မာတိကာသို့ ခုန်သွားရန်

ဗြဟ္မဝိဟာရတရားတော်

ဝီကီရင်းမြစ် မှ
6123ဗြဟ္မဝိဟာရတရားတော် — မဟာစည်ဆရာတော်

ဗြဟ္မဝိဟာရတရားတော်

▬▬ஜ۩۞۩ஜ▬▬
မဟာစည်ဆရာတော်

မာတိကာ

▬▬▬▬

ပဌမပိုင်း
တရားပလ္လင်ခံ
မေတ္တာစသည်၏အနက်ကို စီစစ်ပြချက်
ရှေးဦးစွာ အသင့်ပြင်ပုံ ပရိကမ်
တင်ပျဉ်ခွေထိုင်ပုံ
ဣရိယာပုထ် ၄ - ပါးလုံး အားထုတ်နိုင်ကြောင်း
အကျိုးအပြစ်ဆင်ခြင်ရမယ်
ဒေါသ၏ အပြစ်
သည်းခံခြင်းအကျိုး
မေတ္တာပွားပုံ
၅၂၈ - သွယ် မေတ္တာပွားပုံ
အရှင်သုဘူတိ၏ မေတ္တာပွားပုံ
ဓနဉ္ဇာနိနှင့် မေတ္တာဈာန်
မေတ္တာ၏အကျိုး ၁၁ - ပါး
ဝိသာခမထေရ်ဝတ္ထု
ဥတ္တရာဝတ္ထု
မေတ္တာနှင့် ဝိပဿနာတွဲ၍ ပွားနေပုံ
နိဂုံးချုပ် တရားသိမ်း ပတ္ထနာ

ဒုတိယပိုင်း
တရားအနုသန္ဓေ
ချမ်းသာစွာ ထိုင်ပုံ
မေတ္တာစ၍ မပွားသင့်တဲ့ ပုဂ္ဂိုလ်များ
မေတ္တာလုံးလုံး မပွားသင့်တဲ့ပုဂ္ဂိုလ်များ
ရှေးဦးစွာ စ၍ မေတ္တာပွားသင့်တဲ့ပုဂ္ဂိုလ်
အချစ်ဆုံးပုဂ္ဂိုလ်ပြသည့်ဂါထာ
ဈာန်ရပုံ
အမျက်ဒေါသ ပြေငြိမ်းအောင် ဆင်ခြင်ပုံများ
ဂါထာ ၁၀ - ပုဒ်အရ ဆင်ခြင်ပုံ
ကံသာ ကိုယ်ပိုင်ဥစ္စာရှိကြောင်း ဆင်ခြင်၍ ငြိမ်းစေပုံ
ဘုရားအလောင်းအကျင့်ဂုဏ်ဆင်ခြင်၍ ငြိမ်းစေပုံ
ခန္တီဝါဒီ ရသေ့ကြီး သည်းခံပုံ
ဓမ္မပါလသူငယ်ဝတ္ထု
ဆင်, မျောက်, နဂါးတို့၏ သည်းခံပုံ
အရှင်ပုဏ္ဏ၏ နှလုံးသွင်း သည်းခံပုံ
ဓာတ်ခွဲဆင်ခြင်၍ ဒေါသငြိမ်းစေပုံ
အပေးအယူဖြင့် ငြိမ်းစေပုံ န္တ
အဒန္တဒမနံ - ဂါထာ
သီမာသမ္ဘေဒဖြစ်ပုံ
မေတ္တာဈာန်သို့ရောက်ပုံ
နိဂုံးချုပ် တရားသိမ်း ပတ္ထနာ

တတိယပိုင်း
တရားအနုသန္ဓေ
အလှူဒါနကိုလဲ အကျိုးကြီးစေတယ်
မေတ္တသုတ်၏ အချီးဂါထာ
ရဟန်းငါးရာအား နတ်တွေက ခြောက်သည်
နတ်တွေ မခြောက်နိုင်အောင် မေတ္တသုတ်ဟောတော်မူသည်
ရွတ်ရုံမျှဖြင့် မပြည့်စုံ၊ အားထုတ်ဖို့လဲလိုသည်
မေတ္တသုတ် ပရိတ်တော်
(၁) ကျင့်ရန်စွမ်းနိုင်ရမယ်
(၂ - ၃) ဖြောင့်မတ်ရမယ်
(၄) ဆိုဆုံးမလွယ်ရမယ်
(၅) နူးညံ့ရမယ်
(၆) မာန်မထောင်လွှားရ
(၇) ရောင့်ရဲလွယ်ရမယ်
(၈) မွေးမြူပြုစုလွယ်ရမယ်
(၉) ကိစ္စနည်းရမယ်
(၁၀) နေထိုင်သွားလာ - ပေါ့ပါးရမယ်
သပိတ်နှင့် ရေစစ်လဲပါသင့်ကြောင်း
ကိုယ်တိုင်ပေါ့ပါးခဲ့ပုံ
(၁၁) ဣန္ဒြေငြိမ်သက်ရမယ်
(၁၂) ဆင်ခြင်ဉာဏ်ရင့်ကျက်ရမယ်
သပ္ပါယ(၇)ပါး
သာတ္ထကသမ္ပဇဉ်
သပ္ပါယသမ္ပဇဉ်
(၁၃) ကြမ်းတမ်းရိုင်းပျခြင်းကင်းရမယ်
(၁၄) ဒကာ - ဒကာမတို့၌ တွယ်တာမှုကင်းရမယ်
(၁၅) အခြေခံ နောက်ဆုံးကျင့်ဝတ်
သာမန်မေတ္တာပွားပုံ
၂ - ပိုင်း ၃ပိုင်းခွဲ၍ မေတ္တာပွားပုံ
၂ - ပိုင်းခွဲ၍ မေတ္တာပွားပုံ
၃ - ပိုင်းခွဲ၍ မေတ္တာပွားပုံ
တစ်ဖန် ၂ - ပိုင်းခွဲခြား၍ မေတ္တာပွားပုံ ၃ - နည်း
အကျိုးမဲ့ဆင်းရဲများကင်းစေရန် မေတ္တာပွားပုံများ
ဘာသာရေးဆိုင်ရာ လှည့်စားမှုတွေ
မေတ္တာအစစ်ပွားပုံ ဥပမာ
အတိုင်းမသိ ကျယ်ပြန့်စွာ ပွားပုံ
ဥဒ္ဓံ ယာဝ ဘဝဂ္ဂါစ - ဂါထာ
မေတ္တာပွားရမည့် အနေအထိုင်နှင့် အချိန်ကာလ
ဝိဟာရ - နေခြင်း ၄မျိုး
အပ္ပမညာနှင့် ဗြဟ္မစိုရ်
ဒိဋ္ဌိပယ်၍ ဂဗ္ဘသေယျကင်းအောင် ကျင့်ရန်
အတ္တဒိဋ္ဌိပယ်နိုင်အောင် အားထုတ်ပုံ
ဂဗ္ဘသေယျကင်းအောင် ကျင့်ပုံ
နိဂုံးချုပ် တရားသိမ်း ပတ္ထနာ

စတုတ္ထပိုင်း
တရားအနုသန္ဓေ
ဒုတိယ မေတ္တသုတ်
ရောဇမလ္လဝတ္ထု
ဦးဘထူး၏မေတ္တာ
မြားမမှန်တဲ့ သာမာဝတီဝတ္ထု
သီဟဗာဟု ဝတ္ထု
သုဝဏ္ဏသာမဝတ္ထု
ဒုတိယ မေတ္တသုတ်ဝိပဿနာရှုပုံစသည်
အနိစ္စ, အနိစ္စလက္ခဏာ, အနိစ္စာနုပဿနာ
ဒုက္ခ, ဒုက္ခလက္ခဏာ, ဒုက္ခာနုပဿနာ
အနတ္တ, အနတ္တလက္ခဏာ, အနတ္တာနုပဿနာ
ဒုတိယ မေတ္တသုတ်အဆက်
ပဌမ မေတ္တသုတ် (အံ - ပ၊ ၄၄၃)
မေတ္တာပွားရင်း ဝိပဿနာရှုရန်
နိဂုံးချုပ် တရားသိမ်း ပတ္ထနာ

ပဉ္စမပိုင်း
တရားအနုသန္ဓေ
ကရုဏာဆိုတာ ဘာလဲ
ဘုရားအလောင်းတော်၏ ကရုဏာ
မြတ်စွာဘုရား၏ မဟာကရုဏာတော်
ကရုဏာ စပြီးပွားသင့်တဲ့ပုဂ္ဂိုလ်
သဗ္ဗေ သတ္တာ ဒုက္ခာ မုစ္စန္တု - အရ ကရုဏာပွားပုံ
ကရုဏာ ၁၃၂ - ပါးပွားပုံ
မဟာကရုဏာ သမာပတ္တိဉာဏ်တော်ဖြစ်ပုံ
မပြတ်ကြောင့်ကြစိုက်နေကြရတာလဲ သနားစရာပဲ
အို - နာ - သေသို့ ဆောင်ပို့ခံနေကြရတာလဲသနားစရာပဲ
ရှင်သာမဏေဘဝက ဖြစ်ခဲ့တဲ့ ကရုဏာ
တကယ် အားကိုးစရာ မရှိကြတာလဲ သနားစရာပဲ
ဗုဒ္ဓဘုရားကလဲ ဟောရုံသာ စွမ်းနိုင်တယ်
အားလုံး စွန့်သွားကြရတာလဲ သနားစရာပဲ
သီရိဓမ္မာသောကမင်းကြီး ဝတ္ထု
တဏှာ၏ ကျွန်ခံနေကြရတာလဲ သနားစရာပဲ
နိဂုံးချုပ် တရားသိမ်း ပတ္ထနာ

ဆဋ္ဌမပိုင်း
တရားအနုသန္ဓေ
သတ္တဝါတွေ မြားစူးနေတယ်
တရားရှုမှတ်၍ မြားငြောင့်ကင်းပုံ
တဏှာပိုက်ထဲ မိနေတယ်၊ တဏှာရေကြော မျောနေတယ်
ဒိဋ္ဌိပိုက်ထဲ မိနေတယ်၊ ဒိဋ္ဌိရေကြော မျောနေတယ်
မီးလောင်ခံနေကြရသည်
မုဒိတာ ပွားစေပုံ
နိဂုံးချုပ်တရားသိမ်းပတ္ထနာ

သတ္တမပိုင်း
တရားအနုသန္ဓေ
ဥပေက္ခာဆိုတာ ဘာလဲ
သူများအကျိုး လျစ်လျူရှုတာ မကောင်းတဲ့ သဘော မဟုတ်လား
အပြစ်နှင့်အကျိုးဆင်ခြင်ပုံ
ဥပေက္ခာ၏နီးသောအကြောင်း
စူဠကမ္မဝိဘင်္ဂသုတ်
သုဘလုလင်၏ မေးလျှောက်ချက်များ
မြတ်စွာဘုရားရှင်၏ အဖြေတော်
အသက်တိုခြင်း, အသက်ရှည်ခြင်း၏ အကြောင်းကံ
အနာများခြင်း, ကျန်းမာခြင်း၏ အကြောင်းကံ
ပူတိဂတ္တတိဿမထေရ်ဝတ္ထု
အရုပ်ဆိုးခြင်း, အဆင်းလှခြင်း၏ အကြောင်းကံ
အခြွေအရံနည်းခြင်း, များခြင်း၏ အကြောင်းကံ
ဆင်းရဲနွမ်းပါးခြင်း, ပေါများကြွယ်ဝခြင်း၏ အကြောင်းကံ
အာနန္ဒသေဋ္ေးကြီးဝတ္ထု
အမျိုးယုတ်, အမျိုးမြတ်ဖြစ်ခြင်းတို့၏ အကြောင်းကံ
ဥပေက္ခာ ၁၃၂ - ပါး ပွားပုံ
အသိဉာဏ် နည်းခြင်းနှင့် ကြီးခြင်း၏ အကြောင်းကံ
မမှီဝဲသင့် - မပြုသင့်တဲ့အကုသိုလ်
မှီဝဲသင့် - ပြုသင့်တဲ့ကုသိုလ်
ဝိပဿနာကုသိုလ်ဖြစ်အောင် အားထုတ်ပုံ
မြင်ဆဲ၌ ရှုမှတ်ပုံ, သိမြင်ပုံ
ကြားဆဲ၌ ရှုမှတ်ပုံ, သိမြင်ပုံ
နံဆဲ၌ ရှုမှတ်ပုံ, သိမြင်ပုံ
စားဆဲ၌ ရှုမှတ်ပုံ, သိမြင်ပုံ
ထိသိဆဲ၌ ရှုမှတ်ပုံ, သိမြင်ပုံ
ကြံသိဆဲ၌ ရှုမှတ်ပုံ, သိမြင်ပုံ
မှီဝဲသင့် - ပြုသင့်တဲ့ကုသိုလ်အဆက်
ယခုမျက်မှောက်ကံအရ ဖော်ပြချက်
ကံနှင့် ကံ၏အကျိုး ဝေဖန်ချက် နိဂုံးချုပ်
နိဂုံးချုပ် တရားသိမ်း ပတ္ထနာ

.....

ဗြဟ္မဝိဟာရတရားတော်

▬▬▬▬▬▬▬▬▬

ပထမပိုင်း

၁၃၂၇-ခုနှစ် ဝါဆိုလပြည့်နေ့ ဟောသည်။

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

တရားပလ္လင်ခံ

▬▬▬▬▬

ဒီကနေ့ ၁၃၂၇-ခုနှစ် ဝါဆိုလပြည့်နေ့ ဖြစ်တယ်၊ ဒီကနေ့ကစပြီး ဗြဟ္မဝိဟာရ တရားတော်ကို ဟောရမယ်၊ ဗြဟ္မဝိဟာရဆိုတဲ့ ပုဒ်ထဲမှာ ဗြဟ္မ ဆိုတာက မြတ်တယ်လို့ အနက်ရှိတယ်၊ အဲဒီဗြဟ္မဆိုတဲ့ ပုဒ်ကို ပါဠိအသံထွက် အချိုးကျကျ ရွတ်ရင် ဗ်ရ(ဟ်)မ - လို့ ရွတ်ရတယ်၊ ဒါပေမယ့် မြန်မာ အသံထွက်ကတော့ လျှာလိပ် ရ် - သ် ဟ် - သံများ မပါဘဲ ဗျမလို့သာ ရွတ်ဆိုလေ့ရှိကြပါတယ်၊

မြန်မာပြည်မှာလဲ ရခိုင်တိုင်းက လူတွေရဲ့ အသံထွက်ကတော့ အဲဒီရကောက်သံပါ ရွတ်ဆိုကြတာပါပဲ၊ ဗ်ရ(ဟ်)မ - လို့ ရွတ်ဆိုတဲ့ ပါဠိအသံထွက်ဟာ သဘာဝကျတဲ့ အသံထွက်ပါပဲ၊ ဒါပေမယ့် မြန်မာလူထုထဲမှာ အဲဒီလို ပြင်ရွတ်ရင် အများအားဖြင့် နားလည်ကြမှာ မဟုတ်ဘူး၊ အဆန်းထွင်တယ်လို့ ထင်ချင် ထင်ကြအုံးမယ်၊

ဒါကြောင့် အများ ရွတ်ဆိုလေ့ရှိတဲ့ အတိုင်းပဲ ဘုန်းကြီးက (ဗျမ - လို့အသံထွက်) ရွတ်ဆိုပါတယ်၊ ဝိဟာရဆိုတဲ့ ပုဒ်ကတော့ နေခြင်းလို့ အနက်ရှိတယ်၊ ဒါကြောင့် ဗြဟ္မဝိဟာရဆိုတာ မြတ်သော နေခြင်းလို့ ဆိုလိုတာပါပဲ။

ဗြဟ္မဝိဟာရ ဆိုတာ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာလို့သရုပ်အားဖြင့် လေးပါး ရှိတယ်၊ အဲဒီလေးပါးကို ဗြဟ္မဝိဟာရတရားလေးပါးလို့ ခေါ်ဆိုရတယ်၊ မဟာဂေါဝိန္ဒ သုတ်မှာတော့ အဲဒီဗြဟ္မဝိဟာရလေးပါးကို ဗြဟ္မစရိယလို့ ဟောထားတယ်၊ ဒါကြောင့် အဲဒီ ဗြဟ္မဝိဟာရတရားကို ဗြဟ္မစိုရ်တရားလို့လဲ ခေါ်ဆိုလေ့ရှိပါတယ်၊ အဲဒီ ဗြဟ္မစရိယ ဆိုတာက မြတ်သောအကျင့်လို့ အဓိပ္ပါယ်ရှိတယ်၊

ဒါကြောင့် မြတ်သောနေခြင်းနှင့် မြတ်သောအကျင့် ဆိုတာဟာ ဒီနေရာမှာ သဘော အားဖြင့်တော့ အတူတူပါပဲ၊ ဒါကြောင့် ယနေ့ကစပြီး၊ ဟောမည့်တရားကို ဗြဟ္မစိုရ် တရားလို့လဲ ခေါ်ဆိုနိုင်ပါတယ်။ နောက်ပြီးတော့ ဒီ ဗြဟ္မဝိဟာရတရားကို အဘိဓမ္မာ ဒေသနာတော်မှာ အပ္ပမညာလို့လဲ ဟောထားပါသေးတယ်၊

အပ္ပမညာဆိုတဲ့ ဝေါဟာရကတော့ အပ္ပမာဏ - အတိုင်းအရှည်မရှိ ဆိုတဲ့ပုဒ်မှ ဖြစ်လာတယ်၊ မေတ္တာစသည်ကို ပွားစေတဲ့အခါမှာ အတိုင်းအရှည် အကန့်အသတ် မထားဘဲ သတ္တဝါအများကို အာရုံပြုပြီးတော့လဲ ပွားစေနိုင်တဲ့အတွက် အပ္ပမညာလို့ ခေါ်ရတာပါပဲ။

မေတ္တာစသည့် အနက်ကို စိစစ်ပြချက်

▬▬▬▬▬▬▬▬

အဲဒီဗြဟ္မဝိဟာရ တရားလေးပါးထဲမှာ မေတ္တာ ဆိုတာက ချစ်ခြင်းလို့ အနက်ရှိတယ်၊ ကရုဏာဆိုတာက သနားခြင်းလို့အနက် ရှိတယ်၊ မုဒိတာ ဆိုတာက ဝမ်းမြောက်ခြင်း လို့ အနက်ရှိတယ်၊ ဥပေက္ခာဆိုတာက လျစ်လျူရှုခြင်းလို့ အနက် ရှိတယ်၊ ဒါကြောင့် ဒီလေးပုဒ်ကို မြန်မာလို သက်သက် ပြန်မယ်ဆိုရင် ချစ်ခြင်း၊ သနားခြင်း၊ ဝမ်းမြောက်ခြင်း၊ လျစ်လျူရှုခြင်းလို့ ပြန်နိုင်ပါတယ်၊

ဒါပေမယ့် ဒီမြန်မာပြန်လေးခုထဲက သနားခြင်းဆိုတာ တစ်ခုပဲ တခြားဝေါဟာရနဲ့ မရောဘဲ ပြတ်သားသန့်ရှင်းတယ်၊ ချစ်ခြင်းဆိုတာက ရာဂဖြင့် တပ်မက်ခင်မင်တဲ့ ချစ်ခြင်းကလဲရှိနေတယ်၊ ဝမ်းမြောက်ခြင်း ဆိုတာကလဲ ကိုယ့်အလိုပြည့်လို့ ဝမ်းမြောက်ခြင်း, တရားနှင့် စပ်ပြီး ဝမ်းမြောက်ခြင်းဆိုတာတွေလဲ ရှိနေတယ်၊

လျစ်လျူရှုခြင်း ဆိုတာလဲ ဝမ်းမနည်း ဝမ်းမသာ အလယ် အလတ် ခံစားခြင်း စသည့်ဖြင့် များစွာရှိနေတယ်၊ ဒါကြောင့် မေတ္တာ မုဒိတာ ဥပေက္ခာ - ပုဒ်များကို ချစ်ခြင်း, ဝမ်းမြောက်ခြင်း, လျစ်လျူရှုခြင်း - လို့ မြန်မာသက်သက်ပြန်ဆိုပြီးပြောရင် တခြားအနက်များနဲ့လဲ သက်ဆိုင်သလို ဖြစ်နေတယ်၊ ဒါကြောင့် ပါဠိဝေါဟာရဖြင့် မေတ္တာဘာဝနာ၊ ကရုဏာ ဘာဝနာ၊ မုဒိတာ ဘာဝနာ၊ ဥပေက္ခာဘာဝနာလို့ ပြောမှ ပိုပြီး ရှင်းလင်း ထင်ရှားတယ်၊ အဲဒီထင်ရှားတဲ့အတိုင်း ပါဠိဝေါဟာရဖြင့် ပြောရမှာပဲ။

မေတ္တာ ဘာဝနာဆိုတာ သူတစ်ပါးအား ချမ်းသာစေလိုတဲ့စိတ်ကို ဖြစ်ပွားစေခြင်းပါပဲ၊ ဘာဝနာအနေနဲ့ မဟုတ်ပေမယ့် သူတစ်ပါးအား ချမ်းသာစေချင်ရင် အဲဒါဟာ မေတ္တာ ကုသိုလ်စိတ်ပါပဲ၊ ကရုဏာ ဘာဝနာ ဆိုတာက သူတစ်ပါးအား သနားတဲ့ စိတ်ကို ဖြစ်ပွားစေခြင်းပါပဲ၊ ဘာဝနာ အနေနှင့် မဟုတ်ပေမယ့် သူတစ်ပါးအား သနားရင် ဆင်းရဲမှ လွတ်စေချင်ရင် ကရုဏာကုသိုလ်စိတ်ပါပဲ၊

မုဒိတာ ဆိုတာက သူတစ်ပါး ကောင်းစား ချမ်းသာနေတာကို အားရဝမ်းသာ ဝမ်းမြောက်တဲ့ သဘောပါပဲ၊ သူတစ်ပါးအား ကောင်းစားမြဲ ကောင်းစား ချမ်းသာမြဲ ချမ်းသာစေချင်ရင် အဲဒါဟာ မုဒိတာပါပဲ၊ ဥပေက္ခာ ဆိုတာကတော့ သူတစ်ပါး ချမ်းသာရေး စသည်ကို ကြောင့်ကြမပြုမူ၍ ကံတရားအတိုင်းပဲလို့ လျစ်လျူရှုတဲ့ သဘောပါပဲ၊ အဲဒီ ဗြဟ္မဝိဟာရ လေးပါးထဲက မေတ္တာ ဗြဟ္မဝိဟာရပွားစေပုံကို စပြီး ပြောရမယ်။

ရှေးဦးစွာ အသင့်ပြင်ပုံ ပရိကမ်

▬▬▬▬▬▬▬▬▬▬

ဝိသုဒ္ဓိမဂ်မှာ ပထဝီကသိုဏ်းရှုပုံ မပြမီ ရှေးဦးစွာ ပြထားတဲ့ ပရိကမ်ကတော့ များစွာ ကျယ်ဝန်းပါတယ်၊ အဲဒီအထဲက လိုရင်း အကျဉ်းချုပ်ကို ထုတ်ပြောရရင်တော့ ... ရှေးဦးစွာ သီလ စင်ကြယ်စေရမယ်၊ ကျောင်းအတွက် ကြောင့်ကြစိုက်စရာ အစရှိတဲ့ ပလိဗောဓရှိရင် အဲဒီ ကြောင့်ကြစိုက်ဖွယ် ပလိဗောဓကို ပြီးပြတ်စေရမယ်၊ မိမိ အားထုတ်မည့် မေတ္တာကမ္မဋ္ဌာန်းကို ကျကျနန ညွှန်ပြနိုင်တဲ့ ကလျာဏမိတ္တ ကမ္မဋ္ဌာန်း ဆရာထံမှာ ပွားများ အားထုတ်ပုံ နည်းနိဿယကို ခံယူရမယ်၊ အဲဒီကတော့ ယခု ဘုန်းကြီးဟောပြောမည့် နည်းနိဿယပါပဲ၊

တရားအားထုတ်ရန် သင့်လျော်တဲ့ကျောင်းမှာနေရမယ်၊ ခေါင်းရိတ်ခြင်း၊ လက်သည်း ခြေသည်း လှီးဖြတ်ခြင်းစသော အသေးအဖွဲ့ ကြောင့်ကြစရာများကိုလဲ ပြီးပြတ် စေရမယ်တဲ့၊ အဲဒီကနောက် ဆွမ်းကိစ္စပြီးတဲ့အခါ ဆွမ်းဝလို့ လေးလံနေခြင်းကို ခေတ္တအနားယူပြီး ပြေငြိမ်းစေရမယ်၊ အဲဒီလို ပြေငြိမ်းစေပြီးတဲ့နောက်မှာ ဆိတ်ငြိမ်ရာတွင် နေရာခင်းပြီး ချမ်းသာစွာ ထိုင်ရမယ်တဲ့။

တင်ပျဉ်ခွေထိုင်ပုံ

▬▬▬▬▬▬

ချမ်းသာစွာ ထိုင်ဆိုတာ မလှုပ် မပြင်ဘဲ ကြာရှည်စွာ နေနိုင်အောင် ထိုင်ခြင်းကို ဆိုလိုတာပါပဲ၊ ပထမစပြီး ထိုင်ခါစမှာ ပါသာဒိကလဲ ဖြစ်အောင် အကောင်းဆုံး ကတော့ တင်ပျဉ်ခွေထိုင်ဖို့ပါပဲ၊ အဲဒီ တင်ပျဉ်ခွေ ထိုင်ပုံကလဲ သုံးမျိုးရှိတယ်၊

(၁) ဗုဒ္ဓရုပ်ပွားတော်များ ထိုင်ပုံကတစ်မျိုး၊ အဲဒါကတော့ မြန်မာများအနေနဲ့ လွယ်ပုံမရပါဘူး၊

(၂) ဘိက္ခုနီမတို့အား ပယ်မြစ်ထားတဲ့ တင်ပျဉ်ခွေ ထိုင်ပုံကတစ်မျိုး၊ အဲဒါကတော့ အများ ထိုင်လေ့ရှိတဲ့ တင်ပျဉ်ခွေ ထိုင်ပုံလို့ ဆိုရမှာပဲ၊ ခြေတစ်ခုပေါ်မှာတစ်ခု တင်လျက်ဖြစ်စေ၊ အဲဒီလိုမတင်ဘဲ ခြေသလုံးချင်း ယှဉ်လျက်ဖြစ်စေ ထိုင်ပုံပါပဲ၊ သွေးကြောများ မပိတ်မဆို့ရအောင် ခြေချင်း မတင်ဘဲ ထိုင်တာက အများအားဖြင့် အဆင်ပြေတတ်ပါတယ်၊

(၃) ဘိက္ခုနီမ များအား ခွင့်ပြုထား၍ အဍ္ဎပလ္လင်္ကခေါ် ထက်ဝက်တင်ပျဉ်ခွေထိုင်ပုံက တစ်မျိုး၊ အဲဒါကိုတော့ ယခု မြန်မာအမျိုးသမီးများ ရိုရိုသေသေ ထိုင်ပုံမျိုးလို့ပဲ ယူကြပါတယ်၊

အဲဒီသုံးမျိုးထဲက မိမိသဘောကျတဲ့အထိုင်မျိုးဖြင့် ထိုင်ဖို့ပါပဲ၊ အမျိုးသမီးများကလဲ ကြိုက်သလို ထိုင်နိုင်ပါတယ်၊ အဲဒီထိုင်ပုံကလဲ ပထမ အားထုတ်ခါစအတွက်ပါပဲ၊ နောက်ကာလကျတော့ အခြေအနေအရ ဒူးထောင်ပြီးတော့လဲ ထိုင်နိုင်ပါတယ်၊ ခြေဆန့်ပြီးတော့လဲ ထိုင်နိုင်ပါတယ်။

ဣရိယာပုထ် ၄ - ပါးလုံး အားထုတ်နိုင်ကြောင်း

▬▬▬▬▬▬▬▬

စင်္ကြံလျှောက်ရင်း ရပ်နေရင်းလဲ အားထုတ်နိုင်တယ်၊ လဲလျောင်းရင်းလဲ အားထုတ် နိုင်တယ်၊ အဲဒီလို အားထုတ်နိုင်ကြောင်းကို မေတ္တသုတ်မှာ (တိဋ္ဌံ စရံ နိသိန္နော ဝ၊ သယာနော ယာဝတာဿ ဝိတမိဒ္ဓေါ၊ ဧတံ သတိံ အဓိဋ္ဌေယျ) လို့ ဆိုထားတဲ့ စကားဖြင့် ထင်ရှားသိရပါတယ်၊ အဲဒီပါဠိရဲ့ အနက်ကတော့ -

တိဋ္ဌံ - ရပ်နေဆဲသော်လည်းကောင်း၊
စရံ - သွားနေဆဲသော်လည်းကောင်း၊
နိသိန္နောဝ - ထိုင်နေဆဲသော် လည်းကောင်း၊
သယာနော - လဲလျောင်းနေဆဲသော် လည်းကောင်း၊
ယာဝတာ - အကြင်မျှလောက် ကာလပတ်လုံး၊
ဝိတမိဒ္ဓေါ - ငိုက်မျဉ်းခြင်း ကင်းသည်၊
အဿ - ဖြစ်ရာ၏၊
တာဝတာ - ထိုမျှလောက် ကာလပတ်လုံး၊
ဧတံ သတိံ - မေတ္တာနှင့်ယှဉ်သော ဤသတိကို
အဓိဋ္ဌေယျ - ဆောက်တည်လျက် ပွားစေရာ၏တဲ့။

ဒီမေတ္တာ ဘာဝနာ အရာသာ မဟုတ်ပါဘူး၊ သတိပဋ္ဌာန် ဝိပဿနာ အရာမှာလဲ ဣရိယာပုထ် လေးပါးလုံးမှာပင် ရှုမှတ်အပ်ကြောင်းကို (ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ) စသည်ဖြင့် ထင်ရှားညွှန်ပြထားတာ ရှိနေတာပါပဲ။

ဒါကြောင့် ပထမစပြီး အားထုတ်ခါစမှာ တင်ပျဉ်ခွေပြီး ထိုင်ဖို့ ညွှန်ပြထားပေမယ့်လို့ နောင်ကာလများကျတော့ ဣရိယာပုထ် လေးပါးလုံးဖြင့် သင့်တော်သလိုနေပြီး မေတ္တာ ဘာဝနာကို ပွားစေနိုင်ပါတယ်၊

လိုရင်းကတော့ ညဉ့်သန်းခေါင်ယံ ၄ - နာရီ ခန့်လောက် သို့မဟုတ် ၆ - နာရီခန့် လောက်သာ အိပ်ချိန်ထားပြီး မပြတ်မစဲ ပွားများ အားထုတ်နိုင်ဖို့ကသာ လိုရင်း ဖြစ်ပါတယ်၊ ညဉ့် ၉ - နာရီ ၁၀ - နာရီခန့် အိမ်ချိန်ကျလို့ လဲလျောင်းနေပေမယ့် အိပ်မပျော်သေး မချင်း မပြတ်ပွားများဖို့ လိုပါတယ်။

အကျိုး အပြစ် ဆင်ခြင်ရမယ်

▬▬▬▬▬▬▬▬▬▬

တင်ပျဉ်ခွေ ထိုင်ပြီးတဲ့အခါ ဒေါသ၏ အပြစ်နှင့် သည်းခံခြင်း၏ အကျိုးအာနိသင်ကို ဆင်ခြင်ရမယ်တဲ့၊ အဲဒါကို စောစောကတည်းက ဆင်ခြင်ထားပြီး ဖြစ်ရင်လဲ ကိစ္စ ပြီးတာပါပဲ၊ ဆင်ခြင်ရင် အကျိုးရှိမှာမို့ ညွှန်ပြရတာပါပဲ၊ မဆင်ခြင်ရင်လဲ အလွန်တော့ အရေးကြီးလှမယ် မဟုတ်ပါဘူး၊ သဒ္ဓါဆန္ဒ ထက်သန်စွာနဲ့ အားထုတ် သွားရင် လိုအပ်တဲ့ အကျိုးရမှာပါပဲ၊

ဒါပေမယ့် ကိစ္စတစ်ခုလုပ်ရင် ပယ်ရမည့် အရာလဲရှိတယ်၊ ပြည့်စုံစေရမည့် အရာလည်းရှိတယ်၊ ပယ်ရမည့် အရာကို သူ့အပြစ် မြင်မှ ပယ်နိုင်မယ်၊ ဥပမာ အားဖြင့် ပြရရင် အိမ်ခန်း ကျောင်းခန်းထဲ အမှိုက်လှဲနေတဲ့သူမှာ စက္ကူစတို့ အဝတ်စတို့ တုတ်ချောင်းကလေးတို့ ဒီလိုအမှိုက်တွေကို တွေ့တဲ့အခါ အဲဒီအမှိုက်ဟာ ဘာမှအသုံး မကျဘူးလို့ အပြစ်ကို မြင်တော့မှ စွန့်ပစ်နိုင်တယ်၊ အပြစ်ကို မမြင်ရင်တော့ အဲဒီ အမှိုက်ကို မစွန့်ပစ်နိုင် ဟိုနား ဒီနား ထိုးထားမှာပဲ၊ အဲဒီလို အမှိုက်ကို လက်ခံ ထားတော့ အခန်းမှာမသန့်ရှင်းဘဲ ရှိနေမှာပေါ့၊

အဲဒါလိုပင် ဒေါသ၏ အပြစ်ကိုမမြင်ရင် ဒေါသကို မပယ်နိုင်ဘဲ လက်ခံထား တတ်တယ်၊ ဒီလိုဟာ ရှိနိုင်ပါသလားဆိုတော့ ရှိနိုင်ပါတယ်၊ ဘယ်လိုလဲ ဆိုတော့ - ယခုလူတွေမှာ မိမိအား ပြစ်မှားတယ်လို့ လူတစ်ဦး တစ်ယောက်ကို ဖြစ်စေ၊ အများကို ဖြစ်စေ စိတ်ဆိုးမပြေဘဲ ဖြစ်နေတာဟာ အဲဒီဒေါသကို မိတ်ဆွေအနေနဲ့ လက်ခံထားလို့ပါပဲ၊

အဲဒီလို ဒေါသဖြစ်နေတဲ့လူကို အခြားပုဂ္ဂိုလ်များက စိတ်မဆိုးဖို့ ပြေငြိမ်းဖို့ ဖျောင်းဖျပြီး ပြောကြရင် သူက မကြိုက်ဘဲရှိတတ်တယ်၊ ဒေါသဖြစ်နေရတာကိုပင် သူကအရသာ ရှိသလို ထင်နေတတ်တယ်၊ ဒေါသပြေငြိမ်းဖို့ ပြောဟောတဲ့ ပုဂ္ဂိုလ်တွေကိုတောင် သူက စိတ်ဆိုးတတ်သေးတယ်၊ သူ့အပေါ်မှာ ဆရာလုပ်ရမလားလို့ အပြစ်တင်တတ် သေးတယ်၊

အဲဒါဟာ အဆိပ်ပြင်းထန်တဲ့ မြွေပွေးကြီးကို ခါးပိုက်ထဲ ထည့်ထားသလိုပင် ဒေါသကို အပြစ်မမြင်လို့ လက်ခံထားတာပါပဲ၊ ဒါကြောင့် ဒေါသကို ပယ်နိုင်အောင် သူ့ အပြစ်ကို ဆင်ခြင်ရမယ်တဲ့၊

ဘယ်လို ဆင်ခြင်ရမလဲဆိုတော့ - ကျမ်းဂန်အရ ဆင်ခြင်ပုံကို ဒီလိုပြထားပါတယ်။ အခါတစ်ပါးမှာ ဆန္နဆိုတဲ့ ပရိဗိုဇ်က “ရာဂ၊ ဒေါသ၊ မောဟ၏အပြစ်ကို ဘယ်လို မြင်ပြီး ပယ်ဖို့ရာ ပညတ် ဟောကြားပါသလဲ” လို့ မေးတဲ့အတွက် ဒေါသအပြစ်ကို အရှင်အာနန္ဒာမထေရ်က ဒီလို ဖြေကြားတော်မူပါတယ်။

ဒေါသ၏ အပြစ်

▬▬▬▬▬▬

အာဝုသော - ငါ့ရှင်ဆန္န၊
ဒုဋ္ဌော - စိတ်ပျက် စိတ်ဆိုးသောသူသည်၊
ဒေါသေန အဘိဘူတော - ဒေါသက လွမ်းမိုးအပ်သည်ဖြစ်၍၊
ဝါ - ဒေါသ၏အုပ်စိုးခြင်းကိုခံရသည်ဖြစ်၍၊
ပရိယာဒိန္န - စိတ္တော - ပကတိစိတ်ကောင်းတွေကို ဒေါသကကုန်စေအပ်သည်ဖြစ်၍၊
ဝါ - ဒေါသကြောင့် စိတ်ကောင်းမရှိတော့ဘဲ၊
အတ္တဗျာပါဒါယပိ စေတေတိ - မိမိကိုယ်ကို နှိပ်စက်ရန် ဆင်းရဲစေရန်လည်း ကြံစည် ပြုလုပ်၏၊
ပရဗျာပါဒါယပိ ဥဘယဗျာပါဒါယပိ စေတေတိ - သူတစ်ပါးကို နှိပ်စက်ရန် မိမိရော သူတစ်ပါးရော နှစ်ဦးလုံးကို နှိပ်စက်ရန် ဆင်းရဲစေရန်လည်း ကြံစည်ပြုလုပ်၏၊
ကာယေန - ကိုယ်ဖြင့်၊
ဒုစ္စရိတံ - သတ်ခြင်းစသော မကောင်းမှုကို၊
စရတိ - ပြုကျင့်၏၊
ဝါစာယ - နှုတ်ဖြင့်၊
မနသာ - စိတ်ဖြင့်၊
ဒုစ္စရိတံ ဆဲဆိုခြင်း, သေပျက်စေလိုခြင်း စသော မကောင်းမှုကို၊
စရတိ - ပြုကျင့်၏

လို့ ဖြေကြားတော်မူပါတယ်၊

ဒီ တရားစကားကို အခြေခံပြုပြီး ဆင်ခြင်ဖို့ပါပဲ။ ဆင်ခြင်ပုံကတော့ဒေါသဖြစ်လာရင် မိမိကိုဆင်းရဲစေတယ်ဆိုတာ အလွန်ထင်ရှားပါတယ်၊ မူလက ကြည်ကြည်လင်လင် ရွှင်ရွှင်ပျပျ ဖြစ်နေရာထဲက ဒေါသဖြစ်လာသည်နှင့် တစ်ပြိုင်နက် ကြည်လင်ရွှင်ပျတဲ့ စိတ်မရှိတော့ဘူး၊ တခါတည်းစိတ်ဟာ ပင်ပန်းသွားတော့တာပဲ၊ မျက်နှာလည်း မသာယာတော့ဘူး၊ ကိုယ်ထဲမှာလဲ မနေသာမထိုင်သာ ဖြစ်သွားတော့တာပဲ၊ ဒေါသ ပြင်းထန်လေလေ ကိုယ်ရောစိတ်ပါ ဆင်းရဲပင်ပန်းလေလေပဲ၊

အဲဒီလို စိတ်ဆိုးပြီးတော့ သူတစ်ပါးကိုလည်း နှိပ်စက် သတ်ဖြတ်တတ်တယ်၊ မကြားကောင်း မနာသာ စကားတွေကိုလည်း ပြောဆိုတတ်တယ်၊ အဲဒီလို မတော် တာကို ပြုမိပြောမိတဲ့အတွက် နောင်ပြန်လည် စဉ်းစားကြည့်တဲ့ အခါကျတော့ အောက်ထစ်ဆုံး အရှက်ရတတ်တယ်၊ ရာဇဝတ်ပြစ်မှုမျိုးကိုတော့ ပြုမိ ပြောမိ ရင်တော့ ရာဇဝတ်ပြစ်ဒဏ်သင့်ပြီး ချက်ချင်းပင် ဆင်းရဲရတော့တာပဲ၊

ဒေါသအလျောက် ပြုမိပြောဆိုမိတဲ့ အဲဒီလို မကောင်းမှုတွေကြောင့် အပါယ်လေးပါး ကျရောက်ပြီးတော့လည်း အကြီးအကျယ် ဆင်းရဲရတတ်တယ်၊ အဲဒါဟာ ဒေါသက မိမိကိုယ်ကို နှိပ်စက်ပုံ၊ ဆင်းရဲစေပုံ အရိပ်အမြွက်ပါပဲ၊ အဲဒီထဲမှာ မျက်မှောက်တွင် တွေ့ရတဲ့ ဆင်းရဲတွေကိုတော့ ကိုယ်တွေ့ဖြင့်ပင် ထင်ရှားသိနိုင်ပါတယ်၊ ဒေါသ အလျောက် ဘယ်လိုဖြစ်ခဲ့ရတယ်၊ ဘယ်လို ပြောမိပြုမိလို့ဘယ်လို မကောင်းကျိုး တွေ ရခဲ့တယ်ဆိုတာ ဆင်ခြင်ကြည့်ရင် သိနိုင်ပါတယ်။

နောက်ပြီးတော့ ဒေါသဖြင့်သူတစ်ပါးကို ဆင်းရဲအောင်လုပ်တယ် ဆိုတာကတော့ သာပြီး ထင်ရှားတာပဲ၊ စိတ်ဆိုးတဲ့သူဟာ အောက်ထစ်ဆုံးအားဖြင့် သူတစ်ပါး နားမချမ်းသာတဲ့ စကားကို ပြောဆိုတယ်၊ အဲဒီလို အပြောအဆိုခံရတဲ့သူမှာ အကြီး အကျယ် စိတ်ဆင်းရဲသွားတတ်တယ်၊ စွမ်းနိုင်ရင်တော့ သူတစ်ပါးကို နာကျင်အောင် လည်း နှိပ်စက်တတ်တယ်၊ သေအောင်လည်း သတ်တတ်တယ်၊

အဲဒီလိုသူတစ်ပါး ဆင်းရဲအောင် လုပ်တဲ့အတွက် တစ်နည်းနည်းဖြင့် မိမိကိုယ်တိုင်လဲ ဆင်းရဲဒုက္ခ ရောက်ရတတ်တယ်၊ ယခုလောလောဆယ်မှာ မဆင်းရဲရစေကာမူ နောင်ဘဝများကျတော့ အပါယ်လေးပါး ကျရောက်ပြီးတော့လဲ အကြီးအကျယ် ဆင်းရဲသွားရမယ်၊ လူ့ဘဝရောက်လာရင်လည်း အသက်တိုခြင်း အနားများခြင်း အရုပ်ဆိုးခြင်း၊ စသည်ဖြင့် ဆင်းရဲဒုက္ခရောက်သွားရမယ်၊

ဒါကြောင့် ဒေါသက သူတစ်ပါးကိုလည်း ဆင်းရဲစေတယ်၊ မိမိရော သူတစ်ပါးရော နှစ်ဦးစလုံးကိုလည်း ဆင်းရဲစေတယ် ဆိုတာလဲ ထင်ရှားပါတယ်၊ ဒီနေရာမှာ ခန္တီဝါဒီရှင်ရသေ့ကို ဒေါသဖြင့် နှိပ်စက်တဲ့ မင်း၏ ဆင်းရဲဒုက္ခရောက်ရပုံ စသည်ကို ထုတ်ပြရရင် ကောင်းမှာပဲ၊ ဒါပေမယ့် အဲဒီလို ဝတ္ထုအကြောင်းတွေ ပြောနေရင် မေတ္တာပွားပုံကို ဖော်ပြဖို့ရာ အလွန် နှောင့်နှေးသွားလိမ့်မယ်၊ ဒါကြောင့် ဒေါသ၏အပြစ် ဆင်ခြင်ပုံကို ဒီတွင်ပဲ ရပ်လိုက်ပါတော့မယ်။

သည်းခံခြင်း၏အကျိုး

▬▬▬▬▬▬▬▬

နောက်ပြီးတော့ သည်းခံခြင်း၏အကျိုးကို ဆင်ခြင်ရမယ် ဆိုရာမှာ ခန္တီ - သည်းခံခြင်း ဆိုတာ တရားကိုယ်အားဖြင့် အဒေါသ ဒေါသ၏ ဆန့်ကျင်ဘက်တရားပါပဲ၊ မေတ္တာ၏ အရနဲ့လည်း အတူတူပါပဲ၊ ထူးတာကတော့ သည်းခံတယ်ဆိုတာက သူတစ်ပါးအား စိတ်မဆိုးဘဲ မပြစ်မှားဘဲ ကြည်ကြည်သာသာ ရှိနေရုံမျှသဘောလဲဖြစ်နိုင်ပါတယ်၊

မေတ္တာဆိုတာကတော့ အဲဒီလို သည်းခံနေရုံမျှ မဟုတ်သေးဘူး၊ သူတစ်ပါးအား ချမ်းသာစေလိုတဲ့အခြင်းအရာ ရှိမှဖြစ်ပါတယ်၊ သည်းခံခြင်း၏ အကျိုးကိုတော့ ဝိသုဒ္ဓိမဂ်မှာ ဒီလိုပြထားပါတယ်။

(ခန္တီ ပရမံ တပေါ တိတိက္ခာ)
တိတိက္ခာ - အောင့်အည်းသည်းခံခြင်းဟု ဆိုအပ်သော၊
(ဒီ ဝိသေသန - ပုဒ်ဖြင့်၊ ခန္တီအရ ဒီအရာမှာ ဉာဏ်မဟုတ်ဘူး၊ သည်းခံခြင်းကိုပင် ဆိုတယ်လို့ သိစေပါတယ်)
ခန္တီ - ခန္တီသည်၊
ဝါ - စိတ်မဆိုးဘဲ ခံလင့်နေခြင်းသည်၊
ပရမံတပေါ - အမြတ်ဆုံး အကျင့်ပေတည်း -
လို့ ဟောတော်မူတဲ့ တရားအရ အားဖြင့်လည်း သိရမယ်တဲ့။

(ခန္တီ ဗလံ ဗလာနီကံ)
ခန္တီဗလံ - သည်းခံခြင်း ခွန်အားရှိသည်ဖြစ်၍၊
ဗလာနီကံ - ခွန်အား စစ်တပ်ရှိသူကို (ဗြာဟ္မဏ သူမြတ်ဟူ၍ ငါဘုရားဟော၏) ဆိုတဲ့ တရားတော် အရအားဖြင့်လည်း သည်းခံခြင်း၏ အကျိုးကို သိရမယ်တဲ့၊

အဲဒီတရားမှာ ဆိုလိုတာကတော့ ဒေါသကိုကာကွယ်နိုင်တဲ့ ခန္တီခွန်အားဟာ တစ်ဖက် ရန်သူများကို ကာကွယ်နိုင်တဲ့ စစ်တပ်နှင့်တူတယ်၊ အဲဒီလိုသည်းခံမှု ခွန်အားရှိတဲ့ ပုဂ္ဂိုလ်ကို ဗြာဟ္မဏ - သူမြတ်လို့ မြတ်စွာဘုရားက ဟောဆိုပါတယ်တဲ့။

(သဒတ္ထပရမာ အတ္တာ၊ ခန္တျာဘိယျော န ဝိဇ္ဇတိ)
အတ္ထာ - အကျိုးစီးပွား ဟူသမျှတို့သည်၊
သဒတ္ထပရမာ - မိမိ၏ အကျိုးစီးပွားလျှင် အမြတ်ဆုံးရှိကုန်၏၊
တေသု - ထိုအမြတ်ဆုံး အကျိုးတို့တွင်၊
ခန္တာ - သည်းခံခြင်းထက်၊
ဘိယျော - သာလွန်သော အကျိုးစီးပွားသည်၊
နဝိဇ္ဇတိ - မရှိပေ -
ဆိုတဲ့ သိကြားမင်း၏ စကားအရအားဖြင့်လဲ သည်းခံခြင်း၏ အကျိုးကိုသိရမယ်တဲ့။

ယခုထုတ်ပြခဲ့တဲ့ ဒေသနာများအရအားဖြင့် သည်းခံခြင်းဟာ အမြတ်ဆုံးအကျင့် ဖြစ်တယ်၊ ဘေးရန်ကို ကာကွယ်နိုင်တဲ့ စစ်တပ်နှင့်တူတဲ့ ခွန်အားလည်းဖြစ်တယ်၊ မိမိ၏ အကျိုးစီးပွားထဲမှာ အမြတ်ဆုံး အကျိုးစီးပွားလည်းဖြစ်တယ် စသည်ဖြင့် သည်းခံခြင်း၏ အကျိုးအာနိသင်ကို ဆင်ခြင်ရမယ်တဲ့၊

ဘာကြောင့်သည်းခံခြင်းဟာ အမြတ်ဆုံးဖြစ်ပါသလဲဆိုတော့ စိတ်ဆိုးစရာ ပြန်လည် ချေပစရာရှိတဲ့အခါ စိတ်မဆိုးဘဲ မချေပဘဲ ကြည်ကြည်သာသာနဲ့ သည်းခံနေတဲ့ သူကိုအများက ချစ်ခင် ကြည်ညိုကြတယ်၊ ချီးမွမ်းကြတယ်၊ စွမ်းနိုင်သမျှ ချီးမြှောက်ကြ အကူအညီပေးကြတယ်၊ သာမာန်မိတ်ဆွေအဖြစ်မှ ရင်နှီးတဲ့ မိတ်ဆွေ အရင်း အဖြစ်သို့ ရောက်ရတယ်၊ သည်းခံတဲ့သူကို ဘယ်လိုလူကမှ မမုန်းဘူး၊ အဲဒါတွေဟာ အလွန်ထင်ရှားတဲ့ အကျိုးတွေပါပဲ။

အဲဒီလို သည်းမခံဘဲ ချေပပြောဆိုရင်တော့ နှစ်ဦးနှစ်ဖက် ငြင်းခုံကြရတယ်၊ ရန်ဖြစ်ကြရတယ်၊ မုန်းတီးကြရတယ်၊ တစ်သက်လုံးမခေါ်မပြောဘဲ မိတ်ပျက် ဆွေပျက် ဖြစ်ကြရတယ်၊ အချင်းချင်းထံမှ အကူအညီ တကယ်လိုနေတဲ့အခါပေမယ့် အကူအညီမရဘဲ ရှိတတ်တယ်၊ တချို့မှာဆိုရင် သေသည်အထိတောင် အကျိုးမဲ့ကို ပြုလုပ်တတ်ကြတယ်၊

အဲဒီလို အကျိုးမဲ့ ဖြစ်ကြရတာဟာ ဘယ်ကလာတုန်းဆိုရင် သည်းခံသင့်တဲ့အရာမှာ သည်းမခံခြင်းကြောင့်ပါပဲ၊ အကယ်၍ တစ်ဖက်သား၏ အပြောမှား အဆိုမှား အပြုမှားကို အောင့်အီးသည်းခံ လိုက်ရင်တော့ ငြင်းခုံခြင်း ရန်ဖြစ်ရခြင်းလည်း မရှိတော့ဘူး၊

ဒါကြောင့် သည်းခံတာဟာ အင်မတန်ကောင်းပါတယ်၊ အင်မတန် ကျေးဇူး များပါတယ်၊ ဒါလည်း မိမိတို့ တစ်သက်တာအတွင်း ပြန်ကြည့်ရင် သည်းခံခဲ့လို့ ရတဲ့အကျိုးတွေ ထင်ရှားကြမှာပဲ များပါလိမ့်မယ်၊ ဘုန်းကြီးတို့ ကိုယ်တိုင်လည်း သည်းခံခဲ့ရတာတွေ ရှိပါတယ်၊ သည်းခံတဲ့အတွက် ရလာတဲ့အကျိုးတွေလည်း များစွာရှိပါတယ်၊

ဒါကြောင့် မြတ်စွာဘုရားက ဩဝါဒ ပါတိမောက် အနေဖြင့် -

ခန္တီ ပရမံ တပေါ တိတိက္ခာ၊ နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ -

စသည်ဖြင့် ဟောထားပါတယ်၊ ဒီပါဠိကို ရှေ့နားကလဲပြခဲ့ပါပြီ၊

တိတိက္ခာ - အောင့်အည်းခြင်းဟူသော၊
ခန္တီ - သည်းခံခြင်းသည်၊
ပရမံ မြတ်သော၊
တပေါ - အကျင့်ပေတည်းတဲ့၊ စိတ်ကို အောင့်အည်းချုပ်တည်းပြီး သည်းခံတဲ့ အကျင့်ဟာ၊
ပရမံ - မြတ်တဲ့အကျင့်ပါပဲတဲ့၊
နိဗ္ဗာနံ - နိဗ္ဗာန်ကို၊
ပရမံ - အမြတ်ဆုံးဟူ၍၊
ဗုဒ္ဓါ - မြတ်စွာဘုရားတို့သည်၊
ဝဒန္တိ - ဟောကြားတော်မူကြသည်

ဆိုတဲ့ စကားအရဆိုရင် သာမာန်ရိုးရိုး မြတ်ရုံမဟုတ်ဘူး၊ ပရမ - အမြတ်ဆုံးလို့လဲ ဆိုနိုင်ပါတယ်၊ ဘာကြောင့်လည်းဆိုရင် ကုသိုလ်ဖြစ်ရေးအကျင့် ဟူသမျှတွေဟာ သည်းခံမှ အောင်မြင်တယ်၊ သည်းမခံရင် မအောင်မြင်ဘူး၊ ပေးလှူရာမှာလဲ သည်းခံပြီး ဆောင်ရွက်ရတာပဲ၊ အကြီးအကျယ် ပေးလှူတဲ့ အခါမှာ အကြီးအကျယ် သည်းခံပြီးတော့ ဆောင်ရွက်ရတယ်၊

သီလကျင့်ရာကျတော့ သည်းခံရတာ ပိုပြီး ထင်ရှားတယ်၊ ပြုလုပ်ချင်တဲ့ အကုသိုလ် အမှုတွေကို မပြုဘဲ သည်းခံပြီး ကျင့်ရတယ်၊ ဘာဝနာ အလုပ်ကျတော့ အဲဒီထက် ပိုပြီး ထင်ရှားတယ်၊ ကိုယ်ပင်ပန်း ဆင်းရဲမှုတွေကို သည်းခံပြီး နှလုံးသွင်း ရှုမှတ်ပါမှ သမာဓိ ပညာက ဖြစ်တာ၊ အနည်းငယ်လောက် ညောင်း ပူ နာကျင်လာတာနဲ့ သည်းမခံပဲ ခဏခဏကိုယ်အမူအရာကို ပြုပြင်နေရင် သမာဓိဖြစ်ဖို့လဲ ခဲယဉ်းတယ်၊ ဝိပဿနာဉာဏ် ဖြစ်ဖို့လဲ ခဲယဉ်းတယ်၊

သည်းခံပြီး ရှုမှတ်နေပါမှ ဈာန်သမာဓိများကိုလည်း ရနိုင်တယ်၊ ဝိပဿနာဉာဏ် ထူးများနဲ့ မဂ်ဖိုလ်ဉာဏ်ထူး များကိုလဲ ရနိုင်တယ်၊ ဒါကြောင့် သည်းခံခြင်းကို ပရမံ - အမြတ်ဆုံး အကျင့်လိုလဲ ဆိုသင့်ပါတယ်၊ ဆိုသင့်တဲ့အတွက် ရှေ့နားက အနက်ပြန်ရာမှာ ပရမံ တပေါ - အမြတ်ဆုံး အကျင့်ပေတည်းလို့ ပြန်ခဲ့တာပါပဲ၊

ဒီနေရာမှာ “သည်းခံရင် နိဗ္ဗာန်ရောက်သည်” လို့ ဆိုထားတဲ့ ရှေးပညာရှိတို့၏ စကားဟာလဲ အင်မတန် သင့်မြတ်ပါတယ်၊ ပါရမီဆယ်ပါးကို ဖြည့်ကျင့်ရာမှာ ခန္တီဆိုတဲ့ သည်းခံခြင်းပါမှ အောင်မြင်ပြည့်စုံနိုင်တယ်၊ အဲဒီ ပါရမီဆယ်ပါးထဲက အဓိဋ္ဌာန် ဝီရိယ ပညာဆိုတဲ့ ပါရမီတွေဟာ နိဗ္ဗာန် မျက်မှောက်ပြုရန်အတွက် နီးကပ်တဲ့ ပါရမီတွေပဲ နိဗ္ဗာန်ကိုမျက်မှောက်ပြုရန် အဓိဋ္ဌာန်ပြုပြီး ရည်ရွယ်ထားတဲ့ အတိုင်း မဆုတ်မနစ် အားထုတ်တဲ့ ဝီရိယကလဲ ပြည့်စုံပါမှ၊ ဝိပဿနာပညာ အရိယမဂ်ပညာတွေလဲ ပြည့်စုံပါမှ ကိစ္စပြီးတယ်၊ အဲဒီလို ကိစ္စပြီးအောင် သည်းခံမှု ပြည့်စုံပါမှ ဖြစ်တယ်၊ အဲဒီလိုသည်းခံပြီး အားထုတ်ရန် နောက်ဆုံးမှာ အကုန်လုံးကို သည်းခံနိုင်တဲ့ ရဟန္တာ ဖြစ်သွားတော့တာပါပဲ၊

အဲဒီရဟန္တာ ပုဂ္ဂိုလ်ကို မြတ်စွာဘုရားက သည်းခံခြင်း ခွန်အားဆိုတဲ့ ဗလာနီက - ခွန်အားစစ်တပ်နဲ့ ပြည့်စုံတဲ့ ဗြာဟ္မဏ - (မကောင်းဟူသမျှကို အပပြုပြီးတော့) သူမြတ်လို့ ဟောတော်မူတာပါပဲ၊ အဲဒီဒေသနာအရအားဖြင့် သည်းခံခြင်း ဆိုတဲ့အကျင့်ကို ရဟန္တာ ဖြစ်သည့် တိုင်အောင် မြင့်မြတ်တဲ့ အကျင့်လို့ ဆိုရမှာပဲ၊

ဒီမေတ္တာကို ပွားစေရာမှာတော့ သည်းခံခဲ့တဲ့အကျင့်က ပိုပြီး အရေးကြီးပါတယ်၊ သူတစ်ပါးကို စိတ်မဆိုးဘဲ သည်းခံနိုင်ပါမှ မေတ္တာကဖြစ်ပွားမှာ၊ စိတ်ဆိုးနေရင်တော့ မေတ္တာက မဖြစ်ပွားနိုင်ဘူး၊ ဒါကြောင့် မေတ္တာကို မပွားသေးမီ ရှေ့အဖို့ကတည်းက အကျိုးအာနိသင် ဆင်ခြင်ဖို့ရာ ညွှန်ကြားတာပါပဲ။

မေတ္တာပွားပုံ

အဲဒီလို ဒေါသ၏ အပြစ်, သည်းခံခြင်း၏ အကျိုးများကို ဆင်ခြင်ပြီးတော့ အပြစ်ရှိတဲ့ ဒေါသမှ စိတ်ကို ကင်းရှင်းစေရန် အကျိုးများတဲ့ သည်းခံခြင်းနှင့် ပူးကပ် ယှဉ်တွဲ နေစေရန်အတွက် မေတ္တာကို ပွားစေရမယ်တဲ့၊
အဲဒီမေတ္တာကို ပွားစေတာက ပါရမီဖြစ် ကုသိုလ်ဖြစ်ပွားစေတာက တစ်မျိုး၊ ဈာန် သမာဓိရအောင် ပွားစေတာက တစ်မျိုး ဒီလို ၂ - မျိုးရှိတယ်၊ အဲဒီ ၂ - မျိုးထဲက ဈာန် သမာဓိရအောင် ပွားစေပုံ ပြရာမှာ စပြီး မေတ္တာမပွားစေသင့်တဲ့ ပုဂ္ဂိုလ်, လုံးလုံး မေတ္တာ မပွားစေသင့်တဲ့ ပုဂ္ဂိုလ်စသည်ကို ဝိသုဒ္ဓိမဂ်မှာ ခွဲခြားဝေဖန်ပြီး ပြသွားပါတယ်၊
အဲဒီခွဲခြားပုံတွေကို ပြောနေရင် ဒီကနေ့ မေတ္တာပွားပုံကိုပြောဖို့ အချိန်ရမှာ မဟုတ်ဘူး၊ နောက်တစ်ချက်ကလဲ ဈာန်ရအောင် ပွားစေပုံကို မပြောသေးဘဲ ပါရမီဖြစ် ကုသိုလ်ဖြစ် မေတ္တာပွားပုံကို ရှေးဦးစွာ ပြောချင်တယ်၊ ဒါကြောင့် အဲဒီဝိသုဒ္ဓိမဂ်က ပြထားတဲ့ အချက်အလက်များကို ဒီကနေ့ မပြောသေးဘဲ ပါရမီဖြစ် ကုသိုလ်ဖြစ် မေတ္တာပွားပုံကို စပြီး ပြောသွားမယ်။

မေတ္တာဘာဝနာ ဆိုတာ မြင်မြင်သမျှ ကြားကြားသမျှ စိတ်ကူးထဲမှာ ပေါ်လာသမျှ လူတွေကိုဖြစ်စေ၊ အခြားသတ္တဝါတွေကို ဖြစ်စေ အာရုံပြုပြီး ပွားများနိုင်ပါတယ်၊ ဘယ်လိုပွားစေရမလဲဆိုတော့ သုတ္တန်ပါဠိအဋ္ဌကထာများမှာ
သုခီ ဟောတု - ချမ်းသာရှိသူဖြစ်ပါစေ ချမ်းသာပါစေ ဟူ၍လည်းကောင်း၊
သုခိတာ ဟောန္တု - ချမ်းသာကြပါစေ ဟူ၍လည်းကောင်း၊
သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ - အားလုံးသတ္တဝါတွေ ချမ်းသာသော စိတ်ရှိကြပါစေ ချမ်းသာကြပါစေ ဟူ၍ လည်းကောင်း”
ပြဆို ထားတဲ့အတိုင်း အတိုချုပ်အားဖြင့် “ချမ်းသာပါစေ - ချမ်းသာကြပါစေ”လို့ ပွားများဖို့ပါပဲ။ ဒါကြောင့် ကိုယ့်နေရာမှာ နေရင်းဖြစ်စေ၊ သွားလာလုပ်ကိုင်နေရင်း ဖြစ်စေ၊ လူတစ်ယောက် သတ္တဝါ တစ်ဦးကို မြင်လျှင် ကြားလျှင် ချမ်းသာပါစေ ချမ်းသာပါစေလို့ စိတ်ဖြင့် နှလုံးသွင်းပြီး မေတ္တာပွားရမယ်၊

လူအများ သတ္တဝါအများကို မြင်လျှင် ကြားလျှင်လဲ ချမ်းသာကြပါစေ ချမ်းသာကြ ပါစေလို့ နှလုံးသွင်းပွားများရုံပါပဲ၊ လွယ်လဲ လွယ်ပါတယ်၊ ကောင်းလဲ အင်မတန် ကောင်းပါတယ်၊ လူတိုင်း လူတိုင်း သတ္တဝါတိုင်း သတ္တဝါတိုင်းက ချမ်းသာ ချင်ကြတယ်၊ အဲဒီလို ချမ်းသာချင်တဲ့ လူတွေ သတ္တဝါတွေကို “ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ”လို့ နှလုံးသွင်း မေတ္တာပွားများရတာဟာ အများအလိုနဲ့ ကိုက်ညီလို့ အင်မတန်သင့်လျော်ပါတယ်၊
အဲဒီလိုစိတ်ဖြင့် နှလုံးသွင်းပြီး မေတ္တာပွားနေတာက မေတ္တာမနောကံပဲ၊ ယခုနေ အခါမှာ ဘုရားဝတ်တတ်တဲ့ ရဟန်းရှင်လူတွေဟာ သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု - အားလုံးသတ္တဝါတွေ ဘေးရန်ကင်းကြပါစေ စသည်ဖြင့် မေတ္တာပွားနေတာ မျိုးကတော့ နှုတ်ဖြင့် ရွတ်ဆိုပြီး ပွားနေတာမို့ မေတ္တာဝစီကံ ခေါ်တယ်၊ ချမ်းသာပါစေ ချမ်းသာကြပါစေ စသည်ဖြင့် ရွတ်ဆိုပြီးပွားနေတာကလဲ မေတ္တာဝစီကံပါပဲ။

ဒီနေရာမှာ အထူးသတိပြုစရာ အချက်တစ်ခုကတော့ စိတ်ဖြင့် နှုတ်ဖြင့် “ချမ်းသာပါစေ၊ ချမ်းသာကြပါစေ”လို့ မေတ္တာကို ပွားနေတဲ့ ပုဂ္ဂိုလ်ဟာ ကိုယ်ဖြင့် လည်း သူတစ်ပါးအား ဆင်းရဲအောင်မပြုဘဲ ချမ်းသာအောင် ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်
အဲဒီလိုမဟုတ်ဘဲ သူတစ်ပါးအား ဆင်းရဲအောင် ပြုလုပ်နေရင်တော့ ချမ်းသာပါစေလို့ ပွားများတဲ့ မေတ္တာဟာ ဘာမှ အဓိပ္ပါယ်မရှိဘူး မအောင်မြင်ဘူးလို့ မှတ်ရမယ်၊ ထို့အတူပင် သူတစ်ပါး နားမချမ်းသာတဲ့ စကားမျိုးကို ပြောနေရင်လဲ စိတ်ဖြင့် နှုတ်ဖြင့် ချမ်းသာပါစေလို့ ပွားနေတဲ့မေတ္တာဟာ ဘာမှအဓိပ္ပါယ်မရှိဘူး၊ မအောင်မြင်ဘူး၊ ခရီးမရောက်ဘူးလို့သာ မှတ်ရမယ်၊
အမှန်ကတော့ သူတစ်ပါးအား နားဝင်ချိုတဲ့စကား၊ အကျိုးရှိတဲ့စကားကို ပြောဆို နိုင်ပါမှ ချမ်းသာပါစေလို့ ပွားနေတဲ့ မေတ္တာဟာ အစစ်အမှန်ဖြစ်တယ်၊ ထို့အတူ ကိုယ်ဖြင့်လည်း သူတစ်ပါးအား အကျိုးမဲ့ ဖြစ်အောင် မပြုလုပ်ဘဲ တတ်နိုင်သမျှ အကျိုးရှိအောင် ဆောင်ရွက်ပေးပါမှ ပွားနေတဲ့မေတ္တာဟာ အစစ်အမှန် ဖြစ်တယ်လို့ မှတ်ယူရမယ်၊
ဥပမာလမ်းကျဉ်းကလေးထဲမှာ ရင်ဆိုင်လမ်းလျှောက်လာတဲ့သူကို ချမ်းသာပါစေ ချမ်းသာပါစေလို့ မေတ္တာပို့နေရင် အဲဒီလူကလဲ ရိုသေထိုက်တဲ့သူ ဖြစ်ရင်မိမိက လမ်းဖယ်ပေးဖို့ လိုပါတယ်၊ အဲဒီလို ပြုလုပ်ပါမှ အပစာယန ကုသိုလ်လဲ ဖြစ်တယ်၊ ချမ်းသာပါစေ ဆိုတဲ့ မေတ္တာနှင့်လဲ ညီညွတ်တယ်။

ချမ်းသာပါစေလို့ မေတ္တာပွားနေတဲ့ သူဟာ ခရီးသွားရာမှာ ကိုယ်က နေရာ ကျယ်ကျယ် ပြန့်ပြန့် ရထားရင် သူတစ်ပါးအားလည်း ခွဲပေးဖို့လိုပါတယ်၊ မနိုင်ဝန် ထမ်းဆောင်လာတဲ့သူကို တွေ့မြင်ရရင် တတ်နိုင်သမျှ အကူအညီပေးဖို့ လိုအပ်ပါတယ်၊ အလုပ်ကိစ္စနဲ့ ပတ်သက်ပြီး နားမလည်တဲ့သူအား နားလည်အောင် ညွှန်ကြားပေးတာလဲ မေတ္တာအစစ်ပါပဲ၊
ကိုယ့်အနီးအပါးရောက်လာတဲ့သူကို “ချမ်းသာပါစေ၊ ချမ်းသာပါစေ”လို့ စိတ်ဖြင့် မေတ္တာပွားရမယ်၊ နှုတ်ဖြင့်လည်း ချိုချိုသာသာ ပြောဆိုရမယ်၊ နှုတ်ဆက်ကတည်းက ရွှင်ပျသောမျက်နှာဖြင့် နှုတ်ဆက် ပြောဆိုရမယ်၊ ကိုယ့်ဖြင့်လည်း တတ်နိုင်သမျှ အကူအညီပေးရမယ်၊ ဒါတွေဟာ မေတ္တာအစစ်တွေပါပဲ၊ နှုတ်ဖြင့် စကားကောင်းကို ပြောတာက မေတ္တာဝစီကံပဲ၊ ကိုယ့်ဖြင့် ကူညီဆောင်ရွက်တာက မေတ္တာကာယကံပဲ။

၅၂၈ - သွယ် မေတ္တာပွားပုံ

ငါးရာ့နှစ်ဆယ်ရှစ်သွယ် မေတ္တာပွားတယ် ဆိုတာကတော့ ပဋိသမ္ဘိဒါမဂ်ပါဠိတော်မှာ မေတ္တာဈာန်ရပြီး ပုဂ္ဂိုလ်များ၏ ပွားပုံကို ညွှန်ပြထားတာပါပဲ၊ ဒါပေမယ့် ယခုနေ အခါတော့ ဝတ်ရွတ်စဉ်အနေနဲ့ ပါရမီဖြစ် ကုသိုလ်ဖြစ် ရွတ်ဆို ပွားများနေလေ့ ရှိတယ်၊ ရွတ်ဆိုနေကြတဲ့ ပါဠိအစဉ်ကတော့ အများနှုတ်တက်နေတဲ့ အတိုင်းပါပဲ၊ ဒါပေမယ့် ရှင်းလင်းရေတွက် ပြဖို့ရာ ရှေးဦးစွာ အဲဒီပါဠိအစဉ်ကို ရွတ်ပြရဦးမယ်။

သဗ္ဗေ သတ္တာသဗ္ဗေ ပါဏာသဗ္ဗေ ဘူတာသဗ္ဗေ ပုဂ္ဂလာသဗ္ဗေ အတ္တဘာဝပရိယာပန္နာ - ဒီအထိ ငါးပုဒ်ကတော့ အပိုင်းအခြား အကန့်အသတ် မထားဘဲ သတ္တဝါအားလုံးကို ပြဆိုပါတယ်၊
ဒါကြောင့် -
သဗ္ဗေသတ္တာ - အလုံးစုံသော သတ္တဝါတို့သည် - လို့ ဆိုတာနဲ့
သဗ္ဗေပါဏာ - အလုံးစုံသော အသက်ရှုသူတို့သည်၊
သဗ္ဗေ ဘူတာ - အလုံးစုံသော ထင်ရှားဖြစ်သူတို့သည်၊
သဗ္ဗေပုဂ္ဂလာ - အလုံးစုံသော ပုဂ္ဂိုလ်တို့သည်၊
သဗ္ဗေ အတ္တဘာဝပရိယာပန္နာ - အလုံးစုံသော ခန္ဓာကိုယ် အတ္တဘောရှိသူတို့သည် -
လို့ ဆိုတာတွေဟာ အရအတူတူပါပဲ၊ သတ္တဝါအားလုံးကိုချည်း ဆိုတာပါပဲ။ အဲဒီကနောက် -
သဗ္ဗာ ဣတ္ထိယော - အလုံးစုံသော မိန်းမတို့သည်၊
သဗ္ဗေ ပုရိသာ - အလုံးစုံသော ယောက်ျားတို့သည်၊
သဗ္ဗေအရိယာ - အလုံးစုံသော အရိယာတို့သည်၊
သဗ္ဗေ အနရိယာ - အလုံးစုံသော ပုထုဇဉ်တို့သည်၊
သဗ္ဗေ ဒေဝါ - အလုံးစုံသော နတ်တို့သည်၊
သဗ္ဗေ မနုဿာ - အလုံးစုံသော လူတို့သည်၊
သဗ္ဗေ ဝိနိပါတိကာ - အလုံးစုံသော အပ္ပါယ်သတ္တဝါတို့သည်
ဆိုတာကတော့ အမနှင့်အဖို သတ္တဝါတစ်စုံ၊ အရိယာနှင့် ပုထုဇဉ်တစ်စုံ၊ နတ်လူ အပါယ် သတ္တဝါ ၃ - မျိုးစုတစ်ရပ်၏ အားလုံး ၇ - မျိုးကို အသီးအသီး ပိုင်းခြားပြီး ပြဆိုတဲ့ စကားရပ်တွေပါပဲ၊
အဲဒီလို အသီးသီး အကန့်အသတ် အပိုင်းအခြားရှိလို့ ဒီ ၇ - ပုဒ်ဖြင့်ပွားတဲ့ မေတ္တာကို ဩဓိသမေတ္တာလို့ ခေါ်တယ်၊
ရှေ့ငါးပုဒ်ကတော့ အကန့်အသတ်မရှိဘဲ သတ္တဝါအားလုံးနဲ့ ဆိုင်လို့ အနောဓိသမေတ္တာလို့ ခေါ်တယ်၊ အကန့်အသတ် အပိုင်းအခြားမရှိတဲ့ မေတ္တာလို့ ဆိုလိုတာပါပဲ။

အဲဒီ ၂ - ရပ်ပေါင်း ၁၂ - ပုဒ်ကို -
အဝေရာ ဟောန္တု - ဘေးရန်ကင်းကြပါစေ၊
အဗျာပဇ္ဈာ ဟောန္တု - စိတ်ဆင်းရဲ ကင်းကြပါစေ၊
အနီဃာ ဟောန္တု - ကိုယ်ဆင်းရဲ ကင်းကြပါစေ၊
သုခီအတ္တာနံ ပရိဟရန္တု - ချမ်းသာနှင့် ပြည့်စုံလျက် - (ဝါ - ချမ်းသာစွာ) မိမိ ခန္ဓာ ကိုယ်ကို ရွက်ဆောင်နိုင်ကြပါစေ -
ဆိုတဲ့ ၄ - ပုဒ်နှင့် ဆက်စပ်ပြီး၊ မေတ္တာပွားရတယ်၊

အဲဒီမှာ ချမ်းသာနှင့် ပြည့်စုံပြီး မိမိခန္ဓာကိုယ်ကို ရွက်ဆောင်နိုင်ပါစေ - ဆိုတာက အင်မတန် အရေးပါတဲ့ စကားလုံးပါပဲ၊ သတ္တဝါတွေမှာ ကိုယ်ပက ဘေးရန် တွေလည်း ရှိနေကြတယ်၊ ကိုယ်တွင်းက ရောဂါတွေ၊ ဒုက္ခ ဝေဒနာတွေဆိုတဲ့ ဘေးရန်တွေလဲ ရှိနေကြတယ်၊ စားဝတ်နေရေး ကျန်းမာရေးအတွက် အစစ အရာရာ ပြည့်စုံဖို့လဲ အရေးကြီးပါတယ်၊
အဲဒီဘေးရန်တွေလည်း ကင်းပြီး လိုသမျှလဲ ပြည့်စုံပါမှ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာ စွာနဲ့ မိမိခန္ဓာဝန်ကို ဆောင်ရွက်နိုင်ကြပါတယ်၊ အဲဒီလို ချမ်းသာစွာနဲ့ မိမိခန္ဓာဝန်ကို ဆောင်ရွက်နိုင်ရင် လောကဘက်က အမြင်အားဖြင့် အကောင်းဆုံးလို့ ဆိုရမှာပဲ၊ ဒါကြောင့် ချမ်းသာစွာနဲ့ မိမိခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေဆိုတဲ့ အဲဒီ စကားလုံးဖြင့်လဲ လေးလေးနက်နက် အာရုံပြုပြီး မေတ္တာပွားရပါတယ်။

သဗ္ဗေသတ္တာ အဝေရာဟောန္တု - အားလုံးသတ္တဝါတွေ ဘေးရန် ကင်းကြပါစေ စသည်ဖြင့် အနောဓိသ မေတ္တာ ၅ - ပုဒ်နှင့် မေတ္တာပွားပုံ ၄ - ပုဒ် ဆက်စပ်ပြီး မေတ္တာပွားလိုက်လျှင် (၅x၄ -လီ) ၂၀ - ရတယ်၊ အဲဒါက အနောဓိသမေတ္တာ ၂၀ - ပဲ၊
နောက်ပြီးတော့ သဗ္ဗာဣတ္ထိယော - အားလုံးမိန်းမတွေ အစရှိတဲ့ ဩဓိသ (မေတ္တာ) ၇ - ပုဒ်နှင့် ဘေးရန်ကင်းကြပါစေ အစရှိတဲ့ မေတ္တာပွားပုံ ၄ - ပုဒ်ဆက်စပ်ပြီး မေတ္တာပွားလိုက်လျှင် (၇x၄ - လီ) ၂၈ - ရတယ်၊ အဲဒါက ဩဓိသမေတ္တာ ၂၈ - ပါးပဲ၊
အနောဓိသမေတ္တာ ၂၀ နှင့် ပေါင်းလိုက်လျှင် ၄၈ - ပါးရတယ်၊ အဲဒါက အရပ် မျက်နှာဖြင့် မပိုင်းခြားပဲပွားစေတဲ့ မေတ္တာဖြစ်တဲ့အတွက် ဒိသာ အနောဓိသမေတ္တာ လို့ ခေါ်တယ်။

ထို့အတူပင် - ပုရတ္ထိမာယ ဒိသာယ - အရှေ့အရပ်၌၊ သဗ္ဗေသတ္တာ အဝေရာဟောန္တု - အားလုံးသတ္တဝါတွေ ဘေးရန်ကင်းကြပါစေ စသည်ဖြင့် ပွားတဲ့မေတ္တာကလဲ ၄၈ -ပါး ရတယ်၊
ထို့အတူပင် -
ပစ္ဆိမာယဒိသာယ - အနောက်အရပ်၌လဲ ၄၈ - ပါးရတယ်၊
ဥတ္တရာယဒိသာယ - မြောက်အရပ်၌လဲ ၄၈ - ပါး၊
ဒက္ခိဏာယ ဒိသာယ - တောင်အရပ်၌လဲ ၄၈ - ပါး၊
ပုရတ္ထိမာယ အနုဒိသာယ - အရှေ့တောင်အရပ်၌လဲ ၄၈ - ပါး၊
ပစ္ဆိမာယ အနုဒိသာယ - အနောက်မြောက်အရပ်၌လဲ ၄၈ - ပါး၊
ဥတ္တရာယ အနုဒိသာယ - အရှေ့မြောက်အရပ်၌လဲ ၄၈ - ပါး၊
ဒက္ခိဏာယ အနုဒိသာယ - အနောက်တောင်အရပ်၌လဲ ၄၈ - ပါး၊
ဟေဋ္ဌိမာယ ဒိသာယ - အောက်အရပ်၌လဲ ၄၈ - ပါး၊
ဥပရိမာယ ဒိသာယ - အထက်အရပ်၌လဲ ၄၈ - ပါးရတယ်၊
အရပ်မျက်နှာ ၁၀ ပါးမှာ ၄၈ - ပါးစီဆိုတော့ (၄၈x၁၀ - လီ) ၄၈၀ - ရပါတယ်၊ အဲဒီ ၄၈၀ - က အရပ်မျက်နှာနှင့် ပိုင်းခြားပြီး ပွားစေတဲ့ မေတ္တာဖြစ်တဲ့အတွက် ဒိသာဩဓိသမေတ္တာလို့ ခေါ်တယ်၊
အဲဒီ ၄၈၀ - က ဒိသာအနောဓိသ ၄၈ - ပါးနှင့် ပေါင်းလိုက်ရင် ငါးရာ့နှစ်ဆယ့် ရှစ်သွယ် (၅၂၈ - သွယ်) မေတ္တာဖြစ်တယ်၊
အဲဒီ ငါးရာ့နှစ်ဆယ့်ရှစ်သွယ် မေတ္တာကို နည်းရရေးအတွက် ရွတ်ဆိုပြီး ပွားကြရအောင်၊ လိုက်ဆိုရင်း ပွားကြရမယ်။

(၁) အားလုံး သတ္တဝါတွေ ဘေးရန်ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်ဆင်းရဲကင်းကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာနှင့် မိမိခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ။ (မေတ္တာ၄ - ပါး)
(၂) အားလုံး အသက်ရှုသူတွေ ဘေးရန်ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်ဆင်းရဲကင်းကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာနှင့် မိမိခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ။ (မေတ္တာ ၄ - ပါး)
အဲဒီလို မေတ္တာပွားနေကြရာမှာ ဘေးရန်ကင်းကြပါစေလို့ ဆိုပြီးတဲ့အခါ အဲဒီလို နှလုံးသွင်းတဲ့ စိတ်နဲ့ ရွတ်ဆိုတဲ့ အသံဟာ ချက်ချင်းပင် ကုန်ဆုံးသွားတယ်၊ အဲဒီလို ကုန်ဆုံးသွားတဲ့ နာမ်နဲ့ ရုပ်ကိုလည်း ရှုကြရမယ်၊ အဲဒီလို ရှုရင် မေတ္တာ သမထ နှင့်တကွ ဝိပဿနာလဲ ဖြစ်ပွားသွားတယ်၊ သမထနဲ့ ဝိပဿနာ တစ်စုံ တစ်စုံ ဖြစ်ပွားဖြစ်ပွား သွားတော့တာပေါ့၊ အဲဒီလို သမထဝိပဿနာ အစုံတွဲတွဲပြီး ရှုရှုသွား တာကို ယုဂနဒ္ဓ ဝိပဿနာလို့ခေါ်တယ်၊
ကဲ ... အဲဒီ ယုဂနဒ္ဓနည်းဖြင့် ရွတ်ဆိုပွားများ ကြရမယ်၊ ဘုန်းကြီးကလည်း ခပ်ဖြည်းဖြည်း ဆိုပေးမယ်။

(၃) အားလုံးထင်ရှားဖြစ်သူတွေ ဘေးရန်ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်ဆင်းရဲကင်းကြပါစေ၊ ကိုယ့်စိတ်နှစ်ဖြာ ချမ်းသာစွာနှင့် မိမိခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ။ (၄-ပါး)
(၄) အားလုံး ပုဂ္ဂိုလ်တွေ ဘေးရန်ကင်းကြပါစေ။ပ။ ရွက်ဆောင်နိုင်ကြပါစေ။ (၄-ပါး)
(၅) အားလုံး ခန္ဓာကိုယ် အတ္တဘောရှိသူတွေ ဘေးရန်ကင်းကြပါစေ။ပ။ ရွက်ဆောင်နိုင်ကြပါစေ။ (၄-ပါး၊ ၅x၄ -လီ=၂၀)

(၁) အားလုံး အမျိုးသမီးတွေ (အမျိုးသမီးတွေလို့ ဆိုရတာတော့ နားဝင် ချိုအောင် ဆိုရတာပါပဲ၊ နတ်သမီးတွေလဲ ပါဝင်တယ်၊ နွားကျွဲ စသော တိရစ္ဆာန်မတွေလဲ ပါဝင်တယ်၊ ပြိတ္တာမ အသူရကာယ်မ ငရဲသူမတွေလဲ ပါဝင်ပါတယ်) အားလုံး အမျိုးသမီးတွေ ဘေးရန်ကင်းကြပါစေ၊ စိတ်ဆင်းရဲကင်းကြပါစေ၊ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်စိတ် နှစ်ဖြာ ချမ်းသာစွာနှင့် မိမိခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြ ပါစေ။ (၄-ပါး)
(၂) အားလုံးအမျိုးသားတွေ (ဒါလဲ နားဝင်ချိုအောင်လို့ပါပဲ၊ နတ်သားတွေ တိရစ္ဆာန် အထီးတွေ စသည်လဲ ပါဝင်ပါတယ်) အားလုံး အမျိုးသားတွေ ဘေးရန်ကင်းကြပါစေ။ ပ။ ရွက်ဆောင်နိုင်ကြပါစေ။ (၄-ပါးပင်)
(၃) အားလုံး အရိယာတွေ ဘေးရန်ကင်းကြပါစေ။ပ။ ရွက်ဆောင်နိုင်ကြပါစေ။ (၄-ပါး)
(၄) အားလုံး ပုထုဇဉ်တွေ ဘေးရန်ကင်းကြပါစေ။ပ။ ရွက်ဆောင်နိုင်ကြပါစေ။ (၄-ပါး)
(၅) အားလုံးနတ်တွေ ဘေးရန်ကင်းကြပါစေ။ ပ။ ရွက်ဆောင်နိုင်ကြပါစေ။ (၄-ပါး)
(၆) အားလုံး လူတွေ ဘေးရန်ကင်းကြပါစေ။ပ။ ရွက်ဆောင်နိုင်ကြပါစေ။ (၄-ပါး)
(၇) အားလုံး အပါယ်သတ္တဝါတွေ ဘေးရန်ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်ဆင်းရဲကင်းကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာနှင့် မိမိခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ။ (၄-ပါး၊ ၇x၄ - လီ=၂၈ပါး)

ဒါက ဩဓိသမေတ္တာ ၂၈ - ပါးပဲ၊ ရှေ့က အနောဓိသ မေတ္တာ ၂၀နှင့်ပေါင်းလိုက်လျှင် ဒိသာ အနောဓိသမေတ္တာ ၄၈ - ပါးဖြစ်တယ်၊ အဲဒါ ပြီးသွားပြီ၊
ယခု အရှေ့အရပ်မှစပြီး တစ်မျက်နှာ ၄၈-ပါးစီ မေတ္တာပွားပုံများကို ရွတ်ဆိုပြီး ပွားများကြရမယ်၊ ဒီမေတ္တာပွားပုံကိုတော့ ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်တိုင်းက လက်ခံ နိုင်စရာ ရှိပါတယ်၊ ပွားများလို့လဲ လွယ်ပါတယ်၊ အကြားအမြင် နည်းတဲ့လူတွေလဲ နားလည်နိုင်ပါတယ်။ ကဲ .. ရွတ်ဆို ပွားများကြရမယ်။

(၁) အရှေ့အရပ်က အားလုံး သတ္တဝါတွေ ဘေးရန်ကင်းကြပါစေ။ပ။ ရွက်ဆောင်နိုင်ကြပါစေ။
အရှေ့အရပ်က အားလုံးအသက်ရှူသူတွေ ဘေးရန်ကင်းကြပါစေ။ပ။ နိုင်ကြပါစေ။
အရှေ့အရပ်က အားလုံး ထင်ရှားဖြစ်သူတွေ ဘေးရန် ကင်းကြပါစေ။ပ။ နိုင်ကြပါစေ။
အရှေ့အရပ်က အားလုံး ပုဂ္ဂိုလ်တွေ ဘေးရန်ကင်းကြပါစေ။ပ။ နိုင်ကြပါစေ။
အရှေ့အရပ်က အားလုံး ခန္ဓာကိုယ် အတ္တဘောရှိသူတွေ။ပ။ ရွက်ဆောင်နိုင်ကြပါစေ။
အရှေ့အရပ်က အားလုံးအမျိုးသမီးတွေ ဘေးရန်ကင်းကြပါစေ။ပ။ နိုင်ကြပါစေ။
အရှေ့အရပ်က အားလုံးအမျိုးသားတွေ။ပ။ နိုင်ကြပါစေ။
အရှေ့အရပ်က အားလုံးအရိယာတွေ။ပ။ နိုင်ကြပါစေ။
အရှေ့အရပ်က အားလုံးပုထုဇဉ်တွေ။ပ။ နိုင်ကြပါစေ။
အရှေ့အရပ်က အားလုံးနတ်တွေ။ပ။ နိုင်ကြပါစေ။
အရှေ့အရပ်က အားလုံးလူတွေ။ပ။ နိုင်ကြပါစေ။
အရှေ့အရပ်က အားလုံးအပါယ် သတ္တဝါတွေ ဘေးရန်ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်ဆင်းရဲကင်းကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာနှင့် မိမိ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ။

ကျန်တဲ့ အရပ်မျက်နှာ ၉ - ပါးမှာလဲ နည်းတူပင် ရွတ်ဆိုပွားများကြဖို့ပါပဲ၊ ယခုတော့ အစတစ်ပိုဒ်နဲ့ အဆုံးတစ်ပိုဒ်လောက်ဆိုပြီး ပွားများရင် တော်လောက်ပါပြီ။ ကဲ .... ရွတ်ဆိုကြရမယ်။

(၂) အနောက်အရပ်က အားလုံးသတ္တဝါတွေ ဘေးရန်ကင်းကြပါစေ။ပ။ နိုင်ကြပါစေ။ အနောက်အရပ်က အားလုံးအပါယ်သတ္တဝါတွေ။ပ။ ရွက်ဆောင်နိုင်ကြပါစေ။
(၃) မြောက်အရပ်က အားလုံးသတ္တဝါတွေ ဘေးရန်ကင်းကြပါစေ။ပ။ နိုင်ကြပါစေ။ မြောက်အရပ်က အားလုံးအပါယ် သတ္တဝါတွေ။ပ။ ရွက်ဆောင်နိုင်ကြပါစေ။
(၄) တောင်အရပ်က အားလုံးသတ္တဝါတွေ ဘေးရန်ကင်းကြပါစေ။ပ။ နိုင်ကြပါစေ။ တောင်အရပ်က အားလုံးအပါယ် သတ္တဝါတွေ။ပ။ ရွက်ဆောင်နိုင်ကြပါစေ။
(၅) အရှေ့တောင်အရပ်က အားလုံး သတ္တဝါတွေ ဘေးရန်ကင်းကြပါစေ။ ပ။ နိုင်ကြပါစေ။ အရှေ့တောင်အရပ်က အားလုံး အပါယ်သတ္တဝါတွေ။ပ။ ရွက်ဆောင်နိုင် ကြပါစေ။
(၆) အနောက်မြောက်အရပ်က အားလုံး သတ္တဝါတွေ ဘေးရန်ကင်းကြပါစေ။ပ။ နိုင်ကြပါစေ။ အနောက်မြောက်အရပ်က အားလုံး အပါယ်သတ္တဝါတွေ။ပ။ ရွက်ဆောင်နိုင်ကြပါစေ။
(၇) အရှေ့မြောက်အရပ်က အားလုံး သတ္တဝါတွေ ဘေးရန်ကင်းကြပါစေ။ ပ။ နိုင်ကြပါစေ။ အရှေ့မြောက်အရပ်က အားလုံး အပါယ် သတ္တဝါတွေ။ပ။ ရွက်ဆောင်နိုင်ကြပါစေ။
(၈) အနောက်တောင်အရပ်က အားလုံး သတ္တဝါတွေ။ပ။ ရွက်ဆောင်နိုင်ကြပါစေ။ အနောက်တောင်အရပ်က အားလုံးအပါယ် သတ္တဝါတွေ။ပ။ ရွက်ဆောင်နိုင်ကြပါစေ။
(၉) အောက်အရပ်က အားလုံး သတ္တဝါတွေ ဘေးရန်ကင်းကြပါစေ။ပ။ နိုင်ကြပါစေ။ အောက်အရပ်က အားလုံး အပါယ်သတ္တဝါတွေ။ ပ။ ရွက်ဆောင်နိုင်ကြပါစေ။
(၁၀) အထက်အရပ်က အားလုံး သတ္တဝါတွေ ဘေးရန်ကင်းကြပါစေ။ ပ။ နိုင်ကြပါစေ။ အထက်အရပ်က အားလုံးအပါယ်သတ္တဝါတွေ။ပ။ ရွက်ဆောင်နိုင်ကြပါစေ။

ယခု ရွတ်ဆိုပွားများခဲ့ကြတာဟာ ငါးရာနှစ်ဆယ့်ရှစ်သွယ်မေတ္တာ အကျဉ်းချုပ် အားဖြင့် စုံသွားပါပြီ၊ အဲဒါဟာ မေတ္တာဈာန်ရပြီး ပုဂ္ဂိုလ်များ ဖြန့်ပြီး ဈာန်ဝင်စားပုံပါပဲ၊ ဒါပေမယ့် ဈာန်မရသေးတဲ့ ပုဂ္ဂိုလ်လဲ ယခု ပြောခဲ့တဲ့နည်းအတိုင်း ဖြန့်ပြီး မေတ္တာ ဘာဝနာကို ပွားကောင်းပါတယ်၊
ပါရမီထူး ရရှိတဲ့သူဆိုရင် အဲဒီမေတ္တာပွားနေရင်း မေတ္တာဈာန်ကိုလဲ ရသွားနိုင်ပါတယ်၊ ဈာန်ကိုမရပေမယ်လို့ မေတ္တာပွားများတဲ့အတွက် အကျိုးကတော့များပါတယ်၊ ဘယ်လိုလဲဆိုတော့ -
ဘိက္ခဝေ - ရဟန်းတို့၊
ဘိက္ခု - ရဟန်းသည်၊
မေတ္တစိတ္တံ - သူတစ်ပါးအား ချမ်းသာစေလိုသော စိတ်ကို၊
အစ္ဆရာသင်္ဃာတ - မတ္တမ္ပိ - လက်ဖျစ်တတွတ် ကာလမျှသော်လည်း၊
စေ အာသေဝတိ - အကယ်၍ မှီဝဲငြားအံ့၊
(အင်္ဂုတ္တရ ဧကနိပါတ် ၅၃-သုတ်)
စေ ဘာဝေတိ - အကယ်၍ဖြစ်ပွားစေငြားအံ့။
(၎င်း ၅၄-သုတ်)
စေ မနသိကရောတိ - အကယ်၍ နှလုံးသွင်းငြားအံ့။
(၎င်း ၅၅-သုတ်)
ဘိက္ခဝေ - ရဟန်းတို့၊
အယံ ဘိက္ခု - လက်ဖျစ်တစ်တွတ် ခန့်မျှသော်လည်း မေတ္တာစိတ်ကို မှီဝဲဖြစ်ပွားစေသော နှလုံးသွင်းသော ဤရဟန်းကို၊
အရိတ္တဇ္ဈာနော ဝိဟရတိ - ရှုမှုဈာန်မကင်းစေဘဲ နေသူဟူ၍လည်းကောင်း၊
သတ္ထု - မြတ်စွာဘုရား၏၊
သာသနကရော ဩဝါဒကရော - အဆုံးအမဩဝါဒကို လိုက်နာ၍ ကျင့်သူဟူ၍ လည်းကောင်း၊
ရဋ္ဌပိဏ္ဍံ - တိုင်းသူပြည်သားတို့က လှူအပ်သောဆွမ်းကို၊
အမောဃံဘုဉ္ဇတိ - အချည်းနှီး မဖြစ်စေဘဲ ဘုဉ်းပေး သုံးဆောင် သူဟူ၍ လည်းကောင်း၊
ဝုစ္စတိ - ဆိုအပ်ပေ၏၊
ယေ - အကြင်ရဟန်းတို့သည်၊
ဗဟုလီကရောန္တိ - မေတ္တာစိတ်ကို အကြိမ်များစွာ ဖြစ်ပွားစေကုန်၏၊
တေ - ထိုရဟန်းတို့ကို၊
ကော ပန ဝါဒေါ - ဈာန်မကင်းဘဲနေကြ၏ စသည်ဖြင့် ပြောဆိုဖွယ် အဘယ်မှာ ရှိအံ့နည်း
လို့ မြတ်စွာဘုရားက ဟောကြားတော်မူတဲ့အတိုင်းပင် အလွန်အကျိုးများပါတယ်။

အဲဒီဒေသနာတော်မှာ လက်ဖျစ်တစ်တွက်ခန့် မေတ္တာစိတ်ကို မှီဝဲတာ ဖြစ်စေ တာတောင် ရှူမှုဈာန်မကင်းသူလို့ ဆိုရပါသတဲ့၊ ဘုရားအဆုံးအမကို လိုက်နာပြီး ကျင့်သူမည်ပါသတဲ့၊ ဒကာ ဒကာမများက လှူတဲ့ဆွမ်းကို သုံးဆောင်တာလဲ အချည်းနှီးမဖြစ်ဘူး၊ အကျိုးများစေပြီး သုံးဆောင်သည် မည်ပါသတဲ့။
အဲဒီမှာ ဒကာဒကာမတို့အား အကျိုးများစေပုံက ဘယ်လိုလဲဆိုတော့ ရဟန်းများမှာ ပစ္စဝေက္ခဏာဖြင့် မဆင်ခြင်ဘဲ ဆွမ်းကို သုံးဆောင်ရင် ဣဏပရိဘောဂဖြစ်တယ်၊ အကြွေး ယူပြီးစားတဲ့ သဘောပါပဲ၊ ဘယ်လိုလဲဆိုရင် သီလလေးပါးလုံး ပြည့်စုံတဲ့ ရဟန်းများသာ သုံးဆောင်သင့်တဲ့ဆွမ်းကို အဲဒီ ရဟန်းက ပစ္စယသန္နိဿိတသီလ မပြည့်စုံဘဲ သုံးဆောင်တဲ့အတွက် နောက်မှ အဲဒီ သီလကို မပြည့်စုံပါစေမယ်၊ ဆွမ်းကိုတော့ ယခုပဲ သုံးဆောင်ပါရစေလို့ဆိုပြီး အကြွေးသုံးဆောင်တာနဲ့ တူသောကြောင့် ဣဏပရိဘောဂလို့ဆိုရတာပါပဲ၊
သီလ လေးပါးလုံး ပြည့်စုံတဲ့ ရဟန်းကို လှူရင် လှူသူမှာ ဒါန၏အကျိုးကို အပြည့်အစုံ ရတယ်၊ ပစ္စယသန္နိဿိတသီလ မပြည့်စုံတဲ့ ရဟန်းအား လှူသူမှာ အဲဒီသီလ လိုနေတဲ့အတွက် အကျိုးက တစ်စိတ်တစ်ဒေသလို နေနိုင်တယ်၊ ဒါကြောင့် လှူသူမှာလဲ အကျိုးရသင့်သလောက်မရဘဲ အကြွေးပေးရတာနဲ့ တူတယ်၊ ဒါကြောင့် ဆွမ်းစသော ပစ္စည်းလေးပါးကို ဉာဏ်ဖြင့်မဆင်ခြင်ဘဲ သုံးဆောင်ရင် ရဟန်းမှာ ဣဏပရိဘောဂဖြစ်တယ်လို့ အဋ္ဌကထာများ၌ ဆိုထားပါတယ်။

လက်ဖျစ် တစ်တွက်ခန့်မျှလောက် မေတ္တာကို ဖြစ်ပွားစေတဲ့ ရဟန်းမှာတော့ အဲဒီလို ဣဏပရိဘောဂ မဖြစ်တဲ့အပြင် ရဟန္တာများ သုံးဆောင်သလိုပင် ပိုင်ရှင်ဖြစ်ပြီး တော့လဲ သုံးဆောင်ခြင်းဖြစ်တယ်၊ အကြွေးကင်းပြီး သုံးဆောင်ခြင်းလဲဖြစ်တယ်၊ ဒါယာဒဆိုတဲ့ အမွေခံဖြစ်ပြီးတော့လဲ သုံးဆောင်ခြင်း ဖြစ်တယ်၊ ဒါကြောင့်လဲ အချည်းနှီး မဖြစ်စေဘဲ သုံးဆောင်ခြင်း ဖြစ်ပါတယ်တဲ့၊
နောက်ပြီးတော့ -
အစ္ဆရာသင်္ဃာတမတ္တမ္ပိ - လက်ဖျစ်တစ်တွက်ခန့်မျှသော်လည်း၊
မေတ္တံ အာသေဝန္တဿ ဘိက္ခုနော - မေတ္တာကို မှီဝဲသော ရဟန်းအား၊
ဒိန္နဒါနံ - လှူအပ်သော အလှူကောင်းမှုသည်၊
မဟဋ္ဌိယံ ဟောတိ မဟပ္ဖလံ - အကျိုးများ၏၊ အဲဒီလို အကျိုးများစေနိုင် သောကြောင့်လဲ အချည်းနှီးမဖြစ်စေဘဲ သုံးဆောင်သည် မည်ပါတယ်တဲ့
အဲဒီလို သူ့အဋ္ဌကထာ၌ ဖွင့်ပြထားပါတယ်။

အရှင်သုဘူတိ၏ မေတ္တာပွားပုံ

မေတ္တာကို နှလုံးသွင်းခြင်းဟာ အလှူဒါယကာတို့အား အထူးသဖြင့် အကျိုးများစေ နိုင်ပါတယ်။ ဒါကြောင့် အရှင်သုဘူတိ ဆိုတဲ့ ရဟန္တာမထေရ်ဟာ ဆွမ်းခံကြွတဲ့အခါ အိမ်တိုင်းအိမ်တိုင်း ရှေ့၌ ခေတ္တရပ်နေစဉ်အတွင်း မေတ္တာဈာန်ကို ဝင်စားတော် မူပါသတဲ့၊ အဲဒီမေတ္တာဈာန်မှ ထပြီးဆွမ်းကို အလှူခံတော်မူပါသတဲ့၊
အဲဒါဟာ ဆွမ်းလှူတဲ့ ဒါယကာ - ဒါယိကာမတို့အား အကျိုးများစေရန် ဖြစ်ပါသတဲ့၊ အဲဒီလို အကျိုးများအောင် မေတ္တာဈာန်ဝင်စားပြီး အလှူခံလေ့ ရှိတဲ့အတွက် အရှင် သုဘူတိကို မြတ်စွာဘုရားက အလှူခံပုဂ္ဂိုလ်မြတ် အများထဲမှာ အမြတ်ဆုံးအဖြစ် ဧတဒဂ်ဂုဏ်ထူးဖြင့် ချီးကျူးတော်မူပါတယ်၊
ယခုအခါလဲ အလှူပွဲများ၌ ရဟန်းတော်များက မေတ္တသုတ် ပရိတ်တော်ကို ရွတ်ဖတ် ပွားများကြတာဟာ အလှူဒါန အကျိုးများစေရန် အတွက်ပါပဲ၊ ဒါကြောင့် မေတ္တသုတ် ပရိတ်တော်ကို ရွတ်ဖတ် ချီးမြှောက်တော်မူကြတဲ့အခါ မေတ္တာကိုလဲ ပွားရင်း လေးလေးစားစား ရွတ်ဖတ် သင့်ပါတယ်။
ဒါကြောင့် ယခုတရားနာရင်း မေတ္တာကို ပွားစေကြတာဟာ အလွန်အကျိုးများတယ် လို့ မှတ်ယူကြဖို့ပါပဲ၊ မိမိတို့၏ နေမြဲနေရာများမှာလဲ အခွင့်ရသလောက် ဒီမေတ္တာ ဘာဝနာကို ပွားများသင့်ပါတယ်၊ အောက်ထစ်ဆုံးအားဖြင့် ဘုရားဝတ်ပြုပြီးတဲ့ နောက်မှာ အချိန်ရသလောက် ပွားများသင့်ပါတယ်၊ အကြောင်းညီညွတ်ရင် ဒီလို ပွားများရင်း မကြာမီအတွင်းလဲ မေတ္တာဈာန်ကို ရနိုင်ပါတယ်၊ ဘယ်သူလိုလဲ ဆိုရင် ဓနဉ္ဇာနိဆိုတဲ့ ပုဏ္ဏားလိုပါပဲ။

ဓနဉ္ဇာနိနှင့် မေတ္တာဈာန်

▬▬▬▬▬▬▬▬

ဓနဉ္ဇာနိ ဆိုတဲ့ ပုဏ္ဏားကြီးဟာ သေလုနီးပါး ရောဂါဖြစ်နေတဲ့အခါ အရှင်သာရိပုတ္တရာကို ပင့်စေတယ်၊ အရှင်သာရိပုတ္တရာက ကြွရောက်တော်မူပြီးတော့ သူ့ရောဂါအကြောင်းကို မေးပြီးတဲ့နောက် ဒီလိုဟောတော်မူပါတယ်၊ ဟောပုံကတော့ ငရဲနဲ့တိရစ္ဆာန် ဘယ်ဟာက ကောင်းမြတ်သလဲ စသည်ဖြင့် မေးခွန်းထုတ်တယ်၊ ဓနဉ္ဇာနိကငရဲထက် တိရစ္ဆာန်က ကောင်းမြတ်ပါတယ် စသည်ဖြင့်ဖြေကြားတယ်၊

မေးပုံ ဖြေပုံတွေကတော့ တိရစ္ဆာန်နဲ့ပြိတ္တာ၊ ပြိတ္တာနဲ့လူ၊ လူနဲ့စတုမဟာရာဇ် စသည်ဖြင့် ပရနိမ္မိတဝသဝတ္တီ တိုင်အောင် မေးဖြေပြီးတဲ့အခါ ပရနိမ္မိတဝသဝတ္တီ နတ်တွေနဲ့ ဗြဟ္မာလောက ဘယ်ဟာက ကောင်းမြတ်သလဲလို့ မေးတယ်၊

အဲဒီအခါ ဓနဉ္ဇာနိက ဗြဟ္မာလောကဆိုတဲ့ အသံကြားရတော့ စိတ်တက်ကြွလာပြီး “အရှင်သာရိပုတ္တရာဟာ ဗြဟ္မလောက” လို့ ပြောပါသလားလို့ မေးတယ်၊ အဲဒီအခါ ဗြဟ္မလောကမှာ စိတ်ညွတ်လိုလားခြင်း ရှိကြောင်း သိတော်မူတဲ့အတွက် ဗြဟ္မလောကသို့ ရောက်စေနိုင်တဲ့ အကျင့်လမ်းကို ဟောကြားမယ်လို့ မိန့်တော်မူပြီးတော့ ဒီလို ဟောတော်မူပါတယ်။

ဣဓ ဓနဉ္ဇာနိ ဘိက္ခု မေတ္တာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ။ တထာ ဒုတိယံ။ တထာ တတိယံ။ တထာ စတုတ္ထံ။ ဣတိ ဥဒ္ဓမဓော တိရိယံ သဗ္ဗဓိ သဗ္ဗတ္တတာယ သဗ္ဗဝန္တံ လောကံ မေတ္တာသဟဂတေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာပဇ္ဈေန ဖရိတွာ ဝိဟရတိ။ အယံ ခေါ ဓနဉ္ဇာနိ ဗြဟ္မာနံ သဟဗျတာယ မဂ္ဂေါ။

(မဇ္ဈိမပဏ္ဏာသ - ၄၀၅)

ဓနဉ္ဇာနိ - ဓနဉ္ဇာနိပုဏ္ဏား၊
ဣဓ ဘိက္ခု - ဤသာသနာတော်၌ ရဟန်းသည်၊
မေတ္တာသဟဂတေန စေတသာ - ချမ်းသာစေလိုသည့် မေတ္တာနှင့် တကွဖြစ်သော စိတ်ဖြင့်၊
ဝါ - ချမ်းသာစေလိုသော စိတ်ဖြင့်၊
ဧကံ ဒိသံ - တစ်ခုသော အရပ်မျက်နှာကို၊
ဝါ - အရပ်မျက်နှာ တစ်ခု၌ရှိသော သတ္တဝါ အပေါင်းကို၊
ဖရိတွာ ဝိဟရတိ - ဖြန့်လျက်နေ၏၊
တထာ ဒုတိယံ - ဒုတိယအရပ်မျက်နှာကို ထို့အတူဖြန့်လျက်နေ၏၊
တထာ တတိယံ တထာ စတုတ္ထံ - ထို့အတူပင် တတိယ အရပ်မျက်နှာ စတုတ္ထအရပ်မျက်နှာကို ဖြန့်လျက်နေ၏၊
ဣတိ - ဤနည်းဖြင့်၊
ဥဒ္ဓံ - အထက်အရပ်၌ သတ္တဝါအပေါင်းကို၊
အဓော - အောက်အရပ်၌ သတ္တဝါ အပေါင်းကို၊
တိရိယံ - အထောင့်အရပ်လေးခု၌ သတ္တဝါအပေါင်းကို၊
သဗ္ဗဓိ - အရပ်အလုံးစုံ၌၊
သဗ္ဗတ္ထတာယ - သတ္တဝါဟူသမျှကို မိမိကိုယ်နှင့် အတူထားလျက်၊ (အဓိပ္ပာယ်နက်ဖြစ်သည်။)
ဝါ - စိတ်ဟူသမျှဖြင့်၊ (စိတ်တိုင်း စိတ်တိုင်းဖြင့်ဟု ဆိုလို၏)
သဗ္ဗဝန္တံလောကံ - သတ္တဝါအားလုံးရှိသော လောကကို၊
မေတ္တာသဟဂတေန စေတသာ - ချမ်းသာစေလိုသော စိတ်ဖြင့်၊
ဝိပုလေန - ကျယ်ပြန့်သောစိတ်ဖြင့်၊
မဟဂ္ဂတေန - မဟဂ္ဂုတ်ဈာန်စိတ်ဖြင့်၊
အပ္ပမာဏေန - အတိုင်းအရှည်ကင်းသော စိတ်ဖြင့်၊
အဝေရေန - ရန်ကင်းသော စိတ်ဖြင့်၊
အဗျာပဇ္ဈေန - နှလုံးမသာမှု ကင်းသောစိတ်ဖြင့်၊
ဖရိတွာ ဝိဟရတိ - ဖြန့်လျက်နေ၏၊
ဓနဉ္ဇာနိ - ဓနဉ္ဇာနိပုဏ္ဏား၊
အယံ - မေတ္တာစိတ်ဖြင့် ဖြန့်လျက်နေသော ဤ အကျင့်သည်၊
ဗြဟ္မာနံ သဟဗျတာယ - ဗြဟ္မတို့၏ အတူနေ အဖော်ဖြစ်ရန် အလို့ငှာ၊
ဝါ - ဗြဟ္မာဖြစ်ရန် အလို့ငှာ၊
မဂ္ဂေါ - လမ်းပေတည်းတဲ့။

ဆိုလိုရင်း အတိုချုပ်ကတော့ အရပ်ဆယ်မျက်နှာ၌ ရှိသမျှ သတ္တဝါအားလုံးကို မေတ္တာစိတ်ဖြင့် ဖြန့်နေတာ မေတ္တာပို့ နေတာဟာ ဗြဟ္မာဖြစ်ကြောင်း အကျင့်လမ်း ပဲလို့ ဆိုလိုတာပါပဲ၊ ကရုဏာ, မုဒိတာ, ဥပေက္ခာတို့ဖြင့် ဖြန့်နေပုံကိုလဲ နည်းတူပင် ဟောကြားတော်မူပါတယ်၊

အဲဒီလို ဟောကြားပြီးတော့ အရှင်သာရိပုတ္တရာက ပြန်ကြွသွားတယ်၊ မြတ်စွာဘုရားထံ သွားရောက်ပြီးတော့ ဓနဉ္ဇာနိအား ဟောခဲ့တဲ့ အကြောင်း အရာများကို လျှောက်တယ်၊ အဲဒီအခါ မြတ်စွာဘုရားက အရှင် သာရိပုတ္တရာအား ဒီလိုအပြစ်တင်ပြီး မိန့်တော်မူပါတယ်၊

ဗြဟ္မဝိဟာရဈာန်ထက် လွန်မြတ်တဲ့ အရိယာမဂ်ဖိုလ်ရအောင် ပြုကျင့်ဖွယ် ရှိနေ ပါလျက် ဓနဉ္ဇာနိပုဏ္ဏားကို (ဟီနေဗြဟ္မလောကေ) နိဗ္ဗာန်နှင့် နှိုင်းစာကြည့်လျှင် ယုတ်ညံ့သော ဗြဟ္မလောက၌ တည်စေပြီးတော့ ထလာခဲ့သကိုး လို့ မိန့်တော်မူ တဲ့အတွက် အရှင်သာရိပုတ္တရာလဲ ဗြဟ္မာ့လောကသို့သွား၍ ဓနဉ္ဇာနိဗြဟ္မာအား တရားဟောသေးကြောင်း၊ ထိုအခါမှစ၍ ၄ - ပိုဒ်မျှရှိတဲ့ တစ်ဂါထာကို ဟောသော်လဲ သစ္စာ ၄ - ပါးမှ မလွတ်စေဘဲ ဟောကြောင်းများကို အဋ္ဌကထာမှာ ပြဆိုထားပါတယ်။

ဒီနေရာမှာ သိစေလိုရင်းကတော့ ဓနဉ္ဇာနိဆိုတဲ့ ပုဏ္ဏားဟာ သေခါနီးဆဲဆဲ နာရီဝက်ခန့်လောက်အတွင်းမှာ မေတ္တာစသည်ကို ပွားစေပြီးတော့ ဈာန်ရသွားတယ်၊ အဲဒီ ဈာန်ကုသိုလ်ကြောင့် ဗြဟ္မာ့ပြည်သို့ ရောက်သွားရတယ်၊ အဲဒါကို သိစေ လိုရင်းပါပဲ၊ ဒါကြောင့် သေခါနီးကာလမှာ အားကိုးစရာ အခြားကုသိုလ် အထူးမရှိရင် မေတ္တာပွားနေခြင်းဖြင့် အားကိုးစရာကို ကောင်းကောင်း ရနိုင်တယ်ဆိုတာလဲ မှတ်ထားကြဖို့ပါပဲ၊ ဝိပဿနာ ရှုမှတ်နည်းကို ရထားတဲ့ သူများမှာတော့ ထင်ရှား ပေါ်ရာကို ရှုမှတ်ပြီးသိနေတာက အကောင်းဆုံးပါပဲ။

နောက်ပြီးတော့ မေတ္တာဘာဝနာအကျိုးကြီးပုံကို မြတ်စွာဘုရားက နိဒါနသံယုတ် ဩက္ခာသုတ် (၄၅၅) မှာ ဒီလို ဟောထားပါတယ်၊ ထမင်းအိုးကြီးတစ်ရာဖြင့် နံနက် တစ်ကြိမ်၊ နေ့လယ် တစ်ကြိမ်၊ ညနေတစ်ကြိမ် ကျွေးမွေး လှူဒါန်းတာထက် မေတ္တာ တစ်ကြိမ်မျှစိတ်ကို နံနက်တစ်ကြိမ် နေ့လယ်တစ်ကြိမ် ညနေတစ်ကြိမ် နွားနို့ တစ်ကြိမ်မျှ ညှစ်စာလောက်၊ သို့မဟုတ် နံ့သာနံ့ကို တစ်ကြိမ်မျှ နမ်းရှူတာလောက် ဖြစ်ပွားစေတာက ပိုပြီး အကျိုးကြီးတယ်လို့ ဟောတော်မူပါတယ်၊

အဲဒါကို ဘုန်းကြီးက တိုတိုနဲ့မှတ်ရအောင် ဆောင်ပုဒ်စီထားတယ်၊ “တစ်နေ့ သုံးခါ၊ အိုးတစ်ရာဖြင့်၊ ချက်ကာထမင်း၊ ကျွေးလှူခြင်းထက်၊ မယွင်းစင်စစ်၊ နို့တစ်ညှစ်စာ၊ ကြိမ်သုံးခါမျှ၊ မေတ္တာပွားများ၊ ကျိုးကြီးမားသည်၊ ဘုရားမြတ်စွာ မိန့်ခွန်းတည်း”တဲ့၊ အဲဒါကို လိုက်ဆိုကြရမယ်။

တစ်နေ့ သုံးခါ၊ အိုးတစ်ရာဖြင့်၊
ချက်ကာထမင်း၊ ကျွေးလှူခြင်းထက်၊
မယွင်း စင်စစ်၊ နို့တစ်ညှစ်စာ၊ ကြိမ်သုံးခါမျှ၊
မေတ္တာ ပွားများ၊ ကျိုးကြီးမားသည်၊
ဘုရားမြတ်စွာ မိန့်ခွန်းတည်း။

ထမင်းတစ်အိုးချက်ကို ဆယ်ယောက် စားလောက်တယ်ဆိုရင်ကို အိုးတစ်ရာချက် ဆိုတော့ လူတစ်ထောင် စားလောက်မှာပေါ့၊ အိုးကြီးတစ်ရာလို့ ဆိုထားတော့ လူနှစ်ထောင် သုံးထောင်စာလဲ ဖြစ်နိုင်ပါတယ်၊ အဲဒီထမင်းအလှူထက် နို့တစ်ညှစ် (သုံးလေးစက္ကန့်) လောက် သုံးကြိမ်မျှမေတ္တာပွားတာက ပိုပြီး အကျိုးကြီးတယ် ဆိုတော့ မေတ္တာပွားတဲ့အလုပ်ကို အားထုတ်စရာ အလွန်ကောင်းတာပါပဲ၊ ဘာမျှစရိတ်လဲမကုန် အချိန်လဲ မကုန်ဘဲ မပင်ပန်းဘဲ အကျိုးကြီးမြတ်တဲ့ မေတ္တာကုသိုလ်ကို ရနိုင်တာဟာ အင်မတန် အားရစရာကောင်းတယ်။

နောက်ပြီးတော့ အင်္ဂုတ္ထရ ပါဠိတော် ဧကာဒကနိပါတ် မေတ္တာသုတ် (၅၄၂) မှာလဲ မေတ္တာဘာဝနာ၏ အကျိုးကို ဒီလို ဟောတော်မူပါတယ်။

မေတ္တာယ ဘိက္ခဝေ စေတောဝိမုတ္ထိယာ အာသေဝိတာယ ဘာဝိတာယ ဗဟုလီကတာယ ယာနိကတာယ ဝတ္ထုက တာယ အနုဋ္ဌိတာယ ပရိစိတာယ သုသမာရဒ္ဓါယ ဧကဒသာနိသံသာ ပါဋိကင်္ခါ - ကတမေ ဧကာဒသ၊ သုခံ သုပတိ၊ သုခံ ပဋိဗုဇ္ဈတိ၊ န ပါပကံ သုပိနံ ပဿတိ၊ မနုဿာနံ ပိယော ဟောတိ၊ အမနုဿာနံ ပိယော ဟောတိ၊ ဒေဝတာ ရက္ခန္တိ၊ နာဿ အဂ္ဂိ ဝါ ဝိသံ ဝါ သတ္ထံ ဝါ ကမတိ၊ တုဝဋံ စိတ္ထံ သမာဓိံယတိ၊ မုခဝဏ္ဏော ဝိပ္ပသီဒသိ၊ အသမ္မူဠော ကာလ ကရောတိ၊ ဥတ္တရိ အပ္ပဋိဝိဇ္ဈန္တော ဗြဟ္မလော ကူပဂေါ ဟောတိ။

မေတ္တာ၏အကျိုး ၁၁ - ပါး

▬▬▬▬▬▬▬▬▬▬

ဘိက္ခဝေ - ရဟန်းတို့၊
အာသေဝိတာယ ဘာဝိတာယ ဗဟုလီကတာယ - မှီဝဲအပ်, ဖြစ်ပွားစေအပ်, အကြိမ်များစွာ ပြုအပ်ပြီးသော၊
(မေတ္တာစေတောဝိမုတ္တိ၏)
ယာနိကတာယ ဝတ္ထုကတာယ - သွားရန် အသင့်ပြင်ထားပြီးသော ယာဉ်ကဲ့သို့ တည်ရာကဲ့သို့ ပြုထားပြီးသော၊
အနုဋ္ဌိတာယ - ခိုင်မြဲစွာ တည်တံ့အောင် လေ့လာထားပြီးသော၊
ပရိစိတာယ - နိုင်နင်းအောင် လေ့ကျက်ထားပြီးသော၊
သုသမာရဒ္ဓါယ - ကောင်းစွာ အားထုတ်ပြီးသော၊
မေတ္တာယ စေတောဝိမုတ္တိယာ - မေတ္တာ စေတောဝိမုတ္တိ၏၊
ဝါ - ဗျာပါဒစသော နီဝရဏမှ ကင်းလွတ်သော မေတ္တာစိတ်၏၊
(မေတ္တာလို့ သာမညဆိုလျှင် သာမန် မေတ္တာစိတ်ကို ယူအပ်ကြောင်း၊ စေတော ဝိမုတ္တိလို့ ဆိုလျှင်တော့ ဈာန်စိတ်ကို ယူအပ်ကြောင်း အဋ္ဌကထာ၌ ဖွင့်ပြထား၏)
ဧကာဒသ အာနိသံသာ - ၁၁ - ပါးသော အကျိုးအာနိသင်တို့ကို၊
ပါဋိကင်္ခါ - မုချရမည်ဟု အလိုရှိအပ်, မှတ်ယူအပ်ကုန်၏၊
ကတမေ ဧကာဒသ - အဘယ် ၁၁ - ပါးတို့နည်းဟူမူ၊

(၁) သုခံ သုပတိ - ချမ်းသာစွာ အိပ်ပျော်ရ၏။ ဘာဝနာမဲ့ ပုဂ္ဂိုလ်တွေမှာ ဟိုဘက် လှည့်လိုက်, ဒီဘက်လှည့်လိုက်၊ စောင်းလိုက်, ပက်လက်လှန်လိုက်၊ ကွေးလိုက်, ဆန့်လိုက်နဲ့ အမျိုးမျိုးပြုပြင် ပြောင်းလဲပြီးတော့လဲ အိပ်ကြရတယ်၊ ဟောက်ပြီး တော့လဲ အိပ်ကြရတယ်၊ မေတ္တာဘာဝနာ လက်ရှိပုဂ္ဂိုလ်ကတော့ အဲဒီလို မဟုတ်ဘဲ ငြိမ်သက်ချမ်းသာစွာ အိပ်ရတယ်၊ အိပ်ပျော်တဲ့ အခါလဲ သမာပတ်ဝင်စားနေတဲ့ အခါလိုပင် ချမ်းသာစွာ အိပ်ပျော်နေရတယ်၊ အဲဒါက ပထမအကျိုးအာနိသင်ပဲ။

နောက်ပြီးတော့ (၂) သုခံ ပဋိဗုဇ္ဈတိ - ချမ်းသာစွာ နိုးရ၏၊ အိပ်ရာမှ နိုးတဲ့အခါလဲ အခြားသူတွေမှာ ညည်းတွားပြီး နိုးကြရတာလဲ ရှိတယ်၊ ခြေတွေ လက်တွေကို ရမ်းခါနေရတာလဲ ရှိတတ်တယ်၊ ပြုပြင်ပြောင်းလဲရင်း လူးလှိမ့်ရင်း နိုးလာတာလဲ ရှိတတ်တယ်၊ မေတ္တာပွားပြီး အိပ်တဲ့သူမှာ အဲဒီလိုဆင်းရဲမျိုးတွေမရှိဘဲ ကြာပန်းများ ပွင့်လာသလို လန်းလန်းဆန်းဆန်းနဲ့ ချမ်းသာစွာ နိုးရတယ်၊

သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမ သာဝကာ၊ ယေသံ ဒိ ဝါ စ ရတ္တော စ၊ နိစ္စံ ဗုဒ္ဓဂတာ သတိ - အစရှိတဲ့ ဓမ္မပဒဂါထာများအရ ဆိုရင်တော့ ဗုဒ္ဓါနုဿတိစသော ဘာဝနာများကို လေ့လာပွားများ နေတဲ့သူမှာလဲ ချမ်းသာစွာ နိုးရခြင်း, ချမ်းသာစွာ အိပ်ရခြင်းစသော ဒီလို အကျိုးများကို ရနိုင်တယ်လို့ ဆိုရမှာပဲ၊ ဒါပေမယ့် ဒီမေတ္တာဘာဝနာ ကတော့ ဒီအကျိုးများကို ရစေရာမှာ ထူးခြားတဲ့ဘာဝနာ ဖြစ်သောကြောင့် ဒီလိုအထူးပြုပြီး ဟောထားတယ်လို့ မှတ်ယူကြရမယ်။

နောက်ပြီးတော့ (၃) ပါပကံသုပိနံ - ယုတ်ညံ့ဆိုးရွားသော အိပ်မက်ကို၊ န ပဿတိ - မမြင်မက်၊ အမြင့်မှ လိမ့်ကျရသလို, လူဆိုးသူဆိုးတို့၏ အနှိပ်စက်ခံရသလို, မြွေဆိုး စသည်နဲ့ တွေ့နေရသလို စသည်ဖြင့် အိပ်မက်ဆိုးတွေကို အချို့မှာ မြင်မက်ရ တတ်တယ်၊ မေတ္တာပွားနေတဲ့ သူမှာတော့ အဲဒီလို ကြောက်လန့်ဖွယ် အိပ်မက် ဆိုးတွေကို မမြင်မက်ရဘူး၊ ဗုဒ္ဓစေတီတော်ကို ရှိခိုးပူဇော်နေရသလို, တရားဟော နေရသလို, ကောင်းမှုတစ်ခုခုကို ပြုနေရသလို စသည်ဖြင့် အိပ်မက်ကောင်းကိုသာ မြင်မက်ရတယ်။

နောက်ပြီးတော့ (၄) မနုဿာနံ ပိယော ဟောတိ - လူအများက ချစ်ခင်ပါတယ်တဲ့၊ ဘာကြောင့် ချစ်ခင်ကြသလဲဆိုတော့ ချစ်စရာဂုဏ်နဲ့ ပြည့်စုံနေလို့ ချစ်ကြတာပါပဲ၊ မေတ္တာကို တကယ်ပွားနေတဲ့သူက စိတ်ဖြင့် ချမ်းသာပါစေ၊ ချမ်းသာကြပါစေလို့ မေတ္တာပွားနေတဲ့အတိုင်း၊ သူတစ်ပါး ချမ်းသာစေချင်တယ် မဆင်းရဲစေချင်ဘူး၊ ဒါကြောင့် သူက ဘယ်သူ့ကိုမှ စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဖြစ်အောင် မပြောဘူးမပြုဘူး၊ တတ်နိုင်သမျှ ချမ်းသာအောင် အကူအညီပေးလေ့ရှိတယ်၊ သူတစ်ပါး နားဝင်ချိုတဲ့ စကားကိုသာ ပြောလေ့ရှိတယ်၊ ဒါကြောင့် နီးစပ်တဲ့ ပုဂ္ဂိုလ်တွေက သူ့အပေါ်မှာ အပြစ်ကို မတွေ့မြင်ကြဘူး၊

ချီးမွမ်းဖွယ်ဂုဏ်ကိုသာ တွေ့မြင်ကြတယ်၊ နောက်ပြီး သူတစ်ပါးက သူ့ကို အကျိုးမဲ့ ပြောတယ်လို့ ပြုလုပ်ပေမယ့်လို့ သူက ပြန်ပြီးမချေပဘူး၊ သည်းခံနေတယ်၊ အဲဒီတော့ ပြစ်မှားပြောမိတဲ့ သူကလည်း အရေလည်လာတဲ့အခါ အဲဒီလို သည်းခံပြီး မေတ္တာပွား နေတဲ့သူကို ကြည်ညိုပြီး ချစ်ခင်လာတာပါပဲ၊ အဲဒီလို အကြောင်းအရာ ကိုသိရတဲ့ ပတ်ဝန်းကျင် ပုဂ္ဂိုလ်တွေကလဲ ကြည်ညိုပြီး ချစ်ခင်ကြတာပါပဲ၊ ဒါကြောင့် မေတ္တာကို တကယ်ပွားပြီး သည်းခံနေတဲ့သူ၊ သူတစ်ပါး အကျိုးမဲ့ကို မပြောမပြုဘဲ အကျိုးကိုသာ စွမ်းနိုင်သမျှ ပြောဆို ဆောင်ရွက်ပေးတဲ့သူကို အများက ချစ်ခင်ကြ ကြည်ညိုကြ တာပါပဲ၊ မေတ္တာအစစ်အမှန်ကို ပွားနေခြင်းဟာ အများက ချစ်ခင် ကြည်ညိုခြင်း၏ အကြောင်း အကောင်းဆုံး ဂုဏ်ပါပဲ။

နောက်ပြီးတော့ (၅) အမနုဿာနံ ပိယော ဟောတိ - နတ်များကလည်း ချစ်ခင်ကြပါတယ်တဲ့၊ မေတ္တာ၏အကျိုး (၅) နံပါတ် ရောက်လာပြီ၊ အတိုချုပ်စီထားတဲ့ ဆောင်ပုဒ်ရှိတယ်၊ အဲဒီဆောင်ပုဒ်ကိုလည်း ဆိုပြီး ရှင်းပြသွားရင် ပိုပြီးနားလည် ကြပါလိမ့်မယ်၊ ဒါကြောင့် အဲဒီဆောင်ပုဒ်ကို လိုက်ဆိုကြရမယ်။

အိပ်, နိုး - ချမ်းသာ၊ ကောင်းစွာအိပ်မက်၊
ချစ်လျက်လူ, နတ်၊ စောင့်လတ် နတ်များ၊
မီး, ဆိပ်, ဓားတို့၊ ရှောင်ရှား ကိုယ်မှာ၊
လျင်စွာစိတ်တည်၊ ရွှင်ကြည်မျက်နှာ၊
သေကာ မတွေ၊ လားလေဗြဟ္မာ၊
ဆယ့်တစ်ဖြာသည်၊ မေတ္တာပွားမှု အကျိုးတည်း။

အိပ်, နိုး - ချမ်းသာ ဆိုတာ ချမ်းသာစွာ အိပ်ရတယ်၊ ချမ်းသာစွာ နိုးရတယ်ဆိုတဲ့ အကျိုး ၂ - ပါးကို ဖော်ပြတာပဲ၊ ကောင်းစွာ အိပ်မက်ဆိုတာကတော့ တတိယ အကျိုးကို ဖော်ပြတာပဲ၊ ချစ်လျက်လူ, နတ်ဆိုတာက လူတွေကလည်း ချစ်တယ်၊ နတ်တွေကလဲ ချစ်တယ်ဆိုတဲ့ စတုတ္ထအကျိုးနဲ့ ပဉ္စမအကျိုးကို ဖော်ပြတာပါပဲ၊ အဲဒီမှာ နတ်များက ချစ်ခင် ကြည်ညိုပုံကို ဝိသုဒ္ဓိမဂ်မှာ ဒီလို ပြထားပါတယ်။

ဝိသာခမထေရ်ဝတ္ထု

▬▬▬▬▬▬▬

တစ်ချိန်က ပါဋလိပုတ်မြို့မှာ ဝိသာခဆိုတဲ့သူကြွယ် တစ်ယောက်ရှိခဲ့တယ်၊ သူက ပါဋလိပုတ်မြို့မှာ နေစဉ်အတွင်း၌ သီဟိုဠ်ကျွန်း (ယခု သီရိလင်္ကာ) မှာ စေတီ ပုထိုးတွေဟာ ပန်းကုံးတွေလိုပင်များစွာ ရှိနေတဲ့အကြောင်း၊ ရဟန်းသံဃာတော် တို့၏ သင်္ကန်းရောင်ဖြင့် တောက်ပနေတဲ့အကြောင်း၊ အလိုရှိရာမှာ အိပ်နိုင်နေထိုင်နိုင်တဲ့ အကြောင်း၊ ဥတုလဲသပ္ပါယ ဖြစ်ကြောင်း၊ ကျောင်းကန်လဲ သပ္ပါယဖြစ်ကြောင်း၊ ရဟန်းရှင် လူပုဂ္ဂိုလ်များလဲ သပ္ပါယဖြစ်ကြောင်း တရားနာရန်လဲ သပ္ပါယ ဖြစ်ကြောင်း စသည်ကို ကြားသိရတယ်။

ဒါကြောင့် သူက သီဟိုဠ်သို့သွားပြီး ရဟန်းပြုရန် ကြံစည်ပြီးတော့ သူ့ရဲ့စီးပွားဥစ္စာ တွေကို သားမယားများအား လွှဲအပ်လိုက်တယ်၊ အဲဒီလို လွှဲအပ်ပြီးတော့ ခရီးစရိတ်အဖြစ် ငွေတစ်ကျပ်သာယူပြီး အိမ်က ထွက်လာခဲ့တယ်၊ သင်္ဘောဆိပ် ကျတော့ ပင်လယ်ကူးသင်္ဘောကို စောင့်နေရတာက တစ်လလောက်ကြာသတဲ့၊ ဟိုတုန်းက ပင်လယ်ကူးသင်္ဘော ဆိုတာဟာ ရွက်လှေကြီးပါပဲ၊ သူကရောင်းဝယ် ရေးမှာ နားလည်တဲ့အတွက် သင်္ဘောစောင့်ရင်း တစ်လအတွင်းမှာ တစ်နေရာက ပစ္စည်းကို တစ်နေရာသို့ ယူဆောင်ပြီး ရောင်းတယ်၊

ဓမ္မိကာယ - တရားနှင့်လျော်ညီသော၊
ဝဏိဇ္ဇာယ - ရောင်းဝယ်ခြင်းဖြင့်၊
တေနေဝအန္တရမာသေန - ထိုတစ်လအတွင်းဖြင့်ပင်လျှင်၊
သဟဿံ အဘိသံဟရိ - ငွေတစ်ထောင်စုမိပါသတဲ့၊

အဲဒီမှာ တရားသဖြင့် ရောင်းဝယ်ခြင်းဆိုတာ တန်ရာတန်ဖိုးပေးပြီး ဝယ်ရတယ်၊ ရောင်းတဲ့ အခါကျတော့လဲ ပစ္စည်းမှန် ဈေးမှန်ဖြင့် တိတိကျကျ ရောင်းရတယ်၊ ဟို ရှေးခေတ်တုန်းက ငွေတစ်ကျပ် အရင်းပေါ်မှာ တစ်ပြားနှစ်ပြားခန့်သာ အမြတ်ယူပြီး ရောင်းလေ့ရှိကြပါတယ်၊ အဲဒီလို ပစ္စည်းမှန် ဈေးမှန်ဖြင့် ဝယ်ရောင်းခြင်းကို ဓမ္မိကဝဏိဇ္ဇာ - တရားနှင့်အညီ ရောင်းဝယ်ခြင်းလို့ ဆိုလိုတာပါပဲ၊ အဲဒီလို တရားနှင့် အညီ ရောင်းဝယ်ပြီး အသက်မွေးတာကိုလဲ သမ္မာအာဇီဝ - မူမှန်အသက်မွေးခြင်းလို့ ပိဋကကျမ်းဂန်များမှာ ပြဆိုထားပါတယ်၊

ယခု ဝိသာခသူကြွယ်ကတော့ အသက်မွေးဖို့ ရည်ရွယ်ဟန်မတူဘူး၊ အချိန် အားနေလို့ ဝါသနာအလျောက် လုပ်ကိုင်ဟန် တူပါတယ်၊ ဘာကြောင့်လဲဆိုရင် နောက်ပိုင်း ကျတော့ အဲဒီငွေတွေကို စွန့်ကြဲပစ်တဲ့ အကြောင်း ပြဆိုထားသောကြောင့် ပါပဲ။

အဲဒီကနောက် အဲဒီ ဝိသာခသူကြွယ်ဟာ သီဟိုဠ်ကျွန်းရောက်ပြီးတော့ မဟာဝိဟာရ ကျောင်းတိုက်မှာ ရှင်ရဟန်းအဖြစ် တောင်းပန်ပါတယ်၊ ရှင်ရဟန်းပြုဖို့ သိမ်သို့ ခေါ်ဆောင်လာတဲ့အခါ သူ့ခါးပုံထဲက ငွေတစ်ထောင် အိတ်က မြေပေါ်မှာ ကျသွားတယ်၊ ဒါက ဘာတုံးလို့ မေးတော့ ငွေတစ်ထောင်ပါ ဘုရားလို့ သူက လျှောက်တယ်၊

ဥပါသကာရေ၊ ရှင်သာမဏေ ပြုပြီးတဲ့ အချိန်မှစပြီးတော့ ငွေကိုမစီမံနိုင်တော့ဘူး၊ ရှင်သာမဏေ မပြုရသေးမီ ယခုပင် အဲဒီငွေကို စီမံခန့်ခွဲပါ - လို့ မဟာထေရ်များက အမိန့်ရှိတဲ့အခါ “ဝိသာခ ရှင်ပြုရာမှာ လာကြတဲ့ လူတွေဟာ လက်ချည်းသက်သက် မပြန်ကြရပါစေနဲ့”လို့ ဆိုပြီး အဲဒီ ငွေတစ်ထောင်ကို သိမ်အပြင်မှာ ကြဲလိုက်ပြီး ရှင်ရဟန်းပြုပါသတဲ့။

အဲဒီ အရှင်ဝိသာခဟာ ငါးဝါအထိ ရဟန်းကျင့်ဝတ် ဒွေမာတိကာကို သင်ကြား လေ့လာတယ်၊ ငါးဝါရတဲ့အခါ မိမိနှင့် သင့်တော်တဲ့ ကမ္မဋ္ဌာန်းကို ယူပြီးတော့ တစ်ခုတစ်ခုသော ကျောင်းမှာ လေးလ လေးလစီ အညီအမျှ နေထိုင်လျက် ကျင့်သုံး နေပါသတဲ့၊ အဲဒီလို ကျင့်သုံးနေရင်း တောထဲကတစ်နေရာမှာ တည်လျက် သူ့ဂုဏ်ကို ဆင်ခြင်ပြီး ဒီလို ရွတ်ဆို ကျူးရင့်ပါသတဲ့။

ယာဝတာ ဥပသမ္ပန္နော၊
ယာဝတာ ဣဓ အာဂတော။
ဧတ္ထန္ထ ရေ ခလိတံ နတ္ထိ၊
အဟော လာဘော တေ မာရိသ။


ယာဝတာ ဥပသမ္ပန္နော - ရဟန်းပြုခဲ့သည်မှအစ၊
ယာဝတာ ဣဓ အာဂတော - ဤတောအရပ်သို့ လာရောက်သည့် တိုင်အောင်၊ (အဓိပ္ပာယ်နက် ပြန်သည်)
ဧတ္ထန္တရေ - ဤအတွင်း၌၊
ခလိတံ - ရဟန်းကျင့်ဝတ်၌ ချွတ်ချော်မှားယွင်းခြင်းသည်၊
နတ္ထိ - မရှိပေ၊
မာရိသ - အမောင်ဝိသာခ၊
တေ - သင်၏၊
လာဘာ - ရဟန်း အကျင့်ဆိုင်ရာ လာဘ်လာဘတို့သည်၊
အဟော - ဪ အံ့ဖွယ် ကောင်းပါပေစွတကား - တဲ့။

အဲဒီ အရှင်ဝိသာခဟာ သီဟိုဠ်ကျွန်း တောင်ပိုင်းအစွန်းမှာရှိတဲ့ စိတ္တလတောင် ကျောင်းသို့ ကြွသွားတဲ့အခါ လမ်းခွဲ လမ်းခွ ရောက်တော့ ဒီလမ်း သွားရမလား၊ ဟိုလမ်းသွားရမလားလို့ ဆင်ခြင်ပြီး ရပ်တည်နေတယ်၊ အဲဒီအခါ တောင်စောင့် နတ်က လက်ကို ဆန့်တန်းပြီးတော့ ဒီလမ်းပါပဲ ပြောဆို ညွှန်ပြလိုက်ပါသတဲ့၊

စိတ္တလတောင် ကျောင်းသို့ ရောက်ပြီးတော့ လေးလနေပြီးတဲ့အခါ နံနက်မိုးလင်းတဲ့ အချိန်၌ တခြားသို့ ထွက်ခွာသွားတော့မယ်လို့ ကြံပြီး လဲလျောင်းနေတယ်၊ အဲဒီအခါ စင်္ကြံဦးတွင် (မဏိခခေါ်) သပြေပင်၌နေသော ရုက္ခစိုးနတ်က လှေကားထစ် ပျဉ်ချပ်ပေါ်မှာ ထိုင်ပြီး ငိုနေပါသတဲ့။

ဝိသာခမထေရ်က ငိုနေတာ ဘယ်သူလဲလို့မေးတယ်၊ အကျွန်ုပ် သပြေပင်စောင့် နတ်ပါလို့ လျှောက်တယ်၊ ဘာကြောင့် ငိုနေသလဲ၊ အရှင်ဘုရား ကြွသွားတော့ မည်ကြောင့် ငိုပါတယ်လို့လျှောက်တယ်၊ ငါဒီမှာနေတဲ့အတွက် သင်တို့မှာ ဘယ်လိုဂုဏ် အကျိုးကို ရသလဲ၊ အရှင်ဘုရား ဒီမှာ နေထိုင်တော်မူတဲ့အတွက် အကျွန်ုပ်တို့နတ်တွေဟာ အချင်းချင်း မေတ္တာကိုရကြပါတယ်၊

ယခု အရှင်ဘုရား ကြွသွားရင် ဒီနတ်တွေဟာ ရန်ဖြစ်ကုန်ကြတော့မှာပဲ၊ ကြမ်းကြုတ်တဲ့ စကား တွေကိုလဲ ပြောကုန်ကြတော့မှာပဲလို့ လျှောက်တယ်၊ ငါ ဒီမှာနေတဲ့အတွက် သင်တို့မှာ ချမ်းသာစွာနေရခြင်း ဖြစ်ရင်တော့ ကောင်းပါတယ်လို့ မိန့်ဆိုပြီး ဝိသာခမထေရ်က နောက်ထပ် လေးလလဲ အဲဒီမှာပင် ဆက်ပြီးနေတယ်၊ လေးလပြည့်တဲ့အခါ သွားဖို့ ကြံပြန်တယ်၊

နတ်ကလဲ တစ်ဖန် ငိုပြန်တယ်၊ ဒီနည်းဖြင့် ဝိသာခမထေရ်က အဲဒီ စိတ္တလတောင် ကျောင်းတိုက်မှာ ဆက်ကာ ဆက်ကာ နေပြီး အဲဒီမှာပဲ ပရိနိဗ္ဗာန် စံတော်မူပါသတဲ့၊ အဲဒါဟာ မေတ္တာပွားနေတဲ့ ပုဂ္ဂိုလ်ကို နတ်များက ချစ်ခင် ကြည်ညိုကြကြောင်း ဝိသုဒ္ဓိမဂ်မှာ ပြထားတဲ့ သာဓကဝတ္ထုပါပဲ။

နောက်ပြီးတော့ (၆) ဒေဝတာ ရက္ခန္တိ - နတ်များက စောင့်ရှောက်ကြပါတယ်တဲ့၊ ဘယ်လို စောင့်ရှောက်ကြသလဲ ဆိုတော့ - တစ်ဦးသော သားကို မိဘများက စောင့်ရှောက်ကြသလိုပင် စောင့်ရှောက်ကြပါတယ်တဲ့၊ အဲဒီလို နတ်များက စောင့်ရှောက်နေရင် ဘေးရန်အန္တရာယ်ကင်းဖို့ ကောင်းကျိုး ချမ်းသာကို ရဖို့ရှိတာပါပဲ။

နောက်ပြီးတော့ (၇)
အဿ - မေတ္တာပွားနေသော ထိုပုဂ္ဂိုလ်၏ ကိုယ်၌၊
အဂ္ဂိ ဝါ ဝိသံ ဝါ သတ္ထံ ဝါ - မီးဖြစ်စေ၏ အဆိပ်ဖြစ်စေ - ဓား စသော လက်နက် ဖြစ်စေ၊
န ကမတိ - မကျရောက် မထိပါးနိုင်ပေ၊

မေတ္တာပွားနေတဲ့သူကို မီးလဲ မလောင်နိုင်ဘူး၊ အဆိပ်ဘေးလဲ မသင့်ဘူး၊ ဓား လှံ မြားစသော လက်နက်လဲ မထိပါးနိုင်ဘူးတဲ့၊ ယခုခေတ်မှ ပေါ်လာတဲ့ သေနတ်တို့ ဗုံးတို့ ဆိုတာတွေလဲ မထိမှန်နိုင်ဘူးလို့ ယူရမှာပဲ၊ ဒါကြောင့် အဲဒီလို ဘေးဒဏ်တွေနဲ့ နီးစပ်တဲ့အခါမှာ ဒီမေတ္တာကို လေးလေးနက်နက် အထူးသဖြင့် ပွားများ နေသင့်ပါတယ်၊

ဒီနေရာမှာလဲ ဝိသုဒ္ဓိမဂ်မှာ သာဓက ဝတ္ထုများကို ပြထားပါတယ်၊ ဥတ္တရာဆိုတဲ့ ဥပါသိကာမမှာ ဆီပူ မလောင်သလို၊ သံယုတ္တနိကာယ်ဆောင် စူဠသိဝထေရ်မှာ အဆိပ်မသင့်သလို၊ သံကိစ္စ သာမဏေမှာ ဓားလက်နက် မထိသလိုပဲလို့ ပြထား ပါတယ်၊ နောက်ပြီးတော့ နွားမကို လှံမစူးတဲ့ ဝတ္ထုကိုလဲ ဒီလို ပြထားပါသေးတယ်၊

တစ်ခါက နွားမတစ်ကောင်ဟာ သားငယ်ဖြစ်တဲ့ နွားကလေးကို နို့တိုက်နေတယ်၊ မုဆိုးတစ်ယောက်က အဲဒီနွားမကို လှံနဲ့ အတင်းထိုးလိုက်တယ်၊ လှံသွားက နွားမ၏ ကိုယ်ကို ထိတဲ့အခါ ထန်းရွက်လိုပင် လိပ်ခွေသွားပါသတဲ့၊ အဲဒါဟာ ဥပစာ အပ္ပနာဈာန်ကြောင့် မဟုတ်ပါဘူး သားငယ်ကို ချစ်တဲ့စိတ် သက်သက်ကြောင့်ပါပဲ၊ မေတ္တာဟာ ဒီလောက်အထိ တန်ခိုးအာနုဘော် ရှိပါတယ်တဲ့။

အဲဒီ ဝတ္ထုတွေထဲက ဥတ္တရာဥပါသိကာမ ဝတ္ထုကတော့ ဓမ္မပဒမှာ ထင်ရှား ရှိနေပါတယ်၊ အကျဉ်းလောက် ထုတ်ပြရမှာပါပဲ။

ဥတ္တရာဝတ္ထု

▬▬▬▬

ဥတ္တရာရဲ့ ဖခင်က မောင်ပုဏ္ဏတဲ့၊ သူဟာ ရာဇဂြိုဟ်မြို့က သုမနသေဋ္ဌေးကို မှီပြီး လုပ်ကိုင် စားသောက်နေရတဲ့ ဆင်းရဲသား တစ်ယောက်ပါပဲ၊ တစ်နေ့သောအခါမှာ နိရောဓသမာပတ်မှ ထလာတဲ့ အရှင်သာရိပုတ္တရာ မထေရ်မြတ်အား တံပူနဲ့ မျက်နှာသစ်ရေကို လှူတယ်၊ သူ့ဇနီးကလဲ အဲဒီနေ့မှာ သူယာထွန်နေရာကို ထမင်းလာပို့ရင်း၊ အရှင်သာရိပုတ္တရာကို တွေ့ရတာနဲ့ သဒ္ဓါတရား ထက်သန်စွာ ဖြစ်ပြီးတော့ သူ့ခင်ပွန်းအတွက် ထမင်းကိုလှူလိုက်တယ်၊

အဲဒီကောင်းမှုများကြောင့် မောင်ပုဏ္ဏ ထွန်ထားတဲ့မြေကွက် တစ်ခုလုံးရွှေတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်၊ ယခုနေအခါမှာတော့ ယုံချင်မှယုံကြမယ်၊ ဒါပေမယ့် ဟိုတုန်းက ပုဂ္ဂိုလ်ထူးတွေကို အမှီပြုပြီး ကုသိုလ်အထူးက အကျိုးထူးတွေ ပေးတာဟာ ယခုခေတ်မှာ ရှေးက မဖြစ်စဘူး အထူးဖြစ်ပေါ်လာတဲ့ စက်ပစ္စည်း ဓာတ်ပစ္စည်းများနှင့် နှိုင်းစာကြည့်ယင် ယုံကြည်နိုင်စရာရှိပါတယ်၊

ယခုခေတ်မှာ ရှေးကလူတွေ မယုံကြည်နိုင်အောင် အထူးတွေပေါ်လာသလိုပဲ ရှေးခေတ်ကလဲ ယခုခေတ်လူတွေ မယုံကြည်နိုင်လောက်အောင် အထူးအဆန်းတွေ ပေါ်ခဲ့တယ်လို့ အသင့်အတင့် နှလုံးသွင်းရင် ယုံကြည်ဖွယ်ရှိပါတယ်။

အဲဒီလို မြေကြီးခဲတွေ ထူးထူးဆန်းဆန်း ရွှေတုံးရွှေခဲတွေ ဖြစ်လာတဲ့အတွက် ဆင်းရဲသား မောင်ပုဏ္ဏအဖြစ်မှ သေဋ္ဌေးကြီး ဦးပုဏ္ဏဖြစ်လာခဲ့တယ်၊ နောက် တစ်ချိန်မှာ မူလက အရှင်သခင်ဖြစ်ခဲ့တဲ့ သုမန သေဋ္ဌေးက ပုဏ္ဏသေဋ္ဌေးကြီး၏ သမီး ဥတ္တရာကို သူ့သားနှင့် လက်ထပ်ရန်တောင်းခဲ့တယ်၊ ပုဏ္ဏသေဋ္ဌေးကြီးနှင့် သူ့ဇနီး, သူ့သမီးဥတ္တရာတို့က သေဋ္ဌေးဖြစ်ခါစ အိမ်တက်မင်္ဂလာပွဲ တုန်းကပင် မြတ်စွာဘုရား ၏ တရားတော်ကို နာပြီး သောတာပန် ဖြစ်ခဲ့ကြတယ်၊

သုမနသေဋ္ဌေး အိမ်ထောင်စုကတော့ ဗုဒ္ဓဘာသာဝင် မဟုတ်ဘဲ ဘာသာခြား ဖြစ်နေတယ်၊ ဒါကြောင့် ပုဏ္ဏသေဋ္ဌေးကြီးက အဲဒီတောင်းဆိုချက်ကို သဘော မတူနိုင်ဘဲ ရှိနေခဲ့တယ်၊ သင့်သားက မိစ္ဆာဒိဋ္ဌိ၊ ငါ့သမီးက ရတနာသုံးပါးနဲ့ ကင်းပြီး မနေနိုင်ဘူး၊ ဒါကြောင့် သဘော မတူကြောင်းလဲ ဖွင့်ဟပြောတယ်၊ ဒါပေမယ့် မိတ်မပျက်သင့်ကြောင်း အများက ဝိုင်းပြောကြတာနဲ့ နောက်ဆုံးကျတော့ သမီး ဥတ္တရာကို သုမနသေဋ္ဌေးသားနှင့် လက်ထပ်ပေးလိုက်ရတယ်။

အဲဒီ ဥတ္တရာဟာ ဝါဆိုလပြည့်နေ့မှာ ခင်ပွန်းအိမ်သို့လိုက်သွားရတယ်၊ အဲဒီနေ့ကစပြီး ရဟန်းသံဃာ ရဟန်းမတို့ထံ ဆည်းကပ်ခွင့် မရခဲ့ဘူး၊ လှူရန် တရားနာရန်လဲ အခွင့်မရခဲ့ဘူးတဲ့၊ အဲဒီလိုနဲ့ နေလာခဲ့ရတာ နှစ်လခွဲ ကြာတဲ့အခါကျတော့ ဥတ္တရာက သူ့ဖခင်ထံ အကြောင်းကြားလိုက်တယ်၊

“သမီးကို ဘာကြောင့် ဒီလိုထောင်ထဲ ချထားရသလဲ၊ တံဆိပ်ခတ်ပြီး သူများကျွန် အဖြစ် ကြေညာတာက ကောင်းပါသေးတယ်၊ ဒီလို မိစ္ဆာဒိဋ္ဌိ အမျိုးအား ပေးအပ် ရန်တော့ မသင့်ပါဘူး၊ လာခဲ့တဲ့နေ့ကစပြီး ရဟန်းသံဃာကို ဖူးမြင်ရခြင်းစသော ကုသိုလ်ထဲက တစ်ခုမှပြုခွင့်မရပါဘူး”လို့ အကြောင်းကြားလိုက်တယ်။

အဲဒီတော့ သူ့ဖခင်သေဋ္ဌေးကြီးက “ငါ့သမီးတော့ ဆင်းရဲနေရှာပြီ”လို့ ဝမ်းနည်းစကား ပြောကြားပြီးတော့ ငွေတစ်သောင်း ငါးထောင် ပေးပို့လိုက်စေတယ်၊ အဲဒီတုန်းက အဲဒီမြို့မှာ သီရိမာဆိုတဲ့ နာမည်ကျော် အမျိုးသမီး တစ်ယောက် ရှိတယ်၊ သူက တစ်ရက်အတွက် ငွေတစ်ထောင်အခယူပြီး အမျိုးသားကို ဖျော်ဖြေတယ်၊

အဲဒီ သီရိမာကို တစ်သောင်းငါးထောင်နဲ့ငှားပြီး ဥတ္တရာ၏ ခင်ပွန်းကို ပြုစုစေဖို့၊ အဲဒီ ၁၅ - ရက်အတွင်းမှာ ဥတ္တရာက လွတ်လွတ်လပ်လပ် ကုသိုလ်ကောင်းမှုများကို ပြုနိုင်ဖို့ ရည်ရွယ်ပြီး ပေးလိုက်တဲ့ ငွေတွေဖြစ်ပါသတဲ့။ အဲဒီတော့ ဥတ္တရာက သီရိမာကိုခေါ်ပြီး ၁၅ - ရက်အတွင်း သူ့ခင်ပွန်းအား ပြုစုဖို့ပြောပြီး၊ ငွေတွေကိုလဲ ပေးလိုက်ပါသတဲ့၊

သီရိမာက သဘောတူတဲ့အတွက် ဥတ္တရာက သူ့ခင်ပွန်းထံ ခေါ်သွားပြီး ၁၅ - ရက် အတွင်းမှာ သီရိမာက သူ့ကိုယ်စား လုပ်ကျွေးပြုစုရမည့်အကြောင်း, သူကတော့ ကုသိုလ် ကောင်းမှုများကိုသာ လွတ်လွတ်လပ်လပ် ပြုနေလိုကြောင်း ပြောကြားတယ်၊ သူ့ခင်ပွန်းကလဲ အလွန်လှပတဲ့ သီရိမာကို မြင်ရတော့ သဘောတူပြီး ခွင့်ပြုလိုက်ပါသတဲ့။

အဲဒီနေ့က စပြီး ဥတ္တရာဟာ ဘုရား အမှူးရှိသော သံဃာတော်ကိုနေ့စဉ်ပင့်ပြီး ဆွမ်းကပ်လှူတယ်၊ တရားနာလဲ နာတယ်၊ သံဃာတော်များအတွက် ချက်ပြုတ်ရေး မှာလဲ ဒီလိုချက် ဒီလိုလုပ် စသည်ဖြင့် စီမံခန့်ခွဲနေတယ်၊ သီတင်းကျွတ် လဆန်း ၁၄ - ရက်နေ့မှာ သူ့ခင်ပွန်းသေဋ္ဌေးသားက ပြတင်းပေါက်ကနေပြီး မီးဖိုချောင်ဆီ လှမ်းကြည့်လိုက်တဲ့အခါ ချက်ပြုတ်ရေးအတွက် စီမံနေတဲ့ ဥတ္တရာကိုမြင်ရတယ်၊

ချွေးတွေကလဲထွက်ပြီး ပြာတွေ မီးသွေးတွေနဲ့လဲ ပေပြီးနေတာကို မြင်ရတော့ “ဪ … မသိ မလိမ္မာရှာတဲ့ အကောင်မဟာ ဒီလို အိမ်ကြီးပေါ်မှာ စည်းစိမ် ကျက်သရေကို မခံစားနိုင်ရှာဘူး၊ ကတုံး ရဟန်းတွေကို လုပ်ကျွေးပြုစုရမယ်လို့ အားရကျေနပ်တဲ့ စိတ်ဖြင့် လုပ်ကိုင်နေပါပေရဲ့”လို့ ရယ်မောပြီး ပြတင်းပေါက်မှ ခွာသွားတယ်။

အဲဒါကို မြင်တွေ့ရတော့ သီရိမာက ဘယ်သူ့ကိုမြင်လို့ ပြုံးရယ်ပါလိမ့်လို့ ဆင်ခြင်ပြီး အဲဒီပြတင်းပေါက် ကြည့်လိုက်တဲ့အခါ ဥတ္တရာကို မြင်ရတယ်၊ အဲဒီတော့ သူက “သေဋ္ဌေးသားဟာ ဒီအကောင်မနဲ့ ဆက်ဆံမှုရှိဟန်တူတယ်”လို့ တွေးထင်မိတယ်၊ သူက ၁၅ - ရက်လောက် နေရတာနဲ့ သူ့ကိုသူ အိမ်ပိုင်ရှင်စိတ် ပေါက်နေတယ်၊ အငှားလာနေရတယ်ဆိုတာ သတိမရဘူး၊

ဒါကြောင့် ဥတ္တရာအပေါ်မှာ မနာလိုစိတ်လဲဖြစ်တယ်၊ ရန်ြုငိးလဲထားတယ်၊ ဒါကြောင့် ဥတ္တရာကို ဆင်းရဲအောင် လုပ်ဖို့ ကြံရွယ်ပြီး အိမ်ပေါ်ကဆင်းလာတယ်၊ မီးဖိုထဲမှာ မုန့်ကြော်နေရာက ထောပတ်ဆီပူတွေကို ယောက်ချိုခွက်နဲ့ ခပ်ယူလာပြီး ဥတ္တရာထံ ချဉ်းကပ်လာတယ်၊ ဥတ္တရာက သီရိမာကိုမြင်ရတော့ ဒီလို မေတ္တာပွားပါသတဲ့၊

“ငါ့သူငယ်ချင်း သီရိမာဟာ ငါ့အားကျေးဇူးများအောင် ပြုပါပေတယ်၊ စကြာဝဠာ တိုက်ဆိုတာက ကျဉ်းပါသေးတယ်၊ သီရိမာရဲ့ကျေးဇူးတွေက ပိုပြီး ကျယ်ပြန့် ပါပေတယ်၊ သူက ငါ့ခင်ပွန်းကို ကျေနပ်အောင် ပြုစုနေပေလို့ ငါ့မှာ ဒါန ကုသိုလ်လဲပြုရန် တရားကိုလဲနာရန် အခွင့်ရပါပေတယ်၊ အကယ်၍ ငါက သူ့အပေါ်မှာ အမျက်ထွက်ရင် သူယူလာတဲ့ ထောပတ်ဆီပူဟာ ငါ့ကိုလောင်ပါစေ၊ ငါကအမျက်ထွက်ခြင်း မရှိရင်တော့ မပူလောင်ပါစေလင့်”လို့ မေတ္တာဖြင့် ဖြန့်ပြီး သစ္စာပြုလိုက်ပါသတဲ့၊

သီရိမာက ဥတ္တရာအပေါ်လောင်းချလိုက်တဲ့ ထောပတ်ဆီပူဟာ အေးမြတဲ့ရေလို ဖြစ်သွားပါသတဲ့။ အဲဒီတော့ သီရိမာက “ဒါက အေးဟန်တူတယ်”လို့ ကြံတွေးပြီး နောက်တစ်ခါ ယောက်ချိုနဲ့ ခပ်ယူလာပြန်တယ်၊ အဲဒီတော့ ဥတ္တရာရဲ့ အခြွေအရံ တွေက “သွားဟဲ့ ... မလိမ္မာတဲ့ အကောင်မ၊ နင်ဟာ ငါတို့သခင်မကို ထောပတ်ပူဖြင့် မလောင်းနဲ့”လို့ ကြိမ်းမောင်းခြိမ်းခြောက်ပြီး လက်များ ခြေများဖြင့် ပုတ်ခတ် နှိပ်စက်ကြတယ်၊ အဲဒီလို ပုတ်ခတ်ပြီး မြေကြီးပေါ်မှာ လဲကျသွားစေကြတယ်၊

ဥတ္တရာက အဲဒီလိုမနှိပ်စက်ရန် တားမြစ်သော်လဲ တားမြစ်လို့မရဘဲ ဖြစ်သွားပါသတဲ့၊ အဲဒီအခါ ဥတ္တရာက သူ့အခြွေအရံများကို တားမြစ်ပြီးတော့ “သီရိမာရေ၊ ဘာကြောင့် ဒီလောက်ကြီးလေးတဲ့ အမှုကို လုပ်သလဲကွယ်” စသည်ဖြင့် အဆုံးအမဩဝါဒ ပေးပြီးတော့ ရေနွေးဖြင့်လဲ ရေချိုးပေးစေတယ်၊ အကြိမ်တစ်ရာချထားတဲ့ ဆီညက်ဖြင့်လဲ လိမ်းပေးစေတယ်။

အဲဒီတော့မှ သီရိမာက သူဟာ အပြင်က အခစား ပြုစုလုပ်ကျွေးနေရတဲ့သူ ဖြစ်ကြောင်း အမှတ်ရပြီးတော့ ကန်တော့ တောင်းပန်တယ်၊ ဥတ္တရာက ငါ့ဖခင်ဖြစ်တဲ့ မြတ်စွာဘုရားထံ တောင်းပန်ပါလို့ ညွှန်ကြားတယ်၊ အတိုချုံး ပြောရမှာပဲ၊

ဥတ္တရာက စီစဉ်ပေးတဲ့အတိုင်း သီရိမာက ဘုရားအမှူးရှိသော သံဃာတော်ကို ဆွမ်းကပ်လှူပြီး မြတ်စွာဘုရားထံ တောင်းပန်တယ်၊ အဲဒီအခါ မြတ်စွာဘုရားက “အမျက်ထွက်သူကို အမျက်မထွက်ဘဲ သည်းခံခြင်းဖြင့် အောင်နိုင်ရမယ်”စသည်ဖြင့် ဂါထာတစ်ပုဒ် တရားကို ဟောကြားတော်မူပါတယ်၊ အဲဒီတရားကို ကြားနာပြီးတော့ သီရိမာဟာ အမျိုးသမီး ငါးရာနှင့်တကွ သောတာပန် ဖြစ်သွားပါသတဲ့၊

ဒီဝတ္ထုထဲမှာ ပြောလိုရင်းကတော့ ထောပတ်ဆီပူဖြင့် လောင်းသော်လဲ ဥတ္တရာ ဥပါသိကာမမှာ မေတ္တာဘာဝနာ၏အစွမ်းကြောင့် ပူလောင်ခြင်း မရှိဘဲ ချမ်းသာစွာ ရှိနေကြောင်းပါပဲ၊ ကဲ - ဆောင်ပုဒ်ကို ထပ်ပြီး ဆိုကြရဦးမယ်။

အိပ်, နိုး - ချမ်းသာ၊ ကောင်းစွာအိပ်မက်၊
ချစ်လျက် လူ, နတ်၊ စောင့်လတ် နတ်များ၊
မီး - ဆိပ် - ဓားတို့ ရှောင်ရှား ကိုယ်မှာ-

အဲဒီအကျိုးကို ပြောနေတာပဲ၊ စကားကြောက တော်တော်ရှည်သွားပြီ၊ အဆိပ်ဘေး မသင့်တဲ့ စူဠသိဝမထေရ် အကြောင်းကတော့ ယခုလက်ရှိ အဋ္ဌကထာ - ဋီကာ များမှာ အကျယ်ပြချက်ကို မတွေ့ရဘူး၊ သံကိစ္စသာမဏေ အကြောင်းကတော့ တုဝဋကသုတ် တရားတော်စာအုပ် နှာ ၉၁ - မှာ ပြထားပြီး ရှိနေပါပြီ၊

အဲဒီမှာတော့ ဈာန်ဝင်စားနေတယ်လို့သာပါတယ်၊ ဘာဈာန်ရယ်လို့ မထင်ရှားဘူး၊ ဒီနေရာမှာ ဝိသုဒ္ဓိမဂ် ပြဆိုချက်အရအားဖြင့်တော့ မေတ္တာဈာန် ဝင်စားနေတယ်လို့ မှတ်ယူဖို့ပါပဲ၊ အဲဒါဟာ မီး - အဆိပ် - ဓား စသော လက်နက်ဘေးဒဏ် မသင့်ပုံ ပြဆိုချက်များပါပဲ၊ ကဲ - ဆက်ဆိုကြရမယ်၊

မီး - ဆိပ် - ဓားတို့၊ ရှောင်ရှားကိုယ်မှာ၊
လျင်စွာစိတ်တည်၊ ရွှင်ကြည်မျက်နှာ၊

(အဲဒီအကျိုး ၂ - ပါးကိုတော့ ပါဠိတော်မှာ ဒီလိုပြထားတယ်။)

(၈) တုဝဋံ စိတ္တံ သမာဓိယတိ - စိတ်လဲလျင်မြန်စွာ တည်ကြည်တတ်ပါတယ်တဲ့၊ ချမ်းသာလိုကြတဲ့သူတွေကို ချမ်းသာပါစေ၊ ချမ်းသာကြပါစေလို့ မေတ္တာပွားရတာဟာ အလိုက်သင့်လဲဖြစ်, နှလုံးသွင်းရတာလဲ လွယ်တယ်၊ ဒါကြောင့် စိတ်ဟာ မကြာခင်ပဲ တည်ကြည်ငြိမ်သက်သွားတတ်ပါတယ်တဲ့၊ အဲဒါကို ဆောင်ပုဒ်မှာ လျင်စွာ စိတ်တည် - လို့ ဆိုထားတယ်။

နောက် အကျိုးကတော့ (၉) မုခဝဏ္ဏော ဝိပ္ပသီဒတိ - မျက်နှာအဆင်းလဲ ကြည်လင် တတ်ပါတယ်တဲ့၊ ဒါလဲ ခုတင်က ပြောခဲ့တဲ့အတိုင်း အလိုက်သင့် ပွားရတာလဲဖြစ်တယ်၊ လွယ်လဲလွယ်တယ်၊ ဒါကြောင့် မျက်နှာအဆင်း ကြည်လင်တာပါပဲ၊ အဲဒါကို ဆောင်ပုဒ်မှာ ရွှင်ကြည်မျက်နှာ - လို့ဆိုထားတယ်။

နောက်တစ်ခုကတော့ (၁၀) အသမ္မူဠှော ကာလံကရောတိ - တွေဝေခြင်းမရှိဘဲ သေရပါတယ်တဲ့၊ အဲဒါက အရေးကြီးတယ်၊ သေခါနီးမှာ အကြီးအကျယ် နာကျင် ကိုက်ခဲမှု မောပန်းမှု စသည်ကြောင့် အမှတ်သတိ ကောင်းကောင်း မရဘဲလဲ သေသွား ရတတ်တယ်၊ သို့မဟုတ် လောဘဒေါသစိတ်တွေ ဖြစ်နေလျက်လဲ သေသွားရ တတ်တယ်၊ မောဟဖြင့် အလွဲအမှားတွေကို ကြံစည်တွေးတောရင်းလဲ သေသွား တတ်တယ်၊

အဲဒါတွေဟာ တွေဝေပြီး သေတာတွေပဲ၊ အဲဒီလို သေသွားရင် အပါယ်လေးပါး ကျရောက်ဖို့ အလွန်နီးစပ်ပါတယ်၊ ဒါပေမယ့် တချို့ကတော့ မေ့မျောနေပေမယ့်လို့ စိတ်ကတော့ ကုသိုလ်ဆိုင်ရာ အာရုံတွေ သုဂတိဆိုင်ရာ နိမိတ်တွေဆီရောက်ပြီး သက်သက်သာသာ ဖြစ်နေတာလဲရှိတတ်ပါသေးရဲ့၊ အဲဒီလိုဆိုရင်တော့ သုဂတိမှာ ဖြစ်နိုင်ပါသေးတယ်၊ အဲဒါကို ဆောင်ပုဒ်မှာ သေကာမတွေ - လို့ ဆိုထားတယ်။

နောက်ဆုံးအကျိုးကတော့ (၁၁)
ဥတ္တရိ အပ္ပဋိ ဝိဇ္ဈန္တော - မေတ္တာဈာန်ထက် အလွန် အရဟတ္တဖိုလ်ကို မသိရ မရောက်ရလတ်သော်၊
ဗြဟ္မလောကူပဂေါ - ဗြဟ္မာလောကသို့ ကပ်ရောက်ရသည်၊
ဟောတိ - ဖြစ်၏တဲ့၊

မေတ္တာဈာန်လောက်သာရတယ်၊ အရဟတ္တဖိုလ် ထိအောင်တော့ မရောက်ရသေးဘူး ဆိုရင် ဗြဟ္မာ့ဘုံ၌ ဖြစ်ရပါတယ်တဲ့၊ ပုထုဇဉ်လဲ မေတ္တာဈာန်ရရင် ဗြဟ္မာ့ဘုံ၌ ဖြစ်နိုင်တာပါပဲ၊ သောတာပန် သကဒါဂါမ်များလဲ ဗြဟ္မာ့ဘုံမှာ ဖြစ်တာပဲ၊ အနာဂါမ် ကတော့ သုဒ္ဓါဝါသ ဗြဟ္မာ့ဘုံမှာ ဖြစ်ရတတ်တယ်၊ ဈာန်မရဘဲ ဥပစာသမာဓိ လောက်သာ ရရင်တော့ လူ့လောက နတ်လောက သုဂတိ ဘဝများမှာ ဖြစ်နိုင်ပါတယ်။

ရှေ့ပိုင်းနားက ပြောခဲ့တဲ့ ဓနဉ္ဇာနိဆိုတဲ့ ပုဏ္ဏားကတော့ သေခါနီးနာရီဝက်လောက် အတွင်း မေတ္တာစသည်ကို ပွားစေပြီး ဈာန်ကိုရတဲ့အတွက် ဗြဟ္မာ့ဘုံသို့ ရောက်သွား ရတယ်၊ အဲဒါ အထူးသတိပြုစရာလဲကောင်းတယ်၊ အားကျပြီး အတုလိုက် ကျင့်စရာလဲ ကောင်းတယ်၊

ဒီအကျိုးကို ဆောင်ပုဒ်မှာ လားလေ ဗြဟ္မာလို့ဆိုပြီးတော့ ဆယ့်တစ်ဖြာသည်၊ မေတ္တာပွားမှု အကျိုးတည်းလို့ နိဂုံးချုပ်လိုက်ပါတယ်၊ အဲဒီ ဆောင်ပုဒ်ကို အစမှစပြီး ဆိုကြရဦးမယ်၊ ကဲ - လိုက်ဆိုကြ။

အိပ်, နိုး - ချမ်းသာ၊ ကောင်းစွာအိပ်မက်၊
ချစ်လျက်လူ, နတ် စောင့်လတ်နတ်များ၊
မီး - ဆိပ် - ဓားတို့၊ ရှောင်ရှားကိုယ်မှာ၊
လျင်စွာ စိတ်တည်၊ ရွှင်ကြည်မျက်နှာ၊
သေကာမတွေ၊ လားလေဗြဟ္မာ၊
ဆယ့်တစ်ဖြာသည်၊ မေတ္တာပွားမှု အကျိုးတည်း။

ဒီကနေ့ ဗြဟ္မဝိဟာရအကြောင်း ဟောပြီးတော့ ပါရမီဖြစ်ကုသိုလ်ဖြစ် မေတ္တာပွားမှုနဲ့ ၅၂၈ - သွယ် မေတ္တာပွားပုံများလဲ ဟောခဲ့ပြီ၊ မေတ္တာပွားပုံ၏ အကျိုးအာနိသင်များလဲ ဟောခဲ့ပြီ၊ တော်တော်စုံသွားပါပြီ၊ ဒါပေမယ့် ဝိပဿနာ အကြောင်းလဲ နည်းနည်း တော့ ပြောရဦးမယ်။

မေတ္တာနဲ့ဝိပဿနာ တွဲ၍ပွားပုံ

မေတ္တာဘာဝနာကိုပွားပြီး ဈာန်ရတဲ့ပုဂ္ဂိုလ်မှာ အဲဒီမေတ္တာဈာန်ကို အခြေခံပြုပြီး ဝိပဿနာရှုရင် အရဟတ္တဖိုလ်သို့လဲ ရောက်သွားနိုင်တယ်၊ အရဟတ္တဖိုလ် မရောက် အောင် အနာဂါမိမဂ်ဖိုလ်ရောက်ပြီး အနာဂါမ်ဖြစ်သွားနိုင်တယ်၊ ဘယ်လိုရှုရသလဲ ဆိုတော့ မေတ္တာဈာန်ကိုဝင်စားပြီးတော့ ဈာန်စိတ်ရပ်စဲသွားတဲ့အခါ အဲဒီဈာန်ကို ရှုရတာပါပဲ၊ ဈာန်ကို ဝင်စားလိုက် အဲဒီဈာန်ကို ရှုလိုက်နဲ့ သမထနှင့် ဝိပဿနာ အစုံအစုံတွဲပြီး ရှုပွားတာဖြစ်သောကြောင့် ယုဂနဒ္ဓရှုနည်း ခေါ်တယ်။

ဝိပဿနာရှုပုံကတော့ ယခု ဒီကယောဂီတွေ ရှုမှတ်တာမျိုးပါပဲ၊ ယခု ဒီက ယောဂီ တွေဟာ မြင်ပြီးရင် မြင်တာကို ရှုမှတ်ရတယ်၊ ကြားပြီးရင် ကြားတာကို ရှုမှတ်ရတယ်၊ ထိသိပြီးရင် ထိသိတာကို ရှုမှတ်ရတယ်၊ ကြံသိပြီးရင် ကြံသိတာကို ရှုမှတ်ရတယ်၊ အဲဒါလိုပါပဲ ဈာန်စိတ်ဖြစ်ပြီးရင်လဲ အဲဒီဈာန်စိတ်ကို ရှုမှတ်ရှုမှတ် သွားရတာပါပဲ၊ ထူးတာကတော့ အဲဒီဈာန်ရပုဂ္ဂိုလ်က ဈာန်စိတ်ကို ရှုတယ်၊ ယခုယောဂီများကတော့ ဈာန်စိတ် မရှိလို့ မိမိတို့မှာ ရှိနေတဲ့ မြင်သိစိတ် စသည်ကို ရှုမှတ်ရတယ်၊ ဒါလောက်ပဲ ထူးပါတယ်။

ယခုလဲ အဲဒီယုဂနဒ္ဓရှုပုံအရ ချမ်းသာပါစေလို့ မေတ္တာကို ပွားလိုက်၊ အဲဒီ မေတ္တာစိတ်ကို ရှုလိုက်နဲ့ အစုံအစုံတွဲပြီး ရှုကြရမယ်၊ အဲဒီလိုရှုရင် မည်သူတွေလို့ ရွတ်ဆိုစဉ်က ရွတ်ဆိုလိုတဲ့ စိတ်နဲ့ ရွတ်ဆိုတဲ့ ကိုယ်ရုပ် အသံရုပ်တွေ, ချမ်းသာပါ စေလို့ ရွတ်ဆိုလိုတဲ့ နှလုံးသွင်းတဲ့စိတ်နဲ့ ရွတ်ဆိုတဲ့ ကိုယ်ရုပ် အသံရုပ်တွေ ချက်ချင်းပင် ပျောက်ပျောက် သွားကြတာကို တွေ့သိနိုင်တယ်၊ အဲဒီလို သိသိ သွားတာဟာ (ခယဋ္ဌေန အနိစ္စံ - ကုန်ဆုံး ကုန်ဆုံး သွားသောကြောင့် မမြဲဘူးလို့) ပြဆို ထားတဲ့အတိုင်း မမြဲတာကို သိသိသွားတဲ့ ဝိပဿနာဉာဏ် အစစ်တွေပါပဲ။

ကဲ .... လိုက်ပြီး ဆိုလဲဆိုကြ၊ စိတ်ဖြင့်လဲ နှလုံးသွင်းကြ ရှုကြရမယ် ဘုန်းကြီးကလဲ ဖြည်းဖြည်းချင်း ဆိုသွားမယ်။

ဤရိပ်သာအတွင်း၌ ရဟန်းရှင်လူတွေ ယောဂီတွေ ချမ်းသာကြပါစေ၊ ချမ်းသာ ကြပါစေ၊ ချမ်းသာကြပါစေ။
ဤရိပ်သာအတွင်း၌ အားလုံးသတ္တဝါတွေ ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ။
ဤမြို့နယ်အတွင်း၌ ရဟန်းရှင်လူတွေ ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ။
ဤမြို့နယ်အတွင်း၌ အားလုံးသတ္တဝါတွေ ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ။
မြန်မာပြည်သူ ပြည်သားတွေ ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ။
အားလုံး သတ္တဝါတွေ ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ။

ချမ်းသာကြပါစေလို့ နှလုံးသွင်းရွတ်ဆိုတိုင်း နှလုံးသွင်းတဲ့ စိတ်နဲ့ ရွတ်ဆိုတဲ့စိတ်ရော, ရွတ်ဆိုတဲ့ ကိုယ်အမူအရာ ရုပ်နဲ့ အသံရုပ်ရော ချက်ချင်းပင် ချုပ်ပျောက် ချုပ်ပျောက် သွားတယ်။ အဲဒါကို တစ်ကြိမ် ထပ်ပြီးတော့ ရွတ်ဆို ပွားများရင်း ရှုမှတ်ကြဦးစို့။

ဤရိပ်သာအတွင်း၌ ရဟန်းရှင်လူတွေ ယောဂီတွေ ချမ်းသာကြပါစေ။
ဤရိပ်သာအတွင်း၌ အားလုံးသတ္တဝါတွေ ချမ်းသာကြပါစေ။
ဤမြို့နယ်အတွင်း၌ ရဟန်းရှင်လူတွေ ချမ်းသာကြပါစေ။
ဤမြို့နယ်အတွင်း၌ အားလုံးသတ္တဝါတွေ ချမ်းသာကြပါစေ။
မြန်မာပြည်သူ ပြည်သားတွေ ချမ်းသာကြပါစေ။
အားလုံး သတ္တဝါတွေ ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ။

ဤဗြဟ္မဝိဟာရတရားတော်ကို ရိုသေစွာ နာယူမှတ်သားကြရသော ဓမ္မသဝန ကုသိုလ်ကံ စေတနာတို့၏အစွမ်း အာနုဘော်ကြောင့် ယခုတရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာနှင့် မေတ္တာ စသော ဗြဟ္မဝိဟာရတို့ကို စွမ်းနိုင်သမျှ ပွားစေကြလျက် ထိုဘာဝနာစိတ်နှင့် ရုပ်တို့ကိုလဲ ရှုသိနိုင်ကြသည်ဖြစ်၍ မိမိတို့ အလိုရှိအပ်သော မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေ။

သာဓု .. သာဓု .. သာဓု။

ဗြဟ္မဝိဟာရတရားတော် ပထမပိုင်းပြီး၏။

ဗြဟ္မဝိဟာရတရားတော်

ဒုတိယပိုင်း
၁၃၂၇-ခုနှစ် ဝါဆိုလဆုတ် ၈-ရက်နေ့ ဟောသည်။

တရားအနုသန္ဓေ

ဝါဆိုလပြည့်နေ့က မေတ္တာပွားပုံကို ဟောခဲ့တယ်၊ ပါရမီဖြစ် ကုသိုလ်ဖြစ်ပွားပုံကို ဟောခဲ့တာကပဲများပါတယ်၊ ဝိသုဒ္ဓိမဂ်မှာပြထားတဲ့ အစဉ်အားဖြင့်တော့ ချမ်းသာစွာ ထိုင်ပြီးတဲ့နောက် ဒေါသ၏အပြစ်ဆင်ခြင်ပုံ, သည်းခံခြင်း၏အကျိုး ဆင်ခြင်ပုံ လောက်ပဲ ပြောပြီးသေးတယ်၊ ဒီကနေ့ အဲဒီရောက်ရာအစဉ်က စပြီး မေတ္တာပွားပုံကို ပြောရမယ်။

ချမ်းသာစွာနေထိုင်ပုံ

ချမ်းသာစွာထိုင်ပုံကို လပြည့်နေ့က ပြောခဲ့ပါပြီ၊ ဒါပေမယ့် ဘုရားဟောတဲ့ ဒေသနာ အရ ဒီကနေ့ ဖြည့်စွက်ပြီး ပြောရဦးမယ်။ မြတ်စွာဘုရားက တရားအားထုတ်ဖို့ နေရာကို ဒီလို ညွှန်ကြားတော်မူပါတယ်၊

အရညဂတော ဝါ - တောအရပ်သို့ ကပ်ရောက်လျက်ဖြစ်စေ၊
ရုက္ခမူလဂတော ဝါ - သစ်ပင်ရင်း သစ်ပင်အောက်သို့ ကပ်ရောက်လျက်ဖြစ်စေ၊
သုညာဂါရဂတော ဝါ - အခြား လူသူ ကင်းဆိတ်သော ကျောင်း အိမ် အဆောက် အအုံသို့ ကပ်ရောက်လျက်ဖြစ်စေ၊
နိသီဒတိ - ထိုင်နေရမယ်တဲ့၊

အဲဒီမှာ တောအရပ်၌ အားထုတ်ဖို့ ရှေးဦးစွာ ညွှန်ကြားတော်မူတယ်၊ အဲဒီ တောအရပ် မသွားနိုင်ရင်လဲ သစ်ပင်အောက် သွားပြီး အားထုတ်ဖို့ ညွှန်ကြား တော်မူတယ်၊ သစ်ပင်အောက်သွားနေရန်လဲ မဖြစ်နိုင်လို့ရှိရင် အခြားလူသူမရှိတဲ့ ကျောင်းအိမ် အဆောက်အအုံမှာ အားထုတ်ဖို့ ညွှန်ကြားတော်မူပါတယ်၊

အဲဒီ အဆောက်အအုံကလဲ (သုည) လူသူ ကင်းဆိပ်တယ်ဆိုတဲ့ စကားအရ အခြားသူ လုံးဝမရှိရင်တော့ အကောင်းဆုံးပါပဲ၊ ဒါပေမယ့် အခြားသူကလဲ ဆိတ်ငြိမ်ခြင်းကို အလို ရှိပြီး တရားအားထုတ်နေသူဖြစ်ရင် အမျိုးသား အချင်းချင်း အမျိုးသမီး အချင်းချင်း သဘာဂပုဂ္ဂိုလ်လဲ ဖြစ်ရင်တော့ အဲဒီလို နေရာလဲ သင့်လျော်တယ်လို့ ဆိုရမှာပဲ၊ အကောင်းဆုံးကတော့ အခြားသူလုံးဝမရှိတဲ့ နေရာဟာ အကောင်းဆုံးပါပဲ။

ထိုင်ပုံကိုလဲ ပလ္လင်္ကံ အာဘုဇိတွာ - ထက်ဝယ်ဖွဲ့ခွေလျက် ထိုင်ရမယ်တဲ့၊ အဲဒီ ထိုင်ပုံကိုတော့ တစ်နေ့က အပြည့်အစုံ ပြောခဲ့ပါပြီ၊ ဒါပေမယ့် အဲဒီလိုထိုင်ရမှာလဲပဲ ဥဇုံ ကာယံ ပဏိဓာယ - အထက်ပိုင်းကိုယ်ကို ဖြောင့်မတ်စွာ ထားရမယ်လို့လဲ ညွှန်ကြားတော်မူပါသေးတယ်၊ ခါးကုန်းပြီး လျော့ရဲရဲထိုင်ရင် ဝီရိယအားလျော့နည်း နေတတ်တယ်၊ ဒါကြောင့် ခါးမှ အထက်ပိုင်း ကိုယ်ကို မတ်မတ်ထောင်ထားလျက် ထိုင်နေဖို့ပါပဲ၊

အဲဒီလို ထိုင်တဲ့အခါမှာလဲ တခြားတစ်ပါးကို စိတ်မကူးဘဲ မိမိရှုမည့်ကမ္မဋ္ဌာန်း အာရုံဆီသို့ စိတ်ညွတ်စေဖို့ရာလဲ ပရိမုခံ သတိံ ဥပဋ္ဌပေတွာ - ကမ္မဋ္ဌာန်းအာရုံဆီ ရှေးရှု သတိကို ဖြစ်စေရမယ်လို့ ညွှန်ကြားတော်မူပါတယ်၊

ယခုပြောရမည့် မေတ္တာကမ္မဋ္ဌာန်းအရဆိုတော့ မေတ္တာပွားသင့်တဲ့ ပုဂ္ဂိုလ်များဆီ စိတ်ညွတ်ရမှာပါပဲ၊ ဒီနေရာမှာ မေတ္တာစပြီး မပွားသင့်တဲ့ ပုဂ္ဂိုလ်ရယ်, မေတ္တာ လုံးဝမပွားသင့်တဲ့ ပုဂ္ဂိုလ်ရယ် အဲဒီ ပုဂ္ဂိုလ်များကိုလဲ စောစောကတည်းက သိနားလည်ထားရမယ်တဲ့။

မေတ္တာစ၍ မပွားသင့်တဲ့ပုဂ္ဂိုလ်များ

မေတ္တာစ၍ မပွားသင့်တဲ့ ပုဂ္ဂိုလ်များဆိုတာ -

(၁) (အပ္ပိယ) မုန်းအပ်တဲ့ ပုဂ္ဂိုလ်၊
(၂) (အတိပ္ပိယ) အလွန်ချစ်အပ်တဲ့ပုဂ္ဂိုလ်၊
(၃) မချစ်မမုန်း အလယ်အလတ် ပုဂ္ဂိုလ်၊
(၄) ရန်သူ ပုဂ္ဂိုလ် ဆိုတဲ့ ဒီ ၄-ဦးပါပဲ၊

အဲဒီ ပုဂ္ဂိုလ်တွေကို စပြီး မေတ္တာ မပွားသင့်ခြင်း၏ အကြောင်းကတော့ ကိုယ်က မုန်းတီးနေတဲ့သူကို ချစ်တဲ့သူလို့သဘောထားပြီး ချမ်းသာပါစေလို့ နှလုံးသွင်းဖို့ ခက်တယ်တဲ့၊ ဟုတ်တယ်၊ မုန်းနေတဲ့လူကို ချမ်းသာစေလိုတဲ့စိတ်ဖြင့် နှလုံးသွင်းဖို့ မေတ္တာပို့ဖို့ ခက်မှာပါပဲ၊ အလွန်ချစ်နေတဲ့ သားသမီးတို့လို, ညီအစ်ကိုတို့လို အစ်မ ညီမတို့လို, တပည့်ရင်းတို့လို ဒီလိုလူတွေကို သာမန် အလယ်အလတ် ပုဂ္ဂိုလ်အနေမျိုး နဲ့ထားပြီး မေတ္တာပွားဖို့လဲ ခက်ပါတယ်တဲ့၊

ဘာကြောင့်လဲဆိုရင် အဲဒီလို အလွန်ချစ်တဲ့သူမှာ အနည်းငယ် ဆင်းရဲဒုက္ခ ဖြစ်တာကို တွေ့ရသိရရင် ငိုတော့မလို အခြေအနေသို့ ရောက်ရပါတယ်၊ ဒါကြောင့် ပါရမီဖြစ် ကုသိုလ်ဖြစ် လေးငါးဆယ်ချက်လောက် မေတ္တာပို့တာကိုတော့ တားမြစ်ဖွယ် မရှိပါဘူး။

မေတ္တာ လုံးလုံးမပွားသင့်တဲ့ ပုဂ္ဂိုလ်များ

မေတ္တာလုံးဝ မပွားသင့်တဲ့ ပုဂ္ဂိုလ်များ ဆိုတာကတော့ -

(၁) လိင်အသွင်ချင်းမတူတဲ့သူကို သီးသန့်မေတ္တာ မပွားသင့်ဘူး၊
(၂) သေလေပြီးသော သူကိုလဲ မေတ္တာ မပွားသင့်ဘူးတဲ့၊

ဒီနှစ်ဦးပါပဲ၊ ဘာကြောင့်လဲ ဆိုတော့ - လိင်အသွင် မတူတဲ့သူ ဆိုတာ ယောက်ျားနဲ့ မိန်းမပဲ၊ ယောက်ျားက မိန်းမဖြစ်သူကို သီးသန့် မေတ္တာပွားနေရင် မိန်းမက ယောက်ျားဖြစ်သူကို သီးသန့်မေတ္တာပွားနေရင် တပ်မက်တဲ့ရာဂဖြစ်သွားတတ်တယ်၊

ရှေးကအမတ်၏ သားဖြစ်သူတစ်ယောက်ဟာ “ဘယ်သူကို မေတ္တာပွားသင့်ပါ သလဲ”လို့ သူကိုးကွယ်တဲ့ မထေရ်ကို မေးတယ်၊ မထေရ်က ချစ်တဲ့သူမှာ မေတ္တာ ပွားအပ်ကြောင်း ပြောကြားတယ်၊ အဲဒီ အမတ်၏သားက သူ့ဇနီးကို ချစ်တဲ့အတွက် တစ်နေ့သောအခါမှာ အင်္ဂါရှစ်ပါးရှိတဲ့ ဥပုသ်သီလကို ဆောက်တည်ပြီးတော့ ညဉ့်အခါမှာ တံခါးပိတ်ထားတဲ့ အခန်းထဲက အိပ်ရာပေါ်မှာထိုင်ပြီး သူ့ဇနီးကို အာရုံပြုလျက် မေတ္တာပွားနေပါသတဲ့၊

အဲဒီလို မေတ္တာပွားနေရင်းထဲက တပ်မက်တဲ့ ရာဂတွေ အပြင်းအထန်ဖြစ်လာ တဲ့အတွက် သူ့ဇနီးထံ သွားဖို့အားထုတ်တယ်၊ ရာဂကြောင့် တံခါးကိုလဲ အမှတ် မရတာနဲ့ နံရံကိုလဲ တိုက်မိတိုးမိတယ်၊ အဲဒီအခါ နံရံကို ဖောက်ခွဲ ထွက်လို သောကြောင့် နံရံကို လက်များခြေများဖြင့် ပုတ်ခတ် ပါသတဲ့၊ အဲဒါဟာ တစ်ခဏလေး ဟုတ်ပုံမရပါဘူး၊ ဝိသုဒ္ဓိမဂ်မှာ (သဗ္ဗရတ္တိံ) တစ်ညဉ့်ပတ်လုံး (ဘိတ္တိယုဒ္ဓမကာသိ) နံရံနှင့် စစ်ထိုးတိုက်ခိုက်နေတယ် - လို့ ပြဆိုထားပါတယ်၊

အဲဒီလို မေတ္တာပွားနေရင်း ရာဂဖြစ်လာတာဟာ မေတ္တာယောင်ဆောင်ပြီး ရာဂ ဝင်လာတာ ရာဂက လှည့်စားတာပဲလို့ ဝိသုဒ္ဓိမဂ်ဋီကာမှာ ဆိုပြထားပါတယ်၊ အဲဒီလို တပ်မက်မှုရာဂ ဖြစ်တတ်သောကြောင့် လိင်အသွင်မတူတဲ့သူကို သီးသန့်မေတ္တာ မပွားရဘူးတဲ့။

သေလွန်ပြီးတဲ့သူကို မေတ္တာပွားရင်တော့ အပ္ပနာဈာန်သမာဓိကိုလဲ မရနိုင်ဘူး၊ ဥပစာရ သမာဓိကိုလဲ မရနိုင်ဘူးတဲ့၊ ရှေးက ရဟန်းငယ်တစ်ပါးဟာ သူ့ဆရာကို အာရုံပြုပြီး မေတ္တာပွားနေတယ်၊ မူလက လေ့လာနိုင်နင်းနေတဲ့ ဈာန်သမာပတ်ကို မရောက်နိုင်ဘဲ ရှိနေတယ်၊ အဲဒီအခါ မထေရ်တစ်ပါး၏ ညွှန်ကြားချက်အရ စုံစမ်းကြည့်တော့ သူ့ဆရာပျံတော်မူသွားကြောင်း သိရတယ်၊ အဲဒီတော့ အခြား ပုဂ္ဂိုလ်ကို အာရုံပြုပြီး မေတ္တာပွားတယ်၊ အဲဒီလိုပွားတဲ့အခါကျတော့မှ မေတ္တာဈာန်သို့ ရောက်ပါသတဲ့၊ ဒါကြောင့် သေလွန်ပြီး ပုဂ္ဂိုလ်ကို မေတ္တာလုံးဝ မပွားရဘူးတဲ့။

ရှေးဦးစွာ စ၍မေတ္တာပွားသင့်တဲ့ ပုဂ္ဂိုလ်

ရှေးဦးစွာ မိမိကိုယ်ကို ငါသည် ချမ်းသာပါရစေ၊ ဆင်းရဲကင်းပါစေ - လို့လဲ မေတ္တာပွားရမယ်၊ သို့မဟုတ် ငါ့မှာ ဘေးရန်ကင်းပါစေ၊ စိတ်ဆင်းရဲ ကင်းပါစေ၊ ကိုယ်ဆင်းရဲ ကင်းပါစေ၊ ချမ်းသာစွာနှင့် မိမိခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ လို့လဲ မေတ္တာပွားရမယ်တဲ့၊ ဒီလို မိမိကိုယ်ကို မေတ္တာပွားတာကတော့ ကုသိုလ်ရဖို့လဲ မဟုတ်ပါဘူး၊ သမာဓိရဖို့လဲ မဟုတ်ပါဘူး၊ သူများတွေလဲ မိမိလိုပဲ ချမ်းသာချင် ကြတယ်ဆိုတာ နှိုင်းယှဉ်ပြီး ထင်ရှားသိဖို့ ပုံစံပြအနေဖြင့်ပွားတာပါပဲ။

ငါသည် ချမ်းသာပါစေ - ချမ်းသာပါစေလို့ အနှစ်တစ်ရာ တစ်ထောင် နှလုံးသွင်း ပွားများနေပေမယ်လို့ အပ္ပနာသမာဓိတော့ မဖြစ်နိုင်ပါဘူးတဲ့၊ ဒါကြောင့် ငါသည် ချမ်းသာရပါစေလို့ မိမိကိုယ်ကိုမေတ္တာပွားနေရင် ငါဟာချမ်းသာချင်သလို မဆင်းရဲ ချင်သလို အသက်ရှင်နေချင်သလို မသေချင်သလိုပင် အခြားသတ္တဝါတွေလဲ ချမ်းသာချင်ကြတယ်၊ မဆင်းရဲချင်ကြဘူး၊ အသက်ရှင် နေလိုကြတယ်၊ မသေလို ကြဘူး ဆိုတာ သက်သေအဖြစ် ထင်ရှားအောင်လို့ မိမိကိုယ်ကိုစပြီး မေတ္တာပွားဖို့ ညွှန်ကြားရတာပါတဲ့၊ ဝိသုဒ္ဓိမဂ်မှာ ပြဆိုထားပါတယ်။ ကိုယ့်ကိုယ်ဟာ အချစ်ဆုံး ဖြစ်တဲ့အကြောင်း မြတ်စွာဘုရား ဟောထားတဲ့ ဂါထာကိုလဲ ဒီလို ထုတ်ပြထား ပါတယ်။

သဗ္ဗာ ဒိသာ အနုပရိဂမ္မ စေတသာ၊
နေဝဇ္ဈဂါ ပိယတရမတ္တနာ ကွစိ။
ဧဝံ ပိယော ပုထု အတ္တာ ပရေသံ၊
တသ္မာ န ဟိံ သေ ပရမတ္ထကာမော။

သဗ္ဗာ ဒိသာ - အလုံးစုံသော အရပ်ဆယ်မျက်နှာတို့ကို၊
စေတသာ - စိတ်ကူးဖြင့်၊
အနုပရိဂမ္မ - လှည့်လည် လိုက်လံ၍ ရှာကြည့်လျှင်၊
အတ္တနာ ပိယတရံ - မိမိထက်သာ၍ ချစ်အပ်သောသူကို၊
ကွစိ - တစ်စုံတစ်ခုသော အရပ်၌မျှ၊
နေဝ အဇ္ဈဂါ - မရနိုင် မတွေ့နိုင်သည်သာတည်း၊
ဧဝံ - ဤအတူပင်၊
ပရေသံ - အခြားသူတို့သည်လည်း၊
ပုထု အတ္တာ - အသီးသီးသောကိုယ်ကို၊
ပိယော - ချစ်အပ်ပေ၏၊
ဝါ - အချစ်ဆုံးပေတည်း၊
တသ္မာ - ထိုသို့ သတ္တဝါတိုင်း မိမိကိုယ်ကို အချစ်ဆုံးဖြစ်သောကြောင့်၊
အတ္တကာမော - မိမိကိုယ်ကို ချစ်သောသူသည်၊
ဝါ - မိမိအစီးအပွားကို လိုလားသောသူသည်၊
ပရံ - သူတစ်ပါးကို၊
နဟိံသေ - မညှင်းဆဲပဲ၊
ဝါ - မညှင်းဆဲပဲ မေတ္တာကို ပွားရာတော့သည်တဲ့။

အဲဒီလို စံပြ သက်သေ အဖြစ်ဖြင့် မိမိကိုယ်ကို မေတ္တာပွားပြီးတဲ့နောက် ချစ်ခင် ကြည်ညို လေးစားအပ်သော ဆရာသမားကို ဖြစ်စေ, အဘိုး အဘ ဦးကြီး စသည်ကို ဖြစ်စေ, အမျိုးသမီးများ ဆိုရင်တော့ အဘွား အမိ အဒေါ် စသည်ကိုဖြစ်စေ စပြီး မေတ္တာပွားရတယ်၊

ပွားပုံကတော့ ဆရာတော်ချမ်းသာပါစေ - ဆင်းရဲကင်းပါစေ၊ အဘိုး, အဘ, ဦးကြီး ချမ်းသာပါစေ၊ (အမျိုးသမီးများအတွက်) အဘွား, မိခင်, အရီး, အဒေါ်ချမ်းသာပါစေ - ဆင်းရဲကင်းပါစေ - လို့ သုံးစက္ကန့်လောက်မှာ တစ်ကြိမ် တစ်ကြိမ် မေတ္တာပွား နေရမယ်၊ ဆရာ မဟုတ်ရင် အဘိုး, အဘွား, အမိ, အဘ စသည် မဟုတ်ရင်လဲ ခင်မင်လေးစားအပ်သော သူကို မည်သူ ချမ်းသာပါစေ၊ ချမ်းသာပါစေလို့ သူ့အမည်ဖြင့် မေတ္တာပွားနိုင်ပါတယ်။

မေတ္တာခံပုဂ္ဂိုလ်ဆီကို စိတ်ညွတ်ပြီး မည်သူ ချမ်းသာပါစေ၊ ချမ်းသာပါစေလို့ အကြိမ်ပေါင်း ရာထောင် သောင်း သိန်း စသည်ဖြင့် မပြတ်ပွားနေရတယ်၊ ဈာန်သမာဓိ ရအောင် ရည်ရွယ်ရင် ညဉ့်အိပ်ချိန်လောက်သာ နားပြီး နေ့ရောညဉ့်ပါ မပြတ်ပွားနေရတယ်၊ အဲဒီလိုပွားနေရင် တခြားကိုစိတ်ကူးတွေ ထွက်ထွက် သွားတာလဲ ရှိလိမ့်မည်၊ အဲဒီလို စိတ်ကူးတွေဟာ အများအားဖြင့် နီဝရဏခေါ်တဲ့ အကုသိုလ်တွေပဲ၊

သတိရတဲ့ အခါကစပြီး အဲဒါတွေကို ဆက်လက်နှလုံးမသွင်းဘဲ ပွားနေကျ မေတ္တာကိုသာ မပြတ်ပွားနေရတယ်။ သမာဓိအားရှိလာရင်တခြား ထွက်တဲ့စိတ် နည်းနည်းသွားလိမ့်မယ်၊ သမာဓိအားပြည့် လာရင်တော့ တခြားကို စိတ်ကူးမထွက် တော့ပဲ မေတ္တာခံ ပုဂ္ဂိုလ်ပေါ်မှာသာ စိတ်က တည်နေလိမ့်မယ်၊ အဲဒါဟာ နီဝရဏ ကင်းတဲ့ ဥပစာရ သမာဓိ ဖြစ်လာတာပဲ။

ဈာန်ရပုံ

အဲဒီ ဥပစာရသမာဓိက အားကောင်း ထက်သန်လာတဲ့အခါ စိတ်ဟာ အိပ်မက် အာရုံပေါ်မှာ မျောပါနေသလို မေတ္တာခံပုဂ္ဂိုလ်အပေါ် ကျရောက် သက်ဝင်ပြီး တည်နေလိမ့်မယ်၊ ဒါပေမယ့် ပထမအကြိမ်မှာတော့ စိတ်တစ်ချက်လောက် တစ်ခဏမျှပါပဲ၊ အဲဒီကနောက်ဆက်ပြီး ပွားနေတဲ့အခါ တစ်မိနစ်, နှစ် မိနစ်, သုံးလေးငါးမိနစ်, ဆယ်မိနစ်, မိနစ်သုံးဆယ်, တစ်နာရီ စသည်ဖြင့် ကြာရှည်စွာလဲ တည်နေလိမ့်မယ်။

အဲဒီလို အခါမှာ ဘေးပတ်ဝန်းကျင်က မြင်စရာ ကြားစရာစသည် သာမန်အာရုံများ ရှိနေသော်လဲ အဲဒီအာရုံများဆီသို့ စိတ်ကမရောက်တော့ဘဲ မေတ္တာခံပုဂ္ဂိုလ် အပေါ်မှာသာ ချမ်းသာစေလိုတဲ့အနေဖြင့် တစ်ကြံတည်း တည်ငြိမ်နေလိမ့်မယ်၊ ဝမ်းမြောက်တက်ကြွတဲ့ ပီတိလဲ အထူးထင်ရှားလိမ့်မယ်၊ စိတ်ချမ်းသာမှု သုခလဲ အထူး ထင်ရှားလိမ့်မယ်၊ မေတ္တာခံ ပုဂ္ဂိုလ်ဆီသို့ ညွတ်တဲ့ ဝိတက်နှင့် အာရုံပြု ဆင်ခြင်တဲ့ ဝိစာရလဲ ထက်သန်စွာဖြစ်လျက် ထင်ရှားလိမ့်မယ်၊ တစ်ကိုယ်လုံးပေါ့ပြီး နေထိုင်ကောင်းတာလဲ အထူးထင်ရှားလိမ့်မယ်၊ စိတ်ကလဲ ဘယ်ကိုမျှ မသွားဘဲ တည်ငြိမ်နေတာ အထူးထင်ရှားလိမ့်မယ်။

အဲဒီအထူးထင်ရှားတဲ့ ဝိတက် ဝိစာရ ပီတိ သုခ စိတ်တည်ငြိမ်မှု (ဧကဂ္ဂတာ) ဆိုတာ တွေဟာ ပထမဈာန်၏ အစိတ်အပိုင်း အင်္ဂါတွေပဲ၊ အဲဒီ အင်္ဂါအပေါင်းကို ပထမဈာန်လို့ ခေါ်ရတာပဲ၊ အဲဒီလို ဖြစ်နေရင် ပထမဈာန်ကိုရတာပါပဲ၊ ဒါကြောင့် ဝိသုဒ္ဓိမဂ်မှာ “ဧဝရူပေ စ ပုဂ္ဂလေ ကာမံ အပ္ပနာ သမ္ပဇ္ဇတိ” လို့ ဒီလိုပုဂ္ဂိုလ်ကို မေတ္တာ ပွားနေရင်းအပ္ပနာဈာန် ရနိုင်ကြောင်း ပြဆိုထားတာပါပဲ။

အဲဒီ ပထမဈာန်ဟာ အာရုံကို ကြံတဲ့ ဝိတက်, သုံးသပ်ဆင်ခြင်တဲ့ ဝိစာရဆိုတဲ့ အင်္ဂါတွေ ပါဝင်နေလို့ အားကောင်း သင့်သလောက် မကောင်းဘူး၊ ဈာန်ဝင်စား နေတုန်း ကြမ်းတမ်းသောအသံက နားမှာ ဝင်တိုက်ခိုက်ရန် ဈာန်မှထလာပြီး အဲဒီ အသံဆီသို့ စိတ်ရောက် သွားနိုင်သေးတယ်၊ ဒါကြောင့် အဲဒီ ဝိတက် ဝိစာရ မပါဘဲ တည်ငြိမ်နေတဲ့ ဈာန်စိတ်ဖြစ်အောင် နှလုံးသွင်းနေကျ ပုဂ္ဂိုလ်ကို အာရုံပြုပြီး အထပ်ထပ် မေတ္တာပွားနေရတယ်၊

သမာဓိအားကောင်းလာတဲ့အခါ အာရုံဆီကို စိတ်မညွတ်စေရ မကြံရဘဲ, မသုံးသပ် မဆင်ခြင်ရတော့ဘဲ ယခင်ကထက် သာလွန်တဲ့ ပီတိသုခများနှင့်တကွ စိတ် တည်ငြိမ်လျက် ဖြစ်နေလိမ့်မယ်၊ အဲဒါက ဒုတိယဈာန်ပဲ၊ အဲဒီဈာန်မှာ ဝမ်းမြောက် တက်ကြွမှုက အလွန်အကဲဆုံးပဲ၊ အဲဒီ ဝမ်းမြောက်တက်ကြွမှု ပီတိကို အလိုမရှိရင် ပွားနေကျ မေတ္တာခံပုဂ္ဂိုလ်ကိုပင် ဆက်လက်ပြီး မေတ္တာပွားနေရတယ်၊ သမာဓိအား ကောင်းလာတဲ့အခါ ပီတိမပါဘဲ အလွန်ကောင်းတဲ့ စိတ်ချမ်းသာမှုနှင့် စိတ်တည်ငြိမ် မှုများ ထင်ရှားလျက် ဖြစ်နေလိမ့်မယ်၊ အဲဒါက တတိယဈာန်ပဲ၊ မေတ္တာဈာန်ထဲမှာ အမြင့်ဆုံးဈာန်ပဲ။

ယခုပြောနေတဲ့ ဈာန်သုံးပါးကို ရပြီးမှဖြစ်စေ, မရသေးမီဖြစ်စေ အားလုံးသတ္တဝါ အပေါ်၌ အညီအမျှ မေတ္တာပွားစေချင်ရင်တော့ အလွန်ချစ်ခင်အပ်တဲ့ ပုဂ္ဂိုလ်ကို “မည်သူချမ်းသာပါစေ”စသည်ဖြင့် မေတ္တာပွားရတယ်၊ ဈာန်မရခင် ပွားတာထက် ဈာန်ရပြီးမှ ပွားရင် သာပြီး ကောင်းတယ်၊ သန့်ရှင်းတဲ့ မေတ္တာဖြစ်လွယ်တယ်၊

ဒါကြောင့် အဲဒီအလွန်ချစ်အပ်တဲ့ ပုဂ္ဂိုလ်၌ မေတ္တာဈာန်ကို ရပြီးတဲ့အခါ မချစ်မမုန်း သာမန် အလတ်စားပုဂ္ဂိုလ်ကို မေတ္တာပွားရတယ်၊ အဲဒီ အလတ်စားပုဂ္ဂိုလ်၌ မေတ္တာဈာန်ကို ရပြီးတဲ့အခါ ရန်သူရှိရင် အဲဒီရန်သူပုဂ္ဂိုလ်၌ မေတ္တာကို ဖြစ်ပွားစေ ရမယ်တဲ့၊ အဲဒီလို မေတ္တာခံပုဂ္ဂိုလ်လဲ တစ်မျိုးပြီး တစ်မျိုး ပြောင်းရွှေ့ ပြောင်းရွှေ့ပြီး မေတ္တာပွားရာမှာ ရှေ့တစ်မျိုး တစ်မျိုး၌ စိတ်ကို နူးညံ့ခံ့ကျန်းအောင် ပြုပြီးမှ နောက်တစ်မျိုး တစ်မျိုး၌ မေတ္တာကိုပွားစေရမယ်တဲ့၊ အဲဒါဟာ ဝိသုဒ္ဓိမဂ်အဆိုပါပဲ။

အဲဒီမှာ စိတ်ကို နူးညံ့ ခံ့ကျန်စေပြီးမှလို့ဆိုတဲ့ စကားဖြင့် အောက်ထစ်ဆုံး ဥပမာ သမာဓိလောက်ရပြီးမှလို့ သိစေလိုတာပါပဲ၊ အကောင်းဆုံးကတော့ ဈာန်ရပြီးမှ နောက်တစ်မျိုးသို့ရွှေ့ပြီး မေတ္တာပွားတာဟာ အကောင်းဆုံးပါပဲ၊ အဲဒီ စကားရပ်တွေ ထဲမှာ ရန်သူ၌ မေတ္တာကိုပွားစေရမယ် ဆိုတာက ရန်သူရှိနေတဲ့ ယောဂီအတွက်သာ ရည်ရွယ်ပါတယ်၊

ဒါကြောင့် ဘုန်းကြီး၏ စကားထဲမှာ ရန်သူရှိရင်လို့ ပထမကတည်းက ဆိုတာပါပဲ၊ ရန်သူမရှိတဲ့ ယောဂီမှာတော့ အလတ်စား ပုဂ္ဂိုလ်၌ မေတ္တာပွားပြီးနောက် ရန်သူ၌ မေတ္တာ ပွားရန် ကြောင့်ကြစိုက်ဖို့ မလိုပါတော့ပါဘူး။ ရန်သူရှိတဲ့ ယောဂီမှာ ရန်သူကို အာရုံပြုပြီး မေတ္တာပွားနေတဲ့အခါ ရန်သူက ပြစ်မှားဖူးခဲ့တာကို အမှတ်ရပြီး အမျက် ဒေါသ ဖြစ်လာတတ်တယ်၊

အဲဒီလို အခါမှာ ရှေးပုဂ္ဂိုလ်တစ်ဦးဦး၌ ရခဲ့ပြီး မေတ္တာဈာန်ကို ဝင်စား ဝင်စားပြီးတော့ အဲဒီဈာန်မှ ထထပြီး အဲဒီရန်သူ၌ မေတ္တာကို ပွားစေခြင်းဖြင့် အမျက်ဒေါသကို ငြိမ်းအေးစေရမယ်တဲ့၊ အဲဒီ စကားရပ်ထဲမှာ (မေတ္တံ သမာပဇ္ဇတွာ ဝုဋ္ဌဟိတွာ လို့) ဝိသုဒ္ဓိမဂ်၌ပင် ဆိုထားသောကြောင့် ရန်သူမှတစ်ပါး အခြား ပုဂ္ဂိုလ်များ၌ မေတ္တာဈာန်ကို ရခဲ့ပြီးကြောင်း ထင်ရှားပါတယ်၊ ဒါကြောင့် ရှေးပုဂ္ဂိုလ်တစ်မျိုး၌ ဈာန်ရပြီးမှ နောက်တစ်မျိုးသို့ ရွှေ့ပြီး မေတ္တာပွားတာကို အကောင်းဆုံးလို့ ပြောခဲ့ပါတယ်။

အမျက်ဒေါသ ပြေငြိမ်းအောင် ဆင်ခြင်ပုံများ

ရှေးပုဂ္ဂိုလ်များ၌ ရပြီးဈာန်ကို ဝင်စား ဝင်စားပြီးလျှင် ထိုဈာန်မှ ထ၍ ထ၍ ရန်သူကို မေတ္တာပွားခြင်းဖြင့် အမျက်ဒေါသကို မငြိမ်းစေနိုင်သေးလျှင် - ဥပမာ ဩဝါဒ စသည် တို့ကို နှလုံးသွင်း ဆင်ခြင်ပြီးလျှင် အမျက်ဒေါသကိုငြိမ်းစေရမယ်တဲ့။

ဆင်ခြင်ပုံကတော့အမျက်ဒေါသထွက်နေသော အမောင် ယောဂီ၊ မြတ်စွာဘုရားက ဒီလို အဆုံးအမ ဩဝါဒ ပေးတော်မူခဲ့တယ် မဟုတ်ပါလား၊ ဆုံးမတော်မူပုံကတော့ “ရဟန်းတို့၊ ခိုးသူ ဓားပြ လူဆိုးတို့က လက်, ခြေ စသော ကိုယ်အင်္ဂါများကို နှစ်ဖက် အစွန်း၌ အရိုးတပ်ထားသော ငမန်းစွယ်လွှဖြင့် တိုက်ဖြတ် နှိပ်စက်ကြစေကာမူ ထိုနှိပ်စက်သူတို့၌သော်လဲ အမျက်ထွက် ပြစ်မှားလျှင် ထိုရဟန်းသည် ငါဘုရား၏ အဆုံးအမကို လိုက်နာသူမမည်ဘူး”လို့ ဒီလို ဆုံးမတော်မူခဲ့တယ်မဟုတ်ပါလား။

နောက်ပြီးတော့ ပထမစ၍ အမျက်ထွက်သူကို တုံ့ပြန်၍ အမျက်ထွက်လျှင် ထိုတုံ့ပြန်၍ အမျက်ထွက်ခြင်းသည်သာလျှင် ပထမစ၍ အမျက်ထွက်ခြင်းထက် ယုတ်မာ ဆိုးဝါးလှသည်၊ (ဘာကြောင့်လဲဆိုတော့ ပထမ အမျက်ထွက်သူ၏ အမျက် ထွက်ခြင်းကို မကောင်းမှန်း သိပါလျက် မိမိကလဲ ထိုမကောင်းသည့်လမ်းကို လိုက်သွားခြင်းကြောင့်ဟု ဆိုလို၏)၊

အမျက် ထွက်နေသူကို အမျက် မထွက်ဘဲ သည်းခံနိုင်သော သူသည် အောင်နိုင်ခဲသောစစ်ပွဲကို အောင်နိုင်ပေသည် ဟူ၍လည်း ဆုံးမတော်မူခဲ့တယ် မဟုတ်ပါလား။ နောက်ပြီးတော့ သူတစ်ပါးအမျက်ထွက်နေသည်ကို သိရပြီးလျှင် (ဝါ - သိနေပါလျှင်) သတိရလျက် စိတ်မဆိုးဘဲ စိတ်ငြိမ်းချမ်းစွာ နေနိုင်ပါမူ ထိုသို့သော ရဟန်းသည် မိမိ၏အကျိုး သူတစ်ပါး၏အကျိုး ၂ - မျိုးလုံးအတွက် ကျင့်သူမည်သည် - လို့လဲ ဆုံးမတော်မူခဲ့တယ် မဟုတ်ပါလား။

နောက်ပြီးတော့ (ဒါကိုတော့ ချုံးပြောရမှာပဲ) ရန်သူက ကြိုက်နှစ်သက်တာ ၇ - မျိုး ရှိရာတွင် အမျက်ထွက်တဲ့ သူမှာ မျက်နှာအခြေအနေပျက်ပြီး အရုပ်ဆိုးသွားတယ်၊ အဲဒါဟာ ရန်သူအကြိုက် တစ်ခုပါပဲ၊ အမျက်ထွက်နေတဲ့သူဟာ ချမ်းသာစွာ မအိပ်ရဘူး၊ အဲဒါလဲ ရန်သူ့အကြိုက်တစ်ခုပဲ၊ အမျက်ထွက်နေတဲ့သူမှာ အကျိုးစီးပွား ပျက်စီးတတ်တယ်၊ အဲဒါလဲ ရန်သူ့ အကြိုက်တစ်ခုပဲ၊ အမျက်ထွက်နေတဲ့သူမှာ စီးပွားဥစ္စာ မပြည့်စုံပဲရှိတတ်တယ်၊ အဲဒါလဲ ရန်သူ့အကြိုက်တစ်ခုပဲ၊

အမျက်ဒေါသ ကြီးသူမှာ အခြွေအရံ မပြည့်စုံဘဲ ရှိတတ်တယ်၊ အဲဒါလဲ ရန်သူ့ အကြိုက်တစ်ခုပဲ၊ အမျက်ဒေါသကြီးသူမှာ မိတ်ဆွေ နည်းပါးတတ်တယ်၊ အဲဒါလဲ ရန်သူ့အကြိုက် တစ်ခုပါပဲ၊ အမျက်ဒေါသကြီးသူဟာ သေသွားလျှင် သူဂတိ ဘဝကောင်း၌ မဖြစ်နိုင်ဘူး၊ အဲဒါလဲ ရန်သူ့အကြိုက်တစ်ခုပဲ၊ ဒီအဆုံးအမကတော့ ရန်သူ့အကြိုက် မဖြစ်ရအောင် အမျက်မထွက်ဘဲ သည်းခံရမယ်လို့ ညွှန်ကြား တာပါပဲ။

နောက်ပြီးတော့ သူသေကောင်ဖုတ်သည့် ထင်းကုလားတုံးပိုင်းသည် မြို့ရွာ၍လည်း အသုံးမကျ တောအရပ်၌လည်း အသုံးမကျသလိုပင် လိုချင်မက်မောခြင်း စိတ်ဆိုး ပြစ်မှားခြင်း ရှိနေသောရဟန်းမှာ ကာမဂုဏ်ခံစားရခြင်းနှင့် အကျင့်ပြည့်စုံခြင်း ဆိုတဲ့ အကျိုး ၂ - ပါးလုံးကို မရသဖြင့် မြို့ရွာ၌လဲ အသုံးမကျ, ရဟန်းအဖြစ်၌လည်း အသုံးမကျကြောင်းကိုလဲ ဟောတော်မူခဲ့သည် မဟုတ်ပါလား။

သို့ဖြစ်သောကြောင့် သင်ယောဂီဟာ ဒီလိုအမျက်ထွက် စိတ်ဆိုးနေလျှင် ဘုရား အဆုံးအမကို မလိုက်နာသူလဲ ဖြစ်လိမ့်မည်၊ ပထမစပြီး အမျက်ထွက်သူအောက် ယုတ်မာသူ ဖြစ်ပြီးလျှင် အောင်ခဲသောစစ်ပွဲကို မအောင်နိုင်သူလဲ ဖြစ်လိမ့်မည်၊ ရန်သူက ပြုရမည့်ရန်သူ့အကြိုက်များကို မိမိကိုယ်တိုင်ပြုရာလဲ ရောက်လိမ့်မည်၊ ထင်းကုလားတုံးပိုင်းလို ဘယ်မှာမှ အသုံးမကျသူလဲ ဖြစ်လိမ့်မည် - လို့ ဒီလို မိမိကိုယ်ကို ဆုံးမပြီး အမျက်ဒေါသကို ငြိမ်းစေရမယ်လို့ ဆိုထားပါတယ်၊ အဲဒီအတိုင်း ဆင်ခြင်ပြီးငြိမ်းစေရုံပါပဲ။

အဲဒီလို ဆင်ခြင်လို့ အမျက်ဒေါသမငြိမ်းသေးရင် ရန်သူ၏ မကောင်းတဲ့ အမူအရာ တွေကို မစဉ်းစားဘဲ ကောင်းတဲ့ ကိုယ်အမူအရာကိုဖြစ်စေ၊ နှုတ်အမူအရာကိုဖြစ်စေ၊ စိတ်အမူအရာကိုဖြစ်စေ ဆင်ခြင်ပြီး အမျက်ဒေါသကို ငြိမ်းစေရမယ်တဲ့။

အဲဒီလို ဆင်ခြင်လို့မှ မငြိမ်းသေးလျှင် ယခု ပြောပြမည့်အကြောင်းအရာများကို ဆင်ခြင်ပြီး ငြိမ်းစေရမယ်တဲ့၊ ဆင်ခြင်ပုံတွေကတော့ အခြား ပါဠိ အဋ္ဌကထာများမှာ မရှိပါဘူး၊ ဝိသုဒ္ဓိမဂ်မှာသာ ရှိပါတယ်၊ ဂါထာအရေအတွက်မှာ တစ်ဆယ်တိတိ ရှိပါတယ်၊ မြန်မာသက်သက် အတိုချုံးပြောရမှာပဲ။

ဂါထာ ၁၀ - ပုဒ်အရ ဆင်ခြင်ပုံ

(၁) ရန်သူက ဆင်းရဲအောင်ပြုလုပ်လျှင် သင်၏ ကိုယ်၌သာ ပြုလုပ်နိုင်ပေမည်၊ သင်၏စိတ်၌ကား မပြုနိုင်ချေ၊ သို့ဖြစ်ပါလျက် သင်သည် ရန်သူ၏ အရာ မဟုတ်သော မိမိ၏စိတ်၌ဆင်းရဲအောင် ဘာကြောင့် ပြုချင်ပါသနည်း၊
(၂) ကျေးဇူးများတဲ့ မိတ်ဆွေအပေါင်းကိုစွန့်၍ ရဟန်းပြုလာပါလျက် ကြီးကျယ်သော အကျိုးမဲ့ကို ပြုတတ်သည့် အမျက်ဒေါသရန်ကို ဘာကြောင့် မစွန့်နိုင်ပါသနည်း။
(၃) မိမိစောင့်ရှောက်နေတဲ့ သီလများ၏ အမြစ်အရင်း (ဖြစ်တဲ့ အရှက်အကြောက် သည်းခံမှု မေတ္တာ ကရုဏာ)တို့ကို ဖြတ်တတ်သော အမျက်ဒေါသကို သင် အလိုလိုက်လျက် လက်ခံထားဘိ၏၊ သင့်လို သူမိုက်သည် အဘယ်မှာရှိအံ့နည်း။
(၄) သူတစ်ပါးက ယုတ်မာတဲ့ ပြစ်မှားမှုကို ပြုသည်ဟု သင်အမျက်ထွက်နေ၏၊ ယင်းသို့ အမျက်ထွက်နေသော သင်သည် အလားတူ ပြစ်မှားမှုကို ပြုရန်ကြံနေသည် မဟုတ်ပါလော။
(၅) သူတစ်ပါးက သင့်အား မနှစ်သက်ဖွယ်အမှုကို ပြုသည်မှာ သင့်အား ဒေါသဖြစ်စေရန် ရည်ရွယ်၍ ပြုခြင်းဖြစ်ရာပါသည်၊ သို့ဖြစ်ပါမူ သင်က အမျက် ထွက်နေခြင်းဖြင့် သူတစ်ပါး၏ အလိုကို ဖြည့်ပေးရာ မရောက်ပေဘူးလား။
(၆) အမျက်ထွက်နေသော သင်သည် သင့်ရန်သူအား ဆင်းရဲကို ဖြစ်စေနိုင် လိမ့်မည်ဟူ၍ကား မသေချာပေ၊ မိမိကိုယ်ကိုမူ ယခုပင် အမျက်ဒေါသဆင်းရဲဖြင့် နှိပ်စက်နေပြီ မဟုတ်ပါလော။
(၇) ရန်သူများသည် အမျက်ဒေါသဖြင့် မိုက်ကန်းကြသောကြောင့် အကျိုးမဲ့လမ်းကို သွားကြ ပြုလုပ်ကြသည် ဖြစ်ပါမူ၊ သင်သည်လည်း အမျက်ထွက်လျက် ထိုရန်သူ တို့အား အတုလိုက်ကာ အဘယ်ကြောင့် ပြုကျင့်ပါသနည်း။
(၈) ရန်သူက ဒေါသကိုမှီ၍ သင့်အား မနှစ်သက်ဖွယ်ကို ပြုသည်ဆိုလျှင် ယင်းဒေါသကိုသာ ဖြတ်ပါ၊ စိတ်ဆိုးသင့်သည့် အရာမဟုတ်တဲ့ လူပုဂ္ဂိုလ်၌ အမျက်ထွက်လျက် အဘယ်ကြောင့် ပင်ပန်းနေပါ၏သနည်း။
(၉) ရုပ်နာမ်တရားများသည် တစ်ခဏမျှသာ တည်လျက် ပျက်သွားကြသည်၊ သင့်အား ပြစ်မှားခဲ့သည်ဟု ထင်ရသော ထိုရုပ်နာမ်များသည် ထိုခဏကပင် ချုပ်ပျက်သွားကြလေပြီ၊ ယခုအခါ ထိုပြစ်မှားသည့် ရုပ်နာမ်များ မရှိကြတော့ပြီ၊ ယခုအခါ သင်သည် ရန်သူ၏ သန္တာန်က အဘယ်ရုပ်နာမ်ကို အမျက်ထွက်နေ ပါသနည်း။
(၁၀) တစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်အား ဆင်းရဲကို ပြုလျှင်ပြုသူ, အပြုခံရသူနှစ်ဦးစလုံးပင် ဆင်းရဲပြုခြင်း၏ အကြောင်းများ ဖြစ်ကြသည်၊ သို့ဖြစ်၍ မိမိကိုယ်တိုင်လည်း ဆင်းရဲကို ပြုခြင်း၏ အကြောင်းဖြစ်ပါလျက် ပြုသူကိုသာ အဘယ့်ကြောင့် အမျက်ထွက်နေပါ သနည်းတဲ့။

ဒါဟာ ဝိသုဒ္ဓိမဂ်မှာ ပြထားတဲ့ ဆင်ခြင်ပုံ (၁၀)ဂါထာ၏ အကျဉ်းချုပ် မြန်မာပြန်ပါပဲ၊ အဲဒီအတိုင်း ဆင်ခြင်ပြီး အမျက်ဒေါသကို ငြိမ်းစေရမယ်တဲ့၊ ဆင်ခြင်ပုံတွေကတော့ အလွန်နက်နဲပါတယ်၊ ဒါပေမယ့် လေးနက်သော ဆင်ခြင်ပုံများ ဖြစ်တဲ့အတွက် ဒီနေရာမှာ ထုတ်ပြလိုက် တာပါပဲ။

ကံသာ ကိုယ်ပိုင်ဥစ္စာရှိကြောင်း ဆင်ခြင်၍ ငြိမ်းစေပုံ

▬▬▬▬▬▬▬▬
အဲဒီဂါထာ ၁၀ - ပုဒ်အရ ဆင်ခြင်၍ အမျက်ဒေါသမငြိမ်းသေးရင် ကံသာ ကိုယ်ပိုင် ဥစ္စာရှိကြောင်း ဆင်ခြင်၍ ငြိမ်းစေရမယ်တဲ့၊ ဆင်ခြင်ပုံကတော့ မေတ္တာဘာဝနာကို ပွားနေသော အမောင်ယောဂီ သင်ကဟိုလူကို အမျက်ထွက်ပြီး ဘာလုပ်မလို့လဲ၊ အမျက်ဒေါသအရင်းခံပြီး ပြုမိတဲ့ကံဟာ သင်၏ အကျိုးမဲ့အတွက်သာ ဖြစ်မည် မဟုတ်ပါလော၊ ဟုတ်တယ်လေ၊ သင့်မှာ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိတာပဲ၊ ကံ၏အကောင်း အဆိုးအမွေကို ခံယူရမှာပဲ၊ ချမ်းသာဖို့ ဆင်းရဲဖို့ရာ သင်ပြုတဲ့ ကံသာလျှင် ဆွေမျိုးလဲဖြစ် ကိုးကွယ်ရာလဲဖြစ်တယ်၊ သင်ပြုမိတဲ့ ကံ၏ ကောင်းကျိုး ဆိုးကျိုးအမွေကိုသင်ခံယူရမှာပဲ၊

အမျက်ဒေါသ မှီပြီးဖြစ်တဲ့ သင့်အမှုကံဟာ မဂ်ဖိုလ်ရကြောင်းလဲမဟုတ်၊ နတ်ချမ်းသာ လူချမ်းသာကို ရကြောင်းလဲမဟုတ်၊ ငရဲဒုက္ခ စသည်တို့ကို ခံစားရကြောင်းသာ ဖြစ်သည်၊ သင်ဟာ ဒီ အမျက်ဒေါသကံကိုပြုနေလျှင် “သူတစ်ပါးကို ပုတ်ခတ် နှိပ်စက်ရန် မီးကျီခဲမစင်တို့ကို ကိုင်ယူမိသော သူတို့မှာ မိမိကိုယ်ကို ရှေးဦး ပူလောင်စေ, လူးလဲ ညစ်ပတ်စေသကဲ့သို့ပင်” ဖြစ်လိမ့်မည်။

ရန်သူလို့ အသိအမှတ်ပြုထားသော သူတစ်ပါးကိုလဲ ဆင်ခြင်ကြည့်ပါအုံး၊ အဲဒီလူက သင့်အားအမျက်ထွက်ပြီး ဘာကိုလုပ်နိုင်ပါ့မလဲ၊ အဲဒီအမျက်ဒေါသဟာ အဲဒီလူ၏ အကျိုးမဲ့အတွက်သာ ဖြစ်မည် မဟုတ်ပါလော၊ သူလဲ သူ့ကံသာ ကိုယ်ပိုင်ဥစ္စာ ရှိတာပဲ။ပ။ သူပြုတဲ့ကံ၏ ကောင်းကျိုးဆိုးကျိုးအမွေကို သူသာ ခံယူသွားရှာရမှာပဲ၊ အဲဒီဒေါသကံဟာ သူ့မှာ မဂ်ဖိုလ်ရကြောင်းလဲ မဟုတ်ဘူး၊ နတ်ချမ်းသာ လူချမ်းသာ ရကြောင်းလဲ မဟုတ်ဘူး၊ ငရဲဒုက္ခ စသည်တို့ကို ခံစားရကြောင်းသာ ဖြစ်တယ်၊ အဲဒီအမျက်ဒေါသကံကိုပြုတဲ့ အဲဒီရန်သူမှာ “လေအောက်ကနေပြီး လေညာကလူကို ဖုန်မှုန့်ဖြင့် ပက်ဖြန်းလျှင် ပက်ဖြန်းသူ၏ ကိုယ်ပေါ်မှာသာ ပြန့်ကျဲကျသလို” သူပြုတဲ့ကံဟာ သူ့အပေါ်မှာသာ ပြန်ကျမှာပဲ၊ ဒါကြောင့် မြတ်စွာဘုရားက ဒီလို ဟောတော်မူခဲ့တယ် မဟုတ်လား။

တစ်စုံတစ်ယောက်သော လူမိုက်သည် မပြစ်မှားအပ်သော သန့်ရှင်း စင်ကြယ် သူအား ပြစ်မှားလျှင် ထိုမကောင်းမှုသည် ပြစ်မှားသော သူမိုက်ထံသို့သာ ပြန်လာ၏၊ ဥပမာ လေညာ အရပ်ဆီသို့ ပစ်လွှင့်လိုက်သည့် သိမ်မွေ့သော မြူမှုန့်သည် ပစ်လွှင့်သူထံ ပြန်လာသကဲ့သို့ပင်တည်း - တဲ့။

ဘုရားအလောင်းအကျင့် ဂုဏ်ဆင်ခြင်၍ ငြိမ်းစေပုံ

▬▬▬▬▬▬▬▬▬
အဲဒီလို ဆင်ခြင်၍ ဒေါသ မငြိမ်းသေးရင် ဗုဒ္ဓမြတ်စွာဘုရား၏ အလောင်းတော် ဘဝက အကျင့်ဂုဏ်ကို ဆင်ခြင်စေပြီး ငြိမ်းစေရမယ်တဲ့။ ဆင်ခြင်ပုံကတော့ - -

ဘုရားတပည့်ဖြစ်တဲ့ အမောင်ယောဂီ၊ သင့်ဆရာဖြစ်တော်မူတဲ့ ဗုဒ္ဓမြတ်စွာဘုရားဟာ အလောင်းတော် ဘဝတုန်းကတောင် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းပတ်လုံး ပါရမီတော်များကို ဖြည့်ကျင့်နေစဉ်မှာပင် အမျိုးမျိုးသောသူသတ်သမား ရန်သူတို့၌ သော်လဲ ဒေါသဖြင့် စိတ်ကိုမပျက်စေဘဲ သည်းခံတော်မူခဲ့ပေသည်၊ သည်းခံပုံတွေ ကိုတော့ (သီလဝဇာတ်ကို ဝိသုဒ္ဓိမဂ်၌ စ၍ ပြထားသည်၊ ဒီမှာတော့) ခန္တီဝါဒီ ဇာတ်ကစပြီး ပြသွားမယ်။

ခန္တီဝါဒီ ရသေ့ကြီး သည်းခံပုံ

▬▬▬▬▬▬▬▬▬▬
ရှေးတုန်းက ဗာရာဏသီပြည် (မြို့)မှာ ကလာဗုဆိုတဲ့မင်း အုပ်စိုးစဉ်က ဘုရားအလောင်းတော်ဟာ ကုဋေ ၈၀ - ကြွယ်ဝတဲ့ ဗြာဟ္မဏမျိုးမှာ ဖြစ်ခဲ့တယ်၊ မိဘများ ကွယ်လွန်သွားတဲ့အခါ ကျန်ရစ်တဲ့ ပစ္စည်းဥစ္စာတွေကို ကြည့်ပြီးတော့ ငါ၏မိဘများဟာ ဒီပစ္စည်းဥစ္စာတွေကို စုဆောင်းရုံသာ စုဆောင်းထားခဲ့ကြတယ်၊ ယူမသွားနိုင်ကြဘူး၊ ငါကတော့ ဒါတွေကို ယူသွားမယ်လို့ စဉ်းစားပြီး ထိုက်တန်တဲ့ ပုဂ္ဂိုလ်များအား ထိုက်တန်တဲ့ ပစ္စည်းဥစ္စာတွေကို ပေးလှူတယ်၊ ပေးလှူပြီးတော့ တောထွက်ရသေ့ပြုပြီး ဟိမဝန္တာတောအရပ်မှာ သီတင်းသုံးနေတယ်၊

တောထဲမှာ သစ်သီးမျှကိုသာ သုံးဆောင်ရတယ်၊ ဆားမရှိဘူး၊ ဒါကြောင့် အာဟာရ ဓာတ်ပြည့်ဝစေရန်အတွက် ဆားနှင့်အချဉ်များကို သုံးဆောင်ရန် လူနေရွာများသို့ လာရောက်ခဲ့တယ်၊ နောက်ဆုံးမှာ ဗာရာဏသီမြို့သို့ ရောက်လာခဲ့တယ်၊ မြို့ထဲ ဆွမ်းခံကြွတဲ့အခါ စစ်ဗိုလ်ချုပ်ကြီးက ကြည်ညိုတာနဲ့ ပင့်ပြီးဆွမ်းများကိုလဲ လှူတယ်၊ လှူပြီးတော့ ဘုရင့်ဥယျာဉ်တော်ဆီမှာ သီတင်းသုံးဖို့ လျှောက်တယ်၊

အဲဒီလျှောက်ချက်အရ ဘုရားအလောင်းတော် ရသေ့ကြီးဟာ ဘုရင့်ဥယျာဉ်တော်မှာ သီတင်းသုံးနေတော်မူတယ်။ အဲဒီလိုနေစဉ်အတွင်းမှာ တစ်နေသောအခါ ကလာဗု ဘုရင်က ဥယျာဉ်တော်သို့ ပျော်ပွဲခံရန် မိဖုရားမောင်မ အခြွေအရံ များနှင့်တကွ ထွက်လာတယ်၊ မင်္ဂလာကျောက်ဖျာပေါ်မှာ ပျော်ပွဲကျင်းပတယ်၊ ဘုရင်က သူချစ်တဲ့ အမျိုးသမီး တစ်ယောက်၏ ပေါင်ပေါ်မှာ ခေါင်းအုံးပြီး လျောင်းစက်ရင်း သီဆို ကခုန်ကြတာကို ကြည့်ရှုနေတယ်၊

နန်းတွင်းသူကချေသည်များက တီးမှုတ်ကခုန်ပြီး ဖျော်ဖြေနေကြတယ်၊ ဘုရင်က အိပ်မောကျသွားတယ်၊ အဲဒီအခါ တီးမှုတ်ကခုန်ဖျော်ဖြေနေကြတဲ့ အမျိုးသမီး တွေက တို့အရှင်သခင် အိပ်ပျော်နေရင် မလိုတော့ဘူးဆိုပြီး တီးမှုတ်ကခုန်မှုကို ရပ်နား ပြီးတော့ ဥယျာဉ်ထဲလျှောက်လှည့်ကြည့်ကြတယ်၊ အဲဒီလိုကြည့်ရှု လှည့်လည် နေရင်း ဘုရားအလောင်း ရသေ့ကြီးကို တွေ့မြင်ကြတော့ တရားစကား ကြားနာရန် ရသေ့ကြီးထံ ဆည်းကပ်ကြတယ်၊ သင့်လျော်တဲ့ တရားစကား ဟောပြောဖို့လဲ တောင်းပန်ကြတယ်၊ အဲဒီတော့ ရသေ့ကြီးက သင့်လျော်တဲ့ တရားစကားကို ပြောဟောနေတယ်။

အဲဒီအခါဘုရင်၏ ခေါင်းအုံးအဖြစ်ဖြင့် ပြုစုနေရတဲ့ အမျိုးသမီးက မင်းကြီး နိုးလာစေရန် လှုပ်ရှား ပြုပြင်လိုက်တယ်၊ မင်းကြီးက နိုးလာတဲ့အခါ သူ့အခြွေအရံ မောင်းမတွေကို မမြင်တွေ့ရတာနဲ့ ဘယ်သွားကုန်ကြသလဲလို့ မေးတယ်၊ ရသေ့ကြီးထံ သွားရောက်နေကြကြောင်း၊ အဲဒီအမျိုးသမီးက ပြောတယ်၊ အဲဒီတော့ ဘုရင်မင်းမြတ် က မနာလိုဝန်တိုပြီး ဒေါသ အကြီးအကျယ် ဖြစ်တဲ့အတွက် သန်လျက်ဓားရှည်ကို ကိုင်ယူကာ ကောက်ကျစ်တဲ့ ရသေ့ကို ဆုံးမမယ်လို့ ကြုံးဝါးပြီး ရသေ့ကြီးထံ လျင်မြန်စွာ သွားတယ်။

အဲဒီအခါ အလွန်ရင်းနှီး ချစ်ခင်အပ်တဲ့ မောင်းမ တစ်ယောက်က မင်းထံမှ သံလျက်ကိုယူပြီး ဒေါသ ငြိမ်းအောင် ဖျောင်းဖျပြောဆိုတယ်၊ ဒါပေမယ့် ကလာဗုမင်းက အမျက်ဒေါသ ကောင်းကောင်းမပြေပါဘူး၊ ဒါကြောင့် ဘာဝါဒ ရှိသလဲလို့ ရသေ့ကြီးကို မေးတယ်၊ ရသေ့ကြီးက ခန္တီဝါဒရှိတယ်လို့ ဖြေတယ်၊

ခန္တီဆိုတာ ဘာလဲလို့ မေးပြန်တယ်၊ ဆဲဆိုကြိမ်းမောင်းတဲ့သူ, ပုတ်ခတ်နှိပ်စက်တဲ့ သူတို့၌ အမျက်မထွက်ဘဲနေတာကို ခန္တီခေါ်တယ်လို့ ဖြေတယ်၊ ဒါဖြင့် သင့်မှာ ခန္တီ - သည်းခံခြင်း ရှိပုံကို စမ်းသပ်ကြည့်ရှုမယ် ဆိုပြီးတော့ သူသတ်သမားအား ဒီလို အမိန့်ပေးတယ်၊ ဒီရသေ့ပျက် ခိုးသူကို ကိုင်ဆွဲပြီး မြေပြင်မှာ လှဲချ၊ ရှေ့နောက်, နံဘေး နှစ်ဖက်ဆိုတဲ့ လေးဌာန၌ ဆူးရှိတဲ့ ကြိမ်ဖြင့် အချက်ပေါင်း နှစ်ထောင် ရိုက်ရမယ်လို့ အမိန့်ပေးတယ်။

သူသတ်သမားက မင်း၏ အမိန့်အတိုင်း ခန္တီဝါဒီ ရှင်ရသေ့ကို ကြိမ်ဖြင့် အချက်ပေါင်း နှစ်ထောင်ရိုက်နှက်ပါသတဲ့၊ ကြိမ်ဒဏ်အချက် နှစ်ထောင် ရိုက်နှက်ခံရတယ်ဆိုတော့ သေဖို့ရာ ရှိတော့တာပဲ၊ ဒါပေမယ့် မသေအောင် လျှော့ရိုက်လို့လား, ရသေ့ကြီး၏ ခန္တီဂုဏ်ကြောင့်လားတော့ မပြောတတ်ဘူး၊ မသေသေးပဲလဲ ရှိနေတာပဲ၊ သို့ပေမယ့် အချက်ပေါင်းနှစ်ထောင် အရိုက်ခံရတဲ့အတွက် ရသေ့ကြီးကိုယ်မှာ အပေါ်ရေ အပါး အထူတွေလဲ ပြတ်ကုန်တယ်၊ အသားတွေလဲ ပြတ်ကုန်တယ်၊ သွေးတွေလဲ ယိုထွက်နေပါသတဲ့၊ ဘယ်လောက် နာကျင်ရှာမလဲဆိုတာ စဉ်းစားသာ ကြည့်ကြ ပေတော့၊

ဒါပေမယ့် အဲဒီလို ရိုက်မိန့်ပေးတဲ့ မင်းအပေါ်မှာရော ရိုက်နှက်တဲ့ သူသတ်သမား အပေါ်မှာရော ရှင်ရသေ့မှာတော့ အမျက်ထွက်ခြင်း, ပြစ်မှားခြင်း မရှိဘူးတဲ့၊ အဲဒါဟာ ဘာမျှ အပြစ် မရှိဘဲနဲ့ နှိပ်စက်ကြတာပဲ၊ စိတ်ဆိုးစရာ, ပြစ်မှားစရာတော့ အလွန်ကောင်းတာပဲ၊ အဲဒါတွေကို သည်းခံနေနိုင်တာဟာ မေတ္တာပွားနေတဲ့ ယောဂီအတွက် အတုယူစရာပါပဲ။

အဲဒီလို မသေသေးဘဲ ရှိနေတဲ့အခါ မင်းက ဘာဝါဒရှိသလဲလို့ မေးပြန်တယ်၊ ရှင်ရသေ့က “ခန္တီဝါဒရှိပါတယ်၊ အသင်မင်းက ခန္တီကို ငါ၏အရေထဲ ရှိတယ်လို့ ထင်နေသလား၊ အရေကြားထဲမှာ မရှိပါဘူး၊ ခန္တီ သည်းခံခြင်းက ငါ၏ နှလုံးထဲမှာ တည်ရှိနေပါတယ်”လို့ ပြောတယ်၊ အဲဒီတော့ ကလာဗုမင်းက ရှင်ရသေ့၏ လက်နှစ်ဖက်ကိုလဲ အဖြတ်ခိုင်းတယ်၊ ခြေနှစ်ချောင်းကိုလဲ အဖြတ်ခိုင်းတယ်၊ နားရွက်, နှာခေါင်းတွေကိုလဲ အဖြတ်ခိုင်းတယ်၊ သူသတ်သမားကလဲ ခိုင်းတဲ့အတိုင်း ပုဆိန်ဖြင့် ရက်ရက်စက်စက် ခုတ်ဖြတ်တယ်၊

ဖြတ်ပြီးတိုင်း, ပြီးတိုင်း ဘာဝါဒရှိသလဲလို့ မင်းက ထပ်ခါထပ်ခါ မေးတယ်၊ ရှင်ရသေ့က ခန္တီဝါဒရှိကြောင်း၊ အဲဒီ ခန္တီက နှလုံးထဲမှာ တည်ရှိနေကြောင်း ဖြေကြားတယ်၊ နောက်ဆုံးကျတော့ မင်းက “ကောက်ကျစ်တဲ့ရသေ့ သင့်ခန္တီကို သင်သာ ပင့်မပြီး ထိုင်နေပေတော့” လို့ ဆိုပြီးတော့ ခန္တီဝါဒီ ရှင်ရသေ့၏ ရင်ဘတ်ကို ခြေဖြင့် ကျောက်ကန်ပြီး ထွက်ခွာသွားပါသတဲ့၊

အဲဒီလို သွားတဲ့အခါ ဥယျာဉ် တံခါးဝကျတော့ အဲဒီ ကလာဗုမင်းလဲ မြေမျိုသွားတယ်၊ အဝီစိ ငရဲမီးတွေက ပူလောင်ပြီး ငရဲသို့ ဆောင်သွားတယ်လို့လဲ အဋ္ဌကထာမှာ ပြဆိုထားပါတယ်။ အဲဒီကနောက် စစ်ဗိုလ်ချုပ်ကြီးက လာရောက်ပြီးတော့ ရှင်ရသေ့အား တိုင်းပြည်ကို စိတ်မဆိုးဖို့ တောင်းပန်တယ်၊ အဲဒီအခါ ရှင်ရသေ့က ဒီလို ပြန်ကြားလိုက်ပါတယ်။

ယော မေ ဟတ္ထေ စ ပါဒေစ၊
ကဏ္ဏနာသဉ္စ ဆေဒယိ။
စိရံ ဇီဝတု သော ရာဇာ၊
န ဟိ ကုဇ္ဈန္တိ မာဒိသာ။ တဲ့

သေနာပတိ - စစ်ဗိုလ်ချုပ်ကြီး၊
ယော - အကြင် ကလာဗုမင်းသည်၊
မေ - ငါ၏၊
ဟတ္ထေ စ - လက်တို့ကို လည်းကောင်း၊
ပါဒေစ - ခြေတို့ကိုလည်းကောင်း၊
ကဏ္ဏနာသဉ္စ - နား နှာခေါင်းတို့ကို လည်းကောင်း၊
ဆေဒယိ - ခုတ်ဖြတ်စေ၏၊
သော ရာဇာ - ထိုကလာဗုမင်းသည်၊
စီရံ ဇီဝတု - ရှည်စွာ အသက်ရှင်လျက် ရှိပါစေ၊
ဟိ - စိတ်မဆိုးဘဲ ဤသို့ မေတ္တာပွားနိုင်ခြင်း၏ အကြောင်းကား၊
မာဒိသာ - ငါသို့သော သူတော်ကောင်းတို့သည်၊
နကုဇ္ဈန္တိ - အမျက်ထွက်ရိုး မရှိကြပါ၊
ဝါ - အမျက်ထွက်ရိုး မရှိကြသောကြောင့် ဆုမွန်ကောင်းကို တောင်းလျက် မေတ္တာကို ပွားနိုင်ကြပါသတည်း - တဲ့။

ဘုရား၏ အဆုံးအမ ခံယူ၍ မေတ္တာပွားနေသော အမောင်ယောဂီ၊ သင့်အား ပြစ်မှားသော ရန်သူသည် ကလာဗုမင်းလောက် ဆိုးသည် မဟုတ်ပါ၊ ဆရာဘုရား၏ အလောင်းတော်ခန္တီဝါဒီ ရသေ့သည် ကလာဗုမင်း၏ အလွန်ယုတ်မာ ဆိုးသွမ်းသော ပြစ်မှားမှုကို အမျက်မထွက်ဘဲ သည်းခံသလိုပင် သင်လဲ အမျက်မထွက်ဘဲ သည်းခံသင့်သည် မဟုတ်ပါလော။

ဓမ္မပါလ သူငယ်ဝတ္ထု

▬▬▬▬▬▬▬▬
ရှေးတုန်းက ဗာရာဏသီပြည်မှာ မဟာပတာပဆိုတဲ့ မင်းက အုပ်စိုးနေတယ်၊ အဲဒီတုန်းက ဘုရားအလောင်းတော်ဟာ အဲဒီမင်း၏ မိဖုရားကြီးဖြစ်တဲ့ စန္ဒာဒေဝီ၏ ဝမ်းတိုက်မှာ ပဋိသန္ဓေတည်နေပြီး ဖွားမြင်လာတယ်၊ ဓမ္မပါလလို့ အမည်ပေးထား ကြတယ်၊ အဲဒီ ဓမ္မပါလ မင်းသားကလေး ၇ - လအရွယ် ရှိတဲ့အခါ မိခင် မိဖုရားကြီးက ရေချိုးပေးပြီး တန်ဆာဆင်ယင်ပေးလျက် ယုယုယယ ကစားနေတယ်၊

အဲဒီအချိန်မှာ ဘုရင်မင်းကြီးက စန္ဒာဒေဝီ မိဖုရားကြီး၏ နေရာကို သွားတယ်၊ မိဖုရားကြီးက သားကလေးကို ချစ်မြတ်နိုးတဲ့စိတ်တွေ အားကြီးနေတဲ့အတွက် လင်တော်မောင် ဘုရင်ကိုမြင်ပါလျက် ထပြီး အရိုအေသင် မပြုမိဘဲ ရှိနေပါသတဲ့။

အဲဒီတော့ မဟာပတာပမင်းကို “ဒီကောင်မဟာ ယခုပင် သားကိုမှီပြီး မာန်တက် နေတယ်၊ သူ့သားကလေး ကြီးလာရင် ငါ့ကို ဘာမှဂရုစိုက်မှာ မဟုတ်တော့ဘူး၊ ယခုပင် ဒီသားကလေးကို သတ်ပစ်မှတော်မယ်”လို့ ကြံပြီး မျက်စိမျက်နှာများ ပျက်လျက် မင်းနေရာ ရာဇပလ္လင်သို့ ပြန်သွားတယ်၊ သူသတ်သမားကို ခေါ်စေပြီးတော့ မိဖုရားကြီးထံမှ ဓမ္မပါလသူငယ်ကို ယူလာခဲ့ရန် အမိန့်ပေးတယ်၊ မိဖုရားကြီးကလဲ ဘုရင်မင်း၏ အရိပ်အကဲကို မြင်ရတဲ့အတွက် သူ့အပေါ်မှာ အမျက် ထွက်သွားကြောင်းသိရတယ်၊ ဒါကြောင့် ဓမ္မပါလသားငယ်ကလေးကို ရင်ခွင်မှာ ပိုက်ပြီး ငိုနေရှာတယ်။

အဲဒီလိုငိုနေစဉ်မှာပဲ သူသတ်သမားက မင်း၏အမိန့်အရဖြင့် မိဖုရားကြီး၏ရင်ခွင်မှ ဓမ္မပါလသူငယ်ကို အတင်းလုယူလာခဲ့တယ်၊ စန္ဒာဒေဝီမိဖုရားကြီးကလဲ ငိုလျက် လိုက်ပါလာတယ်၊ မင်း၏ ရှေ့ရောက်တော့ ဒီကလေးကို ပျဉ်ချပ်ခုံတစ်ခုပေါ်မှာ တင်ထားလိုက်၊ ကလေး၏ လက်များကို ဖြတ်လိုက်လို့ အမိန့်ပေးတယ်၊

စန္ဒာဒေဝီကကလေးမှာ အပြစ်မရှိပါဘူး၊ ကျွန်တော်မမှာသာ အပြစ်ရှိပါတယ်၊ ကျွန်တော်မ၏ လက်ကိုသာ ဖြတ်ပါလို့တောင်းပန်တယ်၊ တောင်းပန်ပေမယ့် မရပါဘူး၊ မင်းက အတင်းအဖြတ်ခိုင်းတာပါပဲ၊ လူသတ်သမားကလဲ မင်း၏ အမိန့် အတိုင်းပင် ၇-လသား ဓမ္မပါလ သူငယ်ကလေး၏ လက်များကို ပုဆိန်ဖြင့် ရက်ရက်စက်စက် ဖြတ်ရတယ်၊ ဓားထက်ထက်ဖြင့် ဝါးမျှစ်နုကလေးများကို ဖြတ်ရ သလိုပင် လက်နှစ်ချောင်းလုံး ပြတ်သွားပါရောတဲ့၊ ဒါပေမယ့် ဘုရားအလောင်း သူငယ်ကလေး ကတော့ စိတ်ဆိုးခြင်း, ငိုယိုခြင်းမရှိဘဲ သည်းခံနေရှာပါသတဲ့၊ ဒါကြောင့် အဋ္ဌကထာမှာ ဒီလို ပြဆိုထားပါတယ်။

သော - ထိုဓမ္မပါလ သူငယ်သည်၊
ဟတ္ထေသု ဆိဇ္ဇမာနေသု - လက်တို့ကို ဖြတ်အပ်ကုန်လတ်သော်၊
ဝါ - ဖြတ်နေစဉ်၊
နေဝရောဒိ - ငိုလဲမငို၊
န ပရိဒေဝိ - မြည်လဲမမြည်တမ်း၊
ခန္တိဉ္စ - သည်းခံခြင်းကိုလည်းကောင်း၊
မေတ္တဉ္စ - သူတစ်ပါးအား ချမ်းသာစေလိုခြင်းကိုလည်းကောင်း၊
ပုရေစာရိကံ ကတွာ - ရှေး သွားပြု၍၊
အဓိဝါသေသိ - သည်းခံနေလေသည် - တဲ့။

မိခင်ဖြစ်တဲ့ စန္ဒာဒေဝီ မိဖုရားကြီးကတော့ လက်ပြတ်ကလေးများကို ကောက်ယူကာ ရင်ခွင်မှာ ပွေ့ပိုက်ပြီး ငိုကြွေးနေရှာပါသတဲ့၊ အဲဒီကနောက်ခြေနှစ်ချောင်းကိုလဲ ဖခင်ဖြစ်တဲ့ မဟာပတာပမင်းက အဖြတ်ခိုင်းတယ်၊

မိခင်စန္ဒာဒေဝီက တောင်းပန်တယ်၊ ခြေများကိုဖြတ်ပြီးတော့ ဓမ္မပါလ သားသူငယ်၏ ခေါင်းကို အဖြတ် ခိုင်းပြန်တယ်၊ မိခင် စန္ဒာဒေဝီက တောင်းပန်တယ်၊ ဒါပေမယ့် မရပါဘူး၊ အတင်း ဖြတ်ခိုင်းတဲ့အတွက် လူသတ်သမားက မင်း၏ အမိန့်အတိုင်း သူငယ်၏ ခေါင်းကို ဖြတ်လိုက်တာပါပဲ၊ ခေါင်းဖြတ်ပြီးလို့ သေပြီးတဲ့နောက်တောင် သူငယ်ကလေး၏ ကိုယ်ကိုအပေါ်သို့ မြှောက်လိုက် ပြီးတော့ သန်လျက် အချွန်ဖြင့် ခံလင့်ပြီး အသိမာလာခေါ်တဲ့ သန်လျက်ပန်း လုပ်စေပြန်သေးသတဲ့၊

ဒီလောက်ထိအောင် မိုက်တဲ့ ရက်စက်ယုတ်မာတဲ့ ဖခင်ကတော့ ရှိတယ်လို့တောင် ယုံကြည်စရာ မကောင်းပါဘူး၊ ဒါပေမယ့် ဒေါသ၏ ကျွန် ဖြစ်နေကြတဲ့ ပုထုဇဉ်တွေ ထဲမှာ ဒီလို လူလဲ ရှိနိုင်တာပါပဲ၊ ရှိနိုင်လို့ပင် ဒီဓမ္မပါလ၏ဖခင် မဟာပတာပမင်း၏ ဆိုးဝါး ရက်စက်ပုံကို ပြဆိုထားတာပဲ၊ အဲဒီအခါမှာ မိခင်ဖြစ်သူ စန္ဒာဒေဝီဟာလဲ ငိုနေရင်း လွမ်းနာကျပြီး သေသွားရှာပါသတဲ့၊

မဟာပတာပမင်းလဲ သူ့ရာဇာပလ္လင်ပေါ်မှ ကျလာတယ်၊ ကျရာကြမ်းပြင်မှာလဲ ပေါက်ပြီး မြေပြင်သို့ ကျသွားတယ်၊ မြေပေါ်ရောက်တော့ မြေမျိုပြီး အဝီစိငရဲ ကျရောက်သွားပါသတဲ့။

ဓမ္မပါလသူငယ်ကတော့ သေခါနီးအထိ အမျက်ထွက်ခြင်း ပြစ်မှားခြင်းမရှိဘဲ၊ သည်းခံနေနိုင်လျက်ပင် သေဆုံးသွားရပါသတဲ့၊ အဲဒီဖြစ်ပုံကို ထောက်ဆကြည့်ရင် မေတ္တာဘာဝနာကို ပွားနေတဲ့ ယောဂီဟာ ဓမ္မပါလသူငယ်လိုပင် အမျက်မထွက်ဘဲ စိတ်မဆိုးဘဲ မပြစ်မှားဘဲ သည်းခံနေနိုင်စရာပါပဲ။

ဆင်, မျောက်, နဂါးတို့၏သည်းခံပုံ

▬▬▬▬▬▬▬▬▬▬▬
ဘုရားအလောင်းတော် ဆဒ္ဒန်ဆင်မင်းဟာ အဆိပ်လူးတဲ့မြားဖြင့် ပစ်သတ်တဲ့ မုဆိုးကိုတောင်မှ အမျက်မထွက် မပြစ်မှားဘဲ သည်းခံကြောင်းကို ဆင်ခြင်ရန် ဝိသုဒ္ဓိမဂ်၌ ပြထားပါတယ်။

မဟာကပိဆိုတဲ့ မျောက်ကြီးဟာ ချောက်ထဲမှ မတက်နိုင်ဘဲ ဒုက္ခရောက်နေတဲ့လူကို ကယ်တင်ခဲ့တယ်၊ တစ်နေရာ၌ ခေတ္တအိပ်ပျော်နေတဲ့ ကျေးဇူးရှင်မျောက်ကြီးကို အဲဒီလူက ကျောက်ခဲဖြင့် ထုသတ်တယ်၊ ဒါပေမယ့် မျောက်ကြီးက စိတ်မဆိုး မပြစ်မှားဘဲ အဲဒီ လူကို ဘေးမဲ့ရာ လူ့နယ်ပယ်သို့ ရောက်အောင် ညွှန်ကြား လိုက်ပို့ကြောင်းကိုလဲ ပြထားပါတယ်။

ဘူရိဒတ် ဆိုတဲ့ နဂါးနဲ့ စမ္ပေယျ ဆိုတဲ့ နဂါးတွေဟာ ဥပုသ်သီလ ကျင့်သုံးနေစဉ်မှာ အလမ္ပာယ်ဆရာက ဖမ်းယူပြီး နှိပ်လဲနှိပ်စက်တယ်၊ ထိုထိုမြို့ရွာတွေကို ဆောင်ယူ သွားပြီးတော့ အလမ္ပာယ်လဲပြတယ်၊ အဲဒီနဂါးတွေဟာ အလွန်အဆိပ် ပြင်းထန်တဲ့ နဂါးတွေပဲ၊ သူတို့ကစိတ်ဆိုးပြီး မျက်စိဖြင့် ကြည့်ရုံ အခိုးလွှတ်ရုံဖြင့် လူတွေကို ပြာကျစေနိုင်တယ်၊ သေစေနိုင်တယ်၊ ဒါပေမယ့် အဲဒီ နဂါးများက အလမ္ပာယ် ဆရာကို မပြစ်မှားဘဲ သည်းခံနေကြကြောင်းလဲ ဆင်ခြင်ဖို့ ဝိသုဒ္ဓိမဂ်မှာ ပြထားပါတယ်။

အရှင်ပုဏ္ဏ၏ နှလုံးသွင်း သည်းခံပုံ

▬▬▬▬▬▬▬▬▬▬▬
သုနာပရန္တတိုင်းသား အရှင်ပုဏ္ဏက မြတ်စွာဘုရားကို အကျဉ်းချုပ်အားဖြင့် တရား ဟောရန် တောင်းပန် လျှောက်ထားတယ်၊ ဒါကြောင့် မြတ်စွာဘုရားက အရှင် ပုဏ္ဏအား ဒီလို ဟောကြားတော်မူပါတယ်။

ချစ်သားပုဏ္ဏ၊ မျက်စိဖြင့် မြင်သိနိုင်တဲ့ လိုချင်နှစ်သက်ဖွယ်, မြတ်နိုးဖွယ်, ချစ်ဖွယ် အဆင်းရုပ်များရှိကြသည်၊ ယင်းအဆင်းတို့သည်လိုချင်မှုနှင့်လည်း စပ်ဆိုင်ကြသည်၊ တပ်မက်ဖွယ်လည်းဖြစ်ကြသည်၊ ထိုသို့သော အဆင်းရုပ်ကို နှစ်သက် လက်ခံလျှင် ချီးမွမ်းနိုင်အောင် သဘောကျလျှင် သိမ်းပိုက်ဆုပ်ကိုင်ထားလျှင် နန္ဒီခေါ် ပျော်မွေ့မှုသည်၊

ချစ်သား ပုဏ္ဏ၊ ပျော်မွေ့မှုဖြစ်ခြင်းကြောင့် ဆင်းရဲဖြစ်သည်ဟု ငါဟောသည်၊ (အသံ အနံ့ အရသာ အတွေ့ သဘောအာရုံတို့၌လည်း နည်းတူပင် ဟောတော်မူသည်)။

ချစ်သား ပုဏ္ဏ၊ ဆင်းရဲချုပ်ပုံကတော့ - မျက်စိဖြင့် မြင်သိနိုင်တဲ့ လိုချင်နှစ်သက်ဖွယ် မြတ်နိုးဖွယ် ဖြစ်တဲ့ ထိုသို့သော အဆင်းကို မနှစ်သက်လက်မခံလျှင်, ချီးမွမ်း နိုင်အောင် သဘောမကျလျှင်, သိမ်းပိုက်ဆုပ်ကိုင်မထားလျှင် နန္ဒီခေါ် ပျော်မွေ့မှု ချုပ်သည် (ဖြစ်ခွင့်မရှိ - ဟုဆိုလို၏)

ချစ်သား ပုဏ္ဏ၊ ပျော်မွေ့မှု ချုပ်ခြင်းကြောင့် ဒုက္ခချုပ်ခြင်းပြီးစီးသည်ဟု ငါဟောသည်၊

(အကျဉ်းချုပ်၍ ပြန်သည်၊ အသံ အနံ့ စသည်တို့၌လည်း နည်းတူပင် ဟောတော်မူသည်။)

ချစ်သား ပုဏ္ဏ၊ ငါ့ဘုရားက သင့်ကို ဤအကျဉ်းချုပ်ဩဝါဒဖြင့် ဆုံးမညွှန်ကြားပြီးပြီ၊ ထိုအကျဉ်းချုပ် ဩဝါဒကို လက်ခံရရှိပြီးသော သင်သည် အဘယ်နယ်ပယ်အရပ်၌ နေပါမည်နည်း၊ မြတ်စွာဘုရား ဇမ္ဗုဒီပခေါ် အိန္ဒိယနိုင်ငံ၏ အနောက်ဘက်အစွန်း ဖြစ်၍ သုနာပရန္တခေါ်သော နယ်ပယ်ရှိပါသည်၊ ထိုနယ်ပယ်အရပ်၌ နေထိုင်ပါမည်ဟု အရှင်ပုဏ္ဏက လျှောက်တယ်။

ချစ်သားပုဏ္ဏ၊ သုနာပရန္တတိုင်းသားလူတို့သည် ကြမ်းတမ်းခက်ထန်ကြ၏၊ သူတို့က သင့်ကို ဆဲဆို ကြိမ်းမောင်းကြလျှင် သင့်မှာ ဘယ်လိုများဖြစ်မလဲ၊ အကယ်၍ သုနာပရန္တတိုင်းသားတို့က ဆဲဆိုကြိမ်းမောင်းကြလျှင် ဘုရားတပည့်တော်က ဒီလို နှလုံးသွင်းပါမည်၊ သုနာပရန္တတိုင်းသားတွေဟာ တော်ကြပါပေတယ်၊ သူတို့က ဆဲဆိုကြိမ်းမောင်းရုံမျှပဲ၊ လက်ဖြင့်တော့ မပုတ်ခတ်ကြသေးလို့ တော်ကြပါပေတယ် လို့ နှလုံးသွင်းပါမည် ဘုရားဟုလျှောက်တယ်။

အကယ်၍ လက်ဖြင့်ပုတ်ခတ်ကြလျှင်ကော ဘယ်လို နှလုံးသွင်းမလဲ၊ သုနာပရန္တ တိုင်းသားတွေဟာ လက်ဖြင့် ပုတ်ခတ်ကြသော်လဲ ခဲဖြင့် မပေါက်ကြသေးတဲ့အတွက် တော်ကြပါပေတယ်လို့ နှလုံးသွင်းပါမည်ဘုရား။

ခဲဖြင့် ပေါက်ကြရင်ကော ဘယ်လိုနှလုံးသွင်းမလဲ၊ တုတ်ဖြင့် မရိုက်ကြသေးတဲ့ အတွက် တော်ကြပါပေတယ်လို့ နှလုံးသွင်းပါမည်ဘုရား။ တုတ်ဖြင့်ရိုက်ကြရင်ကော ဘယ်လို နှလုံးသွင်းမလဲ၊ ဓားဖြင့်မခုတ်ကြသေးတဲ့အတွက် တော်ကြပါပေတယ်လို့ နှလုံးသွင်း ပါမည်ဘုရား။

ဓားဖြင့် ခုတ်ကြရင်ကော ဘယ်လိုနှလုံးသွင်းမလဲ၊ ဓားဖြင့်ခုတ်ကြသော်လဲ ဓားဖြင့် သေအောင် မသတ်ကြတဲ့အတွက် တော်ကြပါပေတယ်လို့ နှလုံးသွင်းပါမည်ဘုရား။

ဓားဖြင့်သေအောင် ခုတ်ကြရင်ကော ဘယ်လိုနှလုံးသွင်းမလဲ၊ မြတ်စွာဘုရား၏ တပည့် သာဝကတွေထဲက အချို့ ရဟန်းတော်များဟာ ရုပ်ကိုယ်နှင့် အသက်ကို ရွံ့မုန်း စက်ဆုပ်ကြသောကြောင့် ကိုယ့်ဟာကိုယ် သတ်ပြီး သေရအောင် သေစေနိုင်သော ဓားလက်နက်ကို ရှာကြရကြောင်း ကြားသိရတယ်၊

ယခု ငါ့မှာ မရှာရဘဲနဲ့ သေစေနိုင်တဲ့ ဓား လက်နက်ဖြင့် သတ်ခြင်းကို ရပါပေတယ်လို့ နှလုံးသွင်းပါမည် ဘုရားလို့ အရှင်ပုဏ္ဏက လျှောက်ပါတယ်။

အဲဒီ အရှင်ပုဏ္ဏဟာ သုနာပရန္တတိုင်းသို့ သွားပြီး ကျင့်သုံးနေတယ်၊ အဲဒီဝါတွင်းမှာပဲ ရဟန္တာ ဖြစ်တော်မူပါတယ်တဲ့။

ဒီသုတ်ထဲမှာ အရှင်ပုဏ္ဏ၏နှလုံးသွင်းပုံကို ဆင်ခြင်ပြီးတော့ ယောဂီဟာ အမျက် ဒေါသကို ပြေငြိမ်းစေနိုင်ဖွယ်ရှိပါတယ်။

ဘုရားအလောင်းတို့၏ အကျင့်ဂုဏ်ကို ဆင်ခြင်၍ ဒေါသကို မငြိမ်းစေနိုင်သေးရင် မေတ္တာ၏ အကျိုးအာနိသင် ၁၁-ပါးကို ဆင်ခြင်ရမယ်လို့ ဝိသုဒ္မှုမဂ်က ပြဆို ထားပါတယ်၊ အဲဒီအကျိုး ၁၁-ပါးကိုတော့ ဒီတရားတော် ပထမပိုင်း အဆုံးနားမှာ ထုတ်ပြခဲ့ပါပြီ၊ မေတ္တာပွားနေတဲ့ သင်ယောဂီဟာ ဒေါသစိတ်ကို မငြိမ်းစေနိုင်ရင် အဲဒီမေတ္တာ၏ အကျိုးအာနိသင်များကို မရဘဲ ဆုံးရှုံးရလိမ့်မယ်လို့ ဆင်ခြင်ပြီးတော့ ဒေါသစိတ်ကို ငြိမ်းစေရမယ် တဲ့။

ဓာတ်ခွဲဆင်ခြင်၍ ဒေါသငြိမ်းစေပုံ

▬▬▬▬▬▬▬▬▬▬▬
အဲဒီလို ဆင်ခြင်လို့မှ ဒေါသမငြိမ်းသေးရင် ဓာတ်ခွဲဆင်ခြင်ရမယ်တဲ့၊ ဓာတ်ခွဲ ဆင်ခြင်ပုံကတော့ မေတ္တာဘာဝနာ ပွားနေတဲ့ အမောင် ယောဂီ၊ သင်ဟာ ထိုသူကို အမျက်ထွက် စိတ်ဆိုးနေတာဟာ ဘာကိုစိတ်ဆိုးတာလဲ၊ သူ့သန္တာန်က ဆံပင်တွေကို စိတ်ဆိုးတာလား။ပ။ ကျင်ငယ်ကို စိတ်ဆိုးတာလား၊

တစ်နည်းအားဖြင့် ဆံပင်စသည်တို့၌ ပထဝီဓာတ်ကို စိတ်ဆိုးတာလား၊ အာပေါ ဓာတ်ကို၊ တေဇောဓာတ်ကို၊ ဝါယောဓာတ်ကို စိတ်ဆိုးတာလား၊

တစ်နည်းအားဖြင့် ခန္ဓာငါးပါး အာယတန ၁၂ - ပါး ဓာတ် ၁၈ - ပါးတို့ကို စွဲမှီပြီး သင့်ရန်သူကို မည်သူဟု ခေါ်ရတယ်၊ အဲဒီ စွဲမှီရာ ဖြစ်တဲ့ ခန္ဓာစသည်တွေထဲက ရုပ်ကို စိတ်ဆိုးတာလား၊ ဝေဒနာကို၊ သညာကို၊ သင်္ခါရတို့ကို၊ စိတ်ဝိညာဏ်ကို စိတ်ဆိုး တာလား၊ သို့မဟုတ် စက္ခာယတနခေါ် မျက်စိကို စိတ်ဆိုးတာလား၊ ရူပါယတနခေါ် အဆင်းကို စိတ်ဆိုးတာလား။ပ။ မနာယတနခေါ် စိတ်ကို စိတ်ဆိုးတာလား၊ ဓမ္မာယတနခေါ် သဘောအာရုံကို စိတ်ဆိုးတာလား၊

သို့မဟုတ် စက္ခုဓာတ်ခေါ် မျက်စိဓာတ်ကို စိတ်ဆိုးတာလား၊ ရူပဓာတ်ခေါ် အဆင်းဓာတ်ကို၊ စက္ခုဝိညာဏဓာတ်ခေါ် မြင်သိစိတ်ကို စိတ်ဆိုးတာလား။ပ။ မနောဓာတ်ခေါ် ဆင်ခြင်စိတ် လက်ခံစိတ်ကို စိတ်ဆိုးတာလား၊ ဓမ္မဓာတ်ခေါ် သဘောအာရုံကို၊ မနောဝိညာဏ ဓာတ်ခေါ်စိတ်ကို စိတ်ဆိုးတာလားလို့ ဓာတ်ခွဲပြီး ကြည့်ရမယ်၊

အဲဒီလိုဓာတ်ခွဲကြည့်ရင်တော့ အလွန်သိမ်မွေ့တဲ့ အပ်၏အဖျား၌ မုန်ညင်းစေ့၏ တည်စရာမရှိသကဲ့သို့ လည်းကောင်း၊ ကောင်းကင်၌ ပန်းချီဆေးရေး၏ တည်စရာ မရှိသကဲ့သို့လည်းကောင်း၊ အမျက်ဒေါသ၏ တည်စရာ မရှိတော့ပါဘူး - တဲ့။

အပေးအယူဖြင့် ငြိမ်းစေပုံ

▬▬▬▬▬▬▬▬▬
သုတနည်းလို့ ဓာတ်ခွဲကြည့်ရန် မစွမ်းနိုင်ရန် ပေးလှူဝေဖန်ခြင်း ပြုရမယ်တဲ့၊ မိမိ၏ပစ္စည်းကို မုန်းထားတဲ့ သူတစ်ပါးအား ပေးလှူရမယ်၊ ထိုသူထံမှ ပစ္စည်းကို ခံယူရမယ်၊ မုန်းထားတဲ့ သူတစ်ပါးက အာဇီဝသီလပျက်နေလျှင် မိမိ ပစ္စည်းကိုသာ ပေးရမယ်၊ အဲဒီလို အပေးအယူလုပ်ရင် ထိုပုဂ္ဂိုလ်၌ ရန်ငြိုးဟာ ဧကန်ပင် ငြိမ်းပါတယ်တဲ့၊

ရန်သူမှာလဲ အတိတ်ဘဝမှ ပါလာတဲ့ အမျက်ဒေါသတောင်မှ ငြိမ်းပါတယ်တဲ့၊ ပုံစံကတော့ စိတ္တလတောင်၌ ပိဏ္ဍပါတိကမထေရ်ကို ရန်ငြိုးအားကြီးတဲ့ မထေရ်ကြီးက နေရာမှ ဖယ်ပေးရအောင် သုံးကြိမ်တိုင်တိုင် ပြုလုပ်ပါသတဲ့၊ သံဃိကကျောင်း၌ မထေရ်ကြီး ဖြစ်သူအား ငယ်သူက နေရာဖယ်ပေးရန် တာဝန်ရှိပါတယ်၊ အဲဒီတာဝန် ဝတ္တရားအရ မထေရ်ကြီးက ပိဏ္ဍပါတိကမထေရ်ကို နှောင့်ယှက်တဲ့ သဘောပါပဲ၊

အဲဒီရန်ငြိုးကို ပြေငြိမ်းစေရန်အတွက် ပိဏ္ဍပါတိကမထေရ်က “ဟောဒါဟာ ရှစ်ကျပ်တန် သပိတ်ပါဘုရား၊ တပည့်တော်၏ မယ်တော် ဥပါသိကာမကြီးက လှူထား တာပါ၊ ဝိနည်းတရားတော်နှင့် အညီရထားတာပါ၊ မယ်တော် ဥပါသိကာမကြီးမှာ ကောင်းမှုကုသိုလ်ရအောင် လက်ခံပြီး အသုံးပြုတော်မူပါဘုရား”လို့ လျှောက်ထားပြီး သပိတ်ကို လှူလိုက်ပါတယ်၊ အဲဒီသပိတ်ကို အလှူခံပြီးကတည်းက မထေရ်ကြီးမှာ ရန်ငြိုး တစ်ခါတည်း ငြိမ်းသွားပါသတဲ့၊ ဒါကြောင့် -

အဒန္တဒမနံ ဒါနံ၊
ဒါနံ သဗ္ဗတ္ထသာဓကံ။
ဒါနေန ပိယဝါစာယ၊
ဥန္နမန္တိ နမန္တိ စ -

လို့ အဋ္ဌကထာဆရာတို့က မိန့်ဆိုထားပါတယ်တဲ့။

ဒါနံ၊ ပေးကမ်းလှူဒါန်းခြင်းသည်။
အဒန္တဒမနံ၊ မယဉ်ကျေးသူ ရိုင်းစိုင်းသူတို့ကိုလဲ ယဉ်ကျေးစေတတ်၏။
ဒါနံ၊ ပေးကမ်းလှူဒါန်းခြင်းသည်။
သဗ္ဗတ္ထသာဓကံ၊ အလုံးစုံသောအကျိုးကို ပြီးစေတတ်၏။

(သီလက္ခန်အဋ္ဌကထာမှာတော့ အဒါနံ ဒန္တဒူသကံ - ဟုရှိ၏။ ထိုအလိုအားဖြင့် ပေးကမ်းသင့်သောသူအား မပေးကမ်းလျှင် ယဉ်ကျေးပြီး ခင်မင်ကြည်ညိုပြီးသူကို ပျက်စေတတ်၏လို့ အနက်ပြန်ရမှာပါပဲ။)

ဒါနေန စ၊ ပေးကမ်းခြင်းဖြင့် လည်းကောင်း။
ပိယဝါစာယ စ၊ ချစ်ဖွယ်ကောင်းခြင်းဖြင့် လည်းကောင်း။
ဥန္နမန္တိ စ၊ ပေးကမ်းသူ ပြောဆိုသူတို့က မြင့်တက်၍လည်း သွားကုန်၏။
နမန္တိ စ၊ ခံယူသူ နာသူတို့က ပေးသူ ပြောဆိုသူသို့လည်း ညွတ်ကုန်ခင်မင် ကြည်ညိုကုန်၏ - တဲ့။

သီမာသမ္ဘေဒ ဖြစ်ပုံ

▬▬▬▬▬▬▬
ယခု ပြောပြခဲ့တဲ့အတိုင်း တစ်နည်းနည်းဖြင့် ရန်သူပုဂ္ဂိုလ်အပေါ်မှာ အမျက်ဒေါသ ပြေငြိမ်းသွားသောအခါ -

(၁) ရိုသေလေးစားလျက် ချစ်အပ်သောပုဂ္ဂိုလ်၊
(၂) အလွန်ချစ်အပ်သောပုဂ္ဂိုလ်၊
(၃) မချစ်မမုန်း အလယ်အလတ် ပုဂ္ဂိုလ်

တို့၌ မေတ္တာစိတ် ဖြစ်သလိုပင် အဲဒီ ရန်သူပုဂ္ဂိုလ်၌လဲ မေတ္တာစိတ် မပြတ်ဖြစ်တော့ တာပါပဲ၊ အဲဒီအခါမှာ မေတ္တာပွားနေတဲ့ ယောဂီက အဖန်ဖန် မေတ္တာကို ပွားစေလျက် မိမိကိုယ်, ချစ်အပ်သော ပုဂ္ဂိုလ်, အလယ်အလတ်ပုဂ္ဂိုလ်, ရန်သူပုဂ္ဂိုလ်ဆိုတဲ့ လေးဦးသော ပုဂ္ဂိုလ်တို့၌ တူညီတဲ့စိတ်ဖြစ်ခြင်းကို ပြီးစေလျက်၊ ဝါ - ညီတူညီမျှ ချမ်းသာစေချင်တဲ့စိတ်လဲ ဖြစ်စေလျက် သီမာသမ္ဘေဒခေါ် ပုဂ္ဂိုလ်ခွဲခြားတဲ့ နယ်ပယ် ပျက်ခြင်းကို ပြုအပ်သည်၊ ပြုရမည်တဲ့။

ပုဂ္ဂိုလ်ခွဲခြားမှု နယ်ပယ် ပျက်ပုံကတော့ - မေတ္တာပွားနေသူရယ်, ချစ်အပ်တဲ့သူရယ်, အလယ်အလတ်လူရယ်, ရန်သူရယ် ဒီလေးယောက် တစ်နေရာ၌ အတူနေကြတယ် ဆိုပါတော့၊ အဲဒီလိုနေကြရာမှာ ခိုးသူ လူဆိုးတွေက မေတ္တာပွားနေသူထံ လာရောက် ပြီးတော့ လည်ချောင်းသွေးဖြင့် ယဇ်နတ်ပူဇော်ရန်အတွက် တစ်ဦးကို ပေးဖို့ တောင်းခံလာတယ် ဆိုပါတော့၊ အဲဒီလို တောင်းရာမှာ အဲဒီလေးဦးထဲက မည်သူကို ယူသွားကြပါလို့ ခွင့်ပြုရန် ကြံမိရင် သီမာသမ္ဘေဒ မဖြစ်သေးဘူး မိမိကိုယ် ယူသွား စေဖို့ ကြံရင်တောင် သီမာသမ္ဘေဒ မဖြစ်ဘူးတဲ့၊ ဘာကြောင့်လဲဆိုရင် ယူသွားစေလို အပ်သောသူ၏ အကျိုးစီးပွားကို မလိုလားရာ ရောက်သောကြောင့်ပါပဲ - တဲ့။

အမှန်ကတော့ အဲဒီလေးဦးထဲက တစ်ဦးကိုမျှ လူဆိုးတို့အား ပေးသင့်သည်ဟု မထင်မြင်ဘဲ မိမိကိုယ်တိုင် အပေါ်မှာရော, အခြားသုံးဦး အပေါ်မှာရော ညီတူညီမျှ သာလျှင် ချမ်းသာစေလိုတဲ့ မေတ္တာစိတ် ဖြစ်နေရင် အဲဒီအခါမှာ သီမာသမ္ဘေဒ ဖြစ်ပါတယ်တဲ့၊ မိမိကိုယ်ရယ် သူတစ်ပါးရယ်လို့လဲ နယ်ပယ် ကွဲပြားခြင်းမရှိဘူး၊ ချစ်သူ မုန်းသူ အလယ်အလတ်ရယ်လို့လဲ နယ်ပယ်ကွဲပြားခြင်း မရှိဘူး၊ ချမ်းသာ စေလိုအပ်တဲ့ နယ်ပယ်တစ်မျိုးတည်းသာ ဖြစ်တယ်၊ အဲဒါဟာ မူလက ကွဲပြားနေခဲ့တဲ့ (သီမာဆိုတဲ့) နယ်ပယ်ပျက်သွားတာပဲ။

မေတ္တာဈာန်သို့ရောက်ပုံ

▬▬▬▬▬▬▬▬▬
ယခု ပြောခဲ့တဲ့အတိုင်း သီမာသမ္ဘေဒ ဖြစ်ပြီး ညီတူညီမျှ ချမ်းသာစေလိုတဲ့ မေတ္တာစိတ် ဖြစ်လျှင်ပင် မေတ္တာပွားနေတဲ့ ယောဂီဟာ နိမိတ်ကိုလဲ ရတယ်၊ ဥပစာရဈာန်ကိုလဲ ရတယ်၊ ဥပစာရဈာန်သမာဓိကို ရပြီးတဲ့နောက် ထိုရပြီးအာရုံနိမိတ် ကိုပင် မှီဝဲ ပွားများလျက် အကြိမ်များစွာ လေ့လာနေလျှင် မကြာမီပင် အပ္ပနာဈာန်သို့ ရောက်တယ်လို့ ဝိသုဒ္ဓိမဂ်မှာ ပြဆိုထားပါတယ်၊

အဲဒီ အပ္ပနာဈာန်ဆိုတာ နှာ ၂၈ - မှာ ပြခဲ့တဲ့ ဈာန်သုံးပါးပါပဲ။ အဲဒီဈာန်များကို ရပြီးတဲ့ အခါ ပထမပိုင်းတုန်းက ပြခဲ့တဲ့အတိုင်း ငါးရာ့နှစ်ဆယ့်ရှစ်သွယ် (၅၂၈-သွယ်) မေတ္တာတွေကို မေတ္တာဈာန်၏ အစွမ်းဖြင့် အစဉ်အတိုင်း မပြတ်မစဲ ပွားများနေနိုင် ပါတယ်။ မေတ္တာဈာန်များကို ရသည်တိုင်အောင် မေတ္တာဘာဝနာ ပွားစေပုံနှင့် ၅၂၈-သွယ် မေတ္တာဈာန်များဖြင့် ဖြစ်နေပုံများကို ဒီကနေ့ပြောနေလို့ ပြည့်စုံသွားပါပြီ၊

ဒါကြောင့် ယခု လောလောဆယ်မှာ ကုသိုလ်ဖြစ် ပါရမီဖြစ် မေတ္တာကို ပွားပြီး ဒီကနေ့ တရားပွဲသိမ်းရမယ်၊ ကဲ လိုက်ဆိုကြရမယ်၊ နှလုံးလဲ သွင်းကြရမယ်၊ နောက်ပြီးတော့ ချမ်းသာကြပါစေလို့ နှလုံးသွင်းတဲ့ စိတ်နဲ့ ရွတ်ဆိုတဲ့ရုပ်တွေ ကုန်ဆုံးသွားတဲ့ သဘောလဲ ရှုကြရမယ်။

ဤသာသနာ့ရိပ်သာအတွင်း၌ ရဟန်းရှင်လူတွေ, ယောဂီတွေ ချမ်းသာကြပါစေ - ချမ်းသာကြပါစေ - ချမ်းသာကြပါစေ။

ဤ သာသနာ့ရိပ်သာအတွင်း၌ အားလုံးနတ်တွေ ချမ်းသာကြပါစေ ချမ်းသာကြပါစေ။

ဤ သာသနာ့ရိပ်သာအတွင်း၌ အားလုံး သတ္တဝါတွေ ချမ်းသာကြပါစေ - ချမ်းသာကြ ပါစေ။

ဤ မြို့နယ်အတွင်း၌ ရဟန်းရှင်လူတွေ ချမ်းသာကြပါစေ ချမ်းသာကြပါစေ။

ဤ မြို့နယ်အတွင်း၌ အားလုံးနတ်တွေ ချမ်းသာကြပါစေ ချမ်းသာကြပါစေ။

ဤ မြို့နယ်အတွင်း၌ အားလုံးသတ္တဝါတွေ ချမ်းသာကြပါစေ ချမ်းသာကြပါစေ။

မြန်မာပြည်သူ ပြည်သားတွေ ချမ်းသာကြပါစေ - ချမ်းသာကြပါစေ။

မြန်မာပြည်တွင်း၌ အားလုံးနတ်တွေ ချမ်းသာကြပါစေ ချမ်းသာကြပါစေ။

မြန်မာပြည်တွင်း၌ အားလုံးသတ္တဝါတွေ ချမ်းသာကြပါစေ ချမ်းသာကြပါစေ။

ရှိရှိသမျှ အားလုံးသတ္တဝါတွေ ချမ်းသာကြပါစေ - ချမ်းသာကြပါစေ။

ဤဗြဟ္မဝိဟာရ တရားတော်ကို ရိုသေစွာ နာယူ မှတ်သားကြရသော ဓမ္မသဝန ကုသိုလ်ကံ စေတနာတို့၏ အစွမ်းအာနုဘော်ကြောင့်။ပ။ နိဗ္ဗာန်ကို လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေ။

သာဓု...သာဓု...သာဓု...။

ဗြဟ္မဝိဟာရတရားတော် ဒုတိယပိုင်းပြီး၏။

ဗြဟ္မဝိဟာရတရားတော်

▬▬▬▬▬▬▬▬▬

တတိယပိုင်း

(၁၃၂၇-ခုနှစ်၊ ဝါဆိုလကွယ်နေ့မှစ၍ ၆-သီတင်းဟောသည်)

တရားအနုသန္ဓေ

▬▬▬▬▬▬

ဗြဟ္မဝိဟာရ တရားလေးပါးထဲက မေတ္တာကို ဟောလာတာ ၂-သီတင်းရှိသွားပြီ၊ ကုသိုလ်ဖြစ် ပါရမီဖြစ် မေတ္တာပွားပုံရော, ဈာန်သုံးပါး ရသည်အထိ ပွားပုံရော ဟောခဲ့ပြီ၊ ဒီကနေ့တော့ အများရွတ်ဖတ် နားလည်နေတဲ့ မေတ္တာသုတ်ကို အခြေခံ ပြုပြီး ဟောရမယ်၊

ဒီမေတ္တသုတ်က မြန်မာပြည်မှာ အလွန်အရေးပါတဲ့ သုတ်ပါပဲ၊ ရွတ်ဖတ်ရမည့် ကိစ္စကြီးငယ် ဟူသမျှမှာ သူမပါရင်မပြီးဘူး၊ ရှင်ပြုပွဲစသည်မှာ မင်္ဂလသုတ်ပါ ထည့်ရွတ်တဲ့ အခါလဲရှိတယ်၊ ဘေးရန်အန္တရာယ် ကင်းစေရန်အတွက် ရတနသုတ်, ခန္ဓသုတ်, မောရသုတ်, ဝဋ္ဋသုတ်, အာဋာနာဋိယသုတ်, ဗောဇ္ဈင်သုတ်များပါ ထည့်ရွတ်တဲ့အခါလဲရှိတယ်၊ ဒီမေတ္တသုတ်ကတော့ အခါခပ်သိမ်း ပါတာချည်းပဲ။

အလှူဒါနကိုလဲ အကျိုးကြီးစေတယ်

▬▬▬▬▬▬▬▬▬▬▬

ဒီ မေတ္တသုတ်ကို ရွတ်ဖတ်ရင်း မေတ္တာလဲ ပွားစေပြီးတော့ လှူဖွယ် ဝတ္ထုများကို အလှူခံရင် အလှူ့ဒကာ, အလှူ့အမတို့၏ ဒါနကုသိုလ်ကို အကျိုးကြီးစေနိုင်တယ်၊ ဒါကြောင့် ရဟန်းတော်များဟာ ဒီမေတ္တသုတ်ကို အနက်အဓိပ္ပာယ်ပါ နားလည်အောင် လေ့လာထားရန် သင့်ပါတယ်၊ ပုဒ်ပါဌ်လဲ မှန်မှန်ကန်ကန် ပြတ်ပြတ်သားသား ရွတ်ဖတ်နိုင်အောင် လေ့လာထားသင့်တာပဲ၊

နောက်ပြီးတော့ အဲဒီမေတ္တသုတ်ကို ရွတ်ဖတ်တဲ့ အခါတိုင်း မေတ္တာကိုလဲ ပွားသင့်တာပဲ၊ အဲဒီလို မေတ္တာပွားသွားရင် မိမိကိုယ်တိုင်ရော, အလှူရှင်တွေရော အကျိုးများသွားတယ်၊ အဲဒီလို အကျိုး များပုံတွေကို ဒီတရားတော် ပထမပိုင်း (နှာ ၃၁-စသည်) မှာ အကျဉ်းချုပ်အားဖြင့် ထုတ်ပြခဲ့ပါပြီ၊ ယခု အဲဒီမေတ္တသုတ်၏ အချီးဂါထာက စပြီး ဖွင့်ပြ ဟောကြားရမယ်။

မေတ္တသုတ်၏ အချီးဂါထာ

▬▬▬▬▬▬▬▬▬

(က) ယဿာနုဘာဝတော ယက္ခာ
နေဝ ဒဿေန္တိ ဘီသနံ
ယမှိ စေဝါနုယုဉ္ဇန္တော
ရတ္တိန္ဒိဝ မတန္ဒိတော

(ခ) သုခံ သုပတိ သုတ္တော စ
ပါပံ ကိဉ္စိ န ပဿတိ
ဧဝမာဒိဂုဏူပေတံ
ပရိတ္တံ တံ ဘဏာမဟေ

(က) ဟေ - အို သူတော်ကောင်းတို့၊
ယဿ - အကြင် မေတ္တသုတ် ပရိတ်တော်၏၊
အာနုဘာဝတော - အစွမ်းရှိန်စော် အာနုဘော်ကြောင့်၊
ယက္ခာ - ရုက္ခစိုး နတ်တို့သည်၊
ဘီသနံ - ကြောက်ဖွယ် အာရုံကို၊
နေဝ ဒဿေန္တိ - မပြတော့ဘဲ မခြောက်တော့ဘဲ ရှိကြပေကုန်၏၊
- ထိုအပြင်လည်း၊
ယမှိ ဧဝ - အကြင်မေတ္တသုတ်ပရိတ်တော်၌ပင်လျှင်၊
ရတ္တိန္ဒိဝံ - နေ့ရောညဉ့်ပါ အခါခပ်သိမ်း၊
အတန္ဒိတော - ပျင်းရိခြင်း မရှိဘဲ၊
အနုယုဉ္ဇန္တော - ရွတ်ဖတ်ပွားများ အားထုတ်နေသော သူသည်။

(ခ) သုခံ - ချမ်းသာစွာ၊
သုပတိ - အိပ်စက်ရ၏၊
သုတ္တော စ - အိပ်ပျော်နေစဉ်လည်း၊
ကိဉ္စိပါပံ - အိပ်မက်ဆိုး တစ်စုံတစ်ခုကိုမျှ၊
နပဿတိ - မမြင်မက်ရပေ၊
ဧဝမာဒိဂုဏူပေတံ - ဤသို့ စသော အကျိုးအာနိသင်ဂုဏ်အင်တို့နှင့် ပြည့်စုံပေသော၊
တံ ပရိတ္တံ - ထိုမေတ္တသုတ် ပရိတ်တော်ကို၊
မယံ - ငါတို့သည်၊
ဘဏာမ - ရွတ်ဆိုကြပါကုန်စို့။

ဒီနှစ်ဂါထာကတော့ ရှေးဆရာတော်များက စီကုံးထားခဲ့တဲ့ အချီးအမွမ်း ဂါထာ များပါပဲ၊ ပရိတ်ရွတ်မည့် ပုဂ္ဂိုလ်တွေ အချင်းချင်း ဒီမေတ္တသုတ်ပရိတ်တော်ကို တစ်ပြိုင်တည်း အညီအညွတ်ရွတ်ဖတ်ကြဖို့ ကြေညာတဲ့စကားပါပဲ၊ ဒီအချီးစကား ထဲမှာ ဒီသုတ်၏ ဂုဏ်ကို ချီးကျူးဖော်ပြ ထားတာတွေလဲပါတယ်၊

အဲဒီချီးကျူးစကား ထဲက ဒီမေတ္တသုတ် ပရိသတ်တော်၏ အာနုဘော်ကြောင့် ရုက္ခစိုးနတ်တွေက ကြောက်ဖွယ်အာရုံကို ပြခြင်းခြောက်လှန့်ခြင်း မပြုကြတော့ဘူး ဆိုတာဟာ ဒီသုတ်၏ နိဒါန်းအကြောင်းလဲ ဖြစ်ပါတယ်၊ အဲဒါက ဘယ်လို ဖြစ်ခဲ့တာလဲ ဆိုတော့ -

ရဟန်းငါးရာအား နတ်တွေက ခြောက်သည်

▬▬▬▬▬▬▬▬▬

တစ်ချိန်က မြတ်စွာဘုရား သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ်မှာ ရဟန်းတော်ငါးရာတို့က မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်း ယူပြီးတော့ သင့်လျော်သော တောကျောင်းနဲ့ ဆွမ်းခံရွာကိုရှာနေရင်း ဟိမဝန္တာတောစပ်၌ သန့်ရှင်းအေးမြတဲ့ ရေကန်များရှိတဲ့ တောင်တစ်ခုသို့ ရောက်သွားကြတယ်၊ အဲဒီ အရပ်မှာ တစ်ညဉ့်နေပြီး နံနက်ကျတော့ မလှမ်းမကမ်းအရပ်၌ ရှိသောရွာသို့ ဆွမ်းခံ ကြွကြတယ်၊

အဲဒီရွာက အိမ်ခြေတစ်ထောင်ရှိသတဲ့၊ အဲဒီ ရွာသူရွာသားတွေက သဒ္ဓါတရား ကောင်းကြတဲ့အတွက် ရဟန်းတော် ငါးရာအား ဆွမ်းများကို ကပ်လှူပြီးတော့ အဲဒီ အရပ်မှာပင် ဝါကပ်နေကြရန် တောင်းပန် လျှောက်ထားကြတယ်၊ တစ်ပါးနေ ကမ္မဋ္ဌာန်းကျောင်းကလေး ငါးရာကိုလဲဆောက်လှူပြီး လှူဒါန်းကြတယ်၊

ညောင်စောင်း အင်းပျဉ် သောက်ရေအိုး စသော အခြား အသုံးအဆောင်တို့ကိုလဲ လှူကြတယ်။ နောက်တစ်နေ့ကျတော့ အခြားရွာတစ်ခုကို ဆွမ်းခံကြွတော်မူကြတယ်၊ အဲဒီရွာကလူတွေက နည်းတူပင် လှူဒါန်းပြုစုပြီး ဝါကပ်နေကြရန် လျှောက်ထား တောင်းပန်ကြတယ်၊ ရဟန်းတော်များက အန္တရာယ် မရှိရင် ကောင်းပါတယ်လို့ လက်ခံပြီးတော့ အဲဒီတောအုပ်မှာပင် နေ့ရောညဉ့်ပါ မပြတ်အားထုတ်နေကြတယ်၊

သီလနှင့်ပြည့်စုံတဲ့ ရဟန်းတော်တို့၏ တန်ခိုးအရှိန်အဝါကြောင့် အဲဒီတောအရပ်က ရုက္ခစိုးနတ်တွေဟာ သူတို့၏ဗိမာန်ပေါ်မှာ မနေရဲကြတော့တဲ့အတွက် ဗိမာန်များမှ ဆင်းပြီးတော့ သားသမီးကလေးများကို ခေါ်ယူပြီး ဟိုဟိုဒီဒီ သွားလာနေကြရတယ်၊ အရှင်မြတ်တွေဟာ ဘယ်တော့များ ထွက်ခွာသွားကြမလဲလို့ ခပ်ဝေးဝေးကပဲ မျှော်ကြည့်နေကြပါသတဲ့။

နောက်တော့ “ဒီရဟန်းတွေဟာ ဝါတွင်းသုံးလပတ်လုံး နေကြမှာပဲ၊ ဒါလောက် ကြာအောင်တော့ ငါတို့ဟာ သူငယ်တွေနဲ့ အပြင်ထွက်နေရန် မတတ်နိုင်ဘူး၊ ကြောက်ဖွယ် အာရုံတွေပြပြီး ခြောက်လှန့်မှ တော်မယ်”လို့ အကြံပြုကြတယ်၊

အဲဒီလို အကြံပြုကြပြီးတော့ အဲဒီရုက္ခစိုးနတ်တွေက ရဟန်းများ တရားအားထုတ် နေတဲ့ ညဉ့်အခါမှာ ကြောက်ဖွယ် ဘီလူးရုပ်တွေလို ဖန်ဆင်းပြီး ရဟန်းတို့၏ရှေ့မှာ ရပ်တည်နေကြတယ်၊ ကြောက်ဖွယ် အသံဆိုးတွေကိုလဲ ပြုကြတယ်၊ အဲဒီ ကြောက်မက်ဖွယ် အဆင်းအသံတွေကို မြင်ရကြားရတဲ့အတွက် ရဟန်းတွေမှာ နှလုံး တုန်တယ်၊ ရုပ်အဆင်းတွေလဲ ဝါဖျော့ဖျော့ ဖြစ်ကုန်ကြတယ်၊

စိတ်ကို တည်ငြိမ်အောင် မထိန်းနိုင်တော့ဘူးတဲ့၊ အဲဒီလိုဖြစ်နေရာမှာ အနံဆိုးတွေ ကိုလဲ နတ်တွေက လွှတ်သတဲ့၊ အဲဒီတော့ ရဟန်းတော်တို့၏ ဦးနှောက်ကို အဲဒီ အနံ့ဆိုးက မွှေနှောက်နှိပ်စက်နေသလို ဖြစ်နေပါသတဲ့၊ (တေန ဒုဂ္ဂန္ဓေန နိမ္မထိယမာနမိဝ မတ္ထလုင်္ဂံ အဟောသိ - လို့) အဋ္ဌကထာမှာ ဆိုထားပါတယ်၊

အဲဒါဟာ ယခုခေတ် အနောက်တိုင်းဆရာတို့၏ အဆိုနဲ့ နီးစပ်တဲ့ စကားပါပဲ၊ ဒါကြောင့် ခေါင်းကိုက်တဲ့ ဒုက္ခ ဝေဒနာတွေ အပြင်းအထန်ဖြစ်ကြပါသတဲ့၊ ဒါပေမယ့် အချင်းချင်း မပြောကြဘဲ သည်းခံနေကြတယ်။ တစ်နေ့သောအခါမှာ သံဃာ့ မထေရ်ကြီးက မေးမြန်းတဲ့အတွက် အသီးသီး မိမိတို့တွေ့ကြုံရပုံများကို ဖွင့်ဟပြီး ပြောကြတယ်၊

အဲဒီတော့ သံဃာ့မထေရ်ကြီးက “ဒီလိုဆိုရင် ဒီအရပ်ဟာ တရားအားထုတ်ဖို့ မသင့်ဘူး၊ မြတ်စွာဘုရားထံ လျှောက်ထားပြီးတော့ သင့်လျော်တဲ့နေရာမှာ ပစ္ဆိမဝါ ကပ်ကြစို့ရဲ့” လို့ မိန့်ကြားပြီး အားလုံးဘုရားထံသို့ ကြွလာကြတယ်၊ အကြောင်းအရာ အလုံးစုံကိုလဲ လျှောက်ထားပြီးတော့ မိမိတို့နှင့် သင့်လျော်တဲ့ဌာနကို ညွှန်ကြားတော် မူရန်လဲ တောင်းပန် လျှောက်ထားကြတယ်။

နတ်တွေမခြောက်နိုင်အောင် မေတ္တသုတ်ဟောတော်မူသည်

▬▬▬▬▬▬▬▬▬▬▬

မြတ်စွာဘုရားက အဲဒီရဟန်းတို့အတွက် သင့်လျော်သောအရပ်ကို ဆင်ခြင်ကြည့် တော်မူရာ ဇမ္ဗူဒိပ် တစ်ကျွန်းလုံးမှာ သူတို့နေခဲ့တဲ့ အရပ်မှတစ်ပါး အခြား သင့်လျော်တဲ့ အရပ်ကို မြင်တော်မမူဘူးတဲ့၊ ဒါကြောင့် မြတ်စွာဘုရားက အဲဒီ တောကျောင်း အရပ်ကိုပဲ ပြန်သွားကြဖို့ မိန့်တော်မူပါတယ်၊

နတ်တွေ ခြောက်တဲ့ဘေးမှ ကင်းချင်ရင် ဒီပရိတ်ကို သင်ယူသွားကြ။ ဒီမေတ္တ သုတ်ဟာ ဘေးကို ကာကွယ်တတ်တဲ့ ပရိတ်လဲ ဖြစ်လိမ့်မယ်၊ ကမ္မဋ္ဌာန်းလဲ ဖြစ်လိမ့်မယ်လို့ မိန့်တော်မူပြီးတော့ ဒီမေတ္တသုတ် ပရိတ်တရားကို ဟောတော် မူတယ်တဲ့၊ နောက်ပြီးတော့ အဋ္ဌကထာမှာ ဒီလိုလဲ ပြဆိုထားပါသေးတယ်၊ ပြဆိုပုံကတော့ -

ဣမဉ္စ သုတ္တံ - ဤမေတ္တသုတ်ကိုလည်း၊
မာသဿ - တစ်လ၏၊
အဋ္ဌသု ဓမ္မသဝနာဒိဝသေသု - တရားဟော, တရားနာရသည့် ရှစ်ရက်တို့၌၊
(လဆန်း လဆုတ် ငါး ရှစ် တစ်ဆယ့်လေး တစ်ဆယ့်ငါး - ဤရှစ်ရက်ကို ဆိုလိုသည်)
ဂဏ္ဍိံ အာကောဋေတွာ - တုံးခေါက်၍၊
ဥဿာရေထ - ရွတ်ဖတ်ကြကုန်လော့၊
ဓမ္မကထံ ကရောထ - တရားဟောကြကုန်လော့၊
သာကစ္ဆထ - ဆွေးနွေးကြကုန်လော့၊
အနုမောဒထ - ပရိတ်တရားကို ဝမ်းမြောက်, ဝမ်းသာ အနုမောဒနာ ပြုကြကုန်လော့၊
ဣဓမေဝ ကမ္မဋ္ဌာနံ - ဤ မေတ္တကမ္မဋ္ဌာန်းကိုပင်လျှင်၊
အာသေဝထ - မှီဝဲကြလော့၊
ဘာဝေထ - ပွားစေကြလော့၊
ဗဟုလီကရောထ - အကြိမ်များစွာ ပြုကြလော့၊
တေပိ အမနုဿာ - ထို နတ်သားတို့သည်လည်း၊
ဝေါ - သင်တို့အား၊
တံ ဘေရဝါရမ္မဏံ - ထိုကြောက်မက်ဖွယ်အာရုံကို၊
န ဒဿေန္တိ - မပြကုန်လတ္တံ့၊
ဝါ - မပြဘဲ, မခြောက်ပဲရှိကြပါလိမ့်မည် -

လို့ ဒီလိုလဲ မိန့်မှာတော်မူလိုက်ပါသေးသတဲ့။

အဲဒီရဟန်းတော်တွေဟာ မြတ်စွာဘုရား၏ အမိန့်တော်ကို နာခံပြီးတော့ အဲဒီ တောကျောင်းအရပ်သို့ ပြန်သွားကြတယ်၊ အဲဒီမှာပဲ ဘုရားအမိန့်တော်အတိုင်း ကျင့်သုံးပြီး နေကြတယ်၊ နတ်တွေကလဲ “ဒီအရှင်တွေဟာ မေတ္တာပွားလျက် ငါတို့၏အကျိုးစီးပွား လိုလားတော်မူကြပါပေတယ်” လို့ နှလုံးသွင်းပြီး ဝမ်းမြောက် ဝမ်းသာနဲ့ ရဟန်းတော်များအတွက် ဝေယျာဝစ္စကိုတောင်ပြုလုပ်ပြီး အကူအညီ ပေးကြပါသေးသတဲ့၊

အဲဒီရဟန်းတော်တွေ အားလုံးဟာ မေတ္တာကို ပွားစေပြီး မေတ္တာဈာန်ကို အခြေခံပြုကာ ဝိပဿနာကို အားထုတ်ကြ၍ အဲဒီဝါတွင်းမှာပင် အရဟတ္တဖိုလ် တိုင်အောင် ရောက်ပြီး ရဟန္တာ ဖြစ်တော်မူကြပါသတဲ့၊ ဒါကြောင့် ဒီမေတ္တသုတ် အချီးဂါထာမှာ မေတ္တသုတ် ပရိတ်တော်၏ အစွမ်းအာနုဘော်ကြောင့် ရုက္ခစိုး နတ်တွေက ကြောက်မက်ဖွယ် အာရုံကို မပြကြ, မခြောက်ကြကြောင်းကို ပြဆို ထားတာပါပဲ။

ရွတ်ရုံမျှဖြင့် မပြည့်စုံ အားထုတ်ဖို့လဲလိုသည်

▬▬▬▬▬▬▬▬

ပထမဂါထာ တတိယအပိုဒ်မှာ အနုယုဉ္စန္တော - အားထုတ်နေသည်ဆိုတဲ့ ပုဒ်ပါတယ်၊ အဲဒီသုတ်ဖြင့် မေတ္တသုတ် ပရိတ်ရွတ်နေရုံမျှကို ရည်ရွယ်တာတော့ ဟုတ်ပုံမရပါဘူး၊ မေတ္တာဘာဝနာပွားများ အားထုတ်နေတာကို ရည်ရွယ်ဟန် တူပါတယ်၊

ဘာကြောင့်လဲဆိုရင် မေတ္တာဘာဝနာ၏ အကျိုးအာနိသင် ၁၁ - ပါးကိုပြထားတဲ့ မေတ္တသုတ်မှာ မေတ္တာစေတော ဝိမုတ္တိ၏ အကျိုးအာနိသင်များ ဖြစ်ကြောင်းပြထား ပါတယ်၊ ရွတ်ဖတ်နေရုံမျှကိုတော့ မေတ္တာစေတောဝိမုတ္တိလို့ မဆိုနိုင်ပါဘူး၊

အပ္ပနာဈာန် သည်သာလျှင် မေတ္တာစေတောဝိမုတ္တိဖြစ်ကြောင်း အင်္ဂုတ္တရအဋ္ဌကထာ (ပ၊၃၇)၌ ဖွင့်ပြထားပါတယ်၊ ဒါကြောင့် -

သုခံ သုပတိ - ချမ်းသာစွာ အိပ်ရ၏ - စသည်ဖြင့် ပြထားတဲ့ အကျိုးအာနိသင် များကိုရချင်ရင် ဒီမေတ္တသုတ်ကို ရွတ်ဆိုရုံမျှ မဟုတ်ဘဲ မေတ္တာကို ပွားစေဖို့လဲ လိုပါတယ်၊ အဲဒီချမ်းသာစွာ အိပ်ရခြင်းအစရှိတဲ့ အကျိုးများကိုတော့ ဒီတရားတော် (နှာ၄၀) စသည်မှာ ပြထားပြီး ရှိနေပါပြီ၊ ယခု ဘုရားဟော မေတ္တသုတ်ပါဠိကို တစ်ဂါထာ, နှစ်ဂါထာချင်း ရွတ်ဆိုပြီးတော့ အနက်, အဓိပ္ပါယ်ကို ရှင်းပြသွားရမယ်။

မေတ္တသုတ် ပရိတ်တော်

▬▬▬▬▬▬▬▬▬

၁။ ကရဏီယ မတ္ထကုသလေန
ယန္တ သန္တံ ပဒံ အဘိသမေစ္စ
သက္ကော ဥဇူ စ သုဟုဇူ စ
သုဝစော စ’ဿ မုဒု အနတိမာနီ

၁။ သန္တံ - ငြိမ်းအေးသော၊
ပဒံ - နိဗ္ဗာန်ကို၊
အဘိသမေစ္စ - ဆိုက်ရောက်သိမြင်၍ နေလိုလျှင်၊
အတ္ထကုသလေန - လိုလားအပ်သည့် အကျိုးစီးပွား၌ သိနားလည်သော သူသည်၊
ယံ - သီလ, သမာဓိ, ပညာဟူသော အကြင်အကျင့်ကို၊
ကရဏီယံ - ပြုကျင့်အပ် ပြုကျင့်သင့်၏၊
တံ - ထိုအကျင့်ကို၊

(ပါဠိ၌ ယံ တံ - ဟု ဆိုလိုလျက် ဆန်းဂိုဏ်းညီစေရန် ယန္တ - ဟု ဆိုထားသည်၊ ဆန်းကို မငဲ့ဘဲ ယံ တံ - ဆိုလျှင် သာ၍ ပေါ်လွင်၏။)

တံ - ထိုအကျင့်ကို၊
(ကာတုံ - ပြုကျင့်ခြင်းငှာ၊)
သက္ကော စ - စွမ်းနိုင်သည်လည်း၊
အဿ - ဖြစ်ရာ၏ - တဲ့။

(၁) ကျင့်ရန် စွမ်းနိုင်ရမယ်

▬▬▬▬▬▬▬▬▬

အတိုချုပ်ဆိုလိုတာကတော့ အကျိုးစီးပွား အစစ်အမှန်၌ သိနားလည်တဲ့သူဟာ ဆင်းရဲငြိမ်းတဲ့ နိဗ္ဗာန်ကို မျက်မှောက်တွေ့မြင် ဆိုက်ရောက်ပြီး နေလိုလျှင် သီလ, သမာဓိ, ပညာဆိုတဲ့ အကျင့်ကို မုချပြုကျင့်သင့်တာပဲ၊ အဲဒီအကျင့်ကို ကျင့်ဖို့ စွမ်းနိုင်ရမယ်တဲ့၊ ဒီစကားဖြင့် ပြလိုတာကတော့ ဆင်းရဲခပ်သိမ်း ငြိမ်းချင်ရင် မုချ ကျင့်သင့်တဲ့ သီလကိုလဲကျင့်ရန် စွမ်းနိုင်ရမယ်၊ သမာဓိ, ပညာ အကျင့်ကိုလဲကျင့်ရန် စွမ်းနိုင်ရမယ်၊ ကိုယ်နှင့်အသက်ကို မငဲ့ဘဲ ကျင့်နိုင်ရမယ်လို့ ပြလိုတာပါပဲ။

နည်းနည်းချဲ့ ပြောရမယ်ဆိုရင်တော့ လောကအကျိုး စီးပွားကို နားလည်တဲ့သူဟာ အဲဒီအကျိုးစီးပွား ဖြစ်ကြောင်း အလုပ်ကို လုပ်ရသလိုပါပဲ၊ လယ်ယာကိုင်းကျွန်း အလုပ်ဖြစ်ဖြစ် အရောင်းအဝယ် အလုပ်ဖြစ်ဖြစ်, လခစား အလုပ်ဖြစ်ဖြစ် အကျိုး စီးပွားဖြစ်အောင် လုပ်ရသလိုပါပဲ၊ လောကမှာ ရွှေ, ငွေ စသည်က အကျိုးစီးပွား ဖြစ်သလိုပင် သံသရာမှာတော့ သီလ, သမာဓိ, ပညာဆိုတာတွေက အကျိုးစီးပွား အစစ်တွေပဲ၊

အဲဒီ သီလ စသည်နှင့်ပြည့်စုံအောင်ကျင့်ရတဲ့ အကျင့်ဟာ အကျိုး စီးပွားဖြစ်ကြောင်း လုပ်ငန်းအစစ်တွေပဲ၊ အောက်ထစ်ဆုံး သီလနှင့်ပြည့်စုံနေရင် အပါယ်မကျနိုင်ဘူး၊ လူ့လောက, နတ်လောကမှာ ချမ်းသာစွာ နေရတော့တာပဲ၊ ဈာန်သမာဓိရရင် ဗြဟ္မလောကရောက်ပြီး ချမ်းသာစွာနေရတယ်၊ ကမ္ဘာနဲ့ချီပြီး အသက်ရှည်ရတယ်၊

ဝိပဿနာပညာနဲ့ ပြည့်စုံပြီး သောတာပတ္တိမဂ်ဖိုလ် ပညာနဲ့ပြည့်စုံရင် အပါယ် လေးပါးမှ အစဉ်ထာဝရ လွတ်သွားတယ်၊ သုဂတိမှာလဲ အများဆုံး ခုနှစ်ဘဝမျှသာ ဖြစ်ပြီးတော့ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်ဝင်စံရတယ်၊ အရဟတ္တ မဂ်ဖိုလ်ပညာနှင့် ပြည့်စုံရင်တော့ နောက်ထပ်ဖြစ်ရမည့် ဘဝ ဆင်းရဲတွေ အကုန်ငြိမ်းတော့တာပါပဲ၊

ဒါကြောင့် သီလ, သမာဓိ, ပညာဟာ သံသရာနဲ့စပ်တဲ့ အကျိုးစီးပွားအစစ်တွေပါပဲ၊ အဲဒီသီလစသည်ဖြစ်ကြောင်း အကျင့်တွေဟာလဲ မုချပြုလုပ် သင့် ကျင့်သုံးသင့်တဲ့ လုပ်ငန်းအစစ်တွေပါပဲ။

ဒါကြောင့် သီလစသော အကျိုးစီးပွား အစစ်တွေမှာ ကျွမ်းကျင်နားလည်တဲ့သူဟာ အဲဒီသီလ စသည်ဖြစ်ကြောင်း အကျင့်တွေကို ပြုကျင့်ရမယ်၊ ပြုကျင့်ဖို့လဲ စွမ်းနိုင် ရမယ်၊ “ဒီသိက္ခာပုဒ်ကိုတော့ စောင့်ရှောက်ဖို့ ခက်တယ်၊ မကျင့်နိုင်ဘူး”လို့ ဒီလို မဖြစ်စေရဘူး၊ “သမာဓိ ဘာဝနာအလုပ်က ခက်တယ် ပင်ပန်းတယ်”လို့ အပြစ် တင်ပြီး မစွမ်းနိုင်ဘဲ မရှိစေရဘူး၊ “ဝိပဿနာ ရှုရတာဟာ ပင်ပန်းတယ်၊ ဘာမျှ မလုပ်ဘဲ အငြိမ်းစားနေရတာက ချမ်းသာတယ်”လို့ ဒီလို အပျင်းစိတ် အဖျင်းစိတ် များဖြင့် မစွမ်းနိုင်ဘဲ မရှိစေရဘူး၊

ဒီနေရာမှာ ဘုန်းကြီးက ဆောင်ပုဒ်ပြလုပ်ထားတယ်၊ (သီလ သမာဓိပညာဆိုတဲ့ အကျိုးစီးပွားအစစ်၌ ကျွမ်းကျင်နားလည်ရမည်၊ နားလည်ပြီးလျှင် ထိုအကျိုးစီးပွား ဖြစ်ကြောင်း အကျင့်ကို ပြုကျင့်နိုင်ရမည်တဲ့) အဲဒါကို လိုက်ဆိုကြရမယ်။

သီလ သမာဓိ ပညာဆိုတဲ့ အကျိုးစီးပွား အစစ်၌ ကျွမ်းကျင် နားလည်ရမည်၊ နားလည်ပြီးလျှင် ထိုအကျိုးစီးပွား ဖြစ်ကြောင်း အကျင့်ကို ပြုကျင့်နိုင်ရမည်။

အဲဒီမှာ “အကျိုးစီးပွား အစစ်၌ ကျွမ်းကျင်ရမည်”ဆိုတာက အတ္ထ ကုလေသန - အရပါပဲ၊ “ပြုကျင့်နိုင်ရမည်” ဆိုတာက ကရဏီယံ - ပြုကျင့်အပ်၏၊ သက္ကော စ - စွမ်းနိုင်သည်လည်း၊ အဿ - ဖြစ်ရာ၏လို့ဆိုတဲ့ စကားရပ်များအရပါပဲ၊

ပြုကျင့်နိုင်ခြင်း၏ အကြောင်းကတော့ သဒ္ဓါနဲ့ ဝီရိယပါပဲ၊ သီလအကျင့်ကို ကျင့်ရင် ကုသိုလ်ဖြစ်တယ် အကျိုးများတယ်လို့ ယုံကြည်တဲ့ သဒ္ဓါတရား ထက်ထက် သန်သန်ရှိတယ်၊ သမာဓိအကျင့်ကို ကျင့်ရင် ဈာန်ရပြီး ဗြဟ္မာ့ပြည် ရောက်နိုင်တယ်၊ ဝိပဿနာအကျင့်ကို ကျင့်ရင် မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို ရောက်နိုင်တယ်လို့ ယုံကြည်ရမယ်၊ အဲဒီလို ယုံကြည်ပါမှ အဲဒီ အကျင့်တွေကို ကျင့်နိုင်တယ်၊ မယုံကြည်ရင်တော့ မကျင့်နိုင်ဘူး။

ဗုဒ္ဓတရားတော်ကို မယုံကြည်တဲ့သူတွေဟာ ဗုဒ္ဓတရားတော်အရ သီလ သမာဓိ ပညာအကျင့်ကို မကျင့်နိုင်ကြဘူး၊ ဗုဒ္ဓဘာသာဝင်ပါလို့ အမည်ခံနေတဲ့ သူတွေ ထဲမှာလဲ အချို့က “သီလကျင့်ဖို့ မလိုပါဘူး၊ သမာဓိ ဝိပဿနာအကျင့်တွေကိုလဲ ကျင့်ဖို့မလိုပါဘူး၊ ကျင့်ရင် ဆင်းရဲရုံပဲ”လို့ ယူဆဟောပြောနေကြတာတွေရှိတယ်၊ အဲဒီလို ပုဂ္ဂိုလ်တွေဟာ ဗုဒ္ဓတရားတော်ကို မယုံကြည်တဲ့သူတွေပဲ၊

သဒ္ဓါတရားမဲ့တဲ့ သူတွေပဲ၊ အဲဒီလို ပုဂ္ဂိုလ်တွေဟာ သီလ သမာဓိ ပညာ အကျင့်တွေကို မကျင့်နိုင်ကြဘူး၊ မကျင့်နိုင်ရင် ဒီမှာ ဟောထားတဲ့ “ကရဏီယံ - မုချပြုကျင့်အပ်၏၊ သက္ကော - စွမ်းနိုင်ရမယ်”ဆိုတဲ့ ဘုရား စကားတော်နဲ့ ဆန့်ကျင် နေတဲ့ သူတွေပဲ၊

အဲဒီလိုလူတွေမှာ အကျိုးစီးပွား အစစ်ဖြစ်တဲ့ သီလရော သမာဓိရော ပညာရော ကင်းမဲ့နေတာပဲ၊ လောကမှာ ပိုက်ဆံတစ်ပြားမျှမရှိတဲ့ လူဆင်းရဲလိုပင် - သံသရာတစ်လျှောက်လုံးမှာ အပါယ်ဘေး စသည်ဖြင့် ဆင်းရဲသွားမည့် လူတွေပဲ။

နောက်ပြီးတော့ ဝီရိယအားကောင်းဖို့လဲ လိုတယ်၊ ဝီရိယအားနည်းနေရင် သီလ ပြည့်စုံအောင် စောင့်ရှောက်ရမှာလဲ ဝန်လေးတယ်၊ သီလအကျင့်ထက် သမာဓိ ပညာအကျင့်ကို ကျင့်ရမှာ သာပြီး ဝန်လေးနေတတ်တယ်၊ တချို့ဆိုရင် ဘာဝနာ တရား ရိုးရိုးနာဖို့ရာတောင် ပျင်းနေတတ်ကြတယ်၊

ဝီရိယအားကောင်းတဲ့သူမှာတော့ ဘယ်အလုပ်မဆို ဝန်လေးတာရယ်လို့ မရှိပါဘူး၊ ကိစ္စတစ်ခုခုကို မပြီးမချင်း မနစ်မဆုတ် အားထုတ်သွားတာပါပဲ၊ ဒါကြောင့် “သီလ စသည်ဖြစ်ကြောင်း အကျင့်ကို ပြုကျင့်ရမယ်၊ ပြုကျင့်ရန် စွမ်းနိုင်ရမယ်၊ အစွမ်း မတုံးဘဲ အစွမ်းထက်စေရမယ်”ဆိုရာမှာ အခြေခံဖြစ်တဲ့ သဒ္ဓါတရားနဲ့ ဝီရိယပါ ပြည့်စုံဖို့လိုပါတယ်၊ အဲဒီလို ပြည့်စုံပြီးတော့ သီလအကျင့် စသည်တွေကို မနစ် မဆုတ် အားထုတ်ကျင့်သုံး သွားကြဖို့ပါပဲ။

(၂-၃) ဖြောင့်မတ်ရမယ်

▬▬▬▬▬▬▬▬▬

နောက်ပြီးတော့ -
ဥဇု စ - ဖြောင့်မတ်သည်လည်း၊
အဿ - ဖြစ်ရာ၏၊
သုဟုဇု စ - အလွန်ဖြောင့်မတ်သည်လည်း၊
အဿ - ဖြစ်ရာ၏တဲ့။

(ပါဠိဂါထာ၌ ဇု - ဟု ရှိသင့်ရာမှာ ဆန်းဂိုဏ်းကိုငဲ့၍ ဇူ - ဟုဆိုထားသည်၊ အနက် ပြန်ရာ၌မူ ဆန်းကို မငဲ့ဘဲ ဇု - ဟူ၍ပင် ပြန်လိုက်သည်)

ရဟန်းဖြစ်ခါစ တရားအားထုတ်ခါစ ယုံကြည်မှုအားကောင်းလို့ ဖြောင့်မတ်နေပေ မယ့်လို့ နောက်ပိုင်းကျတော့ သဒ္ဓါ ဝီရိယအားလျော့ပြီး ကျင့်ဝတ်ဆိုင်ရာမှာ ချွတ်ယွင်း သွားရင် အလွန်ဖြောင့်မတ်တဲ့ သုဟုဇုမဖြစ်ဘူး၊ တစ်သက်ပတ်လုံး အဆုံးတိုင်အောင် မချွတ်မယွင်းဘဲ ကျင့်သွားမှ သုဟုဇုဖြစ်တယ်၊

တစ်နည်းအားဖြင့် မရှိတဲ့ဂုဏ်ကို ရှိလေယောင်ဟန်ဆောင်ပြီး ပြတတ်တဲ့ ကောက်ကျစ်မှု (သာဌေယျ) ကင်းရင် ဥဇု - ဖြောင့်မတ်သည်မည်တယ်၊ မိမိ အပြစ်ကို ဖုံးကွယ်ပြီး အပြစ်ကင်းယောင် ဟန်ဆောင် လှည့်စားတတ်တဲ့ မာယာ ကင်းရင် သုဟုဇု - အလွန်ဖြောင့်မတ်သည် မည်တယ်၊

တစ်နည်းအားဖြင့် ကိုယ်နှုတ်တို့ဖြင့် ကောက်ကျစ်မှု ကင်းရင် ဥဇုဖြောင့်မတ်သည် မည်တယ်၊ စိတ်ဖြင့် ကောက်ကျစ်မှုကင်းရင် သုဟုဇု - အလွန်ဖြောင့်မတ်သည် မည်တယ်၊ နောက်ဆုံး တစ်နည်းကတော့ မရှိတဲ့ဂုဏ်ကို မပြရင် ဥဇု - ဖြောင့်မတ်သည် မည်တယ်၊ မရှိတဲ့ဂုဏ်ကို ကြည်ညိုပြီးလှူတဲ့ လာဘ်လာဘများကို လက်မခံရင် သုဟုဇု - အလွန် ဖြောင့်မတ်သည် မည်တယ်တဲ့။

တရားအားထုတ်တဲ့နေရာမှာ အဲဒီဖြောင့်မတ်တဲ့ဂုဏ်, အလွန်ဖြောင့်မတ်တဲ့ဂုဏ် ဆိုတာ တွေဟာ အလွန်အရေးကြီးပါတယ်၊ မိမိမှာ မရှိသေး, မဖြစ်သေးတဲ့ တရားဂုဏ်ထူးတွေကို ဟန်ဆောင်ပြီး ပြောရင် မဖြောင့်မတ်တာဘဲ၊ အဲဒီ ပုဂ္ဂိုလ်မှာ တရားတိုးတက်ဖို့ မရှိတော့ဘူး၊ ဆရာကလဲ ပြုပြင်ပေးဖို့ ခက်တယ်၊ တာဝန်မကျေဘဲ လိုနေတဲ့ အပြစ်ကို အမှန်အတိုင်း ဝန်မခံရင် အဲဒါလဲ သုဟုဇုဂုဏ် ပျက်နေတယ်၊

စိတ်အတွက်များနေရင် အထွက်များနေကြောင်း စသည်ကို ဝန်ခံပြောဆိုမှ သုဟုဇုဂုဏ်နဲ့ ပြည့်စုံတာ၊ မဖြစ်သေးတာ, မသိသေးတာကိုလဲ အမှန်အတိုင်း ပြောမှ သုဟုဇုဂုဏ်နှင့် ပြည့်စုံတာ၊ မဖြစ်သေးတာ, မသိသေးတာကိုလဲ အမှန်အတိုင်းပြောမှ သုဟုဇုဂုဏ်နှင့် ပြည့်စုံတာ၊ အဲဒီလို ဖြောင့်မတ်ပါမှ ဆရာက ပြုပြင်ပေးနိုင်တယ်၊

ပြုပြင်ပေးတဲ့အတိုင်း ရိုရိုသေသေ အားထုတ်သွားရင် မကြာခင်ပဲ သမာဓိဉာဏ် တွေလဲ တိုးတက်လာတတ်တယ်၊ တရားကို ရိုရိုသေသေ အားထုတ်ရင် စောစောက ကောက်ကျစ်နေတဲ့သူတောင် ဖြောင့်မတ်လာတတ်ပါတယ်၊ အထူးအားဖြင့်တော့ ဥဒယဗ္ဗယဉာဏ် ရောက်တဲ့အခါ ပဿဒ္ဓိနဲ့ တစ်ပါတည်း လဟုတာဆိုတဲ့ ပေါ့ပါးမှု၊ မုဒုတာ ဆိုတဲ့ စိတ်၏နူးညံ့မှု၊ ကမ္မညတာဆိုတဲ့ ပြုကျင့်ဖွယ်၌ ခံ့ကျန်းမှု၊ ပါဂုညတာ ဆိုတဲ့ လေ့လာကျေပွန်မှု ဆိုတာတွေနှင့်တကွ ဥဇုကတာဆိုတဲ့ ဒီ ဖြောင့်မတ်မှုလဲ ထင်ရှားဖြစ်ပေါ်လာတတ်တယ်။

တစ်ခါက အမျိုးသမီး ယောဂီတစ်ဦးက အဲဒီဉာဏ်အဆင့်ရောက်တဲ့အခါ “ရှေးက သူ့ခင်ပွန်းအပေါ် ပြစ်မှားကျူးလွန်မှုတွေ ရှိတဲ့အကြောင်း၊ ဒီကနောက်တော့အဲဒီလို ကျူးလွန်မှုတွေကို မပြုမည့်အကြောင်းများကိုတောင် ကမ္မဋ္ဌာန်း ဆရာထံမှာ ဝန်ခံပြောကြားပါတယ်၊

ယခု မေတ္တာဘာဝနာ ပွားနေသူမှာ စိတ်ဖြောင့်မတ်ဖို့ လိုပါတယ်၊ တချို့ကတော့ သူမေတ္တာပွားတာက သိပ်မများလှပါပဲနဲ့ သူ့မေတ္တာပွားနေတဲ့အကြောင်း ဂုဏ်ဖော် နေတာက များနေတယ်၊ အဲဒီဟာ မဖြောင့်မတ်တဲ့ သဘောပါပဲ၊ စိပ်ပုတီးကြီးတွေနဲ့ ခမ်းခမ်းနားနား လုပ်နေတာတွေဟာလဲ စဉ်းစားစရာပါပဲ။

(၄) ဆိုဆုံးမလွယ်ရမယ်

▬▬▬▬▬▬▬▬▬

နောက်ပြီးတော့ -
သုဝစော စ - ဆိုဆုံးမ လွယ်သည်လည်း၊
အဿ - ဖြစ်ရာ၏တဲ့၊

အဆိုအဆုံးအမ ခက်တဲ့သူကို ဒုဗ္ဗစပုဂ္ဂိုလ်လို့ ခေါ်တယ်၊ အဲဒီပုဂ္ဂိုလ်ဟာ သူတစ်ပါးက စေတနာကောင်းနဲ့ ပြောဆိုတာကို မနာခံချင်ဘဲ ကတ်ဖဲ့ လုပ်နေတတ်တယ်၊ ဘယ်သူက မြင်သလဲ, ဘယ်သူ့ထံက ကြားရသလဲ စသည်ဖြင့် လက်မခံဘဲ ဆန့်ကျင်ဘက် စကားတွေကို ပြောနေတတ်တယ်၊

သူ့အပေါ်မှာ ဆရာလုပ်တယ်လို့လဲ ထင်မြင်တတ်တယ်၊ ဆရာသမားများက ပြောဆိုတဲ့အခါ ဝန်ခံစကားမပြောဘဲ တိတ်တိတ် နေခြင်းဖြင့်လဲ ညှဉ်းဆဲတတ်တယ်၊ ဝန်မခံပေမယ့်လို့လဲ မပြုပြင်ဘဲ မတော်တာကို ပြုမြဲပြု, ပြောမြဲပြောနေတတ်တယ်၊ အဲဒီလို ပုဂ္ဂိုလ်ဟာ တရားထူးရဖို့ ဝေးတဲ့ ပုဂ္ဂိုလ်ပဲလို့ အဋ္ဌကထာမှာ ပြဆိုထား ပါတယ်။

ဆိုဆုံးမလွယ်တဲ့ သုဝစပုဂ္ဂိုလ်ကတော့ တစ်စုံတစ်ယောက်က သတိပေးပြောဆိုရင် “ကောင်းပါတယ်၊ ကျေးဇူးတင်ပါတယ်၊ ကိုယ့်အပြစ်ဆိုတာ မြင်ခဲပါတယ်၊ နောင်လဲ ဒီလိုချွတ်ယွင်းချက်ကို တွေ့မြင်ရရင် သနားသဖြင့် ပြောပြပါ” စသည်ဖြင့် ပြောဆိုတဲ့ စကားကို ဝမ်းမြောက်ဝမ်းသာနဲ့ လက်ခံတယ်၊ ပြုလဲပြုပြင်တယ်၊ အဲဒီပုဂ္ဂိုလ်ဟာ တရားထူးရဖို့ နီးကပ်တဲ့ ပုဂ္ဂိုလ်ပဲလို့ အဋ္ဌကထာမှာ ပြဆိုထားပါတယ်၊

အဲဒီပြဆိုချက်အတိုင်း ယခုအခါ ဆရာ့စကား နားထောင်တဲ့ ယောဂီတွေ လျင်မြန်စွာ ဉာဏ်ထူး, တရားထူး ရောက်ကြတာကို တွေ့ရပါတယ်။ အဆိုအဆုံးအမကို မနာခံချင်တဲ့ သူဟာ ပြောဆိုတဲ့ လူကို ပြစ်မှားနေတာနဲ့ မေတ္တာမပွားဘဲ ဒေါသ တွေသာ ပွားနေတတ်တယ်၊ ဒါကြောင့် မေတ္တာပွားနေတဲ့ ယောဂီမှာ ဆိုဆုံးမ လွယ်သူဖြစ်ဖို့ရာ အလွန်အရေးကြီးပါတယ်၊

ဒီနေရာမှာ သေသေချာချာ စဉ်းစားကြည့်ရင် သူများက ပြောဆိုတယ်ဆိုတာဟာ ကိုယ့်အကျိုးပဲ၊ ဥပမာအားဖြင့် မျက်နှာမှာ အိုးမဲတွေ လူးပေနေပါလျက်နဲ့ အခမ်း အနား ပွဲလမ်းသဘင် ဌာနသွားရင် မြင်ရတဲ့ သူတွေက ရယ်ကြလိမ့်မယ်၊ အဲဒီလို သွားခါနီးမှာ မြင်ရတဲ့သူက ပြောပြပေးလို့ ဆေးကြောသုတ်သင် ပြီးမှသွားရင်တော့ သူများရယ်ဖွယ်, ကဲ့ရဲ့ဖွယ်ကင်းသွားတယ်၊

ဒါကြောင့် မိမိမျက်နှာက အပြစ်ကို ပြောတဲ့သူအပေါ်မှာ ကျေးဇူးတင်စရာပါပဲ၊ အဲဒါအပြစ်ကို ပြောတဲ့သူအပေါ်မှာ ကျေးဇူးတင်စရာပါပဲ၊ အဲဒါလိုပင် မိမိမှာချွတ်ယွင်း နေတာကို သူတစ်ပါးက ပြောဆိုလို့ရှိရင် အဲဒီလိုပြောတဲ့သူကို ကျေးဇူးတင်စရာပဲ၊ ဒါကြောင့် ဆရာကဖြစ်စေ, အတူနေပုဂ္ဂိုလ်ကဖြစ်စေ, မိဘတို့ ညီအစ်ကို မောင်နှမ တို့ကဖြစ်စေ ချွတ်ယွင်းချက်ကိုပြောရင် အဲဒီပြောဆိုတာကို ဝမ်းမြောက် ဝမ်းသာနဲ့ လက်ခံပြီး ပြုပြင်သွားဖို့ လိုပါတယ်၊

၇ - နှစ်အရွယ်က အရှင်ရာဟုလာဟာ နံနက်တိုင်း သဲကိုပုံပြီး အဲဒီသဲပုံထဲက သဲလုံးတွေနဲ့အမျှ အဆုံးအမရပါစေလို့တောင် ဆုတောင်းပါသေးသတဲ့၊ ဒါကြောင့် မေတ္တာဘာဝနာကိုဖြစ်စေ, အခြားဘာဝနာကိုဖြစ်စေ အားထုတ်နေတဲ့ သူဟာဆို ဆုံးမလွယ်တဲ့ သုဝစပုဂ္ဂိုလ်ဖြစ်ဖို့ အလွန်အရေးကြီး ပါသတဲ့။

(၅) နူးညံ့ရမယ်

▬▬▬▬▬▬

နောက်ပြီးတော့ -
မုဒု စ - နူးညံ့ ပျော့ပျောင်းသည်လည်း၊
အဿ - ဖြစ်ရာ၏တဲ့၊

ဒကာ - ဒကာမတွေကြည်ညိုအောင် သူတို့အလိုလိုက်ပြီး ပြောဆိုတာ, ပြုလုပ် ဆောင်ရွက်တာ, ပေးကမ်းတာ, ဒီလိုနူးညံ့ပျော့ပျောင်းတာကိုတော့ ရဟန်းများမှာ မပြုကောင်းဘူး၊ ဝိနည်းနဲ့ မဆန့်ကျင်တဲ့အရာမှာတော့ နူးညံ့ ပျော့ပျောင်းစွာ ဆက်ဆံ ပြောဆိုရတယ်၊ သာပြီး အရေးကြီးတာကတော့ အကျင့် ပဋိပတ် အရာမှာ ပျင်းရိ တောင့်တင်းမနေဘဲ ကျင့်သင့်သလောက် ချောမော ပြေပြစ်စွာ လိုက်လျောပြီး ပြုကျင့် သွားဖို့ရာက သာပြီး အရေးကြီးပါတယ်။

(၆) မာန်မထောင်လွှားရ

▬▬▬▬▬▬▬▬▬

နောက်ပြီးတော့ -
အနတိမာနီစ - မာန်ထောင်လွှားခြင်း မရှိသည်လည်း၊
အဿ - ဖြစ်ရာ၏ - တဲ့၊

အမျိုးဇတ် အနွယ် စသည်ကို မှီ၍ မာန်ထောင်လွှားခြင်း, ပရိယတ် ပဋိပတ် ဂိုဏ်းဂဏဂုဏ် စသည်ကို မှီ၍ မာန်ထောင်လွှားခြင်းမရှိစေရဘူး၊ မာန်ထောင်လွှားပြီး သူတစ်ပါးကို အထင်သေးခြင်း, မရိုမသေ မထီမဲ့မြင် ပြုခြင်းမရှိစေရဘူးတဲ့၊

ကိုယ့်ကိုယ်ကို အထင်ကြီးပြီး သူတစ်ပါးကို မရိုမသေ မထီမဲ့မြင် ပြောဆိုပြုမူနေရင် မေတ္တာအစစ်ဖြစ်ဖို့ ခက်ပါတယ်၊ တချို့က ဂိုဏ်းချင်းမတူတာနဲ့ အလေးအမြတ် ပြုသင့်တဲ့ ပုဂ္ဂိုလ်ပေမယ့် မရိုမသေပြောဆို ပြုမူနေတာ ရှိတတ်တယ်၊ အဲဒီလို ပုဂ္ဂိုလ်မှာ မေတ္တာအစစ်ဖြစ်ဖို့ ခက်ပါလိမ့်မယ်၊

လောကဘက်က ပြောရမယ်ဆိုရင် “ဘာမျှမစွမ်းနိုင်ဘူး”လို့ ထင်ရတဲ့ သူထံမှာလဲ မရိုမသေမထီမဲ့မြင် ပြုလုပ်ခြင်းကြောင့် ဘေးရန် အန္တရာယ်တွေ ရောက်လာ တတ်တယ်၊ သာကီဝင်မင်းမျိုးတွေ ဝိဋဋူဘ ဘေးသင့်တာဟာ ဒီလို မာန်ထောင်ပြီး မထီမဲ့မြင် ပြုလုပ်ခြင်းကြောင့်ပါပဲ၊

ဒါကြောင့် မာန်ထောင်လွှားခြင်း မရှိဘဲ သူတစ်ပါးကို မထီမဲ့မြင်မရှိပဲ နူးညံ့ ပျော့ပျောင်းတဲ့ စိတ်ရှိစေရမယ်တဲ့၊ ဒီနေရာမှာ အဋ္ဌကထာက “အရှင်သာရိပုတ္တရာ ဟာ ဒွန်းစဏ္ဍားလို နှိမ့်ချတဲ့စိတ် ရှိသကဲ့သို့ နှိမ်ချတဲ့စိတ်ဖြင့် နေရမယ်”လို့တောင် ညွှန်ပြထားပါသေးတယ်၊ အဲဒီ အရှင်သာရိပုတ္တရာ၏ စိတ်ထားပုံကို တုဝဋကသုတ် တရားတော် (နှာ - ၃၈)မှာ ဒီလို ထုတ်ပြထားခဲ့ပြီ။

သူတောင်းစား သူငယ်ဖြစ်စေ, သူငယ်မ ဖြစ်စေ ခွက်လက်စွဲကာ ဟောင်းနွမ်းသော အဝတ်ကို ဝတ်လျက် ရွာနိဂုံးသို့ ဝင်သောအခါ မိမိကိုယ်ကို နှိမ်ချထားတဲ့စိတ်ဖြင့် ဝင်ပါတယ်၊ အဲဒီသူတောင်းစား သူငယ်ကလေး, သူငယ်မလေးလိုပင် နှိမ်ချသော စိတ်ရှိပြီးနေကြောင်းကိုလဲ (အရှင်သာရိပုတ္တရာက မြတ်စွာဘုရားအား) လျှောက်ပါတယ်၊

အထက်တန်းစား ဗြာဟ္မဏမျိုးဖြစ်တဲ့ အရှင်သာရိပုတ္တရာ မထေရ်က (စဏ္ဍာလ) ဒွန်းစဏ္ဍား ဇာတ်နိမ့်မျိုး သူတောင်းစားမျိုးလိုပင် နှိမ်ချထားတဲ့စိတ် ရှိနေတယ်ဆိုတာ အလွန်ပင် အံ့ဩစရာလဲ ကောင်းပါတယ်၊ အဲဒါကို အတုယူပြီး မိမိစိတ်ကို နှိမ်ချပြီး နူးနူးညံ့ညံ့ နေထိုင်ဖို့ရာလဲ အထူးသတိပြုသင့်ပါတယ်။

(ဤ တရားစာကို မူချောစိစစ်တဲ့အခါ အကျဉ်းချုပ်မျှ သိရအောင် ထုတ်ဆောင် ပြသည်၊ မူလ ဟောစဉ်က တစ်နာရီခန့် အကျယ်ဟောခဲ့သည်၊ ယင်းမှအကျဉ်းကိုမူ ထို တုဝဋက သုတ်တရားစာအုပ်၌ပင် ကြည့်ကြပါကုန်။)

ပထမ တစ်ဂါထာတော့ပြီးသွားပြီ၊ ယခု ဒုတိယဂါထာကို ဟောရမယ်။

၂။ သန္တုဿကော စ သုဘရော စ
အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ
သန္တိန္ဒြိယော စ နိပကောစ
အပ္ပဂဗ္ဘော ကုလေသွ’ နနုဂိဒ္ဓေါ

(၇) ရောင့်ရဲလွယ်ရမယ်

၂။ သန္တုဿကောစ - ရောင့်ရဲလွယ်သည်လည်း၊
အဿ - ဖြစ်ရာ၏တဲ့၊

ရောင့်ရဲ ဆိုတာ -

(၁) ယထာလာဘ သန္တောသ - ရသမျှနှင့် ရောင့်ရဲခြင်း၊
(၂) ယထာဗလသန္တောသ - စွမ်းနိုင်သမျှနှင့်ရောင့်ရဲခြင်း၊
(၃) ယထာသာရုပ္ပသန္တောသ - သင့်လျော်တာနှင့် ရောင့်ရဲခြင်း

လို့ ဒီလို ၃ - မျိုးရှိတယ်၊

အဲဒါကို ပစ္စည်းလေးပါးနှင့်ပွားလိုက်ရင် (၃x၄ လီ) ၁၂ - ပါးဖြစ်သွားတယ်၊ အဲဒီ ၁၂ - ပါးသော ရောင့်ရဲခြင်းဖြင့် ရောင့်ရဲရမယ်တဲ့။ မူလရောင့်ရဲခြင်း ၃ - ပါးထဲက -

(၁) ယထာလာဘသန္တောသဆိုတာ ရသမျှ ဆွမ်းသင်္ကန်း ကျောင်းဆေးဖြင့် ကျေနပ် အားရနေခြင်းပါပဲ၊ ဆွမ်းဆိုရင် ရဟန်းဖြစ်စပြီးကတည်းက မြတ်စွာဘုရားက ဩဝါဒပေးထားတယ်၊ ပိဏ္ဍယာ လောပ ဘောဇနံ နိဿာယ ပဗ္ဗဇ္ဇာ၊ တတ္ထ တေ ယာဝဇီဝံ ဥဿာဟော ကရဏီယော - တဲ့၊

တစ်အိမ် တစ်ဇွန်း တစ်ကော် တစ်လုတ် တစ်ခဲ စသည်ဖြင့် ဆွမ်းခံလို့ရလာတဲ့ ဆွမ်းကို အမှီပြုပြီး ရဟန်းအဖြစ်ဆိုတဲ့ ရဟန်းအကျင့်ဟာ တည်စေတယ်၊ ထိုဆွမ်းခံ ဆွမ်း ဆိုတဲ့မှီရာ၌ သင်ရဟန်းသစ်ဟာ တစ်သက်ပတ်လုံး အားထုတ်ရမယ်တဲ့၊ ဆိုလို တာကတော့ မည်သူ့ကိုမျှ တာဝန်မလေးစေဘဲ ဆွမ်းခံစားရမယ်လို့ ဆိုလိုတာပါပဲ။

ဒါယကာ ဒါယိကာမ တစ်ဦးတစ်ယောက်က နေ့စဉ် ချက်ပြုတ်ကျွေးနေရမယ်ဆိုရင် အဲဒီဒါယကာ ဒါယိကာမမှာ အလွန်ဝန်လေးပါတယ်၊ ဆွမ်းခံစားတယ်ဆိုတော့ ဘယ်သူ့ကိုမျှ ဝန်မလေးစေဘူး၊ ချက်ပြီးသား အသင့်ရှိနေလို့ လှူနိုင်တဲ့သူက တစ်ဇွန်းလောက် လှူလိုက်ရင် ကိစ္စပြီးတာပဲ၊ အဲဒီတစ်ဇွန်းလောက် တစ်ကြိမ်တစ်ခါ လှူရတဲ့အတွက် ဘာမျှတာဝန် လေးစရာလဲမရှိဘူး၊

အကယ်၍ မလှူနိုင်ရင်လဲ ကန်တော့ဆွမ်းပါ ဘုရားလို့ လျှောက်လိုက်ရင်ပြီးတာပဲ၊ ရဟန်းက အခြား တစ်အိမ်ကြွသွားရုံပဲ၊ ဒီနည်းအရ မတတ်နိုင်တဲ့အိမ်က ကန်တော့ဆွမ်း, တတ်နိုင်တဲ့ အိမ်များက သူတို့တတ်နိုင်သမျှ လောင်းလှူကြတဲ့ ရသမျှဆွမ်းဖြင့် ရောင့်ရဲနေရမယ်၊

အထူးလှူတဲ့ဆွမ်းပေါ်လာရင် ရဟန်းကလဲ ဓုတင်ဆောင်မဟုတ်လို့ အလိုရှိရင် လက်ခံပြီး အဲဒီဆွမ်းဖြင့် ရောင့်ရဲနေဖို့ပါပဲ၊ ဆွမ်းခံဆွမ်းဖြင့် အားမရ မရောင့်ရဲဘဲ ဖိတ်မာန်မထားတဲ့ ဆွေမျိုးမတော်သူ ထံမှဆွမ်းကို တောင်းခံစားရင် ဂိလာနလဲ မဟုတ်ရင် သေခိယ သိက္ခာပုဒ်ဖြင့် ဒုက္ကဋ်အာပတ်သင့်တယ်၊

ဆွမ်းစရိတ် ဆိုပြီး ငွေကို အလှူခံရင် နိဿဂ္ဂိယပါစိတ် အာပတ်သင့်တယ်၊ ထောပတ်ဆွမ်းစသော အမွန်အမြတ်ဆွမ်းကို တောင်းခံရင် ပဏီတဘောဇန သိက္ခာပုဒ်ဖြင့် ပါစိတ်အာပတ် သင့်တယ်၊ ပင့်ပြီး ဆွမ်းကပ်နေရာမှာတောင် ဖိတ်မန် မထားရင် ဟင်းတို့ ဆွမ်းတို့ကို မတောင်းခံကောင်းဘူး၊

ယခုနေအခါမှာတော့ တန်ခိုးကြီး စေတီတော် (ဘုရား) အနီးမှာ ဖြစ်စေ၊ မော်တော်ဆိပ် စသည်မှာဖြစ်စေ ခွက်လက်စွဲပြီး ဆွမ်းစရိတ် အလှူခံနေကြတာ တွေရှိတယ်၊ အဲဒါတွေဟာ ယခုပြောခဲ့တဲ့ ဝိနည်းသိက္ခာပုဒ်နှင့် မညီညွတ်တာတွေပဲ၊

သဒ္ဓါတရားကောင်းတဲ့ အချို့ဒကာမတွေကတော့ အဲဒီလို အလှူခံနေတဲ့ သင်္ကန်းဝတ် ပုဂ္ဂိုလ်အား ကုသိုလ်ရမယ်လို့ ယုံကြည်ပြီး ငွေကို လှူကြတယ်၊ ရဟန်းဟုတ်ရင် ငွေကိုခံယူတိုင်း, ကိုင်တွယ်တိုင်း အာပတ်သင့်နေတာပဲ၊ ရဟန်း ဟုတ်သည်ဖြစ်စေ, မဟုတ်သည်ဖြစ်စေ သာသနာတော်အား အများက အကြည်ညို ပျက်ဖွယ်တော့ ဖြစ်နေတာပါပဲ၊ ဒါကြောင့် သာသနာပျက် အလုပ်လို့တော့ ဆိုနိုင်ပါတယ်။

အဲဒီလိုဆွမ်းအကြောင်းပြုပြီး အာပတ်သင့်တာ, သာသနာ့ဂုဏ် ပျက်နေတာတွေဟာ ဆွမ်းခံ ဆွမ်းမျှဖြင့် မရောင့်ရဲလို့ပါပဲ၊ ရောင့်ရဲရင်တော့ မိမိကိုယ်တိုင်မှာလဲ အပြစ်ကင်းတယ်၊ ဗုဒ္ဓသာသနာတော်မှာလဲ အကြည်ညိုပျက် စရာမရှိဘူး၊ ဒါကြောင့် မေတ္တာဘာဝနာကိုဖြစ်စေ၊ အခြား ဘာဝနာကို ဖြစ်စေပွားများနေတဲ့ ရဟန်းကောင်း, ရဟန်းမြတ်ဆိုရင် အကောင်း အဆိုး မရွေးဘဲ တရားသဖြင့် ရသမျှဆွမ်းဖြင့် ရောင့်ရဲသင့်ပါတယ်။

နောက်ပြီးတော့ သင်္ကန်းမှာလဲ ပံ့သကူသင်္ကန်းဖြင့် မျှတနေဖို့ မြတ်စွာဘုရားက ဩဝါဒပေးထားပါတယ်၊ ဒကာ - ဒကာမများက သူ့သဒ္ဓါ စေတနာအလျောက် လှူရင် အဲဒီလို သင်္ကန်းကိုလဲ ခွင့်ပြုထားပါတယ်၊ ဒါကြောင့် အကောင်းအဆိုး မရွေးဘဲ တရားသဖြင့်ရလာတဲ့ အဲဒီလို သင်္ကန်းတစ်မျိုးမျိုးဖြင့် ရောင့်ရဲဖို့ပါပဲ၊ အဲဒီ သင်္ကန်းကိုလဲ မအပ်စပ်တဲ့နည်းဖြင့် ရှာရင် အာပတ်အပြစ်သင့်နိုင်တာပဲ။

နောက်ပြီးတော့ ကျောင်းအိပ်ရာနေရာလဲ သစ်ပင်ရင်း, သစ်ပင်အောက်၌နေဖို့ ဩဝါဒ ပေးထားပါတယ်၊ တရားသဖြင့် ဆောက်လုပ် လှူဒါန်းထားတဲ့ အဆောက်အအုံ များကိုလဲ ခွင့်ပြုထားပါတယ်၊ ဒါကြောင့် အဲဒီလို အပြစ်ကင်းတဲ့ ကျောင်းအိပ်ရာ နေရာဖြင့် ရောင့်ရဲဖို့ပါပဲ၊ အဲဒီလို မရောင့်ရဲနိုင်တဲ့အတွက် ငွေအလှူခံပြီး ဆောက်လုပ်ရင် ဖြစ်စေ, သဒ္ဓါတရားဖြင့် လှူငွေကို မအပ်တဲ့ နည်းဖြင့် အလှူ ခံပြီးတော့ ဖြစ်စေ, အပ်တဲ့နည်းဖြင့် လှူထားတဲ့ငွေကို ကိုယ်တိုင် ကိုင်တွယ် သိမ်းထားပြီးတော့ ဖြစ်စေ, အဲဒီငွေများဖြင့် ကိုယ်တိုင် ဝယ်ယူ ငှားရမ်းပြီး ဆောက်လုပ်ရင်ဖြစ်စေ, အဲဒီကျောင်း အိပ်ရာ နေရာဟာ ကိုယ်တိုင်လဲ မနေကောင်းဘူး၊ အခြား ရဟန်းတော်များလဲ မနေကောင်းဘူး၊ နေရင်သုံးဆောင်ရင် သုံးဆောင်တိုင်း, သုံးဆောင်တိုင်း အာပတ်အပြစ်သင့်နေတာပါပဲ၊

ဒါကြောင့် အပြစ်ကင်းတဲ့ကျောင်း တစ်မျိုးမျိုးနဲ့ ရောင့်ရဲဖို့ အရေးကြီး ပါတယ်။ နောက်ပြီးတော့ ဆေးပစ္စည်းကိုတော့ ပူတိမုတ္တ - ဆိုတဲ့ဆေးကို သုံးဆောင်ပြီး မျှတနေဖို့ မြတ်စွာဘုရားက ဩဝါဒ ပေးထားပါတယ်၊ ပူတိမုတ္တိ ဆိုတာ နွားကျင်ငယ်ရေလို့ ပြန်ရိုးပြန်စဉ်ရှိပါတယ်၊ ယခုခေတ်မှာလဲ ထုံနာ, ကျင်နာ ရှိနေတဲ့ သူများမှာ အဲဒီနွားကျင်ငယ်ရေကို သုံးဆောင်ခြင်းဖြင့် ထုံနာ, ကျင်နာ ပျောက်ကင်းကြောင်း ကြားသိရပါတယ်၊

ပုပ်ဆွေးနေလို့ စွန့်ပစ်ထားတဲ့ ဆေးအဟောင်း အမြင်းကို ပူတိမုတ္တ ခေါ်တယ်လို့ ဒီလို တစ်နည်း အဖွင့်လဲရှိပါတယ်၊ အဲဒီအဖွင့်ကိုတော့ ဘုရား၏ အလိုကျ, မကျ စဉ်းစားဖွယ် ရှိပါတယ်၊ ဘာကြောင့်လဲဆိုရင် ယခုခေတ်မှာ စနစ်တကျ ဆေး ထုတ်လုပ်တဲ့ဌာနများက သူတို့ထုတ်လုပ်တဲ့ ဆေးကို ဆေးသက်ကုန်တဲ့အခါ မသုံးဖို့ ညွှန်ကြားထားချက်များလဲ ရှိပါတယ်၊ ပုပ်ဆွေးနေတဲ့ အဲဒီဆေးကို သုံးဆောင်ရင် ရောဂါမပျောက်ဘဲ ရောဂါဖြစ်မည်ကို စိုးရိမ်စရာပဲ ရှိပါတယ်၊

နောက်ပြီးတော့ အဲဒီလို စွန့်ပစ်ထားတဲ့ဆေးကို လိုက်လံရှာဖွေယူဖို့လဲ လွယ်လှမယ် မဟုတ်ပါဘူး၊ ဒါကြောင့် ပူတိမုတ္တဆိုတဲ့ သဒ္ဓါအရ ကြံပြီးဖွင့်ပြတဲ့ အဲဒီ အနက်ကို ဘုရားရှင် အလိုတော်နှင့် ညီ, မညီ စဉ်းစားဖွယ် ရှိပါတယ်။

ဒီဆေးပစ္စည်း အရာမှာတော့ ဂိလာန ပုဂ္ဂိုလ်မှာ ဆေးကို မည်သူ့ထံမှဖြစ်စေ တောင်းယူ သုံးဆောင်နိုင်ခွင့် ရှိပါတယ်၊ ဒါပေမယ့် ငွေကို အလှူခံပြီး အဲဒီငွေဖြင့် မအပ်မရာ ဝယ်ယူ သုံးဆောင်ရင်တော့ နိဿဂ္ဂိယ သိက္ခာပုဒ်များအရ အာပတ် သင့်နိုင်တာပဲ၊ ဒါကြောင့် ဒီဆေးအရာမှာလဲ အပ်စပ်တဲ့ ဆေးဖြင့် ရောင့်ရဲဖို့ လိုတာပါပဲ၊ အဲဒီလိုအပ်စပ်တဲ့ ရရာပစ္စည်းဖြင့် ရောင့်ရဲနေတာကို ယထာ လာဘ သန္တောသ ခေါ်တယ်။

နောက်ပြီးတော့ မကျန်းမာလို့ဖြစ်စေ, အားနည်းလို့ဖြစ်စေ မိမိနှင့် မသင့်လျော်တဲ့ ဆွမ်း, သင်္ကန်း, ကျောင်း, အိပ်ရာ နေရာ ဆေးပစ္စည်းများကို သူတစ်ပါးထံမှ သင့်လျော်တဲ့ ပစ္စည်းများနှင့် လဲလှယ်ပြီး သုံးဆောင်ရတာကို ယထာဗလသန္တောသ ခေါ်တယ်၊ စွမ်းနိုင်တဲ့ ပစ္စည်းဖြင့် ရောင့်ရဲခြင်းလို့ ဆိုလိုတယ်။

နောက်ပြီးတော့ မိမိမှာရရှိထားတဲ့ဆွမ်း, သင်္ကန်းစသည်က အဖိုးတန်လွန်း, ကောင်းလွန်းနေတဲ့အတွက် မိမိနှင့် မတော်ဘူးလို့ ယူဆပြီး သူတစ်ပါးထံမှ ပစ္စည်း အညံ့နှင့် လဲလှယ်ပြီး သုံးဆောင်တာကို ယထာသာရုပ္ပသန္တောသ ခေါ်တယ်၊ သင့်လျော်တဲ့ ပစ္စည်းဖြင့် ရောင့်ရဲခြင်းလို့ ဆိုလိုပါတယ်။

အဲဒီ ရောင့်ရဲခြင်း ၃ - ပါးအရ၏ အကျယ်အားဖြင့် ၁၂ - ပါးအရ ရောင့်ရဲနေဖို့ပါပဲ၊ မရောင့်ရဲရင် ခုတင်က ပြောခဲ့တဲ့ အရိပ်အမြွက် စကားများအရ အပြစ် ဖြစ်နိုင် ပါတယ်၊ လူ့လောကမှာလဲ ဒီရောင့်ရဲမှုက အလွန်ပင် အရေးကြီးပါတယ်၊ ရသမျှနဲ့ မရောင့်ရဲရင် ဆင်းရဲပင်ပန်းတတ်ပါတယ်၊ မရနိုင်တာကို ရချင်လို့ မပြုသင့်တာကို ပြုမိရင် ရာဇဝတ်အပြစ်လဲ သင့်တတ်ပါတယ်၊

မရနိုင်တာကို လိုချင်နေရင် အကြီးအကျယ် ဆင်းရဲနေရတတ်တယ်၊ အိမ်သူက ချက်ကျွေးတဲ့ ထမင်းဟင်းဖြင့် မရောင့်ရဲတဲ့ အိမ့်ရှင်ဟာ အိမ်သူနဲ့ အဆင်မပြေ ဖြစ်တတ်တယ်၊ အိမ်ရှင်ရှာပေးသမျှ မရောင့်ရဲတဲ့ အိမ်သူမှာလဲ အိမ်ရှင်နဲ့ အဆင်မပြေ ဖြစ်တတ်တဲ့အပြင် သူ့အလိုပြည့်အောင် မတော်တာ ပြုလုပ်မိတဲ့ အတွက် အိမ့်ရှင်မှာ အတိဒုက္ခ ရောက်တတ်ပါတယ်၊

ယခုခေတ်မှာ ကုဋေနဲ့ချီပြီး ပေါများကြွယ်ဝနေတဲ့ သေဋ္ဌေးကြီးတွေလဲ မရောင့်ရဲ နိုင်တဲ့အတွက် ချမ်းချမ်းသာသာ မနေနိုင်ဘဲ ပင်ပန်းဆင်းရဲနေကြရတယ်၊ ရသမျှနဲ့ ရောင့်ရဲနေရင်တော့ စားရုံ, ဝတ်ရုံမျှ အတော်အသင့်လောက် ပြည့်စုံနေတဲ့ လူမှာလဲ ချမ်းသာနေတာပဲ၊

ဒါကြောင့် မြတ်စွာဘုရားက သန္တုဋ္ဌိ - ရောင့်ရဲခြင်းသည်၊ ပရမံ ဓနံ - အကောင်း အမြတ်ဆုံး ဥစ္စာပေတည်း - လို့ ဟောတော်မူတာပါပဲ၊ အဲဒါဟာ စဉ်းစားဆင်ခြင် ကြည့်ရင် အလွန်သဘာဝကျတဲ့ စကားတော်ပါပဲ၊ ဒါကြောင့် ဘာဝနာအလုပ်ကို အားထုတ်နေတဲ့ ပုဂ္ဂိုလ်ဟာ အစစ အရာရာမှာ ရောင့်ရဲဖို့လိုပါတယ်။

(၈) မွေးမြူပြုစုလွယ်ရမယ်

နောက်တစ်ပုဒ်ကတော့ -
သုဘရော စ - ဒကာ, ဒကာမတို့က ပြုစုမွေးမြူ လွယ်သည်လည်း၊
အဿ - ဖြစ်ရာ၏ - တဲ့၊

ဒကာ, ဒကာမတို့က သူတို့၏ အင်အားရှိသမျှဖြင့် ဆွမ်း, သင်္ကန်းစသည်တို့ကို လှူဒါန်းထောက်ပံ့ပြီး ပြုစုနေကြရာမှာ မိမိက မကြိုက်ပေမယ်လို့ မကောင်းလှ ပေမယ်လို့ မညည်းညူဘဲ လက်ခံ သုံးဆောင်နေဖို့ပါပဲ ဘယ်လိုပစ္စည်းနဲ့ပဲ ဖြစ်ဖြစ် မျှတနေဖို့ပါပဲ၊ အဲဒီလို မဟုတ်ဘဲ ဒါမျိုး မကြိုက်ဘူး ဘယ်လိုဟာမျိုးမှ ကြိုက်တယ် စသည်ဖြင့် ကောင်းသည်ထက် ကောင်းတာတွေကို လှူဖို့ ညွှန်ကြားနေရင် ဒကာ, ဒကာမတွေမှာ ပြုစုမွေးမြူဖို့ တာဝန်လေးမှာပါပဲ၊

ဗြိတိသျှခေတ်တုန်းက မော်လမြိုင်နယ်မှာ ဘုန်းတော်ကြီး တစ်ပါးဟာ ကြက်သား ဟင်း မပါရင် သူက ဆွမ်းမစားဘူးတဲ့၊ အဲဒီတော့ သူ့ဒကာ, ဒကာမတွေက အမြဲတမ်း ကြက်သားဟင်းပါအောင် ကြောင့်ကြစိုက်နေကြရသတဲ့၊ ခရီးသွားနေစဉ် အကြောင်း မညီညွတ်လို့ ကြက်သားဟင်း မရတဲ့အခါ သူက အဲဒီနေ့မှာ ဆွမ်းမစားဘဲ နေသတဲ့၊ ဘာကြောင့် ဒီလိုပြုကျင့်နေသလဲ ဆိုတာတော့ မပြော တတ်ပါဘူး၊ ဓမ္မပဒဝတ္ထုထဲက ငါးကြင်းသားဟင်းပါမှ စားလိုတဲ့ ပဏ္ဍိတသာမဏေကို အားကျပြီး အဓိဋ္ဌာန်ပြုထား လေသလား မပြောတတ်ပါဘူး၊

အဲဒါဟာ သုဘရ - မဖြစ်ဘဲ, ဒုဗ္ဘရ - မွေးမြူပြုစုနိုင်ခဲသူ ဖြစ်နေတယ်လို့ ဆိုရမှာပေါ့၊ ဒီမှာတော့ အဲဒီလိုမဟုတ်ဘဲ ဒကာ - ဒကာမတွေက လှူဒါန်းသမျှဖြင့် ရောင့်ရဲပြီး ပြုစုမွေးမြူလွယ်ဖို့ပါပဲ။ အချို့စိတ်သဘော သေးနုပ်သော ရဟန်းဟာ ဒကာ, ဒကာမ တို့က အကောင်းအမြတ်ကို လှူစေကာမူ မကျေနပ်သည့် အမူအရာကို ပြတတ်တယ်၊ အလှူရှင်များ ရှေ့တွင်ပင် ဘယ်လိုဟာတွေ လှူပါလိမ့်မလဲလို့ မောင်းမဲပြီး အခြား သူအား စွန့်လိုက်တတ်တယ်၊

အဲဒီလို ရဟန်းဟာဒကာ - ဒကာမတို့က အမွေးအမြူခက်သော သူဖြစ်တယ်၊ ကောင်းကောင်း ဆိုးဆိုး ပေးလှူသမျှနှင့် ကျေနပ်နှစ်သက်ကာ ကြည်လင်တဲ့ မျက်နှာဖြင့် လက်ခံမျှတနေတဲ့ ရဟန်းကတော့ ဒကာ - ဒကာမတို့က ပြုစုမွေးမြူ လွယ်သောပုဂ္ဂိုလ်ဖြစ်ပေတယ်၊

ဒီ ရဟန်း ၂ - မျိုးထဲက မွေးမြူရန် ခက်တဲ့ရဟန်းမှာ မေတ္တာဖြစ်ဖို့ခက်ပါလိမ့်မယ်၊ အခြားဘာဝနာများလဲ ဖြစ်ဖို့လွယ်လှမယ် မဟုတ်ပါဘူး၊ ဒါကြောင့် မေတ္တာ စသော ဘာဝနာအစစ် ဖြစ်ရေး၌ လွယ်ကူစေရန် ပြုစုမွေးမြူရလွယ်သူ ဖြစ်ဖို့ ညွှန်ကြားတော် မူတာပါပဲ။

(၉) ကိစ္စ နည်းရမယ်

နောက်တစ်ပုဒ်ကတော့ -
အပ္ပကိစ္စော စ - ကိစ္စနည်းသည်လည်း၊
အဿ - ဖြစ်ရာ၏တဲ့၊

ဘာဝနာတစ်ပါးပါးကို တကယ် ပွားများနေတဲ့သူမှာ မိမိကိုယ်နှင့်စပ်တဲ့ မလွှဲမကင်း သာသော ကိစ္စမှတစ်ပါး အခြားကိစ္စ မရှိတာ အကောင်းဆုံးပါပဲ၊ ဒါကြောင့် ဒီမှာ အပ္ပကိစ္စော - ကိစ္စနည်းရမယ်လို့ ညွှန်ကြားတော်မူတာပါပဲ။

(၁၀) နေထိုင်သွားလာ ပေါ့ပါးရမယ်

နောက်တစ်ပုဒ်ကတော့ -
သလ္လဟုကဝုတ္တိ စ - ပေါ့ပါးသော ဖြစ်ခြင်းရှိသည်လည်း၊
အဿ - ဖြစ်ရာ၏တဲ့၊

အဲဒီမှာ ပေါ့ပါးသော ဖြစ်ခြင်းဆိုတာ မရှိမဖြစ်တဲ့ သင်္ကန်းသပိတ်စသော ပရိက္ခရာ ရှစ်ပါးမျှဖြင့် မျှတနေခြင်းကို ဆိုတာပါပဲ၊ အသုံးအဆောင် ပစ္စည်းတွေ များနေရင် အဲဒါတွေကို စောင့်ရှောက်ရတဲ့ အတွက်လဲ ဝန်လေးတယ်၊ တစ်နေရာသို့ သွားတော့မယ် ဆိုရင်လဲ အဲဒါတွေပါ ယူသွားရင် ဝန်လေးတာပဲ၊

ပရိက္ခရာ ရှစ်ပါးဆိုတာက သင်္ကန်းသုံးထည်ရယ်, သပိတ်ရယ်, ခါးပန်းကြိုးရယ်, အပ်ရယ်, သင်တုန်းရယ်, ရေစစ်ရယ် - ဒီ ရှစ်မျိုးပါပဲ၊ ဒီပရိက္ခရာ ရှစ်ပါးကတော့ အမြဲနေရာမှာလဲ စောင့်ရှောက်ဖို့ တာဝန်မလေးဘူး၊ ခရီးသွားရာမှာလဲ တစ်ပါးတည်း ယူဆောင်သွားဖို့ တာဝန်မလေးဘူး၊ ဒါကြောင့် အဲဒီ မရှိလျှင်မဖြစ်တဲ့ ပရိက္ခရာ ရှစ်ပါးမျှဖြင့် မျှတနေတာဟာ ပေါ့ပါးသော ဖြစ်ခြင်းပါပဲ။

အဲဒီ ပရိက္ခရာ ရှစ်ပါးထဲမှာ အပ်ဆိုတာကတော့ ယခုနေအခါ မြန်မာပြည်က ဘုန်းကြီးတဲ့ မထေရ်များမှာ အသုံးမကျသလောက် ဖြစ်နေတာပါပဲ၊ သင်္ကန်းကို စုတ်အောင်ဝတ်ရတယ်လို့လဲ မရှိဘူး၊ ကိုယ့်ဟာကိုယ်ချုပ်ပြီး ဝတ်ရတယ်လို့လဲ မရှိဘူး၊ ဒါကြောင့် ခရီးသွားတဲ့အခါ သင်္ကန်းချုပ်စရာ အပ်ကိုယူဆောင်သွားဖို့ စိတ်ကူးတောင် ဖြစ်ကြပုံမရပါဘူး၊

ဘုန်းကြီးကိုယ်တိုင်ပင် ၁၃၂၁ - ခုနှစ်တုန်းက အင်ဒိုနီရှားသို့ သာသနာပြုသွားတဲ့ အခါ အပ်နဲ့အပ်ချည် ပရိက္ခာရာကို ယူမသွားမိဘူး၊ အဲဒီတုန်းက ပါသွားတဲ့ သင်္ကန်း တွေက အသစ်တွေပါပဲ၊ ဒါပေမယ့် မူလချုပ်စဉ်က အချုပ်မကောင်းတဲ့အတွက် ချုပ်ရိုးကြောင်း တစ်ခုမှာ တစ်နေရာက ပြုတ်ထွက်သွားတာကို တွေ့ရတယ်၊ အဲဒီအခါအပ်နဲ့ အပ်ချည်မပါတဲ့အတွက် ဘယ်လိုလုပ် ရမလဲလို့ စဉ်းစားပြီးတော့ သီဟိုဠ်မှ ကြွလာတဲ့ အရှင်အရိယဝံသမထေရ်နှင့် တိုင်ပင်ကြည့်တယ်၊

အဲဒီမထေရ်ကြီးက သူ့မှာ အပ်နဲ့ အပ်ချည် ပါလာတဲ့ အကြောင်း၊ သူကိုယ်တိုင် ချုပ်ပေးမည့် အကြောင်းကို ပြောပါတယ်၊ အဲဒီတော့ ဘုန်းကြီးက ချုပ်ပေးဖို့တော့ မလိုပါဘူး၊ အပ်နဲ့အပ်ချည်ကိုသာပေးပါ၊ တပည့်တော်လဲ ဒီလောက်တော့ချုပ်ဖို့ ဝန်မလေးပါဘူးလို့ ပြောရပါတယ်၊

အဲဒါကို အကြောင်းပြုပြီးတော့ ယခုခေတ်မှာလဲ ခရီးရှည်သွားတဲ့အခါ အပ်နဲ့အပ်ချည် ပရိက္ခရာကိုလဲ ယူဆောင်သွားသင့်ကြောင်း အမှတ်ရမိခဲ့ပါတယ်၊ အဲဒီ အပ်နဲ့ အပ်ချည်ဟာလဲ ယူဆောင်သွားဖို့ ဘာမှဝန် မလေးပါဘူး၊ ပေါ့ပါတယ်။

သပိတ်နှင့်ရေစစ်လဲ ပါသင့်ကြောင်း

ယခုကာလမှာ အချို့ ရဟန်းတော်များကတော့ ရောက်ရာမှာ စားစရာက အလွယ်တကူ ရနေတာနဲ့ သပိတ်ကိုတောင် မယူဘဲ ပေါ့ပေါ့ပါးပါး သက်သက် သာသာ သွားလေ့ရှိကြပါတယ်၊ ဘုရားလက်ထက်, အဋ္ဌကထာ ဆရာများ လက်ထက် ကာလဆီကတော့ ပတ္တစီဝရမာဒါယ - သပိတ် သင်္ကန်းကို ယူ၍လို့ ဆိုထားတဲ့အတိုင်း သံဃာ့အစည်းအဝေး သွားတဲ့အခါ, ဥပုသ် ပြုသွားတဲ့အခါ မှာတောင် သပိတ်နှင့် သင်္ကန်းသုံးထည်ကို ယူသွားလေ့ရှိကြပါတယ်၊

ဒါကြောင့် ဘုန်းကြီးတို့ကတော့ ခရီးဝေးသွားတဲ့အခါ ဖြစ်စေ, မြို့ထဲသီးသန့် ဆွမ်းစားသွားတဲ့အခါ ဖြစ်စေ သပိတ်ကိုလဲ ယူသွားဖို့ရာ ညွှန်ကြားထားပါတယ်၊ နောက်ပြီးတော့ အရေးကြီးတဲ့ ပရိက္ခရာ တစ်ခုကတော့ ရေစစ်ပဲ၊ အဲဒီရေစစ်မပါဘဲ ယူဇနာဝက်စသည်ရှည်တဲ့ ခရီးကိုသွားရင် ဒုက္ကဋ်အာပတ်သင့်တယ်၊

တစ်ယူဇနာဆိုတာ ပါဠိအဘိဓာန်ကျမ်း စသည်မှာ ပြဆိုထားချက် အရအားဖြင့် ၁၂ - မိုင်ကျော်ကျော် ၁၃ - မိုင်နီးပါးရှိပါတယ်၊ ယူဇနာဝက်ဆိုရင် ၆ - မိုင်ခွဲလောက် ရှိတယ်၊ ယခုခေတ်မှာ ၆ - မိုင်ခွဲလောက်ခရီးကို မော်တော်ယာဉ် စသည်ဖြင့် မကြာခဏ သွားနေကြရတာပဲ၊

ယခုခေတ်သုတေသီ ဆရာတို့၏ ယူဆချက်အရအားဖြင့် တစ်ယူဇနာဆိုတာ ရှစ်မိုင် လောက်ရှိတယ်၊ ဒါကြောင့် ယူဇနာဝက်ဆိုတာဟာ ၄ - မိုင်လောက်ရှိတယ်လို့ ယူဖို့ပါပဲ၊ အဲဒီတော့ ရန်ကုန် မန္တလေးတို့လို မြို့ထဲမှာ ကိစ္စကြီးငယ်ရှိလို့ သွားတဲ့အခါ ၄ - မိုင်လောက် ဝေးရင် ရေစစ်ပါဖို့ လိုပါတယ်၊

သီးခြား ရေစစ်မပါရင် လက်ကိုင်ပဝါကို ရေစစ်အဖြစ် နှလုံးသွင်းပြီး ယူသွားဖို့ပါပဲ၊ ဒါမှမဟုတ်ရင်လဲ အကြောင်းရှိတဲ့အခါ မိမိဝတ်ထားတဲ့ သင်္ကန်းဖြင့် ရေစစ် သောက်မယ်လို့ နှလုံးသွင်းသွားဖို့ပါပဲ။ တကယ် တရားအားထုတ်မည့် ပုဂ္ဂိုလ်မှာ ယခုပြောခဲ့တဲ့ ပရိက္ခရာ ရှစ်ပါးဟာ ယူဆောင်သွားဖို့ ပေါ့ပါတယ်၊ ဝန်မလေးပါဘူး၊

ငှက်များဟာ ပျံသွားတဲ့အခါ သူ့အတောင် တစ်ပါတည်းပါသွားသလို အလွယ်တကူနဲ့ ယူဆောင် သွားနိုင်ပါတယ်၊ အဲဒီ ပရိက္ခရာရှစ်ပါး ဆိုရင်လဲ ပြည့်စုံတော့တာပါပဲ၊ ဒီနေရာမှာ ဘုန်းကြီး၏ကိုယ်တွေ့ကို ထည့်ပြောချင်ပါတယ်။

ကိုယ်တိုင် ပေါ့ပါးခဲ့ပုံ

ဘုန်းကြီး ရှစ်ဝါရတုန်းက သင့်လျော်တဲ့ ကမ္မဋ္ဌာန်းနည်း သင့်လျော်တဲ့ ကမ္မဋ္ဌာန်း ကျောင်းကိုရှာဖို့ မော်လမြိုင်မြို့ တောင်ဝိုင်းကလေးတိုက်ကျောင်းမှ အဖော်ရဟန်း တစ်ပါးနှင့် ထွက်လာခဲ့တယ်၊ ထီး, ဖိနပ် စသည် အပိုပစ္စည်းရယ်လို့ မပါပါဘူး၊ သပိတ်တစ်လုံး, သင်္ကန်းသုံးထည်, ခါးပန်းကြိုး, သင်တုန်း, ရေစစ်, အပ်ဆိုတဲ့ ပရိက္ခရာ ရှစ်ပါးလောက် ပါပါတယ်၊ ခရီးစရိတ်လဲ မပါပါဘူး၊ မော်လမြိုင်မှ ပေါင် ဆိုတဲ့ဘူတာအထိ ကပ္ပိယက လက်မှတ်ယူပေးလိုက်တယ်၊

အဲဒီအထိသာ မီးရထားဖြင့် လိုက်ပါလာပြီးတော့ အဲဒီ နောက်ခရီးတွေမှာတော့ ခြေကျင်ပဲသွားရတာက များပါတယ်၊ တစ်ရံတစ်ခါ ရထားလက်မှတ် လှူသူရှိလို့ ရထားနဲ့သွားရတာလဲ နည်းနည်းတော့ရှိပါသေးရဲ့၊ ကျိုက်ထီးရိုးမှ ပြန်လာခဲ့ပြီး နောက်ဆုံးကျတော့ သထုံမြို့ မင်းကွန်းဇေတဝန်မှာ ဝင်ရောက်ပြီး တရား အားထုတ်ခဲ့တယ်၊ အဲဒါဟာ ပရိက္ခရာရှစ်ပါးလောက်နဲ့ ပေါ့ပေါ့ပါးပါး တရား အားထုတ်ဖို့ ကိုယ်တိုင်သွားခဲ့ပုံပါပဲ၊ သလ္လဟုကဝုတ္တိ ဆိုတဲ့ ဒီညွှန်ကြားချက်နဲ့ အညီပါပဲ။

(၁၁) ဣန္ဒြေငြိမ်သက်ရမယ်

နောက်တစ်ပုဒ်ကတော့ -
သန္တိန္ဒြိယော စ - ငြိမ်သက်သော ဣန္ဒြေရှိသည်လဲ၊
အဿ - ဖြစ်ရာ၏ - တဲ့၊

ပါဠိလို ဣန္ဒြိယ - မြန်မာလို ဣန္ဒြေဆိုတာ မျက်စိ, နား, နှာ, လျှာ, ကိုယ်စိတ်ဆိုတဲ့ ဒီ ၆ - ပါးပါပဲ၊ မျက်စိရှိမှ မြင်နိုင်တယ်၊ မြင်တော့လဲ မျက်စိအားကောင်းသလောက်သာ မြင်အားရှိတယ်၊ ဒါကြောင့် မျက်စိက မြင်ရာမှာ အစိုးရတယ်၊ အဲဒီလို အစိုးရတဲ့အတွက် မျက်စိကို စက္ခုန္ဒြေလို့ခေါ်တယ်၊ နားစသည်ကလဲ ကြားရာ စသည်မှာ အစိုးရတယ်၊ ဒါကြောင့် နားစသည်ကိုလဲ သောတိန္ဒြေ စသည်ဖြင့်ခေါ်တယ်၊

အဲဒီမျက်စိစသော ဣန္ဒြေများကို ငြိမ်သက်စေရမယ်၊ အဆင်းကောင်း အသံကောင်း တွေကို မြင်ရင် ကြားရင် သာယာတပ်မက်တဲ့သူမှာ ဟိုကြည့်ဒီကြည့် ဟိုဘက်လှည့် နားထောင် ဒီဘက်လှည့်နားထောင်နဲ့ ဣန္ဒြေမရဘူး၊ အနံ့ကောင်း အရသာကောင်း အတွေ့ကောင်းတွေ ခံစားရာမှာလဲ သာယာတပ်မက်ရင် ဣန္ဒြေမရဘူး၊ ပြုံးလိုက် ရယ်လိုက် ချီးမွမ်းလိုက် စသည်ဖြင့် လှုပ်ရှားနေတတ်တယ်၊

ထို့အတူပင် မကောင်းတာကို မြင်ရ ကြားရ နံရ စားရ ထိရတဲ့အခါလဲ သည်းမခံနိုင်ရင် ဣန္ဒြေမရဘူး၊ တွေ့ထိမှုနှင့်စပ်ပြီး နာကျင် အခံခက်တဲ့အခါ သည်းမခံနိုင်ရင် ကိုယ်တွေလက်ခြေတွေ လှုပ်ရှားပြီးတော့လဲ မငြိမ်သက်ဘဲ ရှိတတ်တယ်၊ ပါးစပ်ကလဲ ညည်းတွားပြီး မငြိမ်သက်ဘဲ ရှိတတ်တယ်။

ဒါကြောင့် အဲဒီအာရုံ အကောင်းအဆိုးတွေနဲ့စပ်ပြီး တည်ငြိမ်နေနိုင်အောင် ထိန်းသိမ်းဖို့ လိုပါတယ်၊ ဆင်ခြင်ပြီးတော့ရင်လဲ ထိန်းသိမ်းရမယ်၊ ရှုမှတ်ပြီးတော့ ရင်လဲ ထိန်းသိမ်း ရမယ်၊ ရှုမှတ်ပြီး မြင်ရုံမျှ ကြားရုံမျှ စသည်၌ တည်အောင် ထိန်းသိမ်းတာကတော့ အကောင်းဆုံးပါပဲ၊

ဒါပေမယ့် မရှုမှတ်ဖူးသေးတဲ့သူမှာတော့ အဲဒီလိုရှုမှတ်ပြီး ထိန်းသိမ်းဖို့ရာ မလွယ် ပေဘူး၊ ဒါကြောင့် သာမာန်အမြင် အကြား စသည်တွေကိုတော့ ကောင်းကောင်း ဆိုးဆိုး ဂရုမစိုက်ဘဲ လျစ်လျူရှုပြီး ထိန်းသိမ်းရုံပါပဲ၊ နာကျင်မှု စသော လွန်ကဲတဲ့အာရုံ ဆိုရင်တော့ သင့်လျော်အောင် စွမ်းနိုင်သမျှ ဆင်ခြင်ပြီး ထိန်းသိမ်းသွားရုံပါပဲ။

(၁၂) ဆင်ခြင်ဉာဏ် ရင့်ကျက်ရမယ်

နောက်တစ်ပုဒ်ကတော့ -
နိပကော စ - ရင့်ကျက်သည်လဲ၊
အဿ - ဖြစ်ရာ၏တဲ့၊

ဆင်ခြင်ဉာဏ် ပညာအလိုအားဖြင့် ရင့်ကျက်ဖို့ပါပဲ၊ ငယ်ရွယ်တဲ့ သူများမှာ ဆင်ခြင်ဉာဏ် အားနည်းတယ်၊ အရွယ်ကြီးလာလေလေ ဆင်ခြင်ဉာဏ်က အားကောင်းပြီး ရင့်ကျက်လာလေလေပဲ၊ အဲဒါဟာ ရင့်ကျက်တဲ့ ဆင်ခြင်ဉာဏ် ပညာနှင့် ပြည့်စုံလာတာပါပဲ၊ ဝိသုဒ္ဓိမဂ်မှာ ဒီနိပကော ဆိုတဲ့ပုဒ်ဖြင့် ပါရိဟာရိက ပညာကို ပြကြောင်း ဖွင့်ပြထားပါတယ်၊

ပါရိဟာရိကပညာဆိုတာ ကိစ္စကြီးငယ် ဟူသမျှကို ပြီးစီးအောင် ဆောင်ရွက်တတ်တဲ့ ဆင်ခြင်ဉာဏ်ပါပဲ၊ အကျိုးရှိ မရှိ ဆင်ခြင်တတ်တဲ့ သာတ္ထကသမ္ပဇဉ်, သင့်မသင့် ဆင်ခြင်တတ်တဲ့ သပ္ပါယသမ္ပဇဉ်ဆိုတဲ့ အသိဉာဏ်တွေပါပဲ၊ ဒီပါရိဟာရိကပညာက လောကီလောကုတ္တရာ နှစ်ဖြာလုံးမှာ အလွန် အသုံးကျတဲ့ ပညာပါပဲ၊ အဲဒီ ဆင်ခြင်ဉာဏ်ပညာနဲ့ ပြည့်စုံရမယ်လို့ ဆိုလိုပါတယ်၊

ဒီမေတ္တသုတ်အဖွင့် အဋ္ဌကထာမှာတော့ -

(၁) သီလကို စောင့်ရှောက်တဲ့ပညာ၊
(၂) သင်္ကန်းစသည်ကို စီမံပြုလုပ်တတ်တဲ့ ပညာ၊
(၃) သပ္ပါယ ၇ - ပါးကို သိနားလည်တဲ့ပညာ

လို့ ဒီလိုခွဲပြထားတယ်၊ အဲဒါတွေဟာလဲ ပါရိဟာရိကလို့ ခေါ်တဲ့ ဆင်ခြင်ဉာဏ် ပညာတွေချည်းပါပဲ၊ အဲဒီအထဲမှာ သင်္ကန်းစသည်ကို စီမံပြုလုပ်တတ်တဲ့ပညာ ဆိုတာကတော့ မေတ္တာ ဘာဝနာ ပွားရာမှာ အရေးတကြီး လိုပုံမရပါဘူး၊ ဒါပေမယ့် ကြာရှည်စွာ အားထုတ်နေတဲ့ အခါမှာ သင်္ကန်းစသည် ပြုလုပ်ရန် အတွက် လိုမှာကြောင့် ထည့်သွင်းပြ ထားဟန် ရှိပါတယ်။

သပ္ပါယ ၇ - ပါး

သပ္ပါယ ၇ - ပါးဆိုတာကတော့ -

(၁) သင့်လျော်တဲ့နေရာထိုင်ခင်း၊
(၂) သင့်လျော်တဲ့ဆွမ်းခံရွာ၊
(၃) သင့်လျော်တဲ့စကား၊
(၄) သင့်လျော်တဲ့ဆရာနှင့် သီတင်းသုံးဖော်များ၊
(၅) သင့်လျော်တဲ့အစာ၊
(၆) သင့်လျော်တဲ့ဥတု၊
(၇) သင့်လျော်တဲ့ ဣရိယာပုထ်

ဆိုတဲ့ ဒီ ၇ - ပါးပါပဲ၊ မိမိနှင့်သင့်လျော်တဲ့ ကျောင်းစသည်ကို ဆင်ခြင်ဆုံးဖြတ်နိုင်တဲ့ ဉာဏ်ပညာနှင့် ပြည့်စုံဖို့ပါပဲ။

သာတ္ထကသမ္ပဇဉ်

သစ်သားကျောင်း, ဝါးကျောင်း, အုတ်တိုက်ကျောင်း စသည်ကို နေလို့ သင့် - မသင့်၊ ဆိတ်ငြိမ်မှု ရ - မရ စသည်ဖြင့် ဆင်ခြင်ဖို့လိုပါတယ်၊ ဆွမ်းခံရွာနှင့်စပ်ပြီး ဆင်ခြင်ဖို့ ကတော့ ဆွမ်းရ - မရ, အနှောင့်အယှက်ရှိ - မရှိ, အထူးအားဖြင့် ဝိသဘာဂ အာရုံကြောင့် အနှောင့်အယှက်ဖြစ် - မဖြစ် ဒါမျိုးတွေဆင်ခြင်ဖို့ပါပဲ၊

စကားကတော့ ဘယ်စကားပြောရင်, နားထောင်ရင် ကမ္မဋ္ဌာန်း၏ အန္တရာယ် ဖြစ် - မဖြစ် စသည်ကို ဆင်ခြင်ဖို့ပါပဲ၊ အကြောင်းအထူး မရှိရင် တရားနှင့်မစပ်တဲ့ စကားကို မပြောဘဲ နေတာဟာ အကောင်းဆုံးပါပဲ၊ ပုဂ္ဂိုလ်ကတော့ ဒီဆရာ, ဒီပုဂ္ဂိုလ်တွေနဲ့ မှီခိုနေရတာ, အတူဆက်ဆံ နေရတာ တရားဘက်က တိုးတက်မှု, ဆုတ်ယုတ်မှု ရှိ - မရှိ ဆင်ခြင်ဖို့ပါပဲ၊

အစာကတော့ ဘယ်လိုအစာကို စားရတဲ့အတွက် ကျန်းမာရေးဘက်, တရားဘက်က အကျိုးရှိ - မရှိ ဆင်ခြင်ဖို့ပါပဲ၊ ဥတုကတော့ အေးတဲ့နေရာ, နွေးတဲ့နေရာနေခြင်း ကြောင့် သို့မဟုတ် လေအေး ခံခြင်း, ရေချိုးခြင်းကြောင့် ကျန်းမာရေးနှင့် တရားဘက်မှာ ကောင်း - မကောင်းဆင်ခြင်ဖို့ပါပဲ၊ ဣရိယာပုထ်ကတော့ ထိုင်ပြီး အားထုတ်နေတာက ပိုကောင်းသလား၊ ရပ်ပြီး အားထုတ်နေတာက ပိုကောင်း သလား၊ တိုးတက်သလား စသည်ဖြင့် ဆင်ခြင်ဖို့ပါပဲ၊

အဲဒါဟာ သင့်လျော်တဲ့ ကျောင်းစသည်နှင့်စပ်ပြီး အကျိုးရှိ မရှိဆင်ခြင်ပြီး နေပက္ကခေါ်တဲ့ ရင့်ကျက်သော ဆင်ခြင်ဉာဏ် ဖြစ်ပုံပါပဲ၊ အဲဒါကို “ကျိုး ရှိသလား - မရှိလား စဉ်းစားတာက သာတ္ထက”လို့ ဆောင်ပုဒ်စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။

ကျိုး ရှိသလား - မရှိလား စဉ်းစားတာက သာတ္ထက။

သပ္ပါယသမ္ပဇဉ်

အကျိုးရှိပေမယ့် သင့်မသင့်လဲ ဆင်ခြင်ဖို့လိုပါသေးတယ်၊ ကျောင်းခန်းဆိုရင် ကြီးသူတို့နေရာမှာ ငယ်သူက သွားနေလို့ မတော်ဘူး၊ ငယ်သူများနေရာမှာ ကြီးသူက သွားနေလို့ မတော်ဘူး၊ စကားဆိုရင်လဲ တရားစကားက အကျိုးရှိပေမယ့် အလုပ်ကိစ္စများနေသူတို့အား ဟောပြောလို့မတော်ဘူး၊ အသုဘတရားကို မင်္ဂလာ အခမ်းအနားမှာ ဟောလို့မတော်ဘူး စသည်ဖြင့် သင့်တော် - မတော် ဆင်ခြင်ရမယ်၊ အဲဒါက သပ္ပါယသမ္ပဇဉ်ပဲ၊ အဲဒါကိုလဲ “သင့်တော်ရဲ့လား, မတော်လား စဉ်းစား တာက သပ္ပါယ”လို့ စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။

သင့်တော်ရဲ့လား, မတော်လား စဉ်းစားတာက သပ္ပါယ။

(၁၃) ကြမ်းတမ်း ရိုင်းပျခြင်း ကင်းရမယ်

နောက်တစ်ပုဒ်ကတော့ -
အပ္ပဂဗ္ဘောစ - ကြမ်းတမ်းရိုင်းပျခြင်း ကင်းသည်လည်း၊
အဿ - ဖြစ်ရာ၏ တဲ့၊

ကြမ်းတမ်းရိုင်းပျခြင်းဆိုတာ မယဉ်ကျေးတာပါပဲ၊ အဲဒါက -

(၁) ကိုယ်၏မယဉ်ကျေးခြင်း၊
(၂) နှုတ်၏မယဉ်ကျေးခြင်း၊
(၃) စိတ်၏မယဉ်ကျေးခြင်းလို့ သုံးမျိုးရှိတယ်၊

အဲဒီ သုံးမျိုးထဲက -

(၁) ကိုယ်၏ မယဉ်ကျေးခြင်းဆိုတာက ရှစ်ဌာနရှိတယ်၊ အဲဒီ ရှစ်ဌာနထဲက ယခုနေအခါ တွေ့ကြုံတတ်တာတွေကို ပြောရမယ်၊ သံဃာ့အလယ်မှာ ဖြစ်စေ၊ ပရိသတ်များ အလယ်မှာဖြစ်စေ၊ ဣန္ဒြေရရ ရိုရိုသေသေ မထိုင်ဘဲ ဒူးထောင် ပေါင်ကားနဲ့ ထိုင်နေရင် အဲဒါဟာ ကိုယ်၏ရိုင်းပျမှု၊ မယဉ်ကျေးမှုပဲ၊

ဒူးတစ်ဖက်က ဖြစ်ဖြစ်၊ ဒူးနှစ်ဖက်လုံးကိုဖြစ်ဖြစ် လက်ဖြင့် ပွေ့ပိုက်ပြီး ထိုင်နေတာကို လက်အာယောဂပတ်ဖွဲ့ ထိုင်တာ ခေါ်တယ်၊ အဝတ်နဲ့ပတ်ပြီး ထိုင်တာကိုတော့ အဝတ် အာယောဂပတ် ခေါ်တယ်၊ သံဃာ့အလယ်, ပရိသတ်အလယ်, ရိုသေထိုက်တဲ့ ပုဂ္ဂိုလ်တို့၏ရှေ့မှာ အဲဒီလို ထိုင်နေရင် ကိုယ်၏ ရိုင်းပျမှုပဲ၊

မထေရ်ကြီးများကို ထိပါးပြီး ရပ်နေရင်, ထိုင်နေရင်, ရှေ့၌ ရပ်နေရင်, ထိုင်နေရင်, မြင်တဲ့နေရာမှာ ထိုင်နေရင်, ခေါင်းကို ခြုံပြီး ထိုင်နေရင်, ရပ်ပြီး စကားပြော နေရင်, လက်များကို ခါရမ်းပြီး စကားပြောနေရင် အဲဒါတွေဟာ ကိုယ်၏ ရိုင်းပျမှုတွေပဲ၊ မထေရ်ကြီးတွေ၏ နေရာ၌ ထိုင်နေရင်, ရဟန်းငယ်တို့၏ နေရာ၌ တိုးဝှေ့ ထိုင်နေရင်, မထေရ်ကြီးများ ရှေ့သို့ ကျော်တက်သွားရင် အဲဒါတွေလဲ ကိုယ်၏ ရိုင်းပျမှုတွေပဲ၊ ငယ်ရွယ်သူတို့နှင့် ကိုင်တွယ်ထိပါးပြီး ကစားနေရင် ဒါလဲ ကိုယ်၏ ရိုင်းပျမှုပဲ၊ အဲဒီလို ရိုင်းပျမှုတွေ ကင်းရမယ်။

ယခုနေအခါမှာ ထွက်ရပ်ပေါက် ပုဂ္ဂိုလ်ယောင်ယောင်နဲ့ မထေရ်ကြီးအချို့က အမျိုးသမီးကလေးများခေါင်းကို လက်ဖြင့် ပွတ်သပ်ပြီးတော့တောင် သိဒ္ဓိတင် ချီးမြှောက်တာ ရှိတယ်လို့ ကြားရတယ်၊ အဲဒါဟာ ဝိနည်းပညတ်တော်က လုံးဝ တားမြစ်ထားတဲ့အမှုပါပဲ၊ ရဟန်းများမှာ သမီးတို့ အမိတို့တောင် မထိပါးရဘူးလို့ ပညတ်ထားတာ ရှိပါတယ်၊ မိန်းမအရုပ်တောင် သာယာတဲ့စိတ်ဖြင့် မကိုင်ရဘူးလို့ ပညတ်ချက်ရှိပါတယ်၊ ဒါကြောင့် အဲဒီလို ထိပါးမှုဟာလဲ ကိုယ်၏ရိုင်းပျမှုလို့ ဆိုရမှာပဲ။

နောက်တစ်ခုကတော့ သံဃာတော်များ စားသောက်နေတဲ့အခါ အတူစားရင်းဖြစ်ဖြစ်, အနီးအပါးမှာ တည်လျက်ဖြစ်ဖြစ် နှပ်ညစ်တာ, ချွဲသလိပ်ဟပ်တာ ထွေးတာ - ဒီလို ဟာတွေလဲ စက်ဆုပ်ဖွယ်ဖြစ်တဲ့အတွက် ကိုယ်၏ရိုင်းပျမှု မယဉ်ကျေးမှုလို့ ဆိုသင့်တာပါပဲ၊ ဒီလိုစက်ဆုတ်ဖွယ် အပြုအမှုတွေလဲ ကင်းသင့်တာပါပဲ။

(၂) နှုတ်၏ မယဉ်ကျေးခြင်း ဆိုတာကတော့ - လေးဌာနရှိတယ်၊ သံဃာ့အလယ်မှာ ဖြစ်စေ, ပရိတ်သတ်အလယ်မှာဖြစ်စေ မထေရ်ကြီးရှိရာ ဖြစ်စေ ပြောချင် ဟောချင်ရင် မထေရ်ကြီးကို ပန်ကြားပြီး ပြောဟောရတယ်၊ အဲဒီလို မပန်ကြားဘဲ ပြောဟောရင် နှုတ်၏ရိုင်းပျမှု မယဉ်ကျေးခြင်းဘဲ၊ မပန်ကြားပဲ ပြဿနာကို ဖြေရင်လဲ နှုတ်၏ ရိုင်းပျမှုပဲ၊ ရပ်လျက် လက်များကို ခါရမ်းပြီး ပြောဟောနေရင်လဲ နှုတ်၏ ရိုင်းပျမှုပဲ၊ နောက်ပြီးတော့ မပြောသင့်တဲ့ စကားတွေကို သံဃာ့အလယ် ပရိသတ် အလယ်မထေရ်ကြီး ရှေ့မှာပြောရင် ဒါလဲ နှုတ်၏ ရိုင်းပျမှုလို့ ဆိုရမှာပါပဲ၊

နောက်ပြီးတော့ အရပ်ထဲရွာထဲ ဒကာမများအိမ်သို့ သွားရောက်တဲ့အခါ “ဟေ့ ... ဘယ်သူရေ၊ စားစရာ ဘာရှိသလဲ၊ ယာဂုရှိလား၊ ဆွမ်းရှိလား၊ မုန့်ရှိသလား၊ ကော်ဖီ လက်ဖက်ရည်ရှိသလား၊ ငါတို့ ဘာစားရမလဲ၊ ဘာသောက်ရမလဲ၊ ဘာကပ် လှူမလဲ”စသည်ဖြင့် ပြောဆိုတာလဲ နှုတ်၏ ရိုင်းပျမှုပဲ၊ ရဟန်းများမှာ အဲဒီလို ဝိနည်းနဲ့ ဆန့်ကျင်တဲ့ အပြောမျိုးလဲ ကင်းရမှာပဲ။

(၃) စိတ်၏မယဉ်ကျေးခြင်း ဆိုတာကတော့ ရိုသေထိုက်တဲ့ပုဂ္ဂိုလ်များကို စိတ်ကူးဖြင့် မရိုသေမှုပါပဲ၊ အမျိုးဇာတ် စသည်ဖြင့် မြင့်မြတ်တဲ့လူကို မိမိနဲ့တန်းတူထားပြီး ကြံစည်တယ်၊ သီလ, သမာဓိ, ပညာတို့ဖြင့် မြင့်မြတ်တဲ့ပုဂ္ဂိုလ်ကို မိမိနဲ့တန်းတူ ထားပြီး ကြံစည်တယ်၊

စာပေကျမ်းဂန် ဘာမျှမတတ်သိတဲ့ သူက စာပေ ကျမ်းဂန်တတ် ပုဂ္ဂိုလ်များကို သူနဲ့ တန်းတူထားပြီး ကြံစည်တယ်၊ သူ့လောက် တောင် မသိနားမလည်တဲ့ အနေနဲ့လဲ ကြံစည်တယ်၊ တရားအားမထုတ်တဲ့သူက စနစ်တကျ အားထုတ်ထားတဲ့ပုဂ္ဂိုလ်နဲ့ တန်းတူထားပြီး ကြံစည်တယ်၊ အဲဒါတွေဟာ စိတ်၏ ရိုင်းပျမှု မယဉ်ကျေးမှုတွေပဲ၊ အဲဒီ ကိုယ်, နှုတ်, စိတ်သုံးပါးလုံး ရိုင်းပျမှု မယဉ်ကျေးမှုတွေ ကင်းဖို့ပါပဲ။

(၁၄) ဒကာဒကာမတို့၌ တွယ်တာမှု ကင်းရမယ်

နောက်တစ်ပုဒ်ကတော့ - ကုလေသု အမျိုးတို့၌၊ ကုလကို အမျိုးလို့ မြန်မာပြန်လေ့ရှိတဲ့အတိုင်း အမျိုးတို့၌ - လို့ အနက်ပြန်ပြရပါတယ်၊ ဒါပေမယ့် ဒီ (အမျိုး) ကုလဆိုတာက ဆွေမျိုးကို ဆိုတာလဲ မဟုတ်၊ လူမျိုးကို ဆိုတာလဲမဟုတ်၊ အမှန်ဆိုလိုတာကတော့ အိမ်ထောင်စုကို ဆိုလိုတာပါပဲ၊ ဒါကြောင့် ကုလေသု အိမ်ထောင်စုတို့၌ - လို့ အနက်ပြန်ရမလို ဖြစ်နေတယ်၊ ဒါပေမယ့် ရဟန်းနဲ့ ဆက်စပ်ကြည့်တဲ့အခါကျတော့ တယ်မပေါ် လွင်ဘူး၊ ဒါကြောင့် ကုလေသု - အိမ်ထောင်စု ဒကာ ဒကာမတို့၌ - လို့ ပြန်တာက ပိုပြီး ပေါ်လွင်ပါတယ်၊

ကုလေသု - အိမ်ထောင်စု ဒကာ ဒကာမတို့၌၊
အနနုဂိဒ္ဓေါစ - မက်မောတွယ်တာခြင်း ကင်းသည်လည်း၊
အဿ - ဖြစ်ရာ၏တဲ့။

ဒကာ ဒကာမတွေ၌ ခင်မင်တွယ်တာမှု မရှိစေရဘူးလို့ ဆိုလိုတာပါပဲ၊ ရဟန်းက ဒကာဒကာမတွေထံ ဆွမ်းခံကြွတဲ့အခါ, အခြားပစ္စည်း အလှူခံကြွတဲ့အခါ မိမိကိုယ်ကို ဒက္ခိဏေယျဆိုတဲ့ အလှူခံပုဂ္ဂိုလ်မြတ် အနေနဲ့သာ ချဉ်းကပ်ရတယ်၊ ဒကာဒကာမ တွေကလဲ မိမိတို့၏ အလှူဒါနကို အကျိုးကြီးစေနိုင်တဲ့ ဒက္ခိဏေယျ - အလှူခံမြတ် အနေနဲ့သာ အလေးအမြတ်ပြုပြီး လှူရတယ်၊ ဆွေမျိုးအနေ, ခင်မင်ရင်းနှီးတဲ့ အနေဖြင့် မဆက်ဆံရဘူး၊

အကယ်၍ ရဟန်းကလဲ ခင်မင်ရင်းနှီးတဲ့ အနေဖြင့် ဆက်ဆံရင် ရဟန်းဘက်က ဂါဟ - ဖမ်းယူရာ ရောက်တယ်၊ မိမိ၏ အတွင်းသားအနေဖြင့် သိမ်းသွင်းပြီး စွဲလမ်းတာပါပဲ၊
အဲဒီလိုဆိုတော့ သဟနန္ဒီ သဟသောကီ ဖြစ်တယ်၊ သဟနန္ဒီဆိုတာ ဒကာ ဒကာမတွေက ပြည့်စုံချမ်းသာနေလို့ ဝမ်းသာ ဝမ်းမြောက်နေရင် ရဟန်းကလဲ အတူရောပြီး ဝမ်းသာဝမ်းမြောက်နေတာကို ဆိုတာပါပဲ၊ သဟသောကီ ဆိုတာက ဒကာ ဒကာမတွေက ဒုက္ခတွေ့ရလို့ ဝမ်းနည်းနေရင် ရဟန်းကလဲ အတူရောပြီး ဝမ်းနည်းနေတာကို ဆိုတာပါပဲ၊

အဲဒါဟာ ရဟန်းမြတ်တို့၏ ဆက်ဆံပုံ မဟုတ်ဘူး၊ ဒကာ ဒကာမတွေကတော့ သူတို့ကို အကြောင်းပြုပြီးတော့ သူတို့ ဆရာရဟန်းက အတူရောပြီး ဝမ်းသာ ဝမ်းနည်း ဖြစ်နေတယ်ဆိုရင် ပိုပြီး သဘောကျတတ်တယ်၊ ဒါပေမယ့် မြတ်စွာဘုရား အလိုတော်ကတော့ အဲဒီလိုမဟုတ်ဘူး၊ ရဟန်းဟာ သီလ စသည်ဖြင့် ပြည့်စုံပြီး ဒကာ ဒကာမတို့အား စင်ကြယ် မြင့်မြတ်တဲ့ ကုသိုလ်ပေးရုံမျှ, တရားဓမ္မ ဟောပြော ရုံမျှကိုသာ အလိုရှိတော်မူပါတယ်။

ဒါကြောင့် ဒကာ ဒကာမတွေကလဲ မိမိတို့ ကိုးကွယ်နေတဲ့ ရဟန်းကို ကုသိုလ် မျိုးစေ့စိုက်ပျိုးရာ လယ်မြေသဖွယ် နှလုံးသွင်းပြီး လှူဒါန်းဖို့ ကိုးကွယ်ဆည်းကပ်ဖို့ လိုပါတယ်၊ စိုက်ပျိုးရာမှာ မြေဩဇာကောင်းတဲ့ လယ်မြေက အရေးကြီးပါတယ်၊ အဲဒါလိုပဲ အလှူခံရဟန်းမှာလဲ သီလအစရှိသော မြေဩဇာကောင်းများနှင့် ပြည့်စုံဖို့ လိုပါတယ်၊ ဒါကြောင့် ဒကာ ဒကာမများက သီလစသော မြေဩဇာ ကောင်းများနှင့် ပြည့်စုံတဲ့ရဟန်းကို ရဖို့ရာဟာ လိုရင်းပါပဲ၊

မိမိတို့နှင့်စပ်ပြီး ဝမ်းသာ ဝမ်းနည်းနေတဲ့အတွက် မိမိတို့မှာ တစ်ထောင်တန်ရမလား၊ တစ်သောင်းတန် တစ်သိန်းတန်ရမလား၊ ဘာမျှမရနိုင်ပါဘူး၊ ကူညီစောင့်ရှောက်ရင် တစ်ရာတန်, တစ်ထောင်တန် ဒါလောက်သာရဖို့ ရှိပါတယ်၊ ဒကာ ဒကာမတို့နှင့် မရောယှက် မတွယ်တာဘဲ သန့်ရှင်းစင်ကြယ်တဲ့ ဒက္ခိဏေယျ - အလှူခံမြတ် ရဟန်းအား သီလစသော ဂုဏ်ကိုသာ အာရုံပြုပြီး လှူဒါန်းတဲ့ ကုသိုလ်၏ အကျိုးကတော့ သိန်းသန်းကုဋေမက များစွာ ထိုက်တန်ပါတယ်၊

ရာဇဂြိုဟ်မြို့မှာ ဣန္ဒကဆိုတဲ့ လူဟာ အရှင်အနုရုဒ္ဓါအား ဆွမ်းတစ်ဇွန်းမျှ လှူတဲ့ကုသိုလ်ကြောင့် တာဝတိံသာ နတ်ပြည်မှာ တန်ခိုးကြီးတဲ့နတ်ဖြစ်ရတယ်၊ အဲဒါကို ထောက်ဆကြည့်ရင် သီလစသော ဂုဏ်ကို အာရုံပြုပြီး လှူတာက အလွန်မြင့်မြတ်ကြောင်း ထင်ရှားပါတယ်၊ အဲဒီလို မဟုတ်ဘဲ ရဟန်းကို ရင်းနှီးတဲ့ မိတ်ဆွေအဖြစ် လောကရေးဘက်က အကူအညီ ပေးမည့်သူအဖြစ်ဖြင့် မျှော်လင့်ပြီး လှူဒါန်းဆည်းကပ်ရင်တော့ ဒကာ ဒကာမများဘက်ကလဲ ဂါဟဖြစ်တယ်၊ အတွင်းသား အကျိုးဆောင် အဖြစ်ဖြင့် ဖမ်းယူတဲ့ သဘောပါပဲ၊

အဲဒီလို ရဟန်းဘက်ကရော ဒကာဒကာမများ ဘက်ကရော မရိုးသားတဲ့ နည်းဖြင့် ဆက်ဆံရင် ဂါဟဂါဟဖြစ်တယ်လို့ အဋ္ဌကထာမှာ ဆိုတယ်၊ ဆရာကလဲဖမ်း၊ ဒကာကလဲဖမ်း နှစ်ဖက်လုံးက အပြန်အလှန်ဖမ်းခြင်းလို့ ဆိုလိုတယ်။ ရဟန်းဘက်က ဒက္ခိဏေယျအဖြစ်ဖြင့် ဆက်ဆံ၍ ဒကာများဘက်က မရိုးသားလျှင် မုတ္တဂါဟ ဖြစ်တယ်တဲ့၊ ရဟန်းဘက်က လွတ်ကင်းပြီး ဒကာများဘက်က ဖမ်းခြင်းလို့ ဆိုလိုတယ်၊

ဒကာများဘက်က ဒက္ခိဏေယျ အဖြစ်ဖြင့် ဆည်းကပ်ပြီး ရဟန်းဘက်က မရိုးသားရင် ဂါဟမုတ္တတဲ့၊ ရဟန်းဘက်က ဖမ်းပြီး ဒကာများဘက်က လွတ်ကင်းခြင်းလို့ ဆိုလိုတယ်၊ ဒါမျိုးတွေကတော့ များပုံပေါ်ပါရဲ့၊ နှစ်ဖက်လုံးက ဒက္ခိဏေယျအဖြစ်ဖြင့် ရိုးသားစွာ ဆက်ဆံရင်တော့ မုတ္တမုတ္တ ဖြစ်တယ်တဲ့၊ နှစ်ဖက်လုံးက လွတ်ကင်းတယ် လို့ ဆိုလိုတာပါပဲ၊

အဲဒီလို မုတ္တမုတ္တ ဖြစ်အောင်ဆက်ဆံဖို့ အလွန်ပင်လိုပါတယ်၊ (အဲဒီ အကြောင်းအရာ များနှင့်စပ်ပြီး မူလဟောစဉ်က အကျယ်ဟောခဲ့၏၊ ယခုအခါတွင် တုဝဋကသုတ် တရားစာအုပ်၌ ထိုအကြောင်းအရာများ ရှိနေပြီဖြစ်သောကြောင့် ဤစာမူချော၌ ချုံးလိုက်၏၊ အလိုရှိလျှင် တုဝဋကသုတ် တရားတော် နှာ - ၁၇၁-၌ ကြည့်ပါ)

ဒုတိယဂါထာကတော့ ပြည့်စုံလုံလောက်ပါပြီ၊ ယခု တတိယ ဂါထာကို ဟောရမယ်။

၃။ န စ ခုဒ္ဒမာစရေ ကိဉ္စိ၊
ယေန ဝိညူပရေ ဥပဝဒေယျုံ၊
သုခိနော ဝ ခေမိနော ဟောန္တု၊
သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။

(၁၅) အခြေခံ နောက်ဆုံးကျင့်ဝတ်

၃။ - ထို့ပြင်လဲ၊
ယေန - အကြင် မကောင်းမှုကြောင့်၊
ဝိညူပရေ - ပညာရှိသူ အခြား ပုဂ္ဂိုလ်တို့က၊
ဥပဝဒေယျုံ အပြစ်ပြကာ ကဲ့ရဲ့ကုန်ရာ၏၊
ခုဒ္ဒံ - သေးနုပ်ယုတ်ညံ့သော၊
တံ - ထိုသို့သော ကဲ့ရဲ့ဖွယ် မကောင်းမှုကို၊
ကိဉ္စိ - တစ်စုံတစ်ရာ အသေးအဖွဲကိုမျှ၊
န အာစရေ - မပြုကျင့်ရာတဲ့၊

ဒါကတော့ မေတ္တာဘာဝနာ၏ ရှေးအဖို့ကပင် ပြည့်စုံသင့်တဲ့ အခြေခံကျင့်ဝတ် (၁၅) ပါး ထဲက နောက်ဆုံး ကျင့်ဝတ်ပါပဲ၊ အဲဒီ ၁၅-ပါး သရုပ်ပေါ်အောင် ရေတွက် ပြပါဦးမယ်။

(၁) သက္ကော - ကျင့်စွမ်းနိုင်ရမယ်၊

(၂) ဥဇု - ဖြောင့်မတ်ရမယ်၊

(၃) သုဟုဇု - အလွန်ဖြောင့်မတ်ရမယ်၊

(၄) သုဝစော ဆိုဆုံးမလွယ်သူ ဖြစ်ရမယ်၊

(၅) မုဒု - နူးညံ့ပျော့ပျောင်းရမယ်၊

(၆) အနတိမာနီ - ကိုကိုယ် အထင်ကြီးပြီး သူတစ်ပါးကို မထီမဲ့မြင် မပြုရဘူး၊

(၇) သန္တုဿကော - ရောင့်ရဲလွယ်ရမယ်၊

(၈) သုဘရော - ဒကာ ဒကာမတို့ကပြုစုမွေးမြူလွယ်သူ ဖြစ်ရမယ်၊

(၉) အပ္ပကိစ္စော - ကိစ္စနည်းရမယ်၊

(၁၀) သလ္လဟုကဝုတ္တိ - အသုံးအဆောင်ပစ္စည်းမများပါဘဲ ပေါ့ပါးသော ဖြစ်ခြင်း ရှိရမယ်၊

(၁၁) သန္တိန္ဒြိယော - မျက်စိစသော ဣန္ဒြေငြိမ်သက်ရမယ်၊

(၁၂) နိပကော - ရင့်ကျက်သော ဆင်ခြင်ဉာဏ် ရှိရမယ်၊

(၁၃) အပ္ပဂဗ္ဘော - ကြမ်းတမ်း ရိုင်းပျခြင်းကင်း၍ ယဉ်ကျေးသိမ်မွေ့ရမယ်၊

(၁၄) အနနုဂိဒ္ဓေါ - ဒကာ ဒကာမတို့၌ မက်မောတွယ်တာခြင်း ကင်းရမယ်တဲ့၊

ဒီအထိ ကျင့်ဝတ် (၁၄)ပါးကို ပြောလို့ ပြီးခဲ့ပြီ၊ ယခုနောက်ဆုံး (၁၅) ကျင့်ဝတ်ကတော့ ပညာရှိများ အပြစ်တင်ဖွယ် ကဲ့ရဲ့ဖွယ်ဆိုရင် အသေးအဖွဲမကောင်းမှု ကလေး တစ်စုံတစ်ခုကိုတောင် မပြုပါနဲ့တဲ့၊ ပညာရှိ သူတစ်ပါးတွေက ဘယ်လို အသေးအဖွဲကလေးကိုမျှ မပြုရဘူး၊ မပြောရဘူး၊ စိတ်ဖြင့်လဲ မကြံရဘူး၊ ဒါပေမယ့် စိတ်အကြံကို လုံးဝကင်းအောင် စောင့်ရှောက်ဖို့ကတော့ မလွယ်ပေဘူး၊ ဒါကြောင့် တတ်နိုင်သမျှ ပယ်ရုံပါပဲ။

အဲဒီရှေးအဖို့ကစ၍ ပြည့်စုံသင့်တဲ့ ကျင့်ဝတ် (၁၅)ပါးကို ပြပြီးတော့ သာမန် မေတ္တာပွားပုံကို ဒီလို စပြီးပြတော်မူပါတယ်။

သာမန် မေတ္တာပွားပုံ

သဗ္ဗသတ္တာ - အလုံးစုံသော သတ္တဝါတို့သည်၊
သုခိနော ဝါ - ချမ်းသာကြကုန်သည် လည်းကောင်း၊

(ဂါထာပါဠိမှာ ဆန်းဂိုဏ်းကိုငဲ့ပြီး ဝါ - ကို လို့ ရဿနှင့် ဆိုထားပါတယ်၊ - လို့ရှိရင် ပိုပြီးကောင်းမှာပါပဲ၊ ဒါပေမယ့် အများ စာမူအတိုင်း ဝါ - အစား - လို့ ဟောထားတယ်လို့ ယူဆရတာပါပဲ။)

ခေမိနောဝါ - ဘေးရန်ကင်းကြကုန်သည် လည်းကောင်း၊
ဟောန္တု - ဖြစ်ကြပါစေ၊
သုခိတတ္တာ - ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြသည်၊
ဘဝန္တု - ဖြစ်ကြပါစေတဲ့။

အဲဒီမှာ သုခိနော - ပုဒ်ကိုသဒ္ဓါအနက်အားဖြင့် ချမ်းသာရှိကြသည် - ချမ်းသာနှင့် ပြည့်စုံကြသည်လို့ ပြန်ရတယ်၊ ခေမိနော - ကိုလဲ ဘေးကင်းရာ ရှိကြပါစေလို့ ပြန်ရတယ်၊ ဒါပေမယ့် မြန်မာဘာသာအရ ချမ်းသာကြသည် - ဘေးရန် ကင်းကြသည် ဆိုတာနဲ့အနက် အတူပါပဲ၊ ဒါကြောင့် အားလုံးသတ္တဝါတွေ ချမ်းသာကြပါစေ ဘေးရန် ကင်းကြပါစေလို့ စိတ်သက်သက်ဖြင့်ဖြစ်စေ နှုတ်ကပါ ရွတ်ဆိုလျက်ဖြစ်စေ မေတ္တာပွားဖို့ပါပဲ၊ သုခိတတ္တာဆိုတဲ့ပုဒ်ထဲမှာ သုခိတ - ဆိုတာက ဖြစ်သော ချမ်းသာ ရှိသည်လို့ သဒ္ဓါနက်ရတယ်၊ အတ္တ - ဆိုတာကတော့ စိတ်လို့လဲ အနက်ရတယ်၊ ကိုယ်လို့လဲ အနက်ရတယ်၊ ကိုယ်ဆိုတော့ ရုပ်ကိုယ် နာမ်ကိုယ် နှစ်ပါးလုံးကို ယူနိုင်ပါတယ်၊

အဲဒီမှာ သဒ္ဓါနက်အားဖြင့်တော့ ချမ်းသာနှင့်ပြည့်စုံသော ကိုယ်စိတ် ရှိကြသည် လို့ရပါတယ်၊ အဲဒါဟာ ဆိုလိုတဲ့ အနက်အားဖြင့်တော့ ချမ်းသာသော ကိုယ်စိတ် ရှိကြသည် - ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြသည်ဆိုတာနဲ့ အတူတူပါပဲ၊ ဒါကြောင့် အဲဒီပုဒ်အရအားဖြင့်လဲ အားလုံးသတ္တဝါတွေ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ - လို့ မေတ္တာပွားနိုင်ပါတယ်၊

ကဲ - အဲဒီပုဒ်များအရ နှုတ်ဖြင့် ရွတ်ဆိုပြီး မေတ္တာပွားကြရမယ်၊ လိုက်ဆိုကြ။

အားလုံးသတ္တဝါတွေ ချမ်းသာကြပါစေ၊ ဘေးရန် ကင်းကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။ (၃ - ကြိမ်)

အဲဒီလို ရွတ်ဆိုပြီး မေတ္တာပွားတဲ့အခါ ရွတ်ဆိုတိုင်း ရွတ်ဆိုတိုင်း ရွတ်ဆိုလိုတဲ့ စိတ်ဟာ အသစ်အသစ် ဖြစ်ပြီး ပျက်ပျက်သွားတယ်၊ ချမ်းသာပါစေလို့ နှလုံးသွင်းတဲ့ မေတ္တာစိတ်လဲပျက်ပျက် သွားတာပဲ၊ ရွတ်ဆိုတဲ့ ကိုယ်အမူအရာနဲ့ အသံလဲ အသစ် အသစ် ဖြစ်ဖြစ်ပြီး ပျက်ပျက်သွားတာပဲ၊ အဲဒီ ပျက်ပျက်သွားတဲ့ ရုပ်နာမ်တွေကို ရွတ်ဆိုတိုင်း, နှလုံးသွင်းတိုင်း ရှုရှုသွားကြရမယ်၊ အဲဒီလိုရှုတာက ဝိပဿနာပဲ၊

ခယတော ဝယတော သမ္မသိတွာ - ကုန်သွားသည်, ပျက်သွားသည်ဟု သုံးသပ်ပြီး အရဟတ္တဖိုလ်အထိ ရောက်နိုင်ကြောင်း အဋ္ဌကထာများမှာ အထင်အရှား ပြဆိုထားပါတယ်၊ ဒါကြောင့် ရွတ်ဆိုပြီးတိုင်း နှလုံးသွင်းတာ ရွတ်ဆိုတာကို တစ်ပါတည်း ရှုရှုသွားကြရမယ်၊ ကဲ - လိုက်ဆိုရင်း ရှုကြ။

အားလုံးသတ္တဝါတွေ ချမ်းသာကြပါစေ။ပ။ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။ (၃)

ဒီကနောက်တော့ သတ္တဝါတွေကို ၂ - ပိုင်း ၃ - ပိုင်းခွဲခြားပြီး မေတ္တာပွားပုံကို ဂါထာ ၂ - ပုဒ်ဖြင့် ဟောကြား ညွှန်ပြတော်မူပါတယ်၊ အဲဒီဂါထာ ၂ - ပုဒ်ကို ယခု ရွတ်ပြပြီး ဟောကြားရမယ်။

၂ - ပိုင်း ၃ - ပိုင်းခွဲ၍ မေတ္တာပွားပုံ

၄။ ယေ ကေစိ ပါဏဘူတတ္ထိ၊
တသာ ဝါ ထာဝရာ ဝ, နဝသေသာ။
ဒီဃာ ဝါ ယေ ဝ မဟန္တ၊
မဇ္ဈိမာ ရဿကာ အဏုကထူလာ။

၅။ ဒိဋ္ဌာ ဝါ ယေ ဝ အဒိဋ္ဌ၊
ယေ ဝ ဒူရေ ဝသန္တိ အဝိဒူရေ။
ဘူတာ ဝ သဗ္ဘဝေသီဝ၊
သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။

၄။ တသာ ဝါ - ထိတ်လန့် တတ်သည့် ပုထုဇဉ် သေက္ခမူလည်း ဖြစ်ကုန်သော၊
ထာဝရာ ဝါ - ထိတ်လန့်ခြင်း မရှိဘဲ ခိုင်မြဲ တည်တံ့သည့် ရဟန္တာမူလည်း ဖြစ်ကုန်သော၊
ယေ ကေစိ ပါဏဘူတာ - အမှတ်မရှိ အလုံးစုံသော အကြင် သတ္တဝါတို့သည်၊

(ပါဏဘူတာ - ဟူသော သဒ္ဓါနောက်သို့မလိုက်ဘဲ လိုရင်းအနက်မျှသာ ပြန်သည်)

အတ္တိ - ရှိကုန်၏၊
အနဝသေသာ အကြွင်းမဲ့အလုံးစုံကုန်သော၊
ဣမေ သတ္တာ - ဤသတ္တဝါတို့သည်၊
သုခိတတ္တာ - ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြကုန်သည်၊
ဘဝန္တု - ဖြစ်ကြပါစေကုန်သတည်း။

တသ - ထိတ်လန့်တယ်ဆိုတာက ဒေါသဖြင့် ထိတ်လန့်တာလဲရှိတယ်၊ တဏှာဖြင့် ထိတ်လန့်တာလဲရှိတယ်၊ ဒေါသဖြင့် ထိတ်လန့်တတ်တဲ့ သတ္တဝါတွေ ဆိုတာက ဒေါသ မကင်းသေးတဲ့ ပုထုဇဉ် သောတာပန်, သကဒါဂါမ် ပုဂ္ဂိုလ်တွေပဲ၊ တဏှာဖြင့် ထိတ်လန့်တတ်တဲ့ သတ္တဝါတွေ ဆိုတာကတော့ ပုထုဇဉ် သောတာပန်, သကဒါဂါမ် များနှင့်တကွ အနာဂါမ် ပုဂ္ဂိုလ်တွေပဲ၊

တဏှာဖြင့် ဘယ်လိုထိတ်လန့်သလဲဆိုတော့ မိမိလိုချင်နှစ်သက်တာကို မရမှာစိုးတဲ့ သဘောမျိုးပါပဲ၊ ထိတ်လန့် တုန်လှုပ်ခြင်း မရှိဘဲ ခိုင်မြဲတည်တံ့တဲ့ ပုဂ္ဂိုလ်တွေ ဆိုတာကတော့ တဏှာကင်းကြတဲ့ ရဟန္တာအရှင်မြတ်တွေပါပဲ၊ အဲဒီတော့ တသာ - ထိတ်လန့်တတ်တဲ့ သတ္တဝါတွေဆိုတာ တဏှာမကင်းသေးတဲ့ သတ္တဝါတွေပါပဲ၊ ထာဝရာ - ထိတ်လန့်တုန်လှုပ်ခြင်း မရှိဘဲ ခိုင်မြဲတည်တံ့တဲ့ သတ္တဝါတွေဆိုတာ ကတော့ ရဟန္တာအရှင်မြတ်တွေပါပဲ၊

ဒါကြောင့် တသာ ဝါ ထာဝရာ ဝါ ဆိုတဲ့ အဲဒီ ၂ - ပုဒ်ဖြင့် တဏှာမကင်းတဲ့ပုဂ္ဂိုလ်, တဏှာကင်းတဲ့ပုဂ္ဂိုလ်ဆိုတဲ့ ဒီ ၂ - မျိုးကို ခွဲခြားပြီး မေတ္တာပွားတာပါပဲ၊ ကဲ - အဲဒီ ၂ - ပုဒ်အရ ရွတ်ဆိုပြီး မေတ္တာပွားကြရမယ်၊ ဝိပဿနာလဲ တစ်ပါတည်း တွဲပြီး ရှုကြရမယ်၊ လိုက်ဆိုကြ။

၂ - ပိုင်းခွဲ၍ မေတ္တာပွားပုံ

တဏှာ မကင်းသေး၍ ထိတ်လန့်တတ်တဲ့ ပုထုဇဉ် သေက္ခပုဂ္ဂိုလ်တွေ ကိုယ်စိတ် နှစ်ဖြာ ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ။

တဏှာကင်း၍ မထိတ်လန့်တော့ဘဲ ခိုင်မြဲတည်တံ့တဲ့ ရဟန္တာ အရှင်မြတ်တွေ ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ။

ထိတ်လန့်တတ်တဲ့ သတ္တဝါတွေရော၊ မထိတ်လန့်တတ်တဲ့ ရဟန္တာတွေရော အားလုံးချမ်းသာကြပါစေ၊ ချမ်းသာ ကြပါစေ၊ ချမ်းသာကြပါစေ။

၃ - ပိုင်းခွဲ၍ မေတ္တာပွားပုံ

ယေ ဒီဃာ ဝါ - ကိုယ်ထည်ရှည်လျားသော အကြင်သတ္တဝါတို့သည် လည်းကောင်း၊
ယေ ဝါ မဟန္တာ - ကိုယ်ထည် ကြီးမားသော အကြင်သတ္တဝါတို့သည် လည်းကောင်း၊

(ဂါထာပါဠိ၌ ဝါ - ဟု, န္တာ - ဟုဆိုသင့်ရာတွင် ဆန်းလက္ခဏာနှင့် ညီစေရန် - ဟု, န္တ - ဟု ရှိနေသည်၊ အဏုက, အဒိဋ္ဌ - ဟုရှိရာ၌လည်း နည်းတူပင်)

ယေ ဝါ မဇ္ဈိမာ - ကိုယ်ထည် မရှည်မတို မကြီးမငယ် အလယ်အလတ်စားရှိသော အကြင်သတ္တဝါတို့သည် လည်းကောင်း၊
ယေဝါရဿကာ - ကိုယ်ထည် ပုတိုသော အကြင်သတ္တဝါတို့သည် လည်းကောင်း၊
ယေ ဝါ အဏုကာ - ကိုယ်ထည် သေးမွှားသော အကြင် သတ္တဝါတို့သည် လည်းကောင်း၊
ယေ ဝါ ထူလာ - ကိုယ်ထည် ဝန်းဝိုင်း ထွားကျိုင်း ဝဖြိုးသော အကြင်သတ္တဝါ တို့သည် လည်းကောင်း၊
အတ္ထိ - ရှိကုန်၏၊
အနဝသေသာ - ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော၊
ဣမေ သတ္တာ - ဤသတ္တဝါတို့သည်၊
သုခိတတ္တာ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြကုန်သည်၊
ဘဝန္တု - ဖြစ်ကြပါစေကုန်သတည်း။

ဒီဂါထာဝက်စကားရပ်ဖြင့် သတ္တဝါတွေကို ၃ - ပိုင်းခွဲခြားပြီး မေတ္တာပွားပုံ ၃ - နည်းကို ပြတော်မူပါတယ်၊ ပထမနည်းဖြင့် အရှည်အတို အလတ် အတိုင်းအရှည်အရ ခွဲခြားပြီးပွားပုံကို ပြတယ်၊ အဲဒီ သုံးမျိုးထဲက ကိုယ်ထည်ရှည်တဲ့ သတ္တဝါတွေ ဆိုတာ မြွေ နဂါး ဖွတ် တီကောင် အစရှိတဲ့သတ္တဝါတွေပဲ၊ တိုတဲ့ သတ္တဝါတွေ ဆိုတာကတော့ ကြက် ငှက် ဖား အစရှိတဲ့ သတ္တဝါတွေပဲ၊ အလယ် အလတ် သတ္တဝါတွေ ဆိုတာကတော့ မြင်း နွား ကျွဲဝက်အစရှိတဲ့ သတ္တဝါတွေပဲ၊ အဲဒါကို တိတိကျကျ အဆုံးအဖြတ် ပေးဖို့ကတော့ လွယ်ပုံမရပါဘူး၊

ကဲ အဲဒီသုံးမျိုးအရ ခွဲခြားပြီး မေတ္တာပွားကြရမယ်၊ လိုက်ဆိုကြ။

ကိုယ်ထည်ရှည်တဲ့ သတ္တဝါတွေ ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ၊ ချမ်းသာ ကြပါစေ … ။

ကိုယ်ထည်တိုတဲ့ ပုတဲ့ သတ္တဝါတွေ ချမ်းသာကြပါစေ..။

ကိုယ်ထည် မရှည်မတို အလယ် အလတ် သတ္တဝါတွေ ချမ်းသာကြပါစေ..။

ကိုယ်အထည်ဒြပ် အရှည်အတို အလတ်စား သတ္တဝါတွေ အားလုံး ချမ်းသာ ကြပါစေ....။

နောက်ပြီးတော့ ဒုတိယနည်းဖြင့် အကြီး အငယ် အလတ်အတိုင်းအရှည်အရ ခွဲခြားပြီး ပွားပုံကိုပြတယ်၊ အဲဒီသုံးမျိုးထဲက ကိုယ်ထည်ကြီးမားတဲ့ သတ္တဝါတွေ ဆိုတာ ရေထဲက ငါးကြီး လိပ်ကြီး စသည်တွေရယ်၊ ကုန်းပေါ်က ဆင် နဂါး စသည်တွေရယ်၊ နတ်လောကမှ ဘီလူးကြီးတွေ နတ်ကြီးတွေ ဗြဟ္မာကြီးတွေရယ် ဒီလို သတ္တဝါတွေပါပဲ၊ အဏုက - အငယ်စား သတ္တဝါတွေ ဆိုတာကတော့ အသေး အမွှား ပိုးကောင် ကကလေးများ စသည်တွေပါပဲ၊ အလတ်စား သတ္တဝါတွေ ဆိုတာကတော့ လူတို့ ခွေး, ဝက်, ကြက်, ငှက်စသည်တို့ကို ယူသင့်ပါတယ်၊ ဒီသုံးမျိုးကိုလဲ အတိအကျဆုံးဖြတ်ဖို့ မလွယ်ပါဘူး၊

ကဲ အဲဒီသုံးမျိုးအရ ခွဲခြားပြီး မေတ္တာပွားကြရမယ်၊ လိုက်ဆိုကြ။

ကိုယ်ထည်ကြီးမားတဲ့ သတ္တဝါတွေ ချမ်းသာကြပါစေ။

ကိုယ်ထည်သေးငယ်တဲ့ သတ္တဝါတွေ ချမ်းသာကြပါစေ။

ကိုယ်ထည်ဒြပ် မကြီးမငယ် အလယ်အလတ် သတ္တဝါတွေ ချမ်းသာကြပါစေ။

ကိုယ်ထည်ဒြပ် အကြီးအငယ် အလယ်အလတ် သတ္တဝါတွေ အားလုံး ချမ်းသာကြပါစေ...။

နောက်ပြီးတော့ တတိယနည်းဖြင့် ထူလ - ဝန်းဝိုင်းထွားကျိုင်းဝဖြိုးတဲ့ သတ္တဝါရယ်၊ အသေး အမွှား သတ္တဝါကလေးများရယ်၊ အလတ်စားသတ္တဝါရယ်၊ ဒီသုံးမျိုး အရခွဲခြားပြီးပွားပုံကိုပြတယ်၊ အဲဒီသုံးမျိုးထဲက ဝန်းဝိုင်း ထွားကျိုင်း ဝဖြိုးတဲ့ သတ္တဝါတွေဆိုတာ ကိုယ်အထည်ဒြပ် ဝန်းဝိုင်း ထွားကျိုင်း ဝဖြိုးတဲ့ ငါး လိပ် ယောက်သွား ခရု စသည်ပဲလို့ ဆိုပါတယ်။

အဏုက - အသေးအမွှား သတ္တဝါတွေ ဆိုတာကတော့ လူတို့၏ ပကတိ မျက်စိဖြင့် မမြင်နိုင်ကောင်းတဲ့ အလွန်သေးငယ်တဲ့ ပိုးမွှားကလေးများနဲ့ သန်းစသည်တွေပဲလို့ ဆိုပါတယ်၊ အလတ်စား သတ္တဝါတွေ ဆိုတာကတော့ မျက်စိနဲ့မြင်နိုင်ကောင်းတဲ့ အလွန်လဲ မထွားကျိုင်း မဝဖြိုးတဲ့ သတ္တဝါတွေကို ယူရမှာပဲ၊ ဒီသုံးမျိုးကိုလဲ အတိ အကျဆုံးဖြတ်ဖို့ ခက်ပါတယ်၊ ဒါကြောင့် တစ်နည်းအားဖြင့် အမျိုးတူ သတ္တဝါထဲက အကြီးနှင့်အလတ် အဝနှင့် အလတ်တို့အောက် အငယ် အသေးအမွှား သတ္တဝါ တို့ကို အဏုက - လို့ ယူအပ်ကြောင်းကိုလဲ အဋ္ဌကထာမှာ ပြဆိုထားပါတယ်၊

ဝိနည်းအရအားဖြင့်လူဆိုရင် ၅ - ပေခွဲ ၆ - ပေ ကျော်ရှိပြီး အလေးချိန်ပေါင် ၁၆၀ - ကျော်ရှိတဲ့ လူတွေကို အကြီးစား အဝစားဟူ၍လည်းကောင်း၊ ၂ - ပေ ၃ - ပေ လောက် ရှိပြီး ပေါင်ချိန်တစ်ရာ မပြည့်တဲ့လူတွေကို အပု အငယ်စားဟူ၍ လည်းကောင်း ယူပြီး ကျန်တဲ့လူတွေကို အလတ်စားဟုယူလျှင် သင့်လောက်စရာ ရှိပါရဲ့၊ ဒါလဲကိန်းသေ သတ်မှတ် ဆုံးဖြတ်ဖို့ကတော့ ခက်ပါတယ်၊

ဒါကြောင့် အတိအကျ မပိုင်းခြားဘဲ အကြီးနှင့် အဝ - အငယ်, အလတ် သာမန် လောက်သာ မှတ်သားပြီး မေတ္တာပွားဖို့ ရှိတာပါပဲ၊ ကဲ ယခုနောက်ဆုံး သုံးပိုင်းအရ မေတ္တာပွားကြရမယ်၊ လိုက်ဆိုကြ။

ကိုယ်အထည်ဒြပ် လုံးဝိုင်းဝဖြိုးတဲ့ သတ္တဝါတွေ ချမ်းသာကြပါစေ....။

ကိုယ်အထည်ဒြပ် အလွန်သေးတဲ့သတ္တဝါတွေ ချမ်းသာကြပါစေ....။

ကိုယ်အထည်ဒြပ် အလယ်အလတ်စားသတ္တဝါတွေ ချမ်းသာကြပါစေ....။

ဝဖြိုးသေးမွှား အလတ်စားသတ္တဝါတွေ အားလုံး ချမ်းသာကြပါစေ....။

တစ်ဖန် ၂ - ပိုင်းခွဲခြား၍ မေတ္တာပွားပုံ ၃ - နည်း

၅။ ဒိဋ္ဌာ ဝါ ယေ ဝ အဒိဋ္ဌ၊
ယေဝ ဒူရေ ဝသန္တိ အဝိဒူရေ။
ဘူတာ ဝ သမ္ဘဝေသီ ဝ၊
သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။

ယေ ဒိဋ္ဌာ ဝါ - မြင်ဖူးသော အကြင်သတ္တဝါတို့လည်းကောင်း၊
ယေ ဝါ အဒိဋ္ဌာ - မမြင်ဖူးသော အကြင်သတ္တဝါ တို့သည်လည်းကောင်း၊
အတ္ထိ - ရှိကုန်၏၊
ယေ ဝါ - အကြင်သတ္တဝါတို့သည်လည်း၊
ဒူရေ - အဝေး၌၊
ဝသန္တိ - နေကြကုန်၏၊
ယေဝါ - အကြင်သတ္တဝါတို့သည်လည်း၊
အဝိဒူရေ - အနီး၌၊
ဝသန္တိ - နေကြကုန်၏၊
ယေဘူတာ ဝါ - အကြင်ဖြစ်ပြီး သတ္တဝါတို့သည် လည်းကောင်း၊
ယေသမ္ဘဝေသီ ဝါ - အကြင် ဖြစ်ဆဲ သတ္တဝါတို့သည် လည်းကောင်း၊
အတ္ထိ - ရှိကုန်၏၊
ဣမေ သဗ္ဗသတ္တာဤသတ္တဝါအားလုံးတို့သည်၊
သုခိတတ္တာ - ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြသည်၊
ဘဝန္တု - ဖြစ်ပါစေကုန်သတည်း - တဲ့။

ပထမတစ်စုံက မြင်ဖူးတဲ့သတ္တဝါနဲ့မမြင်ဖူးတဲ့ သတ္တဝါတွေကို ခွဲခြားပြီး မေတ္တာ ပွားပုံပါပဲ၊ အဲဒါကတော့ ရှင်းလင်း ပြတ်သားပါတယ်၊ သိလွယ်ပါတယ်၊ အဲဒီ ပထမတစ်စုံအရ မေတ္တာပွားကြရမယ်၊ လိုက်ဆိုကြ။

တွေ့မြင်ဖူးတဲ့ သတ္တဝါတွေ ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ...။

မတွေ့မမြင်ဖူးတဲ့ သတ္တဝါတွေ ချမ်းသာကြပါစေ....။

တွေ့မြင်ဖူးတာတွေရော မတွေ့မြင်ဖူးတာရော အားလုံးသတ္တဝါတွေ ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ။

ဒုတိယတစ်စုံကလဲ အနီးနေ အဝေးနေအားဖြင့် ခွဲခြားပြီး မေတ္တာပွားပုံကို ပြပါတယ်၊ အနီးအရပ်နဲ့ အဝေးအရပ်ကိုတော့ မိမိတို့ သဘောအတိုင်း ပိုင်းခြားပြီး အာရုံပြုကြ ဖို့ပါပဲ၊ အဲဒီ ဒုတိယတစ်စုံအရ မေတ္တာပွားကြရမယ်၊ လိုက်ဆိုကြ။

အနီးမှာနေကြတဲ့ သတ္တဝါတွေ ချမ်းသာကြပါစေ...။

အဝေးမှာနေကြတဲ့ သတ္တဝါတွေ ချမ်းသာကြပါစေ...။

အနီးနေ အဝေးနေ သတ္တဝါတွေ ချမ်းသာကြပါစေ...။

တတိယအစုံထဲက ဘူတာ - အရ ဖြစ်ပြီး သတ္တဝါတွေဆိုတာ ဖြစ်ခြင်း အားလုံး ပြီးဆုံးကြတဲ့အတွက် နောက်ထပ် ဘဝအသစ်ဖြစ်ရန် မရှိတော့တဲ့ ရဟန္တာ ပုဂ္ဂိုလ် တွေပါပဲ၊ ဖြစ်ဆဲသတ္တဝါ ဆိုတာကတော့ ကိလေသာ မကင်းသေးလို့ နောက်ထပ် ဘဝအသစ်ဖြစ်ရန် ရှိနေသေးတဲ့ ပုထုဇဉ်နဲ့ သေက္ခပုဂ္ဂိုလ်တွေပါပဲ၊

သဒ္ဒါနက်အားဖြင့်ဆိုရင် သမ္ဘဝဆိုတဲ့ တစ်ဖန်ဖြစ်ရမည့်ဘဝသစ်ကို ဧသီ - ရှာနေတဲ့ သတ္တဝါတွေလို့ ဆိုလိုပါတယ်၊ အဲဒီလိုဘဝသစ်ကို ရှာနေတဲ့ သတ္တဝါတွေဟာ ဖြစ်ခြင်းကိစ္စ မပြီးမပြတ်သေးဘူး၊ ဖြစ်နေတုန်းလို့ပဲ ဆိုရပါတယ်၊ ဒါကြောင့် ဖြစ်ပြီးဆိုတဲ့ တွဲဖက်ပုဒ်နဲ့လဲနီးစပ်စေရန်, နောက်တစ်နည်း ဖွင့်ပြမည့်အနက်လဲ လျော်စေရန် ဖြစ်ဆဲ သတ္တဝါတွေလို့ အနက်ပြန်ထားပါတယ်၊ အဲဒီအနက်အရ မေတ္တာပွားကြရမယ်၊ လိုက်ဆိုကြ။

ဖြစ်ပြီးမည်တဲ့ ရဟန္တာပုဂ္ဂိုလ်တွေ ချမ်းသာကြပါစေ...။

ဖြစ်ရန်ရှိသေး၍ ဖြစ်ဆဲမည်သော ပုထုဇဉ် သေက္ခပုဂ္ဂိုလ်တွေ ချမ်းသာကြပါစေ...။

ဖြစ်ပြီးဖြစ်ဆဲ အားလုံးသတ္တဝါတွေ ချမ်းသာကြပါစေ...။

တစ်နည်းအားဖြင့် အမိဝမ်းတွင်းမှာပဋိသန္ဓေတည်ဆဲမမွေးမီအတွင်းမှာ သမ္ဘဝေသီ - ဘဝရှာနေသူ - ဖြစ်နေဆဲ မည်တယ်၊ အမိဝမ်းတွင်းမှ မွေးဖွားပြီးတဲ့အခါ ဘူတ - ဖြစ်ပြီး မွေးပြီးမည်တယ်၊ ထို့အတူ ဥထဲမှာ မပေါက်သေးမီမှာ သမ္ဘေဝေသီ ဖြစ်ဆဲမည်တယ်၊ ဥထဲမှာ ပေါက်ပြီးတဲ့အခါ ဘူတ - ဖြစ်ပြီး ပေါက်ပြီးမည်တယ်၊

ကိုယ်အပြည့်အစုံဖြစ်တဲ့ ဥပပါတ် သတ္တဝါတွေနဲ့ အညှိကို စွဲမှီပြီးဖြစ်တဲ့ သံသေဒဇ သတ္တဝါတွေမှာ ပဋိသန္ဓေစိတ်ဖြစ်ခိုက်၌ သမ္ဘေဝေသီ - ဖြစ်ဆဲ မည်တယ်၊ အဲဒီက နောက်မှာ ဘူတ - ဖြစ်ပြီး မည်တယ်၊ နောက် တစ်နည်းအားဖြင့် အဲဒီဥပပါတ် သံသေဒဇတွေမှာ ပထမစဖြစ်တဲ့ ဣရိယာပုထ်၌ သမ္ဘေဝေသီမည်တယ်၊ အဲဒီက နောက် ဘူတ မည်တယ်လို့ အဋ္ဌကထာမှာ ဖွင့်ပြထားပါတယ်၊ အဲဒီ ဖြစ်ပြီး ဖြစ်ဆဲ သတ္တဝါတွေကို အာရုံပြုပြီး မေတ္တာပွားကြရမယ် လိုက်ဆိုကြ။

ဘဝသစ်၌ ဖြစ်ဆဲ - ပဋိသန္ဓေနေဆဲ သတ္တဝါတွေ ချမ်းသာကြပါစေ...။

ဖြစ်ပြီးဖွားမြင်ပြီး သတ္တဝါတွေ ချမ်းသာကြပါစေ...။

ဖြစ်ဆဲရော ဖြစ်ပြီးရော အားလုံးသတ္တဝါတွေ ချမ်းသာကြပါစေ...။

ယခု ပြောပြခဲ့တဲ့ မေတ္တာပွားပုံတွေကတော့ စီးပွားချမ်းသာနှင့် ပြည့်စုံစေရန်အတွက် တောင့်တပြီး ပွားပုံများ ဖြစ်တယ်၊ အဲဒီလို ပွားစေပုံများကို ပြတော်မူပြီးတော့ အကျိုးမဲ့များ ဆင်းရဲဒုက္ခများကင်းစေရန်အတွက် တောင့်တပြီး မေတ္တာ ပွားစေပုံများ ကိုလဲ ဒီလို ပြတော်မူခဲ့ပါတယ်။

အကျိုးမဲ့ဆင်းရဲများ ကင်းစေရန် မေတ္တာပွားပုံများ

▬▬▬▬▬▬▬▬▬▬▬

၆။ န ပရော ပရံ နိကုဗ္ဗေထ၊
နာတိမညေထ ကတ္ထစိ န ကိဉ္စိ၊
ဗျာရောသနာ ပဋိဃသည၊
နာညမညဿ ဒုက္ခမိစ္ဆေယျ။

ပရော - အခြားသူတစ်ယောက်က၊
ပရံ - အခြားသူတစ်ယောက်ကို၊
န နိကုဗ္ဗေထ - မလိမ်ညာ မလှည့်စားပါစေလင့်၊
ဝါ - မလှည့်စားဘဲရှိပါစေ လှည့်စားခြင်း ကင်းပါစေတဲ့၊

လှည့်စားတယ်ဆိုတာ စီးပွားရေးမှာ လှည့်စားတာလဲရှိတယ်၊ ဘာသာရေးမှာ လှည့်စားတာလဲရှိတယ်၊ စီးပွားရေး လှည့်စားတာတော့ အရောင်းအဝယ် အပေး အယူ ပြုလုပ်ရာမှာ အလေးမမှန် ချိန်ခွင်မမှန် ပြုလုပ်ပြီးတော့လဲ လှည့်စား တတ်တယ်၊ ချင့်ခွက် မမှန်မကန် ပြုလုပ်ပြီးတော့လဲ လှည့်စားတတ်တယ်၊ အဲဒါကိုတော့ အများက သိပြီးဖြစ်နေပါတယ်၊

နောက်ပြီးတော့ ရွှေ, ငွေအတု စသည်ဖြင့်လဲ လှည့်စားတတ်တယ်၊ ဒါလဲ ကြားဖူးကြမှာပါပဲ၊ နောက်ပြီးတော့ လူလိမ်က လူကောင်းယောင် ဆောင်ပြီးတော့လဲ လှည့်စားတတ်တယ်၊ တစ်ခါက ဒီသာသနာ့ရိပ်သာ နှစ်ပတ်လည် လာကြတဲ့ ရှမ်းအမျိုးသမီး တစ်စုကို လူလိမ်တစ်ယောက်က လာပြီး လှည့်စားသွားတယ်လို့ ကြားရတယ်၊ သူလှည့်စားပုံက ဒီလိုတဲ့ ရှမ်းမတွေထံမှ ငွေစက္ကူကို ကြည့်ပြီး ဒီငွေစက္ကူကို လဲလှယ်ရင် မည်ရွေ့မည်မျှအပိုရမယ်လို့ ပြောသတဲ့၊ အဲဒီတော့ အပိုရချင်တဲ့ လောဘရှိတဲ့ သူတွေက အပိုရအောင် လဲလှယ်ပေးဖို့ သူတို့ထံက ငွေစက္ကူများကို အပ်လိုက်သတဲ့၊ အဲဒါတွေကို လူလိမ်က လဲပေးမယ်ဆိုပြီး ယူသွားတယ် ဆိုပဲ၊ အဲဒါလဲ လှည့်စားခြင်း တစ်မျိုးပဲ။

တချို့က ရွှေကို တိုးပွားအောင် လုပ်ပေးမယ်ဆိုပြီး အယုံသွင်းတယ်၊ ယုံတဲ့လူတွေက အချောင် အတိုးအပွား ရချင်တာနဲ့ မိမိတို့ရွှေများကို အဲဒီလူထံအပ်လိုက်တယ်၊ နောက်များမကြာမီပင် အဲဒီလူလိမ်က တိတ်တိတ်ထွက်ပြေး သွားပါရောတဲ့၊ ဒါလဲ လှည့်စားခြင်း တစ်မျိုးပါပဲ၊ နောက်ပြီးတော့ ကြီးပွား ချမ်းသာအောင်, စီးပွား တိုးတက်အောင် လုပ်ပေးတဲ့ အနေဖြင့် လက်ဖွဲ့စသည် အဆောင်အယောင်ကို လုပ်ပေးတာတွေလဲ ရှိတယ်၊ အဲဒါတွေဟာလဲ ဟုတ်,မဟုတ် စဉ်းစားစရာတွေပဲ၊

ဒီ စီးပွားရေးဆိုင်ရာ လှည့်စားမှုတွေကတော့ အလွန်များပါတယ်၊ ယခုပြောခဲ့ တာတွေဟာ အရိပ်အမြွက် လောက်ပဲ ရှိပါသေးတယ်။ ဘာသာရေး ဆိုင်ရာ လှည့်စားမှုတွေကလဲ များပါတယ်၊ မဟုတ်မမှန်တဲ့ ဘာသာရေး အကျင့်လမ်းစဉ်ကို ဟုတ်မှန်တဲ့အနေနဲ့ ဟောပြောနေတာတွေဟာ မိမိက တကယ်ယုံကြည်လို့ ဟောပြောနေပေမယ်လို့ လက်ခံယုံကြည်တဲ့သူတွေမှာ များစွာပင် နစ်နာစေတဲ့ အတွက် လှည့်စားရာရောက်တာပါပဲ၊

မြတ်စွာဘုရား လက်ထက်တော် ကာလတုန်းက နွားလိုကျင့်နေတဲ့ ပုဏ္ဏနဲ့ ခွေးလို ကျင့်နေတဲ့ သေနိယတို့ဟာ မြတ်စွာဘုရားထံ လာရောက်ပြီးတော့ သူတို့၏ နွားအကျင့် ခွေးအကျင့်များကို ဘယ်လို အကျိုးရှိသလဲလို့ မေးလျှောက်ကြတယ်၊ မြတ်စွာဘုရားက အဲဒီပြဿနာကို မမေးဖို့ ၂ - ကြိမ်တိုင်တိုင် တားမြစ်တယ်၊ ၃ ကြိမ် မြောက် မေးတဲ့အခါကျတော့ ဒီလို ဖြေကြားတော်မူပါတယ်၊

“နွားလိုကျင့်တဲ့သူဟာ အပြည့်အစုံကျင့်ရင် သေပြီးတဲ့နောက် နွားဖြစ်ရတယ်၊ ခွေးလိုကျင့်တဲ့သူလဲ အပြည့်အစုံကျင့်ရင် ခွေးဖြစ်ရတယ်၊ အကျင့်မပြည့်စုံရင်တော့ ဟန်ဆောင်လိမ်လည်ရာ ရောက်တဲ့အတွက် အဲဒီမိစ္ဆာအယူကြောင့် ငရဲနှင့် တိရိစ္ဆာန် တစ်မျိုးမျိုးဖြစ်ရတယ်”လို့ ဖြေကြားတော်မူလိုက်ပါတယ်။

အဲဒီတော့ ပုဏ္ဏနဲ့သေနိယတို့က ငိုကြတယ်၊ ဘာကြောင့်ငိုကြသလဲဆိုတော့ အဲဒီ နွားလို ခွေးလို ကျင့်ခြင်းဖြင့် ချမ်းသာတဲ့ ဘဝလောကသို့ ရောက်နိုင်တယ်လို့ ဆရာသမားတစ်ဦး၏ ဟောကြားချက်ကို ယုံကြည်ပြီး ရှည်မြင့်စွာသော ကာလ ပတ်လုံး နွားအကျင့်, ခွေးအကျင့်ကို ကျင့်လာခဲ့တာဟာ အလှည့်စားခံရသလိုပင် ဖြစ်နေ၍ ငိုကြတာပါတဲ့။

နောက်တစ်ခုကတော့ တာလပုဋ ဆိုတဲ့ ကချေသည် ဆရာကြီးက မြတ်စွာဘုရားကို ဒီလို မေးလျှောက်တယ်၊ လူအများကို ရွှင်လန်း ပျော်မွေ့စေတဲ့ ကချေသည်ဟာ ပဟာသ ခေါ် ရွှင်ပျော်နတ်မျိုးမှာ ဖြစ်ရတယ်လို့ ဆရာအစဉ် အဆက်ပြောတာကို ကြားဖူးပါတယ်၊ ဒီနေရာမှာ မြတ်စွာဘုရားက ဘယ်လို ဟောပါသလဲလို့ လျှောက်တယ်၊ မြတ်စွာဘုရား က ၂ - ကြိမ်တိုင်တိုင် ပယ်မြစ်ပြီး ၃ - ကြိမ်မြောက် မေးလျှောက်တဲ့အခါကျတော့ ဒီလိုမိန့်ကြားတော်မူပါတယ်၊

“မူလကပင် လောဘ, ဒေါသ, မောဟမကင်းဘဲ ရှိနေကြတဲ့လူတွေအား ကချေသည်က လောဘ ဒေါသ မောဟပွားအောင် ကပြတယ်၊ ဒါကြောင့် သေသည်၏ အခြားမဲ့၌ ပဟာသခေါ်တဲ့ငရဲ၌ ဖြစ်ရတတ်တယ်၊ ကပြခြင်းကြောင့် နတ်ဖြစ်ရတယ်လို့ ခိုင်မြဲစွာ ယူမှားနေရင် အဲဒီ အယူမှားကြောင့် ငရဲနဲ့တိရစ္ဆာန် တစ်မျိုးမျိုး ဖြစ်ရတတ်တယ်”လို့ မိန့်ကြားတော်မူပါတယ်။

အဲဒီတော့ တာလပုဋဆိုတဲ့ ကချေသည် ဆရာကြီးကငိုတယ်၊ ဘာကြောင့် ငိုသလဲ ဆိုတော့ “လူအများအား ကပြခြင်းဖြင့် ရွှင်လန်း ပျော်မွေ့စေတဲ့အတွက် ပဟာသ နတ်မျိုးဖြစ်ရတယ်” လို့ ဆရာ့ ဆရာတို့က (ဒီဃရတ္တံ) ရှည်မြင့်စွာသော ကာလ ပတ်လုံး (နိကတော ဝဉ္စိတော) လိမ်လည် လှည့်စားအပ်သောကြောင့်, အလှည့်စား ခံရသောကြောင့်ပါပဲတဲ့။

ဒီပြင်လဲ အလားတူ အကြောင်းအရာတွေ များစွာပင်ရှိပါသေးတယ်၊ ယခုနေအခါမှာ ဗုဒ္ဓတရားတော်ကို မှားယွင်းစွာ ယူဆပြီးတော့ ဘုရားအလိုတော်နှင့် ပြောင်းပြန် ဆန့်ကျင်ပြီး ဟောပြောကြတာတွေ ရှိတယ်၊ ဘယ်လိုလဲ ဆိုတော့မြတ်စွာဘုရားက “အကုသိုလ်ဟူသမျှကို ပယ်ရမယ်၊ ကုသိုလ်ဟူသမျှကို ပြုလုပ်ရမယ်၊ သီလ, သမာဓိ, ပညာ အကျင့်များကို ကျင့်ရမယ်၊ သမထ ဝိပဿနာ ဘာဝနာ အလုပ်ကို အားထုတ် ရမယ်၊ မဂ္ဂင်ရှစ်ပါးကို ဖြစ်ပွားစေရမယ်”လို့ တိတိကျကျ ပြတ်ပြတ်သားသား ဟောထားတယ်၊

အဲဒီဟောထားချက်နဲ့ ဆန့်ကျင်ပြီးတော့ ဟောပြောနေကြတာတွေပါပဲ၊ ဟောပြော နေကြပုံကတော့ - ”အကုသိုလ် ကိလေသာဆိုတာ (အနိစ္စ) အမြဲမရှိ - အမြဲတမ်း မရှိတာမို့ ပယ်ဖို့မလိုတော့ဘူး၊ သတ်မှုမှာ ကြဉ်ရှောင်ဖို့ထက် သတ်ဖို့ရာ အားထုတ်တာက ပိုခက်တယ်၊ ကုသိုလ်ပြုရင် သီလ, သမာဓိ, ပညာအကျင့်ကို ကျင့်ရင်, ဘာဝနာ အလုပ်ကိုလုပ်ရင် (သဗ္ဗေ သင်္ခါရာ ဒုက္ခာ) ဆိုတဲ့ ဒေသနာအရ ဆင်းရဲတာပဲ၊ ကိုယ်ပင်ပန်းအောင် လုပ်ရာရောက်တယ်၊ လုပ်သမျှဒုက္ခချည်းပဲ၊ ဘာမျှအားမထုတ်ဘဲ အငြိမ်းစားနေမှ ချမ်းသာတယ်” စသည်ဖြင့် ဟောပြောနေကြ တာတွေပါပဲ၊

အဲဒါတွေဟာ ဘုရားဟောတရားနဲ့ ဆန့်ကျင်ကြောင်း အလွန်ပင် ထင်ရှားနေပါတယ်၊ အဲဒီဆန့်ကျင်ဘက်တရားကို ဘုရား အလိုတော်ကျ မှတ်ပြီး ယုံကြည်လက်ခံတဲ့ သူတွေမှာ ကုသိုလ်မဖြစ်ဘဲ အကုသိုလ်သာ ဖြစ်ပွားနေမှာက သေချာပါတယ်၊ နောက်ဆုံး တစ်ချိန်ကျတော့ အားကိုးစရာကုသိုလ်မရှိဘဲ အကုသိုလ်က အကျိုး ပေးတဲ့အခါ တရားမှားဖြင့် အလှည့်စား ခံခဲ့ရတဲ့အတွက် ဒုက္ခရောက်ရတယ် ဆိုတာ ကိုယ်တိုင်တွေ့ဖြစ်ပြီး စိတ်မချမ်းသာဖြစ်ဖို့ရာ အလွန်ပင် နီးစပ်ပါတယ်။

ယခုပြောပြခဲ့တဲ့အတိုင်း စီးပွားရေးဖြင့် ဖြစ်စေ, ဘာသာရေးဖြင့် ဖြစ်စေ အလှည့်စား ခံရတဲ့သူမှာ အလွန်နစ်နာပါတယ်၊ စီးပွားရေးထက် ဘာသာရေးဖြင့် အလှည့်စား ခံရတာက ပိုပြီး နစ်နာပါတယ်၊ ဒါကြောင့် စီးပွားရေးနဲ့ ဖြစ်ဖြစ်, ဘာသာရေးနဲ့ဖြစ်ဖြစ် လှည့်စားခြင်း မရှိပါစေနဲ့၊ လှည့်စားခြင်း ကင်းပါစေ၊ ကင်းကြပါစေလို့ မေတ္တာပွားရန် ညွှန်ကြားတော်မူတာပါပဲ၊ အဲဒီညွှန်ကြားချက်အရ မေတ္တာပွားရမယ်၊ လိုက်ဆိုကြ။

တစ်ဦးတစ်ယောက်က အခြားသူ တစ်ဦးတစ်ယောက်ကို မလှည့်စားပါစေလင့်၊
လှည့်စားခြင်း ကင်းကြပါစေ၊
လှည့်စားခြင်း ကင်းကြပါစေ၊
လှည့်စားခြင်း ကင်းကြပါစေ။

နောက်တစ်ပုဒ်ကတော့ -

ကတ္ထစိ - မြို့ထဲရွာထဲ အများပရိသတ်ထဲစသည့် တစ်စုံတစ်ခုသော အရပ်၌မျှ၊
ကိဉ္စိ - တစ်စုံတစ်ယောက်သော၊
နံ - ထိုအခြားသူကို၊
န အတိမညေထ - မထီမဲ့မြင် မပြုပါစေလင့်၊
ဝါ - မထီမဲ့မြင်ပြုခြင်းကင်းပါစေတဲ့၊

ကိုယ့်ကိုယ်ကို အထင်ကြီးပြီး သူတစ်ပါးကို မရိုမသေမထီမဲ့မြင်ပြုရင် ပြုသူမှာလဲ အကုသိုလ်ပွားတယ်၊ နောက်တစ်ချိန် ကျတော့ အကျိုးမဲ့လဲ ဖြစ်တတ်တယ်၊ မထီမဲ့မြင် အပြုခံရသူမှာလဲ မခံချင်စိတ်တွေဖြစ်ပြီး ဆင်းရဲရတတ်တယ်၊ သာမန် လူကဖြစ်စေ, အောက်တန်းအရာရှိကဖြစ်စေ အထက်တန်းအရာရှိထံ ကိစ္စရှိလို့ သွားရောက်တဲ့အခါ အချို့အရာရှိဖြစ်သူက ဂရုမစိုက်ဘဲ မထီမဲ့မြင် ပြုတတ်တယ်၊

အချို့မထေရ်ကြီးကလဲ ရဟန်းငယ်များကို မထီမဲ့မြင်ပြုတတ်တယ်၊ အဲဒီလို မထီမဲ့မြင် အပြုခံရတဲ့သူမှာ စိတ်မချမ်းမသာ များစွာ ဖြစ်တတ်တယ်၊ မထီမဲ့မြင် ပြုသူမှာလဲ ကိုယ်ချင်းစာတရားကင်းမဲ့သူ မေတ္တာမဲ့သူအဖြစ် ထင်ရှားတယ်၊ ဒါကြောင့် နှစ်ဦးနှစ်ဘက်လုံးမဆင်းရဲရအောင် မထီမဲ့မြင် မပြုမိပါစေနဲ့လို့ မေတ္တာပွားရန် ညွှန်ကြားတော်မူတာပါပဲ၊ တစ်ဦးနဲ့တစ်ဦး မထီမဲ့မြင်မပြုဘဲ ဖော်ဖော်ရွေရွေချည်း ဆက်ဆံသွားကြမယ်ဆိုလျှင် လောကကြီးတစ်ခုလုံး အင်မတန် အဆင်ပြေမှာပါပဲ၊ အဲဒီ ညွှန်ကြားချက်အရ မေတ္တာပွားရအောင် လိုက်ဆိုကြ။

အခြား သူတစ်စုံတစ်ယေက်ကိုမျှ မရိုမသေ မထီမဲ့မြင် မပြုမိပါစေလင့်၊
မထီမဲ့မြင်ပြုခြင်း ကင်းပါစေ၊
မထီမဲ့မြင်ပြုခြင်း ကင်းကြပါစေ၊
ဖော်ဖော်ရွေရွေ ဆက်ဆံနိုင်ကြပါစေ။

နောက်တစ်ပိုဒ်ကတော့ -
ဗျာရောသနာ - ဗျာရောသနာယ - ကိုယ်ထိလက်ရောက် နှိပ်စက်ခြင်း, ကြိမ်းမောင်း ပြောဆို နှိပ်စက်ခြင်းဖြင့် လည်းကောင်း၊
ပဋိဃသညာ - ပဋိဃသညာယ - ဒေါသစိတ်ဖြင့်လည်းကောင်း၊
အညမညဿ - အချင်းချင်း၏၊
ဒုက္ခံ - ဆင်းရဲကို၊
န ဣစ္ဆေယျ - အလိုမရှိပါစေလင့်၊
ဝါ - လိုလားတောင့်တခြင်း ကင်းပါစေတဲ့။

သူတစ်ပါးကို ရိုက်နှက်ပုတ်ခတ်ရင်, ဆဲဆိုကြိမ်းမောင်းရင်, သို့မဟုတ် အနှိပ်စက် ခိုင်းရင်, ဒေါသစိတ်ဖြင့် နှိပ်စက်ရန် ကြံနေရင် အဲဒီလို ပြုသူ ပြောသူ ကြံသူမှာ အကုသိုလ်ဖြစ်တယ်၊ နောင်တစ်ချိန်မှာ အဲဒီ အကုသိုလ်ကြောင့် ဆင်းရဲ အမျိုးမျိုး တွေကို ခံစားရလိမ့်မယ်၊ အနှိပ်စက်ခံရသူမှာတော့ လက်ငင်းပင် ဆင်းရဲရတော့တာပဲ၊

ဒါကြောင့် အဲဒီလို ဆင်းရဲများ မဖြစ်ရအောင် ကိုယ်နှုတ်တို့ဖြင့် နှိပ်စက်ခြင်း, ဒေါသစိတ်ဖြင့်ကြံခြင်းတို့ဖြင့် သူတစ်ပါး၏ဆင်းရဲကို အလိုမရှိပါစေနဲ့လို့ မေတ္တာ ပွားရန် ညွှန်ကြားတော်မူပါတယ်၊ အဲဒီညွှန်ကြားချက်အရ မေတ္တာပွားကြရအောင် လိုက်ဆိုကြရမယ်။

ကိုယ်ထိလက်ရောက် နှိပ်စက်ခြင်းဖြင့် သူတစ်ပါး၏ဆင်းရဲကို လိုလားခြင်းကင်းပါစေ၊

နှုတ်ကပြောဆိုခြင်းဖြင့်လဲ သူတစ်ပါး၏ ဆင်းရဲကို လိုလားခြင်း ကင်းပါစေ၊

စိတ်အကြံသက်သက်ဖြင့်လဲ သူတစ်ပါး၏ဆင်းရဲကို လိုလားခြင်းကင်းပါစေ၊

သူတစ်ပါးဆင်းရဲအောင် ပြုလုပ်ခြင်း ပြောဆိုခြင်း ကြံစည်ခြင်း လိုလားခြင်း ကင်းပါစေ၊ ကင်းကြပါစေ။

အဲဒီလို မေတ္တာပွားတယ် ဆိုတာလဲ ရွတ်ဆိုရုံမျှ ခပ်ပေါ့ပေါ့မဟုတ်ဘူး၊ သူတစ်ပါးအား ချမ်းသာစေလိုတဲ့ မေတ္တာစိတ် တကယ့်ကို လေးလေးနက်နက် ရှိစေရမယ်ဆိုတာ ဥပမာဖြင့် ဒီလို ပြတော်မူထားပါတယ်။

မေတ္တာအစစ်ပွားပုံ ဥပမာ

▬▬▬▬▬▬▬▬▬

၇။ မာတာ ယထာ နိယံ ပုတ္တ၊
မာယုသာ ဧကပုတ္တမနုရက္ခေ။
ဧဝမ္ပိ သဗ္ဗေဘူတေသု၊
မာနသံ ဘာဝယေ အပရိမာဏံ။

မာတာ - မွေးသည့်မိခင်သည်၊
နိယံ ပုတ္တံ - မိမိရင်နှစ်သားရင်းဖြစ်သော၊
ဧကပုတ္တံ - တစ်ဦးတည်းသော သားကို၊
အာယုသာ - မိမိ၏ အသက်ဖြင့်သော်လည်း၊
ဝါ - မိမိအသက်ကို စွန့်၍သော်လည်း၊
အနုရက္ခေယထာ - အစဉ်မကွာ စောင့်ရှောက်ရာသကဲ့သို့၊
ဧဝမ္ပိ - ဤအတူပင်၊
သဗ္ဗေဘူတေသု - အလုံးစုံသောသတ္တဝါတို့သည်၊
အပရိမာဏံ - အတိုင်းအတာ ပမာဏ မရှိသော
မာနသံ - ချမ်းသာစေလိုသော မေတ္တာစိတ်ကို၊
ဘာဝယေ - အကြိမ်ကြိမ်အခါခါ ပွားစေရာတော့သတည်းတဲ့။

ဒီဂါထာမှာ ဥပမာက မိခင်နှင့်သားကို ပြထားတယ်၊ သားသမီးကို ဖခင်ထက် မိခင်က ပိုပြီးချစ်ခင်တတ် စောင့်ရှောက်တတ်တယ်၊ ဒါကြောင့် မိခင်ကို ဥပမာအဖြစ် ပြထားတယ်၊ သားသမီးကလဲ မွေးစားသမီးဆိုရင် သားသမီး အရင်းလောက် ချစ်ခင်အား စောင့်ရှောက်အား မရှိပေဘူး၊ ဒါကြောင့် သားအရင်းကို ဥပမာ ပြထားတယ်၊

သားအရင်းပင် ဖြစ်ပေမယ့် သားတွေကများနေရင် ချစ်ခင်အား စောင့်ရှောက်အား ဟာ အပြည့်အဝမရရှိနိုင်ပေဘူး၊ တစ်ဦးတည်းသော သားကလေးဆိုတော့ အချစ်ဆုံးပေါ့၊ ဒါကြောင့် တစ်ဦးတည်းသော သားကို ဥပမာ ပြထားတယ်၊ “သားကိုမိခင်က ဘယ်လောက် ချစ်တယ်၊ တစ်ဦးတည်းသော သားကလေးကို ဘယ်လောက် ချစ်တယ်” ဆိုတာကတော့ သားရှိတဲ့ မိခင်များက အသိဆုံး ဖြစ်နေမှာပါပဲ၊

ဒါကြောင့် မိခင်က တစ်ဦးတည်းသော သားကလေး၌ ချစ်ပုံ စောင့်ရှောက်ပုံတွေကို ဘုန်းကြီးတို့က ဖွင့်ပြပြောဟော နေစရာ မလိုပါဘူး၊ အဲဒီ မိခင်ဟာ တစ်ဦး တည်းသော သားကလေးအတွက် မိမိအသက်အသေခံပြီးမှ စောင့်ရှောက်ပါမှ ဘေးရန်က လွတ်မယ်ဆိုရင် မိမိအသက်ကို စွန့်ပြီးတော့တောင် စောင့်ရှောက် ပါတယ်တဲ့၊

အဲဒီလိုပဲ မေတ္တာပွားရာမှာလဲ မိမိကိုယ်ကို မငဲ့ကွက်ဘဲနဲ့ သတ္တဝါများ အပေါ်မှာ ချမ်းသာစေလိုတဲ့ စိတ်ဓာတ် ထက်သန်စွာနဲ့ မေတ္တာကို ပွားစေရမယ်တဲ့၊ အင်မတန် လေးနက်တဲ့ ဥပမာပါပဲ။

ဒုတိယပိုင်းတုန်းက သီမာသမ္ဘေဒဖြစ်ပုံကို ဝိသုဒ္ဓိမဂ်မှာ ပြဆိုထားတဲ့အတိုင်း ပြောခဲ့ပါတယ်၊ အဲဒီမှာ ချစ်တဲ့သူရယ်၊ မချစ်မမုန်း အလယ်အလတ်လူရယ်၊ ရန်သူရယ်၊ မိမိရယ်ဒီလေးယောက် အတူနေကြရာမှာ လူဆိုး ဓားပြတွေက ယဇ်နတ် ပူဇော်ဖို့ လူတစ်ယောက်ကို တောင်းလာရင် ဘယ်သူကိုမျှမပေးရက်ဘဲ ရှိရမယ်တဲ့၊ မိမိကိုယ်ကို ပေးလိုက်ရင်တောင် သီမာသမ္ဘေဒ မဖြစ်သေးဘူးတဲ့၊

ယခု ဒီမေတ္တသုတ်မှာတော့ သားကို စောင့်ရှောက်တဲ့ မိခင်လိုပင် အသက်ကိုတောင် စွန့်နိုင်သည်အထိ သူတစ်ပါးအား ချမ်းသာစေလိုတဲ့စိတ် ရှိရမယ်လို့ ဆိုရာ ရောက်နေပါတယ်၊ အဲဒီ အဋ္ဌကထာစကားနဲ့ ပါဠိတော်ကို ဘယ်လို နှီးနှော ယူရမလဲဆိုရင် ဒီပါဠိတော်မှာက အသက်ကို စွန့်ဖို့ ပြလိုရင်း မဟုတ်ဘူး၊ အသက်ကိုစွန့်ပြီး သားငယ်ကို စောင့်ရှောက်တဲ့ မိခင်လိုပင် သတ္တဝါတို့အပေါ်၌ ချမ်းသာစေလိုတဲ့ မေတ္တာစိတ် လေးလေးနက်နက် ဖြစ်ဖို့ရာလောက်သာပြတယ်၊

အမှန်ကတော့ အဋ္ဌကထာက ပြဆိုထားတဲ့အတိုင်း အခြားသတ္တဝါများအပေါ် မိမိနှင့်တန်းတူ ညီမျှတဲ့ မေတ္တာစိတ်ဖြစ်ဖို့ကသာ လိုရင်းဖြစ်တယ်လို့ မှတ်ယူသင့် ပါတယ်၊ ဒါကြောင့် မေတ္တာပွားပုံကိုပြတဲ့ ပါဠိတော် များစွာတို့မှာ သဗ္ဗသတ္တ တာယ - သတ္တဝါအားလုံးတို့ အပေါ်၌ မိမိနှင့်တူညီသည်၏အဖြစ်ဖြင့် မေတ္တာပွားရန် ညွှန်ပြထားတာပါပဲ၊ မိမိကိုယ်ထက် ပိုပြီး ချစ်ရမယ်လို့တော့ ညွှန်ပြတာ မရှိပါဘူး။

နောက်ပြီးတော့ မေတ္တာဘာဝနာဆိုတာ စွမ်းနိုင်လို့ရှိရင် သတ္တဝါတစ်ဦးတစ်ယောက် ကိုမျှ ခြွင်းချန်မထားဘဲ အတိုင်းမသိ ပွားစေရတယ်၊ ဒါကြောင့် အပရိမာဏံလို့လဲ ညွှန်ပြထားပါတယ်၊ အဲဒီအနက်ကို ယခုရွတ်ပြမည့် ဂါထာဖြင့် ထပ်ဆင့်ပြီး ဒီလို ညွှန်ပြတော်မူတယ်။

အတိုင်းမသိ ကျယ်ပြန့်စွာ ပွားပုံ

▬▬▬▬▬▬▬▬▬▬▬

၈။ မေတ္တဉ္စ သဗ္ဗလောကသ္မိံ၊
မာနသံ ဘာဝယေ အပရိမာဏံ။
ဥဒ္ဓံ အဓော စ တိရိယဉ္စ၊
အသမ္ဗာဓံ အဝေရ မသပတ္တံ။

- အတိုင်းမသိ ကျယ်ပြန့်စွာ မေတ္တာပွားပုံကို ချဲ့၍ပြရလျှင်၊
ဥဒ္ဓံ - အထက်အရပ်၌လည်းကောင်း၊
အဓော - အောက်အရပ်၌လည်းကောင်း၊
တိရိယံ - ဖီလာပတ်ဝန်းကျင် အရပ်ရှစ်မျက်နှာ၌ လည်းကောင်း၊

(ဧကံ ဒိသံ ဖရိတွာ ဣတိ ဥဒ္ဓမဓော တိရိယံ - ဟူသော ပါဠိတော်များ ယင်း တို့၏အဖွင့် အဋ္ဌကထာများနှင့်အညီ ပြန်အပ်သော အနက်ဖြစ်သည်၊ ယင်း သုံးပုဒ်ဖြင့် အရပ်ဆယ်မျက်နှာကို ပြသည်၊ ဤမေတ္တာသုတ်အဖွင့် အဋ္ဌကထာ၌မူ ဥဒ္ဓံ - ဖြင့် အရူပဘဝကိုလည်းကောင်း၊ အဓော - ဖြင့် ကာမဘဝကိုလည်းကောင်း၊ တိရိယံ - ဖြင့် ရူပဘဝကို လည်းကောင်း ဖွင့်ပြထားသည်။)

သဗ္ဗလောကသ္မိံ - အလုံးစုံသော လောက၌၊
အပရိမာဏံ - အတိုင်းအတာ ပမာဏမရှိသော၊
မေတ္တံ မာနသံ - မေတ္တာစိတ်ကို၊
ဘာဝယေ - ပွားစေရာ၏၊
အသမ္ဗာဓံ - ကျယ်ပြန့်သော မေတ္တာစိတ်ကို၊
ဝါ - ကျယ်ပြန့်စွာ၊
အဝေရံ - အတွင်း ရန်သူဟုခေါ်သည့် ဒေါသ စေတနာကင်းသော မေတ္တာစိတ်ကို၊
ဝါ - အတွင်းရန် ကင်းစေလျက်၊
အသပတ္တံ - အပြင်ရန်သူလဲ ကင်းသော မေတ္တာစိတ်ကို၊
ဝါ - အပြင်ရန်သူလဲ ကင်းစေလျက်၊
ဘာဝယေ - ပွားစေရာ၏တဲ့။

ဆိုလိုတာကတော့ အတိုင်းအတာမရှိတဲ့ မေတ္တာကို ပွားစေသည် - ဆိုတာဟာ အောက်အရပ်ရော, အထက်အရပ်ရော, ဘေးပတ်ဝန်းကျင် အရပ်ရှစ်မျက်နှာရော အရပ်ဆယ်မျက်နှာတို့၌ ရှိသမျှ သတ္တဝါအားလုံးကို ချမ်းသာစေလိုတဲ့ မေတ္တာစိတ်ကို
ပွားစေတာပါပဲလို့ ဆိုလိုပါတယ်၊ အဲဒီလို ပွားစေရာမှာ အရပ်အားဖြင့် အကန့် အသတ်မရှိ၊ သတ္တဝါအားဖြင့်လဲ အကန့်အသတ် မရှိသောကြောင့် နယ်ပယ် ကျယ်ပြန့်တယ်၊ မကျဉ်းဘူး၊ အဲဒီလို နယ်ပယ် ကျယ်ပြန့်စွာလဲ ပွားစေရမယ်တဲ့၊

နောက်ပြီးတော့ အဲဒီ သတ္တဝါအားလုံးနှင့် စပ်ပြီး ဒေါသ စေတနာ ကင်းသောကြောင့် ကိုယ်တွင်းရန်လဲ ကင်းတယ်၊ မည်သည့် သတ္တဝါကိုမျှ ရန်သူအနေဖြင့် အမှတ် မထားသောကြောင့် အပြင်ရန်လဲ ကင်းတယ်၊ အဲဒီလို အတွင်းအပြင်ရန် ၂ - ပါးလုံး ကင်းအောင်လဲ ပွားစေရမယ်တဲ့၊

ဒီဂါထာမှာ ပြထားတဲ့ အရပ်ဆယ်မျက်နှာ၌ မေတ္တာပွားပုံကိုတော့ ပထမပိုင်းမှာ အကျယ်ဟောခဲ့ပါပြီ၊ ဒါပေမယ့် ရောက်ရာ ဒေသနာတော်နှင့်အညီ အရပ် ဆယ်မျက်နှာမှာ ရှိသမျှ သတ္တဝါတွေကို ထပ်ပြီး မေတ္တာပွားကြဦးစို့၊

လိုက်ဆိုကြရမယ်၊ ရွတ်ဆိုရင်း, မေတ္တာပွားရင်း ရွတ်ဆို နှလုံးသွင်းတဲ့ ရုပ်နာမ် များကိုလဲ ရှုမှတ်သွားကြရမယ်။

(၁) အထက်အရပ်က အားလုံးသတ္တဝါတွေ ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ။
(၂) အောက်အရပ်က အားလုံးသတ္တဝါတွေ ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ။
(၃) ပတ်ဝန်းကျင်ရှိ အရပ်ရှစ်မျက်နှာက အားလုံးသတ္တဝါတွေ ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ။

ဥဒ္ဓံ ယာဝ ဘဝဂ္ဂါစ၊
အဓောယာဝ အဝီစိတော။
သမန္တာ စက္ကဝါဠေသု၊
ယေ သတ္တာ ပထဝီစရာ။
အဗျာပဇ္ဈာ နိဝေရာ စ၊
နိဒ္ဒုက္ခာ စ နုပဒ္ဒဝါ -

ဆိုတဲ့မေတ္တာပို့ ဂါထာဟာ ဒီမေတ္တသုတ်ထဲက ဥဒ္ဓံ အဓော စ တိရိယဉ္စ - ဆိုတဲ့ စကားရပ်ကို မှီပြီး စီကုံးထားဟန် ရှိပါတယ်၊ သူ့အနက်ကတော့ -

ဥဒ္ဓံ - အထက်အရပ်၌၊
ယာဝ ဘဝဂ္ဂါစ - ဘဝဂ်ဟု ခေါ်သော နေဝသညာနာသညာယတန ဘုံတိုင်အောင် လည်းကောင်း
အဓော - အောက်အရပ်၌၊
ယာဝ အဝီစိတော - အဝီစိငရဲဘုံတိုင်အောင်လည်းကောင်း၊

(အထက်ဘဝဂ် အောက်အဝီစိဆိုတဲ့ ဒီစကားရပ်ကတော့ မြေကြီးကို အပြား အနေဖြင့် ယူဆပြီးဆိုထားတဲ့ စကားပါပဲ၊ ယခုခေတ် အများစု၏ အယူအဆအရ ကမ္ဘာမြေကြီးကို အလုံးဟူ၍ လည်းကောင်း၊ ချာချာလည်နေသည် ဟူ၍ လည်းကောင်း ပြောဆို နေကြတဲ့ အလိုအားဖြင့် မေတ္တာပွားနေဆဲ အချိန်မှာ ကျရောက်တဲ့ တိုက်ဆိုင်တဲ့ အထက် အရပ်, အောက်အရပ်တို့ကို ယူရုံပါပဲ၊)

သမန္တာစက္ကဝါဠေသု စ - ပတ်ဝန်းကျင် စကြဝဠာတို့၌ လည်းကောင်း၊
ပထဝီစရာ - မြေ၌ကျက်စားကုန်သော၊

(နောက်တစ်ဂါထာအရ,
ဥဒကေစရာ - ရေ၌ ကျက်စားကုန်သော၊
အခြား နောက် တစ်ဂါထာအရ,
အာကာသေစရာ - ကောင်းကင်၌ ကျက်စားကုန်သော၊
ယေ သတ္တာ အကြင်သတ္တဝါတို့သည်၊
သန္တိ - ရှိကုန်၏၊)

တေ သတ္တာ - ထိုသတ္တဝါတို့သည်၊
အဗျာပဇ္ဈာ - နှိပ်စက်တတ်သောကြောင့် ဗျာပါဒဟုခေါ်သော နှလုံးမသာမှု ဒေါမနဿ ကင်းကုန်သည်လည်းကောင်း၊
ဝါ - စိတ်ဆင်းရဲ ကင်းကုန်သည်လည်းကောင်း၊
နိဝေရာစ - ရန်ကင်းကုန်သည် လည်းကောင်း၊
နိဒ္ဒုက္ခာစ - ကိုယ်ဆင်းရဲကင်းကုန်သည် လည်းကောင်း၊
အနုပ္ပဒ္ဒဝါ စ ကပ်ရောက်၍ နှိပ်စက်တတ်သော (ဥပဒ္ဒဝေါ) ဘေးရန် ကင်းကုန်သည် လည်းကောင်း၊
ဟောန္တု - ဖြစ်ကြပါစေကုန်သတည်း - တဲ့။

အဲဒီ ပါဠိဂါထာနဲ့ အနက်ထဲမှာ ဥပဒ္ဒဝ - ဥပဒ္ဒဝေါ ဆိုတာ ဘယ်လို ဘေးဒုက္ခသင့် ရောက်လိမ့်မယ်လို့ စောစောက မသိရဘဲ ရုတ်တရက် ကပ်ရောက်ပြီး နှိပ်စက် တတ်တဲ့ ဘေးရန် အန္တရာယ်တွေပါပဲ၊ ရုတ်တရက်တွေ့ရတဲ့ လူဆိုး, သူဆိုးဘေး ရန်တွေ၊ သားရဲတိရစ္ဆာန် ဘေးရန်တွေ၊ ရောဂါဆိုး ဘေးရန်တွေ - ဒီလိုဘေးရန် အန္တရာယ်တွေပါပဲ။

မေတ္တာပွားရမည့် အနေအထိုင်နှင့် အချိန်ကာလ

▬▬▬▬▬▬▬▬▬▬▬

ယခုပြောခဲ့တဲ့အတိုင်း အရပ်ဌာန, ပုဂ္ဂိုလ်အား အကန့်အသတ်မထားဘဲ ကျယ်ပြန့်စွာ မေတ္တာပွားပုံကို ပြပြီးတော့ အဲဒီလို ပွားများရမည့် ဣရိယာပုထ်နဲ့ အချိန်ကာလကိုလဲ ဒီလိုပြတော်မူပါတယ်။

၉။ တိဋ္ဌံ စရံ နိသိန္နောဝ၊
သယာနော ယာဝတာ’ဿ ဝိတမိဒ္ဓေါ။
ဧတံ သတိံ အဓိဋ္ဌေယျ၊
ဗြဟ္မမေတံ ဝိဟာရ’မိဓ မာဟု။

တိဋ္ဌံ - ရပ်နေစဉ်ဖြစ်စေ၊
စရံ - သွားနေစဉ်ဖြစ်စေ၊
နိသိန္နော ဝါ - ထိုင်နေစဉ်ဖြစ်စေ၊
သယာနော ဝါ - လျောင်းနေစဉ်ဖြစ်စေ၊
ယာဝတာ - အကြင်မျှလောက် ကာလပတ်လုံး၊
ဝိတမိဒ္ဓေါ အဿ - ငိုက်မျဉ်းခြင်း ကင်းသည်ဖြစ်ရာ၏၊
တာဝတာ - မငိုက်သေး, အိပ်မပျော်သေးသမျှ ထိုကာလပတ်လုံး၊
ဧတံ သတိံ - ထိုမေတ္တာ ရှေ့သွားအမှတ်သတိတရားကို၊
အဓိဋ္ဌေယျ - ဆောက်တည်သောအားဖြင့် ဖြစ်ပွားစေရာ၏ - တဲ့။

ဒီမေတ္တာကို ပွားစေရတယ်ဆိုတာ ထိုင်နေရင်းသာ မဟုတ်ဘူး၊ ရပ်နေရင်းလဲ ပွားစေရမယ်၊ စင်္ကြံ လျှောက်နေရင်းလဲ ပွားစေရမယ်၊ လဲလျောင်းပြီး အိပ်နေရင်း တောင်မှ အိပ်မပျော်သေးခင် နိုးနေသမျှ ကာလအတွင်းမှာ ဆိုရင် မပြတ် ပွားနေရမှာပဲ၊

အဲဒီလို ပွားများနေရင်း အိပ်ပျော်သွားတဲ့အချိန်ကျမှသာ မပွားများပဲ နားရမယ်၊ အိပ်ပျော်နေဆဲ အချိန်မှာတော့ မေတ္တာကို မပွားစေနိုင်ပါဘူး၊ အဲဒါဟာ ဘာဝနာ အလုပ်မှ နားရတဲ့ အချိန်ပါပဲ၊ အိပ်ရာမှ နိုးလာရင်လဲ နိုးတဲ့အချိန် သတိရတဲ့ အချိန်မှစပြီး မပြတ်ပွားများနေရမှာပါပဲ၊ ဒီလို အိပ်ပျော်နေချိန်မှ တစ်ပါး အခြား အချိန်များမှာဆိုရင် ရပ်နေရင်းဖြစ်ဖြစ်, သွားနေရင်းဖြစ်ဖြစ်, ထိုင်နေရင်းဖြစ်ဖြစ်, လဲလျောင်းနေရင်း ဖြစ်ဖြစ် မေတ္တာနှင့် ယှဉ်သော အမှတ်သတိကို မပြတ် ပွားနေရမယ်၊ ဈာန်ရပြီးဖြစ်တဲ့ ပုဂ္ဂိုလ်ဆိုရင်လဲ မေတ္တာဈာန်နှင့် ယှဉ်သောသတိကို ပွားရမယ်၊ မေတ္တာဈာန်ကို ဝင်စားနေဖို့ပါပဲ၊ ဒီမေတ္တာ ဘာဝနာကို ပွားနေတာဟာ ကောင်းမြတ်သော နေခြင်းလဲ ဖြစ်ပါတယ်။ ဒါကြောင့် -

ဧတံ - ဤမေတ္တာတရား ပွားများနေခြင်းကို၊
ဣဓ - ဤသာသနာတော်၌၊
ဗြဟ္မ ဝိဟာရံ - မြတ်သော နေခြင်း ဟူ၍၊
အာဟု - မြတ်စွာဘုရားတို့က ဟောကြားချီးကျူးတော်မူကြသည်၊

လို့လဲ မိန့်တော်မူပါတယ်။

ဝိဟာရ ခေါ်နေခြင်း ၄ - မျိုး

▬▬▬▬▬▬▬▬▬▬

ပါဠိအဋ္ဌကထာများမှာ ဝိဟာရ - နေခြင်းဆိုတာကို ၄ - မျိုး ခွဲပြီး ပြထားပါတယ်၊

(၁) ဣရိယာပထ ဝိဟာရ
(၂) ဒိဗ္ဗဝိဟာရ
(၃) အရိယဝိဟာရ
(၄) ဗြဟ္မဝိဟာရ ဆိုတဲ့ ဒီ ၄ - မျိုးပါပဲ၊

အဲဒီ ၄ - မျိုးထဲမှာ -

(၁) ဣရိယာပထဝိဟာရ ဆိုတာက ရံခါသွားနေလိုက် ရံခါရပ်နေလိုက်၊ ရံခါ ထိုင်နေလိုက်၊ ရံခါအိပ်နေလိုက်နဲ့ ဒီ ဣရိယာပုထ် ၄ - ပါးဖြင့် သင့်လျော်သလို နေုထိုင်ခြင်းပါပဲ၊ ဒါကတော့ ရဟန်း, ရှင်, လူတိုင်း သတ္တဝါတိုင်းနဲ့ ဆိုင်ပါတယ်၊ အထူးအဆန်း မဟုတ်ပါဘူး။

(၂) ဒိဗ္ဗဝိဟာရ ဆိုတာကတော့ ဗြဟ္မာဆိုတဲ့ နတ်အထူးဖြစ်စေနိုင်တဲ့ ကသိုဏ်း ဈာန်အစရှိတဲ့ မဟဂ္ဂုတ်ဈာန်များပါပဲ၊ အဲဒီဈာန်များ ဝင်စားနေခြင်းကို ဒိဗ္ဗဝိဟာရ ခေါ်တယ်။

(၃) အရိယဝိဟာရ ဆိုတာကတော့ အရိယဖိုလ် လေးပါးပါပဲ၊ အဲဒီဖိုလ်လေးပါး ဝင်စားနေခြင်းကို အရိယဝိဟာရ - အရိယာတို့၏နေခြင်းဖြင့် နေတယ်လို့ ဆိုရတာ ပါပဲ။

(၄) ဗြဟ္မဝိဟာရ ဆိုတာကတော့ မေတ္တာဈာန် ကရုဏာဈာန် မုဒိတာဈာန် ဥပေက္ခာဈာန် ဆိုတဲ့ ဒီဈာန်လေးပါးပါပဲ၊ အထူးသဖြင့် အပြစ်ကင်းခြင်း, မြင့်မြတ်ခြင်းကြောင့် ဗြဟ္မဝိဟာရမြတ်သော နေခြင်းလို့ ခေါ်ဆိုရတာပါပဲ၊

ဒါကြောင့် ဒီဂါထာမှာ မေတ္တာကို ဗြဟ္မဝိဟာရလို့ ဟောကြောင်း ပြဆိုတော်မူတာပါပဲ။

အပ္ပမညာနှင့်ဗြဟ္မစိုရ်

▬▬▬▬▬▬▬▬

အဘိဓမ္မာဝိဘင်္ဂပါဠိ (၂၈၄) မှာတော့ ဒီဗြဟ္မဝိဟာရ လေးပါးကို အပ္ပမညာလို့ ဟောထားတယ်၊ သုတ်မဟာဝါ မဟာဂေါဝိန္ဒ သုတ်မှာတော့ ဗြဟ္မစရိယလို့ ဟောထားတယ်၊ မြတ်သော အကျင့်လို့ အနက်ရှိတယ်၊ အဲဒီ ဗြဟ္မစရိယဆိုတဲ့ ပါဠိကို စွဲမှီပြီးတော့ ဗြဟ္မစိုရ်တရားလို့ မြန်မာလို ခေါ်ဝေါ်ပြောဆိုနေကြတယ်။

ဒီမေတ္တာကို ပွားစေတဲ့အခါ “မည်သူ ချမ်းသာပါစေ၊ သတ္တဝါတွေ ချမ်းသာကြပါစေ” စသည်ဖြင့် ပုဂ္ဂိုလ်သတ္တဝါ ပညတ်ကို အာရုံပြုပြီး ပွားစေရတယ်၊ အဲဒီတော့ ပုဂ္ဂိုလ်သတ္တဝါဆိုတာ တကယ့်ကိုရှိနေတာပဲလို့ ထင်မှတ်စွဲလမ်းပြီး အတ္တဒိဋ္ဌိဖြစ်ဖို့ရာ နီးစပ်နေတယ်၊ ဒါကြောင့် အဲဒီလို အတ္တဒိဋ္ဌိလဲ မဖြစ်ရအောင်၊ ဖြစ်ခွင့်ရှိနေတဲ့ အဲဒီ အတ္တဒိဋ္ဌိကိုလဲ ပယ်ပြီး အရိယမဂ်ဖိုလ်များကို ရောက်ရအောင် မြတ်စွာဘုရားရှင်က နိဂုံးချုပ်အနေအားဖြင့် နောက်ဆုံးဂါထာကို ဒီလို ဟောကြားတော်မူခဲ့ပါတယ်။

ဒိဋ္ဌိပယ်၍ ဂဗ္ဘသေယျကင်းအောင် ကျင့်ရန်

▬▬▬▬▬▬▬▬▬▬▬

၁၀။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊
သီလဝါ ဒဿနေန သမ္ပန္နော။
ကာမေသု ဝိနယ ဂေဓံ၊
န ဟိ ဇာတု ဂဗ္ဘသေယျ ပုနရေတိ။

ဒိဋ္ဌိဉ္စ - ပုဂ္ဂိုလ်သတ္တဝါအတ္တကောင် တကယ်ပင်ရှိသည်ဟု ထင်မှတ်စွဲလမ်းသော အတ္တဒိဋ္ဌိသို့လည်း၊
အနုပဂမ္မ - မကပ်ရောက်မူ၍တဲ့၊

(ပါဠိ၌ ဂ္ဂ - လုံးဆင့်မှာ ဆန်းအတွက်မျှသာ) ဒီစကားဖြင့် သိစေလိုတာကိုတော့ - မည်သူချမ်းသာပါစေ၊ သတ္တဝါတွေ ချမ်းသာကြပါစေလို့ ပုဂ္ဂိုလ်သတ္တဝါအနေနဲ့ မေတ္တာပွားနေပေမယ့် ပုဂ္ဂိုလ်သတ္တဝါဆိုတာ လောကဝေါဟာရမျှပဲ၊ ပုဂ္ဂိုလ်ရယ် သတ္တဝါရယ် အတ္တကောင်ရယ်လို့တော့ တကယ်ရှိတာ မဟုတ်ဘူး၊ ခဏမစဲ မပြတ်ဖြစ်ပျက်နေတဲ့ ရုပ်နာမ် အစဉ်မျှသာ ရှိတယ်လို့ ကိုယ်ပိုင်ဉာဏ်ဖြင့် သိပြီး အတ္တဒိဋ္ဌိကို ပယ်ခွာရမယ်ဆိုတာကို သိစေလိုရင်းပါပဲ။

ဘယ်လိုလုပ်ပြီး ပယ်ရမလဲဆိုတော့ - အားမထုတ်မီ စောစောကတည်းက ကြားနာ မှတ်သားပြီး သုတမယဉာဏ်ဖြင့်လဲ ပယ်ရမယ်၊ မေတ္တာဈာန်ကို ရပြီးပုဂ္ဂိုလ်ဆိုရင် အဲဒီဈာန်ကို ဝင်စားပြီးတော့ ဈာန်မှ ထတဲ့အခါ အဲဒီဈာန် ရှုပြီး အဲဒီဈာန်နှင့် တည်မှီရာ ရုပ်ကို မှန်စွာသိသောအားဖြင့်လဲ ပယ်ရမယ်၊ ဈာန် မရသေးတဲ့ ပုဂ္ဂိုလ်ဆိုရင်လဲ ချမ်းသာပါစေ၊ ချမ်းသာကြပါစေလို့ မေတ္တာပွားတိုင်း နှလုံးသွင်းတဲ့စိတ်, တည်မှီရာ ရုပ်, ရွတ်ဆိုတဲ့ ရုပ်များကို ရှုပြီး အမှန်အတိုင်း သိခြင်းဖြင့်လဲ ပယ်ရမယ်၊

မေတ္တာဈာန်ကို အခြေခံပြုပြီး ပေါ်ရာပေါ်ရာ ရုပ်နာမ်များကို ရှုသိခြင်းဖြင့်လဲ ပယ်ရမယ်။ အဲဒီပယ်ပုံတွေထဲမှာ သုတမယဉာဏ်ဖြင့် ပယ်ပုံကိုတော့ အထူး ပြောစရာမလိုပါဘူး၊ ရုပ်နာမ်သဘောတရားများ အကြောင်းကို စွမ်းနိုင်သမျှ ကြားနာပြီး လေ့လာမှတ်သားခြင်း ဆင်ခြင်ခြင်းများဖြင့် ပယ်ရုံပါပဲ။

ဈာန်ဝင်စားပြီး အဲဒီ ဈာန်စသည်ကို ရှုသိသောအားဖြင့် ပယ်ပုံကတော့ - မေတ္တာ ဈာန်ကို ဝင်စားပြီးတော့ အဲဒီ ဈာန်စိတ်ရပ်စဲသွားတဲ့အခါ အဲဒီဈာန်စိတ်ကိုရှုရတယ်၊ ဈာန်မရှိတဲ့ပုဂ္ဂိုလ်များမှာ ကြံသိတဲ့စိတ်ကို သိပြီးတိုင်း, သိပြီးတိုင်း ရှုမှတ်ပြီး သိတာမျိုးပါပဲ၊ ဈာန်ဝင်စားလိုက် အဲဒီဈာန်စိတ်ကို ရှုလိုက်နဲ့ အဖန်ဖန်အခါခါ ရှုသိနေရတယ်၊ အဲဒီလိုရှုနေရင်း ချမ်းသာပါစေလို့ နှလုံးသွင်းတဲ့စိတ်ကတစ်ခြား၊ မှီရာရုပ်ကတစ်ခြား၊ ရှုသိတဲ့ ဝိပဿနာစိတ်ကတစ်ခြား ကွဲပြားပြီး ထင်ပေါ်လာမယ်၊

အဲဒီအခါမှာ အာရုံကို မသိတတ်တဲ့ တည်ရာ မှီရာ ကိုယ်ရုပ်က တစ်ခြား၊ ချမ်းသာကြပါစေလို့ နှလုံးသွင်းတဲ့ ဈာန်စိတ်နဲ့ ရှုသိတဲ့စိတ်က တခြား ကွဲပြားပြီး ထင်ပေါ်လာမယ်၊ အဲဒီတော့ ဒီကိုယ်ထဲမှာ အာရုံကို သိတာနဲ့ မသိတာ ဒီ ၂-မျိုး သာရှိတယ်၊ အသက်ရှင်နေတဲ့ ပုဂ္ဂိုလ်ရယ်, သတ္တဝါရယ်, အတ္တကောင်ရယ်လို့တော့ မရှိဘူးဆိုတာ ကိုယ်ပိုင်ဉာဏ်ဖြင့် ပိုင်းခြားပြီးသိမယ်၊ အဲဒီလိုသိတော့ အတ္တကောင် အနေဖြင့် စွဲလမ်းခဲ့တဲ့ အတ္တဒိဋ္ဌိဟာ ကင်းကွာသွားတယ်၊ အဲဒါဟာ မေတ္တာဈာန် တလှည့်, ဝိပဿနာတလှည့်အားထုတ်ပြီး ဒိဋ္ဌိကို အစအဆုံး နာမရူပ ပရိစ္ဆေဒဉာဏ်ဖြင့် ပယ်ပုံပါပဲ။

အဲဒီကနောက် ဈာန်ဝင်စားလိုက်, အဲဒီဈာန်ကို ရှုလိုက်နဲ့ ဆက်လက်ပြီး အားထုတ် သွားရင် အကြောင်းနှင့် အကျိုးမျှ ရှိတယ်ဆိုတာကို ကိုယ်ပိုင်ဉာဏ်ဖြင့် သိပြီးတော့လဲ အဲဒီ ဒိဋ္ဌိကို ပယ်သွားတယ်၊ အဲဒီကနောက် ဈာန်နှင့်ရှုသိစိတ်ရော တည်မှီရာ ရုပ်ရော ခဏစဲ ဖြစ်ပျက်နေတာကို တွေ့ရပြီးတော့ အနိစ္စဉာဏ် ဒုက္ခဉာဏ်တို့နှင့် တကွ အနတ္တဉာဏ်ဖြင့်လဲ ပယ်သွားတယ်၊ နောက်ဆုံးမှာ သောတာပတ္တိမဂ်ဉာဏ်ဖြင့် အဲဒီဒိဋ္ဌိကို အကြွင်းမဲ့ပယ်သွားတယ်၊ အဲဒါဟာဈာန်နဲ့ ဝိပဿနာ တလှည့်စီ ပွားစေပြီး ဒိဋ္ဌိကို ပယ်ပုံပါပဲ။

ချမ်းသာပါစေလို့ မေတ္တာပွားလိုက်၊ အဲဒီမေတ္တာစိတ်နဲ့ ရုပ်ကို ရှုသိလိုက်နဲ့ အားထုတ်ပြီး ဒိဋ္ဌိပယ်ပုံကလဲ ယခုပြောခဲ့တဲ့ ပယ်ပုံနဲ့ သဘောအားဖြင့် တူပါတယ်၊ ဈာန်မေတ္တာနဲ့ သာမန်မေတ္တာ ဒါလောက်သာ ကွဲပြားပါတယ်၊ ရှုပုံချင်းကတော့ အတူတူပါပဲ၊

ကဲ - ယခု အဲဒီနည်းအရ မေတ္တာပွားပြီး ဝိပဿနာ ရှုကြစို့၊ လိုက်ဆိုရင်း ရှုမှတ်ကြရမယ်။

ဒီရိပ်သာအတွင်း၌ ရဟန်းရှင်လူတွေ, ယောဂီတွေအားလုံး ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ။

ဒီမြို့နယ်အတွင်း၌ ရဟန်းရှင်လူတွေ, နတ်တွေအားလုံး ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ။

မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အားလုံးချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ။

အားလုံးသတ္တဝါတွေ ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ။

အတ္တဒိဋ္ဌိပယ်နိုင်အောင် အားထုတ်ပုံ

မေတ္တာဈာန်မှထပြီးတော့ အဲဒီဈာန်ကိုရှုပြီး ကြံသိမှု, ထိသိမှု, ကြားမှု, မြင်မှုစသော ပေါ်ရာပေါ်ရာ လိုက်ရှုခြင်းဖြင့် ဒိဋ္ဌိပယ်ပုံကတော့ ယခု ဒီက ယောဂီတွေ ရှုနေပုံနဲ့ သဘောအားဖြင့် တူပါတယ်၊ ဈာန်အခြေခံ ပါတာနဲ့မပါတာ ဒါလောက်သာ ကွဲပြားပါတယ်၊ ရှုပုံချင်းကတော့ အတူတူပါပဲ။

အဲဒီလို ဈာန်အခြေခံပြုပြီး ပေါ်ရာ ပေါ်ရာ ရှုနေရာမှာ ကိုယ်စိတ်ပင်ပန်းလာရင်, အရှုအသိညံ့သွားရင် မေတ္တာဈာန်ကို ပြန်ပြီး ဝင်စားရတယ်၊ ဈာန်ဝင်စားလို့ ကိုယ်စိတ် အေးချမ်း သွားတဲ့အခါကျတော့ တစ်ဖန် ပေါ်ရာ ပေါ်ရာလိုက်ရှုပြီး ရှုမှတ်နေရတယ်။

အဲဒါလိုပဲ ဘုန်းကြီးတို့ ဒီက ယောဂီတွေလဲ ဖောင်းတာ ပိန်တာကို အခြေခံအနေနဲ့ စပြီး ရှုမှတ်နေကြရတယ်၊ အဲဒီလို ရှုမှတ်နေရင်း စိတ်ကူးကြံစည်မှု ဖြစ်ပေါ်လာရင် အဲဒီစိတ်အကြံကို ရှုမှတ်နေရတယ်၊ ပြီးတော့ ဖောင်းတာ, ပိန်တာကိုပဲ ပြန်ပြီး ရှုမြဲ ရှုမှတ်နေရတယ်၊ ကိုယ်ထဲက နာကျင်မှု, ညောင်းမှု, ပူမှုပေါ်လာရင် အဲဒီ နာကျင်မှုစသည်ကို လိုက်ပြီး ရှုမှတ်ရတယ်၊ ပြီးတော့ ဖောင်းတာ ပိန်တာကိုပဲ ပြန်မှတ်နေရတယ်၊ လက်ခြေ ကွေးမှု, ဆန့်မှု, လှုပ်ရှားမှုရှိရင် အဲဒီ ကွေး, ဆန့်, လှုပ်ရှားမှုကို မှတ်ရတယ်၊

ဒီပုံဒီနည်းဖြင့် ပေါ်ရာပေါ်ရာ လိုက်ပြီး ရှုမှတ်နေရင်း မှတ်သိရတဲ့ ရုပ်နဲ့ မှတ်သိတဲ့ နာမ်ကိုလဲ ခွဲခြားသိတယ်၊ အကြောင်းနဲ့ အကျိုးကိုလဲ ပိုင်းခြားသိတယ်၊ အဖြစ် အပျက် အနိစ္စ, ဒုက္ခ, အနတ္တ သဘောများကိုလဲ ရှုမှတ်နေရင်း ကိုယ်ပိုင်ဉာဏ်ဖြင့် သိသိသွားတယ်၊ အဲဒီလိုသိသိပြီး ဘင်္ဂဉာဏ် သန်သန်ဖြစ်တဲ့အခါ တစ်ကိုယ်လုံး၌ အတွေ့အထိမှစပြီး ပေါ်လာသမျှတွေကို သူ့ဖြစ်စဉ်အတိုင်း ဖြန့်ပြီး ရှုမှတ်ရတယ်၊

အဲဒီလို ရှုမှတ်နေလို့ ကိုယ်စိတ်ပင်ပန်းလာရင်, အရှုအသိ ကျဲသွားရင် မူလက ရှုမှတ်နေကျဖြစ်တဲ့ ဖောင်းမှု, ပိန်မှုကို ပြန်ပြီး ရှုမှတ်နေရတယ်၊ ကိုယ်စိတ် အေးချမ်း လာတဲ့အခါကျတော့ တစ်ကိုယ်လုံးမှ ပေါ်ရာ ပေါ်ရာ တွေကို လိုက်ပြီး ရှုမှတ်ရတယ်။

ဒီပုံဒီနည်းဖြင့် ရှုမှတ်လို့ ဘယဉာဏ်, အာဒီနဝဉာဏ်, နိဗ္ဗိဒါဉာဏ်, မုဉ္စိတုကမျတာ ဉာဏ် ပဋိသင်္ခါ ဉာဏ်များ ဖြစ်ပြီးတဲ့နောက် သင်္ခါရုပေက္ခာဉာဏ် ရောက်သွားတယ်၊ အဲဒီ သင်္ခါရုပေက္ခာဉာဏ်ရောက်တော့ အထူးကြောင့်ကြမပြုရတော့ဘဲ သိစရာ အာရုံကလဲ သူ့အလိုလို ထင်ပေါ်ထင်ပေါ်နေတယ်၊ ရှုသိတဲ့ ဝိပဿနာကလဲ သူ့အလိုလိုပင် သိလျက် သိလျက်ဖြစ်ဖြစ်နေတယ်၊ တစ်ကိုယ်လုံးက အာရုံများစွာသို့ ဖြန့်မှတ်လို့ မရတော့ဘဲ ရှုသိနေကျ အာရုံနည်းနည်းကိုသာ သူ့အလိုလိုသိနေတယ်၊ အလွန်လဲ သိမ်မွေ့နူးညံ့ပါတယ်၊ အသိလဲ အလွန်ရှင်းပါတယ်၊

ကိုယ်ကြီးပျောက်နေပြီးတော့ ဖောင်းတက်တဲ့ သဘော၊ ပိန်ကျတဲ့ သဘော တောင့်လျက် ထိုင်တဲ့သဘော ဒီသုံးခုလောက်သာ အလှည့်ကျ မပြတ်ရှု နေရတဲ့ အခါလဲရှိတယ်၊ အဲဒီလိုသိနေရာမှာ ထိုင်တာက မပေါ်တော့တဲ့အတွက် ဖောင်းတာနဲ့ ပိန်တာ ဒီ ၂-ခုထဲက သိသိနေရတဲ့ အခါလဲရှိတယ်၊ ဖောင်းတာ ပိန်တာလဲ မပေါ်တော့တဲ့အတွက် ကြည်လင်တဲ့ အသိစိတ်ကိုသာ သိတယ် သိတယ်လို့ ရှုမှတ် နေရတဲ့အခါလဲရှိတယ်၊

အဲဒီလိုသိသိနေရင်းထဲက အထူးသွက်လက်လျင်မြန်တဲ့ အသိတွေ ဖြစ်လာပြီးတော့ သိစရာအာရုံရော ရှုသိတဲ့စိတ်ရော ရုတ်တရက် ချုပ်ငြိမ်းသွားတာကို တွေ့သိရတယ်၊ အဲဒီလို ရုပ်နာမ်တွေ အားလုံး ချုပ်ငြိမ်း သွားတာကို မြင်တာက မဂ်ဉာဏ်ပဲ။

အဲဒီမဂ်ဉာဏ်မဖြစ်မီ ရှေးအဖို့က ရှုမှတ်နေရင်း ရုပ်နာမ်မျှသာရှိတယ်လို့ သိသိလာတဲ့ ဝိပဿနာဉာဏ်ဖြင့် အာရမ္မဏာနုသယ ခေါ်တဲ့ အတ္တဒိဋ္ဌိကို ပယ်လာခဲ့တယ်၊ ရုပ်နာမ်သင်္ခါရ အားလုံးချုပ်ငြိမ်းတဲ့ သဘောကို သိမြင်တဲ့ အရိယာမဂ်ကတော့ သန္တာနာနုသယခေါ်တဲ့ အဲဒီ အတ္တဒိဋ္ဌိကို အကြွင်းမဲ့ ပယ်သွားတယ်၊ အဲဒီ အခါမှစပြီး ပုဂ္ဂိုလ်သတ္တဝါ အတ္တကောင် အသက်ကောင် အနေဖြင့် ထင်မှတ်စွဲလမ်းမှု လုံးဝ ကင်းသွားတော့တာပဲ၊ အဲဒါဟာ -

ဒိဋ္ဌိဉ္စ - ပုဂ္ဂိုလ် သတ္တဝါ အတ္တကောင် တကယ်ပင်ရှိသည်ဟု ထင်မှတ် စွဲလမ်းသော အတ္တဒိဋ္ဌိသို့လည်း၊
အနုပဂမ္မ - မကပ်ရောက်မူ၍”

လို့ ညွှန်ကြားတော်မူတဲ့ ဘုရားစကားတော်နှင့်အညီ သတ္တဝါ ပညတ်ကို အာရုံပြု၍ မေတ္တာပွားနေသော်လဲ အတ္တကောင် အနေဖြင့် မစွဲလမ်းဘဲ အတ္တ ဒိဋ္ဌိကို ပယ်နိုင်အောင် အားထုတ်ပုံ အကျဉ်းချုပ်ပါပဲ။

အဲဒီလို ရှုမှတ်အားထုတ်ခြင်းဖြင့် အတ္တဒိဋ္ဌိကို ပယ်လိုက်ရင် မှားယွင်းသော အယူအစွဲ မိစ္ဆာဒိဋ္ဌိဟူသမျှ အကုန်လုံး ကင်းသွားတော့တာပါပဲ၊ အဲဒီလို ဒိဋ္ဌိကို ပယ်ပြီးတော့ - သီလဝါ - သီလနှင့်ပြည့်စုံရမယ်တဲ့၊ ဘာဝနာ၏ အခြေခံဖြစ်တဲ့ ငါးပါးသီလ, ရှစ်ပါး သီလ, ဆယ်ပါးသီလဆိုတဲ့ လူတို့၏သီလကတော့ ဆောက်တည်ပြီး ရိုရိုသေသေ စောင့်ရှောက်နေရင် ပြည့်စုံစင်ကြယ်နေတာပါပဲ၊

ရဟန်းတို့၏ ပါတိမောက် သီလကလဲ ရိုရိုသေသေ စောင့်ရှောက်နေရင် ပြည့်စုံ စင်ကြယ် နေတာပါပဲ၊ အဲဒီ လူ့သီလ ရဟန်းသီလ ဆိုတာကတော့ တရား အားမထုတ်မီကတည်းက ပြည့်စုံစေရပါတယ်၊ ဒီမေတ္တသုတ်မှာ ကရဏီယ မတ္ထကုသလေန - အစရှိတဲ့ ဒေသနာ စကားရပ်ဖြင့်ပင် အဲဒီသီလ ပြည့်စုံစေရန် ညွှန်ကြားခဲ့ပြီး ဖြစ်နေပါတယ်။

ဒီနေရာမှာတော့ အရိယမဂ်သီလနှင့် ပယ်တဲ့ အရိယမဂ်ထဲမှာပါဝင်နေတဲ့အတွက် “အတ္တဒိဋ္ဌိသို့မကပ်ရောက်မူ၍ - အတ္တဒိဋ္ဌိကိုပယ်၍”လို့ ဆိုတဲ့ စကားထဲမှာ ပါဝင်ပြီးဖြစ်နေပါတယ်၊ ဒါပေမယ့် အဲဒီအရိယမဂ်သီလနှင့်လဲ ပြည့်စုံပါတယ် ဆိုတာကို ပေါ်လွင်ထင်ရှားစေလိုသောကြောင့် သီလဝါ - သီလနှင့် ပြည့်စုံသည် ဖြစ်၍ - လို့ ထပ်မံပြီး၊ ဖော်ပြတာပါပဲ၊

နောက်ပြီးတော့ -
ဒဿနေန - သင်္ခါရ ဆင်းရဲချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ကို မျက်မှောက် တွေ့မြင်သော သောတာပတ္တိမဂ်ဉာဏ် အမြင်နှင့်လည်း၊
သမ္ပန္နော - ပြည့်စုံသည်ဖြစ်၍၊

ဒါကလဲ ဒိဋ္ဌိသို့ မကပ်ရောက်ဘူး - ဒိဋ္ဌိကို ပယ်တယ်၊ အရိယ သီလနှင့် ပြည့်စုံတယ် ဆိုတဲ့ စကားများနဲ့ မရတူပါပဲ၊ ပေါ်လွင်စေရန် ထပ်မံပြီးပြဆို ပြန်တာပါပဲ။

ဂဗ္ဘသေယျ ကင်းအောင် ကျင့်ပုံ

နောက်ပြီးတော့ -
ကာမေသု - လိုချင်စရာအာရုံ ကာမဂုဏ်တို့၌၊
ဂေဓံ - တပ်မက်တွယ်တာသော ကာမတဏှာကို၊
ဝိနယ - အနာဂါမိ မဂ်ဉာဏ်ဖြင့် ပယ်ပြီး၍၊
ဝါ - ပယ်ပြီးလတ်သော်၊
သော - ထိုသို့သော ပုဂ္ဂိုလ်သည်၊

သောတာပန် ပုဂ္ဂိုလ်ဖြစ်ပြီးနောက် ဆက်လက်ပြီး ရှုသွားရင် သကဒါဂါမိမဂ်ဖိုလ်သို့ ရောက်ပြီး သကဒါဂါမ်ဖြစ်တယ်၊ အဲဒီနောက် ဆက်ပြီး ရှုသွားရင် အနာဂါမိမဂ်ဖြင့် ကာမတဏှာကို အကြွင်းမဲ့ပယ်တယ်၊ အဲဒီလို အနာဂါမ်မဂ်ဖြင့် ကာမတဏှာကို အကြွင်းမဲ့ ပယ်ပြီး ဖြစ်ရင် အနာဂါမိမဂ်ဖိုလ်ကို လဲရောက်ပြီး အနာဂါမ်ပုဂ္ဂိုလ် ဖြစ်သွားတော့တာပါပဲ၊ အဲဒီလို ကာမတဏှာကို အကြွင်းမဲ့ ပယ်ပြီးတော့ အနာဂါမ်ဖြစ်နေတဲ့ အဲဒီပုဂ္ဂိုလ်ဟာ လူ့လောကမှ စုတေတဲ့အခါ သုဒ္ဓါဝါသဆိုတဲ့ ဗြာဟ္မလောကမှာ ဖြစ်ရတယ်။

သုဒ္ဓါဝါသ ငါးဘုံထဲက အောက်ဆုံးဖြစ်တဲ့ အဝိဟာဘုံမှာ ဖြစ်ရတယ်၊ အဲဒီဘုံမှာ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်စံ တာလဲရှိတယ်၊

အဲဒီဘုံမှာ ရဟန္တာ မဖြစ်သေးရင် အဲဒီဘုံက အသက်တမ်း ကမ္ဘာပေါင်းတစ်ထောင် ပြည့်တဲ့အခါ စုတေပြီး အတပ္ပါ ဆိုတဲ့ ဘုံမှာဖြစ်ရတယ်၊ အဲဒီမှာ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်စံတာလဲရှိတယ်၊

အဲဒီမှာ ရဟန္တာ မဖြစ်သေးရင် ကမ္ဘာပေါင်း နှစ်ထောင် ရှိတဲ့အခါ စုတေပြီး သုဒဿာဘုံမှာ ဖြစ်ရတယ်၊ အဲဒီမှာ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်စံတာလဲရှိတယ်၊

အဲဒီမှာ ရဟန္တာ မဖြစ်သေးရင် ကမ္ဘာပေါင်း လေးထောင် ရှိတဲ့အခါ စုတေပြီး သုဒဿီဘုံမှာ ဖြစ်နေရတယ်၊ အဲဒီမှာ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန် စံတာလဲရှိတယ်၊

ရဟန္တာမဖြစ်သေးရင်တော့ ကမ္ဘာပေါင်း ရှစ်ထောင်ရှိတဲ့အခါ စုတေပြီး အကနိဋ္ဌဆိုတဲ့ အထက်ဆုံး သုဒ္ဓါဝါသဘုံမှာ ဖြစ်ရတယ်၊ အဲဒီဘုံမှာ အသက်တမ်းက ကမ္ဘာပေါင်း တစ်သောင်းခြောက်ထောင်ရှိတယ်၊ အဲဒီကမ္ဘာပေါင်း တစ်သောင်းခြောက်ထောင် အတွင်းမှာ ဧကန်ပင် ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန် ဝင်စံသွားရတော့တာပဲ၊

ပရိနိဗ္ဗာန်ဆိုတာ ရဟန္တာမှာ လက်ရှိ ဘဝက နောက်ဆုံး ရုပ်နာမ်ဆိုတဲ့ စုတိခန္ဓာ ချုပ်သွားတဲ့နောက် ဘဝသစ် ရုပ်နာမ် ခန္ဓာဖြစ်မလာတော့ဘဲ ပြတ်စဲ ချုပ်ငြိမ်း သွားတာကိုဆိုတာပါပဲ၊ အဲဒီလိုချုပ်ငြိမ်းသွားတာဟာ ဆင်းရဲခပ်သိမ်း အကုန်ငြိမ်း သွားတာပဲ၊ မအိုရတော့ဘူး၊ မနာရတော့ဘူး၊ မသေရတော့ဘူး၊ ရုပ်ကိုမှီပြီးတော့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတွေ မဖြစ်ရတော့ဘူး၊ နာမ်ကိုမှီပြီးတော့လဲ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတွေ မဖြစ်ရတော့ဘူး၊ အမြဲတမ်း ငြိမ်းအေးသွားတော့တာပဲ။

အဲဒီလို သုဒ္ဓါဝါသဘုံများသို့ ရောက်ပြီး ပရိနိဗ္ဗာန်စံဖို့ပဲရှိတော့တယ်၊ လူ့လောကသို့ ပြန်လာဖွယ် အမိဝမ်း၌ ဖြစ်ဖွယ်မရှိတော့ဘူးဆိုတာလဲ ဒီလို ပြဆိုထားပါတယ်။

သော - ထိုမေတ္တာဈာန်ရ ပုဂ္ဂိုလ်သည်၊
ဒိဋ္ဌိဉ္စ - အတ္တဒိဋ္ဌိကိုလည်း၊
အနုပဂမ္မ - မကပ်ရောက်မူ၍၊
ဝါ - ဝိပဿနာဉာဏ် မဂ်ဉာဏ်တို့ဖြင့် အတ္တဒိဋ္ဌိကို ပယ်ပြီး၍၊
သီလဝါ - အရိယမဂ်သီလနှင့်ပြည့်စုံသည့်အပြင်၊
ဒဿနေန သမ္ပန္နော - သောတာပတ္တိမဂ်ဉာဏ် အမြင်နှင့်လည်းပြည့်စုံသည်ဖြစ်၍၊
ကာမေသု - ကာမဂုဏ်အာရုံတို့၌၊
ဂေဓံ - တပ်မက်သော ကာမတဏှာကို၊
ဝိနယ - အနာဂါမိမဂ်ဉာဏ်ဖြင့် ပယ်ရှား၍၊
ဝါ - ပယ်ရှားပြီးဖြစ်သောကြောင့်၊
ဂဗ္ဘေသေယျံ - အမိဝမ်း၌ ကိန်းအောင်းရသည့် ဘဝသစ် ဖြစ်ခြင်းသို့၊
ပုန - တစ်ဖန်၊
န ဟိ ဇာတု ဧတိ - ဧကန်ပင် မရောက်ရတော့သည်သာတည်း၊
ဝါ - အမိဝမ်း၌ တစ်ဖန် မဖြစ်ရတော့ဘဲ ပရိနိဗ္ဗာန် ဝင်စံရတော့သည်သာတည်းတဲ့။

ယခု ပြဆိုခဲ့တဲ့ အနက်အဓိပ္ပာယ်အရအားဖြင့် မေတ္တာဘာဝနာကို ပွားစေရင် ဈာန်ရတယ်၊ အဲဒီ ဈာန်ကို အခြေခံပြုပြီး ဝိပဿနာ ရှုရင် အနာဂါမ်အထိဖြစ်ပြီး အမိဝမ်းတွင်းဖြစ်ရတဲ့ ဘဝမျိုးမရှိတော့ဘူး၊ သုဒ္ဓါဝါသ ဗြဟ္မာ့ဘုံများမှာ ဖြစ်ပြီးတော့ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်စံရတယ်၊ ဒါလောက်ပဲ ထင်ရှားပါတယ်၊

ဒါပေမယ့် မြတ်စွာဘုရား၏ အလိုတော်ကတော့ ယခုပစ္စုပ္ပန် ဘဝမှာပဲ အရဟတ္တ မဂ်ဖိုလ်ရောက်ပြီး ပရိနိဗ္ဗာန်ဝင်စံရတာကို လိုလားတော်မူပါတယ်၊ ဒါကြောင့် အမိဝမ်းတွင်း၌ ကိန်းရတဲ့ ပဋိသန္ဓေကို အရင်းခံပြုပြီး ဘဝသစ် ပဋိသန္ဓေ အားလုံးကို ပယ်တယ်လို့ ဒီလိုလဲ ယူဆကြပါတယ်၊ အဲဒီလို ယူဆတာဟာ ဘုရားအလိုတော်နှင့် ကိုက်ညီတဲ့အတွက် သင့်လျော်တယ်လို့ဆိုရမှာပါပဲ၊

ဒါပေမယ့် အဲဒီအနက်ရအောင် အနက်ပြန်ဖို့ကတော့ မလွယ်လှပေဘူး၊ ကာမေသု - ဆိုတဲ့ပုဒ် အရ ကာမဂုဏ်ကိုသာ မယူဘဲ လိုချင်ဖွယ်ဖြစ်တဲ့ ရူပဘဝ, အရူပ ဘဝတွေကိုပါ ယူပြီးပြန်ရင်တော့ ဖြစ်နိုင်ပါတယ်၊ ဒါကြောင့် အဲဒီနောက်ဆုံး ၂ - ပိုဒ်ကို ဒီလိုအနက်ပြန်ရပေလိမ့်မယ်။

ကာမေသု - လိုချင်ဖွယ် အာရုံဟူသမျှတို့၌၊
ဂေဓံ - တပ်မက်တွယ်တာသော တဏှာကို၊
ဝိနယ - အရိယမဂ်လေးပါးဖြင့် ပယ်ရှားပြီး၍၊
ဝါ - ပယ်ရှားပြီးဖြစ်သောကြောင့်၊
ဂဗ္ဘသေယျံ - အမိဝမ်းတွင်း၌ ကိန်းရသည့် ပဋိသန္ဓေစသော ဘဝသစ် ဖြစ်ခြင်းသို့၊
ပုန - တစ်ဖန်၊
နဟိ ဇာတု ဧတိ - ဧကန်ပင် မရောက်ရတော့သည်သာတည်း၊
ဝါ - တစ်ဖန် ဘဝအသစ် မဖြစ်ရတော့ဘဲ လက်ရှိဘဝ၌ပင် ပရိနိဗ္ဗာန်ဝင်စံရတော့သည် သာတည်းတဲ့။

ဒီအနက်ဟာ ပြန်ရိုးပြန်စဉ် သဒ္ဓါနက်မဟုတ်ပေမယ့် ဘုရားအလိုတော်နှင့်လဲ ကိုက်ညီတယ်၊ ဒီမေတ္တသုတ် ပရိတ်တော်ကို နာယူပြီး အားထုတ်ကြတဲ့ ရဟန်းငါးရာတို့ဟာ အဲဒီဝါတွင်းမှာပဲ ရဟန္တာဖြစ်ကြတယ် ဆိုတာနဲ့လဲ ညီညွတ်တယ်၊ နောက်ပြီးတော့ မေတ္တာဈာန်ကို အခြေပြုပြီး ဝိပဿနာ ရှုရင် အရဟတ္တမဂ်ဖိုလ်အထိ ရောက်နိုင်တယ်ဆိုတဲ့ ဒေသနာတော်များနဲ့လဲ ကိုက်ညီတယ်၊ ဖြစ်ရိုးဖြစ်စဉ် သဘာဝနဲ့လဲ ညီညွတ်တယ်၊

ဒါကြောင့် မေတ္တာဈာန်ကို အခြေခံပြုပြီးတော့ ဝိပဿနာရှုခြင်းဖြင့် ရဟန္တာအထိဖြစ်ပြီး ဘဝသစ် မဖြစ်ရတော့ဘူးဆိုတဲ့ ဒီအနက်ဟာ အလွန်ပင် သင့်လျော်ပါတယ်။ မေတ္တသုတ် မူတည်ပြီးတော့ မေတ္တာဗြဟ္မဝိဟာရ တရားကို ဟောလာတာ ပြည့်စုံလောက်ပါပြီ၊ ဒါကြောင့် ဒီကနေ့ တရားသိမ်းကြဦးစို့။

ဒီ မေတ္တာဘာဝနာ တရားကို ရိုသေစွာ နာယူ မှတ်သားကြရသော ဓမ္မသဝန ကုသိုလ်ကံ စေတနာတို့၏ အစွမ်း အာနုဘော်ကြောင့် ယခုတရားနာ ပရိသတ် အပေါင်း သူတော်ကောင်းတို့သည် မေတ္တာ ဘာဝနာကိုလဲ စွမ်းနိုင်သမျှ ပွားများ အားထုတ်ကြသည့်အပြင် ဖြစ်ဆဲရုပ်နာမ်ကို ရှုမှတ်မှု ဝိပဿနာ တရားကိုလဲ တိုးတက် ပွားများ အားထုတ်နိုင်ကြ၍ မိမိတို့ အလိုရှိအပ်သော မဂ်ဉာဏ်, ဖိုလ်ဉာဏ်ဖြင့် ဆင်းရဲခပ်သိမ်း ငြိမ်းရာ နိဗ္ဗာန်ကို လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင် ကြပါစေ။

သာဓု....သာဓု....သာဓု။

ဗြဟ္မဝိဟာရတရားတော် တတိယပိုင်း ပြီး၏။

ဗြဟ္မဝိဟာရတရားတော်

စတုတ္ထပိုင်း

(၁၃၂၇-ခုနှစ်၊ တော်သလင်း လပြည့်နှင့် လဆုတ် ၈-ရက် ဟောသည်)

တရားအနုသန္ဓေ

ဗြဟ္မဝိဟာရတရား လေးပါးထဲက မေတ္တာအကြောင်းဟောလာခဲ့တာ ရှစ်သီတင်း ရှိသွားပြီ၊ ပြည့်စုံသလောက်လဲ ရှိသွားပါပြီ၊ ဒါပေမယ့် မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ဟောထားတဲ့ မေတ္တာပွားပုံနဲ့ ဝိပဿနာရှုပုံရယ်, မေတ္တာအကျိုး အာနိသင်ဆိုင်ရာ အချို့ ဝတ္ထုကြောင်းကလေးများရယ်၊ အဲဒါတွေကို ဖြည့်စွက်ပြီး ဟောချင်ပါသေးတယ်၊

ဒါကြောင့် ယခု ဘုရားဟော ပါဠိကို ရှေးဦးစွာ အင်္ဂုတ္တရနိကာယ် စတုက္ကနိပါတ် ဒုတိယမေတ္တာသုတ် (၄၄၅)မှ ထုတ်ဆောင်ပြမယ်။

ဒုတိယမေတ္တသုတ်

ဣဓ ဘိက္ခဝေ ဧကစ္စော ပုဂ္ဂလော မေတ္တာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ၊ တထာ ဒုတိယံ၊ တထာ တတိယံ၊ တထာ စတုတ္ထံ၊ ဣတိ ဥဒ္ဒမဓော တိရိယံ သဗ္ဗဓိ သဗ္ဗတ္တတာယ သဗ္ဗာဝန္တံ လောကံ မေတ္တာ သဟဂတေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာပဇ္ဈေန ဖရိတွာ ဝိဟရတိ၊ သော ယာဒေဝ တတ္ထ ဟောတိ ရူပဂတံ ဝေဒနာဂတံ သညာဂတံ သင်္ခါရဂတံ ဝိညာဏဂတံ၊ တေ ဓမ္မေ အနိစ္စတော ဒုက္ခတော ရောဂတော ဂဏ္ဍတော သလ္လတော အဃတော အာဗာဓတော ပရတော ပလောကတော သုညတော အနတ္တတော သမနုပဿတိ၊ သော ကာယဿ ဘေဒါ ပရံ မရဏာ သုဒ္ဓါဝါသာနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇတိ၊ အယံ ဘိက္ခဝေ ဥပပတ္တိ အသာဓာရဏာ ပုထုဇ္ဇနေဟိ။

(တစ်ဆက်တည်းဟောထားသည့် ပါဠိဖြစ်ကြောင်း ထင်ရှားစေရန် အပြည့်အစုံ ဖော်ပြလိုက်သည်၊ ဟောစဉ်မှာမူ တစ်ပိုင်းချင်း ဖြတ်၍ ဟောရသည်။)

ဘိက္ခဝေ - ရဟန်းတို့၊
ဣဓ - ဤသာသနာတော်၌၊
ဧကစ္စော ပုဂ္ဂလော - အချို့ပုဂ္ဂိုလ်သည်၊
မေတ္တာ သဟဂတေန - ချမ်းသာစေလိုသည့် မေတ္တာဓာတ်နှင့်တကွဖြစ်သော၊
စေတသာ - စိတ်ဖြင့်၊
ဧကံ ဒိသံ - တစ်ခုသော အရပ်မျက်နှာကို၊
ဝါ - အရပ်မျက်နှာတစ်ခု၌ ရှိသော သတ္တဝါအပေါင်းကို၊
ဖရိတွာ - ချမ်းသာကြပါစေဟု နှလုံးသွင်းသောအားဖြင့်ဖြန့်၍၊
ဝိဟရတိ - နေ၏ တဲ့။

အဲဒီပါဠိနှင့်အလားတူ ပါဠိအနက်အဓိပ္ပာယ်များကို ပထမပိုင်း (နှာ ၂၁ - စသည်နှင့် ၃၆ - စသည်) မှာ ပြခဲ့ပါပြီ၊ အဲဒီမှာ ပြခဲ့တဲ့ ပါဠိက အရှင်သာရိပုတ္တရာမထေရ် ဟောတာ၊ ယခု ဒီမှာ ထုတ်ပြတဲ့ ပါဠိကတော့ မြတ်စွာဘုရား ကိုယ်တော်တိုင် ဟောတာ၊ ဒါလောက်သာ ထူးပါတယ်၊ နောက်ပြီးတော့ အရှင်သာရိပုတ္တရာဟောတဲ့ ပါဠိမှာ ဝိပဿနာရှုပုံမပါဘူး၊

ဒီမှာတော့ ဝိပဿနာရှုပုံလဲ တစ်ဆက်တည်းပါရှိတယ်၊ ဒါလောက်ပဲ အပိုပါပါတယ်၊ အဲဒီမှာ ဧကံ ဒိသံ - တစ်ခုသော အရပ် ဆိုတာ အရှေ့အနောက်တောင်မြောက်ဆိုတဲ့ ဒီလေးခုထဲက တစ်ခုခုကို ယူနိုင်ပါတယ်၊ ဒါပေမယ့် မေတ္တာပို့ရိုး အစဉ်အားဖြင့် အရှေ့အရပ်ကို ယူဖို့ပါပဲ၊ ယခု အဲဒီ အရှေ့ အရပ်မျက်နှာက သတ္တဝါတွေကို မေတ္တာပွားကြရမယ်၊ လိုက် ဆိုကြ။

အရှေ့အရပ်က အားလုံးသတ္တဝါတွေ ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ။

တထာ ဒုတိယံ - ဒုတိယ အရပ်မျက်နှာကို ထို့အတူ ဖြန့်လျက်နေ၏၊
တထာ တတိယံ - တတိယ အရပ်မျက်နှာကို ထို့အတူ ဖြန့်လျက်နေ၏၊
တထာ စတုတ္ထံ - စတုတ္ထ အရပ်မျက်နှာကို ထို့အတူဖြန့်လျက်နေ၏၊

အဲဒါဟာ အနောက်အရပ် မြောက်အရပ် တောင်အရပ်များကို အလားတူပင် မေတ္တာစိတ်ဖြင့် ဖြန့်နေပုံကို ပြတာပါပဲ၊ အဲဒီသုံးပိုဒ်အရ မေတ္တာပွား ကြရမယ်၊ လိုက်ဆိုကြ။

အနောက်အရပ်က အားလုံး သတ္တဝါတွေ ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ။

မြောက်အရပ်က အားလုံး သတ္တဝါတွေ ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ။

တောင်အရပ်က အားလုံး သတ္တဝါတွေ ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ။

ဣတိ - ဤနည်းဖြင့်၊
ဥဒ္ဓံ - အထက်အရပ်၌ သတ္တဝါအပေါင်းကို၊
အဓော - အောက်အရပ်၌ သတ္တဝါအပေါင်းကို၊
တိရိယံ - ဖီလာဖြစ်သော ကျန်သေးသည့် အထောင့်အရပ်လေးခု၌ သတ္တဝါ အပေါင်းကို၊
သဗ္ဗဓိ - အရပ်အလုံးစုံ၌၊
ဥဗ္ဗတ္တတာယ - သတ္တဝါ ဟူသမျှကို မိမိကိုယ်နှင့် အတူထားလျက်၊
ဝါ - စိတ်အားလုံးဖြင့်၊
သဗ္ဗာဝန္တံလောကံ - သတ္တဝါအားလုံးရှိသော လောကကို၊
မေတ္တာသဟဂတေနစေတသာ - ချမ်းသာစေလိုသော စိတ်ဖြင့်၊
ဝိပုလေန - ကျယ်ပြန့်သောစိတ်ဖြင့်၊
မတဂ္ဂတေန - မဟဂ္ဂုတ်ခေါ် ဈာန်စိတ်ဖြင့်၊
အပ္ပမာဏေန - အတိုင်းအရှည် ကင်းသောစိတ်ဖြင့်၊
အဝေရေန - ရန်ကင်းသော စိတ်ဖြင့်၊
အဗျာပဇ္ဈေန - နှလုံးမသာမှု ကင်းသောစိတ်ဖြင့်၊
ဖရိတွာ ဝိဟရတိ - ဖြန့်လျက်နေ၏။

ဒီစကားရပ်ဖြင့် အထက်အရပ် အောက်အရပ် အထောင့်အရပ်များကို မေတ္တာ ဖြန့်ဖို့ပြတာပါပဲ၊ အရပ်အစဉ်ကတော့ ဒေသနာအစဉ်မျှပါပဲ၊ ဒါကြောင့် အထောင့် အရပ် အောက်အရပ် အထက်အရပ်ဆိုတဲ့ ပဋိသမ္ဘိဒါမဂ် အစဉ်အားဖြင့်ပင် မေတ္တာ ပွားကြရမယ်၊ လိုက်ဆိုကြ။

အရှေ့တောင်အရပ်က အားလုံး သတ္တဝါတွေ ချမ်းသာကြပါစေ...။

အနောက်မြောက်အရပ်က အားလုံး သတ္တဝါတွေ ချမ်းသာကြပါစေ...။

အရှေ့မြောက်အရပ်က အားလုံး သတ္တဝါတွေ ချမ်းသာကြပါစေ...။

အနောက်တောင်အရပ်က အားလုံး သတ္တဝါတွေ ချမ်းသာကြပါစေ...။

အောက်အရပ်က အားလုံးသတ္တဝါတွေ ချမ်းသာကြပါစေ...။

အထက်အရပ်က အားလုံးသတ္တဝါတွေ ချမ်းသာကြပါစေ...။

ပါဠိတော်မှာ မဟဂ္ဂတေန - မဟဂ္ဂုတ်ခေါ်တဲ့ ဈာန်စိတ်ဖြင့် ဖြန့်ရမယ်လို့ ဆိုတဲ့အတိုင်း အရပ်ဆယ်မျက်နှာ ဖြန့်ပြီး မေတ္တာပွားတာဟာ ဈာန်ရပြီးမှ ပွားဖို့ပါပဲ၊ ဒါပေမယ့် ဈာန်မရဘဲ ပွားရင်လဲ အပြစ်တော့မရှိပါဘူး၊ အကျိုးရှိတန် သလောက်တော့ ရှိတာပါပဲ၊

ဘယ်လို အကျိုးတွေကို ရနိုင်သလဲဆိုတော့ - ကာမာဝစရမေတ္တာ ကုသိုလ်ကိုလဲ ရတယ်၊ အဲဒီမေတ္တာ ကုသိုလ်ကြောင့် ချမ်းသာစွာ အိပ်ရခြင်း၊ နိုးရခြင်း၊ အိပ်မက်ဆိုးကို မမြင်မက်ခြင်း၊ နတ်, လူတို့က ချစ်ခင် ကြည်ညိုခြင်း၊ အရပ် ဆယ်မျက်နှာနှင့်စပ်ပြီး ဘေးအန္တရာယ် ကင်းခြင်း စသော အကျိုးတွေကို ရနိုင် ပါတယ်၊

နောက်ပြီးတော့ မြတ်သော အလှူခံ ပုဂ္ဂိုလ်ဖြစ်ပြီး ကောင်းမှုရှင်အား အကျိုးကြီးတဲ့ ဒါနကုသိုလ်ကိုလဲ ဖြစ်ပွားစေနိုင်တယ်၊ ပစ္စည်းလေးပါး သုံးဆောင်ရာ၌ ဣဏ ပရိဘောဂမှ ကင်းလွတ်တယ်၊ အဲဒီ ပွားနေတဲ့ မေတ္တာစိတ်ဖြင့် သေသွားရင် အပါယ်လေးပါးမှ လွတ်ပြီး သုဂတိ၌ ဖြစ်နိုင်တယ်၊ ဒီလို အကျိုးတွေကို ရနိုင်ပါတယ်၊

ဒါကြောင့် မေတ္တာတရားကို ဟောနေစဉ် နာနေကြစဉ်မှာ အဲဒီလို အကျိုးများကို ရစေနိုင်တဲ့ မေတ္တာပွားနည်းကို နားလည်အောင်, မေတ္တာကုသိုလ်လဲ ပွားရအောင် ဘုန်းကြီးတို့က မေတ္တာပွားပုံများကို ထပ်ခါထပ်ခါ ညွှန်ပြပေးနေတာပါပဲ။

မေတ္တာပွားခြင်း၏ အကျိုးအာနိသင်တွေကို -

“အိပ်, နိုးချမ်းသာ၊ ကောင်းစွာအိပ်မက်၊
ချစ်လျက် လူ, နတ်၊ စောင့်လတ် နတ်များ၊
မီး-ဆိပ်-ဓားတို့၊ ရှောင်ရှားကိုယ်မှာ”

စသည်ဖြင့် ဆောင်ပုဒ်နှင့်တကွ ပထမပိုင်းတုန်းက ပြောခဲ့ပါပြီ၊ အဲဒီအကျိုးပြ လင်္ကာကို လိုက်ဆိုကြရမယ်။

အိပ်, နိုး ချမ်းသာ၊ ကောင်းစွာအိပ်မက်၊
ချစ်လျက် လူ, နတ်၊ စောင့်လတ်နတ်များ၊
မီး-ဆိပ်-ဓားတို့၊ ရှောင်ရှားကိုယ်မှာ၊
လျင်စွာစိတ်တည်၊ ရွှင်ကြည်မျက်နှာ၊
သေခါမတွေ၊ လားလေဗြဟ္မာ၊
ဆယ့်တစ်ဖြာသည်၊ မေတ္တာပွားမှုအကျိုးတည်း။

အဲဒီအကျိုး ၁၁ - ပါးထဲက -
(၁) ချမ်းသာစွာ အိပ်ရတယ်၊
(၂) ချမ်းသာစွာ နိုးရတယ်၊
(၃) အိပ်မက်ဆိုးကို မမြင်မမက်ရဘူး၊ အိပ်မက်ကောင်းကိုသာ မြင်မက်ရတယ်-
ဆိုတဲ့ အဲဒီအကျိုးသုံးပါးကတော့ ထင်ရှားနေပါပြီ၊ ထပ်ပြောစရာလဲ မရှိပါဘူး၊

(၄) လူများက ချစ်ခင်ကြည်ညိုတယ် ဆိုတာနဲ့ စပ်ပြီး ရောဇ ဆိုတဲ့ မလ္လမင်းသား အကြောင်းကိုတော့ ဝိနည်းမဟာဝါ ပါဠိ ၃၄၅-မှ ထုတ်ပြချင်သေးတယ်။

ရောဇမလ္လဝတ္ထု

တချိန်က - မြတ်စွာဘုရားဟာ အာပဏ ဆိုတဲ့ အရပ်မှ ကုသိနာရုံသို့ နောက်ပါ သံဃာ တစ်ထောင့် နှစ်ရာ့ငါးဆယ်နှင့်တကွ ကြွချီတော်မူတယ်၊ အဲဒီအခါ ကုသိနာရုံက မလ္လာမင်းတို့က ဘုရားကြွလာမည့် အကြောင်းကို ကြားရတဲ့အတွက် “ဘုရားကြွလာတဲ့အခါ မကြိုတဲ့လူအား ဒဏ်ငွေငါးရာ ထမ်းဆောင်ရမယ်”လို့ စည်းကမ်းကို သတ်မှတ်ထားကြတယ်၊

ကုသိနာရုံသို့ မြတ်စွာဘုရား ရောက်တဲ့အခါ ကြိုတဲ့သူတွေထဲမှာ ရောဇ ဆိုတဲ့ လူလဲပါတယ်၊ သူက အရှင်အာနန္ဒာ၏ သူငယ်ချင်းမိတ်ဆွေ ဖြစ်တယ်၊ ဒါကြောင့် အရှင်အာနန္ဒာက သူ့ကိုတွေ့တဲ့အခါ မြတ်စွာဘုရားအား ခရီးဦးကြိုဆိုတာ ကောင်းမြတ်တဲ့အကြောင်း ဝမ်းမြောက်ဝမ်းသာနဲ့ နှုတ်ဆက် စကားပြောကြားတယ်၊

အဲဒီတော့ ရောဇမင်းသားက “ယခုလို ကြိုဆိုတာက ဘုရား တရား သံဃာမှာ များစွာမြတ်နိုးလို့ ပြုတာ မဟုတ်ပါဘူး၊ မကြိုက်ဘဲနေရင် ဒဏ်ငွေငါးရာ ပေးဆောင်ရမှာ ကြောက်လို့ ကြိုဆိုရတာပါ”လို့ ပြန်လည်ပြောကြားသတဲ့။

အဲဒီတော့ အရှင်အာနန္ဒာမှာ “ရောဇဟာ ဘာကြောင့် ဒီလို စကား ပြောဆိုပါလိမ့် မလဲ”လို့ ဆင်ခြင်ပြီး နှလုံးမသာ ဖြစ်ရပါသတဲ့၊ “ရောဇဟာ တော်တော်ရိုင်းစိုင်း တဲ့လူပဲ၊ ဘုရား တရား သံဃာကို ကြည်ညိုရမှန်းတောင် မသိဘူး၊ ဒီအတိုင်းသာ ဆိုရင် သူ့မှာ ရသင့်တဲ့ အကျိုးစီးပွားတွေမှ ဆုံးရှုံးသွားရှာတော့မှာပဲ”လို့ ဆင်ခြင်ပြီး အဲဒီ အကြောင်းကို မြတ်စွာဘုရားအား လျှောက်တယ်၊ အဲဒီ ရောဇဟာ သာသနာတော်ကို ကြည်ညိုရင် အကျိုးများမည့်အကြောင်း လျှောက်တယ်။

အဲဒီအခါ မြတ်စွာဘုရားက ရောဇတစ်ဦးတည်းကို စူးစိုက်ပြီး မေတ္တာဘာဝနာကို ပွားစေတယ်၊ မြတ်စွာဘုရားဟာ အားလုံးသော သတ္တဝါတွေကို ညီတူညီမျှ ပွားနေကျ ပါပဲ၊ ဒါပေမယ့် အဲဒီအခါမှာတော့ “ဒီရောဇဟာ ငါဘုရားကို တွေ့နေရတဲ့ အခါ မှာတောင် ဘုရား တရား သံဃာကို ကြည်ညိုရမှန်းသိလို့ရှိရင် သူ့မှာဖြစ်သင့်တဲ့ ကုသိုလ်တရားတွေ ဖြစ်ခွင့်မရှိဘဲ ဆုံးရှုံးသွားရှာတော့မှာဘဲ” စသည်ဖြင့် ဆင်ခြင်တော်မူပြီးတော့ မြတ်စွာဘုရားက သူ့တစ်ဦးတည်းကိုသာ စူးစိုက်ပြီး မေတ္တာ ပွားတော်မူပါတယ်၊

အဲဒါဟာ ဘာနဲ့တူသလဲ ဆိုရင် ယခုကာလမှာ အင်မတန်အားကြီးတဲ့ ဆလိုက်မီးတွေ ဆိုတာ ရှိတယ်၊ အဲဒါတွေဟာ အကျယ်ဖြန့်ပြီး ထိုးထားရင်တော့ အလင်းရောင်လဲ သင့်တော်ရုံပဲ၊ အပူဓာတ်လဲသိပ်မထင်ရှားဘူး၊ နေရာ ကျဉ်းကျဉ်းကလေး စုပြီး ထိုးထားရင်တော့ အလင်းရောင်လဲ အင်မတန်အားကောင်းတယ်၊ နေ့ခင်းလိုလိုပင် လင်းနေတတ်တယ်၊ အပူရှိန်လဲ ပြင်းထန်တယ်၊

အဲဒါလိုပဲ မြတ်စွာဘုရားက အားလုံးသတ္တဝါတွေ အပေါ်မှာ ပွားနေကျ မေတ္တာကို ရောဇ တစ်ဦးတည်း အပေါ်မှာသာ စူးစိုက်ပြီး ပွားလိုက်တော့ အလွန် အားကောင်း တာပေါ့။ အဲဒီ မေတ္တာဓာတ်ကြောင့် ရာဇမှာ မြတ်စွာဘုရား အပေါ်အလွန်ကြည်ညိုတဲ့ စိတ်တွေ ဖြစ်ပွားလာတယ်၊ ကြည်ညိုစိတ် အားကြီးပုံ ကတော့ မွေးခါစ နွားငယ်ကလေးဟာ မိခင် နွားမကြီးကို ချစ်ခင်သလို မခွဲမခွာနိုင်သလိုပါပဲတဲ့၊

ဒါကြောင့် ရောဇဟာ ပရိဝုဏ်ခေါ်တဲ့ ကျောင်းဝင်းငယ်တစ်ခုမှ ကျောင်းဝင်းငယ် တစ်ခုသို့ အလျင်အမြန်သွားပြီး မြတ်စွာဘုရားကိုရှာတယ် - ရဟန်းတော်များက ညွှန်ကြားတော်မူလိုက်တဲ့အတိုင်း နောက်ဆုံးကျတော့ ဘုရားသီတင်းသုံးရာ ဂန္ဓကုဋိတိုက် ရောက်ပြီးတော့ မြတ်စွာဘုရားကို အလွန် ရိုသေစွာ ရှိခိုးပြီး ထိုင်နေသတဲ့၊

အဲဒီအခါ ဒါနကထာ သီလကထာ စသည်ဖြင့် သူနဲ့ သင့်လျော်တဲ့တရားကို ဟောကြားတော်မူတယ်၊ အဲဒီ တရားကို နာပြီးတော့ သောတာပန်ဖြစ်သွားတယ်၊ အဲဒီ အခါကျတော့ “သံဃာတော် အရှင်မြတ်တွေဟာ သူလှူတဲ့ ပစ္စည်းလေးကိုသာ ခံယူတော်မူကြပါစေ၊ အခြားသူတို့ လှူတဲ့ ပစ္စည်းကို မခံယူကြပါစေနဲ့” လို့တောင် လျှောက်ပါသေးသတဲ့၊ အဲဒါဟာ မေတ္တာဓာတ်ဖြင့် ဆွဲဆောင်ပြီး အကျိုး များစေတာပါပဲ။

အဲဒီလို မေတ္တာဓာတ်ဖြင့် အခြားသူတို့၏ စိတ်အနေအထား ပြုပြင်ပေးနိုင်ပုံကို ထောက်ဆပြီးတော့ “ယခုအနေ အခါမှာလဲ မေတ္တာဓာတ်ဖြင့် စူးစူးစိုက်စိုက် နှလုံးသွင်းပေးရင် မေတ္တာခံပုဂ္ဂိုလ်များက ချစ်ခင်ကြည်ညိုတတ်တယ်”ဆိုတာ သိမှတ်ရပါတယ်၊ လူသာမဟုတ်ဘူး တိရစ္ဆာန်များလဲ ချစ်ခင်တတ်ကြပါတယ်၊ တော်တော်ဆီက ဘိုးဘွားရိပ်သာမှာ ထုတ်ဝေတဲ့ စာစောင်ထဲမှာ ထူးခြားတဲ့ အကြောင်းအရာတစ်ခုကို တွေ့ရတယ်။

ဦးဘထူး၏ မေတ္တာ

ဦးဘထူးဆိုတဲ့ လူတစ်ယောက်ဟာ တိရစ္ဆာန်တွေကို အလွန် သနားတတ်ပါသတဲ့၊ အထူးအားဖြင့် ခွေးတွေကို အလွန်သနားတတ်သတဲ့၊ ဒါကြောင့် သူက အရှင်မရှိတဲ့ ခွေးတွေကို သနားပြီး အထူးကျွေးမွေး စောင့်ရှောက်လေ့ရှိတယ် ကျိုက္ကစံစေတီ ဝင်းထဲက ခွေးတွေကို သူသတ်မှတ်ထားတဲ့ ရက်တိုင်း ကောင်းမွန်စွာ ချက်ပြုတ်ပြီး သွားရောက် ကျွေးသတဲ့၊

ဟိုက ခွေးတွေကလဲ သူလာတဲ့အခါ လာရောက်ပြီး ကြိုဆို ကြသတဲ့၊ ဒါကတော့ သိပ်မထူးလှပါဘူး။ တစ်ချိန်ကတော့ အဲဒီ ဦးဘထူးဟာ သူ့အဖော်များနဲ့အတူ ကျိုက်ထို တောင်စွန်းဆိုတဲ့ဌာနက ကေလာသ, မြသပိတ် ဆိုတဲ့ စေတီတော်များကို ဖူးမြော်ဖို့သွားတယ်၊ ဘုန်းကြီးကိုယ်တိုင်လဲ အဲဒီ ကေလာသနဲ့ မြသပိတ်ဆိုတဲ့ အရပ်တွေကို ရောက်ဖူးပါတယ်၊ သုံးညလောက်လဲ အိပ်နေခဲ့ဖူးပါတယ်၊ အဲဒီ တောင်ခြေက ရွာများသို့လဲ ဆွမ်းခံသွားဖူးပါတယ်၊

အဲဒီ တောင်ခြေက ရွာမှာ ခွေးတွေက ကိုက်တတ်တယ်၊ တယ်ဆိုးတယ်တဲ့၊ လူတစိမ်းဆိုရင် ဝိုင်းပြီးကိုက်တတ်ပါသတဲ့၊ တောင်ပေါ် စေတီတော်ရှိရာ သွားရင် အဲဒီရွာထဲက ဖြတ်သွားရတယ်၊ ဒါကြောင့် ဦးဘထူးက ခေါင်းဆောင်ပြီး အဲဒီ ခွေးဆိုးတွေရှိတဲ့ ရွာထဲက ဖြတ်သွားတဲ့အခါ ခွေးဆိုးတွေက အတင်းပြေးလာ ကြသတဲ့၊

အဲဒီတော့ ဦးဘထူးကို ခွေးဆိုးတွေက ကိုက်တော့မှာပဲလို့ ဘေးကလူတွေက စိုးရိမ်ကြတယ်၊ ဒါပေမယ့် ခွေးတွေက အဲဒီ ဦးဘထူးကို မိမိတို့၏ အရှင်သခင်လိုပင် ပတတ်ရပ်ပြီး နှုတ်ဆက်ကြသတဲ့၊ အဲဒါဟာ ခွေးများအပေါ် မေတ္တာကရုဏာ ပွားနေတဲ့ အတွက်ကြောင့်လို့ ယူရမှာပဲ။

(၅) နတ်များက ချစ်ခင်ကြတယ်

(၆) နတ်များက စောင့်ရှောက်ကြတယ် ဆိုတာတွေကိုလဲ ပြောခဲ့ပါပြီ၊

(၇) မီးမလောင်ဘူး၊ အဆိပ်မသင့်ဘူး၊ ဓားစသော လက်နက် မထိခိုက်ဘူးဆိုတဲ့ အကျိုးထဲက မီးမလောင်ပုံကတော့ ထောပတ်ဆီပူ မလောင်ပုံဖြင့် ပြောခဲ့ပါပြီ၊ အဆိပ်မသင့်ပုံကတော့ စူဠသိဝမထေရ်ဝတ္ထုကအကျယ် ပြဆိုထားချက်မရှိလို့ အကျဉ်းလောက်ပဲ ပြောခဲ့ရပါတယ်၊ ဓားစသော လက်နက် မထိခိုက်နိုင်ပုံကိုလဲ သံကိစ္စ သာမဏေအကြောင်း ညွှန်ပြပြီးတော့ အဋ္ဌကထာက ပြထားတဲ့ နွားမဝတ္ထု လောက်ပဲ ပြောခဲ့ရသေးတယ်၊ အခြား အဋ္ဌကထာများမှာ ပြထားတဲ့ သာမာဝတီ ဝတ္ထုစသည်ကို ဒီနေရာမှာ ထုတ်ဆောင်ပြချင်ပါသေးတယ်။

မြားမမှန်တဲ့ သာမာဝတီဝတ္ထု

မြတ်စွာဘုရား လက်ထက်တော်ကာလက ကောသဗ္ဗီ ပြည် (မြို့)မှာ ဥတေနဆိုတဲ့ ဘုရင်က အုပ်စိုးလျက်ရှိတယ်၊ အဲဒီ ဥတေနဘုရင်မှာ မိဖုရားကြီးသုံးယောက်ရှိတယ်၊ တစ်ယောက်က ဝါသုလဒတ္တာတဲ့၊ အဲဒါက ဥဇ္ဇေနီပြည်က စဏ္ဍပဇ္ဇောတ မင်းရဲ့သမီးတော်ပဲ၊ တခြားတစ်ယောက်က သာမာဝတီတဲ့၊ သူက ဘဒ္ဒဝတီမြို့က သဒ္ဒဝတီသေဋ္ဌေးရဲ့သမီးရင်းပဲ၊ သူ့မိဘများ ကွယ်လွန်သွားတဲ့ နောက်ကာလမှာ ဃောသက သေဋ္ဌေးကြီးက မွေးစားထားလို့ ဃောသက သေဋ္ဌေးကြီးရဲ့ သမီးလို့ မှတ်ထားရတယ်၊ နောက်တခြား တစ်ယောက်ကတော့ မာဂဏ္ဍီတဲ့၊ သူကတော့ ကုရုတိုင်းပြည်က မာဂဏ္ဍီဆိုတဲ့ ပုဏ္ဏားကြီးရဲ့ သမီးပါပဲ။

အဲဒီမာဂဏ္ဍီဆိုတဲ့ ပုဏ္ဏားသမီးကတော့ အရုပ်အဆင်းအလွန်လှပသတဲ့၊ ဒါကြောင့် ပစ္စည်းဥစ္စာကြွယ်ဝတဲ့ လူတွေက သူတို့၏ သားနဲ့ လက်ထပ်ဖို့ ဟိုမှ, ဒီမှ တောင်းခံ လာကြသတဲ့၊ အဲဒီလို တောင်းခံလာကြတဲ့အခါ ဖခင်ပုဏ္ဏားကြီးက သူ့သမီးနဲ့ မတန်ဘူးဆိုပြီး ပယ်လိုက်တာချည်းပဲတဲ့၊ တစ်နေ့သော အခါမှာတော့ အဲဒီ မာဂဏ္ဍီ ပုဏ္ဏားကြီးက မြတ်စွာဘုရားကို ဖူးတွေ့ရတယ်။

အဲဒီအခါ မြတ်စွာဘုရား၏ ရုပ်လက္ခဏာတွေကို ကြည့်ရှုပြီးတော့ သူ့သမီးနဲ့ ထိုက်တန်တဲ့ ပုဂ္ဂိုလ်ပဲလို့ ယူဆပြီး၊ သူက မြတ်စွာဘုရားအား ဒီလို လျှောက်တယ်၊ “အရှင်ရဟန်း၊ အကျွန်ုပ်မှာ သမီးအချောအလှကလေးရှိတယ်၊ အဲဒီသမီးနဲ့ သင့်တော်တဲ့ သူကိုရှာနေတာ အရင်က မတွေ့ခဲ့ရဘူး၊ အရှင်ရဟန်းကတော့ ကျွန်ုပ်သမီးနဲ့ သင့်တော်ပါတယ်၊ အဲဒီသမီးကို အရှင်ဘုရားအား ပေးအပ်ချင်ပါတယ်၊ ကျွန်ုပ်ပြန်လာသည်တိုင်အောင် ဒီနေရာမှာပင် စောင့်ပြီး တည်နေရစ်ပါဦး” လို့ ပြောပြီးတော့ ပုဏ္ဏားကြီးက သူ့မယားနဲ့ သမီးကို ခေါ်လာခဲ့တယ်။

မြတ်စွာဘုရားက အဲဒီနေရာမှာ ခြေတော်ရာ ချထားခဲ့ပြီးတော့ အဲဒီနေရာနဲ့ မဝေးလှတဲ့ အခြားတစ်နေရာမှာ ကြွရောက်ပြီး နေတော်မူတယ်၊ မူလက တွေ့ခဲ့တဲ့ နေရာရောက်တော့ မြတ်စွာဘုရားချထားခဲ့တဲ့ ခြေတော်ရာကိုသာ တွေ့ရတယ်၊ ဒီတော့ ဟောဒီခြေရာရှင်ပဲလို့ ပုဏ္ဏားကြီးက ပြောတယ်၊ သူ့ဇနီး ပုဏ္ဏေးမကြီးက အဲဒီခြေတော်ရာကိုကြည့်ပြီးတော့ ဒီခြေရာရှင်ဆိုရင် ကာမဂုဏ်အာရုံကို ခံစားတဲ့ ပုဂ္ဂိုလ် မဟုတ်ဘူးလို့ သူလေ့လာထားတဲ့ ဗေဒင်ကျမ်း အရပြောတယ်။

ပုဏ္ဏားကြီးက သူ့ဇနီးကို တိတ်တိတ်နေပါကွယ်လို့ ပြောပြီးတော့ ခြေတော်ရာ အစဉ်အတိုင်း လိုက်သွားတဲ့အခါ မြတ်စွာဘုရားကို တွေ့မြင်တယ်၊ အဲဒီလို တွေ့ရတော့ “အရှင်ရဟန်း၊ ကျွန်ုပ်၏သမီးကို အရှင်အား မွေးမြူရန်အတွက် အရှင်အား ပေးအပ်ပါတယ်” လို့ လျှောက်တယ်။

အဲဒီတော့ မြတ်စွာဘုရားက သူ့သမီးမာဂဏ္ဍီကို အလိုရှိ - မရှိ မပြောသေးဘဲ တောထွက်တော်မူခဲ့သည်မှ အစပြုပြီး ဘုရားဖြစ်တော်မူပြီးတဲ့နောက် အဇပါလ ညောင်ပင်အောက်မှာ သီတင်းသုံး ထိုင်နေတော်မူသည်အထိ မာရ်နတ်က မျက်ခြည် ပြတ်လိုက်ပြီး စုံစမ်းနေခဲ့ကြောင်း၊ အဲဒီလိုစုံစမ်းလို့ သူ၏ကာမနယ်ပယ်မှ လွန်မြောက် သွားကြောင်း သိရတဲ့အခါ မာရ်နတ်မှာ စိုးရိမ်ပူဆွေးနေခဲ့ကြောင်း၊

အဲဒီ အခါ မာရ်နတ်၏ သမီးသုံးယောက်က သူတို့၏ ဖခင်ကို ကူညီရန် ရည်ရွယ်ပြီးတော့ နတ်သမီးများ၏လှပသော အသွင်အပြင် အမျိုးမျိုးကို ဖန်ဆင်းပြီး မြတ်စွာဘုရားကို ဖြားယောင်း သွေးဆောင်လာကြကြောင်းများကို ဖော်ပြတော် မူတယ်၊ အဲဒီလို ဖော်ပြပြီးတော့ အဲဒီ အလွန်သန့်ရှင်းလှပတဲ့ မာရ်နတ်သမီး တွေကိုတောင် လိုလား နှစ်သက်ခြင်းဆိုတဲ့ ရာဂမဖြစ်ခဲ့, မရှိခဲ့ကြောင်းစသည်ကို ဒီလိုဟောကြားတော် မူပါတယ်။

ဒိသွာန တဏှံ အရတိံ ရဂဉ္စ၊
နာဟောသိ ဆန္ဒော အပိ မေထုနသ္မိံ။
ကိမေဝိဒံ မုတ္တ ကရီသပုဏ္ဏံ၊
ပါဒါပိ နံ သမ္ဖုသိတုံ န ဣစ္ဆေ။

ဗြဟ္မဏ - မာဂဏ္ဍီ ပုဏ္ဏား၊
တဏှာ အရတိံ ရဂဉ္စ - တဏှာ, အာရတီ, ရာဂါဟူသော မာရ်နတ်၏ သမီးတော် သုံးယောက်ကို၊
ဒိသွာန အပိ - မြင်ရ၍သော်လည်း၊
မေထုနသ္မိံ - မေထုန် အမှု၌၊
ဆန္ဒော - လိုလား နှစ်သက်ခြင်းသည်၊
မေ - ငါဘုရားအား၊
န အဟောသိ - မဖြစ်ခဲ့, မရှိခဲ့ပေ၊
မုတ္တကရီသ ပုဏ္ဏံ - ကျင်ငယ် ကျင်ကြီးတို့ဖြင့် ပြည့်နေသော၊
ဣဒံ ဣမံ - ဤမာဂဏ္ဍီကို၊
ဒိသွာ - မြင်၍၊
ဆန္ဒော န ဟောတိ - လိုလား နှစ်သက်ခြင်းမဖြစ်သည် မရှိသည်မှာ၊
ကိမေဝ - အဘယ်မှာ ဆိုဖွယ်ရှိတော့အံ့နည်း၊
နံ - ထို မာဂဏ္ဍီငယ်မကို၊
ပါဒါပိ - ခြေဖြင့်သော်လည်း၊
သမ္ဖုသိတုံ - တို့ထိခြင်းငှာ၊
န ဣစ္ဆေ - အလိုမရှိပေ - တဲ့။

အတိုချုပ် ဆိုလိုတာကတော့ - တဏှာရယ်, အာရတီရယ်, ရာဂါရယ် အဲဒီ မာရ်နတ်၏ သမီးများဖြစ်ကြတဲ့ နတ်သမီးသုံးယောက်ကိုတောင်မှ လိုချင်နှစ်သက်မှု မဖြစ်ခဲ့ဘူး၊ လူသားဖြစ်၍ ကိုယ့်ထဲမှာ ကျင်ကြီးကျင်ငယ်တွေပြည့်နေတဲ့ သင့်သမီး မာဂဏ္ဍီကို အလိုမရှိတာကတော့ ပြောစရာတောင် မရှိပါဘူး၊ ခြေနဲ့တောင် မထိချင်ပါဘူးတဲ့၊ အဲဒီတရားစကားကို ကြားနာရပြီးတော့ မာဂဏ္ဍီ၏ မိခင်နှင့် ဖခင်တို့ဟာ အနာဂါမိ မဂ်ဖိုလ်ရောက်ပြီး အနာဂါမ်ဖြစ်သွားကြပါသတဲ့။

သမီးဖြစ်တဲ့ မာဂဏ္ဍီကတော့ သူ့ကို ကျင်ကြီး ကျင်ငယ်တွေနဲ့ ပြည့်နေတယ်လို့ မြတ်စွာဘုရားက မိန့်တော်မူတဲ့အတွက် မခံချင်တဲ့ စိတ်ဖြစ်ပြီး မြတ်စွာဘုရားကို ရန်ငြိုးဖွဲ့သွားတယ်၊ သင့်တော်တဲ့ခင်ပွန်း တစ်ယောက်ကိုရတဲ့အခါ လက်စားချေမယ် လို့ စိတ်ကူးကြံစည်သွားပါသတဲ့။

ဒီနေရာမှာ “မြတ်စွာဘုရားက ဒီလို ရန်ငြိုးဖွဲ့လိမ့်မယ် ဆိုတာကို မသိဘူးလား”လို့ မေးစရာ ရှိပါတယ်၊ သိတော်မူပါတယ်၊ သို့ပေမယ့် ဒီစကားလုံးများဖြင့် မိန့်ဆိုဟောကြားပါမှ သူ့မိဘ ၂-ဦးတို့မှာ အနာဂါမိမဂ်ဖိုလ်ကို ရနိုင်မှာ ဖြစ်တဲ့ အတွက် အဲဒီ ရန်ငြိုးဖွဲ့မှာကို မငဲ့ဘဲ မဂ်ဖိုလ် ရမှာကိုသာငဲ့ပြီး အဲဒီ စကားလုံးများဖြင့် ဟောတော်မူတာဖြစ်ကြောင်းကို ဓမ္မပဒ အဋ္ဌကထာမှာ ပြဆိုထားပါတယ်။

မာဂဏ္ဍီကို သူ့မိဘတို့က သူ့ဦးလေးထံ အပ်နှံပြီးတော့ ဗုဒ္ဓသာသနာတော်မှာ ဝင်ရောက်ပြီး ရဟန်းပြုသွားကြတယ်၊ တရားကို ဆက်လက်ပြီး အားထုတ်ကြသဖြင့် ရဟန္တာလဲဖြစ်သွားကြတယ်၊ အဲဒီအခါ ဦးလေးဖြစ်သူ မာဂဏ္ဍီပုဏ္ဏားက တူမ မာဂဏ္ဍီကို ဥတေနမင်းထံဆက်သတယ်၊ ဥတေနမင်းက မာဂဏ္ဍီကို မိဖုရားအဖြစ်ဖြင့် တင်မြှောက်ထားတယ်။

အဲဒီအခါတုန်းက ကောသမ္ဗီပြည်မှာ ဃောသကသေဋ္ဌေးကြီးထံ ဃောသိတာရုံ ကျောင်းကို ဆောက်လုပ်ပြီး ဘုရားအမှူးရှိသော သံဃာတော်အား လှူထားတယ်၊ ကုက္ကုဋသေဋ္ဌေးကြီးက ကုက္ကုဋာရုံကျောင်းကို ဆောက်လုပ်ပြီး လှူထားတယ်၊ ပါဝါရိက သေဋ္ဌေးကြီးက ပါဝါရိကာရုံကျောင်းကို ဆောက်လုပ်ပြီး လှူထားတယ်၊

မြတ်စွာဘုရားက အဲဒီသေဋ္ဌေးကြီးတို့၏ ပင့်လျှောက်ချက်အရ ကောသမ္ဗီပြည်သို့ ကြွလာတော်မူပြီး အဲဒီကျောင်းတိုက် သုံးခုမှာ တစ်လှည့်စီ သီတင်းသုံးတော်မူတယ်၊ သီတင်းသုံးတဲ့ ကျောင်းရှင်သေဋ္ဌေးကြီးတို့ အိမ်သို့လဲ အလှည့်ကျ ဆွမ်းဘုန်း ပေးကြွရောက်ပြီး ချီးမြှောက်တော်မူတယ်။

တစ်နေ့သောအခါမှာ သုမနဆိုတဲ့ပန်းသည်က အဲဒီ သေဋ္ဌေးကြီးများထံမှ အခွင့် တောင်းပြီး ဘုရားအမှူးရှိတဲ့ သံဃာတော်ကို ဆွမ်းကပ်လှူတယ်၊ သာမာဝတီ မိဖုရား၏ အစေခံဖြစ်တဲ့ ခုဇ္ဇုတ္တရာက အဲဒီနေရာမှာ သာမာဝတီအတွက် ပန်းဝယ်ရန် သွားနေကျ အတိုင်း သွားရောက်တယ်၊

သုမနပန်းသည်က “ဒီကနေ့ မြတ်စွာဘုရားကို ဆွမ်းကပ်ရန် ပင့်ထားတယ်၊ ဆွမ်းကပ်ပြီးတော့ တရားကိုလဲ အတူနာပါ၊ ပြီးတော့မှ ပန်းများကို ဝယ်ယူသွားပါ”လို့ ပြောတဲ့အတွက် ဆွမ်းဘုန်းပေးပြီးနောက် မြတ်စွာဘုရားက အနုမောဒနာတရားကို ဟောတော်မူတဲ့အခါ ခုဇ္ဇုတ္တရာကလဲ သုမနပန်းသည်နှင့်တကွ အတူတရားနာ နေတယ်၊ အဲဒီလို တရားနာနေရင်း နှလုံးသွင်း ရှုမှတ်သဖြင့် ခုဇ္ဇုတ္တရာဟာ သောတာပတ္တိ မဂ်ဖိုလ် ရောက်ပြီး သောတာပန် ဖြစ်သွားတယ်။

ခုဇ္ဇုတ္တရာဟာ သာမဝတီအတွက် မင်းကပေးတဲ့ ပန်းဖိုးငွေရှစ်ကျပ်ထဲမှ အခါတိုင်း ဆိုယင် ၄ - ကျပ် ဖိုးသာ ဝယ်ယူခဲ့ပြီး ကျန် ၄ - ကျပ်ကိုတော့ သူ့အတွက် ယူထား သတဲ့၊ အဲဒီနေ့မှာတော့ သောတာပန် ဖြစ်နေတဲ့အတွက် သူတစ်ပါးဥစ္စာကို ခိုးလိုတဲ့ စိတ်မရှိတော့ဘူး၊ ဒါကြောင့် ရှစ်ကျပ်လုံးဖြင့်ပင် ပန်းများကို အပြည့်ဝယ်ယူလာ ခဲ့ပါသတဲ့၊

အဲဒီတော့ အခါတိုင်းထက် ပန်းတွေက တစ်ဆသာပြီး များနေတဲ့အတွက် သာမာဝတီက ဒီလိုမေးတယ် “အစ်မကြီးရေ၊ ဒီကနေ့ မင်းမြတ်က ပန်းဖိုးငွေနှစ်ဆ တိုးပေးလိုက်ပါသလား”တဲ့၊ တိုးမပေးပါဘူး သခင်မလို့ ခုဇ္ဇုတ္တရာကဖြေတယ်၊ ဒါဖြင့်ပန်းတွေက ဘာကြောင့် အခါတိုင်းထက် တစ်ဆသာပြီးများနေရသလဲ၊

အခါတိုင်းကျွန်မက ကိုယ့်အတွက် ၄ - ကျပ်ယူပြီး ၄ - ကျပ်ဖိုးကိုသာ ဝယ်ခဲ့ပါတယ်၊ ဒီကနေ့တော့ ရှစ်ကျပ်ဖိုး အပြည့်ဝယ်လာခဲ့ပါတယ်လို့ မကွယ်ဝှက်ဘဲ မလိမ်ဘဲ အမှန်အတိုင်းပြောပါသတဲ့၊ အဲဒီလို ပြောပုံကို အထူးသတိပြုရမယ်၊ အဲဒီခေတ် တုန်းက မိဖုရားဆိုတာ မလိုတဲ့သူကို သတ်ပစ်နိုင်သည်အထိ အာဏာအခွင့်ရှိတယ်၊

အဲဒီတော့ သူ့ပန်းဖိုးငွေတွေကို ခိုးယူခဲ့တဲ့အတွက် သတ်မယ်ဆိုသတ်နိုင်ပါတယ်၊ ဒါပေမယ့် အဲဒီ အသတ်ခံရမည့် ဘေးကိုတောင် မကြောက်ဘဲ မကွယ်မဝှက် အမှန်အတိုင်းဖြေဝံ့တာဟာ သောတာပတ္တိမဂ်တရားထူးကြောင့် ရဲရင့်တဲ့ ဂုဏ်ထူးပါပဲ။

အဲဒီတော့ သာမာဝတီက ဒီကနေ့တော့ ဘာ့ကြောင့် ကိုယ့်အတွက် မယူပါသလဲလို့ မေးပြန်တယ်၊ မြတ်စွာဘုရား၏တရားကို ကြားနာပြီးတော့ တရားထူးကို သိမြင်ပြီး ရလာသောကြောင့်ပါပဲလို့ ဖြေတယ်။ အဲဒီတော့ သာမာဝတီက ယောနိသော မနသိကာရဖြင့် စဉ်းစား ဆင်ခြင်မိတယ်၊ တရားနာပြီး တရားထူးကို ရလာတဲ့အတွက် ခိုးချင်စိတ်မရှိတော့ဘဲ စင်ကြယ်လာတာဟာ အံ့စရာဘဲ၊

အဲဒီ ရလာတဲ့ တရားထူးဟာ အလွန် မွန်မြတ်တဲ့ တရားပဲလို့ ဆင်ခြင်မိတယ်၊ အဲဒါဟာ သူတော်ကောင်းစိတ်ရှိလို့ ကောင်းတဲ့ဘက်က ဆင်ခြင်မိတာပဲ၊ သူတော် မဟုတ် သူယုတ်မာ ဆိုရင်တော့ ငါ့အတွက် ပန်းဖိုးတွေ ခိုးရမလားလို့ စိတ်ဆိုးပြီး နှိပ်စက်ဖို့ ရှိတာပဲ၊ ဒါပေမယ့် သာမာဝတီကတော့ ပါရမီရှင် သူတော်ကောင်း ဖြစ်တဲ့အတွက် တရားနာပြီး တရားထူးရလာလို့ ခိုးလိုတဲ့စိတ်ကင်းပြီး စင်ကြယ် လာတယ်ဆိုတာကို သိပ်သဘော ကျသွားတယ်၊

အဲဒီတရားကို ကြားနာလိုတဲ့ စိတ်တွေ ထက်သန်စွာဖြစ်လာတယ်၊ ဒါကြောင့် “အစ်မကြီးရေ၊ အစ်မကြီး နာကြားရတဲ့တရားကို ကျွန်မတို့လဲ နာချင်ပါတယ်၊ ဟောပြပါ”လို့ တောင်းပန်တယ်၊ ဒါဖြင့် ကျွန်မကိုရေချိုးပေးပါ၊ ဒီလို မစင်ကြယ်တဲ့ ကိုယ်နဲ့တော့ တရားကို ဟောဖို့ မသင့်ဘူးလို့ ခုဇ္ဇုတ္တရာက ပြောတယ်၊

အဲဒီတော့ သာမာဝတီက ခုဇ္ဇုတ္တရာအား နံ့သာရေတို့ဖြင့် ရေချိုးစေပြီးတော့ ချောညက်တဲ့ အဝတ်တစ်စုံကိုလဲ ပေးတယ်၊ ခုဇ္ဇုတ္တရာကတစ်ထည်ကို ခါးမှာ ဝတ်ပြီး တော့ တစ်ထည်ကို (ဧကံသံ ပါရုပိတွာ) လက်ဝဲ ပခုံးတစ်ဖက် စံပယ်တင်ရုံပြီး ခင်းပေးတဲ့နေရာမှာ ထိုင်လျက် စိတြဗီဇနီခေါ် ဆန်းကြယ်သော ယပ်ကိုလဲ ကိုင်ပြီး မောင်းမငါးရာတို့ကို ခေါ်ကာ, ခေါ်ကာ, မြတ်စွာဘုရား၊ ဟောတော်မူတဲ့ နည်းဖြင့်ပင် တရားကို ဟောပါသတဲ့၊

အဲဒီတရားကို နာကြားယင်း နှလုံးသွင်းရှုမှတ်ကြသဖြင့် အဲဒီ သာမာဝတီ အမှူးရှိသော မောင်းမ ငါးရာဟာ သောတာပတ္တိဖိုလ်သို့ရောက်ပြီး သောတာပန် ဖြစ်သွားကြပါ သတဲ့။ အဲဒီမောင်းမ ငါးရာဟာ ခုဇ္ဇုတ္တရာကို ရှိခိုးပြီး “အစ်မကြီးရေ၊ ဒီကနေ့ကစပြီး ယုတ်ညံ့ ညစ်နွမ်းတဲ့ အစေခံ အလုပ်ကို မလုပ်ပါနဲ့တော့၊ ကျွန်မတို့၏ အမိအရာ ဆရာအရာမှာ တည်နေပါ၊ မြတ်စွာဘုရားထံ သွားရောက်ပြီးတော့ တရားကို နာယူပါ၊ နာယူခဲ့ပြီးတော့ ကျွန်မတို့အား တစ်ဆင့် ဟောပေးပါ”လို့ တောင်းပန် ပြောဆိုကြတယ်၊

တောင်းပန်ကြတဲ့ အတိုင်းပင် ခုဇ္ဇုတ္တရာက နေ့စဉ် နေ့တိုင်း ဘုရားထံသွားပြီး တရားနာတယ်၊ ပြန်လာတဲ့အခါ မြတ်စွာဘုရား ဟောတော်မူတဲ့ အတိုင်းပင် အချိုးတကျ ဟောပြတယ်၊ သုတပါရမီထူးရှိတဲ့သူမို့ ဘုရားဟောသမျှကို အကုန်လုံး မှတ်လဲမှတ်မိတယ်၊ အသံအနေအထားနှင့်တကွ ပုံတူဖြစ်အောင်လဲ ဟောနိုင်တယ်၊

ယခုနေအခါမှာတောင် တချို့လူဟာ ပြောဟောတဲ့ ပုဂ္ဂိုလ်ရဲ့ ဟောပြောပုံ အချိုး အစားအတိုင်း အသံ အနိမ့်အမြင့် အဆွဲအငင်များနှင့်တကွ ပုံတူ ဟောနိုင် တတ်တယ်၊ ဒါလဲ ပါရမီထူး ရှိလို့ နေမှာပါပဲ၊ ခုဇ္ဇုတ္တရာကတော့ ကမ္ဘာတစ်သိန်း ထက်က ဆုတောင်းရှိခဲ့တယ်၊ ဒါကြောင့် သူဟာ နောက်အခါမှာ ပိဋက သုံးပုံဆောင် ဖြစ်သွားတယ်၊ မြတ်စွာဘုရားက သူ့ကို အကြားအမြင်များတဲ့ တရားဟော ပုဂ္ဂိုလ် အမျိုးသမီးတွေထဲမှာ အထူးအမြတ်ဆုံး ဧတဒဂ် ဘွဲ့ထူးဖြင့် ချီးကျူးတော်မူပါတယ်။

သာမာဝတီ အမှူးရှိတဲ့ မောင်းမငါးရာက ဘုရားနှင့်သံဃာကို ဖူးမြင်လိုကြတဲ့အတွက် ဖူးမြော်ရအောင် ဆောင်ရွက်ပေးပါလို့ ခုဇ္ဇုတ္တရာကို တောင်းပန်ကြတယ်၊ နန်းတွင်းသူတွေ ဆိုတော့ အပြင်လူများနှင့် တွေ့ရဖို့ ခဲယဉ်းပါတယ်၊ ဒါကြောင့် မြတ်စွာဘုရားနှင့် သံဃာတော်များ မြို့တွင်းသေဋ္ဌေးကြီးများ အိမ်သို့ ဆွမ်းဘုဉ်း ပေးရန် ကြွလာတဲ့အခါ အိမ်တော်ပေါ်ကပင် ဖူးမြင်နိုင်အောင် အိမ်နံရံမှာ အပေါက်ကလေးများ ဖောက်ထားဖို့ အဲဒီအပေါက်မှ ဖူးမြော်ကြဖို့ အကြံပေးတယ်၊

အဲဒီ အကြံပေးချက်အတိုင်း အိမ်နံရံမှာ အပေါက်ကလေးများ ဖောက်ထားကြတယ်၊ မြတ်စွာဘုရားနှင့် သံဃာတော်များ ကြွလာတဲ့အခါ အဲဒီ အပေါက်ကလေးမှ ကြည့်ရှု ဖူးမြော်နေကြပါသတဲ့။ တစ်နေ့သောအခါ မာဂဏ္ဍီက လမ်းလျှောက်လာရင်း အဲဒီ အိမ်တော်တက်လာတော့ အပေါက်ကလေးများကို တွေ့ရလို့ ဒီအပေါက်တွေက ဘာအတွက်လဲလို့ မေးတယ်၊

သာမာဝတီတို့က ဘုရားအပေါ်မှာ မာဂဏ္ဍီ ရန်ငြိုးရှိနေတာကို မသိကြတဲ့အတွက် “ဗုဒ္ဓမြတ်စွာဘုရားဟာ ဒီမြို့သို့ ကြွရောက်နေတယ်၊ ငါတို့ဟာ ဒီအပေါက်များမှ မျှော်ကြည့်ပြီး ရှိခိုးကြ၊ ပူဇော်ကြတယ်”လို့ ပြောကြတယ်၊ အဲဒီတော့ မာဂဏ္ဍီရဲ့ စိတ်ထဲမှာ “ရဟန်းဂေါတမ ဒီမြို့ကို ရောက်နေပြီကိုး၊ ယခု သူ့အားပြုသင့်တာ ပြုရတော့မှာပဲ၊ ဒီအကောင်မတွေလဲ သူ့ကို ဆည်းကပ်သူတွေပဲ၊ သူတို့ကိုလဲ ပြုသင့်သလို ပြုရမှာပဲ” လို့ အကြံအစည်ဖြစ်တယ်၊

အဲဒီလို ဖြစ်ပြီးတော့ ဥတေနဘုရင်ထံ ကုန်းတိုက်စကားပြောတယ်၊ “အရှင်မင်းကြီး သာမာဝတီနှင့် အပေါင်းပါ မိန်းမတွေ အပြင်ပ၌ တောင့်တခြင်း ရှိနေပါတယ်၊ မကြာမီပင် အရှင်၏ အသက်ကို လုပ်ကြံသတ်ဖြတ်ကြပါလိမ့်မယ်”လို့ ပြောဆိုတယ်၊
မင်းက သူ့စကားကို မယုံပါဘူး၊ ၃ - ကြိမ်အထိ အထပ်ထပ်ပြောလဲ မယုံဘူးတဲ့။

ဒီတော့ “ကျွန်မစကားကို မယုံရင် သူတို့အိမ်တော်ကို သွားပြီး ကြည့်ရှုစုံစမ်းပါ”လို့ မာဂဏ္ဍီက ဆိုတယ်၊ မင်းက သွားကြည့်တဲ့အခါ အပေါက်ကလေးများကို တွေ့ရတော့ ဘာလုပ်ဖို့လဲလို့မေးတယ်၊ ဘုရားဖူးရန် ဖြစ်ကြောင်း ကြားသိရပေမယ့် မင်းက သာမာဝတီတို့အပေါ် ဘာမှစိတ်မခုပါဘူး၊ အပေါက်ကလေးတွေ ပိတ်စေပြီးတော့ အထက်လေသာ ပြတင်းပေါက် ကလေးများ ပြုလုပ်ပေးစေတယ်၊

ဒီတော့ သာမာဝတီတို့မှာသာပြီး နေရာကျသွားတာပေါ့၊ အဲဒီနည်းဖြင့် ကုန်းတိုက်လို့ မအောင်တာနဲ့ မာဂဏ္ဍီက သာမာဝတီတို့ အိမ်တော်သို့ သွားရောက်မည့် အလှည့်မှာ အစွယ်ချိုးထားတဲ့ မြွေဟောက်ကို ဥတေန ဘုရင်၏စောင်းထဲမှာ ထည့်ထားပြီး ထည့်သွင်းတဲ့ အပေါက်ကလေးကို ပန်းကုံးနှင့် ပိတ်ထားတယ်။

အဲဒီလို မြွေထည့်ထားပြီးတော့ မာဂဏ္ဍီက ဘုရင်မင်းမြတ်အား သာမာဝတီတို့ အဆောင် မသွားသင့်ကြောင်း၊ အိပ်မက်ဆိုး မြင်မက်ထားကြောင်း ပြောတယ်၊ ဒါပေမယ့် ဥတေနဘုရင်က သူ့အလှည့်ကျ အစီအစဉ်အတိုင်း သာမာဝတီတို့ အဆောင်သို့ သွားတာပါပဲ၊ အဲဒီအခါ မာဂဏ္ဍီက စိတ်မချတဲ့အနေနဲ့ အတူ လိုက်ပါသွားတယ်၊

ဟိုရောက်တော့ ဥတေနဘုရင်က သာမာဝတီတို့ ချက်ပြုတ် ကျွေးမွေးတဲ့ စားသောက်ဖွယ်ရာများကို စားသုံးပြီးတော့ သူ့စောင်းကို ခေါင်းရင်းမှာထားပြီး အိပ်ရာပေါ်မှာ လျောင်းစက်နေတယ်၊ အဲဒီအခါမှာ မာဂဏ္ဍီက ဟိုနားဒီနားသွားရင်းနဲ့ စောင်းပေါက်မှာပိတ်ထားတဲ့ ပန်းကုံးကို နုတ်ပစ်လိုက်တယ်၊ အဲဒီတော့ မြွေက စောင်းထဲမှ ထွက်လာပြီးတော့ ပါးပျဉ်းထောင်ပြီး အိပ်ရာပေါ်မှာ တည်နေတယ်၊

မြွေကိုမြင်ရတော့ မာဂဏ္ဍီက “ထွီ ထွီ အရှင်မင်းကြီး မြွေ မြွေ”လို့ ကျယ်လောင်တဲ့ အသံနဲ့ မင်းကိုရော သာမာဝတီကိုရော ဆဲဆိုတယ်၊ “ဒီဉာဏ်ထုံးထိုင်းတဲ့ မင်းဟာ ကျက်သရေမရှိဘူး၊ ငါ့စကားကို နားမထောင်ဘူး၊ ဒီကောင်မတွေကလဲ ကျက်သရေ မရှိကြဘူး၊ မလိမ္မာကြဘူး၊ မင်းထံမှ သင်တို့ဟာ ဘာကိုမှမရဘဲ ရှိကြသလဲ၊ ဒီကနေ့ ကျွန်မအိပ်မက်ဆိုးကို မြင်မက်ထားပါတယ်၊ သာမာဝတီတို့၏ ပြာသာဒ်ကို သွားရန် မသင့်ပါဘူးလို့ တားမြစ်ပါလျက် ကျွန်မစကားကို မင်းကြီးက နားမထောင်ဘူး” စသည်ဖြင့် ဆဲဆိုတယ်။

အဲဒီတော့ မြွေကိုမြင်ပြီး သေဘေးကို ကြောက်တာနဲ့ မင်းကြီးက သာမာဝတီအပေါ် မာဂဏ္ဍီ အပြစ်ပြတဲ့ စကားတွေကို ယုံကြည်သွားတယ်၊ အမျက်ဒေါသလဲ အကြီးအကျယ် ဖြစ်တယ်၊ ဒါကြောင့် သာမာဝတီနှင့် အပေါင်းပါ မောင်းမငါးရာတို့ကို အဆိပ်လူးသောမြားဖြင့် ပစ်သတ်ရန် စီစဉ်တယ်၊ သာမာဝတီနှင့်အပေါင်းပါတွေကို ဖြောင့်ဖြောင့်စီတန်းပြီး ထိုင်နေစေတယ်၊

အဲဒီအခါ သာမာဝတီက သူ့အဖော်တွေကို ဩဝါဒပေးတယ်၊ ညီမတို့ရေ ငါတို့မှာ မေတ္တာမှ တစ်ပါး အခြားကိုးကွယ်ရာ မရှိတော့ဘူး၊ မင်းမြတ်နှင့် မာဂဏ္ဍီ မိဖုရား အပေါ်မှာရော မိမိကိုယ်အပေါ်မှာရော မေတ္တာစိတ်ကို ညီတူညီမျှ ဖြစ်စေကြပါ။ ဘယ်သူ့ကိုမှ အမျက်မထွက်ကြပါနဲ့လို့ ဩဝါဒပေးပြီး ဥတေနမင်းဆီ မျက်နှာမူလျက် ရှေ့ဆုံးကထိုင်ပြီး မေတ္တာ ဘာဝနာကို အစွမ်းကုန်ပွားနေတယ်၊

ဥတေနမင်းက ဗိုလ်တစ်ထောင် အားရှိတဲ့ လေးမှာ အဆိပ်လူးမြားကို ထည့်ပြီးတော့ သာမာဝတီ မိဖုရား၏ ရင်ဝကိုတည့်တည့်ချိန်ပြီး တစ်အားကုန် ဆွဲပစ်လိုက်တယ်။ ပစ်လိုက်တဲ့မြားဟာ သာမာဝတီ၏ မေတ္တာအစွမ်းကြောင့် ရှေ့ကိုမသွားဘဲ နောက်ကို လှည့်ပြန်လာတယ်၊ ဥတေနမင်း ရင်ကို စူးဝင်တော့မည်အနေဖြင့် ဖြစ်ပြီး အောက်သို့ ကျသွားသတဲ့၊ အဲဒီတော့မှ ဥတေနမင်းက သတိသံဝေဂ ရလာတယ်၊

အင်း ငါပစ်လိုက်တဲ့မြားဟာ ကျောက်ပြားတောင် ဖောက်သွားနိုင်တာပဲ၊ သို့ပေမယ့် ဒီမြားဟာ ငါ့ဆီပြန်လာတယ်၊ ငါ့ရင်ထဲ စူးဝင်တော့မလို ရှိနေတယ်၊ အသက်ရှိသတ္တဝါ မဟုတ်တဲ့ ဒီမြားကတောင်မှ ဒီသာမာဝတီ ဂုဏ်ကျေးဇူးကို သိသေးတယ်၊ ငါဟာ လူစင်စစ် ဖြစ်ပါလျက် သူ့ဂုဏ်ကျေးဇူးကို မသိဘဲရှိနေပါပေရဲ့လို့ သတိတရား ရလာပြီးတော့ လေးကိုပစ်ချလိုက်တယ်၊ ပစ်ချလိုက်ပြီးတော့ သာမာဝတီ၏ ခြေရင်းမှာ လက်အုပ်ချီလျက် ဆောင့်ကြောင့် ထိုင်ပြီး ဒီလို ကန်တော့ တောင်းပန်သတဲ့။

သမ္မုယှာမိ ပမုယှာမိ၊
သဗ္ဗာ မုယှန္တိ မေ ဒိသာ။
သာမာဝတိ မံ တာယဿု၊
တွဉ္စ မေ သရဏံ ဘဝ။

သာမာဝတီ - မောင့်အချစ်တော် သာမာဝတီရေ၊
အဟံ - ငါသည်၊
သမ္မုယှာမိ - အလွန် တွေဝေနေပါသည်၊
ပမုယှာမိ - အပြင်းအထန် တွေဝေနေပါသည်၊
မေ - ငါ့အား၊
သဗ္ဗာဒိသာ - အရပ်မျက်နှာ အားလုံးတို့သည်၊
မုယှန္တိ - မျက်စိ လည်သလိုပင် တွေဝေလျက် ရှိကြပါသည်၊
တွံ - သင်သည်၊
မံ - ငါ့ကို၊
တာယဿု - ကယ်မ စောင့်ရှောက်ပါ၊
တွံ - သင်သည်၊
မေ - ငါ၏၊
သရဏဉ္စ - ကိုးကွယ် အားထားရာသည်လည်း၊
ဘဝ - ဖြစ်ပါလော့ -

လို့ ကန်တော့ တောင်းပန်ပါတယ်။ အဲဒီတော့ သာမာဝတီက ဒီလို ပြန်ကြားပါတယ်။

မာ မံ တွံ သရဏံ ဂစ္ဆ၊
ယမဟံ သရဏံ ဂတာ။
ဧသ ဗုဒ္ဓေါ မဟာရာဇ၊
ဧသ ဗုဒ္ဓေါ အနုတ္တရော။
သရဏံ ဂစ္ဆ တံ ဗုဒ္ဓံ၊
တွဉ္စ မေ သရဏံ ဘဝ။

မဟာရာဇ - မောင်တော်သခင် အရှင်မင်းမြတ်၊
တွံ - သင်သည်၊
မံ - အကျွန်ုပ်ကို၊
မာ သရဏံ ဂစ္ဆ - ကိုးကွယ်ရာဟု မဆည်းကပ်ပါလင့်၊
အဟံ - အကျွန်ုပ်သည်၊
ယံ - အကြင်ဘုရားကို၊
သရဏံ ဂတာ - ကိုးကွယ်ရာဟု ဆည်းကပ်နေပါသည်၊
ဧသ - ဤဘုရားသည်၊
အနုတ္တရော - အမြတ်ဆုံးပါပေတည်း၊
တံ ဗုဒ္ဓံ - ထိုဘုရားကို၊
သရဏံ ဂစ္ဆ - ကိုးကွယ်ရာဟု ဆည်းကပ်ပါ၊
တွဉ္စ - အရှင် မင်းမြတ်သည်လည်း၊
မေ - ကျွန်တော်မ၏၊
သရဏံဘဝ - ကိုးကွယ်ရာ ဖြစ်တော်မူပါ-

လို့ ပြန်ကြားလိုက်ပါတယ်။

အဲဒီတော့ ဥတေန ဘုရင်မင်းမြတ်က “ကောင်းပါပြီ သင့်ကိုလဲ ကိုးကွယ်ပါတယ်၊ ဘုရားကိုလဲ ကိုးကွယ်ပါတယ်၊ သင်အလိုရှိရာ ဆုကိုလဲ ပေးပါတယ်”လို့ ဝန်ခံပြောကြားပါတယ်၊ အဲဒီလိုပြောကြားပြီးတော့ မြတ်စွာဘုရားထံ သွားရောက်ပြီး သရဏဂုံလဲ ဆောက်တည်တယ်၊ ဘုရားအမှူးရှိသော သံဃာတော်ကို ပင့်လျှောက်ပြီး ၇ - ရက်ပတ်လုံး အလှူကြီးကိုလဲ ပေးလှူတယ်၊ သာမာဝတီကိုလဲ ဆုအယူခိုင်းတယ်၊ သာမာဝတီကလဲ မြတ်စွာဘုရားနှင့်တကွ ရဟန်းငါးရာတို့ နေ့စဉ်ဆွမ်းဘုဉ်းပေးကြွရန် ပင့်ပေးဖို့ဆိုတဲ့ ဆုကိုတောင်းပါတယ်၊

ဥတေနမင်းက မြတ်စွာဘုရားထံသွားရောက်ပြီး ပင့်လျှောက်တယ်၊ မြတ်စွာဘုရားက အရှင်အာနန္ဒာနှင့်တကွ ရဟန်းငါးရာကို စေလွှတ်ပေးတယ်၊ အဲဒီအခါကစပြီး သာမာဝတီ အမှူးရှိတဲ့ မောင်းမငါးရာတို့ နေ့စဉ်သံဃာတော်များကို ဖူးမြင်ပြီး ဆွမ်းလဲ ကပ်လှူကြရတယ်၊ တရားလဲ နာကြရတယ်။

ယခုပြောပြခဲ့တဲ့ သာမာဝတီ ဝတ္ထုထဲမှာ ဥတေနဘုရင်က အထင်မှား အမျက် ထွက်ပြီးတော့ လေးမြားဖြင့် ပစ်တဲ့အခါ မြားက သာမာဝတီထံသို့ မသွားဘဲ နောက်ပြန်လာတာဟာ မေတ္တာဘာဝနာကြောင့်ပါပဲ၊ မေတ္တာ၏အာနိသင် ၁၁ - ပါး ထဲက မီး-ဆိပ်-ဓားတို့ ရှောင်ရှား ကိုယ်မှာ ဆိုတဲ့ အကျိုး အာနိသင်အရ မြားလက်နက်မထိမှန်တဲ့ အကျိုးပါပဲ၊

တကယ်အရေးနှင့် တွေ့ကြုံရရင် ဟောဒီ မေတ္တာကိုသာ စူးစူးစိုက်စိုက် ပွားနေရမယ်၊ အဲဒီလို ပွားနေရင် ဘေးရန်အန္တရာယ်မှ ကင်းလွတ်နိုင်ပါတယ်၊ အကယ်၍ အန္တရာယ်မှ မကင်းလွတ်တောင် ကုသိုလ်အထူးကတော့ ဖြစ်ပွားသွားတာပါပဲ၊ အရှုံးမရှိပါဘူး၊ အမြတ်ရဖို့ သေချာပါတယ်။

သီဟဗာဟု ဝတ္ထု

သီဟိုဠ်ရာဇဝင်ထဲမှာ ခြင်္သေ့နဲ့ဖက်စပ်ပြီး မင်းသမီးမှ - မွေးဖွားလာတဲ့ သီဟဗာဟု ဆိုတဲ့လူဟာ ၁၆ - နှစ်အရွယ် ရောက်တဲ့အခါ သူ့အမေကို မေးကြည့်တယ်၊ “အမေနဲ့ ကျွန်ုပ်တို့၏ အဖဟာ ဘာကြောင့် အမျိုးမတူဘဲ ကွဲပြားနေသလဲ”တဲ့၊

အဲဒီတော့ မိခင်က သူဟာ ဝင်္ဂတိုင်းမှ ဘုရင့်သမီးတော်ဖြစ်ကြောင်း ခရီးသည် လူတစ်စုနှင့် မဂဓတိုင်းသို့ ထွက်ခွာလာရာ ဒီခြင်္သေ့ကြီးနဲ့ တွေ့ရလို့ အခြားသူတွေက ထွက်ပြေးကြောင်း၊ သူကတော့ ခြင်္သေ့နဲ့ သင့်မြတ်လိမ့်မယ်လို့ ဗေဒင်ဟောချက်အရ မပြေးနိုင်တာနဲ့ ရပ်တည်နေရာ ဒီခြင်္သေ့ကြီးက ကျောပေါ်တင်ပြီး သူ့ဂူထဲ ဆောင်သွားခဲ့ကြောင်း စသည်ကို ပြောပြတယ်၊

ဒါဖြင့် ဘာကြောင့် လူ့လောကကို မသွားဘဲ နေသလဲလို့ဆိုတော့ သင့်အဖေ ခြင်္သေ့ကြီးက ဂူဝမှာ ကျောက်တုံးကြီးဖြင့် ပိတ်ထားလို့ မသွားနိုင်ကြောင်း ပြောပြတယ်၊ အဲဒီအခါ သီဟဗာဟုက ကျောက်တုံးကြီးကို ဖယ်ရှားပြီးတော့ သူ့မိခင်နှင့် သူ့နှမကို ထမ်းဆောင်ပြီး နယ်စပ်ရွာသို့ ထွက်ပြေးလာခဲ့တယ်။

အဲဒီအခါ ခြင်္သေ့ကြီးက သူ့မယားနှင့် သားသမီးများကို မတွေ့ရတဲ့အတွက် လွမ်းဆွတ်ပြီး လိုက်လံရှာဖွေတယ်၊ ရောက်ရာရာ တောစပ်ရွာများက လူတွေကိုလဲ နှိက်စက်တယ်၊ ဆိုင်ရာမှ တိုင်ကြားချက်အရ ဝင်္ဂတိုင်းဘုရင်က ခြင်္သေ့ရန်ကို နှိမ်နှင်း ပေးနိုင်သူအား ငွေသုံးထောင် ဆုပေးမယ်လို့ ကြေညာတယ်၊ သီဟဗာဟုက ခြင်္သေ့ကို နှိမ်နှင်း သတ်ဖြတ်ရန် အကြံပြုတယ်၊

သူ့မိခင်က နှစ်ကြိမ်တိုင်တိုင် တားမြစ်တယ်၊ သုံးကြိမ်မြောက်ကျတော့ မိခင်ကို အသိမပေးတော့ဘဲ ဆုငွေကို လက်ခံလိုက်တယ်၊ ဘုရင့်ထံ ရောက်တဲ့အခါ ဘုရင်မင်းမြတ်က ခြင်္သေ့ကို နှိမ်နှင်းဖယ်ရှားပေးနိုင်ရင် နိုင်ငံကို ပေးအပ်မယ်လို့ ဆိုတယ်၊ သီဟဗာဟုကခြင်္သေ့ရှိရာအရပ်ကို သွားတယ်၊

အဝေးမှ ခြင်္သေ့ကြီးကလဲ သားကိုမြင်ရသဖြင့် အချစ်မေတ္တာစိတ်တွေ ဖြစ်ပွား နေတယ်၊ ဒီအခါ သီဟဗာဟုက လေးမြားဖြင့် ပစ်လိုက်ပေမယ့် မေတ္တာ၏ အစွမ်းကြောင့် မြားက ခြင်္သေ့ကြီး ကိုယ်ကို မစူးဝင်ဘဲ ပြန်လာပြီး သီလဗာဟု၏ ခြေရင်းမှာ ကျပါသတဲ့၊ ဒုတိယအကြိမ်, တတိယအကြိမ်များမှာလဲ နည်းတူပင် သီဟဗာဟု၏ ခြေရင်းမှာ ပြန်ကျပါသတဲ့၊

အဲဒီအခါ ခြင်္သေ့ကြီးမှာ အချစ်မေတ္တာ စိတ်ပျက်ပြယ်ပြီး ဒေါသဖြစ်လာတယ်၊ ဒါကြောင့် စတုတ္ထအကြိမ် ပစ်လိုက်တဲ့ မြားကတော့ ခြင်္သေ့ကြီး၏ ကိုယ်ကို ထိမှန်ပြီး စူးဝင်သွားပါသတဲ့၊ ဒီသီဟဗာဟု ဝတ္ထုဖြင့်လဲ မေတ္တာသက်သက် မဟုတ်ပဲ သား ဟူသော အချစ်မေတ္တာကြောင့်လဲ မြားလက်နက် မထိမှန်ဘဲ မစူးဝင်ဘဲ ရှိသေးကြောင်း မှတ်ယူရပါတယ်။

သုဝဏ္ဏသာမ ဝတ္ထု

ယခုပြောပြခဲ့တဲ့ မေတ္တာ၏အကျိုး အာနိသင်များနဲ့ စပ်ပြီးတော့ မိလိန္ဒပဥှာကျမ်းမှာ ဒီလိုမေးမြန်း ဖြေရှင်းချက် ရှိနေပါတယ်၊ မေးပုံကတော့ မေတ္တာ၏အကျိုး ၁၁ - ပါး ပြရာမှာ (မေတ္တာပွားနေသူ၏ ကိုယ်၌ မီး အဆိပ် ဓားစသော လက်နက် မကျရောက်ဘူးလို့) ပြထားပါတယ်၊

သုဝဏ္ဏသာမ ဇာတ်ဝတ္ထုမှာတော့ သုဝဏ္ဏသာမဟာ မေတ္တာကို အမြဲပွားနေတယ်လို့ ဆိုထားပြီးတော့ ပီဠိယက္ခဆိုတဲ့မင်းက တောလိုက်ရင်း သုဝဏ္ဏသာမကိုတွေ့ရတော့ အထူးအဆန်းကို သိလိုတဲ့အတွက် မြားဖြင့် ပစ်လိုက်ရာ အဆိပ်လူး မြားထိမှန်ပြီး အဆိပ်တက်နေကြောင်းများ ပါရှိတယ်၊

အဲဒီတော့ မေတ္တာပွားနေသူမှာ လက်နက် မထိမှန်နိုင်ဘူးဆိုတဲ့ စကားကမှန်ရင်၊ သုဝဏ္ဏသာမကို မြားမှန်တယ်ဆိုတာ မှားရမယ်၊ သုဝဏ္ဏသာမကို မြှားလက်နက် ထိမှန်တယ်ဆိုတဲ့စကားက မှန်ရင်လဲ မေတ္တာပွားနေသူမှာ လက်နက်မထိမှန်နိုင်ဘူး ဆိုတဲ့စကားက မှားရမယ်၊ ဒီအချက်နှစ်ခု ဖြောင့်ဖြောင့် ဆန့်ကျင်နေတာကို ဖြေရှင်းပေးတော်မူပါလို့ မိလိန္ဒမင်းကြီးက မေးလျှောက်တယ်။

အဲဒီပြဿနာကို အရှင်နာဂသိန် မထေရ်မြတ်က ဒီလို ဖြေရှင်းတော်မူပါတယ်၊ ဖြေရှင်းပုံကတော့ -

မိလိန္ဒမင်းမြတ်၊ မေတ္တာပွားနေသူမှာ လက်နက်မထိမှန်နိုင်ဘူးဆိုတာလဲ အမှန်ပဲ၊ သုဝဏ္ဏသာမမှာ မြားမှန်တယ်ဆိုတာလဲ အမှန်ပဲ၊ ဒီလို အမှန်ချည်းဖြစ်ပေမယ့် အချင်းချင်း မဆန့်ကျင်ခြင်း၏ အကြောင်းကတော့ - လက်နက် မထိမှန်နိုင်ဘူးဆိုတဲ့ အကျိုးဟာ ပုဂ္ဂိုလ်၏ အစွမ်းကြောင့် မဟုတ်ဘူး၊ မေတ္တာ၏ အစွမ်းကြောင့်သာ ဖြစ်ပါတယ်၊

သုဝဏ္ဏသာမဟာ မေတ္တာကို ပွားနေတယ် ဆိုပေမယ့် အဲဒီ မြားမှန်တဲ့ အခိုက်မှာ ရေအိုးကို ပင့်မနေဆဲ ဖြစ်၍ မေတ္တာပွားမှု လစ်လပ်နေတဲ့ အချိန်လဲ ဖြစ်တယ်၊ ဒါကြောင့် မြားမှန်သွားတာပဲ။

ဥပမာအားဖြင့် (ရှေးခေတ်က) စစ်သားများမှာ သံစသည်ဖြင့် ပြုလုပ်ထားတဲ့ ချပ်ဝတ်တန်ဆာ ဆိုတာရှိတယ်၊ အဲဒီချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားတဲ့အခါမှာ မြားလဲမစူးနိုင်ဘူး၊ လှံလဲ မစူးနိုင်ဘူး၊ ဓားဖြင့် ခုတ်ရင်လဲ မထိမရှနိုင်ဘူး၊ အဲဒါဟာ ချပ်ဝတ်တန်ဆာ၏ အစွမ်းသာဖြစ်တယ်၊ လူ၏အစွမ်းမဟုတ်ဘူး၊

ဒါကြောင့် ချပ်ဝတ်တန်ဆာ မဝတ်ဘဲ နေတဲ့အခါမှာ အဲဒီလူကို မြားလဲ ထိမှန် စူးဝင်နိုင်တယ်၊ လှံလဲ စူးဝင်နိုင်တယ်၊ ဓားဖြင့်လဲ ထိနိုင်တယ်၊ အဲဒါလိုပဲ လက်နက် မထိနိုင်ဘူး ဆိုတာက မေတ္တာပွားတဲ့လူ၏ အစွမ်းမဟုတ်ဘူး မေတ္တာ၏ အစွမ်းသာဖြစ်တယ်၊ ဒါကြောင့်မေတ္တာပွားမှု လစ်ဟင်းနေတဲ့ အခိုက်မှာ သုဝဏ္ဏသာမကို မြားထိမှန်သွားတာပါပဲတဲ့။

ဒုတိယ ဥပမာတစ်ခုကတော့ မိုးလုံတဲ့ တိုက်အိမ်ထဲမှာ ဝင်နေတဲ့သူကို မိုးရေ မစွတ်နိုင်ဘူး၊ အဲဒါလဲ လူ၏ အစွမ်း မဟုတ်ဘူး၊ တိုက်အိမ်၏ အစွမ်းသာဖြစ်တယ်၊ ဒါကြောင့် အိမ်ထဲက အပြင်ထွက်နေခိုက်မှာတော့ မိုးစိုနိုင်သလိုပင် မေတ္တာပွားမှု လစ်လပ်ခိုက်မှာတော့ လက်နက်လဲ ထိမှန်နိုင်ပါတယ်တဲ့။

နောက်ဥပမာတစ်ခုကတော့ နတ်ဆေးပင်တဲ့၊ အဲဒီနတ်ဆေးကိုင်း သစ်သားကို ကိုင်ထားရင် အဲဒီလူကို တခြားလူတွေက မမြင်နိုင်ဘူးတဲ့၊ ကိုယ်ရောင်ပျောက်နေ ပါသတဲ့၊ ဒါကိုတော့ ယခုခေတ်လူများက ယုံချင်မှ ယုံမယ်၊ ဒါပေမယ့် မိလိန္ဒပဥှာမှာ ရှိတဲ့အတိုင်း ဒီမှာ ပြောရတာပါပဲ၊

အဲဒီလို ကိုယ်ရောင် ပျောက်နေတာဟာ လူ၏ အစွမ်းမဟုတ်ဘူး၊ နတ်ဆေးပင်၏ အစွမ်းသာဖြစ်တယ်၊ ဒါကြောင့် နတ်ဆေးပင်ကို ကိုင်မထားတဲ့အခါ အဲဒီလူကို လူတိုင်းက မြင်နိုင်ကြသလို လက်နက် မထိနိုင်တာဟာ လူ၏အစွမ်းမဟုတ်၊ မေတ္တာ၏ အစွမ်းသာဖြစ်သောကြောင့် မေတ္တာပွားမှု လစ်လပ်နေခိုက်မှာ လက်နက်လဲ ထိမှန်နိုင် တာပါပဲတဲ့၊ အဲဒီတော့ ဘေးရန်အန္တရာယ် ရှိတဲ့အခါမှာ ဘေးရန်လုံခြုံစေလိုလျှင် မေတ္တာကို အမြဲမပြတ် ပွားနေဖို့ လိုပါတယ်။

(၇) မီး-ဆိပ်-ဓားတို့ ရှောင်ရှားကိုယ်မှာဆိုတဲ့ အကျိုးအာနိသင်အကြောင်းကတော့ ပြောစရာ ကုန်သွားပါပြီ၊

(၈) လျင်စွာစိတ်တည်
(၉) ရွှင်ကြည်မျက်နှာ
(၁၀) သေခါမတွေ -

ဆိုတဲ့ အကျိုးအာနိသင်များ အကြောင်းကိုလဲ ထပ်ပြောဖို့ မလိုပါဘူး၊ ယခုပြောဖို့ လိုနေသေးတာကတော့ (၁၁) လားလေဗြဟ္မာဆိုတဲ့ ဒီနောက်ဆုံး အကျိုးပါပဲ၊ အဲဒီအကျိုးကိုတော့ ပါဠိတော်များမှာပင် တိုက်ရိုက်ဟောပြထားပြီး ရှိနေပါတယ်၊ ဒီစတုတ္ထပိုင်းတရား၏အစပိုင်းမှာ ထုတ်ပြခဲ့တဲ့ ဒုတိယ မေတ္တသုတ်မှာတော့ ဝိပဿနာရှုပုံနှင့်တကွ ပြထားတယ်၊ အဲဒါကို ယခု အနက်ပြန်ပြီး ရှင်းပြရမယ်။

ဒုတိယမေတ္တသုတ် ဝိပဿနာရှုပုံ စသည်

သော - ထိုမေတ္တာဈာန်ရပြီး ပုဂ္ဂိုလ်သည်၊
တတ္ထ - ထိုမေတ္တာဈာန် ဖြစ်ခိုက်၌၊
ယဒေဝ ရူပဂတံ ဝေဒနာဂတံ သညာဂကံ သင်္ခါရဂတံ ဝိညာဏဂတံ - အကြင် ရုပ်ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်မျှသာလျှင် ရှိ၏၊
(ထိုခဏ၌ အတ္တကားမရှိဟုဆိုလို၏)
တေ ဓမ္မေ - ထို ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိဉာဏ်ဟူသော တရားတို့ကို၊
အနိစ္စတော - မမြဲ ဟူ၍လည်းကောင်း၊
ဒုက္ခတော - ဆင်းရဲဟူ၍လည်းကောင်း၊
ရောဂတော - စွဲကပ်နေသော ရောဂါနှင့်တူသည်ဟူ၍ လည်းကောင်း၊
ဂဏ္ဍတော - ပေါက်ကွဲနေသော အိုင်အမာကြီးနှင့်တူသည် ဟူ၍လည်းကောင်း၊
သလ္လတော - စူးဝင်နေသော ငြောင့်နှင့်တူသည်ဟူ၍ လည်းကောင်း၊
အဃတော - ဆင်းရဲနှင့်မကင်းဟူ၍ လည်းကောင်း၊
ဝါ - မကောင်းမှုနှင့်တူသည် ဟူ၍လည်းကောင်း၊
အာဗာဓတော - အဖျားအနာနှင့် တူသည် ဟူ၍လည်းကောင်း၊
ပရတော - ပြင်ပသူစိမ်းနှင့်တူသည် ဟူ၍လည်းကောင်း၊
ပလောကတော - ပျက်လွယ်သည် ဟူ၍လည်းကောင်း၊
သုညတော - အတ္တကောင် အနှစ်အသားမှ ကင်းဆိတ်သည်ဟူ၍ လည်းကောင်း၊
အနတ္တတော - အတ္တကောင်မဟုတ် သဘောတရားမျှ ဟူ၍လည်းကောင်း၊
သမနုပဿတိ - ရှုမြင်၏။

အဲဒါဟာ မေတ္တာဈာန်ဝင်ပြီး အဲဒီဈာန်မှထတဲ့အခါ ဝိပဿနာရှုပုံကို ပြတာပါပဲ၊ ဘာကို ရှုသလဲဆိုတော့ အဲဒီဈာန် ဖြစ်ခိုက်က ရှိခဲ့တဲ့ ရုပ်ဝေဒနာ စသည်ကို ရှုတာပါပဲ၊ ယခု ယောဂီတွေမှာ မြင်တဲ့စိတ် ကြားတဲ့စိတ် ကြံတဲ့စိတ် ဖြစ်ပြီးတဲ့အခါ မြင်တယ် ကြားတယ် ကြံတယ်လို့ ရှုသိတာမျိုးပါပဲ၊ ဈာန်စိတ်ဖြစ်ခိုက်မှာ အဲဒီဈာန်၏ တည်မှီရာ ရုပ်လဲရှိတယ်၊

အဲဒီ ဈာန်စိတ်ကြောင့် ဖြစ်တဲ့ ရုပ်တွေလဲရှိတယ်၊ အဲဒီရုပ်တွေက အင်မတန် သန့်ပြန့်ကောင်းမွန်တယ်၊ အဲဒီရုပ်ကောင်တွေ ကိုယ်ထဲမှာ ပျံ့နှံ့နေတဲ့အတွက် အလွန်ပင်နေကောင်းနေတတ်တယ်၊ ဥဒ္ဒယဗ္ဗယဉာဏ် အခိုက်မှာ ဖြစ်နေတဲ့ ရုပ်မျိုး တွေပါပဲ၊ အဲဒီတည်မှီရာ ရုပ်နဲ့ ဈာန်ကြောင့်ဖြစ်တဲ့ ရုပ်တွေကို ဒီပါဠိမှာ ယဒဝေရူပဂတံ - လို့ ပြဆိုထားတယ်၊

ဈာန်စိတ်နဲ့ တပေါင်းတည်း ယှဉ်တွဲပြီးဖြစ်တဲ့ ဝေဒနာစသည်ကို ဝေဒနာဂတံ - သညာဂတံ - သင်္ခါရဂတံ - လို့ ပြဆိုထားတယ်၊ ဈာန်စိတ်ကိုတော့ ဝိညာဏဂတံ - လို့ ပြဆိုထားတယ်၊ အဲဒါဟာဈာန်ရတဲ့ပုဂ္ဂိုလ် ဈာန်စိတ်စသည်ကို ဝိပဿနာ ရှုပုံပါပဲ၊ ယခု ဒီကယောဂီတွေ ကြံသိစိတ် ဖြစ်ရင်ကြံတယ် - လို့ ရှုမှတ်တာနဲ့ အတူတူပါပဲ။

အဲဒီလို ရှုပြီး ဉာဏ်ဖြင့် သိမြင်ပုံကိုတော့ အနိစ္စတော စသည်ဖြင့် ၁၁-ပါး ပြထားတယ်၊ ဉာဏ်ထူးတဲ့ပုဂ္ဂိုလ်မှာ အဲဒီ ၁၁-ပါးသော အခြင်းအရာတွေကို အကုန်လုံးသိနိုင်တယ်၊ ဉာဏ်နုံ့တဲ့ ပုဂ္ဂိုလ်မှာတော့ အကုန်လုံးမသိပေဘူး၊ တချို့သာ သိပေလိမ့်မယ်၊ အရေးကြီးတာကတော့ အနိစ္စ ဒုက္ခ အနတ္တဆိုတဲ့ ဒီအခြင်းအရာ သုံးပါးဖြင့် သိဖို့ပါပဲ၊

ဒါကြောင့် သုတ်ပေါင်း များစွာတို့မှာ မြတ်စွာဘုရားက အနိစ္စ ဒုက္ခ အနတ္တ ဒီသုံးမျိုးကိုသာ ဟောတော်မူပါတယ်၊ ဒီသုံးပါးသိရင် ကျန်တဲ့ ၈ - ပါးလဲ သိနိုင် တာပါပဲ၊ သိနိုင်ပုံကတော့ ပလောက - ပျက်လွယ်တယ် ဆိုတာ အနိစ္စ - မမြဲဘူး ဆိုတာနဲ့ သဘောအားဖြင့် အတူတူပါပဲ၊

(၁) ရောဂါဆိုးနဲ့တူတယ်၊
(၂) အိုင်းအမာ - အနာအိုကြီးနဲ့ တူတယ်၊
(၃) စူးနေတဲ့ ငြောင့်နဲ့တူတယ်၊
(၄) အဃ - ဆင်းရဲမကင်းဘူး၊ ဝါ - မကောင်းမှုလိုပင် မကောင်းကျိုးပေးတတ်တယ်၊
(၅) အဖျားအနာနဲ့တူတယ်ဆိုတဲ့ အခြင်းအရာ ငါးပါးဟာလဲ ဒုက္ခ - ဆင်းရဲဆိုတာနဲ့ အတူတူပါပဲ၊

(၁) ပရ - သူတစိမ်းနဲ့ တူတယ်၊
(၂) သုည - အတ္တကောင်မှ ကင်းဆိတ်နေတယ် -

ဆိုတဲ့ ဒီ ၂-ပါးဟာလဲ အနတ္တ မဟုတ်, အစိုးမရဘူး ဆိုတာနဲ့ အတူတူပါပဲ၊ ဒါကြောင့် အနိစ္စ ဒုက္ခ အနတ္တအားဖြင့် ရှုမြင်ပုံကို ဒီနေရာမှာ ရှင်းပြောရမယ်။

အနိစ္စ, အနိစ္စလက္ခဏ, အနိစ္စာနုပဿနာ

အနိစ္စံ ဝေဒိတဗ္ဗံ - အနိစ္စကို သိရမယ်၊
အနိစ္စတော ဝေဒိတဗ္ဗာ - မမြဲဟု မှတ်သိရကြောင်း အနိစ္စလက္ခဏကို သိရမည်၊
အနိစ္စာနုပဿနာ ဝေဒိတဗ္ဗာ - မမြဲဟု ရှုသိသော ဝိပဿနာဉာဏ်ကို သိရမည် -

လို့ အဋ္ဌကထာမှာ မိန့်ဆိုထားတယ်၊ အဲဒါကို လိုက်ဆိုကြရမယ်။

အနိစ္စကို သိရမည်၊
အနိစ္စလက္ခဏကို သိရမည်၊
အနိစ္စာနုပဿနာကို သိရမည်။

အနိစ္စဆိုတာ ဘာလဲဆိုတော့ အနိစ္စန္တိ ခန္ဓပဉ္စကံ - မမြဲတဲ့ အနိစ္စဟူသည်မှာ ခန္ဓာငါးပါး အပေါင်းပဲ - လို့ ဖွင့်ပြထားပါတယ်၊ အဲဒါကိုလဲ ဆိုကြရမယ်။

ခန္ဓာငါးဝ အနိစ္စ၊ မှတ်ကြ မမြဲပေ။

အဲဒီ မမြဲတဲ့ ခန္ဓာငါးပါးဆိုတာ ဈာန်စိတ် ဖြစ်ခိုက်က ရှိခဲ့တဲ့ ရုပ်နာမ်တွေပါပဲ၊ အဲဒါတွေကို ပါဠိ၌ ရူပဂတံ ဝေဒနာဂတံ စသည်ဖြင့် ပြဆိုထားတာပါပဲ၊ အဲဒါဟာ ဈာန်မှထပြီး ရှုတဲ့အခါ အနိစ္စ - မမြဲဘူးလို့ တိုက်ရိုက်သိရမယ့် တရားပဲ၊

မြင်တယ် ကြားတယ် ကြံသိတယ်လို့ ရှုမှတ်နေကြတဲ့ ယောဂီတွေမှာ မြင်ခိုက် ကြားခိုက် ကြံသိခိုက်က ရုပ်နာမ်တွေကို မမြဲဘူးလို့ ကိုယ်ပိုင်ဉာဏ်ဖြင့် တိုက်ရိုက် သိရတာမျိုးပါပဲ၊ အနိစ္စ - မမြဲဘူးလို့ မှတ်သိရကြောင်း လက္ခဏက ဘာလဲဆိုတော့ - ဟုတွာ - မူလက မရှိသေးဘဲ ရှိလာ ဖြစ်ပေါ်လာပြီးနောက်၊ အာဘာဝါကာရော - မရှိတော့ဘဲ ချုပ်ပျက်သွားသော အခြင်းအရာသည်၊ အနိစ္စလက္ခဏံ - အနိစ္စဟု မှတ်သိရကြောင်း လက္ခဏမည်ပါတယ်တဲ့၊

အဲဒီအဆိုကို “ဖြစ်ပေါ်ပြီးနောက် ကွယ်ပျောက်သွားတာက အနိစ္စလက္ခဏာ”လို့ ဆောင်ပုဒ်စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။

ဖြစ်ပေါ်ပြီးနောက် ကွယ်ပျောက်သွားတာက အနိစ္စလက္ခဏာ။

ဘယ်ဟာမဆို ဖြစ်ပေါ်ပြီး ပျောက်သွားရင် မမြဲတာချည်းပဲ၊ ဥပမာအားဖြင့် ကွင်းပြင်ထဲမှာ အိမ်တစ်လုံး ဆောက်လိုက်တယ်၊ အဲဒီအိမ်ဟာ အစကမရှိသေးဘဲ အသစ်ဖြစ်ပေါ်လာတာ မဟုတ်လား၊ အဲဒီအိမ်က တစ်နေ့ကျတော့ ပျက်သွားမယ် မဟုတ်လား၊ အဲဒီ ပျက်သွားတဲ့ အိမ်ကို မြဲတယ်လို့ ဆိုရမလား၊ မမြဲဘူးလို့ဆိုရမလား၊

(မမြဲဘူးလို့ ဆိုရပါမယ်ဘုရား)၊

အဲဒါလိုပဲ ဖြစ်ပေါ်လာပြီး ပျောက်သွားတဲ့ တရားတွေဟာ မမြဲတာတွေချည်းပဲ၊ တစ်နည်း - ဥပမာအားဖြင့် လူတစ်ယောက် မွေးလာတယ်၊ အဲဒါဟာ အစက မရှိသေးဘဲ အသစ် ဖြစ်ပေါ်လာတာပဲ၊ အဲဒီလူဟာ တစ်နေ့ကျတော့ သေသွားတယ်၊ အဲဒီလူကို မြဲတယ်လို့ဆိုရမလား၊ မမြဲဘူးလို့ဆိုရမလား၊

(မမြဲဘူးလို့ ဆိုရပါမယ်ဘုရား)။

အဲဒီလို ဖြစ်ပေါ်ပြီး ပျောက်ကွယ် ပျက်စီးသွားတဲ့ တရားတွေဟာ မမြဲတာတွေချည်းပဲ၊ နောက်ဥပမာတစ်ခုကတော့ မိုးရွာတဲ့အခါ လျှပ်ရောင်ကလေး ပေါ်လာတယ်၊ အဲဒါဟာ အစကမရှိသေးဘဲ အသစ်ဖြစ်ပေါ်လာတာပဲ၊ ပေါ်လာပြီးတော့ အဲဒီ လျှပ်ရောင် ကလေးဟာ တည်နေသလား၊ ပျောက်ကွယ်သွားသလား၊

(ပျောက်ကွယ်သွားပါတယ်ဘုရား၊)

အဲဒီ လျှပ်ရောင်ကို မြဲတယ်လို့ဆိုရမလား၊ မမြဲဘူးလို့ ဆိုရမလား၊

(မမြဲဘူးလို့ ဆိုရပါမယ်ဘုရား၊)

အဲဒီလျှပ်ရောင်ကို မမြဲဘူးလို့ ဆိုရတာဟာ အသစ်ပေါ်လာပြီး ပျောက်သွားလို့ မဟုတ်လား၊

(မှန်ပါတယ် ဘုရား၊)

ဒါကြောင့် ဖြစ်ပေါ်ပြီး ပျောက်သွားတဲ့ အခြင်းအရာကို အနိစ္စ လက္ခဏာလို့ ဆိုရမယ်။ ထိသိမှု, ကြံသိမှု, ကြားသိမှု, မြင်မှု စသည်တွေကို မပြတ်ရှုမှတ်နေတဲ့ ယောဂီဟာ သမာဓိဉာဏ် အားကောင်းလာတဲ့အခါကျတော့ မှတ်တိုင်းမှတ်တိုင်း အသစ်သစ် ဖြစ်ပေါ်လာတာကို လဲတွေ့ရတယ်၊ အဲဒါဟာ ဥဒယဆိုတဲ့ အဖြစ်ကို ကိုယ်ပိုင် ဉာဏ်ဖြင့် တွေ့မြင်တာပဲ၊ ဖြစ်ပြီး ချက်ချင်းပင် ပျောက်ပျောက်သွားတာကိုလဲ တွေ့ရတယ်၊ အဲဒါဟာ ဝယဆိုတဲ့ အပျက်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် တွေ့မြင်တာပဲ၊

အဲဒီလို တွေ့မြင်ရတဲ့အတွက် ထိသိတာလဲ မမြဲဘူး၊ ကြံသိတာလဲ မမြဲဘူး၊ ကြားသိ တာလဲ မမြဲဘူး၊ ရှုသိတာလဲ မမြဲဘူးစသည်ဖြင့် သဘောကျကျသွားတယ်၊ အဲဒါဟာ ဖြစ်ပေါ်ပြီး ကွယ်ပျောက်သွားတယ်ဆိုတဲ့ အနိစ္စလက္ခဏာကို တကယ်တွေ့မြင်ပြီး မမြဲဘူးလို့ သိမြင်တဲ့ အနိစ္စာနုပဿနာပဲ၊ ဒါကြောင့် “ရှုမှတ်ဆဲမှာ (ဖြစ်ပေါ်ပြီးနောက်) ကွယ်ပျောက်သွားတာကိုတွေ့ရ၍ မမြဲလို့ သိတာက အနိစ္စာနုပဿနာဉာဏ်”လို့ ဆောင်ပုဒ် စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။

ရှုမှတ်ဆဲမှာ ကွယ်ပျောက် သွားတာကို တွေ့ရ၍ မမြဲဟု သိတာက အနိစ္စာ-နုပဿနာဉာဏ်။

အဲဒီလိုသိတာကလဲ ဖြစ်ဆဲရုပ်နာမ်ကို ရှုမှတ်နေရင်း သိတာကိုသာ ဆိုလိုတယ်၊ ရှုမှတ်ခြင်း မရှိဘဲ သုတမယအားဖြင့် ဆင်ခြင်ပြီး သိတာကိုတော့ မဆိုလိုပါဘူး၊ ဒါကြောင့် ရှုမှတ်ဆဲမှာလို့ အာဓာရဝိသေသနပုဒ်ပါ ဆောင်ပုဒ်ထဲမှာ ထည့်ထား ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ရှုမှတ်ခြင်းမရှိဘဲ ဆင်ခြင်ပြီး၊ သိတယ်ဆိုတာက တကယ်ဖြစ်ပျက်တဲ့ ရုပ်နာမ်အစစ်၏ အဖြစ်အပျက် အစစ်ကို မသိသောကြောင့်ပါပဲ။

မေတ္တာဈာန်ရ ပုဂ္ဂိုလ်က မေတ္တာဈာန်ကို ဝင်စားတယ်၊ ဝင်စားဆိုတာ ချမ်းသာပါစေ၊ ချမ်းသာကြပါစေလို့ နှလုံးသွင်းရင်း ချမ်းသာစေလိုတဲ့ မေတ္တာဈာန်စိတ် ဖြစ်သွား တာပါပဲ၊ အဲဒီ ဈာန်စိတ်က တစ်စက္ကန့်မျှ မကြာခင် ရပ်သွားတာလဲ ရှိတယ်၊ တစ်စက္ကန့်, ၂ - စက္ကန့်, ၃ - စက္ကန့်စသည် တစ်မိနစ်, ၂ - မိနစ်, ၃ - မိနစ်စသည်ဖြင့် ကြာမှ ရပ်စဲသွားတာလဲရှိတယ်၊

အဲဒီဈာန်စိတ် ရပ်စဲသွားတဲ့အခါ ဖြစ်နေကျ ရိုးရိုး ကာမစိတ်များ ဖြစ်လာတယ်၊ အဲဒါကို ဈာန်မှ ထတယ်လို့ ဆိုရတာပဲ၊ ဘဝင်ကျပြီး အိပ်ပျော်နေရာမှ နိုးလာတဲ့ သဘောမျိုးပါပဲ၊ ဈာန်မှထတဲ့အခါ ဝိပဿနာရှုမယ်လို့ နှလုံးသွင်းပြီး ဈာန်ဝင်စားတဲ့ ယောဂီမှာတော့ ဈာန်စိတ်ရပ်စဲသွားသည်နှင့် တစ်ပြိုင်နက် ရှုသိတဲ့ ဝိပဿနာစိတ် ဖြစ်လာတယ်၊

အဲဒီစိတ်က ဖြစ်ပြီး ချုပ်သွားတဲ့ ဈာန်စိတ်ကို အဖြစ်အပျက် ၂ - ရပ်ဖြင့် ပိုင်းခြားပြီး သိတယ်၊ ဈာန်စိတ်ဆိုပေမယ့် သူတစ်ပါးတည်းကိုသာ သိတာ မဟုတ်ပါဘူး၊ သူနဲ့တစ်ပြိုင်နက် ဖြစ်ပျက်သွားတဲ့ ရုပ်, ဝေဒနာ, သညာ, သင်္ခါရတွေကိုရော သိသွား တာပါပဲ၊ ဘယ်လို သိသွားသလဲဆိုတော့ ဖြစ်ပြီးပျက်သွားလို့ မမြဲဘူး စသည်ဖြင့် သိသွားတယ်။

အဲဒီနည်းဖြင့် ဝိပဿနာဉာဏ် ဖြစ်ပွားရအောင် ယခုလိုက်ဆိုပြီး မေတ္တာကိုလဲ ပွားစေကြရမယ်၊ အဲဒီနှလုံးသွင်း ရွတ်ဆိုတဲ့ မေတ္တာစိတ် စသည်နဲ့ ရွတ်ဆိုရုပ် အသံရုပ်တွေ ဖြစ်ပျက်သွားလို့ မမြဲတာကိုလဲ ရှုကြရမယ်၊ ကဲ ... လိုက်ဆိုကြ။

အားလုံးသတ္တဝါတွေ ချမ်းသာကြပါစေ ...၊ ချမ်းသာကြပါစေ ...၊ ချမ်းသာကြပါစေ ...။

ဒုက္ခ, ဒုက္ခလက္ခဏာ, ဒုက္ခာနုပဿနာ

ဒုက္ခဆိုတာ ဘာလဲဆိုတော့ ‘ယဒနိစ္စံ တံ ဒုက္ခံ’ မမြဲတဲ့တရားဟာ ဆင်းရဲပဲလို့ ဟောတော်မူသောကြောင့် မမြဲတဲ့ ခန္ဓာငါးပါးဟာ ဒုက္ခ - ဆင်းရဲပါပဲ၊ အဲဒီ ဒုက္ခမည်တဲ့ ခန္ဓာတွေထဲမှာ ဝေဒနာက္ခန္ဓာ၏ တစ်စိတ် တစ်ပိုင်းဖြစ်တဲ့ ဒုက္ခဝေဒနာ တစ်ပါးသာ အခံရခက်တဲ့ ဆင်းရဲမည်ပါတယ်၊ ကျန်တဲ့ ခန္ဓာလေးပါးနဲ့ သုခဥပေက္ခာတို့ကတော့ အခံရခက်တဲ့ သဘောများ မဟုတ်ကြပါဘူး၊

ဒါပေမယ့် မမြဲတဲ့အတွက် နှစ်သက် သာယာဖွယ်မရှိလို့လဲ ဒုက္ခလို့ဆိုရတယ်၊ အခံရခက်တဲ့ ဒုက္ခဝေဒနာကို ဖြစ်ပေါ်စေပြီး နှိပ်စက်တတ်လို့လဲ ဒုက္ခလို့ ဆိုရပါတယ်၊ အဲဒါကို “ခန္ဓာ ငါးဝ၊ မမြဲကြ၊ ဒုက္ခ ဆင်းရဲပေ”လို့ ဆောင်ပုဒ် စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။

ခန္ဓာငါးဝ၊ မမြဲကြ၊ ဒုက္ခ ဆင်းရဲပေ။

အဲဒီခန္ဓာငါးပါးဟာ ခဏမစဲ ဖြစ်ပျက်နေတဲ့အတွက် ဖြစ်ပျက်မှုက အဲဒီတရားတွေကို မပြတ် နှိပ်စက်နေသည် မည်တယ်၊ နောက်ပြီးတော့ ညောင်းလိုက်, ပူလိုက် စသည်ဖြင့် အဲဒီခန္ဓာတွေက မကြာခဏ နှိပ်စက်နေတယ်၊ အဲဒီလို မပြတ် နှိပ်စက်အပ်, နှိပ်စက်တတ်သောကြောင့် အဲဒီ - ကြောက်ဖွယ်ဆင်းရဲမည်တယ်၊ ဒါကြောင့် မပြတ်နှိပ်စက်တဲ့ အခြားအရာဟာ ဒုက္ခ - ဆင်းရဲလို့ မှတ်သိရကြောင်း လက္ခဏာပဲ၊ အဲဒါကို “ဖြစ်ပျက် နှစ်ရပ်က မပြတ်နှိပ်စက်နေတာက ဒုက္ခလက္ခဏာ”လို့ ဆောင်ပုဒ်စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။

ဖြစ်ပျက်နှစ်ရပ်က မပြတ် နှိပ်စက်နေတာက ဒုက္ခလက္ခဏာ။

ဖြစ်ဆဲရုပ်နာမ်တွေကို မပြတ်ရှုနေတဲ့ ယောဂီကတော့ ခဏမစဲ ဖြစ်ပျက်နေတာကိုလဲ တွေ့နေရတယ်၊ ညောင်းလိုက်, ပူလိုက် စသည်ဖြင့် မခံသာအောင် နှိပ်စက်နေတာကိုလဲ တွေ့ရတယ်၊ ဒါကြောင့် နှစ်သက်ဖွယ်မရှိတဲ့ ဆင်းရဲတွေပဲ၊ ကြောက်ဖွယ်ဆင်းရဲတွေပဲလို့ ကိုယ်ပိုင်ဉာဏ်ဖြင့် သိမြင်သဘော ကျကျသွားတယ်၊ အဲဒါက ဒုက္ခာနုပဿနာဉာဏ် အစစ်ပဲ၊

အဲဒါကို “ရှုမှတ်ဆဲမှာ ဖြစ်ပျက်နေတာကိုတွေ့ရ၍ ဆင်းရဲဟု သိတာက ဒုက္ခာနုပဿနာဉာဏ်”လို့ ဆောင်ပုဒ်စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။

ရှုမှတ်ဆဲမှာ ဖြစ်ပျက်နေတာကို တွေ့ရ၍ ဆင်းရဲဟု သိတာက ဒုက္ခာနုပဿနာဉာဏ်။

ယခု “ချမ်းသာကြပါစေ - ချမ်းသာကြပါစေ”လို့ နှလုံးသွင်း ရွတ်ဆိုပြီး မေတ္တာ ပွားနေရင်း ဖြစ်ပျက်နှစ်ရပ်က နှိပ်စက်နေပုံကို ရှုပြီး ဒုက္ခာနုပဿနာလဲ ပွားကြဦးစို့၊ လိုက်ဆိုကြ။

အားလုံးသတ္တဝါတွေ ချမ်းသာကြပါစေ ... ချမ်းသာကြပါစေ ... ချမ်းသာကြပါစေ ...။

အနတ္တ, အနတ္တလက္ခဏာ, အနတ္တာနုပဿနာ

အနတ္တဆိုတာ ဘာလဲဆိုတော့ ယံ ဒုက္ခံ တဒနတ္တာ - ဒုက္ခတရားဟာ အနတ္တပဲလို့ ဟောတော်မူသောကြောင့် ဒုက္ခမည်တဲ့ ခန္ဓာငါးပါးဟာ အတ္တကောင်မဟုတ်တဲ့ အနတ္တတရားပါပဲ၊ မမြဲတဲ့တရားကို အမြဲတည်နေပါစေလို့ စီမံခန့်ခွဲလို့ မရဘူး၊ ဆင်းရဲတရားကို ချမ်းသာကြပါစေလို့ စီမံခန့်ခွဲလို့မရဘူး၊ အဲဒီလို စီမံခန့်ခွဲလို့ မရတဲ့အတွက် မိမိ၏အတွင်းသား ကိုယ်ကောင်လို့ မဆိုနိုင်ဘူး၊ ဒါကြောင့် အနတ္တ - အစိုးရတဲ့ တရားပဲ၊ အဲဒါကို “ခန္ဓာငါးဝ၊ စိုးမရ၊ အတ္တမဟုတ်ပေ”လို့ ဆောင်ပုဒ်စီထား တယ်၊ အဲဒါကို ဆိုကြရမယ်။

ခန္ဓာငါးဝ၊ စိုးမရ၊ အတ္တမဟုတ်ပေ။

ကိုယ့်ကိုယ်ဆိုရင် ကိုယ်အလိုရှိတဲ့အတိုင်း ဖြစ်ရမှာပဲ၊ ခန္ဓာငါးပါးက ကိုယ့်အလို အတိုင်း မဖြစ်ဘူး၊ သူ့ဆိုင်ရာ အကြောင်းရှိမှဖြစ်တယ်၊ သူ့ဆိုင်ရာအကြောင်း ရှိရင်တော့ မဖြစ်စေချင်ပေမယ့်လို့ မရဘူး ဖြစ်ပေါ်လာတာပဲ၊ ဖြစ်ပေါ်လာပြီး အကောင်းတွေကိုလဲ မပျက်ဘဲ တည်နေစေချင်ပေမယ်လို့ တည်မနေဘူး၊ ပျက်ပျက်သွားတာပဲ၊

အဲဒီလို အလိုအတိုင်းမဖြစ်ဘဲ အစိုးမရတဲ့အတွက် မိမိ၏အတွင်းသား အတ္တ မဟုတ်ဘူးလို့ မှတ်သိရတယ်၊ ဒါကြောင့် “အဝသဝတ္တနာကာရော အနတ္တလက္ခဏံ” အလိုအတိုင်း မဖြစ်သော အခြင်းအရာဟာ အတ္တမဟုတ်, အနတ္တလို့ မှတ်သိ ရကြောင်း အနတ္တလက္ခဏာပဲလို့ ပြဆိုထားပါတယ်၊ အဲဒါကို “အလိုအတိုင်း မဖြစ်တာက အနတ္တလက္ခဏာ”လို့ ဆောင်ပုဒ်စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။

အလိုအတိုင်း မဖြစ်တာက အနတ္တလက္ခဏာ။

ဖြစ်ဆဲ ရုပ်နာမ်တွေကို မပြတ်ရှုနေတဲ့ ယောဂီတွေကတော့ ကိုယ့်အလိုအတိုင်း မဖြစ်ဘဲ ဆိုင်ရာ အကြောင်းအားလျော်စွာ သူ့သဘောအတိုင်း ဖြစ်ပျက်နေတာကို မပြတ်တွေ့နေရတယ် ဒါကြောင့် အစိုးမရတဲ့ အနတ္တသဘောတရားပဲလို့ ကိုယ်ပိုင်ဉာဏ်ဖြင့် ပိုင်းခြားပြီး သိသိသွားတယ်၊

အဲဒါဟာ အနတ္တာနုပဿနာဉာဏ်အစစ်ပဲ၊ အဲဒါကို “ရှုမှတ်ဆဲမှာ အလိုအတိုင်း မဖြစ်တာကို တွေ့ရ၍ အစိုးမရ, ငါကောင်မဟုတ်ဟု သိတာက အနတ္တာ-နုပဿနာဉာဏ်”လို့ ဆောင်ပုဒ်စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။

ရှုမှတ်ဆဲမှာ အလိုအတိုင်းမဖြစ်တာကိုတွေ့ရ၍ အစိုးမရ,
ငါကောင်မဟုတ်ဟုသိတာက အနတ္တာနုပဿနာဉာဏ်။

ချမ်းသာကြပါစေ - ချမ်းသာကြပါစေလို့ မေတ္တာပွားရာမှာလဲ မိမိက တစ်နေ့လုံး တစ်ညလုံး မေတ္တာဘာဝနာချည်း ဖြစ်ပွားနေစေချင်ပေမယ်လို့ အဲဒီလို လှုံ့ဆော် ပေးတဲ့ လုံ့လဝီရိယက မရှိရင်မဖြစ်ဘူး၊ ဆန္ဒ, ဝီရိယ, စေတနာ အပြည့်အစုံ ရှိမှ ဖြစ်တယ်၊ ဒါကြောင့် မိမိ၏ အလိုမျှဖြင့် မဖြစ်တဲ့ အနတ္တတရားပဲ၊ အဲဒီအနတ္တ သဘောကိုလဲ နောက်ကလိုက်ပြီး ရှုရအောင် မေတ္တာကို ပွားကြဦးစို့၊ လိုက်ဆိုကြ၊ ဖြည်းဖြည်းချင်း ဆိုပေးမယ်။

အားလုံးသတ္တဝါတွေ ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ၊ .. ချမ်းသာကြပါစေ။

ယခုပြောခဲ့တဲ့အတိုင်း “ချမ်းသာကြပါစေ”လို့ နှလုံးသွင်း ရွတ်ဆိုပြီး အနိစ္စစသည်ဖြင့် ထင်မြင်အောင် ရှုကာက ကာမာဝစရကုသိုလ် မေတ္တာစိတ်စသည်ကို ရှုတာပဲ၊ ဈာန်ရ ပုဂ္ဂိုလ်မှာ မေတ္တာဈာန်စိတ် စသည်ကို ရှုတာကတော့ မဟဂ္ဂုတ်ဈာန် ကုသိုလ်စိတ် စသည်ကို ရှုတာပဲ၊ ကာမာဝစရနဲ့ မဟဂ္ဂုတ် အဖြစ်မျှသာ ကွဲပြားပါတယ်၊ မေတ္တာကို ရှုပုံချင်းကတော့ ထပ်တူပါပဲ၊

ဒါကြောင့် အဲဒီမေတ္တာကုသိုလ်စိတ် စသည်ကို ရှုနေရင် ဝိပဿနာဉာဏ် ရင့်သန် တဲ့အခါ အရိယမဂ်ဉာဏ်ဖြင့် ရုပ်နာမ် ချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုသွားတယ်၊ အဲဒီ မဂ်ဉာဏ်၏ အခြားမဲ့မှာ ဖိုလ်ဉာဏ်ဖြင့်လဲ မျက်မှောက် ပြုသွားတယ်၊ အဲဒီလို မျက်မှောက်ပြုရင် အောက်ထစ်ဆုံး သောတာပန်ဖြစ် သွားတော့တာပဲ၊

မေတ္တာဈာန်ရတဲ့ ပုဂ္ဂိုလ်ကတော့ သောတာပန် ဖြစ်ရုံမျှတွင် မရပ်သေးပဲ ဆက်ပြီး ရှုမှတ်သွားသဖြင့် သကဒါဂါမိ မဂ်ဖိုလ် အနာဂါမိမဂ်ဖိုလ် တို့ဖြင့်လဲ နိဗ္ဗာန်ကို မျက်မှောက်ပြုပြီး အနာဂါမ်ပုဂ္ဂိုလ် အဖြစ်အထိ အများအားဖြင့် ရောက်သွား တတ်တယ်၊

အနာဂါမ် ဖြစ်သွားရင် ကာမရာဂ လုံးဝကင်းသွားတဲ့အတွက် ကာမဘုံမှာဖြစ်ခွင့် မရှိတော့ဘူး၊ ရူပါဝစရဘုံ အရူပါဝစရဘုံများမှာသာ ဖြစ်ဖို့ရှိတော့တယ်၊ အဲဒီဘုံ တွေထဲမှာလဲ အများအားဖြင့် သုဒ္ဓါဝါသ ဆိုတဲ့ ရူပါဝစရဘုံများ၌ ဖြစ်တတ်တယ်၊ ဒါကြောင့် -

ဒုတိယ မေတ္တသုတ်အဆက်

သော - ထိုမေတ္တာဈာန်ကို အနိစ္စစသည်ဖြင့် ရှုသောပုဂ္ဂိုလ်သည်၊
ဝါ - မေတ္တာဈာန် စသည်ကို အနိစ္စစသည်ဖြင့် ရှု၍ အနာဂါမ် ဖြစ်သွားသော ထိုပုဂ္ဂိုလ်သည်၊
ကာယဿ ဘေဒါ - ရုပ်ကိုယ်ပျက်စီးသည်မှ၊
မရဏာ - သေသည်မှ၊
ပရံ - နောက်၌၊
သုဒ္ဓါဝါသာနံ ဒေဝါနံ - သုဒ္ဓါဝါသဘုံသား နတ်ဗြဟ္မာတို့၏၊
သဟဗျတံ - အတူနေ အတန်းတူဗြဟ္မာအဖြစ်သို့၊
ဥပပဇ္ဇတိကပ်ရောက်၍ဖြစ်၏၊
ဘိက္ခဝေ - ရဟန်းတို့၊
အယံ - ဥပပတ္တိ - ဤသုဒ္ဓါဝါသသို့ ကပ်ရောက်၍ ဖြစ်ခြင်းသည်၊
ပုထုဇ္ဇနေဟိပုထုဇဉ်ခေါ် အများစုသတ္တဝါတို့နှင့်၊
အသာဓာရဏာ - မသက်ဆိုင်သော အဖြစ်ထူးပေတည်း -

လို့ မြတ်စွာဘုရားက ဆက်လက်ပြီး ဟောကြားတော်မူပါတယ်။

အဲဒီမှာ သုဒ္ဓါဝါသဘုံသို့ ရောက်တယ်ဆိုတော့ စတုတ္ထဈာန်ကိုလဲ ရထားဖို့လိုပါတယ်၊ မေတ္တာဘာဝနာဖြင့် တတိယဈာန် အထိသာရနိုင်တယ်၊ ဒီတော့ သုဒ္ဓါဝါသ၌ ဖြစ်တာဟာ ဘယ်လိုဖြစ်တာပါလဲလို့ မေးစရာရှိပါတယ်၊ အဖြေကတော့ -

မေတ္တာဈာန်ကိုရှုပြီး အနာဂါမ် ဖြစ်သွားတဲ့နောက်မှာ ဥပေက္ခာ ဘာဝနာဖြင့် စတုတ္ထဈာန်ကိုလဲ ရသွားတယ်၊ အဲဒီလိုရဖို့ ဆိုတာကလဲ အနာဂါမ်မှာ မခက်ပါဘူး၊ အလွယ်ကလေးပါပဲ၊ မူလက ဘာဈာန်ကိုမှမရဘဲ ဝိပဿနာရှုပြီး အနာဂါမ် ဖြစ်သွားတဲ့ ပုဂ္ဂိုလ်မှာလဲ စတုတ္ထဈာန်အထိ အလွယ်တကူဖြင့်ပင် ရပြီးတော့ အဲဒီသုဒ္ဓါဝါသဘုံကို ရောက်သွားနိုင်ပါတယ်၊

ဒါကြောင့် ဥပေက္ခာဘာဝနာဖြင့် စတုတ္ထဈာန်ကိုရှုပြီး သုဒ္ဓါဝါသဘုံသို့ ရောက်သွား တယ်လို့ မှတ်ယူဖို့ပါပဲ။ ပုထုဇဉ်ပုဂ္ဂိုလ်မှာတော့ မေတ္တာဈာန်နှင့် ဥပေက္ခာဈာန်ကို ရပေမယ့် အဲဒီသုဒ္ဓါဝါသဘုံများသို့ မရောက်နိုင်ဘူး၊ ဒါကြောင့် သုဒ္ဓါဝါသဘုံ၌ ဖြစ်ခြင်းကို ပုထုဇဉ်တွေနဲ့ မဆိုင်ကြောင်းလဲ ဖော်ပြသွားပါတယ်၊

သောတာပန် သကဒါဂါမ်များလဲ အဲဒီသုဒ္ဓါဝါသဘုံ၌ မဖြစ်နိုင်ဘူး မဟုတ်ပါလား၊ အဲဒီသောတာပန် သကဒါဂါမ်တို့နှင့် မဆိုင်ကြောင်းကိုတော့ ဘာကြောင့် မဟောပါသလဲလို့ ဒီလိုလဲမေးစရာရှိပါတယ်၊ သောတာပန် သကဒါဂါမ် တွေကလဲ အဲဒီ သုဒ္ဓါဝါသ၌ မဖြစ်နိုင်တာ မှန်ပါတယ်၊ ဒါပေမယ့် သောတာပန် သကဒါဂါမ် တွေကတော့ အနာဂါမ်အဖြစ်သို့ အလွယ်တကူနဲ့ ရောက်ပြီး အဲဒီသုဒ္ဓါဝါသမှာ ဖြစ်နိုင်ပါတယ်၊ ဒါကြောင့် ဖြစ်ခွင့်မရှိတဲ့ ပုထုဇဉ်တွေနဲ့သာ မဆိုင်ကြောင်း ဖော်ပြတော်မူတယ်လို့ မှတ်ယူသင့်ပါတယ်။

ယခု ဟောခဲ့တာက အင်္ဂုတ္တရနိကာယ် စတုက္ကနိပါတ်မှ ဒုတိယမေတ္တသုတ်ပဲ၊ ပဌမမေတ္တသုတ်မှာတော့ မေတ္တာဈာန် ရပြီး ပုထုဇဉ်အဖြစ်နဲ့ပဲ သေဆုံးသွားရင် ရ,ထားတဲ့ ဈာန်အားလျော်စွာ ပဌမဈာန်ဘုံ ဒုတိယဈာန်ဘုံ တတိယဈာန်ဘုံ ဝေဟပ္ဖိုလ်ဘုံတို့မှာ ဖြစ်ပြီး အဲဒီဘုံများက အသက်တမ်းကုန်လို့ စုတေတဲ့အခါ ကာမသုဂတိသို့ ပြန်ရောက်ပြီးတော့ အပါယ်လေးပါးသို့လဲ ရောက်နိုင်ကြောင်းနှင့် မြတ်စွာဘုရား တပည့်အရိယာဖြစ်ပြီး ပုဂ္ဂိုလ်ကတော့ အဲဒီဗြဟ္မလောကမှာပဲ ရဟန္တာ ဖြစ်ပြီး အဲဒီမှာပဲ ပရိနိဗ္ဗာန်စံတဲ့အကြောင်းများကို ဟောထားပါတယ်၊ အဲဒါကိုလဲ ကြည်ညိုရအောင် နိဿယနည်းဖြင့် ပါဌ်အနက်ကို ရွတ်ဆိုပြီး ဟောပြပါဦးမယ်။

ပဌမမေတ္တသုတ် (အံ - ပ၊ ၄၄၃)

ဘိက္ခဝေ - ရဟန်းတို့၊
ဣဓ - ဤလောက၌၊
ဧကစ္စောပုဂ္ဂလော - အချို့ပုဂ္ဂိုလ်သည်၊
မေတ္တာသဟဂတေန စေတသာ - မေတ္တာနှင့်တကွ ဖြစ်သော စိတ်ဖြင့်၊
ဧကံ ဒိသံ - အရပ်မျက်နှာတစ်ခုကို၊
ဖရိတွာ ဝိဟရတိ - ဖြန့်၍နေ၏၊
တထာ ဒုတိယံထို့အတူ ဒုတိယ အရပ်မျက်နှာကို ဖြန့်၍နေ၏၊
တထာ တတိယံ - ထို့အတူ တတိယအရပ်မျက်နှာကို ဖြန့်၍နေ၏၊
တထာ စတုတ္ထံ - ထို့အတူ စတုတ္ထအရပ်မျက်နှာကို ဖြန့်၍နေ၏၊
ဣတိ - ဤနည်းဖြင့်၊
ဥဒ္ဓံ - အထက်အရပ်ကို လည်းကောင်း၊
အဓော - အောက် အရပ်ကိုလည်းကောင်း၊
တိရိယံ - ဖီလာအထောင့်အရပ်ကို လည်းကောင်း၊
သဗ္ဗဓိ - အရပ်အားလုံး၌၊
သဗ္ဗတ္တတာယ - သတ္တဝါဟူသမျှကို မိမိကိုယ်နှင့်အတူထားလျက်၊
ဝါ - စိတ်အားလုံးဖြင့်၊
သဗ္ဗဝန္တံ လောကံ - သတ္တဝါအားလုံးရှိသော လောကကို၊
မေတ္တာ သဟဂတေနစေတသာ - ချမ်းသာစေလိုသော စိတ်ဖြင့်၊
ဝိပုလေန - ကျယ်ပြန့်သော စိတ်ဖြင့်၊
မဟဂ္ဂတေန - မဟဂ္ဂုတ်ခေါ် ဈာန်စိတ်ဖြင့်၊
အဝေရေန - ရန်ကင်းသောစိတ်ဖြင့်၊
အဗျာပဇ္ဈေန - နှလုံးမသာမှု ကင်းသောစိတ်ဖြင့်၊
ဖရိတွာဝိဟရတိ - ဖြန့်၍နေ၏။

ဒီထိအောင် ဒေသနာကတော့ ดုတိယမေတ္တသုတ်နှင့် အတူတူပါပဲ၊ ဈာန်ရပြီး ဈာန်ဖြင့် ဖြန့်နေပုံ, ဈာန်ဝင်စားနေပုံကို ပြတာပါပဲ၊ ဒီကနောက်တော့ ဝိပဿနာမရှုဘဲ သာယာ သိမ်းပိုက်သောအားဖြင့် ထူးခြားပုံကို ပြတော်မူပါတယ်။

သော - ထိုပုဂ္ဂိုလ်သည်၊
တံ - ထိုမေတ္တာဈာန်ကို၊
အဿာဒေတိ - သာယာ၏၊
တံ - ထိုဈာန်ကို၊
နိကာမေတိ - ကြိုက်နှစ်သက်၏၊
တေန - ထိုဈာန်ဖြင့်၊
ဝိတ္တိံ စ အာပဇ္ဇတိ - အားရဝမ်းမြောက်ခြင်းသို့လည်း ရောက်၏၊
တတ္ထ ဌိတော - ထိုဈာန်၌ တည်လျက်၊
တဒဓိမုတ္တော - ထိုဈာန်ကို နှလုံးသွင်းစွဲလမ်းလျက်၊
တဗ္ဗဟုလဝိဟာရီ - ထိုဈာန်ဖြင့် အကြိမ်များစွာ ဝင်စားနေလျက်၊
အပရိဟိနော - ထိုဈာန်မှမလျှောဘဲ၊
ကာလံကုရုမာနော - သေဆုံးလတ်သော်၊
ဗြဟ္မာ့ကာယိကာနံ ဒေဝါနံ - ပဌမဈာန် ဗြဟ္မာတို့၏၊
သဟဗျတံ - အတူနေတန်းတူ ဗြဟ္မာအဖြစ်သို့၊
ဥပပဇ္ဇတိ - ကပ်ရောက်၍ဖြစ်၏။

(ဒါကမေတ္တာ ပထမဈာန်ကိုသာ ရတဲ့သူ၏ ဖြစ်ပုံကို ပြောတဲ့စကားပဲ)

သော - မေတ္တာ ဒုတိယ ဈာန်ကို ရသောထိုပုဂ္ဂိုလ်သည်၊
တံ - ထိုဈာန်ကို၊
အဿာဒေတိ - သာယာ၏။ပ။
တဗ္ဗဟုလဝိဟာရီ - ထိုဈာန်မှ မလျှောဘဲ၊
ကာလံ ကုရုမာနော - သေဆုံးလတ်သော်၊
အာဘဿရာနံ ဒေဝါနံအာဘဿရာဗြဟ္မာတို့၏၊
သဟဗျတံ - အတူနေတန်းတူ ဗြဟ္မာအဖြစ်သို့၊
ဥပပဇ္ဇတိ - ကပ်ရောက်၍ ဖြစ်၏။

ဒါက မေတ္တာဒုတိယဈာန်ကို ရတဲ့သူ၏ ဖြစ်ပုံကို ပြောတဲ့ စကားပါပဲ၊ ပရိတ္တာဘာ အပ္ပမာဏာဘာ အာဘဿရာ - လို့ ဒုတိယဈာန် ၃ - ဘုံ ရှိရာမှာ အမြင့်ဆုံး အာဘဿရာဘုံဖြင့် ပဓာနပြုပြီး ပြတာပါပဲ၊ အဲဒီကနောက် မေတ္တာတတိယဈာန်ရပြီး သေတဲ့အခါ ပရိတ္တသုဘာ အပ္ပမာဏာသုဘာ သုဘကိဏှာဆိုတဲ့ တတိယဈာန် ၃ - ဘုံ ရှိရာမှာ အမြင့်ဆုံး သုဘကိဏှာဘုံ ရောက်ပုံကိုလဲ ပဓာနပြုပြီး ပြတော်မူပါတယ်၊

အဲဒီကနောက် ဥပေက္ခာဘာဝနာ စသည်ဖြင့် ရကောင်းတဲ့ စတုတ္ထဈာန်ကို ရပြီး အဲဒီဈာန်ကို သာယာလျက် သေတဲ့အခါ ဝေဟပ္ဖိုလ်ဘုံသို့ ရောက်ပုံကိုလဲ ပြတော်မူပါတယ်၊ အဲဒါက ပုထုဇဉ်တို့ ရောက်နိုင်တဲ့ ရူပါဝစရ ဘုံထဲမှာ အမြင့်ဆုံးဘုံဖြစ်တယ်၊ အသက်တမ်းကလဲ ကပ္ပါပေါင်း ၅၀ဝ - ရှိတယ်၊ အဲဒီဘုံတွေ ရောက်ပြီးတော့ အသက်တမ်းကုန်တဲ့အခါ လူ့ဘုံ ကာမာဝစရ နတ်ဘုံများသို့ ပြန်လာပြီးတော့ အပါယ်လေးပါးလဲ ရောက်နိုင်ပုံကို ဒီလို ဆက်လက် ပြတော်မူပါတယ်။

တတ္ထ - ထိုဗြဟ္မလောက၌၊
ပုထုဇ္ဇနော - ပုထုဇဉ်ပုဂ္ဂိုလ်သည်၊
ယာဝတာယုကံ - အသက်တမ်းရှိသမျှ ကာလပတ်လုံး၊
ဌတွာ - တည်နေပြီး၍၊
ယာဝတကံ တေသံ ဒေဝါနံ အာယုပ္ပမာဏံ တံ သဗ္ဗံ - ထိုဗြဟ္မာတို့၏ ရှိသမျှ အသက်တမ်း အားလုံးကို၊
ခေပေတွာ - ကုန်စေ၏၊

(အသက်တမ်းရှိသမျှနေပြီးလျှင် - လို့ ဆိုလိုတာပါပဲ)

နိရယမ္ပိ ဂစ္ဆတိ - ငရဲသို့လဲ ရောက်တတ်၏၊
ပေတိဝိသယမ္ပိ ဂစ္ဆတိ - ပြိတ္တာဘုံသို့လဲ ရောက်တတ်၏။

ဒီစကားရပ်သုံးခုကတော့ ငရဲ တိရစ္ဆာန် ပြိတ္တာဖြစ်ကြောင်း ကံကိလေသာ မကင်း သေးသောကြောင့် အဲဒီဘုံများ ရောက်နိုင်တာကို ပြတာပါပဲ၊ ဗြဟ္မာဘဝမှ သေပြီး ချက်ချင်းတော့ အပါယ်ဘုံများ မရောက်နိုင်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ -

ဗြဟ္မလောကသို့ ရောက်ကြောင်းဈာန်ကို ဖြစ်ပွားစေစဉ် ဘဝတုန်းက ဥပစာရသမာဓိ ကုသိုလ်ကံကြောင့် လူ့လောက, နတ်လောက၌သာ ဖြစ်ရိုးရှိပါတယ်၊ ဒါကြောင့်ပါပဲ၊ မေတ္တာဈာန်ရပြီး အရိယာမဂ်ဖိုလ် တရားထူးကိုရတဲ့ ဘုရားတပည့် အစစ်ဖြစ်သူ ကတော့ ကိလေသာ မကင်းသေးရင် သေသည်၏ အခြားမဲ့မှာ ဗြဟ္မလောက သို့ရောက်တယ်၊ အဲဒီဗြဟ္မလောကမှာပဲ အရဟတ္တ မဂ်ဖိုလ်သို့ ရောက်ပြီး ပရိနိဗ္ဗာန် စံရတယ်၊ အဲဒီလို ထူးခြားပုံကိုလဲ ဒီလို ဆက်ပြီး ဟောတော်မူပါတယ်။

ဘဂဝတော - မြတ်စွာဘုရား၏၊
သာဝကော ပန - အရိယာသာဝက တပည့်သည်ကား၊

(ဒီစကားဖြင့် မေတ္တာဈာန် အခြေခံပြီး ဝိပဿနာရှုလို့ သောတာပန်, သကဒါဂါမ်, အနာဂါမ်, အရိယာ သာဝကဖြစ်ကြောင်းကို ပြပါတယ်)

တတ္ထ - ထို ဗြဟ္မလောက၌၊
ယာဝတာယုကံ - အသက်တမ်းရှိသမျှ ကာလပတ်လုံး၊
ဌတွာ - တည်နေပြီး၍၊
ယာဝတကံ တေသံ ဒေဝါနံ အာယုပ္ပမာဏံ၊ တံ သဗ္ဗံ ခေပေတွာ - ထိုဗြဟ္မာတို့၏ ရှိသမျှ အသက်တမ်းအားလုံးကို ကုန်စေ၍၊
တသ္မိံ ယေဝဘဝေ - ထိုဗြဟ္မာဘဝ၌ပင်လျှင်၊
ပရိနိဗ္ဗာယတိ - ပရိနိဗ္ဗာန် စံရလေတော့၏၊
ဘိက္ခဝေ - ရဟန်းတို့၊
အယံ - ”ဈာန်ရ ပုထုဇဉ်ပုဂ္ဂိုလ်သည် ဗြဟ္မာဖြစ်ပြီးလျှင် အသက်တမ်းကုန်သောအခါ ကာမသုဂတိသို့ ပြန်ရောက်လာပြီးနောက် ငရဲတိရစ္ဆာန် ပြိတ္တာဘဝများ၌လည်း ဖြစ်နိုင်ခြင်းနှင့် မေတ္တာဈာန်ရ အရိယာသာဝကသည်ကား ဗြဟ္မာဖြစ်ပြီးလျှင် ထိုဗြဟ္မာ လောက၌သာလျှင် ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန် စံရခြင်း”ဟူသော ဤနှစ်ထွေသည်၊ ဝိသေသော - ကွဲပြားထူးခြားခြင်းပေတည်း။

ယခုပြောခဲ့တဲ့ ပဌမမေတ္တသုတ် အရအားဖြင့် သိစေလိုတာကတော့ မေတ္တာဈာန်ကို ရ၍ ထိုဈာန်မျှနဲ့ အားရကျေနပ်နေလျှင် သေသည်၏ အခြားမဲ့မှာ ဗြဟ္မာပြည်သို့ ရောက်နိုင်တယ်၊ သို့သော် ဝိပဿနာ မရှုတဲ့အတွက် အရိယမဂ်ဖိုလ်တရားထူးကို မရသေးလျှင် ဗြဟ္မလောကမှ အသက်တမ်းကုန်လို့ စုတေတဲ့အခါ လူ့ဘဝ, ကာမာဝစရနတ်ဘဝ ပြန်ရောက်လာရမယ်၊

အဲဒီအခါ အပါယ်လားကြောင်း မကောင်းမှုပြုမိလျှင် အပါယ်လေးပါးသို့လဲ ကျရောက် ရဦးမယ်၊ အဲဒီတော့ ဈာန်ရပြီး ဗြဟ္မလောက ရောက်ရပေမယ့် အပါယ်လေးပါးမှ မလွတ်သေးတဲ့ အခြားပုဂ္ဂိုလ်တွေနဲ့ ဘာမျှမထူးဘဲ အတူတူ ဖြစ်နေတယ်၊

မေတ္တာဈာန်ရပြီး ဝိပဿနာရှုလို့ အောက်ထစ်ဆုံး သောတာပန် ဖြစ်သွားရင်ကို သေသည်၏ အခြားမဲ့၌ ဗြဟ္မာ့ပြည်ကိုလဲ ရောက်သွားမယ်၊ အဲဒီဗြဟ္မာ့ပြည်မှ ကာမဘုံသို့ ပြန်မလာတော့ဘူး အဲဒီဗြဟ္မာ့ပြည်မှာပင် ရဟန္တာဖြစ်ပြီး ဆင်းရဲ ခပ်သိမ်း ငြိမ်းသွားရမယ်၊ အဲဒီပုဂ္ဂိုလ်ကို အနာဂါမ်မဟုတ်ပေမယ့် ဈာန်ဖြင့် ကာမရာဂကို ပယ်ထားပြီး ဖြစ်သောကြောင့် ကာမဘုံသို့ ပြန်မလာတဲ့ ဈာနအနာဂါမ် ခေါ်တယ်၊ ဈာန်ရပြီး သကဒါဂါမ်ဖြစ်ရင်လဲ ထို့အတူပဲ၊ ကာမဘုံ ပြန်မလာတော့ဘူး၊ ဈာနအနာဂါမ် မည်တာပဲ။

ဈာန်ရပြီး အနာဂါမ်ဖြစ်သွားရင်တော့ ดုတိယမေတ္တသုတ်မှာ ဟောပြထားတဲ့အတိုင်း သုဒ္ဓါဝါသငါးဘုံထဲက အောက်ဆုံး အဝိဟာဘုံမှာဖြစ်ပြီးတော့ အဲဒီဘုံမှာပဲ ရဟန္တာ ဖြစ်ပြီး ပရိနိဗ္ဗာန်စံတာလဲရှိတယ်၊

ရဟန္တာမဖြစ်သေးရင်တော့ ကမ္ဘာပေါင်း တစ်ထောင် အသက်တမ်းကုန်တဲ့အခါ အဲဒီဘုံမှစုတေပြီး ဒုတိယပရိနိဗ္ဗာန်စံတာလဲရှိတယ်၊

ရဟန္တာ မဖြစ်သေးရင်တော့ ကမ္ဘာပေါင်း နှစ်ထောင် အသက်တမ်းကုန်တဲ့အခါ တတိယ အဆင့် သုဒဿာဘုံမှာဖြစ်ရတယ်၊ အဲဒီဘုံမှာ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန စံတာလဲရှိတယ်၊

ရဟန္တာမဖြစ်သေးရင်တော့, ကမ္ဘာပေါင်းလေးထောင် အသက်တမ်းကုန်တဲ့အခါ စတုတ္ထအဆင့် သုဒဿီဘုံမှာ ဖြစ်ရတယ်၊ အဲဒီဘုံမှာ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန် စံတာလဲရှိတယ်၊

ရဟန္တာမဖြစ်သေးရင်တော့ ကမ္ဘာပေါင်း ရှစ်ထောင် အသက်တမ်းကုန်တဲ့အခါ အထက်ဆုံး အကနိဋ္ဌာဘုံမှာ ဖြစ်ရတယ်၊ အဲဒီဘုံမှာတော့ ဧကန်ပင် ရဟန္တာ ဖြစ်ပြီးတော့ ကမ္ဘာပေါင်း တစ်သောင်း ခြောက်ထောင် အသက်တမ်းကုန်တဲ့အခါ ဧကန်ပင် ပရိနိဗ္ဗာန်စံရတော့တာပဲ။

မေတ္တာ၏ အကျိုးအာနိသင် ၁၁ - ပါးထဲက (၁၁) လားလေ ဗြဟ္မာဆိုတဲ့ အကျိုးနဲ့ စပ်ပြီး အင်္ဂုတ္တရ ပါဠိတော်များနှင့်တကွ ရှင်းလင်းပြလာတာ တော်တော် ပြည့်စုံ သွားပါပြီ၊ အဲဒီစကား၏ မှီရာ အင်္ဂုတ္တရပါဠိ (တ၊ ၅၄၂)မှာ

ဥတ္တရိ အပ္ပဋိ ဝိဇ္ဈန္တောဗြဟ္မလောကူပဂေါ ဟောတိ

လို့ ဖော်ပြထားပါတယ်၊ အဲဒါကို အဋ္ဌကထာက -

မေတ္တာသမာပတ္တိတော - မေတ္တာဈာန်သမာပတ်ထက်၊
ဥတ္တရိ - အလွန်၊
အရဟတ္တံ အဓိဂန္တုံ - အရဟတ္တဖိုလ်ကိုရရန်၊
အသက္ကောန္တော - မစွမ်းနိုင်သော ပုဂ္ဂိုလ်သည်၊
ဣတောစဝိတွာ - ဤလူ့ဘဝမှ စုတေ၍၊
သုတ္တပ္ပဗုဒ္ဓေါဝိယ - အိပ်ပျော်နေရာမှာ နိုးလာသူကဲ့သို့၊
ဗြဟ္မလောကံ ဥပပဇ္ဇတိ - ဗြဟ္မလောကသို့ ကပ်ရောက်၍ဖြစ်သည် -

လို့ ဖွင့်ပြထားပါတယ်။

အဲဒီမှာ “မေတ္တာ သမာပတ်ထက်အလွန် အရဟတ္တဖိုလ် မရောက်နိုင်သေးရင်”ဆိုတဲ့ စကားအရ “မေတ္တာဈာန် သက်သက်မျှရရင်လဲ ဗြဟ္မလောကသို့ ကပ်ရောက်ဖြစ် နိုင်တယ်” ဆိုတာရော၊ “မေတ္တာသမာပတ် အခြေခံပြီး၊ အောက်ဖိုလ် သုံးပါးထဲက တစ်ပါးဖြစ်စေ၊ နှစ်ပါးဖြစ်စေ၊ သုံးပါးလုံးဖြစ်စေရရင်လဲ ဗြဟ္မလောကသို့ ကပ်ရောက်ဖြစ်နိုင်တယ်” ဆိုတာတွေရော အကုန်ပါဝင်သွားပါတယ်၊

ဒါကြောင့် မေတ္တာအကျိုးအာနိသင်ပြ ဆောင်ပုဒ်မှာ “အိပ်နိုးချမ်းသာ။ပ။ သေခါမတွေ၊ လားလေဗြဟ္မာ၊ ဆယ့်တစ်ဖြာသည်၊ မေတ္တာပွားမှု အကျိုးတည်း”လို့ ဆိုထားတာပါပဲ။ အဲဒီ မေတ္တာအကျိုးပြ ဆောင်ပုဒ်ကိုလဲထပ်ပြီး ဆိုကြရမယ်။

အိပ်, နိုး ချမ်းသာ၊ ကောင်းစွာ အိပ်မက်၊
ချစ်လျက် လူ, နတ်၊ စောင့်လတ်နတ်များ၊
မီး-ဆိပ်-ဓားတို့၊ ရှောင်ရှား ကိုယ်မှာ၊
လျင်စွာစိတ်တည်၊ ရွှင်ကြည်မျက်နှာ၊
သေခါမတွေ၊ လားလေဗြဟ္မာ၊
ဆယ့်တစ်ဖြာသည်၊ မေတ္တာပွားမှု အကျိုးတည်း။

မေတ္တာပွားရင်း ဝိပဿနာရှုရန်

ကဲ - အဲဒီ အကျိုးတွေ ရသင့်သမျှရအောင် အခြေခံအနေဖြင့် မေတ္တာလဲ ပွားကြရမယ်၊ အဲဒီ နှလုံးသွင်း ရွတ်ဆို ပွားများတဲ့ နာမ်ရုပ်တွေကိုလဲ နောက်ကလိုက်ပြီး ဝိပဿနာ ရှုကြရမယ်၊ ဘုန်းကြီးက ဖြည်းဖြည်းချင်းဆိုပေးမယ်၊ ရွတ်ဆိုပွား နေရင်း ရှုလဲ ရှုမှတ်ကြရမယ်။

ဒီရိပ်သာအတွင်းက ရဟန်းရှင်လူတွေ, ယောဂီတွေ အားလုံးချမ်းသာကြပါစေ ... ချမ်းသာကြပါစေ ..... ချမ်းသာကြပါစေ ...။
ဒီရိပ်သာအတွင်းက နတ်တွေ အားလုံး ချမ်းသာကြပါစေ ... ချမ်းသာကြပါစေ ...။
ဒီမြို့နယ်အတွင်းက လူတွေ, နတ်တွေ, သတ္တဝါတွေအားလုံး ချမ်းသာကြပါစေ ...။
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းက လူတွေ, နတ်တွေ, သတ္တဝါတွေ အားလုံး ချမ်းသာကြပါစေ ... ချမ်းသာကြပါစေ ... ချမ်းသာကြပါစေ ...။
အားလုံး သတ္တဝါတွေ ချမ်းသာကြပါစေ ... ချမ်းသာကြပါစေ ... ချမ်းသာကြပါစေ ...။

ဒီမေတ္တာ ဗြဟ္မဝိဟာရ ဘာဝနာတရားကို ရိုသေစွာ နာယူမှတ်သားကြရသော ဓမ္မသဝနကုသိုလ်ကံစေတနာ, မေတ္တာနှင့် ဝိပဿနာကို နှလုံးသွင်း ရွတ်ဆိုရှုပွား ကြရသော သမထဝိပဿနာ ကုသိုလ်ကံ စေတနာတို့၏ အစွမ်း အာနုဘော်ကြောင့် ယခု တရားနာယူ ပွားများကြသော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် မေတ္တာဘာဝနာကိုလဲ စွမ်းနိုင်သမျှ ပွားများ အားထုတ်ကြသည့်ပြင် ဖြစ်ဆဲ ရုပ်နာမ်ကို ရှုမှတ်မှုဝိပဿနာကိုလဲ တိုးတက်ပွားများ အားထုတ်နိုင်ကြ၍ မိမိတို့အလိုရှိအပ်သော မဂ်ဉာဏ်, ဖိုလ်ဉာဏ်ဖြင့် ဆင်းရဲခပ်သိမ်း ချုပ်ငြိမ်းရာအမှန် မြတ်နိဗ္ဗာန်ကို လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက် ပြုနိုင်ကြပါစေ။

သာဓု....သာဓု....သာဓု။

ဗြဟ္မဝိဟာရတရားတော် စတုတ္ထပိုင်း ပြီး၏။

ဗြဟ္မဝိဟာရတရားတော်

ပဉ္စမပိုင်း
၁၃၂၇ - ခုနှစ်၊ တော်သလင်း လကွယ်နေ့ဟောသည်

တရားအနုသန္ဓေ

ဗြဟ္မဝိဟာရခေါ် ဗြဟ္မစိုရ်တရားတော်ကို ဝါဆိုလပြည့်နေ့က စပြီး ဟောလာတာ ၁၀-သီတင်းရှိပြီး၊ မေတ္တာဘာဝနာ ပွားပုံ အကြောင်းကိုတော့ တော်သလင်းလဆုတ် ၈-ရက်နေ့က အပြီးသတ်ခဲ့ပါပြီ၊ ဒီကနေ့ ကရုဏပွားပုံကို ဟောရမယ်။

ကရုဏာဆိုတာ ဘာလဲ

ကရုဏာဆိုတာ မြန်မာလို သနားခြင်းပါပဲ၊ ဒီသနားခြင်းဆိုတဲ့ မြန်မာဝေါဟာရ ကတော့ အခြားအရာတွေနဲ့ ရောယှက်ခြင်း မရှိပါဘူး၊ သန့်ရှင်းပြတ်သားပါတယ်၊ မေတ္တာဆိုတာကို မြန်မာလို ချစ်ခြင်းလို့ ဆိုရတယ်၊ အဲဒီချစ်ခြင်း ဆိုတာကတော့ ရာဂဖြင့် တပ်မက်ပြီးချစ်တာနဲ့ ရောယှက်နေတယ်၊ အမှန်ကတော့ မေတ္တာဆိုတဲ့ ချစ်ခြင်းဆိုတာက ချမ်းသာစေလိုခြင်းပါပဲ၊

ဒီကရုဏာဆိုတဲ့ သနားခြင်းဆိုတာကတော့ အခြားတစ်ပါးနှင့် ရောယှက်ခြင်း မရှိပါဘူး၊ ရှင်းလင်းပြတ်သားနေပါတယ်၊ ဆင်းရဲဒုက္ခရောက်နေတဲ့ ပုဂ္ဂိုလ်ကို အဲဒီဆင်းရဲမှ ကင်းလွတ်စေချင်တဲ့ သဘောတစ်မျိုးတည်းပါပဲ၊ ဒါကြောင့် ဒီကရုဏာ၏ တရားကိုယ် သဘောလက္ခဏာကို “ဒုက္ခာပနယနာကာရပ္ပဝတ္တိ လက္ခဏာ ဆင်းရဲကို ပယ်လိုသော အခြင်းအရာဖြင့် ဖြစ်ခြင်းသဘောဖြစ်တဲ့ သဘောလက္ခဏာရှိတယ်”လို့ ဝိသုဒ္ဓိမဂ်မှာ ပြဆိုထားတာပါပဲ။

တစ်စုံတစ်ယောက်ဖြစ်စေ၊ အများဖြစ်စေ ဆင်းရဲဒုက္ခရောက်နေတာကို မြင်တွေ့ ရရင်, ကြားသိရရင် သူတော်ကောင်းဖြစ်တဲ့ ပုဂ္ဂိုလ်မှာ အဲဒီလိုဖြစ်ပေါ်နေတဲ့ ဆင်းရဲဒုက္ခကို ပယ်ဖျောက်ပေးလိုတဲ့ စိတ်ဖြစ်တယ်၊ အဲဒါဟာ သနားတဲ့စိတ်ပဲ၊ ဒါကြောင့် -

ပရဒုက္ခေ သတိ - သူတစ်ပါးမှာ ဆင်းရဲရှိလတ်သော်၊
ဝါ - သူတစ်ပါး ဆင်းရဲနေတာကို မြင်ရ, ကြားရလတ်သော်၊
သာဓူနံ - သူတော်ကောင်းတို့၏၊
ဟဒယကမ္ပနံ - နှလုံးတုန်ခြင်းကို၊
ကရော တီတိ - ပြုတတ်သောကြောင့်၊
ကရုဏာ - ကရုဏာ မည်တယ်-

လို့ ဝစနတ္ထပြုပြီးတော့ ပြထားပါတယ်။

တစ်နည်းအားဖြင့်
ပရဒုက္ခ - သူတစ်ပါး၏ ဆင်းရဲကို၊
ကိဏာတိဟိံ သတိ ဝိနာသေတီတိ - ပယ်ဖျောက်တတ်, ပယ်ဖျောက်လိုတတ် သောကြောင့်၊
ကရုဏာ - ကရုဏာမည်ပါတယ်တဲ့၊

ကရုဏာက သူတစ်ပါးဆင်းရဲကို ပယ်တတ်တယ် ဆိုတော့ တကယ် ပယ်တတ်ပါ သလားလို့ မေးစရာရှိတယ်၊ သနားတဲ့ သူက ဒုက္ခရောက်နေတဲ့သူကို ကရုဏာ၏ အစွမ်းဖြင့် ကယ်တင်ပေးလို့ ဆင်းရဲ တကယ်ပျောက်သွားတာလဲ ရှိတယ်၊ သနားသော်လဲ မကယ်နိုင်လို့ မပျောက်တာလဲရှိတယ်၊

အဲဒီလို တစ်ကယ် မပျောက်စေနိုင်ပေမယ့် သနားတဲ့သူမှာ ဆင်းရဲကို ပယ်လိုတဲ့ စိတ်တော့ ရှိနေတာပဲ၊ ကိုယ်နဲ့စပ်သည်ဖြစ်စေ၊ မစပ်သည်ဖြစ်စေ ဆင်းရဲဒုက္ခ ရောက်နေတဲ့ သူကိုတွေ့ရရင် သနားတဲ့သဘောက အဲဒီဆင်းရဲကို ပျောက်စေ ချင်တာပဲ၊

မကျန်းမမာ ရောဂါ အနှိပ်စက်ခံနေရတဲ့သူကို တွေ့ရရင် အဲဒီရောဂါဝေဒနာကို ပျောက်စေချင်တာပဲ၊ “ပျောက်စေ”လို့ အမိန့် ပေးလိုက်ရုံနဲ့ ပျောက်သွားမယ်ဆိုရင် အဲဒီလိုတောင် အမိန့်ပေးချင်နေတာပဲ၊ ဒါပေမယ့် ဆေးကုသတဲ့နည်းကို နားမလည်ရင်တော့ ဘာမျှ မတတ်နိုင်ဘူးပေါ့၊ မတတ်နိုင်ပေမယ့် အဲဒီရောဂါ ပျောက်စေချင်တာ ဆင်းရဲကင်းစေချင်တာကတော့ ရှိနေတာပဲ၊

ဒါကြောင့် သူတစ်ပါး၏ ဆင်းရဲကို ပယ်ဖျောက်တဲ့သဘော, ပယ်ဖျောက်လိုတဲ့ သဘောကို သနားခြင်း ကရုဏာလို့ ဆိုရတယ်။ တစ်နည်းအားဖြင့် ကံ သုခံ - မိမိ၏ ချမ်းသာကို၊ ရုန္ဓတီတိ တားမြစ်တတ်သောကြောင့်၊ ကရုဏာ - ကရုဏ မည်ပါတယ် တဲ့၊

ကရုဏာဆိုတာ ကိုယ့်ချမ်းသာကို ဖြစ်ခွင့်မပေးဘဲ တားမြစ်တတ်တယ်တဲ့၊ သနားတတ်တဲ့ ပုဂ္ဂိုလ်မှာ သူတစ်ပါးအား ဆင်းရဲမှ လွတ်မြောက်ရအောင် ကူညီ ဆောင်ရွက်ပေးနေရတာနဲ့ ချမ်းသာဖြစ်ဖို့ အချိန်တွေလျော့သွားတယ်၊ ကိုယ့်အနီးမှာ ဒုက္ခရောက်နေတဲ့ သူကိုတွေ့ရရင် သနားတဲ့သူက တတ်နိုင်သမျှ ဝိုင်းဝန်းကူညီပြီး စောင့်ရှောက်နေရတယ်၊ အဲဒီအချိန်အတွင်း ချမ်းသာစွာ နေထိုင်ဖို့ အခွင့်မရဘဲ ဖြစ်သွားတယ်၊

ညဉ့်အိပ်ချိန်မှာ မအိပ်ဘဲနဲ့ကူညီ စောင့်ရှောက်ရတာလဲရှိတယ်၊ အဲဒီလို ဆိုတော့ အိပ်ရေးပျက်ပြီး ချမ်းသာခွင့် ပျက်သွားတာပဲ နေမကောင်းထိုင်မသာ မကျန်းမာတဲ့ သူကို တွေ့ရရင် သနားတဲ့သူက ကူညီစောင့်ရှောက်ရတယ်၊ အဲဒီလို ကူညီ စောင့်ရှောက်ရတဲ့အတွက် ညောင်းညာပင်ပန်းခြင်းလဲ ဖြစ်ရတတ်တယ်၊

အကြောင်း မညီညွတ်ရင် မိမိပါတောင် နေမကောင်းဖြစ်တတ်သေးတယ်၊ တစ်ခါက ဆရာဝန်တစ်ဦးဟာ လာတဲ့ လူမမာတွေကို အချိန်မရွေး ဧည့်ခံပြောဆို ပြုစုနေတဲ့ အတွက် အစာစားချိန်လွန်သွားလို့ အစာအိမ်ရောဂါ ဖြစ်ရတယ်လို့ဆိုတယ်၊ အဲဒီရောဂါနဲ့ပဲ ငယ်ရွယ်တုန်းမှာပင် ဆုံးသွားရှာတယ်၊ ဒါကြောင့် သနားခြင်း ကရုဏာက မိမိ၏ချမ်းသာကို တားမြစ် တတ်တယ်ဆိုတာ တကယ်ဟုတ်တာပဲ။

ဘုရားအလောင်းတော်၏ ကရုဏာ

ဘုန်းကြီးတို့၏ ဂေါတမဘုရား အလောင်းအလျာဖြစ်တဲ့ သုမေဓာဆိုတဲ့ ရှင်ရသေ့ဟာ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းထက်က ဒီပင်္ကရာ မြတ်စွာဘုရား ကြွလာမည့် လမ်းကို ပြုပြင်နေရင်း အချိန်မီ မပြီးတာနဲ့ ဘုရားကြွလာတဲ့အခါ သူ့ကိုယ်ကို တံတားသဖွယ် ဝမ်းလျားမှောက်ခင်းပြီး လှူတယ်၊ အဲဒီတုန်းက ဒီပင်္ကရာ မြတ်စွာဘုရား သာသနာမှာ ဝင်၍ ရဟန်းပြုပြီး တရားကျင့်လိုက်မယ်ဆိုရင် အဲဒီဘဝမှာပင် ရဟန္တာဖြစ်ပြီး နိဗ္ဗာန်ကို ဝင်စံနိုင်တယ်၊ အဲဒီလို သူ့စိတ်ထဲမှာ ယုံကြည်သိမြင်ပါတယ်၊

ဘာကြောင့်လဲ ဆိုတော့ သူက ဈာန်အဘိညာဉ်တွေကို ရနေတဲ့ပုဂ္ဂိုလ်ထူး ဖြစ်သောကြောင့်ပါပဲ၊ အဲဒီလို ဈာန်ရပုဂ္ဂိုလ်ဟာ မြတ်စွာဘုရား၏ တရားကို နာရရင် အဲဒီတရား နာနေရင်းပင် ရဟန္တာအထိ ဖြစ်နိုင်တဲ့ အခြေအနေရှိနေပါတယ်။

ဒါပေမယ့် သုမေဓာ ရှင်ရသေ့က ဒီလို ဆင်ခြင်မိတယ်၊ ငါလို သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာဆိုတဲ့ ခွန်အားဗလနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်က ရှားတယ်၊ မပြည့်စုံတဲ့ ပုဂ္ဂိုလ်တွေကသာ များတယ်၊ အဲဒီလို ပုဂ္ဂိုလ်သတ္တဝါတွေမှာ သူတို့ အလိုလိုဆိုရင် အိုခြင်း, နာခြင်း, သေခြင်း ကင်းတဲ့တရားကို မသိမမြင်နိုင်ဘူး၊ မကျင့်ကြံနိုင်ဘူး၊

ငါဟာ အင်အားပြည့်စုံနေသူ ဖြစ်ပါလျက် ငါ့တစ်ကိုယ်တည်း လွတ်မြောက်ရုံမျှဖြင့် အကျိုးမများဘူး၊ ငါဟာ ဘုရားဖြစ်ကြောင်း ပါရမီတွေကို ဖြည့်ကျင့်ပြီးတော့ ဒီပင်္ကရာဘုရားလိုပင် ဘုရားဖြစ်ပြီး အင်အားနည်းတဲ့ သတ္တဝါတွေကို ကယ်တင်ရရင် ကောင်းမှာပဲလို့ ဆင်ခြင်မိ ကြံမိပါသတဲ့၊ အဲဒါကို ဗုဒ္ဓဝင်ပါဠိမှာ ဒီလိုပြထားပါတယ်။

ဣစ္ဆမာနော အဟံ အဇ္ဇ၊
ကိလေသေ ဃာတယာမဟံ။
ကိံ မေ ဧကေန တိဏ္ဏေန၊
ပုရိသေန ထာမဒဿိနာ။
သဗ္ဗညုတံ ပါပုဏိတွာ၊
သန္တာရေဿံ သဒေဝကံ။ တဲ့

အဟံ - ငါသည်၊
ဣစ္ဆမာနော - အလိုရှိပါမူ၊
အဇ္ဇ - ယနေ့ပင်၊
ကိလေသေ - ကိလေသာတို့ကို၊
ဃာတယာမိ - ပယ်သတ်နိုင်ပါ၏၊
ပန - သို့သော်လည်း၊
ထာမဒဿိနာ - ဘုရားဖြစ်နိုင်သည့် ခွန်အားကိုမြင်သော၊
ပုရိသေန ဟောန္တေန - ယောက်ျားဖြစ်ပါလျက်၊
ဧကေန တိဏ္ဏေန - တစ်ယောက်တည်း နိဗ္ဗာန်သို့ ကူးသွားခြင်းဖြင့်၊
မေ - ငါ့အား၊
ကိံ - အဘယ် အကျိုးရှိအံ့နည်း၊
အဟံ - ငါသည်၊
သဗ္ဗညုတံ - ဘုရားအဖြစ်သို့၊
ပါပုဏိတွာ - ရောက်ပြီးလျှင်၊
သဒေဝကံ - နတ်လူအပေါင်းကို၊
သန္တာရေဿံ - နိဗ္ဗာန်ရွှေနန်း ဟိုဘက်ကမ်းသို့ ကူးသန်းရောက်စေ ကယ်တင်ပေးအံ့ - လို့ ဆင်ခြင်မိပါတယ်။

အဲဒီလို ဆင်ခြင်ပြီးတော့ ဘုရားဆုကို ပန်ယူခဲ့တယ်၊ အဲဒီလို ဘုရားဆုပန်ပြီး ဘုရားဖြစ်ကြောင်း ပါရမီတွေကို လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းပတ်လုံး ဖြည့်ကျင့် တော်မူခဲ့ရတယ်၊ အဲဒီလို လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းအတွင်းမှာ ဖြစ်ခဲ့ ရတဲ့ ဘဝတွေ အိုခဲ့ရ နာခဲ့ရ သေခဲ့ရတာတွေ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ခံစားခဲ့ရတာတွေ မရေမတွက်နိုင်အောင် အလွန်အလွန်ပင် များခဲ့ရပါတယ်၊

ပါရမီတွေ ဖြည့်ကျင့်ရာမှာလဲ အများကြီး ဆင်းရဲခဲ့ရပါတယ်၊ ဝေဿန္တရာမင်း ဘဝတုန်းက ဆင်ဖြူတော် လှူတာနဲ့ တိုင်းပြည်က မကျေနပ်လို့ တောထဲမှာ ထွက်ပြီး နေခဲ့ရတယ်၊ အဲဒီတောထဲမှာ ဇူဇကာဆိုတဲ့ ပုဏ္ဏားက အစေခံအဖြစ် အသုံးချရန် အတွက် သားတော်သမီးတော် ကလေးများကို လာရောက်အလှူခံတယ်၊ ဇာလီ သားတော်ကလေးနဲ့ ကဏှာဇိန် သမီးတော်ကလေးဆိုတဲ့ လူမမယ် သူငယ် ကလေးများကို မျက်ရည်စက်လက်နဲ့ ပေးလှူခဲ့ရတယ်၊ ဘယ်လောက် ဆင်းရဲရှာမလဲ ဆိုတာသာ ကြည့်ကြပေတော့၊ အဲဒီလို ခဲခဲယဉ်းယဉ်း ပါရမီဖြည့်ခဲ့ရတဲ့အတွက်လဲ များစွာဆင်းရဲခဲ့ရတယ်။

နောက်ပြီးတော့ ဘုရားအလောင်းတော် ဆိုပေမယ့် အပါယ်လားကြောင်း ကိလေသာ တွေကလဲ ရှိနေသေးတဲ့အတွက် လောဘ, ဒေါသ, မောဟ အလျောက် ပြုမိတဲ့ ဒုစရိုက် အကုသိုလ်ကံကလဲ ရှိသေးတာပဲ၊ အဲဒီ ဒုစရိုက်ကံကြောင့် တိရစ္ဆာန် ဖြစ်ပြီး ဆင်းရဲခဲ့ရတဲ့ ဘဝတွေလဲ များစွာရှိခဲ့တာပဲ၊

တစ်ခုသော ဘဝတုန်းက မင်းဖြစ်ပြီးတော့ မတရားစီရင်ချက်ချပြီး နှိပ်စက်ခဲ့ဖူးတဲ့ အတွက် ငရဲကျခဲ့ရတဲ့ ဘဝရှိကြောင်းလဲ တေမိယဇာတ်မှာ ပြဆိုထားချက်ရှိတယ်။ ယခုပြောခဲ့တဲ့အတိုင်း ဘုရားအလောင်းတော်မှာ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း အတွင်း တွေ့ကြုံ ခံစားခဲ့ရတဲ့အတိုင်း မသိများစွာသော ဆင်းရဲတွေဟာ ဘာကြောင့် လဲဆိုရင် အများသတ္တဝါတွေကို သနားတဲ့ ကရုဏာအစွမ်းဖြင့် ဘုရားဆုပန်ခဲ့လို့ပါပဲ၊ ဒါကြောင့် ကရုဏာက မိမိ၏ချမ်းသာကို တားမြစ်တတ်တယ် ဆိုတာ အလွန် ထင်ရှားပါတယ်။

မြတ်စွာဘုရား၏ မဟာကရုဏာတော်

ဘုရားဖြစ်တော်မူသည့်နောက်လဲ သတ္တဝါတွေအား တရားမဟောဘဲ နေမယ်ဆိုရင် ဆင်းရဲမရှိဘဲ ချမ်းသာနေမှာပဲ၊ ဒါပေမယ့် သက်တော်, ဝါတော် ၄၅ - နှစ်၊ ၄၅ - ဝါ ပတ်လုံး နေ့ရောညဉ့်ပါ တရားဟောကြားတော်မူရတဲ့အတွက် ကိုယ်၏ ဆင်းရဲ ပင်ပန်းမှုတွေ များစွာရှိခဲ့ပါတယ်၊ အဲဒါဟာ ဘာကြောင့်လဲဆိုရင် သံသရာ ဝဋ်ဆင်းရဲထဲမှာ နစ်မွန်းမျောပါနေကြတဲ့ သတ္တဝါတွေကို သနားတော်မူသော မဟာကရုဏာတော်ကြောင့်ပါပဲ။

သတ္တဝါတွေက မအိုချင်ကြဘူး၊ မနာချင်ကြဘူး၊ မသေချင်ကြဘူး၊ ဒါပေမယ့် အိုလိုက် နာလိုက်သေလိုက်နဲ့ အမြဲမပြတ် ဆင်းရဲနေကြရတယ်၊ အဲဒီ ဆင်းရဲမှ လွတ်မြောက်အောင် ငါဘုရားမှတစ်ပါး ကယ်မနိုင်သူ မရှိဘူးလို့ မြင်တော်မူပြီး သနားတော်မူတဲ့ မဟာကရုဏာတော်ဖြင့် ကိုယ်ဆင်းရဲ ပင်ပန်းတာကို မငဲ့ပဲ အကြောင်းအားလျော်စွာ တရားတော်တွေကို ဟောကြားတော်မူခဲ့တာပါပဲ၊

အဲဒါလဲ ကရုဏာက တားမြစ်လို့ ချမ်းသာတွေ ဖြစ်ခွင့်မရဘဲ ဆင်းရဲတွေကို ခံစားသွားတော် မူရတာပါပဲ။ ဒါပေမယ့် ဒီကရုဏာက အင်မတန် မြင့်မြတ် သိမ်မွေ့ပါတယ်၊ သူတော်ကောင်းမှန်ရင် ဆင်းရဲဒုက္ခ ရောက်နေတဲ့ သူကို သနားခြင်း ကရုဏာဖြစ်မြဲပါပဲ၊ သနားသင့်ပါလျက် မသနားရင် အဲဒီလူဟာ သူတော်မဟုတ် သူယုတ်မာပဲ၊ ဒါကြောင့် ဒီကရုဏာတရားဟာ သူတော်ကောင်းတိုင်း မှီဝဲပွားများ သင့်တဲ့ သေဝိတဗ္ဗ ဘာဝိတဗ္ဗ တရားပါပဲ၊

ဘာဝနာ အနေဖြင့် မဟုတ်တောင် သနားစရာ ပုဂ္ဂိုလ်ကို တွေ့ရရင် သနားစိတ် ဖြစ်ရတယ်၊ အဲဒီလို သနားတိုင်း, သနားတိုင်း ကုသိုလ်တရား ဖြစ်ပွားတာပါပဲ။ ဘာဝနာအနေဖြင့် ပွားချင်ရင် ဘယ်လို ပွားရမလဲ ဆိုတော့ မေတ္တာဘာဝနာတုန်းက လိုပဲ၊ ရင်းနှီးခင်မင်ခြင်းဖြင့် ချစ်တဲ့ ပုဂ္ဂိုလ်မှာလဲ စပြီး မပွားရဘူး၊ အလွန်ချစ်တဲ့ ပုဂ္ဂိုလ်မှာလဲ စပြီး မပွားရဘူး၊ မချစ်မမုန်း အလယ်လတ် ပုဂ္ဂိုလ်မှာလဲ စပြီးမပွားရဘူး၊ မုန်းတဲ့ပုဂ္ဂိုလ်, ရန်သူပုဂ္ဂိုလ်မှာလဲ စပြီး မပွားရဘူး၊

ဘာကြောင့်လဲဆိုတော့ ချစ်တဲ့သူက ချစ်သူအရာ၌သာ တည်နေတယ်၊ အလွန် ချစ်တဲ့သူ စသည်တို့ကလဲ အလွန်ချစ်တဲ့သူ စသည်အရာ၌သာ တည်နေတယ်၊ သနားဖွယ် မဖြစ်ဘူး၊ ဒါကြောင့်ပါပဲ၊ အဖို, အမ အသွင်ကွဲသူမှာလဲ ရာဂ ဖြစ်တတ်သောကြောင့် စပြီး မပွားရဘူး၊ သေလေသူမှာတော့ ကရုဏာ ပွားစရာ ခေတ်မဟုတ်လို့ လုံးဝ မပွားရဘူး၊

ဒါဖြင့် ဘယ်လို ပုဂ္ဂိုလ်မှာ စပြီးပွားရမလဲ ဆိုတော့ -

ကရုဏာစပြီး ပွားသင့်တဲ့ ပုဂ္ဂိုလ်

ဘိက္ခု - ရဟန်းသည်၊
ကရုဏာသဟဂတေန စေတသာ - သနားခြင်းနှင့်တကွ ဖြစ်သောစိတ်ဖြင့်၊
ဧကံ ဒိသံ - တစ်ခုသော အရပ်မျက်နှာကို၊
ဝါ - အရပ်မျက်နှာ တစ်ခု၌ရှိသော သတ္တဝါအပေါင်းကို၊
ဖရိတွာ - ဖြန့်၍၊
ကထဉ္စ ဝိဟရတိ - အဘယ်သို့ နေပါသနည်းဟူမူကား၊
သေယျထာပိ နာမ - ဥပမာဖြင့် ပြရလျှင်၊
ဒုဂ္ဂတံ - ဆင်းရဲ ဒုက္ခရောက်နေသော၊
ဒုရုပေတံ - မကောင်းဆိုးဝါးသည့် အခြေအနေရှိနေသော၊
ဧကံပုဂ္ဂလံ - ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို၊
ဒိသွာ - မြင်လျှင်၊
ကရုဏာ သေယျထာ - သနားစရာကဲ့သို့၊
ဧဝမေဝ - ဤအတူပင်လျှင်၊
သဗ္ဗသတ္တေ - အားလုံးသော သတ္တဝါတို့ကို၊
ကရုဏာယ - သနားခြင်းဖြင့်၊
ဖရတိ - ဖြန့်၏-

လို့ အဘိဓမ္မာဝိဘင်းပါဠိမှာ ဟောထားတာရှိပါတယ်၊

အဲဒီပါဠိအရ အလွန်ဆင်းရဲဒုက္ခရောက်နေလို့ သနားစရာကောင်းတဲ့ သူကို စပြီး ကရုဏာပွားရမယ်လို့ အဋ္ဌကထာမှာ ပြဆိုထားပါတယ်။ အတိဒုက္ခ ရောက်နေတဲ့ ပုဂ္ဂိုလ် ဆွေမျိုး မိတ်ဆွေ အားကိုးရာမဲ့ဖြစ်ပြီး စားရမဲ့, သောက်ရမဲ့ ဖြစ်နေတဲ့ ပုဂ္ဂိုလ်၊ ဆေးဝါးမရှိ, ဆရာမရှိ ရောဂါဆိုးအနှိပ်စက်ခံနေရလို့ ညည်းတွားနေရတဲ့ပုဂ္ဂိုလ်၊ နူနာစသည် စွဲကပ်နေလို့ သူ့အနားမကပ်ချင်လောက်အောင် စက်ဆုပ်ရွံ့ရှာဖွယ် ဖြစ်နေတဲ့ ပုဂ္ဂိုလ်၊ အဲဒီလို အလွန်ဆင်းရဲနေတဲ့သူကို စပြီး ကရုဏာပွားဖို့ပါပဲ၊

အဲဒီလို သနားစရာကောင်းတဲ့သူကို မြင်ရတော့ သနားခြင်းကရုဏာ ဖြစ်ပွား လွယ်တယ်၊ ဒါကြောင့် အဲဒီလို သနားစရာ ကောင်းတဲ့သူက စပြီး ကရုဏာပွားဖို့ ညွှန်ကြားတာပါပဲ။ အဲဒီလို အတိဒုက္ခရောက်ပြီး သနားစရာ ကောင်းတဲ့သူကို မတွေ့ရရင် မကောင်းမှု အကုသိုလ်ပြုနေတဲ့ ချမ်းသာနေသူကိုလဲ သေဒဏ် အမိန့်ကျပြီး အသတ်ခံရမည့်သူနှင့် နှိုင်းယှဉ်ပြီး ကရုဏာကို ပွားစေရမယ်တဲ့၊

နှိုင်းယှဉ် ပုံကတော့ ရှေးခေတ်တုန်းက သေဒဏ်အမိန့်ကျတဲ့သူကို သူသတ်သမား တွေက ကြိုးများနဲ့ ချည်နှောင်ပြီးတော့ မြို့ထဲမှ သူသတ်ကုန်းသို့ ဆောင်သွားရင်း လမ်းတစ်လျှောက်မှာ လှည့်ပြတယ်၊ လမ်းဆုံတိုင်းမှာ ရပ်တန့်ပြီး အချက်တစ်ရာမက ရိုက်နှက် နှိပ်စက်ကြတယ်၊ အဲဒီ အသတ်ခံရမည့်သူကို သနားတဲ့သူများက စားသောက်ဖွယ် အကောင်းအမွန်တွေကို ပေးကမ်းကြတယ်၊ အသတ်ခံရမည့်သူက အခွင့်သာတဲ့ အချိန်ပိုင်းမှာ အဲဒီစားကောင်း သောက်ဖွယ်တွေကို စားသောက် သုံးဆောင် ခံစားနေတယ် အဲဒီလို အမွန်အမြတ်တွေကို သုံးဆောင်နေရလို့ ချမ်းသာနေသော်လဲ အဲဒီလူကို ချမ်းသာနေတယ်လို့ အများကမယူမှတ်ကြဘူး၊

ဒီကောင်ဟာ မကြာမီပင် သေရှာရတော့မှာပဲ၊ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း သေဖို့ရာ နီးကပ်နေတာပါပဲလို့ လူအများက သနားကြတယ်၊ အဲဒါကိုပင် ကရုဏာ ဘာဝနာ ပွားသူကလဲ မျက်မြင်အနေဖြင့် ချမ်းသာနေပေမယ့် အကုသိုလ် ဒုစရိုက်များတဲ့ သူကို ဒီလို ကရုဏာပွားနိုင်ပါတယ်၊ ဒီကောင်ဟာ ယခုချမ်းသာနေပေမယ်လို့ မကြာမီပင် သူ့အကုသိုလ်ကံများကြောင့် အပါယ်လေးပါး ကျရောက်ပြီး များစွာသော ဆင်းရဲဒုက္ခတွေကို ခံစားသွား ရရှာတော့မှာပဲလို့ ဆင်ခြင်ပြီး ကရုဏာကို ဖြစ်ပွား ရမယ်တဲ့။

ယခုနေအခါမှာတော့ သူတစ်ပါးက နှိပ်စက်လို့ အတိဒုက္ခရောက်နေတဲ့သူ၊ ရောဂါ အကြီးအကျယ် နှိပ်စက်လို့ အတိဒုက္ခရောက်နေတဲ့သူ၊ စားဝတ်နေရေး အကျပ်အတည်းကြောင့် အတိဒုက္ခရောက်နေတဲ့သူ၊ ဒီလို သနားစရာကောင်းတဲ့ သူတွေက မရှားပါဘူး၊ တွေ့ရလွယ်ပါတယ်၊ အဲဒီတော့ အဲဒီလို သနားစရာ ကောင်းတဲ့ သူကို အာရုံပြုပြီး ကရုဏာပွားရုံပါပဲ။

ပွားပုံကတော့ မေတ္တာတုန်းကလို မများပါဘူး၊ တစ်မျိုးတည်း ရှိပါတယ်၊ ဘယ်လိုလဲ ဆိုတော့ “ဒုက္ခာ မုစ္စန္တု ဆင်းရဲမှ လွတ်ကြပါစေ”တဲ့၊ အဲဒါက သဗ္ဗေ သတ္တာ - အားလုံး သတ္တဝါတွေဆိုတာနဲ့ ဆက်စပ်ပြီး ပွားပုံပါပဲ၊ တစ်ဦးတစ်ယောက်ကို ရည်ပြီး ကရုဏာပွားရင်တော့ မည်သူမည်ဝါ ဆင်းရဲမှ လွတ်ပါစေ၊ ဆင်းရဲမှ လွတ်ပါစေလို့ ပွားရုံပါပဲ။

အဲဒီမှာ ကင်းလွတ်ရမည့် ဆင်းရဲကတော့ အဲဒီ ပုဂ္ဂိုလ်မှာ တွေ့ကြုံခံစားနေရဆဲ ဆင်းရဲပါပဲ၊ အဲဒီ ဆင်းရဲမှ လွတ်ပါစေလို့ ဆိုလိုတာပါပဲ၊ အဲဒီ တွေ့ကြုံ ခံစားနေရတဲ့ ဆင်းရဲမှ လွတ်ပါစေ၊ အဲဒီဆင်းရဲမှ လွတ်ပါစေ၊ ဆင်းရဲမှ လွတ်ပါစေလို့ မပြတ် နှလုံးသွင်း ပွားများနေရုံပါပဲ။

ရောဂါကြောင့်ဖြစ်တဲ့ ဆင်းရဲဖြစ်ဖြစ်၊ ရာသီဥတုဒဏ်ကြောင့်ဖြစ်တဲ့ ဆင်းရဲဖြစ်ဖြစ်၊ သူတစ်ပါးက နှိပ်စက်လို့ ဖြစ်တဲ့ ဆင်းရဲဖြစ်ဖြစ်၊ နှလုံးမသာပူပန်တဲ့ ဆင်းရဲဖြစ်ဖြစ်၊ အလိုမပြည့်လို ဖြစ်တဲ့ ဆင်းရဲဖြစ်ဖြစ်၊ အဲဒီလို ဆင်းရဲတွေနဲ့ တွေ့ကြုံခံစား နေရတဲ့သူကို အဲဒီ ဆင်းရဲမှ လွတ်ပါစေလို့ နှလုံးသွင်းပြီး ကရုဏာကိုပွားနိုင်ပါတယ်၊ အဲဒီဆင်းရဲတွေ ရှိဆဲ မဟုတ်တောင်မှ ဝဋ်ဆင်းရဲကတော့ ရှိနေမှာပဲ၊

အဲဒီ ဝဋ်ဆင်းရဲမှ လွတ်ဖို့ရာလဲ အာရုံပြုပြီး ဆင်းရဲမှလွတ်ပါစေလို့ ကရုဏာကို ပွားနိုင်ပါတယ်။ ဆင်းရဲဒုက္ခရောက်နေတဲ့သူကို တွေ့မြင်ရပြီး သနားခြင်း ကရုဏာ ဖြစ်ရာမှာ အနီးကပ်ရန်သူနှင့်အဝေးရန်သူ ဒီနှစ်မျိုးထဲက တစ်မျိုးမျိုး ဝင်လာ တတ်တယ်၊ ဘယ်လိုလဲ ဆိုတော့ ဒုက္ခရောက်နေတဲ့သူမှာ ခံစားနေရတဲ့ ဆင်းရဲအကြောင်းပြုပြီး မခံချင်တဲ့စိတ်, နှလုံးမသားတဲ့ စိတ်လဲ ဖြစ်တတ်တယ်၊

အဲဒါက အနီးကပ် ရန်သူပဲ၊ နှိပ်စက်ညှဉ်းဆဲတဲ့သူကို မိမိက နှိပ်စက်ချင်တဲ့စိတ်လဲ ဖြစ်ပေါ်လာတတ်တယ်၊ ဥပမာ - ခွေးတစ်ကောင်က အခြားခွေးကို အနိုင်ကျင့်ပြီး ကိုက်နေတာကို မြင်ရရင် ခံရတဲ့ခွေးကို သနားပြီး ကိုက်တဲ့ခွေးကို ရိုက်နှက် ချင်တဲ့စိတ် ဖြစ်လာတတ်တာမျိုးပါပဲ။

နောက်တစ်နည်း ဥပမာကတော့ - မြွေက ဖားကို စားမယ်လို့ ဖမ်းတယ်၊ ဖားက အော်တယ် - သနားစဖွယ် အသံပြုတယ်၊ ကြားရ မြင်ရတဲ့လူက ဖားကိုမြွေ၏ခံတွင်းမှ လွတ်စေချင်တယ်၊ သနားတယ်၊ ဒါကတော့ ကရုဏာပါပဲ၊ အဲဒီကနောက် ဖားကို သနားပြီး မြွေကိုရိုက်ချင်တဲ့ စိတ်ဖြစ်တတ်တယ်၊ အဲဒါက ကရုဏာမှ ဆက်ပြီးဖြစ်လာတဲ့ ဝိဟိံသာခေါ် ညှဉ်းဆဲချင်တဲ့ ဒေါသပဲ၊ အဲဒါကအဝေးရန်သူပဲ၊

အဲဒီအနီးအဝေး ရန်သူနှစ်မျိုးလုံး မဝင်ရောက်စေဘဲ သနားခြင်း ကရုဏာ သက်သက်သာ ဖြစ်ပွားစေဖို့ လိုပါတယ်။

နောက်ပြီးတော့ အဲဒီ သနားခြင်း ကရုဏာကို ပွားနေတဲ့သူဟာ ဒုက္ခရောက်နေ တဲ့သူကို စိတ်သက်သက်ဖြင့်သာ မဟုတ်ဘဲကိုယ်ဖြင့်ရော နှုတ်ဖြင့်ရော တတ်နိုင်သမျှ ကူညီစောင့်ရှောက်ဖို့ လိုပါတယ်၊ ဆင်းရဲခံစားနေရတဲ့သူကို အဲဒီ ဆင်းရဲမှ လွတ်မြောက်အောင် သက်သာခွင့်ရအောင် တတ်နိုင်သမျှ ကူညီ စောင့်ရှောက်ဖို့ပါပဲ၊

ကိုယ်ဖြင့် ကူညီစောင့်ရှောက်ရင် ကရုဏာ ကာယကံဖြစ်တယ်၊ နှုတ်ဖြင့် ကူညီစောင့်ရှောက်ရင် ကရုဏာဝစီကံဖြစ်တယ်၊ အဲဒီလို ကိုယ်နှုတ်ဖြင့် မကူညီ မစောင့်ရှောက်နိုင်ရာမှာတော့ မနောကံသက်သက်ဖြင့်သာ သနားခြင်း ကရုဏာကို ဖြစ်ပွားစေရတော့တာပဲ၊

ဥပမာ သားသတ်ရုံဌာနမှာ နွားတို့ ဆိတ်တို့ ဝက်တို့ ကြက်တို့ ဘဲတို့ ဒီလို သတ္တဝါတွေကို သတ်ဖို့ပြုလုပ်နေရာမှာ သတ်နေရာမှာ သနားတတ်တဲ့လူက သနားပေမယ့် ဘယ်လိုမှ မကူညီ မစောင့်ရှောက်နိုင်ဘူး၊ စိတ်ထဲက သနားရုံမျှ သနားတော့တာပါပဲ၊ အဲဒါကတော့ ကရုဏာ မနောကံသက်သက်ပါပဲ၊

ဒီပြင်လဲ စိတ်သက်သက်ဖြင့် ဆင်းရဲမှ လွတ်ပါစေ၊ လွတ်ကြပါစေလို့ နှလုံးသွင်းပွားများတာလဲ ကရုဏာ မနောကံ သက်သက်ပါပဲ၊ အဲဒါကလဲ ကုသိုလ်ကံ ဖြစ်ပြီး အကျိုးတော့များပါတယ်၊ ပါရမီထူး ရှိတဲ့သူဆိုရင် အဲဒီလို ပွားနေရင်း ကရုဏာဈာန်ကိုလဲ ရနိုင်ပါတယ်။

ဒီကရုဏာကို ပွားများဖို့ကတော့ မေတ္တာလောက် မလွယ်ဘူး၊ ဘာကြောင့်လဲဆိုတော့ မေတ္တာက မည်သူကိုမဆို ချမ်းသာပါစေလို့ နှလုံးသွင်းဖို့ မေတ္တာပွားဖို့ လွယ်ကူ ပါတယ်၊ ကရုဏာကတော့ သနားစရာ ပုဂ္ဂိုလ်ကိုမှ ဆင်းရဲလွတ်ပါစေလို့ နှလုံးသွင်းဖို့ အဆင်ပြေတယ်၊ မျက်မြင်အားဖြင့် ချမ်းသာနေတဲ့ သူတွေကို ဆင်းရဲမှ လွတ်ကြပါစေ လို့ နှလုံးသွင်းရန် သနားကရုဏာသက်ရန် မလွယ်ကူဘူး၊

ဝဋ်ဆင်းရဲတွေ အကုသိုလ်ကံတွေကို အာရုံပြုပြီး သနားရမယ်, ကရုဏာပွားရမယ်လို့
ဆိုထားပေမယ့် တကယ်ကျတော့ သနားတဲ့စိတ် မလွယ်လှပါဘူး၊ ဒါပေမယ့် ကရုဏာကို ပွားဖို့ အစဉ်ကျနေတဲ့အတွက် သဗ္ဗေ သတ္တာ ဒုက္ခာမုစ္စန္တု - ဆိုတဲ့ ပါဠိအရ သတ္တဝါအားလုံးကို အာရုံပြုပြီး ကရုဏာပွားကြဦးမှပဲ၊ အဲဒီ သတ္တဝါအားလုံးထဲမှာ အတိဒုက္ခ ရောက်ပြီး သနားစရာကောင်းတဲ့ သတ္တဝါတွေလဲ ပါရှိပါတယ်၊ ကဲ ..... လိုက်ဆိုပြီး နှလုံးသွင်းပွားများကြရမယ်။

သဗ္ဗေ သတ္တာ ဒုက္ခာ မုစ္စန္တုအရ ကရုဏာပွားပုံ

အားလုံးသတ္တဝါတွေ ဆင်းရဲမှ လွတ်မြောက်ကြပါစေ၊ ဆင်းရဲမှလွတ်မြောက်ကြပါစေ၊ ဆင်းရဲမှလွတ်မြောက်ပါစေ။

ငရဲသတ္တဝါတွေမှာ ငရဲဆင်းရဲတွေ ခံစားနေကြရတယ်၊ ပြိတ္တာတွေကလဲ ပြိတ္တာ ဆင်းရဲတွေ ခံစားနေကြရတယ်၊ ကျွဲ နွား ဆိတ် ဝက် ကြက် ငှက်အစရှိသော တိရစ္ဆာန်တွေကလဲ တိရစ္ဆာန်ဆင်းရဲတွေ ခံစားနေရတယ်၊ လူတွေမှာလဲ တစ်ချို့က နိုင်သူတွေ နှိပ်စက်ညှဉ်းပန်းခြင်းကို ခံစားနေရတယ်၊

တစ်ချို့က ရောဂါဆိုး နှိပ်စက်ခြင်းကို ခံစားနေရတယ်၊ တစ်ချို့က စားဝတ်နေရေး အဆင်မပြေလို့ ကိုယ်စိတ် ဆင်းရဲနေကြရတယ်၊ တစ်ချို့က အချင်းချင်း မညီညွတ် လို့ ဆင်းရဲနေကြရတယ်၊ တစ်ချို့က အိုခြင်း နာခြင်း သေခြင်း အကြောင်းပြုပြီး ဆင်းရဲနေကြရတယ်၊ တစ်ချို့က ချစ်ခင်သူတွေ သေကြေပျက်စီးသွားလို့ စိုးရိမ်ပူဆွေးနေကြရတယ်၊

တစ်ချို့က စီးပွားဥစ္စာတွေ ပျက်စီးဆုံးရှုံးသွားလို့ ဆင်းရဲနေကြရတယ်၊ တစ်ချို့က ချစ်သူနဲ့ကွဲလို့ ဆင်းရဲနေကြရတယ်၊ နတ်တွေမှာလဲ တစ်ချို့က မိမိအလိုရှိတိုင်း မပြည့်စုံလို့ ဆင်းရဲနေကြရတာ ရှိတာပါပဲ၊ သေခါနီး ပုဗ္ဗနိမိတ်တွေကို မြင်ရတဲ့ အခါကျတော့ အကြီးအကျယ် ဆင်းရဲကြရတယ်၊ အဲဒီလို အမျိုးမျိုးသော ဆင်းရဲတွေကို တွေ့ကြုံ ခံစားနေရတဲ့ သတ္တဝါတွေကို အဲဒီ ဆင်းရဲတွင်းမှ လွတ်မြောက်ကြပါစေလို့ အာရုံပြုပြီး ကရုဏာကို ပွားကြရုံပါပဲ၊ ကဲ .... လိုက်ဆိုရင်း ပွားကြရမယ်။

ကရုဏာ ၁၃၂ - ပါး ပွားပုံ

အားလုံးသတ္တဝါတွေ ဆင်းရဲမှလွတ်မြောက်ကြပါစေ၊ ဆင်းရဲမှ လွတ်မြောက်ကြပါစေ။

ဒါက သဗ္ဗေ သတ္တာဆိုတဲ့ ပါဠိအရပဲ၊ သဗ္ဗေ ပါဏာ အစရှိတဲ့ ၄ - ပုဒ်အရလဲ ပွားကြရအုံးမယ် လိုက်ဆိုကြ။

အားလုံးအသက်ရှိသူတွေ ဆင်းရဲမှလွတ်မြောက်ကြပါစေ။
အားလုံးထင်ရှားဖြစ်သူတွေ ဆင်းရဲမှလွတ်မြောက်ကြပါစေ။
အားလုံးပုဂ္ဂိုလ်တွေ ဆင်းရဲမှ လွတ်မြောက်ကြပါစေ။
အားလုံး ခန္ဓာကိုယ်အတ္တဘောရှိသူတွေ ဆင်းရဲမှလွတ်မြောက်ကြပါစေ။

အဲဒါတွေက အပိုင်းအခြား အကန့်အသတ်မရှိဘဲ သတ္တဝါ အားလုံးအပေါ်မှာ ပွားများတဲ့ အနောဓိသကရုဏာ ၅-ပါး ပဲ၊ ယခု ဩဓိသကကရုဏာ (၇)ပါးကိုလဲ ပွားများကြရဦးမယ်။

အားလုံးအမျိုးသမီးတွေ ဆင်းရဲမှ လွတ်မြောက်ကြပါစေ။
အားလုံးအမျိုးသားတွေ ဆင်းရဲမှ လွတ်မြောက်ကြပါစေ။
အားလုံး အရိယာတွေ ဆင်းရဲမှ လွတ်မြောက်ကြပါစေ။
အားလုံး ပုထုဇဉ်တွေ ဆင်းရဲမှ လွတ်မြောက်ကြပါစေ။
အားလုံး နတ်တွေ ဆင်းရဲမှ လွတ်မြောက်ကြပါစေ။
အားလုံး လူတွေ ဆင်းရဲမှ လွတ်မြောက်ကြပါစေ။
အားလုံး အပါယ်သတ္တဝါတွေ ဆင်းရဲမှ လွတ်မြောက်ကြပါစေ။

ဒါက ဩဓိသ ကရုဏာ (၇)ပါးပွားပုံပဲ၊

အဲဒီ ဩဓိသ ၇ - ပါးနှင့် ရှေ့နားက အနောဓိသ ၅ - ပါးကို ပေါင်းလိုက်ရင် ၁၂-ပါး ရတယ်၊ အဲဒါဟာ အရပ်မျက်နှာဖြင့် ပိုင်းခြားကန့်သတ်ခြင်း မရှိတဲ့ ဒိသာအနောဓိသ ကရုဏာ ၁၂ - ပါးပါပဲ။

အရပ်မျက်နှာဖြင့် ပိုင်းခြားပြီး ပွားတဲ့အခါလဲ အရပ်မျက်နှာ တစ်ခုခုမှာ ၁၂-ပါးစီ ရတယ်၊ အရပ်မျက်နှာ ဆယ်ခုဆိုတော့ ၁၂၀ - ရတယ်၊ အဲဒါက ဒိသာဩဓိသ ကရုဏာ ၁၂၀ - တဲ့၊ အဲဒီ ၁၂၀-ကိုလဲ အကျဉ်းချုပ် ရွတ်ဆိုပွားများကြရမယ်၊ လိုက်ဆိုကြ။

အရှေ့အရပ်က အားလုံးသတ္တဝါတွေ ဆင်းရဲမှ လွတ်မြောက်ကြပါစေ။
အရှေ့အရပ်က အားလုံးအသက်ရှုသူတွေ ဆင်းရဲမှ လွတ်မြောက်ကြပါစေ။
အရှေ့အရပ်က အားလုံးထင်ရှား ဖြစ်သူတွေ ဆင်းရဲမှ လွတ်မြောက်ကြပါစေ။
အရှေ့အရပ်က အားလုံးပုဂ္ဂိုလ်တွေ ဆင်းရဲမှ လွတ်မြောက်ကြပါစေ။
အရှေ့အရပ်က အားလုံးခန္ဓာကိုယ် အတ္တဘောရှိသူတွေ ဆင်းရဲမှ လွတ်မြောက် ကြပါစေ။
အရှေ့အရပ်က အားလုံးအမျိုးသမီးတွေ ဆင်းရဲမှ လွတ်မြောက်ကြပါစေ။
အရှေ့အရပ်က အားလုံးအမျိုးသားတွေ ဆင်းရဲမှ လွတ်မြောက်ကြပါစေ။
အရှေ့အရပ်က အားလုံးအရိယာတွေ ဆင်းရဲမှ လွတ်မြောက်ကြပါစေ။
အရှေ့အရပ်က အားလုံးပုထုဇဉ်တွေ ဆင်းရဲမှ လွတ်မြောက်ကြပါစေ။
အရှေ့အရပ်က အားလုံးနတ်တွေ ဆင်းရဲမှ လွတ်မြောက်ကြပါစေ။
အရှေ့အရပ်က အားလုံးလူတွေ ဆင်းရဲမှ လွတ်မြောက်ကြပါစေ။
အရှေ့အရပ်က အားလုံးအပါယ်သတ္တဝါတွေ ဆင်းရဲမှ လွတ်မြောက်ကြပါစေ။

ဒါက အရှေ့အရပ်၌ ပွားပုံ ၁၂ - ပါးပဲ၊ အနောက် အရပ်စသည်မှာလဲ နည်းတူပင် ၁၂-ပါးစီပါပဲ၊ အဲဒါတွေကိုတော့ အကျဉ်းချုပ်ပဲ ရွတ်ဆိုကြရမယ်။

အနောက်အရပ်က အားလုံး သတ္တဝါတွေ ဆင်းရဲမှ လွတ်မြောက်ကြပါစေ။
အနောက်အရပ်က အားလုံး အပါယ်သတ္တဝါတွေ ဆင်းရဲမှ လွတ်မြောက်ကြပါစေ။
မြောက်အရပ်က အားလုံး သတ္တဝါတွေ ဆင်းရဲမှ လွတ်မြောက်ကြပါစေ။
မြောက်အရပ်က အားလုံး အပါယ်သတ္တဝါတွေ ဆင်းရဲမှ လွတ်မြောက်ကြပါစေ။
တောင်အရပ်က အားလုံး သတ္တဝါတွေ ဆင်းရဲမှ လွတ်မြောက် ကြပါစေ။
တောင်အရပ်က အားလုံး အပါယ်သတ္တဝါတွေ ဆင်းရဲမှ လွတ်မြောက်ကြပါစေ။
အရှေ့တောင်အရပ်က အားလုံး သတ္တဝါတွေ ဆင်းရဲမှ လွတ်မြောက်ကြပါစေ။
အရှေ့တောင်အရပ်က အားလုံး အပါယ်သတ္တဝါတွေ ဆင်းရဲမှ လွတ်မြောက်ကြ ပါစေ။
အနောက်မြောက်အရပ်က အားလုံး သတ္တဝါတွေ ဆင်းရဲမှ လွတ်မြောက်ကြပါစေ။
အနောက်မြောက်အရပ်က အားလုံး အပါယ်သတ္တဝါတွေ ဆင်းရဲမှ လွတ်မြောက်ကြ ပါစေ။
အရှေ့မြောက်အရပ်က အားလုံး သတ္တဝါတွေ ဆင်းရဲမှ လွတ်မြောက်ကြပါစေ။
အရှေ့မြောက်အရပ်က အားလုံး အပါယ်သတ္တဝါတွေ ဆင်းရဲမှ လွတ်မြောက်ကြ ပါစေ။
အနောက်တောင်အရပ်က အားလုံး သတ္တဝါတွေ ဆင်းရဲမှ လွတ်မြောက်ကြပါစေ။
အနောက်တောင်အရပ်က အားလုံး အပါယ်သတ္တဝါတွေ ဆင်းရဲမှ လွတ်မြောက်ကြ ပါစေ။
အောက်အရပ်က အားလုံး သတ္တဝါတွေ ဆင်းရဲမှ လွတ်မြောက်ကြပါစေ။
အောက်အရပ်က အားလုံး အပါယ်သတ္တဝါတွေ ဆင်းရဲမှ လွတ်မြောက်ကြပါစေ။
အထက်အရပ်က အားလုံး သတ္တဝါတွေ ဆင်းရဲမှ လွတ်မြောက်ကြပါစေ။
အထက်အရပ်က အားလုံး အပါယ်သတ္တဝါတွေ ဆင်းရဲမှ လွတ်မြောက်ကြပါစေ။

ယခုဆိုခဲ့ကြတာဟာ ဒိသာဩဓိသ ကရုဏာ ၁၂၀ - ပါပဲ၊ အဲဒါကို ဒိသာအနောဓိသ ၁၂ - ပါးနှင့် ပေါင်းလိုက်ရင် ကရုဏာ ၁၃၂ - ပါးဖြစ်တယ်၊

ကရုဏာပွားပုံကတော့ စုံသွားပါပြီ၊ ဒါပေမယ့် အဲဒီ ကရုဏာကို ဖြစ်ပွားစေတဲ့အခါ တကယ်သနားတဲ့ စိတ်ဖြစ်ဖို့က အရေးကြီးပါတယ်၊ ဆင်းရဲမှ လွတ်မြောက်ကြပါစေ လို့ ရွတ်ဆိုနှလုံးသွင်းနေပေမယ်လို့ သတ္တဝါတွေဟာ ဆင်းရဲနေကြတယ်ဆိုတာ တကယ်ထင်မြင်ပြီး တကယ်သနားပါမှ ကရုဏာအစစ်က ဖြစ်နိုင်တယ်၊

ဒီနေရာမှာ မြတ်စွာဘုရား၏ မဟာကရုဏာဉာဏ်တော်ဖြင့် သနားတော်မူပုံကို ဆင်ခြင်ကြည့်ရင် သတ္တဝါတွေ သနားစရာကောင်းကြောင်း အတော်အတန်တော့ ထင်ရှားပေါ်လာဖွယ် ရှိပါတယ်၊ ဒါကြောင့်အဲဒီ မဟာကရုဏာဉာဏ်တော်ဖြစ်ပုံကို ပဋိသမ္ဘိဒါမဂ်ပါဠိမှ ထုတ်ဆောင်ပြီး ပြပါဦးမယ်၊ အဲဒါတွေက ကြည်ညိုစရာလဲ ကောင်းတယ်၊ သတ္တဝါတွေဟာ သနားစရာပဲလို့လဲ ထင်မြင်စေနိုင်ပါတယ်၊ ဒါပေမယ့် တချို့လောက် ထုတ်ဟောရမှာပဲ။

မဟာကရုဏာ သမာပတ္တိဉာဏ်တော်ဖြစ်ပုံ

ကတမံ တထာဂတဿ မဟာကရုဏာ သမာပတ္တိယာဉာဏံ။

တထာဂတဿ - မြတ်စွာဘုရား၏၊
မဟာကရုဏာ သမာပတ္တိယာ ဉာဏံ - မဟာကရုဏာ သမာပတ်၌ ပါဝင်သော ဉာဏ်တော်သည်၊
ကတမံ - အဘယ်နည်း။

တပည့်သာဝကတွေမှာ မရနိုင်ကောင်းတဲ့ ဘုရားဉာဏ်တော်ဆိုတာ ၆ - ပါးရှိပါတယ်၊ အဲဒါတွေဟာ ဘာတွေလဲဆိုရင်

(၁) သတ္တဝါတို့၏ ဣန္ဒြေ အနုအရင့်ကို သိသော ဣန္ဒြိယပရောပရိယတ္တဉာဏ်

(၂) သတ္တဝါတို့၏ စိတ်ဓာတ်ကိန်းရာ အာသယနှင့် ဖြစ်ခွင့်ရှိတဲ့ ကိလေသာ အနုသယတို့ကို သိသော အာသယာနုသယဉာဏ်

(၃) အစုံအစုံသော တန်ခိုးပြာဋိဟာတို့ကို ဖန်ဆင်းနိုင်သော ယမကပါဋိဟာရိက ဉာဏ်

(၄) မဟာကရုဏာသမာပတ္တိဉာဏ်

(၅) အလုံးစုံကိုသိနိုင်သော သဗ္ဗညုတဉာဏ်

(၆) ထိုသို့သိရာ၌ အပိတ်အပင်ကင်းသော အနာဝရဏဉာဏ် -

ဆိုတဲ့ ဒီဉာဏ်တော် ၆ - ပါးပါပဲ၊ အဲဒါတွေဟာ သာဝကတွေနှင့် မသက်ဆိုင်လို့ အသာဓာရဏဉာဏ်လို့လဲ ခေါ်တယ်၊ အဲဒီ ၆ - ပါးထဲက မဟာကရုဏာ သမာပတ္တိဉာဏ် ဆိုတာ ဘယ်ဟာပါလဲလို့ မေးတယ်၊ အဖြေကိုလဲ ဒီလို ဆက်ပြီး ပြတော်မူပါတယ်။

ဗဟုကေဟိ အာကာရေဟိ ပဿန္တာနံ ဗုဒ္ဓါနံ ဘဂဝန္တာနံ သတ္တေသု မဟာကရုဏာ ဩက္ကမတိ။

ဗဟုကေဟိ အာကာရေဟိ - များစွာသော အခြင်းအရာတို့ဖြင့်၊
ပဿန္တာနံ - မြင်တော်မူကုန်လျက်၊
ဝါ - မြင်တော်မူကုန်သော၊
ဗုဒ္ဓါနံ ဘဂဝန္တာနံ - မြတ်စွာဘုရားတို့အား၊
သတ္တေသု - သတ္တဝါတို့၌၊
မဟာကရုဏာ - သနားခြင်းကြီးစွာ မဟာကရုဏာတော်သည်၊
ဩက္ကမတိ - သက်ရောက်ဖြစ်ပွားတော်မူပေ၏။

သတ္တဝါတွေမှာ ဆင်းရဲဒုက္ခ ရောက်နေပုံတွေဟာ အလွန်များတယ်၊ အဲဒီ အလွန် များတဲ့ ဆင်းရဲနေကြပုံတွေကို မြင်တော်မူပြီး မြတ်စွာဘုရားရှင်တို့မှာ သနားခြင်း ကြီးစွာ မဟာကရုဏာဖြစ်တော်မူပါတယ်တဲ့၊ အများသတ္တဝါတွေကတော့ အခြား သတ္တဝါတွေ၏ ဆင်းရဲကို မမြင်ရဘူး၊ အတိဒုက္ခရောက်နေကြတဲ့ သတ္တဝါတွေ လောက်သာ မြင်ကြတယ်၊

အတော်အတန် ချမ်းသာနေတဲ့သူတွေက တန်းတူလူတွေကို ကြည့်လိုက်ရင် သူတို့လဲ ငါလိုပင် ချမ်းသာနေကြတယ်လို့ ထင်ကြတယ်၊ ကိုယ့်ထက်ချမ်းသာတဲ့ လူတွေ ကိုတော့ “သူတို့က ငါတို့ထက်သာပြီး ချမ်းသာနေကြတာပဲ၊ ဆင်းရဲမရှိဘူး၊ သနားစရာ မရှိဘူး”လို့ပဲထင်နေကြတယ်၊ အဲဒါဟာ ဆင်းရဲတွေကို မမြင်ကြလို့ သနားကရုဏာ မဖြစ်ဘဲ ရှိနေတာပါပဲ၊

မြတ်စွာဘုရားရှင်တို့မှာတော့ သတ္တဝါတွေ ဆင်းရဲနေပုံဟု အမျိုးမျိုးသော အခြင်း အရာတို့ဖြင့် မြင်တော်မူကြတယ်၊ အဲဒီလို မြင်တော်မူကြပြီးတော့ သတ္တဝါတွေ အပေါ်မှာ အကြီးအကျယ် သနားခြင်း ကရုဏာသက်တော်မူကြသတဲ့၊

လက္ခဏာသက်ပုံ အကျယ်ကတော့ -

မပြတ်ကြောင့်ကြ စိုက်နေကြရတာလဲ သနားစရာပဲ

ဥယျုတ္တော လောကသန္နိဝါသောတိ ပဿန္တာနံ ဗုဒ္ဓါနံ ဘဂဝန္တာနံ သတ္တေသု မဟာကရုဏာ ဩက္ကမတိ။

(အာဒိတ္တော - ပုဒ်ချန်ထားခဲ့သည်၊ နောက်၌လဲ နည်းတူပင်)။

လောကသန္နိဝါသော - သတ္တဝါအပေါင်းသည်၊
ဥယျူတ္တော - အမြဲမပြတ် ကြောင့်ကြစိုက်ထုတ် ပြုလုပ်နေရပါတကား၊
ဣတိ - ဤသို့၊
ပဿန္တာနံ - မြင်တော်မူကုန်လျက်၊
ဝါ - မြင်တော်မူကုန်သော၊
ဗုဒ္ဓါနံ ဘဂဝန္တာနံ - မြတ်စွာဘုရားတို့အား၊
သတ္တေသု - သတ္တဝါတို့၌၊
မဟာကရုဏာ - သနားခြင်းကြီးစွာ မဟာကရုဏာတော်သည်၊
ဩက္ကမတိ - သက်ရောက်ဖြစ်ပွားတော်မူပေ၏ - တဲ့။

သတ္တဝါတွေဟာ စားဝတ်နေရေးစသည်အတွက် အမြဲမပြတ် ကြောင့်ကြစိုက်ထုတ် ပြုလုပ်နေကြရတယ်တဲ့၊ အဲဒါဟာ သာမန် လူတွေအမြင်နဲ့တော့ သနားစရာလို့ ထင်ချင်မှ ထင်ကြရမယ်၊ စားဝတ်နေရေး စသည်အတွက် ကြောင့်ကြစိုက်ထုတ် ပြုလုပ်နေရတယ်ဆိုတာ လမ်းမှန်ပဲ၊ ကိုယ်ရေးကိုယ်တာအတွက် ပြုလုပ်ရမှာပေါ့၊

ကိုယ့်တာဝန် ကိုယ်ဆောင်နေတာဟာ ဘာမှ အပြစ်မရှိပါဘူး၊ ညည်းညူစရာလဲ မရှိပါဘူး - စသည်ဖြင့် ဆင်ခြေပေးကြပေလိမ့်မယ်၊ ဒါပေမယ့် မြတ်စွာဘုရား၏ အမြင်နဲ့ ကြည့်လိုက်တော့ မိမိခန္ဓာဝန်အတွက် မနားရဘဲ အမြဲမပြတ်ကြောင့်ကြ စိုက်ထုတ်ပြုလုပ်နေရတာဟာ အမြဲတမ်း ဆင်းရဲပင်ပန်းနေတာပဲ၊ ဒုက္ခရောက်နေ တာပဲတဲ့၊

ဖြစ်ရာဖြစ်ရာ ဘဝမှာ မိမိတို့ ခန္ဓာဝန်အတွက် အမြဲမပြတ် ကြောင့်ကြစိုက်နေကြ ရတယ်၊ လူ့ဘဝမှာဆိုရင် ငယ်ရွယ်စဉ်မှာ ကိုယ့်ဟာ ကိုယ်ဘာမှမပြုပြင်နိုင်ဘူး၊ မိဘစသော သူတစ်ပါးကိုသာ အားကိုးနေရတယ်၊ လေး ငါး ခြောက်နှစ် အရွယ် လောက်ကစပြီး ပညာသင်ကြားရတယ်၊ ၁၈ - နှစ် အနှစ် ၂၀ - စသည်ရှိတဲ့အခါ စားဝတ် နေရေး စသည်အတွက် အခြေအနေအားလျော်စွာ အလုပ်အမျိုးမျိုး ကိုလုပ်ကိုင်ရတယ်၊

ကံမကောင်း အကြောင်း မညီညွတ်ရင် စားဝတ်နေရေးတွေက မပြေလည်တဲ့အတွက် ဆင်းရဲဒုက္ခရောက်ရတယ်၊ ကျန်းမာရေးပျက်တဲ့အခါ အကြီးအကျယ် ဒုက္ခရောက် ရတယ်၊ တစ်ဘဝလုံး မပြတ်ကြောင့်ကြစိုက်ပြီး ပြုလုပ်နေရတာပဲ၊ အဲဒီလို လုပ်ကိုင်နေရင်းထဲက အိုချိန်, နာချိန်, သေချိန် တန်တော့ သေရတယ်၊ တချို့မှာ အကြီးအကျယ် လုပ်ကိုင်နေရင်း သေသွားကြရတယ်၊ ဒါက လူ့လောကအတွက် ကြောင့်ကြစိုက် လုပ်ကိုင်နေရလို့ ဆင်းရဲပုံပဲ၊

တိရစ္ဆာန်ဘဝတွေမှာတော့ အများအားဖြင့် မွေးပြီးကတည်းက ကိုယ့်ဟာကိုယ် ရှာကြံပြီး စားရတော့တာပဲ၊ အစာရေ ရှားတဲ့ အရပ်မှာဆိုရင် တိရစ္ဆာန်တွေမှာ စားသောက်ရေးအတွက် အင်မတန် ပင်ပန်းရှာကြပါတယ်၊ တောထဲက တိရစ္ဆာန်တွေ ဆိုရင် စောင့်ရှောက်မည့်သူမရှိဘူး၊ အမြဲတမ်း တထိတ်ထိတ်တလန့်လန့်နဲ့ ကိုယ့်ခန္ဓာဝန်ကို ပြုစုနေကြရတယ်၊ တချို့က နေ့မထွက်ဝံ့လို့ ညဉ့်ကျမှထွက်ပြီး ရှာကြံ စားသောက်ကြရတယ်၊

ငရဲဘုံ, ပြိတ္တာဘုံ ဆိုတာတွေကတော့ သက်သက် ဆင်းရဲခံနေကြရတဲ့ ဘုံတွေပဲ၊ အဲဒါတွေကိုတော့ လူတွေ မမြင်ရတဲ့ဟာတွေမို့ ဒီနေရာမှာ ခွဲမပြောတော့ပါဘူး၊ နတ်တွေထဲမှာလဲ ပြိတ္တာလောက်နီးပါး ဆင်းရဲတဲ့ယက္ခခေါ်တဲ့ ပိသာစ - မြေဘုတ် တစ္ဆေမျိုးတွေ၊ ဝိနိပါတ - ခေါ်တဲ့ အညံ့စားတွေဆိုတာဟာလဲ စားရမဲ့ သောက်ရမဲ့ အလွန်ဆင်းရဲရှာကြပါတယ်၊ ဒါပေမယ့် အသက်တမ်းကုန်တဲ့ အခါကျတော့ ကုသိုလ်ကံ အားနည်းတဲ့ နတ်တွေမှာ ဆင်းရဲကြရတာပါပဲ။

အဲဒီတော့ သတ္တဝါတွေမှာ မိမိတို့ ရဆဲခန္ဓာကိုယ်ကို ချမ်းသာရအောင် နောင်ဘဝ ခန္ဓာကိုယ်ကို ချမ်းသာရအောင် မပြတ်ကြောင့်ကြစိုက်ထုတ် ပြုလုပ်နေကြရတာဟာ ဘဝတိုင်း ဘဝတိုင်း ဆင်းရဲနေကြရတာပါပဲ၊ ဟုတ်တယ်၊ ယခုအကြောင်းညီညွတ် အဆင်ပြေပြီး ချမ်းသာနေတယ်လို့ ဆိုရတဲ့လူတွေလဲ ယခုလောလောဆယ်မှာ ချမ်းသာမြဲ ချမ်းသာရအောင်၊ နောင်ဘဝတွေမှာလဲ ချမ်းသာသွားရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မပြတ်ကြောင့်ကြ စိုက်နေရတာပါပဲ၊

နောင်ဘဝတွေမှာ ချမ်းသာသွားရအောင် ကြောင့်ကြ စိုက်ထုတ် ပြုလုပ်နေရတယ် ဆိုတာကတော့ သူ့ယုံကြည်ချက်နဲ့ သူ့ဘာသာရေးအရပေါ့၊ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကိုယ်ယုံကြည်တဲ့ဘာသာရေးအရ နောင်ဘဝ နောင်ကာလ အတွက် ပြုလုပ်နေကြရတာပဲ၊ နောင်ဘဝကို မယုံကြည်တဲ့ သူတွေကတော့ ယခုလက်ရှိ ဘဝအတွက် အင်တိုက်အားတိုက် ကြိုးစားနေကြရတာပဲ၊

အဲဒီလို ဘဝတိုင်း ဘဝတိုင်း အားထုတ် ပြုလုပ်နေကြရတာတွေဟာ ဆင်းရဲ ပင်ပန်းနေတာတွေချည်းပဲ။ ခန္ဓာဝန် ရှိနေသမျှ ကာလပတ်လုံးဘဝတိုင်း ဘဝတိုင်း ချမ်းသာရေးကို ရည်မျှော်ပြီး မပြတ် ကြောင့်ကြစိုက် ပြုလုပ်နေကြရတာကို မြင်တော်မူပြီး သတ္တဝါတွေကို သနားတော်မူတယ်၊ ခန္ဓာဝန်ချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ကို ရောက်အောင် ငါဘုရားမှတပါး ပို့ဆောင် ကယ်တင်နိုင်မည့်သူ မရှိဘူးလို့ သိမြင်တော်မူပြီး သတ္တဝါတွေကို သနားတော်မူပါတယ်၊ သနားတော်မူတဲ့အတွက် ထိုထိုအရပ်များသို့ ကြွရောက်ပြီးတော့လဲ တရားဟောတော်မူတယ်၊

လာရောက်ပြီး မေးတဲ့လူတွေ နတ်တွေကိုလဲ ဖြေရှင်း ဟောကြားတော်မူတယ်၊ နေ့ရောညဉ့်ပါ အနားယူရတဲ့ အချိန်ဟာ သုံးလေးနာရီလောက်သာရှိတယ်၊ နာရီ ၂၀ - လောက် နေ့စဉ်ပင် နတ်, လူ, ဗြဟ္မာ, သတ္တဝါတို့အား ဟောကြားတော်မူခဲ့ပါတယ်၊ အဲဒါဟာ ကရုဏာက မိမိချမ်းသာကို တားမြစ်တတ်တယ်လို့ ပြခဲ့တဲ့ ဝစနတ္ထအရ မြတ်စွာဘုရားမှာ မဟာကရုဏာတော်က မိမိ၏ချမ်းသာကို တားမြစ်နေပုံပါပဲ၊ ဘယ်လောက်အထိ သနားတော်မူသလဲဆိုတော့ ပရိနိဗ္ဗာန်စံခါနီး လျောင်းစက်နေစဉ် အခါ ပရိနိဗ္ဗာန်စံဖို့ နာရီပိုင်းလောက် အတွင်းမှာတောင် သုဘဒ္ဒပရိဗိုဇ်အား တရား ဟောတော်မူခဲ့သေးတယ်၊ ဒီအထိ သတ္တဝါတို့၏ ဆင်းရဲကို မြင်ပြီး သနားတော် မူခဲ့ပါတယ်။

ယခုပြောခဲ့တဲ့ စကားထဲမှာ သတ္တဝါတွေ ဘဝတိုင်း ဘဝတိုင်း မပြတ်ကြောင့်ကြ စိုက်ထုတ်နေပုံကို မြင်တော်မူ၍ သနားတော်မူတယ်ဆိုတာဟာ လိုရင်းပါပဲ၊ အဲဒီစကားအရအားဖြင့် “သတ္တဝါတွေမှာ အမြဲမပြတ် လုပ်ကိုင်ပြီး ဆင်းရဲနေကြရ တယ်၊ သနားစရာကောင်းတယ်”ဆိုတာကို သဘောပေါက်ပြီး သနားခြင်း ကရုဏာကို ပွားများနိုင်ဖို့ပါပဲ၊ နောက်ပြီးတော့ မြတ်စွာဘုရားမှာ မဟာ ကရုဏာတော်ဖြင့် သတ္တဝါတွေကို သနားတော်မူသဖြင့် ဆင်းရဲခံပြီး တရား ဟောတော်မူပုံကိုလဲ အာရုံပြုပြီး ကြည်ညိုကြဖို့ပါပဲ။

သတ္တဝါတွေ ဘဝတိုင်းဘဝတိုင်း ချမ်းသာရရေးအတွက် မပြတ်ကြောင့်ကြစိုက်ပြီး ဆင်းရဲနေကြပုံကို အာရုံပြုပြီး သနားခြင်း ကရုဏာကို ပွားစေရအောင် လိုက်ဆိုကြမယ်။

အားလုံးသတ္တဝါတွေ ချမ်းသာရရေးအတွက် မပြတ်ကြောင့်ကြပြုနေရတဲ့ ဆင်းရဲမှ လွတ်မြောက်ကြပါစေ၊ ဆင်းရဲမှုမှ လွတ်မြောက်ကြပါစေ။

အဲဒီဆင်းရဲမှ ဘယ်အခါ လွတ်မြောက်ကြမလဲ ဆိုရင်၊ ရုပ်နာမ်ခန္ဓာဝန် ခပ်သိမ်း ချုပ်ငြိမ်းတဲ့ နိဗ္ဗာန် ရောက်တဲ့အခါမှ လွတ်မြောက်ကြမယ်၊ အဲဒီ နိဗ္ဗာန်ရောက်ပြီး လွတ်မြောက်ကြပါစေလို့ ဆိုလိုတာပါပဲ၊ ကဲ - တစ်ခါထပ်ပြီး ပွားလိုက်ကြပါဦး။

အားလုံးသတ္တဝါတွေမပြတ် ကြောင့်ကြပြုနေရတဲ့ ဆင်းရဲမှ လွတ်မြောက်ကြပါစေ၊ ဆင်းရဲမှ လွတ်မြောက်ကြပါစေ။

အို - နာ - သေသို့ ဆောင်ပို့ ခံနေရတာလဲ သနားစရာပဲ

ဥပနီယတိ လောကော အဒ္ဓုဝေါတိ ပဿန္တာနံ ဗုဒ္ဓါနံ ဘဂဝန္တာနံ သတ္တေသု မဟာကရုဏာ ဩက္ကမတိ။

လောကော - သတ္တဝါအပေါင်းကို၊
ဥပနီယတိ - အိုခြင်း နာခြင်း သေခြင်းသို့ ပို့ဆောင်နေပါတကား၊
အဒ္ဓုဝေါ - မမြဲပါတကား၊
ဣတိ - ဤသို့၊
ပဿန္တာနံ - မြင်တော်မူကုန်လျက်၊
ဝါ - မြင်တော်မူကုန်သော၊
ဗုဒ္ဓါနံ ဘဂဝန္တာနံ - မြတ်စွာဘုရားတို့အား၊
သတ္တေသု - သတ္တဝါတို့၌၊
မဟာကရုဏာ - သနားခြင်းကြီးစွာ မဟာကရုဏာတော်သည်၊
ဩက္ကမတိ - သက်ရောက် ဖြစ်ပွားတော်မူပေ၏ - တဲ့။

သတ္တဝါတွေဟာ ဘဝတိုင်း ဘဝတိုင်း အသစ်ဖြစ်ရာမှ အိုခြင်းသို့ ရောက်အောင်၊ အိုရာမှနာခြင်းသို့ ရောက်အောင်၊ နာရာမှ သေခြင်းသို့ ရောက်အောင် အပို့ အဆောင်ခံနေရတယ်၊ မမြဲကြပါတကားလို့ မြင်တော်မူပြီး မြတ်စွာဘုရားက သနားတော်မူပါတယ်တဲ့၊

သတ္တဝါတွေဟာ ဆင်ခြင်ကြည့်ရင် မိမိကိုယ်ကို မမြဲဘူးလို့ သိတန်သလောက်တော့ သိကြပါတယ်၊ ဒါပေမယ့် နုနုပျိုပျိုနဲ့ အကြာကြီး နေရအုံးမှာလိုလို, အမြဲတမ်း ကျန်းမာနေမှာလိုလို, တော်တော်နဲ့မသေနိုင် သေးဘူးလိုလို ထင်နေကြတယ်၊ အဲဒီလို ထင်နေစဉ်မှာပင် အကြောင်း မညီညွတ်ရင် ရုတ်တရက်မကျန်းမမာ ဖျားနာတာလဲ ရှိနေတာပဲ၊ ငယ်ငယ်နဲ့ သေသွားတာလဲရှိတာပဲ၊

မသေသေးရင်လဲ တစ်နေ့ထက်တစ်နေ့ တစ်လထက်တစ်လ တစ်နှစ်ထက်တစ်နှစ် အိုအိုလာတာပဲ၊ ရုတ်တရက်တော့ မိမိကိုယ်ကို အိုတယ်လို့ မထင်ကြသေးဘူး၊ ဆံပင်ဖြူလာတာ သွားကျိုးတာ စသည်ကိုတွေ့ရမှ အိုလာမှန်း သိကြတယ်၊ အဲဒီလို အိုအောင် နာအောင် သေအောင် ဘယ်သူက ဆောင်ပို့နေသလဲဆိုတော့ မိမိတို့ ကိုယ်ထဲမှ ရုပ်နာမ်ခန္ဓာတွေက ဆောင်ပို့နေတာပါပဲ၊

ပဋိသန္ဓေတည်နေသည်မှ စပြီး ရုပ်နာမ်တွေဟာ အသစ်အဟောင်း ပြောင်းလဲပြီး တဖြည်းဖြည်းချင်း ရင့်ရင့်လာတယ်၊ စက္ကန့်တိုင်း မိနစ်တိုင်း နာရီတိုင်း ရက်တိုင်း လတိုင်း နှစ်တိုင်း ရင့်ရင့်လာတယ်၊ အနှစ်လေးဆယ် လောက်ကျတော့ ဆံပင်ဖြူခြင်း စသည်ဖြင့် အိုမင်းရုပ်တွေ ထင်ရှားလာတယ်၊ အဲဒီအိုရာက အနာရောဂါအမျိုးမျိုး စွဲကပ်လာတယ်၊ နာရာက သေသွားရတယ်၊ အချိန်နာရီတိုင်း အဲဒီအိုခြင်းနာခြင်း သေခြင်းဆီသို့ နီးကပ်သွားတယ်။

ရှင်သာမဏေဘဝက ဖြစ်ခဲ့တဲ့ ကရုဏာ

ဥပမာအားဖြင့် သတ်မည့်နွားကို နွားသတ်သမားတွေက ဆွဲဆောင်သွားကြတယ်၊ အဲဒီလို ဆွဲဆောင်သွားရာမှာ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း အသတ်ခံရဖို့ နီးကပ် နီးကပ်သွားတယ်၊ အဲဒီမှာ အသတ်ခံရမည့်နွားက သူ့ကိုသတ်ဖို့ ဆွဲဆောင်နေ ကြတယ်ဆိုတာ သိပုံရပါတယ်၊ သူတတ်နိုင်သမျှ ရုန်းကန်နေတာကိုလဲတွေ့ရတယ်၊

ဒါပေမယ့် နွားသတ်သမားတွေက အတင်းရိုက်နှက်ပြီး ဆွဲဆောင်ကြတဲ့အတွက် မလိုက်ချင်ဘဲနဲ့ လိုက်ပါသွားရရှာတယ်၊ အဲဒီလို နွားကိုမြင်ရတဲ့အခါ အင်မတန် သနားစရာ ကောင်းတာပဲ၊ ဘုန်းကြီးဟာ အဲဒီလို ဆွဲဆောင်နေတာကို မြင်လို့ သနားတာနဲ့ အဲဒီအခါကစပြီး အမဲသား မစားတော့ဘဲ ကြည်ရှောင်လာခဲ့ပါတယ်၊ အဲဒါဟာ ရဟန်းမဖြစ်ခင် ရှင်သာမဏေ ဘဝကပါပဲ၊

ယခုလူတွေကိုလဲ သားသတ်ရုံသို့ ဆွဲဆောင်ခံရတဲ့ နွားလိုပင် မိမိတို့ ရုပ်နာမ်တွေက အိုဖို့ နာဖို့ သေဖို့ အချိန်နာရီတိုင်း ပို့ဆောင်နေကြတယ်၊ တကယ်သိမယ်ဆိုရင် အင်မတန် ကြောက်စရာကောင်းတာပဲ၊ လူမှတစ်ပါး အခြားသတ္တဝါတွေလဲ အတူတူပါပဲ၊ သူတို့ရဲ့ ရုပ်နာမ်တွေက အချိန်နာရီတိုင်း အိုဖို့ နာဖို့ သေဖို့ ဆောင်ပို့နေကြတာပါပဲ၊ ဘဝတိုင်း ဘဝတိုင်း တစ်မိနစ်မှ ရပ်နားခြင်း မရှိဘဲ အိုနာသေဖို့ အမြဲမပြတ် ဆောင်ပို့ခံနေကြရတယ်၊ အဲဒီအကြောင်းကို မြင်တော်မူလို့ မြတ်စွာဘုရားက သနားတော်မူပါတယ်တဲ့။

မြတ်စွာဘုရားက မြင်တော်မူတာကတော့ စက္ကန့်ပိုင်းထက် မြန်တဲ့စိတ် တစ်ခုတစ်ခု၏ ခဏတိုင်းခဏတိုင်း အိုခြင်း နာခြင်း သေခြင်းဆီ နီးကပ် နီးကပ်နေပုံကို မြင်ပြီးတော့လဲ သနားတော်မူပါတယ်၊ ယခု ဝိပဿနာရှုနေကြတဲ့ ယောဂီတွေတောင် စိတ်တွေ ပြောင်းလဲနေတာ တွေ့ရရင် ခဏတိုင်း ခဏတိုင်း အိုဖို့ နာဖို့ သေဖို့ နီးကပ်နေတယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်၊

ဘုန်းကြီးတို့ညွှန်ပြတဲ့အတိုင်း ရှုမှတ်နေကြတဲ့ ယောဂီတွေမှာ ဘင်္ဂဉာဏ်လောက် ရောက်တဲ့အခါကျတော့ မှတ်ရတဲ့ အာရုံရော မှတ်သိတဲ့စိတ်ရော တစ်စိတ်ချင်း တစ်စိတ်ချင်း ကုန်ကုန် ပျက်ပျက်သွားတာဟာ အင်မတန်ထင် ရှားပါတယ်၊ စိတ်ကလေးတွေဟာ စိပ်ပုတီးက ပုတီးစေ့ကလေးတွေ တစ်ရွေ့ပြီးတစ်ရွေ့ စီနေသလိုပဲ တစ်ပိုင်းစီ တစ်ပိုင်းစီ ပြတ်ပြတ်ပြီး ကုန်ကုန်သွားတာကို ထင်ရှား တွေ့ရတယ်၊ အဲဒီလို ကုန်ကုန်သွားတိုင်း ပျောက်ပျောက်သွားတိုင်း ပျက်ပျက် သွားတိုင်း အိုဖို့ နာဖို့ သေဖို့ ဆောင်ပို့နေသည်မည်တာပဲ၊ အဲဒါက ဘင်္ဂဉာဏ် ရောက်နေတဲ့ ယောဂီတွေက မိမိတို့ဉာဏ်ဖြင့် မှန်းဆကြည့်ဖို့ပါပဲ။

သာမန်ပုဂ္ဂိုလ်တွေ ဆင်ခြင်ဖို့ကတော့ စက္ကန့်ပိုင်း မိနစ်ပိုင်း နာရီပိုင်း ရက်ပိုင်း လပိုင်း နှစ်ပိုင်းဖြင့် ဆင်ခြင်ကြည့်နိုင်ပါတယ်၊ အကြမ်းဆုံး နှစ်ပိုင်းဖြင့် ဆင်ခြင်ကြည့်ရင် နှစ်တိုင်း နှစ်တိုင်း အိုဖို့ နာဖို့ သေဖို့ နီးကပ်နီးကပ် နေတာပဲ၊

ယခုလူတွေမှာ အသက်လေးဆယ်ကျော် ငါးဆယ်လောက်ဆိုရင် အိုရုပ်တွေ ထင်ရှားလာပြီ၊ ငါးဆယ်ကျော် ခြောက်ဆယ်ဆိုတော့ သာပြီးထင်ရှားလာတာပဲ၊ အဲဒီလို အိုရာက နာဖို့ရာ နီးကပ် နီးကပ်လာတယ်၊ နာနေတဲ့သူမှာတော့ နှစ်တိုင်း လတိုင်း ရက်တိုင်း နာရီတိုင်း မိနစ်တိုင်း စက္ကန့်တိုင်း သေဖို့ရာ နီးကပ် နီးကပ် လာတာပဲ၊ အသက် ၇၀ - ကျော် ၈၀ - ကျော်ဆိုရင် သေကြတာကပဲ များပါတယ်၊

ယခုနေအခါလူတွေဟာ ဒီလမ်းစဉ်အတိုင်း သွားနေကြရတာပဲ၊ ပစ္စည်းဥစ္စာပေါများ ကြွယ်ဝတဲ့ လူတွေလဲ အသက် ၇၀ - ကျော် ၈၀ - ကျော်အတွင်း သေကြရတာပဲ၊ ဘုန်းတံခိုး အာဏာရှိတဲ့လူတွေလဲ ဒီလမ်းစဉ်အတိုင်း သွားပြီး သေကြရတာပဲ၊ ဘယ်လို အစွမ်းကောင်းတဲ့လူ ဘယ်လို ထူးခြားတဲ့လူပဲဖြစ်ဖြစ် အိုနာသေဆိုတဲ့ ဒီလမ်းစဉ် အတိုင်း အသက် ၇၀ - ကျော် ၈၀ - ကျော်အတွင်း အဆုံးသတ် သွားကြရတာပဲ၊ လူမှတစ်ပါး အခြားသတ္တဝါတွေလဲ နည်းတူပါပဲ၊

အဲဒါဟာ မိမိကိုယ်တွင်း ရုပ်နာမ်တွေက အိုနာသေသို့ ဆောင်ပို့နေတာပဲ၊ အဲဒါကို “အိုနာသေသို့ မောင်းနှင်ပို့၊ လူတို့မမြဲပါ တကား”လို့ ဆောင်ပုဒ်စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။

အို-နာ-သေသို့ မောင်းနှင်ပို့၊ လူတို့မမြဲပါတကား။

ဒီဆောင်ပုဒ်အရ ဆင်ခြင်ကြည့်ရင် အနိစ္စသဘောလဲ ထင်ရှားတယ်၊ မရဏာနုဿတိလဲ ဖြစ်ပွားတယ်၊ သတ္တဝါတွေဟာ ဘဝတိုင်း ဘဝတိုင်း အိုရာမှ နာရတယ်၊ နာရာမှ သေရတယ်၊ ဒီလမ်းစဉ်အတိုင်း သွားနေရတာပဲလို့ ဆင်ခြင်ကြည့် လိုက်တော့ သနားစရာပဲ၊ ဆင်းရဲဒုက္ခရောက်ကြရတာပဲလို့ ထင်ရှားသည်၊ ဒါကြောင့် မြတ်စွာဘုရားက သတ္တဝါတွေအပေါ်မှာ အိုခြင်း နာခြင်း သေခြင်းသို့ အမြဲမပြတ် ဆောင်ပို့ခံနေကြရပါတကား၊ မမြဲကြပါတကား”လို့ မြင်တော်မူပြီး၊ သနားကရုဏာ သက်တော်မူတာပဲ၊ မြတ်စွာဘုရား ကရုဏာသက်တော်မူသလိုပင် တရားနာ ပရိသတ်များကလဲ ကရုဏာပွားကြရမယ်၊ လိုက်ဆိုကြ။

အားလုံးသတ္တဝါတွေ အို-နာ-သေသို့ ဆောင်ပို့ခံနေကြရပါတကား၊ မမြဲကြပါတကား။ အဲဒီဆင်းရဲမှ လွတ်မြောက်ကြပါစေ၊ လွတ်မြောက်ကြပါစေ၊ လွတ်မြောက်ကြပါစေ။

ဒီကရုဏာပွားပုံကတော့ အင်မတန် အဆင့်အတန်း မြင့်ပါတယ်၊ မြတ်စွာဘုရားရှင်၏ မဟာကရုဏာ သက်ပုံပါပဲ၊ အများပုဂ္ဂိုလ်တို့အနေဖြင့် ဆင်ခြင်ကြည့်ရင် လူတွေဟာ ဆွေမျိုးတွေ သေဆုံးလို့ ဆင်းရဲနေကြတာလဲရှိတယ်၊ စီးပွားဥစ္စာတွေ ပျက်စီးဆုံးရှုံးလို့ ဆင်းရဲနေကြတာလဲရှိတယ်၊ ရောဂါစွဲကပ် နှိပ်စက်လို့ ဆင်းရဲနေကြတာလဲရှိတယ်၊ ချစ်သူနဲ့ ကွဲကွာလို့ ဆင်းရဲနေကြတာတွေလဲရှိတယ်၊ အဲဒီလို ဆင်းရဲနေကြတဲ့ သူတွေကို အာရုံပြုပြီးတော့လဲ ကရုဏာပွားနိုင်ပါတယ်၊ လိုက်ဆိုကြရမယ်။

ဆင်းရဲအမျိုးမျိုးဖြင့် ဆင်းရဲနေကြတဲ့ သတ္တဝါတွေ အားလုံးဆင်းရဲမှ လွတ်မြောက် ကြပါစေ၊ ဆင်းရဲမှ လွတ်မြောက်ကြပါစေ၊ ဆင်းရဲမှ လွတ်မြောက်ကြပါစေ။

တကယ်အားကိုးစရာ မရှိကြတာလဲ သနားစရာပဲ

အတာဏော လောကော အနဘိဿရောတိပဿန္တာနံ ဗုဒ္ဓါနံ ဘဂဝန္တာနံ သတ္တေသု မဟာကရုဏာ ဩက္ကမတိ။

လောကော - သတ္တဝါအပေါင်းသည်၊
အတာဏော - စောင့်ရှောက်သူ မရှိပါတကား၊
အနဘိဿရော - အားကိုးရာ မရှိပါတကား၊
ဣတိ - ဤသို့၊
ပဿန္တာနံ - မြင်တော်မူကုန်လျက်၊
ဝါ - မြင်တော်မူကုန်သော၊
ဗုဒ္ဓါနံ ဘဂဝန္တာနံ - မြတ်စွာဘုရားတို့အား၊
သတ္တေသု - သတ္တဝါတို့၌၊
မဟာကရုဏာ - သနားကြီးစွာ မဟာကရုဏာတော်သည်၊
ဩက္ကမတိ - သက်ရောက် ဖြစ်ပွားတော်မူပေ၏ - တဲ့။

သတ္တဝါတွေမှာ စောင့်ရှောက်သူ မရှိဘူး၊ အားကိုးစရာ မရှိဘူးတဲ့၊ အဲဒီအဆိုကို ကောရဗျမင်းက နားမလည်လို့ အရှင်ရဋ္ဌပါလကို မေးဖူးပါတယ်၊ “အရှင် ရဋ္ဌပါလ၊ ကျွန်ုပ်တို့မှာ စောင့်ရှောက်တဲ့ စစ်တပ်တွေ ရှိနေပါတယ်၊ အဲဒါတွေဟာ အားကိုးစရာလဲ ဖြစ်ပါတယ်၊ စောင့်ရှောက်သူ မရှိဘူး၊ ကိုးကွယ်ရာမရှိဘူးဆိုတာ ဘာကို ရည်ရွယ်ပြီးဆိုပါသလဲ”တဲ့၊

အဲဒီတော့ အရှင်ရဋ္ဌပါလက မေးတယ်၊ “ကောရဗျမင်း သင့်မှာစွဲကပ်နေတဲ့ ရောဂါမရှိဘူးလား၊ အဲဒီရောဂါက အပြင်းအထန် နှိပ်စက်တဲ့အခါ ဘယ်လို နေပါသလဲ” တဲ့၊ “ကျွန်ုပ်မှာ စွဲကပ်နေတဲ့ ရောဂါရှိပါတယ်၊ အဲဒီရောဂါက အပြင်း အထန် နှိပ်စက်တဲ့အခါ သေလုနီးပါး ခံစားရပါတယ်၊ ဆွေမျိုးတွေက သေတော့မှာပဲ လို့ ထင်ပြီး အနီးအပါးမှာ မျက်ရည်စက်လက်နဲ့ ငိုနေတဲ့ အခါလဲ ရှိပါတယ်” လို့ ကောရဗျမင်းက ဖြေကြားတယ်။

အဲဒီတော့ “ကောရဗျမင်း၊ သင့်မှာ အဲဒီလို ရောဂါ အပြင်းအထန် နှိပ်စက်နေတဲ့အခါ သင့်ဆွေမျိုး မိတ်ဆွေတွေအား အဲဒီရောဂါ ခွဲဝေပေးလို့ ရပါရဲ့လား၊ ငါ့မှာ ဝေဒနာ ခံစားရမှု သက်သာရအောင် နည်းနည်းစီ ခွဲယူကြပါလို့ ပြောရင် ခွဲဝေပြီး ယူနိုင်ကြပါ့ မလား”လို့ ထပ်ပြီး စိစစ်မေးမြန်းတယ်၊ “ခွဲဝေပေးလို့ မဖြစ်ပါဘူး၊ ခွဲဝေပြီးလဲ မယူနိုင်ကြပါဘူး၊ ကျွန်ုပ် တစ်ယောက်တည်း ကြိတ်မှိတ်ခံစားနေရတာ ပါပဲ”လို့ ကောရဗျမင်းက ဖြေကြားတယ်၊

အဲဒီတော့ အရှင်ရဋ္ဌပါလက “အဲ ..... ဟုတ်ပြီ အရှင်မင်းကြီး၊ အဲဒီလို အခါမျိုးမှာ စောင့်ရှောက်သူမရှိတာ, အားကိုးစရာမရှိတာကို ရည်ရွယ်ပြီးတော့ မြတ်စွာဘုရားက သတ္တဝါတွေမှာ စောင့်ရှောက်သူမရှိဘူး၊ ကိုးကွယ်ရာ မရှိဘူးလို့ ဟောတော်မူတာပါ” လို့ ဖြေရှင်းပြတော်မူလိုက်ပါတယ်။

ဘယ်လိုပင် မိဘဆွေမျိုး အစောင့်အရှောက်တွေ ရှိနေပေမယ်လို့ မအိုရအောင်, မနာရအောင်, မသေရအောင်တော့ မစောင့်ရှောက်နိုင်ဘူး၊ ပျိုပျိုနုနုနဲ့ အမြဲတမ်း နေရအောင် ဘယ်သူကမှ မစောင့်ရှောက်နိုင်ဘူး၊ အိုချိန်တန်ရင် အိုရတာပဲ၊ အိုတဲ့အခါလဲ အဲဒီအိုခြင်းသဘောကို ခွဲဝေပေးလို့မရဘူး၊ အကယ်၍သာ ခွဲဝေပေးလို့ ယူလို့ရမယ် ဆိုရင် အိုတဲ့ အစိတ်အပိုင်း ကလေးတွေကို နည်းနည်းစီ ခွဲဝေပေးလိုက်ရင် အိုမင်းမှု မထင်ရှားပဲ ပျိုပျိုနုနုလို ပြန်ဖြစ်သွားတယ်၊ အဲဒီလို ဖြစ်နိုင်ရင် သိပ်နေရာကျမှာပေါ့။

ကျန်းမာရေးအတွက် သင့်လျော်တဲ့ဆေးဖြင့် ကာကွယ်နိုင်တယ်ဆိုပေမယ့်လို့ ရောဂါ လုံးဝ မဖြစ်အောင်တော့ မတတ်နိုင်ဘူး၊ ရောဂါအပြင်းအထန် ဖြစ်လာတဲ့အခါ ကျတော့လဲ ပျောက်ကင်းအောင် မကုသနိုင်တော့ဘူး၊ အဲဒီ ရောဂါခံစားရမှု သက်သာအောင် နည်းနည်းစီ ခွဲဝေပေးလို့လဲ မဖြစ်ဘူး၊ ခွဲဝေပေးလို့ ခွဲဝေယူလို့ ဖြစ်ရင် သိပ်နေရာကျမှာပေါ့။

မသေအောင်လဲ ဘယ်သူကမှမတတ်နိုင်ဘူး၊ အဲဒီ အိုခြင်း, နာခြင်း, သေခြင်းတွေကို ကာကွယ် စောင့်ရှောက်နိုင်တဲ့သူမရှိဘူး၊ သေပြီးတော့ အပါယ်လေးပါး မကျရအောင် စောင့်ရှောက်နိုင်တဲ့ သူမရှိဘူး၊ အဲဒီလိုစောင့်ရှောက်သူ, ကိုးကွယ်ရာ မရှိတာကို မြင်ပြီးတော်မူတော့ မြတ်စွာဘုရားက သတ္တဝါတွေကို သနားတော်မူတာပါပဲ၊

အဲဒီအပိုဒ်အရ “စောင့်ရှောက်သူမဲ့၊ ကိုးရာမဲ့ အားနွဲ့လှချေပါတကား”လို့ ဆောင်ပုဒ် စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။

စောင့်ရှောက်သူမဲ့၊ ကိုးရာမဲ့ အားနွဲ့လှချေပါတကား။

လောကကြီးတစ်ခုလုံးကို ကြည့်လိုက်ရင် မအိုရအောင်, မနာရအောင်, မသေရအောင် အပါယ်ဆင်းရဲမှ လွတ်မြောက်ရအောင်, သံသရာဆင်းရဲမှ လွတ်မြောက်ရအောင် ဘယ်သူမှ မကယ်တင် မစောင့်ရှောက်နိုင်ဘူး၊ ဖန်ဆင်း ဝါဒအရ ဘုရားသခင် ကယ်တင်နိုင်တယ်လို့ ဆိုပေမယ့် အဲဒီဝါဒ ယုံကြည်ကိုးကွယ် နေတဲ့ သူတွေလဲ သူများလိုပင် အိုချိန်တန်ရင် အိုကြရတာပဲ၊ နာချိန်တန်ရင် နာကြရတာပဲ၊ သေချိန်တန်ရင် သေကြရတာပဲ၊ အဲဒါတွေက မကယ်တင်နိုင်ကြောင်း အထင်အရှား သက်သေခံနေပါတယ်၊

သေပြီးတဲ့ နောက်ကာလကျမှ ကယ်တင်တယ်ဆိုတာကလဲ ယုံကြည်ဖွယ်မရှိပါဘူး၊ တကယ်ဟုတ်ရင် မသေခင် ကယ်တင်ပါမှပေါ့၊ ဗုဒ္ဓမြတ်စွာဘုရားတို့က ကယ်တင် တယ်ဆိုတာကလဲ ဆင်းရဲမှလွတ်မြောက်ကြောင်း အကျင့်နည်းလမ်းကို ဟောပြ ပေးခြင်းမျှဖြင့် ကယ်တင်တာပါပဲ၊ မိမိ၏ တန်ခိုးဖြင့် အမိန့်ဖြင့် ဆင်းရဲမှလွတ်စေလို့ အမိန့်ပေးပြီး ကယ်နိုင်တာ မဟုတ်ပါဘူး၊

ဥပမာအားဖြင့် လူမမာကို ဆေးဆရာများက ဆေးပေးခြင်း, ဆေးနည်း သုံးဆောင် နေထိုင်နည်းများကို ညွှန်ကြားပေးခြင်းဖြင့် ကုသကြသလိုပါပဲ၊ ဆေးဆရာက ညွှန်ကြားတဲ့အတိုင်း လိုက်နာတဲ့သူမှာ ကျန်းမာ သွားသလိုပင် ဗုဒ္ဓမြတ်စွာဘုရား ညွှန်ကြားတဲ့အတိုင်း လိုက်နာပြီးကျင့်တဲ့ သူဟာ အပါယ်ဆင်းရဲ, သံသရာဆင်းရဲမှ လွတ်မြောက်တာပဲ၊ အဲဒီ အနက် အဓိပ္ပာယ်ကို မြတ်စွာဘုရားက ဒီလိုဟောတော် မူပါတယ်။

ဗုဒ္ဓဘုရားရှင်ကလဲ ဟောရုံသာစွမ်းနိုင်တယ်

တုမှေဟိ ကိစ္စမာတပ္ပံ၊
အက္ခာတာရော တထာဂတာ။
ပဋိပန္နာ ပမောက္ခန္တိ၊
ဈာယိနော မာရဗန္ဓနာ။

တုမှေဟိ - ငါဘုရား၏ တပည့်ဖြစ်သော သင်တို့သည်၊
အာ တပ္ပံ - သမ္မပ္ပဓာန် လုံ့လဖြင့် ပြုသင့်သော သီလ, သမာဓိ, ပညာအကျင့်ကို၊
ကိစ္စံ - ပြုလုပ်အပ်၏၊ ပြုလုပ်ရမည်၊
တထာဂတာ - ငါဘုရားတို့သည်၊
အက္ခာတာရော - အကျင့်မှန်နည်းမှန်ကို ဟောရုံသာ ဟောနိုင်ကြပေသည်၊
ဈာယိနော - သမထနှင့် ဝိပဿနာ နှစ်ဖြာသောရှုခြင်းဖြင့် ရှုကုန်လျက်၊
ပဋိပန္နာ - ငါဟောသည့်အတိုင်း ကျင့်သောပုဂ္ဂိုလ်တို့သည်၊
မာရဗန္ဓနာ - ကိလေသမာရ်၏ အနှောင်အဖွဲ့မှ၊
မောက္ခန္တိ - လွတ်မြောက်ကြပေကုန်လတ္တံ့ - တဲ့။

ဘုရားဟောတဲ့ အကျင့်နည်းမှန်ကို ကြားနာပြီး ကျင့်သူတွေဟာ ကိလေသမာရ်၏ အချုပ်အနှောင်လို့ ဆိုရတဲ့ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ကြမယ်တဲ့၊ အဲဒီ ဒေသနာအရ မကျင့်ရင်တော့ မလွယ်ဘူး၊ ကျင့်နည်းမှန်ကို မကြားရရင်လဲ ဘုရားရှင်များ ပွင့်ထွန်းတဲ့အခါမှ ကြားရတယ်၊

ဘုရားမပွင့်တဲ့ သာသနာပမှာဆိုရင် ကျင့်နည်းမရှိတာနဲ့ မကျင့်နိုင်လို့ဆင်းရဲမှ မလွတ်နိုင်ကြဘူး၊ အဲဒီတော့ ကျင့်နည်းမှန်ကို မကြားရလို့ မကျင့်နိုင်တဲ့ သတ္တဝါ တွေမှာ ဘယ်သူကိုမှ အားမကိုးရဘူး၊ သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်အောင် စောင့်ရှောက်သူ မရှိဘူး၊

အဲဒီလို စောင့်ရှောက်သူ မရှိတဲ့အတွက် သံသရာထဲမှာ တဝဲလယ်လယ်နဲ့ ဒုက္ခရောက်နေကြတယ် ဆိုတာကို မြင်တော်မူပြီးတော့ မြတ်စွာဘုရားရှင်က သတ္တဝါ တွေကို သနားတော်မူပါတယ်တဲ့၊ အဲဒီမြတ်စွာဘုရားက သနားတော်မူသလိုပင် အို, နာ, သေခြင်းစသည် ကင်းအောင် စောင့်ရှောက်သူမရှိတဲ့ သတ္တဝါတွေကို အာရုံပြုပြီး ကရုဏာ ပွားကြရမယ်၊ လိုက်ဆိုကြ။

မအိုမနာမသေရအောင် စောင့်ရှောက်သူမရှိ၍ ကိုးကွယ်ရာမဲ့ ဖြစ်နေသောကြောင့် သံသရာထဲ၌ ဆင်းရဲနေကြသော သတ္တဝါတွေအားလုံး ဆင်းရဲမှ လွတ်မြောက်ကြ ပါစေ၊ ဆင်းရဲမှ လွတ်မြောက်ကြပါစေ၊ ဆင်းရဲမှ လွတ်မြောက်ကြပါစေ။

အားလုံးကို စွန့်သွား ကြရတာလဲ သနားစရာပဲ

အဿကော လောကော သဗ္ဗံ ပဟာယ ဂမနီယန္တိ ပဿန္တာနံ ဗုဒ္ဓါနံ ဘဂဝန္တာနံ သတ္တေသု မဟာကရုဏာ ဩက္ကမတိ။

လောကော - သတ္တဝါအပေါင်းသည်၊
အဿကော - ကိုယ်ပိုင်ဥစ္စာ မရှိပါတကား၊
သဗ္ဗံ - အလုံးစုံကို၊
ပဟာယ - စွန့်လွှတ်၍၊
ဂမနီယံ - သွားရမှာချည်းပါတကား၊
ဣတိ - ဤသို့၊
ပဿန္တာနံ - မြင်တော်မူကုန်လျက်၊
ဝါ - မြင်တော်မူကုန်သော၊
ဗုဒ္ဓါနံဘဂဝန္တာနံ - မြတ်စွာဘုရားတို့အား၊
သတ္တေသု - သတ္တဝါတို့၌၊
မဟာကရုဏာ - သနားခြင်းကြီးစွာ မဟာကရုဏာတော်သည်၊
ဩက္ကမတိ - သက်ရောက်ဖြစ်ပွားတော်မူပေ၏။

သတ္တဝါတွေမှာ ကိုယ်ပိုင်ဥစ္စာရယ်လို့ မရှိဘူးတဲ့၊ လောက အလိုအားဖြင့်တော့ ကိုယ်ပိုင် ပစ္စည်းဆိုတာ အနည်းနှင့် အများသာ ကွာခြားတယ်၊ ရှိတန် သလောက်တော့ ရှိနေကြ တာပါပဲ၊ ဘေးရန်အန္တရာယ်မရှိလို့ မပျက်စီး မဆုံးရှုံးသေးရင်တော့ ရှိနေကြပါတယ်၊ ဒါပေမယ့် -

(သမ္ပတ္တိဝိပတ္တိပရိယောသာနာ)
သမ္ပတ္တိ - ပြည့်စုံခြင်း ဟူသမျှသည်၊
ဝိပတ္တိပရိယောသာနာ - ပျက်စီးခြင်းလျှင် အဆုံးရှိပါတယ်တဲ့၊

လောကမှာ ပြည့်စုံနေတာ ကြီးပွားချမ်းသာနေတာတွေ ဟူသမျှကား နောက်ဆုံး တစ်ချိန်ကျတော့ ပျက်စီးသွားတာချည်းပဲ။ ပျက်စီးခြင်းမှာ အဆုံးသတ်သွားတာချည်း ပဲတဲ့၊ ပျက်စီးခြင်းလျှင် အဆုံးရှိတယ်ဆိုတာ တကယ် ဟုတ်တာပဲ၊ အနာကင်းရှင်း ကျန်းမာခြင်းဟာ နာခြင်းမှာအဆုံးသတ်သွားတာပဲ၊ ပျိုမျစ်နုနယ် အရွယ်ကောင်းခြင်း ဟာလဲ အိုမင်းခြင်းမှာ အဆုံးသတ်သွားတာပဲ၊

စောစောက ဘယ်လိုပင် ပြည့်စုံနေပေမယ်လို့ နောက်ဆုံးသေတဲ့အခါမှာ ဘာမှ ယူမသွားနိုင်ဘူး၊ အခြွေအရံများခြင်းဟာလဲ အခြွေအရံမဲ့ခြင်းမှာ အဆုံးသတ်သွား တာပဲ၊ အသက်ရှင်နေခြင်းဟာလဲ သေခြင်းမှာ အဆုံးသတ်သွားတာပဲ၊ လောက ဘက်က ကောင်းတာဟူသမျှဟာ နောက်ဆုံးကျတော့ အကုန်လုံး ကင်းမဲ့သွားတော့ တာပဲ၊ အဲဒါကို သိရီဓမ္မာသောကမင်းကြီး၏ အတ္ထုပ္ပတ္တိဖြင့် ထင်ရှား သိနိုင်ပါတယ်။

သိရီဓမ္မာသောကမင်းကြီး ဝတ္ထု

▬▬▬▬▬▬▬▬

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက် နှစ်ပေါင်း ၂၁၈ - နှစ်လောက်မှာ အိန္ဒိယနိုင်ငံ၌ အသောကမင်းကြီးဆိုတာ ပေါ်ထွန်းခဲ့ပါတယ်၊ ဇဗ္ဗုဒီပါ တစ်ကျွန်းလုံးကို အစိုးရတယ် လို့ ဆိုပါတယ်၊ ဟိုတုန်းက ဇဗ္ဗုဒီပါကျွန်းဆိုတာ အဲဒီအသောကမင်းကြီး ရေးထားခဲ့တဲ့ ကျောက်စာများအရအားဖြင့် ယခု အိန္ဒိယလို့ ခေါ်နေတဲ့ နယ်ပယ် တစ်ဝိုက်ပါပဲ၊

ဘာကြောင့် ဒီလို သိရသလဲဆိုတော့ သူ့ကျောက်စာထဲမှာ ယခု အိန္ဒိယနယ်ပယ်၏ အစွန်ဖြစ်တဲ့အရပ်များကို သူ့ပိုင်နက်၏ နယ်စပ်နိုင်ငံများအဖြစ်ဖြင့် ပြဆိုထားသော ကြောင့်ပါပဲ၊ ယခုခေတ်အမြင်နဲ့ ဆိုရင်တော့ သိပ်မကျယ်သလို ဖြစ်နေပါတယ်၊ ဒါပေမယ့် ဟိုရှေးခေတ်တုန်းကတော့ အလွန်ကျယ်တဲ့ နိုင်ငံအဖြစ်ဖြင့် ထင်ရှား ခဲ့ပါတယ်၊ အလွန်လဲ ဘုန်းတန်ခိုးကြီးပါတယ်၊

အဋ္ဌကထာများ အဆိုအရအားဖြင့် အထက်ကောင်းကင်မှာတောင် တစ်ယူဇနာအထိ အစိုးရတယ်လို့ ဆိုပါတယ်၊ အဲဒီလို အလွန် ဘုန်းတန်ခိုးကြီးတဲ့ မင်းဖြစ်သောကြောင့် ပစ္စည်းဥစ္စာတွေကလဲ အလွန်ပင် ပေါများပြည့်စုံခဲ့ပါတယ်၊ ဒါပေမယ့် နောက်ဆုံး နတ်ရွာစံခါနီး အချိန်ကျတော့ ဆီးဖြူသီး တစ်ခြမ်းမျှကိုသာ ပိုင်ဆိုင် အစိုးရတော့ တယ်လို့ ဝိသုဒ္ဓိမဂ်မှာ ပြဆိုထားပါတယ်၊ ပြဆိုပုံကတော့ -

သကလံ မေဒိနိံ ဘုတွာ၊
ဒတွာ ကောဋိသတံ သုခီ။
အဍ္ဎုာမလကမတ္တဿ၊
အန္တေ ဣဿရတံ ဂတော။ တဲ့

သုခီ - လွန်ကဲသော စည်းစိမ်ချမ်းသာနှင့် ပြည့်စုံသော၊
အသောကော - အသောကမည်သော မင်းသည်၊
သကလံမေဒိနိံ - ဇမ္ဗူဒိပ်ကျွန်းတွင် မြေတပြင်လုံးကို၊
ဘုတွာ - စိုးအုပ်သုံးဆောင်ပြီး၍၊
ကောဋိသတံ ဒတွာ - ကုဋေတစ်ရာ များစွာသော ဥစ္စာကိုလည်း လှူပြီး၍၊
အန္တေ - အဆုံးစွန်ကျ နောက်ကာလ၌၊
အဍ္ဎာမလက မတ္တဿ - ဆီးဖြူသီး တစ်ခြမ်းမျှကို၊
ဣဿရတံ - အစိုးရသော ပိုင်ရှင်အဖြစ်သို့၊
ဂတော - ရောက်သွားရရှာလေတော့သည်တဲ့။

အသောကမင်းကြီးဟာ စောစောပိုင်းကတော့ အလွန်တန်ခိုးကြီးတဲ့ မင်းဖြစ်တယ်၊ ဇမ္ဗူဒိပ် တစ်ကျွန်းလုံးကို အစိုးရတယ်လို့လဲ ချီးကျူးရတယ်၊ ပစ္စည်း ဥစ္စာတွေကိုလဲ အလွန်ပင်ပေါများပြည့်စုံခဲ့တယ်၊ တစ်နေ့တည်းဖြင့် ၉၆ - ကုဋေတောင် လှူခဲ့တယ်၊ အားလုံးတော့ ကုဋေတစ်ရာတောင် လှူခဲ့တယ်လို့ဆိုပါတယ်၊

ဒါပေမယ့် နောက်ဆုံး နတ်ရွာစံခါနီးကျတော့ ကျန်းမာရေးကလဲ ချို့နေတယ်၊ မှူးကြီး အမတ်ကြီးတွေကလဲ ရိုသေမှု ပေါ့သွားဟန်တူပါတယ်၊ ဒိဗျာဝဒါနကျမ်းမှာ အဲဒီ အကြောင်းအရာများကို ပြထားတာရှိပါတယ်၊ ဝိသုဒ္ဓိမဂ်မြန်မာပြန်မှာ တော်တော် ပြည့်ပြည့်စုံစုံ ပြထားပြီးရှိပါတယ်၊ ဒီမှာတော့ အကျဉ်းလောက် ပြောပြရမှာပဲ။

အသောကမင်းကြီး မကျန်းမမာဖြစ်နေတဲ့ အချိန်မှာ စားသုံးဖွယ်များကို မူလဆက်သ နေကျအတိုင်း ရွှေခွက်ဖြင့် ဆက်သကြတယ်၊ စားသုံးပြီးတဲ့အခါ မင်းကြီးက အဲဒီ ရွှေခွက်များကို ကုက္ကုဋာရာမကျောင်းသို့ ပို့လှူစေတယ်၊ အဲဒီကနောက် ငွေခွက်ဖြင့် ဆက်သကြတယ်၊ အဲဒီငွေခွက်များကိုလဲ ကုက္ကုဋာရာမကျောင်းသို့ ပို့လှူစေတယ်၊ အဲဒီလို လှူတာကလဲ သူ့ရည်ရွယ်ချက်အတိုင်း ကုဋေတစ်ရာပြည့်ရန် ၄ - ကုဋေ လိုနေတဲ့အတွက် ပြည့်အောင် လှူတယ်လို့လဲဆိုပါတယ်၊

အဲဒီက နောက်တော့ မှူးမတ်များက စားသုံးဖွယ်များကို မြေခွက်ဖြင့်သာ ဆက်သ ကြစေတယ်လို့ ဆိုပါတယ်၊ အဲဒီအခါမှာ အသောကမင်းကြီး၏ လက်ထဲသို့ ဆီဖြူသီး တခြမ်းမျှသာ ရောက်လာတဲ့အတွက် မင်းကြီးမှာ ထိတ်လန့် တုန်လှုပ်ပြီးတော့ မှူးမတ်တွေ နန်းတွင်းသားတွေကို စည်းဝေးစေတယ်၊ စည်းဝေးမိတဲ့အခါမှာ အသောကမင်းကြီးက “ဒီနိုင်ငံမြေကို ဘယ်သူအစိုးသလဲ”လို့ မေးတယ်၊

“အရှင်မင်းကြီး အစိုးရပါတယ်”လို့ အမတ်ကြီးက လျှောက်တယ်။ အဲဒီတော့ အသောကမင်းကြီးက “သင်အမတ်ကြီးပြောတဲ့အတိုင်း မဟုတ်တော့ဘူး၊ ယခုအခါ မှာတော့ ငါ့မှာ ဒီဆီးဖြူသီး တစ်ခြမ်းမျှသာ စိုးပိုင်တော့တယ်”လို့ ပြောပြီးတော့ “ပြည့်စုံခြင်း ဟူသမျှဟာ ပျက်စီးခြင်းအဆုံးရှိတယ်”လို့ ဟောတော်မူတဲ့ မြတ်စွာဘုရား စကားတော် မှန်ကန်ကြောင်းလဲ မြွက်ဆိုသွားပါသတဲ့၊ အကျယ် သိချင်ရင်တော့ ဝိသုဒ္ဓိမဂ် မြန်မာပြန် ဒုတိယတွဲ (၂၁၇ - စသည်) မှာ ကြည့်ရှုနိုင် ပါတယ်။

ဒါကြောင့် “သတ္တဝါတွေမှာ ကိုယ်ပိုင်ဥစ္စာမရှိဘူး၊ သေတဲ့အခါ အားလုံးကို စွန့်လွှတ်သွားကြရမယ်”ဆိုတာဟာ သိပ်မှန်တာပဲ၊ ငါ့ဟာ ငါ့ဟာနဲ့ အစွဲအလမ်းကြီး နေကြပေမယ့် သေတဲ့အခါကျတော့ အကုန်လုံးကို စွန့်လွှတ်သွား ကြရတာချည်းပဲ၊ ကိုယ်မှာ ဝတ်ဆင်ထားတဲ့ အဝတ်စသော ပစ္စည်းတွေလဲ စွန့်လွှတ်သွားကြရတာပဲ၊

မိမိတို့၏ ရုပ်ကိုယ်ကြီးကိုလဲ စွန့်လွှတ်သွားကြရတာပဲ၊ အဲဒီလိုဘဝတိုင်း စွန့်လွှတ် သွားကြရတာတွေကို မြင်တော်မူလို့ မြတ်စွာဘုရားရှင်က သတ္တဝါတွေကို သနားတော်မူပါတယ်တဲ့၊ မြတ်စွာဘုရား သနားတော်မူသလို ကိုယ်ပိုင်ဥစ္စာမရှိတဲ့ သတ္တဝါတွေကို အာရုံပြုပြီး ကရုဏာပွားကြရမယ် လိုက်ဆိုကြ။

ကိုယ်ပိုင်ဥစ္စာ မဟုတ်တာတွေကို ကိုယ်ပိုင်ဥစ္စာ အနေဖြင့် ရှာမှီးသိမ်းပိုက်ပြီး ကိုယ်ရောစိတ်ပါ ဆင်းရဲနေရှာကြတဲ့ သတ္တဝါတွေ သနားစရာ ကောင်းတယ်၊ ဒါကြောင့် သတ္တဝါတွေ အားလုံး အဲဒီလို ဆင်းရဲမှ လွတ်မြောက်ကြပါစေ၊ အဲဒီလို ဆင်းရဲမှ လွတ်မြောက်ကြပါစေ။

အဲဒီ ကိုယ်ပိုင်ဥစ္စာ မရှိပုံနဲ့စပ်ပြီး ဆောင်ပုဒ်ကိုတော့ “ကိုယ်ပိုင်ဥစ္စာ၊ မရှိပါ၊ စွန့်ကာ သွားရမည်တကား”လို့ စီထားတယ်၊ အဲဒါကိုလဲ ဆိုကြရမယ်။

ကိုယ်ပိုင်ဥစ္စာ၊ မရှိပါ၊ စွန့်ကာသွားရမည်တကား။

တဏှာ၏ ကျွန်ခံနေ ကြရတာလဲ သနားစရာပဲ

▬▬▬▬▬▬▬▬▬

ဦနော လောကော အတိတ္တော တဏှာဒါသောတိ ပဿန္တာနံ ဗုဒ္ဓါနံ ဘဂဝန္တာနံ သတ္တေသု မဟာကရုဏာ ဩက္ကမတိ။

လောကော - သတ္တဝါ အပေါင်းသည်၊
ဦနော - မပြည့်မဝ အစစအရာရာလိုလျက်သာ ရှိနေပါတကား၊
အတိတ္တော - ရောင့်ရဲ ကင်းပ အားမရနိုင်ဘဲသာ ရှိနေပါတကား၊
တဏှာ ဒါသော - တဏှာ၏ကျွန် ဖြစ်နေပါတကား၊
ဣတိ - ဤသို့၊
ပဿန္တာနံ - မြင်တော်မူကုန်လျက်၊
ဝါ - မြင်တော်မူကုန်သော၊
ဗုဒ္ဓါနံ ဘဂဝန္တာနံ - မြတ်စွာဘုရားတို့အား၊
သတ္တေသု - သတ္တဝါတို့၌၊
မဟာကရုဏာ - သနားခြင်းကြီးစွာ မဟာကရုဏာတော်သည်၊
ဩက္ကမတိ - သက်ရောက်ဖြစ်ပွားတော်မူပေ၏။

သတ္တဝါတွေမှာ အစစအရာရာ ပြည့်ဝတယ်လို့မရှိဘူး၊ တော်ပြီလို့ အားရရောင့်ရဲခြင်း လဲ မရှိဘူးတဲ့၊ ဒါလဲသိပ်မှန်တာပဲ၊ ဘာမျှမရှိသေးတဲ့သူက နည်းနည်းလောက် စားနိုင် သုံးနိုင်ရုံလောက်ရရင် တော်ပါပြီလို့ ကြံစည်ထားပေမယ့် ရည်မှန်းတဲ့အတိုင်း ရလာတဲ့ အခါကျတော့ အဲဒါလောက်နဲ့ အားမရ မရောင့်ရဲနိုင်ရှိနေတတ်တယ်၊

တစ်ကျပ်လောက် ရတဲ့သူက နှစ်ကျပ်, သုံးကျပ်လိုချင်တယ်၊ သုံးလေးကျပ်ရတဲ့သူက ငါးကျပ်, တစ်ဆယ်ရချင်တယ်၊ တစ်ဆယ်လောက်ရတဲ့သူက တစ်ရာ, တစ်ထောင် စသည် ရချင်တယ်၊ တစ်ရာ တစ်ထောင် စသည် ရပြန်ရင်လဲ တစ်သောင်း တစ်သိန်းစသည် ရချင်ပြန်တာပဲ၊ ဘယ်လောက်ရလို့မှ အလိုမပြည့်ဘူး အားမရ မရောင့်ရဲဘူး၊

ဒါကြောင့် ယခုကာလမှာ သိန်းသန်းကုဋေနဲ့ချီပြီး ကြွယ်ဝနေကြတဲ့ သေဋ္ဌေးကြီး တွေကလဲ များသည်ထက်များအောင် ကြောင့်ကြ စိုက်ထုတ် ပြုလုပ် နေကြရတာပဲ၊ အဲဒီလို အလိုမပြည့်ဝ အားမရနိုင်လို့ ရှာကြံနေကြရင်း သေကုန်ကြရတာပဲ၊ သေသည်အထိလဲ အလိုမပြည့်ဝ အားမရနိုင်ကြဘူး။

ဥပမာအားဖြင့် ပင်လယ်ထဲမှာ မိုးရေတွေ မြစ်ရေတွေ ဘယ်လောက်ပဲ ကျဝင်လာ စေကာမူ ပင်လယ်ကတော့ ပြည့်လျှံသွားတယ်လို့ မရှိဘူး၊ တစ်နည်းဥပမာအားဖြင့် မီးပုံထဲမှာ ဘာလောင်စာတွေ ဘယ်လောက်ထည့်ထည့် ပြည့်ဝတယ်လို့ မရှိဘူး လောင်စာထည့်တိုင်း ထည့်တိုင်း တိုးတိုးပြီး လောင်နေတာပဲ၊

အဲဒီဥပမာများလိုပင် သတ္တဝါတွေမှာ ဘယ်တော့မှ အလိုပြည့်ဝ အားရတယ်လို့မရှိဘူး၊ အဲဒီလို အားမရ မရောင့်ရဲတာလဲ တဏှာ၏ အစွမ်းကြောင့်ပါပဲ၊ တဏှာက စေခိုင်းတဲ့ အတိုင်း ရှာကြံလုပ်ကိုင်နေကြရတယ်၊ အဲဒီတော့တဏှာ၏ ကျွန်ဖြစ်နေတာပေါ့၊

အဲဒီလို တဏှာ၏ ကျွန်ဖြစ်ပြီး အလိုမပြည့်ဝ အားမရနိုင်ဘဲ ရှာကြံနေကြတဲ့ သတ္တဝါတွေကို မြင်တော်မူလို့ မြတ်စွာဘုရားက သနားတော်မူပါတယ်၊ ဥပမာ အားဖြင့် သနားညှာတာခြင်း မရှိဘဲ ရက်ရက်စက်စက် စေခိုင်းတတ်တဲ့ လူဆိုးကြီး ခိုင်းသမျှကို ကြောက်တာနဲ့ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်နေကြရတဲ့ လူကလေးတွေကို မြင်ရင် သနားတတ်တဲ့သူမှာ သနား သလိုပါပဲ၊

အဲဒါကို “လိုမပြည့်ဝ၊ အားမရ၊ တဏှာ့ကျွန်ချည်း ပါတကား” လို့ ဆောင်ပုဒ် စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။

လိုမပြည့်ဝ၊ အားမရ၊ တဏှာ့ကျွန်ချည်းပါတကား။

တဏှာမကင်းသေးတဲ့ သတ္တဝါတွေဟာ တဏှာက စေခိုင်းညွှန်ကြားသမျှကို လုပ်နေကြရတယ်၊ ပုထုဇဉ်တွေဆိုရင် တဏှာက အသတ်ခိုင်းရင် သတ်ရတယ်၊ သတ်ပြီး လုပ်ကိုင်မှ စီးပွားဖြစ်မယ် ကြီးပွားချမ်းသာမယ်လို့ထင်ပြီး သတ်တာတွေဟာ တဏှာကခိုင်းလို့ သတ်တာတွေပဲ၊

အဇာတသတ်မင်းက ခမည်းတော် ဗိမ္ဗိသာရ မင်းကြီးကို သတ်တာဟာ မင်းစည်းစိမ်ကို ရလိုတဲ့ တဏှာစေခိုင်းချက်အရ သတ်တာပဲ၊ အဲဒီလို တဏှာမကင်းသေးတဲ့ ပုထုဇဉ်တွေဟာ ပဉ္စာနန္တရိယ ကံကြီးတွေအထိ ပြုလုပ်ပြီး အပါယ်ဆင်းရဲစသည်တွေနဲ့ အတိဒုက္ခ ရောက်နေကြရတယ်၊

သောတာပန်မှာတော့ အပါယ်ကျရောက်စေနိုင်တဲ့ တဏှာကင်းသွားပြီ၊ ဒါကြောင့် အပါယ်ကျစေနိုင်တဲ့ သတ်ခြင်း ခိုးခြင်းစသော အကုသိုလ်ဒုစရိုက်တွေကိုတော့ မပြုဘူး၊ ဒါပေမယ့် ကာမတဏှာက မကင်းသေးတဲ့အတွက် ကာမဂုဏ်အာရုံတွေ ခံစားရေးအတွက် တဏှာခိုင်းသမျှ ရှာကြံအားထုတ်ပြီး ဆင်းရဲဒုက္ခ ရောက်နေရသေး တာပါပဲ၊

သကဒါဂါမ်မှာလဲ ကာမတဏှာ အနုစားတွေ ခိုင်းသမျှ လုပ်နေရသေးတာပါပဲ၊ အနာဂါမ်မှာ ကာမတဏှာ ကင်းပေမယ့် ရူပတဏှာ စေခိုင်းတာကို လုပ်နေ ရသေးတာပါပဲ၊ ဒါပေမယ့် အဲဒီ တဏှာကြောင့် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတော့ မရှိပါဘူး၊ သင်္ခါရ ဆင်းရဲ လောက်သာရှိပါတော့တယ်၊

ရဟန္တာမှာတော့ တဏှာဟူသမျှ အကုန်ကင်းသွားပြီ ဖြစ်တဲ့အတွက် တဏှာ၏ ကျွန်အနေဖြင့် ခံစားရတဲ့ ဆင်းရဲတွေကို မြင်တော်မူပြီး သနားတော်မူတာဟာ တဏှာ မကင်းသေးတဲ့ ပုထုဇဉ်သေက္ခပုဂ္ဂိုလ်တွေကို အကြောင်းပြုပြီး သနားတော်မူတာပါပဲ၊

အဲဒီ အထဲမှာလဲ ပုထုဇဉ်ကတော့ သနားစရာ အကောင်းဆုံးပါပဲ၊ ယခုမြတ်စွာဘုရား သနားတော်မူပုံကို နည်းမှီပြီး ကရုဏာပွားကြရမယ်၊ လိုက်ဆိုကြ။

တဏှာ၏ကျေးကျွန်ဖြစ်လျက် အလိုမပြည့်ဝ အားမရနိုင်သဖြင့် ဆင်းရဲနေကြသော သတ္တဝါတွေ အားလုံး တဏှာ၏ကျွန်အဖြစ်မှ လွတ်ကြ၍၊ ဆင်းရဲမှလွတ်မြောက် ကြပါစေ၊ ဆင်းရဲမှ လွတ်မြောက်ကြပါစေ။

မြန်မာပြည်တွင်းက သတ္တဝါတွေရော၊ တစ်ကမ္ဘာလုံးက သတ္တဝါတွေရော၊ ဒီစကြဝဠာ အတွင်းက သတ္တဝါတွေရော၊ အနန္တစကြဝဠာတွေက သတ္တဝါတွေရော ယခုပြောခဲ့တဲ့ ဆင်းရဲအမျိုးမျိုးနဲ့ တွေ့ကြုံခံစားနေကြရတယ်၊ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲကို ခံစား နေကြရတာလဲရှိတယ်၊ ရှာကြံအားထုတ်ရလို့ ပင်ပန်း ဆင်းရဲနေကြရတာလဲရှိတယ်၊

အကုသိုလ်ကံကြောင့် အပါယ်ကျရောက်ပြီး ခံစားရမည့် ဆင်းရဲလဲရှိတယ်၊ အိုခြင်း, နာခြင်း, သေခြင်းစသော သံသရာဝဋ်ဆင်းရဲလဲရှိတယ်၊ အဲဒီ အမျိုးမျိုးသော ဆင်းရဲတွေမှ လွတ်မြောက်ကြပါစေဆိုတဲ့ ရည်ရွယ်ချက်ဖြင့် ကရုဏာပွားကြရမယ်၊ နှလုံးသွင်းတိုင်း ရွတ်ဆို တိုင်းလဲ နောက်ကလိုက်ပြီး ရှုမှတ်ကြရမယ်၊ လိုက်ဆိုကြ။

မြန်မာပြည်သူပြည်သားတွေ ဆင်းရဲမှ လွတ်မြောက်ကြပါစေ...။
တစ်ကမ္ဘာလုံးကသတ္တဝါတွေ ဆင်းရဲမှ လွတ်မြောက်ကြပါစေ။
ဤစကြဝဠာတို့မှ သတ္တဝါတွေ ဆင်းရဲမှ လွတ်မြောက်ကြပါစေ။
အနန္တစကြဝဠာအတွင်းက သတ္တဝါတွေ ဆင်းရဲမှ လွတ်မြောက်ကြပါစေ။

ဒုက္ခပတ္တာ စ နိဒ္ဒုက္ခာ၊
ဘယပ္ပတ္တာ စ နိဗ္ဘယာ။
သောကပ္ပတ္တာ စ နိဿောကာ၊
ဟောန္တု သဗ္ဗေပိ ပါဏိနော။

ဒါက ပရိတ်ကြီးထဲက ကရုဏာပွားပုံ အာသီသဂါထာပဲ၊ နှုတ်တက်ရနေကြတာပဲ များပါလိမ့်မယ်၊ အနက်ကတော့ -

ဒုက္ခပ္ပတ္တာ - ဆင်းရဲရောက်နေကုန်သော၊
သဗ္ဗေပိ - အလုံးစုံလည်းဖြစ်ကုန်သော၊
ပါဏိနောစ - သတ္တဝါတို့သည်လည်း၊
နိဒ္ဒုက္ခာ - ဆင်းရဲကင်းကြသည်၊
ဟောန္တု - ဖြစ်ကြပါစေကုန်သတည်း၊
ဘယပ္ပတ္တာ - ဘေးသင့်နေကုန်သော၊
သဗ္ဗေပိ - အလုံးစုံလည်း ဖြစ်ကုန်သော၊
ပါဏိနော စ - သတ္တဝါတို့သည်လည်း၊
နိဗ္ဘယာ - ဘေးကင်းကြသည်၊
ဟောန္တု - ဖြစ်ကြပါစေကုန်သတည်း၊
သောကပတ္တာ - စိုးရိမ်ပူပန်နေကြကုန်သော၊
သဗ္ဗေပိ - အလုံးစုံလည်း ဖြစ်ကုန်သော၊
ပါဏိနော စ - သတ္တဝါတို့သည်လည်း၊
နိဿောကာ - စိုးရိမ်ကင်းပ အေးချမ်းကြကုန်သည်၊
ဟောန္တု - ဖြစ်ကြပါစေကုန်သတည်းတဲ့။

ဒီ ဂါထာပါဠိအနက် အရအားဖြင့် ကရုဏာပွားပုံ ပေါ်လွင်နေပါတယ်၊ ဆင်းရဲ ဒုက္ခရောက်နေကြတဲ့ ပုဂ္ဂိုလ်တွေ ဆင်းရဲဒုက္ခမှ လွတ်မြောက်ကြပါစေ၊ ဘေးသင့် နေကြတဲ့ ပုဂ္ဂိုလ်တွေ, ဘေးဘယမှ လွတ်မြောက်ကြပါစေ၊ စိုးရိမ်ပူပန်နေကြတဲ့ ပုဂ္ဂိုလ်တွေ စိုးရိမ်ပူပန်ခြင်းမှ လွတ်မြောက်ကြပါစေလို့ နှလုံးသွင်းပြီး ကရုဏာ ပွားနိုင်ပါတယ်၊ အဲဒီအဆိုဖြင့် ကရုဏာ ပွားကြ၏ ရမယ်။

ဆင်းရဲဒုက္ခရောက်နေကြတဲ့ ပုဂ္ဂိုလ်တွေ ဆင်းရဲဒုက္ခမှ လွတ်မြောက်ကြပါစေ။

ဘေးသင့်နေကြတဲ့ ပုဂ္ဂိုလ်တွေ ဘေးဘယမှ လွတ်မြောက်ကြပါစေ။

စိုးရိမ်ပူပန်နေကြတဲ့ ပုဂ္ဂိုလ်တွေ စိုးရိမ် ပူပန်ခြင်းမှ လွတ်မြောက်ကြပါစေ။

မဟာကရုဏာ သမာပတ္တိဉာဏ်ဖြစ်ပုံနှင့် စပ်ပြီးတော့ သိမြင်သဘောကျပြီး ကရုဏာ ပွားပုံ တချို့တော့ပြောချင်ပါသေးတယ်၊ အဲဒါနောက်ရက်ကျမှ ဆက်ပြောရမှာပါပဲ၊ ဒီကနေ့တော့ ဒီတွင်ပဲ ရပ်ပြီး တရားသိမ်းတော့မယ်။

ဤကရုဏာ ဘာဝနာတရားတော်ကို ရိုသေစွာ နာယူမှတ်သားကြရသော ဓမ္မသဝန ကုသိုလ်ကံ စေတနာတို့၏ အစွမ်း အာနုဘော်ကြောင့် ယခုတရားနာ ပရိသတ် အပေါင်း သူတော်ကောင်းတို့သည် ကရုဏာဘာဝနာကိုလဲ စွမ်းနိုင်သမျှ ပွားများ အားထုတ်ကြသည့်အပြင် ဖြစ်ဆဲရုပ်နာမ်ကို ရှုမှတ်မှု ဝိပဿနာတရားကိုလဲ တိုးတက်ပွားများ အားထုတ်နိုင်ကြ၍ မိမိတို့ အလိုရှိအပ်သော မဂ်ဉာဏ်ဖြင့် ဆင်းရဲ ခပ်သိမ်းငြိမ်းရာအမှန် မြတ်နိဗ္ဗာန်ကို လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင် ကြပါစေ။

သာဓု...သာဓု...သာဓု။

ဗြဟ္မဝိဟာရ တရားတော် ပဉ္စမပိုင်း ပြီး၏။

ဗြဟ္မဝိဟာရတရားတော်

▬▬▬▬▬▬▬▬▬

ဆဋ္ဌမပိုင်း

၁၃၂၇-ခုနှစ်၊ သီတင်းကျွတ်လဆန်း ၈-ရက်နေ့ဟောသည်။

တရားအနုသန္ဓေ

▬▬▬▬▬▬

တော်သလင်းလကွယ်နေ့က ကရုဏာပွားပုံကို ဟောခဲ့တယ်၊ တော်တော်စုံသွားပါပြီ၊ ဒါပေမယ့် မဟာကရုဏာ ဖြစ်ပုံ တချို့ကို ဟောချင်သေးတယ်၊ ဗဟုသုတလဲ ပွားရအောင်, ကြည်ညိုသဒ္ဓါလဲ ပွားရအောင်, ကရုဏာပွားရန်လဲ ပေါ်လွင်အောင် ဝိပဿနာရှုပုံလဲ သရုပ်ဖော်ပြရအောင် ဒီရည်ရွယ်ချက် ၄ - ချက်အရ ဟောချင်တာပါပဲ၊ အဲဒီ မဟာကရုဏာ ဖြစ်ပုံများကို ဟောပြီးတော့မှ မုဒိတာ ဗြဟ္မဝိဟာရဖြစ်ပွားပုံကိုလဲ ဟောရမယ်။

တစ်နေ့က ဓမ္မုဒ္ဓေသ ၄ - ပါးဆိုင်ရာ မဟာကရုဏာ ဖြစ်နေပုံကိုတော့ ဟောပြီးပြီ၊ သတ္တဝါတွေမှာ မြားစူးနေပုံ၊ ပိုက်ထဲမိနေပုံ၊ ရေယဉ်ကြောမျောနေပုံ၊ မီးလောင်ခံနေ ရပုံများနဲ့ စပ်ပြီး ကရုဏာတော်ဖြစ်ကြောင်း ဟောဖို့ပါပဲ။ ရှေးဦးစွာ မြားစူးနေပုံကို ဟောရမယ်။

သတ္တဝါတွေ မြားစူးနေတယ်

▬▬▬▬▬▬▬▬▬▬

သသလ္လော လောကသန္နိဝါသော ဝိဒ္ဓေါ ပုထုသလ္လဟိ၊ နတ္ထညော ကောစိ သလ္လနံ ဥဒ္ဓတာ အညတြမယာတိ ပဿန္တာနံ ဗုဒ္ဓါနံ ဘဂဝန္တာနံ သတ္တေသု မဟာကရုဏာ ဩက္ကမတိ။

လောကသန္နိဝါသော - သတ္တဝါအပေါင်းသည်၊
သသလ္လော - စူးဝင်နေသော မြားတွေရှိနေပါတကား၊
ပုထုသလ္လေဟိ - များစွာသောမြားတို့ဖြင့်၊
ဝိဒ္ဓေါ - စူးဝင်နေပါတကား၊
အညတြမယာ - ငါဘုရားမှတစ်ပါး၊
သလ္လာနံ ဥဒ္ဓတာ - စူးဝင် နေသောမြားတို့ကို နုတ်ပေးနိုင်သော၊
အညောကောစိ - အခြားသူ တစ်စုံတယောက်မျှ၊
နတ္ထီတိ - မရှိပါတကားဟူ၍၊
ပဿန္တာနံ - မြင်တော်မူကုန်လျက်၊
ဝါ - မြင်တော်မူကုန်သော။
ဗုဒ္ဓါနံ ဘဂဝန္တာနံ - သနားခြင်းကြီးစွာ မဟာကရုဏာတော်သည်၊
ဩက္ကမတိ - သက်ရောက် ဖြစ်ပွားတော်မူပေ၏ - တဲ့။

သလ္လဆိုတာ ငြောင့်နဲ့မြားကို ဆိုတယ်၊ ဒီနေရာမှာ ငြောင့်ဆိုရင်လဲ သင့်ပါတယ်၊ ဒါပေမယ့် အဋ္ဌကထာမှာ မြားအနေဖြင့် ပြဆိုထားတယ်၊ ဒါကြောင့် မြားစူးနေတဲ့ သတ္တဝါတွေကို သနားပုံမျိုးအနေဖြင့် ဆင်ခြင်ကြည့်ဖို့ပါပဲ၊

ယခုခေတ်မှာ စစ်တိုက် ကြရာ သေနတ်တွေနဲ့ ပစ်ကြတော့ သေနတ်ကျည်ဆံအထိ အမှန်ခံရတဲ့သူတွေမှာ ဆင်းရဲကြသလိုပင် ရှေးခေတ်တုန်းကလဲ လေးမြားနဲ့ ပစ်ကြလို့ မြားမှန်ခံရတဲ့ သူတွေမှာ ဆင်းရဲကြရပါတယ်၊ အဲဒီမြားမှန်ခံလို့ မြားစူးခံရတဲ့သူလိုပင် သတ္တဝါတွေမှာ မြားတွေစူးဝင်နေကြပါတယ်တဲ့၊

ဘယ်လို မြားတွေ စူးဝင်နေတာလဲဆိုတော့ - ရာဂ ဒေါသ မောဟ မာန ဒိဋ္ဌိကိလေသာ ဒုစရိုက်ဆိုတဲ့ ဒီအကုသိုလ်မြားတွေ စူးဝင်နေတာပါပဲ၊ ရင်ဘတ်ကကျောအထိ ပေါက်အောင် မြားခုနစ်ချောင်း စူးဝင်နေတယ်ဆိုရင် အင်မတန် အခံရခက်မှာပေါ့၊ အဲဒါလိုပင် သတ္တဝါတွေမှ ရာဂ ဒေါသစသော မြားခုနစ်ချောင်း စူးဝင်နေလို့ သနားစရာ ကောင်းပါတယ်တဲ့။

ဒါပေမယ့် ပုထုဇဉ်တွေ အနေနဲ့ဆိုတော့ အဲဒီ မြားတွေ စူးဝင်နေတာကို ကြိုက်နေကြတယ်၊ ကာမဘုံက သတ္တဝါတွေဟာ ကာမဂုဏ် အာရုံတွေကိုခံစားပြီး ကာမရာဂဖြစ်နေတာကို ကြိုက်နေကြတယ်၊ ဒါကြောင့် ကာမဂုဏ် အာရုံတွေကို ရနိုင်သမျှ ရှာကြံပြီး ကာမရာဂကို ပြုစုအားပေးနေကြတာပဲ၊

ဘုရားရဟန္တာတို့ အမြင်အားဖြင့် ဆိုရင်တော့ ကာမရာဂ ဖြစ်နေတာဟာ မြားစူးနေတာလို ငြောင့်စူးနေတာလို မခံသာတဲ့အနေအားဖြင့် မြင်တော်မူကြပါတယ်၊ ရူပဘဝ အရူပဘဝကို တပ်မက်သာယာတဲ့ ရာဂလဲ ထို့အတူပင် မခံသာတဲ့ သဘောပါပဲ၊

ဒေါသ မြားငြောင့်စူးပုံက ပိုပြီးထင်ရှားတယ်၊ ရွှင်ရွှင်ပျပျ ကြည်ကြည်လင်လင် ရှိနေရာထဲက ဒေါသဖြစ်လာရင် မျက်နှာရုပ်အဆင်းတွေဟာ တစ်ခါတည်း ညိုမည်း ညှိုးနွမ်း သွားတော့တာပဲ၊ စိတ်ထဲမှာလဲ မနေသာ မထိုင်သာ ဖြစ်သွားတော့တာပဲ၊ ဒါပေမယ့် စိတ်ဆိုးနေတဲ့ သူကတော့ အဲဒီလို ဒေါသဖြစ်နေတာကိုပဲ အရသာရှိသလို ထင်နေတယ်၊ ဒါကြောင့် ဒေါသမပွားဖို့၊ ရန်ြုငိးမထားဖို့၊ သူတစ်ပါးက ငြိမ်းချမ်းရေး စကားကို ပြောလာရင် အဲဒီဒေါသဖြစ်နေသူက တယ်မကြိုက်တတ်ဘူး၊ ဟို တခြား ဘက်က လိုက်ပြောတယ်လို့လဲ ထင်တတ်တယ်။

မောဟ ဆိုတာကတော့ အမှန်မသိဘဲ အမှားသိတဲ့ သဘောပါပဲ၊ မမြဲတာတွေကို မြဲတယ်လို့ထယ်တယ်၊ ခဏမစဲ ဖြစ်ပျက်နေတဲ့ ဆင်းရဲတရားတွေကို ချမ်းသာလို့ ထင်တယ်၊ အတ္တကောင်မဟုတ်တဲ့ ရုပ်နာမ်သဘောတရားတွေကို အတ္တကောင် ငါကောင် သတ္တဝါကောင်လို့ ထင်တယ်၊ ရာဂ ဒေါသဖြစ်ရင် ဒီအမှားသိ မောဟလဲပါတော့တာပဲ၊ အဲဒီ မောဟမြား ငြောင့်စူးနေတဲ့ အတွက်လဲ သတ္တဝါ တွေဟာ ဒုက္ခရောက်နေကြရတယ်၊

မောဟက အမှားတွေ အမှန်ထင်တဲ့အတွက် မတော်တာတွေကို ပြုတယ် ပြောတယ် ကြံတယ်၊ အဲဒီ ပြုမှု, ပြောမှု, ကြံမှုတွေကြောင့် မကောင်းကျိုးတွေ့ရပြီး ဆင်းရဲနေကြရတယ်။

မာနဆိုတဲ့ မြားငြောင့်ကြောင့်လဲ အထင်မကြီးသင့်တာတွေကို အထင်ကြီးပြီး ဒုက္ခ ရောက်ကြရတယ်၊ ဒိဋ္ဌိမြားငြောင့် စူးဝင်နေတဲ့အတွက် အယူမှားတွေကို စွဲလမ်း နေတယ်၊ မစွန့်လွှတ်နိုင်ဘူး၊ ကောင်းကျိုးရလိမ့်မယ် ထင်မှတ်ပြီး မပြုသင့်တာတွေကို ပြုနေတယ်၊ မပြောသင့်တာတွေကို ပြောနေတယ်၊ မကြံသင့်တာ တွေကိုကြံနေတယ်၊ အဲဒီလို ပြုမှုစသည်ကြောင့် ဒုက္ခရောက်နေကြရတယ်၊

ဘုရားလက်ထက်တော် ကာလတုန်းက ပုရာဏ ကဿပ အစရှိတဲ့ ဂိုဏ်းဆရာကြီး ၆-ဦးနဲ့ သူတို့တပည့်တွေက မတော်တာတွေ ပြုကြ ပြောကြတဲ့အတွက်လဲ အကုသိုလ်တွေ ပွားသွားကြတယ်၊ ဘုရားကို ပြစ်မှားတဲ့ အတွက်လဲ ကြီးလေးတဲ့ အကုသိုလ်ကံတွေ ဖြစ်ပွားသွားကြတယ်၊ အဲဒီအကုသိုလ်ကံတွေကြောင့် ငရဲစသည်ကို ကျရောက်ပြီးတော့ အကြီးအကျယ် ဆင်းရဲကြရတယ်၊

ယခုနေ အခါလဲ အဲဒီလို ဒိဋ္ဌိမြားငြောင့်စူးနေလို့ ဒုက္ခရောက်နေကြတဲ့ သူတွေ များစွာရှိနေတာပဲ။ ဝိစိကိစ္ဆာ အစရှိသော ကျန်တဲ့ကိလေသာ မြားငြောင့်တွေစူးနေလို့ ဒုက္ခရောက်နေကြရတာတွေလဲ ရှိတာပဲ၊ ဝိစိကိစ္ဆာ ဆိုတာ ဘုရား တရား သံဃာ အစစ်အမှန်တွေ ဟုတ်မှ ဟုတ်ပါ့မလားစသည်ဖြင့် ယုံမှားတာပါပဲ၊

သီလ အကျင့် သမာဓိ အကျင့်ဝိပဿနာ ပညာအကျင့်ကို ကျင့်တဲ့အတွက် ကောင်းကျိုးရတယ်, ဈာန်ရတယ်, ဝိပဿနာဉာဏ် ဖြစ်တယ်, မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို တွေ့မြင်ရတယ်ဆိုတာ ဟုတ်မှဟုတ်ပါ့မလားလို့ ယုံမှား တာလဲ ဝိစိကိစ္ဆာပဲ၊

ကုသိုလ်ကံကြောင့် ကောင်းတဲ့ဘဝမှာ ဖြစ်ရတယ်, အကုသိုလ်ကံကြောင့် အပါယ် လေးပါးမှာ ဖြစ်ရတယ်ဆိုတာ ဟုတ်မှဟုတ်ပါ့မလားလို့ ယုံမှားတာလဲ ဝိစိကိစ္ဆာပဲ၊ အဲဒီ ဝိစိကိစ္ဆာ မြားငြောင့် စူးဝင်နေကြတဲ့အတွက်လဲ လမ်းမှန်အကျင့်မှန်ကို မလိုက်နိုင်ဘဲ ရှိနေကြတယ်၊ ဒါကြောင့် သံသရာဝဋ်ဆင်းရဲတွေနဲ့ အမြဲတွေ့ကြုံပြီး ခံစား နေကြရတယ်။

နောက်ပြီးတော့ ဒုစရိုက်ဆိုတဲ့ မြားငြောင့်ကတော့ ရာဂ ဒေါသစသော ကိလေသာ မြားငြောင့်တွေနဲ့ တစ်ဆက်တည်းပါပဲ၊ ရာဂစသည် အားကောင်းတဲ့အခါ သတ်ခြင်း ခိုးခြင်း လိမ်ခြင်းစသော ဒုစရိုက် အကုသိုလ်ကံတွေ၊ ဖြစ်ပွားတော့တာပဲ၊ အဲဒီဒုစရိုက် အကုသိုလ်ကံတွေကြောင့် အပါယ်လေးပါး ကျရောက်ပြီး ဆင်းရဲနေကြရတယ်၊ မကြာမီမှာ အပါယ်လေးပါး ကျရောက်ပြီး ဆင်းရဲကြရမည့် ပုဂ္ဂိုလ်တွေလဲ များစွာ ရှိနေတယ်။

ဒါကြောင့် ရာဂအစရှိသော အဲဒီ မြားငြောင့်စူးနေကြတဲ့ သတ္တဝါတွေကိုမြင်တော်မူပြီး မြတ်စွာဘုရားက သနားတော်မူတယ်၊ သနားတော်မူတဲ့အတွက် ၄၅ - နှစ် ကာလ ပတ်လုံး အငြိမ်းစားနေတော် မမူဘဲနဲ့ တရားဒေသနာများကို နေ့ရော ညဉ့်ပါ အကြောင်းအားလျော်စွာ ဟောတော်မူခဲ့ပါတယ်၊

အဲဒီဟောတော်မူတဲ့ တရားတော်နှင့်အညီ ကျင့်သုံးအားထုတ်ကြတဲ့ ပုဂ္ဂိုလ်တွေမှာ ရာဂအစရှိသော မြားငြောင့်တွေ ကျွတ်လွတ်ကင်းကွာသွားကြတယ်၊ မြားစူးနေတဲ့ သူမှာ တစ်ချောင်းနုတ် ပြီးရင် တစ်ချောင်းအတွက် သက်သာသလိုပင် တရား ကျင့်တဲ့သူမှာ ကိလေသာ မြားငြောင့်တွေကင်း ကင်းသွားသလောက် ချမ်းသာခွင့် ရရသွားကြပါတယ်၊ အဲဒါကို တရားအားထုတ်ပုံနဲ့ စပ်ပြီး ပြောဦးမယ်။

တရားရှုမှတ်၍ မြားငြောင့်ကင်းပုံ

▬▬▬▬▬▬▬▬▬▬▬

ယခု သတိပဋ္ဌာန် ဒေသနာတော်နှင့်အညီ ဒွါရ ၆ - ပါးမှဖြစ်တဲ့ ရုပ်နာမ်တွေကို မပြတ်ရှုမှတ်နေကြတဲ့ ယောဂီတွေမှာ စိတ်ပျံ့လွင့်ခြင်းမရှိဘဲ တည်ငြိမ်နေတဲ့အခါ နီဝရဏငါးပါးမှ ကင်းလွတ် စင်ကြယ်နေတယ်၊ အဲဒါဟာ စိတ္တဝိသုဒ္ဓိပဲ၊ အဲဒီလို နီဝရဏကင်းပြီး စိတ်စင်ကြယ် တည်ငြိမ်နေတဲ့အခါ ရှုမှတ်တိုင်း ရှုမှတ်တိုင်း ရှုသိရတာကတခြား ရှုသိတာကတခြား ကွဲပြားပြီး ထင်တယ်၊

ဖောင်းတယ်လို့ ရှုသိတဲ့အခါ ဖောင်းရုပ်က တခြားရှုသိတဲ့စိတ်နာမ်ကတခြား ကွဲပြားပြီးထင်တယ်၊ ပိန်တယ်၊ ကြွတယ် လှမ်းတယ် ချတယ် ကွေးတယ် စသည်ဖြင့် ရှုသိရမှာလဲ နည်းတူပင် ကွဲပြားပြီးထင်တယ်၊ အဲဒီလို ရှုမှတ်တိုင်း ရှုမှတ်တိုင်း သိစရာနဲ့သိတာ ဒီနှစ်ပါးသာ ကွဲပြားပြီး ထင်နေတော့ ဒီကိုယ်ထဲမှာ ရုပ်နဲ့နာမ် ဒီ ၂-ပါးမျှသာရှိတယ် ဆိုတာကို ကောင်းကောင်းသဘောကျ သိမြင်သွားတယ်၊ အဲဒါဟာ ဒိဋ္ဌိမြားငြောင့် ကင်းတန်သလောက် ကင်းသွားတဲ့ ဒိဋ္ဌိ ဝိသုဒ္ဓိပဲ။

အဲဒီကနောက် ဆက်ပြီး ရှုမှတ်နေရင် ကွေးချင်တဲ့စိတ်ကြောင့် ကွေးရုပ်ဖြစ်တယ်၊ သွားချင်တဲ့စိတ်ကြောင့် သွားရုပ် ဖြစ်တယ်၊ သိစရာ အာရုံရှိလို့ အသိစိတ်ဖြစ်တယ် စသည်ဖြင့် အကြောင်းနဲ့အကျိုးကိုလဲ ပိုင်းခြားသိရတယ်၊ အဲဒီအခါ ကင်္ခါဆိုတဲ့ ယုံမှားမှုမြားငြောင့် ကင်းတန်သလောက် ကင်းသွားတယ်၊

အဲဒီကနောက် ရှုမှတ်တိုင်း ရှုမှတ်တိုင်း အစပေါ်လာတဲ့ အဖြစ်နဲ့ အဆုံး ပျောက်ကွယ်သွားတဲ့ အပျက်ကိုလဲ တွေ့ရသိရတယ်၊ ဖောင်းတယ်လို့ ရှုမှတ်ရင် တောင့်တင်း လှုပ်ရှားမှု ဖောင်းမှုကလေးများကို အစနဲ့အဆုံး အဖြစ်နဲ့ အပျက်ဖြင့် ပိုင်းခြားပြီး သိရတယ်၊ ပိန်တယ် ကွေးတယ် ဆန့်တယ် ကြွတယ် လှမ်းတယ် ချတယ် စသည်ဖြင့် ရှုမှတ်ရမှာလဲ နည်းတူပင်၊ အစနဲ့အဆုံး အဖြစ်နဲ့အပျက်ဖြင့် ပိုင်းခြားပြီး သိရတယ်။

အဲဒီလို သိရတော့ မမြဲဘူး၊ ဆင်းရဲပဲ၊ အတ္တမဟုတ်တဲ့ အနတ္တ သဘောတရားမျှပဲလို့ သဘောကျ သိမြင်သွားတယ်။ အဲဒီလို သိမြင်တော့ရုပ်နာမ် နှစ်ပါးမျှသာရှိတယ်၊ မမြဲတာချည်းပဲ၊ ဆင်းရဲချည်းပဲ၊ အနတ္တချည်းပဲလို့ မြတ်စွာဘုရား ဟောတာ မှန်ပါပေသည်၊ မြတ်စွာဘုရားဟာ အလုံးစုံကို သိတော်မူတာ မှန်ပါပေသည် စသည်ဖြင့် မြတ်စွာဘုရား အပေါ်မှာ ယုံကြည်မှု သဒ္ဓါတရား ခိုင်မြဲလာတယ်၊ ဘုရားဟောထားတဲ့ တရားတော်လဲ တကယ်မှန်တာလို့ တရားတော်အပေါ်မှာလဲ ယုံကြည်မှု ခိုင်မြဲလာတယ်၊ မြတ်စွာ ဘုရား အဆုံးအမတော်အတိုင်း ကျင့်နေတဲ့ သံဃာတော် အပေါ်မှာလဲ ယုံကြည်မှု ခိုင်မြဲလာတယ်၊ ယုံကြည်မှု သဒ္ဓါခိုင်မြဲသလောက် ယုံမှားမှု ဝိစိကိစ္ဆာကလဲ ကင်းကင်းသွားတယ်။

အဲဒီကနောက် ဆက်ပြီး ရှုမှတ်လို့ ဝိပဿနာဉာဏ်စဉ် ၁၀ - ပါး အစဉ်အတိုင်း တက်ပြီးတော့ အရိယမဂ်ဉာဏ်ဖြင့် ရုပ်နာမ်ဆင်းရဲ ချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ကို မျက်မှောက် တွေ့ပြီး သိရတယ်၊ အဲဒီအခါမှာ ရုပ်နာမ် ၂ - ပါးမျှသာရှိတယ်၊ အတ္တကောင် ငါကောင် မရှိဘူးဆိုတာ ခိုင်ခိုင်မြဲမြဲ သိသွားတယ်၊ ဒါကြောင့် အတ္တဒိဋ္ဌိ သက္ကာယဒိဋ္ဌိမှစ၍ မိစ္ဆာဒိဋ္ဌိ အယူမှားဟူသမျှ အကုန်ကင်းငြိမ်းသွားတယ်၊

အဲဒါဟာ ဒိဋ္ဌိမြားငြောင့် ကျွတ်လွတ်ကင်း ကွာသွားပုံပါပဲ၊ အဲဒီလို ဒိဋ္ဌိကင်းပုံကို “ရုပ် နာမ်အစု၊ ငါကောင်ဟု ထင်မှုမရှိပါ”လို့ ဆောင်ပုဒ်စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။

ရုပ်နာမ်အစု၊ ငါကောင်ဟု ထင်မှုမရှိပါ။

အဲဒါဟာ သောတာပန်မှာ သက္ကာယဒိဋ္ဌိ ကင်းပုံပါပဲ၊ ရှုမှတ်နေတဲ့အခါဖြစ်စေ၊ စဉ်းစားဆင်ခြင်ကြည့်တဲ့ အခါဖြစ်စေ၊ “ခဏမစဲ ဖြစ်ပျက်နေတဲ့ ရုပ်နာမ်အစုမျှသာ ရှိတယ်၊ အတ္တကောင် ငါကောင်ရယ်လို့ မရှိဘူး”ဆိုတာ အသိဉာဏ်ရှင်းနေပါတယ်၊ နောက်ပြီးတော့ ဘုရား တရား သံဃာနဲ့စပ်ပြီးတော့လဲ ယုံမှားမရှိတော့ဘူး၊ သီလ, သမာဓိ, ပညာဆိုတဲ့ အကျင့်သိက္ခာနဲ့ စပ်ပြီးတော့လဲ ယုံမှားမရှိတော့ဘူး၊ “သီလ သမာဓိ ပညာဖြစ်အောင်ကျင့်မှ နိဗ္ဗာန်ကိုရောက်နိုင်တယ်”ဆိုတာ ယုံမှားမရှိ သဒ္ဓါခိုင်မြဲသွားတယ်၊ အဲဒါကိုလဲ “ရတနာသုံးပါး အကျင့်အား ယုံမှားမရှိပါ”လို့ ဆောင်ပုဒ်စီထားတယ်၊ အဲဒါကိုလဲ ဆိုကြရမယ်။

ရတနာသုံးပါးအကျင့်အား ယုံမှားမရှိပါ။

အဲဒါဟာ ဘုရား တရား သံဃာအကျင့်နဲ့ စပ်ပြီး ယုံမှားမှု ဝိစိကိစ္ဆာ ကင်းပုံပါပဲ၊ အဲဒါဟာ သောတာပန်မှာ ယုံမှားမှု ကင်းပုံပါပဲ၊ ဒီ မဟာကရုဏာသမာပတ္တိ ဒေသနာတော် အရအားဖြင့် ဝိစိကိစ္ဆာ မြားငြောင့်ကျွတ်လွတ် ကင်းကွာ သွားပုံပါပဲ။

ယခုပြောခဲ့တဲ့ သက္ကာယဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာကင်းရင် အပါယ်လေးပါး ကျစေတတ်တဲ့ ရာဂ ဒေါသ မောဟ မာန စသော အခြား ကိလေသာတွေလဲ ကင်းသွားတော့တာပါပဲ၊ ဒါကြောင့် ဝိပဿနာပညာအကျင့်ကို ကျင့်လို့ သောတာပန်ဖြစ်ရင် အပါယ်လေးပါး ကျရောက်ပြီး ဆင်းရဲစေတတ်တဲ့ မြားငြောင့်တွေ ကင်းသွားတယ်၊ အဲဒီလို မြားငြောင့် အဆိုးဆုံးတွေ ကင်းငြိမ်းသွားရအောင်လို့ မြတ်စွာဘုရားက သနားခြင်းကြီးစွာ မဟာကရုဏာဖြင့် တရားဒေသနာတော်များကို ဟောကြားတော်မူခဲ့တာပါပဲ၊

ဘုန်းကြီးတို့ကလဲ အဲဒီလို မြားငြောင့်တွေ ကင်းငြိမ်းရေးအတွက် မြတ်စွာဘုရား၏ တရားတွေကို တစ်ဆင့် ကမ်းလှမ်းပြီး ဟောကြားနေတာပါပဲ။ အတိုချုံးပြောကြစို့၊ သောတာပန်ဖြစ်ပြီး နောက်ဆက်လက်ပြီး ရှုမှတ်သွားရင် သကဒါဂါမ် အနာဂါမ် ဖြစ်သွားတယ်၊ အဲဒီလို အနာဂါမ်ဖြစ်တဲ့အခါ ကာမရာဂနဲ့ ဗျာပါဒဆိုတဲ့ မြားငြောင့်တွေထပ်ပြီး ကင်းသွားပြန်တယ်၊

အဲဒီက နောက်ဆက်ပြီး ရှုမှတ်နေရင် အရဟတ္တဖိုလ်ရောက်ပြီး ရဟန္တာဖြစ်သွားတယ်၊ အဲဒီလို ရဟန္တာ ဖြစ်သွားတဲ့အခါ အနာဂါမ်၏ သန္တာန်မှာ မကင်းခဲ့သေးတဲ့ ရူပရာဂ မာန အဝိဇ္ဇာဆိုတဲ့ မြားငြောင့် တွေလဲ အကုန်ကင်းငြိမ်းသွားတယ်၊ ကိလေသာ အကုသိုလ် မြားငြောင့်တွေ အကုန်လုံးကင်းငြိမ်း ကျွတ်လွတ် သွားတာပါပဲ၊

ဒါကြောင့် ရဟန္တာအရှင်မြတ်တွေဟာ မြားငြောင့်အားလုံး ကင်းရှင်းနေတဲ့အတွက် ပရိနိဗ္ဗာန် စုတိမှ နောင်ကာလ၌ ဘယ်လို ရုပ်နာမ်သင်္ခါရ ဆင်းရဲမျှ မဖြစ်လာတော့ဘဲ အစဉ်ထာဝရ အမြဲတမ်း ချမ်းသာသွားတယ်။

အဲဒီရဟန္တာအဖြစ်သို့ မရောက်သေးမီမှာတော့ အနာဂါမ်မှာလဲ ရူပရာဂ အရူပရာဂ စသော မြားငြောင့်တွေ စူးဝင်နေတဲ့အတွက် ရူပဘဝ အရူပဘဝရောက်ပြီး သင်္ခါရ ဆင်းရဲတွေနဲ့ တွေ့ကြုံခံစားနေကြရသေးတာပဲ၊

သောတာပန် သကဒါဂါမ်တွေမှာလဲ ကာမရာဂ အစရှိတဲ့ မြားငြောင့်တွေ စူးဝင်နေတဲ့ အတွက် လူ့ဘဝ နတ်ဘဝမှာ ဖြစ်ပြီး အိုခြင်း သေခြင်းစသော ဆင်းရဲတွေနဲ့ တွေ့ကြုံခံစားနေကြရသေးတာပဲ၊ အဲဒီမြားငြောင့်တွေနဲ့ ဆင်းရဲဒုက္ခ ရောက်နေကြ ရတာတွေကို မြင်တော်မူလို့လဲ သနားတော်မူပြီး မြတ်စွာဘုရားက တရားတော် တွေကို အဆင်းရဲခံပြီး ဟောတော်မူခဲ့ပါတယ်။

အထူးအားဖြင့်တော့ ပုထုဇဉ်တွေမှာ အဲဒီ မြားငြောင့်တွေကြောင့် ဆင်းရဲဒုက္ခ ရောက်နေကြရတာ မြင်တော်မူလို့ ငါမှတစ်ပါး မြားငြောင့်တွေကို နုတ်ပေးနိုင်သူ မရှိဘူးလို့ ဆင်ခြင်တော်မူကာ သနားတော်မူပြီး ဟောကြားတော်မူတာပါပဲ၊ ဒါကြောင့် -

အညတြမယာ - ငါဘုရားမှ တစ်ပါး၊
သလ္လာနံ ဥဒ္ဓတာ - မြားငြောင့်တို့ကို နုတ်ပေးနိုင်သော၊
အညောကောစိ - အခြားသူတစ်စုံတစ်ယောက်မျှ၊
နတ္ထီတိ - မရှိပါတကားဟူ၍၊
ပဿန္တာနံ - မြင်တော်မူကုန်လျက်၊
ဝါ - မြင်တော်မူကုန်သော၊
ဗုဒ္ဓါနံ ဘဂဝန္တာနံ - မြတ်စွာဘုရားတို့အား၊
သတ္တေသု - သတ္တဝါတို့၌၊
မဟာကရုဏာ - သနားခြင်းကြီးစွာ မဟာကရုဏာတော်သည်၊
ဩက္ကမတိ - သက်ရောက်ဖြစ်ပွားတော်မူပေ၏

လို့ ပဋိသမ္ဘိဒါမဂ်ပါဠိမှာ ပြဆိုထားတာပါပဲ။

မြတ်စွာဘုရားရှင်က သတ္တဝါတွေကို အဲဒီလို သနားတော်မူရာမှာ ရင်းနှီးသူ စိမ်းကားသူရယ်လို့ ခွဲခြားခြင်းမရှိဘဲ ညီတူညီမျှပင် သနားတော်မူပါတယ်၊ လူ့ဘဝတုန်းကရခဲ့တဲ့သားတော် ရာဟုလာကို သနားသလိုပင် အကျိုးမဲ့ကို ကြံစည် လုပ်ကိုင်နေတဲ့ အရှင်ဒေဝဒတ်ကိုလဲ ညီတူညီမျှပင် သနားတော်မူတယ်၊

တစ်ခါက အရှင်ဒေဝဒတ်ဟာ အဇာတသတ်မင်းနဲ့ ပူးပေါင်းပြီး မြတ်စွာဘုရားအား သေရာသေကြောင်း ကြံစည်တယ်၊ နာဠာဂီရိဆိုတဲ့ မင်းစီးဆင်တော်ကြီးကို ဘုရား ဆွမ်းခံကြွလာတဲ့လမ်းမှာ လွှတ်စေခဲ့တယ်၊ အဲဒီဆင်ကြီးဟာ အလွန်ကြမ်းတယ်၊ တွေ့ရာလူတွေကို ထိုးကြိတ်နင်းပြီး သတ်တတ်တယ်၊

အရှင်ဒေဝဒတ်၏ ညွှန်ကြားချက်အရ ဆင်ထိန်းတွေက နာဠာဂီရိ ဆင်ကြီးကို အရက်တွေ အလွန်အကျွံ တိုက်ပြီး မြတ်စွာဘုရား ဆွမ်းခံကြွလာတဲ့ လမ်းမှာ လွှတ်လိုက်တယ်။ အဲဒီအခါ မြတ်စွာဘုရား၏ နောက်တော်မှ သံဃာတွေလဲ များစွာပါလာပါတယ်၊ ဆင်ကြီးက အရက်မူးပြီး ထိုးမယ်လို့ မြတ်စွာဘုရားဆီသို့ အတင်းပြေးလာတယ်၊

အရက်မူးနေရင် လူတောင်မှ မပြောသင့်တာတွေပြော၊ မပြုသင့်တာတွေ ပြုသေး တာပဲ၊ တိရစ္ဆာန်ဖြစ်တဲ့ ဆင်ဆိုတော့ ဘယ်မှာ ပြောစရာရှိတော့မလဲ၊ ထိုးမယ်လို့ အတင်းပြေးလာတာပေါ့၊ အဲဒီအခါ ရဟန်းတော်များက စိုးရိမ်ကြတဲ့အတွက် နောက်သို့ ဆုတ်ခွာတိမ်းရှောင်ရန် မြတ်စွာဘုရားအား လျှောက်ကြပါတယ်၊

မြတ်စွာဘုရားက ဒီလို မိန့်ကြားတော်မူပါတယ်။

(အာဂစ္ဆထ ဘိက္ခဝေ) - လာသာလာကြပါ ရဟန်းတို့၊

(မာဘာယိတ္ထ) - မကြောက်ကြပါလင့်၊

(အဋ္ဌာနမေတံ ဘိက္ခဝေ အနဝကာသော၊ ယံ ပရူပက္ကမေန တထာဂတံ ဇီဝိတာ ဝေါရော - ပေယျ)၊ မြတ်စွာဘုရားကို အခြားပုဂ္ဂိုလ်က လုပ်ကြံအားထုတ်ခြင်းဖြင့် အသက်မှ ချခြင်း - သေစေနိုင်ခြင်း၏ အကြောင်းအခွင့်အရေးဆိုတာ မရှိပါဘူး ရဟန်းတို့၊

(အနု ပက္ကမေန ဘိက္ခဝေတထာဂတာ ပရိနိဗ္ဗာယန္တိ)၊ မည်သို့မျှ လုပ်ကြံအားထုတ်မှု မရှိဘဲ မြတ်စွာဘုရားတို့ဟာ ပရိနိဗ္ဗာန်စံကြမြဲ ဖြစ်ပါတယ် ရဟန်းတို့ -

လို့ မိန့်ကြားတော်မူပါတယ်၊ ရဟန်းတော်များကလဲ သုံးကြိမ်တိုင်တိုင် လျှောက်ကြ ပါတယ်၊ မြတ်စွာဘုရားကလဲ သုံးကြိမ်လုံးလုံး အထက်ပါအတိုင်းပင် မိန့်ကြားတော် မူပါတယ်။

အဲဒီအခါ အရှင်အာနန္ဒာက စိုးရိမ်အား ကြီးလွန်းသောကြောင့် မြတ်စွာဘုရား၏ ကိုယ်စား ငါက အရင် အသေခံမယ် ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် မြတ်စွာဘုရား၏ ရှေ့တော်၌ ရပ်တည်နေပါသတဲ့၊ မြတ်စွာဘုရားက သုံးကြိမ်တိုင်တိုင် အဖယ်ခိုင်း ပေမယ့် အရှင်အာနန္ဒာက မဖယ်ဘဲ ရှိနေတဲ့အတွက် တန်ခိုးတော်ဖြင့် ဖယ်ရှားတော်မူရပါသတဲ့။

အရှင်အာနန္ဒာကို ဖယ်ရှားပြီးတော့ မြတ်စွာဘုရားက နာဠာဂီရိဆင်ကို (မေတ္တာယဖရိ) - မေတ္တာဖြင့် ဖြန့်တော်မူပါတယ်၊ ဒါက မေတ္တာကို ပဓာနပြုပြီး ပြတော်မူတာပါပဲ၊ စောစောပိုင်းက မဟာကရုဏာ သမာပတ်ဖြင့် ဖြန့်တော်မူခဲ့ သလိုပင် သနားတော်မူတာလဲ အပ္ပဓာနအားဖြင့် ဖြစ်ပွားတယ်လို့ ဆိုနိုင်ပါတယ်၊

အဲဒီအခါ မြတ်စွာဘုရား၏ မေတ္တာ ကရုဏာတော်ဖြင့် သွန်းဖြန်းခံရတဲ့ နာဠာဂီရိဆင်ကြီးမှာ မူးယစ်ခြင်းလဲ တစ်ခါတည်း ပြေငြိမ်းသွားတယ်၊ စိတ်လဲ နူးညံ့သွားတယ်၊ ဘုရားကိုလဲ ကြည်ညိုလာတယ်၊ ဒါကြောင့် ထောင်ထားတဲ့ နှာမောင်းကြီးကို အောက်ချပြီး မြတ်စွာဘုရားထံ ရိုသေစွာ ချဉ်းကပ်လာပြီး ခြေတော်ရင်းမှာ ဝပ်နေပါသတဲ့၊ အဲဒီအခါ မြတ်စွာဘုရားက နာဠာဂီရိဆင်ကြီး၏ ဦးကင်းကို လက်ယာ လက်တော်ဖြင့် သုံးသပ်လျက် ဒီလို ဆုံးမတော်မူပါတယ်။

နာဠာဂီရိ … သင်ဟာ ငါကဲ့သို့သော ဘုရား (နာဂဆင်)ကို မပြစ်မှားနဲ့၊ ပြစ်မှားရင် ဒုက္ခရောက်သွားမယ်၊ မမူးယစ်နဲ့၊ မမေ့နဲ့၊ မေ့နေရင် ဘဝကောင်းကို မရောက်နိုင်ဘူး၊ ဘဝကောင်း ရောက်ရအောင် သင်ကိုယ်တိုင်ပင် ပြုရမယ် -

စသည်ဖြင့် ဆုံးမတော် မူပါတယ်၊ အဲဒီအခါကစပြီး နာဠာဂီရိဆင်ကြီးဟာ ငါးပါးသီလ လုံခြုံပြီး သူတော်ကောင်း ဖြစ်သွားပါသတဲ့၊ ရှေးတုန်းက လူတွေကို နင်းသတ်လေ့ ရှိပေမယ့် အဲဒီအခါကစပြီး သတ်ခြင်းလဲ မရှိတော့ဘူး၊ အရက်လဲ မသောက်တော့ဘူး၊ အဲဒါဟာ မြတ်စွာဘုရားရှင်က မိမိကို ထိုးသတ်ဖို့လာတဲ့ ဆင်ကြီးကို ရာဟုလာ သားတော်ကဲ့သို့ပင် ချမ်းသာစေလိုတဲ့ မေတ္တာ, သနားတဲ့ ကရုဏာ ညီမျှစွာဖြင့် မိန့်ကြား ဆုံးမတော်မူတာပါပဲ။

တဏှာပိုက်ထဲမိနေတယ်၊ တဏှာရေကြောမျောနေတယ်

▬▬▬▬▬▬▬▬▬▬▬

တဏှာဇာလေန ဩတ္ထဋော လောကသန္နိဝါသောတိ။ပ။ တဏှာ သောတေန ဝုယှတိ လောကသန္နိဝါ - သောတိ ပဿန္တာနံ ဗုဒ္ဓါနံ ဘဂဝန္တာနံ သတ္တေသု မဟာကရုဏာ ဩက္ကမတိ။

လောကသန္နိဝါသော - သတ္တဝါအပေါင်းကို၊
တဏှာဇာလေ န ဩတ္ထဋော - တဏှာတည်းဟူသော ပိုက်ကွန်ဖြင့် ဖုံးအုပ်လျက် မိလျက်ရှိနေပါတကား၊
တဏှာ သောတေန ဝုယှတိ - တဏှာတည်းဟူသော ရေယဉ်ကြောဖြင့် မျောပါနေပါ တကား၊
ဣတိ - ဤသို့၊ ပဿန္တာနံ - မြင်တော်မူကုန်လျက်၊
ဝါ - မြင်တော်မူကုန်သော၊
ဗုဒ္ဓါနံ ဘဂဝန္တာနံ - မြတ်စွာဘုရားတို့အား၊
သတ္တေသု - သတ္တဝါတို့၌၊
မဟာကရုဏာ - သနားခြင်းကြီးစွာ မဟာကရုဏာတော်သည်၊
ဩက္ကမတိ - သက်ရောက် ဖြစ်ပွားတော်မူပေ၏။

တဏှာဆိုတာ ဆာလောင်တယ်လို့ အနက်ရှိတယ်၊ အဆင်းကောင်းတွေကို ကြည့်မြင် ခံစားချင်တာ, ကြည့်မြင်ခံစားပြီး အားမရနိုင်ဘဲ သာယာနှစ်သက် နေတာဟာ အဆင်းကိုဆာတဲ့ တဏှာပဲ၊ အဆင်းကောင်းတွေကို ဘယ်လောက်ပဲ ကြည့်ရပေမယ့် အဆာပြေတယ် အားရတယ်လို့ မရှိဘူး၊

ထို့အတူ အသံကောင်းတွေကို ကြားချင်တာ, ကြားရလို့ အားမရနိုင်တာလဲ ဆာတဲ့တဏှာပဲ၊ အနံ့ကောင်းတွေကို နမ်းရှူလို့ အားမရနိုင်တာလဲ ဆာတဲ့တဏှာပဲ၊ အရသာကောင်းစားရလို့ အားမရနိုင်တာလဲ ဆာတဲ့တဏှာပဲ၊ အတွေ့ကောင်းတွေနဲ့ တွေ့ထိရလို့ အားမရနိုင်တာလဲ ဆာတဲ့တဏှာပဲ၊ စိတ်ကူးကြံစည်လို့ အားမရနိုင်တာလဲ ဆာတဲ့တဏှာပဲ၊

အဲဒီ တဏှာဟာ မြင်ရာ, ကြားရာစသည်မှာ မပြတ်ဖြစ်နေတယ်၊ နေရာတကာက ဖြစ်နေတယ်၊ အိပ်ရာမှ နိုးလာတယ်ဆိုရင် လိုချင်တာကို ကြံမိတော့တာပဲ၊ ကိုယ့်ကိုယ် ကိုလဲ သာယာနှစ်သက်နေတယ်၊ သူတစ်ပါးကိုလဲ သာယာနှစ်သက် နေတယ်၊ အသုံးအဆောင်ပစ္စည်းတွေကိုလဲ သာယာနှစ်သက်နေတယ်၊

အဲဒီ သာယာနှစ်သက် ဆာလောင်နေတဲ့ တဏှာကြောင့် တစ်ဘဝပြီး တစ်ဘဝမပြတ် ဖြစ်နေကြရတယ်၊ ဖြစ်ရာ ဘဝတိုင်းမှာ အိုကြရ, နာကြရ, သေကြရတယ်၊ အလိုရှိတာ တွေရအောင် ရှာကြံတဲ့အတွက်လဲ ဆင်းရဲရတယ်၊ ရပြီးတာတွေကို စောင့်ရှောက် နေရတဲ့အတွက်လဲ ဆင်းရဲရတယ်။ အဲဒီလို ဆင်းရဲတာတွေဟာ ဘာကြောင့်လဲဆိုရင် သာယာနှစ်သက် ဆာလောင်တဲ့ တဏှာကြောင့်ပဲ၊

အဲဒီတဏှာမှ လွတ်မြောက်အောင်လဲ မထွက်မခွာနိုင်ဘူး၊ ဒါကြောင့် တဏှာဟာ သတ္တဝါတွေကို ဖုံးအုပ်ထားတဲ့ ပိုက်ကွန်ကြီးနဲ့ တူနေတယ်၊ ပိုက်ထဲမိနေတဲ့ အကောင်တွေဟာ ဘယ်မှထွက်ခွာမသွား နိုင်ဘူး၊ သေဖို့ရာပဲရှိတယ်၊ အဲဒါလိုပဲ သတ္တဝါတွေလဲ တဏှာပိုက်ထဲမှာ မိနေတဲ့အတွက် ဘယ်ကိုမှ ထွက်မပြေးနိုင်ဘူး၊ ဘဝတိုင်း ဘဝတိုင်း အိုရ, နာရ စသည်ဖြင့် ဆင်းရဲဒုက္ခ ရောက်နေကြရတယ်၊

အဲဒါကို မြင်တော်မူလို့ မြတ်စွာဘုရားက သတ္တဝါတွေ အပေါ်မှာ သနားခြင်းကြီးစွာ မဟာကရုဏာ သက်တော်မူပါတယ်တဲ့။ နောက်ပြီးတော့ ရေယဉ်ကြောမှာ မျောနေ ရတဲ့သူဟာ ရေယဉ်ဆွဲဆောင်ရာ လိုက်ပါနေရတယ်၊ မကြာခင် နစ်မြုပ်ပြီး သေဖို့ရာ သာရှိတယ်၊ အဲဒါလိုပဲ သတ္တဝါတွေဟာလဲ တဏှာဆွဲဆောင်ရာ လိုက်ပါနေ ကြရတယ်၊

မကောင်းမှု အကုသိုလ်ကံတွေကို ပြုပြီး အပါယ်လေးပါးလဲ ရောက်ကြရတယ်၊ တစ်ရံတစ်ခါ ကုသိုလ်ကံပြုမိ၍ လူဘဝ နတ်ဘဝ ရောက်ရတယ်၊ အဲဒီလို လူဘဝ နတ်ဘဝရောက်ရတဲ့အခါလဲ အိုရ, နာရ, သေရအစရှိတဲ့ ဆင်းရဲတွေနဲ့ တွေ့နေ ရတာပဲ၊ အဲဒီလို တဏှာရေယဉ်ကြော မျောပြီး ဒုက္ခရောက်နေကြရတာကို မြင်တော်မူလို့လဲ မြတ်စွာဘုရားက သနားတော်မူပါတယ်တဲ့။

ဒိဋ္ဌိပိုက်ထဲမိနေတယ်၊ ဒိဋ္ဌိရေကြော မျောနေတယ်

▬▬▬▬▬▬▬▬▬▬

ဒိဋ္ဌိဇာလေ ဩတ္ထဋော။ပ။ ဒိဋ္ဌိသောတေန ဝုယှတိ လောက သန္နိဝါသောတိ ပဿန္တာနံ ဗုဒ္ဓါနံ ဘဂဝန္တာနံ သတ္တေသု မဟာကရုဏာ ဩက္ကမတိ။

လောကသန္နိဝါသော - သတ္တဝါအပေါင်းကို၊
ဒိဋ္ဌိဇာလေန ဩတ္ထဋော - အမြင်မှား အယူမှားဟူသော ဒိဋ္ဌိပိုက်ဖြင့် အုပ်မိလျက် ရှိနေပါတကား၊
ဒိဋ္ဌိသောတေန ဝုယှတိ - ဒိဋ္ဌိရေယဉ်ကြောဖြင့် မျောနေပါတကား၊
ဣတိ - ဤသို့၊
ပဿန္တာနံ မြင်တော်မူကုန်လျက်၊
ဝါ - မြင်တော်မူကုန်သော၊
ဗုဒ္ဓါနံ ဘဂဝန္တာနံ မြတ်စွာဘုရားတို့အား၊
သတ္တေသု - သတ္တဝါတို့၌၊
မဟာကရုဏာ - သနားခြင်းကြီးစွာ မဟာကရုဏာတော်သည်၊
ဩက္ကမတိ - သက်ရောက်ဖြစ်ပွားတော်မူပေ၏။

ဒိဋ္ဌိဆိုတာ မိစ္ဆာအယူ, အယူမှား အမြင်မှားပဲ၊ မိမိတို့သန္တာန်မှာ ရုပ်နာမ်အစဉ်မျှသာ ရှိနေပါလျက် အသက်ရှိနေတဲ့ အသက်ကောင် အတ္တကောင် ငါကောင်ရှိနေတယ်လို့ ထင်မြင်စွဲလန်း နေတာဟာ အတ္တဒိဋ္ဌိပဲ၊ သက္ကာယဒိဋ္ဌိလို့လဲ ခေါ်တယ်၊

သက္ကာယဆိုတာ ထင်ရှားရှိနေတဲ့ ရုပ်နာမ်အပေါင်းပဲ၊ အဲဒီရုပ်နာမ်အပေါင်းကိုပင် အသက်ကောင် အတ္တကောင် ငါကောင်လို့ ထင်နေတာ ဒိဋ္ဌိပဲ၊ အဲဒါဟာ ထင်ရှား ရှိနေတဲ့ ရုပ်နာမ်အပေါင်းမှာ အမြင်မှား အယူမှားဖြစ်သောကြောင့် သက္ကာယဒိဋ္ဌိ မည်တယ်၊

ပုံစံတစ်ခု ထုတ်ပြရရင် ဖြစ်ဆဲမှာ ကြည်လင်တဲ့ မျက်စိရုပ်လဲ ထင်ရှားရှိတယ်၊ မြင်ရတဲ့ အဆင်းလဲ ထင်ရှားရှိတယ်၊ မြင်သိတာလဲ ထင်ရှားရှိတယ်၊ မျက်စိနဲ့ အဆင်းက ရုပ်ပဲ၊ မြင်သိတာက နာမ်ပဲ၊ အဲဒီ ရုပ်နာမ် ၂ - ပါးမျှသာ ထင်ရှားရှိတယ်၊ ဒါပေမယ့် သာမာန် ပုဂ္ဂိုလ်တွေက မြင်သိတာကိုလဲ ငါလို ထင်နေကြတယ်၊ မျက်စိနဲ့ မြင်နေရတဲ့ ကိုယ့် ကိုယ်ထဲက အဆင်းရုပ်ကိုလဲ ငါလို့ပဲ ထင်နေကြတယ်၊ အဲဒါတကယ်အဟုတ်အမှန် အနေဖြင့် ထင်ရင် သက္ကာယဒိဋ္ဌိပဲ၊ ကြားဆဲစသည်မှာ ထင်ရှားတဲ့ ကြားသိမှုစသည်ကို ငါလို့ထင်တာလဲ သက္ကာယဒိဋ္ဌိပဲ။

အဲဒီသက္ကာယဒိဋ္ဌိ အရင်းခံပြီးတော့ အတ္တကောင် ငါကောင်ဟာ အမြဲတည်ရှိနေတယ်၊ သေပြီးတော့လဲ အခြားဘဝ အခြားကိုယ်မှာ တည်ရှိနေတာပဲလို့ ထင်ရင် သဿတ ဒိဋ္ဌိပဲ၊ သေပြီးတဲ့အခါ ဘာမျှမရှိတော့ဘူးလို့ ထင်ရင်လဲ ဥစ္ဆေဒဒိဋ္ဌိပဲ၊ ကုသိုလ်ကံ အကုသိုလ်ကံမရှိဘူး၊ အဲဒီကံ၏ ကောင်းကျိုး ဆိုးကျိုးလဲ မရှိဘူးလို့ထင်ရင် ဒုစရိုက်မိစ္ဆာဒိဋ္ဌိပဲ၊ ဥစ္ဆေဒဒိဋ္ဌိရှိသူမှာ ဒီဒုစရိုက်မိစ္ဆာဒိဋ္ဌိလဲ ဖြစ်နိုင်တာပဲ၊

ဒီ ဒုစရိုက်မိစ္ဆာဒိဋ္ဌိက အင်မတန် အပြစ်ကြီးပါတယ်၊ အဲဒီ မိစ္ဆာဒိဋ္ဌိအယူရှိရင် အကုသိုလ်လဲ မရှောင်ဘူး၊ ကုသိုလ်ကိုလဲ မပြုဘူး၊ ဒါကြောင့် အဲဒီအယူရှိတဲ့သူဟာ သေသည်၏ အခြားမဲ့၌ အပါယ်ငရဲ ကျရောက်ဖို့ပဲ ရှိပါတယ်၊ နောက်ပြီးတော့ ဘုရားတု ဘုရားယောင်တွေကို ယုံကြည်ကိုးကွယ်တာလဲ မိစ္ဆာဒိဋ္ဌိ တစ်မျိုးပဲ၊ အကျင့်လမ်းမှား တွေကို အကျင့်လမ်းမှန်အဖြစ်နဲ့ ယုံကြည်တာလဲ မိစ္ဆာဒိဋ္ဌိတစ်မျိုးပဲ၊

ပုံစံထုတ်ပြရရင် သတ္တဝါတွေကို သတ်ပြီး ယဇ်ပူဇော်ခြင်းဖြင့် အကုသိုလ်တွေ ပပျောက် သွားတယ်၊ ကောင်းမှုဖြစ်တယ်လို့ ယုံကြည် စွဲလန်းတာဟာ အကျင့်မှားကို အကျင့်မှန် အနေနဲ့ ယုံကြည်ယူစွဲတဲ့ မိစ္ဆာဒိဋ္ဌိ တစ်မျိုးပဲ။

ဗုဒ္ဓဘုရားရှင်များ မပွင့်တဲ့အခါ၊ ပွင့်နေသော်လဲ ဗုဒ္ဓဘုရား၏ တရားမှန်ကို မကြားရတဲ့ လူတွေမှာ၊ ကြားရသော်လဲ တရားမှန်ကို နားမလည်တဲ့ သူတွေမှာ ယခုပြောခဲ့တဲ့ မိစ္ဆာအယူ တစ်မျိုးမျိုးကို ယုံကြည်စွဲလန်းလျက် ရှိနေတာပါပဲ၊

ကမ္ဘာလောကကြီးကို ဖြန့်ကြည့်လိုက်ရင် မိစ္ဆာအယူရှိနေတဲ့ သူတွေကများတာပါပဲ၊ ဗုဒ္ဓတရားတော်ကို ကောင်းကောင်း နားမလည်တဲ့ သူတွေဆိုရင် ရုပ်နာမ်တွေကို အတ္တကောင် ငါကောင်အနေဖြင့် ထင်မြင်စွဲလန်းတဲ့ အတ္တဒိဋ္ဌိကတော့ ရှိနေတာချည်းပဲ၊

ဒါကြောင့် “သတ္တဝါအပေါင်းဟာ ဒိဋ္ဌိပိုက်ကွန်ထဲ - မိနေတယ်၊ ဒိဋ္ဌိရေယဉ်ကြော မျောနေတယ်”ဆိုတာ တကယ် ဟုတ်တာပဲ၊ အဲဒီမိစ္ဆာ အယူတွေထဲမှာ ဥစ္ဆေဒအယူနဲ့ ဒုစရိုက်မိစ္ဆာ အယူရှိနေကြတဲ့ သတ္တဝါတွေကတော့ အပါယ်လေးပါးပဲ ကျရောက်နေဖို့ များပါတယ်။

သဿတ အယူရှိသူမှာတော့ နောင်ဘဝ နောင်ကာလ၌ ကောင်းကျိုးချမ်းသာ ရဖို့အတွက် ပြုသင့်တာ မပြုသင့်တာရယ်လို့ ရှိသေးတဲ့အတွက် တချို့အကုသိုလ်မှ ကင်းတန်သလောက် ကင်းပြီးတော့အချင်းချင်း ကူညီစောင့်ရှောက်မှု ပေးကမ်းမှု စသော ကုသိုလ်ကံများ ဖြစ်နိုင်ပါသေးတယ်၊ အဲဒီဖြစ်ပွားတဲ့ ကုသိုလ်ကံကြောင့် ဘဝကောင်း ဘဝမြတ်ရောက်ဖို့လဲ ရှိပါသေးတယ်၊

ဒါပေမယ့် သူတို့အယူအရ ပြုသင့်တယ် ဆိုတာထဲမှာ အကုသိုလ်အလုပ်တွေလဲ ပါဝင်နေတတ်တယ်၊ ပါဠိ အဋ္ဌကထာတွေမှာ အဲဒီလို ကံမှားတွေကို ထုတ်ပြထား တာရှိတယ်၊ သတ္တဝါကို သတ်ပြီး ယဇ်ပူဇော်တာတို့ ခရု ယောက်သွား စသည်တို့ကို ရေပူဖြင့် ပြုတ်သတ်ပြီး ဝဋ်ချွတ်တာတို့ ဒီလို အမှုမျိုးတွေပါပဲ၊

အဲဒါတွေဟာ သူတို့အယူအရအားဖြင့် ကောင်းမှု ထင်ပေမယ်လို့ သတ္တဝါတွေကို သတ်တာ ကတော့ ဘယ်နည်းနှင့်မျှ ကောင်းမှုမဖြစ်နိုင်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ သေရတဲ့ သတ္တဝါဘက်ကနေ ကြည့်ရင် သဘောတူဖွယ် ကျေနပ်ဖွယ် လုံးဝမရှိသော ကြောင့်ပါပဲ။

အဲဒီလို ကောင်းမှုထင်ပြီးပြုတဲ့ မကောင်းမှုကံကြောင့် အပါယ်လေးပါး ကျရောက်ပြီး ဆင်းရဲဒုက္ခတွေကို များစွာ ခံစားသွားရဖွယ် ရှိပါတယ်၊ နောက်ပြီးတော့ အဲဒီ သဿတ အစွဲ အတ္တ အယူအစွဲ ခိုင်မြဲနေတဲ့သူဟာ “အတ္တမရှိဘူး ရုပ်နာမ် အစဉ်မျှသာ ရှိတယ်၊ အကြောင်းကြောင့် ဖြစ်နေတဲ့ ရုပ်နာမ်အကျိုးမျှသာ ရှိတယ်၊ အကြောင်းကိလေသာ ငြိမ်းအောင် ကျင့်လို့ သမုဒယတဏှာ ချုပ်ငြိမ်းသွားရင် အကျိုး ဒုက္ခ ရုပ်နာမ်အယဉ် ပြတ်စဲ ချုပ်ငြိမ်းသွားတယ်”ဆိုတဲ့ ဗုဒ္ဓတရားမှန်ကို လက်မခံနိုင်ဘူး၊

ဒါကြောင့် ဘဝသံသရာမှာ မပြတ်ဖြစ်ပြီး အိုရ နာရ သေရ စသည်ဖြင့် သံသရာဝဋ် ဆင်းရဲတွေကို မပြတ်ခံစားသွားရမယ်၊ အဲဒါဟာ ဒိဋ္ဌိပိုက်ထဲ မိနေလို့ ဆင်းရဲငြိမ်းရာ ဌာနကို မသွားနိုင်တာပဲ၊ ဒိဋ္ဌိရေစီးကြောင်းထဲ လိုက်ပါနေရလို့ သံသရာဆင်းရဲတွေကို မပြတ် ခံစားနေရတာပဲ၊ ယခုပြောခဲ့တဲ့ တဏှာရေစီးကြောင်း ဆိုတာတွေက အများအားဖြင့် အပါယ်လေးပါးဆီ စီးဆင်းနေတာကပဲ များတယ်၊

ဒါကြောင့် တဏှာနဲ့ ဒိဋ္ဌိမကင်းသေးတဲ့ သတ္တဝါတွေဟာ အပါယ်လေးပါး ကျရောက်ပြီး အကြီးအကျယ် ဆင်းရဲနေကြရတယ်၊ အဲဒါတွေကို မြင်တော်မူလို့ မြတ်စွာဘုရားရှင်က သတ္တဝါတွေကို သနားတော်မူတာပါပဲ၊ အဲဒီမြတ်စွာဘုရား သနားတော်မူပုံကို နည်းမှီပြီး ဘုန်းကြီးတို့ရော ဒကာ - ဒကာမတို့ရော အလိုရှိသူ တွေလဲ သနားခြင်း ကရုဏာကို ပွားစေနိုင်ပါတယ်။

မီးလောင်ခံနေကြရသည်

▬▬▬▬▬▬▬▬▬

အာဒိတ္တော လောကသန္နိဝါသော ရာဂဂ္ဂိနာ ဒေါသဂ္ဂိနာ မောဟဂ္ဂိနာ ဇာတိယာ ဇရာယ မရဏေန သောကေဟိ ပရိဒေဝေဟိ ဒုက္ခေဟိ ဒေါမနဿေဟိ ဥပါယာသေဟိ၊ တဿ နတ္ထညော ကောစိ နိဗ္ဗာပေတာ အညတြ မယာတိ ပဿန္တာနံ ဗုဒ္ဓါနံ ဘဂဝန္တာနံ သတ္တေသု မဟာကရုဏာ ဩက္ကမတိ။

လောကသန္နိဝါသော - သတ္တဝါအပေါင်းကို၊
ရာဂဂ္ဂိနာ - ရာဂမီးက၊
အာဒိတ္တော - ရဲရဲပြောင်ပြောင် စွဲလောင်နေပါတကား၊
ဒေါသဂ္ဂိနာ - ဒေါသမီးက၊
မောဟဂ္ဂိနာ - မောဟမီးက၊
ဇာတိယာ - ဘဝအသစ်ဖြစ်မှု ဇာတိမီးက၊
ဇရာယ - အိုမင်းမှု ဇရာမီးက၊
မရဏေန - သေရမှု မရဏမီးက၊
သောကေဟိ - စိုးရိမ်ပူပန်မှု သောကမီးတို့က၊
ပရိဒေဝေဟိ - ငိုကြွေးမြည်တမ်းရမှု ပရိဒေဝမီးတို့က၊
ဒုက္ခေဟိ - ကိုယ်ဆင်းရဲ ဒုက္ခမီးတို့က၊
ဒေါမနဿေဟိ - စိတ်နှလုံးမသာမှု စိတ်ဆင်းရဲမီးတို့က၊
ဥပါယာသေဟိ - ပြင်းစွာစိတ်ပူပန်မှု ဥပါယာသ မီးတို့က၊
အာဒိတ္တော - ရဲရဲပြောင်ပြောင် စွဲလောင်နေပါတကား

လို့ မြင်တော်မူပြီးတော့လဲ မြတ်စွာဘုရားက သတ္တဝါတွေကို သနားတော်မူပါတယ် တဲ့။ သတ္တဝါတွေဟာ တစ်ဆယ့်တစ်သီးသော မီးတွေ အလောင်ခံနေရတယ်၊ အဲဒီမှာ ရာဂမီးဆိုတာ နှစ်သက်တပ်စွဲတတ်တဲ့ ရာဂပါပဲ၊ တဏှာတို့ လောဘတို့ ဆိုတာလဲ ဒီရာဂတွေပါပဲ၊ ဘယ်လိုလောင်နေသလဲ ဆိုတော့ မျက်စိရယ် မြင်ရတဲ့ အဆင်းရယ်၊ မြင်သိမှုရယ် ဒီလိုဟာတွေကို နှစ်သက်တပ်စွဲနေတာဟာ ရာဂမီးလောင်နေတာပါပဲ၊

မြင်ရာကနေပြီး ကိုယ့်မျက်စိကလေးလဲ နှစ်သက်သာယာတယ်၊ မြင်ရတဲ့ အဆင်းကောင်း ကလေးတွေကိုလဲ နှစ်သက်သာယာတယ်၊ အမြင်ကောင်း ကလေး တွေကိုလဲ နှစ်သက်သာယာတယ်၊ အထူးထင်ရှားတာကတော့ မြင်ရတဲ့ အဆင်းကို နှစ်သက်သာယာတာပါပဲ၊ အဆင်းဆိုပေမယ့် အဆင်းရုပ်ကလေး တစ်ခုတည်း မဟုတ်ပါဘူး၊ ချစ်စရာကောင်းတဲ့ မိန်းမယောကျာ်း တစ်ကိုယ်လုံးပါပဲ၊

အဲဒီလို မြင်ရာက ရတဲ့ အာရုံကို နှစ်သက်သာယာ တပ်စွဲနေတာဟာ ရာဂမီး လောင်နေတာပါပဲ၊ အဲဒီနှစ်သက်တဲ့ အရာဝတ္ထုကို မရသေးခင်လဲ ရချင်တယ်၊ ရဖို့ ကြံစည်နေတယ်၊ မအိပ်နိုင် မစားနိုင်အထိတောင် ပူလောင်နေတတ်သေးတယ်၊ ရပြီးသားကိုလဲ အစဉ်ထာဝရ တည်မြဲနေဖို့ ကြံစည်နေတယ်၊ အဲဒီ သူနှစ်သက် သာယာတဲ့ ရာဂဖြစ်နေတာဟာ ရာဂမီးလောင်တာပါပဲ။

ဒါပေမယ့် သာမာန်လူတွေ အနေနဲ့ကတော့ အဲဒီရာဂမီးလောင်နေတာက ကောင်း သလိုလို ထင်နေကြတယ်၊ ဒါကြောင့် နှစ်သက်တပ်မက်ပြီး ခံစားနေရအောင် အမြဲတမ်း ကြောင့်ကြစိုက်နေကြတာပဲ၊ အိမ်ထောင်ရေးနဲ့ ဖြစ်စေ၊ စီးပွားရေးနဲ့ ဖြစ်စေ၊ ဆက်ဆံရေးနဲ့ ဖြစ်စေ အမြဲကြောင့်ကြ စိုက်နေကြတယ်၊ အဲဒီလို ကြောင့်ကြစိုက် နေရတာကို ချမ်းသာသလိုလို ကောင်းသလိုလို ထင်နေကြတယ်၊

ဒါပေမယ့် အဲဒီလို ကောင်းတယ် ထင်နေတာဟာ ရာဂမီးလောင်နေတာပါပဲ၊ အဲဒီ နှစ်သက် တပ်မက်တဲ့ ရာဂကို နုတ်ပယ်ပစ် လိုက်ရင်တော့ အဲဒီလို ကြောင့်ကြ စိုက်နေရတာတွေ ခံစားနေရတာတွေဟာ မီးလောင်ခံ နေရသလိုပင် အလွန်ပင်ပန်း ဆင်းရဲနေတာပဲလို့ ထင်ရှားပေါ်လာနိုင်ပါတယ်၊ ဒါကြောင့် ရာဂဂ္ဂိနာ - ရာဂမီးက ရဲရဲပြောင်ပြောင် စွဲလောင်နေတယ်လို့ မြတ်စွာဘုရားက မြင်တော်မူတာပါပဲ။

ထို့အတူပင် ကြားရာမှာလဲ နား - အသံကြားသိမှုတွေကို နှစ်သက် တပ်မက်ပြီး ရာဂမီး လောင်နေတယ်၊ နံရာမှာလဲ နှာခေါင်း အနံ့ နံသိမှုတွေကို လောင်နေတယ်၊ စားရာ မှာလဲ လျှာအရသာ စားသိမှုတွေကို လောင်နေတယ်၊ တွေ့ထိရာမှာလဲ ကိုယ် အကြည်ရုပ် ထိသိရတဲ့ အတွေ့ရုပ် ထိသိမှုတွေကို လောင်နေတယ်၊ ကြံသိရာမှာလဲ နှလုံးကြံသိရတဲ့ ကြံသိမှုတွေကို လောင်နေတယ်၊

အတိုချုပ်ပြောရရင်တော့ - မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း ထင်ရှား ပေါ်လာသမျှတွေကို နှစ်သက် တပ်မက်နေတာဟာ ရာဂမီးလောင်တာပါပဲ၊ ထင်းတို့ ရေနံတို့ဆိုတဲ့ လောင်စာတွေကို မီးလောင်နေသလိုပင် ဒွါရ ၆-ပါးက ပေါ်လာ သမျှတွေကို စွဲမှီပြီး နှစ်သက်တပ်မက်မှု ရာဂမီးတွေ ဖြစ်ပေါ်နေတာပါပဲ၊ လောင်စာ ကောင်းရင် မီးအားကောင်းသလိုပင် နှစ်သက်ဖွယ် ကောင်းလေလေ ရာဂမီးအား ကောင်းလေလေ ဖြစ်နေတာပါပဲ။

ထို့အတူပင် ဒေါသမီးကလဲ လောင်နေတယ်၊ အဲဒါကတော့ စိတ်ဆိုးတဲ့အခါ စိတ်ပူလောင်ကြောင်း ဆင်းရဲပင်ပန်းကြောင်း ထင်ရှားပါတယ်၊ ဒါပေမယ့် ဒေါသ ဖြစ်နေတဲ့ လူကတော့ ဒေါသဖြစ်နေရတာကို ကောင်းသလိုလိုလဲထင်နေ တတ်တယ်၊ မောဟဆိုတာကတော့ အသိခက်တယ်၊ မြင်ရာ ကြားရာ စသည်မှာ ထင်ရှား ပေါ်လာတဲ့ အရာဟူသမျှကို မြဲတဲ့အနေ ချမ်းသာတဲ့အနေ ကောင်းတဲ့အနေ အတ္တကောင် အနေဖြင့် မိရိုးဖလာအတိုင်း သိနေတာ ထင်နေတာဟာ မောဟပါပဲ၊

အတိုချုပ်ဆိုရင်တော့ အလွဲအမှား သိနေတာဟာ မောဟပါပဲ၊ ဒွါရ ၆ - ပါးက ထင်ပေါ်သမျှကို အနိစ္စ ဒုက္ခ အနတ္တအနေဖြင့် အမှန်အတိုင်း မသိရအောင် အလွဲအမှား သိနေတာဟာ မောဟမီး လောင်နေတာပါပဲ၊ အဲဒီမောဟ မီးလောင်ပုံ ကိုတော့ သာမန် ပုဂ္ဂိုလ်တွေမှာ သိနားလည်ဖို့ခက်ပါတယ်၊ အနိစ္စ ဒုက္ခ အနတ္တ အမှန်ကို သိတဲ့အခါကျမှ အဲဒီ အမှားသိ မောဟမီး တောက်လောင်နေတာကို သိနိုင်ပါတယ်၊

သူက အလွဲအမှားတွေ သိနေတဲ့အတွက် မကြံသင့်တာတွေ ကြံတယ်၊ မပြောသင့် တာတွေ ပြောတယ်၊ မပြုသင့်တာတွေ ပြုတယ်၊ အဲဒီလို မသင့်လျော်တာတွေကို ကြံမှု ပြောမှု ပြုမှုကြောင့် မျက်မှောက်မှာလဲ အကျိုးမဲ့တွေဖြစ်တယ်၊ သံသရာ တစ်လျှောက်မှာလဲ အပါယ်ဆင်းရဲ စသည်ကို တွေ့ကြုံခံစားနေရတယ်၊ အဲဒါတွေဟာ မောဟ မီးကြောင့် ပူလောင်ခံရပုံတွေပါပဲ။

ယခုပြောခဲ့တဲ့ ရာဂ ဒေါသ မောဟဆိုတဲ့ မီးသုံးမျိုးကတော့ အကုသိုလ် ကိလေသာမီးတွေပဲ၊ အဲဒီကနောက် ဇာတိမီး စသည်တို့ကတော့ သံသရာဝဋ်ဆင်းရဲ မီးတွေပဲ၊ အဲဒါတွေက ၈ - ပါးရှိတယ်၊ အဲဒီ ၈ - ပါးထဲမှာ ဇာတိ ဇရာ မရဏဆိုတဲ့ မီးသုံးပါးကတော့ ထင်ရှားပါတယ်၊ ဒါပေမယ့် ဘဝအသစ်ဖြစ်တာက ဘယ်လို ပူလောင်သလဲလို့ ဇာတိမီးနဲ့စပ်ပြီး စဉ်းစားစရာရှိပါတယ်၊

အတိုချုပ် ပြောရမယ်ဆိုရင် ဘဝတိုင်း ဘဝတိုင်းမှာ တစ်ဘဝလုံး တစ်ဘဝလုံး အတွင်း တွေ့ကြုံခံစားရတဲ့ ဆင်းရဲတွေဟာ အဲဒီဇာတိမီးကြောင့် ပူလောင် ရတာတွေပဲ၊ ငရဲဆင်းရဲတွေဟာ ငရဲမှာဖြစ်မိလို့ ခံစားရတာပဲ၊ ပြိတ္တာ ဆင်းရဲတွေ ခွေး ဝက် ကြက် ငှက်စသော တိရစ္ဆာန်ဆင်းရဲတွေ၊ ဒါတွေလဲ အဲဒီ ပြိတ္တာဘဝ တိရစ္ဆာန်ဘဝမှာ ဖြစ်မိလို့ ခံစားရတာပဲ၊

ဆင်းရဲတဲ့ မိဘများမှာ မွေးဖွားလာတဲ့ သူငယ်ကလးကို ကြည့်လိုက်ရင် သူ့မိဘ များလိုပင် တစ်သက်လုံး ဆင်းရဲသွားရတော့မှာ ပဲလို့ ခန့်မှန်းပြီး သိနိုင်ပါတယ်၊ နတ်ဘဝ ဗြဟ္မာဘဝ ဖြစ်ရတဲ့ ပုဂ္ဂိုလ်တွေလဲ သူတို့ဘဝနဲ့ဆိုင်တဲ့ ဆင်းရဲတွေကို ခံစားရတာဟာ အဲဒီဘဝမှာဖြစ်မိလို့ပဲ၊ အဲဒီ ပူလောင်မှု ဆင်းရဲတွေက ဘယ်ကလာ သလဲဆိုရင်အဲဒီဘဝကို ဖြစ်စေတတ်တဲ့ ကိလေသာနဲ့ကံမှ လာခဲ့တယ်၊

အဲဒီကိလေသာနဲ့ကံတွေဟာ ဘယ်မှလာခဲ့သလဲဆိုရင်၊ မြင်ရာ ကြားရာစသည်မှာ ထင်ရှားပေါ်ခဲ့တဲ့ မျက်စိအဆင်း မြင်သိမှု စသည်ကို စွဲမှီပြီး ဖြစ်ပေါ်ခဲ့တာပဲ၊ ဒါကြောင့် မြင်တိုင်း ကြားတိုင်းစသည်မှာ ထင်ရှားပေါ်လာတဲ့ မျက်စိအဆင်း မြင်သိမှုစသည်ကို အသစ်ဖြစ်မည့် ဇာတိမီးက လောင်နေတယ်လို့ ဆိုရတယ်၊

အဖြောင့်ပြောရရင်တော့ အဲဒီမြင်မှု စသည်ကို အကြောင်းပြုပြီးတော့ ကိလေသာ နဲ့ကံ ဖြစ်လာခဲ့ရာမှ ဘဝအသစ် ဇာတိမီး ဖြစ်ပေါ်လာတာပဲ၊ အဲဒီ ဇာတိမီးဟာ မြင်တိုင်း ကြားတိုင်းစသည်မှာ ဖြစ်ခွင့်ရနိုင်သောကြောင့် မြင်တိုင်း ကြားတိုင်း စသည်မှာ အဲဒီ ဇာတိမီးက လောင်နေတယ်လို့ ဆိုရတယ်၊ ဇရာမရဏမီးတွေ ဖြစ်ပေါ်လောင်ပုံလဲ နည်းတူပါပဲ၊

ထူးတာကတော့ အိုခြင်း သေခြင်းဆိုတာတွေက ဆိုးဝါးကြောင်း သူ့အလိုလိုပင် ထင်ရှားနေပါတယ်။ ယခုပြောခဲ့တဲ့အတိုင်း ဇာတိမီးစသည် လောင်ပုံကတော့ (စက္ခု အာဒိတ္တံ ရူပါ အာဒိတ္တာ စက္ခုဝိညာဏံ အာဒိတ္တံစသည်ဖြင့်) အာဒိတ္တသုတ်မှာ ဟောထားတဲ့အတိုင်း ပြဆိုချက်ပါပဲ၊ ဒီ မဟာကရုဏာ သမာပတ်အဖွင့်မှာတော့ လောကသန္နိဝါသ ဆိုတဲ့ သတ္တဝါကို လောင်တယ်လို့ သာမည ပြဆိုထားတဲ့အတွက် ဖြစ်ရာ ဖြစ်ရာဘဝမှာပဲ ဇာတိမီး စသည်က လောင်တယ်လို့လဲ ဆိုနိုင်ပါတယ်၊

ဒါကြောင့် ဘဝတိုင်း ဘဝတိုင်းမှာ စပြီး ဖြစ်မိတဲ့အတွက် အဲဒီ တစ်ဘဝလုံး တစ်ဘဝလုံး တွေ့ကြုံခံစားရတဲ့ ဆင်းရဲฮူသမျှတွေဟာ အဲဒီစပြီး ဖြစ်မိတဲ့ ဇာတိမီး၏ ပူလောင်ခြင်းပါပဲ၊ အဲဒီဖြစ်ရာဘဝမှာ ဆံဖြူခြင်း မျက်စိမှုန်ခြင်း နားထိုင်းခြင်း စသော အိုမင်းရတာဟာလဲ ဇရာမီး၏ ပူလောင်ခြင်းပါပဲ၊ နောက်ဆုံး သေရတာလဲ မရဏမီး၏ ပူလောင်ခြင်းပါပဲ၊ ဘဝတိုင်း ဘဝတိုင်း ဒီဇရာမီး မရဏမီး လောင်ပုံကတော့ အလွန်ပင် ထင်ရှားပါတယ်။

နောက်ပြီးတော့ ဆွေမျိုးတို့၏ ပျက်စီးခြင်း စီးပွားဥစ္စာ ပျက်စီးခြင်း စသည်ကြောင့် စိုးရိမ် ပူဆွေးရတယ်၊ ငိုကြွေးရတယ် ဆိုတာတွေလဲ သောကမီး ပရိဒေဝမီး လောင်တာပဲ၊ နောက်ပြီးတော့ ဘဝတိုင်း ဘဝတိုင်း အများအားဖြင့် ကိုယ်ဆင်းရဲ အမျိုးမျိုးတွေကို ခံစားကြရတယ်၊ စိတ်နှလုံးမသာခြင်းစသော စိတ်ဆင်းရဲအမျိုးမျိုးကို ခံစားကြရတယ်၊ စိတ်နှလုံးပြင်းစွာ ပူပန်ခြင်းတွေကိုလဲ ခံစားကြရတယ်၊ အဲဒါတွေဟာ ဒုက္ခ ဒေါမနဿ ဥပါယာသဆိုတဲ့ မီးတွေအလောင် ခံနေကြရတာပဲ၊

အဲဒီ ၁၁-ပါးသော မီးတွေ အလောင်ခံနေကြရလို့ အတိဒုက္ခ ရောက်နေကြရပုံကို မြင်တော်မူတဲ့အတွက် မြတ်စွာဘုရားက သနားတော်မူပုံကို ဒီလိုဆက်ပြီး ပြဆို ထားပါတယ်။

အညတြ မယာ - ငါဘုရားမှတစ်ပါး၊
တဿ နိဗ္ဗာပေတာ - ထိုလောင်သော မီးအပေါင်းကိုငြိမ်းစေနိုင်သော၊
အညောကောစိ - အခြားသူတစ်စုံ တစ်ယောက်မျှ၊
နတ္ထိ - မရှိပါတကား၊
ဣတိ - ဤသို့၊
ပဿန္တာနံ - မြင်တော်မူကုန်လျက်၊
ဝါ - မြင်တော်မူကုန်သော၊
ဗုဒ္ဓါနံဘဂဝန္တာနံ - မြတ်စွာဘုရားတို့အား၊
သတ္တေသု - သတ္တဝါတို့၌၊
မဟာကရုဏာ - သနားခြင်းကြီးစွာ မဟာကရုဏာတော်သည်၊
ဩက္ကမတိ - သက်ရောက် ဖြစ်ပွားတော်မူပေ၏။

သတ္တဝါတွေကို ရာဂစသော တဆယ့်တစ်သီးသော မီးတွေလောင်နေတယ်၊ အဲဒီ မီးကို ငါဘုရားမှတစ်ပါး ငြိမ်းစေနိုင်သူ တစ်စုံတစ်ယောက်မျှ မရှိဘူးလို့ မြင်တော်မူပြီးတော့ မြတ်စွာဘုရားရှင်မှာ သနားခြင်းကြီးစွာ မဟာကရုဏာ ဖြစ်တော်မူပါတယ်တဲ့၊ ဟုတ်တယ် တကယ်ကို သနားစရာပါပဲ၊ မီးတစ်မျိုးတည်း လောင်နေတောင် အခံရခက်လှပါပြီ၊ မီး ၁၁-မျိုး လောင်နေတယ်ဆိုတော့ အင်မတန် အခံရခက်တာ ဆင်းရဲတာပေါ့၊ အဲဒီမီးတွေကို ငြိမ်းအောင် ညွှန်ကြားပြသပေးနိုင်တဲ့ ပုဂ္ဂိုလ်ဆိုတာလဲ သမ္မာသမ္ဗုဒ္ဓ မြတ်စွာဘုရားမှတစ်ပါး တစ်ဦး တစ်ယောက်မျှ မရှိဘူး၊

အဲဒီလို မြင်တော်မူတဲ့အတွက် မြတ်စွာဘုရား သနားတော်မူပြီးတော့ မဂ္ဂင်ရှစ်ပါး သီလ သမာဓိ ပညာအကျင့်ဆိုတဲ့ မီးငြိမ်းရေးတရားတော်ကို ၄၅-ဝါ ကာလပတ်လုံး ဟောကြားတော်မူခဲ့ပါတယ်၊ အဲဒါကို ဘုန်းကြီးတို့ကလဲ တစ်ဆင့် ကမ်းလှမ်းတဲ့အနေနဲ့ ဟောပြော ညွှန်ပြနေရတာပဲ။

မြတ်စွာဘုရား၏ မဟာကရုဏာတော်ဖြစ်ပုံကို ဗဟုသုတအဖြစ် မှတ်သားပြီးတော့ အဲဒီသနားတော်မူပုံမှ နည်းယူပြီး ကရုဏာ ပွားကြရန် ဟောပြလာတာ တော်တော် များသွားပါပြီ၊ ဒါကြောင့် သတ္တဝါတွေကို ရာဂစသော မြားတွေ စူးနေပုံ ဒိဋ္ဌိတဏှာဆိုတဲ့ ပိုက်တွေထဲမှာ မိနေပုံ၊ ဒိဋ္ဌိတဏှာ ဆိုတဲ့ ရေယဉ်ကြောမှ မျောနေ ကြရပုံ ရာဂစသော မီး ၁၁-ပါးဖြင့် အလောင်ခံ နေကြရပုံများကို ဆင်ခြင်ပြီးတော့ ကရုဏာတရားပွားကြရမယ်၊ အဲဒီလို နှလုံးသွင်း ရွတ်ဆိုတာကိုလဲ နောက်က လိုက်ပြီး ရှုမှတ်ကြရမယ်၊ လိုက်ဆိုကြ။

သတ္တဝါတွေမှာ ရာဂစသော မြားတွေလဲ စူးနေတယ်၊ ဒိဋ္ဌိတဏှာ ပိုက်တွေထဲမှာလဲ မိနေတယ်၊ ဒိဋ္ဌိ တဏှာ ရေယဉ်ကြော၌လဲ မျောနေတယ်၊ ရာဂစသော မီးတွေကလဲ လောင်နေတယ်၊ ဒါကြောင့် သနားစရာကောင်းတဲ့ သတ္တဝါတွေ အားလုံး -
ဆင်းရဲမှ လွတ်မြောက်ကြပါစေ၊
ဆင်းရဲမှ လွတ်မြောက်ကြပါစေ၊
ဆင်းရဲမှ လွတ်မြောက်ကြပါစေ။

ယခုပြောပြခဲ့တဲ့ ကရုဏာပွားပုံကတော့ ပါရမီဖြစ် ကုသိုလ်ဖြစ်ပွားပုံတွေပဲတဲ့၊ ဒါပေမယ့် ပါရမီထူးရှိတဲ့ ပုဂ္ဂိုလ်ဆိုရင်တော့ အဲဒီလို ပွားနေရင် အပ္ပနာဈာန်များကိုလဲ ရသွားနိုင်ပါတယ်၊ ကရုဏာ ဈာန်ရအောင် တမင်ပွားချင်ရင်တော့ မေတ္တာပွားတုန်း ကလိုလဲ ချစ်အပ်တဲ့သူ စသည်ကအစပြုပြီး မပွားရဘူး၊ အဖိုအမလိင်ကွဲသူကိုလဲစပြီး မပွားရဘူး၊ သေသူမှာ မပွားရဘူး၊ အတိဒုက္ခရောက်နေတဲ့ သနားဖွယ် ပုဂ္ဂိုလ်ကို စပြီးတော့ ဤသူဟာ ဆင်းရဲမှ လွတ်ပါစေ၊ ဆင်းရဲမှ လွတ်ပါစေလို့ ပွားစေရတယ်၊

အဲဒီလို ပွားလို့ ဈာန်ရပြီးတဲ့အခါ ချစ်အပ်တဲ့ ပုဂ္ဂိုလ်မှာ ပွားစေရတယ်၊ အဲဒီကနောက် အလယ် အလတ်ပုဂ္ဂိုလ်မှာ ပွားစေရတယ်၊ အဲဒီကနောက် ရန်သူမှာ ပွားစေရတယ်၊ ရန်သူကို ကရုဏာပွားနေရင်း ဒေါသဖြစ်လာရင် မေတ္တာအရာမှာ ပြခဲ့တဲ့ နည်းလမ်းဖြင့် အဲဒီဒေါသကို ပြေငြိမ်းစေပြီးတော့ ချစ်အပ်သော ပုဂ္ဂိုလ်, အလယ် အလတ် ပုဂ္ဂိုလ်, ရန်သူ, မိမိဆိုတဲ့ ဒီလေးဦးအပေါ်မှာ အညီအမျှ သနားသော အားဖြင့် သီမာသမ္ဘေဒကို ပြည့်စုံစေရတယ်၊ အဲဒီကနောက် စတုတ္ထနည်းအရ ကရုဏာဈာန် သုံးပါးလုံး ပြည့်စုံအောင် အားထုတ်သွားရတယ်၊

ဒါလောက်ဆိုရင် ကရုဏာပွားစေပုံ ပြည့်စုံပါပြီ၊ ယခု မုဒိတာ ပွားစေပုံကို ပြောရမယ်။

မုဒိတာ ပွားစေပုံ

▬▬▬▬▬▬

မုဒိတာဆိုတာ ဝမ်းမြောက်ကြည်ဖြူတဲ့ သဘောပါပဲ၊ သူတစ်ပါး ကြီးပွားချမ်းသာ တာကို ကြည်ဖြူနှစ်ခြိုက်ပြီး ဝမ်းမြောက်တဲ့သဘောပါပဲ၊ တချို့ကသူတစ်ပါး ကြီးပွားချမ်းသာတာ တိုးတက်အောင်မြင်တာကို မလိုလားကြဘူး၊ အဲဒါက မနာလိုတဲ့ သဘောပါပဲ၊ ပါဠိမှာ ဣဿာလို့ ခေါ်တယ်၊ မုဒိတာက အဲဒီမနာလိုတဲ့ ဣဿာနဲ့ ပြောင်းပြန် ဆန့်ကျင်ဘက်ပဲ၊

ဣဿာအားကြီးတဲ့သူ သူတစ်ပါးကြီးပွား ချမ်းသာတာကို အလိုမရှိဘူး၊ အခြွေအရံ များတာ ရုပ်ရေအဆင်း လှပတာ, ပညာတတ်တာ ဒီလိုဟာတွေလဲ အလိုမရှိဘူး၊ သူတစ်ပါး ရာထူးဌာနန္တရ တိုးတက်တာလဲ အလိုမရှိဘူး၊ မုဒိတာအားရှိတဲ့ သူကတော့ အဲဒီလို သူတစ်ပါး ကြီးပွား ကောင်းစားတာတွေကို မြင်ရ, ကြားရရင် ဝမ်းမြောက် ကြည်ဖြူ သဘောတူတယ်၊ ကြီးပွားစေ, ချမ်းသာမြဲ ချမ်းသာနိုင်ပါစေလို့ နှလုံးသွင်း နိုင်တယ်၊ အဲဒီလို နှလုံးသွင်းတာဟာ မုဒိတာပါပဲ၊ အင်မတန် သန့်ရှင်း မွန်မြတ်တဲ့ သဘောတရားပါပဲ။

အဲဒီမုဒိတာပွားစေပုံကို ဝိသုဒ္ဓိမဂ်မှာ ဒီလိုပြထားပါတယ်။

ပြုံးရယ်ပြီး စကားပြောတတ်တဲ့ အလွန်ချစ်အပ်တဲ့ သူငယ်ချင်း မိတ်ဆွေကို ရှေးဦးစွာ ကြည်ဖြူဝမ်းမြောက်ခြင်း မုဒိတာဖြင့် ဖြန့်ရမည်၊ သို့မဟုတ် ချစ်အပ်တဲ့သူဟာ ချမ်းသာ ပြည့်စုံပြီး ကောင်းကောင်း ဝတ်စားဆင်ယင်လျက် ဝမ်းပန်းတသာ ဖြစ်နေ တာကို မြင်ရ, ကြားရတဲ့အခါ “မောဒတိ ဝတာယံ သတ္တော၊ အဟော သာဓု အဟော သုဋ္ဌု” ဒီလိုဟာ ဝမ်းမြောက်ပေစွ၊ ဪ ... ကောင်းပါလေစွ, ကောင်းပါပေစွ”လို့ မုဒိတာ (ကြည်ဖြူဝမ်းမြောက်ခြင်း) ဖြစ်စေရမယ်တဲ့။

အဲဒါဟာ ဝိသုဒ္ဓိမဂ် အဆို ဘာသာပြန်ပါပဲ၊ အဘိဓမ္မာ ဝိဘင်းပါဠိတော်မှာလဲ ဒီလို ဟောထားပါတယ်။

ဘိက္ခု - ရဟန်းသည်၊
မုဒိတာသဟဂတေန စေတသာ - မုဒိတာနှင့်တကွ ဖြစ်သောစိတ်ဖြင့်၊
ကထဉ္စ - အဘယ်သို့လျှင်၊
ဧကံ ဒိသံ ဖရိတွာ - တစ်ခုသောအရပ် မျက်နှာကို ဖြန့်၍၊
ဝိဟရတိ - နေပါသနည်း၊
သေယျထာပိနာမ - ဥပမာအားဖြင့်ပြရလျှင်၊
ပိယံ မနာပံ - ချစ်အပ် မြတ်နိုးအပ်သော၊
ဧကံပုဂ္ဂလံ - လူတစ်ယောက်ကို၊
ဒိသွာ - မြင်၍၊
မုဒိတော - ကြည်ဖြူ ဝမ်းမြောက်သည်၊
အဿ - ဖြစ်ရာ၏၊
ဧဝမေဝ - ဤအတူပင်လျှင်၊
သဗ္ဗသတ္တေ - အားလုံးသော သတ္တဝါတို့ကို၊
မုဒိတာယ ဖရတိ - မုဒိတာဖြင့် ဖြန့်၏ - တဲ့။

ရှေ့နားက ဝိသုဒ္ဓိမဂ်အဆိုထဲမှာ မုဒိတာပွားပုံကို “(အဟော သာဓု အဟော သုဋ္ဌု) ဪကောင်းပါပေစွ ကောင်းပါပေစွ”လို့ ဝမ်းမြောက်ပုံကိုသာ ပြထားတယ်၊

ယခုနေအခါ ရဟန်းရှင်လူအများမှာ “(ယထာလဒ္ဓသမ္ပတ္တိတော မာ ဝိဂစ္ဆန္တု) ရထားပြီး စည်းစိမ်ဟူသမျှမှ မကင်းကွာ မဆုတ်ယုတ် ကြပါစေလင့်”လို့ နှုတ်တက်တဲ့ အတိုင်းတော့ ပြဆိုထားတာ မရှိဘူး၊

ဒါပေမယ့် ပြိုးပြွမ်း အဆုံးအဖြတ်ကို ပြရာကျတော့ (ကမ္မဿကာ သတ္တာ၊ တေ ကဿ ရုစိယာ။ပ။ ပတ္တသမ္ပတ္တိတော ဝါ န ပရိဟာ ယိဿန္တီတိ ဧဝံ ပဝတ္တကမ္မဿ-ကတာဒန္တဿ န ပဒဋ္ဌာနာ) လို့ ပြဆိုထားတယ်၊

အဲဒီမှာ “သတ္တဝါတွေမှာ သူကံနဲ့သူ အကျိုးပေးနေတဲ့အတွက် သူတို့ဟာ ရထားတဲ့ စည်းစိမ်မှ ဘယ်လူ့အလိုဖြင့်မှ မဆုတ်ယုတ်ကုန်လတ္တံနည်း - မဆုတ်ယုတ် မဆုံးရှုံးဘဲ ရှိကြလိမ့်မည်နည်း”လို့ ဆိုထားတာနဲ့တော့ “မာ ဝိဂစ္ဆန္တု - မကင်းကွာ မဆုတ်ယုတ် ကြပါစေလင့်”လို့ ဆိုတာဟာ ညီညွတ်နေပါတယ်၊ ဒါကြောင့် မုဒိတာကို ပွားစေရာမှာ အဲဒီ အများနှုတ်တတ်နေတဲ့အတိုင်းပဲ ပြဆိုသွားရမယ်။

စီးပွားချမ်းသာ စသည်ပြည့်စုံပြီး ချမ်းသာနေတဲ့သူကို မြင်ရကြားရရင် “အဲဒီလူဟာ ရပြီး စည်းစိမ်ချမ်းသာမှ မဆုတ်ယုတ် မဆုံးရှုံးပါစေနဲ့ ပြည့်စုံမြဲ ပြည့်စုံပါစေ၊ ချမ်းသာမြဲ ချမ်းသာပါစေ”လို့ ဒီလို နှလုံးသွင်းပြီး ပွားများရမယ်၊

အများကို ဆိုရင်လဲ “ရပြီး စည်းစိမ်ချမ်းသာမှ မဆုတ်ယုတ် မဆုံးရှုံးကြပါစေနဲ့ - ပြည့်စုံမြဲ ပြည့်စုံကြပါစေ၊ ချမ်းသာမြဲ ချမ်းသာကြပါစေ”လို့ နှလုံးသွင်းပြီး ပွားများ ရုံပါပဲ၊ အဲဒီမှာ ပြည့်စုံတယ် ဆိုတာက အများကြီး ပြည့်စုံမှ မမဟုတ်ပါဘူး၊ နေသာ ထိုင်သာ အသင့်အတင့် ပြည့်စုံတဲ့သူကိုလဲ အာရုံပြုပြီး မုဒိတာကို ပွားနိုင်ပါတယ်၊

အလွန်ပြည့်စုံ ချမ်းသာတဲ့သူ ဆိုရင်တော့ အထူးပြောစရာ မလိုပါဘူး၊ ကြည်ဖြူ ဝမ်းမြောက်မှု မုဒိတာကို ပွားစေရန် ပိုပြီးကောင်းတာပေါ့၊ အဲဒီအများကြီး ပြည့်စုံတဲ့ သူတွေ, အတော်အသင့် ပြည့်စုံတဲ့သူတွေကို အာရုံပြုပြီး မုဒိတာ ပွားရအောင် လိုက်ဆိုကြရမယ်။

ပြည့်စုံချမ်းသာတဲ့လူတွေ ရပြီးချမ်းသာမှ မဆုတ်ယုတ်ကြပါစေနဲ့ - ပြည့်စုံမြဲ ပြည့်စုံကြပါစေ၊ ချမ်းသာမြဲ ချမ်းသာကြပါစေ၊ ကြီးပွားမြဲ ကြီးပွားကြပါစေ။

ချမ်းသာနေကြတဲ့ သတ္တဝါတွေအားလုံး ချမ်းသာမြဲ ချမ်းသာကြပါစေ၊ ချမ်းသာမြဲ ချမ်းသာကြပါစေ၊ ချမ်းသာမြဲချမ်းသာကြပါစေ။

ဆင်းရဲ ဒုက္ခ ရောက်နေကြပါတယ်တဲ့ သတ္တဝါတွေမှာလဲ အထိုက် အလျောက် ချမ်းသာမှုတော့ ရှိတတ်ကြပါတယ်၊ အမြဲမပြတ် ငရဲမီးလောင်ခံနေရတဲ့ သတ္တဝါ တွေတောင် တန်ခိုးရှင်ဖြစ်တော်မူကြတဲ့ ဘုရားရဟန္တာ အရှင်မြတ်များကငရဲပြည်သို့ ကြွရောက်ပြီး တရားဟောတဲ့ အခါများမှာ ငရဲမီးလောင်ခြင်းမှ သက်သာခွင့် ရကြတယ်လို့ ဆိုပါတယ်၊

ဒါကြောင့် အားလုံး သတ္တဝါတွေကိုလဲ အာရုံပြုပြီးတော့ မုဒိတာကို ပွားစေနိုင်ပါတယ်၊ အဲဒီ ပွားစေပုံကတော့ ကရုဏာ ပွားစေပုံတုန်း ကလိုပါပဲ၊

ကဲ ..... လိုက်ဆိုပြီး ပွားကြရမယ်။

အားလုံး သတ္တဝါတွေ ရပြီးစည်းစိမ်ချမ်းသာမှ မဆုတ်ယုတ်ကြပါစေနဲ့ - ပြည့်စုံမြဲ ပြည့်စုံကြပါစေ၊ ချမ်းသာမြဲ ချမ်းသာကြပါစေ။

အဲဒါက သဗ္ဗေ သတ္တာ ယထာလဒ္ဓသမ္ပတ္တိတော မာ ဝိဂစ္ဆန္တု - ဆိုတဲ့ ပါဠိအရ မုဒိတာ ပွားပုံပါပဲ၊

နောက်ပြီးတော့ သဗ္ဗေပါဏာ စသည်အရလဲ ရွတ်ဆိုပြီး ပွားကြရဦးမယ်၊ လိုက်ဆိုကြ။

အားလုံး အသက်ရှူသူတွေ ရပြီးစည်းစိမ်ချမ်းသာမှ မဆုတ်ယုတ်ကြပါစေနဲ့ - ပြည့်စုံမြဲ ပြည့်စုံကြပါစေ၊ ချမ်းသာမြဲ ချမ်းသာကြပါစေ။

အားလုံး ထင်ရှားဖြစ်သူတွေ ရပြီးစည်းစိမ်ချမ်းသာမှ မဆုတ်ယုတ်ကြပါစေနဲ့ - ပြည့်စုံမြဲ ပြည့်စုံကြပါစေ၊ ချမ်းသာမြဲ ချမ်းသာကြပါစေ။

အားလုံး ပုဂ္ဂိုလ်တွေ ရပြီး စည်းစိမ်ချမ်းသာမှ မဆုတ်ယုတ်ကြပါစေနဲ့ - ပြည့်စုံမြဲ ပြည့်စုံကြပါစေ၊ ချမ်းသာမြဲ ချမ်းသာကြပါစေ။

အားလုံး ခန္ဓာကိုယ် အတ္တဘောရှိသူတွေ ရပြီးစည်းစိမ် ချမ်းသာမှ မဆုတ်ယုတ် ကြပါစေနဲ့ - ပြည့်စုံမြဲ ပြည့်စုံကြပါစေ၊ ချမ်းသာမြဲ ချမ်းသာကြပါစေ။

ယခုရွတ်ဆိုခဲ့တဲ့ အပိုဒ် (၅) ခုက အပိုင်းအခြား အကန့်အသတ်မရှိဘဲ သတ္တဝါ အားလုံးအပေါ်မှာ ကြည်ဖြူ ဝမ်းမြောက်မှု မုဒိတာကိုပွားပုံ အနောဓိသမုဒိတာ (၅)ပါးပဲ၊ ယခု ဩဓိသ မုဒိတာ (၇)ပါးလဲ ရွတ်ဆိုပွားများကြရဦးမယ်။

အားလုံး အမျိုးသမီးတွေ ရပြီးစည်းစိမ်ချမ်းသာမှ မဆုတ်ယုတ်ကြပါစေနဲ့ - ပြည့်စုံမြဲ ပြည့်စုံကြပါစေ၊ ချမ်းသာမြဲ ချမ်းသာကြပါစေ။

အားလုံး အမျိုးသားတွေ ရပြီးစည်းစိမ်ချမ်းသာမှ မဆုတ်ယုတ်ကြပါစေနဲ့ - ပြည့်စုံမြဲ ပြည့်စုံကြပါစေ၊ ချမ်းသာမြဲ ချမ်းသာကြပါစေ။

အားလုံး အရိယာတွေ ရပြီးစည်းစိမ်ချမ်းသာမှ မဆုတ်ယုတ်ကြပါစေနဲ့ - ပြည့်စုံမြဲ ပြည့်စုံကြပါစေ၊ ချမ်းသာမြဲ ချမ်းသာကြပါစေ။

အားလုံး ပုထုဇဉ်တွေ ရပြီးစည်းစိမ်ချမ်းသာမှ မဆုတ်ယုတ်ကြပါစေနဲ့ - ပြည့်စုံမြဲ ပြည့်စုံကြပါစေ၊ ချမ်းသာမြဲ ချမ်းသာကြပါစေ။

အားလုံး နတ်တွေ ရပြီးစည်းစိမ်ချမ်းသာမှ မဆုတ်ယုတ် ကြပါစေနဲ့ - ပြည့်စုံမြဲ ပြည့်စုံကြပါစေ၊ ချမ်းသာမြဲ ချမ်းသာကြပါစေ။

အားလုံး လူတွေ ရပြီးစည်းစိမ်ချမ်းသာမှ မဆုတ်ယုတ်ကြပါစေနဲ့ - ပြည့်စုံမြဲ ပြည့်စုံကြပါစေ၊ ချမ်းသာမြဲ ချမ်းသာကြပါစေ။

အားလုံး အပါယ်သတ္တဝါတွေ ရပြီး စည်းစိမ်ချမ်းသာမှ မဆုတ်ယုတ်ကြပါစေနဲ့ - ပြည့်စုံမြဲ ပြည့်စုံကြပါစေ၊ ချမ်းသာမြဲ ချမ်းသာကြပါစေ။

ဒါက ဩဓိသမုဒိတာ (၇)ပါး ပွားပုံပဲ၊

အဲဒီ ဩဓိသ (၇)ပါးနှင့် ရှေ့နားက အနောဓိသ (၅)ပါးကို ပေါင်းလိုက်ရင် ၁၂-ပါးရတယ်၊ အဲဒါဟာ အရပ်မျက်နှာနဲ့ ပိုင်းခြားကန့်သတ်ခြင်း မရှိတဲ့ ဒိသာအနောဓိသ မုဒိတာ ၁၂-ပါးပါပဲ၊

အရပ်မျက်နှာဖြင့် ပိုင်းခြားပြီး ပွားတဲ့အခါမှာလဲ အရပ်မျက်နှာ တစ်ခုတစ်ခုမှာ နည်းတူပင် ၁၂-ပါးစီရတယ်၊ အရပ်မျက်နှာ ဆယ်ခုဆိုတော့ ၁၂၀ - ရတယ်၊ အဲဒါက ဒိသာဩဓိသမုဒိတာ ၁၂၀ - တဲ့၊

အဲဒီ ၁၂၀-ကိုလဲ အကျဉ်းချုပ် ရွတ်ဆို ပွားများကြရမယ်၊ လိုက်ဆိုကြ။

အရှေ့အရပ်က အားလုံး သတ္တဝါတွေ ရပြီးစည်းစိမ် ချမ်းသာမှ မဆုတ်ယုတ်ကြပါစေနဲ့ ပြည့်စုံမြဲ ပြည့်စုံကြပါစေ၊ ချမ်းသာမြဲ ချမ်းသာကြပါစေ။

အရှေ့အရပ်က အားလုံး အသက်ရှူသူတွေ ရပြီးစည်းစိမ်ချမ်းသာမှ မဆုတ်ယုတ် ကြပါစေနဲ့ - ပြည့်စုံမြဲ ပြည့်စုံကြပါစေ၊ ချမ်းသာမြဲ ချမ်းသာကြပါစေ။

အရှေ့အရပ်က အားလုံး ထင်ရှားဖြစ်သူတွေ ရပြီးစည်းစိမ်ချမ်းသာမှ မဆုတ်ယုတ် ကြပါစေနဲ့ - ပြည့်စုံမြဲ ပြည့်စုံကြပါစေ၊ ချမ်းသာမြဲ ချမ်းသာကြပါစေ။

အရှေ့အရပ်က အားလုံး ပုဂ္ဂိုလ်တွေ ရပြီး စည်းစိမ်ချမ်းသာမှ မဆုတ်ယုတ်ကြပါစေနဲ့ - ပြည့်စုံမြဲ ပြည့်စုံကြပါစေ၊ ချမ်းသာမြဲ ချမ်းသာကြပါစေ။

အရှေ့အရပ်က အားလုံး အပါယ်သတ္တဝါတွေ ရပြီး စည်းစိမ်ချမ်းသာမှ မဆုတ်ယုတ် ကြပါစေနဲ့ - ပြည့်စုံမြဲ ပြည့်စုံကြပါစေ၊ ချမ်းသာမြဲ ချမ်းသာကြပါစေ။

ဒါက အရှေ့အရပ်၌ ပွားပုံ ၁၂ - ပါးပါပဲ၊ အနောက်အရပ် စသည်မှာလဲနည်းတူပါပဲ၊ အကျဉ်းချုပ်ရွတ် ဆိုပွားများကြရမယ်။

အနောက်အရပ်က အားလုံး သတ္တဝါတွေ ရပြီးစည်းစိမ်ချမ်းသာမှ မဆုတ်ယုတ်ကြ ပါစေနဲ့ - ပြည့်စုံမြဲ ပြည့်စုံကြပါစေ၊ ချမ်းသာမြဲ ချမ်းသာကြပါစေ။

အနောက်အရပ်က အားလုံး အပါယ်သတ္တဝါတွေ ရပြီးစည်းစိမ်ချမ်းသာမှ မဆုတ်ယုတ် ကြပါစေနဲ့ - ပြည့်စုံမြဲ ပြည့်စုံကြပါစေ၊ ချမ်းသာမြဲ ချမ်းသာကြပါစေ။

မြောက်အရပ်က အားလုံး သတ္တဝါတွေ ရပြီးစည်းစိမ် ချမ်းသာမှ မဆုတ်ယုတ်ကြ ပါစေနဲ့ - ပြည့်စုံမြဲ ပြည့်စုံကြပါစေ၊ ချမ်းသာမြဲ ချမ်းသာကြပါစေ။

မြောက်အရပ်က အားလုံး အပါယ်သတ္တဝါတွေ ရပြီးစည်းစိမ်ချမ်းသာမှ မဆုတ်ယုတ် ကြပါစေနဲ့ - ပြည့်စုံမြဲ ပြည့်စုံကြပါစေ၊ ချမ်းသာမြဲ ချမ်းသာကြပါစေ။

တောင်အရပ်က အားလုံး သတ္တဝါတွေ ရပြီးစည်းစိမ်ချမ်းသာမှ မဆုတ်ယုတ်ကြပါစေနဲ့ - ပြည့်စုံမြဲ ပြည့်စုံကြပါစေ၊ ချမ်းသာမြဲ ချမ်းသာကြပါစေ။

တောင်အရပ်က အားလုံး အပါယ်သတ္တဝါတွေ ရပြီးစည်းစိမ်ချမ်းသာမှ မဆုတ်ယုတ်ကြ ပါစေနဲ့ - ပြည့်စုံမြဲ ပြည့်စုံကြပါစေ၊ ချမ်းသာမြဲ ချမ်းသာကြပါစေ။

အရှေ့တောင်အရပ်က အားလုံး သတ္တဝါတွေ ရပြီး စည်းစိမ်ချမ်းသာမှ မဆုတ်ယုတ်ကြ ပါစေနဲ့ - ပြည့်စုံမြဲ ပြည့်စုံကြပါစေ၊ ချမ်းသာမြဲ ချမ်းသာကြပါစေ။

အရှေ့တောင်အရပ်က အားလုံး အပါယ်သတ္တဝါတွေ ရပြီး စည်းစိမ်ချမ်းသာမှ မဆုတ်ယုတ်ကြပါစေနဲ့ - ပြည့်စုံမြဲ ပြည့်စုံကြပါစေ၊ ချမ်းသာမြဲ ချမ်းသာကြပါစေ။

အနောက်မြောက်အရပ်က အားလုံး သတ္တဝါတွေ ရပြီး စည်းစိမ်ချမ်းသာမှ မဆုတ်ယုတ် ကြပါစေနဲ့ - ပြည့်စုံမြဲ ပြည့်စုံကြပါစေ၊ ချမ်းသာမြဲ ချမ်းသာကြပါစေ။

အနောက်မြောက်အရပ်က အားလုံး အပါယ်သတ္တဝါတွေ ရပြီး စည်းစိမ်ချမ်းသာမှ မဆုတ်ယုတ်ကြပါစေနဲ့ - ပြည့်စုံမြဲ ပြည့်စုံကြပါစေ၊ ချမ်းသာမြဲ ချမ်းသာကြပါစေ။

အရှေ့မြောက်အရပ်က အားလုံး သတ္တဝါတွေ ရပြီး စည်းစိမ်ချမ်းသာမှ မဆုတ်ယုတ်ကြပါစေနဲ့ - ပြည့်စုံမြဲ ပြည့်စုံကြပါစေ၊ ချမ်းသာမြဲ ချမ်းသာကြပါစေ။

အရှေ့မြောက်အရပ်က အားလုံး အပါယ်သတ္တဝါတွေ ရပြီး စည်းစိမ်ချမ်းသာမှ မဆုတ်ယုတ်ကြပါစေနဲ့ - ပြည့်စုံမြဲ ပြည့်စုံကြပါစေ၊ ချမ်းသာမြဲ ချမ်းသာကြပါစေ။

အနောက်တောင်အရပ်က အားလုံး သတ္တဝါတွေရပြီး စည်းစိမ်ချမ်းသာမှ မဆုတ်ယုတ်ကြပါစေနဲ့ - ပြည့်စုံမြဲ ပြည့်စုံကြပါစေ၊ ချမ်းသာမြဲ ချမ်းသာကြပါစေ။

အနောက်တောင်အရပ်က အားလုံး အပါယ်သတ္တဝါတွေရပြီး စည်းစိမ်ချမ်းသာမှ မဆုတ်ယုတ်ကြပါစေနဲ့ - ပြည့်စုံမြဲ ပြည့်စုံကြပါစေ၊ ချမ်းသာမြဲ ချမ်းသာကြပါစေ။

အောက်အရပ်က အားလုံး သတ္တဝါတွေရပြီး စည်းစိမ်ချမ်းသာမှ မဆုတ်ယုတ်ကြ ပါစေနဲ့ - ပြည့်စုံမြဲ ပြည့်စုံကြပါစေ၊ ချမ်းသာမြဲ ချမ်းသာကြပါစေ။

အောက်အရပ်က အားလုံး အပါယ်သတ္တဝါတွေ ရပြီး စည်းစိမ်ချမ်းသာမှ မဆုတ်ယုတ် ကြပါစေနဲ့ - ပြည့်စုံမြဲ ပြည့်စုံကြပါစေ၊ ချမ်းသာမြဲ ချမ်းသာကြပါစေ။

အထက်အရပ်က အားလုံး သတ္တဝါတွေရပြီး စည်းစိမ်ချမ်းသာမှ မဆုတ်ယုတ်ကြ ပါစေနဲ့ - ပြည့်စုံမြဲ ပြည့်စုံကြပါစေ၊ ချမ်းသာမြဲ ချမ်းသာကြပါစေ။

အထက်အရပ်က အားလုံး အပါယ်သတ္တဝါတွေ ရပြီး စည်းစိမ်ချမ်းသာမှ မဆုတ်ယုတ် ကြပါစေနဲ့ - ပြည့်စုံမြဲ ပြည့်စုံကြပါစေ၊ ချမ်းသာမြဲ ချမ်းသာကြပါစေ။

ယခုဆိုခဲ့ကြတာတွေဟာ ဒိသာဩဓိသ မုဒိတာ ၁၂၀ - အကျဉ်းချုပ်ပါပဲ၊

အဲဒါကို ရှေ့နားက ဒိသာအနောဓိသ ၁၂-ပါးနှင့် ပေါင်းလိုက်ရင် မုဒိတာ ၁၃၂-ပါး ဖြစ်တယ်၊ မုဒိတာ ပွားပုံကတော့ စုံသွားပါပြီ၊ စွမ်းနိုင်ရင် အချိန်အခွင့်လဲ ရရင် အဲဒီ မုဒိတာ ၁၃၂-ပါးကို ပွားများကြရုံပါပဲ။

အဲဒီလို တမင်မပွားနိုင်တောင်မှ ပြည့်စုံချမ်းသာနေတဲ့ သူများကို တွေ့မြင် ကြားသိ ရတိုင်း “ပြည့်စုံမြဲ ပြည့်စုံကြပါစေ။ ချမ်းသာမြဲ ချမ်းသာကြပါစေလို့” ကြည်ဖြူ ဝမ်းမြောက်မှု မုဒိတာကို ဖြစ်ပွားစေနိုင်ရင် မျက်မှောက်ဘဝမှာလဲ အကျိုးများတယ်၊ နောင်သံသရာဘဝတွေမှာလဲ အကျိုးများသွားမယ်။

လူတွေဟာ အများအားဖြင့် “ကိုယ်ထက်သာ မနာလို” ဆိုတဲ့အတိုင်း ကိုယ့်ထက် သာတဲ့သူကို မနာလို ဖြစ်တတ်ကြတယ်၊ ယခုနေအခါဆိုရင် မနာလိုဖြစ်ရုံတွင် မဟုတ်ဘဲ ပြည့်စုံချမ်းသာတဲ့ သူတွေကို ပျက်စီးဆုံးရှုံးကုန်အောင် ဆင်းရဲဒုက္ခ ရောက်ကုန်အောင် ကြံစည်ပြောဆို ပြုလုပ်နေကြတာတွေတောင် ရှိနေတယ်၊ အဲဒါဟာ မနာလိုမှု - ဣဿာ အကုသိုလ်တရားပွားနေတာပဲ၊

အဲဒီ မနာလိုမှု - ဣဿာများတဲ့ သူဟာ မျက်မှောက်မှာလဲ ကူညီသူမရှိဘဲ၊ အကျိုးမဲ့ ဖြစ်တတ်တယ်၊ နောင်သံသရာ ဘဝတွေမှာလဲ အကူအညီ အခြွေအရံမရှိဘဲ ဆင်းရဲ သွားဖို့ရှိတာပါပဲ၊ အဲဒီအကြောင်းအရာများကို ဥပရိပဏ္ဏာသ စူဠကမ္မဝိဘင်္ဂ သုတ် (၂၄၆)မှာ ဒီလို ပြဆိုထားပါတယ်။

ဣဓ မာဏဝ ဧကစ္စော ဣတ္ထီ ဝါ ပုရိသောဝါ ဣဿာ - မနကော ဟောတိ -
စသည်ဖြင့် ဟောထားပါတယ်။

မာဏဝ - သုဘလုလင်၊
(သုဘလုလင်အကြောင်းကိုတော့ နောက်သီတင်းမှပြောရမယ်)
ဣဓ - ဤလောက၌၊
ဧကစ္စော ဣတ္ထီ ဝါ ပုရိသော ဝါ - မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သော သူသည်၊
ဣဿာမနကော - မနာလိုစိတ်များသည်၊
ဟောတိ - ဖြစ်၏၊
ပရလာဘသက္ကာရမာနနဝန္ဒနပူဇာသု - အခြားသူတို့မှာ စီးပွားဥစ္စာရခြင်း အရိုအေ ပေးကမ်းခြင်း အလေးပြုခြင်း မြတ်နိုးခြင်း ရှိခိုးခြင်း ပူဇော်ခြင်းတို့၌၊
ဣဿတိ - မနာလိုစိတ်ဖြစ်၏၊
ဥပဒုဿတိ - မလိုလားသဖြင့် ပစ်မှား၏၊
ဣဿံဗန္ဓတိ - မနာလိုမှုကို ဖွဲ့ချည်ထားသကဲ့သို့ စွဲလမ်းလျက်ရှိ၏၊
သော - ထိုဝန်တိုသူသည်၊
တေန ကမ္မေန ဧဝံ သမတ္တေန သမာဒိန္နေန - ယခုပြောခဲ့တဲ့အတိုင်း ဆောက်တည် ပြီးမြောက်စေခဲ့သော ထိုမနာလိုမှုကံကြောင့်၊
ကာယဿ ဘေဒါ ပရံမရဏာ - လက်ရှိကိုယ်ခန္ဓာပျက်စီး၍ သေသည်မှနောက်၌၊
အပါယံ ဒုဂ္ဂတိံ - အပါယ် ဒုဂ္ဂတိံဘုံသို့၊
ဝိနိပါတံ နိရယံ - လူ့ချမ်းသာမှ ပျက်စီး၍ ကျရောက်ရာ ငရဲဘုံသို့၊
ဥပ္ပဇ္ဇတိ - ကပ်ရောက်၍ဖြစ်၏၊
သစေ မနုဿတ္တံ အာဂစ္ဆတိ - အခြားကုသိုလ်ကံကြောင့် လူအဖြစ်သို့ အကယ်၍ ရောက်လာ ငြားအံ့၊
ယတ္တ ယတ္တ ပစ္စာဇာယတိ - ထိုထိုဖြစ်ရာဘဝ၌
(မြန်မာ စကားချောစေရန် ဆိုလိုသောအနက်ပြန်သည်)
အပ္ပေသက္ခော ဟောတိ - အခြွေအရံ မဲ့သူ ဖြစ်တတ်၏၊
မာဏဝ - သုဘလုလင်၊
ဧသာ ပဋိပဒါ - ဤမနာလိုသော အကျင့်သည်၊
အပ္ပေသက္ခ - သံဝတ္တနိ ကာ - အခြွေအရံမဲ့ခြင်းကို ဖြစ်စေတတ်သည် - တဲ့။

အတိုချုပ်ပြောရရင် သူတစ်ပါး ကြီးပွားချမ်းသာတာ ဂုဏ်တက်တာကို မနာလိုတဲ့ သူဟာ အဲဒီမနာလိုမှု အကုသိုလ်ကံကြောင့် အပါယ်လေးပါး ကျရောက်တတ်တယ်၊ ငရဲကျရောက်တတ်တယ်၊ အပါယ်ငရဲမှ လွတ်ပြီး အခြား ကုသိုလ်ကံကြောင့် လူဖြစ် လာရင်လဲ အခြွေအရံ နည်းပါးတတ်တယ်၊ “လက်ပြတ်နေသူမှာ ရေသောက်ချင်ရင် တောင် ရေတိုက်ပေးမည့်သူ မရှိအောင် အကူအညီ အခြွေအရံ မဲ့တတ်တယ်”လို့ အဋ္ဌကထာမှာ ဖွင့်ပြထားပါတယ်။

သူတစ်ပါး ကြီးပွားချမ်းသာတာကို မုဒိတာဖြင့် ကြည်ဖြူဝမ်းမြောက်တဲ့သူကတော့ အဲဒီ ကြည်ဖြူ ဝမ်းမြောက်တဲ့ မုဒိတာကုသိုလ်ကံကြောင့် နတ်ပြည် သုဂတိသို့ ရောက်ရတယ်၊ လူ့ဘဝမှာ ဖြစ်ရင်လဲ ဖြစ်ရာ ဖြစ်ရာဘဝမှာ အခြွေအရံများပြီး ဘုန်းတန်ခိုးကြီးတယ်တဲ့။ ဒါကြောင့် -

မာဏဝ - သုဘလုလင်၊
ဧသာ ပဋိပဒါ - မနာလိုခြင်း မရှိဘဲ၊
ကြည်ဖြူ ဝမ်းမြောက်သော ဤအကျင့်သည်၊
မဟေသက္ခသံဝတ္တနိကာ - ဘုန်းတန်ခိုးကြီးခြင်းဟု ဆိုအပ်သော အခြွေအရံ များခြင်းကို ဖြစ်စေတတ်သည် -
လို့ အတိုချုပ်လဲ ဟောတော်မူပါတယ်၊ အဲဒီ အဆိုးအကောင်းအကျင့် ၂-ရပ် အကျိုး ပေးပုံကို “မနာလိုမှာ၊ ခြွေရံကွာ၊ ကြည်သာ ခြွေရံစသည်” လို့ ဆောင်ပုဒ် ရေးစီထားတယ်၊ အဲဒါကို ဆိုကြရမယ်။

မနာလိုမှာ၊ ခြွေရံကွာ၊ ကြည်သာ ခြွေရံစည်။

အဲဒီတော့ ဖြစ်ရာဘဝတိုင်းမှာ အခြွေအရံတွေများစွာနဲ့ ဘုန်းတန်ခိုးကြီးတဲ့သူ ဖြစ်ချင်ရင် သူတစ်ပါး ကြီးပွားချမ်းသာတာကို မနာလိုခြင်းမရှိဘဲ ကြီးပွားမြဲ ကြီးပွားပါစေ၊ ချမ်းသာမြဲ ချမ်းသာပါစေ၊ ရာထူးဌာနန္တရ တည်မြဲပါစေ စသည်ဖြင့် ကြည်ဖြူဝမ်းမြောက်တဲ့ မုဒိတာကို ပွားကြရုံပါပဲ၊ ဒါက ပိုက်ဆံ တစ်ပြားတစ်ချပ်မှ မကုန်ဘဲနဲ့ ကုသိုလ်ဖြစ်ပွားတာ သိပ်နေရာ ကျတာပဲ။

ဒါကြောင့် တွေ့မြင်ရ ကြားသိရတဲ့ ပုဂ္ဂိုလ်တိုင်းကို ချမ်းသာပါစေလို့ မေတ္တာ ပွားသလိုပင် ရပြီး စည်းစိမ်ချမ်းသာမှ မဆုတ်ယုတ်ကြပါစေနဲ့ - ပြည့်စုံမြဲ ပြည့်စုံကြပါစေ၊ ကြီးပွားမြဲ ကြီးပွားပါစေလို့ မုဒိတာကိုလဲ ပွားကြရမယ်၊ ဒီမုဒိတာ အရာမှာလဲ သီမာသမ္ဘေဒ ပြီးစီးအောင်ပွားပုံကို မေတ္တာ ကရုဏာပွားပုံများကလိုပင် ဝိသုဒ္ဓိမဂ်၌ ပြထားပါတယ်၊ စတုတ္ထနည်းအားဖြင့် တတိယဈာန်ရအောင် ပွားပုံကိုလဲ နည်းတူပင်ပြထားပါတယ်၊ဒါကြောင့် ဒီမုဒိတာဘာဝနာဖြင့်လဲ တတိယဈာန် ရအောင် ပွားများအားထုတ်နိုင်ပါတယ်၊

မုဒိတာပွားပုံနှင့် စပ်ပြီး ပြောစရာကတော့ ပြည့်စုံသွားပါပြီ၊ ဒါကြောင့် ကရုဏာ မုဒိတာ ပွားပုံများကို ရွတ်ဆိုပြီး ဒီကနေ့ တရားပွဲကို သိမ်းရမယ်၊ အဲဒီလို ရွတ်ဆိုပွားများနေစဉ်မှာပင် နှလုံးသွင်း ရွတ်ဆိုတာကို ရှုမှတ်ပြီး ဝိပဿနာကိုလဲ ပွားစေကြရမယ်၊ ကဲ - လိုက်ဆိုကြ။

အားလုံးသတ္တဝါတွေ ဘေးရန်ကင်းကြပါစေ၊ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊ ချမ်းသာစွာနဲ့ မိမိတို့ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ။

အားလုံးသတ္တဝါတွေ တွေ့ကြုံနေဆဲ ဆင်းရဲဒုက္ခမှ လွတ်မြောက်နိုင်ကြပါစေ။

အားလုံးသတ္တဝါတွေ ရရှိပြီး စီးပွားချမ်းသာမှ မဆုတ်ယုတ်မပျက်စီးပါစေလင့်၊ ပြည့်စုံမြဲ ပြည့်စုံကြပါစေ၊ ကြီးပွားမြဲ ကြီးပွားကြပါစေ၊ ချမ်းသာမြဲ ချမ်းသာကြပါစေ။

မေတ္တာကရုဏာ မုဒိတာဗြဟ္မစိုရ်တရားတော်ကို ရိုသေလေးစားစွာ နာယူမှတ်သား ကြရသော ဓမ္မသဝန ကုသိုလ်ကံ စေတနာတို့၏ အစွမ်းအာနုဘော်ကြောင့် ယခု တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့သည် မေတ္တာ ကရုဏာ မုဒိတာ တရားတို့ကို ထိုက်သည့် အားလျော်စွာ ပွားများနိုင်ကြသဖြင့် ရသင့်ရထိုက်သည့် ၁၁-ပါးသော အကျိုးတို့ကို ရကြပြီးလျှင် မှတ်သိမှု ဝိပဿနာကိုလဲ တိုးတက်ပွားများ အားထုတ်နိုင်သည်ဖြစ်၍ မိမိတို့ အလိုရှိအပ်သော မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်သို့ လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေ။

သာဓု ... သာဓု ... သာဓု။

ဗြဟ္မဝိဟာရ တရားတော် ဆဋ္ဌမပိုင်း ပြီး၏။

......

ဗြဟ္မဝိဟာရတရားတော်

▬▬▬▬▬▬▬▬▬

သတ္တမပိုင်း

၁၃၂၇-ခုနှစ် သီတင်းကျွတ် - တန်ဆောင်မုန်းလပြည့် လကွယ်နေ့များ၌ ၄-ကြိမ် ဟောသည်

တရားအနုသန္ဓေ

▬▬▬▬▬▬

ဒီနှစ်ဝါတွင်း ဗြဟ္မဝိဟာရခေါ် ဗြဟ္မစိုရ်တရားကို ဟောလာခဲ့တာ ၁၂-သီတင်းရှိခဲ့ပြီ၊ မေတ္တာ ကရုဏာ မုဒိတာ ရှေ့သုံးပါးတော့ ပြီးခဲ့ပါပြီ၊ သီတင်းကျွတ်လပြည့်နေ့ ဒီကနေ့ကစပြီး ဥပေက္ခာကို ဟောရမယ်။

ဥပေက္ခာဆိုတာ ဘာလဲ

▬▬▬▬▬▬▬▬

ဥပေက္ခာဆိုတာ သဒ္ဒါနည်းအရအားဖြင့် -

ဥပပတ္တိတော ယုတ္တိတော - အသင့်အလျော် အားဖြင့်၊
ဣက္ခတီတိ - ရှုတတ်သောကြောင့်၊
ဥပေက္ခာ - ဥပေက္ခာမည်၏ -

လို့ ဆိုတဲ့အတိုင်း ဟိုဘက် ဒီဘက်သို့မလိုက်ဘဲ အလယ်အလတ် အညီအမျှ အသင့်အလျော်အားဖြင့် ရှုတာ နှလုံးသွင်းတာကို ဥပေက္ခာလို့ ခေါ်တယ်၊ ဒီဗြဟ္မဝိဟာရ အရာမှာတော့ ချမ်းသာပါစေ - လို့ မေတ္တာဖြင့်ကြောင့်ကြစိုက်မှု၊ ဆင်းရဲမှလွတ်ပါစေလို့ ကရုဏာဖြင့် ကြောင့်ကြစိုက်မှု၊ မဆုတ်ယုတ်ဘဲ ချမ်းသာမြဲ ချမ်းသာကြပါစေလို့ မုဒိတာဖြင့် ကြောင့်ကြ စိုက်မှုများကို ပယ်သောအားဖြင့် ကြောင့်ကြမပြု လျစ်လျူရှုတဲ့ သဘောကို ဥပေက္ခာလို့ ဆိုပါတယ်။

မေတ္တာဘာဝနာကို ပွားစေတဲ့အခါမှာ သဗ္ဗေ သတ္တာ အဝေရာဟောန္တု - အားလုံး သတ္တဝါတွေ ဘေးရန်ကင်းကြပါစေ စသည်ဖြင့် သတ္တဝါတွေ ချမ်းသာကြစေရန် နှလုံးသွင်းရတယ်၊

ကရုဏာ ဘာဝနာကို ပွားစေတဲ့အခါမှာလဲ သဗ္ဗေ သတ္တာ ဒုက္ခာ မုစ္စန္တု - အားလုံး သတ္တဝါတွေ ဆင်းရဲမှ လွတ်မြောက်ကြပါစေလို့ သတ္တဝါတွေ ဆင်းရဲမှ လွတ်စေရန် နှလုံးသွင်းရတယ်၊

မုဒိတာ ဘာဝနာကို ပွားစေတဲ့အခါမှာလဲ သဗ္ဗေ သတ္တာ ယထာလဒ္ဓ - သမ္ပတ္တိတော မာ ဝိဂစ္ဆန္တု - အားလုံး သတ္တဝါတွေ ရရှိပြီး စည်းစိမ်မှ မကင်းမကွာ မဆုတ်ယုတ် ကြပါစေလင့်လို့ သတ္တဝါတွေရပြီး စည်းစိမ်မှ မဆုတ်ယုတ်ရန်လည်း နှလုံးသွင်းရတယ်၊

ဒီဥပေက္ခာကတော့ အဲဒီလို နှလုံးသွင်းမှု၊ သူတစ်ပါးအတွက် ကြောင့်ကြစိုက်မှုကို ပယ်ပြီးတော့ သဗ္ဗေသတ္တာ ကမ္မဿကာအားလုံး သတ္တဝါတွေ ကိုယ်တိုင်ပြုလုပ် ထားတဲ့ ကိုယ့်အမှု ကိုယ့်ကံသာလျှင် ချမ်းသာရန် ဆင်းရဲရန် ကိုယ်ပိုင်ဥစ္စာ ရှိနေကြ တာပဲ၊ သူ့ကံနဲ့သူပဲလို့ ဒီလို လျစ်လျူရှုရတယ်။

သူများအကျိုး လျစ်လျူရှုတာ မကောင်းတဲ့သဘောမဟုတ်လား

▬▬▬▬▬▬▬▬▬▬▬

ဒါကြောင့် ဥပေက္ခာဘာဝနာကို ပွားစေတဲ့သူဟာ သူတစ်ပါးချမ်းသာတာ ဆင်းရဲတာကို ဂရုမစိုက်ဘဲ သူ့ကံနဲ့သူပဲလို့ လျစ်လျူရှုနေရုံပါပဲ၊ ဒီလိုဆိုတော့ ဒီဥပေက္ခာက သူတစ်ပါး အကျိုးကို မဆောင်ရွက်တဲ့အတွက် မကောင်းတဲ့ တရားပဲလို့ ထင်ဖွယ် ရှိပါတယ်၊ ဒါပေမယ့် အဲဒီလို မကောင်းတဲ့တရားတော့လဲ မဟုတ်ပါဘူး၊ သူတစ်ပါးအတွက် အကျိုးရှိအောင် ဆောင်ရွက်နိုင်သမျှတော့ မေတ္တာကရုဏာဖြင့် ဆောင်ရွက်ရပါတယ်၊ သူတစ်ပါးအကျိုးဖြစ်အောင် ဘယ်နည်းနဲ့မျှ မဆောင်ရွက်နိုင်တဲ့ အခါကျတော့ ဒီဥပေက္ခာဖြင့် လျစ်လျူရှုရန်သာ သင့်ပါတယ်၊ လျစ်လျူရှုတာဟာ အကောင်းဆုံးပါပဲ၊

ဥပမာဖြင့် ပြရလျှင် လူတစ်ယောက်ဟာ ရာဇဝတ်ပြစ်မှုဖြင့် အစွဲခံနေရတယ် ဆိုပါတော့၊ အဲဒီအစွဲခံနေရတဲ့သူ၏ လွတ်မြောက်ရေးအတွက် မေတ္တာကရုဏာဖြင့် အစွမ်းရှိသလောက် ရွက်ဆောင်သင့်ပါတယ်၊ ဒါပေမယ့် သူ့အမှုအပြစ်က ထင်ရှား နေတဲ့အတွက် ရုံးတော်မှ နောက်ဆုံး အနေဖြင့် ထောင်ဒဏ်, သေဒဏ် အမိန့် ချလိုက်တဲ့အခါမှာ အဲဒီ လူ၏ အပြစ်ဒဏ်မှ လွတ်ရေးအတွက် ကြောင့်ကြစိုက်စရာ မရှိတော့ဘူး၊ ကြောင့်ကြစိုက်နေရင် ကိုယ်စိတ်ပင်ပန်းရုံမျှပဲ ရှိမှာပဲ၊ ကြောင့်ကြ မစိုက်ဘဲ လျစ်လျူပြုထားလိုက်မှ မိမိအတွက် သက်သာမယ်၊ အဲဒါလိုပါပဲ သူ့ကံနဲ့သူ ကောင်းကျိုး မကောင်းကျိုးကို တွေ့ကြုံခံစား နေကြရတာပဲလို့ နှလုံးသွင်းတာလဲ သဘာဝကျပါတယ်။

နောက်ပြီးတော့ စတုတ္ထနည်းအရ ရူပါဝစရစတုတ္ထဈာန်ကို မေတ္တာ, ကရုဏာ, မုဒိတာ, ဘာဝနာတို့ဖြင့် မရနိုင်ဘူး၊ ဥပေက္ခာဘာဝနာဖြင့်သာ ရနိုင်ပါတယ်၊ ဒါကြောင့် မေတ္တာ, ကရုဏာ, မုဒိတာတို့ဖြင့် တတိယဈာန်ကိုရပြီး ဖြစ်ခဲ့တဲ့ ပုဂ္ဂိုလ်ဟာ စတုတ္ထဈာန်ကို ရချင်ရင် ဒီဥပေက္ခာကိုပဲ ဖြစ်ပွားစေရပါတယ်၊ အခြားနည်းလမ်း မရှိဘူး။

အပြစ်နှင့်အကျိုး ဆင်ခြင်ပုံ

▬▬▬▬▬▬▬▬▬▬

ဒါကြောင့် မေတ္တာ, ကရုဏာ, မုဒိတာတို့ဖြင့် တတိယ ဈာန်ရပြီးဖြစ်တဲ့ ပုဂ္ဂိုလ်ဟာ အဲဒီရပြီးဈာန်ကို ကျေပွန်အောင် လေ့လာရတယ်၊ အဲဒီကျေပွန်နေတဲ့ တတိယဈာန်မှ ထပြီးတဲ့အခါ မေတ္တာဈာန် စသည်တို့၏အပြစ်ကို ဆင်ခြင်ရမယ်၊ ဘယ်လိုလဲဆိုတော့ အဲဒီဈာန်များဟာ ချမ်းသာကြပါစေစသည်ဖြင့် သတ္တဝါတို့၌ ခင်မင်ယုယမြတ်နိုးတဲ့ နှလုံးသွင်းမှုနဲ့ ယှဉ်တွဲနေတယ်၊ ချစ်ခြင်း၊ မုန်းခြင်းနဲ့နီးစပ်တယ်၊ ရွှင်လန်းခြင်း သောမနဿနှင့် ပူးတွဲနေသောကြောင့် ရုန့်ရင်းတယ်လို့ ဆင်ခြင်ပြီး အပြစ်ကို မြင်ရမယ်၊ လျစ်လျူရှုတဲ့ ဥပေက္ခာဈာန်က သိမ်မွေ့တယ်လို့ ဥပေက္ခာ၏ အာနိသင် ဂုဏ်ကိုလဲ ဆင်ခြင်ပြီး မြင်ရမယ်တဲ့။

အဲဒီလို ဆင်ခြင်ပြီးတော့ ပကတိအားဖြင့် မချစ်မမုန်း အလယ်အလတ်ဖြစ်တဲ့သူကို လျစ်လျူရှုသောအားဖြင့် ဥပေက္ခာကို ဖြစ်ပွားစေရမည်တဲ့၊ လျစ်လျူရှုပွားပုံကတော့ သဗ္ဗေ သတ္တာ ကမ္မဿကာလို့ အများမှာ နှုတ်တက် ရနေကြတဲ့အတိုင်း ဒီလူမှာ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိတယ်၊ သူ့ကံနဲ့ သူပဲလို့ ဒီလိုလျစ်လျူရှုရမယ်။ အဲဒီလိုရှုလို့ စတုတ္တဈာန်ကို ရပြီးတဲ့အခါ ချစ်တဲ့ပုဂ္ဂိုလ်, အလွန်ချစ်တဲ့ သူငယ်ချင်းပုဂ္ဂိုလ်, ရန်သူပုဂ္ဂိုလ်တို့၌လဲ ဥပေက္ခာကို ပွားစေရမယ်၊

ရန်သူကို အာရုံပြုပွားစေတဲ့အခါ အမျက်ဒေါသစိတ် ဖြစ်ပေါ်လာရင် မေတ္တာပွားပုံကို ပြရာမှာ ပြခဲ့တဲ့နည်းဖြင့် ပြေငြိမ်းစေရမယ်၊ အဲဒီလို ပြေငြိမ်းစေပြီးတော့ မိမိနှင့်တကွ လေးဦးသော ပုဂ္ဂိုလ်တို့၌ ညီတူညီမျှ လျစ်လျူရှုနိုင်သောအားဖြင့် သီမာ - သမ္ဘေဒကို ပြီးစေရမယ်၊ အဲဒီလို ပြီးစေပြီးတော့ စတုတ္တဈာန် ဖြစ်ပေါ်ပါတယ် - တဲ့၊ အဲဒါ ဝိသုဒ္ဓိမဂ်က ပြဆိုထားတာပါပဲ။

ဥပေက္ခာ၏ နီးသောအကြောင်း

▬▬▬▬▬▬▬▬▬▬▬

ဒီဥပေက္ခာ၏ နီးသောအကြောင်းကို ပြရာမှာ -

သတ္တာ - သတ္တဝါတို့သည်၊
ကမ္မဿကာ - ကံသာလျှင် ကိုယ်ပိုင် ဥစ္စာရှိကုန်၏၊
တေ - ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိသော ထိုသတ္တဝါတို့သည်၊
ကဿ - အဘယ်သူ၏၊
ရုစိယာ - အလိုအားဖြင့်၊
သုခိတာ ဝါ - ချမ်းသာကြသည်မူလည်း၊
ဘဝိဿန္တိ - ဖြစ်ကုန်အံ့နည်း

(ချမ်းသာကြပါစေလို့ မေတ္တာပို့ပေမယ့် အဲဒီ မေတ္တာပို့သူ၏ အလိုအားဖြင့် ချမ်းသာ ကြတာလဲ ဖြစ်နိုင်ဖွယ်ရှိ - မရှိဘူး၊ သူ့ကံ အလျောက်သာလျှင် ဖြစ်ဖွယ်ရှိတယ်လို့ ဆိုလိုပါတယ်)

ဒုက္ခတော ဝါ - ဆင်းရဲမှမူလည်း၊
မုစ္စိဿန္တိ - လွတ်ကုန်အံ့နည်း

(ကရုဏာပွားသူ၏ အလိုအားဖြင့် ဆင်းရဲမှ လွတ်ကြတာလဲ ဖြစ်နိုင်ဖွယ် မရှိဘူး၊ သူ့ကံ အလျောက်သာလျှင် ဖြစ်ဖွယ်ရှိတယ်လို့ ဆိုလိုပါတယ်)

ပတ္တသမ္ပတ္တိတော ဝါ - ရောက်ပြီး, ရပြီးသော စည်းစိမ်မှမူလည်း၊
န ပရိဟာယိဿန္တိ - မဆုတ်ယုတ်ဘဲရှိပါကုန်အံ့နည်း၊

(မုဒိတာပွားသူ၏ အလိုအားဖြင့် ရပြီးမှ မဆုတ်ယုတ်ဘဲ နေဖွယ်လဲ မရှိဘူး၊ သူ့ကံ အလျောက်သာလျှင် ဖြစ်နိုင်ဖွယ်ရှိတယ်လို့ ဆိုလိုပါတယ်။)

ဣတိ - ဤသို့သော အခြင်းအရာအားဖြင့်၊
ပဝတ္တကမ္မဿကတာဒဿနာ - ဖြစ်သော (မြင်ခြင်းနှင့်စပ်ပါ) ကံသာလျှင် ကိုယ်ပိုင် ဥစ္စာရှိသည်၏ အဖြစ်ကို မြင်ခြင်းလျှင် နီးသောအကြောင်းရှိ၏ -

လို့ (ဝိသုဒ္ဓိ ပ၊ ၃၁၁-၂)၌ ဖွင့်ပြထားတဲ့ စကားရှိပါတယ်။

အဲဒီစကားဖြင့် အတိုချုပ် ဆိုလိုတာကတော့ - ကမ္မဿကတာဉာဏ် (ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိတယ်လို့ သဘောကျသိမြင်တဲ့ ဉာဏ်) ဟာ ဥပေက္ခာဘာဝနာဖြစ်ပွားခြင်း၏ အနီးဆုံးအကြောင်း ဖြစ်တယ်လို့ ဆိုလိုတာပါပဲ၊ အဲဒီမှာ စဉ်းစားစရာ တစ်ခုရှိတယ်၊

ဘယ်လိုလဲ ဆိုတော့ - မေတ္တာ, ကရုဏာ, မုဒိတာတို့ကို ပွားစေရာမှာတော့ ချမ်းသာစေလိုတဲ့ မေတ္တာစိတ် ဆင်းရဲမှ လွတ်စေချင်တဲ့ ကရုဏာစိတ်ရပြီးမှ မဆုတ်ယုတ်စေလိုတဲ့ မုဒိတာစိတ်ဖြင့် စိတ်ပါလက်ပါ ပွားစေရသည် မဟုတ်ပါလား၊ ယခု ကမ္မဿကတာဖြင့် သိမြင်ပုံကို ပြရာကျတော့ မေတ္တာစသည်ကို ပွားစေတဲ့ သူ၏ အလိုအတိုင်း မဖြစ်ဘူး၊ သူ့ကံအတိုင်းသာ ဖြစ်တယ်လို့ ဆိုတယ်၊ ဒီလိုဆိုတော့ မေတ္တာစသည်ကို ပွားစေရတာဟာ ဘာမျှ အကျိုးမရှိဘူးလို့ ဆိုလိုရာ မရောက်ပေဘူးလားလို့ စဉ်းစားစရာ, မေးမြန်းစရာ ရှိပါတယ်။

အဖြေကတော့ ကြီးလေးတဲ့ အကုသိုလ်ကံမရှိရင် မေတ္တာ စသည် အားရှိသလောက် အကျိုးကို ဖြစ်စေနိုင်ပါတယ်၊ ဒါပေမယ့် အကုန်လုံးကိုတော့ အလိုအတိုင်း မဖြစ်နိုင်ဘူး၊ ဘာလို့လဲဆိုရင် မိဘတွေက သားသမီးတွေကို ချမ်းသာစေလိုတဲ့ အတွက် အဖက်ဖက်မှ စောင့်ရှောက် ထောက်ပံ့သော်လဲ မတော်မသင့်တာတွေ ပြုလုပ်တတ်တဲ့ သားသမီးတွေမှာ မိဘများက အလိုရှိတဲ့အတိုင်း မဖြစ်ဘူး၊

သူ, အမှုကံအားလျော်စွာသာ ဖြစ်သလိုပါပဲ၊ အဲဒီမှာ သူ့အမှုအားလျော်စွာ ဖြစ်တဲ့အတွက် မိဘတွေက သားသမီးတွေအတွက် မစောင့်ရှောက် မထောက်ပံ့ သင့်ဘူးလို့တော့ မဆိုရဘူး၊ စောင့်ရှောက် ထောက်ပံ့သင့်တာပါပဲ၊ အများအားဖြင့် အကျိုးလဲရှိတာပါပဲ။

မေတ္တာစသည်ကြောင့် အကျိုးဖြစ်ထွန်းရာမှာ မိဘများက စောင့်ရှောက်သလို အဲဒါလောက် အကျိုး မဖြစ်ထွန်းနိုင်ပေမယ့် မေတ္တာစသည်ကို ဘာဝနာအနေဖြင့် ပွားသင့်တာပါပဲ၊ မေတ္တာခံယူသူ စသည်မှာ ဘာဝနာရှင်၏ အလိုအတိုင်း မဖြစ်ငြား သော်လဲ မေတ္တာစသော ဘာဝနာ ကုသိုလ်ကတော့ အောင်မြင်စွာ ဖြစ်ပါတယ်၊ ဒါပေမယ့် ဥပေက္ခာကို ပွားစေရာမှာတော့ “ကံသာလျှင် ကိုယ်ပိုင် ဥစ္စာရှိတယ်၊ သူတို့ကံနဲ့ သူတို့ပဲ”လို့ ဒီလိုလျစ်လျူရှုနိုင်မှ ဥပေက္ခာကဖြစ်တယ်၊

ဒါကြောင့် ဥပေက္ခာ၏ အနီးကပ်အကြောင်းဖြစ်တဲ့ ကမ္မဿကတာဉာဏ်ကို အခြေခံအဖြစ်ဖြင့် ဖြစ်စေဖို့ အရေးကြီးပါတယ်၊ အဲဒီလို အရေးကြီးတဲ့အတွက် “မည်သည့် ဘာဝနာရှင်၏ အလိုအတိုင်းမျှမဖြစ်ဘူး၊ သူတို့ကံအတိုင်းသာ ဖြစ်တယ်”ဆိုတာ နှလုံးသွင်းဖို့ ဖော်ပြတာပါပဲ၊ အဲဒီပြဆိုချက်အရ ကမ္မဿကတာ ဉာဏ် ဖြစ်ပွားစေရန် ဥပရိပဏ္ဏာသပါဠိတော်မှ စူဠကမ္မဝိဘင်္ဂသုတ်ကို အကျဉ်းချုပ် ထုတ်ပြီး ဟောပြရဦးမယ်။

<h3>စူဠကမ္မဝိဘင်္ဂသုတ်</h3>

မြတ်စွာဘုရားလက်ထက်တော် ကာလတုန်းက သာဝတ္ထိပြည် (မြို့)မှာ သုဘဆိုတဲ့ လုလင်ရှိတယ်၊ သုဘဆိုတဲ့ ပါဠိက တင့်တယ်သည်လို့ အနက်ရှိတယ်၊ ဒါကြောင့် မြန်မာလိုဆိုရင်တော့ မောင်တင့်တယ်လို့ ခေါ်ရမှာပဲ၊ သူ့ဖခင်ကတော့ တောဒေယျ ဆိုတဲ့ ပုဏ္ဏားကြီးဖြစ်တယ်၊ ပသေနဒီ ကောသလမင်းကြီး၏ ပရောဟိတ်ဆရာကြီးလဲ ဖြစ်တယ်၊ ပစ္စည်းဥစ္စာတွေကလဲ ၈၇ - ကုဋေ ပေါများကြွယ်ဝသတဲ့။

သူက အလွန်ပင် နှမြောတတ်တယ်၊ ပေးကမ်းရင် စီးပွားဥစ္စာ မကုန်တယ်လို့ မရှိဘူး၊ ကုန်တာချည်း ပဲလို့ ကြံတွေးပြီးတော့ ဘယ်သူ့ကိုမျှ ဘာကိုမျှ မပေး မလှူဘူးတဲ့၊ သူက သူများအား ဒီလိုပဲ ညွှန်ကြား သင်ပြပါသတဲ့။

အဉ္စနာနံ ခယံ ဒိတွာ၊
ဝမ္မိကာနဉ္စ သဉ္စယံ။
မဓူနဉ္စ သမာဟာရံ၊
ပဏ္ဍိတော ဃရမာဝသေ
- တဲ့။

အဉ္စနာနံ - မျက်စဉ်းကျောက်တို့၏၊
ခယံ - သွေးဖန်များတော့ ကုန်သွားခြင်းကို၊
ဒိသွာ စ - ကြည့်ရှုဆင်ခြင်၍ လည်းကောင်း၊
ဝမ္မိကာနံ - တောင်ပို့တို့၏၊
သဉ္စယံ - ခြကောင်ကလေးတို့က နည်းနည်းချင်း သယ်ဆောင်လာခြင်းဖြင့် များစွာ စုမိခြင်းကို၊
ဒိသွာ စ - ကြည့်ရှုဆင်ခြင်၍ လည်းကောင်း၊
မဓူနံ - ပျားရည်တို့၏၊
သမာဟာရံ - ပျားကောင်တို့က နည်းနည်းချင်း သယ်ဆောင်လာသဖြင့် စုမိခြင်းကို၊
ဒိသွာ စ - ကြည့်ရှုဆင်ခြင်၍ လည်းကောင်း၊
ပဏ္ဍိတော - စီးပွားရေး မြင်သိပညာရှိသည်၊
ဃရံ - အိမ်ကို၊
အာဝသေ - စောင့်ရှောက် ထိန်းချုပ် စိုးအုပ် နေထိုင်ရာ၏ - တဲ့။

အဲဒါ တောဒေယျ ပုဏ္ဏားကြီးက သူ့သား စသည်ကို ညွှန်ကြားပြသတဲ့ ဩဝါဒ စကားပဲ၊ မျက်စဉ်းကျောက်ဆိုတာ မြန်မာပြည်မှာတော့ အသုံးမရှိပါဘူး၊ အိန္ဒိယမှာ သုံးတဲ့ ပစ္စည်းပါပဲ၊ အဲဒီမှာ မျက်စဉ်းဆိုတာက မျက်စိကျိန်းလို့နာလို့ ခပ်တဲ့ ဆေးမျက်စဉ်း မဟုတ်ပါဘူး၊ မျက်စိကို အလှကွင်းတဲ့ဟာပါပဲ။

ရဟန်းများမှာ အဲဒီလို မျက်စဉ်းဖြင့် မျက်စိမကွင်းရဘူးလို့ ပညတ်ထားတဲ့ သိက္ခာပုဒ်လဲ ရှိပါတယ်၊ အဲဒီမျက်စဉ်းကျောက်ကို သွေးပြီး မျက်စိကို လိမ်း သုတ်တယ်၊ ကုလားတွေ မျက်စိမှာ လိမ်းသုတ်ထားတဲ့ မည်းမည်းအကွက်ကို မြင်ဖူးကြမှာပေါ့။

အဲဒါဟာ တစ်ခါနှစ်ခါလောက် သွေးရုံနဲ့တော့ ကုန်သွားတာ မထင်ရှားပါဘူး၊ ဒါပေမယ့် အကြိမ်ပေါင်း ရာထောင်စသည် ရှိတဲ့အခါကျတော့ သေးငယ် သေးငယ်ပြီး ကုန်သွားတာ ထင်ရှားနိုင်ပါတယ်။

အဲဒါလိုပဲ ပေးကမ်းလှူဒါန်းရင်း နည်းနည်းချင်းပေမယ့် ကြာတော့ ကုန်သွားနိုင်တယ်၊ ပေးတိုင်း ပေးတိုင်းလဲ နည်းနည်းတော့ ကုန်သွားတာပါပဲ၊ အဲဒါကို ဆင်ခြင်ပြီးရင် နည်းနည်းပေမယ့် မပေးကမ်းရဘူးလို့ ဆိုလိုတာပါပဲ။

နောက်ပြီးတော့ တောင်ပို့ဆိုတာ ခြကောင်ကလေးများက သဲမှုန်ကလေးများကို သယ်ဆောင်လာပြီး စုပုံထားရာက ကြီးမားတဲ့ တောင်ပို့ကြီး ဖြစ်လာတယ်၊ အဲဒါကို ကြည့်ရှုဆင်ခြင်ပြီး ပစ္စည်းကို စုရမယ်၊ နည်းနည်းကလေး မပြောလောက်ဘူးလို့ အထင်သေးပြီးမစုဘဲ မနေနဲ့၊ တစ်ပြားတစ်ချပ်ပေမယ့် စုရမယ်၊ စုဖန်များတော့ စီးပွားဥစ္စာများစွာ ဖြစ်လာနိုင်တယ်၊ ဒါကြောင့် ရသမျှကို မပျောက်စေဘဲ စုရမယ်လို့ ဆိုလိုပါတယ်။

နောက်ပြီးတော့ ပျားရည်ကို ပျားကောင်ကလေးများက သယ်ယူလာရာမှာ မများပါဘူး၊ နည်းနည်းကလေးပဲ၊ ဒါပေမယ့် သယ်ယူလာဖန် များတော့ ပျားရည် များစွာ စုမိတယ်၊ အဲဒါကိုလဲ ကြည့်ရှု ဆင်ခြင်ပြီး တစ်ပြားတစ်ချပ်မှစ၍ နည်းနည်းပေမယ့် ရသမျှ စုရမယ်လို့ ဆိုလိုတာပါပဲ။

အတိုချုပ် ဆိုလိုတာကတော့ အိမ့်ရှင်ဖြစ်သူဟာ ပေးကမ်းခြင်း ဖြုန်းတီးခြင်းမရှိဘဲ ရသမျှ သိမ်းဆည်း စုဆောင်း ထားရမယ်လို့ ဆိုလိုတာပါပဲ၊ အဲဒီ တစ်ခါတုန်းက မြတ်စွာဘုရားက သက်တော် ထင်ရှားရှိပြီး အဲဒီ သာဝတ္ထိမြို့မှာပဲ တရားဓမ္မ ဟောပြတော်မူလျက် ရှိတော်မူတယ်၊ မြတ်စွာဘုရား တပည့် သံဃာတော်များကလဲ ထင်ရှားရှိနေတယ်၊ သဒ္ဓါတရားနဲ့ ပြည့်စုံကြတဲ့သူတွေက သရဏဂုမ်ဆောက်တည်ပြီး ဗုဒ္ဓသာသနာဝင် ဖြစ်ကြတယ်၊ ငါးပါးသီလ ရှစ်ပါးသီလ တို့ကို ဆောက်တည်ပြီး ကျင့်သုံးနေကြတယ်၊

ဘုရားအမှူးရှိသော သံဃာတော်အား စွမ်းနိုင်သမျှ လှူဒါန်း ကြတယ်၊ မြတ်စွာဘုရား ၏ တရားကိုနေ့စဉ် နာကြပြီးတော့ တရားကိုလဲ ကျင့်သုံးအားထုတ်ကြတယ်၊ တချို့က သောတာပန် သကဒါဂါမ် အနာဂါမ် ဖြစ်ကြတယ်၊ တချို့က ရဟန်းပြုပြီး တရား အားထုတ်ကြသဖြင့် အရဟတ္တမဂ်ဖိုလ် ရောက်ပြီး ရဟန္တဖြစ်ကြတယ်၊ အင်မတန် ရခဲတဲ့ ဒုလ္လဘ ခေတ်ကောင်း, ကာလကောင်းကြီးပဲ။

အဲဒီလို ခေတ်ကာလကောင်းကြီးနဲ့ ကြုံနေပေမယ်လို့ တောဒေယျ ပုဏ္ဏားကြီး ကတော့ မြတ်စွာဘုရားကို မကြည်ညို မယုံကြည်ဘူး၊ သူက ဗြာဟ္မဏဝါဒကို ယုံကြည်ကိုးကွယ်ထားပြီး ဖြစ်နေတယ်၊ ဒါကြောင့် နောက်မှ ပွင့်တော်မူလာတဲ့ ဗုဒ္ဓမြတ်စွာဘုရားကို သူက အထင်မကြီးဘူး၊ သာမာန် ရသေ့ရဟန်းတစ်ပါးလောက်ပဲ သူက ထင်မြင်တယ်၊ အထင်သေးတဲ့ သဘောပါပဲ။

ဒါကြောင့် သူက ဘုရား၏တရားကို နာရမှန်းတောင် မသိပါဘူး၊ ယာဂု တစ်ယောက်ချိုမျှ ဇွန်းတစ်ဇွန်းမျှတောင် မလှူဖူးဘူး၊ မလှူဖူးရုံတင် မဟုတ်သေးဘူး၊ သူက မြတ်စွာဘုရားကို ဘော - ဘောလို့ မရိုမသေ ခေါ်ဝေါ် ပြောဆိုတယ်၊ ဘောကို အို - လို့ မြန်မာပြန်လေ့ရှိတယ်၊ ဒါပေမယ့် ယခုနေ အခါမှာ လူတစ်ယောက်ကို အို - လို့ ခေါ်ဝေါ် ပြောဆိုတာ မရှိဘူး။

မောင်စိန် မောင်မြ စသည်ဖြင့် မောင်လို့သာ ပြောလေ့ရှိကြတယ်၊ ဒါကြောင့် မောင်ဂေါတမလို့ ဒီလိုပြောတာ ဖြစ်ပါလိမ့်မယ်၊ အဲဒီလို မရိုမသေပြောတာက တစ်ကြောင်း၊ သူ့ပစ္စည်းဥစ္စာတွေ တပ်မက်စွဲလမ်းနေတာက တစ်ကြောင်း၊ ဒီအကြောင်းများကြောင့် သေသွားတဲ့အခါ သူ့ အိမ်မှာပဲ ခွေးမကြီးဝမ်းထဲမှာ ပဋိသန္ဓေ နေရရှာသတဲ့။

ခွေးဆိုတော့ တစ်လခွဲ နှစ်လလောက်ကြာတဲ့အခါ မွေးလာတာပေါ့၊ အဲဒီ တောဒေယျမှ ဖြစ်လာတဲ့ ခွေးကလေးကို သုဘလုလင်က အင်မတန်ချစ်တယ်၊ သူစားတဲ့ထမင်း ဟင်းကောင်းများကို ကျွေးတယ်၊ အိပ်ရာကောင်းပေါ်မှာ အိပ်စေတယ်တဲ့၊ အဲဒါဟာ ရှေးဘဝက သူ့ဖခင်ဖြစ်မှန်း သိလို့တော့ မဟုတ်ဘူး၊ ဒါပေမယ့် ရှေးဘဝက အတူနေခဲ့ဖူးရင် ဒီလို ချစ်ခင်တတ်ကြောင်း ဟောထားတဲ့ တရားဂါထာက ဒီလိုရှိပါတယ်။

ပုဗ္ဗေဝ သန္နိဝါသေန၊
ပစ္စုပ္ပန္နဟိတေန ဝါ။
ဧဝံ တံ ဇာယတေ ပေမံ၊
ဥပ္ပလံဝ ယထောဒကေ။

ပုဗ္ဗေ - ရှေးဘဝ၌၊
သန္နိဝါသေန ဝါ - အတူ နေခဲ့ဖူးခြင်းကြောင့်လည်းကောင်း၊
ပစ္စုပ္ပန္နဟိတေန ဝါ - ဖြစ်ဆဲ ပစ္စုပ္ပန်ဘဝ၌ အကျိုးစီးပွား ပြုပေးခြင်းကြောင့် လည်းကောင်း၊
ဧဝံ - ဤသို့သော၊
တံ ပေမံ - ထို ထူးထူးခြားခြား ချစ်ခြင်းသည်၊
ဇာယတေ - ဖြစ်တတ်၏၊
ကိမိဝ - အဘယ်လိုပါနည်းဟူမူ၊
ယထောဒကေ - အကြင်မျှလောက်သော ရေ၌၊
ဝါ - ရေရှိသလောက်၊
ဥပ္ပလံ - ကြာသည်၊
ဇာယတေဣဝ - သန်စွမ်းကြာရှည် ဖြစ်တည်သကဲ့သို့ပင်တည်း။

ကြာများဟာ ရေရှိသလောက် သန်သန်စွမ်းစွမ်း ကြာရှည်စွာ ဖြစ်နေသလိုပင်၊ ရှေးဘဝက အတူနေခဲ့ဖူးခြင်းကြောင့်လဲ ချစ်ခင်တတ်ကြတယ်၊ ကြာရှည်စွာ အတူ နေခဲ့ဖူးရင် ပိုပြီး ချစ်တတ်တယ်၊ ကုသိုလ်အတူပြုဖူးရင်တော့ အထူးပြောစရာ မလိုပါဘူး၊ ယခုဘဝတွင်လဲ အကျိုးဆောင်ရွက် ပေးဖူးသောကြောင့် ချစ်ခင် တတ်တယ်၊ ဒါကတော့ မျက်မြင်ကိုယ်တွေ့ ဖြစ်နေကြတာပဲ၊ များများ အကျိုးဆောင် ဖူးရင် ပိုပြီးချစ်ခင်တတ်ကြတာပဲ။

ယခု တောဒေယျ ပုဏ္ဏားကြီးမှ ဖြစ်လာတဲ့ ခွေးကိုတော့ သားအဖ အဖြစ်နဲ့ အရင် ဘဝက နေလာခဲ့တဲ့အတွက် သားဖြစ်သူ သုဘသေဋ္ဌေးသားက အလွန်ခင်မင် နေတာပါပဲ။ တစ်နေ့သောအခါ မဟာကရုဏာ သမာပတ်ရှေ့သွားရှိတဲ့ ဗုဒ္ဓဉာဏ်တော်ဖြင့် လောကကို ဖြန့်ပြီး ကြည့်တော်မူတယ်၊ မည်သူဟာ တရား ရနိုင်မလဲ၊ မည်သူဟာ တရားထူးရမလဲ၊ မည်သူဟာ သရဏဂုမ်တည်မလဲ စသည်ဖြင့် ကြည့်ရှု ဆင်ခြင်တော်မူတဲ့အခါ သုဘလုလင်ကို မြင်တော်မူတယ်၊

ဒါကြောင့် အဲဒီနေ့နံနက်မှာ တစ်ပါးတည်း ဆွမ်းခံကြွတော်မူရင်း တောဒေယျ ပုဏ္ဏားကြီး အိမ်ဝင်းထဲ ဝင်တော်မူတယ်၊ အဲဒီအခါမှာ တောဒေယျမှ ဖြစ်လာတဲ့ ခွေးက အတင်းဟောင်ပြီး ဘုရားဆီပြေးလာတယ်၊ ဒီတော့ မြတ်စွာဘုရားက

“ဟဲ့ - တောဒေယျ၊ နင်ဟာလေ ရှေးလူဘဝတုန်းက ငါ့ကို ဘော - ဘော (မောင်ဂေါတမ - မောင်ဂေါတမ) လို့ မရိုမသေ ပြောဆိုခဲ့တဲ့အတွက် နင် - ယခုခွေး ဖြစ်နေပြီ၊ ခွေးဖြစ်ရာကနေပြီး ငါ့ကို ပြစ်မှားတဲ့ စိတ်ဖြင့် ဟောင်ပြန်လို့ရှိရင် နင်ဟာ အဝိစိငရဲ ကျလိမ့်မယ်”လို့ မိန့်တော်မူတယ်။

အဲဒီစကားကို ကြားရတဲ့အခါ “ငါ့အကြောင်းကို ရဟန်းဂေါတမက သိနေတယ်”လို့ ဆင်ခြင်ပြီး နှလုံးမသာဖြစ်တာနဲ့ အဲဒီခွေးဟာ ဖိုခနောက်ကြား ပြာထဲမှာ သွားပြီး အိပ်နေပါသတဲ့၊

လူတွေက သူ့ကို ပွေ့ဖက်ပြီး အိပ်နေကျ အိပ်ရာကောင်း ပေါ်တင်ပို့လို့လဲ မရဘူးတဲ့။
သုဘလုလင်က အပြင်မှ ပြန်လာတဲ့အခါ “ခွေးကို သူ့အိပ်ရာမှ ဘယ်သူ ချလိုက်သလဲ”လို့ မေးတယ်၊ ဘယ်သူကမှ မချပါဘူးလို့ ပြောပြီး အကြောင်းအရာ အလုံးစုံကို ပြန်ပြောကြတယ်၊ အဲဒီတော့ သုဘလုလင်က စဉ်းစားတယ်၊

တောဒေယျ ဆိုတာ ငါ့အဖေပဲ၊ ရဟန်းဂေါတမက ခွေးကို တောဒေယျလို့ ခေါ်တာဟာ ငါ့အဖေကို ဒီခွေးဖြစ်နေတယ်လို့ ဆိုတာပဲ၊ အမှန်ကတော့ ငါ့အဖေဟာ ဗြဟ္မာ့ပြည် ရောက်နေတာပဲ၊ အရှင်ဂေါတမက နှုတ်တက်ရာ ပြောသွားတာပဲ” စသည်ဖြင့် ဆင်ခြင် စဉ်းစားပြီး သုဘလုလင်က စိတ်ဆိုးတယ်၊ မြတ်စွာဘုရားကို မုသာဝါဒဖြင့် စွပ်စွဲရန် ကြံစည်ပြီး သူက မြတ်စွာဘုရားထံ လာတယ်။

အဲဒီမှာ သုဘလုလင်က သူ့အဖေကို ဗြဟ္မာ့ပြည် ရောက်နေတယ်လို့ ထင်မြင် ယူဆတာဟာ သူတို့၏ ရိုးရာ ဗြာဟ္မဏဘာသာ ဝါဒအရပါပဲ၊ သူတို့ ဘာသာတရား အတိုင်း ကျင့်ရင်သေတဲ့အခါ ဗြဟ္မာ့ပြည် ရောက်တယ်လို့ ဆိုထားတဲ့အတိုင်း ယုံကြည်ကြတယ်၊

တစ်ခါက မဟာဒတ္တ ဆိုတဲ့ သေနာပတိ စစ်ဗိုလ်ချုပ်ကြီးဟာ ဗြာဟ္မဏဝါဒကို ယုံကြည်ကိုးကွယ်ပြီး ဗြဟ္မဏသတ်ဆိုတဲ့ ယဇ်ပူဇော်ခြင်းကို ငွေအမြောက်အများ အကုန်အကျခံပြီး ပြုခဲ့တယ်၊ အဲဒီ မဟာဒတ္တမှာ သေခါနီးကျတော့ ငရဲဂတိနိမိတ် ထင်နေပါသတဲ့၊ ဗြာဟ္မဏဆရာတွေက ဘာကိုမြင်သလဲလို့ မေးတော့ သူက (လောဟိတ ဃရ) နီနီရဲရဲမီးအိမ်ကို မြင်နေတယ်လို့ ပြောပါတယ်၊ အဲဒါဟာ ဗြဟ္မလောကပဲလို့ ဗြာဟ္မဏဆရာတွေက ဆိုကြတယ်၊

ဗြဟ္မလောကဆိုတာ ဘယ်အရပ်မှာလဲ အထက်မှာလား အောက်မှာလားလို့ သူက မေးပါတယ်၊ အထက်အရပ်မှာလို့ ဆရာများက ဖြေတယ်၊ ကျွန်ုပ်မှာ ယခုထင်နေတာကတော့ အောက်မှာပဲလို့ သူကပြောတယ်၊ အောက်မှာ ထင်ပေ မယ့်လို့ အထက်မှာပါပဲလို့ ဗြာဟ္မဏဆရာများက ပြောကြတယ်၊ မဟာဒတ္တဟာ အဲဒီနိမိတ်ကို အာရုံပြုနေရင်း သေပြီးတော့ ငရဲမှာ ဖြစ်သွားပါသတဲ့၊ (မဇ္ဈိမပဏ္ဏာသ အဋ္ဌကထာ နှာ - ၃၀၃)

ဘာသာရေးဟာ မူမမှန်ပြီဆိုရင် ကြောက်စရာပဲ၊ ယခုခေတ်မှာလဲ တိရစ္ဆာန်သတ္တဝါ တွေကိုသတ်ပြီး ပူဇော်ခြင်း, ပေးကမ်းခြင်းဖြင့် ကောင်းမြတ်ရာရောက်တယ်လို့ ယုံကြည်တဲ့သူတွေကို သေခါနီး လူမမာအား အဲဒီလို သတ်ပြီး လှူခဲ့ဖူးတဲ့ သတ္တဝါ တွေကို အာရုံပြုဖို့ သတိဖော်ပေးကြတယ်ဆိုတာ ကြားဖူးတယ်၊ ဒါလဲ ကြောက်စရာပဲ။

သုဘလုလင်က မြတ်စွာဘုရားထံရောက်လာတဲ့အခါ မြတ်စွာဘုရားက သူ့အိမ်သို့ ကြွရောက်လာပြီးတော့ မိန့်ကြားတော်မူခဲ့ပုံများကို မေးလျှောက်တယ်၊ မြတ်စွာဘုရားက သူကြားခဲ့ရတဲ့အတိုင်း ဟုတ်မှန်ကြောင်းကို မိန့်တော်မူပြီးတော့ ဧကန်ယုံကြည် ဆုံးဖြတ်နိုင်ရန်အတွက် “သုဘလုလင် - သင့်အဖေက မပြောကြားခဲ့တဲ့ ပစ္စည်းတွေ ရှိတယ်မဟုတ်လား”လို့ မေးတော်မူတယ်၊

“ရှိပါတယ်၊ တစ်သိန်းစီ ထိုက်တန်တဲ့ ရွှေပန်းကုံးရယ်, ရွှေဖိနပ်ရယ်, ရွှေခွက်ရယ် ဒီ ပစ္စည်းသုံးမျိုးနဲ့ ငွေက တစ်သိန်း ပေါင်းလေးသိန်းတန် ပစ္စည်းတွေကို ဘယ်မှာ ထားခဲ့မှန်းမသိပါ၊ အဲဒါတွေဟာ စာရင်းထဲမှာ သာရှိပြီး ရှာလို့ မတွေ့ပါဘူး”လို့ လျှောက်တယ်၊

ကဲ - ဒါဖြင့် အိမ်ပြန်သွားပေတော့၊ အိမ်ရောက်တဲ့အခါ အဲဒီခွေးကို နို့ထမင်းကောင်း၊ အစာကောင်းတွေ ကျွေးပြီး အိပ်ရာမှာ သိပ်ထား၊ အိပ်ပျော်လုနီးနီး ခပ်မှေးမှေး ဖြစ်တဲ့အခါ မေးကြည့်ပါ၊ အဲဒီခွေးက အားလုံးကို ပြောပြပါလိမ့်မယ်လို့ မိန့်တော်မူလိုက်ပါတယ်။

အဲဒီတော့ သုဘလုလင်က စဉ်းစားတယ်၊ အရှင်ဂေါတမပြောတဲ့အတိုင်း မှန်ရင်လဲ ပစ္စည်းဥစ္စာတွေကို ရမှာပဲ၊ မမှန်ရင်လဲ မုသာဝါဒဖြင့် ဖိနှိပ်စွပ်စွဲရမှာပဲလို့ စဉ်းစားပြီး ၂-မျိုးလုံးဖြင့်ပင် သဘောကျတဲ့အတွက် ဘုရားမိန့်ကြား လိုက်တဲ့အတိုင်း ပြုလုပ်တယ်၊ ခွေးကို နို့ထမင်း အစာကောင်းတွေ ကျွေးပြီးတော့ အိပ်ရာမှာ အိပ်စေတယ်၊

အိပ်ပျော်ခါနီး ခပ်မှေးမှေး ဖြစ်တဲ့အခါမှာ “ဖေဖေ ဒီပစ္စည်း, ဒီပစ္စည်း တွေဟာ စာရင်းထဲမှာသာ ရှိတယ်၊ ဘယ်မှာထားခဲ့တုံး၊ အရှင်ဂေါတမက ဖေဖေ သိတယ်လို့ ပြောပါတယ်၊ အဲဒီပစ္စည်းတွေကို ပြပါဦး”လို့ သုဘလုလင်က မေးတယ်၊

အဲဒီတော့ ခွေးက “ငါ့အကြောင်းတွေ အကုန်သိကုန်ပြီ၊ ဖုံးကွယ်ထားလို့ မဖြစ်တော့ဘူး လို့” ကြံတွေးမိပြီးတော့ ဟုံဟုံ - လို့ ငိုယိုမည်တမ်းပြီး ပစ္စည်းမြုပ်နှံထားရာတွေကို လက်ဖြင့်ယက်လျက် ပြပါသတဲ့။ အဲဒီပြတဲ့နေရာမှာ တူးဖော်ကြည့်တော့ ပျောက်နေတဲ့ သိန်းလေးရပ် ပစ္စည်းတွေ အကုန်ရပါသတဲ့။

အဲဒီတော့မှ သုဘလုလင်က မြတ်စွာဘုရားကို ယုံကြည်လာတယ်၊ ငါ့အဖေက သေပြီးခွေးဖြစ်တယ် ဆိုတာလဲ ဟုတ်တာပဲ၊ ဘာကြောင့်လဲဆိုရင် အဖေက မြုပ်နှံထားတဲ့ ပစ္စည်းတွေကို ဒီခွေးက ပြပေးလိမ့်မယ် ဆိုတဲ့အတိုင်း ပြပေးတယ်၊ ပြပေးတဲ့အတိုင်း ပစ္စည်းတွေကို ရတယ်၊ ဒါကြောင့် အရှင်ဂေါတမဟာ ဘဝ အကြောင်းတွေကို သိတယ်ဆိုတာလဲ ဟုတ်မှာပဲ၊ အတိတ် အနာဂတ် ပစ္စုပ္ပန် အလုံးစုံကို သိတယ်ဆိုတာလဲ ဟုတ်မှာပဲလို့ ယုံကြည်လာတယ်၊ ပြောပြချက်ကို ကိုယ်တိုင်တွေ့တော့ ယုံရတာပေါ့။

ဘာသာအယူ အမျိုးမျိုး အသီးသီး ရှိကြတဲ့သူတွေဟာ အခြားဘာသာက ပြဆိုချက်တွေကို ကိုယ်အယူနဲ့မတူရင် မယုံကြဘူး၊ ဒါကတော့ ဓမ္မတာပါပဲ၊ တချို့ ဘာသာမှာ လူ့ဘဝက သေရင် ဘာမှမဖြစ်တော့ဘူး၊ ယခု တစ်ဘဝထဲ ရှိတယ်လို့ ဆိုတယ်၊ အဲဒါဟာ ကိုယ်ပိုင်ဉာဏ်ဖြင့် သိတာတော့ မဟုတ်ပါဘူး၊ တွေးဆပြီး မိမိတို့ ယုံကြည်ချက်အတိုင်း ယူဆထားတာပါပဲ၊

အချို့ဘာသာမှာတော့ လူ့ဘဝမှသေရင် ထာဝရငရဲကျတာနဲ့ သို့မဟုတ် ကောင်းကင်ဘုံရောက်တာ ဒီ ၂ - မျိုးထဲက တမျိုးမျိုးသာ ရှိတယ်လို့ ဆိုတယ်၊ အဲဒါကိုလဲ ကိုယ်တိုင်တွေ့သိပါတယ်လို့ ဝန်ခံနိုင်တဲ့ သူရယ်လို့မရှိပါဘူး၊ မိရိုးဖလာ အစဉ်အဆက် ယုံကြည်ချက်မျှပါပဲ၊

တချို့ဘာသာမှာတော့ သေပြီးနောက် ကံအားလျော်စွာ လူရင်လဲ ပြန်ဖြစ်တယ်၊ နတ်ရင်လဲဖြစ်တယ်၊ တိရစ္ဆာန်စသည့် တစ်မျိုးမျိုးရင်လဲ ဖြစ်တယ်လို့ ဆိုတယ်၊ အဲဒါကတော့ အကြားအမြင် စသည်ရတဲ့ ပုဂ္ဂိုလ်ထူးတွေက သူတို့ကိုယ်တိုင် တွေ့ရ, သိရတယ်လို့ ဝန်ခံပြောဆိုသူတွေ ရှိပါတယ်။

ဗုဒ္ဓမြတ်စွာဘုရား၏ တရားတော်အရအားဖြင့် နှစ်သက် သာယာတဲ့ တဏှာ မကင်းသေးရင် ကံအားလျော်စွာ တစ်ဘဝပြီး တစ်ဘဝ ရုပ်နာမ်အစဉ်ဟာ အဆက် မပြတ် ဖြစ်နေတယ်၊ အဲဒါကို လောကဝေါဟာရအားဖြင့် လူကနတ်ဖြစ်တယ်၊ နတ်က လူဖြစ်လာတယ်၊ လူကတိရစ္ဆာန် စသည်ဖြစ်တယ် တိရစ္ဆာန်စသည်က လူဖြစ် လာတယ်စသည်ဖြင့် ပြောဆိုကြရတယ်၊

အမှန်ကတော့ ရုပ်နာမ်အစဉ်အဆက်ဆက် ဖြစ်သွားတဲ့ သဘောတရားမျှပါပဲ၊ ဝိပဿနာရှုလို့ အရဟတ္တဖိုလ်ရောက်ပြီး နှစ်သက် သာယာမှု တဏှာ လုံးဝ ကင်းသွားရင်တော့ ပရိနိဗ္ဗာန်လို့ ခေါ်ရတဲ့ စုတိစိတ်မှ နောက်၌ ရုပ် နာမ်အစဉ် မဖြစ်တော့ဘဲ ချုပ်ငြိမ်းသွားတယ်၊ အဲဒါကို ပရိနိဗ္ဗာန်လို့ခေါ်ရတယ်၊ ဒါက ဗုဒ္ဓမြတ်စွာဘုရား၏ တရားတော်အရပဲ၊

ဒီအဆိုကိုတော့ ဗုဒ္ဓမြတ်စွာဘုရားကလဲ ကိုယ်တိုင်ဉာဏ်ဖြင့် တွေ့သိတယ်လို့ ဝန်ခံတော်မူပါတယ်၊ ရဟန်းတော် အရှင်မြတ်တွေကလဲ ကိုယ်တိုင်ဉာဏ်ဖြင့် တွေ့သိတယ်လို့ပဲ ဝန်ခံတော်မူကြပါတယ်၊ ယခုရှုမှတ် အားထုတ်နေကြတဲ့ ပုဂ္ဂိုလ်တွေကလဲ သိသင့်သမျှ သိတယ်လို့ ဝန်ခံနိုင်ကြပါတယ်။

အဲဒီဘဝဖြစ်ပုံကို ယခုပြောခဲ့တဲ့ တောဒေယျခွေးဝတ္ထု စသည်တို့ဖြင့်လဲ ထောက်ခံ လျက်ရှိနေပါတယ်၊ ဗုဒ္ဓတရားတော်မှာ ဒီလို သက်သေခံဝတ္ထုတွေ ရာပေါင်းများစွာ ရှိနေပါတယ်၊ ယခုခေတ် ပစ္စပ္ပုန်ဝတ္ထုတွေလဲ ရှိနေတာပါပဲ၊ ယခု ပြောခဲ့တဲ့ တောဒေယျ ဝတ္ထုမျိုးကို သုဘလုလင် ကိုယ်တိုင်လဲ တွေ့ရမယ်အယူလဲ မသည်းဘူး ဆိုရင်တော့ ကိုယ်တွေ့အမှန်ကို ယုံကြည်နိုင်မှာပါပဲ၊

အယူသည်းရင်တော့ တကယ်အဖြစ်မှန်ကို တွေ့ရပေမယ့် သူ့ အယူအစွဲကို ခိုင်မြဲစေချင်တာနဲ့ မျက်မြင်မဟုတ်တဲ့ ကြံဆချက်ဖြင့် ဆင်ခြေကန်ပြီး မယုံကြည် တာလဲ ရှိတတ်သေးတယ်၊ ဘယ်လိုလဲဆိုတော့ ဒါဟာမာရ်နတ်က လှည့်စားတာပဲ စသည်ဖြင့် အမှန်ကို ချေဖျက်ပစ်တတ်တယ်၊

အဲဒီလို ဆင်ခြေကန်ချက်ကို စဉ်းစားစရာကတော့ မာရ်နတ်ဆိုတာ အပြောမျှပဲ၊ ဘယ်သူမှ တွေ့ဖူးတာ မဟုတ်ဘူး၊ မာရ်နတ်က ပြုလုပ်တာကို တကယ်သိမြင်သူ ရှိဖို့ကတော့ သာပြီးဝေးတာပဲ၊ ဒါကြောင့် ကိုယ်တွေ့မျက်မြင်အမှန်ကို မယုံကြည်နိုင် တာဟာ အယူသည်းလို့ပဲ ဆိုတာ ထင်ရှားပါတယ်။

ယခုပြောနေတဲ့ သုဘလုလင်ကတော့ အဲဒီလို အယူမသည်းပါဘူး၊ ယုံကြည်သင့်တဲ့ အကြောင်း အရာကို မျက်မြင် ကိုယ်တွေ့ဖြစ်တော့ တစ်ခါတည်း ယုံကြည်ဆုံးဖြတ် နိုင်ပါတယ်၊ ဒါကြောင့် သူသိချင်တဲ့ အချက်များကို မေးမြန်း လျှောက်ထားရန် မြတ်စွာဘုရားထံ ဒုတိယအကြိမ် တစ်ဖန် ရောက်လာပြန်ပါတယ်၊ လာရောက်ပြီးတော့ ဒီလိုမေး လျှောက် တယ်။

သုဘလုလင်၏
မေးလျှောက်ချက်များ

အရှင်ဂေါတမ လူတွေမှာ လူဖြစ်ချင်းတူနေကြပါလျက် အယုတ်အမြတ် ကွဲပြား နေတာဟာ ဘာကြောင့်ပါလဲ။

(၁) တချို့က အသက်တိုတယ်၊ တချို့က အသက်ရှည်တယ်၊ ဘာကြောင့်ပါလဲ။

(၂) တချို့က အနာများတယ်၊ တချို့က ကျန်းမာတယ်၊ ဘာကြောင့်ပါလဲ။

(၃) တချို့က အရုပ်ဆိုးတယ်၊ တချို့က အဆင်းလှတယ်၊ ဘာကြောင့်ပါလဲ။

(၄) တချို့က အခြွေအရံနည်းတယ်၊ တချို့က အခြွေအရံများတယ်၊ ဘာကြောင့် ပါလဲ။

(၅) တချို့က ဆင်းရဲနွမ်းပါးတယ်၊ တချို့က ပစ္စည်းပေါတယ်၊ ဘာကြောင့်ပါလဲ။

(၆) တချို့က အမျိုးညံ့တယ်၊ တချို့ကအမျိုးမြတ်တယ်၊ ဘာကြောင့်ပါလဲ။

(၇) တချို့က ပညာနည်းတယ်၊ တချို့က ပညာကြီးတယ်၊ ဘာကြောင့်ပါလဲ -

လို့ မေးလျှောက်ပါတယ်။

အင်း - စဉ်းစားစရာ အချက်တွေပဲ၊ တချို့များ အမိအဖတူ ညီအစ်ကိုအရင်းပဲ၊ တချို့ကတော့ အမြွာမွေးတောင် ဖြစ်နေကြတယ်၊ ဗေဒင်ကိန်းခန်းအရ နာရီ, မိနစ်, စက္ကန့် အချိန်တူလဲရှိတယ်၊ ဒါပေမယ့် အကျိုးပေးချင်းကတော့ မတူကြဘူး၊ ကျန်းမာရေးတို့၊ အသက်အတိုအရှည်တို့၊ အခြွေအရံတို့၊ စီးပွားရေးတို့၊ အသိအလိမ္မာ ပညာရေးတို့ ဒီလိုဟာတွေက တစ်ဦးနဲ့ တစ်ဦးမတူဘဲ ကွဲပြားခြားနားနေကြတယ်၊

တန်ခိုးရှင်က ဖန်ဆင်းတယ်ဆိုရင် ဒီလို မကွဲပြားသင့်ဘူး၊ ကွဲပြားအောင် ဖန်ဆင်းရင်လဲ ဘာကြောင့် ဒီလိုကွဲပြားအောင် ဖန်ဆင်းရသလဲ စသည်ဖြင့် စဉ်းစားစရာတွေပဲ၊ ဒါကြောင့် ဒီသုဘလုလင်၏ မေးခွန်းဟာ မေးသင့်မေးထိုက်တဲ့ မေးခွန်းပါပဲ၊

အဲဒါကို မြတ်စွာဘုရားက ဒီလို အကျဉ်းချုပ် ဖြေကြားတော်မူပါတယ်။

မြတ်စွာဘုရားရှင်၏ အဖြေတော်

ကမ္မဿကာ မာဏဝ သတ္တာ ကမ္မဒါယာဒါ ကမ္မယောနိ ကမ္မဗန္ဓူ ကမ္မပ္ပဋိဿရဏာ၊ ကမ္မံ သတ္တေ ဝိဘဇ္ဇတိ ယဒိဒံ ဟီနပ္ပဏီတတာယ။

မာဏဝ - သုဘလုလင်၊
သတ္တာ - သတ္တဝါတို့သည်၊

(သုဘလုလင်က လူတွေရဲ့အကြောင်းကိုသာ မေးတယ်၊ ဒါပေမယ့် မြတ်စွာဘုရားက သိသင့်သိထိုက်တဲ့ သတ္တဝါတွေ အားလုံးအကြောင်းကို ဖြေကြားတော်မူပါတယ်။)

ကမ္မဿကာ - ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိကုန်၏။

သတ္တဝါတွေမှာ ကိုယ်တိုင်ပြုထားတဲ့အမှု - ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိကြပါတယ်တဲ့၊ ရွှေငွေစသော အပြင်ပ ပစ္စည်းတွေကတော့ ကိုယ့်လက်ထဲရှိတဲ့အခါ ကိုယ်ပိုင်ဥစ္စာလို့ ဆိုရပေမယ့် အကြောင်း အားလျော်စွာ သူတစ်ပါးလက်ထဲ ရောက်သွားရင် ကိုယ်ဥစ္စာမဟုတ်တော့ဘူး၊ တစ်သက်ပတ်လုံး မပျက်စီးဘဲ ကိုယ့်ကိုယ်ပိုင်ဖြစ်နေ ပေမယ့်လို့ သေသွားတဲ့ အခါကျတော့ အဲဒီဥစ္စာတွေကို ကိုယ်တိုင်စွန့်သွား ရတော့ တာပါပဲ၊ ကိုယ့်ဥစ္စာမဟုတ်တော့ဘူး၊

ကိုယ်ပြုထားတဲ့အမှုကတော့ လောကဘက်က စီးပွားရေးအမှုဖြစ်ဖြစ်၊ သံသရာ ဘက်က ဒါန, သီလစသော ကုသိုလ်ရေး ပါဏာတိပါတာ စသောအကုသိုလ်ရေး အမှုဖြစ်ဖြစ် သူတစ်ပါးနဲ့ မဆိုင်ဘူး၊ ကိုယ်နဲ့သာဆိုင်တယ်၊ စီးပွားရေး အမှုကလဲ ကြိုးစား အားထုတ်ရင် အားထုတ်သလောက် အကျိုး ဖြစ်ထွန်းစေနိုင်တယ်၊ ကုသိုလ်ရေးအမှုကလဲ သံသရာတစ်လျှောက်လုံး အစွမ်းရှိသလောက် ကောင်းကျိုး ပေးသွားတတ်တယ်၊

အကုသိုလ်ရေး အမှုကလဲ နည်းတူပင် မကောင်းကျိုးကို ပေးသွားတတ်တယ်။ ယခုလူတွေ ချမ်းသာနေကြတာ, ဆင်းရဲနေကြတာဟာ အဲဒီလောကရေး အလုပ်အကိုင် အမှုကံ, သံသရာရေးကုသိုလ်, အကုသိုလ်ကံကြောင့်ပါပဲ၊ ကိုယ်တိုင်ပြုလုပ်ထားတဲ့အမှု ကံအားလျော်စွာ ချမ်းသာကြရ, ဆင်းရဲကြရတာပဲ၊

ဒါကြောင့် ဒီကမ္မဿကာ - ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြတယ်ဆိုတဲ့ ပုဒ်ဟာ ဒီဥပေက္ခာဘာဝနာနဲ့ အသက်ဆိုင်ဆုံးပါပဲ။ နောက်ပြီးတော့ -

သတ္တာ - သတ္တဝါတို့သည်၊
ကမ္မဒါယာဒါ - ကိုယ်တိုင်ပြုထားသည့် ကိုယ့်အမှုကံ၏ အမွေကို ခံယူရကုန်၏တဲ့၊

မိဘများ၏ အမွေကို သားသမီးများက ခံယူကြရသလိုပင် ကိုယ်တိုင်ပြုလုပ်ထားတဲ့ အမှုကံ၏ ကောင်းမွေ ဆိုးမွေကို ခံယူကြရတယ်တဲ့၊ လောကဘက်က စီးပွား ဖြစ်စေနိုင်တဲ့ အလုပ်ကောင်းကို လုပ်ထားတဲ့သူဟာ စီးပွားဥစ္စာ ကောင်းကျိုးကို ရတယ်၊ မလုပ်သင့်တဲ့ ရာဇဝတ်မှုစသည်ကို ပြုလုပ်ရင် ရာဇဝတ်ပြစ်ဒဏ်စသော မကောင်းကျိုးကိုရတယ်၊

မူးယစ် သောက်စား လောင်းကစားအမှုမျိုးကို ပြုလုပ်ရင် စီးပွားပျက်ခြင်း စသော မကောင်းကျိုးကိုရတယ်၊ အယုတ်ဆုံးအားဖြင့် ကျန်းမာရေးပျက်ခြင်း, အကဲ့ရဲ့ ခံရခြင်း, အတူနေအချင်းချင်း မညီညွတ်ပဲ ဆင်းရဲခြင်းစသော မကောင်းကျိုး အမွေ တွေကိုရတယ်၊ ထို့အတူပင် သံသရာဘက်က ဒါန, သီလ စသော ကုသိုလ်အမှုကို ပြုလုပ်ရင် မျက်မှောက်ဘဝမှာ အပြစ် ကင်းစင်ခြင်း, ဘေးရန်အန္တရာယ်ကင်းခြင်း, ကျန်းမာခြင်း, အသက်ရှည်ခြင်း စသော အကျိုး အမွေကောင်းတွေကို ခံယူရတယ်၊

သံသရာ ဘဝတစ်လျှောက်မှာလဲ လူ့ချမ်းသာ နတ်ချမ်းသာကို ရသွားတယ်၊ နောက်ဆုံး၌ ဆင်းရဲငြိမ်းတဲ့ နိဗ္ဗာန်ချမ်းသာကိုလဲ ရသွားနိုင်တယ်၊ သတ်ခြင်း, ခိုးယူခြင်း စသော အကုသိုလ်အမှုကို ပြုလုပ်ထားရင်တော့ မျက်မှောက် ဘဝမှာလဲ မကောင်းကျိုးတွေကို ရတတ်သည့်အပြင် သံသရာဘဝ တစ်လျှောက်လုံးမှာလဲ အပါယ်ဆင်းရဲစသည်ကို ရသွားမယ်၊

အဲဒီလို ကောင်းမွေ ဆိုးမွေတွေကို ခံယူပါတယ်တဲ့၊ ဒီအနက်ကို အင်္ဂုတ္တရ ပဉ္စကနိပါတ် အဘိဏှပစ္စဝေက္ခိတဗ္ဗဌာနသုတ် အကျယ် ပြဆိုရာ (၆၆) မှာ ဒီလိုလဲ ဖွင့်ပြထား ပါတယ်။

ကလျာဏံ ဝါ - ကောင်းသည်မှုလည်း ဖြစ်သော၊
ပါပကံ ဝါ - မကောင်းသည်မှုလည်း ဖြစ်သော၊
ယံ ကမ္မံ - အကြင်အမှုကို၊
ကရိဿန္တိ - ပြုကုန်လတ္တံ့၊
တဿ - ထိုကောင်းမှု, မကောင်းမှု၏၊
ဒါယာဒါ - ကောင်းမွေ, ဆိုးမွေကို ခံယူရကုန်သည်၊
ဘဝိဿန္တိ - ဖြစ်ကုန်လတ္တံ့ - တဲ့။

ဒီ ကမ္မဒါယာဒါ ဆိုတဲ့ပုဒ်လဲ ကမ္မဿကပုဒ်နဲ့အရတူပါပဲ၊ ကမ္မဿကာပုဒ်၏ အဖွင့် သဘောရှိတာပါပဲ၊ နောက်ပြီးတော့ -

သတ္တာ - သတ္တဝါတို့သည်၊
ကမ္မယိုနိ - ကံသာလျှင် အကြောင်းရှိကုန်၏ - တဲ့၊

သတ္တဝါတွေ ချမ်းသာဖို့ ဆင်းရဲဖို့ရာအတွက် မိမိတို့ ကိုယ်တိုင်ပြုထားတဲ့ ကံသာလျှင် အကြောင်းရှိတယ်၊ ကောင်းတဲ့အမှုကံရှိရင် ကောင်းကျိုးချမ်းသာ ရမယ်၊ မကောင်းတဲ့ အမှုကံရှိရင် မကောင်းဆိုးဝါးတဲ့ အကျိုးကိုရတယ်လို့ ဆိုလိုပါတယ်၊ ဒါလဲ ကမ္မဿကာပုဒ်၏ အဖွင့်ပါပဲ။

ကမ္မဗန္ဓု - ကံသာလျှင်ဆွေမျိုး မိတ်ဆွေရှိကုန်၏ - တဲ့၊

ဆွေမျိုးမိတ်ဆွေကောင်းရှိရင် အဲဒီဆွေကောင်း, မိတ်ကောင်းကို မှီပြီး ကောင်းကျိုး ချမ်းသာကို ရနိုင်တယ်၊ ဆွေကောင်း, မိတ်ကောင်းမရှိရင်တော့ အားကိုးစရာမရှိဘူး၊ အဲဒါလိုပဲ ကောင်းမှုကံကို မှီပြီး ကောင်းကျိုးကိုရတယ်၊ ကောင်းမှုကံ မရှိရင် အားကိုးစရာမရှိဘူး၊ မကောင်းမှုကံရှိနေရင်တော့ ဆွေတုမိတ်တု ရန်သူလိုပင် သူက မကောင်းကျိုးတွေပေးလိမ့်မယ်လို့ ဆိုလိုပါတယ်၊ ဒါလဲ ကမ္မဿကာပုဒ်၏ အဖွင့်ပါပဲ။

ကမ္မပ္ပဋိဿရဏာ - ကံသာလျှင်အားကိုးရာ ရှိကုန်၏တဲ့၊

လောကဘက်ကနေကြည့်ရင် စီးပွားရေး အလုပ်အကိုင် အမှုတွေဟာ အားကိုးစရာ တွေပဲ၊ အဲဒါလိုပင် ကောင်းမှု ကုသိုလ်ကံကို အားကိုးကြတယ်၊ မကောင်းမှုကတော့ မရှိတဲ့အနေကင်းတဲ့ အနေဖြင့်သာ အားကိုးကြရတယ်၊ မကောင်းမှုကံကင်းလေလေ ဆင်းရဲဒုက္ခ ကင်းလေလေပဲ၊ ဒါကြောင့် မကောင်းမှုကံ ကင်းအောင်ပြုကျင့်တဲ့ ကောင်းမှုကံဟာ အားကိုးစရာ အစစ်ပဲ၊ ဒီပုဒ်လဲ ကမ္မဿကာ - ပုဒ် အဖွင့်ပါပဲ။

ကမ္မံ - ကောင်းမှု မကောင်းမှုကံက၊
သတ္တေ - သတ္တဝါတို့ကို၊
ယဒိဒံ ဟီနပ္ပဏီတတာယ - အယုတ်အမြတ်၏ အဖြစ်ဖြင့်၊

(မြန်မာ စကားချောစေရန် ယဒိဒံ - ၏ အနက်ကို ချန်ထားသည်)

ဝိဘဇတိ - ခွဲခြားသည်တဲ့၊

မကောင်းကံက အယုတ်အညံ့စား ဖြစ်စေတယ်၊ ကောင်းမှုကံက အမြင့်အမြတ်စား ဖြစ်စေတယ်၊ အယုတ်အညံ့စားဖြစ်ခြင်း၊ အကောင်းအမြတ် စားဖြစ်ခြင်းဆိုတဲ့ ဒီ ၂-မျိုးဖြင့် သတ္တဝါတွေကို မိမိတို့ ပြုထားတဲ့ကံက ခွဲခြားတယ်လို့ ဆိုပါတယ်။ အဲဒါကို မြန်မာလို အတိုချုပ်ပြန်ရင် -

“သတ္တဝါတွေဟာ ကံသာ ကိုယ်ပိုင်ဥစ္စာရှိကြသည်၊ ကံ၏ အမွေကို ခံယူကြရသည်၊ ကံသာအကြောင်း ရှိကြသည်၊ ကံသာ ဆွေမျိုးမိတ်ဆွေ ရှိကြသည်၊ ကံသာ အားကိုးရာရှိကြသည်၊ သတ္တဝါတွေကို အယုတ်အမြတ် ဖြစ်အောင် ကံက စီမံခွဲခြား သည်”

လို့ ဖြစ်တယ်၊ အဲဒါကို ဆိုကြရမယ်။

သတ္တဝါတွေဟာ ကံသာ ကိုယ်ပိုင်ဥစ္စာရှိကြသည်၊ ကံ၏ အမွေကို ခံယူကြရသည်၊ ကံသာ အကြောင်းရှိကြသည်၊ ကံသာ ဆွေမျိုး မိတ်ဆွေ ရှိကြသည်၊ ကံသာ အားကိုးရာရှိကြသည်၊ သတ္တဝါတွေကို အယုတ်အမြတ် ဖြစ်အောင်ကံက စီမံ ခွဲခြားသည်။

ဒါဟာ ဗုဒ္ဓမြတ်စွာဘုရား၏ တရားတော်ပဲ၊ သတ္တဝါတွေ အယုတ်အညံ့ ဖြစ်နေကြရတာ၊ ဆင်းရဲဒုက္ခ ရောက်နေ ကြရတာလဲ မိမိတို့ကိုယ်တိုင်ပြုထားတဲ့ ကံက စီမံဖန်တီးပေးတာပဲ၊ အမြင့်အမြတ်ဖြစ်နေကြရတာ ချမ်းသာ ကြရတာလဲ ကံက စီမံဖန်တီးပေးတာပဲတဲ့၊

ဖန်ဆင်းဝါဒ အရဆိုရင်တော့ ချမ်းသာအောင်လဲ ဘုရားသခင်က ဖန်ဆင်းတယ်၊ ဆင်းရဲအောင်လဲ ဘုရားသခင်က ဖန်ဆင်းတယ်လို့ ဆိုရလိမ့်မယ်၊ ဒီလိုဆိုတော့ ဆင်းရဲနေကြတဲ့ သူတွေက ငါတို့ကို ဆင်းရဲအောင် ဘာကြောင့် ဖန်ဆင်းပါလိမ့် မလဲလို့ စဉ်းစားပြီး မကျေနပ်စရာ ရှိပါတယ်၊ ကမ္ဘာပေါ်မှာ ဆင်းရဲတဲ့ သူတွေက များနေတော့ မကျေနပ်တဲ့ လူတွေက များနေဖွယ် ရှိပါတယ်၊

ဗုဒ္ဓတရားတော် အရကတော့ ချမ်းသာတာလဲ ကိုယ့်အမှုကံကြောင့်ပဲ၊ ဆင်းရဲတာ ကလဲ ကိုယ်အမှုကံကြောင့်ပဲလို့ဆိုတော့ ဘယ်သူ့ကိုမှ မကျေနပ်စရာ မရှိဘူး၊ နောင်ရေး အတွက် ကိုယ်အမှုကံကိုသာ ကောင်းအောင် ဂရုစိုက်သွားဖို့ လိုတယ်၊ အဲဒီ ဒေသနာတော်အရ “ဆိုးတာပြုက ဆိုးတာရ၊ ကောင်းမှကောင်းစားသည်၊ ဆိုးကောင်း နှစ်တန် ကံ စီမံ၊ ခံစံကြရသည်”လို့ ဆောင်ပုဒ်စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။

ဆိုးတာပြုက ဆိုးတာရ၊ ကောင်းမှကောင်းစားသည်။

ဆိုးတဲ့ မကောင်းမှုကိုပြုရင် ဆိုးဝါးတဲ့ မကောင်းကျိုးကို ရမယ်၊ ကောင်းတဲ့ကုသိုလ် အမှုကိုပြုမှ ကောင်းကျိုး ချမ်းသာကို ရမယ်လို့ ဆိုလိုပါတယ်၊

ဥပမာအားဖြင့် သရက်, ပိန္နဲစတဲ့ အချိုမျိုးစေ့ကို စိုက်ရင် အချိုသီးသီးတယ်၊ အချိုသီးကို စားရတယ်၊ ရှောက်, သံပရာ အစရှိတဲ့ အချဉ်မျိုးစေ့ကို စိုက်ရင် အချဉ်သီးကို စားရတယ်၊ အဲဒါလိုပဲ ဒုတိယ ဆောင်ပုဒ်ကို ဆိုကြရမယ်။ ဆို -

ကောင်းနှစ်တန် ကံစီမံ၊ ခံစံကြရသည်။

အဆိုး အယုတ် အညံ့ဖြစ်အောင် အကောင်းအမြတ်ဖြစ်အောင် ဒီနှစ်မျိုး မိမိ ကိုယ်တိုင်ပြုထားတဲ့ ကံက စီမံဖန်တီးတယ်၊ အဲဒီကံက ဖန်တီးပေးတဲ့ ဆိုးကျိုး ကောင်းကျိုး ဆင်းရဲနဲ့ချမ်းသာကို ခံစားခံစား နေကြရတယ်လို့ ဆိုလိုပါတယ်။

အဲဒီအကျဉ်းချုပ် ဖြေကြားချက်ကို သုဘလုလင်က အသေးစိတ် အကျယ်အားဖြင့် နားမလည်သေးသောကြောင့် အကျယ်ဝေဖန်ပြီး ဟောကြားဖို့ လျှောက်ထားတယ်၊ အဲဒီတော့ မြတ်စွာဘုရားက ဒီလို အကျယ်ဝေဖန်ပြီး ဟောကြားတော်မူပါတယ်။

အသက်တိုခြင်း အသက်ရှည်ခြင်း၏ အကြောင်းကံ

(၁-က) မာဏဝ - သုဘလုလင်၊
ဣဓ - ဤလောက၌၊
ဣတ္ထီ ဝါ - မိန်းမဖြစ်စေ၊
ပုရိသော ဝါ - ယောက်ျားဖြစ်စေ၊
ဧတစ္စော - အချို့သောသူသည်၊
ပါဏာတိပါတီ - သတ္တဝါကို သတ်လေ့ရှိသည်၊
ဟောတိ - ဖြစ်၏。

(သတ်တယ်ဆိုတာ မသနားတတ်လို့ ရက်စက်ကြမ်းြုကတ်လို့ပဲ၊ အဲဒီဂုဏ်ပုဒ်တွေလဲ ပါဠိမှာ ဟောထားပါသေးတယ်၊ ဒါပေမယ့် မကျယ်စေလို့တဲ့အတွက် ဒီမှာ ချန်ထား ပါတယ်၊)

သော - ထိုသတ်သောသူသည်၊
တေန ကမ္မေန - ထိုသတ်မှုကံကြောင့်၊
ပရံ မရဏာ - သေသည်မှနောက်၌

(ဒီမှာလဲ တချို့ပုဒ်တွေကို ချန်ထားပါတယ်)၊

အပါယံ - အပယ်ဘုံသို့၊
ဒုဂ္ဂတိံ - မကောင်းမှုရှိသူတို့၏ လားရောက်ရာဘုံသို့၊
ဝိနိပါတံနိရယံ - ချမ်းသာမှ ပျက်စီး၍ လျောကျရာ ငရဲဘုံသို့၊
ဥပ္ပဇ္ဇတိ - ကပ်ရောက်၍ ဖြစ်ရ၏၊
မနုဿတ္တံ - လူ့ဘဝသို့၊
သစေ အာဂစ္ဆတိ - အကယ်၍ ပြန်လာငြားအံ့၊
ယတ္ထ ယတ္ထ ပစ္စာဇာယတိ - ဖြစ်ရာ ဖြစ်ရာ ဘဝ၌၊

(မြန်မာစကား ချောစေရန်ဆိုလိုသော အနက်ပြန်သည်)

အပ္ပါယုကော - အသက်တိုသည်၊
ဟောတိ - ဖြစ်၏တဲ့။

အတိုချုပ် ဆိုလိုတာကတော့ သတ်ရင် သေပြီးတဲ့အခါ အဲဒီအကုသိုလ်ကံကြောင့် အပါယ်လေးပါး၌ ငရဲဖြစ်ရတတ်တယ်၊ လူဖြစ်ပြန်ရင် အသတ်တိုတတ်တယ်လို့ ဆိုလိုပါတယ်၊ အဲဒီအတိုချုပ်ကိုလဲ ဒီလို ဟောတော်မူပါသေးတယ်။

အပ္ပါယုကသံဝတ္တနိကာ ဧသာ မာဏဝ အဋိပဒါ၊ ယဒိဒံ ပါဏာတိပါတီ ဟောတိ။

မာဏဝ - သုဘလုလင်၊
ယဒိဒံ ယော အယံ - အကြင်သူသည်၊
ပါဏာတိပါတီ ဟောတိ - သတ္တဝါကို သတ်လေ့ရှိ၏၊
တဿ - ထိုသူ၏၊
ဧသာ ပဋိပဒါ - သတ်သော ဤအကျင့် အပြုအမူသည်၊
အပ္ပါယုကသံဝတ္တနိကာ - အသက်တိုခြင်းကို ဖြစ်စေတတ်သည်တဲ့၊

အဲဒါကို “သူ့ကိုသတ်ဖြတ်၊ သတ်တိုတတ်”လို့ ဆောင်ပုဒ် စီထားတယ်၊ နောက်ပြီးတော့ အသက်ရှည်ခြင်း၏ အကြောင်းကိုလဲ ဒီလိုဟောထားပါတယ်၊ အတိုချုပ်ပြရမှာပဲ။

(၁-ခ) ဧကစ္စော ဣတ္ထီ ဝါ ပုရိသော ဝါ - မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူသည်၊
ပါဏာတိပါတာ ပဋိဝိရတော ဟောတိ - သတ္တဝါကို သတ်ခြင်းမှ ကြဉ်ရှောင်၏၊
သော - ထိုသူသည်၊
တေန ကမ္မေန - သတ္တဝါကို သတ်ခြင်းမှ ရှောင်ကြဉ်သော ထိုကုသိုလ်ကံကြောင့်၊
ပရံ မရဏာ - သေသည်မှ နောက်၌၊
သုဂတိံ - ကောင်းမှုရှိသူတို့၏ လားရောက်ရာဖြစ်သော၊
သဂ္ဂံ လောကံ - နတ်ပြည်လောကသို့၊
ဥပပဇ္ဇတိ - ကပ်ရောက်၍ ဖြစ်ရ၏၊
သစေ မနုဿတ္တံ အာဂစ္ဆတိ - အကယ်၍ လူ့ဘဝသို့ ရောက်လာငြားအံ့၊
ဒီဃာ ယုကော ဟောတိ - ဖြစ်ရာ ဖြစ်ရာဘဝများ၌ အသက်ရှည်ရ၏၊
မာဏဝ - သုဘလုလင်၊
ယဒိဒံ ပါဏာတိပါတာ ပဋိဝိရတောဟောတိ - သတ္တဝါကို သတ်ခြင်းမှ ကြဉ်ရှောင်သော ထိုသူ၏၊

(သဒ္ဓါနောက်မလိုက်ဘဲ မြန်မာ စကားချောစေရန် ဆိုလိုရင်း အနက်ပြန်သည်)

ဧသာ ပဋိပဒါ - သတ္တဝါကို သတ်ခြင်းမှ ကြဉ်ရှောင်သော ဤအကျင့်သည်၊
ဒီဃာယုက သံဝတ္တနိကာ - အသက်ရှည်ခြင်းကို ဖြစ်စေတတ်သည်တဲ့။

အတိုချုပ် ဆိုလိုတာကတော့ သတ္တဝါကိုသတ်ခြင်းမှ ကြဉ်ရှောင်သူဟာ သေပြီးတဲ့ အခါ အဲဒီကုသိုလ်ကံကြောင့် နတ်ပြည်ရောက်တတ်တယ်၊ လူဖြစ်ရင်လဲ အသက် ရှည်တယ်၊ သတ္တဝါမသတ်တဲ့ အကျင့်ဟာ အသက်ရှည်စေတတ်တယ် - လို့ ဆိုလိုတာပါပဲ၊

အဲဒါကို ဆောင်ပုဒ်မှာ “မသတ် အသက်ရှည်”လို့ နောက်ပိုင်းအဖြစ် စီထားတယ်၊ အဲဒါကို ရှေ့ပိုင်းပါ ဆက်စပ်ပြီး ဆိုကြရမယ်။

၁။ သူ့ကိုသတ်ဖြတ်, သက်တိုတတ်, မသတ် အသက်ရှည်။

အဲဒါဟာ “တချို့က အသက်တိုတယ်၊ တချို့က အသက်ရှည်တယ်၊ ဘာကြောင့် ပါလဲ”ဆိုတဲ့ ပထမမေးခွန်းရဲ့ အဖြေပါပဲ၊ ဒီဆောင်ပုဒ်လောက်ရွတ်ပြီး ဟောရင်လဲ သိနားလည်နိုင်ပါတယ်၊

ဒါပေမယ့် ဆောင်ပုဒ်၏မှီရာ ဘုရားဟော စကားရပ် တချို့ကိုလဲ ကြည်ညို ကြရအောင် ရွတ်ပြီးဟောရတယ်၊ အဲဒီလို ပါဠိရွတ်ပြတာဟာ ဘုရားဟောပါဠိနဲ့အညီ ဟောကြောင်း သိနားလည်ပြီး ခိုင်ခိုင်မြဲမြဲ မှတ်ထားဖို့၊ အဲဒီအတိုင်း လိုက်နာပြီး ကျင့်သုံးသွားကြဖို့ပါပဲ။

အဲဒီမှာ “သူ့ကိုသတ်ဖြတ်” ဆိုတဲ့ စကားဖြင့် “သူတစ်ပါးကိုသတ်ရင်” လို့ ဆိုလိုပါတယ်၊ သူတစ်ပါးဆိုတာ လူဖြစ်ဖြစ် သန်း, ကြမ်းပိုး ပုရွက်ဆိတ် သား ငါး စသော တိရစ္ဆာန် ဖြစ်ဖြစ် မိမိမှတစ်ပါးသော သက်ရှိသတ္တဝါဟူသမျှကို ဆိုပါတယ်၊ ဒါကြောင့် သန်းဥ, ကြမ်းပိုးမှစ၍ မိမိမှတစ်ပါး အခြား သူလို့ဆိုရတဲ့ သတ္တဝါကို သတ်ရင် နောင်ဘဝများ မှာအသက် တိုတတ်တယ်လို့ ဆိုလိုပါတယ်။ တချို့မှာ အမိဝမ်းထဲမှ မမွေးသေးခင် သေရတယ်၊ တချို့က မွေးပြီးခါစ သေရတယ်၊

တချို့က တစ်လ, နှစ်လ စသည် လပိုင်းအတွင်း သေရတယ်၊ တချို့က ဆယ်နှစ် အတွင်း၊ အနှစ်နှစ်ဆယ် သုံးဆယ်အတွင်း စသည်မှာ သေရတယ်၊ အသက်တမ်း မပြည့်ခင် ခပ်စောစောပိုင်းက ပစ္စုန်ပ္ပန် အကြောင်းထူးမရှိဘဲ သေရတာတွေဟာ အများအားဖြင့် သူတစ်ပါးသတ်ခဲ့တဲ့ ဒီအကုသိုလ်ကံကြောင့်ပဲလို့ ဆိုနိုင်ပါတယ်။

ဒါကြောင့် “မွေးပြီးခါစ ကလေးသူငယ်များ သေတာ ဘာကြောင့်လဲ”ဆိုတဲ့ အမေးပြဿနာကို ဗုဒ္ဓတရားတော်အရသာ ပြေလည်အောင် ဖြေရှင်းနိုင်တဲ့ အကြောင်း၊ ဖန်ဆင်းဝါဒ အရအားဖြင့် မပြေလည်နိုင်တဲ့အကြောင်း သီရိလင်္ကာ (သီဟိုဠ်) ဆရာတော် အရှင်နာရဒက တရားဟောရာမှာ ထည့်သွင်း ဟောကြား ပါတယ်၊

ဟောပုံကတော့ မွေးပြီးခါစကလေး သေတာဟာ လူမျိုးတိုင်း, ဘာသာဝင်တိုင်းမှာ ရှိတယ်၊ မိဘ, ဘိုးဘွားအဆက်ဆက်က ဖန်ဆင်းရှင် တန်ခိုးရှင်ကို ကိုးကွယ် လာခဲ့တဲ့ အိမ်ထောင်စုမှာလဲ ရှိတတ်တာပဲ၊ အဲဒီကလေးကို ဘာကြောင့် ဒါလောက် အသက်တိုအောင် ဖန်ဆင်းရသလဲဆိုတာ ဖြေရှင်းဖို့ မလွယ်ဘူး၊

အဲဒီကလေးဟာ ဖန်ဆင်းသူအား မရိုသေမှု ပြစ်မှားမှုလဲ ရှိမှာမဟုတ်ဘူး၊ ဒါကြောင့် ထာဝရငရဲချဖို့ရာ အကြောင်းလဲ ရှိမှာမဟုတ်ဘူး၊ ဖန်ဆင်းသူ၏ အလိုအကြိုက်ကို ပြုတာလဲရှိမှာ မဟုတ်သောကြောင့် ကောင်းကင်ဘုံ ကယ်တင်ဖို့ရာ အကြောင်းလဲ ရှိမှာမဟုတ်ဘူး၊ ဒါကြောင့် မွေးပြီးခါစ ကလေးသေတာနဲ့စပ်ပြီး ဖန်ဆင်း ဝါဒအရ မပြေလည်ကြောင်း၊ သတ်မှုကံကြောင့် အသက်တိုရတယ်ဆိုတဲ့၊ ဒီဗုဒ္ဓတရားတော် အရသာလျှင် ပြေလည်ကြောင်း အရှင်နာရဒမထေရ်က ဟောကြားပါတယ်၊

နောက်ပြီးတော့ အသက်တိုတဲ့ အဲဒီကလေးရဲ့ မိဘများဟာလဲ သူတစ်ပါးက သတ်ဖြတ်ရာမှာ ဝမ်းမြောက် သဘောတူခဲ့တဲ့အတွက် စိတ်ဆင်းရဲဒုက္ခကို ခံစား ရကြောင်းကို ဟောထားတဲ့တရားတော် ရှိပါတယ်။

သတ္တဝါကို သတ်ခြင်းမှ ကြဉ်ရှောင်ရာမှာ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ - သတ္တဝါကို သတ်ခြင်းမှ ကြဉ်ရှောင်ကြောင်း ဖြစ်သော သိက္ခာပုဒ်ကို ဆောက်တည်ပါ၏လို့ ဆောက်တည်ဆဲမှာ သီလကုသိုလ် စေတနာဖြစ်တယ်၊ သတ်စရာ အကြောင်းရှိတဲ့အခါ မသတ်ဘဲ ကြဉ်ရှောင်တာက ဝိရတီကုသိုလ် ဖြစ်တယ်၊ အဲဒီ ဝိရတီဟာ မူလက မဆောက်တည်ဘဲ ကြဉ်ရှောင်တာ ဖြစ်ရင် သမ္ပတ္တဝိရတီ ခေါ်တယ်၊ ဆောက်တည်ထားတဲ့အတိုင်း ကြဉ်ရှောင်ရင် သမာဒါန ဝိရတီ ခေါ်တယ်၊

သောတာပတ္တိမဂ်ခဏမှာ ပါဝင်တဲ့ ဝိရတီ ကတော့ သမုစ္ဆေဒဝိရတီ ခေါ်တယ်၊ အဲဒီသုံးပါးထဲမှာ သမုစ္ဆေဒဝိရတီက ကာယကံ, ဝစီကံ ဒုစရိုက်ဟူသမျှကို အမြစ်ပြတ် ကင်းငြိမ်းစေတယ်၊ အပါယ်လေးပါးမှလဲ အစဉ်ထာဝရ ကင်းလွတ်စေတယ်၊

သမ္ပတ္တဝိရတိ သမာဒါနဝိရတီနဲ့ သမာဒါန ကုသိုလ် စေတနာများကတော့ သုဂတိသို့ ရောက်စေတယ်၊ အသက်ရှည် စေတတ်တယ်၊ “မသတ်ရင် အသက်ရှည်တည်”လို့ ဒီဆောင်ပုဒ်အရ ဆိုတာဟာ အဲဒီ သမ္ပတ္တသမာဒါနဝိရတီနဲ့ သမာဒါန ကုသိုလ်တို့၏ အစွမ်းသတ္တိအကျိုးကို ပြောတာဘဲ၊

ပဌမ မေးခွန်း အဖြေကတော့ နားလည်လောက်ပါပြီ၊ ဒုတိယ မေးခွန်း၏ အဖြေကို ဟောရမယ်။

အနာများခြင်း, ကျန်းမာခြင်း၏ အကြောင်းကံ

▬▬▬▬▬▬▬▬▬▬▬

(၂-က) မာဏဝ - သုဘလုလင်၊
ဣဓ - ဤလောက၌၊
ဧကစ္စော ဣတ္ထီ ဝါ ပုရိသော ဝါ - မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ အချို့သော သူသည်၊
သတ္တာနံ - သတ္တဝါတို့ကို၊
ဝိဟေဋ္ဌကဇာတိကော - လက်ဖြင့် ခဲ, တုတ်, လက်နက်တို့ဖြင့် ညှဉ်းဆဲတတ်သည်၊
ဟောတိ - ဖြစ်၏၊
သော - ထိုသူသည်၊
တေန ကမ္မေန - ထိုညှဉ်းဆဲမှုကံကြောင့်၊
ပရံ မရဏာ - သေသည်မှ နောက်၌၊
အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ - အပါယ်, ဒုဂ္ဂတိ ငရဲဘုံသို့၊
ဥပပဇ္ဇတိ - ကပ်ရောက်၍ ဖြစ်ရ၏၊
သစေ မနုဿတ္တံ အာဂစ္ဆတိ - အကယ်၍ လူ့ဘဝသို့ ပြန်လာငြားအံ့၊
ဗဝှာဗာဓော ဟောတိ - ဖြစ်ရာရာဘဝများ၌ အနာရောဂါများတတ်၏၊
မာဏဝ - သုဘလုလင်၊
ဧသာပဋိပဒါ - သတ္တဝါတို့ကို ညှဉ်းဆဲသော ဤအကျင့်သည်၊
ဗဝှာဗာဓ သံဝတ္တနိကာ - အနာ ရောဂါ များခြင်းကို ဖြစ်စေတတ်သည် - တဲ့။

လက်ဖြင့်ဖြစ်စေ၊ ခဲတို့, တုတ်တို့, လက်နက်တို့ဖြင့် ဖြစ်စေ သတ္တဝါကိုနာကျင်အောင် နှိပ်စက်ရင် အဲဒီအကုသိုလ်ကံကြောင့် အပါယ်ငရဲကျရောက်တတ်တယ်၊ လူ့ဘဝ ရောက်လာရင်လဲ အနာရောဂါများတတ်တယ်၊ ညှဉ်းဆဲတဲ့ အကျင့်ဟာ အနာရောဂါ များခြင်းကို ဖြစ်စေတတ်တယ် - လို့ ဆိုလိုတာပါပဲ၊ အဲဒါကို ပေါ်လွင်ထင်ရှားအောင် ပူတိဂတ္တတိဿ မထေရ် ဝတ္ထုကို ထုတ်ပြဦးမယ်။

ပူတိဂတ္တတိဿ မထေရ် ဝတ္ထု

▬▬▬▬▬▬▬▬▬▬▬

မြတ်စွာဘုရား လက်ထက်တော်ကာလက ပူတိဂတ္တတိဿမထေရ် ဆိုတာရှိခဲ့တယ်၊ မူလကတော့ သာဝတ္ထိမြို့က တိဿဆိုတဲ့လူပါပဲ၊ သာသနာတော်မှာ ရဟန်းပြုပြီးတဲ့ နောက် တိဿမထေရ်လို့ သူ့ကိုခေါ်ကြတယ်၊ နောက်ကာလကျတော့ သူ့ကိုယ်မှာ မုန်ညင်းစေ့လောက် အဖုလေးတွေ ဖြစ်ပေါ်လာတယ်၊ အဲဒီအဖုကလေးများက တဖြည်းဖြည်း ကြီးလာတယ်၊

ပဲနောက်လောက်, ကုလားပဲလောက်, ဆီးစေ့လောက်, ဆီးဖြူသီးလောက်, ဥသျှစ်ကင်းလောက်, ဥသျှစ်သီးလောက် ဖြစ်လာပြီး ပေါက်ကွဲကုန်တယ်၊ တကိုယ်လုံးမှာ အပေါက်အပေါက်တွေ ဖြစ်နေတယ်၊ ဒါကြောင့် သူ့ကို ပူတိဂတ္တ - ပုပ်သော ကိုယ်ရှိတယ် ဆိုတဲ့ ဝိသေသနပုဒ်နှင့်တကွ ပူတိဂတ္တတိဿ မထေရ်လို့ ခေါ်ကြတယ်၊

နောက်တော့ အရိုးတွေလဲ ကျိုးကုန်တယ်၊ ပြုစု စောင့်ရှောက်မယ့်သူလဲ မရှိဘဲ ဖြစ်နေတယ်၊ အဝတ်သင်္ကန်းတွေမှာ သွေးပုပ်ပြည်ပုပ်တွေ လူးလဲ ပေရေနေတယ်၊ သူ့တပည့်ရင်းတွေကလဲ မပြုစု မသုတ်သင်နိုင်လို့ လက်လွှတ်သွားကြတယ်၊ အားကိုးရာမဲ့ ဖြစ်ပြီးတော့ အိပ်ရာပေါ်မှာသာ လျောင်းအိပ်နေရပါသတဲ့။

အဲဒီအခါ မြတ်စွာဘုရားက တရားထူးရနိုင်မည့်သူကို ဆင်ခြင်ကြည့်ရှုတော်မူတယ်၊ ကြည့်ရှုလိုက်တော့ ပူတိဂတ္တတိဿမထေရ် ရဟန္တာ ဖြစ်မည့်အရေးကို မြင်တော် မူတယ်၊ ပြုစုမဲ့သူလဲမရှိ, ငါ့ဘုရားမှတစ်ပါး အားကိုးရာမရှိဘူး ဆိုတာကို သိတော်မူတဲ့အတွက် ကျောင်းစဉ် လှည့်ကြည့်တဲ့ အနေနဲ့ ကြွသွားတယ်၊

ပူတိဂတ္တတိဿမထေရ်ရှိရာ အနီးအပါး ရောက်တော့ ထမင်းချက်အိုးကြီးကို မြတ်စွာဘုရားက ကိုယ်တိုင် ဆေးကြောပြီးတော့ ရေထည့်ပြီး မီးဖိုပေါ်မှာ တင်လျက် ရေနွေးကြိုပါသတဲ့၊ ရေနွေးပူလာတဲ့အခါ ပူတိဂတ္တတိဿ မထေရ်၏ ခုတင်ကို ရွှေ့ဖို့ ကိုင်ပါသတဲ့၊ မြတ်စွာဘုရား၏ မဟာကရုဏာဖြင့် သနားတော်မူပုံကို ဆင်ခြင်ကြည့်ရင် ကြည်ညိုဖွယ်ပါပဲ။

အဲဒီအခါကျတော့ ရဟန်းတော်များက လာရောက်ကြပြီးတော့ “ဖယ်တော်မူပါဘုရား၊ တပည့်တော်တို့ ယူဆောင်ခဲ့ပါမယ်”လို့ လျှောက်ပြီး ခုတင်ကို မီးဖိုတဲဆီသို့ ယူလာကြတယ်၊ မြတ်စွာဘုရားက ခွက်ဖြင့် ရေနွေးကို ခပ်ယူပြီး ဆွတ်ဖျန်း သွန်းလောင်း ပေးတယ်၊ ရဟန်းတော်များက သူ့ဧကသီကို ယူပြီးတော့ ရေနွေးဖြင့် ဖွပ်လျှော်ပြီး နေပူမှာ လှန်းကြတယ်၊

မြတ်စွာဘုရားက ပူတိဂတ္တတိဿ၏ ကိုယ်ကို ရေနွေးဖြင့် ဆေးကြောသုတ်သင် ခိုင်းတယ်၊ ရဟန်းများက သုတ်သင်ပေးကြတယ်၊ ဧကသီခြောက်တဲ့အခါ အဲဒီ ဧကသီဖြင့် ခါးမှာ ဝတ်စေပြီးတော့ သင်းပိုင်းကို ဖွတ်လျှော်စေတယ်၊ သင်းပိုင် ခြောက်တဲ့အခါကျတော့ အဲဒီသင်းပိုင်ကို ခါးမှာ ဝတ်စေပြီးတော့ ဧကသီဖြင့် ကိုယ်ကို ရုံပေးစေပါသတဲ့၊

အဲဒါကို ဆင်ခြင်ကြည့်ရင် ဟိုတုန်းက သင်္ကန်းရှားပုံ၊ သင်္ကန်းအပို မထားကြဘဲ အလိုနည်းကြပုံဟာ ကြည်ညိုစရာပါပဲ၊ ပူတိဂတ္တတိဿ မထေရ် အရဟတ္တမဂ်ဖိုလ် ရရေးအတွက် မြတ်စွာဘုရား ကိုယ်တော်တိုင် သူနာပြု အလုပ်ကို လုပ်တာလဲ အင်မတန် အံ့ဩစရာ, ကြည်ညိုစရာပါပဲ၊

အဲဒီလို မြတ်စွာဘုရားက ကြပ်မက်ပြီးတော့ ပြုစုတဲ့အခါ ပူတိဂတ္တတိဿမထေရ်လဲ တော်တော် နေသာ, ထိုင်သာ ရှိသွားတယ်၊ အဲဒီအခါ မြတ်စွာဘုရားက ဒီလို ဟောကြားတော်မူတယ်။

အစိရံ ဝတ’ယံ ကာယော၊
ပထဝိံ အဓိသေဿတိ။
ဆုဒ္ဓေါ အပေတဝိညာဏော၊
နိရတ္ထံဝ ကလိင်္ဂရံ။

ဘိက္ခု - ပူတိဂတ္တတိဿရဟန်း၊
တေ - သင်၏၊
အယံ ကာယော - ဤကိုယ်သည်၊
အစိရံ - မကြာမီပင်၊
ဝတ - စစ်စစ်၊
ပထဝိံ အဓိသေဿတိ - မြေပြင်ပေါ်၌ လဲလျောင်းအိပ်ရတော့မည်၊

(သင့်ကိုယ်ကြီးဟာ မကြာခင် အလောင်းကောင်ကြီးဖြစ်ပြီး သင်္ချိုင်းမြေပေါ်မှာ တုံးလုံးပက်လက် အိပ်နေရတော့မယ်တဲ့)၊

အပေတဝိညာဏော - အသိစိတ်မရှိတော့ပဲ အသေကောင်ကြီး ဖြစ်နေသောကြောင့်၊
ဆုဒ္ဓေါ - စပ်ဆိုင်သူတို့က စွန့်ပစ်အပ်သည်ဖြစ်၍၊
ပထဝိံ အဓိသေဿတိ - သင်္ချိုင်း မြေပြင်၌ လဲလျောင်း အိပ်နေရချေတော့မည်၊

(ဘာလို့လဲဆိုတော့)

နိရတ္ထံ - အသုံးမဝင်သော၊
ကလိင်္ဂရံ ဣဝ - သစ်သား အနုပ် အဖျင်းကဲ့သို့ပင် အိပ်နေရ ချေတော့မည်တဲ့။

ဘာမျှအသုံးမကျတဲ့ သစ်သား အနုပ်အဖျင်းများဟာ တောအရပ်မြေပေါ်မှာ စွန့်ပစ် ထားတဲ့အတိုင်း တည်နေသလိုပင် သင်၏ ဒီရုပ်ကိုယ်ကြီးဟာလဲ မကြာမီပင် အသက်ဝိညာဉ် ကင်း၍ စွန့်ပစ်ထားကြသဖြင့် သင်္ချိုင်းမြေပြင်မှာ တုံးလုံး ပက်လက် အိပ်လျက် နေရချေတော့မယ်လို့ ဆိုလိုပါတယ်၊

ဟိုတုန်းက အလောင်းကို မြေကြီးထဲမှာ မမြှုပ်ဘဲ သင်္ချိုင်းမှာ စွန့်ပစ်ထားတဲ့ အလေ့ ရှိပုံရပါတယ်၊ အဲဒီ ဂါထာတစ်ပုဒ် တရားကို နာရတာနဲ့ ပူတိဂတ္တတိဿမထေရ်ဟာ ရဟန္တာဖြစ်ပြီးတော့ မကြာခင်ပဲ ပရိနိဗ္ဗာန် ပြုသွားပါသတဲ့။

အဲဒီ ပူတိဂတ္တတိဿမထေရ်ဟာ ကဿပ ဘုရားလက်ထက်တော်တုန်းက ငှက်မုဆိုး ဖြစ်ခဲ့တယ်၊ ငှက်တွေကို ခြေတို့ အတောင်တို့ကို ချိုးပြီးစုထားတယ်၊ နောက်တစ်နေ့ ကျတော့မှ အဲဒီငှက်တွေကို ရောင်းစားတယ်၊ မိမိအတွက်လဲ ချက်စားတယ်၊

အဲဒီလို ညှဉ်းဆဲခဲ့တဲ့ အကုသိုလ်ကံကြောင့် အဖုအလုံးအနာရောဂါ အကြီးအကျယ် ဖြစ်ပြီး တစ်ကိုယ်လုံးပုပ်ရပါသတဲ့၊

အဲဒီ ဘဝတုန်းကပင် ရဟန္တမထေရ်တစ်ပါး ဆွမ်းခံကြွလာရာမှာ ငှက်သားဟင်းနှင့် ဆွမ်းကိုကပ်လှူပြီး မဂ်ဖိုလ်ကိုရရန် ဆုမွန်ကောင်း တောင်းခဲ့တဲ့အတွက် ရဟန္တာလဲ ဖြစ်ရပါသတဲ့။

ပူတိဂတ္တတိဿမထေရ် ဝတ္ထုဖြင့် သူတစ်ပါးကို ညှဉ်းဆဲရင် အနာရောဂါများ တတ်ကြောင်း သိရတယ်။ အဲဒီအနက်ကို “ညှဉ်းဆဲသူကား အနာများ”လို့ ဆောင်ပုဒ်တစ်ပိုင်းစီ စီထားတယ်၊

ညှဉ်းဆဲခြင်းမှ ကြဉ်ရှောင်ရင် ကျန်းမာတယ်၊ အဲဒီအနက်ကို ဒီလို အတိုချုပ် ဟောထားတယ်။

(၂-ခ) အပ္ပါဗာဓသံဝတ္တနိကာ ဧသာ မာဏဝ ပဋိပဒါ ယဒိဒံ သတ္တာနံ အဝိဟေဌကဇာတိကော ဟောတိ။

မာဏဝ - သုဘလုလင်၊
ယဒိဒံ - ယော အယံ - အကြင်သူသည်၊
သတ္တာနံ - သတ္တဝါတို့ကို၊
အဝိဟေဌကဇာတိကော - မညှဉ်းဆဲတတ်သော သဘောရှိသည်၊
ဟောတိ - ဖြစ်၏၊
တဿ - ထိုသူ၏၊
ဧသာ ပဋိပဒါ - သတ္တဝါတို့ကို မညှဉ်းဆဲသော ဤအကျင့်သည်၊
အပ္ပာဗာဓသံဝတ္တနိကာ - အနာနည်းခြင်း, ကျန်းမာခြင်းကို ဖြစ်စေတတ်သည်တဲ့။

အဲဒီအနက်ကို ဆောင်ပုဒ်မှာ “သနားကျန်းမာသည်”လို့ နောက်ပိုင်းအဖြစ် စီထားတယ်၊ အဲဒီမှာ သနားရင် ကျန်းမာတတ်တယ်လို့ ဆိုခြင်းဖြင့် မညှဉ်းဆဲရင် ကျန်းမာတတ်တယ်ဆိုတဲ့ အနက်ကို သိစေပါတယ်၊ သနားတယ်ဆိုရင် မညှဉ်းဆဲ တတ်ဘူး ဆိုတာ ထင်ရှားပါတယ်၊ အဲဒီ ဆောင်ပုဒ် နောက်ပိုင်းကို ရှေ့ပိုင်းနဲ့ ဆက်စပ်ပြီး ဆိုကြရမယ်။

(၂) ညှဉ်းဆဲသူကား, အနာများ, သနားကျန်းမာသည်။

မသနားမညှာတာဘဲ သူတစ်ပါးကို ညှဉ်းဆဲတဲ့သူမှာ အနာရောဂါများတတ်တယ်၊ ယခုအနာရောဂါများပြီး မကျန်းမာတဲ့ သူတွေဟာ ညှဉ်းဆဲဖူးခဲ့လို့ပဲလို့ မှတ်ယူရမယ်၊ သူတစ်ပါးကို သနားညှာတာသောအားဖြင့် မညှဉ်းဆဲတဲ့သူဟာ အနာရောဂါ နည်းပါးပြီး ကျန်းမာတတ်တယ်၊ ယခု အနာရောဂါ နည်းပါးပြီး ကျန်းမာမှု များနေတဲ့သူတွေဟာ ညှဉ်းဆဲမှု ကင်းခဲ့လို့ပဲလို့ မှတ်ယူရမယ်၊ ယခု တတိယ မေးခွန်း၏အဖြေကို ဟောရမယ်၊ ပါဠိတော့ အတိုချုပ်ပဲ ပြရမယ်။

အရုပ်ဆိုးခြင်း, အဆင်းလှခြင်း၏ အကြောင်းကံ

▬▬▬▬▬▬▬▬▬▬▬

(၃-က) ဒေါသကြီး၍ အမျက်ထွက်ပြီး ဒေါသအလျောက်ပြုမူလျှင် အပါယ်ငရဲသို့ ကျရောက်တတ်သည်၊ လူ့ဘဝ ရောက်လာလျှင်လဲ အဆင်းမလှ အရုပ်ဆိုး တတ်သည်၊ အဲဒီ အနက်ကို ဒီလို အကျဉ်းချုပ် ဟောထားပါတယ်။

ဒုဗ္ဗဏ္ဏသံဝတ္တနိကာ ဧသာ မာဏဝ ပဋိပဒါ ယဒိဒံ ကောဓနော ဟောတိ။

မာဏဝ - သုဘလုလင်၊
ယဒိဒံ - ယော အယံ - အကြင်သူသည်၊
ကောဓနော - အမျက်ဒေါသကြီးသည်၊
ဟောတိ - ဖြစ်၏၊
တဿ - ထိုသူ၏၊
ဧသာ ပဋိပဒါ - အမျက်ဒေါသကြီးသော ဤအကျင့်သည်၊
ဒုဗ္ဗဏ္ဏသံဝတ္တနိကာ - အဆင်းမလှခြင်း, အရုပ်ဆိုးခြင်းကို ဖြစ်စေတတ်သည် - တဲ့။

အမျက်ထွက်စိတ်ဆိုးရင် ချက်ချင်းပင် မျက်နှာအနေ အထားတွေပျက်ပြီး အရုပ်ဆိုး သွားတော့တာပဲ၊ နောင်ဘဝ သံသရာ၌ လူ့ဘဝပြန်ဖြစ်ရင် အရုပ်ဆိုးတတ်တယ်တဲ့၊ အဲဒါကို “ဒေါသမီးလျှံ အကျဉ်းတန်”လို့ ဆောင်ပုဒ်ရှေ့ပိုင်းအဖြစ် စီထားတယ်၊ သူတစ်ပါးက မခံသာအောင် ပြောပေမယ့် စိတ်မဆိုးဘဲ သည်းခံနေရင်တော့ နောင်ဘဝမှာ နတ်ရွာသုဂတိလဲ ရောက်တတ်တယ်၊ လူ့ဘဝရောက်လာ ပြန်ရင်လဲ အရုပ်အဆင်း လှပတင့်တယ်တတ်တယ်တဲ့၊ အဲဒါကိုလဲ ဒီလိုအကျဉ်းချုပ် ဟောထားပါတယ်။

(၃-ခ) ပါသာဒိက သံဝတ္တနိကာ ဧသာ မာဏဝ ပဋိပဒါ ယဒိဒံ အက္ကောဓနော ဟောတိ။

မာဏဝ - သုဘလုလင်၊
ယဒိဒံ - ယော အယံ - အကြင်သူသည်၊
အက္ကောဓနော - အမျက်မထွက်ဘဲ သည်းခံတတ်သည်၊
ဟောတိ - ဖြစ်၏၊
တဿ - ထိုသူ၏၊
ဧသာ ပဋိပဒါ - အမျက်မထွက်ဘဲ သည်းခံတတ်သော ဤအကျင့်သည်၊
ပါသာဒိက သံဝတ္တနိကာ - ကြည်ညိုဖွယ်လှပခြင်းကို ဖြစ်စေတတ်သည်တဲ့၊

အဲဒါကို “သည်းခံ လှပသည်”ဟု ဆောင်ပုဒ်စီထားသည်၊ အဲဒါကို ရှေ့ပိုင်းနဲ့ ဆက်စပ်ပြီး ဆိုကြရမယ်။

ဒေါသမီးလျှံ၊ အကျဉ်းတန်၊ သည်းခံလှပသည်။

အဲဒီတော့ ရုပ်ရေအဆင်း လှပချင်ရင် စိတ်မဆိုးဘဲ သည်းခံနေနိုင်အောင် ကြိုးစားလေ့ကျင့်ဖို့ရှိတာပဲ၊ ယခု စတုတ္ထ မေးခွန်း၏ အဖြေကိုဟောဖို့ အလှည့် ရောက်လာပြီ၊ အဲဒီ အဖြေ ပါဠိအနက်ကိုတော့ ဆဋ္ဌမပိုင်း (နှာ - ၃၃၅)မှာ ပြခဲ့ပါပြီ၊ ဒါကြောင့် ဒီနေရာမှာ အစီအစဉ် ပြည့်ရုံမျှအတွက် ဆောင်ပုဒ် လောက်ဆိုရင် တော်လောက်ပါပြီ ဆိုကြရမယ်။

အခြွေအရံနည်းခြင်း, များခြင်း၏ အကြောင်းကံ

▬▬▬▬▬▬▬▬▬▬

(၄) မနာလိုမှာ၊ ခြွေရံကွာ၊ ကြည်သာ ခြွေရံစည်။

သူတစ်ပါး ကောင်းစား ချမ်းသာတာ ကြီးပွားတာကို မနာလိုရင် အပါယ်ငရဲလဲ ကျရောက်တတ်တယ်၊ လူ့ဘဝရောက်လာရင်လဲ အခြွေအရံ နည်းပါးတတ်ပါတယ်၊ မနာလိုခြင်း မရှိဘဲ ကြည်သာ ဝမ်းမြောက်မှု - မုဒိတာကို ဖြစ်စေတဲ့ သူကတော့ နတ်ရွာသုဂတိလဲ ရောက်တတ်တယ်၊ လူ့ဘဝရောက်လာ ပြန်ရင်လဲ အခြွေအရံ များတတ်တယ်တဲ့၊ ယခု ပဉ္စမ မေးခွန်း၏ အဖြေကို ဟောရမယ်။

ဆင်းရဲနွမ်းပါးခြင်း, ပေါများကြွယ်ဝခြင်း၏ အကြောင်းကံ

▬▬▬▬▬▬▬▬▬▬▬

(၅-က) ထမင်းနို့အဖျော်, အဝတ်, ယာဉ်, ပန်းနံ့သာ, နံ့သာပျောင်း, အိပ်ရာ, အဆောက်အအုံ, ဆီမီးဆိုတဲ့ ဒါနဝတ္ထု ၁၀-ပါးကို ရဟန်းသူမြတ်တို့အား ပေးလှူခြင်း မရှိရင်၊ သူများပေးလှူသည်ကို နှောင့်ယှက်တားမြစ်ရင် အပါယ်ငရဲလဲ ကျရောက် တတ်တယ်၊ လူ့ဘဝရောက်ပြန်ရင်လဲ ဥစ္စာမရှိဘဲ ဆင်းရဲနွမ်းပါးတတ်တယ်၊ အဲဒီအနက်ကို ဒီလိုအကျဉ်းချုပ် ဟောထားပါတယ်။

အပ္ပဘောဂသံဝတ္တနိကာ ဧသာ မာဏဝ ပဋိပဒါ ယဒိဒံ န ဒါတာ ဟောတိ။

မာဏဝ - သုဘလုလင်၊
ယဒိဒံ - ယော အယံ - အကြင်သူသည်၊
န ဒါတာ - မပေးမလှူတတ်သည်၊
ဟောတိ - ဖြစ်၏၊
တဿ - ထိုသူ၏၊
ဧသာ ပဋိပဒါ - မပေးမလှူတတ်သော ဤအကျင့်သည်၊
အပ္ပဘောဂသံဝတ္တနိကာ - ပစ္စည်းဥစ္စာနည်းပါးခြင်း, ဆင်းရဲနွမ်းပါးခြင်းကို ဖြစ်စေ တတ်သည်တဲ့၊

အဲဒါကို “မပေးလှူက မွဲပြာကျ”လို့ ဆောင်ပုဒ်တစ်ပိုင်း စီထားတယ်၊ ပေးလှူရင် နတ်ရွာ သုဂတိ ရောက်တတ်တယ်၊ လူ့ဘဝရောက် လာပြန်ရင်လဲ ပေါများကြွယ်ဝ တတ်တယ်၊ အဲဒါကိုလဲ ဒီလို အကျဉ်းချုပ် ဟောထားပါတယ်။

(၅-ခ) မဟာဘောဂသံဝတ္တနိကာ ဧသာ မာဏဝ ပဋိပဒါ ယဒိဒံ ဒါတာ ဟောတိ။

မာဏဝ - သုဘလုလင်၊
ယဒိဒံ - ယော အယံ - အကြင်သူသည်၊
ဒါတာ - ပေးလှူတတ်သည်၊
ဟောတိ - ဖြစ်၏၊
တဿ - ထိုသူ၏၊
ဧသာ ပဋိပဒါ - ပေးလှူတတ်သော ဤအကျင့်သည်၊
မဟာဘောဂသံဝတ္တနိကာ - ပစ္စည်းဥစ္စာပေါများ ကြွယ်ဝခြင်းကို ဖြစ်စေတတ်သည် တဲ့၊

အဲဒါကို “လှူမှ ပေါကြွယ်သည်”လို့ ဆောင်ပုဒ်နောက်ပိုင်း အဖြစ် စီထားတယ်၊ အဲဒါကို ရှေ့ပိုင်းနဲ့ ဆက်စပ်ပြီး ဆိုကြရမယ်။

(၅) မပေးလှူက မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။

ဒါကတော့ ဒါနကထာ အနုမောဒနာတရားတွေကို မကြာခဏ ကြားနေကြရလို့ ထင်ရှားနေပါပြီ၊ ဒါပေမယ့် မပေးမလှူရင် မွဲပြာကျတတ်တယ် ဆိုတဲ့စကားအရ အာနန္ဒသေဋ္ဌေးကြီးဝတ္ထုကို ထုတ်ပြရဦးမယ်။

အာနန္ဒသေဋ္ဌေးကြီး ဝတ္ထု

▬▬▬▬▬▬▬▬▬

မြတ်စွာဘုရား လက်ထက်တော်တုန်းက သာဝတ္ထိမြို့မှာ အာနန္ဒဆိုတဲ့ သေဋ္ေးကြီး ရှိခဲ့တယ်၊ ကုဋေ ၄၀ - ပေါများ ကြွယ်ဝတယ်၊ အလွန်ဝန်တို နှမြောတတ်တယ်၊ သူက ၁၅ - ရက်တစ်ကြိမ် ဆွေမျိုးတွေကို စည်းဝေးစေပြီး သူ့သား ဖြစ်သူ မူလသိရီကို ဒီလို ဩဝါဒပေးခဲ့ပါသတဲ့၊ ငါတို့မှာ ရှိနေတဲ့ ကုဋေလေးဆယ်ကို များလှပြီလို့ မထင်မှတ်နဲ့၊ ရှိဆဲဥစ္စာကို မပေးကမ်းရဘူး၊ ဥစ္စာအသစ်ကိုသာ ဖြစ်စေရမယ်၊ တစ်ကျပ် တစ်ကျပ်ကိုတောင် ပေးကမ်းရင် ကုန်သွားတာပဲ။ ဒါကြောင့် -

အဉ္ဇနာနံ ခယံ ဒိသွာ၊
ဥပစိကာနံ သဉ္စယံ။
မဓူနဉ္စ သမာဟာရံ၊
ပဏ္ဍိတော ဃရမာဝသေ။

ဒီဂါထာကတော့ - (၃၄၆)မှာ ပြခဲ့တဲ့ တောဒေယျ၏ ဩဝါဒဂါထာနဲ့ အတူတူပါပဲ၊ ဝမ္မိကာနံ ဝတောင်ပို့တို့၏ - လို့ ရှိခဲ့ရာမှာ ဥပစိကာနံ - ခြကောင်တို့၏ - လို့ ရှိတာပဲ ကွဲပါတယ်။ အဲဒီမှာ -

ဥပစိကာနံ - ခြကောင်တို့၏၊
သဉ္ဇယံ - ဆောင်ယူလာသည့် မြေမှုန့်အစုကို -

လို့ အနက်ပြန်ရုံပါပဲ၊ အဲဒီလို ဩဝါဒပေးပြီးနောက် အခါတစ်ပါး ကျတော့ သေဆုံးသွားတယ်၊

ရွှေငွေအိုးငါးလုံး မြှုပ်နှံထားခဲ့တာကို သူ့သားအား မပြောကြားခဲ့ဘူး၊ အဲဒီလို သေသွားပြီးတဲ့အခါ မြို့၏တံခါးတစ်ခု အနီးက ဒွန်းစဏ္ဍားမတစ်ဦး၏ ဝမ်းမှာ ပဋိသန္ဓေနေရပါသတဲ့၊ အဲဒီ ရွာက အိမ်ခြေတစ်ထောင်ရှိတယ်၊ အာနန္ဒသေဋ္ဌေး ပဋိသန္ဓေ နေတဲ့အခါမှ စပြီး အဲဒီရွာက လူတွေမှာ စားဝတ်နေရေးအတွက် အလုပ်အကိုင်အဆင် မပြေဘဲရှိ နေပါသတဲ့၊

နေဝ သတိံ လဘတိ - လုပ်ခကိုလဲ အခါတိုင်းလို့မရဘူးတဲ့၊
န ယာပနမတ္တတော ပရံ ဘတ္တပိဏ္ဍမ္ပိ - မျှတနိုင်ရုံထက် အပိုအလွန် ထမင်းကို မရဘူးတဲ့၊

ဒါကြောင့် အဲဒီရွာသားတွေက စဉ်းစားကြတယ်၊ ငါတို့ရွာမှာ ကာလကဏ္ဏီခေါ် သူယုတ်မာ ရှိနေဟန်တူတယ်၊ နှစ်ပိုင်းခွဲကြစို့ ဆိုပြီး ရွာကိုခွဲလိုက်ကြတယ်၊ အာနန္ဒသေဋ္ဌေး၏ မိခင်ပါတဲ့ဘက်မှာ လူတွေက ဆင်းရဲမြဲ ဆင်းရဲနေကြသတဲ့၊ ဒါကြောင့် အဲဒီအပိုင်းကလဲ ထပ်ပြီးခွဲ ပြန်တယ်၊ ဒီပုံဒီနည်းဖြင့် ထပ်ထပ်ပြီး ခွဲလိုက်ကြတာ နောက်ဆုံးကျတော့ အာနန္ဒသေဋ္ဌေး မိခင် တစ်ဦးတည်း ဆင်းရဲ ဒုက္ခရောက်တဲ့အပိုင်း ဖြစ်သွားသတဲ့၊

ဒါပေမယ့် မိခင် ဖြစ်သူမှာတော့ ဆင်းဆင်းရဲရဲနဲ့ ကြိတ်မှိတ်ပြီး သည်းခံနေရတယ်၊ သူ့ကို မွေးပြီးတဲ့နောက်လဲ ဆင်းဆင်းရဲရဲနဲ့ကလေးကို မွေးမြူရပါသတဲ့။ နောက်ဆုံး ခွက်လက်စွဲပြီး တောင်းစားနိုင်လောက်တဲ့ အရွယ်ရောက်တော့ မိခင်ကလဲ သည်းမခံနိုင်တော့ဘူး၊ အဲဒီ သားငယ်အား တောင်းစားဖို့ ခွက်တစ်ခုပေးပြီး စွန့်လွှတ်လိုက်ပါသတဲ့၊

အဲဒီအခါ အာနန္ဒသေဋ္ဌေးက ဖြစ်လာတဲ့ သူငယ်ကလေးဟာ အိမ်စဉ်လှည့်ပြီး တောင်းရမ်းနေရင်း ရှေးဘဝက သူနေခဲ့တဲ့အိမ်ကို ရောက်သွားတယ်၊ ရှေးဘဝက အကြောင်းအရာတွေကို မှတ်မိတဲ့ ဇာတိဿရဉာဏ်ရတာနဲ့ ငါ့အိမ်ပဲဆိုတဲ့ အနေနဲ့ အဲဒီသူငယ်ကလေးက တံခါးပေါက်က ဝင်သွားတယ်၊

မူလသိရီရဲ့ သားတွေက သူ့ကိုမြင်တော့ ကြောက်လန့်ပြီး ငိုကြသတဲ့၊ ကြောက်လန့်ခြင်း၏အကြောင်းကတော့ အဲဒီသူငယ်ကလေးရဲ့ လက်တို့ ခြေတို့, နား နှာခေါင်းတို့, ပါးစပ် မျက်နှာတို့ တည်နေပုံက အချိုးမကျဘူး၊ တစ္ဆေရုပ်ပုံမျိုး ဖြစ်နေပါသတဲ့။

အဲဒီ ငိုကြတဲ့ကလေးတွေ ဆိုတာလဲ တခြားသူတွေ မဟုတ်ပါဘူး၊ မူလ သိရီ၏သားတွေဆိုတော့ အာနန္ဒသူငယ်၏ မြေးတွေပေါ့၊ အဲဒီလို ကလေးတွေ ငိုတဲ့အခါ ကလေးထိန်းက ကြည့်လိုက်တော့ အဲဒီအလွန်အရုပ်ဆိုးတဲ့ အာနန္ဒသူငယ်ကို တွေ့ကြတယ်၊ အဲဒီတော့ “ဟဲ့ - သူယုတ်မာ ထွက်သွားဟဲ့” ဆိုပြီးတော့ ရိုက်နှက်ပြီး အမှိုက်ပုံမှာ တင်ထားကြသတဲ့၊

အမှိုက်လို သဘောထားကြတာပေါ့၊ အဲဒီအခါမြတ်စွာဘုရားက နောက်ပါ အရှင် အာနန္ဒာနှင့်တကွ ဆွမ်းခံကြွတော်မူရင်း အဲဒီနေရာ ရောက်သွားတော်မူတယ်၊ အရှင်အာနန္ဒာက မေးလျှောက်လို့ မြတ်စွာဘုရားက အကြောင်းအရာ အလုံးစုံကို မိန့်ကြားတော်မူတယ်။

အဲဒီတော့ အရှင်အာနန္ဒာက မူလသိရီကို ခေါ်စေတယ်၊ လူအများကလဲ အဲဒီနေရာမှာ လာရောက်စုဝေးနေကြတယ်၊ မြတ်စွာဘုရားက မူလသိရီကို “ဒီကလေး သိရဲ့လား” လို့ မေးတော်မူတယ်။ ‘မသိပါ’ လို့ လျှောက်တယ်၊ သင့်ဖခင် အာနန္ဒာသေဋ္ဌေးပဲလို့ မိန့်ကြားတော်မူတယ်၊ မူလသိရီက မယုံဘူးလို့ဆိုတယ်၊ ဒီတော့ မြတ်စွာဘုရားက

“ဟဲ့ - အာနန္ဒာသေဋ္ဌေး … သင့်မြှုပ်နှံ သိမ်းဆည်းထားတဲ့ ရွှေအိုးကြီးငါးလုံးကို ပြောလိုက်”လို့ မိန့်တော်မူတယ်၊ အဲဒီသူငယ်က ရွှေငွေအိုးတွေ မြှုပ်ထားတဲ့နေရာ ပြပေးလို့ အဲဒီရတနာအိုးတွေ တူးဖော်ရရှိတဲ့အခါ မူလသီရိဟာ မြတ်စွာဘုရားကို ကြည်ညိုသဒ္ဓါ ဖြစ်ပြီးတော့ သရဏဂုမ် ဆောက်တည်ပြီး ဗုဒ္ဓဘာသာဝင် ဖြစ်လာ ပါသတဲ့၊ အဲဒီအခါ မြတ်စွာဘုရားက ဂါထာတစ်ပုဒ်တရားကို ခုလို ဟောကြားတော် မူပါတယ်။

ပုတ္တာ မတ္ထိ ဓနမ္မတ္ထိ၊
ဣတိ ဗာလော ဝိဟညတိ။
အတ္တာ ဟိ အတ္တနော နတ္ထိ၊
ကုတော ပုတ္တာ ကုတော ဓနံ။

မေ - ငါ့မှာ၊
ပုတ္တော အတ္ထိ - သားသမီးတွေ ရှိကြသည်၊
မေ - ငါ့မှာ၊
ဓနံ အတ္ထိ - ရွှေငွေ စသော ဥစ္စာရှိသည်၊
ဣတိ - ဤသို့ ထင်မှတ်လျက်၊
ဗာလော - သံသရာအရေးကို မျှော်တွေးမြင်သိတဲ့ ပညာမရှိသော လူမိုက်သည်၊
ဝိဟညတိ - သားသမီး ဥစ္စာတို့နှင့် စပ်၍ ပင်ပန်းလျက် ရှိချေသည်။

သားသမီးတွေ ဥစ္စာတွေဟာ မိမိကိုယ်ပိုင် တကယ်အားကိုးရာတွေပဲလို့ထင်ပြီး အဲဒါတွေနဲ့စပ်ပြီး ပူပန်ကြောင့်ကြ နေကြတယ်၊ ပျက်စီးခဲ့ဖူးတာရှိရင်လဲ စိုးရိမ်ပူဆွေး နေတယ်၊ ပျက်စီးမည့် အရေးကို တွေးပြီးတော့ ပူပန်ကြောင့်ကြနေတယ်၊ ပျက်စီး နေဆဲအတွက် ကိုယ်စိတ်ဆင်းရဲတာကိုတော့ အထူးပြောစရာ မလိုပါဘူး၊

မရသေးတဲ့ စီးပွားဥစ္စာတွေကို ရအောင် အားထုတ် လုပ်ကိုင်ပြီးတော့ ပင်ပန်း နေရတယ်၊ သားသမီးတွေ ကျွေးမွေးပြုစုရတဲ့အတွက်လဲ ပင်ပန်းဆင်းရဲနေ ရတယ်လို့လဲ ဆိုလိုပါတယ်၊ ဒါပေမယ့် -

အတ္တာ ဟိ - မိမိကိုယ်သည်ပင်၊
အတ္တနာ - မိမိမှာ၊
နတ္ထိ - တကယ်အားကိုးရာ အဖြစ်ဖြင့်မရှိချေ၊

သေရတော့မယ်ဆိုတဲ့ အခါမျိုးကျတော့ မိမိကိုယ်တောင်မှ အားမကိုးရဘူးလို့ ဆိုလိုပါတယ်၊ သေပြီးတဲ့အခါလဲ အပါယ်မကျရအောင် မဆင်းရဲ မနွမ်းပါးရအောင် မိမိကိုယ်တောင်မှ အားမကိုးရဘူးလို့ ဆိုပါတယ်၊

ပုတ္တာ - သားသမီးတို့သည်၊
ကုတော - တကယ်အားကိုးရာ အနေဖြင့်ရှိသည်ဟု အဘယ်မှာ ဆိုဖွယ်ရာရှိအံ့နည်း၊
ကုတော ဓနံ - တကယ်အားကိုးရာ ဥစ္စာရှိသည်ဟု အဘယ်မှာ ဆိုဖွယ်ရာ ရှိအံ့နည်း။

ယခုပြောခဲ့တဲ့ အာနန္ဒသေဋ္ဌေးကြီးဟာ သေသည်နဲ့ တစ်ပြိုင်နက် ဆင်းရဲဒုက္ခ ရောက်သွားရရှာတယ်၊ ပေးလှူမှု ဒါနကုသိုလ်ကို အားမကိုးဘဲ သားနှင့်ပစ္စည်းကိုသာ အားကိုးမိတဲ့အတွက် အတိဒုက္ခ ရောက်သွားရရှာတာပဲ၊ ပေးလှူလို့ ချမ်းသာ ကြွယ်ဝတဲ့ အကြောင်းတွေကတော့ များစွာရှိပါတယ်၊

ရာဇဂြိုဟ်မြို့က ဣန္ဒကဆိုတဲ့လူဟာ အရှင်အနုရုဒ္ဓါမထေရ်အား ဆွမ်းတစ်ဇွန်း ပေးလှူတာနဲ့ နတ်ပြည်ရောက်ပြီး ဘုန်းတန်ခိုးကြီးတဲ့ နတ်ဖြစ်ရတယ်၊ အဲဒါကို ခဏခဏ ပြောနေကြပါပဲ၊

ဒါကြောင့် “မပေးလှူက မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်” ဆိုတဲ့ ဒီတရားဟာ သိလဲ သိထားဖို့၊ သိပြီးတော့ ကျင့်လဲကျင့်ဖို့ အလွန်ပင် အရေးကြီးပါတယ်၊ ဒါပေမယ့် ဗုဒ္ဓဘာသာဝင် မြန်မာပြည်သူ ပြည်သားတွေကတော့ ပေးလှူတဲ့ ကိစ္စမှာ လိုတာ မရှိပါဘူး၊ အများအားဖြင့် ပြည့်စုံနေကြတာချည်းပါပဲ။

အမျိုးယုတ်, အမျိုးမြတ်ခြင်း၏ အကြောင်းကံ

▬▬▬▬▬▬▬▬▬▬▬

(၆-က) ကိုယ့်ကိုယ်ကို အထင်ကြီးပြီး ရှိခိုးထိုက်သူကို ရှိမခိုးရင် ရိုသေထိုက်သူကို မရိုသေရင် အပါယ်ငရဲ ကျရောက်တတ်တယ်၊ လူ့ဘဝရောက်လာလျှင်လဲ ယုတ်ညံ့တဲ့ အမျိုးမှာ ဖြစ်တတ်တယ်၊ အဲဒီအနက်ကို ဒီလို အကျဉ်းချုပ် ဟောထား ပါတယ်။

နိစကုလီနသံဝတ္တနိကာ ဧသာ မာဏဝ ပဋိပဒါ ယဒိဒံ ထဒ္ဓေါ ဟောတိ အတိမာနီ အဘိဝါဒေတဗ္ဗံ န အဘိဝါဒေတိ - စသည်။

မာဏဝ - သုဘလုလင်၊
ယဒိဒံ - ယော အယံ - အကြင်သူသည်၊
ထဒ္ဓေါ - မရိုသေ မကိုင်းညွတ်နိုင်လောက်အောင်လဲ မာနဖြင့် တောင့်မာလျက် ရှိသည်၊
အတိမာနီ - မိမိကိုယ်ကို အထင်ကြီးလျက် သူတစ်ပါးကို အထင်သေးသည်၊
ဟောတိ - ဖြစ်၏၊
အဘိဝါဒေတဗ္ဗံ - ရှိခိုးထိုက်သောသူကို၊
န အဘိဝါဒေတိ - ရှိမခိုးချေ။

(နေရာမှထ၍ အရိုအသေပြုသင့်သည်ကို အရိုအသေမပြု၊ နေရာဖယ်ပေးသင့်သူကို နေရာဖယ်မပေး၊ ရိုသေထိုက်သူကို မရိုသေ၊ အလေးပြုသင့်သူကို အလေးမပြု၊ မြတ်နိုးသင့်သူကို မမြတ်နိုး၊ ပူဇော်သင့်သည်ကို မပူဇော်၊)

တဿ - ထိုသူ၏၊
ဧသာ ပဋိပဒါ - မရိုသေ မကိုင်းညွတ်နိုင်အောင် မာန်ထောင်တောင့်တင်းသော ဤအကျင့်သည်၊
နီစကုလီနသံဝတ္တနိကာ - အမျိုးယုတ် အမျိုးညံ့၌ ဖြစ်ခြင်းကို ဖြစ်စေတတ်သည်တဲ့။

ရှိခိုးထိုက်, ရိုသေထိုက်သူဆိုတာ မိဘစသည့် အသက်ကြီးသောသူ, သီလစသည်နှင့် ပြည့်စုံသော ရှင်ရဟန်းစသော သူတို့ပင်ဖြစ်တယ်၊ အသက်ကြီးတဲ့ မိဘဘိုးဘွား စသည်ကို ရှိခိုးသင့် ရှိခိုးထိုက်တယ်၊ ရှိမခိုးတောင် အရိုအသေတော့ ပြုထိုက်တာပဲ၊

မိမိထက် သီလစသည်ပြည့်စုံတဲ့ ရှင်ရဟန်းစသည်ကို ရှိခိုးထိုက်တယ်၊ ဘုရားစစ် ဘုရားမှန်, သံဃာအစစ်အမှန်တို့ကို ရှိခိုးထိုက်တယ်၊ ရိုသေထိုက်တယ်၊ အဲဒီ ရှိခိုးထိုက် ရိုသေထိုက်သူတွေကို မာနဖြင့် မရိုမသေပြုလျှင် ငရဲလဲ ကျတတ်တယ်၊ လူဖြစ် လာရင်လဲ အမျိုးယုတ် အမျိုးညံ့ထဲမှာ ဖြစ်ရတတ်တယ်တဲ့၊ အဲဒါကို “မရိုမသေ မျိုးယုတ်ချေ”လို့ ဆောင်ပုဒ် တစ်စိတ်စီထားတယ်။

(၆-ခ) မာန်မာနမထားဘဲ ရှိခိုးထိုက်သူကို ရှိခိုးရင်, ရိုသေထိုက်သူကို ရိုသေရင် နတ်ရွာသုဂတိရောက်တယ်၊ လူဖြစ်လာရင်လဲ အမျိုးမြတ်ထဲ၌ ဖြစ်ရတယ်၊

အဲဒါကိုလဲ ဒီလို အကျဉ်းချုပ် ဟောထားပါတယ်။

ဥစ္စာကုလီနသံဝတ္တနိကာ ဧသာ မာဏဝ ပဋိပဒါ ယဒိဒံ အတ္ထဒ္ဓေါ ဟောတိ အနတိမာနီ အဘိဝါဒေတဗ္ဗံ အဘိဝါဒေတိ - စသည်။

မာဏဝ - သုဘလုလင်၊
ယဒိဒံ - ယောအယံ - အကြင်သူသည်၊
အတ္ထဒ္ဓေါ - မာနဖြင့် မတောင့်တင်းဘဲ နူးညံ့ပျော့ပျောင်းသည်၊
အနတိမာနီ - မိမိကိုယ်ကို အလွန်အထင်မကြီးသည်၊
ဟောတိ - ဖြစ်၏၊
အဘိဝါဒေတဗ္ဗံ အဘိဝါဒေတိ - ရှိခိုးထိုက်သူကိုရှိခိုး၏၊

(နေရာမှထပေးခြင်း, ရိုသေခြင်း စသည်ကိုပြု၏။)

တဿ - ထိုသူ၏၊
ဧသာ ပဋိပဒါ - မာန်မာန မကြီးဘဲ ရှိခိုးခြင်း စသည်ကို ပြုသော ဤအကျင့်သည်၊
ဥစ္စာ ကုလီန သံဝတ္တနိကာ - အမျိုးမြတ်ထဲ၌ ဖြစ်ခြင်းကိုဖြစ်စေတတ်သည်တဲ့၊

အဲဒါကိုလဲ “ရိုသေမျိုးမြတ်သည်”လို့ နောက်ပိုင်းဆောင်ပုဒ်အဖြစ် စီထားတယ်၊ အဲဒါကို ရှေ့ပိုင်းနဲ့ ဆက်စပ်ပြီး ဆိုကြရမယ်။

(၆) မရိုမသေ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။

ဒီထိအောင် အကျိုးပေးကွဲပြားပုံ ခြောက်မျိုးဟာ ဆင်းရဲချမ်းသာအနေဖြင့် အထူးထင်ရှားတယ်၊ အသက်တိုရင်, အနာများရင်, အရုပ်ဆိုးရင်, အခြွေအရံနည်းရင်, ပစ္စည်းမရှိရင်, အမျိုးယုတ်ညံ့ရင် ဆင်းရဲတာပဲ၊ အသက်ရှည်ရင်, အနာကင်းရင်, အဆင်းလှရင်, အခြွေအရံများရင်, ပေါများကြွယ်ဝရင်, အမျိုးမြတ်ရင် ချမ်းသာတယ် လို့ဆိုရတာပဲ၊

ဒါကြောင့် ချမ်းသာကြပါစေ၊ ဆင်းရဲမှ လွတ်မြောက်ကြပါစေ၊ မဆုတ်ယုတ်ဘဲ ချမ်းသာမြဲ ချမ်းသာကြပါစေလို့ မေတ္တာ, ကရုဏာ, မုဒိတာကို ပွားစေတာဟာ ဒီ ၆ - မျိုးနဲ့ ပိုပြီး သက်ဆိုင်တယ်၊ ထို့အတူပင် ကမ္မဿကာ - ကံသာလျှင် ကိုယ်ပိုင် ဥစ္စာရှိကြတယ်လို့ ဥပေက္ခာကို ပွားစေတာလဲ ဒီ ၆ - မျိုးနဲ့ပိုပြီး ဆိုင်တာပါပဲ၊

ဆိုင်ပုံကတော့ ချမ်းသာကြပါစေ .... စသည်ဖြင့် မေတ္တာ, ကရုဏာ, မုဒိတာကို ပွားစေခြင်းကြောင့် သတ္တဝါတွေမှာ အသက်ရှည်ခြင်း, အနာကင်းခြင်း စသော အကျိုးကို လိုသလောက် မပြီးစေနိုင်ဘူး၊ အသက်ရှည်စေတတ်သောကံ ကျန်းမာစေတတ်သောကံ စသည်ရှိမှသာလျှင် လိုသလောက် ပြည့်စုံနိုင်တယ်၊

ဒါကြောင့် ကမ္မဿကာ - ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြတယ်လို့ နှလုံးသွင်းရတဲ့ ဥပေက္ခာနှင့် ဒီ ၆ - မျိုး ပိုပြီး ဆိုင်တယ်၊ ပိုပြီးဆိုင်တဲ့အတွက် ဒီနေရာမှာ မေတ္တာစသည်ကို ရွတ်ဆိုပွားများပြီးတော့ ဥပေက္ခာကိုလဲ ရွတ်ဆိုပွားများ ကြရမယ်။

အားလုံးသတ္တဝါတွေ ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ။

အားလုံးသတ္တဝါတွေ ဆင်းရဲမှလွတ်မြောက်ကြပါစေ၊ လွတ်မြောက်ကြပါစေ။

အားလုံးသတ္တဝါတွေ ရရှိပြီး စည်းစိမ်ချမ်းသာမှ မဆုတ်ယုတ်ဘဲ ချမ်းသာမြဲ ချမ်းသာကြပါစေ၊ ချမ်းသာမြဲ ချမ်းသာကြပါစေ။

ဥပေက္ခာ ၁၃၂ - ပါး ပွားပုံ

အားလုံး သတ္တဝါတွေ ကမ္မဿကာ - ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြသည်၊ ကံအား လျော်စွာ ဖြစ်နေကြရသည်။
ဆိုးတာပြုက, ဆိုးတာရ, ကောင်းမှ ကောင်းစားသည်။ ဆိုးကောင်းနှစ်တန်, ကံစီမံ, ခံစံကြရသည်။

အားလုံး အသက်ရှုသူတွေ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြသည်။

အားလုံး ထင်ရှားဖြစ်သူတွေ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိကြသည်။

အားလုံး ပုဂ္ဂိုလ်တွေ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိကြသည်။

အားလုံး ခန္ဓာကိုယ် အတ္တဘောရှိသူတွေ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိကြသည်။

ယခုရွတ်ဆိုပွားများခဲ့တဲ့ ငါးပုဒ်က အပိုင်းအခြား အကန့်အသတ်မရှိတဲ့ သတ္တဝါ တွေကို လျစ်လျူရှုတဲ့ အနောဓိသ ဥပေက္ခာ (၅)ပါးပဲ၊
ယခု ဩဓိသဥပေက္ခာ (၇)ပါးကိုလဲ ရွတ်ဆို ပွားများကြရဦးမယ်။

အားလုံး အမျိုးသမီးတွေ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိကြသည်။

အားလုံး အမျိုးသားတွေ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိကြသည်။

အားလုံး အရိယာတွေကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိကြသည်။

အားလုံး ပုထုဇဉ်တွေကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိကြသည်။

အားလုံး နတ်တွေကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိကြသည်။

အားလုံး လူတွေကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိကြသည်။

အားလုံး အပါယ်သတ္တဝါတွေ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိကြသည်။

ဒါက ဩဓိသ ဥပေက္ခာ (၇)ပါးပွားပုံပဲ၊ အဲဒီ ဩဓိသ (၇)ပါးနှင့် ရှေ့နားက အနောဓိသ (၅)ပါးကို ပေါင်းလိုက်ရင် ၁၂-ပါးရတယ်၊ အဲဒါဟာ အရပ်မျက်နှာဖြင့် ပိုင်းခြား ကန့်သတ်ခြင်းမရှိတဲ့ ဒိသာ အနောဓိသ ဥပေက္ခာ ၁၂-ပါးပဲ၊

အရပ်မျက်နှာဖြင့် ပိုင်းခြားကန့်သတ်ပြီး ပွားတဲ့အခါလဲ အရပ်မျက်နှာ တစ်ခု တစ်ခုမှာ နည်းတူပင် ၁၂-ပါးစီရတယ်၊ အရပ်မျက်နှာ ဆယ်ခု ဆိုတော့ ၁၂၀-ရတယ်၊ အဲဒါက ဒိသာဩဓိက ၁၂၀-တဲ့၊

အဲဒီ ၁၂၀-ကိုလဲ အကျဉ်းချုပ် ရွတ်ဆို ပွားများကြရမယ်၊ လိုက်ဆိုကြ။

အရှေ့အရပ်က အားလုံးသတ္တဝါတွေ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြသည်။

အရှေ့အရပ်က အားလုံးအပါယ်သတ္တဝါတွေ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြသည်။

အနောက်အရပ်က အားလုံးသတ္တဝါတွေ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြသည်။

အနောက်အရပ်က အားလုံးအပါယ်သတ္တဝါတွေ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြသည်။

မြောက်အရပ်က အားလုံးသတ္တဝါတွေ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြသည်။

မြောက်အရပ်က အားလုံးအပါယ်သတ္တဝါတွေ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြသည်။

တောင်အရပ်က အားလုံးသတ္တဝါတွေ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြသည်။

တောင်အရပ်က အားလုံးအပါယ်သတ္တဝါတွေ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြသည်။

အရှေ့တောင်အရပ်က အားလုံးသတ္တဝါတွေ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြသည်။

အရှေ့တောင်အရပ်က အားလုံးအပါယ်သတ္တဝါတွေ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြသည်။

အနောက်မြောက်အရပ်က အားလုံးသတ္တဝါတွေ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြသည်။

အနောက်မြောက်အရပ်က အားလုံးအပါယ်သတ္တဝါတွေ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြသည်။

အရှေ့မြောက်အရပ်က အားလုံးသတ္တဝါတွေ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြသည်။

အရှေ့မြောက်အရပ်က အားလုံးအပါယ်သတ္တဝါတွေ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြသည်။

အနောက်တောင်အရပ်က အားလုံးသတ္တဝါတွေ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြသည်။

အနောက်တောင်အရပ်က အားလုံးအပါယ်သတ္တဝါတွေ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြသည်။

အောက်အရပ်က အားလုံးသတ္တဝါတွေ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြသည်။

အောက်အရပ်က အားလုံးအပါယ်သတ္တဝါတွေ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြသည်။

အထက်အရပ်က အားလုံးသတ္တဝါတွေ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြသည်။

အထက်အရပ်က အားလုံးအပါယ်သတ္တဝါတွေ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြသည်။

ယခု ရွတ်ဆိုခဲ့ကြတာတွေဟာ ဒိသာဩဓိသဥပေက္ခာ ၁၂၀ - အကျဉ်းချုပ်ပါပဲ၊ အဲဒါတွေကို ရှေ့နားက ဆိုခဲ့တဲ့ ဒိသာအနောဓိသ ၁၂ - ပါးနှင့် ပေါင်းလိုက်ရင် ဥပေက္ခာ ၁၃၂ - ပါး ဖြစ်တယ်၊ ဥပေက္ခာပွားပုံကတော့ စုံသွားပြီ၊
ဒါပေမယ့် သုဘလုလင်၏ အမေးကို ဖြေကြားတဲ့ အဖြေ ၇-ပါးထဲက နောက်ဆုံး အဖြေကို ပြောဖို့ ကျန်နေသေးတယ်၊ အဲဒါကို အခု ဆက်ဟောမယ်။

အသိဉာဏ်နည်းခြင်းနှင့် ကြီးခြင်း၏ အကြောင်းကံ

(၇-က) ဣဓ မာဏဝ ဧကစ္စော ဣတ္ထီ ဝါ ပုရိသော ဝါ သမဏံ ဝါ ဗြဟ္မဏံ ဝါ ဥကသင်္ကမိတွာ န ပရိပုစ္ဆိတာ ဟောတိ “ကိံ ဘန္တေ ကုသလံ၊ ကိံ အကုသလံ၊ ကိံ သာဝဇ္ဇံ၊ ကိံ အနဝဇ္ဇံ၊ ကိံ သေဝိတဗ္ဗံ၊ ကိံ နသေဝိတဗ္ဗံ၊ ကိံ မေ ကရီယမာနံ ဒီဃရတ္တံ အဟိတာယ ဒုက္ခာယ ဟောတိ၊ ကိံ ဝါ ပန မေ ကရီယမာနံ ဒီဃရတ္တံ ဟိတာယ သုခါယ ဟောတီ”တိ။

မာဏဝ - သုဘလုလင်၊
ဣဓ - ဤလောက၌၊
ဧကစ္စော ဣတ္ထီ ဝါ ပုရိသော ဝါ - မိန်းမဖြစ်စေ, ယောက်ျားဖြစ်စေ အချို့သော သူသည်၊
သမဏံ ဝါ ဗြဟ္မဏံ ဝါ ဥပသင်္ကမိတွာ - ရဟန်းကို ဖြစ်စေ သူမြတ်ကိုဖြစ်စေ ချဉ်းကပ်၍၊
န ပရိပုစ္ဆိတာ ဟောတိ - မမေးတတ်ချေ၊

(ဘယ်လိုမေးသင့်သလဲဆိုတော့)

ဘန္တေ - အရှင်ဘုရား၊
ကိံ ကုသလံ ကိံ အကုသလံ - ကုသိုလ်က ဘယ်ဟာပါလဲ, အကုသိုလ်က ဘယ်ဟာပါလဲ၊
ကိံ သာဝဇ္ဇံ ကိံ အနဝဇ္ဇံ - ဘယ်ဟာက အပြစ်ရှိပါသလဲ, ဘယ်ဟာက အပြစ်မရှိပါသလဲ၊
ကိံ သေဝိတဗ္ဗံ ကိံ နသေဝိတဗ္ဗံ - ဘယ်ဟာကို မှီဝဲသင့်ပါသလဲ, ဘယ်ဟာကို မမှီဝဲသင့်ပါသလဲ၊
ကိံ မေ ကရီယမာနံ ဘယ်ဟာကိုပြုလုပ်လျှင်၊
မေ - အကျွန်ုပ်မှာ၊
ဒီဃရတ္တံ အဟိတာယ ဒုက္ခာယ ဟောတိ - ရှည်မြင့်စွာသော ကာလပတ်လုံး အကျိုး စီးပွားမဲ့ အလို့ငှာ, ဆင်းရဲအလို့ငှာ ဖြစ်ပါသလဲ၊
ဝါ ပန - ထိုမှတစ်ပါး၊
ကိံ ကရီယမာနံ - ဘယ်ဟာကို ပြုလျှင်၊
ဒီဃရတ္တံ ဟိတာယ သုခါယ ဟောတိ - ရှည်မြင့်စွာသော ကာလပတ်လုံး အကျိုး စီးပွားအလို့ငှာ, ချမ်းသာရန် အလို့ငှာ ဖြစ်ပါသလဲ၊
ဣတိ - ဤသို့ မမေးတတ်ချေ, မမေးဘဲ နေချေသည်။

တချို့လူက တတ်သိနားလည်တဲ့ သူ့ထံ ချဉ်းကပ်ပြီး မမေးတတ်ဘူး၊ မသိ နားမလည်တာကို မေးသင့်တာပဲ၊ “မသိမေး, မစင် ဆေး”ဆိုတဲ့ မြန်မာစကားပုံအရ မသိရင် မေးသင့်တာပဲ၊ ဒါပေမယ့် တချို့လူက မေးမြန်းခြင်းမရှိဘဲ ပုံတော်သလို နေနေတယ်၊ အဲဒါဟာ ပြုသင့်တဲ့ ကျင့်ဝတ် ချွတ်ယွင်းနေတာပဲ၊

လောကမှာ စီးပွားရေးရာနှင့် စပ်ပြီး မသိ နားမလည်တာကို သိနားလည်အောင် မေးရတယ်၊ သင်ကြားသင့်တာဆိုရင်လဲ သင်ကြားလေ့လာရတယ်၊ အဲဒီလို မေးသင့်တာ မေးပြီးတော့ သင်ကြားလေ့လာသင့်တာကို လေ့လာပါမှတတ်သိ နားလည်ပြီး စီးပွားဖြစ်အောင်လုပ်ကိုင်နိုင်တယ်၊ အဲဒါလိုပဲ သံသရာရေးနှင့် စပ်ပြီးတော့လဲ မသိနားမလည်တာကို မေးသင့်တာပဲ၊

ကုသိုလ်ဆိုတာ ဘယ်လိုဟာလဲ၊ ဘယ်လိုဟာကို ကုသိုလ်ခေါ်ပါသလဲ၊ အကုသိုလ် ဆိုတာ ဘယ်လိုဟာလဲ၊ ဘယ်လိုဟာကို အကုသိုလ်လို့ ခေါ်ပါတယ်၊ ဘယ်လို အမှုက အပြစ်ရှိပါသလဲ၊ ဘယ်လိုအမှုက အပြစ်ကင်းပါသလဲ ဘယ်လိုဟာကို မှီဝဲသင့်, ပြုလုပ်သင့်ပါသလဲ၊ ဘယ်လိုဟာကို မမှီဝဲသင့် ရှောင်သင့်ပါသလဲ၊

ဘယ်လိုအမှုကို ပြုရင် ရှည်စွာသော ကာလပတ်လုံး အကျိုးမဲ့ဆင်းရဲကို ဖြစ်ပါသလဲ၊ ဘယ်လိုအမှု ပြုရင်တော့ အကျိုးများဖို့, ချမ်းသာဖို့ ဖြစ်ပါသလဲ - လို့ မေးသင့်တယ်၊ ဒါပေမယ့် အသိအလိမ္မာ ပညာဘက်မှာ စိတ်မဝင်စားတဲ့သူက အဲဒီလို စုံစမ်း မေးမြန်းခြင်းမပြုဘဲ မိမွေးတိုင်း, ဖမွေးတိုင်း ပုံတော်သလို နေနေတယ်တဲ့။

အဲဒီလို မမေးတော့ မသိရဘူး၊ မသိတော့ မတော်မသင့်တာတွေလဲ ပြုမိတာပေါ့၊ ဒါကြောင့် အဲဒီလို ကုသိုလ်ရေးနဲ့ စပ်ပြီး မမေးမြန်း မလေ့လာတဲ့သူဟာ မတော် တာကို ပြုမိတဲ့အတွက် သေပြီးတဲ့အခါ အပါယ်ငရဲ ကျရောက်တတ်တယ်၊ လူ့ဘဝ ရောက်လာလဲ ကုသိုလ်ပညာရေးဘက်မှာ မမေးမြန်း မလေ့လာခဲ့သောကြောင့် အသိဉာဏ်ကင်းမဲ့တဲ့ လူဗာလ လူမိုက် ဖြစ်တတ်ပါတယ်တဲ့၊ အဲဒီအကြောင်းကို ဒီလို အကျဉ်းချုပ်လဲ ဟောထားပါသေးတယ်။

ဒုပ္ပည သံဝတ္တနိကာ ဧသာ မာဏဝ ပဋိပဒါ ယဒိဒံ သမဏံ ဝါ ဗြာဟ္မဏံ ဝါ ဥပသင်္ကမိတွာ န ပရိပုစ္ဆိတာ ဟောတိ။

မာဏဝ - သုဘလုလင်၊
ယဒိဒံ - ယော အယံ - အကြင်သူသည်၊
သမဏံ ဝါ ဗြာဟ္မဏံ ဝါ ဥပသင်္ကမိတွာ - ရဟန်းကိုဖြစ်စေ၊ သူမြတ်ကိုဖြစ်စေ ချဉ်းကပ်၍၊
န ပရိပုစ္ဆိတာ ဟောတိ - မမေးမြန်းဘဲ ရှိ၏၊
တဿ - ထိုသူ၏၊
ဧသာ ပဋိပဒါ - မမေးမြန်းဘဲနေသော ဤအကျင့်သည်၊
ဒုပ္ပညသံဝတ္တနိကာ - အသိအလိမ္မာ ဉာဏ်ပညာကင်းမဲ့ခြင်းကို ဖြစ်စေတတ်သည်တဲ့၊

အဲဒီအနက်ကို “မမေးမမြန်း၊ ဉာဏ်မြင်ကန်း”လို့ ဆောင်ပုဒ်စီထားတယ်။

(၇-ခ) မသိနားမလည်တာကို မေးမြန်းစုံစမ်းရင် သင်ကြားလေ့လာရင်တော့ တတ်သိနားလည်တယ်၊ တတ်သိ နားလည်တဲ့အလျောက် မတော်မသင့်တာကို မပြုဘူး၊ သင့်တော်တဲ့ အမှုကိုသာပြုတယ်၊ ဒါကြောင့် သေပြီးတဲ့အခါ နတ်ရွာ သုဂတိကို ရောက်ရတယ်၊ လူဖြစ်လာရင်လဲ ရှေးကအသိလိမ္မာပညာဘက်မှာ မေးမြန်းသင်ကြား လေ့လာခဲ့သောကြောင့် ဉာဏ်ပညာကြီးသူ ဉာဏ်ပညာထက်သူ ဖြစ်ပါတယ်တဲ့။ အဲဒီအနက်လဲ ဒီလို အကျဉ်းချုပ် ဟောထားပါတယ်။

မဟာပညသံဝတ္တနိကာ ဧသာ မာဏဝ ပဋိပဒါ ယဒိဒံ သမဏံ ဝါ ဗြာဟ္မဏံ ဝါ ဥပသင်္ကမိတွာ ပရိပုစ္ဆိတာ ဟောတိ။

မာဏဝ - သုဘလုလင်၊
ယဒိဒံ - ယော အယံ - အကြင်သူသည်၊
သမဏံ ဝါ ဗြာဟ္မဏံ ဝါ ဥပသင်္ကမိတွာ - ရဟန်းကိုဖြစ်စေ သူမြတ်ကိုဖြစ်စေ ချဉ်းကပ်၍၊
ပရိပုစ္ဆိတာ ဟော တိ - မေးမြန်းစုံစမ်းတတ်၏၊
တဿ - ထိုသူ၏၊
ဧသာ ပဋိ - ပဒါ - မေးမြန်း စုံစမ်းသော ဤအကျင့်သည်၊
မဟာပညသံဝတ္တနိကာ - အသိအလိမ္မာ ဉာဏ်ပညာကြီးခြင်းကို ဖြစ်စေသည်တဲ့၊

အဲဒါကို “စုံစမ်း ဉာဏ်ကြီးသည်”လို့ ဆောင်ပုဒ် နောက်ပိုင်းအဖြစ် စီထားတယ်၊ အဲဒါကို ရှေ့ပိုင်းနဲ့ ဆက်စပ်ပြီး ဆိုရမယ်။

(၇) မမေးမမြန်း၊ ဉာဏ်မြင်ကန်း၊ စုံစမ်း ဉာဏ်ကြီးသည်။

မေးမြန်းရင် ဉာဏ်ကြီးတယ်တဲ့၊ ဘယ်လိုမေးရမှာလဲ ဆိုတော့ ကုသိုလ်ဟာ ဘယ်ဟာလဲ ဘယ်ဟာက ကုသိုလ်လဲ စသည်ဖြင့် မေးဖို့ပါပဲ၊ ကုသိုလ်ဆိုတာ ကောင်းတဲ့တရားပဲ၊ အနဝဇ္ဇလို့ဆိုရတဲ့ အပြစ်ကင်းတဲ့တရားပဲ၊ သေဝိတဗ္ဗလို့ ဆိုရတဲ့ မှီဝဲသင့်တဲ့တရားပဲ၊ မှီဝဲသင့်ရင် ပြုလုပ်သင့်တာပဲ၊

အဲဒီ ကုသိုလ်တရားကို ပြုလုပ်ရင် ယခု မျက်မှောက်မှာရော နောင်သံသရာ တလျှောက်လုံးမှာရော အကျိုးများဖို့ ချမ်းသာသွားဖို့ ဖြစ်တယ်၊ အကုသိုလ် ဆိုတာတော့ မကောင်းတဲ့တရား၊ မကောင်းကျိုး ပေးတယ်လို့ အပြစ်ရှိတဲ့တရား၊ မှီဝဲသင့် မပြုသင့်တဲ့ တရားပဲ၊ ပြုလို့ရှိရင် ယခုမျက်မှောက်မှာရော နောင်သံသရာ တလျှောက်လုံးမှာရော အပါယ်ငရဲ စသည်ကို ကျရောက်ပြီး အကျိုးမဲ့ဖြစ်စေတဲ့ တရားဆိုး, ဆင်းရဲဒုက္ခရောက်စေတတ်တဲ့ တရားဆိုးပဲ၊

အဲဒီကုသိုလ်နဲ့ အကုသိုလ်ကို ခွဲခြားပြီး သိနားလည်ထားဖို့လိုပါတယ်၊ ယခု ဒီမှာ တရားနာနေကြတဲ့ ပုဂ္ဂိုလ်တွေကတော့ သိနားလည်ပြီးတွေပဲ များပါလိမ့်မယ်၊ ဒါပေမယ့် အဲဒီ အကုသိုလ်နဲ့ ကုသိုလ်ကိုဟောဖို့ အခန်းကို ရောက်နေတော့ အဲဒါကို အကျဉ်းချုပ်လောက်တော့ ခွဲခြားပြီး ဟောရဦးမှာပဲ။

မမှီဝဲသင့် - မပြုသင့်တဲ့ အကုသိုလ်

အကုသိုလ်ဆိုတာ အကျဉ်းချုပ်အားဖြင့် ဒုစရိုက် ၁၀ - ပါးပါပဲ၊ ဘာတွေလဲဆိုရင် -

၁ - ပါဏာတိပါတ - သူတစ်ပါးကိုသတ်ခြင်း၊
၂ - အဒိန္နာဒါန - ပိုင်ရှင်ကမပေးတဲ့ သူတစ်ပါးဥစ္စာကို လုယက် ခိုးယူခြင်း၊
၃ - ကာမေသုမိစ္ဆာစာရ - မပိုင်ဆိုင်သော ကာမဂုဏ်တို့၌ ကျူးလွန်မှားယွင်းခြင်း ဆိုတဲ့ ဒီကာယကံက ၃ - ပါး၊

၁ - မုသာဝါဒ - မဟုတ်မမှန်တာကို အဟုတ်အမှန် အနေဖြင့်လိမ်ပြောခြင်း၊
၂ - ပိသုဏာဝါစာ - ကုန်းတိုက် ပြောဆိုခြင်း၊
၃ - ဖရုဿဝါစာ - ဆဲရေးခြင်း၊
၄ - သပ္ဖပ္ပလာပ - ဒဏ္ဍာရီ ပုံပြင်စသော အနှစ်မဲ့စကားကို ပြောဆိုခြင်းဆိုတဲ့ ဒီဝစီကံက ၄ - ပါး၊

၁ - အဘိဇ္ဈာ - သူတစ်ပါးစည်းစိမ်ကို မိမိပိုင်ဖြစ်အောင် မတရားကြံခြင်း၊
၂ - ဗျာပါဒ - သူတစ်ပါးကို သေပျက်စေရန် ကြံခြင်း၊
၃ - မိစ္ဆာဒိဋ္ဌိ - ကံနှင့်ကံ၏အကျိုးမရှိဟု ယူဆသော မိစ္ဆာဒိဋ္ဌိဆိုတဲ့ ဒီမနောကံက ၃ - ပါး

ဒီဒုစရိုက် ၁၀ - ပါးဟာ မမှီဝဲသင့် မပြုသင့်တဲ့ အကုသိုလ်ပါပဲ၊
ဒီဒုစရိုက် ၁၀ - ပါး အကြောင်းအရာကို သိချင်ရင်တော့ သလ္လေခသုတ် တရားတော် စသည်မှာ ကြည့်ရှုနိုင်ပါတယ်၊ အကျဉ်းချုပ်ပြောရရင်တော့ သူတစ်ပါးအား အကျိုးမဲ့ဖြစ်အောင် ဆင်းရဲဒုက္ခ ရောက်အောင် ကြံမှု ပြောမှု ဟူသမျှဟာ မမှီဝဲသင့် မပြုသင့်တဲ့ အကုသိုလ်ချည်းပါပဲ။

မှီဝဲသင့် - ပြုသင့်တဲ့ ကုသိုလ်

ကုသိုလ်ဆိုတာ အကျဉ်းချုပ်အားဖြင့် သုစရိုက် ၁၀ - ပါးပါပဲ၊ ကာယကံ ဒုစရိုက် ၃-ပါးမှ ကြဉ်ရှောင်ရင် ကာယသုစရိုက် ၃-ပါးဖြစ်တယ်၊ ဝစီကံ ဒုစရိုက် ၄ - ပါးမှ ရှောင်ကြဉ်ရင် ဝစီသုစရိုက် ၄-ပါးဖြစ်တယ်၊ မနောကံ ဒုစရိုက် ၃-ပါးကို စွန့်ရင် မနောသုစရိုက် ၃-ပါးဖြစ်တယ်၊ အဲဒါတွေလဲ သလ္လေခသုတ်တရားတော်မှာ ကြည့်ရှုနိုင်ပါတယ်။

တစ်နည်းအားဖြင့် ကုသိုလ်ဆိုတာ ဒါန သီလ ဘာဝနာ ဒီသုံးပါးပါပဲ၊ ဒါနဆိုတာ အများက သိနားလည်ပြီး ဖြစ်နေလို့ ပြောစရာ မလိုပါဘူး၊ သီလဆိုတာ မတော်မသင့်ပြုတဲ့ ပြောတဲ့ကိုယ်အမူ နှုတ်အမူမှ ကြဉ်ရှောင်ခြင်းပါပဲ၊ သရုပ်အားဖြင့် ဖော်ပြရလျှင် ကာယဒုစရိုက် ၃-ပါး၊ ဝစီဒုစရိုက် ၄-ပါးတို့မှ ကြဉ်ရှောင်ဖို့ပါပဲ၊

ဘာဝနာဆိုတာကတော့ စိတ်တည်ငြိမ်အောင် အားထုတ်ရတဲ့ သမထဘာဝနာနဲ့ သစ္စာလေးပါးကို အမှန်အတိုင်းသိအောင် အားထုတ်ရတဲ့ ဝိပဿနာ ဘာဝနာလို့ ၂-မျိုး ရှိတယ်။

သမထဘာဝနာဆိုတာကို ဝိသုဒ္ဓိမဂ်စသည်မှာ အမျိုးပေါင်း ၄၀-ခွဲခြားပြီး ပြထားတယ်၊ အဲဒီ ၄၀ - ထဲမှာ ယခုဟောနေတဲ့ ဗြဟ္မဝိဟာရ ၄-ပါး လဲပါဝင်တယ်၊

ဒီပြင် -
ကသိုဏ်း ၁၀ - ပါး
အသုဘ ၁၀ - ပါး
အနုဿတိ ၁၀ - ပါး
အရူပကမ္မဋ္ဌာန်းက ၄ - ပါး
အာဟာရေပဋိကူလသညာက ၁ - ပါး
စတုဓာတုဝဝတ္တာန်က - ၁ - ပါး

အဲဒီ ၃၆ - ပါးကိုလဲ သမထ ကမ္မဋ္ဌာန်းအဖြစ်ဖြင့် ပြထားပါတယ်၊

အဲဒီ ၄၀-ထဲက စတုဓာတုဝဝတ္တာန်ဆိုတာကတော့ ဝိပဿနာနဲ့လဲ ဆိုင်ပါတယ်၊ အဲဒီ သမထကမ္မဋ္ဌာန်း ၄၀-ထဲမှ မိမိနှင့် သင့်လျော်တဲ့ ကမ္မဋ္ဌာန်း ၁ - ပါးဖြစ်စေ၊ နှစ်ပါး, သုံးပါး, လေးပါးဖြစ်စေ၊ တတ်သိနားလည်အောင် မေးမြန်းထားသင့်ပါတယ်၊ ဒါပေမယ့် ယခုလို တရားနာနေရင် သို့မဟုတ် သက်ဆိုင်ရာ စာအုပ်များကို ကြည့်ရှုလေ့လာ နေရင်လဲ မေးမြန်းကိစ္စပြီးပါတယ်၊ ဉာဏ်ပညာကြီးခြင်း၏ အကြောင်း ဖြစ်တယ်။

သာပြီးတော့ သိနားလည်ဖို့ အရေးကြီးတာကတော့ ဝိပဿနာကုသိုလ်ပါပဲ၊ ဝိပဿနာ ကုသိုလ်ဖြစ်အောင် ဘယ်လိုရှုရ အားထုတ်ရပါသလဲဆိုတာ တကယ် တတ်သိ နားလည်တဲ့ ပုဂ္ဂိုလ်ထံမှာ မေးသင့်ပါတယ်၊ ဒါပေမယ့် ယခုလို ဝိပဿနာ တရားကို ရိုရိုသေသေ လိုလိုချင်ချင် နာယူနေရင်လဲ မေးခြင်း ကိစ္စပြီးပါတယ်၊ ဉာဏ်ပညာ ကြီးခြင်း၏ အကြောင်းဖြစ်ပါတယ်၊

နောက်ပြီးတော့ ဝိပဿနာရှုပုံရှုနည်းကို တိကျမှန်ကန်စွာ ဖော်ပြထားတဲ့ ကျမ်းစာအုပ်ကို ကြည့်ရှု လေ့လာရင်လဲ မေးခြင်း ကိစ္စပြီးပါတယ်၊ ဉာဏ်ပညာ ကြီးခြင်း၏အကြောင်းဖြစ်ပါတယ်။

အကောင်းဆုံးကတော့ ကိုယ်တိုင် ဝိပဿနာအလုပ်ကို ကျကျနန အားထုတ်ပြီးတော့ ညွှန်ကြားသင်ပြနေတဲ့ ဆရာထံမှာ နည်းခံပြီးတော့ အစစ်အဆေး အမေးလဲခံပြီး ကျကျနန အားထုတ်တာကတော့ အကောင်းဆုံးပါပဲ၊ ဒီဝိပဿနာရှုပုံ ရှုနည်း အကြောင်းကလဲ ဘုန်းကြီးက မကြာမကြာ ဟောနေတာမို့ ရိုးနေပါပြီ၊ အလွန်လဲ ထင်ရှားနေပါပြီ၊ ဒါပေမယ့် ဟောဖို့အစဉ် ကျနေတဲ့အတွက် အကျဉ်းချုပ် လောက်တော့ ဟောပြရဦးမှာပဲ။

ဝိပဿနာကုသိုလ် ဖြစ်အောင် အားထုတ်ပုံ

ယခုလူတွေမှာ မြင်တိုင်း, ကြားတိုင်း, တွေ့တိုင်း, သိတိုင်း, ဒွါရ ၆-ပါးက ထင်ရှား ပေါ်လာတာတွေကို မှီပြီး လောဘ, ဒေါသစသော အကုသိုလ်တွေ ဖြစ်နေကြတယ်၊ အဲဒါဟာ မြင်ဆဲစသည်မှာ ထင်ရှားပေါ်လာတဲ့ သဘောတရားတွေကို အနိစ္စ စသည်ဖြင့် အမှန်အတိုင်း မသိလို့ပါပဲ၊

ဒါကြောင့် ဝိပဿနာရှုရတယ်ဆိုတာ အဲဒီလို ဖြစ်တတ်တဲ့ လောဘ စသည်ကို ဖြစ်ခွင့်မရအောင် ရှုရတာပဲ၊ အနိစ္စ, ဒုက္ခ, အနတ္တအနေဖြင့် အမှန်အတိုင်းသိရင် အဲဒီသိရတဲ့ တရားတွေနဲ့ စပ်ပြီး လောဘ, ဒေါသစသည်ဖြစ်ခွင့်မရှိတော့ဘူး၊ အဲဒီလို ဖြစ်ခွင့်မရှိတာ မဖြစ်နိုင်တာဟာ ဝိပဿနာ ကုသိုလ်၏ အစွမ်းကြောင့်ပဲ၊

ရုပ်နာမ် ပရမတ္ထတရားတွေဆိုတာ ဖြစ်ဆဲ ပစ္စုပ္ပန် ခဏမှာသာ ထင်ရှားရှိတယ်၊ ဒါကြောင့် သူတို့ဖြစ်နေဆဲ, ရှိနေဆဲမှာ ရှုရတယ်၊ အဲဒီလို ဖြစ်ဆဲ, ဖြစ်ခိုက် ရှုမှ သဘောသဘာဝအမှန်ကို သိနိုင်တယ်၊ အဲဒါကို ဘုန်းကြီးက တိုတိုနဲ့ မှတ်ထား ရအောင် ဆောင်ပုဒ်စီထားတယ်၊ “ဖြစ်ခိုက်ရှုမှ, သဘာဝ, မုချသိနိုင်သည်”တဲ့။ အဲဒါကို ဆိုကြရမယ်။

ဖြစ်ခိုက်ရှုမှ, သဘာဝ, မုချသိနိုင်သည်။

ဥပမာအားဖြင့် လျှပ်ရောင်ဆိုတာ လက်နေဆဲမှာပင် ရှိတယ်၊ ဒါကြောင့် လျှပ်ရောင်ကို မြင်ချင်ရင် လျှပ်လက်နေတုန်း ကြည့်ရတယ်၊ လက်ပြီးတဲ့နောက်မှ ကြည့်ရင်လဲ မမြင်နိုင်ဘူး၊ မလက်ခင်က မှန်းဆပြီး ကြည့်လို့လဲ မမြင်နိုင်ဘူး၊ အဲဒီလိုပဲ ပရမတ် ရုပ်နာမ်အစစ်တွေက ဖြစ်နေတုန်း ဆဲဆဲမှာသာရှိတယ်၊ ဖြစ်ပြီးတဲ့နောက် ချုပ်သွားတဲ့အခါကျတော့လဲ မရှိတော့ဘူး၊

မဖြစ်ခင်ကလဲ မရှိသေးဘူး၊ ဒါကြောင့် ချုပ်ပျောက်သွားပြီး တရားကိုရှုလို့လဲ အမှန်အတိုင်း မသိနိုင်ဘူး၊ မဖြစ်သေးခင်က မှန်းဆရှုလို့လဲ အမှန်အတိုင်းမသိနိုင်ဘူး၊ ဖြစ်ဆဲရှုမှ သူ ပင်ကိုယ်ရင်း သဘောမှန်ကို သိနိုင်တယ်၊ အဲဒီလို သဘောအမှန်ကို သိပြီးမှ အဲဒီ သဘောတရားအစ ဖြစ်ပေါ်လာပုံ, အဆုံးပျောက်ကွယ်သွားပုံကိုလဲ သိရတယ်၊

အဲဒါကိုလဲ “သဘောသိမှ, ဥဒယ, ဝယမြင်နိုင်သည်”လို့ ဆောင်ပုဒ်စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။

သဘောသိမှ, ဥဒယ, ဝယမြင်နိုင်သည်။

ဥဒယဆိုတာ ဖြစ်ခြင်းပဲ၊ ဝယဆိုတာ ပျက်ခြင်းပဲ၊ အဲဒီဖြစ်ခြင်း ပျက်ခြင်းကို အဖြစ်အပျက် - ဖြစ်ပျက်လို့ ပြောနေကြတာပဲ၊ တကယ် ဖြစ်ပျက်နေတဲ့ ရုပ်နာမ် တွေကို ဖြစ်တိုင်း ပျက်တိုင်း လိုက်ရှုလို့ အသိဉာဏ် လျင်မြန်ထက်မြက်လာတဲ့ အခါကျမှ ပရမတ် ရုပ်နာမ်အစစ်တွေ၏ အဲဒီ အစ ဖြစ်လာပုံ အဆုံးပျောက်ပျက် သွားပုံကို ဉာဏ်ဖြင့် ထင်ရှား တွေ့ရတယ်၊

ဖြစ်ပျက် ဖြစ်ပျက်လို့ ဆိုနေရုံနဲ့တော့ အဲဒီအဖြစ်အပျက်ကို မမြင်နိုင်ဘူး၊ သဘော သဘာဝတွေကို ဖြစ်တိုင်း ဖြစ်တိုင်း လိုက်ရှုလို့ ပိုင်ပိုင်နိုင်နိုင် သိတဲ့အခါကျမှ အဲဒီအဖြစ်အပျက်ကို အမှန်အတိုင်း သိရတယ်၊ အဲဒီလိုသိပါမှ ဖြစ်ဖြစ်ပြီး ပျက်ပျက် သွားလို့ မမြဲဘူးဆိုတာကို ကိုယ်တိုင် ဒိဋ္ဌသိနိုင်တယ်၊

အဲဒါကိုလဲ “ဖြစ်ပျက် မြင်မှ, အနိစ္စ, ဒိဋ္ဌ သိနိုင်သည်”လို့ ဆောင်ပုဒ်စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။

ဖြစ်ပျက်မြင်မှ, အနိစ္စ, ဒိဋ္ဌသိနိုင်သည်။

အနိစ္စကို သိမြင်ရင် ဒုက္ခ, အနတ္တတွေကိုလဲ သိမြင်တော့တာပဲ၊ အဲဒီ အနိစ္စ, ဒုက္ခ, အနတ္တ အခြင်းအရာတို့ဖြင့် ရုပ်နာမ်တရားတွေကို ရှုတာဟာ ဝိပဿနာ အစစ်ပဲ၊ ဒါကြောင့် အဲဒီ ဝိပဿနာ ဉာဏ်အစစ် ဖြစ်ပွားရအောင် မြင်တိုင်း, ကြားတိုင်း, တွေ့တိုင်း, သိတိုင်း ဖြစ်ဆဲရုပ်နာမ်ကို မပြတ်ရှုမှတ်နေရတယ်၊ အဲဒီလို ရှုနေတာကို ဝိပဿနာရှုတယ်လို့ ဆိုရတာပဲ။

မြင်ဆဲ၌ ရှုမှတ်ပုံ, သိမြင်ပုံ

ရှုပုံကတော့ -
(ဂစ္ဆန္တော ဝါ - သွားသည် ရှိသော်မူလည်း၊
ဝါ - သွားနေဆဲ သွားနေတုန်းမူလည်း၊
ဂစ္ဆာမီတိ - သွားသည်ဟူ၍၊
ပဇာနာတိ - သိ၏ စသည်ဖြင့် ဟောတဲ့အတိုင်း)

မြင်လျှင် မြင်တယ်, မြင်တယ်လို့ ရှုမှတ်ရတယ်၊ အဲဒီလို ရှုမှတ်နေရင် မြင်ခိုက်မှာ ထင်ရှားပေါ်လာတဲ့ ပရမတ်ရုပ်နာမ် အစစ်တွေကို အမှန်အတိုင်း သိရတယ်၊ မြင်ခိုက်၌ ထင်ရှား ပေါ်လာတဲ့ ရုပ်နာမ်တွေကို ကျမ်းဂန်အရ ပြောရရင် -

စက္ခုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖဿော၊ ဖဿ ပစ္စယာ ဝေဒနာ။

စက္ခုဉ္စ - မျက်စိကိုလဲ၊
ပဋိစ္စ - စွဲမှီ၍၊
ရူပေ စ - အဆင်းတို့ကိုလဲ၊
ပဋိစ္စ - စွဲမှီ၍၊
စက္ခုဝိညာဏံ - စက္ခုဝိညာဏ်ခေါ် မြင်သိစိတ်သည်၊
ဥပ္ပဇ္ဇတိ - ဖြစ်ပေါ်၏၊
တိဏ္ဏံ သင်္ဂတိ - မျက်စိ, အဆင်း, မြင်သိစိတ်ဟူသော သုံးပါးတို့၏ ပေါင်းဆုံ မိခြင်းကြောင့်၊
ဖဿော - အာရုံကိုတွေ့မှု ဖဿ - ဖြစ်ပေါ်၏၊
ဖဿပစ္စယာ - တွေ့မှုဟူသော အကြောင်းကြောင့်၊
ဝေဒနာ - ခံစားမှုဝေဒနာဖြစ်ပေါ်၏။

ကြည်လင်တဲ့ မျက်စိနဲ့ အဆင်းဆိုတဲ့ ဒီ ၂ - ပါးကိုမှီပြီး မြင်သိစိတ် ဖြစ်ပေါ် လာတယ် တဲ့၊ မြင်တယ်ဆိုရင် ကြည်လင်တဲ့ မျက်စိရုပ်ကလဲရှိလို့၊ မြင်စရာ အဆင်းရုပ်ကလဲ ရှိလို့ မြင်တာပဲ၊ အဲဒီတော့ မြင်ဆဲခဏမှာ မျက်စိရုပ်လဲ ထင်ရှားရှိတယ်၊ မြင်သိစိတ်လဲ ထင်ရှားရှိတယ်၊

ဝိပဿနာဉာဏ် မရှိတဲ့ ပကတိ ပုဂ္ဂိုလ်တို့အနေအားဖြင့် အဲဒီမြင်တာကို ငါလို့လဲ ထင်နေကြတယ်၊ အမြဲရှိနေတယ်လို့လဲ ထင်နေကြတယ်၊ အကောင်းတွေကို မြင်ရတဲ့ အခါ ချမ်းသာတယ်၊ ကောင်းတယ်လို့ ထင်နေကြတယ်၊ ထို့အတူပင် မျက်စိနှင့်တကွ တကိုယ်လုံးကိုလဲ မြဲတဲ့အနေ, ချမ်းသာတဲ့အနေ, ငါကောင်အနေနဲ့ ထင်နေကြတယ်၊

မြင်ရတာကို မြဲတဲ့အနေ, ကောင်းတဲ့အနေ, အသက်ရှိ အတ္တကောင်အနေနဲ့ ထင်နေကြတယ်၊ ဒါက သက်ရှိ အာရုံကို မြင်တဲ့အခါ စွဲလမ်းပုံပဲ၊ သက်မဲ့အာရုံကို မြင်တဲ့ အခါကျတော့ ပညတ်အထည် ဝတ္ထုအနေနဲ့ ထင်နေကြပါတယ်။ မြင်တိုင်း, မြင်တိုင်း မပြတ်ရှုမှတ်နေတဲ့ ယောဂီမှာတော့ သမာဓိဉာဏ် အားရှိတဲ့အခါဆိုရင် မျက်စိနဲ့အဆင်းရုပ်က တခြား, မြင်သိတာက တခြား, ရှုသိတာက တခြား - ဒီလိုလဲ ပိုင်းခြားသိတယ်၊ မျက်စိရော, မြင်သိတာရော, ရှုသိတာရော သိပြီးပြီးချင်း ကွယ်ပျောက်ကုန်ဆုံးသွားတယ်၊ ဒါကြောင့် မမြဲဘူးလို့လဲ သိရတယ်၊

မမြဲတဲ့အတွက် အားကိုးဖွယ် နှစ်သက်ဖွယ် မရှိတဲ့ ဆင်းရဲပဲလို့လဲ သိရတယ်၊ ဉာဏ်ထက်တဲ့သူမှာဆိုရင် မြင်တွေ့တာ မြင်လို့ကောင်းတာ မကောင်းတာကိုလဲ နည်းတူပင် မမြဲဘူး ဆင်းရဲပဲ, အနတ္တပဲလို့ သိရတယ်။ အဲဒါဟာ မြင်တိုင်း, မြင်တိုင်း ရှုမှတ်ပြီး အနိစ္စစသော အခြင်းအရာတို့ဖြင့် သိမြင်တဲ့ ဝိပဿနာဉာဏ် အစစ်ပါပဲ၊

ဒါကြောင့် ဝိပဿနာဆိုတဲ့ ပုဒ်ကို အဋ္ဌကထာများမှာ -

“အနိစ္စာဒိဝသေန - အနိစ္စ စသည်တို့၏ အလိုအားဖြင့်၊
ဝိဝိဓေန အာကာရေန - အမျိုးမျိုးသော အခြင်းအရာအားဖြင့်၊
ပဿတီတိ - ရှုမြင်တတ်သောကြောင့်၊
ဝိပဿနာ - ဝိပဿနာ မည်သည်”

လို့ ဖွင့်ပြထားကြပါတယ်။ အဲဒီလို သိပုံ အကျဉ်းချုပ်ကို လိုက်ဆိုကြရမယ်။

မြင်ဆဲခဏ၌ မျက်စိနဲ့အဆင်းက အာရုံမသိတတ်တဲ့ ရုပ်၊
မြင်သိတာက နာမ်၊ ရှုသိတာကလဲ နာမ်၊ မြင်သိပြီး ရှုသိပြီးလျှင်
ချက်ချင်းပင် ကုန်ဆုံးချုပ်ပျက်သွားသောကြောင့် မမြဲဆင်းရဲ အနတ္တ သဘောတရား မျှပဲ။

ကြားဆဲ၌ ရှုမှတ်ပုံ, သိမြင်ပုံ

ကြားတိုင်း ကြားတိုင်းလဲ ပကတိပုဂ္ဂိုလ်တွေမှာ ကြားတာရော, နားရုပ်ရော, ကြားရတာရော အဲဒါတွေကို မြဲတဲ့အနေ, ချမ်းသာတဲ့ - ကောင်းတဲ့အနေ, အတ္တကောင် အနေဖြင့် ထင်မှတ်နေကြတယ်၊ အဲဒါဟာ အမှန်အတိုင်းမသိတဲ့ အဝိဇ္ဇာပဲ၊ အဲဒီ အဝိဇ္ဇာက အခြေခံပြီးတော့လဲ သင်္ခါရ ဝိဉာဏ် စသော ဝဋ်ဆင်းရဲတွေ ဖြစ်ပွား နေတာပဲ။

ကြားတိုင်း, ကြားတိုင်း, ကြားတယ်, ကြားတယ်လို့ ရှုမှတ်နေတဲ့ ယောဂီမှာတော့ သမာဓိဉာဏ်အားရှိတဲ့အခါဆိုရင် နားနဲ့အသံရုပ်ကတခြား, ကြားသိတာကတခြား, ရှုသိတာကတခြား ဒီလိုလဲပိုင်းခြားသိတယ်၊ နားရော, ကြားသိတာရော, ကြားရ တာရော, ရှုသိတာရော သိပြီးပြီးခြင်း ကုန်ဆုံးချုပ်ပျောက် သွားတယ်၊ ဒါကြောင့် မမြဲဆင်းရဲ အနတ္တ သဘောတရားမျှပဲလို့ သိတယ်၊ အဲဒါဟာ အနိစ္စ စသော အခြင်း အရာဖြင့် အမှန်အတိုင်းသိမြင်တဲ့ ဝိပဿနာဉာဏ် အစစ်ပါပဲ၊ အဲဒီလို သိမြင်ပုံကို လိုက်ဆိုကြရမယ်။

ကြားဆဲခဏ၌ မျက်စိနဲ့အဆင်းက အာရုံမသိတတ်တဲ့ရုပ်၊
ကြားသိတာကနာမ်၊ ရှုသိတာကလဲနာမ်၊
ကြားသိပြီး ရှုသိပြီးလျှင် ချက်ချင်းပင် ကုန်ဆုံး ချုပ်ပျက်သွားသောကြောင့် မမြဲ ဆင်းရဲ အနတ္တ သဘောတရားမျှပဲ။

နံဆဲ၌ ရှုမှတ်ပုံ, သိမြင်ပုံ

နံတိုင်း, နံတိုင်းလဲ ပကတိပုဂ္ဂိုလ်တွေမှာ နံသိတာရော, နားရုပ်ရော, ကြားရတာရော အဲဒါတွေကို မြဲတဲ့အနေ, ချမ်းသာတဲ့ - ကောင်းတဲ့အနေ, အတ္တကောင်အနေဖြင့် ထင်မှတ်နေကြတယ်၊ အဲဒါဟာ အမှန်အတိုင်းမသိတဲ့ အဝိဇ္ဇာပဲ၊ အဲဒီ အဝိဇ္ဇာက အခြေခံပြီးတော့လဲ သင်္ခါရ ဝိဉာဏ်စသော ဝဋ်ဆင်းရဲတွေ ဖြစ်ပွားနေတာပဲ။

နံတိုင်း, နံတိုင်း, နံတယ်, နံတယ်လို့ ရှုမှတ်နေတဲ့ ယောဂီမှာတော့ သမာဓိဉာဏ် အားရှိတဲ့ အခါဆိုရင် နှာခေါင်းနဲ့ အနံ့ရုပ်ကတခြား, နံတာက တခြား, ရှုသိတာ ကတခြား ဒီလိုလဲ ပိုင်းခြားသိတယ်၊ နှာခေါင်းရော, နံတာရော, အနံ့ရော, ရှုသိတာရော သိပြီးပြီးခြင်း ကုန်ဆုံးချုပ်ပျောက်သွားတယ်၊ ဒါကြောင့် မမြဲဆင်းရဲ အနတ္တ သဘောတရားမျှပဲလို့လဲ သိတယ်၊

အဲဒါဟာ အနိစ္စစသော အခြင်းအရာဖြင့် အမှန်အတိုင်း သိမြင်တဲ့ ဝိပဿနာဉာဏ် အစစ်ပါပဲ၊ အဲဒီလို သိမြင်ပုံကို လိုက်ဆိုကြရမယ်။

နံဆဲခဏ၌ နှာခေါင်းနဲ့အနံ့က အာရုံမသိတတ်တဲ့ ရုပ်၊
နံသိတာက နာမ်၊ ရှုသိတာကလဲ နာမ်၊
နံသိပြီး ရှုသိပြီးလျှင် ချက်ချင်းပင် ကုန်ဆုံး ချုပ်ပျက်သွားသောကြောင့် မမြဲဆင်းရဲ အနတ္တ သဘောတရားမျှပဲ။

စားဆဲ၌ ရှုမှတ်ပုံ, သိမြင်ပုံ

စားဆဲခဏဆိုတာ အရသာသိဆဲကို ဆိုတာပဲ၊ စားစရာကို ကြည့်တာ မြင်တာက မြင်ဆဲနဲ့ဆိုင်တယ်၊ စားစရာကို ကိုင်တာယူတာ ပါးစပ်ထဲထည့်တာ ဝါးတာတွေ ကတော့ ထိဆဲနဲ့ဆိုင်တယ်၊ အဲဒီလို ဝါးစားနေရင်း လျှာထဲက အရသာကို သိသိ သွားတာဟာ စားသိတာပါပဲ၊ အဲဒီလို စားသိတိုင်း ပကတိ ပုဂ္ဂိုလ်တွေမှာ အရသာသိတာရော, လျှာရုပ်ရော, အရသာရော, အဲဒါတွေကို မြဲတဲ့အနေ, ချမ်းသာတဲ့ - ကောင်းတဲ့အနေ, အတ္တကောင်အနေဖြင့် ထင်မှတ်နေကြတယ်၊

အဲဒါဟာပင် အဝိဇ္ဇာပဲ၊ အဲဒီ အဝိဇ္ဇာက အခြေခံပြီးတော့လဲ သင်္ခါရ ဝိဉာဏ်စသော ဝဋ်ဆင်းရဲတွေ ဖြစ်ပွားနေတာပဲ။ အရသာသိတိုင်း သိတယ်လို့ ရှုမှတ်နေတဲ့ ယောဂီမှာတော့ သမာဓိဉာဏ်အားရှိတဲ့ အခါဆိုရင် လျှာနဲ့အရသာရုပ်က တခြား, အရသာသိတာကတခြား, ရှုသိတာကတခြား, ဒီလိုလဲ ပိုင်းခြားသိတယ်၊ လျှာ အရသာရော, သိတာရော, အရသာရော, ရှုသိတာရော သိပြီးပြီးခြင်း ကုန်ဆုံး ချုပ်ပျောက်သွားတယ်၊

ဒါကြောင့် မမြဲဆင်းရဲ အနတ္တ သဘောတရားမျှပဲလို့လဲသိတယ်၊ အဲဒါဟာ အနိစ္စစသော အခြင်းအရာဖြင့် အမှန်အတိုင်း သိမြင်တဲ့ ဝိပဿနာဉာဏ် အစစ်ပါပဲ၊ အဲဒီလို သိမြင်ပုံကို လိုက်ဆို ကြရမယ်။

စားသိဆဲခဏ၌ လျှာနဲ့အရသာက အာရုံမသိတတ်တဲ့ ရုပ်၊
စားသိတာက နာမ်၊ ရှုသိတာကလဲနာမ်၊
စားသိပြီး ရှုသိပြီးလျှင် ချက်ချင်းပင် ကုန်ဆုံး ချုပ်ပျက်သွားသောကြောင့် မမြဲဆင်းရဲ အနတ္တ သဘောတရားမျှပဲ။

ထိသိဆဲ၌ ရှုမှတ်ပုံ, သိမြင်ပုံ

ထိသိဆဲခဏ ဆိုတာကတော့ အလွန်ကျယ်ပြန့်ပါတယ်၊ မြင်တာကိုလဲ မမြင်အောင် မျက်စိမှိတ်ထားရင်ရတယ်၊ ကြားတာကိုလဲ မကြားအောင် အသံမရှိရာ သွားနေရင် ရတယ်၊ နံသိတာ စားသိတာတွေကတော့ တစ်ရံတစ်ခါမှ ကြုံပါတယ်၊ ဒီထိသိတာ ကတော့ ကိုယ်ထဲမှာ နှလုံးသွင်းကြည့်လိုက်ရင် နေရာတကာကလိုပင် ထင်ရှား နေတာပါပဲ၊ အထူးနှလုံးသွင်း မသွင်းဘဲ အလိုလိုလဲ ထင်ရှားနေတာတွေ ရှိနေတာပဲ၊

ထိုင်နေရင် အောက်ပိုင်းကိုယ်က ထိသိမှုတွေ ထင်ရှားတယ်၊ အဝတ်နဲ့ ကိုယ် ထိနေတာလဲ ထင်ရှားတယ်၊ ပါးစပ်ထဲက လျှာနဲ့ သွားထိနေတာလဲ ထင်ရှားတယ်၊ ကိုယ်ထဲက အသွေး အသား စသည်တွေ ထိသိနေတာလဲ ထင်ရှားတယ်၊ သွားတဲ့ အခါ, လှုပ်ရှားပြုပြင်တဲ့အခါတွေမှာ လှုပ်ရှားပြုပြင်တဲ့ ကိုယ်အစိတ်အပိုင်းထဲက ထိမှုထင်ရှားတယ်၊ အသက်ရှုတိုင်း နှာခေါင်းထဲကရော, ဝမ်းဗိုက်ထဲကရော တွန်းကန်လှုပ်ရှားမှု, ထိမှု ထင်ရှားတယ်၊ အပူအအေး စသည်နှင့် ထိမှုလဲ ထင်ရှားတာပဲ။

ပကတိပုဂ္ဂိုလ်တွေက အဲဒီထိမှုနဲ့ စပ်ပြီး ငါလို့လဲ ထင်နေကြတယ်၊ အမြဲထိသိ နေတယ်လို့လဲ ထင်နေကြတယ်၊ အတွေ့ကောင်းကလေးများနဲ့ တွေ့ထိရတဲ့အခါ ချမ်းသာတယ်, ကောင်းတယ်လို့လဲ ထင်နေကြတယ်၊ အဲဒါတွေဟာ အနိစ္စ, ဒုက္ခ, အနတ္တသဘောတွေကို နိစ္စ, သုခ, အတ္တအနေဖြင့် အသိမှားတွေပဲ၊ အဝိဇ္ဇာတွေပဲ၊ အဲဒီ အဝိဇ္ဇာက အခြေခံပြီးတော့လဲ သင်္ခါရဝိညာဏ်စသော ဝဋ်ဆင်းရဲတွေ ဖြစ်ပွားနေတာပဲ။

ယောဂီမှာတော့ အဲဒီလို အတွေ့အထိကို ထိတယ်, ထိတယ်စသည်ဖြင့် ရှုမှတ် နေတယ်၊ အထူးအားဖြင့် သွားနေတဲ့အခါ သွားတယ်, သွားတယ်၊ ညာလှမ်းတယ်, ဘယ်လှမ်းတယ်၊ ကြွတယ်, လှမ်းတယ်, ချတယ် စသည်ဖြင့် မပြတ်လိုက်ပြီး ရှုမှတ်နေရတယ်၊ အဲဒါဟာ -

(ဂစ္ဆန္တော ဝါ - သွားသည် ရှိသော်မူလည်း၊
ဝါ - သွားနေဆဲ သွားနေတုန်းမူလည်း၊
ဂစ္ဆာမီတိ - သွားသည်ဟူ၍၊
ပဇာနာတိ - သိ၏
စသည့်ဖြင့် ဟောတော်မူတဲ့)

မဟာသတိပဋ္ဌာနသုတ် ပါဠိတော်နှင့်အညီ ရှုသိနေတာပါပဲ၊

အဲဒီမှာ ရှုသိပုံကို “သွားသည်ဟူ၍ သိ၏”လို့ အရပ်သုံးစကားဖြင့် ပြဆိုထားတာကို အထူးသတိပြုကြရမယ်၊ ရုပ်ဟုသိရမယ်၊ ဝါယောဓာတ်ကို သိရမယ်လို့ ပရမတ် အမည်ဖြင့် ရှုသိဖို့ပြမထားဘူး၊ ဒါပေမယ့် သွားတယ်, သွားတယ် စသည်ဖြင့် အရပ်သုံးစကားနဲ့ ရှုမှတ်နေရင်းပင် ယောဂီက တောင့်တင်းတွန်းကန် လှုပ်ရှားတဲ့ သဘောတရားကို သိသိသွားတာပဲ၊

ရပ်တဲ့အခါ စသည်မှာလဲ ရပ်တယ် ထိုင်တယ် အိပ်တယ် ကွေးတယ် ဆန့်တယ် လှုပ်တယ် ပြုပြင်တယ် စသည်ဖြင့် အရပ်သုံးစကားနဲ့ ရှုမှတ်နေရင်းပင် အဲဒီ တောင့်တင်း တွန်းကန် လှုပ်ရှားတဲ့ ဝါယောရုပ် သဘောအမှန်ကို သိသိသွားတာပါပဲ၊ နောက်ပြီးတော့ ဝမ်းဗိုက် ဖောင်းတိုင်း ပိန်တိုင်း ဖောင်းတယ် ပိန်တယ်လို့ အရပ်သုံးစကားနဲ့ ရှုမှတ်နေရင်းလဲ အဲဒီတောင့်တင်း တွန်းကန်လှုပ်ရှားတဲ့ ဝါယောရုပ် သဘောအမှန်ကို သိသိသွားတာပါပဲ၊

ဖောင်းတယ် ပိန်တယ်လို့ ရှုမှတ်ရာမှာ ထူးခြားတဲ့အချက်တစ်ခုလဲ ရှိတယ်၊ အဲဒါဟာ ဘာလဲဆိုရင် ဖောင်းတာဆုံးရင် ပိန်ကျတယ်၊ ပိန်တာဆုံးရင်လဲ ဖောင်းတက်တယ်၊ ထိုင်တယ်, ထိတယ်လို့ မှတ်တာများလို့ ရပ်နားနေရမည့် အချိန်ရယ်လို့ မရှိဘူး၊ ဖောင်းတာပြီးရင် ပိန်တယ်လို့ ရှုမှတ်ရမယ်၊ ပိန်တာပြီးရင်လဲ ဖောင်းတယ်လို့ ရှုမှတ်ရမယ်၊

အဲဒီလို မပြတ်ရှုမှတ်နေရတော့ ရှေ့သတိနဲ့, နောက်သတိ, ရှေ့သမာဓိနဲ့ နောက်သမာဓိ တစ်စပ်တည်း စပ်ဆက်နေသောကြောင့် သမာဓိဖြစ်လွယ်တယ်၊ သမာဓိဖြစ်တော့ ဝိပဿနာဉာဏ်ဖြစ်တယ်၊ အဲဒါဟာ အဖောင်းအပိန်ရှုမှတ်ရာမှာ ထူးခြားတဲ့အချက်ပဲ၊

ဒါပေမယ့် ဖောင်းတာနဲ့ ပိန်တာ ဒီ ၂-ခု တည်းကိုသာ ရှုမှတ်ရတာတော့ မဟုတ်ပါဘူး၊ ဖောင်းတယ် ပိန်တယ်လို့ ရှုမှတ်နေရင်း စိတ်ကူးကြံစည်ရင် အဲဒီစိတ်ကူး ကြံစည်တာကိုလဲ ရှုမှတ်ရတာပဲ၊ ညောင်းတာ ပူတာ နာတာ ထင်ရှားပေါ်လာရင် အဲဒါကိုလဲ ရှုမှတ်ရတာပဲ၊ ကိုယ်လက် လှုပ်ရှားပြုပြင်ရင် အဲဒါကိုလဲရှုမှတ်ရတာပဲ၊ ကြားရင်, မြင်ရင် အဲဒါကိုလဲ ရှုမှတ်ရတာပဲ၊ ဘာမှ အထူး ရှုမှတ်စရာ မရှိရင်တော့ ဖောင်းတာနဲ့ ပိန်တာကိုသာ ရှုမှတ်နေရတယ်။

အဲဒီလို ရှုမှတ်နေရာမှာ တောင့်တာ, တင်းတာ, တွန်းကန်တာ လှုပ်ရှားတာက ဝါယောဓာတ်ပဲ၊ အဲဒါကို ထိသိတာက ကာယဝိညာဏ်ပဲ၊ အဲဒီထိသိမှု၏ တည်ရာက ကာယ ပသာဒ ရုပ်ပဲ၊ ဖောင်းတယ်, ပိန်တယ်လို့ ရှုမှတ်တိုင်း - ရှုမှတ်တိုင်း အဲဒီတောင့်တာ, တင်းတာ, လျော့တာ, တွန်းကန်တာ, လှုပ်ရှားတာကိုဖြစ်စေ၊ ထိသိတာကိုဖြစ်စေ၊ ကိုယ်အကြည်ရုပ်ကိုဖြစ်စေ သိသိသွားတယ်၊

သမာဓိဉာဏ် အားရှိလာတဲ့အခါကျတော့ ဖောင်းရုပ်ကတခြား, ရှုသိတာက တခြား, ပိန်ရုပ်ကတခြား, ရှုသိတာကတခြား ခွဲခြားပြီး သိတယ်။ ဒါကြောင့် ထိသိဆဲခဏမှာ ကိုယ်နဲ့ထိသိရတာက ရုပ်၊ ထိသိတာ, ရှုသိတာကနာမ်လို့ ဒီလိုခွဲခြားသိတယ်၊ ထို့အတူပင် သွားဆဲ, ခြေလှမ်းဆဲခဏမှာ ကိုယ်နဲ့လှုပ်ရှားတာကရုပ်၊ ထိသိတာ ရှုသိတာနာမ် - ဒီလို ခွဲခြားသိတယ်၊

ကွေးဆဲ, ဆန့်ဆဲ ခဏမှာ ကိုယ်နဲ့တောင့်တင်း လှုပ်ရှားတာကရုပ်၊ ထိသိတာ ရှုသိတာကနာမ် ဒီလိုလဲ ခွဲခြားသိတယ်၊ ဖောင်းတယ်ပိန်တယ်လို့ မှတ်ဆဲခဏမှာ ကိုယ်နဲ့တင်းတာ, လှုပ်ရှားတာက ရုပ်၊ ထိသိတာ, ရှုသိတာကနာမ်လို့ ဒီလိုလဲ ခွဲခြားသိတယ်၊

သမာဓိဉာဏ် အထူးကောင်းလာတဲ့အခါကျတော့ အဲဒီသိရတာရော, သိတာရော သိပြီးပြီးခြင်း ကုန်ဆုံးချုပ်ပျောက် သွားတာကိုလဲ သိရတယ်၊ ဒါကြောင့် မမြဲဘူး၊ ဆင်းရဲပဲ အနတ္တသဘော တရားမျှပဲ လို့လဲသိရတယ်၊ အဲဒါဟာ အနိစ္စ - စသော အခြင်းအရာဖြင့် အမှန်အတိုင်း သိမြင်တဲ့ ဝိပဿနာဉာဏ်အစစ်ပဲ၊ အဲဒီလို သိမြင်ပုံတွေကို လိုက်ဆိုကြရမယ်။

ထိသိဆဲခဏ၌ ကိုယ်နဲ့ထိသိရတာက အာရုံ မသိတတ်တဲ့ရုပ်၊ ထိသိတာက နာမ်၊ ရှုသိတာကလဲ နာမ်၊ ထိသိပြီး ရှုသိပြီးလျှင် ချက်ချင်းပင် ကုန်ဆုံးချုပ်ပျက်သွား သောကြောင့် မမြဲဆင်းရဲ အနတ္တ သဘောတရားမျှပဲ။

သွားဆဲခဏ၌ ကိုယ်နဲ့လှုပ်ရှားတာက အာရုံ မသိတတ်တဲ့ရုပ်၊ ထိသိတာက နာမ်၊ ရှုသိတာကလဲ နာမ်၊ ထိသိပြီး ရှုသိပြီးလျှင် ချက်ချင်းပင်ကုန်ဆုံးချုပ်ပျက် သွားသောကြောင့် မမြဲဆင်းရဲ အနတ္တ သဘောတရားမျှပဲ။

ဖောင်းဆဲပိန်ဆဲခဏ၌ ကိုယ်နဲ့လှုပ်ရှားတာက အာရုံမသိတတ်တဲ့ရုပ်၊ ထိသိတာ, ရှုသိတာက နာမ်၊ ထိသိ ရှုသိပြီးလျှင် ချက်ချင်းပင် ကုန်ဆုံးချုပ်ပျက်သွား သောကြောင့် မမြဲဆင်းရဲ အနတ္တ သဘောတရားမျှပဲ။

ကြံသိဆဲ၌ ရှုမှတ်ပုံ, သိမြင်ပုံ

စိတ်ကူးကြံစည်နေတာကိုတော့ ငါ့ကောင်အနေဖြစ် အထင်မှတ်ဆုံး အစွဲလန်းဆုံး ပါပဲ၊ အဲဒီကြံသိတာကလဲ တစ်သက်ပတ်လုံး အမြဲတည်နေတယ်လို့ ထင်မှတ် နေကြတယ်၊ အလိုရှိတိုင်း ကြံနေရတာကို ကောင်းတယ်, ချမ်းသာတယ်လို့လဲ ထင်မှတ်နေကြတယ်၊ အဲဒါဟာ - နိစ္စ, သုခ, အတ္တအနေဖြင့် မှားယွင်းစွာသိတဲ့ အဝိဇ္ဇာပဲ၊ အဲဒီအဝိဇ္ဇာက အခြေခံပြီးတော့ သင်္ခါရဝိညာဏ် စသော ဝဋ်ဆင်းရဲတွေ ဖြစ်ပွားနေတာပဲ။

အဲဒီအဝိဇ္ဇာကို ပယ်နိုင်အောင် စိတ်ကူးကြံစည်မှုဖြစ်တိုင်း ရှုမှတ်ရတယ်၊ “ဖောင်းတယ် - ပိန်တယ် စသည်ဖြင့် ရှုမှတ်နေရင်း စိတ်ကူးကြံစည်မှုဖြစ်ပေါ်ရင် စိတ်ကူးတယ် ကြံစည်တယ် စသည်ဖြင့် ရှုမှတ်ရတယ်” ဆိုတာဟာ ဒီကြံသိမှုကို ရှုမှတ်ဖို့ ပြောတာပါပဲ၊

အဲဒီလို ကြံသိမှုဖြစ်တိုင်း ရှုမှတ်ဖို့ သမာဓိဉာဏ်အား ရှိလာတဲ့အခါမှာ တည်ရာ ကိုယ်ရုပ်ကတခြား, ကြံသိမှုကတခြား, ရှုသိမှုကတခြား ဒီလိုလဲ ပိုင်းခြားသိတယ် ကြံသိရတဲ့ အာရုံကတော့ ရုပ်လဲရှိတယ်၊ စိတ်, စေတသိက်, နာမ်တရားလဲရှိတယ်၊ အမည် ပုံသဏ္ဌာန် စသော ပညတ်လဲရှိတယ်၊ ဒါကြောင့် အဲဒီသိရတဲ့ အာရုံကိုတော့ ရုပ်ရယ်လို့ အတိအကျ မဆိုရဘူး၊

နောက်ပြီးတော့ ကိုယ်ရုပ်ရော, ကြံသိတာရော, ရှုသိတာရော သိပြီးပြီးခြင်း ကုန်ဆုံး ချုပ်ပျောက်သွားတယ်၊ ဒါကြောင့် မမြဲဆင်းရဲ အနတ္တသဘော တရားမျှပဲလို့လဲ သိတယ်၊ အဲဒါဟာ အနိစ္စစသော အခြင်းအရာဖြင့် အမှန်အတိုင်း သိမြင်တဲ့ ဝိပဿနာဉာဏ် အစစ်ပါပဲ၊ အဲဒီလို သိမြင်ပုံကို လိုက်ဆိုကြရမယ်။

ကြံသိဆဲခဏ၌ ကြံသိမှု၏ တည်ရာ, မှီရာကရုပ်၊ ကြံသိတာ, ရှုသိတာကနာမ်၊ ဒီ ရုပ်နာမ် ၂ - ပါးမျှသာ ရှိတယ်၊ ဒီ ၂ - ပါးဟာ ကြံသိ, ရှုသိပြီးလျှင် ချက်ချင်းပင် ကုန်ဆုံးချုပ်ပျက်သွားသောကြောင့် မမြဲဆင်းရဲ အနတ္တ သဘောတရားမျှပဲ။

ယခုတရားနာနေရင်း အားလုံးသတ္တဝါတွေ ချမ်းသာကြပါစေလို့ ရွတ်ဆိုပြီး မေတ္တာပွားတိုင်း ရှုပြီးသိတာလဲ ကြံသိဆဲခဏ၌ ထင်ရှားတဲ့တရားတွေကို ရှုသိတဲ့ ဝိပဿနာဉာဏ်ပဲ၊ အဲဒီလို ရှုတဲ့အခါ နှလုံးသွင်းတာနဲ့ ရွတ်ဆိုချင်တာက နာမ်တရားပဲ၊ ရွတ်ဆိုတာနဲ့အသံက ရုပ်တရားပဲ၊ ရှုသိတာကလဲ နာမ်တရားပဲ၊

အဲဒီ ရုပ်နာမ်တွေဟာ နှလုံးသွင်း ရွတ်ဆိုနေရင်း, ရှုသိနေရင်း ကုန်ဆုံး ချုပ်ပျောက် သွားကြတယ်၊ အဲဒီလို ကုန်ဆုံး ချုပ်ပျောက်သွားလို့ မမြဲဘူး ဆင်းရဲပဲ အနတ္တ သဘောတရားမျှပဲလို့ သိသိသွားတာက အနိစ္စ, ဒုက္ခ, အနတ္တ အခြင်းအရာဖြင့် အမှန်အတိုင်းသိတဲ့ ဝိပဿနာဉာဏ် အစစ်ပဲ၊ အဲဒီလို သိမြင်ပုံကို လိုက်ဆိုကြရမယ်။

အားလုံးသတ္တဝါတွေ ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ၊ ချမ်းသာစေချင်တာ, ရွတ်ဆိုချင်တာက နာမ်၊ ရွတ်ဆိုတာနဲ့အသံက ရုပ်၊ အဲဒါကို ရှုမှတ်တာကလဲ နာမ်၊ ဒီရုပ်နာမ်မျှသာရှိသည်၊ ဒီရုပ်,နာမ်တွေဟာ ချက်ချင်းပင် ကုန်ဆုံး ချုပ်ပျက်သွားကြသောကြောင့် မမြဲဆင်းရဲ အနတ္တသဘော တရားမျှပဲ။

ယခုဆိုခဲ့ကြတာက မေတ္တာပွားပုံနဲ့ ဝိပဿနာရှုပုံ သိမြင်ပုံပဲ၊

ယခု တစ်ဖန် ကရုဏာပွားပုံနှင့် ဝိပဿနာ ရှုပုံ, သိမြင်ပုံကို လိုက်ဆိုကြရမယ်။

အားလုံး သတ္တဝါတွေ ဆင်းရဲမှ လွတ်မြောက်ကြပါစေ၊ လွတ်မြောက်ကြပါစေ၊ ဆင်းရဲမှ ထွက်စေချင်တာ, ရွတ်ဆိုချင်တာက နာမ်၊ ရွတ်ဆိုတာနဲ့ အသံကရုပ်၊ အဲဒါကို ရှုမှတ်တာကလဲနာမ်၊ ဒီရုပ်နာမ်မျှသာ ရှိသည်၊ ဒီရုပ်, နာမ်တွေဟာ ချက်ချင်းပင် ကုန်ဆုံးချုပ်ပျက်သွားကြသောကြောင့် မမြဲ ဆင်းရဲ အနတ္တ သဘောတရားမျှပဲ။

ယခု မုဒိတာပွားပုံနှင့် ဝိပဿနာ ရှုပုံ, သိမြင်ပုံကို လိုက်ဆိုကြရမယ်။

အားလုံး သတ္တဝါတွေ ရရှိပြီး စည်းစိမ်ချမ်းသာမှ မဆုတ်ယုတ်ကြပါစေနဲ့၊ ပြည့်စုံမြဲပြည့်စုံကြပါစေ၊ ချမ်းသာမြဲ ချမ်းသာကြပါစေ၊ ဝမ်းမြောက်ကြည်ဖြူတာ ရွတ်ဆိုချင်တာက နာမ်၊ ရွတ်ဆိုတာနဲ့အသံက ရုပ်၊ အဲဒါကို ရှုမှတ်တာကလဲ နာမ်၊ ဒီရုပ်နာမ်မျှသာရှိသည်၊ ဒီရုပ်, နာမ်တွေဟာ ချက်ချင်းပင် ကုန်ဆုံးချုပ်ပျက် သွားသောကြောင့် မမြဲဆင်းရဲ အနတ္တသဘောတရားမျှပဲ။

မှီဝဲသင့် - ပြုသင့်တဲ့ ကုသိုလ်အဆက်

ယခုပြောခဲ့တာတွေဟာ မေးမြန်းသင့်တဲ့ ကုသိုလ်တရားတွေပဲ၊ အဲဒီ ကုသိုလ်တွေ ထဲကလဲ မေတ္တာ, ကရုဏာ, မုဒိတာ ခေါ်တဲ့ သမထဘာဝနာကုသိုလ်နဲ့ ဝိပဿနာ ကုသိုလ်ဖြစ်ပုံတွေပဲ၊ ယခုတရားနာပုဂ္ဂိုလ်တွေဟာ မေးသင့်တဲ့ အကုသိုလ် အကြောင်း ကုသိုလ်အကြောင်းတွေကို ကြားနေရတဲ့အတွက် ဉာဏ်ပညာကြီး ကြောင်း ကုသိုလ်တွေအများကြီး ဖြစ်သွားပါပြီ၊

မေတ္တာ, ကရုဏာ, မုဒိတာ ကုသိုလ်တွေကိုရော ဝိပဿနာ ကုသိုလ်တွေကိုရော ကြားနာရုံမျှမဟုတ်ဘဲ ကိုယ်တွေ့အားဖြင့်လဲ သိနားလည်ကြရပြီ၊ ယခုလဲ အသိပညာတွေပွားသွားပြီ၊ နောင်လဲဉာဏ်ပညာတွေ ကြီးမားထက်မြက်သွားမယ်။ အဲဒီလို အကျိုးများပုံကို မြတ်စွာဘုရားက-

မာဏဝ - သုဘလုလင်၊
ဧသာ ပဋိပဒါ - အကုသိုလ်က ဘယ်ဟာလဲ ကုသိုလ်က ဘယ်ဟာလဲ စသည်ဖြင့် မေးမြန်း နာကြားရ၍ မှတ်သားသော ဤအကျင့်သည်၊
မဟာပညသံဝတ္တနိကာ - အသိအလိမ္မာ ဉာဏ်ကြီးခြင်းကို ဖြစ်စေတတ်ပါသည်-

လို့ ဟောထားပါတယ်၊

အဲဒီ ဒေသနာနှင့် စပ်ဆိုင်တဲ့ အမှတ် ၇ - ဆောင်ပုဒ်ကို ဆက်ဆိုကြရမယ်။

(၇) မမေးမမြန်း, ဉာဏ်မြင်ကန်း, စုံစမ်းဉာဏ်ကြီးသည်။

(၁) သတ္တဝါကို သတ်ရင် အသတ်တိုတတ်တယ်၊ မသတ်ပဲ ကြဉ်ရှောင်ရင် အသက်ရှည်တတ်တယ်။

(၂) ညှဉ်းဆဲရင် အနာရောဂါများတတ်တယ်၊ မညှဉ်းဆဲရင် ကျန်းမာတတ်တယ်။

(၃) ဒေါသကြီးရင် ရုပ်ဆိုးတတ်တယ်၊ စိတ်မဆိုးဘဲ သည်းခံရင် လှပတတ်တယ်။

(၄) သူတစ်ပါးကို မနာလိုရင် အခြွေအရံနည်းတတ်တယ်၊ သူတစ်ပါး ချမ်းသာတာကို ကြည်ဖြူဝမ်းမြောက်ရင် အခြွေအရံများ တတ်တယ်။

(၅) ဝန်တိုပြီး မပေးမလှူရင် ဆင်းရဲနွမ်းပါးတတ်တယ်၊ ပေးလှူရင် ပေါများကြွယ်ဝ - တတ်တယ်။

(၆) မာနကြီးရင် အမျိုးညံ့၌ ဖြစ်တတ်တယ်၊ ရိုသေကိုင်းညွတ်ရင် အမျိုးမြတ်၌ ဖြစ်တတ်တယ်။

(၇) မမေးမမြန်း မလေ့လာရင် အသိဉာဏ်နည်းတတ်တယ်၊ မေးမြန်းလေ့လာရင် ဉာဏ်ပညာကြီးမား ထက်မြက်တတ်တယ်။

အဲဒီ ၇-မျိုး အကျယ်အားဖြင့် ၁၄-မျိုးဟာ သတ္တဝါတွေ ကိုယ်တိုင်ပြုခဲ့တဲ့ အကုသိုလ်ကံနဲ့ ကုသိုလ်ကံအားလျော်စွာ ဖြစ်နေတဲ့ ဆိုးကျိုး, ကောင်းကျိုးတွေပဲ၊ ဘယ်သူကမှ ဖန်ဆင်းပြုလုပ်ပေးလို့ ဖြစ်နေတာမဟုတ်ဘူး၊ အဲဒါက ရှေးဘဝက ပြုခဲ့တဲ့ ကံများအရ ပြဆိုချက်တွေပါပဲ၊ ယခုမျက်မှောက် ကံအရ ဖော်ပြရမယ် ဆိုရင်တော့ -

ယခုမျက်မှောက်ကံအရ ဖော်ပြချက်

(၂) ကျန်းမာရေးကို မလေ့လာမလိုက်စားရင် မသင့်တော်တဲ့ အစာစသည်ကို မှီဝဲရင် အနာရောဂါများ တတ်တယ်၊ ကျန်းမာရေး လေးလာလိုက်စားရင် မသင့်တာကို ရှောင်ရင် သင့်တာကို မှီဝဲရင်ကျန်းမာတတ်တယ်၊ အဲဒါကလဲ ရှေးအကုသိုလ်က အကြီးအကျယ် မရှိပါမှ ဖြစ်မယ်။

(၄) ၁ - ပေးကမ်းခြင်း -
၂ - ချစ်စဖွယ် ချိုသာစွာပြောဆိုခြင်း၊
၃ - သူတစ်ပါးကိစ္စ အကျိုးစီးပွားကို ဆောင်ရွက်ပေးခြင်း၊
၄ - မိမိနှင့်တန်းတူထား၍ ဆက်ဆံခြင်း၊

ဒီအကျင့် ၄-ပါးကို အခြွေအရံများခြင်း၏ ပစ္စုပ္ပန်အကြောင်း အဖြစ်ဖြင့် မြတ်စွာဘုရား က ဟောထားပါတယ်၊ အဲဒီအကျင့် ၄ - ပါး သင်္ဂဟတရားကို ပြည့်စုံစွာ ကျင့်ရင် မိတ်ဆွေ အခြွေအရံ များတတ်ပါတယ်၊ အဲဒီသင်္ဂဟတရားတွေ ပျက်ကွက်ရင်တော့ မိတ်ဆွေ အခြွေအရံနည်းတတ်တယ်။

(၅) ပစ္စည်းဥစ္စာ ပြည့်စုံကြောင်း အကျင့်ကို သမ္ပဒါ ၄ - ပါးဖြင့် မြတ်စွာဘုရားက ဖော်ပြထားပါတယ်၊

၁ - ဥဋ္ဌာနသမ္ပဒါ - စီးပွားရေး အလုပ်အကိုင်ကို တတ်သိနားလည်ပြီးတော့ ထထကြွကြွ အားထုတ်လုပ်ကိုင်ခြင်း၊

၂ - အာရက္ခ သမ္ပဒါ - ရပြီး စီးပွားကို မပျက်စီးရအောင် ထိန်းသိမ်း စောင့်ရှောက်ခြင်း၊

၃ - ကလျာဏမိတ္တတာ - မိတ်ဆွေကောင်း ရှိခြင်း၊

၄ - သမဇီဝိတာ - အသုံးက အရထက် မပိုလွန်စေဘဲ ညီမျှစွာ အသက်မွေးခြင်း၊

ဒီသမ္ပဒါ ၄-ပါးနှင့်အညီ နေထိုင်ရင် ပစ္စည်းဥစ္စာ ပေါများနိုင်တယ်၊ အလွန် မပေါများ နိုင်တောင်မှ အတော်အသင့်တော့ ပြည့်စုံနိုင်တယ်၊ ဒီသမ္ပဒါ ၄-ပါးနှင့် ဆန့်ကျင် ရင်တော့ ဆင်းရဲနွမ်းပါးဖို့ သေချာပါတယ်။

(၇) ပညာနည်းခြင်းနှင့် ပညာကြီးခြင်း၏ ပစ္စုပ္ပန်အကြောင်းများကတော့ ပြောခဲ့ပြီးထဲမှာ ပါဝင်သွားပါပြီ၊

၁ - အသက်တိုခြင်း,အသက်ရှည်ခြင်း၏ ပစ္စုပ္ပန်အကြောင်းကတော့

၂ - အနာများခြင်း, ကျန်းမာခြင်း အကြောင်းထဲမှာ ထိုက်သည် အားလျော်စွာ ပါဝင်သွားပါပြီ၊

၃ - အရ အရုပ်ဆိုးခြင်း လှပခြင်း၏ ပစ္စုပ္ပန်အကြောင်းကတော့ ပြောလောက်အောင် ရှိပုံမရပါဘူး၊

၆ - အရ အမျိုးမြတ်ခြင်း, အမျိုးယုတ်ခြင်း၏ ပစ္စုပ္ပန် အကြောင်းကတော့ မရှိဘူးလို့ ဆိုရမှာပဲ၊ ဒါပေမယ့် ခေတ်ကာလ အားလျော်စွာ ပစ္စည်းအင်အား, အပေါင်းအသင်း အင်အား, ဉာဏ်ပညာ အင်အားများဖြင့် မိမိအမျိုးကို အများကလေးစားအောင် အားထုတ်ရင်တော့ ဖြစ်တန်သလောက် ဖြစ်နိုင်ဖို့ ရှိပါတယ်။

ယခုပြောခဲ့တဲ့အတိုင်း သတ္တဝါတွေမှာ မိမိတို့ ကိုယ်တိုင်ပြုထားတဲ့ ရှေးကံနှင့် ပစ္စုပ္ပန်ကံအားလျော်စွာ ဆိုးကျိုး ကောင်းကျိုးတွေကို တွေ့ကြုံခံစားနေရတယ်၊ မည်သူကမျှ မည်သို့ဖြစ်စေလို့ မပြုပြင်နိုင်, မဖန်ဆင်းနိုင်ဘူး၊ ဒါကြောင့်-

ကံနှင့် ကံ၏အကျိုး ဝေဖန်ချက်နိဂုံးချုပ်

သဗ္ဗေသတ္တာ - အလုံးစုံသောသတ္တဝါတို့သည်၊
ကမ္မဿကာ - မိမိတို့ကိုယ်တိုင် ပြုထားတဲ့အမှုကံလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကုန်၏

လို့ မြတ်စွာဘုရားက ဟောတော်မူတာပဲ၊ အဲဒါကို “ဆိုးတာပြုက၊ ဆိုးတာရ၊ ကောင်းမှ ကောင်းစားသည်၊ ဆိုးကောင်း နှစ်တန် ကံစီမံ ခံစံကြရသည်”လို့ ဆောင်ပုဒ်စီထားတယ်၊ ရှေ့ပိုင်းကလဲ ဆိုခဲ့ကြပါပြီ၊ ယခုလဲ ထပ်ဆိုကြရဦးမယ်။

ဆိုးတာပြုက၊ ဆိုးတာရ၊ ကောင်းမှကောင်းစားမည်။
ဆိုးကောင်းနှစ်တန် ကံစီမံ ခံစံကြရသည်။

အဲဒီဒေသနာကို ကြားနာပြီးတော့ သုဘလုလင်ဟာ သရဏဂုံတည်တဲ့ ဗုဒ္ဓဘာသာဝင် ဖြစ်သွားပါသတဲ့၊ ယခု ဒီ ဥပေက္ခာ ဘာဝနာအရာမှာ သိဖို့လိုရင်း ကတော့ ဆင်းရဲ, ချမ်းသာ, ဆိုးကျိုး, ကောင်းကျိုးတွေကို ဘယ်သူကမှ ပြုပြင် ဖန်ဆင်း မပေးနိုင်ဘူး၊ မိမိတို့၏ ကံအားလျော်စွာ ဖြစ်နေတာပဲ၊

သူ့ကံနဲ့သူ ကိုယ်ကံနဲ့ကိုယ်ပဲလို့ လျစ်လျူရှုဖို့ပါပဲ၊ သူတစ်ပါးအား ချမ်းသာအောင်, ဆင်းရဲမှလွတ်အောင်, ချမ်းသာမြဲ ချမ်းသာနေအောင် နှလုံးသွင်းဖို့ မလိုဘူး၊ ကြောင့်ကြ စိုက်ဖို့ မလိုဘူး၊ ကြောင့်ကြစိုက်နေရင် ပင်ပန်းရုံပဲ၊

ကမ္မဿကာ - ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိကြသည်၊ ကံအားလျော်စွာ ဖြစ်နေကြ တယ် လို့ လျစ်လျူရှုဖို့ပါပဲ၊ အဲဒီလို လျစ်လျူရှုမှု ဥပေက္ခာကို ပွားများကြရအောင် လိုက်ဆိုကြရမယ်၊ အဲဒီလို နှလုံးသွင်း ရွတ်ဆိုတာကို ရှုမှတ်ပြီး သိပုံရော တစ်ဆက်တည်း ဆိုကြရမယ်။

အားလုံးသတ္တဝါတွေ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိကြသည်၊ ကံအားလျော်စွာ ဖြစ်နေ ကြသည်၊ အဲဒီလို လျစ်လျူရှုတာနဲ့ ရွတ်ဆိုချင်တာကနာမ်၊ ရွတ်ဆိုတာနဲ့ အသံကရုပ်၊ အဲဒါကို ရှုမှတ်တာကလဲနာမ်၊ ဒီနာမ်ရုပ်မျှသာရှိတယ်၊ ဒီရုပ်နာမ်တွေဟာ ချက်ချင်းပင် ကုန်ဆုံး ချုပ်ပျက်သွားသောကြောင့် မမြဲ ဆင်းရဲ အနတ္တသဘော တရားမျှပဲ။

ချမ်းသာတာလဲ ကံကြောင့်ပဲ၊ ဆင်းရဲတာလဲ ကံကြောင့်ပဲ၊ ကံသာလျှင် ကိုယ်ပိုင် ဥစ္စာရှိသည်၊ သူ့ကံနဲ့သူပဲ၊ ကိုယ်ကံနဲ့ ကိုယ်ပဲလို့ ဥပေက္ခာဖြင့် လျစ်လျူရှုတာဟာ ဆင်းရဲဒုက္ခရောက်နေတဲ့အခါ စိတ်သက်သာခွင့် ချမ်းသာခွင့်ကို ရစေတတ်ပါတယ်၊ အဲဒီလိုကံကို အကြောင်းအရင်းအဖြစ် နှလုံးသွင်းတာဟာ ယခုမျက်မှောက်မှာလဲ သက်သာခွင့်ရပြီး အပြစ်ကင်းပါတယ်၊

နောင်သံသရာမှာ အားကိုးစရာရအောင် အကုသိုလ်ကို ကြဉ်ရှောင်ပြီး ကုသိုလ်ကံကို စွမ်းနိုင်သမျှ ပြုလုပ်အားထုတ် သွားတဲ့အတွက် နောင်သံသရာမှာလဲ ကြီးပွားချမ်းသာ သွားနိုင်ပါတယ်၊ အဲဒီလို ကံကို အကြောင်းအရင်းအဖြစ် နှလုံးမသွင်းဘဲ နေရင်တော့ မည်သူတွေကြောင့် ဆင်းရဲရတယ် စသည်ဖြင့် သူတစ်ပါး အပေါ်မှာ အပြစ်ဖို့ပြီး ဒေါသ အကုသိုလ်တွေနဲ့ စိတ်ဆင်းရဲတွေ ပွားနေတတ်တယ်၊

ဒါကြောင့် ဆင်းရဲဒုက္ခရောက်နေတဲ့ အခါမှာ ကမ္မဿကာ - ဆိုတဲ့ ဒေသနာအရ ကံသာလျှင် ကိုယ်ပိုင် ဥစ္စာရှိကြတယ်၊ ရှေးကကိုယ်တိုင်ပြုမှားမိတဲ့ အကုသိုလ်ကံ ကြောင့် ယခု ဆင်းရဲနေရတာပဲ၊ ကိုယ်ကံနဲ့ ကိုယ်ပဲလို့ နှလုံးသွင်းပြီး ဖြေဖျောက် တာဟာ မှန်လဲမှန်တယ်၊ ကောင်းလဲ အကောင်းဆုံးပဲ။

ဥပေက္ခာဘာဝနာပွားပုံကတော့ စုံသွားပါပြီ၊ ကမ္မဿကာ - ကံသာလျှင် ကိုယ်ပိုင် ဥစ္စာရှိကြသည် ဆိုတဲ့ ဒေသနာတော်အရ ဆောင်ပုဒ်များကို ဆိုပြီး တရား သိမ်းရမယ်။

(၁) သူ့ကိုသတ်ဖြတ်, သက်တိုတတ်, မသတ်အသက်ရှည်။
(၂) ညှင်းဆဲသူကား, အနာများ, သနားကျန်းမာသည်။
(၃) ဒေါသမီးလျှံ, အကျဉ်းတန်, သည်းခံ လှပေသည်။
(၄) မနာလိုမှာ, ခြွေရံကွာ, ကြည်သာ ခြွေရံစည်။
(၅) မပေးလှူက, မွဲပြာကျ, လှူမှပေါကြွယ်သည်။
(၆) မရိုမသေ, မျိုးယုတ်ချေ, ရိုသေမျိုးမြတ်သည်။
(၇) မမေးမမြန်း, ဉာဏ်မြင်ကန်း, စုံစမ်းဉာဏ်ကြီးသည်။
(၈) ဆိုးတာပြုက၊ ဆိုးတာရ၊ ကောင်းမှကောင်းစားမည်။
(၉) ဆိုးကောင်းနှစ်တန် ကံစီမံခံစံကြရသည်။

အားလုံး သတ္တဝါတွေ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိကြသည်၊ ကံအားလျော်စွာ ဆင်းရဲကြရ, ချမ်းသာကြရသည်။ အဲဒီလို လျစ်လျူရှုမှု ဥပေက္ခာကို ပွားစေခြင်းဖြင့် (တတိယဈာန်ရပြီးပုဂ္ဂိုလ်မှာ) ဥပေက္ခာနှင့်ယှဉ်တဲ့ စတုတ္တဈာန်ကို ရနိုင်ကြောင်း အစပိုင်းက ပြောခဲ့ပါပြီ၊

ဘာဈာန်ကိုမှ မရသေးတဲ့ သာမာန်ပုဂ္ဂိုလ်မှာလဲ မိမိကိုယ်တိုင် ဆင်းရဲဒုက္ခရောက် နေတဲ့အခါ ဖြစ်စေ၊ မိမိနဲ့ရင်းနှီးစပ်ဆိုင်တဲ့သူတွေ ဆင်းရဲ ဒုက္ခရောက်နေတဲ့ အခါဖြစ်စေ (သဗ္ဗေ သတ္တာ ကမ္မဿကာ - ဆိုတဲ့ ဒေသနာတော်နဲ့အညီ) အားလုံး သတ္တဝါတွေဟာ မိမိတို့ ကိုယ်တိုင်ပြုထားတဲ့ အမှု - ကံသာလျှင် ကိုယ်ပိုင် ဥစ္စာ ရှိကြသည်၊ ကိုယ်ကံနဲ့ကိုယ်ပဲ၊ သူတို့ကံနဲ့သူတို့ပဲ၊

ယခုလို ဆင်းရဲ ဒုက္ခရောက်နေရတာဟာ ရှေးက မကောင်းမှုပြုခဲ့လို့ပဲ၊ အနာ ရောဂါ များတာ, အနှိပ်စက်ခံရတာဟာ ရှေးက သူများကို မညှာ မတာနှိပ်စက်ခဲ့လို့ပဲ၊ အခြွေ အရံ ပျက်စီးတာ, နည်းတာဟာ သူများကို မနာလိုခဲ့လို့ပဲ၊ ပစ္စည်းဥစ္စာပျက်တာ, မပြည့်စုံတာဟာ ရှေးက သူများပစ္စည်းကို မတရားပြုခဲ့လို့, မပေးလှူခဲ့လို့ပဲ၊ အမျိုး ယုတ်ညံ့တာ, မထီမဲ့မြင် အပြုခံရတာဟာ ရိုသေထိုက်သူကို မရိုသေဘဲ မာနကြီး ခဲ့လို့ပဲ - စသည်ဖြင့် ကံကို အကြောင်း အရင်းအဖြစ် ဆင်ခြင်ရင် စိတ် သက်သာခွင့်တော့ရမှာ သေချာပါတယ်။

၁၃၂၇-ခု ဝါဆိုလပြည့်နေ့မှစပြီး ဒီဗြဟ္မဝိဟာရတရားကို ဟောလာခဲ့တာ ၁၆-ကြိမ် ရှိပြီ၊ ကြားထဲမှာ ၃-သီတင်းတော့ ဒီတရားကို မဟောခဲ့ရဘူး၊ ယခု တန်ဆောင်မုန်း လကွယ်နေ့မှာ ဗြဟ္မဝိဟာရ လေးပါးလုံး ဟောလို့ ပြီးဆုံးသွားပါပြီ၊

ဒါကြောင့် ဒီ ဗြဟ္မဝိဟာရ ၄-ပါး ပွားပုံကို ရွတ်ဆိုပွားများပြီး တရားသိမ်းရမယ်။

(၁) အားလုံးသတ္တဝါတွေ ဘေးရန်ကင်းကြပါစေ၊ စိတ်ဆင်းရဲကင်းကြပါစေ၊ ကိုယ်ဆင်းရဲကင်းကြပါစေ၊ ချမ်းသာစွာနဲ့ မိမိတို့ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ။

(၂) အားလုံးသတ္တဝါတွေ တွေ့ကြုံနေရဆဲ ဆင်းရဲမှ လွတ်မြောက်ကြပါစေ။

(၃) အားလုံးသတ္တဝါတွေ ရရှိပြီး စည်းစိမ်ချမ်းသာမှ မဆုတ်ယုတ်ကြပါစေနဲ့၊ ကြီးပွားမြဲ ကြီးပွားကြပါစေ၊ ချမ်းသာမြဲချမ်းသာကြပါစေ။

(၄) အားလုံးသတ္တဝါတွေ မိမိပြုထားတဲ့ ကောင်းမှုကံ မကောင်းမှုကံလျှင် ကိုယ်ပိုင်ဥစ္စာရှိကြပါတကား။

ဤဗြဟ္မဝိဟာရ တရားတော်ကို ရိုသေစွာ နာယူမှတ်သားကြရသော ဓမ္မသဝန ကုသိုလ်စေတနာတို့၏ အစွမ်းအာနုဘော်ကြောင့် ယခုတရားနာ ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ဘေးရန်အန္တရာယ်ဟူသမျှတို့မှ အခါခပ်သိမ်း ကင်းလွတ် ငြိမ်းကြ၍ မိမိသန္တာန်၌ဖြစ်ဆဲ ရုပ်နာမ်တရားတို့ကိုလဲ အမှန်အတိုင်းသိအောင် ရှုမှတ်ပွားများ အားထုတ်နိုင်ကြသည်ဖြစ်၍ မိမိတို့အလိုရှိအပ်သော မဂ်ဉာဏ်, ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်တရားတော်မြတ်ကို လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက် ပြုနိုင်ကြပါစေ။

သာဓု...သာဓု...သာဓု။

ဗြဟ္မဝိဟာရ တရားတော် သတ္တမပိုင်း ပြီး၏။

ဗြဟ္မဝိဟာရ တရားတော် အလုံးစုံ ဤတွင် ပြီး၏။

မှတ်ချက်

အောက်အရပ်၌ အရိယာများ နတ်များ လူများ အဘယ်သို့ရှိသင့်ပါသနည်း - ဟူ၍ လည်းကောင်း၊ ထို့အတူပင် အထက်အရပ်၌ လူများအပါယ်သတ္တဝါများ အဘယ်သို့ ရှိသင့်ပါသနည်း - ဟူ၍ လည်းကောင်း မေးဖွယ်ရှိပါသည်၊ ယင်း အမေးကို အောက်ပါအတိုင်း ဖြေရှင်းသင့်ပါသည်။

မေတ္တာပို့နေသူက အိမ် ကျောင်း စသည်တို့၏ အထက်ထပ်၌နေလျက် မေတ္တာ ပွားနေလျှင်၊ အောက်ထပ်များ၌ လည်းကောင်း၊ အောက်ထပ်များနှင့် ညီမျှသော ဌာနများ၌ လည်းကောင်း အရိယာများ နတ်များ လူများ ရှိနိုင်ပါသည်၊ တောင်ပေါ် စသော အမြင့်၌နေလျက် မေတ္တာပွားနေလျှင် တောင်အောက် စသော အနိမ့်အရပ် အောက်အရပ်များ၌ အရိယာများ နတ်များ လူများ ရှိနိုင်ပါသည်၊ အနိမ့်ဆုံးမြေပြင်၌ နေလျက် မေတ္တာပွားနေလျှင် ထိုထက်နိမ့်သော ပင်လယ်ရေပြင်၌ လူများ နတ်များ အရိယာနတ်များ ရှိနိုင်ပါသည်၊ ယင်းပင်လယ်ရေပြင်ထဲ၌လည်း အကြောင်းအား လျော်စွာ တစ်ရံတစ်ခါ၌ နတ်များ အရိယာနတ်များ ရှိနိုင်ပါသည်၊ ဤအရာ၌ အရှင်ဥပဂုတ် ပင်လယ်ရေထဲ၌ သီတင်းသုံးနေသည် ဟူသော အချို့ပုဂ္ဂိုလ်များ၏ ယုံကြည်ချက်ကိုလည်း သတိပြုသင့်ပါသည်။

ထို့အတူပင် မြေပြင်၌တည်လျက် မေတ္တာပွားနေလျှင် ထို့ထက်မြင့်သော ကုန်းပြင်၌ လည်းကောင်း၊ တောင်ပေါ်အရပ်တို့၌ လည်းကောင်း၊ အိမ်ကျောင်းတို့၏ အထက် တို့၌ လည်းကောင်း လူလည်း ရှိနိုင်ပါသည်၊ ပိုးကောင်, ငှက်စသော တိရစ္ဆာန် များလည်း ရှိနိုင်ပါသည်။ စတုတ္ထပါရာဇိကသိက္ခာပုဒ် ဝိနီတဝတ္ထုအခန်း၌ လည်းကောင်း၊ နိဒါနဝဂ္ဂလက္ခဏ သံယုတ်ပါဠိတော်၌ လည်းကောင်း၊ အလွန်နာကျင် သောကြောင့် ငိုကြွေးမြည်တမ်းလျက် ကောင်းကင်၌ ပြေးသွားနေကြရှာသော ပြိတ္တာ များရှိကြောင့် ပြဆိုချက်များ ရှိပါသည်၊ ယင်းသည် အထက်အရပ်၌ အပါယ် သတ္တဝါများရှိကြောင်း ခိုင်လုံသော သာဓကဖြစ်ပါသည်။ ပိုးမွှား တိရစ္ဆာန်များ၊ ငှက် တိရစ္ဆာန်များ အထက်အရပ်၌ ရှိကြကြောင်းကိုမူ ပကတိ မျက်စိဖြင့်ပင် မြင်သိနိုင်ပါသည်။