ဘဝတစ်ကွေ့ ကြုံတွေ့ခဲ့ရသော ပုဂ္ဂိုလ်အကျော်အမော်များ
အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ဘဝတစ်ကွေ့ ကြုံတွေ့ခဲ့ရသော ပုဂ္ဂိုလ်အကျော်အမော်များ
၁။ အရှင်ဇနကာဘိဝံသနှင့် ဦးကျန်စု ဒေါက်တာရန်ရှင်း
၂။ အရှင်ဇနကာဘိဝံသနှင့် မစိုးရိမ်ဆရာတော်ဘုရားကြီး
၃။ အရှင်ဇနကာဘိဝံသနှင့် အင်္ဂလန်မှ ပရိုဖက်ဆာကြီး
၄။ အရှင်ဇနကာဘိဝံသနှင့် အီတလီအမျိုးသမီး
၅။ အရှင်ဇနကာဘိဝံသနှင့် ဦးနေဝင်း
၆။ အရှင်ဇနကာဘိဝံသနှင့် ဦးဖေမောင်တင်
၇။ အရှင်ဇနကာဘိဝံသနှင့် ရုရှားပါရဂူ ၂ ဦး
၈။ အရှင်ဇနကာဘိဝံသနှင့် သီရိလင်္ကာဝန်ကြီး
၉။ အရှင်ဇနကာဘိဝံသနှင့် ခရစ်ယာန် သာသနာပိုင်ကြီး
၁ဝ။ အရှင်ဇနကာဘိဝံသနှင့် အနောက်ဂျာမနီသူ မဥမ္မာ
၁၁။ အရှင်ဇနကာဘိဝံသနှင့် ဟိမဝန္တာယောဂီကြီး
၁၂။ အရှင်ဇနကာဘိဝံသနှင့် ဂျာမနီအဘွားကြီး
၁၃။ အရှင်ဇနကာဘိဝံသနှင့် ဂျပန်အမျိုးသား အိုကူဒိုင်ယာ
၁၄။ အရှင်ဇနကာဘိဝံသနှင့် ပြည်မြို့ ဇောတိကာရုံဆရာတော်
၁၅။ အရှင်ဇနကာဘိဝံသနှင့် ပခုက္ကူဆရာတော်ဘုရားကြီး
၁၆။ အရှင်ဇနကာဘိဝံသနှင့် ရဟန္တာဟု ကျော်ကြားသော မိုးညို ဦးသူရိယ
၁၇။ အရှင်ဇနကာဘိဝံသနှင့် ဆရာကြီး ရွှေဥဒေါင်း
အရှင်ဇနကာဘိဝံသနှင့် ဦးကျန်စု၊ ဒေါက်တာ ရန်ရှင်း
သာသနာတော်ကို ပြုပြင်ဖို့ ဘယ်လို ပြင်ထားပါသလဲ?
လူ နတ် ဗြဟ္မာတို့ဖို့ သာသနာ ပေါ်လာ
၁၃၁၉-ခု ပြာသိုလဆန်း ၁၂-ရက် (၁-၁-၁၉၅၈) နေ့က ဖြစ်၏။ ဆရာတော် အရှင်ဇနကာဘိဝံသသည် ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်း၊ မြောက်ဥက္ကလာ၊ တံတားကလေးလမ်းဆုံ၌ ရှိသော မဟာဂန္ဓာရုံ ကျောင်းတိုက်သို့ ခေတ္တ ရောက်နေခိုက် ဖြစ်၏။ ဤကျောင်းတိုက်ပိုင်ရှင် ဆရာတော် ဦးပညာသာရက သမုတ်ရန် ပင့်၍ ကြွလာခြင်း ဖြစ်သည်။
သာသနာရေး၊ ဘာသာရေး စိတ်ဝင်စားကြသော ဒကာ အချို့လည်း ဆရာတော် လာသည်ဆို၍ ရောက်လာကြတော့၏။ မြတ်စွာဘုရား၏ သာသနာတော်အတွက် တက်တက်ကြွကြွ ကြောင့်ကြောင့်ကြကြ ဆောင်ရွက်နေသော ဆရာတော်တစ်ပါးဟု နားလည်ကြသဖြင့် သာသနာတော်၏ အရေးကို မေးမြန်းလိုသောကြောင့် ဝိုင်းအုံ ရောက်လာကြခြင်း ဖြစ်ပေသည်။
ရောက်လာသမျှကို ဦးထိန်ဝင်းက နေရာချထားပေးရ၏။ ထိုပရိသတ်တွင် ခရစ်ယာန် ဘာသာဝင်မှ ဗုဒ္ဓဘာသာဝင် ဖြစ်လာသော ဦးကျန်စုနှင့် ဒေါက်တာ ရန်ရှင်းတို့က အများဆုံး မေးမြန်းကြသည်။ မေးတိုင်းလည်း ဆရာတော် ဖြေရ၏။ ထိုမေးခွန်း များစွာတွင် ...
“သာသနာတော်ကို ပြုပြင်ဖို့ ဆရာတော် ဘယ်လိုမြင်ထားပါသလဲ ဘုရား”
ဤမေးခွန်းကို ဆရာတော်က အဖြေချင်ဆုံး ဖြစ်၏။ အဖြေပေးရင်း စပ်နွယ်ရာ တို့ကိုလည်း ပြောပြသွားချင်သည်။ ရှေးတုန်းက မေးသူမရှိဘဲ ဆရာတော် တစ်ပါး တည်း ဟစ်အော် နှိုးဆော် ပြောပြနေခဲ့ရ၏။ ယခု မေးသူများ ရှိလာသဖြင့် သာ၍ ဖြေချင်သည်။
“ဒီမေးခွန်းကို မဖြေမီ ဘုန်းကြီးက မြတ်စွာဘုရားရဲ့ သာသနာတော် တည်ထား ရခြင်း ရည်ရွယ်ချက်ကို နည်းနည်း ပြောပြချင်သေးတယ်။ ဘုန်းကြီးတို့ မြတ်စွာဘုရား ရဲ့ သာသနာတော်ဟာ လူ နတ် ဗြဟ္မာ သတ္တဝါတွေ အတွက် ပေါ်လာတာပါ။ လူ နတ် ဗြဟ္မာ သတ္တဝါတွေ ချမ်းသာစေချင်လို့၊ အကျိုးဖြစ်ထွန်း စေချင်လို့ ဒီသာသနာတော်ကို မြတ်စွာဘုရားက တည်ထောင်ရတာပါ
ဒကာ-ဒကာမတွေ တာဝန်ကျေခဲ့ကြ
ဒီလို သာသနာတော် တစ်ရပ် တည်ထောင်ဖို့ရာ ဆိုတာကလဲ လွယ်လွယ်ကလေး နဲ့ဖြစ်တာတော့ မဟုတ်ပါဘူး။ ဘုရားကိုယ်တော်မြတ်မှာ လေးသင်္ချေနဲ့ ကမ္ဘာ တစ်သိန်း ကာလပတ်လုံးတောင် ပါရမီတွေ ဖြည့်ခဲ့ရ၊ အနစ်နာတွေ ခံခဲ့ရပါတယ်။ သက်သောင့်သက်သာ မဟုတ်ပါဘူး။ ဒါတွေဟာ အများကောင်းကျိုး ရဖို့အတွက် အနစ်နာ ခံခဲ့ရတာပါ။
အဲဒီလောက် အနစ်နာတွေခံပြီး တန်ဖိုးကြီးစွာနဲ့ အရင်းအနှီးတွေ များစွာပေးပြီးမှ ဖြစ်ပေါ်လာရတဲ့ သာသနာ။ ဒီသာသနာကို အမှီပြုပြီးတော့ ရှေ့ပိုင်းတွေတုန်းက သူတော်ကောင်းတွေဟာ ချမ်းသာခဲ့ကြရတယ်၊ တိုးတက်ခဲ့ကြရတယ်၊ အကျိုး အမြတ်တွေ ထွက်ခဲ့ကြရတယ်။ ဒါကြောင့်လဲ ကျေးဇူးတွေ တင်ခဲ့ကြတယ်။
သို့ပါလျက် ဘုန်းကြီးတို့လက်ထက်၊ ဒကာကြီးတို့ လက်ထက်ကျကာမှ ဒီသာသနာ ဟာ အကျိုးမရှိဘူးလိုလို အစွပ်စွဲခံရ၊ အပို လိုလို အထင်ခံရတာတွေဟာ ဘာလဲ၊ ဘာအကြောင်းကြောင့်လဲ၊ ဘယ်လို ဖြစ်လာတာလဲ။ ဒါ စိစစ်ဖို့ ကောင်းတယ်။ သာသနာကို စိတ်ဝင်စားကြတဲ့ ဘုန်းကြီးတို့တတွေက စိစစ်ကြရမယ်။
၁။ ဘုရားအဆုံးအမ သာသနာတော်ကပဲ ခေတ်မမီတော့လို့လား။
၂။ ဒါမှမဟုတ် သာသနာ့ ဝန်ထမ်းသားတွေက အဆင့်မီအောင် ကျင့်သုံးခြင်း မရှိကြ၊ အလုပ်မလုပ် ကြတော့လို့လား။
၃။ ဒါမှမဟုတ် အခြေခံ ဒကာ ဒကာမတွေကပဲ မထောက်ပံ့ချင်ကြတော့လို့လား။
ကွဲကွဲပြားပြား ဖြစ်အောင် စိစစ်ဖို့ လိုလာတယ်။ ဒါ .... စိစစ်ကြရမှာပဲ။
ကဲ ... ဒီ သုံးချက်ကိုပဲ စိစစ်ကြစို့။
ပထမဦးစွာ ဒကာ ဒကာမတွေက ထောက်ပံ့ မထောက်ပံ့ ဒါကို ကြည့်ကြစမ်းပါ။ ဒကာကြီးတို့ မျက်မြင်ပဲ။ သာသနာနဲ့ ပတ်သက်လာလို့ရှိရင် မြန်မာပြည်သားတွေ သဒ္ဓါတရား ဘယ်လောက် ကောင်းကြတယ်ဆိုတာ မြန်မာပြည် တစ်ခုလုံး ကျောင်းကန်ဘုရား စေတီ ပုထိုးတို့ဖြင့် ဖုံးနေတာကိုရယ်၊ သာသနာ့ဝန်ထမ်း ရဟန်း သာမဏေ ဦးရေ များစွာတို့ရဲ့ သင်္ကန်းရောင်တွေ တပြောင်ပြောင် တလျှမ်းလျှမ်း တောက်နေတာကိုရယ် ထောက်ဆလို့ရှိရင် သိနိုင်ပါတယ်။
ပုဂံခေတ်ကစပြီး ဒီကနေ့ထိအောင် ထောက်ပံ့မှုတွေဟာ မလျော့သေးပါဘူး။ ထောက်ပံ့မြဲပါပဲ။ ဒီလိုဆိုရင် ဒကာ ဒကာမတွေဘက်က မထောက်ပံ့ချင်ဘူးရယ်လို့ မဆိုနိုင်ပါဘူး။ ထောက်ပံ့နေကြပါတယ်။ တာဝန်ကျေကြပါတယ်။
အဆုံးအမ သာသနာ ခေတ်မီလျက်ပါပဲ
တစ်ခါ ဘုရားအဆုံးအမ သာသနာတော်က ခေတ်မမီတော့ဘူးလား။ ဒါကို စိစစ် ကြစမ်းပါဦး။ “ဘုရားအဆုံးအမသာသနာ”ဆိုတာ သီလ သမာဓိ ပညာပဲ။ အဲဒီ ၃ မျိုး ထဲက အခြေခံဖြစ်တဲ့ သီလ ဆိုတာ ကာယကံ ဝစီကံပဲ။ ကာယကံ ဝစီကံကို စောင့်စည်းရတာ သီလပဲ။ အဲဒီထဲကမှ တစ်ဖန် အနိမ့်ဆုံးဖြစ်တဲ့ ကာယကံကိုပဲ ပြောကြဦးစို့။
ကာယကံ ၃ ပါးကို မကောင်းမူ မဖြစ်စေဘဲ ကောင်းတဲ့ဘက်ကို လှည့်လိုက်စမ်းပါ။ ကောင်းကောင်း လိုက်နာ ကျင့်သုံးလိုက်စမ်းပါ။ ကောင်းတဲ့ ကာယကံ၊ ကောင်းတဲ့ ကာယိန္ဒြေ ဖြစ်မလာဘူးလား ... လို့။
ဥပမာ ... သာမဏေကလေးတစ်ပါး ဘုရားအဆုံးအမ (သေခိယသိက္ခာပုဒ်) နဲ့အညီ သင်းပိုင်ကို ပီပီသသနှင့် အစ ညီညီဝတ်ပြီး၊ ဧကသီကိုလဲ ကျကျနန အစညီညီ ရုံလိုက်ပြီလားဆိုရင် အို … ကြည်ညိုဖွယ်ကြီးများ ဖြစ်သွားပြီး “ဝတ်ရုံကြီး” များ ခြုံလာသလို ဂုဏ်ကျက်သရေတွေ တက်လာပါတယ်။
နန်းရင်ပြင်က ဖြတ်သွားတဲ့ နိဂြောဓ သာမဏေကလေးကို မြင်မြင်ချင်း သီရိဓမ္မာ သောကမင်းကြီး ကြည်ညိုသွားတယ် ဆိုတာဟာ ဒီကာယိန္ဒြေ - ဒီဂုဏ်တွေ ကြောင့်ပဲပေါ့၊ အဲဒီအချိန်မှာ ဒီသာမဏေကလေးရဲ့ အတွင်းသား သမာဓိ-ပညာ တန်ဖိုးရှိတဲ့ အရာတွေကိုတောင် မသိရသေးပါဘူး၊ အပြင်ပန်းပဲ မြင်ရပါသေးတယ်၊ သည်မျှလောက် လူကြီး လူကောင်းတို့ရဲ့ နှလုံးသားကို ရောက်အောင်-ခိုက်အောင် စွဲစေနိုင်တဲ့ ဘုရားရဲ့အဆုံးအမဟာ ခေတ်မမီဘူးလား၊ ဘုန်းကြီးက မေးချင်ပါတယ်။
တစ်ခါတုန်းက ဘုန်းကြီးတို့ရဲ့ဆရာ မြောင်းမြ ဆရာတော်၊ အဲဒီဆရာတော်ရဲ့ ကျေးဇူးရှင် ဆရာတော်ကြီးတစ်ပါး မြင်းမူဆိပ်ကမ်းမှာ သင်္ဘော စောင့်နေတယ်၊ စီးရမည့် သင်္ဘောက လာဖို့အချိန် လိုသေးတာနဲ့ ခပ်လှမ်းလှမ်းသစ်ပင် အောက်မှာ သွားပြီး တစ်ပါးတည်း ဣန္ဒြေရရ သိက္ခာရှိရှိ (တရားထိုင်သလို) ထိုင်နေသတဲ့။
အဲဒီအချိန်မှာ အခြားသင်္ဘော တစ်စင်း ပေါ်လာပြီး ဆရာတော်ကြီးအနီး ဆိပ်ကမ်းကို လာကပ်တယ်၊ ပြီးတော့ သင်္ဘောပေါ်က အင်္ဂလိပ်မျက်နှာဖြူ အရာရှိကြီး တစ်ယောက် ဆင်းလာပြီး ဆရာတော်ကြီးအား ပိုက်ဆံတွေ လာပေးသတဲ့၊ ဒါပေမယ့် ဆရာတော်ကြီးက လက်မခံပါဘူး။
ဒီနေရာမှာ ဆရာတော်ကြီးရဲ့ ကာယိန္ဒြေ သိက္ခာတွေဟာ မျက်နှာဖြူ လူမျိုးခြား ဘာသာခြား တစ်ဦးရဲ့ အသည်းနှလုံးကိုပင် ထိအောင် ခိုက်အောင် စွဲစေ စွမ်းဆောင်နိုင် ပါပေတယ်၊ ဒါတွေဟာ ဘုရားရဲ့ အဆုံးအမတွေ မဟုတ်ပါလား၊ လူကြီးလူကောင်းတို့ရဲ့ နှလုံးသားကို ခိုက်အောင် ကြိုက်စေတာဟာ ခေတ်မမီဘူး လားလို့ ဘုန်းကြီးက မေးချင်ပါတယ်၊ ဒါဟာ ဆရာတော်ကြီးရဲ့ အတွင်းသား သမာဓိ ပညာတွေ ဘယ်လောက်ရှိတယ်ဆိုတာ သူမသိသေးပါဘူး။
ဝန်ထမ်းသားတို့ လျော့ရဲလာ
ဒီမျက်နှာဖြူ - အင်္ဂလိပ်လူမျိုးဟာ အယူတစ်ပါး ဘာသာခြားပါ၊ သီရိဓမ္မာသောက မင်းကြီးလည်း သာမဏေကလေးကို စတင်တွေ့စက ဗုဒ္ဓဘာသာ မဟုတ်သေးပါဘူး၊ အဲဒီလို ဘာသာတစ်ပါးတို့၏ နှလုံးသားကိုပင် ဆွဲငင်ယူကျုံးနိုင်တဲ့ ဗုဒ္ဓ အဆုံးအမဟာ ခေတ်မမီဘူးလားလို့ ဘုန်းကြီးက မေးချင်ပါတယ်၊
ဒါဟာ အပြင်ပန်း ကာယိန္ဒြေပဲ ရှိသေးတယ်၊ ဝစီကံ အတွက်လဲ အလားတူပဲ၊ သေခိယ ကျင့်ဝတ်တွေထဲမှာ စောင့်စည်းဖို့ နည်းလမ်းတွေ ဟောပြထားတာ များစွာ ရှိပါတယ်၊ အခုလို ကာယကံ - ဝစီကံလောက်မျှ ပြည့်စုံနေရင်ပဲ ဧရာမ လူကြီး လူကောင်း တစ်ယောက် ခေါ်လောက်အောင် ဖြစ်နေပါပြီ၊ ဒါဟာ သမာဓိတို့ ပညာတို့ မပါသေးဘူး၊ အဲလောက်ပဲ ... ဗုဒ္ဓ ယဉ်ကျေးမှုက အဆင့်မြင့်ပါတယ်။
ယခုခေတ် “ယဉ်ကျေးပါတယ်” ဆိုတဲ့ တိုင်းကြီးပြည်ကြီး သားတွေဟာ ဗုဒ္ဓ ယဉ်ကျေးမှုကို မကျော်လွန်နိုင်ပါဘူး၊ မပိုပါဘူး၊ ဒါကြောင့် ဗုဒ္ဓယဉ်ကျေးမှု ဗုဒ္ဓ အဆုံးအမ သာသနာဟာ ခေတ်မမီဘူးလို့ မဆိုနိုင်ပါဘူး။
ဒါဖြင့်ရင် တစ်ခုပဲ ကျန်တော့တယ်၊ ၃-ခု ရှိတဲ့အနက် ၂-ခု မဟုတ်ဘူးဆိုရင် ကျန် တစ်ခုပဲ ဖြစ်ရပါတော့တယ်၊ ဘုရား သာသနာတော်ကြီး တဖြည်းဖြည်း တရွေ့ရွေ့နဲ့ ကျဆင်းလာတာ၊ အထင်သေး ခံလာရတာ၊ အပိုပါပဲလို့ အစွပ်စွဲခံ လာရတာဟာ ဝန်ထမ်းသားတို့ရဲ့ လုံ့လနည်းပါးမှုကြောင့်ပဲ၊ သာသနာ့ဝန်ထမ်း ရှင်ရှဟန်းတို့ရဲ့ ကျင့်သုံးမှု လျော့ရဲလာမှုကြောင့်ပဲ၊ ဒီလိုပဲ အဖြေရှာ၍ ရပါတယ်။
ကဲ ... ယခုအခါ အကြောင်းရင်း ရှာလို့ရပြီ၊ အကြောင်းရင်းအနာကို သိပြီ၊ အနာကို သိမှဖြင့် ဆေးကုတတ်ရမှာပေါ့၊ လျှော့ရဲလာတဲ့ အကျင့်သီလဘက်တွင် ပြုပြင် လိုက်ကြရုံပဲ၊ ယခုပြုပြင်လျှင် ယခုပင် ဖြစ်နိုင်ပါသေးတယ်၊ အချိန် မလွန်သေးပါဘူး။
လူလတ်တန်းစားတွေ ဘုရားက အားကိုး
ဘုန်းကြီး စိတ်ထဲမှာတော့ စွဲနေတယ်၊ အားလုံး ညီညီ ညာညာနဲ့ ဝိုင်းပြီး ချွတ်ယွင်း ချက်တွေကို ပြုပြင်လိုက်ကြရင် ဧကန်ပင်ဖြစ်၍ တက်လာနိုင်ပါ သေးတယ်လို့၊ ပုဂ္ဂိုလ်တွေ အနေအားဖြင့်လည်း ယခု မညံ့လှသေးပါဘူး၊ ရှေးတုန်းကတော့ ဒီ သာသနာတော်ကြီးကို ထမ်းလာခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေဟာ -
ဘုရားကအစ အမြင့်စား ပုဂ္ဂိုလ်တွေ၊
အရှင်ကောဏ္ဍညတို့လို ဗေဒင်တစ်ဖက်ကမ်းခပ် ပညာတတ် ပုဂ္ဂိုလ်တွေ၊
အရှင်ယသတို့လို သူဌေးသားတွေ၊
အရှင်မဟာကဿပ တို့လို သူကြွယ်ကြီးတွေ၊
အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလာန်တို့လို ချမ်းသာ ကြွယ်ဝကြတဲ့သူတွေ၊
အရှင်မဟာနာမ်တို့လို နန်းတော်ကြီးကို စွန့်ပစ်ခဲ့တဲ့ ဘုရင်ဧကရာဇ်တွေ၊
အရှင်အာနန္ဒာ အရှင်နန္ဒတို့လို မင်းညီ မင်းသားတွေ၊
အိမ်ရှေ့တွေ၊ ပညာတတ် ပဏ္ဍိတ်တွေ မင်းမျိုးတွေ ကုန်သည်မျိုးတွေ အစုံပါပဲ၊
ပုဂ္ဂိုလ်တွေက အဆင့်မြင့်သလို အကျင့်ဘက်ကလည်း ထိပ်တန်းပါပဲ၊ ဒါကြောင့်လဲ သာသနာတော်ကြီးကို မော်၍ ကြည့်ခဲ့ကြရတာပဲ။
ယခုအခါမှာတော့ ပုဂ္ဂိုလ်အနေနဲ့ အဲဒီ အခြေအနေ မဟုတ်ပေမယ့် ညံ့လည်း မညံ့လှ သေးပါဘူး၊ (ခတ္တိယ၊ ဗြာဟ္မဏ၊ ဝေဿ၊ သုဒ္ဓ) လို့ အမျိုးလေးပါး ရှိတဲ့အနက်က ဝေဿမျိုးတို့လို လူလတ်တန်းစားအများစု ရှိကြပါသေးတယ်။
“ဣဓ ဘိက္ခဝေ တထာဂတော လောကေ ဥပ္ပဇ္ဇတိ” စသည်ဖြင့် သာသနာတော် ဖြစ်ပေါ်လာပုံကို ပြတဲ့နေရာမှာ မြတ်စွာဘုရားက ဝေဿပုဂ္ဂိုလ်တို့လို ကုန်သည် လူလတ်တန်းစား၊ အိမ်ပိုင်ရာပိုင်ရှိတဲ့ - ဂဟပတိများကို အားကိုးတော်မူကြောင်း အမိန့်ရှိထားပါတယ်၊ ဘာကြောင့်လဲ ဆိုတော့...
*ခတ္တိယတို့လို အုပ်ချုပ်တဲ့ လူတန်းစား မင်းမျိုးများက အမျိုးဂုဏ်နဲ့ မာန်တက်နေ တတ်ကြတယ်၊ ဗြာဟ္မဏတို့လို ပညာတတ် လူတန်းစားတွေက ပညာဂုဏ်နဲ့ မာန်တက်နေတတ်ကြတယ်၊ သုဒ္ဓတို့လို အလွန်ဆင်းရဲတဲ့ အောက်တန်းစားများ ကျပြန်တော့လည်း (ကိုယ့်လိပ်ပြာ ကိုယ်မလုံသလိုဖြစ်လို့) အဆင့် မမီပြန်ဘူး၊ လူတော မတိုးရဲဘူးဆိုပါတော့။
အဲ ... ဝေဿပုဂ္ဂိုလ်တို့လို ကုန်သည် လူလတ်တန်းစား ဂဟပတိ ပုဂ္ဂိုလ်များကတော့ မိုးစိုနေပူမရှောင် နေပူ စပ်ခါးမှာ ချွေးတလုံးလုံးနဲ့ ကျောပြင်မှာ ဆားပေါက်အောင် အလုပ်လုပ်နေကျဖြစ်လို့ သာသနာတော်မှာ အပင်ပန်းခံနိုင်တယ်တဲ့၊ မဂ်ဖိုလ် နိဗ္ဗာန်ကို မရ အရ အံကြိတ် ကြိုးစားနိုင်ကြတယ်တဲ့၊ ကဲ ... ဘယ်လောက် အားတက်စရာ ကောင်းသလဲ။
သာသနာပြုပြင်ဖို့ မြင်ထားတဲ့လမ်း
ဒါကြောင့် ဒီ ပုဂ္ဂိုလ်တွေနဲ့ ဒီ သာသနာတော်ကြီးကို ဒီလို အချိန်မလွန်မီ ညီညီ ညွတ်ညွတ်နဲ့ ဝိုင်းပြီး ကြိုးစားလိုက်ကြလို့ရှိရင် အမှန်ပင်ပြန်ပြီး တက်လာနိုင်ပါ သေးတယ်လို့ ပြောရဲပါတယ်၊ ဒါကြောင့်လဲ ဘုန်းကြီးက အားမလျှော့သေးဘဲ -
“လူငယ်တွေ ကိုယ်ကျင့် သီလလုံကြစမ်းပါ၊
စိတ်ထား နှလုံးသား ကောင်းကြစမ်းပါ၊ ဖြောင့်မတ်ကြစမ်းပါ၊
ဖျတ်ဖျတ်လတ်လတ်နဲ့ လုံ့လ ဝီရိယ ရှိကြစမ်းပါ၊
စွမ်းနိုင်သော ဆရာတော် များကလဲ ရှေ့ဆောင်တော် မူကြစမ်းပါ၊
လမ်းပြတော် မူကြစမ်းပါ၊ အလုပ်လုပ်တော် မူကြစမ်းပါ'
လို့ ခဏခဏ ဟစ်အော် နှိုးဆော်နေရတာပဲ။
စွမ်းနိုင်တဲ့ ဆရာတော်များက သွေးအေးနေတော်မမူကြပဲ၊ မြို့မှာရှိတဲ့ ဆရာတော် တွေက မြို့မှာ အလျောက်၊ တောမှာရှိတဲ့ ဆရာတော်တွေက တောမှာအလျောက် တက်တက်ကြွကြွနဲ့ ကိုယ်စီ ကိုယ်င ရှေ့ဆောင်လမ်းပြပြီး ကြိုးစားလိုက်ကြလို့ ရှိယင် ဘာကြာလိမ့်မလဲ့၊ ၁၀-နှစ်၊ ၁၅-နှစ်၊ အနှစ် ၂၀-အတွင်းမှာပဲ (သာသနာ တော်ကြီး) အခြေ အနေဟာ မော်ကြည့်ရမယ့် ဘဝကို ပြန်ရောက် လာနိုင်ပါတယ်။ အဲဒီလို ဘုရားဟောအတိုင်းသာ ကျင့်လိုက်ကြမယ်ဆိုယင် ဘာကြာလိမ့်မလဲ။
ဒကာကြီးတို့က “သာသနာတော်ကို ပြုပြင်ဖို့ ဘယ်လို မြင်ထားပါသလဲ ဘုရား” လို့ လျှောက်ကြလို့ ဘုန်းကြီးက ဖြေရှတာ၊ ဒီနည်းနဲ့ ပြုပြင်ယင် ရနိုင်တယ်လို့ ဘုန်းကြီး မြင်ထားပါထယ်” ဟူ၍ ဖြေကြားတော်မူပြီးလျှင် ထိုနေ့ ည တရားပွဲကို အဆုံးသတ် လိုက်ပါသည်။
ဆရာတော်၏ ဟောပြောချက်တို့ကို အသံဖမ်း ကြိုးခွေဖြင့် ဒကာထိန်ဝင်းက ဖမ်းယူ သွင်းထားလိုက်ခဲ့၍ ယခုလို ပြန်လည် တင်ပြနိုင်ခြင်း ဖြစ်ပါသည်။ နောက်တစ်နေ့ (၂-၁-၁၉၅၈) နေ့တွင်လည်း ဤ ဒကာကြီးများပင် လာရောက်ကြ၍ ဤသဘောမျိုးနှင့် အခြား တရားမျိုးကိုပါ ဟောပြတော်မူရသည်။
(၃-၁-၁၉၅၈) နေ့တွင် အနားယူယင်း ကျန်းမာရေး အစစ်ဆေးခံသည်။ ဒေါက်တာ မွန်းအောင်က ဆရာတော်၏ သွားများကို စနစ်တကျ ကြည့်ရှု စစ်ဆေးပေးသည်။
၁၃၁၉-ခု၊ ပြာသိုလပြည့်နေ့ (၄-၁-၁၉၅၈) နေ့ နံနက်တွင်ကား ဦးပွင့်ကောင်း + ဒေါ်နွဲ့နွဲ့ရီတို့ ဆောက်လုပ် ကိုးကွယ်သော ထို မဟာဂန္ဓာရုံ ကျောင်းတိုက်အတွင်း၌ အခြား ဆရာတော်ကြီးများနှင့်အတူ သိမ်သမုတ်တော်မူပြီးလျှင် (သာသနဝိသုဒ္ဓိသိမ်) ဟု အမည်ပေးတော်မူသည်။
ထိုနေ့ ညနေပိုင်းတွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ရှိသော (ဆရာကြီးဇေယျ) ဦးယောအိမ်သို့သွား၍ အသက်အရွယ် ကြီးရင့်လှပြီ ဖြစ်သော ဆရာကြီး သခင် ကိုယ်တော်မှိုင်းနှင့် တွေ့ဆုံ နှုတ်ဆက်စကား အနည်းငယ် ပြောပြီးလျှင် ပြန်လာတော်မူခဲ့သည်။
အရှင်ဇနကာဘိဝံသ နှင့် မစိုးရိမ်ဆရာတော်ဘုရားကြီး
မထေရ်ကြီးတွေဆိုလျှင် ခေါင်းပေါ်မှာအမြဲတင်
မေ့မရသည့် မြင်ကွင်းတစ်ခု
၁၃၁၉-ခုနှစ်လောက်က ဖြစ်၏၊ မန္တလေးမြို့မှ မစိုးရိမ် ဆရာတော်ဘုရားကြီးသည် ကိစ္စတစ်ခုဖြင့် အမရပူရ (တောင်မြို့)သို့ ကြွလာရာ ခရီးကြုံခိုက်တွင် နောက်ပါဒကာ ၃-၄ ဦးဖြင့် မဟာဂန္ဓာရုံ ကျောင်းတိုက်သို့ပါ ဝင်လာတော်မူသည်။ ထိုအချိန်က ရွှေကျင် နိကာယ ဥပဥက္ကဋ္ဌ (ဒုတိယ သာသနာပိုင်) မြောင်းမြ ဆရာတော်ဘုရားကြီးသည် လည်း မဟာဂန္ဓာရုံတိုက်မှာ ရှိနေခိုက်ဖြစ်၏။
ထိုကြောင့် ဆရာတော် အရှင်ဇနကာဘိဝံသက “ဆရာတော်ကြီးများကို သံဃာများ ကန်တော့ကြရအောင် ခန်းမကျယ်တဲ့ ကျောင်းတစ်ခုမှာ နေရာပြင်ကြ” ဟူ၍ တပည့်ကြီးများအား အမိန့်ရှိလိုက်သည်။
ထို့ကြောင့် တပည့်ကြီးများက ဆရာတော်ကြီး ၃-ပါး အတွက် ခန်းမအတွင်း ခေါင်းရင်းဘက်မှာ ကုလားထိုင် ၃-လုံး ပြင်ထား၏၊ ပြီးလျှင် သံဃာတော်များ အားလုံးကို တုံးခေါက်စု၍ စုံညီသောအခါ ဆရာတော်ကြီးများကို သွားပြီး ပင့်ကြသည်။
အဘိဓဇမဟာရဋ္ဌဂုရု မစိုးရိမ် ဆရာတော်ဘုရားကြီး၊ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ (ဒုတိယသာသနာပိုင်) မြောင်းမြ ဆရာတော်ဘုရားကြီးနှင့် ဆရာတော် အရှင် ဇနကာဘိဝံသတို့ ကြွလာတော်မူကြသည်။
ခန်းမတွင်းသို့ ရောက်သောအခါ အလယ် ကုလားထိုင်တွင် မစိုးရိမ် ဆရာတော် ဘုရားကြီးက ထိုင်တော်မူ၏။ ပြီးမှ “ထိုင်ကြလေ” ဟူ၍ မိန့်တော်မူယင်း ကျန် ကုလားထိုင် ၂-လုံးကို ညွှန်ပြလျက် ကျန်ဆရာတော် ၂-ပါးအား မိန့်ကြား တော်မူသည်။
ထိုအခါ မြောင်းမြ ဆရာတော်ကြီးက “တပည့်တော်တို့ ဆရာတော်နှင့်အတူ ဘေးချင်း ယှဉ်ပြီး မထိုင်ပါဘူးဘုရား” ဟု လျှောက်ထားကာ မစိုးရိမ် ဆရာတော်ဘုရားကြီး၏ ရှေ့၌ ကြမ်းပြင်ပေါ်တွင် ဒူးတုပ်၍ ထိုင်ချလိုက်၏၊ အလားတူပင် ဆရာတော် အရှင်ဇနကာဘိဝံသကလည်း ခပ်စောင်းစောင်း နေရာ၌ ကြမ်းပြင်ပေါ် တွင် ဒူးတုပ်၍ ထိုင်ချလိုက်လေသည်။ မေ့မရအောင် ကြည်ညိုဖွယ် မြင်ကွင်းပေတကား။
အသားပါလှ ဩဝါဒများ
ဆရာတော်ဘုရားကြီးများ တစ်ပါးအပေါ် တစ်ပါး ရိုသေလေးစားပုံကို မြင်ရသဖြင့် အားရ ကြည်ညိုစရာ ကောင်းလှပါတော့သည်။ သံဃာငယ်များအား အတုယူစရာ နမူနာ ပေးသလိုလည်း ဖြစ်တော့၏။ မစိုးရိမ် ဆရာတော်ဘုရားကြီးနှင့် မြောင်းမြ ဆရာတော်ဘုရားကြီးတို့ ဆိုတာ သက်တော် ရွယ်တော်အားဖြင့် သိပ်ပြီးကွာခြား လှသည် မဟုတ်ချေ။
သို့တစေလည်း တစ်နေ့ တစ်ရက် တစ်နံနက်မျှ အသက်သိက္ခာ ကြီးပစေ၊ ရိုသေရသည်ဟု ပြတော်မူလိုက်ခြင်း ဖြစ်ပေ၏။ ထို့ပြင် ဂိုဏ်းဂဏမရွေး ကျင့်ဝတ်၌ ရိုသေခြင်း ရှိသည်ကိုလည်း သံဃာတော်များအား အတုယူဖွယ် ပြလိုက်ခြင်းလည်း ဖြစ်ပေလိမ့်မည်။
ထို့နောက် သံဃာတော်အားလုံးက ဦး ၃-ကြိမ်ချ၍ ကန်တော့ကြသည်။ ဆရာတော် အရှင်ဇနကာဘိဝံသ က “ဆရာတော်ကြီးဘုရား … ကြုံတုန်း ကြုံခိုက်မှာ ဩဝါဒ ပေးတော်မူပါဘုရား”ဟု လျှောက်ထား၏။ ထို့ကြောင့် မစိုးရိမ် ဆရာတော်ဘုရားကြီး က ဩဝါဒ ပေးတော်မူသည်။
“လူဆိုတာ အလုပ် လုပ်ရတယ်ကွဲ့၊ လူတိုင်း လူတိုင်း အလုပ်လုပ်ရတာချည်းပဲ၊ တို့ ဒီဘုံလောကကြီးက အလုပ်လုပ်ရတဲ့ ဘုံကြီးပဲ၊ အလုပ် မလုပ်တဲ့ သူဟာ အောက်ကျ နောက်ကျ ဖြစ်သွားမယ်၊ တို့ ဒီဘုံကြီးထဲ ရောက်လာသူဟာ ရောက်လာလာချင်း အလုပ်တန်းပြီး လုပ်ကြရတာပဲ၊ ဥပမာ မွေးဖွားလာစ ကလေးသူငယ် ဆိုပါတော့၊ သူလဲ အလုပ် လုပ်ရတာပဲ့၊ ဘယ်လိုလဲဆိုယင် ...
မိခင်ဝမ်းက ကျွတ်လာတဲ့ မွေးဖွားစ ကလေး သူငယ်ဟာ သူ့ဝမ်းဝဖို့အတွက် မိခင် နို့ရည်ကို စို့ရတယ်၊ ဒါလဲ အလုပ်ပဲပေါ့၊ စို့ယူရတဲ့ အလုပ်ပေါ့။ အူဝဲအူဝဲ ငိုနေရုံနဲ့ မပြီးသေးဘူး၊ စို့ယူရတဲ့ အလုပ်ကိုလုပ်မှ သူ့ဝမ်းဝ၍ အဆာပြေမယ်၊ ဒါကို သူ သိတော့ အလုပ်လုပ်ရတယ်၊ မွေးကင်းစ ကလေးတောင် အလုပ်လုပ်ရတယ်ဆိုတော့ မင်းတို့လို ကြီးလာတဲ့သူတွေ၊ အသိဉာဏ် ရှိလာတဲ့သူတွေ ပိုပြီး အလုပ် လုပ်ကြရမှာပေါ့”
တပ်လှန့်နှိုး၍ အားတက်ကြရ
ဆရာတော်ဘုရားကြီး၏ ဩဝါဒသည် ရှင်းလှ၏၊ အသားပါလှ၏၊ ထိမိလှ၏၊ မှန်လည်း မှန်ကန်၏၊ ဤဘုံ လောကကြီးသည် “ဥဋ္ဌာန ဖလူပ ဇီဝီဝေဝ၊ ကမ္မဖလူပ ဇီဝိစ - လုံ့လဝီရိယ အကျိုးကိုလည်း ပို၍ အသက်မွေးရ၊ ရှေးကံ၏ အကျိုးကိုလည်း မှီ၍ အသက်မွေးရ၏” ဟူသော ဗုဒ္ဓရှင်တော်မြတ်၏ တရားတော်နှင့်လည်း ကိုက်ညီလှ၏။ တိတ်ဆိတ် ငြိမ်သက်စွာ နာခံနေသော သံဃာ့ပရိသတ်သည် ကာယိန္ဒြေ အနေအထား အားဖြင့်သာ ငြိမ်သက် နေကြသော်လည်း စိတ်ဓာတ်များ အနေအားဖြင့်ကား (အလုပ်ခွင်များသို့ ရောက်နေကာ) ကိုယ်စီ ကိုယ်င လန်းဆန်း လျက် ကြည်နူးလျက် အားတက်လျက် “ကြိုးစားမယ် အလုပ်လုပ်ကြမယ်” ဟု လှုပ်ရှားလျက် နေကြ ပါလိမ့်မည်။ ဆရာတော် ဘုရားကြီးက တပ်လှန့်လိုက်သလို ဖြစ်တော့၏။ ထို့ပြင် ဆက်လက်၍ ဩဝါဒများ မိန့်မြွက်တော် မူပြန်ပါသေးသည်။
“ဒီခေတ် စာသင် သံဃာများဟာ တို့ခေတ်ကထက် အများကြီး ချမ်းသာကြပါတယ်။ တို့တုန်းကများ မနက်လင်းလာ သင်္ကန်းရုံ၊ သပိတ်ပိုက်၊ ဆွမ်းခံသွား၊ မန္တလေးမြို့ အနောက်ပြင်ကနေ အရှေ့ပြင် အထိများ ရောက်ကြတယ်။ ခရီးဆန့်လိုက်ရင် အဝေး ကြီးပဲ။ အသွားအပြန် ၂-မိုင် ကျော်ကျော်လောက် နေမှာပေါ့။ ဒီတော့မှလဲ တစ်ပါးစာ လုံလောက်အောင် ဆွမ်းရတယ်။ ဟင်းဆိုတာကတော့ ရတယ်လို့ တယ်မရှိလှပါဘူး။
“အဲ .. မှန်မှန်ရတာတစ်ခု ရှိတယ်၊ အဲဒါက ဘာလဲဆိုရင် မြို့ဝန်အိမ်က လောင်းတဲ့ ချဉ်ပေါင်ရွက် ၂-စည်းပဲ။ အဲဒါကတော့ ကိုယ်တော်တိုင်း ရတယ်။ ဘယ်အချိန် သွားသွား၊ နေမြင့်မှသွားသွား ရတယ်။ အများကြီး လုပ်ထားတာကိုး။ နေ့တိုင်း ဒီ ချဉ်ပေါင်ရွက်ချည်း လောင်းတာပဲ။ အစိမ်းအတိုင်း လောင်းတာ။ သူ့အိမ်က အခိုင်း အစေတွေနဲ့ တစ်ထွာ တစ်မိုက်ရှိတဲ့ ချဉ်ပေါင်ပင်တွေကို ၄-၅ ပင် တစ်စည်း၊ ၄-၅ ပင် တစ်စည်း၊ နှီးလျှော်နဲ့ စည်းထားတာ။
“ကိုယ်တော် တစ်ပါးကို ၂-စည်း ၂-စည်း လောင်းတယ်။ အိမ်ရှေ့ စားပွဲကြီးပေါ်မှာ ချဉ်ပေါင် ရွက်ပုံကြီး နည်းတာ မဟုတ်ဘူး။ ဒါ မြို့ဝန်မို့ လောင်းနိုင်တာ။ အဲ့ဒါ ကျောင်းရောက်တော့ တစ်စည်းကို ဆားနဲ့ ဆွမ်းနဲ့ ရောပြီး ကိုက်ကိုက်စားတာပဲ။ ဆားကတော့ ကျောင်းမှာ အသင့် လုပ်ထားရတယ်လေ။ တစ်စည်းကို ချန်ထားတယ်။
“အဲလိုနဲ့ စားပြီးရင် စာတက်သွားကြတာပဲ။ ၁ဝ-နာရီ ခွဲလောက် စာတက်ရာက ပြန်ရောက်မှ ကျန်တဲ့ ဆွမ်းနဲ့ ကျန်တဲ့ တစ်စည်းကို ရောပြီး စားလိုက်ကြပြန်ရော။ ဒါ တစ်နေ့တွက် ပြီးတာပဲ။
“ဟင်းတို့ ဘာတို့က ရခဲပါတယ်။တစ်ခါတလေမှ ဘုံလောင်းနဲ့ တွေ့လို့ ရတတ်ပါရဲ့။ အခုခေတ်များဗျာ ပေါပါ့၊ ဘုံလောင်းတွေလဲ ပေါပါ့။ ချဉ်ပေါင်ဟင်းတို့၊ ပဲပြုတ်တို့၊ နှမ်းပတ်ချဉ်တို့ စားပါလေ့။
“တို့ခေတ်တုန်းက ဒီလို မပေါပါဘူး။ ဒါတောင် ကြိုးစားကြသေးတာ။ ကြိုးစားကြ လို့ ပိဋကတ် တတ်မြောက်ကြတဲ့ ဆရာတော်တွေ အများကြီး ထွက်တယ်။ မင်းတို့ ခေတ်မှာ ပိုပြီး ထွက်ဖို့ ကောင်းတာ။ ဒါကြောင့် အေးအေး စက်စက် မနေကြနဲ့။ ဖျတ်ဖျတ် လတ်လတ် ရှိကြပါ။ သွက်သွက် လက်လက် လန်းလန်း ဆန်းဆန်း ရှိကြပါ။ သာသနာ ဘော်ကြီးအတွက် ကြိုးစားကြ ကြိုးစားကြ”
အောင်မြင်ဖို့ရာ ကြိုးစားရတာချည်းပဲ
အဘိဓဇ မဟာရဋ္ဌဂုရု မစိုးရိမ် ဆရာတော်ဘုရားကြီး မိန့်မြွက်တော်မူနေသည်ကို အနားမှ ရွှေကျင်နိကာယ (ဥပဥက္ကဋ္ဌ) မြောင်းမြဆရာတော် ဘုရားကြီးနှင့် ဆရာတော် အရှင်ဇနကာဘိဝံသ တို့ကား သဘောကျ၍ ပြုံးနေတော်မူကြသည်။
မစိုးရိမ် ဆရာတော်ဘုရား ကြီး၏ ဩဝါဒအပြီးတွင် ဆရာတော် အရှင် ဇနကာဘိဝံသ က သံဃာတော်များဘက်ကိုလှည့်၍ “ဒီဆရာတော်ဘုရားကြီးက အစွမ်းသတ္တိ ရှိတယ်၊ လုံ့လ ဝီရိယလဲ ကြီးမားတော်မူတယ်၊ အလုပ်ကိုလဲ တန်ဖိုးထားတော်မူ တတ်တယ်၊ သံဃာတော်များအပေါ် ဩဇာလဲ ညောင်းတယ်။ ဩဇာညောင်းတယ် ဆိုတာ အဂတိ မလိုက်လို့၊ အရာရာမှာ မျှမျှတတရှိလို့ပေါ့။ ခပ်ရွယ်ရွယ်တုန်း ကဆိုရင် တောင်ဝှေးကြီး တစ်ချောင်းနဲ့ မစိုးရိမ်ကျောင်းတိုက်ကြီး တစ်ခုလုံးကို လှည့်ပတ် အုပ်ချုပ်တော် မူနေခဲ့တာ။
“ဒီလို လုံ့လ ဝီရိယ သတိ သမာဓိ ပညာများ ကြီးမားတော်မူလို့လဲ အလုပ်တွေ အောင်မြင်တော်မူတာပဲ။ တခြား ဂုဏ်ပုဒ်တွေ၊ သာသနာတော်မှာ နေလို လလို ထင်ရှားရအောင် ဖြစ်စေတဲ့ ဂုဏ်ပုဒ်တွေ ဆိုတာကတော့ ပြောလို့ မကုန်နိုင်ပါဘူး။ အဲလို ဆရာတော်ကြီးပါ။ ဒီလို အလုပ်တွေ အောင်မြင်ပြီး အထွတ်အထိပ်သို့ ရောက်ရတယ် ဆိုတာ အရင်းစစ်ရှင် ဆရာတော်ဘုရားကြီး အမိန့်ရှိသလို ကြိုးစား ခဲ့လို့ပါပဲ။ အထွတ်အထိပ် အမြင့်သို့ ရောက်တဲ့သူတိုင်းဟာ ကြိုးစားခဲ့ကြရတာ ချည်းပဲ” စသည်ဖြင့် နိဂုံးချုပ် မိန့်မြွက်ကာ ကန်တော့ခန်းကို ရုပ်သိမ်းလိုက်ပါ လေသည်။
အရှင်ဇနကာဘိဝံသ နှင့် ပရိုဖက်ဆာကြီး
ဒီကနေ့ ဗုဒ္ဓယဉ်ကျေးမှုကို ကျင့်သုံးပြရမယ်
၁၃၂၇-ခု (၁၉၆၅-ခု) နှစ် ထဲက ဖြစ်သည်။ အင်္ဂလန်မှ ပရိုဖက်ဆာကြီး တစ်ယောက် ဂန္ဓာရုံသို့ ရောက်လာခဲ့၏။ ထိုဆရာကြီးသည် အင်္ဂလန်မှာ ထင်ရှားသော ဆရာကြီး (၈) ယောက်တွင် တစ်ယောက် အပါအဝင် ဖြစ်သည်။ ပရိုဖက်ဆာကြီး မရောက်ခင် တစ်ပတ်လောက်က ကြိုတင်၍ အကြောင်းကြားကြ၏။
ဆရာကြီး ရောက်လာတဲ့အခါ ဘာသာရေးဆိုင်ရာ ဆွေးနွေး မေးမြန်းလိုပါကြောင်း၊ ကျောင်းတိုက်သို့ ခေါ်လာပါ မည့်အကြောင်း မန္တလေးမြို့က ဝတ်လုံတော်ရ ဦးသာကြွယ်၊ ဗိုလ်ကြီး ဦးဘဖေ၊ ဦးခင်မောင်ဒွေးနှင့် ဦးစံလှပေါ် တို့က ကြိုတင် လျှောက်ထားနှင့်ကြသည်။ နက်ဖန်လာတော့မည် ဆိုသောအခါ ယနေ့လိုက တစ်ဖန် ထပ်မံ၍ လျှောက်ကြပြန်၏။ ထိုကိစ္စနှင့် ပတ်သက်၍ ဆရာတော်က အောက်ပါ အတိုင်း ထိုနေ့နံနက်ခင်း ဩဝါဒတွင် မိန့်ကြားတော်မူသည်။
“ဒီကနေ့ မနက် (၁၀) နာရီခန့်လောက်မှာ အင်္ဂလန်က ပရိုဖက်ဆာ ဆရာကြီး တစ်ယောက် ဒီ ကျောင်းတိုက်ကို ရောက်လာမယ်-လို့ မနေ့တုန်းက ဒကာတွေ လာလျှောက် သွားကြတယ်၊ မနေ့တုန်းကတင် မကဘူး၊ လွန်ခဲ့တဲ့ တစ်ပတ်လောက် တုန်းက စပြီး ပထမအကြိမ် ကြိုတင် လျှောက်ခဲ့ကြပါသေးတယ်။
အဲဒီတုန်းကပဲ ဘုန်းကြီးက ရောက်လာမယ့် ဆရာကြီးရဲ့ အသက်အရွယ်ကို မေးကြည့်တော့ (၆၀) ပတ်ဝန်းကျင်လောက် ရှိမယ်လို့သိရတယ်၊ ဘုန်းကြီးကလဲ ဒီ အရွယ်ပဲ၊ ဒါနဲ့ ဆရာကြီးနဲ့ တွေ့ရမယ့် အခြေအနေကို ဘုန်းကြီးက မှန်းဆ ကြည့်မိတယ်။
မေတ္တာစစ်စစ် ပို့ခဲ့ပါတယ်
“အင်း ... ဆရာကြီးက အင်္ဂလန်မှာ ထိပ်တန်း ပရိုဖက်ဆာကြီး၊ တက္ကသိုလ် ကျောင်းကြီးတွေက ထွက်လာတဲ့ ပုဂ္ဂိုလ်၊ ငါက ဘုန်းကြီးကျောင်းထွက်ဖြစ်တဲ့ ဘုန်းကြီး ...၊ ဒီတော့ ကမ္ဘာ့ ဗဟုသုတတွေ အပြည့်အဝရှိတဲ့ ဆရာကြီးနဲ့ ငါက “စကားပြောရမှာကြောက်သလား - ရွံ့သလား” လို့ ကိုယ့်ကိုယ်ကို မေးကြည့်မိတယ်။
ဘာကြောက်စရာ ရှိသလဲ၊ ဘာရွံ့စရာ ရှိသလဲ၊ ငါ့မှာလဲ ဗုဒ္ဓမြတ်စွာရဲ့ တရားတော် တွေ၊ ဗဟုသုတတွေ ရှိနေတာပဲ၊ ဗုဒ္ဓမြတ်စွာရဲ့ ယဉ်ကျေးမှုတွေကို အသုံးပြုပြီးတော့ ဆရာကြီးနဲ့တွေ့မယ် - စကားပြောမယ်” လို့ အဖြေထွက်လာပါတယ်၊ အဲဒီကတည်း ကစပြီး ဆရာကြီးကိုမှန်း၍ မေတ္တာစစ်စစ် ပို့လာခဲ့ပါတယ်၊ ကြားရက်တွေမှာလဲ မကြာ မကြာပို့ပါ တယ်၊ အခုလဲ ပို့နေဆဲပါပဲ။
ပြီးတော့ မှာလိုက်ရသေးတယ် … မနေ့တုန်းက လာလျှောက်တဲ့ ဒကာတွေကို၊ ဆရာကြီး လာတဲ့အခါ ထိုင်ဖို့ နေရာကို ဘုန်းကြီးတို့က ခင်းမပေးကောင်းဘူး၊ ဒါကြောင့် ဒကာတို့က အလျင်ရောက်အောင်လာပြီး နေရာကုလားထိုင် ခင်းကြပါ-လို့၊ အဲလို ဘုန်းကြီးဘက်က ကြိုကြို တင်တင် ပြင်ပြင်ဆင်ဆင်နဲ့ အသင့်အနေအထား ရှိပါတယ်၊ အင်း.... ဒီနေ့တော့ ဗုဒ္ဓရှင်တော်မြတ်ရဲ့ ယဉ်ကျေးမှုတွေကို အစွမ်းကုန် ထုတ်ဖော် ကျင့်သုံးပြရမှာပဲ...၊ ဗုဒ္ဓ အကြောင်းကိုလဲ ဖွင့်ဖော်ရမှာပဲ...။
ဗုဒ္ဓမြတ်စွာရဲ့ ယဉ်ကျေးမှုနှင့်
ထို အကြောင်းအရာနှင့် ပတ်သက်၍ နောက်တစ်နေ့နံနက်ခင်း သံဃာတော်များအား ဩဝါဒပေးချိန်တွင် ဆရာတော်က ထပ်မံမိန့်ပြန်၏။ “မနေ့တုန်းက အင်္ဂလန်က ပရိုဖက်ဆာ ဆရာကြီး ရောက်လာပါတယ်၊ မှာထားတဲ့ အတိုင်း ဒကာတွေလဲ ကားပေါ်က ဆင်းယင်ပဲ ဆရာကြီး အလျင် ကြိုတင်လာကြပြီး ကုလားထိုင်၊ ခုံတန်း လျားများ ဆွဲယူ ခင်းကြပါတယ်၊ ဆရာကြီးလဲ မရှေးမနှောင်း ကျောင်းလေးပေါ်ကို ရောက်လာပါတယ်၊ ဘုန်းကြီးနဲ့ ဆရာကြီးတို့က ကုလားထိုင်နဲ့၊ စကားပြန်လုပ်မယ့် ဝတ်လုံတော်ရ ဦးသာကြွယ်ကလဲ ကုလားထိုင်နဲ့ပါပဲ ထိုင်ကြတယ်၊ ပီးတော့ လိုက်ပါ လာကြတဲ့ အင်္ဂလိပ် သံအရာရှိ၊ ကောလိပ် ကျောင်းဆရာများနဲ့ ဦးခင်မောင်ဒွေး၊ ဦးစံလှပေါ် စသူ တို့ကဘော့ ခုံတန်းလျားနဲ့ပေါ့။
ဘုန်းကြီးက သတိထားတယ်၊ ကုလားထိုင်ပေါ် ထိုင်တဲ့အခါ ဘုန်းကြီးရဲ့ ကုလားတိုင် အောက် ခြေထောက်ချပုံ၊ လက်ထားပုံ၊ မျက်နှာထားပုံမှစပြီး အားလုံးကို သတိရှိစေ ပါတယ်၊ ဆရာကြီးကို အရိုအသေ ပေးတာလဲ မဟုတ်၊ မလေးမစားလဲ မဟုတ်တဲ့ ဗုဒ္ဓယဉ်ကျေးမှုအတိုင်းပေါ့။
အားလုံး ထိုင်မိကြတယ်ဆိုယင်ပဲ ဘုန်းကြီးက စပြီး “ဆရာကြီး လာမယ်ဆိုတာ ဒကာများက အကြောင်းကြားထားနှင့်လို့ ဝမ်းမြောက်နေပါတယ်၊ ဆရာကြီးနဲ့ ဘုန်းကြီးဟာ အခုမှ တွေ့ရသော်လဲ ဗုဒ္ဓတရားတော်အရ ရှေးရှေး ဘဝများစွာကလဲ ရင်းရင်းနှီးနှီး တွေ့ခဲ့ကြပြီး ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
ဒါ့ကြောင့် ဘုန်းကြီးကို ယခုမှတွေ့ရပေမယ့် ရှေးရှေးက ရင်းနှီးပြီးသား သိဟောင်း ကျွမ်းဟောင်းလို သဘောထားပြီး မေးလိုတာမှန်သမျှ အားမနာဘဲ မေးပါ၊ အားနာ နေယင် မေးချင်တာတွေ ချန်ထားရလို့ အားမရဘဲ ရှိနေတတ်ပါတယ်” လို့ ပြောလိုက်တယ်။
ပြန်တောင် မပြန်ချင်သေး
ဒီတော့ ဆရာကြီးစိတ်ထဲမှာ ရင်းရင်းနှီးနှီး ဖြစ်သွားပုံပဲ၊ မျက်နှာအနေအထားအရ သိနိုင်ပါတယ်၊ ဒီတွင် ဆရာကြီးက “ကျေးဇူးတင်ပါတယ်” ဟု ပြောပြီး သူ မေးချင်တာတွေ မေးတာပါပဲ၊ မေးတာတွေက ဘာသာရေး ဆိုင်ရာတွေချည်းပါပဲ၊ ဘုန်းကြီးကလည်း ဖြေပါတယ်၊ ဒါတွေက ဘုန်းကြီးတို့အဖို့ ဝန်မလေးပါဘူး၊ ပြောနေကျ ဆိုနေကျ ဖြေနေကျတွေပါပဲ။
သူကမေးလိုက် ဘုန်းကြီးက ဖြေလိုက်၊ ထပ်မေးလိုက် ထပ်ဖြေလိုက်နဲ့ ဘယ်လောက် ကြာသွားတယ်တော့ မပြောတတ်ပါဘူး၊ ဝတ်လုံတော်ရ ဦးသာကြွယ်က “ထမင်းစား ဖိတ်ထားတဲ့နေရာကို သွားဖို့ အချိန်နီးနေပါပြီ” လို့ ပြောမှ ဆရာကြီးက သူ့ လက်ပတ်နာရီကို မြှောက်ကြည့်ပြီး ပြန်တောင် မပြန်ချင်သေးဘူး”လို့ ပြောတယ်၊ သူလဲ အလွန် ကျေနပ်နေတဲ့ပုံပါပဲ။
အဲဒီနောက် ဆရာကြီးက (သူမေးတာကို ဖြေတဲ့သဘော မဟုတ်ဘဲ) “ဆရာတော် ပြောချင်တာကို ၁၀ မိနစ်လောက် ထပ်ပြောပါဦး” လို့ လျှောက်တဲ့အတွက် ဘုန်းကြီး “သက်ရှိသက်မဲ့ အရာဝတ္ထုအားလုံးဟာ အနိစ္စ(မမြဲ)တာချည်းပဲ” ဖြစ်တဲ့အကြောင်း ကို ဝိပဿနာအကျဉ်း ဟောလိုက်တယ်၊ ပြီးတော့ အမြဲတမ်း စိတ်ချမ်းမြေ့မှု ရဖို့အတွက် မေတ္တာပွားဖို့လဲ ဟောလိုက်ပါသေးတယ်။
ဆရာကြီးလဲ စိုက်နားထောင်နေပြီး “ကျေးဇူးတင်ပါတယ်” လို့ ပြောတယ်၊ ပြီးတော့မှ ဘုန်းကြီးကို အလွန်ရိုသေတဲ့ အမူအရာနဲ့ ခွဲခွာကြတယ်၊ ကျောင်းတိုက်ကိုလဲ လှည့်ပတ် ကြည့်ရှု သွားကြလေရဲ့၊ ဒါဟာဆိုရင် ဗုဒ္ဓမြတ်စွာရဲ့ ယဉ်ကျေးမှုကို မူထားပြီး အသုံးပြုလိုက်တဲ့ ကိုယ်မှု နှုတ်မှု စိတ်မှုကြောင့်ပဲပေါ့၊ “ပြန်တောင် မပြန်ချင်သေးဘူး” တဲ့။
နောက်ဘဝတွေမှာတောင် တွေ့ချင်ပါသေး
မေတ္တာကွန်ရက် ဖြန့်ကြက်ပါလျှင်
မေတ္တာဓာတ်ဟူသည် ဘာသာခြားသူကိုရော၊ ဘာသာမဲ့သူကိုရော ပုဂ္ဂိုလ်မရွေး အေးမြစေနိုင်၏။ အပြစ်ကင်း၍ ဖြူဖြူသန့်သန့် ပြန့်တတ်သော သဘော ရှိသည်။ တရားမျှတသော အအေးဓာတ်ဖြင့် ထွေးပတ်နိုင်စွမ်း၏။ ကွန်ရက်လိုလည်း ဖြန့်ကြက် ဖမ်းယူနိုင်သည်။ ဗုဒ္ဓ လက်ထက်တော်တုန်းက (ဝိနယ မဟာဝဂ္ဂပါဠိ၊ - ၃၄၅၊ ရောဇမလ္လဝတ္ထု) အရှင် အာနန္ဒာ၏ သူငယ်ချင်း“ရောဇ” အပေါ် ရှင်တော်ဗုဒ္ဓက ဩဓိသတ္တာ အအေးဓာတ်ဖြင့် ထွေးပတ်လွှမ်းခြုံပြီး ပို့လွှတ်ဖူး၏။
ထိုအခါ ရောဇမှာ (နို့စို့ကလေးက မိခင်ကြီး ပျောက်သဖြင့် တဘူးဘူး တဘဲဘဲ မြည်ရင်း လျှောက်၍ ဒေါင်းတောက်အောင် လိုက်၍ရှာသလို) ကျောင်းတော်သို့ အပြေးအလွှား ရောက်လာပြီးလျှင် “ရှင်တော် ဗုဒ္ဓကို ဖူးပါရစေ၊ ဘယ်မှာ နေပါသလဲ” ဟု မေးမြန်းလျက် အငန်းမရ လိုက်၍ ရှာဖူးသည်။
ဆရာတော် အရှင်ဇနကာဘိဝံသက ဤဝတ္ထုကို သဘောကျ၏။ မေတ္တာဓာတ်၏ စွမ်းအင်ကို ပီပီပြင်ပြင် ဖော်ပြထားသော သာဓကပင်ဖြစ်၏။ သာသနာပြုသူတို့ အတွက် ဤလက်နက်သည် အရေးကြီး၏။ ရှင်တော်ဗုဒ္ဓနှင့် ဗုဒ္ဓ၏ သာဝကများ (အရှင် သုဘူတိကဲ့သို့ မေတ္တာဈာန်ဝင်စားရာ၌ ဧတဒဂ်ရသူများ) အသုံးပြုခဲ့သော လက်နက် လည်း ဖြစ်သည်။ ဤသို့ မမှိတ်မသုန် ယုံကြည်၍ ကိုယ်တိုင်လည်း အသုံးပြုလျက် နေသည်။ ထို့ကြောင့်လည်း ထိုက်သင့် သလောက် အောင်မြင်မှုများ ရပါ၏။
ဘာသာချင်းပင် မတူသော်လည်း
အမရပူရမြို့ တရုတ်တန်းရပ်တွင် ခရစ်ယာန် သာသနာပြု စိန်ပီတာကျောင်းကြီး တစ်ခု ရှိသည်။ မြင့်မားသော အုတ်တံတိုင်းကြီးများဖြင့် ပတ်လျက် ရှိ၏။ အမျိုးသမီး ငယ်များချည်း စုစည်း ထိန်းကျောင်းနေသော ဌာနကြီးပင်ဖြစ်သည်။ စည်းကမ်းလည်း ကြီးမား၍ တင်းလည်း တင်းကျပ်လှသည်ဟူ၏။
ဘာသာချင်းပင် မတူသော်လည်း ထိုကျောင်းကြီးမှ ခရစ်ယာန် ဆရာမကြီးများသည် ဂန္ဓာရုံသို့ မကြာ မကြာ လာ၍ ကျောင်းတိုက်အတွင်း လှည့်ပတ် ကြည့်ရှုတတ်ကြ သည်။ သီလရှင် ဝတ်ရုံကြီးများနှင့် ဆရာမကြီးများသည် အလွန် သိက္ခာရှိကြသည်။ ဆရာတော်ကလည်း ဖော်ဖော် ရွေရွေ ဆက်ဆံ၏၊ “နေထိုင်မကောင်းလျှင် ပြောပါ၊ ဆေးကုပေးပါမည်” ဟု ဆရာဝန်မကြီးများက ဖိတ်မန်သည်။ ဤသို့လျှင် ဘာသာ ဝင်ချင်း မတူကြစေကာမူ မေတ္တာကို အရင်းခံကြသဖြင့် ဆက်ဆံရေး ပြေလည်ကြ၏။
နောက်ပိုင်းတွင် ထိုဆရာမကြီးတို့သည် ဤမြန်မာနိုင်ငံမှာ နေခွင့်မရတော့၍ အမိ နိုင်ငံ ပြင်သစ်ပြည်ကို ပြန်ခါနီးတွင် “နောင်ဘဝ တွေမှာတောင် တွေ့ချင်ပါသေးတယ်” ဟူ၍ ဆရာတော်ထံပါးမှာ ဝမ်းနည်းစကား လာ၍ ပြောသွားကြလေသည်။
အရှင်ဇနကာဘိဝံသနှင့် အီတလီ အမျိုးသမီးကြီး
တစ်ခါတုန်းက အီတလီ အမျိုးသမီးကြီးတစ်ဦး ဂန္ဓာရုံသို့ ရောက်လာဖူးသည်။ သူတို့ နိုင်ငံမှာ (ပီအိပ်ချ်ဒီ) ဘွဲ့ ရပြီးနောက် အင်္ဂလန်က ထိုဘွဲ့မျိုးကို ထပ်မံယူဖို့ ကြိုးစား နေသော အမျိုးသမီး တစ်ယောက်ဖြစ်သည်။ သူမသည် လောကီပညာအနေနှင့် ထိပ်တန်း ရောက်နေသူဖြစ်၏။ သို့သော် ဘာသာရေး အနေနှင့်ကား မည်သည့် ဘာသာကိုမျှ မကိုးကွယ်ခဲ့ချေ။ ဘာသာမဲ့သူ ဖြစ်သည်။
မြန်မာနိုင်ငံ မန္တလေးသို့ ရောက်လာ၍ ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ) က ဂန္ဓာရုံသို့ ခေါ်လာသည်။ ဂန္ဓာရုံမှာ ရှိနှင့်နေသော (အမ်အေ) ဘွဲ့ယူဖို့ စာတမ်း ပြုစုနေသည့် (ဗုဒ္ဓဘာသာ ဂျာမဏီ အမျိုးသမီး မဥမ္မာ) နှင့် တွေ့ကြ၏။
ထိုအခါ သူလဲ အချိန်ရသလောက် ဆရာတော် အနားမှာနေပြီး “ဘာသာရေးကို မေးချင်တယ်” ဟု ဆိုသည်။ အခွင့်ပြုသောအခါ ၃ ရက်လောက် နေသွား၏။ သူတို့ ၂ ယောက်သည် ဆရာတော့်ထံသို့ အချိန်ရသလောက် မကြာမကြာ လာ၍ ဘာသာရေး ဆိုင်ရာတို့ကို မေးကြသည်။ မဥမ္မာက စကားပြန် လုပ်ရသည်။
အီတလီ အမျိုးသမီးသည် စေ့စပ်၏၊ သေချာ၏၊ ဇွဲကောင်း၏၊ သူ နားမလည်လျှင် ထပ်၍ ထပ်၍ မေးသည်။ ထိုအခါ ဆရာတော်က စိတ်ရှည်ရှည်ထား၍ နားလည် လောက်အောင် ဥပမာ ဥပမေယျတို့ဖြင့် ပြောပြရ၏။ နောက်ဆုံးတွင် ဆရာတော်၏ အဖြေများသည် သူမ၏ဘဝ သူမ၏ အမြင်ကို ကြည်ကြည်လင်လင်၊ ပီပီပြင်ပြင် ပြောင်းလဲ သွားစေတော့၏။
အမြင်တစ်မျိုး ပြောင်းခဲ့ပြီ
ထို့ကြောင့် သူမက ပြောပြသည်မှာ “ဟိုတုန်းက (ပရလောက) နောက်ဘဝ မရှိဘူးလို့ ထင်ခဲ့တာ၊ အခု အမြင်တစ်မျိုး ပြောင်းသွားပြီ၊ နောက်ဘဝ ရှိတယ်လို့ လေးလေး ပင်ပင် ယုံကြည်လာပြီဟု ပြောတော့၏။
ထို့နောက် ဆရာတော်ကို ကြည်ညိုလှ၍ ဓာတ်ပုံ အမျိုးမျိုး ရိုက်ယူ၏၊ ကျေးဇူးတင် စကား များစွာ ပြောကြား၏။ လေးစားမှုလည်း ပိုလာသည်။ ပြန်ခါနီးတွင် “ယခု ဘဝမှာတော့ အခက်အခဲအမျိုးမျိုးကြောင့် ပြန်တွေ့ကောင်းမှ တွေ့ရတော့မယ်၊ နောင် ဘဝတွေမှာတော့ ပြန်တွေ့ချင်ပါ သေးတယ်” ဟု အားငယ်စွာ လျှောက်ထား သွားလေသည်။
ဤသည်တို့ကား ဖြူစင်သန့်ပြန့်သော မေတ္တာဓာတ်၏ ရောင်ပြန်ဟပ်မှုတို့ပင် ဖြစ်ကြ၏။ ထို့ကြောင့်ပင် “မေတ္တာဓာတ်ဟူသည် ဘာသာခြားသူကိုရော၊ ဘာသာမဲ့ သူကိုရော ပုဂ္ဂိုလ်မရွေး အေးမြစေနိုင်၏’ ဟု ဆိုခဲ့ခြင်း ဖြစ်သည်။
အရှင်ဇနကာဘိဝံသနှင့် ဦးနေဝင်း
မေတ္တာရှေ့ထား ဆောင်ရွက်ပါ
ဥက္ကဋ္ဌကြီး ဦးနေဝင်း (အငြိမ်းစား) (ထိုစဉ်က ဗိုလ်ချုပ်ကြီးနေဝင်း) သည် -
- ၁၃၂၈-ခု၊ တပို့တွဲလဆုတ် ၁-ရက် (၂၅-၂-၁၉၆၇) နေ့က တစ်ကြိမ်၊
- ၁၃၂၉-ခု၊ သီတင်းကျွတ် လဆန်း ၁၃-ရက် (၁၆-၁၀-၁၉၆၇) နေ့က တစ်ကြိမ်၊
- ၁၃၂၉-ခု၊ နတ်တော်လဆန်း ၁၃-ရက် (၁၄-၁၂-၁၉၆၇) နေ့က တစ်ကြိမ်၊
(ပေါင်း ၃ကြိမ်) အမရပူရ ဂန္ဓာရုံကျောင်းတိုက် ဆရာတော်ထံသို့ ရောက်ဖူး၏။ ဦးနေဝင်းသည် နိုင်ငံခေါင်းဆောင် ဖြစ်နေသည့် အလျောက် တာဝန်ရှိသည် အားလျော်စွာ မိမိတို့ နိုင်ငံအတွက် လူမှုရေး စီးပွားရေး - ပညာရေး - နိုင်ငံရေးတို့နှင့် ပတ်သက်၍ ဘက်စုံအောင် ဆွေးနွေး တိုင်ပင်ကြကာ ဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးစား နေချိန်ဖြစ်သည်။ တစ်ဘက်မှလည်း စာရိတ္တ ယဉ်ကျေးမှုအတွက် မျက်ခြည်ပြတ် မသွားအောင် စဉ်းစားနေရသော အချိန်ဖြစ်သည်။
ထိုအခိုက်၌ ဦးနေဝင်းသည် လုပ်ဖော်ကိုင်ဘက် ရဲဘော်များနှင့်အတူ အမရပူရ ဂန္ဓာရုံသို့ ရောက်လာခဲ့၏။ ဆရာတော်အား လေးစားစွာ ကန်တော့ကြသည်။ အာလာပ သလ္လာပ ပြောဆိုကြ၏။ ဆရာတော်က ဦးနေဝင်းအား `တိုင်းပြည်အတွက် အလုပ်လုပ်ရာတွင် အရာရာ၌ မေတ္တာ ရှေ့ထား၍ ဆောင်ရွက်ပါ' ဟု မှာကြား၏။
အုပ်ချုပ်ရာ၌လည်း ရှေးသူတော်ကောင်း ဘုရားလောင်းတို့၏ ထုံးဟောင်းတို့ကို သာဓကပြု၍ မချွတ်ချော်ရအောင် ကွပ်ကဲပုံ၊ ယဉ်ကျေးမှု၊ စာရိတ္တများ မပျက်ပြား အောင် ထိန်းသိမ်းပုံတို့ကိုလည်း ဟောပြတော်မူ၏။
ဘုန်းကြီး ကိုယ်တိုင်လည်း ယခု ဤကျောင်းတိုက်၌ သာသနာတော်၏ ယဉ်ကျေးမှု ဝိနည်း ကိုယ်ကျင့် စာရိတ္တ မြင့်မားအောင် ကြိုးစားနေကြောင်း မိန့်တော်မူရာ ဦးနေဝင်းကလည်း သူ့အတွေ့အကြုံကို ပြန်လည် လျှောက်ထား၏။
သူ ငယ်ငယ်က မြင်ခဲ့ရ ဝတ္ထုခဲ့ရသော သာသနာရေး အခြေအနေ၊ ဝိနည်း လေးစားသော ဆရာတော်ကြီးများ၊ ထိုဆရာတော်ကြီးများနှင့် လက်ပွန်းတတီး ရင်းနှီးစွာ နေခဲ့ရပုံ၊ ဆည်းကပ်ခဲ့ရပုံတို့ကို လျှောက်ထားသည်။
ရှိသမျှနှင့် ကျေနပ်သူ
ဒုတိယ အခေါက်တွင် -
- ဦးနေဝင်း၊ ဇနီး ဒေါ်ခင်မေသန်းနှင့်သားသမီးများ၊
- ဗိုလ်မှူးကြီးကျော်စိုး(အငြိမ်းစား) (သာသနာရေး)၊
- ဗိုလ်မှူးကြီး သန်းစိန် (အငြိမ်းစား) (လမ်းပန်းဆက်သွယ်ရေး)၊
- ဗိုလ်မှူးကြီး သောင်းကြည် (အငြိမ်းစား) (လယ်ယာစိုက်ပျိုးရေး)၊
- ဗိုလ်မှူးကြီး ချစ်ခင် (လေ) (အငြိမ်းစား)၊
- ဗိုလ်မှူးကြီး စိန်မြ (အနောက်မြောက်တိုင်း တာဝန်ခံ) (အငြိမ်းစား)၊
- ဗိုလ်မှူးကြီးဗန်ကူး (စစ်ကိုင်းတိုင်း တာဝန်ခံ) (အငြိမ်းစား)၊
- ဦးဘငြိမ်း (စီးပွားရေး အကြံပေး) တို့ ဖြစ်ကြ၏။
ဦးနေဝင်း မိသားစုက သံဃာ ၁၅-ပါးစာ ဆွမ်း ဆွမ်းဟင်းနှင့် မုန့်ပဲသွားရည်စာများ လှူဒါန်းကြသည်။ ဤဘစ်ခေါက်တွင်လည်း ဦးနေဝင်းနှင့်ဆရာတာ် တို့သည် ဘာသာ စာရိတ္တ ယဉ်ကျေးမှု အကြောင်းတို့ကိုပင် ပြောဆို ဆွေးနွေးကြ၏။ ဆရာတော်က ရှေး သူတော်ကောင်းတို့လည်း ပညာပါရမီ ဆည်းပူးကြရင်း တိုင်းပြည် အုပ်ချုပ်ပုံ တို့ကို ဟောပြသည်။
ပြန်ခါနီးတွင် ဦးနေဝင်းက “ဘာများအလိုရှိပါသလဲ ဘုရား” ဟု လျှောက်ထား မေးမြန်းရာ ဆရာတော်က “ရှိသမျှကလေးနဲ့ ကျေနပ်တတ်တဲ့ ဘုန်းကြီးဆိုတော့ မလိုပါဘူးလေ” ဟူ၍ ပြန်လည် မိန့်ကြားသည်။
မှတ်ချက်
ဆရာတော်၏ အဖြေစကားကို သေသေချာချာ စဉ်းစားလျှင် “ပြည့်စုံနေပြီ” လို့ မဆိုပါ။ “မလိုချင်တော့ပါဘူး” ဟူ၍လည်း တူးတူးခါးခါး မပယ်မြစ်ပါ။ “ရှိသမျှ ကလေးနဲ့ ကျေနပ်တတ်တဲ့ သူ့အလေ့” ကိုသာ ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။ အခွင့်အရေးကို တောင်းသည်လည်း မဟုတ်၊ လှူလာလျှင်လည်း ငြင်းမည့် အဓိပ္ပာယ် မျိုးကို မဆောင်ပါ။
စင်စစ်သော်ကား တပည့်သံဃာများ (၂၀၀)ကျော် လောက်နှင့် ဆရာတော်မှာ ဆွမ်း, သင်္ကန်း ကျောင်း ဆေး ပစ္စည်းလေးပါး မမျှမတ မပြည့်မစုံ အခြေအနေတွင် ရှိပါသည်။ သို့တစေလည်း “အခွင့်အရေး ပေါ်လာတုန်း လက်မလွတ်တမ်း ဖမ်းလိုက်မည်” ဟူသော ဝါဒ ဘယ်သောအခါကမျှ မရှိခဲ့သော ဆရာတော်တစ်ပါး ဖြစ်ပေ၏။
လွှာဖိနပ်ကလေးတစ်ရံ
တောင်းရန်ဝန်လေး
ဆရာတော်က စာချရင်းသော် လည်းကောင်း၊ နံနက်ခင်း ဩဝါဒ ပေးရာ၌သော် လည်းကောင်း အကြောင်း စပ်လာတိုင်း ရှေးသူတော်ကောင်းတို့၏ အတောင်းအရမ်း ချုပ်တည်းပုံကို ပုံပြင်လို ပြောပြောပြတတ်၏။
ရှေးတုန်းက (ငါးရာငါးဆယ်ဇာတ်၊ဋ္ဌ၊ စတုတ္ထ၊ ဗြဟ္မဒတ္တဇာတ် ၇၂။) ဘုရားလောင်း ရသေ့ကြီးဟာ ဟိမဝန္တာမှာ နေပြီး သစ်သီး သစ်ရွက်ကို စားသောက်နေသည်။ မိုးလအခါနီးတော့ ချဉ်တို့ဆားတို့ မှီဝဲဖို့ရာ မြို့ရွာအနီးသို့ ချဉ်းကပ်လာတတ်၏။ ဘုရင့် ဥယျာဉ်၌ မိုးလေးလပတ်လုံး နေသည်။
ဘုရင်ကြီးက ကြည်ညိုလှ၍ ဆွမ်း ကွမ်း အမြဲပြုစု၏။ မိုးကျွတ်၍ ဟိမဝန္တာသို့ ပြန်ခါနီးလျှင် မင်းကြီးက “ဘာများ အလိုရှိပါသလဲ ဘုရား၊ အမိန့်ရှိတော်မူပါ” ဟု လျှောက်တတ်သည်။ တောထဲတွင် စားသောက်နေထိုင်ရေး ချမ်းချမ်းသာသာဖြစ်ရန် စီမံပေးလို၍ လျှောက်ခြင်း ဖြစ်၏။
ရသေ့ကြီးက တစ်စုံတစ်ခု အမိန့်ရှိမည့်ဟန်မျိုးကို ဖော်ပြ၍ ပါးစပ်ကို ပြင်၏။ “မိန့်တော်မူပါဘုရား”ဟု လျှောက်ထား၍ ငံ့လင့်နေစဉ်တွင် “မပြောတော့ပါဘူး မင်းကြီးရာ” ဟုဆိုကာ ဟိမဝန္တာသို့ ပြန်သွားလေသည်။
နောက်တစ်နှစ် မိုးကျခါနီးတွင် မြို့ရွာအနီးသို့ ရောက်လာပြန်၏။ တစ်မိုးတွင်းလုံး ပြုစုနေပြီးနောက် ပြန်ခါနီးတွင် “ဘာများ အလိုရှိပါသလဲဘုရား” ဟု မင်းကြီးက လျှောက်ပြန်သည်။ တစ်စုံတစ်ခု မိန့်မည် ပြုပြီးမှ “မပြောတော့ပါဘူး မင်းကြီးရာ” ဟု ဆိုကာ ဟိမဝန္တာသို့ ပြန်သွားလေသည်။
ထို့နောက် တစ်နှစ် ပြန်ခါနီးတွင်လည်း မင်းကြီးက လျှောက်ပြန်၏။ အနားက လူတွေ ရှေ့မှာ ပြောရမှာ ရှက်သလိုဖြစ်နေသည့် အခြေအနေကို အကဲခတ်မိသော မင်းကြီး လူတွေကို တော်ရာ၌ သွား၍ ဖယ်ရှားနေကြရန် အမိန့်ပေးသည်။ လူသူလေးပါး ရှင်းသောအခါမှ “မိန့်ဘော်မူပါဘုရား”ဟု လျှောက်ထားပြန်ရာ မိန့်မည်ကဲ့သို့ ပြုပြီးမှ “မပြောတော့ပါဘူး မင်းကြီးရာ” ဟု ဆိုကာ ပြန်သွားပြန်လေသည်။
ထို့နောက် တစ်ဖန် စတုတ္ထနှစ် ပြန်ခါနီးတွင်ကား ဘုရင်ကြီးက စဉ်းစားမိ၏။ “ယမန်နှစ်က လူတွေရှေ့မှာ မပြောဝံ့တာကိုထောက်လျှင် ဧကန္တ မိဖုရားကြီးကို လိုချင်တာ ဖြစ်မည်၊ အကယ်၍ မိဖုရားကြီးကို အလိုရှိလျှင်လည်း လှူမည် ဟု ဆုံးဖြတ်ကာ “အရှင်ဘုရား၊ မိဖုရားကြီးကို အလိုရှိလျှင်လဲ လှူပါမည်” ဟု လျှောက်တော့၏။ “မဟုတ်သေးပါဘူး မင်းကြီးရာ” ဟု ပြောကာ ပြန်သွား ပြန်လေသည်။
ပဉ္စမနှစ်တွင်ကား “တိုင်းပြည် တစ်ဝက် လှူပါမည်” ဟု လျှောက်၏။ လက်မခံ၊ မမိန့်မြွက်ဘဲ ပြန်သွားသည်။
ဆဋ္ဌမနှစ်တွင် “တစ်ဝက်တည်းဖြစ်၍ နည်းလို့ လက်မခံခြင်းဖြစ်မည်၊ အကုန် လှူမည်” ဟု ဆုံးဖြတ်ကာ “အရှင်ဘုရား၊ တစ်တိုင်းပြည်လုံး ပေးလှူပါမည်” ဟု လျှောက်ပြန်သည်။ သို့တစေလည်း မမိန့်မြွက်၊ လည်ချောင်းမှ စကားလုံးတွေ မထွက် သလိုဖြစ်ကာ ပြန်သွားပြန်လေသည်။
သတ္တမနှစ် ပြန်ခါနီးတွင်ကား ဘုရင်ကြီးက “ဒီနှစ်တော့ အလိုရှိတာကို မပြောလျှင် အရှင်ဘုရား မပြန်ရဘူး၊ ပြောရမယ်၊ တပည့်တော်ရဲ့ တိုင်းပြည် တစ်ခုလုံးမက တစ်ခြား တိုင်းပြည်တွေကိုပါ ရချင်တယ်ဆိုရင်တောင် တပည့်တော် တိုက်ခိုက် သိမ်းပိုက်ပေးမယ်၊ ဒီနှစ်တော့ ပြောကိုပြောရမယ် ဘုရား”ဟု အကြပ်ကိုင်တော့၏။
ထိုအခါ ရသေ့ကြီးက လူသူလေးပါးကို အရှင်းခိုင်းပြန်သည်။ လူတွေအကုန်ရှင်း၍ ဘုရင်ကြီးနှင့် ရသေ့ကြီး ၂-ဦးတည်း ရှိသောအခါမှ သူအလိုရှိသော ဆန္ဒကို ဖွင့်ဟပါတော့သည်။ သူ့ဆန္ဒကား “လွှာဖိနပ်ကလေး တစ်ရံလောက် လှူပါ” ဟူ၍ ဖြစ်သတည်း။
တောင်းတတ်သူနှင့် မပေးသူ
ရသေ့ကြီးမှာ ဟိမဝန္တာ တောင်တန်း တစ်လျှောက်တွင် သစ်သီးသစ်ရွက် အဆွတ် အခူး လှည့်လည်သောအခါ ခြေဖဝါးများ နာလွန်း၍၊ ဆူးငြောင့်ခလုတ်များ တွေ့တတ် လွန်း၍ သားရေဖြင့် ပြုလုပ်တတ်သော (တစ်လွှာသာ ရှိသော) အညံ့စား ဖိနပ် ကလေးမျိုးကို အလိုရှိနေခြင်း ဖြစ်လေသည်။ သို့ရာတွင် သူတစ်ပါးထံ တောင်းရမ်း ဖို့ရန် ဝန်လေး၍ ဤမျှ ဖင့်နှေးနေခြင်း ဖြစ်သတတ်။
ဆရာတော်က ဇာတ်တော်လာ ဤဝတ္ထုကြောင်းကလေးကို မကြာမကြာ ပြောပြ တတ်၍ ဒကာ ဒကာမများထံ အတောင်း အရမ်း မထူဖို့ တပည့်တို့အား ဆုံးမတတ် လေသည်။ ဤရသေ့ကြီးကို အတုယူဖို့ရန် နမူနာ ပြတော်မူတတ်၏။ ဘာကြောင့်နည်း၊ တောင်းတတ်သူသည် ငိုတဲ့သူနှင့် တူ၍၊ မပေးသူ သည်လည်း ပြန်၍ငိုတဲ့သူနဲ့ တူသောကြောင့် ဖြစ်လေသည်။
တောင်းတတ်သူ
တောင်းတတ်သူသည်၊ ငိုသောမည်၏။
မကြည်မဖြူ ၊ မပေးသူလည်း၊
ထို့တူခေါ်လေ့၊ ပြန်၍ငိုသည်၊
သူပင်မည်၏။
စိတ်ကြည်မနူး၊ နှစ်ဦးနှစ်ဝ၊
တူအမျှပင်၊ ဒေါသမလွတ်၊
ဖြစ်သတတ်ကြောင့်၊
သူမြတ်သူလျာ၊ သူတော်စွာတို့၊
ဗာရာပြည့်ရှင်၊ ဒကာစင်လျက်၊
လက်တွင်ကိုင်ယူ၊ တောသလူရွက်၊
ထီးတစ်လက်နှင့်၊
သက်သက်တစ်ထပ်၊ လွှာဖိနပ်မျှ၊
လိုအပ်လျက်ကဲ့၊ ခံတွင်းမဲ့သို့၊
ဆယ့်နှစ်နှစ်ကျော်၊ တိုင်အောင်သော်လည်း၊
နှုတ်တော်မလှစ်၊ မတောင်းဖြစ်တည့်။
(မန်လည်ဆရာတော်၏ မဃဒေဝ)
အချို့ဒကာ-ဒကာမများက “ပစ္စည်းလေးပါး အလိုရှိသောအခါ တောင်းတော်မူပါ ဘုရား” ဟု ဖိတ်မန်ထားကြသော်လည်း မိမိအလိုရှိသော အခိုက်၌ သူတို့မှာ အဆင်ပြေမှု ရှိ-မရှိ သိနိုင်၊ ကြည်ကြည်ဖြူဖြူ ဖြစ်-မဖြစ် မသိနိုင်၊ အလွန် သတိ ထားရမည်ဖြစ်၏၊ မိမိက အလိုရှိ၍ တောင်းရမ်းခိုက်တွင် အချို့မှာ လင်မယားချင်း ရန်ဖြစ်ထားသဖြင့် စိတ်မကြည်မသာ ဖြစ်နေချိန်နှင့် ကြုံလျှင် ဒုက္ခနှင့် မဆုံရပေလော။
ဒါတွေကြောင့် အထင်သေးခံရ
တစ်နေရာတွင် ဒကာတစ်ဦးက “ကား အလိုရှိသောအခါ တောင်းတော်မူပါဘုရား”ဟု ကြည်ညို သဒ္ဓါတရားပွားချိန်က ဖိတ်မန်ထားခဲ့၏၊ တစ်နေ့တွင် အဖိတ်ခံရသော ဆရာတော်က ကျောင်းသားလေးမှတစ်ဆင့် ကား အလိုရှိကြောင်း သွား၍ အပြော ခိုင်းသောအခါ “ ဘုန်းကြီးတွေက တယ်—ခက်သကိုး၊ အလိုက်မသိ အခြေအနေ မသိ၊ သူတို့ လိုချင်တာပဲ သိတယ်”ဟု ညည်းတွားလေသတတ်။
ဤကဲ့သို့သော အဖြစ်အပျက် ကလေးမျိုးကို ပြောပြော ပြ၍ ဆရာတော်က “ ဒီနည်း ဒီပုံတွေကြောင့် တို့သာသနာ အထင်သေး ခံနေရတာပဲ၊ မင်းတို့တွေ ဆင်ခြင်ပါ၊ သာသနာကို အထင်သေးစရာဖြစ်အောင် မလုပ်ကြပါနဲ့၊ သာသနာတော်ကြီးက မြင့်မြတ်ပါတယ်၊ ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေက ဟန်မကျလို့ အထင်သေး ခံနေကြရတာပါ။
ဆဋ္ဌသင်္ဂါယနာ ခေတ်တုန်းကလဲ ဆရာတော်ကြီးတွေ တချို့ဟာ ကိုယ့်တပည့် ရဟန်းလူထွက်ကလေးတွေ အလုပ်ရအောင်လို့တဲ့၊ လူရုံးတွေမှာ အရာရှိ ဒကာ တွေရဲ့ စားပွဲရှေ့မှာ သွားပြီး အသနားခံ ကူပြီး မေတ္တာရပ်ခံ ပေးကြသတဲ့၊
ဒီတော့ အရာရှိတွေက “ ဆရာတော်ကြီးတွေကလဲ ကိုယ့်သိက္ခာ ကိုယ့်သမာဓိနဲ့ ဣန္ဒြေရရ နေကြတာ မဟုတ်ဘဲကိုး” လို့ ညည်းကြသတဲ့၊ အဲဒီအရာရှိတွေက ပြန်လျှောက်လို့ သိရတယ်၊ ကဲ ... ဘယ်လောက် အရုပ်ဆိုးကြသလဲလို့၊ ဘုရား မျက်နှာကိုမှ မထောက်၊ ဤသို့ စသည်ဖြင့် ပြောပြကာ တောင်းရမ်းမှု အရေး၌ ဝေးဝေးက ရှောင်ရန် ဆရာတော်က ဩဝါဒ ပေးတတ်လေသည်။
ဗြဟ္မစိုရ်တရား ထွန်းကားရေး ဩဝါဒ
တစ်ဦးနှင့်တစ်ဦး စာနာတတ်ဖို့
တတိယ အခေါက်တွင် -
- ဦးနေဝင်း၊ ဇနီး ဒေါ်ခင်မေသန်း၊
- ဗိုလ်မှူးကြီးသန်းစိန် (အငြိမ်းစား၊ လမ်းပန်းဆက်သွယ်ရေး)၊
- ဗိုလ်မှူးကြီးသောင်းကြည် (အငြိမ်းစား၊ လယ်ယာစိုက်ပျိုးရေး)၊
- ဗိုလ်မှူးကြီး မောင်ရွှေ (အငြိမ်းစား၊ စက်မှုလက်မှု) တို့ ပါကြ၏။
ဦးနေဝင်းတို့ မိသားစုက သံဃာ(၁၅)ပါးစာ ဆွမ်း၊ ဆွမ်းဟင်းများ၊ မုန့်သေတ္တာများနှင့် ကျောက်ရေစစ် ၃-လုံးကို လှူဒါန်းသည်။ ထိုအခါ ဆရာတော်က “ယခုလို ဆွမ်း(၁၅) ပါးစာ လှူမည့်အစား ကျောင်းမှာရှိတဲ့ သံဃာ (၂၀၀) လုံးကို ဝေခြမ်းလို့ရတဲ့ အရာမျိုး၊ ဥပမာ- ပဲလှော်တို့လို အရာမျိုးဆိုယင် ပို၍ ကောင်းတယ်၊ ကုန်ကျစရိတ်လဲ ဒါပဲ၊ ဒီထက်မပိုစေနဲ့၊ အားလုံးဝေလို့-ခြမ်းလို့ရတယ်”ဟု မိန့်တော်မူရာ ဦးနေဝင်းက အလွန်သဘောကျ၏။
“ဟုတ်တယ်ဘုရား၊ တပည့်တော်တို့ တပ်ထဲမှာလဲ ဒီလိုပဲ ရဲဘော်တွေဟာ ကောင်းတာ ဆိုးတာ အသာထား၊ ရှိသမျှကို ဝေဝေ မျှမျှ - ဘုံဘုံ ပြားပြား ခွဲဝေ စားကြရတာ အလွန် စိတ်ချမ်းသာတယ်၊ သွေးစည်းမှုလဲ ရှိတယ်ဘုရား” ဟု ထောက်ခံ လျှောက်ထားသည်။
ထို့နောက်လည်း ထို အာလာပ သလ္လာပ (အပြန်အလှန်) ဝမ်းမြောက် ဝမ်းသာ ရင်းရင်းနှီးနှီး ပြောဆို လျှောက်ထားကြ၏။ လာခဲ့သော အကြိမ်မှာ (၃) ခေါက်မျှပင် ရှိပြီ ဖြစ်၍ ရင်းနှီးသော အဆင့်သို့ ရောက်လေပြီ။
ထို့နောက် ဆရာတော်က “လူတွေဟာ အားလုံးလိုလိုပဲ ထို ဗြဟ္မစိုရ်တရား ခေါင်းပါး လွန်းနေကြတယ်၊ (မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ) ဆိုတဲ့ အဲဒီ ဗြဟ္မစိုရ် တရားတွေ ထွန်းကားအောင် လုပ်နိုင်မှ ကောင်းကြမှာပဲ” ဟု မိန့်မြွက်တော်မူပြီးလျှင် ရှေးက သူတော်ကောင်းတို့ ကျင့်သုံးခဲ့တဲ့ (ဒုမ္မေဓ) ဇာတ်ကို ဟောပြတော်မူသည်။
စိတ်ဝင်စားဖွယ် ဒုမ္မေဓဇာတ်တော်
ရာဇပရိယာယ် တန်ဆာခြယ်၍
ရှေးတုန်းက (ဧကနိပါတ်ဇာတ်ပါဠိ၊ နှာ-၁၂၊ အဋ္ဌကထာ-၂၇၆။) ဗြဟ္မဒတ်မင်းကြီး လက်ထက်မှာ တိုင်းသူပြည်သားတွေက ဗလိနတ်စာ ပူဇော်တဲ့အလေ့ ပြုလုပ်ခဲ့ကြ ထွန်းကားခဲ့ကြတယ်၊ ဆိတ်-သိုး-ကြက်-ဝက်-ဘဲ ငှက် စတဲ့ အကောင်အလှောင်ကို သတ်ပြီး (သွေးရဲရဲ သံရဲရဲနှင့်) နတ်ပူဇော်လေ့ ရှိကြတယ်။ ဒါကို အိမ်ရှေ့မင်း ဥပရာဇာဘုရားလောင်းက အဲဒီအကြောင်းတွေကို မြင်နေရ သိနေရလို့ အလွန်အကဲ စိတ်မချမ်းမသာ ဖြစ်နေရသတဲ့၊ “လူတွေဟာ အကုသိုလ် ဒုစရိုက်နယ်အတွင်း သက်ဆင်းဝင် ရောက်နေကြပါတကား၊ ငါအထွတ် အထိပ်ရောက်မှ ပြုပြင် ရချေတော့မည်” လို့ အောက်မေ့ထားသတဲ့။
အဲဒီနောက် အိမ်ရှေ့ဥပရာဇာဟာ တစ်နေ့တွင် မြို့ပြင် ထွက်ပြီး သစ်ပင်ကြီးတစ်ခုကို ချဉ်းကပ်၊ ရေစင်သွန်းဖျန်း၊ ပန်းတို့ဖြင့် ပူဇော်၊ ပါးစပ်ကလဲ တိုးတိုး တိုးတိုးနဲ့ ဆုလဲ တောင်းသတဲ့၊ ဒီနည်းအတိုင်း မကြာမကြာ မြို့ပြင်ထွက်၊ သစ်ပင်ကြီးကို သွားသွား ပူဇော်သတဲ့၊ ထို့နောက် ဘုရင်ကြီး သက်တော်ကြီးလို့ နတ်ရွာစံတဲ့ အခါ ထီးနန်းကို ရတယ်။
ထီးနန်းရလို့ မင်းဖြစ်တယ် ဆိုယင်ပဲ အမတ်ကြီးများ၊ မင်းဆရာပုဏ္ဏားများ၊ သူဌေးသူကြွယ်များကို နန်းရင်ပြင်သို့ စုရုံးခေါ်ပြီး ပြောသတဲ့၊ “အကျွန်ုပ် အခုလို မင်းအဖြစ်သို့ ရောက်ရတာဟာ မြို့ပြင်ဘက်က သစ်ပင်ကြီးကို ပူဇော်လို့ ရုက္ခစိုး နတ်ကြီးက မ,စလို့ ဖြစ်ရတာ၊ မင်းဖြစ်ယင် လူပေါင်း တစ်ထောင်ရဲ့ နှလုံးသားဖြင့် ပူဇော်ပါမယ်-လို့ ကတိခံခဲ့တာ၊ အခု ပူဇော်ရတော့မယ်၊ စီစဉ်ပေးကြ” ဟု အမိန့် ချသတဲ့။
“ဘယ်လို စီစဉ်ရပါမလဲ”လို့ ပြန်ပြီး သံတော်ဦးတင်တော့ “ကျွန်ုပ်ရဲ့ တိုင်းပြည်မှာ ၅-ပါးသီလ မလုံတဲ့သူတွေ၊ မေတ္တာ-ကရုဏာ ခေါင်းပါး ဒုစရိုက် အကုသိုလ်များတဲ့ သူတွေ ဖမ်းစေ၊ အဲလို ပုဂ္ဂိုလ်မျိုး၏ နှလုံးသားဖြင့် ပူဇော်မည်၊ အဲလို ပုဂ္ဂိုလ်မျိုးတွေ အိမ်ပြင် ထွက်ခဲ့ကြ” လို့ တိုင်း ပြည်အတွင်း စည်လည် ခိုင်းသတဲ့၊ စည်လည်တော့ ဘယ်ထွက်ကြမှာလဲ၊ ကုပ်နေကြတာပေါ့။
အဲဒီ အချိန်ကစပြီး တစ်တိုင်းပြည်လုံး ၅-ပါးသီလတွေ လုံလိုက်ကြတာ မပြောနဲ့တော့ ဖမ်းတော့မှာကိုး၊ ဒုစရိုက်တွေ ရှောင်ရှားကြလို့ အကုသိုလ်တွေ တိတ်ဆိတ် သွားပြီး အားလုံး ချမ်းမြေ့ကုန်ကြရပါသတဲ့။ အဲ့ဒီ အချိန်ကစပြီး တစ်တိုင်းပြည်လုံး ကိုယ်ကျင့် သီလတွေနဲ့ ကိုယ်စီထိန်းကြလို့ အားလုံးပဲ သုဂတိဘဝကို ရကြသတဲ့။
“ရှေးက ပညာရှိတွေဟာ အဲလိုပဲ ပရိယာယ်နဲ့ တိုင်းပြည်ကို ပြုပြင်ခဲ့ရတာတွေ ရှိပါတယ်။ အာဏာရှိတဲ့ သူတွေ ဘာမဆို ပြုပြင်လို့ရနိုင်တဲ့ အခွင့်အလမ်းတွေ များစွာရှိ ပါတယ်” စသည်ဖြင့် မိန့်မြွက်တော်မူ၏။
ထို့နောက် ဦးနေဝင်းတို့အဖွဲ့လည်း အနည်းငယ် ပြောဆို ဆွေးနွေး လျှောက်ထား ပြီးနောက် ပြန်လည် ထွက်ခွါသွားကြသည်။
အရှင်ဇနကာဘိဝံသနှင့် ပါမောက္ခ ဆရာကြီး ဦးဖေမောင်တင်
ရန်ကုန်တက္ကသိုလ် ကျောင်းအုပ် ဆရာကြီး ဦးဖေမောင်တင်သည် ပါဠိဘာသာဖြင့် တည်ရှိသော နှာမည်ကျော် ဝိသုဒ္ဓိမဂ် ကျမ်းကြီးကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့၍ ၁၉၂၃-ခုနှစ်က လန်ဒန် ပါဠိအသင်းကြီးမှ ထုတ်ဝေခဲ့၏။
တစ်ဖန် ၁၉၂၀-၂၁-ခုနှစ် ကလည်း အဋ္ဌသာလိနီ အဋ္ဌကထာကြီးကို အင်္ဂလိပ်လို ပြန်ဆိုခဲ့၍ လန်ဒန် ပါဠိအသင်းကြီးမှပင် ထုတ်ဝေခဲ့သည်။
ဆရာကြီး၏ အမြော်အမြင်နှင့် ပညာစွမ်းကို ချီးမွမ်းခန်း ဖွင့်ရန်ပင် မလိုတော့ပေ၊ လူတိုင်းသိကြ၏။ ထို့ကြောင့်ပင် မြန်မာအမျိုးသားထဲမှ ပထမဦးဆုံး ပါမောက္ခ ဖြစ်ခဲ့၏။ ၁၉၂၁-ခုမှာ အသက် ၂၄-နှစ် အရွယ်ကပင် ပါဠိပါမောက္ခအဖြစ် ခန့်အပ်ခြင်း ခံရသည်။
ထို့နောက် ဆရာကြီး၏ အသိဉာဏ် အမြော်အမြင်၊ ဆရာကြီး၏ လုံ့လဝီရိယ၊ ဆရာကြီး၏ စည်းစနစ် ရှိမှုတို့ကြောင့် ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းပညာရပ်များ ဌာနတွင် (အထူးအားဖြင့် ပါဠိစာပေနှင့် မြန်မာစာပေဌာနတွင်) ပါမောက္ခအဖြစ် ခန့်အပ်ခြင်းခံရသည်။
ထို့နောက် တစ်ဆင့်တက်၍ “ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး” ဖြစ်ခဲ့ပြန် လေသည်။ ဤပညာရပ်များဖြင့် ဆရာကြီးသည် တိုင်းပြည်နှင့် လူမျိုး၏ အကျိုးကို သယ်ပိုး ဆောင်ရွက်ခဲ့သည်။
အနတ္တတရား၏ စွမ်းအားသတ္တိ
တစ်နေ့သောအခါ ဆရာကြီးသည် တပည့် တစ်ဦးဖြစ်သော (ထိုအချိန်က မြန်မာစာ ပါမောက္ခ ဖြစ်နေသော) ဦးတင်အေးတို့ အိမ်ဘက်သို့ ခြေဦးလှည့်ခဲ့၏။ ဦးတင်အေးတို့ မိသားစုမှာ ဆရာတော် အရှင်ဇနကာဘိဝံသ ဟောကြားသော အနတ္တလက္ခဏသုတ် တရားတော် တိပ်ခွေကိုဖွင့်၍ စိတ်လက် အေးချမ်းစွာဖြင့် နာယူနေကြသည်။
ထိုအခိုက် ဆရာကြီး ဦးဖေမောင်တင် ရောက်လာရာ ဦးတင်အေးက တိပ်ရီကော်တာ ကို ပိတ်မည်ပြု၏။ ဆရာကြီးက “မပိတ်ပါနှင့်” ဟုတား၍ ဆက်လက် နာကြား နေသည်။ ဆရာကြီးသည် စကားမပြောဘဲ စူးစူးစိုက်စိုက် နာယူနေ၏၊ ဦးတင်အေးတို့ မိသားစုက အံ့အားသင့်နေကြရသည်။
အဘယ်ကြောင့်နည်း၊ ဆရာကြီးသည် ဗုဒ္ဓဘာသာဝင် မဟုတ်ဘဲလျက် ဗုဒ္ဓသာဝက တစ်ပါး၏ ဟောကြားထားသော တရားတို့ကို နာယူနေသောကြောင့် ဖြစ်ပေသည်။ ထူးဆန်းပါ၏၊ သဗ္ဗညုသခင် ဘုရားရှင်၏ တရားတော်တို့သည် မည်သည့်ဘာသာဝင် မဆို ပညာရှိတို့၏ နှလုံးသားကို ထိထိခိုက်ခိုက် စိုက်၍ရောက်အောင် သက်ဝင် စေနိုင်၏၊ ယခု သက်ဝင်နေပြီ မဟုတ်ပါလော။
အနတ္တတရားက ဆက်သွယ်ပေး
ဆရာကြီးယခု နာယူမှတ်သားနေသည်မှာ ပုဂ္ဂိုလ်၏အသံကို နာယူနေသည်မဟုတ်ပါ၊ တရားကို (တရား၏ အဓိပ္ပာယ်ကိုသာ) နှာယူနေခြင်း ဖြစ်ပါ၏၊ ထို့ကြောင့် တရား တိပ်ခွေ ဆုံးသောအခါ ဆရာကြီးက “အခုဟောပြနေတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်ဂလဲ၊ ဘယ်သူလဲ” ဟု မေးတော့၏၊
ဦးတင်အေးတို့ မိသားစုက “ဒါဟာ ဆရာတော်အရှင် ဇနကာဘိဝံသလို့ ခေါ်ပါတယ်၊ မန္တလေး အမရပူရမြို့မှာ သီတင်းသုံးပါတယ်”ဟု ဖြေသောအခါ “ဒီဆရာတော်ထံ ဆရာသွားချင်တယ်၊ ဘယ်လို သွားရမလဲ၊ ဘယ်လို တွေ့ရမလဲ”ဟု ဆရာကြီးက မေးနေတော့၏။
ဆရာကြီး ဦးဖေမောင်တင်သည် ဆရာတော် အရှင်ဇနကာဘိဝံသနှင့် တွေ့လိုသော ဆန္ဒ ပြင်းပြနေပြီ၊ စင်စင်ကား “ဆရာတော်အရှင်ဇနကာဘိဝံသနှင့် တွေ့ချင်သည်” ဆိုသည်ထက် “ဟောပြအပ်သော အနတ္တတရားနှင့် တွေ့ချင်သည်” ဆိုသည်က ပို၍မှန်ပါလိမ့်မည်၊
ယခုအခါ ဗုဒ္ဓ၏ အနတ္တတရားတော်တွေက ဆရာကြီး ဦးဖေမောင်တင်ကို လက်ရပ် ခေါ်နေပြီ၊ ဆရာကြီး ဦးဖေမောင်တင်နှင့် ဆရာတော် အရှင်ဇနကာဘိဝံသကို ဆက်သွယ်ပေးနေကြလေပြီ၊ ဘယ်သောအခါတွင် တွေ့ဆုံကြရလေမည်နည်း။
ထစ်ခါတလေ ဤသို့ပင်လျှင် ထူးထူးဆန်းဆန်း ဖြစ်တတ်ပါ၏၊ ဗုဒ္ဓ၏တရားတော် များသည် စဉ်းစားဉာဏ်ရှိသူတို့ကို ဖိတ်ခေါ်၏၊ ဝေဖန်တတ်သူတို့ကို ကြိုဆို၏၊ လက်တွေ့ကျကျ လေ့လာသူတို့ကို ခွင့်ပြုပြီးလျှင် အပြည့်အ၀ လိုက်နာကျင့်သုံးသူ တို့ကို လက်ခံတတ်လေသည်၊ ဤနည်းအားဖြင့် စောင့်စားနေလေ၏။
အမှန်တရားကို ရှာဖွေနေခဲ့
မကြာပါလေပြီ၊ ၁၃၂၈ ခု၊ တန်ခူးလ (၁၉၆၆-ခု ဧပြီလ) ထဲတွင်ဖြစ်၏၊ မန္တလေးသို့ သွားရန် ကိစ္စတစ်ခု ပေါ်လာသည်၊ ဟုတ်ပြီ၊ ဟုတ်ပြီ၊ မန္တလေးကိုသွားရမည်၊ မန္တလေးကို ရောက်လျှင် မိမိသွားချင်နေသော (အနတ္တအကြောင်းကို ဟောသော) ဆရာတော်ထံ ရောက်အောင်သွားမည်ဟု ဆရာကြီးစိတ်ထဲတွင် ဆုံးဖြတ်ထား လိုက်၏၊ သို့နှင့် မန္တလေး ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်သို့ ရောက်လာခဲ့လေသည်၊ ဆောင်ရွက်ဖွယ် ကိစ္စတို့ကို ဆောင်ရွက်ပြီးသည်နှင့် ဆရာကြီးသည် အမရပူရ မဟာဂန္ဓာရုံ ဆရာတော် ထံသို့ ပို့ပေးကြရန် တပည့်တို့အား ပြောကြားတော့၏။
ဆရာကြီး၏ ဘာသာရေး ခံယူချက်တို့ကို သိထားကြသော တပည့်များကလည်း အံ့အားသင့်နေကြ၏။ “ဆရာကြီး ဘယ်လိုဖြစ်လာတာပါလိမ့်” ဟု တွေဝေစဉ်းစား နေကြသည်၊ သို့သော်လည်း ဆရာကြီး၏ တောင်းဆိုချက်ကို မလွန်ဆန်နိုင်ကြသဖြင့် အရိပ်အခြည်ကို ကြည့်ကာ လိုက်၍ ပို့ကြရတော့သည်၊ ဆရာတော်ထံသို့ ရောက်သည်ဆိုလျှင်ပဲ ဆရာကြီးက -
“ဆရာတော် ဟောထားတဲ့ အနတ္တတရားကို ရန်ကုန်မှာ တပည့်တော် နာခဲ့ရတယ် ဘုရား၊ အဲဒီကတည်းက ဆရာတော်နဲ့ တွေ့ချင်နေတာ၊ ဒါ့ကြောင့် အခုလာခဲ့ပါတယ် ဘုရား”ဟု လျှောက်သည်။
ဆရာတော် အရှင်ဇနကာဘိဝံသသည် ဆရာကြီး ဦးဖေမောင်တင်နှင့် တစ်ခါမျှ မတွေ့ဖူးချေ၊ နာမည်ကိုသာ ကြားဖူးနေသည်၊ ယခုရောက်လာသူကား မည်သူ မည်ဝါဟု တပ်အပ် မသိသေးသော်လည်း ရည်မွန် ယဉ်ကျေးသော ဥပါသကာကြီး တစ်ယောက်ဟူ၍ကား သတိပြုလိုက်သည်၊ ထို့ကြောင့် ဆရာတော်က -
“ကောင်းပါတယ် အခုလိုတွေ့ရတာ၊ ဘုန်းကြီး ဟောထားတဲ့ တရားဆိုပေမယ့် တကယ်ဟော့ ဗုဒ္ဓမြတ်စွာ ဟောထားတာပါ၊ ဘုန်းကြီးကတစ်ဆင့် နားလည်အောင် ရှင်းပြခြင်းပါ” ဟု
- အတ္ထုက္ကံသန မပါသော အပြောမျိုးဖြင့် မိန့်လိုက်ရာ ဆရာကြီးကပို၍ သဘောကျ သွားတော့၏၊ ဤအချိန်တွင်မှ နောက်ကလိုက်ပို့ကြသော မန္တလေး ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်မှ ဆရာများ ကထိကများက ကြားဝင်နိုင်တော့၏။
“ဆရာတော်ဘုရား ... ဒီပုဂ္ဂိုလ်ကြီးက တခြားသူ မဟုတ်ပါ၊ ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီးဟောင်း ဆရာကြီး ဦးဖေမောင်တင်ပါဘုရား”ဟု− ဆရာတော်နှင့် မိတ်ဆက်ပေးနိုင်တော့၏၊ ထိုအခါ ဆရာတော်ကလည်း ပို၍ဝမ်းမြောက်သွားရ တော့သည်။
(* အတ္တုက္ကံသန (အတ္တ+ဥက္ကံသန) မိမိကိုယ်ကို ချီးမြှောက်ခြင်း၊ ကြွားဝါခြင်း၊ ယခု ထိုသို့ ကြွားဝါခြင်း မပါ။)
တင်ဦးနှင့် တစ်ဦး
ယခုမှ တွေ့ကြဆုံကြ
ေဩာ် ... တက္ကသိုလ်ကျောင်းအုပ်ကြီး ဆရာကြီး ဦးဖေမောင်တင် ဆိုတာကိုး။ နာမည်တော့ ကြားဖူးနေပါတယ်။ လူချင်းသာ မတွေ့ရသေးတာပါ” ဤသို့ အပြန် အလှန် ပြောဆိုကြပြီးလျှင် ဆရာကြီးနှင့်ဆရာတော်တို့ ရင်းနှီးမှု ရသွားကြလေသည်။ ထို့နောက် ဆရာကြီး ဦးဖေမောင်တင်က...
“ဒီလိုဘုရာ့၊ အကြောင်းရင်းက၊ ဟိုး .... တစ်ချိန်တုန်းက အမေရိကန်ကို တပည့်တော်သွားပြီး တရား ဟောရဖူးတယ် ဘုရာ့၊ အဲဒီတုန်းက အနတ္တ အကြောင်းကို ဝိုင်းပြီး မေးကြလို့ သူတို့ ကျေနပ်လောက်အောင် တပည့်တော် မဖြေနိုင်ခဲ့ဘူး ဘုရာ့၊ အဲဒီကတည်းက အနတ္တအကြောင်းကို လေ့လာပြီး စိတ်ဝင်စားနေခဲ့တာ။
“မကြာခင်က အရှင်ဘုရား ဟောထားတဲ့ တိပ်ခွေကို နာရတော့ တပည့်တော် ကျေနပ်တယ်ဘုရာ့၊ အတော်ကလေး အားရတယ်၊ ဒါကြောင့် ကျယ်ကျယ်ပြန့်ပြန့် သိချင်လို့ အခုလို လာခဲ့တာပဲ ဘုရာ့”
ဤသို့လျှင် ဆရာကြီးသည် မထိမ်မချန် ရိုးသားစွာ ဝန်ခံ လျှောက်ထားလေ၏။ ဆရာတော်ကလည်း ရိုးသား ဖြောင့်မတ်စွာ ဝန်ခံသည်ကို ကျေနပ်တော်မူ၏။ ထို့နောက် ဆရာတော်က “ဟုတ်ပါတယ် ဒကာကြီး၊ ဒီအနတ္တ အကြောင်းအရာ တွေက နက်လဲ နက်တယ်၊ ခက်လဲ ခက်တယ်၊ သိပ်လဲ သိမ်မွေ့တယ်၊ ကျယ်လဲ ကျယ်တယ်၊ သိလဲ သိနိုင်ခဲပါတယ်”ဟု မိန့်၍ အနတ္တအကြောင်းကို စိတ်ရှည် လက်ရှည် ရှင်းပြတော်မူသည်။
ဆရာတော်၏ ရှင်းပြချက်များမှာ စိတ်ဝင်စားဖွယ် ကောင်းလှ၍ အားလုံး သိထိုက် သောကြောင့် ဤနေရာတွင် ဖော်ပြလိုက်ပါသည်။
အနတ္တတရား ဟောကြား ဆွေးနွေးပွဲ
အတ္တသဘော ဦးစွာပြောကြစို့
“ဒီလို ဒကာကြီးရဲ့ အနတ္တ အကြောင်းကို မပြောမီ အတ္တအကြောင်းကို ဦးစွာ ပထမ ပြောကြဦးစို့လား။ အတ္တသဘောကို ပထမရှင်းပြလိုက်ဦးမှ အနတ္တကို ပိုပြီး သဘော ပေါက်လွယ်ပါလိမ့်မယ်။ အတ္တနှင့် ပတ်သက်လို့ အတ္တ၏ပုံသဏ္ဌာန်၊ အတ္တရဲ့တည်ရာ၊ အတ္တရဲ့နာမည်၊ အတ္တရဲ့သတ္တိ၊ အတ္တလို့ စွဲလမ်းမှုများ အဲလိုအားဖြင့် တော်တော် ရှေးကျတဲ့ အချိန်တုန်းကပဲ ပညာရှိတွေ တွေးတောခဲ့ကြ စဉ်းစားခဲ့ကြပါသတဲ့။
အဲလို စဉ်းစားကြတဲ့ နေရာမှာ တချို့ပုဂ္ဂိုလ်တွေက “အတ္တသည် အလွန် သေးငယ်၏၊ ပရမာဏုမြူလို့ ခေါ်ရတဲ့ (လူတို့ မျက်စိနဲ့ ကြည့်လို့ မမြင်နိုင်လောက်အောင်) အသေး ဆုံး မြူမှုန်မျှလောက်သာ ရှိ၏”လို့ ယူဆကြသတဲ့။
နိဂဏ္ဍနာဋပုတ္တလို့ ထင်ရှားတဲ့ (ဂျိန်း)ဆရာ တို့ကတော့ “အတ္တသည် ခန္ဓာကိုယ် တစ်ခုလုံး ပျံ့နှံ့နေတယ်။ ခန္ဓာကိုယ် ကြီးသလောက် အတ္တလည်းကြီးတယ်။ (ဥပမာ ပုရွက်ဆိတ်ကလေး ခန္ဓာကိုယ်၌ ရှိတဲ့ အတ္တက သူ့အရွယ်လှောက်ပဲ ရှိတယ်။ ဆင်ကြီးမှာ တည်နေတဲ့ အတ္တကျတော့ ခန္ဓာကိုယ် အလိုက် အတ္တလဲ ကြီးလာတယ် ပေါ့လေ။)
တစ်ခါ ဝေဒန္တ ကျမ်းဆရာတို့ ကျပြန်တော့ “အတ္တဆိုတာ ကမ္ဘာကို ဖန်ဆင်းနိုင်တဲ့ ဗြဟ္မာကြီးတို့ရဲ့ အစိတ်အပိုင်းပဲ။ ဗြဟ္မာကြီးတွေ တန်ခိုးကြီးလို အတ္တလဲ တန်ခိုး ကြီးတယ်။ ပမာဏကတော့ ကြီးမားသင့်တဲ့အခါ ကြီးမားတယ်။ ခန္ဓာကိုယ်အဟောင်း ကိုစွန့်ပြီး ခန္ဓာကိုယ်အသစ်ကို ရှာနေခိုက်မှာ အလွန် သေးငယ်တဲ့ ပမာဏ ရှိတယ်” လို့ ယူကြသတဲ့။
ပုံသဏ္ဌာန်နှင့် သူတို့ နေရာဌာန
တချို့က “အတ္တသည် ဗြဟ္မာကြီး၏ အစိတ်အပိုင်းဆိုတာ မှန်တယ်။ ဒါကြောင့် တစ်ခုတည်းသာ ရှိတယ်” လို့ ယူဆကြပြီး တချို့ကတော့ “ဘယ်ဟုတ်မလဲ၊ ခန္ဓာအိမ် တစ်ခုလျှင် အတ္တတစ်ခုစီ ရှိတာပေါ့ ဒါကြောင့် အများကြီး”လို့ ယူကြသတဲ့။ ဒါတွေ အားလုံးဟာ အတ္တရဲ့ ပုံသဏ္ဌာန်ကို ကြံစည်ကြပုံတွေပဲ ဒကာကြီးရဲ့။
ကျောင်းအုပ်ကြီး။ ။ သြော် ... တယ်လဲများပါလားဘုရာ့ စိတ်ဝင်စားစရာပဲ။
ဆရာတော်။ ။ ဟုတ်တယ် ဒကာကြီးရဲ့၊ အဲဒီနောက် တည်နေရာကို စဉ်းစား ကြပြန်တယ်။ ဂျိန်းဆရာတို့အလို “အတ္တသည် ခန္ဓာကိုယ် တစ်ကိုယ်လုံး၌ ပျံ့နှံ့ တည်နေ၏”လို့ ယူဆကြတယ်။
ဒါတွေနဲ့ ပတ်သက်လို့ မိတက္ခရကျမ်းဆိုတာ သူတို့ခေတ်က ရှိခဲ့ကြတယ်။ အဲဒီကျမ်း အရ အဆိုကတော့ “နှလုံးသားရဲ့ ဝဲဘက်ယာဘက် ၂.ဘက်မှ အထက်သို့ တက်ပြီးနှာခေါင်းပေါက်နှင့် ဆက်စပ် တည်နေတဲ့ အကြောကြီး ၂-ခု ရှိတယ် အဲဒီ အကြောကြီး များဟာ ထွက်သက် ဝင်သက် လေတို့ရဲ့ သွားရာ လမ်းမကြီးတွေ ဖြစ်တယ်လို့ ဆိုတယ်။
ပြီးတော့ အခြား အကြောကြီး ကစ်ခုကတော့ နှလုံးသားမှာ အထက်သို့ တက်ပြီး ဦးခေါင်းမှာ ရှိတဲ့ အ ပေါက် (ငယ် ထိပ် သို့) ရောက် အောင် တည်တယ်လို့ ဆိုတယ်။
အဲဒီ အကြောကြီး ၃-ခု တို့ရဲ့ အလွယ်မှာ လရောင်ကဲ့သို့ အရောင် အဝန်းရှိတယ်၊ အဲဒီအရောင်အဝန်းရဲ့ အလယ်မှာမှ အတ္တသည် (ငြိမ်ရာ၌ ထွန်းထားသော မီးခွက် ကဲ့သို့) မတုန်မလှုပ် ငြိမ်သက်စွာ တောက်ပ နေသည်”လို့ ဆိုတယ်၊ ဒါတွေဟာ အတ္တရဲ့ တည်ရာဌာနကို ကြံဆပုံတွေ ပေါ့ ဒကာကြီးရဲ့။
ကျောင်းအုပ်ကြီး။ ။ ဪ ... ဒါ သူတို့ လက်တွေ့မဟုတ်ဘဲနဲ့ ကြံဆချက် သက်သက် ဟွေပဲပေါ့။
ဆရာတော်။ ။ဟုတ်တယ်-ဒကာကြီး၊ တွေးခေါ် မှန်းဆပြီး ကြံဆချက်မျှသာပဲပေါ့။
အသက် - ဝိညာဉ် - လိပ်ပြာကောင်
ပြီးတော့.... ရှိသေးတယ် ဒကာကြီး၊ အခု ပြောနေတဲ့ ပါဠိလို အတ္တကို မြန်မာတို့က “အသက်ကောင် - ဝိညာဉ်ကောင် - လိပ်ပြာကောင်” လို့ ခေါ်ကြဘယ်၊ သူ့သတ္တိတွေ ကတော့ -
- (ကာရက) ပြုဖွယ်ဟူသမျှ ပြုလုပ်တတ်တယ်၊
- (ဝေဒက) ခံစားရာ ဟူသမျှကို ခံစားတတ်တယ်၊
- (သာမီ) ခန္ဓာအိမ်ကို ပိုင်စိုးတယ်၊ အရှင်သခင် ဖြစ်တယ်၊
- (နိဝါသီ) ခန္ဓာအိမ် တစ်ခုခုမှာ အမြဲနေတယ်၊ ခန္ဓာတစ်ခု ပျက်စီးရင် နောက်ခန္ဓာ တစ်ခု ရှာမှီးပြီး ခိုအောင်းတယ်၊
- (သယံသီ) ခန္ဓာနှင့်ဆိုင်သမျှ သူ့အလိုကျ ဖြစ်ရတယ်-
လို့ ယူဆကြတယ်။
ဥပမာဆိုပါတော့ အဆင်းရူပါရုံကို မြင်တဲ့နေရာမှာ မျက်လုံး အတွင်းမှာရှိတဲ့ စက္ခု လို့ခေါ်တဲ့ အကြည်ဓာတ် ပသာဒနဲ့ အတ္တက မြင်တယ်၊ (အသက်-ဝိညာဉ်-လိပ်ပြာ ကောင်) လို့ နာမည်အမျိုးမျိုးနဲ့ အတ္တက မြင်တယ်လို့ ဆိုလိုတာပါ။
နားနဲ့ ကြားတဲ့အခါ၊ နှာခေါင်းနဲ့ အနံ့ယူ၍ ရှူတဲ့အခါ၊ လျှာနဲ့ အရသာကို ခံယူတဲ့ နေရာတို့မှာလဲ အတ္တသည် ကြား၏။ အတ္တသည် အနံ့အမွှေးအကြိုင် အပုပ်အစပ်ကို မွှေး၏၊ နံ၏၊ အတ္တသည် အရသာ အကောင်းအဆိုးကို သိ၏ လို့ ဆိုလိုတာပေါ့။
အလားတူပဲ တုတ်နဲ့ရိုက်လို့ နာကျင်တဲ့နေရာမှာ အတ္တသည် နာ၏၊ မီးနဲ့တို့တဲ့အခါ အတ္တသည် ပူ၏၊ ရေနဲ့တွေ့တဲ့ အခါ အတ္တသည် အေး၏၊ ဖဲမွေ့ရာစတဲ့ နူးနူး ညံ့ညံ့ချော ချောမွေ့ တို့နဲ့တွေ့တဲ့အခါ၊ တစ်ယောက်နဲ့ တစ်ယောက် ကိုယ်ချင်း တွေ့ထိတဲ့ အခါတို့မှာ အတ္တသည် အတွေ့အထိကို ခံစား၏၊ စိတ်ကူးရာမှာ အာရုံ တစ်ခုခု ထင်လာတဲ့အခါ အတ္တသည် သိ၏။
အဲလိုအစရှိသဖြင့် အတ္တသည်သာ အရာရာပြုလုပ်၏၊ အတ္တသည်သာ ခံစား၏၊ အတ္တသည်သာ ဤခန္ဓာကိုယ်ကို ပိုင်စိုးပိုင်းနင်း ဖြစ်၏ စားချင် သွားချင် အိပ်ချင် စသော အလိုဆန္ဒ ဟူသမျှသည် အတ္တ၏ လိုအင်ဆန္ဒချည်းဖြစ်၏၊ ခန္ဓာကိုယ် အဟောင်း ပျက်သောအခါ အတ္တသည် ခန္ဓာအိမ် အသစ်ကို ရှာမှီး၏။
ခန္ဓာအငှားနဲ့ ဝင်ကစွပ်လို
ပင်လယ် ကမ်းစပ်များသို့ လျှောက်သွားလျှင် “ဝင်ကစွပ်ကောင်” ဆိုတာ တွေ့ရမည်၊ မျှော့လို - ပက်ကျိလို - အကောင်မျိုးဖြစ်၏၊ အရိုးမပါ အပျော့စားဖြစ်သည်၊ သူများ ချွတ်ပစ်ထားခဲ့သော ခရုယောက်သွား အခွံအတွင်းသို့ ဝင်၍ သူများ၏ ခန္ဓာကိုယ်ဖြင့် လျှောက်သွားနေတတ်၏၊ နည်းနည်း အကောင် ကြီးလာလျှင် ကြီးတဲ့အခွံထဲ ပြောင်းဝင်ပြီး ဆက်လက် သွားနေတတ်၏။ သူ့ဘာသာ သူ့ခန္ဓာကိုယ်ဖြင့် မသွားနိုင်၊ ဤသို့အားဖြင့် ခန္ဓာကိုယ် တစ်ခုပြီးတစ်ခုပြောင်း၍ ဝင်တတ်၏ဟု ဆိုလိုဟန်တူပါရဲ့၊ ဒါ့ကြောင့် ခန္ဓာကိုယ်တစ်ခုခု၌ အမြဲနေတဲ့ အရာဝတ္ထုလို့ ဆိုလိုပါတယ်။
ဤသို့ ဤနှယ် ကြံဖန်ကာ (ကံ-ဉာဏ်-ဝီရိယနဲ့ စိတ်တို့ရဲ့ အစွမ်းသတ္တိ ဟူသမျှကို) အတ္တ၏ အစွမ်းသတ္တိချည်း ဟူ၍ ထင်မှတ်နေကြတယ်၊ အစစ်အမှန် မရှိတဲ့အတ္တကိုပဲ အစစ်အမှန် ရှိသလိုလို သတ္တိတွေ အမျိုးမျိုးတင်ပြီး ကြံစည်ယူဆနေကြတယ် ဒကာကြီး။
ကျောင်းအုပ်ကြီး။ ။ ဒီအတိုင်းပဲ အခုလူတွေ ယူဆ ထင်မြင်နေကြတယ်ဘုရား...
ဆရာတော် ။ ။ အခုတွင် ဘယ်ကမလဲ ဒကာကြီး၊ ဟိုး... ယခင့် ယခင် ဘုရား မပွင့်မီ ကတည်းကပဲ ဒီလိုယူဆလာခဲ့ကြတာ၊ ဒါက အရိုးစွဲနေကြတယ်။
အတ္တလို့ ထင်မှတ်မှားစရာများ
အတ္တထင်စရာ ဌာနငါးခု
အတ္တလို့ စွဲလမ်းဖို့ နေရာဟာ ငါးဌာနရှိတယ် ... ဒကာကြီး၊ ဘာတွေလဲဆိုရင် (ရုပ်-ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဉ်) ခေါ်တဲ့ ခန္ဓာငါးပါးပါပဲ၊ တစ်နည်းအားဖြင့် ရုပ်နဲ့နာမ် ဆိုပါတော့၊ အဲဒီမှာ ရုပ်ကို အတ္တလို့ စွဲလမ်းတဲ့ သူတွေအနေနဲ့ ရုပ်ခန္ဓာကိုယ်ရဲ့ အရပ်တိုင်းမှာ အလွန်ခိုင်မာတဲ့ (အမတေလို မပျက်စီးနိုင်တဲ့) ရုပ်မှုန့်ကလေးတွေ ရှိတယ်၊ ဒီခန္ဓာကိုယ် အိုမင်းရင့်ရော်လို့ ပျက်စီးတဲ့အခါ နောက် ခန္ဓာအသစ်မှာ ဖြစ်ပြီး ကြီးပွားကြတယ်လို့ ယူဆကြတယ်။
နောက်ဆုံး ကမ္ဘာကြီး ပျက်စီးချိန်ကျလို့ မီးလောင်သွားကြတဲ့ အခါမှာတောင် ဒီ အတ္တရုပ်မှုန့်ကလေးတွေဟာ မျက်စိနဲ့ မမြင်နိုင်လောက်အောင် အလွန် သေးငယ်တဲ့ ပရမာဏုမြူ ကလေးတွေအဖြစ်နဲ့ အနှံ့အပြား ကျန်ရစ်မယ်၊ နောက် ကမ္ဘာသစ်ကြီး တည်တဲ့အခါ ပရမာဏုမြူ တစ်ခုနှင့် တစ်ခု ပေါင်းစပ်မိပြီး အဏုမြူ ၂-ခုတွဲ၊ အဏုမြူ ၄-ခုတွဲ၊ ၈-ခုတွဲ၊ စသည် ပေါင်းဖွဲ့ကာ သတ္တဝါတွေ ဖြစ်လာမယ်၊ နတ် လူ ဗြဟ္မာ တွေအထိ ဖြစ်လာလိမ့်မယ် လို့ယူဆကြတယ်၊ ဒါက ရုပ်အပေါ်မှာ အတ္တစွဲလမ်းတဲ့ သူတွေအနေနဲ့ ထင်ကြတာ။
တချို့က ခံစားတတ်တဲ့ ဝေဒနာကို အတ္တလို့ ထင်ကြတယ်၊
တချို့ကတော့ ဟိုဟာ ဒီဟာ မှတ်သားတတ်တဲ့ သညာကို အတ္တလို့ အထင်မှား၊
တချို့ ကျတော့ ဟိုကိစ္စဒီကိစ္စမှာ လှုံ့ဆော်ပေးတတ်တဲ့ စေတနာသင်္ခါရကို အတ္တလို့ ထင်ကြ ပြန်ရော။
အသက်ဝိညာဉ် မှတ်ထင်နေကြ
နောက်တစ်မျိုး ထင်ကြပုံက သိတတ်တဲ့ စိတ်ဝိညာဉ် (စာလိုပြောရင်တော့ ဝိညာဏက္ခန္ဓာ) အဲဒါကို အတ္တ(အသက်-ဝိညာဉ်လိပ်ပြာ)လို့ ထင်ကြခြင်းပဲ၊ ဒီ နောက်ဆုံး ထင်မှတ်ယူဆခြင်းဟာ ဗုဒ္ဓဘာသာဝင် အခေါ်ခံသူ မြန်မာလူမျိုးတို့နှင့် တရုပ်လူမျိုးတချို့တို့၏ စွဲလမ်းပုံနှင့် တစ်ထပ်တည်း ဖြစ်နေတော့တယ် ဒကာကြီး၊ ဘာလို့လဲဆိုရင် မြန်မာလူမျိုးတွေဟာ လူတစ်ယောက် သေဆုံးပြီဆိုရင် ခန္ဓာကိုယ် ထဲက အသက်ကောင်၊ သို့မဟုတ် ဝိညာဉ်၊ သို့မဟုတ် လိပ်ပြာထွက်သွားတယ်လို့ ထင်ကြတယ်၊ ထွက်သွားပြီး ခန္ဓာအသစ်မှာ ကံအားလျော်စွာ ငြိတွယ်တယ်လို့ ထင် ကြတယ်။
တစ်ခါတလေ ခန္ဓာအသစ် မတွေ့သေးလို့၊ ခန္ဓာ အဟောင်းကို မလွှတ်သေးဘဲ ဖက်တွယ်ထားပြီး (လောက်လန်းသဖွယ်) အသစ်တို့ ရှာဖွေထောက်လှမ်း နေသည် လို့ ပြောကြသေးရဲ့၊ အကောင်ကလေးသဖွယ် ရှိသည်လို့ စွဲထင် နေကြတတ်တယ်၊ ဒါကြောင့် ကလေးငယ်လေးများ ထိတ်လန့်သွားတဲ့အခါ “လိပ်ပြာ စဉ်သွားတယ်” လို့ ပြောတတ်ကြတာပေါ့။
ကျောင်းအုပ်ကြီး။ ။ ဟုတ်တယ် ဘုရာ့၊ အခုခေတ် အဲလိုပဲ ပြောနေကြတယ်။
ဆရာတော်။ ။ အဲဒါတွေဟာ ရှေးအစဉ်အလာကပဲ ပွဲလာခဲ့ကြတာ၊ စွဲရုံတင် မကဘူး၊အဲ့ဒီ စဉ်သွားတဲ့ ထွက်သွားတဲ့ လိပ်ပြာကို ပြန်ခေါ်နည်း ရှေးလူကြီး သူမတွေ လုပ်တတ်ကြတယ်၊ ပြီးတော့ လူတစ်ယောက်ယောက် သေရင် အဲဒီ သူရဲ့ လိပ်ပြာက ကျန်တဲ့ သားသမီးတွေ့ရဲ့ လိပ်ပြာကို လာပြီး ခေါ်တတ်တယ်ဆိုပြီး “လိပ်ပြာခွဲနည်း” အစီအရင်တွေလဲ့ လုပ်တတ်ကြရဲ့၊ အဲဒါတွေ တစ်ခုမှ မဟုတ်ဘူး ဒကာကြီး၊ အစွဲကြီးကြတာ။
စွဲလဲစွဲစရာပဲ။ ဇာတ်ပွဲ အငြိမ့်ပွဲ၊ ရုပ်သေးပွဲတွေမှာ သေတဲ့အခန်း ပြပြီးတော့ သေတဲ့သူရဲ့ လိပ်ပြာကလေးက မခွဲနိုင်လို့ တရစ်ဝဲဝဲ တကပ်ကပ်နဲ့ လုပ်နေပုံ၊ ရှေးတုန်းက ရုပ်သေးပွဲတွေမှာ လိပ်ပြာရုပ်ကလေးက ကန့်လန့်ကာ ရှေ့မှာ ဖျတ်ဖျတ် ဖျတ်ဖျတ်နဲ့ ပျံနေတယ် ထင်ရအောင် ကြိုးကလေးနဲ့ ဆွဲပြနေတော့ ပိုပြီးစွဲတာပေါ့။ မြင်လွယ်တယ်လေ။ အခုခေတ် ရုပ်ရှင်တွေထဲမှာလဲ ဒီလိုပဲ လုပ်ပြတတ်ကြတယ်လို ဆိုတယ်။
အဲ ... သူတို့ တစ်ကွက် လုပ်ပြလိုက်ရင် ပြီးရော၊ ဘုန်းကြီး ၁၀-ပါး လိုက်ဟော လို့တောင် မမီတော့ဘူး။ မကျွတ်နိုင်တော့ဘူး။ သိပ်စွဲတာ။
သာတိရဟန်း စွဲလမ်းပုံ
ဗုဒ္ဓ လက်ထက်တော်တုန်းက “သာတိ” ဆိုတဲ့ ရဟန်းတစ်ပါး ရှိတယ်။ သူက ဇာတ်တော်များကို အထူးလိုက်စားတယ်။ သူ လေ့လာရသမျှ ဇာတ်တော်ထဲမှာ နောက်ပိုင်း ဇာတ်ပေါင်းပြီဆိုရင် -
“ရှေးတုန်းက ဝေဿန္တရာ မင်းကြီးသည် ယခုအခါ ငါဘုရား ဖြစ်လာ၏။
ရှေးတုန်းက မဟာဇနက မင်းကြီးသည် ယခုအခါ ငါဘုရား ဖြစ်လာ၏။
ရှေးတုန်းက သုမေဓာ ရသေ့သည် ယခုအခါ ငါဘုရားဖြစ်လာ၏”
အစရှိတဲ့ စကားအသုံးအနှုန်းများကို သူက လေးလေးနက်နက် စဉ်းစားတယ်။
သုမေဓာ ဘဝတုန်းက စိတ်ဝိညာဉ်သည် မပျက်မစဲ ခိုင်မြဲစွာ တည်တံ့ခဲ့ပြီးလျှင် တေမိမင်း၊ မဟာဇနကမင်း စသော ဘဝများသို့ ပြောင်းခဲ့၏၊ ဝေသန္တရာ မင်းကြီး ဘဝသို့လည်း ရောက်လာခဲ့သည်၊ နောက်ဆုံး ဘုရား ဖြစ်လာသောအခါ အလွန့် အလွန် ရင့်မာသော ဝိညာဉ်တော် ဖြစ်လာရ၏” လို့ သူက ယူဆနေတယ်။
ဒါဟာဆိုရင် အခုခေတ် မြန်မာလူမျိုးတို့နဲ့ တရုတ်လူမျိုးတို့ရဲ့ အစွဲမှားအတိုင်း တစ်ထပ်တည်း ဖြစ်နေတော့တာပေါ့။ အဲလို ဗုဒ္ဓ လက်ထက်တော်တုန်းက ပုဂ္ဂိုလ် တချို့နဲ့ ဗုဒ္ဓ ပွင့်တော်မမူခင်တုန်းက ပုဂ္ဂိုလ်ဟာ ဒီလိုပဲ အစွဲမှား နေကြတောတာပဲ။ (စဉ်းစားဉာဏ်ရှိလေ အတ္တအစွဲ ကြီးလေ ဖြစ်ပြီးတော့) ကမ္ဘာကြီး တစ်ခုလုံး နတ်ကြီးတွေ ဗြဟ္မာကြီးတွေအထိ အတ္တစွဲ ဖုံးကြတော့တယ် ဒကာကြီး။
မာရ်နတ်ကြီးက စိုးရိမ်မိသတဲ့
* တစ်ခါတုန်းက (ဓမ္မပဒ၊ ဋ္ဌ၊ ပ၊ နှာ-၂၇၂။ သံ-၁၊ သဂါထာ-ပါ၊ နှာ-၁၂၁။) “အရှင် ဂေါဓိက” ဆိုတဲ့ ရဟန်းတစ်ပါးဟာ ရာဇဂြိုဟ်မြို့ အနီးက ဣသိ ဂိလိ တောင်နံပါး ကျောက်ဖျာ အညိုကြီးရှိရာ လိုဏ်ဂူမှာ သီတင်းသုံးပါတယ်။ အဲဒီရဟန်းဟာ သီလ သမာဓိ စင်ကြယ်စွာနဲ့ ရဟန်းတရားကို အားထုတ်တဲ့အခါ အတွင်းရောဂါ တစ်ခု ကြောင့် ဖြစ်ပေါ်လာတဲ့ လောကီ ဈာန်သမာပတ်ဟာ ပြန်ပြန်ပြီး လျှောလျှောကျနေ ရသတဲ့။ ၁-၂-၃-၄-၅-၆ ကြိမ် တိုင်အောင် လျှောလျှော ကျနေရသတဲ့။ ၇ ကြိမ် မြောက်မှာ တော့ “ဈာန်သမာပတ် မလျှောခင် ကိုယ့်ကိုယ်ကို စီရင်မှာပဲ” ဟု သဘောရ၍ ခေါင်းရိတ် သင်ဓုန်းဓားကို အသင့်ယူကာ အိပ်ရာစုတင်ထက်သို့တက်ပြီး လျောင်းပါသတဲ့။
ဒါကို မာရ်နတ်ကြီးက မြင်လို့ ဘုရားထံကို အမြန်သွားပြီး လျှောက်တယ်။ တားမြစ် ဖို့ပေါ့လေ။ ဒါပေမယ့် အဲဒီ အချိန်မှာပဲ အရှင် ဂေါဓိကဟာ ကိုယ့်လည်ပင်းကိုယ် သင်ဓုန်းခားနဲ့ လှီးလိုက်ပါရော။
ပြီးတော့ ရရှိလာတဲ့ နာကျင်မှု ဝေဒနာတွေကို ခွာထားပြီး ဆက်လက် အားထုတ်တဲ့ အတွက် အရဟတ္တဖိုလ်သို့ ရောက်ပြီး (သမသီသီ) * ရဟန္တာအဖြစ်နဲ့ ပရိနိဗ္ဗာန် စံသွားပါသတဲ့။
(မှတ်ချက်။ ။ သမသိသီ ရဟန္တာဟူသည် အာသဝေါ ကုန်ခန်း ရဟန္တာ ဖြစ်ခြင်းနှင့် ပရိနိဗ္ဗာန်ပြုခြင်း တစ်ပြိုင်နက်လိုလို ထင်ရအောင် မရှေးမနှောင်း ဖြစ်သွားသော ပုဂ္ဂိုလ်။)
အသက်လိပ်ပြာကို လိုက်ရှာနေတာတဲ့
ဘုရား ကိုယ်တော်မြတ်လဲ ရဟန်းသံဃာ များစွာနဲ့ ဣသိဂိလိ တောင်နံပါးဆီကို ကြွလာနေပါတယ်။ အဲဒီအချိန်မှာ အရှင် ဂေါဓိက နေတဲ့ လိုဏ်ဂူရဲ့ ဝဲဘက်-ယာဘက်၊ ရှေ့ဘက်-နောက်ဘက်၊ အောက်ဘက် အထက်ဘက်မှာ မီးခိုးတန်းကြီး တစ်ခု ညို့သန်းသန်းကြီး ပြေးလွှား ပတ်နေပါသတဲ့။ (စွန်ရဲတစ်ကောင် အစာ ဖမ်းသလို သွက်လက်စွာနဲ့ လှည့်ပတ်ပျံသန်း ဝေ့ဝိုက် ရှာဖွေ နေသတဲ့။)
ဒါကို မြတ်စွာဘုရားက “ရဟန်းတို့၊ ဟောဟိုက အခိုးတန်းကြီး ပတ်နေတာကို မြင်ကြရဲ့လား”ဟု မေးတော့ “မြင်ပါတယ်ဘုရား”ဟု ဖြေကြသတဲ့။
“အေး ... အဲဒါ မာရ်နတ်က ဂေါဓိကရဟန်းရဲ့ အသက်ဝိညာဉ် (လိပ်ပြာ) ကို လိုက်ရှာနေတာ။ ဘယ်မှာ တွေ့လိမ့်မလဲ၊ အစ ကတည်းကကို မရှိခဲ့ပါ” ယခုအခါ မှာတော့ ဂေါဓိက ရဟန်းဟာ ပရိနိဗ္ဗာန်ပင် ပြုသွားချေပြီ ဟူ၍ မိန့်တော်မူသတဲ့။
အဲဒါပဲ ကြည့်ပေတော့ ဒကာကြီး၊ မာရ်နတ်ကြီးကလဲ အသက်ဝိညာဉ်ကောင် လိပ်ပြာကောင် ရှိတယ်ထင်လို့ လိုက်ရှာနေတာ။ ကမ္ဘာကြီးတစ်ခုလုံး နတ်ကြီးတွေ ဗြဟ္မာကြီး တွေအထိ အစွဲမှားနေကြတာပဲ။
ကျောင်းအုပ်ကြီး။ ။ အင်း ... အံ့ဩစရာ၊ စိတ်ဝင်စားစရာပဲ၊ အခု မာရ်နတ်ကြီးတို့ စောစောက အရှင်ဘုရား အမိန့်ရှိခဲ့တဲ့ သာတိ ရဟန်းတို့ စွဲကြ ထင်ကြသလို ထင်စရာကြီးပဲ၊ ဘာလို့လဲဆိုတော့ ဘုရားဟော တရားထဲမှာပဲ တချို့နေရာတွေ မှာ “အတ္တာဟိ အတ္တနော နာထော” တို့လို အဟောမျိုး။
ပြီးတော့ သာတိရဟန်း စဉ်းစားသလို ဝိညာဉ်ကလေးဟာ သုမေဓာ ဘဝ၊ တေမိဘဝ၊ မဟာဇနကဘဝ၊ ဝေဿန္တရာဘဝ စသည်တို့ကို ဖြတ်သန်းလာခဲ့ပြီး ယခုအခါ ငါဘုရား ဖြစ်လာ၏-ဆိုတဲ့ အဟောမျိုး ဆိုတော့ ထင်ချင်စရာကြီးပဲ ဘုရား။
ဆရာတော်။ ။ ဟုတ်တယ် ဒကာကြီး၊ အဲဒါကိုလဲ ရှင်းပါဦးမယ်။
တစ်ဘဝမှ တစ်ဘဝသို့ ဘယ်လိုကူးသလဲ
ဘဝအကူးမှာ ပဲ့တင်သံပမာ
ဒီလို တမလွန်ဘဝ အကူးအပြောင်းနဲ့ ပတ်သက်လို့ စာတွေ ပေတွေထဲမှာ ဆီမီးတိုင်တစ်ခုမှ မီးတိုင်တစ်ခုဖြင့် ကူးယူညှိထွန်းသော ဥပမာ၊ ပဲ့တင်သံ ဥပမာတို့နဲ့ ပြကြတယ် ဒကာကြီးရဲ့၊ အဲဒီမှာ ပဲ့တင်သံ ဥပမာနဲ့ပဲ ပြောပါ့မယ်။
တောကြီး တောင်ကြီးတွေ၊ အဆောက်အအုံကြီးတွေ အနားသွားပြီး “ဟေး” လို့ အသံပေးလိုက်ယင် ဟိုကလဲ ပြန်ပြီး “ဟေး”လို့ အသံပြုပါတယ်၊ ဒါကို “ပဲ့တင်သံ” ခါ်ကြပါတယ်၊ “ငါလာပြီဟေ့”လို့ အော်လိုက်ယင် ဟိုတောင်တန်းကြီးက “ငါလာပြီ” လို့ ပြန်ပြီလို့ အော်ပါတယ်။ တောင်တန်းကြီးက စကားပြောတတ်နေပါတယ်။
ကဲ ... ဒီလိုဆိုယင် (တောင်တန်းကြီး စကားပြောတတ်တယ်ဆိုယင်) လူက ဘာမျှမပြောနှင့်၊ နှုတ်ပိတ်နေ၊ တောင်တန်းကြီး အနားသွား၊ စိတ်ထဲက အောက်မေ့၊ ခုနတုန်းကလို (ငါလာပြီဟေ့) လို့ ပြန်ပြောစမ်း၊ အော်စမ်း” လို့ စိတ်ထဲက ခိုင်းကြည့်ပါ။ ဒီအခါ တောင်တန်းကြီးက အော်ဦးမလား၊ မအော်တော့ပါ၊ ဘာမျှ မပြောတော့ပါ။
ထပ်မံရှင်းပြပါဦးမယ်၊ ပထမဦးစွာ “ငါလာပြီဟေ့” ဆိုသော အသံသည် တောင်တန်းကြီး၏အသံ မဟုတ်ပါ၊ လူ၏အသံ ဖြစ်ပါတယ်။
ဒုတိယအကြိမ် “ငါလာပြီဟေ့” ဟု ပြန်၍ ဆိုသော အသံကား လူ၏အသံ မဟုတ်တော့၊ တောင်တန်းကြီး၏ အသံဖြစ်သွားပြီ၊ တခြားစီပဲ။
သို့သော်လည်း တောင်တန်းကြီးက သူ့ဘာသာ သူ စတင်၍ အသံမထွက်တတ်ပါ၊ မပြာတတ်ရှာပါ၊ တစ်ဘက်က လူပါမှသာ ပြောတတ်ရှာသည်၊ သို့ဖြစ်၍ တစ်ဘက်နှင့် အကြောင်းမကင်းချေ။
ဒုတိယ အသံသည် (တခြားသီးသန့် ဖြစ်သော်လည်း) ပထမအသံနှင့် မကင်းနိုင်ချေ။ ပထမအသံပေါ်၌ အခြေခံရသည်၊ ပထမအသံနှင့် အကြောင်းမကင်းချေ။ ဆက်နေ သည်လည်းမဟုတ်။
အစွန်းနှစ်ပါး သဿတ-ဥစ္ဆေဒ
ဤဥပမာ အတိုင်းပင် တစ်ဘက်ဘဝသို့ ဆက်နွှယ်ရာ၌ ဤဘက် ဘဝ အသက် ဝိညာဉ်ကောင်ကလေးက ဟိုဘက်ဘဝသို့ ဆက်၍ ကူးသွားသည်ကား မဟုတ်၊ အသက် ဝိညာဉ်ကောင်လည်း မရှိ၊ သိတတ် အာရုံ ယူတတ်သော နာမ်တရားသာ ရှိ၏၊ ဟိုမှာဘက်သို့ ကူးသွားသည် မဟုတ်သော်လည်း ဤမှာဘက်မှနေ၍ ဟိုမှာ ဘက်သို့ လှမ်းပြီး သို့ အာရုံပြုသည်၊ အာရုံယူသည်။
အာရုံယူသည့်အလျောက် ဟိုမှာဘက်၌ သီးသန့်သွား၍ ဖြစ်ရ၏၊ သီးသန့် ဖြစ်ပေါ် လာရသည်။ ဤကဲ့သို့ ဟိုမှာဘက်၌ သီးသန့်သွား၍ ဖြစ်ရခြင်းသည် ဤမှာဘက်နှင့် မကင်းချေ၊ ဤမှာဘက်ပေါ် အကြောင်းခံလျက် ဖြစ်ရသည်၊ ဤသို့လျှင် အပြည့်အဝ ဆက်သွယ်သည်လည်း မဟုတ်၊ လုံးဝ မဆက်သွယ်ဟုလည်း မဆိုသာသောနည်း ဖြစ်တယ် ဒကာကြီး။
များစွာသော ပုဂ္ဂိုလ်တို့ဟာ သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိ ၂-ပါးမှာ သဿတဒိဋ္ဌိ အဖြစ် များကြတယ်၊ သဿတဒိဋ္ဌိ ဆိုတာက ဤဘဝနှင့် နောက်နောက်ဘဝတွေဟာ တောက်လျှောက် ဆက်နေတယ်။ ဤဘဝမှ အသက်ဝိညာဉ်ကလေးသည် မပြတ်မစဲ အမြဲတည်တံ့၍ နောက်နောက် ဘဝများသို့ ကူးပြောင်း ကူးပြောင်းသွားတယ်လို့ ယူဆကြတာပေါ့၊ ဒါက လက်ယာစွန်း။
တစ်ဖန် ဥစ္ဆေဒဒိဋ္ဌိ ဆိုတာကတော့ ဤဘဝ ဤကိုယ်၊ ဟိုဘဝ ဟိုကိုယ်ပဲ၊ တစ်ဘဝနှင့်တစ်ဘဝ မဆိုင်ပါဘူး၊ သီးသန့်တခြားစီပဲ၊ ဤဘက် ဘဝဝိညာဉ်နဲ့ ဟိုဘက်ဘဝဝိညာဉ် တခြားစီပဲလို့ ယူတဲ့အယူ၊ ဒါကျပြန်တော့လည်း လက်ဝဲစွန်း ရောက်နေပြန်ရော၊ ဒီဝါဒ ၂-မျိုးလုံးဟာ အသက်ဝိညာဉ် လိပ်ပြာကောင် ရှိတယ် လို့ချည်း ယူကြတာပဲ။
မဇ္ဈိမပဋိပဒါ အလယ်လမ်းမ
ခုနတုန်းက ပြောခဲ့တဲ့ ပဲ့တင်သံ ဥပမာကတော့ အသက်ပိညာဉ် လိပ်ပြာကောင်လဲ မပါဘူး၊ လက်ဝဲစွန်း၊ လက်ယာစွန်း ၂-ပါးကိုလည်း မကပ်ရောက်ဘဲ ရှောင်ရှားပြီး အလယ်ကြားက သွားတဲ့ မဇ္ဈိမပဋိပဒါလမ်းပဲ၊ ဗုဒ္ဓ လမ်းစဉ်ပေါ့။
နောက်နောက် ဘဝများသည်၊ ရှေ့ဘဝတွေနှင့် တခြားစီဖြစ်သော်လည်း လုံးလုံး လျားလျား တခြားလည်း မဟုတ်၊ ရှေ့ဘဝတွေနှင့် အကြောင်း မကင်းသောအားဖြင့် ဆက်စပ်နေသေးသည်လို့ ဆိုလိုပါတယ်။
ဒါကိုရည်ရွယ်ပြီး ရှင်တော်ဗုဒ္ဓက သုမေဓာဘဝ၊ တေမိဘဝ၊ မဟာဇနကဘဝ၊ ဝေဿန္တရာဘဝတို့ကို ဖြတ်သန်း ဖြတ်သန်းပြီးမှ ယခုအခါ ငါဘုရားဘဝသို့ ရောက်လာတယ် လို့ မိန့်တော်မူခြင်းပါ ဒကာကြီး။
ပြီးတော့ “အတ္တာဟိ အတ္တနော နာထော” တွင် -
(အတ္တမနာ-မိမိ၏၊
အတ္တာဟိ (အတ္တာဝေ) - အတ္တသည်သာ၊
နာထော - အားကိုးရာတည်း၊
ဝါ-ကိုယ့်ကိုယ်ကိုသာ အားကိုးရာ)
ဆိုတဲ့ အသုံးအနှုန်းမှာလဲ လူတွေအများ နားလည်နေတဲ့ ဝေါဟာရ အသုံးအနှုန်း အတိုင်း ဟောလိုက်ခြင်းသာ ဖြစ်ပါတယ်။
ဇီဝအတ္တနှင့် ပရမအတ္တ
ဒီအတ္တနှင့် ပက်သက်လို့ ဇီဝအတ္တ ပရမအတ္တလို့ ၂-မျိုးရှိတယ် ဒကာကြီး၊ ဇီဝအတ္တ ဆိုတာက ခန္ဓာကိုယ်ထဲမှာအသက် ကောင်ကလေး၊ ဝိညာဉ်ကောင်ကလေး လိပ်ပြာကောင်ကလေး ရှိတယ်လို့ ယုံကြည်ယူဆနေတာ၊ အခုပြောခဲ့တာတွေဟာ ဇီဝအတ္တတွေပေါ့၊ ခန္ဓာကိုယ်တွင်းကနေပြီး အလွန် သတ္တိကောင်းတယ်၊ အရာရာကို ပြုလုပ်တတ်တယ်၊ ကောင်း မကောင်းကို ခံစားတတ်တယ်၊ အတ္တသည် ခန္ဓာအိမ်၏ ပိုင်ရှင်ဖြစ်တယ်၊ ခန္ဓာအိမ် ဟူသောနေရာမှာ အမြဲနေတတ်တယ်၊ အရာရာကို မိမိအလိုသို့ လိုက်ပါအောင် ဆွဲဆောင်တတ်တယ်ဆိုတဲ့ သတ္တိတွေ။
နောက်တစ်မျိုး ပရမအတ္တ ဆိုတာကတော့ ဖန်ဆင်း ပြုပြင်နိုင်သော အစွမ်းသတ္တိ ရှိတယ်။ ဒီကမ္ဘာလောကကြီးနဲ့ သတ္တဝါတွေကို အတ္တက ဖန်ဆင်းထားတယ်လို့ ယုံကြည် ယူဆနေတာ၊ ဒါ့ကြောင့် ဒီပရမအတ္တကို “ဤသွရ - ပရမီသွရ - ပရမီသွာ -ပရမတွာ” လို့ ဟိန္ဒူတွေ ခေါ်နေကြတာပဲ၊ ဖန်ဆင်းစီမံ နိုင်သောကြောင့် “အစိုးရတယ်” လို့ ဆိုလိုသတဲ့။
ဒါ့ကြောင့် (အတ္တ အစိုးရသည်၊ အနတ္တ အစိုးမရ) လို့ ဘာသာပြန်တယ်၊ အဘိုး အဘွားတွေကဆိုရင် (အနိစ္စ - အမြဲမရှိ၊ ဒုက္ခ - ဆင်းရဲ၏၊ အနတ္တ - အစိုးမရ) လို့ ပုတီးစိပ်တတ်ကြတယ်။
အနတ္တလက္ခဏသုတ်တော်၌ ဤပရမအတ္တကိုပင် ရှည်စူး၍ ဟောတော်မူထားတာကို တွေ့ရပါမယ်။
အနတ္တလက္ခဏသုတ် ဘာသာပြန်
၁။ ရဟန်းတို့ … ရုပ်သည် အတ္တမဟုတ် (ရုပ်မှာ အတ္တမရှိ) ထင်ရှားစေဦးမည်၊ ရဟန်းတို့ ... ရုပ်ခန္ဓာသည်အကယ်၍ အတ္တဟုတ်အံ့ (အတ္တဟုတ်ရိုးမှန်လျှင်) ဤရုပ်သည် နာကျင်ကိုက်ခဲခြင်း မဖြစ်ရာ၊ “ငါ၏ရုပ်သည် ဤကဲ့သို့ ကျန်းကျန်းမာမာ လှလှပပ ဖြစ်ပါစေ၊ ဤကဲ့သို့ မကျန်းမမာ ဆိုးဆိုးရွားရွား မဖြစ်ပါစေနှင့်လို့ ကိုယ့်အလိုကျအောင် တောင့်တ၍ ရကောင်းရာ၏။
ရဟန်းတို့ ... ရုပ်သည် အတ္တ မဟုတ်သောကြောင့်သာ နာကျင် ကိုက်ခဲခြင်းလည်း ဖြစ်၏၊ ငါ၏ရုပ်သည် ဤသို့ကျန်းမာလှပစွာ ဖြစ်ပါစေ၊ မကျန်းမမာဘဲ ဆိုးဆိုးရွားရွား မဖြစ်ပါစေနှင့်” လို့ တောင့်တ၍လည်း မရနိုင်။
အဓိပ္ပာယ် ရှင်းလင်းချက်
“အတ္တဟာ မိမိကိုယ်နဲ့စပ်ဆိုင် ရာမှာ မိမိ အလိုကျအောင် စီမံနိုင်၏” ဟု အတ္တစွဲလမ်းသူတို့က ယူဆကြ၏၊ သူတို့ ယူဆကြသည့်အတိုင်း ရုပ်ခန္ဓာသည် အတ္တဖြစ်နေလျှင် (သို့မဟုတ် အတ္တရှိနေလျှင်) အတ္တရုပ်သည် ခန္ဓာ၏ အနာရောဂါ မဖြစ်ခြင်းကို လိုလားပေလိမ့်မည်၊ သို့သော် ရုပ်ခန္ဓာကား အနာရောဂါ ကင်းကင်း ရှင်းရှင်း မဖြစ်ဘဲ မကြာမကြာ ရောဂါရုပ်တွေ ဖြစ်နေ၏၊ ထိုသို့ မကြာမကြာ ရောဂါရုပ်တွေ (မဖြစ်ချင်ဘဲ) ဖြစ်ရပုံကိုထောက်လျှင် ဤရုပ်ခန္ဓာသည် မိမိ အလိုကျ စီမံနိုင်သော အတ္တလည်းမဟုတ်၊ အတ္တလည်းမရှိ ဟု သိသာလေသည်၊
(ထို့အတူ ဝေဒနာ၊ သညာ၊သင်္ခါရ၊ ဝိညာဉ်တို့ကိုလည်း စိစစ်ကြည့်ပါ။)
ဤသို့ ခန္ဓာငါးပါးလုံးကို တစ်ခုစီ စစ်ဆေးကြည့်သောအခါ စိုးပိုင်သော အစွမ်းသတ္တိ လည်း မဟုတ်၊ ဒီခန္ဓာငါးပါးထဲမှာ အသက် ဝိညာဉ်ကောင်လည်း မရှိဆိုတာကိုပေါ် လာပါလိမ့်မယ်။
ဒီအတ္တအစွဲဟာ အလွန် နယ်ကျယ်ပြီး ခိုင်မြဲလှပါတယ်၊ စိုက်ဝင်နေအောင်လဲ စွဲနေ တက်ပါတယ်၊ ဒီအတ္တခံနေလို့လဲ လိုရင်းကို မရောက်နိုင် ဖြစ်နေကြတာပဲ။
အတ္တဖျက်တရား အနတ္တသုတ်
ဒါ့ကြောင့် ဗုဒ္ဓပွင့်တော်မူလာတော့ ဒီအယူဝါဒတွေကို ပထမဦးဆုံး တိုက်ဖျက်မယ် ဆိုပြီး ဝါဆိုလပြည့်နေ့မှာ ဓမ္မစကြာဟောပါတယ်၊ လပြည့်ကျော် ၁-ရက်၊ ၂-ရက်၊ ၃-ရက်၊ ၄-ရက် နေ့တို့မှာလဲ ဓမ္မစကြာကိုပဲ ထပ်ကာ ထပ်ကာ ဟောပြီးတော့ လပြည့်ကျော် ၅-ရက်နေ့မှာ ဒီအတ္တဖျက်တရား (အနတ္တသုတ်)ကို ဟောတော်မူတော့ တာပဲ။
ဟိန္ဒူဝါဒဟာ ဗုဒ္ဓဝါဒနဲ့ အလွန်နီးစပ်ပါတယ်၊ ဒါပေမယ့် ဒီနေရာမှာတော့ လမ်းခွဲကြ တော့တာပဲ၊ ဟိန္ဒူဝါဒက အတ္တစွဲအားကြီးတယ်၊ ဗုဒ္ဓဝါဒက အတ္တကို အမြစ်ပါမကျန် နုတ်ပြီးဖြိုဖျက်ပစ်တယ်၊ အဲလိုက္ခာခြားတာ (မိုးနဲ့ မြေကြီးလို၊ သမုဒ္ဒရာရဲ့ ဒီဘက် ကမ်းနဲ့ ဟိုဘက်ကမ်းလို ကွာလှမ်းကြ တော့တာပဲ)။
ဘာ့ကြောင့် ဗုဒ္ဓရှင်တော်မြတ်က အတ္တကို ပယ်ရသလဲဆိုရင် အတ္တဆိုတာ အစစ် အမှန်မရှိလို့ရယ်၊ ပြီးတော့ ဒီအတ္တစွဲကြောင့် သတ္တဝါတွေ ဒီဘဝမှ မကျွတ်လွတ် နိုင်ဘူးဆိုတာကို သေသေချာချာ သဗ္ဗညုတ ဉာဏ်တော်ကြီးဖြင့် အတိအကျ သိတော်မူထားလို့ပါပဲ၊ ဒါ့ကြောင့် အတ္တဖြုတ်တရား (အနတ္တသုတ်)ကို ဓမ္မစကြာ အပြီးမှာ စောစောစီးစီး ဟောတော်မူခြင်းပဲ ဒကာကြီး။
ကျောင်းအုပ်ကြီး။ ။ ဪ ... ဒီလိုကိုး၊ အရှင်ဘုရားက အခုလို ထောက်ပြမှပဲ အနတ္တလက္ခဏသုတ်ကို စောစောစီးစီး ဟောရတဲ့အကြောင်း၊ ပြီးတော့ ဒီအတ္တ အစွဲကို အရေးတကြီး ဖြုတ်သင့်တဲ့ အကြောင်း ပိုပြီးသဘောပေါက်လာရပါတယ်။
ဆရာတော်။ ။ ဟုတ်တယ် ဒကာကြီး၊ ယောဂီပုဂ္ဂိုလ် တစ်ယောက်ဟာ ရုပ်နာမ် ခန္ဓာပေါ်မှာ ရှုမှတ်လို့ အနိစ္စနဲ့ ဒုက္ခ ထင်မြင်လွယ်ပေမယ့် အနတ္တကျတော့ မထင် မြင်နိုင်ဘဲ ရှိတတ်ပါတယ်၊ အတ္တစွဲ ကျန်နေတတ်ပါတယ်။
အနတ္တဖြစ်တဲ့ နိဗ္ဗာန်ဆိုက်ဖို့ရန်
အတ္တစွဲကျန်နေလို့ အတ္တ ခံနေယင်လဲ လိုရင်းကို မဆိုက်နိုင်ဘဲ ဖြစ်နေပါမယ်၊ ဘယ်လိုဖြစ်မလဲဆိုယင်၊ ရုပ်နာမ်ဓမ္မတွေ ပျက်ကြလို့ ဒုက္ခဖြစ်ကုန်ကြသော်လဲ (အနိစ္စ- ဒုက္ခ ဖြစ်ကုန်ကြသော်လဲ) အမာခံ အထည်ကိုယ် အတ္တကလေးကတော့ မပျက်ဘဲ ကျန်နေသေးတယ်လို့ ယူဆနေဦးမယ်။
ယူဆနေယင် အနတ္တ မဟုတ်သေးဘူးပေါ့၊ အနတ္တလို့ မယူနိုင်သေးသမျှလဲ အတ္တ ထင်မှတ်စရာ ခန္ဓာငါးပါးက မလွတ်နိုင်သေးဘူး၊ မလွတ်သေးသမျှ “ အနတ္တ” ဖြစ်တဲ့ နိဗ္ဗာနဓာတ်သို့ မဆိုက်နိုင်သေးဘူး။
အမှန်စင်စစ်က ရုပ်နာမ် ဓမ္မ တွေကို (အနိစ္စ-ဒုက္ခ-အနတ္တ) လို့၊ လက္ခဏာရေး ၃-ပါး တင်၍ ပိုင်နိုင်စွာ ရှုမှတ် နိုင်တဲ့သူတွေမှသာ သောတာပန်စတဲ့ အရိယာတွေ ဖြစ်ပြီး နောက်ဆုံးမှာ ရဟန္တာတွေအထိ ဖြစ်နိုင်ဟာ။
ဒါကြောင့်လဲ အနတ္တ အစစ်အမှန် ဖြစ်ပုံကို ရှုနိုင်ဖို့၊ အတ္တစွဲကို ဖြုတ်နိုင်ဖို့ ဗုဒ္ဓရှင်တော်မြတ်က ဟောတော်မူခြင်းပဲ ဒကာကြီး။
ကျောင်းအုပ်ကြီး။ ။ သာဓုပါ ဘုရား ... တပည့်တော် ကျေးဇူးတင်ပါတယ်၊ ဝမ်းလဲ သာပါတယ်၊ ဒီလာရတာ ကျေးဇူးများလှပါတယ်၊ နောက်လဲ လာခွင့်ပြုပါ ဘုရား။
ဆရာတော်ဘုရား။ ။ ခွင့်ပြုပါတယ် ဒကာကြီး၊ နောက် လာတာပေါ့၊ အခုလို တွေ့ကြရ-ဆုံကြရတာဟာ ဘဝသံသရာက ဆွေမျိုး မကင်းခဲ့ကြလို့ ဖြစ်ပါလိမ့်မယ်၊ ကဲ ... ကဲ … နားကြဦးစို့။
ဤသို့လျှင် ဆရာတော် အရှင်ဇနကာဘိဝံသက ရှင်းလင်း ဟောပြမှုကို ရပ်နားလိုက် သော်လည်း ဆရာကြီးကမူ နေရာမှ မထသေး၊ ဆက်လက်မေးမြန်း နာယူ လိုသေးဟန် ရှိနေသည်၊ ထိုအခိုက်တွင် တပည့်များက ဆရာကြီးကို လက်ဖက်ရည် သောက်ရန် လာ၍ ခေါ်ကြရာ...
“ဆရာတော်နဲ့ ဆွေးနွေး မေးမြန်းနေရတာ အလျဉ် ပြတ်သွားလိမ့်မယ်၊ ငါ့အတွက် ဒီယူခဲ့ပါကွာ”ဟု ဆရာကြီးက ဆိုလေသည်။ ထို့နောက် သိချင်သော အချက် အလက် များကို ထပ်မံမေး၍ အတော်စုံလင်အောင် နာယူပြီးမှ ပြန်သွားလေသည်။
အရှင်ဇနကာဘိဝံသ နှင့် ရုရှ ပါရဂူနှစ်ဦး
ရုရှ ပါရဂူနှစ်ဦး ရောက်လာခြင်း
၁၉၇၁-ခု၊ ဒီဇင်ဘာ ၂၄-ရက်နေ့က ဖြစ်သည်၊ မန္တလေးတက္ကသိုလ် သမိုင်းကော်မရှင် မှ ဦးမောင် မောင်တင် ရှေ့ဆောင်၍ ဂန္ဓာရုံကျောင်းတိုက်ထဲသို့ နိုင်ငံခြားသား ၂-ဦး ဝင်လာကြ၏၊ လက်ထောက်ကထိက ဦးလွင်အောင်က စကားပြန်အဖြစ် ပါလာသည်၊ ကလောင်ရှင် (အမရပူရ) ကိုပညာက အိမ်သည်အဖြစ် ညွှန်ပြရ၏။
ဦးဆောင်သူများ၏ ပြောပြချက်အရ ရုရှ ပါရဂူများဟု သိကြရသည်၊ (ဥရှကော့ဗ်နှင့် ရိုဒီယိုနော့ဗ်) တို့ ဖြစ်ကြ၏၊ ရန်ကုန်စက်မှုတက္ကသိုလ်မှ လာခဲ့ကြသည် ဆို၏၊ ဒေသန္တရ ဗဟုသုတအဖြစ် မန္တလေးသို့ ရောက်ခိုက်တွင် ကျောက်ခေတ်သစ် အခြေအနေကို လေ့လာရန် တောင်သမန်အင်းစောင်းသို့ ရောက်လာကြခြင်း ဖြစ်သည်။
နာမည်ကျော် မယ်ဇယ်ပင်တန်းကြီးနှင့် တောင်သမန်တံတား အံ့တစ်ပါးကို ကြည့်ရှုကြ ပြီးလျှင် ဦးဆောင်သူများက ဂန္ဓာရုံကျောင်းတိုက်သို့ပါ ခေါ်လာကြ၏၊ ရည်ရွယ်ချက်မှာ ထိုရုရှ ပါရဂူတို့သည် သာသနာ့ ဝန်ထမ်း အချို့ကို ကြည့်ပြီး အထင်သေး နေခဲ့ကြ သူများဟု ဆို၏၊ ထိုအထင်သေးမှုကို ချေဖျက်ရန် အိမ်ရှင်တို့က တမင်ခေါ် လာကြခြင်း ဖြစ်သတတ်။
သူတို့သည် ကျောင်းဝင်းကြီးထဲ ဝင်လိုက်ပြီ ဆိုယင်ပဲ “သိမ့်”ကနဲ၊ “စိမ့်”ကနဲ ငြိမ်းချမ်း အေးမြသော အရသာကို ခံစားနေကြရဟန် ဖြစ်ပါသတဲ့၊ အံ့ဩသော မျက်နှာများဖြင့် တစ်ဦးကိုတစ်ဦး ကြည့်ကြပါသတဲ့၊ အဘယ့်ကြောင့် ဆိုငသာ် ကျောင်းဝင်း မြေပြင်ကြီးက ကျယ်ဝန်းသလောက် အမှိုက်သရိုက် ဒိုက်မြက်ပင် တစ်ထွေးတစ်ဆုပ်မျှ မရှိခြင်း၊ သံဃာတော်များစွာ ရှိကြသော်လည်း (တောရ ကျောင်းတိုက်ကြီးပမာ) တိတ်ဆိတ်ငြိမ်သက်လျက် သာယာနေခြင်း၊ စိမ်းစို ကြီးမား မြင့်မောက်သော သစ်ပင်ကြီးများဖြင့် အုပ်ရိုးလျက် ရှိခြင်း စသည်တို့ကြောင့် ဖြစ်ပါလိမ့်မည်။
သန့်ရှင်းသာယာသော မြေပြင်၌ သူတို့ ဝတ်ဆင်လာသော ခြေနင်းများဖြင့် နင်းရမှာပင် အားနာသလို ဖြစ်ကာ ညစ်ပတ်ပေတေလာသော သူတို့ ခြေထောက်များကို လက်ညှိုးထိုး၍ ပြကြပါသတတ်၊ ထို့နောက် ဒီလောက် ကျယ်ဝန်းတဲ့ မြေပြင်ကြီး ပေါ်မှာ ဒီလိုသာယာအောင် ဘယ်သူတွေက နေ့စဉ်လာပြီး သန့်ရှင်းပါသလဲ” လို့လဲ လိုက်ပို့သူများအား မေးပါသတတ်။
ချမ်းမြေ့မှုတစ်ခုမှာ သူတို့ထက် သာနိုင်
သာသနာတော်နှင့် ပတ်သက်၍ ပြုပြင်ရေးများကို ဆောင်ရွက်ရာတွင် ဆရာတော်က (မူ) တစ်ခု ထားသည်။ ကမ္ဘာ့အလယ်မှာ အဆောက်အအုံကြီးများ၊ စက်ရုံကြီးများ၊ တံတားကြီးများ၊ ယာဉ်ရထား မော်တော်ကားကြီးများ၊ သင်္ဘောကြီးများ စသည်ဖြင့် ရုပ်ဝတ္ထု၊ တိုးတက်အောင် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံက မီအောင် အနား ကပ်သွားအောင်ပင် လိုက်နိုင်ဖို့ မလွယ်ကူပေ။
သို့ရာတွင် မီရုံမက သူ့တို့တွေထက် သာနိုင်သော အချက်တစ်ခုကား ရှိပါသေး၏။ ယင်းကား “ဆန္ဒပြည့်စုံ၍ စိတ်၏ ငြိမ်းချမ်းရေး ရခြင်း” ဟူသော နာမ်ဝတ္ထု တိုးတက်အောင် ဆောင်ရွက်ခြင်း ကိစ္စပင်ဖြစ်သည်။
မြန်မာနိုင်ငံမှာ ဗုဒ္ဓတရားတော်များ ကိန်းအောင်း ရပ်တည်လျက် ရှိကြ၏။ ယင်း တရားတော်အရ ကျင့်သုံးလိုက်နာ နေထိုင်ကြပါလျှင် လူတိုင်းပင် ချမ်းမြေ့မှု ရနိုင်သည်။ စိတ်ဆန္ဒပြည့်ဝ၍ ကျေနပ်မှု ရနိုင်သည်။ သောက ကင်းဝေး၍ အပူ အေးနိုင်သည်။ လူတိုင်း၏ မျက်နှာတွင် ကြည်လင်၍ ရယ်နိုင် ပြုံးနိုင်ကြမည်။ ဤကဲ့သို့ နာမ်တရား တိုးတက်ခြင်းကား သူတို့တွေထက် သာနိုင်သည်။
ဗုဒ္ဓ၏ ကျောင်းတိုက်ကြိးလို
ဤ (မူ) စနစ်ဖြင့် ဆရာတော်က မိမိ၏ ကျောင်းတိုက်ကို ဖန်တီးထား၏။ ဝင်လာသူအပေါင်း စိတ်ချမ်းမြေ့၍ ဆန္ဒပြည့်ဝစေရမည်။ ငြိမ်းချမ်းစေရမည်။ ဘီစီ (၆) ရာစုက ဗုဒ္ဓဘုရားရှင်၏ ကျောင်းတိုက်ကြီး ကဲ့သို့ တည်ငြိမ်ရမည်။ အေးဆေးရမည်။ သန့်ရှင်းရမည်။ တိတ်ဆိတ်ရမည်ဟူသော (မူ)ဖြင့် ပြုပြင်ထားသည်။ ထို့ကြောင့် လည်း ဤရုရှ ပါရဂူတို့မှာ ကျောင်းတိုက်ထဲ ဝင်ကတည်းက သူတို့၏ အမူအရာရော အသံများပါ တိုးတိတ် ညင်သာသွားခြင်း ဖြစ်ရတော့သည်။
ဆရာတော်ထံသို့ ရောက်၍ သူတို့ သိချင်သမျှကို မေးကြ၏။ “ဤသို့ ကျောင်းတိုက်ကြီး သာယာ အေးချမ်းဖွယ် ဖြစ်အောင်၊ သန့်ရှင်းအောင် မည်သူတွေ လာ၍ ဆောင်ရွက်ပေးပါသလဲ” ဟု ရှင်ထဲမှာ တွေ့ထိရသမျှကို စတင် မေးတော့သည်။ ဆရာတော်ကလည်း ....
“တခြားကလာပြီး သန့်ရှင်းသူရယ်လို့ မရှိပါ၊ မာလီ အလုပ်သမား ငှားရမ်းထားသူ ဟူ၍လည်း မရှိပါ၊ ဤကျောင်းတိုက်ကြီးမှာ နေကြတဲ့ ရဟန်းများ၊ သာမဏေများ၊ သူတော်ကလေးများပါ အားလုံး စုပေါင်း၍ နေ့စဉ်နေ့တိုင်း သန့်ရှင်းရေး လုပ်ကြရ ပါတယ်၊ တံမြက်လှည်းတဲ့အခါ ဖုံမထအောင် (စာလာ ပေလာအတိုင်း) ရေဖျန်းပြီးမှ လှည်းစေပါတယ်၊ ရှင်တော်ဗုဒ္ဓက သန့်ရှင်းမှုကို အလွန်လိုလား တော်မူပါတယ်၊ တံမြက်လှည်း၍ သန့်ရှင်းမှုကြောင့် ရနိုင်တဲ့ လက်ငင်းအကျိုးတို့ကိုပါ ဟောပြထား ချက်များ ရှိပါတယ်၊ ဒီနည်းနဲ့ပဲ သန့်ရှင်း သာယာနေခြင်း ဖြစ်ပါတယ်” ဟူ၍ ဖြေတော်မူ၏။
အရှင်သာရိပုတ္တရာ တံမြက်မလှည်းမိ၍
ဟုတ်ပါသည်။ ဤကဲ့သို့ ကျောင်းတိုက် အတွင်း သို့မဟုတ် မိမိနေရာ ဝန်းကျင် အတွင်း၌ သန့်ရှင်းအောင် တံမြက်လှည်းခြင်းသည် သာသနာပြုခြင်း တစ်မျိုးပင် ဖြစ်ပါ၏။ ဗုဒ္ဓရှင်တော်မြတ်၏ အလိုဆန္ဒကို ဖြည့်ရာလည်း ရောက်သည်။ ဗုဒ္ဓ၏ စကားကို လေးစား လိုက်နာရာလည်း ရောက်၏။ လေးစားလျှင် သာသနာပြုခြင်း တစ်မျိုးပင် ဖြစ်တော့သည်။
*တစ်ခါက လက်ယာတော်ရံ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး တံမြက် မလှည်းမိဘဲ ဖြစ်သွား၏။ ခါတိုင်း ကျောင်းတိုက်ထဲမှာ သံဃာအများနှင့်နေလျှင် တံမြက်လှည်းနေကျ ဖြစ်ပါသည်။ ယခု တောင်ကြိုချောက်ကြား၌ တစ်ပါးတည်း ဖြစ်၍ တံမြက်လှည်းမှုကို လျစ်လျူရှုမိခြင်း ဖြစ်သွား၏။
(*ပရိဝါအဋ္ဌကထာ၊ ဧကုတ္တရိကနယ၊ ပဉ္စက-၁၅၅။)
နိရောဓ သမာပတ်ဝင်စားရန် တိတ်ဆိတ်ရာ ဟိမဝန္တာ တောင်ကြိုချောက်ကြား အရပ်သို့ ချဉ်းကပ်ခဲ့ပြီး လူသူမနီး တောမြိုင်ကြီး ဖြစ်၍လည်း တံမြက်လှည်းရန် အရေးမကြီးဟု ယူဆခဲ့မိ၏။ ထို့ကြောင့် သစ်ရွက် အမှိုက်များ ပြန့်ကြဲနေသော နေရာတွင် အေးဆေးစွာ နိရောဓ သမာပတ် ဝင်စား၍ နေလိုက်သည်။
နိးရာဓသမာပတ် ဝင်စားနေချိန်၌ ဘာမျှမသိ။ စိတ် စေတသိက်နှင့် စိတ်ကြောင့် ဖြစ်သော အချို့ရုပ်များ ချုပ်ငြိမ်းနေခဲ့၏။ ခံစားမှုဟူသမျှလည်း ရုပ်သိမ်းနေခဲ့၏။ သို့သော် နိရောဓ သမာပတ်မှ ထသောအခါတွင်ကား အံ့အားသင့်စွာ ဖြစ်ရပါပြီလေ။ ပြန့်ကြဲနေသော အမှိုက် သရိုက်များကြားတွင် ဘုရားရှင် ကိုယ်တော်မြတ်၏ ခြေတော်ရာကို ဘွားဘွားကြီး တွေ့လိုက်ရသောကြောင့်ပါတည်း၊
“အလို ... နီရောဓ သမာပတ် ဝင်စားနေချိန်မှာ ဘုရား ကိုယ်တော်မြတ် ရောက်လာ တာပါတကား၊ ငါ တံမြက်မလှည်းဘဲ နေမိသည်ကို သိသွားချေပေါ့” ဟု နောင်တ ကြီးစွာဖြစ်ရတော့၏။ ရှက်လည်း ရှက်မိသည်။ ဘုရားရှင်၏ အဆုံးအမကို တသွေ မတိမ်း လိုက်နာနေကျ အရှင်သာရိပုတ္တရာသည် ထိုနေ့မှာကား တံမြက်လှည်းဝတ် ပျက်ကွက်သွားခဲ့၏။ စိတ်မလုံမလဲ ဖြစ်ကာ နောင်တကြီးစွာလည်း ဖြစ်ရလေသည်။ ထို့နောက်တွင်ကား နေ့စဉ် ဝတ်မပျက် တံမြက်လှည်း၍ ပရိနိဗ္ဗာန်စံဖို့ သွားခါနီးအထိ ဝတ်ပျက်မခံတော့ပေ။
ဤအဖြစ်အပျက်ကလေးတို့ကို ဆရာတော်က သတိထား၍ အသေးအမွှားဟု မယူဆဘဲ သာသနာ တစ်လျှောက် (ထုံး) တစ်ခု တွင်ရစ်အောင် ဘုရားရှင်က စံပြခြင်း ဖြစ်လေသည်ဟုသာ အလေး အမြတ်ထား၍ ကြိုးစား လိုက်နာခြင်း ဖြစ်လေသည်။ ထို့ကြောင့် ကျောင်းတိုက်နှင့် ဝန်းကျင်အတွင်း သန့်ရှင်းအောင် အမြဲ သတိ ပေးတော်မူ၏။
ဆိုဗီယက် ပါရဂူတို့၏ မေးခွန်းနှင့် ဆရာတော့် အဖြေများ
ထို့နောက် ရုရှပါရဂူတို့သည် သူတို့ သိလိုသော အချက်တို့ကို ဆရာတော်ထံ ဆက်လက် မေးကြပြန်၏။ ဆရာတော်ကလည်း စိတ်အေး - ကိုယ်အေးဖြင့် ဖြေကြား ပေးတော်မူသည်။ ထို့ကြောင့်ပင် မေးဖူးသူ ပြဿနာရှင်တိုင်းက ပြောတတ်ကြ သည်မှာ “ဆရာတော်က မေးခွန်းရှင်များကို မထီမဲ့မြင် သဘောမထားတတ်ဘူး၊ စိတ်ဝင်တစားနဲ့ အလေးထားပြီး မေးသူများ ကျေနပ်အားရသည်အထိ ဖြေကြား ပေးလေ့ ရှိတတ်တယ်’ဟူ၍ ဖြစ်ပေသည်။
ပါရဂူ။ ။ ယခု သံဃာတော်တွေ ၄ဝ၀ ကျော်ရှိတယ် ဆိုတော့ ဒီသံဃာတွေကို အခုလို ငြိမ်သက် တည်ကြည်နေအောင် ဘယ်လို အုပ်ချုပ်ထားပါသလဲ။
ဆရာတော်။ ။ ဘုရား ဥပဒေတော်နဲ့ အုပ်ချုပ် ထားပါတယ်။ ဒီသာသနာအတွင်း ရောက်လာတဲ့ ပုဂ္ဂိုလ်အားလုံး ဘုရား အဆုံးအမကို သင်ယူကြရပါတယ်။ သင်ယူလို့ ဘုရား အဆုံးအမတွေ နှလုံးအိမ်၌ ကိန်းကြပြီ၊ လိုက်နာ ကျင့်သုံးကြပြီဆိုရင် ကိုယ် နှုတ် စိတ်များဟာ အလိုလို သိမ်မွေ့ နူးညံ့ လာတတ်ပါတယ်။ နူးညံ့လာရင် အခုလိုပဲ ငြိမ်သက် တည်ကြည် လာတော့တာပါပဲ။
ပါရဂူ။ ။ ဘာ့ကြောင့် ဝတ်ရုံတဲ့သင်္ကန်းများကို အခုလို နီညိုရင့်ရောင်၊ တချို့ ကျောင်းတိုက်တွေက ဝါဝါအရောင်တွေ ဆိုးပြီး ဝတ် ကြတာပါလဲ။
ဆရာတော်။ ။ ဒီအရောင်တွေဟာ သစ်ခေါက်ဆိုး ရောင်တွေပါ။ ဘုရားမပွင့်မီကပဲ တောထွက် တရားကျင့်သူတွေ ဆိုးပြီး ဝတ်လေ့ ရှိကြပါတယ်။ ဒီအရောင်တွေက နှစ်သက်မှု၊ တပ်မက်မှုကို ကင်းစေပါတယ်။ လောဘ ဒေါသလဲ နည်းပါးစေပါတယ်။ အရောင်ချင်း တူတော့ တစ်ပါးနဲ့တစ်ပါး ယှဉ်ပြိုင်မှု မရှိဘူး။ သွေးစည်း ညီညွှတ်မှု ကိုလဲ ရစေပါတယ်။ ညစ်ပတ်ပေရေမှုကိုလဲ ခံနိုင်ပါတယ်။ နောက်တစ်ကြောင်းက တည်ငြိမ် စူးရှထက်မြက်တဲ့အသိဉာဏ်ကိုလဲ ဖြစ်ထွန်းစေပါတယ်။ ဒီအကြောင်းတွေ ကြောင့်ပဲ သူတော်ကောင်းလက္ခဏာအဖြစ် ဒီအရောင် ကို ရွေးကြခြင်း ဖြစ်ပါတယ်။
ပါရဂူ။ ။ ဗုဒ္ဓတရားတော်တွေ ပြန့်ပွားအောင် ဘယ်လို ဖြန့်ပါသလဲ။
ဆရာတော်။ ။ ရှေးတုန်းကတော့ မြန်မာနိုင်ငံ တစ်ခုလုံးရဲ့ ပညာရေးဟာ ဘုန်းကြီး တွေ လက်ထဲမှာ ရှိခဲ့ပါတယ်၊ ပေါက်ပွားလာတဲ့ ကလေးတွေ အားလုံးဟာ ပညာ သင်ကြားရာ ဘုန်းကြီးကျောင်းကို ရောက်ကြရတာချည်းပဲ၊ ဘုန်းကြီးတွေက လူ့ဘဝ မှာ နေထိုင် လုပ်ကိုင် စားသောက် နိုင်အောင် အသက်မွေးမှု ပညာရပ် တစ်မျိုးမျိုးကို သင်ပေးလိုက်ကြပါတယ်၊ အတန်းမြင့်လာ သူများကိုတော့ ဗုဒ္ဓ တရားတော်များကိုပါ အပို သင်ပေးလိုက်ကြပါတယ်၊ ဒီနည်းနဲ့ပဲ ဗုဒ္ဓတရားတော်တွေ ပြန့်အောင် ဖြန့်ပေးပါတယ်။
ပါရဂူ။ ။ ယခုအခါ ရဟန်းတော်များရဲ့ ပြင်ဘက် ကမ္ဘာမှာ အစစအရာရာ တိုးတက် ပြောင်းလဲနေပါတယ်၊ ဥပမာ ကွန်ပျူတာတွေ ဂြိုဟ်တုတွေ ဒုံးပျံတွေနဲ့၊ နောက်ဆုံး သိပ္ပံပညာရဲ့ စွမ်းအားနဲ့ လပေါ်ကိုတောင် ရောက်နေပါပြီ၊ ဒီလို တိုးတက်နေတာ တွေကို ဘယ်လို မြင်ပါသလဲ။
ဆရာတော်။ ။ မှန်ပါတယ်၊ သိပ္ပံပညာတွေ တိုးတက်လို့ အစားကောင်းတွေ စားရ၊ အဝတ်ကောင်းတွေ ဝတ်ရ၊ အနေအထိုင်ကောင်းတွေ နေရတာ မှန်ပါတယ်၊ ရုပ်ဝတ္ထု ဘက်က သိပ်တိုးတက်ကြပါတယ်၊ ဒါပေမယ့် အကျင့် စာရိတ္တဘက်က (နာမ်တရား ဘက်က) တိုးတက်မှု နည်းကြလို့ စိတ်ချမ်းသာမှုတော့ အပြည့်အဝ ရကြလိမ့်မယ် မထင်ပါ၊ ဗုဒ္ဓတရားတော်တွေကိုပါ သိပြီး လိုက်နာကျင့်သုံးကြမှ အေးချမ်းမှု အပြည့် အဝ စိတ်ချမ်းသာမှုပါ ရကြလိမ့်မယ်-လို့ မြင်ပါတယ်။
ပါရဂူ။ ။ သိပ္ပံပညာရပ်တို့ရဲ့ အဆုံးပိုင်းကို ဘယ်လို မြင်ပါသလဲ။
ဆရာတော်။ ။ ဒါကတော့ ဗုဒ္ဓတရားတော် အတိုင်းပဲ မြင်ပါတယ်၊ နောက်ဆုံးမှာ အားလုံး ကုန်ဆုံး ပျက်စီးကြရမှာပဲ။
ဤသို့စသော မေးခွန်းများကို မေး၍ ဆရာတော်ကလည်း မေးတိုင်း ဖြေ၍ ကျေနပ်သည့် အမူအရာများကို ပြကြသည်၊ ဆရာတော် မိန့်သလိုပင်-
“ကမ္ဘာအရပ်ရပ်၌ ရုပ်ဝတ္ထုတွေ ဘယ်လောက် တိုးတက်နေသော်လည်း အတွင်းပိုင်း နာမ်တရားများ မတိုးတက်ပါက အပြည့်အဝကျေနပ်မှု အပြည့်အဝ ချမ်းသာမှု အပြည့်အဝ ငြိမ်းချမ်းမှု ရမည် မဟုတ်ပေ”
ဟူသောအချက်ကို လက်ခံသည့်အသွင် ပါရဂူတို့ ခေါင်းတဆတ်ဆတ် ညိတ်နေ ကြသည်။ တွေးခေါ် စဉ်းစားသည့် အမူအရာကိုလည်း ပြနေကြသည်။
ဟုတ်ပါသည်၊ ယခု လက်တွေ့ပင်လျှင် ချမ်းမြေ့သာယာသည့် ဤကျောင်းတိုက် (တောအုပ်မြိုင်တွင်း) သို့ ရောက်နေခိုက်မှာ အေးဆေး ငြိမ်းချမ်းသည့် အရသာကို သူတို့ ခံစားနေကြရသလို ဖြစ်နေပါ၏။ ကျေနပ်နေသည့် လက္ခဏာကို ဖော်ပြနေ ကြသည်။
မပြန်ချင်ဘဲ နေလိမ့်
ရုရှပါရဂူတို့က “မေးခွန်းတွေ များများမေး၍ အကြောင်းအရာတွေ များများ ဆွေးနွေး ချင်သည်” ဟု ဆိုကြ၏။ “ဤ ကျောင်းတိုက်ကို လာရတာ စိတ်ထဲမှာ ချမ်းမြေ့ အေးငြိမ်း နေပါသည်။ သို့ရာတွင် တာဝန်တွေ ရှိသေးသဖြင့် များများ မမေးနိုင်ပါ။ ကြာကြာ ဆွေးနွေးပြီး မနေနိုင်ပါ” ဟု ပြောကြသည်။
ထို့နောက်မှ “များများမေး၍ ကြာကြာ မဆွေးနွေးရတာပဲ ကောင်းပါတယ်လေ ... အဲလို အခွင့်အရေးတွေ ရနေလို့ရှိရင် ဒီကျောင်းတိုက်ကြီးက မပြန်ချင်ဘဲ နေလိမ့်မယ်” ဟု ခပ်ရွှန်းရွှန်း ပြော၍ ရယ်မောနေကြတော့သည်။
ပြန်ခါနီးတွင် ဆရာဦးမောင်မောင်တင်ထံ မြန်မာတို့၏ ယဉ်ကျေးမှု အသုံးအနှုန်းကို မေးမြန်း သင်ကြား၍ “ဦးတင်ပါသည် ဘုရား” ဟူ၍ပင် ဆိုသွားကြလေသေးသည်။
အရှင်ဇနကာဘိဝံသ နှင့် သီရိလင်္ကာဝန်ကြီး
သိရိလင်္ကာ ယဉ်ကျေးမှုဝန်ကြီး ရောက်လာခြင်း
ဗုဒ္ဓယဉ်ကျေးမှုနဲ့ ဧည့်ခံရမှာပဲ
ယခုလာမယ့် (၁၃၂၈-ခု) ဒုတိယ ဝါဆိုလဆန်း ၅-ရက်နေ့မှာ ဒီကျောင်းတိုက်ကို သီဟိုဠ်က (သီရိလင်္က၁) ယဉ်ကျေးမှုဆိုင်ရာဝန်ကြီး ရောက်လာမယ်လို့ ဆိုင်ရာ ဒကာတွေ မနေ့တုန်းက လာလျှောက်ကြတယ်၊ ယဉ်ကျေးမှု ဝန်ကြီးပဲ ဖြစ်ဖြစ်၊ သုတေသနဝန်ကြီးပဲ ဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် လာပါစေ၊ ဘုန်းကြီးတို့က ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ ယဉ်ကျေးမှု၊ ဗုဒ္ဓ ယဉ်ကျေးမှုနဲ့ ဧည့်ခံနိုင်ပါတယ်၊
ကမ္ဘာ့ ယဉ်ကျေးမှု ဆိုတာက္မွ ဘယ်လောက်ပဲ ကောင်းကောင်း၊ ဗုဒ္ဓယဉ်ကျေးမှု ကိုတော့ မမီနိုင်ပါဘူး၊ လွန်ခဲ့တဲ့ တစ်နှစ်ကလဲ အင်္ဂလန်က ပရိုဖက်ဆာကြီးဆိုတာ လာခဲ့ဖူးတယ်၊ ဘုန်းကြီးက ဗုဒ္ဓယဉ်ကျေးမှုနဲ့ ဧည့်ခံလိုက်တာပဲ” ဤသည်ကား ယနေ့အဖို့ နံနက်ခင်း ဩဝါဒကို စတင်လိုက်ခြင်းပင် ဖြစ်သည်။
အဲဒီ အင်္ဂလန်က ပရိုဖက်ဆာ ဆရာကြီး လာတုန်းကလဲ သူလာတော့မယ်ဆိုတော့-ဘုန်းကြီးက သူမလာခင်ကတည်းက မေတ္တာကြိုပို့နေခဲ့တယ်၊ မေတ္တာစစ်စစ်သန့်သန့် ပို့နေခဲ့ ဒါဟာ ဗုဒ္ဓယဉ်ကျေးမှုအရ နေတာပဲ၊ အဲဒီနောက် သူ ရောက်လာလို့ သူ မေးချင်တာ မေး၊ ဘုန်းကြီးကလဲ ဖြေနဲ့၊ အဲလို နေကြလို့ အတော်ကြာတော့ သူဆိုင်ရာ ပုဂ္ဂိုလ်များက “ထမင်းစား ဖိတ်ထားတဲ့ နေရာကို သွားဖို့ အချိန်ကျပါပြီ”လို့ ပြောကြတယ်၊ ဒီတော့ လက်က နာရီကို မြှောက်ကြည့်ပြီး “အို ... ဟုတ်လား၊ ပြန်တောင် မပြန်ချင်သေးဘူး”လို့ ဆိုပြီး “ဆရာတော် အမိန့်ရှိလိုတာကို ၁ဝ မိနစ် လောက် မိန့်ပါဦး” လို့ လျှောက်ပြန်တယ်၊ ဒီတော့ ဘုန်းကြီးက “အရာခပ်သိမ်းဟာ အနိစ္စချည်း ဖြစ်တဲ့အကြောင်းရယ်၊ မေတ္တာ ပွားဖို့ရယ် ပြောလိုက်ပါသေးတယ်”။
“အခု ဦးပဉ္စင်းတို့ ကိုရင်တို့ဟာ ကံကောင်းထောက်မလို့ ဒီပုဒ္ဓယဉ်ကျေးမှုတွေနဲ့ တွေ့နေရပြီ၊ အထိုက်အလျောက် ရနေကြပြီ၊ ဒါကတန်ဖိုးထားကြပါ၊ ပေါ့ပေါ့လေး မအောက်မေ့ပါနဲ့၊ ဗုဒ္ဓယဉ်ကျေးမှုဟာ အလွန် အဆင့်အတန်း မြင့်ပါတယ်၊ သူများ ဟာမှချည်း ကောင်းတယ် ထင်မနေကြပါနဲ့၊ အခု ကိုယ်ရနေတဲ့ ယဉ်ကျေးမှုဟာ ဘယ်လောက် အဆင့်အတန်း မြင့်တယ်ဆိုတာ လက်တွေ့ကျင့် သုံးကြည့်ဖို့ ကောင်းတယ်၊
သီလကို လုံခြုံအောင် စောင့်စည်းပါ၊ ကိုယ်နှုတ်စိတ်ကို ယဉ်ကျေး သိမ်မွေ့အောင် ပြုပြင်ပါ၊ မေတ္တာကို များများပို့ပါ၊ ဗုဒ္ဓါနုဿတိကို များများ ထုံပေးပါ၊ ဒါဟာ ဗုဒ္ဓယဉ်ကျေးမှုတွေပဲ၊ ဟို... လာမယ့်နေ့ကျတော့လဲ ဒီအတိုင်းပဲ ကျင့်သုံးကြပါ”။
ဤသို့ စသည်ဖြင့် တပည့်တို့အား အကြောင်း အားလျော်စွာ ဩဝါဒ ပေးတော် မူထားသည်။ အသင့်ပြင်ဆင်နိုင်အောင် ကြိုကြိုတင်တင် သတိပေးထားခြင်းဖြစ်၏။
တမလွန်ဘဝနှင့် ဝန်ကြီးသံသယ
ချိန်းထားသည့် ရက်သို့ ရောက်သောအခါ သီဟိုဠ် (သီရိလင်္ကာ) ယဉ်ကျေးမှု ဆိုင်ရာ သုတေသနဝန်ကြီး (မဟာမင်းကြီး) ရောက်လာပါတော့၏။ မြန်မာနိုင်ငံ ယဉ်ကျေးမှု ဌာနမှ ပုဂ္ဂိုလ်များလည်း ပါလာကြ၏။ ထိုအထဲတွင် -
ရှေးဟောင်း သုတေသန ညွှန်ကြားရေးဝန် ဦးအောင်သော်၊
ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ပြတိုက်မှူး ဦးစောထွန်းမှတ်ဝင်း (ရန်ကုန်)၊
မန္တလေး ရှေးဟောင်းသုတေသန ဌာနမှူး ဦးမြင့်အောင်၊
မန္တလေး ရှေးဟောင်းပစ္စည်း ပြတိုက်မှူး ဒေါ်တင်လှ၊
စာရေးဆရာ မာဃ၊
အယ်ဒီတာ ဦးခင်စိုး
စသော ပုဂ္ဂိုလ်များ လိုက် ပါလာကြသည်။
ဦးစွာပထမ ဆရာတော်နှင့် တွေ့ဆုံကြ၏။ အာလာပသလ္လာပ ပြောဆို နှုတ်ဆက် ကြသည်။ ပြတိုက်မှူး ဒေါ်တင်လှက စကားပြန် ပြုလုပ်ပေး၏။ သီဟိုဠ် (သီရိလင်္ကာ) သုတေသန ယဉ်ကျေးမှုဆိုင်ရာ မင်းကြီးသည် ယခုမှ တွေ့ရသော ဆရာတော် အရှင်ဇနကာဘိဝံသကို ရှေးက ရင်းနှီးပြီးသား ဆရာတော်တစ်ပါးလို ထင်စားနေမိ ဟန်ရှိ၏။ ဆရာတော်ကလည်း မေတ္တာကို အရင်းပြုပြီး ဗုဒ္ဓယဉ်ကျေးမှုနဲ့ ဧည့်ခံ နေပါလိမ့်မည်။ တစ်ဦးနှင့် တစ်ဦး ကြည်နူးမြတ်နိုးစွာ နားလည်နေကြသည်။
ဤသို့လျှင် ရင်းရင်းနှီးနှီး အကြောင်းအရာ များစွာတို့ကို ပြောဆိုကြပြီးနောက် တွေ့ခိုက် ဆုံခိုက်တွင် သူ သိချင်သော အချက်တစ်ချက်ကို ဆရာတော်အား သီဟိုဠ် (သီရိလင်္ကာ) ယဉ်ကျေးမှုဝန်ကြီးက လျှောက်ထား၏။
“တပည့်တော် ညီတစ်ယောက် သီဟိုဠ် (သီရိလင်္ကာ) မှာ သေဆုံးသွားခဲ့ပါတယ်၊ အဲ့ဒီနောက် (၁၀) နှစ်လောက် ကြာတဲ့အခါ တပည့်တော်နဲ့ ဇနီးတို့ အင်္ဂလန်မှာ နေထိုင်ခိုက် တပည့်တော်ညီဟာ တပည့်တော်ဇနီးဝမ်းမှာ ဝင်စားပြီး မွေးဖွားလာ ပါတယ်၊ စကားပြောတတ် လာတဲ့အခါ ရှေးဘဝံက အကြောင်းအရာတွေကို အကုန်လောက်နီးနီး ပြန်ပြောနိုင်နေပါတယ်၊ တပည့်တော်ကိုလဲ (အစ်ကို) လို့ပဲ ခေါ်နေပါတယ်၊ ဒါ ... ဒီလောက်ကြာမှ ဒီလောက်ဝေးတဲ့ နိုင်ငံမှာ ဘယ်လိုလုပ် လာဖြစ်တာလဲလို့ တွေးမရအောင် ဖြစ်နေပါတယ် ဘုရား” ဟု လျှောက်တော့သည်။
ဝန်ကြီးနှင့် နီးကပ်သော ဥပမာပြ၍
ထိုအခါ ဆရာတော်က “ဒါဟာ ဖြစ်နိုင်တာပေါ့၊ ဒီလောက်ကြာတဲ့ ကြားကာလ (၁၀)နှစ် လောက်မှာ ဘာမှမဖြစ်ဘဲ နေတာတော့ မဟုတ်ဘူး၊ ဘဝ တစ်ခုခုမှာ ဖြစ်နေတာပါပဲ၊ အနီးအဝေးနဲ့ ပတ်သက်လို့လဲ ဘုန်းကြီးတို့ ဗုဒ္ဓတရားတော်အရတော့ ရှင်းနေတာပါပဲ၊ ဘယ်လောက်ပဲ ဝေးဝေး အာရုံတန်းမှု စွဲလမ်းမှုသာ ပဓာနပါ၊ ဖြစ်နိုင်တာပဲ။
ဥပမာ… အိန္ဒိယက သီရိဓမ္မာသောကမင်းကြီး၊ နိဂြောဓ သာမဏေလေးတို့နဲ့၊ သီဟိုဠ် (သီရိလင်္ကာ) က ဒေဝါနံ ပီယတိဿမင်းကြီးတို့ဟာ ရှေးဘဝတစ်ခုတုန်းက ပျားရည် ကုန်သည်ညီနောင် ၃-ဦး ဖြစ်ခဲ့ဖူးတယ် ဆိုတာ ကျမ်းစာတို့၌ အခိုင်အလုံ ဆိုထားပါတယ်၊
ညိအစ်ကို ၃-ယောက်တွင် တစ်ယောက်က သူ့အကြောင်း သူ့ကံအရ ရေခြားမြေခြား အဝေးကြီးမှာရှိတဲ့ သီဟိုဠ် (သီရိလင်္ကာ)သို့ သွားပြီး ဖြစ်တယ်၊ ပြီးတော့ သူတို့ ၃-ဦး ဟာ နောက်ပိုင်းမှာ အလွန် ကြည်နူးစွာ ရင်းနှီးချစ်ခင်ခဲ့ကြတယ်၊ ဒါဟာ သွေးက စကားပြောတယ် ဆိုရမှာပေါ့၊ ရှေးရေစက်လို့လဲ ဆိုကြတယ်” ဟူ၍ ဝန်ကြီးတို့ဒေသ အနီးကပ်ဆုံး ဥပမာကိုပြ၍ ကြားသဖြင့် ကျေနပ်မှု ရသွားဟန် ရှိလေသည်။
ထို့ပြင်လည်း ဆရာတော်က သာဓကတစ်ခု ထုတ်ပြ၍ မိန့်ဟပြန်သေး၏။
ရောဟိတနတ်သား ဆိုတာ ဘုရားထံကို လာလျှောက်ဖူးတယ်၊ သူဟာ ရှေးတုန်းက သိပ်လျင်မြန်စွာ သွားနိုင်တဲ့ အစွမ်းရှိတဲ့ ဈာန်အဘိညာဉ်ရ ရသေ့တစ်ဦးဖြစ်ခဲ့ဖူးသတဲ့၊ ဘယ်လောက်များ မြန်သလဲဆိုရင် ထန်းပင်ကိုယ်လုံး အရိပ်ကို မြှားဖြတ်သွားတဲ့ နှုန်းလောက်နဲ့ အရှေ့သမုဒ္ဒရာနဲ့ အနောက်သမုဒ္ဒရာကို ဖြတ်သန်းသွားနိုင်သတဲ့။
အဲဒီနှုန်းနဲ့ စကြဠာတွေ ဘယ်လောက် များသလဲ” လို့ သိချင်တာနဲ့ ပြေးလွှား သွားလာပြီး ကြည့်လိုက်တာ အမျာကြီးပဲ မရေမတွက်နိုင်အောင် တွေ့ရသတဲ့။ ဒါနဲ့ စားချိန် သောက်ချိန်၊ ကျင်ကြီးကျင်ငယ် စွန့်ချိန်နဲ့ အနည်းငယ် အိပ်ချိန်မှတစ်ပါး ကျန်တဲ့ အချိန်များမှာ ဆက်လက်ပြီး အမြဲတမ်း ပြေးလွှား၍ ဘယ်လာက် များသလဲ ကြည့်လာခဲ့တာ ကုန်ဆုံးတယ်လို့ကို မရှိဘူး၊ ရှေ့မှာ စကြာဠာတွေ ရှိသေးတာပဲ။
အဲလိုနဲ့ ပြေးရင်းလွှားရင်း အိုမင်းရင့်ရော်လာပြီး သေသာ သေခဲ့တယ်၊ စကြဝဠာ တွေက မကုန်သေးဘူးတဲ့၊ အဲဒီနောက် စကြဝဠာ ဒီကမ္ဘာကို စွဲလမ်းမှုနဲ့ ဒီမှာပဲ ပြန်လာ ဖြစ်တယ် လို့ လျှောက်တယ်။
“အဲဒီ ဝတ္ထုကြောင်းမှာလဲ ဘယ်လောက်ပဲ ဝေးဝေး၊ အာရုံတန်းမှု စွဲလမ်းမှုကြောင့် လာဖြစ်တာပဲ” ဟု ထပ်ဆင့် ပြောကြားသဖြင့် များစွာ အားရကျေနပ်မှု ရသွား လေသည်။
ငြိမ်းအေးချမ်းမြေ့တဲ့ အရသာ
ထို့နောက် တစ်ဖွဲ့လုံး ကျောင်းတိုက်ကြီး အတွင်း လှည့်လည် ကြည့်ရှုကြသည်။ ကျောင်းဝင်းကြီး ကျယ်ဝန်းလှ၏။ စိမ်းစို၍ အရိပ်ကောင်းသော သစ်ပင်ကြီး သစ်ပင် ငယ်တို့ဖြင့် ဖုံးအုပ်မိုးကာထားသည်ကို ရှုမြင်ကြရသည်။ အဝေးမှနေ ကြည့်လျှင် တောအုပ်ကြီးပင် ထင်ရသည်။ အတွင်းသို့ ဝင်ကြည့်လျှင်ကား အောက်ခြေ မြေပြင်တွင် (သဲသောင်ပြင် တလင်းကဲ့သို့) သန့်ရှင်းနေပေသည်။
မည်သူတွေ လာ၍ရှင်းသနည်း။ သံဃာတွေ များစွာရှိသည် ဆိုသော်လည်း အရိပ် အယောင် သိပ်ပြီး မတွေ့ရ။ တိတ်ဆိတ်လှ၏။ မြို့ရွာနှင့် လှမ်းသဖြင့် ချမ်းမြေ့ ငြိမ်သက်နေသည်။ တောကြီးမြိုင်လယ်တွင် ရောက်နေရဘိသို့ ထင်ရ၏။ တော သဘာဝ ကျေးငှက်ကလေးတို့၏ တီတီတာတာ အသံ ဆာဆာကိုသာ ကြားကြ ရသည်။ ရောက်ဖူးတဲ့ သူတိုင်းက “ငြိမ်းအေးချမ်းမြေ့သော အရသာကို ခံစားရသည်” ဟု ပြောပြော သွားကြ၏။ ယခု ဤ သီဟိုဠ် (သီရိလင်္ကာ) ယဉ်ကျေးမှု ဝန်ကြီးတို့၏ အဖွဲ့သည်လည်း ဤအတိုင်းပင် ဖြစ်ပါလိမ့်မည်။
“သီဟိုဠ် (သီရိလင်္ကာ) နိုင်ငံဆိုတာ ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံ တစ်နိုင်ငံပဲ၊ ဒီတော့ ဒီကျောင်းတိုက်သံဃာတွေကိုလဲ မြင်သွားရအောင်” ဆိုပြီး ဆရာတော်က ဆွမ်းစား ကျောင်းကြီး အပေါ်ထပ်မှာ သံဃာတော်အားလုံးကို စုရုံးစေပါသည်။ သံဃာတော် များ စုဝေးပြီးချိန်လောက်တွင် ကျောင်းတိုက်ကို လှည့်ပတ်ကြည့်ရှုပြီး ပြန်လာကြသော ထိုအဖွဲ့ကို ထိုကျောင်းကြီးပေါ်သို့ ခေါ်လာသောအခါ သီဟိုဠ် (သီရိလင်္ကာ) မင်းကြီးမှာ တအံ့တဩ ဖြစ် သွားရဟန် ရှိပြန်ပါသည်။
ဆင်းတုလေးတွေ တယ်များပါလား
အဘယ့်ကြောင့်ဆိုသော် ငြိမ်သက်နေသော သံဃာတော်များကို ဖူးတွေ့လိုက်ရ သောကြောင့်ဖြစ်ပါ၏။ ဟုတ်ပါသည်။ သံဃာတော်များ နေထိုင် သီတင်းသုံးနေကြ ပုံကလည်း ထူးခြားလွန်းလှပါသည်။ (စတုရန်းပုံကျကျ အကွက်ချ၍ စနစ်တကျ စိုက်ပျိုးထားသော အရွယ်တူ ပန်းပင်ပျားပမာ) အရှေ့ဘက်က ကြည့်ကြည့်၊ အနောက် ဘက်က ကြည့်ကြည့်၊ တောင်ဘက်ကကြည့်ကြည့်၊ မြောက်ဘက်က ကြည့်ကြည့်၊ ထောင့်တန်းပဲ ကြည့်ကြည့်၊ တည့်တည့် ညီညီ၊ တစ်ဖြောင့်တည်း တည်နေကြပုံ၊ ငြိမ်သက်စွာ စက္ခု ခြေချ၍ ထိုင်နေကြပုံမှာ အသက်ရှိ ပုဂ္ဂိုလ်များနှင့် မတူဘဲ၊ သက်မဲ့များနှင့်သာ တူနေပါတော့သည်။ လေငြိမ်ရာ၌ ထွန်းထားသော မီးတောက်များ ကဲ့သို့ တည်ငြိမ်လွန်းလှသည်။
ထို့ကြောင့်ပင် အပြင်ရောက်သောအခါ သီဟိုဠ် (သီရိလင်္ကာ) မင်းကြီးက ပြောပါ သတဲ့၊ “ကျောင်းကြီးပေါ် တက်ပြီး အခန်းကြီးထဲ ဝင်လိုက်တော့ ဒီမှာ ဆင်းတုတော် လေးတွေ တယ်များပါလားလို့ ပထမတော့ ထင်လိုက်မိတယ်၊ နောက်တော့မှ ဪ .... အသက်ရှိတဲ့ ဆင်းဟုတော်လေးတွေပဲကိုး” လို့ သိလာရပြန်သတဲ့။
ထိုတင်ဖွဲ့လုံး သံဃာတော်များကို အလွန်ရိုသေစွာ ရှိခိုးကြ၏၊ လေးလေးနက်နက် ကြည်ညိုကြ၏၊ ပျပ်ပျပ်ဝပ်ဝပ် ဖူးမြော်ကြသည်။ စည်းကမ်းရှိ၍ ငြိမ်သက်သော ပရိသတ်ကို ရှေးတုန်းက မတွေ့ရဖူးဘဲ ယခုမှသာ တွေ့ရသလို တအံ့တဩ ဖြစ်နေကြ၏။ ကြည်ကြည်နူးနူး ဦးတိုက်၍ နေကြသည်၊ ထိုမျှမက “ကိုယ်စီကိုယ်င ရင်ထဲ၌ တလှပ်လှပ် လှိုင်းထအောင် ဘောင်ဘင်ခတ်၍ ခံစားနေကြရပါသည်” ဟုလည်း သူတို့ မျက်နှာများက ပြောပြ၍ နေကြပါသည်။
ဗုဒ္ဓယဉ်ကျေးမှု မြင့်မားပုံ
ဆရာတော် အရှင်ဇနကာဘိဝံသကား ပိဋကတ်တော်ထဲမှ ဗုဒ္ဓယဉ်ကျေးမှုတွေကို လေ့လာပြီးသောအခါ (စာထဲမှာသာ မထားဘဲ) မိမိကိုယ်ပေါ် ရောက်အောင်ယူ၍ လက်တွေ့ ကျင့်သုံးသည်၊ ထို့အတူပင် တပည့် သံဃာများကို လည်း လက်တွေ့ ကျင့်သုံးဖြစ်အောင် ဆုံးမ၍ လက်တွေ့ကျင့်သုံး ပြသစေသည်။ ယခုလို လက်တွေ့ ကျင့်သုံးပြလိုက်သောအခါ ဗုဒ္ဓယဉ်ကျေးမှု၏ မြင့်မားပုံကို ပို၍သိလာရ၏၊ မည်သူမျှ ဦးမချဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။
တစ်ခါက ဂန္ဓာရုံ သံဃာတော်များကို ရုပ်ရှင်ရိုက်ယူသွားသော အနောက်နိုင်ငံသား တစ်ယောက်သည် ရောက်လေရာ မဟာယာန ဗုဒ္ဓဘာသာနိုင်ငံများတွင် ပြသော အခါ အံ့ဩစွာ တွေ့ရပါသတဲ့၊ ပိတ်ကားပေါ်မှ သံဃာတော် များကိုလဲ မြင်လိုက်ရော၊ မတ်မတ်ရပ်လျက် ကြည့်နေသော ပရိသတ်များသည် ထိုင်၍’ထိုင်၍ ရှိခိုးကုန်ကြ ပါသတဲ့၊ ဤမျှပင် ဗုဒ္ဓ၏ အဆုံးအမများက မြင်ရသူ နှလုံးသားကို ထိထိခိုက်ခိုက် ဖြစ်သွားစေနိုင်ပါသည်။ ဗုဒ္ဓယဉ်ကျေးမှု၏ မြင့်မားပုံ သာခကတစ်ရပ်ပေတကား။
အထက်ပါ ယဉ်ကျေးမှုဝန်ကြီးအဖွဲ့ လာစဉ်က ပါဝင်ခဲ့ရသော ရန်ကုန်မြို့၊ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်ပြတိုက်မှူး ဦးစောထွန်းမှတ်ဝင်း (ယခု သာသနာရေးဦးစီးဌာန၊ တွဲဖက် ညွှန်ကြားရေးမှူး) ကလည်း ထိုအကြောင်းကို ပြန့်ပြောင်း၍ ချီးကျူးပြောဆိုဖူးသည်။
ဆန့်ထားတဲ့လက် ၂-ခု
အလိုလို စုသွားမိ
ဦးစောထွန်းမှတ်ဝင်းသည် ပိဋကတ်ကို အဝါးဝစွာ လေ့လာသင်ယူပြီးမှ တက္ကသိုလ် များက ဘီအေ၊ အမ်အေ ဘွဲ့ထူးများကို ရယူခဲ့သူဖြစ်သည်၊ ထိုမျှမက အမေရိကန် စသော နိုင်ငံတို့မှ အထက်တန်း ဘွဲ့ထူးများကိုလည်း ရယူလိုက်သေး၏။ အထူး အားဖြင့် (ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ) ဟူသော ပင်မဘာသာကြီး လေးရပ်ကို ပတ်ပတ် နပ်နပ် ထိုးဖောက် လေ့လာပြီး နောက် အစွယ်အပွား ဘာသာကလေးများ ဖြစ်သော ဂျုံး၊ ဂျိန်း၊ (ဇင်းဗုဒ္ဓဇင်)၊ ကွန်ဖူးရှပ်၊ တာအို၊ ဆစ်ခ်၊ ရှင်တို၊ ဖာရစီ ဟူခသာ ဘာသာကလေးများပါ အားလုံး (၁၁) မျိုးကို လေ့လာခဲ့သူ ဖြစ်သည်။
ထို့ကြောင့်လည်း “သူသည် အူလည်လည်ကြီး ဖြစ်သွားကာ ဘယ်ဟာကိုမှ လေးလေး ပင်ပင် မရှိသလို ဖြစ်သွားခဲ့ရ၏။ ပြီးမှ ယုတ္တိကျ၍ သဘာဝပိုင်ပြီး အခိုင်ခံ့ဆုံး ဖြစ်သော မိမိတို့၏ ဗုဒ္ဓဘာသာကိုပင် ပြန်လည်၍ ဖက်တွယ် မိတော့သည်” ဟု သူကိုယ်ဘိုင် ပြောပြဖူးသည်။
ဤအကြောင်းများကြောင့် သူသည် တော်ရုံ တန်ရုံကို လေးစားနိုင်သူ မဟုတ်တော့၊ နေရာတိုင်းကို မရိုသေနိုင်။ နေရာတိုင်းကို ဦးမညွဘ်နိုင်သူ ဖြစ်သွားတော့သည်၊ ထို ပုဂ္ဂိုလ်သည် တစ်ခါတုန်းက ရန်ကုန် သံဃဘက္ကသိုလ် ဟောပြော ခန်းမတွင် သာသနာပြု သင်တန်းသား သံဃာတော်များအား ဤသို့ လျှောက်ထားဖူးပါသတဲ့။
“အရှင်ဘုရားတို့ ... အမရပူရက ဆရာတော် အရှင်ဇနကာဘိဝံသလို ကျင့်သုံး ကြစမ်းပါ၊ ထိုဆရာဘော်ရဲ့ အတွင်းသား သီလသမာဓိများကို မသိရသေးခင် အပြင် ပုံပန်းကို မြင်လိုက် ရရုံနဲ့ပဲ (ချပ်ချပ်ရပ်ရပ် သပ်သပ်ပါယ်ပါယ် ဝတ်ရုံထားမှုကြောင့်) နေရာတိုင်းမှာ ဦးမညွှတ်နိုင် ရှိမခိုးနိုင်တဲ့ တပည့်တော်ရဲ့ ဟောဒီ လက်တွေဟာ ဘယ်လို ဘယ်လိုဖြစ်သွားမှန်း မသိဘူး၊ ဆန့်တန်း ထားရာက အလိုလိုစု၍ လက် နှစ်ဘက်ပူးပြီး နဖူးပေါ် တင်မိရက်သား ဖြစ်သွားပါတယ် ဘုရား” ဟူ၍ လျှောက်ထား ဖူးပါသတဲ့။
“အရှင်ဇနကာဘိဝံသနှင့် ခရစ်ယာန် သာသနာပိုင်ကြီး”
ဘာသာလူမျိုးမရွေး
အအေးဓာတ် ပေးမြဲ
၁၉၆၉-ခုနှစ်လောက်က ဖြစ်၏။ မဟာဂန္ဓာရုံကျောင်းတိုက်သို့ အဝတ်အစား တစ်မျိုး နှင့် ထူးထူးခြားခြား ဝတ်ရုံထားသော ပုဂ္ဂိုလ်ကြီးတစ်ဦး ရောက်လာသည်။ ဆရာတော်၏ ကျောင်းကလေးပေါ်သို့ တက်လာကြ၏။ အခြွေအရံအဖြစ် ရိုးရိုး အဝယ်အစား ဝတ်သူများလည်း ပါလာကြသည်။ ကြိုတင် အကြောင်းကြားထားခြင်း မရှိ၍ ဘယ်မြို့ဘယ်ရွာက ဘယ်သူဟူ၍ မသိရပေ။
ထို့ကြောင့် ဆရာတော်က အေးဆေး သိမ်မွေ့စွာပင် ‘ဘယ်ကပါလဲ” ဟု ခေါ်လာသော ပုဂ္ဂိုလ်များကို မေးမြန်းရာ “ခရစ်ယာန် သာသနာပိုင်ကြီးပါ ဘုရား” ဟု လျှောက်ထား ကြ၏။ ထိုအခါဆရာတော်က “အား ... ဒီလိုဆိုရင် ဟိုနားမှာ ကုလားထိုင် ရှိပါတယ်၊ ဒီနားကိုယူလာ ခင်းပေးလိုက်ကြပါ” ဟု လက်ညှိုးညွှန်ပြ သဖြင့် နောက်ပါ ပုဂ္ဂိုလ်တို့လည်း ညွှန်ပြသည့်အတိုင်း ဆောင်ရွက်ကြပါသည်။
ခရစ်ယာန် သာသနာပိုင်ကြီးသည် အားတုံ့ အားနာဖြင့် (ဆရာတော်ရှေ့ ခင်းပေးသော) ကုလားထိုင်တွင် ဝင်ထိုင်၍ ဆရာတော်လည်း ကုလားထိုင်ဖြင့် မျက်နှာချင်း ဆိုင်ကြပါသည်။ ပုဂ္ဂိုလ်ကြီး ၂-ဦးတို့၏ မျက်နှာတို့သည် အေးဆေး ငြိမ်းချမ်းသော အသွင်များ ကိုယ်စီဖြင့် တစ်ဦးနှင့်တစ်ဦး ကြည်နူးစွာ နှုတ်ဆက်ကြ၏။
ထို ပုဂ္ဂိုလ်ကြီးနှင့် ပါလာကြသော မြန်မာ ဒကာများကား လေးစားစွာ မတ်တတ် ရပ်လျက် နေကြသည်။ ရပ်နေကြသော ပုဂ္ဂိုလ်တို့သည်လည်း “ခရစ်ယာန် ဂိုဏ်းအုပ် ဂိုဏ်းထောက်များ” ဟု နောက်မှ ပြောပြ၍ သိကြရပါ၏။
ဆရာတော်က ခရစ်ယာန်သာသနာပိုင်ကြီးကို လေးလေးစားစား ဆက်ဆံ၍ ရင်းရင်း နှီးနှီး တရား ဆွေးနွေးနေသည်ကို ခရစ်ယာန် ဂိုဏ်းအုပ် ဂိုဏ်းထောက်များက ကြည့်၍ အလွန် ပီတိ ဖြစ်ကာ ကျေနပ်နေကြသည် ဆို၏။ ဆရာတော်က မေတ္တာ အရင်းခံ ထား၍ ဆွေးနွေးသဖြင့် မေတ္တာရောင်ပြန် ဟပ်ကြခြင်း ဖြစ်ပါလိမ့်မည်။ မေတ္တာ ဟူသည် ဘာသာ လူမျိုးမရွေး အအေးဓာတ် ပေးမြဲတည်း။
အထင်မသေး၍ ဆွေးနွေးနိုင်
ဆရာတော် အရှင်ဇံနကာဘိဝံသသည် သာသာရေးခေါင်းဆောင် ဆရာတော်တစ်ပါး ဖြစ်သည့်အားလျော်စွာ မိမိတို့၏ ဘာသာရေး၌ စနစ်တကျ စည်းကမ်းရှိရှိ ဖြစ်စေ ချင်၏။ ယင်းကိစ္စနှင့်စပ်၍ တစ်ပါးသော ဘာသာရေးတို့၏ စည်းကမ်းစနစ်ရှိပုံ ကိုလည်း အထိုက်အလျောက် တီးမိ ခေါက်မိရှိအောင် လေ့လာထားပြီး ဖြစ်သည်။
၎င်းတို့နှင့်ဆိုင်ရာ စာအုပ်စာတမ်းများကို ဖတ်ရှုခြင်း၊ လက်လှမ်းမီရာ လူကြီး လူကောင်းတို့နှင့် ဆွေးနွေးမေးမြန်း ထားခြင်းဖြင့် အတော်အတန် သိထားပြီး ဖြစ်သည်။ ခရစ်တော်သည် မေတ္တာ ကရုဏာ သစ္စာ ခန္တီတရားတို့ကို အရင်း ခံထား၍ ဟောကြားခြင်း၊ကိုယ်တိုင်ကျင့်သုံးခြင်း၊ သာဝက တို့အား လိုက်နာစေခြင်းဖြင့် တိုက်တွန်းသည်ကိုလည်း သိထား၏။ ထို့ကြောင့် ထိုဘာသာဝင်များအပေါ် ဆရာ တော်က အထင်မသေးပါ။ ထို့ကြောင့်လည်း ဆွေးနွေး နှီးနှောနိုင်ခြင်း ဖြစ်ပါသည်။
စည်းကမ်းစနစ် အရေးပါပုံ
ခရစ်တော်၏ အယူဝါဒကို လိုက်နာကြသော ဘာသာဝင်တို့သည် များသောအားဖြင့် အရာရာ၌ စည်းကမ်းရှိကြ၏။ အိမ်တွင်းနေထိုင်ပုံ၊ မိမိတို့ အချင်းချင်း ပေါင်းသင်း ဆက်ဆံပုံ၊ သွားလာဝတ်စားပုံ၊ ဘုရားကျောင်း၌ဝတ်ပြုပုံ၊ ဆိုင်ရာတာဝန်ကို ထမ်းဆောင်ကြပုံ၊ (ရှေးခေတ်က) တပည့်တို့အား ပညာသင်ကြားပေးပုံ၊ ကိစ္စအား လျော်စွာ စည်းဝေးကြပုံ၊ နောက်ဆုံး၌ အသုဘ ပို့ဆောင်ပုံ တိုင်အောင် ငွေကုန် မများစေဘဲ (ကုန်ရပြန်လျှင်လည်း) အရာထင်အောင် စည်းကမ်း သေဝပ်ကြပုံကိုပါ ဆရာတော်က လေ့လာ၍ သိထားနှင့်၏။
ထိုသို့ အရာရာ၌ စည်းကမ်းသေဝပ်ကြသောကြောင့်ပင် ဗုဒ္ဓဘာသာဝင် မိဘတို့၏ သားသမီး တချို့သည် ခရစ်တော်၏ သာဝကအဖြစ်သို့ ကူးပြောင်း သွားကြ လေသည်။ စည်းကမ်းစနစ်သည် မည်မျှအရေးကြီး၍ မည်မျှသွေးဆောင် ဖြားယောင်း ကြောင်းကို သိနိုင်လေတော့၏။
ထို့ကြောင့်ပင် ဆရာတော်က မဟာဂန္ဓာရုံတိုက် စည်းကမ်း စနစ်ကို သေသေဝပ်ဝပ် ချမှတ်၍ အကောင်အထည် ပေါ်အောင် အစွမ်းကုန် ဖော်နေခြင်း ဖြစ်သည်။ အခြား ဗုဒ္ဓဘာသာ ခေါင်းဆောင် ဆရာတော်များလည်း ဤအတိုင်း တက်တက်ကြွကြွ ဖြစ်စေချင်၏။ ဤအတိုင်း ဖြစ်မလာကြ၍ အားမရအောင် ဖြစ်နေရခြင်း ရှိပေသည်။
မေတ္တာက အနိုင်ရလေပြီလော
ခရစ်ယာန် သာသနာပိုင်ကြီးနှင့် ဆရာတော် အရှင်ဇနကာဘိဝံသတို့သည် အားရ ပါးရ ကျေကျေနပ်နပ်ကြီး ပြောဆိုဆွေးနေကြသည်။ အတော်ကြာအောင် ဆွေးနွေးပြီးမှ ပြန်ခါနီးသောအခါ ဤသို့ ပြောပြပါ၏။
“ရန်ကုန်မှ ဆရာကြီး ဦးဖေမောင်တင်က ပြောပြပါတယ်။ မြန်မာ ဘုန်းတော်ကြီး များနဲ့ ရင်းနှီးချင်ရင် အမရပူရက ဆရာတော် အရှင်ဇနကာဘိဝံသနှင့် သွားတွေ့ပါ၊ တွေ့သင့်ပါတယ် အကျိုး မယုတ်ပါဘူး၊ သူ့သဘော ကိုယ့်သဘော နားလည်ပါတယ် တဲ့၊ အဲလိုပြောကတည်းက တွေ့ချင်နေတာ၊ အာသာဆန္ဒ ရှိနေတာ၊ ဒါကြောင့် အခုလို တကူးတက လာခဲ့ရတာပဲ” ဤသို့ ခရစ်ယာန် သာသနာပိုင်ကြီးက ပြောပြလေသည်။
ဟုတ်ပါသည်။ လွန်ခဲ့သော နှစ်တွေတုန်းက ခရစ်ယာန် ဘာသာဝင် ရန်ကုန် တက္ကသိုလ် ကျောင်းအုပ်ကြီးဟောင်း ဆရပ်ကြီး ဦးဖေမောင်တင်သည် အမရပူရသို့ ၂-ကြိမ်တိုင် လာ၍ ဆရာတော်နှင့် အနတ္တ အကြောင်းကို ကျေနပ်သည်အထိ လျှောက်ထား မေးမြန်း ဆွေးနွေးသွားဖူးပါ၏။
ထိုသို့ ရောက်လာရခြင်း၏ အကြောင်း အဆက်အစပ်ကို ပြောလိုက်ကာမှ ပို၍ပင် ရင်းနှီးဖို့ရာ၊ ပို၍ပင် သံယောဇဉ် တွယ်ဖို့ရာ ဖြစ်လာပြန်ပါဘော့သည်။ “ဘယ်လို ဖြစ်ကြသည်တဲ့၊ ခရစ်ယာန်များကပင် ဆရာတာ်ကို တွေ့ချင်နေကြသည်တဲ့”၊ ခရစ်ယာန် များကလည်း သဘာထား ကြီးပေစွ၊ အများအားဖြင့် ဘာသာချင်း မတူလျှင် ငြူစူတတ်၏။ ဣဿာဖြစ်သည်။ ကိုယ့်ဘာသာမှ သူ့ဘာသာသို့ ပါသွားမည်ကို ဝန်တိုတတ်၏။ မစ္ဆရိယဖြစ်သည်။ ဤနေရာတွင်ကား ဆရာတော်၏ အေးမြစေသော မေတ္တာက ဣဿာနှင့် မစ္ဆရိယတို့ကို အနိုင်ရလိုက်ခြင်းပေလော။
သူတော်ချင်းတွေ့ စိတ်ချမ်းမြေ့
ဆရာတော် အရှင်ဇနကာဘိဝံသနှင့် ခရစ်ယာန်သာသနာပိုင်ကြီးတို့သည် ပို၍ပင် ရင်းနှီးသွားသလိုဖြစ်ကာ ရုတ်တရက် မခွာသေးဘဲ စကားတွေ ပြောမကုန်အောင် ရှိနေပြန်တော့သည်။ ပြန်ဖို့ရန် နေရာမှ ထတော့မည် လုပ်ပြီးကာမှ မကုန်သေးသော စကားတို့ကို အားရပါးရ ကုန်အောင် ဆက်လက် ပြောနေကြပြန်သည်၊ တစ်ဦးနှင့် တစ်ဦး မခွာကြသေးဘဲ ကြည်နူးစွာ ပြောဆိုနေကြပြန်၏။
စင်စစ်သော်ကား ဗုဒ္ဓ တရားတော်အရ ရှေးဘဝါဘဝတို့ကလည်း ဤပုဂ္ဂိုလ်ကြီး နှစ်ဦးတို့သည် တွေ့ဆုံရင်းနှီးဖူးခဲ့ ကြပါလိမ့်မည်။ ထို့ကြောင့်သာ ယခုအခါတွင် လည်း (ကွဲကွာနေသော ထိုမိတ်ဆွေကြီး ၂-ဦးပြန်လည် ဆုံတွေ့ကြသလို) အားမရနိုင်အောင် ရှိနေကြခြင်းဖြစ်ပါလိမ့်မည်။
ဤသို့လျှင် ရွှင်ရွှင်ပြုံးပြုံး ရင်းရင်းနှီးနှီး ခွဲခွာခါနီး နှုတ်ဆက်ကြပြီး နောက် ကျောင်းတိုက် ဥယျာဉ်ကြီးအတွင်း ဖြည်းညင်းစွာ အေးအေး ဆေးဆေး လှည့်ပတ် ကြည့်ရှုသွားကြလေသည်။
“ဪ ... ဒါကြောင့် ချီးမွမ်းစကား ဆိုကြပေတာကိုး၊ ကျောင်းတိုက်ဝင်းကြီးကလဲ ကျယ်ဝန်းပြီး သန့်ရှင်းလှပါဘိ၊ စိမ်းစိုတဲ့ သစ်ပင်ပန်းမန် တွေနဲ့ဆိုတော့ နွမ်းနေတဲ့ စိတ်တွေ လန်းအောင် အေးချမ်းလှပါဘိ၊ ဆရာတော်ကြီးကလဲ သီလ သမာဓိ နှလုံးသား အပြည့်နဲ့ ရင်းနှီးစွာ အလိုက်တသိ ရှိလှပါဘိ”ဟု မှတ်ချက်ချ၍ သွားကြပါ သတဲ့။
“အရှင်ဇနကာဘိဝံသနှင့် အနောက်ဂျာမဏီသူ မဥမ္မာ”
သီလရှိသူ၏ဆန္ဒ ပြည့်ဝစမြဲ
အသက်၁၇-နှစ်ရှိ အနောက် ဂျာမဏီသူ မဥမ္မာသည် ၁၉၅၉-ခုနှစ်က အမိအဖများ နှင့်အတူ မြန်မာနိုင်ငံသို့ ရောက်လာခဲ့၏။ ဥမ္မာ၏ဖခင် မစ္စတာကော်နပ်သည် မြန်မာ နိုင်ငံ၌ လက်နက် တပ်ဆင်ရေးဌာနတွင် အထူး အကြံပေး အရာရှိတစ်ဦး ဖြစ်၏။ ဥမ္မာ၏မိခင် ဖစ်ကားဒေါ်တင်မိုဆယ် ကား ဆရာဝန်ကြီးတစ်ဦး ဖြစ်လေသည်။
မစ္စတာကော်နပ်နှင့် မစ္စက်ဖစ်ကားဒေါ်တင်မိုဆယ်တို့သည် တရားဘက် လိုက်စား သူများ ဖြစ်ကြ၏။ “ဝါသနာတူ ဆန္ဒတူ ပေါင်းမိကြခြင်းပေလော” ဟု ပြောစရာပင် ဖြစ်တော့သည်။ ရန်ကုန်မြို့ ဆရာကြီးဦးဘခင်၏ ကမ္မဋ္ဌာန်းရိပ်သာတွင် တရား ဝင်နေကြ၏။ သို့ဖြစ်၍ ဗြဟ္မစိုရ်အအေးဓာတ် ဆက်စပ်ကာ သူတို့၏ သမီးကြီး ဥမ္မာ သည်လည်း တရားရိပ်သာသို့ မကြာ မကြာ (ကျောင်းသူဘဝကပင်) ခိုဝင် ကပ်ရောက်တတ်သူ ဖြစ်နေခဲ့တော့သည်။
ဥမ္မာသည် ၁၉၆၃-ခုနှစ်တွင် ရန်ကုန်ဝိဇ္ဇာသိပ္ပတက္ကသိုလ်သို့ ရောက်၍ ၁၉၆၆-ခုနှစ် တွင် မန္တလေးတက္ကသိုလ်မှ (ဘီ-အေ)ဘွဲ့ကို ပါဠိဂုဏ်ထူးဖြင့် အောင်မြင် ရယူ ခဲ့လေသည်၊ မန္တလေးတက္ကသိုလ်မှ ဘွဲ့ယူပြီးနောက် ကျောက်ဆည်သို့ သွား၍ ဝေဘူ ဆရာတော်ဘုရားကြီး၏ အထံတွင် တရားအားထုတ် နေခဲ့လေသည်။ ထိုအခိုက်တွင် ယောဂီဒေါ်စုစု နှင့် ရင်းနှီးခဲ့ရ၏။
တစ်နေ့တွင် စပ်မိစပ်ရာပြောရာမှ အမ်-အေ (မဟာဝိဇ္ဇာ) ဘွဲ့ကို ပါဠိဘာသာဖြင့် ဆက်လက်ယူဖို့ အစီအစဉ်ရှိကြောင်း ပါဠိဘာသာ သင်ပေးမည့်ဌာန လိုအပ် နေကြောင်း ဥမ္မာက ပြောမိရာ ယောဂီ ဒေါ်စုစုက အမရပူရမှ မဟာဂန္ဓာရုံ ကျောင်းတိုက်ကို ညွှန်လိုက်လေ၏။ ဤနည်းအားဖြင့် ဂျာမဏီသူ ဥမ္မာတစ်ယောက် မဟာဂန္ဓာရုံသို့ ရောက်ခဲ့လေသည်။
စင်စစ်ကား ဥမ္မာသည် မန္တလေး တက္ကသိုလ်မှာ နေစဉ်ကပင် မိတ်ဆွေသူငယ်ချင်း များနှင့်အတူ ဤမဟာဂန္ဓာရုံ ကျောင်းတိုက်ကြီးသို့ အလည်အပတ် ရောက်ခဲ့ဖူး၏။ ထိုစဉ်ကပင် မိမိစိတ်တွင် ဘယ်လိုဖြစ်လာသည်မသိ၊ ငြိမ်းချမ်း သာယာသော ဤ ကျောင်းတိုက်ကြီးမှာ နေလိုသော ဆန္ဒ ပြင်းပြခဲ့ဖူး၏။ ယခု ထိုဆန္ဒ ပြည့်ဝနေရပြီဟု နောက်မှ ပြောပြ၍ သိရပါသည်။
ဥမ္မာသည် မဟာဂန္ဓာရုံ၏ ဇရပ်ဝင်း၊ (လူပုဂ္ဂိုလ်များချည်း သီးသန့် နေရသောဝင်း) ၌ နေထိုင်ခွင့် ရပြီးနောက် ပိဋကတ်စာပေများကို ဆက်လက် လေ့လာနေသည်။ နေ့စဉ် ဆရာတော်ဘုရားကြီး ပို့ချသော ပါဠိတော် စာဝါများ မဟာဂန္ဓာရုံ စာချဘုန်းကြီးများ ပို့ချသော စာပါအချို့ကို ပရိသတ်အစွန် နောက်နားမှ သူ အမြဲလိုက်သည်။
အဋ္ဌကထာ အခြေပြု ဖြစ်ပေါ်လာ
မဟာဂန္ဓာရုံ ကျောင်းတိုက်၌ နေစဉ် အဘိဓမ္မာများကို အထူး လေ့လာ၏။ သူသိပြီးသော အဘိဓမ္မာများကို စမ်းသပ်သောအနေဖြင့် အစိုးရက ကျင်းပပေးသော ဝိသုဒ္ဓိမဂ် မြန်မာပြန် စာမေးပွဲနှင့် အဘိဓမ္မာ စာမေးပွဲများကို ဝင်ရောက်ဖြေဆို ကြည့်သည်။ ပထဆင့်၊ ဒုတိယဆင့်၊ တတိယဆင့်အထိ အောင်မြင်သွား၏။ တတိယ ဆင့်ကို ဂုဏ်ထူးဖြင့် အောင်မြင်လေသည်။
ထိုကြောင့် အားတက်လာပြီးလျှင် အစိုးရ၏ ပါဠိပထမပြန် (ငယ်-လတ်-ကြီး) တန်း များကိုပါ ဖြေဆိုဖို့ ကြိုးစားချင်ကြောင်း ဆရာတော်အား လျှောက်ထားသောအခါ ခွင့်မပြုသဖြင့် မျိုသိပ်ထားခဲ့ရလေ၏။ အဘိဓမ္မာနှင့် ပတ်သက်၍ကား အခြေခံ အဘိဓမ္မာများ ပြီးစီးသောအခါ ယမိုက်နှင့်ပဋ္ဌာန်းတို့ကိုပါ ဆုံးခန်းတိုင်ရောက် ပေါက်မြောက်အောင် လေ့လာသွားလေသည်။
အဘိဓမ္မာများ ပြီးစီးသောအခါ သုတ္တန်ဘက်ဆိုင်ရာသို့ လှည့်လာ၏။ “သုတ္တန်ဆိုင်ရာ ပါဠိတော်ကြီးများကို လေ့လာလိုပါသည်” ဟုလျှောက်လာ၏။ “အထူးအားဖြင့် ဓမ္မပဒ ကို ကျကျနန သိပါရစေ” ဆိုသဖြင့် ဆရာတော်ကိုယ်တိုင် ကြောင့်ကြ စိုက်တော်မူ၏။
ဓမ္မပဒကို သင်ရာ၌ ပါဠိတော် ချည်းသက်သက် သင်ယူသည်ထက် ပစ္စုပ္ပန်ဝတ္ထု- အတိတ် ဝတ္ထုတို့ဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် တန်ဆာ ဆင်ထားသော (ဓမ္မပဒ အဋ္ဌကထာ) ကို သင်ယူခြင်းက ပိုမို၍ ပြည့်စုံသည်။
ထို့ကြောင့် ဆရာတော်က ဓမ္မပဒအဋ္ဌကထာကို သံဃာတော်များအား ချပို့ပေး၏။ မဥမ္မာက သံဃာတော်များ၏ အစွန်အဖျား နောက်နားက လိုက်ရသည်။ ချဖို့ရာ၌ အဓိပ္ပါယ်အပြင် အဋ္ဌကထာ စာသွားကိုပါ နည်းစနစ်ဖြင့် ပြောသွားသဖြင့် အဋ္ဌကထာ သွားနည်းကိုလည်း သင်ပေးသလို ဖြစ်တော့၏။
စာဆိုသော် ပုဂ္ဂိုလ်တို့က ထုံးစံအတိုင်းလိုက်၍ ရေးခဲ့ရ၏။ ဤကျမ်းစာပို့ချပြီး သောအခါ “အဋ္ဌကထာ အခြေပြု” ဟူသော ကျမ်းစာအုပ်ကြီး တစ်အုပ် ဖြစ်ပေါ်လာ တော့သည်။ အနောက်ဂျာမဏီသူ မဥမ္မာကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည်ဟုပင် ဆိုရပေတော့မည်။
အောင်မြင်မှု အထွတ်အထိပ်
မဥမ္မာသည် စာပေ ကျမ်းဂန် လေ့လာရာ၌ ဇွဲသန်လှသူဖြစ်၏။ သုတ္တန်ကျမ်းအချို့ကို လေ့လာပြီးသောအခါ ဝိနည်းဘက် ဆိုင်ရာကို လေ့လာနေပြန်သည်။ ဤ မဟာဂန္ဓာရုံ ကျောင်းတိုက်ကြီး၌ လေ့လာစရာတွေ ပေါလှ၏။ သိချင်စရာတွေလည်း များလှ၏။ အရှေ့တိုင်းဆိုင်ရာ ဗုဒ္ဓယဉ်ကျေးမှုတွေ အပြည့်အစုံရှိသည့် တက္ကသိုလ်ကြီးသဖွယ် ဖြစ်တော့၏။ မိမိက လေ့လာ သင်ယူနိုင်ဖို့သာ လိုသည်။
ဤကျောင်းတိုက်ကြီး၌ ပိနည်း-သုတ္တန် တို့သာမက (အပြင်လောကမှာ ဖီလိုဆိုဖီဟု ခေါ်နေကြသည့်) အမြင့်ဆုံး အဘိဓမ္မာ သဘောများကိုပင် အပြည့်အဝ လေ့လာ လိုက လေ့လာနိုင်၏။ ကျိုးကြောင်း သဘာဝ ယုတ္တိကျလှသည့် ဗုဒ္ဓအဆုံးအမတော် များနှင့် သင်ကြားရသော ပညာရပ်များတွင် ဉာသ်ကောက်ခြင်း၊ နေတ္တိထုတ်ခြင်း ပညာရပ် များကမူ ယခုခေတ် လောဂျစ် ပညာရပ်များထက်ပင် အဆင့်မြင့်လှ ပါသေးသည်။
ဆရာတော်ကြီးက တပည့်များအပေါ် (ရှင်တော်ဗုဒ္ဓ နည်းအရ) ဆုံးမ ကွပ်ကဲရာ၌ လည်း (ဆိုက်ကို) ပညာများ အလိုလို ပါပြီးဖြစ်နေသည်ကို လေ့လာတွေ့ရှိရပါ၏။ ဤသို့လျှင် ဥမ္မာအတွက် လေ့လာစရာတွေ မကုန်နိုင်အောင် ဖြစ်နေတော့သည်။
ထူးခြားသည်ကား အပြင်လောက တက္ကသိုလ်ကြီးများ၌ ဤကဲ့သို့ ပညာရပ်များကို လေ့လာလျှင် ပိုက်ဆံကြေးငွေ များစွာကုန်၏။ ဤ ဗုဒ္ဓတက္ကသိုလ်ကြီး၌ကား ဗုဒ္ဓ သားတော် ဗုဒ္ဓသမီးတော်များ ဖြစ်သောကြောင့် ပညာကို အလကားရသည်။ အခမဲ့ သင်ကြား ဖြန့်ဝေပေးသည်။ မိမိ တစ်ဦးတည်းသာ မဟုတ်သေး။ ဗုဒ္ဓသားတော် အားလုံးကို ထုံးစံအတိုင်း ပညာကို အခမဲ့ ရကြသည်။ ကုန်ကျစရိတ် အားလုံးကို တိုင်းပြည်က စေတနာ အပြည့်ဖြင့် လှူကြသည်။
မဥမ္မာသည် အမရပူရ မဟာဂန္ဓာရုံ ကျောင်းတိုက်၌ နေလုင်စဉ် စာပေများ လေ့လာရင်း အခြားတစ်ဘက်မှလည်း အမ်-အေ (မဟာဝိဇ္ဇာ) ဘွဲ့ကိုယူရန် အတွက် စာတမ်း ပြုစုနေခဲ့သည်။ စိတ်ဓာတ်ခိုင်မာ၍ ဇွဲကောင်းသူသည် ဇွဲဆုကို ရမြဲဖြစ်ရာ ဥမ္မာသည် ၁၉၇၀-ခုနှစ်တွင် အမ်-အေ (မဟာဝိဇ္ဇာ)ဘွဲ့ကို ပါဠိဘာသာ ဂုဏ်ထူးဖြင့် ထူးထူးခြား ခြားဆွတ်ခူးကာ အောင်ပန်းကို ပန်ဆင်နိုင်ခဲ့ပါလေသည်။
ဗုဒ္ဓ အလိုတော်ကျ မိဘကို ပြုစု
ဂျာမနီသို့ မပြန်မီ ဥမ္မာသည် ဂန္ဓာရုံ၌ သံဃာကုန် ဆွမ်းကပ်သွားသေး၏။ နံနက် ယာဂု၊ နေ့အုန်းဆွမ်း၊ အားလုံး သက်သက်လွတ်ချည်း၊ စည်းကမ်းရှိ၍ ငြိမ်သက်စွာ ဘုဉ်းပေး နေကြသော သံဃာတော်များကို သူ့မိခင်ကြီးနှင့်တူ လှည့်လည်ဖူးမြာ် ကြည်ညိုကြ၏။ သူ့မိခင်ကြီးသည် ဗုဒ္ဓဘာသာ တရားရိပ်သာများသို့ ဝင်ခဲ့သော်လည်း ခရစ်ယာန် ဘာသာဝင်တစ်ဦးပင် ဖြစ်၏။ သို့ဖြစ်လင့်ကစား ချစ်လှစွာသော သမီးကြီး ဥမ္မာ၏ ဘာသာရေး ခံယူချက်၌ သူ စွက်ဖက် ဝင်ရောက်ခြင်း မရှိပေ။ သဘောထား ကြီးစွာဖြင့် ခွင့်ပြုလျက်ပင် နေသည်။
ထိုဆွမ်းကျွေးပွဲအတွက် အနုမောဒနာတရား ဟောကြားရာတွင် ဆရာတော်က (မာတာပိတုဥပဋ္ဌာနံ) အမိ အဘတို့အား ပြုစုယုယ လုပ်ကျွေးခြင်း မင်္ဂလာတရား အကြောင်းကို အကျယ်တဝင့် ဟောပြောတော်မူသည်။
ထို့ပြင် အမိအဘတို့ဆိုတာ (ဗြဟ္မာတိမာတာပိတရော) အပူဇော်ခံ ဗြဟ္မာကြီးများ နှင့်လည်း တူကြောင်း ထပ်လောင်း ဖြည့်စွက်တော်မူ၏။ ထိုမှ တစ်ပါး မိခင် ဖခင်အို တို့ကို ပြုစုလုပ်ကျွေးသော ဘုရားအလောင်း (မာတုပေါသက ဆင်မင်း) ဝတ္ထုနှင့် နာမည်ကျော် သုဝဏ္ဏသာမ ဇာတ်တော်ကိုလည်း အကျဉ်းချုပ်၍ ဟောပြတော်မူသေး သည်။
ဥမ္မာတို့သားအမိသည် တရားတော်ကို နာယူ၍ ကြည်နူးမှုအပြည့် ရရှိကြ၏။ မိဘတို့၏ တန်ဖိုးကိုလည်း ဥမ္မာတစ်ယောက် ကောင်းကောင်းကြီး သဘောပေါက်ကာ “ဗုဒ္ဓ သမီးတော်အစစ်၊ ဗုဒ္ဓအလိုတော်ကျ မိဘကို သက်ဆုံးတိုင် ပြုစုမည်” ဟု ဆိုတော့သည်။
“အရှင်ဇနကာဘိဝံသနှင့် ဟိမဝန္တာ ယောဂီကြီး”
ဟိမဝန္တာယောဂီကြီး ရောက်လာခြင်း
မှာကြားသလိုလို ကတိထားသလိုလို
၁၉၇၂-ခု ဇန်နဝါရီလထဲက ဖြစ်၏။ ဟိမဝန္တာတွင် ၃၅-နှစ်ကြာမျှ တစ်ဆက်တည်း နေပြီး တရား အားထုတ်ခဲ့ဖူးသော ဟိန္ဒူယောဂီကြီးတစ်ဦး အမရပူရ မဟာဂန္ဓာရုံသို့ ရောက်လာခဲ့၏။ အမည်မှာ (ဆွာမိယောဂီ ရွှရာနန္ဒ) ဟု ခေါ်၏။ ယောဂီကြီးမှာ အသက် ၈၄-နှစ် ရှိပြီ။ သို့သော် ပုံပန်းမှာမူ ၆၀-အရွယ်လောက်ဟု ထင်ရ၏၊ သွက်လက် ဖျတ်လတ်မှုကား ငယ်ရွယ်သူပမာ၊ အရပ်အမောင်းမှာ ခပ်ပြတ်ပြတ်၊ အသားက မဖြူမညို၊ မြေနီရောင် ဆိုးထားသော လုံကွင်းနှင့် မြေနီရောင် အင်္ကျီကို ဝတ်ထား၏။ ဦးခေါင်းတွင်လည်း မြေနီရောင် အဝတ်ကို ချုပ်ထားသည့် ဦးထုပ် အပျော့ကို (ဟိန္ဒူ ဦးထုပ်စနစ်အရ ချပ်ချပ်ရပ်ရပ်) ဆောင်းထားသည်။
ဤယောဂီကြီးသည် ယောဂကျင့်စဉ် အလုပ်ကို အဆင့် မြင့်မြင့်နှင့် ကြိုးစား အားထုတ် ပေါက်မြောက် ထားသူဟု မြင်ရရုံနှင့် ခန့်မှန်းနိုင်သည်။ ဟိမဝန္တာတွင် တကယ့် တောမှီသည့် ယောဂီအလုပ်ဖြင့် နေခဲ့၏။ သူ့ဆရာကြီးမှာ အသက် ၁၅၀-ရှိ၍ တိဗက်ယောဂီကြီး ဖြစ်သတတ်။ ဤယောဂီကြီး ရွှရာနန္ဒ၏ စွမ်းအားကိုသိ၍ အိန္ဒိယအစိုးရ အရာရှိများနှင့် အိန္ဒိယအမျိုးသားတို့က အလွန် လေးစား ကြည်ညို ကြသည်ဟု သိရ၏။
ယောဂီကြီးသည် ဆရာတော်နှင့် တွေ့လျှင် တွေ့ချင်း တရင်းတနှီး ဖြစ်၏။ ရွှင်အား တက်ကြွ နှုတ်ဆက်ကြ၏။ ထိုမှ နောက်၌ တရားဓမ္မ ဆွေးနွေးကြသည်။ ရွှင်ပျ ကြည်နူး တစ်ဦးကိုတစ်ဦး လေးစားကြ၏။ စကားပြောကြရသည်မှာ မဝနိုင်သလို ဖြစ်ကြရသည်။ ကြာမြင့်စွာ ကွဲကွာ နေခဲ့ရာမှ ပြန်လည် ဆုံတွေ့ရသော မိတ်ဆွေ ကြီးများပမာ ဖြစ်တော့၏။
တရား ဆွေးနွေးပြီး၍ ပြန်ခါနီးတွင် ယောဂီကြီးက ဆရာတော် အရှင်ဇနကာဘိဝံသ ကို နှုတ်ဆက်၏။ တစ်စုံတစ်ခု မှာကြားသလို၊ တစ်မျိုးတစ်မည် ကတိထားသလို လည်း လေးစားသော အမူအရာဖြင့် ပြုလုပ်နေသည်ကို တွေ့ရ၏။ ထိုအခါ ဆရာတော်က ခပ်ရွှန်းရွှန်း ပြော၍ မမောနိုင်သော စကားကို ဖြတ်ကာ လူချင်း ခွဲကြလေတော့သည်။
အနောက်က အရှေ့ကို မျက်နှာမူလာပြီ
ချမ်းမြေ့ မှုပညာပေးနိုင်တာ အရှေ့တိုင်းတစ်ခုတည်း
ရန်ကုန်ပြန်ရောက်၍ စာရေးဆရာ သတင်းစာဆရာတို့က ယောဂီကြီးအား သွားရောက်တွေ့ဆုံ မေးမြန်းကြသည်။ ယောဂီကြီးက ပြန်လည် ပြောပြသည်မှာ “ယခု ကမ္ဘာ့နိုင်ငံ အများအပြား၌ ယောဂအကြောင်းကို စိတ်ဝင်စားနေကြတယ်၊ ဘာကြောင့်လဲဆိုတော့ စိတ်ရဲ့ငြိမ်းချမ်းမှုကို ရချင်နေကြလို့ပါပဲ၊ သိပ္ပံတွေ ထွန်းကား လို့ ရုပ်ချင်းသာပေမယ့် စိတ်မချမ်းသာကြလို့ပဲ။
ဒီတော့ ဒုတိယကမ္ဘာစစ်ကြီး ပြီးကတည်းက ဒီစိတ်ရဲ့ ငြိမ်းချမ်းမှုကို စူးစမ်းရှာဖွေ ကြရာမှ ဒီယောဂအလုပ်ကို စိတ်ဝင်စား လာကြတာပဲ၊ စိတ်ဓာတ်ငြိမ်းချမ်းမှု အတတ် ပညာကို ပေးနိုင်တာကလဲ အရှေ့တိုင်းက ပုဂ္ဂိုလ်တွေပဲ ဖြစ်တယ်၊ ဒါကြောင့် အနောက်တိုင်းက ပုဂ္ဂိုလ်တွေက အရှေ့ဘက်ကို မျက်နှာမူလာကြတာပဲ၊ အခု မျက်နှာမူနေကြပြီ။
ကျုပ်ကိုယ်တိုင် အိန္ဒိယမှာ ယောဂီဌာန ၃-ခု ဖွင့်ထားတယ်၊ အနောက်နိုင်ငံကလူတွေ လာပြီး ယောဂအလုပ် အားထုတ်ကြတယ်၊ ပြီးလို့ သူတို့နိုင်ငံ ပြန်သွားတော့ အဲဒီမှာ ယောဂဌာနတွေ ထပ်ဖွင့်ကြပြန်တယ်၊ အခု အဲဒီဌာနတွေက ကျုပ်ကိုဖိတ်လို့ ခရီး ထွက်လာခဲ့တာ။
မနှစ်က ဧပြီလက စပြီး အိန္ဒိယကထွက်၊ အီရန်၊ ဂရိ၊ ဆွစ်ဇာလန်၊ ပြင်သစ်၊ အင်္ဂလန်၊ ဂျာမဏီ၊ အမေရိကန်၊ ဂျပန်၊ ဟောင်ကောင်၊ စင်္ကာပူနဲ့ ထိုင်းလင်း ရောက်ခဲ့တယ်။
အဲဒီကနေပြီး အခု ဒီမြန်မာပြည်ကို ရောက်လာတာပဲ၊ မြန်မာပြည်ကို လာတာက မြန်မာပြည်က ယောဂီကြီးတွေနဲ့ တွေ့ဆုံချင်တဲ့ အကြောင်းကြောင့်ပါပဲ။
ဒီမရောက်ခင် ထိုင်းလင်း (ယိုးဒယား) ရောက်တော့ ဘာသာရေးဘက် ဆိုင်ရာ ပုဂ္ဂိုလ်ကြီးများက ပြောကြတယ်၊ “ဆွာမိကြီး ... မြန်မာပြည်ကို ရောက်ရင် အထက် မြန်မာပြည် အမရပူရမြို့က မဟာဂန္ဓာရုံ ကျောင်းတိုက်ကို သွားဖြစ်အောင် သွားပါ၊ အရှင်ဇနကာဘိဝံသ ဆရာတော်နှင့် တွေ့ပါ” လို့ မှာလိုက်ကြတယ်၊ ဒါကြောင့် သွားခဲ့ပါတယ်၊ ရောက်ခဲ့ပါပြီ” ဟု ပြောကြား၏။
မြန်မာပြည်က ယောဂီကြီးတွေနဲ့ တွေ့ချင်လို့
တရားတွေ့ရင် မမေ့ပါနဲ့တဲ့
▬▬▬▬▬▬▬▬▬▬
ထိုအခါ စာရေးဆရာနှင့် သတင်းစာ ဆရာတို့က “ယောဂီကြီး ... ယောဂီကြီး ပြောတဲ့အထဲမှာ မြန်မာပြည်ကို လာတာ မြန်မာပြည်က ယောဂီကြီးတွေနဲ့ တွေ့ဆုံ ချင်လို့ ဆိုတာ သိတယ်၊ အခု အဲဒီ ပုဂ္ဂိုလ်ကြီးတွေနဲ့ ဘယ်နှစ်ဦးလောက် တွေ့ခဲ့ရပါသလဲ”ဟု မေးကြ၏။
“အထက်မြန်မာပြည်ကို သွားရတာကတော့ ဝေဘူဆရာတော်နဲ့ အရှင်ဇနကာဘိဝံသ ဆရာတော်ကိုတွေ့ဖို့ပါ၊ ဝေဘူဆရာတော်ကို (ခရီးထွက်နေလို့) မတွေ့ခဲ့ရဘူး၊ ဆရာတော် အရှင်ဇနကာဘိဝံသနဲ့တော့ တွေ့ခဲ့ရတယ်”
ဆရာတော် အရှင်ဇံနကာဘိဝံသကို တွေ့ခဲ့ရတဲ့အတွက် ကျုပ် မြန်မာပြည် လာရကျိုးနပ်တယ်၊ ဆရာတော်နဲ့ စကားပြောရ ဆွေးနွေးရတာ သိပ်အဆင်ပြေတယ်၊ တစ်ဦးနဲ့တစ်ဦး နားလည်ကြတယ်။
ကျုပ် သူ့ကိုတွေ့ရတာ ဘယ်လိုလဲ မသိဘူး၊ တစ်ထိုင်တည်းနဲ့ အနှစ်နှစ် အလလက မိတ်ရင်းဆွေရင်းလို ရင်းနှီးသွားတယ်။
ဆရာတော်ဟာ သိပ်ကို ပညာရှိတယ်၊ နောက်ဆုံး ခွဲခါနီးမှာ ကျုပ်က သူ့ကို “တကယ်လို့ အရှင်ဘုရားက တရားထူးကို အလျင်တွေ့ယင် ကျုပ်ကိုမမေ့ပါနဲ့” လို့ မှာခဲ့တယ်၊ သူကလဲ ပြန်ပြောတယ် “ယောဂီကြီးက အလျင်တွေ့ယင်လဲ ကျုပ်ကို လက်တို့ပါအုံးတဲ့။”
* အမှာ။
။ ၁၃၃၃-ခု၊ တပေါင်းလဆုတ် ၂-ရက်၊ (၁-၃-၁၉၇၂) နေ့ထုတ် အိုးဝေဂျာနယ်၊ စာမျက်နှာ-၁၃၊ စာရေးဆရာ ပါရဂူ၏ ဆောင်းပါးမှ အချို့ကိုယူ၍ ရေး ပါသည်။
“အရှင်ဇနကာဘိဝံသနှင့် ဂျာမဏီအဘွားကြီး”
ကြက်သီးဖြန်းဖြန်း ထကြရ
▬▬▬▬▬▬▬▬▬▬
၁၃၄၃-ခု၊ တန်ဆောင်မုန်းလ (၁၉၈၁-ခု၊ နိုဝင်ဘာလ) ထဲက ဖြစ်သည်။ အသက် (၇၀) ကျော် ဂျာမဏီက အဘွားကြီးတစ်ဦးသည် အဖော် သုံးလေးဦးနှင့် ဂန္ဓာရုံသို့ ရောက်လာကြ၏၊ သူတို့ရောက်လာချိန်တွင် ကျောင်းတိုက်၌ သီးခြား ဆွမ်းကပ်ပွဲရှိ၍ သံဃာတော် (၅ဝဝ) ကျော်တို့ စဉ်တန်းပြီး ဆွမ်းခံနေချိန်နှင့် ကြုံကြိုက်ဆုံစည်း နေလေသည်၊ သံဃာတော်တို့သည် ထုံးစံအတိုင်း အညိုရောင် သင်္ကန်း ဝတ်စုံတူ၊ ပုံစံတူ၊ အသွေးတူဖြင့် ဆွမ်းစားကျောင်းကြီး၏ အနီး ညီမူသော လမ်းမကြီးပေါ်မှာ တမျှော်တခေါ်ကြီး ဣန္ဒြေရရ စဉ်တန်းနေကြသည်။ တရွေ့ရွေ့နှင့်ကြွ၍ ကိုယ့် အလှည့်ကျသော အခါမှသာ သပိတ်ဖွင့်ပြီး ခံယူကြသည်၊ ဖူးမြင်ရသည်မှာ ကြက်သီး ဖြန်းဖြန်း ထလောက်အောင် မျက်စိပသာဒ ရှိလှပါဘိခြင်း။
အဘွားကြီးသည် ဝမ်းသာအားရ ကားပေါ်မှ ခုန်ချ ဆင်းပြီး သူ့မှာ ပါလာသော ကင်မရာဖြင့် သံဃာတန်းကြီးကို အငန်းမရ ဓာတ်ပုံရိုက်တော့သည်၊ ဟိုဘက်က လှည့်ရိုက်၊ ဒီဘက်ကလှည့်ရိုက် ရှုထောင့်မျိုးစုံ ရိုက်ကူးယူလေ၏၊ ဆွမ်းလှူနေသူ ဒါယကာ ဒါယိကာမများကိုလည်း အလွတ်မပေး ရိုက်ကူးလိုက်သေး၏။
သံဃာများ ဆွမ်းခံပြီး၍ ဆွမ်းစားကျောင်းကြီးထဲမှာ စားပွဲတစ်ခုံလျှင် ၄-ပါး၊ ၄-ပါး စနစ်တကျ ဆွမ်းဘုဉ်း ပေးနေကြသည်မှာလည်း ထူးခြားသော မြင်ကွင်းပင် ဖြစ်၏၊ မမောနိုင် မပန်းနိုင် ရိုက်ကူးယူသည်၊ သူ မသိသော အရာတို့ကိုလည်း စကားပြန်မှ တစ်ဆင့် ခပ်တွင်တွင် မေးနေတော့၏။ သူ့ပုံပန်းမှာ (အသက်ကြီးသည်ကို မေ့ထား၍) လူငယ်များပမာ ပေါ့ပေါ့ပါးပါး ဖျတ်ဖျတ် လတ်လတ် ကြည်ကြည်နူးနူး မြူးနေသည်။
ကြည်ကြည်နူးနူး ဖူးခွင့်ကြုံရ
▬▬▬▬▬▬▬▬▬▬
သံဃာတော် (၅၀၀) ကျော်တို့ တစ်ခနရာတည်း၌ တစ်စုတစ်ဝေးတည်း ဆွမ်းဘုဉ်း ပေးနေကြပုံ၊ ဇွန်းသံ ပန်းကန်သံမျှ မကြားရ၊ စကားပြောသံမျှလည်း မပါဘဲ အေးဆေးသော မျက်နှာများဖြင့် အာဟာရ မျှတနေကြပုံ တို့ကို ကြည့်၍ ပီတိဖြစ်ခြင်း၊ ကြည်ညိုခြင်း၊ အံ့ဩခြင်း လက္ခဏာတို့ကို အဘွားကြီး၏မျက်နှာမှာ အထင်းသား တွေ့နေကြရသည်။
ထိုအထဲမှာ မေးစရာ တစ်ကွက် ပေါ်နေ၏။ အဘွားကြီး၏ ဂါဝန်ဒူးဆစ်နား၌ သွေးသံများ ရဲရဲစိုလျက် ရှိနေသည်။ ထိုဒဏ်ရာကို သူ အာရုံမပြုအား၊ သွေးများလည်း မသုတ်သင်မိ၊ ပတ်တီးစည်းချိန်လည်းမရ ဖြစ်နေခဲ့ရသည်။
ထိုအခြင်းအရာကို ဆရာတော် ဦးကုဏ္ဍလာဘိဝံသ (နာယကတစ်ပါး) က အနား ရောက်လာခိုက် မေးမိလေသည်။ ထိုအခါမှ ဇာတ်ကြောင်း ပေါ်တော့၏။ အဘွားကြိးက စကားပြန်ဖြင့် ပြောပြသည်။
အဘွား၏ အာသာဆန္ဒ ခုမှပြည့်
▬▬▬▬▬▬▬▬▬▬▬▬
“ဒီကျောင်းတိုက်ကြီး အကြောင်း၊ ဒီသံဃာတော်များအကြောင်းကို ဟိုမှာတုန်းကပင် အတာ်အတန် ကြားခဲ့ သိခဲ့ဖူးပါတယ်၊ ရုပ်ရှင်ရိုက်ပြီး ယူလာပြလို့ သာယာလှတဲ့ ဒီ ကျောင်းတိုက် ဥယျာဉ်ကြီးကိုလဲ ရုပ်ရှင်ထဲမှာ မြင်ရပါတယ်၊ သံဃာများရဲ့ လှုပ်ရှားမှု တစ်စိတ်တစ်ဒေသ ကိုလဲ ရုပ်ရှင်ထဲမှာပဲ တွေ့ရလို့ ဟိုတုန်းကပဲ ကြည်ညိုခဲ့ ရပါတယ်” တဲ့။
အဲဒီကတည်းက ဒီကိုလာချင်နေတာ၊ အကြောင်း မညီညွတ်နိုင်လို့၊ “ငါ့မှာ အသက် ကလဲ (၇၀) ကျော်ပြီ၊ မသေခင် တစ်ခေါက်တော့ ရောက်ကို ရောက်အောင် သွားဦးမယ်” လို့ အားခဲထားတာ၊ အခုမှ ကံကောင်းလို့ အကြောင်း ညီညွတ် ရပါတယ် ... တဲ့။
လေယာဉ်ပျံနဲ့လာလို့ မန္တလေး ချမ်းမြသာစည် လေဆိပ်ကို ရောက်ခါနီးတော့ ဘေးက မိတ်ဆွေတွေက ပြောကြတယ်၊ “ခင်ဗျား ရောက်ချင်နေတဲ့ ကျောင်းတိုက်ကြီး အခု ရောက်တော့မယ်၊ လေဆိပ်နဲ့ သိပ်မဝေးတော့ဘူး” လို့ ပြောကြတော့ အားရ ဝမ်းသာနဲ့ လေယာဉ်ပေါ်က ဆင်းလိုက်တာ လှေကားထစ် အကုန်မနင်းမိလို့ ကျွမ်းပြန် ကျပြီး ဒူးပြဲသွားတယ်” ဟု တဟဲဟဲ ရယ်ရင်း ပြောနေပါတော့သည်။
“အရှင်ဇနကာဘိဝံသနှင့်
ဂျပန်အမျိုးသား အိုကူဒိုင်ယာ (ကိုသစ္စာ)”
ဘုန်းတော်ကြီးများဘဝ သိလို၍
▬▬▬▬▬▬▬▬▬▬▬▬
ဂျပန်အမည် (အိုကူဒိုင်ယာ)၊ မြန်မာအမည် (ကိုသစ္စာ) သည် ၁၃၂၉-ခု၊ တန်ခူးလ၊ ၁၉၆၈-ခု၊ ဧပြီလကတည်းက အမရပူရ မဟာဂန္ဓာရုံသို့ ရောက်လာ၏။ ရောက်လာခြင်း အကြောင်းမှာ မြန်မာဘုန်းတော်ကြီးများ၏ ဘဝကို လေ့လာချင်၍၊ ကိုယ်တိုင် သင်္ကန်း ဝတ်လိုသောကြောင့် ဖြစ်သည်။ သူသည် လွန်ခဲ့သော ၃-နှစ်က ရန်ကုန် တက္ကသိုလ်သို့ ပညာသင်ရန် ဂျပန်က စေလွှတ်ခြင်း ခံရသူ ဖြစ်၏။ သူ သင်ယူရမည့် ဘာသာရပ်တို့မှာ မြန်မာနိုင်ငံ၏ စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဘာသာစာပေနှင့် ရိုးရာ ယဉ်ကျေးမှုတို့ဖြစ်သည်။
ရန်ကုန်တက္ကသိုလ်တွင် ၃-နှစ် ပညာ သင်ကြားပြီးသောအခါ မြန်မာဘုန်းတော်ကြီး များ၏ ဘဝ နေထိုင်ကျင့်သုံးမှုကို လေ့လာလိုသဖြင့် ကိုယ်တိုင် ဒုလ္လဘရဟန်း ဝတ်ချင်ကြောင်း ဝန်ကြီးချုပ်ဟောင်း ဦးနုတို့အား ပြောကြားခဲ့၏။ ကြီးကဲသူ ဆရာ ဆရာမတို့အားလည်း တိုင်ပင်ခဲ့၏။ ထိုအခါ “အမရပူရ မဟာဂန္ဓာရုံကျောင်းတိုက်နှင့် သင့်လျော်မည်” ဟု ညွှန်ကြားကြသဖြင့် ရောက်လာရခြင်း ဖြစ်လေသည်။
မဟာဂန္ဓာရုံသို့ ရောက်အောင်ကား မန္တလေးတက္ကသိုလ်မှ ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ) က ဦးဆောင် ခေါ်လာခဲ့ရ၏။ ကိုသစ္စာသည် ဆရာတော်ကြီး၏ ခွင့်ပြုချက် အရ ပထမ သာမဏေ ပြုခွင့်ရ၏။ နောက်မှ ရဟန်းအဖြစ်ကို ရရှိလေသည်။ ကိုသစ္စာတို့၏ ဂျပန်နိုင်ငံ၌ မဟာယာန ဗုဒ္ဓဘာသာဝင်တွေ ပေါများ၏။ ထို့ကြောင့် ဆရာတော်ကြီးက ထေရဝါဒ ဗုဒ္ဓဘာသာ များများ ဟောပြလေသည်။ စင်စစ်ကား ကိုသစ္စာသည် မဟာယာနလည်း မဟုတ်၊ ထေရဝါဒလည်း မဟုတ်ခဲ့။ (ရှင်တို ဘာသာဝင်) တစ်ဦးသာ ဖြစ်လေသည်။
အိုကူဒိုင်ယာ (ကိုသစ္စာ) တစ်ဖြစ်လဲ ရဟန်းတော် အရှင် ဓမ္မရက္ခိတသည် ဆရာတော်ကြီး ဟောပြသော နေ့စဉ် နံနက်ခင်း ဩဝါဒကို တစ်လုံးမကျန်လိုက်၍ ရေးကူးမှတ်သား၏၊ ဆရာတော်ကြီး ရေးသားသော စာပေများကိုလည်း ဖတ်ရှုသည်။ သံဃာတော်များ၏ ဘဝနေထိုင် ကျင့်သုံးမှုကိုကား အထူးအားဖြင့် အသးစိတ် လေ့လာ၏။ မဟာဂန္ဓာရုံ ကျောင်းတိုက်၏ နေ့စဉ်ဆောင်ရွက် စက်ပတ်လည်နေပုံကို လည်း မှတ်သားကာ ကိုယ်တိုင်လည်း လိုက်နာ ခဲ့ပါလေသည်။
လက်တွေ့ကျင့်မှ ပို၍သိလာရ
▬▬▬▬▬▬▬▬▬▬▬
အိုကူဒိုင်ယာသည် မိဘ ဘိုးဘွား အစဉ်အလာက ကိုးကွယ်ခဲ့ငသာ (ရှင်တိုဘာသာ) ကိုပင် လက်ခံ ကျင့်သုံး ကိုးကွယ်ခဲ့သူ ဖြစ်၏။ ဘာသာရေးနှင့် စပ်၍ ထူးထူး ထွေထွေ စဉ်းစားခြင်း ရှိခဲ့ပေ။ သို့သော် အထက်တန်း တက္ကသိုလ်ပညာရှင်များကို သင်ကြား၍ စဉ်းစားဉာဏ်များ ရင့်သန်လာသောအခါ အရာရာတွင် လေးလေးပင်ပင် ဆင်ခြင် လာ၏၊ စဉ်းစားလာ၏၊ လက်တွေ့ စမ်းသပ်ချင်လာ၏၊ သဘာဝမကျလျှင် ပယ်ချ လာ၏၊ မှတ်ကျောက်တင် ခံနိုင်မှ လက်ခံချင်တော့သည်။
ထို့ကြောင့် ရိုးရာယဉ်ကျေးမှု ဘာသာရပ်ကို လေ့လာသောအခါ မိမိတို့ အစဉ်အလာ ကိုးကွယ်ခဲ့သော ဘာသာကိုပင် စိစစ်ဝေဖန်ရန် အကြံဖြစ်လာသည်။ သို့ဖြင့် မြန်မာပြည်မှာ ရောက်နေခိုက် ဗုဒ္ဓဘာသာနှင့် မိမိတို့ ရှင်တိုဘာသာကို နှိုင်းယှဉ် လေ့လာလိုသော ဆန္ဒပြင်းပြခဲ့ရာက ဒုလ္လဘရဟန်း ဖြစ်သည်အထိ ရောက်လာရခြင်း ဖြစ်လေသည်။
မူလက (ရှင်တိုဘာသာဝင်) တစ်ဦး ဖြစ်ခဲ့သော အိုကူဒိုင်ယာ (ကိုသစ္စာ)သည် မြန်မာပြည်သို့ ရောက်ပြီးကာမှ ဗုဒ္ဓဘာသာကို ကိုယ်တိုင်ကိုယ်ကျ လေ့လာ၍ ကျင့်သုံးမိသောအခါ အယူအဆ ခံယူချက်တို့သည် တစ်မျိုးပြောင်းလဲသွားတော့၏။
လက်တွေ့ကျ၍ သဘာဝဆိုက်သော ဗုဒ္ဓဘာသာ တရားတော်များကို မြတ်နိုး လာသည်။ နှစ်သက် ကျေနပ်လာ၏။ ကိုယ်တိုင်လည်း ကျင့်သုံးပြီးပြီ။ ထို့ကြောင့် ယခု အခါ တိတိကျကျ ဆုံးဖြတ်၍ “ဗုဒ္ဓဘာသာဝင်”အဖြစ် ခံယူ ထားလေပြီ။
ဗုဒ္ဓဘာသာ ရဟန်းတော်ဘဝဖြင့် သုံးပတ်ကြာ နေထိုင် ကျင့်သုံးပြီးလျှင် ရဟန်းဘဝမှ လူဝတ်လဲကာ ရန်ကုန်သို့ ပြန်ရောက်ပြီးနောက် (ပညာသင်ကိစ္စလည်း ပြီးစီးပြီဖြစ်၍) အမိနိုင်ငံ ဂျပန်သို့ ပြန်လေသည်။ မဟာဂန္ဓာရုံ ကျောင်းတိုက်ကြီး၏ အကြောင်းကို လည်းမြန်မာ ‘ဘုန်းတော်ကြီးကျောင်း' အမည်ဖြင့် စာအုပ်ငယ် တစ်အုပ် ပြုစုခဲ့ လေ၏။
ယင်းစာအုပ်ကို ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်သို့ တင်ပြရာ ဆိုင်ရာ အရာရှိတို့က “မြန်မာဘာသာ လေ့လာဖွယ်ရာ သင်တန်းစာအုပ်အဖြစ် ပြဋ္ဌာန်းပေးခဲ့လေသည်။
တွယ်တာ အောက်မေ့ တမြေ့မြေ့
▬▬▬▬▬▬▬▬▬▬▬▬
အိုကူဒိုင်ယာ (ကိုသစ္စာ)သည် မဟာဂန္ဓာရုံ၌ ကြာကြာ နေချင်လျက် နေခွင့်မရခဲ့၊ တာဝန်အရ အမိနိုင်ငံ ဂျပန်သို့ ပြန်ခဲ့ရလေသည်။ ဂျပန်သို့ ပြန်ရောက်ပြီးမှ ရေးသားသော သူ၏ “မြန်မာဘုန်းတော်ကြီးကျောင်း” စာအုပ်တွင် မြန်မာပြည်က မဟာဂန္ဓာရုံ ကျောင်းတိုက်ကြီးကို လည်းကောင်း၊ ဆရာတော်ဘုရားကြီးကိုလည်း ကောင်း၊ သီဟင်းသုံးဖော် သံဃာတော်များကို လည်းကောင်း သံယောဇဉ် တွယ်မိနေ၍ အာရုံထဲတွင် ဖျောက်မရကြောင်း၊ လွမ်းလွမ်း ဆွတ်ဆွတ် ဖြစ်နေမိကြောင်း၊ “ဘယ်တော့များမှ ပြန်လည် ဆုံတွေ့နိုင်ကြမည်လဲ” ဟု နေ့စဉ် အောက်မေ့ တမြေ့မြေ့ ဖြစ်နေမိကြောင်း ရေးသားထားလေသည်။
ထို သံယောဇဉ်များကြောင့်ပေလော၊ အိုကူဒိုင်ယာ (ကိုသစ္စာ) သည် မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံးတွင် လက်ထောက် သံမှူးအဖြစ် ခန့်အပ်ခြင်း ခံရကာ များမကြာမီ တွင် သူ ရောက်ချင်နေသော မြန်မာပြည်သို့ ဒုတိယအကြိမ်အဖြစ် ရောက်လာခဲ့ ရပြန်လေသည်။
သို့ဖြစ်၍ သူ့အတွက် အလွန်နှစ်သက် ကျေနပ်မှုရကာ မကြာမကြာပင် အခွင့် သင့်တိုင်း မဟာဂန္ဓာရုံ ကျောင်းတိုက်ကြီးသို့ ရောက်ရောက် လာတတ်လေသည်။ သူနှင့် ပတ်သက်၍ အခြားသော ဂျပန်အမျိုးသားတို့ပါ ပူးတွဲ ပါလာတတ်ကြလေသည်။
မှတ်ချက်
▬▬▬
“ရှင်တိုဘာသာ” ဟူသည် လူများ ကိုးကွယ်ကြသော ဘာသာ (၁၁) မျိုး ရှိသည့် အနက် တစ်ခုအပါအဝင် ဖြစ်၏၊ ယနေ့ ကမ္ဘာပေါ်၌ ဟိန္ဒူ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ် ဟူသော ဘာသာကြီး ၄-ခုအပြင်၊ ဂျူး၊ ဂျိန်း၊ ကွန်ဖူးရှပ်၊ တာအို၊ ဆစ်ခ်၊ ရှင်တို၊ ဖာရစီဟူသော ဘာသာငယ် ၇-နှစ်မျိုး၊ ပေါင်း (၁၁)မျိုးကို မိမိတို့ဆိုင်ရာ နီးစပ်ရာ လက်ခံကိုးကွယ်လျက် ရှိကြသည်။
ထိုတွင် (ရှင်တိုဘာသာ) ဟူသည် ထာဝရ ဘုရားကို ကိုးကွယ်မှုနှင့် ဘာဝတရားကို ကိုးကွယ်မှု ပေါင်းစပ်ထားသော ဘာသာဖြစ်သည်။ ရှေးခေတ် ဂျပန်လူမျိုးတို့၏ မူလ ပင်ရင်း ကိုးကွယ်ခဲ့သော ဘာသာပင် ဖြစ်သည်။ ဂျပန်လို (ကာမီနိုမီကျီ)ဟု ခေါ်၏။ မြန်မာလို (လောကုတ္တရာ လမ်းညွှန်)ဟု အဓိပ္ပာယ်ရသည်။
ရှင်တို ဘာသာ၏ အယူအဆအရ တစ်ဆူတည်းသော ထာဝရဘုရား ရှိသည်ဟု ယုံကြည်သည့် အပြင် သဘာဝတရားကို ကိုးကွယ်ခြင်းများလည်း ရှိသေး၏။ (သဘာဝ ဟူရာ၌ သက်ရှိသက်မဲ့ နှစ်မျိုးလုံး ပါသည်။)
ထို့ကြောင့် နေ, လ, နက္ခတ် တာရာနှင့် မိုး၊ လေ၊ ရေ၊ မြေ၊ မီးတောင်ကြီးများ၊ အလွန် ကြီးမားသော ကျောက်တောင်ကြီးများ၊ ပင်လယ်ကြီးများကို သက်မဲ့ ရုပ်တုများအဖြစ် ကိုးကွယ်ကြ၏။
ထိုမှတစ်ပါး လူစွမ်းကောင်း ပုဂ္ဂိုလ်များ၊ ထူးချွန် ပြောင်မြောက်သော သူရဲကောင်း များကိုလည်း “(ကာမီ) မြင့်မြတ်သောနတ်” ဟူ၍ အမည်ပေးကာ သက်ရှိ သဘာဝ များအဖြစ် ကိုးကွယ်ကြလေသည်။ ၎င်းတို့အတွက် ဆောက်လုပ်သော ရှင်တို ဘုရားကျောင်းများပင် ရှိကြ၏။
နောက်ပိုင်းတွင်ကား သက်မဲ့သဘာဝ၊ သက်ရှိသကာဝ နှစ်မျိုးလုံးတို့သည် “ထာဝရ ဘုရားပင် ဖြစ်သည်” ဟူ၍ တစ်ဆူတည်းသော ဘုရားအဖြစ်သို့ ပြောင်းလဲ သွားကြသည် ဟူ၏။
ဘာသာတရားတော် အရကား ယင်းတို့ အားလုံးသည် ကိုးကွယ်မှု အစစ်အမှန် မဟုတ်ကြချေ။
ဤသဘောကို ဓမ္မပဒ အဋ္ဌကထာ၊ ဒု-၁၅၆၊ အဂ္ဂိဒတ္တဗြာဟ္မဏ ဝတ္ထုတွင် တွေ့မြင် နိုင်၏။
ကောသလ မင်းကြီး၏ ပုရောဟိတ်ဟောင်း အဂ္ဂိဒတ္ထ ပုဏ္ဏားကြီးသည် တောထွက် ရသေ့ပြု၍ နေ၏။ လာလာသမျှ လူအပေါင်းတို့အား “တောင်ကြီးတွေကို ကိုးကွယ်ကြ၊ တောကြီးတွေကို ကိုးကွယ်ကြ၊ ဥယျာဉ်ကြီးတွေ၊ သစ်ပင်ကြီးတွေကို ကိုးကွယ်ကြ၊ ဒုက္ခအပေါင်းမှ လွတ်လိမ့်မည်” ဟု ဆုံးမ လမ်းညွှန်လေ့ ရှိ၏။
တစ်နေ့တွင် ဘုရားရှင် ကြွလာတော်မူ၍ -
“နခေါ အဂ္ဂိ ဒတ္ထ ဧတာနိ သရဏံ ဂတော သဗ္ဗဒုက္ခာ ပမုစ္စတိ၊ ဗုဒ္ဓံ ဓမ္မံ သံဃံ ပန သရဏံ ဂန္တွာ သကလ ဝဋ္ဋ ဒုက္ခာ ပမုစ္စတိ”
“အဂ္ဂိဒတ္ထ ... အဲဒါတွေကို ပူဇော်ပသ ကိုးကွယ်နေသူသည် ဒုက္ခအပေါင်းမှ မလွတ်မြောက်နိုင်၊ ဘုရား တရား သံဃာကိုသာ ကိုးကွယ်မှ ဝဋ်ဒုက္ခ အပေါင်းမှ လွတ်မြောက်နိုင်သည်”ဟု ဟောတော်မူထား၏။ ထို့ပြင် ဂါထာအားဖြင့်လည်း ဟောတော်မူသေး၏။
၁။ ဗဟုံ ဝေ သရဏံ ယန္တိ၊
ပဗ္ဗတာနိ ဝနာနိစ၊
အာရာမ ရုက္ခ စေတျာနိ၊
မနုဿာ ဘယတဇ္ဇိတာ။
၂။ နေတံ ခေါ သရဏံ ခေမံ၊
နေတံ သရဏ မုတ္တမံ၊
နေတံ သရဏ မာဂမ္မ၊
သဗ္ဗဒုက္ခာ ပမုစ္စတိ။
၃။ ယောစ ဗုဒ္ဓဉ္စ ဓမ္မဉ္စ၊
သံဃဉ္စ သရဏံ ဂတော၊
စတ္တာရိ အရိယ သစ္စာနိ၊
သမ္မပ္ပညာယ ပဿတိ။
၄။ ဧတံ ခခါ သရဏံ စေမံ၊
ဧတံ သရဏံ မုတ္တမံ၊
ဧတံ သရဏ မာဂမ္မ၊
သဗ္ဗဒုက္ခာ ပမုစ္စတိ။
“အရှင်ဇနကာဘိဝံသနှင့်
ပြည်မြို့ ဇောတိကာရုံ ဆရာတော်”
ပြည်မြို့ ဇောတိကာရုံ ဆရာတော်ကြွလာ
ပို၍ မေတ္တာပို့ရမှာပဲ
▬▬▬▬▬▬▬
၁၃၃၀-ခု၊ တန်ဆောင်မုန်း လပြည့်ကျော် ၁-ရက်နေ့ နံနက်ခင်း ဩဝါဒတွင် ပြည်မြို့ ဇောတိကာရုံကျောင်းတိုက် ဆရာတော် ဦးတေဇနိယ အကြောင်းကို ထည့်သွင်း မိန့်မြွက်တော်မူ၏။ ဇောတိကာရုံ ဆရာတော်သည် စာဝတ်ပေတတ် အကျော်အမော် တစ်ပါး ဖြစ်သည်။ ပခုက္ကူ မဟာဝိသုတာရာမ တိုက်ကြီးထွက်ပင် ဖြစ်၏။ ပိဋကတ်ကို မွှေနှောက် ချောက်ချားနိုင်သည်။
ပြည်မြို့မှာ စာသင်တိုက်ကြီး တည်ထောင်၍ တပည့် လက်သား များစွာကို ပို့ချပေး နေ၏။ အရွယ်ရောက်သော တပည့်ကြီးများကိုလည်း အမြို့မြို့ အရွာရွာတွင် တိုက်ခွဲများ ပွား၍ ပေးထားသည်။ ပါဠိတက္ကသိုလ်များ တည်ထောင်ကြစဉ်က ပါဠိတက္ကသိုလ် ဗဟိုအဖွဲ့၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။ ဤဆရာတော်၏ အကြောင်းကို အောက်ပါအတိုင်း မိန့်တော်မူ၏။
“မနေ့တုန်းက ညနေလေးနာရီခွဲခန့်က လာတဲ့ ဆရာတော်ဟာ ပြည်မြို့ ဇောတိကာရုံ ဆရာတော်ပဲ၊ ပါဠိတက္ကသိုလ် ဗဟိုအဖွဲ့ ဥက္ကဋ္ဌပေါ့။ ပါဠိတက္ကသိုလ်တွေ ထူထောင်ဖို့ စီစဉ်ကြတော့ ငွေကိစ္စနဲ့ စပ်ပြီး ဘုန်းကြီးက အကြံပေး ရေးသား ခဲ့ဖူးတယ်။
“ရေးတာကတော့ တရားရေး ဝန်ကြီးချုပ်ဟောင်း ဒကာကြီး ဦးသိမ်းမောင်ဆီ ရေးတာပါပဲ။ ဒကာကြီးကလဲ ဒါဟာ ပါဠိတက္ကသိုလ် ဗဟိုအဖွဲ့ဝင် ဆရာတော်ထံ တင်ပြထိုက်တယ်ထင်လို့ တင်ပြတော့ အခု ပြည်မြို့ ဇောတိကာရုံ ဆရာတော် အပါအဝင် ပါဠိတက္ကသိုလ်အဖွဲ့ဝင် ဆရာတော်တွေ ဘုန်းကြီးကို ပြင်းပြင်းထန်ထန် ဝေဖန်ကြသတဲ့။ ပုတ်ခတ်ကြသတဲ့။ ဒါပေမယ့် ဘုန်းကြီးကတော့ မေတ္တာ မပျက်ပါဘူး။
အဲလိုနဲ့ နေကြရာက တော်လှန်ရေး အစိုးရလက်ထက် ရောက်လာတော့ သာသနာ သန့်ရှင်းရေး အတွက် မှော်ဘီအစည်းအဝေးကြီး ပေါ်လာတယ်။ အစည်းအဝေးကြီး မတိုင်မီ ရန်ကုန်မြို့ ကမ္ဘာအေးမှာ အကြိုစည်းဝေးပွဲတွေ လုပ်ရသေးတယ်။ အဲဒီ တုန်းက သူကလဲ သူ့ဆိုင်ရာတွေနဲ့ သူ့တာဝန်ကျရာ အလုပ်ကိုလုပ်တယ်။ ဘုန်းကြီးလဲ ဘုန်းကြီး ဆိုင်ရာတွေနဲ့ ဘုန်းကြီးအလုပ်ကို လုပ်တာပဲ။ အဲဒီတုန်းကလဲ သူက ဘုန်းကြီးအပေါ်မှာ ပစ်ပစ်ခါခါတွေ ဝေဖန်သတဲ့။ ဒါပေမယ့် ဘုန်းကြီးက မေတ္တာ မပျက်ခဲ့ပါဘူး။
“အဲ... မကြာခဲ့တုန်းကတော့ သာသနာတော် အတွက် ဦးမောင်ကြီးရဲ့ ငွေပင်ငွေရင်း မြုပ်နှံ လှူဒါန်းတဲ့ ပဒေသာကို အလှူခံဖို့ မန္တလေးကို ကြွလာတယ်။ အဲဒီ လှူဒါန်းပွဲကို ဒီနှစ် မန္တလေး ပရိယတ္တိဗိမာန်မှာ ကျင်းပတာ။ အဲဒီကို ကြွလာရင်း ဘုန်းကြီးနဲ့ တွေ့တော့ သူက “ကိုယ်တော့် ကျောင်းကို ရောက်အောင် လာခဲ့ရဦးမယ်။ တယ် ... နာမည်ကြီးတယ်” တဲ့။
စိတ်ကို ကြည်သွားတာပဲ
▬▬▬▬▬▬▬▬▬
ဒီတော့ ဘုန်းကြီးကလဲ “ကောင်းပါတယ် ဘုရား။ ကြုံတုန်းကြုံခိုက် ကြွခဲ့ပါဦး” လို့ ပင့်ခဲ့တယ်။ ဒါနဲ့ မနေ့က ကြွလာတာ။ သူနဲ့ အတူ ဇေယျဝတီတိုက်အုပ် ဆရာတော် ရော၊ သူ့တပည့် သုံးပါးရော ပါလာကြတယ်လေ။
မနေ့တုန်းက ဒီကို ရောက်လာလို့ ဘုန်းကြီးနဲ့ အာလာပ သလ္လာပ စကားပြော၊ အပန်းဖြေ နားနေပြီးတော့ “ကျောင်းတိုက်ကို လှည့်ပတ် ကြည့်ချင်တယ်” ဆိုလို့ ဘုန်းကြီး ကိုယ်တိုင်ပဲ လိုက်ပြလိုက်ပါတယ်။
ကျောင်းတိုက် အနေအထား ကျယ်ပြန့်ပုံ၊ ကျောင်းတလင်းရဲ့ ရှင်းရှင်းသန့်သန့် ဖြစ်ပုံ၊ အရိပ်ကောင်းတဲ့ သစ်ပင်ကြီးတွေနဲ့ အုံ့အုံ့ဆိုင်းဆိုင်း ဝေဆာနေပုံ၊ တောင်သမန် အင်းချောင်းမှာ လေကောင်းလေသန့်နဲ့ ရေကောင်းရေသန့် ရပုံ၊ ကျောင်းသင်္ခမ်းတွေ စနစ်တကျ ရှိနေပုံ၊ သံဃာ့ပရိသတ် များစွာရှိမှန်း သိပေမယ့် ရှိတယ်လို့ မထင်ရ လောက်အောင် ကိုယ်တော်ကလေးတွေ ကလည်း တိုးတိုးတိတ်တိတ် ကျက်နေကြ, စာကြည့်နေကြပုံ၊ ကျောင်းတိုက်ကြီး တစ်ခုလုံး (တောရ ကျောင်းဝင်းကြီးလို) ဝန်းကျင် ပတ်ချာ တိတ်တိတ် ဆိတ်ဆိတ် ငြိမ်သက်နေပုံတွေကို တွေ့သွားလို့ “စိတ်ကို ကြည်သွားတာပဲ ကိုယ်တော်” ဟု အမိန့်ရှိတယ်။
တကယ်ကို အလုပ်လုပ်နေကာကိုး
▬▬▬▬▬▬▬▬▬▬▬
ပြီးတော့ ဒီဆရာတော်ဟာ တော်တော် စေ့စပ်တယ်။ ဒါကြောင့်လဲ ခေါင်းဆောင် ဖြစ်ပေတာပဲ။ ခေါင်းဆောင် အကြီးအကဲ ဆိုတာ ဒီလိုပဲ။ ဘယ်လောက်များလဲ ဆိုရင် ဒီ ၂-ဧက လောက် ကျယ်တဲ့ ကျောင်းဝင်းကြီးထဲ အနှံ့ လိုက်ကြည့်တယ်။ ကြိုကြိ ကြားကြားအထိ လိုက်ကြည့်တယ်။
ရေတွင်း ရေကန် ရေချိုးခန်း ကုဋီအိမ်မှ အစ စုံအောင် ကြည့်တယ်။ အစွန်အဖျားမှာ ရှိနေတဲ့ ကမ္မဋ္ဌာန်းကျောင်းကလေးများရဲ့ နောက်ဘက် ချောင်ကြိုချောင်ကြား အထိ လိုက်ကြည့်တယ်။ ကြည့်သမျှလဲ အမှိုက်သရိုက်မှ အစ သန့်ရှင်းနေတာချည်း တွေ့ရလို့ အမိန့်ရှိသွားသေးတယ်။
“အင်း ... ကိုယ်တော့်မေတ္တာနဲ့ ကိုယ်တော့် အဆုံးအမ ဩဝါဒတွေဟာ ပျံ့နှံ့ ပါပေဘယ်။ နောက်ဖေး နောက်ဖီ ချောင်ကြိုချောင်ကြာအထိ ပျံ့နှံ့ပါပေတယ်” တဲ့။
အဲလိုနဲ့ တစ်ကျောင်းတိုက်လုံး လှည့်ပတ် ကြည့်ပြီး ပြန်လာခဲ့ကြတယ်။ ပြန်လာရင်းနဲ့ သူ့မျက်စိထဲ တရေးရေး မြင်ယောင်နေဟန်တူရဲ့ ...
“ကိုယ်တော် သာသနာတော် အတွက် တကယ်ကို အလုပ်လုပ်နေတာကိုး၊ သာဓုပါ ကိုယ်တော်၊ သာဓု ... သာဓု ... နောက်တော့ အခုထက်ပိုပြီး မေတ္တာ ပို့ရမှာပဲ” တဲ့။
အမိန့်ရှိသွားတယ်။ အဲဒါ ဘုန်းကြီးရဲ့ မေတ္တာမှန်မူ၊ လုပ်နေတဲ့အလုပ်လဲ မှန်မှုကြောင့် ပဲ။ ဒါကြောင့် မင်းတို့လဲ ဘယ်လို အခြေအနေမျိုးနဲ့ တွေ့ရ၊ တွေ့ရ၊ မေတ္တာထားပြီး အလုပ်လုပ်ကြ” ဟူ၍ ဩဝါဒ ပေးတော်မူသည်၊
မိုးချုပ်ကာမှ နားလည်ကြ
▬▬▬▬▬▬▬▬▬
ပြည်မြို့ ဇောတိကာရုံ ဆရာတော်နှင့် ဤမဟာဂန္ဓာရုံ ကျောင်းတိုက် အရှင် ဇနကာဘိဝံသ ဆရာတော်တို့ ဆိုတာ ယခုမှ တွေ့ကြသိကြရသည် မဟုတ်။ စာသင် သားဘဝ၊ စာချ ဘုန်းကြီးကလေးများ ဘဝတုန်းကပင် ပခုက္ကူ မဟာဝိသုတာရာမ တိုက်ကြီးထဲမှာ တွေ့ခဲ့ကြ သိခဲ့ကြ ရင်းနှီးခဲ့ကြရသော ဆရာတော်များ ဖြစ်ကြ ပေသည်။ ပညာများ သင်ယူကြပြီးနောက် အတောင်အလက်များ စုံကြ၍ ကိုယ့်ဘုံ ကိုယ့်ဌာန၊ ကိုယ့်ထီးကိုယ့်နန်းဖြင့် တစ်ကျွန်းစီ၊ တစ်မြို့စီလို နေထိုင်လာခဲ့ကြရာမှ တစ်ပါးနှင့်တစ်ပါး ဝေးကွာသွားခဲ့ ကြရလေသည်။
သာသနာရေး အလုပ်ကိစ္စများဖြင့် တစ်ပါးနှင့်တစ်ပါး တစ်ခါတလေ (အလုပ်ခွင်တွင်) လာ၍ ဆုံတတ်ကြ၏။ သို့သော်လည်း အလုပ်သဘောအရ ပြောကြဆိုကြ ဝေဖန် ကြနှင့် တစ်ပါး၏ သဘောထားကို တစ်ပါးက လည်လည် ပတ်ပတ် သိခွင့် နားလည်ခွင့် မရသလို ဖြစ်ခဲ့ကြ၏။
ယခုအခါတွင်ကား တစ်ပါး၏ နေရာသို့ တစ်ပါးက ထိထိခိုက်ခိုက် သွားရောက် လေ့လာ၍ သိရသောအခါ ဝမ်းသာကြရလေသည် သို့သော် အချိန် နှောင်းခဲ့လေပြီ တည်း။ မိုးချုပ်သွားပြီဟု ဆိုရပေတော့မည်။ ဆရာတော် ၂-ပါးလုံးပင် သက်တော် ၇ဝ-ကျော်ကြ၍ ၈၀-တွင်း သို့ပင် ချဉ်းနင်းဝင်ရောက် နေကြပြီဟု ဆိုထိုက်တော့၏။
အချိန်မနှောင်းမီကသာ ဤသို့ နားလည်ကြရပါမူ သာသနာတော်ကြီးအတွက် မည်မျှ တန်ဖိုးကြီးမည်နည်း၊ နှိုင်းဆ၍ပင် ရမည်မထင်ပါ။ ယခုအခါတွင်ကား “ကိုယ်တော်က သာသနာတော်အတွက် တကယ်ကို အလုပ်လုပ် နေတာကိုး ...” ဟု ကြည်ကြည် လင်လင် သိမြင်သွားလေပြီ။
မှော်ဘီ အစည်းအဝေးကြီးတုန်းကသာ ဤမျှ ပီပီပြင်ပြင် ကြည်လင်ကြပါမူ သံဃာတော်များ၏ အနာတ် ပညာရေး သမိုင်းကြောင်း အလျဉ်သည် ခေတ်နှင့်အညီ တစ်မျိုးတစ်ဖုံ ပြောင်းလဲခဲ့၍ ယခုအချိန်အခါဝယ် တင့်တယ်စွာ တည်လျက် ရှိရာ၏။ “နောင်လာ နောက်သားတို့ အတွက် နောင်တဖြင့် သံဝေဂ ယူဖွယ်ပေတကား ...”
“အရှင်ဇနကာဘိဝံသနှင့်
အဘိဓဇမဟာရဋ္ဌဂုရု ပခုက္ကူ၊ ဆရာတော်ဘုရားကြီး”
အသွေးအရောင် တောက်အောင် ချီးမြှောက် ပေးတော်မူခဲ့သော ဆရာတော် ဘုရားကြီး ကြွလာ။
ကျေးဇူးရှင် ဆရာတော်
▬▬▬▬▬▬▬▬
၁၃၃၀-ခု၊ နတ်တော်လဆန်း ၁၂-ရက်နေ့၊ နေ့ ၁-နာရီခွဲ အချိန်တွင် ဖြစ်၏။ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ သက်တော် ၈၉-နှစ်ရှိ၊ ပခုက္ကူ (မဟာဝိသုတာရာမ) တိုက် ဆရာတော်ဘုရားကြီးသည် အမရပူရ မဟာဂန္ဓာရုံ ကျောင်းတိုက်သို့ ကြွလာတော်မူ၏၊
နောက်ပါအဖြစ် ပခုက္ကူ မဟာဝိသုတာရာမ တိုက်အုပ် ဆရာတော် ဦးနန္ဒိယ၊ သက် တော် ၆၅-နှစ်၊ တိပိဋကဓရဆရာတော် ဦးနေမိန္ဒ၊ သက်တော် ၄၁-နှစ်တို့နှင့် အခြား စာချဘုန်းကြီး ၃-ပါးတို့ပါ ပါလာကြသည်၊ ကပ္ပိယကာရက ဒကာတစ်ဦးလည်းပါ၏။
ဆရာတော်ဘုရားကြီးနှင့် အဖွဲ့သည် နတ်တော်လဆန်း ၁၀-ရက်၊ ၁၁-ရက်က ကျင်းပသော တံတားဦးမြို့ သိမ်သမုတ်ပွဲမှ အပြန်တွင် ဝင်လာတော်မူကြခြင်းဖြစ်၏။ တံတားဦးမြို့တွင် သိမ့်အမ ဒေါ်သိန်းက အဘိဓဇမဟာရဋ္ဌဂုရု မစိုးရိမ် ဆရာတော် ဘုရားကြီးနှင့် အဘိဓဇမဟာရဋ္ဌဂုရု ပခုက္ကူ ဆရာတော်ဘုရားကြီး ၂-ပါး ဦးစီး၍ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ၊ တိပိဋကဓရ ဆရာတော် ဦးနေမိန္ဒ တို့အပြင် အဂ္ဂမဟာပဏ္ဍိတ အကျော်အမော် ဆရာတော်ပေါင်း များစွာ (၈၀-ကျော်) ဖြင့် သိမ်သမုတ်ပွဲ ကျင်းပရာတွင် သိမ့်အမအဖြစ် ခံယူသည် ဟူ၏။
ထိုပွဲကို ချီးမြှောက်ပြီးလျှင် အပြန်တွင် ဝင်လာတော်မူကြခြင်း ဖြစ်သည်။ ဝင်လာ ခြင်း၏ အကြောင်းမှာ တပည့်ကြီး အရှင်ဇနကာဘိဝံသကို ချီးမြှောက်တော်မူလို၍ ဟုပင် ဆိုရပါမည်၊ မှန်ပါ၏၊ အရှင်ဇနကာဘိဝံသသည် လွန်ခဲ့သော နှစ်ပေါင်း (၅၀) ခန့်က သာမဏေဘဝဖြင့် ပခုက္ကူ မဟာဝိသုတာရာမ ကျောင်းတိုက်ကြီးသို့ ပိဋကတ် အနက် ဉာဏ်များ ရင့်သန့်ရေးအတွက် ရည်ရွယ်လျက်ရောက်ခဲ့ရ၏။ ထိုစဉ်က ဤ (အဘိဓဇမဟာရဋ္ဌဂုရု ဆရာတော်ဘုရားကြီး လောင်းလျာ) ဆရာတော်ကပင် စတင်၍ ဆိုဝါဆိုစေလျက် ရှင်ဇနကကို ချီးမြှောက်တော်မူခဲ့သည်။
စာပွဲသဘင် ရဲရဲဝင်ခဲ့
▬▬▬▬▬▬▬
တစ်နေ့တွင် ဤဆရာတာ်ဘုရားကြီး၏ စာပွဲသဘင်၌ သုတ်ပါထေယျ ပါဠိတော်နှင့် အဋ္ဌကထာ ဆိုနေကျ ကိုယ်တော်က အသံဝင်နေ၏၊ အများကြားလောက်အောင် ဆိုဖို့ရာ မစွမ်းနိုင်တော့ချေ။ ထိုအခါ အနားမှာ စာလိုက်နေသော ရှင်ဇနကကို “ကိုရင် ... ဆိုစမ်းဟဲ့” ဟု ဤဆရာတော်ကြီးက ရုတ်တရက် ခိုင်းပါတော့သတဲ့၊ ကိုရင်ဇနက လည်း စာလိုက်သံဃာ (၂ဝင) ခန့်လောက် အလယ်တွင် မဆုတ်မဆိုင်း မြင်းကောင်း စိုင်းသို့ ဒိုင်းဒိုင်းပြေး ဆိုလိုက်လေသည်။
ထိုအခါ ဤ မဟာရဋ္ဌဂုရုလောင်း ဆရာတော်က ရှင်ဇနက၏ စာဆိုဟန် အာ လျှာ အသံ ဌာန်တို့ကို ကျေနပ် အားရစွာ အသိအမှတ် ပြုထားတော်မူလိုက်၏။
သို့သော် ထိုစာဝါကို ၃-ရက်လောက်သာ ဆိုလိုက်ရသည်၊ ဆိုနေကျကိုယ်တော်က ပြန်ပြီး အသံထွက်လာ၍ မူလကိုယ်တော်ပင် ဆက်လက်ဆိုတော့သည် ဟူ၏။
နောက်တစ်နှစ် ဝါဆိုဦးတွင် စာဝါများ စီစဉ်သောအခါ ဤ အဘိဓဇ မဟာရဋ္ဌဂုရု လောင်းဆရာတော်က သမ္မောဟ ဝိနောဒနီနှင့် မူလဋီကာ ချပို့မည်ဟု သတ်မှတ် ထား၏။ ထိုအခါ ဤဆရာတော်က ရဟန်းဖြစ်ပြီးစသာသာ အရှင်ဇနကအား မူလဋီကာ ဆိုဖို့ရန် တာဝန်ပေးလေသည်၊ ထိုအခါမှ စ၍ ကိုယ်ပိုင် ဆိုဝါအဖြစ် ရလေ၏။
စာဆိုကောင်း သတင်းမွှေးခဲ့
▬▬▬▬▬▬▬▬▬▬
မူလဋီကာ ကုန်သောအခါ ဒီဃနိကာယ် အဋ္ဌကထာကို ဆိုဖို့ရန် ဤဆရာတော်ကပင် ဆက်လက်၍ ချီးမြှောက်တော်မူပြန်သည် ဟူ၏။
အရှင်ဇနက၏ စာဆိုကောင်းကြောင်း သတင်းကား ပျံ့နှံ့လေပြီ၊ ထို့နောက် ညောင်တုန်းဆရာတော်က သံယုတ်အဋ္ဌကထာကို ဆိုဖို့ရန် ချီးမြောက်တော် မူပြန်သည် ဟူ၏၊ ထို့နောက် တစ်ဖန် ပထမ ဆရာတော်ကြီး ဦးပညာက “အဘိဓမ္မာ အဋ္ဌကထာ တတိယအုပ်ကို ဆိုရမည်” ဟု ချီးမြှောက်တော် မူပြန်သည် ဟူသတတ်၊ ဤသို့လျှင် အရှင်ဇနကသည် ပခုက္ကူ ဆရာတော်ဘုရားကြီးများ၏ တန်ဖိုးထား အပ်သော စိန်ကောင်း ကျောက်ကောင်း တစ်လုံးပမာ တပည့်ကြီးတစ်ဦး ဖြစ်ခဲ့ ပါလေသည်။
အရှင်ဇနကလည်း ဆရာတော်ကြီးများက လိုလိုလားလား ချီးမြှင့်အပ်သော စာဝါ တို့ကို မြတ်မြတ်နိုးနိုး ခံယူကာ တာဝန်ကျေကျေ “ဆိုဝါအဖြစ်” ဆိုခဲ့ရလေသည်။ ဤသို့ ဆရာတော်ကြီး ၃-ပါးစလုံး၏ တန်ဖိုးထားခြင်းကို ခံရ၍လည်း အရှင်ဇနကက မိမိဘဝမှာ ဂုဏ်ယူ၍မဆုံးဖြစ် ခဲ့ရတော့၏။ မကြာမကြာလည်း ဆရာတော်ကြီးများ၏ ဂုဏ်ကျေးဇူးတို့ကို ထုတ်ဖော်၍ ချီးကျူး ဦးတင်လေ့ရှိသည်။
အရောင်ထွက်ဖို့ အကွက်ဖော်ပေးခဲ့
▬▬▬▬▬▬▬▬▬▬▬▬
ဆရာတော်များက နောင်အခါတွင် သာသနာတော်၌ ထိုက်ထိုက်တန်တန် အလုပ် လုပ်နိုင်အောင် အရည်အသွေး ဖြည့်ပေးခဲ့၏။ ကျောက်ရိုင်းကလေး တစ်တုံးကို အသုံးဝင်၍ တန်ဖိုးထက် အရောင်ထွက်အောင် အကွက် ဖော်ပေးသကဲ့သို့ ဖြစ်တော့သည်။ ပေးသည့်အလျောက် အရှင်ဇနကာဘိဝံသ ကလည်း အလုပ် လုပ်နိုင်ခဲ့သဖြင့် မိမိ၏ ဆရာတော်ရင်းများနှင့်တကွ ပခုက္ကူ ဆရာတော်ကြီးများက အားရကျေနပ်နှစ်သက်တော်မူကြသည်။ အသိအမှတ်လည်း အမြဲပြုတော်မူကြ၏။ ထို့ကြောင့်ပင် ယခုအခါ တပည့်ကြီး၏ ကျောင်းတိုက်သို့ ပင်လာကြွရောက် ချီးမြှောက်တော်မူကြခြင်း ဖြစ်ပေသည်။ ဤသည်ပင် ဂုဏ်ထူးတစ်ရပ် ဖြစ်တော့၏။
သက်တော် ၉၀-နီးပါး အဘိဓဇမဟာရဋ္ဌဂုရု ပခုက္ကူ ဆရာတော်ဘုရားကြီးက ယခုအခါ သက်တော် ၇၀-နီးပါး ရှိပြီဖြစ်သော အရှင်ဇနကာဘိဝံသကို ကိုရင် ခပ်ရွယ်ရွယ်၊ ရဟန်းဖြစ်စ ခပ်ငယ်ငယ်တုန်းကလို ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံ တော်မူ၏။
“ဇနက … မင့်ကျောင်းတိုက်မှာ သံဃာ ဘယ်လောက်ရှိသလဲ၊ သူတို့ကို မနက် အရုဏ်ဆွမ်း ဘယ်လို လုပ်ကျွေးသလဲ၊ မင်း … တတ်နိုင်ရဲ့လား၊ ဘယ်လို ကြိုးစား ထားသလဲ၊ ငါတော့ဖြင့် ဒီလောက် ပရိသတ်များလာရင် ကျွေးထားဖို့ မတတ်နိုင် ပေါင်ကွယ်”
စသော နားဝင်ပီယံ မိန်မြွက်သံ ကလေးတို့ပင် ဖြစ်သည်။ ဆရာတော် အရှင် ဇနကာဘိဝံသလည်း ဤသို့ မိန့်မြွက်သည်ကိုပင် ကြည်နူးနေဟန်ရှိ၏။
ကြီးလာသောအခါ ပြန်၍ငယ်ရသည်ကို ကျေနပ်
မသိတတ်တဲ့ ဒီကလေးနှယ်
▬▬▬▬▬▬▬▬▬▬
ယခုအခါ မြန်မာပြည်တစ်လွှား၌ ဂုဏ်ဒြပ် အရပ်ရပ်တို့ ဖြင့် အဘက်ဘက်မှ ပြည့်စုံ၍ နာမည်ကြီးလျက် ရှိသော ဆရာတော် အရှင်ဇနကာဘိဝံသကို “မင်းနဲ့-ငါနဲ့” ကလေး ပမာ ဆက်ဆံပြောဆိုနိုင်သူမှာ များစွာ ရှိမည် မဟုတ်ပါ။ ဤ ဆရာတော်ကြီးမျိုးတို့လို တစ်ပါးစ နှစ်ပါးစမျှသာ ရှိပေလိမ့်မည်၊ ထို့ကြောင့်လည်း ဆရာတော် အရှင် ဇနကာဘိဝံသက ပြုံး၍ နှလုံးကြည်ဖြူ ကျေနပ်နေတော်မူ၏။ ဤသို့ ကလေးငယ် ပမာ အပြောခံရသည်ကို ပီတိဖြစ်၍နေ၏၊ ဂုဏ်ယူ၍ နေ၏။ အရှင်အာနန္ဒာပမာ ဖြစ်တော့သည်။
*တစ်ခါတုန်းက (နိဒါနဝဂ္ဂသံယုတ်။ စီဝရသုတ်- ၄၁၈။) အရှင်အာနန္ဒာသည် နောက်လိုက် နောက်ပါ ရဟန်းငယ်များစွာဖြင့် ဒက္ခိဏဂိရိဇနပုဒ်သို့ ဒေသစာရီ ကြွချီနေ၏၊ ထိုပရိသတ်ထဲမှ ရဟန်းငယ် သုံးကျိပ်ခန့်သည် လူထွက်ကုန်ကြ၏။ ထိုအခါ အသက်ရာကျော် ရှိတော်မူသော (သူ၏ ဥပဇ္ဈယ်ဆရာ) အရှင်မဟာကဿပ မထေရ်ကြီးက အသက (၈ဝ) နီးပါးမျှ ရှိနေပြီဖြစ်သော အရှင်အာနန္ဒာကို (နဝါယံ ကုမာရကော မတ္တမညာသိ) “ဒီကလေးနှယ် ကိုယ့်ပမာဏ ကိုယ်မသိမှု ဆိုးဝါး လိုက်တာ” ဟူ၍ ဆိုဖူး မြည်ဖူး၏။
ထိုအခါ အရှင်အာနန္ဒာက တို့များ ခေါင်းပေါ်မှာ ဆံပင်ဖြူတွေ ပေါက်ကုန်တဲ့ အချိန် တိုင်အောင် (ကုမာရက) “ကလေးငယ်” လို့ အသုံးအနှုန်းခံရတဲ့ ဘဝက မလွတ် သေးဘူး၊ ငါ့ဥပဇ္ဈာယ်ဆရာ မထေရ်မြတ်ကြီးက ငါ့ကို “ကလေး” တဲ့ဟု ပြော၍ ဂုဏ်ယူလေသည်။
ဤကား သူတော်ကောင်းတို့၏ ဓမ္မတာပေတကား။ ဆရာသမားတို့က မြည်တွန် တောက်တီး အပြစ်တင်သည်ကိုပင် ရှက်စရာဟု သဘောမထား၊ လေးလေးစားစား ခံယူလျက် ဂုဏ်ယူတော်မူကြသည်။
ရှင်အာနန္ဒာ ပမာအလား
▬▬▬▬▬▬▬▬▬
ယခုအခါ အရှင်ဇနကာဘိဝံသလည်း ဤနည်းပမာပင် ဖြစ်တော့၏၊ သာသနာ့ အလုပ်တွေကို များစွာပြုလုပ်ထားသဖြင့် သာသနာတော်တွင် နေလို လလို ထင်ရှား ကျော်ကြားနေသော အရှင်ဇနကာဘိဝံသကို အဘိဓဇမဟာရဋ္ဌဂုရု ပခုက္ကူ ဆရာတော်ဘုရားကြီးက ငယ်ငယ်ကလို “မင်း-ငါ”ဟု ပြောသဖြင့် သဘောကျ နေတော်မူ၏။
အရှင်အာနန္ဒာလိုပင် ခေါင်းမှာ ဆံပင်ဖြူတွေ ပေါက်ရုံ မကဘဲ မျက်ခုံးမွေး အဖြူ များပါ ပေါက်လာပြီဖြစ်သော မိမိအား ဤကဲ့သို့ ဖခင်ကြီးပမာ ရင်းနှီးစွာ မိန့်မြွက်တော် မူခြင်းအတွက် ဂုဏ်တက်စရာဟု အရှင်ဇနာကာဘိဝံသက သဘော ထားတော်မူသည်။ တစ်နည်းအားဖြင့် အသက်ကြီး လာသောအခါ ယခုကဲ့သို့ ပြန်၍ ငယ်ရသည်ကို ကျေနပ်သလိုလည်း ဖြစ်နေပါလိမ့်မည်။
၁၃၂၆-ခုနှစ်၊ သာသနာတော် သန့်ရှင်းရေးအတွက် မှော်ဘီ အစည်းအဝေးကြီး၏ အကြို စည်းဝေးကြစဉ်ကလည်း ဤနည်းပမာ ကြည်ညိုရဖူးသည်၊ အကြိုစည်းဝေးပွဲ များတွင် အနာဂတ်ကာလ သာသနာ့နယ်မြေ အုပ်ချုပ်ရေး အတွက် ဂိုဏ်းအုပ်, ဂိုဏ်းချုပ်, ဂိုဏ်းထောက်မှုကို အဘိဓဇမဟာရဋ္ဌဂုရု ပခုက္ကူ ဆရာတော်ဘုရားကြီး က တင်ပြ၏၊ သံဃာတော်များ၏ အနာဂတ် ပညာရေးမူကို ဆရာတော် အရှင်ဇနကာဘိဝံသက တင်ပြသည်။
ဆရာ့အပေါ် အစဉ်လေးစားခဲ့
▬▬▬▬▬▬▬▬▬▬▬
အစည်းအဝေး၌ အရှင်ဇနကာဘိဝံသက တင်ပြနေစဉ် အဘိဓဇ ပခုက္ကူ ဆရာတော် ကြီးက “နေစမ်းပါဦးက္ခ၊ မင်းဥစ္စာက ငါ့ဟာ ကျန်နေသေးတယ် ငါ ဆက်ပြောလိုက် ပါရစေဦး” ဟု ဆိုလိုက်ရာ ဆရာတော် အရှင်ဇနကာဘိဝံသလည်း နောက်ဆုတ်၍ ငြိမ်သက်သွား၏၊ စောစောက သူ့အလှည့်တွင် ကျန်နေသော စကားတို့ကို ပခုက္ကူ ဆရာတော်ကြီးက ဆက်လက် ပြောနေတော်မူ၏၊ ပြီးလျှင် ရပ်သွားသည်၊ ခန်းမကြီး တစ်ခုလုံး တိတ်ဆိတ် သွားတော့၏။
ထိုအခါ ဆရာတော်တစ်ပါးက “ပြောလေ-ပြောလေ၊ ဦးဇနကက ဆက်ပြောလေ” ဟုသတိပေးလိုက်ရာ ဆရာတော် အရှင်ဇနကာဘိဝံသက “ဪ ... ဆရာပတာ်ကြီးက မင့်ဟာ ခဏနေစမ်းပါဦးဆိုလို့” ဟူ၍ ပြော၏၊ ထိုအခါတွင်မှ အဘိဓဇ ဆရာတော်ကြီးက “အေး . အေး၊ ငါပြောပြီးပြီ၊ ကဲ ... မင်းဆက်ပြောတော့” တဲ့။
ဤသို့လျှင် သက်တော် ၇၀-ကျော် ဆရာတော်ဘုရားကြီးများချည်း စည်းဝေးသော ပွဲမျိုး၌ ဤကဲ့သို့ရင်းနှီးစွာ ဆရာတပည့် ဆက်ဆံနေကြသည်ကို ကြည့်၍ အများက ပီတိဖြစ်ကာ ပြုံးပြီး ကြည့်နေတော်မူကြသည်။ ဆရာသမားများ မိန့်ကြားခိုက်တွင် ကြားကဝင်၍ ကန့်လန့်-ကန့်လန့် မရှုပ်တတ်သဖြင့် “တော်ကြပါပေရဲ့” ဟု ဝမ်းထဲက ကျိတ်၍ ချီးကျူးနေကြဟန် ရှိပေသည်။ ဤသို့လျှင် အရှင်ဇနကာဘိဝံသမှာ ဆရာ သမားများကို အစဉ်ထာဝရ လေးစားတတ်သော အလေ့ရှိလေည်။
ဆရာအပြန် ကန်တော့ခန်း
▬▬▬▬▬▬▬▬▬▬
အဘိဓဇမဟာရဋ္ဌဂုရု ပခုက္ကူ ဆရာတော်ဘုရားကြီး ကြွလာတော်မူခိုက် ဂန္ဓာရုံ သံဃာတော်အားလုံး လာရောက် ကန်တော့ကြသည့်အပြင် အပြန်တွင်လည်း လက်အုပ် အဉ္စလီ မြှောက်တင်ချီ၍ တစ်ညီ တစ်ညာတည်း ကန်တော့လိုက်ကြ သေးသည်။ ကန်တော့ကြပုံမှာ ဆရာတော်ဘုရားကြီးက ထိုက်သင့်သော ဩဝါဒများ ကို မိန့်မြွက်ကြားပြီး၍ အပြန်တွင် ဂန္ဓာရုံမှ သံဃာတော် (၂၀၀) ကျော်တို့က ဘုရား အာရုံခံတိုက်နှင့် စာချတိုက်အကြားတွင် အရှေ့ အနောက် အရှည် အလျား တစ်ဘက် လျှင် (၁၀၀)စီ စီတန်းလိုက်ကြ၏။
ညီညာသော အရပ်အမောင်းများအလိုက် စဉ်တန်းလျက် ညီညာသော သင်္ကန်း အညိုရောင်၊ ညီညာသော ဝတ်ရုံမှုဖြင့် ဝတ်ကာ၊ ညီညာသော လက်အုပ်ကလေးများ ကိုချီ၍ ညီညာသော စေတနာတို့ဖြင့် ဂါရဝပြုပြီး တန့်ရပ် စောင့်စားနေကြသည်။ ထိုသံဃာတန်း ၂-တန်း၏ အလယ်ကြားမှ တရွေ့ရွေ့ ကြွလာကာ အဘိခဇ မဟာရဋ္ဌဂုရု ဆရာတော်ဘုရားကြီးက ပြုံးရွှင်သော မျက်နှာထားဖြင့် လေးစားကြ သော ဂါရဝတို့ကို အသိအမှတ်ပြုရင်း မေတ္တာတုံ့ပြန် အပူဇော်ကိုခံလျက် ပြန်၍ ကြွတော်မူလေသည်။
ထိုမြင်ကွင်းကား ရင်တွင်း၌ သိမ့်ခနဲ သိမ့်ခနဲ ဖြစ်စေလောက်အောင် ကြည်နူးဖွယ် ကောင်းလှလေတော့သည်။ ဆရာတော်ဘုရားကြီး သည်လည်း ထိုမြင်ကွင်း ထို ကန်တော့ခန်းကို မမေ့နိုင်အောင် ရှိရသဖြင့် ပခုက္ကူသို့ ပြန်ရောက်သော အခါတွင်ပင် စပ်မိတိုင်း မိန့်မြွက်၍ ဩဝါဒ ပေးရာတွင်ပင် ထည့်စွက်လျက် ချီးမွမ်းတော်မူနေသည် ဟူသတတ်။
“အရှင်ဇနကာဘိဝံသနှင့် မိုးညို ဦးသူရိယ”
ထူးဆန်းလျှင် ဝိုင်း၍အုံတတ်
▬▬▬▬▬▬▬▬▬▬
၁၃၃၁- ခု၊ ပထမဝါဆိုလဆန်း ၁၅-ရက်၊ (၂၉-၆-၁၉၆၉) နေ့ကဖြစ်သည်။ ရဟန္တာဟု ကျော်ကြားနေသော မိုးညိုဆရာတော် ဦးသူရိယသည် အမရပူရ ဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသထံသို့ ကန်တော့ရန် ကြွလာ၏။
နောက်လိုက် နောက်ပါ ကားကြီး ကားငယ် ၁၀-စင်းလောက်နှင့် ဒကာ-ဒကာမများ ဝိုင်းအုံ ပါလာကြသည်။ အမရပူရမြို့တွင်း၌မူ ပထမဝါဆို လဆန်းလောက် ကပင် ရောက်နေခဲ့၏။ ရိပ်သာဖွင့်ရန် ဖြစ်သည့် မန္တလေးမြို့ ညောင်စဉ်တန်းမှ ဒကာ တစ်ဦးက မိုးညိုမြို့မှပင့်လာခဲ့သဖြင့် လိုက်ပါကြွလာခြင်းဖြစ်သည် ဟူသတတ်။
အမရပူရမြို့ထဲ၌ တရားပွဲများ အတော်များများ ဟောပြီးပြီ၊ သူ့ရဲ့ ရှေးအတိတ် အကြောင်းများကိုလည်း ဟော၏။ သူ့မိဘများ မကောင်းဆိုးဝါး ပြိတ္တာများ ဖြစ်နေ သည်ကိုလည်း ဟော၏။ မဂ်-၄ပါး အစဉ်အတိုင်း ရခဲ့ပုံကိုလည်း ရဲရဲတင်းတင်း ဟော၏။ “ရဟန္တာ” ဟုလည်း ဝန်ခံသည် ဟူ၏။ ဒိဗ္ဗစက္ခုနှင့် ပုဗ္ဗေနိဝါသာနုဿတိ ကိုလည်း ဝန်ခံ၏။
လူ့ဘဝတုန်းက အသက် ၃ဂ-နှစ်အတွင်းမှာ ထောင်(၃၆) ကြိမ် ကျဖူးသည်ဟုလည်း ဟောသတတ်။ ယခု သက်တော် ၄၂-နှစ်၊ ရဟန်းသိက္ခာ ၄-ဝါမျှသာ ရှိသေးသည်ဟု ဆို၏။ နောက်တစ်နေ့ နံနက်ခင်း ဩဝါဒတွင် ဆရာတော်က အောက်ပါအတိုင်း ပြန်လည် မိန့်ကြားတော်မူသည်။
“မနေ့တုန်းက မိုးညိုဆရာတော် ဦးသူရိယ ဆိုတာ ရောက်လာတယ်၊ သူ့ အသိုက် အဝန်းတွေနဲ့ အုံလို့ ဝိုင်းလို့ ပြိုင်လို့ပါပဲ၊ ပြီးတော့ သူကလျှောက်တယ်၊ “တပည့်တော် ဆရာတော်ဘုရားထံ ကန်တော့ရန် လာခဲ့ပါတယ်ဘုရား”တဲ့။
ဒီတော့ ဘုန်းကြီးက “ကောင်းပါ၏ - ကောင်းပါ၏” ဒါလောက်ပဲပြောပြီး ခဏ ရပ်နေ တယ်၊ သူက “ရဟန္တာ”လို့ ကျော်ကြားနေတာမို့ ဘာမျှ မပြောလိုပါဘူး၊ ဝေလဲ မဝေဖန်လိုပါဘူး၊ အရိယူပဝါဒကံ ထိုက်နေတတ်တယ်၊ တရားတော်ကို ရိုသေသော အားဖြင့် သူ့ကို ဘယ့်နှယ် ဘယ်သို့ မမေးပါဘူး၊ ဘယ်လိုအခြေအနေ ဆိုတာလဲ မစုံစမ်းပါဘူး”
နိဗ္ဗာန်နှင့်စပ် စကားရပ်
▬▬▬▬▬▬▬▬
နောက်တော့ နိဗ္ဗာန်နဲ့ စပ်တဲ့ စကား ရောက်သွားကြတယ်၊ နိဗ္ဗာန်နဲ့စပ်တဲ့ အမေး အဖြေဆိုတာ ဘုရားရှင် လက်ထက်တော်တုန်းကကို အလွန်နည်းပါးပါတယ်။ ခက်လည်း ခက်ပါတယ်။ နိဗ္ဗာန်ဆိုတာ “ဒါ” လို့ ထောက်ပြတာ မရှိသလောက် ရှားပါတယ်၊ နိဗ္ဗာန်ရကြောင်း၊ နိဗ္ဗာန်ရဖို့ အကြောင်းတွေသာ ပြောကြတာပဲ။
ဒါနဲ့ ဘုန်းကြီးက အခု ချပို့နေဆဲဖြစ်တဲ့ ဒီဃနိကာယ် သီလက္ခန်ပါဠိတော် ကောဋသုတ်အဆုံးက “ဝိညာဏံ အနိဒဿနံ၊ အနန္တံ သဗ္ဗတောပဘံ” အစရှိတဲ့ ဂါထာမှာ လာတဲ့အတိုင်း နိဗ္ဗာန်အကြောင်းကို ပြောပြတယ်၊ ပြောပြပြီးတဲ့ အခါမှာ “အခု တပည့်တော် ပြောသွားတဲ့အထဲ အပိုအလိုများ ရှိပါသလား” လို့ သူ့ကို မေးလိုက်တယ်။
ဒီတော့ သူက “မရှိပါဘူးဘုရား” တဲ့၊ “ဒါပေမယ့် နိဗ္ဗာန်မှာ အကြောင်း ရှိပါတယ်” တဲ့။
ဒါနဲ့ ဘုန်းကြီးက *“အသင်္ခတ အပစ္စယ” လို့ ဘုရားက “အကြောင်းမရှိ” ဟောထား ပါတယ်၊ ရှိတာက “နိဗ္ဗာန် ရောက်ကြောင်း”သာ ရှိတာပါလို့ ပြန်ပြောလိုက်ရတယ်။
အဲဒီနောက် သူက “ဒီအမရပူရမြို့ စပါးတောရပ်ကွက်က စပါးတောတိုက်ထဲမှာ ရိပ်သာဖွင့်မလို့ပါဘုရား” လို့ လျှောက်တယ်၊ ဖွင့်ပွဲကိုလဲ ကြွပါလို့ ပင့်တယ်။
ဘုန်းကြီးက “ရိပ်သာကို ဖြည်းဖြည်းဖွင့်ဖို့ ကောင်းတယ်၊ လူတွေက တာရှည်ပါရင် ကောင်းပါရဲ့၊ မပါရင် ကိုယ်နဲ့ ဆိုင်းဘုတ်ပဲ ကျန်ရစ်တတ်တယ်” လို့ ပြောလိုက်ရ တယ်၊ ဖွင့်ပွဲကိုလဲ ဘုန်းကြီးမှာ အလုပ်တွေများလို့ မကြွပါရစေနဲ့လို့ ပယ်လိုက်တယ်၊ (အခြားသော ဆရာတော်ကြီး အချို့ကား ကြွရောက်အားပေးကြသတဲ့။)
ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားကြရမယ်
▬▬▬▬▬▬▬▬▬▬▬▬
စဉ်းစားကြရမှာက ရှေးက “ရဟန္တာ”လို့ ကျော်ကြားတဲ့ မထေရ်မြတ်တွေဟာ ဆိတ်ငြိမ်မှုကို အလွန် လိုလားတော်မူကြတယ်၊ စစ်ကိုင်းတောင်ရိုး မဟာဂန္ဓာရုံ ဆရာတော်ဘုရားတို့ဆိုရင် တဖြည်းဖြည်း လူတွေ များလာပြီး ရှုပ်ထွေးလာတော့ ဂူတောင် အောင်းတော့တာပဲ၊ စာထဲမှာလဲ ဇေတဝန် ကျောင်းတိုက်တို့၊ ဝေဠုဝန် ကျောင်းတိုက်တို့ တည်တော့မယ် ဆိုတော့ တိတ်ဆိတ် ငြိမ်သက်တဲ့ နေရာတွေကို ရွေးခဲ့ကြတာပဲ၊ အဲလိုတွေ စဉ်းစားကြရမယ်။
တိတ်ဆိတ် ငြိမ်သက်မှု မရှိဘဲနဲ့ သမာဓိတည်တယ်၊ တရားရတယ်ဆိုတာ မလွယ် လှပါဘူး၊ လူတွေဟာ ခေမာထေရီ တို့လို အိပ်က စိတ်တွေ ကျောင်းရောက်တော့ ပြောင်းသွားတယ် ဆိုရင်တော့ ကောင်းပါရဲ့” ဤသို့ စသည်ဖြင့် မိန့်တော်မူလေ၏။
* မှတ်ချက်
▬▬▬▬
“နိဗ္ဗာန်မှာ အကြောင်းမရှိဘူး” ဆိုတာ အဆင့်မြင့်မြင့် ဝိပဿနာ အားထုတ်နေတဲ့ သူတိုင်း သိကြပါ၏။ သို့ရာတွင် အချို့ပုဂ္ဂိုလ်တို့မှာ ဝေ့လည်လည် ဖြစ်နေတတ် ကြသည်။ ဤအချက်ကို ရှင်းလင်းစေလို၍ ဆရာတော်က ဖော်ပြ မေးခွန်း ထုတ်လိုက်ခြင်း ဖြစ်ပေသည်။
ထိုစဉ်က ရဟန္တာဟု နာမည်ကြီးခဲ့သော မိုးညို ဦးသူရိယသည် သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေး လုပ်လာသော နောက်ပိုင်းတွင် လူထွက်ရလေ၏။
“အရှင်ဇနကာဘိဝံသနှင့် ဆရာကြီး ရွှေဥဒေါင်း”
ဆရာတော်နှင့် စာရေးဆရာ သတင်းစာဆရာများ
စာအုပ်တွေက မိတ်ဆက်ပေးသလို
▬▬▬▬▬▬▬▬▬▬▬▬
ဆရာတော် အရှင်ဇနကာဘိဝံသသည် သံဃာတော်များအား စာပေပို့ချရုံသာမက ကျမ်းစာများပါ ရေးသားသူ ဖြစ်သဖြင့် စာပေလောက အသိုက်အဝန်း ကလည်း သိကြ၏။ ရဟန်းသံဃာများ အတွက် ရေးသားပေးသော (ဘာသာဋီကာ ကျမ်းစာ) များက သံဃာတော်များ လောကနှင့် ဆရာတော် အရှင်ဇနကာဘိဝံသကို မိတ်ဆက်ပေးကြသလို လူပုဂ္ဂိုလ်တို့အတွက် ရေးသားပေးသော ကျမ်းစာတို့ကလည်း လူပုဂ္ဂိုလ်တို့နှင့် ဆရာဘော်ကို မိတ်ဆက်ပေးကြသည်။ ဤနည်းအားဖြင့် လူရော ရှင်ပါ အရှင်ဇနကာဘိဝံသကို သိကြ ခင်ကြ ကျွမ်းဝင်ကြတော့၏။
ထို့ကြောင့် လူပုဂ္ဂိုလ် စာရေးဆရာတို့က ဆရာတော် အရှင်ဇနကာဘိဝံသကို (အစဉ်အလာ ဆရာတော် မထေရ်မြတ် တစ်ပါးအပြင်) စာရေးဆရာ ပုဂ္ဂိုလ်တစ်ပါး အဖြစ်လည်း မြင်ကြသည်၊ ခင်ကြသည်၊ မြတ်နိုးကြသည်၊ ရိုသေကြသည်။
သို့အတွက် အားလပ်သောအခါ သို့မဟုတ် အခွင့် ကြုံသောအခါတို့၌ ဆရာတော် ထံကို ရောက်ရောက် လာကြလေ၏။ ဆရာတော်ကလည်း ဖော်ဖော်ရွေရွေ ကျေကျေ နပ်နပ် လိုက်ခံစကား ပြောတော်မူတတ်သည်။
စာရေးဆရာတို့ ရောက်လာကြလျှင် လူ့လောကမှ ဗဟုသုတတို့ကို သူတို့ တွေ့သမျှ ကြုံသမျှ လျှောက်ထားကြ၏။ ဆရာတော်ကလည်း လက်ခံနားထောင်တော်မူသည်။ သူတို့ အမြင်တို့ကို တင်ပြကြ၏။ ဆရာတော် အမြင်ကိုလည်း စုံစမ်းကြသည်။ ဤသို့သော အခါမျိုးတွင် ဆရာတော်သည် ညဉ့်နက်အောင်ပင် လက်ခံစကား ပြောတော်မူတတ်၏။
ဆရာကြီး ရွှေဥဒေါင်း
▬▬▬▬▬▬▬▬
စာရေးဆရာ၊ သတင်းစာဆရာ၊ ဆရာကြီးရွှေဥဒေါင်းသည် သူ့ခေတ် သူ့ကာလ သူတို့ အသိုက်အဝန်းတွင် သူအကြီးဆုံး ဖြစ်၏။ စာရေးဆရာ အများက သူ့ကို “အဘိုး” အရာထားကြ၏။ ထားသည့်အလျောက် သူကလည်း သူထင်ရာ ကြဲတတ်သည်။ သူပြောတာ ဟုတ်ရမှ၊ သူလုပ်တာ မှန်ရမှဟူ၍ အစွဲသန် နေတတ်သည်။
ဆရာကြီးသည် မန္တလေး လူထုသတင်းစာတွင် အယ်ဒီတာ လုပ်ခဲ့၏။ အနည်းငယ် အားလပ်ခွင့်ရသော အချိန်များတွင် အမပူရ (တောင်မြို့) မဟာဂန္ဓာရုံတိုက်သို့ ရောက်လာတတ်သည်။ ထိုအခါများတွင် ဆရာတော်က အထူး အချိန်ပေးကာ လက်ခံဆွေးနွေးစကား ပြောတတ်လေသည်။
ဆရာကြီးသည် အဖာ် နှစ်ယောက်၊ သုံးငယာက်ဖြင့် ညဉ့်အိပ်ညဉ့်နေ အေးအေး လူလူ လာရောက်ပြီးလျှင် ဆရာတော်နှင့် အားရပါးရ စကားပြောတတ်၏။ ဆရာကြီးက နယ်စုံ အရပ်စုံ ရောက်သည့်အတိုင်း တွေ့ကြုံရသမျှတို့ကို ပြန်လည် ဖောက်သည်ချကာ ဆရာတော်၏ ကျောင်းကလေး ပေါ်တွင် ညဉ့်နက်သန်းခေါင် ရယ်မောရင်း စကားပြော နေတတ်လေသည်။
ဆရာတော်ကလည်း သူပြောသမျှကို သည်းခံ နားထောင်ရှာ၏။ နောက်ပိုင်းတွင်မူ လုပ်ငန်းကိစ္စများ၍ နှစ်အတန်ကြာအောင်ပင် ဆရာတော်ထံသို့ မရောက်နိုင်ဘဲ ကွာလှမ်းသွားခဲ့ရလေသည်။
တော်လှန်ရေးအစိုးရ တက်လာပြီးနောက် လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာကို ထုတ်ဝေသောအခါ ဆရာကြီး ရွှေဥဒေါင်းသည် လုပ်သားပြည်သူ နေ့စဉ်တွင် အယ်ဒီတာချုပ်ကြီး သွား၍ ဖြစ်လေသည်။ ထိုသို့ နေရာဌာန ဝေးကွာ၍ သွားသော အခါ ပို၍ပင် မရောက်နိုင်အောင် ဖြစ်တော့သည်။
ဗုဒ္ဓကျောင်းတော်ကြီးလို
▬▬▬▬▬▬▬▬▬
၁၉၆၇-ခုနှစ်လောက်က ဖြစ်၏။ ဆရာကြီး၏ တပည့် စာရေးဆရာ ငွေဥဒေါင်းက ရှုမဝမဂ္ဂဇင်းတွင် “စာဝင်္ကဘာ” အခန်းကဏ္ဍကို ရေးသားလျက်ရှိသည်။ ထိုတွင် စာရေးဆရာ ငွေဥဒေါင်းက အမရပူရ မဟာဂန္ဓာရုံကျောင်းတိုက်ကြီးကို ဘုရားရှင် လက်ထက်က ဗုဒ္ဓကျောင်းတော်ကြီးနှင့် နှိုင်းယှဉ်၍ အောက်ပါအတိုင်း ရေးလိုက် လေသည်။
“ဗုဒ္ဓ၏ သရက်ဥယျာဉ် ကျောင်းတော်သို့ စိတ်နှလုံး နောက်ကျိနေသော အဇာတသတ်မင်းရောက် ရှိသွားသောအခါ တိတ်ဆိတ် ငြိမ်သက်၍ သန့်ရှင်း ကြည်လင်သော အတွေ့အထိကြောင့် စိတ်သက်သာရာရခြင်း၊ ငြိမ်းချမ်းခြင်း အရသာကို ခံစားရသကဲ့သို့။
မဟာဂန္ဓာရုံ ကျောင်းတိုက်ကြီး အတွင်းသို့ ဝင်လိုက်လျှင်လည်း ထိုခံစားချက်မျိုး ခံစားရသည် ဟူ၍လည်းကောင်း၊ “နှလုံးမွေ့လျော် ပျော်ဖွယ်ရာ ကောင်းသော” ကျောင်းတိုက်မှာ အမရပူရမြို့က မဟာဂန္ဓာရုံ ကျောင်းတိုက်သာလျှင် ဖြစ်၏ ဟူ၍ လည်းကောင်း ငွေဥဒေါင်းက ရေးလေသည်။
ထို့ပြင်လည်း ဆရာကြီး ရွှေဥဒေါင်းအား မဟာဂန္ဓာရုံ ကျောင်းတိုက်ကြီး၏ အကြောင်းကို ခဏခဏ ပြောပြသော ဟူ၏။ ထိုအခါ ဆရာကြီးက “ကဲ .... မောင်ရင်၊ ဒါလောက်တောင် အပြောကောင်းလှတာ မနက်ဖြန် သွားကြမယ်။ သွားဖို့ လာဖို့ မောင်ရင်ပဲ စီစဉ်ပါ”
တိတ်ဆိတ်အေးဆေး
ငြိမ်းချမ်းလှပါဘိ
▬▬▬▬▬▬
ဤသို့ ပြောဆို တိုင်ပင်ကြပြီးလျှင် ရွှေဥဒေါင်းနှင့် ငွေဥဒေါင်း ဆရာတပည့် နှစ်ဦးတို့ သည် အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်သို့ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်လာ ကြတော့၏။ အမှန်မှာ ဆရာကြီး ရွှေဥဒေါင်းသည် မဟာဂန္ဓာရုံ ကျောင်းတိုက်နှင့် ကွဲကွာခဲ့သည်မှာ အတော်ကြာပြီဖြစ်၍ လွမ်းဆွတ် သယောင်လည်း ဖြစ်နေခဲ့သည် ဟူ၏။ ထို့ကြောင့် လာဖြစ်အောင် လာခဲ့ခြင်း ဖြစ်လေသည်။
ဟုတ်ပါသည်၊ စာရေးဆရာ ငွေဥဒေါင်း ပြောသလိုပင် မဟာဂန္ဓာရုံကျောင်းတိုက်ကြီး ကလည်း ယခင်တုန်းက မိမိ ရောက်ဖူးစဉ်က အခြေအနေမျိုး မဟုတ်တော့ပေ။ ယခု တစ်မူ ထူးခြား၍ အံ့အားသင့်ဖွယ် ဖြစ်နေပါတော့၏။ ကျောင်းတလင်း သန့်ရှင်း၍ တိတ်ဆိတ် ငြိမ်းချမ်းသော ဥယျာဉ်ကြီး တစ်ခု ဖြစ်နေပါ၏၊ ထို့ကြောင့်ပင် ငွေဥဒေါင်း က ဘုရားရှင် သီတင်းသုံးတော်မူရာ ဇီဝက၏ သရက်ဥယျာဉ်ကျောင်း တိုက်ကြီးနှင့် ပုံနှိုင်းခြင်းဖြစ်ပေသည်ဟု ဆရာကြီးရွှေဥဒေါင်းက ဝန်ခံရပါသတဲ့။
ထို့နောက် ဆရာတော်ထံသို့ ချဉ်းကပ်သွားကြ၍ ဆရာတော်နှင့် ဝမ်းသာအယ်လဲ နှုတ်ဆက် ပြောဆိုတော့သည်။ ဆရာတော်ထံသို့ ရောက်တိုင်း စာပေအရေးအသား နှင့်ပတ်သက်၍ လည်းကောင်း၊ မေတ္တာ သဘောတရားနှင့် ပတ်သက်၍လည်း ကောင်း၊ အနတ္တဝါဒနှင့် ပတ်သက်၍ လည်းကောင်း လျှောက်ထားကာ အများ အားဖြင့် ဆွေးနွေးတတ်ကြလေသည်။
မိမိထက်သာတာ တစ်ဦးတည်းရှိ
▬▬▬▬▬▬▬▬▬▬▬▬
ဤနည်းအားဖြင့် ဆရာကြီး ရွှေဥဒေါင်းသည် ဆရာတော်ထံသို့ မကြာမကြာ ရောက်လာတတ်လေ၏။ ဆရာတော်ကို ယုံကြည်၏။ အယူအဆ သဘာဝပိုင်းနှင့် ပတ်သက်၍လည်း လေးစား၏။ ဆရာတော် အရှင်မြတ်တစ်ပါး ဖြစ်၍လည်း ရိုသေ ပြန်လေသည်။ အကြိမ်ကြိမ် အဖန်ဖန် ဆွေးနွေးခွင့် ရသဖြင့် ဆရာတော်နှင့် အတော် ရင်းနှီး နေလေ၏။ တစ်ခါတုန်းက မန္တလေးမြို့ အဘိဓဇ မဟာရဋ္ဌဂုရု မစိုးရိမ် ဆရာတော်ဘုရားကြီး ဦးသူရိယထံသို့ ရောက်ခိုက်တွင် ဆရာကြီး ရွှေဥဒေါင်းက...
“မြန်မာနိုင်ငံမှာ တပည့်တော်ထက် စာရေးသာတာ တစ်ဦးတည်း ရှိတယ် ဘုရား၊ အဲဒီ ပုဂ္ဂိုလ်က ဘယ်သူလဲဆိုရင် တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသပဲဘုရား၊ သူက ပိဋကတ်စာပေတွေကို ထုံးလိုချေ ရေလိုနှောက် နိုင်တော့ တပည့်တော်ထက် သာနေတာပေါ့ ဘုရား” ဟူ၍ လျှောက်ထားလေ သတတ်။
မေတ္တာဝါဒ ရှုထောင့်ကဏ္ဍ
▬▬▬▬▬▬▬▬▬▬
ဆရာကြီး ရွှေဥဒေါင်းသည် လုပ်သားပြည်သူ့နေ့စဉ် သတင်းစာတွင် အယ်ဒီတာချုပ် အဖြစ်နှင့် တာဝန်ယူနေရစဉ်က ဆရာတော်ထံသို့ ရောက်ရောက် လာတတ်၏။ ပြီးလျှင် မေတ္တာနှင့် ပက်သက်သော အချက်အလက်များကို လျှောက်ထား ဆွေးနွေး၍ လုပ်သားသတင်းစာတွင် “မေတ္တာဝါဒ ရှုထောင့်ကဏ္ဍ” ဖွင့်လှစ်ကာ ရေးသား တင်ပြလေသည်။
ထိုအခန်းတွင် “အဂ္ဂမဟာပဏ္ဍိတ ဆရာတော်တစ်ပါးနှင့် ဆွေးနွေးချက်” ဟူသော ခေါင်းစဉ်ဖြင့် ဖော်ပြထား၏။ ယင်းဖော်ပြချက်ကိုယခုပြန်လည်၍ တင်ပြရသော် -
ဆရာတော်။ ။ ဘယ်တုန်းက ရောက်လာသလဲ ဒကာကြီး။
ရွှေဥဒေါင်း။ ။ တပည့်တော် မနေ့က ရောက်ပါတယ် ဘုရား၊ ရောက်ရောက်ချင်း စစ်ကိုင်းတောင်ရိုးကိုသွားပြီး အရှင်ဘုရားထံ လာခဲ့ပါတယ် ဘုရား။
ဆရာတော်။ ။ ဒကာကြီးကို ကျန်းကျန်းမာမာ မြင်ရတာ သိပ်ဝမ်းသာတယ်၊ ဒကာကြီးရေးတဲ့ စာတွေကို ဘုန်းကြီး အမြဲတမ်း စောင့်ဖတ်ပါတယ်၊ ခုမှမဟုတ်ဘူး၊ ဂျပန်ခေတ်မတိုင်မီ ကတည်းက ဖတ်ဖတ်လာခဲ့ပါတယ်။
ရွှေဥဒေါင်း။ ။ အရှင်ဘုရားက ဘယ်လို သဘောရပါသလဲဘုရား။
ဆရာတော်။ ။ ဘုန်းကြီးကကော့ ငယ်ကြိုက်ပဲ ဒကာကြီး။ သို့သော် ဆရာနဲ့ဒကာ ဖြစ်တဲ့အတိုင်း ပြောချင်တာ လေးတွေတော့ ရှိတာပဲ ဒကာကြီး။
ရွှေဥဒေါင်း။ ။ ပြောစရာရှိရင် တပည့်တော်ကို မညှာပါနဲ့ ဘုရား၊ အမိန့်ရှိတော်မူပါ။
ဆရာတော်။ ။ ဆရာဒကာ ဆိုပေမယ့် ဒကာကြီးက ဘုန်းကြီးထက် အသက်အားဖြင့် (၁၀) နှစ် ကြီးတယ်၊ လောကီ ဗဟုသုတ အရာမှာလဲ ဘုန်းကြီးထက် များစွာ ပြည့်စုံတယ်ဆိုတော့ ပြောစရာ များများတော့ မရှိပါဘူး။
ရွှေဥဒေါင်း။ ။တပည့်တော် ရောက်တဲ့အခါမှာ တစ်ခွန်း တစ်ပါဒဖြစ်စေ ဩဝါဒ မိန့်ကြားတော်မူပါဘုရား၊ တပည့်တော်က ဦးထိပ်ပန်ဆင်ဖို့ အသင့်ပါဘုရား။
ဆရာတော်။ ။ ပြောစရာစကားက အသစ်အဆန်းတော့ မဟုတ်ပါဘူး၊ ဘုန်းကြီးနဲ့ ဒကာကြီးနဲ့ တွေ့ကြတဲ့အခါတိုင်း သတိပေးနေကျ ဖြစ်တဲ့ စကားတစ်ခွန်းပါပဲ။
ရွှေဥဒေါင်း။ ။ တပည့်တော် မှတ်မိပါတယ် ဘုရား၊ “မှန်သော စကားပင် ဖြစ်သော်လည်း အကျိုး ရှိ-မရှိ ချင့်ချိန်ပြီး ပြောသင့်မှပြောရမယ်” ဆိုတဲ့ ဩဝါဒ စကား မဟုတ်ဘူးလားဘုရား။
ဆရာတော်။ ။ အား --- ဒကာကြီး မှတ်မိသားပဲ၊ သာဓု … သာဓု။
ရွှေဥဒေါင်း။ ။ မှတ်မိဆို ဟိုတစ်လောက မဟာစည် ဆရာတော်နဲ့တွေ့လို့ ဒီစကားအတိုင်း ဩဝါဒပေးတယ် ဘုရား၊ ဒါနဲ့ တပည့်တော်က “တောင်မြို့ ဂန္ဓာရုံ ဆရာတော်ကလဲ ဒီဩဝါဒပဲ ပေးတယ်ဘုရား” လို့တောင် ပြန်ပြီး လျှောက်ထား ခဲ့ရသေးတယ်။
မဟာစည် ဆရာတော်ကိုတော့ “မှန်ပါ့ဘုရား” လောက်သာ လျှောက်ခဲ့ပါတယ်၊ အရှင်ဘုရားကိုတော့ ဆရာတပည့် အရင်းအချာ ဖြစ်နေလို့ အနည်းငယ် ပြန်လည် လျှောက်ထားချင်ပါသေးတယ် ဘုရား။
ဆရာတော်။ ။ လျှောက်ပါ ဒကာကြီး … လျှောက်ပါ၊ ဆရာဒကာ ဆိုသော်လဲ ဒကာကြီးရဲ့ ပြန်လည် လျှောက်ထားချက်မျိုးကိုတော့ ဘုန်းကြီးလဲ ကြားလိုလှ ပါတယ်။
ရွှေဥဒေါင်း။ ။ တပည့်တော်သည် ဆရာတော် နှစ်ပါး၏ ဩဝါဒ စကားကို ဦးထိပ်ရွက် ပန်ဆင်လိုသော်လည်း တပည့်တော်ရဲ့ အခြေအနေက တစ်မျိုး ဖြစ်နေပါတယ် ဘုရား။
ဆရာတော်။ ။ ဘယ်လို တစ်မျိုးဖြစ်နေတာလဲ ဒကာကြီး။
ရွှေဥဒေါင်း။ ။ တပည့်တော် တစ်သက်တာ မှတ်တမ်းစာအုပ်ကို အရှင်ဘုရားအား ကပ်လှူထားပြီး ဖြစ်လို့ အရှင်ဘုရား ... ဖတ်ရသည့်အတိုင်း လူတော်တော်များများက တပည့်တော်ကို နှိပ်ချင်ကြတယ်၊ တပည့်တော် ရေးတဲ့ စာပေများကို “ဂဇော်စာပေ” လို့ မဲ့ရွဲ့ပြီး ပြောသူကပြော၊ “ငရဲသွားချင်ရင် ရွှေဥဒေါင်း၏ စာပေများကို ဖတ်ကြ” လို့ စာအုပ်ရိုက်ပြီး ဝေသူကဝေ။
“သူ့ကိုယ်သူ အရိယာ ပုဂ္ဂိုလ်တစ်ဦး မှတ်ထင်နေတယ်”လို့ပြောသူက ပြော၊ “ဝတ္ထု ရေးသမား တစ်ယောက်က ပရမတ်နဲ့ ပတ်သက်တဲ့ ကိစ္စမျိုးမှာ တောင်ရေး မြောက်ရေးနဲ့ ဝင်ရှုပ်နေကြတယ်” လို့ ဆိုသူက ဆို၊
ဒီတော့ကာ သူတို့ မသိသေးတဲ့ ကိစ္စမျိုးတွေမှာ တပည့်တော် သိထားတာမျိုးလဲ ရှိနေ လေတော့ အရှင်ဘုရားများက ဩဝါဒ ပေးတော် မူကြသလို “အကျိုးရှိသည်-မရှိသည်” စဉ်းစား မနေနိုင်တော့ဘဲ တပည့်တော် သိထားတဲ့ အချက်အလက်တွေကို လျှပ်တစ်ပြက် ဖော်ထုတ်ရေးမိတဲ့ အပြုအမူတွေ ပါကုန်တာပေါ့ ဘုရား။
ဆရာတော်။ ။ ဒကာကြီးရဲ့ တစ်သက်တာ မှတ်တမ်းစာအုပ်ကို ဘုန်းကြီး ဖတ်ခဲ့ဖူး လို့ သိရပါတယ်၊ ဒကာက အဘိုး၍ ဩဝါဒအတိုင်း ဒကာကြီး“ယောက်ျားလေးဆိုတာ စုံမှကွယ့်”ဆိုပြီး လောကကြီးမှာ လူစုံတစ်ယောက် ဖြစ်အောင် ပျော်ပျော်ပါးပါး နေချင်တတ်တဲ့ ဝါသနာက ရှိပေတာကိုး။
အဲဒီ ဝါသနာ အဲဒီ အမူအကျင့်တွေက ဒကာကြီးအဖို့ ဘောင်မဝင်အောင် ဖြစ်နေတယ်၊ ဒီတော့ကာ သူတို့က ဒကာကြီးကို ခနဲ့လိုက်၊ ဒကာကြီးက ပြန်တွယ် လိုက်နဲ့ အဆင်မပြေမှု ကလေးတွေ ဖြစ်ပေါ် - ဖြစ်ပေါ် နေတယ်ပေါ့လေ၊
ရွှေဥဒေါင်း။ ။ တပည့်တော် အယူအဆ က “လူတစ်ယောက်သည် သူတစ်ပါးအား မထိခိုက်သမျှ ကာလပတ်လုံး မိမိကြိုက်သလိုနေထိုင်ခွင့်ရှိတယ်” လို့ သည်လို မဟုတ်ပါလားဘုရား။
ဆရာတော်။ ။ ဘုန်းကြီး ရှင်းပြပါဦးမယ်၊ ဒကာကြီး စာတွေထဲမှာ ဘုန်းကြီး ဖတ်ရ ဖူးတယ်၊ “မြင်းများဟာ အပြစ်ကလေး တစ်ခုရှိမှ စွန့်စားတတ်တယ်”တဲ့၊ ပြီးတော့ “သွားများဟာ ညီညာမှ လှသည် ဆိုသော်လည်း အချို့သော မိန်းကလေးများမှာ သွားတက်ကလေး ပါသည့်အတွက် ပို၍ ကြည့်ကောင်းတယ်” ဆိုသလို –
ယောက်ျားများ အဖို့မှာလဲ ဒကာကြီးရဲ့ ဝတ္ထုထဲက သူတော်လိမ်တို့၊ တဂုဏ်တင်တို့ ဆိုတဲ့ ဇာတ်ကောင် ဇာတ်လိုက်များကို ဒကာကြီးက အားကျပြီး အဘိုးရဲ့ဩဝါဒ အတိုင်း ကိုက်ညီအောင် ပျော်ပျော်ပါးပါးကလေး နေချင်တတ်တာကိုး၊ ဒီအချက်ဟာ ဒကာကြီးအဖို့ နည်းနည်း ခွကျဟန် တူတယ်။
ရွှေဥဒေါင်း။ ။ အမိန့်ရှိပါဦးဘုရား။
ဆရာတော်။ ။ နိုင်ငံရေးသမားများနဲ့ အုပ်ချုပ်ရေးသမား စသည်တို့အဖို့မှာ လူစုံ လူကောင်းများသည် ချီးမွမ်းခံရသောအဖြစ်သို့ရောက်နိုင်ကြတယ်။
သို့သော် ဒကာကြီးကတော့ တရား လောကထဲမှာ ရှေ့ဆောင်ရှေ့ရွက် ပြုလုပ်ချင်တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တော့ “လူစုံလူကောင်း” တစ်ယောက် အနေနဲ့ အံမဝင် ခွင်မကျဘူး ဒကာကြီး။
ရွှေဥဒေါင်း။ ။ ထပ်ပြီး အမိန့်ရှိပါဦး ဘုရား။
ဆရာတော်။ ။ ဒကာကြီးလို တရားလောကထဲမှာ ရှေ့ဆောင်ချင်တဲ့ ပုဂ္ဂိုလ်များ အနက် ဘုန်းကြီးတို့လို ရဟန်းများအတွက်မှာတော့ “စုံတယ်” ဆိုတဲ့အခြင်းအရာ သည် ခုတင်က ပြောခဲ့တဲ့ “သွားတက်ကလေး” လို ပို၍ ကြည့်ကောင်းတဲ့ အရည် အချင်းတစ်ခု ဖြစ်မလာဘဲ၊ အဲဒီအတွက် အကြည်ညို ပျက်စရာ ဖြစ်သွားနိုင်တယ် ဒကာကြီး။
ရွှေဥဒေါင်း။ ။ အရှင်ဘုရား ဆိုလိုတော်မူခြင်းက တပည့်တော်ကဲ့သို့ တရားဘက်မှာ ဦးဆောင်ချင်တဲ့ ပုဂ္ဂိုလ်များနှင့် အရှင်ဘုရားတို့ ကဲ့သို့သော ရဟန်းတော်များ အဖို့မှာ အနေအထိုင်နဲ့ ပတ်သက်လို့ အပြစ် အနာအဆာ မရှိဘဲ ဖြူစင်သန့်ရှင်း လေလေ ကောင်းလေလေ ဖြစ်သည့်အတွက် တတ်နိုင်သမျှ ဖြူစင် သန့်ရှင်းအောင် ကြိုးစား နိုင်မှ တော်ရုံကျတယ်လို့ ဆိုလိုခြင်း မဟုတ်ပါလား ဘုရား။
ဆရာတာ်။ ။ ဟုတ်တာပေါ့ ဒကာကြီး၊ သိပ်မှန်တာပေါ့။
ဇာတ်သိမ်းခါနီးတွင်
▬▬▬▬▬▬▬
ဤသို့ စသည်ဖြင့် ဆွေးနွေးရေးသား တင်ပြထားလေသည်။
ဆရာကြီး ရွှေဥဒေါင်းသည် အခြားအခြားသော စာရေးဆရာတို့နှင့် ဆိုလျှင် ဗု-ကလန့် လုပ်ချင်သော်လည်း ဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသကိုကား လေးလေးစားစား ဦးထိပ်ထားပေ၏။
နောက်ဆုံး ဘဝ ဇာတ်သိမ်းခါနီး မန္တလေးနေအိမ်တွင် သူ မကျန်းမမာ ဖြစ်လာသော အခါ “ဆရာတော် အရှင်ဇနကာဘိဝံသကို ဖူးလိုလှပါသည်” ဆို၍ သူကိုယ်တိုင် မိတ်ဆွေတစ်ဦး၏ ကားဖြင့် ဆရာတော်ထံသို့သွားမည်ဟု ကြိုးစားသည် ဟူ၏။
ထိုအသံကိုကြား၍ ဆရာတော် အရှင်ဇနကာဘိဝံသ “ဒကာကြီး မလာခဲ့ပါနှင့်၊ ဘုန်းကြီးနှင့် ဒကာထိန်ဝင်းတို့ လာခဲ့ကြမည်” ဟု အကြောင်း ကြားစေသည်။ ထို့နောက် ဒကာ ထိန်ဝင်းနှင့်အတူ အမရပူရမှ ဂျစ်ကား တစ်စီးဖြင့် ဆရာကြီးအိမ်သို့ ရောက်ခဲ့ကြ၏။
ဆရာတော်က ဆရာကြီး ရွှေဥဒေါင်း၏ ခေါင်းရင်းဘက် မှနေ၍ ဗုဒ္ဓါနုဿတိဘာဝနာ တရားကို အတော်ကြာအောင် ဟောကြား၍ပေး၏။
ဆရာကြီးကလည်း အားရပါးရ ခြိုက်ခြိုက် မြိုက်မြိုက်ပင် နာယူ၍ သွားလေသည်။
စာညွှန်း -
“အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ဘဝတစ်ကွေ့ ကြုံတွေ့ခဲ့ရသော ပုဂ္ဂိုလ်အကျော်အမော်များ”