ဘာရသုတ္တန် တရားတော်ကြီး
ဘာရသုတ္တန် တရားတော်ကြီး
▬▬▬▬▬▬▬▬▬▬
မဟာစည်ဆရာတော်
မာတိကာ
°°°°°°°°°°
ဘာရသုတ္တန်တရားတော်ကြီး ပဌမပိုင်း
တရားပလ္လင်ခံ
သုတ်၏နိဒါန်း
ဗုဒ္ဓကိစ္စငါးပါး
(၁) ပုရေဘတ္တကိစ္စ
(၂) ပစ္ဆာဘတ္တကိစ္စ
(၃) ပုရိမယာမကိစ္စ
(၄) မဇ္ဈိမယာမကိစ္စ
(၅) ပစ္ဆိမယာမကိစ္စ
ရဟန်းတော်များကို ခေါ်ပြီး ဟောခြင်းအကြောင်း
တရားခေါင်းစဉ် ပဋိညာဉ်
အကျယ်ဝေဘန်ဟောပြချက် လေးလံတဲ့ဝန်ထုပ်
ခန္ဓာဝန်တွေက သာပြီးလေးတယ်
ခန္ဓာနှင့် ဥပါဒါနက္ခန္ဓာ
ဥပါဒါန် ၄-ပါး
စွဲလမ်းပုံ
ဥပါဒါနက္ခန္ဓာခေါ်ရပုံ
အတ္တစွဲက ကင်းခဲသည်
အတ္တစွဲ ပြုတ်ပုံ
ရှုမှတ်ရုံနဲ့ အတ္တစွဲပြုတ်ကြောင်း
စွဲလမ်းပုံ အဆက်
ခန္ဓာဝန် လေးပုံ
အရိုးစုပြိတ္တာဝတ္ထု
အသားတုံးပြိတ္တာ
အသားစုပြိတ္တာ
အရေခွံမရှိတဲ့ပြိတ္တာ
သန်လျက်မွေးတွေနဲ့ ပြိတ္တာ
လှံအမွေးတွေနဲ့ ပြိတ္တာ
မြှားအမွေးတွေနဲ့ ပြိတ္တာ
ကုမ္ဘဏ္ဍပြိတ္တာ
ပြိတ္တာမျိုးစုံ
စီးပွားစုဆောင်းသည့် ပြိတ္တာမများ
ခန္ဓာဝန်လေးပုံ အဆက်
ဝန်ထုပ်ကို သဘောကျနေယင် လေးတယ်မထင်
မပြစ်မြင်မှ လေးမှန်းသိသည်
ဝန်ထုပ်ကို ထမ်းဆောင်နေသူ
လောဝေါဟာရ အတ္တ
လောဝေါဟာရ ပုဂ္ဂိုလ် သတ္တဝါ
မာရ်နတ် အမေး ဝဇိရာ အဖြေ
ပုဂ္ဂိုလ်ဆိုတာ အမည်ပညတ်မျှဖြစ်သည်
ဒေသနာတော် ၂-မျိုး
ပုဂ္ဂိုလ်ပညတ် ဟောခြင်း အကြောင်းရှစ်ပါး
ဒက္ခိဏာ ဝိသုဒ္ဓိ ၄-ပါး
ပုဂ္ဂလိက အလှူ ၁၄-ပါး
ပုဂ္ဂလိကအလှူ ၁၄-ပါး၏ အကျိုးများ
သံဃိကအလှူ (၇)ပါး
ဒါနထဲ ဝိပဿနာအတု သဘာဝမကျ
လောကဝေါဟာရ မပယ်လို၍ ပုဂ္ဂိုလ်ပညတ်နဲ့ ဟောသည်
ဘာရသုတ္တန်တရားတော်ကြီး ဒုတိယပိုင်း
ဝန်ထုပ်ကို ခံယူခြင်း
တဏှာက အာရုံဆာတယ်
တဏှာက ရောက်ရာမှာပျော်တယ်
စမ္ပေယျနဂါးမင်း ဝတ္ထု
ဥပရိမိဖုရားဝတ္ထု
တဏှာသုံးပါး
ကာမတဏှာ
လိုချင်တာကိုချည်း ရသည်မဟုတ်
နောင်တကင်းရေး သတိပေးသည်
ပညာရှိအမြင် ယောဂီအမြင်နဲ့ဆိုယင်တော့
ဘဝတဏှာဖြင့် ခန္ဓာဝန်ကိုယူပုံ
ဝိဘဝတဏှာဖြင့် ခန္ဓာဝန်ကိုယူပုံ
တဏှာသုံးပါးဖြစ်တိုင်း ဝန်ထုပ်ကိုခံယူတာဘဲ
ဝန်ထုပ်ကို ပစ်ချခြင်း
ဝိပဿနာဖြင့်လဲ ခန္ဓာဝန်တွေ ပစ်ချနိုင်သည်
သောတာပန်မှာ ပစ်ချပြီး ဝန်ထုပ်များ
အထက်မဂ်များဖြင့် ပစ်ချသည့် ဝန်ထုပ်များ
ဘာရ စသည်ကို သစ္စာ ၄-ပါး၌ သွင်းပြခြင်း
ဆောင်ပုဒ်ပမာ ဂါထာတရား
နိဂုံးချုပ်
နိဒါန်း
▬▬
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
အကြောင်းရင်း
▬▬▬▬▬
ဤ ဘာရသုတ္တန် တရားတော်ကြီး ထွက်ပေါ်လာခြင်း၏ အကြောင်းရင်းကို ဖော်ပြရလျှင် ကျေးဇူးရှင် ဖြစ်တော် မူသော မဟာစည် ဆရာတော်ဘုရားကြီးသည် ရွှေဘိုမြို့ ဆိပ်ခွန်ရွာ မဟာစည် ကျောင်းတိုက်၌ သီတင်းသုံးလျက် ဝိပဿနာ ဘာဝနာလုပ်ငန်း တရားကို ဟောကြား ညွှန်ပြနေရာမှ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်၏ ပင့်လျှောက်ချက်အရ ရန်ကုန်မြို့ သာသနာ့ရိပ်သာသို့ ကြွရောက် တော်မူလာကာ ၁၃၁၁-ခုနှစ် နတ်တော်လပြည့်နေ့မှစ၍ ဝိပဿနာလုပ်ငန်း တရားတော်များကို တလလျှင်လေးကြိမ် သီတင်းနေ့တိုင်း မှန်မှန် ဟောကြားတော်မူခဲ့ပါသည်၊ ယခု ၁၃၃၀-ခုနှစ်အထိဆိုလျှင် ၁၉-နှစ် ပြည့် မြောက်ခဲ့လေပြီ။
အတုယူဘွယ် ကောင်းလှပါပေသည်
▬▬▬▬▬▬▬▬
ထိုသို့ ဟောကြားရာတွင်လည်း အခြေအမြစ်မရှိ အတ္တနော မတိမျှဖြင့် ဟောကြားလေ့မရှိဘဲ ပိဋက ပါဠိတော်မှ သုတ္တန် တခုခုကို မူရင်းအခြေခြုံပကာ ယောဂီတို့၏ ကိုယ်တွေ့ ဉာဏ်တွေ့နှင့် ဆက်စပ်လျက် ဟောကြားတော်မူလေ့ ရှိခဲ့ပေသည်၊ အတုယူဘွယ် ကောင်းလှပါပေသည်။ ယင်းသို့ ဟောကြားတော်မူသော တရားတော်ကြီးများထဲတွင် ခေတ်နှင့် ကိုက်ညီ၍ ဤခေတ် ဤအခါမှာ ကြားနာရန် လွန်စွာ ထိုက်တန်လှပေသော ဤ ဘာရသုတ္တန် တရားတော်ကြီးသည်လည်း မဟာစည် ဓမ္မဒေသနာ အစဉ် ပန်းကုံးကြီး၏ အစိတ်အပိုင်း ဒေသနာပန်းတပွင့် အဖြစ်ဖြင့် ပါဝင်ခဲ့ပေသည်။
တရားသံကို ဖမ်းယူထားခြင်း
▬▬▬▬▬▬▬▬▬▬▬
ယင်းတရားတော်ကြီးကို ၁၃၂၈-ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့နှင့် လကွယ်နေ့များတွင် ရန်ကုန်မြို့ သာသနာ့ရိပ်သာ ဖလ်ယဉ် ဓမ္မာရုံကြီး၌ ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရား ဟောကြားတော်မူစဉ်အခါက နောင်လာ နောက်သားတို့အား အကျိုးများစေရန် ရည်သန် မြှော်လင့်ချက်ဖြင့် ဓမ္မာမာမကပုဂ္ဂိုလ်တို့က အသံဖမ်းစက်များဖြင့် ဖမ်းယူထား ခဲ့ကြလေသည်။ ယင်းတရားသံကို ပြန်လည်ဖွင့်ကာ နာယူကြရာမှ အလွန်လေးနက်သော အနက်အဓိပ္ပါယ်တို့နှင့် ပြည့်စုံ၍ ဝိပဿနာဉာဏ် အဆင့်ဆင့်နှင့်တကွ မဂ်ဖိုလ်တံခါး တိုင်အောင် ဖွင့်လှစ်ပေးနိုင်သည့် ဂုဏ်ကျေးဇူးတို့နှင့်လည်း ပြည့်စုံသော ဤဘာရသုတ္တန် တရားတော်ကြီးကို အရပ်ရပ်အနယ်နယ်မှ ဓမ္မမာမက သူတော်စင်အပေါင်းတို့အား နာကြားစေလိုသော သဒ္ဓါဆန္ဒထက်သန်စွာ ဖြစ်ပေါ်လာခဲ့ ကြပေသည်။
စာမူကြမ်းအဖြစ်သို့ ရောက်စေသည်
▬▬▬▬▬▬▬▬▬▬▬▬▬
သို့ဖြစ်၍ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ်၏ အတွင်းရေးမှူး ဦးသိန်းအောင်သည် ယင်း တရားတော်ကြီးကို တိပ်ကြိုးခွေမှ ထုတ်၍ စာမူကြမ်း အဖြစ်သို့ ရောက်အောင် ရွက်ဆောင် ခဲ့ပေသည်၊ ယင်း စာမူကြမ်းကို ကျေးဇူးရှင် မဟာစည်ဆရာတော် ဘုရားကြီးထံ တင်ပြ၍ ပုံနှိပ်ဖြန့်ဝေခွင့် တောင်းရာ ဆရာတော်ဘုရားကြီးက ဖြည့်စွက် ပြင်ဆင် သုတ်သင်၍ ပုံနှိပ်ခွင့် ပြုတော် မူခဲ့ပေသည်။
ယင်းသို့ ပုံနှိပ်ရန် အဆင်သင့်ရှိနေစဉ် အချိန်ကာလအတွင်းမှာပင် ဤနိဒါန်းရေးသူ (သဒ္ဓမ္မသီတဂူ ဆရာတော်)သည် မိမိ၏ မျက်စိရောဂါ ကုသရန်အတွက် ရန်ကုန်မြို့သို့ လာရောက်ခိုက်နှင့် ကြုံကြိုက်သဖြင့် ၁၃၃၀-ခု နတ်တော်လဆန်း-၁ ရက် နေ့က ဆရာတော်ဘုရားကြီးထံ သွားရောက်၍ ဖူးမျှော် ကန်တော့သောအခါ ကျေးဇူးရှင်ဆရာတော်ဘုရားကြီးက ယင်း ဘာရသုတ္တန် တရားတော်ကြီး စာမူချောကိုပါ ပေးအပ်၍ နိဒါန်းရေးရန် အမိန့်ချတော်မူလိုက်ပါသည်။
ရောက်လာသော တာဝန် ကျေပြွန်အောင် ဆောင်ရွက်သင့်သည်
▬▬▬▬▬▬▬▬▬▬▬▬▬
ထိုအခါ “အာဂတော ဘာရော အဝဿံ ဝဟိတဗ္ဗော” ဟူသော ကျမ်းဂန်စကားအရ “ကိုယ်နှင့် ထိုက်တန်၍ ကိုယ့်ထံ ရောက်လာသော တာဝန်နှင့်ဝတ္တရားကို မချွတ်မယွင်း ဆောင်ရွက်ရပေ လိမ့်မည်” ဟု နှလုံးသွင်းကာ ဆရာတော် ဘုရားကြီးထံမှ စာမူကို လက်ခံယူပြီးလျှင် မိမိ၏ ခေတ္တ တည်းခိုနေထိုင်ရာ အင်းလေးဓမ္မာရုံကျောင်းသို့ ပြန်လာခဲ့ပေသည်။ တည်းခိုနေထိုင် ရာသို့ ရောက်၍ ဘာရသုတ္တန် တရားတော်ကြီး စာမူကို သေချာစေ့ငှကြည့်ရှု ဆင်ခြင် လိုက်သောအခါ ယင်း တရားတော်ကြီး သည် မိမိ၏ အသိဉာဏ်တွင် အောက်ပါအတိုင်း ထင်ရှားပေါ်လာခဲ့ပေသည်။
သာမညတရား မဟုတ်
▬▬▬▬▬▬▬▬
ဤ ဘာရသုတ္တန်တရားတော်ကြီးကို ကျေးဇူးရှင်ဆရာတော်ဘုရားကြီး ဟောကြားထားသည်မှာ ကြားနာကောင်းရုံ ဟောထားသော သာမညတရား မဟုတ်ပေ၊ နာယင်း ဖတ်ရှုယင်းပင် ငြီးငွေ့မှု နိဗ္ဗိန္ဒဉာဏ်ကို ဖြစ်ပွားစေလျက် အသက်ထက်ဆုံး စိတ်နှလုံး၌ သိမ်းကျုံးသိုမှီး ထားထိုက် လောက်အောင် စကားဝါကျ အနေအထား ပုဒ်သွားပုဒ်လာ ဥပမာ ဥပမေယျတို့ဖြင့် သိုက်မြိုက် စုံလင်စွာ တန်းဆာဆင်လျက် ဖွင့်လှစ်ဟောကြားထားအပ်သော တရားတော်ကြီး ဖြစ်ပေသည်၊ မြတ်စွာဘုရား၏ အလိုတော်ဖြစ်သော မူရင်းသုတ္တန်၏ ဦးတည်ချက်ကို မပျက်စေဘဲ အဋ္ဌကထာ ဋီကာ ဖွင့်ပြချက်တို့ဖြင့် ဖြည့်စွက် ထည့်သွင်း ကာ ပဋိပဒါနည်း စံနစ်ကျကျဖြင့် ဟောကြားထား ပေသည်။ ဘုရားရှင်၏ အလိုတော်နှင့် ဆရာတော်ဘုရားကြီး၏ ရည်မှန်းချက် ဖြစ်သည့် နိဗ္ဗာန် ဆိပ်ကမ်းဆီသို့ ကြားနာသူတို့ ဦးတိုက် သွားရောက်နိုင်အောင် ဓမ္မကတိက အစစ်၏ ဂုဏ်အင်္ဂါ လက္ခဏာတို့ဖြင့် စုံလင်စွာ တန်းဆာဆင်၍ စီစဉ် ဟောကြားထားပေသည်၊ ဤသို့ စသည်ဖြင့် တွေ့မြင်ရသောကြောင့် ဤသုတ်တရားတော်ကြီးနှင့်စပ်၍ အထူးပင် သဒ္ဓါတရား ဖြစ်ပွားရပေသည်၊ ဤတရားတော်ကြီးစာအုပ်ကို ဖတ်ရှုသူတို့လည်း နည်းတူပင် သဒ္ဓါတရား ဖြစ်ပွားကြပါလိမ့်မည်။
အမြဲတမ်း သစ်လွင်လျက် ခေတ်မှီနေသော တရားတော်
▬▬▬▬▬▬▬▬▬▬▬
လောက၌ အချို့သော စာပေ အရေးအသား ဟောကြားချက်များသည် သူ့ခေတ်တခေတ်မှာ ခေတ်မှီ စာပေကောင်း တရားကောင်း ဖြစ်နေခဲ့ငြားသော်လည်း နောင်တခေတ်သို့ ရောက်သောအခါ ခေတ်ဟောင်းသွားပြီ ဖြစ်၍ စာပေကောင်း တရားကောင်း မဖြစ်တော့ဘဲ ခေတ်၏ စွန့်ပစ်ခြင်းကို ခံရလေသည်၊ ဗုဒ္ဓရှင်တော် မြတ်ဘုရား ဟောကြားတော်မူခဲ့သော တရားတော် စာပေတို့မှာမူ အတိတ် ပစ္စုပ္ပန် အနာဂတ်ဟူသော ခေတ်သုံးပါးလုံးမှာပင် အမြဲတမ်းသစ်လွင်လျက် ခေတ်မှီ နေသော တရားတော် စကားတော် စာပေများသာ ဖြစ်နေပေသည်။
ဗုဒ္ဓ၏ စကားတော်ကို ခေတ်ကျော်မသွားနိုင်
▬▬▬▬▬▬▬▬
လွန်ခဲ့သော နှစ်ပေါင်း ၂၅၀ဝ-ကျော်က ဟောကြားတော်မူခဲ့သော ဗုဒ္ဓ၏တရားတော် စကားတော်နှင့် ဟောမိန့်တော် မူချက်တို့ကို ယခု ပစ္စုပ္ပန်ခေတ်တိုင်အောင် သိပ္ပံပညာ အမျိုးမျိုးဖြင့် စမ်းသပ် မွေနှောက်ကာ ရှာဖွေကြပါသော်လည်း ဗုဒ္ဓ၏ ဟောပြောချက်များကို ကျော်လွန်နိုင်သော သိပ္ပံပညာ ကား မပေါ်လာသေးချေ၊ အနန္တစကြာဝဠာ နှင့်စပ်၍ ဗုဒ္ဓဟောတော် မူခဲ့သော အချက်များကို သိပ္ပံပညာဖြင့် ယခုတိုင် ကုန်စင်အောင်ရှာလို့ မရနိုင်သေးချေ၊ ယခုမှ ပထဝီကမ္ဘာ၏ အရံဂြိုလ်မျှ ဖြစ်သော လကမ္ဘာသို့ သွားရန် စူးစမ်းကြံစည်နေသော အဆင့်မျှသာ ရှိချေသေးသည်၊ သိပ္ပံပညာဖြင့် ဘယ်လိုမျှ ရှာဖွေလို့ မတွေ့နိုင်သော ဝိပဿနာပညာ မဂ်ဖိုလ်ပညာနှင့် နိဗ္ဗာန်တိုင်အောင်သော ချမ်းသာတို့သည် ဗုဒ္ဓသာသနာဝင်တို့၏ လက်ထဲ မှာသာ အထင်အရှား ရှိနေကြပေသည်၊ ထို့ကြောင့် ဗုဒ္ဓ၏ တရားတော် စကားတော်များသည် ယနေ့တိုင်အောင် ခေတ်၏ရှေ့မှ ပြေးလျက်ပင် ရှိနေကြောင်း ထင်ရှားလှပါပေသည်၊ နောင်လည်းခေတ်၏ ရှေ့မှ ပြေးလျက်ပင် ရှိနေလိမ့်မည်ဟု ပညာရှိ တို့အား အနုမာနဉာဏ်ဖြင့် ထင်ရှားလျက်ပင် ရှိပါလိမ့်မည်။
ခေတ်မှီ ဟောကြားချက်
▬▬▬▬▬▬▬▬▬
ထိုကဲ့သို့ ခေတ်တိုင်းနှင့် ညီလျော်အောင် ဟောကြားတော်မူခဲ့သော ဗုဒ္ဓမြတ်စွာ၏ မူရင်းစကားတော်-တရားတော် များကို အခြေခံမူတည်ကာ ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးက ခေတ်နှင့် လျော်ညီသော စကား, လက်ဝဲ လက်ျာ အစွန်း ၂-ဖက်သို့ မထွက်စေသော စကားတို့ဖြင့် တန်ဆာ ဆင်ကာ ခေတ်သူ ခေတ်သားတို့ နားလည်လွယ်သော အသုံးအနှုန်း စကားလုံးတို့ဖြင့် ဖန်တီးလျက် ဤ ဘာရသုတ္တန် တရားတော်ကြီးကို ပေါ်လွင်ထင်ရှားစွာ ဟောကြားတော်မူပေသည်။ ထိုသို့ ဟောရာ၌လည်း ဗုဒ္ဓရှင်တော် မြတ်စွာဘုရား၏ ရည်မှန်းချက် ပန်းတိုင်ဖြစ်သော နိဗ္ဗာန်ဆိပ်ကမ်းသို့ တက်လှမ်း ဆိုက်ရောက်နိုင်ရေးကို အလေးပေးလျက် စံနစ်တကျ ကျင့်ကြံပွားများ အားထုတ်ပုံ များကိုပါ ဖော်ပြလျက် ဟောကြားတော်မူပေသည်။ ယင်းသို့ ဟောကြားတော်မူသဖြင့် ဗုဒ္ဓမြတ်စွာ၏ အလိုတော်ကျ ဓမ္မကထိက အစစ်၏ ဂုဏ်အင်္ဂါ လက္ခဏာတို့နှင့်လည်း ပြည့်စုံပါပေသည်။
ဓမ္မကထိက၏ အင်္ဂါ
▬▬▬▬▬▬▬
အခါတပါး၌ ရဟန်းတပါးက မြတ်စွာဘုရားကို “အဘယ်မျှလောက် ဂုဏ်အင်္ဂါတို့နှင့်ပြည့်စုံလျှင် ဓမ္မကထိက အစစ် မည်ပါသနည်း အရှင်ဘုရား” ဟု မေးလျှောက်သည်။ ထိုအမေးကို မြတ်စွာဘုရား က အောက်ပါအတိုင်း ဖြေကြားတော်မူ ပါသည်။
ရူပဿ စေ ဘိက္ခု နိဗ္ဗိဒါယ ဝိရာဂါယ နိရောဓာယ ဓမ္မံ ဒေသေတိ၊ ဓမ္မကထိကော ဘိက္ခူတိ အလံ ဝစနာယ။
ရုပ်ကို ငြီးငွေ့ ရွံမုန်းလာအောင် တပ်မက်သာယာမှု ကင်းသွားအောင် ရုပ်တရား (တပ်မက်မှု) ချုပ်ငြိမ်းသွားအောင် တရားကို ဟောပြလျှင် တရားဟော ဓမ္မကထိကဟု ဆိုထိုက်ပေ၏။
ရူပဿ စေ ဘိက္ခု နိဗ္ဗိဒါယ ဝိရာဂါယ နိရောဓာယ ပဋိပန္နော ဟောတိ၊ ဓမ္မာနုဓမ္မပဋိပန္နော ဘိက္ခူတိ အလံ ဝစနာယ။
ရုပ်ကို ငြီးငွေ့ ရွံမုန်းလာအောင် တပ်မက်သာယာမှု ကင်းသွားအောင် ရုပ်တရား (တပ်မက်မှု) ချုပ်ငြိမ်းသွားအောင် ကျင့်လျှင် လောကုတ္တရာတရား ၉-ပါးအားလျော်သော အကျင့်ကို ကျင့်သော ရဟန်းဟု ဆိုထိုက်ပေ၏။
ရူပဿ စေ ဘိက္ခု နိဗ္ဗိဒါ ဝိရာဂါ နိရောဓာ အနုပါဒါဝိမုတ္တော ဟောတိ၊ ဒိဋ္ဌဓမ္မနိဗ္ဗာနပ္ပတ္တော ဘိက္ခူတိ အလံ ဝစနာယ။ (သံယုတ် ပါဠိ တတိယတွဲ နှာ ၁၃၃။)
ရုပ်ကို ငြီးငွေ့ခြင်း, မတပ်မက်ခြင်း, တပ်မက်မှု ချုပ်ခြင်းကြောင့် အစွဲအလမ်း ကင်း၍ လွတ်သွားလျှင် မျက်မှောက် ငြိမ်းအေးမှု-နိဗ္ဗာန်သို့ ရောက်နေသော ရဟန်းဟု ဆိုထိုက်ပေ၏။
(ဝေဒနာ - သညာ - သင်္ခါရ - ဝိညာဏ်ခန္ဓာတို့နှင့် စပ်၍လည်း နည်းတူပင် ဖြေကြားတော်မူပါသည်။)
အထက်ပါ ဖြေဆိုချက်အရအားဖြင့် ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို ငြီးငွေ့ ရွံမုန်းလာအောင် တပ်မက်သာယာမှု ကင်းကွာသွားအောင် ထို ခန္ဓာတို့၌ တပ်မက်မှု ချုပ်ငြိမ်းသွားအောင် ဟောနိုင်ပါမှ ဓမ္မကထိက အစစ်ဟု ဆိုထိုက်ကြောင်း သိရပေသည်။ ထို့ပြင် ဓမ္မကထိက ဖြစ်ရုံမျှနှင့်လည်း မပြီးသေး၊ ဓမ္မာနု ဓမ္မပဋိပန္နပုဂ္ဂိုလ်, ဒိဋ္ဌဓမ္မနိဗ္ဗာနပ္ပတ္တပုဂ္ဂိုလ် ဖြစ်အောင် ကျင့်ဘို့လည်း လိုသေးသည် ဟူ၍လည်း သိရပေသည်။
သို့ဖြစ်ရာတွင် ဤဘာရသုတ္တန် တရားတော်ကြီးဝယ် နေရာပေါင်း များစွာတို့၌ ခန္ဓာငါးပါးတို့ကို ငြီးငွေ့ရွံမုန်း လာအောင် တပ်မက်မှု ကင်းကွာသွားအောင် တပ်မက်မှုတဏှာ ချုပ်ငြိမ်းသွားအောင် ထင်ရှား ဖော်ပြထားသည်တို့ကို တွေ့ရသောကြောင့် ဤတရားတော်ကြီးကို ဓမ္မကထိက အစစ်၏ ဂုဏ်အင်္ဂါလက္ခဏာတို့နှင့် ညီညွတ်စွာ ဟောထားပေသည် တကားဟု နှလုံးသွင်း ဆင်ခြင်လျက် ပီတိပါမောဇ္ဇနှင့်တကွ သဒ္ဓါတရား ဖြစ်ပွားရပေသည်။
ထို့ပြင် ခန္ဓာငါးပါးနှင့်စပ်၍ နိဗ္ဗိန္ဒ ဝိရာဂ နိရောဓ ပြီးမြောက်အောင် ရှုမှတ်ပွားများပုံ, ကိလေသာ အကြွင်းမဲ့ ချုပ်ရာသို့ ရောက်အောင် ကျင့်ပုံများကိုလည်း စံနစ်တကျ ဖွင့်ပြထားသောကြောင့် ဓမ္မာနုဓမ္မပဋိပန္နပုဂ္ဂိုလ် ဖြစ်အောင်, ဒိဋ္ဌဓမ္မနိဗ္ဗာနပ္ပတ္တပုဂ္ဂိုလ် ဖြစ်အောင်လည်း ညွှန်ပြထားပေသည် ဟူ၍လည်း အာရုံပြုလျက် ကြည်ညိုသဒ္ဓါ ဖြစ်ပွားရပါပေသည်။
ဤစာကို ရေးသူကဲ့သို့ပင် ဤတရားတော်ကို လေးလေးနက်နက် ဖတ်ရှု ဆင်ခြင်သူတိုင်းပင် ပီတိပါမောဇ္ဇ သဒ္ဓါတရားများ ဖြစ်ပွားကြပေလိမ့်မည် ဟူ၍လည်း မြှော်မြင်မိပါသည်။
ဘာရသုတ်တရားတော်၏ ဦးတည်ချက်
▬▬▬▬▬▬
စာတခုကို ရေးသည်ဖြစ်စေ၊ တရားတပုဒ်ကို ဟောသည်ဖြစ်စေ ဦးတည်ချက်ကား ရှိစမြဲပင်၊ ဦးတည်ချက် မရှိဘဲ ရေးသားဟောကြားရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ဗုဒ္ဓရှင်တော်မြတ်ဘုရားက ဤဘာရသုတ္တန် တရားတော်ကြီးကို ဦးတည် ချက်ကြီး လေးပါးဖြင့် ပိုင်းခြား၍ ဟောကြားတော် မူခဲ့ပေသည်၊ သံဂါယနာတင် အရှင်မြတ်တို့က ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်၌ ၂၂-ခုမြောက် သုတ် အဖြစ်ဖြင့် သံဂါယနာ တင်ထားတော် မူခဲ့ကြပေသည်၊ ယင်းသုတ်ကို ကျေးဇူးရှင် မဟာစည် ဆရာတော် ဘုရားကြီးကလည်း ထို ၄-ချက်ကိုပင် ဦးတည်၍ ယခုခေတ်လူများ နားလည်လွယ်သော စကားဝါကျ အသုံးအနှုန်းတို့ဖြင့် တန်ဆာဆင်ကာ ဖွင့်ပြ ဟောကြားတော်မူခဲ့ပေသည်။
ဦးတည်ချက်ကြီး ၄-ပါးဟူသည်မှာ -
▬▬▬▬▬▬
၁။ ဘာရ - ခန္ဓာငါးပါး ဝန်ထုပ်ကြီး၊
၂။ ဘာရဟာရ - ဝန်ထမ်း ပုဂ္ဂိုလ်၊
၃။ ဘာရာဒါန - ဝန်ထုပ်ကို လက်ခံနေသောတဏှာ၊
၄။ ဘာရနိက္ခေပန - ဝန်ထုပ်ကို ပယ်ရှား ပစ်ချခြင်း-
ဟူသော ဤ ၄-ပါးပင်ဖြစ်ပါသည်။ ဤ ၄-ပါးတို့ကို ဤတရားတော်ကြီး၌ အကွက်ကျကျ ရှင်းရှင်းလင်းလင်း ဖော်ပြထား သည်ကို တွေ့ကြရပါလိမ့်မည်။
၁-ဘာရ = လူတိုင်းကြိုက်တဲ့ ဝန်ထုပ်ကြီး
▬▬▬▬▬▬▬▬▬▬▬
ဥပါဒါနက္ခန္ဓာငါးပါးကို (ကိလေသာ မကင်းသေးသော) သတ္တဝါတိုင်း ကြိုက်ကြသည်၊ မိမိခန္ဓာ တို့ကိုလည်း ကြိုက်ကြသည်၊ သူတပါး၏ ခန္ဓာတို့ကိုလည်း ကြိုက်ကြသည်။ ယင်းခန္ဓာတို့ကို ဗုဒ္ဓမြတ်စွာဘုရားက အလွန်လေးလံ လှစွာသော ဝန်ထုပ်ကြီးများဟု ဟောကြားတော်မူခဲ့ပေသည်။ ထိုခန္ဓာဝန်ထုပ်ကြီးများ လေးလံပုံကိုလည်း တခဏမျှ ထမ်းဆောင်ရသည် မမဟုတ်ဘဲ အနမတဂ္ဂ သံသရာ တလျှောက်လုံး အစဉ်ထာဝရ ထမ်းဆောင်နေရပုံ, ခေတ္တခဏမျှသော်လဲ ချထား၍ မရပုံ-စသည်ဖြင့် ဖော်ပြထားသည်ကို တွေ့ကြရလိမ့်မည်။
ကံအမျိုးမျိုးကြောင့် ခန္ဓာဝန်အမျိုးမျိုး ထမ်းနေရပုံ
▬▬▬▬▬▬▬▬▬▬▬
အကုသိုလ်ကံ ပြုမိသော ပုဂ္ဂိုလ်တို့မှာ အပါယ်လေးဘုံရောက်ပြီး ငရဲခန္ဓာ ပြိတ္တာခန္ဓာ တိရစ္ဆာန်ခန္ဓာ အသူရကာယ် ခန္ဓာဝန်တို့ကို ထမ်းနေကြရပုံ၊ ကုသိုလ်ကံ ရှိသူတို့မှာလည်း လူ့ခန္ဓာ နတ်ခန္ဓာဝန် တို့ကို ထမ်းနေကြရပုံ၊ ရူပဘဝ အရူပဘဝ တို့ကို အထင်ကြီးပြီး ရူပဈာန်ကုသိုလ် အရူပဈာန် ကုသိုလ် တို့ကို ပွားစေတတ်သော ပုဂ္ဂိုလ် တို့မှာလည်း ရူပဗြဟ္မာဘဝ အရူပဗြဟ္မာဘဝကို ရောက်ပြီး ကမ္ဘာပေါင်းများစွာ ဗြဟ္မာ့ခန္ဓာဝန်ကို ထမ်းနေကြရပုံ၊ ထိုဗြဟ္မာဘဝမှ စုတေပြီးသည့်နောက် ကာလ မှာလည်းလူ့ခန္ဓာ နတ်ခန္ဓာ အပါယ်ခန္ဓာဝန်တို့ကို ထမ်းနေကြရပုံများကိုလည်း ဤတရားတော်ကြီး၌ ထင်ရှားဖော်ပြ ထားပေသည်။
ဝန်ထုပ်ကို ထမ်းနေကြရတာ ဘယ်လောက်ကြာပြီလဲ
▬▬▬▬▬▬▬▬▬
ခန္ဓာဝန်ထုပ်ကို ထမ်းနေကြရတာ ဘယ်လောက်ကြာပြီလဲ ဆိုတဲ့ မေးဘွယ်အတွက် “အနမတဂ္ဂေါယံ ဘိက္ခဝေ သံသာရော” အစရှိသော သာဓကစကားဖြင့် အစမထင်သည့် သံသရာကာလ တလျှောက်လုံး ကြာခဲ့ပြီဆိုသော အချက်ကိုလဲ ဤတရားတော်ကြီး၌ ဖော်ပြထားပါသည်။
ထို့ပြင် ဘယ်လောက်ကြာအောင် ဆက်ပြီး ထမ်းနေကြရဦးမလဲဆိုတဲ့ မေးဘွယ်အတွက်လည်း “အဝိဇ္ဇာနီဝရဏာနံ သတ္တာနံ တဏှာသံယောဇနာနံ” အစရှိသော သာဓက စကားဖြင့် အဝိဇ္ဇာနှင့် တဏှာ မကင်းသေးသမျှ ကာလပတ်လုံး ထမ်းဆောင်နေကြရမည် ဆိုသောအချက်ကို သိနားလည် စေသောအားဖြင့် ဤတရားတော်ကြီး၌ ဖြေရှင်းထားပါသည်။
၂ - ဘာရဟာရ = ဝန်ထမ်းပုဂ္ဂိုလ်
▬▬▬▬▬▬
ဝန်ထမ်းပုဂ္ဂိုလ်ဟူသည်မှာ ခန္ဓာငါးပါးကို စွဲ၍ ခေါ်ဝေါ်ပညတ်အပ်သော လောကဝေါဟာရမျှသာ ဖြစ်ကြောင်း၊ မြတ်စွာဘုရားသည် ပရမတ်ကို ဟောသင့်ရာ၌ ပရမတ်ကိုဟောကြောင်း၊ ပညတ်ဖြင့် ဟောသင့်ရာ၌ ပညတ်တင်၍ ဟောကြောင်း၊ အလှူဒါနအရာ၌ ပုဂ္ဂလိကဒါန သံဃိကဒါန နှစ်မျိုး ရှိရာတွင် အလှူခံပုဂ္ဂိုလ်၏ဂုဏ် သံဃာ၏ဂုဏ်ကို အာရုံ ပြုပြီး လှူရကြောင်း၊ ထိုသို့လှူမှ အကျိုး ကြီးကြောင်း ဝိပဿနာ အတုအယောင်ထင်ပြီး လှူခြင်းသည် ဘုရားအလိုတော်နှင့် မညီ၍ သဘာဝ မကျကြောင်း စသည်ဖြင့် ဝန်ထမ်းပုဂ္ဂိုလ်နှင့်စပ်၍ အကျိုးများဘွယ် သြဝါဒများကိုပါ ပြသထား သည်ကိုလည်း တွေ့ကြရပါလိမ့်မည်။
၃-ဘာရာဒါန = ဝန်ထုပ်ကိုခံယူခြင်း
▬▬▬▬▬▬▬▬
ခန္ဓာဝန်ထုပ်ကို ထမ်းနေကြရသည်မှာ ဘယ်သူကပေးလို့ ထမ်းနေကြရသနည်း၊ ဘယ်ပုံ ဘယ်နည်း ဖြင့် ခန္ဓာဝန်ကို ရလာသနည်း ဟူသော အချက်ကို မြတ်စွာဘုရားက -
(၁) လိုချင်နှစ်သက်ဖွယ် ကာမဂုဏ်အာရုံကို လိုချင်နှစ်သက်သော ကာမတဏှာ၊
(၂) အမြဲတမ်း တည်နေသည်ဟု ထင်သော ဘဝနှင့်စပ်၍ နှစ်သက်သော ဘဝတဏှာ၊
(၃) သေလျှင် အလိုလိုပင် ဘဝကင်းပြတ်သွားမည်ဟု ထင်၍ နှစ်သက်သော ဝိဘဝတဏှာ
ဟူသော ဤတဏှာ သုံးပါးဖြစ်လျှင် ခန္ဓာဝန်ကို လက်ခံယူခြင်းဖြစ်ကြောင်း ဟောပြထားတော်မူ၏၊ ထိုအရာတွင် ဒွါရ ၆-ပါး၌ ထင်ပေါ်လာသော အာရုံ ၆-ပါးနှင့်စပ်၍ နှစ်သက်လိုချင်မှု ဖြစ်တိုင်း ခန္ဓာဝန်ကို လက်ခံပြီး ယူနေသည်မည်ကြောင်း အကျယ်ဖွင့်ပြထားသည် ကိုလည်း ဤတရားတော် ကြီး၌ ထင်ရှားတွေ့ရပါလိမ့်မည်။
အထူးအားဖြင့် ဥစ္ဆေဒဒိဋ္ဌိနှင့်တကွ ဖြစ်သော တဏှာကို ဝိဘဝတဏှာ ခေါ်ကြောင်း အဋ္ဌကထာ၌ ဖွင့်ပြထားရာတွင် ဘယ်လိုတဏှာဟု တိတိကျကျသိရန် မလွယ်ကူဘဲ ရှိနေချေသည်။ ထို့ကြောင့် ယခုခေတ် အချို့ပုဂ္ဂိုလ်တို့က (ဘဝသမ္ပန္နော မဟာဝိဘဝေါ) ဟူ၍၎င်း၊ (အသီတိ ကောဋိ ဝိဘဝါ) ဟူ၍၎င်း ဆိုသောစကားတို့ကို အကိုးအကား ပြု၍ “ဘဝ၏ စည်းစိမ် ချမ်းသာတို့နှင့် ပြည့်စုံကြွယ်ဝ အောင်မြင်မှု ရနေသည်၌ နှစ်သက်မှုကို ဘဝတဏှာ”ဟု ခေါ်ကြောင်း ပြောဆိုကြလေသည်။
ထိုသို့ ပြောဆိုကြရာ၌လည်း ဗုဒ္ဓစာပေ ပိဋကဆိုင်ရာ ပါဠိ, အဋ္ဌကထာ အဖွင့်များကို မကိုးကားဘဲ ပါမောက္ခ ရိုက်ဒေးဗစ်၏ (The craving for success in this present life.) ဟူသော ဝိဘဝတဏှာ အဖွင့် ဘာသာပြန်ကို ကိုးကားထားကြ လေသည်။ ထိုသို့ဆိုလျှင် ဝိဘဝတဏှာသည်လည်း ကာမဂုဏ် စည်းစိမ်ချမ်းသာ၌ လိုချင်နှစ်သက်မှုပင် ဖြစ်နေသောကြောင့် ကာမတဏှာနှင့် ထပ်တူပင် ဖြစ်နေလေရာ၏။ ထိုသို့ ရိုက်ဒေးဗစ်၏ ပြန်ဆိုချက်အတိုင်း ဝိဘဝတဏှာ ပုဒ်ကို မှားယွင်းစွာ ပြန်ဆိုမိခြင်းသည် ထို ဝိဘဝတဏှာ-ပုဒ်၏ အနက် အသိခက်သောကြောင့်ပင် ဖြစ်သည်။
ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီးသည်ကား “ကတမာ ဝိဘဝဒိဋ္ဌိ၊ န ဘဝိဿတိ အတ္တာ စ လောကော စာတိ ယာ ဧဝရူပါဒိဋ္ဌိ။ပ။ အယံ ဝုစ္စတိ ဝိဘဝဒိဋ္ဌိ။ ဝိဘဝဒိဋ္ဌိ-ဟူသည် အဘယ်နည်း၊ အတ္တသည်၎င်း, လောကသည်၎င်း မရှိတော့ဘဲ ပြတ်စဲသွားမည်ဟု ဤသို့သော အကြင် အယူသည် ရှိ၏။ပ။ ဤအယူကို ဝိဘဝဒိဋ္ဌိ-ဟု ဆိုအပ်၏” ဟူသော ဓမ္မသင်္ဂဏီပါဠိတော် (၂၅၇)နှင့်လည်း ညီညွတ်သော “ဥစ္ဆေဒဒိဋ္ဌိ သဟဂတော ရာဂေါ ဝိဘဝတဏှာ” ဟူသော ဘာရသုတ်အဖွင့် အဋ္ဌကထာ မူရင်းကိုသာ မြဲမြံစွာ စွဲကိုင်ပြီးလျှင် “ဝိဘဝ-မှာ၊ ဥစ္ဆေဒါ၊ ထင်ကာ နှစ်သက်မှု”ဟု ဆောင်ပုဒ်မူချကာ သေပြီးလျှင် ဘဝအလိုလို ပြတ်သွားမည်”ဟု ယူဆပြီး ဝိဘဝတဏှာ ဖြစ်ပုံကို ပေါ်လွင်ထင်ရှားစွာ ဤတရားတော်ကြီး၌ ဖွင့်ပြထားတော် မူပါပေသည်။ ထိုဖွင့်ပြချက်များထဲမှ အောက်ပါမှာ ဖွင့်ပြချက် တခု ဖြစ်ပါသည်။
“အဲဒီလို သေပြီးယင် ဘာမှမရှိတော့ဘူး၊ လုံးဝပျောက်ကွယ်သွားတယ်လို့ ယူတဲ့ ဥစ္ဆေဒဒိဋ္ဌိနဲ့ ယှဉ်ပြီး ဖြစ်တဲ့ နှစ်သက်လိုချင်မှုကို ဝိဘဝတဏှာ ခေါ်တယ်။ ဒီတဏှာက ဘာမျှမကျင့်ရဘဲနဲ့ သေပြီးတဲ့နောက် ဘာမျှမဖြစ်ရတော့ဘဲ ပြတ်စဲသွားတာကိုလဲ ကြိုက်တယ်၊ ဘာကြောင့်လဲဆိုယင် အဲဒီအယူရှိတဲ့သူက ကောင်းမှုကို မပြုချင်ဘူး၊ မကောင်းမှုကိုလဲ မရှောင်ချင်ဘူး၊ ပြုထားတဲ့ မကောင်းမှုတွေကလဲ များစွာရှိနေတယ်၊ ဒီတော့ သေပြီးတဲ့နောက် ဘဝသစ် ဖြစ်နေဦးမယ်ဆိုယင် မကောင်းမှုတွေက မကောင်းကျိုးတွေကို ပေးနေဦးမယ်၊ အဲဒါကို သူက မလိုလားဘူး၊ သေပြီးတဲ့ နောက် ဘာမျှမဖြစ်ပါမှ သူ့မှာ သင်ပုန်းချေသလိုဖြစ်ပြီး အပြစ်ကင်းသွားမယ်၊ ဒါကြောင့် ဒီ တဏှာက သေပြီးယင် ပြတ်စဲသွားတာကို နှစ်သက် သဘောကျတာပါဘဲ၊ နောက်ပြီးတော့ မသေခင်ဘဲ ခံစားရမယ်လို့ ယူဆထားတဲ့အတွက် မသေခင်အတွင်း ရရသမျှကို ခံစား ဘို့ရာလဲ ပြင်းပြင်းပြပြ နှစ်သက် မက်မောနေတယ်၊ အဲဒီလို နောက်ဘဝမရှိဘူးဆိုတဲ့ အယူဖြင့် ယခု လောလောဆယ် ခံစားဘို့ နှစ်သက်လိုချင်တိုင်း, မိမိ၏ လက်ရှိကိုယ်ကို ချမ်းသာစေလိုတိုင်း ဘဝသစ်ခန္ဓာဝန်ကို ခံယူနေသည် မည်ပါတယ်” (နှာ-၁၄၆)။
နောက်ပြီးတော့ ဝန်လေးပုံပြသည့် အခန်း (နှာ-၄၉)မှာလဲ တဏှာဖြင့် ခန္ဓာဝန်ယူပုံကို အောက်ပါ အတိုင်း ထည့်သွင်း ပြီး ဖေါ်ပြထားပါသေးတယ်။
“ယခုခေတ်မှာ ကျေးဇူးမသိတတ်တဲ့ သူတွေရဲ့ အတွေးအခေါ်တွေကို လေ့လာပြီး ကျေးဇူး မသိတတ်တဲ့ ဓာတ် သဘောချင်းတူတဲ့ သူတွေက မိဘတွေကို ကျေးဇူးမတင်ချင်ကြဘူး၊ ကျေးဇူး မတင်ရုံတောင် မကသေးဘူး၊ မိဘတွေ ကမြင်းလို့ လူဖြစ်လာပြီး ဒုက္ခရောက်နေရတယ်လို့တောင် အပြစ်ပြောတတ်ကြသေးတယ်။ အဲဒါကတော့ တော်တော်ကြောက်စရာ ကောင်းတဲ့ အမြင်မှားကြီး ပါဘဲ။ အမှန်ကတော့ ဒီခန္ဓာဝန်ကို ရလာရာမှာ အကြောင်းရင်းက မိဘမဟုတ်ဘူး၊ ကိလေသာနဲ့ ကံက အကြောင်းရင်းဘဲ၊ မိဘကတော့ အထောက်အပံ့ အကြောင်းလောက်သာ ဖြစ်ပါတယ်။ အကယ်၍ လူသားဖြစ်တဲ့ မိဘတွေ မရှိဘူးဆိုယင် ကိလေသာနဲ့ကံ မကင်းတဲ့သူတွေမှာ အပါယ် ၄-ပါးမှာ ဖြစ်ဖို့က များနေပါတယ်”။
အထက်ပါ မိန့်ဆိုချက်ဟာ သင့်လျော် မှန်ကန်လှပေသည်။ သင့်လျော် မှန်ကန်ကြောင်းကို အနည်းငယ် ထုတ်ပြရလျှင် ဗုဒ္ဓမြတ်စွာဘုရားက သန္ဓေတည်နိုင်ခြင်း၏ အကြောင်းများကို အောက်ပါအတိုင်း ပြထားပါသည်။
(၁) မာတာပိတရော စ သန္နိပတိတာ - မိဘနှစ်ပါးတို့ ပေါင်းဆုံခြင်း၊
(၂) မာတာ စ ဥတုနီ - အမိမှာ သွေးဥကြဆင်းပြီး ရှိခြင်း၊
(၃) ဂန္ဓဗ္ဗော စ ပစ္စုပဋ္ဌိတော - တဏှာ အစရှိသော ကိလေသာနှင့် ကုသိုလ်ကံရှိ၍ လူ့ဘဝသို့ ရောက်ထိုက်သူ အသင့်ရှိခြင်း။
အထက်ပါ အကြောင်း ၃-ပါးတို့တွင် အမှတ် (၁) အကြောင်းမျှဖြင့် သန္ဓေမတည်နိုင်၊ အကယ်၍ တည်နိုင်မည် ဆိုပါက မိဘ တစုံတစုံမှာ သားသမီးပေါင်း ရာထောင်မက များလေရာ၏။
ထို့ပြင် အမှတ် (၁-နှင့် ၂) အကြောင်းနှစ်ပါးမျှဖြင့်လည်း သန္ဓေမတည်နိုင်၊ အကယ်၍ တည်နိုင်မည် ဆိုပါက တလ တကြိမ် သားဥကျဆင်းသည်ဟု ဆေးကျမ်းတို့၌ ဆိုသောကြောင့် မိခင်တဦးမှာ တနှစ်လျှင် ခလေးတယောက်ကျ မက ရလေရာ၏။ ထို့ကြောင့် အထက်ပါ အကြောင်းသုံးပါးလုံး ညီညွတ်မှ သန္ဓေတည်နိုင်ကြောင်း မဟာတဏှာသင်္ခယသုတ် (မ ၁-၃၃၂)မှာ ဗုဒ္ဓမြတ်စွာဘုရားက အထင်အရှား ဟောထားပေသည်။ ထိုအချက်, မှန်ကန်ကြောင်းကိုလည်း ချမ်းသာကြွယ်ဝ သူတို့မှာ သားသမီး လိုချင်ပါလျက် သားသမီးမရခြင်း, သားသမီး နည်းပါးခြင်းက ထောက်ခံလျက်ရှိပေ၏။
သို့ဖြစ်၍ ထိုအကြောင်းသုံးပါးထဲမှ လူ့ဘဝသို့ ရောက်ထိုက်သော ဂန္ဓဗ္ဗခေါ် သူငယ်လောင်းသည် လိုရင်း ဖြစ်နေကြောင်း၊ ထိုသူငယ်လောင်းမှာလည်း တဏှာ အစရှိသော ကိလေသာနှင့် လူဖြစ်ဖို့ ကံရှိဘို့လိုကြောင်း ထင်ရှားလှပါပေသည်။ အကယ်၍ လူတွေအကုန်လုံးက အဗြဟ္မစရိယမှ ကြဉ်ရှောင် နေကြမည်ဆိုလျှင် လူဖြစ်ဖို့ ကံရှိနေသော သူတို့သည်လည်း လူ့ဘဝကို ရောက်ရ တော့မည် မဟုတ်၊ ကိလေသာနှင့် အကုသိုလ်ကံ အားလျော်စွာ အပါယ်ဘုံမှာ ဖြစ်ဖို့သာ များလေတော့မည်။ ထို့ကြောင့် ဆရာတော်ဘုရားကြီးက ဤ၌ ထုတ်ပြခဲ့သော အဆိုပါ စကားကို မိန့်တော်မူပေသည်။
၄-ဘာရနိက္ခေပန = ဝန်ထုပ်ကို ပစ်ချခြင်း
▬▬▬▬▬▬▬▬▬
ခန္ဓာဝန်ထုပ်ကြီးကို ပစ်ချခြင်းဟူသည်မှာ ဘဝသစ်ခန္ဓာ ဖြစ်စေတတ်သော တဏှာကို ပယ်စွန့် ခြင်းပင် ဖြစ်ကြောင်း ဗုဒ္ဓမြတ်စွာဘုရားက အထင်အရှား ဟောကြားတော်မူခဲ့ပေသည်။ ထို အရာ၌လည်း ကျေးဇူးရှင် မဟာစည် ဆရာတော် ဘုရားကြီးက အလွန်အမြတ်ဆုံးကို ယူရသည့် ဥက္ကဋ္ဌ နည်းအားဖြင့် တဏှာကို အရဟတ္တမဂ်ဖြင့် ပယ်ခြင်း ဖြစ်ကြောင်း၊ လျှော့၍ ရသင့်သမျှကို ယူရသည့် သြမက နည်းအားဖြင့် အောက်မဂ်သုံးပါးဖြင့် ပယ်ခြင်းနှင့် ဝိပဿနာဖြင့် ပယ်ခြင်းများ လည်း ဝန်ထုပ်ကိုချခြင်း ဖြစ်ကြောင်းများကို ပြပြီးလျှင် ပါဠိအဋ္ဌကထာ ဋီကာတို့၌ လာသော ပဋီပဒါနည်း စံနစ်များကို ယောဂီတို့၏ ကိုယ်တွေ့ ဉာဏ်မြင်များနှင့် နှီးနှော၍ အကျယ်ရှင်းလင်း ဖော်ပြသွားတော် မူပေသည်။
အချုပ်အားဖြင့် ဤ ဘာရသုတ္တန် တရားတော်ကြီး၌ ဟောပြထားပုံများကို အသီးအသီး ထုတ်၍ ချီးမွမ်းဖော်ပြ နေမည်ဆိုလျှင် ဤတရားတော်ကြီးထက် အဆပေါင်းများစွာ ကျယ်ပြန့်လာဘွယ် ရှိပါသည်။ သို့ဖြစ်၍ ဤတရားတော်ကြီးကို မိမိတို့ကိုယ်တိုင်ပင် စေ့စေ့စပ်စပ် ဖတ်ရှုပြီးလျှင် လေးလေးနက်နက် ဉာဏ်သက်၍ သုံးသပ် ဆင်ခြင်ကြစေလိုပါသည်။
ထိုသို့ ဖတ်ရှု ဆင်ခြင်ပြီးလျှင် မိမိတို့၏ ခန္ဓာဝန်ထုပ်ကြီးကို ငြီးငွေ့ ရွံမုန်းကာ ယင်း ခန္ဓာ ဝန်ထုပ်ကြီးကို ပစ်ချနိုင်အောင် ဝိပဿနာ ဘာဝနာအလုပ်ကို တကယ်တမ်း အားထုတ်ကြ၍ ခန္ဓာ ဝန်ထုပ်ကြီးကို အပြီးတိုင် ပစ်ချ စွန့်ပယ်ရာ ဖြစ်သော နိဗ္ဗာန်စခန်းသို့ လျင်မြန်စွာ တက်လှမ်း ဆိုက်ရောက်ကြပါစေကုန်သတည်း။
အရှင်အာစိက္ခဏ
နာယက ကမ္မဋ္ဌာနစရိယဆရာတော်
သာသနဓဇသိရီပဝရဓမ္မာစရိယ
သဒ္ဓမ္မသီတဂူသာသနာ့ရိပ်သာ
ပုသိမ်မြို့။
သာသနာတော်နှစ် ၂၅၁၂-ခု
မြန်မာသက္ကရာဇ် ၁၃၃၀-ခု၊
နတ်တော်လဆန်း (၈)ရက်။
ဘာရသုတ္တန် တရားတော်ကြီး
၁၃၂၈-ခု တန်ဆောင်မုန်း လပြည့်နေ့ ဟောသည်
နမော ဗုဒ္ဓဿ သုနိက္ခိတ္တသဗ္ဗဘာရဿ
ပဌမပိုင်း တရားပလ္လင်ခံ
▬▬▬▬▬▬▬▬▬
ဒီကနေ့ နိကာယ်ငါးရပ် ရှိတဲ့အနက်က သံယုတ္တနိကာယ်မှ သံယုတ်ငါးကျမ်းရှိတဲ့ အနက်ကလဲ ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော်မှ ဘာရသုတ္တန်ကို ဟောရမယ်၊ ဘာရသုတ္တန်ဆိုတာ တိုတိုကျဉ်းကျဉ်း ကလေးနဲ့ လိုရင်း အဓိပ္ပါယ်တွေ ပြည့်စုံတယ်၊ ဒီသုတ်ကို ရှေးကလဲ ဟောဘူးပါတယ်၊ ဒါပေမဲ့ နှစ်ပေါင်းက ကြာသွားတော့ မှတ်မိတဲ့သူ ရှိချင်မှ ရှိတော့မယ်၊ မကြားဘူး သေးတဲ့ သူတွေမှာ အသစ်ပေါ့၊ ကြားဘူးတဲ့ သူတွေမှာတော့ ထပ်ပြီးကြားနာရတဲ့ အတွက် ပိုပြီးရှင်းလင်း သွားပါလိမ့်မယ်။
သုတ်၏နိဒါန်း
▬▬▬▬▬
အဲဒီသုတ်မှာ နိဒါန်းကို ဒီလိုပြထားပါတယ်။
ဧဝံ မေ သုတံ၊ ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ - စသည်ဖြင့် ပြထားပါတယ်။
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးတဲ့နောက် ၄-လ မြောက်ရောက်တဲ့အခါ အရှင်မဟာကဿပ မထေရ် အမှူးရှိသော သံဃာတော် ငါးရာက ရာဇဂြိုဟ်မြို့ အနီး ဝေဘာရတောင်ဝှမ်းမှာ မြတ်စွာဘုရား ဟောတော်မူခဲ့တဲ့ တရားတော်တွေကိုစုပေါင်းပြီး သံဂါယနာ တင်တော်မူကြတယ်၊ အဲဒီ ပဌမစပြီး သံဂါယနာ တင်တော်မူကြစဉ် အခါတုန်းက နောင်လာ နောက်သားတွေ မှတ်ရအောင်လို့ အရှင်မဟာကဿပ မထေရ်ကြီးက ဒီဘာရသုတ်ကို ဘယ်အရပ်မှာ ဟောတော် မူခဲ့ပါသလဲ၊ ဘယ်ပုဂ္ဂိုလ် တို့အား ဟောတော်မူခဲ့ပါသလဲ စသည်ဖြင့် မေးမြန်းတော်မူခဲ့ပါတယ်။
အဲဒီမေးခွန်းများအရ အရှင်အာနန္ဒာ မထေရ်မြတ်က မေ၊ အကျွန်ုပ်သည်။ ဧဝံ သုတံ၊ ဤသို့ ကြားနာ မှတ်သားရဘူးပါသည်-စသည်ဖြင့် ဖြေကြားတော်မူပါတယ်။ ဘယ်လို ကြားနာ မှတ်သားခဲ့ရပါသလဲ လို့ ဆိုတော့-
ဧကံ သမယံ၊ အခါတပါး၌။
ဘဂဝါ၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည်။
သာဝတ္ထီယံ၊ သာဝတ္ထိပြည်၌။
သာဝတ္ထိဆိုတာ ပသေနဒီ ဘုရင်မင်းမြတ်၏ နေရာမြို့တော်ပါဘဲ၊ တိုင်းပြည်တော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ နေပြည်တော် ဖြစ်တဲ့အတွက် ရှေးဆရာများက သာဝတ္ထိပြည်လို့ ပြန်ဆိုကြတာပါဘဲ။ အမှန် ကတော့ ကာသိတိုင်း ကောသလတိုင်း ၂-ပြည်ထောင်ရဲ့ မြို့တော်ပါဘဲ။ ဒါကြောင့် ..
သာဝတ္ထိယံ၊ သာဝတ္ထိမြို့၌။
အနာထပိဏ္ဍိကဿ အာရာမေ၊ အနာထပိဏ်သူဌေး၏ ကောင်းမှု အာရာမ် ဖြစ်သော။
ဇေတဝနေ၊ ဇေတဝန်မည်သော ကျောင်းတိုက်၌။
ဝိဟရတိ၊ သီတင်းသုံးနေတော်မူ၏။
မြတ်စွာဘုရားက တရံတခါ ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်မှာ သီတင်းသုံးနေတော်မူပါတယ်။ တရံတခါ အဲဒီ ရာဇဂြိုဟ်မြို့ မှာဘဲ ဂိဇ္ဈကုဋ်တောင်မှာ သီတင်းသုံးနေတော်မူပါတယ်၊ တရံတခါ ဝေသာလီမြို့ အထွတ်တပ်တဲ့ ပြသာဒ် ကျောင်းတော်မှာ သီတင်းသုံးနေတော်မူပါတယ်၊ တရံတခါ ကောသမ္ဗီမြို့မှာ၊ တရံတခါ အာဠဝီမြို့မှာ၊ တရံတခါ ကပိလဝတ်မြို့မှာ စသည်ဖြင့် ကျွတ်ထိုက်တဲ့ ဝေနေယျ ပုဂ္ဂိုလ်တွေရှိရာ ထိုထိုမြို့ရွာ အရပ်ဒေသတွေမှာ သီတင်းသုံးနေတော်မူပါတယ်၊ အဲဒီလို သီတင်းသုံးတော်မူရာ ဌာနတွေထဲက ယခု ဒီဘာရသုတ်ကို ဟောတဲ့ အခါမှာတော့ သာဝတ္ထိမြို့အနီး ဇေတဝန်ခေါ်တဲ့ ကျောင်းတိုက်တော်မှာ သီတင်းသုံး နေတော်မူပါတယ်၊ အဲဒီ ကျောင်းတိုက်ကလဲ အနာထပိဏ် သူဌေးကြီးက လှူဒါန်းထားတဲ့ ကျောင်းတိုက်ကြီး ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီ အခါတုန်းက မြတ်စွာဘုရားဟာ အနာထပိဏ်သူဌေးကြီး၏ ကောင်းမှုဖြစ်တဲ့ ဇေတဝန်ကျောင်းတိုက် မှာ နေဆဲဖြစ်တဲ့အကြောင်း ဖော်ပြပါတယ်။
တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ ဘိက္ခဝေါတိ။
တတြ၊ ထိုသို့ သာဝတ္ထိမြို့ အနာထပိဏ်သူဋ္ဌေး၏ ကောင်းမှုဖြစ်သော ဇေတဝန်ကျောင်းတော်ဝယ် သီတင်းသုံး နေတော်မူစဉ် အခါကာလ၌။
ဘဂဝါ၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည်။
ဘိက္ခူ၊ တရားသဘင်၌ စည်းဝေးလျက်ရှိသော ရဟန်းတော်တို့ကို။
ဘိက္ခဝေါတိ၊ ရဟန်းတို့ဟူ၍။
အာမန္တေသိ၊ အာရုံပြုရေး သတိပေး မိန့်ခေါ်တော်မူလေပြီ။
ဗုဒ္ဓကိစ္စ ငါးပါး
▬▬▬▬▬
မြတ်စွာဘုရားမှာ နေ့စဉ် ပြုလုပ်ဆောင်ရွက်တော်မူမြဲဖြစ်တဲ့ ဗုဒ္ဓကိစ္စ ငါးပါးဆိုတာ ရှိတယ်၊ အဲဒါတွေက ဘယ်လို ဟာတွေလဲဆိုယင်
(၁) နံနက်ပိုင်း ဆွမ်းကိစ္စ ပြီးသည့်တိုင်အောင် ပြုရတဲ့ ပုရေဘတ္တကိစ္စက တပါး၊
(၂) ဆွမ်းကိစ္စပြီးသည့်နောက် နေ့ခင်းပိုင်းမှာ ပြုရတဲ့ ပစ္ဆာဘတ္တကိစ္စက တပါး၊
(၃) ညနေချမ်းနှင့် ညဉ့်ဦးယာမ်မှာ ပြုရတဲ့ ပုရိမယာမကိစ္စတပါး၊
(၄) ညဉ့်အလယ်ပိုင်းမှာ ပြုရတဲ့ မဇ္ဈိမယာမကိစ္စက တပါး၊
(၅) ညဉ့်၏ နောက်ဆုံးပိုင်း မိုးသောက်ယာမ်မှာ ပြုရတဲ့ ပစ္ဆိမယာမကိစ္စက တပါး၊
ဒီငါးပါးပါဘဲ။
(၁) ပုရေဘတ္တကိစ္စ
▬▬▬▬▬▬▬
ဒီငါးပါးထဲမှာ (၁) ပုရေဘတ္တကိစ္စဆိုတာ နံနက်ပိုင်း ဆွမ်းကိစ္စ ပြီးသည်တိုင်အောင် နေ့စဉ် ဆောင်ရွက်တော်မူရတဲ့ ကိစ္စပါဘဲ၊ ဆောင်ရွက်တော်မူပုံကတော့ မြတ်စွာဘုရားဟာ နံနက်စောစော ပိုင်းမှာ အလုပ်အကျွေး ပုဂ္ဂိုလ်က ဆက်ကပ်တဲ့ မျက်နှာသစ်ရေ ဒန်ပူတို့ကို ခံယူပြီး မျက်နှာ သစ်တော်မူတယ်၊ အဲဒီကနောက် ဆွမ်းခံချိန်တိုင်အောင် ဆိတ်ငြိမ်ရာ အရပ်မှာ သီတင်းသုံး နေတော်မူတယ်၊ ဆွမ်းခံချိန်ကျတော့ သင်္ကန်းများကို သပ္ပါယ်စွာ ပြုပြင်ဝတ်ရုံပြီးတော့ တရံတခါ တပါးတည်း တရံတခါ သံဃာတော်အများနှင့်တကွ မြို့ရွာနိဂုံးများသို့ ဆွမ်းခံကြွတော်မူတယ်၊ တရံတခါ တန်ခိုးမပြဘဲ ရိုးရိုးကြွတော်မူ တယ်၊ တရံတခါမှာတော့ တန်ခိုးပြာဋိဟာထွေ ပြပြီး ကြွတော်မူတယ်။
ဘယ်လို တန်ခိုးပြာဋိဟာတွေလဲဆိုယင် မြတ်စွာဘုရား ကြွတော်မူမည့်လမ်းကို နူးညံ့သိမ်မွေ့တဲ့ လေတွေက တိုက်ခတ်ပြီး သုတ်သင် ရှင်းလင်းတယ်၊ မိုးတိမ်တွေက မိုးရေပေါက်များ ရွာချပြီး ဆွတ်ဖျန်းပေးတယ်၊ အဲဒီလို မိုးရေဆွတ် ဖျန်းပြီး မြူမှုန်တွေကို ငြိမ်သက်စေသည့်ပြင် မြတ်စွာဘုရား ၏ အထက်မှ ပြတာန်မျက်နှာကြက်သဖွယ် ဖြစ်ပြီးတော့လဲ လိုက်ပါနေတယ်၊ အခြားလေတွေက ပန်းတွေကို တိုက်ခတ်ဆောင် ယူလာပြီးတော့ လမ်းတလျှောက်မှာ ဖြန့်ကြဲပြီး ခင်းကြတယ်၊ မြေပြင်မှာ မြင့်မောက်တဲ့ နေရာတွေက နိမ့်ပြီး၊ ချိုင့်တဲ့ နေရာတွေကလဲ မြင့်တက်လာပြီး ညီညွတ် နေတယ်၊ ဆူးငြောင့်ခလုတ် ကျင်းချိုင့်တွေမရှိဘဲ လမ်းဟာ တပြင်တည်းချောပြီး ညီညာနေတယ်၊ ညီညာရုံတွင်တောင် မဟုတ်သေးဘူး၊ ခြေတော် နင်းချလိုက်တဲ့အခါ နူးညံ့ ချောညက်တဲ့ ကြာပန်း စသည်က ခံလျက်ခံလျက် ဖြစ်နေတယ်။
ရွာတံခါး မြို့တံခါးဝင်ပေါက်က ဝင်မိသည်နှင့် တပြိုင်နက် ညိုသောရောင်ခြည်တော် ဝါရွှေသော ရောင်ခြည်တော် နီမြန်းသော ရောင်ခြည်တော် ဖြူသော ရောင်ခြည်တော် အနီနုပန်းရောင် ရှိတဲ့ မောင်းသော ရောင်ခြည်တော် ပြိုးပြိုးပြတ်ပြတ် တလက်လက် တောက်ပသော ရောင်ခြည်တော် ဆိုတဲ့ ဒီရောင်ခြည်တော် ၆-သွယ်က ကိုယ်တော်မှ ထွက်ပေါ်လာကြပြီး ထိုထို အရပ်သို့ ပြေးသွား ကြတယ်၊ ယခုကာလ မီးရောင်အမျိုးမျိုးနဲ့ ဆလိုက်ထိုးတာလို နေမှာပေါ့။
ဆင် မြင်း ငှက် စသည်တို့ကလဲ သူတို့နေရာမှ နေရင်း သာယာတဲ့ အသံနဲ့ မြည်နေကြတယ်၊ စောင်း တယော ဗုံ အစရှိတဲ့ တူရိယာတွေကလဲ မတီးမမှုတ်ရဘဲ သူ့အလိုလို မြည်နေကြတယ်။
ဒီလို တန်ခိုးပြာဋိဟာကို ပြရတာကလဲ တခြားအကြောင်းကြောင့် မဟုတ်ပါဘူး၊ ဒီလို တန်ခိုး ပြဋိဟာကို တွေ့ရမှ မြတ်စွာဘုရားအပေါ်မှာ ကြည်ညိုမှု သဒ္ဓါတရား ဖြစ်ပြီး ကျွတ်တမ်း ဝင်နိုင်မည့် ပုဂ္ဂိုလ်တွေအား အကျွတ်တရား ရစေလိုတဲ့ အတွက်ကြောင့်ဘဲ ဖြစ်ပါတယ်။ သတ္တဝါတွေက အမျိုးမျိုး ရှိနေကြတယ်၊ တချို့က ရိုးရိုးတရား ဟောတာလောက်ပဲ ကြိုက်တယ်၊ တချို့ကတော့ ထူးထူးဆန်းဆန်း တန်ခိုးပြတာကို ကြိုက်တယ်၊
တခါက အထူးအဆန်း ကြိုက်တဲ့ ဒကာမကြီး တယောက်ကို တွေ့ဘူးတယ်၊ သူက ဘုရား ပင့်တဲ့ အခါ ရွှေသင်္ကန်းကိုရုံပြီး စိန်စီတဲ့ မြသပိတ်နဲ့ ရတနာမျိုးစုံ ခြယ်စီထားတဲ့ တောင်ဝှေးကို စွဲကိုင်ပြီး သူ့ခေါင်းပေါ် ကြွရောက်စံနေတော်မူပါ - စသည်ဖြင့် ဖွဲ့ဖွဲ့နွဲ့နွဲ့ပင့်ပြီး ကြည်ညိုလေ့ရှိပါတယ်၊ သဒ္ဓါတရား အားကြီးပြီး ပင့်တာပါဘဲ။ ဒါပေမဲ့ သူ့အစ်ကိုက ကြားတော့ “ဟဲ့ နင်ဘုရားပင့်တာက ကိရိယာကျယ်လှပါကလား၊ နင့်ခေါင်းပေါ် ကြွဘို့ရာ မြတ်စွာဘုရားမှာ အများကြီး ဖန်ဆင်းရ ပြုပြင် ရဦးမယ်၊ ငါသာ ဘုရားဆိုယင်တော့ ဒီလိုပင့်တဲ့နေရာ ကြွမှာမဟုတ်ဘူး”လို့ ပြောသတဲ့။
အနောက်နိုင်ငံက အမျိုးသမီးကြီး တယောက်ကတော့ မြန်မာပြည်က စေတီတော် ဆင်တုတော် တွေမှာ ရွှေတွေ ကျောက်တွေနဲ့ စက္ကူပန်း ပလပ်စတိတ်ပန်းတွေနဲ့ ဒီလိုပူဇော်ထားတာကိုတောင် အပိုတွေဘဲ၊ သက်တော်ထင်ရှား ဘုရားသာ ဆိုယင် သူ့အနားမှာ ဒီလိုဟာတွေ လာထားယင် လက်ခံမှာ မဟုတ်ဘူး စသည်ဖြင့် သူက ဝေဖန်ပြောဆိုပါတယ်။ စိတ်ဓာတ်ခြင်း မတူဘဲ ကွဲနေကြ တာတွေပါဘဲ။ အဲဒီလို စိတ်ဓာတ် ကွဲနေကြရာမှာ အထူးအဆန်းတွေ့ရမှ ကြည်ညိုနိုင်မည့် ပုဂ္ဂိုလ် တွေအတွက် တရံတခါ တန်ခိုးပြာဋိဟာတွေနဲ့ ဆွမ်းခံကြွတော်မူပါတယ်။ ဒါပေမဲ့ အဲဒီလို တန်ခိုး ပြာဋိဟာတွေနဲ့ ဆွမ်းခံကြွတာကတော့ အလွန်နည်းဟန် လက္ခဏာ ရှိပါတယ်။
အဲဒီလို တန်ခိုးပြာဋိဟာတွေနဲ့ ကြွလာတော်မူတဲ့အခါ အဲဒီလမ်း အဲဒီရပ်ကွက်က လူတွေက အဲဒီ တန်ခိုးပြာဋိဟာတွေကို တွေ့ရတာနဲ့ “ဒီကနေ့ မြတ်စွာဘုရား ငါတို့လမ်း ငါတို့ရပ်ကွက်ကို ဆွမ်းခံကြွ လာတော်မူတယ်”လို့ သိကြတယ်၊ အဲဒီလို သိပြီးတော့ အဝတ်အစားများကို ကောင်းကောင်းမွန်မွန် သပ်သပ်ရပ်ရပ် ဝတ်ရုံပြီး ပန်းနံ့သာများနှင့်တကွ လမ်းထွက်ပြီး မြတ်စွာဘုရားကို ပူဇော်ကြ ရှိခိုးကြတယ်၊ မိမိတို့တတ်နိုင်သမျှ သံဃာတော် ၁၀-ပါး နှစ်ဆယ် ငါးဆယ် တရာ စသည်ဖြင့် ပင့်ပြီး ဆွမ်းလှူကြတယ်။
ဆွမ်းဘုဉ်းပေးပြီးတဲ့အခါ မြတ်စွာဘုရားက တရားနာမည့် ပုဂ္ဂိုလ်တို့၏ အလိုအကြိုက်ကိုကြည့်ပြီး သင့်လျော်တဲ့ တရားကို ဟောတော်မူတယ်၊ အဲဒီတရားကို ကြားနာကြပြီး တချို့က သရဏဂုံ တည်ကြတယ်၊ တချို့က ငါးပါးသီလ၌ တည်ကြတယ်၊ တချို့က သောတာပန် သကဒါဂါမ် အနာဂါမ် ဖြစ်ကြတယ်၊ တချို့က ရဟန်းပြုပြီး ရဟန္တာ ဖြစ်ကြတယ်။
အဲဒီလို အနုမောဒနာတရား ဟောပြီးတဲ့အခါ ကျောင်းတော်သို့ ပြန်ကြွတော်မူတယ်၊ ကျောင်းတော် ရောက်တော့ စည်းဝေးဆောင်ထဲက ဘုရားနေရာ ပလ္လင်မှာ ဆွမ်းကိစ္စ မပြီးသေးတဲ့ ရဟန်းတွေ ပြန်မရောက်လာသေးတဲ့ ရဟန်းတွေကို စောင့်ယင်း ခေတ္တ သီတင်းသုံးနေတော်မူပါတယ်၊ အကုန်လုံး ဆွမ်းကိစ္စ ပြီးစီးကြတဲ့ အကြောင်းကို အလုပ်အကျွေး ရဟန်းတော်က လျှောက်ထားတဲ့အခါမှာ မြတ်စွာဘုရားက ဂန္ဓကုဋီကျောင်းတော်သို့ ဝင်တော်မူပါတယ်၊ ဒါဟာ နံနက်ပိုင်း ပုရေဘတ္တကိစ္စကို ဆောင်ရွက်တော်မူပုံပါဘဲ။
(၂) ပစ္ဆာဘတ္တကိစ္စ
(၂) ပစ္ဆာဘတ္တကိစ္စကို ဆောင်ရွက်ပုံကတော့ ခုနကပြောခဲ့တဲ့အတိုင်း ဂန္ဓာကုဋီကျောင်းတော်ကို ဝင်တဲ့အခါ ခြေတော်များကို ဆေးပြီး ရပ်တော်မူလျက် ရဟန်းတော်တို့အား ဒီလို သြဝါဒစကားကို မိန့်ကြားတော်မူပါတယ်။
ဘိက္ခဝေ၊ ရဟန်းတို့။
အပ္ပမာဒေန၊ မမေ့မလျော့သော သတိတရားဖြင့်။
သမ္ပာဒေထ၊ သီလ သမာဓိ ပညာကိစ္စကို ပြီးစေကြကုန်လော့၊ ပြီးစီး ပြည့်စုံအောင် အားထုတ်ကြ ကုန်လော့၊
လောကသ္မိံ၊ လောက၌။
ဗုဒ္ဓပ္ပါဒေါ၊ မြတ်စွာဘုရားတို့၏ ပွင့်ထွန်းရာကာလကို။
ဒုလ္လဘော၊ ရခဲ၏။
(မြတ်စွာဘုရား ပွင့်တော်မူပြီးတော့ ဘုရားအဆုံးအမ သာသနာတော် တည်ရှိနေတဲ့ အခါကာလကို ရခဲတယ် ကြုံခဲတယ်၊ ဒါကြောင့် ရခဲတဲ့ အခွင့်ကောင်းကြီးကို ရနေတဲ့အခါမှာ မမေ့ကြနဲ့ ကြိုးစား အားထုတ်ကြလို့ ဆိုလိုပါတယ်။)
မနုဿတ္တပဋိလာဘော၊ လူ့အဖြစ် လူ့ဘဝကို ရခြင်းကို။
ဒုလ္လဘော၊ ရခဲ၏။
သမ္ပတ္တိ၊ ပြည့်စုံခြင်းကို။
ဒုလ္လဘာ၊ ရခဲ၏။
(ပြည့်စုံခြင်းဆိုတာ မဂ်ဖိုလ်တရားထူးကို ရရေးအတွက် သင့်လျော်သော အရပ်၌ နေရခြင်း၊ မျက်စိ နားစသော ရုပ်ရေအင်္ဂါ ဣန္ဒြေတို့နှင့် ပြည့်စုံခြင်း၊ ဘုရားစစ် တရားစစ် သံဃာစစ်ဆိုတဲ့ ရတနာသုံးပါးကို ကြည်ညိုတဲ့ သဒ္ဓါတရားနှင့် ပြည့်စုံခြင်း၊ ခေတ်ကာလ ကောင်းခြင်း၊ စားဖွယ် သုံးဖွယ်တို့နှင့် ပြည့်စုံခြင်း၊ ကျန်းမာခြင်း၊ တရားအားထုတ် နိုင်လောက်အောင် သန်စွမ်းခြင်း ဆိုတာတွေပါဘဲ။ အဲဒီရခဲတဲ့ ပြည့်စုံခြင်းတွေကို ရနေတဲ့အခါ ကြိုးစားအားထုတ် ကြရမယ်လို့ ဆိုလိုပါတယ်။)
ပဗ္ဗဇ္ဇာ၊ ရှင်ရဟန်းအဖြစ်ကို။
ဒုလ္လဘာ၊ ရခဲ၏။
သဒ္ဓမ္မသဝနံ၊ မဂ်ဖိုလ်နိဗ္ဗာန် ရောက်ကြောင်း သူတော်ကောင်းတရား ကြားနာရခြင်းကို။
ဒုလ္လဘံ၊ ရခဲ၏။
(အဲဒီ ရခဲတာတွေ ရနေတဲ့ ယခုအခါမှာ မေ့မနေကြနဲ့ အရဟတ္တ မဂ်ဖိုလ် ရောက်သည်တိုင်အောင် ကြိုးစား အားထုတ်ကြ-လို့ ဆိုလိုပါတယ်။)
အဲဒီလို ဒုလ္လဘငါးပါးနဲ့ သြဝါဒ ပေးပြီးတဲ့အခါမှာ တချို့ရဟန်းတော်တွေက မြတ်စွာဘုရားထံမှာ ကမ္မဋ္ဌာန်း တောင်းကြတယ်၊ မြတ်စွာဘုရားက သူတို့၏ စရိုက်ကို ကြည့်ပြီး သင့်လျော်တဲ့ ကမ္မဋ္ဌာန်း ကို ပေးတော်မူတယ်။ အဲဒီလို ကမ္မဋ္ဌာန်း ပေးပြီးတဲ့အခါ အားလုံးသော ရဟန်းတော်တွေဟာ တောအရပ် သစ်ပင်အောက် အစရှိတဲ့ သင့်လျော်ရာဌာနကို သွားပြီး နှလုံးသွင်း အားထုတ် နေကြပါတယ်။
မြတ်စွာဘုရားလဲ ဂန္ဓကုဋီကျောင်းတော်ကို ဝင်ပြီးတော့ အလိုရှိခဲ့ပါလျှင် လကျာ်နံတောင်းဖြင့် ခေတ္တခဏ လဲလျောင်းပြီး အနားယူတော်မူပါတယ်၊ ကိုယ်၏ ညောင်းညာပင်ပန်းမှု သက်သာရာ ရတဲ့အခါ လဲလျောင်းရာမှ ထတော်မူပြီး ဒုတိယပိုင်း အချိန်မှာ လောကကို ဖြန့်ပြီး ကြည့်ရှုတော် မူပါတယ်။ သတ္တဝါတို့၏ သဒ္ဓါအစရှိသော ဣန္ဒြေအနုအရင့်ကို သိနိုင်တဲ့ ဣန္ဒြိယ ပရောပရိယတ္တ ဉာဏ်တော်ရယ်၊ သတ္တဝါတို့၏ အလိုအကြိုက် စရိုက် စိတ်နေသဘောထားတို့ကို သိနိုင်တဲ့ အာသယာနုသယဉာဏ်တော်ရယ်-ဒီဉာဏ်တော်ကြီး ၂-ပါးကို ဗုဒ္ဓစက္ခု-ဘုရားမျက်စိလို့ ခေါ်ပါတယ်၊ အဲဒီ ဗုဒ္ဓစက္ခုဖြင့် ကျွတ်သင့် ကျွတ်ထိုက်တဲ့ ဝေနေယျ သတ္တဝါတွေကို ကြည့့်ရှုတော်မူတာပါဘဲ၊ ကျွတ်ထိုက်တဲ့သူဟာ မိမိအထံသို့ ရောက်လာမည်ဆိုလျှင် အသင့်စောင့်နေတော်မူပါတယ်၊ အဝေးမှာ နေလျှင်လဲ ကိုယ်တော်တိုင် တန်ခိုးဖြင့် ကြွတော်မူပြီး ဟောကြား ဆုံးမတော်မူပါတယ်။
အဲဒီလို ကြည့်ရှုတော်မူပြီးတဲ့နောက် တတိယပိုင်းအချိန်မှာ မြတ်စွာဘုရား သီတင်းသုံးရာ ဆွမ်းခံရာ ဖြစ်တဲ့ မြို့ရွာ နိဂုံးက လူတွေဟာ ကောင်းစွာဝတ်ရုံပြီး ပန်းနံ့သာများကိုလဲယူကာ တရားနာရန် ဘုရားထံသို့ လာကြတယ်၊ ရာဇဂြိုဟ်မြို့ မှာဆိုယင် ဝေဠုဝန်ကျောင်းတော်သို့ လာကြတယ်၊ ဝေသာလီမှာဆိုယင် မဟာဝန်တောက ကျောင်းတော်ကြီးသို့ လာကြတယ်၊
ယခုပြောနေတဲ့ သာဝတ္တိမှာ ဆိုယင်တော့ တရံတခါ ဝိသာခါ၏ ကောင်းမှုဖြစ်တဲ့ ပုဗ္ဗာရုံကျောင်းသို့ လာကြတယ်၊ ဒီ ဘာရသုတ်ကို ဟောတုန်းကတော့ မြတ်စွာဘုရားက ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေခိုက် ဖြစ်တဲ့အတွက် ဇေတဝန်ကျောင်းသို့ လာကြတယ်။ ဇေတဝန်ကျောင်းတော် ဆိုတာ သာဝတ္ထိမြို့၏ အနောက်တောင်အရပ်မှာ တည်ရှိနေပါတယ်၊ ဒါကြောင့် မြို့ရဲ့ တောင်ဘက် တံခါးက ထွက်ပြီး အနောက်တောင်အရပ် ဇေတဝန်ကျောင်းဆီကို လာကြရမှာပေါ့၊ အဲဒီလို တရားနာဘို့ အမျိုးသား အမျိုးသမီးတွေ တသီတတန်းကြီး လာနေကြပုံကိုလဲ အာရုံပြုပြီး ကြည်ညိုနိုင်ပါတယ်၊
ယခု သာသနာ့ရိပ်သာကို တရားနာဘို့ လာနေကြသလို ရှိမှာပေါ့၊ အဲဒီလို တရားနာ ပရိသတ်တွေ မြို့ထဲကလာလို့ စုံလောက်တဲ့အခါ တရားဟောချိန်ကျနေတဲ့အခါ မြတ်စွာဘုရားက ဓမ္မာရုံကြီးသို့ ကြွပြီး သင့်လျော်တဲ့တရားကို ဟောကြားတော်မူပါတယ်၊
အဲဒီအခါမှာ ရဟန်းပရိသတ်တွေကလဲ ငါးရာ တထောင် နှစ်ထောင် စသည်ဖြင့် ရာနဲ့ထောင်နဲ့ ချီပြီး များစွာဘဲ ရှိနေပါတယ်၊ မြတ်စွာဘုရားကိုယ်တော်တိုင် ဟောတယ်ဆိုတော့ အနီးအပါးမှာ ရှိသမျှ ကျန်းမာတဲ့ ရဟန်းတော်တွေဟာ အကုန်လုံး လာရောက်ပြီး တရားနာကြပါတယ်။ နောက်ပြီးတော့ အဲဒီတုန်းက ရဟန်းတော်တွေဟာ ရဟန်းဘောင် ဝင်ရောက်လာကတည်းက အများအားဖြင့် သံသရာ ဝဋ်ဆင်းရဲမှ မျက်မှောက်ဘဝတွင်ဘဲ လွတ်မြောက်ဘို့ အရဟတ္တမဂ်ဖိုလ်ကို ရဖို့ ရည်ရွယ်ပြီး ရဟန်းပြုလာကြတာဘဲ များပါတယ်၊ ဒါကြောင့် မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြောင်း တရားကို နာဖို့ရန် အလွန်ဘဲ စိတ်ထက်သန်နေကြပါတယ်၊ အဲဒီလို စိတ်ထက်သန်ကြတဲ့အတွက်လဲ အခွင့်သာတဲ့ ရဟန်းတော်တွေဟာ အကုန်လုံးဘဲ လာရောက်ပြီး တရားနာကြပါတယ်။
နောက်ပြီးတော့ ရဟန်းမိန်းမ တွေကလဲ လာရောက်ပြီး တရားနာကြပါတယ်။ ရဟန်း ပရိသတ်ရယ်, ရဟန်းမိန်းမပရိသတ်ရယ်, အမျိုးသား ဥပါသကာပရိသတ်ရယ်, အမျိုးသမီး ဥပါသိကာမ ပရိသတ်ရယ်၊ ဒီပရိသတ် ၄-ပါးလုံး အစုံရှိနေပါတယ်။ ဒါပေမဲ့ မြတ်စွာဘုရားက အများအားဖြင့် ပဓာနဖြစ်တဲ့ ရဟန်းတော်များကိုသာ ခေါ်တော်မူပြီး တရားဟောလေ့ ရှိပါတယ်။
ဒါကြောင့် ဒီသုတ်ကို ဟောတော်မူတဲ့ အခါမှာလဲ မြတ်စွာဘုရားက တရားဟောခါနီး ရဟန်းတော် တွေကို သတိပေးတဲ့အနေနဲ့ ဘိက္ခဝေါ - ရဟန်းတို့လို့ ခေါ်တော်မူလိုက်ပါတယ်။ အဲဒါကို သံဂါယနာတင် မထေရ်မြတ်တွေက -
တတြ၊ ထိုသို့ သာဝတ္ထိမြို့ အနာထပိဏ်သဌေး၏ ကောင်းမှုဖြစ်သော ဇေတဝန်ကျောင်းတော်ဝယ် သီတင်းသုံး နေတော်မူစဉ် အခါကာလ၌။
ဘဂဝါ၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည်။
ဘိက္ခူ၊ တရားသဘင်၌ စည်းဝေးလျက် ရှိသော ရဟန်းတော်တို့ကို။
ဘိက္ခဝေါတိ၊ ရဟန်းတို့ဟူ၍။
အာမန္တေသိ၊ အာရုံပြုရေး သတိပေး မိန့်တော်မူလေပြီ-လို့ သုတ်၏ နိဒါန်းအဖြစ်နဲ့ ဖော်ပြထားခဲ့ကြပါတယ်။
နိဒါန်းဆိုတာ ထိုသုတ်ကို ဟောတဲ့အခါကာလ ဟောရာဌာန ဟောတဲ့ပုဂ္ဂိုလ် နာခံတဲ့ပုဂ္ဂိုလ် စသည်တို့ကို ဖော်ပြထားတဲ့ စကားပါဘဲ၊ အဲဒါဟာ မည်သည့်ပုဂ္ဂိုလ်က ဟောတယ်၊ မည်သည့်ဌာနမှာ ဟောတယ်၊ မည်သူတို့အား ဟောတယ် စသည်ဖြင့် နောင်လာနောက်သားတို့ မှတ်သားရအောင်လို့ ပြတဲ့စကားပါဘဲ။
အဲဒီလို မြတ်စွာဘုရားက သတိပေးတဲ့အနေနဲ့ ခေါ်တော်မူလိုက်တဲ့အခါ ရဟန်းတော်များက အရှင်ဘုရား-လို့ ခွန်းတုံ့ ပြန်ကြား လျှောက်ထားကြပါတယ်။ အဲဒါကို သံဂါယနာတင် မထေရ်မြတ် တွေက -
တေ ဘိက္ခူ၊ ထိုတရားသဘင်၌ရှိသော ရဟန်းတော်တို့သည်၊
ဘဒန္တေတိ၊ အရှင်ဘုရားဟူ၍။
ဘဂဝတော၊ မြတ်စွာဘုရားအား။
ပစ္စေဿာသုံ၊ ရိုသေစွာ ပြန်ကြား လျှောက်ထားကြလေပြီ-လို့ ပြဆိုထားပါတယ်။
အဲဒီကနောက် မြတ်စွာဘုရားက ဘာရသုတ်တရားတော်ကို ဟောတော်မူတာပါဘဲ။ ဒါပေမဲ့ ယခုပြောလာခဲ့တဲ့ စကားစပ်က ဗုဒ္ဓကိစ္စငါးပါးထဲက ပစ္ဆာဘတ္တကိစ္စကို ပြောနေတာဖြစ်တဲ့အတွက် အဲဒီ ဘာရသုတ်တရားကို မဟောသေးဘဲ ဗုဒ္ဓကိစ္စငါးပါးကို စုံလင်အောင် ဆက်ပြောရဦးမယ်။
မြတ်စွာဘုရားက ခုနကပြောခဲ့တဲ့အတိုင်း တရားနာပရိသတ် စုံလောက်တဲ့အခါ တရားဟောချိန် ကျတဲ့အခါ ဓမ္မာရုံကြီးသို့ ကြွရောက်ပြီး ပရိသတ် ၄-ပါးအား သင့်လျော်တဲ့ တရားကို ဟောတော် မူပါတယ်။ အဲဒီလို ဟောပြီးတဲ့အခါ ပရိသတ်ကို ပြန်ကြဘို့ အခွင့်ပေးတော်မူပါတယ်၊ လူပရိသတ် များက မြတ်စွာဘုရားကို ရှိခိုးကန်တော့ပြီး ပြန်သွားကြပါတယ်။ အဲဒါဟာ ဆွမ်းကိစ္စပြီးတဲ့နောက် နေ့ခင်းပိုင်း ပစ္ဆာဘတ္တကိစ္စကို ဆောင်ရွက်တော်မူပုံပါဘဲ။
(၃) ပုရိမယာမကိစ္စ
(၃) ပုရိမယာမကိစ္စ ဆောင်ရွက်တော်မူပုံကတော့ ခုနက ပြောခဲ့တဲ့အတိုင်း နေ့ခင်းကိစ္စကို ဆောင်ရွက်ပြီးတဲ့နောက် ညနေချမ်းအချိန်မှာ အလိုရှိတော်မူလျှင် မြတ်စွာဘုရားဟာ ရေသုံးသပ် (ရေချိုး) တော်မူပါတယ်၊ ရေချိုးပြီးတဲ့နောက် ဂန္ဓကုဋိ ပရိဝုဏ်အတွင်းက တရားပလ္လင်မှာ တပါးတည်း ထိုင်နေတော်မူပါတယ်၊ အဲဒီအခါ ထိုထိုအရပ်မှ ရဟန်းတော်များက လာရောက်ပြီး ခစား နေကြတယ်၊ တချို့က ပြဿနာ မေးလျှောက်ကြတယ်၊ တချို့က ကမ္မဋ္ဌာန်း တောင်းကြတယ်၊ တချို့က တရားဟောဘို့ လျှောက်ကြတယ်၊ မြတ်စွာဘုရားက သူတို့၏ အလိုအားလျော်စွာ ပြည့်စုံအောင် ဖြေရှင်း ဟောကြားတော် မူပါတယ်။ အဲဒါဟာ ညနေချမ်း ညဉ့်ဦးယာမ်ခေါ်တဲ့ ပုရိမယာမ်မှာ ဆောင်ရွက်တော်မူပုံပါဘဲ။
(၄) မဇ္ဈိမယာမကိစ္စ
(၄) အဲဒီလို စက်နာရီဖြင့် ညဉ့် ၁၀-နာရီလောက်အထိ ညဉ့်ဦးယာမ်ကိစ္စကို ဆောင်ရွက်ပြီးတဲ့နောက် ရဟန်းများ ပြန်သွားကြတဲ့အခါ စကြဝဠာပေါင်း တိုက်တသောင်းက နတ်ဗြဟ္မာတွေက မြတ်စွာဘုရားထံ လာရောက်ပြီး အမျိုးမျိုးသော မေးခွန်းပြဿနာများကို မေးမြန်းကြပါတယ်၊ သဂါထာဝဂ် သံယုတ်မှာ ဒီလို မေးခွန်းတွေ အများကြီး ရှိပါတယ်၊ မင်္ဂလာ မေးခွန်းမျိုးပါဘဲ၊ အဲဒီလို မေးခွန်းတွေ ဖြေကြားယင်း ညဉ့်သန်းကောင်ယာမ် ကုန်သွားတယ်၊ စက်နာရီနဲ့ ပြောရယင် သန်းကောင်ကျော် ၂-ချက်တီးအချိန်လောက် ရောက်သွားတယ်။ အဲဒါက ညဉ့်အလယ်ပိုင်းမှာ မဇ္ဈိမယာမ ကိစ္စကို ဆောင်ရွက်တော်မူပုံပါဘဲ။
(၅) ပစ္ဆိမယာမကိစ္စ
(၅) ပစ္ဆိမယာမကိစ္စကို ဆောင်ရွက်တော်မူပုံကတော့ အဲဒီ ၂-ချက်တီးအချိန်မှ နောက် မိုးလင်းချိန်အထိ ၃-နာရီ လောက်ကို ၃-ပိုင်းပိုင်းပြီး ပဌမပိုင်း အချိန်မှာ ကိုယ်ကာယ မျှတအောင် စင်္ကြံကြွတော် မူပါတယ်၊ ဒုတိယပိုင်း အချိန်မှာ ကျိန်းစက်တော်မူပါတယ်၊ တတိယပိုင်း အချိန်မှာ ကျိန်းစက်ရာမှ ထပြီး လောကကြီးကို ကြည့်ရှုတော်မူပါတယ်၊ ပစ္ဆာဘတ္တကိစ္စ ပြောခဲ့တုန်းကလို ကျွတ်ထိုက်တဲ့ ဝေနေယျ သတ္တဝါတွေကို ကြည့်ရှုတော်မူတာပါဘဲ။ အဲဒါဟာ မိုးသောက်ယာမ်မှာ ပစ္ဆိမယာမကိစ္စကို ဆောင်ရွက်တော်မူပုံပါဘဲ။
အဲဒီလို ဗုဒ္ဓကိစ္စငါးပါးကို နေ့စဉ်မပြတ် မြတ်စွာဘုရားမှာ ဆောင်ရွက်တော်မူနေရပါတယ်၊ အားလပ်တဲ့ အချိန်ရယ်လို့ မရှိပါဘူး၊ အဲဒီ ဗုဒ္ဓကိစ္စငါးပါးထဲက ဒီဘာရသုတ်ကို ဟောတာဟာ ဘယ်ကိစ္စအနေနဲ့ ဟောတော်မူ ပါသလဲဆိုယင် ပုရိမယာမကိစ္စ အနေနဲ့ ဟောတယ်လို့လဲ ယူဆ နိုင်ပါတယ်၊ ဒါပေမဲ့ ပရိသတ် ၄-ပါးလုံး ကြားနာသင့်တဲ့ တရားဖြစ်တဲ့အတွက် ပစ္ဆာဘတ္တကိစ္စအနေနဲ့ ဟောတော်မူတယ်ဆိုယင် သာပြီးသင့်လျော်ဘွယ် ရှိပါတယ်၊ ဒါကြောင့် ဘုန်းကြီးကတော့ ဒီသုတ်ကို ပစ္ဆာဘတ္တခေါ်တဲ့ မွန်းလွဲချိန်မှာ ပရိသတ် ၄-ပါးလုံးအား ဟောကြားတော်မူတယ်လို့ ယူဆ ထားပါတယ်။
ရဟန်းတော်များကိုခေါ်ပြီး ဟောခြင်းအကြောင်း
အဲဒီလို ပရိသတ် ၄-ပါးလုံး အစုံအလင် ရှိသော်လဲ ရဟန်းတော်များက ပြဋ္ဌာန်းတဲ့ တရားနာ ပရိသတ်ဖြစ်တဲ့အတွက် ရဟန်းများကိုသာ ခေါ်တော်မူပြီး ဟောတော်မူတယ်လို့လဲ ယူဆထား ပါတယ်၊ ဒါကြောင့် သံဂါယနာတင် မထေရ်မြတ်များက ..
တတြ၊ ထိုသို့ သာဝတ္ထိမြို့ အနာထပိဏ် သူဋ္ဌေး၏ ကောင်းမှုဖြစ်သော ဇေတဝန် ကျောင်းတော်ဝယ် သီတင်းသုံး နေတော်မူစဉ် အခါကာလ၌။
ဘဂဝါ၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည်။
ဘိက္ခူ၊ တရားသဘင်၌ စည်းဝေးလျက် ရှိသော ရဟန်းတော်တို့ကို။
ဘိက္ခဝေါတိ၊ ရဟန်းတို့ဟူ၍။
အာမန္တေသိ၊ အာရုံပြုရေး သတိပေး မိန့်ခေါ်တော်မူလေပြီ-စသည်ဖြင့် ပြဆိုထားပါတယ်။
တရားကို စပြီးမဟောသေးဘဲ ရဟန်းတို့-လို့ ဘာကြောင့် ခေါ်ပြီး သတိပေးရပါသလဲဆိုယင် အဲဒီမှာ တရားနာပရိသတ်တွေက အချင်းချင်းလဲ စကားမပြောကြဘူး၊ ဟိုဟိုဒီဒီလဲ ကြည့်ရှုမနေကြဘူး၊ ကိုယ့်တရားနဲ့ကိုယ် အသီးအသီး နှလုံးသွင်းနေကြတယ်၊ အဲဒီလို နှလုံးသွင်းနေကြရာမှာ သတိ မပေးဘဲ တရားသားကို စပြီး ဟောလိုက်ယင် အစပိုင်းက တရားတချို့ကို မမှတ်နိုင်ဘဲ ဖြစ်သွားနိုင်ပါတယ်၊ ဒါကြောင့် ရှေးဦးစွာ ရဟန်းတို့-လို့ ခေါ်တော်မူပြီး သတိပေးရခြင်း ဖြစ်ပါတယ်၊ အဲဒီလို ခေါ်တော်မူတဲ့အခါ -
တေ ဘိက္ခူ၊ ထိုတရားသဘင်၌ရှိသော ရဟန်းတော်တို့သည်။
ဘဒန္တေတိ၊ အရှင်ဘုရားဟူ၍။
ဘဂဝတော၊ မြတ်စွာဘုရားအား။
ပစ္စေဿာသုံ၊ ရိုသေစွာ ပြန်ကြားလျှောက်ထားကြပါတယ်-တဲ့။
အဲဒီအခါမှာ မြတ်စွာဘုရားက ရှေးဦးစွာ တရားခေါင်းစဉ် ပဋိညာဉ်ကို ဒီလိုဟောတော်မူပါတယ်။
တရားခေါင်းစဉ် ပဋိညာဉ်
ဘာရဉ္စ ဝေါ ဘိက္ခဝေ ဒေသေဿာမိ ဘာရဟာရဉ္စ ဘာရာဒါနဉ္စ ဘာရနိက္ခေပနဉ္စ၊ တံ သုဏာထ သာဓုကံ မနသိကရောထ ဘာသိဿာမိ။
ဘိက္ခဝေ၊ ရဟန်းတို့။
အဟံ၊ ငါသည်။
ဝေါ၊ သင်တို့အား။
ဘာရဉ္စ၊ ဝန်ထုပ်ဝန်ပိုးကိုလည်း။
ဒေသေဿာမိ၊ ဟောပေအံ့။
ဘာရဟာရဉ္စ၊ ဝန်ထုပ်ဝန်ပိုး ထမ်းဆောင်သူကိုလည်း ဟောပေအံ့။
ဘာရာဒါနဉ္စ၊ ဝန်ထုပ်ဝန်ပိုးကို ခံယူခြင်း ထမ်းဆောင်ခြင်းကိုလည်း ဟောပေအံ့။
ဘာရနိက္ခေပနဉ္စ၊ ဝန်ထုပ်ဝန်ပိုးကို ပစ်ချခြင်းကိုလည်း ဟောပေအံ့။
တံ၊ ထို ငါဟောမည့် ဝန်ထုပ်ဝန်ပိုးတရားကို။
သုဏာထ၊ နာကြကုန်လော့။
သာဓုကံ မနသိကရောထ၊ ကောင်းစွာ နှလုံးသွင်းကြ ကုန်လော့။
ဘာသိဿာမိ၊ ယခုပင် ဟောတော့မည်လို့ ဒီလို တရားခေါင်းစဉ်ကို ကျေညာပြီး ပဋိညာဉ် ပြုတော်မူပါတယ်။
ပါဠိလို ဘာရခေါ်တဲ့ ဝန်ထုပ်ဝန်ပိုးကိုလဲ ဟောမယ်၊ လေးလံတဲ့ ဝန်ထုပ်ဝန်ပိုး အကြောင်းကိုလဲ ဟောမယ်လို့ ဟောမည့် တရားခေါင်းစဉ်ကို ကျေညာပါတယ်၊ ဘာရဟာရ ခေါ်တဲ့ ဝန်ထုပ်ဝန်ပိုး ထမ်းဆောင်နေတဲ့သူ အကြောင်းကိုလဲ ဟောမယ်၊ အဲဒီ ဝန်ထုပ်ဝန်ပိုးကို ခံယူပြီး ထမ်းဆောင် နေပုံကိုလဲ ဟောမယ်၊ အဲဒီ လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးကို ပစ်ချပြီး ချမ်းသာရာရသွားပုံကိုလဲ ဟောမယ်လို့ တရားခေါင်းစဉ် ၄-ခုကို ကျေညာပြီး ပဋိညာဉ် ပြုတော်မူပါတယ်။
နောက်ပြီးတော့ ကောင်းကောင်း ရိုရိုသေသေ နာကြ၊ ကောင်းကောင်း ရိုရိုသေသေ နှလုံးသွင်းကြလို့ ဒီလိုလဲ တိုက်တွန်းတော်မူပါတယ်။ ဘာကြောင့် ဒီလို တိုက်တွန်းရသလဲဆိုယင် တရားဆိုတာ ကောင်းကောင်း ရိုရိုသေသေ နာယူ မှတ်သားမှ နှလုံးသွင်းမှ မိမိတို့ အလိုရှိတဲ့ အကျိုးထူးကို ရနိုင်ပါတယ်၊ ပေါ့ပေါ့ဆဆနဲ့ မရိုမသေ နာနေယင်တော့ မိမိတို့ အလိုရှိတဲ့ အကျိုးကို မရနိုင်ဘူး။ တရားနာနေရင်း မဂ်ဖိုလ် တရားထူးတွေကို ရသွားကြတဲ့ သူတွေဟာ ဒီလို ရိုရိုသေသေ နာလို့ နှလုံးသွင်းလို့ ရသွားကြတာပါဘဲ။ တရားနာပြီး အားထုတ်သောအားဖြင့် တရားထူး ရကြတာလဲ ဒီလို ရိုရိုသေသေ နာကြ နှလုံးသွင်းကြလို့ပါဘဲ။ ဒါကြောင့် မြတ်စွာဘုရားက -
တံ၊ ထို ငါဟောမည့် ဝန်ထုပ်ဝန်ပိုးတရားကို။
သုဏာထ၊ နာကြကုန်လော့။
သာဓုကံ မနသိကရောထ၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့-လို့ အလေးအနက်တိုက်တွန်းတော်မူပါတယ်။ နောက်ပြီးတော့ -
ဘာသိဿာမိ၊ ယခုပင် ဟောတော့မယ်လို့လဲ ထပ်မံ ကျေညာတော်မူပြန်ပါတယ်။ အဲဒီအခါမှာ ရဟန်းတော်တွေကလဲ ဧဝံ ဘန္တေ - ကောင်းပါပြီ အရှင်ဘုရားလို့ ရိုသေစွာ နာခံကြောင်း ပြန်ကြား ကြပါတယ်။ အဲဒီတော့ မြတ်စွာဘုရားက အဲဒီဘာရသုတ္တန် ခေါင်းစဉ် ၄-ချက်ကို အသီးအသီး ဒီလို ဖွင့်ပြဟောကြားတော်မူပါတယ်။
အကျယ်ဝေဘန် ဟောပြချက် လေးလံတဲ့ဝန်ထုပ်
ကတမော စ ဘိက္ခဝေ ဘာရော၊ ပဉ္စုပါဒါနက္ခန္ဓာတိဿ ဝစနီယံ။
ဘိက္ခဝေ၊ ရဟန်းတို့။
ဘာရော၊ ဝန်ထုပ်ဝန်ပိုး ဟူသည်မှာ။
ကတမော စ၊ အဘယ်အရာပါနည်းဟူမူ။
ပဉ္စုပါဒါနက္ခန္ဓာတိ၊ ငါးပါးသော ဥပါဒါနက္ခန္ဓာ တို့ဟူ၍။
ဝစနီယံ၊ ဖြေဆိုအပ်-ဖြေဆိုသင့်သည်။ အဿ၊ ဖြစ်ရာ၏-တဲ့။
လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးကြီးဆိုတာ ဘယ်ဟာလဲလို့ မေးခဲ့လျှင် ဥပါဒါနက္ခန္ဓာ ငါးပါးပါဘဲလို့ ဖြေရ မယ်တဲ့။ လောကအနေနဲ့ဆိုတော့ လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးတွေဆိုတာ အများကြီးရှိပါတယ်၊ သင်္ဘောဆိပ်တွေမှာ မီးရထား ကုန်တင်ကုန်ချ ဌာနတွေမှာ လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးကြီးတွေကို သယ်ဆောင်ကြရတယ်၊ ပင်လယ်ကူး သင်္ဘောဆိပ် ဌာနတွေမှာတော့ လူအင်အားဖြင့် မသယ်ဆောင် နိုင်တဲ့ စက်ပစ္စည်း ကားသင်္ဘောကလေး အစရှိတဲ့ ဝန်တွေတောင် ရှိတယ်၊ အဲဒါတွေကတော့ ခေတ်အလျောက် ဝန်ချီစက်နဲ့ တင်ရချရတာမို့ တော်ပါသေးရဲ့၊ လူအင်အားနဲ့သာ တင်ရချရမယ် ဆိုယင် အလွန်ဘဲ ခဲယဉ်းပါ လိမ့်မယ်။
မြန်မာပြည်မှာ အများအပြားတွေ့ရတဲ့ ဝန်တွေကတော့ ဆန်စက်တွေက ဆန်အိတ်တွေပါဘဲ၊ အဲဒီ ဆန်အိတ်ဝန် တွေဟာ အင်မတန်လေးပါတယ်၊ အားကောင်းတဲ့ သယ်ပိုးနေကျ လူသန်တွေသာ သယ်ဆောင်နိုင်ပါတယ်။ အဲဒါလဲ အဲဒီ ဆန်အိတ်ဝန်ကို ၁-မိနစ် ၂-မိနစ်စသည် မိနစ်ပိုင်းလောက်သာ ထမ်းရလို့ ထမ်းနိုင်ကြတာ၊ တနာရီ ၂-နာရီ စသည်ဖြင့် အကြာကြီး ထမ်းထားရမယ်ဆိုယင်တော့ ထမ်းထားဘို့အလွန် ခဲယဉ်းပါလိမ့်မယ်၊ တနေ့လုံး ထမ်းထားရမယ် ဆိုယင် သာပြီး ခဲယဉ်း ပါလိမ့်မယ်၊
အမြဲတမ်း ထမ်းနေရမယ် ဆိုယင်တော့ သေဘို့ဘဲ ရှိပါတယ်။ ခေတ္တခဏ မိနစ်ပိုင်းလောက် ထမ်းဆောင်ရတာတောင် ထမ်းရတဲ့သူတွေမှာ ထမ်းနေခိုက်၌ အတော်ပင်ပန်းဟန် လက္ခဏာ ရှိပါတယ်၊ ဒါပေမဲ့ တမိနစ် ၂-မိနစ်စသည် ကြာတော့ ချသင့်တဲ့ နေရာရောက်ပြီး ပစ်ချလိုက်ရတဲ့ အခါမှာ နေသာထိုင်သာဖြစ်ပြီး ချမ်းသာမှုရသွားတယ်။ အဲဒါဟာ လောက ဝန်ထုပ်တွေ လေးလံပုံ ထမ်းဆောင်ရတဲ့အတွက် ပင်ပန်းပုံ ပစ်ချလိုက်တော့မှ သက်သာခွင့် ရသွားပုံတွေပါဘဲ၊ ဒါတွေကတော့ မပြောဘဲနဲ့လဲ သိနားလည်နိုင်ကြပါတယ်။ ဒါပေမဲ့ လိုရင်းဖြစ်တဲ့ ခန္ဓာဝန်တွေ လေးလံပုံ စသည်တွေကို သဘောပေါက် လွယ်အောင်လို့ သိလွယ်တာကစပြီး ပြောရတာဘဲ။
ခန္ဓာဝန်တွေက သာပြီးလေးတယ်
ယခု ဒီမှာပြောလိုရင်းကတော့ ခန္ဓာဝန်တွေပါဘဲ၊ ဒီခန္ဓာဝန်တွေက သာပြီးလေးပါတယ်။ သတ္တဝါတိုင်းမှာ ကိုယ့်ခန္ဓာဝန်တွေကို အသီးအသီး ထမ်းဆောင်နေကြရတယ်၊ ကိုယ့်တကိုယ်လုံးကို ကျန်းမာချမ်းသာအောင် အမြဲတမ်း ကြောင့်ကြစိုက်ပြီး ယုယုယယနဲ့ ပြုစုလုပ်ကျွေးနေကြရတယ်၊ တချို့က ကိုယ့်ခန္ဓာတွင်တောင် မကဘူး သူတပါးခန္ဓာတွေကိုပါ ထမ်းဆောင်နေကြရတယ်၊ အဲဒါဟာ မိနစ်ပိုင်းလောက် ခေတ္တခဏမျှလဲ မဟုတ်ဘူး၊ နာရီပိုင်း ရက်ပိုင်း နှစ်ပိုင်းလောက်လဲ မဟုတ်ဘူး၊ မိမိတို့ တသက်လုံး ထမ်းဆောင်နေကြရတယ်၊
ဒါလဲ မျက်မြင်လောက် မှန်းဆနိုင်အောင်လို့ ပြောရတာဘဲ၊ အမှန်စင်စစ်ကတော့ ကမ္ဘာ ကုဋေပေါင်းများစွာ မရေမတွက်နိုင်တဲ့ သံသရာတလျှောက်လုံး အကန့်အသတ်မရှိ ထမ်းဆောင် နေကြရပါတယ်။ ခေတ္တခဏတောင် ချထားလို့လဲ မရဘူး၊ မစဉ်မပြတ် အမြဲတမ်း ထမ်းဆောင် နေကြရပါတယ်။ ဒါကြောင့် လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးဆိုတာ ဘာလဲလို့ မေးယင် ဥပါဒါနက္ခန္ဓာ ငါးပါးဘဲလို့ ဆိုသင့်တဲ့အကြောင်း ဟောတော်မူပါတယ်။ အဲဒီ ဥပါဒါနက္ခန္ဓာ ငါးပါးဆိုတာ ဘယ်ဟာ တွေလဲလို့ မေးစရာရှိတဲ့အတွက် မြတ်စွာဘုရားက ကိုယ်တော်တိုင်ဘဲ မေးခွန်း ထုတ်ပြီး ဒီလို ဖြေရှင်း ပြတော်မူပါတယ်။
ကတမေ ပဉ္စ၊ ရူပုပါဒါနက္ခန္ဓာ ဝေဒနုပါဒါနက္ခန္ဓာ သညုပါဒါနက္ခန္ဓော သင်္ခါရုပါဒါနက္ခန္ဓော ဝိညာဏုပါဒါနက္ခန္ဓော ၊ အယံ ဝုစ္စတိ ဘိက္ခဝေ ဘာရော။
ပဉ္စ၊ ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ ဟူသည်မှာ။
ကတမေ၊ အဘယ်အရာတို့နည်းဟူမူ။
ရူပုပါဒါနက္ခန္ဓော၊ ရုပ်ဥပါဒါနက္ခန္ဓာက တပါး။
ဝေဒနုပါဒါနက္ခန္ဓော၊ ဝေဒနာဥပါဒါနက္ခန္ဓာက တပါး။
သညုပါဒါနက္ခန္ဓော၊ သညာဥပါဒါနက္ခန္ဓာက တပါး။
သင်္ခါရုပါဒါနက္ခန္ဓော၊ သင်္ခါရဥပါဒါနက္ခန္ဓာ တပါး။
ဝိညာဏုပါဒါနက္ခန္ဓာ၊ ဝိညာဏ်ဥပါဒါနက္ခန္ဓာ တပါး။
ဘိက္ခဝေ၊ ရဟန်းတို့။
အယံ၊ ဤခန္ဓာငါးပါး အပေါင်းကို။
ဘာရော၊ လေးလံသော ဝန်ထုပ်ဝန်ပိုး ဟူ၍။
ဝုစ္စတိ၊ ခေါ်ဆိုအပ်ပါသည်-တဲ့။
လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးဆိုတာ ရုပ်ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဆိုတဲ့ ဒီဥပါဒါနက္ခန္ဓာ ငါးပါး ဘဲတဲ့။ ဒီ ဥပါဒါနက္ခန္ဓာငါးပါး အကြောင်းကတော့ ဒီသာသနာ့ရိပ်သာမှာ ခဏ ခဏ ဟောနေရတယ်၊ ဟောဘူးတဲ့ အကြိမ်ပေါင်းကို များလှပါပြီ။ ဒါပေမဲ့ မူရင်းဖြစ်တဲ့ သုတ်တရားထဲက ဥပါဒါနက္ခန္ဓာ ငါးပါးကို ထုတ်ပြထားတော့ အဲဒါကိုဘဲ ထပ်ပြီး ဟောရပြန်တာဘဲ၊ ဒီဥပါဒါနက္ခန္ဓာငါးပါးကို မဟောယင် ဒိပြင်လဲ ဟောစရာ မရှိဘူး၊ သတ္တဝါတွေရဲ့ သန္တာန်မှာ ဒီဥပါဒါနက္ခန္ဓာ ငါးပါးဘဲ ရှိတယ်၊ ဒါကြောင့် ဒီဥပါဒါနက္ခန္ဓာ ငါးပါးကိုဘဲ ထပ်ပြီး ဟောရမယ်။
ခန္ဓာနှင့် ဥပါဒါနက္ခန္ဓာ
ခန္ဓာဆိုတာ အဖို့အစုလို့ အနက်အဓိပ္ပါယ်ရှိတယ်၊ အတိတ် အနာဂတ် ပစ္စုပ္ပန် အတွင်းအပြင် အကြမ်းအနု အယုတ်အမြတ် အဝေးအနီး ခွဲခြားလို့ ရကောင်းတဲ့ တရားဟူသမျှကို ခန္ဓာလို့ ခေါ်တယ်။ ရုပ်ဆိုယင် လွန်ခဲ့ပြီး အတိတ်လဲ ရှိတယ်၊ ဖြစ်လာမည့် အနာဂတ်လဲ ရှိတယ်၊ ဖြစ်ဆဲ ပစ္စုပ္ပန်လဲ ရှိတယ်၊ ကိုယ်တွင်းမှာလဲ ရှိတယ်၊ ကိုယ်ပမှာလဲ ရှိတယ်၊ ရုပ်ကြမ်းလဲ ရှိတယ်၊ ရုပ်နုလဲ ရှိတယ်၊ အညံ့စားလဲ ရှိတယ်၊ အကောင်းစားလဲ ရှိတယ်၊ အဝေးမှာလဲ ရှိတယ်၊ အနီးမှာလဲ ရှိတယ်။ ဒါကြောင့် အတိတ်ရုပ် အနာဂတ်ရုပ် အစရှိတဲ့ အဲဒီရုပ်ဟူသမျှတွေကို ပေါင်းစုပြီး ရုပ်ခန္ဓာလို့ ခေါ်ရတယ်။
ထို့အတူပင် ဝေဒနာဟူသမျှကို ပေါင်းစုပြီး ဝေဒနာခန္ဓာလို့ ခေါ်ရတယ်၊ သညာဟူသမျှကို ပေါင်းစုပြီး သညာခန္ဓာလို့ ခေါ်ရတယ်၊ သင်္ခါရဟူသမျှကို ပေါင်းစုပြီး သင်္ခါရခန္ဓာလို့ ခေါ်ရတယ်၊ စိတ်ဝိညာဏ် ဟူသမျှကို ပေါင်းစုပြီး ဝိညာဏ်ခန္ဓာလို့ ခေါ်ရတယ်။ အပေါင်းအစုကို ခန္ဓာခေါ်တယ်ဆိုတော့ ရုပ်တခုတည်း ဝေဒနာစသည် တခုတည်းကိုတော့ ခန္ဓာလို့ မခေါ်ရဘူးလားလို့ မေးစရာရှိပါတယ်၊ ပေါင်းစုလို့ ရနိုင်တဲ့တရားများ ဖြစ်တဲ့အတွက် ရုပ်တခုတည်းကိုလဲ ခန္ဓာလို့ ခေါ်ရပါတယ်၊ ဝေဒနာစသည်တို့မှာလဲ တခုတည်းပေမဲ့ ခန္ဓာလို့ ခေါ်ရပါတယ်။ ပေါင်းစုလို့ မရနိုင်တဲ့ တရားကိုတော့ ခန္ဓာလို့ မခေါ်ရဘူး၊ အဲဒါကလဲ နိဗ္ဗာန်တရားတပါးသာ ရှိပါတယ်၊ နိဗ္ဗာန်ဆိုတာကတော့ တပါးတည်းသာ ရှိတယ်၊ အတိတ် အနာဂတ် စသည်ဖြင့် ခွဲလို့မရကောင်းဘူး၊ ဒါကြောင့် ပေါင်းစုပြီး ခေါ်ဝေါ်ပြောဆိုလို့လဲ မဖြစ်ဘူး၊ အဲဒီလို အပေါင်းအစု မရကောင်းတဲ့အတွက် နိဗ္ဗာန်ကိုတော့ ခန္ဓာလို့ မခေါ်ရဘူး။
အဲဒီ ခန္ဓာ-ဆိုတဲ့ ပုဒ်ဟာ ဥပါဒါန- ဆိုတဲ့ပုဒ်နဲ့ တွဲစပ်လိုက်တဲ့အခါ ဥပါဒါနက္ခန္ဓာလို့ ဖြစ်လာတယ်၊ ဥပါဒါန- ဆိုတာ စွဲလမ်းမှုဘဲ၊ ဒါကြောင့် ဥပါဒါနက္ခန္ဓာဆိုတာ စွဲလမ်းမှု၏ အာရုံဖြစ်တဲ့ တရားအစု တွေပါဘဲ၊ တဏှာနဲ့ ဒိဋ္ဌိနဲ့ စွဲလမ်းနိုင်တဲ့ လောကီတရားအစုတွေလို့ ဆိုလိုပါတယ်။ စွဲလမ်းမှု၏ အာရုံမဖြစ်တဲ့ မဂ်ဖိုလ်စိတ် စေတသိက်ဆိုတဲ့ လောကုတ္တရာ တရားတွေကတော့ ခန္ဓာသာ မည်တယ်၊ ဥပါဒါနက္ခန္ဓာတော့ မမည်ဘူး၊ အဲဒီ လောကုတ္တရာတရားတွေကတော့ မဂ်ဖိုလ်ဖြစ်ခိုက်မှာ ပါဝင်တဲ့ တရားတွေပါဘဲ၊ သူတို့ကတော့ ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဆိုတဲ့ နာမ်ခန္ဓာ ၄-ပါးသာ ရှိတယ်၊ ရုပ်ခန္ဓာကတော့ မရှိဘူး။ ဥပါဒါန်၏ အာရုံဖြစ်တဲ့ ဥပါဒါနက္ခန္ဓာ ဆိုတာတွေကတော့ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ် ငါးပါးလုံးရှိတယ်။ ယခု ဒီသုတ်မှာ ဘာရ-လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးလို့ဆိုတဲ့ တရားတွေကတော့ ဥပါဒါန်၏ အာရုံဖြစ်တဲ့ အဲဒီလောကီ ရုပ်နာမ်ခန္ဓာတွေချည်းဘဲ၊ လောကုတ္တရာ ခန္ဓာတွေ မပါဘူး၊ ဒါကြောင့် ဒီမှာ ခန္ဓာလို့ သာမညမဟောဘဲ ဥပါဒါန- ပုဒ်နဲ့ အထူး ပြုပြီး ဥပါဒါနက္ခန္ဓာ-လို့ ဟောထားပါတယ်၊ လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးဆိုတာ တဏှာ ဒိဋ္ဌိနဲ့ ငါဘဲ ငါ့ဥစ္စာဘဲ လို့ စွဲလမ်းနိုင်တဲ့ လောကီ ခန္ဓာငါးပါးတရားတွေလို့ ဆိုလိုပါတယ်။
ဥပါဒါန် ၄-ပါး
ဥပါဒါန်ဆိုတာ ..
(၁) ကာမုပါဒါန်၊
(၂) ဒိဋ္ဌုပါဒါန်၊
(၃) သီလဗ္ဗတုပါဒါန်၊
(၄) အတ္တဝါဒုပါဒါန် အားဖြင့် ၄-ပါး ရှိတယ်၊
ဒီဥပါဒါန် ၄-ပါးအကြောင်းကိုတော့ ပဋိစ္စသမုပ္ပါဒ် တရားတော်မှာ အကျယ်ပြောခဲ့ပါပြီ၊ ဒါကြောင့် ဒီမှာတော့ အကျဉ်းချုပ်လောက်ဘဲ ပြောရမယ်။
အဲဒီ ၄-ပါးထဲက …
(၁) ကာမုပါဒါန်ဆိုတာ နှစ်သက်လိုချင်စရာ ကာမဂုဏ်အာရုံတွေကို နှစ်သက်လိုချင်ပြီး စွဲလမ်း တာပါဘဲ၊ မိမိကိုယ်တွင်း သန္တာန်ကဖြစ်စေ၊ သူတပါး သန္တာန်ကဖြစ်စေ တစုံတခုကို နှစ်သက်လိုချင်ပြီး စွဲလမ်းနေယင် အဲဒါဟာ ကာမုပါဒါန်ဘဲ၊ အထူးအားဖြင့်တော့ အဖိုသတ္တဝါတွေမှာ အမသတ္တဝါတွေနဲ့စပ်တဲ့ ကာမဂုဏ်တွေကို သာယာတပ်မက်ပြီး စွဲလမ်းနေ တတ်တယ်၊ အမသတ္တဝါတွေမှာလဲ အဖိုသတ္တဝါတွေနဲ့စပ်တဲ့ ကာမဂုဏ်တွေကို သာယာတပ်မက်ပြီး စွဲလမ်းနေတတ်တယ်၊ ယခုလောလောဆယ်မှာ တွေ့ရတဲ့ ကာမဂုဏ်အာရုံတွေကိုလဲ သာယာ တပ်မက်ပြီး စွဲလမ်းနေတတ်တယ်၊ နောင်အခါ ရနိုင်မယ်လို့ မြှော်လင့်ရတဲ့ ကာမဂုဏ်အာရုံတွေကိုလဲ မြှော်လင့်တောင့်တပြီး စွဲလမ်းနေတတ်တယ်၊ မရသေးတာဆိုယင် အလွန်ရချင်နေတတ်တယ်၊ ရပြီး ရှိပြီးဆိုယင်လဲ မစွန့်နိုင် မခွါရက် ဖြစ်နေတတ်တယ်၊ ဒါတွေဟာ ကာမဂုဏ်အာရုံကို စွဲလမ်းတဲ့ ကာမုပါဒါန်ပါဘဲ၊
နောက်ပြီးတော့ ကာမဂုဏ်အာရုံမဟုတ်ပေမဲ့ နှစ်သက် လိုချင်ဘွယ်ဖြစ်လို့ ဝတ္ထုကာမလို့ ခေါ်ရတဲ့ လောကီရုပ်နာမ် ခန္ဓာဟူသမျှကို နှစ်သက်လိုချင်ပြီး စွဲလမ်းတာကိုလဲ ကာမုပါဒါန်လို့ဘဲ ခေါ်ရတယ်၊ ဒါကြောင့် ရူပဘဝ အရူပဘဝနှင့်စပ်တဲ့ သဘောတရား အခြေအနေတွေကို နှစ်သက်လိုချင်ပြီး စွဲလမ်းတာလဲ ကာမုပါဒါန် မည်တာဘဲ။ ဘာကြောင့်လဲဆိုတော့ ဒီဥပါဒါန်အရာမှာ ရူပုပါဒါန် အရူပုပါဒါန်ရယ်လို့ မရှိဘူး၊ ကာမုပါဒါန်လို့သာ ရှိပါတယ်၊ ဒါကြောင့် ဘာဘဲဖြစ်ဖြစ် နှစ်သက်လိုချင်ပြီး စွဲလမ်းယင် ကာမုပါဒါန်ဘဲလို့သာ မှတ်ရမယ်။
(၂) ဒိဋ္ဌုပါဒါန်ဆိုတာ မှားယွင်းတဲ့ အယူအစွဲပါဘဲ၊ အယူဝါဒဆိုတာ စွဲလမ်းတာချည်းဘဲ၊ မစွဲလမ်းတဲ့ အယူရယ်လို့ မရှိဘူး၊ နဲနဲစွဲတာနဲ့ များများစွဲတာလောက်ပဲ ကွာပါတယ်၊ ဒါကြောင့် မှားယွင်းတဲ့ အယူအစွဲ ဟူသမျှကို ဒိဋ္ဌုပါဒါန်လို့ ဆိုသင့်ပါတယ်၊ ဒါပေမဲ့ အကျင့်မှားကို စွဲလမ်းတဲ့ အယူနဲ့ အတ္တစွဲအယူ ဒီနှစ်ပါးကိုတော့ သီးခြား ဥပါဒါန်အဖြစ်ဖြင့် ဟောထားလို့ အဲဒီ ၂-ပါးကို ချန်ထားရမယ်၊ ကျန်တဲ့ အယူအစွဲ ဟူသမျှကို ဒိဋ္ဌုပါဒါန်လို့ မှတ်ရမယ်၊ အထူးဝိသေသအားဖြင့် ဆိုယင်တော့ ကုသိုလ်ကံ အကုသိုလ်ကံ မရှိ၊ ကံ၏အကျိုးမရှိ၊ နောင်တမလွန် ဘဝ မရှိ-လို့ ယူတဲ့အစွဲအလမ်းဟာ ဒိဋ္ဌုပါဒါန်ဘဲ၊ ဒိဋ္ဌမင်္ဂလာအစရှိတဲ့ အယူအစွဲတွေလဲ ဒိဋ္ဌုပါဒါန်ဘဲ။
(၃) သီလဗ္ဗတုပါဒါန်ဆိုတာ သံသရာမှ လွတ်မြောက်ကြောင်း နိဗ္ဗာန်ရောက်ကြောင်း ချမ်းသာကြောင်း မဟုတ်တဲ့ အလေ့အကျင့်တွေကို သံသရာမှ လွတ်မြောက်ကြောင်း နိဗ္ဗာန်ရောက်ကြောင်း ချမ်းသာကြောင်း အကျင့်အနေဖြင့် ယုံကြည် စွဲလမ်းတဲ့ အယူအစွဲပါဘဲ၊ နွားခွေးစသည်တို့၏ အလေ့အကျင့်ဖြင့် ဆင်းရဲမှ လွတ်မြောက်တယ်လို့ ယုံကြည်တာ၊ နွားခွေး စသည်ကို ကိုးကွယ် ပူဇော်ခြင်း၊ နတ်သိကြား ဗြဟ္မာ အရှင် သခင်ကြီးတွေကို ကိုးကွယ်ခြင်းမျှဖြင့် ဆင်းရဲမှ လွတ်မြောက် တယ်လို့ ယုံကြည်ယူဆတာ၊ ဂင်္ဂါမြစ်ရေကို ချိုးရုံမျှဖြင့် မကောင်းမှု ပပျောက်တယ်လို့ ယုံကြည်ယူဆတာ၊ နွား ကျွဲ ဆိတ် စသည်ကို သတ်ပြီးပူဇော်ခြင်းဖြင့် မကောင်းမှုအပြစ် ပပျောက် တယ်လို့ ယုံကြည်ယူဆတာ-ဒီလို အယူအစွဲတွေကို သီလဗ္ဗတုပါဒါန်လို့ ခေါ်ပါတယ်၊ အတိုချုပ် အားဖြင့် ပြောရလျှင် မဂ္ဂင်ရှစ်ပါးမှ အလွတ်ဖြစ်တဲ့ အကျင့်မျိုးကို ဆင်းရဲမှ လွတ်ကြောင်း အကျင့်ကောင်း အဖြစ်ဖြင့် ယုံကြည်ယူဆစွဲလမ်းတာဟာ သီလဗ္ဗတုပါဒါန်ပါဘဲ။
(၄) အတ္တဝါဒုပါဒါန်ဆိုတာကတော့ ကိုယ်ထဲမှာ အသက်ရှင်ပြီး တည်နေတဲ့ အတ္တကောင် အသက်ကောင်ကလေး တကယ်ရှိတဲ့ အနေနဲ့ ယူဆတဲ့ အတ္တစွဲပါဘဲ၊ အဲဒီ အတ္တကောင်ဟာ မသေမီသာ ရှိတယ်၊ သေပြီးတဲ့နောက် ဘာမျှမရှိတော့ဘူးလို့ ယူလျှင် ဥစ္ဆေဒဒိဋ္ဌိ ဖြစ်တယ်၊ ပြတ်ဆဲအယူလို့လဲ ခေါ်ရတယ်။ အဲဒီအတ္တကောင်ဟာ ပျက်စီးခြင်း မရှိဘူး၊ သေတဲ့ အခါလဲ သူက တခြားဘဝ တခြားခန္ဓာကိုယ်ထဲမှာ ပြောင်းရွှေ့ပြီး တည်မြဲ တည်ရှိနေတယ်လို့ယူလျှင် သဿတဒိဋ္ဌိ ဖြစ်တယ်၊ တည်မြဲ အယူလို့လဲ ခေါ်ရတယ်။
တရားကိုယ်အားဖြင့်တော့ ဒီဥပါဒါန် ၄-ပါးဟာ တဏှာနဲ့ ဒိဋ္ဌိနှစ်ပါးဘဲ ဖြစ်ပါတယ်၊ ကာမုပါဒါန်က တဏှာ၊ ကျန်တဲ့ ဥပါဒါန် ၃-ပါးက ဒိဋ္ဌိချည်းဘဲ။ ဒိဋ္ဌိက အထင်လွဲပြီး စွဲလမ်းတယ်၊ တဏှာက သာယာပြီး စွဲလမ်းတယ်၊ ဒါကြောင့် “ထင်လွဲ, သာယာ၊ စွဲလမ်းတာ၊ နှစ်ဖြာဥပါဒါန်”လို့ ဆောင်ပုဒ် စီထားတယ်။ အဲဒါကို ဆိုကြရမယ်။
ထင်လွဲ, သာယာ၊ စွဲလမ်းတာ၊ နှစ်ဖြာဥပါဒါန်။
(ဆို ၃-ခေါက်)
စွဲလမ်းပုံ
ခန္ဓာငါးပါးနှင့် စပ်ပြီး စွဲလမ်းပုံကတော့ မျက်စိ ကြည်လင်တာကို အကြောင်းပြုပြီးတော့လဲ သာယာစွဲလမ်းတယ်၊ နားကောင်းတာ နှာခေါင်းကောင်းတာ လျှာကောင်းတာတွေကိုလဲ အကြောင်း ပြုပြီး သာယာစွဲလမ်းတယ်၊ အတွေ့အထိကို ဖမ်းယူနိုင်တဲ့ ကိုယ်ရုပ်ကိုလဲ အကြောင်းပြုပြီး သာယာစွဲလမ်းတယ်၊ ကိုယ့်သန္တာန်က အဆင်းရုပ် သူများသန္တာန်က အဆင်းရုပ် တွေကိုလဲ သာယာ စွဲလမ်းတယ်၊ ထိုအတူ အသံ အနံ့ အရသာ အတွေ့ရုပ်တွေကိုလဲ သာယာစွဲလမ်းတယ်၊ ကွေးလိုက် ဆန့်လိုက် ထိုင်လိုက် ထလိုက် စသည်ဖြင့် အလိုရှိတိုင်း ပြုလုပ်နိုင်တဲ့ တကိုယ်လုံးရုပ်တွေကိုလဲ နှစ်သက်သာယာပြီး စွဲလမ်းတယ်၊ အဲဒီ ရုပ် ဝတ္ထုတွေကို အကြောင်းပြုပြီး ငါ့သား ငါ့မယား ငါ့လင် ငါ့ဥစ္စာ စသည်ဖြင့်လဲ နှစ်သက်သာယာပြီး စွဲလမ်းတယ်။ ဒါတွေဟာ ရုပ်ခန္ဓာကို အာရုံပြုပြီး ကာမုပါဒါန်ဖြင့် စွဲလမ်းပုံ အကျဉ်းချုပ်ပါဘဲ။
ထို့အတူပင် ကောင်းတဲ့ ခံစားမှုဝေဒနာကိုလဲ နှစ်သက်သာယာပြီး စွဲလမ်းတယ်၊ ကောင်းတဲ့ မှတ်သားမှု သညာကိုလဲ နှစ်သက်သာယာပြီး စွဲလမ်းတယ်၊ ကောင်းတဲ့ ပြုလုပ်အားထုတ်မှု သင်္ခါရတွေကိုလဲ နှစ်သက်သာယာပြီး စွဲလမ်းတယ်၊ ကောင်းတဲ့ စိတ်ကူး ကြံစည်မှုကိုလဲ နှစ်သက် သာယာပြီး စွဲလမ်းတယ်၊ ဒါတွေဟာ ဝေဒနာသညာ သင်္ခါရ ဝိညာဏ်ဆိုတဲ့ နာမ်ခန္ဓာတွေကို အာရုံပြုပြီး ကာမုပါဒါန်ဖြင့် စွဲလမ်းပုံတွေပါဘဲ။
ဒိဋ္ဌိနဲ့ စွဲလမ်းပုံကတော့ ရုပ်ကိုယ်ကြီးကိုပင် အသက်ရှင်နေတဲ့ အတ္တကောင် အသက်ကောင်လို့လဲ ထင်မှတ် စွဲလမ်းတတ်တယ်၊ အတ္တကောင် အသက်ကောင်က ရုပ်ကိုယ်ကြီးကို မှီပြီး တည်နေတယ် လို့ယင်လဲ ထင်မှတ် စွဲလမ်းတတ်တယ်။ ထို့အတူ အတ္တကောင် အသက်ကောင် ငါကောင်က အကောင်းအဆိုးတွေကို ခံစားနေတယ်လို့ ယင်လဲ ထင်မှတ်စွဲလမ်းတတ်တယ်။ မှတ်သားတာ မှတ်နိုင်တာဟာ ငါဘဲလို့လဲ ထင်မှတ် စွဲလမ်းတတ်တယ်။ ကွေးအောင် ဆန့်အောင် ထိုင်အောင် ထအောင် သွားလာလှုပ်ရှားအောင် ပြောဆိုအောင် ပြုလုပ်နေတာဟာ ငါဘဲလို့လဲ ထင်မှတ်စွဲလမ်း တတ်တယ်၊ ငါက နှစ်သက်တယ် မနှစ်သက်ဘူး၊ ငါက ချစ်တယ် မုန်းတယ် စသည်ဖြင့်လဲ ထင်မှတ် စွဲလမ်းတတ်တယ်၊ ငါက မြင်တယ်၊ မြင်တာဟာ ငါဘဲ စသည်ဖြင့်လဲ ထင်မှတ်စွဲလမ်း တတ်တယ်။ ဒါတွေဟာ အတ္တစွဲဆိုတဲ့ ဒိဋ္ဌိဥပါဒါန်ဖြင့် ခန္ဓာငါးပါးကိုစွဲလမ်းပုံတွေပါဘဲ။
ဒီလိုစွဲလမ်းမှုတွေဟာ မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း ပါဝင်ပြီး ဖြစ်နေပါတယ်၊ တရံတခါ အထင်လွဲပြီး စွဲလမ်းတယ်၊ တခါတရံ သာယာပြီး စွဲလမ်းတယ်၊ အဲဒီလို စွဲလမ်းတာကို ဥပါဒါန်လို့ ခေါ်တယ်။ ဒါကြောင့် ထင်လွဲသာယာ၊ စွဲလမ်းတာ၊ နှစ်ဖြာ ဥပါဒါန်-လို့ ဆိုထားပါတယ်။ အဲဒီ စွဲလမ်းမှု ဥပါဒါန်တို့၏ အာရုံဖြစ်တဲ့ ရုပ်နာမ်ခန္ဓာတွေ၊ အထင်လွဲပြီး စွဲလမ်းနိုင်တဲ့ ရုပ်နာမ်ခန္ဓာတွေ၊ သာယာပြီး စွဲလမ်းနိုင်တဲ့ ရုပ်နာမ်ခန္ဓာတွေ အဲဒါတွေကို ဥပါဒါနက္ခန္ဓာလို့ ခေါ်တယ်။ ငါကောင်အနေနဲ့ ထင်မှတ်ယင် အထင်လွဲပြီး စွဲလမ်းတဲ့ ဒိဋ္ဌိပါဒါန်ဘဲ၊ ငါ့ဥစ္စာအနေနဲ့ နှစ်သက်သိမ်းပိုက်လိုလျှင် သာယာပြီး စွဲလမ်းတဲ့ တဏှာဥပါဒါန်ဘဲ။ ဒါကြောင့် ငါ, ငါ့ဥစ္စာ၊ စွဲနိုင်တာ၊ ဥပါဒါနက္ခန် လို့ ဆောင်ပုဒ်စီထားတယ်။ အဲဒါကို ဆိုကြရမယ်။
ငါ, ငါ့ဥစ္စာ၊ စွဲနိုင်တာ၊ ဥပါဒါနက္ခန်။ (ဆို)
ဥပါဒါနက္ခန္ဓာ ခေါ်ရပုံ
စွဲလမ်းတာက ဥပါဒါန်၊ အစွဲလမ်းခံရတာက ဥပါဒါနက္ခန္ဓာ၊ ငါဘဲ ငါ့ဥစ္စာဘဲလို့ စွဲလမ်းတာက ဥပါဒါန်၊ ငါဘဲ ငါ့ဥစ္စာဘဲလို့ ထင်မှတ်ရတဲ့ တရားတွေက ဥပါဒါနက္ခန္ဓာတဲ့။ အဲဒီမှာ ငါ့ဥစ္စာလို့ ထင်မှတ် စွဲလမ်းတယ်ဆိုတာနဲ့ နှစ်သက် သာယာပြီး စွဲလမ်းတယ်ဆိုတာဟာ အတူတူပါဘဲ၊ နှစ်သက် သာယာတဲ့ အခါမှာ ကိုယ့်ဥစ္စာမဟုတ်ပေမဲ့ ကိုယ့်ဥစ္စာအနေနဲ့ သိမ်းပိုက်ပြီး နှစ်သက်သာယာ ပါတယ်၊ ဈေးဆိုင်မှာ လိုချင်စရာ ပစ္စည်းတွေကို သွားကြည့်တဲ့အခါ အင်္ကျီဆိုယင်လဲ စိတ်ထဲက ဝတ်ကြည့် လိုက်တာဘဲ၊ ဘိနပ်ဆိုယင်လဲ စိတ်ထဲက စီးကြည့်လိုက်တာဘဲ၊ သက်ရှိ သက်မဲ့ ဝတ္ထုတွေအားလုံးကို ဒီလိုချည်း ကိုယ်ပိုင်အနေနဲ့ အသုံးပြုပြီး နှစ်သက်သာယာလိုက်တာဘဲ။ ဒါကြောင့် တဏှာနဲ့ သာယာပုံကို ပြတဲ့အခါမှာ ဧတံ မမ - ဤအရာသည် ငါ့ဥစ္စာဘဲလို့ သာယာသိမ်းပိုက်ပြီး ဖြစ်တဲ့အကြောင်း ဟောထားပါတယ်၊ ဒီမှာလဲ အဲဒီဒေသနာနည်းကို ယူပြီး ငါ့ဥစ္စာအနေနဲ့ စွဲလမ်းတာကို တဏှာဥပါဒါန်၊ အဲဒီလို စွဲလမ်းနိုင်တဲ့ တရားတွေကို ဥပါဒါနက္ခန္ဓာလို့ ပြဆို ထားပါတယ်။ အဲဒီ ဥပါဒါနက္ခန္ဓာတွေက ဘာတွေလဲဆိုယင် ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဆိုတဲ့ ခန္ဓာငါးပါးတရားတွေပါဘဲ။ ဒါကြောင့် ငါ, ငါ့ဥစ္စာ၊ စွဲနိုင်တာ၊ ဥပါဒါနက္ခန်။ ရုပ်, ဝေ, သညာ၊ သင်္ခါရာ၊ ဝိညာ ဤငါးတန်-လို့ ဆိုထားပါတယ်။ အဲဒီ ၂-ပုဒ်ကို တဆက်တည်း ဆိုကြရမယ်။
ငါ, ငါ့ဥစ္စာ၊ စွဲနိုင်တာ၊ ဥပါဒါနက္ခန်။ (ဆို)
ရုပ်, ဝေ, သညာ၊ သင်္ခါရာ၊ ဝိညာ ဤငါးတန်။ (ဆို)
ရုပ်-က ရူပက္ခန္ဓာ၊
ဝေ-က ဝေဒနာက္ခန္ဓာ၊
သညာ-က သညာက္ခန္ဓာ၊
သင်္ခါရာ-က သင်္ခါရက္ခန္ဓာ၊
ဝိညာ-က ဝိညာဏက္ခန္ဓာ၊
အဲဒီခန္ဓာငါးပါးကို အတိုချုပ်မှတ်ရအောင် “ရုပ် ဝေ သညာ၊ သင်္ခါရာ၊ ဝိညာ ဤငါးတန်”လို့ ဆောင်ပုဒ် စီထားတယ်။ အမှန်စင်စစ်ကတော့ ဒီခန္ဓာငါးပါးဟာ အတ္တကောင် အသက်ကောင် ငါကောင် မဟုတ်ဘူး၊ သဘောတရားမျှပါဘဲ၊ ဒါပေမဲ့ ပုထုဇဉ်သတ္တဝါတွေက အဲဒါတွေကို အတ္တကောင် အသက်ကောင် ငါကောင်ဘဲလို့ အထင်လွဲပြီးတော့လဲ စွဲလမ်းနေကြတယ်၊ သာယာနှစ်သက် ပြီးတော့လဲ စွဲလမ်းနေကြတယ်။ ဒါကြောင့် အဲဒီတရားတွေကို ဥပါဒါနက္ခန္ဓာ လို့ ခေါ်တယ်။
ရုပ်ခန္ဓာဆိုတာ အကြမ်းဖျင်းအားဖြင့် ပြောရယင် ရုပ်ကိုယ်ကြီးတခုလုံးပါဘဲ၊ အဲဒီ တကိုယ်လုံးမှာ ဘယ်အပိုင်းကဘဲ ဖြစ်ဖြစ် စွဲလမ်းနိုင်တယ်။ ဆံပင်ကလေး တပင်ကိုလဲ စွဲလမ်းတာဘဲ၊ မယုံယင် စမ်းကြည့်နိုင်ပါတယ်၊ လူတယောက်ရဲ့ ဆံပင်ကို ဆွဲကြည့်ပါ၊ ငါ့ကို မဆွဲနဲ့လို့ ပြောပါလိမ့်မယ်။ ဆံပင်ကို ဆွဲနှုတ်လိုက်ယင်တော့ ငါ့ကို ဆွဲနှုတ်တယ်၊ ငါ့ကို စော်ကားတယ်-လို့ ဆိုမှာ သေချာ ပါတယ်။ အဲဒါ ဆံပင်ကို ငါအနေနဲ့ ငါ့ဥစ္စာအနေနဲ့ စွဲလမ်း နေပုံပါဘဲ။ ရုပ်ဆိုတာ အထက်ဆံဖျားမှ အောက်ခြေဖဝါးတိုင်အောင်၊ အောက်ခြေဖဝါးမှ အထက်ဆံဖျား တိုင်အောင် တကိုယ်လုံးမှာ အနှံ့အပြား ရှိနေတယ်၊ အဲဒီရှိသမျှရုပ်တွေကို ငါအနေနဲ့လဲ စွဲလမ်းတယ်၊ ငါ့ကိုယ်အနေနဲ့လဲ သာယာပြီး စွဲလမ်းတယ်။
အတ္တစွဲက ကင်းခဲသည်
▬▬▬▬▬▬▬▬▬
ရုပ်နာမ်အကြောင်း မလေ့လာဘူးတဲ့ သူတွေမှာ ဒီရုပ်ကိုယ်ကြီးကိုပင် အသက်ရှင်နေတဲ့ ငါကောင်လို့ ထင်မှတ်စွဲလမ်း နေတယ်၊ တရားအားမထုတ်ဘူးတဲ့သူတွေ၊ အားထုတ်သော်လဲ ရုပ်နာမ်တရားကို ပိုင်းပိုင်းခြားခြား မသိသေးတဲ့ သူတွေလဲ ဒီရုပ်ကိုယ်ကြီးကို ငါကောင်လို့ ထင်နေတာဘဲ။ ရုပ်နဲ့ နာမ်မျှသာ ရှိတယ်၊ ပုဂ္ဂိုလ် သတ္တဝါကောင် ငါကောင်ရယ်လို့ စင်စစ်အားဖြင့် မရှိဘူးဆိုတာကို ကြားနာ မှတ်သားဘူးတဲ့သူတွေ၊ ရုပ်နာမ်အကြောင်း လေ့လာဘူးတဲ့ သူတွေမှာတော့ အဲဒီလိုစွဲလမ်းမှု သက်သာပါတယ်၊ ဒါပေမဲ့ လုံးလုံးကင်းတာတော့ မဟုတ်ဘူး၊ စွဲလမ်းမှုကတော့ ရှိနေသေးတာဘဲ။
ဘုရား ဟောထားတဲ့အတိုင်း, တရားကျမ်းဂန်တွေက ပြဆိုထားတဲ့အတိုင်း, ဆရာသမားတွေက ပြောဟောထားတဲ့အတိုင်း ယုံကြည်တဲ့ သဒ္ဓါနဲ့ မှတ်သားထားတဲ့ သညာသိကြောင့်သာ စွဲလမ်းမှု သက်သာနေတာ၊ ကိုယ်တိုင်တွေ့ပြီး သိထားတာ မဟုတ်တဲ့အတွက် အစွဲအလမ်းကတော့ ရှိနေ သေးတာဘဲ။ စာပေကျမ်းဂန် ဗဟုသုတနဲ့ ပြည့်စုံလို့ ဟောပြောနေတဲ့ ပုဂ္ဂိုလ်တွေ ကျမ်းဂန်ရေးသား ပြုစုနေတဲ့ ပုဂ္ဂိုလ်တွေမှာလဲ ဝိပဿနာဉာဏ်ဖြင့် ကောင်းကောင်း မတွေ့ရသေးလျှင် ဒီအတ္တစွဲက ရှိနေသေးတာဘဲ၊ လုံးလုံး ကင်းသွားပြီလို့တော့ မဆိုနိုင်ဘူး။
ဝိပဿနာရှုလို့ ခဏမစဲ ပျက်နေတဲ့ ရုပ်နာမ် သဘောတွေကို သေသေချာချာ တွေ့နေရယင်တော့ ဒီအတ္တစွဲဟာ မဖြစ်နိုင်ဘဲ ကင်းနေတတ်ပါတယ်၊ ဒါတောင် အရိယမဂ်ကို မရောက်သေးဘဲ နားနေယင် ဒီအတ္တစွဲက ဖြစ်မယ်ဆို ဖြစ်နိုင်သေးတာဘဲ။ လုံးဝ ကင်းတာကတော့ သောတာပတ္တိ မဂ်ကို ရောက်မှ ဒီအတ္တစွဲက လုံးဝကင်းပါတယ်။ တချို့က “ဝိပဿနာတရား အားထုတ်ချင်ယင် အတ္တဒိဋ္ဌိအတ္တစွဲကို အလျင်ဖြုတ်ရမယ် ပယ်ရမယ်၊ အတ္တစွဲ မပြုတ်ပဲနဲ့ ဝိပဿနာ အားထုတ်လို့ မဖြစ်ဘူး”လို့ ပြောကြဟောကြတယ်၊ အဲဒါကတော့ သဘာမကျပါဘူး၊ အတ္တဒိဋ္ဌိပြုတ်ယင် သောတာပန် ဖြစ်နေပြီဘဲ၊ ဒီတော့ ဝိပဿနာ မရှုရဘဲနဲ့ သောတာပန် ဖြစ်တယ်လို့ ဆိုရာ ရောက်နေပါတယ်။ အမှန်ကတော့ ဝိပဿနာရှုမှ အတ္တဒိဋ္ဌိအတ္တစွဲက ပြုတ်တာ။ ဒါကြောင့် ဝိသုဒ္ဓိမဂ်မှာ -
နာမရူပါနံ၊ နာမ်နှင့် ရုပ်တို့ကို။
ယာထာဝဒဿနံ၊ ဟုတ်တိုင်း မှန်စွာ သိမြင်ခြင်းသည်။
ဝါ၊ သိမြင်သော ဉာဏ်သည်။
ဒိဋ္ဌိ ဝိသုဒ္ဓိ နာမ၊ အတ္တဒိဋ္ဌိ အညစ်အကြေးမှ စင်ကြယ်သော ဒိဋ္ဌိဝိသုဒ္ဓိ မည်တယ် - လို့လဲ မိန့်ဆိုထားပါတယ်။ နောက်ပြီးတော့ အနတ္တာနုပဿနာကို ပွားစေတဲ့သူမှာ အတ္တသညာ အတ္တ အမှတ်အစွဲကို ပယ်တယ်လို့လဲ ပြဆိုထားပါတယ်။
အဲဒီတော့ စောစောပိုင်းက ဖြုတ်ဖို့လိုတဲ့ အတ္တစွဲကတော့ တရား အားမထုတ်နိုင်လောက်အောင်, ရုပ်နာမ်မျှသာ ရှိတယ်ဆိုတာကို မယုံကြည်နိုင်လောက်အောင် ခိုင်ခိုင်မြဲမြဲ စွဲနေတဲ့ အတ္တစွဲကိုသာ တရားနာခြင်း, ရုပ်နာမ်တရားကို လေ့လာခြင်း စသည်ဖြင့် ဖြုတ်ဖို့လိုပါတယ်။ ဒီလို ဓမ္မန္တရာယ် ဖြစ်လောက်အောင် ခိုင်မြဲတဲ့ အတ္တစွဲဆိုတာကတော့ ဗုဒ္ဓမြတ်စွာဘုရား၏ တရားကို လေးလေးစားစား ယုံကြည်နေတဲ့ ဗုဒ္ဓသာသနာဝင် ပုဂ္ဂိုလ်တွေမှာ မရှိနိုင်ပါဘူး၊ ဒီလိုမရှိတဲ့အတွက်ပဲ ဝိပဿနာ တရားကို အားထုတ်နိုင်ကြတာ။
မြတ်စွာဘုရားလက်ထက်တော်ကဆိုယင် တော်တော်ခိုင်မြဲတဲ့ အတ္တစွဲရှိနေတဲ့ ပုဂ္ဂိုလ်တွေတောင် မြတ်စွာဘုရားထံ လာရောက်ပြီး တရားဆွေးနွေးရင်း၊ တရားနာရင်းနဲ့ နှလုံးသွင်းပြီး အတ္တစွဲလဲပြုတ် အရိယမဂ်ဖိုလ်လဲ ရောက်သွား ကြသေးတာဘဲ။ အဲဒါဟာ စောစောက အတ္တစွဲကို ဖြုတ်ရတာ မဟုတ်ပါဘူး၊ တရားနာရင်း နှလုံးသွင်းရင်းနဲ့ အတ္တစွဲလဲပြုတ်အရိယမဂ်ဖိုလ်လဲ ရောက်သွားကြ တာဘဲ။ ဒါကြောင့် ဝိပဿနာတရား အားထုတ်ချင်ယင် ရှေးဦးစွာ အတ္တစွဲဖြုတ်ရမယ်၊ အတ္တစွဲ ဖြုတ်ပြီးမှ အားထုတ်ရမယ် ဆိုတာဟာ သဘာဝ မကျပါဘူး၊ ဘုရားအလိုတော်မကျပါဘူး။ .
အတ္တစွဲ ပြုတ်ပုံ
▬▬▬▬▬
အမှန်ကတော့ ရုပ်နာမ် အနိစ္စ ဒုက္ခ အနတ္တ သဘောတရားမျှသာ ရှိတယ်လို့ ကြားနာမှတ်သားဘူးပြီး ယုံကြည်တဲ့ သူဆိုယင် ဝိပဿနာ ရှုကောင်းပါတယ်၊ သတိပဋ္ဌာန်နည်းအရ ဒွါရ ၆-ပါးက ဖြစ်တိုင်း ဖြစ်တိုင်းသော ရုပ်နာမ်တွေကို ရှုကောင်းပါတယ်။ မျက်စိကမြင်ယင် မြင်တာကိုရှု၊ နားက ကြားယင် ကြားတာကိုရှု၊ နှာခေါင်းကနံယင် နံတာကိုရှု၊ လျှာက အရသာကို စားသိယင် အဲဒီ စားသိတာကိုရှု၊ ကိုယ်ကတွေ့ထိယင် တွေ့ထိတာကိုရှု၊ စိတ်ကူးစဉ်းစား ကြံစည်ယင် အဲဒီစိတ်ကူး စဉ်းစား ကြံစည်တာကိုရှု၊ ဒီလို ဖြစ်တိုင်း ဖြစ်တိုင်းကို မပြတ်ရှုနေယင် သိသင့်တဲ့တရားတွေကို မိမိ၏ ပါရမီဉာဏ် အားလျော်စွာ အကုန်သိတယ်၊ သိစရာ ဘာကျန်သေးသလဲ၊ ဘာမျှ မကျန်တော့ဘူး၊ အကုန်လုံးဘဲ သိနိုင်ပါတယ်။
ဒါကြောင့် သတိပဋ္ဌာန် ဒေသနာတော်နည်းအရ မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း ခဏမစဲ မပြတ် ရှုမှတ်နေယင် သမာဓိအားကောင်းလို့ စိတ်စင်ကြယ်တဲ့အခါမှာ နာမ်နဲ့ရုပ်ကို ပိုင်းခြားပြီး သိတယ်၊ ရှုမှတ်ရတဲ့ အာရုံနဲ့ ရှုမှတ် သိနေတာ ဒီရုပ်နဲ့ နာမ် ၂-ပါးမျှသာ ရှိတယ်၊ အတ္တကောင် ငါကောင်ဆိုတာ မရှိဘူးလို့ ကိုယ်ပိုင်ဉာဏ်ဖြင့်ပင် သိနိုင်ပါတယ်။
ဒီတော့ မူလက အတ္တစွဲရှိနေယင် အဲဒီအတ္တစွဲဟာ ကင်းသွားတာပေါ့။ အဲဒီကနောက် ရှုမှတ်နေယင်း အကြောင်း ရုပ်နာမ်နဲ့ အကျိုးရုပ်နာမ်မျှသာ ရှိတယ်ဆိုတာကိုလဲ ကိုယ်ပိုင်ဉာဏ်ဖြင့် သိရပြန်တယ်။ အဲဒီတော့ အတ္တကောင် ငါကောင်ဟာ ယခုဘဝ မတိုင်မီက ရှိခဲ့လေသလား၊ ယခုဘဝမှာမှ ရှိလာတာလေလား၊ နောင်လဲ ရှိဦးမှာလေလား စသည်ဖြင့် ဖြစ်တတ်တဲ့ ယုံမှားမျိုးတောင် ကင်းသွား ပြန်တယ်။
အဲဒီကနောက် မှတ်သိရတဲ့ အာရုံရော မှတ်သိတဲ့စိတ်ရော မှတ်ရင်းမှတ်ရင်း ပျောက်ပျောက် သွားတာကိုချည်း တွေ့ရတဲ့အတွက် မမြဲဘူး-မမြဲတဲ့ တရားတွေဘဲလို့လဲ သိရပြန်တယ်၊ ဆင်းရဲ ချည်းဘဲလို့လဲ သိရပြန်တယ်၊ သူ့သဘောအတိုင်း သူဖြစ်ပျက်နေတဲ့ သဘောတရား ချည်းဘဲ၊ အနတ္တတရားချည်းဘဲလို့လဲ သိရပြန်တယ်၊ အဲဒီတော့ အတ္တကောင် ငါကောင်လို့ စွဲလမ်းစရာကို မရှိတော့ဘူး၊ ရှေးတုန်းက တို့မသိလို့ အတ္တကောင် အသက်ကောင် ငါကောင် ရှိနေတယ်လို့ ထင်မှတ်ခဲ့တယ်၊ ယခု ရှုမှတ်ကြည့်လိုက်တော့ မှတ်သိရတဲ့ အာရုံတွေကလဲ ဖြစ်ပေါ်ပြီး ချက်ခြင်း ပျောက်ပျောက်သွားတာ ချည်းဘဲ၊ မှတ်သိတဲ့ စိတ်ကလဲ ချက်ခြင်း ပျောက်ပျောက်သွားတာချည်းဘဲ၊ အမြဲတမ်း တည်နေတဲ့ အတ္တကောင် ငါကောင်ဆိုတာ မရှိဘူး၊ ခဏမစဲ ဖြစ်ပျက်နေတဲ့ သဘောတရားမျှ ချည်းဘဲလို့ ဒီလိုသဘောကျပြီး ကိုယ်ပိုင်ဉာဏ် ဖြစ်ပေါ်လာပါတယ်၊ ဒီတော့ ဘယ်မှာ အတ္တစွဲ ဖြစ်နိုင်တော့မလဲ၊ ဖြစ်နိုင်ခွင့် မရှိတော့ပါဘူး။ .
ရှုမှတ်ရုံနဲ့ အတ္တစွဲပြုတ်ကြောင်း
▬▬▬▬▬▬▬▬
အချို့ကလဲ ဒီလိုဖြစ်ခိုက် ရုပ်နာမ်ရှုမှတ်နေရုံနဲ့ မပြည့်စုံသေးဘူးလို့ ထင်ကြတယ်၊ ရုပ်ရယ် နာမ်ရယ်လို့ စဉ်းစား ဆင်ခြင်လိုက်ရမှ, ဖြစ်တယ် ပျက်တယ်လို့ ဆင်ခြင်လိုက်ရမှ ပြည့်စုံတယ်လို့ ထင်နေကြတယ်။ အမှန်ကတော့ ဆင်ခြင်တယ် ဆိုတာ ကိုယ်တိုင်သိတဲ့ ဉာဏ် မဟုတ်ပါဘူး၊ စာပေ ကျမ်းဂန်အရဖြစ်စေ၊ တဆင့်ကြားရလို့ ဖြစ်စေ မှတ်ထားတဲ့အတိုင်း မှန်းဆပြီး ဆင်ခြင်နေတာဘဲ၊ သညာသိမျှဘဲ ဖြစ်ပါတယ်၊ ကိုယ်တိုင်သိ ဉာဏ်အစစ် မဖြစ်ပါဘူး။ ဒါကြောင့် စာကျက်ပြီး မှတ်မိနေတာမျိုးလောက်ပဲ ရှိပါတယ်၊ သိပ် ခရီးမရောက်နိုင်ပါဘူး။ ယခုပြောခဲ့တဲ့ ဖြစ်ခိုက် ဖြစ်ခိုက်လိုက်ပြီး မပြတ်ရှုနေတာကမှ ကိုယ်ပိုင်ဉာဏ်ဖြင့်တွေ့ပြီး ကိုယ်တိုင်သိဉာဏ် ဖြစ်တာ။
ဥပမာ ခြံဝင်းတံခါးပေါက်က ဖြစ်စေ၊ ရွာတံခါး ပေါက်ကဖြစ်စေ စောင့်ပြီး ကြည့်နေယင် ဝင်တိုင်း ထွက်တိုင်း လူတွေကို ကိုယ်တိုင်တွေ့ သေသေချာချာ သိရတယ်၊ စဉ်းစားဆင်ခြင်နေဘို့ မလိုပါဘူး၊ စောင့်ကြည့်နေရုံနဲ့ဘဲ အမှန်အတိုင်း သိရပါတယ်။ ဒါလိုပါပဲ မျက်စိ နား နှာ လျှာ ကိုယ်စိတ်ဆိုတဲ့ ဒွါရ ၆-ပါးက ဖြစ်တိုင်းဖြစ်တိုင်းကိုသာ စောင့်ပြီး ရှုမှတ်နေပါ၊ သဘောမှန်တွေကို အကုန်လုံး သိနိုင်ပါတယ်၊ ရုပ်ရယ် နာမ်ရယ် ဖြစ်တယ် ပျက်တယ်လို့ အထူးစဉ်းစား ဆင်ခြင်နေဘို့ မလိုပါဘူး။
တနည်း ဥပမာအားဖြင့် လမ်းဘေးမှာ ကြည်လင်တဲ့ မှန်ကို ထောင်ထားပါ၊ လူဖြစ်စေ ကားဖြစ်စေ လာသမျှတွေဟာ အဲဒီမှန်မှာ သူ့ပုံမှန်အတိုင်းဘဲ ထင်ပေါ် ထင်ပေါ်သွားကြမယ်၊ အဲဒါလိုပါဘဲ ဒွါရ ၆-ပါးက ပေါ်လာသမျှကို သတိဉာဏ်နဲ့ စောင့်ပြီး ရှုမှတ်နေယင် ရုပ်နာမ် သဘောတရားတွေဟာ သူ့ပုံမှန်အတိုင်းဘဲ ထင်ပေါ်ထင်ပေါ် သွားကြပါတယ်၊ အာရုံ မသိတတ်တဲ့ ရုပ်ကလဲ အာရုံကို မသိတတ်တဲ့ အနေနဲ့ဘဲ ထင်ပေါ်သွားပါတယ်၊ အာရုံကို သိတတ်တဲ့ နာမ်ကလဲ အာရုံကို သိတတ်တဲ့အနေနဲ့ဘဲ ထင်ပေါ်သွားပါတယ်၊ ပေါ်လာတဲ့ အာရုံရော မှတ်သိနေတဲ့ စိတ်ရော အသစ်အသစ် ဖြစ်ပေါ် ဖြစ်ပေါ်ပြီး ပျောက်ပျက်သွားတဲ့ အနေနဲ့ဘဲ ထင်ပေါ်သွားပါတယ်၊ ဒီတော့ ရှုနေတဲ့ ယောဂီက ရုပ်နဲ့နာမ်မျှဘဲ ရှိတယ်ဆိုတာလဲ ရှုမှတ် နေရုံမျှနဲ့ဘဲ သိရတယ်၊ ခဏမစဲ ဖြစ်ပြီး ပျောက်ပျက်သွားလို့ မမြဲဘူး ဆိုတာလဲ သိရတယ်၊ နှစ်သက်သာယာဖွယ် အားကိုးဖွယ် မရှိတဲ့ ဆင်းရဲတွေချည်းဘဲ ဆိုတာလဲ သိရတယ်၊ သူ့သဘောအတိုင်း သူဖြစ်ပျက်သွားတဲ့ သဘောတရားမျှဘဲ ဆိုတာလဲ သိရတယ်။
ဒီလိုဖြစ်ခိုက်မှာ ရှုမှတ်နေရုံနဲ့ အမှန်အတိုင်း သိနေယင် စဉ်းစားဆင်ခြင်ဘို့ လိုပါဦးမလား၊ မလိုတော့ပါဘူး။ အဲဒီလို ဖြစ်ခိုက် ရုပ်နာမ်ကိုတော့ မရှုပါဘဲ ဆင်ခြင်တာက သဘာဝမကျဘူး၊ ဘာကြောင့်လဲဆိုယင် အကောင် အထည်ကြီးလိုက် တွေ့နေပါလျက်နဲ့ ရုပ်နာမ် ရုပ်နာမ်လို့ ငြင်းချက် ထုတ်ပြီး ဆင်ခြင်နေယင် အဲဒါ ကိုယ်ပိုင်အသိဉာဏ် ဟုတ်ပါ့မလား၊ တကယ်ဖြစ်တာ ပျက်တာကို မတွေ့ရပါဘဲလျက်နဲ့ ဖြစ်ပျက် ဖြစ်ပျက်နဲ့ ရွတ်ဆိုပြီး ဆင်ခြင်နေယင်လဲ ကိုယ်ပိုင်အသိဉာဏ် ဟုတ်ပါ့မလား။ ကိုယ်တိုင်မတွေ့ရပါဘဲနဲ့ အဲဒီလို ဆင်ခြင်တာဟာ ကိုယ်ပိုင် အသိဉာဏ် မဟုတ်ပါဘူး၊ မှတ်သားထားတဲ့အတိုင်း နှလုံးသွင်းတဲ့ သညာသိသာ ဖြစ်ပါတယ်၊ ကျက်ထားတဲ့ စာပေကို ထပ်ခါ ထပ်ခါ ရွတ်ဆိုနေတာမျိုးသာ ဖြစ်ပါတယ်။
ဒါကြောင့် ဖြစ်ပေါ်လာသမျှ တရားတွေကို ဖြစ်ခိုက်ဖြစ်ခိုက်မှာ ရှုနေတာက လိုရင်းဘဲ။ အဲဒီလို မရှုပါဘဲနဲ့ ဟိုလို နှလုံးသွင်းလိုက် ဒီလိုနှလုံးသွင်းလိုက်နဲ့ စဉ်းစား ဆင်ခြင်နေတာက လိုရင်း မဟုတ်ဘူး၊ အဲဒီလို စဉ်းစားဆင်ခြင်နေယင် သမာဓိလဲ မဖြစ်ဘူး၊ သမာဓိမဖြစ်ယင် ဉာဏ်အစစ်လဲ မဖြစ်ဘူး၊ နောက်ပြီးတော့ ဆင်ခြင်တယ်ဆိုတာ အမှန်ဆင်ခြင်မိယင်တော့ တော်ပါသေးရဲ့၊ အလွဲဆင်ခြင်မိယင်တော့ အလွဲအမှားတွေလဲ ထင်ပေါ်နိုင်တာဘဲ၊ မမြဲတဲ့တရားကို မြဲတဲ့အနေနဲ့ ဆင်ခြင်ယင် မြဲတဲ့အနေနဲ့ ထင်ပေါ်လာနိုင်တာဘဲ၊ အတ္တကောင်ရှိတဲ့ အနေနဲ့ ဆင်ခြင်ယင် အတ္တကောင်အနေနဲ့လဲ ထင်ပေါ် လာနိုင်တာဘဲ။ ဒါကြောင့်ပေါ့ အတ္တဝါဒ အယူရှိတဲ့လူတွေမှာ အတ္တကောင် တကယ် ရှိတဲ့အနေဲ့ဘဲ သူတို့မှာ တွေ့နေကြတာ။ အဲဒါဟာ ဆင်ခြင်မှု ခရီးမရောက်ပုံ သက်သေ သာဓကပါဘဲ။
ဒါကြောင့် ဖြစ်ခိုက်တရားကို ရှုမှတ်ရုံသာ ရှုမှတ်နေပါ၊ စင်္ကြံသွားနေတဲ့အခါ ကြွတယ် လှမ်းတယ် ချတယ်လို့ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း ရှုမှတ်နေပါ၊ အဲဒီလိုမှတ်ရာမှာ ကြွတယ်လို့ မှတ်တာလဲ တကယ် ကြွတက်လာလို့ မှတ်တာဘဲ၊ လှမ်းတယ် ချတယ်လို့ မှတ်တာတွေလဲ တကယ်လှမ်းလို့ တကယ်နင်းချလိုက်လို့ မှတ်တာဘဲ၊ မဟုတ်ဘဲနဲ့ ကြံတွေးပြီး မှတ်တာမဟုတ်ဘူး၊ ဒါကြောင့် အမှန်တွေချည်းဘဲ။ ဒါပေမဲ့ ရှုမှတ်ခါစ ပုဂ္ဂိုလ်ကတော့ ပိုင်းပိုင်းခြားခြား မသိသေးပေဘူး။
နောက် သမာဓိဉာဏ်အား ကောင်းလာတဲ့ အခါကျတော့ ကြွတယ်လို့ မှတ်တဲ့အခါ ပေါ့ပြီး ကြွတက်လာတဲ့ သဘောကလေးက တခြား + ကြွတယ်လို့ မှတ်သိတဲ့ သဘောကလေးကတခြား ကွဲပြားပြီး ထင်ပေါ်လာတယ်၊ ကြွတာက တခြား + သိတာကတခြား ကွဲပြားလာတာပါဘဲ။ ထို့အတူ လှမ်းတယ်လို့ မှတ်ခိုက်မှာလဲ လှမ်းတာက တခြား + သိတာကတခြား ကွဲပြားလာတယ်။ ချတယ်လို့ မှတ်ခိုက်မှာလဲ လေးလေးပြီး ကျသွားတာက တခြား + သိတာကတခြား ကွဲပြားလာတာဘဲ။ အဲဒါဟာ သိစရာရုပ်နဲ့ သိတဲ့နာမ် ဒီရုပ်နာမ် ၂-ပါး ကွဲပြားပြီး ထင်ပုံပါဘဲ။
ထို့အတူပင် ကွေးတယ်လို့ မှတ်ရာမှာလဲ အားထုတ်ခါစကတော့ မှတ်ရမယ်ဆိုလို့သာ မှတ်နေရတယ် ဘာမျှ ထူးထူးခြားခြား မသိရသေးဘူး၊ လေးငါးခြောက်ရက် စသည်ကြာလို့ သမာဓိဉာဏ် အားကောင်းလာတဲ့ အခါကျတော့ အဲဒီ ကွေးတယ်လို့ မှတ်ရာမှာလဲ ရုပ်နာမ်ကွဲလာတယ်၊ ကွေးတဲ့အခါမှာ တောင့်တဲ့သဘော တင်းတဲ့သဘော တရွေ့ရွေ့ချင်း လှုပ်ရှားတဲ့ သဘောကလေးတွေ အဆင့်ဆင့် ဖြစ်နေတာကို တွေ့ရတယ်၊ အဲဒီလို တောင့်တင်း လှုပ်ရှားတာက တခြား + မှတ်သိတာကတခြား ကွဲပြားပြီး သိရတယ်၊ ဒီတော့ သိစရာနဲ့သိတာ ဒီနှစ်မျိုးဘဲ ရှိတယ်၊ ပုဂ္ဂိုလ်သတ္တဝါရယ်လို့ မရှိဘူး ဆိုတာကို ကိုယ်ပိုင်ဉာဏ်ဖြင့် ပိုင်းခြားပြီးသိတယ်။
အဲဒီလိုရုပ် အမူအရာကို မှတ်မိတိုင်း မှတ်မိတိုင်း မှတ်ရတဲ့ အာရုံရုပ်က တခြား + မှတ်သိတဲ့ စိတ်နာမ်က တခြား ကွဲပြားပြီး ထင်တယ်။ ဒါကြောင့် “သိစရာရုပ်နဲ့ သိတဲ့စိတ်နာမ် ဒါကလေးနှစ်ခု ရှိတာဘဲ၊ ဒိပြင်ပုဂ္ဂိုလ် သတ္တဝါရယ်လို့ မရှိတော့ဘူး၊ တို့ရှေးတုန်းက အသက်ရှင်နေတဲ့ အကောင်ကလေး ရှိနေတယ်လို့ ထင်နေခဲ့တယ်၊ ယခုရှုမှတ်ကြည့်လိုက်တော့ ဒီလို အမြဲတည်ရှိနေတဲ့ အသက်ကောင်ကလေးဆိုတာ မရှိဘူး၊ သူ့အခိုက်အတန့်နဲ့သူ အသစ်အသစ် ဖြစ်ပေါ်နေတဲ့ ရုပ်နာမ်မျှသာ ရှိတာဘဲ”လို့ ရှုမှတ်နေယင်း သဘောကျပြီး သိလာတယ်၊ အဲဒါဟာ နာမရူပပရိစ္ဆေဒဉာဏ်ဘဲ။ ဒီနာမရူပ ပရိစ္ဆေဒဉာဏ် ကောင်းကောင်းဖြစ်ယင် အတ္တစွဲဟာ ကင်းတော့တာပါဘဲ။
ဒါဖြင့် အဲဒီဉာဏ်လောက်နဲ့ အတ္တစွဲဟာ လုံးလုံးကင်းပြီလို့ ဆိုရပါသလားလို့ မေးစရာရှိပါတယ်၊ ဒီဉာဏ်လောက် နဲ့တော့ လုံးလုံးကင်းပြီလို့ မဆိုရသေးပါဘူး၊ ခုနကပြောခဲ့တဲ့အတိုင်း အနိစ္စ ဒုက္ခ အနတ္တ သဘောတွေကို သိနေတာတောင်မှ အရိယမဂ် မရောက်သေးဘဲ ဝိပဿနာအလုပ်ကို ရပ်နားထားယင် အကြောင်းအားလျော်စွာ ဒီအတ္တစွဲက ဖြစ်ပေါ်နိုင်သေးတာပါဘဲ။ ဒီအတ္တစွဲ လုံးလုံး ကင်းတာကတော့ အဲဒီဉာဏ်ကနောက် အစဉ်အတိုင်း ရှုမှတ်ပြီး အနိစ္စ ဒုက္ခ အနတ္တ သဘောတွေကို ပိုင်ပိုင်နိုင်နိုင် သိမြင်လို့ ဝိပဿနာဉာဏ် ရင့်သန်ပြည့်စုံတဲ့အခါမှာ အရိယမဂ်ဉာဏ် ဖြစ်ပေါ် လာတယ်၊ အဲဒီအခါကျတော့မှ ဒီအတ္တစွဲက လုံးလုံးကင်းသွားတာ၊ အဲဒီလို ကင်းပုံကိုတော့ နောက်ပိုင်းကျမှ ပြောရမယ်။ ယခုပြောနေတာက ရုပ်ခန္ဓာစွဲလမ်းပုံ ပြောနေရာက အတ္တစွဲဖြစ်ပုံ ကင်းပုံကို စပ်မိစပ်ရာ ပြောလာခဲ့ခြင်း ဖြစ်တယ်။ .
စွဲလမ်းပုံ အဆက်
▬▬▬▬▬▬▬
ခုနကပြောခဲ့တဲ့အတိုင်းဘဲ ရုပ်နာမ်အကြောင်း ကောင်းကောင်း မလေ့လာဘူးသေးတဲ့ ပုဂ္ဂိုလ်, ဝိပဿနာဉာဏ်ဖြင့် ရုပ်နာမ်ကို ကောင်းကောင်း မသိရသေးတဲ့ ပုဂ္ဂိုလ် အဲဒီလိုပုဂ္ဂိုလ်မှာ ကိုယ့်ကိုယ်ကို ဆင်ခြင်ကြည့်လိုက်ယင် အတ္တကောင် အသက်ကောင်ဟုတ်တဲ့အနေ, အတ္တကောင် အသက်ကောင် ရှိတဲ့အနေဲ့ဘဲ ထင်နေတတ်တယ်၊ ဆံဖျားက ခြေဖဝါးအထိ, ခြေဖဝါးက ဆံဖျားအထိ ရုပ်ကိုယ်ကြီး တခုလုံးဟာ အသက်ရှင်နေတဲ့ ငါကောင်အနေနဲ့ဘဲ ထင်နေတတ်တယ်။ အဲဒါဟာ ရုပ်ကို အတ္တစွဲနေပုံပါဘဲ။
နောက်ပြီးတော့ အကောင်းအဆိုး ခံစားမှုဝေဒနာကိုလဲ အတ္တကောင် ငါကောင်အနေနဲ့ စွဲလမ်းတယ်၊ မြင်လို့ ကြားလို့ တွေ့လို့ ကြံသိလို့ ကောင်းတဲ့အခါ ငါကောင်းနေတယ်လို့ ထင်တယ်၊ မကောင်းတဲ့အခါလဲ ငါမကောင်းနေတယ်၊ ငါဆင်းရဲနေတယ်လို့ ထင်တယ်၊ အထူးအားဖြင့် နာကျင် ကိုက်ခဲခြင်း အနာရောဂါနှိပ်စက်ခြင်း စသည်ဖြင့် ကိုယ်ထဲမှာ မခံသာတဲ့ ဒုက္ခဝေဒနာတွေ ဖြစ်နေတဲ့ အခါမှာ ငါဆင်းရဲနေတယ်လို့ထင်တယ်။ စိတ်ညစ်စရာ စိတ်ပျက်စရာ ဘေးအန္တရာယ်နဲ့ တွေ့နေရတဲ့အခါမှာလဲ ငါစိတ်ညစ်တယ် စိတ်ပျက်တယ် ငါဒုက္ခရောက်နေတယ်လို့ဘဲ ထင်တယ်၊ ချမ်းသာစွာ နေထိုင် စားသောက်နေရတဲ့အခါ, ဝမ်းမြောက်ဝမ်းသာ ဖြစ်နေတဲ့အခါကျတော့လဲ ငါချမ်းသာနေတယ်, ငါဝမ်းသာနေတယ် စသည်ဖြင့် ထင်တယ်။ အဲဒါဟာ ဝေဒနာ ခန္ဓာကို အတ္တကောင်အနေနဲ့ စွဲလမ်းပုံပါဘဲ။
နောက်ပြီးတော့ မှတ်မိတဲ့ သညာကိုလဲ ငါကောင်အနေနဲ့ စွဲလမ်းတယ်၊ မှတ်မိတာ မှတ်နိုင်တာကို အကြောင်းပြုပြီး ငါမှတ်မိတယ်၊ မှတ်နိုင်တယ်၊ မှတ်ဉာဏ်ကောင်းတယ်၊ ငယ်ငယ်ကမှတ်မိခဲ့တာလဲ ငါဘဲ၊ ယခု မှတ်မိတာလဲ ငါဘဲလို့ ထင်တယ်။ အဲဒါဟာ သညာခန္ဓာကို အတ္တကောင်အနေနဲ့ စွဲလမ်းပုံပါဘဲ။
နောက်ပြီးတော့ ပြုပြင်အားထုတ်မှုဆိုတဲ့ သင်္ခါရတွေကိုလဲ အတ္တကောင် ငါကောင်အနေနဲ့ စွဲလမ်းတယ်၊ ကွေးခြင်း ဆန့်ခြင်း ထိုင်ခြင်း ရပ်ခြင်း သွားလာလှုပ်ရှားခြင်း ပြုံးရယ်ခြင်း ပြောဆိုခြင်း အစရှိတဲ့ ကိုယ်အမူအရာတွေ နှုတ်အမူအရာတွေ ဖြစ်ပေါ်အောင် ငါက လုပ်နေတယ်လို့ ထင်တယ်၊ စိတ်ကူး ကြံစည်မှု ဖြစ်အောင်လဲ ငါက လုပ်နေတယ် လို့ ထင်တယ်၊ ငါကနှစ်သက်တယ် ငါက စိတ်ဆိုးတယ်၊ ငါက အစွဲအလမ်းကြီးတယ်၊ ငါက မယုံတတ်ဘူး၊ ငါက မိုက်တယ်၊ ငါက လိမ္မာတယ်၊ ငါက ကြည်ညိုတယ်၊ ငါက သနားတတ်တယ် စသည်ဖြင့် စိတ်အမူအရာတွေကိုလဲ ငါကောင်အနေနဲ့ ထင်မှတ် စွဲလမ်းနေတယ်၊ အဲဒါတွေဟာ သင်္ခါရက္ခန္ဓာကို အတ္တအနေနဲ့ စွဲလမ်းပုံတွေပါဘဲ။
နောက်ပြီးတော့ ဝိညာဏ်ဆိုတဲ့ စိတ်ကိုလဲ မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း ငါမြင်တယ်၊ မြင်တာဟာ ငါဘဲ၊ ငါကြားတယ် ကြားတာဟာ ငါဘဲ၊ ငါနံတယ်၊ ငါစားတယ်၊ ငါတွေ့ထိတယ် တွေ့ထိတာဟာ ငါဘဲ၊ ငါ ကြံတယ် စဉ်းစားတယ် ကြံတာ စဉ်းစားတာဟာ ငါဘဲ စသည်ဖြင့် စွဲလမ်းတယ်။ အဲဒါတွေဟာ စိတ်ဆိုတဲ့ ဝိညာဏက္ခန္ဓာကို အတ္တအနေနဲ့ စွဲလမ်းပုံတွေပါဘဲ။
ယခု ပြောခဲ့တာတွေဟာ ခန္ဓာငါးပါးကို အသီးအသီး တဏှာနဲ့ ဒိဋ္ဌိနဲ့ စွဲလမ်းပုံတွေပါဘဲ။ ဒွါရနဲ့ ပြောရယင်တော့ မြင်တဲ့အခါမှာ မျက်စိရုပ် အဆင်းရုပ်တွေကို နှစ်သက်သာယာပြီးတော့လဲ စွဲလမ်းတယ်၊ အတ္တကောင် ငါကောင်အနေနဲ့ အထင်လွဲပြီးတော့လဲ စွဲလမ်းတယ်၊ အဲဒါ ရုပ်ခန္ဓာကို စွဲလမ်းပုံဘဲ။ မြင်လို့ကောင်းတာ မကောင်းတာကိုလဲ ထို့အတူပင် သာယာပြီး စွဲလမ်းတယ်၊ အထင် လွဲပြီးတော့လဲ စွဲလမ်းတယ်၊ ဝေဒနာခန္ဓာကို စွဲလမ်းပုံဘဲ။ ထို့အတူ မှတ်မိတဲ့သညာကိုလဲ စွဲလမ်းတယ်၊ သညာခန္ဓာကို စွဲလမ်းပုံဘဲ။ မြင်အောင် စူးစိုက်တာ နှလုံးသွင်း အားထုတ်တာကိုလဲ စွဲလမ်းတယ်၊ သင်္ခါရက္ခန္ဓာကို စွဲလမ်းပုံဘဲ။ မြင်သိတာကိုလဲ စွဲလမ်းတယ်၊ ဝိညာဏ်ခန္ဓာကို စွဲလမ်းပုံဘဲ။
ကြားတဲ့အခါ စသည်မှာလဲ ခန္ဓာငါးပါးကို တဏှာနဲ့ ဒိဋ္ဌိနဲ့ စွဲလမ်းပုံတွေဟာ နည်းတူပါဘဲ၊ ထူးတာကတော့ ကြံသိတဲ့အခါမှာ ကြံသိမှု၏ တည်ရာရုပ်နဲ့ ကြံမိတဲ့ရုပ်တွေကို နှစ်သက်သာယာ ပြီးတော့လဲ စွဲလမ်းတယ်၊ အတ္တကောင် အနေနဲ့ အထင်လွဲပြီးတော့လဲ စွဲလမ်းတယ်၊ အဲဒီမှာ တည်ရာရုပ်ဆိုတာ နှလုံးရုပ်ကိုလဲ ယူနိုင်တယ်၊ တကိုယ်လုံးရုပ်ကိုလဲ ယူနိုင်တယ်၊ ကြံမိတဲ့ရုပ်တွေ ဆိုတာလဲ စိတ်ကူးကြံစည်မိတဲ့ ရုပ်အစစ်တွေရော မိန်းမ ယောက်ျားသဏ္ဌာန် စသည်အနေနဲ့ ကြံမိတဲ့ ရုပ်အတုတွေရော အကုန်လုံးကို ယူနိုင်ပါတယ်။ နောက်ပြီးတော့ သင်္ခါရက္ခန္ဓာ စွဲလမ်းပုံအရာမှာ ကိုယ်အမူအရာ နှုတ်အမူအရာ အမျိုးမျိုးဖြစ်အောင် ကြံစည် အားထုတ်မှုတွေရော၊ စိတ်ကူး ကြံစည်မှု ဖြစ်အောင် အားထုတ်မှုတွေရော၊ လိုချင်နှစ်သက်မှု စိတ်ဆိုးမှု ကြည်ညိုမှုအစရှိတဲ့ သင်္ခါရက္ခန္ဓာ စေတသိက်တွေရော အဲဒါတွေ စွဲလမ်းတာဟူသမျှကို အကုန်လုံး ယူရတယ်၊ အဲဒါဘဲ ထူးပါတယ်။ ဒိပြင် ဝေဒနာ သညာ ဝိညာဏ်ခန္ဓာတွေ စွဲလမ်းပုံကတော့ နည်းတူပါဘဲ။
အဲဒီတော့ မြင်ခိုက်မှာ ထင်ရှား ပေါ်လာတဲ့ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဆိုတဲ့ ခန္ဓာတွေကို တဏှာနဲ့ သာယာပြီးတော့လဲ စွဲလမ်းတယ်၊ ဒိဋ္ဌိနဲ့ အထင်လွဲပြီးတော့လဲ စွဲလမ်းတယ်၊ ဒါကြောင့် အဲဒါတွေကို ဥပါဒါနက္ခန္ဓာ = ဥပါဒါန်တို့၏ အာရုံဖြစ်တဲ့ တရားအစု-ငါ ငါ့ဥစ္စာ အနေအားဖြင့် စွဲလမ်းနိုင်တဲ့ တရားအစုလို့ ခေါ်ရတယ်။ ထို့အတူဘဲ ကြားခိုက် နံခိုက် စားသိခိုက် တွေ့ထိခိုက် ကြံသိခိုက်များမှာ ထင်ရှားပေါ်လာတဲ့ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဆိုတဲ့ တရားတွေကိုလဲ တဏှာနဲ့ ဒိဋ္ဌိနဲ့ စွဲလမ်းနိုင်တဲ့အတွက် ဥပါဒါနက္ခန္ဓာ လို့ ခေါ်ရတယ်။ အတိုချုပ်ပြောရယင် တကိုယ်လုံးမှာ ရှိတဲ့ ရုပ်နာမ်တရားတွေဟာ ဥပါဒါနက္ခန္ဓာ တွေ ချည်းပါဘဲ။ ဒါကြောင့် ထင်လွဲ, သာယာ၊ စွဲလမ်းတာ၊ နှစ်ဖြာဥပါဒါန်။ ငါ, ငါ့ဥစ္စာ၊ စွဲနိုင်တာ၊ ဥပါဒါနက္ခန်။ ရုပ်, ဝေ, သညာ၊ သင်္ခါရာ၊ ဝိညာ ဤငါးတန်လို့ ဆောင်ပုဒ်က ဆိုထားတာ။ ကဲ အဲဒါတွေကို ထပ်ပြီး ဆိုလိုက်ကြဦးစို့။
ထင်လွဲ, သာယာ၊ စွဲလမ်းတာ၊ နှစ်ဖြာဥပါဒါန်။ (ဆို)
ငါ, ငါ့ဥစ္စာ၊ စွဲနိုင်တာ၊ ဥပါဒါနက္ခန်။ (ဆို)
ရုပ်, ဝေ, သညာ၊ သင်္ခါရာ၊ ဝိညာ ဤငါးတန်။ (ဆို)
တကိုယ်လုံးမှာရှိတဲ့ ရုပ်ပဲဖြစ်ဖြစ်၊ အကောင်းအဆိုးခံစားမှု ဝေဒနာဘဲဖြစ်ဖြစ်၊ မှတ်သားမှု သညာဘဲဖြစ်ဖြစ်၊ ပြုလုပ် အားထုတ်မှု သင်္ခါရဘဲဖြစ်ဖြစ်၊ အာရုံကိုသိတဲ့ စိတ်ဝိညာဏ်ဘဲဖြစ်ဖြစ် ဒီတရားတွေဟာ ငါကောင်အနေနဲ့ အထင်လွဲပြီးတော့လဲ စွဲလမ်းနိုင်တာတွေချည်းဘဲ၊ ကောင်းတဲ့ အနေနဲ့ သာယာပြီးတော့လဲ စွဲလမ်းနိုင်တာတွေချည်းဘဲ၊ ဒါကြောင့် တကိုယ်လုံးမှာ ရှိနေတဲ့ ဒီရုပ်နာမ်တရားတွေကို ဥပါဒါနက္ခန္ဓာလို့ ခေါ်တယ်၊ အဲဒီ ဥပါဒါနက္ခန္ဓာခေါ်တဲ့ တကိုယ်လုံးက ရုပ်နာမ်တရားတွေကို မြတ်စွာဘုရားက လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးကြီးတွေလို့ ဟောထားပါတယ်။ .
ခန္ဓာဝန် လေးပုံ
▬▬▬▬▬▬
ဟုတ်တယ် သေသေချာချာ စဉ်းစားကြည့်ယင် ဒီရုပ်နာမ် ခန္ဓာဝန်ထုပ်ဝန်ပိုးကြီးတွေဟာ အင်မတန် ဝန်လေးပါတယ်။ ဘယ်လောက် လေးလံသလဲဆိုယင် - အမိဝမ်းထဲမှာ ပဋိသန္ဓေ တည်နေ ကတည်းက ဒီရုပ်နာမ် ခန္ဓာတွေကို ယုယုယယနဲ့ ပြုစု လာခဲ့ရတယ်၊ မိခင်ဖြစ်တဲ့သူက မိမိဝမ်းထဲက သူငယ်ဟာ ချမ်းချမ်းသာသာနဲ့ ကြီးပွားလာပါစေဆိုတဲ့ စေတနာတွေနဲ့ ယုယု ယယ စောင့်ရှောက် လာခဲ့ရတယ်၊ အသွားအလာ အနေအထိုင်လဲ ဆင်ခြင်ရတယ်၊ အစားအသောက်လဲ ဆင်ခြင်ရတယ်၊ မိခင်က ဗုဒ္ဓ သာသနာဝင်ဆိုယင် ဝမ်းထဲက ခလေးအတွက် ရည်ရွယ်ပြီးတော့ ကုသိုလ် ကောင်းမှုတွေကို အထူးပြုရတယ်၊ ဥပုသ် စောင့်ရတယ်၊ ဘုရားဂုဏ် စသည်ကို အာရုံပြုရတယ်၊ ပုတီးစိပ်ရတယ်။
မွေးဖွားပြီးတဲ့အခါလဲ အဲဒီခလေးက သူ့ခန္ဓာဝန်ကို သူ့ဟာသူ မဆောင်နိုင်သေးခင်မှာ မိဘအစရှိတဲ့ လူကြီးတွေက စောင့်ရှောက် ဆောင်ရွက်လာခဲ့ရတယ်၊ နို့ရည် တိုက်ကျွေးရတယ်၊ ဟိုဘက် ဒီဘက် လှည့်ပြီး ပြုပြင်ပေးရတယ်၊ အညစ်အကြေးကို သုတ်သင်ပေးရတယ်၊ ထူထိုင်ပေးရတယ်၊ ချီပိုးပြီးတော့လဲ တနေရာမှ တနေရာကို ဆောင်ပေးရတယ်၊ နံ့သာစသည်ဖြင့်လဲ လူးလိမ်း ပေးရတယ်၊ စားနိုင်တဲ့အရွယ်ရောက်လာတော့ အစားအစာ ကျွေးရတယ်၊ ဒီပုံဒီနည်းဖြင့် ခလေး သူငယ် တယောက်ရဲ့ ခန္ဓာဝန်ကို မိဘအစရှိတဲ့ လူကြီးတွေ ၂-ယောက် ၃-ယောက် စသည်က ဆောင်လာခဲ့ကြရတယ်၊ အဲဒါတွေကို စဉ်းစား ကြည့်မယ်ဆိုယင် သူ့ကျေးဇူးကိုလဲ သိတတ်တဲ့ သူဆိုယင် မိဘတွေဟာ သားသမီးများ အပေါ်မှာ အင်မတန် ကျေးဇူးကြီး ကြောင်း ထင်ရှားပါတယ်။
မိဘတွင်တောင် မကသေးဘူး၊ အစ်ကိုတို့ အစ်မတို့ အရီး အဒေါ်တို့ ဆိုတာတွေလဲ ကျေးဇူးကြီးကြ ပါပေတယ်။ ဒါပေမဲ့ ယခုခေတ်မှာ ကျေးဇူးမသိတတ်တဲ့ သူတွေရဲ့ အတွေးအခေါ်တွေကို လေ့လာပြီး, ကျေးဇူး မသိတတ်တဲ့ ဓာတ်သဘောချင်း တူတဲ့သူတွေက မိဘတွေကို ကျေးဇူးမတင်ချင်ကြဘူး၊ ကျေးဇူး မတင်ရုံတောင် မကသေးဘူး၊ မိဘတွေ ကမြင်းလို့ လူဖြစ်လာပြီး ဒုက္ခရောက်နေ ရတယ်လို့တောင် အပြစ်ပြောတတ်ကြသေးတယ်။ အဲဒါကတော့ တော်တော် ကြောက်စရာ ကောင်းတဲ့ အမြင်မှားကြီးပါဘဲ။ အမှန်ကတော့ ဒီခန္ဓာဝန်ကို ရလာရာမှာ အကြောင်းရင်းက မိဘမဟုတ်ဘူး၊ ကိလေသာနဲ့ ကံက အကြောင်းရင်းဘဲ၊ မိဘကတော့ အထောက်အပံ့ အကြောင်း လောက်သာ ဖြစ်ပါတယ်။ အကယ်၍ လူသား ဖြစ်တဲ့ မိဘတွေ မရှိဘူးဆိုယင် ကိလေသာနဲ့ ကံ မကင်းတဲ့ သူတွေမှာ အပါယ် ၄-ပါးမှာ ဖြစ်ဖို့က များနေပါတယ်။ အဲဒီလို အပါယ် ၄-ပါးရောက်နေမှ သာပြီး ဒုက္ခရောက်မှာ။
ကိုယ့်ဟာကိုယ် ပြုပြင်စောင့်ရှောက်နိုင်တဲ့ အချိန်ကစပြီး မိမိကိုယ်ချမ်းသာရေးကို အမြဲကြောင့်ကြ စိုက်ပြီး ဆောင်ရွက် နေရတယ်၊ နေ့စဉ် ၂-ကြိမ် ၃-ကြိမ် အစာရှာကျွေးရတယ် ရိုးရိုးအစာ မဟုတ် သေးဘဲ အထူးကောင်းတဲ့အစာ ကြိုက်တတ်တဲ့ အစာတွေလဲ ရှာကျွေးရတယ်၊ အညစ်အကြေးတွေကို သုတ်သင်ပေးရတယ်၊ ရေချိုးပေးရတယ်၊ တချို့မှာဆိုယင် နံ့သာတွေလဲ လိမ်းပေးရသေးတယ်၊ အဝတ်အထည် အဆင်တန်ဆာကောင်းတွေနဲ့လဲ ဝတ်ဆင်ပေးရတယ်၊ အညောင်းအညာ ပြေအောင် ထိုက်လိုက် ထလိုက် ကွေးလိုက် ဆန့်လိုက် လှုပ်ရှားလိုက်နဲ့လဲ ပြုပြင်ပေးရတယ်၊ ပူအိုက်တဲ့အခါ အေးအောင်လဲ ပြုပြင် ပေးရတယ်၊ အေးတဲ့အခါလဲ နွေးအောင် ပြုပြင်ပေးရတယ်၊ အိပ်ချိန်တန်တဲ့ အခါလဲ လျောင်းပြီး အိပ်ပေးရတယ်၊ နေမကောင်း ထိုင်မသာ မဖြစ်ရအောင်လဲ ဂရုစိုက်ရတယ်၊ သွားတဲ့အခါ ခလုတ်တို့ ဆူးတို့ မထိမခိုက်ရအောင်လဲ ဂရုစိုက်ရတယ်၊ ဘေးအန္တရာယ် ကင်းအောင်လဲ ဂရုစိုက်ရတယ်၊ ဒီအထဲက မကျန်းမမာ ဖြစ်လာယင် ဆေးအမျိုးမျိုးနဲ့ ကုသရတယ်၊ ရောဂါဆိုးများ စွဲကပ်နေယင် ဒီခန္ဓာကိုယ်ကြီးကို ပြုစုစောင့်ရှောက်ရတာ အင်မတန်ကို တာဝန်လေးပါတယ်။
အဲဒီလို ပြုစုစောင့်ရှောက် ရတာတွေထဲက စားသောက်ရေးဆိုတာ အင်မတန် ဝန်လေးပါတယ်။ နေ့စဉ် နေ့တိုင်း သင့်တော်တဲ့ အစာကို ရအောင်ရှာပြီး ကျွေးနေရတာဟာ ဝန်အလေးဆုံးလို့ ဆိုရမှာဘဲ၊ တချို့မှာ ဆယ်နှစ် ဆဲ့နှစ်နှစ် အရွယ်လောက်စပြီး စားရေးအတွက် အလုပ်လုပ်လာကြရတယ်၊ တချို့ မှာလဲ တော်တော် သိတတ်တဲ့ အရွယ်ကစပြီး စားဝတ် နေရေးအတွက် အဆင်ပြေအောင် ပညာ သင်လာကြရတယ်၊ အသက်အစိတ်သုံးဆယ်လောက် ထိအောင် သင်ကြား ရတယ်၊ တချို့မှာတော့ ပညာကို အတော်အတန်လောက်သာ သင်နိုင်ပြီး အောက်တန်းစား အလုပ်တွေကို လုပ်ကိုင် ကြရတယ်၊ ပညာ ကောင်းကောင်း တတ်တဲ့သူတွေမှာလဲ သူတို့နဲ့တန်တဲ့ အထက်တန်းစား အလုပ်တွေကို နေ့ည မအားအောင် ကြောင့်ကြစိုက်ပြီး လုပ်ကိုင်နေကြရတယ်။
ဒါပေမဲ့ ရှေးကံ ကောင်းတဲ့ သူတွေမှာတော့ မိမိတို့ ခန္ဓာဝန်ကို ဆောင်နေရတာ ဝန်လေးမှန်း မသိကြသေးဘူး၊ အဲဒီ ကံကောင်းတဲ့ သူတွေမှာ မွေးလာကတည်းက မိဘတွေက ကောင်းပေ့ ဆိုတာတွေကို အသင့်ရှာပြီး ကျွေးလာခဲ့ကြတယ်၊ ပညာသင်ရာမှာလဲ ဘာမျှ လိုလေသေး မရှိရအောင် အထောက်အပံ့ အကူအညီတွေကို ပေးကြတယ်၊ ကြီးလာတဲ့အခါလဲ သူတို့ဟာ မိဘများရဲ့ အထောက်အပံ့ အကူအညီဖြင့် ပြည့်စုံကြွယ်ဝတဲ့ လူကြီးလူကောင်းတယောက် သို့မဟုတ် ရာထူး ဌာနန္တရမြင့်တဲ့ လူကြီးတယောက်ဖြစ်ပြီး ဘာမဆို လိုတိုင်းရနေတယ်၊ ဒါကြောင့် စားသောက်ရေး တာဝန် လေးတယ် ဆိုတာကို အဲဒီလို ရှေးကံကောင်းတဲ့သူတွေက မသိကြပေဘူး။
ရှေးကံနည်းပါးတဲ့ တချို့လူတွေမှာဆိုယင်တော့ ငယ်ငယ်ကတည်းကစပြီး စားချင်တာ မစားရ ဝတ်ချင်တာ မဝတ်ရနဲ့ တွေ့ကြုံလာခဲ့ရတယ်၊ လူကြီးဖြစ်လာတဲ့အခါလဲ တနေ့စာ တနေ့ရအောင် အင်မတန် ခဲခဲယဉ်းယဉ်းနဲ့ရှာပြီး မသေရုံ တမယ်လောက် စားသောက်နေကြရရှာတယ်။ တချို့မှာ ထမင်းချက်စရာ ဆန်က အဆင့်သင့်မရှိလို့ နံနက်စောစောထပြီး စပါးကို ထောင်းရတယ်၊ သူများ ထံမှယင်လဲ ချေးပြီး ခဲခဲယဉ်းယဉ်းနဲ့ ချက်ပြုတ်စားရတယ်၊ အဲဒါကို ကိုယ်တိုင်တွေ့သိချင်ယင် ဆင်းရဲသား ရပ်ကွက်တွေမှာ စုံစမ်းကြည့်နိုင်ပါတယ်။
ဒါပေမဲ့ ဗမာပြည်မှာတော့ ဆန်ရေစပါး ပေါများတဲ့ ဌာနမို့ တော်သေးတယ်လို့ ဆိုရမှာဘဲ၊ အဲဒီလို ဆန်မထွက်တဲ့ အရပ်တွေမှာဆိုယင် သာပြီး တာဝန်လေးကြပေလိမ့်မယ်။ ဒါပေမဲ့ လူတွေမှာတော့ စားနပ်ရိက္ခာ သိုလှောင်ထားမှု အချင်းချင်း ကူညီထောက်ပံ့မှုဆိုတဲ့ ယဉ်ကျေးမှုတွေက ရှိနေလို့ တော်ပါသေးတယ်။ လူတွေထက် တိရစ္ဆာန်တွေမှာ သာပြီး တာဝန်လေး ရှာကြပါတယ်။ တိရစ္ဆာန် သတ္တဝါတွေဆိုတာ အမျိုးမျိုးရှိတယ်။ တချို့က မြက်တို့ သစ်ရွက်သစ်သီးတို့ဆိုတဲ့ ဒီလိုသက်မဲ့ အစာတွေကို စားနေကြတယ်။ အဲဒီလို သတ္တဝါတွေမှာတော့ မြက် သစ်ရွက် သစ်သီးတွေက တယ်မရှားလို့ တော်သေးတယ်လို့ ဆိုရမှာဘဲ။ ဒါတောင် တချို့အရပ်တွေမှာ မြက် သစ်ရွက် သစ်သီးဆိုတာတွေကလဲ ကောင်းကောင်းမရှိဘူး၊ သောက်စရာ ရေတောင် ကောင်းကောင်း မရှိဘူး၊ အဲဒီလို အရပ်မှာ ဖြစ်နေရတဲ့ မြက် သစ်ရွက် သစ်သီးစား သတ္တဝါတွေမှာတော့ စားရေး အတွက် အလွန်ဘဲ ဝန်လေးပါတယ်။
တချို့ သတ္တဝါတွေကတော့ တကောင့်တကောင် နိုင်ရာနိုင်ရာ စားနေကြတယ်၊ ကျားတို့ သစ်တို့ မြွေတို့ အိမ်မြှောင်တို့ တောက်တဲ့တို့ ဒီလိုအကောင်တွေပေါ့၊ ရေထဲက ရေသတ္တဝါတွေလဲ အများအားဖြင့် အချင်းချင်း နိုင်ရာ နိုင်ရာ စားနေကြ တာဘဲ။ ဒါကြောင့် တိရစ္ဆာန်တွေကို အညမည ခါဒိကာ=အချင်းချင်း နိုင်ရာ နိုင်ရာ စားတတ်တဲ့ အကောင်တွေလို့ မြတ်စွာဘုရားက ဟောထားပါတယ်။ အဲဒီလို နိုင်ရာစား သတ္တဝါတွေမှာ စားစရာ အကောင်ကို မရတဲ့အခါ အများကြီး ဆင်းရဲမှာဘဲ၊ သတ်စားစရာ အကောင်ကိုလဲ အမြဲတမ်း ရှာကြံနေရမှာဘဲ၊ အကုသိုလ်တွေ မပြတ် ဖြစ်ပွားနေရမှာဘဲ၊ အဲဒီလို သူတပါးစားဘို့ ကြံနေတုန်း နိုင်တဲ့သတ္တဝါက သူ့ကို သတ်စား သွားတာလဲ နဲလှမယ် မဟုတ်ပေဘူး။ အဲဒီလို သူများကို စားဘို့ကြံနေတုန်း အစားခံရပြီး သေသွားရတဲ့ သတ္တဝါမှာ ဒေါသ အကုသိုလ်စိတ်တွေနဲ့ သေသွားတာက များမှာဘဲ၊ အဲဒီလို ဒေါသနဲ့ သေသွားတဲ့အတွက် ကောင်းတဲ့ဘဝ ရောက်ဖို့ရာကတော့ မရှိပါဘူး၊ မကောင်းတဲ့ ဘဝကို ရောက်ဖို့သာ ရှိပါတယ်။
နောက်ပြီး တော့ ကိုယ်က သူတပါးကို စားဘို့ မကြံပေမဲ့ အစားခံရတဲ့ သတ္တဝါကလေးတွေမှာလဲ ကြောက်လန့်တဲ့ ဒေါသစိတ် မခံချင်တဲ့ ဒေါသစိတ် ရန်ငြိုးဖွဲ့တဲ့ ဒေါသစိတ် နှလုံးမသာတဲ့ စိတ်တွေနဲ့ သေသွားကြရရှာမှာဘဲ။ အဲဒီလို ဒေါသစိတ် နှလုံးမသာတဲ့ စိတ်တွေနဲ့ သေသွားရတော့ ဘယ်မှာ ဘဝကောင်းကို ရောက်နိုင်မလဲ၊ ယုတ်ညံ့တဲ့ဘဝတွေ ရောက်ဖို့ကဘဲ များနေပါတယ်။ ဒါကြောင့် တိရစ္ဆာန်ဘဝကို တကြိမ်တခါ ရောက်သွားယင် လူ့ဘဝကို ပြန်ရောက်ဖို့ရာ ခဲယဉ်းတဲ့အကြောင်း မြတ်စွာဘုရားက ဟောထားပါတယ်။ အဲဒါတွေဟာ အစာအာဟာရ ရှာမှီးရမှုနဲ့ စပ်ပြီး တိရစ္ဆာန်ဘဝတွေမှာ ခန္ဓာဝန် လေးလံပုံတွေပါဘဲ။
ယခု အစာရှာမှီးမှု အာဟာရ ပရိယေသနကိစ္စနဲ့ စပ်ပြီး ဝန်လေးပုံကို လူ့ဘဝမှာဘဲ ပြန်ပြီး ကြည့်ကြဦးစို့၊ လူတွေမှာ စားဝတ်နေရေးနဲ့ စပ်ပြီး ရှာမှီးရတာ ဝန်လေးပုံကို ခုနကလဲ ပြောခဲ့ပြီးပါပြီ၊ ဒါပေမဲ့ အပြစ်ကင်းသော စိုက်ပျိုးခြင်း အပြစ်ကင်းသော ရောင်းဝယ်ခြင်း အပြစ်ကင်းသော စီမံအုပ်ချုပ်ခြင်း အပြစ်ကင်းသော အလုပ်ကို လုပ်ကိုင်ခြင်းဆိုတဲ့ တရားမျှတတဲ့ နည်းလမ်းဖြင့် ပစ္စည်းရှာတာကတော့ နောင်သံသရာမှာ ဒုက္ခရောက်ဖို့ မဟုတ်တဲ့အတွက် တာဝန်လေးသော်လဲ တော်သေးတယ်လို့ ဆိုရမှာဘဲ။ ကြောက်စရာ ကောင်းတာကတော့ မတရားတဲ့နည်းလမ်းဖြင့် ပစ္စည်းရှာရတာကမှ သာပြီး ကြောက်စရာကောင်းပါတယ်။
တချို့က လုံ့လဝီရိယနဲ့ အပင်ပန်းခံပြီး အလုပ်မလုပ်ချင်လို့ ဖြစ်စေ၊ မြန်မြန်အချောင် ကြီးပွားချင်လို့ ဖြစ်စေ လွယ်ကူတဲ့နည်းနဲ့ ပစ္စည်းရှာကြတယ်၊ မိမိ အသက်ရှင်ရေး ချမ်းသာရေးအတွက် သူတပါးတွေကို သတ်ဖြတ်ပြီး ပစ္စည်းရှာတာလဲ ရှိတယ်၊ သူတပါးဥစ္စာကို ခိုးဝှက်လုယက်ပြီး ပစ္စည်းရှာတာလဲ ရှိတယ်၊ လိမ်လည်လှည့်ဖြားပြီး ပစ္စည်း ရှာတာလဲ ရှိတယ်၊ မတော်မတရား ပြုပြီး ပစ္စည်းရှာတာလဲ ရှိတယ်၊ အဲဒီလိုအလုပ်တွေက လွယ်လွယ်နဲ့ ငွေရတဲ့အလုပ်တွေဘဲ၊ တရားသဖြင့် အလုပ်လုပ်တဲ့ သူတွေမှာ တနေ့လျှင် ငါးကျပ် တဆယ် ရအောင် အင်မတန် ကြိုးစားရပါတယ်၊ ခိုးတဲ့ လုတဲ့ လိမ်တဲ့ အလုပ်မျိုးတွေကတော့ တနေ့တည်းနဲ့ လေးငါးဆယ်လဲ ရနိုင်တယ်၊ တရာ တထောင်လဲ ရနိုင်တယ်။
ဒါကြောင့် ကိုယ်ချင်းစာတရားမရှိတဲ့ လူမိုက်တွေက အဲဒီခိုးခြင်း လုယက်ခြင်း လိမ်ခြင်း မတော်မတရား ပြုခြင်း သတ်ဖြတ်ခြင်းဆိုတဲ့ ဒုစရိုက်မှုတွေဖြင့် မတရား ပစ္စည်းရှာကြတယ်။ အဲဒီလို လူတွေဟာ ရာဇဝတ်ပြစ်မှု မကင်းတာတွေကို ပြုမိယင် မျက်မှောက်တွင်လဲ မကောင်းကျိုးတွေကို အကြီးအကျယ် ခံစားရတတ်တယ်၊ မျက်မှောက်တွင် မခံစားရတောင် နောင်သံသရာ ဘဝတွေ မှာတော့ သူတို့ပြုထားတဲ့ မကောင်းမှုကံရဲ့ မကောင်းကျိုးတွေကို အကြီးအကျယ် ခံစားသွားရ တော့တာဘဲ။ အဲဒါဟာ အရှင်မဟာမောဂ္ဂလာန် တွေ့မြင်ရတဲ့ ပြိတ္တာတွေရဲ့ ဝတ္ထုများဖြင့် ထင်ရှားပါတယ်။ .
အရိုးစုပြိတ္တာ ဝတ္ထု
▬▬▬▬▬▬▬
မြတ်စွာဘုရား လက်ထက်တော် ကာလတုန်းက မြတ်စွာဘုရား ရာဇဂြိုဟ်မြို့ကို ရောက်ခါစ နှစ်တုန်းက အရှင်လက္ခဏ မထေရ်နဲ့ အရှင်မဟာမောဂ္ဂလာန် မထေရ်တို့ဟာ ရာဇဂြိုဟ်မြို့ရဲ့ မြောက်ဖက်က တစပ်တည်း တည်ရှိနေတဲ့ ဂိဇ္ဈကုဋ်တောင်မှာ သီတင်းသုံးနေကြပါတယ်၊ တနေ့သောအခါ ရာဇဂြိုဟ်မြို့ထဲ ဆွမ်းခံရန် အဲဒီတောင်ပေါ်က ဆင်းလာကြတယ်၊ အဲဒီလို ဆင်းလာစဉ် လမ်းခုလတ်မှာ အရှင်မဟာမောဂ္ဂလာန်က အဘိညာဉ် မျက်စိဖြင့် အရိုးစု ပြိတ္တာ တကောင်ကို တွေ့မြင်ရတယ်၊
အဲဒီပြိတ္တာဟာ လင်းတတွေ ကျီးတွေ စွန်တွေက လိုက်ပြီး နံရိုးကြားထဲမှ အူ အသည်း စသည်တွေကို ထိုးကြ ဆိတ်ကြလို့ အင်မတန် နာကျင်တဲ့အတွက် ကျည်ကျည်လောင်လောင် ဟစ်အော် မြည်တမ်းပြီး ကောင်းကင်မှာ ပြေးသွား နေပါသတဲ့။ အဲဒါကို လူတို့၏ ပကတိ မျက်စိနဲ့တော့ မမြင်နိုင်ပါဘူး။ အဘိညာဉ် မျက်စိနဲ့သာ မြင်နိုင်ပါတယ်။ နောက်ပြီးတော့ အဲဒီမှာ လိုက်ပြီး ထိုးဆိပ်နှိပ်စက်နေကြတဲ့ လင်းတ စသည်တွေကလဲ ရိုးရိုးလင်းတ စသည်တွေ မဟုတ်ဘူး၊ လင်းတ စသည်အသွင်နဲ့ ဘီလူးတွေ ဖြစ်တယ်လို့ အဋ္ဌကထာမှာ ပြဆိုထားပါတယ်။
အဲဒီပြိတ္တာကို မြင်ရတော့ အရှင်မောဂ္ဂလာန်မှာ ဒီလို ပြိတ္တာဘဝမျိုးကို ဖြစ်စေနိုင်တဲ့ ကိလေသာနဲ့ ကံတွေ ငါ့မှာ မရှိတော့ဘူးလို့ ဆင်ခြင်မိတဲ့အတွက် ပီတိသောမနဿတွေဖြစ်ပြီး ပြုံးမိပါသတဲ့။ ရဟန္တာဆိုတာ အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်လှမှ ပြုံးရုံလောက်သာ ပြုံးလေ့ရှိပါတယ်၊ အသံတွေ ကျယ်လောင်စွာ ထွက်အောင် ရယ်တယ်လို့ မရှိဘူးတဲ့။ အဲဒီလို အရှင်မဟာမောဂ္ဂလာန် ပြုံးတာကို အရှင်လက္ခဏမထေရ်က မြင်တွေ့ရတော့ ဘာကြောင့် ပြုံးပါသလဲလို့ မေးပါတယ်။ ရဟန္တာဆိုတာ လေးနက်တဲ့ အကြောင်းမရှိဘဲ ပြုံးရိုးမရှိဘူး၊ ဒါကြောင့် အဲဒီအကြောင်းကို သိချင်လို့ မေးပါတယ်။ အဲဒီတော့ အရှင်မဟာ မောဂ္ဂလာန်က မြတ်စွာဘုရားရှေ့တော်ကျမှ ဒီအကြောင်းကို မေးပါလို့ ပြန်ပြောပါတယ်။
ဆွမ်းခံပြန်လို့ ဆွမ်းကိစ္စ ပြီးတဲ့နောက် မြတ်စွာဘုရား၏ မျက်မှောက်သို့ ရောက်တဲ့အခါ အရှင် လက္ခဏမထေရ်က အရှင်မဟာမောဂ္ဂလာန် ပြုံးခြင်း၏ အကြောင်းကို မေးပြန်ပါတယ်။ အဲဒီတော့ အရှင်မောဂ္ဂလာန်က ဒီလိုပြောကြားပါတယ်။
ငါ့ရှင်လက္ခဏ ..... ငါဟာ သင်နှင့်အတူ ဂိဇ္ဈကုဋ်တောင်မှ ဆင်းနေစဉ်မှာ အရိုးစု ပြိတ္တာတကောင် ကောင်းကင်မှာ ပြေးသွားနေတာကို တွေ့ရတယ်၊ အဲဒီပြိတ္တာကို လင်းတတွေ ကျီးတွေ စွန်တွေက နောက်မှလိုက်ပြီး နံရိုးအကြားတို့မှ အူအသည်း စသည်တွေကို နှုတ်သီးတို့ဖြင့် ထိုးကြ ဆိတ်ဆွကြတယ်၊ အဲဒီပြိတ္တာက မခံမရပ်နိုင်အောင် နာကျင်လွန်းလို့ ကျည်ကျည် လောင်လောင် ဟစ်အော်မြည်တမ်းနေတယ်။ အဲဒါကို မြင်ရတဲ့အတွက် ငါ့မှာ ဒီလိုဆင်ခြင်မိတယ်၊ သြော် ဒီလို ထူးဆန်းတဲ့ သတ္တဝါလဲ ဖြစ်မှ ဖြစ်ပါပေရဲ့-လို့ ဆင်ခြင်မိတယ်ဆိုတဲ့အကြောင်း ပြောကြားပါတယ်။ အဲဒီအခါ မြတ်စွာဘုရားက ဒီလို အမိန့်ရှိတော်မူပါတယ်။
“ရဟန်းတို့ ငါ၏ တပည့်သာဝကတို့သည် ဉာဏ်မျက်စိရှိကြပါပေစွ၊ ဤသို့သော သတ္တဝါတွေကို တွေ့မြင်ပြီး ငါ၏ သက်သေအရာ တည်ကြပါပေစွ၊ ငါဘုရားသည် ထိုပြိတ္တာသတ္တဝါကို ဗောဓိပင် အောင်ရတနာပလ္လင်ထက်၌ နေတော်မူစဉ် ရှေးအခါကပင် မြင်ခဲ့ပြီ၊ သို့သော် မယုံကြည်သော သူတို့အား အကုသိုလ် မဖြစ်ပွားစေရန် အလို့ငှါ ထိုသတ္တဝါအကြောင်းကို မပြောကြားဘဲ နေခဲ့ ပေသည်။ ရဟန်းတို့ မောဂ္ဂလာန် တွေ့ခဲ့သော ထိုပြိတ္တာသတ္တဝါသည် ဤရာဇဂြိုဟ်မြို့၌ပင် နွားသတ်သမား ဖြစ်ခဲ့လေသည်၊ ထိုနွားသတ်မှု အကုသိုလ်ကံကြောင့် အနှစ်သိန်းပေါင်းများစွာ ငရဲ၌ ကျက်ခဲ့ရ ခံခဲ့ရလေပြီ၊ ယခုအခါမှာ ထို အကုသိုလ်ကံ၏ အကျိုး အကြွင်းအကျန် အဖြစ်ဖြင့် ဤသို့သော အရိုးစုပြိတ္တာ ဖြစ်၍ ဆင်းရဲခံနေရလေသည်-ဟု မိန့်တော်မူပါတယ်။
ဒီမိန့်ခွန်းတော်ထဲမှာ ငါ၏ တပည့်သာဝကများ ဉာဏ်မျက်စိ ရှိကြပါပေစွ၊ သက်သေအရာ တည်ကြပါပေစွ-ဆိုတဲ့ စကားရပ်ဖြင့် ဒီလိုပြိတ္တာကို သာမန်ပုဂ္ဂိုလ်တွေ မမြင်နိုင်ဘူး၊ ထူးခြားတဲ့ အဘိညာဉ် မျက်စိရှိတဲ့ ပုဂ္ဂိုလ်ထူးများသာ မြင်နိုင်တယ် ဆိုတဲ့အကြောင်း သိရပါတယ်။ ဒါကြောင့် ယခုခေတ် သိပ္ပံပညာဖြင့် မတွေ့ရတာနဲ့ ဒီလိုသတ္တဝါမျိုး မရှိဘူးလို့ မငြင်းပယ်သင့်ဘူးဆိုတာကို နားလည်သင့်ပါတယ်။
နောက်ပြီးတော့ မြတ်စွာဘုရားက ကိုယ်တော်တိုင် တွေ့မြင်ပြီးဖြစ်ပေမဲ့ သက်သေ မရှိယင် တချို့က အထောက်အထား မရှိဘူးဆိုပြီး ပယ်ကြလိမ့်မယ်၊ အဲဒီလို ပုဂ္ဂိုလ်တွေအား အကုသိုလ် မဖြစ်စေ လိုတဲ့အတွက် မပြောကြားဘဲ နေခဲ့တယ်၊ အရှင်မဟာမောဂ္ဂလာန် သက်သေအရာတည်တော့မှ ထုတ်ဖော်ပြီး ပြောကြားတယ် ဆိုတဲ့ အဓိပ္ပါယ်ရှိတဲ့ စကားရပ်ဖြင့်လဲ ကိုယ်မတွေ့တိုင်း ငြင်းပယ်ပြီး အပြစ်ပြောယင် အကုသိုလ်ပွါးပြီး အပါယ်လားနိုင်တယ် ဆိုတာကိုလဲ သဘော ပေါက်သင့်ပါတယ်။
ဒီအရိုးစု ပြိတ္တာအကြောင်းထဲမှ ပြောလိုရင်းကတော့ ရာဇဂြိုဟ်မြို့မှာ လူဖြစ်စဉ်က စားဝတ် နေရေးအတွက် နွားတွေကို သတ်ခဲ့တယ်၊ အဲဒီလို သတ်ဖြတ်ပြီး သူ့ခန္ဓာဝန်ကို ပြုစုမွေးမြူခဲ့တဲ့ အတွက် အနှစ် သိန်းပေါင်းများစွာ ငရဲဒုက္ခတွေကို ခံစား ခဲ့ရတယ်။ အဲဒီငရဲမှ လွတ်ပြန်တော့လဲ အဲဒီနွားသတ်မှု ကြွံကင်းကြောင့် အရိုးစုပြိတ္တာကြီး ဖြစ်ပြီး လင်းတ ကျီးစွန်တွေ သို့မဟုတ် အဲဒီလို အကောင်သဏ္ဌာန်ရှိတဲ့ အရာတွေက နောက်မှလိုက်ပြီး ဆိတ်ကြ ထိုးဆွကြတာကို မချိမဆံ့ ခံနေရရှာတယ်။ အဲဒါတွေဟာ ခန္ဓာဝန်လေးတာနဲ့စပ်ပြီး မှတ်ဖို့ရာ ပြောလိုရင်းပါဘဲ။ .
အသားတုံးပြိတ္တာ
▬▬▬▬▬▬
နောင်တချိန်မှာတော့ အရှင်မဟာမောဂ္ဂလာန်က အသားတုံးပြိတ္တာကြီးကို တွေ့မြင်ပြန်တယ်၊ အဲဒီ အသားတုံး ပြိတ္တာကြီးကိုလဲ လင်းတတွေ ကျီးတွေ စွန်တွေက လိုက်ပြီး ထိုးကြ ဆိတ်ကြတယ်၊ အသားတုံးပြိတ္တာကြီးက နာကျင်ရှာလွန်းလို့ အင်မတန် စူးရှကျည်လောင်တဲ့ အသံနဲ့ ဟစ်အော် မြည်တမ်းပြီး ပြေးနေရရှာတယ်၊ အဲဒါကိုလဲ အရှင်လက္ခဏက မြတ်စွာဘုရားရှေ့မှာ မေးပါတယ်၊ အရှင်မဟာမောဂ္ဂလာန်က သူမြင်ခဲ့ပုံ အကြောင်းအရာ အလုံးစုံကို ပြန်ပြောပါတယ်၊ အဲဒီလို မြတ်စွာဘုရားရှေ့မှာမှ ပြောရခြင်း၏ အကြောင်းကတော့ မှန်ကန်ကြောင်း မြတ်စွာဘုရားထံမှ ထောက်ခံချက် ရလိုတဲ့အတွက်ကြောင့်ဘဲ ဖြစ်ပါတယ်၊ ဒါကြောင့် မြတ်စွာဘုရားက အရှင်မဟာမောဂ္ဂလာန် ပြောတဲ့အတိုင်း မှန်ကန်ကြောင်း၊ ကိုယ်တော်တိုင်လဲ ဘုရားဖြစ်မည့် ညဉ့်ကပင် တွေ့မြင်ခဲ့ပြီး ဖြစ်ကြောင်း သက်သေခံမည့်သူ မရှိသေး၍ မဟောခဲ့သေးကြောင်းများကို မိန့်တော်မူပြီးတော့ အဲဒီပြိတ္တာ၏ အတိတ်အကြောင်းကိုလဲ ဒီလိုဟောတော်မူပါတယ်။
ဘိက္ခဝေ၊ ရဟန်းတို့။
ဧသော သတ္တော၊ ဤ အသားတုံးပြိတ္တာ သတ္တဝါသည်။
ဣမသ္မိံ ယေဝ ရာဇဂဟေ၊ ဤ ရာဇဂြိုဟ်မြို့၌ပင်လျှင်။
ဂေါဃာတကော အဟောသိ၊ နွားသတ်သမား ဖြစ်ခဲ့ဘူးလေပြီ
စသည်ဖြင့် နွားသတ်သမားဖြစ်စဉ်က ပြုခဲ့တဲ့ နွားသတ်မှု အကုသိုလ်ကံကြောင့် ငရဲ၌အနှစ် သိန်းပေါင်းများစွာ ကျက်ခဲ့ရ ခံစားခဲ့ရကြောင်း၊ အဲဒီငရဲမှ လွတ်လာတဲ့အခါ အဲဒီကံကြွင်းကြောင့် အသားတုံးပြိတ္တာကြီးဖြစ်ပြီး ဒုက္ခခံနေရတဲ့ အကြောင်းများကို ဟောကြားတော်မူ ပါတယ်။
ဒီနေရာမှာ အရိုးစုပြိတ္တာနဲ့ အသားတုံးပြိတ္တာ ဘာထူးသလဲ လို့ဆိုယင် နွားသတ်တဲ့ အကုသိုလ် ကံချင်းတော့ တူပါတယ်၊ ဒါပေမဲ့ ငရဲမှ စုတေခါနီးမှာ ကမ္မနိမိတ်ထင်ပုံချင်း ထူးလို့ ပြိတ္တာဖြစ်တဲ့ အခါလဲ ထူးနေပါတယ်။ ပဌမနွားသတ်သမားမှာ ငရဲမှ စုတေခါနီးတွင် နွားသတ်စဉ်ကာလက အသားတွေကို လှီးခြစ်ပြီး ပုံထားတဲ့ အရိုးစုအရိုးပုံ ကမ္မနိမိတ် ထင်ခဲ့တယ်၊ ဒါကြောင့် အဲဒီအရိုးစုကို စွဲပြီး ငရဲမှ စုတေလာတဲ့အခါ အဲဒီအာရုံနိမိတ်နှင့်တူတဲ့ အရိုးစုပြိတ္တာကြီး ဖြစ်ရပါသတဲ့။ နောက် ဒုတိယ နွားသတ်သမားမှာတော့ အမဲသားတုံး ကမ္မနိမိတ် ထင်ခဲ့တယ်။ အဲဒီအမဲသားတုံးကြီး ကိုဘဲစွဲပြီး ငရဲမှ စုတေလာတဲ့အခါ အဲဒီအာရုံနိမိတ်နှင့်တူတဲ့ အသားတုံးပြိတ္တာကြီး ဖြစ်ရပါသတဲ့၊ အဲဒါဟာ ကံချင်းတူပေမဲ့ ကမ္မနိမိတ် ထင်ပုံချင်း မတူလို့ ဖြစ်ပုံချင်း မတူတဲ့ ထူးခြားပုံပါဘဲ။ .
အသားစုပြိတ္တာ
▬▬▬▬▬▬
နောက်ပြီးတော့ အသားစုပြိတ္တာကိုလဲ တွေ့ရတယ်၊ အဲဒါကိုလဲ မြတ်စွာဘုရားက ငှက်မုဆိုး ဖြစ်ခဲ့ကြောင်း စသည်ဖြင့် ထုတ်ဖော်ဟောကြားတော်မူပါတယ်။ .
အရေခွံမရှိတဲ့ပြိတ္တာ
▬▬▬▬▬▬▬
နောက်ပြီးတော့ အရေခွံမရှိဘဲ သွေးသံရဲရဲနဲ့ ပြိတ္တာကြီးကိုလဲ တွေ့ရတယ်၊ အဲဒါကိုလဲ မြတ်စွာဘုရားက သိုးဆိတ် သတ်သမား ဖြစ်ခဲ့ကြောင်း စသည်ဖြင့် ဟောကြားတော်မူပါတယ်။ .
သန်လျက်မွေးတွေနဲ့ပြိတ္တာ
▬▬▬▬▬▬▬▬▬
နောက်ပြီးတော့ သန်လျက်မွေးတွေနဲ့ ပြိတ္တာကိုလဲ တွေ့ရတယ်၊ အဲဒီပြိတ္တာမှာ သူ့ကိုယ်မှ အမွေးသဖွယ် ဖြစ်နေတဲ့ ဓားသန်လျက်တွေက ကောင်းကင်ကို ပျံတက်ပြီး သူ့ကိုယ်ပေါ်မှာ ပြန်ပြန်ကျကြသတဲ့၊ ကံအကျိုးပေးပုံများ သိပ်ဆန်းကြယ်တာဘဲ၊ ဘယ်ကိုမှ ပြေးလို့ တိမ်းရှောင်လို့ မရဘူးတဲ့၊ ကြောက်စရာပါဘဲ၊ အဲဒီ သန်လျက်တွေကတော့ သူ့ကံအားလျော်စွာ ဖြစ်နေကြတယ် ဆိုတာ ထင်ရှားပါတယ်၊ ဘီလူးအစရှိတဲ့ တစုံတယောက်က ပြုလုပ်တယ်လို့တော့ ဆိုဘွယ်ရာ မရှိပါဘူး၊
ဒါကြောင့် အရိုးစုပြိတ္တာ စသည်ကို လိုက်ပြီးထိုးကြ ဆိတ်ကြတဲ့ လင်းတ စသည်တွေလဲ သူ့ကံ အားလျော်စွာ ဖြစ်ပေါ်နေကြတဲ့ အတုအပ လင်းတစသည်တွေ ဖြစ်တယ်လို့ ယူယင် မသင့်စရာ မရှိပါဘူး၊ သာပြီး သင့်ဘွယ်ရာသာ ရှိပါတယ်၊ ဘာကြောင့်လဲဆိုယင် ဘီလူးတွေဆိုတော့ သူတို့မှာ တခြားကိစ္စတွေလဲ ရှိရမယ်၊ မောပန်းခြင်း ပျင်းရိငြီးငွေ့ခြင်းလဲ ရှိမယ်၊ ဒါကြောင့် အခါခပ်သိမ်း အမြဲတမ်းလိုက်ပြီး နှိပ်စက်ဖို့ ခဲယဉ်းပါတယ်၊ နှိပ်စက်မည့်သူမရှိဘဲ လစ်လပ်နေတဲ့အချိန်လဲ ရှိနိုင် ပါတယ်။ ကံအားလျော်စွာ ဖြစ်နေတဲ့ အကောင်တုတွေ ဆိုတော့ အဲဒီလို လစ်လပ်ခြင်း မရှိနိုင်ဘူး၊ သူ့ကံအားလျော်စွာ အမြဲတမ်း နှိပ်စက်ခြင်း ရှိနေနိုင်ပါတယ်၊ ဒါကြောင့် ကံအားလျော်စွာ သန်လျက်အတုတွေကို ကံအားလျော်စွာ လင်းတစသည် အကောင်တုတွေက လိုက်ပြီး ထိုးကြ ဆိတ်ကြတယ်လို့ ဆိုတာက သာပြီး သင့်လျော်ပါတယ်။ .
လှံအမွေးတွေနဲ့ပြိတ္တာ
▬▬▬▬▬▬▬▬
နောက်ပြီးတော့ လှံအမွေးတွေနဲ့ ပြိတ္တာကိုလဲ တွေ့ရတယ်၊ သူ့ကိုယ်မှ အမွေးသဖွယ် ဖြစ်ရတဲ့ လှံတွေက ကောင်းကင်ကို ပျံ့တက်ပြီး သူ့ကိုယ်ပေါ်မှာ ပြန်ပြန်ကျပြီး စူးကြတယ်၊ အဲဒါဟာ သားလိုက်မုဆိုးဖြစ်လို့တဲ့။
မြှားမွေးတွေနဲ့ ပြိတ္တာ
▬▬▬▬▬▬▬▬
နောက်ပြီးတော့ မြှားမွေးတွေနဲ့ ပြိတ္တာကိုလဲ တွေ့ရတယ်၊ သူ့မှာ အမွေးသဖွယ်ဖြစ်နေတဲ့ မြှားတွေက ကောင်းကင်ကို ပျံတက်ပြီး သူ့ကိုယ်ပေါ်မှာ ပြန်ပြန်ကျပြီး စူးကြတယ်၊ အဲဒါဟာ ကာရဏိခေါ်တဲ့ ညှင်းဆဲ နှိပ်စက်သူဖြစ်ခဲ့လို့တဲ့၊ မင်းပြစ်ဒဏ် သင့်တဲ့သူတွေကို သူကမြှားနဲ့ ထိုးဆွပြီး နှိပ်စက်ခဲ့တယ်၊ ဒါကြောင့် သူ့ကံအားလျော်စွာ မြှားတွေက သူ့ကို လိုက်ပြီး ထိုးနေကြတာတဲ့၊ ကြောက်စရာပါဘဲ။
ကုမ္ဘဏ္ဍပြိတ္တာ
▬▬▬▬▬
ကုမ္ဘဏ္ဍပြိတ္တာ ဆိုတာကိုလဲ အရှင်မဟာမောဂ္ဂလာန် တွေ့ရတယ်၊ ကုမ္ဘဆိုတာ ရေအိုး၊ အဏ္ဍဆိုတာ လိင်ဥ၊ ရေအိုးကြီးလောက်ကြီးမားတဲ့ လိင်ဥရှိနေတဲ့ ပြိတ္တာကို ကုမ္ဘဏ္ဍပြိတ္တာလို့ ဆိုပါတယ်၊ သူက လူ့ဘဝတုန်းက ကောက်ကျစ်စဉ်းလဲတဲ့ တရားသူကြီး ဖြစ်ခဲ့တယ်၊ ကွယ်ဝှက်ရာမှာ တံစိုး လက်ဆောင်ယူပြီး မတရား စီရင်ဆုံးဖြတ်ခဲ့တယ်၊ အလွန်လေးလံကြီးမားတဲ့ အပြစ်ဒဏ်များကိုလဲ ပေးခဲ့တယ်၊ ဒါကြောင့် သူ့မှာ ဖုံးကွယ်ထားရမည့် အင်္ဂါဟာ မဖုံးကွယ်နိုင်အောင်လဲ ဖြစ်နေတယ်၊ အင်မတန် လေးလံတဲ့ လိင်ဥဝန်ကြီးကိုလဲ ဖြစ်နေတယ်၊ အင်မတန်လေးလံတဲ့ လိင်ဥဝန်ကြီးကိုလဲ ဆောင်နေရတယ်၊ သွားယင်လဲ အဲဒီလိင်ဥကြီးကို ထမ်းပြီးသွားရသတဲ့၊ ထိုင်ယင် အိပ်ယင်လဲ အဲဒီလိင်ဥကြီးပေါ်မှာဘဲ ထိုင်ရ အိပ်ရ သတဲ့၊ အဲဒီလို သွားရာ နေရာမှာလဲ လင်းတတွေ ကျီးတွေ စွန်တွေက လိုက်ပြီး ထိုးကြ ဆိတ်ကြတယ်။
ပြိတ္တာမျိုးစုံ
▬▬▬▬
အရှင်မဟာမောဂ္ဂလာန် တွေ့ရတဲ့ ပြိတ္တာတွေက အမျိုးစုံပါဘဲ၊ ကာမေသုမိစ္ဆာစာရကံ ကျူးလွန်ခဲ့လို့ အရေခွံမရှိဘဲ ဒုက္ခရောက်နေရတဲ့ ပြိတ္တာမကြီးလဲပါတယ်၊ မိစ္ဆာအယူဝါဒကို ဖြန့်ခဲ့လို့ အရုပ်ဆိုးစွာ ဖြစ်နေတဲ့ နတ်ကတော် ပြိတ္တာမကြီးလဲပါတယ်၊ ရဟန်းကျင့်ဝတ်တွေ ကောင်းကောင်း မကျင့်ခဲ့လို့ ရဟန်းအသွင် ရဟန်းမိန်းမအသွင်နဲ့ ဖြစ်နေတဲ့ ပြိတ္တာတွေလဲ ပါတယ်၊ အဲဒီပြိတ္တာတွေမှာ သင်္ကန်း ကလဲ မီးရဲရဲတောက်နေတယ်၊ ကျောင်း အိပ်ရာတွေကလဲ မီးရဲရဲတောက်နေတယ်၊ ဒိပြင်လဲ ပြိတ္တာတွေ တော်တော်များပါသေးတယ်။
အဲဒီပြိတ္တာတွေဟာ လူ့ဘဝတုန်းက မိမိခန္ဓာဝန် ချမ်းသာရေးအတွက် မသင့်မလျော်တာတွေကို ပြုလုပ်ခဲ့ကြလို့ဘဲ၊ ဒါကြောင့် ဒီခန္ဓာဝန်ဟာ အလွန်လေးကြောင်း သိရပါတယ်၊ နောက်ပြီးတော့ ပေတဝတ္ထုမှာ ပြထားတဲ့ ပြိတ္တာတွေလဲအများကြီး ရှိပါသေးတယ်၊ အဲဒါတွေထဲက တခုတော့ ဒီနေရာမှာ ပြောချင်သေးတယ်။
စီးပွားစုဆောင်းသည့် ပြိတ္တာမများ
▬▬▬▬▬
ဘုရားလက်ထက်တော်ကာလတုန်းက ရာဇဂြိုဟ်မြို့မှာ အလေးမမှန် - တောင်းမမှန် စသည်ဖြင့် မတရားစီးပွားဥစ္စာ စုဆောင်းတဲ့ မိန်းမ လေးယောက်ရှိသတဲ့၊ အဲဒီမိန်းမ လေးယောက်ဟာ ထောပတ်, ပျားရည်, ဆီ, စပါး စသည်တို့ကို မတရား ရောင်းဝယ်ပြီး စီးပွားဥစ္စာ စုဆောင်းနေရာက သေဆုံးသွားတဲ့အခါ အဲဒီမြို့ရဲ့ အပြင်က ကျုံးဘေးမှာ ပြိတ္တာမတွေ ဖြစ်နေကြတယ်။ တညသော အခါမှာ သူတို့ရဲ့ ခင်ပွန်းဟောင်းတွေနဲ့ နောက်အိမ်ထောင်သည်တို့က သူတို့ ရှာဖွေစုဆောင်း ထားခဲ့တဲ့ စီးပွား ဥစ္စာတွေ သုံးဆောင်နေကြပုံနဲ့ သူတို့မှာ ဆင်းရဲဒုက္ခရောက်နေကြရပုံများကို စဉ်းစားပြီး ငိုကြွေးမြည်တမ်း ကြပါတယ်။
အဲဒီအသံကို ကြားရတဲ့သူတွေက မကောင်းတဲ့ အတိတ်နိမိတ်လို့ ယူဆပြီး အဲဒီနိမိတ်ဆိုးတွေ ပပျောက်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရဟန်းသံဃာတော်များနှင့်တကွ မြတ်စွာဘုရားကို ပင့်ပြီး ဆွမ်းကပ်ကြပါတယ်။ အဲဒီကြားရတဲ့ အသံကြောင့် သူတို့မှာ ကြောက်လန့်ကြတဲ့ အကြောင်းကိုလဲ လျှောက်ထားကြပါတယ်။ အဲဒီအခါ မြတ်စွာဘုရားက ဒီလိုမိန့်တော်မူပါတယ်။
ဥပါသကာတို့ .... အဲဒီ ကြားရတဲ့ အသံကြောင့် သင်တို့မှာ အန္တရာယ် တစုံတရာမျှ မရှိပါ၊ အမှန် စင်စစ်ကတော့ ပြိတ္တာမ လေးယောက်တို့ဟာ ဆင်းရဲဒုက္ခအနှိပ်စက်ခံရတဲ့အတွက် သူတို့ မှားခဲ့တဲ့ အမှုကို ပြောကြားပြီး ငိုကြွေး မြည်တမ်းကြခြင်းသာ ဖြစ်တယ်လို့ မိန့်တော်မူပြီး အဲဒီ ပြိတ္တာမတွေ ငိုပုံကိုလဲ ဒီလို ဟောကြားတော်မူပါတယ်။
မယံ ဘောဂေ သံဟရိမှာ၊ သမေန ဝိသမေန စ။
တေ အညေ ပရိဘုဥဗနန္တိ၊ မယံ ဒုက္ခဿ ဘာဂိနီ-တဲ့။
မယံ၊ ငါတို့သည်။
ဘောဂေ၊ စီးပွားဥစ္စာတို့ကို။
သမေနစ၊ ညီညွတ်သော နည်းလမ်းမှန်ဖြင့်၎င်း။
ဝိသမေန စ၊ မညီညွတ် မတရားသော နည်းလမ်းမှားဖြင့်၎င်း။
သံဟရိမှာ၊ လူ့ဘဝတုန်းက ရှာမှီး စုဆောင်းခဲ့ကြလေကုန်ပြီ။
တေ၊ ငါတို့ စုဆောင်းထားခဲ့သော ထိုစီးပွားဥစ္စာတို့ကို။
အညေ၊ ငါတို့မှ တပါးသော ပုဂ္ဂိုလ်တို့သည်။
ပရိဘုဥဗနန္တိ၊ သုံးဆောင်ကြကုန်၏။
မယံ၊ ငါတို့မှာမူကား။
ဒုက္ခဿ ဘာဂိနီ၊ မစားရ, မသုံးရ ပြိတ္တာဘဝ ဆင်းရဲ၏ အဖို့အစုကိုသာ ရနေကြပါတကား-တဲ့။
သူတို့က မတရားသဖြင့် ပစ္စည်းဥစ္စာတွေကို ခဲခဲယဉ်းယဉ်းနဲ့ စုထားခဲ့ကြတယ်၊ သူတို့သေသွားတဲ့ အခါမှာ သူတို့ရဲ့ ခင်ပွန်းတွေက နောက်အိမ်သူ အသစ်တွေနဲ့ အဲဒီ ပစ္စည်းဥစ္စာတွေကို တပျော်တပါး သုံးဆောင်နေကြတယ်၊ သူတို့မှာတော့ ဒါနကုသိုလ် စသည်ကို မပြုရက်ပဲ မတရားသဖြင့် ပစ္စည်း ရှာခဲ့ကြတဲ့အတွက် ပြိတ္တာဘဝရောက်ပြီး စားသုံးစရာ မရှိ, နေထိုင်စရာ မရှိ အတိဒုက္ခ ရောက်နေ ကြရတယ် ဆိုတဲ့ အကြောင်းကို ပြောဆိုပြီး ငိုကြွေး ရှာကြတာပါဘဲ၊ တယ် သနားစရာ ကောင်းတာဘဲ။
အဲဒါဟာ လူ့ဘဝတုန်းက သူတို့ရဲ့ ခန္ဓာဝန်ကြီး ကောင်းစား ချမ်းသာစေလိုတဲ့အတွက် မတရားသဖြင့် ပစ္စည်း ရှာခဲ့ ကြတာဘဲ၊ သေတဲ့အခါကျတော့ သူတို့ရဲ့ ရည်ရွယ်ချက်အတိုင်း မဟုတ်ပဲ အလွန် ဆင်းရဲတဲ့ ပြိတ္တာ ခန္ဓာတွေကို ရနေရှာကြတယ်၊ အဲဒီဟာ ခန္ဓာဝန် လေးလံကြောင်း ထင်ရှားစေတဲ့ သာဓက တခုပါဘဲ၊ သတိပြုစရာလဲ အထူးကောင်းပါတယ်။
ယခုပြောခဲ့တဲ့ ပြိတ္တာတွေလိုဘဲ မိမိခန္ဓာဝန်ကို ကောင်းစား ချမ်းသာအောင် ရှာကြံပြုလုပ်နေရင်း အတိဒုက္ခရောက်နေကြတဲ့ အခြား ပြိတ္တာတွေအကြောင်း သာဓက ဝတ္ထုတွေလဲ အများကြီးဘဲ ရှိနေပါသေးတယ်။ ဒါပေမဲ့ ယခုပြောခဲ့တာလောက် ဆိုယင် သဘောပေါက်လောက်ပါပြီ။
ခန္ဓာဝန်လေးပုံ အဆက်
▬▬▬▬▬▬▬▬▬
ယခုပြောလာခဲ့တာဟာ ခန္ဓာဝန်အတွက် ရှာကြံပြုစုရတာ ဝန်လေးကြောင်း တော်တော်စုံသွားပါပြီ။ အဲဒီမှာ ရုပ်ကိုယ်ကြီး အင်အား ပြည့်မြဲပြည့်ပြီး တည်နေနိုင်အောင် ကျွေးမွေးပြုစုရတာက ရုပ်ခန္ဓာဝန်ကို ထမ်းဆောင်ရတာဘဲ၊ ကိုယ်ချမ်းသာ စိတ်ချမ်းသာ ပြည့်စုံအောင် ကျွေးမွေးပြုစု ရတာက ဝေဒနာ ခန္ဓာဝန်ကို ထမ်းဆောင်ရတာဘဲ၊ အမြင်ကောင်း အကြားကောင်း စသည် ဖြစ်အောင် ပြုလုပ်ဆောင်ရွက်ရတာက ဝိညာဏ် ခန္ဓာဝန်ကို ထမ်းဆောင်ရတာဘဲ။ ဒီခန္ဓာဝန်သုံးမျိုး ထမ်းဆောင်ရတာ ဝန်လေးပုံကတော့ အလွန်ဘဲ ထင်ရှားပါတယ်။
ရုပ်ခန္ဓာကဆိုယင် ငါ ကြိုက်တာကျွေး၊ မကျွေးယင် ငါက နေမကောင်းဖြစ်ပြီး သေပြလိုက်မယ်၊ အားနည်းပြီး သေပြလိုက်မယ်လို့ ခြိမ်းချောက်နေသလိုဘဲ ရှိနေပါတယ်။ ဝေဒနာကလဲ ငါကြိုက်တဲ့ အာရုံကောင်း ကလေးတွေကိုပေး၊ မပေးယင် ငါက နာကျင်ကိုက်ခဲပြီး သေပြလိုက်မယ်၊ စိတ်ညစ်ပူပန်ပြီး သေပြလိုက်မယ် စသည်ဖြင့် ခြိမ်းချောက်နေသလိုဘဲ ရှိနေပါတယ်။
စိတ်ဝိညာဏ်ကလဲ ကောင်းတဲ့ အဆင်း အသံ အစရှိတဲ့ အာရုံကောင်း ကလေးတွေကို ရှာပေး၊ မပေးယင် ငါက စိတ်မချမ်းသာစရာ ကြောက်လန့်စရာ တွေကိုပြပြီး သတ်လိုက်မယ် စသည်ဖြင့် အမြဲတမ်း ခြိမ်းချောက်နေသလိုဘဲ ရှိနေပါတယ်။
နောက်ပြီးတော့ ကိုယ့်အလိုအတိုင်း ပြီးစီးပြည့်စုံအောင် ကြံစည်ရတာ သွားလာလုပ်ကိုင်ရတာ ပြောဆိုရတာတွေဟာ အဲဒီအလိုနဲ့ စေတနာဆိုတဲ့ သင်္ခါရက္ခန္ဓာဝန်ကို ထမ်းဆောင်ရတာဘဲ။ သူကလဲ ငါ့ကို ကောင်းကောင်းဆောင်ပါ၊ ကောင်းကောင်း မဆောင်ယင် အလိုမပြည့်ဖြစ်ပြီး ဒုက္ခ ရောက်စေမယ်၊ ရာဇဝတ်မှုစသည် ဖြစ်စေပြီးတော့လဲ ဒုက္ခရောက်စေမယ်၊ သေသည်၏ အခြားမဲ့ မှာလဲ ငရဲကိုကျစေမယ်၊ ပြိတ္တာဖြစ်စေမယ်၊ တိရစ္ဆာန်ဖြစ်ပြီး ဒုက္ခရောက်စေမယ် စသည်ဖြင့် အမြဲတမ်း ခြိမ်းချောက်နေသလိုဘဲ ရှိနေပါတယ်။
ယခုလောကမှာ မသင့်မတော်တာကို ပြုမိ ပြောမိလို့ အကဲ့ရဲ့ခံရတာတွေ၊ ရာဇဝတ်အပြစ်ဒဏ် သင့်တာတွေဟာ ဒီသင်္ခါရက္ခန္ဓာဝန်ကို မထမ်းနိုင် မစောင့်နိုင်လို့ပါဘဲ။ အပါယ် ၄-ပါးကျရောက်ပြီး နေကြရတဲ့ သူတွေဟာလဲ ဒီသင်္ခါရက္ခန္ဓာဝန်ကို မထမ်းနီုင် မစောင့်နိုင်ကြလို့ပါဘဲ။ လူဖြစ်ပါလျက် သူများလို မဟုတ်ပဲ အသက်တိုခြင်း အနာများခြင်း စီးပွားဥစ္စာချို့တဲ့ခြင်း အခြွေအရံမဲ့ခြင်း ဘေးရန် အန္တရာယ်များခြင်း စသည်ဖြင့် မကောင်းကျိုးတွေကို တွေ့နေကြရတာဟာလဲ ဒီ သင်္ခါရက္ခန္ဓာဝန်ကို နေသားတကျ မထမ်းဆောင်နိုင်ကြလို့ပါဘဲ။
နောက်ပြီးတော့ စိတ်ပျက်စရာ စိတ်ညစ်စရာ ရွံစရာ မုန်းစရာ အာရုံတွေ စိတ်ထဲ စွဲကျန်မနေရအောင် အကျိုးစီးပွား ဖြစ်စေတတ်တဲ့ အတတ်ပညာ အသိအလိမ္မာ စသည်တွေ စိတ်ထဲ စွဲမြဲပြီး မှတ်မိနေအောင် အားထုတ်နေရတာတွေဟာ သညာခန္ဓာဝန်ကို ထမ်းဆောင်နေရတာတွေပါဘဲ။ သူကလဲ ငါ့ကို ကောင်းတဲ့ အာရုံတွေကိုပေး၊ မပေးလို့ရှိယင် မကောင်းတာတွေကို စွဲမှတ်ထားပြီး စိတ်ဆင်းရဲအောင် အဲဒါတွေကို ထပ်တလဲလဲ ငါက ပြနေမယ်၊ အကျိုးမဲ့ အမှုတွေကိုလဲ စွဲမှတ်ထားပြီး အဲဒီအကျိုးမဲ့ အမှုတွေကိုလဲ လမ်းညွှန်ပြမယ် စသည်ဖြင့် ခြိမ်းချောက်နေသလိုဘဲ ရှိနေပါတယ်။
ယခု လူတွေ စိတ်ညစ်စရာကို အမှတ်ရပြီး စိတ်ညစ်နေကြရတာ၊ ပူပန်စရာတွေကို အမှတ်ရပြီး ပူပန်နေကြရတာတွေဟာ ဒီသညာက္ခန္ဓာဝန်ကိုနေရာတကျ မထမ်းဆောင်နိုင်ကြလို့ပါဘဲ။ အကျိုးမဲ့ ဖြစ်စေမည့် အမှုတွေကို အကောင်းထင်ပြီး ပြုမှားကြတာ၊ အဲဒီလိုပြုမှားမိတဲ့အတွက် ယခု မျက်မှောက်မှာရော နောင်တမလွန်မှာရော ဒုက္ခ ရောက်နေကြရတာတွေဟာလဲ ဒီသညာက္ခန္ဓာဝန်ကို နေရာတကျ မထမ်းဆောင်နိုင်ကြလို့ပါဘဲ။
ယခုပြောခဲ့တဲ့အတိုင်း ထမ်းဆောင်ဘို့ရာ ဝန်လေးတဲ့အတွက် ဒီဥပါဒါနက္ခန္ဓာ ငါးပါးကို ဘာရ = လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးကြီးတွေလို့ မြတ်စွာဘုရားက ဟောကြားတော်မူခဲ့ပါတယ်။
နောက်ပြီးတော့ ဒီခန္ဓာဝန်ထုပ်ကြီးတွေ ထမ်းဆောင်နေရတာက မိနစ်ပိုင်း နာရီပိုင်းမျှလဲ မဟုတ်ဘူး၊ ရက်ပိုင်း လပိုင်းမျှလဲ မဟုတ်ဘူး၊ နှစ်ပိုင်းမျှလဲ မဟုတ်ဘူး၊ တဘဝ နှစ်ဘဝ ဆယ်ဘဝ ဘဝ တရာတထောင် စသည် ဘဝပိုင်းမျှလဲ မဟုတ်ဘူး၊ တစ်ကမ္ဘာ နှစ်ကမ္ဘာ စသည် ကမ္ဘာပိုင်းမျှလဲ မဟုတ်ဘူး၊ အမှန်မှာတော့ ကမ္ဘာကုဋေ အသေင်္ချေတို့ဖြင့် မရေမတွက် မပိုင်းခြားနိုင်တဲ့ အစမထင်တဲ့ သံသရာခရီးစဉ် တလျှောက်လုံး ထမ်းဆောင်နေကြရတာဘဲ၊
အရဟတ္တမဂ်ဖိုလ်သို့ မရောက်သေးသမျှ ကိလေသာ မကင်းသေးသမျှ ကာလပတ်လုံး အမြဲတန်း ထမ်းဆောင်နေကြရတာဘဲ။ အရဟတ္တ မဂ်ဖိုလ် ရောက်လို့ ကိလေသာ ကင်းပြီးဖြစ်တဲ့ ရဟန္တာ ပုဂ္ဂိုလ်တွေတောင်မှ ပရိနိဗ္ဗာန် မစံရသေးမီ အတွင်းမှာတော့ ဒီခန္ဓာဝန်ထုပ် ကြီးတွေကို ထမ်းဆောင် နေကြရသေးတာဘဲ။ ဒါကြောင့် ပရိနိဗ္ဗာန်စံရမည့် အချိန်ကို ဆင်ခြင်တဲ့ ရဟန္တာ အရှင်မြတ်တွေက -
ကီဝ စိရံ နုခေါ အယံ ဒုက္ခဘာရော ဝဟိတဗ္ဗော-လို့ ဆင်ခြင်တော်မူကြပါတယ်။
အယံ ဒုက္ခဘာရော၊ ဆင်းရဲလှစွာသော ဤခန္ဓာငါးပါး ဝန်ထုပ်ကြီးကို။
ကီဝစီရံ၊ ဘယ်မျှလောက်ကြာအောင်။
ဝဟိတဗ္ဗော နုခေါ၊ ဆောင်ရမှာပါလိမ့်မလဲ-လို့ ဆင်ခြင်တော်မူကြပါတယ်။
ရဟန္တာ ပုဂ္ဂိုလ်မှာလဲ ခန္ဓာဝန်ကြီးက ရှိနေတော့ မလွှဲမရှောင်သာလို့ ထမ်းဆောင်နေရတာဘဲ၊ အချိန်တန်ယင် အစာအာဟာရအတွက် ဆွမ်းခံကြွရတယ်၊ ရေချိုးတန်ယင်လဲ ရေချိုးပေးရတယ်၊ ကျင်ကြီး ကျင်ငယ် အစရှိတဲ့ အညစ်အကြေး တွေကိုလဲ သုတ်သင်ပေးရတယ်၊ ဣရိယာပုထ် မျှအောင် ကျန်းမာရေးလဲ ဖြစ်အောင် ဣရိယာပုထ်များကိုလဲ ပြုပြင်ပေးရတယ်၊ ကျိန်းစက်တန်ယင် ကျိန်းစက် ပေးရတယ်။ ဒါတွေဟာ ခန္ဓာဝန်ကြီး ရှိနေလို့ သင့်လျော်အောင် ပြုပြင်ပြီး ထမ်းဆောင်နေရ တာတွေပါဘဲ။
ဝန်ထုပ်ကို သဘောကျနေယင် လေးတယ်မထင်
▬▬▬▬▬▬▬
ပုထုဇဉ်တွေမှာတော့ နှစ်သက်သာယာတဲ့ တဏှာက ရှိနေလို့ ဒီခန္ဓာဝန်တွေကို လေးမှန်း မသိဘူး၊ ခန္ဓာဝန် လေးတဲ့အကြောင်း ယခုလို ဟောပြောနေတာကို ကြားရပေမဲ့ လေးတယ်လို့ တချို့က မထင်ဘူး၊ အလကား ကြံကြံဖန်ဖန် အပြစ်ရှာပြီး ပြောနေတာဘဲ၊ ဒီခန္ဓာတွေ ရှိတဲ့အတွက် ကောင်းနေတာတွေလဲ အများကြီး ရှိနေတာဘဲ၊ ကောင်းတာတွေကို မြင်ရတယ်၊ ကောင်းတာတွေကို ကြားရတယ်၊ နံရတယ်၊ စားရတယ်၊ ကောင်းတဲ့အတွေ့ အထိတွေနဲ့ တွေ့ထိရတယ်၊ ကိုယ်သိချင် တာတွေကို သိရတယ်၊ ဒါတွေဟာ အကောင်းတွေ ချည်းဘဲ-လို့ ဒီလိုလဲ တချို့က ထင်နေကြတယ်။ နှစ်သက် သာယာမှု တဏှာရှိနေလို့ အပြစ်မမြင်နိုင်ဘဲ ရှိနေတာပါဘဲ။
ဥပမာအားဖြင့် လူတယောက်ဟာ မိမိ၏မယားကို အလွန်ချစ်နေတယ် ဆိုပါတော့၊ အဲဒီမိန်းမ၏ အပြစ်ကို အခြားသူများက ပြောသော်လဲ သူကိုယ်တိုင်က တွေ့ရတာလဲ မဟုတ်၊ သူ့ရှေ့မှာတော့ ချစ်ဖွယ် အပြောအဆို အပြုအမူများ ကိုသာ တွေ့နေရတယ်ဆိုယင် အဲဒီလူက သူ့မယားအပေါ်မှာ အပြစ် မမြင်နိုင်ဘူး၊ မပြစ်မရှိနိုင်ဘူး၊ အခြားသူတွေ ပြောတဲ့အတိုင်း မဟုတ်နိုင်ဘူးလို့သာ ထင်နေတယ်ဆိုပါတော့၊ အဲဒါမျိုးပါဘဲ၊ တဏှာရှိတဲ့သူတွေက ဒီခန္ဓာဝန်တွေကို လေးတယ်လို့ မထင်ဘူး။
အပြစ်မြင်မှ လေးမှန်းသိသည်
▬▬▬▬▬▬▬▬▬▬
ဒါပေမဲ့ အိုမင်းမစွမ်းဖြစ်လို့ ကိုယ်သွားချင်တိုင်းလဲ မသွားနိုင်၊ ကိုယ်စားချင်တိုင်းလဲ မစားနိုင်၊ ကိုယ်အလိုရှိတိုင်းလဲ မအိပ်နိုင်၊ ကိုယ်အလိုအတိုင်းလဲ မပြီးတဲ့အခါများကျတော့ ဒီခန္ဓာဝန်ကြီး လေးတယ် ဆိုတာ အတော်အတန် ရိပ်မိပြီး သဘောပေါက် လာတတ်ပါတယ်။ မကျန်းမမာ ရောဂါ ဝေဒနာ အကြီးအကျယ် ဖြစ်တဲ့အခါလဲ သဘောပေါက်တတ်ပါတယ်။ မိမိကိုယ်တိုင်ရော မိမိနဲ့စပ်တဲ့ သူတွေရော ဘေးရန်အန္တရာယ်တွေနဲ့ တွေ့ရတဲ့အခါမှာလဲ ခန္ဓာဝန်ကြီး လေးတယ်ဆိုတာ သဘော ပေါက်တတ်တယ်။
ရဟန္တာမှာတော့ နှစ်သက်သာယာတတ်တဲ့ တဏှာကလုံးဝ မရှိတော့ဘူး၊ ဒါကြောင့် ဒီခန္ဓာ ဝန်လေးပုံကို အထူး မဆင်ခြင်ရတော့ဘဲ သူ့သဘောအတိုင်းပင် ကောင်းကောင်းကြီး မြင်နေပါတယ်။ ဥပမာအားဖြင့် ခုနက ပြောခဲ့တဲ့ ဥပမာထဲက လူဟာ အခြားတပါးသော ယောက်ျားနှင့် မိမိမယား ဖောက်ပြန်နေတာကို ကိုယ်တိုင်တွေ့ပြီး မိမိအသက်ကိုပါ အန္တရာယ် ပြုနိုင်မည့် အခြေအနေကို တွေ့ရယင်တော့ အဲဒီမယားအပေါ်မှာ မည်သူကမျှ မပြောရဘဲ သူ့ဟာသူပင် ကောင်းကောင်း အပြစ်မြင်နေသလိုပါဘဲ။ ဒါကြောင့် ရဟန္တာပုဂ္ဂိုလ်က ဆင်းရဲလှတဲ့ ဒီခန္ဓာဝန်ထုပ်ကြီးကို ဘယ်လောက် ကြာအောင် ထမ်းဆောင် နေရမှာပါလိမ့်မလဲ-လို့ ဆင်ခြင်ပါတယ်။
ယခုလောကမှာ လေးပါတယ်ဆိုတဲ့ ဝန်ထုပ်တွေကတော့ ခေတ္တခဏမျှသာ ထမ်းဆာင်ကြရပါတယ်၊ မကြာခင်ဘဲ ပခုံးပေါ်မှ ပစ်ချလိုက်ရတာဘဲ၊ အဲဒီလို ပစ်ချလိုက်တော့ တခါတည်း ပေါ့သွားပါတယ်၊ ဒီခန္ဓာဝန်ကတော့ အဲဒီလို တခဏကလေး ထမ်းဆောင်ရတာ မဟုတ်ဘူး၊ ခုနက ပြောခဲ့တဲ့အတိုင်း ကမ္ဘာအသင်္ချေနဲ့တောင် မရေတွက်နိုင်တဲ့ သံသရာ ကာလ တလျှောက်လုံး အမြဲမပြတ် ထမ်းဆောင် လာခဲ့ကြရတယ်၊ ယခုလဲ ထမ်းဆောင် နေရတုန်းဘဲ၊ ကိလေသာ ကင်းလို့ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန် စံတဲ့အခါကျမှ ချရမှာ။ ဒါကြောင့် အလေးတကာ အလေးဆုံး ဝန်ထုပ်ကြီး ဖြစ်ပါတယ်။ အဲဒီလို အလေးဆုံးဖြစ်တဲ့အတွက် မြတ်စွာဘုရားက -
လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးဆိုတာ ဘယ်ဟာလဲလို့ မေးလျှင် (ပဉ္စုပါဒါနက္ခန္ဓာတိဿ ဝစနီယံ) ဥပါဒါနက္ခန္ဓာ ငါးပါးဘဲ - လို့ ဖြေဆိုပါတဲ့။ ကဲ အဲဒါ ပိုပြီး ထင်ရှားသွားအောင် ဆိုလိုက်ကြဦးစို့။
လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးဆိုတာ ဘယ်ဟာလဲ။
ငါ, ငါ့ဥစ္စာလို့ ထင်ရတဲ့ ခန္ဓာငါးပါး တရားဘဲ။
ဝန်ထုပ်ကို ထမ်းဆောင်နေသူ
▬▬▬▬▬▬▬
ဝန်ထုပ်အကြောင်းကတော့ သဘောပေါက်လောက်ပါပြီ၊ ယခုဝန်ထုပ် ထမ်းသမားအကြောင်းကို ဟောရမယ်၊ အဲဒါကို မြတ်စွာဘုရားက ဒီလိုမေးခွန်းထုတ်ပြီး ဖော်ပြထားပါတယ်။
ကတမော စ ဘိက္ခဝေ ဘာရဟာရော။
ဘိက္ခဝေ၊ ရဟန်းတို့။
ဘာရဟာရော၊ ဝန်ထုပ်ဝန်ပိုးကို ထမ်းဆောင်သောသူသည်။
ကတမော စ၊ အဘယ်သူပါနည်း။
အဲဒီ ဥပါဒါနက္ခန္ဓာ ငါးပါးဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းဆောင်နေတယ်ဆိုတာက ဘယ်သူလဲလို့ ဆိုယင် -
ပုဂ္ဂလောတိဿ ဝစနီယံ၊ ယွာယံ အာယသ္မာ ဧဝံ နာမော ဧဝံ ဂေါတ္တော၊ အယံ ဝုစ္စတိ ဘိက္ခဝေ ဘာရဟာရော။
ပုဂ္ဂလောတိ၊ ပုဂ္ဂိုလ်ပင်ဟူ၍။
ဝစနီယံ၊ ဖြေဆိုအပ်သည်။
အဿ၊ ဖြစ်ရာ၏။
ယွာယံ အာယသ္မာ၊ အကြင်အရှင်သည်။
ဧဝံ နာမော၊ တိဿ ဒတ္တ-စသည်ဖြင့် ဤသို့သော အမည်ရှိ၏။
ဧဝံ ဂေါတ္တော၊ ကဏှာယန ဝစ္ဆာယန-စသည်ဖြင့် ဤသို့သော အနွယ်ရှိ၏။
ဘိက္ခဝေ၊ ရဟန်းတို့။
အယံ၊ တိဿ ဒတ္တ-စသည် အမည်ရှိသော ကဏှာယန ဝစ္ဆာယန-စသည် အနွယ်ရှိသော ဤပုဂ္ဂိုလ်ကို။
ဘာရဟာရော၊ ဝန်ထုပ်ဝန်ပိုး ထမ်းဆောင်သူ ဟူ၍။
ဝုစ္စတိ၊ ခေါ်ဆိုအပ်ပါတယ်-တဲ့။
ဝန်ထုပ်ဝန်ပိုး ထမ်းနေတဲ့သူဆိုတာ တခြားမဟုတ်ပါဘူး၊ တိဿ ဒတ္တ-စသည်ဖြင့် ခေါ်ဝေါ်ရတဲ့ ပုဂ္ဂိုလ်ပါဘဲတဲ့၊ အနွယ်နဲ့ ပြောရမယ်ဆိုယင် ကဏှာယနမျိုး ဝစ္ဆာယနမျိုးလို့ ပြောရတဲ့ ပုဂ္ဂိုလ် ပါဘဲတဲ့။ ဗမာအနေနဲ့ ပြောရယင်တော့ မောင်ဖြူ မဖြူ မောင်စိန် မစိန် စသည်ဖြင့် ခေါ်နေရတဲ့ ပုဂ္ဂိုလ်ပါဘဲ။ ဘုရားလက်ထက်တော် ကာလတုန်းက ကဏှာယန အမျိုးအနွယ် ဝစ္ဆာယန အမျိုးအနွယ် စသည်ဖြင့် အမျိုးအနွယ်နဲ့လဲ ခေါ်လေ့ ရှိကြတယ်။ အရှင်မဟာကဿပ အရှင် ကစ္စာယန အရှင်ကောဏ္ဍည အစရှိတဲ့ အမည်တွေဟာ အနွယ်နဲ့ ခေါ်တဲ့ အမည်တွေဘဲ။ ဗမာပြည် မှာတော့ အဲဒီလို အနွယ်နဲ့ ခေါ်တဲ့ အမည်ရယ်လို့ မထင်ရှားဘူး။
အဲဒီဒေသနာစကားထဲမှာ အာယသ္မာ-အရှင်ဆိုတဲ့ စကားပါတယ်။ အဲဒီ စကားအရအားဖြင့် ရဟန်းများနဲ့သာ ဆိုင်တယ်၊ လူဝတ်ကြောင်များနဲ့ မဆိုင်ဘူးလို့ ဒီလိုတော့ မဆိုရဘူး။ ဘာကြောင့်လဲ ဆိုယင် ရဟန်းများသာ မဟုတ်ဘဲ လူဝတ်ကြောင်တွေရော ဒီပြင်သတ္တဝါတွေရော အကုန်လုံးပင် ခန္ဓာဝန်ကို ထမ်းဆောင် နေရတဲ့သူချည်း ဖြစ်ကြောင်း ထင်ရှားနေလို့ပါဘဲ။ ဒါကြောင့် လောက ဝေါဟာရအားဖြင့် ပုဂ္ဂိုလ် သတ္တဝါလို့ ခေါ်ရတဲ့သူတွေ ဟူသမျှဟာ မိမိတို့၏ ခန္ဓာဝန်ကို ထမ်းဆောင် နေကြရတဲ့ သူချည်းပါဘဲ။
ဒီနေရာမှာ ခန္ဓာငါးပါးကို ဘာရ-ဝန်ထုပ် ခေါ်တယ်၊ ပုဂ္ဂိုလ်ကို ဝန်ထမ်းသူခေါ်တယ်လို့ ဆိုထားတဲ့အတွက် ခန္ဓာက တခြား+ပုဂ္ဂိုလ်က တခြားလား၊ ခန္ဓာမှ အလွတ်ဖြစ်တဲ့ ပုဂ္ဂိုလ်ဆိုတာ အသီးအခြား ရှိပါသလားလို့ မေးစရာ ရှိပါတယ်။ ယခုကာလမှာ အတ္တစွဲ ရှိတဲ့သူတွေကတော့ ဒီလို ဒေသနာစကားမျိုးကို ရှာဖွေပြီး ပုဂ္ဂိုလ် သတ္တဝါ အတ္တဆိုတာကို ဘုရားက မပယ်ကြောင်း၊ ခန္ဓာမှ အလွတ် ပုဂ္ဂိုလ်သတ္တဝါ အတ္တဆိုတာ ရှိကြောင်း ပြောဆို ရေးသားတတ် ကြတယ်။ အဲဒါကတော့ သူတို့ရဲ့ စွမ်းရည်သတ္တိကို ဖေါ်ပြရုံမျှ ရှိတာပါဘဲ၊
မြတ်စွာဘုရားဟောတဲ့ တရားတော်က အနတ္တတရား ဖြစ်ကြောင်း အင်မတန် ထင်ရှားနေပါတယ် - သာသနာ့ အပြင်အပက ပုဂ္ဂိုလ်တွေ ကြံစည်ယူဆထားတဲ့ အတ္တကို လုံးလုံးလျားလျား ပယ်တဲ့ တရားတော် ဖြစ်ပါတယ်။ အကယ်၍ အဲဒီအတ္တကို မပယ်ဘူးဆိုယင် ဘုရားဟောတဲ့ တရားဟာ အဲဒီသာသနာပ ပုဂ္ဂိုလ်တွေရဲ့ ဝါဒနဲ့ တူနေမှာပေါ့၊ ဒီလိုဆိုယင် ဘုရားပွင့်ဘို့တောင် မလိုပါဘူး။ အမှန်ကတော့ သာသနာပ ပုဂ္ဂိုလ်တွေရဲ့ ဝါဒက ခန္ဓာ ငါးပါးကိုပင် အတ္တလို့ ဆိုတာလဲ ရှိတယ်၊ ခန္ဓာငါးပါးက အတ္တမဟုတ်ဘူး၊ အတ္တက သီးခြား အထည်ဒြပ်တခုလို့ ဆိုတာလဲ ရှိတယ်၊
မြတ်စွာဘုရား တရားတော်ကတော့ ခန္ဓာငါးပါးလဲ အတ္တမဟုတ်ဘူး၊ ခန္ဓာငါးပါးမှ အလွတ် သီးခြား အတ္တရယ်လို့ ဆိုတာလဲ ရှိကိုမရှိဘူးလို့ ပြတ်ပြတ်သားသား ဟောထားတဲ့တရား ဖြစ်ပါတယ်။ ဒါပေမဲ့ လောကဝေါဟာရအတိုင်း ဟောသင့်တဲ့ အရာမှာတော့ ပြောရိုးဆိုစဉ်အရအားဖြင့် ပုဂ္ဂိုလ် သတ္တဝါလို့ ဟောထားပါတယ်၊ အဲဒါကတော့ ဒီခန္ဓာငါးပါးကိုဘဲ ခေါ်ဝေါ်ရုံမျှအနေနဲ့ ဟောတာပါဘဲ။ နောက်ပြီး တော့ မိမိနှင့် သူတပါး ခွဲခြားပြီး ဟောတဲ့နေရာတွေမှာလဲ အခြားသူတွေကို ပရ-သူတပါးလို့ ဟောပြီး မိမိကိုတော့ အတ္တလို့ ဟောတာလဲ ရှိပါတယ်။ ဘယ်လိုလဲ ဆိုတော့ကာ-
လောကဝေါဟာရ အတ္တ
▬▬▬▬▬▬▬▬▬
အတ္တာဟိ၊ မိမိသည်သာလျှင်။
အတ္တနော၊ မိမိ၏။
နာထော၊ အားကိုးရာပေတည်း။
ပရော၊ မိမိမှ တပါးသော။
နာထော၊ မိမိ၏အားကိုးရာသည်။
ကော ဟိ၊ ဘယ်သူ ဖြစ်အံ့ ရှိအံ့နည်း-လို့ ဒီလိုလဲ ဟောတာ ရှိပါတယ်။
ဒီဒေသနာမှာ ပရော-သူတပါး မဟုတ်တာကို အတ္တာ-မိမိလို့ ဟောထားပါတယ်၊ သူတပါးကိုတော့ အတ္တာ-လို့ မဟောပါဘူး၊ အဲဒါဟာ လောကမှာ ပြောဆိုရိုးအတိုင်း သူတပါး မဟုတ်တာကို လောက ဝေါဟာရအတိုင်း အတ္တ-မိမိလို့ ပြောခြင်းမျှသာ ဖြစ်ပါတယ်၊ သာသနာပ ပုဂ္ဂိုလ်တွေ ယူဆထားတဲ့ အသက်ကောင် အတ္တကို ဆိုလိုတာ မဟုတ်ပါဘူး။ နောက်ပြီးတော့-
အတ္တာနမေဝ၊ မိမိကိုယ်ကိုသာလျှင်။
ပဌမံ၊ သူတပါးကို မသွန်သင် မဆုံးမမီ ရှေးဦးစွာ။
ပဋိရူပေ၊ သင့်လျော်သော ဂုဏ်အဆင့်၌။
နိဝေသယေ၊ ပုံသွင်း ပြုပြင်ထားလင့်ရာ၏။
အထ၊ ထိုသို့ ပုံသွင်း ပြုပြင်ထားပြီးသည်မှ နောက်ကာလ၌။
အညံ၊ မိမိမှတပါး အခြားသူကို။
အနုသာသေယျ၊ သွန်သင်ညွှန်ပြ ဆုံးမရာ၏-လို့ ဒီလိုလဲ ဟောတာ ရှိပါတယ်။
ဒီဒေသနာမှာလဲ အည-အခြားသူမဟုတ်တာကို အတ္တ-မိမိလို့ ပြောရိုးဆိုစဉ်အတိုင်း ဟောထားခြင်းမျှ ဖြစ်ကြောင်း အလွန်ထင်ရှားပါတယ်။ နောက်ပြီးတော့-
ဘိက္ခဝေ၊ ရဟန်းတို့။
အတ္တဒီပါ၊ မိမိကိုယ်လျှင် မှီရာကျွန်း မြေ ကုန်းမြေ ရှိကြကုန်သည်ဖြစ်၍။
အတ္တသရဏာ၊ မိမိကိုယ်လျှင် အားကိုးရာ ရှိကြကုန်သည်ဖြစ်၍။
ဝိဟရထ၊ နေကုန်လော့။
အနည သရဏာ၊ မိမိမှတပါး အခြားကို အားမကိုးမူ၍ နေကြကုန်လော့။
ဓမ္မဒီပါ၊ သတိပဋ္ဌာန်စသော တရားလျှင် မှီရာကျွန်းမြေ ကုန်းမြေ ရှိကြသည်ဖြစ်၍။
ဓမ္မသရဏာ၊ တရားလျှင် အားကိုးရာ ရှိကြကုန်သည်ဖြစ်၍။
ဝိဟရထ၊ နေကုန်လော့။
အနည သရဏာ၊ တရားမှတပါး အခြားကို အားမကိုးမူ၍ နေကုန်လော့လို့ ဒီလို ဟောတာလဲ ရှိပါတယ်။
အဲဒီမှာလဲ အတ္တ-မိမိဆိုတာ အည-သူတပါး မဟုတ်တာကို ဆိုလိုပါတယ်၊ ဘာကိုထောက်ပြီး သိရသလဲဆိုယင် အနညသရဏာ - မိမိမှတပါး အခြားကို အားမကိုးကြနဲ့ ဆိုတဲ့စကားကို ထောက်ဆပြီး သိရပါတယ်။ မိမိမှတပါးဆိုတာ မိဘတို့ လင်မယား သားသမီးတို့ ဆွေမျိုး မိတ်ဆွေ ဆရာတို့ နတ်သိကြား ဗြဟ္မာ ဘုရားသခင်တို့ ဒီလိုဟာတွေကို ဆိုလိုပါတယ်။ နောက်ပြီးတော့ အဲဒီ အတ္တ-မိမိဆိုတာကလဲ မိမိသန္တာန်မှာ ဖြစ်ပွားစေအပ်တဲ့ သတိပဋ္ဌာန် အစရှိသော ဗောဓိပက္ခိယ တရားတွေကို ဆိုလိုပါတယ်၊ ဒါကြောင့် ဓမ္မဒီပါ ဓမ္မသရဏ-တရားလျှင် အားကိုးရာ ရှိပြီးနေကြ-လို့လဲ ထပ်ပြီး ဖော်ပြထားပါတယ်။ ဒါကြောင့် အဲဒီ ဒေသနာအရအားဖြင့်လဲ အတ္တဆိုတာ သူတပါး မဟုတ်တဲ့ မိမိကိုယ်ကို ဆိုတယ်၊ အဲဒီ မိမိကိုယ် ဆိုတာကလဲ မိမိသန္တာန်မှာ ဖြစ်ပွားစေအပ်တဲ့ သတိပဋ္ဌာန် အစရှိသော ဗောဓိပက္ခိယ တရားတွေကိုသာ ဆိုလိုတယ်၊ သာသနာပပုဂ္ဂိုလ်တို့ ယူဆ စွဲလမ်းထားတဲ့ အသက်ကောင် အတ္တကို မဆိုလိုဘူး ဆိုတာ အင်မတန် ထင်ရှားပါတယ်။ နောက်ပြီးတော့ -
ပါပံ၊ မကောင်းမှုကို။
အတ္တနာ ကတံ၊ မိမိကိုယ်တိုင် ပြုအပ်သည်ဖြစ်ငြားအံ့။
အတ္တနာ၊ မိမိကိုယ်တိုင်။
သံကိလိဿတိ၊ အပါယ်ဆင်းရဲ စသည်ဖြင့် ညစ်နွမ်းရ ပင်ပန်းရ၏။
ပါပံ၊ မကောင်းမှုကို။
အတ္တနာ အကတံ၊ မိမိကိုယ်တိုင် မပြုအပ်ငြားအံ့။
အတ္တနာဝ၊ မိမိကိုယ်တိုင်ပင်လျှင်။
ဝိသုဇ္ဈတိ၊ လူ့ချမ်းသာ နတ်ချမ်းသာ စသည်ဖြင့် စင်ကြယ်ရ ချမ်းသာရ၏။
အညော၊ မိမိမှတပါးသော သူသည်။
အညံ၊ တပါးသောသူကို။
န ဝိသော ဓယေ၊ မစင်ကြယ်စေ-မချမ်းသာစေနိုင်-လို့ ဒီလို ဟောတာလဲ ရှိပါတယ်။
အဲဒီမှာလဲ သူတပါး မဟုတ်တာကို အတ္တ-မိမိလို့ ဆိုလိုပါတယ်။ ဒါကြောင့် အခြားသူက အခြားသူကို မစင်ကြယ်စေနိုင်ဘူး = မချမ်းသာစေနိုင်ဘူးလို့လဲ ပြောင်းပြန် ပြန်ပြီး ပြဆိုထားပါတယ်။
လောကဝေါဟာရ ပုဂ္ဂိုလ် သတ္တဝါ
▬▬▬▬▬▬
ဘိက္ခဝေ၊ ရဟန်းတို့။
စတ္တာရော၊ ၄-ပါး ၄-မျိုးကုန်သော။
ဣမေပုဂ္ဂလာ၊ ဤပုဂ္ဂိုလ်တို့သည်။
လောကသ္မိံ၊ လောက၌။
သန္တော သံဝိဇ္ဇမာနာ၊ ထင်ရှားရှိကုန်၏ - စသည်ဖြင့် ပုဂ္ဂိုလ် ၄-မျိုးရှိကြောင်း ဟောထားတာလဲ ရှိပါတယ်။
အဲဒီမှာလဲ လောကဝေါဟာရ-ပြောရိုး ပြောစဉ်အားဖြင့် မိမိအကျိုး ကျင့်တဲ့သူ, သူတပါးအကျိုး ကျင့်တဲ့သူ, နှစ်ပါးလုံးအတွက် မကျင့်တဲ့သူ, ကျင့်တဲ့သူဆိုတဲ့ ဒီ ၄-မျိုး ပြလို၍ ဟောခြင်း ဖြစ်ပါတယ်၊ သတ္တဝါ အတ္တကောင်ဆိုတဲ့ ပုဂ္ဂိုလ်ရှိတဲ့အကြောင်း ပြလို၍ ဟောခြင်းမဟုတ်ပါဘူး။ ဒါကြောင့် အဲဒီလိုစကားကိုဘဲ အခိုင်အမာပြုပြီး လွဲမှားတဲ့ မစ္ဆာအယူကို ကထာဝတ္ထု ပါဠိတော်မှာ -
သတ္တဝါ အတ္တကောင်ဆိုတဲ့ ပုဂ္ဂိုလ်ဆိုတာ မှန်သော သဘောမြတ်သော သဘောအားဖြင့် ရနိုင်ပါ သလား ရှိပါသလား စသည်ဖြင့် မေးခွန်းထုတ်ပြီး ပယ်ထားပါတယ်။ နောက်ပြီးတော့ ခန္ဓဝဂ္ဂ သံယုတ်ပါဠိတော် အနုရာဓသုတ် (နှာ-၉၇)မှာလဲ ဒီလို စိစစ်ပြီး အတ္တပုဂ္ဂိုလ်ဆိုတဲ့ သတ္တဝါကောင် ဆိုတာ စင်စစ်အားဖြင့် မရှိကြောင်း ရှင်းလင်းပြီး ဟောကြားထားပါတယ်။
အနုရာဓ ...... ထိုအရာကို ဘယ်လိုထင်သလဲ၊ ရုပ်ကို (တထာ ဂတ) သတ္တဝါဟု ထင်ပါသလား။
မထင်ပါ အရှင်ဘုရား။
ဝေဒနာကို သညာကို သင်္ခါရတို့ကို ဝိညာဏ်ကို သတ္တဝါဟု ထင်ပါသလား။
မထင်ပါ အရှင်ဘုရား။
(ဒီအမေး အဖြေများဖြင့် ခန္ဓာငါးပါးဟာ စင်စစ်အားဖြင့် သတ္တဝါ ပုဂ္ဂိုလ်မဟုတ်ကြောင်း ပြပါတယ်။)
အနုရာဓ ...... ထိုအရာကို ဘယ်လိုထင်သလဲ၊ ရုပ်၌ သတ္တဝါရှိသည်ဟု ထင်သလော၊
မထင်ပါ အရှင်ဘုရား။
ရုပ်မှ တပါး သတ္တဝါရှိသည်ဟု ထင်သလော၊
မထင်ပါ အရှင်ဘုရား။
ဝေဒနာ၌၊ သညာ၌၊ သင်္ခါရတို့၌၊ ဝိညာဏ်၌ သတ္တဝါ ရှိသည်ဟု ထင်သလော၊
မထင်ပါ အရှင်ဘုရား။
ဝိညာဏ်မှ တပါး သတ္တဝါရှိသည်ဟု ထင်သလော၊
မထင်ပါ အရှင်ဘုရား။
(ဒီအမေး အဖြေများဖြင့် ခန္ဓာငါးပါးနှင့်စပ်သော သို့မဟုတ် ခန္ဓာငါးပါးမှ အလွတ်ဖြစ်သော သတ္တဝါ ပုဂ္ဂိုလ်ဟူ၍ စင်စစ် အားဖြင့် မရှိကြောင်းကို ပြပါတယ်။)
အဲဒီသုတ်မှာ ရဟန္တာ ဖြစ်ပြီးသော အရှင်အနုရာဓ၏ အဖြေများကို မြတ်စွာဘုရားက သာဓု ခေါ်တော်မူပြီးတော့ “အနုရာဓ ..... ငါဘုရားသည် ရှေးကရော ယခုရော ဒုက္ခနှင့် ဒုက္ခ၏ ငြိမ်းခြင်းကိုသာလျှင် ပညတ်ဟောကြား” သည်ဟူ၍လဲ နိဂုံးချုပ်အားဖြင့် ဟောကြားတော်မူပါတယ်။
ဒီနိဂုံးချုပ်စကားဖြင့် ခန္ဓာငါးပါးဆိုတဲ့ ဒုက္ခနှင့် အဲဒီဒုက္ခ၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကိုသာ ဟောတယ်၊ အဲဒီ ခန္ဓာဒုက္ခနှင့် ချုပ်ငြိမ်းရာမှတပါး အမြဲတမ်း တည်နေတဲ့ ပုဂ္ဂိုလ် သတ္တဝါ အတ္တကောင် ဆိုတာကို မဟောဘူးလို့ သိစေပါတယ်။
မာရ်နတ်အမေး ဝဇိရာ အဖြေ
▬▬▬▬▬
ဒါကြောင့် “သတ္တဝါကို ဘယ်သူက ဖန်ဆင်းသလဲ၊ ဖန်ဆင်းတဲ့သူ ဘယ်မှာရှိသလဲ၊ သတ္တဝါဟာ ဘယ်မှာဖြစ်ပေါ် လာခဲ့သလဲ၊ ဘယ်မှာ ချုပ်ပျောက်သွားမည်လဲ” ဆိုတဲ့ မာရ်နတ်၏ မေးခွန်းကို ဝဇိရာဆိုတဲ့ ရဟန္တာထေရီမက ဒီလိုပြန်ကြား လိုက်ပါတယ်။
ကိံ နု သတ္တောတိ ပစ္စေသိ၊ မရ ဒိဋ္ဌိဂတံ နု တေ။
သုဒ္ဓသင်္ခါရပုဉ္စောယံ၊ နယိဓ သတ္တုပလဗ္ဘတိ။
မာရ၊ ဟဲ့ မာရ်နတ်။
တွံ၊ သင်သည်။
ကိံ၊ ဘယ်အရာကို။
သတ္တောတိ၊ သတ္တဝါဟူ၍။
ပစ္စေသိ နု၊ ယုံကြည်ထင်မှတ်ပါသနည်း။
တေ၊ သင်၏။
တံ၊ ထိုထင်မှတ်ခြင်းသည်။
ဒိဋ္ဌိဂတံ နု၊ အယူမှား မဟုတ်ပါလော။
အယံ၊ အများက သတ္တဝါဟု ထင်မှတ်နေသော ဤအရာသည်။
သုဒ္ဓသင်္ခါရပုဉ္စော၊ သင်္ခါရတရားအစုအပုံ သက်သက်မျှသာတည်း။
ဣဓ၊ ဤသင်္ခါရတရား အစု၌။
သတ္တော၊ သတ္တဝါကို။
န ဥပလဗ္ဘတိ၊ မရအပ်သည်သာတည်း။
ဝါ၊ စင်စစ်အားဖြင့် သတ္တဝါဟူ၍ မရှိသည်သာတည်း။
ယထာပိ အင်္ဂသမ္ဘာရာ၊ ဟောတိ သဒ္ဒေါ ရထော ဣတိ။
ဧဝံ ခန္ဓေသု သန္တေသု၊ ဟောတိ သတ္တောတိ သမ္မုတိ။
ဟိ၊ ဥပမာဖြင့် ထင်စွာပြအံ့။
အင်္ဂသမ္ဘာရာ၊ ဘီး ဝင်ရိုး အစရှိသော အစိတ်အပိုင်းတို့၏ ပေါင်းစုမိခြင်းကြောင့်။
ဝါ၊ ပေါင်းစုမိလတ်သော်။
ရထောဣတိ သဒ္ဒေါ၊ ရထားဟူသော သဒ္ဒါအမည်သည်။
ဟောတိ ယထာ၊ ဖြစ်သကဲ့သို့။
ဧဝံ၊ ဤ ဥပမာအတူပင်လျှင်။
ခန္ဓေသု၊ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဟူသော ခန္ဓာငါးပါးတို့သည်။
သန္တေသု၊ ရှိကုန်လတ်သော်။
သတ္တောတိ သမ္မုတိ၊ သတ္တဝါဟူသော အမည်ပညတ်သည်။
ဟောတိ၊ ဖြစ်လေတော့သည်။
ဒုက္ခမေဝ ဟိ သမ္ဘောတိ၊ ဒုက္ခံ တိဋ္ဌတိ ဝေတိ စ။
နာညတြ ဒုက္ခာ သမ္ဘောတိ၊ နာညံ ဒုက္ခာ နိရုဇ္ဈတိ။
ဟိ၊ စင်စစ်အားဖြင့် သတ္တဝါဟူ၍ မရှိ, သင်္ခါရတရားအစု ခန္ဓာငါးပါးမျှသာ ရှိသည်ဟုဆိုသော ထိုစကား မှန်ပေ၏။
ဒုက္ခမေဝ၊ ခန္ဓာငါးပါး ဆင်းရဲ တရားမျှသည်သာလျှင်။
သမ္ဘောတိ၊ ဖြစ်ပေါ်၏။
ဒုက္ခံ၊ ဆင်းရဲတရားမျှသည်သာလျှင်။
တိဋ္ဌတိ၊ အဆက်ဆက်ဖြစ်လျက် တည်လည်း တည်နေ၏၊
ဝေတိ စ၊ ပျောက်လည်း ပျောက်ကွယ် ပျက်စီး၏။
အညတြ ဒုက္ခာ၊ ဆင်းရဲတရားကို ကြဉ်၍။
ဝါ၊ ဆင်းရဲမှတပါး။
န သမ္ဘောတိ၊ ဖြစ်သည်မဟုတ်။
ဒုက္ခာ အညံ၊ ဆင်းရဲမှ အခြားတပါးသောအရာသည်။
န နိရုစ္စတိ၊ ချုပ်ပျက်သည်လည်း မဟုတ်ပါ-လို့ ပြန်ကြား ဖြေရှင်းလိုက်ပါတယ်။
အဲဒီမှာ “ဖြစ်တယ်ဆိုတာလဲ ခန္ဓာငါးပါး ဆင်းရဲမျှ ဖြစ်ပေါ်လာတာဘဲ၊ ပုဂ္ဂိုလ်သတ္တဝါ ဖြစ်ပေါ် လာတာ မဟုတ်၊ တည်နေတယ်ဆိုတာလဲ ခန္ဓာငါးပါး ဆင်းရဲမျှသာ အဆက်ဆက် ဖြစ်ပြီး တည်နေ တာဘဲ၊ ပုဂ္ဂိုလ်သတ္တဝါ အကောင်လိုက် တကြံ့တည်း တည်နေတာမဟုတ်၊ ပျောက်ပျက်သွားတယ် ဆိုတာလဲ ခန္ဓာငါးပါးဆင်းရဲမှုသာ ပျောက်ကွယ် ပျက်စီးသွားတာဘဲ။ ပုဂ္ဂိုလ်သတ္တဝါ အကောင်လိုက် သေပျက်သွားတာ မဟုတ်”လို့ ဆိုတဲ့ စကားဟာ အင်မတန် ပြတ်သား ရှင်းလင်းနေပါတယ်။
ဒါကြောင့် ဒီဘာရသုတ်မှာ “ခန္ဓာဝန်ကို ထမ်းဆောင်သူက ပုဂ္ဂိုလ်ဘဲလို့ ဆိုတာဟာ လောကဝေါဟာရအားဖြင့် ပြောဆိုတဲ့ စကားပါဘဲ၊ ခန္ဓာငါးပါး အပေါင်းကိုဘဲ လောကမှာ ပုဂ္ဂိုလ်လို့ ပြောဆိုနေကြပါတယ်၊ အဲဒီလို ပြောဆိုနေကြတဲ့ ပြောရိုး ဆိုစဉ်အရအားဖြင့် ခန္ဓာငါးပါးကိုဘဲ ပုဂ္ဂိုလ်လို့ ဆိုလိုပါတယ်၊ ခန္ဓာငါးပါးမှအလွတ် ထမ်းဆောင်တဲ့ ပုဂ္ဂိုလ်က တခြားတပါး ရှိသေးတယ် လို့တော့ မဆိုလိုပါဘူး။ လောကမှာ ပြောဆိုနေကြတဲ့ ယောက်ျားမိန်းမ ပုဂ္ဂိုလ်သတ္တဝါ ဆိုတာ တွေဟာ ခန္ဓာငါးပါးကိုစွဲပြီး ပြောဆိုရတဲ့ အမည်ပညတ်မျှ ချည်းပါဘဲ။ ဒါကြောင့် ဒီနေရာမှာ အဋ္ဌကထာက -
ပုဂ္ဂိုလ်ဆိုတာ အမည်ပညတ်မျှ ဖြစ်သည်
▬▬▬▬▬▬▬▬▬▬
ဣတိ၊ ဝန်ထုပ်ကို ထမ်းဆောင်သူက ဘယ်ဟာလဲဆိုလျှင် တိဿ ဒတ္တ-စသည်ဖြင့် ခေါ်အပ်သော ပုဂ္ဂိုလ်ဘဲဟု ဖြေဆိုရမည်ဟူသော ဤစကားဖြင့်။
ဝေါဟာရမတ္တသိဒ္ဓံ၊ လောက ဝေါဟာရမျှဖြင့် ပြီးစီးထင်ရှားသော။
ပုဂ္ဂလံ၊ ပုဂ္ဂိုလ်ကို။
ဘာရဟာရောတိ ကတွာ၊ ဝန်ထုပ်ကို ထမ်းဆောင်သူဟု ပြု၍။
ဒေဿတိ၊ မြတ်စွာဘုရားက ပြတော်မူပါတယ်-လို့ ရှင်းလင်း ဖေါ်ပြထားပါတယ်။
အဲဒီစကားဖြင့် ပုဂ္ဂိုလ်ဆိုတာ ခေါ်ဝေါ်ရုံမျှဘဲ။ အမည်ပညတ်မျှဘဲ၊ အထည်ဒြဗ် တရားကိုယ် အသီးအခြား မရှိဘူး၊ ခန္ဓာငါးပါးကိုဘဲ ပုဂ္ဂိုလ်လို့ ခေါ်တယ်ဆိုတဲ့အကြောင်း ပြဆိုပါတယ်။
ဒါဖြင့် ပုဂ္ဂိုလ်ရယ်လို့ အသီးအခြား မရှိပါဘဲနဲ့ ဘာကြောင့် ဒီလို ဟောရပါသလဲလို့ မေးစရာလဲ ရှိပါတယ်။ လောကမှာ လူအများက ပုဂ္ဂိုလ်လို့ အသိအမှတ်ပြုပြီး ပုဂ္ဂိုလ်လို့ ပြောဆို နေကြတဲ့ အတွက် ဒီလို ဟောမှဘဲ အများက နားလည်ကြမယ်၊ ဒီပုံ မဟောဘဲ ခန္ဓာဝန်ကို ခန္ဓာတွေက ဆောင်နေတယ်လို့ ဟောယင် နားလည်ကြမှာ မဟုတ်ဘူး။ ဒါကြောင့် လောက ဝေါဟာရအတိုင်းဘဲ ဟောတော်မူခြင်း ဖြစ်ပါတယ်။
ဒေသနာတော် ၂-မျိုး
မြတ်စွာဘုရား ဟောတဲ့ တရားဒေသနာတော်က ပညတ် ဒေသနာ ပရမတ်ဒေသနာ အားဖြင့် ၂-မျိုးရှိပါတယ်။
ပုဂ္ဂိုလ် သတ္တဝါ မိန်းမ ယောက်ျား မင်း ပုဏ္ဏား နတ် လူ-စသည်ဖြင့် ဟောတဲ့ တရားမျိုးကို သမ္မုတိဒေသနာ-ပညတ်ဒေသနာ ခေါ်ပါတယ်။
အနိစ္စ ဒုက္ခ အနတ္တ ခန္ဓာ အာယတန ဓာတ်သစ္စာ သတိပဋ္ဌာန်-စသည်ဖြင့် ဟောတဲ့ တရားမျိုးကိုတော့ ပရမတ္ထ ဒေသနာ-ပရမတ်ဒေသနာ ခေါ်ပါတယ်။
ထိုနှစ်မျိုးထဲက ပညတ်နဲ့ ဟောမှ တရားထူးကို ရနိုင်မည့် ပုဂ္ဂိုလ်များအတွက် ပညတ်ဒေသနာကို ဟောတော်မူပါတယ်။
ပရမတ်နဲ့ ဟောမှ တရားထူးကို ရနိုင်မည့် ပုဂ္ဂိုလ်များအတွက် ပရမတ်ဒေသနာကို ဟောတော်မူပါတယ်။
ဥပမာအားဖြင့် ဘာသာစကား အမျိုးမျိုးကိုတတ်တဲ့ ပါမောက္ခဆရာကြီးဟာ အင်္ဂလိပ်လိုပြောမှ နားလည်မည့် တပည့်များကို အင်္ဂလိပ်ဘာသာနဲ့ ပြောတယ်၊ ကုလားလို ပြောမှ နားလည်မည့် တပည့်များကို ကုလားလို ပြောတယ်၊ ဗမာလိုပြောမှ နားလည်မည့် တပည့်များကို ဗမာလိုပြောတယ်၊ အဲဒါလိုပါဘဲ။
ပုဂ္ဂိုလ်ပညတ်ဟောခြင်း အကြောင်းရှစ်ပါး
နောက်ပြီးတော့ မြတ်စွာဘုရားဟာ ရှစ်ပါးသော အကြောင်းတို့ဖြင့်လဲ ပုဂ္ဂိုလ် ပညတ်တရားကို ဟောတော်မူပါတယ်။
(၁) ဟိရိသြတ္တပ္ပကို ပြဘို့လဲ ဟောတော်မူတယ်၊
(၂) ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိတယ် ဆိုတဲ့အကြောင်းကို ပြဘို့လဲ ဟောတော်မူတယ်၊
(၃) ပုဂ္ဂိုလ်အသီးအသီး၏ ပြုလုပ်ဆောင်ရွက်မှု စွမ်းရည်ကို ပြဘို့လဲ ဟောတော်မူပါတယ်၊
(၄) အာနန္တရိယကံကို ပြဘို့လဲ ဟောတော်မူပါတယ်၊
(၅) ဗြဟ္မဝိဟာရကို ပြဘို့လဲ ဟောတော်မူပါတယ်၊
(၆) ပုဗ္ဗေနိဝါသကို ပြဘို့လဲ ဟောတော်မူပါတယ်၊
(၇) ဒက္ခိဏာဝိသုဒ္ဓိကိုပြဘို့လဲ ဟောတော်မူပါတယ်၊
(၈) လောကဝေါဟာရကို မပယ်ဘို့ရာလဲ ဟောတော်မူပါတယ်။
(၁) ခန္ဓာတွေက ရှက်တယ် ကြောက်တယ်လို့ ပြောလျှင် နားမလည်နိုင်ဘူး၊ အမျိုးသမီးက ရှက်တယ် ကြောက်တယ်၊ အမျိုးသားက၊ သူငယ်က သူငယ်မက ရှက်တယ် ကြောက်တယ် ဒီလိုပြောမှ နားလည်နိုင်တယ်။ ဒါကြောင့် မကောင်းမှု အကုသိုလ်မှ ရှက်ခြင်း ကြောက်ခြင်း သဘောတို့ကို ပြလိုတဲ့ အခါမှာ မြတ်စွာဘုရားက ပုဂ္ဂိုလ်အနေဲ့ ဟောတော်မူပါတယ်။
(၂) ခန္ဓာတွေဟာ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြတယ်လို့ ပြောလျှင် နားမလည်နိုင်ဘူး၊ ပုဂ္ဂိုလ် သတ္တဝါတွေဟာ မိမိတို့ကိုယ်တိုင် ပြုထားတဲ့ ကောင်းမှုကံ မကောင်းမှုကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြတယ်၊ ကောင်းမှုကံရှိလျှင် ကောင်းကျိုးကို ခံစားကြရတယ်၊ မကောင်းမှုကံရှိလျှင် မကောင်းကျိုးကို ခံစားကြရတယ် စသည်ဖြင့် ဒီလို ပြောမှ နားလည်နိုင်တယ်။ ဒါကြောင့် ကံနှင့် ကံ၏အကျိုးကို ဝေဘန်ပြီး ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိတယ်ဆိုတဲ့ အကြောင်းကို ပြလိုတဲ့ အခါမှာလဲ ပုဂ္ဂိုလ်အနေနဲ့ ဟောတော်မူပါတယ်။
(၃) ခန္ဓာတွေက ကျောင်းဆောက်တယ်၊ အိမ်ဆောက်တယ် စသည်ဖြင့် ပြောလျှင် နားမလည်နိုင်ဘူး၊ ရာဇဂြိုဟ်သူဋ္ဌေးက ကျောင်းပေါင်း ၆၀-ကို ဆောက်တယ်၊ အနာထပိဏ် သူဋ္ဌေးက ဇေတဝန် ကျောင်းတော်ကြီးကို ဆောက်တယ်၊ စသည်ဖြင့် ပြောမှ နားလည်နိုင်တယ်။ ဒါကြောင့် ပုဂ္ဂိုလ် အသီးအသီး၏ လုံ့လ စွမ်းရည်ဖြင့် ပြုလုပ်ဆောင်ရွက်ပုံကို ပြလိုတဲ့ အခါမှာလဲ ပုဂ္ဂိုလ်အနေနဲ့ ဟောတော်မူပါတယ်။
(၄) ခန္ဓာတွေက အမိကို သတ်တယ်၊ အဖကို သတ်တယ် စသည်ဖြင့် ပြောလျှင် နားမလည်နိုင်ဘူး၊ သားဖြစ်သူက အမိကို သတ်တယ်၊ အဇာတသတ်က ခမည်းတော် ဗိမ္ဗိသာရကို သတ်တယ် စသည်ဖြင့် ပြောမှ အမိ အဖတို့ကို သတ်လျှင် သားဖြစ်သူမှာ အာနန္တရိယကံ ထိုက်တယ်၊ သေသည်၏ အခြားမဲ့၌ ငရဲသို့ ဧကန်ရောက်စေတတ်တဲ့ ကံကြီးထိုက်တယ်၊ အဇာတသတ်မင်းဟာ ခမည်းတော်ကို သတ်မိလို့ အာနန္တရိယ ကံကြီးထိုက်တယ်၊ ဒါကြောင့် မြတ်စွာဘုရားဟောတဲ့ တရားတော်ကို နာရပါလျက် တရားထူးလဲ မရဘူး၊ မဂ္ဂန္တရာယ်လဲ ဖြစ်တယ်၊ သေသည်၏ အခြားမဲ့၌ လောဟကုမ္ဘီ ခေါ်တဲ့ ငရဲအိုးထဲကိုလဲ ကျရောက်ရတယ်၊ သဂ္ဂန္တရာယ်လဲ ဖြစ်သွားတယ်၊ မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်တဲ့ ကုသိုလ်တွေကလဲ အဲဒီဘဝက သေသည်၏ အခြားမဲ့မှာ နတ်ရွာ သုဂတိရောက်အောင် မပို့နိုင် မကယ်နိုင်တော့ဘူး စသည်ဖြင့် နားလည်နိုင်တယ်၊ ဒါကြောင့် အာနန္တရိယကံ အကြောင်းကို ပြလိုတဲ့အခါမှာလဲ ပုဂ္ဂိုလ်အနေနဲ့ ဟောတော်မူပါတယ်။
(၅) ခန္ဓာတွေက ခန္ဓာတွေကို ချမ်းသာကြပါစေလို့ မေတ္တာပို့ကြတယ်၊ ဆင်းရဲမှ လွတ်ကြပါစေလို့ ကရုဏာ ပွားကြတယ် စသည်ဖြင့် ပြောလျှင် နားမလည်နိုင်ဘူး၊ ရဟန်းပုဂ္ဂိုလ်က၊ ဥပါသကာက၊ ဥပါသိကာမက သတ္တဝါတွေကို ချမ်းသာကြပါစေလို့ မေတ္တာပို့တယ်၊ သတ္တဝါတွေ ဆင်းရဲမှ လွတ်ကြပါစေလို့ ကရုဏာပွားတယ် စသည်ဖြင့် ပြောမှ နားလည်နိုင်တယ်။ ဒါကြောင့် မြတ်စွာဘုရားဟာ ဗြဟ္မဝိဟာရခေါ်တဲ့ ဗြဟ္မစိုရ်တရား ပွားပုံကို ပြလိုတဲ့အခါမှာ ဗြဟ္မစိုရ်တရား ပွားတဲ့ ကတ္တား ပုဂ္ဂိုလ်ကိုရော အပွားခံရတဲ့ ကံပုဂ္ဂိုလ်ကိုရော ပုဂ္ဂိုလ်အနေနဲ့သာ ဟောတော် မူပါတယ်။
ဒီနေရာမှာ ဒေသနာ နည်းကို မသိနားမလည်တဲ့သူအချို့က ပရမတ်နဲ့က ပိုကောင်းတယ် ထင်ပြီးတော့ ရုပ်နာမ်ခန္ဓာတွေ ချမ်းသာကြပါစေလို့ ဒီလို မေတ္တာ ပို့နေတာလဲ ကြားရဘူးတယ်။ အဲဒီလိုတော့ မေတ္တာမပို့ရဘူး၊ ပုဂ္ဂိုလ် သတ္တဝါအနေနဲ့သာ ပို့ရပါတယ်၊ ဒါကြောင့် သဗ္ဗေ သတ္တာ စသည်ဖြင့် သာမည အနေနဲ့ရော၊ သဗ္ဗာ ဣတ္ထိယော-စသည်ဖြင့် ဝိသေသ အနေနဲ့ရော မေတ္တာပို့ပုံကို ပညတ်ဖြင့်သာ ဟောထားပါတယ်၊ နောက်ပြီးတော့ မေတ္တာ အစရှိသော ဒီ ဗြဟ္မစိုရ်ကမ္မဋ္ဌာန်းက သတ္တဝါပညတ်ကိုသာ အာရုံပြုပါတယ်၊
ရုပ်နာမ် ခန္ဓာပရမတ်ကို အာရုံပြုရိုး မရှိပါဘူး၊ အဲဒါဟာ စဉ်းစားကြည့်ရုံနဲ့လဲ သဘောပေါက်နိုင်ပါတယ်၊ ရုပ်နာမ် ခန္ဓာ ပရမတ် သဘောတရားမျှအနေနဲ့ ထင်နေလျှင် မြေကြီးခဲ ကျောက်ခဲများလိုဘဲ ထင်နေရမှာပေါ့၊ မြေကြီးခဲ ကျောက်ခဲတွေနှင့် စပ်ပြီး ချမ်းသာပါစေလို့ မေတ္တာ ပွါးသင့်ပါမည်လား၊ ကရုဏာဖြင့် သနားသင့်ပါမည်လား၊ မုဒိတာဖြင့် ဝမ်းမြောက်သင့်ပါမည်လား၊ မေတ္တာ ကရုဏာ မုဒိတာ မပွါးသင့်ကြောင်း ထင်ရှားပါတယ်၊ ဘာကြောင့်လဲ အသက်ဝိညာဉ် မရှိတဲ့ ဓာတ်သဘောမျှ ဖြစ်နေလို့ပါဘဲ၊ အဲဒီ မြေကြီးခဲ ကျောက်ခဲတွေမှာလိုပင် ပရမတ်သဘော တရားတွေမှာ မေတ္တာ ကရုဏာ မုဒိတာပွါးဘို့ အခွင့်မရှိကြောင်း ထင်ရှားပါတယ်၊ ဒါကြောင့် မေတ္တာ အစရှိတဲ့ ဗြဟ္မစိုရ်တရားကို ပွါးယင် ပုဂ္ဂိုလ်သတ္တဝါအနေနဲ့သာ ပွါးရတယ် ဆိုတာ တထစ်ချ မှတ်ထားကြရမယ်။
(၆) နောက်ပြီးတော့ ခန္ဓာတွေက ရှေးဘဝဟောင်းတွေကို ပြန်ပြီးအောက်မေ့ဆင်ခြင်တယ် စသည်ဖြင့် ပြောယင် နားမလည်နိုင်ဘူး၊ မြတ်စွာဘုရားက အောက်မေ့ ဆင်ခြင်တော်မူတယ်။ ရဟန္တာ အရှင်မြတ်က အောက်မေ့ဆင်ခြင်တော်မူတယ်၊ စသည်ဖြင့် ပုဂ္ဂိုလ်အနေနဲ့ပြောမှ နားလည် နိုင်တယ်၊ ဒါကြောင့် ရှေးဘဝဟောင်းတွေ အောက်မေ့ ဆင်ခြင်ပုံကို ပြလိုတဲ့ အခါမှာလဲ ပုဂ္ဂိုလ် အနေနဲ့ ဟောတော်မူပါတယ်။
(၇) နောက်ပြီးတော့ ခန္ဓာတွေက ဆွမ်းကိုလှူတယ်၊ သင်္ကန်းကို လှူတယ်၊ ရုပ်ခန္ဓာတွေကို လှူတယ်၊ ခန္ဓာတွေက အလှူခံကြတယ် စသည်ဖြင့် ပြောလျှင် နားမလည်နိုင်ဘူး၊ ဘယ်လို ခန္ဓာတွေက လှူတာလဲ၊ ဘယ်လိုဟာတွေကို လှူတာလဲ၊ ဘယ်လို ခန္ဓာတွေက အလှူခံကြတာလဲ၊ ဘယ်လို ခန္ဓာတွေက အလှူခံလို့ အကျိုးကြီးတာလဲ၊ အသုံးမကျတဲ့ ရုပ်ခန္ဓာတွေကို လှူယင်လဲ အကျိုးကြီး ပါမည်လား၊ ရုပ်ခန္ဓာကို ဖြစ်စေ အကုသိုလ် ခန္ဓာတွေကိုဖြစ်စေ အာရုံပြုပြီး လှူယင်လဲ အကျိုးကြီး ပါမည်လား စသည်ဖြင့် စောဒနာဘွယ်တွေ ရှိနေပါတယ်၊ ဒါကြောင့် မြတ်စွာဘုရားက အလှူပေး ပုဂ္ဂိုလ်ရော အလှူခံ ပုဂ္ဂိုလ်ရော ပုဂ္ဂိုလ်ပညတ် အနေနဲ့သာ ဟောတော်မူပါတယ်၊ ဟောပုံကတော့ -
ဒက္ခိဏာဝိသုဒ္ဓိ ၄-ပါး
(က) သီလရှိတဲ့ ပုဂ္ဂိုလ်က သီလမဲ့ပုဂ္ဂိုလ်အား လှူလျှင် ဒါယကာ ဘက်ကသာ စင်ကြယ်တဲ့ အလှူဖြစ်တယ်၊ ဒါယကာဘက်က သီလစင်ကြယ်တဲ့အတွက် အကျိုးပေးနိုင်တယ်။
(ခ) သီလမဲ့ ပုဂ္ဂိုလ်က သီလနှင့် ပြည့်စုံသော ပုဂ္ဂိုလ်အားလှူလျှင် အလှူခံပုဂ္ဂိုလ်ဘက်က စင်ကြယ်တဲ့ အလှူဖြစ်တယ်၊ အလှူခံဘက်က စင်ကြယ်တဲ့အတွက် ကြီးမားသော အကျိုးကို ပေးနိုင်တယ်။
(ဂ) ပေးလှူသော သူရော အလှူခံပုဂ္ဂိုလ်ရော သီလမရှိလျှင် နှစ်ဖက်လုံးမှ မစင်ကြယ်တဲ့အလှူ ဖြစ်တယ်၊ ကြီးမားသော အကျိုးကို မပေးနိုင်ဘူး၊ ထိုသို့သော အလှူ၏ အဖို့ကို အမျှပေးဝေ သော်လည်း ပြိတ္တာတို့မှာ နတ်စည်းစိမ် အကျိုးကိုမရနိုင်ဘူး၊ ဒါကြောင့် ကွယ်လွန်လေသော ဆွေမျိုး မိတ်ဆွေတို့ကို ရည်စူး၍ ကျွေးမွေး လှူဒါန်းရာ၌ သီလနှင့်ပြည့်စုံသော အလှူခံပုဂ္ဂိုလ်ကို အထူး ရွေးချယ်၍ ကျွေးမွေး လှူဒါန်းရတယ်။
(ဃ) အလှူပေးသူရော အလှူခံ ပုဂ္ဂိုလ်ရော သီလနှင့် ပြည့်စုံလျှင် နှစ်ဖက်လုံးမှ စင်ကြယ်သော အလှူဖြစ်တယ်၊ အကျိုးအကြီးဆုံး အလှူဖြစ်တယ်။ အလှူခံပုဂ္ဂိုလ်မှာ သီလစသော ဂုဏ်ကျေးဇူး တို့နှင့် ပြည့်စုံလေလေ အကျိုးကြီးလေလေ ဖြစ်တယ်၊ အဲဒီမှာ ပုဂ္ဂလိက အလှူကို ၁၄-ပါး, သံဃိတ အလှူကို ၇-ပါး ခွဲပြီး ဟောထားပါတယ်။
ပုဂ္ဂလိကအလှူ ၁၄-ပါး
(၁) မြတ်စွာဘုရားအား လှူတာက ပဌမ၊
(၂) ပစ္စေကဗုဒ္ဓါအားလှူတာက ဒုတိယ၊
(၃) ရဟန္တာအား လှူတာက တတိယ
(၄) ရဟန္တာဖြစ်အောင် အားထုတ်ဆဲ ပုဂ္ဂိုလ်အား လှူတာက စတုတ္ထ၊ ရဟန္တာဖြစ်အောင် အားထုတ်ဆဲ ဆိုတာ အားထုတ်ဆဲ အနာဂါမ်နှင့် အရဟတ္တမဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်ကို ဆိုလိုပါတယ်။
(၅) အနာဂါမ်အား လှူတာကပဉ္စမ၊
(၆) အနာဂါမ် ဖြစ်အောင် အားထုတ်ဆဲပုဂ္ဂိုလ်အား လှူတာက ဆဋ္ဌမ၊
(၇) သကဒါဂါမ်အား လှူတာက သတ္တမ၊
(၈) သကဒါဂါမ် ဖြစ်အောင် အားထုတ်ဆဲ ပုဂ္ဂိုလ်အား လှူတာက အဋ္ဌမ၊
(၉) သောတာပန်အား လှူတာက နဝမ၊
(၁၀) သောတာပန်ဖြစ်အောင် အားထုတ်ဆဲ ပုဂ္ဂိုလ်အား လှူတာက ဒသမ၊ သောတာပန် ဖြစ်အောင် အားထုတ်ဆဲဆိုတာ သရဏဂုံ တည်သူမှစ၍ သောတာပတ္တိမဂ္ဂဋ္ဌာန်တိုင်အောင် ပုဂ္ဂိုလ်များကို ယူရမယ်လို့ အဋ္ဌကထာမှာ ဖွင့်ပြထားပါတယ်။ ဒါကြောင့် ဗုဒ္ဓသာသနာဝင် ပုထုဇဉ် ပုဂ္ဂိုလ် အားလုံးနှင့် သောတာပတ္တိမဂ်သို့ ရောက်ဆဲ ပုဂ္ဂိုလ်ကို သောတာပန်ဖြစ်အောင် အားထုတ်ဆဲ ပုဂ္ဂိုလ် လို့ ယူရပါတယ်။
(၁၁) သာသနာပမှာ ဈာန်အဘိညာဉ်ရ ပုဂ္ဂိုလ်အားလှူတာက ဧကာဒသမ၊
(၁၂) သာသနာပမှာ သီလရှိတဲ့ ပုဂ္ဂိုလ်အား လှူတာက ဒွါဒသမ၊
(၁၃) ဒုဿီလ (သီလမဲ့)အား လှူတာက တေရသမ၊
(၁၄) တိရစ္ဆာန်အားလှူတာက စုဒ္ဒသမတဲ့။
ပုဂ္ဂလိကအလှူ ၁၄-ပါး၏ အကျိုးများ
(၁) တိရစ္ဆာန်အားလှူလျှင် အဆတရာ အကျိုးရပါတယ်တဲ့၊ တိရစ္ဆာန် တကောင်အား စေတနာ သန့်သန့်နှင့် ဝအောင် ကျွေးမွေးလျှင် ဘဝတရာ ကောင်းကျိုး ပေးတယ်လို့ အဋ္ဌကထာက ဖွင့်ပြတယ်။ အဲဒါကို ဘုန်းကြီးက တိရစ္ဆာန်လှူက၊ အကျိုးရ၊ အဆတရာဆို-လို့ ဆောင်ပုဒ်စီထား ပါတယ်။ ကဲ အဲဒါကလေး ဆိုကြရမယ်။
တိရစ္ဆာန်လှူက၊ အကျိုးရ၊ အဆတရာဆို။
(၂) သီလမရှိတဲ့ ဒုဿီလ ပုဂ္ဂိုလ်အား လှူလျှင် အဆတထောင် ဘဝတထောင် အကျိုးရပါတယ်တဲ့။
(၃) သာသနာပမှာ သီလရှိတဲ့သူအား လှူလျှင် အဆတသိန်း ဘဝတသိန်း အကျိုးရပါတယ်တဲ့။အဲဒါကို သီလမဲ့လှူ၊ တထောင်ဟူ၊ သီ-ဖြူ တသိန်းဆို-လို့ဆောင်ပုဒ်စီထား ပါတယ်။ အဲဒီမှာ သီ-ဖြူဆိုတာ သီလဖြူစင် ပြည့်စုံတဲ့ သူအားလှူလျှင်လို့ ဆိုလိုပါတယ်။ အဲဒါကိုလဲ ဆိုကြရမယ်။
သီလမဲ့လှူ၊ တထောင်ဟူ၊ သီ-ဖြူ တသိန်းဆို
(၄) နောက်ပြီးတော့ သာသနာပမှာ ဈာန်အဘိညာဉ်ရတဲ့ ပုဂ္ဂိုလ်အား လှူလျှင် အဆပေါင်း ဘဝပေါင်း ကုဋေတသိန်း အကျိုးရပါတယ်တဲ့။ အဲဒါကိုလဲ ဈာန်ရလှူလေ၊ အကျိုးတွေ၊ ကုဋေတသိန်းဆိုလို့ ဆောင်ပုဒ်စီထားပါတယ်။ အဲဒါကို ဆိုကြ ရမယ်။
ဈာန်ရလှူလေ၊ အကျိုးတွေ၊ ကုဋေတသိန်းဆို။
(၅) သာသနာတော်တွင်းမှာတော့ သရဏဂုံတည်တဲ့သူက စပြီး သောတာပတ္တိမဂ်ကို ရောက်ဆဲ ပုဂ္ဂိုလ်အထိ သောတာပန် ဖြစ်အောင် အားထုတ်ဆဲပုဂ္ဂိုလ် မည်ပါတယ်၊ သောတပန်လောင်းလို့ ဆိုရမှာပေါ့။ အဲဒီသောတာပန်လောင်း ပုဂ္ဂိုလ်အား လှူလျှင် အသင်္ချေယျ အပ္ပမေယျ မရေတွက်နိုင် မနှိုင်းယှဉ်လောက်အောင် များစွာသော အကျိုးကို ရပါတယ်တဲ့။
(၆-၁၄) သောတာပန် အစစ်အား လှူတဲ့ဒါနမှစပြီး အထက် အထက် ပုဂ္ဂိုလ်မြတ်တွေ လှူတဲ့ ဒါနတွေကိုတော့ အကျိုးများတယ်လို့ ပြောနေဘို့ မလိုတော့ပါဘူး၊ တဆင့်ထက် တဆင့်သာသာပြီး အကျိုးများ သွားတော့တာချည်းပါဘဲတဲ့။ ဒါကြောင့် အဲဒီသောတာပန်လောင်းနဲ့ သောတာပန် အစရှိတဲ့ အရိယာ အရှင်မြတ်တို့အားလှူတဲ့ ဒါန အကျိုးကြီးပုံတွေကို ဒီလို ဆောင်ပုဒ်စီထား ပါတယ်။
သောတာလောင်းပင်၊ လှူလေလျှင်၊
များဖြင် အသင်္ချေဆို။
နောက် ကိုးပါးဝယ်၊ ကျိုးများတယ်၊
ပြောဘွယ် မရှိ ဆို။
သံဃိကအလှူ (၇)ပါး
(၁) ဘုရားအမှူးရှိသော သံဃာအား လှူတဲ့ ဒါနက ပဌမ၊
(၂) ဘုရား ပရိနိဗ္ဗာန် စံပြီးတဲ့နောက် ဘုရားမပါဘဲ ရဟန်းသံဃာ ရဟန်းမိန်းမ သံဃာ အကုန်လုံး အား လှူတဲ့ဒါနက ဒုတိယ၊
(၃) ရဟန်းသံဃာ သက်သက်အား လှူတဲ့ ဒါနက တတိယ၊
(၄) ရဟန်းမိန်းမ သံဃာအားသာ လှူတဲ့ဒါနက စတုတ္ထ၊
(၅) ရဟန်း သံဃာတော်ထံမှ သံဃာတော် ဘယ်နှစ်ပါးကြွပါ၊ ရဟန်းမိန်းမ သံဃာတော်ထံမှ သံဃာတော် ဘယ်နှစ်ပါး ကြွပါလို့ ပင့်ပြီး အဲဒီနှစ်ဖက်သော သံဃာထံမှ ညွှန်ကြား စေလွှတ်လိုက်တဲ့ သံဃာအား လှူတာက ပဉ္စမ၊
(၆) ရဟန်း သံဃာတော်ထံမှ သံဃာတော် ဘယ်နှစ်ပါး ကြွပါလို့ ပင့်ပြီး သံဃာထံမှ ညွှန်ကြား စေလွှတ်လိုက်တဲ့ သံဃာအား လှူတာက ဆဋ္ဌမ၊
(၇) ရဟန်းမိန်းမ သံဃာတော်ထံမှ သံဃာတော် ဘယ်နှစ်ပါး ကြွပါလို့ပင့်ပြီး သံဃာမှ ညွှန်ကြားစေလွှတ်လိုက်သော သံဃာအား လှူတာက သတ္တမ။
န တွေ ဝါဟံ အာနန္ဒ ကေနစိ ပရိယာယေန သံဃဂတာယ ဒက္ခိဏာယ ပါဋိပုဂ္ဂလိကံ ဒါနံ မဟပနေလတရံ ဝဒါမိ။
အာနန္ဒ။ အာနန္ဒ။
အဟံ၊ ငါသည်။
သံဃဂတာယ ဒက္ခိဏာယ၊ သံဃာ၌တည်သော သံဃိကဒါနထက်။
ပါဋိပုဂ္ဂလိကံ ဒါနံ၊ ပုဂ္ဂိုလ်အားလှူသော ပုဂ္ဂလိကဒါနကို။
မဟပနေလတရံ၊ သာ၍ အကျိုးကြီးသည်ဟူ၍။
ကေနစိ ပရိယာ ယေန၊ တစုံတခုသော နည်းပရိယာယ်ဖြင့်မျှ။
ဝါ၊ ဘယ်နည်းဖြင့်မျှ။
န ဝဒါမိ၊ မဟောပါဘူးတဲ့။
ဒါနထဲ ဝိပဿနာအတု သဘာဝမကျ
ဘာကြောင့် ဒီလိုပြောရသလဲဆိုလျှင် တချို့က ဝိပဿနာ အတုအပရှုပြီးလှူလျှင် ပိုကောင်းတယ်လို့ ထင်မှတ်ပြီးတော့ အနိစ္စ ဒုက္ခ အနတ္တ ရုပ်နာမ်ခန္ဓာမျှဖြစ်သော အကျွန်ုပ်တို့က အနိစ္စ ဒုက္ခ အနတ္တ ရုပ်နာမ်ခန္ဓာမျှ ဖြစ်သော အလှူခံပုဂ္ဂိုလ်တို့အား အနိစ္စ ဒုက္ခ အနတ္တ ရုပ်တရားမျှဖြစ်သော လှူဘွယ်တို့ကို လှူပါကုန်၏ ဆိုတဲ့ ဝေါဟာရမျိုးဖြင့် ရေစက်ချလှူတာကို ကြားရဘူးတယ်။
အဲဒါဟာ
“ဘဂဝါ၊ မြတ်စွာဘုရားသည်။
ဒက္ခိဏာ ဝိသုဒ္ဓိ ဒီပနတ္ထံ၊ အလှူ၏ စင်ကြယ်ခြင်း-အကျိုးကြီးခြင်းကို ပြခြင်းအကျိုးငှါ။
ပုဂ္ဂလကထံ၊ ပုဂ္ဂိုလ်အနေဖြင့် ပြောဆိုသော စကားကို။
ကထေတိ၊ ဟောတော်မူတယ်”
ဆိုတဲ့ ဒီအဋ္ဌကထာစကားနှင့် မညီဘူး။
လောက ဝေါဟာရ မပယ်လို၍ ပုဂ္ဂိုလ်ပညတ်နဲ့ ဟောသည်
လူတွေက ခန္ဓာငါးပါး အပေါင်းကိုဘဲ ပုဂ္ဂိုလ် သတ္တဝါ မိန်းမ ယောက်ျား စသည်ဖြင့် ခေါ်ဝေါ် ပြောဆိုနေကြပါတယ်၊ အဲဒါဟာ လူအများက သမုတ်ထားတဲ့အတိုင်း ဟုတ်မှန်တဲ့အတွက် သမ္မုတိသစ္စာလို့လဲ ဆိုရပါတယ်၊ အဲဒီ သမ္မုတိသစ္စာ လောကဝေါဟာရအတိုင်း ပြောဆိုလျှင် မုသာဝါဒလဲ မဖြစ်ဘူး။
သာဓု သာဓု သာဓု
ဘာရသုတ္တန် တရားတော်ကြီး ပဌမပိုင်း ပြီး၏။
ဘာရသုတ္တန် တရားတော်ကြီး (ဒုတိယပိုင်း)
၁၃၂၈-ခု၊ တန်ဆောင်မုန်းလကွယ်နေ့ ဟောသည်
ဝန်ထုပ်ကို ခံယူခြင်း
ကတမဉ္စ ဘိက္ခဝေ ဘာရာဒါနံ၊ ယာယံ တဏှာ ပေါနောဘဝိကာ နန္ဒီရာဂ သဟဂတာ တတြာတတြာဘိ နန္ဒီနီ၊ သေယျထိဒံ ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ၊ ဣဒံ ဝုစ္စတိ ဘိက္ခဝေ ဘာရာဒါနံ - လို့ ဟောထားပါတယ်။
ဘိက္ခဝေ၊ ရဟန်းတို့။
ဘာရာဒါနံ၊ လေးလံသော ဝန်ထုပ်ဝန်ပိုးကို ခံယူခြင်းသည်။
ကတမဉ္စ၊ အဘယ်ဟာ ပါနည်းဟူမူ။
ယာယံ တဏှာ၊ အကြင်နှစ်သက် သာယာ ဆာလောင် တောင့်တသော တဏှာသည်။
အတ္ထိ၊ ရှိ၏။
ဣဒံ၊ ဤတဏှာကို။
ဘာရာဒါနံ၊ ဝန်ထုပ်ကို ခံယူခြင်းဟူ၍။
ဝုစ္စတိ၊ ခေါ်ဆိုအပ်ပေ၏တဲ့။
တဏှာက အာရုံဆာတယ်
၀န်ထုပ်ဝန်ပိုးကို ခံယူတာ လက်ခံတာ ဘယ်ဟာလဲ ဆိုယင် တဏှာပါဘဲတဲ့၊ တဏှာဆိုတာ နှစ်သက်သာယာတာဘဲ၊ ဆာလောင် တောင့်တတဲ့ သဘောပါဘဲ၊ ထမင်းဆာတာ ရေဆာတာမျိုးပါဘဲ။ သူက အာရုံတွေကို အလိုရှိပြီး ဆာနေပါတယ်၊ လှပတင့်တယ်တဲ့ အဆင်းအာရုံကောင်းတွေကို အလိုရှိနေတယ်၊ ဆာလောင်နေတာပါဘဲ။
ဒါကြောင့် တဿတိ၊ ဆာလောင်တတ်၏။ ပရိတဿတိ၊ ထက်ဝန်းကျင် အရာရာ အခါခပ်သိမ်း ဆာလောင်တတ်၏။ ဣတိ၊ ဤသို့ အခါခပ်သိမ်း ဆာလောင်တတ်သော သတ္တိကြောင့်။ တဏှာ၊ တဏှာ မည်တယ်-လို့ ဆိုထားပါတယ်။
ယာယံ တဏှာ၊ အကြင် နှစ်သက်သာယာ ဆာလောင်တောင့်တသော တဏှာသည်။ ပေါနောဘဝိကာ၊ တဖန် ဘဝသစ်ကို ဖြစ်စေတတ်သည်လို့လဲ ဟောထားပါတယ်၊ နောက်ပြီးတော့ နန္ဒီရာဂသဟဂတာ၊ နှစ်သက်ခြင်း တပ်စွဲခြင်းနှင့်တကွ ဖြစ်သည်လို့လဲ ဟောထားပါတယ်။
တဏှာက ရောက်ရာမှာ ပျော်တယ်
▬▬▬▬▬▬▬▬▬
နောက်ပြီးတော့ ဒီတဏှာက ရောက်ရာဌာန ရရာအာရုံမှာ နှစ်သက်ပြီး ပျော်နေတတ်တယ်။ သူက ပျင်းရိငြီးငွေ့ခြင်း မရှိဘူး၊ အထက်တန်းကျတဲ့ ဘဝအခြေအနေက နေပြီး ကြည့်မယ်ဆိုယင် အောက်တန်းကျတဲ့ ဘဝအခြေအနေကိုအလိုမရှိဘူး၊ ပျင်းရိငြီးငွေ့စရာလို့ ထင်ရတယ်၊ ရွံစရာ ကြောက်စရာလို့လဲ ထင်ရတတ်တယ်။ ဒါပေမဲ့ အဲဒီလိုယုတ်ညံ့တဲ့ အဆင့်အတန်း ဘဝအခြေအနေ ရောက်သွားတဲ့ အခါကျတော့ သူ့ဟာနဲ့သူ နေသာထိုင်သာ ပျော်စရာဖြစ်ပြီး ပျော်သွားတော့တာဘဲ။ လူတွေ အနေနဲ့ ကြည့်မယ်ဆိုယင် မြွေရဲ့ကိုယ်ကြီးတွေ ပိုးကောင်တွေရဲ့ ကိုယ်တွေဟာ သိပ်ရွံစရာ ကြောက်စရာ ကောင်းတာဘဲ၊ အဲဒီ မြွေကိုယ် ပိုးကောင်ကိုယ်ထဲမှာ ဝင်ဖြစ်နေမယ်ဆိုယင် သိပ်ရွံစရာ ကြောက်စရာ ကောင်းတာဘဲ။ ဒါပေမဲ့ ကံအားလျော်စွာ အဲဒီ ဘဝမျိုး ရောက်သွားတော့ သူဟာနဲ့သူ သာယာစရာဖြစ်ပြီး ပျော်မွေ့သွားတာဘဲ၊ အဲဒါဟာ တဏှာဆိုတဲ့ တရားက ရောက်ရာ ဌာန ရရာအာရုံမှာ နှစ်သက် ပျော်မွေ့တတ်တဲ့ သဘောရှိနေလို့ပါဘဲ။ ဒါကြောင့် မြတ်စွာဘုရားက ဒီတဏှာကို တတြာတတြာ ဘိနန္ဒိနီ၊ ထိုထိုရောက်ရာဘဝ ရရာအာရုံ၌ နှစ်သက်ပျော်မွေ့လေ့ ရှိတယ်လို့လဲ ဟောထားပါတယ်။ အဲဒါကို စမ္ပေယျနဂါးမင်း ဝတ္ထု ဥပရိမိဖုရားဝတ္ထုတို့ဖြင့် ထင်ရှား သိနိုင်ပါတယ်။
စမ္ပေယျ နဂါးမင်းဝတ္ထု
▬▬▬▬▬▬▬▬
ဘုန်းကြီးတို့၏ ဘုရားအလောင်းတော်ဟာ တခုသော ဘဝတုန်းက စမ္ပာမြစ်အနီး အရပ်၌ ဆင်းရဲသား တယောက် ဖြစ်ခဲ့တယ်၊ အဲဒီအခါတုန်းက အင်္ဂနှင့် မဂဓ နှစ်တိုင်းကို အုပ်စိုးတဲ့မင်းက စမ္ပာမြစ်မှာ ကြီးစိုးနေတဲ့ စမ္ပေယျ နဂါးမင်းကို တနှစ်တကြိမ် တိုင်းသူပြည်သားများနှင့်တကွ အကြီးအကျယ် ပူဇော်ပွဲ ပြုလုပ်တယ်၊ စမ္ပယျ နဂါးမင်းကလဲ လူ့အသွင်ဖန်ဆင်းထားတဲ့ နဂါးပရိသတ်နှင့်တကွ ထင်ရှားပြပြီး တခမ်းတနား အပူဇော်ခံသတဲ့။ အဲဒါဟာ ယခုခေတ် အချို့လူတွေ အနေနဲ့ ဆိုယင်တော့ ယုတ္တိမရှိဘူးလို့ ဆိုချင်လဲ ဆိုပေလိမ့်မယ်။ ဒါပေမဲ့ ယခုခေတ်မှာဘဲ အချို့လူတွေဟာ ဥစ္စာစောင့်တွေနဲ့ တွေ့ကြရပုံကို ထောက်ဆကြည့်ယင်တော့ တရံတခါ ဖြစ်နိုင်တယ်လို့ ဆိုဘွယ် ရာရှိပါတယ်။ ဘာကြောင့်လဲဆိုယင် ရှေးရှေးတုန်းက မဖြစ်ခဲ့ဘူးတဲ့ မီးရထား, မော်တော်ကား, လေယာဉ်ပျံ, ဒုံးပျံ, စသည်တွေဟာ ယခုခေတ်မှာ အထူးအဆန်း ဖြစ်ပေါ်လာကြ သလို ဟိုရှေးခေတ်တုန်းကလဲ ယခုခေတ်မှာ မဖြစ်တာတွေ တရံတခါ ထူးထူးဆန်းဆန်း ဖြစ်နိုင်တယ်လို့ ယူသင့်ပါတယ်။
အဲဒီ နဂါးမင်းပူဇော်ပွဲမှာ အခြွေအရံတွေနှင့်တကွ စမ္ပေယျနဂါးမင်းကို လူ့ပုံသဏ္ဌာန်နှင့် ခမ်းနားတင့်တယ်စွာ မြင်ရတဲ့အတွက် ဘုရားအလောင်း ဆင်းရဲသားက အဲဒီ နဂါးမင်း၏ စည်းစိမ်ကို တောင့်တပြီးတော့ ပေးလှူတယ်၊ သီလစောင့်တယ်၊ ဒါကြောင့် ဘုရားအလောင်းဟာ အဲဒီဘဝက သေတဲ့အခါ စမ္ပေယျနဂါးမင်း၏ ပလ္လင်ပေါ်မှာ ဥပပါတ်နဂါးကြီး ဖြစ်သွားတယ်၊ နဂါးဆိုတာ စင်စစ်မှာတော့ မြွေဘဲ၊ လူစင်စစ်က မြွေကြီး ဖြစ်ရတယ်ဆိုတော့ ကြောက်စရာ ရွံစရာကြီးပေါ့။ ဒါကြောင့် ဘုရားအလောင်းက နဂါးဖြစ်ခါစမှာ သူ့ကိုယ်သူ ကြည့်ပြီး ရွံရှာစက်ဆုပ်တယ်၊ ငါပြုခဲ့တဲ့ ဒါန-သီလ ကုသိုလ် ကံတွေဟာ စတုမဟာရာဇ်, တာဝတိံသာ, ယာမာ, တုသိတာ, နိမ္မာနရတိ, ပရိနိမ္မိတဝသဝတ္တီဆိုတဲ့ နတ်ပြည် ၆-ထပ်ရှိတဲ့ အနက်က ဘယ်ဘုံမှာမဆို ဖြစ်စေနိုင်တယ်၊ ဒါပေမဲ့ ငါက ဒီ နဂါးမင်းစည်းစိမ်ကို တောင့်တမိလို့ ဒီမြွေ တိရစ္ဆာန် ဘဝမှာ ဖြစ်ရတယ်၊ ဒီမြွေ တိရစ္ဆာန် အဖြစ်နဲ့ အသက်ရှင်နေရတာထက် သေရတာက ကောင်းသေးတယ်လို့ သေဘို့ရာ ကြံစည်မိတယ်။
အဲဒီအခါ သုမနာဆိုတဲ့ နဂါးမကလေးက အခြား နဂါးမတွေကို ဖျော်ဖြေဘို့ တိုက်တွန်း နှိုးဆော်လိုက်တယ်။ နဂါးမတွေက အကုန်လုံး လှပတင့်တယ်တဲ့ နတ်သ္မီးအသွင် ဖန်ဆင်းပြီး တူရိယာ အမျိုးမျိုး တီးမှုတ်ပြီး သီဆိုကခုန်လျက် ဖျော်ဖြေကြတယ်၊ အဲဒီလို နတ်သမီးအသွင်နဲ့ တီးမှုတ်ကခုန်လျက် ဖျော်ဖြေကြတာကို မြင်ရတော့ ဘုရားအလောင်း စမ္ပေယျ နဂါးမင်း၏ စိတ်မှာ အဲဒီ နဂါးတို့၏ ဌာနကို သိကြားမင်း၏ ဘုံဗိမာန်လိုထင်ပြီး ပျော်မွေ့သွားသတဲ့၊ အဲဒါနဲ့ သူလဲ နတ် အသွင်ဖြင့် ပြောင်းပြီး နဂါးမတွေနဲ့အတူ တပေါင်းတည်း ဖြစ်ပြီး ပျော်သွားပါရောတဲ့။
ဒါပေမဲ့ ဘုရားအလောင်းဆိုတော့ သတိတရားက ရလွယ်ပါတယ်။ ဒါကြောင့် နောက်တချိန်မှာတော့ နဂါးဘဝမှ လွတ်မြောက်ပြီး လူ့ဘဝရောက်ရအောင်, လူ့ဘဝရောက်ပြီး ဒါန သီလ အစရှိသော ပါရမီတွေကို ဖြည့်ကျင့်နိုင်အောင် ရည်ရွယ်ပြီး လူ့လောက တောအရပ်မှာလာပြီး ဥပုသ်သီလကို စောင့်သုံးပါသေးတယ်။
ဒီစမ္ပေယျနဂါးမင်း ဝတ္ထုမှာ ပြောလိုရင်းကတော့ လူ့အမြင်နဲ့ ကြည့်ယင် မြွေနဂါးကိုယ်ကြီးဟာ ကြောက်စရာလဲ ကောင်းတယ်, ရွံစရာလဲ ကောင်းတယ်၊ ဘုရားအလောင်းလဲ နဂါးဖြစ်ခါစမှာ အဲဒီ နဂါးဘဝကို ရွံရှာစက်ဆုပ်တယ်၊ ဒါပေမဲ့ နောက်မကြာခင်ဘဲ နဂါးမတွေ ဖျော်ဖြေတာကို မြင်ရတော့ အဲဒီ ဖြစ်ရာဘဝမှာ နတ်ဘဝလိုဘဲ ပျော်မွေ့သွားတယ် ဆိုတာကို ပြောလိုရင်းပါဘဲ။ အဲဒီလို ရောက်ရာဘဝမှာ ပျော်မွေ့သွားတာဟာလဲ တခြားကြောင့် မဟုတ်ဘူး၊ ထိုထိုဘဝ ထိုထိုအာရုံမှာ နှစ်သက်ပျော်မွေ့တတ်တယ်ဆိုတဲ့ တဏှာကြောင့်ဘဲ။ နောက်ပြီးတော့ ဘုရားအလောင်းဟာ ဆင်းရဲသားဘဝတုန်းက စမ္ပေယျ နဂါးမင်း စည်းစိမ်ကို နှစ်သက်လိုချင်ခဲ့တယ်၊ အဲဒီနှစ်သက် လိုချင်မှုကြောင့် နဂါးဘဝ ခန္ဓာဝန်ကို ရတာဘဲ။ ဒါကြောင့် နှစ်သက်လိုချင်တဲ့ တဏှာဖြစ်ယင် ဘဝသစ်ခန္ဓာဝန်ကို ခံယူသည် မည်တယ်ဆိုတာကိုလဲ ဒီဝတ္ထုမှ အထူး ကောက်နှုတ်ပြီး မှတ်ထား ကြရမယ်။
ဥပရိမိဖုရား ဝတ္ထု
▬▬▬▬▬▬▬
ဥပရိမိဖုရားဝတ္ထုကတော့ ရှေးက ကာသိတိုင်း ပါဋလိမြို့မှာ အဿကဆိုတဲ့ မင်းက စိုးစံနေခဲ့တယ်၊ အဲဒီ အဿကမင်းရဲ့ အဂ္ဂမဟေသီမိဖုရားကြီးက ဥပရိ အမည်ရှိတယ်၊ ရုပ်ရေ ရူပကာယ အင်မတန် လှပတင့်တယ်တယ်လို့ ဆိုပါတယ်။ ရှေးက ဘုရင်မင်းများဟာ တိုင်းပြည်မှာ အလှဆုံး အမျိုးသမီးကို ရွေးကောက်ပြီး မိဖုရား မြှောက်တတ်ကြပါတယ်၊ ဒါကြောင့် မိဖုရားဆိုယင် အရုပ်အဆင်း လှပတင့်တယ်တာကဘဲ များပါတယ်။ ဒီ ဥပရိ မိဖုရားကတော့ အထူးသဖြင့် လှပတင့်တယ် တယ်လို့ ဆိုပါတယ်။ ဘုရင်မင်းမြတ်က လှပတဲ့အတွက် အလွန်ဘဲ ချစ်မြတ်နိုးနေပါသတဲ့။ အဲဒီလို အလွန်လှပတင့်တယ်ပြီး ဘုရင်ကလဲ အလွန်ချစ်မြတ်နိုးနေတဲ့ ဥပရိမိဖုရားဟာ လှပတင့်တယ် အရွယ်ကောင်းတုန်း နတ်ရွာစံသွားရှာသတဲ့။ နတ်ရွာစံတယ် ဆိုတာကတော့ မင်းတို့ မိဖုရားတို့ သေယင် ပြောဆိုရတဲ့ ဗမာ့ယဉ်ကျေးမှု စကားလုံးမျှပါဘဲ။ ရဟန်းတော်များသေတော့ ပျံတော် မူတယ်လို့ ပြောရတယ်။ ယဉ်ကျေးမှု ဝေါဟာရမျှပါဘဲ၊ သေတဲ့သူကတော့ သူ့ကံအားလျော်စွာ ဘဝသစ်မှာ ဖြစ်ရတာပါဘဲ။ ဒီဥပရိမိဖုရားဆိုယင် ယဉ်ကျေးမှုအရ နတ်ရွာစံတယ်လို့ ဆိုရပေမဲ့ တကယ်စံတာကတော့ နတ်ရွာမဟုတ်ပါဘူး၊ နွားချေးပိုးရွာ ဖြစ်နေပါတယ်။
အဲဒီလို အလွန်ချစ်မြတ်နိုးတဲ့ မိဖုရား နတ်ရွာစံသွားတော့ အဿကဘုရင် မင်းကြီးမှာ အလွန်အမင်း သောကပရိဒေဝမီးတွေ တောက်လောင်နေပါတယ်၊ မိဖုရားရဲ့ အလောင်းကို မှန်ခေါင်းထဲမှာ ဆီနဲ့စိမ်ပြီး သူ့ခုတင်အောက်မှာ ထားစေတယ်၊ ထမင်းတောင် မစားနိုင်ဘဲ လွမ်းဆွတ်ပူဆွေး ငိုကြွေး တမ်းတပြီး အဲဒီ ခုတင်ပေါ်မှာဘဲ လျောင်းစက်ပြီး အိပ်နေသတဲ့။ မိဘတွေ ဆွေမျိုးတွေ ပညာရှိအမတ်တွေက သင်္ခါရသဘော အနိစ္စသဘောကို ဘယ်လိုပင် ဟောသော်လဲ သတိတရား မရနိုင်ဘဲ ရှိနေသတဲ့။ ခေါင်းထဲက အလောင်းက ဆီစိမ်ထားတယ် ဆိုတော့ မပုပ်မပျက်ပဲ ရှိနေဟန်တူပါတယ်၊ ယခုကာလမှာ ဆေးရည်စိမ်ထားတဲ့ အလောင်းများလို နေမှာပေါ့၊ အဲဒီတော့ ခေါင်းထဲမှာ လျောင်းအိပ်နေတာလို ထင်ရပေလိမ့်မယ်၊ အဲဒီ အလောင်းကို ကြည့်လိုက် ငိုကြွေး မြည်တမ်းလိုက်နဲ့ သောကပရိဒေဝမီးတွေ တောက်လောင်နေတာ ခုနစ်ရက်တောင် ရှိသွားပါ သတဲ့။
အဲဒီအခါမှာ ဘုရားအလောင်းတော်က ဟိမဝန္တာ တောအရပ်မှာ ဈာန်အဘိညာဉ်ရတဲ့ ရသေ့ကြီး ဖြစ်နေပါတယ်။ အဲဒီ ဘုရားအလောင်း ရသေ့ကြီးက လောကကို ကြည့်လိုက်တဲ့အခါ ဒီအဿကမင်း အတိ ဒုက္ခ ရောက်နေတာကိုလဲ မြင်ရတယ်၊ မိမိမှတပါး မည်သူမျှ ဒီမင်းကို မကယ်နိုင်ဘူး ဆိုတာကိုလဲ သိရတယ်။ ဒါကြောင့် ဘုရားအလောင်း ရသေ့ကြီးဟာ ဈာန်အဘိညာဉ်ဖြင့် အဿကမင်း၏ ဥယျာဉ်သို့ ကြွလာတယ်။ အဲဒီအခါ ပါဋလိမြို့ထဲက ပုဏ္ဏားလုလင်တယောက် ဘုရားအလောင်း ရသေ့ကြီးထံ ရောက်လာတာနဲ့ ရသေ့ကြီးက အဿကမင်း အကြောင်းကို မေးတယ်၊ ပုဏ္ဏားလုလင်က အဿကမင်း သောကပရိဒေဝမီး အကြီးအကျယ် တောက်လောင် နေပုံကို ပြောပြပြီးတော့ အဿကမင်းအား ဟောပြော ကယ်တင်ဘို့ရန် ပြောပါတယ်။ အဲဒီတော့ ရသေ့ကြီးက အဿကမင်းကို ငါတို့က မသိဘူး၊ အကယ်၍ ငါတို့ထံလာပြီး မေးလျှင်တော့ သူ့ မိဖုရားကြီး ဖြစ်ရာဘဝကို ပြောနိုင်ပါတယ်လို့ ပြောလိုက်တယ်။ အဲဒီအခါ ပုဏ္ဏားလုလင်က မင်းကြီး ထံသွားပြီး “အရှင်မင်းကြီး ဥယျာဉ်တော်မှာ အကြားအမြင်ပေါက်တဲ့ ဒိဗ္ဗစက္ခု ရှင်ရသေ့ကြီး တပါး ရောက်နေတယ်၊ ဥပရိ မိဖုရားကြီး ဖြစ်ရာဘဝကိုလဲ သိပါသတဲ့၊ ပြလဲ ပြနိုင်ပါသတဲ့၊ အဲဒီ ရှင်ရသေ့ကြီးထံ သွားဘို့ ကောင်းပါတယ်”လို့ မင်းကြီးအား ပြောကြားတယ်။
ဥပရိမိဖုရားကြီးကို ပြနိုင်သတဲ့-လို့ ကြားရတော့ အဿက မင်းကြီးဟာ အားရဝမ်းသာဖြစ်ပြီးတော့ ရထားစီးပြီး ဘုရားအလောင်းတော် ရှိရာ ဥယျာဉ်တော်သို့ လာတယ်၊ ရိုသေစွာ ရှိခိုးပြီး အရှင်ရသေ့ကြီး ဥပရိမိဖုရား ဖြစ်ရာဘဝကို သိတယ်ဆိုတာ ဟုတ်ပါသလားလို့ မေးတယ်။ ဟုတ်ကြောင်း ရသေ့ကြီးက ပြန်ပြောတယ်။ ဘယ်မှာ ဖြစ်ပါသလဲလို့ မေးပြန်ပါတယ်။ ဒီတော့ ရှင်ရသေ့ကြီးက-
မင်းကြီး .... သင်၏မိဖုရားကြီး ဥပရိဟာ အရုပ်အဆင်းကိုသာ နှစ်သက်သာယာပြီး မာန်ယစ်နေတယ်၊ အရုပ်အဆင်း လှပဘို့သာ တသသနှင့် ဂရုစိုက် ပြုပြင်နေတယ်၊ ဒါန သီလ အစရှိတဲ့ ကုသိုလ် ကောင်းမှုကို ပြုဘို့ရာ မေ့လျော့နေတယ်၊ အဲဒီလို ကုသိုလ်ကောင်းမှုအလုပ်မှာ မေ့လျော့ပြီး မာန်ယစ်နေတဲ့အတွက် သေသည့်နောက်မှာ ယုတ်ညံ့တဲ့ဘဝ ရောက်သွားရရှာတယ်၊ ဒီဥယျာဉ်တော် ထဲမှာ နွားချေးပိုးမ ဖြစ်နေရရှာတယ်လို့ ရှင်ရသေ့ကြီးက အမှန်အတိုင်း ထုတ်ဖော်ပြီး ပြောတယ်။
ပစ္စည်းဥစ္စာဖြစ်စေ ဆွေမျိုးဖြစ်စေ ပညာဖြစ်စေ ရာထူး ဖြစ်စေ အရုပ်အဆင်းဖြစ်စေ သူများထက် ထူးချွန်ယင် အဲဒါကို အကြောင်း ပြုပြီး မာန်မာန ကြီးတတ်တယ်၊ မာန်မာနကြီးပြီး ကုသိုလ် ကောင်းမှုပြုဘို့ မေ့နေတတ်တယ်၊ သူတပါးကို ရိုသေကိုင်းရှိုင်းရမှန်း မသိဘဲ ဖြစ်နေတတ်တယ်။ အဲဒီလို မာနကြီးတဲ့ သူဟာ ယုတ်ညံ့တဲ့ဘဝကို ရောက်တတ်ကြောင်း စူဠကမ္မဝိဘင်္ဂသုတ်မှာလဲ မြတ်စွာဘုရားက ဟောထားပါတယ်။ အဲဒါကို ဘုန်းကြီးက “မာနကြီးက၊ မျိုးညံ့ရ နှိမ်ချ မျိုးမြတ် သည်” လို့ ဆောင်ပုဒ် စီထားပါတယ်။ အဲဒါကို ဆိုကြရမယ်။
မာနကြီးက၊ မျိုးညံ့ရ နှိမ်ချ မျိုးမြတ်သည်။
မာနကြီးပြီး ရိုသေထိုက်တဲ့သူကို မရိုမသေပြုလျှင် အမျိုးညံ့မှာ ဖြစ်တတ်တယ်၊ မာန်မာန နှိပ်ချပြီး ရိုသေထိုက်တဲ့ သူကို ရိုသေလျှင် အမျိုးမြတ်မှာ ဖြစ်တတ်တယ်လို့ ဆိုလိုပါတယ်။ မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေမျိုးမြတ်သည်-လို့ ဒီလိုလဲ ဆိုနိုင်ပါတယ်။ ယခုပြောနေတဲ့ ဥပရိမိဖုရားကြီးမှာ အရုပ်အဆင်းကလဲ လှပပြီး အဆင့်အတန်းကလဲ အဂ္ဂမဟေသီ မိဖုရားကြီး ဆိုတော့ မာန်ယစ်ပြီး ရိုသေထိုက်တဲ့သူတွေကို မရိုမသေပြုတဲ့ အကုသိုလ်ကြောင့် ယုတ်ညံ့တဲ့ နွားချေးပိုး ဖြစ်ရရှာတယ်လို့ ယူဘွယ်ရာ ရှိပါတယ်။
အဲဒီလို နွားချေးပိုးမ ဖြစ်ရတဲ့အကြောင်းကို ကြားရသော အဿကမင်းကြီးက နာဟံ သဒ္ဒဟာမိ=ကျွန်ုပ် မယုံပါ-လို့ ငြင်းပယ်ပါတယ်။
ဒါဖြင့် ပိုးမကိုပြပြီး စကားပြောစေမယ်လို့ ရသေ့ကြီးက ပြောတယ်။
ကောင်းပါပြီ ပြောပါစေလို့ မင်းကြီးက ဆိုတယ်။
အဲဒီအခါဘုရားအလောင်းရသေ့ကြီးက ပိုးဖိုနှင့်ပိုးမ နှစ်ဦးလုံးအဿကမင်း၏ ရှေ့သို့ ထွက်လာကြစေလို့ အဘိညာဉ်ဖြင့် အဓိဋ္ဌာန်ပြုလိုက်ပါတယ်။ ပိုးဖိုနှင့် ပိုးမ နွားချေးပုံထဲက ထွက်ပြီး မင်းကြီးရှေ့ ရောက်လာတဲ့အခါ ရသေ့ကြီးက-
မဟာရာဇ၊ မင်းကြီး။
အယံ၊ နောက်မှလိုက်လာသော ဤပိုးမသည်။
တေ၊ သင်၏။
ဥပရိဒေဝီ၊ ဥပရိမည်သော မိဖုရားကြီး ပေတည်း။
တံ ဇဟိတွာ၊ သင်မင်းကြီးကိုစွန့်၍။
ဂေါမယပါဏ ကဿ၊ နွားချေးပိုးဖို၏။
ပစ္ဆတော ပစ္ဆတော၊ နောက်မှ နောက်မှ။
ဂစ္ဆတိ၊ လိုက်သွားနေ၏။
နံ၊ ထိုဥပရိ မိဖုရားကြီးမှ ဖြစ်လာသော ပိုးမကို။
ပဿ၊ သေသေချာချာ ကြည့်ပါလော့-လို့ ပြောပြပါတယ်။
ဒီတော့ မင်းကြီးက အရှင်ဘုရား အင်မတန် လိမ္မာရေးခြား ရှိနေတဲ့ ဥပရိမိဖုရား စင်စစ်က ဒီလို နွားချေးပိုးမ ဖြစ်တယ်ဆိုတာ ကျွန်ုပ် မယုံကြည်နိုင်ပါဘူးလို့ ငြင်းဆိုပြန်တယ်။
ဟုတ်တယ် ကံ ကံ၏ အကျိုးပေးပုံကို ကောင်းကောင်း မယုံကြည်တဲ့သူ, ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုး ဆက်သွယ်ပုံကို သဘောမပေါက်တဲ့သူ အဲဒီလို ပုဂ္ဂိုလ်အဖို့မှာ ဆိုယင် လူစင်စစ်က ဒီလို ပိုးကောင် ဖြစ်သွားတယ်ဆိုတာ ယုံကြည်ဘို့ ခက်ပေလိမ့်မယ်၊ ယခုခေတ် ဗုဒ္ဓတရားတော်တွေ အင်မတန် ထင်ရှားနေတဲ့ ခေတ်ထဲမှာတောင် လူသေယင် လူထက် ယုတ်ညံ့တဲ့ဘဝ မဖြစ်နိုင်တော့ဘူးလို့ ယုံကြည်ယူဆတဲ့ သူတွေ ရှိနေသေးတာဘဲ၊ ဘုရားတရားတော်ကို မကြားမနာရတဲ့ အဲဒီ သာသနာပ အခါကာလမှာဆိုတော့ မယုံကြည်နိုင်ဘဲလဲ ရှိပေမှာဘဲ။ ဒါပေမဲ့ ဗုဒ္ဓမြတ်စွာဘုရား ဟောထားတဲ့ တရားတော် အရဆိုယင်တော့ အရိယာအဖြစ် မရောက်သေးတဲ့ သူဟာ လူ့ဘဝမှာလဲ အပါယ်လေးဘုံကို ရောက်နိုင်တာဘဲ၊ နတ်ဘဝ နတ်မင်းကြီးဘဝမှာလဲ အပါယ် ၄-ဘုံကို ရောက်နိုင်တာဘဲ၊
အကုသိုလ်ကံနဲ့ သေခါနီး နှလုံးသွင်းမှု အားလျော်စွာ အပါယ်သတ္တဝါမျိုးထဲမှာ ဖြစ်သွားနိုင်တာဘဲ၊ ကုသိုလ်ကံနဲ့ သေခါနီးမှာ နှလုံးသွင်း ကောင်းယင်တော့ ဘယ်လို ယုတ်ညံ့တဲ့ ဘဝကပေမဲ့ လူ့ဘဝ နတ်ဘဝ မြင့်မြတ်တဲ့ ဘဝတွေကို ရောက်သွားနိုင်တာဘဲ။ ဒီနေရာမှာ အရှင်တိဿ ဆိုတဲ့ ရဟန်းတော်က သေခါနီးမှာ သင်္ကန်းကိုစွဲလမ်းပြီး သေသွားလို့ အဲဒီသင်္ကန်းမှာဘဲ သန်း ဖြစ်ရတယ်၊ မြတ်စွာဘုရား၏ တရားတော်ကို နာနေယင်း သေသွားတဲ့ ဖားသတ္တဝါက တာဝတိံသာမှာ နတ်သား ဖြစ်ရတယ် ဆိုတာတွေဟာ သက်သေသာဓကတွေပါဘဲ။ ဒါပေမဲ့ အဲဒီမင်းကြီးက ဒီလိုတရားတွေကို ကြားနာရဘူးတာ မဟုတ်တဲ့အတွက် မယုံနိုင်ဘူးလို့ ငြင်းနေပါတယ်။
ဒီတော့ ရှင်ရသေ့ကြီးက ကဲ ဒါဖြင့် ဒီပိုးမကို စကားပြောစေမယ်လို့ ပြောပါတယ်။ ပြောပါစေလို့ မင်းကြီးက ဆိုပါတယ်။ အဲဒီအခါ ရှင်ရသေ့ကြီးက မိမိပြောတဲ့စကားကို ပိုးမနားလည်အောင်, ပိုးမက ပြန်ပြောတဲ့စကားကိုလဲ မင်းကြီးနှင့်တကွ ပရိသတ်ပါ ကြားပြီး နားလည်အောင် အဘိညာဉ် တန်ခိုးဖြင့် အဓိဋ္ဌာန်ပြုပြီး -
ဟဲ့ ပိုးမ သင်ဟာ ရှေးဘဝတုန်းက ဘယ်သူ ဖြစ်သလဲလို့ မေးလိုက်ပါတယ်။
အဿကမင်းကြီး၏ အဂ္ဂမဟေသီ မိဖုရားကြီး ဥပရိဖြစ်ခဲ့ပါတယ် ဘုရားလို့ ပိုးမက ပြန်ပြောတယ်။
ဘယ့်နှယ်လဲ သင်ဟာ ယခုကဿကမင်းကြီးကိုဘဲ ချစ်သလား၊ သို့မဟုတ် နွားချေးပိုးဖိုကိုဘဲ ချစ်သလားလို့ ရှင်ရသေ့က မေးပါတယ်။
ဒီတော့ နွားချေးပိုးမက အရှင်ဘုရား ဟို အဿကမင်းဆိုတာကတော့ တပည့်တော်မရဲ့ ရှေးဘဝက ခင်ပွန်းလင် ဖြစ်ခဲ့ပါတယ်၊ အဲဒီအခါတုန်းကတော့ ဒီဥယျာဉ်တော်ထဲမှာ တပည့်တော်မဟာ အဿကမင်းနှင့် တူနှစ်ကိုယ် ယှဉ်တွဲပြီး ရူပါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံဆိုတဲ့ ကာမဂုဏ် အာရုံတွေ ခံစားကာ လှည့်လည်ခဲ့ဘူးလှပါပြီ။ သို့သော်လဲ ယခုအခါမှာတော့ ဘဝအသစ် ရောက်နေတဲ့အတွက် အဲဒီ အဿက မင်းဟာ တပည့်တော်မနှင့် ဘာမှ မစပ်မဆိုင်တော့ပါဘူးလို့ ပြန်ပြောပါသတဲ့။ နောက်ပြီးတော့ အဲဒီ အဋ္ဌကထာက ဒီလိုတောင် ပြောတယ်လို့ ဆိုထားပါသေးတယ်၊ ဆိုပုံကတော့ သူ့မူရင်းအတိုင်း ပါဠိနှင့်အနက် ရွတ်ပြရမယ်။
အဟံ၊ တပည့်တော်မသည်။
ဣဒါနိ၊ ယခုအခါ၌၊
အဿကရာဇာနံ မာရေတွာ၊ အဿကမင်းကို သတ်၍။
တဿ ဂလလောဟိတေန၊ ထိုမင်း၏ လည်ချေင်းသွေးဖြင့်။
မယှံ သာမိ ကဿ၊ တပည့်တော်မ၏ ယခုဘဝ ချစ်လင်ဖြစ်သော။
ဂေါမယ ပါဏကဿ၊ နွားချေးပိုးဖို၏။
ပါဒေ၊ ခြေတို့ကို။
မက္ခေယျံ၊ လိမ်းသုတ်ပေးချင်ပါသေးတယ် အရှင်ဘုရားလို့တောင် ရင့်ရင့်သီးသီး ဖွင့်ပြောလိုက် ပါသေးသတဲ့။
အဲဒီလို ပြောတယ်ဆိုတာကတော့ ရင့်သီးလွန်းအားကြီးတယ်လို့ ထင်စရာဘဲ၊ ဒါပေမဲ့ သူ့ မောင်တော်လင် ပိုးဖိုရှေ့ ပြောရတာဆိုတော့ အဲဒီပိုးဖို သဘောကျအောင်လို့ ပြောရတာလဲ ဖြစ်နိုင် ပါတယ်၊ နောက်ပြီးတော့ သတ္တဝါတွေဟာ ဘဝဟောင်း ဘဝသစ် ခြားတာကို ထားဦးတော့ တဘဝထဲမှာတောင် မဆင်မပြေလို့ ကွဲကွာပြီး အိမ်ထောင်အသစ် ဖြစ်နေကြတယ် ဆိုယင် အလျင်က အဟောင်းဖြစ်တဲ့ လင့်အပေါ် မယားအပေါ်မှာ ငဲ့ကွက်ခြင်း မရှိဘဲ အသစ် အပေါ်မှာသာ အလေးပြုလေ့ ရှိကြတယ်ဆိုတာ သက်သေသာဓကတွေ အများကြီး ရှိနေတာဘဲ၊ ဒါကြောင့် အဲဒီ အဋ္ဌကထာစကားလဲ အသင့် ယုတ္တိရှိပါတယ်၊ ဇာတ်ပါဠိတော်မှာတော့ ပိုးမ ပြောပုံကို ဒီလို ဆိုထားပါတယ်။
အယမဿကရာဇေန၊ ဒေသော ဝိစရိတော မယာ။
အနုကာမာယ ကာမေန၊ ပိယေန ပတိနာ သဟ။
ဘန္တေ၊ အရှင် ရသေ့ကြီးဘုရား။
အယံ ဒေသော၊ ဤ ဥယျာဉ်တော် အရပ်ဒေသကို။
အနုကာမာယ၊ အဿကမင်းကို ချစ်မြတ်နိုးသော။
မယာ၊ အကျွန်ုပ်သည်။
ကာမေန၊ အကျွန်ုပ်ကို ချစ်မြတ်နိုးသော။
ပိယေန ပတိနာ၊ ထိုစဉ်အခါက ချစ်လင် ဖြစ်သော။
အဿကရာဇေန သဟ၊ အဿကမင်းနှင့် အတူတကွ။
ဝိစရိတော၊ အကြိမ်များစွာ လှည့်လည်ကာ ပျော်ပွဲခံခဲ့ဘူး လှပါပြီ။
နဝေန သုခဒုက္ခေန၊ ပေါရာဏံ အပိဓီယတိ။
တသ္မာ အဿကရညာဝ၊ ကီဋော ပိယတရော မမ။
နဝေန၊ အသစ်ဖြစ်သော။
သုခ ဒုက္ခေန၊ ချမ်းသာနှင့် ဆင်းရဲက။
ပေါရာဏံ၊ ဘဝဟောင်းကို။
ဝါ၊ ချမ်းသာ ဆင်းရဲ အဟောင်းကို။
အပိဓီယတိ၊ ပိတ်ဖုံးအပ်ပါသည် ဘုရား။
တသ္မာ၊ ထိုသို့ ချမ်းသာ ဆင်းရဲအသစ်က ချမ်းသာ ဆင်းရဲဟောင်းတွေကို ဖုံးကွယ်သွားသောကြောင့်။
ကီဋောဧဝ၊ လက်ရှိလင်ဖြစ်သော ပိုးဖိုကိုသာလျှင်။
အဿကရညာ၊ အဿကမင်းထက်။
မမ၊ အကျွန်ုပ်သည်။
ပီယတရော၊ သာ၍ ချစ်အပ်ပါတော့သည် အရှင်ဘုရားလို့ ပိုးမကပြန်ပြီး ဖြေကြားလိုက်ပါသတဲ့။
ဒီမှာလဲ အဋ္ဌကထာက ပိယတရော = သာ၍ ချစ်အပ်ပါသည်လို့ ဆိုရာမှာ သတဂုဏေန သဟဿဂုဏေန = အဆတရာ အဆတထောင် သာပြီး ချစ်တယ်ဆိုတဲ့အကြောင်း အချစ်ဒီဂရီ သာနေပုံကို အတိုင်းအဆနဲ့ ဖွင့်ပြထားပါသေးတယ်။
အဲဒီ နွားချေးပိုးမက ရက်ရက်စက်စက် ရင့်ရင့်သီးသီး ပြောလိုက်တာကို ကြားရတော့ အဿကမင်းကြီးမှာ စိတ်နှလုံးမသာ ဖြစ်သွားတယ်၊ ငါကတော့ သူ့ကို ချစ်မြတ်နိုးလွန်းလို့ အလောင်းကိုတောင် မစွန့်ရက်ပဲ ရှိနေတယ်၊ သူကတော့ ငါ့အပေါ်မှာ တယ် စိမ်းကားပါကလားလို့ တွေးတောပြီး ဥပရိ မိဖုရားကြီးအပေါ်မှာ စိတ်အပျက်ကြီး ပျက်သွားတယ်၊ ဒါကြောင့် အဲဒီနေရာမှာ ထိုင်နေယင်းဘဲ ဟေ့ ..... ဟိုကောင်မ အလောင်းကိုထုတ်ပြီး ပစ်လိုက်ကြတော့လို့ အမိန့်ပေးပြီး ရေမိုးချိုးကာ နန်းတော်သို့ ပြန်သွားတယ်၊ အခြား အမျိုးသမီးတယောက်ကို မိဖုရားကြီးမြှောက်ပြီး တိုင်းပြည်ကို တရားသဖြင့် အုပ်ချုပ်သွားပါသတဲ့၊ ဘုရားအလောင်း ရသေ့ကြီးလဲ မင်းကို ဆုံးမပြီး ဟိမဝန္တာသို့ ပြန်ကြွသွားပါသတဲ့။
ဒီ ဝတ္ထုထဲမှာ ပြောလိုယင်းကတော့ ဥပရိမိဖုရားဟာ လူ့ဘဝတုန်းကတော့ အဲဒီဘဝ အဲဒီအဖြစ်ကိုဘဲ နှစ်သက် သာယာနေခဲ့တယ်၊ နွားချေးပိုးမကိုယ်ထဲမှာ ဝင်ဖြစ်ဖို့ဆိုတာကတော့ စိတ်ကူးလို့တောင် ရမှာမဟုတ်ဘူး၊ ဒါပေမဲ့ သူ့ကံအားလျော်စွာ နွားချေးပိုးဘဝ ရောက်သွားတဲ့အခါကျတော့ အဲဒီဘဝနဲ့ အဲဒီ ခန္ဓာကိုယ်ကို နှစ်သက် သာယာနေတယ်၊ နွားချေးပိုးဖိုရဲ့ ကိုယ်ခန္ဓာကို အဿကမင်းကြီးရဲ့ ကိုယ်ထက်တောင် အဆပေါင်း ရာထောင်မကပိုပြီး အထင်ကြီးနေတယ်၊ ချစ်မြတ်နိုးနေတယ် ဆိုတာကို ပြောလိုယင်းပါဘဲ၊ ဒါကြောင့် တတြတတြာဘိနန္ဒိနီ၊ ထိုထိုရောက်ရာဘဝ ရရာအာရုံ၌ နှစ်သက် ပျော်မွေ့လေ့ ရှိသည်လို့ ဟောထားတာဘဲ။
ခွေးဖြစ်သွားယင် ခွေးဘဝမှာ ပျော်တယ်၊ ဝက်ဖြစ်ယင် ဝက်ဘဝမှာ ပျော်တယ်၊ ကြက်ဖြစ်ယင် ကြက်ဘဝမှာ ပျော်တယ်၊ ပိုးမွှားဖြစ်ယင် အဲဒီဖြစ်ရာဘဝမှာ ပျော်တယ်။ လူ့တဘဝထဲမှာတောင် တချို့မှာ အထက်တန်းကျတဲ့ လူချမ်းသာရဲ့ သားသမီး ဖြစ်နေရာက အကြောင်းအားလျော်စွာ အောက်တန်းကျတဲ့ ဆင်းရဲတဲ့ အခြေအနေမျိုး ရောက်နေတာရှိတယ်၊ အဲဒီလို လူကလဲ သူရောက် နေရာ ဘဝအခြေအနေနဲ့ ပျော်နေတာဘဲ၊ တချို့များ မိဘတွေက ပြန်ခေါ်လို့တောင် မရဘူး၊ သူ့ဘဝနဲ့သူ ပျော်နေတော့တာဘဲ။ အဲဒါတွေဟာ ရောက်ရာဘဝ ရရာအာရုံ၌ ပျော်မွေ့တယ်ဆိုတဲ့ ဒီတဏှာကြောင့်ပါဘဲ။
တဏှာသုံးပါး
▬▬▬▬▬
သေယျထိဒံ၊ ဤတဏှာက အဘယ်နည်းဟူမူ။ ကာမတဏှာ၊ ကာမအာရုံ၌ဖြစ်သော နှစ်သက် သာယာမှု တဏှာက တပါး။ ဘဝတဏှာ၊ ဘဝ၌ဖြစ်သော နှစ်သက်သာယာမှုတဏှာက တပါး။ ဝိဘဝတဏှာ၊ ဘဝ ကင်းပြတ်ခြင်း၌ ဖြစ်သော နှစ်သက်သာယာမှု တဏှာက တပါး။ အယံ၊ ဤတဏှာသုံးပါးကို။ ဘာရာဒါနံ၊ ခန္ဓာဝန်ကို ခံယူခြင်းဟူ၍။ ဝုစ္စတိ၊ ခေါ်ဆိုအပ်ပါတယ်တဲ့။
တဖန် ဘဝသစ်ကို ဖြစ်စေတတ်တယ် နှစ်သက်တပ်စွဲခြင်း သဘောရှိတယ် ရရာအာရုံ၌ နှစ်သက် ပျော်မွေ့တတ်တယ် ဆိုတဲ့ တဏှာက အမျိုးအစားအားဖြင့် ဘယ်နှစ်မျိုး ရှိသလဲဆိုယင် သုံးမျိုး ရှိတယ်၊ အဲဒီသုံးမျိုးက ဘယ်ဟာတွေလဲဆိုယင် ကာမတဏှာက တမျိုး၊ ဘဝတဏှာက တမျိုး၊ ဝိဘဝတဏှာက တမျိုး ဒီ သုံးမျိုးပါဘဲ။
ကာမတဏှာ
အဲဒီ သုံးမျိုးထဲက ကာမတဏှာဆိုတာ နှစ်သက်လိုချင်ဘွယ်ဖြစ်တဲ့ အာရုံဝတ္ထုတွေကို နှစ်သက် လိုချင်တဲ့ သဘောပါဘဲ။ မိမိသန္တာန်က အာရုံဖြစ်စေ၊ သူတပါးသန္တာန်က အာရုံဖြစ်စေ နှစ်သက် လိုချင်စရာ အာရုံကို နှစ်သက်လိုချင်ယင် အဲဒါဟာ ကာမတဏှာဘဲ။ လှပတင့်တယ်တဲ့ အဆင်း အာရုံကို မြင်ရလို့ နှစ်သက်လိုချင်ယင် ကာမတဏှာဘဲ။ အဆင်း အာရုံဆိုပေမဲ့ အဆင်း သက်သက်တွင်တော့ မမဟုတ်ဘူး၊ အဆင်း၏ တည်ရာဖြစ်တဲ့ မိန်းမ ယောက်ျား ပုဂ္ဂိုလ်တယောက်လုံး အင်္ကျီ လုံချည် အစရှိတဲ့ အထည်ဝတ္ထု တခုလုံးကို သိမ်းကျုံးပြီး နှစ်သက်လိုချင်မှု ဖြစ်တယ်။
ထို့အတူ နားဝင်ချိုတဲ့ အသံ အာရုံ ဝတ္ထုတွေ၊ နမ်းရှူလို့ ကောင်းတဲ့ အနံ့ အာရုံ ဝတ္ထုတွေ၊ စားလို့ကောင်းတဲ့ အရသာ အာရုံ ဝတ္ထုတွေ၊ စားစရာ သုံးဆောင်စရာ ပြုပြင်ပေးတဲ့ လူပုဂ္ဂိုလ်တွေ၊ အတွေ့အထိကောင်းတဲ့ အာရုံဝတ္ထုတွေ၊ သုံးဆောင်ဘွယ် အမျိုးမျိုးတွေ ဒီလိုဟာတွေကို နှစ်သက် လိုချင်ယင်လဲ ကာမတဏှာဘဲ၊ အချုပ်အားဖြင့်တော့ နှစ်သက်လိုချင်စရာတွေကို နှစ်သက်လိုချင်တာ ဟူသမျှဟာ ကာမတဏှာချည်းပါဘဲ။ လူဖြစ်ဖို့ နတ်ဖြစ်ဖို့ ယောက်ျား ဖြစ်ဖို့ မိန်းမဖြစ်ဖို့၊ လူဖြစ်ပြီး ကာမဂုဏ် အာရုံတွေကို ခံစားဖို့၊ နတ်ဖြစ်ပြီး ကာမဂုဏ် အာရုံတွေ ခံစားဖို့၊ ယောက်ျား မိန်းမဖြစ်ပြီး ကာမဂုဏ်အာရုံတွေခံစားဖို့ လိုလားနှစ်သက်နေတာတွေဟာ ကာမတဏှာ ချည်းဘဲ။ ဒါကြောင့် ကာမတဏှာ၊ ကောင်းနိုးရာ၊ သာယာနှစ်သက်မှု-လို့ ဆောင်ပုဒ် စီထား ပါတယ်။ အဲဒါကို ဆိုကြရမယ်။
ကာမတဏှာ၊ ကောင်းနိုးရာ၊ သာယာနှစ်သက်မှု။ (ဆို)
မြင်ရလို့ဖြစ်စေ၊ ကြားရလို့ဖြစ်စေ၊ နံရ စားရလို့ဖြစ်စေ၊ တွေ့ထိရလို့ ဖြစ်စေ ကောင်းတယ်ထင်ယင် သာယာနှစ်သက်မှုက ဖြစ်တော့တာဘဲ၊ အဲဒီမှာ ကောင်းတယ် ထင်တာက အဝိဇ္ဇာဘဲ၊ အဝိဇ္ဇာဆိုတာ အာရုံ၏ သဘောမှန်ကို ဖုံးကွယ်ပြီး အလွဲအမှားကို သိနေတဲ့သဘောဘဲ။ မမြဲတာကို သူက မြဲတယ်လို့ ထင်တယ်၊ ခဏမစဲ ဖြစ်ပျက်နေတဲ့ ဆင်းရဲသဘောတွေကို ချမ်းသာလို့ ထင်တယ်၊ အတ္တကောင် အသက်ကောင် မမဟုတ်တဲ့ ရုပ်နာမ် သဘောတရားမျှကို အတ္တကောင် အသက်ကောင်လို့ ထင်တယ်၊ မတင့်တယ်တဲ့ ကိုယ့်ကိုယ် သူ့ကိုယ်တွေကို တင့်တယ်တယ်လို့ ထင်တယ်၊ အဲဒါတွေဟာ ကောင်းတယ်လို့ ထင်တာတွေချည်းပါဘဲ။ အဲဒီလို ကောင်းတယ်ထင်တော့ နှစ်သက်လိုချင်တဲ့ ကာမတဏှာဖြစ်တယ်၊ အဲဒီလို နှစ်သက် လိုချင်ယင် စွဲလမ်းတဲ့ ဥပါဒါန်ဖြစ်တယ်၊ စွဲလမ်းတော့ ကိုယ့်အလိုအတိုင်း ပြီးစီးပြည့်စုံအောင် အားထုတ်တယ်၊ ကံနှင့် သင်္ခါရ တွေပါဘဲ။ အဲဒီ ကံသင်္ခါရတွေကြောင့် ဘဝသစ် ရုပ်နာမ်ခန္ဓာတွေ ဖြစ်ရတယ်။ ဒါကြောင့် နှစ်သက်လိုချင်မှု ဖြစ်တိုင်းဖြစ်တိုင်း ဘဝသစ် ခန္ဓာဝန်ကို ခံယူနေတယ်လို့ ဆိုရပါတယ်။
လိုချင်တာကိုချည်း ရသည်မဟုတ်
▬▬▬▬▬▬
နှစ်သက်လိုချင်တာကတော့ အကောင်းကိုချည်း နှစ်သက် လိုချင်ပါတယ်၊ ဒါပေမဲ့ ရတဲ့အခါမှာတော့ ကိုယ်လိုချင်တဲ့ အတိုင်း ဟုတ်ချင်မှ ဟုတ်မယ်။ ကိုယ်က လူ့ခန္ဓာ နတ်ခန္ဓာကို လိုချင်ပေမဲ့ ငရဲခန္ဓာကို ရချင်လဲ ရနေမယ်၊ ပြိတ္တာ ခန္ဓာကို ရချင်လဲ ရနေမယ်၊ တိရစ္ဆာန်ခန္ဓာကို ရချင်လဲ ရနေမယ်၊ တိရစ္ဆာန်အမျိုးမျိုးတွေထဲက ကျွဲတို့ နွားတို့၊ ကြက်တို့ ဝက်တို့ ဒီလို ဟာတွေလဲ ဖြစ်ချင် ဖြစ်နေမယ်၊ ပိုးမွှားဆိုတဲ့ အယုတ်အညံ့တွေ ဖြစ်ချင်လဲ ဖြစ်နေမယ်။ ထင်ရှားတဲ့ ဥပမာနဲ့ ပြောရယင် ထီထိုးထားတဲ့သူမှာ ရည်ရွယ်ချက်အတိုင်း မဖြစ်တာနဲ့ တူပါတယ်။ သိန်းထီထိုးတဲ့ သူကတော့ အကြီးဆုံး သိန်းဆုကိုရယင် လိုချင်တာဘဲ၊ ဒါပေမဲ့ ကံကောင်းလှတဲ့သူသာ အဲဒီ လိုချင်တဲ့ဆုကို ရပါတယ်၊ တချို့မှာ ကံ အတော်အသင့် ကောင်းတဲ့ အတွက် သောင်းဆု, ထောင်ဆုကို ရတယ်၊ တချို့မှာတော့ အောက်ဆုံး ရာဆုလောက်ပဲ ရတယ်၊ ကံအကြောင်း အညီညွတ်တဲ့ သူတွေ အများမှာတော့ ဘလာဆု ကျနေတယ်။
အဲဒါလိုပါဘဲ ကံကောင်းတဲ့ သူတွေမှာ မိမိတို့ နှစ်သက် လိုချင်တဲ့ လူ့ဘဝ, နတ်ဘဝကို ရကြတယ်၊ ကံကောင်းဆိုတာကလဲ တခြားမဟုတ်ဘူး၊ ဒါန, သီလ, ဘာဝနာ ကုသိုလ်တွေကို ပြည့်ပြည့်စုံစုံ ပြုလုပ် အားထုတ်မိတာကိုဘဲ ဆိုလိုပါတယ်။ အဲဒီလို ကုသိုလ်ကို အားမထုတ်တဲ့ သူတွေမှာတော့ သူတို့ အလိုရှိတဲ့ လူ့ဘဝ, နတ်ဘဝတွေကို မရနိုင်ဘူး၊ သူတို့ကိုယ်တိုင် ပြုထားတဲ့ အကုသိုလ်ကံ အားလျော်စွာ ငရဲဘဝကို ရတာလဲ ရှိတယ်၊ ပြိတ္တာဘဝကို ရတာလဲ ရှိတယ်၊ တိရစ္ဆာန်ဘဝကို ရတာလဲ ရှိတယ်။ အဲဒီလို ဘဝသစ်ခန္ဓာတွေကိုရတာဟာ ဘယ်က အကြောင်းအစလဲ ဆိုယင် နှစ်သက်လိုချင်တဲ့ တဏှာက အကြောင်းအစဘဲ၊ နှစ်သက်လိုချင်တဲ့ တဏှာကြောင့် စွဲလမ်းတယ်၊ စွဲလမ်းလို့ အားထုတ်တယ်၊ အားထုတ်လို့ ဘဝသစ် ဖြစ်ရတယ်။ ဒါကြောင့် …
ဣဒံ၊ ဤ နှစ်သက်သာယာသော တဏှာကို။
ဘာရာဒါနံ၊ ခန္ဓာဝန်ကို ခံယူခြင်း ဟူ၍။
ဝုစ္စတိ၊ ခေါ်ဆိုအပ်၏-လို့ ဟောထားတာဘဲ။
အဲဒါဟာ လိုချင်နှစ်သက်စရာကို လိုချင်နှစ်သက်တိုင်း ခန္ဓာဝန်ကို လက်ခံနေသည်ဟု မည်တာဘဲ။ လေးလံတဲ့ ဝန်ထုပ်ကြီးတွေကို ကောက်ကောက်ပြီး ထမ်းတာနဲ့ တူပါတယ်။ အာရုံတခုတခုကို နှစ်သက် သာယာတဲ့အတွက် လူ့ခန္ဓာဝန်ကြီးကိုရပြီး နှစ်ပေါင်း လေးငါးခြောက်ဆယ် တရာပတ်လုံး ဆင်းရဲ ပင်ပန်းစွာနှင့် ရှာကြံကျွေးမွေး ပြုစုနေရမယ်လို့ သေသေချာချာသိယင် ဒီနှစ်သက်သာယာမှုကို အင်မတန် ကြောက်ကြမှာဘဲ၊ အဲဒါထက် တိရစ္ဆာန် ခန္ဓာဝန်ကြီးကိုရပြီး ဒုက္ခ ရောက်သွားရမယ်ဆိုယင် အဲဒီနှစ်သက်မှုကို သာပြီး ကြောက်ကြလိမ့်မယ်၊ အဲဒါထက် ပြိတ္တာခန္ဓာဝန်ကြီးကိုရပြီး ဒုက္ခရောက် သွားရမယ် ဆိုတာကို သိရယင် သာပြီးကြောက်ကြလိမ့်မယ်၊
ပဌမပိုင်းတုန်းက ပြောခဲ့တဲ့ ပြိတ္တာတွေဟာ လူ့ဘဝတုန်းက သူတို့ အကြိုက် ကလေးတွေကို နှစ်သက်ပြီး မကောင်းမှု ဒုစရိုက်တွေကို ကျူးလွန်ခဲ့ကြတဲ့အတွက် ပြိတ္တာခန္ဓာကြီးတွေကိုရပြီး ဒုက္ခအကြီးအကျယ် ရောက်နေရှာကြတာဘဲ။ အဲဒါထက် ငရဲခန္ဓာဝန်ကြီးကိုရပြီး ဒုက္ခရောက်သွား ရမယ် ဆိုတာကို စောစောက သိရယင် သာပြီးကြောက်ကြပေလိမ့်မယ်။ အများသိနေကြတဲ့ အဇာတသတ်မင်း ဆိုတာဟာ ထီးနန်းစည်းစိမ်ကို နှစ်သက် သာယာတဲ့ တဏှာကြောင့် ခမည်းတော် မင်းကြီးကို သတ်မိလို့ လောဟကုမ္ဘီခေါ်တဲ့ ငရဲအိုးကြီးထဲမှာ ကျရောက်ပြီး အတိ ဒုက္ခရောက်နေ ရတယ်။
ဒု-သ-န-သော-ဆိုတဲ့ ငရဲသားလေးဟာလဲ သူတပါး၏ သား-မယား အာရုံကို တပ်မက်တဲ့ တဏှာကြောင့် ကာမေသု မိစ္ဆာစာရကံကို ကျူးလွန်ခဲ့တဲ့အတွက် ငရဲခန္ဓာတွေကိုရပြီး ဒုက္ခရောက် နေကြရတယ်၊ အဲဒီ ငရဲသားလေးယောက်ဟာ လူ့ဘဝတုန်းက သူဋ္ဌေးသားတွေ ဖြစ်ခဲ့ကြတယ်၊ မိမိတို့ ခန္ဓာကိုယ်ကို အကောင်းဆုံး အချမ်းသာဆုံးနည်းနဲ့ မွေးမြူပြုစုကြမယ် ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် ငွေနဲ့ဖြားယောင်းပြီးတော့ သူတပါးတို့၏ သားမယားတွေကို ကျူးလွန်လာခဲ့ကြတယ်။ အဲဒီ အကုသိုလ်ကံကြောင့် လောဟကုမ္ဘီ ငရဲအိုးထဲမှာ ကျရောက်နေကြရတယ်၊ ငရဲအိုးရဲ့ နှုတ်ခမ်းဝမှ အောက်စအထိ ကျဆင်း နေတာက အနှစ် သုံးသောင်း၊ အဲဒီ အောက်စက အထက်နှုတ်ခမ်းဝအထိ ပြန်တက်နေတာက အနှစ်သုံးသောင်း ၂-ရပ်ပေါင်း အနှစ်ခြောက်သောင်း ရှိနေပြီတဲ့၊ အဲဒီအခါမှာ လေးယောက်လုံး ငရဲအိုး နှုတ်ခမ်းဝမှာ ဆုံမိကြလို့ အချင်းချင်း ကိုယ့် အကြောင်းတွေကို ရင်ဖွင့်ပြောကြတာတဲ့။
ဒု-လို့ ပြောတဲ့သူက ဒုဇ္ဇီဝိတမဇီဝိမှ - စသည်ဖြင့် တဂါထာ ရွတ်ပြောဘို့ အားထုတ်စဉ်မှာ သံရည် ပွက်ထဲ ပြန်မြုပ်သွားလို့ အက္ခရာတလုံးသာ ရွတ်ဆိုနိုင်တာတဲ့၊ သူဆိုလိုတဲ့ အနက်အဓိပ္ပါယ်ကတော့ ငါတို့မှာ လူ့ဘဝတုန်းက လှူဘွယ်ပစ္စည်း တွေ အသင့်ရှိနေပါလျက်နဲ့ မပေးမလှူခံကြဘူး၊ မကောင်းသော အသက်မွေးခြင်းဖြင့် အသက်မွေးခဲ့ကြတယ်၊ မိမိတို့၏ ထောက်တည်ရာ ကုသိုလ် ကံကို မပြုခဲ့မိကြဘူး၊ ဒါကြောင့် ဒီလို ဒုက္ခရောက်နေကြရတယ် မောင်တို့-လို့ ဆိုလို ပါတယ်။
သ-လို့ ပြောတဲ့သူကတော့ ငါတို့ သံရည်ပွက်ငရဲအိုးထဲ ခံနေကြရတာဟာ အနှစ် ခြောက်သောင်း တောင် ရှိသွားပြီ မောင်တို့၊ ဘယ်တော့မှ ပြီးဆုံးပါမည်လဲ-လို့ ဆိုလိုပါသတဲ့။
န-လို့ ပြောတဲ့သူကတော့ ငါတို့ရဲ့ ငရဲဆင်းရဲ၏ အပြီးအဆုံးဆိုတာ မရှိတော့ဘူး၊ အပြီးအဆုံးကို မြှော်မှန်း၍ မမြင်မတွေ့နိုင်ဘူး၊ အကြောင်းကတော့ ဟို လူဖြစ်စဉ်တုန်းက ငါရော သင်တို့ရော မကောင်းမှုကို ပြုခဲ့ကြတဲ့ အတွက်ကြောင့်ပါဘဲ မောင်တို့-လို့ ဆိုလိုပါသတဲ့။
သော-လို့ ပြောတဲ့သူကတော့ ငါဟာ ဒီငရဲမှ လွတ်ပြီး လူ့ဘဝ ရလို့ရှိယင် အလှူခံပုဂ္ဂိုလ်တို့၏ အလိုနှင့် စကားကို သိနားလည်သောအားဖြင့် ပေးလှူပြီး ကိုယ်ကျင့်သီလနှင့်လဲ ပြည့်စုံလျက် ကုသိုလ်ကိုအများကြီး ပြုလုပ်မယ်လို့ ဆိုလိုပါသတဲ့။
အဲဒီစကားတွေကတော့ အချိန်လွန်မှ နောင်တရပုံကို ဖော်ပြကြတဲ့ စကားတွေပါဘဲ၊ အဲဒီလို အချိန်လွန်မှ နောင်တ ရတာမျိုးကတော့ အကျိုးမများတော့ဘူး၊ ဒါကြောင့် မြတ်စွာဘုရားက အချိန်မှီ သတိတရားရဘို့ရာ ဒီလို သတိပေး ဆုံးမတော်မူပါတယ်။
နောင်တကင်းရေး သတိပေးသည်
▬▬▬▬▬▬
ဈာယထ ဘိက္ခဝေ မာ ပမာဒတ္ထ၊ မာ ပစ္ဆာ ဝိပ္ပဋိသာရိနော အဟုဝတ္ထ၊ အယံ ဝေါ အမှာကံ အနုသာသနီ။
ဘိက္ခဝေ၊ ရဟန်းတို့။
ဈာယထ၊ ရှုကြကုန်လော့၊ နှလုံးသွင်းအားထုတ်ကြကုန်လော့။
မာ ပမာဒတ္ထ၊ မမေ့ကြလင့်၊ မေ့မနေကြလင့်၊
ဒီနေရာမှာ မေ့နေတယ်ဆိုတာက စားဝတ်နေရေး ကာမဂုဏ်အရေးတွေနဲ့ ပျော်မွေ့နေတာကို မေ့နေတယ်လို့ ဆိုလိုပါတယ်၊ ဒါကြောင့် ကာမဂုဏ်အာရုံတွေကို စိတ်ကူးကြံစည်ပြီး မေ့မနေကြနဲ့လို့ ပြောလိုရင်းပါဘဲ။ ပစ္ဆာ၊ အချိန်လွန်ပြီးသော နောက်ကာလကျမှ။ ဝိပ္ပဋိသာရိနော၊ ဟိုတုန်းက ကုသိုလ် မပြုမိ အားမထုတ်မိသည်မှာ မှားလေစွဟု နှလုံးမသာကာ နောင်တ ပူပန်ကုန်သည်။ မာ အဟုဝတ္ထ၊ မဖြစ်ကြစေလင့်၊ အိုမင်းမစွမ်း ဖြစ်တဲ့အခါ၊ သေရမည့် ညောင်စောင်း လျောင်းနေ ရတဲ့အခါ၊ ငရဲဘုံ ပြိတ္တာဘုံ စသည်ကို ရောက်နေတဲ့အခါ ဆိုတဲ့ နောက်အခါများကျတော့ ငယ်ရွယ် ကျန်းမာစဉ်တုန်းက တရားအားမထုတ်ခဲ့မိတာ မှားလေစွ၊ လူဖြစ်စဉ်တုန်းက ကုသိုလ်ကို မပြုခဲ့မိတာ မှားလေစွ-လို့ နောင်တရပြီး ပူပန်ရတတ်တယ်၊ အဲဒီလို နောင်တ ပူပန်မှု မဖြစ်ရအောင် အခွင့် ကောင်း ရနေတုန်းမှာ သမထ ဝိပဿနာ ဘာဝနာအလုပ် ကုသိုလ်အလုပ်ကို အားထုတ်ကြ-လို့ ဆုံးမလိုရင်း ဖြစ်ပါတယ်။
အယံ၊ ရှုကြ အားထုတ်ကြ၊ မမေ့ကြလင့်၊ အချိန်လွန်မှ နောင်တပူပန်ခြင်း မဖြစ်ကြစေလင့်-ဟူသော ဤစကားသည်။
ဝေါ၊ သင်တို့အား။
အမှာကံ၊ ငါ ဘုရားတို့၏။
အနုသာသနီ၊ အဖန်ဖန်အထပ်ထပ် ပေးတော်မူအပ်သော အဆုံးအမတော်ပါပေတည်း-တဲ့။
ဒီအဆုံးအမ စကားတော်ကို လူတိုင်း ရှင်တိုင်း ရဟန်းတိုင်း အထူးအလေးအနက် ဆင်ခြင်ပြီး လိုက်နာစရာကောင်းပါတယ်။ ဘာကြောင့်လဲ ဆိုလျှင် ယခုလူ့ဘဝမှာ ချမ်းသာစွာ ခံစားသုံးဆောင် နေရတယ် ဆိုတာဟာ ဘာမျှ မကြာပါဘူး၊ ငယ်ရွယ်တဲ့အပိုင်း အိုမင်းကြီးရင့်တဲ့ အပိုင်းတွေကို နှုတ်ပယ်လိုက်ယင် များလှပါမှ အနှစ်လေးငါးဆယ် လောက်ပဲ ရှိပါတယ်။ ဒီအနှစ် လေးငါးဆယ် လောက်အတွင်းမှာ မိမိခန္ဓာကိုယ်ကို အလိုလိုက်ပြီး မွေးမြူပြုစုနေမယ်ဆိုယင် အားကိုးစရာကုသိုလ် မရှိဘဲ အကုသိုလ်တွေ ပွားသွားနိုင်တယ်၊ အဲဒီလို အကုသိုလ်တွေ ပွားသွားယင် အပါယ်လေးပါးလဲ ကျသွားနိုင်တယ်၊
ယခု ပြောခဲ့တဲ့ ဒု-သ-န-သော-ဆိုတဲ့ သူတွေလို ငရဲမှာ တဘဝလောက် ဖြစ်ရတယ် ဆိုယင်ဘဲ နှစ်ပေါင်း ထောင်သောင်းများစွာ ဒုက္ခရောက်သွားနိုင်တယ်၊ အလျင်နေ့ကပြောခဲ့တဲ့ ပြိတ္တာတွေလိုလဲ ဒုက္ခရောက်သွားနိုင်တယ်။ အဲဒါဟာလဲ အထူးအဆန်းတော့ မဟုတ်ပါဘူး၊ ရှေးရှေး ဘဝတွေကလဲ ဒီလိုဆင်းရဲတွေကို တွေ့ခဲ့ရဘူးလှပြီ၊ ယခု အပါယ်လေးဘုံမှာ ဒုက္ခရောက်နေကြတဲ့ သူတွေဟာ ဒါန သီလ ဘာဝနာ ကုသိုလ်မှုကိုမေ့ပြီး မိမိတို့ ခန္ဓာကိုယ်ကို အလိုလိုက်လာခဲ့ကြလို့ ဒုက္ခရောက်နေကြရ ရှာတာဘဲ။ အကယ်၍ ယခုဘဝမှာ အရိယမဂ်ဖိုလ်ကိုရအောင် အားမထုတ်ပဲ မိမိကိုယ်ကို အလိုလိုက် နေမယ်ဆိုယင် နောင် တချိန်ချိန်မှာ အပါယ်လေးပါး ကျသွားနိုင်တယ်၊ အဲဒီလို မကျစေရပါဘူးလို့ ဘယ်သူကမျှ တာဝန်မခံနိုင်ဘူး။
ဒါကြောင့် ယခုလို အချိန်ကောင်း အခါကောင်း အဆုံးအမကောင်းကို ရနေတဲ့အခါမှာ မိမိ၏ ထောက်တည်ရာဖြစ်တဲ့ ဒါန သီလဘာဝနာ ကုသိုလ်တွေကို အင်တိုက်အားတိုက် ပြုစုပွားများ သင့်ပါတယ်၊ အထူးအားဖြင့် အရိယမဂ်ဖိုလ်ကို လက်ငင်းရစေနိုင်တဲ့ ဝိပဿနာဘာဝနာအလုပ်ကို သက်စွန့်ကြိုးပမ်း ပွားများအားထုတ်သင့်လှပါပေတယ်။ ဒါကြောင့် ရှေးဆရာတော်ဘုရားကြီး တစ်ပါးက ဒီလို အားပေး ဂါထာတပုဒ်ကို ရေးထားပါတယ်။
နာဟံ ဒါသော ဘဋော တုယှံ၊ နာဟံ ပေါသေမိ ဒါနိ တံ။
တွမေဝ ပေါသေန္တော ဒုက္ခံ၊ ပတ္တော ဝဋ္ဋေ အနပ္ပကံ-တဲ့။
ဘော အတ္တဘာဝ၊ အို ခန္ဓာကိုယ် အတ္တဘောကြီး။
အဟံ၊ ငါသည်။
တုယှံ၊ သင် အတ္တဘောကြီး၏။
န ဒါသော၊ အပိုင်ကျွန်လဲ မဟုတ်ပေ။
ရှေးတုန်းက အရှင်သခင်နဲ့ ကျွန်ဆိုတာ ရှိခဲ့တယ်၊ အဲဒီကျွန်ဟာ အရှင်သခင်က ခိုင်းသမျှကို လုပ်ရတယ်၊ ထားရာမှာ နေရတယ်။ ငါဟာ အဲဒီလို သင်ခန္ဓာဝန်ရဲ့ အပိုင်ကျွန်လဲ မဟုတ်ဘူးလို့ ဆိုလိုပါတယ်။
တုယှံ၊ သင်၏။
န ဘဋော၊ နေ့စား လစား လုပ်ကိုင်နေသော အခစား အလုပ်သမားလဲ မဟုတ်။
သင် ခန္ဓာကိုယ်ကြီးထံမှ တနေ့လျှင် တကျပ် နှစ်ကျပ် စသည်ယူပြီး အသက်မွေး လုပ်ကိုင်နေတဲ့ အခစား အလုပ်သမားလဲ မဟုတ်ဘူးလို့ ဆိုလိုပါတယ်။
ဣဒါနိ၊ မြတ်စွာဘုရား၏ အဆုံးအမကို ကျကျနန ကောင်းစွာရနေသော ယခုအခါကာလ၌။
တံ၊ သင်ခန္ဓာဝန် အတ္တဘောကြီးကို။
န ပေါသေမိ၊ အလိုလိုက်လျက် ကြိုက်ပေးကာ မမွေးမြူနိုင်တော့ပါ။
ရှေးကာလကတော့ မြတ်စွာဘုရား၏ အဆုံးအမကို မရသေးလို့ သင် ခန္ဓာဝန်ကြီးကို အလိုလိုက်ပြီး ကြိုက်တာတွေကို ရှာကြံကျွေးမွေး ပြုစုလာခဲ့တယ်၊ ယခုတော့ မြတ်စွာဘုရား၏ အဆုံးအမကို ငါ ရထားတယ်၊ ဘယ်လို ရထားသလဲဆိုယင် ခန္ဓာငါးပါး တရားတွေဟာ အင်မတန် လေးလံတဲ့ ဝန်ထုပ် ဝန်ပိုးကြီးဘဲလို့လဲ အဆုံးအမ ရထားတယ်၊ ဒီခန္ဓာဝန်ကြီးကို ဘယ်လိုဘဲ မွေးမြူပြုစုပြီး ထမ်းဆောင်နေစေကာမူ မမြဲတဲ့ သဘောတရားတွေမျှဘဲ၊ ဘာမျှ အားမကိုးရဘူး၊ ဒီခန္ဓာကိုယ်ကို အလိုလိုက်ပြီး ကျွေးမွေး ပြုစုနေယင် အပါယ်ဆင်းရဲ သံသရာဝဋ်ဆင်းရဲတွေနဲ့ ဒုက္ခရောက်နေရမယ်၊
ဒီခန္ဓာငါးပါး၏ အနိစ္စ ဒုက္ခ အနတ္တ-သဘောကို သိမြင်အောင်ရှုပါမှ အပါယ်ဆင်းရဲ သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်မယ်လို့လဲ အဆုံးအမကို ရထားတယ်။ ဒီလို မြတ်စွာဘုရား၏ အဆုံးအမကိုရနေတဲ့ ယခုအခါမှာ သင်ခန္ဓာဝန်ကြီးကို အလိုလိုက်ပြီး မမွေးမြူ မပြုစုနိုင်တော့ဘူး။ ဘုရား အဆုံးအမတော် အတိုင်းသာ တင်းတင်းရင်းရင်း အားထုတ်သွားမယ်လို့ ဆိုလိုတာပါဘဲ၊ ဘာကြောင့် မိမိ ခန္ဓာကိုယ်ကို မပြုစုနိုင်ရပါသလဲလို့ ဆိုတော့ -
တွံ ဧဝ၊ ခန္ဓာဝန်ထုပ် သင့်ကိုယ်ယုတ်ကိုသာလျှင်။
ပေါသေန္တော၊ အလိုလိုက်လျက် အကြိုက်ပေးကာ မွေးမြူခဲ့မိ ပါသောကြောင့်။
ဝဋ္ဋေ၊ သံသရာဝဋ်ထဲ၌။
အနပ္ပကံ ဒုက္ခံ၊ များစွာသော ဆင်းရဲသို့။
ပတ္တော၊ ရောက်ခဲ့ရလှလေပြီ။
သင်ခန္ဓာကိုယ်ရဲ့ အလိုလိုက်ပြီးတော့ သွားချင်တယ်၊ သွားလိုက်ပါဦးဆိုယင်လဲ သွားရတယ်၊ ပြောလိုက်ဦးဆိုယင်လဲ ပြောရတယ်၊ ရှာလိုက်ဦးဆိုယင် ရှာရတယ်၊ ဒီနည်းဖြင့် သင် ခန္ဓာကိုယ်ရဲ့ အလိုလိုက်ပြီး ပြုလုပ်ဆောင်ရွက်ခဲ့ရတယ်။ အဲဒီလို ပြုလုပ်ရာမှာ တရားသဖြင့် ပြုလုပ်ရတာတွေလဲ ရှိပါတယ်၊ အဲဒါတွေကတော့ လောလောဆယ် ပင်ပန်းရုံမျှမို့ တော်ပါသေးရဲ့။ မတော်တာကတော့ မတရားသဖြင့် ပြုလုပ်ရ ရှာမှီးရတာတွေ ပါဘဲ၊ ဘယ်လိုဟာတွေလဲဆိုယင် သူတပါးကို ညှင်းဆဲခြင်း သတ်ဖြတ်ခြင်း၊ သူတပါးဥစ္စာကို ခိုးခြင်း လုယက်ခြင်း၊ မတော်မတရားပြုခြင်း၊ သူတပါးအား အကျိုးမဲ့ဖြစ်အောင် လိမ်လည်ခြင်း၊ သူတပါးတွေ သဘောကွဲကုန်အောင် ဂုံးတိုက်ခြင်း၊ မဟုတ်မဟတ် ဝါဒဖြန့်ခြင်း အစရှိတဲ့ အကုသိုလ် အမှုတွေပါဘဲ။ အဲဒီလို အကုသိုလ် အမှုတွေကိုပြုပြီး မိမိ၏ ခန္ဓာဝန်ကို မွေးမြူပြုစုမိတဲ့အတွက် သံသရာဝဋ်ထဲမှာ ငရဲ တိရစ္ဆာန် ပြိတ္တာတွေ ဖြစ်ပြီး အတိ ဒုက္ခရောက်ခဲ့ရတဲ့ ဘဝတွေလဲ မရေမတွက်နိုင်အောင်များခဲ့ပြီ၊ လူ နတ် ဖြစ်ရပြန်လဲ လူဆင်းရဲ နတ်ဆင်းရဲ ဖြစ်ခဲ့ရတာတွေ များလှပြီ။ အဲဒီလို ဒုက္ခရောက်ခဲ့တာတွေကို ရည်ပြီးတော့ တွမေဝ ပေါသေန္တော ဒုက္ခံ၊ ပတ္တော ဝဋ္ဋေ အနပ္ပကံ-လို့ ဆိုထားပါတယ်။
တွံ ဧဝ၊ ခန္ဓာဝန်ထုပ် သင် ကိုယ်ယုတ်ကိုသာလျှင်။
ပေါသေန္တော၊ အလိုလိုက်လျက် အကြိုက်ပေးကာ မွေးမြူခဲ့မိပါသောကြောင့်။
ဝဋ္ဋေ၊ သံသရာဝဋ်ထဲ၌။
အနပ္ပကံ ဒုက္ခံ၊ များစွာသော ဆင်းရဲသို့။
ပတ္တော၊ ရောက်ခဲ့ရလှလေပြီ-တဲ့။
ပညာရှိအမြင် ယောဂီအမြင်နဲ့ ဆိုယင်တော့
▬▬▬▬▬▬▬▬▬▬▬
ယခုပြောခဲ့တာက သာမန်ပုဂ္ဂိုလ်တို့၏ အမြင်နဲ့ တွေ့ရတဲ့ ဆင်းရဲတွေသာ ရှိသေးတယ်။ ပညာရှိပုဂ္ဂိုလ် ယောဂီပုဂ္ဂိုလ် တို့၏ အမြင်နဲ့ ဆိုယင်တော့ လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာတွေ ဖြစ်နေရတာလဲ ဆင်းရဲတွေပါဘဲ။ လူ့ဘဝမှာဆိုယင် ချမ်းသာတယ် ဆိုပေမဲ့ ကိုယ့်ခန္ဓာဝန်အတွက် ပြုပြင်စောင့်ရှောက်ရမှု ကျွေးမွေး သုတ်သင်ရမှုတွေက အများကြီး ရှိနေတာဘဲ၊ နေမကောင်းတဲ့ အခါမှ သာပြီးထင်ရှားပါတယ်၊ ကိုယ်နဲ့ ဘာမျှမစပ်ဆိုင်တဲ့ လူတယောက်ကို ဒီလို နေ့စဉ်နေ့တိုင်း စောင့်ရှောက်ပြုစုရမယ်ဆိုယင် တာဝန်ယူနိုင်ကြမှာ မဟုတ်ဘူး၊ တနေ့ ငွေတစ်ဆယ် ပေးမယ် ဆိုယင်တောင် စောင့်ရှောက် ပြုစုရမည့်သူ ရှိမှာ မဟုတ်ဘူး၊ ရောဂါဖြစ်နေတဲ့သူ အတွက် ဆိုယင်တော့ တနေ့ ငါးဆယ် တရာ ပေးမယ်ဆိုတောင် အမြဲတမ်း စောင့်ရှောက်ပြုစုဘို့ ဆိုယင် တာဝန်ယူနိုင်ကြမယ် မဟုတ်ပါဘူး။ ဒါကြောင့် လူ့ခန္ဓာဝန်ကို ဆောင်ရွက်နေရတာ ဝန်လေးကြောင်း ထင်ရှားပါတယ်။
နတ်ဆိုတာကတော့ မမြင်ရလို့ သူတို့ရဲ့ အခြေအနေကို တိတိကျကျ ပြောဘို့ မလွယ်ဘူး။ ဒါပေမဲ့ နတ်တွေမှာလဲ သူတို့ကိုယ်ကို အလိုလိုက်ပြီး ကာမဂုဏ် အာရုံတွေနဲ့ ပြုစုနေရတာဟာ သက်သာလှမယ် မဟုတ်ပါဘူး။ စဉ်းစားကြည့်ပါ၊ တချို့ နတ်မင်းကြီးတွေမှာ အလုပ်အကျွေး နတ်သမီးတွေက ရာနဲ့ ထောင်နဲ့ သိန်းသန်းနဲ့ ချီပြီး ရှိနေတယ်လို့ ဆိုပါတယ်၊ အဲဒီမှာ အလိုမပြည့်တဲ့ နတ်သမီးတွေ အများကြီးရှိပါလိမ့်မယ်။ ကာမဂုဏ် အာရုံတွေ ပြည့်စုံနေပါတယ် ဆိုရတဲ့ နတ်သားကြီးတွေမှာလဲ တဏှာက အလိုမပြည့်တဲ့အတွက် အားမရနိုင်ဘဲ ဆင်းရဲ ဒုက္ခရောက် နေကြမှာဘဲ ဆိုတာကို လူချမ်းသာတွေ့ရဲ့ အခြေအနေနဲ့ နှိုင်းဆပြီး သိနိုင်ပါတယ်။ နောက်ပြီးတော့ ဗြဟ္မာတွေ ဆိုတာကတော့ ကာမဂုဏ်နဲ့စပ်ပြီး အရှုပ်အထွေး မရှိဘူး၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ မရှိဘူး၊ သက်သာတယ်လို့ ဆိုရမှာဘဲ။ ဒါပေမဲ့ ဒီဗြဟ္မာတွေမှာ စိတ်ကူး ကြံစည်မှုဆိုတဲ့ သင်္ခါရ ဒုက္ခကတော့ ရှိနေတာဘဲ၊ ဒါကြောင့် စိတ်ကူး ကြံစည်ပြီး အချိန်ကုန်အောင် ခန္ဓာဝန်ကို ရွက်ဆောင်နေရတာဟာ ပညာရှိတွေအမြင် ယောဂီရဲ့ အမြင်နဲ့ ကြည့်လိုက်ယင် မသက်သာဘူး၊ ဆင်းရဲပင်ပန်းတဲ့ အနေနဲ့ဘဲ ထင်ရပါ တယ်။
ဥပမာအားဖြင့် ဘာအလုပ်မှ မလုပ်ရဘဲ တယောက်တည်း တရက်ပတ်လုံး ထိုင်နေရမယ်ဆိုယင် တလပတ်လုံး ထင်နေရမယ်ဆိုယင် ဆင်းရဲတဲ့ အနေအားဖြင့် ထင်ရသလိုပါဘဲ၊ အဲဒါထက် တနှစ်ပတ်လုံး တယောက်တည်း နေရမယ်၊ အနှစ်တရာ တထောင် စသည်ပတ်လုံး တယောက်တည်း နေရမယ်ဆိုယင် ပျင်းစရာ ငြီးငွေ့စရာ ဆင်းရဲ အနေအားဖြင့်သာပြီး ထင်ပါလိမ့်မယ်။ ဗြဟ္မာဘဝက နှစ်ပေါင်း ကုဋေလဲ မကဘူး၊ ကမ္ဘာနဲ့ချီပြီး အကြာကြီး စိတ်ကူးကြံစည်မှုတွေနဲ့ တယောက်တည်း နေရတာ၊ အဲဒီတော့ သာမန် ပုဂ္ဂိုလ်အနေနဲ့တောင် ပျင်းရိငြီးငွေ့စရာ အနေနဲ့ ထင်နိုင်ပါတယ်။ အဲဒါဟာ သင်္ခါရဒုက္ခ တွေဘဲ။
နောက်ပြီးတော့ အဲဒီဗြဟ္မာဟာ သူ့အသက်တမ်းကုန်တော့ အဲဒီဘဝမှာ စုတေရတယ်၊ လူ့ဘဝ နတ်ဘဝကို ရောက်ရပြန်တယ်၊ အဲဒီကျတော့ ခုနကပြောခဲ့တဲ့အတိုင်း လူ့လောက နတ်လောကနဲ့ ဆိုင်တဲ့ ဆင်းရဲတွေနဲ့ တွေ့ရပြန်တယ်။ အဲဒီလူ့ဘဝ နတ်ဘဝမှ သေတဲ့အခါ ကံမကောင်း အကြောင်းမညီညွတ်ယင် ငရဲလဲ ကျနိုင်သေးတယ်၊ ပြိတ္တာလဲ ဖြစ်နိုင်သေးတယ်၊ တိရစ္ဆာန်လဲ ဖြစ်နိုင် သေးတယ်။ ဒါကြောင့် ဗြဟ္မာ့ခန္ဓာဝန်ကို ထမ်းဆောင်နေရတာလဲ မသက်သာပါဘူး၊ ပညာရှိတွေ အမြင် ယောဂီပုဂ္ဂိုလ်တို့၏ အမြင်နဲ့ဆိုယင် ဆင်းရဲပင်ပန်းနေတာပါဘဲ။ ဒါကြောင့် ရဟန္တာ ပုဂ္ဂိုလ်များက ပရိနိဗ္ဗာန် စံခါနီး အာယုသင်္ခါရကို ဆင်ခြင်တဲ့အခါမှာ -
အယံ ဒုက္ခဘာရော၊ ဆင်းရဲလှစွာသော ဤခန္ဓာဝန်ကြီးကို။ ကီဝ စိရံ၊ အဘယ်မျှလောက် ကြာအောင်။ ဝဟိတဗ္ဗော နု ခေါ၊ ဆောင်နေရဦးမှာပါလိမ့်မည်လဲ-လို့ ဆင်ခြင်တော်မူကြပါတယ်။
ယခုပြောလာခဲ့တာဟာ ကာမတဏှာ၊ ကောင်းနိုးရာ၊ သာယာနှစ်သက်မှု-ဆိုတဲ့ ကာမတဏှာဖြစ်ပြီး ခန္ဓာဝန်ကို ခံယူပုံကို ပြောယင်း ခန္ဓာဝန်လေးပုံကိုပါ ပြောလာခဲ့တယ်။ အဲဒီကာမတဏှာ ဖြစ်ပြီး ခန္ဓာဝန်ယူပုံကတော့ တော်တော် သဘောပေါက်လောက်ပါပြီ။ ယခု ဘဝတဏှာနဲ့ ဝိဘဝတဏှာ အကြောင်းကို ပြောရမယ်။
ဘဝတဏှာဖြင့် ခန္ဓာဝန်ကို ယူပုံ
▬▬▬▬▬▬▬▬▬▬▬▬
ဘဝတဏှာ ဆိုတာ သဿတဒိဋ္ဌိနဲ့ တွဲပြီး ဖြစ်တဲ့ နှစ်သက်သာယာမှုဘဲ။ ဒိဋ္ဌိက သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိလို့ ဒီလို နှစ်မျိုးရှိတယ်၊ ပုထုဇဉ်သတ္တဝါတွေမှာ ဒီဒိဋ္ဌိနှစ်မျိုးက ရှိနေတာဘဲ၊ အားကြီးတာနဲ့ အားနည်းတာလောက်သာ ကွာခြားပါတယ်။ အဲဒီ ဒိဋ္ဌိနှစ်မျိုးထဲက သဿတဒိဋ္ဌိဆိုတာ “အသက်ရှင်နေတဲ့ သတ္တဝါကောင်ဟာ သေခြင်း ပျက်ခြင်း မရှိဘူး၊ ရုပ်ကိုယ်ကြမ်းကြီးက ပျက်စီး သွားပေမဲ့ အဲဒီ သတ္တဝါကောင် အသက်ကောင်ကတော့ မပျက်ဘူး၊ တခြားခန္ဓာကိုယ် အသစ်မှာ ဝင်ပြီး တည်ရှိနေတာဘဲ၊ ကမ္ဘာပျက်သော်လဲ သူကတော့ မပျက်ဘူး၊ ဘယ်တော့မှ မပျက်ဘူး၊ အမြဲတမ်း တည်ရှိနေတယ်”လို့ ထင်မြင်တဲ့ အယူပါဘဲ။
ဗုဒ္ဓသာသနာ အပြင်ဘက်က အယူဝါဒတွေဟာ များသောအားဖြင့် ဒီသဿတအယူဘဲ ဖြစ်နေပါတယ်။ အဲဒီအယူတွေထဲမှ တချို့ကတော့ “လူသေသွားယင် ဘုရားသခင်အလိုအတိုင်း ကောင်းကင်ဘုံရောက်ပြီး အမြဲတမ်း တည်ရှိတယ်၊ သို့မဟုတ် ထာဝရ ငရဲရောက်ပြီး ဒုက္ခခံနေ ရတယ်”လို့ ဒီလို အယူလဲရှိတယ်။ တချို့ကတော့ “ကံအားလျော်စွာ ဒီဘဝမှ ဟိုဘဝ၊ ဟိုဘဝမှ တခြား ဘဝ စသည်ဖြင့် ပြောင်းရွှေ့ပြီး ဖြစ်နေတယ်၊ တည်နေတယ်”လို့ ယူကြတယ်။ တချို့ကတော့ “ကိန်းသေ သတ်မှတ်ထားတဲ့ ဖြစ်စဉ် အတိုင်းပြောင်းလဲပြီး ဖြစ်နေတယ် တည်နေတယ်”လို့ ယူကြတယ်။
အချုပ်အားဖြင့်တော့ “အသက်ကောင် သတ္တဝါကောင်ဟာ အကောင်လိုက် မပျက်ပဲ ပြောင်းရွှေ့ပြီး တည်ရှိနေတယ်”လို့ ယူဆတာ ဟူသမျှကို သဿတဒိဋ္ဌိလို့ ခေါ်ပါတယ်။ ဥပမာအားဖြင့် သစ်ပင်ပေါ်မှာ နားနေတဲ့ ငှက်ဟာ အဲဒီသစ်ပင်က လဲကျသွားယင် အခြားသစ်ပင်ကို ရွှေ့သွားတယ်၊ အဲဒီသစ်ပင်က လဲကျသွားပြန်ယင်လဲ အခြားတပင်သို့ ရွှေ့သွားတယ်၊ အဲဒါလိုဘဲ အသက်ကောင်က ရုပ်ကိုယ်တခု ပျက်စီးသွားယင် တခြား ရုပ်ကိုသစ်ထဲသို့ ပြောင်းရွှေ့ ပြောင်းရွှေ့သွားတယ်၊ သူကတော့ ဘယ်တော့မှ မပျက်ဘူး၊ အမြဲတမ်း တည်ရှိနေတယ်လို့ ထင်မြင်တဲ့ အယူအဆပါဘဲ။
အဲဒီ သဿတဒိဋ္ဌိနဲ့ ယှဉ်တွဲပြီးဖြစ်တဲ့ တဏှာကို ဘဝတဏှာခေါ်တယ်၊ ဒီတဏှာက အတ္တကောင် အသက်ကောင် သတ္တဝါကောင် အမြဲတမ်းတည်ရှိနေတယ် ဆိုတာကိုလဲ နှစ်သက်သဘောကျတယ်၊ တည်မြဲ တည်ရှိနေတဲ့ ငါကဘဲ၊ ယခုလဲ ခံစားရတယ်၊ နောင်လဲ ခံစားသွားရမယ်လို့ ယုံကြည် ယူဆပြီးတော့ မြင်ရ ကြားရ တွေ့ရ သိရတဲ့ အာရုံတွေကိုလဲ နှစ်သက် လိုချင်တယ်၊ နောင်အခါမှ ရမယ်လို့ ထင်ရတာတွေလဲ နှစ်သက်လိုချင်တယ်၊ အမြဲတမ်း တည်ရှိနေမည့် မိမိကိုယ်အတွက် မိမိ၏ ဘဝအတွက်လဲ ကောင်းစား ချမ်းသာစေချင်တယ်၊ ဘဝကောင်းတွေ ဖြစ်ချင်တယ်၊ နောက်ဘဝ တွေမှာ လူချမ်းသာချည်း ဖြစ်သွားချင်တယ်၊ နတ်ချမ်းသာချည်း ဖြစ်သွားချင်တယ်၊ တချို့က ယောက်ျား ဘဝချည်း ဖြစ်သွားချင်တယ်၊ တချို့က မိန်းမဘဝချည်း ဖြစ်သွားချင်တယ်၊ အဲဒါတွေဟာ ဘဝတဏှာတွေ ချည်းပါဘဲ၊ ဒီဘဝတဏှာဖြင့် လက်ရှိ အာရုံတွေကို နှစ်သက်လိုချင်တိုင်း, ဖြစ်ဆဲဘဝကို နှစ်သက်သာယာတိုင်း, ဖြစ်ရမည့် ဘဝတွေကို မြှော်လင့် တောင့်တတိုင်း ခန္ဓာဝန် အသစ်တွေကို ခံယူနေသည် မည်ပါတယ်၊ အဲဒီ ဘဝတဏှာကို ဘဝတဏှာ၊ သဿတာ၊ ထင်ကာ နှစ်သက်မှု-လို့ ဆောင်ပုဒ် စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။
ဘဝတဏှာ၊ သဿတာ၊ ထင်ကာနှစ်သက်မှု။ (ဆို)
အတ္တကောင် အသက်ကောင် ငါကောင်ဟာ (သဿတ) အမြဲတမ်း တည်ရှိနေတယ်၊ ဘယ်တော့မှ မပျက်စီးဘူလို့ ထင်မြင်ယူဆပြီး နှစ်သက်လိုချင်တဲ့ တဏှာကို ဘဝတဏှာ ခေါ်တယ်လို့ ဆိုလိုပါတယ်။
ဝိဘဝတဏှာဖြင့် ခန္ဓာဝန်ကိုယူပုံ
▬▬▬▬▬▬
ဥစ္ဆေဒဒိဋ္ဌိဆိုတာကတော့ သတ္တဝါဟာ သေပြီးယင် ဘာမျှ မရှိတော့ဘူး၊ လုံးဝပျောက်ကွယ် ပြတ်စဲသွားတယ်လို့ ထင်မြင်တဲ့ အယူပါဘဲ၊ ဗုဒ္ဓမြတ်စွာဘုရား လက်ထက်တော်ကာလတုန်းကတော့ ဒီအယူကို အဇိတ (ကေသကမ္ဗလ)ဆိုတဲ့ ဂိုဏ်းဆရာကြီးက ဟောပြောနေခဲ့ပါတယ်၊ သူဟောပုံ ကတော့ -
အယံ ပုရိသော၊ ဤပုဂ္ဂိုလ်သတ္တဝါသည်။ (ဒီနေရာမှာ ပုရိသော-ပုဒ်က ပုဂ္ဂိုလ်သတ္တဝါ သာမညကို ဟောတယ်၊ မိန်းမ မဟုတ်တဲ့ ယောက်ျားကိုသာ ဟောတယ်လို့ မယူရဘူး၊ အဲဒီလိုယူယင် ဒီဝါဒမှာ မိန်းမတွေ မပါဘူးလို့ အပြစ်တင်စရာ ဖြစ်လိမ့်မယ်၊ ဒါကြောင့် ပုဂ္ဂိုလ်သတ္တဝါ သာမညအနက်ကိုသာ ယူရမယ်)။
အယံ ပုရိသော၊ ဤပုဂ္ဂိုလ်သတ္တဝါသည်။
စာတုမဟာဘူတိကော၊ မဟာဘုတ် ၄-ပါး အစုအဝေးမျှသာ ဖြစ်သည်။
ယဒါ ကာလံ ကရောတိ၊ အကြင်အခါ၌ သေ၏၊
ထိုအခါမှာ။
ပထဝီ၊ သက်ရှိရုပ်ကိုယ်မှ ပထဝီဓာတ်သည်။
ပထဝီကာယံ အနုပေတိ အနုပဂစ္ဆတိ၊ သက်မဲ့ အပြင်ပ ပထဝီဓာတ် အပေါင်းသို့ သက်ဝင်သွားလေ တော့သည်။
(မသေမီက ကိုယ်ထဲမှာ ရှိနေတဲ့ ခက်မာ ကြမ်းတမ်းတဲ့ ပထဝီဓာတ် သဘောတွေဟာ သေတဲ့အခါ သက်မဲ့ ဗဟိဒ္ဓ အပြင်ပ ပထဝီဓာတ် ဖြစ်သွားတယ်၊ အသက်မဲ့ အလောင်းကောင်ထဲက ပထဝီရုပ် ဖြစ်သွားတယ်၊ အဲဒီကနောက် တဖြေးဖြေးချင်း မြေကြီးသြဇာ ပထဝီရုပ် ဖြစ်သွားတယ်၊ အဲဒီ မြေကြီးသြဇာမှ တဖန် သစ်ပင် စသည် ပထဝီဓာတ်လဲ ဖြစ်သွားတယ်လို့ ဆိုလိုပါတယ်။)
အာပေါ၊ သက်ရှိ အာပေါဓာတ်သည်။
အာပေါကာယံ အနုပေတိ အနုပဂစ္ဆတိ၊ သက်မဲ့ အာပေါဓာတ် ရေဓာတ်အပေါင်းသို့ သက်ဝင် သွားလေတော့သည်။
(သက်ရှိကိုယ်ထဲမှ အစိုဓာတ် အရေဓာတ်တွေဟာ သက်မဲ့ အစိုဓာတ် အရေဓာတ်တွေ ဖြစ်သွားတယ်လို့ ဆိုလိုပါတယ်။)
တေဇော၊ သက်ရှိ အခိုးအငွေ့ တေဇောဓာတ်သည်။
တေဇောကာယံ အနုပေတိ အနုပဂစ္ဆတိ၊ သက်မဲ့ အပြင်ပ တေဇောဓာတ် အပေါင်းသို့ သက်ဝင် သွားလေတော့သည်။
ဝါယော၊ သက်ရှိ ဝါယောဓာတ် လေဓာတ်သည်။
ဝါယောကာယံ အနုပေတိ အနုပဂစ္ဆတိ၊ သက်မဲ့ အပြင်ပ လေဓာတ်အပေါင်းသို့ သက်ဝင်သွား လေတော့သည်။
ဣန္ဒြိယာနိ၊ မျက်စိ နား နှာ လျှာ ကိုယ်စိတ်နှလုံး ဟူသော သိတတ်သော ဣန္ဒြေတို့သည်။
အာကာသံ သင်္ကမန္တိ၊ အာကာသဓာတ်သို့ ပြောင်းလဲသွားကုန်၏၊
(ဒီအယူရှိတဲ့သူက မြင်တဲ့စိတ် ကြားတဲ့စိတ် စသည်ဖြင့် သိတတ်တဲ့ စိတ်ဝိညာဏ် အသီးအခြား ရှိတယ်လို့ မယူဆဘူး၊ မျက်စိ နား အစရှိတဲ့ရုပ်ကဘဲ မြင်တယ် ကြားတယ် နံတယ် အရသာသိတယ် ထိသိတယ်သို့ ယူဆတယ်၊ မနဆိုတဲ့ ဣန္ဒြေက ကြံသိတယ်လို့လဲ ယူဆတယ်၊ ဒါကြောင့် သိမှု ပြတ်စဲသွားပုံကို ဣန္ဒြေတွေနဲ့ပြောပါတယ်၊ အဲဒီ သိတတ်တဲ့ မျက်စိ နား အစရှိတဲ့ ဣန္ဒြေတွေဟာလဲ အာကာသဓာတ် ဖြစ်သွားတယ်၊ ကောင်းကင် ဟင်းလင်းပြင်ထဲမှာ ပျောက်သွားတယ်လို့ ဆိုလိုပါတယ်။)။ပ။
ဗာလေ စ၊ သူမိုက်တို့သည်၎င်း။
ပဏ္ဍိတေ စ၊ ပညာရှိတို့သည်၎င်း၊
ကာယဿ ဘေဒါ၊ ခန္ဓာကိုယ် ပျက်ခြင်းကြောင့်။
ဝါ၊ ခန္ဓာကိုယ် ပျက်လတ်သော်။
ဥစ္ဆိဇ္ဇန္တိ၊ လုံးဝပြတ်စဲကုန်၏။
ဝိနဿန္တိ၊ ပျောက်ကွယ်သွားကုန်၏။
ပရံ မရဏာ၊ သေသည်မှ နောက်၌။
န ဟောန္တိ၊ မရှိတော့ကုန်။
(လူမိုက် ဖြစ်စေ၊ သူတော်ကောင်းပညာရှိ ဖြစ်စေ သေပြီးတဲ့ နောက်မှာ ဘာမျှ မရှိတော့ဘဲ လုံးဝ ပျောက်ကွယ်သွားတာချည်းဘဲ၊ လူမိုက်လဲ အကုသိုလ်ကံကြောင့် ဘဝသစ်ဖြစ်ပြီး ဆင်းရဲရတယ်လို့ မရှိဘူး၊ သေပြီးယင် လုံးဝပျောက်ကွယ် ပျက်စီးသွားတာချည်းဘဲလို့ ဆိုလိုပါတယ်။)
အဲဒါဟာ ဥစ္ဆေဒအယူရှိတဲ့ အဇိတဆရာကြီး၏ ပြောဟောပုံ အချို့ပါဘဲ၊ အဇိတစ်ဇင်းလို့ ခေါ်ချင်ယင်လဲ ခေါ်နိုင်ပါတယ်၊ အကုသိုလ်ကို မရှောင်ချင်တဲ့သူ၊ ကုသိုလ်ကို မပြုချင်တဲ့ သူတွေက အဲဒီအယူကို ကြိုက်ကြပေလိမ့်မယ်၊ အဲဒီမှာ သေပြီးယင် မရှိတော့ဘူးလို့ဆိုတော့ မသေခင်မှာတော့ ရှိနေတယ်လို့ ဝန်ခံရာ ရောက်ပါတယ်၊ အဲဒီ မသေခင် ရှိနေတာက ဘာလဲလို့ မေးယင် အသက်ရှင်နေတဲ့ ငါကောင် သတ္တဝါကောင်လို့ ဖြေရမှာဘဲ၊ ဒါကြောင့် စာတုမဟာဘူတိက ဓာတ် ၄-ပါး အစုအဝေးမျှဘဲလို့ ဆိုပေမဲ့ ငါဆိုတဲ့ အတ္တစွဲကတော့ ရှိနေတယ်လို့ ဆိုရမှာဘဲ၊ အဲဒီလို အတ္တစွဲရှိနေတဲ့ အတွက် အဲဒီအယူရှိတဲ့ သူတွေက “မသေခင်မှာ အချိန်အခွင့် ရှိသလောက် ကာမဂုဏ်အာရုံကို ခံစားရမယ်၊ နောင်ဘဝအတွက် ကျင့်ကြံသောအားဖြင့် အချိန်အခွင့်တွေကို မဆုံးရှုံးစေရဘူး”လို့လဲ ဆိုကြပါတယ်။
အဲဒီလို သေပြီးယင် ဘာမျှမရှိတော့ဘူး၊ လုံးဝပျောက်ကွယ်သွားတယ်လို့ ယူတဲ့ ဥစ္ဆေဒဒိဋ္ဌိနဲ့ ယှဉ်ပြီးဖြစ်တဲ့ နှစ်သက် လိုချင်မှုကို ဝိဘဝတဏှာခေါ်တယ်၊ ဒီတဏှာက ဘာမျှမကျင့်ရဘဲနဲ့ သေပြီးတဲ့နောက် ဘာမျှမဖြစ်ရတော့ဘဲ ပြတ်စဲသွားတာကိုလဲ ကြိုက်တယ်၊ ဘာကြောင့်လဲဆိုယင် အဲဒီအယူရှိတဲ့သူက ကောင်းမှုကို မပြုချင်ဘူး၊ မကောင်းမှုကိုလဲ မရှောင်ချင်ဘူး၊ ပြုထားတဲ့ မကောင်းမှုတွေကလဲ များစွာ ရှိနေတယ်။ ဒီတော့ သေပြီးတဲ့နောက် ဘဝသစ် ဖြစ်နေဦးမယ်ဆိုယင် မကောင်းမှုတွေက မကောင်းကျိုးတွေကို ပေးနေဦးမယ်၊ အဲဒါကို သူက မလိုလားဘူး၊
သေပြီးတဲ့နောက် ဘာမျှ မဖြစ်ပါမှ သူ့မှာ သင်ပုန်း ချေသလို ဖြစ်ပြီး အပြစ် ကင်းသွားမယ်၊ ဒါကြောင့် ဒီတဏှာက သေပြီးယင် ပြတ်စဲသွားတာကို နှစ်သက်သဘော ကျတာပါဘဲ၊ နောက်ပြီးတော့ မသေခင်ဘဲ ခံစားရမယ်လို့ ယူဆထားတဲ့အတွက် မသေခင်အတွင်း ရရသမျှကို ခံစားဘို့ရာလဲ ပြင်းပြင်းပျပျ နှစ်သက် မက်မောနေတယ်၊ ကောင်းတယ် ထင်တာ ဟူသမျှကို သူက နှစ်သက်တာ ချည်းဘဲ၊ ဘာကိုမျှ သူက ရှောင်ကြဉ်ခြင်း မရှိဘူး၊ နှစ်သက်သာယာမှု တဏှာတွေ အလွန်အကဲ ဖြစ်တတ်ပါတယ်၊ အဲဒီလို နောင်ဘဝ မရှိဘူးဆိုတဲ့ အယူဖြင့် ယခုလောလောဆယ် ခံစားဖို့ နှစ်သက်လိုချင်တိုင်း, မိမိ၏ လက်ရှိ ကိုယ်ကို ချမ်းသာစေလိုတိုင်း ဘဝသစ် ခန္ဓာဝန်ကို ခံယူနေသည် မည်ပါတယ်၊
ဘာကြောင့်လဲဆိုယင် အဲဒီ နှစ်သက်သာယာမှု တဏှာကြောင့် အများအားဖြင့် အကုသိုလ်ကံတွေ ဖြစ်တယ်၊ သေခါနီးမှာ အဲဒီကံတွေနဲ့ မိမိကိုယ်ကို နှစ်သက်စွဲလမ်းပြီး သေသွားတော့ အဲဒီကံတွေကြောင့် ဘဝသစ်ခန္ဓာဝန်တွေ ဖြစ်ပေါ်လာတယ်၊ ဒါကြောင့်ပါဘဲ။ မိမိက နောင်ဘဝမရှိဘူးလို့ ယူဆထားပေမဲ့ နှစ်သက်လိုချင်တဲ့ တဏှာရှိနေယင် ဘဝသစ်က ဖြစ်တာဘဲ၊ ဘယ်လိုမှ ရှောင်လို့မရနိုင်ဘူး၊
ဥပမာအားဖြင့် မကျန်းမာတဲ့သူကို မတည့်တဲ့ အစာမစားဘို့ ဆေးဆရာက ညွှန်ကြားထားတယ် ဆိုပါတော့၊ အဲဒီလို ညွှန်ကြားထားရာမှာ လူမမာက ဆရာပြောတဲ့အတိုင်း မဟုတ်နိုင်ပါဘူး၊ သင့်ကောင်းပါရဲ့လို့ ယူဆပြီး မတည့်တဲ့အစာကို စားမိယင် ရောဂါတိုးတတ်တယ်၊ သေသည်တိုင်အောင်လဲ ဒုက္ခပေးတတ်တယ်။ အဲဒါလိုပါဘဲ၊ သူက နောင်ဘဝ မရှိဘူးလို့ ယူဆထားပေမဲ့ နှစ်သက်တွယ်တာတဲ့ ဇောက ရှိနေတော့ ဘဝအသစ်က ဖြစ်ပေါ်တာဘဲ။ ဖြစ်ပေါ်တာမှ သူ့မှာ ယုတ်ညံ့ ဆင်းရဲတဲ့ဘဝတွေဘဲ ဖြစ်ဖို့ရှိတယ်။ ဘာကြောင့်လဲဆိုယင် သူက ဘဝကောင်းဖြစ်ဖို့ ကုသိုလ်ကံကို မပြုဘူး၊ ယုတ်ညံ့တဲ့ဘဝကို ဖြစ်စေတတ်တဲ့ အကုသိုလ်ကံကိုသာ များစွာပြုတယ်၊ ဘယ်သူသေသေ ငတေမာပြီးရော ဆိုတာလိုဘဲ သူက မသေခင်အတွင်း အကောင်းဆုံး ခံစားသွားမယ်ဆိုတဲ့ အနေနဲ့ ဘယ်သူ့ကိုမျှ မငဲ့မညှာဘဲ သူအလိုရှိတာတွေကို အကုန်ပြုလုပ်တယ်၊
အဲဒီလိုပြုလုပ်တဲ့အတွက် အကုသိုလ်ကံတွေသာ များများဖြစ်တယ်၊ ထက်ထက် သန်သန်ကြီး ဖြစ်တယ်။ ဒါကြောင့် သူ့မှာ ယုတ်ညံ့တဲ့ဘဝ ဆင်းရဲတဲ့ ဘဝတွေကိုရဘို့သာ ရှိနေပါတယ်။ အဲဒီမှာ အတိုချုပ်ကတော့ သေပြီးတဲ့နောက် ဘာမျှ မရှိတော့ဘူးလို့ ယူဆပြီး နှစ်သက်သာယာတဲ့ တဏှာ ဟူသမျှဟာ ဝိဘဝတဏှာချည်းပါဘဲ။ အဲဒါကို ဘုန်းကြီးက ဝိဘဝမှာ၊ ဥစ္ဆေဒါ၊ ထင်ကာ နှစ်သက်မှု-လို့ ဆောင်ပုဒ်စီထား ပါတယ်။ သေယင်တခါတည်း ပြတ်စဲသွားတယ်၊ ဘာမျှ မဖြစ်တော့ဘူး-လို့ ထင်မှတ်ပြီး နှစ်သက်သာယာမှုကို ဝိဘဝတဏှာ ခေါ်တယ်လို့ ဆိုလိုပါတယ်၊ အဲဒါကို ဆိုကြရမယ်။
ဝိဘဝမှာ၊ ဥစ္ဆေဒါ၊ ထင်ကာ နှစ်သက်မှု။ (ဆို)
တဏှာသုံးပါးဖြစ်တိုင်း ဝန်ထုပ်ကို ခံယူတာဘဲ
▬▬▬▬▬▬▬▬
အဲဒီ တဏှာသုံးပါး ဖြစ်တိုင်းဖြစ်တိုင်း ဘဝသစ် ခန္ဓာဝန်ကို လက်ခံပြီး ယူနေသည် မည်ပါတယ်။ လေးလံတဲ့ ဝန်ထုပ်ကြီးများကို ကောက်ကောက်ပြီး ထမ်းနေသလိုပါဘဲ။ ဒါကြောင့် မြတ်စွာဘုရားက -
ဘိက္ခဝေ၊ ရဟန်းတို့။
ဣဒံ၊ ဤကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာဆိုတဲ့ တဏှာသုံးပါးကို။
ဘာရာဒါနံ၊ ခန္ဓာဝန်ကို ခံယူခြင်းဟူ၍။
ဝုစ္စတိ၊ ခေါ်ဆိုအပ်တယ်လို့ ဟောထားပါတယ်။
လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးဆိုတာ ဘယ်ဟာလဲလို့ ဆိုယင် ငါ, ငါ့ဥစ္စာလို့ ထင်ရတဲ့ ခန္ဓာငါးပါး တရားဘဲလို့ ဖြေရမယ်။ ဝန်ထမ်းသမားဆိုတာ ဘယ်သူလဲလို့ ဆိုယင် ခန္ဓာငါးပါး ရှိနေတဲ့ ပုဂ္ဂိုလ် ဘဲလို့ ဖြေရမယ်။ ဝန်ထုပ်ဝန်ပိုးကို ခံယူတယ်ဆိုတာ ဘယ်ဟာလဲလို့ မေးယင် နှစ်သက်လိုချင်တဲ့ တဏှာဘဲလို့ ဖြေရမယ်။ ကဲ-အဲဒီ ဆောင်ပုဒ်တွေကို ဆိုကြရမယ်။
လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးဆိုတာ ဘယ်ဟာလဲ။
ငါ, ငါ့ဥစ္စာလို့ ထင်ရတဲ့ ခန္ဓာငါးပါး တရားဘဲ။
ဝန်ထမ်းသမားဆိုတာ ဘယ်သူလဲ။
ခန္ဓာငါးပါး ရှိနေတဲ့ ပုဂ္ဂိုလ်ဘဲ။
ဝန်ထုပ်ကို ခံယူတယ်ဆိုတာ ဘယ်ဟာလဲ။
နှစ်သက်လိုချင်တဲ့ တဏှာဘဲ။
ဝန်ထုပ်နှင့် ဝန်ထမ်းသမား အကြောင်းကိုတော့ တနေ့က သီတင်းပတ်မှာ ဟောခဲ့ပြီ၊ ဒီကနေ့ ဝန်ထုပ်ကို ခံယူခြင်း အကြောင်း ပြောပြီးပြီ။ ယခု ဝန်ထုပ်ကို ပစ်ချပုံ ဟောရမယ်၊ အဲဒါက အရေးအကြီးဆုံးဘဲ။ အဲဒါကို မြတ်စွာဘုရားက ဒီလို မေးပြီး ဖြေတော်မူပါတယ်။
ဝန်ထုပ်ကို ပစ်ချခြင်း
▬▬▬▬▬▬▬▬
ကတမဉ္စ ဘိက္ခဝေ ဘာရနိက္ခေပနံ။
ဘိက္ခဝေ၊ ရဟန်းတို့။
ဘာရနိက္ခေပနံ၊ ဝန်ထုပ် ဝန်ပိုးကို ပစ်ချခြင်း ဟူသည်။
ကတမဉ္စ၊ အဘယ်ပါနည်း။
ဝန်ထုပ်ဝန်ပိုးကို ပစ်ချတယ်ဆိုတာ ဘာလဲလို့ မေးခွန်းထုတ်ပြပါတယ်။
ယော တဿာယေဝ တဏှာယ အသေသဝိရာဂ နိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော၊ ဣဒံ ဝုစ္စတိ ဘိက္ခဝေ ဘာရနိက္ခေပနံ။
ဘိက္ခဝေ၊ ရဟန်းတို့။
တဿာယေဝ တဏှာယ၊ ထိုနှစ်သက်လိုချင်သော တဏှာ၏သာလျှင်။
ဝါ၊ ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာဟု ဆိုအပ်သော ထိုတဏှာ သုံးပါး၏သာလျှင်။
ယော အသေသဝိရာဂနိရောဓော၊ အကြင်အကြွင်းမဲ့ ပျက်ပြယ်ခြင်း ချုပ်ခြင်းသည်။
ယော စာဂေါ၊ အကြင်ပယ်စွန့်ခြင်းသည်။
ယော ပဋိနိဿဂ္ဂေါ၊ အကြင်ဝေးစွာ စွန့်ခြင်းသည်။
ယာ မုတ္တိ၊ အကြင်ဆုပ်ကိုင်မထားဘဲ လွှတ်လိုက်ခြင်းသည်။
ယော အနာလယော၊ အကြင် တွယ်တာမှု ကင်းခြင်းသည်။
အတ္ထိ၊ ရှိ၏။
ဘိက္ခဝေ၊ ရဟန်းတို့။
ဣဒံ၊ ဤတဏှာ၏ အကြွင်းမဲ့ ပျက်ပြယ်ခြင်း တဏှာကို ပယ်စွန့်ခြင်းစသည် ခေါ်ဆိုအပ်သော သဘောကို။
ဘာရနိက္ခေပနံ၊ ဥပါဒါနက္ခန္ဓာ ငါးပါးဟု ဆိုအပ်သော ဝန်ထုပ်ဝန်ပိုးကို ပစ်ချလိုက်ခြင်း ဟူ၍။
ဝုစ္စတိ၊ ခေါ်ဆိုအပ်ပေ၏-တဲ့။
ဝန်ထုပ်ဝန်ပိုးကို ပစ်ချတယ်ဆိုတာ ဝန်ထုပ်ဝန်ပိုးကို လက်ခံတဲ့ တဏှာကို ပယ်လိုက်တာပါဘဲ၊ တဏှာကို ပယ်တယ် ဆိုတာကလဲ ဝိပဿနာဉာဏ် အရိယမဂ်ဉာဏ်တို့၏ အစွမ်းကြောင့် အဲဒီ တဏှာဖြစ်ခွင့်မရှိဘဲ ချုပ်ငြိမ်းသွားတာကို ဆိုတာပါဘဲ။ နေရောင် အလင်းပေါ်လာတော့ အမှောင် တွေ အကုန်ပျောက်ကင်းသွားကြသလို အရဟတ္တမဂ်ဉာဏ် ဖြစ်ပေါ်လာတဲ့ အခါမှာ နှစ်သက်လိုချင်မှု တဏှာဟာ ဖြစ်ခွင့်မရှိတော့ဘဲ လုံးဝချုပ်ငြိမ်းသွားတယ်၊ အဲဒီလို တဏှာ ချုပ်ငြိမ်းသွားတဲ့အတွက် ဘဝသစ် ရုပ်နာမ်ခန္ဓာတွေဟာ မဖြစ်ပေါ်နိုင်တော့ဘဲ လုံးဝချုပ်ငြိမ်းသွားတယ်။ ဒါကြောင့် နှစ်သက်လိုချင်တဲ့ တဏှာကို ပယ်ခြင်း = တဏှာ မဖြစ်ခြင်းကို ဝန်ထုပ်ချခြင်းလို့ ခေါ်ဆိုသင့်ပါ ပေတယ်။ ဒါကြောင့် မြတ်စွာဘုရားက …
တဿာယေဝ တဏှာယ၊ ဝန်ထုပ်ကို ခံယူတတ်သော ထိုတဏှာ၏သာလျှင်။
ယော အသေသဝိရာဂနိရောဓော၊ အကြင် အကြွင်းမဲ့ ပျက်ပြယ်ခြင်း ချုပ်ခြင်းသည်။
အတ္ထိ၊ ရှိ၏။
ဣဒံ၊ ဤတဏှာ၏ ချုပ်ခြင်းကို။
ဘာရနိက္ခေပနံ၊ ဝန်ထုပ်ကို ပစ်ချလိုက်ခြင်း ဟူ၍။
ဝုစ္စတိ၊ ခေါ်ဆိုရတယ် လို့ ဟောထားပါတယ်။
အရဟတ္တမဂ်ဖြင့် တဏှာချုပ်ငြိမ်းတယ် ဆိုတာကတော့ အကြွင်းမဲ့ နောက်ဆုံး ချုပ်ငြိမ်းတာကို ဆိုတာပါ။ အဲဒီ အရဟတ္တမဂ် မရောက်မီ အနာဂါမိမဂ်ဖြင့်လဲ ကာမရာဂခေါ်တဲ့ တဏှာဟာ လုံးဝ ချုပ်ငြိမ်းသွားပါသေးတယ်။ အဲဒီ ကာမရာဂခေါ်တဲ့ တဏှာချုပ်ငြိမ်းသွားတဲ့အတွက် အနာဂါမ် ပုဂ္ဂိုလ်မှာ လူ့ဘဝ နတ်ဘဝဆိုတဲ့ ကာမဘဝခန္ဓာဝန်တွေ မဖြစ်နိုင်တော့ဘူး၊ အဲဒီ ကာမဘဝ ခန္ဓာဝန်တွေကို ပစ်ချပြီး ဖြစ်သွားပါတယ်။ နောက်ပြီးတော့ သကဒါဂါမိမဂ်ဖြင့်လဲ ရုန့်ရင်းတဲ့ ကာမရာဂတဏှာကို အကြွင်းမဲ့ ပယ်ပါတယ်၊ ဒါကြောင့် သကဒါဂါမ်မှာ ရုန့်ရင်း ကြမ်းတမ်းတဲ့ ကာမတဏှာ မရှိတော့တဲ့အတွက်၂-ဘဝထက် ပိုလွန်ပြီးဖြစ်မည့် ကာမဘဝခန္ဓာဝန်တွေကို ပစ်ချပြီး ဖြစ်သွားပါတယ်။
နောက်ပြီးတော့ သောတာပတ္တိ မဂ်ဖြင့်လဲ သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာနှင့် အဆင့်အတန်းတူတဲ့ တဏှာကို အကြွင်းမဲ့ ပယ်ပါတယ်။ ဒါကြောင့် သောတာပန် ပုဂ္ဂိုလ်မှာ အပါယ်လေးပါး ဘဝခန္ဓာဝန်တွေကိုလဲ ပစ်ချပြီး ဖြစ်သွားတယ်၊ လူ့လောက နတ်လောကမှာ ခုနစ် ဘဝထက် ပိုလွန်ပြီး ဖြစ်မည့် မရေ မတွက်နိုင်သော ခန္ဓာဝန်တွေကိုလဲ ပစ်ချပြီး ဖြစ်သွားတယ်။ ဒီတော့ သောတာပန်လောက် ဖြစ်ယင် ကိုယ်ခန္ဓာဝန်တွေ အပုံပေါ့သွားပါပြီ။
ဒါကြောင့် မြတ်စွာဘုရားက သောတာပန်မှာ သစ္စာ ၄-ပါးကို သိရတဲ့အတွက် ဘဝခန္ဓာ ဆင်းရဲတွေ ငြိမ်းသွားပုံကို ဒီလို ဥပမာပြပြီးတော့ ဟောထားပါတယ်။ လက်သည်းခွံပေါ်မှာ မြေမှုန့် အနည်းငယ်ကိုတင်ပြီး မြတ်စွာဘုရားက ရဟန်းများကို မေးတော်မူပါတယ်။ ရဟန်းတို့ ငါ၏ လက်သည်းပေါ်က မြေမှုန့်နှင့် မဟာပထဝီမြေကြီးထဲက မြေမှုန့် ဒီနှစ်မျိုးထဲမှာ ဘယ်မြေမှုန့်က သာပြီးများပါသလဲလို့ မေးတော်မူပါတယ်။ ဒီတော့ ရဟန်းများက မြတ်စွာဘုရား၏ လက်သည်း ပေါ်က မြေမှုန့်ဟာ အလွန်နည်းပါတယ်၊ မပြောပ မရေတွက်လောက်ပါဘူး၊ မဟာပထဝီ မြေကြီး ထဲက မြေမှုန့်တွေသာလျှင်အတိုင်းမသိ အလွန်များလှပါတယ်လို့ လျှောက်ထားကြတယ်။
သစ္စာ ၄-ပါးကို သိမြင်ပြီးဖြစ်တဲ့ သောတာပန်ပုဂ္ဂိုလ်မှာ ကုန်သွားတဲ့ ဘဝ ဆင်းရဲတွေက အဲဒီ မြေကြီးထဲက မြေမှုန့်တွေလောက်မကများတယ်၊ အလွန်ဆုံး ဖြစ်ရမည့် ခုနစ်ဘဝ အကြွင်းအကျန် ကတော့ လက်သည်းပေါ်က မြေမှုန့်လောက်ပဲ ရှိတယ်၊ ကျန်တဲ့ဆင်းရဲက မပြောပလောက်တော့ဘူး၊ အနည်းငယ်သာ ရှိတော့တယ်၊ ကုန်သွားတဲ့ ဆင်းရဲတွေက အတိုင်းမသိ အလွန်များတယ်-လို့ မြတ်စွာဘုရားက ဟောတော်မူပြီးတော့ သစ္စာ ၄-ပါးတရားကို ကိုယ်ပိုင်ဉာဏ်ဖြင့် သိမြင်အောင် အားထုတ်ဖို့ တိုက်တွန်းတော်မူပါတယ်။ (သံ ၃-၄၀ဝ)
ဝိပဿနာဖြင့်လဲ ခန္ဓာဝန်တွေ ပစ်ချနိုင်တယ်
▬▬▬▬▬▬▬▬▬▬
ယခုပြောခဲ့တာတွေကတော့ အရိယမဂ် ၄-ပါးဖြင့် ခန္ဓာဝန်ကို ပစ်ချပုံတွေဘဲ။ အဲဒီ အရိယမဂ် ၄-ပါးဆိုတာကလဲ သူတို့သက်သက်နဲ့ ဖြစ်နိုင်တာ မဟုတ်ဘူး၊ ဝိပဿနာဉာဏ် ပြည့်စုံမှ ဖြစ်နိုင်တယ်၊ ဒါကြောင့် အရိယမဂ် ၄-ပါးဖြင့် ခန္ဓာဝန်ကို ပစ်ချချင်ယင် ဝိပဿနာဉာဏ် ပြည့်စုံအောင် အားထုတ်ရတယ်။ အဲဒီလို အားထုတ်တဲ့အခါ ဝိပဿနာဉာဏ်ဖြင့်လဲ ခန္ဓာဝန်တွေကို ထိုက်တန် သလောက် ပစ်ချနိုင်ပါတယ်။
ပစ်ချနိုင်ပုံကတော့ မြင်တိုင်း ကြားတိုင်း နံတိုင်း စားသိတိုင်း တွေ့သိတိုင်း ကြံသိတိုင်း မရှုမမှတ်လို့ရှိယင် အဲဒီ မြင်ရတဲ့ အာရုံ ကြားရတဲ့အာရုံ စသည်တွေကို အမှန်အတိုင်း မသိဘူး။ သိရိုးသိစဉ်အတိုင်း အလွဲအမှားတွေကို သိသိနေတယ်။ မမြဲတာကို မြဲတယ်လို့ ထင်တယ်၊ ဆင်းရဲတွေ မကောင်းတာတွေကို ချမ်းသာတွေ အကောင်းတွေလို့ ထင်တယ်၊ ငါကောင် မဟုတ်တဲ့ သဘောတရားတွေကို ငါကောင်လို့ ထင်တယ်။ အဲဒီလို အလွဲအမှားတွေကို ထင်တာ သိတာဟာ အဝိဇ္ဇာဘဲ။
အဲဒီလို အလွဲအမှားတွေ သိနေတဲ့အတွက် အဲဒီလို အာရုံတွေကို နှစ်သက်တယ် လိုချင်တယ်၊ မိမိကိုယ်ကိုလဲ နှစ်သက်တယ် သာယာတယ်။ အဲဒီလို နှစ်သက်လိုချင်တာ သာယာတာဟာ တဏှာဘဲ၊ ဒီတဏှာဖြင့် နှစ်သက် လိုချင်တိုင်း သာယာတိုင်း ဘဝသစ်ခန္ဓာတွေကို လက်ခံနေသည် မည်တာဘဲ။ ဘာကြောင့်လဲဆိုယင် အဲဒီလို နှစ်သက်သာယာလျှင် စွဲလမ်းတဲ့ ဥပါဒါန် ဖြစ်လာတယ်၊ ကိုယ့်အလိုတိုင်း ပြီးစီးပြည့်စုံအောင် ပြုလုပ်အားထုတ်တဲ့ ကံနှင့် သင်္ခါရတွေ ဖြစ်လာတယ်။ အဲဒီ ကံ သင်္ခါရကြောင့် ဘဝသစ်ခန္ဓာတွေ ဖြစ်ရတယ်၊ ဒါကြောင့်ပါဘဲ။
အဲဒီတော့ မရှုမိတဲ့ အာရုံတိုင်းနှင့်စပ်ပြီး တဏှာဖြစ်တယ်၊ အဲဒါဟာ မြင်ခိုက် ကြားခိုက် စသည်မှာ ချက်ခြင်း ဖြစ်တာလဲ ရှိတယ်၊ ချက်ခြင်း မဖြစ်သေးဘဲ နောင် အကြောင်းညီညွတ်တဲ့အခါကျမှ ဖြစ်တာလဲ ရှိတယ်။ ဒါကြောင့် မြင်ခိုက် ကြားခိုက် စသည်မှ မရှုမှတ်မိတိုင်း အဝိဇ္ဇာ နှင့်တကွ တဏှာ ဖြစ်နေတယ်၊ ဘဝသစ် ခန္ဓာဝန်ကို လက်ခံယူနေတယ်လို့ ဆိုရတယ်။ ဒီတော့ ခန္ဓာဝန်ကို အလိုမရှိယင် မြင်တိုင်း ကြားတိုင်း တွေ့တိုင်း ကြံသိတိုင်း အဝိဇ္ဇာ နှင့်တဏှာ ဖြစ်ခွင့်မရအောင် ရှုမှတ်ရလိမ့်မယ်။
အဲဒီလို ရှုမှတ်ယင် သမာဓိဉာဏ် အားရှိလာတဲ့အခါမှာ မှတ်တိုင်း မှတ်တိုင်း ရုပ်နာမ်တို့၏ သဘောမှန်ကို သိရတယ်၊ မှတ်သိရတဲ့ ရုပ်ခန္ဓာက တခြား+မှတ်သိတဲ့ နာမ်ခန္ဓာက တခြား ခွဲခြားပြီးတော့လဲ သိရတယ်၊ အသစ် အသစ် ဖြစ်ပေါ်လာတာကိုလဲ သိရတယ်၊ တခဏချင်း ပျောက်ပျောက် သွားတာကိုလဲ သိရတယ်၊ တရိပ်ရိပ်နဲ့ ခဏမစဲ ဖြစ်ပျက်နေတာ ကိုချည်း တွေ့ရသိရတယ်။ အဲဒီတော့ မှတ်တိုင်း မှတ်တိုင်း အနိစ္စ=မမြဲတဲ့ တရားတွေချည်းဘဲလို့လဲ အမှန်အတိုင်း သိရတယ်၊ ဖြစ်ချည် ပျက်ချည်နဲ့ ဒုက္ခ=ဆင်းရဲတွေ မကောင်းတာတွေချည်းဘဲလို့လဲ အမှန်အတိုင်း သိရတယ်၊ သူ့သဘောအတိုင်း သူဖြစ်ပျက်နေတဲ့ အနတ္တသဘောတရားမျှ ချည်းဘဲ လို့လဲ အမှန်အတိုင်းသိရတယ်။
အဲဒီလို ရုပ်နှင့်နာမ်မျှဘဲ အနိစ္စ ဒုက္ခ အနတ္တ သဘောတရားမျှဘဲလို့ အမှန်အတိုင်း သိသိသွားတာက ဝိဇ္ဇာဉာဏ်တွေဘဲ။ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်လာတော့ အဝိဇ္ဇာဆိုတဲ့ .... မသိမှု သိမှားမှုဟာ သူ့အလိုလို ကင်းပျောက်သွားတယ်၊ အလင်းရောင်ပေါ်လာယင် အမှောင်ပျောက်သွားသလိုပါဘဲ၊ အဲဒီလို ကင်းပျောက်သွားတာကို ဝိပဿနာ ဝိဇ္ဇာဉာဏ်က အဝိဇ္ဇာကို ပယ်တယ်လို့ ဆိုပါတယ်၊ နှစ်သက်ဖွယ် အနေအားဖြင့် ထင်မှား သိမှားမှု မရှိတော့ နှစ်သက်လိုချင်မှု တဏှာလဲ မဖြစ်နိုင်တော့ဘူး၊ မြင်ခိုက် ကြားခိုက် စသည်မှာ ချက်ခြင်း ရှုမှတ်လိုက် သည့်အတွက် မြင်ပြီးခါစ ကြားပြီးခါစ စသည်မှာလဲ နှစ်သက်လိုချင်မှု မဖြစ်နိုင်ဘူး၊ နောက်ကာလ ကျတော့လဲ ပြန်လည် စဉ်းစားသောအားဖြင့် မဖြစ်နိုင်ဘူး၊ ရှုမိတဲ့ အာရုံတိုင်းမှာ နှစ်သက်လိုချင်မှု တဏှာ ကင်းငြိမ်းနေတယ်၊ အဲဒီလို ကင်းငြိမ်း တာကို တဒင်္ဂပဟာန်ဖြင့် ပယ်တယ်လို့ ဆိုပါတယ်၊ ရှုမိတဲ့ အာရုံတိုင်းမှာ, ချက်ခြင်းဖြစ်စေ၊ နောင်ကာလကျမှ ဖြစ်စေ ဖြစ်ပေါ် လာနိုင်သည့် တဏှာ၊ တစိတ်ကို ဝိပဿနာ ကုသိုလ်တစိတ်ဖြင့် ပယ်တယ်လို့ ဆိုလိုပါတယ်။
အဲဒီလို တဒင်္ဂပဟာန်ဖြင့် ရှုမှတ်ပြီး ပယ်တိုင်း ပယ်တိုင်း ဘဝသစ်ခန္ဓာဝန်ကို ပစ်ချသည် မည်ပါတယ်၊ မြင်တာကို ရှုမှတ်လို့ အဖြစ်အပျက် အနိစ္စ ဒုက္ခ အနတ္တ သဘောမှန်ကို သိယင် အဲဒီမြင်မှုနှင့် စပ်ပြီးဖြစ်မည့် တဏှာနှင့် ဘဝသစ်ခန္ဓာဝန်ကို ပစ်ချတာဘဲ၊ ထို့အတူ ကြားတာကို မှတ်သိယင် အဲဒီကြားမှုနှင့် စပ်ပြီးဖြစ်မည့် ခန္ဓာဝန်ကို ပစ်ချတာဘဲ၊ နံတာကို မှတ်သိယင် အဲဒီနံမှုနှင့် စပ်ပြီးဖြစ်မည့် ခန္ဓာဝန်ကို ပစ်ချတာဘဲ၊ စားသိတာကို မှတ်သိယင် အဲဒီစားသိမှုနှင့် စပ်ပြီး ဖြစ်မည့် ခန္ဓာဝန်ကို ပစ်ချတာဘဲ၊ တွေ့ထိတာကို မှတ်သိယင် အဲဒီတွေ့ထိမှုနှင့် စပ်ပြီး ဖြစ်မည့် ခန္ဓာဝန်ကို ပစ်ချတာဘဲ၊ ကြံသိတာကို မှတ်သိယင် အဲဒီကြံသိမှုနှင့် စပ်ပြီး ဖြစ်မည့် ခန္ဓာဝန်ကို ပစ်ချတာဘဲ၊ ဒွါရ ၆-ပါးက ပေါ်တိုင်း ပေါ်တိုင်းကို ရှုမှတ်ပြီး အမှန်အတိုင်း သိသိသွားယင် သိတိုင်း သိတိုင်း အဲဒီ သိရတဲ့အာရုံနှင့် စပ်ပြီး ဖြစ်မည့် ခန္ဓာဝန်ကို ပစ်ချတာဘဲ။
ဖောင်းတယ် ပိန်တယ် ထိုင်တယ် ကွေးတယ် ဆန့်တယ် သွားတယ် ကြွတယ် လှမ်းတယ် ချတယ် စသည်ဖြင့် ရှုမှတ် ရတာတွေဟာ ကိုယ်အတွေ့အထိထဲမှာ အတွင်းဝင်ပါတယ်၊ ဒါကြောင့် ဖောင်းတယ်လို့ ရှုမှတ်ပြီး တောင့်တင်း လှုပ်ရှားတဲ့ သဘောတွေ အဆင့်ဆင့် ဖြစ်ပျက်နေတာကို အမှန်အတိုင်းသိယင် အဲဒီဖောင်းမှုနှင့် စပ်ပြီး နှစ်သက်သာယာမှု တဏှာဟာ မဖြစ်နိုင်တော့ဘူး၊ မရှုမှတ်လို့ အဲဒီလို အမှန်အတိုင်း မသိယင်တော့ အဲဒီ ဝမ်းဗိုက်၏ ဖောင်းမှုနှင့်စပ်ပြီး ငါ့ဗိုက်ပဲ ငါဘဲလို့ ထင်တယ်၊ အဲဒီလို မထင်ပေဘူးလား၊ ထင်ပါတယ်၊ အဲဒီလိုထင်တာ အဝိဇ္ဇာဘဲ၊ အဲဒီလိုထင်တော့ ငါ, ငါ့ဗိုက်လို့ နှလုံးသွင်းပြီး နှစ်သက်သာယာတယ်၊ အဲဒီ ငါအတွက် အလိုရှိတဲ့ အကျိုးပြီးအောင် တစုံတခုကို ပြုလုပ်တယ်၊ ကံနှင့်သင်္ခါရဘဲ၊ အဲဒီကံနှင့် သင်္ခါရကြောင့် ဘဝသစ်ခန္ဓာတွေ ဖြစ်ပေါ်တယ်၊ အဲဒီ ဘဝသစ်ခန္ဓာဟာ ဘယ်ကလာသလဲဆိုယင် မရှုမမှတ် နိုင်တဲ့အတွက် ငါဘဲ ငါ့ဗိုက်ပဲလို့ ထင်ပြီး နှစ်သက်သာယာတဲ့ တဏှာက အရင်းခံ အစပြုပြီး ဖြစ်ပေါ်လာတာဘဲ၊ ဒါကြောင့် အဲဒီလို မရှုမမှတ်မိတိုင်း တဏှာဖြစ်ပြီး ဘဝသစ်ခန္ဓာဝန်ကို ခံယူနေသည် မည်ပါတယ်၊ ရှုမှတ်လို့ အမှန်အတိုင်း သိယင် သိတိုင်း သိတိုင်း အဲဒီခန္ဓာဝန်ကို ပစ်ချနေသည် မည်ပါတယ်၊ ဒါကြောင့် ဖောင်းတယ်လို့ တခါမှတ်လိုက်ယင် ခန္ဓာဝန်ကို တကြိမ်ပစ်ချလိုက်တာဘဲ၊ ထို့အတူ ပိန်တယ်လို့ တခါမှတ်လိုက်ယင်လဲ ခန္ဓာဝန်ကို တကြိမ်ပစ်ချလိုက်တာဘဲ၊ ထိုင်တယ် ကွေးတယ် ဆန့်တယ် သွားတယ် ကြွတယ် လှမ်းတယ် စသည်ဖြင့် မှတ်တိုင်း မှတ်တိုင်းလဲ ခန္ဓာဝန်ကို တကြိမ် တကြိမ် ပစ်ချနေတာဘဲ။
ဖောင်းတယ် ပိန်တယ် မှတ်နေယင်း စိတ်ကူးစဉ်းစားမှု ဖြစ်ပေါ်လာယင် အဲဒီ စိတ်ကူးစဉ်းစားမှုကို စိတ်ကူးတယ် စဉ်းစားတယ် ကြံစည်တယ် လိုချင်တယ် စသည်ဖြင့် ရှုမှတ်ရတယ်၊ အဲဒီ စိတ်ကူးကြံစည်မှုကိုတော့ မရှုမမှတ်တဲ့ ပကတိ လူတွေမှာ ပုဂ္ဂိုလ် သတ္တဝါ ငါအနေနဲ့ အစွဲလမ်းဆုံးပါဘဲ၊ ဒါကြောင့် မရှုမမှတ်တဲ့ သူတွေမှာ ငါလို့ ထင်ရတဲ့ အဲဒီစိတ်ကူး စဉ်းစားကြံစည်မှုကို နှစ်သက်သာယာတယ်၊ ကြံတဲ့အတိုင်း ဖြစ်ချင်လဲဖြစ်, မဖြစ်ချင်လဲနေ စိတ်ကူးစဉ်းစားပြီး ကြံစည် နေရတာကိုတော့ နှစ်သက်သာယာ နေတာဘဲ၊ တရားအားထုတ်နေဆဲ ယောဂီတောင်မှ မစဉ်းစား မဆင်ခြင်ရဘူး၊ တမှတ်ထဲ မပြတ်မှတ်နေရမယ်ဆိုယင် တချို့က တယ်သဘောမကျဘဲ ရှိနေတတ်သေးတယ်။ ဒါကြောင့် မရှုမမှတ်မိတဲ့ စိတ်ကူးတွေကို ငါဘဲလို့ထင်ပြီး သာယာနေရာက စွဲလမ်းတယ်၊ အဲဒီစိတ်ကူး ငါကောင်းစားရေးအတွက် အားထုတ်တယ်၊ ကံနှင့် သင်္ခါရတွေပါဘဲ။ အဲဒီကံနှင့် သင်္ခါရကြောင့် ဘဝသစ် ခန္ဓာဝန်တွေ ဖြစ်ပေါ်လာတယ်။ ဒီတော့ မရှုမမှတ်မိတဲ့ စိတ်ကူးတိုင်း စိတ်ကူးတိုင်းမှာ နှစ်သက်သာယာတဲ့ တဏှာ ဖြစ်ပြီး ဘဝသစ်ခန္ဓာဝန်တွေကို လက်ခံနေသည် မည်ပါတယ်။ ရှုမှတ်နေတဲ့ ယောဂီမှာတော့ ဒီစိတ်ကူးက အတ္တကောင် ငါကောင် မဟုတ်တဲ့ သဘောတရားမျှ ဖြစ်ကြောင်း အလွန် ထင်ရှားပါတယ်။ စိတ်ကူးတယ် စိတ်ကူးတယ်လို့ တချက် နှစ်ချက်လောက် မှတ်လိုက်ယင် အဲဒီ စိတ်ကူးက မရှိတော့ဘူး၊
ပြတ်စဲသွားတယ်၊ ကြံတယ် ကြံတယ် စဉ်းစားတယ် ဆင်ခြင်တယ် နှစ်သက်တယ် လိုချင်တယ် စသည်ဖြင့် တချက် နှစ်ချက်လောက် မှတ်လိုက်ယင်လဲ အဲဒီ ကြံစည်တဲ့ စိတ် စသည်ဟာ မရှိတော့ဘူး ပြတ်စဲသွားတယ်။ အဲဒီတော့ ယောဂီက အဲဒီစိတ်တွေဟာ အစကမရှိသေးဘဲ ယခုမှ ဖြစ်ပေါ်လာတယ်၊ ဖြစ်ပေါ်လာပြီးတော့ တခဏချင်းဘဲ ပျောက်ပျောက်သွားတယ် ဆိုတာကို မတွေး မကြံရဘဲ ကိုယ်ပိုင်ဉာဏ်ဖြင့်ပင် သဘောပေါက်လာတယ်။ ဒါကြောင့် အဲဒီ ကြံတဲ့စိတ်ကို ငါကောင်အနေနဲ့ မစွဲလမ်းတော့ဘူး၊ နှစ်သက်ဖွယ်လို့လဲ မထင်တော့ဘူး၊ အဲဒီလို နှစ်သက်ဖွယ် မထင်တဲ့အတွက် အဲဒီစိတ်မှာ နှစ်သက်သာယာခြင်း မဖြစ်တော့ဘူး၊ အဲဒါဟာ တဏှာချုပ်တဲ့ သဘောပါဘဲ၊ တဏှာချုပ်ယင် တဏှာမှ ဆက်သွယ်ပြီးဖြစ်မည့် ခန္ဓာဝန်တွေလဲ ဖြစ်ခွင့်မရှိတော့ဘဲ ချုပ်ငြိမ်းသွားကြတော့တာဘဲ။ ဒါကြောင့် စိတ်ကူး ကြံစည်မှုကို ရှုမှတ်မိတိုင်း ခန္ဓာဝန်ကို ပစ်ချနေသည် မည်ပါတယ်။ အဲဒီ ပစ်ချသည် မည်ပုံဟာ ဘင်္ဂဉာဏ် စသည်ဖြစ်တဲ့အခါ သာပြီး ထင်ရှားပါတယ်။
ထင်ရှားပုံကတော့ ဘင်္ဂဉာဏ် ရောက်နေတဲ့ ယောဂီဟာ ရှုမှတ်တိုင်း မှတ်သိရတဲ့ အာရုံရော မှတ်သိတဲ့ စိတ်ရော ရှေ့ဆင့် နောက်ဆင့် တစုံတစုံ ပျက်ပျက်သွားတာကိုချည်း တွေ့ရတယ်။ ဥပမာ ဖောင်းတယ်လို့မှတ်ယင် ဖောင်းတာလဲ ပျောက်သွားတယ်၊ မှတ်သိတာလဲ ပျောက်သွားတယ်၊ ဖောင်းတာနဲ့ မှတ်သိတာ ဒီနှစ်ခုဟာ တရိပ်ရိပ်နဲ့ ပျောက်ပျောက် သွားတာကိုသာ တွေ့ရတယ်၊ မြဲတည်နေတာကို မတွေ့ရဘူး၊ ပုံသဏ္ဌာန် နိမိတ်ကိုလဲ မတွေ့ရဘူး၊ ဒါကြောင့် ငါ့ကိုယ် ငါ့ဗိုက် ငါ့စိတ်ပဲ ငါဘဲလို့ စွဲလမ်းစရာ မရှိဘူး၊ စွဲလဲ မစွဲလမ်းဘူး၊ မစွဲလမ်းတော့ တဏှာ ဥပါဒါန် ကမ္မဘဝတွေ မဖြစ်ရတဲ့အတွက် ဘဝသစ် ခန္ဓာတွေလဲ မဖြစ်ရတော့ဘူး။ ပိန်တယ် ကွေးတယ် ဆန့်တယ် စသည်ဖြင့် မှတ်ရာမှာလဲ အတူတူဘဲ၊ ပိန်တာနဲ့ မှတ်တာ၊ ဆန့်တာနဲ့ မှတ်တာ၊ လှုပ်တာနဲ့ မှတ်တာ စသည်ဖြင့် မှတ်သိရတဲ့ အာရုံနဲ့ မှတ်သိတဲ့စိတ် ဒီနှစ်ခုနှစ်ခုဟာ ရှေ့ဆင့်နောက်ဆင့် အတွဲလိုက် အတွဲလိုက် ပျောက်ပျောက်သွားတာကိုသာ တွေ့ရတယ်၊ ဗိုက်ပုံသဏ္ဌာန် လက်ခြေ ပုံသဏ္ဌာန် ကိုယ်ပုံသဏ္ဌာန် စသည်ကိုလဲ မတွေ့ရဘူး၊ မြဲတည်နေတာကိုလဲ မတွေ့ရဘူး၊ တရိပ်ရိပ်နဲ့ ခဏမစဲ ပျောက်ပျောက်သွားတာ ကိုသာ တွေ့ရတယ်။ ဒါကြောင့် ငါ့ဗိုက် ငါ့လက် ငါ့ခြေ ငါ့ကိုယ်ဘဲ ငါဘဲလို့ ထင်မှတ်ခြင်းမရှိဘူး၊ အဲဒီလို မထင်မှတ်တဲ့အတွက် နှစ်သက်သာယာမှု တဏှာဟာ ဖြစ်ခွင့်မရှိဘဲ ချုပ်ငြိမ်းသွားတယ်၊ တဏှာချုပ်တဲ့အတွက် ဥပါဒါန်ကံ သင်္ခါရတွေလဲ မဖြစ်ရတော့ဘူး၊ ဒါကြောင့် ဘဝသစ်ခန္ဓာတွေလဲ ဖြစ်ခွင့်မရှိတော့ဘဲ ကင်းငြိမ်းသွားတယ်၊ အဲဒါဟာ ခန္ဓာဝန်ကို ပစ်ချတာ ပါဘဲ။
နောက်ပြီးတော့ ညောင်းမှု ပူမှု နာကျင်မှု အစရှိသော ဝေဒနာကို မှတ်ရာမှာလဲ မှတ်သိရတဲ့ ဝေဒနာရော မှတ်သိမှုရော တမှတ် တမှတ်မှာ တစုံ တစုံ အတွဲလိုက် အတွဲလိုက် ပျောက်ပျောက် သွားတာကို တွေ့ရတယ်။ ဥပမာ တနေရာရာက ပူတာကို စူးစိုက်ပြီး ပူတယ် ပူတယ်လို့ မှတ်နေယင် ပူတာကလေးတွေလဲ တပိုင်းစီ တပိုင်းစီ အပိုင်းအပိုင်း ပြတ်ပြတ်ပြီး ထင်တယ်၊ ပကတိ ပုဂ္ဂိုလ်တွေမှာလို အကြာကြီး တဆက်တည်း ပူနေတယ်လို့ မထင်ရဘူး၊ မှတ်သိတဲ့ စိတ်ကလဲ တယောက်တည်းက တဆက်တည်း မှတ်နေတယ်လို့ မထင်ရဘူး၊ သိပြီးယင်း ပျောက်သွားယင်း, သိပြီးယင်း ပျောက်သွားယင်းနဲ့ မှတ်တိုင်း မှတ်တိုင်း တပိုင်းစီ တပိုင်းစီ ပျောက်ပျောက်သွားတာကို တွေ့ရတယ်။
အဲဒီတော့ ပူတဲ့ ဝေဒနာအပေါ်မှာလဲ ငါအနေနဲ့ ထင်မှတ်ပြီး ကောင်းစေချင်တဲ့ တဏှာမဖြစ်ရဘူး၊ မှတ်မိနေတဲ့ စိတ်ကိုလဲ ငါအနေနဲ့ ထင်မှတ်ပြီး နှစ်သက်သာယာမှု တဏှာ မဖြစ်ရဘူး၊ တဏှာ မဖြစ်ရတော့ ဥပါဒါန် ကံ သင်္ခါရ ဘဝသစ် ခန္ဓာတွေလဲ မဖြစ်ရတော့ဘူး၊ ဒါကြောင့် မှတ်တိုင်း မှတ်တိုင်း ခန္ဓာဝန်ကို ပစ်ချနေတယ်လို့ ဆိုရတယ်။ နာကျင်ခြင်း စိတ်ပျက်ခြင်း အစရှိသော အခြား ဒုက္ခဝေဒနာတွေ, ကိုယ်ထဲမှာ တွေ့ထိရလို့ ကောင်းခြင်း စိတ်ချမ်းသာခြင်း အစရှိသော သုခဝေဒနာတွေ, အလယ်အလတ် ဥပေက္ခာဝေဒနာတွေကို ရှုမှတ်ပြီးသိရာမှာလဲ နည်းတူဘဲ၊ မှတ်သိရတဲ့ အဆိုးအကောင်းရော မှတ်သိမှုရောဟာ တပိုင်းစီ ပြတ်ပြတ်ပြီးတင်တယ်၊ မြဲနေတဲ့ငါ, အနေဆိုးနေတဲ့ငါ, ကောင်းနေတဲ့ငါ စသည်ဖြင့် ထင်မှတ်ပြီး နှစ်သက်သာယာမှု တဏှာ မဖြစ်ရဘူး၊ တဏှာ မဖြစ်တော့ ဥပါဒါန် ကံ သင်္ခါရ ဘဝသစ် ခန္ဓာဝန်တွေလဲ မဖြစ်ရတော့ဘူး၊ ဒါကြောင့် အဲဒီ ဝေဒနာတွေကိုလဲ မှတ်တိုင်း မှတ်တိုင်း ခန္ဓာဝန်ကို ပစ်ချနေတယ်လို့ ဆိုရတယ်။ ခန္ဓာဝန်မရှိတော့ မအိုရ မနာရ မသေရဘူး။ အဲဒီလို ဖြစ်ပုံကို သေမင်းမမြင်ရအောင် ပုန်းကွယ်တယ်လို့လဲ ဆိုရပါတယ်။ ဒါကြောင့် မြတ်စွာဘုရားက ဒီလိုလဲ ဟောထားပါတယ်။
ယထာ ပုဗ္ဗုဠကံ ပေဿ၊ ယထာ ပေဿ မရီစိကံ။
ဧဝံ လောကံ အဝေက္ခန္တံ၊ မစ္စုရာဇာ န ပဿတိ-တဲ့။
ပုဗ္ဗုဠကံ၊ ရေပွက် ရေစည်ဖောင်းကို။
ပေဿ ယထာ၊ ပျက်လွယ်သည် အနှစ်သာရမရှိဟု-ရှုမြင်သကဲ့သို့၎င်း။
မရီစိကံ၊ တံလျှပ်ကို။
ပေဿ ယထာ၊ အနှစ်သာရမရှိဟု ရှုမြင်သကဲ့သို့၎င်း။
ဧဝံ၊ ဤအတူ။
လောကံ၊ ခန္ဓာငါးပါးဟူသော လောကကို။
အဝေက္ခန္တံ၊ ခဏမစဲပျက်နေသည်, အနှစ်သာရ မရှိဟု ရှုမြင်သောသူကို။
မစ္စုရာဇာ၊ သေခြင်းတရားတည်းဟူသော သေမင်းသည်။
န ပဿတိ၊ မတွေ့မမြင်နိုင်။
မိုးရွာတဲ့အခါ ရေမျက်နှာပြင်မှာ ဖြစ်ပေါ်လာတဲ့ ရေစည်ဖောင်း ရေပွက်ကလေးတွေဟာ ဖြစ်ပေါ်လာလိုက် ပျောက်သွားလိုက်နဲ့ အင်မတန် အပျက်မြန်တယ်၊ နေပူတဲ့အခါ မြေကြီးထဲမှထွက်တဲ့ အခိုးအငွေ့တွေဟာ နေရောင်ဟပ်မိယင် တရွရွနဲ့ ရေလိုဘဲ ထင်ရတယ်၊ အဲဒါကို တံလျှပ်လို့ ခေါ်တယ်။ သွားကြည့်ယင် ရေလဲမဟုတ်ဘူး၊ ဘာမျှမတွေ့ရဘူး၊ အနှစ်သာရ လုံးဝမရှိဘူး၊ အဲဒီနှစ်မျိုးကို ပကတိ အသိဖြင့် သဘောပေါက် သိမြင်သလို ခန္ဓာငါးပါးကို ရှုမှတ်နေတဲ့ ယောဂီမှာ သမာဓိဉာဏ် ရင့်သန်တဲ့အခါ ပေါ်လာတဲ့ အာရုံရော မှတ်သိနေတဲ့စိတ်ရော ခဏမစဲ တရိပ်ရိပ်နဲ့ ပျောက်ပျောက်သွားတာကို တွေ့ရတယ်။ အဲဒီလို တွေ့ရတဲ့အတွက် မမြဲဘူး၊ ငါကောင် မဟုတ်ဘူး၊ မြဲတဲ့အနှစ် ကောင်းတဲ့အနှစ် ငါကောင်လို့ ဆိုလောက်တဲ့အနှစ် မရှိဘူး၊ ခဏမစဲ ဖြစ်ပျက်နေတဲ့ သဘောတရားမျှဘဲလို့ သိမြင်တယ်၊ အဲဒီလို သိမြင်တဲ့ ယောဂီကို သေမင်းက မမြင်မတွေ့နိုင် တော့ဘူး၊ သေမင်းက မတွေ့ရလို့ မသတ်နိုင်တော့ဘူး၊ မသေရတော့ဘူး၊ သေခြင်း ကင်းသွား တယ်လို့ ဆိုလိုပါတယ်။ အဲဒါဟာ ဝိပဿနာရှုခိုက်၌ တင်္ဂအားဖြင့် သေခြင်းကင်းပုံနှင့် အရဟတ္တမဂ် ရောက်တဲ့အခါ သမုစ္ဆေဒ အားဖြင့် ထာဝရသေခြင်း ကင်းပုံကိုပြတဲ့ စကားပါဘဲ။
အဲဒီ ဒေသနာက “ဘဝသစ်ခန္ဓာ မဖြစ်ရလို့ သေမင်းမမြင်နိုင်ဘူး၊ သေခြင်းကင်းတယ်” ဆိုတာနဲ့ ဒီ ဘာရသုတ်က “တဏှာ မဖြစ်ရလို့ ဘဝသစ်ခန္ဓာဝန် မဖြစ်ရဘူး၊ ခန္ဓာဝန်ကို ပစ်ချတယ်” ဆိုတာဟာ သဘောအားဖြင့် အတူတူပါဘဲ၊ သံဝေဂဉာဏ် ဖြစ်အောင် သေခြင်းတရားကို သေမင်းလို့တင်စားပြီး ဟောတာနဲ့ ခန္ဓာငါးပါးကို လေးလံတဲ့ ဝန်ထုပ် ဝန်ပိုးလို့ တင်စားပြီး ဟောတာလောက်သာ ထူးခြားပါတယ်။
ဒါကြောင့် ဝိပဿနာရှုနေတဲ့ ယောဂီဟာ ဘင်္ဂဉာဏ် စသည်ဖြစ်ခိုက်မှာ ရှုတိုင်း မှတ်တိုင်း အဝိဇ္ဇာ တဏှာ ဥပါဒါန် ကံ သင်္ခါရတို့ကို တဒင်္ဂပဟာန်ဖြင့် စွန့်ပယ်နေတဲ့အတွက် ဘဝသစ် ခန္ဓာဝန်ကို ပစ်ချနေသည် မည်ပါတယ်။
သောတာပန်မှာ ပစ်ချပြီး ဝန်ထုပ်များ
အဲဒီဝိပဿနာဉာဏ်က အစဉ်အတိုင်း ရင့်သန်ပြီး ပြည့်စုံတဲ့ အခါမှာ ရုပ်နာမ်သင်္ခါရ ချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ကို သောတာပတ္တိမဂ်ဉာဏ်ဖြင့် မျက်မှောက် တွေ့မြင်သွားတယ်၊ မှတ်သိနေရတဲ့ အာရုံသင်္ခါရတွေရော၊ မှတ်သိနေတဲ့ ဝိပဿနာ သင်္ခါရတွေရော အကုန်လုံး ချုပ်ငြိမ်း ကင်းဆိတ် သွားတာကို တွေ့မြင်ရတယ်၊ တွေ့မြင်ပုံကတော့ အဲဒီ ချုပ်ငြိမ်းတဲ့သဘောထဲကို ရောက်သွားသလို ဖြစ်ပြီး တွေ့မြင်တာပါဘဲ။
အဲဒီလို သောတာပတ္တိ မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို တွေ့မြင် သွားယင် မြင်မှု ကြားမှုအစရှိသော ရုပ်နာမ်တွေကို ငါကောင် သတ္တဝါကောင်အနေနဲ့ ထင်မှတ်တဲ့ သက္ကာယဒိဋ္ဌိလဲ လုံးဝ ကင်းသွားတယ်။ အဲဒါကို ဘုန်းကြီးက ရုပ်နာမ်အစု၊ ငါကောင်ဟု၊ ထင်မှုမရှိပါ-လို့ ဆောင်ပုဒ်စီထားတယ်။ အဲဒါကို ဆိုကြရမယ်။
ရုပ်နာမ်အစု၊ ငါကောင်ဟု၊ ထင်မှုမရှိပါ။(ဆို)
မြင်တာလဲ ရုပ်နာမ်အစုဘဲ၊ ကြားတာလဲ ရုပ်နာမ်အစုဘဲ၊ နံတာ စားသိတာ ထိသိတာလဲ ရုပ်နာမ်အစုဘဲ၊ ကြံသိတာလဲ ရုပ်နာမ်အစုဘဲ၊ ကွေးတာ ဆန့်တာ လှုပ်ရှားတာလဲ ရုပ်နာမ် အစုဘဲ၊ ပြုလုပ်တဲ့ ကိုယ်အမူအရာ ပြောဆိုတဲ့ နှုတ်အမူအရာ ကြံစည်တဲ့ စိတ်အမူအရာ ဟူသမျှတွေဟာလဲ ရုပ်နာမ်အစုချည်းဘဲ။ အဲဒီ ရုပ်နာမ် အစုတွေကို ရှေးတုန်းကတော့ အသက်ရှင် နေတဲ့ငါဘဲ၊ ငါကဘဲ မြင်တယ် ကြားတယ် စသည်ဖြင့် ထင်မှတ်ခဲ့တယ်၊ အသက်ရှင်နေတဲ့ အကောင်ကလေး တကယ်ကို ရှိနေတယ်လို့ ထင်မှတ်ခဲ့တယ်။
ယခု ချုပ်ငြိမ်းတဲ့သဘောကို သောတာပတ္တိ မဂ်ဉာဏ်ဖြင့် တွေ့မြင်ပြီးတဲ့ အခါမှာတော့ အဲဒီလို ငါ့ကောင်အနေနဲ့ ထင်မှတ်မှု မရှိတော့ဘူးတဲ့၊ စဉ်းစားဆင်ခြင်ကြည့်လိုက်ယင် မြင်မှု ကြားမှု စသည်တွေဟာ ခဏမစဲ ဖြစ်ပျက်နေတဲ့ ရုပ်နာမ်သဘောတရားမျှ အနေနဲ့သာ အသိဉာဏ်ထဲမှာ ထင်ပေါ်လာတော့တယ်၊ အဲဒါဟာ သက္ကာယဒိဋ္ဌိ ကင်းတာပါဘဲ။
နောက်ပြီးတော့ အဲဒီလို သိမြင်တဲ့ ပုဂ္ဂိုလ်မှာ ဘုရား တရား သံဃာနှင့် စပ်ပြီး ယုံမှားမှု၊ မိမိ၏ သီလ သမာဓိ ပညာ အကျင့်နှင့်စပ်ပြီး ယုံမှားမှုဆိုတဲ့ ဝိစိကိစ္ဆာလဲ လုံးဝကင်းသွားတယ်။ အဲဒါကိုလဲ ဘုန်းကြီးက ဘုရား, တရား၊ သံဃာအား၊ ယုံမှား မရှိပါ-လို့ ဆောင်ပုဒ်စီထားတယ်။ အဲဒါကို ဆိုကြရမယ်။
ဘုရား, တရား၊ သံဃာအား၊ ယုံမှား မရှိပါ။ (ဆို)
ဒီဆောင်ပုဒ်ထဲမှာ အကျင့်သိက္ခာကိုတော့ မစီလောက်လို့ ချန်ထားပါတယ်၊ ဒါပေမဲ့ ဘုရား တရား သံဃာနှင့်စပ်ပြီး ယုံမှားကင်းယင် အကျင့်သိက္ခာနှင့် စပ်ပြီးတော့လဲ ယုံမှား မဖြစ်နိုင်တော့ပါဘူး၊ ဒါကြောင့် ပြဋ္ဌာန်းတဲ့ယုံမှား ၃-ပါး ကင်းကြောင်းကို ပြလိုက်ခြင်းဖြင့် မပြဋ္ဌာန်းသော အကျင့်သိက္ခာ ယုံမှားကင်းကြောင်းကိုလဲ ပြုခြင်းကိစ္စပြီးတယ်လို့ မှတ်ယူရပါတယ်။
ဘာကြောင့်လဲဆိုလျှင်-မိမိ ကျင့်နေတဲ့ သီလ သမာဓိ ပညာ အကျင့်သိက္ခာဆိုတာဟာ ဘုရားဟောထားတဲ့ အကျင့် သိက္ခာ တွေဘဲ၊ မဂ်ဖိုလ်ဆိုတဲ့ တရားတော်တွေထဲမှာလဲ ဒီအကျင့်သိက္ခာ ၃-ပါးက အရင်းခံတရားတွေဘဲ၊ သံဃာတော် ဆိုတာလဲ ဒီအကျင့် သိက္ခာ ၃-ပါးကို ကျင့်နေတဲ့ ပုဂ္ဂိုလ်မြတ် အပေါင်းဘဲ။ ဒါကြောင့် ဘုရား တရား သံဃာနှင့်စပ်ပြီး ယုံမှားကင်းယင် မိမိ၏ အကျင့်သိက္ခာနှင့် စပ်ပြီးတော့လဲ ယုံမှားဘွယ် မရှိတော့ပါဘူး။
နောက်ပြီးတော့ သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာနှင့် အဆင့်အတန်းတူတဲ့ ကိလေသာတွေလဲ ကင်းသွားတယ်၊ ဘယ်လို ကိလေသာတွေလဲဆိုယင် အပါယ်လေးပါးကို ကျစေနိုင်တဲ့ လောဘ ဒေါသ မောဟ အစ ရှိသော ကိသောတွေ၊ လူ့ဘဝ နတ်ဘဝမှာလဲ ခုနစ်ဘဝထက် ပိုလွန်ပြီး ဖြစ်စေနိုင်တဲ့ လောဘ ဒေါသ မောဟ အစရှိသော ကိလေသာတွေ၊ ဒီကိလေသာတွေပါဘဲ။ ကင်းပုံက ဘယ်လိုလဲဆိုလျှင် -
သတ္တဝါတဦးဟာ ဝိပဿနာမရှုလို့ ဖြစ်စေ၊ ရှုပါသော်လဲ ပြည့်စုံအောင် မရှုလို့ ဖြစ်စေ၊ သောတာပတ္တိမဂ်ကို မရောက်သေးလျှင် နောင်အခါကာလမှာ မိမိ၏ ကံအားလျော်စွာ အပါယ် လေးပါးလဲ ကျနိုင်သေးတယ်၊ စူဠသောတာပန်ဖြစ်လို့ ဒုတိယဘဝမှာ အပါယ်မကျနိုင်သော်လဲ တတိယဘဝ စသည်မှာ ကံအားလျော်စွာ ကျနိုင်သေးတာဘဲ၊ နောက်ပြီးတော့ လူ့ဘဝ နတ်ဘဝ တွေမှာလဲ အကန့်အသတ်မရှိ ဖြစ်သွားနိုင်သေးတာဘဲ။
ထူးတာကတော့ ဝိပဿနာအလုပ်ကို ကောင်းကောင်း အားထုတ်ထားတဲ့သူဟာ ယခုဘဝမှာ မဂ်ဖိုလ်ကို မရောက်သေးသော်လဲ နောင်ဘဝ အနည်းငယ်အတွင်းမှာ သူတော်ကောင်း တရားကို ကြားနာရခြင်း စသော အကြောင်း ညီညွတ်လျှင် မဂ်ဖိုလ်ကို ရသွားနိုင်တယ်၊ အဲဒီအခါကျတော့ ဘဝအကန့်အသတ် ရှိသွားမယ်၊ အဲဒါက ဝိပဿနာရှုသူမှာ မရှုတဲ့သူတွေထက် ထူးခြားချက်ပါဘဲ။ ဒါပေမဲ့ ပုထုဇဉ်အနေနဲ့ ဆိုယင်တော့ ဘဝပေါင်း မည်ရွှေ့မည်မျှသာ ဖြစ်ရတော့မယ်လို့ အကန့်အသတ် မရှိပါဘူး။ ဒါကြောင့် ရှေးကလဲ အစမထင်အောင် သံသရာ ရှည်လျားခဲ့ပြီ၊ ယခုဘဝမှာ မဂ်ဖိုလ်ကို မရသေးလျှင် နောင်လဲ ဘဝပေါင်း မည်ရွေ့မည်မျှလို့ အကန့်အသတ် မရှိဘူး။ အဲဒီလို ဖြစ်နေရတာဟာ ဘာကြောင့်လဲဆိုလျှင် အဝိဇ္ဇာက အပြစ်ကို ဖုံးကွယ်ပေးပြီး တဏှာက တပ်မက်တွယ်တာနေလို့ပါဘဲ တဲ့။ ဒါကြောင့် မြတ်စွာဘုရားက -
အနမတဂ္ဂေါယံ ဘိက္ခဝေ သံသာရော၊ ပုဗ္ဗာ ကောဋိ န ပညာယတိ အဝိဇ္ဇာနီဝရဏာနံ သတ္တာနံ တဏှာသံယော ဇနာနံ သန္ဓာဝတံ သံသရတံ - လို့ ဟောထားပါတယ်။
ဘိက္ခဝေ၊ ရဟန်းတို့။
အယံ သံသာရော၊ သတ္တဝါ အသီးအသီး၏ ရုပ်နာမ်ခန္ဓာအစဉ် ဟူသော ဤသံသရာသည်။
အနမတဂ္ဂေါ၊ ဉာဏ်ဖြင့် အစဉ်လိုက်၍ ဆင်ခြင်ကြည့်လျှင် မသိအပ်သော အစရှိ၏။
(ယခုဘဝမှာ အကျိုးခန္ဓာတွေ ရှိနေတဲ့ အတွက် ယခုဘဝ၏ အကြောင်းဖြစ်တဲ့ ရှေးဘဝ ရှိခဲ့တယ်၊ အဲဒီဘဝ၏ အကြောင်းဖြစ်တဲ့ ရှေးဘဝလဲ ရှိခဲ့တယ်၊ အဲဒီဘဝ၏ အကြောင်းဘဝလဲ ရှိခဲ့တယ် စသည်ဖြင့် အကျိုးခန္ဓာတွေရဲ့ အကြောင်းဘဝတွေကို ဆင်ခြင်ကြည့်လျှင် အစကို ရှာမတွေ့ နိုင်လောက်အောင် ရုပ်နာမ်ခန္ဓာတို့၏ ဖြစ်စဉ် သံသရာဟာ ရှည်လျားခဲ့လှပြီလို့ ဆိုလိုပါတယ်။)
အဝိဇ္ဇာနီဝရဏာနံ၊ အဝိဇ္ဇာတည်းဟူသော အပိတ်အပင် အဆီးအတား ရှိကုန်သည်ဖြစ်၍။
တဏှာသံယောဇနာနံ၊ တပ်မက်တွယ်တာသော တဏှာတည်းဟူသော နှောင်ကြိုး ရှိကုန်သည်ဖြစ်၍။
သန္ဓာဝတံ သံသရတံ၊ တဘဝမှ တဘဝသို့ ပြေးသွားကျင်လည် နေကြရကုန်သော။
သတ္တာနံ၊ သတ္တဝါ တို့၏။
ပုဗ္ဗာ ကောဋိ၊ ရှေးအစွန်းအစသည်။
န ပညာယတိ၊ မထင်ပေ-တဲ့။
မြင်တိုင်း ကြားတိုင်း တွေ့တိုင်း ကြံသိတိုင်း ထင်ရှားပေါ်လာတဲ့ ရုပ်နာမ်ခန္ဓာတွေကို သိရိုး သိစဉ်အတိုင်း သိနေတာဟာ အဝိဇ္ဇာ ဘဲ၊ အမြဲတည်ရှိနေတယ်လို့လဲ ထင်တယ်၊ ချမ်းသာတယ် ကောင်းတယ် လှပတင့်တယ်လို့လဲ ထင်တယ်၊ ငါဘဲ သူဘဲ သတ္တဝါဘဲလို့လဲ ထင်တယ်၊ အဲဒါတွေဟာ ရုပ်နာမ်ခန္ဓာတွေရဲ့ သဘောမှန်ကို ဖုံးကွယ်ပေးတာတွေပါဘဲ။ အဲဒီလို အဝိဇ္ဇာက ဖုံးကွယ်ပြီး ကောင်းတဲ့အနေ သာယာဘွယ် အနေနဲ့ ထင်မှတ်ပေးလိုက်တော့ အဲဒီရုပ်နာမ်ခန္ဓာတွေကို နှစ်သက် သာယာတယ်၊ တပ်မက် တွယ်တာတယ်၊ အဲဒါက တဏှာဘဲ။ ဒီတဏှာက နှောင်ကြိုးနဲ့ တူပါတယ်၊
နွားတွေ ကျွဲတွေကို ကြိုးနဲ့ ချည်ထားယင် ကြိုးရှည်သလောက်သာ လှုပ်ရှားနိုင်ရှာကြတယ်၊ အဲဒီထက် ပိုပြီး ဘယ်ကိုမျှ မသွားနိုင်ရှာကြဘူး၊ ကြိုးစရှည်သလောက် အတွင်းမှာသာ လှည့်လည်ပြီး နေကြရတယ်၊ အဲဒီလိုပါဘဲ သတ္တဝါတွေမှာလဲ အဝိဇ္ဇာက အပြစ်ကို ဖုံးကွယ်ပေးထားတဲ့ ဘုံဘဝ ခန္ဓာတွေကို နှစ်သက်သာယာပြီး တွယ်နေကြတယ်၊ တဏှာနှောင်ကြိုးနဲ့ ချည်ထားတဲ့ သဘောပါဘဲ၊ အဲဒီတဏှာနဲ့ နှစ်သက်တွယ်တာ သာယာနေကြတဲ့အတွက် အဲဒီဘုံဘဝတွေထဲမှာသာ ထပ်ခါ ထပ်ခါ ဖြစ်နေကြရတယ်၊ ဘုံဘဝခန္ဓာတွေမှ လွတ်ရာကို မသွားနိုင်ကြဘူး၊ သွားဘို့ရာတောင် ပြတ်ပြတ်စဲစဲ မကြံနိုင်ကြဘူး၊
ဒါကြောင့် တဘဝပြီး တဘဝ ရုပ်နာမ်ခန္ဓာအစဉ်တွေ အကြောင်းအကျိုးဆက်ပြီး ဖြစ်လာတာ ကြာလှပြီ၊ ကမ္ဘာ ကုဋေတို့ဖြင့်လဲ မရေတွက်နိုင်ဘူး၊ မည်သည့် အချိန်အခါကစပြီး ဖြစ်လာတယ် လို့တောင် မပြောနိုင်ဘူး၊ သောတာပတ္တိမဂ်ကို မရဘဲ ရှိနေမယ်ဆိုယင် နောင်ကာလမှာလဲ ဘဝခန္ဓာ တွေဟာ အပိုင်းအခြား အကန့်အသတ်မရှိ ဖြစ်သွားမှာဘဲ၊ အဲဒီလို အကန့်အသတ်မရှိ ဖြစ်သွားမည့် ဘဝသစ်ခန္ဓာဝန်တွေထဲက ခုနစ်ဘဝထက် ပိုလွန်ပြီး ဖြစ်မည့် ဘဝသစ်ခန္ဓာတွေဟာ သောတာပတ္တိ မဂ်ရောက်ယင် ဖြစ်ခွင့်မရှိတော့ဘဲ အကုန်ငြိမ်းသွားတယ်၊ အဲဒါဟာ သောတာပတ္တိမဂ်ဖြင့် ခန္ဓာဝန် တွေကို ပစ်ချလိုက်တာပါဘဲ၊ အဲဒီလို ပစ်ချနိုင်ပုံကို နိဒ္ဒေသပါဠိတော်မှာ ဒီလိုပြဆိုထားပါတယ်။
သောတာပတ္တိမဂ္ဂဉာဏေန၊ သောတာပတ္တိ မဂ်ဉာဏ်ဖြင့်။
အဘိသင်္ခါရဝိညာဏဿ၊ အဘိသင်္ခါရဝိညာဏ် ခေါ်သော ကုသိုလ်ကံ အကုသိုလ်ကံ ဝိညာဏ်၏။
နိရောဓေန၊ ချုပ်ခြင်းကြောင့်။
သတ္တဘဝေ၊ ခုနစ်ဘဝတို့ကို။
ဌပေတွာ၊ ချန်ထား၍။
အနမတဂ္ဂေ၊ မသိအပ်သော အစွန်းအစရှိသော။
ဝါ၊ မသိအပ် မသိနိုင်သော အဆုံးအစွန်းရှိသော။
သံသာရေ၊ သံသရာ၌။
ယေ ဥပ္ပဇ္ဇေယျ နာမဉ္စ ရူပဉ္စ တေ၊ သောတာပတ္တိ မဂ်ဉာဏ်ကို မရောက်လျှင် ဖြစ်ပေါ်လာကြမည့် ရုပ်နာမ်ခန္ဓာတို့သည်။
ဧတ္ထ၊ ဤသောတာပတ္တိမဂ်၌။
ဝါ၊ သောတာပတ္တိမဂ်ကြောင့်။
နိရုဇ္ဈန္တိ၊ ချုပ်လေကုန်၏။
ဝူပသမ္မန္တိ၊ ငြိမ်းလေကုန်၏တဲ့။
ဆေးမစားလျှင် ဖြစ်ပေါ်လာမည့် ရောဂါဟာ ဆေးစားလိုက်တဲ့အတွက် မဖြစ်ပေါ်လာတော့ဘဲ ပျောက်ငြိမ်းသွားသလို သောတာပတ္တိမဂ်ကို မရောက်သေးလျှင် ခုနစ်ဘဝထက် ပိုလွန်ပြီး မရေမတွက်နိုင်အောင် ဖြစ်သွားမည့် ဘဝတွေဟာ သောတာပတ္တိမဂ်ကို ရောက်တဲ့အခါ အကုန်လုံး ချုပ်ငြိမ်းသွားတယ်၊ အလွန်ဆုံး ခုနစ်ဘဝသာ ဖြစ်ဘို့ရှိတော့တယ်လို့ ဆိုလိုပါတယ်၊ အဲဒါဟာ သောတာပတ္တိမဂ်ဉာဏ်ဖြင့် ဘဝသစ် ခန္ဓာဝန်တွေကို ပစ်ချလိုက်ပုံပါဘဲ။
အထက်မဂ်များဖြင့် ပစ်ချသည့် ဝန်ထုပ်များ
သကဒါဂါမိမဂ်ဉာဏ်ဖြင့် နှစ်ဘဝထက် ပိုလွန်ပြီး ဖြစ်မည့် ဘဝသစ်ခန္ဓာဝန်တွေကို ပစ်ချနိုင်ပါတယ်၊ အနာဂါမိမဂ် ဉာဏ်ဖြင့် တဘဝထက် ပိုလွန်ပြီး ဖြစ်မည့် ခန္ဓာဝန်တွေကို ပစ်ချနိုင်ပါတယ်၊ ဒါကြောင့် အနာဂါမ်ပုဂ္ဂိုလ်မှာ ရူပဘဝဖြစ်စေ အရူပဘဝဖြစ်စေ တဘဝသာ ဖြစ်ဖို့ ရှိပါတယ်၊ အဲဒီမှာ တဘဝဆိုပေမဲ့ ပဋိသန္ဓေ တကြိမ်မျှလို့တော့ မယူရဘူး၊ ရူပဘဝမှာဆိုယင် သုဒ္ဓါဝါသငါးဘုံမှာ အစဉ်အတိုင်း ငါးကြိမ်အထိ ဖြစ်နိုင်တယ်၊ အရူပဘဝမှာဆိုယင်လဲ အရူပ ၄-ဘုံ အစဉ်အတိုင်း ၄-ကြိမ်အထိ ဖြစ်နိုင်တယ်၊ ဒါပေမဲ့ ရူပဘဝနှင့် အရူပဘဝ မရောဘဲ တမျိုးတည်းသာ ဖြစ်တဲ့အတွက် တဘဝ လို့သာ ဆိုရပါတယ်၊ သကဒါဂါမ်မှာ ၂-ဘဝ၊ သောတာပန်မှာ တဘဝ ဆိုရာများမှာလဲ အဲဒီနည်းအတိုင်း ယူရမယ်၊ ပဋိသန္ဓောအကြိမ်ကို မယူရဘူးလို့ မူလဋီကာမှာ ပြဆိုထားပါတယ်၊ ဒါကတော့ ပါဠိပညာရှိများအတွက် ဆင်ခြင်ဘို့ပါဘဲ။
အရဟတ္တမဂ်ဉာဏ်ဖြင့် ဘဝသစ်ခန္ဓာ အကုန်လုံးကို ပစ်ချပါတယ်၊ ဒါကြောင့် ရဟန္တာပုဂ္ဂိုလ်မှာ ပရိနိဗ္ဗာန်စုတိမှ နောက်ကာလမှာ ဘယ်ရုပ်နာမ် ခန္ဓာမျှ မဖြစ်ပေါ်လာတော့ဘူး၊ ခန္ဓာဝန်တွေ အကုန်လုံး ချုပ်ငြိမ်းသွားတယ်၊ အဲဒါကို အနုပါဒိသေသ ပရိနိဗ္ဗာန်စံတယ်လို့ ဆိုပါတယ်၊ ခန္ဓာဝန် အကြွင်းအကျန် မရှိတော့ဘဲ လုံးဝ ငြိမ်းသွားတယ်လို့ ဆိုလိုပါတယ်၊ ဒါကြောင့် -
ဘိက္ခဝေ၊ ရဟန်းတို့။
တဿာယေဝ တဏှာယ၊ ထိုနှစ်သက် လိုချင်သော တဏှာ၏သာလျှင်။
ဝါ၊ ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာဟု ဆိုအပ်သော ထို တဏှာသုံးပါး၏ သာလျှင်။
ယော အသေသဝိရာဂနိရောဓော၊ အကြင် အကြွင်းမဲ့ ပျက်ပြယ်ခြင်း ချုပ်ခြင်းသည်။
ယော စာဂေါ၊ အကြင်တဏှာကို ပယ်စွန့်ခြင်းသည်။
ယော ပဋိနိဿဂ္ဂေါ၊ အကြင် ဝေးစွာစွန့်ခြင်းသည်။
ယာ မုတ္တိ၊ အကြင် လွှတ်လိုက်ခြင်းသည်။
ယော အနာလယော၊ အကြင် တွယ်တာမှု ကင်းခြင်းသည်။
အတ္ထိ၊ ရှိ၏။
ဘိက္ခဝေ၊ ရဟန်းတို့။
ဣဒံ၊ တဏှာကို ပယ်စွန့်ခြင်း စသည်ဖြင့် ခေါ်ဆိုအပ်သော ဤ တဏှာ၏ အကြွင်းမဲ့ ပျက်ပြယ်ခြင်း ချုပ်ခြင်းကို။
ဘာရနိက္ခေပနံ၊ ဥပါဒါနက္ခန္ဓာ ငါးပါးဟု ဆိုအပ်သော ဝန်ထုပ်ဝန်ပိုးကို ပစ်ချခြင်းဟူ၍။
ဝုစ္စတိ၊ ဆိုအပ်ပေ၏-လို့ မြတ်စွာဘုရားက ဟောတော်မူပါတယ်။
ဒါကြောင့် ဝန်ထုပ်ဝန်ပိုးကို ပစ်ချတယ်ဆိုတာ ဝိပဿနာဉာဏ် မဂ်ဉာဏ်တို့ဖြင့် နှစ်သက်လိုချင်မှု တဏှာကို ပယ်စွန့်တာဘဲ။ အဲဒါကို “ဝန်ထုပ်ကို ပစ်ချတယ်ဆိုတာ ဘယ်ဟာလဲ၊ နှစ်သက်လိုချင်တဲ့ တဏှာကို ပယ်တာဘဲ”--လို့ ဆောင်ပုဒ်လုပ်ထားတယ်။ အဲဒါကို ဆိုကြရမယ်။
ဝန်ထုပ်ကို ပစ်ချတယ်ဆိုတာ ဘယ်ဟာလဲ။
နှစ်သက်လိုချင်တဲ့ တဏှာကို ပယ်တာဘဲ။
မြင်တိုင်း ကြားတိုင်း တွေ့တိုင်း ကြံသိတိုင်း ဒွါရ ၆-ပါးက ပေါ်လာသမျှကို မရှုမမှတ်နိုင်ယင် မသိမှု အဝိဇ္ဇာနှင့်တကွ နှစ်သက်လိုချင်မှု တဏှာဖြစ်တယ်၊ ချက်ခြင်းဖြစ်တာလဲ ရှိတယ်၊ နောင်မှ ပြန်လည်စဉ်းစားပြီး ဖြစ်တာလဲ ရှိတယ်။ အဲဒီလို တဏှာဖြစ်နိုင်ခွင့် ရှိနေတာဟာ ဘဝသစ် ခန္ဓာဝန်ထုပ်ကို ခံယူနေသည် မည်တာဘဲ။ ဒွါရ ၆-ပါးက ပေါ်လာသမျှကို ရှုမှတ်ပြီး အဖြစ်အပျက် အနိစ္စ ဒုက္ခ အနတ္တ သဘောကို အမှန်အတိုင် သိယင် သိတိုင်း သိတိုင်း အဲဒီ တဏှာကို တဒင်္ဂပဟာန် အားဖြင့် ပယ်နေတာဘဲ။ ဒါကြောင့် ရှုမှတ်တိုင်း ခန္ဓာဝန်ကို ပစ်ချနေသည် မည်တယ်။ အရိယမဂ်ဉာဏ် ၄-ပါး ဖြစ်ပေါ်တဲ့ အခါမှာတော့ အဲဒီတဏှာကို သမုစ္ဆေဒပဟာန်အားဖြင့် ပယ်တယ်။ ဒါကြောင့် အဲဒီ မဂ်ဉာဏ် ၄-ပါးဖြင့် ခန္ဓာဝန်ကို ပစ်ချသည် မည်ကြောင်းတော့ အထူးပြောဘို့ မလိုပါဘူး။
ဒီတော့ ဝိပဿနာ မရှုယင် ခန္ဓာဝန်ကို လက်ခံနေတာဘဲ၊ ဝိပဿနာရှုယင် ခန္ဓာဝန်ကို ပစ်ချနေ တာဘဲ။ အရိယမဂ်ကို ရောက်ယင် ခန္ဓာဝန်ကို လုံးဝပစ်ချပြီး ဖြစ်တော့တာဘဲ။ ဒါကြောင့် ခန္ဓာဝန်ကို ကြောက်ကြယင် မထမ်းချင်ကြယင် ဒွါရ ၆- ပါးက ဖြစ်ပေါ်လာသမျှကို ရှုမှတ်ပြီး ပစ်ချရမယ်။ အဲဒီလို ဝိပဿနာဖြင့် ပစ်ချလို့ အားပြည့်တဲ့အခါမှာ အရိယမဂ်ဉာဏ်များ ဖြစ်ပေါ်လာမယ်၊ အဲဒီအခါမှာ ခုနစ်ဘဝထက် ပိုလွန်ပြီး ထမ်းရမည့် ခန္ဓာဝန်တွေ၊ ၂-ဘဝထက် ပိုလွန်ပြီး ထမ်းရမည့် ခန္ဓာဝန်တွေ၊ တဘဝထက် ပိုလွန်ပြီး ထမ်းရမည့် ခန္ဓာဝန်တွေ၊ အလုံးစုံသော ခန္ဓာဝန်တွေကို အစဉ်အတိုင်း ပစ်ချပြီး ဖြစ်သွားပါလိမ့်မည်၊ ဒါပါဘဲ။
ကဲ-ဝန်ထုပ်ကို ပစ်ချပုံ ပိုပြီးထင်ရှားအောင် ဝန်ထုပ်ခံယူပုံ ဆောင်ပုဒ်နဲ့ တွဲပြီး ဆိုလိုက်ကြဦးစို့။
ဝန်ထုပ်ကို ခံယူတယ်ဆိုတာ ဘယ်ဟာလဲ။
နှစ်သက်လိုချင်တဲ့ တဏှာဘဲ။
ဝန်ထုပ်ကို ပစ်ချတယ်ဆိုတာ ဘယ်ဟာလဲ။
နှစ်သက်လိုချင်တဲ့ တဏှာကို ပယ်တာဘဲ။
ဘာရ-စသည်ကို သစ္စာ ၄-ပါး၌ သွင်းပြခြင်း
ဘာရသုတ္တန် တရားတော်ကြီးဟာ ယခုလောက်ဆိုယင် စုဏ္ဏိယခေါ်တဲ့ စကားပြေ ဒေသနာတော်အရကတော့ ပြည့်စုံသွားပါပြီ။ ဘာရ = ဝန်ထုပ်ခေါ်တဲ့ ဥပါဒါနက္ခန္ဓာ ငါးပါးအကြောင်းလဲ ဟောပြီးပြီ၊ အဲဒါက သစ္စာဒေသနာ အရအားဖြင့် ဒုက္ခသစ္စာဘဲ။ ဘာရဟာရ=ဝန်ထမ်းသမားခေါ်တဲ့ ပုဂ္ဂိုလ်အကြောင်းလဲ ဟောပြီးပြီ၊ အဲဒီ ပုဂ္ဂိုလ်ဆိုတာကတော့ လောကဝေါဟာရ ပညတ်မျှဘဲ၊ ပရမတ္ထအားဖြင့် ထင်ရှား မရှိဘူး၊ ဒါကြောင့် အဲဒီ ပုဂ္ဂိုလ်ဆိုတာကတော့ သစ္စာ ၄-ပါးမှ အလွတ်ပဲ။
ဘာရဒါန = ဝန်ထုပ်ကို ခံယူတယ်ဆိုတဲ့ တဏှာအကြောင်းကိုလဲ ဟောပြီးပြီ၊ အဲဒါကတော့ သမုဒယသစ္စာဘဲ။ ဘာရနိက္ခေပန = ဝန်ထုပ်ကို ပစ်ချတယ်ဆိုတဲ့ တဏှာပယ်စွန့်ခြင်း-တဏှာ ချုပ်ခြင်း အကြောင်းကိုလဲ ဟောပြီးပြီ၊ အဲဒါကတော့ နိရောဓ သစ္စာဘဲ။ တဏှာကို ပယ်စွန့်ကြောင်း အကျင့်ဖြစ်တဲ့ မဂ္ဂသစ္စာကိုတော့ ဒီသုတ်မှာ သရုပ်အားဖြင့် ထုတ်ပြမထားဘူး။ ဒါပေမဲ့ တဏှာ ပယ်စွန့်ခြင်းဆိုတဲ့ နိရောဓသစ္စာကို ဟောလိုက်ယင် တဏှာကို ပယ်စွန့်ကြောင်း လုပ်ငန်းစဉ် အကျင့်ဆိုတဲ့ မဂ္ဂသစ္စာလဲ အလိုလို ပါဝင်သွားပါတယ်။ ဒါကြောင့်ဘဲ ဘုန်းကြီးက အဲဒီ ဘာရနိက္ခေပန = ဝန်ထုပ်ကို ပစ်ချခြင်းဆိုတဲ့ နိရောဓသစ္စာကို ဟောရာမှာ တဏှာကို ပယ်စွန့်ကြောင်း လုပ်ငန်းစဉ် အကျင့်ဖြစ်တဲ့ ဝိပဿနာနှင့် အရိယမဂ် ၄-ပါးကို ထုတ်ဖော် ထည့်သွင်းပြီးပြခဲ့ပါတယ်။ ကဲ အဲဒီ သစ္စာ ၄-ပါးထဲ သွင်းပုံကိုလဲ ဆိုလိုက်ကြဦးစို့။
ဝန်ထုပ်ဆိုတဲ့ ဥပါဒါနက္ခန္ဓာ ငါးပါးက ဒုက္ခသစ္စာ။
ဝန်ထုပ်ကို ခံယူတယ် ဆိုတဲ့ တဏှာက သမုဒယသစ္စာ။
ဝန်ထုပ်ကို ပယ်ချတယ်ဆိုတဲ့ တဏှာချုပ်ငြိမ်းတာက နိရောဓသစ္စာ။
တဏှာချုပ်ငြိမ်းကြောင်း အကျင့်ဖြစ်တဲ့ ဝိပဿနာနှင့် မဂ် ၄-ပါးက မဂ္ဂသစ္စာ။
ဆောင်ပုဒ်ပမာ ဂါထာတရား
မြတ်စွာဘုရားက အဲဒီ ဘာရသုတ္တန် စကားပြေကို ဟောတော်မူပြီးတဲ့နောက် အကျဉ်းချုပ်မှတ်ဖို့ ဆောင်ပုဒ်သဖွယ်ဖြစ်တဲ့ ဂါထာဒေသနာကိုလဲ ဟောတော်မူခဲ့ပါသေးတယ်။ ဒါကြောင့် ဒီသုတ်မှာ သံဂါယနာတင် မထေရ်မြတ်တို့က -
ဣဒံ၊ ဤဆိုခဲ့ပြီးသော ဘာရသုတ္တန် စကားပြေ တရားတော်ကို။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
အဝေါစ၊ ဟောတော်မူခဲ့ပါသတည်း။
ဣဒံ၊ ဤစကားပြေ တရားတော်ကို။
ဝတွာန၊ ဟောတော်မူပြီး၍။
သုဂတော၊ အကျိုးရှိ၍ ဟုတ်မှန်သော စကားကောင်းကိုသာ ြွမက်ဆိုတော် မူတတ်သော။
သတ္တာ၊ နတ်လူတို့၏ ဆရာသခင် ဘုရားရှင်သည်။
အထ၊ အခြားမဲ့၌။
အပရံ၊ တပါးသော။
ဧတံ၊ ဤဆိုလတံ့သော ဂါထာ ၂-ပုဒ်၊ အပေါင်းတရားတော်ကို။
အဝေါစ၊ အကျဉ်းမျှဖြင့် တဖန်ဆင့်၍ ကျူးရင့် ဟောကြားတော် မူပြန်ပါသတည်း-
လို့ ပြဆိုတော်မူကြပါတယ်။ အဲဒီ ဂါထာ ၂ ပုဒ် ကိုလဲ ရွက်ဆိုပြီး အနက်အဓိပ္ပါယ် ဖော်ပြသွားမယ်။
ဘာရာ ဟဝေ ပဉ္စက္ခန္ဓာ၊ ဘာရဟာရော စ ပုဂ္ဂလော။
ဘာရာဒါနံ ဒုခံ လောကေ၊ ဘာရနိက္ခေပနံ သုခံ။
ပဉ္စက္ခန္ဓာ၊ ခန္ဓာငါးပါး ရုပ်နာမ် တရားတို့သည်။
ဟဝေ၊ စင်စစ် အမှန်အားဖြင့်။
ဘာရာ၊ လေးလံလှစွာသော ဝန်ထုပ်ဝန်ပိုးကြီးတို့ပါပေတည်း။
ဘာရဟာရော စ၊ ဝန်ထုပ်ဝန်ပိုးကို ထမ်းဆောင်သော သူသည်ကား။
ပုဂ္ဂလော၊ ခန္ဓာငါးပါး ရှိသော ပုဂ္ဂိုလ်ပါပေတည်း။
လောကေ၊ လောက၌။
ဘာရာဒါနံ၊ နှစ်သက်သာယာ တဏှာဖြစ်လျက် ဘဝသစ်ခန္ဓာဝန်ကို ခံယူခြင်းသည်။
ဒုခံ၊ ဆင်းရဲလှ၏။
ဘာရနိက္ခေပနံ၊ ဝိပဿနာဉာဏ် မဂ်ဉာဏ်ဖြင့် တဏှာကို ပယ်သောအားဖြင့် ငါးပါးသော ခန္ဓာဝန်ကို ပစ်ချလိုက်ခြင်းသည်။
သုခံ၊ ချမ်းသာလှပါပေ၏။
ဘုန်းကြီးကလဲ ဒီနေရာမှာ မြန်မာဂါထာကလေး စီထားပါတယ်။
ဝန်ထုပ်ဆိုတာ၊ ငါးခန္ဓာ၊ လွန်စွာ လေးလှသည်။
ဝန်ထမ်းခေါ်လတ်၊ ပုဂ္ဂိုလ်မှတ်၊ ပညတ်သာ ဖြစ်သည်။
ဝန်ကိုယူက၊ ဆင်းရဲစွ၊ ပစ်ချ ချမ်းသာသည်-တဲ့။
ကဲဆိုကြရမယ်။
ဝန်ထုပ်ဆိုတာ၊ ငါးခန္ဓာ၊ လွန်စွာ လေးလှသည်။ (ဆို)
ခန္ဓာငါးပါး ဆိုတဲ့ ဝန်ထုပ်ကြီးဟာ သေသေချာချာ စဉ်းစားကြည့်ယင် အလွန် ဝန်လေးပါတယ်။ နေ့စဉ် နေ့တိုင်း အမြဲမပြတ် ဒီခန္ဓာဝန်ကြီးကို အစာရှာကျွေးခြင်း ရေမိုးချိုးပေးခြင်း စသည်ဖြင့် ထမ်းဆောင်နေရတာဟာ အလွန်ဝန်လေးပါတယ်၊ ကံအကျိုးပေး ညံ့တဲ့သူတွေမှာ ဝန်လေးကြောင်း သာပြီး ထင်ရှားပါတယ်၊ ရောဂါဆိုး စွဲကပ်နေတဲ့သူတွေ အိုမင်း မစွမ်းဖြစ်နေတဲ့ သူတွေမှာလဲ ထင်ရှားပါတယ်။
ငရဲ ကျရောက်နေတဲ့သူတွေ ပြိတ္တာဖြစ်နေတဲ့ သူတွေမှာတော့ သာပြီး ထင်ရှား ပါသေးတယ်။ အဲဒီ ငရဲသားတွေ ပြိတ္တာတွေဟာ ခန္ဓာကိုယ်ကြီး ရှိနေတဲ့အတွက် ငရဲဆင်းရဲ, ပြိတ္တာဆင်းရဲ အမျိုးမျိုးတွေကို အလူးအလဲ ခံနေကြရတယ်၊ ဘယ်မှပြေးလို့ မလွတ်နိုင်ဘူး။ အင်မတန် ကြောက်စရာ ကောင်းပါတယ်။ တိရစ္ဆာန် သတ္တဝါတွေမှာလဲ ခန္ဓာဝန် ထမ်းဆောင်ရတာ တာဝန်လေးကြောင်း အလွန်ထင်ရှားပါတယ်၊ တချို့ တိရစ္ဆာန်တွေမှာ စားရေးအတွက် ဝန်လေးတယ်၊ တချို့ သတ္တဝါတွေမှာ ဘေးရန်ကင်းရေး, အသက်ရှင်ရေးအတွက် ဝန်လေးတယ်၊ ပုန်းနိုင်, ပြေးနိုင်မှ သေဘေးမှ လွတ်တယ်၊ အမြဲတမ်း တထိတ်ထိတ်နဲ့ ကြောက်လန့်နေကြရတယ်၊ အဲဒီလို တထိတ်ထိတ်နဲ့ ကြောက်လန့်ပြီး ပုန်းကွယ် တိမ်းရှောင်နေတုန်းမှာဘဲ အားကြီးတဲ့ သတ္တဝါတွေရဲ့ ခံတွင်းထဲမှာ သေသွားကြရတယ်။
ကြက်, ဝက်, ဘဲ, ဆိတ် အစရှိတဲ့ သတ္တဝါတွေဟာ သူတို့ကိုယ်ကို ဘေးရန်ကင်းအောင် ကြောင့်ကြစိုက်ပြီး စောင့်ရှောက်နေကြတယ်၊ ဒါပေမဲ့ နောက်ဆုံး တချိန်မှာ ပိုင်ရှင်ဖြစ်တဲ့ လူက သတ်လိုက်လို့ ဘာမှအားကိုးစရာမရှိဘဲ သေသွားကြရတယ်။ နွားတွေ, ကျွဲတွေကမှ သာပြီး ဝမ်းနည်း စရာ ကောင်းတာ၊ သူတို့မှာ အင်အားရှိတဲ့အရွယ်ကစပြီး လူတွေရဲ့ တာဝန်ကို ထမ်းနေကြ ရှာတယ်၊ နေပူမရှောင်, မိုးရွာမရှောင် လူတွေ ခိုင်းတာကို မငြင်းပယ်ဘဲ လုပ်နေကြရရှာတယ်၊ အဲဒီလို ထမ်းဆောင် လုပ်ကိုင်နေရာက တနေ့ကျတော့ သားသတ်ရုံ ရောက်သွားကြရှာတယ်၊ အဲဒီအချိန်မှာ ဘယ်ကမှ လာပြီး ကြည့်ရှုမည့်သူ မရှိဘူး၊ ဘာအပြစ်မှ မရှိပါဘဲနဲ့ ရက်ရက်စက်စက် အသတ်ခံကြ ရရှာတယ်။ အဲဒါတွေဟာ ဒီခန္ဓာဝန်တွေ ရှိနေလို့ပါဘဲ။ ခန္ဓာဝန် မရှိယင် ဘယ်သူကမျှ ဖမ်းပြီး မခိုင်းနိုင်ဘူး၊ မနှိပ်စက် မသတ်ဖြတ်နိုင်ဘူး။ ဒါကြောင့် ဒီခန္ဓာဝန်တွေဟာ အလွန် လေးပါတယ်။ လူတွေထဲမှာတောင် တချို့လူတွေဟာ နိုင်ရာလူတွေရဲ့ နှိပ်စက်ညှင်းပန်းမှုကို ခံနေကြရတာ ရှိသေးတာ ဘဲ၊ အဲဒါလဲ ဒီ ခန္ဓာဝန်ကြီး ရှိနေလို့ပါဘဲ။ ဒါကြောင့် ဝန်ထုပ်ဆိုတာ၊ ငါးခန္ဓာ၊ လွန်စွာ ဝေးလှသည်-လို့ ဆိုထားပါတယ်။
နောက်ပြီးတော့ ဒုတိယအပိုဒ်က ဝန်ထမ်းခေါ်လတ်၊ ပုဂ္ဂိုလ်မှတ်၊ ပညတ်သာ ဖြစ်သည်-တဲ့။ အဲဒါကတော့ ထင်ရှားပါတယ်။ ခန္ဓာငါးပါးကို အစွဲပြုပြီး ပုဂ္ဂိုလ်, သတ္တဝါ, ယောက်ျား, မိန်းမ စသည်ဖြင့် ခေါ်ရတယ်၊ ခေါ်ဝေါ်ရုံ အမည် ပညတ်မျှပါဘဲ။ ပရမတ္ထ သဘောတရား အားဖြင့်တော့ ပုဂ္ဂိုလ်ဆိုတာ အသီးအခြား ထင်ရှားမရှိပါဘူး၊ ဒါပေမဲ့ လောက ဝေါဟာရ အနေနဲ့တော့ ရှိတယ်လို့ဘဲ ဆိုရပါတယ်။ အဲဒီ ခန္ဓာငါးပါး ရှိနေတဲ့ ပုဂ္ဂိုလ်ဟာ ဝန်ထုပ် ဝန်ပိုးကို ထမ်းဆောင်နေရတဲ့ ဝန်ထမ်းသမားပါဘဲ။ လူတိုင်း လူတိုင်း ပုဂ္ဂိုလ်သတ္တဝါတိုင်း ကိုယ့်ခန္ဓာဝန်ကို အသီးအသီး ထမ်းဆောင်နေကြရတယ်၊ ကျန်းမာအောင် ချမ်းသာအောင် အမြဲမပြတ် ကြောင့်ကြစိုက်ပြီး ပြုစုစောင့်ရှောက်နေကြရတယ်။ ဒါကြောင့် ဝန်ထမ်းခေါ်လတ်၊ ပုဂ္ဂိုလ်မှတ်၊ ပညတ်သာ ဖြစ်သည်လို့ ဆိုထားပါတယ်၊ အဲဒါကို ဆိုကြရမယ်။
ဝန်ထမ်းခေါ်လတ်၊ ပုဂ္ဂိုလ်မှတ်၊ ပညတ်သာ ဖြစ်သည်။ (ဆို)
နောက်ပြီးတော့ တတိယအပိုဒ်က ဝန်ကိုယူက၊ ဆင်းရဲစွ၊ ပစ်ချ ချမ်းသာသည်-တဲ့။ မြင်မှု-ကြားမှု စသည် ဖြစ်တိုင်း မရှုမမှတ်နိုင်ယင် အဲဒီ မြင်မှု-ကြားမှု စသည်တွေကို ကောင်းတယ်ထင်ပြီး နှစ်သက်သာယာတယ်, လိုချင် တောင့်တတယ်၊ အဲဒါဟာ တဏှာ ဖြစ်တာဘဲ၊ အဲဒီမြင်ဆဲစသည်မှာ ချက်ခြင်း ဖြစ်တာလဲရှိတယ်၊ နောင်ကာလကျမှ ပြန်လည် စဉ်းစားပြီး ဖြစ်တာလဲ ရှိတယ်၊ ဘယ်ပုံ ဘယ်နည်းနဲ့ဘဲဖြစ်ဖြစ် တဏှာ ဖြစ်ယင် ဥပါဒါန်, ကံ, သင်္ခါရတွေဖြစ်ပြီး ဘဝသစ် ခန္ဓာဝန်တွေ ဖြစ်ပေါ်လာတော့တာဘဲ။ အဲဒီခန္ဓာဝန်တွေ ဖြစ်ပေါ်လာတော့ ခုနက ပြောခဲ့တဲ့အတိုင်း ခန္ဓာဝန်တွေနဲ့ စပ်ပြီး အကြီးအကျယ် ဆင်းရဲရတယ်။ ဒါကြောင့် နှစ်သက်လိုချင်မှု တဏှာဖြစ်ပြီး ခန္ဓာဝန်တွေကို လက်ခံယူတာဟာ အလွန်ဆင်းရဲတယ်လို့ ဆိုရပါတယ်။
နောက်ပြီးတော့ မြင်တိုင်း, ကြားတိုင်း, နံတိုင်း, စားသိတိုင်း, တွေ့ထိတိုင်း, ကြံသိတိုင်းရှုမှတ်ပြီး သဘောမှန်ကို သိယင် သိတိုင်း သိတိုင်း အမှားသိ အဝိဇ္ဇာ နှင့်တကွ အဲဒီနှစ်သက် လိုချင်မှုတဏှာဟာ တဒင်္ဂအားဖြင့် ချုပ်ငြိမ်း ချုပ်ငြိမ်း သွားတယ်၊ အဲဒီလို ရှုမှတ်ခြင်းဖြင့် အရိယမဂ် ဖြစ်ပေါ်လာတဲ့ အခါမှာတော့ သမုစ္ဆေဒအားဖြင့် ချုပ်ငြိမ်းသွားတယ်၊ အဲဒီလို တဏှာချုပ်ငြိမ်းသွားတော့ ဥပါဒါန် ကံ သင်္ခါရနှင့် ဘဝသစ် ခန္ဓာတွေလဲ ဖြစ်ပေါ်ခွင့်မရဘဲ အကုန်လုံး ချုပ်ငြိမ်းသွားကြတယ်။ ဒါကြောင့် မြင်ခိုက်စသည်မှာ ရှုမှတ်နေတာဟာ တဏှာနှင့်တကွ ခန္ဓာဝန်ကို ပစ်ချနေတာဘဲ။
အဲဒီလို ခန္ဓာဝန်ကို ပစ်ချလိုက်လို့ ခန္ဓာဝန်တွေ မရှိယင် ဆင်းရဲဟူသမျှ လုံးဝကင်းပြီး အမြဲတမ်း ချမ်းသာသွားတယ်။ ဒါကြောင့် တဏှာကိုပယ်ပြီး ခန္ဓာဝန် ပစ်ချတာကို ချမ်းသာတယ်လို့ ဆိုရတယ်။ ဆင်းရဲ ကင်းငြိမ်းတာကို ဆိုတာပါဘဲ။ အဲဒီ ခန္ဓာဝန်ယူတာနဲ့ ခန္ဓာဝန် ပစ်ချတာ ၂-မျိုးလုံးကို ပေါင်းပြီးတော့ ဝန်ကိုယူက၊ ဆင်းရဲစွ၊ ပစ်ချ ချမ်းသာသည်-လို့ ဆိုထားပါတယ်။ အဲဒါကို ဆိုကြရမယ်။
ဝန်ကိုယူက၊ ဆင်းရဲစွ၊ ပစ်ချ ချမ်းသာသည်။ (ဆို)
ယခုပြောခဲ့တာဟာ ပဌမ ဂါထာရဲ့ အနက် အဓိပ္ပါယ်တွေပါဘဲ၊ အဲဒါ နားလည်လောက်ပါပြီ။ ယခု ဒုတိယ ဂါထာကို ပြောမယ်။
နိက္ခိပိတွာ ဂရုံ ဘာရံ၊ အညံ ဘာရံ အနာဒိယ။
သမူလံ တဏှာမဗ္ဗုယှ၊ နိစ္ဆာတော ပရိနိဗ္ဗုတော။
ဂရုံ၊ လေးလံလှစွာသော။
ဘာရံ၊ မျက်မှောက်အတ္တဘောတည်း ဟူသော ခန္ဓာဝန်ထုပ်ကြီးကို။
နိက္ခိပိတွာ၊ ပရိနိဗ္ဗာန် စုတိအနေအားဖြင့် ချထား စွန့်ပယ်လိုက်ပြီး၍။
ဒီဂါထာကတော့ ရဟန္တာပုဂ္ဂိုလ်ကို ရည်ပြီး ဟောထားပါတယ်။ ရဟန္တာ ပုဂ္ဂိုလ်မှာလဲ ပရိနိဗ္ဗာန် မပြု ရသေးမီ အတွင်းမှာတော့ ခန္ဓာဝန်ကြီးကို ထမ်းဆောင်နေရသေးတာဘဲ၊ မျက်နှာသစ်ခြင်း ရေချိုးခြင်း အညစ်အကြေး သုတ်သင်ခြင်း ဆွမ်းခံကြွရခြင်း စသည်ဖြင့် ခန္ဓာဝန်ကြီးကို ပြုစုနေရသေးတာဘဲ၊ နောက်ဆုံး ပရိနိဗ္ဗာန် စုတိဖြင့် ပရိနိဗ္ဗာန်ပြုပြီးတဲ့ အခါကျမှ တာဝန်ငြိမ်းအေးသွားတယ်။ ဒါကြောင့် ရှေ့ပိုင်းတုန်းက ပြောခဲ့တဲ့အတိုင်း ရဟန္တာ ပုဂ္ဂိုလ်များသာ ပရိနိဗ္ဗာန်ပြုရမည့် အချိန်ကာလကို ဆင်ခြင်တော်မူတဲ့အခါမှာ အယံ ဒုက္ခဘာရော၊ ဆင်းရဲလှစွာသော ဤခန္ဓာဝန်ကြီးကို။ ကီဝစိရံ၊ အဘယ်မျှလောက် ကြာအောင်။ ဝဟိတဗ္ဗော နုခေါ၊ ထမ်းဆောင်နေရဦးပါလိမ့်မည်လဲ-လို့ ဆင်ခြင် တော်မူကြပါတယ်။ ဒါကြောင့် ရဟန္တာ ပုဂ္ဂိုလ်များမှာ ပရိနိဗ္ဗာန် ပြုရတာဟာ အင်မတန်လေးလံတဲ့ ခန္ဓာ ဝန်ထုပ်ဝန်ပိုးကြီးကို ပစ်ချလိုက်ရတဲ့ အနေနဲ့ မြင်ပါတယ်။ တဏှာ မကင်းသေးတဲ့သူတွေ အထူးအားဖြင့် ပုထုဇဉ်တွေအနေနဲ့ ဆိုတော့ မိမိနဲ့စပ်တဲ့ ရဟန္တာပုဂ္ဂိုလ် ပရိနိဗ္ဗာန်စံသွားတာကို မလိုလားဘဲလဲ ရှိနေတတ်တယ်၊ အသေကြီး သေသွားတယ်လို့ ထင်မှတ်စွဲလမ်းပြီး အကြီးအကျယ်လဲ ဝမ်းနည်းတတ်တယ်။
ဒါကြောင့် မြတ်စွာဘုရား ပရိနိဗ္ဗာန် စံခါနီးမှာ အရှင်အာနန္ဒာက ငိုနေခဲ့တယ်၊ ကုသိနာရုံ မြို့သူ မြို့သားတွေကလဲ ငိုကြတယ်။ နောက်ပြီးတော့ မြတ်စွာဘုရား၏ မိထွေးတော်ဖြစ်တဲ့ မဟာပဇာပတိ ဂေါတမီထေရီ ပရိနိဗ္ဗာန်ပြုခါနီးမှာလဲ အမျိုးသမီးတွေက ပရိနိဗ္ဗာန် မပြုဘို့ရန် ငိုပြီး တောင်းပန် ကြတယ်။ အဲဒီအခါမှာ မဟာပဇာပတိဂေါတမီ ထေရီမကြီးက “သမီးတို့ မငိုကြလင့်၊ ပရိနိဗ္ဗာန် ပြုရမည့် ယခုအခါသည် ငိုရမည့်အခါ မဟုတ်ဘူး၊ ဟာသကာလော၊ ဝမ်းမြောက် ပျော်ရွှင် ရမည့် အခါသာ ဖြစ်တယ်”လို့ အမျိုးသမီးများကို သတိပေးစကား ပြောကြားပါတယ်။ အဲဒါဟာ ရဟန္တာများ အတွက်တော့ ပျော်ရွှင်သင့်တဲ့ အခါဖြစ်လို့ ပြောဆိုခြင်း ဖြစ်ပါတယ်။ ဒါကြောင့်-
ဂရုံ၊ လေးလံလှစွာသော။
ဘာရံ၊ မျက်မှောက် အတ္တဘောတည်းဟူသော ခန္ဓာဝန်ထုပ်ကြီးကို။
နိက္ခိပိတွာ၊ ပရိနိဗ္ဗာန် စုတိအနေအားဖြင့် ချထား စွန့်ပယ်လိုက်ပြီး၍။
အညံ ဘာရံ၊ တပါးသော ဘဝသစ်ခန္ဓာဝန်ကို။
အနာဒိယ၊ မယူမူ၍။
ပုထုဇဉ် ပုဂ္ဂိုလ်တွေမှာဆိုယင် ပစ္စုပ္ပန်ဘဝက နောက်ဆုံး စုတိစိတ်ဖြင့် သေပြီး လက်ရှိခန္ဓာဝန် ကျသွားတဲ့အခါ သေခါနီးမှာ ထင်ပေါ်လာတဲ့ ကံ ကမ္မနိမိတ် ဂတိနိမိတ် အာရုံကို စွဲလမ်းပြီး ဘဝသစ်ခန္ဓာဝန်တွေ ဖြစ်ပေါ်လာပြန်တယ်။ အဲဒါဟာ ခန္ဓာဝန်ဟောင်းကို ချပြီး ခန္ဓာဝန်သစ်ကို ယူတာဘဲ၊ အဲဒီဘဝက သေပြန်ယင်လဲ ဒီနည်းအတိုင်းဘဲ ခန္ဓာဝန်အသစ် ဖြစ်လာပြန်တယ်၊ ဒီပုံဒီနည်းဖြင့် တဘဝက သေယင် တဘဝဖြစ်၊ တဘဝက သေယင် တဘဝဖြစ်နဲ့ အဆက်မပြတ် ဖြစ်နေတာဘဲ၊ အဲဒါဟာ နှစ်သက်လိုချင်တဲ့ တဏှာက ရှိနေတဲ့အတွက် ခန္ဓာဝန် အသစ်အသစ်တွေကို ထပ်တလဲလဲ လက်ခံ ယူနေတာပါဘဲ၊ ဝန်ထုပ်တွေကို တခုပြီးတခု ထမ်းနေရတဲ့သူဟာ ဗယ်ဘက်ပခုံးက ဝန်ကို ချပြီးတာနဲ့ တပြိုင်နက် ညာဘက် ပခုံးပေါ် အခြားဝန်ထုပ်တခုကို တင်လိုက်၊ တဖန် ညာဘက်မှ ချလိုက် ဗယ်ဘက်မှာ တင်လိုက်နဲ့ ဝန်ထုပ် တခုပြီး တခု အဆက်မပြတ် လက်ခံပြီး ထမ်းနေရသလိုပါဘဲ၊ အဲဒီဥပမာကမှ ကြားထဲမှာ ပြတ်နေတဲ့ အချိန်ရှိနိုင်သေးတယ်၊ ပုထုဇဉ်မှာ ခန္ဓာဝန် အဟောင်းအသစ် ပြောင်းလဲပြီး ထမ်းဆောင်ရတာကတော့ တစက္ကန့်လောက်တောင် အပြတ်အခြားမရှိဘူး၊ စိတ်တချက်ခန့်တောင် အပြတ်အခြား မရှိဘူး၊ ဘဝဟောင်းမှ စုတိစိတ်ဆုံးသည်နှင့် တပြိုင်နက် ဘဝသစ်မှာ ပဋိသန္ဓေစိတ် ဖြစ်ပြီး ခန္ဓာဝန်အသစ်ကို ထမ်းဆောင် ထမ်းဆောင်သွားရတော့တာဘဲ၊ ပုထုဇဉ်သာ မဟုတ်သေးဘူး၊ သောတာပန်လဲ တဏှာ မကင်းသေးတဲ့အတွက် အကြောင်းအားလျော်စွာ ခုနစ်ဘဝအထိ ထမ်းဆောင်ရတတ် သေးတယ်၊ သကဒါဂါမ်လဲ နှစ်ဘဝအထိ ထမ်းဆောင်ရတတ် သေးတယ်၊ အနာဂါမ်လဲ ရူပဘဝဖြစ်စေ၊ အရူပဘဝဖြစ်စေ တဘဝ ထမ်းဆောင်ရသေးတယ်၊ ပဋိသန္ဓော အရဆိုယင်တော့ လေးငါးဘဝအထိ ထမ်းဆောင်ရတတ်သေးတယ်၊ ရဟန္တာမှာတော့ ခန္ဓာဝန်ကို နှစ်သက်သာယာတဲ့ တဏှာက မရှိတော့တဲ့အတွက် ပရိနိဗ္ဗာန်စုတိ၏ အခြားမဲ့မှာ ဘယ်လို ရုပ်နာမ်ခန္ဓာမှ မဖြစ်ပေါ်လာတော့ဘူး၊ ဒါကြောင့် .... အညံ ဘာရံ အနာဒိယ၊ တပါးသော ဘဝသစ် ခန္ဓာဝန်ကို မယူမူ၍-လို့ ဆိုထားပါတယ်၊ အဲဒီလို ဘဝသစ်ခန္ဓာကို မယူတာကလဲ ခန္ဓာဝန်ကို နှစ်သက်သာယာတဲ့ တဏှာ မရှိတော့လို့ပါဘဲ။ ဒါကြောင့်-
သမူလံ၊ သဘောမှန်ကိုမသိဘဲ အလွဲအမှားကို သိတတ်သော အဝိဇ္ဇာ တည်းဟူသော အမြစ်အရင်းနှင့် တကွသော။
တဏှံ၊ နှစ်သက်သာယာသော ဆာလောင်တတ်သော တဏှာကို။
အဗ္ဗုယှ၊ အရဟတ္တမဂ်ဉာဏ် လက်နက်ဖြင့် ထွင်းဖျက် နှုတ်ပယ်ပြီး၍။
နိစ္ဆာတော၊ နှစ်သက်ခုံမင် လိုချင်တောင့်တခြင်းဟူသော ဆာလောင်ခြင်းကင်းသည် ဖြစ်၍။
ပရိနိဗ္ဗုတော၊ ဆင်းရဲခပ်သိမ်း အေးငြိမ်းလေတော့သတည်း-လို့ ဟောထားပါတယ်။
ပုထုဇဉ်ပုဂ္ဂိုလ်တွေမှာ ဆာလောင်တောင့်တတဲ့ တဏှာက ရှိနေတယ်၊ သောတာပန် သကဒါဂါမ် အနာဂါမ်တွေမှာလဲ အဲဒီတဏှာဟာ ရှိတန်သလောက် ရှိနေသေးတယ်၊ ဒါကြောင့် အဲဒီ ပုထုဇဉ်အစရှိတဲ့ ပုဂ္ဂိုလ်တွေမှာ သေခါနီး၌ ကံ ကမ္မနိမိတ် ဂတိနိမိတ်ဆိုတဲ့ အာရုံက ထင်ပေါ်လာတယ်၊ အဲဒီ ထင်ပေါ်လာတဲ့ အာရုံကိုလဲ သာယာပြီး စွဲလမ်းတတ်တယ်၊ ထင်မြင်နေတဲ့ မိမိကိုယ်ကိုလဲ နှစ်သက်တွယ်တာပြီး စွဲလမ်းတယ်၊ အဲဒီလို စွဲလမ်းပြီး သေသွားတဲ့အခါ ဘဝသစ် ခန္ဓာတွေ ဖြစ်ပေါ်လာပြန်တာဘဲ၊ အဲဒါဟာ တဏှာရှိနေလို့ ဘဝသစ်ခန္ဓာဝန်ကို လက်ခံယူတာပါဘဲ။ ရဟန္တာမှာတော့ အဲဒီတဏှာကို အရဟတ္တမဂ်ဉာဏ်ဖြင့် အကြွင်းမဲ့ ပယ်နှုတ်ပြီးပြီ၊ ဒီတဏှာကို ပယ်နှုတ်ရတာကလဲ သူ့ချည်းသက်သက် ပယ်နှုတ်လို့ ဖြစ်တာမဟုတ်ဘူး၊
သစ်ပင်များကို နှုတ်ပယ်ရသလိုဘဲ အမြစ်ပါ နှုတ်ရတယ်။ သူ့အမြစ်က ဘယ်ဟာလဲဆိုယင် သဘောမှန်ကို မသိဘဲ သိရိုး သိစဉ်အတိုင်း အလွဲအမှားတွေကို သိနေတဲ့ အဝိဇ္ဇာပါဘဲ။ မြင်ခိုက်, ကြားခိုက် စသည်မှာ မရှုမမှတ်နိုင်ယင် အဲဒီ မြင်ရတဲ့ အာရုံနဲ့ မြင်သိမှု၊ ကြားရတဲ့ အာရုံနဲ့ ကြားသိမှု စသည်တို့ကို အမြဲတည်ရှိနေတဲ့ ပုဂ္ဂိုလ်သတ္တဝါ ယောက်ျား မိန်းမ စသည်ဖြင့်လဲ ထင်မှတ်တယ်၊ အမြဲတည်နေတဲ့ အရာဝတ္ထုလို့လဲ ထင်မှတ်တယ်၊ လှပတင့်တယ်တယ် ကောင်းတယ် စသည်ဖြင့်လဲ ထင်မှတ်တယ်၊ အဲဒီလို ထင်မှတ်တာဟာ အဝိဇ္ဇာဘဲ။ အဲဒီလို မြဲတယ် လှတယ် ကောင်းတယ် ပုဂ္ဂိုလ်သတ္တဝါဘဲ မိန်းမဘဲ ယောက်ျားဘဲ စသည်ဖြင့် ထင်မှတ်ယင် နှစ်သက်လိုချင်တဲ့ တဏှာက ဖြစ်တော့တာဘဲ။ ဒါကြောင့် အဝိဇ္ဇာက တဏှာဖြစ်ဖို့ အမြစ်အရင်း ဖြစ်နေပါတယ်။ အဲဒီ အဝိဇ္ဇာကို မပယ်ဘဲ တဏှာ သက်သက်ကိုသာ ပယ်လို့တော့ တဏှာက အမြစ်ပြတ် မငြိမ်းဘူး၊ အတန်ကြာ အောင် မဖြစ်ပဲ ကင်းကွာနေပေမယ်လို့ အကြောင်း ညီညွတ်တဲ့အခါ ဖြစ်ပေါ်လာပြန်တာဘဲ။ ဒါကြောင့် ဈာန်အဘိညာဏ်ရတဲ့ အချို့ပုဂ္ဂိုလ်တွေဟာ ဈာန်လျှောကုန်ကြတာ။
မုဒုလက္ခဏာဇာတ်မှာ ဘုရားအလောင်း ရသေ့ကြီးဟာ ဈာန် အဘိညာဏ်တွေကို ရနေလို့ ကာမရာဂ ကင်းကွာ နေပါတယ်။ ဒါပေမဲ့ အရိယမဂ်နဲ့ အမြစ်ပြတ် ပယ်ထားတာ မဟုတ်သေးတဲ့အတွက် မုဒုလက္ခဏာ မိဖုရားကြီးရဲ့ တပ်မက်ဖွယ် ကိုယ်အင်္ဂါတွေကို မြင်ရတဲ့အခါမှာ တပ်မက်သာယာတဲ့ ကာမတဏှာ ဖြစ်ပေါ်လာတယ်။ အဲဒီတဏှာ ဖြစ်ပေါ်လာတာနဲ့ မူလက ရထားတဲ့ဈာန်တွေလဲ ပျောက်ကွယ်သွားတယ်၊ အဘိညာဉ် တန်ခိုးလဲ မရှိတော့ဘူး။ ဘုရင့်နန်းတော်ကို လာစဉ်တုန်း ကတော့ အဘိညာဉ်တန်ခိုးဖြင့် ကောင်းကင်က ကြွလာခဲ့တယ်၊ မိဖုရားကြီး၏ ကိုယ်အင်္ဂါကိုမြင်ပြီး တပ်မက်တဲ့တဏှာကြောင့် ဈာန်အဘိညာဉ်တွေ ပျက်သွားတဲ့အတွက် ဆွမ်းခံအပြန်ကျတော့ မြေပြင်ကလဲ လမ်းလျှောက်ပြီး ပြန်ရတယ်။ ကျောင်းရောက်တဲ့ အခါကျတော့လဲ ယူလာခဲ့တဲ့ ဆွမ်းကိုတောင် မစားနိုင်ဘူး၊ မုဒုလက္ခဏာ မိဖုရားကြီး၏ ကိုယ်အင်္ဂါတွေကို စိတ်ကူးနဲ့ မြင်နေပြီး လိုချင်တောင့်တတဲ့ တဏှာတွေ ပွားနေတယ်။ အဲဒါဟာ အရိယမဂ်ဖြင့် အမြစ်အရင်းဖြစ်တဲ့ အဝိဇ္ဇာကိုပါ မပယ်ဘဲ ဈာန်ဖြင့် ကာမတဏှာကိုသာလျှင် ခွါရုံမျှ ပယ်ထားတဲ့အတွက်ကြောင့် သူ့အာရုံနဲ့ ထင်ရှားတွေ့တဲ့အခါ တဏှာ ဖြစ်ပေါ်လာပြန်တာပါဘဲ။
နောက်ပြီးတော့ သီဟိုဠ်ကျွန်းမှာ ဒုဋ္ဌဂါမဏိမင်းလက်ထက် သာသနာတော်နှစ် လေးရာလောက် အတွင်းက စိတ္တလတောင်မှာ ဈာန် အဘိညာဉ်မျှဖြင့် တဏှာကင်းပြီး ရဟန္တာဖြစ်ပြီလို့ အထင်ရှိနေတဲ့ မထေရ်ကြီးတပါး ရှိခဲ့တယ်။ တနေ့သော အခါမှာ ရဟန္တာဖြစ်တဲ့ ဓမ္မဒိန္နမထေရ်က အဲဒီ မထေရ်ကြီးထံ သွားပြီးတော့ မေးမြန်းတယ်။ အဲဒီ မထေရ်ကြီးက ရဟန္တာ ဖြစ်နေတာ အနှစ် ၆၀-လောက် ရှိတဲ့အကြောင်း ပြောကြားတယ်။ အဲဒီ အနှစ် ၆၀-လောက်အတွင်းမှာ ထင်ထင်ရှားရှား တဏှာဖြစ်တာကို မတွေ့ရတဲ့အတွက် ပြောဆိုခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဓမ္မဒိန္န မထေရ်ကတော့ အဲဒီလို ပြောတဲ့အတိုင်း မဟုတ်ကြောင်းကို သိတဲ့အတွက် အဘိညာဉ်တန်ခိုးကို အသုံးပြုပါသေးသလားလို့ မေးပါတယ်။ အသုံးပြုတဲ့ အကြောင်းကို ကြားရတော့ ရေကန်ကြီးတခု ဖန်ဆင်းဘို့၊ အဲဒီရေကန်ထဲမှာ ပဒုမ္မာကြာရုံကြီး ဖန်ဆင်းဘို့၊ အဲဒီ ကြာရုံကြီးထဲမှာကြီးကျယ်တဲ့ ကြာပန်းကြီး ဖန်ဆင်းဘို့၊ အဲဒီ ကြာပန်းကြီးထဲမှာ အရုပ်အဆင်းလှပတဲ့ မိန်းမရုပ် ဖန်ဆင်းဘို့၊ အဲဒီ မိန်းမရုပ်ဟာ သီချင်းဆိုပြီး က, နေဟန် ဖန်ဆင်းဘို့ ခိုင်းပါတယ်။ မထေရ်ကြီးကလဲ ခိုင်းတိုင်းကို ဖန်ဆင်းလိုက်ပါတယ်။ အဲဒီအခါမှာ ဓမ္မဒိန္န မထေရ်က အရှင်ဘုရား သီချင်းဆိုပြီး က, နေတဲ့ ဒီမိန်းမ ရုပ်ကို ခဏလောက် စူးစိုက်ပြီး ကြည့်ရှုနေ ပါဦးဘုရားလို့ ပြောပြီး အခန်းထဲဝင်သွားတယ်။ အဲဒီ မထေရ်ကြီးဟာ သူ့ဟာသူ ဖန်ဆင်းထားတဲ့ မိန်းမရုပ်ကို ကြည့်နေရင်း ကာမတဏှာ ဖြစ်ပေါ်လာ ပါသတဲ့။ အဲဒီအခါမှာ ရဟန်းကိစ္စ မပြီးသေးမှန်းသိပြီး ဓမ္မဒိန္န မထေရ်ထံမှ အဝိဇ္ဇာပါပယ်တဲ့ ဝိပဿနာရှုနည်းကို တောင်းပါတယ်၊ ဓမ္မဒိန္နမထေရ်က ပေးတဲ့နည်းအတိုင်း အားထုတ်ပြီး အဝိဇ္ဇာ အမြစ်အရင်းနှင့်တကွ တဏှာကိုပယ်နိုင်တဲ့ ရဟန္တာအဖြစ်သို့ ရောက်တော်မူပါသတဲ့။
ဒီဝတ္ထုမှာလဲ ပဌမက အမြစ်အရင်းပါ မပယ်ဘဲ ဈာန်ဖြင့် တဏှာကို ဝိက္ခမ္ဘန ပဟာန်ဖြင့် ပယ်ခွာရုံမျှသာ ပယ်ခွာထားတဲ့အတွက် အဲဒီ မထေရ်ကြီးမှာ သူ့ဟာသူ ဖန်ဆင်းထားတဲ့ မိန်းမရုပ်ကို ကြည့်ရှုနေရင်း တပ်မက်သာယာတဲ့ တဏှာ ဖြစ်ပေါ်လာတာပါဘဲ။ အရဟတ္တမဂ်ဉာဏ်ဖြင့် အမြစ်အရင်း အဝိဇ္ဇာပါ အကြွင်းမဲ့ပယ်နှုတ်ပြီး ဖြစ်ယင်တော့ အဲဒီလို ဖန်ဆင်းထားတဲ့ အရုပ်ကိုသာ မဟုတ်ဘူး၊ တကယ်အစစ်ဖြစ်တဲ့ လူမိန်းမ နတ်မိန်းမကိုလဲ တပ်မက်သာယာမှု ဘယ်နည်းနှင့်မျှ မဖြစ်နိုင်တော့ဘူး၊ မိမိကိုယ် မိမိဘဝကိုလဲ တပ်မက်သာယာမှု လုံးဝမဖြစ်နိုင်တော့ဘူး။ အဲဒီလို သာယာမှုတဏှာ လုံးဝမရှိတဲ့အတွက် ဘဝသစ် ရုပ်နာမ်ခန္ဓာတွေလဲ လုံးဝ မဖြစ်ပေါ် လာတော့ဘဲ ချုပ်ငြိမ်းသွားတယ်။ ဒါကြောင့်-
သမူလံ၊ သဘောမှန်ကို မသိဘဲ အလွဲအမှားကို သိတတ်သော အဝိဇ္ဇာ တည်းဟူသော အမြစ်အရင်းနှင့် တကွသော။
တဏှံ၊ နှစ်သက်သာယာသော ဆာလောင်တောင့်တတတ်သော တဏှာကို။
အဗ္ဗုယှ၊ အရဟတ္တမဂ်ဉာဏ် လက်နက်ဖြင့် ထွင်းဖျက် နှုတ်ပယ်ပြီး၍။
နိစ္ဆာတော၊ နှစ်သက်ခုံမင် လိုချင်တောင့်တခြင်း ဟူသော ဆာလောင်ခြင်း ကင်းသည်ဖြစ်၍။
ပရိနိဗ္ဗုတော၊ ဆင်းရဲခပ်သိမ်း အေးငြိမ်းလေတော့သတည်း-လို့ ဟောတော်မူပါတယ်။
ယခုပြန်ဆိုခဲ့တဲ့ အနက်ကတော့ ဂါထာမှာ ရှိရင်း ပုဒ်ပါဌ် အစဉ်အတိုင်း ပြန်ဆိုတဲ့ အနက်ပဲ။ အနက်အဓိပ္ပါယ် ချောအောင် ဆိုယင်တော့ ဒီလိုလဲ ပြန်နိုင်ပါတယ်။
သမူလံ၊ သဘောမှန်ကို မသိဘဲ အလွဲအမှားကို သိတတ်သည့် အဝိဇ္ဇာတည်းဟူသော အမြစ်အရင်းနှင့် တကွသော။
တဏှံ၊ နှစ်သက်သာယာ ဆောင်လောင် တောင့်တတတ်သော တဏှာကို။
အဗ္ဗုယှ၊ အရဟတ္တမဂ် ဉာဏ်လက်နက်ဖြင့် ထွင်းဖျက် နှုတ်ပယ်ပြီး၍။
နိစ္ဆာတော၊ နှစ်သက်ခုံမင် လိုချင်တောင့်တခြင်း ဟူသော ဆာလောင်ခြင်း ကင်းသည် ရှိသော်။
ဝါ၊ ဆာလောင်ခြင်းကင်းသော ပုဂ္ဂိုလ်သည်။
ဂရုံ၊ လေးလံလှစွာသော။
ဘာရံ၊ မျက်မှောက် အတ္တဘောတည်းဟူသော ခန္ဓာဝန်ထုပ်ကြီးကို။
နိက္ခိပိတွာ၊ ပရိနိဗ္ဗာန် စုတိအနေအားဖြင့် ချထား စွန့်ပယ်လိုက်ပြီး၍။
အညံ ဘာရံ၊ တပါးသော ဘဝသစ်ခန္ဓာဝန်ကို။
အနာဒိယ၊ မယူမူ၍။
ပရိနိဗ္ဗုတော၊ ဆင်းရဲခပ်သိမ်း အေးငြိမ်းလေတော့ သတည်း-တဲ့။
ဒီအနက်က ပိုပြီး ချောပါတယ်။ အတိုချုပ်အားဖြင့်ဆိုလျှင် အမြစ်အရင်း အဝိဇ္ဇာနှင့်တကွ တဏှာကို အရဟတ္တမဂ်ဉာဏ်ဖြင့် အကြွင်းမဲ့ ပယ်ပြီးဖြစ်တဲ့ ရဟန္တာပုဂ္ဂိုလ်မှာ ဘယ်လို အာရုံ ဘယ်လို ဘဝကိုမျှ ဆာလောင်တောင့်တမှု လိုချင် နှစ်သက်မှု တဏှာ မရှိတော့ဘူး၊ ဒါကြောင့် မျက်မှောက်ဘဝ စုတိ ဆုံးသည်နှင့် တပြိုင်နက် ခန္ဓာဝန်ဟောင်းကိုလဲ စွန့်ပယ်ပြီး ချထားပြီး ဖြစ်သွားတယ်၊ ခန္ဓာဝန်သစ် ဘဝသစ်လဲ မဖြစ်လာတော့ဘူး။ ဒါကြောင့် ဆင်းရဲခပ်သိမ်း အပြီးတိုင် အေးငြိမ်း သွားတယ်လို့ ဆိုလိုပါတယ်။ အဲဒါကို တိုတိုနှင့် မှတ်ရအောင် ဗမာလို ဆောင်ပုဒ်စီထားပါတယ်။
မြစ်ရင်းပါဖျက် တပ်မက်ပယ်လျှင်၊
ဆာလောင်တောင့်တ လုံးဝကင်းစင်။
ဝန်ဟောင်း စွန့်ပစ် ဝန်သစ် မတင်၊
ပူခပ်သိမ်း အေးငြိမ်း နိဗ္ဗာန်ဝင်-တဲ့။
အဝိဇ္ဇာဆိုတဲ့ အမြစ်အရင်းနှင့်တကွ တဏှာကို ပယ်ဖျက်လိုက်ယင် ဆာလောင်တောင့်တမှု လုံးဝ မရှိတော့ဘူး။ ဒါကြောင့် ပရိနိဗ္ဗာန်စုတိဖြင့် လက်ရှိ ခန္ဓာဝန်ဟောင်းကို စွန့်ပစ် ပယ်ချလိုက်တဲ့အခါ ဘဝသစ် ခန္ဓာဝန်ကိုလဲ မထမ်းဆောင် ရတော့ဘူး၊ ကိလေသာဆင်းရဲ ရုပ်နာမ် ခန္ဓာဆင်းရဲဆိုတဲ့ အပူတွေ အကုန်ငြိမ်းအေးသွားတယ်၊ အနုပါဒိသေသ-နိဗ္ဗာန်ကို ဝင်စံသွားတယ်လို့ ဆိုလိုပါတယ်။ အဲဒီ ဆောင်ပုဒ်ကို ဆိုကြရမယ်။
မြစ်ရင်းပါဖျက် တပ်မက်ပယ်လျှင်၊
ဆာလောင်တောင့်တ လုံးဝကင်းစင်၊
ဝန်ဟောင်းစွန့်ပစ် ဝန်သစ် မတင်၊
ပူခပ်သိမ်း အေးငြိမ်း နိဗ္ဗာန်ဝင်။
နိဂုံးချုပ်
▬▬▬
ဘာရသုတ္တန် တရားတော်ကတော့ ဒါလောက်ဆိုယင် တော်တော်ပြည့်စုံသွားပါပြီ၊ နိဂုံးချုပ်ရုံ လောက်ပဲ လိုပါတော့တယ်။ သတ္တဝါအသီးအသီး သန္တာန်မှာ ရှိနေတဲ့ ခန္ဓာငါးပါးဟာ လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်ကြောင်းလဲ နားလည်ကြပြီ၊ သတ္တဝါတွေဟာ မိမိတို့၏ ခန္ဓာဝန်ကြီးတွေကို အစမထင်အောင် ရှည်လျားစွာသော သံသရာ ကာလပတ်လုံး ထမ်းဆောင် နေကြရတယ် ဆိုတာလဲ နားလည်ကြပြီ၊
သစ္စာ ဒေသနာအရအားဖြင့် ဒီခန္ဓာဝန်တွေဟာ ဆင်းရဲအစစ်အမှန် ဒုက္ခသစ္စာဖြစ် ကြောင်းလဲ နားလည်ကြပြီ၊ မြင်တိုင်း ကြားတိုင်း တွေ့တိုင်း ကြံသိတိုင်း ပေါ်လာသမျှ အတွင်းအပ အာရုံတွေကို နှစ်သက် သာယာလျှင် နှစ်သက်သာယာတိုင်း ဒုက္ခသစ္စာ ဖြစ်တဲ့ ဒီခန္ဓာဝန်ထုပ်ကြီး တွေကို ကောက်ထမ်းရာရောက်တယ် လက်ခံရာ ရောက်တယ် ဆိုတာလဲ နားလည်ကြပြီ၊ နှစ်သက် သာယာတယ် ဆိုတာကလဲ မြင်တိုင်း ကြားတိုင်း တွေ့တိုင်း ကြံသိတိုင်း မရှုမမှတ်လို့ အမှန်အတိုင်း မသိလျှင် မသိတိုင်း မသိတိုင်း နှစ်သက် သာယာနေသည် မည်ကြောင်းလဲ နားလည်ကြပြီ၊
အဲဒီလို နှစ်သက်သာယာတိုင်း ဘဝသစ်ခန္ဓာဝန်ကို လက်ခံရာ ရောက်တဲ့အတွက် ဘေးဒုက္ခ ရောက်ဖို့ရာ စာချုပ်ကို လက်မှတ် ထိုးမိသကဲ့သို့ပင် ကြောက်ဖွယ်ကောင်း၍ ဆင်းရဲလှကြောင်း-ဆင်းရဲကြောင်း သမုဒယသစ္စာ ဖြစ်ကြောင်းလဲ နားလည်ကြပြီ၊ အဲဒီနှစ်သက်သာယာမှု တဏှာကို ပယ်လျှင် ဘဝသစ် ခန္ဓာဝန်ထုပ်ကို ပစ်ချသည်မည်၍ ချမ်းသာအစစ် နိရောဓသစ္စာ ဖြစ်ကြောင်းလဲ နားလည်ကြပြီ၊
အဲဒီတဏှာကို ပယ်ရာမှာလဲ သူ့ချည်းသက်သက် ပယ်၍ မဖြစ်၊ သူ၏ကျောထောက် နောက်ခံ အမြစ်အရင်းဖြစ်တဲ့ အဝိဇ္ဇာကိုပါ ပယ်ရကြောင်းကို နားလည်ကြပြီ၊ အဝိဇ္ဇာဆိုတာကလဲ မြင်တိုင်း ကြားတိုင်း တွေ့တိုင်း ကြံသိတိုင်း မရှုမမှတ်မိတဲ့ အာရုံတွေမှာ ဖြစ်နေတဲ့ မသိမှု အလွဲသိမှု ဖြစ်ကြောင်းလဲ နားလည်ကြပြီ၊ မြင်တိုင်း ကြားတိုင်း တွေ့တိုင်း ကြံသိတိုင်း ရှုမှတ်လျှင် သဘောမှန်ကိုသိသော ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ကြောင်းလဲ နားလည်ကြပြီ၊ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်တိုင်း (အလင်းရောက်လာလျှင် အမှောင်ပျောက်သကဲ့သို့) အဝိဇ္ဇာအမှောင် ကင်းပျောက်ကြောင်းလဲ နားလည်ကြပြီ၊
မြဲတယ် ချမ်းသာတယ် ကောင်းတယ် ငါကောင်ဘဲလို့ ထင်မှတ်တဲ့ အဝိဇ္ဇာ မရှိလျှင် နှစ်သက်သာယာမှုတဏှာ မဖြစ်နိုင်ကြောင်းလဲ နားလည်ကြပြီ၊ တဏှာမဖြစ်လျှင် ဘဝသစ် ခန္ဓာဝန်ကို ပစ်ချခြင်းဖြစ်ကြောင်း နားလည်ကြတာကိုတော့ ခုနကပင် ပြောခဲ့ပြီ။ ဒီတော့ ဘဝသစ် ခန္ဓာဝန်ကို အလိုမရှိလျှင်, ခန္ဓာဝန်ကို ပစ်ချခြင်း ဆိုတဲ့ နိရောဓသစ္စာ နိဗ္ဗာန်ကို ကိုယ်တိုင် မျက်မှောက် ဆိုက်ရောက်ချင်လျှင် မြင်တိုင်း ကြားတိုင်း နံတိုင်း စားသိတိုင်း တွေ့ထိတိုင်း ကြံသိတိုင်း ပေါ်လာသမျှကို သဘောမှန်အတိုင်း မပြတ်ရှုမှတ်ကြရုံပါဘဲ။ အဲဒီလို ရှုမှတ်သွားလို့ ဝိပဿနာဉာဏ် ရင့်သန် ပြည့်စုံတဲ့အခါမှာ အရိယမဂ်ဉာဏ် ၄-ပါး ဖြစ်ပေါ်လာပြီးတော့ အမြစ်အရင်း အဝိဇ္ဇာနှင့်တကွ နှစ်သက်သာယာ ဆာလောင် တောင့်တမှု တဏှာ ဟူသမျှကို အကြွင်းမဲ့ ပယ်သွားပါလိမ့်မည်။
အရိယမဂ် ၄-ပါး ရှိတဲ့အနက်က သောတာပတ္တိမဂ်ဉာဏ် ဖြစ်ပေါ်လာယင် အပါယ် ၄-ပါး ခန္ဓာဝန်တွေနဲ့ ခုနစ်ဘဝထက်ကို လွန်ပြီး ဖြစ်မည့် သုဂတိဘဝ ခန္ဓာဝန်တွေကို အကုန်လုံး ပစ်ချသွားပါလိမ့်မယ်။ ဒါလောက်ဆိုယင် အပုံပေါ့ သွားပါပြီ၊ ဒါလောက်ကတော့ ပြည့်စုံအောင် အားထုတ်မယ်လို့ လူတိုင်း ရှင်တိုင်း အဓိဋ္ဌာန်ပြုပြီး ကြိုးစား အားထုတ်စရာ ကောင်းပါတယ်။ ဒါထက် တိုးတက်အောင် အားထုတ်ယင် ပါရမီအားလျော်စွာ သကဒါဂါမိမဂ်ဉာဏ်လဲ ရောက်နိုင်တယ်၊
အဲဒီအခါမှာ ၂-ဘဝထက် ပိုလွန်ပြီးဖြစ်မည့် ဘဝသစ် ခန္ဓာဝန်တွေကို အကုန်လုံးပစ်ချသွား ရပါလိမ့်မယ်။ ပါရမီအားလျော်စွာ အနာဂါမိမဂ်ဉာဏ်လဲ ရောက်နိုင်တယ်၊ အဲဒီအခါမှာတော့ ရူပ, အရူပ တဘဝထက် ပိုလွန်ပြီးဖြစ်မည့် ခန္ဓာဝန်တွေကို အကုန်ပစ်ချသွားပါလိမ့်မယ်။ နောက်ဆုံး အရဟတ္တမဂ်ဉာဏ်ရောက်တဲ့ အခါကျတော့ ဘဝသစ် ခန္ဓာဝန်တွေ ဟူသမျှကို အကုန်လုံး အကြွင်းမဲ့ ပစ်ချသွားပါလိမ့်မယ်။ ဒါကြောင့် အဲဒီအခါမှာ -
သမူလံ၊ သဘောမှန်ကို မသိဘဲ အလွဲအမှားကို သိတတ်သည့် အဝိဇ္ဇာ တည်းဟူသော အဖြစ်အရင်းနှင့် တကွသော။
တဏှံ၊ နှစ်သက်သာယာ ဆာလောင် တောင့်တတတ်သော တဏှာကို။
အဗ္ဗုယှ၊ အရဟတ္တမဂ် ဉာဏ်လက်နက်ဖြင့် ထွင်းဖျက် နှုတ်ပယ်ပြီး၍။
နိစ္ဆာတော၊ နှစ်သက်ခုံမင် လိုချင်တောင့်တခြင်းတည်း ဟူသော ဆာလောင်ခြင်း ကင်းသည်ရှိသော်။ ဝါ၊ ဆာလောင်ခြင်းကင်းသော ပုဂ္ဂိုလ်သည်။
ဝါ၊ ဆာလောင်ခြင်း ကင်းသည်ဖြစ်၍။
ဂရုံ၊ လေးလံလှစွာသော။
ဘာရံ၊ မျက်မှောက် အတ္တဘောတည်း ဟူသော ခန္ဓာ ဝန်ထုပ်ကြီးကို။
နိက္ခိပိတွာ၊ ပရိနိဗ္ဗာန် စုတိအနေအားဖြင့် ချထား စွန့်ပယ်လိုက်ပြီး၍။
အညံ ဘာရံ၊ တပါးသော ဘဝသစ်ခန္ဓာဝန်ကို။
အနာဒိယ၊ မယူမူ၍။
ပရိနိဗ္ဗုတော၊ ဆင်းရဲခမ်သိမ်း အေးငြိမ်း လေတော့သတည်း-
လို့ ဟောတော်မူတဲ့အတိုင်း ခန္ဓာငါးပါးတည်း ဟူသော ဝန်ထုပ်ဝန်ပိုး ဒုက္ခသစ္စာ ဆင်းရဲ အစစ်အမှန် တရားတွေ လုံးဝချုပ်ငြိမ်းသွားပါလိမ့်မယ်။ ဒါကြောင့် အဲဒီလို ဝန်ထုပ်ကို ပစ်ချရခြင်း-ဆင်းရဲ ကင်းငြိမ်းခြင်းကို အလိုရှိလျှင် ယခုပြောခဲ့တဲ့ ကျင့်စဉ်အတိုင်း ကျင့်ကြံ အားထုတ်ကြရုံပါဘဲ။ ကဲ ဆောင်ပုဒ်တွေကိုဆိုပြီး တရားသိမ်းကြစို့။
လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးဆိုတာ ဘယ်ဟာလဲ။
ငါ, ငါ့ဥစ္စာလို့ ထင်ရတဲ့ ခန္ဓာငါးပါး တရားဘဲ။
ဝန်ထမ်းသမားဆိုတာ ဘယ်သူလဲ။
ခန္ဓာငါးပါး ရှိနေတဲ့ ပုဂ္ဂိုလ်ဘဲ။
ဝန်ထုပ်ကို ခံယူတယ်ဆိုတာ ဘယ်ဟာလဲ။
နှစ်သက် လိုချင်တဲ့ တဏှာဘဲ။
ဝန်ထုပ်ကို ပစ်ချတယ်ဆိုတာ ဘယ်ဟာလဲ။
နှစ်သက်လိုချင်တဲ့ တဏှာကို ပယ်တာဘဲ။
ဝန်ထုပ်ဆိုတာ၊ ငါးခန္ဓာ၊ လွန်စွာ လေးလှသည်။
ဝန်ထမ်းခေါ်လတ်၊ ပုဂ္ဂိုလ်မှတ်၊ ပညတ်သာ ဖြစ်သည်။
ဝန်ကိုယူက၊ ဆင်းရဲစွ၊ ပစ်ချ ချမ်းသာသည်။
မြစ်ရင်းပါဖျက် တပ်မက်ပယ်လျှင်၊
ဆာလောင်တောင့်တ လုံးဝကင်းစင်၊
ဝန်ဟောင်းစွန့်ပစ် ဝန်သစ် မတင်၊
ပူခပ်သိမ်း အေးငြိမ်း နိဗ္ဗာန်ဝင်။
ဤ ဘာရသုတ္တန် တရားတော်ကြီးကို ရိုသေစွာ နာယူကြရသော ဓမ္မသဝန ဥက္ကဋ္ဌ ကုသိုလ်ကံ စေတနာတို့၏ အစွမ်းအာနုဘော်ကြောင့် မိမိတို့၏သန္တာန်၌ မပြတ် ဖြစ်နေသော ခန္ဓာငါးပါးတရားကို လေးလံသော ဝန်ထုပ် ဝန်ပိုးကြီးတွေပါတကား ဟူ၍၎င်း၊ မြင်မှု ကြားမှု စသည်နှင့်စပ်၍ နှစ်သက် သာယာသော တဏှာ ဖြစ်သောအားဖြင့် ဘဝသစ် ခန္ဓာဝန်ကို လက်ခံခြင်းကို ဆင်းရဲကြောင်း ပါတကား ဟူ၍၎င်း၊ မြင်တိုင်း ကြားတိုင်း တွေ့တိုင်း ကြံသိတိုင်း ရှုမှတ်၍ အမြစ်အရင်း အဝိဇ္ဇာနှင့်တကွ နှစ်သက်သာယာမှု တဏှာကို ပယ်သောအားဖြင့် ဘဝသစ်ခန္ဓာဝန်ကို ပစ်ချခြင်း သာလျှင် ချမ်းသာအစစ်ပါတကား ဟူ၍၎င်း သိမြင်သဘောပေါက်ကြပြီးလျှင် ခန္ဓာဝန်ကို ပစ်ချခြင်း ဟူသော ထိုချမ်းသာအစစ်ကို မျက်မှောက် တွေ့မြင်နိုင်ကြောင်း ဖြစ်သော ဝိပဿနာ အလုပ်ကို ပြည်စုံစွာ အားထုတ်နိုင်ကြသည် ဖြစ်၍ ဝိပဿနာဉာဏ်အစဉ် မဂ်ဉာဏ်အစဉ်ဖြင့် ဝန်ထုပ်ပစ်ချရာ ချမ်းသာအစစ်ဖြစ်သော နိဗ္ဗာန်ကို လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက် ပြုနိုင်ကြပါစေ ကုန်သတည်း။
သာဓု သာဓု သာဓု
ဒုတိယပိုင်း ပြီး၏။
ဘာရသုတ္တန် တရားတော်ကြီး ပြီး၏။