ဘဝ အသွင်ကို ဓမ္မအမြင်ဖြင့် ရှုကြည့်ခြင်း
ဘဝ အသွင်ကို ဓမ္မအမြင်ဖြင့် ရှုကြည့်ခြင်း
အမှာစာ
ဤစာအုပ်ငယ်သည် ၂၀၀၇-ခုနှစ်၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်အတွင်းရှိ မင်္ဂလာစျေးဓမ္မာရုံ၌ “ဘဝ အသွင်ကို ဓမ္မအမြင်ဖြင့် ရှုကြည့်ခြင်း” ခေါင်းစီးဖြင့် ဟောကြားအပ်သော တရားတော်ကို အသံမှ စာအုပ်သို့ ပြောင်းလဲကာ တည်းဖြတ်ရေးသားအပ်သော စာအုပ် ဖြစ်သည်။
ဤတရားသည် ဗုဒ္ဓမြတ်စွာ၏ ဓမ္မုဒ္ဒေသ (၄)ပါး ပင် ဖြစ်သည်။ မဇ္စျိမနိကာယ်မှ ရဋ္ဌပါလသုတ်၌ မူရင်း ကို ဖတ်ရှုလေ့လာနိုင်ပေသည်။ ရဋ္ဌပါလသုတ်၌ ပါရှိ သော ဓမ္မုဒ္ဒေသ ၄-ပါးကို ရှင်းလင်း ဟောကြားထား သည်။
ဗုဒ္ဓမြတ်စွာ၏ တရားဓမ္မသည် အမှန်အတိုင်း ထုတ်ဖော်ဟောကြားအပ်သည့် “သွာက္ခာတ” ဂုဏ်နှင့် ပြည့်စုံ၏။
မှန်ကန်စွာ ဟောထားသည်ကို ဟောထားသည့် အတိုင်း လက်တွေ့ကျင့်သုံးခြင်းဖြင့် သိနိုင်သောကြောင့် “သန္ဒိဋ္ဌိကော” ဟု ဆို၏။
ကိုယ်တိုင် သိနိုင် မြင်နိုင်သည့်အတိုင်း သိမြင် သည်နှင့် တစ်ပြိုင်နက် ချက်ချင်း အကျိုးခံစားရသဖြင့် “အကာလိကော” ဟု ဆို၏။
“တကယ်လုပ် အဟုတ်ဖြစ်” ခြင်းကြောင့် “လာ လေ လုပ်ကြည့်ပါလား” ဟု ဖိတ်ခေါ်တိုက်တွန်းထိုက် သော တရားမျိုးဖြစ်သည့်အတွက် “ဧဟိပဿိကော” ဟု ဆိုသည်။
တစ်ကြိမ်တစ်ခါသာ လုပ်ရမှာမဟုတ်ဘဲ စွဲမြဲစွာ နှလုံးသားထဲ သိမ်းထား ထည့်ထား ဆောင်ထားရမည့် တရားမျိုး ဖြစ်သည့်အတွက် “ဩပနေယျိကော” ဟု ဆို၏။
စိတ်ထဲ နှလုံးထဲ ရောက်နေပြီဆိုလျှင် ကိုယ်စီ ကိုယ်စီ ဓမ္မရသ, ဝိမုတ္တိရသ ခံစားရမှာ သေချာပေ သည်။ သို့အတွက် “ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ” ဟု ဆို၏။
မြတ်ဗုဒ္ဓ ဒေသနာတော်သည် မှန်ကန်၏၊ တိကျ ၏၊ လေးနက်၏။ မြတ်ဗုဒ္ဓ၏တရားကိုဟောရာ၌ မိမိ၏ အတွေး အယူအဆများက ဒေသနာတော် မူရင်းကို မညစ်ထေးစေရန် အထူးသတိပြု၍ ဟောကြားသင့်ပါ သည်။
ဓမ္မအသိဉာဏ်ဖြင့် တရားကို ကိုယ်တိုင်သိရှိပြီး ဓမ္မရသ, ဝိမုတ္တိရသ ခံစားနိုင်ကြပါစေ။
ဓမ္မအသိ ရှိလျက်နေမည်။
အရှင်နန္ဒမာလာဘိဝံသ
ဘဝအသွင်ကို ဓမ္မအမြင်ဖြင့် ရှုကြည့်ခြင်း
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
လူတိုင်းလူတိုင်း ဘဝတစ်ခုစီ ရရှိထားကြလို့ လူတိုင်းလူတိုင်းမှာ ကိုယ်စီ ဘဝကလေးတွေ ရှိနေကြ တယ်။ သို့သော် ဘဝနဲ့ပတ်သက်ပြီးတော့ တစ်ဦးနှင့် တစ်ဦး အမြင်ချင်း မတူကြပေဘူး။ တချို့က ဘဝကို ပျော်စရာလို့ မြင်ကြတယ်။ တချို့က ဘဝကို ငြီးငွေ့ စရာလို့ မြင်ကြတယ်။
ဘဝမှာ အဆင်ပြေနေတဲ့ ပုဂ္ဂိုလ်တွေက “အေး၊ တို့ရ,ထားတဲ့ ဘဝဟာ သာတောင့်သာယာရှိတယ်၊ အင်မတန်မှကောင်းတယ်လို့ ဘဝကို အကောင်းမြင်တဲ့ ပုဂ္ဂိုလ်တွေရှိသလို ဘဝမှာ အဆင်မပြေတဲ့ပုဂ္ဂိုလ်တွေ ကျတော့ “အို ... ဘဝကြီးကလည်း ငြီးငွေ့စရာ ကောင်းလိုက်တာ” တဲ့၊ ဒီလိုဘဝကနေ ထွက်ပြေးချင်တဲ့ စိတ်တွေ ပေါ်လာလောက်အောင် ဘဝကို စက်ဆုပ် ရွံမုန်းတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတယ်။ ဒီလို ဘဝနဲ့ ပတ်သက်ပြီးတော့ အမြင်အမျိုးမျိုး ရှိကြတယ်။
ဘဝကို ကောင်းတယ်, သာယာတယ်, လှပတယ် လို့ မြင်တဲ့ ပုဂ္ဂိုလ်တွေက တစ်မျိုး၊ ဘဝကို အရုပ်ဆိုး အကျည်းတန်တယ်လို့ မြင်တဲ့ပုဂ္ဂိုလ်တွေက တစ်မျိုးတဲ့။ အေး၊ ထိုနှစ်မျိုးစလုံးရဲ့ အမြင်တွေဟာ သေချာ စဉ်းစားကြည့်လို့ရှိရင် ဓမ္မအမြင်နဲ့မြင်တဲ့ အမြင်မျိုး မဟုတ်ဘူး။ ဘဝကို လှတယ်, ပတယ်, သာယာတယ်, ပျော်စရာကောင်းတယ်လို့ဆိုတဲ့ပုဂ္ဂိုလ်တွေက ကုသိုလ် ကောင်းမှု လုပ်တိုင်းလုပ်တိုင်း ဒီ့ထက်ကောင်းတဲ့ဘဝကို မျှော်လင့်တောင့်တပြီးတော့ ကောင်းသထက် ကောင်း တဲ့ ဘဝကို ဆုတောင်းပြီးတောင် ယူကြတယ်နော်။ အင်မတန် တိုတောင်းတဲ့ ဘဝကလေးတောင်မှ တချို့ ပုဂ္ဂိုလ်များက ဘဝဟာ အင်မတန်တိုတယ်၊ ရနိုင်သမျှ ပျော်ပျော်ကလေးနေရမယ်၊ ပျော်ပျော်နေ သေခဲလို့ ဆိုပြီးတော့ ဘဝမှာ အပျော်ရှာပြီးတော့ အကောင်း ဘက်က တွေးနေကြတယ်။
အနောက်တိုင်းကလူတွေ ပြောလေ့ရှိကြတယ်၊ Life is too short. Enjoy yourself. ဘဝကလေးဟာ တိုတိုလေးပဲ၊ ပျော်ပျော်နေပါတဲ့။ ဘုန်းကြီးတို့ အမေရိကမှာနေတုန်းက The Love Boat ဆိုတဲ့ ရုပ်ရှင်ကား ကြည့်ဖူးတယ်။ အဲဒီမှာ အဘိုးကြီး အမယ် ကြီးတွေ ဘာမှ အလုပ်မရှိ အကိုင်မရှိတော့ ပျင်းရိ ငြီးငွေ့ပြီး အပျော်ရှာတဲ့အကြောင်းကို ရိုက်ထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်တယ်။ အဲဒီ ဇာတ်ကားထဲမှာ သင်္ဘောကြီးကို စီးပြီးတော့ စိတ်ပျော်ရွှင်မှုကို ရှာကြ တယ်။ သင်္ဘောကြီးပေါ်မှာ နေတုန်းကတော့ အလွန် ပျော်ကြတယ်။ ပြန်လည်ရောက်လာလို့ သင်္ဘောကနေ ဆင်းကြတဲ့အခါမှာ အဘိုးကြီး အမယ်ကြီးတွေ မျက်ရည် စက်လက်နဲ့ ဝမ်းနည်းပမ်းနည်း ငိုယိုကြတာကို တွေ့ရ တယ်။
လောကကြီးမှာ ပျော်စရာရှာပေမယ့်လို့ ပျော်စရာ ချည်းတွေ့တာ မဟုတ်ဘူး။ အကောင်းထင်ပြီးတော့ ရှာပေမယ့်လို့ အကောင်းချည်းတွေ့တာ မဟုတ်ဘူး။ ဘဝဆိုတာ အကောင်းအဆိုး ရောနေတာ၊ ကောင်းတဲ့ အကွက်ကလေးတွေရှိတယ်။ ဒါကြောင့်မို့လို့ လူတွေဟာ ဘဝကြီးမှာ ပျော်နေကြတာပေါ့။ ဘယ်အရာပဲဖြစ်ဖြစ် အကောင်းရှိသလို အဆိုးလည်းရှိတယ်။
ဘုန်းကြီးတို့ ဗုဒ္ဓစာပေမှာ 'အဿာဒ' နှင့် 'အာဒီနဝ' ခွဲခြား ဖော်ပြလေ့ရှိတယ်။ လောကမှာ ကျေနပ်စရာ၊ ကြိုက်နှစ်သက်စရာ၊ ပျော်ရွှင်စရာ၊ စွဲမက် စရာ attractive ဆိုတာ ရှိတယ်။ အဲဒါကို 'အဿာဒ' enjoymentလို့ ခေါ်တယ်။ ဘဝမှာ ကြိုက်နှစ်သက်စရာ တွေ ရှိတယ်၊ ဘဝကို အကြောင်းပြုပြီးတော့လည်း ပျော်ကြတယ်၊ ချမ်းသာသုခတွေ ရကြတယ်၊ အဆင် ပြေနေတဲ့ ဘဝမှာဆိုလို့ရှိရင် ပျော်လို့ ရွှင်လို့၊ ဒါ ဘဝရဲ သာယာမှုကလေးတွေပေါ့နော်။ ဒါကို အဿာဒ လို့ ခေါ်တယ်။
အဲဒီ သာယာမှုလေးတွေဟာ ထာဝရလား ဆိုတော့ ထာဝရမဟုတ်ဘူး။ ခဏကလေးပဲ၊ မတည်မြဲ ဘူး၊ ယခု ပျော်ရွှင်စရာတွေ့ပေမယ့် တော်ကြာ ပျော်ရွှင် စရာတွေ ကုန်ဆုံးသွားတာရှိတယ်။ အဲဒါက ကျေနပ် စရာ မကောင်းတဲ့အချက်ပဲ။ အာဒီနဝ unsatisfactoriness လို့ ခေါ်တယ်။
လောကမှာ သတ္တဝါတွေ ပျော်ပြီးရင်း ပျော်နေ ကြတာ ဘဝမှာ ပျော်စရာရှိလို့သာ ပျော်နေကြတာ။ မျက်စိက အဆင်းအာရုံလေးကို ကြည့်ပြီးတော့ ပျော်ရွှင်မှုကို ရှာကြတယ်။ နားက သာယာတဲ့ အသံ ကလေးကို နားထောင်ပြီးတော့ ပျော်ရွှင်မှုကို ရှာကြ တယ်။ နှာခေါင်းက မွှေးကြိုင်တဲ့ အနံ့ကလေးကို နမ်းရှူပြီးတော့ ပျော်ရွှင်မှုကို ရှာကြတယ်။ လျှာက ကြိုက်နှစ်သက်တဲ့ အရသာလေးကို ခံစားပြီးတော့ ပျော်ရွှင်မှုကို ရှာကြတယ်။ ခန္ဓာကိုယ်ကြီးကလည်းပဲ သာယာတဲ့ အထိအတွေ့ကလေးတွေကို ထိတွေ့ ပြီးတော့ ပျော်ရွှင်မှုကို ရှာကြတယ်တဲ့။ ဘဝကို အရင်း အနှီးပြုပြီးတော့ ကြိုက်နှစ်သက်စရာတွေ၊ ပျော်ရွှင် စရာတွေ ရကြတယ်။ ဒါကြောင့်မို့လို့ ဘဝကြီးကို ပျော်စရာလို့မြင်တဲ့ ပုဂ္ဂိုလ်တွေရှိတယ်။
အေး တချို့ကတော့ ဘဝကြီးနဲ့ ပတ်သက်ပြီး အဆင်မပြေကြဘူး၊ နေရေးထိုင်ရေးလည်း အဆင် မပြေဘူး၊ စားရေးသောက်ရေးလည်း အဆင်မပြေဘူး။ ဒုက္ခသုခတွေ ရောနေတဲ့ ဘဝကြီးထဲ ရောက်လာတဲ့ အခါကျတော့ အဲဒီ ဘဝကြီးနဲ့ ပတ်သက်ပြီးတော့ ကျေနပ်နှစ်သိမ့်မှု မရရှိတော့ ဘဝကြီးကနေ ထွက်ပြေး ချင်တဲ့စိတ်တွေ ပေါ်ပေါက်လာကြတယ်။ နောက်ဆုံး မှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု suicideလုပ်ပြီးတော့ လက်ရှိဘဝက ထွက်ပြေးသွားတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ အဲဒီ ပုဂ္ဂိုလ်တွေဟာ ဘဝကို ငြီးငွေ့စရာကြီး၊ စိတ်ပျက် စရာကြီးလို့မြင်တယ်။ အဲဒီ အမြင်နှစ်မျိုး ရှိရာမှာ အကောင်းမြင်တဲ့ ပုဂ္ဂိုလ်တွေကို optimist လို့ ခေါ်တယ်။ အဆိုးမြင်တဲ့ ပုဂ္ဂိုလ်ကျတော့ optimist လို့ ခေါ်တယ်။
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်က လောကမှာ အကောင်းချည်းလည်း မဟုတ်ဘူး၊ အဆိုးချည်းပဲတော့ လည်း မဟုတ်ဘူး၊ အဿာဒ လို့ဆိုတဲ့ သာယာစရာတွေ နှစ်သက်စရာတွေ ရှိသလို အာဒီနဝ လို့ဆိုတဲ့ အပြစ် တွေလည်း ရှိတယ်။ ဒါကြောင့်မို့လို့ ဒီနှစ်ခုကို ခွဲခွဲ ခြားခြား ကွဲကွဲပြားပြား သိမြင်တာမှ ဓမ္မအမြင်လို့ ပြောပါတယ်။ realism ပေါ့။ ဒါကြောင့်မို့ ဘဝကို အမြင်အမျိုးမျိုးနဲ့ ကြည့်တဲ့အခါမှာ ဘုန်းကြီးတို့ ဒီကနေ့ ဘဝအသွင်ကို ဓမ္မအမြင် နဲ့ ကြည့်ရအောင်။
ဓမ္မအမြင်
ဓမ္မဆိုတာ အမှန်တရားကို ပြောတာ။
The law of natureပေါ့။
ဓမ္မ ဆိုတဲ့ စကားလုံးက အတ္တနော သဘာဝံ ဓာရေတီတိ ဓမ္မော၊ သူ့သဘာဝအတိုင်းသူ ဖြစ်နေ တာကို ဓမ္မ လို့ ဒီလိုပြောတာ။ အဲဒီ ဓမ္မ ကို သိတဲ့ အမြင်ဟာ ဓမ္မအမြင်ပဲ၊ ဓမ္မဉာဏ်ပဲ။ ဓမ္မဉာဏ်နဲ့ အမှန် ကို သိမြင်တဲ့အခါကျမှ ဘဝဆိုတာ ဘယ်လိုဟာလဲ ဆိုတာ သဘောပေါက်လာမှာ ဖြစ်ပါတယ်။
ဘဝရဲ့အသွင်
ဘဝရဲ့အသွင်ကို ဓမ္မအမြင်နဲ့ ကြည့်ကြတဲ့အခါ လူတိုင်းလူတိုင်းမှာ ကိုယ်စီဘဝလေးတွေရှိနေကြတယ်။ အဲဒီ ရ,ထားတဲ့ ဘဝကလေးတွေဟာ ဘယ်လို အခြေ အနေရှိသလဲဆိုပြီး လူတိုင်းလူတိုင်း ဆန်းစစ်ပြီးတော့ ကြည့်ကြရမယ်။ ကိုယ်ရ,ထားတဲ့ ဘဝကလေးရဲ့ အခြေ အနေ ကိုယ်မသိဘူး ဆိုလို့ရှိရင် ဒီပုဂ္ဂိုလ်လောက် နမော်နမဲ့နိုင်တာ ဘယ်ရှိမလဲ။ အေး ဒါကြောင့် ကိုယ့် ဘဝရဲ့ အခြေအနေကို ကိုယ်ကိုယ်တိုင်သိအောင် လုပ်ရ မယ်။
(၁) တွန်းပို့ခြင်းကို ခံနေကြရ
မြတ်စွာဘုရားက ဘဝရဲ့အသွင်ကို ဓမ္မရဲ့အမြင် ဖြင့် ကြည့်ရှုဖို့ ဆိုပြီးတော့ နည်းလမ်းတွေ ပေးထား တယ်။ “ဥပနီယျတိ လောကော အဓုဝေါ” လောကော-လောကကြီးကို၊ ဥပနီယျတိ- ဇာတိက ဇရာသို့၊ ဇရာက ဗျာဓိသို့၊ ဗျာဓိက မရဏသို့ အမြဲတမ်းတွန်းပို့၍ နေပါ ပေတော့၏။ လောကော-လောကကြီးဟာ၊ အဓုဝေါ- ဘယ်တော့မှ တည်ငြိမ်နေတာ မရှိပေဟူ၍၊ ဘဂဝါ-ရွှေဘုန်းတော်သခင် အရှင်တော်မြတ်ဘုရားသည်၊ အဝေါစ-ကောင်းစွာမသွေ ဟောကြားတော်မူခဲ့ပါပေ သတည်း။
(သာဓု ... သာဓု ... သာဓု ပါဘုရား)
လောကကြီးကို စဉ်းစားပြီးတော့ကြည့်၊ လူ့ဘဝ ဟာ တစ်ခုကနေ တစ်ခုဆီ ဆွဲပို့ တွန်းပို့ခြင်းကို ခံနေ ရတယ်။ တည်ငြိမ်နေတာ မဟုတ်ဘူး။ ရပ်နေတာ မဟုတ်ဘူးတဲ့။
ဘုန်းကြီးတို့ ကိုယ့်ဘဝလေးကိုယ်အာရုံစိုက်ကြည့်၊ မိခင်ဝမ်းက ကျွတ်လာတဲ့အရွယ်နဲ့ အခု အသက် ၇၀, ၈၀ အရွယ် တူသေးရဲ့လား။ မတူတော့ဘူးနော်၊ အဲဒါ တစ်နေ့တည်း ဝုန်းကနဲ ပြောင်းလာတာလား၊ မိနစ်ပိုင်း အလိုက် စက္ကန့်ပိုင်းအလိုက် ပြောင်းလာတာလား။ အဲဒီတော့ ဒီခန္ဓာကိုယ်ကြီးကို တစ်ခုခုက ဆွဲပြီးတော့ တွန်းပို့နေတာ မဟုတ်ဘူးလား။
လောကကြီးဟာ ပို့ဆောင်ခေါ်ငင်ခြင်း ခံနေရ တယ် သို့မဟုတ် တွန်းပို့ခြင်း Push လုပ်တာ ခံနေ ရတယ်။ ကြည့်လေ၊ ငယ်စဉ်တောင်ကျေး ကလေးဘဝ ကနေ တဖြည်းဖြည်း ကြီးကြီးလာတယ်။ ကြီးကြီး လာတာ အကောင်းကြီးတာ မဟုတ်ဘူး၊ ခေါင်းပေါ်က ဆံပင်လေးတွေ ဖြူလာတယ်၊ ပါးစပ်ထဲက သွား ကလေးတွေ တစ်ချောင်းပြီးတစ်ချောင်း ပြုတ်ထွက် လာတယ်၊ မျက်လုံးလေးကလည်း တဖြည်းဖြည်း မှုန်လာတယ်၊ နားက လေးလာတယ်၊ ခါးလေးက ကိုင်းလာတယ်၊ အကောင်းဘက် တွန်းပို့တာမဟုတ်ဘူး၊ အဆိုးဘက် တွန်းပို့နေတာ။ လူ့ရဲ့သဘာဝကိုကြည့်မယ် ဆိုလို့ရှိရင် လူတွေဟာ တဖြည်းဖြည်း ပျိုလာတာလား၊ တဖြည်းဖြည်း အိုလာတာလား၊ အေး နေ့စဉ်နဲ့အမျှ အိုလာကြတယ်။
ဘယ်သူက တွန်းပို့သလဲ၊ ဇာတိ ဆိုတဲ့တရား ရလာတဲ့အချိန်က စပြီးတော့ ဇာတိက တွန်းပို့တာ၊ ဘယ်ကို တွန်းပို့နေတာတုန်း၊ ဇရာဆိုတဲ့ မှတ်တိုင်ကို ရောက်အောင် တွန်းပို့နေတာနော်။ လူတွေတင်လား ဆိုတော့ မဟုတ်ဘူး၊ လောကကြီးတစ်ခုလုံးကိုပါ။ ဥပမာ-ပန်းပွင့်ကလေးတွေကိုကြည့်ပေါ့၊ ပန်းပွင့် ကလေးတွေဟာ အစက အဖူးအငုံလေးတွေ ပေါ်လာ တယ်၊ အဖူးအငုံကလေးက နေပြီးတော့ ရင့်လာတဲ့ အခါကျတော့ ပွင့်လာတယ်၊ ပွင့်လာပြီးရင် ဘာဖြစ်လာ တုန်း၊ နွမ်းလာတယ်၊ နွမ်းပြီးတော့ ဘာဖြစ်လာလဲ၊ ကြွေသွားတယ်၊ ဒီလို ဖူး-ပွင့်-နွမ်း-ကြွေ ဆိုတာ ပန်းရဲ့ သဘာဝဖြစ်စဉ်ပဲ။ ထို့အတူပဲ လူတွေရဲ့ သဘာဝကို ကြည့်လိုက်၊ ဒီအတိုင်းပဲ၊ ဘယ်အရာကိုပဲကြည့်ကြည့် ဒီအတိုင်းကြီး ပဲ။ အဲဒီတော့ အကုန်လုံးဟာ ဆွဲခေါ်တွန်းပို့ခံနေရတာ။ နေ့စဉ်နဲ့အမျှ တို့ရဲ့ဘဝကြီးဟာ တည်ငြိမ်နေတာ မဟုတ်ဘူး၊ ရပ်နေတာ မဟုတ်ဘူး။ တရွေ့ရွေ့နဲ့၊ တဖြည်းဖြည်းနဲ့ အဆိုးဘက်ကို သွားနေတာ။ ခြေ တစ်လှမ်းပြီးတစ်လှမ်း၊ တစ်ရက်ပြီးတစ်ရက် အိုတဲ့ ဘက် ဇရာ ဆိုတဲ့ မှတ်တိုင်ဆီကို တွန်းပို့နေတာ။ ဇရာ မှတ်တိုင်ကို ရောက်တော့လည်း ဇရာက ဒီအတိုင်းနေတာ မဟုတ်ဘူး၊ ဘယ်ကို တွန်းပို့လဲ ဆိုတော့ ဗျာဓိ ဘက်ကို တွန်းပို့လိုက်ပြန်တယ်။ အိုလာပြီ ဆိုလို့ရှိရင် ဘာမှမကောင်းတော့ဘူး၊ ဟုတ်ရဲ့လား၊ မျက်စိကလည်း မကောင်းဘူး၊ နားကလည်း မကောင်း ဘူး၊ ခါးကလည်းမကောင်းဘူး၊ ဩော် ဘယ်ဟာမှ မကောင်းတော့ဘူး၊ ဒါပေမဲ့ ဘဝမှာ ပျော်နေကြတဲ့ ပုဂ္ဂိုလ်တွေကျတော့ ကောင်းတာလေးတွေကိုရွေးပြီး ပြောတတ်ကြသေးတယ်။ ဘုန်းကြီးတို့ဆီ တစ်ခါတုန်းက ဒကာကြီး တစ်ယောက်လာလို့ နှုတ်ဆက်ရင်း မေးလိုက်တယ်၊ ဒကာကြီး နေကောင်းလားလို့၊ တင်ပါ့ဘုရား၊ လူကတော့ နေကောင်းပါတယ်၊ ဒူးကမကောင်းဘူး ဘုရား တဲ့။ လူကတော့နေကောင်းပါတယ်၊ ဒူးကတော့ မကောင်းဘူးဆိုတော့ ဘုန်းကြီးက မေးလိုက်တယ်၊ ဒကာကြီးဒူးက လူထဲမပါဘူးလားလို့။ လူတွေက ကောင်းတာလေးကို ရွေးပြောချင်ကြ သေးတာ။ ဟုတ်ရဲ့လား၊ ဒူးနဲ့လူဟာ တူတူပဲ မဟုတ်ဘူး လား။ အဲဒီတော့ လူကတော့ ကောင်းပါတယ်ဘုရား၊ မျက်စိက မကောင်းဘူး၊ လူကတော့ ကောင်းပါတယ် ဘုရား၊ နားက မကောင်းဘူး၊ မကောင်းတာလေးနဲ့ ကောင်းတာလေးကို ခွဲလိုက်ချင်သေးတာ၊ အမှန် ကတော့ ကောင်းတာဆိုတာ မရှိပါဘူး။ လူ့ရဲ့ခန္ဓာကိုယ်ကြီးက တရွေ့ရွေ့နဲ့ ကောင်းတဲ့ ဘက် သွားနေတာ မဟုတ်ဘူး၊ မကောင်းတဲ့ဘက်ကို သွားနေတာ။ သေသေချာချာ အလေးအနက် စဉ်းစား ကြည့်ပါ။ ကိုယ်ခန္ဓာကို ကိုယ်ပြန်ပြီးတော့ကြည့်ပါ၊ အဲဒီလို အလေးအနက် စဉ်းစားတာကို 'အနုပဿနာ' လို့ခေါ်တယ်၊ Contemplation ပေါ့၊ mindfulness ဆိုတဲ့သတိနဲ့ ကြည့်ရမှာပေါ့။ အားစိုက်ပြီး ကိုယ်ကိုယ် ကို ပြန်ပြီးတော့ ရှုမြင်သုံးသပ်ရမှာ။ Contemplate လုပ်ရမှာ ဖြစ်တယ်။
ကိုယ့်ကိုယ်ကို အဖန်ဖန် အထပ်ထပ်ရှုပြီး ဆင်ခြင် သုံးသပ် ကြည့်လိုက်မယ်ဆိုလို့ရှိရင် တို့ဟာ မိနစ်တိုင်း၊ မိနစ်တိုင်း အိုတဲ့ဘက်ကို ရောက်နေတာပါလား၊ မိနစ်ပိုင်းအတွင်း နာတဲ့ဘက်ကို ရောက်နေတာပါလား၊ တို့ဟာ ဘယ်ကိုသွားနေတာတုန်း၊ လူတိုင်းလူတိုင်းဟာ ရပ်နေတာ မဟုတ်ဘူး၊ ဘယ်သွားနေတုန်းမေးရင် ဘယ်မှမသွားပါဘူး၊ အိမ်မှာနေတာပါလို့ လူတွေက ပြောကြတယ်၊ ဒါပေမယ့်လို့ သွားနေတာ၊ ရပ်နေတာ မဟုတ်ဘူးနော်။
ဘယ်မှမသွားဘူး၊ ကိုယ့်အိမ်မှာပဲ ကိုယ်နေတယ် ပတ္ထယတိ- မျှော်လင့်တောင့်တ၏၊ သုခီ -ချမ်းသာတဲ့ ပုဂ္ဂိုလ်က၊ ဘိယျောပိ ဣစ္ဆတိ-ပို၍ ပို၍ ချမ်းသာချင် ၏။
ဆင်းရဲတဲ့ပုဂ္ဂိုလ်က ဘာတောင့်တလဲ၊ ချမ်းသာကို တောင့်တတယ်။ ကဲဒါဖြင့် ချမ်းသာတဲ့ပုဂ္ဂိုလ်ကတော့ ငါတော်ပြီလို့ လုံလောက်ပြီလို့ ရှိသလား၊ မရှိဘူး။ ချမ်းသာတဲ့ပုဂ္ဂိုလ်ကလည်း ပို၍ ပို၍ ချမ်းသာချင် လာတယ်။ ဆင်းရဲတဲ့သူက ချမ်းသာချင်တယ်။ ချမ်းသာ တဲ့သူက ပိုပြီးတော့ ချမ်းသာချင်တယ်။ ဝေဒနာ ပစ္စယာ တဏှာ အခန်းမှာ ဒီလို ဖွင့်ဆိုထားတာ။ လူ့သဘာဝက ဒီအတိုင်းပဲလေ၊ တပည့်တော်ဘုရား နိဗ္ဗာန်မရောက်မီ စပ်ကြား နောင်ဘဝမှာ မတောင့်မတ မကြောင့်မကျ ရတဲ့ဘဝ၊ စည်းစိမ်ဥစ္စာနှင့် ပြည့်စုံတဲ့ဘဝ၊ ပညာ တတ်တဲ့ဘဝမျိုးမှာ ဖြစ်ပါရစေ ဆိုပြီးတော့ တောင်း လိုက်တာက 'ဘဝ'။
ဘာကြောင့်တောင်းလဲ၊ အတွယ်တာလေးကရှိနေ လို့၊ ဘာဖြစ်လို့တွယ်လဲ၊ အမှန် မသိလို့၊ အမှန် ဘာလို့ လို့ ပြောကြပေမယ့်လို့ အိမ်မှာနေရင်း သွားနေတာပဲ၊ လူရဲ့ ခန္ဓာကိုယ်ကြီး ဘဝကြီးဟာ ever changing အမြဲတမ်း ပြောင်းလဲနေတာ။ အမြဲတမ်း သွားနေတာ၊ နောက်ဆုံးရောက်မယ့် မှတ်တိုင်ကြီးက ဘာလဲဆိုလို့ ရှိရင် မရဏ ဆိုတဲ့ မှတ်တိုင်ပဲ။ အဲဒီရောက်သွားလို့ရှိရင် တစ်ဘဝ ပြီးကြပြန်ရော၊ ပြီးသွားတော့ အဆုံးသတ် သလားလို့ဆိုရင် အဆုံးမသတ်သေးဘူး။ ကုသိုလ် ကောင်းမှုလေးလုပ်ပြီး နောင်ဘဝကျတော့ ဒီ့ထက် ကောင်းတဲ့ဘဝ ရောက်ပါ့ရစေပါဘုရား ဆိုတော့ လာပြန်ပေါ့ တစ်ကျော့၊ ဟုတ်ကြရဲ့လား။
ဘဝတဏှာ (ထာဝရ ရှိနေမှုကို တွယ်တာနေတဲ့ တဏှာ) က ရှိနေသမျှ အဲဒီတဏှာက ဆွဲခေါ်သွားတာ။ ဒီ့ထက်ကောင်းတဲ့ ဘဝလေးကို မျှော်ပြန်တယ်၊ လူ့ရဲ့ သဘာဝကို သေချာစဉ်းစားကြည့်၊ ဝိသုဒ္ဓိမဂ် မှာ ရှင်မဟာဗုဒ္ဓဃောသ ရေးထားသလို
“ဒုက္ခီ သုခံ ပတ္ထယတိ၊ သုခီ ဘိယျောပိ ဣစ္ဆတိ” ဒုက္ခီ-ဆင်းရဲနေသောပုဂ္ဂိုလ်က၊ သုခံ - ချမ်းသာကို၊ မသိသလဲဆိုတော့ Contemplation မလုပ်လို့ပေါ့။ သဘာဝကို မစဉ်းစားလို့ မသိတာ၊ ဒါကြောင့်မို့ မြတ်စွာဘုရားက သုတ္တန်တစ်ခုမှာဆိုရင် အဝိဇ္ဇာ နီဝရဏာနံ၊ တဏှာ သံယောဇနာနံ-သတ္တဝါတွေရဲ့ အခြေအနေမှာ အဝိဇ္ဇာ က အမှန်မမြင်ရအောင် ပိတ်ကာပေးထားတယ်တဲ့။ တဏှာ က နှောင်ကြိုး တည်းထားတယ်တဲ့။ ဆိုလိုတာက အမှန်မသိတော့ ကြိုက်တာပေါ့။
အဲဒီလို အမှန်မသိအောင် (အမှန်မသိဘူးဆိုတာ အမှားသိအောင်) မလှတာကို လှတယ်လို့ထင်အောင်၊ မကောင်းတာကို ကောင်းတယ်လို့ ထင်နေအောင် အဝိဇ္ဇာက ဖန်တီးပေးထားတယ်၊ တဏှာကတွယ်တယ်၊ တဏှာတွယ်ပြီးတော့ ကံတရားတွေလုပ်၊ ထိုကံတရား တွေက ဘဝသစ်တစ်ခုကို ဖန်တီးပေးလိုက်တယ်ပေါ့။ ဒီလိုနဲ့ သံသရာကြီးထဲမှာ လည်နေတာနော်။ အေး ဘဝတစ်ခုရလာပြီဆိုရင် ရလာတဲ့ ဘဝဟာ ထာဝရ တည်ငြိမ်တဲ့ဘဝလားလို့ဆိုတော့ မဟုတ်ဘူးတဲ့။
ဒါဟာ ဘဝရဲ့အသွင်ကိုဓမ္မရဲ့အမြင်နဲ့ ကြည့်လိုက် တာ ဟုတ်ရဲ့လား၊ ဒီလိုမြင်ဖို့လိုတယ်၊ ကိုယ့်ကိုယ်ကို စဉ်းစားကြည့်။ မနက်မိုးသောက် အလင်းရောက်ပြီးတဲ့ အခါ၊ နေဝင်ပြီးနောက် ညချမ်းရောက်လာလို့ အိပ်ရာ ဝင်တော့မယ့်အခါ ဆိုလို့ရှိရင် ငါ့မှာ ညက အိပ်ပျော် နေတုန်းက စိတ်တွေ၊ ရုပ်တွေ၊ မနက်တုန်းကရှိတဲ့ စိတ်တွေ၊ ရုပ်တွေ အခု မရှိတော့ဘူး၊ ဒီကနေ့ရှိတဲ့ စိတ်တွေ၊ ရုပ်တွေ နောက်ရက်ရှိတော့မှာ မဟုတ်တော့ ဘူး၊ ဟုတ်လား၊ ငါဟာ အမြဲတမ်း ရွေ့နေတာပဲ။
ဧရာဝတီမြစ်ရေကြီးဟာ တရွေ့ရွေ့ စီးဆင်း နေသလို ငါ့ရဲ့သန္တာန်မှာရှိတဲ့ စိတ်တွေ၊ ရုပ်တွေ၊ ငါ့ရဲ့ ဘဝကြီးဟာ တဖြည်းဖြည်း ရွေ့နေတာပါလားလို့ ဆင်ခြင်သုံးသပ်ထိုက်တယ်။ ငြိမ်နေတာ၊ ရပ်နေတာ တစ်ခုမှ မရှိဘူး၊ သွားနေတာ၊ မစဉ်းစားလို့ မသိတာ။
အေး ဒီဓမ္မာရုံကြီးပေါ် တက်လာတယ် ဆိုပါစို့၊ တက်လာတဲ့အခါကျတော့ ခြေတစ်လှမ်းပြီးတစ်လှမ်း တက်လာတာမဟုတ်လား၊ ပထမဆုံး ခြေလှမ်းပြီးတော့ ဒုတိယခြေလှမ်း၊ ဒုတိယခြေလှမ်းပြီးတော့ တတိယ ခြေလှမ်း၊ ဟောဒီလို လှမ်းလာတယ်၊ ဒုတိယခြေလှမ်း ရောက်လာတာနဲ့ တစ်ပြိုင်နက် ပထမခြေလှမ်းရှိသေး လား၊ အေး တတိယခြေလှမ်း ရောက်လာနဲ့ ဒုတိယ ခြေလှမ်းရှိသေးလား၊ ဒီအတိုင်းပဲ ရှေ့ကဟာ ပျောက် ပျောက်သွားပြီး နောက်က ရောက်ရောက်လာနေတာ၊ အမြဲတမ်းရှိနေတာ မဟုတ်ဘူးတဲ့။
ရှိတယ် ထင်နေတာတောင် တကယ်အစစ်က မရှိတော့ဘူး၊ ကော်ပီတွေပဲ ကျန်နေတာ၊ ဟုတ်ရဲ့လား။ ကော်ပီတောင်မှ ပုံတူဟုတ်ရဲ့လား၊ အမေမွေးစ ငယ်ငယ်တုန်းက ဓာတ်ပုံကလေးနဲ့ ယခုအသက် ၅၀၊ ၆၀ အရွယ်ဓာတ်ပုံ ယှဉ်ပြီးချိတ်ကြည့်ပါလား၊ အဲဒါ ကော်ပီလို့တောင် ဘယ်သူပြောဦးမလဲ၊ အလွန်ကွဲပြား ခြားနားသွားပြီ။
ဒါ တစ်ရက်တည်းနဲ့ ကွဲပြားသွားတာမဟုတ်ဘူး ဟုတ်ရဲ့လား။ အဲဒါဟာ ဒီကနေ့နဲ့မနက်ဖြန် မတူတာ။ ဒီနာရီနဲ့ အရင်နာရီ မတူတာ၊ အရင်မိနစ်နဲ့ ယခုမိနစ် မတူတော့တာ။ ချက်ချင်းကြီး ပြောင်းသွားတာ မဟုတ် ဘူးတဲ့၊ ဖြစ်စဉ် Process အတိုင်း အဆင့်ဆင့် ပြောင်း သွားတာ။ သို့သော် မတူဘူးဆိုတဲ့ ခြားနားချက် Difference ကိုတော့ မသိဘူး ဟုတ်ရဲ့လား။
ပြောင်းတဲ့အခါမှာ ပြောင်းတဲ့အကြိမ် များလာ လေလေ ကွဲပြားခြားနားမှုတွေက သိသာလာလေလေ။ ပြောင်းတာတွေ ကြာလာလေလေ၊ ခြားနားမှုက သိသာ လာလေ။ နှစ်ပေါင်းများစွာ ဥပမာ ၁၀-နှစ်၊ ၁၅-နှစ် ဆို အရမ်းကွာသွားပြီ။ အဲဒါ ၁၀-နှစ်မှာ တစ်ခါ ပြောင်းတာ မဟုတ်ဘူး၊ စက္ကန့်တိုင်းမှာ ပြောင်းနေတာ။ သဘာဝတရားက အမြဲတွန်းပို့တာ၊ Push လုပ်တာ ခံနေရတယ်။ မယုံ အိပ်ရာပေါ်အိပ်နေပေါ့၊ အိုချိန်တန် အိုသွားမှာပဲ၊ ရပ်နေတာ မဟုတ်ဘူး၊ သွားနေတာ၊ ဒီလို သွားနေတာကြီးကို မသွားအောင် ဘယ်သူကထိန်းထား နိုင်သလဲ။ ဘယ်သူမှ မထိန်းနိုင်ဘူး၊ ထိန်းလို့လည်း မရဘူးတဲ့။ ဘယ်သူကမှလည်း အကာအကွယ် မပေး နိုင်ဘူး၊ ဘဝအသွင်ကို ဓမ္မအမြင်နဲ့ကြည့်ရင် ယခုလိုပဲ မြင်ရမှာပါ။
(၂) အကာအကွယ်မဲ့ ဖြစ်နေခြင်း
ဘဝမှာ အို၊ နာ၊ သေ အခြေအနေဆိုးတွေ ဖြစ်ပေါ်နေတာ၊ ဆွဲခေါ်တွန်းပို့ခြင်း ခံနေရတာကို ဘယ်သူကမှ မကာကွယ်နိုင်ဘူး၊ ကာကွယ်နိုင်တဲ့ နည်းလမ်းလည်း မရှိဘူး။ ဒါကြောင့် မြတ်စွာဘုရားက ယခုလိုဟောခဲ့တာ ဖြစ်တယ်။
“အတာဏော လောကော အနဘိဿရော”။
လောကော-လောကကြီးဟာ၊ အတာဏော- အကာ အကွယ်ကင်းမဲ့လျက် ရှိနေပါတော့၏၊ အနဘိဿရော- အုပ်ချုပ်ထားနိုင်သူ၊ ထိန်းထားနိုင်သူ မရှိပါ။ ဣတိ-ဤသို့၊ ဘဂဝါ--ရွှေဘုန်းတော်သခင် ရှင်တော်မြတ် ဘုရားသည်။ အဝေါစ--ကောင်းစွာမသွေ ဟောကြား တော်မူခဲ့ပါပေသတည်း။
လောကကြီးတစ်ခုလုံး အဆိုးဘက် တွန်းပို့ခံနေ ရတာကို ဘယ်သူ ကာကွယ်နိုင်တုန်း၊ ဘယ်သူမှ မကာ ကွယ်နိုင်ဘူး။ ရွေ့လျားနေတာကိုလည်း ဘယ်သူက ထိန်းလို့မရဘူး၊ ဒီအကြောင်းကို ဓမ္မပဒကျမ်းမှာလည်း ရှင်းရှင်း ဟောထားတာရှိတယ်။
န သန္တိ ပုတ္တာ တာဏာယ၊ န ပိတာ နာပိ ဗန္ဓဝါ။ အန္တကေနာဓိပန္နဿ၊ နတ္ထိ ဉာတီသု တာဏတာ။
“အန္တကေနာဓိပန္နဿ - - တွန်းပို့ရောက်ရှိလာလို့ သေခြင်းကလွှမ်းမိုးခံထားရတဲ့ပုဂ္ဂိုလ်အဖို့။ တာဏာယ စောင့်ရှောက်ကာကွယ်ဖို့ရာ၊ ပုတ္တာ - - သားသမီးတွေ ဆိုတာ၊ န သန္တိ - - မိဘတွေမှာ မရှိပါ”။
သားက အထူးကုဆရာဝန်ကြီးတဲ့၊ အမေ အဖေ တွေက အားကိုးလိုက်ကြတာ၊ အားကိုးရာ ရောက်ရဲ့ လား၊ ဘာ အထူးကုကြီးဖြစ်ဖြစ် သူကိုယ်တိုင်လည်း သွားရတာပဲ မဟုတ်လား။ ဒါပေမယ့် လူတွေက အားမကိုးကြဘူးလား၊ သားက အထူးကု ဆရာဝန်ကြီး တဲ့၊ သမီးက အထူးကု ဆရာဝန်ကြီးတဲ့၊ မိဘတွေက အားကိုးကြတယ်။ အဲဒီလို အားကိုးစရာ ရှိတယ်လို့ ထင်ရတဲ့ မိဘတွေ၊ ဆရာဝန်တွေကိုယ်တိုင် ဘာမှ ကြောက်စရာ မရှိဘူးလို့ ဘုန်းကြီးတို့ ငယ်ငယ်က အောက်မေ့တာ၊ ဘယ်ဟုတ်မလဲ၊ ဘယ်သူမှ အားကိုး စရာမရှိဘူး၊ အကာအကွယ် မရှိဘူးနော်။
” န ပိတာ - - သားသမီးကို ကာကွယ်စောင့်ရှောက် နိုင်တဲ့ မိဘဆိုတာလည်း မရှိကြပါ။ နာပိ ဗန္ဓဝါ ---- အကာအကွယ်ပေးနိုင်တဲ့ ဆွေတွေ မျိုးတွေဆိုတာ လည်း မရှိကြပါ။ ဉာတီသု တာဏတာ - - ဆွေမျိုး သားချင်းတို့မှာ ကာကွယ်နိုင်တဲ့စွမ်းရည်ဆိုတာ၊ နတ္ထိ-ဘယ်တော့မှ မရှိပါချေ။” မရှိဘူးတဲ့။ ဘယ်သူ့ဘယ်သူမှ ကာကွယ်လို့ မရ ဘူးတဲ့၊ ရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးဟာ မြတ်စွာ ဘုရား ပရိနိဗ္ဗာန်မစံခင်(မြတ်စွာဘုရားက ကဆုန်လမှာ ပရိနိဗ္ဗာန်စံတယ်) ၇-လခန့်စောတဲ့ တန်ဆောင်မုန်း လဆန်း ၇-ရက်လောက်မှာ သမာပတ်မှထပြီးတော့ “ငါ အသက် ဘယ်လောက်ရှည်ဦးမလဲ” လို့ ကြည့်လိုက်မိ တယ်။ ကြည့်လိုက်တဲ့အခါကျတော့ သူ့အသက် နောက် ၇-ရက်ပဲ ကျန်တော့တယ်ဆိုတာ တွေ့ရတယ်။ ကဲ ဒါဖြင့် ဘယ်နေရာသွား ခေါင်းချမတုန်း စဉ်းစား တယ်။
“မွေးရပ်မြေပြန်ပြီး ငါ့ကို မွေးဖွားခဲ့တဲ့အခန်းမှာ ခေါင်းချမယ်၊ ဒါမှ ငါ့မယ်တော်ကြီးကို တရားဟောပြီး အကျွတ်တရားကို ရစေနိုင်မယ်၊ ငါ့မယ်တော်ကြီးကို နောက်ဆုံးတရားဟောတဲ့အနေနဲ့ သွားမယ်” ဆိုပြီး ရှင်သာရိပုတ္တရာ မထေရ်မြတ်ဟာ မြတ်စွာဘုရားကို ကန်တော့ ခွင့်တောင်းပြီး တစ်နေ့ တစ်ယူဇနာ၊ တစ်နေ့ တစ်ယူဇနာ သွားလိုက်တာ ၇-ရက်ပြည့်တဲ့ တန်ဆောင်မုန်းလပြည့်နေ့ကျတော့ သူဖွားမြင်ခဲ့ရာ ဖြစ်တဲ့ နာလကရွာ ရောက်သွားတာပေါ့။ အဲဒီလို ဝေးကွာလှတဲ့ခရီး လမ်းလျှောက်သွားနိုင်တယ်ဆိုတော့ တော်တော်ကျန်းမာသေးတယ်လို့ ပြောရမှာပဲ။ အဲဒီ နာလကရွာရောက်တော့ သူမွေးဖွားခဲ့တဲ့ အခန်းကို ပြင်ခိုင်းပြီး အိမ်မှာပဲကျိန်းဖို့ စီစဉ်တယ်။ အဲဒီအချိန်ထိအောင် ကျန်းမာနေတုန်းပဲ၊ ညပိုင်း ရောက်တော့ သံဃာတွေကို တရားဓမ္မဟောပြီးတော့ ပြန်လွှတ်လိုက်တယ်။ ညီတော်စုန္ဒတစ်ပါးပဲ အနားမှာ ရှိတယ်။ သံဃာတွေအားလုံး ပြန်ကြွသွားကြပြီ။ ညဉ့်ဦး ယာမ် ရောက်တဲ့အခါကျတော့ ကိုယ်တော်ကြီး ရောဂါ ဖောက်လာတယ်၊ ဝမ်းတွေသွားတယ်၊ ဝမ်းသွားတဲ့အခါ သွေးတွေပါလာတယ်။
ည သန်းခေါင်ကျော်လောက်မှာ ဘယ်သူတွေ လာလဲဆိုရင် စာတုမဟာရာဇ်နတ်မင်းကြီး တွေ လာကြ တယ်။ သိကြားမင်းလည်း လာတယ်၊ ဗြဟ္မာမင်း တွေလည်း လာကြတယ်တဲ့၊ လူမမာ လာမေးကြတာ။ မေးရုံမေးတာနော်၊ သူတို့ ဆေးမကုဘူး။ တချို့က ထင်ကောင်းထင်မယ်၊ သိကြားမင်း ဆင်းကုရင် ပျောက် မယ် လို့။ သိကြား အားကိုးတဲ့ လူစုကလည်း မနည်းဘူး နော်၊ ဟုတ်ရဲ့လား။
ကဲ ရှင်သာရိပုတ္တရာရဲ့ရောဂါ သိကြားကုလို့ ပျောက်မယ်ဆိုရင် ဒီသိကြား အလကား နေပါ့မလား၊ ကုပေးသွားမှာပေါ့။ သိကြားထက်စွမ်းတဲ့ ဗြဟ္မာကြီးတွေ တောင် ဆင်းပြီးတော့ လာကန်တော့သွားသေးတယ်၊ ဘယ်သူမှ မတတ်နိုင်ဘူး၊ လာမေးရုံမေးတာ၊ အရှင် ဘုရား သက်သာရဲ့ လား၊ နေကောင်းရဲ့လား၊ ဒါပဲနော်။ လူ့သဘာဝ ဒီအတိုင်းပဲသွားမှာ။ ဘာမှ မျှော်လင့်ချက် တွေ ထားမနေနဲ့၊ ဟုတ်ရဲ့လား။
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ရုပ်ခန္ဓာ ကိုယ်ကြီးနဲ့ ပတ်သက်ပြီး အတိအလင်း ဟောထားတာ “အာတုရော ဟာယံ ကာယော အဏ္ဍဘူတော ပရိယောနဒ္ဓေါ- ခန္ဓာကိုယ်ကြီးဆိုတာ ထာဝရ နာပြီး တော့ နေတာတဲ့၊ ကြက်ဥ ငှက်ဥ ကလေးလိုပဲ” တဲ့။ ပစ်ပေါက်ပြီး ကစားလို့မရဘူး။
စျေးထဲမှာ ကြက်ဥဝယ်ရင် သိပ်သတိထားရတယ် မဟုတ်လား၊ မတော်တဆ လွတ်ကျရင် ကွဲမှာကိုး၊ ခန္ဓာကိုယ်ကြီးလည်း ခလုတ်တိုက်ပြီး လဲမယ်ဆိုရင် အရိုးကျိုးသွားနိုင်တယ် မဟုတ်ဘူးလား၊ ဒါကြောင့် ခန္ဓာကိုယ်ကြီးကို အဏ္ဍဘူတော - - ဥလိုပဲ မခိုင်မာဘူး တဲ့။
ပရိယောနိဒ္ဓေါ--အင်မတန်ပါးလွှာတဲ့ အရေပြား လေးနဲ့ အုပ်ထားတာတဲ့။ ပါးလွှာတဲ့ အရေခွံလေးနဲ့ အုပ်ထားတာဆိုတော့ ကြက်ဥလောက်အောင် မခိုင်မာ ဘူးပေါ့။ ကြက်ဥမှာ အပြင်ကအခွံကို ဖောက်ပြီးတော့ အထဲကအရည်ကို ခြင်က မစုပ်နိုင်ဘူး၊ လူရဲ့သွေး ကျတော့ ခြင်တွေက လာကိုက်ပြီး စုပ်ယူနိုင်တယ်။ လူရဲ့ခန္ဓာကိုယ်က ကြက်ဥလောက်တောင် ခိုင်မာတာ မဟုတ်ဘူးနော်။
အဲဒီလိုမျိုး ခန္ဓာကိုယ်ကြီး ရ,ထားတာ ဖြစ်ပါ လျက်နဲ့ “ဟေ့ နေကောင်းရဲ့လား” မေးတဲ့အခါ “နေကောင်းပါရဲ့ဗျာ၊ ဒေါင်ဒေါင်မြည်ပဲ” လို့ပြောရင် မသိမိုက်မဲလို့ ပြောတာတဲ့။
ယော ဣမံ ကာယံ ပရိဟရန္တော - ဤကဲ့သို့ ထာဝရ နာတတ်တဲ့ ခန္ဓာကိုယ်ကြီးကို ရ,ထားတာ ဖြစ်ပါလျက်၊ မုဟုတ္တံ ပိ အာရောဂျံ - - တစ်ခဏလေးပဲ ဖြစ်ပါစေ ကျန်းမာပါတယ်လို့ ဝန်ခံပြောကြားငြားအံ့၊ (ကျန်းမာတယ်၊ ဘာမှမဖြစ်ဘူး၊ တို့ကတော့ ဒေါင်ဒေါင် မြည်ပဲလို့ပြောရင်)ကိမညတြ ဗာလျာ--မသိမိုက်မဲတာ ကလွဲပြီး ဘာအကြောင်းရှိဦးမှာလဲဟု၊ ဘဂဝါ - - ရွှေ ဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ အဝေါစ- ကောင်းစွာမသွေ ဟောကြားတော်မူခဲ့ပါပေသတည်း။
မသိမလိမ္မာလို့ ပြောတာတဲ့၊ သိတဲ့သူက ပြောကို မပြောဘူး၊ ဟုတ်တယ်မဟုတ်လား၊ အေး ဘဝအသွင် ကို ဓမ္မနဲ့ကြည့်ရင် ယခုလိုပဲ မြင်ရမှာပဲ၊ သာယာတဲ့ အမြင်နဲ့ ကြည့်ရင်တော့ တစ်မျိုး မြင်ကောင်း မြင်လိမ့် မယ်၊ ကဲ နောက်တစ်ခု ကြည့်ကြည့်ကြဦးစို့။
(၃) ကိုယ်ပိုင်ဥစ္စာ မရှိ
လောကကြီးမှာ တချို့ပုဂ္ဂိုလ်တွေက အဆင်ပြေတယ်၊ တိုက်နဲ့ကားနဲ့၊ ကားမှ တကယ့် modern မြင့်တဲ့ ကားနော်။ တိုက်ကလည်း အင်မတန်အဆင့်မြင့်တဲ့ လုံးချင်းအိမ်၊ သိန်းတစ်ထောင်လောက်တန်တဲ့ တိုက်ကြီးပေါ့။ ခုဆို မကလောက်ဘူးထင်တယ်၊ သိန်းတစ်သောင်းလောက်တန်တဲ့ တိုက်အိမ်၊ ဒီတော့ ဒီလို ကိုယ်ပိုင်ဥစ္စာလေးတွေရှိကြတယ်။ ဘယ်ကုမ္ပဏီကြီးကို ပိုင်တယ်၊ ကားကြီးက ဘာကားကြီးစီးတာ၊ ဟုတ်ရဲ့လား၊ ချမ်းသာတဲ့ ပုဂ္ဂိုလ်တွေမှာ စာရင်းတွက်ထားလိုက်မယ်ဆိုရင် ပိုင်ဆိုင်တာတွေ နည်းမှာမဟုတ်ဘူး၊ ဒါ သူပိုင်တာပေါ့။
မြတ်စွာဘုရားက ဒါတွေကို ဓမ္မအမြင်နဲ့ကြည့်ရင် တစ်မျိုးမြင်ရမယ်တဲ့၊ “လောကော--လောကကြီးမှာ၊ အဿကော--ကိုယ်ပိုင်ဥစ္စာဆိုတာ မရှိပါ၊ (ဟော ဓမ္မအမြင်နဲ့ ကြည့်မယ်ဆိုရင် ကိုယ်ပိုင်တဲ့အရာဆိုတာ မရှိဘူးတဲ့၊) ဘာဖြစ်လို့လဲ၊ သဗ္ဗံ-ရှိသမျှပစ္စည်းဥစ္စာကို၊ ပဟာယ ဂမနီယံ- - ထားပြီးတော့ သွားရမှာဖြစ်တယ်။
ကဲ ပိုင်တယ်ဆို ယူသွားလို့ရလား၊ မရဘူး၊ အားလုံး ထားခဲ့ရတာချည်းပဲ။ မထားခဲ့ဘဲနဲ့ ယူသွားလို့မရဘူး၊ ဘယ်လောက်ပိုင်ပိုင် ဟုတ်လား။ ဘာကြီးတွေပိုင်ပိုင်၊ ပိုင်သမျှဟာတွေ အကုန်ထားခဲ့ရတာပဲ။ နောက်ဆုံးမှာ ကိုယ်ချည်းပဲသွားရတာ၊ ဒီအထဲမှာ မီးသင်္ဂြီုဟ်တဲ့ သူတွေက အကျႋတောင် ကောင်းရင်ချွတ်ယူကြဦးမယ်။ ပြောသံကြားဖူးတာပေါ့။ ရွှေသွားစိုက်ထားလို့ရှိရင် ပါးစပ်ဖြဲပြီးတော့ ရွှေသွားထုတ်ယူကြတယ်။ အဲဒီတော့ ရှိသမျှ ဘာကိုမှ ကိုယ်ယူသွားလို့ မရဘူးတဲ့။ ဟော ကိုယ်ပိုင်ဥစ္စာဆိုတာ ဘာမှမရှိဘူး။
ကဲ စဉ်းစားကြည့်လေ၊ ကြည့်လိုက်ကြရအောင်၊ ဒီနားမှာ ရွှေတိဂုံဘုရားကြီးရှိတယ်။ ရွှေတိဂုံဘုရားကြီးကို စပြီးတော့ တည်သွားတဲ့ တပုဿတို့ ဘလ္လိကတို့ ဆိုတဲ့ ဘုရားဒကာတွေ ရှိသေးလား၊ မရှိတော့ဘူး၊ ရွှေတိဂုံဘုရားကြီးကိုထားပြီး သွားကြပြီလေနော်။ နောက် ရွှေတိဂုံဘုရားကြီးကို စောင့်ရှောက်ပြီးတော့ ရွှေတိဂုံဘုရားကြီးကို ထပ်ဆင့်ပြီးတည်သွားတဲ့ ရှင်စောပု မိဖုရားကြီး ရှိသေးလား၊ မရှိဘူး။ ဘုရားကို ထားခဲ့ရတယ်လေ၊ အကုန်ပြန်ကြည့်။
ဒီနားမှာ တစ်ချိန်တုန်းက ခုတရားပွဲကြီးကျင်းပနေတဲ့ ဓမ္မာရုံကြီးနေရာ (ယခု မင်္ဂလာစျေးဓမ္မာရုံ)ဟာ ဘယ်သူပိုင်ခဲ့တာတုန်း၊ လိုက်ကြည့်လိုက်၊ ပိုင်ရှင်တွေ အများကြီးပဲ၊ ဟုတ်ရဲ့လား၊ အဲဒီပိုင်ရှင်တွေ မရှိတော့ဘူး၊ အကုန်ထားခဲ့ရတာချည်းပဲ၊ တစ်ခုမှ ယူမသွားနိုင်ကြဘူး။
အဲဒါကြောင့်မို့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးက “လောကော-လောကကြီးမှာ၊ အဿကော - ကိုယ်ပိုင်ဥစ္စာဆိုလို့ တစ်ခုမှ မရှိပါ” လို့ ဆင်ခြင်စဉ်းစားရမယ်တဲ့။ ဒါဖြင့် ဒီလိုဆင်ခြင်တွေးတောလိုက်တော့ ဘာဖြစ်တုန်း၊ ပစ္စည်းအပေါ်မှာရှိတဲ့ တဏှာတွေ လျော့ကျမသွားဘူးလား။ ဆင်ခြင်တွေးတောခြင်း comtemplation ဆိုတာ အကျိုးရှိတယ်၊ ဒီလိုစဉ်းစားလိုက်တော့၊ ငါပိုင်တာ တစ်ခုမှမရှိပါလား၊ ဒီပစ္စည်းတွေက တစ်နေ့တော့ ထားခဲ့ရမယ့်ဟာတွေပဲ၊ ဒီလို သိရင် ကောင်းတဲ့အလုပ်ကို မလုပ်ဖြစ်ပေဘူးလား၊ လုပ်ဖြစ်တယ်။ အဲဒီလိုမတွေးမိတဲ့ ပုဂ္ဂိုလ်တွေကျတော့ ဒီပစ္စည်းတွေကို တတွယ်တွယ် တတာတာနဲ့ လောဘတွေ တိုးပွားလာမယ်၊ မစ္ဆရိယတွေ များလာမယ်၊ ပစ္စည်းတွေကို တွယ်တာလွန်းရင် မြတ်စွာဘုရားဟောသလို ရက္ခိုသ်စောင့်တဲ့ ရေကန်ကြီးထဲက ရေတွေလိုပဲတဲ့၊ ဘယ်သူ့အတွက်မှ အသုံးမကျဘဲ နောက်ဆုံး ဒီပစ္စည်းတွေက မင်းဘဏ္ဍာဖြစ်သွားတယ်၊ အေး ဒါကြောင့် ဒီလိုဆင်ခြင်စဉ်းစားပါတဲ့။
“လောကော - - လောကကြီးမှာ၊ အဿကော ကိုယ်ပိုင်ဥစ္စာဆိုတာမရှိပါ၊ သဗ္ဗံ- ရှိသမျှပစ္စည်းဥစ္စာကို၊ ပဟာယ ဂမနီယံ - အကုန်ထားပြီးတော့ သွားရမှာ ဖြစ်တယ်ရယ်လို့၊ ဘဂဝါ - ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ အဝေါစ - ကောင်းစွာမသွေ ဟောကြားတော်မူခဲ့ပါပေသတည်း။”
---
(၄) လိုနေတုန်းပဲ
ဘဝနဲ့ပတ်သက်ပြီး ဟောဒီလို ဆင်ခြင်စဉ်းစားကြည့်လိုက်တော့ ဘာမှ တွယ်တာချင်စရာ မရှိဘူး၊ အားလုံးထားပြီးသွားရမယ်။ ကဲ ကောင်းပြီ၊ ထားသွားရမယ်ဆိုတော့ လူတွေရဲ့လိုချင်လောဘဟာ ပြည့်သွားလားဆိုတော့ ပြည့်မသွားဘူး။
” ဦနော လောကော “
လောကော-လောကကြီးဟာ၊ ဦနော - - အမြဲတမ်း လိုလျက်၊ ဟာလျက်သာ ရှိနေပါပေတော့၏။ ကားတစ်စီးရှိရင် နောက်တစ်စီးရှိဦးမှ၊ စျေးဝယ်သွားတဲ့အခါ ဒါလေးနဲ့ အဆင်ပြေတယ်။ ဘုရားသွားကျောင်းတက်စီးဖို့က ဒါလေးနဲ့မှ၊ နောက်တစ်စီးရှိဦးမှ၊ နောက်တစ်စီးဆိုတော့ လုံလောက်ပြီလား၊ ဟော မလုံလောက်သေးဘူး၊ နောက်တစ်စီးတော့ရှိထားဦးမှ၊ ဒါလေးက သားအတွက်၊ ဒါလေးက သမီးအတွက်၊ ဒီပြင် ခိုင်းတဲ့လူတွေအတွက်က တစ်စီး၊ တစ်စီးပြီး တစ်စီးပြီးတယ်ကို မရှိတော့ဘူး။
နေစရာ အိမ်ကရော ပြီးရဲ့လား၊ အိမ်လေးတစ်လုံးရှိရင် မပြီးသေးဘူး၊ နောက်တစ်လုံး ရချင်သေးတာ၊ ဟော ရန်ကုန်မှာ အိမ်တစ်လုံးဆိုရင် နွေရာသီနေဖို့၊ ပြင်ဦးလွင်မြို့မှာ အိမ်တစ်လုံး လိုဦးမှာပဲ၊ ဟို သံတောင်ဘက်မှာ အိမ်တစ်လုံး၊ လိုဦးမှာပဲ၊ ဟော လေညှင်းခံဖို့ ငပလီမှာ တစ်လုံးလိုဦးမှာပဲ၊ ဘယ်တော့မှ မဆုံးဘူး။ ဒါ ရည်ရွယ်ပြီး မြတ်စွာဘုရားက “လောကောလောကကြီးသည်၊ ဦနော - - အမြဲတမ်း လိုလျက် ဟာလျက်သာ ရှိနေပါပေတော့၏” လို့ ဟောတာဖြစ်တယ်။ ဘယ်သူမှ “အေး လုံလောက်ပြီ၊ ငါ မရှာတော့ဘူးလို့” ဆိုတာ မရှိဘူး။ ရှိတောင် အင်မတန်မှ ရှားတယ်။ ရမယ်ဆိုရင် ယူဦးမှာပဲ။ အတိတ္တော ဘယ်အခါမှ တင်းတိမ်ရောင့်ရဲသွားတာ မရှိပါဘူးတဲ့။ တင်းတိမ်မှု contentment ဆိုတာ မရှိဘူး။ ဘယ်ဟာမှ ကျေနပ်ပြီး ရောင့်ရဲသွားတယ်လို့ မရှိဘူး၊ အမြဲတမ်း လိုနေဦးမှာပဲ။ သိန်းတစ်ရာရှိတဲ့ လူကလည်း လိုနေသေးတယ်၊ မလောက်သေးဘူး၊ သိန်းတစ်ထောင်ရှိမှ၊ သိန်းတစ်ထောင်လည်း နည်းသေးတယ်၊ မလောက်သေးဘူး၊ ရှာဦးမှာပဲ။ ကုမ္ပဏီကလည်း တစ်ခုဖွင့်ရင် မရသေးဘူး၊ နောက် ကုမ္ပဏီတစ်ခု ထပ်ဖွင့်ရမယ်။ လေယာဉ်ပျံတောင် တစ်စင်းပြီးရင် နှစ်စင်း၊ နှစ်စင်းပြီးရင် သုံးစင်း ရှိနေရဦးမှာပဲလေ။ အဲဒီလို အမြဲတမ်း လိုနေမှာပဲ၊ ဒါ လူ့ရဲ့ သဘာဝကို ပြောတာ။
ဘုန်းကြီးတို့ ငယ်ငယ်တုန်းက စစ်ကိုင်းတောင်မှာ တရားဟော နာမည်ကြီးတဲ့ ဝိဇ္ဇောဒယဆရာတော်ကြီးဆိုတာရှိတယ်၊ အဲဒီ ဆရာတော်ကြီး ဟောတဲ့ထဲမှာ လူတွေဟာ မတင်းတိမ်နိုင်ဘူး၊ အမြဲတမ်း လိုနေတယ်ဆိုတာနဲ့ ပတ်သက်ပြီး လောဘရဲ့ အတောမသတ်နိုင်ပုံကို ဆရာတော်ကြီးက ပုံဝတ္ထုလေးတစ်ခုနဲ့ ဟောထားတာရှိတယ်။
တစ်ခါတုန်းက လက်ညှိုးထိုးမလွဲအောင် မြေတွေကို ချမ်းသာလှတဲ့ မြေပိုင်ရှင်သူဌေးကြီးတစ်ဦးက သူ့ရဲ့အလုပ်သမားတစ်ယောက်ကို “ ကဲ မင်း ငါ့ရဲ့အလုပ်ကို ကြိုးကြိုးစားစားလုပ်တယ်၊ မင်းကို ငါပိုင်တဲ့မြေတွေ ခွဲပေးမယ်၊ မင်းကြိုက်သလောက်ယူ၊ ဒီကနေ မင်းပြေး၊ မင်းတော်ချင်တဲ့ နေရာရောက်မှရပ်” လို့ ပြောတယ်၊ ဟုတ်ရဲ့လား၊ အဲဒီလူက သဘောကျတာပေါ့၊ မြေတွေ ဧကပေါင်းများစွာ သူ ရမှာကိုး။
သူဌေးကြီး ပြောထားတဲ့အတိုင်း သူလိုချင်တဲ့မြေရဖို့ ပြေးလိုက်တာ၊ ပြေးရင်း သူနောက်ပြန်လှည့်ကြည့်တယ်၊ နည်းသေးတယ်ထင်လို့ ထပ်ပြေး၊ လှည့်ကြည့်လိုက် နည်းသေးတယ်ဆိုပြီး ပြေးလိုက်၊ ထပ်ပြေးရင်းပြေးရင်းနဲ့ နောက်ဆုံးမှာ အမောဆို့ပြီး လဲကျသွားတယ်။ လဲကျသွားပြီးတော့ အဲဒီနားမှာပဲ သေဆုံးသွားပါလေရော။ သူဌေးကြီးက စိတ်မကောင်းစွာ ခေါင်းလေးတညိတ်ညိတ်နဲ့ ဘာပြောတုန်းဆိုတော့ “ငါကတော့ မင်းလိုချင်သလောက် ပေးမလို့ပါပဲ။ မင်းကတော့ ၆-ပေလောက်နဲ့ပဲ တန်တာကိုး” ဆိုပြီးတော့ ၆-ပေတွင်းလေး တူးပြီးတော့ မြှုပ်လိုက်သတဲ့။ အဲသလို လူ့လောဘဟာ ဘယ်လောက်ပဲရှိရှိ နောက်ဆုံးတော့ ၆-ပေတွင်းထဲပဲ သွားမှာမဟုတ်လား။ မြေကြီးထဲမြုပ်ရင်ပေါ့လေ၊ အခုခေတ်တော့ မီးသင်္ဂြီုဟ်စက်ထဲ ထည့်လိုက်တာမျိုး ဖြစ်နေပြီပေါ့နော်။ ပြောမယ်ဆိုရင်တော့ သေတ္တာရှည်ကြီးထဲ ဝင်သွားရတာပေါ့။ တကယ်စဉ်းစားကြည့်ရင် ခုခေတ်မှာ နေတော့လည်းပဲ သေတ္တာအိမ်ကြီးတွေထဲမှာ နေကြတာ။ အိမ်ပေါ်က ဆင်းတော့လည်း သေတ္တာကြီးနဲ့ပဲ ဆင်းသွားတာ၊ ဟိုရောက်တော့လည်း သေတ္တာကြီးထဲမှာ အိပ်ပြီးတော့ သေတ္တာကြီးနဲ့ပဲ မီးလောင်ခံရတာပဲလေ၊ ဩော် ဘဝဆိုတာ ဒီလိုပါပဲ။
အေး လူတွေမှာ ဆန္ဒပြည့်တယ်ဆိုတာ မရှိဘူးတဲ့။ ဒါကြောင့် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက“ဦနော လောကော အတိတ္တော တဏှာ ဒါသော၊ လောကော- - လောကကြီးဟာ၊ ဦနော - - အမြဲတမ်း လိုလျက် ဟာလျက်သာရှိပါပေတော့၏။ အတိတ္တောမည်သည့်အခါမှ ကျေနပ်ခြင်း ရောင့်ရဲတင်းတိမ်ခြင်း မရှိပါဘဲ၊ တဏှာ ဒါသော - - တဏှာရဲ့ ကျေးကျွန်သာ ဖြစ်ပါပေတော့၏။ ဣတိ - - ဤသို့၊ ဘဂဝါ - - ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ အဝေါစ----ကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေသတည်း။”
---
(၅) တဏှာရဲ့ ကျွန်
လူတွေက ကိုယ့်ကိုယ်ကို လွတ်လပ်တယ်လို့ ထင်တာ။ ဒါပေမဲ့ မလွတ်လပ်ဘူး၊ ခိုင်းရာနေ စေရာသွားနေကြရတာ။ ဘယ်သူကခိုင်းတုန်း၊ တဏှာကခိုင်းနေတာ၊ တဏှာစေရာ သွားနေကြရတာ၊ လိုချင်မှု လောဘဆိုတဲ့ တဏှာက ခိုင်းတာကို လုပ်နေကြတာ။ ဒါကြောင့်မို့ လူတွေက ကိုယ့်ကိုယ်ကို လွတ်လပ်တယ် independent လို့ ပြောနေကြပေမယ့် တကယ်တော့ မလွတ်လပ်ဘူး၊ တဏှာက အုပ်စိုးနေတာ၊ ဟုတ်ရဲ့လား၊ တဏှာရဲ့ အုပ်ချုပ်မှုကို ခံနေကြရတာဖြစ်တယ်။ လောကမှာ လူတွေက ပြောကြသေးတယ်နော်၊ အဖော်မရှိဘူး၊ တစ်ယောက်တည်းနေတာတဲ့။ တစ်ယောက်တည်းနေတယ် ထင်ပေမယ့် ဘယ်ဟုတ်မတုန်း၊ တကယ်တော့ အဖော်နဲ့နေတာပဲ။ ဘာအဖော်လဲ၊ တဏှာအဖော်လေ၊ တဏှာက သူ့အဖော်ပဲ၊ အတွေးလေးနဲ့ကျေနပ်လို့ ဆိုတာ တဏှာနဲ့နေတာ။ အေး တဏှာအဖော်နဲ့နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဘယ်တော့မှ အဖော်မဲ့မဟုတ်ဘူး။ အဲဒီရှိနေတဲ့ အဖော်က သူ့ကို အုပ်ချုပ်နေတာ။ တဏှာက ခိုင်းထားတာ၊ မင်း တစ်ယောက်တည်းနေဆိုလို့ သူက တစ်ယောက်တည်းနေရတာပါ။
ဒါကြောင့်မို့ မြတ်စွာဘုရားက တဏှာဒါသော၊ “လောကော -- လောကကြီးဟာ၊ တဏှာဒါသောတဏှာရဲ့ကျေးကျွန် ဖြစ်၍နေပါပေတော့၏” လို့ ဟောခဲ့တာဖြစ်တယ်။ တို့တစ်တွေ တဏှာရှိသေးသမျှ ကျွန်အဖြစ်က မလွတ်သေးဘူး။ ဘယ်သူ့ရဲ့ကျွန်လဲ၊ တဏှာရဲ့ကျွန်ပေါ့။ ကျွန်မှ တဏှာကို သိပ်ပြီးရိုသေလေးစားရတာ၊ သူခိုင်းရင် မငြင်းရဲဘူး၊ မငြင်းနိုင်ဘူး၊ တဏှာရဲ့ကျေးကျွန်ဖြစ်နေတာကိုး။ ကဲ ကိုယ့်ရဲ့ဘဝအသွင်ကို ဓမ္မအမြင်နဲ့ ကြည့်မယ်ဆိုရင် ဘဝကြီးဟာ ကောင်းတယ် ဆိုးတယ်လို့ ပြောနေကြတာမဟုတ်ဘူးနော်၊ လောကအမြင်မှာတော့ ဘဝဆိုတာ ပျော်စရာကြီးလို့ ထင်ကြတာ၊ တချို့ကလည်း ဘဝဆိုတာ ငြီးငွေ့စရာကြီးလို့ ပြောတယ်။
အခု ဓမ္မအမြင်နဲ့ ကြည့်လိုက်တော့(၁) ဘဝဆိုတာ မကောင်းတဲ့ဆီ တွန်းပို့တာ ခံနေရတာ၊ အခြေအနေက တည်ငြိမ်နေတာ မဟုတ်ဘူး။(၂) အဲဒီတွန်းပို့ခံနေရတဲ့ မတည်ငြိမ်တဲ့ ဘဝကြီးမှာ ကာကွယ်နိုင်သူ၊ အုပ်ချုပ်နိုင်သူ မရှိဘူး၊ အကာအကွယ်မဲ့နေတယ်။(၃) ဘဝကြီးမှာ ပိုင်ဆိုင်တယ်ဆိုတာ တစ်ခုမှ မရှိဘူး၊ အားလုံးထားခဲ့ရမှာဖြစ်တယ်၊(၄) ဘဝကြီးဟာ အမြဲတမ်း လိုပြီးတော့နေတယ်၊ ဘယ်တော့မှ ရောင့်ရဲတင်းတိမ်တယ်ဆိုတာ မရှိဘူး၊(၅) တို့ဟာ တဏှာရဲ့ကျွန် ဖြစ်နေကြတယ်။ ဟော ဘဝနဲ့ပတ်သက်ပြီး ဒါတွေကို ဒီလိုမြင်မှ ဓမ္မနဲ့မြင်တယ်လို့ ပြောရမှာနော်။
---
(၆) ဘယ်ဘဝမှ မကောင်း
ဘဝအသွင်ကို ဓမ္မအမြင်နဲ့ ကြည့်လိုက်တဲ့အခါ ရွံစရာအဖြစ် မြင်ရသေးတယ်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ဘဝနဲ့ပတ်သက်ပြီး ယခုလို ရှုမြင်ဟောကြားထားတာရှိတယ်။
မစင် ကျင်ကြီးဟာ အနံ့ဆိုးတယ်၊ အများကြီးမှ နံတာမဟုတ်ဘူး၊ နည်းနည်းလေးလည်း နံတာပဲ။ ထို့အတူပဲ တိုတောင်းတဲ့ အချိန်ပိုင်းလေးမှာ “ရှိနေတဲ့ ဘဝပဲဖြစ်စေ, မရှိတဲ့ဘဝဖြစ်စေ” ဘဝဟူသမျှ ဘယ်ဘဝမှ မကောင်းဘူးတဲ့။
ဘယ်ဘဝကိုမှ မြတ်စွာဘုရား မချီးကျူးဘူး၊ ဘာလို့လဲဆိုတော့ ဘဝဆိုတာ ခုနက အခြေအနေတွေနဲ့ ဖန်တီးထားလို့ပဲ။ ကောင်းတဲ့ အခြေအနေတွေရှိရဲ့လား၊ မရှိဘူး။ ဒီအတိုင်း သဘာဝကို ကြည့်မယ်ဆိုရင် ဘဝကြီးမှာ ကောင်းတဲ့အခြေအနေတွေ တစ်ခုမှ မရှိဘူးတဲ့။ မရှိတဲ့အတွက်ကြောင့် ဘဝဟာ ကျေနပ်စရာ မရှိဘူးတဲ့။
---
(၇) ဘဝလွတ်မြောက်နိုင်တဲ့ လမ်း
ဒါဖြင့် ဘဝမှ လွတ်မြောက်ချင်တယ်ဆိုရင် လွတ်မြောက်နိုင်တဲ့လမ်း ရှိသလား၊ ရှိတယ်။ အစက ပြောခဲ့တယ်လေ၊ ဘဝမှာ 'အဿာဒ' သာယာစရာ enjoyment ဆိုတာ ရှိတယ်၊ 'အာဒီနဝ' အပြစ် fault ဆိုတာ ရှိတယ်။
နောက်တစ်ခုက ဘာတုန်းဆိုရင် 'နိဿရဏ' ထွက်ပေါက် exit ဆိုတာလည်း ရှိတယ်။ ထွက်ပေါက်ကို ဘယ်မှာ ရှာမလဲ။ အိမ်ထဲ ရောက်နေတဲ့သူဟာ ထွက်ပေါက်ကို အိမ်ထဲမှာ ရှာရမယ်၊ အိမ်ထဲမှာ ထွက်ပေါက်ရှိတယ်၊ ဘဝမှ ထွက်ချင်တယ်ဆိုလို့ရှိရင် ဘဝထဲမှာ ထွက်ပေါက်ကိုရှာရမယ်။ ဘဝနိရောဓ ဆိုတဲ့ ထွက်ပေါက်ကို ဘဝထဲမှာပဲ တွေ့နိုင်တယ်၊ ဟုတ်ရဲ့လား။
ဒါကြောင့်မို့လို့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က သစ္စာလေးပါး ဟောထားတာရှိတယ်။ ဟောတုန်းက ဒုက္ခဆိုတဲ့ နာမည်နဲ့ ဟောခဲ့တာ၊ အဲဒါ ပြောင်းပြီးတော့ ဘဝဆိုတာနဲ့ ကြည့်ကြရအောင်။ “ဘဝ၊ ဘဝ-သမုဒယ၊ ဘဝ-နိရောဓ၊ ဘဝ-နိရောဓဂါမိနီပဋိပဒါ” ဒီလို ပြောကြမယ်၊ ဟုတ်ရဲ့လား။ အဲဒီမှာ ဘဝဆိုတာကို ယခု ရ,ထားကြပြီ။ အဲဒီဘဝကို ဘယ်သူ လုပ်တာတုန်းဆိုတော့ ဘဝသမုဒယဆိုတဲ့ တဏှာ လုပ်တာ။ ဒါကြောင့်မို့ မြတ်စွာဘုရားက “ဂဟကာရက ဒိဋ္ဌောသိ၊ ပုန ဂေဟံ န ကာဟသိ” လို့ မိန့်ကြားခဲ့တာဖြစ်တယ်။ ငါ့ရဲ့ဘဝ ခန္ဓာအိမ်ကြီးကို ဆောက်နေသူကိုတွေ့ပြီ၊ တဏှာပဲလို့ ဟောတာ။
တဏှာက ဘယ်သူတွေရဲ့အကူအညီနဲ့ ဆောက်တာတုန်းဆိုတော့ အဝိဇ္ဇာရဲ့ အကူအညီနဲ့ ဆောက်နေတာ။ အဝိဇ္ဇာက အမှန်မမြင်အောင် ဖန်တီးထားတယ်။ တဏှာက တွယ်တာတယ်၊ တွယ်တာသည့်အတွက်ကြောင့် ကောင်းတာဖြစ်ဖြစ် ဆိုးတာဖြစ်ဖြစ် လုပ်တယ်။ ကောင်းတာဆိုးတာတွေလုပ်တော့ ကံတရားတွေ စုမိတယ်။ အဲဒီ ကံတရားတွေက အဝိဇ္ဇာ တဏှာတို့ရဲ့ အကူအညီနဲ့ တွန်းပို့လိုက်တော့ ဟော ဘဝတစ်ခုကို ရကြတယ်။
ဒါကြောင့်မို့လို့ ဘဝအကြောင်းကို ဘဝထဲမှာ ပြန်ရှာကြည့်။ ဒီဘဝဆိုတာကို ဘယ်သူလုပ်နေတာတုန်းဆိုတော့ အဝိဇ္ဇာရယ်၊ တဏှာရယ်၊ ကံရယ်၊ ဒီသုံးခုကလုပ်နေတာ၊ ဟုတ်ရဲ့လား။ အဝိဇ္ဇာက အမှန်မမြင်ဘဲ အမှားမြင်အောင် ဖုံးပေးထားမယ်။ တဏှာက တွယ်တယ်၊ ကံကနေပြီးတော့ တွန်းချလိုက်တယ်၊ ဘဝတစ်ခု ဖန်တီးပေးလိုက်တယ်။ ဒီနည်းနဲ့ ဘဝတွေ အဆက်ဆက်ရပြီးတော့ နေတယ်။ အဲဒါကြောင့်မို့လို့ အဝိဇ္ဇာ, တဏှာ, ကံတို့ဆိုတာ ဘဝထဲမှာရှိတော့ ဘဝထဲပြန်ရှာလိုက်၊ ဘဝ-သမုဒယဆိုတာ အဝိဇ္ဇာ, တဏှာ, ကံတို့ပဲဆိုတာ သိရမယ်။ မြတ်စွာဘုရားက တဏှာကို အဓိကထားပြီး ဘဝ-သမုဒယလို့ ဟောတာနော်။
ဘဝသမုဒယကိုရှာတွေ့ဖို့နဲ့ ဒီဘဝကြီးချုပ်ငြိမ်းဖို့အတွက် ဘာလုပ်ရမလဲဆိုရင် မဂ္ဂင်ရှစ်ပါးကိုပဲ ကျင့်ရမှာဖြစ်တယ်။ မဂ္ဂင်ရှစ်ပါးဆိုတာ အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း သမ္မာဒိဋ္ဌိ စတဲ့ စိတ်မှာဖြစ်တဲ့ အင်အားစုတွေကို ပြောတာဖြစ်တယ်။
သမ္မာဒိဋ္ဌိ ဆိုတာ မှန်ကန်စွာမြင်ခြင်း သိခြင်း right understanding ကို ပြောတာ။ “ဘဝကို ဘဝလို့ မြင်တယ်၊ ဘဝကိုဖြစ်စေတတ်တဲ့ တဏှာကို ဘဝသမုဒယလို့ မြင်တယ်။ ဘဝချုပ်ငြိမ်းရာ နိဗ္ဗာန်ကို ဘဝနိရောဓလို့ မြင်တယ်။ မဂ္ဂင်ရှစ်ပါးကို ဘဝနိရောဓသို့ ပို့ဆောင်ပေးမယ့် ပဋိပဒါလို့ မြင်တယ်။ ဟော ဘဝဆိုတာ မကောင်းဘူးလို့ မြင်တာလည်း သမ္မာဒိဋ္ဌိပဲ၊ ဟုတ်ရဲ့လား။ ဘဝကို ဓမ္မအမြင်နဲ့မြင်တာမှန်သမျှ သမ္မာဒိဋ္ဌိလို့ ခေါ်နိုင်တယ်။
အဲဒီ သမ္မာဒိဋ္ဌိဆိုတဲ့အမြင်ရှိလာရင် “ဘဝကို ဆောက်လုပ်နေတဲ့ လက်သည် ဘယ်မှာလဲ ဆိုတာ သိတယ်။ ဘဝရဲ့အကြောင်းတရားကို တွေ့မယ်” ဘဝချုပ်ငြိမ်းချင်လို့ရှိရင် ဘဝကို တည်ဆောက်နေတဲ့ အကြောင်းတရားကို တွေ့အောင်ရှာပြီး ပယ်ရှားပစ်ရမယ်။ အကြောင်းတရားကိုရှာရင် သမ္မာဒိဋ္ဌိ right understanding နဲ့ပဲ ရှာရတယ်။ ရှာတွေ့အောင် ဘာလိုတုန်းဆိုရင် သမ္မာသင်္ကပ္ပ မှန်ကန်စွာစဉ်းစားမှု right thought ရှိရမယ်။
မှန်မှန်ကန်ကန် စဉ်းစားဖြစ်အောင် ဘာလုပ်ရမတုန်း။ မှန်ကန်စွာကြိုးစားရမယ်၊ မှန်ကန်စွာကြိုးစားမှု သမ္မာဝါယာမ right effort ရှိရမယ်။ မှန်ကန်စွာကြိုးစားလိုက်တဲ့အခါမှာ ဘာလိုတုန်းဆိုလို့ရှိရင် သတိထားဖို့လိုတယ်၊ သမ္မာသတိ right mindfulness လိုအပ်တယ်။ သတိထားပြီးတဲ့အခါမှာ အာရုံတစ်ခုတည်းမှာ စူးစူးစိုက်စိုက် စိတ်ကိုတည်ဆောက်ထားဖို့ လိုအပ်တယ်၊ သမ္မာသမာဓိ right concentration ပေါ့၊ ပေါင်းလိုက်တဲ့အခါ မဂ္ဂင်ငါးပါး၊ ဟောဒီ မဂ္ဂင်ငါးပါးပေါင်းပြီး အလုပ်လုပ်လိုက်လို့ရှိရင် ခုနက အကြောင်းတရားတွေကို ဖယ်ရှားပစ်နိုင်ပါတယ်။
ဘဝက ထွက်မြောက်ဖို့ရာအတွက် ဘာလုပ်ရမတုန်း။ ဥပမာ ပြဿနာတစ်ခု ဖြေရှင်းဖို့ဆိုပါစို့။ မဖြေရှင်းမီ ကြိုတင်သိရှိ နားလည်ထားရမယ့် အချက်တွေက “ပြဿနာ problem၊ ပြဿနာ ဖြစ်ရခြင်း အကြောင်း the cause of problem၊ ပြဿနာ ပြေလည်ခြင်း solution of problem၊ ပြဿနာပြေလည်ရန် နည်းလမ်း the way how to solve the problem “ ဆိုတာတွေပဲဖြစ်တယ်။
အစပထမ ပြဿနာဆိုတာကို မြင်ရမယ်။ မြင်ပြီး ဒီပြဿနာ ဘာကြောင့်ဖြစ်တာတုန်းဆိုတဲ့ အကြောင်းတရားကို မြင်ရမယ်။ မြင်လာပြီးလို့ရှိရင် ဘာလုပ်မတုန်း၊ ပြဿနာရဲ့အဖြေဆိုတာရှိတယ်။ အဖြေက ဘာဆိုတာ မြင်ရမယ်။ ပြီးတော့ ဘယ်နည်းနဲ့ ဖြေရှင်းရမယ်ဆိုတဲ့ ပြဿနာဖြေရှင်းနည်းကို မြင်ရမယ်၊ ဟော ရှင်းရှင်းလေးရယ်။ မြတ်စွာဘုရားဟောထားတဲ့ သစ္စာလေးပါးဆိုတာ ယခုလိုဟာမျိုးပဲ။
အေး ဒါကြောင့်မို့ “ဘဝဆိုတာ သိရမယ်၊ ဘဝကို တည်ဆောက်နေတဲ့ အကြောင်းတရားကို သိရမယ်၊ ဘဝချုပ်ငြိမ်းသွားတာကို သိရမယ်၊ ဘဝချုပ်ငြိမ်းကြောင်း နည်းလမ်းကိုသိရမယ်” အဲဒီလိုသိပြီး အလုပ်လုပ်တာဟာ ဒီ မဂ္ဂင်ရှစ်ပါးပဲ။
မှန်မှန်ကန်ကန်မြင်တယ်၊ မှန်မှန်ကန်ကန် စဉ်းစားလို့ မှန်မှန်ကန်ကန် မြင်တာ၊ အဲဒီလို မှန်မှန်ကန်ကန် စဉ်းစားပြီး မှန်မှန်ကန်ကန် သိမြင်ဖို့ မှန်မှန်ကန်ကန် ကြိုးစားရမယ်၊ ကြိုးစားတဲ့အခါ မှန်ကန်တဲ့သတိရှိရမယ်၊ မှန်ကန်တဲ့စူးစိုက်မှု စိတ်တည်ငြိမ်အောင်ထားမှုရှိရမယ်၊ ဟောဒီ မဂ္ဂင်ငါးပါးဟာ ဝိပဿနာရှုတဲ့အခါမှာ စုပေါင်း အလုပ်လုပ်ကြတယ်၊ အလုပ်လုပ်ရင်း ဘဝရဲ့ထွက်ပေါက် exit ဆိုတာကို တွေ့သွားနိုင်တယ်တဲ့။ ဘဝနိရောဓကို တွေ့နိုင်တယ်လို့ပြောတာ။
ဒါကြောင့်မို့လို့ ဘဝထွက်ပေါက်ကို ရှာချင်တဲ့အခါမှာ ဘဝရဲ့အပြစ်၊ ဘဝရဲ့အကြောင်းတရား ဒါတွေသိဖို့လိုပါတယ်။ အဲဒီလိုသိအောင် ကြိုးပမ်းအားထုတ်ခြင်းဟာ ဘဝပြဿနာ အဖြေရှာရန် တစ်ခုတည်းသော နည်းလမ်းပဲတဲ့။ မြတ်စွာဘုရားက မဟာသတိပဋ္ဌာနသုတ်မှာ 'ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာ၊ သောကပရိဒေဝါနံ သမတိက္ကမာယ၊ ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ၊ ဉာယဿ အဓိဂမာယ၊ နိဗ္ဗာနဿ သစ္ဆိကိရိယာယ' လို့ ဟောတော်မူခဲ့တာဖြစ်တယ်။
မဂ္ဂင်ရှစ်ဖြာ ဓမ္မအကျင့်ဟာ “အဆိုးလေးမျိုး” ကို ဖယ်ရှားနိုင်တယ်။ အဆိုးလေးမျိုးဆိုတာ “သောကပရိဒေဝါနံ- စိုးရိမ်ပူဆွေးရခြင်း ငိုကြွေးရခြင်းဆိုတဲ့ စိတ်အညစ်အကြေးတို့ကို၊ သမတိက္ကမာယ-ကျော်လွှားနိုင်ဖို့ရာ၊ အယံ မဂ္ဂေါ - ဟောဒီ မဂ္ဂင်ရှစ်ပါးဟာ၊ ဧကာယနော- တစ်ခုတည်းသောလမ်းပါပဲ“တဲ့။ လူတွေဟာ အတော်များများ သောကနဲ့ နေကြရတယ်။ ပိုက်ဆံချမ်းသာတဲ့သူတွေ မစိုးရိမ်ရဘူးမမှတ်နဲ့၊ ပိုပြီးစိုးရိမ်ရတယ်နော်။ သောကပိုရှိကြတယ်။ သောကမထိန်းနိုင်ရင် ဘာဖြစ်လဲ၊ ပရိဒေဝ ငိုရတယ်၊ လူတွေဟာ သောကဖိစီးမှုတွေ အားကြီးလာရင် မအောင့်နိုင်ကြဘူး၊ ငိုချလိုက်ကြတယ်။
ဘဝမှာရလာတဲ့အဆိုးတရားတွေဟာ ဒါတင်လားဆိုတော့ မဟုတ်သေးဘူး။ လူ့ဘဝရလာရင် ကိုယ်ဆင်းရဲမှုဆိုတာနဲ့လည်း ကြုံရတယ်၊ စိတ်ဆင်းရဲမှုဆိုတာနဲ့လည်း ကြုံရတယ်။ အဲဒါတွေ 'ငြိမ်း' သွားဖို့ဆို ဘာလုပ်ရမတုန်း၊ ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းဆိုတဲ့ တရားတွေ ချုပ်ငြိမ်းသွားဖို့ရာ၊ အယံ မဂ္ဂေါ - - ဒီလမ်းဟာ၊ ဧကာယနော - - ဟော ဒါဟာ တစ်ခုတည်းသောလမ်းပဲ။ မဂ္ဂင်တရားပဲတဲ့။
မြတ်စွာဘုရားက မဟာသတိပဋ္ဌာနသုတ်မှာ သမ္မာသတိ ကိုသာ ဦးတည်ပြီး အမည်တပ်ပြီး ဟောထားတာဖြစ်ပေမယ့် တကယ်တော့ မဂ္ဂင်ရှစ်ပါးပဲနော်။ ဒါက ဘဝမှာ ကြုံတွေ့ရတဲ့ အဆိုးလေးမျိုးကို ဖယ်ရှားပုံပဲ။ မဂ္ဂင်ရှစ်ဖြာ ဓမ္မအကျင့်ဟာ အဆိုးကိုသာ ဖယ်ရှားပစ်တာ မဟုတ်ဘူးတဲ့၊ အခြားတစ်ဖက်ကလည်း ကောင်းကျိုးသုံးမျိုးကို ဖြစ်ပေါ်စေပါတယ်။
“ကောင်းကျိုး သုံးမျိုး” ဆိုတာ ဘာလဲ။(၁) သတ္တာနံ - သတ္တဝါတို့၏၊ ဝိသုဒ္ဓိယာ စင်ကြယ်စေဖို့ရာ နေ့စဉ်နှင့်အမျှ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ အညစ်အကြေးတွေနဲ့ နေနေတာ၊ စင်ကြယ်သွားဖို့ရာအတွက် ကျင့်စဉ်ဟာ ဒီတစ်ခုတည်းပဲ။(၂) ဉာယဿ - နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းကို၊ အဓိဂမာယ - ရရှိဖို့ရာ၊ ဧကာယနောတစ်ခုတည်းသောကျင့်စဉ်လမ်းပဲ။ နိဗ္ဗာန်သွားချင်တယ်ဆိုရင် လမ်းအရင်တွေ့အောင်ရှာနော်၊ လမ်းမတွေ့ဘဲနဲ့၊ နိဗ္ဗာန်ဘယ်နေမှန်း မသိဘဲနဲ့ လျှောက်သွားရင် ရောက်ပါ့မလား။ အေး ရွှေတိဂုံဘုရားကြီး ဘယ်လမ်းက သွားရတယ်ဆိုတာ မသိဘဲသွားလို့ ဘယ်ရောက်မလဲနော်၊ လမ်းအရင်တွေ့ရမှာ မဟုတ်လား။
ဒါကြောင့်မို့ ဉာယဿ - နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းကို၊ အဓိဂမာယ-ရရှိဖို့ရာ၊ ဧကာယနောတစ်ခုတည်းသောလမ်းပဲ။
(၃) နိဗ္ဗာနဿ သစ္ဆိကိရိယာယ - နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ရာလည်းပဲ၊ ဧကာယနော - တစ်ခုတည်းသော ကျင့်စဉ်လမ်းပါပဲရယ်လို့၊ ဘဂဝါ - ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ အဝေါစကောင်းစွာမသွေ ဟောကြားတော်မူခဲ့ပါပေသတည်း။
(သာဓု၊ သာဓု၊ သာဓု ပါဘုရား။)
ယခုလို ဘဝရဲ့ အသွင်အပြင်ကို ဓမ္မအမြင်နဲ့ ကြည့်လိုက်အခါမှာ ဘဝမှာ သာယာစရာတွေ ရှိသလို အပြစ်တွေလည်းရှိတယ်။ ဘဝရဲ့ ထွက်ပေါက် exit ဆိုတာလည်း ရှိတယ်။ အဲဒီထွက်ပေါက်ဆိုတာ ဘဝကို ဖြစ်ပေါ်စေတဲ့၊ ဘဝကိုတွယ်တာတဲ့ တဏှာကို ဖယ်ရှားပစ်တာဖြစ်တယ်။ တဏှာကိုဖယ်ရှားပစ်ဖို့က မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ကျင့်ရမှာပဲဖြစ်တယ်။ ဒီအကျင့်လမ်းကြောင်းအတိုင်း လျှောက်လမ်းမယ်ဆိုရင်တော့ ဘဝနိရောဓ ဆိုတဲ့ ပန်းတိုင်ကို မျက်မှောက်ပြုနိုင်ကြမှာဖြစ်ပါတယ်။
ဤတွင်ပဲ “ဘဝအသွင်ကို ဓမ္မအမြင်ဖြင့် ရှုကြည့်ခြင်း” ဆိုတဲ့ တရားဒေသနာ ပြီးဆုံးပါပြီ။ တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့သည် ဘဝအသွင်ကို ဓမ္မအမြင်ဖြင့် ကြည့်ပြီးလျှင် “ဘဝနိရောဓ” လို့ဆိုတဲ့ နိဗ္ဗာန်ချမ်းသာကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း။
(သာဓု၊ သာဓု၊ သာဓုပါ ဘုရား)