ် ရာသီပန်းတို့ဖြင့် ပူဇော်၍ တစ်နေ့လုံး နေဘက်မျက်နှာ ပြုနေခြင်းကို နေကိုလုပ်ကျွေး ခြင်း ဟု ခေါ်သည်။]
အသက်မွေး ၀မ်းကျောင်းအတွက် မဟာဗြဟ္မာကို ပူဇော် လုပ်ကျွေးခြင်း,
မန္တာန်စွမ်းဖြင့် ခံတွင်းမှ မီးလျှံကို ထုတ်ပြခြင်း,
ကြက်သရေကို ခေါ်ခြင်း, (“အို - ကြက်သရေ … လာပါလော, ငါ၏ကိုယ်၌ တည်ပါလော ဟု ဦးခေါင်းဖြင့် ကြက်သရေကို ခေါ်ယူခြင်း)
ဤသို့သော အတတ်မျိုးဖြင့် လမ်းမှန်မဟုတ်သော အသက်မွေးမှုကို ပြုနေကြသကဲ့သို့ ရဟန်းဂေါတမသည် ဤသို့သော အတတ်မျိုးဖြင့် အသက်မွေးမှ ရှောင်တော်မူပါပေသည်။ ဤသို့သော်လည်း ချီးမွမ်းပြောဆိုရာ၏။

၇။ ချီးမွမ်းပုံတစ်မျိုးကား - အရှင်ကောင်းအရှင်မြတ် ဖြစ်ကြကုန်သော သမဏဗြာဟ္မဏ တချို့တို့သည် သဒ္ဓါတရားဖြင့် ပေးလှူအပ်ကုန်သော ပစ္စည်းတို့ကို သုံးစွဲကြပြီးလျှင် သူတို့သည် ဤသို့ သဘောရှိသော တိရစ္ဆာနဝိဇ္ဇာဖြင့် လမ်းမှန်မဟုတ်သော အသက် မွေးမှုကို ပြုနေကြကုန်၏၊

(အဘယ်အတတ်မျိုးနည်း၊)
လိုရာဆုကို တောင်း၍ ထိုဆု ပြည့်စုံသည့်အခါ မန္တာန်စုပ်၍ ပူဇော်ပသပါမည် ဟု ဝန်ခံမှု (အာမခံမှု)ကို ပြုခြင်း၊ လိုရာဆု ပြည့်စုံသည့်အခါ ဝန်ခံ ထားသည့်အတိုင်း ပူဇော်ပသခြင်း၊ (ဤနည်းများကို သူတစ်ပါး အတွက် ပြုလုပ်ပေး၍ အလှူအဒါန်း အခရခြင်းသည် ရဟန်း များအတွက် မိစ္ဆာဇီဝ မည်၏။)
သူသေကောင်၌ ဘုတ်ဝင်အောင်ပြုမှု [“ဘူတကမ္မ”ဟု ပါဠိရှိ၏၊ အဋ္ဌကထာ၌ မတွေ့ရ။]
မြေအိမ်၌နေ၍ သင်ယူအပ်သော မန္တာန်၏ ဥပစာရခေါ် ဆိုင်ရာကိစ္စကို ပြုလုပ်မှု၊
နပုံးပဏ္ဍုက်ကို ဆေးဖြင့် ယောကျ်ား ဖြစ်အောင် ပြုပေးမှု၊ ယောကျ်ားကို နပုံးပဏ္ဍုက် ဖြစ်အောင်ပြုပေးမှု [ဆေးပေးခြင်း - ဝှေးစေ့ထုတ်ခြင်းဖြင့် ပြုသည်။]
အိမ်ရာအသစ်၌ အိမ်တည်ဆောက်မှု အိမ်ရာသစ်၌ (ဘေးရန်ကင်းအောင် စီးပွား တိုးအောင်) ပူဇော်ပသမှု
မန္တာန်စုပ်လျက် ရေဖြင့် ခံတွင်းစင်ကြယ်အောင်ပြုမှု၊
သူတစ်ပါးတို့ကို ရေချိုးပေးမှု သူတစ်ပါးအတွက် မီးပူဇော်ပေးမှု
ပျို့အန်အောင် ဆေးပေးမှု ဝမ်းလျောဆေးပေးမှု၊ အထက်၌ သလိပ်စသော အပြစ်ဒေါသ တို့ကို အန်ထွက်စေမှု၊ အောက်၌ သလိပ်စသော အပြစ်ဒေါသတို့ကို လျောသက်စေမှု၊
နားအတွက် ဆေးဆီချက်မှုမျက်စဉ်းဆီချက်မှု၊ ဆီနှင့်ရောစပ်၍ နှာနှပ်မှု
မျက်လွှာ ၂-လွှာ ၃-လွှာ တို့ကို ဖယ်ရှားနိုင်သော ငန်သော မျက်စဉ်း ဖေါ်စပ်မှုမျက်စိ အေးသော မျက်စဉ်း ဖေါ်စပ်မှု၊ မျက်စိရောဂါ တိမ်သလာကို ဆေးကုမှု
စူးဝင်သော ငြောင့်ကို ထွက်အောင် ဆေးကုမှုသူငယ်နာ ဆေးကုမှု
အရင်း မူလ ပဓာနဆေးတို့ကို ပေးမှု (တစ်နည်း - အရင်းမူလ ရောဂါဆေး တို့ကို ပေးမှု၊)
ဤသို့သော တိရစ္ဆာနဝိဇ္ဇာဖြင့် လမ်းမှန်မဟုတ်သော အသက်မွေးမှုကို ပြုနေကြသကဲ့သို့ ရဟန်း ဂေါတမသည် ဤသို့သော အတတ်မျိုးဖြင့် အသက်မွေးမှုမှ ရှောင်တော်မူ ပါပေသည်၊ ဤသို့သော်လည်း ချီးမွမ်းပြောဆိုရာ၏။

[အသိပေးချက်] ဤဖော်ပြခဲ့သော ဆေးအတတ်များလည်း တတ်ခြင်း၊ တတ်အောင် သင်ခြင်းကြောင့် အပြစ် မရှိပါ၊ ဝိနည်း မဟာဝါ ဘေသဇ္ဇက္ခန္ဓက၌ ဆေးနည်းများကို ဟောတော်မူ၍ စီဝရက္ခန္ဓက၌ ဂိလာပြုစုသူများ၏ ဂုဏ်အင်္ဂါတွင် “ဆေးဖေါ်စပ်နည်း သိရမည်” ဟု လည်း မိန့်တော်မူပါသည်၊ ထိုကဲ့ ဆေးအတတ်ကို တတ်၍ လူတို့အား ဆေးကုမှုကြောင့် ကျေးဇူးတင်စွာ လှူကြသော ပစ္စည်းဖြင့် အသက် မွေးမှုကိုသာ “မိစ္ဆာဇီဝ” ဟု ခေါ်သည်။]

မဟာသီလခန်း ပြီး၏။

၆။ သုညအဖြစ်ကို ပြခန်း

[အကြောင်းအရာ] ဤအခန်း၌ ၆၂-ပါးသော မိစ္ဆာအယူများကို ပြထား၏၊ ထို မိစ္ဆ၁အယူ ရှိသူတို့သည် “အတ္တရှိ၏၊ မြဲ၏၊ သို့မဟုတ် ပြတ်စဲ၏” ဟု မှတ်ယူထားကြ၏၊ သူတို့ မှတ်ယူသည့် အတိုင်း အတ္တမရှိ၊ မြဲလည်း မမြဲ၊ သို့မဟုတ် အဆက်မရှိသော နည်းဖြင့် ပြတ်စဲ၍လည်း မသွား၊ သူတို့ မှတ်ယူထားသည့်အတိုင်း “ဘာမျှမဟုတ်၊ ဘာမျှမရှိ၊ သုညချည်း ဖြစ်၏”ဟု ပြသောကြောင့် ဤအခန်းကို “သုညတ ပကာသန = သုညအဖြစ် ပြခန်း”ဟု ခေါ်ရသည်။]

သဗ္ဗညုတာဉာဏ် ကို ပြခန်း

[ရည်ရွယ်ချက်] ထိုကဲ့သို့ မိစ္ဆာအယူဝါဒ အတိုင်း မဟုတ်နိုင် မရှိနိုင်ဘဲ သုညချည်း ဖြစ်နေကြောင်း ကိုလည်း သဗ္ဗညုတာ ဉာဏ်တော်ဖြင့်သာ သိရသောကြောင့် မိစ္ဆာအယူဝါဒ တို့၏ သုညဖြစ်ပုံကို ပြလိုက်လျှင် သဗ္ဗညုတာ ဉာဏ်တော်ကို ပြပြီးဖြစ်ရကား ဤ အခန်းကို သဗ္ဗညုတာ ဉာဏ်တော်ပြသော အခန်းဟုလည်း ခေါ်သင့်သည်။

သဗ္ဗ = သိစရာအားလုံးကို + ညုတာ = သိနိုင်သော ပုဂ္ဂိုလ်၏ ဖြစ်ကြောင်းဉာဏ်၊

ဤစကားစဉ်အရ ဤ အခန်း၌ ၆၂-ပါးသော မိစ္ဆာအယူတို့ကို လည်းကောင်း, သဗ္ဗညုတာ ဉာဏ်တော်ကိုလည်းကောင်း သိကြရတော့မည့် ဟု မြှော်လင့်ကာ ရိုသေလေးစားစွာဖြင့် ကြည့်ရှုကြပါကုန်။]

သဗ္ဗညုတာဉာဏ်

ဘိက္ခုတို့ ... ပြအပ်ပြီးသော ဂုဏ်တို့မှ တမျိုးတခြားဖြစ်ကုန်, နက်နဲကုန်, မြင်ဘို့ရန် ခက်ခဲကုန် , သိဘို့ရန် မလွယ်ကုန်, ငြိမ်းဧကုန်, မွန်မြတ်ကုန်, ကြံစည် တွေးဆခြင်းဖြင့် မသက်ဝင်နိုင်ကုန်, သိမ်မွေ့ကုန်, ပညာရှိတို့သာ သိနိုင်ကုန်သော ဂုဏ်တော် တို့သည် (ငါဘုရားမှာ) ရှိကုန်သေး၏၊

မြတ်စွာဘုရားသည် ယင်း ဂုဏ်တော်တို့ကို ကိုယ်တိုင် (ဆရာ မရှိဘဲ) ထူးခြားသော အရဟတ္တမဂ် ဉာဏ်ကြောင့် (တနည်း - ပစ္စဝေက္ခဏာဉာဏ်ဖြင့်) မျက်မှောက်ပြု၍ သစ္စာ လေးပါး စသော တရားတို့ကို (သတွာတို့အား) သိစေတော်မူနိုင်, ငါဘုရားဟု ဝန်ခံတော် မူနိူင်ပေသည်။ မြတ်စွာဘုရား၏ ဂုဏ်တို့ကို ပြောလိုသူတို့သည် ယင်း သဗ္ဗညုတ ဉာဏ်တော် ဂုဏ်တို့ဖြင့် ပြောမှသာ ဟုတ်တိုင်းမှန်စွာ ပြောကြရာ ရောက်မည်။

ဤ “သဗ္ဗညုတာ ဉာဏ်တော်ဂုဏ်”ဟူသည် အဘယ်နည်း။ (မိစ္ဆာအယူများကို ရှင်းလင်း ပြုခြင်းဖြင့် ဤ အမေးကို ဖြေပြီး ဖြစ်လိမ့်မည်။)

၆၂ ပါးသော မိစ္ဆာအယူများ

ပုဗ္ဗန္တ ကပ္ပိက ဝါဒ ၁၈-မျိုး

ဘိက္ခုတို့ ... ရှေးအတိတ်က အကြောင်းအရာစုကို ကြံစည် တတ်ကြကုန် , ရှေးအတိတ်က အကြောင်းအရာစုသို့ အစဉ်လိုက်၍ မိစ္ဆာအယူကို ယူတတ် ကြကုန်သော သမဏ ဗြာဟ္မဏတချို့ ရှိကုန်၏၊ သူတို့သည် ရှေးအကြောင်းအရာစုကို အာရုံပြု၍ (စိတ်ဖြင့် စဉ်းစား၍) အမျိုးမျိုးသော မိစ္ဆာအယူဖြစ်ဘို့ရန် အခြေခံစကားတို့ကို အကြောင်းပြ ၁၈-မျိုးတို့ဖြင့် “ငါတို့အယူသာ အမှန်, အခြားအယူတွေ အမှား” ဟု စွဲမြဲစွာ ပြောဆိုကြ လေသည်။ “သူတို့သည် အဘယ် အချက်ကို စွဲ၍ ပြောဆိုကြသနည်း”ဟု မေးဘွယ်ရှိ၏၊

သဿတ ဝါဒ လေးမျိုး

ဘိက္ခုတို့ ... သဿတ အယူရှိသော သမဏ ဗြာဟ္မဏ တချို့ရှိကြ၏၊ သူတို့သည် အကြောင်းပြ လေးမျိုးတို့ဖြင့် အတ္တကို၎င်း လောကကို၎င်း မြဲ၏ ဟု ပညတ်ကြ (ပြောဆိုကြ) လေသည်။ “သူတို့လည်း ဘယ်အချက်ကိုစွဲ၍ ပြောဆို ပညတ်ကြကုန် သနည်း” ဟု မေးဘွယ်ရှိ၏။

[သဿတ] သတွာတို့ သန္တာန်၌ အတ္တရှိ၏၊ ဤ အတ္တသည် ဘယ်အခါမှ မပျက်စီးဘဲ မြဲ၏ ဟု ယူသော အယူဝါဒ။

(က) ဘ၀သိန်းပေါင်း များစွာကို ပြန်၍သိသဖြင့် မိစ္ဆာအယူဖြစ်ပုံ

ဘိက္ခုတို့ ... ဤလောက၌ တချို့သော သမဏ သို့မဟုတ် ဗြာဟ္မဏတို့သည် ကိလေသာ တို့ကို နှိပ်စက်တတ်သော ဝီရိယ, လွန်စွာ ကြိုးစားသော ဝီရိယ , အထပ်ထပ် ကြိုးစားသော ဝီရိယ, ဤ ဝီရိယ သုံးမျိုးကို၎င်း မမေ့မလျော့သော သတိကို၎င်း လမ်းဖြောင့် လမ်းမှန် ကမ္မဋ္ဌာန်း နှုလုံးသွင်းသော ဉာဏ်ကို၎င်း စွဲမှီ၍ များပြားစွာသော ရှေးဖြစ်ဟောင်းကို အောက်မေ့နိုင်သော စိတ်တည်ကြည်မှု သမာဓိ ကိုရ၏၊

“ဘယ်လောက် များပြားသော ရှေးဖြစ်ဟောင်းကို အောက်မေ့နိုင်သနည်း”ဟု ဆိုလျှင် လွန်ခဲ့ပြီးစ တဘဝ၌ ဖြစ်ခဲ့သမျှကိုလည်း အောက်မေ့နိုင်၏၊ ၂-ဘဝ ၃-ဘဝမှ စ၍ ဘဝ သိန်းပေါင်းများစွာတို့၌ ဖြစ်ခဲ့ ကြုံခဲ့သမျှ တို့ကိုလည်း အောက်မေ့နိုင်၏။ [ပြန်၍ မှတ်မိ သည်ကို အောက်မေ့-ဟု ခေါ်သည်။]

အောက်မေ့နိုင်ပုံကား - မည်သည့်ဘဝ၌ ငါ့နာမည်ကို ဘယ်လို ခေါ်၏၊ ငါ့အနွယ်ကား မည်သည့် အနွယ်တည်း၊ ငါ့အဆင်းသည် မည်သည့် အဆင်းတည်း၊ မည်သည့်အစာကို ငါစားခဲ့ရ၏၊ ဘယ်ပုံ ချမ်းသာခဲ့၊ သို့မဟုတ် ဆင်းရဲခဲ့သည်၊ မည်မျှ အသက်ရှည်ခဲ့သည်။ ထိုဘဝမှ စုတေပြီးနောက် မည်သည့်ဘဝမှာ ဖြစ်ရသည်။ ဤသို့ တစ်ဘဝမှ တစ်ဘဝသို့ ဆက်ကာ ဆက်ကာ ဖြစ်ခဲ့လေရာ နောက်ဆုံး ဘဝမှ စုတေပြီးနောက် ဤလူ့ဘဝ၌ ဖြစ်လာရသည်။

ဤသို့လျှင် အမည် အနွယ် အဆင်း အစာ ချမ်းသာ ဆင်းရဲ အသက် အပိုင်းအခြား နှင့်တကွ ဘဝ သိန်းပေါင်းများ၌ ဖြစ်ခဲ့သမျှ အကြောင်း အရာကို အောက်မေ့နိုင်လေသည်။ ထိုသို့အောက်မေ့နိုင်သော သမဏ ဗြာဟ္မဏသည် (သူတစ်ပါးအား) ပြောပြသည်မှာ - အတ္တသည် လည်းကောင်း၊ လောကသည်လည်းကောင်း မြဲ၏ ၊ အမြုံမနှင့်တူ၏။

တောင်၏ အထွဋ်ကဲ့သို့ တည်တံ့၏၊ ခိုင်မြဲစွာ စိုက်ထားအပ်သော တံခါးတိုင်ကဲ့သို့ တည်တံ့၏။ ထို သတွာတို့သည်ကား တစ်ဘဝမှ တစ်ဘဝသို့ ပြေးလွှားကျင်လည်ကြရ, စုတေကြရ, ပဋိသန္ဓေ နေကြရသည်၊ မြေကြီး မြင့်မိုရ်တောင် လ နေတို့နှင့် တူစွာ အခါခပ်သိမ်း ထင်ရှားရှိသော အတ္တကား အမှန်ရှိပေသည်သာ

“ဘာ့ကြောင့် ဤသို့ ပြောနိုင်သနည်း”ဆိုလျှင် … ငါသည် ဝီရိယ သတိနှင့် ဉာဏ်ကို စွဲမှီ၍ ရှေးဖြစ်ဟောင်းကို အောက်မေ့နိုင်သော သမာဓိကို ရ၏၊ (ဤသို့ စသည်ဖြင့် သူအောက်မေ့ နိုင်ပုံတွေကို စုံလင်စွာ ပြောပြသည်။)

ဤသို့ ငါ့ကိုယ်တိုင် ရှေးဖြစ်ဟောင်းကို အောက်မေ့နိုင်သောကြောင့် “အတ္တလောကသည် မြဲ၏” ဟု ငါသိရပေသည်၊ ဤသို့ သူတစ်ပါးအား ပြောပြလေသည်၊ သဿတ ဝါဒ ဖြစ်ပေါ်လာဖို့ရန် အကြောင်းလေးမျိုး ရှိရာဝယ် ဤသို့ ဘဝသိန်းပေါင်းများစွာကို ပြန်၍အောက်မေ့နိုင်ခြင်းသည် ပဌမအကြောင်း တစ်မျိုးပေတည်း။

(ခ) ဆယ်ကမ္ဘာအထိ ပြန်၍သိသူ

( သဿတ အယူ ဖြစ်ဘို့ရန် အကြောင်း ၄ မျိုးရှိသည်တွင်) ဒုတီယ အကြောင်း၌ တဘဝ နှစ်ဘဝမှစ၍ ဘဝကုဋေ များစွာကို ကမ္ဘာဖွဲ့ပြီးလျှင် ထို ကမ္ဘာပေါင်း ဆယ်ကမ္ဘာ အထိ ပြန်၍ အောက်မေ့နိုင်ခြင်းသာ ပဌမအယူဝါဒမှ ထူးခြားသည်။

(ဂ) ကမ္ဘာ ၄၀ အထိ ပြန်၍ သိသူ

(သဿတ အယူ ဖြစ်ဘို့ရန် အကြောင်း ၄ မျိုးရှိသည်တွင်) တတီယအကြောင်း၌ တကမ္ဘာ နှစ်ကမ္ဘာ မှစ၍ ကမ္ဘာ ၄၀ အထိ ပြန်၍ အောက်မေ့နိုင်ခြင်းသာ ထူးတော့သည်။

(ဃ) တက္ကီပုဂ္ဂိုလ်

စတုတ္ထ အကြောင်း၌ အရှင်ကောင်း အရှင်မြတ် ဖြစ်ကြကုန်သော သမဏ ဗြာဟ္မဏ တို့သည် အဘယ် အချက်ကို စွဲ၍ သဿတဝါဒ ရှိကြကုန်လျက် အတ္တကို၎င်း လောကကို၎င်း မြဲ၏ ဟု ပညတ်ကြကုန်သနည်း-ဟု မေးဘွယ် ရှိ၏၊

ဘိက္ခုတို့ ... ဤလောက၌ အချို့သော သမဏ (သို့မဟုတ် ဗြာဟ္မဏ) သည် ကြံစည်လေ့ စဉ်းစား နှိုင်းချိန်လေ့ ရှိ၏။ သူသည် ကြံစည်အပ် စဉ်းစား နှိုင်းချိန်အပ်သော မိမိ ထင်မြင်ချက်ကို ဤသို့ ပြောပြ၏၊

(ပြောပြပုံကား ) - အတ္တသည်၎င်း လောကသည်၎င်း မြဲ၏၊ အမြုံမနှင့် တူ၏၊ တောင်ထွဋ် ကဲ့သို့ တည်တန့်၏၊ ခိုင်မြဲစွာ စိုက်ထားအပ်သော တံခါးတိုင်ကဲ့သို့ တည်တန့်၏၊ ထို သတွာတို့သည်ကား တဘဝမှ တဘဝသို့ ပြေးလွှား ကျင်လည်ကြရ, စုတေကြရ, ပဋိသန္ဓေ နေကြရသည်၊ မြေကြီး မြင့်မိုရ်တောင် လနေတို့နှင့် တူစွာ အခါခပ်သိမ်း ထင်ရှားရှိသော အတ္တကား အမှန်ရှိပေသည်။ ဤသို့ ပြောပြလေသည် ....

ဘိက္ခုတို့ ... ဤသို့ ကြံစည် နှိုင်းချိန်ခြင်းသည် သဿတ အယူဝါဒ ဖြစ်ဘို့ရန် အကြောင်း တမျိုးပင်တည်း၊

ဘိက္ခုတို့ ... သဿတ အယူဝါဒ ရှိသူတို့သည် ဤပြခဲ့သော အကြောင်း လေးမျိုးတို့ဖြင့် အတ္တကို၎င်း၊ လောကကို၎င်း မြဲ၏ဟု ပညတ်ကြ လေသည်၊

ဘိက္ခုတို့ ... သဿတ အယူဝါဒရှိကြသော သမဏ ဗြာဟ္မဏ ဟူသမျှတို့သည် ဤ လေးမျိုးလုံးသော အကြောင်းတို့ဖြင့် ဖြစ်စေ (လေးမျိုးထည်းတွင်) တမျိုး နှစ်မျိုး သုံးမျိုး သော အကြောင်းတို့ဖြင့် ဖြစ်စေ သဿတ အယူဝါဒကို ပညတ်ထားကြလေသည်၊ ထို အကြောင်း လေးမျိုး အပြင် (သဿတဝါဒ ဖြစ်ပေါ်လာဘို့ရန်) အကြောင်းတမျိုး မရှိတော့ချေ

သဗ္ဗညုတဉာဏ်တော် ပြခန်း

ဘိက္ခုတို့ ... မြတ်စွာဘုရားသည် ထို လေးမျိုးသော မိစ္ဆာအယူကို အမျိုးမျိုး အစားစား သိတော်မူ၏။

(သိတော်မူပုံကား) - ဤမိစ္ဆာအယူတို့သည် “အတ္တလောကသည် မြဲ၏” ဟု ဤသို့ ယူထားလျှင် ဤသို့ အဘန်ဘန် သုံးသပ်ထားလျှင် “(ငရဲ တိရစ္ဆာန် ပြိတ္တာဂတိတို့တွင်) ဤမည်သော ဂတိသို့ ရောက်ကြရလိမ့်မည်, ဤမည်သော တမလွန်ဘဝ ရှိကြ လိမ့်မည်”ဟု သိတော်မူသည်။

(ထို မိစ္ဆာအယူကို သည်လိုယူလျှင် ငရဲကျမည်, သည်လိုယူလျှင် တိရစ္ဆာန်ဖြစ်မည် သည်လိုယူလျှင် ပြိတ္တာဖြစ်မည် ဟု ယူပုံနှင့် ဆက်စပ်၍ ရောက်ရမည့် ဘဝကို သိတော်မူ သည်-ဟူလို၊)

မြတ်စွာဘုရားသည် အကြောင်းနှင့်တကွ လားရာဂတိနှင့် တကွသော ထိုမိစ္ဆာအယူ ကိုလည်း သိတော်မူ၏၊ ထို့ထက် အလွန်ဖြစ်သော သီလ သမာဓိ သဗ္ဗညုတ ဉာဏ်ပညာ ကိုလည်း သိတော်မူ၏။ ထို သီလ သမာဓိ သဗ္ဗညုတ ဉာဏ်ပညာ တရားထူးကို သိပါသော်လည်း (ထိုအသိကိုပင်) တဏှာ မာန ဒိဋ္ဌိအားဖြင့် အမှား သုံးသပ်တော် မမူ၊ ထိုသို့ အမှားသုံးသပ်တော် မမူခြင်းကြောင့်လည်း ထိုအမှား သုံးသပ်တတ်သော တဏှာ မာန ဒိဋ္ဌိ ကိလေသာတို့၏ ( ကိုယ်တော့် သန္တာန်၌ ) ငြိမ်းဧမှု နိဗ္ဗာန်ကို ကိုယ်တော်တိုင်ပင် သိရပေသည်။

(မိစ္ဆာအယူ ဖြစ်ဘို့ရန် အကြောင်းလေးမျိုးကို သိနိုင်ခြင်း၊ မိစ္ဆာအယူ ရှိသူတို့၏ လားရာ ဂတိကို သိနိုင်ခြင်း၊ ထို့ထက်အလွန် သီလ သမာဓိပညာ တို့ကို သိတော်မူနိုင်ခြင်းသည် သဗ္ဗညုတ ဉာဏ်တော် စွမ်းချည်းတည်း။)

ဝေဒနာကမ္မဋ္ဌာန်း

ဘိက္ခုတို့ ... မြတ်စွာဘုရားသည် ဝေဒနာတို့၏ ဖြစ်ကြောင်း ဖြစ်ခြင်းကို၎င်း, ချူပ်ကြောင်း ချုပ်ခြင်းကို၎င်း၊ သာယာအပ်သော အရသာကို၎င်း, အပြစ်ကို၎င်း, လွတ်မြောက်ခြင်း ကို၎င်း ဟုတ်တိုင်းမှန်စွာ သိတော်မူ၍ တဏှာဒိဋ္ဌိတို့ဖြင့် မစွဲလမ်းဘဲ (ကိလေသာတို့မှ) လွတ်တော်မူပြီ။

(၁) နိဂုံး

ဘိက္ခုတို့ ... နက်နဲကုန် မြင်ရန် ခဲယဉ်းကုန်, သိဘို့ရန် မလွယ်ကုန်, ငြိမ်းဧကုန်, မွန်မြတ်ကုန်, ကြံစည်တွေးဆခြင်းဖြင့် မသက်ဝင်နိုင်ကုန်, သိမ်မွေ့ကုန်, ပညာရှိတို့သာ သိနိုင်ကုန်သော ထိုဂုဏ်တို့ဟူသည် ဤပြခဲ့သော သဗ္ဗညုတ ဉာဏ်တော်ဂုဏ်တို့တည်း၊ ယင်းဂုဏ်တို့ကို မြတ်စွာဘုရားသည် ကိုယ်တော်တိုင် (ဆရာ မရှိဘဲ) ထူးခြားသော အရဟတ္တမဂ်ဉာဏ်ကြောင့် (ပစ္စဝေက္ခဏာဉာဏ်ဖြင့်) မျက်မှောက်ပြု၍ သတွာတို့အား သစ္စာလေးပါး စသော တရားကို သိစေတော်မူနိူင်, ငါဘုရားဖြစ်ပြီဟု ဝန်ခံတော် မူနိုင်သည်၊ မြတ်စွာဘုရား၏ ဂုဏ်တော်တို့ကို ပြောလိုသူတို့သည် ယင်း သဗ္ဗညုတာ ဉာဏ်တော် ဂုဏ်တို့ဖြင့် ပြောမှသာ ဟုတ်တိုင်းမှန်စွာ ပြောကြရာ ရောက်မည်။

ဤကား ပဌမ ဘာဏဝါရ။

ဧကစ္စသဿတ ဝါဒလေးမျိုး

ဘိက္ခုတို့ ... ဧကစ္စသဿတ အယူရှိကုန် ဧကစ္စအသဿတ အယူရှိကုန်သော သမဏ ဗြာဟ္မဏတို့ ရှိကြ၏၊ သူတို့သည် အကြောင်းပြ လေးမျိုးတို့ဖြင့် အတ္တကို၎င်း လောကကို၎င်း တချို့မြဲ၏၊ တချို့ မမြဲဟု ပညတ်ကြ (ပြောဆိုကြ) လေသည်။ “သူတို့လည်း အဘယ်အချက်ကို စွဲ၍ ပြောဆို ပညတ်ကြသနည်း”ဟု မေးဘွယ် ရှိ၏။

[ဧကစ္စ = တချို့ + သဿတ = မြဲ၏။ ဧကစ္စအသဿတ = အချို့ မမြဲ၊]

(က) ဗြဟ္မာဘဝ အောက်မေ့နိုင်၍ မိစ္ဆာအယူ ဖြစ်ပုံ

ကမ္ဘာပျက်ချိန်

ကာလ အလွန် ကြာမြင့်သော အခါဝယ် သတွာတို့နေရာ ဤ ကမ္ဘာလောကကြီး ပျက်စီးချိန် ရောက်လာ၏၊ ကမ္ဘာ လောကကြီး ပျက်စီးခါနီးသော်လည်း (တချို့ တချို့ သတွာတို့သည် တတီယဈာန် စတုတ္ထဈာန် ဗြဟ္မာ့ဘုံသို့၎င်း အရူပ ဗြဟ္မာဘုံသို့၎င်း၊ ကမ္ဘာ မပျက်သော အခြား ကမ္ဘာသို့၎င်း ရောက်ကြ၏။) များသော အားဖြင့်ကား ဒုတီယဈာန် ဗြဟ္မာဘုံဖြစ်သော အာဘဿရဘုံသို့ ရောက်ကြ လေသည်။ ထို ဗြဟ္မာတို့သည် ထိုဘုံ၌ ဈာန်စိတ်ကြောင့်ဖြစ်ရသည်၊ ပီတိသာလျှင် အစာရှိကြကုန်၏၊

[အစာ အထူးမစားရဘဲ ရရှိသော တန်ခိုး အကျိုးများကို အားရနှစ်သက်မှု ပီတိဖြင့်သာ နေနိုင်ကြသည်။ ယခု ကာလ၌လည်း တစုံတခုကို အကြောင်းပြု၍ ပီတိ ဖြစ်နေသည့် အခါ အစာ မစားဘဲ နေနိုင်သကဲ့သို့တည်း၊]

မိမိ ကိုယ်ရောင်သာလျှင် အရောင်အဝါ ရှိကုန်၏၊ (နေ လ စသော အရောင်များ မလိုတော့ ဟူလို၊ ) ကောင်းကင်၌ လှည့်လည် သွားလာ နိုင်ကုန်၏။ တင့်တယ်သော ဗိမာန် ဥယျာဉ်စသည်တို့၌ တည်နေကြကုန်၏၊ အလွန်ကြာမြင့်စွာ ထိုဘုံ၌ တည်နေ ကြရသည်။

[ မဟာကပ် ရှစ်ကပ်လောက် ကြာအောင် တည်နေနိုင်ကြသည်။]

ကမ္ဘာတည်ချိန်

ကာလအလွန်ကြာမြင့်ပြန်သော အခါဝယ် ဤ ကမ္ဘာ လောကကြီး အသစ်တည်ချိန် ရောက်လာ ပြန်၏၊ ကမ္ဘာလောကကြီး တည်သည့်အခါ ဗြဟ္မာ မရှိသေးသော ဗြဟ္မာ့ဘုံများ (ပဌမဈာန် ဘုံဌာန၌) တည်ကြလေ၏၊

(နတ်ဘုံနှင့် လူ့ပြည် စသော အောက် လောကလည်း တည်သည်ပင်၊ ထိုဘုံ ထိုလောက တို့သည် မည်သူမျှ ဖန်ဆင်းရသည် မဟုတ်, ဖြစ်လတံ့သော သတွာတို့၏ ကံကို အရင်းခံ၍ ဥတုကြောင့် ဖြစ်ပေါ်လာသော ရုပ်တရားများသာတည်း၊)

ထိုအခါ သတွာ (ဗြဟ္မာ) တယောက်သည် (အသက်တမ်း စေ့သဖြင့်) အသက်ကုန် သောကြောင့် ဖြစ်စေ ဈာန် ကုသိုလ်ကံ ကုန်သောကြောင့် ဖြစ်စေ အာဘဿရ ဗြဟ္မာဘုံ မှာ စုထေ၍ (ပဌမဈာန် ဘုံဝယ်) ပိုင်ရှင်မရှိသေးသော ဗြဟ္မာ့ဘုံ၌ ဖြစ်လာ၏၊ ထို ဗြဟ္မာ သည် ထိုဘုံ၌ ဈာန်စိတ်ကြောင့် ဖြစ်ရ၏၊ ပီတိသာလျှင် အစာရှိ၏၊ မိမိ ကိုယ်ရောင်သာ အရောင် ရှိ၏၊ ကောင်းကင်၌ လှည့်လည် သွားလာနိုင်၏၊ တင့်တယ်သော ဗိမာန် ဥယျာဉ် စသည်၌ တည်နေရ၏၊ ကြာမြင့်စွာလည်း (မစုတေဘဲ) တည်နေရသည်၊

ထိုဘုံ၌ တယောက်ထည်း ကြာမြင့်စွာ နေရသည့်အတွက် ထိုဗြဟ္မာကြီးမှာ“အခြား သတွာတွေ ဤဘုံသို့ ရောက်လာကြလျှင် ကောင်းမှာဘဲ” ဟု တောင့်တမှု ဖြစ်လေသည်။ ထိုသို့ တောင့်တ နေခိုက်မှာပင် (ထန်းသီးကြွေခိုက် ကျီးပျံခိုက် ဆိုသလို) အခြား ဗြဟ္မာ တို့သည် အသက်တမ်း ကုန်သောကြောင့် ဖြစ်စေ ကောင်းမှု ကုန်သောကြောင့် ဖြစ်စေ အာဘဿရ ဗြဟ္မာ့ဘုံမှ စုတေ၍ ပဋ္ဌမ ရောက်နေသော ဗြဟ္မာကြီး၏ အဖေါ် အပေါင်း ဖြစ်လာကြလေသည်။

နောက်မှရောက်လာသော ထို ဗြဟ္မာတို့လည်း ဈာန်စိတ်ကြောင့် ဖြစ်ကြရ , ပီတိသာလျှင် အစာရှိကြ, မိမိတို့ ကိုယ်ရောင်သာလျှင် အရောင်ရှိကြ, ကောင်းကင်၌ လှည့်လည် သွားလာနိုင်ကြ, တင့်တယ်သော ဗိမာန်စသည်၌ တည်နေကြ, ကြာမြင့်စွာလည်း တည်နေနိုင်ကြသည်။

ပဌမ ဗြဟ္မာကြီး အထင်ကြီးပုံ

ဘိက္ခုတို့ ... ထိုဗြဟ္မာတို့တွင် ပဌမ ဖြစ်နှင့်သော ဗြဟ္မာကြီး အထင်ကြီးလာသည်မှာ - ငါသည် မဟာဗြဟ္မာ (ဗြဟ္မာကြီး = ဗြဟ္မာမင်း) ဖြစ်သော ဗြဟ္မာတည်း၊ သူတပါးကို လွှမ်းမိုးနိုင်သူ အခြားသူတို့၏ အလွှမ်းအမိုး မခံရသူတည်း၊ စင်စစ်အားဖြင့် အားလုံးကို သိမြင်နိုင်သူ၊ သတွာအများကို မိမိ အလိုသို့ လိုက်စေနိုင်သူ, အစိုးရသူ, လောကကို ပြုလုပ် ဖန်ဆင်းတတ်သူ, လောကထက် မြတ်သူ, ( သင်သည် ခတ္တိယ ဖြစ်စေ, သင်ကား ဗြာဟ္မဏ ဖြစ်စေ စသည်ဖြင့်) စီမံနိုင်သူ, အစွမ်းသတ္တိရှိသူ ဖြစ်ပြီး ဖြစ်နေဆဲ သဘော တို့၏ အဘဖြစ်သူ ပေတည်း၊ ဤ သတွာတို့ကို ငါဖန်ဆင်း ထားသည်၊

(ဘာ့ကြောင့် ဤသို့ဆိုနိုင်သနည်းဟုမေးလျှင်) “အခြား သတွာတွေ ဤဘုံသို့ ရောက်လာ လျှင် ကောင်းမှာ ဘဲ” ဟုလဲ ငါက တောင့်တလိုက်ရော ဤ သတွာတွေလဲ ရောက်လာ ကြရော၊ ထို့ကြောင့် “ဤ သတွာတွေကို ငါ ဖန်ဆင်းထားသည်”ဟု ဆိုနိုင်သည်။

ဗြဟ္မာငယ်တို့က ထင်မှတ်ပုံ

နောက်မှဖြစ်ရသော ဗြဟ္မာတို့ မှတ်ထင်ပုံကား -

ဤအရှင် ဗြဟ္မာသည် မဟာဗြဟ္မာပေတည်း၊ ငါတို့ကို လွှမ်းမိုးနိုင်သူတည်း၊ (ဤသို့ စသည်ဖြင့် ဗြဟ္မာကြီးက သူ့ကိုယ်သူ ထင်နေသလို ထင်ကြလေသည်။) ငါတို့ကို ဤ ဗြဟ္မာကြီးသည် ဖန်ဆင်းထား၏၊ (ဘာ့ကြောင့် ဤသို့ ဆိုနိုင်သနည်း)

ငါတို့သည် ဤဗြဟ္မာကြီးကို ပဌမဖြစ်နေသည်ကို တွေ့ကြရ၍ ငါတို့က နောက်မှဖြစ်ကြ ရသည်၊ ထို့ကြောင့် “ငါတို့ကို ဤ ဗြဟ္မာကြီးက ဖန်ဆင်းထားသည်” ဟုဆိုနိုင်သည်။

ဘိက္ခုတို့ ... ထိုဗြဟ္မာတို့တွင် ပဌမ ဖြစ်နှင့်သော ဗြဟ္မာသည် အသက်လည်းပို၍ ရှည်၏ အဆင်းလည်းပို၍ လှ၏၊ တန်ခိုးလည်း ပို၍ကြီး၏၊ နောက်မှဖြစ်သော ဗြဟ္မာတို့ကား အသက် တိုကြ၏၊ အဆင်းလည်း ထိုဗြဟ္မာလောက် မလှကြ၊ ထန်ခိုးမှာလည်း ထို့လောက် မကြီးကြချေ။

(ထို့ကြောင့် နောက် ရောက်သော ဗြဟ္မာတို့က ပဌမဗြဟ္မာကို အထင်ကြီးခြင်းမှာ ဖြစ်သင့် ပါပေသည်-ဟူလို။)

လူ့ဘုံရောက် ရသေ့လုပ်သူ

(ထိုသို့ အသက် တိုကြသော ဗြဟ္မာငယ် များစွာတို့ ဗြဟ္မာမင်း၏ အလျင် စုတေကြရာတွင် တချို့ အထက်ဘုံ တချို့အောက်ဘုံ၌ ဖြစ်ကြလေရာ) တယောက်တလေ ဗြဟ္မာသည် ထိုဘုံမှ စုတေ၍ လူ့ပြည်သို့ ရောက်လာရာ အကြောင်း ရှိ၏။ လူ့ပြည်ရောက်ပြီးနောက် (ကမ္ဘာ၏ရှေ့ပိုင်းကာလ သာသနာပ ဝယ်) ရသေ့ လုပ်ဘို့ရာ အကြောင်း ရှိ၏။

(ဗြဟ္မာ့ပြည်မှ စုတေ၍ လူ့ပြည်ရောက်သူ အများတွင်လည်း တယောက် တလေ ရသေ့ လုပ်ဘို့ရာ အကြောင်းရှိသည်- ဟူလို၊)

ထိုသူသည် ရသေ့လုပ်ပြီးနောက် ကိလေသာတို့ကို နှိပ်စက်တတ်သော ဝီရိယ, လွန်ကြိုးစားသော ဝီရိယ, အထပ်ထပ် ကြိုးစားသော ဝီရိယ - ဤ ဝီရိယသုံးမျိုးကို၎င်း၊ မမေ့မလျော့သော သတိကို၎င်း၊ လမ်းဖြောင့်လမ်းမှန် ကမ္မဋ္ဌာန်း နှလုံးသွင်းသော ဉာဏ်ကို၎င်း စွဲမှီ၍ လွန်ခဲ့ပြီးသော တဘဝလောက်ကို အောက်မေ့နိုင် ထိုဘဝထက် လွန်၍လည်း မအောက်မေ့ နိုင်သော ပုဗ္ဗေနိဝါသ ဉာဏ်ကို ရဘို့ရာ အကြောင်းရှိသည်။

ဗြဟ္မာကြီး မြဲ၏ မိမိတို့ မမြဲဟုယူပုံ

(သူသည် ရှေးဘဝကို စဉ်းစားသည့် အခါ ဗြဟ္မာမင်းကြီးသည် ယခုတိုင်အောင် ရှိသေး၍ မစုတေဘဲနေပုံ မိမိတို့ တတွေကား ဗြဟ္မာကြီးနောက်မှ ဖြစ်ပါလျက် အလျင် စုတေ ခဲ့ရပုံကို တွေးဆ၍ ဗြဟ္မာကြီးသည် မြဲသော သဿတတည်း၊ မိမိတို့ကား မမြဲသော အသဿတတည်း ဟု အယူဝါဒ ဖြစ်ပေါ်လာသဖြင့်) ထို ဝါဒကို သူတပါးအား ပြောပြ သည်မှာ - အကြင် အရှင်ဘုရားသည် ဗြဟ္မာမင်းကြီး ဖြစ်၍ သူတပါးကို လွှမ်းနိုင်သူ, သူတပါး၏ အလွှမ်းမိုးကို မခံရသူ ဖြစ်၏၊

စင်စစ်အားဖြင့် အရာရာ အားလုံးကို သိနိုင် မြင်နိုင်၏။ သတွာများကို မိမိအလို လိုက်စေနိုင်၏။ အစိုးရသူ, လောကကို ဖန်ဆင်းနိုင်သူ , လောကထက် မြတ်သူ, လောကကို စီမံနိုင်သူ ဖြစ်၏၊ စွမ်းရည်သတ္တိ ရှိသူလည်း ဖြစ်၏၊ ဖြစ်ပြီးဖြစ်ဆဲ သတွာတို့၏ ဘခင်ကြီးလည်း ဖြစ်၏၊

ယင်းဗြဟ္မာမင်းကြီးသည်ပင် ငါတို့ကို ဖန်ဆင်းထား၏၊ *ထိုဗြဟ္မာမင်းကြီးကား (ထာဝရ) ဖြစ်၍ မသေ မပျောက်ဘဲ မြဲ၏, အခါခပ်သိမ်း ထင်ရှား ရှိ၏၊ အိုမင်းမှု ဇရာသဘော အားဖြင့်လည်း ဖေါက်ပြန်ခြင်းမရှိ၊ မြေကြီး မြင့်မိုရ်တောင် လ နေနှင့် တူစွာ ခိုင်မြဲ တည်တန့်လိမ့်မည်၊

(*ဤစကားကို စွဲ၍ မဟာဗြဟ္မာကြီးကို ထာဝရဘုရားသခင် ဟု ယူဆပြီးလျှင် ဤ ဝါဒအရ "ထာဝရဘုရားသခင် ဖန်ဆင်းလိုက်သည်”ဟူသော အယူအဆ ပြန့်နှံ့သွား လေသည်။)

ထိုဗြဟ္မာကြီး ဖန်ဆင်းလိုက်သော ငါတို့မမြဲကြ မခိုင်ခံ့ကြ, အသက်တိုကြ, စုတေကြ ကုန်သည်ဖြစ်၍ ဤ လူ့ပြည်သို့ ရောက်လာကြရသည်ဟု ပြောပြလေသည်။ ဤသို့ လွန်ခဲ့ပြီးသော ဗြဟ္မာဘဝ တဘဝမျှကို အောက်မေ့ နိုင်ခြင်းသည် ဧကစ္စသဿတ - ဧကစ္စအသဿတ ယူခြင်း၏ ပဌမ အကြောင်းတည်း။

( ဗြဟ္မာမင်းကြီးနှင့် ဗြဟ္မာမင်းကဲ့သို့ တန်ခိုးကြီးသော သတွာ သင်္ခါရတချို့ကို မြဲ၏ ဟု ယူ၍ မိမိနှင့်တကွ မိမိတို့ကဲ့သို့ တန်ခိုးနည်းပါးသော သဘော သင်္ခါရ တချို့ကို မမြဲဟု ယူဆသည်။)

(ခ) အပျော်များ၌ ပျက်ပြားရသော နတ်ဘဝမှ လာသူတချို့ အယူမှားပုံ

ဧကစ္စသဿတ အယူဖြစ်ဘို့ရန် အကြောင်းလေးမျိုး ရှိသည်တွင် ဒုတီယ အကြောင်း၌ အရှင်ကောင်း ဖြစ်ကြသော သမဏ ဗြာဟ္မဏတို့သည် အဘယ်အချက်ကို စွဲ၍ အချို့ အတ္တကို၎င်း လောကကို၎င်း မြဲ၏, အချို့ အတ္တလောကကို မမြဲ ဟု ယူကြ ပညတ်ကြ သနည်း ဟု မေးဘွယ်ရှိ၏။

အပျော်များသော နတ်သား

ဘိက္ခုတို့ .... ခိဍ္ဍာပဒေါသိကမည်သော နတ်တို့ ရှိကုန်၏၊ သူတို့သည် အလွန် ကြာမြင့်စွာ ကာမဂုဏ်၌ မြူးတူးပျော်ပါး ခံစားနေထိုင်ကြ သောကြောင့် အစာစားဘို့ရန် မေ့နေ ကြလေသည်။ထိုသို့ မေ့ခြင်းကြောင့် (စားချိန်လွန်မှ သတိရ၍ အစာစားကြသော်လည်း ခန္ဓာကိုယ် အပျက်လွန်ပြီး အသက် မဆက်နိုင်တော့ဘဲ) စုတေကြတော့သည်၊

ထိုသို့ စုတေရသော နတ်အများ ရှိရာဝယ် တယောက် တလေသည် ဤလူ့ဘုံသို့ ရောက်လာဘို့ရန် အကြောင်းရှိ၏၊ ရောက်ပြီးနောက် ရသေ့ ရဟန်းပြုဘို့ရန် အကြောင်း လည်း ရှိ၏။ ထိုသို့ ရသေ့ရဟန်းပြုပြီးနောက် ဝီရိယသုံးမျိုးနှင့် သတိဉာဏ်ကို အခြေခံကာ လွန်ခဲ့သော နတ်ဘဝ တဘဝမျှကို အောက်မေ့နိုင် (ထို့ထက်အလွန် မအောက်မေ့နိုင်) သော ပုဗ္ဗေနိဝါသဉာဏ်ကို ရဘို့ရန် အကြောင်းလည်း ရှိ၏။

(လူ့ပြည်သို့ ရောက်လာ၍ ရသေ့ရဟန်း ပြုပြီးနောက် လွန်ခဲ့သော တဘဝမျှကို အောက်မေ့နိုင်သော ပုဗ္ဗေနိဝါသဉာဏ် ရပြီ-ဟု ဆိုကြပါစို့)

သူ့အယူအဆ ပြောပြပုံ

(သူသည် အပျော်အပါး မများသော နတ်တို့ မစုတေရဘဲ ယခုတိုင် ရှိနေပုံကို မြင်၍ ထိုနတ်တို့ကို မြဲ၏ဟု၎င်း၊ မိမိတို့လို အပျော်အပါးများ ပျက်စီးရသော နတ်တို့ကို မမြဲ ဟု၎င်း ယူဆ၍ သူတပါးတို့အား ပြောပြသည်မှာ -

ခိဍ္ဍာပဒေါသိက မဟုတ်သော နတ်တို့သည် ကြာမြင့်စွာ ပျော်ပါး ခံစားမှုဖြင့် မနေကြ သောကြောင့် အစာစားချိန်ကို မမေ့ရကား မစုတေကြရကုန်၊ နိစ္စ ( မြဲကုန် ) (ခိုင်ခန့်ကုန်) သဿတ (အခါခပ်သိမ်း ထင်ရှားရှိကုန်) အဝိပရိဏာမဓမ္မ (ဇရာဖြင့် ဖောက်ပြန်မှု မရှိကုန်သည် ) ဖြစ်၍ မြေကြီး မြင့်မိုရ်တောင် လ နေတို့နှင့်တူစွာ တည်တန့်ကြလိမ့်မည်၊

(ခိဍ္ဍာ = မြူးတူးပျော်ပါးမှု များသဖြင့် + ပဒေါသ = ပျက်စီးရသောနတ်။)

ငါတို့ကား အပျော်ပါး များ၍ အစာစားချိန်ကို သတိမရဘဲ ပျက်စီးခဲ့ကြရကုန်၍ အနိစ္စ အဓုဝ, ဝိပရိဏာမဓမ္မ ဖြစ်ကုန်၍ ဤလူ့ဘုံသို့ ရောက်လာကြရကုန်သည် ဟု ပြောပြလေသည်၊ ဤသို့ လွန်ခဲ့ပြီးသော ခိဍ္ဍာပဒေါသိက နတ်ဘ၀ တဘဝမျှကို အောက်မေ့နိုင်ခြင်းသည် ဧကစ္စသဿတ - ဧကစ္စအသဿတ အယူ ဖြစ်ဘို့ရန် ဒုတီယ အကြောင်းတည်း။

(ဂ) ဒေါသကြီး၍ ပျက်ပြားရသော နတ်ဘ၀မှ လာသူတချို့ အယူမှားပုံ

ဧကစ္စသဿတ အယူဖြစ်ဘို့ရန် အကြောင်းလေးမျိုး ရှိသည်တွင် တတီယ အကြောင်း ၌လည်း အရှင်ကောင်း ဖြစ်ကြသော သမဏ ဗြာဟ္မဏတို့သည် အဘယ်အချက် ကိုစွဲ၍ အချို့ အတ္တလောကကို မြဲ၏၊ အချို့ အတ္တလောကကို မမြဲဟု ပညတ်ကြသနည်း-ဟု မေးဘွယ်ရှိ၏။

အချင်းချင်း ဒေါသ ထွက်သော နတ်များ

ဘိက္ခုတို့ ... မနောပဒေါသိက မည်သော နတ်တို့ ရှိကြ၏၊ သူတို့သည် အချိန်အတော် ကြာမြင့်စွာ အချင်းချင်း စူးစိုက်၍ ကြည့်ရှုကြကုန်၏။ ထိုသို့ ကြည့်ရှုသဖြင့် စိတ်ဆိုးကြ (ဒေါသထွက်ကြ) ကုန်၏၊ ထိုသို့ အချင်းချင်း ဒေါသ ဖြစ်၍ ကိုယ်ပန်း စိတ်ပန်း ဖြစ်လျက် ထို နတ်ဘဝမှ စုတေ ကြရလေသည်။ ဤသို့ စုတေကြရသော နတ်အများရှိရာဝယ် တချို့တလေသည် လူ့ဘုံ ရောက်လာ၍ ထိုရောက်လာသူ အများတွင် တချို့တလေသည် ရသေ့ရဟန်းပြု၍ ထိုရသေ့ ရဟန်းအများတွင် တယောက် တလေသည် ဝီရိယ သုံးမျိုး သတိဉာဏ်ကို အခြေခံ၍ လွန်ခဲ့သော နတ်ဘ၀ တဘဝမျှကို အောက်မေ့နိုင်သော ပုဗ္ဗေနိဝါသဉာဏ်ကို ရဘို့ရန် အကြောင်း ရှိလေသည်၊

(ဤမှနောက်၌ မိစ္ဆာအယူ ဖြစ်ပုံမှာ ခိဍ္ဍာပဒေါသိက နတ်ဘဝမှ လာခဲ့သူအတိုင်း ပင်တည်း၊)

ဤသို့ လွန်ခဲ့ပြီးသော မနောပဒေါသိက နတ်ဘဝ တဘဝမျှကို အောက်မေ့နိုင်ခြင်းသည် “ဧကစ္စသဿတ - ဧကစ္စအသဿတ”အယူဖြစ်ခြင်း၏ တတိယအကြောင်းတည်း။

တက္ကီပုဂ္ဂိုလ်

ဧကစ္စသဿတ အယူ ဖြစ်ဘို့ရန် အကြောင်းလေးမျိုး ရှိသည်တွင် စတုတ္ထ အကြောင်း၌ သမဏ ဗြာဟ္မဏတို့ ပြောဆို ပညတ်ကြပုံကား -

ဘိက္ခုတို့ ... ဤလောက၌ အချို့ သမဏ ဗြာဟ္မဏသည် ကြံစည်လေ့ စဉ်းစား နှိုင်ချိန်လေ့ ရှိ၏၊ သူသည် ကြံစည်အပ် စဉ်းစား နှိုင်းချိန်အပ်သော မိမိထင်မြင်ချက်ကို ဤသို့ ပြောပြ၏၊

(ပြောပြပုံကား) - စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယဟု ခေါ်ဝေါ်အပ်သော ဤ အတ္တသည် အနိစ္စ, အဓုဝ, အသဿတ, ဝိပရိဏာမဓမ္မ ဖြစ်၏၊ စိတ်ဟု၎င်း မနောဟု၎င်း ဝိညာဉ်ဟု၎င်း ခေါ်ဝေါ်အပ်သော ဤအတ္တကား နိစ္စ, ဓု၀, သဿတ အဝိပရိဏာမဓမ္မ ဖြစ်၍ အခါခပ်သိမ်း ထင်ရှားရှိသော မြေကြီး မြင့်မိုရ်တောင်, လ, နေတို့နှင့် တူစွာ တည်တန့် လိမ့်မည်ဟု ပြောပြလေသည်၊

ဤသို့ သူ့ဘာသာ ကြံစည် နှိုင်းချိန်ခြင်းသည် ဧကစ္စသဿတ - ဧကစ္စအသဿတ အယူ ဖြစ်ဘို့ရန် စတုတ္ထ အကြောင်းတည်း၊

ဤ လေးမျိုးသော အကြောင်းတို့ဖြင့်သာ ဧကစ္စသဿတ - ဧကစ္စအသဿတ အယူကို ပြောဆို ပညတ်ကြသည်၊ ဤလေးမှတပါး တခြားအကြောင်း မရှိတော့ချေ။

[ဤမှနောက်၌ သဗ္ဗညုတဉာဏ်ကို ပြသောစကား၊ ဝေဒနာကမ္မဋ္ဌာန်း တရားနှင့် နိဂုံးချုပ်ပုံ များမှာ သဿတဒိဋ္ဌိ၏ နောက်ပိုင်း စကားများနှင့် တူပြီ။]

အန္တာနန္တ ဝါဒလေးမျိုး

ဘိက္ခုတို့ ... အန္တာနန္တ အယူရှိကြသော သမဏ ဗြာဟ္မဏတချို့ ရှိကြသေး၏။ သူတို့သည် အကြောင်း လေးမျိုးတို့ဖြင့် --

(၁) လောကကို အဆုံးရှိ၍ဟု၎င်း,
(၂) အဆုံးမရှိဟု၎င်း,
(၃) အထက်အောက်၌ အဆုံးရှိ၍ ဘေးပတ်ဝန်းကျင်၌ အဆုံး မရှိဟု၎င်း,
(၄) အဆုံးရှိသည်လည်း မဟုတ် အဆုံးမရှိ သည်လည်း မဟုတ်ဟု၎င်း --

ပြောဆိုပညတ်ကြလေသည်။ သူတို့သည်လည်း ဘယ်အချက်ကိုစွဲ၍ ပြောဆိုပညတ်ကြ သနည်း-ဟု မေးဘွယ်ရှိ၏။

[မှတ်ချက်။

အန္တာနန္တ = သမဏဖြစ်စေ , ဗြာဟ္မဏဖြစ်စေ , တစုံတယောက်သည် မြေကသိုဏ်းဝန်း ကို ကြည့်၍ ကမ္မဋ္ဌာန်း အားထုတ်လျှင် အတော် သမာဓိ ကောင်းလာသည့်အခါ ထို ကသိုဏ်း ဝန်းနှင့် တူသော ကသိုဏ်းတမျိုး စိတ်ထည်းမှာ ထင်လာ၏၊ ထို ထင်လာသော ကသိုဏ်းကို “ပဋိဘာဂနိမိတ်” ဟု ခေါ်၏၊

(ပဋိဘာဂ - မူလ ကသိုဏ်းဝန်းနှင့် တူသော + နိမိတ္တ = အာရုံ )

ထို ပဋိဘာဂနိမိတ်ကား အလွန် ကြည်လင် သန့်ရှင်း၏၊ နဂိုရ် ကသိုဏ်းဝန်းက အိုးခွက် အဖုံးမျှလောက်သာ ရှိ၍ သေးငယ်လျှင် ပဋိဘာဂနိမိတ်လည်း သေးငယ်၏၊ နုဂိုရ်က ကောက်စပါး တလင်းမျှ ကြီးလျှင်လည်း ထိုမျှလောက်ပင် ထင်လာ၏၊ ထို့နောက် ဆက်လက် ကြိုးစားလျှင် ဈာန် (သမာဓိ) ရတတ်၏၊ ဈာန်မရမိဖြစ်စေ, ဈာန်ရပြီးမှဖြစ်စေ ထိုပဋိဘာဂ နိမိတ်ကို စိတ်ကူးဖြင့် တဖြေးဖြေး ချဲ့ပေးရာ၏၊ ထိုသို့ ချဲ့ရာ၌ --

(၁) ပတ်ဝန်းကျင်မှာ အဆုံးမြင်ရသော နည်း
(၂) ပတ်ဝန်းကျင်၌ အဆုံးမမြင်သော နည်း
(၃) အထက်အောက်၌ အဆုံးမြင်ရ၍ ဘေးပတ်ဝန်းကျင်၌ အဆုံးမမြင်ရသော ချနည်း

ဟု သုံးမျိုးရှိ၏။]

ထိုသို့ ချဲ့ထားသော ပဋိဘာဂ နိမိတ်ကိုပင် ထို ဈာန်ရပုဂ္ဂိုလ်သည် “လောက”ဟု ထင်မှတ်၏၊ ထို့ကြောင့် --

(၁)အဆုံးမြင်ရအောင် ချဲ့ထားသော ပဋိဘာဂနိမိတ် အရှင်သည် လောကကြီး အဆုံးရှိ၏ ဟု ယူဆ၍
(၂)အဆုံးမရှိအောင် ချဲ့ထားသော ပဋိဘာဂနိမိတ်အရှင်က လောကကြီး အဆုံးမရှိဟု ယူ၏။
(၃) အထက်အောက်၌ အဆုံးရှိ၍ ဘေးပတ်၀န်းကျင်၌ အဆုံးမရှိအောင် ချဲ့ထားသော ပဋိဘာဂနိမိတ် အရှင်ကမူ လောကကြီးသည် အဆုံးလည်းရှိ - အဆုံးလည်း မရှိဟု ယူဆလေသည်။

စတုတ္ထပုဂ္ဂိုလ်ကား ထိုသို့ ဈာန်မရဘဲ သက်သက် သူ့အထင်ဖြင့် ပြောဆိုသော ပုဂ္ဂိုလ်တည်း၊

ဤသို့လျှင် --

(၁) အန္တဝါဒ = လောကကြီး အဆုံးရှိ၏ ဟူသောအယူ၊
(၂) အန္တဝါဒ = လောကကြီးအဆုံး မရှိဟူသော အယူ၊
(၃) အန္တာနန္တဝါဒ = လောကကြီးအဆုံးလည်းရှိ - အဆုံးလည်းမရှိ ဟူသော အယူ၊
(၄) နေဝအန္တနာနန္တဝါဒ = လောကကြီး အဆုံးရှိလည်း မဟုတ်၊ အဆုံးမရှိလည်းမဟုတ်

ဟူသော အယူလေးမျိုး ရှိရာ၏။ ဤလေးမျိုးကို “အန္တာနန္တဝါဒ ” ဟု ပေါင်း၍ စကားသုံး ထားသည်။

(က) လောကကြီး အဆုံး ရှိဝါဒ

ဘိက္ခုတို့ .... ဤလောက၌ တချို့ သမဏ ဗြာဟ္မဏသည် ဝီရိယနှင့်သတိဉာဏ်ကို အခြေခံ၍ ကြိုးစား အားထုတ်လေရာ စိတ်၏ တည်ကြည်မှု သမာဓိ (ဈာန်)ကို ရလေသည်၊ ယင်း သမာဓိဖြင့် စိတ်တည်ကြည်လျက် (သမာဓိ၏ အာရုံဖြစ်သော ပဋိဘာဂနိမိတ်ကို အဆုံးရှိအောင်ချဲ့၍ ထို ပဋိဘာဂနိမိတ်ကိုပင် လောကဟု ယူပြီးလျှင်) လောကကြီး၌ အဆုံးရှိ၏ဟု မှတ်ထင်နေလေသည်၊ ထိုသို့ မှတ်ထင်သည့်အတိုင်း သူတပါးအား ပြောပြသည်မှာ --

ဤလောကသည် အဆုံး (ထက်ဝန်းကျင်၌ အပိုင်းအခြား အကန့်အသတ်) ရှိ၏၊ ထက်ဝန်းကျင် လုံးဝိုင်း၏၊ ဘာ့ကြောင့် သိနိုင်သနည်းဆိုလျှင် ငါ့ကိုယ်တိုင် ဝီရိယနှင့် သတိ ဉာဏ်ကို အရင်းခံ၍ ကြိုးစားခြင်းကြောင့် လောကကို အဆုံးရှိ၏ ဟု သိနိုင် လောက်သော သမာဓိကိုရ၏၊ ထို့ကြောင့် လောကကြီး အဆုံးရှိကြောင်း လုံးဝိုင်းကြောင်း ကို ငါသိရ၏ဟု ပြောပြလေသည်၊

ဤသို့ (ပဋိဘာဂနိမိတ်ကို အလွန် မကျယ်ပြန့်စေဘဲ အဆုံးရှိအောင် ချဲ့၍ ထိုပဋိဘာဂ နိမိတ်) လောကကို အဆုံးရှိ၏ ဟု မှတ်ထင်နေခြင်းသည် အန္တာနန္တ ဖြစ်ဘို့ရာ ပဌမ အကြောင်းတည်း။

(ခ) လောကကြီး အဆုံး မရှိဝါဒ

ဒုတီယ အယူဖြစ်ပုံကား --

ဘိက္ခုတို့ ... လောက၌ တချို့ သမဏ ဗြာဟ္မဏသည် ဝီရိယနှင့် သတိ, ဉာဏ်ကို အခြေခံ၍ ကြိုးစား အားထုတ်လေရာ စိတ်တည်ကြည်မှု သမာဓိကို ရလေသည်၊ ယင်း သမာဓိဖြင့် စိတ်တည်ကြည်လျက် (သမာဓိ၏ အာရုံဖြစ်သော ပဋိဘာဂနိမိတ်ကို အဆုံး အကန့်အသတ် မရှိ ချဲ့ပြီးလျှင် ထို ပဋိဘာဂနိမိတ်) လောကကို အဆုံးမရှိ ဟု မှတ်ထင် လေသည်၊ ထိုသို့ မှတ်ထင်သည့် အတိုင်း သူတပါးအား ပြောပြသည်မှာ --

လောကသည် အဆုံးမရှိ အပိုင်းအခြား အကန့်အသတ်မရှိ၊ “အဆုံးရှိ၏ ထက်ဝန်းကျင် လုံးဝိုင်း၏”ဟု ပြောကြသော သမဏ ဗြာဟ္မဏတို့၏ စကားသည် မှား၏၊ ဤ လောက ကား အမှန်ပင် အဆုံးမရှိချေ၊ ဘာ့ကြောင့် ဤသို့ သိနိုင်သနည်း - ဟု မေးလျှင် ငါ့ကိုယ်တိုင် ကြိုးစား၍ သမာဓိ ရသောကြောင့် ဤအကြောင်းကို သိနိုင်၏ ဟု ပြောပြလေသည်။

ဤသို့ ပဋိဘာဂနိမိတ်ကို အဆုံးမရှိအောင် ချဲ့၍ ထို နိမိတ်ကိုပင် အဆုံးမရှိသော လောက ဟု မှတ်ထင်နေ ခြင်းသည် အန္တာနန္တ ဝါဒ ဖြစ်ဘို့ရာ ဒုတီယ အကြောင်းတည်း။

(ဂ) အဆုံးလည်းရှိ အဆုံးလည်းမရှိဝါဒ

တတိယ အယူဖြစ်ပုံကား -

ဘိက္ခုတို့ ... ဤလောက၌ တချို သမဏ ဗြာဟ္မဏာသည် ဝီရိယနှင့် သတိ, ဉာဏ်ကို အခြေခံ၍ ကြိုးစားအားထုတ်လေရာ စိတ်တည် ကြည်မှု သမာဓိကို ရလေသည်၊ ယင်း: သမာဓိဖြင့် စိတ်တည်ကြည်လျက် ( သမာဓိ၏ အာရုံဖြစ်သော ပဋိဘာဂ) နိမိတ်ကို အထက်အောက်၌ အဆုံးအပိုင်းအခြား အကန့်အသတ်ရှိအောင် ချဲ့၍ ဘေးပတ်ဝန်းကျင်၌ အကန့်အသတ် မရှိအောင် ချဲ့ပြီးလျှင် ထို ပဋိဘာဂနိမိတ် ) လောကကို အဆုံးလည်းရှိ အဆုံးလည်းမရှိဟု မှတ်ထင်နေလေသည်။ ထိုသို့ မှတ်ထင်သည့် အဘိုင်း သူတပါးအား ပြောပြသည်မှာ --

ဤလောကသည် အဆုံးလည်း ရှိ၏၊ အဆုံးလည်း မရှိ။ “ဤလောကသည် အဆုံးရှိ၏၊ ထက်ဝန်းကျင် လုံး၏” ဟု ပြောကြသော သမဏ ဗြာဟ္မဏတို့၏ စကားသည် မှား၏။ “ဤလောကသည် အဆုံးမရှိ အပိုင်းအခြား အကန့်အသတ် မရှိ” ဟု ပြောကြသော သမဏ ဗြာဟ္မဏလတို့၏ စကားလည်း မှား၏၊ ဤလောကကား အမှန်ပင် အဆုံးလည်းရှိ အဆုံးလည်း မရှိ ဖြစ်သည်၊ “ဘာ့ကြောင့် သိနိုင်သနည်း” ဟု မေးလျှင် ငါ့ကိုယ်တိုင် ကြိုးစား၍ သမာဓိ ရသောကြောင့် ဤ အကြောင်းကို သိနိုင်၏ ဟု ပြောပြလေသည်။

ဤသို့ ပဋိဘာဂနိမိတ်ကို အထက်အောက်၌ အဆုံး အပိုင်းအခြား ရှိအောင် ချဲ့၍၊ ဘေး ပတ်ဝန်းကျင်၌ အဆုံးမရှိအောင် ချဲ့ပြီးလျှင် ထိုနိမိတ်ကိုပင် အဆုံးလည်း ရှိ - အဆုံးလည်း မရှိသော လောက ဟု မှတ်ထင်နေခြင်းသည် အန္တာနန္တဝါဒ ဖြစ်ဘို့ရာ တတိယအကြောင်းတည်း။

(ဃ) တက္ကီဝါဒ

စတုတ္ထ အယူဖြစ်ပုံကား --

ဘိက္ခုတို့ ... ဤလောက၌ တချို့သမဏ ဗြာဟ္မဏသည် ကြံစည်လေ့ စဉ်းစားနှိုင်းချိန်လေ့ ရှိ၏၊ သူသည် ကြံစည်အပ် စဉ်းစားနှိုင်းချိန်အပ်သော မိမိထင်မြင်ချက်ကို ဤသို့ ပြောပြ၏၊ (ပြောပြပုံကား) –

ဤလောကသည် အဆုံးရှိသည်လည်းမဟုတ် အဆုံးမရှိသည်လည်းမဟုတ် “ဤလောက သည် အဆုံးရှိ၏၊ ထက်ဝန်းကျင် လုံးဝိုင်း၏” ဟု ပြောကြသော သမဏ ဗြာဟ္မဏတို့၏ စကားသည် မှား၏၊ “ဤလောကသည် အဆုံးမရှိ အပိုင်းအခြားမရှိ”ဟု ပြောကြသော သမဏ ဗြာဟ္မဏ၏ စကားလည်း မှား၏၊ “ဤလောကသည် အဆုံးလည်း ရှိ၏ ဆုံးလည်း မရှိ” ဟူ ပြောကြသော သမဏ ဗြာဟ္မဏတို့၏ စကား လည်း မှား၏၊

ဤလောကသည် ( အမှန်အားဖြင့် ) အဆုံး ရှိလည်း မဟုတ်၊ အဆုံးမရှိလည်း မဟုတ် ဟု ပြောကြလေသည်၊ ဤသို့ ကြံစည် စဉ်းစားခြင်းသည် အန္တာနန္တဝါဒ ဖြစ်ဘို့ရာ စထုတ္ထ အကြောင်းတည်း၊

ဤလေးမျိုးသော အကြောင်းတို့ဖြင့် အန္တာနန္တ အယူဝါဒကို ပြောဆိုပညတ် ကြလေသည်၊ ဤ လေးမျိုးမှတပါး အခြားအကြောင်း မရှိတော့ချေ။

[ဤမှနောက်၌ သဗ္ဗညုတ ဉာဏ်တော်ပြပုံ - ဝေဒနာကမ္မဋ္ဌာန်း ဟောတော်မူပုံနှင့် နိဂုံးချုပ်ပုံများမှာ သဿတဝါဒ အတိုင်း ပင်တည်း။]

(တက္ကီ -- ဤပုဂ္ဂိုလ်ကား သူ့ကိုယ်တိုင် ဈာန်သမာဓိ မရဘဲ သူများထံမှ တဆင့် ကြား၍ စဉ်းစား၏၊ စဉ်းစားပုံကား -

ဈာန်ရသူက သူတို့ကိုယ်တိုင် အဆုံးမရှိအောင် ပွားများထားသော ပဋိဘာဂနိမိတ် လောကကို“အနန္တ”ဟု ပြော၏၊ ထိုစကားကို ကြား၍ “သည်လိုဆိုလျှင် အဆုံးရှိတယ်” ဆိုတဲ့ စကားသည် မှားတာဘဲ၊ လောကကြီး သည် အဆုံးရှိတာ မဟုတ်ဘူး ဟု စဉ်းစားမိ၏။

အဆုံးရှိအောင် ပွားများထားသူတို့၏ စကားကို ကြားသော အခါလည်း “သည်လိုဆိုလျှင် လောကကြီး အဆုံးမရှိ”ဟု ဆိုသော စကားလည်း မှားပြန်တာဘဲ၊ အဆုံးမရှိလဲ မဟုတ် ဘူးပေါ့” ဟု စဉ်းစားပြန်၏၊

သူများထံမှ မကြားရဘဲ သူ့ဘာသာ စဉ်းစားသူလည်း ရှိ၏၊ ဤ အန္တာနန္တဝါဒ လေးမျိုး လုံးပင် မိမိထင်မြင်ပြီး အရာကို စွဲလမ်းယူမှားကြသောကြောင့် ပုဗ္ဗန္တကပ္ပိက(ရှေ့အဘို့ကို ကြံစည်သူတို့၏) မိစ္ဆာဝါဒတွင် ပါဝင်ကြရလေသည်။)

အမရာဝိက္ခေပဝါဒ ၄-မျိုး

ဘိက္ခုတို့ ... အမရာ အယူဝါဒဖြင့် ဖယ်ရှား ရှောင်လွှဲ တတ်ကုန်သော သမဏာ ဗြဟ္မဏ တချို့ရှိ၏။ သူတို့သည် ထိုထို အရာ၌ ပြဿနာ အမေးခံကြရသော် လေးမျိုးသော အကြောင်းတို့ဖြင့် (စကားအမျိုးမျိုးပြောဆိုကာ) ဖယ်ရှား ရှောင်တိမ်း တတ်ကြလေသည်၊ (တနည်း- အမရာ မည်သောငါး၏ ရှောင်တိမ်းပုံ ကဲ့သို့ ရှောင်တိမ်း ကြလေသည်၊) သူတို့သည် ဘယ်အချက်ကို စွဲ၍ အမရာဝိက္ခေပ အယူဝါဒ ရှိကြသနည်း ဟု မေးဘွယ် ရှိ၏။

[အမရာဝိက္ခေပ -- မပြီးပြတ်နိုင်သော အယူ, စိတ်ထည်း၌ ထိုအယူ ရှိသည့် အတိုင်း ပြောအပ်သော စကားကို “အမရာ” ဟု ခေါ်၏၊
ဝိက္ခေပ = ဝိ + ခေပ = အမျိုးမျိုးအဖုံဖုံ ပြော၍ + ဖယ်ရှား ရှောင်တိမ်းခြင်း၊
တနည်း - အမရာမည်သော ငါးတမျိုး ရှိ၏။ ထိုငါးသည် ငုပ်လိုက် ဖေါ်လိုက်နှင့် ပြေးသွား ကာ အရှောင် အတိမ်း ကောင်းသောကြောင့် ဖမ်း၍မမိနိုင်၊ ထိုငါးနှင့်တူသော အယူစကား တို့ကိုလည်း“အမရာဝိက္ခေပ”ဟု ခေါ်၍ ထိုအယူဝါဒ ရှိသူများကို အမရာဝိက္ခေပိက ဟု ခေါ်သည်။]

(က) မုသားကြောက်၍
အမရာဝါဒ ဖြစ်ပုံ

ဘိက္ခုတို့ ... လောက၌ တချို့ သမဏ ဗြာဟ္မဏသည် ကုသိုလ်တရား အကုသိုလ် တရားကို ဟုတ်တိုင်းမှန်စွာ မသိ၊ ထိုသို့ မသိခြင်းကြောင့် သူ စဉ်းစားမိသည်မှာ -

ငါသည် ကုသိုလ် အကုသိုလ်ကို 'အမှန်မသိပါဘဲ သူများ မေးလာသည့် အခါတိုင်း အရမ်း ဖြေလိုက်လျှင် ငါ့မှာ မုသား ဖြစ်သွားရာ၏၊ ထိုမုသား ဖြစ်ခြင်းသည် (“ငါသည် မုသား ပြောမိပေါ့” ဟု နှလုံးမသာယာမှုကြောင့်) ငါ့မှာ ကိုယ်ဆင်းရဲခြင်းဖြစ်ရာ၏၊ ထိုသို့ ကိုယ်ဆင်းရဲ နေရခြင်း၊ သည် ငါ့မှာ နတ်ပြည် မဂ်ဖိုလ်၏ အန္တရာယ် ဖြစ်ရာ၏-ဟု စဉ်းစား မိလေသည်။

ဤသို့လျှင် သူသည် မုသား ဖြစ်မှာ စိုးခြင်း, မုသား ဖြစ်မည်ကို ရွံမုန်းခြင်းကြောင့် ကုသိုလ် ဟုလည်း မဖြေ , အကုသိုဏ် ဟုလည်း မဖြေဘဲ ထိုထို အရာ၌ အမေးခံရလျှင် အမရာဝိက္ခေပ ခေါ်သောစကားဖြင့် ဖယ်ရှား ရှောင်လွှဲ နေလေတော့၏၊

ရှောင်လွှဲပုံကား --

ဒီလို ငါ့မှာ အယူမရှိပါ,
ဟိုလိုလဲ ငါ့မှာ အယူမရှိပါ,
ဒီလို ဟိုလိုမှ တခြားလို့လဲ ငါ့မှာ အယူ မရှိပါ,
ဒီလို ဟိုလိုမှ တခြား မဟုတ်လို့လဲ ငါ့မှာ အယူ မရှိပါ,
ဒီလို ဟိုလိုမှ တခြား မဟုတ်ဘူး ဆိုတာ မဟုတ်လို့လဲ ငါ့မှာ အယူ မရှိပါ။

[ဥပမာ - (“ဒီအလုပ်သည် ကုသိုလ်ပါလား”ဟု မေးလျှင်) ကုသိုလ်လို့ မဆိုလိုပါ၊

(အကုသိုလ်လို့ ဆိုလိုပါ သလား”ဟုထပ်မေးလျှင်လည်း) အကုသိုလ်လို့လဲ ငါမဆိုလိုပါ၊

(ကုသိုလ်-အကုသိုလ်မှ တခြားလား ”ဟု ဆင့်မေးပြန်လျှင်) ကုသိုလ် အကုသိုလ်မှ တခြား လို့လဲ ငါမဆိုလိုပါ။

(“ကုသိုလ် အကုသိုလ်မှ တခြား မဟုတ်ဘူးပေါ့” ဟု ထပ်ဆင့်၍ မေးပြန်လျှင် ကုသိုလ် အကုသိုလ်မှ တခြား မဟုတ်ဘူး လို့လဲ ငါ မဆိုလိုပါ၊

(“ဒါဖြင့် ကုသိုလ် အကုသိုလ်မှ တခြား မဟုတ်တာ မဟုတ်ဘူးပေါ့” ဟု တဆင့်တိုး၍ မေးပြန်လျှင်) ကုသိုလ် အကုသိုလ်မှ တခြား မဟုတ်တာ မဟုတ်ဘူးလို့လဲ ငါမဆိုလိုပါ။

ဤသို့ မပြီးနိုင် မပြတ်နိုင် ဘမ်း၍ မမိနိုင်အောင် စကားဖြင့် ဖယ်ရှား ရှောင်တိမ်းလေသည် ဤသို့ မုသားဖြစ်မည် စိုးခြင်းသည် အမရာဝိက္ခေပ အယူဖြစ်ဘို့ရာ ပဋ္ဌမ အကြောင်း တည်း။

(ခ) ဥပါဒါန်ကြောက်၍
အမရာဝါဒဖြစ်ပုံ

ဒုတီယ အကြောင်း၌ အမရာဝါဒ ဖြစ်ပုံကား --

ဘိက္ခုတို့ … ဤလောက၌ တချို့ သမဏ ဗြာဟ္မဏသည် ကုသိုလ်တရား အကုသိုလ် တရားကို ဟုတ်တိုင်း မှန်စွာ မသိ၊ ထိုသို့မသိခြင်းကြောင့် သူစဉ်းစားမိသည်မှာ - ငါသည် ကုသိုလ် အကုသိုလ်ကို အမှန်မသိပါဘဲ အရမ်း ဖြေလိုက်အံ့၊ (အခြား ပညာရှိများကို မေးသည့်အခါ ထိုအဖြေမှန်ကြောင်းကို အကယ်၍ ပြောဆိုငြားအံ့၊ ) ထိုသို့ အမှန် ဖြေဆိုမိ၌ ငါမှာ ဆန္ဒသော်၎င်း၊ ရာဂသော်၎င်း ဖြစ်ရာ၏၊ [ အနည်းငယ် နှစ်သက်မှုကို ဆန္ဒ, အားကြီး နှစ်သက်မှုကို ရာဂ ဟု ခေါ်သည်။]

(ထိုအဖြေကို အခြား ပညာရှိများက မှားသည်ဟု ပြောပြန်လျှင်) ထိုသို့ အမှား ဖြေဆိုရာ၌ ငါ့မှာ ဒေါသသော်၎င်း ပဋိဃသော်၎င်း ဖြစ်ရာ၏၊ [ဒါလောက်ကိုမျှ ငါမသိတတ်လေခြင်း ဟု ကိုယ့် ကိုယ်ကို အနည်းငယ် စိတ်ဆိုးမှုသည် ဒေါသ , အားကြီး စိတ်ဆိုးမှုသည် ပဋိဃ၊]

ထို ရာဂနှင့် ဒေါသ ပဋိဃသည် ငါ့မှာ ဥပါဒါန်ခေါ်စွဲလမ်းကြီးစွာ ဖြစ်နေရာ၏။ ထိုသို့ အစွဲအလမ်း ဖြစ်နေခြင်းသည် ငါ့မှာ ကိုယ်ဆင်းရဲမှု ဖြစ်ရာ၏၊ ထိုသို့ကိုယ်ဆင်းရဲ နေရခြင်း သည် ငါ့မှာနတ်ပြည် မဂ်ဖိုလ်၏ အန္တရာယ် ဖြစ်ရာ၏-ဟု စဉ်းစားမိလေသည်။

ဤသို့လျှင် သူသည် ဥပါဒါန် (စွဲလမ်းမှု) ဖြစ်မှာ စိုးခြင်း, ဥပါဒါန်ဖြစ်မည်ကို ရွံမုန်းခြင်း ကြောင့် ကုသိုလ်ဟုလည်း မဖြေ၊ အကုသိုလ် ဟုလည်း မဖြေဘဲ ထိုထိုအရာ၌ အမေး ခံရလျှင် အမရာဝိက္ခေပ စကားဖြင့် ပယ်ရှား ရှောင်လွှဲ နေလေတော့၏၊ [ရှောင်လွှဲပုံမှာ ပဋ္ဌမ ဝါဒအတိုင်းပင်၊]

ဤသို့ ဥပါဒါန်ဖြစ်မည် စိုးခြင်းသည် အမရာဝိက္ခေပ အယူဖြစ်ခြင်း၏ ဒုတီယအကြောင်း တည်း။

(ဂ) ပညာရှိများ စစ်ဆေးမည်ကို
ကြောက်၍ အမရာဝါဒဖြစ်ပုံ

တတီယအကြောင်း၌ အမရာဝါဒ ဖြစ်ပုံကား --

ဘိက္ခုတို့ … ဤလောက၌ တချို့ သမဏ ဗြာဟ္မဏသည် ကုသိုလ်တရား အကုသိုလ် တရားကို ဟုတ်တိုင်းမှန်စွာ မသိ၊ ထိုသို့ မသိခြင်းကြောင့် စဉ်းစားမိသည်မှာ - ငါသည် ကုသိုယ် , အကုသိုလ်ကို မသိပါဘဲ အရမ်း ဖြေဆိုလိုက်အံ့၊ ပညာရှိကုန် , နက်နဲ စူးရှကုန် သူတပါးတို့ ဝါဒကို နားလည်၍ သူတပါးတို့နှင့် ဝါဒပြိုင်ဘို့ရာ ကျင့်သားရနေကုန်, သားမြီးဖျားကို မှန်အောင် ပစ်နိုင်သော လေးသမားတို့နှင့် အလားတူကုန်သော သမဏ ဗြာဟ္မဏ အများပင် ထင်ရှားရှိကြပေသည်။ သူတို့သည် ပညာစွမ်းဖြင့် သူတပါး၏ အယူဝါဒတို့ကို ပစ်ဖေါက် ခွဲစိတ်ကုန် သကဲ့သို့ လှည့်လည် ကြကုန်၏။

သူတို့သည် ငါ့ကို ထိုအရမ်းဖြေဆိုချက်၌ ( ကုသိုလ်လား, အကုသိုလ်လား ဟု) အယူအဆ ကို မေးကြ ကုန်ရာ၏။ (ငါက ကုသိုလ်ဟုဖြစ်စေ၊ အကုသိုလ် ဟုဖြစ်စေ ပြောလျှင် ဘာ့ကြောင့် ဆိုနိုင်သနည်း-ဟု) အကြောင်းကို မေးကုန်ရာ၏၊

(မည်သည့် အကြောင်းကြောင့် ကုသိုလ် သို့မဟုတ် အကုသိုလ်ဟု ယူဆကြောင်း ပြောလျှင် ငါပြသော အကြောင်းတွင် အပြစ်တင်၍ “သင်နားမလည်သေး, သည်လို မယူရဘူး ဟိုလိုယူရတယ်” ဟု) သွန်သင်ဆုံးမ ကုန်ရာ၏၊

သူတို့အား အပြည့်အစုံ ပြန်၍ မချေပနိုင်လျှင် ငါ့မှာ ကိုယ်ဆင်းရဲမှု ဖြစ်ရာ၏၊ ကိုယ် ဆင်းရဲမှု ဖြစ်လျှင် ငါ့မှာ နတ်ပြည် မဂ်ဖိုလ်၏ အန္တရာယ်ဖြစ်ရာ၏ဟု စဉ်းစားမိလေသည်၊ ဤသို့လျှင် ပညာ ရှိတို့က စစ်ဆေးမည်ကို စိုးရိမ်ခြင်း၊ စစ်ဆေးမည်ကို ရွံမုန်းခြင်းကြောင့် ကုသိုလ်ဟုလည်း မဖြေ၊ အကုသိုလ် ဟုလည်း မဖြေဘဲ, ထိုထို အရာ၌ အမေးခံရလျှင် အမရာဝိက္ခေပ ခေါ် စကားဖြင့် ဖယ်ရှား ရှောင်လွှဲ နေလေ၏၊ [ရှောင်လွှဲပုံမှာ ပဋ္ဌမ ဝါဒအတိုင်းပင်၊]

ဤသို့ အခြား ပညာရှိများက စစ်ဆေးမည်ကို စိုးခြင်းသည် အမရာဝိက္ခေပ အယူ ဖြစ်ဘို့ရာ တတီယအကြောင်းတည်း။

(ဃ) ညံ့ချင်းထုံအခြင်းကြောင့်
အမရာဝါဒဖြစ်ပုံ

စတုတ္ထအကြောင်း၌ အမရာဝါဒ ဖြစ်ပုံကား-

ဘိက္ခုတို့ … ဤလောက၌ တချို့ သမဏ ဗြာဟ္မဏသည် မန္ဒ (ညံ့ဖျင်း၏) မောမူဟ (ထုံအ၏)၊ သူသည် ညံ့ဖျင်း ထုံအခြင်းကြောင့် ထိုထိုအရာ၌ အမေးခံ ရလျှင် အမရာဝိက္ခေပ ခေါ် စကားဖြင့် ဖယ်ရှား ရှောင်လွှဲ လေတော့၏၊ ရှောင်လွှဲပုံကား -

အတ္ထိ ပရောလောကော = “လူ့လောကမှ တခြားလောက ရှိသေးသလား” ဟု အကယ်၍ မေးအံ့၊ “တခြားလောက ရှိသေး၏”ဟု ငါ့မှာ အယူရှိထားလျှင် တခြားလောက ရှိသေး၏ ဟု သူ့အား ဖြေဆိုရာရဲ့၊

ငါ့မှာ ဒီလိုလဲ အယူမရှိ၊
ဟိုလိုလဲ (မရှိဘူးလို့လဲ) ငါ့မှာ အယူမရှိ၊
ရှိ-မရှိ နှစ်မျိုးမှ တခြားလို့လဲငါ့မှာ အယူမရှိ၊
ရှိ-မရှိ ၂-မျိုးမှ တခြား မဟုတ်ဘူးလို့လဲ ငါ့မှာ အယူမရှိ၊
ရှိ-မရှိ ၂-မျိုးမှ တခြား မဟုတ်ဆိုတာ မဟုတ်ဘူးလို့လဲ ငါ့မှာ အယူမရှိ,

ဤသို့ ဖယ်ရှားရှောင်လွှဲနေ လေသည်။

နတ္ထိ ပရောလောကော = လူ့လောကမှတခြား လောက မရှိဘူးလား” ဟု မေးရာ၌၎င်း၊
“တခြားလောက ရှိလဲရှိ မရှိလဲ မရှိလား”ဟု မေးရာ၌၎င်း၊
“တခြားလောကရှိတာလဲ မဟုတ် မရှိတာလဲ မဟုတ်လား”ဟု မေးရာ၌၎င်း၊

“ဥပပတ် ပဋိသန္ဓေနေသော နတ် ဗြဟ္မာစသူတို့ --
ရှိသလား, မရှိဘူးလား,
ရှိလဲရှိ မရှိလဲ မရှိလား,
ရှိတာလဲ မဟုတ် မရှိတာလဲ မဟုတ်လား”
ဟု မေးရာ၌ “ကောင်းစွာ ပြုအပ်သော ကုသိုလ်ကံ၊ မကောင်းသဖြင့် ပြုအပ်သော အကုသိုလ်ကံ တို့၏ အကျိုး -
ရှိသလား, မရှိဘူးလား,
ရှိလဲရှိ မရှိလဲ မရှိလား,
ရှိတာလဲ မဟုတ် မရှိတာလဲ မဟုတ်လား”ဟု မေးရာ၌၎င်း,

သတွာသည် ပြီးနောက် -
ရှိသလား, မရှိဘူးလား,
ရှိလဲရှိ မရှိလဲ မရှိလား,
ရှိတာလဲ မဟုတ် မရှိတာလဲ မဟုတ်လား”ဟု မေးရာ၌၎င်း,

ထို အတိုင်းပင် ဖယ်ရှား ရှောင်လွှဲနေလေသည်၊

ဤသို့ ညံ့ဖျင်း ထုံအခြင်းသည် အမရာဝါဒ ဖြစ်ဘို့ရာ စတုတ္ထ အကြောင်းတည်း။

ဘိက္ခုတို့ ... အမရာဝိက္ခေပ ဝါဒရှိသူတို့သည် ဤ လေးမျိုးသော အကြောင်းတို့ဖြင့် မပြီးပြတ်နိုင် ဖမ်း၍ မမိနိုင်သော အယူစကားဖြင့် ဖယ်ရှား ရှောင်လွှဲကြလေသည်၊

ဘိက္ခုတို့ ... အမရာ အယူဝါဒ ရှိကြသော သမဏ ဗြာဟ္မဏ ဟူသမျှတို့သည် ဤ လေးမျိုးသော အကြောင်းတို့ဖြင့် ဖြစ်စေ (၁-မျိုး ၂-မျိုး ၃-မျိုးသော အကြောင်းတို့ဖြင့် ဖြစ်စေ) အမရာဝိက္ခေပ မည်သော စကားဖြင့် ဖယ်ရှား ရှောင်လွှဲကြလေသည်၊ ဤ လေးမျိုးအပြင် ( အမရာဝါဒ ဖြစ်ဘို့ရန်) အကြောင်းတမျိုး မရှိတော့ချေ။

[ဤမှနောက်၌ သဗ္ဗညုတာဉာဏ်, ဝေဒနာကမ္မဋ္ဌာန်းနှင့် နိဂုံးစကားတို့မှာ သဿတဝါဒ အဆုံးအတိုင်းပင်တည်း။]

မှတ်ချက်

အမရာဝိက္ခေပ လေးမျိုးလုံး၌ သူတပါးက မေးသည်ကို မသိ၍ ရှောင်လွှဲနေခြင်းသာ ဖြစ်ရကား အဘယ်နည်းဖြင့် မိစ္ဆာအယူ ဖြစ်နိုင်သနည်း ဟု မေးဘွယ်ရှိ၏။

အဖြေကား -- ရှောင်လွှဲနေရုံမျှဖြင့် မိစ္ဆာဒိဋ္ဌိဖြစ်သည် ဟု မဆိုလို၊ ထို အမရာအယူဝါဒ ရှိသူ၌“ငါ့မှာ မုသားဖြစ်လိမ့်မည်။ ငါ့မှာ ဥပါဒါန်ဖြစ်လိမ့်မည်၊ ငါ့ကို စစ်ဆေးကြလိမ့် မည်”ဟု ဟူသော အတ္တစွဲ ရှိနေ၏။ ထိုသို့ အတ္တစွဲ အရင်းခံ၍ ဖြစ်ပေါ်လာသော အယူဝါဒ ဖြစ်သောကြောင့် ရှေ့ပုဂ္ဂိုလ် သုံးမျိုးကို မိစ္ဆာဒိဋ္ဌိ အယူရှိသူ ဟု ဆိုရသည်၊ ထို အတ္တသည် လည်း ခိုင်မြဲ၏ဟု ယူဆသောကြောင့် သဿတ ဒိဋ္ဌိမျိုးတွင် ပါဝင်ရသည်။

စတုတ္ထပုဂ္ဂိုလ်ကား မောဟ အားကြီးသဖြင့် ကုသိုလ် အကုသိုလ်မှန်း လုံးဝမသိ၊ ထိုသို့ မသိသည်ကို မသိရိုးရိုး မနေဘဲ ရှောင်လွှဲ၍ ဖြေဆိုမှုကိုပင် အကောင်းဟု စွဲစွဲမြဲမြဲ သဘော ကျသော အယူတမျိုးဖြစ်နေ၏၊ ထိုအယူကိုပင် မှားသောအယူ (မိစ္ဆာဒိဋ္ဌိ) တမျိုး ဟု ဆိုရသည်၊

သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိ ၂ မျိုးတွင်ကား အဆက်မပြတ် ထပ်ကာထပ်ကာ ဖြစ်လာသော ကုသိုလ် အကုသိုလ် စသည်ကို အာရုံပြု၍ ဖြစ်သော အယူဝါဒ ဖြစ်သောကြောင့် ထို အယူလည်း အဆက်မပြတ်ရကား သဿတ ဘက်တွင် ယိမ်းယိုင် ပါဝင်လျက် ရှိလေ သည်။

အဓိစ္စသမုပ္ပန္နဝါဒ ၂-မျိုး

(အဓိစ္စသမုပ္ပန္န - အဓိစ္စ = အကြောင်း တစုံတရာကို မစွဲမှီဘဲ (အကြောင်း မရှိဘဲ) + သမုပ္ပန္န = ဖြစ်သည်၊

အတ္တသည် ဘာ့ကြောင့်မှ ဖြစ်လာသည် မဟုတ် သူဖြစ်ချင်လို့ ဖြစ်သည်” ဟူသော အယူကို အဓိစ္စသမုပ္ပန္န ဟု ခေါ်သည်။)

ဘိက္ခုတို့ ... အဓိစ္စသမုပ္ပန္နဝါဒ အယူရှိကြသော သမဏ ဗြာဟ္မဏ တချို့ ရှိကြ၏။ သူတို့သည် အကြောင်းပြ နှစ်မျိုးတို့ဖြင့် အတ္တကို၎င်း လောကကို၎င်း အကြောင်းမရှိဘဲ ဖြစ်၏ ဟု ပြောဆို ပညတ်ကြလေသည်၊ သူတို့သည်လည်း ဘယ် အချက်ကို စွဲ၍ ပြောဆို ပညတ်ကြသနည်း ဟု မေးဘွယ် ရှိ၏။

(က) အသညသတ်ဘုံမှ စုတေခဲ့သူ

ဘိက္ခုတို့ … *အသညသတ်မည်သော ဗြဟ္မာတမျိုးရှိ၏။ သူတို့သည် သညာဖြစ်ပေါ် လာလျှင် ထို ဗြဟ္မာဘဝမှ စုတေကြရကုန်၏။ ထိုသို့ စုတေ၍ လူ့ပြည် ရောက်သူ, လူ့ပြည် ရောက်ပြီးနောက် ရသေ့ရဟန်း ပြုသူ, ရသေ့ ရဟန်း ပြုပြီး၍ ဝီရိယသုံးမျိုးနှင့် သတိ ဉာဏ်ကို အခြေခံကာ ဈာန်အဘိညာဉ်ကိုရသူ, ယင်း အဘိညာဉ်ဖြင့် ဤ ဘဝ၌ သညာစ၍ ဖြစ်ပုံကိုသာ အောက်မေ့နိုင်၍ ထို့ထက် အလွန် မအောက်မေ့နိုင်သူ တယောက်တလေ ရာ၏၊ သူသည် ဤသို့ပြော၏၊ ပြောပုံကား ---

အတ္တသည်၎င်း, လောကသည်၎င်း,အကြောင်းမရှိဘဲ ဖြစ်၏။ (ဘာ့ကြောင့် သိနိုင်သနည်း ဟု မေးလျှင်) ငါသည်ရှေးတုန်းက မဖြစ်ခဲ့ဘဲ ယခုဘဝမှ စ၍ အထင်အရှား ဖြစ်ဘို့ရာ ညွှတ်ကိုင်းခဲ့ရပေသည်၊ ထို့ကြောင့် အတ္တလောကသည် အကြောင်း မရှိဘဲ ဖြစ်ကြောင်း သိနိုင်၏ ဟု ပြောလေသည်။

ဤသို့ အသညသတ်ဘုံမှ လာ၍ ဤဘဝ၌ သညာဖြစ်ပုံ ကိုသာ သိနိုင်ခြင်း , ထို့ထက် လွန်၍ မသိနိုင်ခြင်းသည် အဓိစ္စသမုပ္ပန္န အယူဖြစ်ဘို့ရာ ပဌမ အကြောင်းတည်း။

[* အသည = သညာမရှိ (စိတ်, စေတသိက်, နာမ်တရားအားလုံး မရှိ၊ ရုပ်ခန္ဓာ သာရှိသော) + သတ္တ = သတွာ)

လူ့ပြည်၌ စတုတ္ထ ဈာန်ရိုးရိုး ရပြီးနောက် စိတ် စေတသိက် အမှတ်သညာ ရှိသော ကြောင့်သာ ဒုက္ခ ဖြစ်ကြရ၏၊ အမှတ်သညာ မရှိလျှင် စားချင် - သောက်ချင်မှုမှ စ၍ ထိုထို ဒုက္ခ မဖြစ်ဟု ယူဆလျက် စိတ်, စေတသိက်, သညာစုကို အပြစ်မြင်ကာ ဘာဝနာပွားများ လေရာ ထိုရပြီးသော စတုတ္ထဈာန် (တချို့လည်း ပဉ္စမဈာန်) မှာ သညာဝိရာဂခေါ် သညာနှင့် တကွ နာမ်တရား အားလုံးပေါ်မှာ ရွံမုန်းသော သတ္တိထူး ပါဝင်လာလေ၏၊

ထိုသူ စုတေ၍ ဗြဟ္မာ့ဘုံ ဖြစ်သည့် အခါ နာမ်တရား မပါ, ရုပ်ခန္ဓာချည်းသာ တည်နေရ “အသညသတ္တ”ခေါ် ဗြဟ္မာတမျိုး ဖြစ်ရလေသည်၊ ဈာန် အရှိန် ကံအရှိန် ကုန်သည့် အခါ နောက်ဆက်၍ ဖြစ်ရမည့် ကာမဘုံ၌ (ရှေးကံစွမ်းကြောင့် ) ပဋိသန္ဓေစိတ် ဟူသော သညာပေါ်လာ၏၊ ထိုသညာ ပေါ်လာလျှင် ထိုဗြဟ္မာပြည်၌ ရုပ်ခန္ဓာလည်း စုတေ ကွယ်ပျောက်ပြီး ဖြစ်တော့သည်။]

(ခ) တက္ကီဝါဒ

ဒုတီယ အကြောင်း၌ အ အဓိစ္စသမုပ္ပန္နဝါဒ ဖြစ်ပုံကား -

ဘိက္ခုတို့ ... ဤလောက၌ တချို့ သမဏ ဗြာဟ္မဏသည် ကြံစည်လေ့ စဉ်းစားနှိုင်းချိန် လေ့ရှိ၏။ သူသည် ကြံစည်အပ် စဉ်းစား နှိုင်းချိန်အပ်သော မိမိ ထင်မြင်ချက်ကို ဤသို့ပြောပြ၏ (ပြောပြပုံကား) – အတ္တသည်၎င်း လောကသည်၎င်း အကြောင်း မရှိဘဲ ဖြစ်၏၊ ဤသို့ ပြောပြလေသည်။

ဘိက္ခုတို့ ... ဤသို့ ကြံစည် နှိုင်းချိန်ခြင်းသည် အဓိစ္စသမုပ္ပန္န အယူဖြစ်ဘို့ရာ ဒုတိယ အကြောင်းတည်း။

ဘိက္ခုတို့ ... အဓိစ္စသမုပ္ပန္န အယူ ရှိကုန်သော ထိုသမဏ ဗြာဟ္မဏတို့သည် ဤ ၂-မျိုး လုံးသော အကြောင်းတို့ဖြင့် ဖြစ်စေ၊ တမျိုးမျိုးသော အကြောင်းဖြင့် ဖြစ်စေ အတ္တ လောကကို အကြောင်းမဲ့သက်သက် (သူဖြစ်ချင်လို့) ဖြစ်၏ဟု ပြောဆို ပညတ် ကြလေသည်၊ ဤအကြောင်း ၂-မျိုးမှ တပါး အဓိစ္စသမုပ္ပန္န အယူ ဖြစ်ဘို့ရာ အကြောင်း တမျိုး မရှိတော့ပြီ၊

[ဤမှနောက်၌ သဗ္ဗညုတဉာဏ်တော် ပြခဏ်း စသည်တို့မှာ သဿတဝါဒအဆုံးနှင့် အလုံးစုံ တူပြီ။ ]

ပုဗ္ဗန္တ ကပ္ပိက
၁၈-မျိုးလုံး၏ နိဂုံး

ဘိက္ခုတို့ ... ရှေးအတိတ် အကြောင်းအရာစုကို ကြံစည်တတ်ကုန်, ရှေးအတိတ် အကြောင်းအရာစုကို အစဉ်လိုက်၍ မိစ္ဆာအယူကို ယူတတ်ကြကုန်သော ထို သမဏ ဗြာဟ္မဏ တို့သည် ရှေးအတိတ် အကြောင်း အရာစုကို အာရုံပြု၍ မိစ္ဆာအယူ ဖြစ်ဘို့ရန် အခြေခံစကား အမျိုးမျိုးတို့ကို ဤပြခဲ့သော အကြောင်း ၁၈-မျိုး တို့ဖြင့် စွဲမြဲစွာ ပြောဆိုကြလေသည်၊ ဤ ၁၈-ပါးမှ တပါး အကြောင်း တမျိုးမရှိတော့ပြီ၊

[ဤမှ နောက်၌လည်း သဗ္ဗညုတဉာဏ် နှင့် ဝေဒနာကမ္မဋ္ဌာန်း နိဂုံးများကို ရှေးအတိုင်း ဟောတော်မူသေး၏။]

(သဿတအယူ ၄ , ဧကစ္စသဿတအယူ ၄ , အန္တာနန္တ အယူ ၄, အမရာဝိက္ခေပအယူ ၄,
အဓိစ္စသမုပ္ပန္နအယူ ၂ -ပေါင်း ပုဗ္ဗန္တ ကပ္ပိကအယူ ၁၈-ပါးတည်း။)

ပုဗ္ဗန္တ ကပ္ပိကအယူ ၁၈ ပြီးပြီ။

အပရန္တ ကပ္ပိကဝါဒ ၄၄

ဘိက္ခုတို့ ... နောက်အနာဂတ်အကြောင်း အရာစုကို ကြံစည်တတ်ကြကုန် နောက် အနာဂတ် အကြောင်းအရာစုသို့ အစဉ် လိုက်၍ မိစ္ဆာအယူကို ယူတတ်ကြကုန်သော သမဏ ဗြာဟ္မဏ တချို့ ရှိကုန်၏၊ သူတို့သည် နောက် အနာဂတ် အကြောင်းအရာကို အာရုံပြု၍ (စိတ်ဖြင့်စဉ်းစား၍) မိစ္ဆာအယူ ဖြစ်ဘို့ရန် အမျိုးမျိုးသော အခြေခံ စကား တို့ကို အကြောင်းပြ လေးဆယ့်လေးမျိုး (၄၄) တို့ဖြင့် (ငါတို့ အယူသာ အမှန်, အခြားအယူတွေ အမှားဟု) စွဲမြဲစွာ ပြောဆိုကြလေ၏၊ သူတို့သည် အဘယ် အချက်ကိုစွဲ၍ ပြောဆိုကြ သနည်း-ဟုမေးဘွယ်ရှိ၏။

ဥဒ္ဓမာဃာတနိက
သညီဝါဒ ၁၆

ဘိက္ခုတို့ ... ဥဒ္ဓမာဃာတနိက သညီဝါဒ ရှိကြကုန်သော သမဏ ဗြဟ္မဏ တချို့ရှိကြ၏၊ သူတို့သည် ၁၆-ပါးသော အကြောင်းပြတို့ဖြင့် အတ္တကို သေပြီးနောက်၌ သညာရှိ၏ ဟု ပြောဆိုပညတ်ကြလေသည်၊ သူတို့သည်လည်း ဘယ်အချက်၍ ပြောဆိုပညတ်ကြသနည်း ဟု မေးဘွယ်ရှိ၏၊

(ထိုအမေး၏ အဖြေကို အစဉ်အတိုင်း ၁၆ ပါးလုံး ပြလိမ့်မည်။)

(က) အတ္တသည် အပြောင်းအလွဲ သဘောရှိ၏၊ (တနည်း - ရုပ်သဘောရှိ၏၊) သေပြီးနောက် ပျက်စီးခြင်း မရှိ (အနာရောဂါမရှိ) သညာလည်းရှိ၏ ဟု ထိုအတ္တကို တချို့က ပြောဆို ပညတ်ကြသည်။

[ဤဝါဒ၌ ရူပဈာန်ရပုဂ္ဂိုလ်သည် ဈာန်၏အာရုံဖြစ်သောပဋိဘာဂ နိမိတ်ကို အတ္တ ဟု ယူဆ၏၊ ထို ပဋိဘာဂ နိမိတ်သည် ကျယ်ပြန့်အောင်မချဲ့မှီ ကျဉ်းငယ်၍ ကျယ်ပြန့်အောင် ချဲ့ထားသည့်အခါ ကြီးကျယ်သောကြောင့် “ရူပီ – အပြောင်း အလွှဲအားဖြင့် ဖေါက်ပြန် ခြင်း သဘောရှိ၏”ဟု ယူဆ၏၊

တနည်း - မူလကသိုဏ်းဝန်း ရုပ်နှင့် အလားတူသော ကြောင့် “ ရူပီ = ရုပ် သဘော ရှိ၏”ဟု ယူဆသည်၊ ထိုပဋိဘာဂနိမိတ်ကို အာရုံပြုနေသော ဈာန်တရားကို သညာ ဟု ယူ၍ ထိုပဋိဘာဂနိမိတ် အတ္တမှာသညာရှိ၏ - ဟုယူဆကြလေသည်၊ ဈာန်မရသော ပုဂ္ဂိုလ်ကလည်း သူ၏ အတွေးအဆဖြင့် အတ္တသည်“ရူပီ = ရုပ်သဘော ရှိ၏၊ သညာ ရှိ၏”ဟု ယူဆ၏၊

ထိုဈာန်ရ - ဈာန်မရ ပုဂ္ဂိုလ် နှစ်မျိုးလုံးကပင် အတ္တသည်(ထုံးစံအတိုင်းဤဘဝမှ သေပြီးနောက်) “အရောဂေါ- ပျက်စီးခြင်း ပြောင်းလွှဲခြင်းမရှိ (တနည်း အရောဂေါ-အနာရောဂါတောင် မရှိ, ပျက်စီးဘို့မှာ သာ၍ဝေးသေး၏၊) ထို့ကြောင့် (သဿတ) အခါ ခပ်သိမ်း တည်ရှိ၏ ဟု ယူကြလေသည်။]

(ခ) အတ္တသည် ရုပ်သဘောမရှိ သေပြီးနောက်၌ ပျက်စီးခြင်း သဘောမရှိ (မြဲ၏)၊ တနည်း - အနာရောဂါမရှိ သညာလည်းရှိ၏-ဟု ထိုအတ္တကို ပြောဆို ပညတ်ကြသည်၊

[ဤဝါဒ၌ အရူပဈာန်၏ အာရုံဖြစ်သော ကောင်းကင်ပညတ် စသည်ကို အတ္တဟု ယူဆ၏။ ထို ကောင်းကင်ပညတ် စသည်ကား ရုပ်သဘော မရှိ ထိုအာရုံကို အာရုံပြုသော အရူပဈာန်သညာဖြင့် သညာရှိ၏ ဟု၎င်း, သေပြီးနောက်၌ မပျက်ဘဲ မြဲ၏ဟု၎င်း (တနည်း - ပျက်စီးဘို့ကို မဆိုထားဘိ, ရောဂါမျှမရှိဟု၎င်း) ယူဆကြလေသည်။]

(ဂ) အတ္တသည် ရုပ်သဘော အရှိလည်း ဟုတ်၏၊ ရုပ်သဘောမရှိလည်း ဟုတ်၏၊ သေပြီးနောက်၌ ပျက်စီး ခြင်းမရှိ (ရောဂါမရှိ), သညာရှိ၏ ဟု ထို အတ္တကို ပြောဆိုပညတ် ကြလေသည်၊

[ဤပုဂ္ဂိုလ်ကား ရူပဈာန်ကိုလည်းရ , အရူပ ဈာန်ကိုလည်း ရသောကြောင့် ရူပဈာန်၏ အာရုံဖြစ်သော ပဋိဘာဂနိမိတ်ကို ရူပီအတ္တ = အတ္တသည် ရုပ်ရှိ၏ ဟု ထင်ပြီးလျှင် တိုးတက် အားထုတ်၍ အရူပဈာန်ကို ရပြန်သည့်အခါ အရူပဈာန်၏ အာရုံကို အရူပီ အတ္တ = အတ္တသည် ရုပ်မရှိ ဟု တမျိုးထင်ပြန်လေသည်။]

(ဃ) အတ္တသည် ရုပ်သဘော ရှိသည့်လည်းမဟုတ်၊ ရုပ်သဘော မရှိသည်လည်း မဟုတ်၊ သေပြီးနောက်၌ ပျက်စီးခြင်းမရှိ (ရောဂါမရှိ) သညာရှိ၏ ဟု ထိုအတ္တကို ပြောဆို ပညတ် ကြ၏။ ဤပုဂ္ဂိုလ်ကား သူများထံမှ ကြားရ၍ ဖြစ်စေ၊ သူ့ဘာသာ ကြံစည် စဉ်းစား၍ ဖြစ်စေ ပြောဆိုသော ပုဂ္ဂိုလ်တည်း။

(င) အတ္တသည် အဆုံး အပိုင်းအခြား ရှိ၏၊ သေပြီးနောက်၌ ပျက်စီးခြင်း မရှိ (မြဲ၏), သညာရှိ၏ ဟု ထိုအတ္တကို ပြောဆို ပညတ်ကြလေသည်။ ဤပုဂ္ဂိုလ်ကား အန္တာနန္တဝါဒ၌ ပြခဲ့သည့်အတိုင်း ပဋိဘာဂနိမိတ်ကို အဆုံး အပိုင်းအခြား အောင်ချဲ၍ ထိုနိမိတ်ကိုပင် အတ္တ ဟု စွဲလမ်းသူတည်း၊

အန္တာနန္တဝါဒ၌ ပြခဲ့သော ပုဂ္ဂိုလ်သည် အတိတ် အကြောင်းကို ကြံစည်၍ , ဤပုဂ္ဂိုလ်ကား အနာဂတ် အကြောင်းကို ကြံစည်ခြင်းသာ ထူး၏၊ နောက်လာမည့်(စ, ဆ, ဇ) ပုဂ္ဂိုလ် သုံးမျိုး၏ အယူအဆကိုလည်း အန္တာနန္တဝါဒ၌ ပြခဲ့သည်ကို နည်းမှီ၍ သိပါလေ။]

(စ) အတ္တသည် အဆုံး အပိုင်း အခြား မရှိ၊ သေပြီးနောက်၌ ရောဂါမရှိ (မြဲ၏)သညာရှိ၏ ဟု ထိုအတ္တကို ပြောဆို ပညတ်ကြလေသည်။

(ဆ) အတ္တသည် အဆုံးရှိလည်း ဟုတ်, အဆုံးမရှိလည်း ဟုတ်၏၊ သေပြီးနောက်၌ ရောဂါမရှိ မြဲ၏ ဟု ထိုအတ္တကို ပြောဆို ပညတ်ကြလေသည်။

(ဇ) အတ္တသည် အဆုံးရှိလည်း မဟုတ်, အဆုံးမရှိလည်း မဟုတ်, သေပြီးနောက်၌ ရောဂါ မရှိ (မြဲ၏), သညာ ရှိ၏ ဟု ထိုအတ္တကို ပြောဆို ပညတ်ကြလေသည်။

(ဈ) အတ္တသည် တမျိုးတည်းသော သညာရှိ၏၊ သေပြီး နောက်၌ ရောဂါမရှိ (မြဲ၏) သညာရှိ၏ ဟု ထိုအတ္တကို ပြောဆို ပညတ်ကြလေသည်။

[ဤပုဂ္ဂိုလ်ကား ဈာန်သမာပတ်ကို ၀င်စားနေသူတည်း၊ သူသည် ဈာန်သမာပတ် ဝင်စားခိုက် စိတ်အစဉ်ကို အတ္တဟု ယူ၍ ထိုအတ္တသည် ဈာန်၏အာရုံ တခုတည်းကိုသာ အာရုံပြု နေသောကြောင့် အမှတ်သညာ တမျိုး တည်းသာ ရှိ၏ဟု ယူဆလေသည်။]

(ဉ) အတ္တသည် အမျိုးမျိုး သညာရှိ၏၊ သေပြီးနောက်၌ ရောဂါမရှိ (မြဲ၏)၊ သညာရှိ၏ ဟု ထို အတ္တကို ပြောဆို ပညတ်ကြလေသည်။

[ဤပုဂ္ဂိုလ်ကား ဈာန်သမာပတ် ဝင်စားသူ မဟုတ်၊ ဈာန်သမာပတ် မဝင်စားသည့် အခါ အာရုံအမျိုးမျိုးကို သိမြင်နေရသောကြောင့် အတ္တမှာ အမှတ်သညာ အမျိုးမျိုး ရှိနေ၏-ဟု ယူဆလေသည်။]

(ဋ) အတ္တသည် သေးငယ်သော သညာရှိ၏၊ သေပြီးနောက်၌ ရောဂါမရှိ (မြဲ၏), သညာရှိ၏ ဟု ထိုအတ္တကို ပြောဆို ပညတ်ကြလေသည်။

[ဤပုဂ္ဂိုလ်သည် ဈာန်ရပုဂ္ဂိုလ် ပင်တည်း၊ အကျယ်မချဲ့သဖြင့် ကျဉ်းငယ်နေသော ကသိုဏ်း ပဋိဘာဂ နိမိတ်ကို ထိုဈာန်သညာက အာရုံပြုရသောကြောင့် ( ဈာန်စိတ်ကို ဖြစ်စေ , သညာကို ဖြစ်စေ, အတ္တဟု ယူပြီးလျှင်) အတ္တသည် သေးငယ်သော သညာရှိ၏ ဟု ယူဆလေသည်။

တနည်း - တချို့ဆရာများက အတ္တသည် လက်မလောက် - မုယောစပါးလောက် အဏုမြူလောက် သေးငယ်၏ ဟု ယူဆပြီးလျှင် အတ္တသည် သေးငယ်သော သညာရှိ၏ဟု ယူဆကြလေသည်။]

(ဌ) အတ္တသည် အတိုင်းအရှည် မရှိလောက်အောင် ကြီးကျယ်သော သညာရှိ၏၊ သေပြီး နောက်၌ ရောဂါမရှိ (မြဲ၏), သညာရှိ၏ - ဟု ထိုအတ္တကို ပြောဆို ပညတ် ကြလေသည်။

[ဤပုဂ္ဂိုလ်ကား အကျယ် ချဲ့ထားသော ကသိုဏ်း ပဋိဘာဂနိမိတ်ကို ဈာန်သညာဖြင့် အာရုံပြုရသောကြောင့် အတ္တသည် ကြီးကျယ်သော သညာရှိ၏ ဟု ယူဆလေသည်။

တနည်း - ဆရာ တချို့ကား အတ္တသည် သက်ရှိ သက်မဲ့ အရာတိုင်းမှာ ရှိ၏။ ထို့ကြောင့် အတ္တသည် အတိုင်းအရှည် ပမာဏ မပြနိုင် လောက်အောင် များမြောင်သော သညာရှိ၏-ဟု ယူဆလေသည်။]

(ဍ) အတ္တသည် စင်စစ် သုခ ရှိ၏၊ သေပြီး နောက်၌ ရောဂါမရှိ (မြဲ၏), သညာရှိ၏ - ဟု ထို အတ္တကို ပြောဆို ပညတ် ကြလေသည်။

[ဤပုဂ္ဂိုလ်ကား ဒိဗ္ဗစက္ခု အဘိညဉ်ကို ရ၍ ထို အဘိညာဉ်ဖြင့် အောက်အောက် ဖြစ်သော ရူပဘုံ သုံးဆင့်၌ ဈာန်ဝင်စားကာ သုခဝေဒနာ ခံစားနေကြသူတို့ကို မြင်၍ အတ္တသည် ဧကန်စင်စစ် ယခုလည်း သုခရှိ, နောင်ခါလည်း သုခရှိကြပေလိမ့်မည် ဟုယူဆလေသည်။]

(ဎ) အတ္တသည် စင်စစ် ဒုက္ခရှိ၏၊ သေပြီးနောက်၌ ရောဂါ မရှိ (မြဲ၏), သညာရှိ၏ - ဟု ထို အတ္တကို ပြောဆို ပညတ်ကြလေသည်။

[ဤပုဂ္ဂိုလ်ကား ဒိဗ္ဗစက္ခုဖြင့် ငရဲသားတို့ကို မြင်၍ အတ္တသည် ဧကန် စင်စစ် ယခုလည်း ဒုက္ခခံရ နောင်ခါလည်း ဒုက္ခခံရလိမ့်မည်-ဟု ယူဆလေသည်။]

(ဏ) အတ္တသည် သုခ, ဒုက္ခ ၂ မျိုးလုံးရှိ၏၊ သေပြီး နောက်၌ ရောဂါမရှိ (မြဲ၏) သညာရှိ၏ ဟု ထိုအတ္တ ကို ပြောဆို ပညတ် ကြလေသည်။

[ဤသူကား လူ့လောက၌ သတွာတို့ကို မြင်၍ ပြောသူတည်း။]

(တ) အတ္တသည် အဒုက္ခ မသုခါ (ဥပေက္ခာ) ရှိ၏၊ သေပြီး နောက်၌ ရောဂါမရှိ ( မြဲ၏ ), သညာရှိ၏ - ဟု ထို အတ္တကို ပြောဆို ပညတ်လေသည်။

[ဤသူကား ဒိဗ္ဗစက္ခုဖြင့် ဥပေက္ခာဈာန် ဝင်စားလေ့ရှိသော ဝေဟပ္ဖိုလ် ဗြဟ္မာများကို မြင်၍ ပြောသူတည်း၊]

နိဂုံး

ဘိက္ခုတို့ ... ဥဒ္ဓမာဃာတန အယူရှိကုန်၊ သညီဝါဒ ရှိကုန်သော ထိုသမဏ ဗြဟ္မဏတို့သည် ဤ ၁၆-ပါးသော အကြောင်းပြတို့ဖြင့် အတ္တကို သေပြီးနောက်၌ သညာရှိ၏ - ဟု ပြောဆိုပညတ်ကြလေသည်၊ ဥဒ္ဓမာဃာတနိက သညီဝါဒ ရှိသူ ဟူသမျှ တို့သည် ဤ ၁၆-ပါးတွင် တပါးပါးသော အကြောင်းဖြင့် ဖြစ်စေ၊ သေပြီးနောက်၌ အတ္တကို သညာရှိ၏ဟု ပညတ်ကြလေသည်။

ဤ တဆယ့်ခြောက်ပါး မှတပါး ဥဒ္ဓမာဃာတနသညီဝါဒ ပညတ်ဘို့ရန် အကြောင်း မရှိတော့ပြီ။

[ဤမှ နောက်၌ သဗ္ဗညုတ ဉာဏ်တော် ပြခဏ်း , ဝေဒနာ ကမ္မဌာန်းနှင့် နိဂုံးချုပ်များမှာ ရှေးသဿတဝါဒ အတိုင်းပင်တည်း၊]

ဒုတီယ ဘာဏဝါရ ပြီး၏။

(ဥဒ္ဓမာဃာတနိက သညီဝါဒ ၁၆ ၏ မှတ်ချက်)

အကြောင်းပြ ၁၆-မျိုး ဟူရာ၌ ပါဠိတော်ဝယ် အကြောင်းပြ စကားကို ယခုစာအုပ်များ၌ မတွေ့ရ၊ စကားချုံးထားဟန် တူ၏။ အကြောင်းပြပုံ ထင်ရှားအောင် (သူသည် ဤသို့ ပြောဆို၏၊ အဘယ်သို့ ပြောဆိုသနည်း) အတ္တသည် ရုပ်သဘောရှိ၏၊ သေပြီး နောက်၌ ရောဂါ မရှိ၊ သညာလည်း ရှိ၏၊

ဘာ့ကြောင့် သိနိုင်သနည်း - ငါသည် ဝီရိယနှင့် သတိဉာဏ်ကို အခြေခံ၍ ကြိုးစားလေရာ (ပဋိဘာဂ နိမိတ်ရုပ်ကို သိသော) ဈာန်ကို ရသည်၊ ထို့ကြောင့်“အတ္တသည် ရုပ်သဘော ရှိ၏ဟု ငါသိနိုင်ပေသည်” ဟူသော စကား ကို (က-မှ စ၍) ဝါဒတိုင်း ထည့်သွင်းပြမှ သူ၏ ယူဆချက်၌ အကြောင်း ပေါ်လာနိုင်မည်၊ ဤဥဒ္ဓမာဃာတန သညီဝါဒ၌ --

ရုပ်ရှိ မရှိနှင့် စပ်၍ ၄,
အဆုံး ရှိ-မရှိနှင့် စပ်၍ ၄,
သညာ၏ တခု အများ အငယ် အကြီး နှင့်စပ်၍ ၄,
သုခ ဒုက္ခနှင့် စပ်၍ ၄,
ပေါင်း ၁၆-ပါး ဖြစ်သည်။

ဥဒ္ဓမာဃာတနိက အသညီ ဝါဒ - ၈

ဘိက္ခုတို့ ... ဥဒ္ဓမာဃာတနိက အသညီဝါဒ ရှိကြကုန်သော သမဏ ဗြာဟ္မဏ တချို့ ရှိကြ၏၊ သူတို့သည် ရှစ်ပါးသော အကြောင်းပြတို့ဖြင့် အတ္တကို သေပြီးနောက်၌ သညာမရှိ ဟု ပြောဆို ပညတ်ကြလေသည်၊ သူတို့သည်လည်း ဘယ်အချက်ကို ပြောဆို ပညတ်ကြသနည်း - ဟု မေးဘွယ်ရှိ၏၊ ထို အမေး၏ အဖြေကို အစဉ်အတိုင်း ရှစ်ပါးလုံး ပြလိမ့်မည်။

(က) အတ္တသည် အပြောင်းအလွဲ သဘောရှိ၏၊ တနည်း -- ရုပ်သဘောရှိ၍ သေပြီး နောက်၌ ရောဂါမရှိ၊ မြဲ၏) သညာကား မရှိ၊ ဤသို့ ထိုအတ္တကို ပြောဆို ပညတ် ကြလေသည်။ ဤဝါဒ၌ ဈာန်၏ အာရုံဖြစ်သော ပဋိဘာဂနိမိတ်ကို အတ္တဟု ယူ၍ ထို အတ္တ၏ အပြောင်းအလွဲ ရှိပုံ၊ (ရုပ်သဘောရှိပုံ ) မြဲပုံမှာ ရှေးသညီဝါဒ (က) အတိုင်း သာတည်း၊ သေပြီးနောက်၌ကား အသညသတ်ဘုံသို့ ရောက်နေသူကို မြင်ရ၍ ထိုရှေး ဘဝက အတ္တသည် သေပြီးနောက်၌ သညာ မရှိတော့ ဟု ယူဆလေသည်။

(ခ) အတ္တသည် ရုပ်သဘော မရှိ၊ သေပြီးနောက်၌ ရောဂါ မရှိ (မြဲ၏), သညာကား မရှိ၊ ဤသို့ ထို အတ္တကို ပြောဆို ပညတ်ကြလေသည်။
[ဤ ပုဂ္ဂိုလ်ကား ခန္ဓာငါးပါးတွင် သညာက္ခန္ဓာ) မှာ အခြား သညာ တမျိုး မရှိသောကြောင့် သေပြီးနောက်၌ သညာ မရှိဟု ယူသည်။]

(ဂ) အတ္တသည် ရုပ်သဘော အရှိလည်း ဟုတ်၏၊ ရုပ်သဘော မရှိလည်း ဟုတ်၏၊ သေပြီး နောက်၌ ရောဂါ မရှိ (မြဲ၏), သညာကား မရှိ၊ ဤသို့ ထို အတ္တကို ပြောဆို ပညတ် ကြလေသည်။
[ဤ ပုဂ္ဂိုလ်ကား သညာနှင့် တကွ ရုပ် နာမ်, အားလုံးကို အတ္တဟု ယူ၍ ထို အတ္တမှာ အခြား သညာတခု အပိုမရှိသောကြောင့် သေပြီးနောက်၌ သညာမရှိ ဟု ယူသည်။ သေပြီးနောက်သာ မဟုတ်၊ မသေခင်လည်း အခြား သညာ အပို မရှိ၊ သို့သော် နောက် အနာဂတ် အကြောင်းကို တွေးဆသော ပုဂ္ဂိုလ်ဖြစ်၍ “သေပြီးနောက်၌”ဟု နေရာတိုင်း ပါနေသည်။]

(ဃ) အတ္တသည် ရုပ်သဘော ရှိသည်လည်း မဟုတ်၊ ရုပ်သဘော မရှိလည်း မဟုတ်၊ သေပြီးနောက်၌ ရောဂါမရှိ (မြဲ၏), သညာကား မရှိ၊ ဤသို့ ထိုအတ္တကို ပြောဆို ပညတ် ကြလေသည်။
[ဤသူကား တက္ကီပုဂ္ဂိုလ်တည်း၊ သူတပါးထံမှ ကြား၍ ဖြစ်စေ၊ မိမိဘာသာ စဉ်းစား၍ ဖြစ်စေ ဤ ဝါဒကို ယူထားလေသည်။ ]

(င) အတ္တသည် အဆုံး အပိုင်းအခြား ရှိ၏၊ သေပြီးနောက်၌ ရောဂါမရှိ (မြဲ၏), သညာကား မရှိ၊ ဤသို့ ထို အတ္တကို ပြောဆို ပညတ်ကြလေသည်။
[ဤသူကား အကျယ်မချဲ့အပ်သော ကသိုဏ်းရုပ်ကို အတ္တဟု ယူ၍ ထို ကသိုဏ်းရုပ်မှာ မှတ်သားတတ်သော သညာသဘော မရှိသောကြောင့် “အသညီ = သညာ မရှိ” ဟု ယူလေသည်၊ နောက် ၃ ဝါဒ၌ အဆုံး မရှိပုံ စသည်ကိုလည်း ရှေး အန္တာနန္တဝါဒ နည်းမှီ၍ သိလေ။]

( စ) အတ္တသည် အဆုံး အပိုင်းအခြား မရှိ။

(ဆ) အတ္တသည် အဆုံးလည်း-ရှိ အဆုံးလည်း မရှိ။

(ဇ) အတ္တသည် အဆုံးရှိလည်း မဟုတ်၊ အဆုံးမရှိလည်း မဟုတ်၊ သေပြီးနောက်၌ ရောဂါမရှိ (မြဲ၏), သညာကား မရှိ၊ ဤသို့ ထို အတ္တကို ပြောဆို ပညတ်ကြလေသည်။

ဘိက္ခုတို့ ... ဥဒ္ဓမာဃာတနိက အသညဝါဒ ရှိကုန်သော ထိုသမဏ ဗြာဟ္မဏတို့သည် ဤ ၈-ပါးသော အကြောင်းပြတို့ဖြင့် အတ္တကို သေပြီးနောက်၌ သညာမရှိ ဟု ပြောဆို ပညတ်ကြလေသည်၊ ဥဒ္ဓမာဃာတနိက အသညီ ဝါဒရှိသူ ဟူသမျှတို့သည် ဤ ၈-ပါးသော အကြောင်းတို့ဖြင့် ဖြစ်စေ, ဤ ၈-ပါးတွင် တပါးပါးသော အကြောင်းဖြင့် ဖြစ်စေ, အတ္တကို သေပြီးနောက်၌ သညာမရှိဟု ပြောဆို ပညတ်ကြလေသည်၊ ဤ ၈-ပါးမှ တခြား (ဥဒ္ဓမာဃာတနိက အသညီဝါဒ ပညတ်ဘို့ရန်) အကြောင်း မရှိတော့ပြီ။

[ဤမှ နောက်၌ သဗ္ဗညုတဉာဏ်ခဏ်း စသည်မှာ ရှေးအတိုင်း သာတည်း။]

(မှတ်ချက် ။ ။ဤ ဥဒ္ဓမာဃာတနိက အသညီဝါဒ၌ ရုပ်ရှိ-မရှိနှင့် စပ်၍ ၄, အဆုံးရှိ-မရှိနှင့် စပ်၍ ၄, ပေါင်း ၈-ပါးတည်း။)

ဥဒ္ဓမာဃာတနိက နေ၀သညီ နာသညီ ဝါဒ ၈-ပါး

ဘိက္ခုတို့ ... ဥဒ္ဓမာဃာတနိက နေ၀သညီ နာသညီဝါဒ ရှိကုန်သော သမဏ ဗြာဟ္မဏ တချို့ ရှိကြကုန်၏။ သူတို့သည် ရှစ်ပါးသော အကြောင်းပြတို့ဖြင့် အတ္တကို သေပြီး နောက်၌ သညာရှိလည်း မဟုတ် သညာ မရှိလည်း မဟုတ် ဟူ၍ ပြောဆို ပညတ်ကြလေ သည်၊ သူတို့သည်လည်း အဘယ်အချက်ကို စွဲ၍ ပြောဆို ပညတ်ကြသနည်း - ဟု မေးဘွယ်ရှိ၏။

(ထို အမေး၏ အဖြေကို အစဉ်အတိုင်း ပြလိမ့်မည်။)

(က) အတ္တသည် အပြောင်းအလွှဲ သဘောရှိ၏၊ တနည်း - ရုပ်သဘောရှိ၏၊ သေပြီးနောက်၌ ရောဂါမရှိ၊ သညာ ရှိလည်း မဟုတ် သညာမရှိလည်း မဟုတ်၊ ဤသို့ ထို အတ္တကို ပြောဆို ပညတ် ကြလေသည်။
[ဤ သူကား သေနေတုန်းအခါ သေပြီးနောက် ပဋိသန္ဓေ နေတုန်း အခါ၌ အမှတ်သညာ သည် ပကတိရိုးရာ အခါကဲ့သို့ မထင်ရှားဘဲ အားသေးလှသောကြောင့် အတ္တမှာ သညာ ရှိတယ်ဟုပင် မဆိုလောက်ရကား “ နေဝသညီ = သညာရှိလည်း မဟုတ်” ဟု ယူ၍ သညာလုံးဝ မရှိလည်း မဟုတ် (သိမ်သိမ်မွေ့မွေ့ကား ရှိနေသေး) သောကြောင့် “နာသညီ ( န + အသညီ) = သညာမရှိလည်း မဟုတ်” ဟု ပြောဆိုလေသည်။]

(ခ) အတ္တသည် ရုပ်သဘောမရှိ။

(ဂ) အတ္တသည် ရုပ်သဘော လည်း ရှိ၏၊ ရုပ်သဘောလည်း မရှိ ။

(ဃ) အတ္တသည် ရုပ် သဘော အရှိလည်း မဟုတ် - ရုပ်သဘော မရှိလည်း မဟုတ်။

(င) အတ္တသည် အဆုံး အပိုင်းအခြား ရှိ၏။

(စ) အတ္တသည် အဆုံး အပိုင်းအခြား မရှိ။

(ဆ) အတ္တသည် အဆုံးလည်း ရှိ-အဆုံးလည်း မရှိ။

(ဇ) အတ္တသည် အဆုံးရှိလည်း မဟုတ်၊ အဆုံး မရှိလည်း မဟုတ်။

သေပြီးနောက်၌ ရောဂါမရှိ၊ သညာရှိလည်း မဟုတ် သညာမရှိလည်းမဟုတ်၊ ဤသို့ ထိုအတ္တကို ပြောဆိုပညတ် ကြလေသည်။
[ဤဝါဒများ၏ အဓိပ္ပါယ်ကို ရှေးသညီဝါဒကို နည်းမှီ၍ သိပါလေ၊]

ဘိက္ခုတို့ ... ဥဒ္ဓမာဃာတနိက နေဝသညီ နာသညီဝါဒ ရှိကုန်သော ထို သမဏ ဗြာဟ္မဏတို့သည် ဤ ၈-ပါးသော အကြောင်းပြတို့ဖြင့် အတ္တကို သေပြီးနောက်၌ သညာရှိလည်း မဟုတ် - သညာမရှိလည်း မဟုတ် ဟု ပြောဆိုပညတ်ကြလေသည်၊

ဥဒ္ဓမာဃာတနိက နေဝသညီ နာသညီဝါဒ ရှိသူ ဟူသမျှတို့သည် ဤအကြောင်းပြ ၈-ပါး တို့ဖြင့် ဖြစ်စေ ဤ ၈-ပါးတွင် တပါးပါးဖြင့် ဖြစ်စေ အတ္တကို သေပြီးနောက်၌ သညာရှိလည်း မဟုတ် သညာ မရှိလည်း မဟုတ် ဟု ပြောဆို ပညတ် ကြလေသည်။ ဤ ၈-ပါးမှတခြား (ဥဒ္ဓမာဃာတန နေ၀သညီ နာသညီဝါဒ ပညတ်ဘို့ရန်) အကြောင်းတမျိုး မရှိတော့ပြီ၊

[ဤမှနောက်၌ သဗ္ဗညုတဉာဏ်ခန်း စသည်မှာ ရှေးအတိုင်းသာတည်း။]

ဥစ္ဆေဒဝါဒ ၇-ပါး

ဘိက္ခုတို့ ... *ဥစ္ဆေဒ အယူ ရှိကုန်သော သမဏဗြာဟ္မဏတို့ ရှိကြ၏။ သူတို့သည် ၇ မျိုးသော အကြောင်းပြတို့ဖြင့် ထင်ရှားရှိသော သတွာ၏ ပြတ်စဲခြင်း ပျက်စီးခြင်း ကင်းပျောက်ခြင်းကို ပြောဆိုပညတ်ကြ၏၊ သူတို့သည်လည်း အဘယ်အချက်ကို စွဲ၍ ပညတ်ကြသနည်း-ဟု မေးဘွယ်ရှိ၏။

(က) ဘိက္ခုတို့ ... ဤလောက၌ တချို့ သမဏ ဗြာဟ္မဏသည် ဤသို့ပြောလေ့ရှိ၏။ ဤသို့ အယူရှိ၏ (ရှိပုံကား)
အရှင်တို့ - အကြင်အကြောင်းကြောင့် ဤအတ္တသည် ရုပ်ရှိ၏၊ မဟာဘုတ်လေးပါး အစုအဝေးသာတည်း၊ မိဘဘို့ သုက်သွေးကြောင့် ဖြစ်၏။ ထိုသို့ မဟာဘုတ်လေးပါး အစုအဝေးဖြစ်၍ မိဘတို့ သုက်သွေးကြောင့် ဖြစ်ရသော ရုပ်ရှိသတွာ ဖြစ်ခြင်းကြောင့် ခန္ဓာကိုယ် ပျက်စီးလျှင် (အတ္တလည်း) ပြတ်စဲ ပျောက်ပျက်၏၊ သေပြီးနောက် ဘာမျှမဖြစ်တော့ချေ။ ဤသို့လျှင် တချို့သမဏ ဗြာဟ္မဏ တို့သည် ထင်ရှားရှိသော သတွာ၏ ပြတ်စဲခြင်း ပျက်စီးခြင်း ကင်းပျောက်ခြင်းကို ပြောဆို ပညတ်ကြလေသည်။

[ဥစ္ဆေဒ -"သတွာသည် သေလျှင် အဆက်မရှိ ပြတ်စဲတော့၏” ဟူသောအယူကို "ဥစ္ဆေဒဝါဒ”ဟု ခေါ်သည်။ “ဒီဘဝ လုပ်ချင်တာကို လုပ် သေလျှင် ပြီးတာဘဲ”ဟု ပြောသူတို့သည် ဥစ္ဆေဒ ဝါဒ ရှိသူ ဖြစ်ပေလိမ့်မည်။
(က) ဤသူသည် ခန္ဓာကိုယ် ရုပ်တရားကို အရင်းခံ၍ တကိုယ်လုံးကို အတ္တဟု ယူဆထား၏၊ ထိုအတ္တ၏ အကြောင်းရင်းမှာ မိဘတို့ သုက်သွေးတည်း၊
(သူ့အလိုအားဖြင့် ကံတရားသည် အရင်းခံ မဟုတ်၊ ကံတရားလည်း မဆိုင်၊ ဗုဒ္ဓ တရားတော် အလိုကား ကံတရားသည် အရင်းခံဖြစ်၏၊ မိဘ သုက်သွေးကား အထောက် အပံ့သာ၊ ဥပမာ-သစ်ပင်ပေါက်ရာ၌ မျိုးစေ့သည် အရင်းခံ - မြေရေကား အထောက်အပံ့ သာ ဖြစ်သကဲ့သို့တည်း)
မိဘတို့ သုက်သွေးကိုအရင်းခံ၍ဖြစ်လာသော ထိုရုပ်ခန္ဓာသည် ပထဝီ, အာပေါ, တေဇော, ဝါယော (မြေဓာတ် -ရေဓာတ် - အငွေ့ဓာတ်နှင့် လေဓာတ်) အစုအဝေးသာ ဖြစ်၏။ ထို့ကြောင့် ထို ကိုယ်ခန္ဓာရုပ် အစုအဝေးသည် သေလျှင် ပြတ်စဲ၏၊ အဆက်မရှိတော့-ဟု ယူဆလေသည်၊ ကံတရားကို ထည့်၍ မစဉ်းစားလျှင် ထို အယူဝါဒကို သဘောကျသူ များပေလိမ့်မည်။]

(ခ) လူ့ဘဝ တဘ၀မျှဖြင့် ပြတ်စဲ၏ဟု ပြောလေ့ရှိသော ထိုသူကို အခြားသူက ဤသို့ ပြောပြန်၏။ (ပြောပုံကား) အရှင် .. သင်ပြောအပ်သော (လူ့တဘဝဆုံးလျှင် ပြတ်စဲသော) အတ္တသည်ရှိပေ၏၊ မရှိနိုင်ဟု ငါမပြောလို၊ သို့ရာတွင် ဤလူ့ဘဝ တဘဝမျှဖြင့် ဤအတ္တ သည် ကောင်းကောင်း မပြတ်စဲသေး၊ နတ်ပြည်၌ ဖြစ်သော ရုပ်လည်းရှိသော ကာမာဝစရ နတ်ပြည်တွင် ပါဝင်သော နတ်သုဓာ အာဟာရကို စားသော အတ္တတမျိုး ရှိသေး၏၊ ထို အတ္တကို သင်မသိ သင် မမြင်၊ ငါသိ၏, ငါမြင်၏။ ထိုနတ်ဘဝ အတ္တသည် သေပြီးနောက် အဆက်မရှိ ပြတ်စဲ၏၊ ဘာမျှ ထပ်၍မဖြစ်တော့၊ ဤအခါမှ အတ္တသည် ကောင်းကောင်း ပြတ်စဲ၏- ဟု ပြောဆိုလေသည်။

(ဂ) နတ်ဘဝဆုံးမှ အတ္တသည် အပြီးသတ်ပြတ်စဲ၏ ဟု ပြောလေ့ရှိသော ထိုသူ့ကို အခြားသူက ပြောပြန်သည်မှာ - အရှင် … သင်ပြောအပ်သော အတ္တသည် ရှိပေ၏၊ မရှိနိုင်ဟု ငါမဆိုလိုပါ။ သို့ရာတွင် ဤနတ်ဘဝ ဆုံးရုံမျှဖြင့် ဤ အတ္တသည် ကောင်းကောင်း မပြတ်စဲသေး၊ အရှင် ... ဗြဟ္မာ့ပြည်၌ ဖြစ်သော ရုပ်လည်းရှိသော ဈာန်စိတ်ကြောင့်ဖြစ်သော အင်္ဂါ ကြီးငယ် အားလုံးနှင့် ပြည့်စုံသော စက္ခု, သောတ, စသော ဣန္ဒြေတို့ မယုတ်လျော့သော (မျက်စိ, နား, လျှာ, ကိုယ်နှင့်တကွ အင်္ဂါကြီးငယ် အပြည့်အစုံ ပါသော) အတ္တတစ်မျိုး ရှိသေး၏၊ ထိုအတ္တကို သင် မသိ မမြင်၊ ငါသာသိမြင်၏။ အရှင် … ထို အတ္တသည် ခန္ဓာကိုယ် ပျက်စီးပြီးနောက် အဆက်မရှိ ပြတ်စဲတော့၏၊ ဘာမျှ ထပ်၍ မဖြစ်တော့၊ ဤ အခါကျမှ အတ္တသည် ကောင်းကောင်း ပြတ်စဲ၏ ဟု ပြောပြလေသည်။

(ဃ) ဗြဟ္မာဘဝ အဆုံးကျမှ အတ္တသည် အပြီးသတ် ပြတ်စဲ၏ဟု ပြောလေ့ရှိသော ထိုသူ့ကို အခြားသူက ပြောပြန်သည်မှာ - အရှင် … သင်အပ်သော အတ္တသည် ရှိပါပေ၏၊ မရှိနိုင်ဟု မဆိုလိုပါ၊ သို့ရာတွင် ဤဗြဟ္မာ့ဘဝ ဆုံးရုံမျှဖြင့် ဤအတ္တသည် ကောင်းကောင်း မပြတ်သေး၊ အရှင် … ရူပသညာ တို့ကို အကုန်အစင် လွန်မြောက်ခြင်း *ပဋိဃသညာ တို့၏ ချုပ်ခြင်း နာနတ္တသညာတို့ကို နှလုံး မသွင်းခြင်းကြောင့် ကောင်းကင်သည် အဆုံးအပိုင်းအခြား မရှိဟု အာရုံပြုကာ (အရူပ လေးဘုံတွင် ပဌမ ဖြစ်သော) အာကာသာနဉ္စာယတန ဘုံသို့ ရောက်သော အတ္တတမျိုး ရှိသေး၏၊ ထိုအတ္တကို သင်သည် မသိမြင်, ငါသာသိမြင်၏၊ အရှင် ... ထို အတ္တသည် အရူပနာမ်တရား အပေါင်း ပျက်စီး ခြင်းမှ နောက်၌ လုံးဝပြတ်၍ထပ်၍ မဖြစ်တော့၊ ဤ အခါကျမှ အတ္တသည် ကောင်းကောင်း ပြတ်စဲ၏ - ဟု ပြောပြလေသည်။

(* အရူပဈာန် ၄-ပါးတွင် ပဌမဖြစ်သော အာကာသာနဉ္စာယတန ဈာန်ကို ရအောင် အားထုတ်သည်၊ ရူပဈာန်ကို၎င်း ရူပဈာန်၏ အာရုံဖြစ်သော ကသိုဏ်းရုပ်ကို၎င်း (အာရုံမပြုဘဲ) ကျော်လွန် နိုင်မှ ထို ဈာန်ကိုရ၏၊ ထို့ ကြောင့် “ရူပသညာ = ရုပ်နှင့် စပ်ဆိုင်သော အမှတ်သညာတို့ကို လွန်မြောက်ခြင်း”ဟု ဆိုသည်။)

[ပဋိဃသညာ = ရူပါရုံစသော အာရုံငါးပါးနှင့် စက္ခုပသာဒဝတ္ထု ရုပ်ငါးပါး တို့၏ ထိခိုက်မှုကို “ပဋိဃ”ဟု ခေါ်၏။ ထိုသို့ ထိခိုက်သည့်အခါ ဖြစ်ပေါ်လာသော အမှတ်သညာကို“ပဋိဃသညာ”ဟု ခေါ်၏။ ထိုဈာန်ကို အားထုတ်သူသည် မျက်စိမြင် နားကြား စသည် ရှိနေသမျှ ထိုဈာန်ကို မရနိုင်သေး၊ ထို့ကြောင့် “ပဋိဃသညာ = ပဉ္စဝတ္ထု ပဉ္စာရုံတို့၏ ထိခိုက်မှုကြောင့် ဖြစ်သော ဒွေပဉ္ဇဝိညာဉ် ယှဉ်သော သညာအားလုံး ချုပ်ခြင်း”ဟု ဆိုသည်။
၁။ ရူပသညာ ပဋိဃသညာမှ ကြွင်းသော ကာမစိတ်နှင့် ယှဉ်သမျှ သညာစုကို “နာနတ္တသညာ = (ရူပါရုံကိုလဲမှတ်, သဒ္ဒါရုံကိုလဲမှတ် စသည်ဖြင့် ) သဘော အမျိုးမျိုး ရှိသော သညာဟု ဆိုသည်။ ထို သညာတို့ကို နှလုံးမသွင်းမှ အာရုံမပြုမှ ထိုပဋ္ဌမ အရူပဈာန်ကို ရနိုင်သည်။
၂။ ဒုတီယ အရူပဈာန်ကို အားထုတ်သူသည် ပဋ္ဌမအရူပဖြစ်သော အာကာသာနဉ္စာယတန ဈာန်ကို၎င်း, ထိုဈာန်၏ အာရုံဖြစ်သော ကောင်းကင်ပညတ် ကို၎င်း, မဝင်စားဘဲ အာရုံ မပြုဘဲ ကျော်လွန်နိုင်မှ ဝိညာဏဉ္စာယတနဈာန်ကို ရနိုင်သည်။]

(င) ပဋ္ဌမ အရူပ ဘ၀ဆုံးမှ အတ္တသည် အပြီးသတ် ပြတ်စဲ၏ ဟု ပြောလေ့ ရှိသော ထိုသူ့ ကို အခြားသူက ပြောပြန်သည်မှာ - အရှင် ... သင်ပြောအပ်သော အတ္တသည် ရှိပေ၏၊ မရှိ ဟု မဆိုလိုပါ။ သို့ရာတွင် ဤပဌမအရူပ ဘ၀ဆုံးရုံမျှဖြင့် ဤအတ္တသည် ကောင်းကောင်း မပြတ်စဲသေး၊ အရှင် ... အာကာသာနဉ္စာယတနဈာန် (ထိုဈာန်၏ အာရုံကို) အကုန်အစင် လွန်မြောက်၍ * “အနန္တံဝိညာဏံ”ဟု ကမ္မဋ္ဌာန်း ပွားများလျက် ဒုတီယ အရူပ ဝိညာဏဉ္စာယတနဘုံသို့ ကပ်ရောက်သော အတ္တတမျိုး ရှိသေး၏၊ ထိုအတ္တကို သင်သည် မသိမြင်, ငါသာသိမြင်၏၊ အရှင် ...ထို အတ္တသည် ထို နာမ်တရားစု ပျက်စီးပြီးမှ လုံးဝ ပြတ်စဲ၏၊ ဘာမျှ ထပ်၍ မဖြစ်တော့၊ ဤအခါကျမှ အတ္တသည် ကောင်းကောင်း ပြတ်စဲ၏ ဟု ပြောပြလေသည်။

[* “ဝိညာဏံ - ငါရအပ်ပြီးသော ပဋ္ဌမ အရူပ (အာကာသာနဉ္စာယတန) ဝိညာဉ်သည် + အနန္တ = အနန္တကောင်းကင်ကို အာရုံ ပြုနိုင်ပါပေစွ”ဟု သူရပြီးသော ဈာန်ကိုပင် ချီးမွမ်းလျက် အာရုံ ပြုနေရသည်။ ဤသို့ အာရုံပြုနေခြင်း သည်ပင် ဒုတိယ အရူပဈာန် ရဘို့ရန် ကမ္မဋ္ဌာန်း အားထုတ်ခြင်း ဖြစ်၏။]

(စ) ဒုတီယ အရူပ ဘဝဆုံးမှ အတ္တသည် အပြီးသတ် ပြတ်စဲ၏ဟု ပြောလေ့ရှိသော ထိုသူ့ကို အခြားသူက ပြောပြန်သည်မှာ - အရှင် ... သင်ပြောအပ်သော အတ္တသည် ရှိပါပေ၏၊ မရှိဟု ငါ-မဆိုလိုပါ၊ သို့ရာတွင် ဤဒုတီယ အရူပဘဝ ဆုံးရုံမျှဖြင့် ဤအတ္တသည် ကောင်းကောင်း မပြတ်စဲသေး၊ အရှင် *ဝိညာဏဉ္စာယတနဈာန်, ထို ဈာန်၏ အာရုံကို အကုန်အစင် လွန်မြောက်၍ “နတ္ထိကိဉ္စိ”ဟု ကမ္မဋ္ဌာန်း ပွားများလျက် တတိယ အရူပ အာကိဉ္စညာယတန ဘုံသို့ ကပ်ရောက်သော အတ္တတမျိုး ရှိသေး၏၊ ထိုအတ္တကို သင်သည် မသိမမြင်, ငါသာ သိမြင်၏၊ အရှင် ... ထို အတ္တသည် ထို နာမ် တရားစု ပျက်ပြီးမှ လုံးဝ ပြက်စဲ၏၊ ဘာမျှ ထပ်၍ မဖြစ်တော့၊ ဤ အခါကျမှ အတ္တသည် ကောင်းကောင်း ပြတ်စဲ-ဟု ပြောပြလေသည်။

[အထက် အရူပဈာန်ကို အားထုတ်လိုသူသည့် အောက် အရူပဈာန်နှင့် ထိုဈာန်၏အာရုံကို လုံးလုံးကြီး ကျော်လွန်နိုင်စေရ၏။ ထိုကြောင့် တတီယ အရူပကို အားထုတ်ရာ၌ ဝိညာဏဉ္စာယတနဈာန်နှင့် ထို ဈာန်၏အာရုံကို ကျော်လွန်ရသည်၊ “နတ္ထိကိဉ္စိ = ဘာမျှမရှိ” ဟု အာရုံပြုခြင်းသည် တတီယအရူပဈာန်၏ ကမ္မဋ္ဌာန်းတည်း၊“ဘာမျှမရှိ” ဟူရာ၌ ပဌမ အရူပဈာန် လုံးဝချုပ်ကွယ်သည့် အခါ ဥပါဒ်လည်းမရှိ ဘင်လည်း မရှိ၊ ဤသို့ ဘာတခုမျှ မရှိခြင်း ဟူသော “နတ္ထိဘောပညတ် ခေါ် ပညတ် တမျိုးတည်း၊ ထို ပညတ်ကို အာရုံပြု၍ ကမ္မဋ္ဌာန်းအားထုတ်ရသည်။]

(ဆ) တတီယ အရူပဘဝ ဆုံးမှ အတ္တသည် အပြီးသတ် ပြတ်စဲ၏ ဟု ပြောပြလေ့ရှိသော ထိုသူ့ကို အခြားသူက ပြောပြန်သည်မှာ - အရှင် ... သင်ပြောအပ်သော အတ္တသည် ရှိပါပေ၏, မရှိဟု ငါမဆိုလိုပါ၊ သို့ရာတွင် ဤတတိယ အရူပဘ၀ ဆုံးရုံမျှဖြင့် ဤ အတ္တသည် ကောင်းကောင်း မပြတ်သေး၊ အရှင် ... အာကိဉ္စညာယတနဈာန်နှင့် ထို ဈာန်၏ အာရုံကို အကုန်အစင် လွန်မြောက်၍ *“သန္တမေတံ ပဏီတမေတံ” ဟု ကမ္မဋ္ဌာန်း ပွားများလျက် စတုတ္ထ အရူပ နေ၀သညာ နာသညာယတနဘုံသို့ ကပ်ရောက်သော အတ္တတမျိုး ရှိသေး၏၊ ထိုအတ္တကို သင်သည် မသိမြင်, ငါသာ သိမြင်၍၊ အရှင် … ထိုအတ္တသည် ထိုနာမ်တရား ပျက်စီးပြီးမှ လုံးဝ ပြတ်စဲ၏၊ ဘာမျှ ထပ်၍ မဖြစ်တော့၊ ဤ အခါကျမှ အတ္တသည် ကောင်းကောင်း ပြတ်စဲ၏-ဟု ပြောပြလေသည်။

[* သန္တံ + ဧတံ = ဤတတီယ အရူပဈာန်သည် + ငြိမ်သက်ပါပေစွ၊ ပဏီတံ + ဧတံ = ဤတတီယ အရူပဈာန်သည် + မွန်မြတ်ပါပေစွ၊ ဤသို့ မိမိရပြီးသော တတီယ အရူပ အာကိဉ္စညာယတနဈာန်ကို ချီးမွမ်းလျက် စီးဖြန်းခြင်းသည်ပင် စတုတ္ထ အရူပဈာန၏ ကမ္မဋ္ဌာန်း ဖြစ်တော့သည်။]

ဘိက္ခုတို့ ... ဥစ္ဆေဒအယူ ရှိကုန်သော သမဏဗြာဟ္မဏတို့သည် ဤ ၇-မျိုးသော အကြောင်းပြ တို့ဖြင့် ထင်ရှား ရှိသော သတွာ၏ ပြတ်စဲ ပျက်စီး ကင်းပျောက်ခြင်းကို ပြောဆို ပညတ် ကြလေသည်၊ ဥစ္ဆေဒဝါဒ အယူရှိသူ ဟူသမျှ ဤ ၇-မျိုးဖြင့်သာ ပညတ် ကြရ၏၊ ဤ ၇ မျိုး အပြင် ဥစ္ဆေဒဝါဒ ပညတ်ဘို့ရန် အကြောင်းတမျိုး မရှိတော့ပြီ၊

[ဤမှနောက်၌ သဗ္ဗညုတဉာဏ် ဝေဒနာကမ္မဋ္ဌာန်း နိဂုံးတို့မှာ ရှေးအတိုင်းသာတည်း။]

ဒိဋ္ဌဓမ္မနိဗ္ဗာန ဝါဒ ၅-ပါး

ဘိက္ခုတို့ ... ဒိဋ္ဌဓမ္မနိဗ္ဗာနဝါဒ ရှိကြသော သမဏ ဗြာဟ္မဏ တချို့ ရှိကြ၏၊ သူတို့သည် ငါးမျိုးသော အကြောင်းပြတို့ဖြင့် ထင်ရှားရှိသော သတွာ၏ မွန်မြတ်သော ဒိဋ္ဌဓမ္မ နိဗ္ဗာန်ကို ပြောဆို ပညတ်ကြ၏၊ သူတို့သည်လည်း ဘယ်အချက်ကို စွဲ၍ ပညတ်ကြ သနည်း - ဟု မေးဘွယ်ရှိ၏။

[* ဒိဋ္ဌဓမ္မနိဗ္ဗာန -- လက်ရှိခန္ဓာကိုယ်၌ ဒုက္ခကင်း၍ ချမ်းသာစွာနေရခြင်းကို "ဒိဋ္ဌဓမ္မနိဗ္ဗာန် = လောကီ နိဗ္ဗာန်” ဟု ခေါ်သည်။ ထို့ကြောင့် တချို့ သမဏ ဗြာဟ္မဏတို့က စိတ်ချမ်းသာ ကိုယ်ချမ်းသာနှင့် မတောင့်မတ မကြောင့်ကြရဘဲ အာရုံငါးပါး ကာမဂုဏ် များကို ခံစားနေရခြင်းသည် “ဒိဋ္ဌဓမ္မနိဗ္ဗာန်ဘဲ” ဟု ယူဆကြလေသည်။]

(က) ဘိက္ခုတို့ ... ဤလောက၌ တချို့ သမဏ ဗြာဟ္မဏသည် ဤသို့ ပြောလေ့ရှိ၏၊ ဤသို့ အယူရှိ၏၊ (ရှိပုံကား) အရှင် ... အကြင် အကြောင်းကြောင့် ဤအတ္တသည် ကာမဂုဏ် ငါးပါးတို့ဖြင့် တင့်တယ် စမ္ပယ်လျက် ခံစား စံစားရ၏၊ ထိုမျှလောက်သော အကြောင်းဖြင့် ဤအတ္တသည် ဒိဋ္ဌဓမ္မနိဗ္ဗာန်သို့ ရောက်ပြီ-ဟု ပြေပြလေသည်၊ ဤနည်း အားဖြင့် အချို့က ထင်ရှားရှိသော သတွာ၏ မွန်မြတ်သော ဒိဋ္ဌဓမ္မနိဗ္ဗာန်ကို ပညတ်ကြ လေသည်။

(ခ) ချမ်းချမ်းသာသာနှင့် ကာမ ချမ်းသာ ခံစားနေရခြင်းကို ဒိဋ္ဌဓမ္မနိဗ္ဗာန် ဟု ပြောလေ့ရှိသော ထိုသူ့ကို အခြားသူက ပြောပြန်သည်မှာ - အရှင် ... သင် ပြောအပ်သော အတ္တသည် ရှိပါပေ၏၊ မရှိဟု မဆိုလိုပါ။ သို့ရာတွင် ဤ အတ္တသည် ဤမျှလောက်ဖြင့် မွန်မြတ်သော ဒိဋ္ဌဓမ္မနိဗ္ဗာန်သို့ ရောက်ပြီဟု မဆိုနိုင်သေး၊ ဘာ့ကြောင့်လဲ … ကာမဂုဏ် တို့သည် (စည်းစိမ်ဥစ္စာ ရတနာနှင့် သားမယား ခြွေရံ သင်းပင်းတို့သည်) အမြဲမရှိကြ ဒုက္ခမကင်းကြ ဖေါက်ပြန်ခြင်း(အိုခြင်း သေခြင်း) သဘော ရှိကြ၏၊
ထို ကာမဂုဏ်တို့၏ တမျိုးတမည် ဖေါက်ပြန် ပျက်စီးသွားခြင်းကြောင့် ဝမ်းနဲရမှု သောက, ငိုကြွေးရမှု ပရိဒေဝ, ကိုယ်ဆင်းရဲရမှု ဒုက္ခ , စိတ်ဆင်းရဲရမှု ဒေါမနဿ , ပြင်းပြင်း ပျပျ စိတ်ညစ်ရမှု ဥပါယာသတို့ ဖြစ်ကြရ၏၊ ထို့ကြောင့် ကာမဂုဏ် ခံစားရရုံမျှဖြင့် မွန် မြတ်သော ဒိဋ္ဌဓမ္မနိဗ္ဗာန် မရသေး ဟု ပြောနိုင်ပေသည်။
အရှင် ... အကြင်အခါ၌ ဤ အတ္တသည် ကာမဂုဏ်တို့မှ၎င်း, အကုသိုလ်တို့မှ၎င်း ခွဲခွါ၍ ဝိတက် ဝိစာရရှိသော, နီဝရဏ ကင်းမှုကြောင့် ဖြစ်ပေါ်လာသော ပီတိ သုခလည်း ရှိသော ပဌမဈာန်ကို ရ၏။ ထို ပဌမဈာန် ချမ်းသာကို ရသည့်အခါ၌ ဤ အတ္တသည် မွန်မြတ်သော ဒိဋ္ဌဓမ္မနိဗ္ဗာန်သို့ ရောက်ပြီဟု ပြောပြလေသည်၊ ဤ နည်းအားဖြင့် အချို့က ထင်ရှားရှိသော သတွာ၏ မွန်မြတ်သော ဒိဋ္ဌဓမ္မ နိဗ္ဗာန်ကို ပညတ်ကြလေသည်။

[ဤသူကား ပဌမ ဈာန်ချမ်းသာကို ရရှိမှ ဒိဋ္ဌဓမ္မနိဗ္ဗာန် ရသည် ဟု ဆိုလိုသည်။

(ဂ) ပဋ္ဌမဈာန် ချမ်းသာကို ဒိဋ္ဌဓမ္မနိဗ္ဗာန် ဟု ပြောလေ့ရှိသော ထိုသူ့ကို အခြားသူက ပြောပြန်သည်မှာ - အရှင် ... သင်ပြအပ်သော အတ္တသည် ရှိပါပေ၏, မရှိ ဟု မဆိုလိုပါ၊ သို့ရာတွင် ဤအတ္တသည် ဤမျှလောက်ဖြင့် မွန်မြတ်သော ဒိဋ္ဌဓမ္မနိဗ္ဗာန်သို့ ရောက်ပြီ ဟု မဆိုနိုင်သေး၊ ဘာ့ကြောင့်နည်း - ထို ပဌမဈာန်၌ ဝိတက်စာရ ပါရှိ၏၊
*ဤဝိတက် ဝိစာရအတွက် ဤပဋ္ဌမဈာန်ကို ကြမ်းတန်း၏ ဟု ဆိုထိုက် သောကြောင့် တည်း၊ အရှင် ... အကြင် အခါ၌ ဤ အတ္တသည် ဝိတက် ဝိစာရ ငြိမ်းဧ၍ မိမိသန္တာန်၌ စိတ်ကို ကြည်နေစေနိုင်, သမာဓိကို တိုးပွားစေနိုင်သော (ဝိတက် ဝိစာရ မပါဘဲ သမာဓိ ကြောင့်ဖြစ်သော) ပီတိ သုခပါရှိသော ဒုဘိယဈာန်ကို ရ၏၊ ထိုအခါ ဤအတ္တသည် ဒိဋ္ဌဓမ္မနိဗ္ဗာန်သို့ ရောက်ပြီဟု ပြောပြလေသည်။

[ဝိတက်သည် ထိုထိုဤဤ ကြံစည်တတ်၏၊ ဝိစာရလည်း ဝိတက် ကြံသမျှကို အထပ်ထပ် အာရုံ စွဲနေတတ်၏။ ထို့ကြောင့် ပဌမဈာန် ချမ်းသာသည် ငြိမ်သက်ခြင်း မရှိ ဟု ဆိုလိုသည်။]

ဤနည်းအားဖြင့် အချို့က ထင်ရှားရှိသော သတွာ၏ မွန်မြတ်သော ဒိဋ္ဌဓမ္မနိဗ္ဗာန်ကို ပညတ်ကြလေသည်။

[ဤသူကား ဒုတိယဈာန်ရမှ ဒိဋ္ဌဓမ္မနိဗ္ဗာန်ရသည် ဟု ဆိုလိုသည်။]

(ဃ) ဒုတိယဈာန် ချမ်းသာကို ဒိဋ္ဌဓမ္မနိဗ္ဗာန် ဟု ပြောလေ့ရှိသော ထိုသူ့ကို အခြားသူက ပြောပြန်သည်မှာ - အရှင် … သင်ပြောအပ်သော အတ္တသည် ရှိပါပေ၏, မရှိ ဟု မဆိုလိုပါ၊ သို့ရာတွင် ဤအတ္တသည် ဤမျှ လောက်ဖြင့် မွန်မြတ်သော ဒိဋ္ဌဓမ္မနိဗ္ဗာန်သို့ မရောက် သေး၊ ဘာ့ကြောင့်နည်း - ထို ဒုတီယဈာန်၌ စိတ်ကို ပေါ်လွင်စေတတ်သော (တကြွကြွ တရွရွ ဖြစ်စေတတ်သော ) ပီတိ ပါရှိနေ၏၊ ဤ ပီတိ အတွက် ဤ ဒုတိယဈာန်ကို ကြမ်းတမ်းသည် ဟု ဆိုထိုက် သောကြောင့်တည်း၊ အရှင် ... အကြင်အခါ၌ ဤအတ္တ သည် ပီတိကို စက်ဆုပ် လွန်မြောက်ကာ ဥပေက္ခာပြု၍ နေနိုင်၏၊ သတိသမ္ပဇည (ဉာဏ်) လည်း ရှိ၏၊

[သုခကိုလည်း နာမကာယဖြင့် ခံစားနိုင်၏။ သုခကို ခံစားလိုစိတ် မရှိသော်လည်း အလွန် ဧမြချမ်းသာရကား နာမကာယ (နာမ်အပေါင်း) ဖြင့် ထို သုခကို ခံစားသလို ဖြစ်နေတော့သည်-ဟူလို၊]

အကြင် ဈာန်ကြောင့် ထိုသူ့ကို အရိယာ တို့က “ဥပေက္ခာ ပြုနိုင်ပါပေစွ သတိရှိပါပေစွ, ချမ်းသာစွာ နေလေ့ရှိပါပေစွ”ဟု ချီးမွမ်းရ၏၊ ထိုသို့ ချီးမွမ်း ခံရလောက်သော တတီယ ဈာန်ကို ရ၏၊ ဤအခါဤ အတ္တသည် မွန်မြတ်သော ဒိဋ္ဌဓမ္မနိဗ္ဗာန်သို့ ရောက်ပြီ ဟု ပြောပြလေသည်၊ ဤ နည်းအားဖြင့် အချို့က ထင်ရှားရှိသော သတွာ၏ မွန်မြတ်သော ဒိဋ္ဌဓမ္မနိဗ္ဗာန်ကို ပညတ်ကြလေသည်။

[ဤသူကားတတီယ ဈာန်ချမ်းသာကို ဒိဋ္ဌဓမ္မနိဗ္ဗာန် ဟု ဆိုလိုသည်။]

(င) တတီယဈာန်ချမ်းသာကို ဒိဋ္ဌဓမ္မနိဗ္ဗာန် ဟု ပြောလေ့ရှိသော ထိုသူ့ကို အခြားသူက ပြောပြန်သည်မှာ အရှင် ... သင်ပြောအပ်သော အတ္တသည် ရှိပါပေ၏၊ မရှိဟု မဆိုလိုပါ၊ သို့ရာတွင် ဤအတ္တသည် ဤမျှလောက်ဖြင့် မွန်မြတ်သော ဒိဋ္ဌဓမ္မနိဗ္ဗာန်သို့ မရောက်သေး၊ ဘာ့ကြောင့်နည်း - ထိုတတီယဈာန်၌ အကြင် သုခသည်၎င်း, ဈာန်မှ ထသည့်အခါ ထို သုခကိုပင် ထပ်ကာ ထပ်ကာ စိတ်က နှလုံးသွင်းနေမှု မနသိကာရသည်၎င်း ရှိ၏၊ ဤ သုခနှင့် မနသိကာရ အတွက် ဤ တတိယဈာန်ကို ကြမ်းတန်း၏ - ဟု ဆိုထိုက်သော ကြောင့်တည်း၊
အရှင် ... အကြင်အခါ၌ ဤ အတ္တသည် သုခကိုလည်း ပယ်, ဒုက္ခကိုလည်း ပယ်, သောမနဿ ဒေါမနဿများလည်း ချုပ်သဖြင့် သုခ ဒုက္ခ လုံးဝမရှိသော ဥပေက္ခာသည် ဖြစ်စေအပ်သော သတိ၏ ထက်ဝန်းကျင် စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်ကိုရ၏၊
အရှင် ... ဤအခါ၌ ဤအတ္တသည် မွန်မြတ်သော ဒိဋ္ဌဓမ္မနိဗ္ဗာန်သို့ ရောက်ပြီ ဟု ပြောပြလေသည်၊ ဤနည်းအားဖြင့် အချို့က မွန်မြတ်သော ဒိဋ္ဌဓမ္မနိဗ္ဗာန်ကို ပညတ်ကြ လေသည်။

ဘိက္ခုတို့ ... ဒိဋ္ဌဓမ္မနိဗ္ဗာန် ရှိကြသော ထိုသမဏ ဗြာဟ္မဏတို့သည် ဤ ငါးမျိုးသော အကြောင်းတို့ဖြင့် ထင်ရှားရှိသော သတွာ၏ မွန်မြတ်သော ဒိဋ္ဌဓမ္မနိဗ္ဗာန်ကို ပညတ်ကြ လေသည်၊
ဘိက္ခုတို့ ... ဒိဋ္ဌဓမ္မနိဗ္ဗာနဝါဒ ရှိသူ ဟူသမျှတို့သည် ဤ ငါးမျိုးသော အကြောင်းတို့ဖြင့် ဖြစ်စေ, ထိုငါးမျိုးတွင် တပါးပါးသော အကြောင်းဖြင့် ဖြစ်စေ , မွန်မြတ်သော ဒိဋ္ဌဓမ္မနိဗ္ဗာန် ကို ပညတ်ကြလေသည်၊ ဤငါးမျိုးအပြင် ဒိဋ္ဌဓမ္မနိဗ္ဗာန်ကို ပညတ်ဘို့ရန် အကြောင်းတမျိုး မရှိတော့ပြီ။

[ဤမှ နောက်၌ သဗ္ဗညုတဉာဏ်ခဏ်း, ဝေဒနာ ကမ္မဋ္ဌာန်းနှင့် နိဂုံးတို့မှာ ပဌမဆုံး သဿတဝါဒ အဆုံးနှင့် တူပြီ။]

အပရန္တကပ္ပိက ၄၄-မျိုး၏ ဝါဒနိဂုံး

ဘိက္ခုတို့ .... နောက်အနာဂတ် အကြောင်း အရာစုကို ကြံစည်တတ်ကုန် , နောက် အနာဂတ် အကြောင်းအရာစုသို့ အစဉ်လိုက်၍ မိစ္ဆာအယူကို ယူတတ်ကြကုန်သော ထို သမဏ ဗြာဟ္မဏတို့သည် နောက်အနာဂတ် အကြောင်းအရာကို အာရုံပြု၍ မိစ္ဆာအယူ ဖြစ်ဘို့ရန် အခြေခံ စကား အမျိုးမျိုး တို့ကို ဤ ပြခဲ့သော အကြောင်း ၄၄ မျိုး တို့ဖြင့် စွဲမြဲ ပြောဆိုကြလေသည်၊ ဤ ၄၄-မျိုး အပြင် အကြောင်းတမျိုး မရှိတော့ပြီ၊

[ဤမှ နောက်၌ သဗ္ဗညုတဉာဏ်ခဏ်း စသည်မှာ ရှေးသဿတဝါဒ အဆုံးနှင့် တူပြီ။]

[*အပရန္တဝါဒ ၄၄ ကား -
ဥဒ္ဓမာဃာတနသညီဝါဒ-၁၆ ,
ဥဒ္ဓမာဃာတနအသညီဝါဒ-၈,
ဥဒ္ဓမာဃာတန နေဝသညီနာသညီဝါဒ-၈,
ဥစ္ဆေဒဝါဒ-၇,
ဒိဋ္ဌဓမ္မနိဗ္ဗာနဝါဒ-၅,တည်း။]

မိစ္ဆာဝါဒ ၆၂-ပါးလုံး၏ နိဂုံး

▬▬▬▬▬▬▬▬▬▬

ဘိက္ခုတို့ .... ရှေးအတိတ် အကြောင်း အရာစုကို ကြံစည်တတ်ကုန် , ရှေး အတိတ် အကြောင်းအရာစုသို့ အစဉ်လိုက်၍ မိစ္ဆာအယူကို ယူတတ် ကုန်သော သမဏ ဗြာဟ္မဏ - နောက်အနာဂတ် အကြောင်းအရာစုကို ကြံစည်တတ်ကုန်, နောက်အနာဂတ် အကြောင်း အရာစုသို့ အစဉ်လိုက်၍ မိစ္ဆာအယူကို ယူတတ်ကုန်သော သမဏ ဗြဟ္မဏ - အတိတ် အနာဂတ် အကြောင်းအရာ နှစ်မျိုးလုံးကို ကြံစည်တတ်ကုန်, အတိတ်အနာဂတ် အကြောင်းအရာ နှစ်မျိုးလုံးသို့ အစဉ်လိုက်၍ မိစ္ဆာအယူကို ယူတတ်ကုန်သော သမဏ ဗြဟ္မဏတို့သည် အတိတ်အကြောင်း အနာဂတ်အကြောင်း, အတိတ် အနာဂတ် အကြောင်းကို အာရုံပြု၍ မိစ္ဆာအယူဖြစ်ဘို့ရန် အခြေခံစကား အမျိုးမျိုးကို ဤပြခဲ့သော အကြောင်း ၆၂-မျိုးတို့ဖြင့် စွဲမြဲစွာ ပြောဆိုကြ လေသည်၊

မိစ္ဆာအယူ ရှိသူ ဟူသမျှတို့သည် ဤ ၆၂-မျိုးသော အကြောင်းတို့ဖြင့်ဖြစ်စေ ထို ၂-မျိုးတွင် တပါးပါးသော အကြောင်းဖြင့် ဖြစ်စေ, ပြောဆိုကြရသည်၊ *ဤ ၆၂-မျိုးအပြင် မိစ္ဆာ အယူဖြစ်ရန် အကြောင်းတမျိုး မရှိတော့ပြီ။

[* မိစ္ဆာအယူ ၆၂ ကား - ပုဗ္ဗန္တကပ္ပိက ၁၈, အပရန္တကပ္ပိက ၄၄ တည်း၊ အကျယ်ကို ရှေ့၌ ကြည့်၍ တွက်လေ၊ ဤ ၆၂-မျိုးတွင် ဥစ္ဆေဒဒိဋ္ဌိ ၇-မျိုးပါ၏၊ ကျန်အားလုံးမှာ သဿတဒိဋ္ဌိ ချည်းသာတည်း။]

သဗ္ဗညုတဉာဏ်တော်ပြခန်း

▬▬▬▬▬▬▬▬▬▬

ဘိက္ခုတို့ ... မြတ်စွာဘုရားသည် ထို ၆၂-မျိုးသော မိစ္ဆာအယူကို အမျိုးမျိုး အစားစား သိတော်မူ၍၊ (သိတော်မူပုံကား) ဤ မိစ္ဆာအယူတို့သည် (အတ္တလောကသည် မြဲ၏ - စသည်ဖြင့်) ဤသို့ ယူထားလျှင် ဤသို့ အဘန်ဘန် သုံးသပ်ထားလျှင် (ငရဲ တိရစ္ဆာန် ပြိတ္တာဂတိတို့တွင်) ဤမည်သော ဂတိတို့ ရောက်ကြရလိမ့်မည်၊ ဤမည်သော တမလွန် ဘဝ ရှိကြရလိမ့်မည်”ဟု သိတော်မူသည်၊

မြတ်စွာဘုရားသည် အကြောင်းနှင့်တကွ လားရာဂတိနှင့် တကွသော ထို မိစ္ဆာအယူ ကိုလည်း သိတော်မူ၏၊ ထို့ထက်အလွန် ဖြစ်သော သီလ သမာဓိ သဗ္ဗညူတ ဉာဏ်ပညာကိုလည်း သိတော်မူ၏၊ ထိုသို့ သိပါသော်လည်း ထို အသိကိုပင် တဏှာ မာန ဒိဋ္ဌိအားဖြင့် အမှား သုံးသပ်တော်မမူ၊ ထို့သို့ အမှား သုံးသပ်တော် မမူခြင်းကြောင့်လည်း ထို အမှား သုံးသပ်တတ်သော တဏှာ မာန ဒိဋ္ဌိ၏ (ကိုယ်တော့်သန္တာန်၌) ငြိမ်းဧမှု နိဗ္ဗာန်ကို ကိုယ်တော်တိုင်ပင် သိရပေသည်။

[အဓိပ္ပာယ်ကို သဿတဝါဒ အဆုံး၌ ပြခဲ့ပြီ၊]

ဝေဒနာကမ္မဋ္ဌာန်း

▬▬▬▬▬▬

ဘိက္ခုတို့ ... မြတ်စွာ ဘုရားသည် ဝေဒနာတို့၏ ဖြစ်ကြောင်း ဖြစ်ခြင်းကို၎င်း, သာယာ အပ်သော သဘောကို၎င်း, အပြစ်ကို၎င်း, လွတ်မြောက်ခြင်းကို၎င်း, ဟုတ်တိုင်း မှန်စွာ သိတော်မူ၍ တဏှာဒိဋ္ဌိတို့ဖြင့် မစွဲလမ်းဘဲ ကိလေသာတို့မှ လွတ်တော်မူပြီ။

နိဂုံး

▬▬

ဘိက္ခုတို့ ... နက်နဲကုန်, မြင်ဘို့ရန် ခဲယဉ်းကုန် “သိဘို့ရန် မလွယ်ကုန်, ငြိမ်သက်ကုန်, မွန်မြတ်ကုန်, ကြံစည်တွေးဆခြင်းဖြင့် မသက်ဝင်နိုင်ကုန်, သိမ်မွေ့ကုန်, ပညာရှိတို့သာ သိနိုင်ကုန်သော ထိုဂုဏ်တော်တို့ ဟူသည် ဤပြခဲ့သော သဗ္ဗညုတ ဉာဏ်တော်ဂုဏ် တို့တည်း၊

ယင်း ဂုဏ်တော်တို့ကို မြတ်စွာဘုရားသည် ကိုယ်တော်တိုင် (ဆရာမရှိဘဲ) ထူးခြားသော အရဟတ္တမဂ်ဉာဏ်ကြောင့် (တနည်း - ပစ္စဝေက္ခဏာ ဉာဏ်တော်ဖြင့်) မျက်မှောက်ပြု၍ သတွာတို့အား သစ္စာလေးပါးစသော တရားတို့ကို သိစေတော်မူနိုင်, ငါဘုရားဖြစ်ပြီ ဟု ဝန်ခံတော်မူနိုင်ပေသည်။ မြတ်စွာဘုရား၏ ဂုဏ်တော်တို့ကို ပြောလိုသူတို့သည် ယင်း သဗ္ဗညုတ ဂုဏ်တော်တို့ဖြင့် ပြောမှသာ ဟုတ်တိုင်း မှန်စွာ ပြောဆိုရာရောက်မည်။

မိစ္ဆာအမြင်နှင့် သမ္မာအမြင် ခွဲခြားချက်

▬▬▬▬▬▬▬▬

ဘိက္ခုတို့ ... ထို သမဏ ဗြာဟ္မဏ တို့တွင် သဿတ အယူရှိကုန်သော အကြင် သမဏ ဗြာဟ္မဏတို့သည် (မိစ္ဆာအယူကိုပင် သာယာတတ်သော အကြင်ဝေဒနာဖြင့် ဟုတ်လှပြီ မှန်လှပြီဟု ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြကုန်လျက်) လေးမျိုးသော အကြောင်းပြတို့ဖြင့် အတ္တကို၎င်း လောကကို၎င်း မြဲ၏ ဟု ပြောဆို ပညတ် ကြကုန်၏၊ ထို အယူကို ယူလျှင် နောက်ဘဝ၌ မည်သည့်ဂတိသို့ လားကြရ လိမ့်မည်ဟု၎င်း, မိမိတို့ အယူကို သာယာ နေသော ဝေဒနာ၏ အကြောင်းရင်းကို၎င်း, ဟုတ်တိုင်းမှန်စွာ မသိကြ မမြင်ကြကုန်သော ထိုအရှင် သမဏ ဗြာဟ္မဏတို့၏ ထိုဝေဒနာသည် *တဏှာကပ်ရောက်အပ် သူတို့၏ ဝေဒနာတည်း၊ ထိုဝေဒနာသည်လည်း တဏှာဒိဋ္ဌိ အားဖြင့် လှုပ်ရှားတတ်သည်သာ၊

(အယူတမျိုးမှ အယူတမျိုးသို့ ပြောင်းရွှေ့သောအားဖြင့် လှုပ်ရှားတတ်၏၊ သောတာပန်၏ အမြင်ကဲ့သို့ ခိုင်မြဲခြင်း မရှိ ဟူလို။)

[* မိစ္ဆာအယူ ရှိသူတို့သည် မိမိတို့အယူအတွက် လားရာဂတိကို မမြင်, သမ္မာအယူ ရှိသူကား မြင်၏၊ မိစ္ဆာအယူ ရှိသူသည် သူတို့အယူကို တဏှာဖြင့် နှစ်သက်၏, ဝေဒနာဖြင့် သာယာ၏။ သမ္မာအယူ ရှိသူတို့ကား ထိုအယူ၌ နှစ်သက် သာယာမှု မရှိသည့်အပြင် စက်ဆုတ် ရွံရှာဘွယ် ဟု ထင်မြင်နေ၏၊ ဤသို့ သမ္မာအမြင်နှင့် မိစ္ဆာအမြင်ကို ခွဲခြား ပြသည်။]

[* “ဝေဒနာပစ္စယာ တဏှာ”အရ ဝေဒနာကြောင့် တဏှာ ဖြစ်ရသော်လည်း ထို ဝေဒနာကိုပင် တဏှာဖြင့်ထပ်၍ သာယာသောကြောင့် “တဏှာကပ်ရောက်အပ်သော သူတို့၏ ဝေဒနာ”ဟု ဆိုနိုင်ပြန်သည်။]

အမှာ

▬▬▬▬▬▬

သဿတဝါဒ ၄-မျိုးကို ပြသကဲ့သို့ --
ဧကစ္စသဿတ ဝါဒ ၄-မျိုးကို၎င်း,
အန္တာနန္တဝါဒ ၄-မျိုးကို၎င်း,
အမရာဝိက္ခေပဝါဒ ၄-မျိုးကို၎င်း ,
အဓိစ္စသမုပ္ပန္နဝါဒ ၂-မျိုးကို၎င်း,
ဤသို့ ပုဗ္ဗန္တကပ္ပိကဝါဒ ၁၈-မျိုးကို ပြတော်မူ၏၊

ထို့အတူ --
ဥဒ္ဓမာဃာတနိက သညီဝါဒ ၁၆-မျိုးကို၎င်း ,
ဥဒ္ဓမာဃာတနိက အသညီဝါဒ ၈-မျိုးကို၎င်း,
ဥဒ္ဓမာဃာတနိက နေဝသညီနာသညီဝါဒ ၈-မျိုးကို၎င်း,
ဥစ္ဆေဒဝါဒ ၇-မျိုးကို၎င်း
ဒိဋ္ဌဓမ္မနိဗ္ဗာန ဝါဒ ၅-မျိုးကို၎င်း,
ဤသို့ အပရန္တကပ္ပိက ၄၄-မျိုးကိုလည်း ပြတော်မူသည်။

အကြောင်း အဆက်ပြပုံ

▬▬▬▬▬▬▬▬

ဘိက္ခုတို့ ... ထိုသမဏ ဗြာဟ္မဏတို့တွင် သဿတအယူ ရှိကုန်သော အကြင်သမဏ ဗြာဟ္မဏ တို့သည် (မိစ္ဆာအယူကိုပင် သာယာတတ်သော အကြင်ဝေဒနာဖြင့် ဟုတ်လှပြီ မှန်လှပြီဟု ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြကုန်လျက်) လေးမျိုးသော အကြောင်းပြတို့ဖြင့် အတ္တကို၎င်း လောကကို၎င်း မြဲ၏ ဟု ပြောဆို ပညတ် ကြကုန်၏၊

ထိုအရှင် သမဏ ဗြာဟ္မဏတို့၏ တဏှာ ဒိဋ္ဌိအားဖြင့် လှုပ်ရှားတတ်သော ထိုဝေဒနာ သည်လည်း ဖဿကြောင့် ဖြစ်ရသည်၊ (ပဌမ သဿတအယူဖြစ်ရာ၌ ကမ္ဘာ သိန်းပေါင်း များစွာကိုပြန်၍ မြင်သည့်အခါ ထိုရှေးဖြစ်ဟောင်း အာရုံတို့၌ ဓာတ်ထိ - ထိသော ဖဿ ဖြစ်၏။ ထို ဖဿကြောင့်ပြခဲ့သော ဝေဒနာဖြစ်ရသည် ဟူလို။)

[ဧကစ္စသဿတဝါဒ စသော အယူတို့၌လည်း ဤ သဿတဝါဒ ကဲ့သို့ ဝေဒနာ၏ အကြောင်း ဖဿကို ပြတော်မူသည်။]

ဖဿအကြောင်း၏ အားကောင်းပုံ

▬▬▬▬▬▬

ဘိက္ခုတို့ .... ထို သမဏ ဗြာဟ္မဏတို့တွင် သဿတ အယူရှိကုန်သော အကြင် သမဏ ဗြာဟ္မဏ တို့သည် ၄ မျိုးသော အကြောင်းပြတို့ဖြင့် အတ္တကို၎င်း လောကကို၎င်း မြဲ၏ ဟု ပြောဆို ပညတ်ကြကုန်၏၊ ထို သမဏ ဗြာဟ္မဏတို့သည် စင်စစ်အားဖြင့် ဖဿကို ကြဉ်ထား၍ (ဖဿမဖြစ်လျှင်) ဝေဒနာဖြင့် ခံစားနိုင်ဘို့ရန် အကြောင်းမရှိချေ။

[ကမ္ဘာသိန်းပေါင်း များစွာက အာရုံတို့၌ ဓာတ်ခိုက်မှု ဖဿမဖြစ်လျှင် မည်သည့် နည်းနှင့်မျှ ဝေဒနာဖြစ်မည် မဟုတ်၊ ဝေဒနာ မဖြစ်လျှင်လည်း မိမိ အယူအဆကို မသာယာလှတော့သဖြင့် စွဲစွဲလမ်းလမ်း ယူဆခြင်းဟူသော သဿတ အယူဝါဒ ဖြစ်တော့မည် မဟုတ်၊ ဝေဒနာ ဖြစ်ဘို့ရန်မှာ ဖဿသည် အားကြီးသော အကြောင်းဖြစ် သည် - ဟူလို၊

[ဧကစ္စသဿတဝါဒ စသည်တို့၌လည်း ဤနည်းအတိုင်း ဖဿအကြောင်း၏ အားကောင်း ပုံကို ပြတော်မူသည်။]

အယူ အားလုံး ပေါင်း၍ အကြောင်းဆက် ပြပုံ

▬▬▬▬▬▬▬▬

ဘိက္ခုတို့ .... ထို သမဏ ဗြာဟ္မဏတို့တွင် သဿတ အယူရှိကုန်သော အကြင် သမဏ ဗြာဟ္မဏ တို့သည် ၄ မျိုးသော အကြောင်းပြတို့ဖြင့် အတ္တကို၎င်း လောကကို၎င်း မြဲ၏ ဟု ပြောဆို ပညတ်ကြကုန်၏၊ ဧကစ္စသဿတ, ဧကစ္စအသဿတ, အယူရှိကြကုန်သော အကြင် သမဏ ဗြာဟ္မဏ တို့သည်လည်း လေးပါးသော အကြောင်းပြတို့ဖြင့် အတ္တကို၎င်း လောကကို၎င်း အချို့ မြဲ၏, အချို့ မမြဲ ဟု ပြောဆို ပညတ်ကြကုန်၏။

(ဤနည်းအတိုင်း အားလုံးသော အယူဝါဒတို့ကို တပေါင်းလည်း ပြပြီးလျှင်) အားလုံးကုန် သော ထို သမဏ ဗြာဟ္မဏတို့သည် *၆-ပါးကုန်သော ဖဿာယတနတို့ဖြင့် ထိ၍ ထိ၍ ခံစားမှုဝေဒနာ ဖြစ်ကြကုန်၏၊ ထိုသမဏ ဗြာဟ္မဏတို့မှာ ဝေဒနာကြောင့် တဏှာဖြစ်၏။ တဏှာကြောင့် ဥပါဒါန် ဖြစ်၏၊ ဥပါဒါန်ကြောင့် ဘဝဖြစ်၏၊ ဘ၀ကြောင့် ဇာတိ ဖြစ်၏၊ ဇာတိကြောင့် ဇရာမရဏနှင့် သောကပရိဒေဝ ဒုက္ခဒေါမနဿ ဥပါယာသတို့ ဖြစ်ကုန်၏။

[၎င်းတို့၏ အဓိပ္ပါယ်ကို ပဋိစ္စသမုပ္ပါဒ်၌ သီးခြားရှုမှ နားလည်မည်။]

[* ဖဿ၏တည်ရာ ဒွါရ ၆-ပါးကို ( စက္ခာယတန စသည်ကို) ဖဿာယတန ဟု ခေါ်၏၊ မျက်စိဖြင့် မြင်သည့်အခါ စက္ခု ဖဿာယတနဖြင့် ဖဿသည် အာရုံကို ထိခိုက်၏၊ ထိုသို့ ထိခိုက်လိုက်မှ ဝေဒနာဖြင့် ထို အာရုံကို ခံစားသည်၊ သောတ ဖဿာယတန စသည် တို့၌လည်း နည်းတူ။]

တရားအားထုတ်သော ရဟန်း

▬▬▬▬▬▬▬▬▬▬

ဘိက္ခုတို့ .... အကြင်အခါ၌ ကမ္မဋ္ဌာန်း တရားအားထုတ်သော ရဟန်းသည် ခြောက်ပါး ကုန်သော ဖဿာယတန တို့၏ ဖြစ်ကြောင်း ဖြစ်ခြင်းကို၎င်း, ချုပ်ကြောင်း ချုပ်ခြင်းကို ၎င်း, သာယာအပ်သော အရသာကို၎င်း, အပြစ်ကို၎င်း, လွတ်မြောက်ခြင်းကို၎င်း, ဟုတ်မှန်စွာ သိ၏။

[အဓိပ္ပါယ်မှာ သဿတဝါဒ အဆုံး၌ ဝေဒနာကမ္မဋ္ဌာန်း၏ အဓိပ္ပါယ်နှင့် တူပြီ၊]

ထိုအခါ၌ ဤရဟန်းသည် ဤမိစ္ဆာဝါဒ အားလုံးတို့ထက် သာလွန်သော သီလ သမာဓိ ပညာကို (အရဟတ္တဖိုလ် တိုင်အောင်) သိနိုင်ပေသည်။

ဤဒေသနာပိုက်မှ လွတ်သော မိစ္ဆာ ဝါဒီမရှိ

▬▬▬▬▬▬▬▬

ဘိက္ခုတို့ .... ပုဗ္ဗန္တကပ္ပိက အပရန္တကပ္ပိက ပုဗ္ဗန္တာပရန္တကပ္ပိက သမဏ ဗြာဟ္မဏ အားလုံး တို့ကို ဤ ၆၂-ပါးသော အကြောင်းပြတို့ဖြင့် မိစ္ဆာဝါဒ ပိုက်တွင်း၌ သွင်းထားအပ် ကုန်ပြီ၊ သူတို့သည် ဤ ၆၂-ပါးသော မိစ္ဆာဝါဒ ပိုက်ကွန် အတွင်းမှာပင် (ငါးများ ငုပ်သကဲ့သို့) အပါယ်လေးပါး ရောက်သောအားဖြင့်လည်း ငုပ်ကြကုန်၏၊ (ငါးများ ပေါ်သကဲ့သို့) သမ္ပတ္တိ ဘဝသို့ တက်သောအားဖြင့်လည်း ပေါ်ကြကုန်၏၊

ဘိက္ခုတို့ ... ကျွမ်းကျင် နားလည်သော တံငါသည် (သို့မဟုတ်) တံငါသည်ကြီး၏ တပည့်သည် သေးငယ်သော အပေါက်ရှိသော ပိုက်ဖြင့် ရေနည်းသော ရေအိုင်ကို ပစ်လိုက်ရာ ထင်ရှားသော ရေသတွာအားလုံး ပိုက်တွင်းမှာ မိကြ၍, ငုပ်လျှင်လည်း ဤပိုက်တွင်းမှာ ငုပ်ကြရ, ပေါ်လျှင်လည်း ဤ ပိုက်တွင်းမှာ ပေါ်ကြရ သကဲ့သို့ ထို့ အတူ -

မိစ္ဆာဝါဒီ အားလုံးကို ဤ ၆၂-ပါးသော အကြောင်းပြတို့ဖြင့် ပစ်ဖုံးလိုက်ရာ, အားလုံးပင် ပိုက်ကွန်တွင်း၌ မိကြသဖြင့် ငုပ်လျှင်လည်း ဤ ၆၂-ပါး အတွင်းမှာပင် ငုပ်ကြရ, ပေါ် လျှင်လည်း ဤ ၆၂-ပါး အတွင်းမှာပင် ပေါ်ကြရပေသည်။

[ဤစကားဖြင့် ထိုထို သုတ္တန်၌ လာသော မိစ္ဆာဝါဒ အားလုံးသည်လည်း တိုက်ရိုက်ဖြစ်စေ, သွယ်ဝိုက်၍ ဖြစ်စေ, ဤ ၆၂-ပါးသော ဝါဒတွင် ပါဝင်ကြ၏ - ဟု မိန့်တော်မူသည်။]

ဒေသနာ ပိုက်တွင်း၌ ကိုယ်တော်မြတ် မပါဝင်ပုံ

▬▬▬▬▬▬▬▬▬

ဘိက္ခုတို့ ... မြတ်စွာဘုရား၏ ခန္ဓာ ကိုယ်တော်သည် ထိုထိုဘဝသို့ ဆွဲဆောင်တတ်သော တဏှာကြိုး ပြတ်ပြီးဖြစ်လျက်(တဏှာကြိုး မရှိတော့ဘဲ) တည်တန့် နေတော်မူ၏၊ အကြင်မျှလောက် ကာလပတ်လုံး မြတ်စွာဘုရား၏ ခန္ဓာကိုယ်တော် တည်ရှိနေသေး၏၊ ထို တည်ရှိနေသမျှသာ (ပရိနိဗ္ဗာန် မစံခင်သာ) ထို မြတ်စွာဘုရားကို လူ နတ် ဗြဟ္မာ သတွာတို့ တွေ့နိုင် မြင်နိုင်ကြမည်၊ ခန္ဓာ ကိုယ်တော် ပျက်စီး၍ ဇီဝိတိန္ဒြေ (အသက်) ကုန်ခန်းသည့် နောက်၌ကား ထို မြတ်စွာဘုရားကို လူနတ် ဗြဟ္မာ သတွာတွေ တွေ့မြင်ကြရတော့မည်မဟုတ်၊

ဘိက္ခုတို့ ... သရက်သီး အခိုင်၏အညှာကို ဖြတ်လိုက်သည် ရှိသော် ထို အညှာနှင့် စပ်သော သရက်သီး ဟူသမျှ ပြတ်သော အညှာသို့ လိုက်ပါသွားကြ သကဲ့သို့, ဘိက္ခုတို့ ... ဤ အတူပင် မြတ်စွာဘုရား၏ ခန္ဓာကိုယ်တော် သည် တဏှာကြိုး ပြတ်တောက်လျက် (တဏှာတည်းဟူသော အညှာ မရှိတော့ဘဲ) တည်တန့်နေ၏၊ ခန္ဓာကိုယ်တော် တည်တန့် နေသေးသမျှသာ ထို မြတ်စွာဘုရားကို တွေ့ကြ, မြင်ကြရမည်၊ ခန္ဓာကိုယ်တော် ပျက်စီး၍ ကုန်ဆုံးသည့် နောက်၌ကား ထိုမြတ်စွာဘုရားကို တွေ့ကြ, မြင်ကြတော့မည် မဟုတ်၊ ဤသို့ ဟောတော်မှုသည်။

ဒေသနာတော်၏ နာမည်

▬▬▬▬▬▬▬▬▬

ဤသို့ ဗုဒ္ဓမြတ်စွာ ဟောတော်မူပြီးသော် အရှင် အာနန္ဒာသည် ဗုဒ္ဓ မြတ်စွာကို ဤ စကားကိုလျှောက်ပြီ၊ (လျှောက်ပုံကား) အံ့သြဘွယ်ကောင်းပါပေစွ, မြတ်စွာဘုရား၊ ရှေးက မဖြစ်ဘူးသော အထူးအဆန်း ပါဘဲ မြတ်စွာဘုရား၊ ဤတရား ဒေသနာတော်၏ နာမည်ကား အဘယ်နာမည် ဖြစ်ပါသနည်း ဘုရားဟု လျှောက်လေသည်၊

အာနန္ဒာ ... ဤ ဒေသနာတော်ဝယ် ဤဘဝစီးပွား နောက်ဘဝစီးပွားများကို ခွဲခြားဝေဘန် ထားသောကြောင့် ဤ ဒေသနာကို “ အတ္ထဇာလ = စီးပွါးများစွာ ကွန်ရှက်ဇာ ရှိသော ဒေသနာ” ဟုလည်း မှတ်ပေတော့၊

များစွာသော ပါဠိဓမ္မတို့ကို ဟောထားတော် မူသောကြောင့် “ ဓမ္မဇာလ = ပါဠိများစွာ ကွန်ရှက်ဇာ ရှိသော ဒေသနာ” ဟုလည်း မှတ်ပေတော့၊

မြတ်သော သဗ္ဗညုတဉာဏ်ကို ဝေဘန်ထားသောကြောင့် “ ဗြဟ္မဇာလ = သဗ္ဗညုတ ဉာဏ် မြတ်ပညာ ကွန်ရှက်ဇာ ရှိသော ဒေသနာ”ဟုလည်းမှတ်ပေတော့၊

၆၂-ပါး မိစ္ဆာဝါဒများကို ဝေဘန်သောကြောင့် “ဒိဋ္ဌိဇာလ = အယူ မိစ္ဆာ ပိုက်ကွန်ဇာ ရှိသော ဒေသနာ” ဟုလည်း မှတ်ပေတော့၊

ဤဒေသနာကို ကြားနာသူသည် မရ်ငါးပါးကို အောင်မြင်နိုင် လောက်သောကြောင့် “အနုတ္တရသင်္ဂါမ ဝိဇယ = အတုမရှိ စစ်ပွဲကို အောင်နိုင်ကြောင်း ဒေသနာ” ဟုလည်း မှတ်ပေရော့၊

ဤသို့ နာမည်ငါးမျိုး ပေးတော်မူသည်၊

ထိုတရားနာ ရဟန်းတို့သည် လွန်စွာ ဝမ်းမြောက်လျက် ဤတရားတော်ကို အားတက် သရော လက်ခံကြလေကုန်၏၊ ဤဒေသနာတော်ကို ဟောတော်မူတုန်းမှာပင် ဒိဋ္ဌိ တမျိုး တမျိုး ဟောတော်မူပြီး အဆုံး၌ မြေငလျင်လည်း လှုပ်လေသည်။

ဗြဟ္မဇာလ သုတ်တော် မြန်မာပြန် ပြီး၏။

…..

၆၂ ပါး မိစ္ဆာအယူများ၏ မြန်မာပြန် နိဂုံး

▬▬▬▬▬▬

သဿတဒိဋ္ဌိ ၄ .... အတ္တသည် မြဲ၏ဟု ယူသည်။
ဧကစ္စသဿတဒိဋ္ဌိ ၄ ... ဗြဟ္မာမင်း (ထာဝရ ဘုရား) ဟူသော တချို့ အတ္တသည် မြဲ၏ လက်အောက်ခံ အတ္တတို့ကား မမြဲဟု ယူသည်။
အန္တာနန္တဒိဋ္ဌိ ၄ … အတ္တကို အဆုံးအပိုင်းအခြား ရှိ-မရှိနှင့် စပ်၍ အယူအဆလေးမျိုး ကွဲပြားသည်။
အမရာဝိက္ခပဒိဋ္ဌိ ၄ … ပြဿနာ အမေးခံရလျှင် မပြီးမပြတ် နိုင်အောင် စကားဖြင့် ရှောင်လွှဲ ဖယ်ရှားသည်။
အဓိစ္စသမုပ္ပန္နဒိဌိ ၂ ... အတ္တ ဖြစ်ဘို့ရန် အကြောင်း မရှိ၊ ဖြစ်ချင်သလို-ဖြစ်လာ၏ ဟု ယူသည်၊

၁၈ ပါးကား ရှေ့ပိုင်း အကြောင်းအရာစုကို ကြံစည်သော ပုဗ္ဗန္တကပ္ပဒိဋ္ဌိ များတည်း။

ဥဒ္ဓမာဃာတနသညီဒိဋ္ဌိ ၁၆ … သေပြီးနောက် သညာရှိ၏ဟု ယူသည်။
ဥဒ္ဓမာဃာတနအသညီဒိဋ္ဌိ ၈ ... သေပြီးနောက်၌ သညာမရှိ ဟု ယူသည်။
ဥဒ္ဓမာဃာတန နေ၀သညီနာသညီဒိဋ္ဌိ ၈ ... သေပြီးနောက် သညာရှိ-မရှိ ၂ မျိုးလုံးယူသည်။
ဥစ္ဆေဒဒိဋ္ဌိ ၇ … သတွာ (အတ္တ) သည် သေလျှင် ပြီး၏ ပြတ်၏ ဟု ယူဆသည်။
ဒိဋ္ဌဓမ္မနိဗ္ဗာနဒိဋ္ဌိ ၅ .... အတ္တသည် လောကီ နိဗ္ဗာန် လက်တွေ့ ခံစားရ၏-ဟု ယူသည်၊

၄၄ ပါး ဒိဋ္ဌိများကား နောင်ရေး နောင်တာကို ကြံဆသော အပရန္တကပ္ပဒိဋ္ဌိ များတည်း၊

ရှေ့ရေး နောက်ရေး ၂-မျိုးလုံးကို တွေးတော ကြံစည်သော ပုဗ္ဗန္တာ ပရန္တကပ္ပဒိဋ္ဌိ များလည်း ဤပြခဲ့သော ၆၂-ပါးတွင် ပါဝင်လေ၏။

မိစ္ဆာအယူများ ဖြစ်ပေါ်ရာ လောကမှ လွတ်မြောက်သော ဗုဒ္ဓ၏ ဉာဏ်တော်

▬▬▬▬▬▬▬

မိစ္ဆာဝါဒ ရှိသူတို့သည် ဆိုင်ရာ အကြောင်းအရာစုကို စဉ်းစား ကြံစည်သည့် အခါ ထို အကြောင်း အရာသည် စိတ်ထည်းမှာ ထင်မြင်လာသော အားဖြင့် ဖဿဖြစ်၏၊ ထို ထိတွေ့လာသော အာရုံကို တဏှာအဖေါ်ပါသော ဝေဒနာဖြင့် ဟုတ်လှပြီ မှန်လှပြီ ဟု ၀မ်းမြောက် ဝမ်းသာ ခံစား၍ ထိုအယူကိုပင် စွဲစွဲမြဲမြဲ ယူဆသော ဥပါဒါန်ဖြစ်၏၊ ဤ နည်းအားဖြင့် သူတို့ သဘောကျကို သူတပါးအား ပြောပြကာ ထို အယူဝါဒကို အများ သိအောင် ပညတ်ကြလေ၏၊

ဗုဒ္ဓရှင်တော်ကား ထို အားလုံးသော အယူ၏ မှားယွင်း နေကြောင်းကို ဉာဏ်ဖြင့် သိတော်မူ၍ တဏှာဖြင့် သာယာတော် မမူ၊ တဏှာသည် ဥပါဒါန် (အစွဲအလမ်း) အဖြစ် ရောက်မှ နောက်ဘဝ အသစ် ခန္ဓာဖြစ်အောင် ဆွဲဆောင်နိုင်၏၊ ဗုဒ္ဓမြတ်စွာမှာ တဏှာ တည်းဟူသောအညှာကို ဖြတ်တောက်တော် မူပြီး၍ ဥပါဒါန်နှင့်တကွ ခန္ဓာတော် အသစ် မဖြစ်တော့ရကား ဒိဋ္ဌိ အမျိုးမျိုးတို့၏ ဖြစ်ပေါ်ရာ ဤကမ္ဘာလောကမှ လွတ်မြောက်တော် မူလေပြီ။

အို လူအများတို့ ... ဤ ကမ္ဘာလောက သံသရာဝယ် လူဖြစ်ချည်, နတ်ဖြစ်ချည်, တိရစ္ဆာန် ပြိတ္တာ ဖြစ်ချည်, ငရဲကောင် ဖြစ်ချည်နှင့် ကျင်လည်ရခြင်း၏ အကြောင်းရင်းကား နှစ်သက် တွယ်တာမှု တဏှာပင် ဖြစ်တော့၏

ယခုလက်ရှိ တွေ့မြင်ကြားသိနေရသော ဒုက္ခတွေသည်ပင် တဏှာ အရင်းခံလျက် ရှိ၏၊ စဉ်းစားကြည့် ကြပါလေ၊ လူ့ဘဝ၏ အောက်တန်းဖြစ်သော တိရစ္ဆာန်ဘဝ၌ ခွေးသန္တာန် တဏှာကြောင့် မစင်ကိုလည်း စားနိုင်, အမဲရိုး အခြောက်ကိုလည်း ကိုက်နိုင်၏, လင်းတတို့၏ တဏှာကြောင့် ခွေးသေပုပ်ကိုပင် မြိန်မြိန်ရှက်ရှက် မက်မောနိုင်၏၊ ပိုးလောက်တို့ကား မစင်တွင်းမှာ လွန်မင်းစွာ ပျော်နိုင်ကြ၏။

လူ့ဘဝ လူသားတို့၏ တဏှာကြောင့် မက်မောနေကြရသော လူ့ကာမဂုဏ် လူ့အာရုံ တွေကို အထက်နတ်တို့ အမြင်နှင့် ကြည့်ရလျှင် ခွေးနှင့် မစင်လို ဖြစ်ပေလိမ့်မည်၊ လူတို့၏ ကိုယ်နံ့ သည် နတ်တို့မှာ တယူဇနာလောက်က မသတီစရာ ဖြစ်ပါသတဲ့။

တဘန် -- နတ်တို့ တဏှာနှင့် နတ် ကာမဂုဏ်တွေကို အထက်ဗြဟ္မာ၏ အမြင်ဖြင့် ကြည့်ပြန်လျှင် ခွေးနှင့်မစင် အလား ထူးခြားလိမ့်မည် မထင်ပေ၊ အထက် ဗြဟ္မာတို့ နေကြ ထိုင်ကြပုံမှာ - မေတ္တာပွားသူက ပွား, ကရုဏာပွားသူက ပွား , မုဒိတာပွားသူက ပွား, ဥပေက္ခာ ထားသူက ထားနှင့် ကိလေသာ ကာမ တဏှာတို့ လွန်စွာ သန့်ရှင်းကြ လေသည်၊

ကာမဂုဏ် ကြိုက်နေသော လူ သတွာများသည် ကာမဂုဏ် အပြစ်ကို မမြင်နိုင် သလောက်, ဗြဟ္မာမင်း တို့ကလည်း ကာမဂုဏ် အပြစ်ကို မြင်ကြပေသည်။ ဗြဟ္မာမင်းတို့ နေပုံကား တရားပြည့်ဝ နေသော ရဟန်းတော် အရှင်မြတ်ကြီး၏ ပုံနှင့် တူကောင်း တူကြပေလိမ့်မည်။

တဘန် -- စဉ်းစားဘွယ် ရှိပြန်သည်ကား ... ဗြဟ္မစိုရ် တရားလေးပါး ပြည့်ဝစွာ ဗြဟ္မာ့ ပြည်မှာ ကာမဂုဏ် ကင်းရှင်းစွာ နေရစေကာမူ ပုထုဇဉ် အနေမျှဖြင့် နေသော ထို ဗြဟ္မာမင်းသည် တနေ့လျှင် ထိုဘဝမှစုတေကာ လူ့ပြည် တိရစ္ဆာန် ပြိတ္တာပြည်သို့ ပြန်လည် ရဥုးမည် ဖြစ်ရကား စင်စစ် အားကိုးလောက်သော ဘဝ မဟုတ်ချေ

ထို့ပြင် - မိစ္ဆာအယူကို စထွင်၍ယူသူ အများတွင် ဗြဟ္မာ့ ပြည်တော်ပြန်တွေ အများအပြား ပါဝင်နေရကား သူတို့သည်ပင် ကမ္ဘာလောက၌ သံဆူးတွေ ဖြန့်ထားသကဲ့သို့ မိစ္ဆာဝါဒ တွေကို အနှံ့အပြား ဖြန့်ထားခဲ့ကြ၏။

ထို့ကြောင့် ဗုဒ္ဓမြတ်စွာသည် (မစင်ဟူသမျှ ဝက်သား ကြက်သား မစင်ဖြစ်စေကာမူ မချီးမွမ်းနိုင် သကဲ့သို့) ဘဝ ဟူသမျှကိုလည်း ဗြဟ္မာဘဝ ဖြစ်စေကာမူ ချီးမွမ်းတော် မမူဘဲ ဘဝအားလုံး ကုန်ဆုံးမှုကိုသာ ချီးမွမ်းတော်မူကာ ကိုယ်တော်မြတ် အတွက်မှာမူ အရင်းခံ တဏှာပြတ်ပြီး ဖြစ်၍ ဘဝအားလုံး ကုန်ဆုံးပြီး ဖြစ်ကြောင်းကို မိန့်တော် မူပါပေသည်။

ဘဝေဝါဟံ ဘယံ ဒိသွာ၊
ဘဝဉ္စ ဝိဘဝေသိနံ။
ဘဝံ နာဘိဝဒိံ ကိဉ္စိ၊
နန္ဒိံ စ န ဥပါဒိယိံ။

အဟံ - သင်လိုထပ်တူ နတ်လူဗြဟ္မာ သတွာတို့၏ ဆရာစင်စစ် ဖြစ်တော်မူသော ငါဘုရား သည်၊
ဘဝေ - ဖြစ်လျှင် ပျက်မြဲ မလွဲတံထွာ သံသရာမှောင်တွင်း ထောင်အကျဉ်း၌၊
ဘယံ - အိုနာ သေရေး ဒုက္ခဘေးမှ စ၍ “ရန်စွယ်, အန္တရာယ်ဟု, ဘေးအစုကို၊
ဒိသွာဧဝ - ကောင်းစွာပိုင်နင်း သိမြင်တော် မူခြင်းကြောင့် သာလျှင်၊
ဘဝဉ္စ - ကာမ ရူပ အရူပ ဟု လောကသုံးဘုံ အလုံးစုံကို၎င်း၊
သန္တဝေသိနံ - ဘဝကင်းရာ ရှာကြံပါလည်း သုံးဖြာဘဝ အခြေလည် ရသည့် များလှ သောင်းသောင်း သတွာ ကြောင်းရင်းကို၎င်း၊
ဒိသွာ - ဆုံးစကုန်စင် သိမြင်တော်မူသည် ဖြစ်၍၊
ကိဉ္စိဘဝံ - လူ့ဘုံ နတ်ဘုံ ဗြဟ္မာဘုံ ဟု သုံးဘုံ ဌာန တစုံတခုသော ဘဝကို၊
နာဘိဝဒိံ - စုံစုံ မက်မက် နှစ်သက် ခင်မင် လိုချင် တောင့်တတော် မမူပေ၊
နန္ဒိံ စ - လူ့ဘုံ နတ်ဘုံ ဗြဟ္မာဘုံဝယ် စုံစုံ မက်မက် နှစ်သက် တွယ်တာ ဘဝတဏှာ ကိုလည်း၊
န ဥပါဒိယိံ - စွဲလမ်း လွတ်ကင်း အမြစ်ရင်းက အပျင်းပြတ်စေ ဖြတ်တောက်တော်မူခဲ့ ပေသတည်း။

[မူလပဏ္ဏာသ, ဗြဟ္မနိမန္တနသုတ်။]

အချုပ်မှာ

▬▬▬▬▬

ဘဝများစွာ၌ တွေ့ရသော ဒုက္ခဟူသမျှသည် တဏှာ တည်းဟူသော အညှာသာ အရင်းခံဖြစ်ရကား တဏှာ မဖြတ်နိုင်သမျှ ဒုက္ခ မပြတ်နိုင်ရကား လက်ရှိ တဏှာကိုသာ အကြွင်းမဲ့ ပြတ်အောင် ဖြတ်ဘို့ အရေးကြီးလှ ပေသည်၊

ထို တဏှာ ဖြတ်ကြောင်း တရားကောင်းများလည်း သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ စသည်ဖြင့် မဂ္ဂင်ရှစ်ပါး အပြည့်အစုံ ညွှန်ပြထားတော်မူ၏၊ ထို မဂ္ဂင်ရှစ်ပါး၏ ရှင်းလင်း ပြတ်သားစွာ မိမိစိတ်အစဉ်မှာ တည်ရှိလာခြင်းသည်ပင် သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာ ဖြစ်ခြင်း မည်၏။

ထိုရဟန္တာအဖြစ် ရောက်သည့်အခါ ထိုတဏှာသည် လုံးဝ ပြတ်တောက်သွားပြီ ဖြစ်၍ ယခုအခါ အမျိုးမျိုး တွေးဆနေကြရသော နိဗ္ဗာန်ဆိုသော တရား ကို မိမိဉာဏ်ဖြင့်ပင် အထင်အရှား တွေ့မြင်ကြရပါလိမ့်မည်

အို သူတော်ကောင်းတို့ ... ဒုက္ခသစ္စာ၏ ဖြစ်ကြောင်းသည် သမုသယစ္စာခေါ် တဏှာ လောဘ ဖြစ်သကဲ့သို့ ဒုက္ခအားလုံး ကုန်ဆုံး ဧငြိမ်းရာ နိရောဓသစ္စာခေါ် နိဗ္ဗာနဓာတ် ထင်ပေါ်လာကြောင်းသည် မဂ္ဂသစ္စာ သညာခေါ်တွင် မဂ္ဂင်ရှစ်ပါးပင် ဖြစ်ရကား ထိုမဂ္ဂင် ရှစ်ပါးကို မိမိစိတ် အစဉ်မှာ အနုအရင့် အဆင့်ဆင့် တိုးပွားလာအောင် သတိတရား အမြဲထား၍ ကြိုးစားကြပါလော့။

အရှင် ဇနကာဘိဝံသ
၁၉-၁၀-၃၁၁။