မာတိကာသို့ ခုန်သွားရန်

ဘုရားဥပဒေတော်ကြီး/နိဿဂ္ဂိယပါစိတ်အခန်း

ဝီကီရင်းမြစ် မှ
5541ဘုရားဥပဒေတော်ကြီးနိဿဂ္ဂိယပါစိတ်အခန်း၁၉၉၆အရှင်ဇနကာဘိဝံသ

စာမျက်နှာ-၆၆

၄။ နိဿဂ္ဂိယပါစိတ်အခန်း

စီဝရဝဂ်

က။ ပထမကထိနသိက္ခာပုဒ်

အမှုသည်—ခရီးသွားသော ရဟန်းများ။

အမှု—အထုပ်အပိုးတွေကို ထမ်းကြ ရွက်ကြမှု။

သင်္ကန်း ၃ ထည် ခွင့်ပြုတော်မူပုံ။ ။ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်မှ ဝေသာလီပြည်သို့ ကြွတော်မူသောအခါ သင်္ကန်းထုပ်ကြီးကို ထမ်းကြ-ရွက်ကြ-ခါးစောင်းတင်ကြနှင့် လိုက်လာကြသောရဟန်းများကို မြင်တော်မူရ၍ “ဤမောဃပုရိသတို့သည် အလွန်လျင်မြန်စွာ သင်္ကန်း ပေါများအောင် ကျင့်ကြသည်”ဟု အပြစ်မြင်တော်မူ၍ သင်္ကန်း၌ အကန့် အသတ်ထားရလျှင် ကောင်းမည်”ဟု အကြံတော်ဖြစ်ခဲ့လေသည်။ ထိုနောက် ဝေသာလီပြည်၌ သီတင်းသုံးတော်မူစဉ် တပို့တွဲလပြည့်၏ ရှေ့နောက် ရှစ်ရက်တို့၌(လဆန်း ၁၂-ရက်မှ လဆုတ် ၄-ရက်အထိ)ညဉ့်ဦးယာမ်ဝယ် သင်္ကန်းတထည်ဖြင့် နေစမ်းတော်မူ၏၊ ဘုရားရှင်ကို အချမ်းသည် မနှိပ်စက် (ချမ်းတော်မမူ)၊ ညဉ့်ဦးယာမ်လွန်လျှင် ချမ်းတော်မူ၍ နောက်တထည်ကို အသုံးပြုတော်မူ၏၊ သန်းခေါင်ယာမ်လွန်ပြန်လျှင် ချမ်းတော်မူ၍ နောက် အထည် ထပ်တော်မူပြန်၏။ မိုးသောက်ယာမ်လွန်၍ အရုဏ်တက်ချိန်၌ ချမ်းတော်မူ၍ စတုတ္ထသင်္ကန်းတထည်ကို ထပ်တော်မူပြန်သည်၊ [တန်ခိုးဖြင့် သိတော်မူနိုင်သော်လည်း လက်တွေ့စမ်းပြမှ ကျေနပ်ကြမည် ဖြစ်သောကြောင့် လက်တွေ့ စမ်းပြတော်မူခြင်းတည်း။]

ထို့နောက် သင်္ကန်းထုပ်ကြီးကို ထမ်းပိုး၍ ခရီးသွားကြသော ရဟန်းများ၏ မနှစ်မြို့ဖွယ်ကိုလည်းကောင်း, လက်တွေ့စမ်းသတ်တော်မူပုံကိုလည်းကောင်း, မိန့်တော်မူပြီးလျှင် သင်္ကန်း ၃ထည်ကိုသာ ခွင့်ပြုတော်မူလေသည်၊ [၃ ထည်တွင် တထည်ကို ၂ ထပ်ပြုလိုက်သည့်အခါ ဘုရားရှင်စမ်းသက်တော်မူစဉ်က ၄ထည်နှင့်ညီမျှသဖြင့် “သင်းပိုင် (ခါးဝတ်), ဧကသီ (အပေါ်ခြုံ), ၂ ထပ် သင်္ကန်းကြီး”အားဖြင့် သင်္ကန်း ၃-ထည် (တိစီဝရ) ဖြစ်သည်။]

ဆဗ္ဗဂ္ဂီရဟန်းတို့ကျင့်ပုံ။ ။ “ဘုရားရှင်သည် သင်္ကန်း ၃ ထည်ကို ခွင့်ပြုတော်မူသည်”ဟု ကြံ၍ ဆဗ္ဗဂ္ဂိယရဟန်းတို့သည် ရွာဝင်သင်္ကန်း ၃ ထည်, ကျောင်းဝတ်သင်္ကန်း ၃ ထည်, ရေချိုးဆိပ်သွားသင်္ကန်း ၃ ထည်ဟု အလဲ

စာမျက်နှာ-၆၇

အလှယ် ပြုနေကြသောကြောင့် “ယောပနဘိက္ခု၊ အတိရေကစီဝရီ ဓာရေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ = အကြင်ရဟန်းသည် အဓိဋ္ဌာန်တင်အပ် ဝိကပ္ပနာပြုအပ်သောသင်္ကန်းထက် အပိုသင်္ကန်းကို ဆောင်အံ့၊ ထိုရဟန်းသည် ထိုသင်္ကန်းကိုလည်း စွန့်ပစ်အပ်၏, ပါစိတ်အာပတ်လည်း သင့်၏”ဟု မူလ ပညတ်ကို ပညတ်တော်မူလေသည်။

မှတ်ချက်။ ။ ကိုယ်ပိုင်ဥစ္စာဟု ဆောက်တည်ထားအပ်သော သင်္ကန်းကို အဓိဋ္ဌာန် တင်အပ်သောသင်္ကန်း”ဟုခေါ်၏၊ ထိုအဓိဋ္ဌာန်သင်္ကန်းကား ၃ထည် သာရှိစေရသည်။ ကိုယ့်ဥစ္စာအမှတ်မှ ကင်းစေ၍ သီတင်းသုံးဖော် တစ်စုံတစ်ယောက်၏ ဥစ္စာအဖြစ်ဖြင့် ထားအပ်သော သင်္ကန်းကို “ဝိကပ္ပနာပြုအပ်သော သင်္ကန်း” ဟု ခေါ်၏။ ထိုပိကပ္ပနာ ပြုအပ်သောသင်္ကန်းလည်း ထိုသီတင်းသုံးဖော်၏ ဥစ္စာအနေဖြင့် ဝတ်ရုံ သုံးစွဲကောင်းသေး၏၊ အဓိဋ္ဌာန်တင်ပုံ ဝိကပ္ပနာပြုပုံကို နောက်မှ ပြမည်။

အနုပညတ်ထပ်ရပုံ။ ။ အရှင်အာနန္ဒာ၌ အဓိဋ္ဌာန်တင် သင်္ကန်း ၃-ထည်မှ အပိုသင်္ကန်းရလာ၏၊ ထိုသင်္ကန်းကို အရှင်သာရိပုတြာအား လှူလို၏၊ အရှင်သာရိပုတြာလည်း သာကေတမြို့သို့ ကြွတော်မူခိုက်ဖြစ်၍ ၉-ရက်, ၁၀-ရက် လောက်ကြာမှ ရောက်တော်မူလာမည်၊ ထိုအကြောင်းကို ဘုရားရှင်အား လျှောက်လေရာ “အလွန်ဆုံး ၁၀-ရက်လောက် အဓိဋ္ဌာန်ဝိကပ္ပနာမပြုဘဲ အပိုအလွန်သင်္ကန်းကို ဆောင်ထားနိုင်၏” ဟုခွင့်ပြုတော်မူပြီး၍ အနုပညတ် ကိုထပ်တော်မူရလေသည်။

သိက္ခာပုဒ်ပါဠိတော်။ ။ နိဋ္ဌိတစီဝရသ္မိံ ဘိက္ခုနာ ဥဗ္ဘတသ္မိံ ကထိနေ ဒသာဟပရမံ အတိရေကစီဝရံ ဓာရေတဗ္ဗံ, တံ အတိက္ကာမယတော နိဿဂ္ဂိယံ ပါစိတ္တိယံ။

မြန်မာပြန်။ ။ ကထိန်ခင်းရာမှရခဲ့သော ပိတ်ဖျင်စသည်ကို သင်္ကန်းချုပ်၍ ပြီးခြင်း-သို့မဟုတ် မချုပ်တော့ဘူးဟု ဆုံးဖြတ်သောအားဖြင့် ပြီးခြင်း-သို့မဟုတ် ပျောက်ဆုံးပျက်စီးခြင်းအားဖြင့် ပြီးခြင်း ဤနည်းအမျိုးမျိုးတွင် တနည်းနည်းအားဖြင့် သင်္ကန်းပြီးစီးပြီးဖြစ်လျှင်လည်းကောင်း, ကထိန် နုတ်ပြီး ရုပ်သိမ်းပြီးဖြစ်လျှင်လည်းကောင်း, အဓိဋ္ဌာန် ဝိကပ္ပနာပြုထားသော သင်္ကန်းမှ အပိုသင်္ကန်းကို အလွန်ဆုံး ၁၀-ရက်သာ ထားနိုင်၏, ထို၁၀-ရက်လွန်လျှင်ကား ထိုသင်္ကန်းစွန့်ထိုက်၍ ထိုရဟန်းလည်း ပါစိတ်အာပတ်သင့်သည်။

စာမျက်နှာ-၆၈

မှတ်ချက်။ ။ ဝတ္ထုကြောင်း အလိုက်ဆိုလျင် – “ဒသာဟပရမံ”ကိုသာ ထည့်သင့်၏၊ သို့သော် နောင်ကထိန်အကျိုးကို ပြရာ၌ အဓိဋ္ဌာန် ဝိကပ္ပနာမပြုဘဲ အလိုရှိတိုင်း သင်္ကန်းထားနိုင်၏ဟု ခွင့်ပြုချက်လည်း ရှိသေးသောကြောင့် “နိဋ္ဌိတစီဝရသ္မိံ-ဥဗ္ဘတသ္မိံ ကထိနေ” ပုဒ်တို့ကိုပါ ထည့်စွက်၍ အနုပညတ်ထပ်တော်မူရသည်။ [နိဿဂ္ဂိယသဒ္ဒါသည် “စွန့်ပစ်ထိုက်၏” ဟူသော အနက်ကို ဟော၏၊ ထိုသင်္ကန်းကို ဝိနည်းတော် ထုံးစံအရ တစ်ပါးအထံမှာဖြစ်စေ, အများအထံမှာ ဖြစ်စေ စွန့်ရပေးရမည် မစွန့်မပေးဘဲ သုံးစွဲနေလျှင် ကိုင်တိုင်း ကိုင်တိုင်း ဒုက္ကဋ်အာပတ် ထပ်၍သင့်၏။ စွန့်လိုက် ပေးလိုက်လျှင်ကား ပထမသင့်သော ပါစိတ် အာပတ်သာသင့်၍ နောက်ထပ် ဒုက္ကဋ်အာပတ် မသင့်တော့။]

အဓိဋ္ဌာန်တင်ပုံ။ ။ သင်္ကန်း ၃ထည်တွင် သင်္ကန်းကြီးကို “ဣမံ သံဃာဋိံ အဓိဋ္ဌာမိ = ဤသင်္ကန်းကို သံဃာဋိဟု စွဲမြဲစွာမှတ်ထားပါ၏” ဟု ဆို၍တင်၊ သင်းပိုင်ကို “ဣမံ အန္တရဝါသကံ အဓိဋ္ဌာမိ = ဤသင်္ကန်းကို အန္တရဝါသက ဟု စွဲမြဲစွာ မှတ်သားထားပါ၏”ဟု ဆို၍တင်၊ ဧကသီကို “ဣမံ ဥတ္တရာသင်္ဂံ အဓိဋ္ဌာမိ = ဤသင်္ကန်းကို ဥတ္တရာသင်္ဂဟု စွဲမြဲစွာ မှတ်သားထားပါ၏” ဆို၍တင်၊ ဤသို့သူ နာမည်နှင့်သူ အဓိဋ္ဌာန်တင်ထားအပ်သော သင်္ကန်းကို (ဆရာမှတ်မှတ် တပည့်မှတ်မှတ် ဆိုသကဲ့သို့) ကိုယ့်ဟာမှတ်မှတ် ဝတ်လျက် ရုံလျက် သို့မဟုတ် ကိုယ့်အနားမှာထားလျက် (အထူးအားဖြင့် အရုဏ် တက်ချိန်၌ မိမိ၏ ၂ တောင့်ထွာအတွင်းမှာ) ရှိစေရမည်၊ ၂ တောင့်ထွာ ထက်ဝေးသော အရပ်မှာထားမိလျှင် ထိုသင်္ကန်းသည် နောက်သိက္ခာပုဒ် အရ နိဿဂ္ဂိထိုက်၏၊ ဝိကပ္ပနာပြုပုံကို-နောက်မှပြမည်။

သင်္ကန်းစွန့်ပုံ။ ။ “ဣဒံ မေ ဘန္တေ စီဝရံ ဒသာဟာတိက္ကန္တံ နိဿဂ္ဂိယံ, ဣမာဟံ အာယသ္မတော နိသဇ္ဇာမိ”

၂ ထည်မှစ၍ အများဖြစ်လျှင် “ဣဒံ-နိဿဂ္ဂိယံ-ဣမာဟံ”ပုဒ်တို့အား “ဣမာနိ နိဿဂ္ဂိယာနိ, ဣမာနိ အဟံ”ဟုပြင်ပါလေ၊ [ဘန္တေ အရှင်ဘုရား၊ မေ-တပည့်တော်၏၊ ဣဒံ စီဝရံ-ကို၊ ဒသာဟာတိက္ကန္တံ-ဆယ်ရက်လွန်သည် (ဖြစ်၍) နိဿဂ္ဂိယံ-စွန့်အပ်စွန့်ထိုက်ပါ၏၊ အဟံ-တပည်တော်သည်၊ ဣမံ-ဤသင်္ကန်းကို၊ အာယသ္မတော-အရှင့်အား၊ နိသဇ္ဇာမိ-စွန့်ပါ၏၊ နိဿဂ္ဂိသင်္ကန်းကို လက်ခံသူက အငယ်ဖြစ်လျှင် “ဘန္တေ” အရာ၌ “အာဝုသော” ဟု “အယသ္မတော”အရာ၌ “တုယှံ”ဟု ဆို၊ နောက်၌လည်း ဤနည်းချည်း။] ပါဠိလို မဆိုတတ်သူများဂာား—

စာမျက်နှာ-၆၉

“အရှင်ဘုရား... တပည့်တော်၏ ဤသင်္ကန်းသည် ၁၀-ရက် လွန်လာသဖြင့် နိဿဂ္ဂိထိုက်နေပါသည်၊ ဤသင်္ကန်းကို အရှင်ဘုရားအား တပည့်တော်စွန့်ပါသည်ဟု...

မြန်မာလိုလည်း ဆိုနိုင်၏၊ [လက်ခံသူက သီတင်းငယ်ဖြစ်လျှင် “ငါ့ရှင်”လည်းကောင်း, “သင့်အား”ဟုလည်းကောင်း ဆိုရုံသာ၊ နောက်၌လည်း ဤနည်းချည်း၊] ဤသို့ စွန့်ပြီးသည့်အခါ ယခုကာလ ထုံးစံအတိုင်း ပါစိတ်အာပတ်ကို ရည်မှတ်၍ ဒေသနာပြောရမည်၊ ဤသို့စွန့်ပြီးနောက်မှ ဒေသနာပြောရသော ပါစိတ် အာပတ်ဖြစ်၍ “စွန့်ခြင်း ဝိနည်းကံရှိသော ပါစိတ်အာပတ်”ဟု ဆိုရသည်၊ ထို့နောက် နိဿဂ္ဂိသင်္ကန်းကို ခံသောရဟန်းက...

“ဣမံ စီဝရံ အာယသ္မတော ဒမ္မိ”

“ဤသင်္ကန်းကို (များလျှင် “ဣမာနိ စီဝရာနိ-” ဤသင်္ကန်းတို့ကို)အရှင်အား ပြန်ပေးပါ၏” ဟု ပါဠိလိုဖြစ်စေ, မြန်မာလိုဆို၍ဖြစ်စေ ပြန်ပေးရမည်၊ ထိုသို့ ပြန်ပေး၍ ပြီးနောက် အဓိဋ္ဌာန်သော်လည်း တင်-သို့မဟုတ် ဝိကပ္ပနာသော်လည်း ပြုထားရမည်၊ [ဝိကပ္ပနာပြုပုံကို သုဒ္ဓပါစိတ် သုရာပါနဝဂ် နဝမသိက္ခာပုဒ်ကျမှပြမည်။]

အင်္ဂါ ၅-ပါး။ ။ ၁-ဇာတိပမာဏလောက်သော သင်္ကန်း၏ မိမိဥစ္စာ ဖြစ်ခြင်း, ၂-နေ့ရက် အရေအတွက်သို့ ရောက်ခြင်း, ၃-ပလိဗောဓပြတ်ပြီးဖြစ်ခြင်း, ၄-အပိုသင်္ကန်း ဖြစ်ခြင်း, ၅-၁၀-ရက်လွန်ခြင်း၊ ဤအင်္ဂါ၅-ပါးညီမှ ထိုသင်္ကန်း နိဿဂ္ဂိထိုက်၍ သင်္ကန်းရှင်ရဟန်းမှာ ပါစိတ် အာပတ်သင့်သည်။

ချဲ့ဦးအံ့-

၁။ ခေါမ ကောသေယျ စသော သင်္ကန်း ၆-မျိုးတွင် ပါဝင်သည်ကို “ဇာတိ”ဟုခေါ်၍ အလျားတတောင် အနံ့တထွာ ပမာဏရှိသည်ကို “ပမာဏလောက်”ဟုခေါ်၏။

၂။ မိမိအားလှူပြီးဖြစ်၍ မိမိဥစ္စာဖြစ်နေသော်လည်း (အဝေးမှ လှမ်းလှူ လိုက်၍ လမ်းခရီးရောက်နေခြင်း-အနား၌ မသိအောင်ထားခဲ့ခြင်း စသည်ကြောင့် မိမိမသိသေးလျှင် ထိုမသိသေးသမျှရက်ကို သင်္ကန်း ရရာရက်ဟု အရေအတွက်မပြုရ မိမိသိသည့်ရက်မှစ၍ အရေ အတွက်ပြုရခြင်းကို “နေ့အရေအတွက်ရောက်ခြင်း”ဟု ဆိုသည်။

စာမျက်နှာ-၇၀

၃။ ကထိန်ခင်းစဉ်က ရခဲ့သောအကျိုး (အာနိသင်)ကို မပြယ်အောင် ကာကွယ်တားမြစ်တတ်သော သင်္ကန်းချုပ်ဖို့ အဝတ်နှင့် ကျောင်းတိုက်ကို “ပလိဗောဓ”ဟု ခေါ်၏၊ [ပလိ = ပရိ-ထက်ဝန်းကျင် ဗောဓ (ဗုန္ဓတိ)-တားမြစ်တတ်သည်။] ထိုပလိဗောဓသည် စီဝရပလိဗောဓ, အာဝါသပလိဗောဓဟု ၂-မျိုးရှိ၏၊ ရှေးခေတ်၌ ကထိန် သင်္ကန်းသည် ချုပ်ပြီး ဆိုးပြီးမဟုတ်၊ ပိတ်-ဖျင်-အဖြူထည်များ သာတည်း၊ ကျောင်းရောက်၍ လှူပြီးမှ ကထိန်ခင်းဖို့ အဝတ်ကို နေ့ချင်းပြီးအောင် ချုပ်ရ ဆိုးရသည်၊ ကထိန်ခင်းဖို့ မဟုတ်သော အခြား ပိတ်-ဖျင်များကိုကား သံဃာအားလုံး ညီမျှအောင် ဖြတ်တောက်၍ ဝေငှလိုက်ရသည်။

စီဝရပလိဗောဓ။ ။ ထိုပိတ်-ဖျင်ကို သင်္ကန်း မချုပ်ရသေးလျှင်လည်းကောင်း, သို့မဟုတ် မချုပ်တော့ဘူးဟု မဆုံးဖြတ်သေးလျှင်လည်းကောင်း, မပျောက်မပျက်ရှိသေးသမျှ “သင်္ကန်းမပြီးသေး” ဟုဆိုရ၏၊ ထိုသို့သင်္ကန်းမပြီးသေးသမျှ “စီဝရ ပလိဗော”ရှိသေးသည်ဟု ဆိုရ၏။ ထိုပိတ်-ဖျင်စကို သင်္ကန်းချုပ်ပြီးလျှင်၎င်း၊ မချုပ်တော့ဘူးဟု ဆုံးဖြတ်လိုက်လျှင် သို့မဟုတ် ခိုးသူ, မီး, ကြွက်ကိုက် ခြင်းစသည်ကြောင့် ပျောက်ပျက်သွားလျှင်၎င်း၊ “နိဋ္ဌိတစီဝရ = သင်္ကန်းနှင့် စပ်သောကိစ္စပြီးဆုံးပြီ”ဟု ဆိုရသည်၊ စီဝရပလိဗောဓရှိတော့ပြီ-ဟူလို။ [ယခုကာလ၌ကား ကထိန်တုန်းကပင် သင်္ကန်းချုပ်ပြီး ဆိုးပြီး ဖြစ်သောကြောင့် စီဝရပလိဗောဓ ပြတ်စဲပြီး ဖြစ်ခဲ့၏။]

အာဝါသပလိဗောဓ။ ။ မိမိဝါဆိုရာ ကျောင်းတိုက်ကို “အာဝါသ”ဟု ဆိုသည်၊ ကထိန်ခင်းပြီးနောက် ထိုကျောင်းတိုက်၌ နေသေးသမျှ အာဝါသပလိဗောဓရှိ၏၊ ထိုကျောင်းတိုက်၌ “မနေတော့ပါဘူး”ဟု ဆုံးဖြတ်လိုက်သောအခါ အာဝါသပလိဗောဓ ပြတ်တော့၏၊ [တပေါင်းလပြည့်နေ့ကျော် လွန်လျှင်ကား ကထိန်၏ အကျိုးအာနိသင်အားလုံး ကုန်ဆုံးတော့သည် ဖြစ်၍ စီဝရပလိဗောဓ, အာဝါသပလိဗောဓ ၂-မျိုးလုံးပင် ပြတ်စဲတော့သည်။]

၄။ အဓိဋ္ဌာန် ဝိကပ္ပနာ ပြုထားသော သင်္ကန်းမှ အပို ဖြစ်နေခြင်း (အဓိဋ္ဌာန်ဝိကပ္ပနာ တစ်ခုခုမပြုဘဲ အပိုထားခြင်း၊)

၅။ လဆန်း ၁-ရက်နေ့ရလျှင် ထိုရရာရက်၏ လာလတံ့သော အရုဏ်မှ စ၍ ၁၀ အရုဏ်လွန်လျှင်(၁၁-ရက်နေ့ဘက်ရောက်လျှင်)ဒသာဟာ

စာမျက်နှာ-၇၁

တိက္ကန္တဖြစ်၏၊ လဆန်းတရက်၏ လွန်ပြီး အရုဏ်ကို ထည့်၍ မရေ တွက်ရ၊ [အဋ္ဌကထာ၌ ၁၁ အရုဏ်ဆိုသည်မှာ လွန်ပြီးအရုဏ်ပါ ဆိုခြင်းဖြစ်သည်။

[ဆောင်] ဇာတ်ပမာဏ-လောက်င လေရာ၊ ကိုယ့်ဟာ ဖြစ်ခြင်း, ရေတွက်တွင်း သို့၊ ရောက်လျှင်းတုံဘိ, ပလိဗောဓ-ပြတ်ကြပေလစ်, အပိုဖြစ်လျက်, ၁၀-ရက်လွန်ပြီ, အင် ၅ လီ, သင့်ပြီ ပထမ ကထိန။

ခ။ ဒုတိယ ကထိနသိက္ခာပုဒ်

အမှုသည်—ရဟန်အများ။

အမှု—သင်္ကန်းကြီးကို ထားပစ်ခဲ့မှု။

သင်္ကန်းကြီး ထားပစ်ခဲ့မှု။ ။ ရဟန်းအများသည် ဒေသစာရီ လှည့်လည် ကြသောအခါ (ဝန်လေးမည်စိုး၍) သင်္ကန်းကြီးကို အခြား ရဟန်းတို့ထံ အပ်ထားခဲ့၍ သင်းပိုင်ဧကသီဖြင့်သာ သွားကြ၏၊ သူတစ်ပါးလက်၌ ကြာမြင့်စွာ သိမ်းထားရသော သင်္ကန်းတို့ မှိုတက်ကုန်ရကား ပြန်လာသည့်အခါ နေလှမ်းနေကြသည်တို့ကို အရှင်အာနန္ဒာမြင်၍ အပြစ် တင်တော်မူပြီးလျှင် ဘုရားရှင်အားလျှောက်လေရာ “နိဋ္ဌိတစီဝရသ္မိံ ဘိက္ခုနာ ဥဗ္ဘတသ္မိံ ကထိနေ ဧကရတ္တမ္ပိ စေ ဘိက္ခု၊ တိစီဝရေန ဝိပ္ပဝသေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ”ဟု ပညတ်တော်မူလေသည်။

ဂိလာနသမ္မုတိ။ ။ ထို့နောက် ရဟန်းတစ်ပါး မကျန်းမမာ ဖြစ်လေရာ, ဆွေမျိုးများထံ သွားလိုသော်လည်း သင်္ကန်း ၃ ထည်လုံး ကို ယူ၍ မသွားနိုင်သောကြောင့် ဂိလာနရဟန်းအား အဝိပ္ပဝါသသမ္မုတိ ပေးဖို့ရန် ခွင့်ပြုတော်မူ၍ “အညတြ ဘိက္ခု သမ္မုတိယာ”ဟု ဖြည့်စွက်လျက် အနုပညတ် ထပ်တော်မူရပြန်သည်၊ [တိစီဝရိက် သင်္ကန်းနှင့် ကင်းနေ့သော်လည်း ကင်းရာမရောက်ခြင်း, ကင်းခြင်းကြောင့် အာပတ်မသင့်စေခြင်း အကျိုးငှါ ပေးအပ်သော သမ္မုတိကို “အဝိပ္ပဝါသသမ္မုတိ”ဟု ခေါ်၏၊ ထိုသမ္မုတိရသော ဂိလာနရဟန်းကား မယူနိုင်သော သင်္ကန်းတထည်ထည်ကို ထားပစ်ခဲ့သော်လည်း အာပတ်မသင့်။]

သိက္ခာပုဒ်။ ။ နိဋ္ဌိတစီဝရသ္မိံ ဘိက္ခုနာ ဥဗ္ဘတသ္မိံ ကထိနေ ဧကရတ္တမ္ပိ စေ ဘိက္ခု၊ တိစီဝရေန ဝိပ္ပဝသေယျ၊ အညတြ ဘိက္ခု သမ္မုတိယာ နိဿဂ္ဂိယံ ပါစိတ္တိယံ။

စာမျက်နှာ-၇၂

မြန်မာပြန်။ ။ ကထိန်မှရသော ပိတ်ဖျင်နှင့်စပ်၍ သင်္ကန်းကိစ္စ ပြီးပြီးသော်လည်းကောင်း, ကထိန်နုတ်ပြီး ရုပ်သိမ်းပြီးသော် လည်းကောင်း, သမ္မုတိရသော ဂိလာနရဟန်းမှတစ်ပါး အခြားရဟန်းသည် တိစီဝရိက်သင်္ကန်း ၃ ထည်တွင် တထည်ထည်နှင့် တညဉ့်မျှကင်း၍ မနေရ၊ ကင်းနေ့လျှင် ထိုသင်္ကန်း နိဿဂ္ဂိထိုက်၍ ထိုရဟန်းလည်း ပါစိတ်အာပတ်သင့်၏၊

မှတ်ချက်။ ။ ဤသိက္ခာပုဒ်အတွက် အဓိဋ္ဌာန်တင်အပ်သော တိစီဝရိက်ကို မိမိနှင့် ၂ တောင့်ထွာမက ကွာဝေးနေသော်လည်း အပြစ်မရှိနိုင်သော အရပ်များကို ပါဠိတော်၌ ပြထား၏၊ ထိုသို့ပြရာ၌ “ဥဒေါသိတ = ဘဏ္ဍာတိုက်”လည်း ပါသောကြောင့် ဤသိက္ခာပုဒ်ကို ဥဒေါသိတ သိက္ခာပုဒ်ဟုလည်း နာမည် တပ်နိုင်၏၊ “ဥဗ္ဘတသ္မိံ ကထိနေ”ဟုပါသောကြောင့် ကထိန သိက္ခာပုဒ် ဟုလည်း နာမည်တပ်နိုင်၏၊ ထိုတွင် ရှေ့သိက္ခာပုဒ်ကို ပထမ ကထိန, ဤသိက္ခာပုဒ်ကို ဒုတိယ ကထိန ဟုခေါ်သည်။

နဿဂ္ဂိစွန့်ပုံ။ ။ ညဉ့်ကင်းမိ၍ နိဿဂ္ဂိထိုက်သော သင်္ကန်းကို သံဃာ-ဂိုဏ်း-ပုဂ္ဂိုလ်တို့တွင် အလိုရှိရာ စွန့်နိုင်သည်၊ ပုဂ္ဂိုလ်ထံ စွန့်ပုံကား-“ဣဒံ မေ ဘန္တေ စီဝရံ ရတ္တိဝိပ္ပဝုတ္ထံ အညတြ ဘိက္ခု သမ္မုတိယာ နိဿဂ္ဂိယံ, ဣမာဟံ အာယသ္မတော နိသဇ္ဇာမိ” ဟူသည်တည်း။

ပါဠိလိုမဆိုတတ်လျှင် “အရှင်ဘုရား... တပည့်တော်၏ ဤသင်္ကန်းကို (ဘိက္ခုသမ္မုတိ မရဘဲ) ညဉ့်ကင်းနေအပ်သည်ဖြစ်၍ စွန့်ထိုက်နေပါ၏, ဤသင်္ကန်းကို အရှင်ဘုရားအား တပည့်တော် စွန့်ပါသည်”ဟု မြန်မာလို ဆို၍လည်း စွန့်နိုင်၏၊ သင်္ကန်း ၂ထည် ၃ ထည်ဖြစ်လျှင် “ဣမာနိ” စသည်ဖြင့်ဆို၊ အဝေးမှာနေလျှင် “ဧတံ, ဧတာနိ”ဟုဆို၊ ထိုစွန့်ပြီးနောက် ဒေသနာပြောရခြင်း ပြန်ပေးရခြင်း စသည်တို့မှာ နိဿဂ္ဂိအားလုံး အတူတူ ပင်တည်း။

နိဿဂ္ဂိမထိုက်စေနည်း။ ။ တိစီဝရိက်အဓိဋ္ဌာန် တင်ထားသော သင်္ကန်းနှင့် အရုဏ်တက်ချိန်မှာ ညဉ့်ကင်းတော့မည် ထင်လျှင် အရုဏ်မတက်ခင် အဝေးရှိရာကို မှန်း၍ “ဧတံ သံဃာဋိံ ပစ္စုဒ္ဓရာမိ = ထိုသင်္ကန်းကြီးကို ပစ္စုဒ္ဓိုရ် ပြုပါ၏”ဟု ဆို၍ ပစ္စုဒ္ဓိုရ်ပြုလိုက်လျှင် နိဿဂ္ဂိမထိုက်တော့ပြီ၊ အရုဏ် တက်ပြီးနောက် အဝေးရှိရာ မှန်းပြီးထပ်၍ အဓိဋ္ဌာန်တင်နိုင်သည်၊ ဤသို့ပြုလျှင် နိဿဂ္ဂိ ပါစိတ် အာပတ်လည်းမသင့်, အဓိဋ္ဌာန်လည်း ထပ်မံတင်ပြီး ဖြစ်တော့သည်။

စာမျက်နှာ-၇၃

အင်္ဂါ ၄-ပါး။ ။ ၁-တိစီဝရိက် အဓိဋ္ဌာန်တင်ထားအပ်ပြီးသော သင်္ကန်း ဖြစ်ခြင်း, ၂-ကထိန်မခင်းခြင်း (ခင်းသော်လည်း နုတ်ပြီးခြင်း), ၃-အဝိပ္ပဝါသ သမ္မုတိမရခြင်း, ၄-ညဥ့်ကင်းခြင်း, ဤအင်္ဂါ ၄-ပါး ညီလျှင် နိဿဂ္ဂိထိုက်၏။

[ဆောင်] ဓိဋ္ဌာန်တင်သစ်, သင်္ကန်းဖြစ်သား, စင်စစ်ကထိန်-ခင်းမကြိမ်တည်း, နာချိန် သမ္မုတိ-မရရှိဘဲ, ရတ္တိအရုဏ်-ကင်းနေတုံဟု, ကြောင်းစုံလေးလီ, အင်္ဂါညီ, သင့်ပြီ ဒုတိယ ကထိန။

ဂ။ တတိယ ကထိန သိက္ခာပုဒ်

အမှုသည်— ရဟန်းအများ။

အမှု— အကာလ၌ရသော သင်္ကန်းကို တလထက်ပို၍ မချုပ်ဆိုးဘဲထားမှု။

ရဟန်းတစ်ပါး သင်္ကန်းဆန့်ပုံ။ ။ သီတင်းကျွတ်လပြည့်မှစ၍ (ကထိန်အာနိသင် မရလျှင်) တန်ဆောင်မုန်းလပြည့်အထိ (ကထိန်အာနိသင်ရလျှင် ကထိန် မနုတ်သေးသမျှ ကာလနှင့် တပေါင်းလပြည့် အထိသည် လွတ်လွတ်လပ်လပ် သင်္ကန်းထားနိုင်ရာ “ကာလ”တည်း၊ ထိုမှတစ်ပါးသော အချိန်သည် “အကာလ (အချိန်မဟုတ်)”မည်၏၊ ရဟန်းတစ်ပါး၌ ထိုအကာလအခါဝယ် သင်္ကန်းချုပ်ဖို့ရာ အထည်ရလာ၏။ “ဆယ်ရက်ထက် လွန်၍ အပိုသင်္ကန်းမထားရ” ဟူသော ပညတ်တော်အရ ထိုအဝတ်ကို အမြန်သင်္ကန်းချုပ်၍ အဓိဋ္ဌာန်တင်လိုသောကြောင့် သင်္ကန်းချုပ်လေသည်၊ ထိုသို့ချုပ်သောအခါ မလောက်မငဖြစ်နေ၍ ထိုအထည်ကို ရေဆွတ်ပြီးလျှင် အောက်ပိုင်းကို ခြေဖြင့်နင်းထား၍ အထက်ပိုင်းကို လက်ဖြင့်မြှောက်ကာ ဆန့်၍ ဆန့်၍ နေရှာ၏၊ [သူ့ အထင်ကား ဤနည်းဖြင့် ဆန့်ပေးလျှင် အတော် အတန်ရှည်လာလိမ့်မည်ဟု မျှော်လင့်၏။ သို့သော် ခြောက်သွားသည့် အခါ နဂိုအတိုင်း ဖြစ်လေသည်၊] ထိုနည်းအတိုင်း ထပ်၍ထပ်၍ ဆွဲဆန့်နေသည်ကို ဘုရားရှင်မြင်တော်မူ၍ ကြွလာတော်မူပြီးလျှင် “နောက်ထပ်ရဖို့ မျှော်လင့် ချက်ရှိသေးသလား”ဟု မေးတော်မူ၏, “ရှိပါသေးကြောင်း” လျှောက်လေလျှင် “အကာလ၌ သင်္ကန်းချုပ်ဖို့ အဝတ်ကို ခံယူပြီး၍ နောက်ထပ်ရဖို့ မျှော်လင့်ချက်ရှိသေးလျှင် မချုပ်သေးဘဲ သိမ်းထားဖို့ရန်” ခွင့်ပြုတော်မူလေသည်။

စာမျက်နှာ-၇၄

ရဟန်းများ ကြာရှည်စွာထားမှု။ ။ ထိုကဲ့သို့ ခွင့်ပြုတော်မူသောအခါ အချို့ ရဟန်းများသည် ထိုအကာလသင်္ကန်းကို တလလွန်သော်လည်း မချုပ်ကြသေးဘဲ သိမ်းထားကြသဖြင့် သင်္ကန်းတန်းပေါ်၌ သင်္ကန်းထုပ်ကြီးတွေ တို့လို့ တန်းလန်း တည်နေသည်တို့ကို အရှင်အာနန္ဒာ မြင်၍ ပြစ်တင်ကဲ့ရဲ့ ပြီးလျှင် ဘုရားရှင်အားလျှောက်လေရာ ဤသိက္ခာပုဒ်ကို ပညတ်တော်မူလေသည်။ ထို့ကြောင့် “အကာလသင်္ကန်းလျာ အဝတ်ကို တလထက် လွန်အောင် မချုပ်ဘဲထားမှုကြောင့် သိက္ခာပုဒ်ကို ပညတ်မူရသည်” ဟုမှတ်။

သိက္ခာပုဒ်။ ။ နိဋ္ဌိတစီဝရသ္မိံ ဘိက္ခုနာ ဥဗ္ဘတသ္မိံ ကထိနေ ဘိက္ခုနော ပနေဝ အကာလစီဝရံ ဥပ္ပဇ္ဇေယျ, အာကင်္ခမာနေန ဘိက္ခုနာ ပဋိဂ္ဂဟေတဗ္ဗံ, ပဋိဂ္ဂဟေတွာ ခိပ္ပမေဝ ကာရေတဗ္ဗံ, နော စဿ ပါရိပူရိ, မာသပရမံ တေန ဘိက္ခုနာ တံ စီဝရံ နိက္ခိပိတဗ္ဗံ ဦနဿ ပါရိပူရိယာ သတိယာ ပစ္စာသာယ။ တတော စေ ဥတ္တရိ နိက္ခိပေယျ သတိယာပိ ပစ္စာသာယ, နိဿဂ္ဂိယံ ပါစိတ္တိယံ။

မြန်မာပြန်။ ။ ကထိန်ခင်းရာမှ မိမိအတွက် ရအပ်သော အဝတ်နှင့်စပ်၍ သင်္ကန်းကိစ္စ ပြီးပြီးသော်လည်းကောင်း, ကထိန်နုတ်ပြီးသော်လည်းကောင်း, ရဟန်းမှာ အကာလ သင်္ကန်းရအံ့၊ ထိုရဟန်းသည် ထိုသင်္ကန်းကို လိုလျှင် ခံယူနိုင်၏၊ (မခံယူလိုလျှင်လည်း ပယ်နိုင်၏, ထိုပယ်သော ရဟန်းအတွက် အထူးပြောဖွယ်မလို-ဟူလို၊) ခံယူပြီးလျှင် (ချုပ်လောက် ပါမူ) ဆယ်ရက်မလွန်ခင် အလျင်အမြန် ချုပ်ရမည်၊ [ဆယ်ရက် လွန်သွားက ထိုအဝတ်သည် ပထမကထိန သိက္ခာပုဒ်အရ နိဿဂ္ဂိ ထိုက်လိမ့်မည်-ဟူလို၊ အကယ်၍ ထိုအဝတ်သည် သင်္ကန်းမချုပ် လောက်ဘဲ ဖြစ်နေအံ့၊ လိုနေသည်ကို ဖြည့်၍ချုပ်ဖို့ရာ နောက်ထပ် ရဖို့ မျှော်လင့်ချက်လည်း ရှိနေသေးအံ့၊ ထိုရဟန်းသည် ထိုသင်္ကန်းကို မချုပ်သေးဘဲ တစ်လအလွန်ဆုံး ထားနိူင်သေး၏၊ နောက်ထပ်ရဖို့ မျှော်လင့်ချက် ရှိစေကာမူ တစ်လထက် လွန်၍ကား မထားနိုင်၊ အကယ်၍ တစ်လထက်လွန်၍ ထားအံ့၊ ထိုသင်္ကန်းစွန့်ထိုက်၍, ထိုရဟန်းလည်း ပါစိတ်အာပတ်သင့်သည်၊ [ယခုကာလ၌ကား သင်္ကန်း

စာမျက်နှာ-၇၅

ချုပ်ပြီး တွေကိုသာ ရသောကြောင့် ဤသိက္ခာပုဒ်နှင့် စပ်သော ကျင့်ဖွယ်များ မလိုလှတော့ချေ။

စွန့်ပုံနှင့်အင်္ဂါ။ ။ ဤသိက္ခာပုဒ်အရ နိဿဂ္ဂိ သင်္ကန်းလျာ အဝတ်ကို စွန့်ပုံကား- “ဣဒံ မေ ဘန္တေ အကာလစီဝရံ မာသာတိက္ကန္တံ နိဿဂ္ဂိယံ, ဣမာဟံ အာယသ္မတော နိသဇ္ဇာမိ”ဟု ပါဠိလို ဖြစ်စေ, မြန်မာလိုဖြစ်စေ စွန့်ရမည်။ [ ဣဒံ အကာလစီဝရံ-ဤအကာလသင်္ကန်းကို၊ မာသာတိက္ကန္တံ-တစ်လလွန်သည်” ဖြစ်၍ ဟုအနက်ဆို၊] အင်္ဂါများကား– ပထမ ကထိန အင်္ဂါတွင် “ဆယ်ရက်လွန်ခြင်း” အစား “တစ်လလွန်ခြင်း” ဟု လဲလှယ်ကာ အင်္ဂါ ၅-ပါးပင်ရှိသည်။

[ဆောင်] ပထမ ကထိန, အင်ငါးဝ၌, တလလွန်အင်, ဆယ်ရက်တွင်, လဲလျှင်တတိယ ကထိန။

ဃ။ ပူရာဏစီဝရသိက္ခာပုဒ်

အမှုသည်—ရှင်ဥဒါယီ။

အမှု—ဇနီးဟောင်းဘိက္ခုနီအား သင်္ကန်းလျှော်ခိုင်းမှု။

ဥဒါယီနှင့် ဇနီးဟောင်းဘိက္ခုနီ။ ။ သာဝတ္ထိပြည် ရှင်ဥဒါယီ၏ ဇနီးဟောင်းသည် ဘိက္ခုနီ တို့အထံ၌ ဘိက္ခုနီမပြုနေ၏၊ ထိုဘိက္ခုနီထံသို့ ရှင်ဥဒါယီသည် မကြာခဏသွား၏၊ ထိုဘိက္ခုနီမလည်း ရှင်ဥဒါယီထံသို့ မကြာခဏလာ၏၊ အခါတစ်ပါး၌ကား ရှင်ဥဒါယီသည် ထိုဘိက္ခုနီထံ ဆွမ်းစားသွားစဉ် ထိုဘိက္ခုနီ၏ ရှေ့၌ အင်္ဂါဇာတ်ကို ဖေါ်၍ ထိုင်နေ၏၊ ထိုဘိက္ခုနီကလည်း (အားကျမခံ) သူ့ဟာကို ဖေါ်ထိုင်၏၊ ဥဒါယီသည် ဘိက္ခုနီ၏ ဥစ္စာကို တစိမ့်စိမ့်ကြည့်ရင်း သင်းပိုင် ပေသွားလေတော့သဖြင့် “ရေယူခဲ့စမ်းပါ, သင်းပိုင်ကို လျှော်ပစ်ရဦးမည်”ဟု ပြော၏၊ ဘိက္ခုနီက “တပည့်တော် လျှော်ပေးပါ့မယ်”ဟုဆို၍ ယူသွားပြီးလျှင် ထိုပေနေသော သုက်တချို့ကို ပါးစပ်ဖြင့်စုတ်, တချို့ကို သူ့ဥစ္စာတည်း၌ ထည့်သွင်း၍ ထိုသုက်ကြောင့်ပင် ကိုယ်ဝန်စွဲလေတော့သည်။

ဘုရားထံ လျှောက်ခြင်း။ ။ ထိုဘိက္ခုနီ၏ ကိုယ်ဝန်ကိုမြင်၍ အခြား ဘိက္ခုနီတို့က “အဗြဟ္မစရိယအကျင့်ကို ကျင့်တဲ့ ဘိက္ခုနီဘဲ”ဟု စွပ်စွဲ ကြလေသော်, အဗြဟ္မစရိယကို မကျင့်ရကြောင်း ထင်ရှား

စာမျက်နှာ-၇၆

ဖို့ရာ “ဥဒါယီ၏ သင်္ကန်းဟောင်းကို ဖွပ်ဖို့ယူလာရာမှ သုက်တို့ကို စုတ်ယူမိ-အင်္ဂါဇာတ်၌ ထည့်မိ၍ ဖြစ်ရကြောင်းကို” ထုတ်ဖေါ် ပြောပြရလေသည်၊ ထိုအခါ “ဘယ့်နှယ်ကြောင့် ရှင်ဥဒါယီက ဘိက္ခုနီကို သင်္ကန်းဟောင်းအဖွပ် ခိုင်းရသလဲ”ဟု ကဲ့ရဲ့ကြပြီးလျှင် ဘုရားထံ လျှောက်ကြလေသည်။ ဘုရားရှင်သည် ဥဒါယီကို သံဃာ့အလယ်၌ စစ်မေးတော်မူ၍ “သင်္ကန်းဟောင်းကို အဖွပ်ခိုင်းမိပါကြောင်း” ဝန်ခံသည့်အခါ “ထိုဘိက္ခုနီနှင့် ဆွေမျိုးသားချင်းတော်သလား, မတော်ဘူးလား” မေးတော်မူ၍ “မတော်ကြောင်း” လျှောက်ပြန်လျှင် “ဆွေမျိုးမတော်သော ယောက်ျားသည် ဆွေမျိုးမတော်သော မိန်းမ၏ အပေါ်၌ သင့်လျော်သည် မသင့်လျော်သည်ကိုလည်း မသိနိုင်, သူတစ်ပါး ကြည်ညိုဖွယ် ရှိမရှိကိုလည်း မသိနိုင်၊ သို့ပါလျက် သင့်မို့လို့ ဆွေမျိုးမတော်သူကို သင်္ကန်းဟောင်း အဖွပ်ခိုင်းပလေ”ဟု ကဲ့ရဲ့ ရှုံ့ချတော်မူပြီးလျှင် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယောပန ဘိက္ခု၊ အညာဟိကာယ ဘိက္ခုနိယာ ပုရာဏစီဝရံ ဓောဝါပေယျဝါ၊ ရဇာပေယျဝါ၊ အာကောဋာပေယျဝါ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။

မြန်မာပြန်။ ။ အကြင်ရဟန်းသည် ဆွေမျိုးမတော်သော ဘိက္ခုနီကို သင်္ကန်းဟောင်း အဖွပ်-အဆိုး (ဖွပ်ရာ၌) အထုအရိုက် ခိုင်းအံ့၊ ထိုသင်္ကန်း နိဿဂ္ဂိထိုက်၍ ထိုရဟန်းလည်း ပါစိတ်အာပတ်သင့်သည်၊ [“ဆွေမျိုး”ဟူရာ၌ ဆွေ ၇ ဆက်, မျိုး ၇ ဆက် သွေးသား စပ်နေ သူကို ဆိုလိုသည်၊ သွေးသားမစပ်ဘဲ အစ်ကို ညီ စသူနှင့် စပ်၍တော်ရသူကို ဆွေမျိုးဟု မဆိုရ၊ ထို့ကြောင့် ဥဒါယီအတွက် သူ့ ဇနီးဟောင်းကိုပင် သူစိမ်းပြင်ပ (ဆွေမျိုးမတော်သူ)ဟု ဆိုရသည်။]

ဉာတိများ။ ။ “ဘ-ဘိုး-ဘေး-ဘီ-အင်-ဘောင်-ဘော” ဟု အထက် ၇ ဆက်, သား-မြေး-မြစ်-တီ-တွတ်-ကျွတ်-ကျွတ်ဆက်” ဟု အောက် ၇ ဆက်ရှိ၏၊ ဘ-ဘိုး-စသည်၌ အမိ-အဖွား-စသော မိန်းမများကိုလည်းကောင်း, သား စသည်၌ သ္မီးစသည်ကိုလည်းကောင်း, ယူပါ၊ ဘိုး၏အဘကို ဘေးဘေး၏အဘကို ဘီ စသည်ဖြင့်လည်းကောင်း, မြေး၏သားကိုမြစ်, မြစ်၏သားကို တီစသည်ဖြင့်လည်းကောင်း, သိပါ၊] ဤသို့ ဆွေ ၇ ဆက်၊ မျိုး ၇ ဆက်တွင် (အထက်အောက်မှ) မပါဝင်သူ-သွေးသားချင်း ဆက်သွယ်၍ မရနိုင်သူကို “အညာတိက” ဟု ခေါ်ကြရသည်၊

စာမျက်နှာ-၇၇

ထို့ကြောင့် သား၏မယားနှင့် ထိုမယားဘက်မှ ဆက်သွယ်လာသူတို့သည် ယခုအခါ၌ ဆွေမျိုး-ဟု အသိအမှတ် ပြုကြသော်လည်း ဝိနည်းတော်အရ ဆွေမျိုးစာရင်းတွင် မပါဝင်ကြ-ဟုမှတ်။

ဆွေမျိုးဆက်ပုံ။ ။ ဘ = ပထမဆွေမျိုး၊ ဘိုး-ဒုတိယ၊ ဘိုး၏သားသ္မီး ဖြစ်သော (ဘ၏ညီအကို မောင်နှမအရင်းဖြစ်သော)ဦးကြီး ဦးလေးစသည် = တတိယ၊ ထိုတတိယ၏ သားသ္မီးဖြစ်သော(တဝမ်းကွဲညီအစ်ကို မောင်နှမ)-စတုတ္ထ၊ ထိုစတုတ္ထ၏ သားသ္မီးဖြစ်သော (တဝမ်းကွဲတူ) = ပဉ္စမ၊ ထိုပဉ္စမ၏ သားသမီးဖြစ်သော (တဝမ်းကွဲမြေး) ဆဋ္ဌ၊ ထိုဆဋ္ဌ၏ သားသ္မီးဖြစ်သော (တဝမ်းကွဲမြစ်) = သတ္တမ၊ တဝမ်းကွဲမြစ်မှ နောက်၌ ဉာတိစာရင်း မဝင်တော့ပြီ၊ ဤနည်းအတိုင်း “ဘိုး = ဒုတိယ၊ ဘေး = တတိယ၊ ဘိုး၏ ညီမအစ်ကိုမောင်နှမ အရင်းဖြစ်သော(ဘိုးလေး ဘွားလေး) = စတုတ္ထ၊ ထိုစတုတ္ထ၏သားသ္မီးစသည်ကိုလည်း ပဉ္စမဆဋ္ဌစသည်ဖြင့် ဆက်လေ၊ အောက်ဘက်မှာလည်း “သား = ပထမ၊ မြေး = ဒုတိယ”စသည်ဖြင့်ဆက်လေ။

င။ စီဝရပဋိဂ္ဂဟဏ သိက္ခာပုဒ်

အမှုသည်—ရှင်ဥဒါယီ။

အမှု—ဥပ္ပလဝဏ်ထေရ်မ၏သင်းပိုင်ကို အလှူခံမှု။

ရှင်ဥဒါယီအကြံ။ ။ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်၌ သီတင်းသုံးတော်မူစဉ် ဥပ္ပလဝဏ်ထေရ်မသည် သာဝတ္ထိပြည်၌ အမဲသား ပံ့သုကူရ၍ မြတ်စွာဘုရားအား လှူဒါန်းရန် သာဝတ္ထိပြည်မှ ရာဇဂြိုဟ်သို့ တန်ခိုးဖြင့် ကြွလာ၏၊ ထိုအခါဘုရားရှင် ဆွမ်းခံဝင်တော်မူချိန်နှင့် ကြုံကြိုက်၍ ကျောင်းစောင့် အလှည့်ကျနေသော ရှင်ဥဒါယီနှင့် တွေ့နေလေသည်၊ ထို့ကြောင့် “ဤအသားကို ဘုရားရှင်အား လှူလိုက်ပါ” ဟု ရှင်ဥဒါယီအား မှာထား၍ ပြန်သွားမည် ပြုသောအခါ ဥပ္ပလဝဏ်ထေရ်မ၏ ညက်ညောသော ခါးဝတ်သင်းပိုင်ကို လိုချင်ရုံသာမက, ခါးဝတ်သင်းပိုင်ထက် ပို၍ ကိုယ်လုံး ကိုယ်ပေါက်လှပုံကို ကြည့်ချင်ဇောကြောင့် “ခါးဝတ်သင်းပိုင်ကို လှူခဲ့ပါ”ဟု အလှူခံလေသည်၊ ထေရ်မက “တပည့်တော်မှာ အားလုံးမှ ဤဝတ်ထားသော သင်္ကန်းသာ ရှိပါသည်၊ (အပိုမရှိပါ) မလှူပါရစေနှင့်” ဟုတောင်းပန်၏။ “ဘုရားရှင်အား အမဲသားတွေ လှူပြီး သူ့အပေါ်မှာ သင်းပိုင်ကလေးကို ကပ်သည်းကပ်သတ် လုပ်နေရသေးသလား” ဟု စကားဖြင့် နှိပ်စက်သောကြောင့် အပေါ်တင် ရင်လွှမ်းတဘက်ကို လဲ၍ဝတ်ကာ ခါး ဝတ်ကိုချွတ်၍

စာမျက်နှာ-၇၈

လှူရလေတော့သည်၊ [ဥဒါယီကား ခါးဝတ်ချွတ်လျှင် နောက်ထပ်လဲစရာ မရှိ၍ ကိုယ်လုံးကိုယ်ပေါက်ကို မြင်ရလိမ့်မည် ထင်သော်လည်း ရင်လွှမ်းနှင့် လဲ၍ ဝတ်သောကြောင့် မမြင်ရတော့ချေ၊ ခါးဝတ်ကို လက်ပေါ်တင်၍ ပေးသောကြောင့် လက်ဝါးအပြင်ကိုသာ မြင်ရလေတော့သည်။]

ဘိက္ခုနီတို့ကဲ့ရဲ့ကြပုံ။ ။ ဥပ္ပလဝဏ်ထေရ်မ ကျောင်းသို့ပြန်ရောက်၍တပည့်မတို့က သပိတ်သင်္ကန်း လှမ်းယူကြ၏၊ ထိုအခါ သင်းပိုင်မပါ လာတော့သဖြင့် အကျိုးအကြောင်းကို မေး၍ သိကြသောအခါ “ရှင်ဥဒါယီ နှယ် ဘိက္ခုနီသင်္ကန်းကိုသူမို့ လို့ အလှူခံရက်ပလေ, မာတုဂါမဆိုတာ ပစ္စည်း လာဘ်လာဘအလွန်နည်းပါးတယ်”ဟုပြောဆို ကဲ့ရဲ့ကြပြီးလျှင် ရဟန်းတော်တို့ကို လျှောက်ကြလေသော်, ရဟန်းတော်တို့ကတဆင့် ဘုရားရှင် လျှောက်ကြ၍ “ဆွေမျိုးတော်-မတော်” စစ်ဆေးပြီးလျှင် ဆွေမျိုးမတော်ကြောင်း သိတော်မူ၍ “ယော ပန ဘိက္ခု အညာတိကာယ ဘိက္ခုနိယာ ဟတ္ထတော စီဝရံ ပဋိဂ္ဂဏှေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ = ဆွေမျိုးမတော်သူ ဘိက္ခုနီလက်မှ သင်္ကန်းကို အလှူမခံရ, ခံယူလျှင် ထိုသင်္ကန်း နိဿဂ္ဂိထိုက်၍ ပါစိတ်အာပတ် လည်းသင့်သည်”ဟု မူလပညတ်ကို ထားတော်မူရလေသည်။

နောက်ထပ် ပညတ်တော်မူရပုံ။ ။ ဘိက္ခုနီတို့သည် ဘိက္ခုတို့အလံ သင်္ကန်းချင်း လဲပါရန် လျှောက်ကြလေရာ လက်မခံကြသဖြင့် “မာတုဂါမဆိုတာ လာဘ်လာဘ ရှားပါးကြတယ်, မိမိရှိတာနဲ့ မရှိတာကို လဲသည်ကိုမျှ ဘိက္ခုတို့ လက်မခံကြလျှင် ဘယ်လိုနည်းဖြင့် (မိမိတို့ရရှိသမျှနဲ့) မျှတ နိုင်ပါတော့မည်နည်း” ဟု ဝမ်းနည်းစွာ အပြစ်တင်ကြသည်ကို ဘုရားရှင် သိတော်မူ၍ “အညတြပါရိဝတ္တကာ = လဲလှယ်အပ်သော သင်္ကန်းမှ တစ်ပါး အခြားသင်္ကန်းကို မခံယူရ, လဲလှယ်အပ်သော သင်္ကန်းကိုမူ ခံယူကောင်း၏”ဟု အနုပညတ် ထပ်တော်မူရလေသည်၊ [သိက္ခာပုဒ်မြန်မာပြန်ပုံ ထင်ရှားပြီ။]

စ။ အညာတိက ဝိညတ္တိသိက္ခာပုဒ်

အမှုသည်—ရှင်ဥပနန္ဒ။

အမှု—သင်္ကန်းကို အတင်းတောင်းမှု။

ရှင်ဥပနန္ဒ အတင်းတောင်းမှု။ ။ သာကီဝင် မင်းမျိုးမှ ထွက်၍ ရဟန်းပြုသူ ရှစ်သောင်း လောက်ရှိသည်တွင် ရှင်ဥပနန္ဒဆိုသူသည် ယုတ်မာသော ပုဂ္ဂိုလ်တစ်ပါးဖြစ်၏၊ တရားဟောကား ကောင်းပေသည်၊

စာမျက်နှာ-၇၉

အခါတစ်ပါး၌ သူဌေးသား တစ်ယောက်အား တရားဟောလေသော်, သဘောကျ၍ ပစ္စည်း ၄-ပါးဖြင့် ဖိတ်လေ၏၊ ထိုအခါ ချက်ချင်းပင် ဝတ်လာသော အဝတ် ၂ ထည်မှ တထည်ကို တောင်းလေသည်၊ သူဌေးသားက “တပည့်တော်တို့ အမျိုးကောင်းသားတွေမှာ အဝတ် တထည်တည်း (အပေါ်ခြုံမပါဘဲ) သွားရခြင်း၌ ဘယ့်နှယ်တယ်တယ် ရှိလှပါတယ်, အိမ်ရောက်မှ ဒီ ၂ ထည်မှ တထည်ကို ဖြစ်စေ, သည့်ထက်ကောင်းသော အထည်ကို ဖြစ်စေ ပို့လိုက်ပါမည်”ဟု လျှောက်လေသည်၊ သို့သော် ရှင်ဥပနန္ဒက ထိုမျှကြာရှည်မဆိုင်းလိုဘဲ ၃-ကြိမ်တိုင်အောင် တောင်းပြီးလျှင် “မလှူချင်ဘဲနဲ့ ဖိတ်လို့ ဘာအကျိုးရှိသလဲ”ဟု စကားဖြင့် နှိပ်စက်သောကြောင့် တထည်ကို လှူ၍ ပြန်သွားရလေသည်၊ သူဌေးသား အဝတ်တထည်ဖြင့် လာသည်ကို မြင်သူတို့က မေးကြ၍ အကြောင်းကို ပြောပြလေသော် လူတို့ကဲ့ရဲ့ကြသဖြင့် ဘုရားရှင်ကြားတော်မူရကား ရှင်ဥပနန္ဒကို ဆွေမျိုးတော်, မတော် မေးတော် မူပြီးလျှင်

“ယောပနဘိက္ခု အညာတကံ ဂဟပတိံ ဝါ ဂဟပတာနိံ ဝါ စီဝရံ ဝိညာပေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ” ဟု ပညတ်တော်မူလေသည်။

ရဟန်းများ သင်္ကန်းအလုခံရပုံ။ ။ ထိုသို့ ပညတ်တော်မူပြီးနောက် ရဟန်း များစွာတို့ သာကေတမြို့မှ သာဝတ္ထိသို့အကြွတွင် လမ်းခရီးအကြား၌ ဝတ်ထားသော သင်္ကန်းတို့ကို ဓားပြတို့က လုယူလိုက်ကြလေသည်၊ ထိုအခါ (“ဆွေမျိုးမတော်သူကို မတောင်းရ” ဟု တားမြစ်တော်မူချက်ကြောင့်) မည်သူ့ကိုမျှ မတောင်းဝံ့ကြ၍ အဝတ်မပါဘဲသာ သာဝတ္ထိသို့ ရောက်လာကြပြီးလျှင် မိမိတို့ထက်ကြီးသော ရဟန်းတို့ကို ရှိခိုးဝပ်ချကြသည့်အခါ “ဒီတက္ကဒွန်းတွေကတော့ တော်ရှာကြပေသားဘဲ ရဟန်းတို့ကို ဝပ်ချဖော်ရကြတယ်”ဟု ချီးမွမ်းကြလေသော် “တက္ကဒွန်း မဟုတ်ကြကြောင်း, ရဟန်းဖြစ်ကြကြောင်းကို” လျှောက်ကြလျှင် အရှင်ဥပါလိက ရဟန်းတို့၏ ကျင့်ဝတ်များကို စစ်မေးသည့်အခါ ရဟန်းဟုတ် ကြောင်းသိရ၍ သင်္ကန်းပေးကြရလေသည်၊ ထို့နောက် ဤအကြောင်းကို ဘုရားရှင် သိတော်မူ၍ “အညတြသမယာ... တတ္ထာယံ သမယော အစ္ဆိန္တ စီဝရောဝါ ဟောတိ ဘိက္ခု, နဋ္ဌစီဝရော ဝါ၊ အယံ တတ္ထ သမယော”ဟု စွက်၍ အနုပညတ် ထပ်ဆင့်တော်မူရလေသည်။

စာမျက်နှာ-၈၀

သိက္ခာပုဒ် မြန်မာပြန်။ ။ အကြင်ရဟန်းသည် တောင်းသင့်ရာ အခါကို ကြဉ်၍ ဆွေမျိုးမတော်သော အိမ့်ရှင်ယောက်ျား အိမ့်ရှင်မကို (ဒါယကာ-ဒါယိကာမကို) သင်္ကန်းလျာ အဝတ်တောင်းအံ့၊ ထိုသင်္ကန်း နိဿဂ္ဂိထိုက်၍ ရဟန်းလည်း ပါစိတ်အာပတ်သင့်၏၊ ဆိုအပ်လတံ့ကား တောင်းသင့်ရာအခါတည်း၊ —ခိုးသူက သင်္ကန်းကို လုယူ၍ (၂ ထည်လောက်မျှ) သင်္ကန်းဝတ်ဖို့ မရှိတော့ရာအခါ, မီးလောင်မှု စသည်ကြောင့် (ပတ်ဖို့မရှိအောင်) သင်္ကန်းပျက်စီးရာ အခါတည်း၊ ဤကား ဆွေမျိုးမတော်သူကို တောင်းကောင်းရာအခါ ဖြစ်သည်။

မှတ်ချက်။ ။ ဆွေမျိုးမတော်သော်လည်း ဖိတ်ထားသူ ဖြစ်လျှင် တောင်းကောင်း ပါသေး၏၊ ရှင်ဥပနန္ဒကား ဖိတ်ထားသူအား မလှူချင်သော အဝတ်ကို အတင်းတောင်းခြင်းကြောင့် အပြစ်တင်ခံရသည်။ ထို့ကြောင့် နဂိုက ဖိတ်ထားဖူးသူ ဖြစ်သော်လည်း မလှူချင်သည့်အခါ (မိမိအပေါ် သဒ္ဓါ ပျက်သည့်အခါ) မဖိတ်သူနှင့် မထူးပြီ၊ ထိုသူမျိုးကို မတောင်းကောင်း ဟုမှတ်။

ဆ။ တတုတ္တရိသိက္ခာပုဒ်

အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။

အမှု—သင်္ကန်းအပိုတောင်းမှု။

သင်္ကန်းအပို တောင်းမှု။ ။ ခရီးသွားစဉ် သင်္ကန်း အလုခံခဲ့ရသော ရဟန်းများကို ဆဗ္ဗဂ္ဂီ ရဟန်းတို့က ပြောကြသည်မှာ- အရှင်ဘုရားတို့...သင်္ကန်း အလုခံခဲ့ရသော ရဟန်း, သင်္ကန်း ပျက်စီး၍ ဝတ်ဖို့ရာ မရှိသော ရဟန်းသည် ဒါယကာ, ဒါယိကာမတို့အထံ သင်္ကန်းတောင်းနိုင်၏”ဟု ခွင့်ပြုတော်မူထားသည်၊ သို့ဖြစ်၍ “အရှင်ဘုရားတို့လဲ သင်္ကန်း တောင်းကြပါလား”ဟု ပြောကြလေသည်၊ ထိုရဟန်းတို့က “တော်ပါပြီ, တပည့်တော်တို့မှာ သင်္ကန်းရပါပြီ”ဟု ပြောလေသော်, “အရှင်ဘုရားတို့ ကိုယ်တိုင် မတောင်းလိုလျှင် အရှင်ဘုရားတို့အတွက် တောင်းပေးမည်”ဟု ပြောသောအခါ “တောင်းပေး ကြတာပေါ့”ဟု ထိုရဟန်းတို့က ခွင့်ပြုသဖြင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် များစွာသော ဒါယကာတို့ထံ ချဉ်းကပ်၍ “ဒကာတို့... သင်္ကန်း အလုခံခဲ့ရသော ကိုယ်တော်တွေ ရောက်လာကြသည်, သင်္ကန်းလှူကြ”ဟု ပြော၍ များစွာသော သင်္ကန်းလျာ အဝတ်တို့ကို တောင်းကြလေသည်။

စာမျက်နှာ-၈၁

ဒါယကာများ ကဲ့ရဲ့ကြပုံ။ ။ ထို့နောက် အစည်းအဝေးတစ်ခု၌ သင်္ကန်းလှူလိုက်ရသော ဒါယကာတို့စုမိ၍ “ခိုးသူ အလုခံရသော ရဟန်းတို့အား သင်္ကန်းလှူလိုက်ရကြောင်း”ကို တစ်ယောက်ကပြောပြရာ, အခြားအခြား ဒါယကာတို့ကလည်း “သူလဲ လှူလိုက်ရကြောင်း”ကို အသီးအသီး ပြောကြသဖြင့်– “ကိုယ်တော်တွေ့နှယ် အတိုင်းအရှည် မသိဘဲ ဘာ့ကြောင့် အများကြီး တောင်းကြရပါလိမ့်မလဲ, အထည်ကုန်ကူးကြမလို့တဲ့လား, ဒါမှမဟုတ်လျှင် အထည်ဆိုင်ခင်းကြမလို့တဲ့လား”ဟု ကဲ့ရဲ့ကြသည်ကို ဘုရားရှင် ကြားသိတော်မူရ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ တဉ္စေ အညာတကော ဂဟပတိ ဝါ ဂဟပတာနီ ဝါ ဗဟူဟိ စီဝရေဟိ အဘိဟဋ္ဌုံ ပဝါရေယျ, သန္တရုတ္တရပရမံ တေန ဘိက္ခုနာ တတော စီဝရံ သာဒိတဗ္ဗံ။ တတော စေ ဥတ္တရိ သာဒိယေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။

မြန်မာပြန်။ ။ ထိုအစ္ဆိန္နစီဝရ နဋ္ဌစီဝရဖြစ်သော ရဟန်းကို ဆွေမျိုးမတော်သော ဒါယကာ-သို့မဟုတ် ဒါယိကာမသည် များစွာသော သင်္ကန်း(သင်္ကန်းလျာအဝတ်)တို့ဖြင့် ဆောင်ယူဖိတ်မန်အံ့၊ ထိုရဟန်းသည် ထိုအဝတ်သင်္ကန်းများစွာမှ (သင်းပိုင်နှင့် အပေါ်ရုံ) ဤတစ်စုံကိုသာ သာယာရ-အလှူခံရမည်၊ ထို့ထက်ပို၍ သာယာ(အလှူခံ)လျှင် နိဿဂ္ဂိထိုက်၍ ပါစိတ်အာပတ်သင့်သည်။

မှတ်ချက်။ ။ “တစ်စုံ”ဟူရာ၌ လုံးလုံးမကျန်အောင် ကုန်သွားသူအတွက် ခွင့်ပြုခြင်းဖြစ်သည်။ တထည်ကျန်သေးလျှင် နောက်ထပ်တထည်သာ အလှူခံရမည်၊ ၂ ထည် ကျန်သေးမူကား လုံးဝပင် အလှူမခံရ။

ဇ။ ဥပက္ခဋသိက္ခာပုဒ်

အမှုသည်—ရှင်ဥပန္ဒ။

အမှု—ရည်ရွယ်ရင်းထက် တန်ဖိုးပိုအောင် သင်္ကန်းစီမံမှု။

သင်္ကန်းအဖိုး တိုးအောင်စီမံမှု။ ။ သာဝတ္ထိပြည်၌ ဒါယကာတစ်ယောက်သည် သူ၏ဇနီးအား “ရှင်ဥပနန္ဒကို သင်္ကန်းလှူမည့်အကြောင်း” ပြောနေ၏၊ ထိုပြောသံကို ဆွမ်းခံသွားသော ရဟန်းတစ်ပါးက ကြားခဲ့၍ ရှင်ဥပနန္ဒအား ပြောပြလေသော်, ရှင်ဥပနန္ဒသည် ထိုအိမ်သို့ သွား၍ “ဒါယကာ... ငါ့ကို သင်္ကန်းလှူလိုပါသလောဟု မေး၍ ထိုဒါယကာက

စာမျက်နှာ-၈၂

“လှူမည်ဟု အကြံဖြစ်ရုံရှိပါသေးသည်”ဟု လျှောက်လေလျှင် လှူလိုလျှင် ဒီလို သင်္ကန်းမျိုးကို လှူပါ ငါမဝတ်မည့် သင်္ကန်းကို လှူလို့ ဘာအသုံးကျမှာလဲ”ဟု ပြောဆို၍ နဂိုရည်မှန်းထားသော သင်္ကန်း၏ တန်ဖိုးထက် ပိုလာအောင် စီမံလေသည်၊ ထိုအခါ ဒါယကာက “ဤရဟန်းတွေဟာ အလွန်အလိုကြီးမားကြတယ်, မတင်းတိမ်နိုင်ကြဘူး, သင်္ကန်းလှူဖို့တောင် မလွယ်ကူဘူး, ရှင်ဥပနန္ဒဟာ ငါကလဲ ဖိတ်မထားဘဲနှင့် ဘာ့ကြောင့်သင်္ကန်း၌ တန်ဖိုး ပိုလာအောင် စီမံရသလဲ” ဟု ကဲ့ရဲ့လေသည်၊ ထိုအကြောင်းကို ဘုရားရှင် ကြားတော်မူသဖြင့် ရှင်ဥပနန္ဒကို စစ်ဆေးသောအခါ ဆွေမျိုး မတော်ကြောင်းကိုလည်း သိတော်မူရ၍ ဤသိက္ခာပုဒ်ကို ပညတ်တော် မူလေသည်။

သိက္ခာပုဒ်။ ။ ဘိက္ခုံ ပနေဝ ဥဒ္ဒိဿ အညာတကဿ ဂဟပတိဿ ဝါ ဂဟပတာနိယာ ဝါ စီဝရစေတာပန္နံ ဥပက္ခဋံ ဟောတိ “ဣမိနာ စီဝရစေတာပန္နေန စီဝရံ စေတာပေတွာ ဣတ္ထန္နာမံ ဘိက္ခုံ စီဝရေန အစ္ဆာဒေဿာမီ”တိ, တတြ စေ သော ဘိက္ခု ပုဗ္ဗေ အပ္ပဝါရိတော ဥပသင်္ကမိတွာ စီဝရေ ဝိကပ္ပံ အာပဇ္ဇေယျ “သာဓု ဝတ မံ အာယသ္မာ ဣမိနာ စီဝရစေတာပန္နေန ဧဝရူပံ ဝါ ဧဝရူပံ ဝါ စီဝရံ စေတာပေတွာ အစ္ဆာဒေဟီ”တိ ကလျာဏကမျတံ ဥပါဒါယ, နိဿဂ္ဂိယံ ပါစိတ္တိယံ။

မြန်မာပြန်။ ။ ဆွေမျိုးမတော်သောဒါယကာ-သို့မဟုတ်ဒါယိကာမသည် ရဟန်းတစ်ပါးကို ရည်စူး၍ “ဤအဖိုးငွေဖြင့် သင်္ကန်းဝယ်ပြီးလျှင် မည်သည့်ရဟန်းကို သင်္ကန်းဖြင့် ဖုံးလွှမ်းအံ့”-ဟု ကြံလျက် သင်္ကန်းဖိုးငွေ စုဆောင်း စီမံထားအပ်သည်ဖြစ်အံ့၊ ထိုရဟန်းသည် ရှေးက ဖိတ်မန်အပ်သူ မဟုတ်ပါဘဲ ထိုအလှူရှင်ရှိရာ အရပ်သို့ ချဉ်းကပ်၍ သင်္ကန်း၌ ထူးထွေ ပိုမိုလာအောင် စီမံခြင်းသို့ ရောက်အံ့၊ စီမံပုံကား-တိုက်တွန်းပါတယ် ဒါယကာ(ဒါယိကာမ)...သင်သည် ဤစုဆောင်း ထားအပ်သော သင်္ကန်းဖိုးဖြင့် သည်လို သည်လို သင်္ကန်းမျိုးကို ဝယ်၍ ဖုံးလွှမ်း(လှူဒါန်း)လျှင် ကောင်းမှာဘဲ၊ ဤသို့ အကောင်းကို လိုချင်၍ စီမံအံ့၊ ထိုသင်္ကန်း နိဿဂ္ဂိထိုက်၍ ထိုရဟန်းမှာ ပါစိတ်အာပတ်သင့်သည်၊ [ဤ၌ “ဖုံးလွှမ်း”ဟူသည် “လှူခြင်း”ပင်တည်း။]

စာမျက်နှာ-၈၃

ဈ။ ဒုတိယဥပက္ခဋ သိက္ခာပုဒ်

အမှုသည်—ရှင်ဥပနန္ဒ။

အမှု—ဒါယကာနှစ်ဦးထံသွား၍ သင်္ကန်းကို တန်ဖိုးပိုအောင် စီမံမှု။

ဒါယကာ၂ ယောက် ထံသွား၍စီမံမှု။ ။ ယောက်ျားတစ်ယောက်သည် “အရှင်ဥပနန္ဒအား သင်္ကန်းလှူမည့် အကြောင်းကို အခြားတစ်ယောက်အား ပြောပြ၏။ ထိုယောက်ျားကလည်း သူလဲလှူဖို့ ကြံနေကြောင်းကို ပြန်၍ ပြော၏၊ ထိုသူတို့ ပြောသံကို ဆွမ်းခံသွားသော ရဟန်းတစ်ပါးကြား၍ ရှင်ဥပနန္ဒအား ပြောပြလေရာ, ရှင်ဥပနန္ဒသည် ထိုဒါယကာ ၂ ဦးထံ ချဉ်းကပ်၍ ရှေးနည်းအတိုင်း မေးပြီးလျှင် “သင်တို့ ၂-ဦးပေါင်း၍ ဤကဲ့သို့သော သင်္ကန်းတထည်တည်းသာ လှူကြ, တထည်စီခွဲ၍ ငါမသုံးစွဲမည့် သင်္ကန်းတွေကို လှူလို့ ဘာအသုံးကျမှာလဲဟု ပြောဆိုစီမံလေသည်၊ ထို့နောက် ထိုသူတို့က ကဲ့ရဲ့ပုံ, ဘုရားရှင်စစ်ဆေးတော်မူ၍ သိက္ခာပုဒ်ပညတ်ရပုံတို့မှာ ပထမဥပက္ခဋ သိက္ခာပုဒ်အတိုင်းပင်တည်း၊ သိက္ခာပုဒ်မြန်မာပြန်လည်း တူပြီ။

သိက္ခာပုဒ်။ ။ ဘိက္ခုံ ပနေဝ ဥဒ္ဒိဿ ဥဘိန္နံ အညာတကာနံ ဂဟပတီနံ ဝါ ဂဟပတာနီနံ ဝါ ပစ္စေကစီဝရစေတာပန္နာနိ ဥပက္ခဋာနိ ဟောန္တိ “ဣမေဟိ မယံ ပစ္စေကစီဝရစေတာပန္နေဟိ ပစ္စေကစီဝရာနိ စေတာပေတွာ ဣတ္ထန္နာမံ ဘိက္ခုံ စီဝရေဟိ အစ္ဆာဒေဿာမာ”တိ, တတြ စေ သော ဘိက္ခု ပုဗ္ဗေ အပ္ပဝါရိတော ဥပသင်္ကမိတွာ စီဝရေ ဝိကပ္ပံ အာပဇ္ဇေယျ “သာဓု ဝတ မံ အာယသ္မန္တော ဣမေဟိ ပစ္စေကစီဝရစေတာပန္နေဟိ ဧဝရူပံ ဝါ ဧဝရူပံ ဝါ စီဝရံ စေတာပေတွာ အစ္ဆာဒေထ ဥဘောဝ သန္တာ ဧကေနာ”တိ ကလျာဏကမျတံ ဥပါဒါယ, နိဿဂ္ဂိယံ ပါစိတ္တိယံ။

ဉ။ ရာဇသိက္ခာပုဒ်

အမှုသည်—ရှင်ဥပနန္ဒ။

အမှု—ဝေယျာဝစ္စပြုသူအား အတင်းတောင်းမှု။

ရှင်ဥပနနှင့် တမန်။ ။ သာဝတ္ထိပြည်နေ အမတ်ကြီးတချုးသည် ဤသင်္ကန်း အဖိုးဖြင့် သင်္ကန်းဝယ်၍ အရှင်ဥပနန္ဒကို လှူဒါန်းချေ

စာမျက်နှာ-၈၄

လော”ဟု မှာ၍ စေတမန်တစ်ယောက်ကို အရှင်ဥပနန္ဒအထံသို့ သင်္ကန်းအဖိုးငွေ အပို့ခိုင်းလေသည်၊ ထိုတမန်သည် ရှင်ဥပနန္ဒထံချဉ်းကပ်၍- “အရှင်ဘုရား.....အရှင့်ကို ရည်မှန်း၍ ဤသင်္ကန်းဖိုးငွေကို ဆောင်ယူခဲ့ပါသည်, သင်္ကန်းအဖိုးငွေကို အလှူခံတော်မူပါဟု လျှောက်လေသော်...

ရှင်ဥပနန္ဒ။ ။ ဒါယကာသင်္ကန်းအဖိုးကို ငါတို့လက်မခံကုန် သင့်လျော်သောအခါ၌ ရဟန်းများနှင့် အပ်စပ်သော သင်္ကန်းကိုသာ လက်ခံကြသည်။

တမန်။ ။ အရှင်ဘုရား၏ ဝေယျာဝစ္စ (အမှုကြီးငယ်) ပြုမည့် ကပ္ပိယ ရှိပါသလား၊ [ထိုသို့ မေးချိန်မှာ ကျောင်းတိုက်သို့ ဥပါသကာ တစ်ယောက် ကိစ္စတစ်ခုကြောင့် ရောက်လျက်ရှိနေသည်။]

ရှင်ဥပနန္ဒ။ ။ ဒါယကာ...ဤဥပါသကာသည် ရဟန်းများ၏ ဝေယျာဝစ္စကို ပြုတတ်သူပင် ဖြစ်သည်။ ဤသို့ ပြောဆို၍ ဝေယျာဝစ္စ ပြုမည့်သူကို ညွှန်ပြလေသည်။

တမန်။ ။ (အမတ်ကြီး၏ စေတမန်ဖြစ်သူ ဒါယကာသည် ထိုဥပါ သကာ့ထံ ချဉ်းကပ်၍ “ဤသင်္ကန်းအဖိုးငွေဖြင့် သင်္ကန်းဝယ်ပြီးလျှင် အရှင်ဥပနန္ဒအား လှူရစ်ပါ”ဟု နားလည်အောင် ပြောပြပြီးလျှင်) ရှင်ဥပနန္ဒထံ တဖန်ချဉ်းကပ်၍-“အရှင်ဘုရား ညွှန်ပြအပ်သော ကပ္ပိယကို နားလည်အောင် တပည့်တော် ပြောပြခဲ့ပါပြီ၊ သင့်လျော်သောအခါ သူ့ထံ ချဉ်းကပ်တော်မူပါ, အရှင်ဘုရားကို သင်္ကန်းလှူပါလိမ့်မည်” ဟု လျှောက်၍ ပြန်သွားလေသည်။

အမတ်ကြီးက တမန် လွှတ်၍လျှောက်ခြင်း။ ။ ထိုသို့ သင်္ကန်းအဖိုးကို အပ်နှံခဲ့ပြီးနောက် အရှင်ဥပနန္ဒသည် ထိုကပ္ပိယဥပါသကာကို ဘာမျှပြောဆိုခြင်း မပြု (သင်္ကန်းအလိုရှိပြီ-ဟု မပြောဟူလို)၊ သို့သော် အလှူရှင် အမတ်ကြီးက တမန်လွှတ်၍ “ကပ္ပိယထံ လှူရစ်ပါဟုမှာ၍ အပ်နှံခဲ့သော သင်္ကန်းကို အရှင်ဘုရားသုံးစွဲတော်မူပါ” ဟု လျှောက်၏။ ရှင်ဥပနန္ဒကမူ (အလိုက်သိစွာ လှူရစ်လိမ့်မည် အထင်ရှိ၍ ဘာမှမပြောသေး၊ အမတ်ကြီးက ၂-ကြိမ်မက ၃-ကြိမ်တိုင်အောင် တမန်စေလွှတ်၍ လျှောက်သည့်အခါ၌ကား ကပ္ပိယလုပ်သော ဥပါသကာထံသွား၍ “သင်္ကန်းကိုအလိုရှိပြီ”ဟု ပြောလေသည်။

စာမျက်နှာ-၈၅

သင်္ကန်း အတင်းတောင်းပြီ။ ။ ထိုအခါ၌ကား ထိုဥပါသကာမှာ အစည်းအဝေးကိစ္စနှင့် ကြုံကြိုက်နေ၏၊ ထိုအစည်းအဝေး၌ “နောက်ကျနေ သူကို ၅၀ ဒဏ်တပ်မည်” ဟုလည်း ကတိကထား၏၊ ထို့ကြောင့် ထိုအကြောင်းကိုပြောပြ၍ ယနေ့တစ်နေ့မျှ ဆိုင်းပါ” ဟု တောင်းပန်လေသော် ရှင်ဥပနန္ဒက “ယနေ့ပင် လှူရမည်” ဟု ပြော၍ ထိုဥပါသကာ၏ပုဆိုးကို ဆွဲထားလေ၏၊ ထိုအခါ ရှင်ဥပနန္ဒဖို့ သင်္ကန်း ဝယ်နေရ၍ နောက်ကျသဖြင့် ၅၀ ဒဏ်တပ်လေသော် (ရှင်ဥပနန္ဒ၏ ကပ္ပိယ လုပ်မိ၍ အတင်းဆွဲထားသဖြင့် သင်္ကန်းဝယ်ပေးနေရသောကြောင့် နောက်ကျကြောင်းကို) ပြန်ပြောလေသည်၊ ထိုအခါ လူတို့က...

“ဒီရဟန်းတွေ အလွန် အလိုကြီးတယ်, သူတို့ရဲ့ကပ္ပိယ လုပ်ဖို့တောင် မလွယ်ကူဘူး, ယနေ့တရက်လောက် ဆိုင်းပါဦး-ဟု တောင်းပန်တာကိုမျှ မဆိုင်းနိုင်ကြဘူး” ဟု ကဲ့ရဲ့ကြသည်ကို ဘုရားရှင်သည် တဆင့်ကြားတော်မူ၍ ဤသိက္ခာပုဒ်ကြီးကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်ပါဠိတော်။ ။ ဘိက္ခုံ ပနေဝ ဥဒ္ဒိဿ ရာဇာ ဝါ ရာဇဘောဂ္ဂေါ ဝါ ဗြာဟ္မဏော ဝါ ဂဟပတိကော ဝါ ဒူတေန စီဝရစေတာပန္နံ ပဟိဏေယျ “ဣမိနာ စီဝရစေတာပန္နေန စီဝရံ စေတာပေတွာ ဣတ္ထန္နာမံ ဘိက္ခုံ စီဝရေန အစ္ဆာဒေဟီ”တိ။ သော စေ ဒူတော တံ ဘိက္ခုံ ဥပသင်္ကမိတွာ ဧဝံ ဝဒေယျ “ဣဒံ ခေါ, ဘန္တေ, အာယသ္မန္တံ ဥဒ္ဒိဿ စီဝရစေတာပန္နံ အာဘတံ, ပဋိဂ္ဂဏှာတု အာယသ္မာ စီဝရစေတာပန္န”န္တိ။ တေန ဘိက္ခုနာ သော ဒူတော ဧဝမဿ ဝစနီယော “န ခေါ မယံ, အာဝုသော, စီဝရစေတာပန္နံ ပဋိဂ္ဂဏှာမ, စီဝရဉ္စ ခေါ မယံ ပဋိဂ္ဂဏှာမ ကာလေန ကပ္ပိယ”န္တိ။ သော စေ ဒူတော တံ ဘိက္ခုံ ဧဝံ ဝဒေယျ “အတ္ထိ ပနာယသ္မတော ကောစိ ဝေယျာဝစ္စကရော”တိ။ စီဝရတ္ထိကေန, ဘိက္ခဝေ, ဘိက္ခုနာ ဝေယျာဝစ္စကရော နိဒ္ဒိသိတဗ္ဗော အာရာမိကော ဝါ ဥပါသကော ဝါ “ဧသော ခေါ, အာဝုသော, ဘိက္ခူနံ ဝေယျာဝစ္စကရော”တိ။ သော စေ ဒူတော တံ ဝေယျာဝစ္စကရံ သညာပေတွာ တံ ဘိက္ခုံ ဥပသင်္ကမိတွာ ဧဝံ ဝဒေယျ “ယံ ခေါ, ဘန္တေ, အာယသ္မာ ဝေယျာဝစ္စကရံ နိဒ္ဒိသိ, သညတ္တော သော မယာ, ဥပသင်္ကမတာယသ္မာ ကာလေန, စီဝရေန တံ အစ္ဆာဒေဿတီ”တိ။ စီဝရတ္ထိကေန, ဘိက္ခဝေ, ဘိက္ခုနာ ဝေယျာဝစ္စကရော ဥပသင်္ကမိတွာ ဒွတ္တိက္ခတ္တုံ စောဒေတဗ္ဗော သာရေတဗ္ဗော “အတ္ထော မေ, အာဝုသော, စီဝရေနာ”တိ, ဒွတ္တိက္ခတ္တုံ စောဒယမာနော သာရယမာနော တံ စီဝရံ အဘိနိပ္ဖါဒေယျ, ဣစ္စေတံ ကုသလံ, နော စေ အဘိနိပ္ဖါဒေယျ, စတုက္ခတ္တုံ ပဉ္စက္ခတ္တုံ ဆက္ခတ္တုပရမံ တုဏှီဘူတေန ဥဒ္ဒိဿ ဌာတဗ္ဗံ, စတုက္ခတ္တုံ ပဉ္စက္ခတ္တုံ ဆက္ခတ္တုပရမံ တုဏှီဘူတော ဥဒ္ဒိဿ တိဋ္ဌမာနော တံ စီဝရံ အဘိနိပ္ဖါဒေယျ, ဣစ္စေတံ ကုသလံ, တတော စေ ဥတ္တရိ ဝါယမမာနော တံ စီဝရံ အဘိနိပ္ဖါဒေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။

နော စေ အဘိနိပ္ဖါဒေယျ, ယတဿ စီဝရစေတာပန္နံ အာဘတံ, တတ္ထ သာမံ ဝါ ဂန္တဗ္ဗံ, ဒူတော ဝါ ပါဟေတဗ္ဗော “ယံ ခေါ တုမှေ အာယသ္မန္တော ဘိက္ခုံ ဥဒ္ဒိဿ စီဝရစေတာပန္နံ ပဟိဏိတ္ထ, န တံ တဿ ဘိက္ခုနော ကိဉ္စိ အတ္ထံ အနုဘောတိ, ယုဉ္ဇန္တာယသ္မန္တော သကံ, မာ ဝေါ သကံ ဝိနဿာ”တိ, အယံ တတ္ထ သာမီစိ။

မြန်မာပြန်။ ။ “ဘိက္ခုံ ပနေဝ ဥဒ္ဒိဿ”မှ စ၍ ဥပသင်္ကမတာယသ္မာ ကာလေန စီဝရေန တံ အစ္ဆာဒေဿေတိ” တိုင်အောင် မြန်မာပြန် ပုံမှာ ဝတ္ထုကြောင်းအတိုင်း သိသာပြီ၊ “စီဝရတ္ထိကေန ဘိက္ခဝေ ဘိက္ခုနာ ဝေယျာဝစ္စကရော နိဒ္ဒိသိတဗ္ဗော= သင်္ကန်းကို အလိုရှိသော ရဟန်းသည် ဝေယျာဝစ္စပြုမည့် ကပ္ပိယ တစ်ယောက်ယောက်ကို ညွှန်ပြနိုင်၏’ဟူရာ၌ သင်္ကန်းကို အလိုရှိလျှင် ညွှန်ပြနိုင်၏၊ အလိုမရှိလျှင် မညွှန်ပြဘဲ “ငါအလိုမရှိ”ဟု ပယ်လိုလျှင်လည်း ပယ်နိုင်၏ ဟု-မှတ်၊ “အာရာမိကောဝါ ဥပါသကောဝါ”ဟူရာ၌လည်း ရဟန်းတော်များ အနီးအပါး၌ ရှိလည်းရှိတတ် ဝေယျာဝစ္စပြုဖို့ရန် လျောက်လည်း လျောက်ပတ်သူကို ထုတ်ပြခြင်းဖြစ်၏။ ကျောင်းသား ဖိုးသူတော် သီလရှင် ကျောင်းဒါယကာ ကျောင်းအမ စသူကိုလည်း ညွှန်ပြ ကောင်းသည်သာ၊ ထို့ပြင်- “အရှင်ဘုရားမှာ ဝေယျာဝစ္စပြုသူ ရှိပါ ရဲ့လားဟု သိက္ခာပုဒ် ပါဠိအတိုင်း ဖြစ်စေ “ကပ္ပိယရှိပါရဲ့လား” ဟုလည်းကောင်း, “ကပ္ပိယညွှန်ပြပါ”ဟုလည်းကောင်း, ဤသို့စသည် တနည်းနည်းဖြင့် လျှောက်မှ ညွှန်ပြကောင်း၏။ ထိုသို့မလျှောက်ဘဲ သင်္ကန်းအဖိုးငွေကို

စာမျက်နှာ-၈၆

အလှူခံပါ”ဟုလျှောက်ရုံမျှဖြင့် ကပ္ပိယမညွှန်ကောင်း၊ ကပ္ပိယညွှန်ပြ၍ သူ့ဆီပေးထားခဲ့”ဟုလည်း မပြောကောင်းချေ။

စီဝရတ္ထိကေန စသည်၏မြန်မာပြန်။ ။ (ထိုကဲ့သို့ ကပ္ပိယ ညွှန်ပြသဖြင့် ကပ္ပိယထံ တောင်းရစ်ပါ, ချဉ်းကပ်ရစ်ပါ”ဟု လျှောက်၍ ကပ္ပိယထံ သင်္ကန်းဖိုး အပ်နှံထားခဲ့လျှင်) သင်္ကန်းအလိုရှိသော ရဟန်းသည် ထိုကပ္ပိယထံ ချဉ်းကပ်၍ “ငါသင်္ကန်းအလိုရှိပြီ”ဟု သူသတိမေ့နေလျှင် သတိရအောင် ပြောဆို တောင်းယူကောင်း၏၊ ဤနည်းအတိုင်း ၃-ကြိမ်တိုင်တိုင် ချဉ်းကပ်၍ ပြောဆိုကောင်း, သတိပေးကောင်းသည်၊ ထိုသို့ ၃-ကြိမ်သွား၍ တောင်းသဖြင့် ထိုသင်္ကန်းရလျှင် ဝိနည်းအပြစ်မရှိ၍ ကောင်း၏။ ထိုသို့ ၃-ကြိမ် ၃ ခါတောင်း၍ မရလျှင်ကား, ၄-ကြိမ်မြောက်-၅-ကြိမ်မြောက်-၆-ကြိမ်မြောက် နှုတ်ဖြင့် ပြောဆို၍ မတောင်းရ၊ သူ့အနီးအပါးသွား၍ ရုပ်ရုံသာ ရပ်နေရမည်၊ ထိုင်လည်း မထိုင်ရ, ဆွမ်းစသည်ကို လှူလျှင်လည်း အလှူမခံရ၊ ဘာအလိုရှိ ပါသလဲဟု မေးလျှင် “သင့်ဘာသာ သင်သိပေတော့”ဟု ပြောရမည်၊ (သင်္ကန်းအလိုရှိသည်-ဟု မပြောရ၊)ထိုသို့ ၆-ကြိမ်ရပ်၍မျှ မရလျှင်ကား –

ယတဿ၊ ပေ၊ သာမိစိ-အကြင်ဒါယကာ (ဒါယိကာမ)ထံမှ သင်္ကန်းအဖိုး တမန်လွှတ်၍ ပို့လိုက်၏၊ ထိုအလှူရှင်ထံသို့ ကိုယ်တိုင်သွား၍ ဖြစ်စေ တမန် လွှတ်၍ဖြစ်စေ “သင်တို့ပို့လိုက်သော သင်္ကန်းအဖိုးသည် သင်တို့ရည်မှန်းအပ်သော ရဟန်းမှာ ဘာအကျိုးမျှ မပြီးစေနိုင်၊ ကိုယ့်ပစ္စည်းကို ပြန်ရအောင် အားထုတ်ကြပေတော့၊ သူများလက်၌ အချည်းနှီး မပျောက်ပျက်စေနှင့်” ဟု ပြောရမည်၊ ဤသို့ပြောခြင်းကြောင့် ရဟန်းမှာ အပြစ်မရှိ, လောကုတ္တရာနှင့် လျော်သော(ပြောရမည့်)ကျင့်ဝတ် တစ်မျိုးဖြစ်သည်၊ [တမန်စေလွှတ်၍လှူမှ သာမဟုတ်, အလှူ့ရှင် ကိုယ်တိုင်လာ၍ သင်္ကန်းဖိနပ်စသော ရဟန်း အသုံး အဆောင်အတွက် ငွေရွှေလှူသမျှ၌ ဤသိက္ခာပုဒ်အတိုင်း ပြုကျင့်ရသည်။]

မှတ်ချက်။ ။ ဤရာဇသိက္ခာပုဒ်အရ “ကပ္ပိယထံ ငွေကို အပ်နှံ၍, အရှင်ဘုရား အလိုရှိသောအခါ ကပ္ပိယထံအပ်စပ်သော ပစ္စည်းကိုအလှူခံပါ။”ဟု လျှောက်လျှင်, သို့မဟုတ်-ကပ္ပိယကိုယ်တိုင်ကပင် (၁၀ တန်-၂၀ တန် စသည်ဖြင့်) အပ်သောပစ္စည်းကို တောင်းပါ” ဟု လျှောက်လျှင်, မိမိ လိုသောပစ္စည်းကို တောင်းကောင်း၏၊ “တစ်နေ့ကလှူသွားသော ငွေနှင့် ဝယ်ပေးပါ”ဟုကား မခိုင်းကောင်း၊ ကပ္ပိယထံငွေကို အပ်နှံ့ထားသော်လည်း ကပ္ပိယကဖြစ်စေ ငွေအပ်သွားသူကဖြစ်စေ “အပ်သောပစ္စည်းကို တောင်းပါ”ဟု မဖိတ်လျှင် မတောင်းကောင်း” ဟုမှတ်။

စာမျက်နှာ-၈၇

ဘုရားလက်ထက် ဝတ္ထု။ ။ ဘုရားလက်ထက်တော်၌ ရာဂြိုဟ်မြို့ နန်းတွင်း အစည်းအဝေးတစ်ခုမှာ စပ်မိစပ်ရာ စကားပြောရင်းက “ရဟန်းတော်များသည် ငွေကို(လှူလာလျှင်)ခံယူကောင်း၏ဟု လူအများ ပြောဆိုသည်ကို “မဏိစူဠက” မည်သော ဂါမဏိ (လူကြီး လူကောင်း) တစ်ယောက်က “မခံယူကောင်း”ဟု ကန့်ကွက်လေသည်၊ ထို့နောက် ထိုလူကြီးလူကောင်းသည် ဘုရားထံလာ၍ “သူကန့်ကွက်ခဲ့တာ မှန်ပါရဲ့လား”ဟုလျှောက်လေသော် ဘုရားရှင်က “ဂါမဏိ သင်ပြောခဲ့သော စကားသည် မှန်၏၊ ရဟန်းများသည် ငွေကို မခံယူကောင်း၊ ရွှေငွေအပ်လျှင် ကာမဂုဏ်ငါးပါးလုံး (သားမယားပါ) သုံးစွဲကောင်းလိမ့်မည်၊ “ရွှေငွေအပ်တယ်”ဟု ဆိုသော တရားကို ရဟန်းတရားမဟုတ်”ဟု ဧကန် မှတ်လေ၊ သို့သော် ကျောင်းမှာ မိုးမလုံခြင်းစသော အကြောင်းရှိလျှင် မြက် သက်ကယ် စသည်ကို ဆွမ်းခံသလို သွား၍ရပြီးလျှင်(ဘာအလိုရှိပါသလဲဟု လျှောက်သောအခါ မြက်သက်ကယ် အလိုရှိသည်, သစ်သား အလိုရှိသည်, လှည်းတိုက်စရာရှိ၍ လှည်းနွားကို ခေတ္တအလိုရှိသည်, ခိုင်းစရာလို၍ လက်သ္မား တစ်ယောက်ခေတ္တအလိုရှိသည်, စသည်ဖြင့်) အလှူခံကောင်း၏”ဟု ငါဘုရား ခွင့်ပြုတော်မူသည်၊ ရွှေငွေကိုကား မည်သည့် ပရိယာယ်နှင့်မျှ သာယာ ကောင်း(ခံယူကောင်း)၏”ဟု ခွင့်မပြုနိုင်ကြောင်းကို မိန့်တော်မူလေသည်။ [သဠာယတနဝဂ္ဂ ဂါမဏိသံယုတ် ပါဠိတော်။] စီဝရဝဂ်ပြီး၏။

စာမျက်နှာ-၈၈

ကောသိယဝဂ်

က။ ဧကာသိယသိက္ခာပုဒ်

အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။

အမှု—ပိုးလုပ်သူတို့ထံ တိုက်တွန်းမှု။

ပိုးကောင်တွေပြုတ်ရန် တိုက်တွန်းခြင်း။ ။ အာဠဝီမြို့ အဂ္ဂါဠဝ စေတီဝယ် ဘုရားရှင် သီတင်းသုံးတော်မူစဉ် ဆဗ္ဗဂ္ဂိယ ရဟန်းတို့သည် ပိုးချည်လုပ်သူတို့ အထံသွား၍ ဒါယကာတို့ များစွာကုန်သော ပိုးကောင်တို့ကို ပြုတ်ကြပါ ငါတို့အားလည်း ပေးကြပါ, ငါတို့လဲ ပိုးချည်နှင့်ရောသော အခင်းကို ပြုလိုကြသည်”ဟု ပြောကြလေသည်၊ ထိုအခါ ပိုးအလုပ်သ္မားတို့သည် ငါတို့မှာ အသက်မွေးမှုအတွက် သားမယား ကျွေးမှုအတွက် များစွာသော ပိုးငယ် ကလေးတွေကို သတ်နေကြရ၏၊ ငါတို့မှာ (ကံကောင်းထောက်မ၍) ရထားသော လူ့ ဘဝကလေးဟာ အရမတော်ဘဲ ဖြစ်နေကြရသည်၊ ရဟန်းတွေက ဘယ့်နှယ်ပြောကြပါလိမ့်မလဲ”ဟု ကဲ့ရဲ့ကြသည်ကို ဘုရားရှင် ကြားတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရသည်။

သိက္ခာပုဒ်။ ။ ယောပနဘိက္ခု၊ ကောသေယျ မိဿကံ သန္ထတံ ကာရာပေယျ နိဿဂ္ဂိယံ ပါစိတ္တိယံ။

မြန်မာပြန်။ ။ အကြင်ရဟန်းသည် ပိုးချည်နှင့် ရောသောအခင်းကို ပြုအံ့၊ ထိုရဟန်းမှာ စွန့်ရခြင်း ဝိနည်းကံရှိသော ပါစိတ်အာပတ်သင့်၏။

မှတ်ချက်။ ။ ရဟန်း ၁-ပါးထံဖြစ်စေ, ၂-ပါး-၃-ပါးထံဖြစ်စေ, သံဃာ့ထံ ဖြစ်စေ ချဉ်းကပ်၍ “အရှင်ဘုရား... ပိုးချည်နှင့်ရောသော ဤအခင်းကို ပြုစေမိသည် ဖြစ်၍ ဤအခင်းကို စွန့်ထိုက်ပါ၏။ တပည့်တော်သည် ဤအခင်းကို စွန့်ပါသည်” ဤသို့လျှောက်၍ စွန့်ရခြင်းကို စွန့်ခြင်းဝိနည်းကံ”ဟုခေါ်၏၊ ထိုသို့စွန့်ခြင်း ဝိနည်းကံပြုပြီးမှ ပါစိတ်အာပတ်ကို ဒေသနာ ပြောရသောကြောင့် “စွန့်ခြင်းဝိနည်းကံရှိသော ပါစိတ်အာပတ်”ဟုခေါ်သည်။ “နိဿဂ္ဂိယံ ပါစိတ္တိယံ”ဟု လာသမျှ၌ ဤသို့စွန့်ခြင်း ဝိနည်းကံရှိကြရ သည်သာ။

အခင်းပြုပုံ။ ။ သန္တရီယတေ-ခင်း၍ပြုအပ်၏၊ ဣတိ-ထို့ကြောင့်၊ သန္တတံ-သန္တတမည်၏ ဟူသော ဝိဂြိုဟ်အရသန္တတအထည်ကို ပြုလုပ်သည့် အခါ ညီညွတ်သော ကြမ်းပြင် မြေပြင်စသည်ဝယ် သားမွှေးချည်တို့ကို အလျားအနံ

စာမျက်နှာ-၈၉

အလိုရှိသလိုဖြန့်ထားရ၏၊ ထို့နောက် ထိုနည်းအတိုင်းပင် အလိုရှိသလောက် ထူအောင်ထပ်လျက် အထက်အောက် အချင်းချင်းကပ်နေအောင် “ကဉ္စိယ = ကစည်ရေ(ထမင်းကို ကျိတ်၍ ပြုအပ်သောအရေ)”စသော စည်းကပ်သော အရေတို့ဖြင့် သွန်းလောင်း ဖိနှိပ်ပေးရမည်၊ ဤသို့လျှင် ညီညွတ်သော အပြင်ဝယ် ဖြန့်ခင်း၍ ပြုအပ်သောကြောင့် “သန္ထတ = အခင်း”ဟု ခေါ်၏။ “ရက်ကန်းစင်ပေါ်တင်၍ ရက်အပ်သော အထည်မျိုးမဟုတ်၊ ရက်ကန်းစင် တင်၍ ရက်အပ်သောအထည်ကား ဤသိက္ခာပုဒ်နှင့်မဆိုင်၊ “အခင်း”ဟု ဆိုသဖြင့် ခင်းထိုင်ဖို့-ခင်းအိပ်ဖို့ သက်သက်သာ အသုံးဝင်၍ “အခင်း” ခေါ် သည်-ဟု ထင်မှတ်တတ်ကြ၏။ အမှန်မှာ-ခင်းခြင်းဆိုင်ရာသာ မက, မျက်နှာ ကြက်-ကန့်လန့်ကာ-ခေါင်းအိုးများပင် ပြုလုပ်ရသော အထည် တစ်မျိုး ဖြစ်သည်။

ခ။ သုဒ္ဓကာဠကသိက္ခာပုဒ်

အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။

အမှု—အနက်ရောင် ချည်သက်သက်ဖြင့် အခင်းပြုမှု။

အနက်ရောင် သန့်သန့်အခင်း။ ။ [သုဒ္ဓ-သက်သက် ဝါ-သန့်သန့်၊ အခြားအရောင်များနှင့် မရောစေဘဲ သန့်သန့် (သက်သက်) မည်းနက်သော အဆင်း။] ဆဗ္ဗဂ္ဂိယ ရဟန်းတို့သည် အခြား အဆင်း အရောင်နှင့် မရောစေဘဲ အနက်ရောင် သန့်သန့်ဖြစ်သော သိုးမွေးအခင်းကို ပြုထားကြလေ၏၊ ကျောင်းကြည့်လာသူ လူတို့သည် ထိုအခင်းများကို မြင်လေရာ, “ဘုရားသားတော် ရဟန်းများသည် ကာမစည်းစိမ် ခံစားသော လူများကဲ့သို့ အဘယ့်ကြောင့် သက်သက် မည်းနက်သော သိုးမွေး အခင်းများကို ပြုကြပါလိမ့်မလဲ”ဟု ကဲ့ရဲ့ကြသောကြောင့် “သက်သက် မည်းနက်သော သိုးမွေးတို့၏ အခင်းကိုပြုလျှင် နိဿဂ္ဂိပါစိတ်အာပတ်”ဟု ပညတ်တော် မူရလေသည်။

သိက္ခာပုဒ်။ ။ ယောပန ဘိက္ခု၊ သုဒ္ဓကာဠကာနံ ဧဠကလောမာနံ သန္ထတံ ကာရာပေယျ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။

[သက်သက်မည်းသော သိုးမွှေး အခင်းကို ပြုလျှင် နိဿဂ္ဂိပါစိတ် အာပတ်သင့်၏။]

စာမျက်နှာ-၉၀

ဂ။ ဒွေဘာဂ သိက္ခာပုဒ်

အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။

အမှု—အနက်ရောင် အထည်ကိုယ်တွင် အဖြူရောင် အနား ကွပ်ရုံသာထည့်မှု။

ဆဗ္ဗဂ္ဂီတို့ဉာဏ်။ ။ “သက်သက် မည်းနက်သော သိုးမွေးအခင်းကိုသာ မပြုရ”ဟု ဘုရားပယ်မြစ်တော်မူသည်-ဟု ကြံ၍ ဆဗ္ဗဂ္ဂိယ ရဟန်းတို့သည် ထိုတားမြစ်ချက်ကို ရှောင်သောအားဖြင့် သိုးမွေး အနက် အခင်းကို အထည်ကိုယ် လုပ်ပြီးလျှင် အစွန်အနား၌ (အနားပတ် တပ်ထား သကဲ့သို့) အဖြူရောင် သိုးမွေးများကို ထည့်သွင်း၍ အခင်းတစ်မျိုး လုပ်ကြလေသည်၊ ထိုအကြောင်းကို အခြားရဟန်းများသိ၍ ကဲ့ရဲ့ပြီးလျှင် ဘုရားရှင်အား လျှောက်ကြလေရာ... “အခင်းအသစ်ကို ပြုလိုသော ရဟန်းသည် (မိမိပြုမည့် အခင်း၏ ပိဿာချိန်ကို မှန်းထားပြီးလျှင်) အနက်ရောင် သိုးမွေး ၂ ပုံ, အဖြူရောင် သိုးမွေး ၁ ပုံ, အညိုအရွှေရောနေ၍ ကြောင်သောအဆင်း ရှိသော သိုးမွေး ၁ ပုံ ယူရမည်၊ (ပါစေရမည်-ဟူလို၊) ထိုသို့ မယူဘဲပြုလျှင် နိဿဂ္ဂိပါစိတ်အာပတ်သင့်၏”ဟု ပညတ်တော်မူရသည်။ ဤ၌ အနက်ရောင် များနေမည်ကို တားမြစ်တော်မူလိုရင်းဖြစ်၍ အနက်ရောင် မများဘဲ အဖြူရောင် အကြောင်ရောင် သိုးမွေးများလျှင် အပြစ်မရှိ, အနက်ရောင် ၂ ဆထက် ပိုနေလျှင်သာ အပြစ်ရှိသည်။]

သိက္ခာပုဒ်။ ။ နဝံ ပန ဘိက္ခုနာ သန္ထတံ ကာရယမာနေန ဒွေ ဘာဂါ သုဒ္ဓကာဠကာနံ ဧဠကလောမာနံ အာဒါတဗ္ဗာ, တတိယံ ဩဒါတာနံ, စတုတ္ထံ ဂေါစရိယာနံ။ အနာဒါ စေ ဘိက္ခု ဒွေ ဘာဂေ သုဒ္ဓကာဠကာနံ ဧဠကလောမာနံ, တတိယံ ဩဒါတာနံ, စတုတ္ထံ ဂေါစရိယာနံ, နဝံ သန္ထတံ ကာရာပေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။

[သန္ထတ (အခင်း) အသစ်ကို ပြုလိုသော ရဟန်းသည် အနက်ရောင် သက်သက်ဖြစ်သော သိုးမွေးတို့၏ ၂ ပုံကိုလည်းကောင်း, အဖြူရောင် သိုးမွေးတို့၏ (၃ ပုံမြောက်) တပုံကိုလည်းကောင်း, ကြောင်သော အရောင်ရှိသော သိုးမွေးတို့၏ (၄ ခုမြောက်) တပုံကိုလည်းကောင်း, ယူရမည်၊ ထိုသို့ မပါစေဘဲ အသစ်သန္ထတကို ပြုစေလျှင် နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။]

စာမျက်နှာ-၉၁

ဃ။ ဆဗ္ဗဿ သိက္ခာပုဒ်

အမှုသည်—ရဟန်းအများ။

အမှု—နှစ်စဉ် အခင်းအသစ်ပြုလုပ်မှု။

အတောင်းအရမ်း များမှု။ ။ ရဟန်းတို့သည် အခင်းသစ်ကို တနှစ်လျှင် တစ်ခုကျ နှစ်စဉ် ပြုကြသဖြင့် “ငါတို့အား သိုးမွေးလှူကြပါ, သိုးမွေးတို့ကို အလိုရှိသည်”ဟု အတောင်းအရမ်း များကြသောကြောင့် လူတို့က ကဲ့ရဲ့ကြသည်မှာ-“ငါတို့သည် အခင်းတစ်ခု ပြုလုပ်ထားလိုက်လျှင် ဒီအခင်းအပေါ်မှာ ကလေးများ (ညအခါ) အခင်းကြီး, အခင်းငယ် စွန့်ကြသေး၏, ကြွက်လဲ ကိုက်သေး၏။ ဒါတောင်မှ ၅ နှစ် ၆ နှစ်ကြာအောင် ခံပါသေးသည်၊ ဒီ(ကလေးသားငယ်မရှိသော) ရဟန်းတွေက ဘယ့်နှယ့်ကြောင့် တစ်နှစ်တစ်ခု အခင်းပြုကြရသလဲ” ဤသို့ ကဲ့ရဲ့သောကြောင့် “သိုးမွေး အခင်းသစ်ကို ပြုပြီးသောရဟန်းသည် ၆ နှစ်ကြာအောင် (သွားလေရာ ယူ၍) ဆောင်ထားရမည်၊ ၆ နှစ်အတွင်း၌ ထိုအခင်းကို (သူတစ်ပါးအား) စွန့်၍ ဖြစ်စေ မစွန့်ဘဲဖြစ်စေ အခင်းသစ်ပြုလျှင် နိဿဂ္ဂိပါစိတ်အာပတ်သင့်၏”ဟု ပညတ်တော်မူရသည်၊ [ဤမူလပညတ်ချက်၌ “အညတြ ဘိက္ခု သမ္မုတိယာ” မပါသေး၊]

အနုပညတ် ထပ်ဆင့်တော်မူရပုံ။ ။ ရဟန်းတစ်ပါးသည် မကျန်းမမာဖြစ်နေ၏၊ ဆွေမျိုးများရှိရာသို့ သွားလိုသော်လည်း ထိုအခင်းကို ယူဆောင်၍ မသွားနိုင်၊ ထိုအခင်းမျိုးမရှိလျှင်လည်း ရဟန်းမှာ နေရ ထိုင်ရမချမ်းသာ၊ ထိုအကြောင်းကို ဘုရားရှင်အား အခြားရဟန်းတို့က လျှောက်ကြသဖြင့် ဂိလာနရဟန်းအား သန္ထတ သမ္မုတိပေးဖို့ရန် ခွင့်ပြုတော်မူ၍ “အညတြ ဘိက္ခု သမ္မုတိယာ”ဟု ထပ်ဆင့်လျက် သိက္ခာပုဒ် ပညတ်တော် မူရပြန်သည်၊ [သန္ထတသမ္မုတိရသော ရဟန်းကား ရောက်ရာအရပ်၌ (၆ နှစ်မပြည့်ခင်) အခင်းသစ် ပြုနိုင်သည်။]

သိက္ခာပုဒ်။ ။ နဝံ ပန ဘိက္ခုနာ သန္ထတံ ကာရာပေတွာ ဆဗ္ဗဿာနိ ဓာရေတဗ္ဗံ, ဩရေန စေ ဆန္နံ ဝဿာနံ တံ သန္ထတံ ဝိဿဇ္ဇေတွာ ဝါ အဝိဿဇ္ဇေတွာ ဝါ အညံ နဝံ သန္ထတံ ကာရာပေယျ အညတြ ဘိက္ခုသမ္မုတိယာ, နိဿဂ္ဂိယံ ပါစိတ္တိယံ။

စာမျက်နှာ-၉၂

[ရဟန်းသည် အသစ်သန္ထတကို ပြုစေပြီးလျှင် ၆ နှစ် ပတ်လုံး ဆောင်ထားရမည်၊ ၆ နှစ်မပြည့်မီ အတွင်း၌ ထိုသန္ထတကို စွန့်၍ ဖြစ်စေ မစွန့်ဘဲဖြစ်စေ သန္ထတအသစ်ကို ပြုစေသော ရဟန်းမှာ နိဿဂ္ဂိပါစိတ်အာပတ်သင့်၏။

င။ နိသီဒနသန္ထတ သိက္ခာပုဒ်

အမှုသည်—ရဟန်းအများ။

အမှု—အခင်းဟောင်းကို စွန့်ပစ်မှု။

အရှင်ဥပသေနနှင့် ဘုရားရှင်။ ။ သာဝတ္ထိမြို့၌ သီတင်းသုံးတော်မူစဉ် ဘုရားရှင်သည် ၃ လပတ်လုံး ရဟန်းရှင်လူတို့၏ “အတွေ့ (အဖူးအမျှော်) ခံတော်မမူဘဲ(ဆွမ်းပို့ရဟန်းတစ်ပါးကိုသာ အတွေ့ခံတော်မူ၍) တစ်ပါးတည်း ကိန်းအောင်းတော်မူလေသည်၊ ရဟန်းတို့ကလည်း ဘုရား အလိုတော်ကို သိ၍ “(ဆွမ်းပို့သူမှတစ်ပါး)မည်သူမှ ဘုရားထံတော်သို့ မချဉ်းကပ်ကြစတမ်း, ချဉ်းကပ်သူအား ပါစိတ်အာပတ်ကို ဒေသနာပြောစေကြတမ်း(ချဉ်းကပ်သူ ပါစိတ်အာပတ် သင့်စေ-ဟု ဆိုလိုသည်)” ဤသို့ ကတိကဝတ် ပြုထားကြလေသည်၊ ထိုအခါ ဝင်္ဂန္တပုဏ္ဏား၏ သားဖြစ်သော အရှင်ဥပသေနသည် တပည့်ပရိသတ် ငါးရာနှင့်အတူ အဝေးမြို့ရွာမှ လာ၍ ဘုရားထံ ချဉ်းကပ်လေသည်။

ပရိသတ်ကြောင့် ချီးမွမ်းခံရပုံ။ ။ ရှင်ဥပသေနသည် ၂ ဝါရစဉ်က တစ်ဝါရတပည့်နှင့်အတူ ဘုရားရှင်ထံရောက်လာခဲ့ဖူး၏။ ထိုစဉ်က “မိမိကိုယ်တိုင် ဆုံးမခံရမည့် အရွယ်ရှိပါလျက် သူတစ်ပါးကို ဆုံးမသော ဆရာလုပ်ရမည်လား”ဟု ဘုရားရှင်၏ အကဲ့ရဲ့ကို ခံခဲ့ရဖူး၏၊ ထို့ကြောင့် နောက်တခါ ပရိသတ်ကို အကြောင်းပြု၍ အချီးမွမ်းခံရအောင် ကြံစည်ကာ ဆယ်ဝါရ၍ ဆရာဖြစ်သောအခါ သန့်ရှင်းသော ပရိသတ်ရအောင် အထူး ကြိုးစားခဲ့လေသည်၊ ထို့ကြောင့် ယခုတခေါက်ဘုရားထံ အရောက်၌ကား ပရိသတ် ၅ ရာလုံး အာရညကင်-ပိဏ္ဍပါတ်-ပံသုကူဓုတင်ဆောင်ချည်း ဖြစ်ကြလေသည် “ဥပသေန... ဤပရိသတ်သည် အလွန်ကြည်ညိုဖွယ်ကောင်းပေ၏, ဘယ်ပုံဘယ်နည်းဖြင့် ပရိသတ်ကို ဆုံးမသနည်း”ဟု မေးတော်မူရလေသည်၊ ထိုအခါ ရှင်ဥပသေနက “တပည့်တော်ကဲ့သို့ အာရညကင်-ပိဏ္ဍပါတ်-ပံသုကူဓူတင် ဆောင်နိုင်သူကိုသာ တပည့်အဖြစ်ဖြင့် လက်ခံ

စာမျက်နှာ-၉၃

ပါသည်”ဟု လျှောက်လေလျှင် “သာဓု သာဓု ဥပသေန, သာဓု ခေါ တွံ ပရိသံဝိနေသိ = တော်ပေ့တော်ပေ့ ဥပသေန, သင်သည် ကောင်းမွန်စွာ ပရိသတ်ကို ဆုံးမဖော်ရပေ၏”ဟု ချီးမွမ်းတော်မူလေသည်။

ဓုတင်ဆောင်သူအား ဖူးခွင့်ပြုပုံ။ ။ ဤသို့ချီးမွမ်းတော်မူပြီးလျှင် “ဥပသေန... သာဝတ္ထိမြို့နေ ရဟန်းများ ကတိကဝတ် ပြုထားသည်ကို သိရဲ့လား” ဟု မေးတော်မူရာ “မသိပါကြောင်း ဖူးမျှော်သူတို့အား ပါစိတ်အာပတ်သင့်ရမည်”ဟု ကတိကဝတ် ပြုသည်ကိုလည်း သဘောမတူကြောင်း လျှောက်လေသော် ဘုရားရှင်က “သာဓု သာဓု” ခေါ်တော်မူ၍ “ငါဘုရား မပညတ်အပ်သည်ကို ရဟန်းများက မပညတ်ကောင်း, ပညတ်အပ်ပြီးကိုလည်း မဖျက်ကောင်း, ပညတ်ထားတိုင်း ကျင့်ထိုက်သည်”ဟု မိန့်တော်မူပြီးလျှင် “အာရညကင်, ပိဏ္ဍပါတ်, ပံသုကူ ဓုတင်ဆောင် ရဟန်းတို့သည် ငါဘုရားကို အလိုရှိတိုင်း ချဉ်းကပ်နိုင်သည်”ဟု ခွင့်ပြုတော်မူလေသည်။

ရဟန်းများ အခင်းဟောင်းကိုစွန့်ပစ်ပုံ။ ။ ထိုအခါ၌ များစွာသော ရဟန်းတို့သည် “အရှင်ဥပသေနကို ပါစိတ် အာပတ် ဒေသနာ အပြော (အကြား) ခိုင်းမည်”ဟု ကျောင်းတော်တံခါးမုခ်၌ စောင့်နေကြ၍ အရှင်ဥပသေန ထွက်လာသည့် အခါ “ကတိကဝတ် ပြုထားသည်ကို သိသလား”ဟု ဝိုင်း၍ မေးကြလေသည်, အရှင်ဥပသေနက ဒီအမေးကို ဘုရားရှင်လည်း မေးတော်မူ၍− ဘုရားရှင်အား မိမိလျှောက်ခဲ့ပုံကို ပြန်ပြောပြီးလျှင် “အာရညကင်-ပိဏ္ဍပါတ်-ပံသုကူ ဓုတင်ဆောင် ရဟန်းများကို အလိုရှိတိုင်း ချဉ်းကပ်နိုင်သည်”ဟု ဘုရားရှင်ခွင့်ပြုလိုက်ပြီ-ဟု ပြောလေသော် “အရှင်ဥပသေန ပြောတာ မှန်ပေတယ်, ဘုရားမပညတ်အပ်သည်ကို ရဟန်းများက မပညတ်ထိုက်, ပညတ်အပ်ပြီးကိုလည်း မဖျက်ထိုက်, ပညတ်တိုင်းသာ ကျင့်ထိုက်သည်”ဟု အရှင်ဥပသေန စကားကို သဘောတူကြလေသည်၊ ထို့နောက်ရဟန်းတို့သည် “ဓုတင်ဆောင် ရဟန်းများကို ဖူးမျှော်ခွင့် ပြုသည်”ဟု ကြားကြ၍ ဘုရားကို ဖူးလိုသောကြောင့် ရဟန်းအများပင် အခင်းဟောင်းကို စွန့်ပစ်ကြ၍ အာရညကင်-ပိဏ္ဍပါတ်-ပံသုကုတင်များကို ဆောင်ကြလေသည်။

မှတ်ချက်။ ။ ထိုရဟန်းတို့သည် ပြခဲ့သောဓုတင် ၃-မျိုးသာမက, တိစီဝရိက်စသော အခြားဓုတင်များကိုလည်း ဆောင်ကြ၏။ တိစီဝရိက်ဆောင်ရာ၌ သင်္ကန်း ၃ ထည်ထက် ပို၍မထားရ, သိုးမွေးအခင်းများကိုလည်း ထိုရဟန်းတို့က

စာမျက်နှာ-၉၄

“သင်္ကန်းတစ်မျိုး”ဟု ထင်မှတ်ကြသဖြင့် ထိုသိုးမွေးအခင်းများကို စွန့်ပစ် ကြခြင်းဖြစ်သည်။ အမှန်မှာ-သိုးမွေးအခင်းသည် အဓိဋ္ဌာန် ဝိကပ္ပနာ ပြုရသော သင်္ကန်းမျိုးတွင် မပါဝင်သောကြောင့် ထိုရဟန်းများ၏အထင်မှားခြင်းသာတည်း၊ ထို့ကြောင့် တိစီဝရိက်ဓုတင်ဆောင် ရဟန်းများ၌ ထိုသိုးမွေးအခင်းထားကောင်းသည်သာ၊ [ဝိမတိဋီကာ]

သိက္ခာပုဒ် ပညတ်တော်မူရပုံ။ ။ ဘုရားရှင်သည် တစ်ပါးထည်း ကိန်းအောင်းရာမှ ထွက်တော်မူပြီးနောက် များစွာသော ရဟန်းတို့နှင့် အတူ ပညတ်တော်မူရပုံ ကျောင်းစဉ်လှည့်လည်တော်မူသည့် အခါ ထိုစွန့်ပစ်ထားသော အခင်းတို့ကိုမြင်တော်မူ၍ “သဒ္ဓါတရားဖြင့် လူတို့ လှူထားသော ပစ္စည်းကို ပစ်စလက်ခတ်ပြုခြင်း၌ လုံလောက်သော အကြောင်းမရှိ”ဟု ကြံတော်မူ၍ နောက်ထပ် အခင်းသစ်ပြုလိုသော ရဟန်းသည် ဤကဲ့သို့ စွန့်ပစ်ထားသော အခင်းဟောင်းမှ ယူတန်သရွေ့ ယူစေတော်မူလိုခြင်းကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရသည်။

သိက္ခာပုဒ်။ ။ နိသီဒနသန္ထတံ ပန ဘိက္ခုနာ ကာရယမာနေန ပုရာဏသန္ထတဿ သာမန္တာ သုဂတဝိဒတ္ထိ အာဒါတဗ္ဗာ ဒုဗ္ဗဏ္ဏကရဏာယ။ အနာဒါ စေ ဘိက္ခု ပုရာဏသန္ထ တဿ သာမန္တာ သုဂတဝိဒတ္ထိံ, နဝံ နိသီဒနသန္ထတံ ကာရာပေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။

မြန်မာပြန်။ ။ နိသီဒိုန်မည်သော သိုးမွေးအခင်းကို ပြုလိုသော ရဟန်းသည် အခင်းဟောင်းကို အဆင်းပုံသဏ္ဌာန် ပျက်သွားစေခြင်းငှါ ထိုအခင်းဟောင်း၏ ထက်ဝန်းကျင် နံပါးတစ်နေရာမှ ဘုရားအလွှာတော်ဖြင့် တထွာလောက်ကို ဖြတ်ယူရမည်၊ ထိုသို့မယူဘဲ နိသီဒိုန် အခင်းသစ်ကိုပြုသော ရဟန်းသည် နိဿဂ္ဂိပါစိတ် အာပတ်သင့်၏၊ [နိသီဒိုန်အခင်း၏ ပုံသဏ္ဌာန်ကို သုဒ္ဓပါစိတ် ရတနဝဂ် နိသီဒနသိက္ခာပုဒ် ကျမှပြမည်။]

မှတ်ချက်။ ။ “တထွာလောက်ဖြတ်ယူရမည်”ဟုဆိုသော်လည်း နိသီဒိုန် အသစ်၌ ထည့်၍ သင့်တော်လောက်သော အသားကောင်းနေရာက တထွာလောက်ရှိမှသာ တထွာလောက်ဖြတ်ယူရမည်၊ အခင်းဟောင်း ဆွေးရိနေသဖြင့် အသားကောင်း တထွာလောက်မျှမရှိလျှင် ရတန်သလောက် ဖြတ်ယူရမည်၊ လုံးလုံးအသားကောင်းမရှိတော့လျှင် အခင်းဟောင်းမှ အသားကို လုံးလုံးမယူဘဲလည်း နိသီဒိုန်အခင်းသစ်ပြုနိုင်၏။

စာမျက်နှာ-၉၅

ထိုကဲ့သို့တထွာဖြစ်စေ တမိုက်ဖြစ်စေ ရတန်သရွေ့ဖြတ်ယူပြီးလျှင်ကား နိသီဒိုန် အခင်းပြုလုပ် ဖြန့်ခင်းသည့်အခါ ထိုအဟောင်းမှ အသားကို နိသီဒိုန်၏ တနေရာရာမှာလည်း သန့်သန့်ထည့်နိုင်၏။ ထိုသို့မထည့်ဘဲ ထိုအသားဟောင်းကိုလည်း အားလုံးပြန်ဖြေ၍ နိသီဒိုန် အခင်း အသစ်၊ လုပ်မည့် သိုးမွှေးတို့နှင့် ရောမွှေပြီးမှလည်း နိသီဒိုန် အသစ် ဖြစ်အောင် ပြုလုပ်နိုင်သည်။

စ။ ဧဠကလောမသိက္ခာပုဒ်

အမှုသည်—ရဟန်းတစ်ပါး။

အမှု—သိုးမွေးထုပ်ကြီးရွက်လာမှု။

ရဟန်းတစ်ပါး ဖြစ်ပုံ။ ။ ရဟန်းတစ်ပါးသည် သာဝတ္ထိမြို့သို့ သွားစဉ် လမ်းခရီး အကြား၌ သိုးမွေးများကိုရ၍ ဧကသီဖြင့် ထုပ်လျက် ယူသွားလေသည်၊ လူတို့သည် အထုပ်ကြီးကို ရွက်လာသော ရဟန်းကို မြင်၍ “ဘယ့်လောက်နဲ့ ဝယ်ခဲ့ရပါသလဲ, အမြတ် အစွန်း ဘယ့်လောက်ရဖို့ ရှိပါသလဲ” ဟု ပြောဆို ပြောင်လှောင်ကြသောကြောင့် မျက်နှာပျက်ပျက်နှင့် ထိုအထုပ်ကို ထမ်းရွက်၍ ယူလာခဲ့ပြီးလျှင် သာဝတ္ထိသို့ ရောက်သောအခါ (စိတ်ပျက်သည့် လက္ခဏာဖြင့်) မတ်မတ်ရပ်လျက်ပင် မထိုင်တော့ဘဲ ပေါက်ချလိုက်လေသည်၊ အခြားရဟန်းတို့က “ဘာကြောင့် ပေါက်ချရသလဲ” ဟု မေးလေသော် လမ်း၌ အလှောင်ခံခဲ့ရကြောင်းကို ပြန်ပြောလေ၏၊ ထိုအခါ–ဘယ့်လောက်ဝေးဝေးက ယူခဲ့သလဲ”ဟု ထပ်မေး ကြလေရာ သုံးယူဇနာ ကျော်ကျော် ယူခဲ့ရကြောင်းကို ပြောပြသဖြင့် ၃ ယူဇနာကျော်ကျော် သိုးမွေးတို့ကို ကိုယ်တိုင်ယူဆောင်ခဲ့ရမလား” ဟု ကဲ့ရဲ့ပြစ်တင်ကာ ဘုရားရှင်အား လျှောက်ကြားသဖြင့် ဤသိက္ခာပုဒ် ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ဘိက္ခုနော ပနေဝ အဒ္ဓါနမဂ္ဂပ္ပဋိပန္နဿ ဧဠကလောမာနိ ဥပ္ပဇ္ဇေယျုံ, အာကင်္ခမာနေန ဘိက္ခုနာ ပဋိဂ္ဂဟေတဗ္ဗာနိ, ပဋိဂ္ဂဟေတွာ တိယောဇနပရမံ သဟတ္ထာ ဟရိတဗ္ဗာနိ အသန္တေ ဟာရကေ။ တတော စေ ဥတ္တရိ ဟရေယျ, အသန္တေပိ ဟာရကေ, နိဿဂ္ဂိယံ ပါစိတ္တိယံ။

စာမျက်နှာ-၉၆

မြန်မာပြန်။ ။ ရဟန်းအား အဓွန့်ရှည်သော ခရီးကိုသွားစဉ် သိုးမွေးများ ဖြစ်အံ့ (ရအံ့-ဟူလို) ခံယူလိုလျှင် ခံယူနိုင်၏၊ ခံယူပြီးလျှင် ဆောင်ယူ မည့်ရဟန်းရှင်လူ တစ်စုံတစ်ယောက်မျှ မရှိလျှင် မိမိလက်ဖြင့် (မိမိကိုယ်တိုင်)အလွန်ဆုံး သုံးယူဇနာတိုင်အောင် ယူဆောင်နိုင်၏၊ ဆောင်ယူ မည့်သူမရှိစေကာမူ မိမိလက်ဖြင့် သုံးယူဇနာထက် လွန်အောင် ဆောင်ယူလျှင်ကား နိဿဂ္ဂိပါစိတ် အာပတ်သင့်၏။

ဆ။ ဧကလောမဓောဝါပန သိက္ခာပုဒ်

အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။

အမှု—ဘိက္ခုနီတို့အားခိုင်းမှု။

ဆဗ္ဗဂ္ဂီရဟန်းများ။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဘိက္ခုနီအား သိုးမွှေးတွေကို တချို့က အဖွပ်အလျှော်ခိုင်းကြ, အချို့က ဆေးဆိုးခိုင်းကြ

အချို့က ရှုပ်ထွေးနေသည်ကို အဖြည်အရှင်းခိုင်းကြလေသည်၊ ထိုအလုပ်ကို ချည်းလုပ်နေကြရသဖြင့် ဘိက္ခုနီတို့သည် ပါဠိအဋ္ဌကထာကို (မသင်ယူနိုင်ကြဘဲ) စွန့်လွှတ်ထားကြရ၏၊ အဓိသီလ အဓိစိတ္တ အဓိပညာသိက္ခာတို့ကိုလည်း မဖြည့်နိုင်ဘဲ စွန့်လွှတ်ထားကြရကုန်၏၊ ထိုအကြောင်းကို မိထွေးတော် ဂေါတမီ၏ လျှောက်ချက်အရ ဘုရားရှင်သိတော်မူ၍ သံဃာစည်းဝေးစေတော်မူပြီးလျှင် ဆဗ္ဗဂ္ဂီရဟန်းတို့ကို မေးတော်မူသည့်အခါ “ဟုတ်ပါကြောင်း” ဝန်ခံကြသဖြင့် ဆွေမျိုးတော်-မတော်-မေးတော်မူပြန်ရာ “မတော်ကြောင်း” သိတော်မူရ၍ အပြစ်တင်တော်မူပြီးလျှင် ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။

သိက္ခာပုဒ်။ ယော ပန ဘိက္ခု အညာတိကာယ ဘိက္ခုနိယာ ဧဠကလောမာနိ ဓောဝါပေယျ ဝါ ရဇာပေယျ ဝါ ဝိဇဋာပေယျ ဝါ, နိဿဂ္ဂိယံ ပါစိတ္တိယံ။

[ဆွေမျိုးမတော်သော ဘိက္ခုနီအား သိုးမွေးတို့ကို အဖွပ် အလျော်-အဆိုး-အရှင်းခိုင်းသောရဟန်းမှာ နိဿဂ္ဂိပါစိတ်အာပတ်သင့်၏။]

စာမျက်နှာ-၉၇

ဇ။ ရူပိယသိက္ခာပုဒ်

အမှုသည်—ရှင်ဥပနန္ဒ။

အမှု—ငွေအလှူခံမှု။

ရှင်ဥပနန္ဒ။ ။ ရှင်ဥပနန္ဒသည် တစ်ဦးသော အမျိုး၏အိမ်၌ အမြဲဆွမ်း စား၏၊ ထိုအိမ်၌ ခဲဖွယ်ဘောဇဉ် ချက်သည့်အခါ ရှင်ဥပနန္ဒဖို့ (ဦးဦးဖျားဖျားခပ်၍) ထားလေ့ ရှိ၏၊ အခါတစ်ပါး၌ ထိုအိမ်ဝယ် ညချမ်းအခါ၌ အမဲသားဟင်းချက်၍ ရှင်ဥပနန္ဒဖို့လည်း ထားလေရာ, နံနက်စောစော၌ သားကလေးက အတင်းပူဆာသဖြင့် ရှင် ဥပနန္ဒအား အခြားတစ်မျိုးမျိုးဝယ် လှူမည်ဟု ကြံ၍ ထိုအမဲသားဟင်းကို ကလေးအား ပေးလိုက်ရလေသည်၊ နံနက်လင်း၍ ရှင်ဥပနန္ဒ ကြွလာသောအခါ အိမ်ရှင်ယောက်ျားသည် (ကလေးပူဆာသဖြင့် အရှင်ဘုရားဖို့ အမဲသားဟင်းကို ပေးလိုက်ရတဲ့အကြောင်းကို) ရှင်ဥပနန္ဒအား လျှောက်၍ ငွေတစ်ကျပ်ကို ပြပြီးလျှင် “ဤငွေဖြင့် ဘာကို ဆောင်ယူစေလိုပါသနည်းဟု မေးလေသည်၊ ရှင်ဥပနန္ဒက- “ဒကာ...ဒီငွေကို ငါ့အားစွန့်လွှတ်အပ်ပြီလား (လှူပြီးပြီလား)”ဟု မေး၍ “စွန့်လွှတ် အပ်ပြီးပါကြောင်း” လျှောက်လျှင် “ငါ့အား ဒီငွေကိုသာ လှူတော့ဟု ပြောဆို၍ ခံယူသွားလေသည်၊ ထိုယောက်ျားလည်း ရှင်ဥပနန္ဒအား ငွေလှူပြီးနောက် “ငွေကို ငါတို့ ခံယူကြသလို, ဤရဟန်းတွေလဲ ငွေကိုခံယူကြတာဘဲ”ဟူ၍ လေသော် ရဟန်းများကြား၍ ဘုရားကို လျှောက်ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။

သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဇာတရူပရဇတံ ဥဂ္ဂဏှေယျဝါ၊ ဥဂ္ဂဏှာပေယျဝါ၊ ဥပနိက္ခိတ္တံ ဝါ သာဒိယေယျ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။

မြန်မာပြန်။ ။ အကြင်ရဟန်းသည် ရွှေငွေကို (လူတို့က လှူသည့်အခါ) ကိုယ်တိုင်ခံယူအံ့၊ (လမ်းစသည်၌ တွေ့သောအခါလည်း ကောက်ယူအံ့)၊ သို့မဟုတ် ကပ္ပိယစသူကိုခံယူစေ(ယူလိုက်-ဟု စေခိုင်း)အံ့၊ (လမ်းစသည်၌ တွေ့သောအခါ၌လည်း အကောက်ခိုင်းအံ့)၊ အလှူရှင်တို့က အပ်နှံလှူဒါန်းအပ်သော ရွှေငွေကို(အလှူခံသောအားဖြင့်) သာယာအံ့၊ ထိုရွှေ ငွေသည် စွန့်ပစ်တိုက်၍ ရဟန်းလည်း ပါစိတ်အာပတ်သင့်၏။

စာမျက်နှာ-၉၈

အယူခိုင်းဖြစ်။ ။ အယူခိုင်းရာ၌ မိမိဖို့ အယူခိုင်းလျှင် နိဿဂ္ဂိယပါစိတ်, အခြားသီတင်းသုံးဖော်များဖို့ အယူခိုင်းလျှင် ဒုက္ကဋ်၊ လူများပိုင်ဆိုင်သော ရွှေငွေကို “ယူလော, သိမ်းထားလော, မည်သည့်အဖိုး ပေးလိုက်လော”ဟု မစီမံကောင်းကြောင်းကိုလည်း ဖွင့်ကြ၏။ [“တဝ စောဠကံ ပဿာဟီတိ ဣမိနာ ဂိဟိသန္တကေပိ “ဣဒံ ဂဏှထာ”တိ အကပ္ပိယဝေါဟာရေန ဝိဓာနံ ဘိက္ခုနော နကပ္ပတတိ”-သာရတ္ထ။]

ငွေစွန်ပုံ။ ။ ဤရွှေငွေကို စွန့်ရာ၌ကား သံဃာ-ဂိုဏ်း-ပုဂ္ဂိုလ်အားလုံးပင် မအပ်သောကြောင့် အခြား နိဿဂ္ဂိယ ပစ္စည်းကဲ့သို့ သံဃာ-ဂိုဏ်း-ပုဂ္ဂိုလ်အား စွန့်ခွင့်မရ၊ သံဃာ့အလယ်တွင်- “အဟံ ဘန္တေ ရူပိယံ ပဋိဂ္ဂဟေသိံ၊ ဣဒံ မေ ဘန္တေ နိဿဂ္ဂိယံ, ဣမာဟံ နိသဇ္ဇာမိ”-ဟုပါဠိလို ဖြစ်စေ၊ “အရှင်ဘုရား တပည့်တော်သည် ရွှေ (ငွေ)ကို ခံယူမိပါပြီ, ဤရွှေ (ငွေ)ကို တပည့်တော်စွန့်ပါ၏”ဟု မြန်မာလိုဖြစ်စေ စွန့်ရမည်။

စွန့်ရခြင်းအကျိုး။ ။ ထိုကဲ့သို့စွန့်ပြီးသည့်အခါ လူတစ်ယောက်ယောက်လာလျှင်- “ဤဟာကို သိလော”ဟုပြော, “ဤငွေဖြင့် ဘာကို ယူခဲ့ရမည်နည်း”ဟု ဒါယကာကလျှောက်လျှင်- “မည်သည့်ပစ္စည်းကို ယူစေလိုသည်- ယူခဲ့” ဟု မပြောဘဲ သံဃာတော်မှာ အလိုရှိသော အပ်သောပစ္စည်းကို ညွှန်ပြ၍ “မည်သည့်ပစ္စည်းတော့ သံဃာမှာ အပ်တာဘဲဟု ပြောနိုင်၏။ ထိုသို့ ဒါယကာက ဝယ်ယူလာလျှင် ထိုပစ္စည်းကို(ရွှေငွေအလှူခံသော ရဟန်း မှတစ်ပါး) သံဃာအားလုံး (သံဃိကပစ္စည်းကို ခွဲဝေသုံးဆောင်သကဲ့သို့) သုံးဆောင်ကောင်း၏၊ ဤသို့လျှင် ငွေကို မစွန့်ဘဲထားက ထိုငွေသည် မည်သည့်ရဟန်းမျှ မအပ်တော့ဘဲ, သံဃာ့အလယ်၌ စွန့်လိုက်က ရွှေငွေခံသူ ရဟန်းမှ တစ်ပါးသော သံဃာများ၌ ပစ္စည်းသုံးစွဲခွင့်ရခြင်းသည် ငွေကို စွန့်ရခြင်း၏ အကျိုးတည်း။

ရွှေငွေခံသူ။ ။ ရွှေငွေကို အလှူခံမိသော ရဟန်းမှာကား စွန့်လိုက်သည့်အတွက် မိမိမှာအဆက်ဆက် အပြစ်ကင်း၍ သန့်ရှင်းခြင်း အကျိုးရှိ၏၊ ထိုစွန့်ပြီး ရွှေငွေမှ ကပ္ပိယတို့ ဝယ်ယူပေးသော ပစ္စည်းများကား မအပ်တော့ချေ၊ သံဃာမှ ဝေစုရသော ပစ္စည်းကို ရဟန်း သာမဏေ ကပ္ပိယတို့ကတဆင့် ပေးသော်လည်း ထိုပစ္စည်းကို မသုံးစွဲကောင်း၊ ထိုစွန့်ပြီး ရွှေငွေဖြင့် သစ်ပင် မျိုးစေ့ကို ဝယ်၍ စိုက်ထားအပ်သော သစ်ပင်၌သော်မျှ ထိုရွှေငွေကို အလှူခံမိသော ရဟန်းမှာ အရိပ်မခိုကောင်း, ထိုငွေဖြင့် ဝယ်အပ်သော ဆီမီးရောင်၌ စာသော်မျှ မကြည့်ရှု-မပို့ချကောင်း။

စာမျက်နှာ-၉၉

မှတ်ချက်။ ။ ရာဇသိက္ခာပုဒ်၏ ဝတ္ထုကြောင်း၌ ရှင်ဥပနန္ဒသည် သင်္ကန်းအဖိုး လာလှူသည့်အခါ ငါတို့အလှူမခံ”ဟု ပယ်ခဲ့၏၊ ဤသိက္ခာပုဒ်၌ကား ငွေတစ်ကျပ်ကိုပင် တောင်းယူ၏။ သို့ဖြစ်၍ ရှင်ဥပနန္ဒကျင့်ပုံသည် ရှေ့-နောက် မညီဟု ဆိုဖွယ်ရှိ၏၊ အမှန်ကား-ဘုရားပညတ်တော်မူစဉ်က ဤရူပိယ သိက္ခာပုဒ်သည် ရာဇသိက္ခာပုဒ်ထက် အရင်ကျ၏၊ သံဂါယနာတင်သည့် အခါကျမှ ရာဇသိက္ခာပုဒ်သည် သင်္ကန်းနှင့်ဆိုင်သောကြောင့် (စီဝရဝဂ်၌ သွင်းထားသဖြင့်) ယခုကာလ စာအနေအားဖြင့် ရာဇသိက္ခာပုဒ်က အရင်ကျ၍ ဤသိက္ခာပုဒ်က နောက်ကျလျက်ရှိရသည်။ ဤသို့လျှင် ရာဇသိက္ခာပုဒ် မပညတ်မီ “ငွေကိုမခံရ”ဟူသော ဤသိက္ခာပုဒ်ကို ပညတ်တော်မူပြီး ဖြစ်သောကြောင့် ရာဇသိက္ခာပုဒ်ဝတ္ထု၌ သင်္ကန်းအဖိုးကို အလှူမခံဟု ပယ်လှန်ခြင်းဖြစ်သည်။

ကျင့်ဖွယ်။ ။ ဤသိက္ခာပုဒ်တော်အရ ရွှေငွေ (ရွှေငွေသာမက, ရတနာမျိုးတွင် ပါဝင်သောပစ္စည်း)များကို ကိုယ်တိုင်လည်း မခံယူကောင်း၊ ကပ္ပိယစသူကိုလည်း “ယူလိုက်”ဟု မခိုင်းကောင်း၊ အလှူရှင်တို့ အပ်နှံလှူဒါန်းအပ်သော ရွှေငွေကိုလည်း မသာယာကောင်းတော့ပြီ၊ အကယ်၍ လှူလာလျှင် ရာဇသိက္ခာပုဒ်အတိုင်း ပယ်ရမည်၊ ကပ္ပိယထံ ငွေကို အပ်နှံ၍ (သို့မဟုတ် စာတိုက်စသည်ဖြင့် ကပ္ပိယထံတင်ပို၍) “အရှင်ဘုရား အလိုရှိသောအခါ ကပ္ပိယမည်သူ့ထံ ရဟန်းများ သုံးဆောင်အပ်သော (ဆွမ်း သင်္ကန်းစာအုပ်ခဲတန်စသည့်) ပစ္စည်းကို တောင်းခံတော်မူပါ” ဤသို့စသည်ဖြင့် ရာဇသိက္ခာပုဒ်၌ ပြခဲ့သည့်အတိုင်း လျှောက်ထားမှသာအပ်သော ပစ္စည်းများကို တောင်းယူကောင်းသည်။

ခေတ်အလိုက်ကျင့်ဖွယ်။ “သာဒယေယျ” အရ သာယာမှ နိဿဂ္ဂိယ ပါစိတ်အာပတ် သင့်ရကား ယခုကာလအလှူစသည်၌ ငွေကိုလှူသည့်အခါ တစ်ပါးတည်း ထူးချွန်၍ ကိုယ်နှုတ်ဖြင့်မပယ်သာလျှင် “ငါမယူလို, ငါမသာယာ, ကပ္ပိယသုံးချင်ရာ သုံးပစေ”ဟု အမှန်စင်ကြယ်သော မသာယာသော စိတ်ဖြစ်လျှင် အာပတ်မသင့်၊ ထိုငွေကို ကျောင်းသားယူလာ၍ “အရှင်ဘုရား...မည်မျှ ကုန်အပ်သော ပစ္စည်းကို တပည့်တော်အထံ တောင်းတော်မူပါ”ဟု လျှောက်လျှင် မူလကငွေကို မသာယာခဲ့သောကြောင့် အပ်ဖွယ်ရှိသည်၊ ထိုသို့မလျှောက်ဘဲ ကျောင်းသားစသူက ယူရုံသာယူထားလျှင် ထိုငွေနှင့်စပ်၍ ဘာမျှမအပ်တော့ချေ။

တိုက်တွန်းချက်။ ။ ရွှေငွေကိုအလှူခံ၍ ထိုငွေဖြင့် ဝယ်ယူအပ်သော ပစ္စည်းများ-ကုလသဒူသနပြု၍ ရအပ်သောပစ္စည်းများ မိမိကို ကြည်ညိုအောင် ဟိတ်ဟန်ဆောင်သဖြင့် အထင်ကြီး၍ လှူအပ်သော ပစ္စည်းများသည်

စာမျက်နှာ-၁၀၀

သီတင်းသုံးသော် ၅ ဦးလုံးပင် မသုံးစွဲအပ်တော့ပြီး သုံးစွဲသူတိုင်းမှာ ဒုက္ကဋ်အာပတ်သင့်၏။ ထို့ကြောင့် ဤရွှေငွေနှင့်စပ်၍ အပ်သော နည်းလမ်းများကို ရာဇသိက္ခာပုဒ်ဝယ် ကပ္ပိယအမျိုးမျိုးဖြင့် ပြခဲ့သော နည်းလမ်းအတိုင်း စီစဉ်တတ်ဖို့ရာ ကိုယ်စီ ကိုယ်င အလေ့အလာ ပြုသင့် ကြပေသည်။

စျ။ ရူပိယသံဝေါဟာရသိက္ခာပုဒ်

အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။

အမှု—ရွှေငွေကို လဲလှယ်မှု။

ဆဗ္ဗဂ္ဂီ ရဟန်းများ။ ။ “ဘုရားရှင်သည် ရွှေငွေအလှူခံမှုကို သာပယ်တော်မူသည် အလှူခံပြီးသား ရွှေငွေဖြင့် တစ်စုံတရာကို လဲယူမှုကို ပယ်တော်မမူ”ဟု ယူဆ၍ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရွှေငွေဖြင့် အမျိုးမျိုးသော ပစ္စည်းများကို လဲကြလေသည်၊ ထိုအခါ လူတို့က “ရဟန်းတော်တို့သည် အဘယ့်ကြောင့် ရွှေငွေဖြင့် လဲလှယ်ကြရကုန်သနည်း, လူတို့လိုပါဘဲကလား”ဟု ကဲ့ရဲ့ကြခြင်းကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရသည်။

သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု နာနပ္ပကာရကံ ရူပိယသံဝေါဟာရံ သမာပဇ္ဇေယျ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။

မြန်မာပြန်။ ။ အကြင်ရဟန်းသည် အမျိုးမျိုးအစားစားသော ရွှေငွေဖြင့် လဲလှယ်ခြင်း (ရောင်းဝယ်ခြင်းသို့) ရောက်အံ့၊ ထိုလဲအပ်သော ဝတ္ထုလည်း စွန့်ပစ်ထိုက်၍ ထိုရဟန်းလည်း ပါစိတ်သင့်၏။

မှတ်ချက်။ ။ “နာနပ္ပကာရ = အမျိုးမျိုးအစားစား” ဟူသည် ပုတီးနားကပ် စသည်ဖြင့် လက်ဝတ်လက်စားပြုအပ်သော ရွှေငွေ တန်ဆာ-လက်ဝတ် လက်စားမပြုအပ်သော ရွှေတုံးငွေခဲ, ရွှေဒင်္ဂါး ငွေဒင်္ဂါး ပိုက်ဆံ ငွေစက္ကူ စသည်ဖြင့် အမျိုးမျိုးအစားစားသော ရွှေငွေတည်း၊ “လဲလှယ်”ဟူသည် ယခုကာလ ရောင်းဝယ်ခြင်းပင်တည်း၊ ထိုသို့ရောင်းဝယ်ရာ၌ မိမိကရွှေ ငွေဖြင့် သပိတ်သင်္ကန်းစသည်ကို ဝယ်ခြင်း, မိမိက သပိတ်သင်္ကန်းပေး၍ အခြားသူထံမှ ရွှေငွေကို ယူခြင်း (သပိတ်သင်္ကန်းရောင်းခြင်း) အားလုံး ပါဝင်သည်။ ထို့ကြောင့် ရဟန်းဒါယကာ စသူတို့ထံမှ ငွေကို တောင်း၍ ဖြစ်စေ သူတို့ဘာသာယူခြင်းကြောင့် ဖြစ်စေ ယူလျှင် ရှေ့သိက္ခာပုဒ်အရ ထိုငွေသည် နိဿဂ္ဂိထိုက်၍, ထိုငွေဖြင့် သင်္ကန်း စာအုပ်စသည် ဝယ်ပြန်

စာမျက်နှာ-၁၀၁

လျှင် ဤသိက္ခာပုဒ်အရ ထိုသင်္ကန်းစသည်တို့ နိဿဂ္ဂိထိုက်၍ ပါစိတ် အာပတ်လည်းသင့်၏။ နိဿဂ္ဂိထိုက်နေသော ပစ္စည်းတစ်ခုကိုမစွန့်ဘဲ သုံးပြန်လျှင် ကိုင်တိုင်း ဒုက္ကဋ်အာပတ်များစွာသင့်လေသည်။

စောဒနာဖွယ်။ ။ “လဲလှယ်သူတဘက်ဘက်က ရွှေငွေဖြစ်မှ ဤသိက္ခာပုဒ် အရ နိဿဂ္ဂိထိုက်သည်”ဟု ဆိုသောကြောင့် ရဟန်းတစ်ပါး အလှူခံထားသော ငွေဖြင့် ဝယ်မိ၍ နိဿဂ္ဂိထိုက်နေသော သင်္ကန်းကို အခြားရဟန်းက ကပ္ပိယ ဝတ္ထုဖြင့် လဲယူရာ၌ ဤသိက္ခာပုဒ်အရ အပြစ်ရှိဦးမည်လော-ဟု စောဒနာ ဖွယ်ရှိ၏၊ အဖြေကား-အလှူခံထားသော ငွေဖြင့် ဝယ်မိသော သင်္ကန်းသည် ငွေမဟုတ်သော်လည်း ငွေနှင့်အလားတူ မည်သည့်သီတင်းသုံးဖော်မျှမအပ်၊ သို့ဖြစ်၍ ရူပိယအစစ်မဟုတ်သော်လည်း ထိုသင်္ကန်းသည် ရူပိယ သဘော သက်ရောက်ရကား ထိုသင်္ကန်းကို ကပ္ပိယဝတ္ထုဖြင့် လဲယူရာ၌ ၂ ဘက်လုံးမှာပင် နိဿဂ္ဂိထိုက်သည်။

ပတ္တစတုက္က။ ။ ဤနေရာဝယ် ရွှေဖြင့်လဲလှယ်မိသော နိဿဂ္ဂိယပစ္စည်း၏ အပြစ်ကြီးလေးပုံကို နားလည်ဖို့ရာ ဝိနည်းဓိုရ်များ၏ နယ်၌ အလွန်ထင်ရှားသော “ပတ္တစတုက္က”ခေါ် သပိတ် ၄ လုံးအကြောင်းကို ပြုဦးအံ့။

၁။ ရဟန်းတစ်ပါးသည် ရူပိယသိက္ခာပုဒ်၌ ပြခဲ့သည့်အတိုင်း ငွေကို အလှူခံ၍ ထိုငွေဖြင့် သံမျိုးစေ့ကိုဝယ်, သံမျိုးစေ့ကို သံဖြစ်အောင် ထုရိုက်, ထိုသံဖြင့် သပိတ်လုပ်ထားအံ့၊ ဤသပိတ်ကား မည်သည့်နည်းနှင့်မျှ အပ်အောင်လုပ်၍ မရတော့သော “မဟာအကပ္ပိယ”သပိတ်တည်း၊ ထိုသပိတ်ကို ဖျက်ဆီး၍ ခွက်လုပ်, ပဲခွပ်လုပ်, ထိုပဲခွပ်ဖြင့် ဒန်ပူ ဖြတ်အံ့၊ ထိုခွက် ပဲခွပ် ဒန်ပူတို့ပင် မအပ်၊ ထိုပဲခွပ်ကို မီးဖုတ်၍ ထိုပဲခွပ်ဖြင့် ရေ နွားနို့စသည်ကို နွှေးလျှင် ထိုရေ နွားနို့များလည်း မအပ်ပင်၊ ထိုသပိတ်ပျက်ကို ငါးမျှားချိတ်လုပ်၍ ငါးမျှားသဖြင့် ရအပ်သော ငါးသည်ပင် သီတင်းသုံးဖော် အားလုံးမအပ်-ဟူ၏။]

၂။ ရဟန်းတစ်ပါးကား ငွေကိုအလှူခံ၍ သပိတ်ဝယ်အံ့၊ ထိုသပိတ်လည်း သီတင်းသုံးဖော် ၅ ဦးလုံးမအပ်၊ သို့ရာတွင် သပိတ်သည်ထံ သပိတ် ပြန်ပေး၍ ငွေကို ပြန်ယူလျှင် ထိုသပိတ်သန့်စင်၏၊ ထိုသပိတ်ကို ထပ်မံ၍ ကပ္ပိယဖြင့် အပ်အောင် ကပ္ပိနိုင်သေး၏။

၃။ ရဟန်းတစ်ပါးကား ငွေကို အလှူခံပြီးနောက် သပိတ်ဆိုင်သွား၍ မိမိ အလိုရှိသော သပိတ်ကိုပြ၏, ကပ္ပိယက ဝယ်လှူ၏၊ ထိုသပိတ်လည်း မူလက ငွေကို အလှူခံမိလျက်သားဖြစ်သောကြောင့် ကပ္ပိယ ဝယ်လှူသော်လည်း မအပ်ပင်၊ ဒုတိယသပိတ်ကဲ့သို့ ပြန်ပေးရမည်။

စာမျက်နှာ-၁၀၂

၄။ ရဟန်းတစ်ပါးကား ငွေကို အလှူမခံ, ဆိုင်ရာဒါယကာ ဒါယိကာမတို့က “သပိတ်ဝယ်လှူပါ”ဟု မှာလိုက်သော ကပ္ပိယနှင့်အတူ-သို့မဟုတ် ဉာတိပဝါရိတနှင့်အတူ သွား၍ သပိတ်သည်အား “ဤငွေကို ယူ၍ ဤသပိတ်ကိုပေးပါ”ဟု ပြောအံ့၊ ရဟန်းကိုယ်တိုင် ဝယ်အံ့ဟူလို၊ ထိုသပိတ်ကား မူလကအဖိုးကို အလှူမခံခဲ့သောကြောင့် အခြား သီတင်းသုံးဖော်များအား အပ်သော်လည်း ထိုရဟန်းက အစီအမံ မတတ်-သူ့ကိုယ်တိုင် ဝယ်၍ အလေလုပ်မိသောကြောင့် သူ့မှာ မအပ်တော့ချေ။

၁-မှတ်ချက်။ ။ ၁-နံပါတ်သပိတ်၌ “မည်သည့် နည်းနှင့်မျှ အပ်အောင် လုပ်၍ မရတော့”ဟူရာဝယ် ရဟန်းသံဃာများ၏ ပစ္စည်းအနေဖြင့် သပိတ်မှခွက် စသည့်ပြောင်းလွှဲနေသမျှကို ရည်ရွယ်၍ ဆိုခြင်းတည်း၊ “ငါးမျှားချိတ်”ဟူ ရာ၌လည်း အလဇ္ဇီရဟန်းဖြစ်လျှင် လုပ်ချင်ရာ လုပ်မည်ဖြစ်သောကြောင့် အစွမ်းကုန်မအပ်သောအရာကို ညွှန်ပြခြင်းဖြစ်သည်-ဟုမှတ်၊ အကယ်၍ ထို-၁-နံပါတ်သပိတ်-ခွက်-သံများကို လူကဝယ်၍ဖြစ်စေ လုယူ၍ဖြစ်စေ ပေးလိုက်၍ဖြစ်စေ လူပိုင်ပစ္စည်း ဖြစ်သွားပြီးနောက် လူက ပြန်လှူလျှင် ထိုသပိတ်ခွက်စသည်တို့ အပ်ကြောင်းကို ဋီကာတို့ဆိုကြသည်။

[သာရတ္ထ] နသက္ကာ ကေနစိ ဥပါယေန ကပ္ပိယော ကာတုန္တိဣဒံ ပဉ္စန္နံယေဝ သဟဓမ္မိကာနံ အန္တရေ ပရိဝတ္တနံ သန္ဓာယ ဝုတ္တံ၊ ဂိဟီဟိ ပန ဂဟေတွာ အတ္တနော သန္တိကံ ကတွာ ဒိန္နံ သဗ္ဗေသံ ကပ္ပတီတိ ဝဒန္တိ။

ဤဝါဒကို လက်ခံနိုင်ကြပါလျှင် မိမိအလှူခံမိသော ငွေကို မိဘစသူတို့အား မငဲ့မကွက် စွန့်လွှတ်ပြီးနောက် မိဘစသူတို့က အပ်သော ပစ္စည်းများကို မိမိသားရဟန်း-သို့မဟုတ် အခြား သီတင်းသုံးဖော်တို့အား လှူရာ၌ အပ်သည်ဟုပင် ဝန်ခံကြရပေလိမ့်မည်၊ ဘာ့ကြောင့်နည်း၊... ငွေဖြင့် ဝယ်အပ်သော ပစ္စည်းနှင့် ငွေ့တို့မှာ ရဟန်းများအတွက် သဘောတူဖြစ်သောကြောင့်တည်း။

၄-မှတ်ချက်။ ။ [ ၂-၃ သပိတ်များအတွက် ထင်ရှားပြီ၊] ၄ နံပါတ်သပိတ်၌ ငွေကို အလှူမခံဘဲ ကပ္ပိယနှင့်အတူသွား၍ ဈေးသည် အထံကျမှ မိမိကိုယ်တိုင် ဈေးဆစ်ခြင်း ဝယ်ခြင်းများကို ကျမ်းဂန်တို့၌ “ဒုဗ္ဗိစာရဏ = မကောင်းသဖြင့် စီမံခြင်း”ဟု ဆို၏၊ ပစ္စည်းကို ကပ္ပိရာ၌ ဒုဗ္ဗိစာရဏ ဖြစ်လျှင် မိမိမှာ ထိုပစ္စည်းကို ကိုင်တိုင်း ဒုက္ကဋ် အာပတ်သင့်တော့၏။

စာမျက်နှာ-၁၀၃

ရှေ့သပိတ်သုံးလုံးသည် နိဿဂ္ဂိယဝတ္ထု-၄ နံပါတ် သပိတ်ကား ဒုက္ကဋ် ဝတ္ထု-ဟု ခွဲခြားပါ၊ ကပ္ပိယဟူရာ၌ကား ရာဇသိက္ခာပုဒ်၌ ပြခဲ့သော ကပ္ပိယနှင့် ဉာတိပဝါရိတတို့ကို ယူရမည်။

စွန့်ပုံ။ ။ ထိုကဲ့သို့ ရွှေငွေဖြင့်ဝယ်မိသော နိဿဂ္ဂိယပစ္စည်းများကိုလည်း ရွှေ ငွေကဲ့သို့ပင် သံဃာ-ဂိုဏ်း-ပုဂ္ဂိုလ်ထံမစွန့်ရ၊ သံဃာ့အလယ်မှာ “အဟံ ဘန္တေ ရူပိယသံဝေါဟာရံ သမာပဇ္ဇိံ, ဣဒံ မေ ဘန္တေ နိဿဂ္ဂိယံ, ဣမာဟံ နိသဇ္ဇာမိ”ဟု ပါဠိမြန်မာ အလိုရှိရာဖြင့် စွန့်၍ ရူပိယသိက္ခာပုဒ် အတိုင်း စီစဉ်ရမည်။

ဉ။ ကယဝိက္ကယ သိက္ခာပုဒ်

အမှုသည်—ရှင်ဥပနန္ဒ။

အမှု—ပရိဗိုဇ်နှင့်အဝတ်ချင်း လဲယူမှု။

ရှင်ဥပနန္ဒလုပ်ပုံ။ ။ အရှင်ဥပနန္ဒသည် သင်္ကန်းချုပ်မှု၌ ကျွမ်းကျင်၏၊ သူသည် အဝတ်ပိုင်း အဝတ်စများကို သင်္ကန်းဖြစ်အောင် စပ်ဟပ် လုပ်ပုံ ချုပ်ဆိုးပြီးလျှင် ကောင်းစွာ ပြေပြစ်အောင် ပြု၍ ရုံ၏၊ ပရိဗိုဇ်တစ်ယောက်သည် အဖိုးများစွာတန်သော အဝတ်ကို ဝတ်လာ၍ ထိုအဝတ်ဖြင့် ထိုသင်္ကန်းကို လဲဖို့ရန် ပြော၏၊ ဥပနန္ဒက “သင်...နားလည် ရဲ့လာ”ဟု မေး၏၊ “နားလည်ပါ၏”ဟု ပရိဗိုဇ်ကပြော၏၊ ဤသို့ ပြော၍ လဲယူပြီးလျှင် ထိုသင်္ကန်းကို ဝတ်၍ ပရိဗိုဇ်ကျောင်းသို့ သွားလေသော်, အခြား ပရိဗိုဇ်တို့က “တယ်ကောင်းပါလား, ဘယ်ကရခဲ့သလဲ”ဟု မေးရာ, မိမိ အဝတ်ဖြင့် လဲခဲ့ကြောင်းကို ပြောလျှင် “ဒီသင်္ကန်းဟာ ဘယ်နှစ်ရက်လောက် ကြာအောင် ခိုင်မှာလဲ, သင့်အဝတ်က ကောင်းသေးတယ်”ဟု ပြောကြလေသည်၊ ထိုအခါ ပရိဗိုဇ်သည် “ဟုတ်သားဘဲ”ဟု ယူဆ၍ ရှင်ဥပနန္ဒထံ ပြန်လဲဖို့ ပြောလေရာ, “အစတုန်းကသိရဲ့လား-ဟု ငါမေးသားဘဲ, ခုမှတော့ ပြန်မလဲနိုင်ဘူး”ဟု ရှင်ဥပနန္ဒကပြောသဖြင့် “လူအချင်းချင်းတောင် မကျေနပ်လျှင် ပြန်ပေးကြသေးတယ်, ယခု ရဟန်းချင်းဖြစ်လျက် ဘာ့ကြောင့် ပြန်မပေးရသလဲ”ဟု ထိုပရိဗိုဇ်၏ ပြောဆိုကဲ့ရဲ့ခြင်းကို တဆင့်အားဖြင့် ဘုရားရှင် ကြားတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

စာမျက်နှာ-၁၀၄

သိက္ခာပုဒ်။ ။ ယောပန ဘိက္ခု နာနပ္ပကာရကံ ကယဝိက္ကယံ သမာပဇ္ဇေယျ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။

မြန်မာပြန်။ ။ အကြင် ရဟန်းသည် အထူးထူး အပြားပြားသော လဲလှယ်ခြင်း (ဝယ်ခြင်း-ရောင်းခြင်း)သို့ ရောက်အံ့၊ ထိုလဲယူအပ်သော ပစ္စည်းဝတ္ထုသည် နိဿဂ္ဂိထိုက်၍, ထိုရဟန်းလည်း ပါစိတ် အာပတ် သင့်၏။

မှတ်ချက်။ ။ လဲခြင်း = ရောင်းဝယ်ခြင်း ၂-မျိုးကား (ပစ္စည်း အပေးအယူချည်း ဖြစ်၍) သဘောတူပင်တည်း၊ “နာနပ္ပကာရက = အထူးထူးအပြားပြား” ဟူသည် သင်္ကန်းဆွမ်းစသော အမျိုးမျိုးသော ပစ္စည်းတည်း၊ ရွှေငွေနှင့် စပ်သော အကပ္ပိယဝတ္ထုဖြင့် လဲလှယ်ရောင်းဝယ်မှုကြောင့် ရှေ့သိက္ခာပုဒ် အရ အာပတ်သင့်၍, သင်္ကန်းစသော ကပ္ပိယဝတ္ထုဖြင့် လဲလှယ်မှုကြောင့် ဤသိက္ခာပုဒ်အရ အာပတ်သင့်၏၊ ဤသိက္ခာပုဒ်၌ ကပ္ပိယဝတ္ထုချင်းလဲလှယ်မှုဖြစ်၍ သီတင်းသုံးဘော်ချင်း လဲကောင်း၏၊ ရသေ့ သီလရှင် လူဝတ် ကြောင်စသည်တို့နှင့်ကား မလဲကောင်း။

မအပ်သောလဲနည်း။ ။

အပ်သောလဲနည်း။

ခိုင်းစေရာ၌ အပ်-မအပ်။ ဘာသာဋီကာမှာယူ။

ကောသိယဝဂ်ပြီး၏။

စာမျက်နှာ-၁၀၅

ပတ္တဝဂ်

က။ ပတ္တသိက္ခာပုဒ်

အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။

အမှု—သပိတ်များစွာကိုယ်ပိုင်ထားမှု။

သပိတ်အများ ထားခြင်း။ ။ ဆဗ္ဗဂ္ဂီ ရဟန်းတို့သည် သပိတ်များစွာကို ကိုယ်ပိုင် သိမ်းထားကြ၏။ ထိုသပိတ်တွေကို လူတို့ မြင်ကြသဖြင့် “ကိုယ်တော်တွေ သပိတ်ကုန်သွယ်ကြ မလို့တဲ့လား, သို့မဟုတ်သပိတ်ဆိုင် ခင်းကြမလို့တဲ့လား”ဟု ကဲ့ရဲ့ကြခြင်းကြောင့် “ယော ပန ဘိက္ခု၊ အတိရေကပတ္တံ ဓာရေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ”ဟု မူလပညတ်ကို ပညတ်တော်မူသည်၊ ထို့နောက် အရှင်အာနန္ဒာအား သပိတ်အပို ရလာ ပြန်လေသော် ထိုသပိတ်ကိုလည်း သာကေတမြို့၌ သီတင်းသုံးခိုက် ဖြစ်နေသော အရှင်သာရိပုတြာအား လှူလို၏၊ အရှင်သာရိပုတြာလည်း ၉-ရက် ၁၀-ရက် လောက်ကြာမှ ရောက်လာမည်ဖြစ်၏၊ ထိုအကြောင်းကို ဘုရားရှင်အား လျှောက်လေလျှင် မူလပညတ်တော်ကို တစ်မျိုးပြင် “ဒသာဟပရမံ အတိရေကပတ္တော ဓာရေတဗ္ဗော, တံအတိက္ကာမယတော နိဿဂ္ဂိယံ ပါစိတ္တိယံ”ဟု အနုပညတ် ထပ်တော်မူရလေသည်၊ သိက္ခာပုဒ် မြန်မာပြန်ကား-[အဓိဋ္ဌာန်မတင်အပ်-ဝိကပ္ပနာလည်း မပြုအပ်သော သပိတ်ကို အတိရေကပတ္တ (သပိတ်ပို)ဟု ခေါ်၏၊] သပိတ်ပိုကို အလွန်ဆုံး ၁၀-ရက်မျှ ထားကောင်း၏၊ ထို ၁၀-ရက်ထက် ကျော်လွန်၍ ထားလျှင် သပိတ်လည်း နိဿဂ္ဂိထိုက်၍ ရဟန်းမှာ ပါစိတ်အာပတ် သင့်၏။

သပိတ်အမျိုးအစား။ ။ ဥက္ကဋ္ဌသပိတ် (သပိတ်ကြီး) မဇ္ဈိမသပိတ် (သပိတ်လတ်) ဩမကသပိတ် (သပိတ်ငယ်)ဟု သပိတ် ၃-မျိုးရှိ၏၊ ဆန် တစလယ်ချက် ထမင်းသည် အစားမှန်သူ လူတစ်ယောက်၏ စားရိုးစားစဉ် ထမင်းတည်း၊ နံနက်တထပ်သာ စားသော ရဟန်းသာမဏေများ အတွက်လည်း ထိုတစလယ်ချက် ထမင်းသည် မျှတလုံလောက်၏၊ ထို့ကြောင့် ဆန်တစလယ်ချက် ထမင်း, ထိုထမင်း၏ ၄ ပုံ တပုံခန့် လက်ကော်၍ ရလောက်အောင် မပြစ်မကြဲသော ပဲဟင်း, ထမင်း၏ ၄ ပုံ တပုံခန့် (သားငါးတစ်ခုခု)ဟင်းလျာ၊ ဤမျှဆန့်သော သပိတ်သည် ဩမက သပိတ်ငယ် မည်၏။

စာမျက်နှာ-၁၀၆

ဆန်တခွက်ချက်ထမင်း, ၄ ပုံ တပုံခန့် ပဲဟင်း, ၄ ပုံ တပုံခန့် သားငါး ဟင်းကို ဆန့်သောသပိတ်သည် မဇ္ဈိမသပိတ်လတ်မည်၏၊ ဆန်တပြည်ချက် ထမင်း, ၄ ပုံ တပုံခန့် ပဲဟင်း, ၄ ပုံ တပုံခန့် သားငါးဟင်းကို ဆန့်သော သပိတ်သည် ဥက္ကဋ္ဌသပိတ်ကြီးမည်၏၊ ဆန်ကိုချက်သည့်အခါ ထမင်းအဖြစ်၌ ၂ ဆတိုးလေ့ရှိသောကြောင့် ဆန်တစလယ်ချက်လျှင် ထမင်းတခွက်သားနှင့် ပဲဟင်း သားငါးဟင်း ၄ ပုံ တပုံစီပေါင်းလျှင် ၃ စလယ်ဖြစ်၏၊ ထိုနည်းအရ ဩမက သပိတ်သည် ၃ စလယ်ဆန့်၏၊ မဇ္ဈိမသပိတ်သည် ၃ ခွက် ဆန့်၏၊ ဥက္ကဋ္ဌသပိတ်သည် ၃ ပြည် ဆန့်၏ဟု မိန့်တော်မူကြသည်။

[ဆောင်] ၃ ပြည် ၃ ခွက်, ၃ စလယ်တွက်, ဆွမ်းချက်ဟင်းစုံခတ်။ ဥက္က-မဇ္ဈ, ဩမက, စင်ရစဉ်တိုင်းမှတ်။

သပိတ် ၂-မျိုးနှင့်အရောင်။ ။ မြေသပိတ် သံသပိတ်အားဖြင့် ၂-မျိုးသော သပိတ်သာအပ်၏၊ ထို ၂-မျိုးတွင် မြေသပိတ်ကို ၂-ကြိမ် မီးဖုတ်၍ သံသပိတ်ကို ငါးကြိမ်မီးဖုတ်ရမည်ဟု အဋ္ဌကထာတို့၌ဆို၏။ ထိုသို့ဆိုခြင်း၌ ရည်ရွယ်ချက်မှာ ဖြူကြောင်ကြောင် အဆင်းမရှိစေဘဲ ညိုမှောင်မှောင် အဆင်းအရောင် ရှိစေလိုခြင်းဖြစ်သည်၊ သို့ဖြစ်၍ ကင်္ခါ၌ မီးဖုတ်အကြိမ်ကို မပြတော့ဘဲ “သမဏ သာရုပ္ပေန-ရဟန်းတို့အား လျောက်ပတ်သောအားဖြင့်။ ပက္ကံ-ကျက်ပြီးသော”ဟု မိန့်သည်။ ဤကင်္ခါမိန့်ချက်အရ “ညိုမှောင်သော အဆင်းအရောင် ရှိလျှင် သပိတ်အရာဝင်ပြီ၊ အဓိဋ္ဌာန်ဝိကပ္ပနာပြုနိုင်ပြီဟုမှတ်။ [ယခုကာလ သားရိုးကိုင်ထားသော သပိတ်များ၌ကား သားရိုးအတွင်းက အရောင်သည် ညိုမှောင်ခြင်း မရှိသောကြောင့် အချို့ ဝိနည်းဓိုရ်များသည် ကိုယ်တိုင် မီးဖုတ်ပြီးမှ သားရိုးကိုင်စေပြီးလျှင် အဓိဋ္ဌာန်တင်၍ သုံးစွဲကြသည်။

အဓိဋ္ဌာန်တင်ပုံ။ ။

ပစ္စုဒ္ဓိုရ်ပြုပုံ။

အဓိဋ္ဌာန် ကျကြောင်း ၉-ပါး။ ။

နိဿဂ္ဂိသပိတ်ကိုစွန့်ပုံ။ ။ ဘာသာဋီကာမှာယူ။

ခ။ ဦနပဉ္စဗန္ဓနသိက္ခာပုဒ်

အမှုသည်—ရဟန်းအများ။

အမှု—အလိုက်မသိဘဲ သပိတ်တောင်းမှု။

အလိုက်မသိခြင်း။ ။ ကပိလဝတ်မြို့၌ အိုးထိမ်းသည် (အိုးသည်) တစ်ယောက်သည် ရဟန်းတို့အား သပိတ်အလိုရှိလျှင် တောင်းဖို့ရန်

စာမျက်နှာ-၁၀၇

ဖိတ်မံထား၏၊ ရဟန်းတို့သည်အတိုင်းအရှည် မသိကြဘဲ (အလိုက်မသိဘဲ) များစွာသော သပိတ်တို့ကို တောင်းကြလေသည်၊ ထိုအိုးထိမ်းသည်မှာ သပိတ်ကိုချည်း လုပ်ပေးရသောကြောင့် ရောင်းဖို့ ဘဏ္ဍာကို မလုပ်အားတော့ချေ၊ စားရေးသောက်ရေး မမျှတ မချောင်လည်အောင် ဖြစ်ရရှာ၏၊ သားမယားများလည်း ပင်ပန်းကြလေသည်။ ထိုအကြောင်းကို အခြားလူများသိ၍ “ရဟန်းတွေ့နှယ် အလိုက်မသိ ပမာဏကိုမသိဘဲ သပိတ်များစွာကို တောင်းဘဲ တောင်းနိုင်လွန်းတယ်”ဟု .ခဲ့သည်ကို ကြားတော်မူသောကြောင့် “န ဘိက္ခဝေ ပတ္တော ဝိညာပေတဗ္ဗာ၊ ယော ဝိညာပေယျ, အာပတ္တိ-ဒုက္ကဋဿ = ရဟန်းတို့ သပိတ်ကို မတောင်းရ၊ အကြင်ရဟန်း တောင်း၏, ထိုရဟန်း ဒုက္ကဋ် အာပတ်သင့်စေ”ဟု ပညတ်တော်မူရလေသည်။

သပိတ်တောင်းခွင့် ပြုတော်မူရပုံ။ ။ ထိုသို့ ပညတ်တော်မူပြီးနောက် ရဟန်းတစ်ပါးမှာ သပိတ် ကွဲသွားသော်လည်း တောင်းဖို့ရာ အပ်မည်-မအပ်မည်ကို မဆုံးဖြတ်နိုင်ဘဲ ယုံမှားသံသယ ဖြစ်နေသောကြောင့် မတောင်းတော့မူ၍ လက်ဖြင့် ဆွမ်းခံလှည့်လေသည်၊ ထိုအခါလူတို့က “ရဟန်းတော်များသည် လက်ဖြင့် ဆွမ်းခံရသလား, တိတ္ထိတွေလို ဖြစ်နေပြီ”ဟု ကဲ့ရဲ့ ကြပြန်သဖြင့် ပျောက်သောသပိတ် ရှိသောရဟန်း, ကွဲသောသပိတ်ရှိသော ရဟန်းအား သပိတ်တောင်းခြင်းငှါ ခွင့်ပြုတော်မူပြန်သည်။

သိက္ခာပုဒ် ပညတ်တော်မူရပုံ။ ။ ထိုသို့ခွင့်ပြုတော်မူပြန်သည့်အခါ ဆဗ္ဗဂ္ဂိယရဟန်းတို့သည် မဖြစ်စလောက် အက်ကြောင်းရာကလေး ထင်ရုံမျှဖြင့် တချို့လည်း အနည်းငယ် ပဲ့ရုံမျှဖြင့် တချို့လည်း ခြစ်ရာ ကလေးထင်ရုံမျှဖြင့် (သပိတ်ကွဲပြီဟု ယူဆ၍) သပိတ်သစ်ကို တောင်းကြလေသည်၊ ရှေးကကဲ့သို့ပင် ဖိတ်ထားသော အိုးထိမ်းသည်မှာ လက်မအား အောင် အလုပ်များ၍ ဆင်းရဲပင်ပန်း သွားပြန်လေသည်၊ ထိုအခါ အခြား လူတို့က ကဲ့ရဲ့ကြပြန်သည်ကို ဘုရားရှင်ကြားတော်မူ၍ ယခုတွေ့ရသော သိက္ခာပုဒ်ကို အပြည့်အစုံ ပညတ်တော်မူရလေသည်။ ဤသိက္ခာပုဒ်၌ “ဗန္ဓန”ဟူသည် အက်ကြောင်းရာ၏ ၂ ဘက်၌ စူးငယ်ဖြင့်ဖေါက်၍ ရိုးရိုး အပ်ခြည်ကြိုးဖြင့်ဖြစ်စေ သင်ပေါင်းလျော်ကြိုး-သံနန်းကြိုးသေးသေးစသည်ဖြင့် ဖြစ်စေ တုပ်၍ ဖွဲ့၍ ခြည်ထားခြင်းကို “ဗန္ဓန”ဟု ခေါ်၏၊ ၂ လက်မလောက် ရှည်နေသော နေရာတစ်ခုလျှင် တဖွဲ့ကျ တုပ်နိုင်၏၊ ထိုကဲ့သို့ အတုပ်အဖွဲ့မျိုး ၅ ခုမပြည့်သေးသော သပိတ်ကို “ဦနပဉ္စဗန္ဓနပတ္တ”ဟုခေါ်သည်။

စာမျက်နှာ-၁၀၈

သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဦနပဉ္စဗန္ဓနေန ပတ္တေန အညံ နဝံ ပတ္တံ စေတာပေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။ တေန ဘိက္ခုနာ သော ပတ္တော ဘိက္ခုပရိသာယ နိဿဇ္ဇိတဗ္ဗော, ယော စ တဿာ ဘိက္ခုပရိသာယ ပတ္တပရိယန္တော, သော တဿ ဘိက္ခုနော ပဒါတဗ္ဗော “အယံ တေ ဘိက္ခု ပတ္တော ယာဝ ဘေဒနာယ ဓာရေတဗ္ဗော”တိ, အယံ တတ္ထ သာမီစိ။

မြန်မာပြန်။ ။ အကြင်ရဟန်းသည် (သပိတ်က ၅ ဖွဲ့မပြည့်သေးဘဲလျက်) သပိတ်သစ်ကို တောင်းအံ့၊ ထိုသပိတ်သည် နိဿဂ္ဂိထိုက်၍ ထိုရဟန်းမှာ ပါစိတ်အာပတ်သင့်၏၊ ထိုရဟန်းသည် ထိုသပိတ်ကို ရဟန်းပရိသတ်၌ စွန့်ရမည် (အခြားနိဿဂ္ဂိပစ္စည်း စွန့်ပုံကဲ့သို့ တစ်ပါးလည်း အထံစွန့်၍မဖြစ်၊ အခြားရဟန်းများကလည်း စည်းဝေးရာ အရပ်သို့ မိမိ၏ အဓိဋ္ဌာန်တင်လျက်, သို့မဟုတ် ဝိကပ္ပနာပြုလျက် သုံးစွဲနေသော)သပိတ်ကို ကိုယ်စီကိုယ်င ယူ၍ ကြွလာကြရမည်၊ ထိုအခါ ထိုသပိတ်ကို အခြားရဟန်းများ ယူအောင် တိုက်တွန်းဖို့ရာ ရိုးသားသော ရဟန်းတစ်ပါးကို “ပတ္တဂ္ဂါဟကသမ္မုတိ”ပေးရသည်၊ ထိုသမ္မုတိ ရသောရဟန်းက ထိုစွန့်ထားသော သပိတ်၏ ကောင်းမွန်ကြောင်းကို လျှောက်ထား၍ အကြီးဆုံးထေရ်အား ယူဖို့ရန် တိုက်တွန်းရသည်၊ ထေရ်ကြီးက ထိုသပိတ်ကို ယူလျှင် ထေရ်ကြီးသပိတ်ကို ဒုတိယထေရ်အား ယူစေရသည်၊ ထေရ်ကြီးစသူက ကိုယ့်သပိတ် ကိုယ်ကျေနပ် နေ၍ မယူကြလျှင် ထိုသပိတ်ကို တတိယ စတုတ္ထစသော ထေရ်များကို ယူအောင်တိုက်တွန်းရသည်၊ ဤနည်းအားဖြင့် အားလုံး ပုဂ္ဂိုလ်များ မလိုချင်၍ ကျန်နေသော သပိတ်ကို “ပတ္တပရိယန္တ အစွန်ဆုံးသပိတ်” ဟုခေါ်၏၊ ထိုအစွန်ဆုံး သပိတ်ကို ထိုရဟန်းအား “ကွဲသည့်တိုင်အောင် ဤသပိတ်ကို ဆောင်ထားရမည်” ဟု ပြော၍ ပေးရသည်၊ ဤကား ၅ ဖွဲ့မပြည့်သေးဘဲ သပိတ်သစ်ကို တောင်းရာ၌ ကျင့်ရသောကျင့်ဝတ်တည်း။

ခုဒ္ဒသိက္ခာလာ

သပိတ်နှင့်စပ်၍ မှတ်ဖွယ်များ

ပတ္တံ နပတိသာမေယျ, သောဒကံ နစဩတပေ၊ ဥဏှေ နနိဒဟေ ဘူ, နထပေ နောစလဂ္ဂယေ။

စာမျက်နှာ-၁၀၉

သောဒကံပတ္တံ-ရေမစင်သောသပိတ်ကို၊ နပတိသာမေယျ-သိမ်း၍လည်း မထားရ၊ နစဩတပေ-နေလည်းမလှမ်းရ၊ ဥဏှေ-နေပူ၌၊ နနိဒဟေ-ကြာမြင့်စွာ မထားရ၊ ဘူမျံ-ကြမ်းသောမြေပေါ်၌၊ နထပေ-အခင်းမပါ သပိတ်ခြေ မပါဘဲ မထားရ၊ နောစလဂ္ဂယေ-ဆင်စွယ်ကောက် စသည်တို့၌ ချိတ်၍ မထားရ။

[ဆွမ်းစားပြီးလျှင် သပိတ်ကိုစင်ကြယ်စွာဆေး, ရေစင်အောင် သုတ်ပြီးမှ ဟင်းနံ့ မပျောက်အောင် ခေတ္တနေလှမ်း, ကြာရှည်စွာ နေပူမှာမထားရ၊ နေလှမ်းပြီးနောက် ရုပ်သိမ်း၍ အခင်းမပါ သပိတ်ခြေမပါသော မြေပေါ်မှာ မထားဘဲ နံရံကောက်စသည်၌လည်း မချိတ်ဘဲ သပိတ်ခြေပေါ်မှာဖြစ်စေ, အခင်းရှိသော မြေပေါ်မှာဖြစ်စေ, သပိတ်မပျက်စီးလောက်သော မြေပေါ်မှာ ဖြစ်စေထားရမည်၊ သပိတ်ဖုံးဖြင့် ဖုံးထားလျင် အနံ့မကောင်းသောကြောင့် သပိတ်ဖုံးကိုလည်း ဖွင့်ထားသင့်သည်။]

မိဍ္ဎန္တေ ပရိဘဏ္ဍန္တေ, အင်္ကေဝါ အာတပတ္တကေ၊ ပါဒေသု မဉ္စ ပီဌေဝါ, ထပေတုံ နစကပ္ပတိ၊

မိဍ္ဎန္တေ-အတွင်းအကြည်စွန်း၌၎င်း၊ ပရိဘဏ္ဍန္တေ-အပြင်ဘက်အကြည်စွန်း ၌၎င်း၊ အင်္ကေဝါ-တင်ပလ္လင်, ရင်ခွင်၌၎င်း၊ အာတပတ္တကေ-ထီးပေါ်၌၎င်း၊ ပါဒေသုဝါ-ခြေတို့၌၎င်း၊ မဉ္စပီ‌ဌေဝါ-ညောင်စောင်း အင်းပျဉ် (ခုတင်-ကုလားထိုင်)ပေါ်၌၎င်း၊ ထပေတုံ-ထားခြင်းငှါ၊ နစကပ္ပတိ-မအပ်။

[ရှေးက နံရံအခြေခိုင်အောင် သို့မဟုတ် ထိုင်ရအောင် နံရံ၏အတွင်းအပြင်၌ မြေခုံအပိုရှိတတ်၏။ ၎င်းမြေခုံကို “အကြည်”ဟုခေါ်၏၊ ထိုအကြည်၌ သပိတ်ထားလျှင် လိမ့်ကျမည်စိုး၍ မထားရ-ဟုတားမြစ်သည်၊ ယခုကာလ အုဌ်တိုက် အစွန်းများလည်း အကြည်သဘောပင်ဖြစ်၍ မထားရ၊ အကြည်က တတောင်လောက် ကျယ်နေလျှင် ထားကောင်း၏၊ သပိတ်ခြေပါလျှင်လည်း ထိုအကြည်မှာ ထားကောင်း၏-ဟု ဋီကာဆိုသည်။]

နီဟရေယျ ဥစ္ဆိဋ္ဌော-ဒကဉ္စ စလကဋ္ဌိကံ၊

ပတ္တေန ပတ္တဟတ္ထောဝါ, ကဝါဋံ နပဏာမယေ။

ဥဋ္ဌောဒကံ-လုပ်ဆေးရေကို၎င်း၊ စလဋ္ဌိကံ-စုပ်၍ ပြစ်အပ်သော ဟင်းဖတ်နှင့် အရိုးကို၎င်း၊ နနီဟရေယျ-သပိတ်၌ ထည့်၍ မထုတ်ဆောင်ရ၊ [သပိတ်ထည်း၌ ထည့်၍ မစွန့်ပစ်ရဟူလို၊ သပိတ်ကို လက်ဆေးခံ လုပ်၍လည်း လက်မဆေးရ၊] ပတ္တေန-သပိတ်ဖြင့်၎င်း၊ ပတ္တဟတ္တောဝါ-လက်၌ သပိတ် ရှိလျက်၎င်း၊ ကဝါဋံ-တံခါးရွက်ကို၊ နပဏာမယေ-မတွန်းမဖွင့်ရ။

စာမျက်နှာ-၁၁၀

[လက်၌ သပိတ်ရှိခိုက်သာမဟုတ်, လက်မှာဖြစ်စေ ခြေဖမိုးပေါ်မှာဖြစ်စေ ကိုယ်၏အစိတ်အပိုင်းမှာ သပိတ်ရှိလျှင် တံခါးရွက်ကို မတွန်းရ မင်းတုပ်ကလန့်ကိုလည်း မဖြုတ်ရ၊ သို့ရာတွင် သပိတ်ကို အိတ်ဖြင့် ပခုံးစွန်း၌ လွယ်ထားခိုက် ဖြစ်လျှင်ကား ထိုအားလုံးကိုပင် ပြုကောင်း၏။ မပြုရဟု ဆိုသမျှ၌ ပြုလျှင် ရဟန်းမှာ ဒုက္ကဋ်, သာမဏေမှာ ဒဏ်။]

သပိတ်နှင့်စပ်၍ မှတ်သားထိုက်သော အပ်-မအပ်စားခွက်များ

ကပ္ပိယာ တာလကာ တိဿော, တမ္ဗာယော မတ္တိကာမယာ၊ ဒါရူသောဝဏ္ဏရဇတ-မဏိဝေဠုရိယာမယာ။

အကပ္ပါ ဖလိကော ကာစ-ကံသဇာ ဂိဟိသန္တကာ၊ သံဃိကာ ကပ္ပိယာ တုမ္ဗ-ဃဋိဇာ တာဝကာလိကာ။

တမ္ဗာယောမတ္တိကာမယာ-ကြေးနီ, သံ, မြေဖြင့် ပြုအပ်ကုန်သော၊ တိဿော-၃-မျိုးကုန်သော၊ ထာလကာ-စားခွက် သောက်ခွက်တို့သည်၊ ကပ္ပိယာ-အပ်ကုန်၏၊ ကြေးနီခွက်-မြေခွက်-သံခွက် ၃-မျိုးတို့သည် ရဟန်း သာမဏေတို့ကိုယ်ပိုင် (ပုဂ္ဂလိက) အဖြစ်ဖြင့် သုံးစွဲကောင်း၏၊ ၎င်းတို့၌ ထည့်၍ စားကောင်းသောက်ကောင်း၏။

ဒါရုသောဝဏ္ဏရဇတမဏိ ဝေဠုရိယာ မယာ-သစ်သားခွက်, ရွှေခွက်, ငွေခွက်, ပတ္တမြားခွက်, ကြောင်မျက်ရွဲခွက်တို့သည်၊ အကပ္ပါ-မအပ်ကုန်၊ [ရွှေခွက်စသည်တို့သည် ကိုင်ရုံ ထိရုံမျှမအပ်, သစ်သားခွက်ကား ထည့်၍သာ မစားမသောက်ကောင်းသည်၊ ကိုင်ရုံကား ကိုင်ကောင်းပါသေး၏၊ ယခု ကာလ ကွမ်းအစ်စသည်၌ ငွေထုံးဗူးစသည်တို့မှာ လူ ဥစ္စာပင်ဖြစ်စေကာမူ ကိုင်ရုံမျှ မကိုင်ကောင်းရကား အဘယ်မှာထည့်၍ စားကောင်းပါတော့ မည်နည်း၊ နှိးခွက် နှီးကွမ်းအစ်တို့ကိုပင် သစ်သားခွက်နှင့် အလားတူဟု သဘောထား၍ လဘက်ကွမ်းစသည် ထည့်စားမှုကို ရှောင်ကြဉ်ကြသည်။

ဖလိကောစ-ဖလ်ခွက်သည်၎င်း၊ ကာစကံသဇာ-ချက်ကျောက်ခွက်နှင့် စဉ့်ခွက်, ကြေးဖြူကြေးဝါခွက်တို့သည်၎င်း၊ ဂိဟိသန္တကာ-လူ့ ဥစ္စာဖြစ်ကုန်သော်၎င်း၊ သံဃိကာ-သံဃိကဖြစ်ကုန်သော်၎င်း၊ ကပ္ပိယာ-အပ်ကုန်၏၊ [ပါရာဇိကဏ် ကာယသံသဂ္ဂဋ္ဌကထာ၌ “ဇာတိဖလိက-ဖလ်စစ်

စာမျက်နှာ-၁၁၁

တွင်းထွက်ဖက်ကို ပတ္တမြားနှင့်အလားတူ မသုံးသပ်ကောင်း”ဟု ဆိုထား၏၊ ဤ၌ကား သုံးသပ်ကိုင်ကောင်းသေးသောကြောင့် “ဖလိက” အရ ဖလ်စစ်ခွက်မဟုတ်ရာ၊ သဲကိုချက်၍ ပြုလုပ်အပ်သော ယခုကာလ ဖန်ခွက်သာ ဖြစ်တန်ရာ၏၊ ထို့ပြင်-“ပစိတွာ ကတော ကာစမဏိ”ဟု ထိုအဋ္ဌကထာ ဆိုသောကြောင့်၎င်း၊ “ကာစော-သည်၊ ကဉ္စနသံသဂ္ဂါ-ရွှေနှင့်ပေါင်းမိခြင်းကြောင့်”ဟု စာဏကျနီတိဆိုသောကြောင့်လည်းကောင်း, ချက်ကျောက်ကို ကာစ၌ သွင်းယူလိုက်သည်၊ ဤစကားအရ-ချက်ဖန်ခွက် ချက်ကျောက်ခွက် စဉ့်ခွက် ကြေးဖြူ ကြေးဝါခွက်တို့မှာ ပုဂ္ဂလိကအဖြစ်ဖြင့် မသုံးစွဲအပ်, သံဃိက သို့မဟုတ် လူ့ ဥစ္စာဖြစ်မူ ထည့်စားကောင်း၏ဟုလည်းကောင်း, ယခုကာလ ကြေးဝါ ဇွန်းနှင့် ဖလ်ခွက် ဖလ်ချိုင့်စသည်တို့ ပုဂ္ဂလိက မအပ်ကြောင်းကိုလည်းကောင်း, သတိပြုပါ။]

တုမ္ဗဃရိဇာ-ဗူးရွက်, အိုးခွက်တို့သည်၊ တာဝကာလိကာ-တခဏမျှ ထည့်၍ စားသောက်ကောင်းကုန်၏၊ [သွားလေရာယူ၍ သပိတ်ကဲ့သို့ကား အမြဲမသုံးစွဲကောင်း, ခဏလောက် ထည့်စား၍ စွန့်ပစ်ထားခဲ့ရမည်-ဟူလို၊ ဖက်ရွက် သစ်ရွက်ဖြင့်လုပ်သော ဖက်ခွက်များလည်း ထို့အတူ တခဏမျှ ထည့်စားကောင်း၏ဟု ဋီကာတို့၌ ဆို၏။]

စဉ်းစားဖွယ်။ ။ “ထည့်၍ မစားကောင်း” ဟုဆိုခဲ့သော သစ်သားခွက်နှီးခွက် စသည်၌ အချို့က ယာမကာလိကဖြစ်သော ခဲဖွယ်ဘောဇဉ်ကိုသာ ထည့်၍ မစားမသောက်ကောင်း ယာမကာလိက အဖျော်ရည်စသည်ကိုကား စားသောက်ကောင်း၏ဟု ယူကြ၏။ ဝိနယကောသလ္လ၌ကား မည်သည့်ကာလိကမဆို ထည့်၍ မစားသောက်ကောင်းဟု ယူလို၏၊ စူဠဝါခုဒ္ဒကဝတ္ထု ခန္ဓကပါဠိတော်၌ သပိတ်အမျိုးမျိုးကို ပယ်ချက် နှင့်စပ်၍ အဋ္ဌကထာ၌ ခွက်အဖြစ်ဖြင့်အပ်-မအပ်ကို စိစစ်ထားသော အရာဖြစ်၏။ သပိတ်ခွက်ဟူသည်မှာ စားသောက်ဖွယ် အားလုံးကို (ယာမသတ္တာဟ ယာဝဇီဝိကမကျန်) ထည့်စားဘို့ရာဖြစ်၏။ သို့ဖြစ်၍ ထည့်၍မစားကောင်း”ဟု ဖယ်ရှားအပ်သော ခွက်များမည်သည့် ကာလိကကိုမျှ ထည့်၍ မစားခြင်းသာ သင့်လျော်ဖွယ် ရှိ၏။ ထို့ကြောင့် ဝိနည်းဓိုရ်ပုဂ္ဂိုလ်များသည် နှီးကွမ်းအစ်၌ ကွမ်းထည့်၍ မစားကြ, နှီးကွမ်းအစ်ဖြင့် ကပ်လျှင်လက်ပေါ် တဆင့်ပြောင်း၍ စားကြ၏၊ နှီးခွက်ဖြင့်လည်း အဖျော်ရည်စသည်ကို မသောက်ကြကုန်။

စာမျက်နှာ-၁၁၂

ဂ။ ဘေသဇ္ဇသိက္ခာပုဒ်

အမှုသည်—ရဟန်းအများ။

အမှု—ထောပတ်စသော ဆေးများကို ကြာရှည်စွာသိမ်းထားမှု။

အာရမ်စောင့် ခွင့်ပြုတော်မူပုံ။ ။ အရှင်ပိလိန္ဒဝစ္ဆသည် ရာဇဂြိုဟ်မြို့၌ လိုဏ်ဂူပြုလုပ်ရာဝယ် တောင်ဝှမ်းကို (ရဟန်းအများအား) ရှင်းလင်းစေစဉ်, ဗိမ္ဗိသာရ မဟာရာဇာ ရောက်လာခိုက်နှင့် ကြုံကြိုက်၍ ရဟန်းအများ ကြိုးကြိုးစားစား ရှင်းလင်းနေသည်ကို မြင်ရသောကြောင့် “အာရာမ်စောင့် (ကပ္ပိယ) အလိုရှိပါသလား”ဟု အရှင်ပိလိန္ဒအား လျှောက်လေသော်, “မဟာရာဇာ...အာရာမ်စောင့်ကို ဘုရားရှင်ခွင့်ပြုတော် မမူသေး”ဟု မိန့်တော်မူလျှင်, ဘုရားရှင်ထံလျှောက်၍ ဒါယကာအား အကြောင်းကြားပါ-ဟု လျှောက်သွားလေသည်၊ ထို့နောက် သာဝတ္ထိမြို့သို့ တမန်စေလွှတ်၍ “ဗိမ္ဗိသာရ မဟာရာဇာသည် အာရာမ်စောင့်ကို လှူလိုပါကြောင်း”ဘုရားရှင်အား လျှောက်လေရာ, မြတ်စွာဘုရားသည် “အာရာမ်စောင့်ကို ခွင့်ပြုတော်မူ၏”ဟု မိန့်တော်မူလေသည်။

အာရာမ်စောင့် ငါးရာလှူရပုံ။ ။ မဟာရာဇာသည် အရှင်ပိလိန္ဒထံ အာရာမ်စောင့်လှူပါမည်ဟု ဝန်ခံပြီးနောက် မေ့နေရာ အတော်ကြီးကြာမှ သတိရသဖြင့် အမတ်ကြီးကို “အာရာမ်စောင့် လှူပြီး ပြီလား” ဟု မေး၍ မလှူရသေးကြောင်းသိလျှင် ဝန်ခံခဲ့သည်မှစ၍ ရက်တို့ကို ရေတွက်စေရာ ရက်ပေါင်းငါးရာ လွန်လာသောကြောင့် ထိုရက်နှင့် အရေအတွက်ညီမျှအောင် အာရာမ်စောင့်ငါးရာကို လှူစေလေသည်၊ ထိုသူတို့ဖြင့်ပင် သီခြားရွာတစ်ရွာတည်ရ၏။ ထိုရွာကို “အာရာဓိကရွာ” ဟုလည်းကောင်း, ပိလိန္ဒဝစ္ဆရာ”ဟု၎င်းခေါ်ကြသည်။

တန်ခိုးပြရပုံ။ ။ ထိုရွာ၌ ပွဲလမ်းသဘင်ရှိ၍ မိန်းကလေးတို့သည် ဝတ်စား တန်ဆာ ဆင်ပြင်ကာဖြင့် လွန်စွာပျော်ရွှင် ကြလေ၏၊ သတို့သ္မီးကလေး တစ်ယောက်ကား ဆင်းရဲနွမ်းပါလှသဖြင့် တန်ဆာမရှိ၍ ငိုနေလေသည်၊ အရှင်ပိလိန္ဒဝစ္ဆသည် ဆွမ်းခံကြွတော်မူစဉ် တွေ့မြင်ရ၍ မြက်ခွေတစ်ခုကို ဓိဋ္ဌာန်ပြီးလျှင် “ရော့....ဒီမြက်ခွေကို သူ၏ဦးခေါင်း၌ စွပ်လိုက်”ဟု ကလေးမ၏ မိခင်ဖြစ်သူ အာရာမ်စောင့်မိန်းမကို ပေးလေသည်၊ အာရာမ်စောင့်မိန်းမသည် သူ့ သ္မီး၏ ဦးခေါင်းပေါ်ကို စွပ်လိုက်ရာ ပဒုမ္မာ ရွှေကြာပန်းဖြစ်သွား၍ အလွန်ရှုချင်ဖွယ် တင့်တယ်လေသည်။

စာမျက်နှာ-၁၁၃

မလိုသူတို့က “ဒီလောက်လှပသော ရွှေကြာပန်းသည် နန်းတော်၌ပင်မရှိနိုင်၊ ထိုဆင်းရဲသူမှာ ဘယ်နည်းနှင့် ရှိနိုင်မည်လဲ, ဧကန် ခိုးယူလာတာဖြစ်ပါလိမ့်မည်”ဟု ဘုရင့်ထံ သံတော်ဦးတင်ကြသောကြောင့် ထိုအိမ်သူ အိမ်သားတို့ကို ဖမ်းစေလေသည်၊ နောက်တစ်နေ့ ဆွမ်းခံကြွတော်မူလာသည့်အခါ ထိုအကြောင်းကို အရှင်ပိလိန္ဒဝစ္ဆ သိတော်မူ၍ နန်းတော်သို့ ကြွသွားပြီးလျှင် ဗိမ္ဗိသာရ မဟာရာဇာအား အကျိုးအကြောင်းကို မေး၍ ရွှေပန်းအတွက် ဖမ်းရကြောင်းကို သိတော်မူရကား “နန်းတော်ပြာသာဒ်ကို ရွှေပြာသာဒ် ဖြစ်စေ”ဟု ဓိဋ္ဌာန်လိုက်ရာ ရွှေနန်းတော်ကြီးကို မဟာရာဇာကိုယ်တိုင် မြင်ရလေသည်။ ထိုအခါကျမှ “အရှင်ဘုရားတန်ခိုးကြောင့် (အခိုက်အတန့်မျှ) ရွှေပန်းဖြစ်ရသည်ကို သိပါပြီ” ဟု လျှောက်၍ ထိုသူများကို လွှတ်စေရလေသည်။

ဆေးပစ္စည်းများကို သိမ်းဆည်းထားမှု။ ။ “အရှင်ပိလိန္ဒဝစ္ဆသည် မင်းပရိသတ်အလယ်၌ တန်ခိုး ပြတော်မူသတဲ့” ဟု လူအများ ကြားသိကြ၍ အလွန် ကြည်ညိုရကား “ထောပတ်, ဆီဦး, ဆီ, ပျားရည်, တင်လဲ”ဟူသော (ရောဂါရှိလျှင် နေ့လွှဲအခါ၌ သုံးဆောင်ကောင်း၍ ဆေးဟု အသိအမှတ်ပြုအပ်သော) ပစ္စည်းများကို လှူကြလေသည်၊ အရှင်ပိလိန္ဒဝစ္ဆကား ရတိုင်းရတိုင်းကို ရဟန်းပရိသတ်အား စွန့်လိုက်၏၊ သို့သော် အရှင်ပိလိန္ဒဝစ္ဆကို မှီကပ်၍နေသော ထိုပရိသတ်သည် လာဘ်လာဘကို များစွာ လိုလားသူများဖြစ်ရကား ရတိုင်းရတိုင်း အိုးကြီး အိုးငယ်ဖြင့် သိုလှောင် ထားရုံမက, ရေစစ်ပုဝါသပိတ်စသည်၌လည်း အပြည့်သိပ်၍ ပြူတင်းပေါက် စသည်၌ တို့လို့တွဲလဲ ဆွဲချိပ်ထားကြရကား (အစားအသောက် သိမ်းဆည်း မှုမရှိစဉ်က) ကြွက်မရှိသော ကျောင်းများသည် ကြွက်တို့ဖြင့် ရောပြွမ်းနေ တော့သတည်း။

စစ်ဆေးတော်မူခြင်း။ ။ ကျောင်းစဉ်လှည့်၍ အကြည့်အရှု လာကြသော လူတို့သည် သိုမှီး သိမ်းဆည်းထားသော ထိုအိုး-အိတ်တို့ကိုမြင်ကြ၍ “ရှင်ဘုရင်မှာ အတွင်းဂိုဒေါင် (ကျီ-ကျ)ရှိသကဲ့သို့ ရဟန်းတော်များမှာလဲ အတွင်း ကျီ-ကျရှိကြသည်” ဟု ခနိုးခနဲ့နှင့် ကဲ့ရဲ့ကြသည်ကို ပစ္စည်းမသိမ်း ဆည်းသော ရဟန်းတော်များကြား၍ ကဲ့ရဲ့ကြပြီးလျှင် ဘုရားရှင်အား လျှောက်ကြလေရာ, သံဃာစည်းဝေးစေတော်မူ၍ “ရဟန်းတို့... ပစ္စည်း ပေါများဖို့ရာ အားထုတ်ကြ (သိမ်းဆည်းကြ) သည်”ဟု ကြားတော်မူရသည်

စာမျက်နှာ-၁၁၄

မှာ မှန်သလော-ဟု စစ်ကြောတော်မူပြီးလျှင် “မှန်ပါကြောင်း”ဝန်ခံကြသဖြင့် များစွာ ရှုတ်ချတော်မူပြီးကာ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာနိ ခေါ ပန တာနိ ဂိလာနာနံ ဘိက္ခူနံ ပဋိသာယနီယာနိ ဘေသဇ္ဇာနိ, သေယျထိဒံ – သပ္ပိ နဝနီတံ တေလံ မဓု ဖာဏိတံ, တာနိ ပဋိဂ္ဂဟေတွာ သတ္တာဟပရမံ သန္နိဓိကာရကံ ပရိဘုဉ္ဇိတဗ္ဗာနိ, တံ အတိက္ကာမယတော နိဿဂ္ဂိယံ ပါစိတ္တိယံ။

မြန်မာပြန်။ ။ မကျန်းမမာသော ရဟန်းတို့သည် သာယာနိုင် သုံးဆောင် နိုင်ကုန်သော အကြင်ဆေးများရှိ၏၊ အဘယ်ဆေးများနည်း-ဟူမူ၊ ထောပတ်, ဆီဦး, ဆီ, ပျားရည်, တင်လဲ ဤငါးမျိုးတည်း၊ ထိုဆေးတို့ကို အကပ်ခံပြီးလျှင် အလွန်ဆုံး ၇-ရက်မျှ သိုမှီးသိမ်းဆည်း၍ သုံးစွဲနိုင် သုံးစွဲကောင်း၏၊ ၇-ရက်ထက် လွန်သွားလျှင်ကား ထိုဆေးများ နိဿဂ္ဂိထိုက်၍ ထိုရဟန်းလည်း ပါစိတ် အာပတ်သင့်သည်။

မှတ်ချက်။ ။ ဆီဦးကို “ထောပေး = မသကာ”ဟု ခေါ်ကြသေး၏။ “ဆီ”ဟူရာ၌ ဝက်ဆီစသော သားဆီ, ငါးကြီးဆီစသော ငါးဆီ, မုန်ညင်းဆီ, နှမ်းဆီ, ပဲဆီစသော ဆီအမျိုးမျိုးပါဝင်၏၊ သားငါးဆီများ၌ အသားဖတ် မပါအောင် စစ်ပြီးသား ဖြစ်စေရမည်၊ ငါးကြီးဆီ၌ မုယောစပါးမှုန့်စသည် ရောထားလျှင် ၇-ရက်မအပ်၊ ဆွမ်းခဲဖွယ်ကဲ့သို့ နံနက်ပိုင်း တရက်သာ အပ်၏။ “ဖေါဏိတ”ဟူရာ၌ ယခုကာလ ကြံမှဖြစ်သော ကြံရှည်-သကြား (အခြားပစ္စည်းမှ ဖြစ်သောသကြား) ကြံသကာစသည်နှင့် ထန်းပင် ပေပင် တို့မှဖြစ်သော ထန်းရည် ပေရည် ထန်းလျက် သကာ တင်လဲ (နယ်နု-ပွက်ရည်)စသည်တို့ ပါဝင်ကြသည်၊ အားနည်းသော ရောဂါရှိသူများသည် ထောပတ် ငါးကြီးဆီ စစ်စစ်များကို ည၌ သုံးစွဲကောင်း၏၊ ထိုကဲ့သို့ အကပ်ခံထားသော ထောပတ်စသည်ကို နောက်တရက်၌ ဆွမ်းစသော အာမိသနှင့်ရော၍ကား မစားကောင်း၊ ရောဂါရှိလျှင်ကား သူ့ချည်း သက်သက် ဆွမ်းစသည်နှင့်မရောဘဲ ခံတွင်း၌ ဆွမ်းစသော အာမိသများလည်း မရှိစေဘဲ နောက်ရက်များ၌ အချိန်မရွေး နေလွဲ-မလွဲ စားကောင်းသည်။

ဆက်ဦးအံ့—ဤသိက္ခာပုဒ်တော်ပညတ်ချက်အရ ထန်းလျက်ကြံသကာ (နယ်နု-ပွက်ရည် သကြားအမှုန့်အခဲ ချိုချဉ်)များသည် ယနေ့ အကပ်ခံ၍ နေလွှဲအခါ (ယနေ့အကပ်ခံပြီးနောက် ၇-ရက်အတွင်း နောက်နောက်

စာမျက်နှာ-၁၁၅

ရက်များ၏နေ့လွဲ-မလွဲအခါ) လေနာခြင်းစသော ရောဂါရှိ၍ သူနှင့်ဆေး ဖက်ဖြစ်မှ စားကောင်း၏ ယခုကာလ၌ကား ရဟန်းသာမဏေနှင့် ဥပုသ်သည်များ စားကောင်းသည်ထင်၍ စားလေ့ရှိကြ၏။ အမှန်အားဖြင့် မစားကောင်း၊ “အနုဇာနာမိ ဘိက္ခဝေ ဂိလာနဿ ဂုဠှံ, အဂိလာနဿ ဂုဠော ဒကံ = ဂိလာနအတွက် ထန်းလျက် ကြံသကာစသည် အခဲ အတုံး အမှုန့်ကိုလည်းကောင်း, ဂိလာနမဟုတ်သူအတွက် ဂုဠနှင့်ရောသောရေ (ထန်းရည်စသည်)ကိုလည်းကောင်း, ခွင့်ပြုတော်မူ၏”ဟူသော သိက္ခာပုဒ်တော်အရ ထန်းရည်ကြံရည် ဖျော်ရည်ဘိလပ်ရည်စသော အရည်များကိုကား ဆာလောင်မွတ်သိပ် ရောဂါမရှိသော်လည်း သောက်ကောင်း၏။” “ဆာလောင် မွတ်သိပ်မှသာ သောက်ကောင်း”ရကား ယခုကာလ၌ မွန်းလွဲခါစ ကပ်လှူကြသည်ကို အမှန်အားဖြင့် မသောက်ကောင်းဟုမှတ်။

ဃ။ ဝဿိကသာဋိက သိက္ခာပုဒ်

အမှုသည်—ဆဗ္ဗဂ္ဂီ ရဟန်းများ။

အမှု—မိုးလ မရောက်ခင် မိုးရေခံသင်္ကန်း ချုပ်ဆိုးဝတ်မှု။

ဝဿိကသာဋိက ခွင့်ပြုတော်မူရပုံ။ ။ အခါတစ်ပါး၌ သာဝတ္ထိမြို့ ဇေတဝန် ကျောင်းတော်ဝယ် (တိစီဝရိက် ဓုတင်ဆောင်ဖြစ်ကြ၍ သင်းပိုင် အပိုမရှိ ကြသော) ရဟန်းတော်တို့သည် လေးကျွန်းလုံးနှံ့အောင် သည်းထန်စွာရွာသော မိုးရေကို ရေသနုပ် (ရေလဲ) သင်္ကန်းမပါဘဲ ခံယူ (ချိုး)ကြလေသည်၊ ထိုအချိန်မှာပင် ဝိသာခါသည် ကျွန်မကို ဆွမ်းစားအပင့် ခိုင်းလိုက်ရာ ထိုမိုးရေချိုးနေကြသော ကိုယ်တော်တွေကို (အဝတ်မပါသောကြောင့်) တိတ္ထိတက္ကဒွန်းတွေ ထင်၍, ပြန်လှည့် သွားပြီးလျှင် “ကျောင်းတော်မှာ ရဟန်းတော်များ မရှိကြပါ, တက္ကဒွန်းတွေသာ မိုးရေခံနေကြပါသည်”ဟု ပြန်ပြောလေသည်၊ ထို့နောက် ဘုရားရှင်နှင့် တကွ ဆွမ်းဘုဉ်းပေးကြွလာ၍ ဆွမ်းဘုဉ်းပေးပြီးသောအခါ၊ ဝိသာခါသည် ကျွန်မ၏ အထင်မှားပုံကို လျှောက်ထား၍ ရဟန်းများအား မိုးရေခံ သင်္ကန်း လှူပါရစေ”ဟု ခွင့်တောင်းမှုကြောင့် “မိုးရေခံသင်္ကန်း”ဟု ခေါ်ရသော ဝဿိကသာဋိကာကို ခွင့်ပြုတော်မူရလေသည်၊ [ဝဿိကာ-မိုးအခါ၌ ဝတ်ရသော+သာဋိကာ-အဝတ်၊ ဝါ-သင်္ကန်း၊ မိုးရေခံ သင်္ကန်း၏ အလျားအနံ့ ပမာဏနှင့်တကွ သုံးစွဲနည်းကို သုဒ္ဓပါစိတ်ရတနဝဂ် ကျပြအံ့။

စာမျက်နှာ-၁၁၆

ဆဗ္ဗဂ္ဂီ ရဟန်းတို့ ဖြစ်ပုံ။ ။ မြတ်စွာဘုရားသည် ဝဿိကသာဋိကာကို ခွင့်ပြုတော် မူအပ်ပြီ-ဟု ယူဆကြ၍ မိုးလနှင့် အတော်ဝေးသော အချိန်ကပင် မိုးရေခံသင်္ကန်းကို ရှာ၍ ချုပ်ဆိုးကပ္ပဗိန္ဒုထိုးကြပြီးလျှင် ဝတ်ကြလေ၏၊ မိုးလရောက်၍ မိုးရွာချိန်၌ကား ထိုသင်္ကန်း ဆွေးမြည့်လာပြီ (စုတ်ပြတ်ပြီ) ဖြစ်၍ အဝတ်မပါဘဲ မိုးရေခံကြလေသည်၊ ထိုအကြောင်းကို အခြားရဟန်းတို့သည် ဘုရားရှင်အား လျှောက်ကြသဖြင့် ကဲ့ရဲ့တော်မူပြီးလျှင် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်၊ ဤသိက္ခာပုဒ်သည် မိုးရေခံသင်္ကန်းကို ရှာနိုင်ရာ အချိန် ကာလနှင့် ချုပ်ဆိုး ကပ္ပဗိန္ဒုထိုး၍ ဝတ်နိုင်ရာ အချိန်အခါကို ပြသော သိက္ခာပုဒ်ဖြစ်သည်။

သိက္ခာပုဒ်။ ။ “မာသော သေသော ဂိမှာန”န္တိ ဘိက္ခုနာ ဝဿိကသာဋိကစီဝရံ ပရိယေသိတဗ္ဗံ, “အဒ္ဓမာသော သေသော ဂိမှာန”န္တိ ကတွာ နိဝါသေတဗ္ဗံ။ ဩရေန စေ “မာသော သေသော ဂိမှာန”န္တိ ဝဿိကသာဋိကစီဝရံ ပရိယေသေယျ, ဩရေန“ဒ္ဓမာသော သေသော ဂိမှာန”န္တိ ကတွာ နိဝါသေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။

မြန်မာပြန်။ ။ မာသော သေသော ဂိမှာနန္တိ ဘိက္ခုနာ ဝဿိကသာဋိက စီဝရီ ပရိယေလိတဗ္ဗံ = နွေ ၄ လတွင် တလသာ ကျန်တော့၏-ဟု ဆိုထိုက်ရာ (မြန်မာအသုံးအနှုန်း အားဖြင့်) နယုန် လပြည့်ကျော် တရက်နေ့၌ (ထိုတရက်နေ့မှစ၍ နောက်မိုးလ ကုန်အောင် ကာလအတွင်း၌) ရဟန်းသည် မိုးရေခံသင်္ကန်းကို ရှာနိုင်၏, ရှာကောင်း၏၊ အဍ္ဎမာသော သေသော ဂိမှာနန္တိ ကတွာ နိဝါသေဗ္ဗံ = နွေလတို့တွင် ၁၅-ရက်သာ ကြွင်းကျန်တော့၏” ဟု ဆိုထိုက်ရာ ဝါဆိုလဆန်း ၁-ရက်၌ (ထိုရက်မှစ၍ နောက်မိုးလကုန်အောင် ကာလအတွင်း၌) ချုပ်မှု ဆိုးမှု ကပ္ပဗိန္ဒုထိုးမှုကို ပြု၍ ဝတ်နိုင်၏, ဝတ်ကောင်း၏၊ ဩရေနစေ၊ ပေ၊ နိဝါသေယျ = ထို့နောက်ဆုံး နွေ တလ၏ ဤဘက်၌ (နယုန်လပြည့်ကျော် မတိုင်မီ၌) မိုးရေခံသင်္ကန်း ရှာ၍ရသော်လည်းကောင်း, ‌နွေလ၏နောက်ဆုံး ၁၅-ရက်၏ ဤမှာဘက်၌ (ဝါဆိုလဆန်း ၁-ရက်နေ့မတိုင်မီ၌) ချုပ်မှု ဆိုးမှု ကပ္ပဗိန္ဒုထိုးမှုကို

စာမျက်နှာ-၁၁၇

ပြု၍ဝတ်သော်လည်းကောင်း, ထိုသင်္ကန်း နိဿဂ္ဂိတိုက်၍ ပါစိတ်အာပတ်လည်းသင့်သည်။ [ထိုထက်အကျယ်ကို ပါတိမောက်ဘာသာဋီကာမှာရှု၊]

င။ စီဝရအစ္ဆိန္ဒနသိက္ခာပုဒ်

အမှုသည်—ရှင်ဥပနန္ဒ။

အမှု—ပေးပြီးသင်္ကန်းကို ပြန်၍လုယူမှု။

ရှင်ဥပနန္ဒ၏ စိတ်အကြံ။ ။ အရှင်ဥပနန္ဒသည် နောင်တော်၏ တပည့်တစ်ပါးကို “ငါ့ရှင်...လိုက်ခဲ့ပါ, ဇနပုဒ်သို့ ဒေသစာရီ လှည့် ကြစို့”ဟု ခေါ်၏။ “မလိုက်လိုပါ, တပည့်တော်မှာ သင်္ကန်း နည်းပါး နေပါသည်” ဟု ပြောလေသော် “လိုက်သာလိုက်ခဲ့ပါ, ငါက သင့်အား သင်္ကန်းပေးပါမည်”ဟုပြော၍ သင်္ကန်းပေးလေသည်၊ ထို့နောက် ထိုရဟန်းသည် “မြတ်စွာဘုရား ဇနပုဒ်သို့ ဒေသစာရီ ကြွတော်မူလိမ့်မည်”ဟု ကြား၍ ရှင်ဥပနန္ဒနှင့် မလိုက်ဘဲ မြတ်စွာဘုရားနှင့် လိုက်မည်”ဟု အကြံ ဖြစ်ပြန်၍, ရှင်ဥပနန္ဒက သွားကြစို့ဟု ခေါ်သောအခါ “ဘုရားနှင့်လိုက်တော့မည်”ဟု ပြောလေသည်၊ ရှင်ဥပနန္ဒသည် “သူနှင့်အတူလိုက်၍ သူ၏ သပိတ် သင်္ကန်း ဖိနပ်နေရာခင်းတို့ကို ယူဖေါ်ရလိမ့်မည်ဟု အထင်နှင့် သင်္ကန်းပေးခဲ့၏၊ ထို့ကြောင့် သူနှင့်အတူ မလိုက်တော့ဘူးဟု ပြောလိုက်လျှင်ပင် စိတ်ဆိုးလာ၍ သူပေးထားပြီးသော သင်္ကန်းကို (သူ့ဟာဟု သေဘာထားကာ အတင်းပြန်ယူလေတော့သည်၊ ထိုသို့ ပြန်၍ သင်္ကန်းလုယူမှုကြောင့် သိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဘိက္ခုဿ သာမံ စီဝရံ ဒတွာ ကုပိတော အနတ္တမနော အစ္ဆိန္ဒေယျ ဝါ အစ္ဆိန္ဒာပေယျ ဝါ, နိဿဂ္ဂိယံ ပါစိတ္တိယံ။

မြန်မာပြန်။ ။ အကြင်ရဟန်းသည် အခြားရဟန်းအား သင်္ကန်းကို ကိုယ်တိုင်ပေးပြီးနောက်, စိတ်ဆိုးသည် မိမိ၏ ပင်ကိုယ်စိတ် မရှိသည် ဖြစ်၍ ကိုယ်တိုင်မူလည်း အတင်းယူအံ့၊ တစ်ယောက်ယောက်ကိုမူလည်း အတင်းအယူခိုင်းအံ့၊ ထိုရလာသော သင်္ကန်းသည် နိဿဂ္ဂိတိုက်၍ ထိုရဟန်းလည်း ပါစိတ်အာပတ်သင့်သည်။

စာမျက်နှာ-၁၁၈

စ။ သုတ္တဝိညတ္တိ သိက္ခာပုဒ်

အမှုသည်—ဆဗ္ဗဂ္ဂီ ရဟန်းများ။

အမှု—ချည်တို့ကို များစွာတောင်းမှု။

ချည်များစွာ တောင်းခြင်း။ ။ ဆဗ္ဗဂ္ဂိယ ရဟန်းတို့သည် သင်္ကန်းချုပ်ချိန် အခါကာလ၌ ချည်တို့ကို များစွာတောင်းကြလေ၏။ သင်္ကန်းချုပ်ပြီးသော်လည်း များစွာပိုနေသေး၏၊ ထိုအခါ အခြားချည်တို့ကို ထပ်မံတောင်း၍ ရက်ကန်းသ္မားတို့ကို သင်္ကန်းအရက် ခိုင်းရလျှင် ကောင်းမည်”ဟု ကြံ၍ ထိုအကြံအတိုင်း ထပ်မံတောင်း၍ အရက်ခိုင်းကြလေသည်၊ သင်္ကန်းရက်ပြီးနောက်လည်း ချည်များစွာ ပိုနေသေးရကား နောက်ထပ်ဖြည့်စွက်တောင်းယူ၍ ၂-ကြိမ်မြောက်လည်းကောင်း, ၃-ကြိမ်မြောက်လည်းကောင်း, အရက်ခိုင်းကြလေသည်။ ထိုအခါ လူတို့ကဲ့ရဲ့ကြသည်ကို ရဟန်းတော်များ ကြား၍ ဘုရားထံ လျှောက်ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်၊ ထို့ကြောင့် ဤသိက္ခာပုဒ်ကို ကိုယ်တိုင် ချည်ကိုတောင်း၍ ရက်ကန်းသွားတို့ကို ရက်စေမှုကြောင့် ပညတ်ရသော သိက္ခာပုဒ်ဟုမှတ်။

သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု သာမံ သုတ္တံ ဝိညာပေတွာ တန္တဝါယေဟိ စီဝရံ ဝါယာပေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။

မြန်မာပြန်။ ။ အကြင်ရဟန်းသည် ကိုယ်တိုင် ချည်ကို တောင်း၍ ရက်ကန်းသ္မားတို့ကို အရက်ခိုင်းအံ့၊ ထိုရဟန်းသည် နိဿဂ္ဂိယ ပါစိတ်အာ့ပတ်သင့်၏။

ဆ။ မဟာပေသကာရသိက္ခာပုဒ်

အမှုသည်—ရှင်ဥပနန္ဒ။

အမှု—မိမိတို့ ရည်မှန်းသော သင်္ကန်းကို ရည်မှန်းသော အဖိုးထက်ပို၍ ကုန်အောင်စီမံမှု။

ရှင်ဥပနန္ဒ၏ လောဘ။ ။ သာဝတ္ထိမြို့၌ ယောက်ျားတစ်ယောက်သည် အရပ်တစ်ပါးသို့ သွားခါနီးဝယ် သူ့ဇနီးကို “ချည်ကို ချိန်၍ ရက်ကန်း ရက်သူအား ပေးပြီးလျှင်, သင်္ကန်း-အရက်ခိုင်းထားပါ, ပြန်လာသောအခါ အရှင်ဥပနန္ဒအား သင်္ကန်းလှူမည်”ဟု မှာထားနေ၏၊ ထိုစကားကို ရဟန်းတစ်ပါး ဆွမ်းခံသွားစဉ်ကြားခဲ့၍ အရှင်ဥပနန္ဒအား

စာမျက်နှာ-၁၁၉

ပြောပြလေသည်။ ထိုရက်ကန်းရက်မည့် သူလည်း ရှင်ဥပနန္ဒ၏ ဒါယကာပင် ဖြစ်၏။ ထို့ကြောင့် ရှင်ဥပနန္ဒသည် ထိုရက်ကန်းသည်ထံသွား၍ “ဒါယကာ-ငါ့ကိုရည်မှန်း၍ ဤသင်္ကန်းကို ရက်စေခြင်းဖြစ်သည်၊ အလျားရှည်အောင်လည်း ပြုပါ အနံပြန့်အောင်လည်းပြုပါ, ပိတ်ပိတ်သဲသဲ ထူထဲအောင်လည်း ပြုပါ, ကောင်းစွာညီညီလည်း ရက်ပါ၊ စင်ပေါ်၌ ကောင်းစွာ ညီညီလည်း ဖြန့်ခင်းပါ, နယ်ဖြင့်လည်းကောင်းစွာ ကန်ပါ, ဘီးဖြင့်လည်းကောင်းစွာ ဖီးပါ”ဤသို့ ပြောလေသည်။

ထိုအခါ ရက်ကန်းသည်က ပြန်လျှောက်သည်မှာ-ချည်ကို ချိန်ပြီးမှ ပေးထားပါသည်။ အလျားရှည်အောင် အနံပြန့်အောင် ထူအောင်တော့ မတတ်နိုင်ပါ၊ ချည်ပို၍ မကုန်သော် ကောင်းစွာဖြန့်မှု စသည်ကိုသာ တတ်နိုင်ပါမည်၊ ဒကာ... ငါတိုက်တွန်း တောင်းပန်ပါရစေ (ငါပြောသလိုရက်ပါ-ဟု ဆိုလိုသည်)၊ ထိုချည်ဖြင့် ချို့တဲ့ခြင်း (လိုနေခြင်း) ဖြစ်လိမ့်မည် မဟုတ်ပါ၊ လိုနေလျှင် သူက ပြော‌ပေးမလိုလို- လေသံပေးလေသည်၊) ထိုအခါ ထိုရက်ကန်းသည်သည် ထိုပထမယူဆောင်အပ်သော ချည်အားလုံးကို သုံး၍ (မလောက်သဖြင့်) ထိုမိန်းမထံ တောင်းလေရာ, ထိုမိန်းမက “ဒီချည်ဖြင့် ရက်ပါလို့ တိုင်းပြီးပေးထားသည် မဟုတ်ပါလား”ဟု ပြောလေသော်, အရှင်မပြောတာ မှန်ပါတယ်၊ သို့သော် ရှင်ဥပနန္ဒက “အလျားရှည်ရှည် အနံပြန့်ပြန့် ထူထူရက်ပါ”ဟု တိုက်တွန်းလာသောကြောင့် ချည်မလောက်ကြောင်း ပြောသဖြင့် ပထမချည်လောက်ပင် များအောင် ပေးရပြန်လေသည်။

အလှူရှင် ကဲ့ရဲ့ပုံ။ ။ ထို့နောက် “ထိုသင်္ကန်းလှူမည့် ဒါယကာသည် အရပ် တစ်ပါးမှ ပြန်လာပြီ”ဟုရှင်ဥပနန္ဒကြား၍ ဒါယကာထံသို့ သွားလေသော် ထိုဒါယကာသည် မိမိဇနီးကို “ထိုသင်္ကန်း ရက်ပြီးပြီလား”ဟု မေး၍ ရက်ပြီးသော ထိုသင်္ကန်းကို ဇနီးသည်က သူ၏ ခင်ပွန်းအားပေးပြီးလျှင် နောက်ထပ် ချည်ပေးရပုံနှင့်တကွ အကြောင်းစုံကို ပြောပြလေသည်၊ ထိုဒါယကာသည် ထိုသင်္ကန်းကို (စိတ်မကျေမနပ်နှင့်) လှူလိုက်ပြီးနောက် “ဤရဟန်းတွေဟာ အလွန်လောဘကြီးတယ်, ရောင့်ရဲတင်းတိမ်ခြင်း မရှိကြဘူး သူတို့အား သင်္ကန်းလှူဖို့ မလွယ်ဘူး၊ ရှင်ဥပနန္ဒဟာ ငါကလဲ ဖိတ်မထားဘဲနဲ့ ဘာကြောင့် ရက်ကန်းသ္မားထံ သွား၍ စီမံရသလဲ”ဟု ကဲ့ရဲ့လေသည်။

စာမျက်နှာ-၁၂၀

ထိုအကြောင်းကို ဘုရားရှင် ကြားသိတော်မူရ၍ ရှင်ဥပနန္ဒ ပညတ်တော်မူရပုံကို ထိုဒါယကာနှင့် ဆွေမျိုးတော်-မတော်မေးတော်မူပြီးလျှင် ဆွေမျိုး မတော်ကြောင်း လျှောက်သဖြင့် “ဉာတိ မဟုတ်သူ တစ်ယောက်သည် ဉာတိမဟုတ်သူ တစ်ယောက်၏ လျောက်ပတ် မလျောက်ပတ်ကိုလည်း မသိနိုင်, သူတို့မှာ ရှိ-မရှိကိုလည်း မသိနိုင်၊ သို့ပါလျက် သင်သည် ဘာကြောင့် “ရှေးကလည်း အလိုရှိသလို စီမံပါ” စသည်ဖြင့် အလျှောက်မခံရဘူးဘဲ ဆွေမျိုးမတော်သူ၏ (ခိုင်းထားသော)ရက်ကန်းသည်ထံ သွား၍ အပိုကုန်အောင် စီမံရသနည်း”ဟု ကဲ့ရဲ့ရှုတ်ချတော်မူပြီးလျှင် ဆွေမျိုးမတော်သူ၏ ရက်ကန်းသည်ထံသွား၍ အပိုကုန်အောင် သင်္ကန်းစီမံမှုကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်၊ [သိက္ခာပုဒ် မြန်မာပြန်ပုံမှာ ရှေ့ပိုင်း၌ ဝတ္ထုကြောင်းအတိုင်း ထင်ရှားပြီ၊]

သိက္ခာပုဒ်။ ။ ဘိက္ခုံ ပနေဝ ဥဒ္ဒိဿ အညာတကော ဂဟပတိ ဝါ ဂဟပတာနီ ဝါ တန္တဝါယေဟိ စီဝရံ ဝါယာပေယျ, တတြ စေ သော ဘိက္ခု ပုဗ္ဗေ အပ္ပဝါရိတော တန္တဝါယေ ဥပသင်္ကမိတွာ စီဝရေ ဝိကပ္ပံ အာပဇ္ဇေယျ “ဣဒံ ခေါ, အာဝုသော, စီဝရံ မံ ဥဒ္ဒိဿ ဝိယျတိ, အာယတဉ္စ ကရောထ, ဝိတ္ထတဉ္စ, အပ္ပိတဉ္စ, သုဝီတဉ္စ, သုပ္ပဝါယိတဉ္စ, သုဝိလေခိတဉ္စ, သုဝိတစ္ဆိတဉ္စ ကရောထ, အပ္ပေဝ နာမ မယမ္ပိ အာယသ္မန္တာနံ ကိဉ္စိမတ္တံ အနုပဒဇ္ဇေယျာမာ”တိ။ ဧဝဉ္စ သော ဘိက္ခု ဝတွာ ကိဉ္စိမတ္တံ အနုပဒဇ္ဇေယျ အန္တမသော ပိဏ္ဍပါတမတ္တမ္ပိ, နိဿဂ္ဂိယံ ပါစိတ္တိယံ။

အပ္ပဝနာမ၊ ပေ၊ ပိဏ္ဍပါတမတ္တမ္ပိ- “ငါတို့ကလည်း သင်ဒါယကာတို့အား တစ်စုံတစ်ခုတော့ ပေးနိုင်ကောင်း ပေးနိုင်ပါလိမ့်မည်” [ဤစကားကား ကောင်းကောင်းရက်အောင် ရက်ကန်းသ္မားကို ချော့မော့ ဖြားယောင်းသော စကားတည်း၊] ဤသို့ပြော၍ တစ်စုံတစ်ခုနဲနဲပါးပါး ဆွမ်းကလေးဖြစ်စေ ပေးအံ့၊ ထိုသင်္ကန်း နိဿဂ္ဂိထိုက်၍ ရဟန်းလည်း ပါစိတ်အာပတ် သင့်၏၊ [သူ၏ တစ်စုံတစ်ခု ပစ္စည်းကို ပေးခြင်းကြောင့်ဖြစ်စေ-အထူးကောင်းအောင် ရက်ရာ၌ အလျားရှည်-အနံပြန့်-ထူထူထဲထဲဖြစ်အောင် ရက်လျှင် ချည်ပို၍ ကုန်ဖွယ်ရှိ၏၊ ထိုချည် အပိုကုန်ခြင်းကြောင့် ထိုသင်္ကန်း နိဿဂ္ဂိထိုက်ရသည်၊ ဆွမ်းစသည်ကို ပေးမှုကြောင့် နိဿဂ္ဂိထိုက်ခြင်းမဟုတ်၊ ရှေ့သိက္ခာပုဒ်နှင့်

စာမျက်နှာ-၁၂၁

ဤသိက္ခာပုဒ်နှစ်မျိုးလုံးပင် ရက်ကန်းသည်နှင့် စပ်၍ ဖြစ်ရ၏၊ ပေသကာရ သဒ္ဒါသည် တန္တဝါယသဒ္ဒါကဲ့သို့ ရက်ကန်းရက်သူကို ဟော၏၊ ဤသိက္ခာပုဒ်ကား ရှေ့သိက္ခာပုဒ်ထက် ရှည်လျားကျယ်ဝန်း၏၊ ထို့ကြောင့် ဤသိက္ခာပုဒ်ကို “မဟာပေသကာရ = ရှည်လျားသော ရက်ကန်းသည် သိက္ခာပုဒ်”ဟု နာမည် မှည့်ကြလေသည်။

ဇ။ အစ္စေကစီဝရသိက္ခာပုဒ်

အမှုသည်—ရဟန်းအများ။

အမှု— အစ္စေကသင်္ကန်းကို ကြာရှည်စွာထားမှု။

အစ္စေကသင်္ကန်း ခွင့်ပြုတော်မူရပုံ။ ။ သာဝတ္ထိမြို့၌ အမတ်ကြီးတစ်ယောက်သည်။ စစ်တပ်ရှိရာ (အရပ်တစ်ပါး)သို့ သွားခါနီးဝယ် ဝဿာဝါသိက သင်္ကန်းကို လှူဒါန်းလိုပါသည်ဟု မှာ၍ ရဟန်းများ အထံသို့ တမန်လွှတ်၍ အပင့်ခိုင်းလေသည်၊ ထိုအခါ ရဟန်းများသည် ဝါကျွတ်ပြီးသော ရဟန်းတို့အားသာ ဝဿာဝါသိက သင်္ကန်းကို ခွင့်ပြုတော်မူ၏၊ (ယခုဝါမကျွတ်သေး၍ အပ်မည်မထင်)”ဟု သံသယကုက္ကုစ္စဖြစ်ကြသောကြောင့် မသွားဘဲ နေကြလေသည်၊ ထိုအခါ အမတ်ကြီးသည် “ဘယ့်ကြောင့် အရှင်မြတ်တို့သည် ငါက ပင့်အပ်ပါကုန်လျက် မလာဘဲ နေကြရပါလိမ့်မည်နည်း၊ ယခုစစ်တပ်သို့ သွားရမည်ဖြစ်၍ ငါ၏အသက်ကို သိဖို့ (စိတ်ချဖို့)ခဲယဉ်းသည်”ဟု ကဲ့ရဲ့သောကြောင့် ဘုရားရှင်သည် အစ္စေက စီဝရကို ခံယူထားဖို့ရန် ခွင့်ပြုတော်မူရလေသည်။

မှတ်ချက်။ ။ ဝဿာဝါသိက သင်္ကန်းဟူသည် ဝါတွင်းကာလပတ်လုံး ဝါမကျိုးအောင် နေပြီးသော ရဟန်းများအား လှူအပ်သော သင်္ကန်းတည်း၊ ယခုကာလ၌ကား ဝါမဆိုခင် (ဝါဆိုသည့်အခါ ဝတ်ဖို့ရန်) ဝါဆို သင်္ကန်း လှူလေ့ရှိကြ၏။ ထိုဝါဆိုသင်္ကန်းသည် ဝဿာ ဝါသိကသင်္ကန်း မဟုတ်။

အစ္စေကသင်္ကန်း အရပ်တစ်ပါးသို့သွားခါနီးဖြစ်၍ အသက်ကို စိုးရိမ်ရသောကြောင့် ဖြစ်စေ, ကိုယ်ဝန်ရှိနေ၍ မကျန်းမမာဖြစ်နေ၍ အသက်စိုးရိမ် ရသောကြောင့်ဖြစ်စေ, အဆော့တလျင်(ရက်ကြာကြာ ဆိုင်းငံ့မနေလိုဘဲ အရေးတကြီး အလျင်အမြန်)လှူအပ်သောသင်္ကန်း, တရားနာရခြင်းစသည်ကြောင့် သဒ္ဓါတရားဖြစ်၍ အရေးတကြီး လှူအပ်သော သင်္ကန်းများတည်း၊ ထိုသို့ အရေးတကြီး လှူရာ၌လည်း “ဝဿာဝါသိကံ ဒဿာမိ =

စာမျက်နှာ-၁၂၂

ဝါလပတ်လုံးနေပြီးသော ရဟန်းအား လှူပါ၏” ဟု ဆို၍လှူမှသာ ဤသိက္ခာပုဒ်နှင့်ဆိုင်သော အစ္စေကသင်္ကန်းဖြစ်သည်၊ ထိုသို့ မဆိုဘဲ လှူရိုး လှူစဉ်အတိုင်း အရေးတကြီးလာ၍ “ဤသင်္ကန်းကို လှူပါ၏”ဟုဆိုလျှင် အစ္စေကသင်္ကန်းဟု ခေါ်နိုင်သော်လည်း ဤသိက္ခာပုဒ်နှင့်မဆိုင်။

[ဆောင်] ခရီးသွားမည်, ဂမ္ဘိနီနှင့်, မအီမကျန်း, သဒ္ဓါစွမ်းကြောင့်-ရဟန်းထံရင်း-ရုတ်ချင်းပင့်ကာ, လာတန်လာ၍, ဝဿာဝါသိ-ဒဿာမိဟု-ဆိုဘိလှူဒါန်း, ထိုသင်္ကန်း, ခေါ်မှန်းအစ္စေက။

အစ္စေကသင်္ကန်းကို ကြာမြင့်စွာထားမှု။ ။ “မြတ်စွာဘုရားသည် အ‌စ္စေကသင်္ကန်းကို ခံယူ၍ ထားဖို့ရန် ခွင့်ပြုတော်မူအပ်ပြီ”ဟု ကြံကြ၍ အစ္စေကသင်္ကန်းကို ခံယူပြီးလျှင် သင်္ကန်းကာလ ကုန်လွန်သော်လည်း အဓိဋ္ဌာန် ဝိကပ္ပနာ မပြုကြဘဲ သင်္ကန်းတန်း၌ အထုပ်ဖြင့် ဆွဲထားကြသည်ကို အရှင်အာနန္ဒာမြင်တော်မူ၍ ကဲ့ရဲ့ပြီးလျှင် ဘုရားရှင်အား လျောက်သောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရသည်၊ “သင်္ကန်းကာလ” ဟူသည် ကထိန် အကျိုး(အာနိသင်) မရလျှင် သီတင်းကျွတ်လပြည့်မှ တန်ဆောင်မုန်းလပြည့် အထိ တလတည်း၊ ကထိန် အာနိသင်ရလျှင် တပေါင်းလပြည့် အထိ ၅လတည်း၊ ထိုလရက်အတွင်း၌ အဓိဋ္ဌာန်မတင် ဝိကပ္ပနာမပြုဘဲ သင်္ကန်း ထားနိုင်သောကြောင့် “သင်္ကန်းကာလ”ဟု ခေါ်သည်။ ၏

သိက္ခာပုဒ်။ ။ ဒသာဟာနာဂတံ ကတ္တိကတေမာသိကပုဏ္ဏမံ ဘိက္ခုနော ပနေဝ အစ္စေကစီဝရံ ဥပ္ပဇ္ဇေယျ, အစ္စေကံ မညမာနေန ဘိက္ခုနာ ပဋိဂ္ဂဟေတဗ္ဗံ, ပဋိဂ္ဂဟေတွာ ယာဝ စီဝရကာလသမယံ နိက္ခိပိတဗ္ဗံ။ တတော စေ ဥတ္တရိ နိက္ခိပေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။

မြန်မာပြန်။ ။ သီတင်းကျွတ်လမပြည့်မှီ ၁၀ရက် လိုသေးသော အချိန် ကာလအတွင်း၌ (သီတင်းကျွတ်လဆန်း ၅-ရက်မှ လပြည့်အထိ ၁၁-ရက်အတွင်း၌) အစ္စေကသင်္ကန်းရသော ရဟန်းသည် အစ္စေကသင်္ကန်းဟု သိလျှင်ခံယူနိုင်၏၊ ခံယူပြီး၍ အဓိဋ္ဌာန် ဝိကပ္ပနာမပြုဘဲ သင်္ကန်းကာလကုန်အောင် ထားနိုင်၏၊ ထိုသင်္ကန်းကာလထက် လွန်၍ (အဓိဋ္ဌာန်ဝိကပ္ပနာမပြုဘဲ)ထားလျှင် နိသဂ္ဂထိုက်၍ ပါစိတ်အာပတ် သင့်၏။ ထိုထက်လွန်၍ မှတ်ဖွယ်ကို ပါတိမောက် ဘာသာဋီကာမှာ ရှု။]

စာမျက်နှာ-၁၂၃

ဈ။ သာသင်္ကသိက္ခာပုဒ်

အမှုသည်—တောကျောင်းရဟန်းအများ။

အမှု—၆ညဉ့်ထက်ပို၍သင်္ကန်းနှင့်ကင်းနေမှု။

တောကျောင်း ဘုန်းကြီးများ အခိုးခံရပုံ။ ။ နဂိုကတောကျောင်း၌ နေလေ့ရှိကြသော ရဟန်းတော်တို့သည် သင်္ကန်းရှားပါးခြင်းကြောင့် သင်္ကန်းရဖို့ရန် ရွာကျောင်းသို့လာ၍ ဝါကပ်ကြလေ၏၊ [ရွာကျောင်း၌ ဝါကျွတ်လျှင် ဝဿာဝါသိက သင်္ကန်းရတတ်၏၊ ထိုသင်္ကန်းကို မျှော်လင့် ကြဟန်တူသည်၊ ဝါကျွတ်သည့်အခါ သင်္ကန်းရသဖြင့် တောကျောင်းသို့ ပြန်၍ နေမြဲနေကြပြန်လေသည်၊ [တချို့အရပ်၌ တန်ဆောင်မုန်းလဝယ် “ပန်းထိုး ကာလ”ဟု ခေါ်၍ အပျော်အပါး ခိုးတမ်းကစားတတ်ကြ၏၊ ရှေးအခါကမူ အပျော်အပါး မဟုတ်ဘဲ တကဲ့သူခိုးများပင် ထိုတန်ဆောင်မုန်းလ၌ ခိုးကြလေသည်၊ ထိုသူခိုးများကို “ကတ္တိကစောရ = တန်ဆောင်မုန်းလသူခိုး” ဟု ခေါ်၏၊] ထိုကတ္တိကစောရတို့သည် “ရဟန်းများမှာ လာဘ်ပေါများသည်” ဟု အယူရှိ၍ တောကျောင်းဘုန်းကြီးများကို လုယက်ခိုးယူကြသဖြင့် ဘုရားရှင်အား လျှောက်ကြလေရာ “တောကျောင်းနေ ရဟန်းများသည် သင်္ကန်း ၃ ထည်တွင် တထည်ထည်ကို ရွာထဲ၌ ထားခြင်းငှါ ခွင့်ပြုတော်မူရလေသည်၊ [ထိုခွင့်ပြုတော်မူချက်အရ တိစီဝရိက်အဓိဋ္ဌာန် တင်ထားအပ်သော သင်္ကန်း နှင့် ကင်းနေသော်လည်း ဒုတိယကထိန (ဥဒေါသိတ) သိက္ခာပုဒ်ကြောင့် အပြစ်မရှိ။]

၆ ညဉ့်ထက်လွန်၍ ကင်းနေမှု။ ။ ဤသို့ရွာတွင်း၌ ထားခွင့်ပြုတော်မူလျှင်ပင် အချို့ရဟန်းများသည် ၆ညဉ့်ထက်ကျော်အောင် ထားသောကြောင့် ထိုသင်္ကန်းတချို့ ပျက်စီးကုန်ရကား သင်္ကန်းခေါင်းပါး (ရှားပါး)ကြလေသည်၊ ထိုအကြောင်းကို အခြားရဟန်းများ သိ၍ “ရွာတွင်း၌ ထားပြီးလျှင် ၆ ညဉ့်ထက် ကျော်လွန်အောင် ထိုသင်္ကန်းနှင့် ကင်း၍ ဘာ့ကြောင့် နေကြရသလဲ”ဟု ကဲ့ရဲ့ပြီး၍ ဘုရားအား လျှောက်ကြလေရာ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ဥပဝဿံ ခေါ ပန ကတ္တိကပုဏ္ဏမံ ယာနိ ခေါ ပန တာနိ အာရညကာနိ သေနာသနာနိ သာသင်္ကသမ္မတာနိ သပ္ပဋိဘယာနိ, တထာရူပေသု ဘိက္ခု သေနာသ

စာမျက်နှာ-၁၂၄

နေသု ဝိဟရန္တော အာကင်္ခမာနော တိဏ္ဏံ စီဝရာနံ အညတရံ စီဝရံ အန္တရဃရေ နိက္ခိပေယျ, သိယာ စ တဿ ဘိက္ခုနော ကောစိဒေဝ ပစ္စယော တေန စီဝရေန ဝိပ္ပဝါသာယ, ဆာရတ္တပရမံ တေန ဘိက္ခုနာ တေန စီဝရေန ဝိပ္ပဝသိတဗ္ဗံ။ တတော စေ ဥတ္တရိ ဝိပ္ပဝသေယျ အညတြ ဘိက္ခုသမ္မုတိယာ, နိဿဂ္ဂိယံ ပါစိတ္တိယံ။

မြန်မာပြန်။ ။ မကြိုးမပြတ်အောင် ဝါကပ်ပြီး၍ (ဝါကျွတ်ပြီးနောက်) (သူခိုးဓားပြ ဘေးတို့ဖြင့်) ရွံရှာဖွယ် ရှိသည် ဘေးရန်ရှိသည်-ဟု သမုတ်အပ်သော တောကျောင်းတို့၌ တန်ဆောင်မုန်းလပြည့် တိုင်အောင် နေထိုင်လိုသော ရဟန်းသည် တိစီဝရိက် အဓိဋ္ဌာန်တင်ထားသော သင်္ကန်း ၃ ထည်တို့တွင် တထည်ထည်ကို (တဂါဝုတ်ထက် မဝေးသော) မိမိ၏ ဆွမ်းခံရွာ၌ ထားနိုင်၏, ထားကောင်း၏၊ ထိုသို့ ထားရုံမျှဖြင့်ကား နေ့တိုင်း ဆွမ်းခံရောက်မည်ဖြစ်၍ ထိုသင်္ကန်း အကြောင်းကို (ဘေးရန်ရှိ မရှိ)နေ့တိုင်း သိနိုင်သောကြောင့် ထိုသင်္ကန်းနှင့် အရုဏ် တက်ချိန်မှာ တလလုံးလုံး ကင်းနေသော်လည်း အပြစ် မရှိဟူလို၊] ထိုသို့ ထားရုံတွင်မကဘဲ ထိုသင်္ကန်းနှင့် ကင်းနေဖို့ရန် အကြောင်းတစ်စုံတရာ (နေ့တိုင်း မလာနိုင်လောက်အောင် တော်တော်ဝေးသော အရပ်သို့ သွားဖွယ်ကိစ္စစသည်)ရှိအံ့၊ ထိုရဟန်းသည် ထိုသင်္ကန်းနှင့် အလွန်ဆုံး ၆ ညဉ့်မျှ ကင်း၍ နေနိုင်သေး၏၊ ထိုညဉ့်ထက် ပို၍ကင်းနေလျှင်ကား (ဒုတိယကထိန သိက္ခာပုဒ်၌ ပြခဲ့သော) အဝိပ္ပဝါသသမ္မုတိရသူ ဂိလာနရဟန်းကို ကြဉ်၍ အခြား ရဟန်းတို့မှာ သင်္ကန်းလည်း နိဿဂ္ဂိထိုက်၍ ပါစိတ် အာပတ်လည်းသင့်သည်။

မှတ်ချက်။ ။ သီတင်းကျွတ်လပြည့်ကျော် တရက်နေ့မှ တန်ဆောင်မုန်းလပြည့် အထိသည် သင်္ကန်းကာလဖြစ်၏။ ထိုသင်္ကန်းကာလ၌ပင် သင်္ကန်းနှင့်ညဉ့် ကင်းနေခွင့်ကို တောကျောင်းဘုန်းကြီးများအတွက် သီးခြားခွင့်ပြုချက်ကို ထောက်၍ အခြားပုဂ္ဂိုလ်များမှာ ကထိန့်အာနိသင် မရလျှင် သင်္ကန်း ကာလဖြစ်စေကာမူ တိစီဝရိက် အဓိဋ္ဌာန်သင်္ကန်းနှင့် ညဉ့်မကင်းရ သိသာပြီ။။ ။

စာမျက်နှာ-၁၂၅

ဉ။ ပရိဏတသိက္ခာပုဒ်

အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။

အမှု—သံဃာလှူမည့်သင်္ကန်းကို မိမိတို့လှူစေမှု။

သံဃာညွှတ်ပြီးသားကို မိမိသို့ညွှတ်စေမှု။ ။ သာဝတ္ထိမြို့၌ အသင်းတသင်းသည် သံဃာအား ဆွမ်းကပ်ပြီးလျှင် သင်္ကန်းလှူမည်-ဟု သင်္ကန်းနှင့်တကွ ဆွမ်းကို စီမံထားလေသည်။ ထိုအချိန်မှာပင် ဆဗ္ဗဂ္ဂိယရဟန်းတို့ သွား၍ “သင်္ကန်းတွေကို ငါတို့အား လှူကြပါ”ဟု ပြောလေ၏၊ ဒါယကာများက “အရှင်တို့အား မလှူနိုင်, သံဃာအား နှစ်စဉ် လှူနေကြ ဖြစ်သည်”ဟု ပြောလေသော် “သံဃာမှာ လှူသူတွေ ပေါများပါတယ်, ငါတို့ မှာတော့ ဒါယကာတို့ကိုသာ အားကိုးနေရပါတယ်, ဒါယကာတို့ကမှ မလှူလျှင် ဘယ်သူက လှူမှာတုန်းဟု စကားဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ မလွှဲ မရှောင်သာသောကြောင့် သင်္ကန်းတွေကို လှူလိုက်ကြရသဖြင့် သံဃာတော်အား ဆွမ်းချည်းသာ ကပ်ရတော့သည်၊ ထိုအကြောင်းကို အခြားရဟန်းများ သိ၍ ဘုရားရှင်အား လျှောက်ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။

သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဇာနံ သံဃိကံ လာဘံ ပရိဏတံ အတ္တနော ပရိဏာမေယျ၊ နိဿဂ္ဂိယံ ပါစိတ္တိယံ။

မြန်မာပြန်။ ။ အကြင်ရဟန်းသည် လာဘ်တစ်ခုခုကို သံဃာသို့ ညွတ်ပြီး (သံဃာကို လှူမည်ဟု ကိုယ်ဖြင့်ဖြစ်စေ နှုတ်ဖြင့်ဖြစ်စေ ပြောဆိုကိုင်းညွတ်ပြီး)ဟု သိပါလျက် သံဃိကဖြစ်နေသော လာဘ်ကို မိမိသို့ ညွတ်စေလျှင် (မိမိသို့ ညွတ်လာအောင် သွေးဆောင်ပြောဆိုဖြားယောင်းလျှင်) ထိုပစ္စည်း နိဿဂ္ဂိတိုက်၍ ရဟန်းလည်း ပါစိတ်အာပတ်သင့်သည်။

မှတ်ချက်။ ။ သံဃာအား ညွှတ်ပြီးသော ပစ္စည်းလာဘ်ကို မယ်တော် ပစ္စည်းပင် ဖြစ်သော်လည်း မိမိအား မညွတ်စေကောင်း၊ ညွှတ်စေလျှင် နိဿဂ္ဂိပါစိတ် အာပတ်သင့်၏။ သံဃိကလာဘ်ကို အခြားပုဂ္ဂိုလ်အား ညွှတ်စေရာ၌ ပါစိတ်အာပတ်သင့်ကြောင်းကို နောက်၌ ပြလိမ့်မည်၊ အခြားတိုက်သံဃာသို့ ညွှတ်ပြီး လာဘ်ကို အခြားတတိုက်သံဃာသို့ဖြစ်စေ စေတီသို့ဖြစ်စေ ညွှတ်စေလျှင်လည်းကောင်း, စေတီသို့ ညွှတ်ပြီး လာဘ်ကို အခြား စေတီနှင့် သံဃာသို့ ညွတ်စေလျှင်လည်းကောင်း, ပုဂ္ဂိုလ်တစ်ပါးသို့ ညွှတ်ပြီး လာဘ်ကို သံဃာစေတီနှင့်

စာမျက်နှာ-၁၂၆

အခြားပုဂ္ဂိုလ်သို့ ညွတ်စေလျှင်လည်းကောင်း, ဒုက္ကဋ်အာပတ်သင့်၏။ မည်သည့် နေရာ၌ လှူသင့်ပါသနည်း”ဟု တိုင်ပင်လာလျှင်ကား မိမိသဘောအတိုင်း ညွှန်ပြကောင်း၏။

[ဆောင်] သံဃာစေတီ, တလီလီဝယ်, ရည်ရွယ်ပိုင်းခြား, ညွှတ်ပြီးသားကို, အခြားသံဃာ-စေတီမှာပင်, ပြောင်းကာညွှတ်စေ၊ တထွေပုဂ္ဂိုလ်, ညွှတ်ပြီး ဆိုလည်း, ပုဂ္ဂိုတ်တခြား, သံဃာများနှင့်, ဘုရားစေတီ ညွှတ်စေမိသော်, သင့်၏ ဒုက္ကဋ်၊ တိုင်ပင်လတ်မူ, သင့်မြတ်တော်ရွာ ညွှန်ကောင်းပါသည်, ကျမ်းလာ မိန့်ခွန်းအချုပ်တည်း။

နိဿဂ္ဂိယပါစိတ်အခန်း ပြီး၏။