ဘာသာသွေး
ဘာသာသွေး
အရှင်ဇနကာဘိဝံသ - အမရပူရ မဟာဂန္ဓာရုံဆရာတော်
မာတိကာ
အချီနိဒါန်း
၁။ ပါရမီဖြည့်၍ ထီးနန်းစံတော်မူခန်း
၂။ ရဟန်းပြု၍ တရားကျင့်တော်မူခန်း
၃။ ဘုရားဖြစ်တော်မူခန်း
၄။ သာသနာ တည်စေတော်မူခန်း
၅။ ရှေးမထေရ်များ ကြိုးစားခန်း
၆။ မြန်မာနိုင်ငံ ရှေ့ပိုင်း သာသနာခန်း
၇။ မြန်မာနိုင်ငံ နောက်ပိုင်း သာသနာ
၈။ သာသနာ့အန္တရာယ် ကာကွယ်နည်း ပြခန်း
၉။ တာဝန်ကျေပွန်ရန် ညွှန်ပြခြင်း
၁၀။ ခေတ်ပညာတတ်များ စဉ်းစားဖွယ်
၁၁။ သာသနာပြုဒကာများ သိဖွယ်
၁၂။ သံဃာတော်များအား လျှောက်ခန်း
၁၃။ ဆရာတော်များထံ ခွင့်ပန်ခန်း
၁၄။ နိဂုံးခန်း
“အချီနိဒါန်း”
သေဉ္စာဒိတော ကာရုညေန
နာထော ပရတ္တ.မာဝဟော၊
ကရောပယာတနိဗ္ဗာနံ
သြသဇ္ဇ ဒုက္ကရံ ကရံ။
နာထော - ငါ၏ကိုးကွယ် ငါ့ကို ယယ်၍ ငါ့နှယ်မခြား လူနတ်များ၏ ကိုးစားရာသခင် ဘုရားရှင် ကိုယ်တော်မြတ်သည်၊
ကာရုညေန - သတ္တဝါခပင်း ဆင်းရဲခြင်းကြောင့် ပြင်းပြလှစွာ မဟာကရုဏာတော်သည်၊
သေဉ္စာဒိတော - မရှေင်သာအောင် ခါခါထပ်ထပ် နှိုးဆော် အပ်သည် ဖြစ်၍၊
ကရောပယာတနိဗ္ဗာနံ - လက်လှမ်းမှီလောက် အနီးရောက်လျက် မျက်မှောက်ပြုရန် မြတ်နိဗ္ဗာန်ကို၊
သြသဇ္ဇ - အလွယ်တကူ လှမ်းမယူဘဲ ဗိုလ်လူတွက်တာ စွန့်လွှတ်ခွါ၍၊
ဒုက္ကရံ - သာမန်လူများ မကြံအားအောင် ထူးခြားလွန်ကဲ ပြုနိုင်ခဲသော ပါရမီ ဖြည့်မှုကို၊
ကရံ ကရောန္တော - လေးသင်္ချေကိန်း ကပ်တစ်သိန်းမျှ ထိန်းသိမ်း ဆင့်ဆင့် ပြုကျင့်တော်မူလျက်၊
ပရတ္တံ - လူ နတ်အများ ချမ်းသာပွားဖို့ တရားဖြင့်အေး ကြီးပွားရေးကို၊
အာဝဟော - ကိုယ်ဆင်းရဲမှု လျစ်လျူရှု၍ အမှုပါအောင် ဆောင်တော် မူခဲ့ပါသည်။
ဘုရားဖြစ်ကြောင်း ရုဏာတော်
ဗုဒ္ဓမြတ်စွာသည် သုမေဓာ ရသေ့ဘဝ၌ ဒီပင်္ကရာ မြတ်စွာဘုရားကို ဖူးတွေ့ရစဉ် နိဗ္ဗာန်ကို မြင်နိုင် လောက်အောင် ဉာဏ်ပါရမီ ရင့်သန်ပြီး ဖြစ်နေလေပြီ၊ သို့သော် သတ္တဝါ အများကို သနားတော် မူသော မဟာကရုဏာ၏ နှိုးဆော် တိုက်တွန်း မှုကြောင့် လက်လှမ်း၍ မှီလောက်အောင် နီးကပ် နေသော နိဗ္ဗာန်ကို ယူတော်မမူခဲ့ပါ၊ ထိုမျှလောက် နီးကပ်သော နိဗ္ဗာန်ကို စွန့်ခွာတော်မူ၍ ကိုယ် အင်္ဂါကို စွန့်လှူခြင်း စသော သာမန်လူတို့ ကြံရုံမျှ မကြံရဲသော ဒါနပါရမီ စသည်တို့ကို ဖြည့်ကျင့်၍ ပြည့်စုံ လုံလောက်မှ သဗ္ဗညုတဉာဏ်တော်ကို ရသော ဗုဒ္ဓအစစ် ဖြစ်တော်မူခဲ့ပါသည်။
ချမ်းသာပေးနိုင်မှ တာရှည်ခံမည်
ဤသို့ ဆင်းရဲသူများကို သနားချစ်၍ ဘုရားဖြစ်အောင် အဆင်းရဲ ခံတော်မူခဲ့သော ဗုဒ္ဓမြတ်စွာ သည် ကိုးကွယ်သူတို့၏ ဆင်းရဲဖို့ရန် ဖြစ်ပေါ်လာသည် မဟုတ်ပါ။ ထို ဘုရားရှင်၏ သာသနာ တော်သည်လည်း သာသနာပြု ဒါယကာ ဒါယိကာမတို့၏ ဆင်းရဲဖို့ရန် မဟုတ်ပါ။ စင်စစ်အားဖြင့် ကိုးကွယ်ကြသူ သာသနာပြုကြ သူတို့၏ ဤဘဝ၌လည်းကောင်း၊ နောင်သံသရာ၌ လည်းကောင်း စိတ်ချမ်းသာမှု ရဖို့သာ ဖြစ်ပါသည်။ ထို့ကြောင့် ဤသာသနာသည် လူအများ၏ ချမ်းသာမှုကို ဆောင်နိုင်မှသာ ဤနိုင်ငံ၌ တာရှည် တည်နိုင်မည်၊ လူအများ၏ ချမ်းသာကို မပေးနိုင်လျှင် အသုံးချ လို့ မရ၍ ရှေးဟောင်း ပစ္စည်းတစ်ခု အနေဖြင့် ပြတိုက်၌ ထားရသော ပစ္စည်းကဲ့သို့ မိမိတို့ ဘုန်းကြီးများလည်း အလွန် မကြာသော နောင်အခါဝယ် ရှေးဟောင်းပစ္စည်းများ ဖြစ်ကြရ ပါလိမ့်မည်။
ရှေးဆရာတော်များ အမြင်
ဤအချက်ကို မိမိရှေ့က ဆရာသမားကြီးများလည်း မြင်တော် မူခဲ့ကြပါသည်။ ထိုသို့ မြင်တော်မူ သောကြောင့် ပြုပြင်ရေးများကို ညွှန်ကြားတော်မူခဲ့ကြပါသည်။
၁။ ဒုတိယ ရွှေကျင်သာသနာပိုင် မဟာဝိသုဒ္ဓါရုံ ဆရာတော်ဘုရားကြီးသည် ဘုန်းကြီးကျောင်းသား ကလေးများကို ဂဏန်းသင်္ချာ သင်ပေးကြဖို့ရာ ရွှေကျင်ဝံသာနုရက္ခကျမ်း၌ တစ်ဂိုဏ်းလုံးအတွက် ညွှန်ပြတော်မူခဲ့၏။
၂။ မန်လည်ဆရာတော်၊ ကျောက်ပန်းတောင်း ဆရာတော်၊ အရှေ့ မဟာဝိသုဒ္ဓါရုံ တိုက်အုပ် ဆရာတော် စသော ဆရာတော်ကြီးများသည် သာသနာ ပြုလိုသော စော်ဘွားကြီး၏ ပင့်လျှောက် ချက်ဖြင့် သီပေါမြို့၌ ဆုံစည်းတော်မူကြ၏။ ထိုအခါ သာသနာရေး ဆွေးနွေးရာဝယ် ဂဏန်းသင်္ချာ ကို သင်ပေးထိုက် မသင်ပေးထိုက် ပြဿနာ ပေါ်လာ၍ ဆရာတော်ပေါင်း များစွာ၏ ရှေ့မှောက်၌ မန်လည်ဆရာတော်က “သင်ပေးထိုက်ပါတယ်၊ သို့သော် အစိုးရထံမှ လခယူ၍ သင်ပေးတာတော့ မကောင်းဘူး” ဟု အမိန့်ရှိကြောင်းကို မြောင်းမြဆရာတော်ထံမှ တစ်ဆင့် ကြားသိရ၏။
၃။ ဒုတိယ ကမ္ဘာစစ် ဖြစ်ခါနီး အချိန်တုန်းက ပါဠိဘာသာ ပညာရေးအတွက် စုံစမ်းရေး ကော်မီတီ ပေါ်လာခဲ့ဖူး၏။ (ထို ကော်မီတီ၏ အကြံပေးချက်အရ ယခု စာချတန်းစာမေးပွဲ ပေါ်လာရသည်။) ထို ကော်မီတီ၌ ပါဝင်သော အဘယာရာမ ဆရာတော်သည် “အစိုးရ၏ မူလတန်းကို ပါဠိဘာသာနှင့် တွဲ၍ သာမဏေများအတွက် ပထမငယ် မဝင်မီ ရှေ့ပြေးစာမေးပွဲ လုပ်ပေး သင့်သည်” ဟု အကြံပေးခဲ့ဖူးပါသည်။
၄။ မိမိသည် သာသနာတော် အရေးကို မျှော်တွေး၍ လွတ်လပ်ရေး ရတော့မည်ဟု ကြွေးကြော် ချိန်တုန်းကပင် (လွတ်လပ်ရေး ရသောအခါ ပြုပြင်ဖို့ရန်) အနာဂတ် သာသနာရေး ကျမ်းစာကို ဆရာသမားများ၏ အယူအဆအတိုင်း ရေးသားခဲ့ပါသည်။
၅။ ဆဋ္ဌသံဂါယနာ၏ အစပိုင်းမှာလည်း သံဂါယနာတင်နှင့် တစ်ပါတည်း ကျေးရွာသာသနာပြု ကိစ္စ လည်း ပြီးစီးနိုင်သော နည်းလမ်းကို ကြံစည်ခဲ့ပါသည်။ သို့သော် အများက သဘောတူမည် မထင်၍ ထိုအကြံကို အချို့အားသာ ပြောပြခဲ့ပါသည်။
အလုပ်လုပ်ဖို့ အချိန်
ယခုအကြိမ် ဤစာစောင်ဖြင့် သာသနာရေးကို ညွှန်ပြခြင်းကား တကယ် အလုပ်လုပ်ကြဖို့နှင့် မိမိ လည်း တတ်အားသမျှ လုပ်ကိုင်နေရာဝယ် အားတက်ဖွယ် အကူအညီများ လမ်းစ ပေါ်လာ၍ ညွှန်ပြခြင်း ဖြစ်ပါသည်။ ဆက်ပါဦးမည် - မိမိသည် အနာဂတ်သာသနာရေးကို မရေးသားမီကပင် မိမိ တတ်အားသမျှ သာသနာ ပြုပြင်မှုကို ကြိုးစားပါသည်၊ ယခု အချိန်မှာ ကြိုးစားသလောက် ရောက်တန်သမျှ ခရီးရောက်ပါ၏၊ သို့သော် “မိမိ ပြုပြင်မှုသည် အများစုသို့ မရောက်လျှင် မိမိ ကွယ်လွန်သောအခါ ပြုပြင်ထားသမျှ သည်ပင် ပျက်ပြယ်စရာ ရှိ၏” ဟု တွေးတောကာ သာသနာ ပြုပြင်ရေးကို မကြာ မကြာ ဟောပါသည်။ ထိုသို့ ဟောတိုင်းပင် များစွာသော ဒါယကာတို့မှာ “ဖြစ်ဖို့ ခဲယဉ်းသည်၊ အစိုးရက ပြုပြင်မှ ဖြစ်မည်” ဟု မှတ်ချက် ချသွားကြပါသည်။
ငွေ (၅) သောင်း ဒါယကာ
တစ်နေ့သောအခါ ညနေအချိန်ကား - မင်းကွန်း ရန်ကင်းချောင်၏ ကျောင်းဒါယကာလည်း ဖြစ်၊ မန္တလေးမြို့ ရွှေကျင်ကျောင်းတိုက် အဝင် ရမည်းသင်းကျောင်းတိုက်၏ တိုက်ဒါယကာလည်း ဖြစ်သော ဒကာ မောင်ကိုသည် ပွဲစား ဒကာထွန်းကြည်နှင့်အတူ ကျောင်းသို့ ရောက်လာ၏၊ သူသည် မိမိ၏ သာသနာပြုစကားကို မကြာမကြာ ကြားရသူဖြစ်၍ ထိုနေ့၌လည်း စပ်မိစပ်ရာ သာသနာပြုကိစ္စကို ပြောရင်းက သာသနာကို တိုးချဲ့ပြုပြင်ရာ၌ မိမိ တစ်ဦးတည်းက ငွေငါးသောင်း မ တည်၍ အခြား မိတ်ဆွေများကိုလည်း တိုက်တွန်းမည့်အကြောင်း လျှောက်ထားပါသည်။
စဉ်းစားဖွယ်ရာ အဖြာဖြာ
ထိုသို့ လျှောက်ထားပြီးလျှင် “စာသင်သားများကို ခေတ်နှင့်လျော်အောင် စာသင်မည် ဆိုရာ၌ ဘယ်ပုံ သင်ဖို့ ရည်ရွယ်ပါသလဲ” စသည်ဖြင့် လျှောက်ထား၏။ ထိုအခါ “သူသည် ငွေများစွာကို အကုန်အကျ ခံမည့်သူဖြစ်၍ သာသနာ ပြုပြင်ရေးကိစ္စကို အတိအကျ နားလည်လိုပေလိမ့်မည်” ဟု သူ့ဘက်က နေ၍ စဉ်းစားမိ၏၊ မိမိဘက်ကလည်း “ထိုကဲ့သို့သော ငွေများသည် ဝိနည်းတော်နှင့် လျော်ညီစွာ အပ်အပ်စပ်စပ် မဟုတ်က အသုံးမပြုကောင်းပေ၊ ဝိနည်းတော်နှင့် မလျော်ဘဲ သာသနာကို ပြုရလျှင်လည်း စ-ကတည်းက ဘုရား အလိုတော် မကျသောကြောင့် သာသနာ တော်ကို ပြုရာမရောက်ဘဲ ဖျက်ရာ ရောက်နေ၍ နောက်ဆုံး၌ အကျိုးမရဘဲ အပြစ်သာ ရစရာရှိ၏” ဟု စဉ်းစားမိပါသည်၊ ထိုသို့ စဉ်းစားမိ၍ “ဘုန်းကြီး ရည်ရွယ်ချက်ကို အပြည့်အစုံ ဖော်ပြထားသော စာစောင်ငယ် တစ်ခုကို ရေးသားပေးပါမည်” ဟု ပြောလိုက်ပါသည်၊ ထို့နောက် အခြားသူများကိုလည်း ထိုစာစောင် မပြီးမီ မတိုက်တွန်းဖို့ရန် စာရေး၍ အကြောင်းကြားခဲ့သည်။
ဘာသာသွေး အခြေခံ၍ ပြုပြင်ရန်
ထို့နောက် ဒါယကာဘက်က သာသနာပြုနှင့်စပ်၍ နားလည်ဖွယ် ဟူသမျှကို နားလည်စေနိုင်၊ မိမိ ပြုလိုသော အစီအစဉ်ကို သာသနာပြုလိုသော ဒါယကာတို့အား တင်ကြို၍ အသိပေးနိုင်၊ ပြုမည့် အစီအစဉ်ကို နားလည်ပြီးမှ သဘောတူလျှင် ပြု - သဘော မတူလျှင် ရှောင်ရှားခွင့် ရနိုင်သော ဤ စာစောင်ငယ်ကို စီစဉ်ရပါသည်။ ထိုသို့ စီစဉ်သောအခါ ဘာသာခြားတို့ကို သွား၍ သတိရပါသည်။
အခြားတိုင်းသား အခြားဘာသာဝင်များသည် သူတို့၏ ဘာသာကို လွန်စွာ အရေးပေးကြ၏။ ဘာသာခြားဘုန်းကြီး သီလရှင် ဆိုသူတို့သည် စားရရုံ ဝတ်ရရုံမျှဖြင့် ကျေနပ်ကြ၍ ဘာသာ ကြီးပွားရေးကို အလွန် ရွက်ဆောင်ကြ၏။ ထိုသို့ ရွက်ဆောင်ကြ သောကြောင့်လည်း သူတို့၏ တိုင်းပြည်၊ သူတို့၏ ဘာသာသည် တိုးတက်လျှင် တိုးတက်၊ မတိုးတက်လျှင် တည်တံ့၏။ မိမိတို့ ဘာသာမှာ ကမ္ဘာများစွာ လွန်သွားပါသော်လည်း ကြုံကြိုက်ဖို့ ခဲယဉ်းလှသော ဗုဒ္ဓဘာသာဖြစ်၍ ကွယ်ဖို့ မဆိုထားဘိ ယခုလို များစွာသော လူတို့၏ အထင်သေး ခံရခြင်းသည်ပင် ဝမ်းနည်းဖွယ် ကောင်းလှပါပြီ။ ထို့ကြောင့် ဘာသာရေးနှင့် စပ်သော သွေးကို အခြေခံ၍ သာသနာပြုပြင်ရန် နည်းလမ်းကို စဉ်းစားသင့်သည်ဟု စိတ်ကူးမိပါသည်။
ဘာသာသွေးနှင့် သွေးကောင်းသူ
ဗုဒ္ဓမြတ်စွာ၏ ၄၅-ဝါ ကာလကြာအောင် ဟောပြတော်မူအပ်သော တရားတော်ကို “ဗုဒ္ဓဘာသာ” ဟု ခေါ်၏။ ထို ဗုဒ္ဓဘာသာ၏ အဆီအနှစ်ဖြစ်သော အကျင့်ကောင်း အကျင့်မှန်ကို ဗုဒ္ဓဘာသာသွေး ဟု ခေါ်၏။ [တကယ်သွေး မဟုတ်သော်လည်း မိဘသွေးက သားသမီးများ၌ ဆက်သွားသကဲ့သို့ ထို အကျင့်လည်း ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည်သူတို့၏ စိတ်၌ ဆက်၍ဆက်၍ လိုက်ပါနေသော ကြောင့် သွေးနှင့် တူရကား (ဥပမာ တင်စား၍) ထိုကျင့်စဉ်ကို “သွေး” ဟု ခေါ်ထားသည်။] ထို ဗုဒ္ဓဘာသာကို ယုံကြည်မှု ဗုဒ္ဓဘာသာ တရားတော်အတိုင်း ဒါန သီလ ဘာဝနာကို ကြိုးစားမှု၊ ဗုဒ္ဓဘာသာကို ဂုဏ်ရှိအောင် နေထိုင် ပြောဆို ပြုလုပ်မှု၊ ဗုဒ္ဓဘာသာနှင့် ဆိုင်ရာကိစ္စ၌ (မိရိုးဖလာ မဟုတ်ဘဲ) အကျိုးအပြစ် စိစစ် ဝေဖန်တတ်သောဉာဏ် ရှိ၍ အကျိုးရှိကိုသာ ရွက်ဆောင်လိုမှု၊ ဘာသာထိလျှင် မချိအောင် နာတတ်မှု၊ ဤအချက်စုနှင့် ပြည့်စုံ၍ ဘာသာ တိုးပွားအောင် ကြိုးစားသူကို “ဘာသာသွေးကောင်းသူ” ဟု ဆိုရပေမည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ သက်ဝင် သူတိုင်း၌ ဘာသာသွေး အေးစက်စက် မရှိစေဘဲ သာသနာ ပြုလိုသောစိတ် ထက်သန်ဖို့ရန် ဘာသာသွေး ဟူသော ဤ စာစောင်ကို ရေးသားလိုက်ပါသည်။
အရှင်ဇနကာဘိဝံသ
၁၃၂၁-ခုနှစ်၊ တပေါင်းလ
၁။ ပါရမီဖြည့်၍ ထီးနန်းစံတော်မူခန်း
ဘာသာအစ ပါရမီက
သာသနာသွေး ဘာသာသွေးကို စဉ်းစားလျှင် ဘုရားရှင်ကို တွေ့ရမည်၊ ဘုရားရှင်ကို စဉ်းစားပြန်လျှင် ဘုရားအလောင်းတော်၏ ဘဝပေါင်းများစွာက ပါရမီဖြည့်ခဲ့ပုံကို တွေ့ရမည်၊ ထို့ကြောင့် ဘာသာသွေးအစသည် ပါရမီကဟု ဆိုထိုက်ပါသည်၊ ပါရမီ ဟူသော စကားသည် ပါဠိစကားတည်း၊ မြန်မာလို (မြင့်မြတ်သူတို့၏ အလုပ်)ဟု ဆိုလို၏၊ ဒါနကို ပြုပြု သီလကို စောင့်စောင့် ဘာဝနာကို ပွားပွား ပတ်ဝန်းကျင်က အထင်ကြိးအောင် ဂုဏ်ပကာသန ကို ရှေ့ထား၍ ေလောကတ္ထစရိယ - လူအများ ချမ်းသာအောင် ပြုကျင့်မှု၊ ဗုဒ္ဓိအတ္ထစရိယ - မိမိစိတ်ဖြူစင်အောင် ဉာဏ်ပညာရင့် လာအောင် ဒါနပြုမှု၊ သီလစောင့်မှု၊ ေမေတ္တာစသောဘာဝနာ ပွားမှု ဤအမှုတို့ကို ပါရမီ(မြင့်မြတ်သူတို့၏ အလုပ်)ဟု ဆိုသည်၊ ထိုမြင့်မြတ်သူတို့၏ အလုပ် (ပါရမီ) ကို စဉ်းစားလျှင် မိမိတို့၏ ဒါန၊ သီလ၊ ဘာဝနာ အမှုများ၌ ထိုပါရမီဖြစ် /မဖြစ်ကို သိနိုင်ပြီ၊ ပါရမီ မဟုတ်သော ဒါန သီလ ဘာဝနာအလုပ်ဟူသမျှကား (နိဗ္ဗာန် တိုင်အောင် သံသရာမှ ကျွတ်လွတ်ရေးကို မမျှော်တွေးနိုင်သောကြောင့်) အမျှော်အမြင် သေးနုပ်သူတို့၏ အလုပ်သာ ဖြစ်သည်။
ဝေဿန္တရာ ဘဝ
အများသိပြီးဖြစ်သော ဝေသန္တရာမင်းဘဝကို စဉ်းစားကြစို့၊ (၄)နှစ်သားအရွယ် လူမမယ်ဘဝ၌ပင် ဆင်ထားသော တန်ဆာများကို အထိန်းတော်တို့အား ချွတ်၍ပေး၏၊ (ဂ)နှစ်သား အရွယ်၌ မျက်စိမှစ၍ နှလုံးသားတိုင်အောင် ကိုယ်အင်္ဂါများကို ပေးလိုသော ဆန္ဒဖြစ်၏၊ (၁၆)နှစ်အရွယ် ရောက်သောအခါ မဒ္ဒီမင်းသမီးနှင့်အတူ မင်းအဖြစ်ကို ခံယူပြီးနောက် မြို့တံခါးလေးပေါက်၊ မြို့အလယ်နှင့် နန်းတော်တံခါး အနီးဝယ် အလှူရုံကြီး ခြောက်ရုံ ဆောက်လုပ်၍ ဆင်းရဲ သူအများ စားကြ သောက်ကြဖို့ရန် နေ့စဉ် (၆)သိန်းကုန် အလှူကြီးကို ပေးလှူ၏၊ နောက်ဆုံး၌ မိုးခေါင်သော ကာလိင်္ဂတိုင်းသူ ပြည်သားတို့သည် ဆင်ဖြူတော် ရောက်ရာ၌ မိုးကောင်း၏ဟု အယူရှိ၍ ပုဏ္ဏား ရှစ်ယောက်ကို ဆင်ဖြူတော် အလှူခံဖို့ စေလွှတ်ကြစေသော် ထိုပုဏ္ဏားတို့အား ဆင်ဖြူတော်ကို လှူလိုက်၏၊ နေ့စဉ် ဒါနနှင့် ဆင်ဖြူတော် လှူသော အခါဖြစ်သော စေတနာ စိတ်ဆန္ဒတို့သည် ဆင်းရဲသူ ဆင်းရဲသားတို့ စားကြသောက်ကြနှင့် ချမ်းသာသုခရစေလို ကလိင်္ဂတိုင်းသူ ပြည်သား လူအများတို့ချမ်းသာစေလိုသော ဆန္ဒပင်မဟုတ်ပါလော။
ပါရမီဖြစ်ဖို့ သတိထားဖွယ်
ဤသို့ ဝေဿန္တရာမင်၏ စေတနာ ဆန္ဒနှင့် အလားတူစွာ ဆင်းရဲသူများကို ချမ်းသာစေလိုသော ဆန္ဒဖြင့်လည်းကောင်း၊ သာသနာ တွင်းဖြစ်လျှင် သာသနာတော်ထွန်းကား၍ လူအများ တရား သိစေလိုသော ဆန္ဒဖြင့်လည်းကောင်း၊ မိမိတို့စိတ်၌ နှမြောဝန်တိုတတ်သော မစ္ဆေရ အညစ်အကြေးမှ ကင်းဝေး၍ စိတ်စင်ကြယ်လိုသော ဆန္ဒဖြင့် လည်းကောင်း၊ လောကကို ငြီးငွေ့၍ သံသရာမှ လွတ်မြောက်လျက် နိဗ္ဗာန်ကို မျက်မှောက်ပြုလိုသော ဆန္ဒဖြင့်လည်းကောင်း၊ စွန်းကြဲ ပေးကမ်း လှူဒါန်းမှသာ ပါရမီဒါနဖြစ်နိုင်သည်ဟု မှတ်သား၍ ယခုခေတ် ဒါနရှင်များသည် စွန့်ကြဲပေကမ်း လှူဒါန်း ရာ၌ မိမိစိတ်ထား ကို တရားနှင့် ညီ/မညီ၊ ဒါနပါရမီ ဖြစ်/မဖြစ်ကို စိစစ်ထိုက်၊ စဉ်းစား ထိုက်ကြပေသည်၊ ဒါနပါရမီ မဖြစ်ဘဲ ဂုဏ်ပကာသနနှင့် ထိုဒါနမှ အစားရမည့် လောကီအကျိုးကို မျှော်ကိုးနေပါမူကား လောဘစော ခြံရံနေမည် ဖြစ်သောကြောင့် နောင်သံသရာအကျိုး လုံးလုံးမရဘဲ လည်း ရှိပေလိမ့်မည်၊ အကျိုးရပြန်လျှင်လည်း အနည်းအပါး လေကြိစည်းစိမ် အကျိုးမျှသာဖြစ်၍ သာသနာတော်ခေတ်ကောင်းနှင့် တွေ့ကြုံရကျိူး မနပ်ဘဲ ပတ္တမြား ထွက်သောတောင်ကို တွေ့ပါလျှက် ထိုတောင်မှ အညံ့စား ကျောက်ကလေးများကို ရရုံမျှဖြင့် အားရ ကျေနပ်သူ လူဖျင်း လူအ ကဲ့သို့သာ ဖြစ်ကြပေလိမ့်မည်။
ပါရမီပြည့်မှ ဘုရားဖြစ်
ဘုရားအလောင်းတော်သည် ဒါန သီလ စသော ကောင်းမှု ဆယ်လီကို ပါရမီစစ်စစ်ဖြစ်အောင် ဖြည့်ကျင့်ရာ၌ တချို့ပါရမီကို အသက်စွန့်၍ ဖြည့်ကျင့်တော်မူခဲ့ရ၏၊ ယခုခေတ် ဒါနရှင်ဆိုသူ များသည် အလှူဒါန၌ ရက်ရက်ရောရော ရှိပါပေ၏ ဟု ချီးမွမ်းခံရ သော်လည်း သားသ္မီးနှင့်ဇနီးကို လှူသောဒါန မိမိအသက်ကို သူတစ်ပါးစားဖို့ စွန့်လှူသော ဒါနကား မရှိချေ၊ ဥပုသ် သီလစောင့် ကြရာ၌လည်းကောင်း, သည်းခံရာ၌လည်းကောင်း၊ မိမိအသက်ကို စွန့်၍ စောင့်သောသီလ သည်းခံသော ခန္တီလည်း မရှိချေ၊ ကြီးစွာသော စည်းစိမ်ကို စွန့်၍ တစ်ယောက်တည်း တောထွက်ခြင်းဟူသော နေက္ခမ္မပါရမီ ဖြည့်သူလည်း အထင်အရှား မရှိချေ၊ ဘုရားအလောင်း တော်ကား အသက်စွန့်၍ လည်းကောင်း ထီးနန်းစည်းစိမ်ကို စွန့်၍ လည်းကောင်း ပြုကျင့်ရသော သီလ ခန္တီ နေက္ခမ္မ စသော ပါရမီတို့ကို ဘဝများစွာ ပြုကျင့်တော်မူခဲ့ပြီးမှ အများသိပြီးဖြစ်သော သိဒ္ဓတ် မင်းသား ဘဝသို့ ရောက်တော်မူခဲ့ရသည်၊ ထိုနောက်ဆုံးဘဝ၌လည်း ထီးနန်းစည်းစိမ်ကို စွန့်လွှတ်ရ၍ တောထွက်တော်ပြီးမှ သဗ္ဗညုတ ဉာဏ်တော်ကို ရ၍ ဗုဒ္ဓစစ်စစ် ဖြစ်တော် မူခဲ့ရပေသည်။ [ပါရမီဖြည့်ရာ ဘဝနှင့် အဖြစ်တော်စဉ်ကို ဗုဒ္ဓဝင်အမေးအဖြေ စာအုပ်ကလေး၌ အကျဉ်းချုပ် ပြထားပြီ၊]
ဘုရားရှင်၏ ရုပ်အဆင်းတော်
ဘုရားရှင်၏ အမျိုးတော်သည် ခတ္တိယမျိုးတည်း၊ ထိုခတ္တိယ အမျိုးသည် အခြားသောအမျိုးနှင့် မရောသောကြောင့် အသမ္ဘိန္နခတ္တိယမျိုး ဟု ထင်ရှား၏၊ ထိုအမျိုး၌ ဘုရားအလောင်းတော် ပဋိသန္ဓေ တည်ချိန်ဝယ် မာယာဒေဝီ မိဖုရားခေါင်ကြီးသည် ရှစ်ပါးသီလ ဥပုသ်ကို စောင့်သုံးလျက် စိတ်စက် ဖြူစင်နေ၏၊ [ဤနေရာ၌ အမျိုး၏ မြင့်မြတ်ခြင်း၊ မယ်တော်၏ ဖြူစင်ခြင်းကို သတိထားခဲ့ပါ၊] ထိုပဋိသန္ဓေ မတည်ခင် ဘုရားအလောင်းတော်သည် တုသိတာ နတ်ပြည်မှ စုတေခါနီးဝယ် သတ္တဝါတို့ အပေါ်၌ မေတ္တာပွားလျက် ရှိ၏၊ ထိုသို့ မေတ္တာရှေ့ထား၍ စုတေသည်နှင့် တစ်ပြိုင်နက် ကာမာဝစရ ပဋိသန္ဓေစိတ်တို့တွင် အကောင်းဆုံးဖြစ်သော စိတ်ဖြင့် မယ်တော်ဝမ်း၌ စွဲပိုက်သန္ဓေ တည်နေခဲ့ပါသည်၊ ထိုသို့ ပဋိသန္ဓေ တည်နေရာဝယ် ဘဝများစွာက ဆည်းပူးခဲ့သော ပါရမီတော်တို့သည် နောက်ဆုံး အကျိုးပေးရမည့် ဘဝဖြစ်၍ အသားအရေတော် နှင့်တကွ မျက်လုံးတော် မျက်ခုံးတော် နဖူးတော် မျက်နှာတော် လက်ခြေတော်မှစ၍ တစ်ကိုယ်လုံး အလှဆုံးဖြစ်အောင် အကျိုးပေးလိုက်ကြသောကြောင့် ဖွားမြင်လာသောအခါ မင်းသားကလေး၏ ရုပ်အဆင်းဝယ် စိုးစင်းအနည်းငယ်မျှ အပြစ်မပါ, တစ်ကမ္ဘာလုံးတွင် အသာဆုံးဖြစ်၍ ဖွားမြင်လာပေသည်။
ပစ္ဆိမံ ဖလဒါနေန ဗဟုံ ပစိတပါရမီ၊
ယဿ ဝေသံ သုမာပေန္တိ ကေနာပိ အသမံ သမံ။
ဗဟုံ - ဤမျှ ဤမျှ, ဂဏန်းချ၍, မရနှိုင်းညှိ, အတိုင်း မရှိရလေအောင်၊
ပစိတပါရမီ - လေးအသင်္ချေကိန်း, ကပ်တစ်သိန်းမျှ, ထိန်းသိမ်းစုဆောင်း, ပါရမီတော် အပေါင်းတို့သည်၊
ပစ္ဆိမံ ဖလဒါနေန - ဖြစ်ပျက်ဖန်ခါ, သံသရာဝယ်, ခန္ဓာကိုယ်ရေး, အဆုံးစွန် အကျိုးပေးသော အားဖြင့်၊
ယဿ ဘဂဝတော - အကြင်ရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရား၏၊
ဝေသံ - ရွှေမျက်နှာတော်, လက်ခြေတော်နှင့်, ကိုယ်တော်သဏ္ဌာန်, ပုံဟန်ထင်ပေါ်, အသွင် အပြင်တော်ကို၊
ကေနာပိ - လူမင်းနတ်မင်း, ဗြဟ္မာမင်းဝယ်, ဘယ်သူ တစ်ယောက်နှင့်မျှ၊
အသမံ - လက္ခဏာတော်ကြီးငယ်, အသွယ်သွယ်ဖြင့်, ဘယ်ဝယ် တိုင်းတာ, မနှိုင်းသာသည်ဖြစ်၍၊ သမံ - တစ်ကိုယ်တော်လုံး, ရွှေတုံးရွှေနှစ်, ဇမ္ဗူရာဇ်သိင်္ဂီ, နာရဏီမျှ, သာကီဝင်သွေး, အယဉ်ကျေးဆုံး ဖြစ်ရလေအောင်၊
သုမာပေန္တိ - တက်သစ်လဆန်း, ပွင့်သစ်ပန်းသို့, ဆန်းတစ်ဖုံဖုံ, စခန်းစုံအောင်, အစွမ်းကုန် ဖန်ဆင်းလိုက်ကြပေသည် တကား....။
ဘုန်းနှင့်သမ္ဘာ ပါနေပုံ
ဖွားမြင်လာသော ဘုရားလောင်းတော်ကို “သိဒ္ဓတ္ထ” ဟုမှည့်ကြ၏၊ [သိဒ္ဓ-ပြီးစီးသော၊ အတ္ထ-အကျိုး၊] အကျိုးအားလုံး ပြီးစီးသော မင်းသားဟု ဆိုလိုသည်၊ ရှေးရှေးဘဝ များစွာတို့က ပြုခဲ့သော ကောင်းမှု အဆောက် အဦးများကို သမ္ဘာ(သမ္ဘာရ) ဟု ခေါ်၏၊ ထိုကောင်းမှု သမ္ဘာရကြောင့် ဉာဏ်ပညာကြီးခြင်း၊ သူတစ်ပါးတို့ကို လွှမ်းမိုးအုပ်စိုး နိုင်ခြင်း၊ အကျင့်တရား ပြည့်စုံခြင်း၊ အခြွေအရံများခြင်း၊ ချစ်ခင်ဖွယ် ရုပ်လက္ခဏာရှိခြင်း၊ အလိုရှိသောအရာကို တောင့်တသည့်အတိုင်း ရနိုင်ခြင်း၊ သူတစ်ပါးတို့ အားကိုးလောက်ခြင်း စသော (ဘဂဝါ ဂုဏ်တော်၌လာသော) ဂုဏ်များကို ဘုန်း(ဖုန်း) ဟု ခေါ်၏။
ဘုရားအလောင်းတော်သည် ဖွားမြင်စကပင် ထိုဘုန်းသမ္ဘာ အထိုက်အလျောက် ပါနေလေပြီ၊ ထို့ကြောင့်ပင် သုဒ္ဓေါဒနမင်း၏ ဆရာဖြစ်သော အသိတ ရှင်ရသေ့သည် မင်းသားကို ကြည့်လို၍ နန်းတော်သို့ လာသောအခါ မင်းသားကလေးကို ခမည်းတော် ကြီးက ပွေ့ချီလျက် အရှင်ရသေ့ အား ရှိခိုးရန် လက်ကလေးနှစ်ဖက်ကို လက်အုပ်ချီဖို့ ပြင်နေစဉ် ခြေကလေးနှစ်ဖက်သည် အရှင်ရသေ့၏ ဦးခေါင်းပေါ်သို့ မြောက်တက်သွား လေသည်၊ [ထိုဘဝ၌ မင်းသားက ရှိခိုးရမည့်သူ မရှိ၊] ထိုအခါ သားတော်ကလေး၏ အံ့ဩဖွယ်ကို မြင်၍ ခမည်းတော်ကိုယ်တိုင် သားတော်ကို လက်အုပ်ချီမိလေသည်၊ [အသိတရှင်ရသေ့ကလည်း ဧကန်မုချ ဗုဒ္ဓဖြစ်ပါလိမ့်မည် ဟု မိန့်မြွက် တော်မူသည်။]
ကလေးဘဝ၌ဈာန်ရပုံ
ဘုရားအလောင်းတော်သည် ဘုန်းနှင့် သမ္ဘာပါရှိခြင်းကြောင့် ဖွားမြင်စကပင် မြောက် အရပ်သို့ ကြွ၍ “ငါသည် အမြတ်ဆုံး”စသော စကားကြီးသုံးခွန်းကို မိန့်မြွက်ပုံ နတ်ဗြဟ္မာအများ ဦးခိုက်ကြပုံကို ဗုဒ္ဓဝင် အမေးအဖြေ၌ ရေးခဲ့ပြီ။ အခါတစ်ပါး၌ကား သုဒ္ဓေါဒနမင်းသည် လယ်ထွန် မင်္ဂလာ ပြုလုပ်၏၊ ထိုလယ်ထွန် မင်္ဂလာ ပြုလုပ်ရာဌာန၏ မနီးမဝေး၌ အရိပ်ကောင်းသော ဇမ္ဗုသပြေပင်အောက်ဝယ် အကာအရံပြု၍ မင်းသားကလေးကို အထိန်းတော်များနှင့်တကွ ထားပြီးလျှင် လယ်ထွန် မင်္ဂလာ ပြုရာအရပ်သို့ သွားကြ၏။ အတော်ကြာလျှင် အထိန်းတော် များလည်း လယ်ထွန်မင်္ဂလာ ကြည့်လို၍ ခေတ္တခဏ သွားကြလေသော် မင်းသားကလေးသည် ထိုင်နိုင်သောအရွယ်သို့ မရောက်သေးသော်လည်း လူသူ တိတ်ဆိတ်သော ထိုအချိန်မှာ တင်ပလ္လင်ခွေ၍ ထွက်သက် ဝင်သက်ကို အားရုံပြုလေရာ ပထမဈာန် ကိုရလေသည်။ (ဤသို့ ဈာန် အရမြန်ခြင်းကား ရှေ့ဘဝများစွာ၌ အထုံ ပါလာခြင်းကြောင်တည်း၊) ထိုသို့ ဈာန်ဝင်စားနေစဉ် အထိန်းတော်များ ပြန်လာ၍ တင်ပလ္လင်ခွေကာ ငြိမ်းသက်စွာ ထိုင်နေပုံကို တအံ့တဩ မြင်ကြရသဖြင့် ခမည်တော်ထံ အမြန်သွား၍ သံတော်ဦးတင် ကြလေသည်၊ ခမည်တော် လိုက်လာ၍ ဆင်းတုတော်ကလေးသဖွယ် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေပုံကို မြင်ရသဖြင့် လက်အုပ် ချီကာ ရှိခိုးမိရှာလေသည်။ (ဤရှိခိုးခြင်းကား ကလေးဘဝ၌ ငါးကြိမ်မြောက် ရှိခိုးခြင်းတည်း၊ ထိုရ ပြီးသောဈာန်လည်း နောက်ထပ် မကြိုးစားသဖြင့် မကြာမီ ကွယ်ပျောက်သွားလေသည်။)
ထီနန်းစံပုံ
တစ်ဆယ့်ခြောက်နှင့် အရွယ်သို့ ရောက်သောအခါ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်က စ၍ ပါရမီဖြည့်ဖက်ဖြစ်သော နှမတော် တစ်ဝမ်းကွဲ ယသော်ဓရာမင်းသမီးနှင့် အတူ ရာဇဘိသိက်ကို ခံယူ၍ အခြွေအရံ များစွာဖြင့် ထီးနန်းကို စံတော်မူ၏၊ ဆောင်း နွေ မိုးဟု ဥတုသုံးပါး နှင့်လိုက်လျောသော နန်းသုံးဆောင်တွင် နွေရာသီ စံနန်း၌ စံမြန်းပုံ ကို လွန်စွာကြည်နူးဖွယ် ကောင်းပါပေသည်။
၁။ နန်းတော်၏ အရပ်လေးမျက်နှာဝယ် ကြာမျိုးစုံဖြင့် တင့်တယ်သော မင်္ဂလာကန်တော်များ ဖန်ဆင်းထာ၏၊ ထိုကန်တော်များ၌ ငှက်မျိုးစုံတို့ လာရောက် ပျော်မြူးကြ၏၊ အရှေ့ကန်တော်မှ ငှက်တို့သည် နန်းတော် အထက်ခရီးဖြင့် အနောက်ကန်တော်သို့ မြူးပျော် ကြွေးကြော်လျက် ပျံသန်းကြ၏၊ အနောက်ကန်တော်မှ အရှေ့ကန်တော်သို့ လည်းကောင်း တောင်မှမြောက်သို့ လည်းကောင်း ထိုနည်း အားဖြင့် ပျံသွားကြလေသည်။
၂။ နွေရာသီစံနန်းအတွင်းဝယ် စိုစိုပြေပြေ အေးအေးမြမြ ရှိအောင် ရေအပြည့် အိုးအသစ်များကို ကြာညိုပန်းတို့ဖြင့် ဖုံးလွှမ်း၍ လေသောက် ပြုတင်းပေါက်တို့၏ အနီးအပါး၌ တည်ထားကြကုန်၏၊ ဘုရားအလောင်း၏ စက်ရာ အနီးအပါး၌ကား နံ့သာညွန်တို့ဖြင့် ပြည့်သော ရွှေအိုးများကိုထား၍ ထိုထို အိုးများ၌ ကြာညိုပန်းရုံများကို စိုက်ပျိုးထား ကြကုန်၏၊ ထိုထိုဤဤ နေရာတို့လည်း ကြေးအိုး ကြီးများတွင် နံ့သာညွန် ထည့်၍ ကြာညိုပန်း၊ ပဒုမ္မာကြာပန်း၊ ပုဏ္ဍရိက်ကြာပန်းပင် တို့ကို စိုက်ပျိူး ထားကြကုန်၏၊ နေရောင်ကြောင့် ပန်းပွင့်များ ပွင့်ကြကုန်၏၊ ပျားပိတုန်းတို့သည် နန်းတော်တွင်းသို့ ဝင်ရောက်၍ ပန်းဝတ်ရည်များကို လှည့်လည် စုတ်ယူကြကုန်၏၊ နန်းတော် တစ်ရပ်လုံးကား ပန်းရနံ့တိ့ုဖြင့် သင်းပျံ့နေလေသည်။
၃။ နှစ်ထပ်နံရံတို့၏ အလယ်၌ ရေပိုက်လုံးများ တပ်ဆင်ထား၏၊ နန်းတော်၏ အထက်ဆုံး အထပ်နှင့် ညီမျှသော ကောင်းကင် လွင်ပြင်ဝယ် မဏ္ဍပ်သဖွယ် အမိုးပြုလုပ်၍ ထိုအမိုး၌ ဇာပေါက်ကလေးတွေ ဖောက်ထား၏၊ ထိုမဏ္ဍပ်၏ တစ်နေရာ၌ ကျွဲရေများကို အပေါ်က ဖြန့်ကြက် ထား၏၊ ရေစက်ဖြင့် ရေပြွန်မှ တက်လာသော ရေတို့သည် မဏ္ဍပ်ပေါ်ဝယ် ဖြာလျက် ဇာပေါက်တို့မှ မိုးရွာသကဲ့သို့ ကျနေစဉ် ကျွဲရေများပေါ်သို့ ကျောက်ခဲကလေး များကို ပစ်တင်ကာ မိုးရွာသံများ ဖြစ်လာစေ၏၊ ဤနည်းအားဖြင့် နွေအခါကိုပင် မိုးတွင်းကဲ့သို့ စိတ်ရွှင်စရာ ဖြစ်စေလေသည်။
၄။ ထိုကဲ့သို့ မိုးအတုများ ရွာချနေစဉ် ဘုရားအလောင်းတော်သည် ညိုသောကိုယ်ဝတ် ညိုသော အပေါ်ခြုံကို ဝတ်ရုံ၍ ရေကစား ထွက်တော်မူလာ၏၊ ယသော်ဓရာနှင့်အတူ အခြွေအရံမောင်းမ တစ်စုလည်း ညိုသောအဝတ်များကို ဆင်တူဝတ်၍ အညိုရောင် ပန်းများကို ပန်ဆင်လျက် မဏ္ဍပ် အတွင်းဝယ် နွေရာသီ အပူဝေးဖို့ အေးမြသော ရေစင်ဖြင့် ဘုရားအလောင်း၏ စိတ်တော်ကို ဖြေဖျော်ကြလေသည်။ [မဇ္ဈိမပဏ္ဏာသ၊ မာဂဏ္ဍိယသုတ္တဋ္ဌကထာ။]
၂။ ရဟန်းပြု၍ တရားကျင့်တော်မူခန်း
တရားရှာခြင်း
တစ်ဆယ်ခြောက်နှစ်အရွယ်တော်မှစ၍ ထီးနန်းစည်းစိမ်ကို ခံစားလျက် သက်တော် (၂၉) နှစ် ရှိသောအခါ ဉာဏ်ပညာလည်း ရင့်သန်လာသောကြောင့် (အများကြားဖူး သည့်အတိုင်း သုဒ္ဓါဝါသ ဗြဟ္မာမင်းတို့ ဖန်ဆင်း၍ ပြအပ်သော) သူအို၊ သူနာ၊ သူသေ၊ ရဟန်းတို့ကို မြင်ရ၍ ထိတ်လန့်သော (သံဝေဂ) ဉာဏ်ဖြင့် ထီးနန်းစည်းစိမ်ကို စွန့်လျက် တောထွက်တော်မူခဲ့လေသည်၊ ထိုသို့ တောထွက်၍ ရဟန်းပြုပြီးနောက် မကြာမီပင် များစွာသော ရသေ့ဂိုဏ်းကြီး၏ ဦးစီးဆရာ ဖြစ်သော အာဠာရ ရသေ့ကြီးထံ ချဉ်းကပ်၍ တရားစဉ်ကို နာယူလေသည်။
နာယူပြီးသောအခါ ဤတရားစဉ်ကို ဆရာကြီးသည် စာသဘော အားဖြင့် ယုံကြည်ရုံ သာမက ကိုယ်တိုင်ကျင့်၍ ရပြီးသား ဖြစ်ပေသည်ဟု အယူရှိသောကြောင့် မိမိလည်း အားထုတ်လို၍ ဆရာကြီးထံ ချဉ်းကပ်မေးမြန်းလေသည်၊ ဆရာကြီးသည် မိမိမှာ အာကိဉ္စညာယတနဈာန်ကို ရကြောင်း ပြောပြ၏၊ ထိုအခါ ဘုရားအလောင်းတော်သည် “အာဠာရဆရာကြီးမှာသာ ဤတရား အပေါ်၌ ယုံကြည်ချက်သည် ရှိသည်မဟုတ်၊ ငါ့မှာလည်း သဒ္ဓါရှိ၏၊ အာဠာရ ဆရာကြီးမှာသာ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ ရှိသည်မဟုတ်၊ ငါ့မှာလည်း ရှိ၏” ဟု စိတ်ကို လှုံ့ဆော် လျက် ကြိုးစားအားထုတ်လေရာ ရက်အနည်းငယ် အတွင်းမှာပင် အာကိဉ္စညာယတန ဈာန်တိုင်အောင် တရားပေါက်လေသည်။
ဆရာကြီးက ချီးမြှောက်ပုံ
တရားပေါက်ပြီးသောအခါ ဆရာကြီးထံ သွား၍ တရား အကြောင်းပြောပြလေရာ ဆရာကြီးသည် ရုပ်အဆင်းကို မြင်စကပင် မဟာပုရိသ - ယောက်ျားထူး ယောက်ျားမြတ်ဟု အယူရှိခဲ့၍ ရက် အနည်းငယ်ဖြင့် မိမိသိအပ်သော တရားကို သိသောအခါ လွန်စွာ အားရလေသည်၊ ထို့ကြောင့် မိမိဂုဏ်းသား တပည့်များကိုခေါ်ပြီးလျှင် “တစ်ဝက်သော အစုသည် ငါ့အထံ တရားမေး၍ တစ်ဝက် သော အစုက မဟာပုရိသ(ဟောဒီ ယောက်ျားထူး ယောက်ျားမြတ်) အထံ တရားမေးကြပေတော့၊ ဤဂုဏ်းကြီးကို ငါတို့နှစ်ပါး ခေါင်းဆောင်ကြမည်” ဟု ဆို၍ ဘုရားအလောင်းကို ဆရာကြီးက မိမိနှင့် တန်းတူထားလျက် မြောက်စားလေသည်၊ ဆရာကြီး၏ ဒကာ ဒကာမတို့သည် အလှူဒါန ပြုဖို့ လာကြ၏၊ ထိုအခါလည်း ကောင်းမွန်သော အစားအသောက် အိပ်ရာ နေရာများကို ဘုရားအလောင်းအား လှူစေ၍ မိမိကား အကြွင်းအကျန် များကိုသာ အလှူခံလေသည်။
ဘုရားအလောင်းတော်သည် ဤမျှလောက် အမြှောက်အစား ခံရသော်လည်း ရအပ်ပြီးသော တရားကို စဉ်းစားသောအခါ အရူပ ဗြဟ္မာဘုံသို့ ရောက်ရုံသာ ပို့ဆောင်နိုင်သော တရားဖြစ်၍ အို နာ သေရေးက လွတ်အောင် စွမ်းဆောင်နိုင်သော တရားမဟုတ်သေးကြောင်း သိရကား ထိုဈာန် တရားမှ ငြီးငွေ့ကာ ဖဲခွာ၍ လာခဲ့လေသည်။ [ထို့နောက် “ဥဒကရသေ့” ဟု ထင်ရှားသော ဂိုဏ်းဆရာကြီး အထံ သွားပြန်၍ အလားတူ အားထုတ်ပြန်ရာ အာကိဉ္စညာယတန ဈာန်ထက် မြင့်သော နေဝသညာနာသညာယတနဈာန်ကို ရပြန်၏၊ ဥဒကဆရာကြီးက ဂိုဏ်းကြီးကိုပင် လွှဲအပ်၍ ချီးမြောက်လေသည်၊ သို့သော် ရှေးနည်းအတိုင်းပင် အားမရသေး၍ ခွဲခွာခဲ့ပြန် လေသည်။]
မှတ်ချက်။ ။ ဘုရားအလောင်း တောထွက်လာချိန်မှာ ထိုဆရာကြီး နှစ်ပါးသည် အထင်ရှားဆုံး ဂိုဏ်းဆရာကြီးများ ဖြစ်ကြဟန်တူ၏၊ ထို့ကြောင့် ထိုဆရာကြီးနှစ်ပါး အထံ ဘုရားအလောင်း ချဉ်းကပ်တော်မူခြင်း ဖြစ်လိမ့်မည်၊ ထိုဆရာကြီးတို့ ရအပ်ပြီးသော တရားထူးများလည်း လောကီ ဈာန်တရားတွင် ထိပ်တန်း အကျဆုံးဖြစ်၏၊ ထိုမျှလောက် ထိပ်တန်းရောက်ပြီး ဆရာကြီးနှစ်ပါး သည် ဘုရားအလောင်းတော်၏ အပေါ်၌ (မိမိတို့ထက် သာလွန်၍ တက်လမ်းရှိသူ ဖြစ်သော ကြောင့်) ဣဿာ၊ မစ္ဆရိယ - မနာလို ဝန်တိုဖြစ်မည်ဆိုလျှင် ဖြစ်စရာ ကောင်းပါပေသည်၊ သို့သော် ထိုသို့ မဖြစ်ဘဲ အားရဝမ်းသာ ချီးမြှောက်နိုင်ကြသည့် အတွက် ထိုဆရာကြီးနှစ်ပါး၏ စိတ်နေစိတ်ထားကို လေးစားပူဇော်မိပါသည်၊ [ဘုရားအလောင်း ဘုရားဖြစ်၍ တရားဟောဖို့ စဉ်းစားတော်မူချိန်မှာ ထိုဆရာကြီးနှစ်ပါးသည် ရုပ်ခန္ဓာကိုယ် မရှိသော အရူပဗြဟ္မာဘုံသို့ ရောက်နေပြီဖြစ်၍ ဘုရားရှင်လည်း တရားဟောသော အားဖြင့် ကျေးဇူးဆပ်ခွင့် ရတော်မမူ။]
တရားကျင့်ဖို့ ဒေသ
ဘုရားအလောင်းတော်သည် ဥဒကရသေ့ထံမှ ခွဲခွာခဲ့ပြီး နိဗ္ဗာန် တရားမြတ်ကို ရှာလျက် လှည့်လည်တော်မူလေရာ မဂဓတိုင်း သေနာနိဂုံးသို့ ရောက်တော်မူသည်၊ ထိုနိဂုံးအနီး၌ မွေ့လျော်ပျော်ဖွယ် ကောင်းသောမြေ၊ စိတ်ကြည်နူးဖွယ်ကောင်းသော တောအုပ်၊ တသွင်သွင် စီးဆင်းနေသော နေရဉ္ဇရာမြစ်၏ အလွန်ကောင်းသော ရေဆိပ်နှင့် ပတ်ဝန်းကျင် အနီးအပါး၌ ဆွမ်းခံ၍ လွယ်ကူမည့်ရွာကို တွေ့တော်မူလေရာ ထိုနေရာ၌ပင် တရားကျင့်ဖို့ရန် စိတ်ကို ပိုင်းဖြတ် တော်မူလျက် ပဏ္ဏာသာလာ = သစ်ရွက်ကျောင်းကလေးကို စီစဉ်တော် မူပါသည်၊ [ထိုအချိန်၌ ရသေ့ ပြုနှင့်ကြသော ပဉ္စဝဂ္ဂီ (ငါးပါးအစု) က ဘုရားအလောင်းတော်ကို ပြုစုလုပ်ကျွေး ကြသည်။]
ဒုက္ကရစရိယာ ကျင့်တော်မူခြင်း
ဘုရားအလောင်းတော်သည် အလွန်မကြာသေးသော ရက်အတွင်းက ကပ္ပိလဝတ်နေပြည် နွေရာသီစံနန်းတော်၌ အခြွေအရံ များစွာ၏ အပြုအစု အယုအယ အဖြေအဖျော်ကို ခံယူကာ သလေး ဆန်မွှေးကိုသာ သုံးဆောင်တော်မူလျက် အသက်သာဆုံး အချမ်းသာဆုံး ခံစားခဲ့ လေသည်၊ ယခုအခါ တောအုပ်အလယ် သစ်ရွက်မိုး သစ်ရွက်ကာ ကျောင်းသင်္ခမ်းကလေးဝယ် ရတတ်သမျှ ဆွမ်းအာဟာရဖြင့် မျှတကာ အဆင်းရဲဆုံး ဒုက္ကရစရိယာ အကျင့်ကို ကျင့်တော် မူပါတော့မည်။ [ဒုက္ကရ - သာမန်လူတို့ မပြုနိုင် မကျင့်နိုင်လောက်အောင် ခဲယဉ်းလှသော + စရိယာ - အကျင့်၊ ထိုဒုက္ကရစရိယာ ကျင့်တော်မူပုံကို မူလပဏ္ဏာသ သစ္စကသုတ် စသည်မှာ လာသည့် အတိုင်း ပြပါမည်။]
၁။ ဘုရားအလောင်းသည် “ကောင်းသော (ကုသိုလ်) စိတ်ဖြင့် မကောင်းသော (အကုသိုလ်) စိတ်ကို နှိပ်စက်အံ့” ဟု ကြံတော်မူပြီးလျှင် အံကြိတ်၍ တောက်ခေါက်၍ မကောင်းစိတ် မဖြစ် နိုင်အောင် စိတ်ကို နှိပ်စက်ပေး၏၊ ထိုအခါ ချိုင်းကြားမှ ချွေးများ ယိုကျလာ၏၊ ဥပမာ - အားကောင်းသော ယောက်ျားတစ်ယောက်က အားနည်းသော ယောက်ျားးတစ်ယောက်ကို ဦးခေါင်းကိုင်၍ဖြစ်စေ, ပခုံးကိုင်၍ဖြစ်စေ ဖိနှိပ်သောအခါ ချိုင်းကြားမှ ချွေးယိုလာသကဲ့သို့တည်း၊ ထိုအခါ၌ လုံ့လဝီရိယလည်း အလွန်ကောင်း၏၊ သတိလည်း အလွန်စွဲမြဲ၏၊ သို့သော် ဆင်းရဲစွာ အားထုတ်မှုက တစ်ကိုယ်လုံးကို ထိုးဆွသကဲ့သို့ ဖြစ်နေသောကြောင့် တစ်ကိုယ်လုံး ပူရှိန်ကာ ငြိမ်းအေးမှုကို မရပါချေ၊ ထိုမျှလောက် တစ်ကိုယ်လုံး ဒုက္ခဖြစ်နေသော်လည်း အားထုတ်လိုသော စိတ်ကား ကုန်ခန်း၍ မသွားပါ။
၂။ ဘုရားအလောင်းတော်သည် “အပါနကဈာန်ကို ဖြစ်စေအံ့” ဟု ကြံတော်မူ၍ မလျော့သော လုံ့လဖြင့် ထွက်သက် ဝင်သက်တို့ကို ပါးစပ် နှာခေါင်းတို့မှ မထွက် မဝင်နိုင်အောင် ချုပ်တည်း ထားလေသည်၊ အသက်မရှုမရှိုက်ဘဲ နေခြင်းကိုပင် “အပါနကဈာန် (အရှူ အရှိုက် မရှိသောဈာန်)” ဟု ခေါ်၏၊] ထိုသို့ မရှူ မရှိုက်ဘဲ ချုပ်တည်းထား သောအခါ လေတို့သည် နားပေါက်တို့မှ ထွက်ကုန်၏၊ ထိုလေ ထွက်သံသည် ပန်းပဲသမားတို့၏ ဖားဖိုမှ လေထွက်သလောက်ပင် ပြင်းထန် လှ၏၊ ထိုအချိန်မှာ လုံ့လဝီရိယလည်း အလွန်အားကောင်း၏၊ သတိလည်း အလွန်စွဲမြဲ၏၊ သို့သော် ဆင်းရဲစွာ အားထုတ်မှုက တစ်ကိုယ်လုံး ပူရှိန်ကာ ငြိမ်းအေးမှုကို မရပါချေ၊ ထိုမျှလောက် တစ်ကိုယ်လုံး ဒုက္ခဖြစ်နေသော်လည်း အားထုတ်လိုသော စိတ်ဆန္ဒကာ ကုန်ခန်း၍ မသွားပါ။
၃။ ဘုရားအလောင်းတော်သည် “အပါနကဈာန်ကိုပင် ထပ်မံ၍ ဖြစ်စေအံ့”ဟု ကြံတော်မူ၍ မလျော့သော လုံ့လဖြင့် ထွက်သက် ဝင်သက်တို့ကို ပါးစပ်, နှာခေါင်း, နားပေါက်တို့မှ မဝင် မထွက်နိုင်အောင် ချုပ်တည်း၍ ထားပြန်၏၊ ထိုသို့ မရှူ မရှိုက်ဘဲ ချုပ်တည်း၍ ထားသောအခါ အလွန်ပြင်းထန်သော လေတို့သည် ဦးခေါင်းသို့ တက်၍ တိုးဝှေ့ကုန်၏၊ ထိုသို့ လေတို့၏ တိုးဝှေ့ပုံမှာ အားကောင်းသော ယောက်ျားက ထက်စွာသော စူးဖြင့် ဦးထိပ်၌ မွှေနေသကဲ့သို့ ဖြစ်လေသည်၊ ထိုသို့ ဖြစ်သော်လည်း နောက်မဆုတ်ဘဲ အားထုတ်မြဲ အားထုတ်၏၊ သတိလည်း အလွန်စွဲမြဲ၏၊ သို့သော် ဆင်းရဲစွာ အားထုတ်မှုက တစ်ကိုယ်လုံး ထိုးစွသကဲသို့ ဖြစ်သောကြောင့် တစ်ကိုယ်လုံး ပူရှိန်ကာ ခန္ဓာကိုယ်၏ ငြိမ်းအေးမှုကို မရပါချေ၊ ဤမျှလောက် ကိုယ်ဆင်းရဲမှု ဖြစ်ပါသော်လည်း ကြိုးစားလိုသော စိတ် ဆန္ဒကား ကုန်ခန်း၍ မသွားပါ။
၄။ ဘုရားအလောင်းတော်သည် “အပါနကဈာန်ကိုပင် ထပ်မံ၍ ဖြစ်စေအံ့” ဟု ကြံတော်မူ၍ မလျော့သော လုံ့လဖြင့် ထွက်သက် ဝင်သက်ကို ပါးစပ်, နှာခေါင်း, နားပေါက်တို့မှ မဝင် မထွက်နိုင်အောင် ချုပ်တည်းထားပြန်၏၊ ထိုသို့ မရှုမရှိုက်ဘဲ ချုပ်တည်း၍ ထားသောအခါ အလွန် ပြင်းထန်သော ခေါင်းကိုက် ဝေဒနာတို့သည် ပေါ်လာကုန်၏၊ ထိုခေါင်းကိုက် ဝေဒနာ၏ ပြင်းထန် ပုံမှာ အားကောင်းသော ယောက်ျားတစ်ယောက်က သားရေကြိုးဖြင့် ဦးခေါင်းကို ရစ်ပတ်၍ တင်းကြပ်စွာ စည်းထားသကဲ့သို့ ထင်ရလေသည်၊ ထိုသို့ ဖြစ်သော် လည်း နောက်မဆုတ်ဘဲ အားထုတ်မြဲ အားထုတ်၏၊ သတိလည်း အလွန်ကောင်း၏၊ သို့သော် ဆင်းရဲစွာ အားထုတ်မှုက တစ်ကိုယ်လုံး ထိုးစွသကဲ့သို့ဖြစ်သောကြောင့် တစ်ကိုယ်လုံး ပူရှိန်ကာ ခန္ဓာကိုယ်၏ ငြိမ်းအေးမှုကို မရပါချေ၊ ဤမျှလောက် ကိုယ်ဆင်းရဲမှု ဖြစ်ပါသော်လည်း ကြိုးစားလိုသော စိတ်ဆန္ဒကား ကုန်ခန်း၍ မသွားပါ။
၅။ ဘုရားအလောင်းတော်သည် “အပါနကဈာန်ကိုပင် ထပ်မံ၍ ဖြစ်စေအံ့” ဟု ကြံတော်မူ၍ မလျော့သော လုံ့လဖြင့် ထွက်သက် ဝင်သက်ကို ပါးစပ်, နှာခေါင်း, နားပေါက်တို့မှ မဝင် မထွက်နိုင်အောင် ချုပ်တည်း၍ ထားပြန်၏၊ ထိုသို့ မရှူမရှိုက်ဘဲ ချုပ်တည်း၍ ထားသောအခါ အလွန်ပြင်းထန်သော လေတို့သည် ဝမ်းဗိုက်ကို ဖြတ်တောက် သကဲ့သို့ ထိုးကျင်ကုန်၏၊ ဥပမာ - ကျွမ်းကျင်သော နွားသတ်သမားက သို့မဟုတ် နွားသတ်သမား၏ လက်ထောက် တပည့်ကြီးက ထက်စွာသော နွားသတ်ဓားဖြင့် ဗိုက်ကို ဖြတ်လှီးလိုက်သကဲ့သို့ ကျင်နာလေသည်၊ ထိုသို့ ဖြစ်စေသော်လည်း နောက်မဆုတ်ဘဲ အားထုတ်မြဲ အားထုတ်၏၊ သတိလည်း အလွန်ကောင်း၏၊ သို့သော် ဆင်းရဲစွာ အားထုတ်မှုက တစ်ကိုယ်လုံး ထိုးစွထားသကဲ့သို့ ဖြစ်သောကြောင့် တစ်ကိုယ်လုံး ပူရှိန်ကာ ငြိမ်းအေးမှု မရပါချေ၊ ဤမျှလောက် ခန္ဓာကိုယ် ဒုက္ခရောက် နေသော် လည်း ကြိုးစားလိုသော စိတ်ဆန္ဒကား ကုန်ခန်း၍ မသွားပါ။
၆။ ဘုရားအလောင်းတော်သည် “အပါနကဈာန်ကိုပင် ထပ်မံ၍ ဖြစ်စေအံ့” ဟု ကြံတော်မူ၍ မလျော့သော လုံ့လဖြင့် ထွက်သက် ဝင်သက်ကို ပါးစပ်, နှာခေါင်း, နားပေါက်တို့မှ မဝင် မထွက်နိုင်အောင် ချုပ်တည်း၍ ထားပြန်၏၊ ထိုသို့ မရှူမရှိုက်ဘဲ ချုပ်တည်း၍ ထားသောအခါ တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် ပူလောင်လာလေသည်၊ ဥပမာ - အားကြီးသော ယောက်ျား နှစ်ယောက်တို့က အားနည်းသော ယောက်ျား တစ်ယောက်ကို လက်မောင်း နှစ်ဖက်ကိုင်၍ မီးကျီးအစု၌ ကျက်နေအောင် ကင်သောအခါ ဖြစ်ပေါ်လာသော ကိုယ်ပူကဲ့သို့ ဖြစ်လေသည်၊ ထိုသို့ဖြစ်သော်လည်း နောက်မဆုတ်ဘဲ အားထုတ်မြဲ အားထုတ်၏၊ သတိလည်း အလွန် ကောင်း၏၊ သို့သော် ဆင်းရဲစွာ အားထုတ်မှုက တစ်ကိုယ်လုံး ထိုးစွသကဲ့သို့ ဖြစ်သောကြောင့် တစ်ကိုယ်လုံး ပူရှိန်ကာ ခန္ဓာကိုယ်၏ ငြိမ်းအေးမှုကို မရပါချေ၊ ဤမျှလောက် ခန္ဓာကိုယ် ဒုက္ခရောက်နေသော်လည်း ကြိုးစားလိုသော စိတ်ဆန္ဒကား ကုန်ခန်း၍ မသွားပါ။
မူးမေ့သွားခြင်း
ထို့ကဲ့သို့ ခန္ဓာကိုယ်၌ ပြင်းပြသောအပူ ဖြစ်လာ သောအခါ မိုက်ကနဲ ဖြစ်၍ စင်္ကြံသွားရာမှ ထိုင်လျက် လဲကျသွားလေသည်၊ ထိုသို့ ထိုင်လျက် နေပုံကို မြင်ကြရသော အနီးအပါးက နတ်တို့သည် ထင်မြင်ချက် အမျိုးမျိုးဖြင့် ပြောဆိုကြကုန်၏၊
အချို့နတ်များက “ကာလင်္ကတော သမဏော ဂေါတမော - ရဟန်းဂေါတမ သေပြီ” ဟု ပြောကြ၏၊
အချို့နတ်များကား -
“န ကာလင်္ကတော သမဏော ဂေါတမော - ရဟန်းဂေါတမသည် သေ၍ မပြီးသေး၊
အပိစ ကာလံ ကရောတိ - သေနေတုန်းရှိသေးတယ်” ဟု ပြောကြ၏၊
အချို့နတ်များကမူ
“န ကာလင်္ကတော သမဏော ဂေါတမော, နာပိ ကာလံ ကရောတိ - ရဟန်းဂေါတမသည် သေပြီးလည်း မဟုတ်၊ သေနေတာ လည်းမဟုတ်၊
အရဟံ သမဏော ဂေါတမော - ရဟန်းဂေါတမသည် ရဟန္တာဖြစ်ပြီ၊
ဝိဟာရောတွေဝ သော အရဟတော - ဒီနေပုံမျိုးဟာ ရဟန္တာ၏ နေပုံသာ ဖြစ်သည်”
ဟု ပြောကြလေသည်၊ ထိုသို့ပြောသူတို့တွင် သေပြီဟု ထင်နေသော နတ်က သုဒ္ဓေါဒနမင်းထံ သွား၍ “အသင်မင်း၏ သားတော် တရားအားထုတ်ရင်း သေပြီ” ဟု ပြောသည်၊ သုဒ္ဓေါဒနမင်းက “ဗုဒ္ဓ ဖြစ်ပြီးမှ သေတာလား, မဖြစ်ဘဲ သေတာလား” ဟု ပြန်၍ မေးလျင် “ဗုဒ္ဓ မဖြစ်ဘဲ သေတာ” ဟု နတ်က ပြော၏၊ “ဗုဒ္ဓမဖြစ် သေးလျှင် သေတယ်ဆိုတာ မယုံဘူး” ဟု ပြောလိုက်လေသည်။
အစာ လျှော့ခြင်း
ပြန်၍ သတိရလာသောအခါ “အစာ မစားဘဲ ကျင့်အံ့” ဟု အကြံ ဖြစ်တော်မူ၏၊ ထိုအခါ နတ်တို့က “အစာအာဟာရကို လုံးလုံးမစားဘဲ ဖြတ်ထားလျှင် မွေးညှင်းပေါက်တို့မှ နတ်ဩဇာ သွင်းပေမည်” ဟု ပြောကြသောကြောင့် လုံးလုံး အစာမဖြတ်ဘဲ နည်းနည်း စားတော်မူ၏၊ ပဲနောက်, ပဲပိစပ်, ပဲလွန်း, ပဲကြီးတို့၏ အနှစ်ရည်ကိုသာ တစ်လက်ခုပ်လောက် သောက်တော်မူ၏၊ ထိုအခါ၌ အလွန် ပိန်ချုံးသွားလေ၏၊ အလွန် ပင်ပန်းနွမ်းနယ်၏ ......။
၁။ ဘုရားအလောင်းတော်၏ အင်္ဂါကြီးငယ်တို့သည် အရိုးဆက် အဆစ်နေရာက မောက်၍ အဆစ်မဟုတ်သော နေရာတို့၌ ပိန်၍ နေကုန်၏၊ ဥပမာ - အာသီတိ မည်သောနွယ်, ကာလ မည်သောနွယ်တို့၏ အဆစ်များနှင့် တူသည်။
၂။ ဘုရားအလောင်းတော်၏ တင်ပါးတို့သည် ကုလားအုပ် ခွာကြီးများလို ဝစ္စမဂ် (ကျင်ကြီး စွန့်သော) နေရာက အတွင်းသို့ ချိုင့်ဝင် နေကုန်၏။
၃။ ကျောက်ကုန်း (ကျော) အရိုးတို့သည် အနိမ့်အမြင့် ဖြစ်နေကုန်၏။ ပုတီးအလုံးကြီးတွေကို ကြိုးဖြင့် သီကုံးထားသောအခါ ပုတီးလုံးနှစ်လုံး အကြား၌ ချိုင့်နေသကဲ့သို့ အရိုးတို့၏ အကြား၌ အသားတွေ နိမ့်နေရကား ပုတီးအလုံးကြီးတွေ သီကုံးထားပုံနှင့် တူ၏၊
၄။ နံရိုးတို့သည် အကြား အကြား၌ အသားတွေ နိမ့်ကျသွားကုန်ရကား ဇရပ်အိုက အခြင်ရနယ် များလို မပြေမပြစ် ဖြစ်ကုန်၏၊
၅။ မျက်လုံးအိမ်အတွင်းရှိ မျက်လုံးတို့သည် အတွင်းသို့ ဝင်နေကြသဖြင့် ရေတွင်းနက်၌ ရေပွက် ကလေးများကဲ့သို့ မြင်ရကုန်၏။
၆။ ဦးခေါင်းအရေသည်ကား ဗူးခါးသီးနုနုကို ခူး၍ နေလှမ်းထား သောအခါ တွန့်နေသကဲ့သို့ တွန့်၍ ညှိုးနွမ်းနေ၏။
၇။ ဝမ်းဗိုက်တော်သည် ကျော၌ ကပ်နေရကား ဝမ်းရေကို ကိုင်လိုက်လျှင် ကျောရိုးပါ ကိုင်မိ၏ ကျောရိုးကို ကိုင်လိုက်လျှင်လည်း ဝမ်းရေကိုပါ ကိုင်မိသည်။
၈။ “ကျင်ကြီး ကျင်ငယ် စွန့်မည်” ဟု ထိုင်လိုက်သောအခါ ကျင်ငယ်ဖြစ်စေနိုင်သော အာဟာရ ရည်က ဝမ်းထဲ၌ မရှိသောကြောင့် ကျင်ငယ် လုံးဝ မထွက်နိုင်ဘဲ ကျင်ကြီးသော်မှ တစ်စေ့ နှစ်စေ့ ခန့် အလွန်ဆင်းရဲစွာ ထွက်ရ၏ တစ်ကိုယ်လုံး ချွေးထွက်၍ မူးမိုက်ကာ မှောက်လျက် လဲရ လေသည်။
၉။ ခန္ဓာကိုယ် သက်သာစေလို၍ လက်ဖြင့် ပွတ်လိုက်လျှင် အရင်းက ပုပ်နေသော အမွေးတို့သည် ကိုယ်မှ ကွာ၍ လက်၌ ငြိကပ် ပါလာကုန်၏။
၁၀။ ဘုရားအလောင်းတော်၏ ပင်ကိုအဆင်းသည် င်္သိဂီရွှေ အဆင်းကဲ့သို့ ဝါဝင်း၏ သို့သော် ထို တရားကျင့်ချိန်မှ မြင်ရသူတို့ကား “ကာဠော သမဏော ဂေါတမော = ရဟန်းဂေါတမဟာ အသား မည်းကြီးပဲ” ဟု ပြောကြ၏၊ တချို့က “သာမော သမဏော ဂေါတမော = ရဟန်းဂေါတမဟာ အသားညိုကြီးပဲ” ဟု ပြောကြ၏၊ တချို့ကမူ “မဂ္ဂုရစ္ဆဝိ သမဏော ဂေါတမော= ရဟန်းဂေါတမဟာ ငါးခူ၏ အရေ အရောင်မျိုးပဲ” ဟု ပြောကြသည်။ (မဟာသီဟနာဒသုတ်, ပါဠိ အဋ္ဌကထာ ဋီကာ။)
မာရ်နတ်လာ၍ မကျင့်ဖို့ပြောခြင်း
ဘုရားအလောင်းတော်သည် ထိုမျှလောက် အပင်ပန်းခံ၍ ကျင့်တော်မူသောအခါ မာရ်နတ်လာ၍ သနားဟန်ဖြင့် ဒုက္ကရအကျင့်ကို မကျင့်ဖို့ရန် ပြောသည်မှာ - အို သိဒ္ဓတ္ထ ... အသင်သည် အလွန်ပိန်၍ အားနည်းလှပြီ၊ အစိတ်တစ်ထောင်နှင့် တစ်စိတ် စိတ်လျှင် သေဘက်က တစ်ထောင်လောက်ရှိ၍ တစ်စိတ် လောက်သာ ရှင်ဖို့ ရှိတော့သည်၊ သေဖို့ရန် အလွန်နီးကပ်နေပြီ၊ အသက်တာရှည် နေရခြင်းဆိုတာ အလွန်ကောင်း အလွန်မြတ်ပါသည်၊ အသက်ရှည်လျှင် ကုသိုလ် ကောင်းမှုကို များစွာ ပြုရပါလိမ့်မည်၊ မြတ်သောအကျင့်ကို (ဥပုသ်သီလကို) ကျင့်၍ ယဇ်မီး ပူဇော်နေမည်ဆိုလျှင် ကုသိုလ် ကောင်းမှုတွေ များစွာ တိုးပွားဖွယ်ရှိပါသည်၊ ယခု အသင်ပြုနေတဲ့ ပဓာနအလုပ် (ကမ္မဋ္ဌာန်း အားထုတ်မှု) ဆိုတာ အလွန် အထမြောက်ဖို့ ခဲယဉ်းပါသည်၊ ဤသို့ တကယ် အကျိုးလိုလား၍ သနားသည့်ဟန်ဖြင့် ကရုဏာသံပါပါ ပြောဆိုလာလေသည်။
ဘုရားအလောင်း ကုသိုလ် မလိုချင်
အို မာရ်နတ် .. ငါသည် သင်ပြောတဲ့ ကုသိုလ်ကောင်းမှုကို အဏုမြူလောက်မျှ အလိုမရှိ၊ (သန္တိပဒ - နိဗ္ဗန်တရားမြတ်ကို အလိုရှိသည်-ဟူလို၊) အသင် ယခုပြောတဲ့ စကားမျိုးကို ကုသိုလ်လိုချင်သူတို့ကိုသာ ပြောထိုက်သည်၊ ငါ့မှာ သန္တိကို ယုံကြည်သော သဒ္ဓါလည်းရှိ, ကျင့်မှုလည်းရှိ, လုံ့လ ဝီရိယလည်းရှိ, ပညာလည်းရှိ၏၊ ငါ့ကိုယ်မှာ ဖြစ်နေသော စိတ္တဇ (စိတ်ကြောင့်ဖြစ်သော) ဝါယော ဓာတ်အပူသည် မြစ်ရေတွေကိုပင် ခြောက်သွေ့စေနိုင်သောကြောင့် ခန္ဓာကိုယ်မှာရှိသော အသွေးကို အဘယ်မှာ မခြောက်ခန်းစေဘဲ ရှိမှာလဲ။
သွေးသားများ ခြောက်သွားလျှင် သလိပ် သည်းခြေလည်း ခြောက် သွားမှာဘဲ, အသားလည်း ကုန်သွားမှာပဲ၊ ထိုသို့ အသားအသွေးတွေ ခြောက်ကပ်သွားလျှင် ငါ၏စိတ်ဟာ တိုး၍ ကြည်လင် စရာရှိသည်၊ သတိ ပညာ သမာဓိ တရားလည်း တိုး၍ ထက်မြက် တည်ကြည် စရာရှိသည်၊ ငါဟာ အခုလို အလွန်ပြင်းထန်သော ဒုက္ခဝေဒနာကို ခံရသော်လည်း နောက်သို့ပြန်၍ ထီးနန်းစံလိုသော စိတ်ဆန္ဒ မရှိပါ၊ ငါ၏ သဒ္ဓါ (ယုံကြည်ချက်) သန့်ရှင်းပုံကို အသင်မာရ်နတ်ပဲ စဉ်းစားကြည့်ပါတော့၊ ဤသို့ ပြန်၍ ပြောဆိုပြီးလျှင် မာရ်နတ်၏ ကိလေသာစစ်တပ် အဆက်ဆက် တက်၍ လာကြောင်း ကိုလည်းကောင်း, ထို ကိလေသာ စစ်တပ်ကြီးကို အပြီးတိုင် ချေမှုန်းမည့် အကြောင်းကို လည်းကောင်း စိတ်ထက်သန်စွာဖြင့် မိန့်မြွက်တော်မူလေသည်။
အကျင့်ပြောင်းပုံ
အတိတ်ရှေးက ဖြစ်ခဲ့ကြသော ရသေ့ သို့မဟုတ် ပုဏ္ဏားတို့သည် အဆင်းရဲခံ၍ ကျင့်ကြရာဝယ် ဤမျှလောက်သာ ကျင့်နိုင်ခဲ့ပေမည်၊ နောင်အနာဂတ်၌လည်း ယခုထက်ပို၍ ကျင့်နိုင်ကြလိမ့်မည် မဟုတ်၊ ယခုပစ္စုပ္ပန်ခေတ်၌လည်း ငါခံစားရသော ဆင်းရဲထက် ပို၍ မကျင့်နိုင်ကြ၊ ဤမျှလောက် ဒုက္ခခံ၍ ကျင့်ပါလျက် ငါသည် တရားထူးကို မရပါတကား၊ တရားထူးကို ရဖို့ရန် လမ်းကြောင်းမှာ တစ်မျိုးဖြစ်စရာ ရှိ၏ ဟု အကြံတော် ဖြစ်ပြီးလျှင် ခမည်းတော်၏ လယ်တော်မင်္ဂလာ ပြုချိန်က ပထမဈာန်ကို ရ၍ ချမ်းသာပုံကို သတိရသဖြင့် “ထိုဈာန်သည် ပင် တရားထူးရဖို့ မှန်ကန်သော အကြောင်း ဖြစ်သည်” ဟု အသိဉာဏ် ဖြစ်ပေါ်လာ၏၊ ထိုအခါ ဤမျှလောက်သော ဆင်းရဲပင်ပန်း နေသော ခန္ဓာကိုယ်ဖြင့် ထိုဈာန်ကို ရဖို့မလွယ်ကြောင်း သိတော်မူရကား ရှေးကကဲ့သို့ ဆွမ်း အာဟာရကို ပြန်၍ စားသောက်လေသော် မကြာမီပင် အားအင် ပြည့်တင်းလာလေသည်။
မှတ်ချက်။ ။ ပဉ္စဝဂ္ဂီရသေ့ငါးဦးတို့သည် ဘုရားအလောင်းတော်၏ အလွန် ဆင်းရဲစွာ ကျင့်စဉ်အခါ၌ “ဧကန်တရားထူး ရတော့မည်” ဟု မျှော်လင့်၍ လွန်စွာအားရ ကြကုန်၏၊ ဆွမ်းအာဟာရကို ပြန်၍ စားသောအခါ၌ကား “ပစ္စည်းပေါအောင် ကျင့်ပြီ၊ ကမ္မဋ္ဌာန်းမှ ပြန်လည်ခဲ့ပြီ” ဟု အယူရှိကာ ဘုရား ဖြစ်ဖို့ရန် မျှော်လင့်ချက် မရှိကြတော့ဘဲ ဗာရာဏသီမြို့အနီး မိဂဒါဝုန်တောသို့ ရွှေ့သွားကြ လေသည်။
၃။ ဘုရားဖြစ်တော်မူခန်း
ဘုရားဖြစ်မည့်နေ့အစီအစဉ်
ပဉ္စဝဂ္ဂီငါးဦးတို့ (တန်ခူးလကွယ် နေ့လောက်၌) ခွဲခွာ၍ သွားကြသောအခါ ဘုရားအလောင်းတော် သည် ကိုယ်တော်တစ်ပါးတည်း ဆိတ်ငြိမ်မှုရသောကြောင့် တရားအားထုတ်ရာ၌ သမာဓိလည်း အထူး တိုးတက်လာလေသည်၊ ထိုသို့ ကိုယ်တော်တစ်ပါးတည်း (၁၂)ရက်မျှ ကြိုးစားခဲ့ပြီးနောက် ကဆုန်လပြည့်နေ့ဝယ် သုဇာတာ၏ ဃနာနို့ဆွမ်းကို ဘုဉ်းပေးတော်မူပြီးလျှင် နေ့လည်အချိန်၌ ထိုအနီးရှိ တောအုပ်ဝယ် တရားအားထုတ်တော်မူသော အခါ ....
၁။ ပထမဈာန်ကို ရတော်မူ၏၊ ထိုဈာန်၏ အစွမ်းကြောင့် စိတ်တော်ဝယ် ကာမနှင့်စပ်သော တဏှာ လောဘ စိတ်ဓာတ်များ ကင်းကွာနေ၏၊ ဒေါသ မောဟနှင့်စပ်သော စိတ်ဓာတ်များလည်း ကင်းကွာနေ၏၊ အာနာပါန(ထွက်သက်ဝင်သက်) အာရုံတစ်ခုအပေါ်၌ စူးစိုက်သော စိတ်အစဉ်သာ ဖြစ်နေလေသည်။
၂။ ထို့နောက် ဆက်၍ အားထုတ်သောအခါ ဒုတိယဈာန်ကို ရတော်မူ၏၊ ထိုဈာန်၏အစွမ်းကြောင့် စိတ်၏လှုပ်ရှားမှုကို ပြုတတ်သော ဝိတက် ဝိစာရတို့သည် ငြိမ်သက်သွားကုန်၏၊ စိတ်သည် အလွန် ကြည်လင်တော်မူ၏၊ သမာဓိလည်း ပို၍ အားကောင်းတော်မူလာ၏၊ နှစ်သက်မှု ပီတိ, စိတ်ချမ်းသာ မှု သုခတို့လည်း ထင်ထင်ရှားရှား ဖြစ်လာကုန်၏။
၃။ ထိုနောက် တိုး၍ အားထုတ်သောအခါ တတိယဈာန်ကို ရတော်မူ၏၊ ထိုဈာန်၏ အစွမ်းကြောင့် နှစ်သက်မှု ပီတိသည်ပင် ကွယ်ပျောက်၍ သုခချည်း သက်သက် ချမ်းသာလျက် ရှိ၏၊ ထိုသုခ၏ အစွမ်းကြောင့် တစ်ကိုယ်လုံးလည်း ချမ်းသာ, သတိလည်း အလွန်ကောင်း, ဉာဏ်ပညာလည်း အလွန် ထက်မြက်လာသည်။
၄။ ထို့နောက် တိုး၍ အားထုတ်သောအခါ စတုတ္ထဈာန်ကို ရတော်မူ၏၊ ထိုဈာန်၏ အစွမ်းကြောင့် ချမ်းသာသုခသည်လည်း ငြိမ်းသွားပြန်၏၊ စိတ်အစဉ်လည်း သုခသဘောအားဖြင့် သာယာမှု မရှိတော့ဘဲ ဥပေက္ခာသဘောအားဖြင့် လစ်လျူရှုလျက် ရှေးကထက်ပို၍ ထက်မြက်လာလေသည်၊ ထို့နောက် အရူပဈာန်ကိုလည်း ရတော်မူသည်။
ဗောဓိညောင်ပင်အောက် ထိုင်တော်မူခြင်း
ညနေချမ်းအချိန် ရောက်သောအခါ ထိုတောအုပ်မှ ဗောဓိညောင်ပင် ရှိရာသို့ ကြွတော်မူလျှင် လမ်းခရီးတွင် ပုဏ္ဏား တစ်ယောက် လှူလိုက်သော မြက်စိမ်းကလေးများကို ခင်း၍ “ဗုဒ္ဓ မဖြစ်သမျှ ဤနေရာမှ မထတော့အံ့” ဟု အဓိဋ္ဌာန်တော်မူလျက် ဗောဓိညောင်ပင်အောက်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူ၏၊ ထိုအခါ မာရ်နတ်လာ၍ သမာဓိ ပျက်အောင် နှောက်ယှက်ပြန်၏၊ ထိုသို့ နှောက်ယှက်သည်ကို မေတ္တာတော် အရင်းခံထား၍ ပါရမီများကို ညွှန်ပြလျက် နေမဝင်မီအချိန်တွင် အေးအေးဆေးဆေး အောင်မြင်တော်မူလေသည်။
စိတ်အစဉ်၏ဂုဏ်တော်များ
ဈာန်တရားကို ရပြီးသော ဘုရားအလောင်းတော်၏ အလွန် သမာဓိအား ကောင်းသော စိတ်အစဉ် သည် -
(၁) ရှေ့ရော နောက်ပါ ထက်ဝန်းကျင် စင်ကြယ်နေ၏၊
(၂) စင်ကြယ်သောကြောင့် အရောင်ထွက်သကဲ့သို့ ဖြူစင်နေ၏၊
(၃) ကိလေသာ မရှိ၊
(၄) ကိလေသာ မရှိသောကြောင့် ညစ်နွမ်းစေတတ်သော အညစ်အကြေးမှ ကင်းရှင်း၏၊
(၅) စိတ်အစဉ်သည် နူးနူးညံ့ညံ့ ရှိ၏၊
(၆) နူးနူးညံ့ညံ့ ရှိသောကြောင့် လိုရာအာရုံသို့ ဆွဲဆောင်ဖို့ လွယ်ကူနေ၏၊ [ဥပမာ... အညစ် အကြေး ကင်း၍ နူးညံ့ပျော့ပျောင်းသော ရွှေစင်ရွှေကောင်းသည် လိုရာတန်ဆာကို ပြုဖို့ရန် ကောင်းမွန်သကဲ့သို့ ဖြစ်၏]
(၇) ပြခဲ့သော ဂုဏ်များကို ခဏခေတ္တ ရခြင်း မဟုတ်၊ ထိုဂုဏ်များ၌ ခိုင်မြဲ တည်တံ့နေ၏၊ ထို ဂုဏ်များ ပျောက်ပြယ်၍ မသွားနိုင်၊
(၈) ထိုဂုဏ်များ၌ ခိုင်မြဲသောကြောင့်ပင် ထိုဂုဏ်များ၏ လှုပ်ရှားခြင်းမရှိ၊
ဤသို့ ဂုဏ်(၈) ပါးနှင့် ပြည့်စုံသော စိတ်အစဉ်သည် စိတ်နှင့် ဆိုင်ရာဝယ် (ဘယ်ကိစ္စမဆို) ညွှတ်လိုက်လျှင် ထိုညွတ်လိုက်ရာအာရုံသို့ ရောက်သွားအောင် ကောင်းမွန်လျက် ရှိလေပြီ။
ပုဗ္ဗေနိဝါသဉာဏ်
[ပုဗ္ဗေ - ရှေးရှေးဘဝများစွာ၌၊
နိဝါသ - နေခဲ့ရ, တွေ့ခဲ့ကြုံခဲ့သမျှကို၊
ဉာဏ - သိသောဉာဏ်၊]
ဘဝများစွာ ကမ္ဘာများစွာတို့က ဖြစ်ပျက်ခဲ့သော အကြောင်းအရာကိုလည်းကောင်း, ထိုဘဝတုန်းက ပတ်ဝန်းကျင်၌ တွေ့ခဲ့ ကြုံခဲ့ ဆုံခဲ့သမျှသော အာရုံများကိုလည်းကောင်း ပြန်ပြောင်း၍ အောက်မေ့ နိုင်သော အသိဉာဏ်ကို “ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဏ်” ဟု ခေါ်၏၊ ဘုရားအလောင်းသည် ညစ်ကြေးမတင် လွန်သန့်စင်၍ ကြည်လင်နူးညံ့သော စိတ်အစဉ်ကို ပုဗ္ဗေနိဝါသသို့ ညွတ်ပေးတော် မူရာ, ရှေးဖြစ်ဟောင်းကို အောက်မေ့နိုင်သော အဘိညာဏ် (ဉာဏ်ထူး) ဖြစ်ပေါ်လာလေသည်၊ ထို အဘိညာဏ်ကို ရသောအချိန်မှာ (တစ်ညဉ့် ကို သုံးပိုင်း ပိုင်း၍ ရှေု့ပိုင်း) ပထမယာမ် ဖြစ်သည်၊ ထို ပထမယာမ်အချိန်၌ ထိုပုဗ္ဗေနိဝါသဉာဏ်ဖြင့် လွန်ခဲ့သော ဘဝမှစ၍ သုမေဓာ ရှင်ရသေ့ဘဝ တိုင်အောင်လည်းကောင်း, ထို့ထက် ရှေးကျသော ကမ္ဘာများစွာက ဖြစ်ပျက်ခဲ့သမျှတွေကို လည်း ကောင်း သိမြင်တော်မူ၏၊ ထိုရှေးကျသော ဘဝတွေမှ ပြန်၍ ဆက်ကာဆက်ကာ အောက်မေ့ လာခဲ့ရာ ဘုရား ဖြစ်မည့်ဘဝ မရောက်မီ ဝေဿန္တရာမင်း ဘဝနှင့် ထိုဘဝမှ စုတေ၍ ဖြစ်ရသော တုသိတာနတ်ပြည်၌ နတ်မင်းဘဝတို့ကို မြင်တော်မူလေည်။
ဒိဗ္ဗစက္ခုဉာဏ်
[ဒိဗ္ဗ - နတ်မျက်လုံးနှင့် တူသော၊
စက္ခု - အဆင်းကို မြင်နိုင်သောဉာဏ်၊]
နတ်မျက်လုံးသည် သေးငယ်သော အဆင်းကိုလည်းကောင်း, ဝေးသောအဆင်းကိုလည်းကောင်း မြင်နိုင်သကဲ့သို့ နတ်မျက်လုံးထက် ပင် ပို၍ မြင်နိုင်သောဉာဏ်ကို “ဒိဗ္ဗစက္ခုဉာဏ်” ဟု ခေါ်၏၊ ဘုရားအလောင်းတော်သည် ပုဗ္ဗေနိဝါသဉာဏ်ကို ရတော်မူပြီးသောအခါ ညစ်ကြေးမတင် လွန် သန့်စင်၍ ကြည်လင်နူးညံ့သော စိတ်တော်ကို ဒိဗ္ဗစက္ခု၏ အာရုံသို့ ညွှတ်ပေးတော်မူ၏၊ ထိုအခါ သတ္တဝါတို့၏ စုတေခါနီးကိုလည်းကောင်း, ပဋိသန္ဓေ နေပြီးစကိုလည်းကောင်း မြင်တော်မူ၏၊ အမျိုးဂုဏ် စသောအားဖြင့်အောက်တန်းကျသူ, အထက်တန်းရောက်သူ တို့ကိုလည်းကောင်း, လှသူ - မလှသူတို့ကို လည်းကောင်း, သုခရောက်သူ - ဒုက္ခရောက်သူတို့ကို လည်းကောင်း မြင်တော်မူ၏၊ ထိုဉာဏ်ကို “ဒိဗ္ဗစက္ခုအဘိညာဏ်” ဟု ခေါ်၏၊ ထိုအဘိညာဏ် ရသောအချိန်မှာ ညဉ့် ၏အလယ်ပိုင်း မဇ္ဈိမယာမ် ဖြစ်သည်၊ ထိုဉာဏ်ဖြင့် ငရဲကောင်, ပြိတ္တာကောင်တို့ကိုလည်း မြင်တော်မူ၏၊ လူအရပ်ရပ် နတ်အဖြာဖြာ ဗြဟ္မာအမျိုးမျိုး ကိုလည်း မြင်တော်မူ၏၊ ထိုသို့ မြင်ရ၍ ထိုသတ္တဝါတို့၏ ရှေးကံကို ဆင်ခြင်တော် မူသောအခါ လောဘ ဒေါသ မောဟ ပါသော အကုသိုလ် ကံကြောင့် ငရဲကောင် တိရစ္ဆာန်ကောင် ပြိတ္တာကောင် ဖြစ်ရပုံ, လူ့ဘုံမှာ ဖြစ်ရသော်လည်း ထို အကုသိုလ်ကံကြောင့် လူနုံ လူမွဲ လူဆင်းရဲ ဖြစ်ရပုံများကို လည်းကောင်း, အလောဘ ဒေါသ အမောဟပါသော ကုသိုလ်ကံကြောင့် လူချမ်းသာနှင့် နတ်ဗြဟ္မာ ဖြစ်ရပုံ, တိရစ္ဆာန်ဘဝမှာ ဖြစ်ရသော်လည်း ထိုကုသိုလ်ကံကြောင့် လှလှပပနှင့် သုခ ရနေပုံကိုလည်းကောင်း အစုံအလင် သိမြင်တော်မူရလေသည်။
အာသဝက္ခယဉာဏ်
[အာသဝ - အာသဝေါတရားတို့၏၊
ခယ - ကုန်ကြောင်း ဉာဏ်၊]
စိမ်ရည်အိုး၌ ကြာမြင့်စွာ စိမ်ထားအပ်သော စိမ်ရည်အရက်ကို “အာသဝ” ဟု ပါဠိလို ခေါ်၏၊ ခန္ဓာအစဉ်၌ ကြာမြင့်စွာ ပါရှိနေသော လောဘ ဒိဋ္ဌိ မောဟ တို့ကိုလည်း စိမ်ရည်အရက်နှင့် တူသောကြောင့် “အာသဝ = အာသဝေါတရား” ဟု ခေါ်၏၊ ထို အာသဝေါတရားတို့သည် အရဟတ္တမဂ်ဉာဏ်ကို ရတော်မူသောအခါ ကုန်သွားသောကြောင့် အရဟတ္တ မဂ်ဉာဏ်ကိုပင် “အာသဝက္ခယဉာဏ်” ဟု ခေါ်ရသည်၊ ဘုရားအလောင်းတော်သည် မဇ္ဈိမယာမ်လွန်ပြီးသောအခါ ညစ်ကြေးမတင် လွန်သန့်စင်၍ ကြည်လင်နူးညံ့သော စိတ်တော်ကို အာသဝက္ခယ ဉာဏ်တော်သို့ ညွှတ်ပေးတော်မူ၏။
၁။ ထိုအခါ ပထမ၌ သစ္စာလေးပါးကို မျက်စိဖြင့် မြင်ရသကဲ့သို့ သိမြင်နိုင်သော သောတာပတ္တိ မဂ်ဉာဏ် သောတာပတ္တိ ဖိုလ်ဉာဏ် ပေါ်လာ၏၊ ထိုဉာဏ်ဖြင့် ဒိဋ္ဌိ ဝိစိကိစ္ဆာ ကိလေသာစုကို ပယ်၍ အယူမှားမှု ယုံမှားသံသယဖြစ်မှုတွေ အတွင်းဓာတ်ပါ မကျန်အောင် ကင်းစင်သွားတော့၏။
၂။ ထို့နောက် သစ္စာလေးပါးကို ပထမဉာဏ်ထက် ပို၍ သိမြင်သော သကဒါဂါမိ မဂ်ဉာဏ် ဖိုလ်ဉာဏ် ပေါ်လာ၏၊ ထိုဉာဏ်ဖြင့် ကိလေသာ တစ်စုံတစ်ခုကိုမျှ မပယ်နိုင်သေး၊ သို့သော် ကာမ ရာဂ ဓာတ်ညစ်, ဒေါသဓာတ်ညစ် တို့ကိုကား ပါးလှပ်အောင် ပယ်လိုက်ပြီ၊ [တရားအားထုတ်စဉ် ကလည်း ကာမစိတ် ဒေါသစိတ်များ မဖြစ်ပါ၊ သို့သော် ဓာတ်သဘောကား ရှိနေသေး၏၊ ဈာန် ရသောအခါလည်း ဓာတ်သဘော ရှိနေသေး၏၊ မဂ်ဖြင့် ယခု ပယ်ခြင်းကား ဓာတ်သဘောပါ မကျန်ရအောင် ပယ်ခြင်း ဖြစ်သည်။]
၃။ ထို့နောက် သစ္စာလေးပါးကို ဒုတိယ ဉာဏ်ထက်ပင် ပို၍ သိမြင် နိုင်သော အနာဂါမိမဂ် ဖိုလ် ဉာဏ်ပေါ်လာ၏၊ ထိုဉာဏ် အစွမ်းကြောင့် ကာမရာဂဓာတ် ဒေါသဓာတ်များ လုံးလုံး ကင်းပြတ် သွားတော့၏၊ ရူပဘဝ အရူပဘဝတို့ကို နှစ်သက်သော ဓာတ်, အမှန်အတိုင်း အထင်ကြီးတတ် သော မာနဓာတ်ကလေးများ အလွန်သိမ်မွေ့စွာ ကျန်သေး၏။
၄။ ထို့နောက် သစ္စာလေးပါးကို အစွမ်းကုန် သိမြင်နိုင်သော အရဟတ္တမဂ်ဉာဏ်နှင့် အရဟတ္တ ဖိုလ်ဉာဏ် ပေါ်လာ၏၊ ထိုဉာဏ် အစွမ်းကြောင့် ကျန်သေးသော အကုသိုလ် အညစ်အကြေး ဓာတ်များ အလုံးစုံ ကင်းပြတ်သွားတော့၏၊ ထို အညစ်အကြေးဓာတ်တို့ ကင်းပြတ်သွားရာတွင် အရင်းခံဖြစ်သော အာသဝေါ တရားတို့၏ ဓာတ်များလည်း ပါဝင်သွားရကား ဤ အရဟတ္တ မဂ်ဉာဏ်ကို အာသဝက္ခယဉာဏ်ဟု ခေါ်ရသည်၊ ဤ အာသဝက္ခယဉာဏ် ရသည်နှင့် တစ်ပြိုင်နက် အရုဏ်လည်း တက်လာတော့၏။
ဘုရားဖြစ်တော်မူချိန်
ထိုအရဟတ္တမဂ်ဉာဏ် ရတော်မူပြီးသည်နှင့် တစ်ပြိုင်နက် သဗ္ဗညုတ ဉာဏ်တော်ကိုလည်း တစ်ခါတည်း ရပြီး ဖြစ်တော့၏၊ ထိုဉာဏ်တော်ကြောင့် “ဗုဒ္ဓ” ဟူသော အမည်တော်ကိုလည်း ရတော်မူ၏၊ ဘုရားဖြစ်တော်မူချိန်သည် ကဆုန်လပြည့် ညဉ့် ကို လွန်၍ အရုဏ်တက်မည့်ဆဲဆဲ အချိန်ဖြစ်ပါသည်၊ ထိုအချိန်၌ ရှင်တော်မြတ်ဘုရား၏ မျက်နှာတော်သည် အလွန် ကြည်လင်တော် မူသောကြောင့် မျက်နှာတော်ကို အကဲခတ်၍ ထူးမြတ်သော ဉာဏ်တော်ကို ရတော်မူပြီဟု သိကြသော နတ်အများတို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြလေသည်။ [သဗ္ဗ - အလုံးစုံကို+ ညုတာ - သိနိုင်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် ဖြစ်ကြောင်း ဉာဏ်တော်၊]
သဗ္ဗညုတဉာဏ်တော် အစွမ်း
သဗ္ဗညုတဉာဏ်တော်သည် -
(၁)သိဖွယ်ဟူသမျှတို့ကို အလုံးစုံ အကုန်အစင် သိတော်မူ၏၊ ထိုသို့ သိရာ၌ တစ်ခုတလေမျှလည်း အမှားအယွင်းမရှိ။
(၂)သိအပ်သော တရားတိုင်းဝယ် “သူတစ်ပါး နားလည်အောင် မည်သည့်နည်းဖြင့် ဟောနိုင်သည်” ဟု တရား တစ်မျိုး တစ်မျိုးလျှင် ဟောနည်း (တရားဆင်နည်း) အမျိုးအမျိုးကိုလည်း သိတော်မူ၏။
(၃)တရားနာမည့် ပုဂ္ဂိုလ်တိုင်း၏ အလိုဆန္ဒ (စိတ်ကြိုက်) ကိုလည်း နှိုက်နှိုက်ချွတ်ချွတ် သိတော်မူ၏၊
ထိုသို့ အစွမ်းသတ္တိ သုံးမျိုးရှိသော ဉာဏ်တော်ဖြင့် ချွတ်ထိုက်သော သတ္တဝါတို့ကို တရားဟောပြ၍ သံသရာဝဋ်မှ ကျွတ်လွတ်အောင် ချွတ်တော်မူလေရာ မရေမတွက် နိုင်အောင် များမြောင်သော နတ်ဗြဟ္မာများနှင့် လူအတော် များများတို့ တရားထူး ပေါက်ရောက်ကာ သံသရာ ဝဋ်ဒုက္ခမှ ကျွတ်လွတ်ကြရပေသည်။
[ဘုရားတစ်ဆူ ပွင့်တော်မူရာ၌ “ကုဋေလေးဆယ်, ဗိုလ်ခြေတစ်သိန်း ကျွတ်ကြသည်” ဟု ပြောစမှတ် ပြုကြ၏၊ ထိုစကားသည် ပါဠိတော် အဋ္ဌကထာလာ စကား မဟုတ်, ပါရမီ ပြည့်သူတိုင်း ကျွတ်တန်း ဝင်ရမည် ဖြစ်သောကြောင့် “ဘုရား တစ်ဆူလျှင် ကျွတ်တန်းဝင်သူ မည်မျှသာရှိသည်” ဟု အတိအကျ သတ်မှတ်ခြင်းလည်း ယုတ္တိမရှိပါ။]
စဉ်းစားပါ
ဤမျှသောစကားအစဉ်ဖြင့် ဘုရားရှင်အကြောင်းကို ပြန်ပြောင်း၍ စဉ်းစားစေလိုပါသည်၊ ပါရမီ ကောင်းမှုများကို ဖြည့်တော်မူစဉ် အခါဝယ် သာမန်လူများ လိုက်၍ မမီအောင် ဒါနမှု သီလမှု စသည်ကို ပြုခဲ့သည် မဟုတ်ပါလော၊ ထိုသို့ ပြုချိန်တုန်း ကလည်း လောဘ ဒေါသ မောဟ မာန်မာနနှင့် ဣဿာ မစ္ဆရိယ စသော ကိလေသာ အထုထည်သည် နည်းသည်ထက်နည်း, ပါးသည်ထက် ပါးပြီးလျှင်, မေတ္တာ ကရုဏာ ဉာဏ်ပညာတို့ကား ကြီးသည်ထက် ကြီး, များသည် ထက် များ၍ လာခဲ့သည် မဟုတ်ပါလော၊ ဘုရားဖြစ်တော်မူမည့် ဘဝ၌လည်း ပါရမီတော်များ ရင့်နေပြီ ဖြစ်သောကြောင့် နတ်မင်းတမျှ စံစားရသည့် စည်းစိမ်ကိုပင် စွန့်ခွာနိုင်သည် မဟုတ် ပါလော၊ ထိုသို့ စွန့်ခွာပြီးသည့်နောက် တောထဲ ရောက်သောအခါ အရိုးကြေကြေ အရေ ခြောက်ခြောက် နောက်မဆုတ်ဘဲ အားထုတ်တော်မူခဲ့သည် မဟုတ်ပါလော၊ ထိုသို့အားထုတ်၍
အဆင့်ဆင့် တရားတက် လာသောအခါ ခန္ဓာအစဉ်မှာပါရှိသော မကောင်းဓာတ် ဟူသမျှတို့ကို တစ်စတစ်စ ခွာ၍ချနိုင်သော မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် စိတ်ဓာတ် စင်ကြယ်လွန်းမက စင်ကြယ် လှမှ သဗ္ဗညုတ ဉာဏ်တော်ကို ရ၍ ဗုဒ္ဓအစစ် ဘုရား အဖြစ်ကို ဝန်ခံတော်မူသည် မဟုတ်ပါလော။
ဘုရားကို အာရုံပြုပါ
ဘုန်းကြီးသည် ဘုရားရှင်၏ ပါရမီဖြည့်တော် မူခဲ့ပုံနှင့် တကွ ဗုဒ္ဓမြတ်စွာ ဖြစ်တော်မူသည့် တိုင်အောင် ဘုရားဖြစ်တော်စဉ်ကို ဆင်ခြင်သောအခါ ဗုဒ္ဓမြတ်စွာ အပေါ်၌ ယုံမှားသံသယ လုံးလုံး မရှိပါ၊ အလွန်အမင်း ယုံကြည်ပါသည်၊ ကြည်ညိုပါသည်၊ ဤစာကို ကြည့်ရှုသူများသည် ဘုရား အဖြစ်တော်စဉ်ကို စဉ်းစားပြီးလျှင် (၂၉-နှစ် တောထွက်၍, ၆-နှစ်လောက် ကျင့်ပြီးမှ ဘုရား ဖြစ်သောကြောင့်) အရွယ်တော်အားဖြင့် (၃၅) နှစ်သာ ရှိတော်မူသေးသော ပွင့်သစ်စ ဘုရား၏ ဗောဓိညောင်ပင်အောက်ဝယ် အရှေ့ဘက်သို့ လှည့်သော မျက်နှာတော်ဖြင့် ထိုင်နေတော်မူပုံကို လည်းကောင်း, ဘုရားဖြစ်တော်မူပြီးချိန်ဝယ် အရှေ့အရပ်မှ နေအရုဏ် အရောင်ဟပ်နေပုံကို လည်းကောင်း, ကိလေသာဓာတ် ကင်းပြတ်စင်ကြယ်သော စိတ်တော်အစဉ်ဝယ် သဗ္ဗညုတ ဉာဏ်တော်လည်း ကိန်းဝပ် ပါဝင်နေရကား အလွန်ကြည်လင်သော မျက်နှာတော်ဖြင့် သပ္ပာယ် တော်မူပုံကိုလည်းကောင်း မိမိစိတ်တွင် ထင်မြင်လာအောင် အာရုံယူစေလိုပါသည်၊ ဥပုသ် သီလကို စောင့်သုံးလျှက် ဘုရားဂုဏ်တော်ကို အာရုံပြုနေသော အချိန်သည် သူတော်စင်များအတွက် အလွန် ကျက်သရေမင်္ဂလာ ရှိသော အချိန် ဖြစ်ပါသည်၊ [နေအရုဏ်နှင့် တွေ့သောအခါ ပဒုမ္မာကြာ ပွင့်သကဲ့သို့ အရဟတ္တမဂ်ဉာဏ်နှင့် တွေ့၍ သဗ္ဗညုတဉာဏ် ရတော်မူခြင်းကိုပင် “ဘုရားပွင့်တော် မူခြင်း” ဟု ခေါ်စမှတ် ပြုကြပါသည်။]
ပါတော ဖုလ္လံ ပဒုမံဝ, အဂ္ဂမဂ္ဂေန ဖုလ္လိတံ၊
သောဂန္ဓိကံ ဝိရောစန္တံ, ဗုဒ္ဓံ ပဿာဟိ သာဒရံ။
ပါတော - အရုဏ်ရောင်လင်း, ကပ်လာချဉ်း၍, ဆီးနှင်းရည်မော, နံနက်စောစော အခါ၌၊
ဖုလ္လံ - ရနံ့အေးကြည်, မွှေးပျံ့စီ၍, ပတ်လည်စွင့်စွင့်, ကားကား ပွင့်သော၊
ပဒုမံ ဣဝ - အထပ်တစ်ရာ, ချပ်အလွှာဖြင့်, လွန်စွာတင့်ဆန်း, ပဒုမ္မာ ကြာပန်းကဲ့သို့၊
အဂ္ဂမဂ္ဂေန - ကိလေသာ မှောင်စက်, ပြောင်အောင်ဖျက်သည့်, အရတ္တမဂ်ဂုဏ်, နေအရုဏ်ကြောင့်၊
ဖုလ္လိတံ - သဗ္ဗညုတံ, ဗောဓိဉာဏ်ဖြင့်, ရောင်လျှံစွင့်စွင့်, ပွင့်တော်မူထသော၊
သောဂန္ဓိကံ - ကိုယ်တော်ရနံ့, ဂုဏ်ရနံ့ဖြင့်, သင်းပျံ့မွှေးထုံ, ရနံ့ပေါင်း စုံတော်မူထသော၊
ဝိရောစန္တံ - အဆင်းတော်ရောင်, ဉာဏ်တော်ရောင်ဖြင့်, ထွန်းပြောင်မြင့်ကြွယ်, တင့်တယ်တော် မူထသော၊
ဗုဒ္ဓံ - ဗောဓိညောင်ခြေ, နန်းအောင်မြေဝယ်, ကျက်သရေအပေါင်း, ခညောင်း စုံလင်, ဘုရားရှင်ကို၊
သာဒရံ - လေးလေးမြတ်မြတ်, စိတ်ဓာတ်ကြည်ညို, အလွန်ရိုသေသည်ဖြစ်၍၊
ပဿာဟိ - ကိုယ်စိတ် ရွှင်လန်း ကြက်သီး ဖြန်းမျှ, မှန်း၍ထင်ထင်, ဖူးမြင်စမ်းပါတော့လော။
၄။ သာသနာတည်စေတော်မူခန်း
မာရ်နတ်လာ၍ လျှောက်ခြင်း
ဗုဒ္ဓမြတ်စွာသည် ဘုရားဖြစ်တော်မူပြီးသာအခါ ဗောဓိပင်၏ ပတ်ဝန်ကျင်အနီး အရပ်များ၌ ခုနှစ်ရက် ခုနှစ်လီ ဈာန်သမာပတ် ဝင်စားတော်မူပြီးနောက် ရှစ်ကြိမ်မြောက် ခုနှစ်ရက်တွင် မာရ်နတ်လာ၍ အောက်ပါ စကားကို လျှောက်လေသည်။
“အို အရှင်ဘုရား .. အရှင်ဘုရားသည် ပရိနိဗ္ဗာန် စံတော်မူပါတော့၊ သဗ္ဗညုတဉာဏ်တော်ကို ရဖို့ရန် ရည်မှန်း၍ ပါရမီ ဖြည့်လာခဲ့သော အရှင်ဘုရားမှာ ယခုအခါ ရည်မှန်းချက် အထမြောက်ပါပြီ၊ လောက၌ လှည့်လည်နေဖို့ မလိုတော့ပါ၊ ပရိနိဗ္ဗာန် စံတော်မူပါတော့” ဤသို့ လျှောက်လာ လေသည်၊ ထိုအခါ ဗုဒ္ဓမြတ်စွာက ပြန်၍ မိန့်တော်မူသည်မှာ ...
၁။ အို မာရ်နတ် ... ငါ၏ တပည့် သာဝကဖြစ်သော ရဟန်း ယောက်ျားတို့သည် ယဉ်ယဉ် ကျေးကျေးနှင့် ထက်ထက်မြက်မြက် မရှိကြသေးသမျှ, တရားအရာတွင် အကြားအမြင် ဗဟုဿုတ များ၍ ထိုတရားအတိုင်း ကျင့်နေသူတွေ မများသေးသမျှ, ငါဘုရား၏ အယူဝါဒကို သင်ယူ တတ်မြောက်၍ သူတပါးအား မပို့မချ နိုင်သေးသမျှ, ဖြစ်ပေါ်လာသော ဆန့်ကျင်ဘက် အယူဝါဒကို တရားသဖြင့် နှိပ်နင်း၍ အကြောင်းပြလျက် တရားဓမ္မကို မဟောပြနိုင်သေးသမျှ ငါဘုရား ပရိနိဗ္ဗာန်စံဖို့ မဖြစ်နိုင်သေးဘူး မာရ်နတ်။
၂။ အို မာရ်နတ် .. ငါ၏ တပည့် သာဝိကာမများ ဖြစ်ကြသော ဘိက္ခုနီတို့သည် ယဉ်ယဉ် ကျေးကျေးနှင့် ထက်ထက်မြက်မြက် မရှိကြသေးသမျှ, တရားအရာတွင် အကြားအမြင် ဗဟုဿုတ များ၍ ထိုတရားအတိုင်း ကျင့်နေသူတွေ မများသေးသမျှ, ငါဘုရား၏ အယူဝါဒကို သင်ယူ တတ်မြောက်၍ သူတပါးအား မပို့မချ နိုင်သေးသမျှ, ဖြစ်ပေါ်လာသော ဆန့်ကျင်ဘက် အယူဝါဒကို တရားသဖြင့် နှိပ်နင်း၍ အကြောင်းပြလျက် တရားဓမ္မကို မဟောပြနိုင်သေးသမျှ ငါဘုရား ပရိနိဗ္ဗာန်စံဖို့ မဖြစ်နိုင်သေးဘူး မာရ်နတ်။
၃။ အို မာရ်နတ် ... ငါဘုရားကို ဆည်ကပ် ကိုးကွယ်ကြ၍ ဥပါသကာ (ဒါယကာ) ဖြစ်ကြသော လူဝတ်ကြောင်တို့သည်(လူ့အလိုက်) ယဉ်ယဉ်ကျေးကျေးနှင့် ထက်ထက်မြက်မြက် မရှိကြသေး သမျှ, တရားအရာတွင် (လူ့အလိုက်) အကြားအမြင် ဗဟုဿုတများ၍ ထိုလူ့တရား လူကျင့်ဝတ် အတိုင်း ကျင့်နေသူတွေ မများသေးသမျှ, ငါဘုရား၏ အယူ ဝါဒကို တတ်သိနားလည်၍ သူတပါး အား တစ်ဆင့် ပြောပြနိုင်သူတွေ မများသေးသမျှ, ဖြစ်ပေါ်လာသော ဆန့်ကျင်ဘက် အယူဝါဒကို တရားသဖြင့် နှိပ်နင်း၍ အကြောင်းပြလျက် တရားဓမ္မကို (လူ့အလိုက်) မပြောနိုင် သေးသမျှ ငါ ဘုရား ပရိနိဗ္ဗာန်စံဖို့ မဖြစ်နိုင်သေးဘူး မာရ်နတ်။
၄။ အို မာရ်နတ် ... ငါဘုရားကို ဆည်ကပ် ကိုးကွယ်ကြ၍ ဥပါသိကာ (ဒါယိကာမ) ဖြစ်ကြသော လူဝတ်ကြောင် မိန်းမတို့သည် (လူ့အလိုက်) ယဉ်ယဉ်ကျေးကျေးနှင့် ထက်ထက်မြက်မြက် မရှိကြသေးသမျှ, တရားအရာတွင် (လူ့အလိုက်) အကြားအမြင် ဗဟုဿုတများ၍ ထိုလူ့တရား လူကျင့်ဝတ် အတိုင်း ကျင့်နေသူတွေ မများသေးသမျှ, ငါဘုရား၏ အယူ ဝါဒကို တတ်သိ နားလည်၍ သူတပါးအား တစ်ဆင့် ပြောပြနိုင်သူတွေ မများသေးသမျှ, ဖြစ်ပေါ်လာသော ဆန့်ကျင်ဘက် အယူဝါဒကို တရားသဖြင့် နှိပ်နင်း၍ အကြောင်းပြလျက် တရားဓမ္မကို (လူ့အလိုက်) မပြောနိုင် သေးသမျှ ငါ ဘုရား ပရိနိဗ္ဗာန်စံဖို့ မဖြစ်နိုင်သေးဘူး မာရ်နတ်။
၅။ အို မာရ်နတ် ... ငါဘုရား၏ သီလ သမာဓိ ပညာ သုံးမျိုးလုံး ပါနေသော သာသနာတော်သည် စည်ပင် ပြန့်ပွား၍ ပညာရှိသော နတ် လူတို့နယ်တွင် မထင်ရှားသေးသမျှ ငါဘုရား ပရိနိဗ္ဗာန်စံဖို့ မဖြစ်နိုင်သေးဘူး မာရ်နတ်..။ ဤသို့ ဘုရားရှင်က ပြန်၍ မိန့်တော်မူခဲ့ပါသည်။
မှတ်ချက်။ ။ ဤနေရာ၌ ဘုရားရှင်၏ သာသနာ့လမ်းစဉ်ကို သတိပြုသင့်၏ သာသနာတော် ခိုင့်ခံ့၍ အရပ်ရပ်ပျံ့နှံ့အောင်....
(၁) သာသနာ့ တာဝန်ဆောင် ဘိက္ခုကောင်းများ၊
(၂) သာသနာ့ တာဝန်ဆောင် ဘိက္ခုနီကောင်းများ၊
(၃) သာသနာတော်ကို ဆည်းကပ် ကိုးကွယ်သော တာဝန်ဆောင် ဥပါသကာ (ဒါယကာ) များ၊
(၄) သာသနာတော်ကို ဆည်းကပ် ကိုးကွယ်သော တာဝန်ဆောင် ဥပါသိကာ (ဒါယိကာမ)များ၊
ဤလေးရပ်ကို ဗုဒ္ဓမြတ်စွာ၏ ပရိသတ်လေးပါးဟု ခေါ်သည်၊ ထိုပရိသတ် လေးပါးလုံး ပြည့်ပြည့်စုံစုံ ရှိမှသာ ဗုဒ္ဓမြတ်စွာ၏ သာသနာတော် အရှည်ခံ့၍ တည်တံ့နိုင်မည် ဖြစ်သောကြောင့် ဗုဒ္ဓမြတ်စွာ သည် ပရိသတ်လေးပါးလုံးကို ပြည့်စုံအောင် (၄၅) ဝါ ကာလပတ်လုံး တရား ဟောတော်မူခြင်းဖြင့် သာသနာတော် ပျံ့နှံ့ခိုင်မြဲအောင် ရွက်ဆောင် တော်မူခဲ့ကြောင်းကို မှတ်သားခဲ့ပါ။
ရဟန်းကောင်းများ
“ရဟန်းကောင်း” ဟူရာ၌ အကျင့်ကောင်းသော ရဟန်းများကို ဆိုလိုသည်။ ဘုရားရှင် လက်ထက်တော်၌ တစ်ချို့ ရဟန်းတော်များသည် အမျိုးအားဖြင့် အထက်တန်းကျ၍ အကျင့် သိက္ခာလည်း ကောင်းကြပေ၏၊ တစ်ချို့ ရဟန်းတော်များကား အမျိုးအားဖြင့် အထက်တန်း မကျသော်လည်း အကျင့်သိက္ခာ ကောင်းကြပေ၏၊ ထိုသို့ အကျင့်သိက္ခာ ကောင်းကြ၍ ဘုရား တရားတော်များကို ကောင်းမွန်စွာ တတ်သိထားသော ရဟန်းတော်သည် သာသနာတော် အရှည် ခံ့၍ တည်တံ့အောင် ရွက်ဆောင်တော်မူကြပေသည်။
အမှာ။ ။ ဘုရားရှင်လက်ထက်တော်မှစ၍ သံဃာတော်များ၏ သာသနာတော်ကို ဆောင်တော် မူခဲ့ပုံနှင့်တကွ အရှင်သာရိပုတ္တရာ, အရှင်မဟာမောဂ္ဂလာန်, အရှင်မဟာကဿပ စသော သာသနာပြု သံဃာတော်များ၏ အကြောင်းအရာကို အနာဂတ်သာသနာရေးကျမ်းစာ သံဃာ့ ရတနာအခန်း၌ ရေးသားခဲ့ပါပြီ၊ ဤကျမ်းစာ၌ကား ထိုကျမ်း၌ မပါသေးသော အချို့သံဃာတော် များကိုသာ ရေးသားပါမည်။
အရှင်ဥပါလိ
အရှင်ဥပါလိထေရ်သည် လူ့ဘဝတုန်းက အမျိုးဇာတ် အောက်တန်းကျသော ဆတ္တာသည်ဖြစ်၍ ဘဒ္ဒိယမင်းသား, အနုရုဒ္ဓါမင်းသား, အာနန္ဒာ စသော မင်းသားများ၏ ဆံပင် မုတ်ဆိတ်ကို ပြုပြင်ပေးရသူ ဖြစ်၏၊ ထိုမင်းသားများ ရဟန်းပြုသောအခါ အတူလိုက်၍ ဘုရားအထံ ရောက်လျှင် မင်းသားတို့က ဥပါလိကို ရှေးဦးစွာ ရဟန်း ပြုပေးတော်မူပါ၊ ထိုသို့ ရှေးဦးစွာ ရဟန်းပြုမှ ဥပါလိက ရဟန်းအဖြစ် အလျင်ကျ၍ ဥပါလိကို တပည့်တော်တို့က အရိုအသေ ပေးရသဖြင့် တပည့်တော် တို့၏ မာန်မာန လျှောကျပါလိမ့်မည် ဟု လျှောက်ကြလေသည်၊ [အလွန်စိတ် ကောင်းရှိသော မင်းသားများ ဖြစ်ကြပါပေသည်၊] အရှင်ဥပါလိသည် ရဟန်းပြုပြီးသောအခါ တောကျောင်းမှာ နေလို၍ ဘုရားရှင်အထံ ခွင့်တောင်း လေသော် (နောင်အခါ သာသနာအကျိုးကို မျှော်တော်မူ၍) ဘုရားရှင်သည် ခွင့်ပြုတော်မမူဘဲ “တောကျောင်းမှာနေလျှင် အသင့်မှာ ဝိပဿနာတာဝန် တစ်မျိုး သာ တိုးပွားလိမ့်မည်၊ ငါဘုရား၏ အထံမှာ နေလျှင် ဝိပဿာနာတာဝန်, ကျမ်းဂန်တာဝန် နှစ်မျိုးလုံး ပြည့်စုံလိမ့် မည်” ဟု မိန့်တော်မူ၏။
အရှင်ဥပါလိသည် ဘုရားအထံတော်၌ တရားအားထုတ်၍ နေစဉ် မကြာခင် ရဟန္တာ ဖြစ်၏၊ ထို့နောက် ဘုရားရှင် ကိုယ်တော်တိုင် ဝိနည်းတရားတော်ကို ပို့ချပေးတော်မူ၏၊ အရှင်ဥပါလိသည် စင်္ကြံကြွရင်းလည်း ဝိနည်းအကြောင်းကို စဉ်းစား၏၊ ရပ်နေရင်းလည်း ဝိနည်းအကြောင်းကို စဉ်းစား၏၊ ဝိနည်း ပိဋကသည် အရှင်ဥပါလိအတွက် အမြဲနေရာ ကျောင်းကြီးသဖွယ် ဖြစ်နေရကား “အရှင်ဥပါလိနှင့် ဝိနည်း၊ ဝိနည်းနှင့် အရှင် ဥပါလိ” ဟု ခွဲခြား၍ မရသလောက်ပင် ဖြစ်တော့၏၊ ထို့ကြောင့် ဘုရားရှင်သည် “ဝိနည်းအရာ၌ ထိပ်တန်း အရောက်ဆုံးပုဂ္ဂိုလ်” ဟု အရှင်ဥပါလိကို ဧတဒဂ် ထားတော်မူသည်၊ ဘုရားလက်ထက်တော်၌ပင် ရဟန်းအများအား ဝိနည်းပိဋကကို ပို့ချတော်မူ၏၊ ပထမသံဂါယနာ တင်တော်မူသောအခါ ဝိနည်းပိဋကကို ရှေ့ဆောင်၍ သံဂါယနာ တင်တော်မူသည်။
အကျင့်ပဓာန
ဤနေရာဝယ် အရှင်ဥပါလိ၏ အမျိုးဇာတ်အားဖြင့် အထက်တန်း မကျသော်လည်း အကျင့်စာရိတ္တ အားဖြင့် အထက်တန်း ကျသောကြောင့် သံဃာတော် အများ၏ လေးလေးစားစား အားထားမှီခိုရာ ဖြစ်၍ သာသနာ့တာဝန်ကို အရေးပါပါ အရာရောက်ရောက် ထမြောက်အောင်မြင်စွာ ထမ်းဆောင် တော် မူနိုင်ပုံကို သတိပြုကြပြီးလျှင် မြတ်စွာဘုရား၏ ကောသလ မဟာရာဇာအား ဟောတော် မူသော အကြောင်းကို မှတ်သားထိုက်ပါသည်။
ဘုရားရှင်။ ။ “မဟာရာဇာ အသင့်မှာ စစ်တိုက်ဖို့ကိစ္စ ကြုံနေ၍ စစ်သည် စုဆောင်းနေပြီ” ဆိုကြပါဆို့၊ ထိုအခါ ဇာတ်မြင့်သော မင်းသားတစ်ယောက်သည် စစ်မှုထမ်းဖို့ အသင့်ထံ လာရာ၏၊ သို့သော် ထိုမင်းသားသည် စစ်အတတ်ကို မသင်ဖူးသေး၊ သင်ဖူးစေကာမူ အလေ့အကျင့်မရှိသေး၊ ထို မင်းသားကို အမျိုးကောင်းသည့် အတွက်ကြောင့် စစ်မှု ထမ်းဖို့ ရွေးချယ်မည်လော။
မဟာရာဇာ။ ။ မရွေးချယ်နိုင်ပါ။
ဤနည်းအတိုင်း စစ်အတတ်ကို မတတ်သေးသော အမျိုးကောင်း ဗြဟ္မဏလုလင်, အမျိုးညံ့ ဝေဿ - လယ်သမား ကုန်သည် အမျိုးအစားလုလင်, အမျိုး အောက်တန်းကျသော သုဒ္ဒ (အလုပ်ညံ့ကို လုပ်ကိုင်သော)လုလင်များ လာရာ၌လည်း စစ်မှုထမ်းဖို့ ရွေးချယ်မည်လော”ဟု မေးတော်မူရာ မရွေးချယ်နိုင်ပါကြောင်း လျှောက်လေသည်၊ ထို့နောက် စစ်အတတ်ကို တတ်မြောက်ပြီးသော လေ့ကျင့်ပြီး ဖြစ်သော မင်းသား, ပုဏ္ဏားသား, ကုန်သည် လယ်သမားသား, ဆင်းရဲသားတို့ စစ်မှုထမ်းဖို့လာရာ၌ “ရွေးချယ်မည်လား” ဟု မေးတော်မူရာ “ရွေးချယ်မည့် အကြောင်း” ကို လျှေက်ထားလေသည်။ [ကောသလသံယုတ်ပါဠိတော်။]
မှတ်ချက်။ ။ ဤ ပြဿနာကို ဥပမာသဘောအားဖြင့် ဘုရားရှင် မေးတော်မူခြင်း ဖြစ်၏၊ ဟောတော်မူလိုရင်းကား အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်ရာ၌ လောဘ, ဒေါသ စသော မကောင်းမှု ကင်း၍ သီလ သမာဓိ စသည်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို ရွေးချယ်ရမည်ဟု ဟောတော်မူလိုရင်း ဖြစ်၏၊ ထိုစကားကို အစဉ်လိုက်၍ စဉ်းစားလျှင် သာသနာပြုဖို့ရန် ပုဂ္ဂိုလ်ကို ရွေးချယ်ရာ၌လည်း နာမည်ကျော်ကြား၍ လူအများကိုးကွယ် - မကိုးကွယ်ကို ပဓာန မထားဘဲ “သီလ သမာဓိနှင့် သာသနာပြုလိုစိတ်ရှိသော ပုဂ္ဂိုလ်များကိုသာ ရွေးချယ်ရမည်” ဟု ညွန်ပြတော်မူရာ ရောက်သည် ဟု မှတ်ယူသင့်ပါသည်။
ညီတော်နှင့်သားတော်
ရှင်ရဟန်းပြုပုံ
ဗုဒ္ဓမြတ်စွာသည် ကိုယ်တော်တိုင် သိမြင်တော်မူအပ်သော တရားတော်၏ မွန်မြတ်လှသောကြောင့် ထိုတရားတော်ကို သတ္တဝါတို့အားလည်း သိစေတော်မူ လိုသော ဆန္ဒတော် ပြင်းပြလျက်ရှိ၏။ ထို့ကြောင့် လောကီအလိုအားဖြင့် အရင်းဆုံးဟု ဆိုထိုက်သော ညီတော် နန္ဒမင်းသားနှင့် သားတော် ရာဟုလာတို့အား ထိုတရားတော်ကို သိကြဖို့ရန် ရှင်ရဟန်း ပြုပေးတော်မူ၏၊ ချဲ့ပါဦးမည် --- ဘုရားရှင်သည် ကပိလဝတ် နေပြည်တော်သို့ ပထမအကြိမ် ရောက်တော်မူ၍ သုံးရက်မြောက်နေ့၌ ညီတော်နန္ဒ မင်းသားကို ရဟန်းပြုပေးတော်မူ၏ ထိုနေ့ကား နှမတော် ဇနပဒကလျာဏီနှင့် လက်ထပ်၍ အိမ်ရှေ့နန်းအပ်ဖို့ စီစဉ်ပြီးသောနေ့တည်း၊ ထိုနေ့ စောစော၌ ဘုရားရှင်သည် ခမည်းတော်၏ နန်းတော်မှ ဆွမ်းဘုဉ်းပေး၍ ပြန်အကြွတွင် နန္ဒမင်းသားကို သပိတ်ကိုင်စေ၍ ကျောင်းတော် ရောက်သောအခါ “ရဟန်းပြုမည်လော” ဟု မေးတော်မူလျှင် မပြု ချင်သော်လည်း ငယ်စဉ်ကပင် အရိုအသေ ပေးရသော နောင်တော် ဖြစ်သောကြောင့် “ရဟန်းပြုပါမည်” ဟု လျှောက်ရတော့သည်၊ နေပြည်တော် ရောက်၍ ခုနှစ်ရက်မြောက်နေ့၌ လောကီ အမွေတောင်းလျက် နောက်တော်က ပါလာသော (၇-အရွယ် ငယ်ရှာသော) သားတော် ရာဟုလာကို “လောကုတ္တရာ အမွေပေးမည်” ဟု မိန့်တော်မူကာ ရှင်သာမဏေကလေး ပြုစေ တော်မူသည်။
လူ့စည်းစိမ်ထက် ကောင်းလို့
နန္ဒမင်းသားသည် ရဟန်းမပြုလျှင် ပထမ အိမ်ရှေ့မင်းသား ဖြစ်၍ ခမည်းတော်ကြိး နတ်ရွာစံ သောအခါ ရှင်ဘုရင်ဖြစ်ဖို့ သေချာနေသော မင်းသားပေတည်း၊ သူ၏ ရုပ်လက္ခဏာ အလိုအားဖြင့် စကြာမင်း ဖြစ်ထိုက်သော ဘုန်းကံ ပါရှိသူလည်း ဖြစ်သည်၊ ရာဟုလာ မင်းသားလည်း နန္ဒမင်းသား ရဟန်းပြုပြီး ဖြစ်သောကြောင့် အိမ်ရှေ့မင်းနှင့် ရှင်ဘုရင်ဖြစ်ဖို့ သေချာနေ၏။ ဘုရားရှင်နှင့် ယသော်ဓရာတို့၏ သွေးသား ဖြစ်သောကြောင့် ရုပ်လက္ခဏာမှာလည်း စကြာမင်း ဇာတာပါနေသူ ပင်ဖြစ်သည်၊ လောကီဘက်၌ ထိုမျှလောက် အေးအေးဆေးဆေးနှင့် တက်လမ်း ကောင်းသူကား ယခု ကမ္ဘာဝယ် တစ်ယောက်တလေမျှ မရနိုင်ပါ၊ သို့ပါလျက် ရဟန်းပြုပေးတော်မူသည်မှာ ရဟန်းဘဝက ထိုအကောင်းထက် ကောင်းသောကြောင့်သာ ဖြစ်ပါသည်။
ဘုရားရှင်လည်း ထိုသာလွန်သော အကောင်းကို မျှော်မှန်းတော် မူနိုင်သောကြောင့်သာ လက်ရှိ ထီးနန်းနှင့် ယသော်ဓရာ မိဖုရား စသော အခြွေအရံများကို စွန့်လွှတ်နိုင်ပါသည်၊ ထိုဘုရားရှင်ကို အတုလိုက်၍ သာကီဝင်မင်း မှူးမတ်တစ်ထောင်တို့ ရဟန်းပြုကြသည်၊ ထို့နောက် အနုရုဒ္ဓါ စသော မင်းသားတို့လည်း ရဟန်းပြုပြန်၏၊ ဤသို့ လူ့ဘောင် လူ့စည်းစိမ်နှင့် နေနိုင်သူ အများအပြားပင် ရဟန်းပြုကြခြင်းကား လူ့စည်းစိမ်ထက် ကောင်းသော အကောင်းကို မျှော်မှန်းနိုင်ကြ၍ သာဖြစ် ပါသည်၊ ထို့ကြောင့် ယခုအခါ ရှေးရှေးဘဝက ပါရမီဓာတ်ခံ ပါလာသော အမျိုးသားများလည်း (တစ်ရာ တစ်ယောက်, တစ်ထောင် တစ်ယောက်ဖြစ်စေ) ရှိပါလိမ့်ဦးမည်၊ ထိုဓာတ်ခံ ပါသူတို့သည် ဤ သာသနာသို့ ဝင်ရောက်၍ သာသနာ့ တာဝန်ကို ထမ်းကြစေလိုပါသည်။
အနာထပိဏ်၏ ညီနှင့်သား
အနာထပိဏ်သူဌေး၏ အဖသည် သုမနသူဌေးတည်း၊ ထို အနာထပိဏ်သူဌေးမှာ “သုဘူတိ” မည်သော ညီတစ်ယောက်လည်း ရှိ၏၊ ထို သုဘူတိသည် ဇေတဝန် ကျောင်းတော်၌ ရေစက်ချ သော နောင်တော် အနာထပိဏ် နှင့်အတူ လိုက်သွား၍ တရားတော်ကို နာရ၏၊ ထိုအခါ သာသနာတော်ကို ကြည်ညိုလှသဖြင့် ရဟန်းပြု၏၊ ထို့နောက် တောကျောင်း၌ နေပြီးလျှင် မေတ္တာကမ္မဋ္ဌာန်းကို အခြေခံလျက် ဝိပဿနာတက်၍ ရဟန္တာ ဖြစ်လေသည်၊ ဆွမ်းခံကြွသောအခါ အိမ်ပေါက်တိုင်း အိမ်ပေါက်တိုင်းဝယ် မေတ္တာဈာန်ကို ခေတ္တခဏ ဝင်ပြီးမှ ဆွမ်းခံကြွလေ့ရှိ၏၊ ထို့ကြောင့် အလှူခံပုဂ္ဂိုလ်တို့တွင် ထိပ်တန်းအကျဆုံး ဧတဒဂ်အရာကို ရတော်မူသည်၊ နောက် တစ်ခါ အနာထပိဏ်သူဌေးသား ဖြစ်သော “သဒ္ဒ” အမည်ရှိသူလည်း ထိုဘထွေးတော် သုဘူတိရဟန္တာ၏အထံဝယ် ရဟန်းပြု၍ ရဟန္တာ ဖြစ်လေသည်။ [ဤဝတ္ထုကို ရှု၍ ယခုအခါ ကျောင်းဒကာ ဘုရားဒကာတို့၏ ညီများ သားများလည်း အလှူဒါန ပြုရုံဖြင့် အားမရကြဘဲ သာသနာ့ တာဝန်ကို ကိုယ်တိုင် ထမ်းဆောင်ဖို့ရန် ကြိုးစားသင့်ကြပါသည်။]
ဘိက္ခုသာဝက
ဘုရားရှင်၏ ဘိက္ခုသာဝက (ရဟန်းတော် တပည့်များတွင် အနာဂတ်သာသနာရေး စာအုပ်၌ သံဃာ့ရတနာ အခန်း၌ ပြခဲ့သော အရှင်သာရိပုတ္တရာ၊ အရှင်မဟာ မောဂ္ဂလန်၊ အရှင်မဟာကဿပ စသော အမျိုးလည်းကောင်း, အကျင့်လည်း ကောင်းသော ပုဂ္ဂိုလ်များလည်း ပါဝင်၏၊ အမျိုး အထက်တန်း မကျသော်လည်း အကျင့်စာရိတ္တနှင့် တရားတော်ကို သိတတ်သော ပညာရှိ အရှင် ဥပါလိစသော ပုဂ္ဂိုလ်များလည်း ပါဝင်၏၊ ထို ပုဂ္ဂိုလ်မြတ်များ၏ သာသနာ့တာဝန်ကို ထမ်းဆောင် မှုကြောင့် ဗုဒ္ဓမြတ်စွာ၏ သာသနာတော်သည် လောကီ ပညာရှိ ပဏ္ဍိတ်ကြီးတွေ ထွန်းကား နေသော အိန္ဒိယဒေသ, အယူဝါဒ အမျိုးအစား များပြားလှသော အိန္ဒိယဒေသ ပုရာဏကဿပ, မာက္ခလိဂေါသာလ စသော ဘုရားအမည်ခံ ပုဂ္ဂိုလ်တို့၏ ကျက်စားရာဖြစ်သော အိန္ဒိယဒေသဝယ် ထည်ထည်ဝါဝါနှင့် ကျယ်ပြန့်နိုင်ခဲ့ပါသည်။
ဘိက္ခုနီ သာဝိကာမ
ရဟန်းဘဝကို ယူကြသော အမျိုးသ္မီးများကို “ဘိက္ခုနီ သာဝိကာမ” ဟုခေါ်ပါသည်၊ ထိုဘိက္ခုနီ များတွင် အမျိုးဂုဏ်, အဆင်းဂုဏ်, ပညာဂုဏ်, အလုံးစုံသော အမျိုးသမီးတွေ အများအပြား ပါဝင်ပါသည်၊ ထိုဘိက္ခုနီများနှင့် ပွန်းပွန်းတီးတီး ဆက်ဆံရခြင်းကြောင့် အမျိုးသမီးပေါင်းများစွာ လိမ္မာယဉ်ကျေးမှုကို ရကြပေသည်၊ ထိုလိမ္မာ ယဉ်ကျေးပြီးသော အမျိုးသမီးများကြောင့် အိမ် ထောင်ဘက် အမျိုးသားများလည်း မြတ်စွာဘုရား သာသနာပြု ဒါယကာများ ဖြစ်လာရပေသည်၊ ဤသို့ သာသနာတော်နှင့် အမျိုးဘာသာကို တိုးတက်အောင် စွမ်းဆောင်နိုင်ကြသော ဘိက္ခုနီ များတွင် အနည်းငယ် တချို့မျှကို အကျဉ်းချုပ်မျှ ထုတ်ပြပါဦးမည်။
မိထွေးတော်နှင့် မင်းသမီးငါးရာ
မာယာဒေဝီနှင့် ဂေါတမီဟူသော ညီအစ်မ နှစ်ယောက်သည် ဒေဝဒဟမြို့ မဟာသုပ္ပဗုဒ္ဓမင်း၏ သမီးတော်များ ဖြစ်၏၊ ထိုညီအစ်မ နှစ်ဦးလုံးပင် “စကြာမင်းလောင်း သားရတနာများကို ဖွားကြ လိမ့်မည်” ဟု ပုဏ္ဏားတို့က ဟောကိန်းထုတ်ထား ကြကုန်၏၊ ထိုနှစ်ယောက်လုံးသည်ပင် သုဒ္ဓေါဒန မဟာရာဇာ၏ မိဖုရားများဖြစ်ကြ၍, မာယာဒေဝီမှ ဘုရားအလောင်း ဖွား၏၊ ဘုရားအလောင်းဖွား၍ (၇)ရက် ကြာသောအခါ မယ်တော်မာယာ နတ်ရွာစံသောကြောင့် ဂေါတမီသည် မိဖုရားကြီး ဖြစ်၏၊ ထိုအချိန်မှာ နန္ဒမင်းသားကို ဖွားမြင်သည်၊ ဘုရားအလောင်း၏ အဒေါ်လည်းဖြစ်, မိထွေးလည်း ဖြစ်သော ဂေါတမီသည် သားရင်း နန္ဒမင်းသားကို အထိန်းတော်များထံ ထား၍ ဘုရားအလောင်း (တူတော်ကလေး) ကိုကား မိမိကိုယ်တိုင် နို့ချိုတိုက်ကျွေး မွေးမြူခဲ့လေသည်။
သုဒ္ဓေါဒန မဟာရာဇာသည် အနာဂါမ် တည်ပြီးနောက် ထီးဖြူ အောက်မှာပင် ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန် စံ၏၊ ထိုအခါ မိထွေးတော် ဂေါတမီသည် ဘုရား အထံတော်သို့ လာ၍ ဘိက္ခုနီ သာသနာ ခွင့်ပြုပါရန် အကြိမ်ကြိမ် တောင်းပန်ပြီးမှ အခွင့်ရ၍ မိမိကိုယ်တိုင် ဘိက္ခုနီ ပြုလျက် “ရဟန္တာမ” ဖြစ်လေသည်၊ ထိုအချိန်မှစ၍ အမျိုးသမီး များစွာတို့၏ မယ်တော်ကြီးပမာ အရာရာဝယ် သွန်သင် ပြသ ဩဝါဒ ပေးလေသည်၊ မိထွေးတော် ဂေါတမီနှင့်အတူ ဘိက္ခုနီ ပြုကြသော သာကီဝင် အမျိုးသမီးပေါင်း ငါးရာရှိ၏၊ ထို ငါးရာလုံးပင် နောင်အခါ၌ တရားထူးကို ရကြသည်၊ ထို့နောက် နန္ဒ မင်းသား၏ နှမတော်လည်းဖြစ်, လက်ထပ်ဖို့ ကြင်ယာလောင်းလည်း ဖြစ်သော ဇနပဒကလျာဏီ မင်းသမီးလည်း ဘိက္ခုနီမ ပြုလုပ်၍ ရဟန္တာမ ဖြစ်လေသည်။
ယသော်ဓရာ
ယသော်ဓရာ မိဖုရားသည် ဘုရားအထံ လာ၍ သားတော် ရာဟုလာကို ပြန်ပေးဖို့ရန် လျှောက်ထား၏၊ မိဖုရာ၏ ယူဆချက်ကား “သာကီဝင် မင်းမျိုးမှ ထက်မြက်သော မင်းသားတွေ ရဟန်းပြုသွားကြသဖြင့် သာကီဝင် တစ်မျိုးလုံး အောက်ကျ နောက်ကျ ဖြစ်တော့မည်၊ သားတော် ကို ပြန်တောင်း၍ ရင်ခွင်ပိုက်လျှက် သာကီဝင် တစ်မျိုးလုံး အဆင့်အတန်း မနိမ့်အောင် ကြိုစားမည်” ဟူသော ရည်ရွယ်ချက်တည်း၊ အလွန်ထက်မြက်၍ (လောကီ အလိုအားဖြင့်) စိတ်ထား မြင့်မြတ်သော မိဖုရားပေတည်း၊ ထိုသို့ သားတော်ကို တောင်းသော်လည်း သားတော် မရဘဲ ဘုရားရှင်၏ ဩဝါဒဖြင့် ဘိက္ခုနီ ဖြစ်ရလေတော့သည်၊ ယသော်ဓရာ၏ ထက်မြက်သော စိတ်ဓာတ်သည် ပါရမီဖြည့်စဉ်ကပင် ပါလာသော ဓာတ်တည်း၊ ထိုထက်မြက်သော စိတ်ဓာတ်ကို စိတ်အားငယ်တတ်သော အမျိုးသမီးတို့ အားကျသင့်လှပေသည်။
ခေမာမိဖုရား
ခေမာမိဖုရားသည် မဒ္ဒတိုင်း သာဂလမြို့ဝယ် မင်းမျိုး၌ ဖွားမြင်၍ ရွှေအဆင်းကဲ့သို့ ဝါဝင်းသော အသားအရေ ရှိ၏၊ အရွယ်ရောက်သောအခါ ဗိမ္ဗိသာရ မဟာရာဇာ၏ မိဖုရားဖြစ်၏၊ ရုပ်အဆင်း လှပသလောက် အဆင်းမာန် တက်သောကြောင့် ရုပ်အဆင်း၏ အပြစ်ကို ဟောပြောလေ့ရှိသော ဘုရားထံတော်သို့ မသွားဘဲ ရှောင်လွှဲ၍ နေသည်၊ ဗိမ္ဗိသာရ မဟာရာဇာသည် မိမိက ဘုရား ကျောင်းဒါယကာ ဖြစ်ပါလျှက်, မိမိ မိဖုရားက ဘုရား အထံတော်သို့ မသွားခြင်းကို မကျေနပ် သောကြောင့် ဘုရား ကျောင်းတော်သို့ သွားချင်လာအောင် “ဘုရား သီတင်းသုံးတော်မူရာ ဝေဠုဝန် ဥယျာဉ်၏ သာယာကြောင်း, နတ်များသော်မှ ဝေဠုဝန်ဥယျာဉ် ရောက်လျှင် စိတ်အေးချမ်းသဖြင့် နန္ဒဝန်ဥယျာဉ်သို့ မသွားဘဲ ဝေဠုဝန်ဥယျာဉ်သို့ လာကြောင်းကို” အဆိုတော်တို့အား ဖွဲ့နွဲ့သီဆို စေလေသည်။
ထိုအခါ ဝေဠုဝန်ဥယျာဉ်ကို ရှုစားလိုသဖြင့် မဟာရာဇာအထံ ခွင့်ပန်၍ ဝေဠုဝန်ဥယျာဉ်သို့ သွားခါနီးဝယ် ဗိမ္ဗိသာရ မဟာရာဇာသည် နောက်ပါ မင်းမှုထမ်းတို့အား ဘုရားကို မဖူးတွေ့ဘဲ မပြန်ခဲ့စေဖို့ မှာလိုက်၏၊ ထို့ကြောင့် ဥယျာဉ်ကို လှည့်ပတ် ကြည့်ရှု၍ ပြန်မည်ပြုသောအခါ မင်းမှုထမ်းတို့က မဟာရာဇာ၏ အမိန့်ကို သံတော်ဦး တင်ကြသဖြင့် ဘုရားရှိရာသို့ သွားရလေသည်၊ ထိုအခါ မြတ်စွာဘုရားသည် ခေမာမိဖုရားထက် လှသော သတို့သမီး တစ်ယောက်ကို ဖန်ဆင်းတော်မူ၍ ဘုရားရှင်အား ယပ်ခတ်နေပုံကို ပြတော်မူ၏၊ ခေမာမိဖုရား သည် သူ့ထက်လှသောသတို့သမီးကို ကြည့်ရှုနေစဉ် ထို သတို့သမီးသည် တဖြည်းဖြည်း အို၍ နာ၍ သေသွားဟန်ကို ပြတော်မူ၏၊ ထိုအခါ ရုပ်အဆင်း၏ နှစ်သက်ဖွယ် မရှိပုံ, အနှစ်သာရ မရှိပုံကို မျက်မြင်တွေ့ရ၍ ရုပ်အဆင်းအပေါ်၌ ငြီးငွေ့ စက်ဆုပ်လာသော ခေမာမိဘုရားအား တရား ဟောတော် မူလေသော် တရားထူးရ၍, မဟာရာဇာထံ ခွင့်ပန်ပြီးလျှင် ဘိက္ခုနီ တို့တွင် ပညာဉာဏ် အထက်ဆုံး ဧတဒဂ်ရ ရဟန္တာ ဘိက္ခုနီ ဖြစ်လေသည်။
ဥပ္ပလဝဏ် သူဌေးသမီး
[ဥပ္ပလ - ကြာညို + ဝဏ္ဏ - အဆင်း] ကြာညိုပန်း၏ အတွင်းက အဆင်းကဲ့သို့ အဖြူပေါ်တွင် အနည်းငယ် ညိုရောင်သန်းသော အဆင်းဖြင့် ထူးခြား တင့်တယ်သော အဆင်းရှိသောကြောင့် “ဥပ္ပလဝဏ်” မည်သော အမျိုးသမီးသည် သာဝတ္ထိမြို့ဝယ် သူဌေးမျိုး၌ ဖွားမြင်၏၊ လှပသော အဆင်းကို သတင်းကြားသော မင်းသား, သူဌေးသားတိုင်း လိုပင် ဖခင် သူဌေးကြီးထံ တောင်းရမ်း ကြကုန်၏၊ သူဌေးကြီးသည် သမီး တစ်ယောက်တည်းဖြင့် အများအလိုကို မလိုက်လျောနိုင် သောကြောင့် သမီးကို “ရဟန်း မပြုနိုင်တော့ဘူးလား” ဟု မေးရတော့၏၊ ကမ္ဘာတစ်သိန်းမျှ ကောင်းမူပါရမီ ဖြည့်လာခဲ့သူ ဖြစ်ရကား ဖခင်သူဌေးကြီး၏ စကားသည် အကြိမ်တစ်ရာလောက် အထပ်ထပ် ချက်ပြီးသော ဆီအေးကလေး ဦးခေါင်းပေါ် လောင်းလိုက်သကဲသို့ အေးမြသွားရကား “ရဟန်းပြုနိုင်ပါသည်”ဟု ချစ်စဖွယ် ပြန်ပြောလေသည်၊ ထို့နောက် ဘိက္ခုနီပြုလုပ်၍ တန်ခိုးကြီးမား သူတို့တွင် ထိပ်တန်း အရောက်ဆုံး (ဧတဒဂ်) ရသော ရဟန္တာဘိက္ခုနီ ဖြစ်လေသည်။
ဘိက္ခုနီများလည်း ဝန်ဆောင်ပုံ
ဗုဒ္ဓမြတ်စွာ၏ သာဝိကာမ (တပည့်မ) ဖြစ်ကြသော ဘိက္ခုနီတို့တွင် အမျိုးဂုဏ် အဆင်းဂုဏ် ပစ္စည်းဂုဏ်သိရ် အားဖြင့် အထက်တန်းကျ၍ အကျင့်စာရိတ္တ ကောင်းသော အမျိုးသမီး အများအပြား ပါဝင်ကြသကဲ့သို့ ထိုဂုဏ်အားဖြင့် အဆင့်အတန်း မမြင့်သော်လည်း အကျင့်စာရိတ္တ ကောင်းသော အမျိုးသမီးများလည်း ပါဝင်ကြပါသည်၊ ထိုအမျိုးသမီး ဘိက္ခုနီအများပင် ဘုရား တရားတော်ကိုလည်း ကိုယ်တိုင်သိ, လူဝတ်ကြောင် အမျိုးသမီးတို့အား ဟောပြောပြသ ဩဝါဒ ပေးခြင်း, ဆန့်ကျင်ဘက် အယူဝါဒများကို အေးအေးချိုသာစွာ ပယ်ရှားခြင်း တို့ဖြင့်လည်း ဖခင် ဘုရား၏ သာသနာတော်ကြီး ထွန်းကား၍ သတ္တဝါတို့ အကျိုးများအောင် ရွက်ဆောင်ခဲ့ခြင်းကြောင့် ဗုဒ္ဓမြတ်စွာ သာသနာတော်သည် အမျိုးသမီးတို့ နယ်မှာလည်း ခံ့ထည်ဝင့်ကြွား နိုင်ခဲ့ပါသည်။
ဥပါသကာ ပရိသတ်
[ဥပ-ရတနာသုံးပါးသို့ ကပ်၍၊ အာသက - နေတတ်သူ]
ရတနာသုံးပါးကို ဆည်ကပ် ကိုးကွယ်သူသည် “ဥပါသကာ” မည်၏၊ ဘုရား၌ မကြာခဏ စိတ် ရောက်နေသူ, ဘုရား ဂုဏ်တော်ကို မကြာခဏ သတိရနေသူ, ဘုရားနှင့်စပ်သော ကိစ္စကို မကြာခဏ ရွက်ဆောင်နေသူကို “ဘုရားကို ဆည်းကပ်ကိုးကွယ်သူ” ဟု ခေါ်သည်။ မဂ်ဖိုလ်ရသူ, မဂ်ဖိုလ်ရအောင် ကျင့်နေသူ, ဘုရားတရားတော် ပိဋက ကျမ်းစာများကို မပျောက်မကွယ်အောင် ပူဇော်သူ, ထိန်းသိမ်းစောင့်ရှောက်သူ, ဟောပြပို့ချသူ, ကြားနာမှတ်သားသူကို “တရားကိုးကွယ် ဆည်းကပ်သူ” ဟုခေါ်သည်။ အရိယာ သံဃာတော်များကို လည်းကောင်း, အရိယာဖြစ်အောင် ကြိုးစားနေသော ပုထုဇဉ် သူတော်ကောင်းများကို လည်းကောင်း, အားပေးချီးမြှောက် ထောက်ပံ့ လှူဒါန်းသူ, ထိုသံဃာတော်များအား ကောင်းစွာနေနိုင်အောင် စောင့်ရှောက်သူ, သူတော်ကောင်း သံဃာများ တိုးပွားအောင် ကြိုးစားသူကို “သံဃာကိုးကွယ်သူ” ဟုခေါ်သည်။ ဘုရားလက်ထက် တော်၌ ထိုကဲ့သို့ ကိုးကွယ်ကြသော ယောက်ျား, မိန်းမတို့ အများအပြားပင် ရှိခဲ့ကြပေသည်။
အနာထပိဏ် သူဌေး
အနာထပိဏ်သူဌေးသည် သာဝတ္ထိမြို့ သုမနသူဌေး၏ သားတည်း၊ လွန်ခဲ့သော ကမ္ဘာတစ်သိန်း၌ ပဒုမုတ္တိုရ်မြတ်စွာဘုရား လက်ထက်တော်ဝယ် အလှူဒါန ရက်ရောသော ဥပါသကာ တစ်ယောက် ကိုအားကျ၍ ဥပါသကာ ဒါယကာဆုကို ပန်ခဲ့သူ ဖြစ်၏၊ အနာထပိဏ်သည် ရာဇဂြိုဟ်သို့ ကူးသန်း ရောင်းဝယ်ရေးကိစ္စဖြင့် သွား၍ ယောက်ဖတော်သော သူဌေးအိမ်ဝယ် တည်းခိုလေ့ရှိ၏၊ ထိုသို့ သွားလေ့ ရှိရာဝယ် တစ်ချိန်၌သော် အိမ့်ရှင်သူဌေးသည် ဘုရားရှင်အား မနက်ဖြန် ဆွမ်းကပ်ဖို့ရန် ချက်ပြုတ်ရေးကို စီမံနေသောကြောင့် ခါတိုင်းကဲ့သို့ စကားကြာကြာ မပြောအားချေ၊ ညဉ့် အချိန် ကျမှ စကားပြောခွင့် ရကြ၍ ဗုဒ္ဓမြတ်စွာ ကြွတော် မူလာကြောင်းကို ပြောပြလေရာ “ဗုဒ္ဓ” ဟူသော အသံကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် နှစ်သက်မှု ပီတိသည် သူဌေး၏ တစ်ကိုယ်လုံး လွှမ်းဖုံးသွားသဖြင့် (မေ့သလိုဖြစ်သွားရကား) “ဗုဒ္ဓလို့ ပြောလိုက်သလား” ဟု ထပ်၍ မေးရ လေသည်၊ ရာဇဂြိုလ် သူဌေးကလည်း “ဗုဒ္ဓလို့ ပြောပါသည်” ဟု ထပ်၍ ဖြေရလေ၏။ ဤသို့ သုံးကြိမ်တိုင်တိုင် ဖြစ်ပြီးမှ “ဗုဒ္ဓမြတ်စွာကို ဖူးတွေ့ဖို့ကို မဆိုထားဘိ, “ဗုဒ္ဓ … ဗုဒ္ဓ” ဟူသော စကားသံကို ကြားရဖို့ရန် ပင် အလွန်ခဲယဉ်းပါသည်၊ ယခုလို ညဉ့် အခါမှာ ဗုဒ္ဓကိုသွား၍ မဖူးတွေ့ နိုင်ဘူးလား” ဟု မေးလေသည်၊ ဒီအချိန်မှာ မဖူးတွေ့နိုင်ကြောင်း ပြောသဖြင့် အိပ်ရာသို့ ဝင်သော်လည်း ဗုဒ္ဓကို ဖူးတွေ့လိုသောစိတ်က ပြင်းပြ နေသောကြောင့် ကောင်းကောင်း အိပ်၍ မပျော်ရှာချေ၊ ထို့နောက် မလင်းမီ အိပ်ရာမှထ၍ ဗုဒ္ဓအထံတော်သို့ သွားပြီးလျှင် ပထမအကြိမ် တရားနာ၍ အဆုံးမှာပင် သောတာပန် တည်လေသည်။
မှတ်ချက်။ ။ အနာထပိဏ် သူဌေးသည် ကမ္ဘာတစ်သိန်းလောက်ကပင် ဘုရားကျောင်းဒကာဆုကို ပန်ခဲ့၍ ဘုရားရှင်ကို ဖူးတွေ့လိုသော စိတ်က ကမ္ဘာတစ်သိန်းလောက် အထုံ ရခဲ့သောကြောင့် “ဗုဒ္ဓ”ဟူသော အသံကို ကြားရုံမျှဖြင့် တစ်ကိုယ်လုံး ပီတိ လွှမ်းဖုံးသွားလေသည်။ ဤဖြစ်ပုံကို မှတ်သား၍ ဗုဒ္ဓကို ကြည်ညိုသူတိုင်း ဗုဒ္ဓမြတ်စွာ၏ အဆုံးအမ ဩဝါဒ သာသနာ မကွယ် မပအောင် ကြိုးစားထိုက်ကြောင်း, ထိုကြိုးစားမှု အထုံရနေပါမူ အနာဂတ် ကာလ၌ ဗုဒ္ဓနှင့်လည်း ကြုံလွယ်၍, ကြုံသောအခါလည်း အနာထပိဏ် သူဌေးကဲ့သို့ တရားထူး ရနိုင်စရာရှိကြောင်း ကောင်းကောင်း ကြီး ယုံကြည်ထိုက်ကြပါသည်။
စိတ္တသူကြွယ်
စိတ္တသဒ္ဒါသည် မြန်မာလို “ထူးဆန်း” ဟု အဓိပ္ပာယ် ရ၏။ ထိုသတို့သား ဖွားချိန်၌ (ရှေးဆုတောင်း ပါလာ၍) ထူးထူးဆန်းဆန်း ပန်းမိုး ရွာသောကြောင့် “စိတ္တ” ဟု မိဘတို့က နာမည်မှည့်ကြ၏။ မစ္ဆိကာသဏ္ဍ မည်သော ဇနပုဒ်မြို့ငယ်၌ သူဌေးမျိုးမှာ ဖြစ်၍ အဖ ကွယ်လွန်သောအခါ သူဌေးအရာကို ရသူတည်း။
ရှေးရှေး ဘုရားလက်ထက်တော်၌ ရုပ်နာမ် သင်္ခါရအပေါ်ဝယ် အနိစ္စ ဒုက္ခ အနတ္တဟု ရှုခဲ့သောကြောင့် ငါတို့ဘုရား လက်ထက်တော်ဝယ် မဟာနာမ်ထေရ်၏ တရားကို နာရ၍ အလွယ်တကူ အနာဂါမ် တည်လေသည်။ ထိုစိတ္တသူကြွယ်သည် အဟောအပြော ကောင်းသော ဓမ္မကထိက ဖြစ်၍ သူ၏နောက်၌ ဥပါသကာ ငါးရာ အမြဲလိုက်ပါလျက် ရှိလေသည်။ တိတ္ထိတို့နှင့် တရား ဆွေးနွေး မေးမြန်းသောအခါလည်း တိတ္ထိတို့၏ အယူဝါဒကို အကြောင်းပြ၍ နှိမ့်ချ ဖျက်ဆီးနိုင်၏။ ထို့ကြောင့် လူဝတ်ကြောင် ဓမ္မကထိကတို့တွင် ဧတဒဂ်ရ ထိပ်တန်းအကျဆုံး ဓမ္မကထိက ဖြစ်လေသည်။
[ယခုအခါ သာသနာ ပြုရာ၌ ဤဥပါသကာမျိုး ပေါ်ထွက်ဖို့ လိုအပ် ပါသည်။]
ဥပါသကာများ ဝန်ဆောင်ပုံ
ဗုဒ္ဓမြတ်စွာလက်ထက်တော် အခါဝယ် အနာထပိဏ် သူဌေးကဲ့သို့ အလှူဒါနကို ပြုသောအားဖြင့် ဖြစ်စေ၊ စိတ္တသူကြွယ်ကဲ့သို့ ဗုဒ္ဓမြတ်စွာ၏ တရားတော်ကို ကိုယ်တိုင် သင်ယူ၍ ကျင့်ခြင်း၊ သူတပါးအား ဟောပြောခြင်း၊ သာသနာတော်၏ ဆန့်ကျင်ဘက် အယူဝါဒ ပေါ်လာလျှင် ထိုအယူဝါဒကို တရားသဖြင့် နှိပ်ခြင်းတို့ဖြင့် ဖြစ်စေ သာသနာတော်ကို အားပေးသူ၊ ချီးမြှောက်သူ ထောက်ပံ့သူ ဥပါသကာ ဒါယကာတွေ အများအပြား ပေါ်ထွန်းခဲ့ပါသည်။
ထို့အပြင် ကျယ်ဝန်းသော နယ်ပယ်များ၏ အရှင်သခင် ဘုရင်များ ဖြစ်ကြသော ဗိမ္ဗိသာရ၊ ကောသလ မဟာရာဇာတို့၏ အားပေး ထောက်ပံ့မှုကြောင့်လည်း သာသနာတော်၏ အရှိန်အဝါ လွန်စွာ တောက်ပခဲ့ပါသည်။
ဥပါသိကာ ပရိသတ်
ရတနာသုံးပါးကို ယုံယုံကြည်ကြည် ကိုးကွယ်ဆည်းကပ်ကြသော ဥပါသိကာ ဒါယိကာမတို့သည် ဘုရားလက်ထက်တော်၌ အလွန် များကုန်၏။ ဝိသာခါသည် သူဌေးသမီး အဖြစ်ဖြင့် (၇) နှစ် အရွယ်က သောတာပန် တည်၍ အိမ်ထောင်ပြုပြီးသော အခါ မိစ္ဆာအယူရှိသော ယောက္ခမနှင့်တကွ ယောက်ျားဘက် အမျိုးအားလုံးကို ဗုဒ္ဓဘာသာဝင် သူတော်စင်ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့၏။ နောင်အခါ ပုဗ္ဗာရုံကျောင်း တိုက်ကြိးကို တည်ဆောက်၍ ပုဗ္ဗရုံကျောင်းအမဟု ထင်ရှား၏။
ဝိသာခါ၏ အိမ်၌ ရဟန်းတော်ငါးရာလောက် အမြဲ ဆွမ်းဘုဉ်းပေးကြရသည်။ ထိုကြောင့် အလှူဒါနဖြင့် မွေ့လျော်သူတို့တွင် ဝိသာခါသည် ထိပ်တန်း အကျဆုံးဖြစ်၍ ဧတဒဂ်ရ ဒါနရှင်ဖြစ်ရလေသည်။
ခုဇ္ဇုတ္တရာ
ကောသမ္ဗီပြည် ဃောသက သူဌေး၏အိမ်၌ ကလေးထိန်း မိန်းမမှ ဖွားသော သတို့သမီးငယ်သည် အနည်းငယ် ခါးကုန်းသောကြောင့် “ခုဇ္ဇာ” ဟုလည်းကောင်း၊ အရာရာ၌ လိမ္မာပါးနပ် မြင့်မြတ်သောကြောင့် “ဥတ္တရာ” ဟုလည်းကောင်း အမည်ရ၍ နာမည်နှစ်ခု ပေါင်းစပ်လျက် “ခုဇ္ဇုတ္တရာ” ဟုထင်ရှား၏။
နောင်သောအခါ သာမာဝတီ မိဖုရား၏ အလုပ်အကျွေး ဖြစ်၍ နေ့တိုင်း ပန်းသည်ကြီး အိမ်သို့ ပန်းဝယ် သွားရ၏။ ပန်းဖိုးရှစ်ကျပ် အမြဲပေးလိုက်ရာ လေးကျပ်ဖိုးသာ ဝယ်၍ လေးကျပ်ကို မိမိယူထား၏။ [ခိုးထားခြင်းတည်း။] တစ်နေ့၌ကား ပန်းသည်ကြီးအိမ်ဝယ် ဘုရားအမှုရှိသော သံဃာတော်များအား ဆွမ်းကပ်ခိုက်နှင့် ကြုံကြိုက်၍ ဘုရားရှင် မိန့်တော်မူသမျှ စကားတို့ကို အရ ကျက်ထားလိုက်၏။ ဆွမ်းဘုန်း ပေးပြီး၍ တရားဟောတော်မူသောအခါ သောတာပန် တည်လေသည်။
ထိုသို့ သောတာပန် တည်သောအခါ ပန်းဖိုးလေးကျပ်ကို မိမိ မယူတော့ဘဲ ရှစ်ကျပ်ဖိုး ဝယ်သွား၏။ ပန်းတွေ များနေသောကြောင့် သာမာဝတီမိဖုရားက မေးသောအခါ ရှေးရှေးက လေးကျပ်ဖိုးသာ ဝယ်၍ လေးကျပ်ကို မိမိသုံးကြောင်း၊ ယနေ့ ဘုရားတရားတော်ကို နာရ၍ အမတ (နိဗ္ဗာန်) ကို ရလာသောကြောင့် ထိုကဲ့သို့ မတရား မလုပ်တော့ဘဲ ရှစ်ကျပ်ဖိုးပင် ဝယ်လာကြောင်း ပြောပြလေသော် သာမာဝတီမိဖုရားနှင့်တကွ အခြွေအရံ အားလုံး သဘောကျသဖြင့် “အဲဒီ အမတကို ပေးစမ်းပါ၊ အဲဒီ အမတကို ပေးစမ်းပါ” ဟု ဝိုင်း၍ တောင်းကြလေသည်။
“အို .. အဲဒီ အမတဆိုတာ ပေးလို့ရကောင်းတာ မဟုတ်ဘူး၊ ကျုပ်က ဘုရားဟောတော်မူတဲ့ အတိုင်း ဟောပြမယ်၊ ရှင်မတို့က နေရာအနိမ့်က နေ၍ နာယူကြကုန်” ဟု ပြောပြီးလျှင် မိမိက အမြင့်ကနေ၍ ဟောပြလေသည်။ ထိုသို့ ဟောပြလျှင် တရားကို သဘောကျ၍ အားလုံး သောတာပန် ဖြစ်ကြလေသည်။ ထိုအချိန်မှစ၍ ခုဇ္ဇုတ္တရာသည် မိဖုရား၏ အစေအပါး မလုပ်ရတော့ဘဲ ကောသမ္ဗီပြည်ဝယ် ဘုရားရှင် သီတင်းသုံးတော်မူသမျှ ဘုရားအထံမှ တရားနာ၍ မိဖုရားနှင့် အခြွေအရံတို့အား တစ်ဆင့် ဟောပြောရသော ဓမ္မကထိကဖြစ်လေသည်။
သာမာဝတီ
သာမာဝတီ မိဖုရားနှင့် အခြွေအရံများသည် မေတ္တာဖြင့် နေလေ့ရှိကြ၏။ ထိုသို့ မေတ္တာ အလေ့အကျင့် ရနေသောကြောင့် မိမိတို့ကို အထင်လွဲ၍ မြားဖြင့် ပစ်သတ်ဖို့ ကြံသော မိမိတို့၏ အရှင်သခင် ဥတေန ရှင်ဘုရင်သည် (ပစ်သတ်ဖို့ကို မဆိုထားဘိ) လေးမှ မြားထွက်သွားအောင်ပင် မပစ်နိုင်ဘဲ ရှိရလေသည်။ ထို့နောက် ဥတေနမင်းက မှားကြောင်းကို ဝန်ချသောအခါ “ဘုရား တရား သံဃာကို ကိုးကွယ်ပါ” ဟု တိုက်တွန်း၍ ဥပါသကာ အဖြစ်သို့ ရောက်စေနိုင်လေသည်။
[ဤဝတ္ထု၌ ရှင်ဘုရင်၏ ဘုရားကိုးကွယ်ခြင်းမှာ သာမာဝတီ၏ အရင်းခံ မေတ္တာကြောင့် ဖြစ်သည်။]
ဥတ္တရာ
ဥတ္တရာမည်သော သူဌေးကတော်လည်း မေတ္တာဖြင့် နေလေ့ရှိ၏။ သူမကို မနာလို၍ ဆီပူဖြင့် ဦးခေါင်းပေါ်၌ လောင်းချသော သိရိမာအပေါ်၌ မေတ္တာစိတ် ထားနိုင်သောကြောင့် ဆီပူ မလောင်ဘဲ ဦးခေါင်းမှ လျှောကျသွားစေသည်။ သိရိမာက တောင်းပန်သောအခါ (ဘုရားကို ကိုးကွယ်စေလိုသောကြောင့်) “ခမည်းတော် ဘုရားကို တောင်းပန်မှ ကျေနပ်မည်” ဟု ပြော၍ ဘုရားအမှူးရှိသော သံဃာတော်ကို ပင့်ပြီးလျှင် တောင်းပန်သောအခါ ဘုရားရှင်က “ကျေနပ်ပါသည်” ဟု မိန့်တော်မူ၏။ ထို့နောက် ဆက်လက်၍ တရားဟောတော်မူသောအခါ သိရိမာလည်း သောတာပန် တည်လေသည်။
[ဤဝတ္ထု၌ သိရိမာ၏ သောတာပန် တည်ရခြင်းမှာ ဥတ္တရာ၏ မေတ္တာအရင်းခံကြောင့် ဖြစ်သည်၊ တစ်ယောက် အပေါ်၌ တစ်ယောက်က ကောင်းကျိုး လိုလား၍ ကောင်းအောင်ပြောဆို ဆုံးမခြင်းကို မေတ္တာအလုပ်ဟု မှတ်ပါ။]
အခြားအမျိုးသမီးများ ဝန်ဆောင်ပုံ
ရှင်သီဝလိ၏မယ်တော်ဖြစ်သော “သုပ္ပဝါသာ” မည်သော ကောလိယ မင်းသမီးသည် သောတာပန် တည်ပြီးနောက် ဆွမ်းကပ်လှူသောအခါ မွန်မြတ်သော အရသာမျိုးစုံပါသော ဟင်းကောင်း ဟင်းလျှာတို့ဖြင့် ကပ်လှူလေ့ရှိ၏။
“သုပ္ပိယာ” မည်သော ဒါယိကာမကား ဂိလာနပုဂ္ဂိုလ်အား သင့်တော်သော အာဟာရကို ချက်ပြုတ် လှူတန်းလေ့ရှိ၏။
ကာတိယာနီ (ကစ္စာနီ) မည်သော ဥပါသိကာမသည် ရတနာသုံးပါး ကို ဆည်းကပ် ကြည်ညိုရာ၌ လေးလေးနက်နက် ရှိလှ၏။ အခါတစ်ပါး၌ သူ၏သားဖြစ်သော “သောဏ” မထေရ်သည် ညဉ့်အခါ၌ တရားဟောနေ၏။ အမိ မယ်တော် ကစ္စာနီသည် တရားနာရင်း အိမ်သွား၍ မီးခွက် ယူဖို့ရန် အိမ်စေမကို ခိုင်းလိုက်၏။ အိမ်စေမ သွားသောအခါ သူခိုးတွေက အိမ်ထဲဝင်ဖို့ ဥမင် (လိုဏ်) ဖောက်နေပုံကို မြင်၍ ပြန်ပြေးလာပြီးလျှင် အကြောင်းကို ပြောလေသော် “သူခိုးတွေယူလျှင် သူတို့ တွေ့တာလောက်သာ ယူနိုင်မှာဘဲ၊ ငါတရားနာ အပျက်မခံနိုင်ဘူး” ဟု ပြော၍ တရားနာမြဲ နာနေ၏။
ထိုပြောသံကို စုံထောက်လုပ်နေသော သူခိုးကြီး ကြား၍ နံနက်အခါ “ယူမိသမျှ ပြန်ပေး၍ ကန်တော့တောင်းပန် ကြပြီးလျှင် အရှင်သောဏ အထံ၌ ရဟန်းပြုကာ ရဟန္တာဖြစ်ကြလေသည်။
[ကာတိယာနီ၏ တရားနာ လေးနက်ခြင်းကြောင့် ခိုးသူများ ရဟန္တာ ဖြစ်ကြရသည်။]
ဤသို့စသည်ဖြင့် ဘုရားရှင်လက်ထက်တော်၌ သာသနာ့ ဂေဇက်ဝင် ပါရမီရှင်အမျိုးသမီးများ၏ စိတ်ကောင်းထားမှု ကြိုးစားမှုတို့ကြောင့် ဗုဒ္ဓမြတ်စွာ သာသနာတော်သည် အမျိုးသမီးများ နယ်၌ ဂုဏ်သိရ် မငယ်ဘဲ ထည်ထည်ဝါဝါ ရှိရကား မလ္လိကာမိဖုရား စသော မိဖုရားတို့နှင့် ဝိသာခါ စသော သူဌေးကတော် သူကြွယ်ကတော်များပင် ဘုရား တရား နှင့် အရိယာ သံဃာတော်များကို လေးလေးစားစား ကိုးကွယ် ဆည်းကပ်၍ ဗုဒ္ဓမြတ်စွာ သာသနာတော်ကို မိမိတို့ စွမ်းနိုင်ရာဘက်မှ အချက်ကျကျ မြှင့်တင်ခဲ့ကြပေသည်။
ပရိသတ် စုံညီ၍ ပရိနိဗ္ဗာန် စံတော်မူခြင်း
ဗုဒ္ဓမြတ်စွာသည် ဘုရားဖြစ်တော် မူပြီးစကပင် ပရိနိဗ္ဗာန် စံတော်မူပါရန် လျှောက်ထားလာသော မာရ်နတ်ကို “သာသနာ့တာဝန် ဆောင်နိုင်မည့် ပရိသတ်လေးမျိုး မစုံညီသေးသမျှ ပရိနိဗ္ဗာန် စံတော်မူဦးမည် မဟုတ်” ဟု ပယ်မြစ်တော်မူခဲ့၏။ ယခုအခါ တာဝန်ဆောင်မည့် ပရိသတ် လေးမျိုးလည်း ပြည့်စုံ၍ အသက်တော်လည်း ရှစ်ဆယ်ပြည့်နေပြီ ဖြစ်သောကြောင့်သာ ပရိနိဗ္ဗာန် စံတော်မူပါသည်၊ ဤအချက်ကို စဉ်စားလျှင် ဗုဒ္ဓသာသနာတော်ကို ဘိက္ခု၊ ဘိက္ခုနီ၊ ဥပါသကာ၊ ဥပါသိကာ ဟူသော ပရိသတ်လေးပါး တို့ကသာ အမြဲ တာဝန်ဆောင်နိုင်၍ ထိုပရိသတ် လေးပါးတွင် တစ်ပါးပါး လျော့လျှင် တာဝန်ဆောင်အဖွဲ့ လျော့၍ သာသနာတော် အားပျော့ ရပေလိမ့်မည်။
တာဝန်ဆောင် ပုဂ္ဂိုလ်များတွင်လည်း အတော်တော်များများက စိတ်အားလျှော့လိုက်လျှင် သာသနာတော် အားပျော့ရမည်မှာ ဓမ္မတာ (ထုံးစံ) ပင် ဖြစ်သည်၊ ထို့ကြောင့် ရှေး ရှေးက တာဝန်ဆောင် ပုဂ္ဂိုလ်တို့ အားမလျှော့ဘဲ သာသနာ့တာဝန် ထမ်းဆောင်ခဲ့ကြပုံကို ပြပါဦးမည်။
၅။ ရှေးမထေရ်ကြီးများ ကြိုးစားခန်း
ပထမ သံဂါယနာ
ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူရာ ကုသိနာရုံပြည်၌ အရှင်မဟာကဿပသည် ခုနစ်သိန်းသော မထေရ်ကြီးများအား မိန့်တော်မူသည်မှာ “ငါ့ရှင်တို့ .. ပါဝါပြည်မှ ဤကုသိနာရုံပြည်သို့ လာသောအခါ လမ်းခရီး အကြား၌ ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူကြောင်း ကြားရသည်၊ ထိုအခါ ဘုရားကို မဖူးတွေ့ဘူးသော ရဟန်းငယ်အများ ငိုကြသော်လည်း “သုဘဒ္ဒ” တောထွက်ကြီးကား ဝမ်းသာသော မျက်နှာဖြင့် “ငါ့ရှင်တို့... မငိုကြပါနှင့် ရှေးတုန်းက ငါတို့မှာ ရှင်ဂေါတမ၏ အချုပ်အချယ်ကို ခံခဲ့ကြရသည်၊ ယခုတော့ သူ့လက်က လွတ်ကြပေါ့၊ ငါတို့ လုပ်ချင်တာ လုပ်နိုင်၊ မလုပ်ချင်တာ မလုပ်ဘဲ နေနိုင်ကြပြီ” ဟု ပြောပါသည်၊ ငါ့ရှင်တို့ ... အဓမ္မ မထွန်းကားမီ၊ အဓမ္မက ဓမ္မကို မလွှမ်းမိုးမီ၊ အဓမ္မကိုပင် အကောင်းဟု ပြောလေ့ရှိသူတို့ မထွန်းကားမီ၊ ဓမ္မကို အကောင်းဟု ပြောလေ့ရှိသူတို့ အားမသေးမီ၊ ဝိနည်းလမ်း၏ ဆန့်ကျင်ဘက်ကို အကောင်းဟု ပြောလေ့ရှိသူတို့ မထွန်းကားမီ၊ ဝိနည်းကို အကောင်းပြောလေ့ရှိသူတို့ အားမသေးမီ ယခုနှယ်က သံဂါယနာ တင်ကြပါစို့” ဟု ပြော၍ အများသဘောကျ သံဂါယနာတင် မထေရ်များကို ရွေးချယ်ပြီးလျှင် ရာဇဂြိုဟ်မြို့ဝယ် ပထမသံဂါယနာ တင်ခဲ့ပါသည်၊
မှတ်ချက်။ ။ အဓမ္မဟူသည် အကုသိုလ် တရားတည်း၊ ဓမ္မဟူသည် ကုသိုလ်တရားတည်း၊ အဓမ္မကို ပြုဝံ့သူတွေ နေရာတိုင်း၌ လူတွင်ကျယ် ဖြစ်ခြင်း၊ အဓမ္မ ပြုသူကိုပင် ချီးကျူးခြင်း၊ ထိုသူတို့မှာ စီးပွားဥစ္စာ တိုးတက်၍ (ရဟန်းဖြစ်လျှင် ဘုန်းကံ ကြီးမား၍) နောက်လိုက်များခြင်း၊ အဓမ္မပြုဝံ့သည်ကိုပင် အသားယူခြင်းသည် အဓမ္မထွန်းကားခြင်း မည်၏။ ထိုသို့ အဓမ္မ ထွန်းကားသောခေတ်၌ ဓမ္မကို ကျင့်သူ၊ ဓမ္မအတိုင်း ပစ္စည်း ဥစ္စာ ရှာဖွေနေထိုင်သူတို့ ဦးခေါင်း မပြူဝံ့အောင် အောက်ကျ နောက်ကျ ဖြစ်ရခြင်းသည် အဓမ္မက ဓမ္မကို လွှမ်းမိုးရာ ရောက်၏။ ထိုအခါ အဓမ္မဘက်သားတို့ အားကောင်း၍၊ ဓမ္မဘက်သားတို့ အားနည်း ကြရသည်။ ထို့အတူပင် ဝိနည်း ပညတ်တော်ကို အပိုဟုပင် အထင်ရှိနေသူနှင့် ဝိနည်းတော် အတိုင်း မနေသူတို့ အားကောင်းလာသောအခါ ဝိနည်းတော်အတိုင်း နေသူတို့ အရာရာမှာ အရေးပါ အရာ မရောက်ဘဲ အားနည်းကြရသည်။ ယခု ထိုခေတ်သို့ ရောက်လုပြီလော၊ သို့မဟုတ် ရောက်နေပြီလော။
ဒုတိယ သံဂါယနာ
ဒုတိယသံဂါယနာ တင်ခြင်း၏ အကြောင်းရင်းမှာ ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီး၍ အနှစ်တစ်ရာလောက် အကြာတွင် ဝဇ္ဇီတိုင်းသား ရဟန်းတို့ ငွေအလှူခံခြင်းပေတည်း။ [အကျယ်ကို အနာဂါတ်သာသနာရေး ကျမ်းစာ၌ပြခဲ့ပြီ၊] ထိုဒုတိယ သံဂါယနာမတင်မီ ငွေအလှူခံသော ဝဇ္ဇီတိုင်းသား ရဟန်းတို့ကို နှိမ်နှင်းရာ၌ အရှင်ယသ၏ လျှောက်ထားချက်ကြောင့် ရဟန္တာကြီး များပင် ပါဝင်တော်မူကြ၏။ တစ်မြေပြင်လုံး၏ အကြီးဆုံးဖြစ်၍ ရဟန်းဝါတော်ပင် တစ်ရာ့နှစ်ဆယ် ရတော်မူပြီးသော “သဗ္ဗကာမီ” မည်သော ဆရာတော်ကြီးပင် ပါဝင်တော်မူ၏။ ထိုဆရာတော်ကြီးကား အရှင်အာနန္ဒာ၏ တပည့်ကြီးဖြစ်၍ ဘုရားရှင်ကို မှီလိုက်၏။ ဤသို့လျှင် ငွေအလှူခံမှု ကိစ္စအတွက် သံဂါယနာ တင်ရသည်ထိ သက်တော်ကြီး၍ ရဟန္တာဖြစ်ပြီးသော မထေရ်ကြီး အများပင် ကြောင့်ကြစိုက်တော်မူကြပုံကို ယခုအခါ သူတော်စင် အရှင်ကောင်းတို့ လေးလေးနက်နက် စဉ်းစားသင့်ကြပါသည်။
မထေရ်ကြီးများ၏ အမြော်အမြင်
ဒုတိယသံဂါယနာ တင်ပြီးသောအခါ နောင်ရေးနောင်တာကို တွေးတော်မူရာ၊ နောင်အခါ အသောက မဟာရာဇာ၏ လက်ထက်၌ သာသနာတော်ဝယ် ဘေးရန် ပေါ်မည်ကို မြင်တော်မူကြ၏။ ထိုဘေးရန်ကို နှိမ်နင်းမည့် ပုဂ္ဂိုလ်ကို လူ့ပြည်နတ်ရပ်၌ ရှာသောအခါ မတွေ့ကြရဘဲ ဗြဟ္မာ့ပြည်ကိုကြည့်မှ တိဿဗြဟ္မာမင်းကို တွေ့၍ လူ့ပြည်၌ ဖြစ်ကာ သာသနာပြုပါရန် တောင်းပန်ကြလေသည်။ [အကျယ်ကို အနာဂါတ်သာသနာရေး ကျမ်းစာ၌ ရေးခဲ့ပြီ၊] ဤနေရာဝယ် အရှင်မဟာယသ အစ၊ အရှင်သဗ္ဗကာမီ အဆုံးရှိသော ရဟန္တာအရှင်တို့သည် မျက်မှောက် သာသနာ၏ ဘေးရန်ကို နှိမ်နင်းရုံသာမက အနာဂါတ် သာသနာရေးကိုပါ ကြောင့်ကြစိုက်တော်မူကြပုံကို တွေးမိတော်မူကြပါလျှင် ယခုအခါ သာသနာတော် အရေးကို ကိုယ့်အရေး မဟုတ်သလို လျစ်လျူ မရှူသင့်ကြတော့ပါ။
တတိယ သံဂါယနာ
တိဿဗြဟ္မာ စုတေ၍ လူ့ပြည်၌ ဖြစ်ပုံ၊ ရဟန်းပြု၍ ရဟန္တာဖြစ်ပုံ၊ ဓမ္မာသောကမင်း သာသနာ ကြည်ညိုပုံ၊ ညီတော် ရဟန်းပြုပုံ၊ ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင်ကို ပူဇော်သောအားဖြင့် ဓမ္မာသောကမင်း၏ ကျောင်းတိုက်ပေါင်း၊ စေတီပေါင်း ရှစ်သောင်းလေးထောင် တင်ဆောက် လှူဒါန်းပုံ၊ ထိုကျောင်းရေစက်ချ၌ အလွန်သဒ္ဓါဖြစ်၍ အိမ်ရှေ့ မင်းလောင်းဖြစ်သော သားတော် မဟိန္ဒမင်းသားနှင့် သမီးတော် သံဃမိတ္တာတို့ကို ဘိက္ခု၊ ဘိက္ခုနီ ပြုပေးပုံ၊ ပစ္စည်းလေးပါး ပေါများသော သာသနာတွင်းသို့ ပစ္စည်း ရှားပါသော တိတ္ထိတို့ အချောင်ဝင်လာပုံ၊ ထို တိတ္ထိ တို့ကြောင့် တတိယသံဂါယနာ တင်ရပုံ၊ သားတော်အရှင်မဟိဒ္ဓနှင့် သမီးတော်သံဃမိတ္တတို့ ရဟန္တာဖြစ်၍ သီဟိုဠ်ကျွန်း၌ သာသနာပြုပုံကို အနာဂါတ်သာသနာရေး ကျမ်းစာ၌ စုံစုံလင်လင် ရေးသားခဲ့ပါပြီ။
အသောကမင်း၏ ဘာသာသွေး
ဓမ္မာသောကမင်းသည် ဘာသာသွေး အလွန် ထက်သန်လှ၏။ ထိုသို့ ထက်သန်သောကြောင့်ပင် ရှစ်သောင်းလေးထောင် ကျောင်းတိုက် စေတီများကို တည်ဆောက် ပူဇော်ရုံဖြင့် အားမရဘဲ အိမ်ရှေ့မင်းလောင်း သားတော်ကို ရဟန်းပြုပေး နိုင်လောက်အောင် သာသနာတော် ထွန်းကားစေလိုသော သဒ္ဓါ ဆန္ဒ ပြင်းပြလေသည်။
ဗုဒ္ဓဘာသာ ဖြစ်သည်မှစ၍ တိုင်းပြည်ကိုလည်း ဗုဒ္ဓတရားတော်နှင့် အညီ အုပ်ချုပ်၏။ လူနှင့် ဆိုင်သော တရားစာ တစ်ချို့ကိုလည်း ကျောက်စာထွင်း၍ လူမြင်ကွင်းမှာ စိုက်ထူထား၏။ ဗုဒ္ဓဘာသာဝင်ဖြစ်၍ တိုင်းပြည်ကို သိမ်သိမ်မွေ့မွေ့ အုပ်ချုပ်ခါမှသာ တိုင်းပြည် ငြိမ်ဝပ်ပိပြားပါသေးသတဲ့။ ထို ဓမ္မာသောကမင်း၏ သားတော်ဖြစ်သော အရှင်မဟိန္ဒသည် သီဟိုဠ်ကျွန်းသို့ သာသနာပြု ကြွတော်မူသောအခါ ဓမ္မသောက မဟာရာဇာ၏ အကြည်တော် [အဆွေတော်] ဖြစ်သော ဒေဝါနံ ပိယတိဿ မဟာရာဇာသည် ဗုဒ္ဓသာသနာတော်ကို လွယ်ကူစွာ လက်ခံ၍ မကြာမီပင် သီဟိုဠ်တစ်ကျွန်းလုံးကို ဗုဒ္ဓသာသနာ လွှမ်းဖုံးစေပါသည်။ ဤနည်းအားဖြင့် ဓမ္မသောက မဟာရာဇာ၏ ဘာသာသွေးသည် ဒေဝါနံပိယတိဿ မဟာရာဇာသို့ ကူးစက် ပြန့်ပွားခဲ့လေသည်။
ဒုဋ္ဌဂါမဏိမင်း၏ ဘာသာသွေး
အရှင်မဟိန္ဒ၏ ကြိုးစားမှုကြောင့် သီဟိုဠ်ကျွန်း၌ သာသနာတော် ခိုင်မြဲသောအခါ ကျွန်းသူ ကျွန်းသားနှင့် ဘုရင် မိဖုရားတို့သည် ဘာသာသွေး ထက်သန်ကြ၏။ ဒုဋ္ဌဂါမဏိမင်းကား ထူးထူးခြားခြား ဘာသာသွေး များသော မင်းပေတည်း။ သာသနာတော်ကို အန္တရာယ်ပြုမည့် ကျေးကုလား တို့ကို နှိမ်နင်းဖို့ စစ်တိုက် ထွက်ရာ၌ပင် ရဟန်းတော်များကို ပင့်၍ သွား၏။ ထိုမင်းသည် စစ်တိုက် ထွက်ခါနီး၌ အောက်ပါအတိုင်း အဓိဋ္ဌာန်ပြုလေ့ရှိ၏၊
“ငါ့တွက်များမြောက်၊ ချမ်းသာရောက်ဖို့၊ ခုလောက် ကြိုးကုတ်၊ အားမထုတ်ဘူး။
ဗုဒ္ဓမြတ်စွာ၊ သာသနာ၏၊ ရှည်ကြာအဓွန့်၊ ရောင်လျှံကွန့်ဖို့၊ စွန့်စွန့်စားစား၊ ငါကြိုးစားသည်... စိတ်ထား ငါ့မှာ အမြဲတည်း။”
ဆိုလိုရင်းမှာ “ငါချမ်းသာဖို့ အကျိုးငှါ စစ်တိုက်ခြင်းဖြင့် ယခုလို အပင်ပန်းခံသည် မဟုတ်၊ ဗုဒ္ဓမြတ်စွာ၏ သာသနာတော် တာရှည်စွာ တည်နိုင်ဖို့ အကျိုးငှါသာ ဗုဒ္ဓဘာသာကို အန္တရာယ် ပြုမည့် ရန်သူများကို နှိမ်နင်းရပါသည်” ဟု ဆိုလိုသည်။ ထိုမင်းသည်ပင် စုတေခါနီး၌ စစ်တိုက်စဉ်က အလွန် အားကိုးရသော ထိုအချိန်မှာ ရဟန်းပြု၍ ရဟန္တာဖြစ်သော အဘယ မထေရ်၏ တရားကို နာယူရင်း စုတေ၍ တုသိတာ နတ်ပြည်၌ ဖြစ်လေသည်။
၆။ မြန်မာနိုင်ငံရှေ့ပိုင်း သာသနာခန်း
အရှင်အရဟံနှင့် အနော်ရထာ
အိန္ဒိယ-သီဟိုဠ်ဝယ် ရှေးရှေး ရဟန္တာ အရှင်မြတ်များနှင့် ရှေးရှေး သာသနာပြုမင်း အများတို့ သာသနာရေး ဘာသာသွေးကို နွှေးခဲ့ကြသကဲ့သို့ မြန်မာနိုင်ငံ ရဟန်းတော် အရှင်မြတ်များနှင့် မင်းတရားတို့လည်း ဘာသာသွေး မအေးခဲ့ကြပါ။ အရှင်အရဟံနှင့် အနော်ရထာမင်း တို့သည် ယုတ်မာညစ်ညမ်းသော အရည်ကြီးခေါ် ရဟန်းအတု များကို အတင်း ပြုပြင်ခဲ့ကြပါသည်၊ ဆက်ပါဦးမည် -
အစစ်အမှန်ကို အကြောင်းပြု၍ အတုအပ အယောင်အဆောင်များ ရှိနေခြင်းမှာ ထုံးစံ ဓမ္မတာလို ဖြစ်နေ၏။ ဥပမာ - ရွှေအစစ် စိန်အစစ်၏ အဖိုးတန်မှုကို အကြောင်း ပြု၍ ရွှေအတု စိန်အတုများ ပေါ်ပေါက်လာသကဲ့သို့တည်း။ အစစ်နှင့် အတုနှစ်မျိုး ရှိပြန်လျှင် အသိဉာဏ်ရှိသူ သို့မဟုတ် ကံကောင်းသူတို့သာ အစစ်ကို သုံးစွဲရ၍ ဉာဏ်မရှိ - ကံမရှိသူတို့မှာ အတုကိုသာ သုံးစွဲရလေသည်။
ဤသာသနာရေး၌လည်း ရှေးရှေးပင် အစစ်နှင့်အတု ဒွန်တွဲကာ ဉာဏ်ရှိသူ ကံရှိသူတို့သည် အစစ်ဘက်မှာ ပါဝင်၍ ဉာဏ်မရှိသူ ကံမရှိသူတို့ကား အတုဘက်၌ ရောက်ရှိနေကြလေသည်၊ ထို့ကြောင့် အရှင်အရဟံနှင့် အနော်ရထာ မင်းတရားတို့ အရည်ကြီးများကို မနှိမ်နင်းရသေးမီ အချိန်က ဉာဏ်မရှိသော/ ဉာဏ်ရှိသော်လည်း ကံမရှိသော တိုင်းသူ ပြည်သားတို့သည် အရည်ကြီးတို့ ဟောပြောသမျှကို သဘောကျကျ/ မကျကျ လိုက်နာ၍ နေခဲ့ကြရလေသည်။ ဘုန်းကံလည်း ရှိ၊ ဉာဏ်လည်း ရှိသော အနော်ရထာမင်း လက်ထက်ကျမှ အရှင်အရဟံ ကြွလာ၍ သာသနာ အစစ်အမှန်ကို သိသဖြင့် ယုတ်မာ ညစ်ညမ်း ဆိုးသွမ်းသော အရည်ကြီးတို့ကို ဖယ်ရှားလျှက် အစစ်အမှန် သာသနာကို ကိုးကွယ်ကြရသည်။
မြန်မာဆရာ ဒကာများ
ပုဂံခေတ်မှ စ၍ ကောင်းမွန်လာသော မြန်မာနိုင်ငံ သာသနာတော်သည် သာသနာ့ဝန်ဆောင် ဆရာတော်များနှင့် သာသနာပြုမင်း မှူးမတ်မှစ၍ ရပ်သူရွာသား ဒါယကာ ဒါယိကာမများ တိုင်အောင် အရှိန် မပျက်ခဲ့ပါ၊ အလွန် သဒ္ဓါတရား ကောင်းသော မင်းတုန်းမင်း၏ လက်ထက်မှာမူ ပရိယတ်(စာပေ သင်ကြား ပို့ချမှု) ဘက်က တိုးတက်၍ လာသကဲ့သို့ ထင်ရ၏။
မင်းတုန်းမင်းတရားသည် သာသနာတော်သို့ ကြာရှည်စွာ တည်စေလိုသဖြင့် ပိဋက ပါဠိတော်များကို ကျောက်ပြား၌ ထွင်းကာ ပဉ္စမ သံဂါယနာကိုပင် တင်ပါသေးသည်။ ပဋိပတ်(အကျင့်အကြံ) ဘက်၌လည်း ဉာဏ်မီသမျှ အားပေးခဲ့ပါသည်၊ ဓမ္မဝိနယ ပြန်တမ်း ထုတ်၍ “ရဟန်း သာမဏေတို့ ပွဲမကြည့်ရ၊ ဈေးမဝယ်ရ၊ ပိုက်ဆံ မကိုင်ရ” စသည်ဖြင့် ထိုခေတ်အလိုက် အမြင်မတော်မှုများကိုလည်း အတင်းအကြပ် နှိပ်ကွပ် တားမြစ်ခဲ့ပါသည်။
သာသနာပြုမင်း ကင်းဝေးချိန်
မြန်မာတစ်ပြည်လုံး အင်္ဂလိပ် လက်အောက်ရောက်သွားသောအခါ၌လည်း မြန်မာဆရာတော်ကြီးများနှင့် မှူးကြီး မတ်ကြီး လူကြီးလူကောင်းတို့ တိုင်ပင်၍ သာသနာရေးကို ထိမ်းသိမ်းကြပါသည်။ ယခု တွေ့မြင်ရသော အစိုးရ ပထမပြန် သကျသီဟ စာပြန်ပွဲတို့သည် ထိုဆရာတော် ထိုလူကြီး လူကောင်းတို့ စတည်ထောင်ခဲ့ကြသော ကောင်းမှုများ ဖြစ်ကြပါသည်၊ ထိုသို့ ဆရာတော်များနှင့် လူကြီးလူကောင်းတို့ ဇာတိသွေး ဘာသာသွေး ထက်သန်ခြင်းကြောင့် ဒုတိယ ကမ္ဘာစစ် မတိုင်မီ ကာလ၌ အင်္ဂလိပ် လက်အောက်မှာ နေကြရသော်လည်း အမျိုးသားများသည် ဘာသာခြား အတုလိုက်မှု နည်းပါး၍ အမျိုးသမီးများသည် လူမျိုးခြားနှင့်လက်ထပ်မှု နည်းပါးခဲ့သေး၏။
သာသနာတော်သည် အတော် ဣန္ဒြေရပါသေး၏။ ဤသို့ မြန်မာနိုင်ငံက အစစအရာရာဝယ် အကျင့်စာရိတ္တ အပျက်အစီး နည်းပါးကြောင်းမှာလည်း သူတစ်ပါးလက်အောက်၌ နေရသော နိုင်ငံချင်းယှဉ်၍ ကြည့်မှ သိသာပါသည်၊ အချို့နိုင်ငံ၌ တိုင်းရင်းသား အယူအဆနှင့် ဘာသာရေးများ ကွယ်လုမတတ် ရှိ၍ အချို့နိုင်ငံ၌ကား ကွယ်ပျောက်သလောက်ပင် ရှိကြလေပြီ။
[ဘုန်းတော်ကြီးကျောင်း ပညာသင်ရေး မော်ကွန်း စာအုပ်မှ အောက်ပါအချက်များကို ထုတ်ပြလို ပါသည်။]
ဆာအာသာဖယ်ရာနှင့် ဘုန်းတော်ကြီးကျောင်း
ဗြိတိသျှအစိုးရသည် အောက်မြန်မာပြည်ကို သိမ်းယူပြီးနောက် မြန်မာသက္ကရာဇ် (၁၂၂၅-၂၆) ခုနှစ်၌ မဟာဝန်ရှင်တော်မင်းကြီး ဖြစ်သော ဆာအာသာဖယ်ရာသည် ဘုန်းတော်ကြီးကျောင်းများ၌ ကျောင်းဝိုင်း ကျယ်ပြန့်ပုံ၊ အဆောက်အဦး ကောင်းပုံ တို့ကိုလည်းကောင်း၊ ဆရာဘုန်းတော်ကြီး များ၏ ဩဇာရှိပုံကိုလည်းကောင်း ဘုန်းတော်ကြီးကျောင်းများ၌ သင်ရိုးပညာများ၏ အကျင့်စာရိတ္တ ကောင်းစေနိုင်ပုံ ကိုလည်းကောင်း သိမြင်လေသည်။ ထိုသို့ သူမြင်သည် အားလျော်စွာ -
- တိုင်းရင်းသားဘာသာ ပညာသင်ကြားရေးအတွက် ဘုန်းတော်ကြီး ကျောင်းကိုသာ အားကိုး ထိုက်ကြောင်း၊
- ထိုဘုန်းတော်ကြီးများက ဗုဒ္ဓဘာသာ သင်ခန်းစာအပြင် လောကီ၌ အသုံးဝင်မည့် သင်ခန်းစာ များကိုလည်း တွဲဖက်ပို့ချပါရန် တောင်းပန် လျှောက်ထားသင့်ကြောင်း၊
- ထိုသို့လျှောက်ထားရာ၌လည်း ဖြစ်မြောက်နိုင်လောက်သော အကြံဉာဏ်များဖြင့် မြော်မြင် နှိုင်းဆ၍ လျှောက်ထားရန်လိုကြောင်း၊
- လိုရာစာအုပ်များကို ဘုန်းတော်ကြီးများအား လှူဒါန်းရမည် ဖြစ်ကြောင်း၊
- မြို့ငယ်များနှင့် ရွာများတွင်လည်း အိမ်ကျောင်းများ ဖွင့်လှစ်ခဲ့သော် ဘုန်းတော်ကြီး ကျောင်းများနှင့် အပြိုင်အဆိုင် ပြုရာရောက်မည် ဖြစ်၍ အိမ်ကျောင်းများ မဖွင့်သင့်ကြောင်းကို ညွှန်ကြားခဲ့ဖူးလေသည်။
[လူဝတ်ကြောင် ဆရာ၏ စာသင်ကျောင်းကို (အိမ်ကျောင်း) ဟုခေါ် ထားသည်။]
ဘုန်းတော်ကြီး စာသင်ကျောင်းများ
ထိုညွှန်ကြားချက်အတိုင်း အစိုးရအမှုထမ်းတို့၏ လျှောက်ထားချက်ကြောင့် မြန်မာသက္ကရာဇ် (၁၂၂၉) ခုနှစ်တွင် အစိုးရ အသိအမှတ် ပြုအပ်သော ဘုန်းတော်ကြီးကျောင်း (၃၁) ကျောင်း စတည်မိ၍ (၁၉) နှစ်လောက်ကြာသော် (၁၂၄၈) ခုနှစ်၌ ဘုန်းတော်ကြီးကျောင်းပေါင်း (၃၉၇၅) ကျောင်းအထိ အောက်နိုင်ငံ၌ တည်ရှိခဲ့လေသည်။ အထက်မြန်မာနိုင်ငံကို သိမ်းယူပြီးနောက်၌ လည်း ထိုညွှန်ကြားချက်အတိုင်း ကြိုးစား ဆောင်ရွက်ကြလေရာ (၁၂၅၈) ခုနှစ်၌ အစိုးရ အသိ အမှတ် ပြုအပ်သော ဘုန်းတော်ကြီးကျောင်းပေါင်း အထက်နိုင်ငံ၌ (၂၈၉၈) ကျောင်း ရှိလေသည်၊ [အထက်အောက်နှစ်ရပ်ပေါင်းလျှင် (၆၈၇၃) ကျောင်းဖြစ်၏]။
သို့ရာတွင် ထိုနှစ်များ၏ နောက်၌ကား အသိအမှတ် ပြုအပ်သော ဘုန်းတော်ကြီး စာသင်ကျောင်းများ ယုတ်လျော့၍ လာခဲ့လေရာ (၁၂၇၈) ခုနှစ်၌ အထက်အောက် နှစ်ရပ်ပေါင်းမှ ဘုန်းတော်ကြီး စာသင်ကျောင်း (၃၀၉၁) ကျောင်းသာ ရှိတော့သည်။
အိမ်စာသင်ကျောင်းများ
မြန်မာပြည် အစိုးရမင်းတို့သည် တိုင်းရင်းဘာသာ ပညာရေးအတွက် ဘုန်းတော်ကြီး ကျောင်းများ ကို အားကိုးသော်လည်း မှန်းတိုင်းမပေါက် ခရီးမရောက်သောအခါ ဘုန်းတော်ကြီးကျောင်းများကို အားပေးမှု လက်မလွှတ်စေဘဲ အိမ်ကျောင်းများကိုလည်း အားပေးခဲ့ရလေတော့သည်။ ထို့ကြောင့် မြန်မာသက္ကရဇ် (၁၂၃၀) ခုနှစ်အတွင်း၌ အိမ်ကျောင်းအလျဉ်း မရှိခဲ့သော်လည်း နှစ်ပေါင်း (၄၀) ခန့်လောက် ကျော်လွန်ရာ (၁၂၇၈) ခုနှစ်မှာ အိမ်ကျောင်းပေါင်း (၃၆၇၀) အထိ ရှိလာလေသည်၊ [ထိုနှစ်၌ ဘုန်းတော်ကြီး ကျောင်းထက် အိမ်ကျောင်းက အနည်းငယ် ပိုလွန်လာလေသည်။]
ကျောင်းအရေအတွက် အားဖြင့် အိမ်ကျောင်းက အနည်းငယ်သာ ပိုလွန်သော်လည်း ကျောင်းသား အရေအတွက်မှာ အိမ်ကျောင်း၌ ကျောင်းသားပေါင်း နှစ်သိန်းခွဲခန့် ရှိ၍ ဘုန်းတော်ကြီး စာသင်ကျောင်းများ၌ ကျောင်းသားပေါင်း တစ်သိန်းကျော်မျှသာ ရှိရတော့ကား ကျောင်းသား အရေအတွက်ချင်း များစွာ ကွာခြားလေသည်။
[ဤကား ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားရေး မော်ကွန်းစာအုပ်မှ ထုတ်ယူဖော်ပြချက်တည်း။]
စဉ်းစားဖွယ်
မြန်မာနိုင်ငံဝယ် အထက်အောက် ဒေသနှစ်ရပ်၌ အစိုးရ အသိမှတ် ပြုအပ်သော ဘုန်းတော်ကြီး စာသင်ကျောင်း (၆၈၇၃) ကျောင်း ရှိခဲ့ဖူးပါလျှက် ယခုအခါ ထိုကျောင်း အများအပြားပင် ကွယ်ပျောက်သွားရာ၌ များစွာ စဉ်းစားဖွယ်ရှိသည်ကား -
- ဘုန်းတော်ကြီးကျောင်းများသည် ကျောင်းအုပ်အဖြစ်ဖြင့် ကျောင်းကို အုပ်ချုပ်ရုံသာ အုပ်ချုပ်၍ သင်ပြသော ဆရာတို့က လူဝတ်ကြောင်များ ဖြစ်သောကြောင့် အတော်ကြာလျှင် ဘုန်းကြီးဩဇာ မရှိသဖြင့် ကျောင်းပျက်ရလေသလော။
- ဘုန်းတော်ကြီးသည် ကျောင်းအုပ်ချုပ်ခကို ယူထားသော်လည်း အစိုးရ၏ စည်းကမ်း ဥပဒေ အတိုင်း လိုက်နာဖို့ရန် ခဲယဉ်းသောကြောင့် ကျောင်းပျက်ရလေသလော။
- ဘုန်းတော်ကြီးနှင့် ပညာအုပ်များ ဆက်ဆံရာဝယ် သဘာဝအားဖြင့် ဘုန်းကြီးက အထက်က နေရသော်လည်း ဥပဒေအရ ပညာအုပ်၏အောက် ကျနေသဖြင့် ဆက်ဆံရေး အဆင်မပြေသောကြောင့် ကျောင်းပျက်ရလေသလော။
- တစ်ခါတစ်ရံ ဗုဒ္ဓဘာသာ မဟုတ်သော ပညာအုပ်သည် ဘုန်းကြီးကျောင်းသို့ ရောက်သော အခါ သွားလာ နေထိုင် ပြောဆို လျှောက်ထားမှုမှ စ၍ အဆင်မပြေဖွယ် ကိစ္စတွေ ရှိနိုင်ရကား ထိုအကြောင်းလည်း ကျောင်းပျက်ရခြင်း၏ အကြောင်းတစ်ပါး ဖြစ်လေသလော။
- အစိုးရလခကို ယူ၍ အုပ်ချုပ်သော ကျောင်းအုပ် ဘုန်းတော်ကြီးများကို များစွာသော အခြား ဘုန်းကြီးများနှင့် အချို့သော လူကြီးတို့က အထင်သေး အမြင်သေး ဖြစ်ခြင်းကြောင့် တစ်စတစ်စနှင့် ကျောင်းပျက်ရလေသလော။
ဤသို့ စသောအားဖြင့် စဉ်းစားဖွယ်တွေ များစွာ ရှိနေပါသည်။ ထို့ပြင် - ဘုန်းတော်ကြီးက ကျောင်းကို အုပ်ချုပ်ရုံသာ အုပ်ချုပ်၍ လူဝတ်ကျောင် ဆရာတို့က အတန်းစာကို သင်ပြလျှင် “ထိုကျောင်းသားများသည် ဘုန်းကြီးထက် အတန်းဆရာကို ပို၍ မလေးစားပေဘူးလား” ဟု စဉ်းစားဖွယ် ရှိပြန်၏။
[ယခုအခါ သာသနာဘက်၌ စာမပို့ချနိုင်သော သံဃာများကို ဆွမ်း သင်္ကန်း ဝေငှနိုင် လောက်အောင် ဘုန်းကံလည်းမရှိ၊ ရှိစေကာမူ ဝေငှလေ့ မရှိသော ကျောင်းထိုင် တိုက်အုပ် တိုက်ကြပ် ပုဂ္ဂိုလ်များသည် ထိုကျောင်းမှာ ထိုတိုက်မှာ စာချနေသော ဘုန်းကြီးများလောက် ဩဇာမရှိပါ၊ စာသင်သားတို့က စာမပို့ချသော ထိုတိုက်အုပ် စသည်ကို “ဆရာ” ဟု အသိမှတ် မပြုကြပါ။]
ထို့ပြင် ဘုန်းကြီးက ကျောင်းအုပ်ဖြစ်၍ လူဝတ်ကျောင် ဆရာတို့က အတန်းစာကို ပြလျက် ကြီးပွားနေရစ်သေးသော ကျန်သမျှ ကျောင်းများ၌ သာသနာ့ အညွန့်အတက် ရဟန်းငယ် မည်မျှထွက်သနည်း ဟု ပြဿနာတစ်ခု ပေါ်ထိုက်ပါသည်။ အကယ်၍ သာသနာ့ အညွန့်အတက် မထွက်ဘဲ လူဝတ်ကြောင် အဆက်ဆက်သာ ထွက်နေပါလျှင် ထိုကျောင်းသည် လောကီ လူဝတ်ကြောင်များ အုပ်ချုပ်သော ကျောင်းထက် ဘာသာရေးဘက်၌ အကြားအမြင် များရုံမှတစ်ပါး ထူးခြားသော အကျိုး မထင်ပါ။ လူဝတ်ကြောင် တပည့် အဆက်ဆက် ဗုဒ္ဓဘာသာဝင်တွေ ဖြစ်သောကြောင့် အကျိုး များတန်သလောက် များသော်လည်း ကျောင်းကို ဆက်၍ အုပ်ချုပ်နိုင်သော သာသနာ့ အညွန့်အတက် ရဟန်းများ မပေါ်ထွက်လာလျှင် ထိုကျောင်းသည် ဘုန်းကြီးကျောင်းအဖြစ်မှ ရွေ့လျော ပျောက်ကွယ်ရမည် မဟုတ်ပါလော။
(ယခုအခါ ဘုန်းကြီး ကျောင်းများ၏ ကျောင်းအတွင်း၌ လူဝတ်ကြောင် ဆရာများ သင်ပြမည့် မူလတန်းကျောင်းကို လိုလားသော ပုဂ္ဂိုလ်များသည် အစိုးရ အသိအမှတ် ပြုအပ်သော ကျောင်းပေါင်း ခြောက်ထောင် ကျော် ပျက်ခဲ့ရပုံကို စဉ်းစားသင့်ကြပါသည်။)
ရှေးရိုးကျောင်းများ
မိမိတို့ မမွေးခင် ရှေးယခင်က အစိုးရ အထောက်အပံ့ မခံသော ရှေးရိုး ဘုန်းတော်ကြီး ကျောင်းများလည်း ရှိ၏။ ထိုကျောင်းများဝယ် များစွာသော ဘုန်းတော်ကြီးတို့သည် အနေအထိုင်အားဖြင့် ကြည်ညိုစရာ ကောင်း၍ ကျောင်းသားသူငယ်များကိုလည်း မင်္ဂလသုတ် စသော လိမ္မာယဉ်ကျေးဖွယ်ရာ ဘာသာရေး စာပေများနှင့်တကွ ထိုအချိန်က အသုံးဝင်မည့် လောကီ ရေးရာ ဂဏန်းသင်္ချာများဖြင့် လက်ရေး လက်သား သတ်ပုံ သတ်ညွန်းများကိုလည်း သင်ပြတော်မူကြ၏။ အနေအထိုင် အပြောအဆိုမှ စ၍ ယဉ်ကျေးစေနိုင်သော ဆုံးမစာကိုလည်း စာတွေ့လက်တွေ့ သင်ပေးတော်မူကြ၏။
ထို့ကြောင့် ဘုန်းကြီးကျောင်းမှ ထွက်သော ရှင်လူထွက်တို့သည် လူ့လောကတွင် လူရာဝင်ခဲ့ကြလေသည်၊ လူရာဝင်သောကြောင့်လည်း ဆရာ ဘုန်းတော်ကြီးကို ကျေးဇူးတင်ကာ “အာစရိယဂုဏော အနန္တော” ဟု စိတ်စောလျှက် အိမ်ထောင်ကျသည့်တိုင်အောင် မိဘထက်ပင် ဆရာ ဘုန်းတော်ကြီးကို ရိုသေလေးစားကြသည်၊ ဆရာဘုန်းတော်ကြီးက ခေါ်၍ ဆုံးမသောအခါ အများအားဖြင့် နားထောင်ကြသည်၊ ထိုခေတ်က ထိုဘုန်းတော်ကြီးများ၏ ကျောင်းသည် ရွာဦး ရွာထိပ်၌ ရေတွင်း သို့မဟုတ် ရေကန် သစ်ပင် အုပ်အုပ်ဆိုင်းဆိုင်း ညိုညိုမှိုင်းမှိုင်းနှင့် ရွာသားကလေးများ၏ လိမ္မာရေး ပညာရေး ကျန်းမာရေးကို ရရှိစေရာလည်းဖြစ်၊ ရွာသူရွာသားတို့၏ လောကဓမ္မဆိုင်ရာ အသိပညာ အလိမ္မာ တိုးပွားစရာလည်း ဖြစ်သော ရွာ့ကျက်သရေဆောင် ဌာနကြီး ဖြစ်ပါပေသည်။
သာသနာ ဆက်ဆံခဲ့ကြပုံ
ရှေးရှေးကသော် ကျေးရွာကျောင်းတစ်ကျောင်း၌ ကျောင်းသား (၅၀) ခန့် ရှိလျှင် အရွယ်ရောက်လာသူတိုင်း ရှင်သာမဏေ တက်၍ အတော်ကြာမှ လူထွက်ကြသဖြင့် သူ့ခေတ်အလိုက် အလိမ္မာ စာတတ်သူလည်း မနည်းခဲ့ပါ။ ဉာဏ်ထက်သူ ဖြစ်၍ ဇာတ်ကြီးဆယ်ဖွဲ့ စသော တရားစာများ တိုင်အောင် သင်အံကျက်မှတ်ရသူ တစ်ချို့ကား ထိုဇာတ်ကြောင်းများကို အားကျ၍ တချို့မှာ ရဟန်းဘဝအထိ ဆက်လက်နေကြသည်။ ကျောင်းသား (၅၀) ခန့်မှ လေးငါးယောက်လောက်က ရဟန်းဖြစ်၍ သာသနာ့ဝန်ကို ထမ်းဆောင်သောအခါ လေးငါးယောက်လောက် ကျောင်းသားဟောင်းများသည် သာသနာ့ ဒါယကာများ အဖြစ်ဖြင့် ဆွမ်း သင်္ကန်း ကျောင်းများကို တာဝန်ယူကြ၏၊ မိမိတို့ သားများကိုလည်း မိမိတို့ နေခဲ့သော ကျောင်းမှာပင် ဆက်လက် ပညာသင်စေခဲ့ကြ၏။ ဤနည်းအားဖြင့် မြန်မာနိုင်ငံသို့ ရောက်လာသော သာသနာကို မြန်မာဒကာ မြန်မာ ဆရာတို့ အဆက်ဆက် ဆောင်ယူလာခဲ့ကြပါသည်၊ ထိုကျောင်းများသည် ယခုအချိန်တိုင်အောင် မယုတ်လျှော့ဘဲ တည်ရှိနေပါသေးမူ ခေတ်အလိုက် ပြုပြင်ပြောင်းလဲကာ နိုင်ငံတော်၌ စရိတ် ကျဉ်းကျဉ်းနှင့် အကျိုးအများဆုံး ဌာနအဖြစ်ဖြင့် ရွာအသီးသီးမှာ တည်တံ့နိုင်စရာ မရှိပါလော။
လောက၏ ဖြစ်တတ်သောသဘော
ဤလောက၏ သဘောကို စဉ်းစားသောအခါ ဖြစ်တတ်သော သဘော တစ်မျိုးကို တွေ့ရ၏၊ ထိုသဘောကား နေသာထိုင်သာ ရှိကြသောအခါ သို့မဟုတ် အထက်တန်းသို့ ရောက်သောအခါ ရှေ့သို့ တိုးတက်ဖို့ရန် ကြိုးစားချင်စိတ် မရှိသော သဘော၊ အေးအေးဆေးဆေး နေလိုသော သဘော၊ စည်းစိမ်ခံချင်သော သဘောတည်း၊ ထိုသဘောမျိုး ဖြစ်သောအခါ နေသာထိုင်သာ သဘောမှ လျှောကျ၍ မနေသာ မထိုင်သာ ဖြစ်သွားတတ်၏၊ မှန်၏ - အသင်္ခတနိဗ္ဗာန ဓာတ်မှ တစ်ပါး ဘယ်အရာမျှ ခိုင်မြဲတည်တံ့သော သဘော မရှိ၊ ပျက်၍ ပျက်၍ နေ၏၊ ထိုပျက်သမျှကို အစားထိုးမိအောင် အမြဲကြိုးစား၍ နေရ၏၊ မကြိုးစားလျှင် ပျက်သမျှကို အစားမထိုးနိုင်ဘဲ အပျက်က လွှမ်းမိုးသွားမြဲ ဖြစ်လေသည်။
ဘုန်းကြီးတို့ အမျိုး
ဘုန်းကြီးတို့ အမျိုးတွင် ဘုန်းကြီး၏ နှစ်ဖက်သော အဘိုးများသည် ရောက်ရှိသော အဆင့်အတန်းတွင် အေးအေးဆေးဆေး နေတတ်သူများ ဖြစ်ကြ၏၊ ဘုန်းကြီး မှတ်မိသမျှ ပင်ပင်ပန်းပန်း အလုပ်လုပ်သည်ကို မတွေ့ရဖူးချေ၊ ရရှိသော လယ်စုယာစုဖြင့်သာ ထိုက်တန်သလောက် လှူဒါန်း ပေးကမ်း၍ ချမ်းသာစွာ နေသွားကြလေသည်၊ ထိုအနေမျိုး နေသွားကြသော ဦးကြီး ဘကြီး စသူတို့လည်း ရှိ၏၊ သူတို့၏ သားသမီးများလည်း အများအားဖြင့် အေးဆေးကြ၏၊ ထူးထူးထွေထွေလည်း အလုပ်လုပ်တတ်ကြဟန် မတူ၊ ဝမ်းကွဲတော်စပ်ကြသော ဆွေမျိုး တစ်ချို့ကား ရရှိသော လယ်စု ယာစုအပြင် တင်ကြို၍ ငွေပေးဝယ်ထားသော စပါးလည်း များစွာရှိ၏၊ ငွေတိုး ကြေးတိုးလည်း ပေးကြ၏၊ သူတို့သားသမီး အများစုလည်း ထိုမိဘ ခြေရာအတိုင်း လိုက်ကြ၏၊ နောင် သားစဉ်မြေးဆက် ရောက်လာသောအခါ အဘိုးရင်းများ၏ သားသမီး မြေးများသည် (အနည်ငယ်မှ တစ်ပါး) ဘိုးဘွားတို့၏ အဆင့်အတန်းကို မမှီတော့ပေ၊ ဝမ်းကွဲဆွေမျိုးများ၏ သားစဉ်မြေးဆက်ကား မိဘ၏ အဆင့်အတန်းကိုပင် (ခေတ်အလိုက်) လွန်တက်သွားဟန် တူပါသည်။ မြန်မာပြည် ရပ်တိုင်း ရွာတိုင်းလည်း ဤအတိုင်း အေးအေးဆေးဆေး နေတတ်သူတို့ အစဉ်အဆက် တန်းလျှော၍ ဉာဏ်လည်းရှိ ဝီရိယလည်း ရှိသူတို့သာ အဆင့်ဆင့် မြင့်တတ်သွား ကြပါသည်။
တိုင်းပြည်များ
နိုင်ငံ၏ အစိတ်အပိုင်းသာမက မြန်မာနိုင်ငံလည်း ကံ ဉာဏ် ဝီရိယ ရှိကြသော အနော်ရထာ ဘုရင့်နောင် ဦးအောင်ဇေယျတို့ လက်ထက်က နယ်နိမိတ်မှာ ကျယ်ပြန့်ခဲ့ပါလျက် ဘုန်းကံနည်း ဉာဏ်နည်း ဝီရိယနည်းသော မင်းမှူးမတ်တို့ လက်ထက်၌ နယ်နိမိတ် ကျဉ်း၍ ကျဉ်း၍ လာခဲ့ရာမှ နောက်ဆုံးဝယ် လုံးလုံးကြီး ကျွန်သဘောက်ဘဝသို့ တစ်မျိုးလုံး ရောက်ခဲ့ရသည် မဟုတ်ပါလော။ မိမိတို့ မြန်မာနိုင်သာမက အခြားနိုင်ငံများလည်း (အိန္ဒိယနိုင်ငံကြီးသော်မှလည်း) ဉာဏ်ပညာ အမြော်အမြင်နှင့် လုံ့လဝီရိယ နည်းပါးမှုကြောင့် အသီးသီး ကျွန်သဘောက် ဖြစ်ခဲ့ကြဖူးလေပြီ၊ ယခုလည်း အချို့နိုင်ငံကြီးတွေသည် တစ်ချိန်က စည်းစိမ်ရစ်မှု ဝီရိယနည်းပါးမှုကြောင့် ထိပ်တန်း အဆင့်မှ လျှောကျစ ပြုနေလေပြီ၊ အမြော်အမြင်နှင့် လုံ့လ ဝီရိယ ကြီးမားသော တိုင်းပြည်ကြီးများသည် ထိပ်တန်းသို့ လှမ်းနေ၍ ရောက်လည်း ရောက်နေကြလေပြီ။ ဤသို့လျှင် ဉာဏ် အမြော်အမြင်နှင့် လုံ့လ ဝီရိယ ရှိခြင်း/ မရှိခြင်းကြောင့် လူတစ်ယောက် လူတစ်မျိုးမှ စ၍ တိုင်းကြီး ပြည်ကြီးများ တိုင်အောင် အကျိုးမဲ့ /အကျိုးရှိ ကွဲပြားပုံကို သတိပြုပြီးလျှင် ဤသာသနာ့ အရေး မှာလည်း (ပေါ့ပေါ့ဆဆနှင့် အေးအေးဆေးဆေး နေခဲ့မှုကြောင့်) လျှောကျရပုံကို တွေးမိကြစေ လိုပါသည်၊ ဓမ္မပဒပါဠိတော်၌ကား ထိုကဲ့သို့ ဖြစ်တတ်ပုံကို သံသရာခရီးအတွက် ဘုရားရှင် မိန့်တော်မူထားသော တရားတော်ကို တွေ့ရ၏၊ ထိုတရားတော်သည် လောကီကြီးပွားရေး ဆုတ်ယုတ်ရေးနှင့်လည်း သက်ဆိုင်ပါသည်။
အပ္ပမတ္တောပမတ္တေသု၊ သုတ္တေသု ဗဟုဇာဂရော။
အဗလဿံဝ သီဃဿော၊ ဟိတွာ ယာတိ သုမေဓသော။
လူအများသည် မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ အေးစက်စက် နေထိုင်ကြစဉ် မမေ့မလျော့ မပေါ့မဆနှင့် ထထကြွကြွနှင့် အမြော်အမြင် ပညာရှိသူ လူအနည်းငယ်သည် ထို မေ့လျော့ပေါ့ဆသူများကို စီးပွားရေး တရားရေးအားဖြင့် လွန်တက်သွား၏၊ လူအများသည် ပေါ့ပေါ့ဆဆနှင့် အိပ်ပျော်၍ နေကြစဉ် နိုးကြား ထကြွ လုံ့လ ဝီရိယ များစွာရှိ၍ အမြော်အမြင် ပညာရှိသူ လူအနည်းငယ်သည် ထို အအိပ်များသူ အပျင်းအားကြီးသူ လူအပေါင်းကို စီးပွားရေး ပညာရေးအားဖြင့် လွန်တတ်သွား၏၊ ဥပမာ- အားအင်မဲ့၍ ချိနဲ့သော မြင်းအိုကို လျင်မြန် သွက်လက်၍ အားအင်ပြည့်သော မြင်းအာဇာနည် လွန်တက်သွားသကဲ့သို့တည်း။
၇။ မြန်မာနိုင်ငံ နောက်ပိုင်းသာသနာ
ဘုန်းတော်ကြီး ကျောင်းများ နိမ့်ကျခဲ့ရပုံ
လောက၌ ဖြစ်တတ်သော သဘောကို ရေးသားခြင်းမှာ ဘုန်းတော်ကြီးကျောင်းများ နိမ့်ကျရခြင်း၌ လောကသဘောနှင့် ကိုက်ညီပုံကို ပြလိုသောကြောင့် ဖြစ်ပါသည်၊ မိမိသည် အစိုးရ အသိအမှတ် မပြုအပ်သော ဘုန်းကြီးကျောင်းမှာ နေခဲ့ရသောကြောင့် ထိုဘုန်းကြီးကျောင်းများ၏ တဖြည်းဖြည်း နိမ့်ကျလာပုံကို စုံစုံလင်လင် နားလည်ပါသည်၊ မိမိငယ်စဉ်က မိမိတို့၏ ရပ်ရွာနှင့် ပတ်ဝန်းကျင် ရပ်ရွာများဝယ် တည်ရှိကြသော ဘုန်းတော်ကြီး ကျောင်းများသည် ကျောင်းသား, ရှင်သာမဏေ, ရဟန်းငယ်များ နှင့်တကွ မန္တလေးသို့ စာသင် သွားနေကြသော ရဟန်း သာမဏေများပါ အတော် စည်စည်ကားကား ရှိခဲ့ကြ၏၊ ယခုသော် မိမိနေခဲ့ရာကျောင်း၌ ဘုန်းကြီး တစ်ပါးတည်းသာ ရှိ၏၊ ရှင် ရဟန်းကို မဆိုထားဘိ၊ ကျောင်းသား တစ်ယောက်မျှ မရှိတော့၊ အခြားကျောင်းများ၌လည်း ပိန်မသာ လိန်မသာပင် ဖြစ်၏၊ အနီးဆုံး ကျောင်းတစ်ကျောင်း၌ကား ကျောင်းစောင့် ဘုန်းကြီးမျှပင် မရှိရှာကြတော့ချေ။
ဘာကြောင့် ဤသို့ဖြစ်ရသနည်း
ဘုန်းကြီးတို့ကျောင်းမှ ဆရာတော်နှင့် အခြားတစ်ကျောင်းမှ ဆရာတော်ကြီးသည် သက်တော် ကြီးရင့်ပြီး ဖြစ်၍ ကျောင်းတာဝန်ကို ဆောင်တော်မမူကြ၊ လက်ထောက် ရဟန်းတော်ကြီးများက တာဝန် ဆောင်နေကြသည်၊ ဝါတွင်းအခါ၌ မိမိတို့ရွာနှင့် ပတ်ဝန်းကျင် ရွာများဝယ် တစ်သီတင်း အတွင်း၌ (၃) ရက်မျှ ဆွမ်းလုပ်ကျွေးနှင့် ဆွမ်းကြီးခံ ရှိ၏၊ ကျောင်းသား ကိုရင် ရဟန်းရှိသမျှ အားလုံး သွားကြ၏၊ ထိုရက်များ၌ နံနက်ပိုင်းဝယ် စာအံ စာတက် မရှိ၊ ကျောင်းသား ကိုရင်များကလည်း စာမအံရခြင်း, ဟင်းကောင်းစားရခြင်း, ရောက်ရာအရပ်၌ အမျိုးမျိုး ကစားရခြင်းတို့ကြောင့် ထိုသို့ လိုက်ရ သွားရသည်ကိုပင် ပျော်ရွှင်ကြ၏ ပျော်ရွှင်ရုံမက ကျောင်းသားကြီးတွေက ကိုရင်ဘဝကို အများဆုံး အားကျကြ၏၊ မိမိလည်း ထိုအချိန်က အားကျမိပါလိမ့်မည်၊ ဘာ့ကြောင့်နည်း ... အလှူအတန်း ရှိသောအခါ ကိုရင်များသည် ကျောင်းသားထက် ဟင်းကောင်း စားရ, လက်ဖက်ရည် မုန့်များပါ ရဟန်းတော်များကဲ့သို့ စားရသောက်ရသောကြောင့်တည်း။
ထိုသို့ ပုံမှန် ဆွမ်းကျွေးများအပြင် ဘုရားပွဲများလည်း ရှိသေး၏၊ စပါးရိတ်သိမ်းပြီးသောအခါ ပတ်ဝန်းကျင် ရွာများ၌ ရှင်ပြုကိစ္စများလည်း (စပါးရလျှင် ရသလောက်) ရှိသေး၏၊ ထိုရှင်ပြုကိစ္စ၌ကား ကျောင်းသား လေး ငါးယောက်နှင့်တကွ ကျောင်းအုပ်ချုပ်သော လက်ထောက် ဘုန်းတော်ကြီးကိုယ်တိုင် ညနေအထိ သွားရောက်တတ်၏၊ ကျောင်း၌ ကျန်ရစ်သော ကျောင်းသားများကို ကျန်ရစ်သော ဦးပဉ္စင်း ကိုရင် ကျောင်းသား အချင်းချင်း စာချရသည်၊ ထိုကဲ့သို့ နေ့ပျက် ရက်ပျက်နှင့် စာသင်သည့်အပြင် များစွာသော မိဘတို့က မကြာမကြာ ကျောင်းမှ နုတ်ယူ၍ လူမမယ် သားငယ် ကလေးများကို နွားကျောင်းခိုင်း, စာခြောက်ခိုင်းကြလေ၏။
သင်ရသော စာ
ထိုကဲ့သို့ နေ့ပျက် ရက်ပျက် များစွာဖြင့် သင်ရသော စာကို ကြည့်ကြပါဦး ... သင်ပုန်းကြီး, မင်္ဂလသုတ်, ပရိတ်ကြီး, လောကနီတိ စသော သင်ရိုးစာများ ဖြစ်၏၊ မင်္ဂလသုတ် လောကနီတိမှာ လူ့ဘဝ၌ အလွန် အသုံးဝင်သော စာများ ဖြစ်ကြပါ၏၊ သို့သော်လည်း ကျောင်းသား သူငယ်များသည် နှုတ်တက်ရသည် မှတစ်ပါး စာ၏ ဆိုလိုချက်ကို နားမလည်ရှာပါ၊ အမှန်အားဖြင့် စာကလည်း ကလေးနှင့် မတန်အောင် မြင့်လွန်းပါသည်၊ လက်ရေးကို သင်ကြရပါ၏၊ သို့သော် သတ်ပုံကိုလည်းကောင်း, မြန်မာစကားပြေ ရေးနည်းကိုလည်းကောင်း မသင်ရပါ၊ အတော် အထက်တန်းရောက်သောအခါ “နော ဧက နော” စသော ဂဏန်းအတွက်ကို သင်ရပါ၏၊ သို့သော် ထိုအခြေ ရောက်နိုင်သူကား အများအပြား မရှိပါ၊ ထို့ပြင် အကျင့်စာရိတ္တကိုလည်း မင်္ဂလသုတ် စသည်၌ ပါရှိပြီးဖြစ်၍ အထူး မသင်ကြတော့ပါ၊ ထိုသို့ စာရိတ္တ ယဉ်ကျေးမှုကို အထူး မသင်ရသောကြောင့် လား မသိ၊ ကျောင်းပေါင်းစုံ ထမင်းစား ကြရာ၌ တိုး၍ ဝှေ့၍ လုယက်၍ စားကြလေသည်၊ ထိုသို့ စားရင်း ရန်ဖြစ်သူလည်း မရှားပင်တည်း၊ “ကျန်းမာရေး” ဆိုသည်မှာ (သင်ပြဖို့ကို မဆိုထားဘိ) ကြားမျှ မကြားရပါ။
မြို့စာသင် ကိုယ်တော်များ
ဘုန်းကြီးတို့ ရွာကျောင်းမှ မန္တလေးမြို့သို့ စာသင် ထွက်ကြသော ကိုယ်တော်များ မနည်းလှပါ၊ ထိုကိုယ်တော်များသည် မြို့သို့ ရောက်သွားသောအခါ စာသင်တိုက်၌ သင်လေ့ရှိသော စာများကို သင်၍ စာမေးပွဲများကို အောင်မြင်ကြပါ၏၊ စာမေးပွဲ အောင်ပြီးအခါ တချို့ လူထွက် တချို့ ပျံတော်မူကြ၏၊ မိမိကျောင်းသို့ ပြန်၍ ကလေးသူငယ်များကို လူတန်းစေ့အောင် လူရာဝင်အောင် စာသင်ပေးဖို့ အတတ်ပညာကိုကား ထိုစာမေးပွဲ အောင်မြင်ရေးတွင် မသင်ခဲ့ရသဖြင့် မိမိ၏ ဆွေမျိုးသားချင်း ကလေးသူငယ်များ၏ အကျိုးကို မဆောင်နိုင်ကြပါ၊ ဤနည်းအတိုင်းသာ သွားရပါမူ နောင်အခါ၌လည်း မျှော်လင့်ဖွယ် မရှိရုံသာမက, မြို့သို့ စာသင်တက်ဖို့ရာ ရှင်ရဟန်း၏ အခြေခံ ကျောင်းသားပင် မရှိတော့သော အခြေအနေသို့ ရောက်နေပြီ မဟုတ်ပါလော။
ဘုန်းကြီးကျောင်းထွက်များ
ပြခဲ့သောနည်းဖြင့် နေ့ပျက်, ရက်ပျက်နှင့် အရကျက်ပညာကို နှုတ်တက်ရအောင် သင်အံပြီးနောက် ကျောင်းကထွက်သော ကလေးများသည် အိမ်သို့ ရောက်သောအခါ မိမိတို့၏ လုပ်ငန်းကို ကူညီလုပ်သူလည်း ရှိ၏၊ ကူညီမလုပ်ဘဲ ပေါ့ပေါ့ဆဆ နေသူလည်း ရှိ၏၊ ဖဲသမား ထန်းရည် သမားလည်း ရှိ၏၊ ကျောင်းက ရခဲ့သောပညာကို အသုံးပြုနိုင်သူကား အလွန့် အလွန် နည်းပါး၏၊ ရှေးရှေးကသော် “မိမိကျောင်းထွက် တစ်ယောက်တလေ မိဘစကား နားမထောင်ဘဲ ဆိုးသွမ်း နေတယ်” ဟု ဆိုလျှင် ကျောင်းက ဘုန်းတော်ကြီးသည် ခေါ်၍ ဆုံးမနိုင်ခဲ့၏၊ ယခုသော် ထိုသို့ မဆုံးမနိုင်တော့၊ ဆုံးမနိုင်၍ ခေါ်ယူဆုံးမပြန်လျှင် ရှေ့တွင်တော့ “မသောက်တော့ပါ, မကစားတော့ပါ” ဟု တာဝန်ခံ၏၊ ရွာထဲရောက်လျှင်ကား သောက်မြဲ သောက်, ကစားမြဲ ကစားသည်သာ။
ဘုန်းကြီးကျောင်းကို အားမကိုးတော့
လောက၌ အကျိုးမရသောဌာနကို လေးလေးစားစား အားမကိုးကြခြင်းသည် ထုံးစံဓမ္မတာ ဖြစ်၏၊ ထို့ကြောင့် ယခုအခါ များသောအားဖြင့် ဘုန်းတော်ကြီးများ၏ ကျောင်းမှ ထွက်ခဲ့ကြသူတို့သည် မိမိတို့၏ သားများကို မိမိနေခဲ့သော ဘုန်းတော်ကြီးကျောင်း၌ ထားလိုစိတ် မရှိကြတော့၊ လောကီ လူကျောင်းသို့သာ ပို့ကြတော့၏၊ လောကီ လူကျောင်း မရှိသော ရွာကလေး၌သာ မလွှဲသာ၍ ဘုန်းတော်ကြီးကျောင်းသို့ ပို့ရတော့သည်၊ မိမိတို့ ဘုန်းတော်ကြီးများသည် တစ်ချိန်က တစ်နိုင်ငံလုံး၏ အားကိုးရာဖြစ်၍ အားလည်း ကိုးလောက်ခဲ့ကြပါလျက် ယခုအခါ အားကိုးမခံရခြင်း, အားမကိုးလောက်ခြင်းကို တွေးကာ မိမိတို့ အပြစ်ကို မိမိ သနားရတော့မလို ဖြစ်ပါတော့သည်။
ငြီးငြူသံနှင့် ပယ်လှယ်သံ
မိမိတို့ရွာကဲ့သို့ များစွာသော ရွာတို့ဝယ် ဘုန်းတော်ကြီးကျောင်းများ၌ စာသင်မည့် ကျောင်းသား မရှိတော့ပါ၊ ရှိပြန်လျှင်လည်း များများစားစား မရှိတော့ပါ၊ ထိုသို့ ကျောင်းသား မရှိသည့်အတွက် ခိုင်းစရာ မရှိကြသော ဘုန်းတော်ကြီးများသည် “သားများကို မိမိတို့ကျောင်း မထားသော မိဘများ၏ အပြစ်လိုလို, လောကီ လူကျောင်းများ ရှိသောကြောင့်လိုလို” နှင့် ကိုယ်၏ ချွတ်ယွင်းချက်ကို သတိမထားဘဲ သူတစ်ပါးကို အပြစ်တင်လိုကြ၏၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ၌ “ခိုင်းစရာ ကျောင်းသား မရှိ” ဟု ကျက်သရေမင်္ဂလာ မရှိသော ငြီးငြူသည့်အသံ ဆူညံနေချိန်မှာ ဘာသာခြား သာသနာပြု ကျောင်းများ၌ကား ဗုဒ္ဓဘာသာဝင် ကလေးတွေကို အပြေးအလွှား အပ်နေကြသဖြင့် “လက်မခံနိုင်ဘူး, နေစရာ မရှိတော့ဘူး” ဟု ပယ်လှန်ရလောက်အောင် (ဉာဏ် ဝီရိယအကျိုးကို ဖော်ပြသည့်) ကျက်သရေ မင်္ဂလာ အသံများ နားမဆံ့အောင် ကြားနေရပါသည်။
သတိရဖွယ် ကောင်းခဲ့သောအချိန်
ယခုအခါ အလွန် တိုးတက်နေသော ဘာသာခြား ကျောင်းများ၏ အရင်းအစမှာ မင်းတုန်းမင်း လက်ထက်၌ မန္တလေးနေပြည်တော်ဝယ် စ၍ ပေါ်ခဲ့သော (ယခုလည်း ရှိနေသော) “သံတဲကျောင်း” ပင် ဖြစ်၏၊ ထိုသံတဲကျောင်း၌ မင်းဆွေ မင်းမျိုးများအပြင် ဘုရင်မင်း၏ သားတော်အချို့ပါ အခြွေအရံ များစွာဖြင့် နေ့စဉ်သွား၍ အင်္ဂလိပ်စာကို သင်ကြပါသတဲ့၊ ထိုသို့ မင်းသားများ၏ ဘာသန္တရ သင်ခြင်းသည် နိုင်ငံခြားနှင့် ဆက်ဆံရာဝယ် စကားပြန် မထားဘဲ မိမိတို့ဘာသာ ဆက်ဆံနိုင်အောင် သင်ခြင်း ဖြစ်ပါလိမ့်မည်၊ သို့ဖြစ်လျှင် “ဘုန်းတော်ကြီးများထံမှ ရရှိသော သင်ရိုးပညာသည် နေရာတိုင်းမှာ အသုံးချ၍ မရ” ဟူသော အဓိပ္ပာယ် သက်ရောက်နေရကား ထိုအချိန်ကပင် ထိပ်ခေါင်တင် ဆရာတော်အချို့လည်း ထိုအဓိပ္ပာယ်ကို စဉ်းစားမိတော် မူကြပါလိမ့်မည်၊ ထို့ကြောင့် ရွှေကျင်သာသနာပိုင် ဆရာတော်ဘုရားသည် အင်္ဂလိပ်စာကို အတော်အတန် လေ့လာတော်မူသည်ဟု တစ်ဆင့်စကား ကြားရဖူးပါသည်။
၈။ သာသနာ့အန္တရာယ် ပြခန်း
ကျောင်းသား မရှိပြစ်
ကျေးရွာ ဘုန်းတော်ကြီး ကျောင်းများ၌ ကျောင်းသား မရှိခြင်းသည် သာသနာတော်အတွက် သာမန်အန္တရာယ် မဟုတ်ပါ၊ သစ်ပင်ကြီး၌ ရေသောက်မြစ် ပြတ်နေသည့်ပမာ ကြီးစွာသော ဓမ္မန္တရာယ် ဖြစ်ကြောင်းကို အများပင် စဉ်းစားပြီး ဖြစ်ပါလိမ့်မည်၊ မိမိတို့၏ လက်ရှိ သာသနာ့ဝန်ဆောင်များသည် ငယ်စဉ်က စ၍ ပိဋကပညာ အလိမ္မာတို့ကို အခြေခံရသောကြောင့် တစ်စ တစ်စ ကြီးပွားလျက် သာသနာ့ တာဝန်ကို ဆောင်နိုင်ကြသည် မဟုတ်ပါလော၊ ဘုန်းကြီးကျောင်းသား မရှိလျှင် ရှင်သာမဏေလည်း ကြာရှည်စွာ ဖြစ်မည့်သူ မရှိနိုင်၊ သာမဏေမှ တက်၍ အဆက်ဆက် တာဝန်ဆောင်မည့် ရဟန်းတော်များလည်း မရှိနိုင်ပါ။
ထို့ပြင် ဘုန်းတော်ကြီးများ၏ သွန်သင်ပြသမှုကို မခံခဲ့ကြရသော တိုင်းသူပြည်သားလည်း ဘုန်းတော်ကြီးများကို မိရိုးဖလာ ကိုးကွယ်မှု လောက်သာ ရှိတော့မည်ဖြစ်၍ “သာသနာစစ်စစ်ကို ထောက်ပံ့မည်သူများ”ဟု ကိုးစားလောက် သူများ မဖြစ်နိုင်တော့ပါ၊ သစ်ပင်ကြီးမှာ ရေသောက် မြစ် ပြတ်နေသည့်အပြင် ပတ်ဝန်းကျင် အမြစ်ကလေး များမှာလည်း အအေးဓာတ် မရတော့သကဲ့သို့ အခြေခံကျောင်းသား မရှိသည့်ပြင် ထောက်ပံ့ချင်သူလည်း တစ်စ တစ်စ နည်းပါးရာမှ လုံးဝ မရှိသော အဖြစ်သို့ ရောက်ရတော့မည် ဖြစ်၍ ဗုဒ္ဓမြတ်စွာ သာသနာ သစ်ပင်ကြီးသည် မကြာမီပင် ခြောက်သွေ့ယိုင်လဲ၍ မခိုင်မြဲသော ဘဝသို့ ရောက်ရပါတော့မည်။
အန္တရာယ်ကို ဘယ်လို တားမလဲ
ဘုန်းကြီးတို့၏ ရှင်တော်ဘုရားသည် ပဋိစ္စသမုပ္ပါဒ် ဒေသနာမှစ၍ အကြောင်းရှိမှ အကျိုးဖြစ်ပုံကို ဟောပြတော်မူလေ့ ရှိ၏၊ “အကြောင်း မရှိဘဲ အကျိုးဖြစ်သည်”ဟု တစ်ခုတလေမှ ဟောတော် မမူပါ၊ သာသနာတော်၏ ဆုတ်ယုတ်ရာမှ ကွယ်ပမည့် အချက်၌လည်း ပြခဲ့သော အကြောင်း အကြောင်းတွေ ထင်ရှားနေပြီ မဟုတ်ပါလော၊ မကောင်းသော အကြောင်းကြောင့် မကောင်းသော အကျိုးကို တွေ့ရလျှင် မကောင်းသော အကြောင်းနေရာဝယ် ကောင်းသောအကြောင်းကို လဲလှယ်နိုင်ပါမူ ဧကန်မုချ ကောင်းကျိုးရဦးမည်ကိုလည်း သိနိုင်ပါသည်၊ ယခုအခါ ဘုန်းတော်ကြီးကျောင်းများ၌ ကျောင်းသား မရှိမှုသည် အရေးအကြီးဆုံး အကြောင်းဟု ကောင်းကောင်း သဘောပေါက်သော မိမိတို့သည် ကျောင်းသားရှိလာအောင် ဘယ်လို ပြုပြင်ကြမည်နည်း၊ ခေတ်ဟောင်းတုန်းက ပထမပြန် စုံစမ်းရေးကော်မတီ ပေါ်လာသောအခါ ထို ကော်မတီတွင် ပါဝင်သော ကျေးဇူးရှင် အဘယာရာမ ဆရာတော်ဘုရားသည် မူလတန်း ဂဏန်းသင်္ချာနှင့် အခြေခံပါဠိမျှကို ပထမငယ်တန်း မဝင်မီ တစ်ဆင့်ထားဖို့ အကြံပေးခဲ့ဖူးကြောင်းကို ပြခဲ့ပါပြီ။
သူနာကြိုက် ဓာတ်စာ
ယခုအခါ သာသနာတော်ကို ပြုပြင်လိုသော ပုဂ္ဂိုလ်များ အတော်ကလေး လှုပ်လှုပ်ရွရွ ဖြစ်လာကြပါပြီ၊ လှုပ်လှုပ်ရွရွ ဖြစ်လာရခြင်းမှာလည်း “ဤအတိုင်း သွားလျှင် မြန်မာနိုင်ငံ သာသနာသည် သိပ်မကြာတော့”ဟု အမြင်ပေါက်သူတွေ များလာသောကြောင့် ဖြစ်ပါသည်၊ မြန်မာနိုင်ငံ သာသနာသည် တစ်နည်းအားဖြင့် ဆေးမှား မခံသောသူနာနှင့် တူပါသည်၊ ဘာဆေးမျှ မကျွေးဘဲ လက်ရှိ ဓာတ်စာများနှင့် ထားလျှင် ဤသူနာသည် သူ့အလိုလို တဖြည်းဖြည်း သွားရရှာပါလိမ့်မည်၊ ခေတ်ပေါ် ဆေးများကို တိုက်ကျွေး ပြုစုပါလျှင်ကား အနာနှင့်ဆေး သင့်အောင် ပေးဖို့ အရေးကြီးပါသည်၊ ဆေးတစ်ချက် မှားလျှင် ဖြတ်ကနဲ သွားပါလိမ့်မည်၊ ဤဥပမာဖြင့် ဘာကို ဆိုလိုပါသလဲဟု မေးလျှင် ... လက်ရှိ စာသင် စာချ စာမေးပွဲ ကျင်းပ၍ ဘုရားပွဲ ကျောင်းပွဲ ကထိန်ပွဲ ရှင်ပြုပွဲ စသော ပကာသနဒါနမှုနှင့် အပျော်အပါးဒါနမှုတို့သည် သူနာကြိုက် ဓာတ်စာများနှင့် တူ၏၊ ဘာကြောင့်နည်း?၊ မျှော်လင့်ချက် မရှိသော လူမမာကို “စားချင်တာ စားပါစေတော့”ဟု ဆေးကုဆရာက ပြောသဖြင့် ဆွေမျိုးများက စားချင်တာ ပေးနေသည်နှင့် တူသောကြောင့်တည်း၊ ဤနည်းကို “ဖြေဖြေသွားမည့် သူနာကြိုက် ဓာတ်စာပေးနည်း” ဟု ဆိုလိုပါသည်၊
ကြိုတင်၍ စဉ်းစားဖွယ်
တဖန် “အင်္ဂလိပ်စာ, ဂဏန်းသင်္ချာတို့ကို ဆရာလုပ်ဖို့ သင်ပေး၍ ကျေးရွာ ကျောင်းများ၌ ကျောင်းသားတွေ ပြန်လည်၍ လာစေမည်ဟု ရည်ရွယ်သော်လည်း တကယ် တတ်လာသောအခါ လူထွက်သူကထွက်, ကျောင်းလခယူ၍ စာပြသူက ပြ, ဤသို့လုပ်နေကြလျှင်ကား ဆေးမှားသော သူနာလို မကြာခင် သာသနာကွယ် သွားပါလိမ့်မည်၊” ဤအချက်သည် အမှန်ကြိုတင်၍ တွက်ရမည့် အချက် ဖြစ်ပါသည်၊ ဘာ့ကြောင့်နည်း? - အဏုမြူဓာတ်ကို တွေ့ရှိအောင် ကြိုးစားသော လောကဓာတ်ဆရာတို့သည် သူတို့၏အဏုမြူကို လူသားများ အကျိုးရှိသော နေရာတွင် သုံးစေ လိုသော်လည်း အုပ်ချုပ်သူတို့က လူသားတွေ အစုလိုက် အပြုံလိုက် သေမည့် ကိစ္စ၌ပင် အသုံးချ နေသကဲ့သို့ မျှော်လင့်ချက်က တခြား, လက်တွေ့က တခြား ဖြစ်နေတတ်သောကြောင့် ဘာသန္တရအတွက် သာသနာကွယ်လွယ်မည့် အချက်ကိုလည်း ကြိုတင်၍ တွက်ရပါလိမ့်မည်။
ဘာသန္တရ သင်နေကြပြီ
ယခု အချိန်အခါ၌ အတော်များများ ပုဂ္ဂိုလ်တို့ အင်္ဂလိပ်စာကို သင်ယူနေကြပါပြီ၊ ထိုပုဂ္ဂိုလ်များတွင် စာချတန်း အောင်ပြီးသော ပုဂ္ဂိုလ် အများအပြား ပါဝင်၏၊ ထိုပုဂ္ဂိုလ်တို့၏ ရည်ရွယ်ချက်မှာ မူလက ကောင်းသောရည်ရွယ်ချက်ပင် ဖြစ်ပါလိမ့်မည်၊ သို့သော် အတော်ကြာကြာ သင်မိသောအခါ စိတ်ကူးတစ်မျိုး အမြင်တစ်မျိုး ပြောင်းလွဲသွားကြဟန် တူ၏၊ ထို့ကြောင့် တစ်ချို့အထံမှ တစ်ဆင့် ကြားရသော စကားတို့၌ ဗုဒ္ဓမြတ်စွာ၏ တရားတော်နှင့် ဗုဒ္ဓမြတ်စွာ၏ သဗ္ဗညုတဉာဏ်တော်ကို မယုံကြည်သံ ပါလာ၏၊ တချို့ကား ထိုအမြင် ပြောင်းမှုကြောင့် လည်းကောင်း, အမြင်မပြောင်းသော်လည်း အကြောင်းအမျိုးမျိုးကြောင့် လည်းကောင်း လူ့ဘောင်သို့ ပြောင်း၏၊ ထိုသို့ အဖြစ်များနေပုံကို မြင်ရကြားရသော ဒကာ ဒကာမတို့သည် အင်္ဂလိပ်, ဟိန္ဒူ, သက္ကတ ဟူသောဘာသန္တရ (ဘာသာအမျိုးမျိုး) သင်ယူခြင်းကို အားမပေးဝံ့ကြပေ။
ဆရာကင်း၍ ပျက်စီးရခြင်း
ဘာသန္တရသင်၍ ပျက်စီးရာ၌ အခြေခံကို စဉ်စားဖို့ လိုပါသည်၊ ဘာသန္တရ သင်ကြရာ၌ မိမိကို ဆို ဆုံးမမည့် ဆရာသမားနှင့် ကင်းကွာ၍ နေရသူက များပါသည်၊ တချို့မှာလည်း လူဝတ်ကြောင်များနှင့် ရောနှော၍ သင်ယူရပါသည်၊ အင်္ဂလိပ် စသော ဘာသာများ၌ ဘုရားဟောတော်မူအပ်သော ပိဋက တရားတော်များကဲ့သို့ သဒ္ဓါတရား တိုးပွားစေနိုင်သော သင်္ခန်းစာများ မရှိပါ၊ လောကဆိုင်ရာ အတွေးအခေါ် ကြံလုံး ဖန်လုံးတွေသာ အများအပြား ပါရှိပါသည်၊ ဤသို့ ဆရာနှင့် ကင်းကွာနေလျှင် အင်္ဂလိပ်စာသင်သူ မဟုတ်သော်လည်း ပျက်စီးတတ်ပါသေး၏၊ ဤစကားနှင့် စပ်၍ ဆက္ကအင်္ဂုတ္တိုရ်, ဒုတိယပဏ္ဏာသက, မဟာဝဂ်, ဟတ္ထိသာရိပုတ္တသုတ်ကို ညွန်ပြလိုပါသည်၊။
“ဤလောက၌ အချို့ ပုဂ္ဂိုလ်တို့သည် မြတ်စွာဘုရားကိုသော် လည်းကောင်း, အလေးပြုလောက်သော (ဆရာစသော) သီတင်းသုံးဖေါ်ကို လည်းကောင်း မှီ၍ နေခိုက်ဝယ် ကောင်းသော အလုပ်ကိစ္စ၌ မွေ့လျော်၏၊ မိမိထက် ကြီးသူတို့ အပေါ်၌ ရိုသေစွာ မိမိကို နှိပ်ချ၏၊ အလွန် ငြိမ်ငြိမ် သက်သက်နေ၏၊ မြတ်စွာဘုရားမှ လည်းကောင်း ဖဲခွာ၍ အခြားရဟန်းများနှင့် ဖြစ်စေ, ဘိက္ခုနီ ဥပါသကာ ဥပါသိကာတို့နှင့် ဖြစ်စေ, မင်းမှူးမတ်တို့နှင့် ဖြစ်စေ, တိတ္ထိဆရာ တိတ္ထိတပည့်တို့နှင့် (ဘာသာခြားဆရာ ဘာသာခြားတပည့်တို့နှင့်) ဖြစ်စေ ရောရော နှောနှာ နေသောအခါ ထိုသူတို့နှင့် စကားမျိုးစုံပြောလျက် နေရသောကြောင့် ကိလေသာ ရာဂ ထကြွ၍ သိက္ခာချလျှက် လူထွက် တတ်လေသည်” [ထို မိစ္ဆာအယူဝါဒကိုလည်း ယူသွားတတ်ပါသေး၏၊]
ဤသို့ စသည်ဖြင့် ဆရာကင်း၍ အခြားသူများနှင့် ရောရောနှောနှော စကားပြောလျှက် နေတတ်သူမှာ ဈာန်ရပြီး ဖြစ်စေကာမူ လူထွက်တတ်သည်ဟု အရှင်ကောဋ္ဌိက မထေရ်က အခြားရဟန်းများကို ပြောပြပါသည်၊ ထို့ကြောင့် သဒ္ဓါတရား မတိုးပွားစေနိုင်သော သာသန္တရကို သင်သူမှာ တော်တော်တန်တန် သဒ္ဓါအခြေခံ ရှိရုံဖြင့် စိတ်မချရကြောင်း, လူမထွက်သော်လည်း ဘုရား တရား သံဃာများ၌ ယုံကြည်မှု လေးစားမှု နည်းသွားတတ်ကြောင်းကို ဤပါဠိတော် စာတွေ့, ယခုခေတ် လက်တွေ့အားဖြင့် ကောင်းကောင်းကြီး သဘောပေါက်ထားသင့်ကြပါသည်။
အခြေခံကောင်းလျှင် မပျက်
ဘာသာအမျိုးမျိုးကို သင်ယူ တတ်မြောက်သော်လည်း ပျက်စီးမသွားဘဲ သာသနာ့တာဝန်ကို ပို၍ ထမ်းဆောင်နိုင်သော ပုဂ္ဂိုလ်များကိုလည်း တွေ့နိုင်ပေသည်၊
(၁) ပထမ ရွှေကျင်ဆရာတော် ပျံလွန်တော်မူ၍ ဒုတိယရွှေကျင်သာသနာပိုင် ဖြစ်တော်မူသော မဟာဝိသုဒ္ဓါရုံ ဆရာတော်ဘုရားကြီးသည် ဝေဒကျမ်းတတ် ဗြာဟ္မဏတို့ကို ခေါ်၍ သက္ကတ ဘာသာကို သင်ယူတော်မူ၏၊ တတ်ကျွမ်းတော်မူသောအခါ သဒ္ဒါဘက်၌ အမြင်ကျယ်လာ၍ ထိုအချိန်က ပညာရှိ အများ လေးစားလောက်သော ဝိသုဒ္ဒါရုံသုတ်နက်ကျမ်းကြီးကို စီရင်တော်မူသည်၊ ပရမတ္ထသရူပ - ဆိဒ္ဒပိဓာနနီ စသောကျမ်းများ ကိုလည်း စီရင်တော်မူ၏၊ ရွှေကျင်ဂိုဏ်းကြီးကိုလည်း အထက် အောက် ကျယ်ပြန့်စေတော်မူသည်။
(၂) ဘုန်းကြီး၏ ကျေးဇူးတော်ရှင် ဖြစ်တော်မူသော ရွှေကျင် နိကာယ ဥက္ကဋ္ဌ မဟာနာယက, အဂ္ဂမဟာပဏ္ဍိတ, သကျသီဟ ဓမ္မာစရိယ, အဘယာရာမ ရွှေဂူဆရာတော်သည် ထို မဟာဝိသုဒ္ဓါရုံ ဆရာတော်ကြီး အထံ၌ သက္ကတဘာသာကို လေ့လာတော်မူ၏၊ ထို့နောက် ဆရာတော်ကြီး လက်ထက်၌ပင် အိန္ဒိယသို့ကြွ၍ ပဏ္ဍိတ် ဗြာဟ္မဏတို့အထံ ထပ်မံ လေ့လာပြန်၏၊ (အင်္ဂလိပ်စာ ကိုလည်း နည်းနည်းပါးပါး လေ့လာတော်မူ၏၊ ထိုကဲ့သို့ လေ့လာ၍ အရာရာ ဉာဏ်အမြင် ကျယ်ပြန့် လာရကား ပါဠိ သက္ကတ နည်းမျိုးစုံပါသော အဘိဓာန်နိဿယ, မောဂ္ဂလ္လာန်နိဿယ, အမရကောသ နိဿယစသော ကျမ်းတို့ကို ရေးသားတော်မူခဲ့၏၊ ထိုကျမ်းများသည် ယခုအခါ စာချဘုန်းတော်ကြီး ခတ်များများ၏ လက်စွဲများ ဖြစ်ကြပေသည်။
(၃) ရွှေကျင်နိကာယ ဥက္ကဋ္ဌ မဟာနာယက, အဂ္ဂမဟာပဏ္ဍိတ ဖြစ်တော်မူသော ညောင်တုန်းမြို့ ရွှေဟင်္သာတောရ ပထမဆရာတော်သည် အင်္ဂလိပ်စာနှင့် သက္ကတ၌ ကျွမ်းကျင်တော်မူ၏၊ ထို ဆရာတော်ဘုရားကြီးသည် မင်္ဂလာလက်စွဲ စသော လူအများသုံး ကျမ်းစာ, (သက္ကတသုံး များစွာ ဖြင့်) အလင်္ကာနိဿယ စသော သာသနာဝင် ကျမ်းစာတို့ကို စီရင်တော်မူခဲ့၏၊ အနာဂတ် သာသနာအတွက် ရွှေဟင်္သာ ကျောင်းတိုက်ကြီးကိုလည်း ခိုင်ဖြီးတည့်မတ် သတ်ယပ်စေတော် မူခဲ့ပါသည်။
(၄) အဂ္ဂမဟာပဏ္ဍိတ, သကျသီဟ ဓမ္မာစရိယ, မင်းကွန်း ဝိဇ္ဇာလင်္ကာရချောင် အရှင် သုန္ဒရာဘိဝံသ ဆရာတော်သည် အိန္ဒိယသို့ကြွ၍ ဟိန္ဒူ, သက္ကတ, အင်္ဂလိပ်ဘာသာများကို လေ့လာတော်မူ၏၊ မြန်မာနိုင်ငံသို့ ပြန်ရောက်တော်မူသောအခါ မြောက်ပိုင်း ဗုဒ္ဓဘာသာတို့၏ ဗုဒ္ဓဝင်ဟု ခေါ်သော လလိတဝိတ္ထာရသုတ္တန်ကို မြန်မာပြန်၍ ရေးသားတော်မူပါသည်။
(၅) ရွှေကျင်နိကာယဥက္ကဋ္ဌ မဟာနာယက, အဂ္ဂမဟာပဏ္ဍိတ, သကျသီဟဓမ္မာစရိယ ဖြစ်တော်မူသော စည်ရှင်ဆရာတော်သည် မြန်မာနိုင်ငံ၌ လည်းကောင်း, အိန္ဒိယ၌ လည်းကောင်း ဟိန္ဒူ, သက္ကတ, အင်္ဂလိပ်ဘာသာတို့ကို သင်ယူတော်မူ၏၊ ရွှေကျင်ဂိုဏ်းကြီး၏ တာဝန်ကိုလည်း အထူး ဆောင်တော်မူ၏၊ မိမိ၏ လက်ရုံးတပည့်တစ်ပါး ဖြစ်သော သကျသီဟဓမ္မာစရိယ ပထမကျော် အရှင်နန္ဒပဏ္ဍိတကိုလည်း ဗာရာဏသီသို့ စေလွှတ်၍ ဟိန္ဒူ, သက္ကတ, အင်္ဂလိပ်စာတို့ကို သင်ယူ စေတော်မူပါသည်။
(၆) ဘုန်းကြီး၏ ကျေးဇူးတော်ရှင် ရွှေကျင်နိကာယ (ဒုတိယ) ဥက္ကဋ္ဌ မဟာနာယက, အဂ္ဂမဟာပဏ္ဍိတ, သကျသီဟ ဓမ္မာစရိယ, မြောင်းမြ ဆရာတော်သည် မြန်မာနိုင်ငံ၌ လည်း ကောင်း, အိန္ဒိယနိုင်ငံ၌ လည်းကောင်း ဟိန္ဒူ, သက္ကတ, အင်္ဂလိပ်ဘာသာတို့ကို သင်ယူတော်မူ၏၊ ယခုအခါ ရွှေကျင်ဂိုဏ်းကြီး၏ တာဝန်ကို အထူး ဆောင်တော်မူ၏၊ မြောင်းမြမြို့ ပဇ္ဇောတာရုံတိုက် ၏ နာယက ဓမ္မာစရိယ ဖြစ်သော မိမိ၏ တပည့်ရင်း အရှင်ဉာဏိကကိုလည်း ပဇ္ဇောတာရုံ ကျောင်းတိုက်ကို တိုးချဲ့ သင်ပြနိုင်ဖို့ရန် အိန္ဒိယသို့ စေလွှတ်၍ ယခုအခါ ဟိန္ဒူ, သက္ကတ, အင်္ဂလိပ်ဘာသာတို့ကို အထက်တန်း ရောက်အောင် လေ့လာစေတော်မူ၏။
ဤကား ဘုန်းကြီး ကောင်းကောင်း သိထားသော ရွှေကျင်ဂိုဏ်းကြီး၏ ဥက္ကဋ္ဌဆရာတော်များ ဘာသန္တရ လေ့လာပုံဖြစ်၏၊ ထိုဆရာတော်များကဲ့သို့ အခြားဂိုဏ်းမှာလည်း ဘာသန္တရ တတ်မြောက်၍ သာသနာ့တာဝန်ကို ဆောင်နေသော ဆရာတော်ကြီးများကို ကြားဖူးပါ၏။ အသေချာ မဟုတ်သောကြောင့် မဖော်ပြဘဲ ထားပါသည်၊ “ထို ဆရာတော်များသည် ဘာသန္တရကို လေ့လာ တတ်မြောက်ကြပါလျက် ဘာ့ကြောင့် ဖောက်ဖောက်ပြန်ပြန် မရှိကြသလဲ”ဟု စဉ်းစားထိုက် မေးမြန်းထိုက်၏၊ ထိုဆရာတော်များသည် နိုင်ငံခြားသို့ ရောက်နေစေကာမူ ဆရာတော်ဘုရားကြီး၏ ဩဝါဒကို နာယူမြဲ နာယူနေကြ၏၊ ပိဋက၌ ကျွမ်းကျင်ရကား သာသနာတော်ဝယ် သဒ္ဓါတရား အခြေစိုက်ပြီး ဖြစ်၏၊ ရည်ရွယ်ရင်းကလည်း ”ဘာသန္တရကို လေ့လာ၍ ထိုဘာသန္တရမှ ယူသင့်ရာကို ယူပြီးလျှင် ပါဠိဘာသာကို တန်ဆာဆင်မည်”ဟု ရည်ရွယ်ရင်းဖြစ်၏၊ ထိုအကြောင်းများကြောင့် ထိုဆရာတော်များ ယိမ်းယိုင်ခြင်း မရှိဘဲ သာသနာ့ တာဝန်ဆောင် အဖြစ်ဖြင့် ခိုင်မြဲ တော်မူကြသည်ဟု အဖြေထွက်ပါသည်၊ [ထိုကဲ့သို့ ဝန်ဆောင်ကောင်း ပုဂ္ဂိုလ်တစ်ပါးကို သာသနာ တော် ရရှိခြင်းအတွက် ဝန်မဆောင်လိုသော ဘာသန္တရ တတ်ကျွမ်းသူအများ ပျက်သွားခြင်း၌ ဝမ်းမနည်းထိုက်တော့ပါ။]
ဆရာကောင်းထံ နည်းခံပါ
ဆရာကင်း၍ ဘာသန္တရသင်ယူခြင်း၌ ပျက်စီးဖွယ် များကြောင်းကို ပြ၍ ဆရာကောင်းများ၏ သြဝါဒ မကင်းသော ဘာသန္တရသင် ပုဂ္ဂိုလ်များ မပျက်စီးကြောင်းကို ပြခဲ့ပါပြီ၊ ထို့ကြောင့် “ဂဏန်းသင်္ချာနှင့် ဘာသန္တရတို့ကို (သာသနာ ထိန်းသိမ်းမည်ဟူသော သမ္မာဆန္ဒဖြင့်) သင်ယူကြသော ပုဂ္ဂိုလ်များသည် အလေးပြုလောက်သော ဆရာသမားများ အထံ၌ နည်းခံ သင်ယူမှသာ ရည်ရွယ်ချက် အထမြောက်စရာရှိသည်”ဟု မှတ်ချက်တစ်ခု ရနေပါသည်၊ ထိုမှတ်ချက်သည် မှန်လှပေ၏၊
မိမိသည်ပင် အလေးပြုလောက်သော ဆရာအဆက်ဆက် အထံ၌ နည်းခံသင်ယူ၍ ဆုံးမသြဝါဒနှင့် အုပ်ချုပ်နည်းကိုပါ လက်တွေ့ရခဲ့သောကြောင့် ယခုအခါ စာရေးစာချ၍ တိုက်တာအုပ်ချုပ်မှု တာဝန်ကို ဆရာများ၏ နည်းကို မှီး၍ သိပ်သည်းစွာ ဆောင်နိုင်ပါသည်၊ ထို့ကြောင့် မိမိ၏ ဆရာသမားများထံမှ နည်းရခဲ့ပုံကို အကျဉ်းမျှ ပြပါဦးမည်။
မန္တလေးနှင့် ပခုက္ကူ
မိမိသည် ငယ်စဉ်ကစ၍ အနေအထိုင်ကောင်းသော ဆရာသမားများနှင့် အဆင့်ဆင့် ကြီးပွားခဲ့ရ၏။ ရွှေကျင်ဂိုဏ်းကြီး၏ ဒုတိယသာသနာပိုင်သည် ဘေးတော် တော်စပ်၏။ ပြခဲ့သော ဥက္ကဋ္ဌ မဟာနာယက ဆရာတော်များသည် စာသင်ပေးသောဆရာ သြဝါဒပေးသော ဆရာများ ဖြစ်ကြ၏။ စာသင်သားဘဝဖြင့် ပခုက္ကူသို့ ရောက်သောအခါ မဟာဝိသုတာရာမ တိုက်ကြီး၏ ဥက္ကဋ္ဌ မဟာနာယက ဆရာတော် သုံးပါးလုံးအထံ၌ ကိုယ်တိုင် သုံးနှစ်ခန့်မျှ စာဆိုခဲ့ရ၏။ ရဟန်းသုံးဝါ အရတွင် စာချအဖြစ်ဖြင့် ဆရာတော်များက ချီးမြှောက်တော်မူကြ၏။ ထိုစဉ်က သံဃာခြောက်ရာကျော်ကို ဆယ်ပါးလောက်က တာဝန်ယူ၍ စာချရာတွင် အငယ်ဆုံးစာချ ဖြစ်ခဲ့၏။ ထိုပခုက္ကူ ဆရာတော်များ အထံဝယ် (မန္တလေး၌ ပို့ချလေ့မရှိသော) အထက် နိကာယ်ကြီးများကို ကိုယ်တိုင်ဆိုရစဉ်က ဘုရားရှင်နှင့် တရားတော်များကို အလွန် ကြည်ညိုခဲ့၏။ ပခုက္ကူတိုက်ကြီးဝယ် စာချဘုန်းကြီး အချင်းချင်း မေတ္တာအားကြီးပုံကို ကိုယ်တွေ့သိခဲ့ရ၏။ မိမိကိုကား အငယ်ဆုံးဖြစ်၍ အားလုံးကပင် အရေးပေးကြပါသည်။
မဟာဂန္ဓာရုံ ဆရာတော်အထံ
(၁၄) နှစ်သားလောက်က စ၍ စစ်ကိုင်းတောင်ရိုး ပထမ မဟာဂန္ဓာရုံဆရာတော်၊ ဒုတိယ မဟာဂန္ဓာရုံဆရာတော်တို့၏ အရိပ်အောက်သို့ မကြာခဏ ရောက်ခဲ့၏။ ပထမရောက်ချိန်ကား မဟာဂန္ဓာရုံ ဆရာတော်ဘုရားသည် လူတွေ့မခံဘဲ သုံးနှစ်ခန့်မျှ တစ်ပါးတည်း တရားကျင့်ခိုက်ဖြစ်၏။ ဆရာတော်ကြီးသည် ပတ်ဝန်းကျင် ကာရံထားသော မဟာသုခချောင် အတွင်းဝယ် တစ်ပါးတည်း သီတင်းသုံးတော်မူ၏။ (၈) နာရီလောက် ဆွမ်းပို့သွားသော ဆရာတော်သည် မိမိကို ခေါ်သွား၏။ ခြေသံ မကြားစေနှင့်ဟု သတိပေးတော်မူ၏။ ချောင်အဝသို့ ရောက်သောအခါ သော့ခလောက်ကို အသာဖွင့်၍ ဝင်သွားကြ၏။ ဆရာတော် ဆွမ်းဘုဉ်းပေးနေကျနေရာ၌ ယူလာသော ဆွမ်းချိုင့်ကို အသာချ၍ မနေ့က ထားခဲ့သော ဆေးကြောပြီးသား ဆွမ်းချိုင့်ကို ယူကာ ပြန်ထွက်ခဲ့ကြ၏။ ဆရာတော်ကိုကား မတွေ့ခဲ့ရပေ။ ချောင်အ၀ ပြန်ရောက်သော် (ဆွမ်းပို့ထားခဲ့ပါကြောင်း အထိမ်းအမှတ်ဖြင့်) ဆွဲထားသော တုံးကလေးကို သုံးချက်ခေါက်၍ တံခါးကို သော့ခတ်ပြီး ပြန်ခဲ့ရပါသည်။
တိတ်ဆိတ်သော တောကျောင်း
ထိုအချိန်၌ ပတ်ဝန်းကျင်နှင့်တကွ မဟာဂန္ဓာရုံ ချောင်ကြီးသည် တောကျောင်းပီသစွာ သာယာတိတ်ဆိတ်လှပါ၏။ သကျသီဟ အားထုတ်ခိုက်ဖြစ်သော မြောင်းမြဆရာတော်တို့သည် တိတ်ဆိတ်စွာ စာကြည့်တော်မူကြသကဲ့သို့ မိမိလည်း တိုးတိုးကလေး စာအံကာ လွန်စွာ ပျော်မွေ့၏။ နေ့ဆွမ်းစားချိန်၌ မိမိလည်း မြေဇလုံကြီးဝယ် သက်သတ်လွတ်ဟင်းများကို ထည့်၍ သံဃာတော်များ စားသကဲ့သို့ တင်ပလ္လင်ခွေ၍ စားရ၏။ ဆွမ်းလုတ်ပြင်ပုံကို အနားမှ ဒန်ပူစားနေသော (ဒုတိယ မဟာဂန္ဓာရုံ) ချမ်းအေးဆရာတော်ဘုရားက အမြဲ သင်ပြတော်မူ၏။ မဟာဂန္ဓာရုံ ဆရာတော်ဘုရားသည် မိမိရဟန်းဖြစ်ခါနီးအချိန်ဝယ် တစ်ပါးတည်းနေရာမှ ထွက်တော်မူခဲ့၍ အတော်ကြာပေပြီ။ ထိုအခါ၌ မိမိ၏ ရဟန်းဖြစ်ရေးကို မဟာဂန္ဓာရုံဆရာတော်နှင့် ချမ်းအေးဆရာတော်ကြီး နှစ်ပါးလုံးပင် ကြောင့်ကြစိုက်တော်မူကြပါသည်၊ ပထမ မဟာဂန္ဓာရုံဆရာတော် ဘုရားသည် မိမိအား နောက်ဆုံး ဥပဇ္ဈာယ်ပြု၍ ထိုနှစ်မှာပင် ပျံလွန်တော်မူပါသည်၊ ဒုတိယ မဟာဂန္ဓာရုံ ချမ်းအေးဆရာတော်ဘုရားကြီးကား မိမိ၏နေရာမှာပင် မိမိသံဃာများ၏ အပြုအစုကို ခံတော်မူကာ သက်တော် (၉၁) နှစ်မှာ ပျံလွန်တော်မူပါသည်။
ဆရာများထံမှ အကျိုးရ
မန္တလေး မဟာဝိသုဒ္ဓါရုံတိုက်မှ အခြေခံစာသင်နည်းနှင့် ပါဠိအဋ္ဌကထာ သွားလာနည်းကို ရခဲ့၍ ပခုက္ကူတိုက်ကြီးမှ နိကာယ်များစွာ မဟာသမုဒ္ဒရာ ကူးခတ်နည်းကို ရခဲ့ပါသည်၊ ထိုပခုက္ကူတိုက်ကြီး၌ မပျင်းမရိ စာချခြင်း၊ လက်အောက်စာချ အချင်းချင်း မေတ္တာအားကြီးခြင်း အလေ့အထကိုလည်း ဓာတ်ခံတစ်ခုအနေအားဖြင့် ရခဲ့ပါသည်၊ မဟာဝိသုဒ္ဓါရုံတိုက်ဝယ် သူငယ်ဘဝမှစ၍ စီမံအုပ်ချုပ်သမျှကို လိုက်နာခဲ့ခြင်း၊ ပခုက္ကူနေစဉ် အုပ်ချုပ်သော စာချပုဂ္ဂိုလ်တို့တွင် ကိုယ်တိုင် ပါဝင်ခဲ့ခြင်းတို့ကြောင့် တိုက်ကြီးနှစ်တိုက်မှ တိုက်တာအုပ်ချုပ်နည်းကိုလည်း ရခဲ့ပါသည်၊ မဟာဂန္ဓာရုံ ဆရာတော်ကြီး၏ ယောဂီသံဃာတော်များမှ လည်းကောင်း၊ မြောင်းမြ ဆရာတော်များအထံမှ လည်းကောင်း သင်္ကန်းအသွေးရောင် ရင့်ရင့်ဝတ်ခြင်း၊ မတိုမရှည် ညီညီဝတ်ခြင်း၊ အသံကျယ်ကျယ် မပြောဆိုရခြင်းဟူသော အလေ့အကျင့်များကို ဝါသနာပါအောင် ရခဲ့ပါသည်၊ ထိုဆရာတော်အားလုံးအထံမှ ဒါယကာ ဒါယိကာမတို့ကို မြှောက်လည်းမမြှောက်၊ နှိပ်လည်းမနှိပ်ဘဲ မေတ္တာကရုဏာ မှန်မှန်ဖြင့် ဟောပြော ဆုံးမခြင်း အလေ့အထကို ရခဲ့ပါသည်၊ ရရှိသော ပစ္စည်းလာဘ်များကို “မိမိဖို့” ဟု သဘောမထားဘဲ တိုက်တာသံဃာအားလုံး၊ ကျေးဇူးများသူအားလုံးကို ဝေငှသုံးစွဲခြင်း အလေ့အထကိုလည်း ထိုဆရာသမား အားလုံးအထံမှပင် ရခဲ့ပါသည်၊ တိုက်တာ - ကျောင်းများကို ဆရာလုပ်၍ အုပ်ချုပ်မည့် ပုဂ္ဂိုလ်တိုင်း ဆရာသမားများ၏ အထံမှ အလားတူ နည်းကောင်းများ ရအောင် ကြိုးစားထိုက်ကြသည် မဟုတ်ပါလော။
မိမိ၏ ဆန္ဒ
ဤသို့လျှင် မိမိသည် ဝိပဿနာ ကမ္မဋ္ဌာန်းဆရာတော်ဘုရားများ၏ အရိပ်အာဝါသ၊ ရွှေကျင်ဂိုဏ်း ဆရာတော်များ၏ အရိပ်အာဝါသ၊ ပခုက္ကူ မဟာဝိသုတာရာမတိုက်ကြီး၏ အရိပ်အာဝါသဝယ် အေးမြပျော်ရွှင်စွာ အကျင့်စာရိတ္တနှင့် အထက်တန်း နိကာယ်ကြီးများကို လက်တွေ့ရခဲ့သောကြောင့် “မိမိအမြင်မှာ နိုင်ငံရေး ဘာသာရေးအတွက် တစ်မျိုးကြီးဖြစ်နေလေသလော” ဟု မပြောတတ်ပါ၊ ပြုပြင်လိုသော ဆန္ဒကား အလွန်ပြင်းပြလျက်ရှိပါသည်၊ ပြုပြင်လိုသော ဆန္ဒ ပြင်းပြလှသောကြောင့်ပင် တစ်ပါးတည်း စွမ်းနိုင်သမျှ၊ ရေးသားပို့ချ အုပ်ချုပ်ခြင်းဖြင့် ပြုပြင်ခဲ့သည်မှာ အတော်ကြာ၍ အတော်လည်း အရာထင်ပါပြီ၊ မိမိ၏ ကျောင်းတိုက်သံဃာသည် များသောအားဖြင့် (ခေတ်အလိုက်) ကျေနပ်ဖွယ် အနေအထိုင်ဖြင့် ညွှန်ပြသမျှကို လိုက်နာကြပါသည်၊ မိမိ၏ ကျမ်းစာကိုလည်း လူရော ရှင်ပါ အတော်များစွာက လက်ခံကြသည်၊ ထို့ကြောင့် "ယခုအခြေအနေထက် တိုးချဲ့၍ နိုင်ငံအကျိုး၊ သာသနာတော်အကျိုးကို ရွက်ဆောင်နိုင်လျှင် ကောင်းလေစွ” ဟု အကြံဖြစ်နေသည်မှာ ကြာခဲ့ပါပြီ၊ ဘာ့ကြောင့်နည်း? လေးဖက်လေးဌာန ကြိုးစားကြပါလျက် သာသနာမတိုးတက်သောကြောင့်တည်း။
ကြိုးစားပါလျက် အထင်သေး
ယခုအခါ စာချပုဂ္ဂိုလ်၊ စာသင်သား၊ တိုင်းသူပြည်သား၊ အစိုးရဟု သာသနာ့တာဝန်ဆောင်လေးမျိုးကို တွေ့ရ၏။ စာချပုဂ္ဂိုလ်များသည် အချိန်အားလျော်စွာ စာချနေကြရ၏။ တချို့ကား အတော်ပင်ပင်ပန်းပန်း စာချတော်မူကြ၏။ စာသင်သားတို့လည်း စာမေးပွဲဝင်ဖို့ရန် အတော်ပင်ပင်ပန်းပန်း သင်ယူလေ့ကျက်နေကြ၏။ တချို့မှာ စာသင်ရာမှ လူစဉ်မမီအောင် ရောဂါရကြ၏။
တိုင်းသူပြည်သားတို့လည်း နေ့စဉ် ဆွမ်းလောင်းခြင်း၊ နေ့ကြီးရက်ကြီးများ၌ အထူးဆက်ကပ်လှူဒါန်းခြင်း၊ သားရှင်ပြု၊ ဘုရားပွဲ၊ ဘုန်းကြီးပျံ စသော ကိစ္စအတွက် များစွာ အကုန်အကျခံ၍ လှူဒါန်းခြင်း ဤသို့အားဖြင့် သာသနာနှင့်စပ်၍ အကုန်စရိတ်ကို များစွာ အသုံးပြုနေကြ၏။ အစိုးရကလည်း တိုင်းသူပြည်သားတို့အထံမှ ကောက်ခံရရှိသော ဘဏ္ဍာတော်ဖြင့် ဗုဒ္ဓသာသနာတော်အတွက် စာမေးပွဲပြုလုပ်ပေးခြင်း စသည်ဖြင့် နှစ်စဉ် လစဉ် ဘဏ္ဍာတော်ကို အသုံးပြုနေ၏။ ဤသို့ လေးဖက်လေးတန် သာသနာ့အလုပ်ကို အားထုတ်နေကြပါလျက် တိုင်းသူပြည်သားတို့က သာသနာတိုးတက်လာသည်ကို မမြင်ရဘဲ သာသနာဆုတ်ယုတ်နေပြီဟု အယူရှိရုံမက၊ တချို့ကမူ သာသနာရေး၌ အထင်သေးအမြင်သေးပင် ဖြစ်နေပါသည်။
စာချပုဂ္ဂိုလ်များ သြဇာ နည်းခြင်း
စာချပုဂ္ဂိုလ်သည် စာသင်သားတို့အပေါ်၌ သြဇာရှိသင့်၏။ သြဇာရှိအောင်လည်း ဆရာ့ဂုဏ်အင်္ဂါနှင့် ပြည့်စုံရပေလိမ့်မည်။ ယခုသော် နာမည်ကြီးသော စာချပုဂ္ဂိုလ်အထံ၌ ကျောင်းတိုက်အမျိုးမျိုးမှ စာသင်သားများ လာရောက်၍ ခေတ္တခဏမျှ နားထောင်ကြ စာလိုက်ကြ၏။ စာလိုက်ပြီးလျှင် ဆိုင်ရာကျောင်းသို့ ပြန်ကြ၏။ ထို့ကြောင့် မြို့ကြီးများ၌ စာချဘုန်းကြီးသည် ဝတ္တရားအတိုင်း စာချရသော်လည်း စာသင်သားတို့အပေါ်မှာ ငါ၏သြဇာခံ တပည့်များဟု သဘောမထားနိုင်ကြတော့ပေ။ ဤသို့ ဆရာတပည့် ရင်းရင်းနှီးနှီး မရှိကြသဖြင့် ဆရာလည်း ဆရာ့ဘာသာနေ၊ တပည့်လည်း တပည့်ဘာသာနေရခြင်းသည် တိုးတက်လမ်းပိတ်နေသော ဖြစ်ပုံတစ်ရပ်တည်း။
စာသင်သားများ ရည်ရွယ်ချက်
ထို့ပြင် စာသင်သားတို့သည် များသောအားဖြင့် စာမေးပွဲအောင်ဖို့ကို ရည်ရွယ်၍ စာသင်ကြ၏။ စာမေးပွဲအောင်ခြင်းကြောင့် ဂုဏ်ရှိခြင်း၊ ဆရာမိဘ ဒကာဒကာမတို့က အရေးပေးခြင်း၊ ဆုလာဘ်ရခြင်းဟူသော အကျိုးများသည် များစွာသော စာသင်သားတို့ စိတ်တွင် ပေါ်ထင်နေသော အကျိုးများ ဖြစ်၏။ များစွာသော ဆရာတို့ကလည်း စာမေးပွဲကို အားပေးကြ၏။ မိမိကျောင်းတိုက်မှ စာမေးပွဲ မည်မျှအောင်သည်ဟု ဂုဏ်ယူလိုကြ၏။ စာတတ်အောင်၊ စာတတ်လျှင် သာသနာ့တာဝန် ဆောင်ရွက်ရအောင် ရည်ရွယ်ရမည့်အစား စာမေးပွဲအောင်ဖို့ကို ရည်ရွယ်ခြင်းဖြစ်သည်၊ (မြတ်စွာဘုရားဟောတော်မူအပ်သော စာသင်နည်းသုံးမျိုးတဝင်) မြွေဖမ်းမတတ်ဘဲ ဖမ်းသော အလမ္ပာယ်ဆရာ၏ မြွေကိုက်ခံရသော နည်းတည်း။ ယခုအခါ စာချတန်းအောင်ပြီး ပုဂ္ဂိုလ်တော်တော်များများသည် ဆရာနှင့်ကင်း၍ အင်္ဂလိပ်စာကို သင်နေကြ၏။ ဤသို့ဖြစ်ခြင်းလည်း ပျက်စီးဖို့ရာ နီးကပ်လာသော အဖြစ်တစ်ရပ်တည်း။
ဒကာများ၏ ပကာသန များခြင်း
ဒကာများ၏ အလှူဒါနပြုရာဝယ် နေ့စဉ်ဆွမ်းလောင်းကိစ္စမှတစ်ပါး များစွာသော ဒါနတို့၌ အတုအပပြုခြင်း၊ ဂုဏ်ရှိအောင်ပြုခြင်း (ဤပြုခြင်းကို ပကာသနဒါန ဟုဆို၏)၊ နောက်ဘဝစည်းစိမ်ကို တောင့်တ၍ ပြုခြင်းတို့ကြောင့် ငွေကုန်သလောက် သာသနာအကျိုးမသက်ရောက်ဘဲ ရှိရသည်၊ သာသနာရေးနှင့် စပ်သော ဒါနမှန်လျှင် သာသနာအကျိုးသက်ရောက်မှသာ သာသနာပြုရာရောက်မည်၊ မန္တလေး၌ ဒါယကာ ဒါယိကာမတို့သည် သာသနာပြုဒါနကိုသာ ပြုကြမည်ဆိုလျှင် ကထိန်ခေတ်အတွင်း ကုန်ကျစရိတ်မျှဖြင့် မန္တလေးအတွက် သာသနာ့ဝန်ဆောင် တက္ကသိုလ်ကြီးဖြစ်လာစရာရှိ၏။ ရန်ကုန်၊ မော်လမြိုင်၊ ပုသိမ်စသော မြို့ကြီးများ၌လည်း ထို့အတူတည်း။ ထို့ကြောင့် သာသနာကို တိုးတက်စေလိုသော ဘာသာသွေးရှိသူမှန်သမျှ သာသနာပြုဒါနကို ပြုသင့်ကြပါသည်။
၉။ တာဝန်ကျေပွန်ရန် ညွှန်ပြခန်း
အစိုးရ၏ တာဝန်
အစိုးရဆိုသည်မှာ သဘာဝအားဖြင့် တိုင်သူပြည်သား၏ မိဘပင်တည်း။ မိဘသည် သားသမီးအလိုကို လိုက်ဖို့ထက် သားသမီးကြီးပွားရေးကိုသာ ဂရုစိုက်ရသကဲ့သို့ အစိုးရလည်း တိုင်းသူပြည်သား၏ ကြီးပွားရေးကိုသာ ကြည့်ရပေလိမ့်မည်။ မိမိတို့ သုံးစွဲနေသော အခွန်ဘဏ္ဍာသည် (သာသနာ့ထုံးစံအားဖြင့်) သံဃိက- အများဆိုင်ပစ္စည်းပင်ဖြစ်၏။ သံဃိကပစ္စည်းမှန်လျှင် တိုက်ပိုင်ဆရာတော်ကြီးသော်မှ ပိုင်စိုးပိုင်နင်း မသုံးစွဲရ။ သုံးစွဲလျှင် ကြီးလေးသောအပြစ်ရှိ၏။ ဘဏ္ဍာစား ပြန်၍ ပေးရ၏။ မပေးဘူးဟု ငြင်းလျှင် ပါရာဇိကအထိ အပြစ်ကြီး၏။
ထို့ကြောင့် သာသနာရေးအတွက် သုံးစွဲရာ၌ သာသနာအကျိုးရှိလောက်မှသာ သုံးစွဲသင့်၏။ သာသနာဆုတ်ယုတ်ကြောင်း ဖြစ်နေမှန်းသိလျက် ဆန္ဒ (ချစ်ခင်သော) ကြောင့်ဖြစ်စေ၊ ဘယ (ကြောက်သော) ကြောင့်ဖြစ်စေ တစ်စုံတစ်ယောက် အသင်းအဖွဲ့အတွက် သုံးစွဲပေးလျှင် အဂတိလိုက်ရာရောက်၏။ မိမိမလိုလားသူအတွက် သုံးစွဲသင့်လျက် မသုံးစွဲပြန်လျှင် ဒေါသာဂတိ လိုက်ခြင်းပင်ဖြစ်၏။ သာသနာဆုတ်ယုတ်ကြောင်း မသိ၍ သုံးစွဲမိပြန်လျှင် မောဟာဂတိလိုက်ရာ ရောက်ပြန်၏။ အဂတိလိုက်လျှင် မုချ ဂုဏ်သတင်းယုတ်လျော့ရမည်သာ။ ထို့ကြောင့် သာသနာရေးအတွက် သုံးစွဲနေသော ဘဏ္ဍာတော်သည် သာသနာ၌ မည်၍မည်မျှ အကျိုး သက်ရောက်/ မသက်ရောက်ကို တာဝန်ရှိသူတိုင်း သတိပြုသင့်ကြပေသည်။
ဆရာဘုန်းကြီးများ တာဝန်
စာသင်သားတိုင်း အခြေခံနည်းမှန်ဖို့ အရေးကြီးပါသည်၊ အခြေခံဟူရာ၌ စာတစ်မျိုးကိုသာ ဆိုလိုသည်မဟုတ်ပါ၊ အနေအထိုင် အဝတ်အစား အပြောအဆိုများကို ဆိုလိုပါသည်၊ စာသင်သားဘဝသည် ပဋိသန္ဓေတည်ပုံနှင့်တူ၏။ အမျိုးညံ့၌ ပဋိသန္ဓေတည်မိလျှင် တစ်ဘဝလုံး ထိုအမျိုး၏ ထုံးစံအတိုင်း အညံ့နည်းကို ရသကဲ့သို့၊ ထို့အတူ စည်းကမ်းမရှိသော ဆရာ့အထံ၌ စာသင်သားဘဝရောက်နေလျှင် ထိုဆရာသမား၏ ထုံးစံအတိုင်းသာ ပြောဆိုနေထိုင်နည်းကို ခံယူရပါလိမ့်မည်။ အမျိုးကောင်း၌ ပဋိသန္ဓေတည်မိလျှင်ကား ထိုအမျိုးကောင်း၏ ထုံးစံကောင်းကို ရနိုင်သကဲ့သို့၊ ထိုအတူ ဆရာကောင်းထံ၌ စာသင်သားဘဝရောက်နေလျှင် ထိုဆရာ့အထံမှ ကောင်းသောနည်းများကို ခံယူရရှိပါလိမ့်မည်။ ထို့ကြောင့် ကျေးရွာ ဆရာသမားများသည် မိမိတပည့်ကို နည်းကောင်းရမည့် လမ်းကိုသာ ညွှန်ပြဖို့ တာဝန်ရှိကြပါသည်။
သီလရှင်များ တာဝန်
ဗုဒ္ဓမြတ်စွာသည် ဘုရားဖြစ်ပြီး၍ မကြာခင် ပရိနိဗ္ဗာန်စံဖို့ တောင်းပန်လာသော မာရ်နတ်အား “ဘိက္ခု၊ ဘိက္ခုနီ၊ ဥပါသကာ၊ ဥပါသိကာ” ဟူသော ပရိသတ်လေးပါးတို့ တရားသိသိနှင့် ပြည့်ပြည့်စုံစုံ မရှိသေးသမျှ ပရိနိဗ္ဗာန်စံတော်မူမည်မဟုတ်သေးဟု မိန့်တော်မူ၍ ပရိသတ်လေးပါး စုံညီသောကြောင့်သာ ပရိနိဗ္ဗာန်စံတော်မူပါသည်၊ ယခုအခါဝယ် ဘိက္ခုနီပရိသတ်အဆက်ပြတ်နေပါပြီ၊ ထိုပရိသတ်၏နေရာ၌ သီလရှင်များ ဝင်ရောက်နေထိုင်လျက်ရှိပါသည်၊ ဘုရားလက်ထက်တော်၌ ဘိက္ခုနီများသည် တရားကျင့်၍ များစွာသော အမျိုးသမီးများကို ယဉ်ကျေးလိမ္မာအောင် တာဝန်ယူခဲ့ကြပါသည်၊ ဓမ္မာသောက မဟာရာဇာ၏ သမီးတော် သံဃမိတ္တာထေရီမသည် သီဟိုဠ်သို့ လာ၍ အနုဠာဒေဝီအမှူးရှိသော နန်းတော်သူများကို ဘိက္ခုနီပြုပေးခဲ့ပါသည်၊ ယခုအခါ ဘုန်းကြီးသိကျွမ်းသော သီလရှင်များတွင် အထက်တန်း အမျိုးသမီးများ ပါရှိပါသည်၊ ထိုအမျိုးသမီးများသည် မိမိတို့ကိုယ်ကို သာသနာ့ဝန်ဆောင်ရာတွင် တိုင်းပြည်ရှိ အမျိုးသမီးများအတွက် တာဝန်ယူနိုင်လောက်သော စိတ်ဓာတ်သတ္တိကို ဖြစ်စေသင့်ကြပါသည်။
ဘာသာခြား သီလရှင်များ
ဘုန်းကြီးသည် ဘာသာခြား သီလရှင်များ၏ အနေအထိုင် စသည်ကို အခွင့်သင့်တိုင်း သတိပြုပါသည်၊ သူတို့သည် ကလေးတွေကို ပညာသင်ပေးကြ၏။ အပ်ချုပ်ခြင်း စသော လက်မှုပညာများကို တတ်ကျွမ်း၍ သင်ပေးကြဟန်တူ၏။ ဆေးဘက်၌ ကျွမ်းကျင်သူတို့က ဆေးကုပေးကြ၏။ ဘုန်းကြီးသိရသော သီလရှင်ဆရာမကြီး၏ ဆေးကုပုံမှာ အလွန် မေတ္တာကရုဏာပါ၏။ တချို့ကား ကုဋ္ဌရောဂါသည်များကိုပင် ကုသပြုစုကြ၏။ သူတို့၏ မေတ္တာကရုဏာ အသက်ဝင်နေသော ဆေးကုမှုကြောင့် သူတို့ကို အားကိုးကြ၏။ မေတ္တာကရုဏာ အတုံ့ပြန်ကြ၏။ သူတို့ကား မကြီးပွားဘဲမနေ၊ ဧကန်ကြီးပွားခွင့်ရှိပါပေသည်၊ သီလရှင်ဆရာမကြီးတို့ အုပ်ချုပ်သော မန္တလေး ကွန်ဗင့်ကျောင်းကား ကျောင်းသူ အမျိုးသမီးကလေးများ (နေရာမရလောက်အောင်) ပြည့်လျှံ၍ နေပါတော့သည်။
သီလရှင်များ၏ ဝန်ဆောင်ကျောင်းတိုက်
ဗုဒ္ဓဘာသာဝင် သီလရှင်များလည်း ခေတ်နှင့်လျော်ညီစွာ အမျိုးသမီးကလေးများကို ပညာသင်ပေးမှု၊ အကျင့်စာရိတ္တပြုပြင်မှုများကို ပြုစေလိုပါသည်၊ ထိုသို့ ပြုပြင်ဖို့ရန် ရဟန်းတော်များအတွက် ဝန်ဆောင်ကျောင်းတိုက် လိုသကဲ့သို့ သီလရှင်များအတွက်လည်း အမှန်ပင် ဝန်ဆောင်ကျောင်းတိုက်လိုပါလိမ့်မည်၊ ထိုသို့ ဝန်ဆောင်ကျောင်းတိုက်ဝယ် စနစ်ကျသော ပညာကို သင်ယူကြပြီးနောက် မိမိတို့ မြို့ရွာနယ်ပယ်သို့ ပြန်၍ အမျိုးသမီးများ၏ အားကိုးရာများ ဖြစ်နိုင်မှသာ တစ်နည်းတစ်လမ်းအားဖြင့် ရှေးဘိက္ခုနီထေရီမတို့၏ နေရာဝင်၍ ဗုဒ္ဓသာသနာ့ဝန်ကို ထမ်းဆောင်ရာ ရောက်ကြပါလိမ့်မည်။
ကျန်းမာရေးပညာ သင်ပါ
ဗုဒ္ဓဘာသာဝင် သီလရှင်များကို ဘာသာခြား သီလရှင်များကဲ့သို့ သူနာပြုဆရာမလုပ်ပါဟု မတိုက်တွန်းလိုပါ၊ သို့ရာတွင် မိမိကျောင်းအတွင်းရှိ သီလရှင်များနှင့် တပည့်မကလေးတို့၏ ကျန်းမာရေးစောင့်ရှောက်နိုင်ဖို့ရန် ကျန်းမာရေးပညာကိုကား သင်ကြားဖို့ လိုပါသည်၊ သီလရှင်သာမက၊ ရဟန်းတော်များလည်း ရဟန်းသံဃာအချင်းချင်း စောင့်ရှောက်ဖို့ရန်နှင့် ကျောင်းသားသူငယ်များကို စောင့်ရှောက်ဖို့ရန် ကျောင်းတွင်း ကျန်းမာရေးပညာကို တတ်သင့်ပါသည်၊ ဗုဒ္ဓမြတ်စွာသည် ဘေသဇ္ဇခန္ဓကဟုခေါ်သော ပါဠိတော်တစ်ရပ်လုံး၌ ဆေးနည်းများကို ဟောတော်မူပါ၏။ “ဆရာသည် တပည့်မကျန်းမာလျှင် ပြုစုလုပ်ကျွေးရမည်” ဟု ပညတ်တော်မူ၏။ ပဉ္စကအင်္ဂုတ္တိုရ် ဂိလာနဝဂ်၌ကား “ဂိလာနအတွက် ဆေးစီမံတတ် (ဆေးစပ်တတ်) ရမည်၊ သင့်/ မသင့် အစာကို သိရမည်” စသည်ဖြင့် အင်္ဂါငါးပါးကို ဟောတော်မူ၏။ ထို့ကြောင့် ဆရာဖြစ်သူတိုင်း ကျန်းမာရေးအတတ် ဆေးအတတ်များကို တတ်၍ တပည့်များကိုလည်း သင်ပေးထိုက်ပါသည်၊ ဤသို့ အသီးသီးတာဝန်ကို ကျေပွန်စွာ ဆောင်ကြမှသာ ဤနိုင်ငံနှင့် ဤသာသနာတော် တိုးတက်နိုင်စရာ ရှိပါသည်။
တာဝန်ဆောင်ရခြင်း အကျိုး
မိမိတို့ ယခုတွေ့ရသော ဗုဒ္ဓသာသနာတော်ကို ဝိနည်းလမ်း သုတ္တန်လမ်း အဘိဓမ္မာလမ်းနှင့်အညီ ထမ်းဆောင်ကြပါမူ ထိုထမ်းဆောင်သူ ဆရာ ဒကာ အားလုံးပင် သာသနာတော်နှင့်စပ်၍ သိထိုက်ရထိုက်သော မဂ် ဖိုလ် နိဗ္ဗာန်၏အကြောင်း ပါရမီကို ကိုယ်စီကိုယ်င ရပြီးဖြစ်ကြပါလိမ့်မည်၊ နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်သေး၍ သံသရာခရီးကို သွားနေရစဉ်လည်း ဗုဒ္ဓမြတ်စွာ၏ အယူဝါဒနှင့် ဆန့်ကျင်သော မိစ္ဆာအယူများကို ယူမှားနိုင်စရာ မရှိတော့ပါ၊ တွေ့ရာ ကြုံရာ ဘဝတိုင်း၌ ဒုစရိုက်အမှုကိုလည်း အများအားဖြင့် ရှောင်ရှားနိုင်စရာရှိပါသည်၊ သုဝဏ္ဏသျှမ်ဇာတ်တော်၌ အရှင်မဟာကဿပအလောင်း၊ မယ်ဘဒ္ဒါအလောင်းတို့သည် မြစ်ကမ်းနှစ်ဖက်ရှိ တံငါရွာသူကြီးများ၏ သားသမီးများ ဖြစ်ကြသော်လည်း ငါးကို အလွန်သနား၍ မသတ်မိကြပါ၊ သူတို့နှစ်ဦး လက်ထပ်ပြီးသောအခါ ဆွေမျိုးအားလုံးနှင့် စိတ်ချင်းမတူ၍ တောထွက်သွားကြပါသည်၊ ဤသို့ ဒုစရိုက် သတ်ဖြတ်မှုကို မပြုနိုင်ခြင်းသည် ရှေးဘဝဟောင်းတို့က အထုံဝါသနာကောင်း ပါလာခြင်းကြောင့် ဖြစ်ပါသည်။
ကြုံခဲသော သာသနာ
ဗုဒ္ဓမြတ်စွာတစ်ဆူတစ်ဆူ၏ သာသနာသည် အလွန် ပေါ်လာဖို့ ခဲယဉ်း၏။ ဘုန်းကြီးတို့၏ ဘုရားအလောင်းတော် ပါရမီဖြည့်ရာဝယ် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း၏အတွင်းမှာ (ဘုရားရှင်ပေါင်း နှစ်ကျိပ်လေးဆူသာ ပွင့်ခဲ့သောကြောင့်) ဤသာသနာမျိုးမှာ နှစ်ဆယ့်လေးကြိမ်သာ ကြုံခဲ့ရဖူးသည်၊ ထိုမျှလောက် ခဲယဉ်းသော သာသနာတော်ကြီး ထွန်းပေါ်ချိန်ဝယ် မိမိက လူ့ဘဝကို ရနေဖို့လည်း တစ်ဆင့် ခဲယဉ်းပြန်၏၊ လူ့ဘ၀ရပြန်ပါလည်း ဗုဒ္ဓသာသနာကို ယုံကြည်သော လူ့ဘ၀ရဖို့ကား ထပ်မံ၍ ခဲယဉ်းပြန်၏၊ ဗုဒ္ဓသာသနာကို ယုံကြည်သော လူ့ဘဝကို ရပြန်ပါလည်း သာသနာတော်ကို ပြုစုသော သဒ္ဓါ ဆန္ဒနှင့် သီလ သမာဓိ ပညာ၊ ဥစ္စာဓန ပြည့်စုံသူဖြစ်ဖို့ရန် ထပ်မံ၍ ခဲယဉ်းပြန်၏၊ ထို့ကြောင့် တွေ့ဖို့ ကြုံဖို့ ခဲယဉ်းသမျှ အလုံးစုံ ပြည့်စုံနေသော ဆရာ ဒကာဟူသမျှတို့သည် သဘာဝကျကျနှင့် အားရဖွယ် သာသနာတော်ကို မဖြစ်မနေ အားသွန်ကြိုးပမ်း အစွမ်းကုန် ထမ်းကြစေလိုပါသည်၊ [ဤနေရာဝယ် ဘာသာခြားပုဂ္ဂိုလ်တို့၏ သူတို့ သာသနာတိုးပွားရေး၌ အားစိုက်ကြပုံကို သတိပြုစေလိုပါသည်။]
၁၀။ ခေတ်ပညာတတ်များ စဉ်းစားဖွယ်
အမျိုးကို အထင်မသေးနှင့်
ခေတ်ပညာတတ်လူငယ်များသည် ခေတ်အလိုက် သိပ္ပဝိဇ္ဇာတို့ကို နိုင်ငံခြားမှ နည်းယူရသောကြောင့်လည်းကောင်း၊ ပစ္စည်းငွေအထောက်အပံ့ကိုလည်း နိုင်ငံခြားမှ အတော်အတန်ရသောကြောင့်လည်းကောင်း နိုင်ငံခြားလူမျိုးများကို အထင်ကြီးကောင်း ကြီးပါလိမ့်မည်။ သို့သော် လူမျိုးတစ်မျိုးသည် ထာဝရမြင့်နေမည် မဟုတ်ပါ၊ ထိုလူမျိုးမှ ခေါင်းဆောင်ကောင်းများ ဆက်ကာဆက်ကာ ခေါင်းဆောင်နေခိုက် မြင့်နေ၍ ခေါင်းဆောင်ကောင်းမရှိသောအခါ တဖြည်းဖြည်းနိမ့်ကျတတ်ပါသည်၊ တစ်ချိန်တုန်းက မြန်မာလူမျိုးများ မြင့်ခဲ့ဖူးသည်ကို သတိရပြီးလျှင် တဖြည်းဖြည်းနိမ့်ကျလာရာမှ ချက်ချင်းကျွန်ဖြစ်ရပုံကို စဉ်းစားကြပါ၊ ထို့ကြောင့် အမျိုးသား အမျိုးသမီးများနှင့် ဘုန်းကြီးတို့တစ်တွေ ယခုတစ်ကြိမ် ကြိုးစားနိုင်ကြပါလျှင် ဤပြည်ထောင်စုမြန်မာလူမျိုးလည်း ခေတ်အလိုက် တိုးတက်သင့်သလောက် တိုးတက်ရမည်မှာ အမှန်ပင်ဖြစ်ပါသည်၊ သို့ဖြစ်၍ မိမိလူမျိုးကို အထင်မသေးဘဲ “ကြိုးစားလျှင် ဘုရားတောင် ဖြစ်နိုင်သေးရဲ့” ဟူသော မြန်မာ့လက်သုံး ဆောင်ပုဒ်ကို လက်ကိုင်ပြုကာ ကြိုးစား၍ တိုးတက်နိုင်သော လမ်းကို ဖြောင့်ဖြောင့်တန်းတန်း သွားဖို့ ပြင်ကြပါလော။
ဘာသာကိုလည်း အထင်မသေးနှင့်
ဘုရားပွင့်တော်မူလာခြင်းသည် နိဗ္ဗာန်မြင်အောင် ကျင့်နိုင်သူများအတွက် နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းလမ်းမှန်ကို ဟောပြဖို့သာ မကပါ၊ လောကီကြီးပွားချမ်းသာကြောင်း နည်းလမ်းကောင်းကိုလည်း ညွှန်ပြဖို့ဖြစ်ပါသည်၊ ထိုသို့ ညွှန်ပြရာ၌လည်း နောက်ဘဝရောက်မှ ချမ်းသာရေးကိုသာ ညွှန်ပြသည်မဟုတ်ပါ၊ လက်ရှိဘဝမှာပင် ချမ်းသာဖို့ နည်းလမ်းကိုလည်း ညွှန်ပြပါသည်၊ [ဥပမာ - လူမိုက်နှင့်မပေါင်းရ၊ လူလိမ္မာနှင့်သာ ပေါင်းပါစသော ညွှန်ပြခြင်းမျိုး၊ သမ္ပဒါလေးပါး စသော တရားမျိုးတည်း၊] အသင်ခေတ်ပညာတတ်တို့သည် နိုင်ငံအနှံ့အပြား၌ ဘုရားစေတီ ဆင်းတုတော်များ လိုသလောက်ထက် ပိုအောင် တည်ထားကြပုံ၊ အပျော်အပါး ဘုရားပွဲ ကျောင်းပွဲလုပ်ကြပုံ၊ ဘုရားအတွင်း မသန့်မရှင်းတည်ရှိပုံကို ကြည့်၍လည်းကောင်း၊ ရဟန်းသာမဏေ တချို့၏ သွားလာဝတ်စားပုံကို ကြည့်၍လည်းကောင်း၊ ပျော်ပျော်ပါးပါး စားကြ သောက်ကြနှင့် ဥပုသ်စောင့်ပုံကို ကြည့်၍လည်းကောင်း၊ ကြွေးယူ၍ သားရှင်ပြုစသော ဒါနပြုကြပုံ၊ ရဟန်းတော်များက ဒါနအကျိုးဟော၍ ကိုယ်တိုင်က မလှူဘဲ ယူရုံသာယူကြပုံကို ကြည့်၍လည်းကောင်း၊ ဗုဒ္ဓမြတ်စွာ၏ မဟာကရုဏာကြီးမားစွာဖြင့် တည်ထားတော်မူအပ်သော ဘာသာနှင့်သာသနာတော်ကို အထင်အမြင်သေးကြပေလိမ့်မည်၊ သို့သော် ထိုအလုပ်များသည် ဘုရားရှင်၏အလိုတော်ကျမဟုတ်ကြပါ၊ အလိုကျမဟုတ်ကြောင်းကိုလည်း အနာဂတ်သာသနာရေးစာအုပ်၌ ရှင်းပြထားပါပြီ။
လက်တွေ့မဟုတ်လျှင် မယုံဘူးလား
အသင် ခေတ်ပညာတတ်တို့သည် တိုးတက်နေသော လောကဓာတ်ပညာကြောင့်လည်း ဗုဒ္ဓဘာသာကို အထင်သေးရုံမက၊ ဗုဒ္ဓတရားတော်တွေ လွဲမှားနေပြီဟု တချို့က ယူဆပါလိမ့်မည်။ ဤနေရာဝယ် အတော်ကျယ်ကျယ်ရေးဖို့လိုသော်လည်း အနည်းငယ်မျှ ရေးပြပါမည်။ ဗုဒ္ဓတရားတော်ဝယ် “ဝိနည်း၊ အဘိဓမ္မာ၊ သုတ္တန်” ဟု သုံးမျိုးရှိ၏။ ဝိနည်းသည် ရဟန်းတော်၏ အနေအထိုင် အပြောအဆို ယဉ်ကျေးဖို့ရန် ညွှန်ပြသော တရားတော်ဖြစ်၏။ တချို့ပုဂ္ဂိုလ်တွေ မယဉ်ကျေးခြင်းမှာ ဝိနည်းတော်အတိုင်း မလိုက်နာလို့သာ ဖြစ်ပါသည်၊ အဘိဓမ္မာသည် ရုပ်သဘော နာမ်သဘောကို အစစ်အမှန်ဟောပြသော တရားတော်ဖြစ်၏။ ထိုတရားကား ပဋ္ဌာန်းတရားတော်တိုင်အောင် နားလည်လေ၊ သာသနာဘာသာကို လေးစားလေ ဖြစ်စေ၏။ ထိုတရားနှစ်မျိုး၌ မကျေနပ်ဖွယ်မရှိ၊ လောကဓာတ်နှင့် စစ်လေ အဘိဓမ္မာက ကျေနပ်စေလေ ဖြစ်ပါလိမ့်မည်၊ သတ္တဝါတို့ တရားအထူးကို ရစေနိုင်သော တရားတော်သည် ထိုဝိနည်း၊ ထိုအဘိဓမ္မာမဟုတ်၊ သုတ္တန်တရားတော်သာဖြစ်၏။ ခုဘဝ နောက်ဘဝတို့၌ ချမ်းသာသုခ ရအောင် ညွှန်ပြသော တရားတော်လည်း သုတ္တန်တရားတော်ပင်ဖြစ်၏။ ထိုသုတ္တန်တရားတော်များတွင် ဇာတ်တော်များလည်း ပါဝင်၏။ နေလတို့လှည့်ပတ်သွားလာပုံများလည်း ပါဝင်၏။ ထို့ကြောင့် ထိုသုတ္တန်မှ တရားတချို့ကို ခေတ်ပညာတတ်တို့က လက်တွေ့မဟုတ်၍ မယုံနိုင်ဘဲ ရှိကြပေလိမ့်မည်။
အစစ်အမှန်သည် ပယ်စရာမဟုတ်
ခေတ်ပညာတတ်များကို မေးလိုပါသည်၊ သစ်ပင်ကြီးကို ခုတ်လှဲ၍ နတ်ဖမ်းစားခြင်း၊ တစ္ဆေသူရဲ ခြောက်ခြင်း၊ စုန်းပူးခြင်း၊ အစိမ်းသေကပူး၍ပြောခြင်း၊ လူဝင်စားက ရှေးဖြစ်ဟောင်းကို ပြောခြင်းစသည်များ တစ်ရံတစ်ခါ ရှိတတ်သည်မဟုတ်လော၊ ထိုနတ် တစ္ဆေစသူတို့သည် မျက်မြင်မဟုတ်ကြပါ၊ လောကဓာတ်နည်းဖြင့်လည်း မသိနိုင်ပါ၊ ဗုဒ္ဓဘာသာကမူ လူနှင့်မတူသော နတ်ဘဝ ပြိတ္တာဘဝတစ်မျိုးဟု ဆိုထားလေရာ လောကဓာတ်နှင့် တိုက်ဆိုင်၍ မရလျှင်/ လက်တွေ့မမြင်ရလျှင် မဟုတ်နိုင်၊ မရှိနိုင်ဟု ယူဆသင့်ပါမည်လော၊ အမွှာပူးမွေးလာသော ကလေးနှစ်ယောက်သည် မိဘ၏သွေးသားနှင့် ပတ်ဝန်းကျင်များက တစ်ထပ်တည်းတူပါလျက် စိတ်ချင်းမတူပုံ၊ ဉာဏ်ချင်းမတူပုံ၊ အကျိုးပေးခြင်းမတူပုံကို တွေ့ရ၏။ လောကဓာတ်ပညာဖြင့် အဘယ်သို့ ဆုံးဖြတ်မည်နည်း၊ ဗုဒ္ဓတရားတော်ကမူ ရှေးရှေးဘဝက ကံချင်းမတူသောကြောင့် ထိုကဲ့သို့ မတူဘဲ ကွဲပြားရသည်ဟု ဆိုထားပါသည်၊ လက်တွေ့မဟုတ်၍ မယုံလျှင် အခြားစဉ်းစားဖွယ်ကို ပြကြပါလော။
ဘုန်းကြီးကား “လောကဓာတ်ဆရာတို့၏ လက်တွေ့စမ်းသပ်သမျှ မြန်မြန်အထမြောက်ပါစေ” ဟု ဆုတောင်းပါသည်၊ အကြောင်းကား လက်တွေ့လိုက်လေ၊ ဗုဒ္ဓတရားတော်နှင့်ကိုက်လေ ဖြစ်ရမည်သာဖြစ်သောကြောင့်တည်း၊ တချို့အရာဝယ် လက်တွေ့နှင့်စာတွေ့မတူမျှဘဲ လက်တွေ့က မှန်တာသေချာလျှင် “ကျမ်းစာထဲ၌ ပါသောစကားသည် ရှေးသံဂါယနာသုံးတန်တွင် ပါဝင်ခဲ့သော တရားမဟုတ်” ဟု ပယ်ထုတ်လိုက်ရုံပင်ဖြစ်၏၊ ဘုရားရှင်သည် ပယ်စရာမဟုတ်၊ တရားမှန်လည်း ပယ်စရာမဟုတ်ပါ၊ တရားကျင့်၍ အရိယာဖြစ်သော သံဃာလည်း ပယ်စရာမဟုတ်ပါ။ [ဤနေရာဝယ် ယုံကြည်လောက်သူ လူကြီးလူကောင်းတစ်ယောက်၏ ကိုယ်တွေ့ဝတ္ထုကို ဖော်ပြလိုပါသည်။]
အိမ်တော်ဝန် ဦးစံဖေ၏ ကိုယ်တွေ့ဝတ္ထု
သမ္မတ၏ အိမ်တော်ဝန်ဖြစ်ခဲ့သော ဒါယကာ ဦးစံဖေသည် (၁၉၂၅) ခုနှစ်လောက်က သာယာဝတီခရိုင် ဇီးကုန်းမြို့၌ နယ်ပိုင်ဝန်ထောက်အဖြစ်ဖြင့် နှစ်နှစ်ခွဲခန့်နေပြီးနောက် အင်းစိန်မြို့သို့ အခွန်ဝန်အဖြစ်ဖြင့် ပြောင်းရွှေ့ခဲ့ရသည်၊ အင်းစိန်မြို့၌ ဝင်းကျယ်အိမ်ကောင်းကို ရှာဖွေ၍ နေထိုင်စဉ် သုံးလလောက်ကြာသောအခါ နေမကောင်းသဖြင့် ရုံးမတက်ဘဲ အိမ်မှာအနားယူ၍ အိပ်ရာထဲ၌ လဲလျောင်းနေရာသို့ နေ့လည်နှစ်နာရီအချိန်လောက်ဝယ် အရပ်ပုပုဆံပင်ချ၍ မိန်းမတစ်ယောက် ခုတင်ခြေရင်း၌ ရပ်လာသည်၊ အခွန်ဝန်ကတော်သည် ဝန်မင်းအနားမှာ ရှိသော်လည်း ထိုမိန်းမကို မမြင်ရ၊ ဝန်မင်းသာ မြင်ရသည်။
ဝန်မင်း နေမကောင်းမီ သုံးရက်လောက်ကလည်း ညဉ့်အခါတွင် မင်းကတော်နှင့် သားငယ်တို့ ခုတင်ကြီးပေါ်တွင် အိပ်နေကြစဉ် သားငယ်သည် နံရံဘက်က အိပ်ပါလျက် ခုတင်အောက်သို့ လိမ့်ကျသွားဖူး၏၊ ဝန်မင်း၏မိခင်သည် ဘုရားမီးပူဇော်၍ ဘုရားဝတ်ပြုနေစဉ် လေးခါလောက် မီးများအလိုလိုငြိမ်းသွားဖူး၏။ သို့သော် ထိုဖြစ်ရပ်များကို အမှတ်တရ ဂရုမစိုက်ခဲ့ကြ၊ ယခုအကြိမ်၌ကား လူပုံသဏ္ဍန်ဖြင့် ကိုယ်ထင်ပြသောကြောင့် ဂရုမစိုက်၍ မဖြစ်နိုင်တော့ချေ၊ ထိုအတွင်းမှာပင် မိတ်ဆွေဖြစ်သူ ဦးထွန်းအောင် ရောက်လာ၏၊ ဦးထွန်းအောင်ကား ဆေးဝါးကုသသောဆရာမဟုတ်သော်လည်း ပယောဂနိုင်သူဖြစ်၏။ သူသည် ဝန်မင်းနှင့်တွေ့လျှင်တွေ့ချင်း “ဝန်ထောက်မင်း ဒီအိမ်မှာ မနေပါနှင့်၊ ကျွန်တော် ဒီအိမ်ကို ဝင်လာတော့ အိမ်ရှင်မသူရဲကို တွေ့ရပါသည်၊ သူက မဆိုင်တဲ့သူများ ဒီအိမ်နေတာ မကြိုက်ပါ” ဟု ပြောလေသည်။
“အကယ်၍ ဒီအိမ်မှာနေချင်လျှင် အိမ်ရှင်မသူရဲကို နှင်ပေးမည်” ဟုပြောသော်လည်း ကိုင်ချင်းစာသောအားဖြင့် “သူက မနေစေချင်လျှင် မနေရုံပေါ့၊ နှင်တော့မနှင်ပါနှင့်” ပြော၍ တစ်ခြားအိမ်သို့ မိသားတစ်စု ပြောင်းရွှေ့ကြရသည်၊ ထိုနောက် ဝန်မင်းရုံးတက်နိုင်သောအခါ ရုံးစာရေးတို့အား ထိုအိမ်ကြီး၏ အကြောင်းကို မေးရာ၊ ထိုအိမ်ရှင်မသည် သူက ဗုဒ္ဓဘာသာဖြစ်သော်လည်း ဘာသာမတူသော အင်္ဂလိပ်ကပြားနှင့် အကြောင်းပါ၍ လင်ကအရင်သေပြီးနောက် သူသေခါနီးဝယ် လှူဒါန်းလို၍ ဘဏ်ကငွေကို ထုတ်ပေးရန် ပြောသော်လည်း ထုတ်မပေးကြသဖြင့် စိတ်မကောင်းဖြစ်ပြီး သေသွားရာ၊ ထိုအိမ်မှာ (သူရဲဖြစ်ကြောင်း) ပြောကြ၏။ သူ၏အရပ်လည်း ပုပုပြတ်ပြတ်ပင်ဟု ပြောပြကြလေသည်။
နိုင်ငံခြားမှာ နောက်ပိုင်း မချမ်းသာ
အသင် ခေတ်ပညာတတ်တို့သည် ယခုအခါ ထိပ်တန်းရောက် နေသော နိုင်ငံများဝယ် လောက နိဗ္ဗာန် ရနေကြပြီဟု တွေးကာ သွားရည်ယိုကောင်း ယိုကြပါလိမ့်မည်။ နိုင်ငံခြားမှ ပြန်လာသော ဗိုလ်မှူးတစ်ယောက် အပြောမှာ ထိုထင်သလို မဟုတ်ပါ၊ အသက်အရွယ် ငယ်သူများသည် အလုပ်ကို မနားမနေ လုပ်ကြ၊ အားလပ်ချိန်ကို မရ-အရယူကာ ပျော်နိုင်သမျှ ပျော်ကြနှင့် ငယ်ရွယ်သော အသက်တမ်း အချိန်ကို ကျော်လွန်စေကြ၏။ အသက် (၆၀) ကျော် အဘိုး အဘွားပိုင်း ရောက်သူကား အလုပ်လည်း လုပ်စရာ မများ၊ ကလပ်သွား၍လည်း ငယ်ရွယ်စဉ်ကလို မပျော်၊ လူငယ်များ တု၍ စားကြည့် သောက်ကြည့် ကကြည့် ဆိုကြည့် ခံစားကြည့်သော်လည်း အတွင်း သွေးသားတွေကိုက ထုံးထိုင်း ညံ့ဖျင်းလာပြီ ဖြစ်သောကြောင့် လည်းကောင်း၊ စိတ်ဓာတ် ကလည်း သဘာဝအလိုက် လျော့လာပြီးဖြစ်သောကြောင့် လည်းကောင်း ဘာတစ်ခုမျှ အရွယ်ကောင်းတုန်းကလို အရသာ မရှိကြတော့ချေ။ ထိုသို့ အရသာ မရှိသောကြောင့် အလိုလို ပျင်းရိ ငြီးငွေ့ကာ လုပ်စရာအလုပ်ကို ရှာကြံပါသော်လည်း ဘယ်အလုပ်မျှ စိတ်ချမ်းသာမှုကို မပေးနိုင် သဖြင့် အိုခြင်း နာခြင်း ဆင်းရဲတွင်းမှ သေခြင်း မရဏသို့ ကူးပြောင်း ကြရပါသတဲ့။
တရားတော်၏ သုခ
ဤမြန်မာနိုင်ငံ၌ကား ထိုအရွယ်တိုင်အောင် အသက်ရှင်နေသူတို့အတွက် (တရားလိုက်စားဖို့ရာ) အလွန်ကောင်းသော အချိန်အခါ ဖြစ်၏။ ငါးပါးသီလ စသည်ကို မကျိုးမပေါက်အောင် ထိန်း၍ မိမိ ဝါသနာပါသော ဘာဝနာတစ်မျိုးမျိုးကို ပွားများနေနိုင်လျှင် ဤဘဝ၌ စိတ်ချမ်းသာမှုကို လက်တွေ့ ရနိုင်၏။ လူအများက တရားဖြင့် နေခြင်းကို ပျင်းစရာဟု ထင်ကြ၏။ အမှန်အားဖြင့်ကား တရားဖြင့် နေခြင်းသည် ပျင်းစရာ မဟုတ်ပါ။ သီလကို အခြေခံ၍ တရားအာရုံ ယူနေသောအခါ ကုသိုလ်စိတ် ဖြစ်၏။ ထိုကုသိုလ်စိတ်၌ ပီတိ သောမနဿတို့ (အများအားဖြင့်) ပါဝင်၏။ ပီတိ - နှစ်သက်ခြင်း, သောမနဿ - ဝမ်းမြောက်ခြင်းတို့ကား ကြည်လင်ရွှင်ပျသော တရားများ ဖြစ်၍ ထိုကုသိုလ် ဖြစ်ချိန်မှာ အမှန်ပျော်မွေ့ကြရပါသည်၊ ဤသုခမျိုးကို နိုင်ငံခြား အဘိုး အဘွားတို့ လိုချင်ကြ သော်လည်း ဒေသကိုက ထိုသုခမျိုးကို ညွှန်ပြနိုင်သော ပဋိရူပဒေသ (သင့်တော်သောအရပ်) မဟုတ်ပါ။ ဤမြန်မာနိုင်ငံကား ထို တရားမျိုးကို များစွာ ညွှန်ပြနိုင်သော ပဋိရူပဒေသ ဖြစ်ပါသည်၊ ထို့ကြောင့် အသင် ခေတ်ပညာတတ်တို့သည် ဤ နိုင်ငံကျော်၍ အခြားနိုင်ငံကို မျှော်မည့်အစား ဤ နိုင်ငံ၌ သဘာဝအတိုင်း ရရှိနေသော အကောင်းများကိုသာ တကယ်ကောင်း/ မကောင်း မြည်းစမ်း စေလိုပါသည်။
နောက်ဘဝ မရှိဟု ယူသူ နှစ်ဖက်ရှုံး
ဘယ်ကိစ္စမျိုးမဆို မိမိစိတ်မှာ နှစ်ခုဖြစ်နေလျှင် မမှားနိုင်သော လမ်းကို လိုက်ရပါသည်၊ ဘာသာ ခြားတစ်ချို့က “နောက်ဘဝမရှိ” ဟု ဆို၏။ ဗုဒ္ဓဘာသာက “နောက်ဘဝ ရှိ၏” ဟုဆို၏။ “နောက်ဘဝ မရှိ” ဟု ယူသူတို့သည် မိမိကိုယ်ကို စောင့်စည်း ထိန်းသိမ်းထားဖို့ အရေးမကြီး တော့ပါ၊ လူချင်း ဆက်ဆံရာဝယ် အဆင်မပြေမည်စိုးသောကြောင့်သာ စောင့်စည်းဖို့ လိုပါသည်၊ သို့ဖြစ်လျှင် ထိုသူ့မှာ ဗုဒ္ဓတရားတော်အရ ဒုစရိုက် မကောင်းမှုများကို ရှောင်ဖို့လည်း အရေးမကြီး တော့ပါ၊ ယခုဘဝမှာလည်း လူတစ်ပါးက ယုံကြည်စိတ်ချရသော လူကောင်းတစ်ယောက် ဖြစ်ကောင်းမှ ဖြစ်တော့မည်၊ ထိုသို့ အယူရှိသူတွေ လူများစု ဖြစ်နေပါမူ ထိုသူတို့ များသောနေရာ သည် စိတ်ချလက်ချ နေခွင့်ရတော့မည် မထင်ပါ၊ တစ်ဖန် သူတို့ ယူဆသည့်အတိုင်း နောက်ဘဝ မရှိတာမှန်လျှင် ခံသာပါသေး၏။ အကယ်၍ နောက်ဘဝရှိခဲ့လျှင် သူတို့၏ ယခုဘဝ အကုသိုလ် ကံသည် မကောင်းကျိုးပေး၍ ကုန်နိုင်ရန် မရှိတော့ပါ၊ သို့ဖြစ်လျှင် “နောက်ဘဝ မရှိ” ဟူသော အယူကြောင့် ခုဘဝလည်း ရှုံး နောက်ဘဝလည်းရှုံး နှစ်ဖက်ရှုံး ရှုံးဖို့သာ ရှိပါတော့သည်။
နောက်ဘဝ အရှိဟု ယူသူ နှစ်ဖက်အကျိုးရ
နောက်ဘဝရှိ၏ဟု ယူဆသူကား နောက်ဘဝဖြစ်မည့် မကောင်းကျိုး ကြောက်၍ ယခုဘဝ၌ စောင့်စည်း၏။ စောင့်စည်းသောကြောင့် လူကောင်းသူကောင်း ဖြစ်၏။ ယူဆသည့်အတိုင်း နောက်ဘဝ မရှိစေကာမူ ဤဘဝ၌ လူကောင်း သူကောင်း ဖြစ်ရခြင်းကား အမြတ်ရပါပြီ။ အကယ်၍ နောက်ဘဝရှိတာ မှန်လျှင်ကား ပြုထားသော သုစရိုက် ကုသိုလ် ကံကြောင့် ကောင်းရာဘဝသို့သာ ရောက်ဖို့ ရှိပါတော့သည်၊ ထို့ကြောင့် “နောက်ဘဝ ရှိ၏” ဟူသောအယူသည် ယခုလည်းကောင်း၊ နောင်လည်း ကောင်းသဖြင့် နှစ်ဖက်ကောင်း ကောင်းသောအယူ ဖြစ်ရကား စိတ်ထဲ၌ မဆုံးဖြတ် နိုင်လျှင် “နောက်ဘဝ ရှိ၏” ဟူသော ယူခြင်းသာ မမှားနိုင်သော အယူ ဖြစ်ပါသည်။
အမျိုးသား သူတော်ကောင်းများ
ယခုအခါ ရှေးရှေး ဘဝများစွာက ပါရမီ ဖြည့်ခဲ့ဖူးသော ပညာတတ် သူတော်ကောင်းသည် တစ်ရာ တစ်ယောက်၊ တစ်ထောင် တစ်ယောက် ဆိုသလို ရှိတတ်ပါသေး၏။ ထိုသူသည် ခေတ်အလိုက် ပညာကိုသင်၍ တတ်မြောက်သော်လည်း လူ့ထုံးစံအတိုင်း အိမ်ထောင်ပြုလိုသော စိတ် ဆန္ဒကား နည်းပါးပါလိမ့်မည်။ ထိုကဲ့သို့သော အမျိုးသားကောင်းများ ရှိလျှင် ဤသာသနာဘောင်သို့ ဝင်၍ အမျိုးဘာသာအကျိုးကို ဆောင်လှည့်ပါလော၊ ဘုရားလက်ထက်တော်မှ စ၍ ဤသာသနာတော်ကို များစွာသော မင်းညီမင်းသားနှင့် အမျိုးကောင်းသားတို့ ဆောင်လာခဲ့ကြောင်း သိဖို့ရာ သာသနာဝင် အစဉ်အဆက်ကို ရေးသားခဲ့ပါသည်၊ ပြန်၍ ကြည့်ကြပါ။ ခေတ်ပညာ တတ်ပြီးသူသည် ဘုရား တရားတော် (ပိဋက) သက်သက်ကိုသာ ဆရာကောင်းနှင့် သင်ပါမူ နှစ်များစွာ မကြာဘဲ အဘိဓမ္မာနှင့်တကွ တတ်မြောက်နိုင်ပါသည်၊ ထိုသို့ ပိဋကသင်ယူနေစဉ် ဘာသန္တရ သင်လိုသော စာချပုဂ္ဂိုလ်များကိုလည်း ဣန္ဒြေရရနှင့် မိမိက သင်ပြနိုင်ပါသေးသည်။ မိမိတစ်ယောက်က သာသနာ့ကျက်သရေ ဆောင်နေတာ မြင်လျှင် အလားတူ အမျိုးကောင်းသားလူငယ်များလည်း “သာသနာ့တာဝန်ကိုဆောင်လျက် ပါရမီဖြည့်ကာ ဤ တစ်သက်တာ အချိန်အခါကို ကောင်းသော လွန်ခြင်းဖြင့် လွန်သွားနိုင်သည်” ဟု သဘောပေါက်ကြပါလိမ့်မည်။ ဤနည်းအားဖြင့် သာသနာတော်သည် ခေတ်ပညာတတ် အမျိုးသားတို့၏ ပါရမီဖြည့်၍ ပျော်မွေ့ရာလည်း ဖြစ်၊ ဗုဒ္ဓဘာသာဝင်တို့၏ အားကိုးရာလည်း ဖြစ်နိုင်ပါသည်။
ပညာတတ် ထက်မြက်သူများ
ယခုအခါ ခေတ်ပညာလည်း တတ်၊ စိတ်လည်း ထက်မြက်ကြသော အချို့လူငယ်များသည် နိုင်ငံ ကောင်းစားရေးအတွက် စွန့်စားလိုသော ဆန္ဒ ပြင်းပြသည်ကို တွေ့ရ၏။ “နိုင်ငံကောင်းစားရေး” ဟူသော စကားကို သဘာဝကျကျ စဉ်းစားလိုက်လျှင် ချမ်းသာပြီးသူကို မယုတ်လျော့စေဘဲ ဆင်းရဲသူများကို မြှင့်တင်ပေးနိုင်မှသာ နိုင်ငံကောင်းစားစေရာရောက်သည်။ သို့ဖြစ်လျှင် “လောကတ္ထစရိယ - လောကအကျိုးကို ကျင့်ခြင်း” ဟူသော ဘုရားအလောင်းတို့ အကျင့်နှင့် ခပ်ဆင်ဆင် တူရကား ထိုသို့သော နိုင်ငံကောင်းစားရေးကို သာသနာတော်အတွင်း ဝင်၍ မိမိ ကိုယ်တိုင် ဗုဒ္ဓမြတ်စွာ၏ လမ်းစဉ်ဒေသနာကို သင်ယူရင်း ဆင်းရဲသား ကလေးတွေကို မိမိ တတ်ပြီးသော ခေတ်ပညာ သင်ပေးရလျှင် အစစ်အမှန် သဘာဝကျသော နိုင်ငံ ကောင်းစားရေးကို ပြုကျင့်ရာ ရောက်ပါလိမ့်မည်။
လူ့ဘဝထက် ဆောင်နိုင်သော ဘဝ
အသင် ခေတ်ပညာတတ် လူငယ်များသည် ဆရာဝန်စသော ခေတ်ပညာကို တတ်ပြီးနောက် အိမ်ထောင်ပြုလိုက်ကြလျှင် ထိုတစ်အိမ်ထောင်အတွက် ကောင်းစားရေးကိုသာ အားစိုက် ခွန်စိုက် ဆောင်ရပါလိမ့်မည်။ သာသနာတော်ဝင်လာလိုက်လျှင်ကား မိမိကိုယ်တိုင် ဘုရားဒေသနာတော်မှ သြဝါဒအသစ်တွေကို ရ၍ ဆင်းရဲသားများအပေါ် ကရုဏာအသစ် ဖြစ်လာပါလိမ့်မည်။ ထိုအခါ မိမိ၏ ခေတ်ပညာကို သင်ပေးရလျှင် ထိုကလေးအပေါင်း မြောက်မြားစွာသည် ခေတ်ပညာကို အခမဲ့ သင်ရ၍ အသက်မွေးမှုပညာကို လွယ်လွယ်နှင့် ရကြပါလိမ့်မည်။ ထို့နောက် ထိုကလေးများသည် အထက်တန်းပညာများကို ဆက်လက် သင်ယူသောအခါ ကျန်းမာရေး ဆရာကလေးစသည် ဖြစ်၍ ကျေးလက် ရွာပေါင်းများ ၏ အားကိုးရာ ဖြစ်နိုင်ကြပါသည်၊ ထို့ကြောင့် “ရဟန်းဘဝသည် လူဝတ်ကြောင်ဘဝထက် လောကအကျိုးကို ပို၍ ဆောင်နိုင်သောဘဝ” ဟု စဉ်းစားမိကြပါလျှင် သာသနာတော်ဘောင် ဝင်၍ ဆင်းရဲသားများကို မြှင့်တင်လှည့်ကြပါလော။
အမျိုးသမီး သူတော်ကောင်းများ
ကဿပဘုရားရှင်လက်ထက်တော်၌ ကိကီရှင်ဘုရင်မှာ သမီးတော် ခုနှစ်ယောက် ရှိ၏။ သူတို့သည် ဘိက္ခုနီ ပြုလုပ်ခွင့် မရသဖြင့် လူ့ဘောင်၌ပင် ဥပုသ်သီလ ထိန်း၍ အနှစ် နှစ်သောင်းမျှ ကောင်းမှု ပြုခဲ့ကြ၏။ ထိုခုနှစ်ယောက်လုံးပင် ဤ ဘုရားရှင် လက်ထက်တော်၌ ခေမာ, ဥပ္ပလဝဏ်စသော သူတော်ကောင်း အဖြစ်ဖြင့် တရားထူးရကြပါသည်၊ ထို့ကြောင့် ယခုခေတ် အမျိုးသမီးများလည်း မိမိ၏ ရှေးရှေးဘဝက ပါရမီဓာတ်ခံပါ/ မပါကို ယခုဘ၀ အနေအထိုင် ဘာသာရေး အလုပ်အကိုင် ကြည့်၍ ခန့်မှန်းရပါလိမ့်မည်။ ဘာသာခြား အမျိုးသမီး များသည် ပညာပေးသော ဆရာမအဖြစ်, ဆရာဝန်မအဖြစ်ဖြင့် သူတို့ဘာသာ၏ တိုးပွားကြောင်းကို ကြိုးစားနေကြပါသည်။
ဘုန်းကြီးတို့ ဗုဒ္ဓဘာသာ အမျိုးသမီးများလည်း တစ်နည်းနည်းဖြင့် ကြိုးစားစေလိုပါသည်၊ တစ်ရာ တစ်ယောက်, တစ်ထောင် တစ်ယောက်ဆိုသလို ထူးခြားသော ခေတ်ပညာလည်း တတ်, အများအကျိုးလည်း ဆောင်လိုသော အမျိုးသမီး ဖြစ်လျှင်ကား ဗုဒ္ဓမြတ်စွာ၏ အရိပ်အောက်ဝယ် ပိဋကတ်တော်များကို သင်ပါ။ ထိုသင်ယူနေခိုက်၌၊ အမျိုးသမီးကလေးများ ကိုလည်း မိမိက သင်ပြလျက် သူတို့၏ စာရိတ္တကို ပြုပြင်နိုင်ပါသည်၊ ပိဋကတ် တရားတော်ပါ တတ်မြောက်သော အခါ ဣန္ဒြေသိက္ခာရင့်သော အမျိုးသမီး ဆရာမကြီး အဖြစ်ဖြင့် ပါရမီဖြည့်ကာ အမျိုးသမီး ကျောင်းများကို တည်ထောင်နိုင်ပါသည်။
၁၁။ သာသနာပြုဒကာများ သိဖွယ်
ဂေါပကအဖွဲ့
ကျောင်းတိုက်ဆိုင်ရာ ပစ္စည်းများကို ထိန်းသိမ်းသောအဖွဲ့ကို “ဂေါပကအဖွဲ့” ဟု ခေါ်၏။ ထို ဂေါပကအဖွဲ့သည် ဗုဒ္ဓမြတ်စွာ၏ သာသနာတော်ကို ပြုစုရာ၌ သာသနာပြုနည်း နားလည်ဖို့ အရေး ကြီးပါသည်၊ “နားလည်” ဟူရာ၌ အလှူဒါန ပစ္စည်းများသည် သာသနာ၌ အသုံးဝင်သော ပစ္စည်း ဖြစ်အောင် ရွေးချယ်တတ်ဖို့ နားလည်ခြင်း, ငွေနှင့် စပ်၍ အပ်သောနည်း - မအပ်သောနည်းတို့ကို နားလည်ခြင်း, တောင်းသာ တောင်းကောင်း မပေးကောင်းစသော ပုဂ္ဂိုလ်လေးမျိုးကို နားလည်ခြင်း များတည်း၊ ထိုသို့ နားလည်ပြီးသော ပုဂ္ဂိုလ်များက တာဝန်ယူ၍ နားမလည်သေးသော အလှူ့ရှင် များကို နားလည်အောင် ဟောပြောခြင်း, ဒါနပစ္စည်းများကို ထိန်းသိမ်း စောင့်ရှောက်ခြင်း, ဆရာတော် သံဃာတော်များနှင့် တိုင်ပင်၍ လိုသော နေရာဝယ် စည်းကမ်းတကျ သုံးစွဲခြင်းဖြင့် ဂေါပက အဖွဲ့သည် ကျောင်းတိုက်၏ တိုးတက်မှုကို ရွက်ဆောင်ရာ၌ အရေးပါ အရာရောက်သော အဖွဲ့ဖြစ်ပါသည်၊ [ထိုဂေါပကအဖွဲ့ကို ကျောင်းတိုက်နှင့် အရင်းနှီးဆုံး ကျောင်ဒကာများနှင့် အတွင်းက ဝေယျာဝစ္စ ဆောင်ရွက်မည့် ဒါယကာ ဒါယိကာမများ စုပေါင်း၍ ဖွဲ့ထားသင့်၏။]
အသုံးဝင်သော ပစ္စည်း
ယခုအခါ တချို့ကျောင်းတိုက်များ၌ လိုသည်ထက် ပိုနေသောနာရီ, ခုတင်, ကုလားထိုင်, ဖျာ, သင်ဖြူး, ကော်ဇောစသော အသုံးဆောင်တို့ကို တွေ့ရ၏။ တစ်နှစ်မှ တစ်ခါ အသုံးဝင်သော ပစ္စည်းများလည်း အများအပြား ရှိတတ်၏။ သံဃာမရှိဘဲ ပိုနေသော ကျောင်းများကိုလည်း တွေ့ရ၏။ သာသနာပြု ကျောင်းတိုက်၌ ထိုပစ္စည်းမျိုး မရှိအောင် ဂေါပကအဖွဲ့သည် အမြဲ ဂရုစိုက်ရ လိမ့်မည်။ ဒါနရှင်များကလည်း မိမိပစ္စည်းကို စာသင် စာချမှု တရားကျင့်မှု၌ အသုံးကျ-မကျကို ကိုယ်တိုင်လည်း စဉ်းစား, ထိုကျောင်း၏ ဂေါပကအဖွဲ့ကိုလည်း မေးမြန်း စုံစမ်းပြီးမှ အသုံးဝင်သော ပစ္စည်းကိုသာ လှူဒါန်းသင့်ကြပါသည်။
မအပ်သော ငွေ
မကိုင်ကောင်း မသုံးစွဲကောင်း မစီမံကောင်းသောကြောင့် “ဘုန်းကြီး ရဟန်း သာမဏေတို့အား ငွေမအပ်” ဟု ပြောစမှတ်ပြုကြသည်၊ ထိုသို့ မအပ်ခြင်းမှာလည်း ဘုရားရှင်က ဝိနည်းတော်၌ မကိုင်ဖို့ရန် မသုံးဖို့ရန် မစီမံဖို့ရန် တားမြစ်ထားသောကြောင့် ဖြစ်သည်၊ ချဲ့ဦးအံ့-ရွှေ ငွေများကို ကိုင်လျှင် “အနာမာသဒုက္ကဋ်” ဟု ပညတ်တော်မူ၏၊ [အနာမာသ - မသုံးသပ်ကောင်း မကိုင်ကောင်းပါဘဲ သုံးသပ်ခြင်း, ကိုင်ခြင်းကြောင့် အပြစ်သင့်အပ်သော + ဒုက္ကဋ် အာပတ်၊ သာမဏေများကိုင်လျှင် ဒဏ်ထိုက်၏၊ သဲဒဏ်, ရေဒဏ်များကို ထမ်းဆောင်ရမည် - ဟူလို] ငွေကို ကပ္ပိယအထံ မအပ်နှံဘဲ ဘုန်းကြီး ရဟန်း သာမဏေအား တိုက်ရိုက် လှူဒါန်းသည်ကို လက်ဖြင့် (သပိတ်ဖြင့်) ခံယူမှု, နှုတ်ဖြင့် (အင်းဟု) ခံယူမှု, လက် နှုတ်မပါဘဲ စိတ်ဖြင့် သဘောကျမှု တစ်ခုခု ပြုလျှင် နိဿဂ္ဂိယပါစိတ်အာပတ်ဟု ပညတ်တော်မူ၏၊ [နိဿဂ္ဂိယ-ထိုငွေကို ဝိနည်းထုံးစံအတိုင်း စွန့်ရမည်၊ ပါစိတ်အာပတ်လည်း သင့်သည်ဟု ဆိုလိုသည်၊] ငွေကိုင်မှု အပြစ်ထက် လှူသည်ကို လက်ခံမှု အပြစ်က သာ၍ကြီး၏။ ထိုငွေဖြင့် ဆွမ်းဝယ်လျှင်, ကျောင်းဆောက်လျှင် ထိုပစ္စည်းကို သုံးစွဲသူအားလုံး သုံးစွဲတိုင်း သုံးစွဲတိုင်း ဒုက္ကဋ်အာပတ် ထပ်၍ ထပ်၍ သင့်၏။ လူတို့က လှူလို၍ မဟုတ်ဘဲ မိမိက အလှူခံသောကြောင့် လှူသည်ကို လက်ခံ သာယာလျှင်လည်း ဤအာပတ်ပင်တည်း။ သို့သော် အလှူခံမှုကြောင့် ဒုက္ကဋ်အာပတ်တစ်မျိုး တိုးသွားသည်၊ ဤသို့ ငွေနှင့်စပ်၍ မအပ်သော နည်းများကို သိထားပြီးလျှင် အပ်သောနည်းကိုလည်း မှတ်သားကြပါ။
ငွေမှဖြစ်သော ပစ္စည်း
အလှူဒါန ပြုရာ၌ ငွေပါလာလျှင် “ထိုငွေကို ငါ မသာယာ” ဟု စိတ်က ပယ်ထားပါ၊ ထို ငွေကို ကျောင်းသားစသော ကပ္ပိယထံရောက်၍ ကပ္ပယလုပ်သူက (တစ်ဆယ်ဖြစ်လျှင်) “တစ်ဆယ်တန် အပ်သော ပစ္စည်းကို တောင်းပါ” ဟု လျှောက်လျှင် ခဲတံ စသော ပစ္စည်းကို တောင်းယူနိုင်၏၊ [“ထိုငွေဖြင့် ခဲတံ ဝယ်ပေးပါ” စသည်ဖြင့်ကား မစီမံကောင်း] တစ်စုံတစ်ယောက်က ငွေလာ လှူလျှင် “ငွေမအပ်” ဟုပယ်ပါ။ ကပ္ပိယဘယ်မှာလဲဟု လျှောက်၍ ကပ္ပိယထံ အပ်နှံပြီးလျှင် “အလိုရှိသောအခါ အပ်သောပစ္စည်းကို အလှူခံရစ်ပါ” ဟု လျှောက်လျှင် ထိုကပ္ပိယထံ အပ်သော ပစ္စည်းကို တောင်းကောင်း၏။ လှူသူက မလျှောက်ဘဲ ကပ္ပိယက လျှောက်လျှင်လည်း ကပ္ပိယထံ တောင်းကောင်း၏။ “ငွေကို မအပ်ဘူး” ဟု ပယ်သောအခါ အလှူရှင်က ကပ္ပိယထံ မလွှဲတော့ဘဲ “တပည့်တော်ထံ အပ်သော ပစ္စည်းကို အလှူခံပါ” ဟုလျှောက်လျှင်လည်း ထိုအလှူ့ရှင်ထံ အပ်သောပစ္စည်းကို တောင်းယူကောင်း၏။ (ကပ္ပိယအထံ လွှဲအပ်ရခြင်းသည် အလှူ့ရှင်နှင့် အလှူခံ ဘုန်းကြီးတို့က နေရပ်ချင်း မတူကြသဖြင့် အလိုရှိလျှင် အလွယ်တကူ မရမည် စိုးသောကြောင့် ဖြစ်၏၊ တစ်ရပ်တည်း ဖြစ်လျှင် “မိမိအထံ တောင်းပါ” ဟုလျှောက်ခြင်းက သာ၍ စိတ်ချရသည်။)
သာသနပြု သတိ
ဘုရားရှင်သည် ငွေနှင့်စပ်၍ ဤမျှလောက် တင်းတင်း ကြပ်ကြပ် ပညတ်တော်မူထားပါသည်၊ သို့ပါလျက် ယခုအခါ အလှူဒကာတို့သည် ငွေကိုပေါ့ပေါ့ဆဆ လှူလိုက်ကြ၏။ နဂိုက ကပ္ပိယထံ အပ်၍ သပ်သပ်ရပ်ရပ် လှူလိုက်စေကာမူ ကပ္ပိယလုပ်သူက မလျှောက်တတ်လျှင်လည်း မအပ် ဖြစ်ပြန်၏။ ကပ္ပိယက လျှောက်တတ်စေကာမူ အလှူခံပုဂ္ဂိုလ်က “ထိုငွေကို မည်သည့်နေရာ ထားလိုက်” ဟု လည်းကောင်း, “ထို ငွေဖြင့် မည်သည့် ပစ္စည်းကို ဝယ်ပေးစမ်း” ဟု လည်း ကောင်း စီမံလျှင်လည်း မအပ်ဖြစ်ပြန်၏။ သာ၍သနားဖွယ် ကောင်းသည်ကား မိဘတို့သည် သားရဟန်း သားကိုရင် စာသင်သွားရာ၌ ဆင်းရဲမည်စိုး၍ သား၏သေတ္တာထဲမှာ ငွေထည့်လိုက်ရှာကြ၏။ ဘုန်းကြီး၏ ဖခမည်းတော်သည်ပင် ဘုန်းကြီးသေတ္တာထဲ၌ စာသင်သွားစဉ်က ထည့်လိုက်ရှာပါသေးသည်၊ ဤနေရာကနေ၍ မိမိ၏ ဖခမည်းတော်အား မိမိ၏ သာသနာပြုပါရမီကို အမျှပေးပါသည်။
ငွေသည် အဆိပ်
ထိုသို့ သေတ္တာထဲ၌ ထည့်လိုက်သည်က စ၍ ထိုငွေသည် အဆိပ်ပမာ လောင်ပါတော့၏။ ထိုငွေဖြင့် ဆွမ်းဝယ်စားလျှင် အဆိပ်ကိုပင် စားရခြင်း ဖြစ်တော့၏။ “ဘယ့်နှယ်လဲ မိဘတို့.. ချစ်လှစွာသော သားကို အဆိပ်ခပ်၍ သတ်ရာ မရောက်ပါလော” ထိုမျှလောက် အပြစ်များသောကြောင့်ပင် ငွေအလှူခံမှုကို အကြောင်းပြု၍ ဒုတိယသံဂါယနာ တင်ရသည်အထိ ရှေးရှေးက ရဟန္တာများ ကြောင့်ကြများတော် မူခဲ့ကြပါသည်၊ [အနာဂတ်သာသနာရေး စာအုပ်၌ ဒုတိယသံဂါယနာတင်ခန်း ကို ပြန်၍ကြည့်ပါ၊] ထို့ကြောင့် သာသနာ့ဝန်ဆောင်တိုက်ကြီး တည်၍ အနာဂတ်သာသနာ ပြုလိုသော ဒါယကာ ဒါယိကာမတို့သည် မိမိတို့လည်း သာသနာပြုနည်းကို နားလည်အောင်, ကျောင်းတိုက်၏ ဂေါပက အဖွဲ့ကိုလည်း နားလည်သူများ စုပေါင်း၍ ဖွဲ့ထားနိုင်အောင် ကြိုးစား မှသာ ဘုရား အလိုတော်ကျသော သာသနာပြု ဖြစ်နိုင်မည့် အကြောင်းကို ကောင်းကောင်း သတိပြုကြပါလေ။
ပုဂ္ဂိုလ် လေးမျိုး
သာသနာပြုမည့် ဆရာဒကာတို့ မုချသိသင့်သော ပုဂ္ဂိုလ်လေးမျိုး ရှိသေး၏၊
- ပေးသာ ပေးကောင်း မတောင်းကောင်း,
- တောင်းသာ တောင်းကောင်း မပေးကောင်း,
- ပေးလည်းပေးကောင်း တောင်းလည်းတောင်းကောင်း,
- ပေးလည်း မပေးကောင်း တောင်းလည်း မတောင်းကောင်း
ဤသို့ ဆရာ ဒကာ နှစ်ဖက်လုံး သတိထားရမည့် ဒကာ ဒကာမအမျိုးအစား လေးမျိုးရှိသည်၊ ထိုလေးမျိုးတွင် ..
ပေးသာ ပေးကောင်း မတောင်းကောင်း
ရဟန်းများက ထမင်း ဆေး စသည်ကို ပေးသာ ပေးကောင်း၍, သူတို့ အထံ မတောင်း ကောင်းသော ဒကာ ဒကာမ တစ်မျိုးရှိ၏။ ထိုသူမျိုးကား - ဖုန်းတောင်း ယာစကာ အဖြစ်ဖြင့် တောင်းရမ်းလာသူ, ရှင်လောင်း, မိမိအခိုင်းအစေ ကျောင်းသား, ဧည့်သည် အာဂန္တုအဖြစ်ဖြင့် စားနပ်ရိက္ခာမပါဘဲ ကျောင်းသို့ ခေတ္တရောက်လာသူ, ဓားပြ သူပုန်နှင့် အစိုးရတို့တည်း။ သူတို့အား ကျောင်းရောက်လာသောအခါ မိမိပိုင် ဆွမ်း စသည်ကို ပေးကောင်း၏။ မကျန်းမာလျှင် ဆေး ပေးကောင်း၏။ သူပုန် ဓားပြတို့မှာ ဘေးအန္တရာယ် ပြုတတ်သောကြောင့် သံဃာပိုင် ပစ္စည်းကိုပင် ပေးကောင်း၏။ ထိုသို့ပေးရာ၌ “ငါကပေးလျှင် သူကပစ္စည်း လှူလိမ့်မည်” ဟူသော မျှော်လင့်ချက် ကား မရှိစေရ။ ထိုသူတို့ထံ၌ သူတို့ ပိုင်ပစ္စည်းကို (အယုတ်သဖြင့် ရေကိုမျှ) မတောင်းကောင်းပါ၊ ဤစကားကို ကြည့်၍ အရပ်ထဲမှ ခေတ္တမျှ ကျောင်းလာသူအား ဆွမ်းစသည်ကို မပေးကောင်း။ လူတစ်ချို့က ကျောင်းမှာရှိသော သစ်သီး ပန်း စသည်ကို လာ၍ တောင်းတတ်၏။ လူမမာအတွက် ဓာတ်စာဖြစ်လျှင်သာ အနည်းငယ် ပေးကောင်း၏။ ဓာတ်စာမဟုတ်လျှင် မပေးကောင်း။ မပေးလျှင် ကျောင်းကို ရန်ရှာမည့် သူကိုကား ခိုးသား ဓားပြလို သဘောထား၍ ပေးရပေလိမ့်မည်။ [တတိယ ပါရာဇိကနှင့် ကုလဒူသန သိက္ခာပုဒ် များ၏ အဋ္ဌကထာကို မှီ၍ ရေးသားသည်။]
တောင်းသာတောင်းကောင်း မပေးကောင်း
တောင်းသာ တောင်းကောင်း၍ မပေးကောင်းသော ဒကာ ဒကာမ တစ်မျိုးလည်း ရှိသေး၏။ ထိုသူမျိုးကား ဆွေမျိုးတော်စပ်သူ, ဆွေမျိုး မတော်သော်လည်း “အလိုရှိရာ တောင်းပါ” ဟု ဖိတ်မံထားသူတည်း။ ထိုသူတို့ အထံ၌ ရဟန်းတို့နှင့် အပ်စပ်သော ဆွမ်းစသော ပစ္စည်းကို တောင်းကောင်း၏။ ရဟန်းက ထမင်း စသည်ကို မပေးကောင်း။ [ဆွေမျိုးတော်သူသည် မကျန်းမာ လျှင် သူတို့မှာလည်း ဆေးမရှိလျှင် မိမိရှိသော ဆေးကို ပေးကောင်း၏။ ဆွေမျိုးမတော်ဘဲ ဖိတ်မံထားသူကား ကျောင်းအနီးမှာနေ၍ မိမိကို ပြုစုနေသူဖြစ်လျှင်သာ ဝေယျာဝေစ္စပြုသူ ဖြစ်၍ ဆွမ်း ဆေး စသည် ပေးကောင်း၏။ အိမ်မှာနေလျှင် ဘာမျှ မပေးကောင်း။ အိမ်မှာနေခိုက် မကျန်းမာသော်လည်း ဆေးမပေးကောင်း။ ဆေးနည်းကိုမျှ တိုက်ရိုက် မပြောကောင်း။] ဤ စကားကို ကြည့်၍ ဆွေမျိုး မတော်သော ဒကာ ဒကာမတို့အား ရင်းနှီး ကြည်ညိုရုံ, ကျောင်းဒကာ ကျောင်းအမ ရဟန်းဒကာ ရှင့်အမ ဖြစ်နေရုံမျှဖြင့် ဘာမျှ မတောင်းကောင်းကြောင်း, “ကျောင်းဆောက်လိုက်ပါ, ရဟန်းဒကာ ရှင်ဒကာ လုပ်ပါ” ဟုလည်း မခိုင်းကောင်းကြောင်း သတိပြုပါ။ မတောင်းဘဲလည်း ယူသည်ကို ကျေနပ်မည့်သူ ဖြစ်လျှင်ကား “ဝိဿာသဂ္ဂါဟ” ခေါ် အကျွမ်းဝင်သော နည်းဖြင့် ကိုယ်တိုင်လည်း ယူကောင်း, တစ်စုံ တစ်ယောက်ကို “ယူချေစမ်း” ဟုလည်း ခိုင်းကောင်းပါသည်။
ပေးလည်း ပေး တောင်းလည်း တောင်း
ပေးလည်းပေးကောင်း တောင်းလည်းတောင်းကောင်းသော ဒကာ ဒကာမ တစ်မျိုးလည်း ရှိ၏။ ထိုသူမျိုးကား မိဘတည်း။ [မိမိတို့ ရဟန်း သာမဏေ အချင်းချင်းလည်း ပေးကောင်း တောင်း ကောင်း၏။] မိဘတို့ သည် သားရဟန်းအထံမှ ဘာပစ္စည်းမဆို (သားရဟန်းပိုင် မှန်လျှင်) တောင်း ကောင်း၏။ သားရဟန်းကလည်း ပေးကောင်း၏။ သို့သော် သာသနာတော်နှင့် ဆိုင်ရာဝယ် အလွန် ရင်းနှီးသော သာသနာ့ဒါယာဒ (သာသနာ့ ဆွေမျိုး ဖြစ်နေကြသော) မယ်တော် ခမည်းတော် တို့သည် မိမိမှာ စားရေးသောက်ရေး ပြည့်စုံနေပါလျှင် မိမိကသာ လှူဖို့သင့်၏။ အခြားသူတို့က လှူထားသော ပစ္စည်းကို မတတ်သာလှမှ ယူသင့်၏။ သားရဟန်းကလည်း အခြားသူတို့က သဒ္ဓါတရားဖြင့် လှူထားသော ပစ္စည်းကို မိဘပင် ဖြစ်သော်လည်း စားရုံ သောက်ရုံထက် ပို၍ စီးပွားဖြစ် မပေးသင့်ပါ။
မပေးကောင်း မတောင်းကောင်း
ပေးလည်း မပေးကောင်း, တောင်းလည်း မတောင်းကောင်းသော ဒကာ ဒကာမ တစ်မျိုးရှိ၏။ ထိုသူကား... ဆွေမျိုးလည်းမတော်, ဖိတ်မံထားသူလည်း မဟုတ်, သူတောင်းစားလည်း မဟုတ်, ရိက္ခာမပါဘဲ ကျောင်းသို့ ရောက်လာသော ဧည့်သည်, သူခိုး ဓားပြ, အစိုးရ စသူလည်း မဟုတ်သော ရိုးရိုး ဒကာ ဒကာမတည်း။ ထို့ကြောင့် ထိုကဲ့သို့ ဒကာ ဒကာမတို့ထံမှ တစ်စုံတစ်ရာ အပ်သောပစ္စည်းကို အလိုရှိပါလျှင် ဆွမ်း ရပ်သကဲ့သို့ သူတို့အနီးသို့ (အိမ်သို့) သွား၍ ရပ်ရသည်၊ “ဘာအလိုရှိပါတုန်း” ဟု မေးမှ အလိုရှိတာကို ပြောနိုင်သည်၊ “မတတ်နိုင်သေးပါ” ဟု လျှောက်လျှင် ထပ်၍ တရားစကားပြောမနေရ။ တရားစကားပြောမှ ရလျှင် ထိုပစ္စည်း မအပ်တော့။ [ဤစကားကို ကြည့်၍ “ယခုခေတ် အချို့ ကိုယ်တော်များသည် အိမ်ပေါ်တက်ထိုင်၍ လည်းကောင်း, ကျောင်း သို့ ရောက်လာသောအခါ၌ လည်းကောင်း “ဘာလှူပါ, ညာလှူပါ” ဟု အလှူခံကြခြင်းကား ဝိနည်းတော်နှင့် မညီ၊ ထိုသို့ ပြော၍ လှူအပ်သော ပစ္စည်းသည် ရဟန်း သာမဏေ အားလုံးပင် မသုံးစွဲအပ်” ဟု မှတ်ပါ။]
ဘုန်းကံရှိသူမှ သာသနာပြုနိုင်
ဘုရား လက်ထက်တော်မှ စ၍ သာသနာပြုကြသော ဆရာ ဒကာ တို့သည် ဘုန်းထူးကံထူး ပါလာကြသူများချည်း ဖြစ်ကြ၏။ အရှင်မဟာကဿပ, အရှင်မဟာယသ, အရှင်မောဂ္ဂလိ- ပုတ္တတိဿ, အရှင်မဟိန္ဒ နှင့်အရှင်အရဟံ စသော ရှေးရှေး မထေရ်ကြီးများ, မင်းတုန်းမင်း လက်ထက်တိုင်အောင် ဆရာတော်ကြီးများသည် သာသနာပြုဖို့ရန် ဘုန်းထူူး ပါရှိသော ပုဂ္ဂိုလ်များချည်း ဖြစ်ကြပါသည်၊ ဗိမ္ဗိသာရ, အနာထပိဏ်, ဝိသာခါ, အသောကမဟာရာဇာ, ဒေဝါနံပိယတိဿ, ဒုဋ္ဌဂါမဏိ, အနော်ရထာ, မင်းတုန်းမင်း စသော သာသနာပြု ဒါယကာ ဒါယိကာမတို့လည်း ဘုန်းထူး ကံထူး ပါလာသူများပင် ဖြစ်ကြပေသည်။
မှန်၏၊ သာသနာပြုခြင်း ကိစ္စသည် ပစ္စည်းဥစ္စာ ပြည့်စုံရုံ, တန်ခိုး အာဏာ ရှိရုံမျှဖြင့် ပြီးနိုင်သော ကိစ္စမဟုတ်ပါ။ ပစ္စည်းဥစ္စာလည်း ပြည့်စုံ, သဒ္ဓါတရားလည်း ပြည့်စုံ, သာသနာ တိုးတက်စေလို သော ဆန္ဒနှင့် ဆရာဘက်၌ သီလ သမာဓိ ပညာ ဤအားလုံး စုံသည့်ပြင်, သာသနာပြု နိုင်လောက်သော ရှေးဘုန်း ရှေးကံလည်း ပါရှိဦးမှ အထမြောက်နိုင်သော ကိစ္စ ဖြစ်ပါသည်၊ ထို့ကြောင့် “မိမိတို့မှာ ရှေးဘုန်း ရှေးကံ မည်မျှလောက် ပါရှိသည်” ဟု ခန့်မှန်းနိုင်ဖို့ရန် သာသနာပြု ကိစ္စတည်းဟူသော မှတ်ကျောက်တွင် မှတ်တင်၍ ကြည့်ကြပါလော၊ သာသနာပြုကိစ္စ အထမြောက်လျှင်လည်း မိမိကိုယ်ကို ပါရမီပါလာသော ပုဂ္ဂိုလ်ဟု ဝမ်းမြောက်ပါလော။
၁၂။ သံဃာတော်များအား လျှောက်ထားခန်း
သာသနာကို အထင်မကြီးပါ
ရှေးမြန်မာမင်းများ လက်ထက်က သာသနာကို အထင်ကြီးကြသော်လည်း ယခုကား အထင်မကြီး တော့ပါ၊ တစ်နည်းအားဖြင့် ရဟန်း သာမဏေများမှာ ဂုဏ်မရှိတော့ပါ၊ ဘာ့ကြောင့် ထိုသို့ ရှေးနှင့် ယခု ကွဲပြားရသနည်း? ... မြန်မာမင်းများ ခေတ်ဝယ် ဘုန်းတော်ကြီးများ၏ အရိပ်အာဝါသ၌ ဘုန်းတော်ကြီးများ အထံမှ လူရာဝင်အောင် ပညာ သင်ကြရ၏။ ရပ်ရွာ လူကြီး လူကောင်း ဓနရှင် ဟူသမျှ ဘုန်းကြီးကျောင်းထွက် များချည်း ဖြစ်ကြ၏။ နေပြည်တော် မှူးကြီး မတ်ကြီးများနှင့်တကွ ရှင်ဘုရင့်သားတော် (ရှင်ဘုရင်ပါ) ဘုန်းကြီးကျောင်းသား ဖြစ်ကြ၏။ ယခုသော်ကား ကျေးရွာ အမတ်တွေပင် ဘုန်းကြီးကျောင်းထွက် မဟုတ်သူက များ၏။ ဝန်ကြီး ဝန်ကလေးဆိုသူတို့မှာ သာ၍ ဘုန်းကြီးကျောင်းနှင့် ဝေးခဲ့ပေလိမ့်မည်။ ထို့ကြောင့် ရဟန်း သာမဏေများကို အထင်မကြီးနိုင်ရုံ မက, ရှိနေသေးသော ကျောင်းသားအကြွင်းအကျန် ကလေးများကိုပင် “ဘုန်းကြီးကျောင်းသား သူတောင်းစား” ဟု အဆိုခံနေရပြီ မဟုတ်ပါလော၊ [အနာဂါတ်သာသနာရေး စာအုပ်၌လည်း အထင်သေး ခံရပုံကို အကျယ် ပြခဲ့ပါပြီ။]
သာသနာကို မြှင့်တင်ကြပါ
သာသနာနှင့် ဆိုင်ရာ ကျောင်းသား သူငယ် သာမဏေ ရဟန်းတော်များ၏ အရည်အချင်း မြင့်လာ အောင် ကြိုးစားခြင်းသည် သာသနာတော်ကို မြင့်တင်ရာ ရောက်ပါသည်၊ ထို့ကြောင့် ရွာသား ကလေးများ အပေါ်၌ ဆရာလုပ်မည့် ပုဂ္ဂိုလ်တိုင်း မြင့်နေဖို့က ပထမလိုပါသည်။ “မြင့်” ဆိုသည်မှာ “ပါသာဒိကေန သမ္ပာဒေထ” ဟု ဥပဇ္ဈာယ်ဆရာက မိန့်တော်မူသည့်အတိုင်း မိမိတို့ ရဟန်း သံဃာချင်းနှင့် လူဒါယကာ ဒါယိကာမတို့၏ ကြည်ညိုဖွယ်ကို ဆောင်နိုင်သော ကိုယ် နှုတ် စိတ် များပင်တည်း။ ထို့ကြောင့် ကိုယ်အနေအထား အသွားအလာ ဝတ်ပုံ စားပုံ နေပုံ ထိုင်ပုံ ပြောပုံ ဆိုပုံနှင့်တကွ ယဉ်ကျေးသော စကား အသုံးအနှုန်း, စိတ်နေစိတ်ထား ကောင်းစွာထားမှု အစုစုကို ပထမဆုံး ပြုပြင်ရပါလိမ့်မည်။ ထိုသို့ ပြုပြင်ရင်းပင် ကလေးသူငယ်များကို လူရာဝင်စေနိုင်သော အတတ်ပညာများကို ပိဋကတ်ကျမ်းစာ နှင့်အတူ သင်ယူကြရပါမည်။ ထိုသို့ ဆရာလုပ်မည့် ပုဂ္ဂိုလ်က မြင့်ပြီးမှသာ မိမိ၏ တပည့်သူငယ်များကို အဆင့်တန်း မြင့်အောင် သင်ပြပေးနိုင် ပါလိမ့်မည်။ ဤသို့ မိမိလည်း မြင့်အောင်, မိမိ၏ရပ်ရွာသူငယ်များ ရပ်သူရွာသားတို့လည်း မြင့်အောင် ပြုပြင် သင်ပြခြင်းသည် သာသနာတော်ကို လေးစားနိုင်လောက်သော နည်းဖြစ်၍ သာသနာတော်ကို မြှင့်တင်ရာ ရောက်ပါသည်။
ကျောင်းတိုက်များ
ထိုပြခဲ့သည့်အတိုင်း စနစ်တကျ သင်ပြသော ကျောင်းတိုက်ကြီးတွေ လိုနေပါသည်၊ ထို ကျောင်းတိုက်မျိုး ဖြစ်ဖို့ရန် လက်ရှိကျောင်းတိုက်များကို ပြုပြင်နိုင်လျှင် စရိတ်ကုန် သက်သာဖွယ် ရှိပါသည်၊ မပြုပြင်နိုင်လျှင်လည်း အသစ်တီထွင်သင့်ပါသည်၊ ထိုသို့ အများအပြား မဖြစ်နိုင်သေးမီ အထက်နိုင်ငံနှင့် အောက်နိုင်ငံအတွက် စည်းကမ်းတကျ သင်ပြဖို့ရန် သာသနာ့ဝန်ဆောင် ကျောင်းတိုက် နှစ်တိုက်မျှ ပထမဆုံး စတည်ထိုက်ပါသည်။ ထိုကျောင်းတိုက်ကြီးများ၌ အသား ကျအောင် သင်ယူပြီးသောအခါ မိမိနေရာသို့ ပြန်၍ ကျေးရွာ၏ အားကိုးရာ သာသနာ မြှင့်ပေး နိုင်သောကျောင်း, ကျောင်းတိုက် ဖြစ်အောင် ကိုယ်စီကိုယ်င ကြိုးစားကြလျှင် (၁၀) နှစ်လောက် အတွင်းမှာ သာသနာရေး ဘာသာရေး တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားစရာ ရှိပါသည်၊ ထိုသို့ ပြောင်းလဲအောင် ကြိုးစား နိုင်မှလည်း ဗုဒ္ဓမြတ်စွာ၏ သာသနာ့ဝန်ကို အားသွန်ကြိုးပမ်း ထမ်းရာ ရောက်ပါလိမ့်မည်၊ [ဤသို့ မပြုနိုင်လျှင်ကား အနာဂတ် ဆယ်နှစ် အတွင်းမှာ သာသနာ့ အခြေ အနေ ယခုထက်ပင် နိမ့်ကျသွားစရာ ရှိပါတော့သည်။]
နှစ်တိုနှစ်ရှည် စီမံကိန်း
ဝန်ဆောင်ကျောင်းတိုက်ကြီး တည်ပြီးသောအခါ ထိုကျောင်းတိုက်၌ “နှစ်တိုသင်နည်း, နှစ်ရှည် သင်နည်း” ဟု နှစ်မျိုးထားဖို့ လိုပါလိမ့်မည်။ နှစ်တိုသင်နည်း ဟူသည်ကား - ကျေးရွာကျောင်းများမှ ရွေးချယ်၍ လွှတ်လိုက်သော, သို့မဟုတ် မိမိဘာသာ ရွာသားတို့ကို မြှင့်တင်ဖို့ရန် ဆန္ဒရှိသော လက်ရှိ ကျောင်းဘုန်းကြီး ငယ်ငယ်ဖြစ်စေ, ဘုန်းတော်ကြီးမှ အထူး စေလွှတ်လိုက်သော တပည့် ရဟန်းတော်ဖြစ်စေ ရောက်လာသောအခါ နှစ်တိုသင်နည်းဖြင့် ကလေးများသင်ပြရန် စာနှင့်တကွ ကိုယ် နှုတ် စိတ်များကို အထူးပြုပြင်သော သင်နည်း ဖြစ်ပါသည်၊ “နှစ်ရှည်သင်နည်း” ဟူသည် သာမဏေငယ်ဘဝမှ စ၍ တစ်နှစ် တစ်တန်း တက်နည်းဖြင့် ပိဋကတ်သင်ရင်း ဂဏန်းသင်္ချာစသော (နောင်အခါ ကလေးများ သင်ပြရန်) စာများကို သင်ပေးခြင်း ဖြစ်ပါသည်၊ နှစ်တိုသင်နည်း၌ (၆)လ, သို့မဟုတ် (၁) နှစ် (၂) နှစ်ခန့် သင်ရလျှင် မူလတန်းလောက်ကို ပြနိုင်စရာရှိပါသည်၊ နှစ်ရှည် သင်နည်း၌ကား ယခုခေတ် သင်နည်းတွင် တနှစ် တစ်တန်း မှန်မှန်တက်ခြင်း, ကလေးများ သင်ပြဖို့ ဘာသာရပ်များ ပါဝင်စေခြင်းသာ ထူးပါသည်။
စီမံကိန်းနှစ်မျိုး၏ အကျိုးရ
နှစ်တိုစီမံကိန်း အထမြောက်ပါမူ ကျေးရွာကျောင်းများ၌ ဘုန်းကြီးကျောင်းသား မရှိသေးလျှင် ရှိလာစေခြင်း၊ နဂိုရှိပြီးကိုလည်း မြန်မြန် ပြုပြင်သင်ကြားရခြင်း အကျိုးရနိုင်ပါသည်။ နှစ်ရှည် စီမံကိန်းကား ယခု သင်နည်းကို တိုးတက် စည်းကမ်း ကျစေခြင်းသာ ဖြစ်၍ ဆရာလုံလောက်ပါမူ အထ မမြောက်စရာ မရှိပါ။ အထမြောက်လျှင်လည်း တန်းကုန်အောင် မလိုက်နိုင်သော ပုဂ္ဂိုလ်များသည် ကျေးရွာ မြို့ငယ်၌ ဘုန်းတော်ကြီးများ အဖြစ်ဖြင့် အမျိုးဘာသာ သာသနာ့ဝန်ကို ဆောင်နိုင်ပါသည်။ တန်းကုန်လိုက်သော ပုဂ္ဂိုလ်များသည် သာသနာ့ဝန်ကို စာပေ ပရိယတ်ဖြင့် ဖြစ်စေ၊ အကျင့်ပဋိပတ်ဖြင့် ဖြစ်စေ ထမ်းဆောင်နိုင်ကြပါသည်။ စာပေပရိယတ်ဖြင့် ထမ်းဆောင် နိုင်လျှင်လည်း မိမိတို့နေရာ မြို့နယ်တွင် အမျိုးဘာသာ သာသနာ တိုးတက်စေနိုင်မည့် ကျောင်း များ ဖြစ်အောင် ကျောင်းဟောင်း တိုက်ဟောင်းများကို ပြုပြင်၍ဖြစ်စေ၊ ကျောင်းသစ်တိုက်သစ် တည်၍ဖြစ်စေ ရွက်ဆောင်နိုင်ပါသည်။ အကျင့်ပဋိပတ်ဖြင့် ထမ်းဆောင်ပါမူ တစ်ပါးတည်း နေ၍ (ရပ်ရွာ၏ သုခ ဒုက္ခကို လျစ်လျူရှုကာ) အေးဆေးစွာ နေနိုင်ပါသည်။ သို့မဟုတ် မဟာဂန္ဓာရုံ ဆရာတော်ကြီးများ ခေတ်ကကဲ့သို့ ပဋိပတ် ရဟန်းတော်များချည်း သက်သက် (လူတို့နှင့် မရောယှတ်ဘဲ) အေးဆေးစွာ နေနိုင်ပါသည်။ ထိုကမ္မဋ္ဌာန်း ကျောင်းတိုက်၌ လူဝတ်ကြောင်တို့ကား ခေတ္တခဏ တရားယူ၍ သင့်တော်သော နေရာ၌ သီးခြား နေသင့်ကြပါသည်။
ဖြစ်နိုင်ပါ့မလား?
ယခုညွှန်ပြခဲ့သော အစီအစဉ်ကို လူ ရှင်များက “ဖြစ်နိုင်ပါ့မလား?” ဟု မေးစရာ ရှိပါသည်။ အဖြေမှန်ကတော့ ဒကာ ဒကာမတို့ဘက်က သာသနာပြုလိုသော ဆန္ဒ၊ ရဟန်းသံဃာများဘက်က သာသနာ့တာဝန် အားသွန်ကြိုးပမ်း ထမ်းလိုသောဆန္ဒ မရှိကြလျှင် အများထင်သည့်အတိုင်း ယခုညွှန်ပြခဲ့သော အစီအစဉ်များ ဖြစ်နိုင်စရာ မရှိပါ။ နှစ်ဖက်လုံး ဆန္ဒ ထက်သန်မှသာ ဖြစ်နိုင်စရာ ရှိပါသည်။ မိမိသည် လွတ်လပ်ရေး ရတော့မည်ဟု ကြွေးကြော်နေတုန်း အချိန်ကပင် “လွတ်လပ်ရေးရလျှင် တိုင်းပြည်ခေါင်းဆောင်များ အကူအညီဖြင့် သာသနာရေးကို တိုင်းပြည် အကျိုးရှိအောင် သံဃာတော်များက ပြုပြင်မှ တော်မည်” ဟု ကြံစည်ကာ အနာဂတ်သာသနာရေး ကျမ်းစာကို ရေးသားခဲ့ပါသည်။ ထို့နောက် လွတ်လပ်ရေး ရသောအခါ တိုင်းပြည်က ပြုပြင်ရေး အလုပ်ကို လုပ်ရမည့်အစား ဖျက်ဆီးရေး အလုပ်ကို ကြိုးစားကြသောကြောင့် “မိမိ စီစဉ်သော သာသနာရေးအလုပ်ကို မိမိပင် အားထုတ်မည်၊ အားထုတ်၍ မဖြစ်လျှင် စာရေး၍ အေးအေး နေမည်” ဟု အဓိဋ္ဌာန်ပြုကာ မိမိနေရာ ဌာနကို ပြုပြင်ခဲ့ပါသည်။ ပြုပြင်သလောက်လည်း ခေတ်အလိုက် ကျေနပ်သူတွေ အတော် များလာသောကြောင့် ဤနည်းအတိုင်းသာ များစွာသော ဆရာ ဒကာတို့ ပြုပြင်ကြလျှင် ရဟန်း ရှင် လူ သူတော်ကောင်း အများ၏ အားပေးမှုဖြင့် အရပ်တိုင်းမှာလည်း အရေးပါ၍ အရာရာရောက်သော သာသနာ ဖြစ်လောက်စရာ ရှိသည်ဟု ယူဆလျက် တိုးတက်၍ ပြုပြင်ရေးကို အများအတွက် စိတ်ဝင်စားခဲ့ပါသည်။
မိမိကျောင်းတိုက် ပြုပြင်ပုံ
၁။ မိမိ၏ ကျောင်းတိုက်ဝယ် ဆရာ မိဘစသော ရင်းရင်းနှီးနှီး ပုဂ္ဂိုလ်တို့က လိုက်ပို့ အပ်နှံသူကိုသာ၊ သို့မဟုတ် ကျောင်းတွင်း၌ နဂိုက သိပြီးသော အာမခံ ရှိသူကိုသာ လက်ခံပါသည်။ အများအားဖြင့် ပြောဆို ပြုပြင်၍ ရလောက်သော သာမဏေငယ်များကိုသာ လွယ်လွယ်ကူကူ လက်ခံပါသည်။
၂။ ထိုပုဂ္ဂိုလ်၏ သပိတ် သင်္ကန်းစသော အသုံးအဆောင်များကို ဝိနည်းတော်နှင့် အညီဖြစ်အောင် သာမန်မျှသာ ရှေးက သတိပေးခဲ့သော်လည်း တိုးချဲ့ ပြုပြင်လိုသော ယခုအချိန်မှာ (ဂဏန်းသင်္ချာ ဘာသန္တရ တို့ကို တွဲဖက်သင်ရမည် ဖြစ်သောကြောင့်) သာ၍ တင်းကြပ်စွာ စီစစ်နေပါသည်။ [ဝိနည်းနှင့် မအပ်အောင် ကိုယ်တိုင် ဝယ်လာသော ပစ္စည်းတစ်ခုသည် ကိုင်တိုင်း ကိုင်တိုင်း အာပတ်တစ်ခု ထပ်၍ သင့်ပါသည်။]
၃။ အာမခံပုဂ္ဂိုလ်သည် ရောက်ခါစပုဂ္ဂိုလ်၏ သင်္ကန်းကို အရောင်ရင့်အောင် ဆိုးပေးရပါသည်။ သင်္ကန်းဝတ်ပုံ၊ စားပုံ၊ ဆရာသမား ဆည်းကပ်ပုံ၊ ကိုယ်ထက် ကြီးသူကို ရိုသေ လေးစားရပုံ၊ စကားပြောပုံ၊ သင်္ကန်းရုံပုံ၊ ဆွမ်းခံသွားပုံ၊ စာအံပုံ နှင့်တကွ အယုတ်ဆုံး ကုဋိတက်ပုံကိုပါ တာဝန်ယူ၍ သင်ပြရပါသည်။ [ဤတိုက်၌ ကုဋိ (ကျင်ကြီးအိမ်) ဝယ် ကနုတံခေါ် တုတ်တံ မရှိပါ။ ဆပ်ပြာနှင့် ရေကိုသာ များများသုံးရပါသည်။]
၄။ အာမခံပုဂ္ဂိုလ်သည် မိမိတာဝန်ရှိသူ၏ ကျန်းမာရေးနှင့် စာသင်ရေးကို အထူးတာဝန် ယူရပါသည်။ [မိမိ စာချပေးနိုင်လျှင် စာချပေး၍၊ စာမချနိုင်လျှင် စာချပေးမည့် ပုဂ္ဂိုလ်အထံ လိုက်နာဖို့ ညွှန်ပြသောအားဖြင့် စာသင်မှုကို တာဝန်ယူရပါသည်။]
၅။ ခရီးသွားသောအခါ သင်္ကန်းရုံဖို့၊ သပိတ်ယူသွားဖို့၊ ငွေမကိုင်ဖို့ သတိပေးပါသည်။ သို့သော် ပင်ကို သဒ္ဓါတရား ကောင်းသူတချို့သာ သတိပေးတိုင်း ပြုကျင့်၍ သဒ္ဓါတရား နည်းသော စာသင်သားတို့ကား မျက်ကွယ်ရောက်လျှင် ထိုအတိုင်း မပြုကျင့်ကြပါ။
၆။ ပွဲကြည့်ခြင်း၊ ကျောင်းတွင်း၌ လည်းကောင်း၊ ကပ္ပိယ ရနိုင်ပါလျှက် ကျောင်းပြင်၌ လည်းကောင်း ငွေကိုင်ခြင်းသည် တိုက်မှ နှင်ထုတ်နိုင်သော အပြစ်များ ဖြစ်ပါသည်။ [တစ်ရံတစ်ခါ ကပ္ပိယ မရနိုင်၍ ခရီးသွားရင်း ငွေကိုင်ခြင်းကို ဝိနည်းက ပညတ်ထားသော်လည်း နှင်၍ မထုတ် နိုင်သည်မှာ ငွေမကိုင်သည့် ပုဂ္ဂိုလ်က နည်းပါးသေးခြင်းကြောင့် ဖြစ်၏။]
၇။ မိမိ၏ အိပ်ရာ နေရာ အဝတ် သင်္ကန်းများကို သန့်ရှင်းစွာထား၍ မိမိတို့၏နေရာ ကျောင်း၏ အနီးဥပစာကိုလည်း ထိုက်တန်သမျှ သန့်ရှင်းစေရပါသည်။ ဥပုသ်နေ့ မတိုင်မီ အဖိတ်နေ့၌ မိမိနေရာကျောင်း ကို အထူးသန့်ရှင်းစေ၍ ဥပုသ်နေ့၌ နံနက်ဆွမ်း စားအပြီးတွင် (ဆောင်းအခါ မဟုတ်လျှင်) တစ်တိုက်လုံး ရေဖျန်း၍ တံမြက်လှည်းရပါသည်။
၈။ ညဉ့်အခါ နေဝင်ဘာသာ အချိန်၌ ဘုရား ဝတ်တက်ကြပါသည်။ (ဘုရားရှေ့တော်၌ ဘုရားရှိခိုး၊ သုတ္တန်ပါဠိတော်၊ ပါတိမောက်၊ ပရိတ် စသည်တို့ကို အလှည့်ကျ ရွတ်ခြင်းကို ဆိုသည်)။ ထို့နောက် စာပြန်ကြ၊ ညဝါ ချတန် ချကြပါသည်။ (၈)နာရီ ခွဲလောက် အချိန်၌ တုံးကလေး ခေါက်၍ စာအံ တိတ်စေပြီးလျှင် ပစ္စဝက္ခဏာဆင်ခြင်မှု၊ မေတ္တာပွားမှု၊ ဗုဒ္ဓါနုဿတိ ပွားမှုစသော အလိုရှိရာ ပွားမှုကို နာရီဝက်ခန့် ပြုကြရပါသည်။ [သဒ္ဓါတရားရှိသော ပုဂ္ဂိုလ်များ မှန်မှန်ပြုကြ၍ အချောင် သမားတို့ကား ပြုကြမည် မဟုတ်ပါ။ သို့ရာတွင် စကားမပြောရ၊ တိတ်ဆိတ်စွာ နေကြရပါသည်။] ထို့နောက် (၉) နာရီလောက် တုံးကလေးခေါက်၍ အညောင်းအညာ ဖြေပြီးလျှင် အိပ်ရာ ဝင်ကြရပါသည်။ နောက်ထပ် စာမအံရပါ။
၉။ နံနက်စောစော တုံးကြီးခေါက်လျှင် (အလွန် ငယ်သူမှတစ်ပါး ကျန်းမာလျှင်) အားလုံးထကြရ၏။ ထပြီးလျှင် (လေထမည် စိုးသောကြောင့် စုပေါင်း၍ ဘုရားရှိခိုးမှု မပြုဘဲ) ပစ္စဝက္ခဏာဆင်ခြင်မှု၊ မေတ္တာ၊ ဗုဒ္ဓါနုဿတိ စသည် ပွားများမှုကို (မအိပ်မီ အတိုင်း) ပြုကြရပါသည်။
၁၀။ အရုဏ်တက်သောအခါ သံချောင်းခေါက်၍ နံနက်ဆွမ်းစား ကြရပါသည်။ ထို့နောက် တုံးကလေးခေါက်၍ တစ်နေရာ၌ အားလုံးစုပြီးသောအခါ (စာမြင်ရလောက်အောင်) မလင်း သေးခင် မိမိအနားမှာ တရားစာကို ခေတ္တရွတ်၍ တစ်ရံတစ်ခါ ငယ်ရွယ်သူများ အတွက် စာကို အနည်းငယ် ပြောပါသည်။ တစ်ရံတစ်ခါ ကျောင်းနှင့်စပ်၍ သတိပေးစရာ၊ အပြစ်တင်စရာ၊ ချွတ်ယွင်းချက် စသည်များကို ပြောပါသည်။ ထို့နောက် စာမြင်ရသောအခါ ငယ်ရွယ်သူများ ဘုရားရှေ့တော် သွား၍ စာရွတ်ကြ၊ ကျောင်း ပတ်ဝန်းကျင် သန့်ရှင်းကြစဉ် စာအထက်တန်း ရောက်သူများအား စာချပါသည်။
၁၁။ ထိုသို့ စာချပြီးချိန်နှင့် နေ့စာအတွက် ဆွမ်းခံချိန်သည် အံကိုက် ကျစေမြဲ ဖြစ်သည်။ ဆွမ်းခံချိန်မှ စ၍ မိမိသည် စာရေး စာပြင်မှုကို ပြုမြဲ ဖြစ်၏။ ဆွမ်းခံပြန်လာသောအခါ စာချဘုန်းကြီးများ စာချကြ၏။ နှစ်ကြိမ်လောက် စာချပြီးသောအခါ နေ့ဆွမ်းစားချိန်နှင့် နီးကပ်သွားလေသည်။ ဆွမ်းစားသောအခါ တစ်တိုက်လုံး စု၍ ဆွမ်းစားကျောင်း၌ စားကြပါသည်။ [အဖိတ်နေ့ နေ့တစ်ဝက်နှင့် ဥပုသ်နေ့၌ အဝတ်ဖွပ်၊ ဦးခေါင်းရိတ်၊ သင်္ကန်းဆိုး ကိစ္စများကြောင့် စာချ စာတက်ကိစ္စများကို ရပ်နားစေပါသည်။]
၁၂။ ထိုသံဃာများသည် ပဲပြုတ်၊ ချဉ်ပေါင်ဟင်းမျိုးစုံဖြင့် နေ့စဉ် နံနက်ဆွမ်း စားကြ၏။ [ဆွမ်းကို ရှင်သာမဏေကြီးများ ချက်၍၊ ဟင်းကို တာဝန်ရှိသော ဥပါသိကာမ သီလရှင်တို့ ချက်ကြ၏။ နေ့ဆွမ်းအတွက်လည်း သင့်လျော်သော ဟင်းနှစ်ခွက်ကို ချက်ပေးကြရ၏။ နေ့ဆွမ်း စားသောအခါ သာမဏေများ ကျိုပေးသော လက်ဖက်ရည်ကိုလည်း သောက်ကြရ၏။ ညနေတိုင်းပင် နွေအခါ မန်ကျည်းဖျော်ရည်၊ ဆောင်းအခါ မိုးအခါတို့၌ ထန်းလျက်ရည်ကို သုံးဆောင်ကြရ၏။ မကျန်းမာ သောအခါ ကော်ဖီ၊ မုန့်ကျွတ်၊ ရှလပတ်ရည်၊ ဂလူးကို့စ် စသည်များကို ဆေးဆရာ၏ ညွှန်ကြား ချက်အတိုင်း ရရှိကြပါသည်။]
၁၃။ ယခုအခါ တာဝန်ပေါ့သည်ထက် ပေါ့သောနည်းကို စမ်းသပ်နေပါသည်။ နံနက်ဆွမ်းစားချိန် ဝယ် တစ်ချို့ ကိုယ်တော်များကို ယာဂုပျစ်ပျစ် သောက်စေ၍ ဆွမ်းခံ ပြန်လာသောအခါ (ရေချိုးလိုလျှင် ချိုး၍) ဆာသောအချိန်ကျမှ ဆွမ်းစားစေသောနည်း ဖြစ်ပါသည်။ ဆွမ်းပွဲနှင့် မစားရ၊ တစ်ပါးချင်း စီတန်း၍ စားရပါသည်။ မျှတအောင်လည်း ကျောင်းဟင်း နှစ်ခွက်နှင့် လက်ဖက်ရည် (ရေနွေး) ရပါသေးသည်။ ဤနည်းအားဖြင့် ကျန်းမာရေးလည်း ပို၍ ရမည်ဟု မျှော်လင့်ပါသည်။
မှတ်ချက်။ ဤ (၁၃)နံပါတ် ဆွမ်းစားနည်းသည် ဘုရားလက်ထက်တော်က နည်းလည်း ဖြစ်ပါသည်။ ထိုခေတ်က တချို့က ယာဂုပင် မသောက်ကြပါ။ မဟာဂန္ဓာရုံ ဆရာတော်ဘုရား လက်ထက်က ယောဂီ ရဟန်းတော်များလည်း ဤနည်းအတိုင်း ဆွမ်းဘုဉ်းပေးကြပါသည်။ [သို့သော် ညနေ ဆာတတ်သော ပုဂ္ဂိုလ်များအတွက် တာဝန်လေးမည် စိုး၍ မဆာတတ်သော ပုဂ္ဂိုလ်များသာ ဤနည်းအတိုင်း စားကြဖို့ရန် ညွှန်ပြထားပါသည်။]
လစဉ် စရိတ်
သံဃာများအတွက် ထိုကဲ့သို့ တာဝန် ဆောင်ရသောကြောင့် လစဉ်ကုန်ကျသော ဆန် ဆီ စသည်တို့၏ တန်ဖိုးမှာ မနည်းလှပါ။ တစ်ခါတုန်းက တံတားဦးမြို့မှ ဒေါ်မြမေ ဆိုသူက “တစ်လ အတွက် ကုန်ကျသော ပစ္စည်းများကို လှူလိုပါသည်” ဟု လျှောက်၏။ အကုန်အကျ များလွန်းမည် စိုး၍ “တစ်လအတွက်မဟုတ်ဘဲ လှူလိုသလောက် လှူပါလား” ဟု ပြောသော်လည်း တစ်လ အတွက် လှူလိုပါသည်ဟု ထပ်၍ လျှောက်သောကြောင့် နဝကမ္မ ထိန်းသိမ်းနေသော (မြေစာရင်း အင်စပိတ် ပင်စင်စား) ဥပါသကာကြီးအား အတိအကျ မဟုတ်ဘဲ ခပ်လျှော့လျှော့ တွက်ပေး လိုက်ပါဟု ပြောရပါသည်။
ထိုဥပါသကာကြီးကလည်း လျှော့လျှော့ပေါ့ပေါ့ တွက်ပေးရာ သံဃာ တစ်ရာရှိခိုက် ဆန်(၆)အိတ်၊ ဆီ(၄)ပုံး၊ ပဲ(၂) အိတ် စသည်ဖြင့် ငါးပိ ငံပြာရည်၊ နေ့စဉ် ဟင်းသီး ဟင်းရွက် ထင်း ရေနှင့် ချွေချွေတာတာ ထွန်းရသော မီးစသည်များအတွက် ကုန်ကျစရိတ်ကို တွက်၍ “ကိုးရာကျော်” စာရင်း ပြလိုက်ပါသည်။ [ထိုစာရင်း၌ ကော်ဖီစသည် မပါသေး၊ တစ်ရံတစ်ခါ ကုန်ကျသော ရေနံသုတ်၊ ဆေးသုတ်၊ ကျောင်းပြုပြင်မှုများလည်း မပါသေး၊ သို့ပါလျက် အတိအကျတွက်လျှင် သံဃာတစ်ရာ ရှိခိုက်၌ လစဉ် တစ်ထောင်ကျော်အောက် လျော့မည်မဟုတ်ပါ။ ဤစာအုပ်ရိုက် နေချိန် ဝါဆိုဦး၌ သံဃာတော် တစ်ရာ့လေးဆယ်ကျော် ရှိနေပါပြီ။]
တစ်နိုင်ငံလုံး ခန့်မှန်းဖွယ်
သံဃာ တစ်ရာအတွက် ကျောင်း သင်္ကန်း မပါသေးဘဲ စားသောက်ရေးပင် ကျောင်းက ကုန်ကျသလောက်၊ နေ့ဆွမ်း လောင်းလှူရသော အရပ်ထဲမှလည်း ထိုမျှနီးနီး ကုန်ကျစရာ ရှိပါသည်။ ဤတွက်ကိန်းသည် အသက်သာဆုံး တွက်ကိန်းသာ ဖြစ်ပါသည်။ ဆရာသမား တာဝန် မယူဘဲ ကိုယ့်တာဝန် ကိုယ်ထမ်းရသော တိုက်တာများ၌ စာသင်သားများမှာလည်း ရပ်ရွာ မိဖတို့က စားသောက်ရေး အတွက် အလားတူ ထောက်ပံ့မှုကို ပြုကြရပေမည်။ သို့ဖြစ်လျှင် သံဃာတော် ငါးသောင်းများအတွက် လစဉ် ကုန်ကျစရိတ် မည်မျှရှိမည်ကို ခန့်မှန်းနိုင်လောက် ပါသည်။
အကျိုးမရလျှင် ဖယ်ချ ခံရမည်
လောက၌ ကြီးလေးစွာ ထမ်းဆောင် နေရသော တာဝန်တစ်ရပ်ကို “ထိုတာဝန်မှ မည်မျှလောက် အကျိုးပြန်၍ ရသလဲ” ဟု စဉ်းစားမြဲ ဖြစ်ပါသည်။ တစ်ခါ မစဉ်းစားမိလျှင် တစ်ခါခါတော့ စဉ်းစားမိမည်မှာ အမှန်ပင် ဖြစ်ပါသည်။ ထိုသို့ စဉ်းစားသောအခါ တာဝန် လေးသလောက် အကျိုး မပေါ်ပေါက်လျှင် ထိုတာဝန်ကို ဖယ်ချမည်မှာ ဓမ္မတာပင် ဖြစ်ပါသည်။ မိမိသည်ပင် “လစဉ် အကုန် အကျခံ၍ ပြောဆိုဆုံးမ စာပို့ချနေရသော ရဟန်း သာမဏေများ အထံမှ သာသနာတော်အတွက် ဘာအကျိုး ပြန်ရသလဲ” ဟု စဉ်စားပါသည်။ ထိုသံဃာများ “ကောင်းမွန်စွာ နေထိုင်၍ နောင် အဆက်ဆက် ဗုဒ္ဓမြတ်စွာ၏ သာသနာ့တာဝန်ကို ဆောင်ရွက်ကြမှသာ မိမိနှင့်တကွ စာချ ဘုန်းကြီးများ၊ မိမိ၏ ရင်းနှီးသော ဒကာ ဒကာမများ၏ ပင်ပန်းရကျိုး၊ ကုန်ကျရကျိုး နပ်ပေ လိမ့်မည်၊ ထိုသို့ မဖြစ်လျှင် အကျိုးမများ” ဟု တွက်ကိန်းချလေ့ ရှိပါသည်။ ထို့ကြောင့် မိမိတိုက် သံဃာများကို အထူး သိပ်သည်းစွာ နေထိုင်၍ သာသနာ့တာဝန် ဆောင်ကြဖို့ မကြာခဏ ညွှန်ပြနေပါသည်။
အမဲ မဖမ်းသင့်
တောရွာမှ မြို့သို့ ဈေးဝယ်လာသူကို မြို့က အမြတ်ကြီးစား၍ အညံ့စား ပေးလိုက်ရာ၌ “အမဲ ဖမ်းတာပဲ” ဟု ခေတ်သုံးစကားတစ်မျိုး ရှိပါသည်။ [တောထဲက သားကောင်ကို အမဲကောင်ဟု ခေါ်၍ ထိုအကောင်၏ အမဲသား စားဖို့ရန် (အဖိုးမပေးရဘဲ) ဖမ်းယူခြင်းကို ဥပစာ တင်စား၍ ပြောသောစကား ဖြစ်သည်။] ထိုအဖြစ်မျိုးကို ဤသာသနာရေးမှာလည်း တစ်ချို့နေရာ၌ တွေ့နေရ၏။ မိမိက သီလ သမာဓိ ပညာမရှိဘဲ အလှူဒါန၏ အကျိုးကို ဟောပြ၍ ဒကာ ဒကာမ တို့အထံမှ (သာသနာတော် အကျိုးမများဘဲ) ပကာသနပစ္စည်း များကို အလှူခံခြင်းမျိုးတည်း။ ထိုသို့ ဒါနအကျိုးကို အဟောများမှုကြောင့်ပင် “တစ်မူးရလို့ တစ်ပဲလှူ တို့ရှမ်းတောင်သူ တူနိုင်ရိုးလား” ဟူသော သံချပ် ထိုးသံများနှင့် ရှမ်းပြည်နယ်က ဒါနအတွက် အသားယူကြ လေသည်။ ယခုအခါ ပြည်ထောင်စု မြန်မာနိုင်ငံသား အားလုံးအထံမှ ဒါနပစ္စည်းများကို ခံယူရာ၌ “အမဲဖမ်း” မဖြစ်အောင် သတိပြုထိုက်လှပါသည်။
ချစ် သနားစရာ ပြည်မြန်မာ
ဤ ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် သာသနာရေးဘက် ကြည့်လျှင် ကရုဏာ မေတ္တာ များစွာ ထားထိုက်သော (သနားစရာ ချစ်စရာကောင်းသော) နိုင်ငံတော် ဖြစ်ပါသည်။ အင်္ဂလန်တို့လို နိုင်ငံမျိုးဝယ် ဗုဒ္ဓဘာသာဝင် တစ်သိန်းရှိစေကာမူ တစ်ယောက်တည်းက သာသနာပြုကျောင်း တစ်ဆောင် ဆောက်ဖို့ ခဲယဉ်း၍ ရဟန်းတော် တစ်ပါး နှစ်ပါးကို အများစုပေါင်း၍ အခမဲ့ ကျွေးထားဖို့လည်း ခဲယဉ်းပါသည်။ ဤနိုင်ငံ၌ကား ဗုဒ္ဓဘာသာဝင် အိမ်တစ်ရာ ရှိလျှင် ကျောင်းနှင့်တကွ သံဃာ(၁၀) ပါးလောက်ကို ဆွမ်း သင်္ကန်း ပြည့်စုံအောင် ထောက်ပံ့နိုင်ကြပါသည်။ ထို့ကြောင့် ဤနိုင်ငံ၌ သာသနာနှင့် စပ်ဆိုင်ရာဝယ် အမဲဖမ်းသလို မဖြစ်စေဘဲ သနားချစ်ခင်စွာဖြင့် သာသနာ ကို အကြောင်းပြု၍ အကျိုးရသော နိုင်ငံဖြစ်အောင် သံဃာတော် ဘက်ကလည်း စွမ်းဆောင်သင့် လှပါသည်။
ဂုဏ်ရှိရှိနှင့် တည်စေမည်လား
ဤပြခဲ့သော အချက်များကို စဉ်းစားပြီးလျှင် “ဤ သာသနာတော်ကို ဂုဏ်ရှိ သိရ်ရှိနှင့် ဤနိုင်ငံမှာ တည်စေမည်လား၊ ဂုဏ်မဲ့ သိရ်မဲ့ ဖြစ်၍ ဤနိုင်ငံမှ ကွယ်ပျောက်သွား စေမည်လား” ဟု ဆရာ ဒကာ အားလုံးပင် မိမိကိုယ်ကို မေးလျှင် “ဂုဏ်ရှိ သိရ်ရှိနှင့် ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီး၏ တည်တံ့ခြင်းကို လိုလားကြပါသည်” ဟု ဖြေကြပါလိမ့်မည်။ ထိုသို့ လိုလားကြပါလျှင် (လိုလား နေရုံဖြင့် အကျိုးမရနိုင်သောကြောင့်) လိုလားသည့် အတိုင်း အားထုတ်ဖို့ရာ ကိုယ်စီကိုယ်င ဖြစ်နိုင် လောက်သော အကြံသစ် ဉာဏ်သစ်များဖြင့် သာသနာရေးကို စဉ်းစားသင့်ကြပါကြောင်း လျှောက်ထား တောင်းပန်ပါသည် သံဃာတော် အရှင်သူမြတ်တို့ဘုရား။
၁၃။ ဆရာတော်များထံ ခွင့်ပန်ခြင်း
လျှောက်ပါရစေ
ယခုအချိန်၌ ရှေးက မိမိကို ပြုစုပျိုးထောင်လိုက်သော ဆရာတော်များတွင် ပခုက္ကူ - မဟာဝိသုတာရာမ ဆရာတော်နှင့် ဝိသုဒ္ဓါရုံ၊ မြောင်းမြဆရာတော် နှစ်ပါးသာ သက်တော်ထင်ရှား ရှိပါတော့၏။ သို့ရာတွင် မိမိကို ငယ်စဉ်ကစ၍ အရေးပါပါနှင့် အသိအမှတ် ပြုခဲ့ကြသော ဆရာတော်များကား သက်တော် ရှစ်ဆယ် - ရှစ်ဆယ် ကျော်အထိ ရှိကြပါသေးသည်။ ထိုဆရာတော်ကြီးများသည် မိမိ၏ ပြုခဲ့သမျှသော စာရေးစာချ သာသနာ့ကိစ္စကို အားရတော်မူပြီး ဖြစ်ကြပါသည်။ သို့သော် ယခုအခါ တိုးချဲ့၍ ပြုဖို့ရန် ကြံစည်အပ်သော သာသနာ့ကိစ္စအတွက် ရည်ရွယ်ချက်ကို မသိရလျှင် ကျေနပ်တော် မမူကြမည် မဟုတ်သောကြောင့် တိုတိုကျဉ်းကျဉ်းနှင့် လိုရင်းကို ဆရာတော်များအား လျှောက်ထားပါရစေဘုရား။
၁။ ကျေးရွာကျောင်းများ၌ ကျောင်းသား မရှိတော့ပါ။ တချို့ကျောင်းများ၌ ကျောင်းစောင့်ဘုန်းကြီး ပင် မရှိတော့ပါ။
၂။ မြို့ငယ် မြို့ကြီးများ၌ ကလေးတွေကား အများအားဖြင့် အင်္ဂလိပ် စာသင်ကျောင်းမှာချည်း နေကြပါသည်။ ပစ္စည်းဥစ္စာ တတ်နိုင်လေ အင်္ဂလိပ်ကျောင်းမှာ နေလေ ဖြစ်နေပါပြီ။
၃။ ထိုအင်္ဂလိပ် ကျောင်းထွက်များသည်ပင် နောင်အခါ နိုင်ငံ၏ ခေါင်းဆောင်လည်း ဖြစ်ကြ ပါလိမ့်မည်။
၄။ ထိုအင်္ဂလိပ်ကျောင်းထွက်များသည် သူတို့ ဆရာသမားများ၏ ဂုဏ်ကျေးဇူးကိုသာ သိ၍၊ ရဟန်း သံဃာတော်များ၏ ဂုဏ်ကျေးဇူးကို သိခွင့် မရတော့ပါ။
၅။ ရဟန်းသံဃာတော်များ၏ ဂုဏ်ကျေးဇူးကို မသိရလျှင် သာသနာတော်၏ အကျိုးကျေးဇူးကို မသိမမြင်နိုင်ဘဲ သာသနာတော်ကို လည်းကောင်း၊ ရဟန်းသံဃာကို လည်းကောင်း (နိုင်ငံမှာ တာဝန်အပို တက်နေသော အစုအဝေး) ဟု အယူရှိစရာ ဖြစ်လာပါတော့သည်။
၆။ ယခုလည်း လူတို့အနီးမှာ ရှိနေကြသော တစ္ဆေ သူရဲနှင့် ရုက္ခဇိုးနတ်များကိုပင် မြင်အောင် မကြည့်နိုင်သူတို့က သူတို့မမြင်နိုင် ရုံမျှဖြင့် မြင့်မိုရ်တောင် မရှိ၊ နတ်ပြည် မရှိ၊ ငရဲပြည် မရှိဟု ရဲရဲတင်းတင်း ပြောနေကြပါပြီ။
၇။ ထို့ပြင် တပည့်တော်များ၏ ကျောင်းများ၊ ကျောင်းတိုက်များဝယ် ဆရာ ဒကာတို့ ကြိုးစား နေခိုက်သာ ကောင်းမွန် တိုးတက်၍ မူလ ဆရာ ဒကာတို့ ကွယ်လွန်သွားလျှင် နိမ့်ကျရ၊ ပျက်စီးကြ ရသည်ကို တွေ့ရပါသည်။ ထို့ကြောင့် ကျောင်း၊ ကျောင်းတိုက်များကို စောင့်ရှောက်ရာဝယ် ဆရာဘက်က နာယကအဖွဲ့၊ ဒကာဘက်က ဂေါပကအဖွဲ့ဖြင့် စောင့်ရှောက်သွားမှသာ အဆက်ဆက် တည်တံ့ တိုးတက်စရာ ရှိပါသည်။
၈။ ထို့ကြောင့် ဘုရားတပည့်တော်သည် ဂဏန်းသင်္ချာစသော ပညာများကို သင်ပေးခြင်းအားဖြင့် တောရွာကျောင်းများကို ထိန်းသိမ်းနိုင်မည်ဟု လည်းကောင်း၊ ဘာသန္တရ သင်ပေးခြင်းအားဖြင့် ဆရာနှင့် ခွဲ၍ ဘာသန္တ သင်နေကြသော စာချနိုင်စွမ်း ရှိသော ရဟန်းတော်များကို ပိဋက လက်မလွတ်စေဘဲ သဒ္ဓါတရား မပျက်စီးအောင် ထိန်းသိမ်းနိုင်မည်လည်းကောင်း၊ ထိုသို့ ထိန်းသိမ်းခြင်းဖြင့် ကျောင်း ကျောင်းတိုက်များကို အဓွန့်ရှည်စွာ တည်စေနိုင်လိမ့်မည် ဟုလည်းကောင်း မျှော်လင့်ပါသည်။
၉။ ယခုအခြေအနေမှာ အတော်များစွာသော စာချတန်းအောင် ပုဂ္ဂိုလ်တို့တွင် ဘာသန္တရ သင်သူက သင်၊ စာသင်တိုက် မဟုတ်သော နေရာ၌ ဖြစ်သလို သာမည နေသူက နေ ဖြစ်ရကား သမင်မွေးရင်း ကျားစားရင်း ဆိုသလို စာချတန်း အောင်ပြီး ပုဂ္ဂိုလ်များကို တပည့်တော်များ၏ ကျောင်းတိုက်၌ ထိန်းမထားနိုင်အောင် ဖြစ်နေပါသည်။ ဘာသန္တရ သင်ပေးနိုင်ပါမူ အားလုံး မဟုတ်သော်လည်း တချို့ကို ထိန်းထားနိုင်မည်ဟု ထင်ပါသည်။
၁၀။ ဂဏန်းသင်္ချာ ဘာသန္တရကို သင်ပေးရာ၌ သင်ချင်သူတိုင်းကို သင်ပေးမည် မဟုတ်ပါ။ ဝိနည်းသိက္ခာကို လေးစား၍ သာသနာပြုလိုသော ဆန္ဒရှိသူများကိုသာ ရွေးချယ်လက်ခံ၍ သင်ပေးပါမည်။
၁၁။ ဓမ္မာစရိယ အဆင့်အတန်း ရှိသူကိုသာ အင်္ဂလိပ်စာသင်ပေးရာ၌ အတန်းမထားဘဲ ဗဟုသုတ ဖြစ်ရုံ သက်သက်သာ သင်စေပါသည်။ [အတန်းထားလျှင် အထက်တန်းကို အစိုးရစာမေးပွဲများ၌ ဝင်ရောက်ဖြေဆို၍ အောင်မြင်သောအခါ လူထွက်လိမ့်မည်ဟု လူဒါယကာများက သံသယ ဖြစ်ကြပါသည်။ ဒါယကာ အကူအညီ မပါလျှင် မဖြစ်နိုင်သော သာသနာပြု ကိစ္စဝယ် လူဒါယကာ တို့၏ သဒ္ဓါတရားကို မငဲ့လျှင် မဖြစ်နိုင်ပါ။]
၁၂။ အင်္ဂလိပ်စာသင်နေစဉ် ပိဋကကျမ်းစာကို ပို့ချစေ၍၊ မသင်ရသေးသော နိကာယ်ကြီးများကို သင်ယူစေပါမည်။ ထိုသို့ ပိဋကနှင့် အဆက်မပြတ်မှသာ သဒ္ဓါတရား ပြယ်မသွားဘဲ တိုးလာ လိမ့်မည်”ဟု ယူဆပါသည်။
၁၃။ သာသနာ့ဝန်ဆောင် ကျောင်းတိုက်၌ ထိုဓမ္မာစရိယ စာချပုဂ္ဂိုလ် အတော်များလာလျှင် ထို ပုဂ္ဂိုလ်များကို စာချစေ၍ တစ်နှစ် တစ်တန်း မှန်မှန်တတ်ရသော စာသင်နည်းကို စီစဉ်နိုင်စရာ ရှိပါသည်။
၁၄။ ထို တစ်နှစ်တစ်တန်း စာသင်နည်းသည် စာသင်သားများကို အရည်အချင်း ရွေးချယ်ပြီးသား ဖြစ်စေ၍ စာသင်တိုက် မဟုတ်သော နေရာ၌ အကြောင်းထူး မရှိဘဲ နေထိုင်မှုကို တားမြစ်ပြီး ဖြစ်စေနိုင်ပါသည်။
၁၅။ ထိုကဲ့သို့ တိုးချဲ့ထားသော ဝန်ဆောင်ကျောင်းတိုက်ကြီးများ၌ စားနပ်ရိက္ခာ လိုလိမ့်မည်ကို စဉ်းစားမိပါသည်။ တပည့်တော်များ၏ ကျောင်းတိုက်၌ သံဃာတစ်ရာ ရှိချိန်ဝယ် (နေ့ဆွမ်းခံလျက် နှင့်) တစ်လလျှင် တစ်ထောင်တန်လောက် ရိက္ခာကုန်နေပါသည်။ သို့ဖြစ်၍ သံဃာ (၃၀၀) (၄၀၀) စသည် ရှိလျှင် သုံးထောင် လေးထောင် စသည်အထိ စားနပ်ရိက္ခာအတွက် ကုန်ကျဖွယ် ရှိပါသည်။
၁၆။ ထို့ပြင် ရဟန်းတော်များ ကိုယ်တိုင် ဆရာ မလုပ်နိုင်သေးသော အချိန်၌ ဂဏန်းသင်္ချာ၊ အင်္ဂလိပ်စာ ပြဖို့အတွက် ဆရာရဖို့ တာဝန်လည်း ရှိပါသေးသည်။ ထိုဆရာ လုပ်သူလည်း အထက်တန်း ဆရာဖြစ်မှ စနစ်တကျ သင်ပြနိုင် ပါလိမ့်မည်။ ထို့ကြောင့် ဆရာ့အတွက် ရိက္ခာလည်း (လေး ငါးနှစ် အတွင်းမှာ) တော်တော် များများ ကုန်စရာ ရှိပါသည်။
၁၇။ ထိုမျှလောက် ကြီးလေးသော တာဝန်သည် (အလှူဒါန ပြုသူတို့က သာသနာပြု ဒါနကိုသာ ပြုကြလျှင်) ထမ်းဖို့ရန် ခဲယဉ်းလှမည် မထင်ပါ။ တစ်နည်းအားဖြင့် စဉ်းစားမိသည်မှာ ဗုဒ္ဓမြတ်စွာ၏ သာသနာတော်ကို စေတနာမှန်ဖြင့် ပြုသူတို့ အပေါ်ဝယ် ဗုဒ္ဓမြတ်စွာ၏ တန်ခိုးရှိန်စော် အာနုဘော်တော်လည်း သက်ရောက်နေဖွယ် ရှိ၏ဟု စဉ်းစားမိပါသည်။
၁၈။ သို့ဖြစ်ပါ၍ ဗုဒ္ဓမြတ်စွာ၏ တန်ခိုးတော် အစွမ်းကြောင့် အနာဂတ် ဘုရားရှင်များအထံဝယ် ကျွတ်တန်းဝင်နိုင်ကြမည့် သူတော်ကောင်း အလောင်းအလျာများသည် ဆရာဘက်၌ သာသနာပြု ဆရာကောင်းအဖြစ်ဖြင့် လည်းကောင်း၊ ဒါယကာဘက်၌ အနာထပိဏ် ဝိသာခါလောင်း အဖြစ်ဖြင့် လည်းကောင်း စုပေါင်းမိကြလိမ့်မည်ဟု မျှော်လင့်ပါသည်။
၁၉။ မည်သို့ပင်ဖြစ်စေ၊ သာသနာတော်ကို မြှင့်တင်နိုင်လောက်အောင် အကြောင်းညီညွတ်လျှင် သာသနာတော်ကို မြှင့်တင်ရင်း ပြည်ထောင်စု မြန်မာနိုင်ငံတော်ကိုလည်း သာသနာဘက်ကနေ၍ အားပေးရာ ရောက်စေပါမည်။ သာသနာတော်ကို မမြှင့်နိုင်လျှင် မိမိလုပ်နေကျ စာရေး စာချဖြင့် နေမြဲတိုင်း နေမည်ဟု ရည်ရွယ်ပါသည်။
၂၀။ တပည့်တော်၏ တစ်သက်မှာ ဤ သာသနာပြု အလုပ်ကို ထမြောက်အောင် မလုပ်နိုင် စေကာမူ အနာဂတ်ကာလ၌ ဤတာဝန်ကို ဆောင်နိုင်စွမ်းသော ဘုန်းရှင် ကံရှင် တစ်ပါးတလေ ပေါ်ထွန်းလာလျှင် ထိုပုဂ္ဂိုလ်က ဤသာသနာပြု စာတမ်းကို ကြည့်ရှု၍ ပြုပြင်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။
ဤ မျှော်လင့်သည့် အတိုင်း ယခုပြုမည့် သာသနာ တိုးချဲ့ရေး အလုပ်သည် အရင်းရှုံးမည့်အလုပ် မဟုတ်နိုင်ပါ။ အကြောင်းညီညွတ်လျှင် အမျိုးဘာသာ သာသနာ တိုးတက်စေနိုင်ရကား သာသနာ ပြု ကုသိုလ်အမြတ်သာ ရကြဖို့ ရှိပါသည်။ ထို့ကြောင့် တပည့်တော်၏ ဤဘဝ ရှေးဘဝတို့၌ ပြုခဲ့သော ကံ၊ ဆရာတော်ဘုရားများ၏ မေတ္တာတော် ကရုဏာတော် အရှိန်အဝါ၊ မြတ်စွာဘုရား၏ တန်ခိုး အာနုဘော်တော်များကို အားကိုးအားထားပြု၍ ယခု ကြံစည်အပ်သော သာသနာပြုရေး အချက်အလက်များကို မပျက်မကွတ် ခွင့်ပြုတော် မူပါမည့်အကြောင်း ရိုသေစွာ ခွင့်တောင်း လျှောက်ထားပါသည် ဆရာတော် အရှင်မြတ်တို့ဘုရား။
ဇနကာဘိဝံသ
၁၄။ နိဂုံး အခန်း
အတိုချုပ်
ကျေးရွာဘုန်းကြီးကျောင်းများ၌ ရေသောက်မြစ်ပမာ ဖြစ်နေသော ကျောင်းသား သူငယ်များ ပြတ်နေခြင်းကို ပြန်၍ ဆက်ဖို့ရန် ကျေးရွာ ဘုန်းတော်ကြီးများက ကျေးရွာကို ထိန်းသိမ်း စောင့်ရှောက်စေလိုခြင်း၊ စာချ (ဓမ္မာစရိယ) ပုဂ္ဂိုလ်များက အဆုံးတိုင်အောင် သင်ယူ၍ ပိဋက ကျမ်းစာများကို ထိန်းသိမ်း စောင့်ရှောက်စေလိုခြင်း၊ မိမိတို့၏ လက်အောက် တပည့်များကို သြဇာရှိရှိနှင့် ချီးမြှင့် မြှောက်တင်စေလိုခြင်း၊ ဒါယကာ ဒါယိကာမတို့က အပိုဖြစ်နေသော ဒါနမှုကို ရှောင်ရှား၍ သာသနာပြု ဒါနမှုကိုသာ ပြုကြစေလိုခြင်း ဤအကျိုးများကို မျှော်မှန်း၍ ဖြစ်သင့်သော ပြုပြင်ရေး အကြောင်းများကို ပြခဲ့ရာ ယခု ပြီးစီးပါပြီး။
ငှက်ပျံသလို
ဤသာသနာတော်ကြီးသည် ပြုပြင်သူ ရှိသောအခါ ထိပ်တန်း ရောက်အောင် တက်၍၊ ပြုပြင်သူ မရှိသောအခါ တဖြည်းဖြည်း နိမ့်ကျ၍ တချို့တိုင်းပြည်မှာ လုံးလုံးပင် ကွယ်ပျောက်ခဲ့ပါပြီ။ ထို့ကြောင့် သာသနာတော်ကြီးကို “ထောက်ရှာငှက် ပျံသည့်ပမာ နိမ့်ချည် မြင့်ချည် သာသနာ” ဟု ပြောစမှတ် ပြုခဲ့ကြပါသည်။ ဤလက်ထက် ဆရာ ဒကာတို့သည် ဤသာသနာတော်ကို မြင့်အောင် ပြုပြင်နိုင်ပါမှ “ပါရမီဓာတ်ခံ ရင့်သန်သူ” ဟု မိမိကိုယ်ကို ဆုံးဖြတ်ရဲ၍ နေရဲ သေရဲသူများ ဖြစ်ကြပါ လိမ့်မည်။ ဤ သာသနာတော်ကို အရာထင်အောင် ပြုပြင်၍ မသွားနိုင်ပါလျှင် နောင်တစ်ခေတ်၌ ပြုပြင်သူ ပေါ်လာစေကာမူ အလွန်ခဲယဉ်းစွာ ပြုပြင်ရပါလိမ့်မည်။ သို့မဟုတ် လုံးလုံး မပြုနိုင်ဘဲ သာသနာတော်သာ ကစဉ့်ကရဲဖြစ်၍ ကွယ်ရစ်ပါလိမ့်မည်။ ဗုဒ္ဓမြတ်စွာ၏ ကမ္ဘာများစွာဝယ် အသက် စည်းစိမ်များစွာကို စတေး၍ တည်ထားတော်မူအပ်သော သာသနတော် အဆောက်အဦးကြီးသည်၊ ဤ နှစ်ထောင့်ငါးရာ ကျော်ရုံမျှဖြင့် ဤမျှလောက် မဆုတ်သင့်သေးပါ။ ထို့ကြောင့် ဆရာ ဒကာ အချင်းချင်း စိုင်းပြင်း ဆွေးနွေး၍ ဤသာသနာတော်အရေးကို လေးလေးနက်နက် စဉ်းစားကြဖို့ရန် တိုက်တွန်းပါသည်။
စစ်လိုသဘောထား၍ ကြိုးစားပါ
စစ်တိုက်သောအခါ ဆုတ်စစ် ခံစစ် ထိုးစစ်ဟု သုံးမျိုးရှိ၏။ မိမိဘက်က ခံနိုင်ပုံမရလျှင် စနစ်တကျ ဆုတ်နိုင်ဖို့ ကြိုးစားရ၏။ ခံနိုင်ပုံ ရလျှင် ကြံ့ကြံ့ခံရ၏။ ထိုသို့ ကြံ့ကြံ့ခံရာမှ အားရှိလာလျှင် ထိုးစစ်သို့ ပြောင်းကာ တိုးတက်စေရ၏။ ထို့အတူ ဤသာသနာတော်သည် ဆုတ်၍ ဆုတ်၍ လာရကား ဆုတ်စစ်နှင့် တူနေ၏။ ဆုတ်ပုံကလည်း အလှူဒါနပြုမှု၊ စာပေသင်မှု စသည်၌ စနစ်မရှိ၊ (သူတစ်မျိုး ငါတစ်ဖုံ) လုပ်နေကြသောကြောင့် အကွပ်မရှိသော ကြမ်းကဲ့သို့ ပရမ်းပတာဖြစ်၍ စနစ်တကျ ဆုတ်ခြင်းမဟုတ်။ သို့ရာဝယ် ဘုရားဥပဒေတော်နှင့်အညီ စည်းကမ်းတကျ ရပ်တန့်၍ ပြုပြင်နိုင်ကြပါလျှင် ခံစစ်သဘောသို့ ပြောင်းကာ အဆုတ် ရပ်တန့်မည်သာ။ ထိုအခါ တိုင်းသူ ပြည်သားတို့၏ အကူအညီက လမ်းမှန်ကျသဖြင့် ထိုးစစ်သဘောသို့ မကြာမီ ပြောင်းလွဲ၍ သာသနာ့အောင်ပွဲကို နွှဲနိုင်ကြပါလိမ့်မည်။
တိုင်းမော်သင်္ဘော ဖြစ်မှာစိုး
လွန်ခဲ့သော နှစ်နှစ်ခန့်၌ ပုသိမ်သို့သွားသော “တိုင်းမော်” အမည်ရှိ လူစီးသင်္ဘောသည် ပြင်းထန် သော မိုးသက်မုန်တိုင်း မိ၏။ ထိုအခါ သင်္ဘော အလုပ်သမားတို့သည် သင်္ဘောနစ်မည်စိုး၍ ဘေးကာရွက်ဖျင်များကို အပေါ်သို့ လိပ်တင်ကြ၏။ သင်္ဘောစီးသူများသည် မိုးပက်ဒဏ်ကို မခံနိုင်၍ ရွက်ဖျင်များကို ပြန်ချကြ၏။ သင်္ဘောသားတို့က တစ်ဖန် ထပ်၍ ပင့်တင်ကြ၏။ ရွက်ဖျင်တင်ထား သောဘက်မှ မိုးပက်ရာတွင် မိုးသီးတွေ ပါလာသဖြင့် တချို့က ထိုမိုးသီးများကို အလုအယက် ကောက်ယူကြ၏။ ဤသို့ မိနစ်အနည်းငယ် အချိန်ဝယ် ရွက်ဖျင် တင်လိုက် ချလိုက် မိုးသီး ကောက်လိုက်နှင့် သင်္ဘော နစ်ပါတော့၏။ လူအများနှင့် ပစ္စည်းတွေပါ သင်္ဘောနောက်သို့ ပါသွား ရှာကြသည်။
ထို့အတူပင် ဤ သာသနာတော်ကို အထင်အမြင် သေးသော၊ အထင်သေးရုံတွင် မကဘဲ လုံးလုံး ဖျက်ဆီးလိုသော လေမုန်တိုင်းကြီးကား ကျရောက်နေပါပြီ။ ဤသာသနာတော်ကြီးကို နစ်မည်စိုး၍ သာသနာတော် စည်းကမ်းအရ သာသနာ့ဝန်ဆောင်တို့က စည်းကမ်းပြ၍ (ရွက်ဖျင်တင်ကြ) သည် ကို မလိုက်နာဘဲ မိုးသီးနှင့်တူသော ပစ္စည်း လာဘ်တို့ကိုသာ ကောက်ယူနေကြမည်ဆိုလျှင် ဧကန် မုချ သာသနာတော် ကြီး နစ်မြုပ်ရာတွင် ဝန်ဆောင်ပုဂ္ဂိုလ်များလည်း ပါဝင်သွားပါလိမ့်မည်။ ထို့ကြောင့် သာသနာတော် စည်းကမ်းနှင့်အညီ အလုပ် လုပ်ကြဖို့ ညွှန်ပြချက်ကို အားလုံး လက်ခံကြပါရန် တိုက်တွန်း တောင်းပန်ပါသည်။
ကျမ်းပြီး နိဂုံး
ကျမ်းပြီးမှတ်ထုံး၊ ကမ္ပတ်ဖုံးဖို့၊
နိဂုံးအခန်း၊ ပြည်လုံးမှန်း၍၊
ခွဲခြမ်းလှစ်ဖွေ၊ စဉ်းစားစေအံ့ ...
တို့မြေဌာနီ၊ ရှေးခါဆီဝယ်၊
မထေရ်အပေါင်း၊ စံရာကျောင်းမှ၊
ငြိမ့်ညောင်းသာယာ၊ မိန့်အာဏာကို၊
ရပ်ရွာလူများ၊ လွန်လေးစားခဲ့။
ခုကားသို့နှယ်၊ မဟုတ်ကွယ်၍၊
နယ်ပယ်ပေါက်ဖွား၊ အမျိုးသားတို့၊
ဘုန်းဘုရားကျောင်းတွင်၊ စာမသင်တော့၊
ထို့ပြင် မြို့နေ၊ ကလေး တွေကား၊
တို့မေ ဘာသာ၊ တို့မေ စာကို၊
သင်ရာကောင်းမျှ၊ မထင်ကြဘဲ၊
ပြင်ကလာပေး၊ စာပထွေးကို၊
အလေးဂရု၊ အရေးပြု၏။
ထိုသူ့ဘာသာ၊ ထိုသူ့စာမူ၊
ခေတ်ခါအလိုက်၊ လောကတိုက်ဝယ်၊
သိုက်မြိုက်ဖို့ရန်၊ အကြောင်းမှန်လည်း၊
နောင်သံသာတွက်၊ ကြောင်းမဖက်၍၊
သက်သက်မျက်စိ၊ တစ်ဖက်ကြည့်တည်း။
ဤသည့်တိုင်းသာ၊ နှစ်ပေါင်းကြာလျှင်၊
မြန်မာတိုင်းဖွား၊ အမျိုးသားတို့၊
ဘုရားကိုစွန့်၊ တရားစွန့်၍၊
စွန့်လိမ့်မှန်စွာ၊ မြတ်သံဃာတည်း၊
ထိုခါ တိုင်းဖွား၊ လူအများလည်း၊
တရားလက်ကွာ၊ တစ်ဖက်စာကြောင့်၊
ဆက်ကာခုထက်၊ တိုး၍ ပျက်လိမ့်။
သို့တွက် များပြား၊ ဘုန်းဘုရားတို့၊
တရားကိုယ်ကျင့်၊ လုံအောင်ကျင့်၍၊
မလင့်စေရ၊ ကိုယ့်ဒေသ၌၊
သိပ္ပ ဝိဇ္ဇာ၊ ပြသင့်ရာကို၊
ကောင်းစွာ ပိုင်ပိုင်၊ ပြသနိုင်မှ၊
ဘုန်းလှိုင်ဟောပြ၊ သြဝါဒကို၊
စိတ်ကကြည်ဖြူ၊ လိုက်နာယူလျှက်၊
ကိုယ်မူနှုတ်ပြောင်း၊ စိတ်လည်းကောင်း၍၊
နောက်နှောင်းမြန်မာ၊ သာသနာသည်၊
ရှည်ကြာနေသို့ ထွန်းမည်ကို။
ဘာသာသွေး ပြီး၏။
အရှင်ဇနကာဘိဝံသ