ဘုရားဥပဒေတော်ကြီး/ပါရာဇိကအခန်း
စာမျက်နှာ-၁
ဘုရားဥပဒေတော်ကြီး
၁။ ပါရာဇိကအခန်း
က။ မေထုနဓမ္မပါရာဇိက
မူလပညတ်
အမှုသည်—ရှင်သုဒိန်။
အမှု—ဇနီးဟောင်း၌မေထုန်မှီဝဲမှု။
ရဟန်းပြုခဲ့ပုံ။ ။ အရှင်သုဒိန်မည်သော ရဟန်းတော်သည် သာမညပုဂ္ဂိုလ် မဟုတ်၊ ဝေသာလီပြည် ကလန္ဒရွာဝယ် ကုဋေလေးဆယ် ကြွယ်ဝသော ကလန္ဒ သူဌေး၏သားတည်း၊ သူသည် ကိစ္စတစ်စုံ တစ်ခုအတွက် ဝေသာလီမြို့၌ ရောက်နေစဉ် ဘုရားရှင်၏တရားတော်ကို ကြားနာနေရင်း စဉ်းစားမိသည်မှာ-“ဤတရားတော်လာသည့်အတိုင်း နေထိုင်ကျင့်ကြံဖို့ ကိစ္စသည် လူ့ဘောင်မှာ မဖြစ်နိုင်၊ ရဟန်းပြုမှသာ တရားတော် အတိုင်း နေနိုင်မည်”ဤသို့ ကြံစည်စဉ်းစား၍ တရားတော်အပြီး၌ ဘုရားရှင်ထံရဟန်း ပြုပေးပါရန် ခွင့်တောင်းလေသည်။
ထိုအခါ ဘုရားရှင်သည် “မိဘတို့ခွင့်မပြုအပ်သော သားကို ရဟန်းပြု မပေးကောင်း”ဟု မိန့်တော်မူလေသော် မိဘတို့နေရာ ကလန္ဒရွာသို့ ပြန်၍ “ရဟန်းပြုခွင့် ပေးပါရန်”မိဘတို့ထံ ခွင့်တောင်းလေသည်။ သူ၏မိဘတို့သည် ဗုဒ္ဓဘာသာဝင်များမဟုတ်ကြ၊ သားတစ်ယောက်လည်းသာရှိသည်၊ ထို့ကြောင့်
စာမျက်နှာ-၂
ရဟန်းပြုခွင့်မပေးကြချေ။ ထိုအခါ “ရဟန်းမပြုရလျှင် မနေ, သေချင်သေပေ စေတော့ဟု ဓိဋ္ဌာန်ကာ ၇ ထပ်လောက် ထမင်းအငတ်ခံနေမှ ရဟန်းပြုခွင့် ရလေသည်၊ အရှင်သုဒိန်ဆိုသူကား ဤမျှလောက် သဒ္ဓါဆန္ဒ ပြင်းပြစွာဖြင့် ရဟန်းပြုခဲ့သော အမျိုးကောင်း သူဌေးသား ဖြစ်လေသည်။
ရဟန်းပြုပြီး ကျင့်ပုံ။ ။ ရဟန်းပြုပြီးသောအခါ(ကိလေသာတို့ကို ခါပစ်ကြောင်း ဖြစ်၍ “ဓုတင်”ဟု ခေါ်ရသော) အကျင့်များကို ဆောက်တည်၍ မိမိအရပ်မှ ဝေးကွာသော ဝဇ္ဇီတိုင်းတွင် ပါဝင်သည့် အခြားတစ်ရွာ၌ ဘာဝနာ ကမ္မဋ္ဌာန်း စီးဖြန်း ပွါးများနေလေသည်၊ ထိုသို့နေစဉ် ဝဇ္ဇီတတိုင်းလုံး ငတ်မွတ်ခြင်းဘေးနှင့် ကြုံနေသောကြောင့် ရဟန်းအများနှင့် မိမိပါ ဆွမ်းကိစ္စလွယ်ကူစေရန် မယ်တော်ခမည်းတော်နှင့် ဆွေမျိုးများကို အားကိုးကာ ရဟန်းများစွာကို ပင့်ခေါ်၍ ကလန္ဒရွာသို့ ကြွလာလေသည်၊ ထိုသို့ကြွလာကြောင်းကို အလျင်ကြားသိ၍ ပို့လှူလာသော ဆွေမျိုးများ၏ ဆွမ်းအိုးပေါင်း အလုံး ၆၀- လောက်ကို ရဟန်းတော်များအား လှူဒါန်း၍ မိမိမှာဆွမ်းခံမြဲ ဆွမ်းခံဝင်လေသည်၊ ထိုအခါ မိမိတို့အိမ်မှ ကျွန်မတစ်ယောက်သည် ကျွန်များပင် မစားချင်လောက်အောင် သိုးနေသော မူယောမုန့်ကို လမ်းသို့ စွန့်ပစ်ရန် ထွက်အလာဝယ် အရှင်သုဒိန်နှင့် ပက်ပင်းပါ တွေ့၍ “အဲဒီမုန့်ဟာ စွန့်ပစ်မှာဖြစ်လျှင် ငါ့သပိတ်ထဲ ထည့်လိုက်ပါတော့” ဟု ပြောဆိုခံယူပြီးလျှင် ထိုမုန့်အသိုးကိုပင် ရွာတွင်းရှိသော ဇရပ်တစ်ခုပေါ်သို့ ကြွ၍ ဘုဉ်းပေးတော်မူရှာလေသည်။
ခမည်းတော်နှင့် တွေ့ရပုံ။ ။ ရှင်သုဒိန်ရောက်လာကြောင်းကို အလျင် ကြားသိသော ဆွေမျိုးများသည် သဘောမတူဘဲ ရဟန်းပြုသွားသူဖြစ်၍ သူဌေးကြီးအား သားဖြစ်သူရောက်လာကြောင်းကို မပြောဝံ့ကြ၊ ထိုကြောင့် သူဌေးကြီး မသိသေးချေ၊ မုန့်ကို သပိတ်ထဲ၌ လောင်းလိုက်သော ကျွန်မလည်း ရှစ်နှစ်လောက် ကွဲနေ၍ ဘုန်းကြီးရုပ် တစ်မျိုးပြောင်းနေသော မိမိသခင်ကလေးကို ကောင်းစွာမမှတ်မိချေ။ သို့သော် အသံနှင့် လက်များကို သတိထား၍ “မိမိသခင်ကလေးဘဲ”ဟု အတတ်စွဲကာ ကဗျာ ကယာပြေး၍ (အိန္ဒိယအမျိုးသ္မီးပီပီ) အိမ်တွင်းပုန်းလုပ်နေရသော သူဌေး ကတော်သခင်မကို ပြောပြလေသည်။ ခမည်းတော် သူဌေးကြီးလည်း အလုပ် အကိုင်များကို စီမံရာမှ ပြန်အလာတွင် သူများအိမ် အနီးအပါး ဇရပ်ကြို ဇရပ်ကြား၌ မုန့်အသိုးစားနေသော သူ့ သားကိုမြင်ရ၍ ရင်ထုမနာဖြစ်ပြီးလျှင် အိမ်လိုက်ဖို့ အတန်တန်ပြောသော်လည်း “ယနေ့ ဆွမ်းကိစ္စ ပြီးပါပြီ”ဟု
စာမျက်နှာ-၃
ပြောဆို ပယ်မြစ်နေသောကြောင့် နက်ဖြန် အိမ်လာခဲ့ဖို့ရန် မှာထား သွားလေသည်။
ပစ္စည်းဖြင့် ဖြားယောင်းပုံ။ ။ နက်ဖြန်နံနက်၌ကား သူဌေးကြီးသည် ရွှေပုံနှင့်ငွေပုံကို လက်ခုပ်တဖေါင်လောက်စီ မြင့်အောင် ပုံ၍ ထိုရွှေပုံ ငွေပုံနှစ်ပုံတို့၏ အလယ်မှာ နေရာခင်းပြီးလျှင် ချွေးမ (ရှင်သုဒိန်၏ ဇနီးဟောင်း)ကိုလည်း ရှင်သုဒိန် သဘောအကျဆုံး တန်ဆာများကို ဆင်ထားဖို့ရန် သတိပေးပြီးနောက် ရှင်သုဒိန် အလာကို စောင့်မျှော် နေလေသည်။ ရှင်သုဒိန်ရောက်လာသောအခါ ထိုရွှေပုံငွေပုံများကို ပြ၍ “ချစ်သား...ဟောဒီရွှေပုံနှင့် ငွေပုံသည် သားရဲ့မိခင်နှင့် လက်ထပ်စဉ်က သနပ်ခါးပန်းမန်ဖိုးအဖြစ်ဖြင့် သားရဲ့ဘိုးဘွားများက မိခင်ကို ပေးလိုက်တဲ့ ဥစ္စာကလေးများ ဖြစ်ပါတယ်၊ ဘိုးဘွားမိဘ အမွေအနှစ်နှင့် ကူးသန်း ရောင်းဝယ်လို့ ရရှိတဲ့ ပစ္စည်းတွေမှာ မရေတွက်နိုင်အောင် များပါတယ်, လူထွက်ပြီး ကုသိုလ်ကောင်းမှု ပြုချင်တိုင်းပြုနိုင်ပါတယ်, လူထွက်ပါတော့”ဟု ဖျောင်းဖျ ပြောဆိုလေသည်။ ထိုအခါ ရှင်သုဒိန်က လူမထွက်နိုင်တဲ့ အကြောင်း အလွန်မွေ့လျော်၍ သာသနာတော်မှာနေကြောင်းကို ပြောပြသော်လည်း မရသဖြင့် တတိယအကြိမ်မှာ-“ဖခင်...ဆွဲမထုတ်ဘူးဆိုလျှင် စကားတခွန်းလောက်ပြောစမ်းချင်တယ်”အစချီ၍ “ပြောတာပေါ့”ဟု ခွင့်ပြုသောအခါ- “ဖခင်...ဖခင်၏ရွှေငွေစသော ရတနာတွေကို အိတ်ကြီးတွေ့မှာ ထည့်၍ လှည်းပေါင်းများစွာဖြင့် တိုက်ထုတ်ပြီးလျှင် ဂင်္ဂါရေလယ်ကျော၌ မျှောပစ်လိုက်ပါ၊ အဲသလိုမျှောပစ်လိုက်ခြင်းက ဖခင်မှာ စိုးရိမ်ကြောင့်ကြ ကင်း၍ ချမ်းသာခြင်း ဖြစ်ပါလိမ့်မည်”ဟု ပြောလေသည်။
ဇနီးဟောင်း ဖြားယောင်းပုံ။ ။ ထိုစကားကို ကြားရ၍ အလွန် စိတ်မချမ်းသာသော သူဌေးကြီးသည် ချွေးမကို ဖြားယောင်းခိုင်းရလေတော့၏၊ ထိုအခါ အခန်းတွင်းမှ ထွက်ချင်ပါလျက်များ အပြစ်တင်မည်စိုး၍ မထွက်ဝံ့သော ဇနီးဟောင်းသည် အကောင်းဆုံး ဝတ်ဆင်၍ ထွက်လာပြီးလျှင် အရှင်သူဒိန်၏ခြေကို ဖက်၍ *အရှင့်သား ဘုရားသာသနာ တည်ထောင်ခါစ၌ မင်းညီ မင်းသား သူဌေး သူကြွယ်သားတွေ ရဟန်းပြုသွားကြသောအခါ အမျိုးသ္မီးများနယ်၌ အသွယ်သွယ်ထင်မြင်ချက် ပေးကြရာဝယ် နောက်ဆုံး၌ “ဒီအမျိုးသားတွေဟာ ငါတို့ထက်သာသော နတ်ကညာတွေကို လိုချင်ကြသဖြင့် ငါတို့ကိုဖယ်ထား၍ ရဟန်းပြုသွားကြတာ ဖြစ်တယ်”ဟု အတည် မှတ်ချက်ချထားလေသည်။
စာမျက်နှာ-၄
အရှင်သားတို့ မျှော်မှန်းပြီးနေတဲ့ နတ်ကညာတွေဆိုတာ ဘယ်လောက်များ လှပါသလဲ”ဟု သူ့ စိတ်ထဲမှာ မခံချည့်မခံသာ ဖြစ်နေသောအကြောင်းအရာကိုပင် မေးရှာလေတော့သည်။ ထိုအခါ ရှင်သုဒိန်သည် တရားရင် ပီပီ တည်ကြည်သောစိတ်ဖြင့် “နှမ”နတ်ကညာတွေကိုမှန်းပြီး ရဟန်းအကျင့်ကို ကျင့်နေတာမဟုတ်ပါ”ဟု ပြောလေသော်- “ဇနီးဖြစ်ပါလျက် (နှစ်မ)ဟု အခေါ်ခံရလေခြင်း, ငါ့မျှော်လင့်ချက်တွေ ကုန်ပါပေါ့”ဟု တွေး၍ အဆွေးကြီးဆွေးကာ ထိုနေရာမှာပင် မူးမိုက် လဲသွားရှာလေသည်။ [သူ့မျှော် လင့်ချက်ကား “နောက်ထပ် ပေါင်းရလိမ့်ဦးမည်, ပေါင်းရလို့ရှိလျှင် သားသ္မီးရ၍ ဒီအမွေအနှစ်တွေ ငါပိုင်ဖြစ်နိုင်သည်”ဟူသော မျှော်လင့်ချက်တည်း၊ “နှမ”ဟူသော အသုံးအနှုန်းမှာ မောင်နှမအရင်းလို သဘောထားသဖြင့် “ဇနီး” မဖြစ်နိုင်တော့ကြောင်းကို ပြသော ရှေးသုံး စကားလုံး ဖြစ်သည်။]
မယ်တော်ကြီး သားမျိုးစေ့တောင်းပုံ။ ။ ထိုအခါ မယ်တော်ကြီး ပြောသည်မှာ- ငါ့သား... တကယ်လူမထွက်နိုင်လျှင် ရဟန်းဘဝမှာပင် ပျော်ရွှင်စွာ နေပါတော့၊ သို့သော် သားသ္မီးမရှိသော ပစ္စည်းတွေကို ငါတို့သေလျှင် လိစ္ဆဝီမင်းတို့ သိမ်းရစ်ပါလိမ့်မယ်၊ သားတစ်ယောက်လောက်ရရုံ သားမျိုးစေ့ဘဲပေးပါတော့”ဟု နောက်ဆုံး ပူဆာခြင်းမျိုးဖြင့် ပူဆာလေသော်, ဘုရားပညတ်တော်မူပြီးသော သိက္ခာပုဒ်လည်း မရှိသေးသဖြင့် အပြစ်ရှိလိမ့်မည် မထင်သောကြောင့် “သူတို့၏ နပူနဆာလုပ်ခြင်းမှ အေးစေတော့”ဟု သဘောထား၍ “ဒီကိစ္စလောက်တော့ ကူညီနိုင်ပါရဲ့”ဟု ဝန်ခံခဲ့ပြီးလျှင် မိမိနေရာ မဟာဝုန်တောသို့ မယ်တော်ကြီးနှင့်အတူလာသော ဇနီးဟောင်းအား သားမျိုးစေ့ပေးမိလေသည်။
သိက္ခာပုဒ်ပညတ်ရပုံ။ ။ ထိုကဲ့သို့ သားမျိုးစေ့ ပေးပြီးနောက် အရှင်သုဒိန်ကိုယ်တိုင် (“သာသနာတော်နှင့်မလျော်သော အမှုကို ငါပြုမိပေါ့” ဟု) နောင်တ-ရသဖြင့် မစားနိုင်, မသောက်နိုင် တမှိုင်မှိုင်နှင့်ပိန်ချုံးနေသော ခန္ဓာကိုယ်ကို သီတင်းသုံးဖော်တို့မြင်ကြ၍ အကြောင်းကို မေးကြလေရာ သူ၏ ဖြစ်ပျက်ပုံကို အလုံးစုံပြောပြရှာလေသည်၊ ထိုအခါ ကြားရသော ရဟန်းတော်များလည်း အပြစ်တင်ကြ၍ ဘုရားရှင်အား လျှောက်ကြလေသော်, ဘုရားရှင်လည်း ရှင်သုဒိန်အား ကဲ့ရဲ့ပြစ်တင်တော်မူ၍...
ယော ပန ဘိက္ခု၊ မေထုနံဓမ္မံ ပဋိသေဝေယျ, ပါရာဇိကော ဟောတိ အသံဝါသော”။
စာမျက်နှာ-၅
“အကြင်ရဟန်းသည် မေထုန်မှီဝဲအံ့၊ ထိုရဟန်းသည် ပါရာဇိကကျ၍ ရဟန်းကောင်းတို့နှင့် ကံကြီးကံငယ် ပေါင်းသင်းခွင့်မရှိရဟု ပထမ ပါရာဇိကသိက္ခာပုဒ်ကို ရှေးဦးစွာ(အပြည့်အစုံမဟုတ်သေးဘဲ)ပညတ်တော် မူရလေသည်။
ဝတ္ထုမှတ်ချက်။ ။ ဤဝတ္ထု၌ အရှင်သုဒိန်သည် မိမိကိုယ်တိုင် သဒ္ဓါဆန္ဒပြင်းပြသော သူတော်ကောင်းဖြစ်ပါလျက် မယ်တော်ကြီး ပူဆာချက်ကြောင့် သာသနာတော်နှင့် မလျော်သော အမှုကို ပြုမိရလေ၏။ [အပေါင်းအသင်း မကောင်း၍ ပျက်စီးရခြင်းမျိုးပင်တည်း။] ထိုကျူးလွန်မိသော ပြစ်မှုကြောင့်ပင် နောင်တ-ကြီးစွာဖြင့် တဘဝလုံး လူဖြစ်ရှုံးကာ တရားထူး မရတော့ချေ။ မိမိမျိုးစေ့ ပေးလိုက်သော သားကလေးနှင့်မိခင်တို့ကား နောင်အခါ သာသနာဘောင်သို့ ဝင်လာကြ၍ သားအမိ ၂ ဦးလုံးပင် ရဟန္တာ ဖြစ်ကြပေသည်။
ပထမ အနုပညတ်
အမှုသည်—တောကျောင်းဘုန်းကြီး။
အမှု—မျောက်မကို မှီဝဲမှု။
တောကျောင်းဘုန်းကြီး ဖြစ်ထွေ။ ။ ဝေသာလီပြည် မဟာဝုန်တော၌ တောကျောင်း ဘုန်းကြီးတစ်ပါးကား မျောက်မကြီး တကောင်ကို ထမင်းမုန့်စသည်ကျွေး၍ အတော်ယဉ်ပါးသည့်အခါ ထိုမျောက်မ၌ မေထုန်မှီဝဲလေ့ရှိ၏။ အခါတစ်ပါး၌ အာဂန္တုက ရဟန်းတော်များသည် အခြားရဟန်းတို့ ဆွမ်းခံချိန်တွင် ကျောင်းစဉ်လှည့်၍ ကြည့်ရှုကြလေရာ, ထိုမျောက်မကြီးသည် ထိုရဟန်းတို့ကို မြင်၍ သူ့ ဘုန်းကြီး၌ ပြုနေကျဖြစ်သော “အမြီးနန့်ခြင်း, ခါးကိုကွပေးခြင်း” အမူအရာကို ပြလေသည်၊ ထိုအခါ ထိုတောကျောင်းဘုန်းကြီးအပေါ် မယုံသင်္ကာ ဖြစ်ကြသောကြောင့် ပုန်းအောင်းချောင်းနေကြလေသည်၊ ထိုဘုန်းကြီးလည်း ဆွမ်းခံပြန်လာပြီးနောက် တချို့ကို သူစား၍ တချို့ကို သူ့ မျောက်မကြီးအား ပေးပြီးလျှင် ရှေးရှေး နေ့များ၌ ကျင့်နေကျအတိုင်း မျောက်မကြီး၌ ကျင့်လေတော့၏။
ထိုအခါ ပုန်းအောင်းနေသော ရဟန်းများထွက်လာ၍ “သိက္ခာပုဒ် ပညတ်ထားတယ်မဟုတ်လား, ဘာပြုလို့ သည်လိုကျင့်ရသလဲ”ဟု အပြစ်တင်ကြလေရာ, တောကျောင်းဘုန်းကြီးက “သိက္ခာပုဒ် ပညတ်ထားတာက လူမိန်းမအတွက်သာဖြစ်တယ်, တိရစ္ဆာန်မအတွက် မဟုတ်ဘူး”ဟု ငြင်းချက်
စာမျက်နှာ-၆
ထုတ်လေသော်, ဘုရားအထံတော်ရောက်ကြ၍ ဘုရားရှင်က ထိုတောကျောင်း ဘုန်းကြီးကို များစွာရှုတ်ချတော်မူပြီးလျှင် အနုပညတ်ထပ်၍...
ယောပန ဘိက္ခု မေထုနံ ဓမ္မံ ပဋိသေဝေယျ, အန္တမသော တိရစ္ဆာနဂတာယပိ ပါရာဇိကော ဟောတိ အသံဝါသော။
“အကြင်ရဟန်းသည် မေထုန်မှီဝဲအံ့, အယုတ်သဖြင့် တိရစ္ဆာန်မ၌ ဖြစ်စေ မှီဝဲအံ့၊ ထိုရဟန်းသည် ပါရာဇိကကျ၍ ရဟန်းကောင်းတို့နှင့် ပေါင်းသင်း ဆက်ဆံမှု (ကံကြီး-ကံငယ် အတူပြုခွင့်) မရှိစေရ”ဟု ပညတ်တော် မူရပြန်လေသည်။
ဒုတိယ အနုပညတ်
အမှုသည်—ဝေသာလီမြို့သားရဟန်းများ။
အမှု—သိက္ခာမချဘဲ မေထုန်မှီဝဲမှု။
ဝေသာလီမြို့သား ရဟန်းများဖြစ်ပုံ။ ။ ဝေသာလီမြို့သား ရဟန်းများသည် စားချင်တိုင်းစား အိပ်ချင်တိုင်းအိပ် ရေချိုးချင်တိုင်း ချိုးကြ၍ တရားကိုကား နှလုံးမသွင်းကြ၊ သူတို့သည် ကာမရာဂထကြွသောင်းကျန်းသဖြင့် မထိန်းနိုင်, မသိမ်းနိုင်ဖြစ်ကာ သိက္ခာမချ-လူမထွက်ကြဘဲ မေထုန်မှီဝဲ ကြလေသည်၊ ထို့နောက်မှ လူထွက်ကြ၍ လူ့ ဘောင်ရောက်သောအခါ ဆွေမျိုး စည်းစိမ်ပျက်စီးကြ, ရောဂါဖြစ်ကြသဖြင့် နောင်တရ၍ သာသနာ့ဘောင်သို့ ပြန်ဝင်လိုပါကြောင်းဖြင့် ဘုရားကို လျှောက်ပေးဖို့ရန် အရှင်အာနန္ဒာထံ တောင်းပန်ကြလေသည်၊ အရှင်အာနန္ဒာက ဘုရားထံ တဆင့်လျှောက်လေသော် ဘုရားရှင်သည် “ရဟန်းဝတ်နှင့် သိက္ခာမချဘဲ မေထုန်မှီဝဲပြီးနှောက် ရဟန်းဘောင်ပြန်လာသူကို (ရဟန်းသိက္ခာ မလေးစားသူဖြစ်၍) ရဟန်းခံ မပေးရ”ဟု မိန့်တော်မူပြီးလျှင် “ဘိက္ခူနံ သိက္ခာ သာဇီဝ သမာပန္နော သိက္ခ အပ္ပစ္စက္ခာယ”တို့ကို ဖြည့်စွက်၍ ဒုတိယ တဖန် အနုပညတ် ထပ်တော်မူရ ပြန်သည်၊ ထိုအခါ အပြည့်အစုံဖြစ်သော ပထမ ပါရာဇိက သိက္ခာပုဒ် ပါဠိတော်မှာ-
ယော ပန ဘိက္ခု၊ ဘိက္ခူနံ သိက္ခာ သာဇီဝ သမာပန္နော သိက္ခံ အပ္ပစ္စက္ခာယ ဒုဗ္ဗလျံ အနာဝိကတွာ မေထုနံ ဓမ္မံ ပဋိသေဝေယျ, အန္တမသော တိရစ္ဆာနဂတာယပိ ပါရာဇိကော ဟောတိ အသံဝါသော”ဟု ဖြစ်၏။
စာမျက်နှာ-၇
သိက္ခာပုဒ်မြန်မာပြန်။ ။ အကြင်ရဟန်းသည် ရဟန်းတို့၏ သိက္ခာနှင့် သာဇီဝသို့ ကောင်းစွာ ရောက်သူဖြစ်ပါလျက် သိက္ခာမချဘဲ သိက္ခာပုဒ်၌ ဖြည့်ကျင့်လိုသော စိတ်အားမရှိကြောင်းကိုလည်း ထင်ရှား မပြဘဲ မေထုန်မှီဝဲအံ့၊ အောက်ထစ်ဆုံး တိရစ္ဆာန်မ၌ပင် မှီဝဲစေဦးတော့၊ ထိုရဟန်းမှာ ပါရာဇိကကျ၍ ရဟန်းကောင်းများနှင့် ပေါင်းသင်းခွင့် မရှိတော့ချေ။
အင်္ဂါ ၂-ပါး။ ။ ၁-မှီဝဲလိုသောစိတ်ရှိခြင်း, ၂-သူတစ်ပါး၏ မဂ်တွင်းသို့ မိမိအင်္ဂါဇာတ်ကို သွင်းခြင်း ဤအင်္ဂါ ၂-ပါးနှင့်ညီလျှင် ပါရာဇိက အာပတ်သင့်၏။
[ဆောင်] မှီဝဲလိုဘိ, စိတ်ကူးရှိ၍ သူ၏မဂ်တွင်း, ကိုယ့်မဂ်သွင်း, ကြောင်းရင်း နှစ်လီ, အင်္ဂါညီ, သင့်ပြီ ပထမပါရာဇိက။
မဂ် ၃-ပါး။ ။ “မဂ္ဂ”ဟူသောပါဠိကို “မဂ်”ဟု ဆိုထား၏၊ မြန်မာလို “လမ်း” ဟု ဆိုလို၏၊ ထိုမဂ်သည် ဝစ္စမဂ်-ကျင်ကြီးလမ်း (ဖင်ပေါက်), ပဿာဝမဂ်- ကျင်ငယ်လမ်း (အင်္ဂါဇာတ်ပေါက်), မုခမဂ် အစာဝင်လမ်း (ပါးစပ်ပေါက်)ဟု ၃-မျိုးရှိ၏၊ ထို၃-မျိုးသော လမ်းပေါက်ထဲသို့ အင်္ဂါဇာတ်ကို နှမ်းတစေ့ခန့်မျှ သွင်းမိလျှင်ပင် ပါရာဇိက ကျ၏။
ကိုယ့်မဂ်ကိုယ်သွင်း။ ။ သူ၏မဂ်တွင်းသို့သွင်းမှ ပါရာဇိကကျသည် မဟုတ် သေး၊ ကျောက်ကုန်း ပြောသူသည် ငုံံ့၍ မိမိအင်္ဂါဇာတ်ကို ပါးစပ်ဖြင့်စုတ်လျှင်လည်းကောင်း, အင်္ဂါဇာတ်ရှည်သူသည် မိမိ၏ ဝစ္စမဂ်သို့ သွင်းလျှင်လည်းကောင်း, ပါရာဇိက ကျသည်သာ။
ထုလ္လစ္စဉ်း။ ။ ဘုရားလက်ထက်တော်၌ ရဟန်းတစ်ပါးသည် အသေကောင် မိန်းမကို တွေ့မြင်၍ ရာဂစိတ်ဖြစ်၏၊ ထိုမိန်းမ၏ အင်္ဂါဇာတ်ကို တဝက် ကျော်ကျော် ခွေးစားထား၏၊ ထိုရဟန်းသည် ထိုအင်္ဂါဇာတ်ကိုပင် မှီဝဲလေသည်၊ ထို့နောက် ပါရာဇိက ကျ, မကျ၌ ယုံမှားသံသယ ဖြစ်သောကြောင့် ဘုရားရှင်ကိုလျှောက်လေရာ ဘုရားရှင်သည် “ထုလ္လစ္စဉ်းအာပတ်သင့်၏”ဟု ဆုံးဖြတ်တော်မူလေသည်၊ အင်္ဂါဇာတ်သည် တဝက်အတိကျအောင်ခွေးစား ထားလျှင်လည်းကောင်း, တဝက်ကျော်အောင် ခွေးစားထားလျှင်လည်းကောင်း,
စာမျက်နှာ-၈
အာပတ်သာ သင့်၏။ [“ဥပဍ္ဎက္ခာယိတေစ ယေဘုယျေန ခါယိတေစ ထုလ္လစ္စယံ”-ပထမ ပါရာဇိကဋ္ဌကထာ။ ]
ဒုက္ကဋ်။ ။ ဘုရား လက်ထက်တော်၌ ရဟန်း တစ်ပါးသည် မိန်းမ တစ်ယောက်၌ စွဲလမ်းနေ၏၊ သူမရှိခိုက်၌ ထိုမိန်းမသေသွား၏။ အတော်ကြာမှ ပြန်လာ၍ ထိုအကြောင်းကို သိသောအခါ သုသာန်သွား၍ ထိုမိန်းမ၏ အရိုးများကို ဆက်စပ်လျက် အင်္ဂါဇာတ် နေရာ၌ မှီဝဲ၏၊ ထို့နောက် ဘုရားရှင်အား လျှောက်ကြလေရာ “ဒုက္ကဋ်အာပတ်”ဟု ဆုံးဖြတ်တော်မူသည်၊ ဤသို့လျှင် အရိုးဖြစ်စေ, လုံးလုံးပုတ်၍ ပျက်စီးနေသော အင်္ဂါဇာတ်၌ ဖြစ်စေ မှီဝဲလျှင် ဒုက္ကဋ်အာပတ်သင့်၏။ .
အာပတ်မသင့်သူများ
မသိသူ။ ။ ဘုရားလက်ထက်တော်၌ မဟာဝုန်တောဝယ် နေ့အခါ ပက်လက် အိပ်ပျော်နေသော ရဟန်းတစ်ပါးကို မိန်းမတစ်ယောက်မြင်၍ အင်္ဂါဇာတ်ပေါ်ဖိ၍ထိုင်ကာ အလိုရှိတိုင်း ကျင့်ပြီးနောက် အနီး၌ ရယ်မောလျက် ရပ်နေ၏။ ရဟန်းသည် (ထိုကိစ္စပြီးမှ နိုးလာ၍) “ငါ့မှာ အာပတ် သင့်လေသလား”ဟု ယုံမှား သံသယဖြစ်သောကြောင့် ဘုရားကို လျှောက်၏၊ ဘုရားရှင်က “သင်ကသာယာမိသလား”ဟု မေးတော်မူရာ “တပည့်တော် သူပြုကျင့်နေတုန်းက အိပ်ပျော်နေလို့ သိတောင်မှ မသိလိုက်ပါ” ဟု လျှောက်လေသော် “လုံးလုံးမသိလိုက်သူမှာ အာပတ်မသင့်”ဟု ဆုံးဖြတ်တော်မူလေသည်။
မှတ်ချက်။ ။ ဝတ္ထုနှင့်အလားတူ နောက်၌ တံခါးမပိတ်ဘဲ နေ့လည် အိပ်ပျော်နေသော ရဟန္တာတစ်ပါးကိုလည်း မိန်းမအများ အပြုကျင့်ခံရသေး၏။ ထိုဝတ္ထုကြောင့် “နေ့အခါ ဆိတ်ငြိမ်စွာ ကိန်းအောင်းနေသော (အိပ်နေသော-အဋ္ဌကထာ) ရဟန်းသည် အဝင်အထွက် တံခါးမကိုပိတ်၍ (စေ့၍) ထားရမည်”ဟု မိန့်တော်မူ၏၊ “တံခါးမကို မပိတ်မစေ့ဘဲ အိပ်လျှင် ဒုက္ကဋ် အာပတ်သင့်၏”ဟု အဋ္ဌကထာ၌ မိန့်သည်။
မသာယာသူ။ ။ ဘုရားလက်ထက်တော်၌ ရဟန်းတစ်ပါးသည် ဝေသာလီမြို့ မဟာဝုန်တောဝယ် နေ့ အခါ ကမ္မဋ္ဌာန်းတရား ကြိုးစားအားထုတ်နေစဉ် သစ်ပင်ကိုမှီ၍ အိပ်ပျော်သွား၏၊ ထိုရဟန်းကို မိန်းမတစ်ယောက်မြင်၍ အင်္ဂါဇာတ်ကို အဖိလိုက်တွင် ဆတ်ကနဲနိုးကာ ကပျာကယာထ၍ ထိုမိန်းမကို ၂-လိမ့်, ၃-လိမ့်လိမ့်အောင် လှိမ့်၍ လှိမ့်၍ ကန်ကျောက် လေသည်။
စာမျက်နှာ-၉
ထိုနောက်မှ ယုံမှားသံသယဖြစ်၍ ဘုရားရှင်ကို လျှောက်လေရာ ဘုရားရှင်က သာယာမိသလား”ဟု မေးတော်မူ၍ မသာယာကြောင်း” လျှောက်လေသော်, မသာယာလျှင် အာပတ်မသင့်”ဟု ဆုံးဖြတ်တော်မူလေသည်။
မှတ်ချက်။ ။ ဤနေရာမျိုး၌ မသာယာခြင်းမှာ နဂိုကပင် ကမ္မဋ္ဌာန်းကို ကြိုးပမ်းအားထုတ်ကာ ကိလေလာစစ်တပ်ကို နေ့စဉ် တိုက်ခိုက်နေသော သူရဲကောင်းကြီး ဖြစ်သောကြောင့်သာတည်း၊ နဂိုက ပေါ့ပေါ့ဆဆ နေ့သူတို့မှာ ဧကန်မုချ သာယာကြမည်သာ။
အရူးသူများ။ ။ ဗဒ္ဓသည်းခြေ ပျက်၍ ဆေးကု မရလောက်အောင် တကယ်ရူးသဖြင့် သူ့ဟာသူ ဘာလုပ်လို့ လုပ်မှန်း မသိသော အရူး, ဘီလူး, သူရဲ, နတ်စသူတို့ ဖမ်းစားချောက်လှန့်ထားသဖြင့် စိတ်ပြန့်လွင့်နေသူ, ရောဂါ ဝေဒနာဒဏ် အပြင်းအပြခံနေရသဖြင့် သူများက ပြုကျင့်သည်ကိုမျှ မသိ သူနှင့် ဤသိက္ခာပုဒ်၏ အစဆုံး အမှုသည်ဖြစ်သော အရှင်သုဒိန်တို့မှာ အာပတ်မသင့်။
သတိပေးချက်။ ။ မေထုန်နှင့် စပ်သောစကားသည် ရုန့်ရင်းသော စကားဖြစ်၍ သူတော်ကောင်းတို့ ပြောဆိုသင့်, ရေးသားသင့်သော စကားမဟုတ်ချေ၊ ထို့ကြောင့် ဤစာကို ကြည့်ရှုသူတို့သည် စက်ဆုပ်ရွံရှာ မသတီ စရာသဘောကို တွေးတောနိုင်ကြပါစေ၊ ထို့ပြင်-ဤမျှလောက်စက်ဆုပ် ရွံရှာဖွယ် ကောင်းသော အမှုကို ဝေးစွာရှောင်ကြဉ်ပြီး ဖြစ်တော်မူသော မြတ်စွာဘုရားသည် ရဟန်းသံဃာတော်များအပေါ်၌ ပြင်းပြ သော မဟာကရုဏာတော်ကြောင့်, နှုတ်တော်နှင့်မသင့်လျော်သော အကြောင်းအရာတို့ကိုပင် သာယာလိုက်သလား, သိလိုက်သလား? စသည်ဖြင့် စစ်ဆေးမေးမြန်းတော်မူကာ ထိုက်သင့်ရာ ဥပဒေသကို ထားတော်မူရပေသည်-ဟု ဘုရားရှင်၏ မဟာကရုဏာဂုဏ်တော်ကို အာရုံပြုလျက် လေးနက်သော စိတ်ထားဖြင့် ရှုစားနိုင်ကြပါစေ။
ခ။ အဒိန္နာဒါနပါရာဇိက
မူလပညတ်
အမှုသည်—ရှင်ဓနိယ။
အမှု—ဘုရင်၏သစ်တော်တို့ကို လှည့်စား၍ယူမှု။
ရှင်ဓနိယ ကျောင်းကလေး။ ။ အရှင်ဓနိယသည် ရာဇဂြိုဟ်မြို့ ဣသိဂိလိတောင်ကမ်းပါး၌ မြက်မိုးမြက်ကာ ကျောင်းကုဋ်ကလေးတဆောင် ဆောက်၍ နေ၏၊ အခါတစ်ပါး၌ သူဆွမ်းခံသွားစဉ် မြက်ရိပ်သမားနှင့် ထင်းခုတ်သမားတို့သည် မြက်ကျောင်းကုဋ်ကလေးကို ဖျက်၍ မြက်နှင့်
စာမျက်နှာ-၁၀
ထင်းတို့ကို ယူသွားကြလေသည်။ ထို့အတူ သုံးကြိမ်တိုင်အောင် ထိုကျောင်း ကလေးမျိုးကို ဆောက်၍ သုံးကြိမ်တိုင်အောင်ပင် အဖျက်အဆီး အယူအငင် ခံရလေသည်။ အရှင်ဓနိယသည် အိုးလုပ်ငန်း၌ ကောင်းစွာ ကျွမ်းကျင်သော အိုးထိန်းသည်၏သားဖြစ်ရကား ထိုမြက်ကျောင်းကုဋ်ကလေးမျိုး နောက်ထပ် မဆောက်တော့ဘဲ ရွံ့တွေကို ကိုယ်တိုင်နယ်၍ မြေကျောင်းကလေး လုပ်ပြီးလျှင် မီးဖုတ်လိုက်သည့်အခါ နီနီရဲရဲနှင့် အလွန်ရှုချင်ဖွယ် ကောင်းသော မြေတိုက်ကလေးဖြစ်လာလေသည်။
မြေတိုက်ကလေး အဖျက်ခံရပုံ။ ။ ဘုရားရှင်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းတော်မူလာသောအခါ ထိုမြေတိုက်ကလေးကို မြင်တော်မူ၍ “ဤမောဃ ပုရိသသည် မြေတိုက်လုပ်ဖို့ရန် မြေတူးစဉ်, မြေကိုရွံ့ဖြစ် အောင်နယ်စဉ် မီးဖုတ်စဉ်တုန်းက ပျက်စီးရှာမည့် ပိုးကောင်ကလေးများကိုမှ မသနားလေရော့သလား, သူလုပ်ပုံကို အတုလိုက်၍ နောင်လာနောက်သားတို့သည် အလုပ်ကိစ္စဆိုင်ရာဝယ် ပိုးမွှားတိရစ္ဆာန်ကလေးများကို သတ်လို့ ပါဏာတိပါတကံ မထိုက်ဟု အထင်မှားရစ်ဖွယ်ရှိသည်”ဟု မိန့်တော်မူပြီးလျှင် “နောင်ခါ ဤမြေတိုက်မျိုးကို မလုပ်ရ”ဟု သိက္ခာပုဒ် ပညတ်တော် မူလေသည်၊ ထိုမြေတိုက်ကလေးကိုလည်း အဖျက်ခိုင်းတော်မူလေရာ ရဟန်း များ သွား၍ဖျက်ကြလေသည်၊ အရှင်ဓနိယသည် အခြားတနေရာမှ ကျောင်းတိုက်ကလေး ဖျက်သံကြား၍ လာပြီးလျှင် “ဘာကြောင့် ဖျက်ကြပါသလဲ”ဟု မေးရာ “မြတ်စွာဘုရားက အဖျက်ခိုင်း၍ ဖျက်ကြောင်းကို ပြောကြလေ သော် “တရားရှင်ဘုရားက ခိုင်းစေလျှင် ဖျက်ကြပါတော့”ဟု ကျေကျေ နပ်နပ်ပင် ခွင့်ပြုရှာလေသည်။
မှတ်ချက်။ ။ ဤဝတ္ထု၌ တိုက်ကျောင်းကလေးအပျက်ခိုင်းပုံကို ထောက်၍ ယခုကာလ၌လည်း ရဟန်းများနှင့်မအပ်စပ်သော ပရိက္ခရာတစ်စုံတစ်ခုကို သုံးစွဲနေတာ တွေ့လျှင် ဝိနည်းဓိုရ်ပုဂ္ဂိုလ်သည် ထိုမအပ်သော ပရိက္ခရာကို (ထိုဥစ္စာရှင်အား အာပတ်မသင့်စေလိုသော စိတ်ကောင်းဖြင့်) ဖျက်ပစ်ကောင်း၏-ဟု အဋ္ဌကထာမိန့်သည်။
အရှင်ဓနိယ သစ်တော်များယူပုံ။ ။ “ငါ၏ မြက်ကျောင်းကလေးများကို သူတစ်ပါးတို့ဖျက်ဆီး ယူသွားခြင်း ခံရသည်မှာ ၃-ခါရှိပြီ၊ မြေတိုက်ကလေးကိုလည်း ဘုရားရှင် အဖျက်ခိုင်းတော်မူသောကြောင့် ရဟန်းအများ ဖျက်သွားကြလေပြီ၊ ဗိမ္ဗိသာရမင်း၏ သစ်တော်တို့ကို ရေတွက်မှတ်သားရသော သစ်တောဘက်ဆိုင်ရာ စာရေးကြီးတစ်ယောက်ကား
စာမျက်နှာ-၁၁
ငါ့မိတ်ဆွေဖြစ်ဖူး၏၊ သူ့အထံမှာ သစ်သားတို့ကိုတောင်း၍ သစ်သားကျောင်းငယ် ဆောက်လုပ်ရလျှင် ကောင်းမှာဘဲ”ဟု အရှင်ဓနိယမှာ အကြံဖြစ်လေသည်၊ ဤသို့ ကြံပြီးနောက် စာရေးကြီးထံ သစ်များကို တောင်းလေသော် “အရှင်ဘုရား လှူရန် သစ်များမရှိပါ၊ မြို့ကို ပြုပြင်ရန်ထားသော ဘုရင့်သစ်တော်များသာ ရှိပါသည်, ထိုသစ်တော်တို့ကို မင်းတရားက လှူစေဟု အမိန့်ချလျှင် အရှင်ဘုရားယူပါတော့”ဟု လျှောက်လေလျှင်, အရှင်ဓနိယလည်း “မင်းတရားက လှူပြီးသားဘဲ”ဟု ညာဖြန်းပြောဆို၍ သစ်တော်တို့ကို လှည်းဖြင့် တိုက်ယူစေလေသည်။
စာရေးကြီး အဖမ်းခံရ၍ဘုရင့်ထံ ရှင်းရပုံ။ ။ ထိုကိစ္စအတွက် ဆိုင်ရာအမတ်တို့က သစ်တောစာရေးကြီးကို ဖမ်းကြသဖြင့် ရှင်ဓနိယကိုယ်တိုင် ဘုရင့်ထံသို့ဝင်ကာ “ဘိသိက် ခံစဉ်တုန်းက မြက် ထင်း ရေများကို ရဟန်းပုဏ္ဏားတို့အား ပေးလှူပါသည်” ဟု မင်းတရား ပြောဘူးသောစကားကြောင့် သစ်တော်များကို ယူမိကြောင်း ရှင်းပြလေသည်၊ “ထိုစကားမှာ တောထဲ၌ ပိုင်ရှင်မရှိသော မြက် ထင်း ရေတို့ကို ရည်ရွယ်ပြောသော စကားဖြစ်ပါတယ်, ယခုလိုပိုင်ရှင်ရှိသော အရာကို မဆိုလိုပါ၊ ကိုယ်တော်ဟာ သေသောက်ကြူးလက် ရောက်ပြီးဖြစ်လျက် အမွေးတန်ဘိုးရှိ၍ လူတစ်ယောက်က နှုတ်ယူသောကြောင့် အသတ်မခံရသော သိုးကလေးကဲ့သို့ ဘုရားရှင်၏ အရေအမွေးတော်ကြောင့် သတ်လောက်သောအပြစ်မှ လွတ်ရပါတယ်, နောင်လဲ ဤအမှုမျိုးကို မပြုပါနှင့်” ဟု ပြောဆို လွှတ်လိုက်လေသည်၊ ရှင်ဓနိယက သူ့အပြစ်ဟု ဝန်ခံသောကြောင့် စာရေးကြီးလည်း လွှတ်ရမည်သာ။] ထိုအကြောင်းကို အရပ်သူ အရပ်သားတို့ သိသဖြင့် ကဲ့ရဲ့ကြလေရာ, တဆင့်စကား တဆင့်နားဖြင့် ဘုရားရှင်ထံတော်ပါးသို့ ရောက်သွားလေသော်... ဘုရားရှင်လည်း မောဃပုရိသ = အလကာ့ယောက်ျား-ဟု ကဲ့ရဲ့ပြစ်တင်တော်မူလေသည်၊ [အရှင်ဓနိယသည် ဤနေရာဝယ် ကဲ့ရဲ့ရှုတ်ချခံရသော်လည်း နောင်အခါ၌မူ တရားရ၍ ရဟန္တာဖြစ်လေသည်။ ဥပနိဿယေ သတိပိ တသ္မိံ ခဏေ မဂ္ဂေဝါ ဖလေဝါ အသတိ မောဃပုရိသာတိ ဝဒန္တိယေဝ, ဓနိယ ဥပသေနတ္ထရာဒိကာဝိယ။ [သာရတ္ထဋီကာ, ပထမပါရာဇိက အဖွင့်]
သိက္ခာပုဒ် ပညတ်တော်မူပုံ။ ။ ထိုအမှုရောက်လာချိန်မှာ တရားသူကြီး လုပ်ခဲ့ဘူးသော ရဟန်းတစ်ပါးလည်း ဘုရားအနီး၌ရှိလေရာ ဗိမ္ဗိသာရ မင်းသည် ဘယ်လောက်တန်ဘိုးရှိသော ပစ္စည်းကိုခိုးလျှင်
စာမျက်နှာ-၁၂
ထိုသူ့ကိုဖမ်း၍ ညဉ်းဆဲမှုချုပ်ထားမှု တိုင်းပြည်မှနှင်ထုတ်မှုကို ပြုသနည်း” ဟု ဘုရားရှင် မေးတော်မူလေသည်၊ ထိုအခါ တရားသူကြီးဟောင်းရဟန်းက “ငွေစင်တမတ်ကို ဖြစ်စေ, တမတ်တန်ပစ္စည်းကိုဖြစ်စေ ခိုးလျှင်ညှဉ်းဆဲမှုစသည် ကို ပြုပါကြောင်း” လျှောက်လေသော် ထိုလျှောက်ချက်အရ ရာဇဂြိုဟ်ပြည် သုံးဖြစ်သော “ငွေတမတ်, သို့မဟုတ် တမတ်တန် ခိုးလျှင် ပါရာဇိကကျစေ”ဟု “ယောပန ဘိက္ခု အဒိန္နံ ထေယျသင်္ခါတံ အာဒိယေယျ”မှစ၍ ပါရာဇိကော ဟောတိ အသံဝါသော တိုင်အောင် မူလပညတ်ကို ထားတော်မူသည်။ [ထိုသိက္ခာပုဒ် ပညတ်တော်မူချိန်၌ ရာဇဂြိုဟ်ပြည်ဝယ် “ရွှေ ၅-ပဲသား, ငွေ ၅-ပဲသား, ကြေးနီ ၁၀-ပဲသား၊ ပေါင်း ပဲ ၂ဝကို တစ်ကျပ်” ဟု သုံးစွဲ၏၊ ထို့ကြောင့် ပြခဲ့သော ရွှေ, ငွေ, ကြေးနီပေါင်းထားသော ၅-ပဲသားကို တမတ်”ခေါ်သည်ဟု မှတ်။]
အနုပညတ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—ခဝါထုပ်ကိုခိုးမှု။
ခဝါထုပ်ကြီးခိုးမှု။ ။ ထိုသိက္ခာပုဒ် ပညတ်တော်မူပြီးနောက် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ခဝါဆိပ်ကမ်းသို့သွား၍ ခဝါသည်တို့၏ အလုပ်ကြီးကို ခိုးယူလာလေသည်၊ ထိုသို့ခိုးယူပြီးနောက် ဝေစုဝေနေသည်ကို အခြား ရဟန်းတို့မြင်၍ “ငါ့ရှင်တို့ တယ်ဘုန်းကြီးကြပါကလား, သင်္ကန်းချုပ်ဖို့ အဝတ်တွေအများကြီး ရသကိုး”ဟုပြောဆိုကြလေရာ, ဘယ်မှာဘုန်းကြီးလို့တုံး ခဝါဆိပ်က ခိုးလာကြတာဘဲ” ဟု ရဲရဲကြီး ပြောဆိုကြလေသည်၊ ထိုအခါ “သူများဥစ္စာကို ပိုင်ရှင်က မပေးဘဲ မယူရဘူး”လို့ ပညတ်တော် မူထားတယ် မဟုတ်ပါလား၊ “ပညတ် ထားတာမှန်တယ်, အဲဒီသိက္ခာပုဒ်ကို မြို့ထဲ ရွာထဲအတွက် ပညတ်တာဖြစ်တယ်၊ ယခုမြို့ပြင်ကယူတာဘဲ”ဟု ဆင်ခြေ လဲကြသည်ကို ဘုရားရှင်အား လျှောက်ကြလေသော်... ဘုရားရှင်သည် “ဂါမာဝါ အရညာဝါ = ရွာမှ မြို့မှဖြစ်စေ တောမှဖြစ်စေ”ဟု ထည့်စွက်၍ အနုပညတ် ထပ်တော်မူရလေသည်။
သိက္ခာပုဒ်မြန်မာပြန်။ ။ အကြင်ရဟန်းသည် ရွာမှဖြစ်စေ, တောမှဖြစ်စေ, ဥစ္စာရှင်တို့သည် မပေးအပ်သော လူ့ဥစ္စာကို ခိုးလိုသောစိတ် (လိမ်ယူလို, ညာယူလိုသောစိတ်)ဖြင့် ယူအံ့၊ အနည်းဆုံးအားဖြင့် တမတ်-တမတ်တန်လောက်ဥစ္စာကို ခိုးလျှင် အစိုးရမင်းတို့က ခိုးသူကို
စာမျက်နှာ-၁၃
ဖမ်း၍ နှိပ်စက်ညှဉ်းဆဲမှု ချုပ်နှောင်မှ နှင်ထုတ်မှု တစ်ခုခုကို ပြုကြစရာ ရှိ၏။ “ဟဲ့သူခိုး, ဟဲ့လူမိုက်, ဟဲ့လူဖျင်း, ဟဲ့သူဝှက်”ဟု ဆဲဆိုကြိမ်း မောင်းမူလည်း ကြိမ်းမောင်းကြစရာရှိ၏။ ထိုတမတ်-တမတ်တန်က စ၍ ခိုးသော ဤရဟန်းလည်း ပါရာဇိကကျ၍ ရဟန်းကောင်းတို့နှင့် ပေါင်းသင်းခွင့် မရှိတော့ချေ။
ဒုတိယပါရာဇိကအင်္ဂါ။ ။ ၁-လူဇာတ်ရှိသူ (လူစင်စစ်)၏ ဥစ္စာဖြစ်ခြင်း, ၂-သူတစ်ပါးဥစ္စာမှန်း သိခြင်း, ၃−ခိုးလိုသော စိတ်ရှိခြင်း, ၄-ဂရု ပရိက္ခရာဖြစ်ခြင်း, ၅-ခိုးယူခြင်း, ဤအင်္ဂါ ၅-ပါးညီညွတ်မှ ပါရာဇိကအာပတ်သင့်၏။
[ဆောင်] လူဇာတ်ရှိငြား-သူတစ်ပါး၏-ပိုင်ထားဥစ္စာ, သူ့ဥစ္စာဟု-သိမှတ် မှုနှင့် ဂရုပရိက်, ထေယျစိတ်သွင်း, ခိုးယူခြင်း, ကြောင်းရင်း ၅ လီ, အင်္ဂါညီ, ကျပြီ ပါရာဇိက်။
၁။ လူ့ဇာတ်ရှိသူ လူစင်စစ်၏ ဥစ္စာကိုခိုးမှ ပါရာဇိကကျသောကြောင့် နတ်, ဥစ္စာစောင့်စသော ပြိတ္တာ, တိရစ္ဆာန်တို့၏ ဥစ္စာကို ခိုးဝှက်လုယူလျှင် ပါရာဇိကမကျ, သို့သော် ထုံးစံအတိုင်း ငါးပါးသီလကားပျက်၏။
၂။ သူတစ်ပါးဥစ္စာမှန်း သိလျက် ခိုးယူမှ ပါရာဇိကကျသည်၊ သူ့ဥစ္စာပင် ဖြစ်သော်လည်း ကိုယ့်ဥစ္စာထင်၍ ယူမိလျှင်လည်းကောင်း, ပိုင်ရှင်မရှိသော ပံသကူဥစ္စာ ဟုထင်၍ ယူလျှင်လည်းကောင်း, ပါရာဇိကမကျ၊ သို့သော် သိသောအခါ ပြန်ပေးရမည်။
၃။ ခိုးယူလို ဓားပြတိုက်၍ လုယူလို ညာယူလိုသောစိတ်ဖြင့် ယူမှ ပါရာဇိကကျသည်၊ ခေတ္တခဏငှါးယူလျှင်လည်းကောင်း, အကျွမ်းဝင်သူ ဥစ္စာဖြစ်၍ ငါယူသည်ကို ကျေနပ်ပါလိမ့်မည်ဟု ထင်၍ယူလျှင်လည်းကောင်း, ပါရာဇိကမကျ။
၄။ တမတ်-တမတ်တန်ဥစ္စာကို “ဂရု = ကြီးလေးသော + ပရိက္ခရာ = = ပစ္စည်းအသုံးအဆောင်” ဟု ခေါ်၏၊ ထိုဂရုပရိက္ခရာကိုယူမှ ပါရာဇိကကျသည်၊ တပဲတန်အထက် တမတ်တန်အောက် ယူလျှင် ထုလ္လစ္စဉ်း အာပတ်, တစ်ပဲနှင့် တစ်ပဲတန်အောက်ယူလျှင် ဒုက္ကဋ်အာပတ်သင့်၏။
၅။ သည်းခြေပျက်၍ တကယ်ရူးနေစဉ်လည်းကောင်း, ဘီးလူးစသည် လှန့်၍ စိတ်ပျံ့လွင့်နေစဉ် လည်းကောင်း, ဒုက္ခဝေဒနာ အပြင်းအထန် ခံနေရစဉ်လည်းကောင်း, သူ့ဥစ္စာကို ယူမိသော်လည်း ပါရာဇိကမကျ၊ အစဆုံး အမှုသည်ဖြစ်သော အရှင်ဓနိယလည်း ပါရာဇိက မကျ။ သူ့ဥစ္စာကို တရားစွဲ၍ ယူမှုနှင့် စပ်၍မှတ်ဖွယ် ရှိသေး၏၊ ထိုမှတ်ဖွယ်ကို ဘိက္ခုနီ(သံဃာဒိသေသ်) ခန်းကျမှ ပြဦးမည်။]
စာမျက်နှာ-၁၄
အဒိန္နာဒါနအမျိုးမျိုး။ ။ မတရားသဖြင့်ယူခြင်း မရိုးမသားယူခြင်းဟူသမျှကို ဤသိက္ခာပုဒ်အရ “အဒိန္နာဒါန”ဟုချည်းခေါ်ရ၊ ထိုအဒိန္နာဒါန်သည်-
၁။ အာဒိယန-သူ့ဥစ္စာကို ကိုယ်ရအောင် တရားစွဲ၍ယူခြင်း။
၂။ ဟရဏ-သူ့ဥစ္စာကို အရိုးခံအတိုင်း ဆောင်ယူသွားခြင်း၊ လမ်းကျမှ လိုချင်၍ယူခြင်း။
၃။ အဝဟရဏ-မိမိအထံ၌ အပ်နှံထားသည်ကို ပြန်တောင်းသောအခါ မပေးဘဲ (မအပ်ပါဘူးစသည်ဖြင့် လိမ်၍ညာ၍)ယူခြင်း။
၄။ ဣရိယာပထဝိကောပန-အသက်ရှိသောဥစ္စာကို သူ့ နေမြဲ ဣရိယာပုထ် ပျက်အောင် ဖျက်၍(နေရာပြောင်းအောင် ချောက်လှန့်၍) ယူခြင်း။
၅။ ဌာနာစာဝန-မြှုပ်ထားသော အိုးစသည်ကို နဂိုနေရာမှ ရွေ့အောင်လုပ်၍ယူခြင်း။
၆။ သင်္ကေတ ဝီတိနာမန-ကင်းခွန် ကောက်ရာ အရပ်ကို ရှောင်လွှဲ၍ အခွန်မပေးဘဲ သွားခြင်း။
၇။ ထေယျာဝဟာရ-ပုန်းလျှိုး, ကွယ်လျှိုး ခိုးခြင်း, အလေး တင်းတောင်း စဉ်းလဲ၍ ခိုးခြင်း။
၈။ ပသယှာဝဟာရ-ဥစ္စာရှင်ကို လွှမ်းမိုးနှိပ်စက်၍(ဒဏ်တပ်မည်, ထောင် ချမည်, သပိတ်မှောက်မည် စသည်ဖြင့် ခြိမ်းချောက်၍)ယူခြင်း။
၉။ ကုသာဝဟာရ -မဲချရာ၌ မိမိကျသော ညံ့သောမဲကို သူတစ်ပါး၏ ကောင်းသောမဲနှင့် လဲ၍ယူခြင်း။
၁၀။ ပဋိစ္ဆန္နာဂဟာရ-ဥယျာဉ် စသော အရပ်၌ သူတစ်ပါး၏ လက်ဝတ် တန်ဆာကို မြက်စသည်ဖြင့် ဖုံး၍ နောင်မှလာယူခြင်း။
၁၁။ ပရိကပ္ပါဝဟာရ-အဝတ်ဖြစ်လျှင်ယူမည်, အခြားဝတ္ထု ဖြစ်လျှင်မယူ ဟု ကြံစည်စိတ်ကူး၍ အထုပ်ကိုယူခြင်း, မည်သည့်အရပ်လွန်မှ ယူမည်၊ ဒီအတွင်းမှာ ဥစ္စာရှင်မြင်လျှင် ခဏယူသလို လုပ်၍ ပြန်ထားမည် စသည်ဖြင့် အရပ်ဌာနကို ကြံဆ၍ ယူခြင်း၊
[အဋ္ဌကထာတို့၌ ခိုးနည်း ၂၅-ပါးလာ၏၊ ထိုတွင် တချို့မှာ သဘောတူ ဖြစ်၍ ခုဒ္ဒသိက္ခာလာတိုင်း ၁၁-ပါးကိုသာ ရေးလိုက်သည်။]
သတိထားဖွယ်။ ။ ဒုတိယ ပါရာဇိကသည် အလွန် သတိထားထိုက်သော အာပတ်တည်း၊ (တိရစ္ဆာန်စသည်မဟုတ်သော) လူ့ဥစ္စာမှန်လျှင်
စာမျက်နှာ-၁၅
မိခင်ဥစ္စာကိုပင်သော်လည်း ခိုးလိုသော လိမ်လို ညာလို လှည့်စားလို သော စိတ်ဖြင့်မယူကောင်း၊ ထို့ကြောင့် ဈေးသွား၍ ကိုယ်တိုင် ကပ္ပိဝယ်ယူရာ၌ ကိုင်ကြည့်ရင်းက ခိုးယူချင်စိတ်ပေါက်လာလျှင် တနေရာ ဝှက်လိုက်ရုံဖြင့် အပြစ်သင့်နေတတ်၏။ ရထားသင်္ဘော၌ လက်မှတ် မပေးဘဲ စီးပြီးနောက် လက်မှတ်စစ်သည့်အခါ ရှောင်တိမ်းနေရုံမျှဖြင့်လည်းကောင်း, လက်မှတ်စစ်ရာ အပေါက်မှမထွက်ဘဲ ရှောင်တိမ်း၍ ထွက်ရုံဖြင့်၎င်း အပြစ်သင့်၏၊ ကျောင်းသားကပ္ပိယ၏ အသက်ကို လူကြီးလက်မှတ် မယူရအောင်) ညာ၍ပြောခြင်း, ပါလာသော ကုန်ပစ္စည်းများကို တန်ဆာမလုပ်ရအောင် ဟိုတခြားသည်တခြားထား၍လှည့်ပတ်ခြင်း, သူတစ်ပါးထံ အပ်နှံထားခြင်းတို့ကြောင့်လည်း အပြစ်သင့်တတ်၏၊ ရထားသင်္ဘော စသည်၌ လူတို့က အခွန်အကောက် မပေးရအောင် မိမိထံလာအပ်၍ ထိုပစ္စည်းကို မိမိဝှက်ထားလျှင်လည်း အပြစ်သင့်၏၊ တချို့အရပ်၌ ငွေထည့်လျှင်ထည့်, မထည့်လျှင် သပိတ်မှောက်မည်ဟု ခြိမ်းချောက်၍လည်း အပြစ်သင့်တတ်၏။ အလွန်မကြာသေးသော ရှေးက ရဟန်းကလေးတစ်ပါးသည် ဝိနည်းကို စောစောက မသင်ခဲ့ဘဲ နောက်မှသင်ယူသောအခါ ဖြေ၍မရနိုင်သော အာပတ်သင့်နေမှန်း သိသဖြင့် ဝိနည်းတက်ရင်း ချုံးချုံးချ၍ ငိုရလေသတဲ့၊ ထို့ကြောင့် ဤ ဒုတိယပါရာဇိကနှင့်စပ်၍ သင့်တတ်သော အပြစ်များကို အထူး သတိထားသင့်ကြပေသည်။
ဂ။ မနုဿဝိဂ္ဂဟ ပါရာဇိက မူလပညတ်
အမှုသည်—ရဟန်အများ။
အမှု—အချင်းချင်းသတ်မှု။
ရဟန်းများဖြစ်ရပုံ။ ။ မြတ်စွာဘုရားသည် ဝေသာလီမြို့ မဟာဝုန်တော ကူဋာဂါရသာလာ၌ သီတင်းသုံးတော်မူစဉ် အသုဘကမ္မဋ္ဌာန်း၏ အကျိုးကို အမျိုးမျိုးဟောတော်မူပြီးနောက် ၁၅-ရက်လုံး ဆွမ်းပို့မည့် ရဟန်းတစ်ပါးမှ လွဲ၍ အခြားသူများ၏ အဖူးအမျှော် အတွေ့ခံတော်မမူဘဲ တစ်ပါးတည်း ကိန်းအောင်းတော်မူလေသည်၊ ထိုအချိန်၌ များစွာသော ရဟန်းတို့သည် အသုဘကမ္မဋ္ဌာန်းကို အားထုတ်ကြစဉ် မိမိတို့ခန္ဓာကိုယ်ကို စက်ဆုပ် ရွံမုန်းလာကြရကား ကိုယ့်ကိုယ်ကိုလည်း ကိုယ်တိုင်သတ်ကြ တစ်ပါးက တစ်ပါးကိုလည်းသတ်ကြ “မိဂလဏ္ဍိက”မည်သော ရှင်ယောင်ကြီး (ရဟန်းအသွင်ဖြင့် နေသော်လည်း ရဟန်းမဟုတ်သော ရသေ့လိုနေသူ)
စာမျက်နှာ-၁၆
ကိုလည်း ငါတို့သေလျှင် သပိတ်သင်္ကန်းကို သင်ရရစ်ပါလိမ့်မည်, ငါတို့ကို သတ်ပါ”ဟု ခိုင်းကြသဖြင့် ထိုရှင်ယောင်ကြီးကလည်း တစ်နေ့လျှင် တစ်ပါးကျ နှစ်ပါးကျမှစ၍, တစ်နေ့လျှင် ၆ ကျိပ်တိုင်အောင်ပင် သတ်ပေးလေသည်။ ဤနည်းအားဖြင့် ရဟန်းပေါင်းငါးရာ ပျက်စီးကြလေသတတ်။]
သိက္ခာပုဒ် ပညတ်တော်မူရပုံ။ ။ ဘုရားရှင်သည် ၁၅-ရက်လွန်၍ ကိုယ်တော်တစ်ပါးထည်း နေရာမှ ထွက်တော်မူလာသည့် အခါ ကျောင်းတိုက်တွင်း၌ ရဟန်းများနည်းပါး၍ ကြဲတောက်တောက် ဖြစ်နေသောကြောင့် အရှင်အာနန္ဒာကို မေးတော်မူလေသော်. အရှင်အာနန္ဒာက အကျိုး အကြောင်း လျှောက်လေရာ, မြတ်စွာဘုရားသည် အာနာပါနကမ္မဋ္ဌာန်းကို ထပ်မံဟောတော်မူ၍ ရဟန်းတို့ သတ်ကြဖြတ်ကြသော အမှုကို ကဲ့ရဲ့တော်မူပြီးလျှင်-
“ယောပန ဘိက္ခု သဉ္စိစ္စ မနုဿဝိဂ္ဂဟံ ဇီဝိတာ ဝေါရောပေယျ, သတ္ထဟာရကံ ဝါဿ ပရိယေသေယျ၊ အယမ္ပိပါရာဇိကော ဟောတိ အသံဝါသော”။
ဟု မူလပညတ်ကိုထားတော်မူရလေသည်။ [အကြင်ရဟန်းသည် သတ္တဝါ မှန်းသိသော သညာနှင့်တကွ (သေစေလိုသော စေတနာဖြင့်) စေ့ဆော်၍ လူ၏ကိုယ်ကို ဇီဝိတိန္ဒြေမှ ချအံ့၊ (“သတ်အံ့”ဟူလို) ထိုသေလိုသူ အနီး၌ (အလွယ်တကူရအောင်) လက်နက် တစ်စုံတစ်ခုကိုမူလည်း ရှာ၍ ချထားအံ့၊ ဤရဟန်းသည် ပါရာဇိကကျ၍ ရဟန်းကောင်းတို့နှင့် ပေါင်းသင်းဆက်ဆံခွင့် မရတော့ချေ။ -ဤမူလပညတ်၌ “မရဏဝဏ္ဏံဝါ သံဝဏ္ဏေယျ” စသော စကားများ မပါသေးသည်ကို သတိပြု၊]
မှတ်ချက်။ ။ ရှေးလွန်လေပြီးသောအခါ မူဆိုးငါးရာတို့သည် တသက်ပတ်လုံး သားငှက်တို့ကိုသတ်၍ အသက်မွေးခဲ့ကြပြီးနောက် ငရဲရောက်၍ ငရဲမှ လွတ်သောအခါ လူ့ဘဝရကြပြန်သဖြင့် ဘုရားအထံတော်၌ ရဟန်းပြုကြလေသည်၊ ထိုသူတို့တွင် အချို့မှာ သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာဖြစ်ကြ၍ အချို့ကား ပုထုဇဉ်ဘဝ၌သာ တည်နေကြသေး၏။ မုဆိုးဘဝ၌ ပြုခဲ့သော အကုသိုလ်ကံကြွင်းသည် ယခုအခါ အခွင့် သာတော့မည်ဖြစ်၍ ကိုယ့်ကိုယ် ကိုယ်သတ်၍ဖြစ်စေ, သူတစ်ပါး၏ အသတ် ခံ၍ဖြစ်စေ ဧကန်ပျက်စီးကြရတော့မည်၊ ကံအကျိုးပေးခွင့် ကြုံလာလျှင် ဘုရားရှင်လည်း မတားမြစ်နိုင်။
ထိုသူတို့တွင် သောတာပန် စသည်ဖြစ်ပြီး သူတို့မှာ ဂတိမလွဲနိုင်သော်လည်း ပုထုဇဉ်ရဟန်းတို့အတွက် လားရမည့်ဘဝကို စိတ်မချရ၊
စာမျက်နှာ-၁၇
သေခါနီး၌ မိမိကိုယ်ကိုစွဲလမ်းခင်မင်နေလျှင် ဧကန်အပါယ်ကျရလိမ့်မည်။ ခန္ဓာကိုယ်ကို မစွဲလမ်းလျှင်ကား မိမိတရားကို နှလုံးသွင်းခါ နတ်ပြည်သို့ ရောက်နိုင်ရာ၏-ဟု မြှော်မြင်တော်မူသောကြောင့် ဘုရားရှင်လည်း အသုဘကမ္မဋ္ဌာန်းကို ဟောထားတော်မူနှင့်လေသည်။
ထိုသို့ တရားဟောတော်မူပြီးလျှင် “လာမည့် ၁၅-ရက်အတွင်းမှာ ထိုသတ်ဖြတ်မှုကိစ္စ ပေါ်လာတော့မည်, ငါဘုရား မကယ်နိုင်သော ကံ အကျိုး တရားကြီးကို တွေ့မြင်နေရသဖြင့် အကျိုးမရှိ” ဟု သဘောတော်ရ၍ ၁၅-ရက်လုံးလုံး အဖူးအမျှော် အတွေ့ခံတော်မမူဘဲ တစ်ပါးထည်း ကိန်းအောင်း နေတော်မူ၍ ရဟန်း ငါးရာလုံး ကုန်ဆုံးပြီးမှ ထွက်တော်မူလာပြီးလျှင် ရဟန်းများ နည်းသွားခြင်း၏ အကြောင်းကို သိတော်မူသော်လည်း စကားလက်စရမှ သိက္ခာပုဒ် ပညတ်တော် မူလိုသောကြောင့် အရှင်အာနန္ဒာအား ရဟန်းများ နည်းပါးခြင်း၏ အကြောင်းကိုမေးတော်မူလေသည်။
အနုပညတ်
အမှုသည်−ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု−သေခြင်း၌ ကျေးဇူးရှိပုံကို ပြောမှု။
သေရခြင်း၌ ကျေးဇူး ကျေးဇူးရှိကြောင်းပြောမှု။ ။ ဥပါသကာ တစ်ယောက်သည် မကျန်းမမာ ဖြစ်နေ၏၊ သူ၏ဇနီးသည် အလွန်လှပ၏၊ ဆဗ္ဗဂ္ဂီ ရဟန်းတို့ကား ထိုဇနီး၌ စွဲလမ်းနေကြလေသည်၊ ထို့ကြောင့် “ဥပါ သကာသေလျှင် သူ့ ဇနီးကို ရလိမ့်မည်”ဟုမျှော်လင့်ချက်ဖြင့် ဥပါသကာအား ပြောပြကြသည်မှာ-“ဒကာ...သင်သည် မကောင်းမှုကို ရှောင်ကြဉ်၍ ကုသိုလ်ကောင်းမှုကို ပြုထားသူဖြစ်၏၊ သင့်မှာ ရောဂါစွဲကပ်၍ ဆင်းရဲသော အသက်ရှင်ခြင်းဖြင့် ဘာအကျိုးရှိဦးမှာလဲ၊ အသက်ရှင်နေခြင်းထက် သေရ ခြင်းက မြတ်ပါသေး၏၊ သေလျှင် နတ်ပြည်ရောက်၍ ချမ်းချမ်းသာသာ နေရလိမ့်မည်” ဤသို့ ပြောကြလေသော် ဥပါသကာလည်း “ကိုယ်တော်များပြောတာ မှန်ပေသည်”ဟု ယူဆ၍ မသင့်သော အစာများကို စားသောက်လေရာ မကြာခင် ရောဂါတိုးသဖြင့် စုတေလေသည်၊ ထိုအခါ “ရဟန်းတွေက သေခြင်း၏ အကျိုးကျေးဇူးကို ပြောသောကြောင့်သာ သူ့ယောက်ျား သေရသည်”ဟု ဇနီးသည်က အတတ်စွဲ၍ ကဲ့ရဲ့သည်ကို တဆင့်စကား တဆင့်နားဖြင့် ဘုရားရှင် ကြားတော်မူသောကြောင့်—
စာမျက်နှာ-၁၈
“မရဏဝဏ္ဏဝါ သံဝဏ္ဏေယျ, မရဏယဝါ သမာဒါပေယျ အမ္ဘော ပုရိသ ကိံ တုယှိမိနာ ပါပကေန ဒုဇ္ဇီဝိတေန, မတံတေ ဇီဝိတာ သေယျောတိ, ဣတိစိတ္တမနော စိတ္တသင်္ကပ္ပေါ အနေကပရိယာယေန မရဏဝဏ္ဏံဝါ သံဝတ္တေယျ, မရဏာယဝါ သမာဒါပေယျ”။
ဟု ဖြည့်စွက်၍ အနုပညတ် ထပ်ဆင့်တော် မူရလေသည်။
သိက္ခာပုဒ်မြန်မာပြန်။ ။ ၁-ယောပန ဘိက္ခု၊ သဉ္စိစ္စ မနုဿဝိဂ္ဂဟံ ဇီဝိတာဝေါရောပေယျ = အကြင်ရဟန်းသည် သတ္တဝါမှန်းသိလျက် တမင် အားထုတ်၍ လူကို ကိုယ်တိုင်သတ်အံ့, သို့မဟုတ် အသတ်ခိုင်းအံ့။
၂-သတ္တဟာရကံဝါဿ ပရိယေသေယျ(ထိုသို့ အသတ်မခိုင်းလျှင်) သေချင်နေသူ အလွယ်တကူသေရအောင် ထိုသူ အနီး၌ လက်နက်တစ်စုံရာကို ရှာမှီး၍ ချထားအံ့။
၃-မရဏဝဏ္ဏံ ဝါ သံဝဏ္ဏေယျ = (ဆင်းရဲစွာ အသက် ရှင်နေရခြင်း၏ အပြစ်ကိုပြောပြခြင်း, သေသည့်အခါ ရောက်ရမည့် သုဂတိ ဘဝကို ပြောပြခြင်းအားဖြင့်) သေခြင်း၏ အကျိုးကျေးဇူးကို (ထိုသူ သေချင်စိတ် ပေါက်လာအောင်) ပြောပြအံ့။
[“အမ္ဘော ပုရိသ ကိံ တုယှိမိနာ ပါပကေန ဒုဇ္ဇီဝိတေန, မတံ တေ ဇီဝိတာ သေယျော”ကား သေခြင်း၏ ကျေးဇူးကို ပြောပြပုံ စကားတည်း။ အမောင်ယောက်ျား... သင့်မှာ ဆင်းဆင်းရဲရဲ စားချင်တာ မစားရ, သောက်ချင်တာ မသောက်ရနှင့် အသက်ရှင်နေရခြင်းဖြင့် ဘာအကျိုးရှိတော့မှာလဲ၊ သင့်အတွက်တော့ အသက်ရှင်နေ ရခြင်းထက် သေရခြင်းက ကောင်းပါသေးတယ်”ဟု ပြောသည်။]
၄-မရဏာယဝါ သမာဒါပေယျ (ကြိုးဆွဲချပြီးလဲ သေနိုင်တယ်, အဆိပ်သောက်ပြီးလဲ သေနိုင်တယ်, ရေထဲခုန်ချပြီးလဲ သေနိုင်တယ် စသည်ဖြင့်) သေဖို့ရာနည်းလမ်းကိုလည်း ပြောပြအံ့။
[“ဣတိ စိတ္တ မနော စိတ္တသင်္ကပ္ပေါ အနေက ပရိယာယေန မရဏဝဏ္ဏံဝါ သံဝဏ္ဏေယျ, မရဏာယဝါ သမာဒါပေယျ”ဟု ထပ်၍ ပါနေသော စကား တို့ကား ပြီးခဲ့သောစကားကို ပြန်၍အုပ်သော နိဂုံးစကားတည်း၊ ဤသေခြင်း စိတ်ရှိ, သေခြင်း သညာ စေတနာ ဝိတက်ရှိသည်ဖြစ်၍ နည်းအမျိုးမျိုးဖြင့်
စာမျက်နှာ-၁၉
သေခြင်း၌ အကျိုးကျေးဇူးကိုပြောအံ့၊ သေဖို့ရန် နည်းပေးလမ်းပြလုပ်အံ့” ဟု ဆိုလိုသည်။
အယမ္ပိပါရာဇိကော ဟောတိ အသံဝါသော-သူသတ်လို့ဖြစ်စေ အသတ်ခိုင်းလို့ဖြစ်စေ သေသွားလျှင်, သူချထားသော လက်နက်ဖြင့် သေသွားလျှင်, သူပြောသည့်အတိုင်း မတော်တာစား၍ ရောဂါတိုးပြီး သေသွားလျှင်, သူနည်းပေးသည့်အတိုင်း ကြိုးဆွဲချမှုစသည်ပြု၍ သေလျှင် ဤရဟန်းမှာ ပါရာဇိက ကျ၍ ကံကြီးကံငယ်ကိစ္စ၌ ရဟန်းကောင်းတို့နှင့် ပေါင်းသင်းခွင့်မရတော့ချေ။
တတိယပါရာဇိကအင်္ဂါ။ ။ ၁-လူဇာတ်ရှိခြင်း (လူ အ စစ် ဖြစ် ခြင်း), ၂’သတ္တာမှန်းသိခြင်း, ၃’သတ်လို (သေစေလို) သောစိတ်ရှိခြင်း, ၄-လုံ့လအားစိုက်ခြင်း, ၅’သေခြင်း၊ ဤအင်္ဂါ၅-ပါးစုံမှ ပါရာဇိက ကျသည်။
[ဆောင်] လူဇာတ်လည်းရှိ, သတ္တဝါဟုသိ၍, သတ်မည့်လိုလား, စိတ်စက်ထား ဖြင့်အားပါးစိုက်လျှင်း, စုတေခြင်း, ကြောင်းရင်း ၅လီ, အင်္ဂါညီ, ကျပြီပါရာဇိက်။
၁။ လူဇာတ်ရှိသူလူစင်စစ်ကိုသတ်မှပါရာဇိကကျသည်၊ လူစင်စစ်မဟုတ်-လူယောင်ဆောင်နေသော ဘီလူး ပြိတ္တာနှင့် နတ်ဘီလူးစသော နတ် မျိုးတို့ကိုသတ်လျှင် ထုလ္လစ္စဉ်းအာပတ်သင့်၏၊ တိရစ္ဆာန်ကိုသတ်လျှင် ကား ပါစိတ်အာပတ်”ဟု ပါစိတ်အခန်း၌ လာလတ္တံ့။ [လူဇာတ် ရှိသူဖြစ်လျှင်ကား ပဋိသန္ဓေနေစ ကလလရေကြည်ဘဝ၌ပင် ကိုယ် ဝန်ကျဆေးပေးခြင်း, ဗိုက်ကိုအနှိပ်ခံစေခြင်း စသည်ပြုလျှင်ပင် ပါရာဇိက ကျ၏။]
၂။ သတ္ထာမှန်းသိမှလည်း အာပတ်သင့်၏၊ ညဥ့်မှောင်မိုက်၌ သတ္တာဟု မထင်ဘဲ သစ်ငုတ်ကြီးထင်၍ လူကိုပစ်ခတ်သော်လည်း သေစေကာမူ ပါရာဇိကမကျ။
၃။ သေစေလိုသောစိတ်ရှိမှလည်း ပါရာဇိကကျ၏၊ သေစေလိုသော စိတ် မရှိဘဲ ညှဉ်းဆဲလိုသောစိတ်ဖြင့် ရိုက်နှက်ရာ၌ သေသွားစေကာမူ ပါရာဇိကမကျ၊ သို့သော် ပါစိတ်ခန်း၌ လာလတံ့အတိုင်း ... ပါစိတ် အာပတ်ကားသင့်သည်။
၄။ သေစေလို၍ ရိုက်နှက်မှု ကိုယ်ဝန်ကျဆေးပေးမှုစသော ကိုယ်လက် ဆိုင်ရာ လုံ့လကိုဖြစ်စေ, အသတ်ခိုင်းမှ, သေဖို့ရာနည်းလမ်းပေးခြင်း, ဂါထာမန္တန်စုတ်ခြင်းစသော နှုတ်မှုဆိုင်ရာ လုံ့လကိုဖြစ်စေ (ကိုယ်မှု
စာမျက်နှာ-၂၀
နှုတ်မှတစ်ခုခု)ပြု၍ သေစေမှ ပါရာဇိကကျသည်၊ ကိုယ်မှုနှုတ်မှတစ်ခုခု ပြုသော်လည်း မသေလျှင်ပြုသည့်အတွက်(ပြုရုံမျှဖြင့်)ဒုက္ကဋ်အာပတ် သင့်၍, အပြုခံရသူမှာ ဆင်းဆင်းရဲရဲ ခံနေရလျှင် ထုလ္လစ္စဉ်းအာပတ် သင့်၏။
သတိပြုဖွယ်။ ။ သေခြင်း၏အကျိုးကျေးဇူးကိုပြောပြရာ၌ ကိုယ်တိုင်လည်းမသတ်-သူတစ်ပါးကိုလည်း အသတ်မခိုင်းဘဲ သေချင်လာအောင်ပြောပြရုံဖြင့် အာပတ်သင့်ရသည်၊ ယခုအခါ လူမမာနား၌ သေရမှာ မကြောက်အောင် သူမမာကိုအားပေးစကားပြောတတ်၏။ ဆင်းရဲစွာရောဂါခံနေရသည်ကို မြင်၍ မြန်မြန်သေအော်ပြောတတ်ကြ၏။ အသတ်ခံရတော့မည့်ရာဇဝတ် ကောင်ကို တချက်တည်းနှင့်သေပါစေဟု (သနားသဖြင့်) ပြောတတ်ကြ၏။ ထိုသို့ပြောကြရာ၌ မိမိပြောမှုကြောင့် အနည်းငယ်မျှ အချိန်စော၍ သေလျှင် ပြောသူမှာ ဤသိက္ခာပုဒ်ဖြင့် အပြစ်သင့်တတ်သည်၊ ထို့ကြောင့် လူမမာ အနား၌ အားပေးမမှားဖို့ သတိပြုသင့်ကြသည်။
ဃ။ ဥတ္တရိမနုဿဓမ္မပါရာဇိက မူလပညတ်
အမှုသည်—ဝတ္ထုပုဒါမြစ်ကမ်း၌ ဝါကပ်သောရဟန်းများ။
အမှု—ဈာန်မဂ်ဖိုလ်မရဘဲ ဝါကြွား၍ပြောမှု။
ရဟန်းများ ညာကြပုံ။ ။ ဝဠုမုဒါမြစ်သည် ဝဇ္ဇီတိုင်းတွင် အပါအဝင်ဖြစ်၏၊ ဝဂ္ဂုမုဒါမြစ်ကမ်း၌ ရဟန်းအများ ဝါကပ်ချိန်ဝယ် ဝဇ္ဇီတိုင်းသည် ငတ်မွတ်ခေါင်းပါးခြင်းဘေး (ဒုဗ္ဘိက္ခန္တရကပ်) ဆိုက်ရောက်နေသောကြောင့် ရဟန်းအများပင် ဆွမ်းခံ၍ မလွယ်ကူတော့ချေ၊ ထိုအခါရဟန်းများ စည်းဝေး၍ အမျိုးမျိုး အကြံပေးကြရာဝယ်, “မည်သည့်ကိုယ်တော်ဟာ ဈာန်ရပုဂ္ဂိုလ်ဖြစ်တယ်, မည်သည့်ကိုယ်တော်ကတော့ သောတာပန်ဖြစ်တယ်, မည်သည့်ကိုယ်တော်ကမူ ရဟန္တာဖြစ်တယ်” ဤသို့ စသည်ဖြင့် တစ်ပါး၏ဂုဏ်ကို အခြားတစ်ပါးက လူတို့အား ပြောပြသောနည်းကို အားလုံး သဘောတူအတည်ပြု၍ မိမိတို့မှာ မရှိသောဂုဏ်ကို လူတို့အား ကြွားဝါ၍ ပြောကြလေသည်၊ ထိုအခါ လူတို့က လွန်စွာကြည်ညိုကြသဖြင့် မိမိတို့မစားရက် မသောက်ရက် သားသ္မီး, မိဘတို့ကိုမျှ မကျွေးရက်သော အစားအစာများကို လှူဒါန်းကြလေသည်။
ဘုရားရှင် ကဲ့ရဲ့တော်မူပုံ။ ။ သီတင်းဝါလကျွတ်လျှင် ဘုရားအထံ အဖူးအမျှော်လာကြရိုး ထုံးစံရှိသည့်အတိုင်း ထိုဝတ္တုမုဒါမြစ်ကမ်းမှ ရဟန်းတို့လည်း ဘုရားထံလာကြလေရာ, ဘုရားရှင်က (သိတော်
စာမျက်နှာ-၂၁
မူလျက်နှင့် စကားလက်စရအောင်) “သင်တို့ ဝါတွင်း၌ ချမ်းသာစွာ နေခဲ့ကြရ၍လား, ဆွမ်းကိစ္စလဲ မပင်ပန်းဘဲ မျှတကြ၍လား”ဟု မေးတော်မူလေသည်၊ ထိုအခါ ဆွမ်းကိစ္စ မပင်ပန်းပါကြောင်း လျှောက်ကြလေလျှင် “ဘယ်နည်းနဲ့ မပင်ပန်းဘဲ နေခဲ့ကြရသလဲ”ဟု ထပ်မံ မေးတော်မူသောအခါ သူတို့ ကြွားဝါခဲ့ပုံကို အလုံးစုံလျှောက်ကြလေသည်၊ ထိုအခါဘုရားရှင်က “သင်တို့အလုပ်ဟာ ရဟန်းများနှင့် မလျော်သော အလုပ်ဖြစ်သည်၊ အလွန် ထက်သော သားလှီးဓားဖြင့် ဗိုက်ကိုဖြတ်လှီးလိုက်ရတာက တဘဝသာ အသက်သေ၍ နောင်အရှည် ငရဲမကျနိုင်သဖြင့် ကောင်းသေး၏၊ (သက်သာ သေး၏၊) ဝမ်းရေးအတွက်ကြောင့် မဟုတ်မမှန် လုပ်ကြံညာဖြန်း၍ မိမိဂုဏ် ပြောမှရသော အစာကို စားရခြင်းကြောင့်ကား သေလျှင် အပါယ် ရောက်ဖွယ်ရာရှိသဖြင့် မကောင်းမြတ်ချေ”ဟု ကဲ့ရဲ့တော်မူပြီးလျှင် သူခိုးဓားပြ ငါးမျိုးကို ဆက်လက်ဟောတော်မူပြန်သည်။
ဓားမြကြီးငါးမျိုး
၁။ ရဟန်းတစ်ပါးသည် “ရာထောင်များစွာ တပည့်ပရိသတ် ခြံရံလျက် မြို့ရွာများကို လှည့်လည်ကာ ဒကာ ဒကာမတို့၏ အပူဇော်ကို ဘယ်တော့များခံရပါ့မလဲ”ဟု ကြံစည်၍ ထိုကဲ့သို့ အပူဇော်ခံရအောင် ကြိုးစားအားထုတ်သဖြင့် အပူဇော်ခံရ၏၊ ထိုသူသည် သာသနာတော်ကြီးပွားရေး သတ္တဝါတို့ အကျိုးများရေးကို မရည်ရွယ်ဘဲ သာသနာတော်မှီပြီး မိမိကြီးကျယ်ခမ်းနားရေးကိုသာ တွေး၍ အားထုတ်သော ပထမသူခိုးဓားပြတစ်ဦးတည်း။
၂။ ရဟန်းတစ်ပါးကား ဘုရားဟောအပ်သော တရားတော်ကို သူ ကိုယ်တိုင် ကြံစည်၍ သိသကဲ့သို့ ပြော၍ တရားတော်ကို ခိုးယူ၏၊ ထိုသူလည်း ဒုတိယ သူခိုးဓားပြ တစ်မျိုးပင်တည်း။
၃။ ရဟန်းတစ်ပါးကမူ သီလစင်ကြယ်သော ရဟန်းတော်ကို သီလမစင်ကြယ်ဘူးဟု စွပ်စွဲ၏၊ ထိုသူလည်း တတိယသူခိုး ဓားပြတစ်မျိုးပင်တည်း။
၄။ ရဟန်းတစ်ပါးကား သံဃိကပစ္စည်းဖြစ်သော ကျောင်းမှစ၍ မြက်ဝါး တိုင်အောင် ပစ္စည်းများကို လူတို့အားပေး၏၊ ထိုသူလည်း သူခိုး ဓားပြတစ်မျိုးပင်တည်း။
၅။ ရဟန်းတစ်ပါးကမူ မိမိမှာမရှိသော ဈာန်မဂ်ဖိုလ်တရားကို ရှိဟန်ဆောင်၍ လူတို့အားပြောဆို၏ “ထိုသူကား တစ်ယောက်နှစ်ယောက်
စာမျက်နှာ-၂၂
မက တလောကလုံးကို လိမ်ရာကျသောကြောင့် အကြီးကျယ်ဆုံး သူခိုးဓားပြတည်း”ဟု သူခိုးငါးမျိုးကို ခွဲခြားဟောပြတော်မူ၍ “ယော ပန ဘိက္ခု အနဘိဇာနံ မှစ၍ တုစ္ဆံမုသာ ဝိလပိန္တိ” တိုင် အောင် သိက္ခာပုဒ်ကို ပညတ်တော်မူသည်၊ [ဤမူလပညတ်၌ အညတြ အဓိမာနာ”ဟု မပါသေးသည်ကို သတိပြု။
အနုပညတ်
အထင်မှား၍ ပြောမှု။ ။ သီလစင်ကြယ်၍ ကမ္မဋ္ဌာန်းအားထုတ်လေ့ ရှိကြသော များစွာသော ရဟန်းတို့သည် မိမိတို့ သန္တာန်၌ ကိလေသာ စိတ်လုံးလုံး မဖြစ်ကြသောကြောင့် ကိုယ့်ကိုယ်ကို ရဟန္တာဖြစ်ပြီဟု မှတ်ထင်ကြ၍ အခြားသီတင်း သုံးဖော် ရဟန်းတို့အား ပြောပြကြလေသည်၊ ထို့နောက် ရာဂဒေါသ မောဟစိတ်များဖြစ်လာပြန်သောအခါမှ ရဟန္တာမဖြစ်သေး မှန်းသိ၍ ရှေးက “ရဟန္တာဖြစ်ပြီ”ဟု ပြောမိသည့်အတွက် ပါရာဇိကပြစ်များ သင့်လေရော့သလားဟု ယုံမှားသံသယ ဖြစ်ပြီးလျှင် အရှင်အာနန္ဒာအား လျှောက်ကြလေရာ, အရှင်အာနန္ဒာကတဆင့် ဘုရားရှင်အထံ လျှောက်လေသော် “မဂ်ဖိုလ်ရပြီဟု ထင်မိ၍ ပြောခြင်းသည် လိမ်ခြင်း မဟုတ်ရကား အာပတ်မသင့်ဟု မိန့်တော်မူပြီးလျှင် အညတြ အဓိမာနာ”ဟု ချွင်းချက်ပြု၍ အနုပညတ် တပ်တော်မူရလေသည်။
အပြည့်အစုံသိက္ခာပုဒ်။ ။ ယောပန ဘိက္ခု အနဘိဇာနံ ဥတ္တရိမနုဿဓမ္မံ အတ္တုပနာယိကံ အလမရိယဉာဏဒဿနံ သမုဒါစရေယျ ဣတိဇာနာမိ ဣတိပဿာမီတိ၊ တတော အပရေန သမယေန သမနုဂ္ဂါဟိယမာနောဝါ အသမနုဂ္ဂါဟိယမာနောဝါ အာပန္နော ဝိသုဒ္ဓါ ပေက္ခော ဧဝံ ဝဒေယျ၊ အဇာန မေဝံ အာဝုသော အဝစံ ဇာနာမိ အပဿံ ပဿာမိ တုစ္ဆံ မုသာ ဝိလပိန္တိ အညတြ အဓိမာန၊ အယမ္ပိ ပါရာဇိကော ဟောတိ အသံဝါသော။
စာမျက်နှာ-၂၃
အခန်း သိက္ခာပုဒ် မြန်မာပြန်။ ။ အကြင်ရဟန်းသည် ဥတ္တရိမနုဿဓမ္မဟုခေါ်ရသော ဈာန်မဂ်ဖိုလ်တရားကို မိမိမှာ မရှိကြောင်း သိပါလျက်, ကိလေသာကို ဖျက်ဆီးစွမ်းနိုင်သော ဉာဏ်အမြင်အထူးပါရှိသော ဥတ္တရိမနုဿဓမ္မကို မိမိသို့ ဆောင်ယူ၍ (ဈာန်မဂ်, ဖိုလ် ရှိဟန်ဆောင်၍) “ဤအကြောင်းကြောင့် ငါသိ၏, ဤအကြောင်းကြောင့် ငါမြင်၏ဟု ပြောအံ့၊ [ဤသို့ပြော လျှင်ပင် ပါရာဇိကကျပြီ “တတော အပရေန”စသည်ကား သူ့မှာ သင့်သော အာပတ်ကို ထုတ်ဖေါ် ဝန်ခံပုံကို ပြသော စကားတည်း၊ ထိုသို့ ဝန်မခံသော်လည်း ပါရာဇိကကား ကျပြီးပင်။ ထိုပြောပြီးရာကာလမှ နောက်၌ သူတစ်ပါးတို့က စစ်ဆေးအပ်သည် ဖြစ်စေ, မစစ်ဆေးအပ်သည် ဖြစ်စေ အာပတ် သင့်ပြီးဖြစ်၍ မိမိစင်ကြယ်ရာ စင်ကြယ်ကြောင်း လူ့အဖြစ်ကိုလိုလားရကား ဤသို့ပြောတန်ရာ၏.. “အရှင်ဘုရား... တပည့်တော်သည် မသိပါဘဲ သိတယ်, မမြင်ပါဘဲ မြင်တယ်ဟု အချီးနှီးသောစကားကို လိမ်၍ ပြောမိပါပြီ”ဟု ပြောဆိုဝန်ခံရာ၏၊ မိမိ၌ ဈာန်မဂ်ဖိုလ်ရှိ၏ဟု ထင်၍ ပြောခြင်း မှတစ်ပါး (သက်သက်လိမ်၍ ပြောသော) ဤရဟန်းလည်း ပါရာဇိကကျ၍ ရဟန်းကောင်းတို့နှင့် ကံကြီးကံငယ် ကိစ္စ၌ ပေါင်းသင်းခွင့်မရတော့ချေ။
အသိခက်သောပါဠိများ
ဥတ္တရိမနုဿဓမ္မံ။ ။ ဥတ္တရိ = မြင့်မြတ်သော+မနုဿ = လူ၊ (ဈာန်ရသော ဈာယီပုဂ္ဂိုလ်, မဂ်ဖိုလ်ရသော အရိယာ ပုဂ္ဂိုလ်များကို ဆိုသည်၊) ဓမ္မ= တရား၊ ထိုဈာယီ အရိယာလူတို့၏ တရား-ဟူသည် ဈာန်မဂ်ဖိုလ် တရားတည်း။
အလမရိယဉာဏဒဿနံ။ ။ အလံ = စွမ်းနိုင် (ကိလေသာတို့ကို ဖျက်ဆီးခြင်း ကိစ္စ၌ စွမ်းနိုင်) +အရိယ = ကိလေသာ အညစ်အကြေးမှ ဖြူစင် သန့်ရှင်းသော+ဉာဏ+ဒဿန သိလည်းသိတတ် + မြင်လည်း မြင်တတ်သောဉာဏ်၊ ထိုဉာဏ်နှင့်ယှဉ်သော ဈာန်မဂ်ဖိုလ် တရားကို “အလမရိယဉာဏဒဿန”ဟု ဆိုသည်။
စာမျက်နှာ-၂၄
အတ္တုပနာယိကံ။ ။ အတ္တ=မိမိသို့+ ဥပ = ကပ်၍+နာယိက = = ဆောင်လျက်၊ “မရအပ်သေးသော ဈာန်မဂ်ဖိုလ်တရားကို မိမိရလေဟန် ဆောင်ခြင်း”ဟူလို။
ဝိသုဒ္ဓါပေက္ခာ။ ။ ပါရာဇိကကျနေသော ရဟန်းဘဝကား သူ့ အတွက်မှာ မသန့်ရှင်းသော ဘဝဖြစ်၍ လူ့ဘဝသာလျှင် သူ့အတွက် သန့်ရှင်း စင်ကြယ်သော ဘဝဖြစ်၏၊ ထို့ကြောင့် လူ့ ဘဝကို “ဝိသုဒ္ဓ”ဟု၎င်း၊ ထိုလူ့ ဘဝသို့ပြောင်းလို လူဝတ်လဲလိုခြင်းကို “အပေက္ခ”ဟု၎င်းဆိုသည်။
အဓိမာနာ။ ။ အဓိ= ရအပ်ပြီဟု+မာန = မှတ်ထင်ခြင်း၊ မရသေးသော်လည်း အလွန်ကြိုးစား အားထုတ်နေသူဖြစ်၍ ရပြီးပြီဟု မှတ်ထင်မှုကို “အဓိမာန”ဟု ခေါ်သည်၊ တနည်း- အဓိက=လွန်ကဲသော+မာန = မှတ်ထင်ခြင်း၊ မိမိမှာရရှိပြီးသော သီလ, သမာဓိ, ပညာဂုဏ်ထက် တိုးတက်လွန်ကဲ၍ (ဈာန်မဂ်ဖိုလ် တစ်ခုခုရပြီဟု) အထင်ကြီးနေခြင်း-ဟူလို။
စတုတ္ထ ပါရာဇိက အင်္ဂါ။ ။ ဈာန်မဖိုလ်ဥတ္တရိရယ်က, မိမိ၌မရှိမှန်၊ ပါပိစ္ဆာ စိတ်ဝါကြွားနှင့်, ပြောမှားမိဟန်၊ သူတစ်ပါးမညွှန်ပြန်, နာခံသူ့ လူသား၊ ပြောခြင်းပင် အမြန်သိလျှင်လ, အင်ငါးတန်-အမှန်ရှိတာကြောင့်, စတုတ္တာ ပါရာဇိငယ်, ကျ၏မမှား။
၁။ ဈာန်တရား, မဂ်ဖိုလ်တရားကို “ဥတ္တရိ မနုဿဓမ္မဟုခေါ်၏၊ [ဥတ္တရိ=မြင့်မြတ်သော+မနုဿာ=လူ။ ဈာန်ရနေသူဖြစ်၍ ရိုးရိုးလူတို့ထက် မြင့်မြတ်သောလူကို “ဥတ္တရိမနုဿ”ဟု ခေါ်၏။ “ထိုမြင့်မြတ်သော လူတို့၏တရား” ဟူသည် ဈာန်တရား-မဂ်ဖိုလ်တရားတည်း။] ထိုဈာန် မဂ်ဖိုလ်တရားတို့ မိမိမှာ မရှိဘဲလျက် “ရှိသည်-ဈာန်ရသည်, မဂ်ဖိုလ် ရသည်ဟု ပြောလျှင် ပါရာဇိကကျ၏။
၂။ [ပါပ = ယုတ်မာသော+ဣစ္ဆာ = အလို။] ဤသိက္ခာပုဒ်၌ “ယုတ်မာ သော အလို”ဟူသည် ဝါကြွားလိုသော အလိုဆန္ဒတည်း၊ ထိုသို့ ဝါကြွားလိုသော ဆန္ဒဖြင့် ပြောမှ ပါရာဇိကကျသည်၊ ကမ္မဋ္ဌာန်း အားထုတ်နေသူဖြစ်၍ လောဘ ဒေါသ စသော စိတ်များလည်း အတော်ကြာကြာ မဖြစ်သောကြောင့် တကယ်ပင် ဈာန် (မဂ်ဖိုလ်) ရပြီဟုထင်၍ ပြောမိလျှင်ကား ပါရာဇိကမကျ။
စာမျက်နှာ-၂၅
၃။ သူတစ်ပါးကိုညွှန်ပြ၍ ပြောခြင်းမဟုတ်ဘဲ, မိမိကိုညွှန်ပြ၍ “ငါဈာန်ရ သည်, ငါမဂ်ဖိုလ်ရသည်” စသည်ဖြင့် ပြောမှ ပါရာဇိကကျသည်၊ “ငါ့ဥပဇ္ဈာယ်ဆရာ၏ တပည့်များ ရဟန္တာချည်းဘဲ”ဟု ကြွားဝါလို၍ ပြောရာ၌ကား ထိုတပည့်တို့တွင် မိမိလည်းပါဝင်သော်လည်း “ငါ= တပည့်တော်”ဟု မိမိကိုတိုက်ရိုက် မညွှန်ပြသောကြောင့် ပါရာဇိက မကျ၊ ထုလ္လစ္စဉ်းအာပတ်သာ-ဟု မိန့်တော်မူသည်။
၄။ အပြောခံရသူကလူဖြစ်မှ ပါရာဇိကကျသည်၊ နတ်စသူကိုပြောမိလျှင် ပါရာဇိကမကျ၊ နတ်တို့သည် အသိမြန်လွန်းသောကြောင့် နတ်အား ပြောရာ၌ ပါရာဇိကမကျဟု ချွင်းချက်ပြုတော်မူသည်။
၅။ ဥတ္တရိမနုဿဓမ္မကို ငါရသည်”ဟု ပြေပြီးလျှင် ပြီးခြင်း (ယခု ကာလစကားပြောကြရာ၌ ပြောပြီးလျှင် နားထောင်သူက ချက်ခြင်း နားလည်သလို)နားလည်မှ ပါရာဇိကကျသည်၊ အကြာကြီး တွေးပြီးမှ “သူဟာဈာန်ရသူဘဲ”စသည်ဖြင့် သိရာ၌ ပါရာဇိကမကျ။
သတိပြုဖွယ်များ
ဤစတုတ္ထပါရာဇိကမှာလည်း သတိထားဖွယ်များသေး၏၊ ရဟန်းအများတို့သည် “ဤနေရာမှအရင်ဆုံးထွက်သွားသူကို ရဟန္တာဟူ၍ သိရလိမ့်မည်” ဟု ကတိကဝတ်ပြု၍ ဝါကပ်ကြကုန်၏၊ ရဟန်းတစ်ပါးသည် မိမိကို ရဟန္တာဟု ထင်စေလိုသောကြောင့် (ရဟန္တာမဖြစ်သေးဘဲ) အရင်ဆုံး ထွက်သွား၏၊ ထိုရဟန်း ညာဖြန်းမှုအတွက် ပါရာဇိကကျ၏-ဟု ဆုံးဖြတ်တော်မူသည်၊ ထို့ကြောင့် ယခုကာလ၌လည်း ထိုကဲ့သို့ မညာမိအောင် သတိပြုသင့်၏။ ဘုရားလက်ထက်တော်၌ ရဟန်းတစ်ပါးသည် သူ့ကိုလူအများက ချီးမွမ်းစေလို(အထင်ကြီးစေလို)သောကြောင့် ဣန္ဒြေကြီးစွာ ထား၍ ဆွမ်းခံသွား၏၊ အခြားရဟန်းများကား အထင်ကြီးအောင် ဣန္ဒြေကြီးစွာ ထား၍ စင်္ကြန် သွားကြ, ရပ်နေကြ, ထိုင်နေကြ, လျောင်းနေကြ၏၊ ထိုရဟန်းများကို လူတို့က “ရဟန္တာကိုယ်တော်မြတ်တွေ” ဟု အထင်ကြီးကြ၏၊ ထိုသို့ အထင်ကြီးအောင် ဟန်ဆောင်သောရဟန်းတို့အား “ထုလ္လစ္စဉ်းအာပတ်” ဟု ပညတ်တော်မူသည်။
ထို့ကြောင့် ယခုကာလ၌လည်း မိမိကိုယ်ကို အထင်ကြီးအောင် ဟန် မလုပ်ဖို့ သတိပြုသင့်ကြသည်၊ ဆွမ်းခံသွားမှုစသည်၌ ဘုရားပညတ်တော် မူအပ်သော သိက္ခာပုဒ်ကို စောင့်ထိန်းသောအားဖြင့်သာ ဣန္ဒြေရစွာသွားရ,
စာမျက်နှာ-၂၆
လာရ, နေထိုင်ရမည်၊ ထိုသို့ သိက္ခာပုဒ်ကိုစောင့်ထိန်းသောအားဖြင့် ဣန္ဒြေ ရရသွားမှ စသည်ကြောင့်ကား အာပတ်မသင့်ရုံသာမက, သိက္ခာပုဒ်ကို ရိုသေစောင့်ထိန်းမှု ကုသိုလ်ပင် ရပါသေး၏။
မှန်၏-မြတ်စွာဘုရား၏ ဝိနည်းသိက္ခာပုဒ်တော်များသည် ကိုယ်မှု, နှုတ်မှုကို ဣန္ဒြေရအောင် ပညတ်အပ်သော သိက္ခာပုဒ်များချည်း ဖြစ်၏။ ဥပမာ-“မြို့ရွာ အတွင်း၌ စက္ခုန္ဒြေချ၍သွားရမည်”ဟု ပညတ်တော်မူ၏၊ ရဟန်းသာမဏေများ၏ နဂိုစိတ်ကား တောင်ကြည့် မြောက်ကြည့် ကြည့်ချင်၏။ သို့သော် သိက္ခာပုဒ်တော်ကို ရိုသေသောအားဖြင့် ကြည့်ချင်သော စိတ်အလိုသို့ မလိုက်ဘဲ စက္ခုန္ဒြေချထားခြင်းကို “အထင်ကြီးအောင် ဟန်လုပ်သည်”ဟု မဆိုရ၊ “သိက္ခာပုဒ်တော်ကို စောင့်ထိန်းဖော်ရသော သူတော်ကောင်း” ဟုသာ ဆိုရသည်၊ ထို့ကြောင့် မည်သည့် ကိစ္စ၌မဆို သူတစ်ပါးက အထင်ကြီးအောင် ဟန်လုပ်ခြင်းမျိုး မဖြစ်စေဘဲ သိက္ခာပုဒ်စောင့်ထိန်းခြင်းမျိုး ဖြစ်အောင် သတိပြုသင့်ကြပါသည်။
မှတ်ဖွယ်။ ။ ဘိက္ခုဆိုရာ ပါရာဇိကသိက္ခာပုဒ် ၄-ပါးကို စဉ်းစားလျှင် လူကောင်း များ၏၊ ကျင့်ရိုးကျင့်စဉ် ငါးပါးသီလတွင် ရှေ့သီလ ၄-ပါးနှင့် သဘော တူပင်ဖြစ်၏။ မှန်၏-ပထမပါရာဇိကသည် အဗြဟ္မစရိယမှ ရှောင်ကြဉ် ရသော သိက္ခာပုဒ်ဖြစ်၏၊ ထို့အတူ ဒုတိယပါရာဇိကနှင့် အဒိန္နာဒါန, တတိယပါရာဇိကနှင့် ပါဏာတိပါတ, စတုတ္ထပါရာဇိကနှင့် မုသာဝါဒတို့ သဘောတူပုံကိုသိပါ။
ထိုသို့ သဘောတူသော်လည်း မူး၌ ထိုသီလပျက်သော် ထပ်၍ ဆောက်တည်နိုင်သေး၏၊ ရဟန်းဟော်များ၌ကား ဤသီလ ပျက်လျှင် ထပ်၍ သိက္ခာတင်ခွင့်မရ၊ ဒုဿီလ(သီလမရှိသူ)ဖြစ်တော့ရကား ဘိက္ခုအဖြစ်ကို တသက်လုံး စွန့်လွှတ် လိုက်ရတော့သည်။ ထို့ကြောင့် ရဟန်းဟူသမျှတို့ ဤသီလ ၄-ပါးကို အသက်လို သဘောထား၍ ရိုသေ လေးစားစွာ စောင့်ထိန်းကြရလေသည်။ [ငါးပါးသီလတွင် သုရာမေ သိက္ခာပုဒ်ကို ပါစိတ်ခန်းကျမှ ပညတ်တော်မူလိမ့်မည်၊ ဘိက္ခုနီများ အတွက်က ဤ ၄-ပါးအပြင် နောက်ထပ်ပါရာဇိကများ လာလိမ့်ဦးမည်။]
ပါရာဇိကအခန်းပြီး၏။