ဘုရားဥပဒေတော်ကြီး/ပါဋိဒေသနီယအခန်း
စာမျက်နှာ-၂၆၈
၆။ ပါဋိဒေသနီယအခန်း
ပထမပါဋိဒေသနီယသိက္ခာပုဒ်
အမှုသည်—ရဟန်းတစ်ပါး။
အမှု—ဘိက္ခုနီ၏ လက်မှ ဆွမ်းကို ခံယူစားသောက်မှု။
ဘိက္ခုနှင့် ဘိက္ခုနီ။ ။ ဘိက္ခုနီ တစ်ယောက်သည် သာဝတ္ထိ မြို့၌ ဆွမ်းခံ၍ ပြန်လာသောအခါ မြို့တွင်းမှာပင် ရဟန်းတစ်ပါးကိုမြင်၍ “အရှင်ဘုရား တပည့်တော်မရဲ့ ဆွမ်းကို ခံယူပါ”ဟု လျှောက်လေသည်၊ ထိုရဟန်းသည် “ကောင်းသားဘဲ” ဟု ပြော၍ဆွမ်း အားလုံးကို ယူလိုက်လေ၏၊ နောက်ထပ် ဆွမ်းခံချိန်မရှိတော့သဖြင့် ဘိက္ခုနီမှာ ထိုနေ့အဖို့ ဆွမ်းငတ်လေတော့၏။
နောက်တရက်၌လည်း ထို့အတူပင် ထိုရဟန်းကို မြင်၍ မိမိခံယူလာသော ဆွမ်းကို တဆင့်ခံယူဖို့ရန် လျှောက်ပြန်ရာ ထိုရဟန်းက အားလုံးကိုပင် ယူလိုက်ပြန်သဖြင့် ဒုတိယနေ့မှာလည်း ဆွမ်းငတ်ပြန်၏။ တတိယနေ့၌လည်း ထိုနည်းအတိုင်းပင် (အလိုက် မသိတတ်သော ရဟန်းကြောင့်) ဆွမ်းငတ်ရပြန်လေသည်။
စတုတ္ထနေ့၌ကား ၃-ရက်လုံးလုံးဆွမ်းမစားရရှာသော ထိုဘိက္ခုနီသည် ရထားစုံသွားနေသော ပြလမ်းမ၌ တုန်တုန်ရီရီနှင့်သွားနေစဉ် ရထားစီး၍ လာသော သူဌေးတစ်ဦးက “အရှင်မ... ဖယ်ပါ”ဟု လျှောက်၍ လမ်းဖယ် လိုက်စဉ် လဲသွားတော့၏၊ စိတ်သဘောကောင်းသော သူဌေးသည် ရထားမှ ဆင်းလာ၍ တောင်းပန်ရှာ၏, ဘိက္ခုနီလည်း “ရထားကို လမ်းဖယ်ရလို့ လဲတာမဟုတ်ပါ။ နဂိုကပင် အားနဲနေလို့ပါ”ဟု ပြန်ပြော၏။ “ဘာပြုလို့ အားနေရပါတုန်း”ဟု ထပ်၍မေးရာ “ရဟန်းတစ်ပါးက သူလှူသောဆွမ်းကို အကုန်လုံး ခံယူသောကြောင့် ၃-ရက်လုံးလုံး ဆွမ်းမစားခဲ့ရကြောင်း ပြောပြလေသည်။
ထိုအခါ သူဌေးသည် ဘိက္ခုနီကို အိမ်သို့ ပင့်၍ ဆွမ်းကျွေးပြီးလျှင် နဂိုကမှ လာဘ်လာဘ အရနည်းသော ဘိက္ခုနီရဲ့ဆွမ်းကို ရဟန်း ယောက်ျားဖြစ်သူက အလိုက်မသိ အကုန်လုံး ခံယူရသတဲ့လား”ဟု နီးစပ်ရာ ပြောပြ၍ ရှုတ်ချကဲ့ရဲ့လေသည်၊ ထိုစကားကို ရဟန်းတော်များ အဆင့်ဆင့်
စာမျက်နှာ-၂၆၉
ကြား၍ ဘုရားရှင်အား လျှောက်သောအခါ ထိုရဟန်းကို ခေါ်တော်မူ၍ ဘိက္ခုနီနှင့် ဆွေမျိုးတော်-မတော်ကို စစ်ဆေးတော်မူရာ ဆွေမျိုးမတော်ကြောင်း သိတော်မူ၍-
“မောဃပုရိသ—ဆွေမျိုးမတော်သော ဘိက္ခုနီနှင့် သင့်လျော်သော အရာ မသင့်လျော်သောအရာ, သူ့မှာရှိသော အရာ-မရှိသော အရာကို ဆွေမျိုးမတော်သော ရဟန်းက မသိနိုင်၊ သင်မို့လို့ ဆွေမျိုးမတော်သော ဘိက္ခုနီ၏ လက်က ဆွမ်းကို ခံယူရက်ပလေ၊ သင်လုပ်ပုံဟာ မကြည်ညိုသေး သူတို့၏ ကြည်ညိုစရာလည်းမဟုတ်၊ ကြည်ညိုပြီးသူတို့ သဒ္ဓါတရားတိုးစရာ လည်းမဟုတ်၊ စင်စစ်မှာ မကြည်ညိုသေးသူတို့ မကြည်ညိုစရာနှင့် ကြည်ညိုပြီးသော ပုထုဇဉ်တချို့၏ အကြည်ညိုပျက်စရာသာ ဖြစ်သည်”...ဟု ကဲ့ရဲ့တော်မူပြီးကာ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု အညာတိကာယ ဘိက္ခုနိယာ အန္တရဃရံ ပဝိဋ္ဌာယ ဟတ္ထတော ခါဒနီယံ ဝါ ဘောဇနီယံ ဝါ သဟတ္ထာ ပဋိဂ္ဂဟေတွာ ခါဒေယျ ဝါ ဘုဉ္ဇေယျ ဝါ, ပဋိဒေသေတဗ္ဗံ တေန ဘိက္ခုနာ “ဂါရယှံ, အာဝုသော, ဓမ္မံ အာပဇ္ဇိံ အသပ္ပါယံ ပါဋိဒေသနီယံ, တံ ပဋိဒေသေမီ”တိ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် ရွာတွင်းသို့ဝင်ပြီးသော ဆွေမျိုး မတော်သော ရဟန်းမ၏ လက်မှ ခဲဖွယ်ကိုဖြစ်စေ ဘောဇဉ်ကိုဖြစ်စေ မိမိလက်ဖြင့်ခံယူ၍ ခဲမူလည်းခဲအံ့ စားမူလည်းစားအံ့၊ ထိုရဟန်းသည် “ဂါရယှံ အာဝုသော ဓမ္မံ အာပဇ္ဇိံ အသပ္ပါယံ ပါဋိဒေသနီယံ တံ ပဋိဒေသေမိ”ဟု ဆို၍ သီးခြားဒေသနာ ပြောရမည်။
ဒုတိယ ပါဋိဒေသနီယသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီ ရဟန်းများ။
အမှု—ဆွမ်းစားစဉ် စီမံနေသော ဘိက္ခုနီကို မတားမြစ်မှု။
လောကွတ်ကောင်းသော ဘိက္ခုနီ။ ။ ရဟန်းတော်အများသည် ပင့်ဖိတ်ထားသော အိမ်၌ ဆွမ်းဘုဉ်းပေးနေကြလေရာ, ဆဗ္ဗဂ္ဂီရဟန်းများလည်း ပါဝင်ကြ၏၊ ဆဗ္ဗဂ္ဂီဂိုဏ်းဝင် ဘိက္ခုနီမတို့သည် ထိုအိမ်သူ အိမ်သားတို့နှင့် အကျွမ်းဝင်ရကား ဆဗ္ဗဂ္ဂီ ရဟန်းများအတွက်
စာမျက်နှာ-၂၇၀
“ဒီမှာ ဟင်းလိုက်ကြပါ, ဒီမှာ ဆွမ်းလိုက်ကြပါ”ဟု စီမံနေကြလေသည်၊ သူတို့စီမံမှုကြောင့် ဆဗ္ဗဂ္ဂီရဟန်းအများပင် အလိုရှိတိုင်း စားကြရသော်လည်း (ဆဗ္ဗဂ္ဂီဂိုဏ်းဝင်မဟုတ်သော) အခြားရဟန်းတို့မှာ စိတ်တိုင်းကျအောင် မဘုဉ်းပေးကြရချေ၊ ထိုအကြောင်းကို သိရသော ရဟန်းတော်တို့သည် ဆဗ္ဗဂ္ဂီ ရဟန်းတို့အား “စီမံသော ဘိက္ခုနီကို မစီမံဖို့ရန် မတားမြစ်ကောင်းလား”ဟု ကဲ့ရဲ့ရှုတ်ချ၍ ဘုရားရှင်အား လျှောက်ကြခြင်းကြောင့် ဘုရားရှင်သည် ဆဗ္ဗဂ္ဂီ ရဟန်းတို့ကို စစ်ဆေးမေးမြန်း၍ အပြစ်တင်တော်မူကာ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ဘိက္ခူ ပနေဝ ကုလေသု နိမန္တိတာ ဘုဉ္ဇန္တိ, တတြ စေ သာ ဘိက္ခုနီ ဝေါသာသမာနရူပါ ဌိတာ ဟောတိ “ဣဓ သူပံ ဒေထ, ဣဓ ဩဒနံ ဒေထာ”တိ။ တေဟိ ဘိက္ခူဟိ သာ ဘိက္ခုနီ အပသာဒေတဗ္ဗာ “အပသက္က တာဝ ဘဂိနိ, ယာဝ ဘိက္ခူ ဘုဉ္ဇန္တီ”တိ။ ဧကဿပိ စေ ဘိက္ခုနော န ပဋိဘာသေယျ တံ ဘိက္ခုနိံ အပသာဒေတုံ “အပသက္က တာဝ ဘဂိနိ, ယာဝ ဘိက္ခူ ဘုဉ္ဇန္တီ”တိ, ပဋိဒေသေတဗ္ဗံ တေဟိ ဘိက္ခူဟိ “ဂါရယှံ, အာဝုသော, ဓမ္မံ အာပဇ္ဇိမှာ အသပ္ပါယံ ပါဋိဒေသနီယံ, တံ ပဋိဒေသေမာ”တိ။
မြန်မာပြန်။ ။ ရဟန်းတို့သည် အိမ်တို့၌ ပင့်ဖိတ်အပ်ကုန်သည် ဖြစ်၍ ဆွမ်းဘုဉ်းပေးကြကုန်၏၊ ထိုဆွမ်းဘုဉ်းပေးရာ အရပ်၌ ထို(ဝတ္ထုကြောင်း၌ လာသော ရဟန်းမကဲ့သို့သော) ရဟန်းမသည် “ဤ၌ ဟင်းပေးကြပါ, ဤ၌ ထမင်းပေးကြပါ” ဤသို့ စီမံသည်ဖြစ်၍ တည်နေ့အံ့၊ ထိုဆွမ်းဘုဉ်းပေးသော ရဟန်းတို့က ထိုရဟန်းမကို တားမြစ်ရမည်၊ (အဘယ်သို့ တားမြစ်ရမည်နည်း) “နှမ အကြင်မျှလောက် ရဟန်းတွေ ဆွမ်းဘုဉ်းပေးနေကြသေး၏၊ ထိုဆွမ်းဘုဉ်း ပေးနေသမျှတော်ရာ ဖဲသွားပါဦးလော့” ဤသို့ တားမြစ်ရမည်၊ ရဟန်းတစ်ပါး တလေသော်မှလည်း ထိုရဟန်းမကို “အပသက္က တာဝ ဘဂိနိ, ယာဝ ဘိက္ခူ ဘုဉ္ဇန္တိ”ဟု ပြော၍ တားမြစ်ဖို့ရာ အကယ်၍ စိတ်ကူးမပေါ် လာအံ့၊ ထိုရဟန်းတို့သည် “ဂါရယှံ အာဝုသော ဓမ္မံ အာပဇ္ဇိမှ အသပ္ပါယံ ပါဋိဒေသနီယံ, တံ ပဋိဒေသေမ”ဟု ဆို၍ သီးခြားဒေသနာ ပြောရမည်။
စာမျက်နှာ-၂၇၁
တတိယ ပါဠိဒေသနီယ သိက္ခာပုဒ်
အမှုသည်—ရဟန်းတော်အများ။
အမှု—အတိုင်းအရှည် မသိဘဲ ခံဖွယ်သောဇဉ်ကို ခံယူမှု။
သေက္ခ သမုတ်ခြင်း။ ။ သောတာပန်, သကဒါဂါမ်, အနာဂါမ် (အရိယာ) ဖြစ်ပြီးသူများကို “သေက္ခ”ဟု ခေါ်၏၊ ဤသူတို့ကား အစစ်အမှန် သေက္ခဖြစ်သူများတည်း၊ ထိုသို့ အရိယာ ဖြစ်ပြီးသူများသည် အလှူဒါန၌ လွန်စွာမွေ့လျော်ကြ၏၊ အစစ်အမှန် အလှူခံ ပုဂ္ဂိုလ်က သူတို့နှင့် ထိုက်တန်သော ပစ္စည်းကို အလှူခံလာလျှင် မိမိမှာ ရှိနေသော ပစ္စည်းကို မပေးဘဲ မနေနိုင်ကြ၊ ဤကား သေက္ခပုဂ္ဂိုလ်တို့၏ ထုံးစံတည်း၊ အိမ်တအိမ်၌ကား သ္မီးခင်ပွန်း ၂-ယောက်လုံးပင် သေက္ခ (အရိယာ) မဖြစ်သေးသော်လည်း သဒ္ဓါတရားမှာမူ သေက္ခ (အရိယာ) တို့ကဲ့သို့ပင် ထက်သန်ကြ၏။ ပစ္စည်း ဥစ္စာကမူ ဆုတ်ယုတ် နေအံ့၊ (လှူရလွန်း၍ဖြစ်စေ အရောင်းအဝယ်မကောင်း၍ဖြစ်စေ တနည်းနည်းဖြင့် ဆုတ်ယုတ်နေအံ့၊) ထိုအိမ်သူ အိမ်သားကို သံဃာအများ စုဝေးကာ ဉတ်ကမ္မဝါစာဖြင့် “သေက္ခ”ဟု သမုတ်ထားရလေသည်။
ဝတ္ထုကြောင်း။ ။ သာဝတ္ထိမြို့၌ သ္မီးခင်ပွန်း ၂-ယောက်လုံးပင် သဒ္ဓါတရား ထက်သန်လှ၏၊ သို့သော်စည်းစိမ်ဥစ္စာကား လှူရင်း လှူရင်းပင် ဆုတ်-ဆုတ်နေ၏၊ သူတို့အိမ်၌ နံနက်စာအဖြစ်ဖြင့် ချက်ပြုတ်ထားသော စားဖွယ်ခဲဖွယ်များကို နေ့စဉ် ဆွမ်းခံကြွလာသော ရဟန်းတို့အား တစ်ပါးပြီး တစ်ပါး လောင်းလှူနေရာ တခါတရံမှာမူ သူတို့စားဖို့ပင် မကျန်အောင် ကုန်သွား၏။ နောက်ထပ်လည်း ချက်ပြုတ်ဖို့ မဝယ်နိုင်ရကား ထိုနံနက်အဖို့ မစားဘဲသာ ဆိုင်ရာအလုပ်ကို လုပ်ကြရှာတော့၏၊ ထိုအကြောင်းကိုသိသော အိမ်နားနီးချင်းတို့သည် ရဟန်းများကို အလိုက်မသိကောင်းလား” ဟု ကဲ့ရဲ့ကြလေရာ တဆင့်စကား ဘုရားရှင်ကြားတော်မူ၍ ထိုအိမ်ကို (အိမ်သူ အိမ်သားများကို) သေက္ခဟု သမုတ်ထားဖို့ရန် ပညတ်တော်မူလေသည်။
သမုတ်ပုံ။ ။ ရှေးဦးစွာကျောင်းတိုက်တွင်းရှိ ရဟန်းသံဃာတော်များကို သိမ်အတွင်း၌ (အချင်းချင်း ၂-တောင့်ထွာအတွင်းမှာ တည်ရှိအောင်) စုဝေးစေရ၏၊ သံဃာစုံညီသောအခါ သွက်သွက်လက်လက် ထက်ထက် မြက်မြက် ရှိသော ရဟန်းတော်တစ်ပါးသည် “ကမ္မဝါစာ = ကံပြုသောစကား”ဟု ခေါ်သော ပါဠိစကားဖြင့် အောက်ပါ (မြန်မာပြန်
စာမျက်နှာ-၂၇၂
အတိုင်း)အကြောင်းအရာကို သံဃာတော်အား ပြောပြရသည်၊ ထို့သို့ ပြောပြခြင်းကိုပင် “ကမ္မဝါစာရွတ်ခြင်း = (စာကြည့်ဘတ်လျှင်) ကမ္မဝါဘတ်ခြင်း” ဟု ခေါ်သည်။ [စာကြည့်ဘတ်ခြင်းကား အရကျက်မထားနိုင်၍ ရသော်လည်း မတော်တဆ တလုံးတလေ မှားမည်ကို စိုး၍ဖြစ်သည်။ အမှန်မှာ-စာမကြည့်ဘဲ ရွတ်ဆိုရမည်သာ ဖြစ်၏။]
ဉတ်စကား။ ။ အရှင်ဘုရားတို့...သံဃာတော်သည် တပည့်တော်၏ စကားကိုနားစိုက်တော်မူပါ၊ မည်သည့်အမျိုးသည် သဒ္ဓါအားဖြင့် တိုးပွားပါ၏၊ စည်းစိမ်ဥစ္စာအားဖြင့်ကား ဆုတ်ယုတ်နေပါသည်၊ သံဃာတော်၏ (ယခုသမ္မုတိပေးမည့်)ကံသည် အကယ်၍သင့်လျော် လျောက်ပတ်သော ကံဖြစ်အံ့၊ ထိုသို့ဖြစ်လျှင် သံဃာတော်သည် မည်သည့်အမျိုးအား သေက္ခသမ္မုတိကို ပေးချိန်တန်ပါပြီ-ဤကား သံဃာကို အသိပေးသောစကားတည်း။ [ကမ္မဝါစာ မဟုတ်သေး၊ “ဉတ္တိ = အသိပေး”ဟုခေါ်သည်။]
ကမ္မဝါစာ။ ။ အရှင်ဘုရားတို့... သံဃာတော်သည် တပည့်တော်၏ စကားကို နားစိုက်တော်မူပါ၊ မည်သည့်အမျိုးသည် သဒ္ဓါအားဖြင့် တိုးပွားပါ၏၊ စည်းစိမ်ဥစ္စာအားဖြင့်ကား ဆုတ်ယုတ်နေပါသည်၊ သံဃာတော်သည် မည်သည့်အမျိုးအား သေက္ခသမ္မုတိကို ပေးနေ၏၊ မည်သည့် အမျိုးအား သေက္ခသမ္မုတိ ပေးခြင်းသည်၊ အကြင် အရှင်အား နှစ်သက်၏၊ ထိုအရှင်သည် ဆိတ်ဆိတ်နေပါ၊ အကြင် အရှင်အား မနှစ်သက်၊ ထိုအရှင်သည် (ငါသဘောမတူ-ဟု) ပြောနိုင် = ကန့်ကွက်နိုင်ပါသည်။ [ဤသို့မေးသောအခါ မည်သူမျှ မကန့်ကွက်လျှင် ထိုသေက္ခသမုတ်မှု အထမြောက်တော့၏။]
နိဂုံးစကား။ ။ သံဃာတော်သည် မည်သည့်အမျိုးအား (မည်သည့်သ္မီး ခင်ပွန်းအား) သေက္ခသမ္မုတိကို ပေးအပ်ပြီ-(ပေးပြီးပါပြီ၊) သံဃာတော်အားလုံးပင် သဘောတူသော အထိမ်းအမှတ်အားဖြင့် တိတ်ဆိတ်စွာ နေကြပါ၏၊ ထိုသို့ တိတ်တိတ်နေခြင်းကြောင့်ပင် သံဃာတော် အားလုံးက အသိအမှတ်ပြုပါသည်။ [ဤအချိန်ကျမှ သမုတ်မှု ကိစ္စ ပြီးစီး။] ဤသို့သမုတ်ထားသော အိမ်မှ ခဲဖွယ်ဘောဇဉ်များကို ဆွမ်းခံသလို ကိုယ်တိုင်မခံယူရတော့ချေ။
စာမျက်နှာ-၂၇၃
တမင်ပင့်သော် ခံယူခွင့်ပြုပုံ။ ။ ထိုသို့ ပညတ်တော်မူပြီးနောက် သာဝတ္ထိမြို့၌ ပွဲသဘင် (သင်္ကြန်ပွဲစသော ပွဲမျိုး) ဖြစ်သောအခါ များစွာသော လူတို့သည် ရဟန်းတော်များကို ပင့်ဖိတ်၍ ဆွမ်းကျွေးကြကုန်၏၊ သေက္ခဟုသမုတ်ထားသော ထိုအိမ်ကလည်း ရဟန်းတော်များကို ပင့်ဖိတ်လေရာ ရဟန်းတော်များသည် ထိုအိမ်မှ ခဲဖွယ်ဘောဇဉ်ကို မစားကောင်းဟု အယူရှိကြသောကြောင့် ထိုပင့်ဖိတ်သည်ကို လက်မခံကြကုန်။
ထိုသို့ဆွမ်းစားပင့်၍ မရသောအခါ “ငါတို့၏ဆွမ်းကို ရဟန်းတော်များက မခံယူလျှင် ငါတို့မှာ အသက်ရှင်နေလို့ ဘာအကျိုးရှိတော့မှာလဲ”ဟု စိတ်ဆင်းရဲခြင်းဖြစ်ကာ ရဟန်းတော်များအပေါ်၌ မကျေနပ်သောစကားကို ပြောကြရှာလေသည်။ ထိုစကားကို ဘုရားရှင် တဆင့် ကြားတော်မူ၍ “တမင်္ဂလာ ပင့်ဖိတ်လျှင် ထိုသေက္ခဟု သမုတ်ထားသောအိမ်မှ ခဲဖွယ် ဘောဇဉ်ကို ကိုယ်တိုင် ခံယူ၍ သုံးဆောင်ကောင်း၏”ဟု အနုပညတ် ထပ်ဆင့်တော်မူရပြန်လေသည်။
ဂိလာနအား ခွင့်ပေးတော်မူခြင်း။ ။ ရဟန်းတစ်ပါးသည် မကျန်းမမာ ဖြစ်နေ၏၊ သေက္ခဟု သမုတ်ထားသော အိမ်ကလည်း ထိုရဟန်းနှင့်ရင်းနှီး၍ ထိုရဟန်းဝင်နေကျ အိမ်တည်း၊ ထို့ကြောင့် ဆွမ်းခံချိန်ဝယ် ထိုအိမ်သို့ ဝင်သွားသောအခါ အိမ်ရှင်များက ဆွမ်းကပ်ကြလေသော်, ထိုရဟန်းသည် ပညတ်ထားသော သိက္ခာပုဒ်ကို ရိုသေသောအားဖြင့် (စားကောင်းလိမ့်မည် မထင်သောကြောင့်) ထိုကပ်လှူသောဆွမ်းကို လက်မခံဘဲ နေလေသည်၊ မကျန်းမမာဖြစ်နေသောကြောင့် အခြားအိမ်တို့သို့ လှည့်လည်၍လည်း ဆွမ်းမခံနိုင်ရကား ထိုနေ့အဖို့ ဆွမ်းမစားရရှာတော့ ချေ။ ထိုအကြောင်းကို ရဟန်းများက ဘုရားရှင်အား လျှောက်ထားလေသော် “ဂိလာနဖြစ်လျှင် သေက္ခဟု သမုတ်ထားသော အိမ်မှ ခဲဖွယ်ဘောဇဉ်ကို ကိုယ်တိုင် ခံယူ၍ သုံးဆောင်ကောင်း၏”ဟု ခွင့်ပြုတော်မူရပြန်သည်။
သိက္ခာပုဒ်။ ။ ယာနိ ခေါ ပန တာနိ သေက္ခသမ္မတာနိ ကုလာနိ, ယော ပန ဘိက္ခု တထာရူပေသု သေက္ခသမ္မတေသု ကုလေသု ပုဗ္ဗေ အနိမန္တိတော အဂိလာနော ခါဒနီယံ ဝါ, ဘောဇနီယံ ဝါ သဟတ္ထာ ပဋိဂ္ဂဟေတွာ ခါဒေယျ ဝါ, ဘုဉ္ဇေယျ ဝါ, ပဋိဒေသေတဗ္ဗံ တေန ဘိက္ခုနာ “ဂါရယှံ,
စာမျက်နှာ-၂၇၄
အာဝုသော, ဓမ္မံ အာပဇ္ဇိံ အသပ္ပါယံ ပါဋိဒေသနီယံ, တံ ပဋိဒေသေမီ”တိ။
မြန်မာပြန်။ ။ သေက္ခဟု သမုတ်အပ်ကုန်သော အကြင်အမျိုးတို့သည် ရှိကုန်၏၊ အကြင်ရဟန်းသည် ထိုသို့သဘောရှိကုန်သော သေက္ခဟု သမုတ်အပ်ကုန်သော အမျိုးတို့၌ အိမ့်ဥပစာမရောက်မီ ရှေ့အဖို့က ပင့်လည်း မပင့်အပ်, ဂိလာနလည်း မဟုတ်ဘဲ ခဲဖွယ်ကိုဖြစ်စေ, ဘောဇဉ်ကိုဖြစ်စေ မိမိကိုယ်တိုင် ခံယူ၍မူလည်း ခဲအံ့ စားမူလည်း စားအံ့၊ ထိုရဟန်းသည် “ဂါရယှံ အာဝုသော ဓမ္မံ အာပဇ္ဇိံ အသပ္ပါယံ ပါဋိဒေသနီယံ၊ တံ ပဋိဒေသေမိ ဟုဆို၍ သီးခြား ဒေသနာပြောရမည်။
မှတ်ချက်။ ။ သေက္ခဟု သမုတ်ရလောက်အောင် သဒ္ဓါတရားကောင်း၍ ပစ္စည်းဥစ္စာ ဆုတ်ယုတ်နေသောကြောင့် အလှူခံ(ဆွမ်းခံ) လာသမျှကို လှူနေလျှင် ထိုသူတို့သာ၍ ပင်ပန်းသွားမည် စိုးသောကြောင့် ရှေးဦးစွာ သေက္ခ သမုတ်ရမည်၊ ထိုအိမ်၌ ဆွမ်းခံခြင်းစသော အလှူခံမှု မပြုရဟု ပညတ်တော်မူ၍ သူတို့ တတ်နိုင်သမျှ ပင့်ဖိတ်သောအခါ၌ကား သူတို့သဒ္ဓါတရား မပျက်အောင် အလှူခံတော့ဟု ခွင့်ပြုတာ်မူခြင်းဖြစ်သည်၊ ဤသိက္ခာပုဒ်တော်၌ ဘုရားရှင်၏ ကရုဏာတော် မေတ္တာတော်နှင့် မြှော်မြင်တော်မူပုံများကို စဉ်းစားကြည်ညှိပြီးလျှင် မိမိတို့စပ်ဆိုင်ရာ ဒါယကာ ဒါယိကာမတို့ အားလည်း သူတို့ လှူလိုတိုင်း လက်မခံဘဲ အရာရာ ထောက်ထား၍ အလှူခံသင့်မှ ခံစေလိုသော ဘုရားရှင်၏ အလိုတော်ကို နားလည်ကြပါလေ။
အလိုက်သိမှု။ ။ ဤနေရာဝယ် “ဘောဇနေ မတ္တညုတာ”နှင့်စပ်၍ကျမ်းစာတို့၌ ဖွင့်လေ့ရှိသော အလိုက်သိပုံများကို သိထားသင့် ပါသည်၊ အလှူခံဖြစ်သော ရဟန်းသာမဏေများသည် ဆွေမျိုးမတော်သော အလှူရှင်, သို့မဟုတ်-“အလိုရှိရာတောင်းပါ”ဟု ဖိတ်မန်လျှောက်ထားခြင်း မရှိဘူးသော အလှူရှင်အား ဘာပစ္စည်းကိုမျှ (အယုတ်သဖြင့် ရေကိုမျှ) မတောင်းကောင်းကြောင်းကို နောက်သေခိယအခန်း၌ လာမည့် “သူပေါဒနဝိညတ္တိသိက္ခာပုဒ်”ဖြင့် သိထားနှင့်ရာ၏။ ဤနေရာ၌ကား အလှူခံကောင်းသော ဉာတိ(ဆွေမျိုး) ဖိတ်ထားသော (ပဝါရိတ), သို့မဟုတ် ဆွမ်းခံသလို ရပ်၍ အလှူခံရသောအလှူရှင် ဤ၃-မျိုးအပေါ်၌ အလှူခံပုဂ္ဂိုလ်က အလိုက်သိရသော အချက် ၃-ချက်ရှိ၏။
စာမျက်နှာ-၂၇၅
ထို ၃-ချက်ကား ၁-အလှူရှင်၏အလိုဆန္ဒ, ၂-ပစ္စည်း၏ အနည်းအများ, ၃-မိမိမှာ လိုသလောက်, ဤ ၃-ပါးတည်း၊ ထိုတွင်
အလှူရှင်မှာ ပစ္စည်းဥစ္စာပေါများပါသော်လည်း သူ့ဆန္ဒက နည်းနည်းသာ လှူလိုလျှင်(သူ့မှာ ပစ္စည်း မည်မျှပင် ပေါပေါ မိမိမှာ မည်မျှပင် အသုံးလိုလို)သူ၏ဆန္ဒ သူ၏သဒ္ဓါတရားလိုက်၍ နဲနဲသာ အလှူခံပါ၊ များများ အလှူခံနေလျှင် သူ၏သဒ္ဓါဆန္ဒနှင့် မကိုက်၍ အလိုက်မသိရာ ရောက်လိမ့်မည် ဟူလို။
၂။ အလှူရှင်သည် သဒ္ဓါတရားကောင်းလှ၏၊ မိမိအတွက်ဆိုလျှင် ကုန်ကုန်ခန်းခန်းလှူဒါန်းမည်သာ၊ သို့သော် သူ့မှာ ပစ္စည်းဥစ္စာ ပေါ့များလှသည်မဟုတ်၊ (ထိုအချိန်မှာ လှူစရာ နဲနဲသာ ရှိနေ၏၊) ထိုကဲ့သို့ အလှူရှင်မျိုးထံ (သူ့ သဒ္ဓါတရား ဘယ့်လောက်ပင်ကောင်းကောင်း မိမိမှာ မည်မျှပင် အသုံးလိုလို)သူ၏ ပစ္စည်းအခြေအနေကို ထောက်ထား၍ နဲနဲပါးပါးသာ အလှူခံပါ၊ များများအလှူခံနေလျှင် သူ့မှာရှိသော ပစ္စည်းနှင့်မကိုက်၍ အလိုက် မသိရာ ရောက်လိမ့်မည်-ဟူလို။ [ဤသိက္ခာပုဒ်အရ “သေက္ခမျိုး”ဟု သမုတ်ရခြင်းမှာလည်း ဤအလှူရှင်မျိုးကို ညှာတာခြင်းပင်တည်း။
၃။ အလှူရှင်တစ်ဦးကား ပစ္စည်းဥစ္စာလည်း ပေါများ၏, သဒ္ဓါတရား လည်းကောင်းလှ၏၊ သို့သော် (သူက တရာတန် လှူနိုင်သော်လည်း မိမိမှာ ၁၀-တန်သာ အသုံးလိုလျှင်) မိမိအသုံးလိုသလောက်သာ အလှူခံပါ၊ ပစ္စည်းပေါသလောက် သဒ္ဓါကောင်းသလောက် အလှူခံနေလျှင် မိမိသုံး၍ ပိုနေသမျှ အချည်းနှီး ဖြစ်စရာရှိသောကြောင့်(ဘုန်းကြီးတွေ အလိုက်မသိတတ်ဘူး-ဟု) ဘေးလူများ၏ အကဲ့ရဲ့ဒဏ်ကို တသာသနာလုံး ခံရပါလိမ့်မည်-ဟူလို၊ ထို့ကြောင့် အလှူခံပုဂ္ဂိုလ်တို့မှာ အဘက်ဘက်က အလိုက်သိတတ်မှသာ လူအများနှင့် ဆက်ဆံရာဝယ် ပြေပြေပြစ်ပြစ် ဖြစ်နိုင်ဖွယ်ရာရှိပါသည်။ ဧကနိပါတ အင်္ဂုတ္တရဋ္ဌကထာ, ဝီရိယာရမ္ဘာဒိဝဂ်။]
စတုတ္ထပါဋိဒေသနီယ သိက္ခာပုဒ်
အမှုသည်—တောကျောင်း ဘုန်းကြီးများ။
အမှု—သာကီဝင်မင်းသ္မီးအများ တောပုန်းတို့က လုယက်ဖျက်ဆီးခံရ။
သူပုန်ထချိန် တောကျောင်း သွား၍ လှူမှု။ ။ ကပိလဝတ် နေပြည်တော်ဝယ် နိဂြောဓာရုံကျောင်းတိုက်၌ ဘုရားရှင် သီတင်းသုံးတော်မူစဉ် သာကီဝင်မင်းတို့၏ ကျွန်တို့ ပုန်ကန်နေခိုက်နှင့် ကြုံကြိုက် နေလေသည်။
စာမျက်နှာ-၂၇၆
သာကီဝင်မင်းသ္မီးတို့သည် တောကျောင်းသို့ ဆွမ်းကပ် သွားလိုကြကုန်၏၊ ထိုအကြောင်းကိုကြား၍ တောကျောင်းလမ်းက ပုန်းအောင်း နေ့နှင့်ကြကုန်သော သူပုန်တို့သည် ဆွမ်းအပို့လာသော သာကီဝင်မင်းသ္မီးများအား ပစ္စည်းကိုလည်းလု, လူကိုလည်း ဖျက်ဆီးကြကုန်၏၊ သာကီဝင်မင်းတို့သည် ခိုးထုပ်နှင့်တကွ ထိုသူပုန်တို့ကို ဖမ်းပြီးလျှင် ရဟန်းတော်တို့အား “သူပုန်တွေရှိကြောင်းကို အသိမပေးကောင်းလား” ဟု အပြစ်တင်ကြကုန်၏။ ထိုအကြောင်းကို ဘုရားရှင် ကြားတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။ [ကျောင်းတိုက်သို့ မလာခင် တင်ကြို၍လျှောက်လျှင် “သူပုန်တွေ ရှိသည်”ဟု ပြောခွင့်ရသောကြောင့် ဤသို့ပညတ်တော်မူခြင်းဖြစ်သည်။
ဂိလာနအား ခွင့်ပြုတော်မူခြင်း။ ။ ထိုသို့ ပညတ်တော်မူပြီးနောက် တောကျောင်းရဟန်း တစ်ပါးသည် မကျန်းမမာဖြစ်နေစဉ် လူတို့သည် ခဲဖွယ် ဘောဇဉ်ကို ယူ၍ တောကျောင်းသို့ လာကြကုန်၏၊ လူတို့သည် ထိုဂိလာနရဟန်းအား ဆွမ်းလှူကြသောအခါ ထိုရဟန်းသည် (ကျောင်းတိုက်သို့ မရောက်ခင် တင်ကြို၍ မလျှောက်ထားသော ဆွမ်းဖြစ်ရကား) အလှူမခံဘဲ နေကာ ထိုနေ့အဖို့ ဆွမ်းမစားရရှာတော့ချေ၊ ထိုအကြောင်းကို ဘုရားရှင်သိတော်မူ၍ တောကျောင်း ရဟန်းအား (ဂိလာန ဖြစ်နေလျှင်)တင်ကြို၍ မလျှောက်ထားသော ခဲဖွယ်ဘောဇဉ်ကို ကိုယ်တိုင် ခံယူ၍ စားခွင့် ပြုတော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယာနိ ခေါ ပန တာနိ အာရညကာနိ သေနာသနာနိ သာသင်္ကသမ္မတာနိ သပ္ပဋိဘယာနိ, ယော ပန ဘိက္ခု တထာရူပေသု သေနာသနေသု ပုဗ္ဗေ အပ္ပဋိသံဝိဒိတံ ခါဒနီယံ ဝါ, ဘောဇနီယံ ဝါ အဇ္ဈာရာမေ သဟတ္ထာ ပဋိဂ္ဂဟေတွာ အဂိလာနော ခါဒေယျ ဝါ, ဘုဉ္ဇေယျ ဝါ, ပဋိဒေသေတဗ္ဗံ တေန ဘိက္ခုနာ “ဂါရယှံ, အာဝုသော, ဓမ္မံ အာပဇ္ဇိံ အသပ္ပါယံ ပါဋိဒေသနီယံ, တံ ပဋိဒေသေမီ”တိ။
မြန်မာပြန်။ ။ တောရဖြစ်ကုန်သော သာသင်္ကသပ္ပဋိဘယဖြစ်ကုန်သော ကျောင်းတို့သည် ရှိကုန်၏၊ အကြင်ရဟန်းသည် ထိုသို့ သဘော ရှိကုန်သော ကျောင်းတို့၌ အာရာမ်၏ ဥပစာသို့ မရောက်မီ
စာမျက်နှာ-၂၇၇
ရှေးက မသိစေအပ်ဘဲ ခဲဖွယ်ကို ဖြစ်စေ ဘောဇဉ်ကို ဖြစ်စေ အာရာမ် အတွင်း၌ မိမိကိုယ်တိုင် ခံယူ၍ ဂိလာန မဟုတ်ဘဲ ခဲမူလည်း ခဲအံ့ စားမူလည်း စားအံ့၊ ထိုရဟန်းသည် “ဂါရယှံ အာဝုသော ဓမ္မံ အာပဇ္ဇိံ အသပ္ပါယံ ပါဋိဒေသနီယံ၊ တံ ပဋိဒေသေမိ”ဟုဆို၍ သီးခြား ဒေသနာ ပြောရာ၏။
ပါဋိဒေသနီယ အခန်းပြီး၏။