မာတိကာသို့ ခုန်သွားရန်

ဘုရားဥပဒေတော်ကြီး/ဘိက္ခုနီဖြစ်ပေါ်လာပုံ

ဝီကီရင်းမြစ် မှ
5545ဘုရားဥပဒေတော်ကြီးဘိက္ခုနီဖြစ်ပေါ်လာပုံ၁၉၉၆အရှင်ဇနကာဘိဝံသ

စာမျက်နှာ-၃၁၅

ဘိက္ခုနီဖြစ်ပေါ်လာပုံ

မလွယ်ကူပုံ။ ။ ဘုရားပွင့်တော်မူပြီးစ ပထမအချိန်ကပင် ပဉ္စဝဂ္ဂီငါးပါးကို အစထား၍ သာသနာ့ဝန်ထမ်း ရဟန်းယောက်ျားဖြစ်ကြသော ဘိက္ခုတို့သည် အလွယ်တကူ ဖြစ်ခွင့်ရခဲ့ကြသော်လည်း မိန်းမသား ဖြစ်သော ဘိက္ခုနီတို့မှာ အလွယ်တကူဖြစ်ခွင့်မရခဲ့ကြ၊ မိထွေးတော် ဂေါတမီ ကိုယ်တိုင်ပင် ဘိက္ခုနီ ပြုလုပ်ရဖို့အကြောင်း ခဲယဉ်းစွာ တောင်းပန်ခဲ့ရလေသည်။

မိထွေးတော် ဂေါတမီ။ ။ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးနောက်တပေါင်းလလောက်မှာပင် ကပိလဝတ် နေပြည်တော်သို့ ပထမဆုံး ကြွတော်မူ၍ နိဂြောဓာရုံ ကျောင်းတိုက်၌ ရဟန္တာ ၂-သောင်းနှင့် အတူ သီတင်းသုံးတော်မူ၏၊ ထိုအချိန်တုန်းကပင် မယ်တော်မာယာ၏ ညီမတော်အရင်းဖြစ်သော မိထွေးတော်ဂေါတမီသည် ဘုရား အထံတော်၌ ဘိက္ခုနီ (ရဟန်းမ) ပြုလိုပါကြောင်း ခွင့်တောင်းလေသည်၊ သို့သော် ဗုဒ္ဓမြတ်စွာသည် (“နောက်နောင်အခါ ဖြစ်လာကြမည့် ဘိက္ခုနီတို့က အလွယ်တကူ ခွင့်ပြုထားသော ရဟန်းအဖြစ်ကို မလေးစားဘဲ ရှိကြလိမ့်မည်”ဟု)မြော်မြင်တော်မူသောကြောင့် မိထွေးတော်၏ ခွင့်တောင်းမှုကို ခွင့်ပြုတော်မမူသဖြင့် မိထွေးတော်သည် အလွန်ဝမ်းနည်းစွာ ငိုယိုကာဖြင့် ပြန်သွားရှာလေသည်။

နောက်တစ်ကြိမ် ကြိုးစားခြင်း။ ။ မြတ်စွာဘုရားသည် ဝေသာလီမြို့၌ သီတင်းသုံးတော် မူသောအခါ နောက်တစ်ကြိမ်လာ၍ ခွင့်တောင်းပြန်၏။ ထိုအချိန်၌ကား တစ်ယောက်ထည်း မဟုတ်တော့၊ ခင်ပွန်းသည် မင်းသားတို့ ရဟန်းပြုသွားရုံမက, ရဟန္တာလည်း ဖြစ်နှင့်ကြသဖြင့် လူ့ဘဝ၌ မျှော်လင့်ချက် ကင်းမဲ့နေကြသော သာကီဝင် မင်းသ္မီး ငါးရာနှင့်အတူလာ၍ တောင်းပန်ခြင်းဖြစ်သည်၊ သူတို့အားလုံး ကပိလဝတ် နေပြည်တော်တုံးကပင် ဘုရားကို ရည်မှန်း၍ (ဘုရား၏တပည့်အနေမျိုးဖြင့် ရဟန်းပြုခဲ့ကြ၏။ သူတို့အားလုံး နေပြည်တော်မှ ထွက်သွားကြောင်းကို ကြားသောအခါ (သူတို့တတွေ ခြေကျင်သွားနိုင်ကြမည်မဟုတ်ဟု ယူဆ၍ ဝေါ (ထမ်းစဉ်)တို့ကို ဆွေတော်မျိုးတော်များက ပို့ကြသော်လည်း “ဝေါစီး၍ သွားလျှင် ဘုရားကို မရိုသေရာရောက်မည်”ဟု ယူဆ၍ မည်သူမျှမစီးကြ၊ ပင်ကိုယ်ရိုးရာအားဖြင့် မြေပြင်၌ ခြေကျင်သွားလေ့မရှိကြသော သာကီဝင်

စာမျက်နှာ-၃၁၆

မင်းသ္မီးတို့သည် ငါးဆယ့်တစ်ယူဇနာဝေးသော ခရီးကို ဝေါ့မစီးကြဘဲ ခြေကျင်သာ သွားရှာကြလေသည်။

ပင်ပန်းကြီးစွာဖြင့် ဝေသာလီရောက်ပုံ။ ။ သာကီဝင်မင်းတို့သည် ထိုမင်းသ္မီးတို့အား ဘေးရန် အန္တရာယ်ကာကွယ်ဖို့ရန် ရှေ့ရောနောက်ပါ အစောင့် အရှောက် လိုက်စေ၍ ဆန်, ထောပတ်, ဆီ စသည်တို့ကို လှည်းဖြင့် တင်ဆောင်ကာ ရောက်ရာအရပ်၌ စားရေးသောက်တာ စီမံ လုပ်ကျွေးမည့် လူတို့ကိုလည်း ထည့်လိုက်ကြကုန်၏။ ထိုသို့ ချမ်းသာအောင် အစောင့်အရှောက် လိုက်ပါလာကြသော်လည်း ခြေကျင်လာရသည့်အတွက် နုလှစွာသော ခြေဘဝါးတို့၌ သွေးခြေများဥကာ အဖုတွေ ထလာပြီးလျှင် တချို့အဖုများလည်း ပေါက်ကွဲကုန်၏၊ ခြေ ၂-ဘက်လုံးမှာပင် ခပေါင်းရေ ကြည်စေ့တွေ သီးနေသလို ဖူးဖူးရောင်၍ နေကုန်တော့၏၊ ဝေသာလီရောက် ပြန်သော်လည်း ရုတ်တရက် ဘုရားအထံ မဝင်ဝံ့ကြ၊ သူတို့ကိုယ်တိုင်ပင် ဘိက္ခုနီအသွင်ကို ဝတ်ဆင်လာခဲ့ကြလေပြီ။ “ဤအကြိမ်မှာလဲ ဘုရားရှင်က ဘိက္ခုနီအဖြစ်ကို ခွင့်ပြုတော် မမူပြန်လျှင် အရှက်တကွဲ အကျိုးနဲကြတော့မည်”ဟု တွေးတော စိုးရွံ့ကာ ကျောင်းတိုက်အပြင် တံခါးမုခ်အနီးမှာပင် ယိုစီးသော မျက်ရည်ဖြင့် ဆိုင်းငံ့၍ နေရှာကြလေသည်။

အရှင်အာနန္ဒာနှင့် တွေ့ ပုံ။ ။ အရှင်အာနန္ဒာသည် (ကျောင်းတိုက်အပြင် ထွက်လာလတ်သော်) ခရီးပန်းသဖြင့် ညှိုးနွမ်းသော လက္ခဏာ ရှိ၍ တကိုယ်လုံးလည်းမြူမှုန်(ဖုံ)တွေ ဖွေးလျှက်ဖူးရောင်၍ နေသော ခြေတို့ဖြင့် မသက်မသာ ငိုယိုကာနေသော မိထွေးတော်ဂေါတမီကို (သာကီဝင်မင်းသ္မီးငါးရာနှင့် အတူ) တွေ့ရ၍ ဖြစ်ပျက်ပုံကို မေးလေရာ, လာခဲ့ရပုံအကြောင်းစုံနှင့်တကွ ဘိက္ခုနီအဖြစ်ကို ဘုရားရှင် ခွင့်မပြုခြင်းကြောင့် ဝမ်းနည်းပုံကိုပါ ပြောပြလေသည်၊ ထိုအခါ သောတာပန်သာ ဖြစ်သေးသော အရှင်အာနန္ဒာမှာလည်း (လွန်စွာစိတ်ထိခိုက်ဟန်ရှိ၍) ဒီလိုဆိုလျှင် ခဏလောက်ဒီမှာ နေရစ်ပါဦး၊ နောင်တော်ဘုရားကို ခွင့်တောင်း လျှောက်ထားပါဦးမည် ဟုပြောဆို၍ ဘုရားထံသို့ ဝင်သွား၍ လျှောက်ထား သည်မှာ—

ရှင်အာနာ။ ။ “မြတ်စွာဘုရား ... မဟာပဇာပတိ ဂေါတမီသည် ၅၁-ယူဇနာခရီးကို ခြေကျင်လာခဲ့ရသည့်အတွက် ရောင်နေသောခြေ, မြူမှုန်လိမ်းကျံနေသော ကိုယ်, ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဖြစ်ကာ မျက်ရည်ယိုသော မျက်နှာဖြင့် ကျောင်းတံခါးမုခ်မှာ ရပ်နေရှာ

စာမျက်နှာ-၃၁၇

ပါသည်၊ ဘိက္ခုနီပြုဖို့ရန် ဘုရားရှင် ခွင့်ပြုတော်မမူသည့်အတွက် ကျောင်းတိုက်တွင်းသို့ မဝင်ဝံ့ရှာပါ၊ မြတ်စွာဘုရား...မာတုဂါမများ ဘုရားသာသနာတော် အတွင်းဝယ် ရဟန်းပြုခွင့် ရဖို့ရန် တောင်းပန် ပါရစေ”ဟု လျှောက်လေသည်။

ဘုရားရှင်။ ။ မတော်ဘူး အာနန္ဒာ၊ ဘုရားသာသနာတော်အတွင်း၌ မာတုဂါမတို့ ရဟန်းပြုခြင်းကို သင်-မနှစ်သက်ပါလင့်။

ရှင်အာနန္ဒာ။ ။ ၂-ကြိမ်မြောက် တောင်းပန်၏။

ဘုရားရှင်။ ။ ၂-ကြိမ်မြောက် ပယ်မြစ်တော်မူ၏။

ရှင်အာနန္ဒာ။ ။ ၃-ကြိမ်မြောက် တောင်းပန်ပြန်၏။

ဘုရားရှင်။ ။ ၃-ကြိမ်မြောက် ပယ်မြစ်တော် မူပြန်၏။

ရှင်အာနန္ဒာ။ ။ “ဒီနည်းနှင့်တောင်းပန်လို့တော့ခွင့်ပြုတော်မူမှာမဟုတ်တော့၊ အခြားနည်းဖြင့် တောင်းပန်ဦးမည်”ဟု ကြံစည်၍ “မြတ်စွာဘုရား.....မာတုဂါမတို့သည် သာသနာတော်မှာ ရဟန်းပြု၍ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာမိန်းမများ ဖြစ်ဖို့ရန် မထိုက်တန်ပါဘူးလား ဘုရား။

ဘုရားရှင်။ ။ ထိုက်တန်ပါရဲ့ အာနန္ဒာ။

ရှင်အာနန္ဒာ။ ။ မြတ်စွာဘုရား...မိထွေးတော် (အဒေါ်လေးရင်း) ဖြစ်သော မဟာပဇာပတိ ဂေါတမီသည် မြတ်စွာဘုရားအပေါ်မှာ လွန်စွာ ကျေးဇူးများခဲ့ပါသည်၊ မင်းသားကလေးဘဝမှ ကြီးရင့်လာအောင်စောင့်ရှောက်ခဲ့ရုံမက, (ဘုရားရှင် ၇-ရက်အရတွင် မယ်တော်မာယာ နတ်ရွာစံသဖြင့် သားတော်ရင်း နန္ဒမင်းသား ကလေးကို အထိမ်းတော်တို့နှင့်ထား၍) မိထွေးတော် ကိုယ်တိုင် ဘုရားရှင်ကို နို့ချိုတိုက်ကျွေး၍မွေးမြူခဲ့ပါသည်။

မြတ်စွာဘုရား... မာတုဂါမတို့ သာသနာတော်မှာ ရဟန်းပြု၍ သောတာပန် သကဒါဂါမ် အနာဂါမ်ရဟန္တာဖြစ်ဖို့ရန် ထိုက်တန်ကြပါလျှင် ထိုမျှလောက်ကျေးဇူးကြီးလှသော မိထွေးတော်ဂေါတမီသည် မြတ်စွာဘုရား၏ သာသနာတော်ဝယ် ရဟန်းပြုခွင့် ရစေချင်ပါသည်ဘုရား၊

မှတ်ချက်။ ။ နန္ဒမင်းသားသည် ဘုရားအလောင်းထက် ရက်အနည်းငယ်သာ ငယ်၏၊ ထိုနန္ဒမင်းသားဖွားမြင်ပြီးနောက် အထိမ်းတို့အား အပ်နှံ၍ မိထွေးတော်ကိုယ်တိုင် အမိမဲ့ အလောင်းတော်ကလေးကို နို့ချိုတိုက်ကျွေးလေသည်။

စာမျက်နှာ-၃၁၈

ဘုရားရှင်။ ။ အာနန္ဒာ...ပဇာပတိ ဂေါတမီသည် ဂရုဓမ် (အလေး ပြုအပ်သောပညတ်တော်)ရှစ်ပါးကို လက်ခံနိုင်လျှင်, ထိုလက်ခံမှုသည်ပင် သူ၏ ရဟန်းပြုခြင်းကိစ္စပြီးစေတော့၊ (သူတစ်ပါးလို သိမ်ထဲ၌ ကမ္မဝါစာဖြင့် ရဟန်းပြုနေဖွယ်မလို ဟူလို။)

မှတ်ချက်။ ။ မာတုဂါမဟိုသည် အစစ်အမှန် သဒ္ဓါတရား အလွန်နည်းပါး၏။ ဖြစ်သမျှ သဒ္ဓါအစစ်လည်း မတည်မြဲလှ၊ ထို့ကြောင့် ရဟန်းပြုခွင့်ကို တောင်းလျှင် တောင်းခြင်း မပေးသေးဘဲ ခဲယဉ်းစွာ ခွင့်တောင်းမှ ခွင့်ပြုတော်မူခဲ့ပေသည်၊ ထိုသို့ ခွင့်ပြုပြန်ပါလည်း သာသနာတော်ကိုသာ၍ လေးစားစေလိုသောကြောင့် ဂရုဓမ်ပညတ်များကို ထားပြီးမှ ခွင့်ပြုတော်မူသည်။

ဂရုဓမ်ရှစ်ပါးကား

၁။ မည်သည့် ဘိက္ခုနီမဆို ရဟန်းသိက္ခာ ဝါတရာပင်ရပြီးစေကာမူ ယနေ့မှရဟန်းဖြစ်သော ဘိက္ခု အပေါ်၌ အဘိဝါဒန, ပစ္စုဋ္ဌာန, အဉ္ဇလိကမ္မ, သာစိကမ္မကို ပြုရမည်၊ ဤပညတ်တော်ကိုလည်းကောင်းမွန်ရိုသေစွာ လိုက်နာပြုကျင့်သောအားဖြင့် မြတ်နိုးကော် ရော်ပူဇော်လျက် အသက်ထက်ဆုံး မကျူးလွန်ရ၊

မှတ်ချက်။ ။ နဖူးမြေကျ ဝပ်မှုကို “အဘိဝါဒန = ရှိခိုးမှု” ဟုခေါ်၏၊ မိမိက ထိုင်နေစဉ် အဝေးမှာနေသည်ကို မြင်၍ ထိုင်နေရာ ထိုင်ခုံမှ ထပေးမုံ, အရပ်အဝေးမှလာသည်ကိုမြင်၍ ခရီးဦးကြိုမှုကို “ပစ္စုဋ္ဌာန = နေရာမှ ထခြင်း, ခရီးဦးကြိုခြင်း” ဟုခေါ်၏၊ ဝပ်ချ၍ မဖြစ်နိုင်သောနေရာမျိုး (လမ်းခရီးတွေ့ရာစသည်၌)လက်အုပ်ချီမှုကို “အဉ္ဇလိကမ္မ” ဟုခေါ်၏၊ သင့်လျော်သောအမှုကို “သာမီစိကမ္မ = အရိုအသေပြုမှု” ဟုခေါ်သည်။

၂။ ဘိက္ခုနီသည် အနီးအပါးဝယ်ဩဝါဒပေးမည့် ရဟန်းယောက်ျား မရှိသောကျောင်း၌ ဝါမဆိုရ၊ ဤပညတ်တော်ကိုလည်း ကောင်းမွန် ရိုသေစွာ လိုက်နာကျင့်ကြံသောအားဖြင့် မြတ်နိုးကော်ရော်ပူဇော်လျက် အသက်ထက်ဆုံး မကျူးလွန်ရ။ [“အနီးအပါး”ဟူရာ၌ မိမိက ထိုရဟန်းရှိရာသို့ ဩဝါဒခံယူသွား၍ ထိုနေ့၌ပင် ပြန်လာနိုင်သော အရပ်ကိုဆိုလိုသည်။

၃။ ဘိက္ခုနီသည် လခွဲတစ်ကြိမ် (၁၅ရက် တစ်ကြိမ်ကျ) ယခုလာမည့်ဥပုသ် နေ့သည် ၁၄-ရက်မြောက်ပါလား, ၁၅-ရက် မြောက်ပါလားဟု

စာမျက်နှာ-၃၁၉

ဥပုသ်နေ့မေးခြင်း, ဩဝါဒခံယူဖို့ရန် ချဉ်းကပ် ခွင့်တောင်းခြင်းဟူသော ၂-ပါးသောတရားတို့ကို ဘိက္ခုသံဃအထံမှ တောင့်တရမည်၊ “ထို၂-ပါးကို ရအောင်ပြုရမည်” ဟူလို၊ ဤပညတ်တော်ကိုလည်း ကောင်းမွန်ရိုသေစွာ လိုက်နာကျင့်ကြံသောအားဖြင့် မြတ်နိုးကော်ရော် ပူဇော်လျက် အသက်ထက်ဆုံး မကျူးလွန်ရ။

၄။ ဝါကျွတ်ပြီးသောဘိက္ခုနီသည် ဘိက္ခုနီသံဃာ ဘိက္ခုသံဃာ၂ဘက်လုံး၌ ပဝါရဏာပြုရမည်။ ဘိက္ခုတို့ကား ဘိက္ခုသံဃာ့အထံ၌သာ ပဝါရဏာပြုရသည်၊ ဘိက္ခုနီတို့ကား ဘိက္ခုနီသံဃာ့အထံ၌ တစ်ကြိမ် ဘိက္ခုသံဃာ့အထံ၌ တစ်ကြိမ်အားဖြင့် ၂-ကြိမ် ပြုရမည်ဟူလို၊ (ပဝါရဏာပြုပုံကို နောက်၌ သိရလတံ့။)] ဤပညတ်တော်ကိုလည်း ကောင်းမွန်ရိုသေစွာ လိုက်နာ ပြုကျင့်သောအားဖြင့် မြတ်နိုးကော်ရော် ပူဇော်လျက် အသက်ထက်ဆုံး မကျူးလွန်ရ။

၅။ သံဃာဒိသည် အာပတ်သင့်သော ဘိက္ခုနီသည် ဘိက္ခု-ဘိက္ခုနီ ၂-ဘက်လုံး သံဃာ့အထံ၌ ပက္ခမာနတ် (၁၅-ရက်ကျင့်ရသော မာနတ်) အကျင့်ကိုကျင့်ရမည်၊ [ဘိက္ခုတို့ကား ၆-ရက်သာ မာနတ် ကျင့်ရ၏။] ဤပညတ်တော်ကိုလည်း ကောင်းမွန်ရိုသေစွာ လိုက်နာ ပြုကျင့်သောအားဖြင့် မြတ်နိုးကော်ရော် ပူဇော်လျက်-အသက်ထက်ဆုံး ကျူးလွန်ရ။

၆။ ၂-နှစ်ပတ်လုံး ၆-ပါးသော သိက္ခာပုဒ်တို့၌ မကျိုးမပေါက်အောင် ကျင့်ပြီးသော သိက္ခမာန်သည် ၂-ဘက်သံဃာ၌ ရဟန်းအဖြစ်ကို ရှာရမည်။ [ယောက်ျားတို့သည် ဘိက္ခုသံဃာ၌သာ ရဟန်းပြုခြင်း ကိစ္စပြီး၏၊ ၂-နှစ်လည်း ကျင့်ဖွယ်မလို၊ မိန်းမတို့ကား ၂-နှစ်လုံး ကျင့်ပြီးမှ ၂-ဘက်သံဃာ၌ ၂-ကြိမ်ရဟန်းပြုရသည်။ ဤပညတ်တော်ကိုလည်း ကောင်းမွန်ရိုသေစွာ လိုက်နာပြုကျင့်သောအားဖြင့် မြတ်နိုးကော်ရော် ပူဇော်လျက် အသက်ထက်ဆုံး မကျူးလွန်ရ။

၇။ ဘိက္ခုနီသည် မည်သည့် နည်းပရိယာယ်နှင့်မျှ ဘိက္ခုကို ဆဲလည်း မဆဲရ ခြိမ်းလည်း မခြိမ်းချောက်ရ, ဤပညတ်တော်ကိုလည်း ကောင်းမွန်ရိုသေစွာ လိုက်နာပြုကျင့်သောအားဖြင့် မြတ်နိုးကော်ရော် ပူဇော်လျက် အသက်ထက်ဆုံး မကျူးလွန်ရ။

စာမျက်နှာ-၃၂၀

၈။ ယနေ့ကစ၍ ဘိက္ခုနီတို့က ဘိက္ခုတို့အပေါ်၌ ပြောဆိုဆုံးမခွင့်ကို ပိတ်လိုက်ပြီ၊ ဘိက္ခုတို့က ဘိက္ခုနီတို့အပေါ်၌ ပြောဆိုဆုံးမခွင့်ကိုကား မပိတ်ဘဲ ဖွင့်ထားသည်၊ ဤပညတ်တော်ကိုလည်း ကောင်းမွန် ရိုသေစွာ လိုက်နာကျင့်ကြံသောအားဖြင့် မြတ်နိုးကော်ရော် ပူဇော်လျက် အသက်ထက်ဆုံး မကျူးလွန်ရ။

မှတ်ချက်။ ။ ဘိက္ခုနီတို့သည် ပြောဆိုဆုံးမဖွယ် အပြစ်တွေ့စေကာမူ မပြောဆို-မဆုံးမရ၊ ရှေးကမထေရ်ကြီးများတော့ ဒီလိုမလုပ်ကြပါဘူး” စသည်ဖြင့် ပရိယာယ်လောက်သာ ပြောရသည်။ ဘိက္ခုတို့ကား ဘိက္ခုနီတို့အပေါ်၌ အပြစ် တွေ့လျှင် ငေါက်ငန်း၍ပင် ဆုံးမနိုင်၏။

ဂရုဓမ် လက်ခံပုံ။ ။ အရှင်အာနန္ဒာသည် မြတ်စွာဘုရားအထံတော်မှ ဂရုဓမ် ရှစ်ပါး ပညတ်တော်များကို အရကျက်မှတ်၍ တံခါးမုခ် ပေါက်၌ စောင့်မျှော်နေသော မိထွေးတော်ဂေါတမီအထံသို့ ပြန်လာပြီးလျှင် ဂရုဓမ်ရှစ်ပါး ပညတ်တော်များကို ပြောပြ၍ “ဤဂရုဓမ် ပညတ်တော်ရှစ်ပါးကို လက်ခံနိုင်လျှင် အဲဒီလက်ခံခြင်းသည်ပင် မိထွေးတော်၏ ရဟန်းပြုခြင်း ကိစ္စပြီးနိုင်ပါလိမ့်မည်”ဟု ပြောပြလေသည်၊ ထိုအခါ မိထွေးတော်ဂေါတမီသည် ဂရုဓမ်ပညတ်တော်များကို လက်ခံရင်း ပြောပြသည်မှာ-

“အရှင်အာနန္ဒာ... ပျိုမြစ်နုနယ် အရွယ်ငယ်သည့်ပြင် တန်ဆာဆင်ဖို့ အလေ့အလာ ဝါသနာပါသော လုလင်ပျို-မိန်းမပျိုသည် ခေါင်းလျှော်ရေချိုးပြီးခါစ၌ ကြာပန်းဖြစ်စေ မြလေးပန်း ဖြစ်စေ အဓိမုတ္တိက(ဘိန်းနွယ်) ပန်းဖြစ်စေ ပေးလာလျှင် မငြင်းဆန်ဘဲ ဝမ်းမြောက်စွာ လက်ခံသကဲ့သို့ ထို့အတူ အသက်ဆုံးတိုင် မကျူးလွန်နိုင်အောင် လေးလေးစားစား လိုက်နာရမည့် ဂရုဓမ်ပညတ်တော်ရှစ်ပါးကို ဦးထိပ်ရွက် ပန်ဆင်ကာ ဝမ်းမြောက်စွာ လက်ခံပါသည်ဘုရား” ဟု လျှောက်ထားလေသည်။

ဘိက္ခုနီများ ထွန်းကားခဲ့ပုံ။ ။ ထိုအချိန်မှစ၍ ဘိက္ခုနီများ ထင်ရှားလာကာ အတူပါသော သာကီဝင်မင်းသ္မီးငါးရာလည်း ဘိက္ခုများအထံ၌ ထုံးစံအတိုင်း ကမ္မဝါစာဖြင့် ဘိက္ခုနီများ ဖြစ်ကြရလေသည်၊ နောက်နောင်အခါ၌ကား ယသောဓရာမိဖုရား, ခေမာမိဖုရာ, ဥပလဝဏ်သူဌေးသီး, ဓမ္မဒိန္နာသူဌေးကတော်, ဘဒ္ဒါကာပိလာနီသူဌေးကတော်

စာမျက်နှာ-၃၂၁

(အရှင်မဟာကဿပ၏ ကြင်ယာဟောင်း)စသော အထက်တန်း အမျိုးသ္မီးများလည်း ဘိက္ခုနီဘဝသို့ ရောက်လာကြ၍ ဗုဒ္ဓမြတ်စွာ၏သာသနာတော်ကို အမျိုးသ္မီးများဘက်က ခေါင်းဆောင်လျက် သာသနာ့အသရေ တိုးတက်စေခဲ့ကြပေသည်။

ဂရုဓမ်းကလည်း လေးနက်ပုံ။ ။ သို့ရာတွင် နောက်နောင်အခါ၌ သဒ္ဓါ ပညာ ဝီရိယ နည်းပါးသောအမျိုးသ္မီးများလည်း ဝင်ရောက်လာပြန်ရာ အကယ်၍ ဂရုဓမ်ရှစ်ပါး ပညတ်တော် မထားခဲ့လျှင် ထိုသူများအတွက် ရဟန်းယောက်ျားတို့နှင့် ရောယှက်ရှုပ်ထွေးကာ သာသနာ တည်ရေးသည် တဝက်လောက် လျော့ပါး၍ ခပ်မြန်မြန် ကွယ်ပျောက်သွားဖွယ်ရှိ၏၊ ယခုသော်ကား ဂရုဓမ်ရှစ်ပါး ပညတ်တော်များကြောင့် သာသနာ တည်တံ့ချိန် မလျော့ပါးဘဲ နဂိုအတိုင်းပင် အချိန်ပြည့် တည်တံ့နိုင်ဖွယ် ရှိလေသည်။

သိက္ခာပုဒ် တိုးလာရပုံ။ ။ ထိုသို့ ဂရုဓမ် ပညတ်တော်များဖြင့် လာမည့် ဘေးကို ကြိုတင်၍ တားဆီးထားပါသော်လည်း အတော်ကြာသည့်အခါ ထူးထူးခြားခြား ပေါက်ကြားမှုများလည်း ပေါ်ပေါက်ပြန်ရကား ရဟန်းယောက်ျားများအတွက် ပညတ်ထားသော “မေထုန်မမှီဝဲရ, သူဥစ္စာမခိုးရ, သူ့အသက်မသတ်ရ, ဈာန်မဂ်ဖိုလ်မရဘဲ “ရသည်”ဟု မလိမ်ရ”စသော ပညတ်တော်တချို့ကိုလည်း ဘိက္ခုနီတို့ပါ သက်ဆိုင်စေ၍ ရဟန်းယောက်ျားများနှင့် အပြစ်ပြုပုံချင်း မတူသောကိစ္စ များအတွက် သီးခြားထပ်၍ ပညတ်တော်မူရပြန်လေသည်၊ ယခုအခါ ထိုဘိက္ခုနီပညတ်တော်များကို ပြပါဦးမည်။