ဘုရားဥပဒေတော်ကြီး
- ပါရာဇိကအခန်း
- သံဃာဒိသေသအခန်း
- အနိယတအခန်း
- နိဿဂ္ဂိယပါစိတ်အခန်း
- သုဒ္ဓပါစိတ်အခန်း
- ပါဋိဒေသနီယအခန်း
- သေခိယ အခန်း
- ဘိက္ခုနီဖြစ်ပေါ်လာပုံ
- ဘိက္ခုနီသိက္ခာပုဒ်များ
ဗုဒ္ဓရှင်တော်မြတ်ဘုရားဟောကြား ပညတ် ဝိနည်း ဥပဒေတော်မြတ်ကို အကြောင်းဝတ္ထုနှင့်တကွ
အရှင် ဇနကာဘိဝံသ
ဘာသာပြန်ဆိုရေးသားအပ်သော ဘုရား ဥပဒေတော်ကြီး
သာသနာ ၂၅၃၉
ကောဇာ ၁၃၅၈
ခရစ် ၁၉၉၆
အရှင်ဇနကာဘိဝံသ၏ ဘဝသံသရာဖြစ်စဉ်အကျဉ်း
၁။ အရှင်ဇနကာဘိဝံသ ဆရာတော်လောင်းလျာ သူငယ်ကို စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ် သရိုင်ရွာ ဦးဇောတိ-ဒေါ်အုန်းလှိုင်တို့မှ ၁၂၆၁-ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၁၄)ရက် [၁၉၀၀-ပြည့်၊ ဖေဖော်ဝါရီ (၂၇) ရက်] အင်္ဂါနေ့တွင် ဖွားမြင်တော်မူသည်။
၂။ ၁၂၆၆-ခုနှစ်၌ (ပထမအကြိမ်) ရှင်သာမဏေ ပြုတော်မူသည်။
၃။ ၁၂၇၅-ခုနှစ်၌ (ဒုတိယအကြိမ်) ရှင်သာမဏေ ပြုတော်မူသည်။
၄။ ၁၂၇၉-ခုနှစ်သက်တော် ၁၈-နှစ် အရွယ်တွင် ပထမကြီးတန်း စာမေးပွဲကို အောင်မြင်တော်မူသည်။
၅။ ၁၂၈၀-ပြည့်နှစ် တပေါင်းလပြည့်နေ့၌(ပထမအကြိမ်), ၁၂၈၁-ခုနှစ် နယုန်လပြည့်နေ့၌ (ဒုတိယအကြိမ်), ၁၂၈၁-ခုနှစ် တပေါင်းလပြည့်နေ့၌ (တတိယအကြိမ်) ရဟန်းအဖြစ်ကို ခံယူတော်မူသည်။
၆။ ၁၂၈၃-ခုနှစ် ကဆုန်လဆန်း(၁) ရက်နေ့၌ ပခုက္ကူဆရာတော်ကြီးများ၏ "ပခုက္ကူစာချ" အဖြစ် တင်မြှောက်မှုကို ခံယူတော်မူရသည်။
၇။ ၁၂၈၇ (၁၉၂၆)ခုနှစ်၌ "ပထမကျော်" အောင်မြင်တော်မူသည်။
၈။ ၁၂၈၉-ခုနှစ်၌ သကျသီဟစာမေးပွဲခေါ် "ပရိယတ္တိသာသနဟိတဓမ္မာစရိယ" ဘွဲ့ ရရှိအောင်မြင်တော်မူသည်။
၉။ ၁၃၀၃-ခုနှစ်၊ ဝါဆိုဦး (၁၉၄၁-၄၂) ဂျပန်စစ်တပ်များ မြန်မာပြည်သို့ ဝင်ရောက်သိမ်းပိုက်မည့်နှစ်တွင် ယခုလက်ရှိ အမရပူရ မဟာဂန္ဓာရုံ ကျောင်းတိုက်နေရာသို့ ပြောင်းရွှေ့သီတင်းသုံးတော်မူသည်၊ ပြောင်း ရွှေ့လာခဲ့စဉ်က သံဃာတော် ငါးပါးမျှသာ ရှိ၍ ပျံလွန်တော်မူချိန်တွင် သံဃာတော် ငါးရာကျော် သီတင်း သုံးလျက်ရှိသည်။
၁၀။ (လွတ်လပ်ရေးရရှိပြီးနောက်) ၁၃၁၂-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၏ (ရှေးဦးစွာ) "အဂ္ဂမဟာပဏ္ဍိတ" ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းကို ခံယူတော်မူရသည်။
၁၁။ ၎င်းနှစ်မှာပင် နိုင်ငံတော်စာသင်ကျောင်းများ၌ သင်ကြားရန် မူလတန်း ဗုဒ္ဓဘာသာလက်စွဲခေါ် သင်ခန်း စာများကို ရေးသားတော်မူခဲ့သည်။
၁၂။ ၁၃၁၅-ခုနှစ်၌ (က) ဆဋ္ဌသံဂီတိ ဩဝါဒါစရိယသံဃနာယက,
(ခ) ဆဋ္ဌသံဂီတိ ဘာရနိတ္ထာရက,
(ဂ) ဆဋ္ဌသံဂီတိ ပါဠိပဋိဝိသောဓက,
(ဃ) ဆဋ္ဌသံဂီတိဩသာနသောဓေယျပတ္တပါဌက အဖြစ် တင်မြှောက်ခြင်းကို ခံယူတော်မူရသည်။
၁၃။ ၁၃၃၇-ခုနှစ်၊ ပဲခူးမြို့၌ ကျင်းပအပ်သော ရွှေကျင်နိကာယ ဂိုဏ်းလုံးကျွတ် အစည်းဝေးကြီးက ရွှေကျင် ဂိုဏ်းကြီး၏ ဥပဥက္ကဋ္ဌ (ဒုတိယသာသနာပိုင်) အဖြစ် တင်မြှောက်ခြင်းကို ခံယူတော်မူရသည်။
၁၄။ ၁၂၉၁-ခုနှစ်၊ သက်တော်(၃၀)မှစ၍ ကျမ်းစာများကို စတင် ပြုစုတော်မူခဲ့ရာ ၁၃၃၉-ခုနှစ်၊ နတ်တော်လ ဆန်း (၁၃)ရက် (၂၁-၁၂-၇၇) သောကြာနေ့ ပျံလွန်တော်မမူမီ (၅) ရက်အထိ ကျမ်းစာပေါင်းများစွာကို ရေးသားပြုစုတော် မူခဲ့ပါသည်။
၁၅။ ၁၃၃၉-ခုနှစ်၊ သက်တော်(၇၈)နှစ်အရောက် နတ်တော်လပြည့်ကျော် (၂) ရက် [၂၇-၁၂-၇၇] အင်္ဂါနေ့ ညနေ (၄:၃၀) နာရီတွင် တစ်ဘဝအတွက် ငြိမ်းတော်မူသည်။
အခြေခံနိဒါန်း
၁။ သဉ္စောဒိတော ကာရုညေန,
ပရံပရတ္ထမာဝဟော၊
ကရောပယာတနိဗ္ဗာနံ,
ဩသဇ္ဇ ဒုက္ကရံ ကရံ။
၂။ တဿာယံ ဥပဒေသော ဟိ,
နာထဿ နာထဒေသကော၊
ယေန နော ဒမထံ ယာမ,
ကော တံ အဇ္ဈာစရေန ဘော။
ယောနာထော-ငါ၏ကိုးကွယ်, ငါ့ကိုကယ်သည့်, ငါ့နှယ်မခြား, လူနတ်များ၏, ကိုးစားရာသခင်, အကြင်ဘုရားရှင် ကိုယ်တော်မြတ်သည်၊ ကာရုညေန သဉ္စောဒိတော-သတ္တာခပင်း, ဆင်းရဲခြင်းကြောင့်, ပြင်းပြလှစွာ, မဟာကရုဏာတော်, နှိုးဆော်တိုက်တွန်းအပ်သည် (ဖြစ်၍)၊ ကရောပယာတ နိဗ္ဗာနံ-လက်လှမ်းမှီလောက်, အနီးရောက်သည့်, မျက်မှောက်ပြုရန်, မြတ် နိဗ္ဗာန်ကို၊ ဩသဇ္ဇ-အလွယ်တကူ, လှမ်းမယူဘဲ, ဗိုလ်လူတွက်တာ, စွန့်လွှတ်ခွါ၍၊ ဒုက္ကရံ-သာမန်လူများ, မကြံအားအောင်, ထူးခြားလွန်ကဲ, ပြုနိုင်ခဲသော ပါရမီဖြည့်မှုကို၊ ကရံ (ကရောန္တော)-လေးသင်္ချေကိန်း, ကပ်တသိန်းမျှ, ထိန်းသိမ်းဆင့်ဆင့်, ပြုကျင့်တော်မူလျက်၊ ပရံ-လွန်လွန်ကဲကဲ, စိတ်ဇွဲသန်သန် နောက်ပြန်မဆုတ်, ကြိုးအားထုတ်၍သာလျှင်၊ ပရတ္ထမာဝဟော-ကိုယ်ဆင်းရဲမှုလျစ်လျူရှု၍, ဗိုလ်လူမြားမြောင်, စီးပွါးကိုသာ ဆောင်တော်မူပါပေ၏။
အယံ-ယခုခါတွင်, လူရှင်အများ, ရှုမှတ်သားဖို့, ပြန်ကြားလှစ်ဘွေ, ဤဥပဒေတော်သည်ကား၊ တဿ နာထဿ-နတ်လူအပေါင်း, ခညောင်း ဆည်းကပ်, ထိုဘုရားရှင်ကိုယ်တော်မြတ်၏၊ နာထဒေသကော-ရဟန်းရှင်မှန်, ကိုးကွယ်ခံဖို့, ကျင့်ရန်ပုံသေ, ညွှန်ပြပေသော၊ ဥပဒေသော ဟိ-ကရုဏာဓာတ်, ဉာဏ်တော်မြတ်ဖြင့်, ပိုင်းဖြတ်ချင့်သုံး, ကျင့်ထုံးဥပဒေတော်ကြီး ပါပေတည်း၊
ယေန-ကိုယ်နှုတ်နှစ်တန်, ကျင့်ရန်ထုတ်ဖေါ်, ယင်းဥပဒေတော်ကြောင့်၊ နော-သဒ္ဓါအလျောက်, ဥပဒေအောက်၌ ကပ်ရောက်ဝင်, တို့တတွေသည်၊
စာမျက်နှာ-(ခ)
ဒမထံ-ကိုယ်နေအေးအေး, နှုတ်ချိုမွှေး၍, ယဉ်ကျေးမွေ့သိမ်, တည်ငြိမ်သူ အဖြစ်သို့၊ ယာမ-လူသာမန်ထက်, ဆင့်ဆင့်တက်၍, မပျက်ပုံသေ, ရောက်ကြရပေ၏၊ ဘော-ဘုရားသခင်, တရားရင်ဝယ်, ဖွားမြင်ရပြား, အို...သားတော်အများ တို့၊ တံဥပဒေသံ-ယခုလည်းကောင်း, နောင်လည်းကောင်းဘို့, ငဲ့စောင်းထုတ်ဖေါ်, ထိုဥပဒေတော်ကြီးကို၊ ကော-ဘခင်စကား, လွန်လေးစား၍, တရား ကိန်းအောင်း, အဘယ်ရဟန်းကောင်းသည်၊ အဇ္ဈာစရေနု-မလိုက်နာဘဲ, သွေဖီလွှဲ၍, တနဲသူးချွန်, အဘယ်မှာ ကျူးလွန်ဆိုက်ပါတော့အံ့နည်း။
အလောင်းတော်ဘဝ။ ။ ဗုဒ္ဓမြတ်စွာ၏ လောင်းလျာဖြစ်သော သုမေဓာရှင်ရသေ့သည် ပင်ကိုယ်အားဖြင့် ကုဋေများစွာ ချမ်းသာကြွယ်ဝ သော သူဌေးသားဖြစ်၍ ၁၆-နှစ် အဖွယ်ရောက်သောအခါ လောကီအတတ်ဟူသမျှ၌ တဘက်ကမ်းရောက် တတ်မြောက်ပြီးဖြစ်၏၊ ထိုများစွာ ဥစ္စာအားလုံးကို စွန့်လွှတ်နိုင်သော (သဒ္ဓါပညာ)စွမ်းရည် သတ္တိရှိသည် အားလျော်စွာ ရသေ့ရဟန်းပြုပြီးသောအခါလည်း ၇-ရက် အတွင်း၌ လောကီဈာန် အဘိညာဉ်ကို ရတော်မူ၏၊ ဤမျှလောက် ပင်ကိုယ် ဉာဏ်ထက်မြက်၍ လောကီဘက်တရားအားလုံးကို ကုန်ဆုံးအောင် သိပြီးသော ရသေ့အရှင်မြတ်သည် ဒီပင်္ကရာဘုရားရှင်ကို ဖူးမြင်ရသောအခါ သတ္တဝါတို့အား ငဲ့ညှာထောက်ထား သနားကြင်နာ ကရုဏာတော်မပြင်းပြပါမူ ထိုနေရာမှာပင် နိဗ္ဗာန်ကို မြင်နိုင်လောက်ပါပေသည်၊ သို့သော် သတ္တဝါတို့၏ ဆင်းရဲ ဒုက္ခ ရောက်နေကြပုံကိုမြင်ရ, မိမိ၏ ဉာဏ်စွမ်းကိုလည်း သိရသဖြင့် လက်လှမ်းမှီလောက် အနီးရောက်နေသော နိဗ္ဗာန်ကို ယူတော်မမူ သေးဘဲ သတ္တဝါတို့ကို ကယ်တင်ဖို့ရာ ဘုရားဖြစ်အောင် အားသစ်ကြိုးစားတော်မူခဲ့ပါပေသည်။
ကိုယ်ဆင်းရဲ ခံတော်မူရပုံ။ ။ ထိုသို့ ဘုရားဖြစ်အောင် ကြိုးစားရာ၌ ပါရမီဆယ်ပါး ဖြည့်ကျင့်ရပုံ, စွန့်ခြင်းကြီး ငါးပါးစွန့်ရပုံ, လောကတ္ထ စရိယ စသော စရိယ ၃-ပါးကျင့်ရပုံများကို အသေးစိတ် စဉ်းစားသောအခါ ဘုရားအလောင်းတော်၏ ကိုယ်ဆင်းရဲခံခဲ့ရပုံများကို ထင်ရှားစွာသိမြင်နိုင်ပါသည်၊ တခြားဘဝပေါင်းများစွာကို ဖယ်ထားလိုက် ပါဦး၊ ဝေဿန္တရာမင်းဘဝ၌ပင် ဒါနပါရမီ ဖြည့်ကျင့်ရာဝယ် ဆင်ဖြူတော်ကြောင့် တောထဲမှာ ဒုက္ခခံ၍ စံတော်မူရလေသည်၊ သိဝိမင်း ဘဝတုန်းက မျက်လုံးတော်ကို ထုတ်ဖေါ်၍ လှူရာ၌လည်း မည်မျှနာကျင် ဆင်းရဲ
စာမျက်နှာ-(ဂ)
တော်မူမည်ကို မှန်းဆသင့်ပါသည်၊ ဘူရိဒတ်နဂါးမင်းဘဝ၌ မုဆိုးကညှဉ်းပန်း နှိပ်စက်သော်လည်း သီလမပျက်အောင် စောင့်စည်းလျက် ကိုယ်ဆင်းရဲခံပုံကို အာရုံပြုနိုင်ပါသည်၊ ခန္တီဝါဒီရသေ့ ဘဝတုန်းက ကလာဗုမင်း၏ ညှဉ်းပန်း နှိပ်စက်ဒဏ်ကို အသက်စွန့်၍ သည်းခံတော်မူသည်မှာလည်း သတ္တဝါတို့ကို ကယ်တင်လိုသော အရင်းခံ ကရုဏာတော် ကြောင့်ပင် မဟုတ်ပါလော၊ ဒီပင်္ကရာဘုရားလက်ထက်တော်ဝယ် ကိုယ်တော်တစ်ပါးအတွက် နိဗ္ဗာန်ကို ယူခဲ့ပါမူ မည်သည့် ဆင်းရဲဒုက္ခကိုမျှ ခံစားရမည်မဟုတ်ပါ၊ ယခုသော်ကား သတ္တာအများကို သနားကြင်နာသော ကရုဏာတော်ကြောင့်သာ ကိုယ်တော်၏ ဆင်းရဲဒဏ်ကို ကမ္ဘာပေါင်းများစွာ ခံတော်မူခဲ့ပါသည်။
သာသနာတော် တည်ထောင်ခြင်း။ ။ ဤကဲ့သို့ အသက်ပေါင်းများစွာ စွန့်ရသည့် တိုင်အောင် ကိုယ်တော်၏ ဆင်းရဲဒဏ်ကို ခံတော်မူ၍ ဘုရားဖြစ်တော် မူပြီးသောအခါ အေးဆေး ချမ်းသာစွာ နေနိုင်ပါလျက်နေတော်မမူဘဲ စ လယ် အဆုံး စကားလုံးပရိယာယ် ပြည့်ကြွယ် ကုန်လို့ အနက်အဓိပ္ပါယ် ပြည့်စုံသော တရားတော်များကို ဟောပြတော်မူ၏၊ ထိုတရားတော်ဖြင့်သီလ အကြောင်းအရာကိုလည်း ပြတော်မူ၏၊ သမာဓိနှင့်ပညာ အကြောင်းအရာကိုလည်းပြတော်မူ၏၊ ထိုသီလ, သမာဓိ, ပညာ ၃-မျိုးကိုကျင့်သင့် ကျင့်ထိုက်သောကြောင့် “သိက္ခာ ၃-ပါး” ဟု ခေါ်၏။ [သိက္ခိတဗ္ဗာ-ကျင့်သင့် ကျင့်ထိုက်၏၊ ဣတိ-ထို့ကြောင့်၊ သိက္ခာ-သိက္ခာမည်၏၊] ထိုသိက္ခာ ၃-ပါးကိုပင် “သာသနဗြဟ္မစရိယ = ဘုရားအဆုံးအမ ဖြစ်သောမြတ်သော အကျင့်”ဟု ခေါ်၏၊ ဆိုလိုရင်းကား— “တရား ဓမ္မ ဟောပြတော်မူရင်းပင် ထိုသိက္ခာ ၃ ဖြာ သာသနာတော်လည်း တည်ထောင်ပြီးဖြစ်တော့သည်”ဟု ဆိုလိုသည်။ ထိုသို့ သာသနာတော် ထွန်းပေါ်လာသောအခါ တရားတော်ကို သဘောကျ၍ ကျင့်ကြံ အားထုတ်လိုသော ပုဂ္ဂိုလ်, တရားဟောတော် မူလိုက်ရုံဖြင့် ကျင့်မှုကိစ္စပြီးမြောက်၍ တရားပေါက်သော ပုဂ္ဂိုလ်များ ပေါ်ထွန်းလာ၏၊ ထိုပုဂ္ဂိုလ်များကို “သာသနာ့ဝန်ထမ်း ရဟန်းသံဃာတော်များ”ဟု အသိအမှတ်ပြုကြရ၏၊ ဤစကားအစဉ်ဖြင့် သာသနာတော် တည်ထောင်ပုံနှင့် သာသနာ့ဝန်ထမ်း ရဟန်းသံဃာတော်များ ဖြစ်ပေါ် လာပုံကို နားလည်ကြပြီ။
သာသနာတည်စ၌ ဥပဒေမလို။ ။ ထိုသို့ သာသနာတော်တည်ထောင်စ၌ သာသနာ့တာဝန်ကို ထမ်းဆောင်ကြသော ရဟန်းတော်များသည် တရား ပေါက်ပြီးပုဂ္ဂိုလ်, တကယ့်သဒ္ဓါတရားဖြင့် တရားကျင့်လို
စာမျက်နှာ-(ဃ)
၍ ဝင်လာသောပုဂ္ဂိုလ်တို့သာ များပြားလေရကား ချုပ်ချယ်တားမြစ်သော ဝိနည်းဥပဒေများ ထိုအချိန်မှာ မလိုသေးချေ။ ပြုလုပ်ဖို့ရန် ခွင့်ပြုသောဥပဒေ လောက်သာ ပညတ်တော်မူရလေသည်၊ ထို့ကြောင့်ပင် ဗုဒ္ဓမြတ်စွာ၏ သာသနာတော်သည် ဘုရားဝါတော် ၂၀ အတွင်း၌ အစွမ်းကုန် သန့်ရှင်းလျက် အတိုးတက်ကြီးတိုးတက်ကာ ခတ္တိယ ဗြာဟ္မဏဇာတ်ရှိကြသော အထက်တန်း အမျိုးသားတို့ ... အားကျပါးကျ သာသနာတော်သို့ ဝင်ရောက်လာကြပေသည်။
သာသနာ ၃-ရပ် တစ်မျိုး။ ။ “သာသနာ” ဟူသော စကား၌ “ဘုရား၏ အဆုံးအမ ဩဝါဒ”ဟု အဓိပ္ပါယ်ရ၏၊ ထိုအဆုံးအမဩဝါဒ”ဟူသည် အရင်းအမြစ်အားဖြင့် ပရိယတ်”ဟု ခေါ်သော ပိဋကတရားတော်များတည်း၊ ထိုပရိယတ်တရားတော်၌ ညွှန်ပြသည့်အတိုင်း ကျင့်ခြင်းကို(သီလကျင့်ခြင်း, သမာဓိရအောင် သမထကမ္မဋ္ဌာန်း အားထုတ်ခြင်း, ဉာဏ်ပညာတိုးပွားအောင် ဝိပဿနာကမ္မဋ္ဌာန်း အားထုတ်ခြင်းကို) “ပဋိပတ္တိသာသနာ”ဟုလည်းကောင်း, ထိုအကျင့်ဖြင့် ထိုးထွင်း၍ သိအပ်သောမဂ်ဖို့လ် နိဗ္ဗာန်ကို “ပဋိဝေဓသာသနာ”ဟုလည်းကောင်း, ခေါ်၏၊ ပြခဲ့သောသီလ, သမာဓိ, ပညာ သိက္ခာ ၃-ပါးသည် အကျင့်တရားများဖြစ်သောကြောင့် ပဋိပတ္တိ သာသနာလည်းကောင်း, မဂ်ပညာ ဖိုလ်ပညာဖြစ်လျှင် ပဋိဝေဓသာသနာ၌လည်းကောင်း, ပါဝင်ကြတော့၏။ ဤကားစဉ်အရ-“ပရိယတ်”ဟု ခေါ်အပ်သော တရားတော်များသည် သီလ, သမာဓိ, ပညာ သိက္ခာ ၃-ရပ် မြတ်သောအကျင့် သာသနာ၏လည်းကောင်း, ပဋိပတ် ပဋိဝေဓ သာသနာတော် ၂-ရပ်၏လည်းကောင်း, အခြေခံဖြစ်ကြောင်းကို သိနိုင်ပြီ။ မှန်၏-ကျင့်နည်းကြံနည်းကို ညွှန်ပြသောတရားတော်မရှိလျှင်မှန်ကန် အောင်မကျင့်နိုင်၊ မှန်ကန်အောင် မကျင့်နိုင်လျှင် အမှားကို ကျင့်မိကြတော့မည်၊ ထိုအကျင့်များဖြင့်ကား မည်သည့်ထူးခြားသော တရားကိုမျှ ရနိုင်ကြ မည်မဟုတ်ချေ။
သီလနှင့် ဝိနည်း။ ။ သိက္ခာ ၃-ပါးတွင် သီလသည် အရင်းခံဖြစ်၏။ လက်တွေ့အားဖြင့်လည်း သီလသိက္ခာ စင်ကြယ်သူသာ မှန်ကန်သော သမာဓိရှိသည်ကို တွေ့ရ၏။ သမာဓိရှိသူမှလည်း ထိုးထွင်းသော အသိဉာဏ်ပညာကို ရနိုင်၏၊ [သမာဟိတော ယထာဘူတံ ဇာနာတိ = တည်ကြည် သူသည် ဟုတ်တိုင်းမှန်စွာသိနိုင်၏။] ပရိယတ် တရားတော်တွင်လည်း ဝိနည်း တရားတော်သည် ရဟန်းတော်များ၏ သီလသိက္ခာကို အပြည့်အစုံ ညွှန်ပြသော တရားတော်ဖြစ်၏၊ ထိုမျှလောက်ကြီးကျယ်သော သီလသည် သာသနာပ
စာမျက်နှာ-(င)
ကာလ၌ မရှိနိုင်၊ မှန်၏-သာသနာပကာလ၌ ငါးပါး, ရှစ်ပါး, ဆယ်ပါး စသော ကိုယ်ကျင့်သီလများ ရှိနိုင်သော်လည်း သာသနာတွင်း၌ကဲ့သို့ ကုဋေ ကိုးထောင်ကျော် သီလကား ကြားမျှ မကြားရချေ၊ ထိုသီလတော်များသည် သာသနာ့ဝန်ထမ်း ရဟန်းတော်များအတွက် ဘုရားရှင်ပညတ်ထားအပ်သော ဥပဒေတော်ကြီးလည်းဖြစ်၏။ ထိုဥပဒေတော်အရ စောင့်စည်း နေထိုင်သော ရဟန်းတော်များသည် ကိုယ်အမူအရာအားဖြင့်လည်းကောင်း, နှုတ် အပြောအဆိုအားဖြင့်လည်းကောင်း, မည်သည့် လူကြီးလူကောင်းနှင့်မျှ မတူအောင် ယဉ်ကျေးသိမ်မွေ့ရကား ဗုဒ္ဓဘာသာဝင်များကို မဆိုထားဘိ ဘာသာခြားတို့ကပင် လေးစားရလောက်အောင် ကြက်သရေကို ဆောင်နိုင်ပါသည်။
သာသနာတော်၏ အသက်။ ။ ဤစကားစဉ်ကို ဆင်ခြင်သောအခါ ဝိနည်းပါဠိတော်အရ ညွှန်ပြအပ်သော သီလသိက္ခာသည် သာသနာတော်၏ အရင်းအမြစ် အကျဆုံးဖြစ်၍ “သာသနာ့အသက်”ဖြစ်ကြောင်းထင်ရှား၏၊ ရဟန်းတော်များသည် ထိုဝိနည်းတရားတော်အတိုင်း သီလသိက္ခာကို မထိန်းသိမ်း မစောင့်စည်းတော့ဘဲ ဆယ်ပါးသီလမျှကိုသာ စောင့်စည်း နေထိုင်ခဲ့သော် (ယခုသင်္ကန်းမျိုးကို ဝတ်နေသော်လည်း) ဘုရားရှင်၏ အဆုံးအမ ဩဝါဒခံများ မဟုတ်ကြတော့၊ သာသနာပ ရသေ့ ပရိဗိုဇ် အနေမျှသာ ဖြစ်ကြတော့၏၊ ထို့ကြောင့် ဝိနည်းတော်လာ သီလ သိက္ခာကို မစောင့်စည်းသောအခါ သာသနာတော် အသက် မရှိတော့ပြီ သာသနာ ကွယ်ပြီ”ဟု ဆိုရတော့လတံ့၊ သို့ဖြစ်လျှင် ထိုသီလသိက္ခာပုဒ်များကို ညွှန်ပြ ထားသော ဝိနည်းတရား (ဝိနည်းပါဠိ)တော်သည်လည်း သာသနာတော်၏ အသက်ပင်ဖြစ်၏”ဟု မှတ်ယူလိုက်၏။ ဘာကြောင့်နည်း ဝိနည်းပါဠိတော် ကွယ်ပျောက်လျှင် သီလသိက္ခာကျင့်စဉ်လည်း သေသေချာချာ မရှိနိုင်သောကြောင့်တည်း၊ ထို့ကြောင့် “ဝိနယော နာမ သာသနဿ အာယု = ဝိနည်း တရားတော်သည် သာသနာတော်၏ အသက်”ဟု ဆောင်ပုဒ်တစ်ခု အဖြစ်ဖြင့် ရဟန္ထာအရှင်မြတ်တို့ မိန့်တော်မူအပ်ခဲ့ပေသည်။
ဥပဒေတော်ကြီး။ ။ “ဥပဒေသ”ဟူသော ပါဠိစကားကို “ဥပဒေ”ဟုခေါ်နေကြ၏။ ထိုပါဠိ၏မြန်မာလိုဆိုလိုရင်းမှာ နည်းလမ်းညွှန်ပြချက်” ဟူသည်တည်း၊ ဗုဒ္ဓမြတ်စွာသည် အကြောင်းဝတ္ထု အပြစ်တစ်စုံတရာ မပေါ်ခင် ဝိနည်း ဥပဒေတော်ကို ကြိုတင်၍ ပညတ်တော်မမူ၊ အကြောင်း ဝတ္ထု တစ်ခုခုပေါ်လာမှသာ ပညတ်တော်မူသည်။ ထိုသို့ပညတ်တော်မူခါနီး၌
စာမျက်နှာ-(စ)
လည်း သံဃာစည်းဝေးစေ၍ ထိုသံဃာအစည်းအဝေး၌ အမှုရှင်, ရဟန်းကို စစ်ဆေးမေးမြန်းတော်မူ၏၊ ထိုသို့ မေးမြန်းတော်မူပြီးမှ အပြစ်တင်တန်လျှင် အပြစ်တင်တော်မူ၍ ဆုံးမဩဝါဒ တရားစကားကို ခပ်များများမိန့်တော်မူ၏။ ထိုတရားစကားတော်ကို ကြားနာရသော သံဃာတော်အများကပင် ဤအမှုမျိုး နောင်မဖြစ်ပေါ် အောင် “ဥပဒေပညတ်တော်”ထားထိုက်သည်ဟု အယူရှိကြသောအခါကျမှ ထိုက်သင့်ရာ ဥပဒေကို ပညတ်တော်မူသည်၊ တချို့ ဥပဒေတော်များကား တားမြစ်ချုပ်ချယ်သော ဥပဒေမဟုတ်, အရေးအခွင့် ပေးသောဥပဒေဖြစ်၏၊ ထိုဥပဒေများ၏ အကြောင်းဝတ္ထု အမှုကိစ္စမှာလည်း မလွှဲသာမရှောင်သာသော အမှု, သို့မဟုတ် အလွန်အကြူး စောင့်စည်းထားသဖြင့် ဆင်းရဲပင်ပန်းခံရသော အမှုကိစ္စမျိုး ဖြစ်လေသည်။
မဟာကရုဏာတော်။ ။ ထိုကြောင့် ဗုဒ္ဓမြတ်စွာသည် ဝိနည်းဥပဒေတော်ကြီးကို တည်ထားတော်မူခါနီးဝယ် သာသနာတော်ကို ကိုးကွယ် ဆည်းကပ်နေသော လူဝတ်ကြောင်များကိုလည်း ငဲ့ညှာထောက်ထား(လူတို့ စိတ်ကို မထိခိုက်အောင်, ပူဇော်သမျှ အကျိုးများများရအောင်)သနားညှာတာသော ကရုဏာ, ရဟန်းကောင်း ရဟန်းမြတ်တို့ အနေအထိုင် မကျဉ်း ကြပ်စေဘဲ သူတို့အလေးအမြတ်ကို ခံနိုင်လောက်စေလိုသော မဟာကရုဏာ, ရဟန်းဆိုး ရဟန်းယုတ်များလည်း အပြစ်တွေ ဗလဗွေဖြင့် လူဝတ်ကြောင်တို့၏ အကိုးကွယ် အဆည်းကပ် ပစ္စည်းလာဘ်ကို ခံယူနေခြင်းကြောင့် နောင်သံသရာဝယ် ကယ်တင်၍ မဖြစ်နိုင်အောင် ဒုက္ခချောက်တွင်းသို့ သက်ဆင်းကျ ရောက်ရမည့် အရေးကို တွေးတောထောက်ထား ကြီးမားသော မဟာကရုဏာ, ဤသို့ ကရုဏာအမျိုးမျိုးကို ဖြစ်ပေါ်စေပြီးမှ တရားဓမ္မ ဟောညွှန်ပြ၍ ဝိနည်းဥပဒေသကို ထားတော်မူခဲ့ပါသည်။
ဉာဏ်တော်ကြီး။ ။ ဗုဒ္ဓမြတ်စွာသည် ထိုကဲ့သို့ ဥပဒေသကို ထားတော်မမူမီ ဖြစ်ပေါ်လာသော အကြောင်းဝတ္ထု၏(ပြစ်မှု၏)အကြီး အငယ်ကိုလိုက်၍(ထိုပြစ်မှုကိုဖြစ်စေသော စိတ်ရင်းစေတနာရင်းကို လိုက်၍) ထိုက်သင့်သော ဥပဒေကို ပညတ်တော်မူရန် ဉာဏ်တော်ဖြင့် စဉ်းစားတော်မူ၏ “ရှေးရှေးဘုရားရှင်တို့သည် ဤအပြစ်မျိုး၌ မည်သည့်အာပတ်ကို ပညတ်တော်မူလေသနည်း”ဟုလည်း ဆင်ခြင်တော်မူ၏၊ ဤသို့ဆင်ခြင်စဉ်းစားတော်မူပြီးမှ ပညတ်တော်မူအပ်ရကား ဘုရားပညတ် အရပ်ရပ်ဥပဒေတော်သည် သာမန်လူဝတ်ကြောင်များ၏ ဥပဒေထက် သာလွန် လေးနက်ပါပေသည်၊
စာမျက်နှာ-(ဆ)
သို့ဖြစ်လျှင် ဘုရားရှင်သည် ဉာဏ်တော်ဖြင့်ကြိုတင်၍ မြှော်မြင်တော်မူကာ အပြစ်မပေါ်လာမီကပင် ပညတ်တော်များကို ထားပါတော့လော”-ဟူအံ့၊ သမားကောင်းတို့မည်သည် လူတစ်ယောက်၏လက်၌ အနာပေါက်လောက်အောင် သွေးဆိုးနေသည်ကို သိမြင်သော်လည်း ထိုနေရာ၌ အနာမပေါ်ခင် ခွဲစိတ်ကုသ၍ ဆေးတင်ပေးရိုးမရှိ၊ အကယ်၍ ခွဲစိတ်ကုသ ဆေးတင်ပေးခဲ့သော် ထိုရောဂါရှင်က ကျေးဇူးတင်မည် မဟုတ်ရုံသာမက, သမားတော်ကိုပင် “ငါ၏အသားကောင်းကို ခွဲရမည်လား”ဟု အပြစ်တင်လိုပေလိမ့်ချူးမည်၊ ထို့အတူ ဗုဒ္ဓမြတ်စွာလည်း တင်ကြို၍ မြင်အပ်သော အပြစ်များကြောင့် ဝိနည်းပညတ်တော်ကို ကြိုတင်၍ထားတော်မမူ၊ အကယ်၍ ကြိုတင်ထားခဲ့ ပြန်လျှင်လည်း “အမျိုးကောင်းသားတွေကို အပြစ်မရှိဘဲ ချုပ်ချယ်ရမည် လား”ဟု တချို့က အပြစ်ပင် တင်လိုကြပေလိမ့်ဦးမည်၊ ဘုရားရှင်၏ ဉာဏ်တော်ကား ဥပဒေပညတ် တည်ထားအပ်ရာဝယ် ထိုကဲ့သို့ အကျိုးမရမည့် အချက်ကိုလည်း ရှောင်ကြဉ်တော်မူခဲ့ရပေသေးသည်။
အရှင်သာရိပုတြာ လျှောက်ခြင်း။ ။ ဤအကြောင်းကိုအရှင်သာရိပုတြာလျှောက်သောစကား, ဘုရားရှင် ပြန်၍ မိန့်တော်မူသော စကားဖြင့် ထင်ရှားစေအံ့။
အရှင်သာရိ။ ။ မြတ်စွာဘုရား....သိက္ခာပုဒ် ပညတ်တော်မူခြင်းသည် သာသနာတော်၏ ရှည်တည်ဖို့ရန် အကြောင်းတရပ် ဖြစ်ပါသောကြောင့် သိက္ခာပုဒ် ပညတ်တော်မူဖို့ရန် ယခုအခါ အချိန်တန်ပါပြီ။
မြတ်စွာဘုရား။ ။ သာရိပုတြာ...စောင့်ဆိုင်းဦး, သာရိပုတြာစောင့် ဆိုင်းဦး၊ သိက္ခာပုဒ်ပညတ်ခြင်း၌ သင့်တော်သော အချိန်အခါကို ငါဘုရားကိုယ်တော်တိုင် သိတော်မူမည်၊ သာရိပုတြာ ... သံဃာတော်မှာ ကျူးလွန်မှ အပြစ်မပေါ်သေးသမျှ မြတ်စွာဘုရားသည် သိက္ခာပုဒ်ပညတ်တော်မူလိမ့်ဦးမည်မဟုတ်။
ဥပဒေသ၏အကျိုး ဆယ်ပါး။ ။ ဗုဒ္ဓရှင်တော်မြတ်သည် ဝိနည်းဥပဒေ တရပ်တရပ်ကို ပညတ်တော်မူရာ၌ ထိုဥပဒေ ပညတ်တော်ကြောင့် ၁၀ ပါးသော အကျိုးကို ရစေတော်မူ၏၊ (၁) ပညတ်တော် မမူမီ ထိုဥပဒေနှင့်စပ်ဆိုင်သော တရားစကားကို ဟောထားပြီး ဖြစ်သောကြောင့် ထိုဥပဒေတော်ကို ပညတ်လိုက်သည်နှင့်တပြိုင်နက် “သုဋ္ဌုဘန္တေ =
စာမျက်နှာ-(ဇ)
ကောင်းပါသည်ဘုရား”ဟု သံဃာတော်အများပင် လက်ခံကြရ၏။ ဤသို့ စကားတော်ကို လက်ခံကြခြင်းသည် စီးပွါးချမ်းသာရဖို့ရာ ဖြစ်သောကြောင့် ဘုရားစကားတော်ကို လက်ခံခြင်းသည်ပင် “ဥပဒေ၏ အကျိုးတစ်မျိုး”ဟု ခေါ်ဆိုအပ်တော့သည်။
၂။ ဤဥပဒေပညတ်တော်ကြောင့် သံဃာတော်များသည် နေရထိုင်ရချမ်းသာ၏၊ ထင်ရှားစေအံ့-“လောက၌ လူကြီးသူမကို ရိုသေရခြင်း” ဟူသော လူ့ဝိနည်း (လူ့ ဥပဒေ) တရပ်ရှိ၏၊ အမျိုးကောင်းသားသ္မီးတိုင်း ထိုကျင့်ဝတ် ကိုလိုက်နာရ၏။ ထိုသို့လိုက်နာမှု၌ သူတစ်မျိုး ငါတဖုံ သဘောမကွဲလွဲဘဲ သဘောတူကြ၏။ ထိုသို့သဘောတူသဖြင့်လည်း ထိုကျင့်ဝတ်အတိုင်း နေကြ ထိုင်ကြသည့်အတွက် နေရထိုင်ရချမ်းသာကြလေသည်၊ ထို့အတူ ဘုရားရှင်၏ ဝိနည်းဥပဒေတော်ကြောင့် ရဟန်းကောင်းဟူသမျှတို့လည်း သူတစ်မျိုးငါတဖုံ မကျင့်ကြဘဲ သဘောတူကျင့်ကြသဖြင့် နေရထိုင်ရချမ်းသာကြပေသည်၊ ဤသို့ သံဃာတော်များ၏ ချမ်းသာအးမြ နေထိုင်ရခြင်းသည် သိက္ခာပုဒ်ပညတ်တော် ဥပဒေ၏ အကျိုးတစ်မျိုးပေတည်း။
၃။ ဤဥပဒေတော်သည် ဒုဿီလပုဂ္ဂိုလ်တို့အား နှိမ်နင်းရာဝယ် လက်နက်ကောင်းတစ်မျိုးလည်းဖြစ်၏၊ ချဲ့ဦးအံ့-သိက္ခာပုဒ် ပညတ်တော်သာမရှိပါလျှင် ရဟန်းဆိုး ရဟန်းယုတ်တို့ လုပ်ချင်တိုင်းလုပ်၍နေရာ၌ သာသနာတော် ကြောင်းအားဖြင့် မည်သည့်အပြစ်ကိုမျှ မပြနိုင်သောကြောင့် နှိမ်နိုင်လောက်သော သံဃာ့အင်အားရှိစေကာမူ နှိမ်၍မဖြစ်နိုင်ချေ။ ဥပဒေပညတ်တော် ရှိခြင်းကြောင့်ကား (ကာလအလိုက်သံဃာ့အား, အစိုးရအား, တိုင်းပြည်အား မရှိသောကြောင့် မနှိမ်ကြစေကာမူ နှိမ်လိုလျှင်) “အသင်၏ကျူးလွန်မှု၌ မည်သည့်အာပတ်သင့်နေ၏၊ ထိုအမှုကို ရှောင်လျှင်ရှောင်, မရှောင်လျှင် မည်သည့်အပြစ်ကိုခံရမည်”ဟု နှိမ်ခွင့်ရှိသည်သာ၊ ထို့ကြောင့် ဝိနည်းဥပဒေ ပညတ်တော်သည် ဒုဿီလရဟန်းယုတ်များအား နှိမ်နင်းနိုင်ခြင်း အကျိုး တစ်မျိုးကိုလည်း ရစေနိုင်သည်။
၄။ ဒုဿီလရဟန်းများကြောင့် ထိုထိုသံဃာ့ကိစ္စကို ပြုရာ၌ သံဃာကောင်းတို့မှာ အနှောင့်အယှက်များ၍ ဆင်းရဲကြရ၏၊ ထိုကဲ့သို့ ဒုဿီလ ရဟန်းယုတ်များကို နှိမ်နိုင်ခြင်းကား သီလကို ချစ်ခင်မြတ်နိုးကြသော ရဟန်းကောင်းတို့၏ ချမ်းသာစွာနေရခြင်းဟူသော အကျိုးကိုလည်း ပြီးစေနိုင်သည်၊ တနည်းအားဖြင့် စဉ်းစားပြန်လျှင်-သီလအကျင့်ကို ချစ်ခင်မြတ်နိုးကြသော သူတော်
စာမျက်နှာ-(ဈ)
ကောင်းရဟန်းတို့သည် သီလသိက္ခာကိုဖြည့်ကျင့်လိုကြသော်လည်းကျင့်နည်းကို ညွှန်ပြသော ဝိနည်းဥပဒေပညတ်တော်မရှိလျှင် “မည်ကဲ့သို့ ဖြည့်ကျင့်ရမည်”ဟု မသိသောကြောင့် သီလဖြည့်ကျင့်ရေး၌ ဟိုလိုဖြည့်ကျင့်ရမှာလေလား, သည်လို ဖြည့်ကျင့်ရမှာလေလား”ဟု တွေးတော ပင်ပန်းကြကုန်ရာ၏၊ဥပဒေပညတ်တော် ရှိခြင်းကြောင့်ကား ထိုသို့မပင်ပန်းကြရ, ဥပဒေညွှန်ပြချက်အတိုင်း ဖြည့်ကျင့်ရသဖြင့် ရွှင်ပျချမ်းသာကြလေသည်၊ ထို့ကြောင့် ဝိနည်း ဥပဒေပညတ်တော်သည် သီလချစ်ခင် သူတော်စင်ရဟန်းတို့၏ ချမ်းသာရွှင်ပျနေထိုင်ရခြင်း အကျိုးကိုလည်း ရစေနိုင်ပေသည်။
၅-၆။ ဥပဒေပညတ်တော်သည် “ယခုဘဝ၌ လောကအပြစ်ဒဏ် ဘေးရန်အန္တရာယ်တို့ကို စောင့်ရှောက်ပြီးဖြစ်၍ နောင်သံသရာရေး ရန်ဘေးတို့ကိုလည်း ပိတ်ဆို့တားဆီးပြီးဖြစ်ခြင်း” ဟူသောအကျိုး ၂-မျိုးကိုလည်း ရစေ နိုင်၏၊ မှန်၏-ဥပဒေပညတ်တော်မရှိလျှင် အချို့ ရဟန်းများသည် လူဝတ်ကြောင်တို့ ပြုလေ့ရှိသော ပါဏာတိပါတမှ အဒိန္နာဒါနမှ မိစ္ဆာစာရမှ စသည်ကို ပြုလတ္တံ့၊ ထိုသို့ပြုခြင်းကြောင့် အရိုက်အနှက် အသတ်အဖြတ် ခံရခြင်း, မင်းပြစ်မင်းဒဏ်ခံရခြင်း, နာမည်ပျက်ခြင်းစသော ဘေးရန်အန္တရာယ်တို့ကို ယခုဘဝ၌ပင် ခံကြရတော့မည်၊ ထိုပါဏာတိပါတစသော မကောင်းမှုတို့ကြောင့်ပင် နောင်သံသရာ၌ အပါယ်ဆင်းရဲစသော ဘေးရန်ကိုလည်း ခံကြရဦးမည်၊ ဝိနည်းသိက္ခာပုဒ် ဥပဒေတော်ရှိခြင်းကြောင့်ကား ထိုပစ္စုပ္ပန် သံသရာဘေးရန်အန္တရာယ်များကို စောင့်စည်းပြီး, တားဆီးပြီး ဖြစ်လေတော့၏။
၇။ ဝိနည်းဥပဒေတော်သည် မကြည်ညိုသေးသူများကိုလည်း ကြည်ညို စေနိုင်၏။ မှန်၏-ရဟန်းတော်တစ်ပါးသည် မြို့ရွာအတွင်း၌ ဝိနည်းဥပဒေတော် နှင့်ညီစွာ သင်္ကန်းလည်းရုံ စက္ခုန္ဒြေလည်းရ (အအေးအပူညီမျှလျှင်) ဖိနပ်လည်းမစီးဘဲ သွားအံ့၊ ဆွမ်းစားလျှင်လည်း ဆွမ်းလုပ်ကိုပြင်၍ ရှူးရှူးရှဲရှဲ မမည်စေဘဲ သပ်ယပ်စွာစားအံ့၊ ထိုရဟန်းတော်ကို မကြည်ညိုသေးသော ဘာသာခြားလူများကပင် လေးစားရမည်သာ၊ ရှေးတုန်းက ဗုဒ္ဓဘာသာဝင် မဟုတ်သော ဗြာဟ္မဏလူမျိုး တစ်ယောက်သည် ဝိနည်းဥပဒေစာကို ကြည့်၍ “ရဟန်းဆိုတာ ဤမျှလောက် စောင့်စည်းရပေသကိုး” ဟု တွေးတောကာ လွန်စွာကြည်ညိုစိတ် ဖြစ်လာသတတ်၊ ဤသို့လျှင် ဝိနည်းဥပဒေတော်သည် မကြည်ညိုသေးသူကို ကြည်ညိုစေနိုင်ခြင်း အကျိုးရှိပါသည်။
စာမျက်နှာ-(ည)
၈။ ဝိနည်းဥပဒေတော်သည် ကြည်ညိုပြီး ဗုဒ္ဓဝင် ဖြစ်ပြီးသူတို့ကိုလည်း သဒ္ဓါတရား တိုးပွားစေနိုင်၏။ မှန်၏-နုဂိုက သာမန်လောက်သာ ကြည်ညိုနေသူသည် မိမိကိုးကွယ်ထားသော ဆရာသ္မား၏ ဝိနည်းဥပဒေတေ လေးစားပုံ ဥပဒေနှင့်အညီ နေထိုင်ပုံကို တွေ့မြင်ရသောအခါ “ငါတို့မှာ ဤမျှလောက် အကျင့်သိက္ခာပြည့်ဝသော ဆရာသ္မားကို ကိုးကွယ်ရပေသည် ဟု ကြည်နူးဝမ်းမြောက်လျက် တိုးတက်၍ ကြည်ညိုစိတ်ပေါ်ပေါက်လာတတ်သည်၊ အကြမ်းအားဖြင့် စဉ်းစားလျှင် စာတတ် အပြော အဟောကောင်း ပုဂ္ဂိုလ်များကို လူတို့က ကြည်ညိုသည်ဟု ထင်ရသော်လည်း အသေအချာ စဉ်းစားသော် ထိုပုဂ္ဂိုလ်တို့အပေါ်၌ လူတို့ကြည်ညိုပုံမှာ လေးလေးနက်နက် မရှိလှ၊ ဝိနည်းသိက္ခာကို ရိုသေစောင့်ရှောက်သော ပုဂ္ဂိုလ်တို့အပေါ်၌ ကြည်ညိုပုံသာ လေးနက်သည်။ အကယ်၍ ယခုလက်ရှိ ပုဂ္ဂိုလ်တိုင်း မိမိ၏ ကိုယ်ကျင့်သိက္ခာကို ဝိနည်းဥပဒေတော်နှင့်အညီ ပြုပြင်နေနိုင်သည်ဖြစ်အံ့၊ ထိုပုဂ္ဂိုလ်ကို ကိုးကွယ်ဆည်းကပ်သော ဒါယကာ ဒါယိကာမတို့သည် ယခုထက်ပို၍ ဧကန်ကြည်ညိုကြလိမ့်မည်သာ၊ ဤသို့လျှင် ဝိနည်းဥပဒေတော်သည် ကြည်ညိုပြီးသူများကိုလည်း ပို၍လေးစား ကြည်ညိုစေနိုင်ပါသည်။
၉။ ပြခဲ့ပြီးသော ပရိယတ်, ပဋိပတ်, ပဋိဝေဓ, ၃-ပါးကို “သဒ္ဓမ္မ = သူတော်ကောင်းတရား” ဟု ခေါ်၏၊ ဘုရားရှင်တို့သည် ထိုသူတော်ကောင်း တရား၏ ကြာရှည်စွာ တည်တံ့ရစ်တို့ အကျိုးငှါလည်း ဝိနည်းဥပဒေတော်များကို ထားတော်မူခဲ့ကြပေသည်၊ ချဲ့ဦးအံ့-ဝိနည်းဥပဒေပညတ်တော် မရှိလျှင် ဘုရားရှင် မျက်မှောက်တော်၌ ရဟန်းဖြစ်ကြသော သံဃာတော်များသည် နောက်တဆက် ရဟန်းသစ်များကို တည်ထောင်ပြီးနောက် ထိုရဟန်းသစ်များကမူ နောက်ထပ် မတည်ထောင်နိုင်ကြတော့ဘဲ ထိုဒုတိယအဆက် ထိုရဟန်းတော်များ ကုန်သည်နှင့်တပြိုင်နက် သာသနာအဆက် ပြတ်တော့၏၊ ထိုရဟန်းသံဃာ သာသနာ အဆက်ပြတ်လျှင် ပရိယတ်တရားတော်များကို လူဝတ်ကြောင်အဖြစ်ဖြင့် စွမ်းစွမ်းတမန် မရွက်ဆောင်နိုင်ကြတော့၊ ပရိယတ် လမ်းညွှန်ကွယ်လျှင် ကျင့်စဉ်ပဋိပတ်နှင့် ထိုးထွင်းသိအပ်သော မဂ်, ဖိုလ်, နိဗ္ဗာန် ပဋိဝေဓတို့လည်း အရင်းလဲ၍ အဖျားထင်းဖြစ်ကြရတော့သည်။
ဝိနည်းဥပဒေတော် တည်ရှိလျှင်ကား ဘုရားရှင်နှင့် မျက်မှောက် သံဃာတော်များ ပရိနိဗ္ဗာန်စံပြီးကြပါသော်လည်း ဝိနည်း ဥပဒေတော်၏ ညွှန်ပြချက်ကိုကြည့်ရှုကာ ရဟန်းသံဃာ အဆက်မပြတ်အောင်တည်ထောင်နိုင်ကြ
စာမျက်နှာ-(ဋ)
သေး၏၊ ထိုရဟန်းသံဃာများသည်ပင် ပရိယတ် တရားတော်များကို မကွယ် မပအောင် ယခုအချိန်အထိ ဆောင်တော်မူခဲ့ကြ၏။ ထိုပရိယတ်တရားတော်မှာ လာသည့်အတိုင်း ကျင့်ကြံမှု ပဋိပတ်ကြောင့် အချိန်မရွေး ပဋိဝေဓ မဂ်, ဖိုလ်တရားများလည်း ထင်ရှားနိုင်သေး၏။ ထို့ကြောင့် ဝိနည်း ဥပဒေတော်သည် (သဒ္ဓမ္မ ၃ ဖြာ) သာသနာ ၃ ရပ်ကိုလည်း ကြာရှည်စွာ တည်တံ့ စေနိုင်ပါပေသည်။
၁၀။ “ဝိနည်း” ဟူသည် ကိုယ်နှုတ် ၂-ပါးကို ထိန်းသိမ်း စောင့်စည်း ထားရသော (ရဟန်းများ၏) ကိုယ်ကျင့်တရားတည်း ထိုကိုယ်ကျင့် တရားသည် သဘာဝအားဖြင့် ထင်ရှားရှိနေ၏၊ သို့သော် ဘုရားရှင်ကိုယ်တော်မြတ်က ထုတ်ဖေါ် ပညတ်ခြင်းမပြုပါမူ ထိုဝိနည်းသည် တိမ်မြုပ် ငုပ်နေဦးမည်သာ၊ လောက၌ အရည်အချင်းရှိလျက် တိမ်မြုပ်နေသူ တစ်ယောက်ကို အထက်လူ တစ်ယောက်ယောက်က ထင်ရှားအောင် ထုတ်ဖေါ်လိုက်လျှင် ထိုမြုပ်နေသူကို ချီမြှောက်ရာ (ချီပင့်+မြှင့်မြှောက်ရာ) ရောက်သကဲ့သို့ ထို့အတူမထင်ရှား သေးသော ဝိနည်းကျင့်ဝတ်များကို ဥပဒေတော်အဖြစ်ဖြင့် ထုတ်ဖေါ်ပညတ် လိုက်ခြင်းသည် ထိုဝိနည်းကို ချီမြှောက်ရာရောက်၏၊ ထို့ကြောင့် ဝိနည်း ဥပဒေတော်သည် ရဟန်းကျင့်ဝတ် ဝိနည်းတရားတော်ကို မြှောက်ကော် မြှင့်တင်ရာလည်း ရောက်ပါသည်။ အချုပ်မှာ...
(၁) ကောင်းပါပြီဘုရားဟု စကားတော်ကို လက်ခံနိုင်ခြင်းအကျိုး,
(၂) သံဃာတော်အများ၏ ချမ်းသာစွာနေထိုင်ရခြင်းအကျိုး,
(၃) အလဇ္ဇီဒုဿီလ (ရဟန်းယုတ်)များကိုနှိမ်နိုင်ခြင်းအကျိုး,
(၄) သီလချစ်ခင်သူတော်စင် ရဟန်းတို့ချမ်းသာစွာ နေနိုင်ခြင်းအကျိုး,
(၅) ယခုဘဝ၌ ဘေးရန်အန္တရာယ်တို့ကို စောင့်ရှောက်ပြီး ဖြစ်ခြင်း အကျိုး,
(၆) နောင်တမလွန်ဘဝ၌ ဘေးရန်အန္တရာယ်ကို ပယ်နိုင်ခြင်းအကျိုး,
(၇) သာသနာတော်၌ မကြည်ညိုသေးသူများကို ကြည်ညိုလာစေခြင်း အကျိုး,
(၈) ကြည်ညိုပြီးသူများအား သဒ္ဓါတရား တိုးပွားစေခြင်းအကျိုး,
(၉) သူတော်ကောင်းတရား၏ တည်တံ့ခြင်းအကျိုး,
(၁၀) ဝိနည်းကိုယ်ကျင့်တရားများကို ချီမြှောက်ခြင်း အကျိုး
ဤဆယ်မျိုးသော အကျိုးကို ရည်ရွယ်တော်မူ၍ ဝိနည်းဥပဒေတော်ကို ဘုရားရှင် ပညတ်တည်ထားတော်မူရပေသည်။
စာမျက်နှာ-(ဌ)
ကိုယ်ကျိုးရဖွယ်။ ။ များစွာသော သတ္တဝါတို့သည် မိမိအကျိုးကိုသာ ပထမဆုံး စဉ်းစားလေ့ရှိကြ၏၊ မိမိအကျိုးရမည့် လမ်းစဉ်ကိုသာ ညွှန်ပြသည့်အတိုင်း လိုက်လိုကြ၏၊ ထိုကြောင့် ပြခဲ့သော အကျိုးဆယ်ပါးတို့တွင် ဝိနည်းဥပဒေတော်အတိုင်း စောင့်စည်းနေထိုင်ပါလျှင် မကြည်ညိုသေးသော ဒါယကာ ဒါယိကာမတို့၏ အကြည်ညိုကို ခံရခြင်း, ကြည်ညိုပြီးသော ဒါယကာ ဒါယိကာမတို့ အကြည်ညိုတိုးခြင်း, ယခုဘဝဘေးရန် အန္တရာယ်ကို စောင့်ရှောက်ပြီးဖြစ်ခြင်း, တမလွန်ဘဝ၌ ဒုက္ခကင်းကွာ ချမ်းသာစွာ နေနိုင်ခြင်း, ဤအကျိုး ၄-ပါးတို့ကား ကျင့်သောပုဂ္ဂိုလ်တိုင်း ရနိုင်ကြ၏၊ ထို့ကြောင့် မိမိအကျိုး သာသနာတော်အကျိုးကို လိုလားသော ရဟန်းကောင်းဟူသမျှသည် ဘုရားအမိန့်တော် ဥပဒေများကို လေးလေးစားစား လိုက်နာသင့်ကြပေသည်၊ ထို့ကြောင့်ပင် ရှေးဆရာမြတ်တို့လည်း ဘုရားအမိန့်တော် ဥပဒေကို အသက်စွန့်၍ စောင့်ရှောက်ကြရန် တိုက်တွန်းတော်မူခဲ့ကြပေသည်။
ပါတိမောက္ခံ ဝိသောဓေန္တော,
အပွေဝ ဇီဝိတံ ဇဟေ၊
ပညတ္တံ လောကနာထေန,
န ဘိန္ဒေ သီလသံဝရံ။
ပါတိမောက္ခံ-ဝိနည်းပိဋကတ်, အရပ်ရပ်၌, ပညတ်ထုတ်ဘော်, သိက္ခာပုဒ် သီလတော်ကို၊ ဝိသောဓေန္တော-မကျိုးမပေါက်, မညှိုးပျောက်ဘဲ, တိုးတောက်စေချင်, သုတ်သင်သူသည်၊ ဇီဝိတံ-လွန်စွာစုံမက်, ကိုယ့်အသက်ကို၊ အပ္ပေဝ ဇဟေ-မဝံ့တဝံ့, ရွံ့တရွံ့ဖြင့်, တွန့်ကာလွန့်ကာ, စွန့်လိုက်ရစေကာမူ၊ လောကနာထေန-ဗြဟ္မာလူနတ်, မြတ်ထက်မြတ်သည့်, နတ်နတ်ထိပ်ထား, ဘဘုရားသည်၊ ပညတ္တံ-အာဏာတော်မြတ်, မိန့်တော်မှတ်၍, ပညတ်ထုတ်ဖော်, ဟောပြတော်မူအပ်သော၊ သီလသံဝရံ-ကိုယ်နှုတ်နှစ်ထွေ, ချုပ်တည်းစေဖို့, ကုဋေကိုးထောင်, ကျော်ခေါင်မြင့်ဟီး, သီလတော်ကြီးကို၊ န ဘိန္ဒေ-အမိန့်တော်ချက်, ဦး ထိပ်ရွက်၍, မဖျက်မိစေ, စောင့်စည်းသင့်ပေသတည်း။
စာမျက်နှာ-(ဍ)
အာပတ်ခုနစ်မျိုး ပြခန်း
အာပတ်။ ။ “အာပတ္တိ”ဟူသောပါဠိကို “အာပတ်”ဟုခေါ်၏၊ “ရဟန်းများ ရောက်ထိုက်သောအပြစ်, (တနည်း)-အပြစ်သင့်ခြင်း = အပြစ်ရောက် ခြင်းဟု ဆိုလို၏၊ ထိုအာပတ်သည် ပါရာဇိက, သံဃာဒိသေသ်, ထုလ္လစ္စဉ်း, ပါစိတ်, ပါဋိဒေသနီယ, ဒုက္ကဋ်, ဒုဗ္ဘာသိတ၊ ဤသို့အားဖြင့် ၇-မျိုးရှိသည်။
ပါရာဇိက။ ။ ဤအာပတ်သို့ရောက်သော(ဤအာပတ်သင့်သော)ရဟန်းသည် သာသနာတော်မှ ဆုံးရှုံးရတော့၏၊ “လူဖြစ်ရှုံးသူ”ဟု ဆိုရလောက်အောင် ဖေါက်ပြန်ပျက်စီးနေသူသည် လူရာမဝင်တော့သကဲ့သို့ ထိုအတူ ရဟန်းအဖြစ် ဆုံးရှုံးလောက်အောင် ပါရာဇိက အာပတ်သင့်နေသူသည် ရဟန်းအရာ မဝင်တော့ချေ၊ ရဟန်းကောင်းတို့က ထိုသူနှင့် အပေါင်းအသင်း မလုပ်ကြရတော့ပြီ၊ ထို့ကြောင့် ဤအာပတ်သည် ကျူးလွန်သော ရဟန်းကို သာသနာတော်မှ ဆုံးရှုံးစေတတ်သောကြောင့် “ပါရာဇိကအာပတ်”မည်၏၊ [ပရာဇေတိ-သာသနာတော်မှ ဆုံးရှုံးစေတတ်၏၊ ဣတိ-ထိုကြောင့်၊ ပါရာဇိကာ-ပါရာဇိက မည်၏။]
ပါရာဇိကန္တိ ယံ ဝုတ္တိ,
တံ သုဏောဟိ ယထာတထံ၊
စုတော ပရဒ္ဓေါ ဘဋ္ဌောစ,
သဒ္ဓမ္မာ ဟိ နိရင်္ကတော၊
သံဝါသောပိ တဟိံ နတ္ထိ,
တေနေတံ ဣတိ ဝုစ္စတိ။
အကြင်အာပတ်ကို “ပါရာဇိက”ဟုဆိုအပ်၏၊ ထိုအာပတ် (အကြောင်းကို ဟုတ်တိုင်းမှန်စွာ နားထောင်ပါလော၊ ပါရာဇိကအာပတ်သင့်သော ပုဂ္ဂိုလ်သည် သူတော်ကောင်းတရားမှ ရွေ့သွား၏၊ ချို့ယွင်းသွား၏၊ လျောကျသွား၏၊ သူတော်ကောင်းတရားမှ ကင်းကွာအောင်လည်း အပြုခံရ၏၊ ထိုပါရာဇိက ကျသူနှင့်အတူတကွ(ကံကြီး-ကံငယ်ကိစ္စ၌) ပေါင်းသင်းခွင့်လည်း မရှိတော့၊ ထို့ကြောင့် ဤအာပတ်ကို “ပါရာဇိက”ဟု ခေါ်ဆိုအပ်လေသည်။ ပရိဝါပါဠိတော်။
မှတ်ချက်။ ။ “အပေါင်းအသင်းမလုပ်”ဟူသည်ကား ရဟန်းခံစသော ကိစ္စကြီးငယ်ဟူသမျှ၌ ထိုပုဂ္ဂိုလ်ကို ရဟန်းတစ်ပါးအရေအတွက်အဖြစ်ဖြင့် ထည့်သွင်း၍ မပါဝင်စေရ၊ ပါရာဇိက ကျရောက်နေသော ရဟန်းယုတ်မှန်း သိလျက်
စာမျက်နှာ-(ဎ)
ထိုသူနှင့် ကံကြီး ကံငယ်လည်း မပြုကြ၊ မသိ၍ပါနေစေကာမူ ထိုကံကို ပြီးစေနိုင်လောက်သော အခြားသံဃာများ အပြည့်အစုံပါမှ ထိုကံထမြောက် အောင်မြင်နိုင်သည်။ ထို့ကြောင့် ရဟန်းခံကိစ္စကဲ့သို့သော ကံကြီးများ၌ ပြည့်စုံသင့်သော သံဃာထက် ပိုမိုများပြားအောင်လည်း ကြိုးစားရ၏၊ အကြားအကြား၌ ရဟန်းမစစ်သူတွေ ပါဝင်နေပြန်လျှင် ထိုသူ့အတွက် ရဟန်းကောင်းချင်း ၂-တောင့်ထွာထက် ဝေးကွာနေမည်စိုး၍လည်း အချင်းချင်းနီးကပ်နိုင်သမျှ နီးကပ်အောင် ထိုင်ကြရလေသည်။ ၂-တောင့်ထွာ အရပ်ကို “ဟတ္ထပါသ် = လက်လှမ်းမှီအရပ်”ဟု ခေါ်၏။ သံဃာ့ကံပြုရာ၌ ရဟန်းအစစ်ချင်းချင်း ဟတ္ထပါသ် ဆက်စပ်နေစေရသည်၊ ဟတ္ထပါသ်တိုင်းရာမှာလည်း တဘက်ရဟန်း၏ အပြင်ဘက်ဆုံး ကိုယ်အင်္ဂါနှင့် မိမိ၏အနီးဆုံး ကိုယ်အင်္ဂါကို တိုင်းရသည်။
သံဃာဒိသေသ်။ ။ “သံဃာဒိသေသ”ဟူသောပါဠိကို “သံဃာဒိသေသ်” ဟုခေါ်၏၊ [သံဃ+အာဒိ+သေသ။] ဤအာပတ်သင့်သော ရဟန်းသည် အာပတ်ပြေပျောက်အောင် ပြုရာ၌ အခြားအာပတ်များကဲ့သို့ တစ်ပါးထံမှာ ဖြေ၍မဖြစ်၊ သံဃာတော်များထံ ပရိဝါသ်တောင်း၍ ပရိဝါသ်နေရ၏၊ ထို့နောက် သံဃာ့ထံမှာပင် မာနတ်တောင်း၍ မာနတ်ကျင့်ရ၏၊ တချို့မှာ ပရိဝါသ်နေရင်း သံဃာဒိသေသ် အာပတ်ထပ်သင့်ပြန်သဖြင့် အရင်းအစ ပြန်၍ကျင့်ရ၏၊ ထိုသို့အရင်းအစသို့ပြန်၍ ငင်ရမှုကို “မူလာယပဋိကဿန” ဟုခေါ်၏၊ ထိုကံကိုလည်း သံဃာကပင်ပြုရ၏။ ထို့နောက်မှ သံဃာ့အထံ ခွင့်တောင်း၍ အဗ္ဘာန်သွင်းစေရ၏၊ ပရိဝါသ်, မာနတ်ကျင့်မှုသည် ဒဏ်ထမ်းခြင်းနှင့်တူ၏၊ ထိုသို့ ဒဏ်ခံနေရခိုက်၌ သံဃာကအပြင် ထုတ်ထားသကဲ့သို့ ဖြစ်၏၊ ထို့ကြောင့် ပါရိဝါသ်မာနတ်ကျင့်ပြီးသောအခါ သံဃာကကျေနပ်၍ သံဃာအတွင်းသို့ သွင်းမှုကို – “အဗ္ဘာန်သွင်း”ဟု ခေါ်သည်။
ဤသို့လျင် ဤအာပတ်အတွက် အစဆုံး၌ ပရိဝါသ်ပေးမှု, အစမှ ကြွင်းသော အလယ်၌မာနတ်ပေးမှု, အဆုံး၌ အဗ္ဘာန်သွင်းမှုများဝယ် သံဃာနှင့် ကင်းရကား (သံဃာပါမှ ကံအထမြောက်ရကား) “သံဃော+အာဒိ-သေသေသု၊ ဣစ္ဆိတဗ္ဗော အဿ”ဟု ဝိဂြိုဟ်ပြု၍ သံဃာဒိသေသ”ဟုအမည်ရလေသည်၊ အဿ-ဤအာပတ် အပေါင်း အတွက်၊ အာဒိသေသေသု-အစ အဆုံး ပရိဝါသ်ပေးကံ, အစမှကြွင်းသော အလယ်အဆုံး မာနတ်ပေးစသောကံတို့၌၊ သံဃော-သံဃာကို၊ ဣစ္ဆိတဗ္ဗော-လိုလားထိုက်၏၊ ဣတိ-ထို့ကြောင့်၊ သံဃာဒိသေသော-သံဃာဒိသေသမည်၏။
စာမျက်နှာ-(ဏ)
သံဃာဒိသေသောတိ ယံ ဝုတ္တံ,
တံ သုဏော ဟိ ယထာတထံ၊
သံဃောဝ ဒေတိ ပရိဝါသံ,
မူလာယ ပဋိကဿတိ၊
မာနတ္တံ ဒေတိ အဗ္ဘေတိ,
တေနေ တံ ဣတိ ဝုစ္စတိ။
အကြင်အာပတ်ကို “သံဃာဒိသေသ်”ဟု ဆိုအပ်၏၊ ထိုအာပတ် (အကြောင်း)ကို ဟုတ်တိုင်းမှန်စွာ နားထောင်ပါလော၊ (ထိုအာပတ်သင့်၍ အာပတ်မှ ထလိုသူအား) သံဃာသည်သာ ပရိဝါသ်ပေးရ၏၊ အရင်းသို့ ပြန်၍ ငင်ရ၏၊ မာနတ်ပေးရ၏။ အာဗ္ဘန်သွင်းရ၏၊ ထို့ကြောင့် (ထိုသို့ အစ, အလယ်, အဆုံး ၃-ပါးလုံး၌ သံဃာပါဝင်ရသောကြောင့်)ဤအာပတ်ကို “သံဃာဒိသေသ်”ဟု ခေါ်ဆိုအပ်လေသည်။ ... ပရိဝါပါဠိတော်, ဂါထာသင်္ဂဏိက။
ထုလ္လစ္စဉ်း။ ။ “ထူလစ္စယ”ဟူသော ပါဠိကို “ထုလ္လစ္စဉ်း”ဟု ခေါ်၏၊ (ထူလ+အစ္စယ။)ပါရာဇိကအာပတ်သင့်သူသည် ရဟန်းအဖြစ်ကို စွန့်လွှတ်မှ (လူအဖြစ်နှင့်ဖြစ်စေ သာမဏေအဖြစ်နှင့်ဖြစ်စေနေမှ) စင်ကြယ်၏၊ သံဃာဒိသေသ် အာပတ်သင့်သော ရဟန်းသည် ပရိဝါသ်မာနတ်ကျင့်၍ အဗ္ဘာန် သွင်းပြီးမှ စင်ကြယ်၏၊ ထုလ္လစ္စဉ်းစသော အောက်အာပတ် ၅-ပါးတွင် တစ်ပါးပါးသင့်သော ရဟန်းကား အခြားရဟန်းတစ်ပါးအထံ (၂-ပါး၃-ပါးနှင့် သံဃာ့အထံလည်း ဖြစ်နိုင်၏) “တပည့်တော်မှာ မည်သည့် အာပတ်သင့်ပါ
ဟု ပြောရုံမျှဖြင့် စင်ကြယ်၏၊ ဤသို့ ပြောခြင်းကို “ဒေသနာ = ပြောခြင်း, ဒေသနာကြားခြင်း”ဟု ခေါ်ကြ၏။
ထိုသို့ ဒေသနာပြောရုံမျှဖြင့် စင်ကြယ်သော အာပတ် ၅ဖုံတို့တွင်ကား ဤထုလ္လစ္စဉ်းအာပတ်သည် အချို့ အရုန့်အရင်း အကြမ်းထန်းဆုံး အပြစ်တည်း၊ ထိုကြောင့် “ထူလော-ရုန့်ရင်းကြမ်းထန်းသော-အစ္စယော-အပြစ်တည်း”ဟု သော ဝိဂြိုဟ်အရ “ထုလ္လစ္စယ”ဟု အမည်ရလေသည်။ [သဒ္ဒါနည်းအရ“ထူ”၌ ရဿပြု။ ဤစကားအစဉ်ဖြင့် “သံဃာဒိသေသ် အာပတ်”ကို “ဝုဋ္ဌာနဂါမ် အာပတ်”ဟုလည်းကောင်း, ထုလ္လစ္စဉ်းစသော အောက်အာပတ်ငါးဖုံကို “ဒေသနာဂါမ်အာပတ်ဟုလည်းကောင်း, ဝိနည်းအခေါ် မှတ်ခဲ့ပါဦး။ [ဝုဋ္ဌာန-ပရိဝါသ်စသည်
စာမျက်နှာ-(တ)
ကျင့်မှ ထမြောက်ခြင်းသို့+ဂါမိနီ (ဂါမ်)− ရောက်စေနိုင်သော အာပတ်၊ ဒေသနာ-အချင်းချင်းပြောပြရုံဖြင့်+ဂါမိနီ(ဂါမ်)-စင်ကြယ်ခြင်းသို့ရောက် စေနိုင်သော အာပတ်။]
ထုလ္လစ္စယန္တိ ယံ ဝုတ္တံ,
တံ သုဏောဟိ ယထာတထံ၊
ဧကဿ မူလေ ယော ဒေသေတိ,
ယောစ တံ ပဋိဂ္ဂဏှတိ၊
အစ္စယော တေန သမော နတ္ထိ,
တေနေတံ ဣတိ ဝုစ္စတိ။
အကြင်အာပတ်ကို “ထုလ္လစ္စဉ်း”ဟု ဆိုအပ်၏၊ ထိုအာပတ်(အကြောင်း)ကို ဟုတ်တိုင်းမှန်စွာ နားထောင်ပါလော၊ ရဟန်းတစ်ပါးအထံ၌ အကြင် ရဟန်းသည် ဒေသနာပြော၏၊ အကြင်ရဟန်းကလည်း ထိုအာပတ်ကို လက်ခံ၏၊ ထိုရဟန်း ၂-ပါးတို့ ပြောအပ် ခံယူအပ်သော အပြစ်တို့တွင် ထိုအပြစ်နှင့် တန်းတူ ရုန့်ရင်းသော အပြစ်မရှိ၊ ထို့ကြောင့် ဤအာပတ်ကို “ထုလ္လစ္စဉ်း” ခေါ်ဆိုအပ်လေသည်။ ...ပရိဝါပါဠိတော်, ဂါထာသင်္ဂဏိက။
ပါစိတ်။ ။ “ပါစိတ္တိယ”ဟူသော ပါဠိကို “ပါစိတ်”ဟု ခေါ်၏၊ [စိတ္တ+ပါတိယ။]လွန်ကျူးလိုသောစိတ်ဖြင့် ဤအာပတ်သင့်သောအခါ ကုသိုလ်စိတ်များ မရှိတော့ရကား ဤအာပတ်သည် ကုသိုလ်စိတ်ကိုကျစေ (ပျောက်စေ ပျက်စေ)သည်မည်၏၊ ထို့ကြောင့် စိတ္တံ-ကုသိုလ်စိတ်ကို+ပါတေတိ-ကျစေတတ်၏”ဟူသော ဝိဂြိုဟ်နှင့် အညီ “ပါစိတ္တိယ”ဟု အမည်ကို ဘုရားရှင် ပညတ်တော်မူခဲ့လေသည်။ [“စိတ္တပါတိယ”ဟု မူလပုဒ်ရင်းရှိသော်လည်း “ပါတိယ”မှ (တ)ကိုချေ, ပါနှင့်စိတ္တကို နောက်ပြန်စေ၍ “ပါစိတ္တိယ” ဟု ပြီးစေရသည်။]
ပါစိတ္တိယန္တိ ယံ ဝုတ္တံ,
တံ သုဏောဟိ ယထာတထံ၊
ပါတေတိ ကုသလံ ဓမ္မံ,
အရိယမဂ္ဂံ အပရဇ္ဈတိ၊
စိတ္တသမ္မောဟနဋ္ဌာနံ,
တေနေ တံ ဣတိ ဝုစ္စတိ။
စာမျက်နှာ-(ထ)
အကြင်အာပတ်ကို “ပါစိတ္တိယ”ဟု ဆိုအပ်၏၊ ထိုအာပတ်(အကြောင်း)ကို ဟုတ်တိုင်းမှန်စွာ နားထောင်ပါလော၊ အကြင်အာပတ်သည် ကုသိုလ်တရားကို (ကုသိုလ်စိတ်ကို)ကျစေတတ်၏၊ အရိယမဂ်ကို ဖျက်ဆီးတတ်၏၊ စိတ် တွေဝေခြင်း၏အကြောင်းလည်း ဟုတ်၏။ ထို့ကြောင့် ဤအာပတ်ကို “ပါစိတ်”ဟု ခေါ်ဆိုအပ်လေသည်။ ...ပရိဝါပါဠိတော်, ဂါထာသင်္ဂဏိက။
ပါဋိဒေသနီ။ ။ “ပါဋိဒေသနီယ” ဟူသောပါဠိကို “ပါဋိဒေသနီ” ဟု ခေါ်နေကြ၏၊ အခြားအာပတ်များကို ဒေသနာပြောသလို မပြောရဘဲ “ဂါရယှံ အာဝုသော ဓမ္မံ အာပဇ္ဇိံ အသပ္ပါယံ ပါဋိဒေသနီယံ၊ တံပဋိဒေသေမိ”စသည်ဖြင့် သီးခြား ဒေသနာပြောရသောကြောင့် “ပဋိ(ပိသုံ)သီးခြား၊ ဒေသေတဗ္ဗာ-ပြောလိုက်၏”ဟူသောဝိဂြိုဟ်နှင့်အညီ “ပဋိဒေသနီယ”ဟုဖြစ်၏၊ ထိုနောက်မှ “ပဋိဒေသနီယံ ယေဝ ပါဋိဒေသနီယံ”ဟု သွတ္ထတဒ္ဓိတ်ဆင့် ရသည်။
ပါဋိဒေသနီယန္တိ ယံ ဝုတ္တိ,
တံ သုဏောဟိ ယထာတထံ၊
ဘိက္ခု အညာတကော သန္တော,
ကိစ္ဆာ လဒ္ဓါယ ဘောဇနံ၊
သာမံ ဂဟေတွာ ဘုဉ္ဇေယျ,
ဂါရယှန္တိ ပဝုစ္စတိ။
အကြင်အာပတ်ကို “ပါဋိဒေသနီယ” ဟုဆိုအပ်၏၊ ထိုအာပတ် (အကြောင်း)ကို ဟုတ်တိုင်းမှန်စွာ နားထောင်ပါလော၊ ရဟန်းတစ်ပါးသည် ဘိက္ခုနီနှင့် ဆွေမျိုးမတော်ပါဘဲ ခဲခဲယဉ်းယဉ်းရှာမှ ရရှာသောဘိက္ခုနီ၏ ဘောဇဉ်(အစာ)ကို ကိုယ်တိုင်ယူ၍စားအံ့၊ ထိုစားမှုကို ကဲ့ရဲ့ဖွယ်ဟုဆိုအပ်၏။ ...ဤသို့စသည်ဖြင့် ပရိဝါ၌ ဂါထာများစွာလာလေသည်။
ဒုက္ကဋ်။ ။ “ဒုက္ကတ”ဟူသောပါဠိကို “ဒုက္ကဋ်” ဟုခေါ်၏၊ [ဒူ×ကတ။] လိမ်၍ပြောခြင်း, ဆဲခြင်း, ရန်တိုက်ပေးခြင်းစသော မကောင်းမှု အငယ်များကို “ဒုဋ္ဌ-မကောင်းသဖြင့်။ တနည်း, ဝိရူပံ-ဖေါက်ဖေါက် ပြန်ပြန်။ ကတံ-ပြုအပ်၏”ဟူသော ဝိဂြိုဟ်နှင့်အညီ “ဒုက္ကဋ”ဟု ခေါ်ရ၏၊ ထိုမကောင်းမှုကြောင့် သင့်ရောက်အပ်သော အာပတ်ကိုလည်း(အကြောင်းအမှု၏အမည်
စာမျက်နှာ-(ဒ)
ကို အကျိုးအာပတ်ပေါ် တင်စား၍ ကာရဏူပစာရအားဖြင့်) ဒုက္ကဋဟု ပင် ခေါ်ရတော့သည်၊ [ဈာန်မရဘဲ ဈာန်ရ၏ဟု ပြောခြင်းစသော အကြီး အကျယ် လိမ်မှုများကိုမူ ပါရာဇိက အာပတ် စသည်ဖြင့် ကြီးလေးသော အပြစ်များဟု ပညတ်တော်မူသည်။]
ဒုက္ကဋံ ဣတိ ယံ ဝုတ္တံ,
တံ သုဏောဟိ ယထာတထံ၊
အပရဒ္ဓံ ဝိရဒ္ဓံစ,
ခလိတံ ယဉ္စ ဒုက္ကဋံ၊
ယံ မနုဿော ကရေ ပါပံ,
အာဝီဝါ ယဒိဝါ ရဟော၊
ဒုက္ကဋန္တိ ပဝေဒေန္တိ,
တေနေတံ ဣတိ ဝုစ္စတိ။
အကြင်အာပတ်ကို “ဒုက္ကဋ်”ဟု ဆိုအပ်၏၊ ထိုအာပတ် (အကြောင်း)ကို ဟုတ်တိုင်းမှန်စွာ နားထောင်ပါလော၊ အကြင်အမှုကို မကောင်းသဖြင့် (ဖေါက်ဖေါက်ပြန်ပြန်) ပြုအပ်၏၊ ထိုအမှုသည် (ဘုရားဟောတော်မူတိုင်း မပြုအပ်သည့်အတွက်ကြောင့်) အပြစ်ဖြစ်၏၊ ကုသိုလ်ကောင်းမှုကိုလည်းဖျက် ဆီးရာရောက်၏၊ အရိယာမဂ်လမ်းမှ ချွတ်ချော်၏၊ လူတစ်ယောက်သည် သူတစ်ပါး၏ မျက်မှောက်ဖြစ်စေ မျက်ကွယ်ဖြစ်စေ အကြင်မကောင်းမှုကို ပြုအံ့၊ ထိုမကောင်းမှုကို “ဒုက္ကဋ”ဟု ပြောဆိုကြ သိစေကြ၏။ ထို့ကြောင့် ဤအာပတ်ကို “ဒုက္ကဋ်”ဟု ဆိုအပ်လေသည်။ ...ပရိဝါပါဠိတော်။
ဒုဗ္ဘာသီ။ ။ “ဒုဗ္ဘာသိတ”ဟူသောပါဠိကို “ဒုဗ္ဘာသီဟု ခေါ်နေကြ၏။ [ဒု-မကောင်းသဖြင့်+ဘာသိတ-ပြောဆိုအပ်သောစကား။] စိတ်ဆိုး၍ ဆဲခြင်းမျိုးမဟုတ်ဘဲ, ပြောင်လှောင်လိုသဖြင့် အမျိုးနှင့်စပ်၍ဖြစ်စေ, အတတ်ပညာနှင့်စပ်၍ဖြစ်စေ “ဟေး.. စဏ္ဍာလကြီး လာပြီကွ-ပညာရှိကြီးပြော ပါလိမ့်မယ်”စသည်ဖြင့် ပြောဆိုအပ်သောစကားကို “ဒုဗ္ဘာသိတ”ဟု ခေါ်၏၊ ထိုစကားကြောင့် သင့်ရောက်အပ်သော အာပတ်ကိုလည်း(ဥပစာတင် စား၍ “ဒုဗ္ဘာသိတ အာပတ်”ဟု မိန့်တော်မူအပ်လေသည်။
စာမျက်နှာ-(ဓ)
ဒုဗ္ဘာသိတန္တိ ယံ ဝုတ္တံ,
တံ သုဏောဟိ ယထာတထံ၊
ဒုဗ္ဘာသိတံ ဒုရာဘဋ္ဌံ,
သံကိလိဋ္ဌဉ္စ ယံပဒံ၊
ယဉ္စ ဝိညူ ဂရဟန္တိ,
တေနေတံ ဣတိ ဝုစ္စတိ။
အကြင်အာပတ်ကို “ဒုဗ္ဘာသိတ”ဟု ဆိုအပ်၏၊ ထိုအာပတ်(အကြောင်း)ကို ဟုတ်တိုင်းမှန်စွာ နားထောင်ပါလော၊ မကောင်းသဖြင့် ပြောဆိုအပ်သော စကားသည် ဒုဗ္ဘာသိတမည်၏၊ အကြင်ပုဒ်ဗျည်း(စကား)သည် (ပြောင်မှုလှောင်မှုဖြစ်၍) ညစ်ညမ်းဆိုးဝါး၏၊ အကြင်စကားမျိုးကို ပညာရှိတို့လည်း ကဲ့ရဲ့ကြ၏၊ ထို့ကြောင့် ထိုစကားကို (ထိုစကားကြောင့် သင့်ရောက် အပ်သောအာပတ်ကို “ဒုဗ္ဘာသိတ”ဟု ဆိုအပ်လေသည်။ — ပရိဝါပါဠိတော်။ [ယောဇနာ၌ ယံ, ယဉ္စတို့ကို “ယသ္မာ”ဟု ချည်းဖွင့်လေ၏။]
အဆင့်ဆင့် အပြစ်ကြီးပုံ။ ။ ဤအာပတ် ၇ ဖုံတို့တွင် ဒုဗ္ဘာသိတထက် ဒုက္ကဋ်သည် အပြစ်ကြီးလေး၏၊ ဒုက္ကဋ်ထက် ပါဋိဒေသနီ, ပါဋိဒေသနီထက် ပါစိတ်, ပါစိတ်ထက် ထုလ္လစ္စဉ်းသည် အစဉ်အတိုင်း အပြစ်ကြီးလေး၏၊ သံဃာဒိသေသ်ကား ထုလ္လစ္စဉ်းထက် အပြစ်ကြီးသောကြောင့် သံဃာ့အထံ၌သာ ထိုအပြစ်ကို ဖြေရသည်၊ ပါရာဇိကအာပတ်သည်ကား ရိုးရိုးဖြေရုံနှင့် မပြေနိုင်တော့ရကား ရဟန်းအဖြစ်ကို စွန့်လွှတ်လိုက်မှသာ ထိုအပြစ် ကျေလေတော့၏၊ ယခုအခါ ထိုအာပတ်များကို ဝိနည်း ပါဠိတော် အခြေ တည်၍ ညွှန်ပြပေအံ့။