မာတိကာသို့ ခုန်သွားရန်

ဘုရားဥပဒေတော်ကြီး/ဘိက္ခုနီသိက္ခာပုဒ်များ

ဝီကီရင်းမြစ် မှ
5546ဘုရားဥပဒေတော်ကြီးဘိက္ခုနီသိက္ခာပုဒ်များ၁၉၉၆အရှင်ဇနကာဘိဝံသ

စာမျက်နှာ-၃၂၂

ဘိက္ခုနီသိက္ခာပုဒ်များ

၁။ ပါရာဇိကအခန်း

က။ ဥဗ္ဘဇာဏုမဏ္ဍလိကာပါရာဇိက

အမှုသည်—သုန္ဒရီနန္ဒာ။

အမှု—ယောက်ျား၏ ကိုင်ခြင်းကို သာယာမှု။

သုန္ဒရီနန္ဒာ။ ။ “နန္ဒာ, နန္ဒဝတီ, သုန္ဒရီနန္ဒာ, ထုလ္လနန္ဒာ” အမည်ရှိကြသော ညီအစ်မ ၄-ယောက်တို့သည် ဘိက္ခုနီတို့အထံ၌ ဘိက္ခုနီပြုနေကြကုန်၏၊ ထို ၄-ယောက်တို့တွင် သုန္ဒရီနန္ဒာသည် ငယ်ငယ်ကပင် သာမဏေမ ပြုလုပ်လာခဲ့၏။ အလွန်အဆင်းလှ၏, ရှုချင့်စဖွယ် တင့်တယ်၏, မြင်ရသူ၏စိတ်ကို ကြည်နူးစေနိုင်၏, ပင်ကိုယ် အလိမ်မာလဲရှိ၏, ထက်ထက် မြက်မြက်လဲရှိ၏, ထိုးထွင်းဉာဏ်လဲ ကောင်း၏, ဘယ်အရာမဆို ကျွမ်းကျင်၏, လုပ်ရကိုင်ရမှာလဲ မပျင်းတတ်, အကြောင်းအားလျော်စွာ ပေါ်လာသော ကိစ္စတိုင်းတွင် အမြှော်အမြင်လဲကောင်း၏, ဘယ်ကိစ္စမဆို ကိုယ်တိုင်လဲပြုနိုင်, သူတစ်ပါးတို့ကိုလဲစီမံနိုင်၏။

ဝိသာခါ၏မြေး မောင်သာဠှ။ ။ ကျောင်းအမဝိသာခါ၏မြေးဖြစ်သော မောင်သာဠှသည် ဘိက္ခုနီများအတွက် ကျောင်းဆောက် လှူဒါန်းလိုသောကြောင့် ဘိက္ခုနီသံဃာ့အထံ ကျောင်းစီမံမည့် ဘိက္ခုနီ တစ်ယောက်ကိုတောင်းလေရာ ဘိက္ခုနီသံဃာသည် ကျောင်းကို ကြပ်မ ဆောက်လုပ်ဖို့ရန် သုန္ဒရီနန္ဒာကို ညွှန်ပြကြလေသည်၊ သုန္ဒရီနန္ဒာသည် ကျောင်းနှင့်ဆိုင်ရာ ပစ္စည်းများကို တောင်းဖို့ရာ ကျောင်းဒါယကာအိမ်သို့ မကြာခဏ သွားရလေ၏၊ ကျောင်းဒါယကာလဲ ပြုပြီးတာ မပြုရသေးတာကို သိဖို့ရာ ကျောင်းသို့မကြာခဏ လာရလေ၏။

အမြင်များလို အခင်များ။ ။ သူတို့ ၂-ယောက်တွင် (စာအတိုင်း စဉ်းစားရသော်) တစ်ယောက်သည် ရုပ်ချော၍ လိမ်မာသွက်လက် ထက်မြက် သူဖြစ်ကြောင်း သေချာ၏၊ အခြား တစ်ယောက်လည်း (ဝိသာခါ၏မြေးဟု ဆိုသောကြောင့်) အရွယ်မကြီးသေးသော ဓနရှင်ဖြစ်ကြောင်း သေချာ၏၊ (အိုးချင်းထားလျှင် အိုးချင်းထိ၍ ကြိုးချင်းထားလျှင် ကြိုးခြင်းငြိတတ်သော လောကကြီးဝယ် ကျောင်းဒါယကာ မောင်သာဠှသည်

စာမျက်နှာ-၃၂၃

သုန္ဒရီနန္ဒာကို “နွားပိန်အသားဖြည့်၍ ကြည့်သော” နွားကုန်သည်နည်းဖြင့် ကတုံးအပြင်ဝယ် ဆံထုံးတင်၍ ကြည့်နေဟန်တူ၏၊ ထိုကြောင့်) မကြာခဏ မြင်နေရသူ ၂-ယောက်မှာအချင်းချင်း စွဲနေကြလေပြီ၊ သို့သော် စွဲနေသလောက် လွတ်လပ်ခွင့်ကား မရကြချေ။ ထို့ကြောင့် အခွင့်ကောင်းရှာဖို့ရာ ကျောင်း ဒါယကာသည် ဘိက္ခုနီသံဃာကုန် ဆွမ်းကပ်ဖို့ရန် ဖိတ်မန်လေတော့၏။

နေရာခင်းပုံ။ ။ ဆွမ်းစားဖို့ နေရာပြင်သောအခါ သုန္ဒရီနန္ဒာထက် ကြီးသူများအတွက် တသန့်, သုန္ဒရီနန္ဒာအောက် ငယ်သူများအတွက် တသန့် ခင်းထား၏၊ ကြီးသူပိုင်းကလည်း သုန္ဒရီနန္ဒာသည် အငယ်ပိုင်းမှာ ပါသွား၏, ငယ်သူပိုင်းကလည်း အကြီးပိုင်းမှာ ပါသွား၏-ဟု ထင်မှတ်အောင် ဖြစ်သည်။

သုန္ဒရီဉာဏ်။ ။ သုန္ဒရီနန္ဒာကလဲ “ဒီဆွမ်းကျွေးဟာ ကုသိုလ်လိုလား၍ ကျွေးတာမဟုတ်၊ ငါ့ကို ကြံချင်လို့ ကျွေးတာ”ဟု အတတ်သိထားသဖြင့် “လိုက်သွား၍ သူကကြံလျှင် ငါက လန့်အော်မိမှာ စိုးရသည်”ဟု တွေးကာ တပည့်မတစ်ယောက်ကို “ငါ့ဖို့ ဆွမ်းယူခဲ့, ဘယ်သူက မေးမေး နေမကောင်း လို့ဟု ပြောလေ”ဟု မှာ၍ ကျောင်းမှာပင် နေရစ်ခဲ့လေသည်။

ကျောင်းဒါယကာ ဗျာများနေပုံ။ ။ ကျောင်းဒါယကာ မောင်သာဠှသည် ဘိက္ခုနီသံဃာများ လာသောအခါ တံခါးပေါက်ပြင်ဘက်ကနေ၍ သုန္ဒရီနန္ဒာ ပါ-မပါကြည့်ရာမှ မနေနိုင်လှသဖြင့် “မယ်သုန္ဒရီနန္ဒာကော ဘယ်မှာလဲ, မယ်သုန္ဒရီနန္ဒာကော ဘယ်မှာလဲ”ဟု အထပ်ထပ် မေးလေရာ ထိုမှာလိုက်သောတပည့်မက “နေမကောင်းလို့ ကျောင်းမှာနေရစ်ပါတယ်, သူ့ဖို့ ဆွမ်းယူသွားရပါ့မယ်” ဟု ပြောလေသော်... ကျောင်းဒါယကာသည် သူကိုယ်တိုင် ကြည့်ရှု၍ ဆွမ်းမကျွေးနိုင်တော့ဘဲ သူ့လူများကို ဆွမ်းကျွေးရစ်ကြဖို့ မှာထား၍ ဘိက္ခုနီကျောင်းသို့လိုက်သွားလေသည်။

ကျောင်း လိုက်သွားပုံ။ ။ သုန္ဒရီနန္ဒာသည် ကျောင်းတံခါးမုခ်ပြင်ဘက်ကရပ်လျက် ကျောင်းဒါယကာ လာမည်ကို မျှော်နေစဉ် အဝေးက လာတာကိုမြင်၍ ကျောင်းတွင်းသို့ ဝင်ပြီးလျှင် ခုတင်ကလေးပေါ်မှာ ခေါင်းမြီးခြုံကာ အိပ်ချင်ဟန်ဆောင်နေလေသည်၊ ကျောင်း ဒါယကာလဲ ပျာယာပျာယာနှင့်လာ၍ သုန္ဒရီနန္ဒာနေရာသို့ ဝင်သွားပြီးလျှင် “အရှင်မ ဘယ်လို နေမကောင်းနေပါသလဲ, ဘာဖြစ်လို့ အိပ်နေပါသလဲ” ဟု လဲမျိုးစုံစွာ အရေးတကြီး မေးရှာလေသည်။

စာမျက်နှာ-၃၂၄

တွေ့ကြပုံ။ ။ ထိုအခါသုန္ဒရီနန္ဒာသည်– “(ဝမ်းနည်းသံဖြင့်... အိုတခြား ရောဂါမဟုတ်ပါဘူး) ကိုယ်လိုတာမရတဲ့သူဟာ ဒီလိုဘဲ

ဖြစ်တတ်ပါတယ်”ဟု ပြောလေရာ... “ကျုပ်ကကောအရှင်မကို ဘာမလိုလားဘဲရှိမှာလဲ၊ အခွင့်မရလို့ ခုလိုနေရတာပေါ့”ဟု ပြောပြောဆိုဆိုနှင့် ကိုယ်လက်နှီးနှောမှုကို ပြုလေတော့သည်။

ဘိက္ခုနီကြီးက ကဲ့ရဲ့ပုံ။ ။ ထိုအချိန်မှာ အဖွားအို ဘိက္ခုနီကြီးသည် ခြေနာနေသဖြင့် ဆွမ်းစားမလိုက်ဘဲ ခပ်လှမ်းလှမ်းမှာ အိပ်နေ၏၊ သူတို့ ၂-ယောက်ကား (ဗျာများနေသဖြင့်) ထိုဘိက္ခုနီကြီး ကျောင်းတွင်းမှာ ရှိကြောင်းကို မသိကြ၊ ဘိက္ခုနီကြီးသည် သူတို့ဖြစ်ပုံ အလုံးစုံမြင်နေရသဖြင့် ကဲ့ရဲ့ရှုတ်ချ၍ အခြားဘိက္ခုနီတို့အား ပြောပြလေသည်၊ အခြားဘိက္ခုနီတို့ကလဲ နီးစပ်ရာဘိက္ခုတို့အား လျှောက်ထားသဖြင့် ဘိက္ခုတို့ကလည်း ဘုရားရှင်အား လျှောက်ထားကြလေသည်။

သိက္ခာပုဒ် ပညတ်ရပုံ။ ။ ထိုအခါ ဗုဒ္ဓမြတ်စွာသည် သံဃာစည်းဝေးစေ၍ သုန္ဒရီနန္ဒာ၏ အကြောင်းကို ရဟန်းတို့အား မေးတော်မူ၍ ဟုတ်မှန်ကြောင်းကို လျှောက်ကြသောအခါ သုန္ဒရီနန္ဒာကို အမျိုးမျိုးကဲ့ရဲ့တော်မူပြီးလျှင် ထိုကိစ္စနှင့် သက်ဆိုင်သော တရားကို ဟောတော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အဝဿုတာ အဝဿုတဿ ပုရိသပုဂ္ဂလဿ, အဓက္ခကံ ဥဗ္ဘဇာဏုမဏ္ဍလံ အာမသနံ ဝါ ပရာမသနံ ဝါ ဂဟဏံ ဝါ ဆုပနံ ဝါ ပဋိပီဠနံ ဝါ သာဒိယေယျ, အယမ္ပိ ပါရာဇိကာ ဟောတိ အသံဝါသာ ဥဗ္ဘဇာဏုမဏ္ဍလိကာ။

မြန်မာပြန်။ ။ အကြင် ဘိက္ခုနီသည် ကိုယ်လက်နှီးနှောလိုသော ရာဂစိတ်ရှိသည်ဖြစ်၍ ကိုယ် လက် နှီးနှောလိုသော ရာဂစိတ်ရှိသော ယောက်ျားက ညှပ်ရိုး ၂ ဘက်အောက်, ဒူးဆစ် ၂ ဘက်၏ အထက် တတောင်ဆစ်မှ အထက် လက်မောင်း ဤအတွင်း တနေရာဝ နေရာမရွှေ့ဘဲ နာနာဖြစ်ညှစ်၍ ကိုင်ခြင်း (အာမသန), ဟိုရွှေ့ သည်ရွှေ့ ရွှေ့၍ နာနာညှစ်လျက် ကိုင်ခြင်းဟူသော(ပရာမသန),

စာမျက်နှာ-၃၂၅

နာနာမညှစ်ဘဲ ကိုင်ရုံမျှ ဖြစ်သော (ဂဟဏ), တို့ခြင်းဟူသော (ဆုပန), ပွေ့ယူဖြစ်ညှစ်ခြင်းဟူသော(ပဋိပီဠန)ဤပြုမှုကို သာယာ နှစ်သက်အံ့၊ ထိုဘိက္ခုနီသည်-ဥဗ္ဘဇာဏုမဏ္ဍလိကာ မည်သော ပါရာဇိက ကျလေတော့၏၊ ကံကြီး, ကံငယ်ကိစ္စ ဘိက္ခုနီကောင်းတို့နှင့် အပေါင်းအသင်းမပြုရ။

(က) ညှပ်ရိုးအထက် လည်ပင်း မျက်နှာစသည်ကိုလည်းကောင်း, ဒူးဆစ် အောက် ခြေသလုံးစသည်ကိုလည်းကောင်း, တတောင်ဆစ်အပြင်ဘက် လက်မောင်း လက်ချောင်းစသည်ကိုလည်းကောင်း, ကိုင်မှု, တို့မှု, ဆိတ်မှု စသည်ကို သာယာလျှင် ထုလ္လစ္စဉ်းအာပတ်သင့်၏။

(ခ) ယောက်ျား၏ ကိုယ်လက်အသားဖြင့် ကိုယ်နှင့်စပ် အဝတ်စသည်ကို ကိုင်ရာ၌လည်းကောင်း, ယောက်ျား၏ ကိုယ်နှင့်စပ် အဝတ်စသည်ဖြင့် ကိုယ်ကို ကိုင်ရာ၌လည်းကောင်း, သာယာလျှင် ထုလ္လစ္စဉ်းအာပတ်သင့်၏။

(ဂ) ကိုယ်နှင့်စပ်သော အဝတ်ချင်းစသည်လောက် ထိရုံကိုင်ရာ၌လည်းကောင်း, တစ်စုံတစ်ခုဖြင့် (ခဲစသည်ဖြင့်) ပေါက်၍ ကျီစယ်ရာ၌လည်းကောင်း, သာယာလျှင် ဒုက္ကဋ်အာပတ်သင့်၏။

(ဃ) အကိုင် အတို့ အထိခံလိုသော စိတ်မရှိဘဲ မတော်တဆထိသွား ရာ၌လည်းကောင်း, ထိမှန်းပင် မသိလိုက်ရာ၌လည်းကောင်း, သိသော်လည်း မသာယာ လိုက်ရာ၌လည်းကောင်း, ရူးနေ စိတ်လွင့်နေ, ရောဂါ အပြင်းအထန် နှိပ်စက်ခံနေရသောအခါတို့၌လည်းကောင်း, အာပတ်မသင့်။

ခ။ ဝဇ္ဇပဋိစ္ဆာဒိကာ ပါရာဇိက

အမှုသည်—ထုလ္လနန္ဒာ။

အမှု—အပြစ်ကိုဖုံးထားမှု။

အပြစ်ဖုံးမှု။ ။ သုန္ဒရီနန္ဒာသည် ကျောင်းဒါယကာ သာဠှနှင့် စပ်၍ ကိုယ်ဝန်ရလေရာ, ကိုယ်ဝန်နုတုန်း၌ ဖုံးထားနိုင်သော်လည်း ကိုယ်ဝန်ရင့်သည့်အခါ လူထွက်၍ ဖွားမြင်ရလေ၏၊ ထိုအခါ အခြား ဘိက္ခုနီတို့က ထုလ္လနန္ဒာကို မေးကြသည်မှာ-“ဘယ့်နှယ်လဲ...သုန္ဒရီနန္ဒာဟာ လူထွက်ပြီး မကြာခင်မျက်နှာမြင်ရတယ်၊ ဘိက္ခုနီဘဝတုန်းကရတဲ့ ကိုယ်ဝန်လား"-

စာမျက်နှာ-၃၂၆

ထုလ္လနန္ဒာ။ ။ ဟုတ်ပါတယ် အရှင်မတို့။

အများ။ ။ ဘာပြုလို့ ပါရာဇိကကျနေမှန်း သိလျက် ကိုယ်တိုင်လည်း စောဒနာမှု(စွပ်စွဲမှု)ကို မပြု, ဘိက္ခုနီဂိုဏ်းအားလည်း တိုင်ကြားမှု မပြုဘဲနေရသလဲ။

ထုလ္လနန္ဒာ။ ။ (သုန္ဒရီနန္ဒာနှင့် သူဟာ ညီအစ်မအရင်းဖြစ်ရကား)သူရဲ့ အပြစ်ဟာ တပည့်တော်ရဲ့ အပြစ်လဲ ဟုတ်တယ်၊ သူရဲ့ မကောင်းသတင်းဟာ တပည့်တော်ရဲ့ မကောင်းသတင်းလဲ ဟုတ်တယ်၊ သူ့မှာ အခြံအရံမရှိခြင်းဟာ တပည့်တော်မှာ မရှိခြင်းနှင့်အတူတူဘဲ၊ သူ့မှာ လာဘ်လာဘ မရခြင်းလည်း တပည့်တော်မှာ မရခြင်းနှင့် အတူတူပဲ၊ သည်တော့ သူရဲ့အပြစ်ကို ဘာ့ကြောင့် သူတစ်ပါးအား ပြောနိုင်မှာလဲ။

သိက္ခာပုဒ် ပညတ်ရပုံ။ ။ ထိုကဲ့သို့ သုန္ဒရီနန္ဒာ၏ အပြစ်ကို ဖုံးထားသည့်အတွက် မကျေမနပ် ဖြစ်ကြသော ဘိက္ခုနီအများပင် ထုလ္လနန္ဒာကို ကဲ့ရဲ့ရှုတ်ချ၍ ဘိက္ခုတို့အား လျှောက်ကြလေရာ, ဘိက္ခုတို့က တဆင့် ဘုရားရှင်အား လျှောက်ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဇာနံ ပါရာဇိကံ ဓမ္မံ အဇ္ဈာပန္နံ ဘိက္ခုနိံ နေဝတ္တနာ ပဋိစောဒေယျ, န ဂဏဿ အာရောစေယျ, ယဒါ စ သာ ဌိတာ ဝါ အဿ စုတာ ဝါ နာသိတာ ဝါ အဝဿဋာ ဝါ, သာ ပစ္ဆာ ဧဝံ ဝဒေယျ “ပုဗ္ဗေဝါဟံ, အယျေ, အညာသိံ ဧတံ ဘိက္ခုနိံ ‘ဧဝရူပါ စ ဧဝရူပါ စ သာ ဘဂိနီ’တိ, နော စ ခေါ အတ္တနာ ပဋိစောဒေဿံ, န ဂဏဿ အာရောစေဿ”န္တိ, အယမ္ပိ ပါရာဇိကာ ဟောတိ အသံဝါသာ ဝဇ္ဇပ္ပဋိစ္ဆာဒိကာ။

မြန်မာပြန်။ ။ အကြင်ရဟန်းမသည် ပါရာဇိက ကျနေသူမှန်းသိပါလျက် ပါရာဇိကကျနေသော ရဟန်းမကို ကိုယ်တိုင်လည်း မစောဒနာ, ဘိက္ခုနီဂိုဏ်းအားလည်း မတိုင်ကြားဘဲ နေအံ့၊ အကြင်အခါ ထိုပါရာဇိကကျနေသော ဘိက္ခုနီသည် ဘိက္ခုနီအသွင်၌ တည်နေ၏ သို့မဟုတ် စုတေ(သေ)၏၊ သို့မဟုတ် လူထွက်၏၊ သို့မဟုတ် တိတ္ထိ အဖြစ်သို့ ပြောင်းသွား၏၊ ထိုဖုံးထားပြီးရာ နောက်အခါကျမှ

စာမျက်နှာ-၃၂၇

“ရှေးတုန်းကပင် သူမရဲ့ အကြောင်းကို ဒီလို ဒီလိုဆိုတာ သိခဲ့ပါရဲ့၊ သို့သော် ကိုယ်တိုင်လည်း မစောဒနာခဲ့ပါ, ဘိက္ခုနီဂိုဏ်းအားလည်း မတိုင်ကြားခဲ့ပါ”ဟုပြောအံ့၊ (ဤသို့ ပြောဆိုဝန်ခံခြင်း-မခံခြင်းသည် လိုရင်းမဟုတ်၊ အပြစ်ကို ဖုံးထား၍ မပြောကြားတော့ဟု ဆုံးဖြတ် တုန်းကပင်) ဝဇ္ဇပဋိစ္ဆာဒိကာမည်သော ပါရာဇိကကျသူဖြစ်တော့၏၊ ဘိက္ခုနီကောင်းတို့နှင့် ကံကြီးကံငယ်ကိစ္စ၌ အပေါင်းအသင်း မရှိရ။

ခြွင်းချက်။ ။ ထိုပါရာဇိကကျနေသူ၏ ဂုဏ်သိက္ခာကို ကာကွယ်တဲ့စိတ်ဖြင့် ဖုံးထားမှသာ အပြစ်ရှိသည်၊ ထိုစိတ်မဟုတ်ဘဲ ငါကဖေါ်ပြောလိုက်လျှင်...

(က) သံဃာအချင်းချင်း ခိုက်ရန်ဖြစ်၍ ကွဲပြားလိမ့်မည်, မကွဲစေကာမူ အရေး အကြောင်း(အက်ကြောင်း)ဖြစ်လိမ့်မည်ဟု စိုးရိမ်သောကြောင့် ဖြစ်စေ,

(ခ) ပါရာဇိကကျနေတဲ့ ဘိက္ခုနီဟာ ကြမ်းတမ်းသူဖြစ်တယ်၊ သူ့အပြစ်ကို ဖေါ်ပြောလျှင် ငါရဲ့အသက်အန္တရာယ်နှင့် သာသနာတော် မနေနိုင်အောင် လုပ်မည့်အန္တရာယ်ကို ကြောက်ရတယ်-ဟု တွေးမိသောကြောင့်ဖြစ်စေ,

(ဂ) အခြားသဘောတူမည့် ဘိက္ခုနီများကို မတွေ့ရသေးသောကြောင့်ပြောဖို့ရန် ဆိုင်းငံ့ထားသည်ဖြစ်စေ,

(ဃ) သူ၏ဂုဏ်သိက္ခာကို ကာကွယ်ဖုံးထားလိုစိတ် မရှိဘဲ အကြောင်း အမျိုးမျိုးကြောင့် မပြောမိသည် ဖြစ်စေ,

(င) သူ့အမှုနှင့်သူ တစ်နေ့နေ့မှာ ထင်ရှားလာလိမ့်မည်ဟု သဘောထား၍ဖြစ်စေ, ဘိက္ခုနီဂိုဏ်းအား မပြောဘဲနေလျှင် အာပတ်မသင့်။

ဂ။ ဥက္ခိတ္တာနုဝတ္တိကာပါရာဇိက

အမှုသည်—ထုလ္လနန္ဒာ။

အမှု—သံဃာကနှင်ထုတ်ထားသောရဟန်း၏နောက်လိုက်လုပ်မှု။

ထုလ္လနန္ဒာ။ ။ [ဘိက္ခုပါစိတ်, သပ္ပါဏကဝဂ်၌ အရိဋ္ဌသိက္ခာပုဒ်ဟု ပါရှိခဲ့၏၊ ထိုသိက္ခာပုဒ်၌လာသော အရိဋ္ဌရဟန်းကို သံဃာက အပေါင်းအသင်း မလုပ်ဖို့ရန် ဝိနည်းထုံးစံအတိုင်း နှင်ထုတ်ထား၏။ ထုလ္လနန္ဒာသည် ထိုအရိဋ္ဌရဟန်း၏ အယူဝါဒကို သဘောတူသောအားဖြင့် နောက်လိုက်လုပ်နေ၏၊ ထိုကြောင့်ဤသိက္ခာပုဒ်ကိုပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ သမဂ္ဂေန သံဃေန ဥက္ခိတ္တံ ဘိက္ခုံ ဓမ္မေန ဝိနယေန သတ္ထုသာသနေန အနာဒရံ အပ္ပဋိကာရံ

စာမျက်နှာ-၃၂၈

အကတသဟာယံ တမနုဝတ္တေယျ, သာ ဘိက္ခုနီ ဘိက္ခုနီဟိ ဧဝမဿ ဝစနီယာ “ဧသော ခေါ, အယျေ, ဘိက္ခု သမဂ္ဂေန သံဃေန ဥက္ခိတ္တော, ဓမ္မေန ဝိနယေန သတ္ထုသာသနေန အနာဒရော အပ္ပဋိကာရော အကတသဟာယော, မာယျေ, ဧတံ ဘိက္ခုံ အနုဝတ္တီ”တိ, ဧဝဉ္စ သာ ဘိက္ခုနီ ဘိက္ခုနီဟိ ဝုစ္စမာနာ တထေဝ ပဂ္ဂဏှေယျ, သာ ဘိက္ခုနီ ဘိက္ခုနီဟိ ယာဝတတိယံ သမနုဘာသိတဗ္ဗာ တဿ ပဋိနိဿဂ္ဂါယ, ယာဝတတိယံ စေ သမနုဘာသိယမာနာ တံ ပဋိနိဿဇ္ဇေယျ, ဣစ္စေတံ ကုသလံ, နော စေ ပဋိနိဿဇ္ဇေယျ, အယမ္ပိ ပါရာဇိကာ ဟောတိ အသံဝါသာ ဥက္ခိတ္တာနုဝတ္တိကာ။

မြန်မာပြန်။ ။ ညီညွတ်သော သံဃာတော်သည် သဘောအားဖြင့် မှန်ကန်၍, စစ်ဆေး မေးမြန်းမှု သူ့ အပြစ်ကို အမှတ်ရစေမှု ဟူသော ဝိနည်းထုံးတမ်းအတိုင်း စစ်ဆေး-သတိပေး၍ ဉတ်ကမ္မဝါစာဖြင့် ကျကျနန နှင်ထုတ်ထားသော, နှင်ထုတ်သော ပုဂ္ဂိုလ်များနှင့် ဉ တ်ကမ္မဝါစာကိုလည်း အရေးမစိုက်သော, ထိုနှင်ထုတ်ကံ ငြိမ်းအောင် (ရုပ်သိမ်းအောင်) ကုစားခြင်းလည်း မရှိသော, ကံကြီး ကံငယ်ကိစ္စ သူ့ကို အပေါင်းအဖေါ်မရှိသော (အရိဋ္ဌကဲ့သို့သော) ရဟန်းကို အကြင် ဘိက္ခုနီသည် နောက်လိုက်လုပ်၏။

ထိုဘိက္ခုနီကို “ထိုရဟန်းသည် ဝိနည်းထုံးတမ်းအတိုင်း နှင်ထုတ်ထားသော ပုဂ္ဂိုလ်ဖြစ်ကြောင်း ပြောပြ၍ သူ့ အယူဝါဒသို့ မလိုက် ဖို့ရန်” ပြောပြရမည်၊ ထိုသို့ပြောပါလျက် နဂိုအတိုင်း မလျှော့ဘဲ သူ့ဝါဒကိုပင် အကောင်းအနေမျိုးဖြင့် ချီးမြှောက် နေသေးလျှင် ထိုဘိက္ခုနီကို ထိုအယူဝါဒစွန့်ဖို့ရာ ဉတ်ကမ္မဝါစာဖြင့် ၃-ကြိမ် တိုင်တိုင် ဆုံးမရမည်၊ ထိုသို့ဆုံးမ၍ သူ့ အယူစွန့်လျှင် ကောင်း၏၊ (ပါရာဇိက အာပတ်မသင့်သေး၊) မစွန့်လျှင်ကား ဥက္ခိတ္တာနုဝတ္တိကာ မည်သော ပါရာဇိကသို့ ရောက်တော့၏၊ ဘိက္ခုနီကောင်းတို့နှင့် အပေါင်းအသင်း မရှိရတော့။

စာမျက်နှာ-၃၂၉

ဃ။ အဋ္ဌဝတ္ထုကာ ပါရာဇိက

အမှုသည်—ဆဗ္ဗဂ္ဂီဘိက္ခုနီများ။

အမှု—ယောက်ျား၏ လက်ဆွဲခြင်းစသော ရှစ်မျိုးကို သာယာမှု။

ဆဗ္ဗဂ္ဂီ ဘိက္ခုနီများ။ ။ [ဆဗ္ဗဂ္ဂီရဟန်းများ၏ ဩဝါဒခံ၊ ဘိက္ခုနီများကို “ဆဗ္ဗဂ္ဂီဘိက္ခုနီ”ဟု ခေါ်၏။] ဆဗ္ဗဂ္ဂီဘိက္ခုနီတို့သည် ကိုယ်လက် နှီးနှောလိုသောရာဂဖြင့် စိုစွပ်သည်ဖြစ်၍ ကိလေသာ မိုးရေစို၍ နေသော ယောက်ျား၏-

၁။ (တတောင်ဆစ်မှအထက်) လက်ဆွဲမှုကိုလည်း သာယာကြကုန်၏။

၂။ မိမိဝတ်ထားသော သင်္ကန်းကိုင်မှုကိုလည်း သာယာကြကုန်၏။

၃။ ယောက်ျား၏အနီး၌လည်း ရပ်နေကြကုန်၏။

၄။ နီးနီးကပ်ကပ်လည်း စကားပြောနေကြကုန်၏။

၅။ မည်သည့်နေရာ လာခဲ့ပါဟု ယောက်ျားက ချိန်းချက်လိုက်လျှင် ထိုနေရာသို့လည်း သွားကြကုန်၏။

၆။ မိမိဆီသို့ ယောက်ျားလာနေသည်ကိုလည်း သာယာကြကုန်၏။

၇။ ကိုယ်လက်နှီးနှောခံလို၍ အမိုးအကာရှိသော အရပ်သို့လည်း ဝင်ကြကုန်၏။

၈။ ကိုယ်လက်နှီးနှောခံလို၍ မိမိကိုယ်ကိုလည်း ယောက်ျား အနီးသို့ တိုးပေးကြကုန်၏။

ထိုအကြောင်းအရာကို မြင်ကုန်ကြားကုန်သော ဘိက္ခုနီတို့သည် ကဲ့ရဲ့ ရှုတ်ချ၍ ဘိက္ခုတို့အား လျှောက်ကြလေရာ ဘိက္ခုတို့ကတဆင့် ဘုရားရှင်အား လျှောက်ထားသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အဝဿုတာ အဝဿုတဿ ပုရိသပုဂ္ဂလဿ ဟတ္ထဂ္ဂဟဏံ ဝါ သာဒိယေယျ, သံဃာဋိကဏ္ဏဂ္ဂဟဏံ ဝါ သာဒိယေယျ, သန္တိဋ္ဌေယျ ဝါ, သလ္လပေယျ ဝါ, သင်္ကေတံ ဝါ ဂစ္ဆေယျ, ပုရိသဿ ဝါ အဗ္ဘာဂမနံ သာဒိယေယျ, ဆန္နံ ဝါ အနုပဝိသေယျ, ကာယံ ဝါ တဒတ္ထာယ ဥပသံဟရေယျ ဧတဿ အသဒ္ဓမ္မဿ ပဋိသေ-

စာမျက်နှာ-၃၃၀

ဝနတ္ထာယ, အယမ္ပိ ပါရာဇိကာ ဟောတိ အသံဝါသာ အဋ္ဌဝတ္ထုကာ။

မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် ကိုယ်လက် နှီးနှောလိုသော ရာဂ မိုးရေ စိုစေအပ်သည်ဖြစ်၍ ထိုရာဂမိုးရေ စိုစေအပ်သော ယောက်ျား၏လက်ဆွဲမှုကိုလည်း သာယာအံ့၊ အဝတ်သင်္ကန်းကိုင်ဆွဲမှုကိုလည်း သာယာအံ့၊ ၂-တောင့်ထွာအတွင်း အနီး၌လည်း ရပ်နေ့အံ့၊ နီးနီးကပ်ကပ်လည်း စကားပြောအံ့၊ ယောက်ျား ချိန်းချက်အပ်သော အရပ်သို့လည်း သွားအံ့၊ မိမိဆီသို့ ယောက်ျား၏ လာမှုကိုလည်း သာယာအံ့၊ အမိုးအကာရှိသော အရပ်သို့လည်း ဝင်အံ့၊ ကိုယ်ကိုလည်း ထိုကိုယ်လက်နှီးနှောဖို့ရာ အနီးသို့ ညွှတ်ပေးအံ့၊ ဤဘိက္ခုနီလည်း အဋ္ဌဝတ္ထုကာမည်သော ပါရာဇိကကျ၏၊ ဘိက္ခုနီ ကောင်းတို့နှင့် အပေါင်းအသင်းမရှိရ။

မှတ်ချက်။ ။ ဤပါရာဇိက၌ ရှစ်ပါးလုံးကျူးလွန်မှ ပါရာဇိကကျသည်၊ “ရှစ်ပါးလုံး”ဟူရာ၌ တဆက်ထည်း ကျူးလွန်မှမဟုတ်၊ ယနေ့တစ်ခု ကျူးလွန်, နောက်ရက်၌ တစ်ခုကျူးလွန်ခြင်းစသည်ဖြင့် ကျူးလွန်လျှင် ရှစ်ပါးပြည့်သောအခါ ပါရာဇိကကျ၏။ တစ်ခုခုကျူးလွန်ပြီးနောက် သံဝေဂဖြစ်၍ (ကျူးလွန်မိတာ မှားပေါ့-ဟု နောင်တရသဖြင့် နောက်မကျူးလွန်တော့ပါဘူးဟု ဆုံးဖြတ်၍ ဒေသနာပြော (အာပတ်ဖြေ) နိုင်လျှင် ထိုအာပတ် ပျောက်သွား၏၊ ထို့နောက် စိတ်ကို ထိန်းနိုင်၍ နောက်ထပ် အခြားအဖြစ်များကို ကျူးလွန်သော်လည်း “ရှစ်ပါးအပြည့်”ဟု မဆိုရ၊ ဤအပြစ်ကိုလည်း ကျူးလွန်မည် ထိုထိုအပြစ်များကိုလည်း ကျူးလွန် မည်ဟု နောက်မဆုတ်သောစိတ်ဖြင့် တစ်မျိုးပြီးတစ်မျိုး ကျူးလွန်မှသာ “ရှစ်ပါးပြည့်”ဟုဆိုရသည်။

အမှာ။ ။ ဘိက္ခုနီများအတွက် သီးခြားပညတ်တော်မူအပ်သော ဤပါရာဇိက ၄-ပါးအပြင်, ဘိက္ခုတို့အားပညတ်အပ်သော “မေထုန်မှီဝဲမှု, လူ့ဥစ္စာခိုးမှု, လူကိုသတ်မှု, ဈာန်မဂ်ဖိုလ်မရဘဲနှင့်ရသည်ဟု လိမ်မှု” ၁၄-ပါးကိုလည်း ဘိက္ခုနီများလိုက်နာရသည်၊ ထို့ကြောင့် ဘိက္ခုနီများ၌ ပါရာဇိကရှစ်ပါးရှိ၏။

မှတ်ချက်။ ။ ဘိက္ခုတို့၌ ကိုယ်လက်နှီးနှောမှုကို သံဃာဒိသေသ် အာပတ်မျှသာ ပညတ်ထားသော်လည်း ဘိက္ခုနီများ၌ တတောင်ဆစ်ဒူးဆစ်ညှပ်ရိုးတို့၏ အတွင်းဘက်ကို နှီးနှောရာဝယ် သာယာရုံမျှဖြင့် ပါရာဇိကကျ၏။ ကြွင်းသော မျက်နှာလက်ခြေတို့ကို ကိုင်ရာ၌ သာယာမှုကြောင့်ကား ဘိက္ခုနီတို့၌ ထုလ္လစ္စဉ်းသာသင့်၍ ဘိက္ခုတို့၌ မိမိကကိုင်လျှင် သံဃာဒိသေသ်သင့်၏၊

စာမျက်နှာ-၃၃၁

သူကလာကိုင်၍ သာယာရာ၌ကား မိမိက မလှုပ်မရှားလျှင် အာပတ်ပင် မသင့်၊ ခြုံ၍စဉ်းစားလျင် ဘိက္ခုနီများအတွက် အဘက်ဘက်မှာပင် ကြီးလေးသော အာပတ်ကိုသာ ပညတ်ထားတော်မူကြောင်း တွေ့ရ၏၊ ထိုသို့ မိန်းမသားတို့သည် နဂိုကပင် စိတ်ထား နုနယ်သေးငယ်သူများ ဖြစ်၍ အထူးစောင့်စည်းထိန်းသိမ်းရမည့် သူများဖြစ်သောကြောင့် ထိုကဲ့သို့ ပညတ်တော်မူဟန်ရှိသည်၊ ယခု လူ့လောက၌ သားယောက်ျားကို အချို့နေရာ၌ လွတ်လပ်ခွင့် ပေးထားနိုင်သော်လည်း ထိုနေရာမျိုးမှာပင် သ္မီးမိန်းမကို မျက်နှာသာ မပေးနိုင်သကဲ့သို့တည်း။

ပါရာဇိကအခန်းပြီး၏။

စာမျက်နှာ-၃၃၂

၂။ သံဃာဒိသေသအခန်း

က။ ဥဿယဝါဒိကာသိက္ခာပုဒ်

အမှုသည်—ထုလ္လနန္ဒာ။

အမှု—တရားစွဲ မှု။

ဘဏ္ဍာတိုက်နှင့် စပ်၍ ငြင်းခုံခြင်း။ ။ ဥပါသကာ တစ်ယောက်သည် ဘိက္ခုနီ သံဃာအား ဘဏ္ဍာတိုက်တစ်ခုကို လူပြီးနောက် မကြာမီကွယ်လွန်သွား၏၊ ကျန်ရစ်သော သား ၂-ယောက်တို့တွင် တစ်ယောက်သည် သဒ္ဓါတရားကောင်း၍ တစ်ယောက်ကား သဒ္ဓါတရားမရှိ၊ ညီအစ်ကို ၂-ယောက် အမွေခွဲကြသောအခါ သဒ္ဓါတရားမရှိသူက “ဘဏ္ဍာတိုက်ကိုလဲ အမွေခွဲကြစို့”ဟုပြော၏၊ သဒ္ဓါရှိသူက “ဒီလိုမပြောပါနှင့်, ဘိက္ခုနီသံဃာအား လှူခဲ့ပြီးဖြစ်တယ်” ဟု ပြော၏၊ သဒ္ဓါမရှိသူသည် နောက်တစ်ကြိမ် ပြောပြန်၏၊ သဒ္ဓါကောင်းသူကလည်း ရှေးနည်းအတိုင်း တားမြစ်၏။

ထို့နောက်တစ်ကြိမ်ထပ်၍(၃-ကြိမ်တိုင်တိုင်)ပြောသောအခါ သဒ္ဓါကောင်း သူက “ငါရလျှင်လဲ ငါကဘဲ ပြန်လှူမည်”ဟု ကြံ၍ “ခွဲဝေတာပါ”ဟု ပြောလိုက်၏၊ အမွေဝေသောအခါ ထိုဘဏ္ဍာတိုက်သည် သဒ္ဓါမရှိသူဘက်မှာ မဲကျလေ၏၊ ထိုအခါ သဒ္ဓါမရှိသူက လာ၍ နေထိုင်ကြသော ဘိက္ခုနီတို့ကို နှင်လေတော့၏၊ ထုလ္လနန္ဒာသည် “အမောင်, ဒီလိုမနှင်ပါနှင့်၊ သင်၏အဘက ဘိက္ခုနီသံဃာအား လှူခဲ့ပြီးဖြစ်ပါတယ်” ဟုပြော၍ “လှူတယ်, မလှူဘူး” အငြင်းအခုန်ဖြစ်ကာ တရားသူကြီးများထံ (မည်သူ့ဟာ ဖြစ်သင့်သလဲဟု) မေးမြန်းကြလေသည်။

တရားသူကြီး။ ။ ဒီဘဏ္ဍာတိုက်ကို ဘိက္ခုနီသံဃာအား လှူကြောင်း အသိသက်သေဘယ်သူရှိပါသလဲ။

ထုလ္လနန္ဒာ။ ။ တစ်စုံတစ်ခု လှူတွဲအခါ အသိသက်သေထား၍ လူတယ်လို့ အသင်တရားသူကြီးများ မြင်ဘူးကြားဘူးပါသလား။

တရားသူကြီး။ ။ အရှင်မပြောတာ ဟုတ်တယ် (အသိသက်သေထား၍ လှူတယ်လို့ မရှိခဲ့ဘူး) ဟု သဘောပေါက်၍ ထိုဘဏ္ဍာတိုက်ကို ဘိက္ခုနီသံဃာပိုင်ဟု ဆုံးဖြတ်လိုက်ကြလေသည်။

ဒဏ်တပ်ခံရပုံ။ ။ ထိုအခါ တရားရှုံးသော ထိုယောက်ျားသည် (နဂိုကပင် သဒ္ဓါတရား မရှိတဲ့အပေါ်မှာသာ၍ မကြည်ညိုသော

စာမျက်နှာ-၃၃၃

ကြောင့်)–ဒီကတုံးမတွေဟာ သမဏီ = ရဟန်းမ အကောင်းတွေ မဟုတ်ကြဘူး၊ ယောက်ျားတွေကို နှောင်ဖွဲ့တတ်သော (ဗန္ဓကီ = လင်ငယ်နေသော) အကောင်မတွေ” ဟုဆဲရေးရှုတ်ချသောကြောင့် ထုလ္လနန္ဒာသည် တရားသူကြီးများကို တိုင်လေရာ တရားသူကြီးတို့က ထိုသူ့ကို ဒဏ်တပ်ကြလေသည်။

အာဇီဝကတွေ့နှင့် တိုက်ပေးပုံ။ ။ ထိုသို့ဒဏ်တပ်ခံရသောအခါ ထိုယောက်ျားသည် ဘိက္ခုနီ ကျောင်းတိုက်အနီးဝယ် အာဇီဝက (တိတ္ထိ)တို့၏ ကျောင်းကိုဆောက်၍ သူ့ ကျောင်းထိုင်သော အာဇီဝကတို့ကို “ကိုယ်တော်တို့လာကြ, ဘိက္ခုနီတွေကို ဆဲကြ”ဟု တိုက်တွန်းလေသည်၊ ထုလ္လနန္ဒာသည် ထို(အာဇီဝကတို့နှင့် ရန်တိုက်ပေးတဲ့) အကြောင်းကိုလည်း တရားသူကြီးတို့အား တိုင်ပြန်လေရာ, ထိုယောက်ျားကို ဖမ်းဆီး ချုပ်နှောင်ကြလေသည်။

သိက္ခာပုဒ် ပညတ်ရခြင်း။ ။ (အကြောင်းမှန်မသိသူ) လူအများက “ဘိက္ခုနီတို့သည် ပထမအကြိမ် ဘဏ္ဍာတိုက်ကို တရားသူကြီးတို့အား အတင်းယူစေကြတယ်, ဒုတိယအကြိမ် ဒဏ်တပ်စေကြတယ်, ယခုတတိယအကြိမ် ဖမ်းဆီးချုပ်နှောင်စေကြ၊တယ်, နောက်တစ်ကြိမ်ဆိုလျှင် အသတ်ခိုင်းကြတော့မှာဘဲ”ဟု ကဲ့ရဲ့ကြသည်ကို ဘိက္ခုနီများကြားသဖြင့် ဘိက္ခုတို့အား လျှောက်ထားရာ, ဘိက္ခုတို့ကတဆင့် ဘုရားရှင်အား လျှောက်ထားသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဥဿယဝါဒိကာ ဝိဟရေယျ ဂဟပတိနာ ဝါ ဂဟပတိပုတ္တေန ဝါ ဒါသေန ဝါ ကမ္မကာရေန ဝါ အန္တမသော သမဏပရိဗ္ဗာဇကေနာပိ, အယမ္ပိ ဘိက္ခုနီ ပဌမာပတ္တိကံ ဓမ္မံ အာပန္နာ နိဿာရဏီယံ သံဃာဒိသေသံ။

မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် (အိမ်ပိုင်ရာပိုင်ရှိသော) အိမ်ရှင်ယောက်ျား, အိမ်ရှင် ယောက်ျား၏သား (ညီအစ်ကို), ကျွန်, အလုပ်သမား, အောက်ထစ်ဆုံးရဟန်း ပရိဗိုဇ်, ဤသူများနှင့် အငြင်းအခုံဖြစ်ပွား၍ တရားတွေ့အံ့၊ ထိုဘိက္ခုနီသည် ပထမလွန်ကျူး ဆဲခဏ၌ သင့်ရောက်အပ်သော တရားသူကြီးတို့ ဆုံးဖြတ်ပြီးသည်နှင့်

စာမျက်နှာ-၃၃၄

တပြိုင်နက် သင့်ရောက်အပ်သော သံဃာမှ နှင်ထုတ်ကြောင်းဖြစ်သော သံဃာဒိသေသ်အာပတ်သင့်၏။

မှတ်ချက်။ ။ [ဤအာပတ်သည် ၃-ကြိမ်တိုင်တိုင် ဉတ်ကမ္မဝါစာဖြင့် ဆုံးမပြီးသည့် အခါမှ သင့်ရောက်ရသော အာပတ်မဟုတ်, ပထမလွန်ကျူးဆဲခဏ၌ပင် သင့်ရောက်အပ်သော အာပတ်ဖြစ်သည်။ ဤအာပတ်သင့်၍၊ မာနတ်ကျင့် နေရသည့်အခါ ထိုကျင့်ဝတ်များကို ကျင့်နေခိုက်၌ သံဃာမှနှင်ထုတ်ထားရာ ရောက်သောကြောင့် သံဃာမှ နှင်ထုတ်ကြောင်းအာပတ်” ဟု ဆိုသည်။]

အာပတ်အမျိုးမျိုး။ ။ တရားစွဲမည်ဟုကြံ၍ သက်သေဖြစ်စေ, အဖော်ဖြစ်စေ ရှာလျှင်လည်းကောင်း, တရားရုံး-တရားသူကြီးထံ သွားလျှင်လည်းကောင်း, ခြေလှမ်းတိုင်း ဒုက္ကဋ်အာပတ်များစွာသင့်၏၊ တရားလို တရားခံ ၂-ဦးတွင် တစ်ဦးဉီး၏ (ပြောလိုသော)စကားကို တရားသူကြီးအား ပြောလျှင် ဒုက္ကဋ်အာပတ် သင့်၏၊ ထို့နောက်အခြား တစ်ဦး၏ ပြောလိုသောစကားကို တရားသူကြီးအား ပြောလျှင် ဘိက္ခုနီမှာ ထုလ္လစ္စဉ်းအာပတ်သင့်၏။ တရားသူကြီးတို့ ဆုံးဖြတ်ပြီးသောအခါ ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ-ဘိက္ခုနီမှာ သံဃာဒိသေသ် အာပတ်သင့်၏။

တရားခံဖြစ်လျှင် အာပတ်မသင့်။ ။ ဘိက္ခုနီက တရားမစွဲဘဲ လူဝတ်ကြောင်က ဘိက္ခုနီအား တရားစွဲရာ၌ တရားခံအဖြစ်ဖြင့် ခေါ်ယူ၍သွားရရာ၌ကား သွားခြင်းကြောင့်လည်းကောင်း, မှန်ကန်သောစကားကို ပြောခြင်းကြောင့်လည်းကောင်း, အာပတ်မသင့်၊ တရားပြီးဆုံးသောအခါ၌လည်း မိမိအနိုင်ရစေကာမူ အာပတ်မသင့်။

အစောင့်အရှောက်တောင်းခြင်း။ ။ မိမိတို့ ကျောင်းအနီး၌ ရွာသားကလေးများ သေသောက်ကြူးများ ခိုးသူများက မတော်မလျော်ပြုလုပ်ကြသော်လည်းကောင်း, ကျောင်းနှင့်သက်ဆိုင်သော သစ်ပင်များကို ခုတ်ဖြတ်ကြသော်လည်းကောင်း, သစ်သီးများကို ဆွတ်ခူးကြသော်လည်းကောင်း, သပိတ်သင်္ကန်းစသည်ကို ခိုးသွားကြသော်လည်းကောင်း, ဆိုင်ရာအစိုးရအားပြောပြ၍ အစောင့်အရှောက်တောင်းခွင့်ရှိ၏၊ (တရားမစွဲကောင်းး)

ထိုသို့အစောင့်အရှောက်တောင်းရာ၌ လွန်ခဲ့ပြီးသော အမှုအတွက်ဖြစ်စေ အနာဂတ်၌ မပြုကြဖို့ဖြစ်စေ ပြစ်မှုရှိသူ (သို့မဟုတ် လွန်ကျူးတတ်သူ)တို့၏ နာမည်ကို ထုတ်ဖေါ်၍ မပြောရ၊ ထုတ်ဖေါ်ပြောသည့်အတွက် ထိုသူတို့ကို

စာမျက်နှာ-၃၃၅

ဖမ်း၍ ဒဏ်တပ်လျှင် ဘိက္ခုနီမှာ ဘဏ္ဍာစားထိုက်၏၊ (၁၀-တပ်လျှင် ထိုတစ်ဆယ်ကို ဘိက္ခုနီက ထိုအမှုသည်အား အစားပေးရမည်-ဟူလို၊) ဒဏ်တပ်တော့မှာဘဲဟု သိသော်လည်း ဘိက္ခုနီမှာ ဘဏ္ဍာစားသာထိုက်၏၊ မည်သူမည်ဝါဟာ ဘိက္ခုနီများကို အနှောင့်အယှက်ပေးနေသည်, သို့မဟုတ် ပေးလိမ့်မည့် သူတို့ကို ဒဏ်တပ်ပါဟု တိုက်ရိုက်ခိုင်းလျှင်ကား ၅-ပဲလောက် ဒဏ်တပ်လျှင်ပင် ဘိက္ခုနီမှာ ပါရာဇိက ကျတော့၏။

ဆိုင်ရာအစိုးရက “အရှင်တို့အား နှောင့်ယှက်သူဆိုတာ သူပါလဲ”ဟု မေးလျှင် “ဘယ်သူဘယ်ဝါဟု ငါတို့မပြောကောင်း, သင်တို့ဘာသာ သိကြလိမ့်မပေါ့၊ ငါတို့တော့ အစောင့်အရှောက်ကိုသာ တောင်းတာဘဲ၊ ခိုးသွားတဲ့ ပစ္စည်းကိုလဲ ပြန်ရအောင် လုပ်ပေးကြပါ”ဟု ပြောရမည်၊ ဤသို့နာမည်ကို ထုတ်ဖေါ်မပြောဘဲ အစောင့်အရှောက်ကိုသာ တောင်းကောင်း၏၊ ထိုသို့ နာမည်မပြောဘဲ အစောင့်အရှောက်ကိုသာ တောင်းရာ၌ ဆိုင်ရာအစိုးရ ဘာသာပြုလုပ်သူကို ဖွေရှာ၍ ဒဏ်တပ်လျှင် (ထိုသူ့ဥစ္စာကို အကုန်သိမ်းသော်လည်း) ဘိက္ခုနီမှာ လုံးဝအပြစ်မရှိ။

သပိတ်သင်္ကန်းခိုးနေသည်ကို မြင်၍ (သူ့ကိုဖမ်းပြီး ဒဏ်တပ်ပါစေ-ဟူသော စေတနာဖြင့်) “သူခိုး = သူခိုး” ဟူ၍ မအော်ကောင်း၊ ထိုသို့ အော်သောကြောင့် ဆိုင်ရာက လိုက်ဖမ်း၍ ဒဏ်တပ်လျှင် အော်သူမှာ ဘဏ္ဍာစားထိုက်၏၊ ဆိုင်ရာအစိုးရသည် မိမိစကားကို ဧကန်နားထောင်မည့်သူ ဖြစ်လျှင် “မည်သူဟာ ငါ၏ပရိက္ခရာကို ခိုးသွားသည်၊ ပြန်ရအောင် လုပ်ပေးပါ, ဒဏ်တော့ မတပ်ပါနှင့်”ဟု နာမည်ကို ထုတ်ဖေါ်ပြောဆိုမှုသည်လည်း ပြောကောင်း၏-ဟု အဋ္ဌကထာ၌ ခြွင်းချက်ဆို၏။ ဤပြခဲ့သော စကား အားလုံးသည် ဘိက္ခုနီများနှင့်သာမက, ဘိက္ခုများနှင့်လည်း သက်ဆိုင်၏။ [“ယောစာယံ ဘိက္ခုနီနံ ဝုတ္တော, ဘိက္ခုနီပိ ဧသေဝနယော”- အဋ္ဌကထာ။]

မှတ်ချက်။ ။ ဤသိက္ခာပုဒ်၌ ထုလ္လနန္ဒာ၏ တရားစွဲမှုသည် အမှန်ဘက်ကစွဲမှုဖြစ်၏၊ ထိုအမှန်တရားကိုသော်လည်း လူဝတ်ကြောင်-သာသနာပရသေ့ပရိဗိုဇ်များနှင့်မပြုရ၊ မိမိကို နှိပ်စက်သော်လည်းကောင်း, မိမိ၏, သို့မဟုတ် သံဃာ၏ ပစ္စည်းတစ်စုံတရာကို မတရားယူထားသော်လည်းကောင်း, ကာကွယ်ပေးရန်, ပြန်ရအောင် ပြုလုပ်ပေးရန် တိုင်တန်းမှုကိုသာ ပြုရသည်၊ တရားမစွဲရ၊ ဘိက္ခုများလည်း ဤအတိုင်း လိုက်နာရမည်။ ဘိက္ခု -ဘိက္ခုနီစသော သီတင်း သုံးဖော် အချင်းချင်း အငြင်းအခုန် ဖြစ်ရာကား (အဓိကရဏ သမထ ခန္ဓက၌ လာသည့်အတိုင်း) ဝိနည်းဓိုရ်

စာမျက်နှာ-၃၃၆

ရဟန်းတော်များထံ အဆုံးအဖြတ် ခံရမည်၊ ထိုသို့ ဆုံးဖြတ်၍ မနာခံရာ၌ကား ပစ္စည်းမှု မဟုတ်လျှင် သူ့ထိုက်နှင့် သူကံ ထားရုံသာ၊ ပစ္စည်းမှုကို မတရားယူထားရာ၌ကား အာဏာပိုင်သူများထံ တရားမစွဲဘဲ အကူအညီကို တရားသဖြင့် တောင်းနိုင်စရာ ရှိသည်။

ခ။ စောရီဝုဋ္ဌာပနသိက္ခာပုဒ်

အမူသည်—ထုလ္လနန္ဒာ။

အမှု—ခိုးသူမကို ရဟန်းပြုပေးမှု။

လင်ငယ်နေသော မိန်းမ။ ။ ဝေသာလီပြည်၌ ဝေသာလီပြည်၌ လိစ္ဆဝီမင်းတစ်ယောက်၏ ဇနီးသည်သည် လွန်ကျူး၍ ကျင့်လေ့ (လင်ငယ် နေလေ့) ရှိ၏၊ လိစ္ဆဝီမင်းသည် ထိုအကြောင်းကိုသိ၍ “ငါတောင်းပန်ပါတယ် ရှောင်ကြဉ်ပါ၊ မင့်ကို အကျိုးမဲ့ဖြစ်အောင် ပြုမိလိမ့်မယ်” ဟု ပြော၏၊ ထိုမိန်းမသည် ယောက်ျား၏ စကားကို နားမထောင်၊ ထိုအချိန်မှာ လိစ္ဆဝီမင်းအများ၏ အစည်းအဝေးရှိ၏၊ (လိစ္ဆဝီ မင်းတို့သည် တစ်လှည့်စီ တိုင်းပြည်ကို အုပ်ချုပ်၍ မကြာခဏလည်း စည်းဝေး ဆွေးနွေးလေ့ ရှိ၏၊) ထိုအစည်းအဝေး၌ အခြားမင်းတို့အား “မိမိဖို့ မိန်းမတစ်ယောက် ထပ်၍ ယူခွင့်ပေးရန် ခွင့်တောင်း၍ မိမိမယား လင်ငယ်နေသဖြင့် သတ်ချင်ကြောင်းကိုပါ ပြောပြ လေသော်, မင်းအများကလည်း ကိုယ့်သဘောအတိုင်း သိပေတော့ဟု ခွင့်ပြုလိုက်ကြလေသည်။

ထွက်ပြေး၍ ဘိက္ခုနီပြုလုပ်ခြင်း။ ။ ထိုမိန်းမသည် သူ့ကို သတ်တော့မည့်အကြောင်း ကြားရ၍ ပုလဲ, ပတ္တမြားစသော အကောင်းဆုံး ပစ္စည်းများ ခိုးယူ၍ သာဝတ္ထိမြို့သို့ ထွက်ပြေးပြီးလျှင် တိတ္ထိတို့အထံ တိတ္ထိ ရဟန်းမပြုပေးဖို့အကြောင်း ခွင့်တောင်းလေသည်၊ တိတ္ထိတို့ကား သူ့ကို “တိတ္ထိမ” ပြုမပေးလိုကြ၊ ထို့နောက် ဘိက္ခုနီတို့ထံ သွား၍ ခွင့်တောင်း ပြန်လည်း ဘိက္ခုနီသံဃာက ခွင့်မပြုကြ၊ ထုလ္လနန္ဒာထံသွား၍ ဘဏ္ဍာတွေကို ပြပြီး ခွင့်တောင်းလေရာ ထုလ္လနန္ဒာသည် ထိုဘဏ္ဍာတွေကိုယူ၍ ဘိက္ခုနီ ပြုလုပ်ပေးလေသည်။

ယောက်ျားလိုက်ရှာပုံ ကဲ့ရဲ့ပုံ။ ။ ထိုယောက်ျားသည် ထွက်ပြေးသော မိန်းမကို လိုက်၍ ရှာသောအခါ သာဝတ္ထိမြို့၌ ဘိက္ခုနီ ပြုနေသည်ကို တွေ့ရ၍ (ကောသလမင်း၏နိုင်ငံဖြစ်၍ သူမပိုင်ရကား ကောသလမင်းထံ တိုင်ကြားလေသည်၊ ကောသလမင်းသည် “ဘိက္ခုနီ

စာမျက်နှာ-၃၃၇

ပြုနေလျှင် ဘာမှသူ့ကို မပြုပါနှင့်၊ ကောင်းစွာဟောထားအပ်သော ဘုရားတရားတော်ကို ကျင့်နေပါစေ”ဟု ပြောဆိုလေသော်, ထိုယောက်ျားသည် ဘိက္ခုနီအားလုံးကို သိမ်းကျုံး၍ “သူခိုးမကို ရဟန်းပြုပေးရမလား” ကဲ့ရဲ့ရှုတ်ချလေသည်၊ ထိုကဲ့ရဲ့သည်ကို ကြား၍ အကြောင်းမှန်ကို သိသော ဘိက္ခုနီတို့က ထုလ္လနန္ဒာကို အပြစ်တင်ပြီးလျှင် ဘိက္ခုတို့အား လျှောက်ထားသဖြင့် ဘုရားရှင် ကြားတော်မူသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဇာနံ စောရိံ ဝဇ္ဈံ ဝိဒိတံ အနပလောကတွာ ရာဇာနံဝါ သံသံဝါ ဂဏံဝါ ပူဂံဝါ သေဏိံဝါ အညတြ ကပ္ပါ ဝုဋ္ဌာပေယျ၊ အယမ္ပိ ဘိက္ခုနီ ပဌာမာပတ္တိကံ ဓမ္မံ အာပန္နာ နိဿာရဏီယံ သံဃာဒိသေသံ။

မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် သတ်ထိုက်သော သူခိုးမဖြစ်ကြောင်းကို သိပါလျက် အမှန်လည်း သတ်ထိုက်သော သတ်ထိုက်သူဟူ၍လည်း ထင်ရှားသော သူခိုးမကို မင်းကိုဖြစ်စေ, ဘိက္ခုနီ သံဃာကိုဖြစ်စေ မင်းအပေါင်းဟူသော ဂိုဏ်းကိုဖြစ်စေ ကုသိုလ်ပြု အသင်းကိုဖြစ်စေ, ကုန်သည်တို့၏ အစည်းအာရုံးကိုဖြစ်စေ မတိုင်ကြားဘဲ ပြုပေးကောင်း လောက်အောင် (“ကပ္ပါ-အပ်စပ်သူမ”)လည်း မဟုတ်ဘဲ ဥပဇ္ဈာယ် လုပ်၍ ဘိက္ခုနီပြုပေးအံ့၊ ထိုဘိက္ခုနီမှာ လွန်ကျူးပြီးလျှင် ပြီးခြင်း သင့်ရောက်အပ်သော သံဃာမှ နှင်ထုတ်ကြောင်းလည်း ဖြစ်သော သံဃာဒိသေသ် အာပတ်သင့်၏။

မှတ်ချက်။ ။ ရှင်ဘုရင်ကိုယ်တိုင် အုပ်ချုပ်သောနေရာ၌ (“မည်သည့်မိန်းမအား ဘိက္ခုနီပြုပေးမလို့-ပါ”)ဟု မင်းကို တိုင်ကြားရမည်၊ ပူဂ, ဂဏ, သေဏီတို့ အုပ်ချုပ်သော နေရာ၌ ထိုပူဂ စသည်ကိုတိုင်ကြား ရမည်၊ ထိုသို့ မင်းစသူတို့တွင် တစ်ဦးဦးကို တိုင်ကြားပြီးနောက်လည်း ဘိက္ခုနီသံဃာကို တိုင်ကြားရဦးမည်။

ဂဏ စသည်။ ။ ဗိဿနိုးနတ်ကို ကိုးကွယ်သူ လူအပေါင်း, ခန္ဓနတ်ကို ကိုးကွယ်ဆည်းကပ်သူ လူအပေါင်းကို “ဂဏ=ဂိုဏ်း”ဟု ခေါ်၏၊ သာသနာတော်နှင့်စပ်၍ ကုသိုလ်တရား အားထုတ်သော ဆွမ်းလောင်းအသင်း, ကထိန် အသင်း စသည်ကို “ပူဂ = အသင်းအပင်း”ဟု ခေါ်၏၊ နံ့သာကုန်သည်

စာမျက်နှာ-၃၃၈

အထည်ကုန်သည် စသောကုန်သည် အစည်းအရုံးကို “သေဏိ”ဟု ခေါ်၏၊ ထိုဂဏစသည်တို့အား တစ်ရံတစ်ခါ သူတို့အင်အားအလိုက် သူတို့ဆိုင်ရာ ရပ်ကွက်၌ အုပ်ချုပ်ဖို့ရန် လွှဲအပ်ထားတတ်လေသည်။ ထိုသို့လွှဲအပ်ထားသော ဂဏစသည်အားသာ တိုင်ကြားရမည်-ဟု မိန့်တော်မူလိုသည်။

ပြုပေးအပ်သူ။ ။ လူဝတ်ကြောင် အဖြစ်ဖြင့် လာသူကိုသာ ဘိက္ခုနီပြု မပေးကောင်း၊ တိတ္ထိထံ၌ ရသေ့မ ပရိဗိုဇ်မ ပြုပြီးသူကိုဖြစ်စေ, အခြားသော ဘိက္ခုနီတို့အထံ သာမဏေမ ပြုပြီးသူကို ဖြစ်စေ ဘိက္ခုနီပြုပေးကောင်း၏၊ ထိုသို့ပြုပေးကောင်းသူမကို “ကပ္ပါ=ပြုပေးခြင်းငှါအပ်သူ”ဟု ခေါ်သည်။

ဂ။ ဂါမန္တရစသောသိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီအမျိုးမျိုး။

အမှု—တခြားရွာသို့ တစ်ယောက်တည်း သွားမှုစသည်။

အခြားရွာသို့ တစ်ယောက်တည်း သွားမှု။ ။ သာဝတ္ထိမြို့၌ ဘဒ္ဒါကာပိလာနီ မည်သော (အရှင်မဟာကဿပ အလုပ်အကျွေးဟောင်း) မထေရ်မ၏ တပည့်မ ဘိက္ခုနီတစ်ယောက်သည် အခြားဘိက္ခုနီတို့နှင့် ရန်ဖြစ်၍ ဆွေမျိုးရှိရာ ရွာငယ်တစ်ခုသို့ သွားလေသည်၊ မထေရ်မသည် ထိုဘိက္ခုနီကို မမြင်၍ မေးသောအခါ ရန်ဖြစ်ပြီး ဘယ်သွားသည် မသိကြောင်း လျှောက်ကြကုန်၏။ “အမိတို့ဟိုရွာငယ်မှာ သူရဲ့အမျိုး ရှိပါတယ်၊ အဲဒီသွားပြီး ရှာကြစမ်းပါ”ဟု အရှာခိုင်း၍ တွေ့သောအခါ လိုက်၍ရှာသော ဘိက္ခုနီတို့က “ဘာ့ကြောင့် တစ်ယောက်ထည်း သွားရသလဲ, ယောက်ျားတွေရဲ့ အဖျက်ဆီး မခံရဘူးလားဟု မေးကြလေရာ “မခံရပါဘူး”ဟု ပြန်၍ ပြောလေသည်၊ ထို့နောက် ထိုအကြောင်းကို ကြားသော ဘိက္ခုနီတို့က ကဲ့ရဲ့ရှုတ်ချသဖြင့် “တခြားရွာသို့ တစ်ယောက်တည်း မသွားရ သွားလျှင် သံဃာဒိသေသ်အာပတ်” ဟု ပထမပညတ်တော်မူရလေသည်။

တစ်ယောက်ထည်း တဘက်ကမ်းသွားမှု။ ။ ဘိက္ခုနီ ၂-ယောက်သည် သာကေတမြို့မှ သာဝတ္ထိမြို့သို့ လာကြရာ, မြစ်တစ်ခုကို ဖြတ်ကူးစရာရှိသဖြင့် လှေသ္မားတို့ကို တဘက်ကမ်းသို့ ပို့ပေးပါရန် တောင်းပန်ကြလေသည်၊ လှေသားတို့သည် (သူတို့အကြံဖြင့်) “တစ်ကြိမ်ထည်း ၂-ယောက်ကူးလို့ လှေကမနိုင်ဘူး”ဟု ပြော၍ လှေသား ၂-ယောက်တွင် တစ်ယောက်စီတင်၍

စာမျက်နှာ-၃၃၉

ပို့လေရာ, ဟိုဘက်ကမ်းရောက်နှင့်သော လှေသ္မားက ဟိုဘက်ရောက်ပြီး ဘိက္ခုနီကိုဖျက်ဆီး၍ မရောက်သေးသောလှေသ္မားကလည်း သူ့ ဘိက္ခုနီကို ဖျက်ဆီးလေသည်။ ဘိက္ခုနီ ၂-ယောက်တွေ့ကြ၍ “အဖျက်ဆီး မခံရဘူးလား ဟု အချင်းချင်းမေးကြရာ အဖျက်ဆီးခံရကြောင်း” ပြော၍ သာဝတ္ထိသို့ ရောက်သောအခါ အခြားဘိက္ခုနီတို့အား ပြောပြကြသဖြင့် ထိုဘိက္ခုနီတို့က “တစ်ယောက်ချင်း တဘက်ကမ်းကူးရသလား” ဟု ကဲ့ရဲ့ရှုတ် ချသောကြောင့် “တစ်ယောက်တည်း မြစ်တဘက်ကမ်းသို့ မကူးရ, ကူးလျှင် သံဃာဒိသေသ် အာပတ်”ဟု ဒုတိယပညတ်တော်မူရပြန်သည်။

ညဉ့်အခါ အဖေါ်နှင့်ခွဲနေမှု။ ။ များစွာသော ဘိက္ခုနီတို့သည် သာဝတ္ထိမြို့သို့ သွားကြလေရာ, ထိုဘိက္ခုနီများတွင် အလွန်အဆင်းလှ၍ ရှုချင့် စဖွယ်တင့်တယ်သော ဘိက္ခုနီတစ်ယောက်လည်း ပါလာလေသည်၊ သူတို့သည် ညနေအခါ ရွာငယ်တစ်ခုသို့ ရောက်ကြလေသော် တည်းခိုဖို့နေရာ၌ ထိုဘိက္ခုနီအများတို့ နေရာခင်းပေးသောအခါ ယောက်ျား တစ်ယောက်သည် ထိုလှပသောဘိက္ခုနီကို မြင်လျှင်မြင်ခြင်း စွဲနေရကား ထိုဘိက္ခုနီအတွက် နေရာကို ချောင်ကျသောအရပ်၌ ခင်းပေးထား၏၊ ထိုဘိက္ခုနီကလည်း ထိုယောက်ျား၏ နေရာခင်းပုံကို မြင်၍ သူ့အပေါ် စိတ်ဖေါက်ပြန်ကြောင်း ရိပ်မိရကား မတော်လို့များ ညအခါလာလျှင် အော်မိမှာစိုးသောကြောင့် အခြားဘိက္ခုနီတို့အား မတိုင်ကြားဘဲ အိမ်တစ်အိမ်သို့သွား၍ အိပ်လေသည်။

ထိုယောက်ျားလဲ ညအခါ၌ အမှန်ပင်လာ၍ ထိုဘိက္ခုနီကိုရှာသောအခါ အခြားဘိက္ခုနီတို့ကို တိုက်မိ ခိုက်မိလေ၏၊ အခြားဘိက္ခုနီတို့သည် ထိုဘိက္ခုနီကို ရှာသောအခါမတွေ့ကြသဖြင့် “ထိုယောက်ျားနှင့် ဧကန်ထွက်သွားပေါ့” ဟု တွေးကြပြီးလျှင် မိုးလင်းသောအခါ ပြန်လာသော ဘိက္ခုနီကို မေးကြလေရာအကြောင်းမှန်ကို သိရသော်လည်း ညဉ့်အခါအဖော်နှင့် ခွဲ၍တစ်ယောက် ထည်းနေရသလား”ဟု ကဲ့ရဲ့ရှုတ်ချသဖြင့် “ညအခါ၌ အဖေါ်နှင့် တစ်ယောက်တည်းမနေရ, နေလျှင် သံဃာဒိသေသ်အာပတ်”ဟု တတိယပညတ်တော်မူရ ပြန်သည်။ [“တစ်ယောက်ထည်းခွဲ”ဟူရာ၌ အဖေါ်နှင့် ၂-တောင့်ထွာထက် ဝေးနေလျှင်ပင် တခန်းထည်းဖြစ်သော်လည်း ခွဲနေရာရောက်သတဲ့]

နောက်ချန်ရစ်၍ ဖျက်ဆီးခံရပုံ။ ။ ဘိက္ခုနီအများတို့သည် သာဝတ္ထိသို့ သွားကြလေရာ, ထိုဘိက္ခုနီအများတွင် ဘိက္ခုနီတစ်ယောက်သည်လမ်းခရီးတွင် ကျင်ကြီးစွန့်ချင်သည်ဖြစ်၍ နောက်ချန်နေရစ်ခဲ့၏၊

စာမျက်နှာ-၃၄၀

နောက်မှ တစ်ယောက်ထည်း လာသော ဘိက္ခုနီကို ယောက်ျားတွေ့မြင်၍ ဖျက်ဆီးကြကုန်၏၊ ထိုဘိက္ခုနီသည် သွားနှင့်သော ဘိက္ခုနီများကိုမှီသောအခါ ယောက်ျားတွေ့၏ အဖျက်ဆီးခံရကြောင်းကို ပြောပြ၍ “တစ်ယောက်ထည်း ချန်နေရစ်ရကောင်းလား”ဟု ကဲ့ရဲ့ရှုတ်ချကြသောကြောင့် အဖေါ်အပေါင်း နှင့်ခွဲ၍ တစ်ယောက်တည်း ချန်မနေရစ်ရ, နေရစ်လျှင် သံဃာဒိသေသ် အာပတ်”ဟု စတုတ္ထပညတ်တော်မူရပြန်သည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဧကာ ဝါ ဂါမန္တရံ ဂစ္ဆေယျ, ဧကာ ဝါ နဒီပါရံ ဂစ္ဆေယျ, ဧကာ ဝါ ရတ္တိံ ဝိပ္ပဝသေယျ, ဧကာ ဝါ ဂဏမှာ ဩဟိယေယျ, အယမ္ပိ ဘိက္ခုနီ ပဌမာပတ္တိကံ ဓမ္မံ အာပန္နာ နိဿာရဏီယံ သံဃာဒိသေသံ။

မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် တစ်ယောက်ထည်းတခြားရွာသို့သော်လည်းသွားအံ့၊ မြစ်တဘက်ကမ်းသို့သော်လည်း တစ်ယောက်တည်း သွားအံ့၊ ညဥ့်အခါ၌ အဖေါ်နှင့်ခွဲ၍သော်လည်း တစ်ယောက်ထည်း နေ့အံ့၊ (ခရီးသွားစဉ်) အဖေါ်အပေါင်းမှသော်လည်း နောက်ချန် နေရစ်အံ့၊ ထိုဘိက္ခုနီသည် လွန်ကျူးလျှင်ကျူးခြင်း သင့်ရောက်အပ်သော သံဃာမှ နှင်ထုတ်ကြောင်းလည်း ဖြစ်သော သံဃာဒိသေသ် အာပတ်သင့်၏။

ဃ။ ဥက္ခိတ္တကဩသာရဏသိက္ခာပုဒ်

အမှုသည်—ထုလ္လနန္ဒာ။

အမှု—သံဃာက ဖယ်ထုတ်ထားသူကို ပြန်၍သွင်းမှု။

စဏ္ဍကာဠီကို ကံပြုခြင်း။ ။ သာဝတ္ထိမြို့၌ “စဏ္ဍကာဠီ” မည်သော ဘိက္ခုနီသည် ကံပြုခြင်း မိမိအသင်းအပင်းတွင် တိုင်ပင်မှုကိုလည်း ပြုတတ်၏, ခိုက်ရန်ဖြစ်မှုကိုလည်း ပြုတတ်၏, ဆန့်ကျင်ဘက် ပြောမှုကိုလည်း ပြုတတ်၏, စကားအလွန်များ၏, သံဃာ၌ အဓိကရုဏ်းဖြစ်အောင်လည်း ပြုတတ်၏, ထိုစဏ္ဍကာဠီကို ဘိက္ခုနီသံဃာက ဥက္ခေပနီယကံ (နှင်ထုတ်မှုကံ) ပြုမည်လုပ်လျှင် ထုလ္လနန္ဒာသည် မပြုဖို့ရန် ကန့်ကွက်၏၊ အခါတစ်ပါး၌ကား ရွာနယ်တစ်ခုကို ထုလ္လနန္ဒာ သွားနေခိုက်၌ ထိုစဏ္ဍကာဠီကို သင့်နေသော အာပတ်ကို (အာပတ်ဟု) မရှုသည့်အတွက် ဥက္ခေပနီယကံ ပြုလေသည်။ [ဤကံအပြုခံရသူသည် သံဃာ့ကိစ္စ၌ အပေါင်းအဖေါ် မလုပ် ရတော့၊ ]

စာမျက်နှာ-၃၄၁

ထုလ္လနန္ဒာအား အကြောင်းပြန်ပြောပုံ။ ။ ထုလ္လနန္ဒာသည် ရွာငယ်၌ ကိစ္စပြီး၍ ပြန်လာသောအခါ စဏ္ဍကာဠီသည် (ပြုနေကျဖြစ်သော ခြေဆေး ရေခပ်ပေးခြင်း, သပိတ် သင်္ကန်း လှမ်းယူခြင်းက စသော) တာဝန်ဝတ်တရားကိုမပြုဘဲ (စိတ်ကောက်)နေ၏၊ ထုလ္လနန္ဒာက “ဘာပြုလို့ ဝတ်တရားကို မပြုသလဲ” ဟုမေးသောအခါ အားကိုးစရာ မရှိတဲ့ သူဟာဒီလို (ဝတ်တရားမပြုဘဲ) နေရတာပေါ့”ဟု လျှောက်၏၊ “ဘာလို့ အားကိုးစရာမရှိရမှာလဲ” ဟု ပြောသောအခါ “သူ့ကို ဘိက္ခုနီသံဃာက (ဒီဘိက္ခုနီဟာ အားကိုးစရာမရှိ, ထင်ရှားသူမဟုတ်, သူ့ဘက်က ဘယ်သူမှ ကန့်ကွက်မည့်သူမရှိဘူး-ဆိုတဲ့အနေမျိုးဖြင့်) သူ့ကိုနှင်ထုတ်ထားကြောင်းကို

ပြောပြလေသည်။

ထုလ္လနန္ဒာ ပြန်၍သွင်းပုံ။ ။ ထိုအခါ ထုလ္လနန္ဒာသည် “ကံပြုတဲ့ ဒီကောင်မတွေဟာ အမိုက်မတွေ့ ဉာဏ်ရှိသူမတွေမဟုတ်ကြဘူး၊ ဒင်းတို့ဟာ ကံကိုလဲ နားမလည်ကြဘူး, ကံရဲ့အပြစ်ကိုလဲ နားမလည် ကြဘူး, ကံရဲ့ပြည့်စုံပုံ ပျက်စီးပုံကိုလဲ နားမလည်ကြဘူး၊ ငါတို့သာ နားလည် ကြတယ်, ငါတို့ဟာ မပြုရသေးတဲ့ ကံကိုလဲ ပြုအောင်လုပ်နိုင်ကြတယ်, ပြုပြီး တဲ့ကံကိုလဲ ဖျက်ပစ်နိုင်ကြတယ်”ဟု ပြော၍ ဘိက္ခုနီသံဃာကို ကပျာကယာ စည်းဝေးစေပြီးလျှင် ထုတ်ဖယ်ထားသော စဏ္ဍကာဠီကို သံဃာတွင်းသို့ ပြန်၍ သွင်းလေသည်။ (ပြန်၍သွင်းသောကံ ပြုပေးလေသည်-ဟူလို။) ထိုအခါ ဘိက္ခုနီအများက ထုလ္လနန္ဒာ၏ ပြောပုံ ဆိုပုံ လုပ်ကိုင်ပုံကို ကဲ့ရဲ့ကြ၍ ရဟန်းတော်များ လျှောက်ထားသဖြင့် ဘုရားရှင် သိတော်မူသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ သမဂ္ဂေန သံဃေန ဥက္ခိတ္တံ ဘိက္ခုနိံ ဓမ္မေန ဝိနယေန သတ္ထုသာသနေန အနပလောကေတွာ ကာရကသံဃံ, အနညာယ ဂဏဿ ဆန္ဒံ ဩသာရေယျ, အယမ္ပိ ဘိက္ခုနီ ပဌမာပတ္တိကံ ဓမ္မံ အာပန္နာ နိဿာရဏီယံ သံဃာဒိသေသံ။

မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် မှန်ကန်သော သဘောလည်းဖြစ်သော ဝိနည်းထုံးစံအတိုင်း စစ်ဆေး မေးမြန်းမှုလည်း ရှိသော ဉ တ်ကမ္မဝါစာဖြင့် (ကံပြု၍) သံဃာမှ ဖယ်ထုတ်ထားအပ်သော

စာမျက်နှာ-၃၄၂

ဘိက္ခုနီကို ကံပြုသော သံဃာကိုလည်း ခွင့်မပန်ဘဲ ထိုကံသော ဘိက္ခုနီအပေါင်း၏ စိတ်ဆန္ဒကိုလည်းမသိရဘဲ သံဃာ့အတွင်းသို့ ပြန်၍သွင်းအံ့၊ ထိုဘိက္ခုနီလည်း လွန်ကျူးလျှင် လွန်ကျူးခြင်း သင့်ရောက်အပ်သော သံဃာမှ နှင်ထုတ်ကြောင်းလည်းဖြစ်သော သံဃာဒိသေသ် အာပတ်သင့်၏။

င။ အဝဿုတဘုဉ္ဇနသိက္ခာပုဒ်

အမှုသည်—သုန္ဒရီနန္ဒာ။

အမှု—မိမိကို ချစ်ကြိုက်နေသူတို့၏လက်မှ ခဲဖွယ်ဘောဇဉ်ကို ယူ၍ စားမှု။

သုန္ဒရီနန္ဒာအား ကျွေးကြပုံ။ ။ သုန္ဒရီနန္ဒာသည် (ပါရာဇိကအခန်း၌ပြခဲ့သည့်အတိုင်း) အလွန်အဆင်းလှသောကြောင့် ဆွမ်းကျွေးသူတို့ ဆွမ်း စားဇရပ်၌ သုန္ဒရီနန္ဒာကိုမြင်လျှင် ခင်မင်ကြသည်ဖြစ်၍ ကောင်းသောခဲဖွယ်ဘောဇဉ်ကို ရွေး၍ သုန္ဒရီနန္ဒာအား ပေးကြကုန်၏။ သုန္ဒရီနန္ဒာမှာ စိတ်တိုင်းကျ စားရသလို, အခြားဘိက္ခုနီတို့ မစားကြရကုန်၊ ထို့ကြောင့် အခြားဘိက္ခုနီတို့က သုန္ဒရီနန္ဒာအား “မိမိကို ချစ်ကြိုက်နေသူတို့၏ လက်မှ ခဲဖွယ်ဘောဇဉ်ကို မိမိကလည်း ပြန်၍ ချစ်ကြိုက်နေပါလျက် လက်ခံစားရ ကောင်းလား”ဟု ကဲ့ရဲ့ရှုတ်ချကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အဝဿုတာ အဝဿုတဿ ပုရိသပုဂ္ဂလဿ ဟတ္ထတော ခါဒနီယံ ဝါ, ဘောဇနီယံ ဝါ သဟတ္ထာ ပဋိဂ္ဂဟေတွာ ခါဒေယျ ဝါ ဘုဉ္ဇေယျ ဝါ, အယမ္ပိ ဘိက္ခုနီ ပဌမာပတ္တိကံ ဓမ္မံ အာပန္နာ နိဿာရဏီယံ သံဃာဒိသေသံ။

မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် မိမိကိုယ်တိုင်က ကိလေသာမိုးရေ စိုစွတ်နေသူဖြစ်လျက် ကိလေသာမိုးရေစိုစွတ်နေသော ယောက်ျား၏လက်မှ ခဲဖွယ်ကိုဖြစ်စေ, ဘောဇဉ်ကိုဖြစ်စေ, မိမိလက်ဖြင့်ခံယူ၍ ခဲ, စားအံ့၊ ထိုဘိက္ခုနီလည်းလွန်ကျူးလျှင်ကျူးခြင်း သင့်ရောက်အပ်

စာမျက်နှာ-၁၉၁

သော သံဃာမှ နှင်ထုတ်ကြောင်းဖြစ်သော သံဃာဒိသေသ်အာပတ် သင့်၏၊ [ဤသိက္ခာပုဒ်သည် ပြခဲ့သော ဥဗ္ဘာဇဏုမဏ္ဍလိကာပါရာဇိကမပညတ်မီ ပညတ်တော်မူရသော သိက္ခာပုဒ်တည်း။ ]

စ။ ဥယျောဇိကာသိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီတစ်ပါး

အမှု—သုန္ဒရီနန္ဒာကို တိုက်တွန်းမှု။

သုန္ဒရီနန္ဒာကို တိုက်တွန်းမှု။ ။ ဆွမ်းစားဇရပ်၌ သုန္ဒရီနန္ဒာကို ချစ်ကြိုက်နေကြသော ယောက်ျားတို့သည် သုန္ဒရီနန္ဒာအား ကောင်းမွန်သော ဘောဇဉ်တို့ကို ပေးကြသောအခါ သုန္ဒရီနန္ဒာသည် (ရှေ့သိက္ခာပုဒ်တော်ကြောင့် မခံယူကောင်းဟု အယူရှိ၍) မခံယူဘဲ နေလေသည်။ သုန္ဒရီနန္ဒာနှင့် တဆက်တည်း ထိုင်နေသော ဘိက္ခုနီက “ဘာ့ကြောင့် ပေးတာကို မယူသလဲ ”ဟု မေးရာ, သူကချစ်ကြိုက်လို့ ပေးတာဖြစ်သောကြောင့် မယူကြောင်းကို ပြန်ပြော၏။ အရှင်မကကော ကြိုက်နေသလား ဟုမေးပြန်ရာ မကြိုက်ကြောင်းကို ပြန်ပြော၏။ “ဒီလိုဆိုလျှင် သူ့ဘာသာသူ ကြိုက်ကြိုက်-မကြိုက်ကြိုက်, ကိုယ်ကမှ မကြိုက်လျှင် ဘာတတ်နိုင်မှာလဲ၊ ယူသာယူပါ”ဟု တိုက်တွန်းလေသည်၊ ထိုအကြောင်းကို အခြားဘိက္ခုနီများ သိ၍ တိုက်တွန်းသော ဘိက္ခုနီကို ကဲ့ရဲ့ရှုတ်ချကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ယာ ပန ဘိက္ခုနီ ဧဝံ ဝဒေယျ “ကိံ တေ, အယျေ, ဧသော ပုရိသပုဂ္ဂလော ကရိဿတိ အဝဿုတော ဝါ အနဝဿုတော ဝါ, ယတော တွံ အနဝဿုတာ, ဣင်္ဃ, အယျေ, ယံ တေ ဧသော ပုရိသပုဂ္ဂလော ဒေတိ ခါဒနီယံ ဝါ ဘောဇနီယံ ဝါ, တံ တွံ သဟတ္ထာ ပဋိဂ္ဂဟေတွာ ခါဒ ဝါ ဘုဉ္ဇ ဝါ”တိ, အယမ္ပိ ဘိက္ခုနီ ပဌမာပတ္တိကံ ဓမ္မံ အာပန္နာ နိဿာရဏီယံ သံဃာဒိသေသံ။

မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် “အရှင်မ...ဤယောက်ျားသည် ကိလေသာမိုးရေ စိုနေ့သည်လည်းဖြစ်စေ, မစိုဘဲလည်းရှိစေ အရှင်မမှာ ကိလေသာ မိုးရေစိုမနေလျှင် သူဘာတတ်နိုင်မှာလဲ၊

စာမျက်နှာ-၁၄၄

တိုက်တွန်းပါရဲ့၊ ဤယောက်ျားပေးသမျှ ခဲဖွယ်, ဘောဇဉ်ကို မိမိ လက်ဖြင့် ခံယူ၍ ခဲ-စားပါ”ဟု ပြောဆိုတိုက်တွန်းအံ့၊ ဤဘိက္ခုနီလည်း လွန်ကျူးလျှင် ကျူးခြင်း သင့်ရောက်အပ်သော သံဃာမှနှင်ထုတ်ကြောင်းဖြစ်သော သံဃာဒိသေသ်အာပတ်သင့်၏။

ည။ ကုပိတသိက္ခာပုဒ်

အမှုသည်—စဏ္ဍကာဠီ။

အမှု—စိတ်ဆိုးသည်ဖြစ်၍ “ဘုရားကို စွန့်ပါ၏”စသည်ဖြင့်ပြောဆိုမှု။

စဏ္ဍကာဠီ၏ ပြောဆိုမှု။ ။ စဏ္ဍကာဠီမည်သော ဘိက္ခုနီသည် အခြားဘိက္ခုနီတို့နှင့် ရန်ဖြစ်ပြီးနောက် စိတ်ဆိုးဆိုးနှင့် ပြောဆိုသည်မှာ “ဘုရားကိုလဲစွန့်၏၊ တရားကိုလဲစွန့်၏၊ သံဃာကိုလဲ စွန့်၏၊ သာကီဝင်မင်းသား ဘုရား၏ သ္မီးဆိုသူတို့သာ သမဏီ(ရဟန်းမ)တို့တဲ့ လား၊ မကောင်းမှုမှ ရှက်တတ်ကြသော, ကိစ္စတစ်ခုကြုံလာလျှင် ပြုအပ်လေသလား မပြုအပ်လေသလားဟု စဉ်းစားတတ်ကြကုန်သော, သိက္ခာ ၃-ပါးကို လိုလားကြကုန်သော အခြားသမဏီမတို့လဲ ရှိကြပါသေး၏၊ ထိုသူတို့ အထံ၌ မြတ်သော အကျင့်ကို ကျင့်တော့မည်” ဤသို့ ပြောဆိုလေသည်၊ ထိုသို့ပြောဆိုသည့်အတွက် အခြားဘိက္ခုနီတို့က ကဲ့ရဲ့ရှုတ်ချကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ကုပိတာ အနတ္တမနာ ဧဝံ ဝဒေယျ “ဗုဒ္ဓံ ပစ္စာစိက္ခာမိ ဓမ္မံ ပစ္စာစိက္ခာမိ, သံဃံ ပစ္စာစိက္ခာမိ, သိက္ခံ ပစ္စာစိက္ခာမိ, ကိန္နုမာဝ သမဏိယော ယာ သမဏိယော သကျဓီတရော, သန္တညာပိ သမဏိယော လဇ္ဇိနိယော ကုက္ကုစ္စိကာ သိက္ခာကာမာ, တာသာဟံ သန္တိကေ ဗြဟ္မစရိယံ စရိဿာမီ”တိ။ သာ ဘိက္ခုနီ ဘိက္ခုနီဟိ ဧဝမဿ ဝစနီယာ “မာယျေ ကုပိတာ အနတ္တမနာ ဧဝံ အဝစ ‘ဗုဒ္ဓံ ပစ္စာစိက္ခာမိ, ဓမ္မံ ပစ္စာစိက္ခာမိ, သံဃံ ပစ္စာစိက္ခာမိ, သိက္ခံ ပစ္စာစိက္ခာမိ, ကိန္နုမာဝ သမဏိယော ယာ သမဏိယော သကျဓီတရော, သန္တညာပိ သမဏိယော လဇ္ဇိနိယော ကုက္ကုစ္စိကာ သိက္ခာကာမာ,

စာမျက်နှာ-၃၄၅

တာသာဟံ သန္တိကေ ဗြဟ္မစရိယံ စရိဿာမီ’တိ, အဘိရမာယျေ, သွာက္ခာတော ဓမ္မော, စရ ဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တကိရိယာယာ”တိ, ဧဝဉ္စ သာ ဘိက္ခုနီ ဘိက္ခုနီဟိ ဝုစ္စမာနာ တထေဝ ပဂ္ဂဏှေယျ, သာ ဘိက္ခုနီ ဘိက္ခုနီဟိ ယာဝတတိယံ သမနုဘာသိတဗ္ဗာ တဿ ပဋိနိဿဂ္ဂါယ, ယာဝတတိယဉ္စေ သမနုဘာသိယမာနာ တံ ပဋိနိဿဇ္ဇေယျ, ဣစ္စေတံ ကုသလံ, နော စေ ပဋိနိဿဇ္ဇေယျ, အယမ္ပိ ဘိက္ခုနီ ယာဝတတိယကံ ဓမ္မံ အာပန္နာ နိဿာရဏီယံ သံဃာဒိသေသံ။

မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် စိတ်ဆိုးသည် စိတ်မချမ်းသာသည်ဖြစ်၍ ဘုရားကိုလည်းစွန့်၏, တရားကိုလည်းစွန့်၏, သံဃာကိုလည်း စွန့်၏, သိက္ခာပုဒ်ကိုလည်းစွန့်၏၊ သာကီဝင်မင်းသားဘုရား၏ သမီး ဆိုသူတို့သာ သမဏီမတို့တဲ့လား, မကောင်းမှုမှ ရှက်တတ်၊ ပြုအပ် လေသလား မပြုအပ်လေသလားဟု စဉ်းစားတတ်၊ သိက္ခာ ၃-ပါးကို လိုလားတတ်ကုန်သော အခြားသမဏီမတို့လည်း ရှိကြပါ သေး၏၊ ထိုသူတို့အထံ၌ မြတ်သောအကျင့်ကို ကျင့်တော့မည်၊ ဤသို့ ပြောဆိုအံ့၊ ထိုဘိက္ခုနီကို မြင်ကုန် ကြားကုန်သော ဘိက္ခုနီတို့က ဤသို့ မပြောဖို့ရန် တားမြစ်၍ “အရှင်မက သာသနာတော်၌ မွေ့လျော်ပါ တရားတော်ကို ကောင်းစွာဟောထားအပ်ပါပြီ၊ ကောင်းမွန်စွာ ဒုက္ခအဆုံးကို ပြုဖို့ရာ မြတ်သောအကျင့်ကို ကျင့်ပါ”ဟု ပြောဆိုရမည်၊ အခြား ဘိက္ခုနီတို့က ဤသို့ ပြောဆိုအပ်ပါလျက် ထိုရှေးနည်းအတိုင်းပင် (သူ့အပြောကို မလျှော့ဘဲ) ချီမြှောက်အံ့၊ ထိုဘိက္ခုနီကို အခြားဘိက္ခုနီက ထိုအပြောကို စွန့်လွှတ်ဖို့ရာ ၃-ကြိမ် တိုင်အောင် ဉတ်ကမ္မဝါစာဖြင့် ပြောဆိုထိုက်၏၊ ၃-ကြိမ်တိုင်အောင် ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမ၍ မပြီးခင် ထိုအပြောကို စွန့်လျှင် ကောင်းသေး၏၊ ပြောဆို ဆုံးမပြီးသည့်တိုင်အောင် မစွန့်လျှင်ကား ယာဝတတိယက မည်သော သံဃာမှ နှင်ထုတ်ကြောင်းဖြစ်သော သံဃာဒိသေသ် အာပတ်သင့်၏။

အမှာ။ ။ ဤမှနောက်၌လည်း ယာဝတတိယက (၃-ကြိမ်မြောက်ဆိုဆုံးမခြင်း၏ အဆုံး၌သင့်ရောက်အပ်သော) သံဃာဒိသေသ်ချည်းဖြစ်၏၊ ဆုံးမပုံ အစီ

စာမျက်နှာ-၃၄၆

အစဉ်ကို ဘိက္ခုတို့၏ သံဃာဒိသေသ်ခေဏ်း၌ပြခဲ့ပြီ။ ဉ တ်ကမ္မဝါစာကား ပါဠိတော်မှာ တိုက်ရိုက်လာပါသည်။ အလိုရှိသော ပုဂ္ဂိုလ်များ ပါဠိတော်မှာရှုပါကုန်။

ဋ။ ပစ္စာကတသိက္ခာပုဒ်

အမှုသည်—စဏ္ဍကာဠီ။

အမှု—စိတ်ဆိုး၍ပြောဆိုရန်တွေ့မှု။

စဏ္ဍကာဠီ၏ ရန်တွေ့မှု။ ။ စဏ္ဍကာဠီ ဘိက္ခုနီသည် အဓိကရုဏ်း (အမှု) တစ်ခုမှာ ရှုံးသည်ဖြစ်၍ “ဘိက္ခုနီမဟွေဟာ ဆန္ဒာဂတိ လိုက်ကြတယ်, ဒေါသာဂတိ လိုက်ကြတယ်, မောဟာဂတိ လိုက်ကြတယ်, ဘယာဂတိလိုက်ကြတယ်”ဟု တရားဆုံးဖြတ်ရာတွင် ပါဝင်သော ဘိက္ခုနီတို့ကို ရန်တွေ့လေသည်၊ ထိုအခါ အခြားဘိက္ခုနီတို့က စဏ္ဍကာဠီကို “ရန်တွေ့ရကောင်းလား” ဟု ကဲ့ရဲ့ရှုတ်ချကြသောကြောင့် ဤသိက္ခာပုဒ်ကို ဟု ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ယာ ပန ဘိက္ခုနီ ကိသ္မိဉ္စိဒေဝ အဓိကရဏေ ပစ္စာကတာ ကုပိတာ အနတ္တမနာ ဧဝံ ဝဒေယျ “ဆန္ဒဂါမိနိယော စ ဘိက္ခုနိယော, ဒေါသဂါမိနိယော စ ဘိက္ခုနိယော, မောဟဂါမိနိယော စ ဘိက္ခုနိယော, ဘယဂါမိနိယော စ ဘိက္ခုနိယော”တိ, သာ ဘိက္ခုနီ ဘိက္ခုနီဟိ ဧဝမဿ ဝစနီယာ “မာယျေ, ကိသ္မိဉ္စိဒေဝ အဓိကရဏေ ပစ္စာကတာ ကုပိတာ အနတ္တမနာ ဧဝံ အဝစ

‘ဆန္ဒဂါမိနိယော စ ဘိက္ခုနိယော, ဒေါသဂါမိနိယော စ ဘိက္ခုနိယော, မောဟဂါမိနိယော စ ဘိက္ခုနိယော, ဘယဂါမိနိယော စ ဘိက္ခုနိယော’တိ, အယျာ ခေါ ဆန္ဒာပိ ဂစ္ဆေယျ, ဒေါသာပိ ဂစ္ဆေယျ, မောဟာပိ ဂစ္ဆေယျ, ဘယာပိ ဂစ္ဆေယျာ”တိ။ ဧဝဉ္စ သာ ဘိက္ခုနီ ဘိက္ခုနီဟိ ဝုစ္စမာနာ တထေဝ ပဂ္ဂဏှေယျ, သာ ဘိက္ခုနီ ဘိက္ခုနီဟိ ယာဝတတိယံ သမနုဘာသိတဗ္ဗာ တဿ ပဋိနိဿဂ္ဂါယ, ယာဝတတိယဉ္စေ သမနုဘာသိယမာနာ တံ ပဋိနိဿဇ္ဇေယျ, ဣစ္စေတံ

စာမျက်နှာ-၃၄၇

ကုသလံ, နော စေ ပဋိနိဿဇ္ဇေယျ, အယမ္ပိ ဘိက္ခုနီ ယာဝတတိယကံ ဓမ္မံ အာပန္နာ နိဿာရဏီယံ သံဃာဒိသေသံ။

မြန်မာပြန်။ ။ အကြင် ဘိက္ခုနီသည် အဓိကရုဏ်း (အမှု) တစ်ခုခု၌ ရှုံးသဖြင့် စိတ်လည်းဆိုး စိတ်လည်းမချမ်းသာရကား “ဘိက္ခုနီမတွေ့ ဆန္ဒာဂတိလိုက်ကြတယ်” စသည်ဖြင့် ရန်တွေ့အံ့၊ ထိုဘိက္ခုနီကို အခြားဘိက္ခုနီတို့က “ရန်မတွေ့ဖို့ရန်”ပြောရမည်၊ ထိုသို့ပြောဆို ဆုံးမပါလျက် သူ၏ရန်တွေ့မှု ပြောဆိုမှုကို ရှေးအတိုင်း(မလျှော့ဘဲ) ချီးမြှောက်ထားအံ့၊ ထိုဘိက္ခုနီကို အခြားဘိက္ခုနီတို့က ထိုအပြောကို စွန့်ဖို့ရာ ၃-ကြိမ်တိုင်အောင် ဉ တ်ကမ္မဝါစာဖြင့် ပြောဆိုဆုံးမရမည်၊ ၃-ကြိမ်တိုင်တိုင် ဆုံးမစဉ် ထိုအပြောကို စွန့်လျှင်ကောင်း၏၊ မစွန့်လျှင် ထိုဘိက္ခုနီလည်း ယာဝတတိယကမည်သော သံဃာမှနှင်ထုတ်ကြောင်းလည်း ဖြစ်သော သံဃဒိသေသ်အာပတ်သင့်၏။

မှတ်ချက်။ ။ လမ်းမှန်အတိုင်း မဆုံးဖြတ်ဘဲ ချစ်သူဘက်ပင်း၍ တရားဆုံးဖြတ်လျှင် ဆန္ဒာဂတိလိုက်သည်မည်၏။ မုန်းသူဘက်ကို နှိမ်၍ ဆုံးဖြတ်လျှင် ဒေါသာ ဂတိလိုက်သည်မည်၏။ ဘယ်လို ဆုံးဖြတ်ရမှန်း မသိဘဲ အရမ်းဆုံးဖြတ်လျှင် မောဟာဂတိ လိုက်သည်မည်၏၊ ကြောက်သဖြင့် မတရား ဆုံးဖြတ်လျှင် ဘယာဂတိလိုက်သည်မည်၏။

ဌ။ သံသဋ္ဌသိက္ခာပုဒ်

အမှုသည်—ထုလ္လနန္ဒာ၏ တပည်မ ဘိက္ခုနီများ။

အမှု—လူတို့နှင့် ရောရောနှောနှောနေထိုင်မှု။

ဆရာမကောင်းသော တပည့်မကောင်းများ။ ။ ထုလ္လနန္ဒာ၏ တပည့်မ ဖြစ်ကြသော ဘိက္ခုနီတို့သည် လူဝတ်ကြောင်တို့နှင့် ရောရောနှောနှော နေကြကုန်၏၊ ယုတ်မာသောအကျင့်-မကောင်းသတင်းကျော်စောခြင်း-မကောင်းသော အသက်မွေးခြင်း ရှိကြကုန်၏၊ (ဘိက္ခုနီသံဃာက နှိပ်ကွပ်ဖို့ရန် ကံပြုမည် လုပ်လျှင် ထိုကံကို တားမြစ်သောအားဖြင့်)ဘိက္ခုနီသံဃာကို ညှဉ်းဆဲတတ်ကြကုန်၏၊ သူတို့အချင်းချင်းမှာ ရှိသော အပြစ်ကိုလည်း ဖုံးထား တတ်ကြကုန်၏၊ ထိုဘိက္ခုနီတို့ကို အခြားဘိက္ခုနီတို့က ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

စာမျက်နှာ-၃၄၈

သိက္ခာပုဒ်။ ။ ဘိက္ခုနိယော ပနေဝ သံသဋ္ဌာ ဝိဟရန္တိ ပါပါစာရာ ပါပသဒ္ဒါ ပါပသိလောကာ ဘိက္ခုနိသံဃဿ ဝိဟေသိကာ အညမညိဿာ ဝဇ္ဇပ္ပဋိစ္ဆာဒိကာ, တာ ဘိက္ခုနိယော ဘိက္ခုနီဟိ ဧဝမဿု ဝစနီယာ “ဘဂိနိယော ခေါ သံသဋ္ဌာ ဝိဟရန္တိ ပါပါစာရာ ပါပသဒ္ဒါ ပါပသိလောကာ ဘိက္ခုနိသံဃဿ ဝိဟေသိကာ အညမညိဿာ ဝဇ္ဇပ္ပဋိစ္ဆာဒိကာ, ဝိဝိစ္စထာယျေ, ဝိဝေကညေဝ ဘဂိနီနံ သံဃော ဝဏ္ဏေတီ”တိ, ဧဝဉ္စ တာ ဘိက္ခုနိယော ဘိက္ခုနီဟိ ဝုစ္စမာနာ တထေဝ ပဂ္ဂဏှေယျုံ, တာ ဘိက္ခုနိယော ဘိက္ခုနီဟိ ယာဝတတိယံ သမနုဘာသိတဗ္ဗာ တဿ ပဋိနိဿဂ္ဂါယ, ယာဝတတိယဉ္စေ သမနုဘာသိယမာနာ တံ ပဋိနိဿဇ္ဇေယျုံ, ဣစ္စေတံ ကုသလံ, နော စေ ပဋိနိဿဇ္ဇေယျုံ, ဣမာပိ ဘိက္ခုနိယော ယာဝတတိယကံ ဓမ္မံ အာပန္နာ နိဿာရဏီယံ သံဃာဒိသေသံ။

မြန်မာပြန်။ ။ ဘိက္ခုနီ အများတို့သည်ပင် လူတို့နှင့် ရောရောနှောနှော နေကြကုန်၏၊ ယုတ်မာသောအကျင့်-မကောင်းသတင်းကျော်စောခြင်း မကောင်းသော အသက်မွေးခြင်း ရှိကြကုန်၏။ ဘိက္ခုနီသံဃာကို ညှဉ်းဆဲတတ်ကြကုန်၏၊ အချင်းချင်း၏ အပြစ်ကိုလည်း ဖုံးထား တတ်ကြကုန်၏၊ ထိုဘိက္ခုနီတို့ကို မြင်ကုန်ကြားကုန်သော ဘိက္ခုနီတို့က “ညီမတို့-လူတို့နှင့် ရောရောနှောနှော မနေကြပါနှင့်” စသည်ဖြင့် ပြောဆိုဆုံးမ၍ “ညီမတို့-လူတို့နှင့် ကင်းကင်းရှင်းရှင်း နေကြပါ၊ ညီမတို့၏ ကင်းကင်းရှင်းရှင်း နေခြင်းကိုသာ ဘိက္ခုနီသံဃာက ချီးမွမ်းပါသည်”ဟု ဖျောင်းဖျ ပြောဆိုရမည်၊ ထိုသို့ ပြောဆိုပါလျက် သူတို့၏ ထိုအကျင့်ကို ရှေးအတိုင်းပင် (မလျှော့ဘဲ) ချီးမြှောက် နေကြသေးအံ့၊ ထိုဘိက္ခုနီတို့ကို အခြားဘိက္ခုနီတို့က ထိုအကျင့်ကို စွန့်လွှတ်ဖို့ရန် ၃-ကြိမ်တိုင်တိုင် ဉတ်ကမ္မဝါစာဖြင့် ဆုံးမရမည်၊ ထိုသို့ ဆုံးမစဉ် ထိုအကျင့်ကို စွန့်လွှတ်ကြလျှင် ကောင်း၏၊ မစွန့်လွှတ် ကြလျှင်ကား ထိုဘိက္ခုနီတို့သည် ယာဝတတိယကမည်သော သံဃာမှ နှင်ထုတ်ကြောင်းဖြစ်သော သံဃာဒိသေသ် အာပတ်သင့်ကြသည်။

စာမျက်နှာ-၃၄၉

မှတ်ချက်။ ။ “ရောရောနှောနှော”ဟူသည် လူဝတ်ကြောင် မိန်းမများအတွက် ဆံစပါး ဖွတ်ပေးခြင်း, နံ့သာကြိတ်(သနပ်ခါးသွေး) ပေးခြင်း, ပန်းကုံး ပေးခြင်း (ယခုခေတ်အတိုင်းဆိုလျှင် အင်္ကျီချုပ်ပေးခြင်း, ဇာထိုးပေးခြင်း, ထမင်းဟင်း ချက်ပေးခြင်း) စသော ကိုယ်နှင့်ဆိုင်ရာကိစ္စဝယ် ကူညီမှု, အောင်သွယ်ပေးခြင်းစသော နှုတ်နှင့်ဆိုင်ရာ ကိစ္စဝယ် ကူညီမှုကို “ရောရောနှောနှော နေခြင်း”ဟု ဆိုသည်။ စာသင်ပေးမှု, လိမ္မာအောင် ဆုံးမမှုတို့ကား ပြုသင့်သော ရောနှောမှုများပင်တည်း၊ ထိုကဲ့သို့ မတရား ရောနှောမှုကြောင့်ပင် မကောင်းသတင်း ထွက်နေတော့သည်၊ ထိုသို့ လူတို့ကို ဆံဖွတ်ပေးမှုစသည် ပြုသောကြောင့် လူတို့က သူတို့အား ပြန်၍ ပေးလှူကြ၏။ ထိုကဲ့သို့ ရသော ပစ္စည်းကို သုံးစွဲနေခြင်းသည်ပင် မကောင်းသော အသက်မွေးခြင်း ဖြစ်တော့၏။

ဍ။ သံသဋ္ဌာနုဗပ္ပဒါနသိက္ခာပုဒ်

အမှုသည်—ထုလ္လနန္ဒာ။

အမှု—လူတို့နှင့်ရောနှော၍နေခြင်းကို အားပေးမှု။

ထုလ္လနန္ဒာ၏ အားပေးခြင်း။ ။ ရှေ့သိက္ခာပုဒ်၌ ပြခဲ့သည့်အတိုင်း လူတို့နှင့် ရောရောနှောနှော နေသောဘိက္ခုနီတို့ကို အခြား ဘိက္ခုနီတို့က ဉတ်ကမ္မဝါစာဖြင့် ဆုံးမပြီးသောအခါ (ထုလ္လနန္ဒာသည် သူ၏တပည့်မတို့ကို သံဃာကနှိမ်သည်ဟု အယူရှိဟန်တူသောကြောင့်) “အရှင်မတို့...သင်တို့သည် လူဝတ်ကြောင် မိန်းမတို့နှင့် ရောနှော၍သာ နေကြပါ၊ တသီးတခြား ခွဲ၍မနေကြပါနှင့်၊ သံဃာထဲမှာ ဒီလိုအကျင့်ရှိကြ ဒီလို မကောင်းသတင်းရှိကြ, ဒီလို အသက်မွေးမှုရှိကြကုန်သော ဘိက္ခုနီ သံဃာကို ညှဉ်းဆဲတတ်ကြ, အချင်းချင်း၏အပြစ်ကို ဖုံးထားတတ်ကြသော ဘိက္ခုနီတွေ သင်တို့အပြင်ရှိကြပါ၏။

ထိုဘိက္ခုနီတွေကိုတော့ သံဃာက ဘာမှမပြော၊ သင်တို့ကိုသာ သံဃာက အောက်တန်းစားတွေဟု အမှတ်ထားသောကြောင့် လည်းကောင်း, သူတို့တတွေဟာ ငါတို့ကို ဘာတတ်နိုင်မှာလဲ-ဟု နိုင်ထက်စီးနင်း အသိမျိုးကြောင့်လည်းကောင်း, (အခြားဘိက္ခုနီများ၏ အပြစ်ကိုတော့ သည်းခံနိုင်ပါလျက်) သင်တို့ကိုမှ သည်းမခံနိုင်သောကြောင့်လည်းကောင်း, သူတို့သာ အားရှိသည်, သူတို့စကားသာ အောင်နိုင်၏ ဟု အယူရှိသောကြောင့်လည်းကောင်း, သင်တို့က (ကိုယ့်ဘက်သား ဖြစ်သော) အင်အားနည်းသောကြောင့်လည်းကောင်း, ဒီလို (သူတို့နှင့် ရောနှော၍ မနေ့ကြပါနှင့်စသည်ဖြင့်) ပြောဆိုခြင်းဖြစ်သည်”ဟု အားပေး အားမြှောက်

စာမျက်နှာ-၃၅၀

ပြုလေသည်၊ ထိုသို့ပြုသည်ကို အခြားဘိက္ခုနီတို့က ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဧဝံ ဝဒေယျ “သံသဋ္ဌာဝ, အယျေ, တုမှေ ဝိဟရထ, မာ တုမှေ နာနာ ဝိဟရိတ္ထ, သန္တိ သံဃေ အညာပိ ဘိက္ခုနိယော ဧဝါစာရာ ဧဝံသဒ္ဒါ ဧဝံသိလောကာ ဘိက္ခုနိသံဃဿ ဝိဟေသိကာ အညမညိဿာ ဝဇ္ဇပ္ပဋိစ္ဆာဒိကာ, တာ သံဃော န ကိဉ္စိ အာဟ တုမှညေဝ သံဃော ဥညာယ ပရိဘဝေန အက္ခန္တိယာ ဝေဘဿိယာ ဒုဗ္ဗလျာ ဧဝမာဟ – ‘ဘဂိနိယော ခေါ သံသဋ္ဌာ ဝိဟရန္တိ ပါပါစာရာ ပါပသဒ္ဒါ ပါပသိလောကာ ဘိက္ခုနိသံဃဿ ဝိဟေသိကာ အညမညိဿာ ဝဇ္ဇပ္ပဋိစ္ဆာဒိကာ, ဝိဝိစ္စထာယျေ, ဝိဝေကညေဝ ဘဂိနီနံ သံဃော ဝဏ္ဏေတီ”’တိ, သာ ဘိက္ခုနီ ဘိက္ခုနီဟိ ဧဝမဿ ဝစနီယာ “မာယျေ, ဧဝံ အဝစ, သံသဋ္ဌာဝ အယျေ တုမှေ ဝိဟရထ, မာ တုမှေ နာနာ ဝိဟရိတ္ထ, သန္တိ သံဃေ အညာပိ ဘိက္ခုနိယော ဧဝါစာရာ ဧဝံသဒ္ဒါ ဧဝံသိလောကာ ဘိက္ခုနိသံဃဿ ဝိဟေသိကာ အညမညိဿာ ဝဇ္ဇပ္ပဋိစ္ဆာဒိကာ,တာ သံဃော န ကိဉ္စိ အာဟ, တုမှညေဝ သံဃော ဥညာယ ပရိဘဝေန အက္ခန္တိယာ ဝေဘဿိယာ ဒုဗ္ဗလျာ ဧဝမာဟ – ‘ဘဂိနိယော ခေါ သံသဋ္ဌာ ဝိဟရန္တိ ပါပါစာရာ ပါပသဒ္ဒါ ပါပသိလောကာ ဘိက္ခုနိသံဃဿ ဝိဟေသိကာ အညမညိဿာ ဝဇ္ဇပ္ပဋိစ္ဆာဒိကာ, ဝိဝိစ္စထာယျေ, ဝိဝေကညေဝ ဘဂိနီနံ သံဃော ဝဏ္ဏေတီ”’တိ, ဧဝဉ္စ သာ ဘိက္ခုနီ ဘိက္ခုနီဟိ ဝုစ္စမာနာ တထေဝ ပဂ္ဂဏှေယျ, သာ ဘိက္ခုနီ ဘိက္ခုနီဟိ ယာဝတတိယံ သမနုဘာသိတဗ္ဗာ တဿ ပဋိနိဿဂ္ဂါယ, ယာဝတတိယဉ္စေ သမနုဘာသိယမာနာ တံ ပဋိနိဿဇ္ဇေယျ, ဣစ္စေတံ ကုသလံ,

စာမျက်နှာ-၃၅၁

နော စေ ပဋိနိဿဇ္ဇေယျ, အယမ္ပိ ဘိက္ခုနီ ယာဝတတိယကံ ဓမ္မံ အာပန္နာ နိဿာရဏီယံ သံဃာဒိသေသံ။

မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် ဤသို့ ပြောဆိုအံ့၊ (အဘယ်သို့ ပြောဆိုသနည်း၊) အရှင်မတို့...သင်တို့သည် လူဝတ်ကြောင်မိန်းမတို့နှင့် ရောနှော၍သာ နေကြပါ၊ အသီးအသီးခွဲခွါ၍ မနေကြပါနှင့်၊ သံဃာထဲမှာ ဒီလို အကျင့် ဒီလိုကျော်စောသံ ဒီလိုအသက်မွေးမှ ရှိကြကုန်သော ဘိက္ခုနီသံဃာကို ညှဉ်းဆဲတတ်ကြ-အချင်းချင်း၏ အပြစ်ကို ဖုံးထားတတ်ကြ ကုန်သော(သင်တို့အပြင်) အခြားဘိက္ခုနီတွေ ရှိကြပါသေးသည်၊ ထိုဘိက္ခုနီတွေကိုတော့ သံဃာက ဘာကိုမှ မပြောပါ၊ သင်တို့ကိုသာ သံဃာက အောက်တန်းစားတွေဟု အမှတ်ထားခြင်း, ငါတို့ ပြောကော ဘာတတ်နိုင်မှာလဲ” ဟု နိုင်ထက်စီးနင်း သိခြင်း, သင်တို့၏ အပြစ်ကိုမှ သည်းမခံနိုင်ခြင်း သူတို့စကားသာ အောင်နိုင်၏ဟု မှတ်ယူရလောက်အောင် သူတို့က အားရှိခြင်း, သင်တို့က (ဘက်သား) အင်အားနည်းပါးခြင်း တို့ကြောင့် “ဘဂိနိယော သံသဋ္ဌာ ဝိဟရန္တိ”စသည်ဖြင့် တားမြစ်ခြင်း ဖြစ်သည်-ဟု ပြောဆိုအံ့၊ ထိုဘိက္ခုနီကို အခြားဘိက္ခုနီတို့က ဤသို့ မပြောဖို့ရန် တားမြစ်ရမည်၊ ဤသို့ တားမြစ်ပါလျက် ထိုရှေးအတိုင်း (မလျော့ဘဲ) ထိုစကားကို ချီမြှောက်အံ့၊ ထိုဘိက္ခုနီကို ထိုအပြော စွန့်ဖို့ရာ ၃-ကြိမ်တိုင်တိုင် ဉတ်ကမ္မဝါစာဖြင့် ဆုံးမရာ၏၊ ၃-ကြိမ်တိုင်တိုင် ဆုံးမအပ်စဉ် ထိုအပြောကို စွန့်လွှတ်လျှင် ကောင်း၏၊ မစွန့်လွှတ်လျှင် ထိုဘိက္ခုနီ ယာဝတတိယက မည်သော သံဃာမှ နှင်ထုတ်ကြောင်းဖြစ်သော သံဃာဒိသေသ် အာပတ် သင့်၏။

အမှာ။ ။ ဘိက္ခုတို့အတွက် သံဃာဒိသေသ် သိက္ခာပုဒ် ၁၃-ပါးရှိ၏၊ ဘိက္ခုနီတို့ အတွက်ကား ၁၇-ပါးရှိသည်၊ ၁၇-ပါးဟူသည် ဘိက္ခုတို့မှ သဉ္စရိတ္တနှင့် ဒုဋ္ဌဒေါသသိက္ခာပုဒ် ၂-ပါး, ယာဝတတိယကသိက္ခာပုဒ် ၄-ပါး ပေါင်း ၇-ပါးကို ယူ၍ ဤ၌ တိုက်ရိုက်ပြထားသော သိက္ခာပုဒ် ၁၀ နှင့် ပေါင်းလျှင် ၁၇-ပါးဖြစ်၏၊ ထို၁၇-ပါးတွင် ပဌမာပတ္တိက(လွန်ကျူးလျှင် ကျူးခြင်း ပထမရောက်အပ်သော) သိက္ခာပုဒ် ၉-ပါး, ယာဝတတိယက သိက္ခာပုဒ် ၈-ပါးပါသည်။

သံဃာဒိသေသအခန်းပြီး၏။

စာမျက်နှာ-၃၅၂

၃။ နိဿဂ္ဂိယပါစိတ်အခန်း

က။ ပတ္တသန္နိစယသိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီအများ။

အမှု—သပိတ်အများကို သိုမှီးသိမ်းဆည်း ထားမှု။

ဘိက္ခုနီတို့၏ သပိတ်အပို သိမ်းထားမှု။ ။ သာဝတ္ထိမြို့၌ ဘိက္ခုနီတို့သည် များစွာသော သပိတ်တို့ကို အပိုသိမ်းထားကြကုန်၏၊ ဘိက္ခုနီတို့၏ ကျောင်းကို လှည့်လည်ကြည့်ရှုကြသော လူတို့သည် သပိတ်အများ သိမ်းထားသည်ကို တွေ့မြင်ကြ၍ “ဘိက္ခုနီတွေ သပိတ် ကုန်သည် လုပ်ကြမလို့တဲ့လား, ပန်းကန် ခွက်ရောက်ဆိုင် ခင်းကြမလို့တဲ့လား (သပိတ်တွေ သိမ်းထားလိုက်တာ)”ဟု ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ပတ္တသန္နိစယံ ကရေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။

မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် သပိတ်ကို အဓိဋ္ဌာန်-ဝိကပ္ပနာ မပြုဘဲ သိုမှီးသိမ်းဆည်းထားအံ့၊ ထိုဘိက္ခုနီသည် သပိတ်ကိုလည်း စွန့်လိုက်၏၊ ပါစိတ်အာပတ်လည်း သင့်၏။

အမှာ။ ။ စွန့်ပုံနှင့် အဓိဋ္ဌာန်တင်ပုံ ဝိကပ္ပနာပြုပုံကို ဘိက္ခုတို့၏ နိဿဂ္ဂိပါစိတ်ခဏ်း၌ ပြခဲ့ပြီ၊ ဘိက္ခုတို့မှာ အဓိဋ္ဌာန် ဝိကပ္ပနာ(တစ်ခုခု)မပြုဘဲ ဆယ်ရက်ထားခွင့် ရသေး၏၊ ဘိက္ခုနီတို့မှာကား တရက်မျှ ထားခွင့်မရ။

ခ။ စီဝရဘာဇနသိက္ခာပုဒ်

အမှုသည်—ထုလ္လနန္ဒာ။

အမှု—အကာလသင်္ကန်းကို ကာလသင်္ကန်းလုပ်၍ ဝေဖန်မှု။

ဒါယကာတို့ သင်္ကန်းလှူခြင်း။ ။ ဘိက္ခုနီတို့သည် ဝါတွင်းအခါ ရွာငယ်တစ်ခု၌ နေ၍ သင်္ကန်းလှူခြင်း ဝါကျွတ်သောအခါ ဘုရားရှင်ရှိရာ သာဝတ္ထိမြို့သို့ လာကြကုန်၏၊ [ဝါကျွတ်သောအခါ များစွာသော ဒါယကာတို့သည် မိမိတို့ကျောင်းတိုက်၌ နေသူအား ဝါဆိုသင်္ကန်း (ဝါဆို၍ ဝါကျွတ် သူတို့အား လှူအပ်သော သင်္ကန်း)ကို ကပ်လှူလေ့ ရှိကြကုန်၏၊ ထိုဘိက္ခုနီ

စာမျက်နှာ-၃၅၃

တို့မှာ ထိုဝါဆိုသင်္ကန်းလည်း ရခဲ့ကြဟန်မတူ၊ ထို့ကြောင့် ဟောင်းနွမ်း ကြမ်းတမ်းသော သင်္ကန်းရှိ၍ သွားပုံ လာပို့ နေထိုင်ပုံအားဖြင့် ကြည်ညို ဖွယ်ရာကောင်းသော ထိုဘိက္ခုနီများကို မြင်၍ “အရှင်မတို့မှာ သူခိုး ဓားပြတို့ အလုခံခဲ့ရဟန်တူတယ်”ဟု ထိုဘိက္ခုနီများရပါစေ”ဟူသော စိတ်ထားဖြင့် ဥပါသကာတို့သည် ဘိက္ခုနီသံဃာအား အကာလသင်္ကန်းကို လှူဒါန်းကြလေသည်။

အမှာ။ ။ ကထိန် ခေတ်ကာလ အတွင်း၌ လှူအပ်သော သင်္ကန်းကို “ကာလ သင်္ကန်း” ဟု ခေါ်၏။ ထိုကာလ သင်္ကန်းမျိုးကို သို့တိုက်၌ ဝါကျွတ် သောသံဃာသာ ရခွင့်ရှိ၏။ ကထိန်ခေတ်ကာလ မဟုတ်သော အချိန်၌ လှူအပ်သောသင်္ကန်း ကထိန်ခေတ်ပင် ဖြစ်သော်လည်း အကာလသင်္ကန်း အနေဖြင့် လှူအပ်သော သံဃိက သင်္ကန်းသည် အကာလ သင်္ကန်းမည်၏၊ ထိုအကာလသင်္ကန်းကိုကား အခြားကျောင်းတိုက်၌ ဝါကျွတ် ခဲ့သော သံဃာများလည်း ရခွင့်ရှိသည်။

ထုလ္လနန္ဒာ၏ မတရားမှု။ ။ ထုလ္လနန္ဒာသည် ထိုဥပါသကာတို့လှူအပ်သော အကာလသင်္ကန်းကို ကာလသင်္ကန်းဟု အဓိဋ္ဌာန်၍ ကာလသင်္ကန်းဟု ပြော၍)ထိုသာဝတ္ထိမြို့၌ ဝါကျွတ်သော သံဃာများအား သာဝေပေးနေပြီ၊ ဥပါသကာတို့သည် ရွာငယ်၌ ဝါကျွတ်ခဲ့သော ထိုဘိက္ခုနီတို့ကို သင်္ကန်းဟောင်းမြဲ ဟောင်းနေသည်ကိုမြင်၍ “အရှင်မတို့မှာ သင်္ကန်းဝေစု မရကြဘူးလား”ဟု မေးကြလေသော်, ထုလ္လနန္ဒာ၏ သင်္ကန်းဝေပုံကို ပြောပြကြသဖြင့် ဥပါသကာတို့က ထုလ္လနန္ဒာကို ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အကာလစီဝရံ “ကာလစီဝရ”န္တိ အဓိဋ္ဌဟိတွာ ဘာဇာပေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။

မြန်မာပြန်။ ။ အကြင် ဘိက္ခုနီသည် အကာလသင်္ကန်းကို ကာလ သင်္ကန်းဟု အဓိဋ္ဌာန်၍ (ပြောဆို၍) ဝေစေဖို့ (ခွဲဝေပေးဖို့ရန် စာယောက်ယောက်ကို စေခိုင်းအံ့၊ သို့မဟုတ် ကိုယ်တိုင်ဝေပေးအံ့၊) ထိုဘိက္ခုနီမှာ နိဿဂ္ဂိယ ပါစိတ်အာပတ်သင့်၏၊ “ရသောသင်္ကန်းကိုလည်း စွန့်ရမည်၊ ပါစိတ်အာပတ်လည်းသင့်သည်”ဟူလို။

မှတ်ချက်။ ကထိန်ခေတ်သင်္ကန်းကာလပင် ဖြစ်သော်လည်းသံဃာကို မရည်စူးဘဲ ဆရာတော်ကြီး, ကျောင်းထိုင်ဘုန်းကြီး စသော ပုဂ္ဂိုလ်ကို ရည်စူး၍ လှူလျှင် ထိုသင်္ကန်းသည် “ကာလသင်္ကန်း”ဟု အမည်မရ၊ ထိုသို့ပုဂ္ဂိုလ်

စာမျက်နှာ-၃၅၄

ရည်စူးထားလျှင် သံဃိကသင်္ကန်း မဟုတ်သောကြောင့် ကထိန်သင်္ကန်း အရာ မမြောက်၊ ထိုသင်္ကန်းဖြင့် ကထိန်ခင်းသော်လည်း ကထိန်မမြောက်၊ ကထိန် မမြောက်လျှင် ကထိန်၏ အကျိုးများမရ၊ ထို့ကြောင့် ကထိန် သင်္ကန်းကို လှူခါနီး၌ ပုဂ္ဂိုလ်တစ်ပါးကို မရည်စူးမိအောင် သံဃာကို ရည်စူးနိုင်အောင် ဟောပြောသင့်ကြပေသည်။

ဂ။ စီဝရအစ္ဆိန္ဒနသိက္ခာပုဒ်

အမှုသည်—ထုလ္လနန္ဒာ။

အမှု—သင်္ကန်းချင်းလဲပြီးနောက် ပြန်၍ လုယူမှု။

ထုလ္လနန္ဒာ၏ သင်္ကန်းလုယူခြင်း။ ။ ထုလ္လနန္ဒာသည် ဘိက္ခုနီ တစ်ယောက်နှင့် သင်္ကန်းချင်း သင်္ကန်းလုယူခြင်း လဲလှယ်၍ ထိုသင်္ကန်းကို သုံးစွဲနေ၏၊ ထိုသင်္ကန်းလဲသော ဘိက္ခုနီကား ထုလ္လနန္ဒာထံမှ ရသောသင်္ကန်းကို မသုံးသေးဘဲ ခေါက်ထား၏၊ ထုလ္လနန္ဒာသည်(လဲယူထားသောသင်္ကန်း အတော် နွမ်းနေမှ) ထိုဘိက္ခုနီထံသွား၍ “တပည့်တော်နှင့် လဲထားသော သင်္ကန်း ဘယ်မှာလဲ”ဟု မေး၏၊ ထိုဘိက္ခုနီသည် သိမ်းထားသောသင်္ကန်းကို ထုတ်ပြသောအခါ ထုလ္လနန္ဒာသည် “ရော့, ဒါဟာ အရှင်မရဲ့သင်္ကန်း၊ တပည့်တော်ရဲ့ သင်္ကန်းကို ပြန်ပေးတော့၊ အရှင်မ-ဥစ္စာ အရှင်မရဲ့ဥစ္စာဘဲ၊ တပည့်တော်ရဲ့ ဥစ္စာလဲ တပည့်တော် ဥစ္စာဘဲ”ဟု ပြောပြောဆိုဆို လုယူလေတော့သည်၊ [တကယ့်ကိုယ် ကိုယ့်ဥစ္စာအမှတ်နှင့် လုယူသောကြောင့် အဒိန္နာဒါနကား မထိုက်။ ထိုသို့လဲပြီးသော သင်္ကန်းကို ပြန်၍ လုယူကြောင်း ကြားသဖြင့် ကဲ့ရဲ့ ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဘိက္ခုနိယာ သဒ္ဓိံ စီဝရံ ပရိဝတ္တေတွာ သာ ပစ္ဆာ ဧဝံ ဝဒေယျ “ဟန္ဒာယျေ, တုယှံ စီဝရံ, အာဟရ မေတံ စီဝရံ, ယံ တုယှံ တုယှမေဝေတံ, ယံ မယှံ မယှမေဝေတံ, အာဟရ မေတံ စီဝရံ, သကံ ပစ္စာဟရာ”တိ အစ္ဆိန္ဒေယျ ဝါ အစ္ဆိန္ဒာပေယျ ဝါ, နိဿဂ္ဂိယံ ပါစိတ္တိယံ။

မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် အခြားဘိက္ခုနီနှင့်အတူ သင်္ကန်းချင်း လဲလှယ်ပြီး၍ ထိုဘိက္ခုနီသည် နောက်အခါ ဤသို့ပြောအံ့၊ (အဘယ်သို့ ပြောသနည်း၊) အရှင်, အရှင်မရဲ့ သင်္ကန်းကို ပြန်ယူတော့၊

စာမျက်နှာ-၃၅၅

တပည့်တော်ရဲ့လင်္ကန်းကို ယူခဲ့ပါ(ပြန်ယူတော့မည်-ဟူလို)အကြင် သင်္ကန်းသည် နဂိုကအရှင်မ၏ ဥစ္စာဖြစ်၏၊ ထိုသင်္ကန်းသည် ယခုလဲ အရှင်မ၏ ဥစ္စာပင်ဖြစ်၏၊ အကြင်သင်္ကန်းသည် နဂိုကတပည့်တော်၏ ဥစ္စာဖြစ်၏၊ ထိုသင်္ကန်းသည် ယခုလဲ တပည့်တော်ရဲ့ ဥစ္စာဘဲ၊ အဲဒီ တပည့်တော်၏ ဥစ္စာကို ဆောင်ယူခဲ့ပါ၊ ကိုယ့်ဥစ္စာကို ပြန်၍ယူပါ။ ဤသို့ပြောအံ့၊ ဤသို့ပြောပြီးလျှင် ပြောပြောဆိုဆို ကိုယ်တိုင်ဖြစ်စေ, ခိုင်း၍ဖြစ်စေ လုယူအံ့၊ ထိုဘိက္ခုနီမှာ နိဿဂ္ဂိပါစိတ် အာပတ်သင့်၏။

ဃ။ အညံဝိညာပနသိက္ခာပုဒ်

အမှုသည်—ထုလ္လနန္ဒာ။

အမှု—ထောပတ်ကိုတောင်းပြီးနောက် ရသောအခါ မလိုချင်ဟု ပြော၍ ဆီတောင်းမှု။

အခြားတစ်မျိုးပြော၍ အခြားတစ်မျိုး တောင်းမှု။ ။ ထုလ္လနန္ဒာသည် မကျန်းမမာဖြစ်နေ၏၊ သူ့ကို ကြည်ညိုသော ဥပါသကာတစ်ယောက်သည် ဂိလာနအမေးလာ၍ “ရောဂါက ဘာရောဂါပါလဲ, ဘာကို ယူခဲ့စေလိုပါ သလဲ”ဟုလျှောက်၏၊ ထုလ္လနန္ဒာသည် “ထောပတ်အလို ရှိတယ်”ဟု ပြောလိုက်၏။ ဥပါသကာသည် ဈေးဆိုင်မှ ထောပတ်တစ်ကျပ်ဖိုး ဝယ်ခဲ့၍ ထုလ္လနန္ဒာအား လှူလေသော်... (ဒီလိုပြောရလျှင် ပါလာသော ထောပတ်ကို လှူပြီး ဆီကိုလဲ နောက်ထပ် လှူလိမ့်မည်” ဟု ယူဆ၍) “ဥပါသကာ... ထောပတ် အလိုမရှိတော့ဘူး၊ ဆီကိုအလိုရှိသည်” ဟု ပြောလေသည်။

ဥပါသကာ ကဲ့ရဲ့ခြင်း။ ။ ဥပါသကာသည် (ထိုထောပတ်ကို ထုလ္လနန္ဒာမျှော်လင့် ခြင်းသလို မလှူခဲ့ဘဲ) ဈေးသည်ထံ သွား၍ အရှင်မက ထောပတ်မလိုတော့ဘူးတဲ့, ဆီကို အလိုရှိသတဲ့၊ ဒါ့ကြောင့် အသင်၏ ထောပတ်ကို ပြန်ယူပြီး ဆီကိုပေးပါ”ဟု ပြောလေသည်၊ ထိုအခါ ဈေးသည်က “ရောင်းပြီးသော ဘဏ္ဍာကို ပြန်ပြီး လက်ခံရမယ်ဆိုလျှင် ကျွန်တော့ ကုန်ပစ္စည်းတွေ ဘယ်တော့ ကုန်တော့မှာလဲ၊ ဆီလိုချင်လျှင် ဆီအဖို့ ယူခဲ့ပေါ့”ဟု ပြောလေသည်၊ ထိုစကားလည်း အမှန်ပင် ဖြစ်နေရကား ဥပါသကာလည်း ရှေ့မပြောသာတော့ဘဲ ထုလ္လနန္ဒာကိုသာ “ခုတစ်မျိုး ခုတစ်မျိုး တောင်းရကောင်းလားဟု ကဲ့ရဲ့လေတော့သည်၊ ထိုကြောင့် ဤ သိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

စာမျက်နှာ-၃၅၆

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အညံ ဝိညာပေတွာ အညံ ဝိညာပေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။

မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် အခြားတစ်မျိုးကို ပထမတောင်းပြီးနောက်၊ ပြောင်းလဲ၍ အခြားတစ်မျိုးကို တောင်းပြန်အံ့၊ ထိုဘိက္ခုနီသည် နိဿဂ္ဂိပါစိတ်အာပတ်သင့်၏။

မှတ်ချက်။ ။ မကျန်းမမာသောအခါ သင့်တော်သော အစာနှင့်ဆေးကို တောင်းကောင်း၏၊ ထို့ကြောင့် ထောပတ်အပြင် ဆီကိုအလိုရှိ၍ ဆီကို ထပ်တောင်းလျှင်လည်းကောင်း, ဆေးဘက်အတူတူဝင်၍ ဆီက ဈေးချိုခြင်း စသော အကျိုးကိုပြောပြ၍ ထောပတ်တောင်းပြီးမှ ဆီကိုပြင်၍ တောင်းလျှင်လည်းကောင်း, အာပတ်မသင့်။

င။ အညံစေတာပနသိက္ခာပုဒ်

အမှုသည်—ထုလ္လနန္ဒာ။

အမှု—အခုတစ်မျိုး အလဲခိုင်းပြီး, နောက်တစ်မျိုးအလံခိုင်းပြန်မှု။

ထုလ္လန္ဒာ စိတ်ယုတ်မာပုံ။ ။ ထုလ္လနန္ဒာသည် မကျန်းမမာ ဖြစ်နေ၏၊ ဥပါသကာတစ်ယောက်သည် ထုလ္လနန္ဒာထံလာ၍ မကျန်းမာကြောင်း သိသဖြင့် “ဈေးသည် (နာမည်ကို ဖေါ်ပြော၍)မည်သူ့ထံ ငွေတစ်ကျပ်အပ်ထားခဲ့ပါမည်၊ ထိုဈေးသည်ထံမှ အလိုရှိရာ အယူခိုင်းပါ” ဟု လျှောက်ထား၍ ပြန်သွားလေ၏၊ ထုလ္လနန္ဒာသည် သိက္ခမာန်(ဘိက္ခုနီလောင်း) တစ်ယောက်ကို ထိုဈေးသည်ထံမှ ဆီတစ်ကျပ်ဖိုးတန် (မိမိတွက် ပြော၍) တောင်းခံခဲ့ဖို့ရန် စေလွှတ်လိုက်လေသည်။ [သိက္ခမာန်အကြောင်းကို နောက်၌သိရလတံ့။]

ထိုသိက္ခမာန်သည် ဈေးသည်ထံမှ ဆီကိုတောင်း၍ ပြန်လာသောအခါ “ဆီကို မလိုချင်တော့ဘူး ထောပတ် အလိုရှိတယ်”ဟု ပြောလေသည်၊ [သိက္ခမာန်မသည် ပစ္စည်း, ဥစ္စာ ကြွယ်ဝသော အမျိုးသ္မီးဖြစ်၍ “ဆီကို ထုလ္လနန္ဒာအား ပေးခဲ့၍ ထောပတ်ကို သူ့ အမျိုးအိမ်က တောင်းခဲ့လိမ့်မည် အထင်နှင့် ထိုသို့ ဆီမလိုချင်ကြောင်း ထောပတ်ကို အလိုရှိကြောင်း ပြောခြင်းဖြစ်သည်။]

စာမျက်နှာ-၃၅၇

သိက္ခမာန် ငိုရပုံ။ ။ ထိုသိက္ခမာန်သည် ဈေးသည်ထံ ပြန်သွား၍ “အရှင်မက ဆီကို မလိုချင်ဘူးတဲ့၊ ထောပတ်ကို အလိုရှိသတဲ့၊ ဒါ့ကြောင့်, ဆီကို ပြန်ယူ၍ ထောပတ်ကို ပေးပါ”ဟု တောင်းလေရာ, ဈေးသည်က ရောင်းပြီးဘဏ္ဍာကို ပြန်၍ လက်ခံလျှင် ဘယ်တော့ ရောင်းလို့ကုန်တော့မှာလဲ၊ ထောပတ်လိုချင်လျှင် ထောပတ်ဖိုး ပေးပေါ့”ဟု ပြောလိုက်သောအခါ (ဆွေမျိုးအိမ်သို့လည်း သွား၍ မတောင်းဝံ့ရှာသော) သိက္ခမာန်မသည် ငိုရှာလေတော့၏၊ အခြားဘိက္ခုနီ တို့ကမေး၍ အကြောင်းကို ပြောပြသောအခါ ထုလ္လနန္ဒာကို ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အညံ စေတာပေတွာ အညံ စေတာပေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။

မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် ဆီစသော အခြားဝတ္ထုကို လဲလှယ် စေပြီး၍ (ရလာသောအခါ) ထောပတ်စသော အခြားတစ်မျိုးကို ပြန်၍လဲစေအံ့၊ ထိုဘိက္ခုနီသည် နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ ဤသိက္ခာပုဒ်၌ ရှေ့သိက္ခာပုဒ်၌ကဲ့သို့ စိတ်ကောင်းဖြင့် ပြန်၍ အလဲ ခိုင်းလျှင် အာပတ်မသင့်။

စ။ သံဃိကေန အညံ စေတာပန သိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီအများ။

အမှု—သင်္ကန်းကို ရည်ညွှန်း၍ လှူအပ်သော သံဃိကဥစ္စာဖြင့် ဆေးကိုလဲလှယ်စေ။

ဥပါသကာများ။ ။ သာဝတ္ထိမြို့၌ ဥပါသကာတို့သည် ဘိက္ခုနီသံဃာအား သင်္ကန်းလှူဖို့ရာ (တတ်နိုင်သမျှ လူကြဖို့ ပြောဆို၍) စုဆောင်းပြီးလျှင် ထိုရသမျှပစ္စည်းကို အထည်သည်တစ်ဦး၏အိမ်၌ ဘိက္ခုနီ သံဃာကတောင်းလျှင် လှူဖို့ရန်အပ်နှံ၍ ဘိက္ခုနီသံဃာအားလည်း အလိုရှိသောအခါ သင်္ကန်းကို အလှူခံဖို့ရန် လျှောက်ထားကြလေသည်။

ဘိက္ခုနီတို့သည် သင်္ကန်းလှူဖို့ ရည်မှန်းအပ်သော ထိုပရိက္ခရာဖြင့် ဆေးကို အလဲခိုင်း၍ သုံးစွဲလိုက်ကြလေရာ, အလှူရှင် ဥပါသကာတို့ ကြားသဖြင့် “သင်္ကန်းဖို့ ရည်မှန်းထားသော ပရိက္ခရာဖြင့် ဆေးကို လဲစေ၍

စာမျက်နှာ-၃၅၈

သုံးစွဲကြတာ ကောင်းသလား” ဟု ပြောဆို ပြစ်တင်ကြသောကြောင့် ဤသိက္ခာဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အညဒတ္ထိကေန ပရိက္ခာရေန အညုဒ္ဒိသိကေန သံဃိကေန အညံ စေတာပေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။

မြန်မာပြန်။ ။ အကြင် ဘိက္ခုနီသည် အခြားပစ္စည်းအတွက် လှူအပ် အခြားပစ္စည်းကို ရည်ညွှန်း၍လှူအပ်သော သံဃိကပရိက္ခရာဖြင့် အလှူရှင် ရည်ညွှန်းအပ်သော ပစ္စည်းမှ အခြားပစ္စည်း တစ်မျိုးကို လဲစေအံ့ (လဲပေးဖို့ရန် ခိုင်းအံ့)၊ ထိုဘိက္ခုနီအား နိဿဂ္ဂိပါစိတ် အာပတ်သင့်၏။

မှတ်ချက်။ ။ အလှူရှင်တို့ ရည်ရွယ်တိုင်း လဲစေ၍ အပိုကို အခြားပစ္စည်းနှင့်လဲ၍ သုံးစွဲလျှင် လည်းကောင်း, အလှူရှင်များကို ကျေနပ်အောင် ပြောပြီးမှဖြစ်စေ, စစ်ဘေး သူခိုး ဓားပြ သူပုန်ဘေး ကြုံရာကာလ၌ဖြစ်စေ အခြားပစ္စည်းကို လဲစေလျှင်လည်းကောင်း, အနာပတ္တိ။

ဆ။ သံဃိက သံဃာစိကေန အညံ စေတာပန သိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီအများ။

အမှု—သင်္ကန်းကို ရည်ညွှန်း၍ လှူအပ်သော သံဃိကဥစ္စာ, ကိုယ်တိုင်တောင်း၍ ရသော ဥစ္စာ ၂-မျိုးဖြင့် ဆေးကို လဲစေမှု။

ဥပါသကာများ။ ။ ရှေ့သိက္ခာပုဒ်အတိုင်းပင် ဥပါသကာအများ စုပေါင်း၍ အထည်သည် အိမ်မှာ (ဆန် ဆီ စသော ရသမျှ ပစ္စည်းကို) အပ်နှံပြီးလျှင် ဘိက္ခုနီသံဃာအားလည်း ထိုပစ္စည်းဖြင့် သင်္ကန်းကို လဲစေ၍ သုံးစွဲဖို့ရန် ဖိတ်မန် လျှောက်ထားကြလေသည်၊ ဘိက္ခုနီတို့ကား သူတို့ရည်ရွယ်သည့်အတိုင်း မဟုတ်ဘဲ ထိုပစ္စည်းနှင့် မိမိတို့ အခြားမှ ရသော ပစ္စည်းပါပေါင်း၍ ထိုပစ္စည်း ၂-မျိုးဖြင့် ဆေးကိုလဲစေ၍ သုံးစွဲကြလေသည်၊ ထိုအကြောင်းကိုကြား၍ အလှူရှင် ဥပါသကာတို့ ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အညဒတ္ထိကေန ပရိက္ခာရေန အညုဒ္ဒိသိကေန သံဃိကေန သညာစိကေန အညံ စေတာပေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။

စာမျက်နှာ-၃၅၉

မြန်မာပြန်။ ။ အကြင် ဘိက္ခုနီသည် အခြားပစ္စည်းအတွက် လှူအပ်-အခြားပစ္စည်းကို ရည်ညွှန်း၍ လှူအပ်သော သံဃိကပရိက္ခရာ, မိမိ ကိုယ်တိုင်တောင်း၍ ရသော ပရိက္ခရာ, ဤပရိက္ခရာ ၂-မျိုးဖြင့် အလှူ့ရှင် ရည်ညွှန်းအပ်သော ပရိက္ခရာမှ အခြားတစ်မျိုးသော ပရိက္ခရာကို လဲစေအံ့၊ ထိုဘိက္ခုနီမှာ နိဿဂ္ဂိပါစိတ် အာပတ်သင့်၏။

ဇ။ မဟာဇနိကေန အညံ စေတာပန သိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီအများ။

အမှု—ယာဂုကို ရည်ညွှန်း၍ လှူအပ်သော ဘိက္ခုနီအများဆိုင် ပရိက္ခရာဖြင့် ဆေးကို လဲစေမှု။

ကျောင်းဒါယကာ အသင်း။ ။ အသင်းတစ်ခုက ဆောက်လုပ်လှူဒါန်းအပ်သော ကျောင်းပရိဝုဏ်အတွင်း၌ နေထိုင်ကြသော ဘိက္ခုနီတို့မှာ ယာဂု လုံလောက်စွာ မသောက်ရသဖြင့် ပင်ပန်းကြသည်ကို ထိုကျောင်းဒါယကာအသင်းက သိ၍ အသင်းသားများထံမှ တတ်နိုင်သမျှ ပစ္စည်းကို အလှူခံပြီးလျှင် ဈေးသည်တစ်ဦးထံ အပ်နှံထားကြပြီးနောက် ထိုကျောင်းနေ ဘိက္ခုနီတို့အားလည်း ထိုဈေးသည်ထံမှ ဆန်ကို အလှူခံဖို့ရန် လျှောက်ထားကြလေသည်။

ဘိက္ခုနီတို့သည် ထိုဈေးသည်အထံမှ ဒါယကာတို့ ရည်ညွှန်းအပ်သော ဆန်ကို အလှူမခံဘဲ ထိုအပ်နှံထားသော ပရိက္ခရာဖြင့် ဆေးကို လဲစေကြလေရာ, ထိုအကြောင်းကို ကြားသော အသင်းသားတို့က ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အညဒတ္ထိကေန ပရိက္ခာရေန အညုဒ္ဒိသိကေန မဟာဇနိကေန အညံ စေတာပေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။

မြန်မာပြန်။ ။ အကြင် ဘိက္ခုနီသည် အခြားပစ္စည်းအတွက် လှူအပ် အခြားပစ္စည်းကို ရည်ညွှန်း၍ လှူအပ်သော ဘိက္ခုနီ အများဆိုင် ဖြစ်သော ပရိက္ခရာဖြင့် အခြားပစ္စည်းတမျိုးကို လှူစေအံ့၊ ထိုဘိက္ခုနီမှာ နိဿဂ္ဂိပါစိတ်အာပတ်သင့်၏။

စာမျက်နှာ-၃၆၀

ဈ။ မဟာဇနိကသံယာစိကေန အညံစေတာပနသိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီအများ။

အမှု—ယာဂုကိုရည်ညွှန်း၍ လှူအပ်သော အများဆိုင်ပရိက္ခရာ ကိုယ်တိုင်တောင်း၍ရသော ပရိက္ခရာ ၂-မျိုးဖြင့်ဆေးကိုလဲ စေမှု။

ဥပါသကာများ။ ။ ရှေ့သိက္ခာပုဒ်အတိုင်းပင် ကျောင်းဒါယကာ အသင်းဝင် ဥပါသကာအများစုပေါင်း၍ ဈေးသည် တစ်ဦးအိမ်မှာ ဆန်ဆီစသော ပရိက္ခရာကို အပ်နှံပြီးလျှင် မိမိတို့ကျောင်း၌နေသော ဘိက္ခုနီ တို့အားလည်း ထိုဈေးသည်ထံမှ (ယာဂုအတွက်) ဆန်ကို အလှူခံဖို့ရန် လျောက်ထားကြလေသည်၊ ဘိက္ခုနီတို့ကား ထိုကျောင်းဒါယကာတို့ ညွှန်ပြအပ်သော ဆန်ကို မလဲစေဘဲ ထိုအပ်နှံထားသော ပရိက္ခရာ, မိမိတို့အခြား နေရာမှတောင်း၍ရသော ပရိက္ခရာမျိုးဖြင့် ဆေးကိုလဲစေကြလေသည်၊ ထိုအကြောင်းကိုကြား၍ အသင်းသား ကျောင်းဒါယကာတို့ ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အညဒတ္ထိကေန ပရိက္ခာရေန အညုဒ္ဒိသိကေန မဟာဇနိကေန သညာစိကေန အညံ စေတာပေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။

မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် အခြားပစ္စည်းအတွက် လှူအပ် အခြားပစ္စည်းကို ရည်ညွှန်း၍ လှူအပ်သော အများဆိုင် ပရိက္ခရာ, မိမိကိုယ်တိုင် တောင်း၍ ရအပ်သော ပရိက္ခရာ, ဤပရိက္ခရာ ၂-မျိုးဖြင့် အလှူရှင် ရည်ညွှန်းအပ်သော ပရိက္ခရာမှ အခြားပရိက္ခရာတစ်မျိုးကို လဲစေအံ့၊ ထိုဘိက္ခုနီမှာ နိဿဂ္ဂိပါစိတ် အာပတ်သင့်၏။

ည။ ပုဂ္ဂလိက သံယာစိကေန အညံ စေတာပန သိက္ခာပုဒ်

အမှုသည်—ထုလ္လနန္ဒာ။

အမှု—ကျောင်းကိုရည်ညွှန်း၍ လှူအပ်သော ပုဂ္ဂလိကပစ္စည်း, ကိုယ်တိုင်တောင်း၍ ရအပ်သော ပစ္စည်း ၂-မျိုးဖြင့် ဆေးကို လဲစေမှု။

ထုလ္လနန္ဒာနှင့် မဟာရာဇာ။ ။ ထုလ္လနန္ဒာသည် များသော အကြားအမြင်ရှိ၏၊ တရားတော်များကို အရဆောင်ထား၏၊ ရဲရင့်၏၊ တရားဟော ကောင်း၏၊ များစွာသော လူတို့သည် ထုလ္လနန္ဒာကို

စာမျက်နှာ-၃၆၁

ဆည်းကပ်ကြလေ၏၊ ထိုအခါ၌ ထုလ္လနန္ဒာ၏ ကျောင်းသည် ပြိုကျနေ၏၊ လူတို့က “ဘာ့ကြောင့် ကျောင်းပြိုပါသနည်း”ဟု မေးလျှောက်သောအခါ ပြုပြင်မည့် ဒါယကာမရှိကြောင်းကို ပြောပြသဖြင့် ကျောင်းပြင်ဖို့ရာ သဘောတူသူ လူအများစုပေါင်း၍ ဆန်စသော ပရိက္ခရာကို ထုလ္လနန္ဒာအား လှူကြလေသည်၊ ထုလ္လနန္ဒာသည် ထိုလှူအပ်သောပရိက္ခရာ, မိမိကိုယ်တိုင်လည်း တောင်း၍ရသော ပရိက္ခရာ, ၂-မျိုးဖြင့် ကျောင်းမပြင်ဘဲ ဆေးကို လဲစေလေရာ, ထိုအကြောင်းကို ကြားသောလူတို့ ကဲ့ရဲ့သောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အညဒတ္ထိကေန ပရိက္ခာရေန အညုဒ္ဒိသိကေန ပုဂ္ဂလိကေန သညာစိကေန အညံ စေတာပေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။

မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် အခြားပစ္စည်းအတွက် လှူအပ်-အခြားပစ္စည်းကို ရည်ညွှန်း၍လှူအပ်သော မိမိပိုင်ပုဂ္ဂလိက ပရိက္ခရာ, ကိုယ်တိုင်တောင်း၍ ရအပ်သော ပရိက္ခရာ, ၂-မျိုးဖြင့် အလှူရှင် ရည်ညွှန်းအပ်သော ပရိက္ခရာမှ အခြားတစ်မျိုးကို လဲစေအံ့၊ ထိုဘိက္ခုနီမှာ နိဿဂ္ဂိ ပါစိတ်အာပတ်သင့်၏။

ဋ။ ဂရုပါဝုရဏ စေတာပန သိက္ခာပုဒ်

အမှုသည်—ထုလ္လနန္ဒာ။

အမှု—ကောသလမင်း၏ ကမ္ဗလာကို တောင်းမှု။

ထုလ္လနန္ဒာ။ ။ ထုလ္လနန္ဒာသည် (ရှေ့သိက္ခာပုဒ်၌ ပြခဲ့သည့် အတိုင်း) အပြောကောင်း, အဟောကောင်းဖြစ်ရကား ကောသလမဟာရာဇာသည် ဧချမ်းသောအခါဖြစ်၍ အဖိုးတန် ကမ္ဗလာကို ခြုံလျက် ထုလ္လနန္ဒာအထံသို့ ရောက်လာ၏၊ ထုလ္လနန္ဒာသည် ကောသလမဟာရာဇာအား တရားစကားပြောဟော၍ သဘောကျသောကြောင့် “အရှင်မ အလိုရှိတာ ပြောပါ”ဟု ဖိတ်မံလေသည်၊ ထုလ္လနန္ဒာလည်း(အချိန်မဆိုင်းဘဲ) “လှူလိုလျှင် ဒီကမ္ဗလာကို လှူခဲ့ပါလား”ဟု ပြောလေသော် မဟာရာဇာလည်း မရှောင်သာဘဲ ကမ္ဗလာကို လှူခဲ့ရလေသည်။

စာမျက်နှာ-၃၆၂

လူတို့ကဲ့ရဲ့ပုံ။ ။ ထိုအကြောင်းကို ကြားသိရသော လူတို့သည် “ဘိက္ခုနီတွေဟာ အလွန်အလို(လောဘ)ကြီးကြသည်, တင်းတိမ်ရောင့်ရဲခြင်း မရှိကြ၊ ဘယ့်နှယ်, မဟာရာဇာကိုတောင် ကမ္ဗလာ အလှူခံကြရ သလဲ”ဟု ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။

သိက္ခာပုဒ်။ ။ ဂရုပါဝုရဏံ ပန ဘိက္ခုနီယာ စေတာပေန္တိယာ စတုက္ကံသပရမံ စေတာပေတဗ္ဗံ။ တတော စေ ဥတ္တရိ စေတာပေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။

မြန်မာပြန်။ ။ လေးသောခြုံထည် တောင်းသောဘိက္ခုနီသည် အလွန်ဆုံး ၄-ကံသသာ တန်သော ခြုံထည်ကို တောင်းရမည်၊ ထို့ထက်ပို၍ တန်ဘိုးရှိသော ခြုံထည်ကိုတောင်းလျှင် နိဿဂ္ဂိ ပါစိတ် အာပတ် သင့်၏။

မှတ်ချက်။ ။ လေးသာ ခြုံထည်ဟူသည် ဧသောအခါ ခြုံဖို့ရာ ခြုံထည်တည်း၊ တကံသသည် ၄-ကျပ်ရှိ၏။ ထို့ကြောင့် ၁၆-ကျပ်တန် ခြုံထည်ကို “စတုက္ကံသ = ၄-ကံသ တန်”ဟု ဆိုသည်။

ဌ။ လဟုပါဝုရဏ စေတာပန သိက္ခာပုဒ်

ထုလ္လနန္ဒာနှင့် မဟာရာဇာ။ ။ ကောသလမဟာရာဇာသည် ပူအိုက်သောအခါဝယ် အဖိုးများစွာ ထိုက်တန်သော ခေါမတိုင်းဖြစ် ခြုံထည်ကို ခြုံ၍ ထုလ္လနန္ဒာအထံ ရောက်လာပြန်ရာ ထုလ္လနန္ဒာ ဟော ပြောအပ်သောတရားစကားကို ... သဘောကျ၍ “အလိုရှိတာ ပြောပါ”ဟု ဖိတ်ပြန်လေသည်၊ ထုလ္လနန္ဒာသည် ချက်ခြင်းပင် “လှူလိုလျှင် ဒီခြုံထည်ကို လှူခဲ့ပါလား”ဟု တောင်းလေသည်၊ မဟာရာဇာလည်း မရှောင်သာ၍ လူရ လေသော် (ရှေ့သိက္ခာပုဒ် အတိုင်း) လူတို့က ကဲ့ရဲ့ပြန်သောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ လဟုပါဝုရဏံ ပန ဘိက္ခုနီယာ စေတာပေန္တိယာ အဍ္ဎတေယျကံသပရမံ စေတာပေတဗ္ဗံ။ တတော စေ ဥတ္တရိ စေတာပေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။

စာမျက်နှာ-၃၆၃

မြန်မာပြန်။ ။ ပေါ့သော ခြုံထည်ကို တောင်းလိုသော ဘိက္ခုနီသည် အလွန်ဆုံး ၂-ကံသခွဲသာ တန်ဘိုးရှိသောခြုံထည်ကို တောင်းရမည်၊ ထို့ထက်ပို၍ တန်ဘိုးရှိသော ခြုံထည်ကိုတောင်းလျှင် နိဿဂ္ဂိပါစိတ် အာပတ်သင့်၏။

မှတ်ချက်။ ။ ပူအိုက်သောအခါ ခြုံရသောခြုံထည်ကို “ပေါ့သောခြုံထည်”ဟု ဆို၏။ “ခြုံထည်” ဟူသည်လည်း ဣန္ဒြိယလူမျိုးတို့ အပေါ်ပိုင်း၌ ခြုံလေ့ ရှိသော အပေါ် ခြုံမျိုးပင် ဖြစ်ဟန်တူသည် ၂-ကံသခွဲ” ဟူသည် ၁၀တည်း။

နိဿဂ္ဂိပါစိတ်။ ။ [နိဿဂ္ဂိ= စွန့်ခြင်း။] ဝိနည်းထုံးစံအရ သံဃာ့ထံမှာ ဖြစ်စေ, ၂-ပါး ၃-ပါး (ဂိုဏ်း) ထံမှာ ဖြစ်စေ, ၁-ပါး (ပုဂ္ဂိုလ်) ထံမှာ ဖြစ်စေ ရရှိသောပစ္စည်းကို စွန့်ရသည်၊ ထိုသို့စွန့်ပြီးမှ ပါစိတ် အာပတ်ကို ဒေသနာပြောရ၏၊ ဒေသနာ ပြောကြားရုံဖြင့် မပြီးဘဲ ပစ္စည်းကိုလည်း စွန့်ရသေးသောကြောင့် “နိဿဂ္ဂိပါစိတ်အာပတ်” ဟု ခေါ်သည်။

သိက္ခာပုဒ် ၃၀။ ။ ဘိက္ခုတို့အတွက် နိဿဂ္ဂိယပါစိတ္တိယသိက္ခာပုဒ် ၃၀ ရှိသကဲ့သို့ ဘိက္ခုနီများအတွက်လည်း ၃၀ ပင်ရှိ၏၊ ဘိက္ခုနီတို့၏ ၃၀-ကား ပြခဲ့သော ၁၂-ပါး, ဘိက္ခု၏ စီဝရဝဂ်လာ ၁၀ ပါးတွင် ပုရာဏစီဝရဓောဝါပနနှင့် စီဝရပရိဝတ္တန သိက္ခာပုဒ် ၂-ပါးကို ကြဉ်၍ စီဝရဝဂ်လာ ဂ ပါး, ပတ္တဝဂ်လာ ၁၀ ပါး, ပေါင်း ၃၀ ဖြစ်၏။

နိဿဂ္ဂိယပါစိတ်အခန်းပြီး၏။

စာမျက်နှာ-၃၆၄

၄။ သုဒ္ဓပါစိတ်အခန်း

လသုဏဝဂ်

က။ လသုဏသိက္ခာပုဒ်

အမှုသည်—ထုလ္လနန္ဒာ။

အမှု—အလိုက်မသိဘဲ ကြက်သွန်ဖြူတို့ကို များစွာဆောင်ယူစေမှု။

ထုလ္လနန္ဒာ၏ အလိုက်မသိမှု။ ။ သာဝတ္ထိမြို့နေ ဥပါသကာ တစ်ယောက်သည် ဘိက္ခုနီ သံဃာအား ကြက်သွန်ဖြူဖြင့် ဖိတ်မံပြီးလျှင် ယာတော စောင့်သူကိုလည်း ဘိက္ခုနီများ လာခဲ့သော် တစ်ပါးလျှင် ဂဏ္ဌိကမည်သော ကြက်သွန်ဖြူ ၂-ဥ, ၃-ဥစီ လှူဖို့ရန် မှာထား၏။ [“ဂဏ္ဌိက”ဟူသည် အမြှောင့်များစွာပါသော မဂဓတိုင်းဖြစ် ကြက်သွန်ဖြူဥ တစ်မျိုးတည်း။]

ထိုသို့ ဖိတ်မံထားရာအခါ၌ပင် သာဝတ္ထိမြို့၌ ပွဲသဘင်ရှိလေရာ ယာခင်းမှ ဆောင်ယူခဲ့သမျှ ကြက်သွန်ဖြူတွေသည် ရောင်း၍ မလောက်နိုင်အောင် ကုန်လေတော့၏၊ ဘိက္ခုနီတို့သည် ထိုအချိန်မှာပင် ဥပါသကာ ထံသွား၍ ကြက်သွန်ဖြူအလိုရှိကြောင်း ပြောကြလေသော်, ဥပါသကာသည် အိမ်မှာ ကြက်သွန်ဖြူ မရှိသောကြောင့် “ယာခင်းသို့ သွားကြပါတော့”ဟု လျှောက်ရလေသည်၊ ထိုအခါ ထုလ္လနန္ဒာသည် ယာခင်းသို့သွား၍ ပမာဏကို မသိဘဲ များစွာသော ကြက်သွန်ဖြူကို ဆောင်ယူစေလေသော် ယာခင်းစောင့်သူက မကျေနပ်၍ ကဲ့ရဲ့သောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ လသုဏံ ခါဒေယျ ပါစိတ္တိယံ။

မြန်မာပြန်။ ။ အကြင် ဘိက္ခုနီသည် ကြက်သွန် ဖြူကို ခဲစားအံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။

မှတ်ချက်။ ။ ကြက်သွန်ဖြူကို ခဲစားရာ၌ “ဘိက္ခုနီတို့မှာ ပါစိတ်အာပတ်၊ ဘိက္ခုတို့မှာ ဒုက္ကဋ်၊ ရောဂါရှိ၍ ဓါတ်စာ သဘောဖြင့်ကား စားကောင်း၏ ဟု ခုဒ္ဒကဝတ္ထု၊ ခန္ဓက၌ မိန့်တော်မူသည်၊ “ကြက်သွန်ဖြူ”ဟူ ရာ၌ မဂဓတိုင်း၌ ဖြစ်သော အမြှောင့် များစွာပါသော ကြက်သွန်ဖြူ မျိုးကို ဆိုလိုသည်၊ ၁-မြှောင့်, ၂-မြှောင့်, ၃-မြှောင့်လောက်မျှပါသော ကြက်သွန်မျိုးကို မဆိုလို၊ ထိုကြက်သွန်ဖြူကိုလည်း ဟင်း-လက်သုတ် စသည်၌ထည့်ခတ်ခြင်း

စာမျက်နှာ-၃၆၅

မဟုတ်ဘဲ အစိမ်း သက်သက် စားမှ အာပတ်သင့်သည်၊ ဟင်း စသည်၌ ပါမူအနာပတ္တိ၊ “ပလဏ္ဍက”ခေါ် တမြှောင့်ထည်းရှိသော ကြက်သွန်, ဝါ “ဘဉ္ဇနက”ခေါ် ၂-မြှောင့် ရှိသော ကြက်သွန်နီ (“ဘဉ္ဇနကော လောဟိတဝဏ္ဏော”အဋ္ဌကထာ)၊ “ဟရိတက”ခေါ် ၃-မြှောင့်ရှိသော ကြက်သွန်စိမ်း, “စာပ”ခေါ် အမြှောင့်လုံးဝမရှိသော ကြက်သွန်မိတ်တို့ကိုကား သူ့ချည်းစားသော်လည်း အနာပတ္တိ။

ခ။ သမ္ဗာဓသိက္ခာပုဒ်

အမှုသည်—ဆဗ္ဗဂ္ဂီဘိက္ခုနီများ။

အမှု—အင်္ဂါဇာတ်အမွေးတို့ကိုနုတ်(ရိတ်)မှု။

ဆဗ္ဗဂ္ဂီမများ။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့၏ ဩဝါဒခံသော ဘိက္ခုနီများကိုလည်း “ဆဗ္ဗဂ္ဂိယာ”ဟုခေါ်၏၊ ထိုဘိက္ခုနီတို့သည် အင်္ဂါဇာတ် မွေးတို့ကို ဖယ်ကြ, နုတ်ကြ, ရိတ်ကြပြီးလျှင် အစီရဝတီမြစ်၌ ရေလဲမပါဘဲ ပြည့်တန်ဆာမတို့နှင့် ရောနှော၍ ရေချိုးကြကုန်၏၊ ထိုအခါပြည့်တန်ဆာမတို့သည် ဘိက္ခုနီတွေကလဲ ကာမဂုဏ်ခံစားသော လူဝတ်ကြောင် မိန်းမများလို အမွေးအမျှင်ကို နှုတ်ကြ, ရိတ်ကြရသတဲ့လား” ဟု ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ သမ္ဗာဓေ လောမံ သံဟရာပေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် ကျဉ်းမြောင်းသော (ကြိုင်းကြား, အင်္ဂါဇာတ်)အရပ်၌-အမွေးအမျှင်ကို ပယ်ရှားအံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။

မှတ်ချက်။ ။ ကတ်ကျေး, မွေးညှပ်, သင်တုန်းတို့တွင် ဘာနှင့်မျှ မပယ်ရှားရ၊ ဘိက္ခုတို့ပယ်ရှားလျှင် ဒုက္ကဋ်ဟု ခုဒ္ဒကဝတ္ထုခန္ဓက၌ မိန့်၏။ အနာရောဂါရှိ၍ ဆေးမစွဲလျှင် ပယ်ရှားကောင်း၏။

ဂ။ တလဃာတကသိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီ ၂-ယောက်။

အမှု—အင်္ဂါဇာတ်ကို ပုတ်ခတ်မှု။

ဘိက္ခုနီ ၂-ယောက်။ ။ သာဝတ္ထိမြို့၌ ဘိက္ခုနီ ၂-ယောက်သည် သာသနာတော်၌ မပျော်နိုင်အောင် ဖြစ်နေရကား အခန်းတွင်းသို့ ဝင်၍ သူတို့၏ အင်္ဂါဇာတ် အပြင်ကို (နင်တို့ကြောင့် မပျော်

စာမျက်နှာ-၃၆၉

တာဘဲ ဟူသော အနေဖြင့် တဖတ်ဖတ်အသံမြည်အောင်) ညှဉ်းဆဲနှိပ်စက်ကြကုန်၏၊ ထိုအသံကို ကြား၍ အခြားဘိက္ခုနီတို့ ပြေးဝင်လာပြီးလျှင် “ယောက်ျားနှင့် ဖေါက်ပြားနေကြသလား” ဟု မေးကြလေရာ, သူတို့၏ အဖြစ်မှန်ကို ပြောပြကြလေသည်၊ ထိုအခါ ဘိက္ခုနီအများက ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ တလဃာတကေ ပါစိတ္တိယံ။

မြန်မာပြန်။ ။ ပဿာဝမဂ်(အင်္ဂါဇာတ်)အပြင်ကို ပုတ်ခတ်ခြင်းကြောင့် ပါစိတ်အာပတ်သင့်၏။

မှတ်ချက်။ ။ ပဿာဝမဂ်ကို လက်, တုတ်စသည်သာမက ကြာရွက်ဖက်, ကြာဝတ်ဆံ ကလေးနှင့်မျှ မပုတ်ခတ်ရ၊ မဂ်နား၌ပေါက်နေသော အနာရှိ၍ ပုတ်ခတ်သင့်၍ကား အနာ့ကိုသာ ပုတ်ခတ်ကောင်း၏။ [ရဟန်းတစ်ပါးကား ထိုကဲ့သို့ မမွေ့လျော်မှုဖြစ်သောအခါ သူ၏အင်္ဂါဇာတ်ကို ဖြတ်ပစ်လေတော့၏။ ထိုအကြောင်းကို ဘုရားရှင်ကြားတော်မူ၍ အင်္ဂါဇာတ်ကို မဖြတ်ရ, ဖြတ်လျှင် ထုလ္လစ္စဉ်းအာပတ်”ဟု ပညတ်တော်မူရလေသည်။ ... ခုဒ္ဒကဝတ္ထုခန္ဓက။]

ဃ။ ဇတုမဂ္ဂကသိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီတစ်ယောက်။

အမှု—သူ၏အင်္ဂါသို့ ချိပ်တောင့်သွင်းမှု။

မောင်းမဟောင်းထံမှ နည်းရပုံ။ ။ ရှင်ဘုရင်၏ မောင်းမဟောင်း(မိဖုရားငယ်)ဖြစ်ဘူးသော မိန်းမတစ်ယောက်သည် ဘိက္ခုနီပြုလုပ်နေ၏၊ အခါတစ်ပါး၌ အခြား ဘိက္ခုနီတစ်ယောက်သည် တဏှာရာဂ ထကြွသဖြင့် ဘိက္ခုနီဘဝ၌ မပျော်ပိုက်နိုင်အောင် ရှိလေ၏။ ထိုအခါ ထိုဘိက္ခုနီသည် မောင်းမဟောင်း ဘိက္ခုနီထံကပ်၍ မေးမြန်းသည်မှာ-မိဖုရားတွေ အများကြီးထားသော ရှင်ဘုရင်သည် အရှင်မတို့ဆီသို့ အတော်ကြာမှ အလှည့်ကျမှာဘဲ၊ အဲဒီတော့ ကိုယ့်ဆီလာလှည့် မကျတဲ့အခါ ဘယ်လိုများ ချုပ်တည်းထားကြပါသလဲ။

ထိုအခါ ထိုမောင်းမဟောင်း ဘိက္ခုနီသည် ရှင်းရှင်းနှင့် ဘွင်းဘွင်း ပြောသည်မှာ- “ချိပ်တောင့်နှင့် ဖြေရတာပေါ့”တဲ့၊ ထိုဘိက္ခုနီမသည် သဘောမပေါက်၍ ချိပ်တောင့်အကြောင်းကို မေးပြန်ရာ, မောင်းမဟောင်း

စာမျက်နှာ-၃၆၇

ဘိက္ခုနီသည် စုံစုံလင်လင်ပြောပြလေတော့၏၊ ထိုအခါသဘောကျ၍ သူ၏ ထကြွမှုကိုလည်း ချိပ်တောင့်ဖြင့် ဖျော်ပြီးနောက် ရေဆေးရမည်ကို သတိမရဘဲ တနေရာ ပစ်ထားမိလေသည်။

ထိုအခါ ယင်တွေအုံနေသော ထိုဟာကို ဘိက္ခုနီတို့မြင်ကြ၍ စစ်ဆေး မေးမြန်းသောအခါ ထိုဘိက္ခုနီမသည် သူ့ဥစ္စာဖြစ်ကြောင်း ဝန်ခံရလေသည်၊ ထိုဘိက္ခုနီကို အများကပင် ကဲ့ရဲ့ရှုတ်ချ၍ တဆင့်အားဖြင့် ဘုရားရှင် ကြားသိတော်မူရကား ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ဇတုမဋ္ဌကေ ပါစိတ္တိယံ။

မြန်မာပြန်။ ။ ချောမောသောချိပ်တောင့်ဖြင့် ပဿာဝမဂ်ကို သွင်းခြင်းကြောင့် ပါစိတ်အာပတ်သင့်၏၊ ဤသိက္ခာပုဒ်တော်အရ ချိပ်ဖြင့် ပြုလုပ်ထားသော အတောင့်သာမက, သစ်သား မြေညက်စသည်ဖြင့် ပြုလုပ်သော အတောင့်, အတန်ဟူသမျှ (ကြာဝတ်ဆံကလေးကိုမျှ) အင်္ဂါအတွင်းသို့ မသွင်းရ။

င။ ဥဒကသုဒ္ဓိကသိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီတစ်ယောက်။

အမှု—အလွန်နှိုက်၍ ရေဆေးမှု။

မိထွေးတော်။ ။ ကပိလဝတ်နေပြည်တော်၌ ဘုရားရှင် သီတင်းသုံးတော်မူစဉ် မိထွေးတော် ဂေါတမီသည် ဘုရားအထံတော်သို့ လာ၍ (မြတ်စွာဘုရားအထံ မကောင်းအနံ့ ရောက်မည် စိုးသောကြောင့်) လေအောက်က ထိုင်ပြီးလျှင် “မြတ်စွာဘုရား၊ မာတုဂါမဆိုတာ (နဂို အတိုင်းဆိုလျှင်) အနံ့မကောင်းပါဟု လျှောက်ရှာလေသည်၊ ထိုအခါ ဘုရားရှင်သည် “ဘိက္ခုနီမများ သန့်ရှင်းစင်ကြယ်အောင် ရေကိုယူနိုင်= ရေဆေးနိုင်သည်”ဟု မိန့်တော်မူ၍ တရားစကား ဟောပြောတော် မူပြီးနောက် မိထွေးတော်ပြန်သွားသောအခါ သံဃာစည်းဝေး၍ ဘိက္ခုနီများအတွက် ရေဆေးမှုကို ခွင့်ပြုတော် မူရလေသည်။

အလွန်အကျွံ ဆေးမှု။ ။ ထိုသို့ ခွင့်ပြုတော်မူလိုက်လျှင်ပင် ဘိက္ခုနီအများတို့ သူတို့ အင်္ဂါအတွင်းကို ဆေးကြလေရာ ဘိက္ခုနီတစ်ယောက်မှာမူ နှိုက်ရင်းနှိုက်ရင်း သာယာသည့်အတွက် လက်ချောင်းကို

စာမျက်နှာ-၃၆၀

အတော်နက်အောင်သွင်း၍ ဆေးခြင်းကြောင့် အတွင်း၌ အနာဖြစ်နေရကား မနေသာသဖြင့် နီးစပ်ရာဘိက္ခုနီများကို ပြောပြရလေတော့သည်၊ ထိုအခါ ကြားကြားသမျှ ဘိက္ခုနီတို့က “ဒါလောက်နက်အောင် နှိုက်၍ ဆေးရ မလား”ဟု အပြစ်တင်ပြီးလျှင် ဘုရားရှင်ကြားလောက်အောင် လျှောက်ထား ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ဥဒကသုဒ္ဓိကံ ပန ဘိက္ခုနိယာ အာဒိယမာနာယ ဒွင်္ဂုလပဗ္ဗပရမံ အာဒါတဗ္ဗံ။ တံ အတိက္ကာမေန္တိယာ ပါစိတ္တိယံ။

မြန်မာပြန်။ ။ ရေဆေးမှုကိုပြုသော ဘိက္ခုနီသည် လက် ၂-ချောင်း၏ လက် ၂-ဆစ်လောက်သာ နှိုက်၍ ဆေးရမည်၊ ထိုထက်ပို၍ နှိုက်ဆေးလျှင်(လက်အတွေ့ကို သာယာ၍ တဆံခြည်မျှ ပိုသွားလျှင်) ပါစိတ်အာပတ်သင့်၏၊ (လက် ၂-ဆစ်ဟူရာ၌ လက်တချောင်းလျှင် တဆစ်စီအားဖြင့် ၂ ဆစ်ဟုမှတ်။)

စ။ ဥပဋ္ဌာနသိက္ခာပုဒ်

အမှုသည်—အမတ်ကတော်ဟောင်း ဘိက္ခုနီ။

အမှု—ဆွမ်းစားသောရဟန်းအနီး၌ သောက်ရေ-ယပ်ခတ်မှုဖြင့် ပြုစုခြင်း။

အမတ်နှင့် ကတော်ဟောင်း။ ။ သာဝတ္ထိမြို့၌ အမတ်ကြီးတစ်ယောက်သည် ရဟန်းပြုလုပ် သွားသဖြင့် အမတ်ကတော်လည်း ဘိက္ခုနီပြုလုပ် သွားလေသည်၊ တစ်နေ့သ၌ အမတ်ဟောင်း ရဟန်းသည် အမတ်ကတော်ဟောင်း ဘိက္ခုနီထံမှာ ဆွမ်းစားနေစဉ် ကတော်ဟောင်း ဘိက္ခုနီသည် လက်တဘက်ဖြင့် သောက်ရေခွက်ကိုကိုင်၍ လက်တဘက်ဖြင့် ယပ်ခတ်ပေးနေ၏၊ ထိုသို့ ပြုစုနေရင်း(ရှေးဟောင်းနှောင်း ဖြစ်တွေကို တွေးမိကာ) “ဟိုတုန်းကလဲ အရှင်ဘုရား ထမင်းစားနေပလားဆို ဒီလိုဘဲ ပြုစုခဲ့ရတယ်နော်”ဟုပြောလေရာ, “ဟင်းဟင်းမတော်ဘူး, ဒီလိုစကားတွေ မပြောနှင့်” ဟု တားမြစ်ငေါက်ငမ်း လေသော်...အောင်မ, ဟိုတုန်း ကတော့ငါ့ကို ဟိုလိုပြု ဒီလိုပြုနှင့် ပြုချင်တိုင်းပြုခဲ့ပြီးတော့, အခုမှဒီစကား ကလေးကိုမခံနိုင်ဘူးလား” ဟု ပြောပြောဆိုဆို ကိုင်ထားသောရေခွက်ကို

စာမျက်နှာ-၃၆၉

ထိပ်ပေါ်ပစ်ချ၍ ယပ်တောင်နှင့် ရိုက်လေတော့သတည်း၊ ထိုသို့ဖြစ်ပုံကို အခြားဘိက္ခုနီတို့က ကဲ့ရဲ့ကြ၍ ဘုရားရှင်သိတော်မူသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဘိက္ခုဿ ဘုဉ္ဇန္တဿ ပါနီယေန ဝါ ဝိဓူပနေန ဝါ ဥပတိဋ္ဌေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် ဆွမ်းစားနေသောရဟန်း၏ အနီး၌ သောက်ရေဖြင့် သော်လည်းကောင်း, ယပ်ဖြင့်သော်လည်းကောင်း, တည်နေ့အံ့၊ (သောက်ရေ ယပ်ခတ်မှုဖြင့် ပြုစုလုပ်ကျွေးအံ့၊) ထိုဘိက္ခုနီမှာ ပါစိတ်အာပတ် သင့်၏။

မှတ်ချက်။ ။ ဤသိက္ခာပုဒ်၏ ဝတ္ထုကြောင်း၌ ရိုက်နှက်မှုပါသော်လည်း ရိုက်နှက်မှုသည် ဤသိက္ခာပုဒ်နှင့် မဆိုင်၊ ရေ-ယက်တက်ရည်-နွားနို့ စသော အရည်ဖြင့်လည်းကောင်း, ယပ်ဖြင့်လည်းကောင်း, ပြုစုမှုသာဆိုင်၏။ ဘိက္ခုနီက ဘိက္ခုကို ပုတ်ခတ်ရိုက်နှက်လျှင် ဒုက္ကဋ်အာပတ်သင့်၏။ (ဘိက္ခုနီခန္ဓက)။

ဆ။ အာမကမညသိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီအများ။

အမှု—စပါးကို တောင်း၍စားမှု။

စပါးတောင်း၍ ယူလာခြင်း။ ။ သာဝတ္ထိမြို့၌ ဘိက္ခုနီတို့သည် ကောက်(စပါး)ပေါ်ချိန်၌ (ဉာတိ, ပဝါရိတတို့အထံ၌)စပါးကိုတောင်း၍ မြို့တွင်းသို့ (သူတို့၏ကျောင်းသို့)ယူလာကြကုန်၏၊ မြို့တံခါးပေါက်သို့ ရောက်သောအခါ အစောင့်တို့က(ဆန်ဆိုလျှင်ကိစ္စမရှိ) စပါးသွင်းယူလာသည့်အတွက် အခွန်ကောက်သည့် အနေအားဖြင့် ကျသင့်သောအဖို့(ဘာဂ)ကို ပေးရမည်ဟု ပြောဆိုနှောင့်ယှက်ပြီးမှ လွှတ်လိုက်ကြလေသည်၊ ကျောင်းသို့ ရောက်သောအခါ ထိုဖြစ်ခဲ့ပုံကို ပြောပြသဖြင့် “စပါးကိုတောင်းရကောင်းလား” ဟု အခြားဘိက္ခုနီတို့က ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အာမကဓညံ ဝိညတွာ ဝါ ဝိညာပေတွာ ဝါ ဘဇ္ဇိတွာ ဝါ ဘဇ္ဇာပေတွာ ဝါ ကောဋ္ဋေတွာ ဝါ ကောဋ္ဋာပေတွာ ဝါ ပစိတွာ ဝါ ပစာပေတွာ ဝါ ဘုဉ္ဇေယျ, ပါစိတ္တိယံ။

စာမျက်နှာ-၃၇၀

မြန်မာပြန်။ ။ အကြင် ဘိက္ခုနီသည် စပါးစိမ်းကို (စပါးဟူသမျှကို ခြောက်သွေ့နေသော်လည်း စပါးစိမ်းဟု ခေါ်၏၊) ကိုယ်တိုင် တောင်းပြီးလျှင်, သို့မဟုတ် အတောင်းခိုင်းပြီးလျှင် ကိုယ်တိုင်(ပေါက် ပေါက်လှော်သလို) လှော်၍ဖြစ်စေ, သူတစ်ပါးကို အလှော်ခိုင်း၍ ဖြစ်စေ, ကိုယ်တိုင်ထောင်း၍ဖြစ်စေ, သူတစ်ပါးကို အထောင်းခိုင်း၍ ဖြစ်စေ, ကိုယ်တိုင်ချက်၍ ကြို၍ဖြစ်စေ, သူတစ်ပါးကို အချက်အကြိုခိုင်း၍ ဖြစ်စေ စားအံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။

မှတ်ချက်။ ။ ရဟန်းယောက်ျားများကား စပါးကိုကိုင်လည်း မကိုင်ရ, လှူစေကာမူ အလှူမခံရ၊ ကိုင်လျှင် အလှူခံလျှင် ဒုက္ကဋ်အာပတ်သင့်သည်။

ဇ။ တိရောကုဋ္ဋသိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီတစ်ယောက်။

အမှု—နံရံတဘက်၌ ကျင်ကြီးခွက်ကို စွန့်ပြစ်မှု။

ပုဏ္ဏား တစ်ယောက်။ ။ ယခုခေတ်၌ ဈေးခွန်ကောက်ခွင့်ရသူ စသည်တို့ကဲ့သို့ အခွန်အတုတ်ကောက်ခွင့် အာဏာတစ်ခု ရရှိထားသော ပုဏ္ဏားတစ်ယောက်သည် ထိုရာထူးကို နောက်တနှစ်အတွက် ဆက်လက်ရအောင် မင်းထံသို့ အတောင်းသွားမည်ဟု ကြံ၍ ခေါင်းလျှော် ရေချိုးပြီးလျှင် ဘိက္ခုနီတို့၏ ကျောင်းတံတိုင်းနှင့် ကပ်နေသော လမ်းဖြင့် မင်းထံသို့ သွားစဉ် ဘိက္ခုနီတစ်ယောက်ကလည်း ကျင်ကြီးစွန့်ထားသော ခွက်တစ်ခုကို တံတိုင်းပြင်ဘက်သို့ အပစ်လိုက်မှာ ပုဏ္ဏား၏ဦးခေါင်း ပေါ်သို့ တည့်တည့်ကြီး ကျသွားလေတော့သည်။

ပုဏ္ဏားသည် (“မင်္ဂလာရှိအောင် ခေါင်းလျှော် ရေချိုး၍ ရာထူးအတွက် သွားခါမှ အမင်္ဂလာဖြစ်ရလေခြင်း” ဟု မကျေမနပ်ဖြစ်ကာ) ဘိက္ခုနီတို့၏ ကျောင်းကို မီးရှို့မည်ဟု မီးစကိုင်၍ ဝင်လာသည်ကို ကျောင်းမှထွက်လာသော ဥပါသကာမြင်၍အကြောင်းအရာကို မေးမြန်းသောအခါ ခင်ဗျာ... ကျုပ်က ရှင်ဘုရင့်ထံ ရာထူးတောင်းမယ်လို့ အသွားမှာ ဟောဒီ ကတုံး လင်ထောင်မတွေက သူတို့ချေးခွက်ကို ကျုပ်ခေါင်းပေါ် ပစ်ချကြတယ်၊ ဒါ့ကြောင့် ကျုပ်က ဒင်းတို့ကျောင်းကို မီးရှို့ မလို့”ဟု ပြောလေရာ, အပြောကောင်း အချော့ကောင်း ဥပါသကာက “ဒီလိုဆိုရင် ဒါဟာ မင်္ဂလာဘဲ, သွားသာ သွားတော့ အသပြာတထောင်ရော ရာထူးရော ရပါလိမ့်မည်”ဟု

စာမျက်နှာ-၃၇၁

ပြောသဖြင့် စိတ်ဆိုးပြေကာ တဖန်ခေါင်းလျှော် ရေချိုး၍ မင်းထံသို့ သွားလေသော် ဥပါသကာ ပြောသည့်အတိုင်းပင် အသပြာတထောင်နှင့် ရာထူးပါ ရခဲ့လေသည်။

ကျောင်းမှ ထွက်လာသော ဥပါသကာလည်း ကျောင်းသို့ ပြန်ဝင်၍ ဘိက္ခုနီတို့အား ပုဏ္ဏားစိတ်ဆိုး၍ ကျောင်းမီးရှို့ မည်ဟု ဝင်လာကြောင်း နောင်ခါ ဒီလိုမပစ်ကြဖို့ အကြောင်းကို ပြောပြလေလျှင် ထိုအကြောင်းကို ကြားသိရသော ဘိက္ခုနီတို့က ထိုသွန်ပစ်သော ဘိက္ခုနီကို ကဲ့ရဲ့ကြသောကြောင့် သိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဥစ္စာရံ ဝါ ပဿာဝံ ဝါ သင်္ကာရံ ဝါ ဝိဃာသံ ဝါ တိရောကုဋ္ဋေ ဝါ တိရောပါကာရေ ဝါ ဆဍ္ဍေယျ ဝါ ဆဍ္ဍာပေယျ ဝါ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် ကျင်ကြီးကိုဖြစ်စေ ကျယ်ငယ်ကို ဖြစ်စေ အမှိုက်ကိုဖြစ်စေ (စားပြီး၍ ကြွင်းကျန်သော) စားကြွင်းကို ဖြစ်စေ ဝရံတာ- သို့မဟုတ် တံတိုင်း၏တဘက် (ဟိုဘက်)သို့ ကိုယ်တိုင်သော်လည်း စွန့်ပစ်အံ့, အခြားတစ်စုံတစ်ယောက်ကိုသော်လည်း အပစ်ခိုင်းအံ့၊ထိုဘိက္ခုနီမှာ ပါစိတ်အာပတ် သင့်၏။

ဈ။ ဟရိတေ ဆဍ္ဍနသိက္ခာပုဒ်

မုယောခင်း၌ စွန့်မှု။ ။ ပုဏ္ဏား တစ်ယောက်သည် ဘိက္ခုနီ ကျောင်းအနီး၌ မုယောခင်းလုပ်ထား၏၊ ဘိက္ခုနီတို့သည် အလိုက်မသိ, ကိုယ့်ပစ္စည်းချင်း မစာဘဲ ကျင်ကြီးကျင်ငယ် အမှိုက် စားကြွင်းများကို ထိုမုယောခင်းပေါ်မှာ စွန့်ပစ်ကြလေရာ အခင်းရှင် ပုဏ္ဏားမခံနိုင်၍ ကဲ့ရဲ့သောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဥစ္စာရံ ဝါ ပဿာဝံ ဝါ သင်္ကာရံ ဝါ ဝိဃာသံ ဝါ ဟရိတေ ဆဍ္ဍေယျ ဝါ ဆဍ္ဍာပေယျ ဝါ, ပါစိတ္တိယံ။

စာမျက်နှာ-၃၇၂

မြန်မာပြန်။ ။ ကျင်ကြီး ကျင်ငယ် အမှိုက် စားကြွင်းများကို စိမ်းစိုသော ကောက်ပဲသီးနှံအပင်ပေါ်၌ ကိုယ်တိုင်, သို့မဟုတ် စေခိုင်း၍ စွန့်ပစ်သော ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။

မှတ်ချက်။ ။ သေခိယ၌လည်း “စိမ်းစိုသောမြက်သစ်ပင်ပေါ်၌ မစွန့်ရ”ဟု ပါခဲ့ပြီး သို့သော် ထို၌ကား တိုက်ရိုက်စွန့်ခြင်းကိုသာ တားမြစ်၏၊ ထိုစားပင် သောက်ပင်မဟုတ်သော သစ်ပင်များလည်း ပါဝင်၏။ ဤ၌ကား စားပင် သောက်ပင်မဟုတ်သော သစ်ပင်များ မပါ၊ ကျင်ကြီးကျင်ငယ်ကို အိုးခွက်၌ စွန့်ပြီးနောက် ထိုခွက်မှတဆင့်စွန့်လျှင် ထို၌ အပြစ်မရှိ၊ ဤ၌ကား ခွက်၌ စွန့်ပြီးနောက် သွန်ခြင်း, ခွက်ပါ စွန့်ပစ်ခြင်းကိုသာ တားမြစ်လိုခြင်း ဖြစ်သည်။

ည။ နစ္စာဒိဒဿနသိက္ခာပုဒ်

ဘိက္ခုနီအများသည် တောင်တော်ပွဲ ကျင်းပသောအခါ ပွဲကြည့်သွားကြသည်ကို လူတို့ ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ နစ္စံ ဝါ ဂီတံ ဝါ ဝါဒိတံ ဝါ ဒဿနာယ ဂစ္ဆေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ ကခြင်း, သီဆိုခြင်း, တီးမှုတ်ခြင်းကို ကြည့်ရှု နားထောင် ဖို့ရန်သွားသော ဘိက္ခုနီမှာ ပါစိတ် အာပတ်သင့်၏။

မှတ်ချက်။ ။ “ဘိက္ခုတို့မှာ ဒုက္ကဋ်အာပတ်သင့်၏။”ဟု ခုဒ္ဒကဝတ္ထုခန္ဓက၌ ပညတ်တော်မူ၏၊ ကမှု ဟူရာ၌ ဥဒေါင်းကခြင်း, မျောက်ကခြင်း, ကလေးသူငယ်ကခြင်းများလည်း ပါဝင်သည်၊ သီချင်းဟူရာ၌ တေးသံပေါက်အောင် ရွတ်အပ်သော တရားများလည်း ပါဝင်သည်၊ ထိုကမှုစသည်ကို ကိုယ်တိုင်လည်း မပြုကောင်း, ခိုင်းလည်းမခိုင်းကောင်း၊ ပွဲလမ်းသဘင်ဖြင့် စေတီတော်ကို ဘုန်းကြီးပျံကို ပူဇော်ပါရစေ လျှောက်စေကာမူ “အင်း-ကောင်းပြီ”ဟုမျှ ဝန်မခံရ၊ ဘိက္ခုနီမှာ ပါစိတ်, ဘိက္ခုမှာ ဒုက္ကဋ်၊ ကျောင်းတိုက်တွင်း၌ နေ၍ ကြည့်ရှု နားထောင်ရာ-ကိစ္စတစ်စုံတစ်ခုဖြင့် သွားစဉ် မျက်စေ့ရှေ့ ရောက်လာ၍ ကြည့်ရှုရာတို့၌ကား ဝိနည်းပြစ်မရှိ။ အဘိဓမ္မာပြစ်မှာ စိတ်သာ ပဓာနတည်း။

လသုဏဝဂ် ပြီး၏။

စာမျက်နှာ-၃၇၃

က။ ရတ္တန္ဓကာရသိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီတစ်ယောက်။

အမှု—အမှောင်ထဲ၌ ယောက်ျားနှင့်အတူ တစ်ယောက်ချင်းနေမှု။

ရှင်မဘဒ္ဒါ၏ တပည့်။ ။ ဘဒ္ဒါကာပိလာနီ၏ တပည့်မ ဘိက္ခုနီနှင့် ဆွေမျိုးတော် စပ်သော ယောက်ျား တစ်ယောက်သည် ရွာငယ်တစ်ခုမှ သာဝတ္ထိသို့ ကိစ္စတစ်စုံတရာအတွက် ရောက်နေ၏၊ ထိုဘိက္ခုနီသည် ထိုယောက်ျားနှင့်အတူ အရောင်အလင်းမရှိသော မှောင်အတွင်း တစ်ယောက်ချင်းစကားပြောနေသည်ကို အခြားဘိက္ခုနီတို့ မြင်၍ ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ရတ္တန္ဓကာရေ အပ္ပဒီပေ ပုရိသေန သဒ္ဓိံ ဧကေနေကာ သန္တိဋ္ဌေယျ ဝါ သလ္လပေယျ ဝါ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ အပြင်ဘိက္ခုနီသည် ဆိမီးမရှိသော ညမှောင်မိုက်၌ ယောက်ျားနှင့်အတူ တစ်ယောက်ချင်း ရပ်တည်မူလည်း ရပ်တည်အံ့, စကားပြောမူလည်း စကားပြောအံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ် သင့်၏။

မှတ်ချက်။ ။ “ပဒီပ”အရ ရေနံဆီ ဓာတ်ဆီတို့ဖြင့် ထွန်းထားသော ဆီမီး ဓာတ်မီးကိုသာ ယူရိုးရှိသော်လည်း ဤသိက္ခာပုဒ်၌ အလင်းရောင်ရှိ-မရှိသာ လိုရင်းဖြစ်သောကြောင့် လရောင် နေရောင်နှင့် မီးဖိုမှ မီးရောင်များကိုလည်း “ဒီပ”အရ၌ ယူရသည်။ အပ္ပဒီပေတိ-ဒီပ စန္ဒ သူရိယ အဂ္ဂီသု ဧကေနာပိ အနောဘာသိတေ”အဋ္ဌကထာ။ [ဤအဖွင့်ကို ထောက်၍ “သမ္မဇ္ဇနီ ပဒီပေါစာ”ကဲ့သို့ ပဒီပလာသမျှ၌ ယူပါလေ၊ ]

ခ။ ပဋိစ္ဆန္နောကာသ သိက္ခာပုဒ်

အကွယ်အကာရှိသော အရပ်၌နေမှု။ ။ ဘဒ္ဒါကာပိလာနီ၏ တပည့်မဖြစ်သော ထိုဘိက္ခုနီသည်ပင် ဆွေမျိုးဖြစ်သော ယောက်ျားနှင့်အတူ (ရှေ့သိက္ခာပုဒ်ကို ရှောင်ရှား၍ အရောင်အလင်း ရှိသော)နံရံဖြင့် ကွယ်ကာအပ်သောအရပ်၌ တစ်ယောက်ချင်း နေမှုကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

စာမျက်နှာ-၃၇၄

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ပဋိစ္ဆန္နေ ဩကာသေ ပုရိသေန သဒ္ဓိံ ဧကေနေကာ သန္တိဋ္ဌေယျ ဝါ သလ္လပေယျ ဝါ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် နံရံ စသည်ဖြင့် ဖုံးကွယ်အပ်သော အရပ်၌ ယောက်ျားနှင့်အတူ တစ်ယောက်ချင်း ရပ်တည်မူလည်း ရပ်တည်အံ့, စကားပြောမူလည်း စကားပြောအံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။

ဂ။ အဇ္ဈောကာသသိက္ခာပုဒ်

လွင်ပြင်၌ နေမှု။ ။ ဘဒ္ဒါကာပိလာနီ၏ တပည့်မဖြစ်သော ထိုဘိက္ခုနီသည်ပင်(ရှေ့သိက္ခာပုဒ်များကို ရှောင်ရှား၍)ထိုယောက်ျား နှင့်အတူ လွင်တီးခေါင်၌ (အကွယ် အကာမရှိသော လွင်ပြင်၌) တစ်ယောက်ချင်းနေမှုကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အဇ္ဈောကာသေ ပုရိသေန သဒ္ဓိံ ဧကေနေကာ သန္တိဋ္ဌေယျ ဝါ သလ္လပေယျ ဝါ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် လွင်တီးခေါင်၌ ယောက်ျားနှင့်အတူ တစ်ယောက်ချင်း ရပ်တည်မူလည်း ရပ်တည်အံ့, စကားပြောမူလည်း စကားပြောအံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။

ဃ။ ရထိကာဒိသိက္ခာပုဒ်

အမှုသည်—ထုလ္လနန္ဒာ။

အမှု—ရထားလမ်းစသည်၌ ယောက်ျားနှင့်အတူ တစ်ယောက်ချင်း နေမှု။

ထုလ္လနန္ဒာ၏ နေပုံ။ ။ ထုလ္လနန္ဒာသည်(မြင်းရထား, မော်တော်ကားစသည်တို့ သွားနိုင်ရာ) ရထားလမ်း၌လည်းကောင်း, (အခြားလမ်းသို့ ထုတ်ချင်းမပေါက်ဘဲ ဝင်သောနေရာမှပင် ပြန်၍ထွက်ရ

စာမျက်နှာ-၃၇၅

သော) လမ်းတို့၌လည်းကောင်း, လမ်းဆုံ လမ်းခွ၌လည်းကောင်း, ယောက်ျားနှင့်အတူ တစ်ယောက်ချင်းအနီး၌လည်း ရပ်၏, အနီး၌လည်း စကားပြော၏၊ နားအနီး ကပ်၍လည်း တိုးတိုးပြော၏၊ အဖေါ်ပါလာလျှင်လည်း ပြောချင်တာပြော ရအောင် ပြန်၍ လွှတ်၏၊ ထိုပြုလုပ်ပုံတွေကို အခြားဘိက္ခုနီတို့ ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ရထိကာယ ဝါ ဗျူဟေ ဝါ သိင်္ဃာဋကေ ဝါ ပုရိသေန သဒ္ဓိံ ဧကေနေကာ သန္တိဋ္ဌေယျ ဝါ သလ္လပေယျ ဝါ နိကဏ္ဏိကံ ဝါ ဇပ္ပေယျ ဒုတိယိကံ ဝါ ဘိက္ခုနိံ ဥယျောဇေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် ရထားသွားလောက် ထုတ်ချင်း ပေါက်လမ်း၌သော်လည်းကောင်း, ထုတ်ချင်းမပေါက်သောလမ်း၌သော်လည်းကောင်း, လမ်းဆုံ လမ်းခွ၌သော်လည်းကောင်း, ယောက်ျားနှင့်အတူ တစ်ယောက်ချင်း ရပ်တည်မူလည်း ရပ်တည်အံ့, စကားပြောမူလည်း စကားပြောအံ့, နားရင်း၌မူလည်း ပြောဆိုအံ့, အဖေါ်ဖြစ်သော ရဟန်းမကိုမူလည်း ပြန်လွှတ်အံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။

င။ ပုရေဘတ္တံ အနာပုစ္ဆာသိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီတစ်ယောက်။

အမှု—နေရာထိုင်ပေါ် ထိုင်ပြီးနောက် အကြောင်းမကြားဘဲ ပြန်သွားမှု။

နေရာထိုင် ပျောက်ခြင်း။ ။ ဘိက္ခုနီတစ်ယောက်ကို အိမ်တအိမ်က အမြဲဆွမ်းစားပင့်ထား၏၊ ထိုဘိက္ခုနီသည် ပုရေဘတ္တအခါ (မွန်းမတည့်မီ အချိန်) ထိုအိမ်သို့သွား၍ ထိုင်စရာတစ်ခုပေါ်မှာ ထိုင်ပြီးလျှင် ပြန်သွားသောအခါ ဥစ္စာရှင်တို့ကို မတိုင်ကြားဘဲ ပြန်သွားလေသည်၊ ထိုအိမ်က ကျွန်မသည် တံမြက်လှည်းသောအခါ ထိုနေရာထိုင်ကို အိုးခွက်တို့ အကြား၌ ပစ်ထားလိုက်၏၊ ဥစ္စာရှင်တို့သည် ထိုနေရာထိုင်ကို ရှာ၍ မတွေ့သောကြောင့် ဘိက္ခုနီအပေါ် မယုံသင်္ကာဖြစ်ရကား “နေရာထိုင် ဘယ်မှာလဲ”ဟု မေးကြလေသော် ဘိက္ခုနီကလည်း သူမယူရကြောင်း ပြောသဖြင့် ထိုဘိက္ခုနီကို ခြိမ်းချောက်၍ အမြဲဆွမ်းဝတ်ကိုလဲ ဖြတ်လိုက်ကြလေသည်။

စာမျက်နှာ-၃၇၆

ထို့နောက် ထိုအိမ်ရှင်တို့သည် အိမ်ကို သုတ်သင်ရှင်းလင်းသောအခါ အိုးခွက်တို့ အကြား၌ ထိုနေရာထိုင်ကို တွေ့၍ ဘိက္ခုနီကို တောင်းပန်ပြီးလျှင် ဆွမ်းကျွေးမြဲ ကျွေးလေသည်၊ မိမိဖြစ်ပုံကို ထိုဘိက္ခုနီက အခြားဘိက္ခုနီတို့အား ပြောပြလေသော် အခြားဘိက္ခုနီတို့က ခွင့်မပန်ဘဲ ပြန်လာမှုကို အပြစ်တင်ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ပုရေဘတ္တံ ကုလာနိ ဥပသင်္ကမိတွာ အာသနေ နိသီဒိတွာ သာမိကေ အနာပုစ္ဆာ ပက္ကမေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် ပုရေဘတ်အချိန်ဝယ် အိမ်တို့သို့ ချဉ်းကပ်၍ နေရာတစ်ခုခု၌ ထိုင်ပြီးလျှင် ဥစ္စာရှင်တို့ကို “ပြန်တော့မည်”ဟု မတိုင်ကြားဘဲ ပြန်သွားအံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ် သင့်၏။ [ဤသိက္ခာပုဒ်၌ “အာသန”ဟူသည် တင်ပလ္လင်ခွေ၍ ထိုင်နေ နိုင်လောက်အောင် ကြီးကျယ်သော နေရာထိုင်(ထိုင်ခုံ)တည်း။]

စ။ ပစ္ဆာဘတ္တံ အနာပုစ္ဆာ သိက္ခာပုဒ်

အမှုသည်—ထုလ္လနန္ဒာ။

အမှု—ပစ္ဆာဘတ်အခါ၌ မတိုင်ကြားဘဲ နေရာထိုင်ခုံကို ခင်း၍ ထိုင်မှု။

ထုလ္လနန္ဒာ၏ မတိုင်ကြားမှု။ ။ ထုလ္လနန္ဒာသည် ပစ္ဆာဘတ်အခါ (နေလွှဲအခါ)အိမ်တို့သို့ ချဉ်းကပ်၍ ဥစ္စာရှင်တို့ကို မတိုင်ကြားဘဲ နေရာထိုင်ခုံကို ခင်း၍ ထိုင်လည်း ထိုင်၏, လျောင်းလည်း လျောင်း၏၊ ဥစ္စာရှင်တို့သည် မိမိတို့ကို ခွင့်မတောင်းဘဲ ပိုင်စိုးပိုင်နင်း လုပ်မှုကို မကျေနပ်၍ ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ပစ္ဆာဘတ္တံ ကုလာနိ ဥပသင်္ကမိတွာ သာမိကေ အနာပုစ္ဆာ အာသနေ အဘိနိသီဒေယျ ဝါ အဘိနိပဇ္ဇေယျ ဝါ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် ပစ္ဆာဘတ်အခါ၌ အိမ်တို့သို့ ချဉ်းကပ်၍ ဥစ္စာရှင်တို့ကို ခွင့်မပန်ဘဲ နေရာထိုင်ခုံ၌ ထိုင်မူလည်း ထိုင်အံ့၊ လျောင်းမူလည်းလျောင်းအံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ် သင့်၏။

စာမျက်နှာ-၂၂၅

မှတ်ချက်။ ။ တချို့နေရာ၌ ဆွမ်းစားပြီးလျှင် မွန်းမလွဲခင် အချိန်ကိုလည်း ပစ္ဆာဘတ် (ဆွမ်းစားပြီးနောက်)ဟု ခေါ်၏။ ဤသိက္ခာပုဒ်၌ကား (ရှေ့သိက္ခာပုဒ်ဖြင့်-အရုဏ်တက်က မွန်းတည့်အထိ ယူခဲ့ပြီးဖြစ်သောကြောင့်) မွန်းလွဲမှစ၍ နေမဝင်မီအချိန်ကို “ပစ္ဆာဘတ္တ = ဆွမ်းစားပြီးနောက်”ဟု ခေါ်သည်။

ဆ။ ဝိကာလေအနာပုစ္ဆာ သိက္ခာပုဒ်၊

အမှုသည်—ဘိက္ခုနီအများ။

အမှု—အိမ်ရှင်ကိုခွင့်မပန်ဘဲ အိပ်ရာကို ခင်း၍ ထိုင်မှု လျောင်းမှု။

ဘိက္ခုနီအများနှင့် ပုဏ္ဏား။ ။ ဘိက္ခုနီတို့သည် သာဝတ္ထိသို့ သွားကြစဉ် မိုးချုပ်မှ ရွာငယ်တစ်ရွာသို့ ရောက်ကြ၍ ပုဏ္ဏားအိမ်ဝင်ပြီးလျှင် တည်းခိုခွင့် တောင်းကြလေသည်။ ထိုအချိန်မှာ အိမ်ရှင် ပုဏ္ဏား မရှိခိုက်ဖြစ်၍ ပုဏ္ဏားမကို ခွင့်တောင်းလေရာ (သူကိုယ်တိုင် ပေးချင်ပါလျက် ခွင့်မပေးဝံ့သော) ပုဏ္ဏားမသည် “ပုဏ္ဏားလာအောင် စောင့်ကြပါ”ဟု ပြောဆိုဆိုင်းငံ့ထား၏၊ (ဤအတိုင်းဆိုလျှင် တော်ပါ သေး၏၊ သို့သော် အလိုက်မသိ အတင့်ရဲသော) ဘိက္ခုတချို့သည် အိပ်ရာ ခုတင်တို့ကို ခင်း၍ တချို့က ထိုင်နေနှင့်ကြ, တချို့ က လဲလျောင်း နေနှင့်ကြလေသည်။

အတော်ည၌မှောင်မှ ပုဏ္ဏားပြန်လာလတ်သော် ထိုဘိက္ခုနီကို ပိုင်စိုး ပိုင်နင်း နေထိုင်ပုံကိုမြင်ရ၍ သဘောမကျသော ပုဏ္ဏားသည် “ကာ ဣမာ- ဒီဟာတွေက ဘာတွေလဲ”ဟု သူပုဏ္ဏားမအား မေးလေသည်၊ “ဘိက္ခုနီများပါ အရှင်ရယ်”ဟု သူ့ပုဏ္ဏားမက ချိုချိုသာသာ ပြန်ပြောသော်လည်း သဘောမကျရင်းစွဲ ဖြစ်နေသောကြောင့် “ဒီကတုံး လင်ထောင်မတွေကို နှင်ထုတ်ကြ”ဟု သူ့အခိုင်းအစေတို့ကို ခိုင်းသဖြင့် အလိုက်သင့် ထွက်ခဲ့ကြရလေသည်၊ ထိုအကြောင်းကို သာဝတ္ထိရောက်မှ ပြန်ပြောကြသဖြင့် (အလိုက် မသိ, ပိုင်စိုးပိုင်နင်း ပြုမှုကို) ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဝိကာလေ ကုလာနိ ဥပသင်္ကမိတွာ သာမိကေ အနာပုစ္ဆာ သေယျံ သန္ထရိတွာ ဝါ သန္ထရာပေတွာ ဝါ အဘိနိသီဒေယျ ဝါ အဘိနိပဇ္ဇေယျ ဝါ, ပါစိတ္တိယံ။

စာမျက်နှာ-၃၇၈

မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် နေလွဲအခါ၌ အိမ်တို့သို့ ချဉ်းကပ်၍ (ပေးနိုင်ခွင့် ပြုနိုင်သော) အိမ်ရှင်တို့ကို ခွင့်မပန်ဘဲ အိပ်ရာကို ကိုယ်တိုင်ခင်း၍ ဖြစ်စေ အခင်းခိုင်း၍ဖြစ်စေ ထိုင်ခြင်း-သို့မဟုတ် လည်းလျောင်းခြင်းကို ပြုအံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။

မှတ်ချက်။ ။ အခြားနေရာ၌ မွန်းလွဲမှစ၍ အရုဏ်မတက်မီအချိန်ကို “ဝိကာလ” ဟု ယူရသော်လည်း ရှေ့သိက္ခာပုဒ်ဖြင့် နေမဝင်မီအထိ ယူခဲ့ပြီးဖြစ်သောကြောင့် နေဝင်သည်မှစ၍ အရုဏ်မတက်မီကို “ဝိကာလ” ဟု ယူရသည်။

ဇ။ ဒုဂ္ဂတသိက္ခာပုဒ်

အမှုသည်—ဘဒ္ဒါကာပိလာနီ၏တပည့်မဘိက္ခုနီ။

အမှု—မိမိက အကြားလွဲအမှတ်လွဲ၍ သူတစ်ပါးကို ကဲ့ရဲ့ စေမှု။

ရှင်မဘဒ္ဒါ၏ တပည့်မ။ ။ ဘဒ္ဒါကာပိလာနီ၏ တပည့်မ ဘိက္ခုနီသည် သူ၏ ဆရာမကို ကောင်းမွန်စွာ ပြုစုလုပ်ကျွေး၏၊ ဘဒ္ဒါကာပိနီ၏ ထိုတပည့်မ၏ ကောင်းမွန်စွာပြုစုဘော်ရကြောင်းကိုလည်းကောင်း, ထိုတပည့်မအား သင်္ကန်းပေးမည့် အကြောင်းကိုလည်းကောင်း, အခြား ဘိက္ခုနီတို့အားပြောပြ၏၊ ထိုစကားကို တပည့်မဘိက္ခုနီသည် “ကောင်းစွာ ပြုစုဘော်မရဘူး, သူအား သင်္ကန်းမပေးတော့ဘူး”ဟု ပြောင်းပြန်ကြားသဖြင့် သူ့ဆရာ(ရှင်မဘဒ္ဒါ)အား အထင်သေး အမြင်သေး ဖြစ်အောင် “တပည့်တော်က သူ့ကိုကောင်းမွန်စွာ မပြုစုဘူးတဲ့, တပည့်တော်ကို သင်္ကန်း မပေးဘူးတဲ့”ဟု အခြားဘိက္ခုနီတို့အား ပြောလေသည်၊ ထိုသို့ သူအကြား လွှဲ၍ ဆရာမအား အပြစ်ပြောသည်ကို မခံနိုင်သော ဘိက္ခုနီတို့က ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဒုဂ္ဂဟိတေန ဒူပဓာရိတေန ပရံ ဥဇ္ဈာပေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် မိမိက မှားမှား ယွင်းယွင်း ယူခြင်း, မှားမှားယွင်းယွင်း မှတ်ထားခြင်းဖြင့် (ရဟန်းဖြစ်သူ) သူတစ်ပါးကို အထင်သေး အမြင်သေးခံရအောင် အပြစ်ပြောအံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။ [ထိုသို့ အမှတ်လွဲ၍ သာမဏေ-လူဝတ်ကြောင်ကို အပြစ်ပြောလျှင် ဒုက္ကဋ်အာပတ်သင့်၏။]

စာမျက်နှာ-၃၉၇

ဈ။ အဘိသပသိက္ခာပုဒ်

အမှုသည်—စဏ္ဍကာဠီ။

အမှု—မိမိကိုလည်းကောင်း, သူတစ်ပါးကိုလည်းကောင်း, ကျိန်ဆဲမှု။

စဏ္ဍကာဠီ။ ။ သာဝတ္ထိမြို့၌ ဘိက္ခုနီတို့သည် မိမိ၏ သပိတ်-ပရိက္ခရာ ဘဏ္ဍာတစ်ခုခုကို မတွေ့လျှင် စဏ္ဍကာဠီကို “မမြင်မိ ဘူးလား”ဟု မေးကြကုန်၏၊ (နဂိုကပင် စိတ်ကြမ်း, နှုတ်ကြမ်း ဖြစ်နေသော) စဏ္ဍကာဠီသည် ထိုကဲ့သို့မေးသည်ကို “သူခိုး-ရိုးသည်”ဟု ထင်၍ “ငါသာ သူခိုးတဲ့လား, ငါသာ အလဇ္ဇီမ(အရှက်မရှိသူမ)တဲ့လား၊ သင်တို့ ဘဏ္ဍာကို ယူမိရိုးမှန်လျှင် ရဟန်းမ မဟုတ်ဘဲ ရှိရစေရဲ့၊ သာသနာတော်မှ လျောကျရစေရဲ့၊ (လူဖြစ်ရစေရဲ့၊) ငရဲကျရစေရဲ့၊ ငါ့ကိုမဟုတ်ဘဲနှင့် ပြောတဲ့သူလဲ ရဟန်းမ မဟုတ်ဘဲ ရှိပါစေဟယ်၊ သာသနာတော်မှ လျောကျပါစေဟယ်၊ (လူဖြစ်ပါစေဟယ်)၊ ငရဲကျပါစေဟယ်”ဟု မိမိအတွက်ရော သူ့ အတွက်ပါ ကျိန်ဆဲလေသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အတ္တာနံ ဝါ ပရံ ဝါ နိရယေန ဝါ ဗြဟ္မစရိယေန ဝါ အဘိသပေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ အကြင် ဘိက္ခုနီသည် မိမိကိုလည်းကောင်း, (ရဟန်း-ရဟန်းမ ဖြစ်သော) သူတစ်ပါးကိုလည်းကောင်း, ငရဲဖြင့် ဖြစ်စေ မြတ်သော အကျင့် (သာသနာတော်) ဖြင့်ဖြစ်စေ ကျိန်ဆဲအံ့၊ ကျိန်စာဆိုအံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။

မှတ်ချက်။ ။ လူကိုဖြစ်စေ သာမဏေကိုဖြစ်စေ ကျိန်ဆဲလျှင်လည်းကောင်း, ငရဲ ဗြဟ္မစရိယမှ တစ်ပါးသော “ခွေးဖြစ်ရစေ, ဝက်ဖြစ်ရစေ, အကန်းဖြစ်ရစေ၍၊ သူလဲ ခွေးဖြစ်ပါစေ”စသည်ဖြင့် ကျိန်ဆဲလျှင် ဒုက္ကဋ်အာပတ်သင့်၏၊ ဘိက္ခုတို့မှာ ဒုက္ကဋ်ချည်းသာ။

ည။ ဝဓိတွာရောဒနသိက္ခာပုဒ်

အမှုသည်—စဏ္ဍကာဠီ။

အမှု—ရန်ဖြစ်၍ မိမိကိုယ်ကို ညှဉ်းဆဲကာ, ညှဉ်းဆဲကာ ငိုမှု။

စဏ္ဍကာဠီ၏ ဒေါသ။ ။ စဏ္ဍကာဠီသည် အခြားဘိက္ခုနီတို့နှင့် ခိုက်ရန် ဒေါသ ဖြစ်၍ (ဒေါသကြီး လွန်းလှသဖြင့်) သူ့ကိုယ်ကို ထိုးလိုက် ရိုက်လိုက်နှင့် ညှဉ်းဆဲနှိပ်စက်ကာ ငိုသဖြင့် အခြား ဘိက္ခုနီတို့ ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

စာမျက်နှာ-၃၈၀

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အတ္တာနံ ဝဓိတွာ ဝဓိတွာ ရောဒေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ မိမိကိုယ်ကို ညှဉ်းဆဲနှိပ်စက်၍ ညှဉ်းဆဲနှိပ်စက်၍ ငိုသော ဘိက္ခုနီအား ပါစိတ် အာပတ်သင့်၏။

မှတ်ချက်။ ။ ညှဉ်းဆဲရုံသာ ညှဉ်းဆဲ၍ မငိုလျှင်လည်းကောင်း, ငိုရုံသာငို၍ ကိုယ်ကိုမညှဉ်းဆဲ လျှင်လည်းကောင်း, ဒုက္ကဋ်အာပတ်သာ၊ ဆွေမျိုးပျက်စီးခြင်းစသည်ကြောင့် ငိုရုံသာ ငို၍ ကိုယ်ကို မညှဉ်းဆဲလျှင် အနာပတ္တိ။ အန္ဓကာရဝဂ်ပြီး၏။

နဂ္ဂဝဂ်

က။ နဂ္ဂနှာယနသိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီအများ။

အမှု—ရေလဲ မပါဘဲ ရေချိုးမှု။

ပြည့်တန်ဆာမများနှင့် အတူရေချိုးခြင်း။ ။ သာဝတ္ထိမြို့၌ များစွာသောဘိက္ခုနီတို့သည် အစီရဝတီ မြစ်ထဲ၌ ပြည့်တန်ဆာမများနှင့် အတူ ရေလဲမပါဘဲ ဗလာကိုယ်ထည်းဖြင့် ရေချိုးကြလေရာ ပြည့်တန်ဆာမတို့သည် ထိုဘိက္ခုနီများကို ကြည့်၍ ခနိုးခနဲ့ ပြောကြသည်မှာ-“အရှင်မ တို့ရယ်...အရွယ်ကောင်းတုန်းမှာ မေထုန်ရှောင်တဲ့ အကျင့်မြတ်ကို ကျင့်နေလို့ ဘာအကျိုးရှိမှာလဲ၊ ဒီအရွယ်မှာ ကာမချမ်းသာကို ခံစားပြီး အရွယ်ကြီးမှ မြတ်သော အကျင့်ကို ကျင့်ကြပါလား၊ ဒီလိုဆိုလျှင် ဒီဘဝအကျိုး နောင်ဘဝအကျိုး ၂-မျိုးလုံး ပိုင်ပြီးသား ဖြစ်တာပေါ့”ဟု ခနိုးခနဲ့ ပြောကြလေသည်။

ထိုသို့ ခနိုးခနဲ့ အပြောခံရ၍ ခတ်ရှက်ရှက်နှင့် မျက်နှာပျက်ခဲ့ရသော ဘိက္ခုနီတို့သည် ကျောင်းသို့ ရောက်သောအခါ အဝတ်မပါဘဲ ရေချိုးမိလို့ ပြည့်တန်ဆာမတွေရဲ့ အခနဲ့ ခံခဲ့ရကြောင်းကို ပြောပြကြလေသော် သူတို့ကို မသနားသည့်ပြင် “အဝတ်မပါ ဗလာကိုယ်တည်းဖြင့် ရေချိုးကြရကောင်း လား”ဟု ကဲ့ရဲ့ကြ၍ တဆင့်အားဖြင့် ဘုရားကို လျှောက်ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

စာမျက်နှာ-၃၈၁

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ နဂ္ဂါ နဟာယေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ အဝတ်မပါ ဗလာကိုယ်ထည်းဖြင့် ရေချိုးသောဘိက္ခုနီအား ပါစိတ် အာပတ် သင့်၏၊ ဘိက္ခုတို့မှာ ဇန္တာဃရ (ရေချိုးအိမ်) နှင့် ရေထည်းမှာ အဝတ်မပါဘဲ ချိုးကောင်းသေး၏၊ ဘိက္ခုနီတို့ကား ထိုသို့ နေရာများ၌သော်မှ အဝတ်မပါဘဲ ချိုးကောင်း၏ဟု ခွင့်ပြုချက် မတွေ့ရ။

ခ။ ဥဒကသာဋိကာသိက္ခာပုဒ်

အမှုသည်—ဆဗ္ဗဂ္ဂီဘိက္ခုနီများ။

အမှု—သိပ်ကြီးသော ရေသနုပ်ကို ပြုလုပ်၍ဝတ်မှု။

ရေသနုပ် ခွင့်ပြုတော်မူရခြင်း။ ။ ဝိသာခါသည် ဘုရားအထံ၌ ဆုရှစ်ပါးကို တောင်းသောအခါ ပြည့်တန်ဆာမတို့က ခနိုးခန့း ပြောင်လှောင်လိုက် ကြကြောင်းကိုလည်းကောင်း, မာတုဂါမတို့၏ ကိုယ်တုံးလုံးနေ ခြင်းသည် စက်ဆုပ်ရွံဖွယ် မတင့်တယ်ကြောင်းကိုလည်းကောင်း, လျှောက်ထား၍ “ဘိက္ခုနီအား အမြဲရေသနုပ် လှူလိုပါကြောင်းကိုလည်း ဆုတစ်ပါးအဖြစ်ဖြင့် ထည့်သွင်း လျှောက်တောင်းလေသည်၊ ထိုအခါ ဗုဒ္ဓမြတ်စွာသည် ဘိက္ခုနီတို့အား ရေသနုပ်ကို မဟာဝါ-စီဝရက္ခန္ဓက၌ အမြဲခွင့်ပြုတော်မူခဲ့၏။

ထိုသို့ ခွင့်ပြုလိုက်လျှင်ပင် ဆဗ္ဗဂ္ဂီဂိုဏ်းဝင် ဘိက္ခုနီတို့သည် အတိုင်းအရှည် ပမာဏမထားဘဲ အလွန်ရှည်လျား ကြီးမားသော ရေသနုပ်ကို ချုပ်လုပ် ဆောင်ထား၍ ရှေ့ရောနောက်ပါ တွဲလျားချလျက် ဟိုဟိုဒီဒီ လှည့်လည် ကြသည်ကို အမြင်မတော်သော ဘိက္ခုနီတို့က ကဲ့ရဲ့ ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ဥဒကသာဋိကံ ပန ဘိက္ခုနိယာ ကာရယမာနာယ ပမာဏိကာ ကာရေတဗ္ဗာ, တတြိဒံ ပမာဏံ, ဒီဃသော စတဿော ဝိဒတ္ထိယော သုဂတဝိဒတ္ထိယာ, တိရိယံ ဒွေ ဝိဒတ္ထိယော။ တံ အတိက္ကာမေန္တိယာ ဆေဒနကံ ပါစိတ္တိယံ။

မြန်မာပြန်။ ။ ရေသနုပ်ကို ချုပ်လုပ်စေသောဘိက္ခုနီသည် ပမာဏနှင့် ယှဉ်သော ရေသနုပ်ကိုသာ ချုပ်လုပ်စေရမည်၊ ထိုရေသနုပ်၏

စာမျက်နှာ-၃၈၂

ပမာဏကား-ဘုရားရှင်၏ လက်သန်း အထွာတော်ဖြင့် အလျား ၄-ထွာ, အနံ ၂-ထွာတည်း၊ ထိုပမာဏကို လွန်စေသော ဘိက္ခုနီမှာ ပို့သမျှကို ဖြတ်ပစ်ရခြင်းရှိသော ပါစိတ်အာပတ်သင့်၏။

ဂ။ ဝိသိဗ္ဗနသိက္ခာပုဒ်

အမှုသည်—ထုလ္လနန္ဒာ။

အမှု—ချုပ်မကောင်းသော သင်္ကန်းကို အဖြေခိုင်းပြီးနောက် ပြင်၍ ချုပ်မပေးမှု။

ထုလ္လနန္ဒာ၏ မတရားမှု။ ။ ဘိက္ခုနီတစ်ယောက်၏ သင်္ကန်းချုပ်ဖို့ အဝတ်သည် အဖိုးများစွာ ထိုက်တန်၏၊ သို့သော် သင်္ကန်းချုပ်သောအခါ၌ကား ချုပ်ပုံမကောင်းဘဲ ဖြစ်နေ၏၊ ထိုချုပ်ပုံ မကောင်းသော သင်္ကန်းကို ထုလ္လနန္ဒာမြင်၍ “ရှင်မ၏ သင်္ကန်းဟာ အသား ကောင်းပါလျက် အချုပ်မကောင်း”ဟု ပြော၏။ ထိုအခါ သင်္ကန်းရှင်က “အရှင်မ ပြန်၍ ပြင်ချုပ်ပေးမလား, ဖြေလိုက်မယ်”ဟု မေးလေသော်, ဖြေလိုက်လေ, ပြင်ချုပ်ပေးမယ်”ဟု ဝန်ခံလိုက်၏။ သင်္ကန်းရှင်သည် သင်္ကန်းကိုဖြေပြီးနောက် ပြင်၍ ချုပ်ပေးဖို့ရန် ပြောသောအခါ ထုလ္လနန္ဒာသည် ကိုယ်တိုင်လည်း ချုပ်မပေး, တစ်ယောက်ယောက်ကိုလည်း ချုပ်ပေးဖို့ရန် ကြောင့်ကြမစိုက်ဘဲ ဂရုမစိုက်ဘဲ နေ၏၊ ထိုသို့ဂရုမစိုက်ပုံကို သင်္ကန်းရှင်က အခြား ဘိက္ခုနီတို့အား ပြောပြသဖြင့် ကဲ့ရဲ့ကြသောကြောင့် ဤ သိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဘိက္ခုနိယာ စီဝရံ ဝိသိဗ္ဗေတွာ ဝါ ဝိသိဗ္ဗာပေတွာ ဝါ သာ ပစ္ဆာ အနန္တရာယိကိနီ နေဝ သိဗ္ဗေယျ, န သိဗ္ဗာပနာယ ဥဿုက္ကံ ကရေယျ အညတြ စတူဟပဉ္စာဟာ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် ဘိက္ခုနီတစ်ယောက်၏ သင်္ကန်းကို ကိုယ်တိုင်ဖြစ်စေ, ခိုင်း၍ဖြစ်စေ ဖြေပြီးနောက်(ချုပ်မပေးနိုင်လောက်အောင်)အန္တရာယ်မရှိပါဘဲ ၄-ရက် ၅-ရက်ထက်လည်း ကြာအောင် အချိန်ဆွဲ၍ ကိုယ်တိုင်သော်လည်း ချုပ်၍ မပေးအံ့၊ သူတစ်ပါးကိုသော်လည်း ချုပ်ပေးအောင် ကြောင့်ကြမစိုက်အံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ် သင့်၏။

စာမျက်နှာ-၃၈၃

ဃ။ သင်္ဃာဋိစာရသိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီအများ။

အမှု—အခြားသင်္ကန်းများကို အပ်နှံထားခဲ့၍ သင်းပိုင်ဧကသီ နှင့်သာ ဒေသစာရီလှည့်နေ။

သင်္ကန်းများ မှိုတက်နေခြင်း။ ။ ဘိက္ခုနီတို့မှာ သင်္ကန်း ၅-ထည် ကိုယ်ပိုင်ထားခွင့်ရှိ၏၊ တချို့ဘိက္ခုနီတို့သည် ထိုသင်္ကန်း၅ ထည်တွင် (သင်္ကန်းကြီး, ရေသနပ်, ရင်စည်းတဘက်) ၃-ထည်ကို အခြား ဘိက္ခုနီတို့ထံ အပ်နှံထားခဲ့၍ သင်းပိုင်, ဧကသီ ၂-ထည်ဖြင့်သာ ဒေသစာရီ လှည့်လည် (ခရီးသွား)ကြကုန်၏၊ အပ်နှံထားခဲ့သော သင်္ကန်းတို့ကား ဝတ်လည်းမဝတ်ရ, နေလည်း မလှမ်းရခြင်းကြောင့် အောက်စော်လည်းနံ၍ မှိုလည်းတက်နေကုန်၏၊ ထိုသင်္ကန်းတို့ကို အပ်နှံခံရသော ဘိက္ခုနီတို့သည် နေလှမ်းပေးကြရကုန်၏၊ ထိုနေလှမ်းနေကြသော ဘိက္ခုနီတို့ကို အခြား ဘိက္ခုနီတို့က မေးကြသောအခါ ခရီးသွားနေသော ဘိက္ခုနီတို့၏သင်္ကန်း ဖြစ်ကြောင်းကို ပြောပြကြသဖြင့် သင်္ကန်းရှင် ဘိက္ခုနီတို့ကို ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ပဉ္စာဟိကံ သံဃာဋိစာရံ အတိက္ကာမေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် ၅-ရက်ကို သင်္ကန်းတို့၏လှည့်လည်ခြင်းကို လွန်စေအံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။

မှတ်ချက်။ ။ “သင်္ကန်းတို့၏ လှည့်လည်ခြင်း” ဟူသည် သင်္ကန်းတို့ကို အထုပ် သေတ္တာစသည်၌ ငြိမ်သက်၍ မနေစေဘဲ အနဲဆုံး ငါးရက်တစ်ကြိမ်ကျ ဝတ်သော်လည်း ဝတ်ပေးခြင်း, နေသော်လည်း လှမ်းပေးခြင်းတည်း၊ သင်္ကန်း ၅-ထည်ကို ၅-ရက်မြောက်နေ့ရောက်လျှင် ဝတ်သော်လည်းဝတ်, မဝတ်လျှင် နေလှမ်းရမည်၊ ဝတ်လဲမဝတ်, နေလဲမလှမ်းဘဲ ၅-ရက် လွန်လျှင် ပါစိတ် အာပတ်သင့်သည်’ဟူလို။

င။ စီဝရသင်္ကမနီယသိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီတစ်ယောက်။

အမှု—သူ့သင်္ကန်းကိုခွင့်မပန်ဘဲဝတ်ရုံမှု။

ဝတ်တရားမသိသော ဘိက္ခုနီ။ ။ ဘိက္ခုနီ တစ်ယောက်သည် ရေစိုနေသော သင်္ကန်းကို ဖြန့်လှမ်း၍ ကျောင်းတွင်းသို့ ဝင်သွား၏၊ အခြားဘိက္ခုနီ တစ်ယောက်သည် သင်္ကန်းရှင်ကို ခွင့်မပန်ဘဲ ထိုသင်္ကန်းကို

စာမျက်နှာ-၃၈၄

ဝတ်ရုံ၍ ရွာတွင်းသို့ ဆွမ်းခံဝင်သွား၏၊ သင်္ကန်းရှင်ဘိက္ခုနီသည် ကျောင်းခန်းတွင်းမှ ထွက်လာ၍ သူ့သင်္ကန်းကို မမြင်သောကြောင့် မေးသောအခါ အခြားဘိက္ခုနီတို့က “မည်သူ (နာမည်ကို ဖေါ်၍)ဝတ်သွားကြောင်းကို” ပြောကြကုန်၏၊ ထိုအခါ သင်္ကန်းရှင်နှင့်တကွ တဆင့်ကြား၍ သိရကုန်သော ဘိက္ခုနီတို့ ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ စီဝရသင်္ကမနီယံ ဓာရေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ ပြောင်းရွှေ့၍ ဝတ်အပ်သောသင်္ကန်းကို ဆောင်ယူသော ဘိက္ခုနီအား ပါစိတ် အာပတ်သင့်၏။

မှတ်ချက်။ ။ “ပြောင်းရွှေ့၍ ဝတ်အပ်”ဟူသည် မိမိထံမှာ အမြဲမထားဘဲ ပြောင်း၍ ပြန်၍ ပေးရမည့် သင်္ကန်းတည်း၊ ထိုသို့ပြန်ပေးရမည့် သင်္ကန်းကို ဥစ္စာရှင်ထံ ခွင့်မပန်ဘဲ (မိမိသင်္ကန်း ပျောက်နေခြင်း, သူခိုးအခိုးခံရခြင်း ဟူသော အကြောင်းလည်းမရှိဘဲ) ဥစ္စာရှင်ကို ခွင့်မတောင်းဘဲဝတ်လျှင် ပါစိတ် အာပတ်သင့်၏။

စ။ လာဘန္တရာယကရဏသိက္ခာပုဒ်

အမှုသည်—ထုလ္လနန္ဒာ။

အမှု—ဘိက္ခုနီသံဃာ၏ သင်္ကန်းလာဘ်ကို ပိတ်ပင်တားမြစ်မှု၊

မလှူရဘဲ မီးလောင်ခံရခြင်း။ ။ ထုလ္လနန္ဒာကို ပြုစုလုပ်ကျွေးနေသော (ကြည်ညိုသော) အိမ်ရှင်တို့သည် ဘိက္ခုနီသံဃာအား သင်္ကန်းလှူမည့် အကြောင်းကို ထုလ္လနန္ဒာအား လျှောက်ကြကုန်၏၊ ထုလ္လနန္ဒာသည် မလှူဖြစ်အောင် “သင်္ကန်းတို့မှာ ကိစ္စတွေများသနှင့်” ဟု ပြော၍ တားမြစ်ထား၏၊ ထိုအချိန်မှာပင် ထိုဒါယကာတို့၏ အိမ်ကိုမီးလောင်လေရာ ဒါယကာတို့က “ငါတို့မှာ ပစ္စည်းလဲကုန်, ကုသိုလ်လဲမရ ဖြစ်ကြရပေါ့”ဟု ဝမ်းနည်းစွာနှင့် ထုလ္လနန္ဒာကို အပြစ်တင်ကြလေသည်။ ထိုအကြောင်းကို ကြား၍ အခြားဘိက္ခုနီတို့ကလည်း ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဂဏဿ စီဝရလာဘံ အန္တရာယံ ကရေယျ, ပါစိတ္တိယံ။

စာမျက်နှာ-၃၈၅

မြန်မာပြန်။ ။ ဘိက္ခုနီ ဂိုဏ်းသံဃာ၏ ရခွင့်ရှိသော သင်္ကန်းလာဘ်ကို (မရအောင် တားမြစ်သောအားဖြင့်) အန္တ ရာယ်ပြုသော ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။

မှတ်ချက်။ ။ ဘယ့်လောက်တန် လှူမည်ဟု ကြံစည်ကြသတဲ့ဟု မေး၍ သူတို့မှန်း သလောက်ဆိုလျှင် ပစ္စည်းဝတ္ထုနည်းမှာစိုး၍ “ခဏဆိုင်းကြဦး, အဖိုးချိုတဲ့ အခါမှ လှူကြတာပေါ့”ဟု စိတ်ရိုး စိတ်ကောင်းဖြင့် ဆိုင်းငံ့တားထားလျှင် အနာပတ္တိ။

ဆ။ ပဋိဗာဟနသိက္ခာပုဒ်

အမှုသည်—ထုလ္လနန္ဒာ။

အမှု—သင်္ကန်းဝေဖန်ခြင်းကို တားမြစ်မှု။

ထုလ္လနန္ဒာ၏ မတရားမှု။ ။ သာဝတ္ထိမြို့၌ ဘိက္ခုနီသံဃာမှာ အကာလသင်္ကန်းရရှိ၏၊ [အကာလသင်္ကန်းဟူသည် ကထိန်ခေတ်ကာလနှင့် မဆိုင်သော သင်္ကန်းတည်း၊ ထိုအကာလသင်္ကန်းမျိုးကို ကထိန် အာနိသင်ရသူဖြစ်စေ, မရသူဖြစ်စေ အားလုံးခွဲဝေရသည်။] ထိုအကာလသင်္ကန်းကို ဝေဖို့ရန် ဘိက္ခုနီသံဃာအားလုံး စည်းဝေးချိန်မှာ ထုလ္လနန္ဒာ၏ တပည့်ဘိက္ခုနီတို့သည် တခြားအရပ်သို့ ခရီးသွားနေခိုက်ဖြစ်၏၊ ထို့ကြောင့် ထုလ္လနန္ဒာသည် “သင်္ကန်းမဝေကြပါသေးနှင့်ဦး, ဘိက္ခုနီတချို့ ခရီးသွားနေ၍ မရှိကြပါ”ဟု ပြောဆိုတားမြစ်လေသည်၊ ထိုအခါ အခြားဘိက္ခုနီတချို့လည်း “သင်္ကန်းမဝေဖြစ်သေးဘူးတဲ့”ဟု ပြောဆိုကာ အရပ်တစ်ပါးသို့ ခရီးသွားကြကုန်၏၊ ထုလ္လနန္ဒာသည် သူ၏တပည့်မတို့ ပြန်ရောက်ကြသောအခါ (အခြား ဘိက္ခုနီတို့ မပြန်လာမီပင်) သံဃာစည်းဝေးစေ၍ သင်္ကန်းကို ဝေစေလေတော့၏၊ ထိုမတရားပြုမှုကို အခြားဘိက္ခုနီတို့က ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဓမ္မိကံ စီဝရဝိဘင်္ဂံ ပဋိဗာဟေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ တရားနှင့် လျော်သော သင်္ကန်းဝေမှုကို တားမြစ်သော ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။ [တိုက်တာအတွင်း၌ လက်ရှိ ဘိက္ခုနီအားလုံး စည်းဝေး၍ဝေမှုကို “တရားနှင့်လျော်သောဝေမှု” ဟု ခေါ်သည်။

စာမျက်နှာ-၃၈၆

ဇ။ သမဏစီဝရဒါနသိက္ခာပုဒ်

အမှုသည်—ထုလ္လနန္ဒာ။

အမှု—လူဝတ်ကြောင်စသူတို့အား ရဟန်း၏သင်္ကန်းကို ပေးမှု။

ထုလ္လနန္ဒာ၏ ဉာဏ်ဆန်း။ ။ ထုလ္လနန္ဒာသည် သူ၏ဂုဏ်သတင်းလွှင့်ဖို့ (ကြော်ငြာဖို့) မှန်း၍ ဇာတ်ဆရာ, ကချေသည်, ဘားကစားသူ, မျက်လှည့်သမား, အိုးစည်တီးသမား, စသူတို့အား ရဟန်းများ ဝတ်လောက်ရုံလောက်၍ ကပ္ပဗိန္ဒုထိုးပြီးသားဖြစ်သော သင်္ကန်းကိုပေး၍ “ပရိသတ်ထဲ၌ ငါ၏ ဂုဏ်သတင်းကို ပြောပေးကြပါ”ဟု မှာလိုက်၏၊ ထိုသူတို့ကလည်း ပရိသတ်ထဲ၌ “အရှင်မ ထုလ္လနန္ဒာသည် ဗဟုဿုတ ရှိပါသည်၊ ရဲရဲရင့်ရင့်ရှိပါသည်၊ တရားဟောလဲ ကောင်းသည် လှူစရာရှိလဲ အရှင်မအား လှူကြပါ, ကျောင်းဆောက် စသည်ပြုစရာရှိလဲ အရှင်မထံ ပြုကြပါ”ဟု ပြောကြလေသည်။ ထိုအကြောင်းကို အခြားဘိက္ခုနီများကြား၍ “သမဏစီဝရကို လူဝတ်ကြောင်စသူတို့အား ပေးရသလားဟု ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အဂါရိကဿ ဝါ ပရိဗ္ဗာဇကဿ ဝါ ပရိဗ္ဗာဇိကာယ ဝါ သမဏစီဝရံ ဒဒေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ အကြင် ဘိက္ခုနီသည် လူဝတ်ကြောင်အားသော်လည်းကောင်း, ပရိဗိုဇ် (ရသေ့ ဖိုးသူတော်ဝတ်သောယောက်ျား) အားသော်လည်းကောင်း, ပရိဗိုဇ်မ(ရသေ့မ သီလရှင်) အားသော်လည်းကောင်း, သမဏသင်္ကန်းကို ပေးအံ့၊ ထိုဘိက္ခုနီအား ပါစိတ် အာပတ်သင့်၏။

မှတ်ချက်။ ။ “သမဏစီဝရ”အရ ဝတ်လောက်ရုံလောက်သော ကပ္ပဗိန္ဒုထိုးအပ်ပြီး သင်္ကန်းကိုယူ၊ အဂါရိကအရ “လူ”ဟု ဆိုသော်လည်း မိဘမှတစ်ပါး အခြားလူများကိုယူ၊ သီတင်းသုံးဖော် ၅-ဦးနှင့် မယ်တော်ခမည်းတော် မှတစ်ပါး လူဝတ်ကြောင်-ဖိုးသူတော်-သီလရှင်-ရသေ့ (ယောက်ျား မိန်းမ) ပရိဗိုဇ်ဟူသမျှအား သမဏစီဝရကို ပေးသော ဘိက္ခုနီမှာပါစိတ်, ဘိက္ခုတို့မှာ ဒုက္ကဋ်၊ ကပ္ပဗိန္ဒု မထိုးရသေးလျှင်ကား သာမဏစီဝရအမည် မရသေး၍ ပေးသင့်သူအား ပေးကောင်း၏။ [ဤစကားကို ကောက်ချက်ချလျှင် ကပ္ပဗိန္ဓုမထိုးရသေးသော (သင်္ကန်းဟု ခေါ်သော) အဝတ်ကို လူများဝတ်ရုံကောင်း၏-ဟု အဓိပ္ပါယ်ရ၏။ သို့ဖြစ်လျှင် ၂-ထပ်သင်္ကန်းကြီးကို သာမဏေတို့ဝတ်ရာ၌ ဝတ်ကောင်းကြောင်းကား ဆိုဖွယ်မရှိပြီ။

စာမျက်နှာ-၃၈၇

ဈ။ သမယာတိက္ကာမန သိက္ခာပုဒ်

အမှုသည်—ထုလ္လနန္ဒာ။

အမှု—သင်္ကန်းအပေါ် (ရလိမ့်မည်ဟု) အားနည်းသော မျှော်လင့်ချက်ဖြင့် သင်္ကန်းကာလကို လွန်စေမှု။

အားနည်းသော မျှော်လင့်ချက်။ ။ ထုလ္လနန္ဒာကို ပြုစုလုပ်ကျွေးသောအိမ်မှ သားတို့သည် “တပည့်တော်တို့ တတ်နိုင်လျှင် ဘိက္ခုနီသံဃာအား သင်္ကန်း လှူကြပါလိမ့်မည်”ဟု လျှောက်ထားဖူး၏၊ ထိုသို့လျှောက်ထားဖူးခြင်းကို “သင်္ကန်းရလိမ့်မည်”ဟု “ဘိက္ခုနီဘက်က မျှော်လင့်ရသောအချက်တည်း၊ သို့သော် တတ်နိုင်လျှင်”ဟူသော ဝိသေသကြောင့် ထိုမျှော်လင့်ချက်သည် သေချာသော မျှော်လင့်ချက်မဟုတ်၊ အား နည်းသော မျှော်လင့်ချက်ဖြစ်သည်။

ထုလ္လနန္ဒာ၏ အားနည်းမှု။ ။ သင်္ကန်းကာလ၌ ရှိနေသမျှ သင်္ကန်းသည်။ ထိုကျောင်းတိုက်အတွင်းမှာ ပထမဝါ၌ ဝါဆိုဝါကျွတ်သော သံဃာနှင့် သာဆိုင်၏။ ထို့ကြောင့် ထိုကျောင်းတိုက်၌ ပထမ ဝါကျွတ်သော ဘိက္ခုနီသံဃာသည် သံဃိကသင်္ကန်းကို ခွဲခြမ်းဝေဖန်မည်ဟု စည်းဝေးကြသောအခါ ထုလ္လနန္ဒာက “မဝေကြပါသေးနှင့် နောက်ထပ် သင်္ကန်းရစရာ မျှော်လင့်ချက်ရှိပါသေးသည်”ဟု ပြောဆို၍ ထိုသင်္ကန်းရမှ ရော၍ဝေဖို့ တားမြစ်ထားလေသည်။

ထိုသို့ တားမြစ်ထားသောကြောင့် သင်္ကန်းကာလ လွန်သွားရကား ထိုသင်္ကန်းများသည် ပထမဝါကျွတ်သော သံဃာသာမက, အားလုံး လာလာသမျှ သံဃာနှင့်ဆိုင်သွားသဖြင့် ပထမဝါကျွတ်သော သံဃာတို့မှာ နောက်ထပ်ရမည့်သင်္ကန်းက အမှန်ရလျှင် ဝေသောအခါ အရနည်းဖွယ် မရှိပါ၊ နောက်ထပ်ရမည့်သင်္ကန်းက မရလျှင် ဝေသောအခါ အရနည်းဖွယ် ရှိ၏၊ ထို့ကြောင့် “ထိုမျှော်လင့်ချက် သင်္ကန်းကို စုံစမ်းပါ”ဟု ထုလ္လနန္ဒာကို တိုက်တွန်းကြ၍ စုံစမ်းသောအခါ မလှူနိုင်တော့ကြောင်းကို သိရသဖြင့် ထုလ္လနန္ဒာကို ဝိုင်း၍ ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဒုဗ္ဗလစီဝရပစ္စာသာယ စီဝရကာလသမယံ အတိက္ကာမေယျ, ပါစိတ္တိယံ။

စာမျက်နှာ-၃၈၈

မြန်မာပြန်။ ။ သင်္ကန်းရဖို့ရာ အားနည်းသော မျှော်လင့်ချက်ဖြင့် သင်္ကန်းကာလ သမယကို လွန်စေသော ဘိက္ခုနီမှာ ပါစိတ် အာပတ်သင့်၏။

မှတ်ချက်။ ။ “လှူမည်လို့တော့ မသေမချာ လျှောက်ထားပါတယ်, သို့သော် သူတို့မှာ အလုပ်အကိုင် အရောင်းအဝယ်ကောင်း၍ ပစ္စည်းတက်နေသောကြောင့် သို့မဟုတ် သဒ္ဓါတရားကောင်းသော ဒါယကပြန်ရောက် လာသောကြောင့် ဧကန်လှူဖြစ်စရာရှိပါတယ်” စသည်ဖြင့် အကျိုး အကြောင်းပြောပြ၍ တားမြစ်ထားလျှင် အနာပတ္တိ။

ည။ ကထိနုဒ္ဓါရ ပဋိဗာဟနသိက္ခာပုဒ်

အမှုသည်—ထုလ္လနန္ဒာ။

အမှု—တရားလမ်းကြောင်းကျသော ကထိန်နုတ်ခြင်းကို တားမြစ်မှု။

ကထိန်နုတ်ခွင့်။ ။ ဥပါသကာတစ်ယောက်သည် သံဃိကလှူဖို့ရန် ကျောင်းဆောက်ပြီးနောက် ကျောင်းရေစက်ချသောအခါ ပထမ ဝါကျွတ်သော သံဃာသာမက, ရှိသမျှသံဃာအားလုံးကို သင်္ကန်းလှူလို သောဆန္ဒရှိ၏၊ ထိုအချိန်၌ ဘိက္ခု-ဘိက္ခုနီ သံဃာ ၂-ဘက်လုံးမှာပင် ကထိန်ခင်းပြီး ဖြစ်နေသောကြောင့် သံဃိကသင်္ကန်းလှူလျှင် ကထိန်အာနိသင်ရထားသော(ထိုကျောင်းတိုက်၌ ပထမဝါကျွတ်သော) သံဃာများသာ ရခွင့်ရှိ၏၊ ထို့ကြောင့် လာလာသမျှ သံဃာအားလုံးနှင့် သက်ဆိုင်အောင် လှူလိုသော ဒါယကာသည် ခင်းပြီးကထိန်ကို ပြန်၍ နုတ်ဖို့ရန် လျှောက်ထားသဖြင့် ရဟန်းများက ဘုရားရှင်အား တဆင့်လျှောက်ကြသောကြောင့် ကထိန်နုတ်ခွင့်ပြုတော်မူရလေသည်။ [သံဃာစည်းဝေး၍ ဘုရားအမိန့်တော် ကမ္မဝါစာဖြင့် ခင်းပြီး ကထိန်ကိုပြန်၍ ရုပ်သိမ်းမှုကို “ကထိန်နုတ်”ဟု ခေါ်သည်။]

ထုလ္လနန္ဒ၏ တားမှု။ ။ ထိုသို့ကထိန်နုတ်ခွင့် ပြုတော်မူသောကြောင့် ကထိန်နုတ်မည်ဟု သံဃာစည်းဝေးသောအခါ ထုလ္လနန္ဒာသည် (လှူမည့်သင်္ကန်းကို နောက်လာသူများနှင့် မဆိုင်စေဘဲ ပထမဝါကျွတ်သော သူတို့တစုသာ ပိုင်ဆိုင်လိုသောကြောင့်) ထိုကထိန်နှုတ်ခြင်းကို တားမြစ်ထားလေသည်၊ ထိုအကြောင်းကို ကြားရသော ကျောင်း

စာမျက်နှာ-၃၈၉

ဒါယကာ ဥပါသကာသည် ထုလ္လနန္ဒာ၏လုပ်ပုံကို မကျေနပ်၍ ကဲ့ရဲ့သောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဓမ္မိကံ ကထိနုဒ္ဓါရံ ပဋိဗာဟေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ တရားနှင့်လျော်သော ကထိန်နုတ်ခြင်းကို တားမြစ်သော ဘိက္ခုနီအား ပါစိတ် အာပတ်သင့်၏။

မှတ်ချက်။ ။ ဤ ကထိန်နှုတ်ခွင့်ပြုတော်မူခြင်းမှာ သံဃာအားလုံး ညီတူညီမျှ သံဃိကသင်္ကန်းကို ရပါစေတော့ဟု သဘောထား၍ ခွင့်ပြုတော်မူခြင်း ဖြစ်သော်လည်း ပထမဝါကျွတ်သော သံဃာများမှာ အရနည်းနေလျှင် မသင့်လျော်ချေ။ သို့ဖြစ်၍ ကထိန်နုတ်ခြင်းကြောင့် ရှိမည့်လာဘ်သည် ကထိန်အာနိသင် လာဘ်အောက်နည်းနေလျှင် “ဓမ္မိက ကထိနုဒ္ဓါရ = တရားနှင့်လျော်သော ကထိန်နုတ်ခြင်း”မဟုတ်၊ ကထိန်နုတ်ခြင်းကြောင့် နောက်ထပ်ရရှိမည့်လာဘ်က ကထိန်အာနိသင် လာဘ်ထက် များသော်လည်းကောင်း, တန်းတူသော်လည်းကောင်း, ဖြစ်မှ “ဓမ္မိက ကထိနုဒ္ဓါရ”ဖြစ်သည်။

နဂ္ဂဝဂ်ပြီး၏။

တုဝဋ္ဋဝဂ်

က။ တုဝဋ္ဋသိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီများ။

အမှု—ခုတင်တစ်ခု၌ ၂-ယောက်အတူ အိပ်မှု။

လူလို မအိပ်ရ။ ။ သာဝတ္ထိမြို့၌ ဘိက္ခုနီတချို့သည် ခုတင်တချပ်ထည်း၌ ၂-ယောက် အတူအိပ်ကြကုန်၏၊ ကျောင်းကို လှည့်လည်၍ ကြည့်ရှုကြသော လူတို့သည် ထိုသို့ အိပ်ကြပုံကို မြင်၍ “လူများအိပ်သလို အိပ်ကြတာဘဲကိုး”ဟု ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနိယော ဒွေ ဧကမဉ္စေ တုဝဋ္ဋေယျုံ, ပါစိတ္တိယံ။

စာမျက်နှာ-၃၉၀

မြန်မာပြန်။ ။ ညောင်စောင်း(ခုတင်)တစ်ခုတည်း၌ ၂-ယောက်အတူ အိပ်သော ဘိက္ခုနီတို့မှာ ပါစိတ်အာပတ်သင့်၏။

မှတ်ချက်။ ။ ဘိက္ခုတို့မှာ ဒုက္ကဋ်အာပတ် သင့်၏။ တစ်ယောက်အိပ်တုန်း အခြားတစ်ယောက်က ထိုင်နေလျှင်လည်းကောင်း၊ ၂-ယောက်လုံး မအိပ်ဘဲ ထိုင်နေလျှင်လည်းကောင်း အနာပတ္တိ။

ခ။ ဧကတ္ထရဏပါဝုရဏသိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီအများ

အမှု—အခင်းတစ်ခု တည်းကိုပင် ၂-ယောက်အတူ ခင်းလည်းခင်း ခြုံလည်းခြုံ၍ အိပ်မှု၊

လူလို မအိပ်ရ။ ။ သာဝတ္ထိမြို့၌ ဘိက္ခုနိတချို့သည် (ခုတင်ပေါ်၌ အတူ မအိပ်ရဟု ပညတ်ထားသည့်အတွက် အတူမအိပ်ကြဘဲ) ကြမ်းပြင်စသည်အပေါ်၌ ခင်းလည်းခင်း ခြုံလည်းခြုံ၍ ဖြစ်နိုင်သောအဝတ်, သင်ဖြူး စသည်ကို ၂-ယောက်အတူ တစ်ဖက်အစွန်းကိုခင်း တစ်ဖက်အစွန်းကို ခြုံ၍ အိပ်ကြလေရာ ကျောင်းကြည့်လာသော လူတို့ မြင်သွားသဖြင့် “လူများလို အိပ်ကြတာပဲကိုး”ဟု ကဲ့ရဲ့ကြသောကြောင့် ဤ သိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနိယော ဒွေ ဧကတ္ထရဏပါဝုရဏာ တုဝဋ္ဋေယျုံ၊ ပါစိတ္တိယံ။

မြန်မာပြန်။ ။ အဝတ်အထည် တစ်ခုတည်းကိုပင် ၂-ယောက် အတူ ခင်းလည်းခင်း ခြုံလည်းခြုံ၍ အိပ်ကြသော ဘိက္ခုနီတို့အား ပါစိတ် အာပတ်သင့်၏။

မှတ်ချက်။ ။ ထိုကဲ့သို့ ဘိက္ခုတို့အိပ်လျှင် ဒုက္ကဋ်အာပတ်ဟု (ခုဒ္ဒကဝတ္ထု ခန္ဓက၌)ပညတ်တော်မူ၏၊ ဆက်ဦးအံ့ - သိက္ခာပုဒ်ရင်း၌ တစ်ထည်တည်းကိုပင် ခင်းလည်းခင်း ခြုံလည်းခြုံ၍ အိပ်သူအတွက် ပညတ်ထား၏၊ ခုဒ္ဒကဝတ္ထုခန္ဓက၌ကား အခင်း အခြုံ ၂-မျိုးလုံး မတူဘဲ အတူခင်း၍ ကိုယ့်ခြုံထည်နှင့်ကိုယ် အိပ်ခြင်း, ကိုယ့်အခင်းနှင့် ကိုယ် ခင်း၍ အတူခြုံအိပ်ခြင်းကိုလည်း ဘိက္ခုတို့မှာ ဒုက္ကဋ်ဟု ပညတ်တော် မူ၏၊ ဘိက္ခုတို့မှာ ဒုက္ကဋ်အာပတ်သင့်လျှင် ဘိက္ခုနီတို့မှာ ဒုက္ကဋ်ပင် သင့်စရာ ရှိသည်၊ ဆက်ဦးအံ့၊ ဤဧကတ္ထရဏ အရာ၌ အဋ္ဌကထာဝယ် “သံဟာရိမာနံ ပါဝါရကဋ သာရကာဒီနံ = ပြောင်းရွှေ့၍ ရစကောင်းသော အဝတ် ပဝါသင်ဖြူးဖျာ စသည်တို့၏”စသည်ဖြင့်

စာမျက်နှာ-၃၉၁

ဖွင့်သောကြောင့် ယခုအခါ ပြောင်းရွှေ့၍ ရကောင်းသော သင်ဖြူးကြီး ကော်ဇောကြီး စသည်၌ အတူမအိပ်ကောင်းဟု သတိပြုပါ၊ ထိုအပေါ်၌ အခင်းတစ်ခု ထပ်ခင်း၍ တစ်ပါးက ထိုအခင်းပေါ်မှာ အိပ်လျှင်လည်းကောင်း, အသီးအသီး အပေါ်ထပ် အခင်းရှိလျှင် လည်းကောင်း အိပ်ကောင်းပါ၏၊ ထိုသို့ အပေါ်အခင်း မထပ်နိုင်ဘဲ မလွှဲသာ၍ အိပ်ခွင့်ကြုံခဲ့သော် အလယ်ကြား၌ သင်္ကန်း, ခါးပန်းကြိုး တုတ်,တောင်ဝှေး စသည်တစ်ခုခုကို အပိုင်းအခြားထား၍ အိပ်လျှင် “အနာပတ္တိ ဝဝတ္ထာနံ ဒဿေတွာ နိပ္ပဇ္ဇန္တိ” ဟုခွင့်ပြုတော်မူသည်၊ ခုတင်တစ်ခုပေါ်၌ကား ထိုသို့ အပိုင်းအခြားထား၍ အိပ်ခွင့် ရပုံကို မပြချေ။

ဂ။ အဖာသုကရဏ သိက္ခာပုဒ်

အမှုသည်—ထုလ္လနန္ဒာ။

အမှု—အရှင်မဘဒ္ဒါကို စိတ်မချမ်းသာအောင်ပြုမှု။

အလုပ်တူ ငြူစူ။ ။ သာတ္ထိမြို့၌ ထုလ္လနန္ဒာသည် ဘုရားတရားတော်၌ များစွာ သင်ကြား တတ်မြောက်သူဖြစ်၍ တရားတော်ကို ရွတ်ဆိုနိုင် ဆောင်ရွက်မှတ်သားနိုင်၏၊ ပရိသတ်၌ ရဲရင့်၏၊ တရားဟော ကောင်း၏၊ ဘဒ္ဒါကာပိလာနီ အရှင်မလည်း ထိုကဲ့သို့ပင် စွမ်းရည်သတ္တိ ပြည့်စုံ၏၊ ထူးခြားချက်ကား (အထက်တန်းမှ ရဟန်းပြုလာသူဖြစ်၍ လည်းကောင်း အနေအထိုင် မွန်မွန်ရည်ရည် ရှိ၍လည်းကောင်း) အထက်တန်းကျ ပေသည်ဟု ချီးမွမ်းခံရသူဖြစ်လေသည်၊ မြို့သူမြို့သားတို့သည် ဘိက္ခုနီကျောင်းသို့ သွားသောအခါ အရှင်မဘဒ္ဒါအထံ ရှေးဦးစွာသွား၍ ထုလ္လနန္ဒာအထံသို့ နောက်မှ သွားကြကုန်၏။

ထိုသို့ ဖြစ်ပုံကို အကြောင်းပြု၍ ထုလ္လနန္ဒာသည် အရှင်မဘဒ္ဒါ အပေါ်၌ ကိုယ့်ထက်သာမနာလိုရကား အရှင်မဘဒ္ဒါကို စောင်းမြောင်း၍ “တစ်နေ့လုံး လူဝတ်ကြောင်တွေကို သိအောင်တရားဟောနေ-အမျိုးမျိုး အကြောင်းပြ၍ ဟောပြနေတဲ့ ဘိက္ခုနီတွေဟာ ပစ္စည်းလာဘ်လာဘကို အလိုမရှိကြသူတွေ တဲ့လား ရသမျှ ပစ္စည်းဖြင့် တင်းတိမ်ရောင့်ရဲကြသူတွေတဲ့လား လူတို့နှင့် ကင်းကင်းရှင်းရှင်း မရောမနှော နေကြသူတွေတဲ့လား၊ ဤသို့စောင်းမြောင်း ပြောဆိုရုံမကဘဲ, အရှင်မဘဒ္ဒါ၏ ရှေ့၌ (မလေးစားသောအားဖြင့်) လမ်းလျှောက်၍လည်းနေ၏၊ မတ်တတ်ရပ်၍လည်းနေ၏၊ လည်းလျောင်း၍လည်း နေ၏။ စာကိုဖြစ်စေ ရွတ်ပြပို့ချ၏။ မိမိကိုသော်လည်း တစ်စုံတစ်ယောက်က ရွတ်ပြပေးစေ၏။ စာကိုသော်လည်း ပြန်ဆိုနေ၏။ ထိုသို့

စာမျက်နှာ-၃၉၂

အရှင်မဘဒ္ဒါ မချမ်းသာအောင် ပြုမှုကို မြင်ရ ကြားရသော ဘိက္ခုနီတို့က ကဲ့ရဲ့ကြ၍ ဘုရားရှင်ကို တဆင့်လျှောက်ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဘိက္ခုနိယာ သဉ္စိစ္စ အဖာသုံ ကရေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ စေတနာနှင့်တကွ စေ့ဆော်၍ (မချမ်းသာအောင်ပြုမည် ဟူသောစိတ်ဖြင့်) အခြားဘိက္ခုနီ၏ မချမ်းသာမှုကို ပြုသော ဘိက္ခုနီမှာ ပါစိတ်အာပတ် သင့်၏။

ဃ။ သဟဇီဝိနီသိက္ခာပုဒ်

အမှုသည်—ထုလ္လနန္ဒာ။

အမှု—မိမိကို ဥပဇ္ဈာယ်ဆရာလုပ်၍နေသော တပည့်မကို မကျန်းမမာဖြစ်နေလျက် မပြုစုမှု။

ထုလ္လနန္ဒာ၏ မပြုစုမှု။ ။ ထုလ္လနန္ဒာသည် မိမိကို ဥပဇ္ဈာယ်ဆရာပြု၍ ဘိက္ခုနီဖြစ်လာသော တပည့်မကို မကျန်းမမာ ဖြစ်နေကြောင်း သိပါလျက် ကိုယ်တိုင်လည်း မပြုစု၊ သူတစ်ပါးကို ပြုစုအောင်လည်း ကြောင့်ကြမစိုက်ဘဲ ပစ်ထားလေသည်၊ ထိုသို့ ဂရုမစိုက်မှုကို အခြားဘိက္ခုနီတို့သိ၍ ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဒုက္ခိတံ သဟဇီဝိနိံ နေဝ ဥပဋ္ဌဟေယျ, န ဥပဋ္ဌာပနာယ ဥဿုက္ကံ ကရေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ မကျန်းမမာဖြစ်၍ ဒုက္ခရောက်နေသော အတူနေ တပည့်မကို ကိုယ်တိုင်လည်း မပြုစု, သူတစ်ပါး ပြုစုပေးဖို့ရန်လည်း ကြောင့်ကြ မစိုက်သော ဘိက္ခုနီမှာ ပါစိတ်အာပတ် သင့်၏၊ [ထိုသို့ ပြုစုသင့်သောအခါ မပြုစုသော ဘိက္ခုတို့မှာကား တာဝန်ဝတ်တရား ပျက်ကွက်မှုကြောင့် (ဝတ္တက္ခန္ဓက-လာ)ဒုက္ကဋ် အာပတ် သင့်၏။]

စာမျက်နှာ-၃၉၃

င။ နိက္ကဍ္ဎနသိက္ခာပုဒ်

အမှုသည်—ထုလ္လနန္ဒာ။

အမှု—ကျောင်းကိုပေးပြီးမှ စိတ်ဆိုး၍ နှင်ထုတ်မှု။

ထုလ္လနန္ဒာနှင့် အရှင်မဘဒ္ဒါ။ ။ ဘဒ္ဒါကာပိလာနီမည်သော အရှင်မသည် သာကေတမြို့၌ ဝါဆိုနေစဉ် တစ်စုံတစ်ခု အနှောင့်အယှက် ရှိသောကြောင့် သာဝတ္ထိသို့ ပြန်လာလို၍ ထုလ္လနန္ဒာထံ “နေစရာကျောင်း ပေးလို့ရှိလျှင် သာဝတ္ထိသို့ ပြန်လာလိုကြောင်း” တမန်စေလွှတ်လိုက်ရာ ထုလ္လနန္ဒာကလည်း “လာခဲ့ပါ, ပေးပါမည်” ဟု စကားပြန်လိုက်သဖြင့် သာဝတ္ထိသို့ ပြန်လာလေသည်။

ထို ၂-ဦးလုံးပင် တရားအရာ၌ များစွာတတ်သိ၍ တရားဟော ကောင်းသူချည်းဖြစ်၍ အရှင်မဘဒ္ဒါလာမူ အထက်တန်းစားဟု အများ ချီးမွမ်းခံရသူ ဖြစ်သောကြောင့် ဘိက္ခုနီကျောင်းသို့ ရောက်လာသူတို့သည် အရှင်မဘဒ္ဒါထံ ပထမဝင်ပြီးမှ ထုလ္လနန္ဒာထံသို့ သွားကြကုန်၏။ ထုလ္လနန္ဒာသည် ကိုယ့်ထက်သာသော အရှင်မဘဒ္ဒါကို မနာလိုသော (ဣဿာ)ကြောင့် သူပေးထားသော ကျောင်းမှ နှင်ထုတ်လေရာ, အခြား ဘိက္ခုနီတို့က ထုလ္လနန္ဒာကို ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဘိက္ခုနိယာ ဥပဿယံ ဒတွာ ကုပိတာ အနတ္တမနာ နိက္ကဍ္ဎေယျ ဝါ နိက္ကဍ္ဎာပေယျ ဝါ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ ဘိက္ခုနီတို့အား ကျောင်းကို ပေးပြီးနောက် စိတ်ဆိုး၍ မနှစ်သက်၍ ထိုကျောင်းမှ ကိုယ်တိုင်ဖြစ်စေ ခိုင်း၍ဖြစ်စေ နှင်ထုတ်သော ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။

စ။ သံသဋ္ဌသိက္ခာပုဒ်

အမှုသည်—စဏ္ဍကာဠီ။

အမှု—ယောက်ျားတို့နှင့် ရောရောနှောနှောနေမှု။

စဏ္ဍကာဠီ။ ။ သာဝတ္ထိမြို့၌ စဏ္ဍကာဠီမည်သော ဘိက္ခုနီသည် အိမ်ပိုင်, ရာပိုင်ရှိသော ယောက်ျားနှင့်လည်းကောင်း, ထိုသူတို့၏ သားနှင့်၎င်း

စာမျက်နှာ-၃၉၄

ရောရောနှောနှော နေလေ့ရှိ၏၊ သူ၏နေပုံကို အခြားဘိက္ခုနီတို့ မနှစ်သက်၍ ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ သံသဋ္ဌာ ဝိဟရေယျ ဂဟပတိနာ ဝါ ဂဟပတိပုတ္တေန ဝါ, သာ ဘိက္ခုနီ ဘိက္ခုနီဟိ ဧဝမဿ ဝစနီယာ “မာယျေ, သံသဋ္ဌာ ဝိဟရိ ဂဟပတိနာပိ ဂဟပတိပုတ္တေနာပိ, ဝိဝိစ္စာယျေ, ဝိဝေကညေဝ ဘဂိနိယာ သံဃော ဝဏ္ဏေတီ”တိ။ ဧဝဉ္စ သာ ဘိက္ခုနီ ဘိက္ခုနီဟိ ဝုစ္စမာနာ တထေဝ ပဂ္ဂဏှေယျ, သာ ဘိက္ခုနီ ဘိက္ခုနီဟိ ယာဝတတိယံ သမနုဘာသိတဗ္ဗာ တဿ ပဋိနိဿဂ္ဂါယ, ယာဝတတိယဉ္စေ သမနုဘာသိယမာနာ တံ ပဋိနိဿဇ္ဇေယျ, ဣစ္စေတံ ကုသလံ။ နော စေ ပဋိနိဿဇ္ဇေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ အကြင် ဘိက္ခုနီသည် အိမ်ပိုင်ရာပိုင်ရှိ၍ ဂဟပတိအမည်ရသူနှင့်သော်လည်းကောင်း, ထိုဂဟပတိသားနှင့်သော်လည်းကောင်း, ရောရော နှောနှော နေအံ့၊ ထိုဘိက္ခုနီကို အခြားဘိက္ခုနီတို့က ဤသို့ပြောဆိုရမည်၊ (အဘယ်သို့ ပြောဆိုရမည်နည်း-ဟူမူ၊) အိုအရှင်မ... သင်သည် ဂဟပတိနှင့်လည်းကောင်း, ဂဟပတိ၏သားနှင့်လည်းကောင်း, ရောရော နှောနှော မနေပါလင့်၊ အိုအရှင်မ... ထိုသူတို့နှင့် ကင်းကင်းရှင်းရှင်းနေပါ၊ အရှင်မ၏ ကင်းကင်းရှင်းရှင်းနေခြင်းကိုသာ ဘိက္ခုနီသံဃာက ချီးမွမ်းပါသည်၊ ဤသို့ပြောဆိုရမည်၊ ဤသို့အခြားဘိက္ခုနီတို့က ပြောဆိုအပ်ပါလျက် ထိုဘိက္ခုနီသည် ရှေးအတိုင်းပင် (သူ့အနေကို မပြင်ဘဲ) ချီမြှောက် နေအံ့(သာ၍ကဲနေအံ့၊)ထိုဘိက္ခုကို အခြားဘိက္ခုနီတို့က ထိုအယူ ထိုနေပုံကိုစွန့်ဖို့ရာ ၃-ကြိမ်တိုင်အောင် ဉ တ်ကမ္မဝါစာဖြင့် ပြောဆို ဆုံးမရမည်၊ ၃-ကြိမ်တိုင်အောင် ပြောဆိုနေစဉ် ထိုအယူကိုစွန့်လျှင် (ပါစိတ် အပတ် မသင့်ကြောင်းဖြစ်၍ ကောင်းသေး၏၊ ဒုက္ကဋ် အာပတ်တော့ သင့်လေပြီ။ လုံးလုံးမစွန့်လျှင်ကား ကမ္မဝါစာ အဆုံး၌ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။

စာမျက်နှာ-၃၉၅

ဆ။ အန္တောရဋ္ဌသိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီအများ။

အမှု—မိမိတိုင်းပြည်အတွင်းရွံရှားဖွယ်ဟု သမုတ်အပ်၍ဘေးရန်လည်းရှိသော အရပ်၌ အဖေါ်ကုန်သည်များ မပါဘဲ ဒေသစာရီလှည့်မှု။

ထိုသို့ဒေသစာရီ လှည့်ကြသော ဘိက္ခုနီတို့ကို သေသောက်ကြူးတို့က ဖျက်ဆီးလိုက်ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အန္တောရဋ္ဌေ သာသင်္ကသမ္မတေ သပ္ပဋိဘယေ အသတ္ထိကာ စာရိကံ စရေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ မိမိတို့နေရာတိုင်းပြည်အတွင်းဝယ် ရွံရှားဖွယ်ဟု သမုတ်အပ်သော ဘေးရန်လည်းရှိသော အရပ်၌ အဖေါ် ကုန်သည်များ မပါဘဲ ဒေသစာရီ လှည့်လည်သွားလာသော ဘိက္ခုနီမှာ ပါစိတ် အာပတ်သင့်၏။

ဇ။ တိရောရဋ္ဌသိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီအများ။

အမှု—တိုင်းတစ်ပါးဝယ် ရွံရှာဖွယ်ဟု သမုတ်အပ်၍ ဘေးရန် လည်းရှိသော အရပ်၌ အဖော်ကုန်သည်များ မပါဘဲ ဒေသစာရီလှည့်လည်သွားလာမှု။

ထိုသို့ သွားလာသူတို့ကို သေသောက်ကြူးတို့က ဖျက်ဆီးလိုက်ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ တိရောရဋ္ဌေ သာသင်္ကသမ္မတေ သပ္ပဋိဘယေ အသတ္ထိကာ စာရိကံ စရေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ မိမိနေရာ တိုင်းပြည်မှတစ်ပါး အခြားတိုင်းပြည်ဝယ် ရွံရှာဖွယ်ရှိ၏ဟု သမုတ်အပ်သော အမှန်လည်း ဘေးရန်ရှိသော အရပ်၌ အဖေါ်ကုန်သည်များ မပါဘဲ ဒေသစာရီလှည့်လည်သွားလာသော ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။

စာမျက်နှာ-၃၉၆

စျ။ အန္တောဝဿ သိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီအများ။

အမှု—ဝါတွင်း၌ ဒေသစာရီ လှည့်လည်သွားလာမှု။

ထိုသို့ သွားလာသော ဘိက္ခုနီတို့ကို မြက်သစ်ပင်၌ အသက်ရှိ၏ဟု အယူရှိကြသော လူတို့က “မိုးကာလအတွင်းဖြစ်၍ စိမ်းစို လန်းဆန်း နေသော မြက်သစ်ပင် အရှင်ကလေးတွေကို သေအောင်နင်း၍ လှည့်လည်သွားလာ နေကြရသလား”ဟု ကဲ့ရဲ့ကြသောကြောင့် လူတို့အလိုလိုက်၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အန္တောဝဿံ စာရိကံ စရေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ ဝါတွင်း၌ ဒေသစာရီ လှည့်လည်သော ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။

ည။ စာရိကာ အပက္ကမန သိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီအများ။

အမှု—ဘယ်မှမသွားဘဲ တနေရာထည်း၌ မိုးရော ဆောင်းရော နွေရော နေကြမှု။

လူတို့အပြစ် ရှာပုံ။ ။ ရာဇဂြိုဟ်မြို့၌ နေထိုင်ကြသော ဘိက္ခုနီတို့သည် မိုး, ဆောင်း, နွေပါ ဥတု ၃-ပါးလုံး ဘယ်မှ မသွားကြဘဲ ထိုရာဇဂြိုဟ်မြို့၌သာ နေကြကုန်၏၊ ထိုအခါ လူတို့သည် “ဘိက္ခုနီတွေမှာ သွားစရာ နေရာ ကျဉ်းမြောင်းကုန်ပြီ၊ အရပ် ၄-မျက်နှာလုံးပင် သူတို့အတွက် အလင်းမရ-မှောင်ကြီးကျနေသလို ဖြစ်ကုန်ပြီ”ဟု ကဲ့ရဲ့ကြသည်ကို တဆင့်စကား ကြားတော်မူရသောကြောင့် မကြည်ညို သေးသူတို့ကို ကြည်ညိုစေခြင်း ကြည်ညိုပြီးသူတို့ကို ပို၍ကြည်ညိုစေခြင်း စသောအကျိုးငှါ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဝဿံဝုဋ္ဌာ စာရိကံ န ပက္ကမေယျ အန္တမသော ဆပ္ပဉ္စယောဇနာနိပိ, ပါစိတ္တိယံ။

စာမျက်နှာ-၃၉၇

မြန်မာပြန်။ ။ မိုးလပတ်လုံး ဝါတွင်း၌ နေပြီး၍ ဝါကျွတ်သောအခါ (ဘေးအန္တရာယ် ကင်းပါမူ) အနည်းဆုံး ၅ ယူဇနာ, ၆ ယူဇနာ လောက်မျှ ဒေသစာရီ မလှည့်လည်သော ဘိက္ခုနီမှာ ပါစိတ် အာပတ်သင့်၏။

တုဝဋ္ဋဝဂ် ပြီး၏။

စိတ္တာဂါရဝဂ်

က။ စိတ္တာဂါရ သိက္ခာပုဒ်

အမှုသည်—ဆဗ္ဗဂ္ဂီဘိက္ခုနီများ။

အမှု—ဆန်းကြယ်စွာ ပြုလုပ်အပ်သော အိမ်တော်ကို အကြည့် သွားကြမှု။

ဆန်းကြယ်သော အိမ်တော်။ ။ ကောသလမဟာရာဇာ၏ မင်းဥယျာဉ်အတွင်း၌ နဂိုကပင် အဆန်းတကြယ် ဆောက်လုပ်ထားသော အိမ်တော်ဝယ် ပန်းချီဆေးရေးရုပ်တို့ဖြင့် ဆန်းကြယ်စွာ ခြယ်လှယ်ထားသောကြောင့် လူအများပင် အကြည့်အရှု သွားကြလေသည်၊ ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့၏ ဩဝါဒခံ ဆဗ္ဗဂ္ဂီဂိုဏ်းဝင် ဘိက္ခုနီတို့လည်း အကြည့်အရှု သွားကြသောကြောင့် “လူဝတ်ကြောင် မိန်းမတွေလို ဒီဘိက္ခုနီတွေကလဲ ဆန်းကြယ်သောအိမ်တော်ကို အကြည့်အရှု သွားပဲ သွားရဲကြတယ်”ဟု ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ရာဇာဂါရံ ဝါ စိတ္တာဂါရံ ဝါ အာရာမံ ဝါ ဥယျာနံ ဝါ ပေါက္ခရဏိံ ဝါ ဒဿနာယ ဂစ္ဆေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ မင်းနန်းတော်ကိုဖြစ်, ဆန်းကြယ်သောအိမ်ကိုဖြစ်စေ, အာရာမ်(ခြံ)ကို ဖြစ်စေ, ဥယျာဉ်ကို ဖြစ်စေ, ရေကန်ကို ဖြစ်စေ, တမင်္ဂလာ အကြည့်အရှု သွားသောဘိက္ခုနီမှာ ပါစိတ်အာပတ် သင့်၏။

ရာဇ-စိတ္တာဂါရ။ ။ ရှင်ဘုရင်၏ တစ်ရံတစ်ခါ ပျော်ပျော်ပါးပါး နေထိုင်ဖို့ရာ ဆောက်လုပ်အပ်သော အိမ်တော်ကို “ရာဇာဂါရ”ဟုခေါ်၏။

စာမျက်နှာ-၃၉၈

နန်နန်းကို “နတ်ကွန်း” ဟု ခေါ်သကဲ့သို့ ထိုအိမ်တော်ကိုလည်း “မင်းကွန်း = စံနန်း”ဟု ခေါ်၏၊ လူအများ၏ ကစားပျော်မြူးဖို့ရာ ဆန်းကြယ်စွာ ဆောက်လုပ်ထားသော အိမ်ကို “စိတ္တာဂါရ”ဟု ခေါ်၏၊ [စိတ္တ= ဆန်းကြယ်သော+အဂါရ = အိမ်၊ ယခုအခါ မြို့ကြီး များ၌ “ကလာပ်”များနှင့် တူ၏။

အာရာမ, ဥယျာန။ ။ မြို့ကြီးများ၌ အထူးတလည် ပြုပြင်ထား၍ လူအများ ပျော်စရာကောင်းသော ပန်းခြံများကို “အာရာမ”ဟု ခေါ်၏၊ လူအများ ပျော်မွေ့ဖို့ရာ သစ်သီးဥယျာဉ်, ပန်းဥယျာဉ်များကို “ဥယျာန”ဟု ခေါ်၏။

ပေါက္ခရဏီ။ ။ ရန်ကုန်မြို့တော်၏ ကန်တော်ကြီးကဲ့သို့ လူအများစိတ်ကြည်နူးဖို့ရာ သာသာယာယာ ပြုပြင်ထားသော ရေကန်ကို “ပေါက္ခရဏီ”ဟု ခေါ်၏၊ ထို ၅-မျိုးတွင် တစ်မျိုးမျိုးကို သက်သက် အကြည့်သွားလျှင် ခြေလှမ်းတိုင်း ဒုက္ကဋ်၊ မြင်လောက်သော အရပ်၌ ရပ်၍ တစ်မျိုးကြည့်လျင်(ဘိက္ခုနီတို့မှာ)ပါစိတ်တချက်၊ ၅-မျိုးလုံးကို လှည့်၍ ကြည့်လျှင် ပါစိတ် ၅ ချက်သင့်၏၊ ဘိက္ခုတို့အတွက်ကား အားလုံး ဒုက္ကဋ် အာပတ်ချည်းသာဟု(အဋ္ဌကထာ)ဆို၏။

ခ။ အာသန္ဒိသိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီအများ။

အမှု—အလွန်မြင့်သော ညောင်စောင်းအင်းပျဉ်ခုတင်, ထိုင်ခုံ များနှင့် ခြင်္သေ့ရုပ် ကျားရုပ်စသော ရဲရင့်သောသားကောင် အရုပ်များပါသော ပလ္လင်ကို သုံးစွဲကြမှု။

ထိုသို့သုံးစွဲကြသဖြင့် လူတို့ကဲ့ရဲ့သောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အာသန္ဒိံ ဝါ ပလ္လင်္ကံ ဝါ ပရိဘုဉ္ဇေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ တတောင့်ထွာ ပမာဏထက်ပိုသောခြေရှိ၍ အလွန်မြင့်သော ညောင်စောင်းအင်းပျဉ် ခုတင် ထိုင်ခုံကိုလည်းကောင်း, ခြင်္သေ့ သစ်ကျားအရုပ်များဖြင့် ခမ်းနား ဆန်းကြယ်သော ပလ္လင်ကိုလည်းကောင်း, သုံးစွဲသောဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။

စာမျက်နှာ-၃၉၉

မှတ်ချက်။ ။ ဘိက္ခုတို့လည်း ထိုနေရာများကို မသုံးစွဲရ၊ သုံးစွဲလျှင်ဒုက္ကဋ်အာပတ် သင့်၏၊ သုံးစွဲလိုလျှင် တတောင့်ထွာထက် မလွန်အောင် ခြေထောက်ကို ဖြတ်၍လည်းကောင်း, ပလ္လင်၌ ခြင်္သေ့, သစ်ကျား အရုပ်များကို ဖျက်၍လည်းကောင်း, သုံးစွဲကောင်း၏။ အာသန္ဒီ၏ ပုံစံကိုကင်္ခါအဋ္ဌကထာ၌ “၄-ထောင့်” ဟု ပါရှိသော်လည်း ဤပါဠိတော်၏အဖွင့်၌ “အတိက္ကန္တ ပမာဏာ-(တတောင့်ထွာထက်) လွန်သော ပမာဏရှိသောနေရာ”ဟု သာမည ဖွင့်သောကြောင့် ခုတင်ထိုင်ခုံအားလုံးကိုပင် ပြလိုက်သည်။ “ပလ္လင်္ကော နာမ အာဟရိမေဟိ (တပ်အပ်ကုန် သိအပ်ကုန်သော) ဝါဠေဟိ-သားရဲ, သားကောင် (ခြင်္သေ့, သစ်ကျား)တို့ဖြင့် ကတော” ဟု ဖွင့်၏။ ဤသိက္ခာပုဒ်သည် ဘိက္ခုနီတို့သုံးစွဲမှုကြောင့် ပညတ်အပ်သော သိက္ခာပုဒ်တည်း၊ ပမာဏာတိက္ကန္တ -ညောင်စောင်းစသည်ကို ပြုလုပ်လျှင်ကား ပါစိတ်အာပတ်ဟု ဘိက္ခု ရတနဝဂ်၌ ပညတ်တော်မူခဲ့ပြီ။

ဂ။ သုတ္တကန္တနသိက္ခာပုဒ်

အမှုသည်—ဆဗ္ဗဂ္ဂီဘိက္ခုနီများ။

အမှု—ဗိုင်းငင် = ချည်ငင်မှု။

“ဘိက္ခုနီတွေ့နှယ် ကာမစည်းစိမ်ခံစားသော အိမ်ထောင်သည် မိန်းမများလို ဗိုင်းငင်ကြရသလား” ဟု လူတို့ကဲ့ရဲ့မှုကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ သုတ္တံ ကန္တေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ ချည်ငင်သော ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏၊ ချည်မငင်မီ ဝါကိုရွေးချယ်သည်မှစ၍ လုံ့လစိုက်တိုင်း ဒုက္ကဋ်အာပတ် သင့်၏၊ ငင်သည့်အခါ ဝင်ရိုး၌တစ်ပတ်ရတိုင်း, တစ်ပတ်ရတိုင်း ပါစိတ် တချက်တချက်သင့်၏။

ဃ။ ဂိဟိဓဝေယျာဝစ္စ သိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီအများ။

အမှု—လူဝတ်ကြောင်များ၏ ဝေယျာဝစ္စကို ရွက်ဆောင်ပြုလုပ်ပေးမှု။

“ဝေယျာဝစ္စ”ဟူသည်-မောင်းထောင်းဆန်ဖွပ်ခြင်း, ထမင်း, ဟင်း, မုန့်ပဲ သရည်စာကို ပြုလုပ်ခြင်း, အဝတ်ဖွပ်လျှော်ခြင်း, စသော အလုပ်ကိစ္စလည်း။

စာမျက်နှာ-၄၀၀

လူဝတ်ကြောင်များ၏ ထိုအလုပ်ကိစ္စကို ကူညီပြုလုပ်ပေးမှုကြောင့် အမြင် မတော်သော လူတို့က ကဲ့ရဲ့ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဂိဟိဝေယျာဝစ္စံ ကရေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ လူဝတ်ကြောင်တို့၏ ဝေယျာဝစ္စကို ပြုလုပ်သောဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။

မှတ်ချက်။ ။ မောင်းထောင်းပေးခြင်း စသည်ကို ပုဗ္ဗပယောဂ (ယာဂုစသည် မကျိုချက်မီ လုလ္လပြုခြင်း) ဟု ခေါ်၏။ ထိုပုဗ္ဗပယောဂအခိုက်၌ လုံ့လ ပြုတိုင်း ဒုက္ကဋ် အာပတ်သင့်၏၊ ယာဂုကျိုခြင်း, ထမင်းချက်ခြင်းတို့၌ အိုးအရေအတွက် ရှိသလောက် (အိုးတလုံးအာပတ်တချက်အားဖြင့်) ပါစိတ်အာပတ်သင့်၏၊ မုန့်လုပ်ပေးရာ၌ မုန့်အရေအတွက် များသလောက် ပါစိတ်အာပတ်များ၏၊ ထိုဂိဝေယျာဝစ္စကို ဘိက္ခုများလုပ်လျှင်လည်း ဒုက္ကဋ်အာပတ်သင့်၏။

ခြွင်းချက်။ ။ ဘုရားနှင့် ရဟန်းသံဃာအား ယာဂု-ဆွမ်းမုန့် ကပ်ဖို့ ဖြစ်လျှင် ချက်ပြုတ် လုပ်ကိုင်ပေးကောင်း၏၊ မိမိ၏ ဝေယျာဝစ္စ (အလုပ်ကိစ္စ)ကို ပြုလုပ်ပေးသူ အတွက်လည်း မိမိက သူ၏ဝေယျာဝစ္စကို လုပ်ကိုင်ပေး ကောင်း၏၊ ဥပမာ-သူကမိမိ၏ အဝတ်ဖွပ်ပေးလျှင်, ကျောင်းတလင်းသုတ်သင်နေ့လျှင် မိမိ၏ တောက်တိုမယ်ရ ခိုင်းစေရသူ ဖြစ်လျှင်, သူ၏ ဝေယျာဝစ္စကိုလည်း မိမိက ပြုလုပ်ပေးကောင်း၏၊ မယ်တော် ခမည်းတော်များ ကျောင်းလာ၍ သူတို့အတွက် ချက်ပြုတ်ပေးရတော့မည်ဖြစ်လျှင် သူတို့ကို ရှေးဦးစွာ ကိုယ့်ဝေယျာဝစ္စပြုသူဖြစ်အောင် တံမြက်စည်းကလေး အရိုးတပ်ပေးစမ်းပါ, ယပ်တောင်ကလေးလုပ်ပေးစမ်းပါ-စသည်ဖြင့် ခိုင်းပြီးမှ သူတို့၏ဝေယျာဝစ္စကို ပြုရမည်။

သတိပြုဖွယ်။ ။ ယခုကာလ၌ ဘိက္ခုနီတို့နေရာဝယ် သီလရှင်များ ရောက်နေကြလေပြီး များစွာသော လူဝတ်ကြောင်တို့သည် စရပ်ကလေးစသည် ဆောက်ပေး ဥပုသ်စောင့်စသည်သွားကာ သီလရှင်များ၏ ချက်ပြုတ်ပေးမှု အပြုအစုကို ခံယူလေ့ရှိကြ၏၊ တချို့ကား ဘုရားဖူးသွား ဈေးသွားစသည်၌ သီလ ရှင်ကိုပင် လက်ဆွဲခြင်း ဈေးတောင်းများကို ကိုင်ယူစေကြ၏။ သီလရှင်များကိုပင် အဝတ်ဖွပ်ပေးစေကြ၏၊ ထိုကိစ္စအားလုံးပင် ၂-ဖက်လုံး ဆင်ခြင်သင့်ကြလေသည်။

စာမျက်နှာ-၄၀၁

င။ အဓိကရဏာဝူပသမသိက္ခာပုဒ်

အမှုသည်—ထုလ္လနန္ဒာ။

အမှု—အဓိကရုဏ်းကို ငြိမ်းစေမည်ဟု ဝန်ခံပြီးနောက် ငြိမ်းအောင် လုပ်မပေးမှု။

ထုလ္လနန္ဒာ၏ ဂရုမစိုက်ပုံ။ ။ ဘိက္ခုနီတစ်ယောက်မှာ အဓိကရုဏ်း တစ်ခု ဖြစ်နေ၏၊ ဥပမာ-သူ့မှာ ကိစ္စတစ်စုံတရာအတွက် အာပတ်သင့်, မသင့်ကို မဆုံးဖြတ်နိုင်အောင် ဖြစ်နေ၏၊ ဤသို့ဖြစ်မှုကို ပင် အာပတ္တာဓိကရုဏ်းဟု ခေါ်၏၊ ထိုသို့အဓိကရုဏ်း တစ်ခုခုဖြစ်နေသော ဘိက္ခုနီသည် “ထိုအဓိကရုဏ်းကို ဆုံးဖြတ်ပေးစမ်းပါ” ဟု ထုလ္လနန္ဒာကို တောင်းပန်လေရာ, ထုလ္လနန္ဒာသည် “ကောင်းပြီ, ငြိမ်းအောင်ဆုံးဖြတ်ပေးမည်”ဟု ဝန်ခံပြီးနောက် တစ်စုံတစ်ခု အနှောင့်အယှက် အန္တရာယ်မရှိပါဘဲ ကိုယ်တိုင်လည်းငြိမ်းအောင်လုပ်မပေး, အခြားသူတို့ လုပ်ပေးအောင်လည်း ကြောင့်ကြမစိုက်ဘဲ နေ၏၊ ထိုအကြောင်းကို အမှုရှင်ဘိက္ခုနီက အခြား ဘိက္ခုနီတို့အား ပြောပြသဖြင့် ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဘိက္ခုနိယာ “ဧဟာယျေ, ဣမံ အဓိကရဏံ ဝူပသမေဟီ”တိ ဝုစ္စမာနာ “သာဓူ”တိ ပဋိဿုဏိတွာ သာ ပစ္ဆာ အနန္တရာယိကိနီ နေဝ ဝူပသမေယျ, န ဝူပသမာယ ဥဿုက္ကံ ကရေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ အကြင် ဘိက္ခုနီသည် အခြားဘိက္ခုနီတစ်ယောက်က “အရှင်မ...လာစမ်းပါ, မည်သည့်အဓိကရုဏ်းကို ငြိမ်းအောင် လုပ်ပေးစမ်းပါ” ဟု တောင်းပန်အပ်စဉ်တုန်းက “ကောင်းပါပြီ” ဟု ဝန်ခံပြီး၍ နောက်အခါ၌ အနှောင့်အယှက် အန္တရာယ်မရှိပါဘဲ ကိုယ်တိုင်လည်းငြိမ်းအောင် လုပ်မပေးအံ့၊ သူတစ်ပါးလုပ်ပေးအောင်လည်း ကြောင့်ကြမစိုက်အံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ် သင့်၏။ [ရေ-မီးစသော အန္တရာယ်, တစ်စုံတစ်ယောက်က မဆုံးဖြတ်အောင် နှောင့်ယှက်မှုအန္တရာယ် ရှိ၍ဖြစ်စေ, ကူညီမည့်အဖော်မရ၍ဖြစ်စေ ငြိမ်းအောင်လုပ်မပေးသူမှာ အနာပတ္တိ။

စာမျက်နှာ-၄၀၂

စ။ သဟတ္ထာဒါနသိက္ခာပုဒ်

အမှုသည်—ထုလ္လနန္ဒာ။

အမှု—ဇာတ်ဆရာ, ဇာတ်သူ ဇာတ်သား စသည်တို့အား မိမိကိုယ်တိုင် ခဲဖွယ် ဘောဇဉ် ပေးမှု။

ထုလ္လနန္ဒာ၏ အကြံ။ ။ ထုလ္လနန္ဒာသည် မိမိကျော်ကြားတို့ရန် ကြိုးစားလေ့ရှိ၏၊ ထို့ကြောင့် ဇာတ်ဆရာ, ဇာတ်သမား, ဘား (ဂျွမ်း) သမား, မျက်လှည့်ပြသူ, အိုးစည်(ဒိုးပတ်) တီးသူတို့အား “ငါ၏ ဂုဏ်သတင်းကို ပရိသတ်မှာ ပြောကြပါ”ဟု တိုက်တွန်း၍ ခဲဖွယ်ဘောဇဉ်များကို ကိုယ်တိုင်ပေးလေ့ရှိ၏၊ ထိုအကြောင်းကို ကြားသိသော ဘိက္ခုနီတို့က ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူ ရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အဂါရိကဿ ဝါ ပရိဗ္ဗာဇကဿ ဝါ ပရိဗ္ဗာဇိကာယ ဝါ သဟတ္ထာ ခါဒနီယံ ဝါ ဘောဇနီယံ ဝါ ဒဒေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် လူဝတ်ကြောင်အားသော်လည်းကောင်း, ပရိဗိုဇ်ယောက်ျားအားသော်လည်းကောင်း, ပရိဗိုဇ်မအားသော်လည်းကောင်း, ခဲဖွယ် ဘောဇဉ်ကို မိမိလက်ဖြင့်(ကိုယ်တိုင်) ပေးအံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။

မှတ်ချက်။ ။ ဤသိက္ခာပုဒ်သည် ခဲဖွယ်ဘောဇဉ် ပေးမှုအတွက်သာ ပညတ်အပ်သော သိက္ခာပုဒ်တည်း၊ ဂုဏ်သတင်းအပြောခိုင်းမှုကား မအပ်သော ပစ္စည်းရှာမှုမျိုးဖြစ်၍ ဒုက္ကဋ်အာပတ်သာ ဖြစ်သင့်၏။ ထိုသို့ ခိုင်းသဖြင့် ဂုဏ်သတင်းကို ကြားသိရသောလူတို့က လှူကြသော ပစ္စည်းတို့မှာမူ ထိုသူနှင့်တကွ ရဟန်းဟူသမျှ မသုံးစွဲကောင်း၊ သုံးစွဲတိုင်း ဒုက္ကဋ် အာပတ်သင့်၏။

ဆ။ အာဝသစီဝရသိက္ခာပုဒ်

အမှုသည်—ထုလ္လနန္ဒာ။

အမှု—ကျောင်းပိုင်ဖြစ်သော ဥတုနှီးသင်္ကန်းကို သူချည်း သုံးစွဲမှု။

ကျောင်းသင်္ကန်း။ ။ ဘိက္ခုနီများ၏ ကျောင်း၌ ဥတုလာသူတို့ အသုံးပြုဖို့ရန် “ဥတုနှီး” သင်္ကန်းကို လှူဒါန်းထားတတ်ကြ၏၊ ထိုသင်္ကန်းကို သုံးရာ၌ထုံးစံမှာ ၂-ညဉ့်-၃ ည သုံးပြီး

စာမျက်နှာ-၄၀၃

လျှင် ၄-ရက်မြောက်နေ့၌ ဖွပ်လျှော်၍ အခြားဥတုလာသူ (ဘိက္ခုနီ, သိက္ခမာန်မ, သာမဏေမ)တို့အား တဆင့်ပေးရ၏၊ ဥတုလာနေသူ ရှိပါလျက် ထိုသူအား တဆင့်မပေးလျှင် ဤသိက္ခာပုဒ်အရ ပါစိတ်အာပတ် သင့်၏၊ ဥတုလာသူ မရှိ၍ ဆက်လက်သုံးနေလျှင်ကား အနာပတ္တိ၊ ထုလ္လနန္ဒာကား ထိုသင်္ကန်းကို အခြားသူအား အလှည့်မပေးဘဲ သူ့ချည်း သုံးနေသဖြင့် အခြားဘိက္ခုနီတို့က ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အာဝသထစီဝရံ အနိဿဇ္ဇေတွာ ပရိဘုဉ္ဇေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ ဥတုနှီးသင်္ကန်းကို မစွန့်ဘဲ အသုံးပြုနေသူမှာ ပါစိတ် အာပတ်သင့်၏။

ခန္ဓာကျင့်ဝတ်။ ။ ဤသိက္ခာပုဒ်နှင့် စပ်၍ စူဠဝါ(ဘိက္ခုနီခန္ဓက) ပါဠိတော်၌ သိက္ခာပုဒ်များရှိသေး၏။

(က) ဘိက္ခုနီတို့သည် ဥတုလာနေစဉ် ကြိမ်ခတ်ထားသော ညောင်စောင်း အင်းပျဉ်(ခုတင်-ထိုင်ခုံ)တို့အပေါ်၌ ထိုင်ကြ အိပ်ကြလေရာ ခက်ထားသောကြိုး..ကြိမ်တို့ကို ဖေါက်၍ အောက်ကြမ်းပြင်ပေါ်၌ စိုရွှဲနေသောကြောင့် ဥတုနှီးသင်္ကန်းကို ခွင့်ပြုတော်မူလေသည်။

(ခ) ထိုဥတုနှိးသင်္ကန်း၌ သွေးများ ပေကျံနေပြန်ရကား အတွင်း၌ ဆို့ထားဖို့ရာ အတွင်းဆို့ အဝတ်ကို ခွင့်ပြုတော်မူရပြန်၏။

(ဂ) ထိုအတွင်းဆို့ အဝတ်သည် မမြဲဘဲကျွတ်ကျသောကြောင့် အတွင်းသို့ အဝတ်ကို ကြိုးငယ်ဖြင့် ဖွဲ့ချည်၍ ကြိုးစတစ်ခုဖြင့် ပေါင်၌ ဖွဲ့ချည်ထား ဖို့ရန် ခွင့်ပြုတော်မူရပြန်၏။

(ဃ) ထိုကြိုးသေးကလေး ပြတ်၍ ပြုတ်ကျပြန်သောကြောင့် ခါးတောင်း ကြိုက်၍ဖြစ်သော ခါးကြိုးတန်ဆာ တစ်မျိုးကို ခွင့်ပြုတော်မူရပြန်သည်။

ဇ။ အာဝသထာနိဿဇ္ဇနသိက္ခာပုဒ်

အမှုသည်—ထုလ္လနန္ဒာ။

အမှု—ကျောင်းကို မစွန့်လွှတ်(မအပ်နှံ့)ဘဲ ဒေသစာရီ လှည့်လည်မှု။

ကျောင်းကို မီးလောင်ခြင်း။ ။ ထုလ္လနန္ဒာသည် ဒေသစာရီ လှည့်လည်သွားခါနီး၌ သူ့ ကျောင်းကို ကြည့်ရှု့စောင့်ရှောက်ရစ်ဖို့ရန် တစ်ယောက်ယောက်ထံမျှ မအပ်နှံဘဲ ဒေသစာရီလှည့်လည်လေ၏၊

စာမျက်နှာ-၄၀၄

ထိုအခိုက်မှာပင်သူ၏ကျောင်းကို မီးလောင်လေရာ, တချို့က “ကျောင်းထဲမှ ပစ္စည်းဘဏ္ဍာများကို ထုတ်ယူကြစို့” ဟု ပြော၏၊ တချို့ကလည်းမတော်တဆ တစ်စုံတစ်ခု ပျောက်လျှင်ငါတို့ကို တရားစွဲလိမ့်မည်၊ ငါတို့တော့ မထုတ်ဝံ့ပါ” (သူ၏နှုတ်ကြမ်း အာကြမ်းနှင့် ရမ်းတတ်ပုံကို ကြောက်၍) ပြော၏၊ ထို့ကြောင့် ကျောင်းရှိပစ္စည်း ဘဏ္ဍာတွေပါ မီးလောင်ခံလိုက်ရလေသည်။

ဒေသစာရီ လှည့်လည်ရာမှ ထုလ္လနန္ဒာပြန်လာသောအခါ “ပစ္စည်းဘဏ္ဍာများကို ထုတ်မယူကောင်းလား”ဟု အပြစ်တင်လေသော် “သူ့ကိုယ်တိုင်က သူ၏ကျောင်းကို တစ်ယောက်ယောက်ထံ မအပ်နှံဘဲ သွားရသလား” ဟု သူ့ကိုပြန်၍ ကဲ့ရဲ့ကြလေရာ “အရင်းစစ်လျှင် အမြစ်မြေက”ဆိုသလို သူ၏ အပြစ်က အရင်းကျသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အာဝသထံ အနိဿဇ္ဇိတွာ စာရိကံ ပက္ကမေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ ကျောင်းကို(ဘိက္ခုနီ, သိက္ခမာန်, သာမဏေမ ၃-မျိုးတွင်) တစ်စုံတစ်ယောက်ထံ မစွန့်လွှတ် မအပ်နှံဘဲ ဒေသစာရီလှည့်လည်သော ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။

ဈ။ တိရစ္ဆာနဝိဇ္ဇာ ပရိယာပုဏနသိက္ခာပုဒ်

အမှုသည်—ဆဗ္ဗဂ္ဂီဘိက္ခုနီများ။

အမှု—တိရစ္ဆာနဝိဇ္ဇာကို သင်ယူမှု။

တိရစ္ဆာနဝိဇ္ဇာကို သင်ယူသော ဘိက္ခုနီတို့အား လူတို့က “ကာမစည်းစိမ် ခံစားသူ လူဝတ်ကြောင် မိန်းမများလိုပဲ”ဟု ကဲ့ရဲ့ကြသောကြောင့် ဤ သိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ တိရစ္ဆာနဝိဇ္ဇံ ပရိယာပုဏေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ တိရစ္ဆာနဝိဇ္ဇာကို သင်ယူသော ဘိက္ခုနီမှာ ပါစိတ် အာပတ်သင့်၏။

စာမျက်နှာ-၄၀၁

ည။ တိရစ္ဆာနဝိဇ္ဇာဝါဝစန သိက္ခာပုဒ်

အမှုသည်—ဆဗ္ဗဂ္ဂီဘိက္ခုနီများ။

အမှု—တိရစ္ဆာနဝိဇ္ဇာကို ပို့ချပေးမှု။

တိရစ္ဆာနဝိဇ္ဇာကို ပို့ချပေးသော ဘိက္ခုနီတို့အားလည်း “လူဝတ်ကြောင် မိန်းမများလိုဘဲဟု စွပ်စွဲကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ တိရစ္ဆာနဝိဇ္ဇံ ဝါစေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ တိရစ္ဆာနဝိဇ္ဇာကို ပို့ချသော ဘိက္ခုနီမှာ ပါစိတ် အာပတ် သင့်၏။

တိရစ္ဆာနဝိဇ္ဇာ။ ။ “တိရစ္ဆာန”သဒ္ဒါသည် “ဖီလာကန့်လန့်”ဟူသော အနက်ကို ဟော၏၊ ထို့ကြောင့် မဂ်ဖိုလ်ရခြင်း၏ ဖီလာကန့်လန့် ဖြစ်သောအတတ်ကို “တိရစ္ဆာနဝိဇ္ဇာ”ဟု မှတ်၊ ထို့ကြောင့်ပင်-“တိရစ္ဆာန ဝိဇ္ဇာနာမ-ယံကိဉ္စိ ဗာဟိရကံ အနတ္ထသံဟိတံ = သာသနာတော်မှ အပ ဖြစ်သော အကျိုးမဲ့ အတတ်ပညာအားလုံးသည် တိရစ္ဆာန ဝိဇ္ဇာမည်၏”ဟု ဤသိက္ခာပုဒ်များ၏ ပဒဘာဇနိယ မှာ(ဘုရားရှင်ကိုယ်တော်တိုင်) ဖွင့်ပြတော်မူလေသည်။

အဋ္ဌကထာ။ ။ ဤသိက္ခာပုဒ်၏ အဋ္ဌကထာ၌လည်း “ဗာဟိရက အနတ္ထ သံဟိတ”အတတ် ဟူသည်ကား-ဆင်အတတ်, မြင်းအတတ်, ရထားစီး အတတ်, ဓါးရိုးချွတ်(ဓါးအိမ်မှ ဓါးရိုးကို ဆွဲနှုတ်ကြောင်းအတတ်,) သူတစ်ပါးကို သတ်ဖြတ်ဖို့ရန်ဖြစ်သော အာထဗ္ဗန မန္တာန်, သစ်သား နှစ်ငုတ်ကို မန္တာန်မန်းမှုတ်၍ မြေ၌စိုက်လျှင် ရည်စူးအပ်သူ သေစေတတ်သော သစ်ငုတ်စိုက်မန္တာန်, မိမိအလိုပါအောင် (စိတ်ဖေါက်ပြန်၍ မိမိအလိုပါလာအောင်)ပြုတတ်သောမန္တာန်, အဆိပ်ဆေးကို ဖေါ်စပ်သော အတတ်, ဤသို့ စသည်ဖြင့် သူတစ်ပါးကို အကျိုးမဲ့အောင် နှိပ်စက် သတ်ဖြတ် ဖျက်ဆီးကြောင်း အတတ်များ ဖြစ်သည်။

အနာပတ္တိ။ ။ ဤသိက္ခာပုဒ်များ၏ ပါဠိတော်ဝယ် အနာပတ္တိဝါရ၌ “အနာပတ္တိ လေခံ ပရိယာပုဏာတိ = အက္ခရာ (စာ)ရေးနည်းကို

စာမျက်နှာ-၄၀၆

ပြသော လက်ရေးအတတ်ကို သင်သော်လည်းကောင်း, ဓာရဏံ ပရိယာပုဏာတိ = ဘေးရန် ကာကွယ်ဖို့ရန် အဆောင် (လက်ဖွဲ့စသော) လုပ်နည်းကို သင်သော်လည်းကောင်း, ဝုတ္တတ္ထာယ ပရိတ္တံ ပရိယာပုဏာတိ- မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်ဖို့ရန် မန္တာန်ကိုဖြစ်စေ မြွေမလာသော စည်းဝိုင်းအတတ်ကို ဖြစ်စေ သင်သော်လည်းကောင်း (ဝါစေတိ-ထို အားလုံးကို ပို့ချသော်၎င်း) အာပတ်မသင့်”ဟု ခွင့်ပြုတော်မူ၏။

မှတ်ချက်။ ။ ဤဝိနည်းတော် အလိုအားဖြင့် မသင်ကောင်းမချကောင်းသော တိရစ္ဆာနဝိဇ္ဇာ ဟူသည်– ပရူပဃာတကရ = သူတစ်ပါးအား နှိပ်စက်သတ်ဖြတ်မှုကို ပြုကြောင်း မကောင်းသောအတတ်များ” ဖြစ်ကြောင်း သိသာပြီ၊ သို့ပါလျက် အတော်ရှေးကျသော ရှေးက “ဂဏန်းအတတ်ကိုလည်းကောင်း, အင်္ဂလိပ်, ဟိန္ဒူ, သက္ကတကျမ်းစာတို့ကိုလည်းကောင်း, မသင်ကောင်း, သင်လျှင် ပို့ချလျှင် အာပတ်သင့်၏” ဟု ပြောဆိုကြ၏။ ထိုသို့အပြောမှားမှုကြောင့် သီလသိက္ခာကို ရိုသေထိန်းသိမ်းကြသော ရှေးဘုန်းတော်ကြီးများသည် ဘုန်းကြီးကျောင်း၌ ဂဏန်းသင်္ချာ လောကဓာတ်ပညာ ကိုမျှသင်ပြ၍ မပေးဝံ့ခဲ့ကြရကား ယခုအခါ၌ ဘုန်းကြီးကျောင်းအများပင် စာသင်မည့် ကျောင်းသားနည်းပါး(တချို့ကျောင်း၌ လုံးလုံးပင်မရှိတော့)ရုံမက, ဘုန်းကြီးကျောင်းထွက် မဟုတ်သော ခေတ်ပညာတတ်များ၏ အမျိုးမျိုးဝေဖန်သံကို ဘုန်းကြီးများ ခံနေကြရပေါ့။

ဆက်ဦးအံ့။ ။ အင်္ဂလိပ်စာ, သက္ကတစာ” ဟူသည် အတတ်ပညာမဟုတ်သေး, အက္ခရာစာလုံးတွေသာတည်း၊ မြန်မာစာဟူသည်လည်း အက္ခရာစာလုံး တွေသာတည်း၊ ဘုရားတရားတော်ကို မြန်မာစာ ဖတ်တတ်သူတို့အတွက် မြန်မာအက္ခရာစာလုံးဖြင့် ရေးသား၍ အင်္ဂလိပ်စာ ဖတ်တတ်သူတို့အတွက် အင်္ဂလိပ်စာလုံးဖြင့် ရေးသားရပေမည်၊ ထိုသို့ ရေးသားထားသော စာလုံးများဖြင့် သင်ယူပို့ချမှုကို တိရစ္ဆာနဝိဇ္ဇာသင်ယူပို့ချမှုဟုဆိုနိုင်မည်လော၊ ထို့ကြောင့် ရေးသားထားသော အက္ခရာစာလုံးသည် ပဓာနမဟုတ်၊ ထိုစာဖြင့် ရေးသားညွှန်ပြအပ်သော အတတ်သာ လိုရင်းဖြစ်၍ “သူတစ်ပါး နှိပ်စက်ဖို့ အတတ်ဖြစ်လျှင်သာ မသင်ကောင်း”ဟု ဆုံးဖြတ်ပါလေ။

ဂဏန်းသင်္ချာ။ ။ “ဂဏန်းသင်္ချာ မသင်ကောင်းဘူး”ဆိုလျှင် သင်္ဂြိုဟ်သရုပ်ခွဲရာ၌ စိတ်စေတသိက် ယှဉ်ပုံများကို ဘယ်လိုတွက်မည်နည်း၊ ကျမ်းကြီးပဋ္ဌာန်း-ကျမ်းငယ်ဆန်း၌ သင်္ချာဝါရနှင့် ပတ္ထာရဖြန့်ရာဝယ် ထောင်ပေါင်းများစွာ ရနိုင်သော ဂါထာတွေကို ဘယ်လိုနည်းဖြင့် တွက်မည်နည်း၊ “ဂဏန်း သင်္ချာမသင်ကောင်းဘူး” ဟု ဆုံးဖြတ်သော ဆရာတော်တို့သည်ပင် “နောဧကနော, နဝ ဒွေ အဋ္ဌာရသ” စသည်ဖြင့် မြန်မာအက္ခရာ

စာမျက်နှာ-၄၀၇

သက္ကတအသံထွက်ဖြင့် ရေးထားသော ၉-ကြောင်းလင်္ကာကို သင်ပြ နေကြသည် မဟုတ်ပါလော၊ “နော ဧက နော”ကို သင်ကောင်း၏ ဆုံးဖြတ်၍ “၉ တလီ ၉, ၉နှစ်လီ တဆယ့်ရှစ်”ကိုတော့ မသင်ကောင်းဟု ဆုံးဖြတ်ခြင်းသည် တရားသော ဆုံးဖြတ်ခြင်း ဟုတ်နိုင်ပါမည်လော၊ အဋ္ဌကထာဆရာနှင့် မူလဋီကာ ဆရာစသော ရှေးဆရာတော်တို့သည် ပဋ္ဌာန်းသင်္ချာဝါရ၌ အလွန်ကျွမ်းကျင်တော်မူရကား ဂဏန်းသင်္ချာတတ် ဆရာမြတ်ကြီးတို့ပါပေတည်း။

သုတ္တန်ပါဠိတော် အလို။ ။ တချို့ကား ဗြဟ္မဇာလသုတ်စသော သုတ္တန် ပါဠိတော်ဝယ် မိစ္ဆာဇီဝအခန်း၌ ထိုဂဏန်းသင်္ချာများ ပါနေသောကြောင့် “ဂဏန်းသင်္ချာကို ဝိနည်းအလို အပြစ်မရှိစေကာမူ သုတ္တန်အလိုအားဖြင့် မသင်ကောင်း”ဟု ဆုံးဖြတ်ကြပြန်၏။ ထိုသုတ္တန်၌ သင်ခြင်းပို့ချခြင်းကို အပြစ်တင်တော်မူသည် မဟုတ်ပါ။ သင်၍ တတ်မြောက်သောအခါ ထိုအတတ်ဖြင့် ပစ္စည်းလာဘ်လာဘ ရအောင် ငွေကြေးအခယူ၍ အသက်မွေးမှုကိုသာ မိစ္ဆာဇီဝ= ကဲ့ရဲ့ထိုက်သော အသက်မွေးမှု”ဟု အပြစ်တင်တော်မူလိုရင်း ဖြစ်ပါသည်၊ သင်ရုံ ပို့ချရုံကို အပြစ်တင်ခြင်းမဟုတ်ပါ၊ ထိုကြောင့်ပင် ပါဠိတော်၌ “ဧဝရူပါယ တိရစ္ဆာနဝိဇ္ဇာယ မိစ္ဆာဇီဝေ ဇိဝိတံ ကပ္ပေန္တိ”ဟုချည်း ဟောတော်မူပါသည်။

မှန်၏။-ထိုပါဠိတော်များ၌ နက္ခတ်တာရာတို့ အကြောင်းလည်း ပါ၏၊ ထိုနက္ခတ်တာရာတို့ သွားလာပုံကို တောကျောင်းဘုန်းကြီးများမှာ တမင်တကာ သင်ယူရမည်ဟုပင် ပညတ်တော်မူ၏၊ “နက္ခတ္တ ပဒါနိ ဥဂ္ဂဟေတဗ္ဗာနိ သကလာနိဝါ ဧကဒေသာနိဝါ = တောနေ ရဟန်းသည် နက္ခတ်တို့ကို အားလုံးဖြစ်စေ တချို့ ဖြစ်စေ သင်ယူ မှတ်သားကြရမည်” [စူဠဝါ, ဝတ္တက္ခန္ဓက, အာရညိကဝတ်။]

ထိုပါဠိတော်များ၌ ဆေးပေးမှု, ဆေးကုမှုကိုလည်း အပြစ်တင်တော်မူ၏၊ ထိုအပြစ်တင်တော်မူခြင်းမှာ မိစ္ဆာဇီဝဖြစ်သောကြောင့် (ဘုန်းကြီးကဆေးကုလျှင် လူတွေက ကျေးဇူးဆပ်သောအားဖြင့် လှူဒါန်းတတ်ကြသောကြောင့် ဆေးမကုဘဲ တရားသဖြင့် နေသော ဘုန်းကြီးများကို အကြည်ညို ပျက်မည်စိုး၍)ဖြစ်၏၊ မဆိုင်သော လူများကို ဆေးမကုဖို့ရန် ဝိနည်းတော်မှာလည်း တားမြစ်ထား ပါသည်၊ ထိုသို့ ပါဠိတော်ပါရုံမျှဖြင့် ဆေးအတတ်ကို မသင်မချ

စာမျက်နှာ-၄၀၈

ကောင်းဟု မမှတ်ရ၊ အကောင်အလှောင်များကို သတ်ဖြတ်မှု မပါသော ဆေးဘက်ဆိုင်ရာ၌ ဆရာဝန်ကြီးအထိ သင်ယူကောင်း-တတ်ပြန်လျှင်လည်း ပို့ချကောင်းပါ၏။ မှန်၏-ဂိလာနကို လုပ်ကျွေး သူ၏ အင်္ဂါ၌ “ဆေးစပ်တတ်ရမည်”ဟု ပါသည့်ပြင် ဝိနည်းမဟာဝါ ပါဠိတော် ဘေသဇ္ဇခန္ဓက တခန်းလုံးလည်း ဆေးကျမ်းပင်ဖြစ်၏၊ ထိုအခန်းကို ဘုရားရှင်ကိုယ်တော်တိုင် ဟောတော်မူ၍ ရဟန်းတော် အများပင် သင်ယူ-ပို့ချ လက်တွေ့လည်း သင်ပြနေကြရပါသည်။

အချုပ်မှာ’ပါဠိတော်များ၌ “တိရစ္ဆာနဝိဇ္ဇာ”ဟု နာမည်ပါတိုင်း မသင်မချကောင်းဟု မမှတ်ယူဘဲ, ထိုတိရစ္ဆာနဝိဇ္ဇာဖြင့် လူများလို အသက်မွေးမှုကိုသာ မပြုကောင်းဟုလည်းကောင်း, အမှန်မသင်ကောင်း မချကောင်းသော (ဤသိက္ခာပုဒ် ၂-ပါးဖြင့် တားမြစ်အပ်သော) တိရစ္ဆာနဝိဇ္ဇာမှာ သူတစ်ပါးကို ညှဉ်းဆဲသတ်ဖြတ်ကြောင်း ဖြစ်သော ဆင်အတတ် စသည်များသာဖြစ်သည်ဟုလည်းကောင်း, မှတ်ပါ။

စိတ္တာဂါရဝပြီး၏။

အာရာမဝဂ်

က။ အာရာမသိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီအများ။

အမှု—အခွင့်မပန်ဘဲ ဘိက္ခုတို့၏ ကျောင်းတိုက်အာရာမ်အတွင်း ဝင်မှု။

ဘိက္ခုတို့ သင်္ကန်းချုပ်ချိန်။ ။ ရွာငယ်ကျောင်းတိုက်တတိုက်၌ များစွာသော ရဟန်းတော်တို့သည် အပေါ် ရမ်းသင်္ကန်းကို ချထား၍ သင်းပိုင် တထည်ကို ဝတ်လျက် သင်္ကန်းချုပ်နေကြစဉ် ဘိက္ခုနီတို့သည် (ကျောင်းတိုက်အတွင်းသို့ ဝင်လာလိုကြောင်း) ခွင့်မတောင်းကြဘဲ ဝင်သွားကြလေ၏၊ (ထိုသို့အပေါ် ရမ်း ဧကသီမပါဘဲ နေခြင်းသည် လူစိမ်း သူစိမ်း မရှိခိုက်သာ လျော်၏၊ မိန်းမသားတို့ မြင်သွားလျှင်ကား သာ၍ မလျော်) ထို့ကြောင့် ခွင့်မတောင်းဘဲ ဝင်လာခြင်းကို ဘိက္ခုတို့မနှစ်သက်၍ ကဲ့ရဲ့၍ကြသောကြောင့် “ခွင့်မတောင်းဘဲ ဘိက္ခုတို့အာရာမ်တွင်းသို့ မဝင်ရ”ဟု ပထမ ပညတ်တော်မူရလေသည်။

စာမျက်နှာ-၄၀၉

ရဟန်းမရှိ၍ မဝင်ရပုံ။ ။ ထိုသို့ သိက္ခာပုဒ် ပညတ်တော်မူပြီးနောက် ထိုကျောင်းတိုက်မှ ရဟန်းတော်အားလုံးပင် အရပ်တစ်ပါးသို့ ကိစ္စ ရှိ၍ သွားကြကုန်၏၊ ဘိက္ခုနီတို့သည် ကျောင်းတိုက်၌ ခွင့်ပန်စရာ ရဟန်းမရှိသောကြောင့် ကျောင်းတိုက်တွင်းသို့ မဝင်ကြကုန်၊ အရပ် တစ်ပါးသို့ သွားသောရဟန်းများ ပြန်ရောက်လာမှ ဘိက္ခုနီတို့လည်း ထိုအာရာမ်တွင်းသို့ ခွင့်တောင်း၍ ဝင်သွားကြသောအခါ ထိုဘိက္ခုနီတို့အား ကျောင်းတိုက်ထဲ၌ တံမြက်မလှည်းကောင်းလား, သောက်ရေသုံးရေ ခပ်မထား ကောင်းလား”ဟု ကဲ့ရဲ့ကြပြန်သောကြောင့် “ထင်ရှားရှိသော ရဟန်းကို ခွင့်ပန်၍ ဝင်ရမည်၊ (ရဟန်းမရှိလျှင် ခွင့်မပန်ဘဲ ဝင်နိုင်သည်၊)”ဟု ပထမ အနုပညတ် တပ်တော်မူရလေသည်။

မသိ၍ ဝင်မိကြပုံ။ ။ ထိုသို့ အနုပညတ် ထပ်ဆင့်တော်မူပြီးနောက် ထိုရဟန်းတော်အားလုံးပင် ကိစ္စတစ်ခုဖြင့်အခြားအရပ်သို့ ဖဲခွါ ထွက်သွားကြပြီးလျှင် မကြာခင်ပင် ပြန်ရောက် လာကြကုန်၏၊ ဘိက္ခုနီတို့သည် ကျောင်းတိုက်၌ ရဟန်းများ မရှိကြောင်းသာ သိ၍ ပြန်ရောက်နေကြောင်း မသိကြသောကြောင့် ခွင့်မပန်ဘဲ ဝင်သွားကြရာ, ကျောင်းတိုက်တွင်းရောက်မှ ရဟန်းများရှိနေသည်ကို တွေ့ရသဖြင့် “သူတို့မှာ ပါစိတ်အာပတ်သင့်လေသလား”ဟု ယုံမှားသံသယဖြစ်၍ ဘုရားရှင်အား လျှောက်ထားကြပြန်သောကြောင့် ဤဒုတိယ အနုပညတ် ထပ်တော် မူရပြန်လေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဇာနံ သဘိက္ခုကံ အာရာမံ အနာပုစ္ဆာ ပဝိသေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ အကြင် ဘိက္ခုနီသည် ရဟန်းရှိမှန်းသိပါလျက် ရဟန်းရှိ နေသော ကျောင်းတိုက်အာရာမ်တွင်းသို့ ခွင့်မတောင်းဘဲ ဝင်သွားအံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။

“ခွင့်ပန်”ဟူရာ၌ ရဟန်းတစ်ပါးပါးကိုဖြစ်စေ, သာမဏေတစ်ပါးပါးကို ဖြစ်စေ, အာရာမ်ကို စောင့်နေသော ကျောင်းစောင့်ကပ္ပိယကိုဖြစ်စေ ခွင့်ပန်နိုင်၏၊ ခွင့်ပန်၍ ဝင်သွားသော ဘိက္ခုနီ၏ နောက်မှ တဆက်ထည်းဝင်လိုက် သွားလျှင်လည်းကောင်း, ကျောင်းတိုက်အတွင်း၌ ဘိက္ခုနီများ စည်းဝေးနေထိုင်ခိုက် ဖြစ်လျှင်လည်းကောင်း, ခွင့်မပန်ဘဲ ဝင်သွားနိုင်၏။

စာမျက်နှာ-၄၁၀

ခ။ ဘိက္ခုအက္ကောသနသိက္ခာပုဒ်

အမှုသည်—ဆဗ္ဗဂ္ဂီက္ခုနီများ။

အမှု—အရှင်ဥပါလိကို ဆဲဆိုခြိမ်းချောက်မှု။

အကြီးဆုံးဆဗ္ဗဂ္ဂီမ သေဆုံးခြင်း။ ။ ဝေသာလီမြို့၌ ဆဗ္ဗဂ္ဂီဘိက္ခုနီတို့၏ အကြီးဆုံး ဘိက္ခုနီသည် စုတေလေရာ များစွာသောဆဗ္ဗဂ္ဂီဂုဏ်းဝင် ဘိက္ခုနီတို့သည် ထိုအလောင်းကို သုသာန်၌ အမြဲနေသော အရှင်ကပ္ပိတက၏ကျောင်းအနီးမှာ မီးရှို့၍ အရိုးအိုးစေတီတည်ထားပြီးလျှင် မကြာမကြာ သွား၍ ငိုကြလေသည်၊ ထိုသို့မကြာမကြာလာ၍ ငိုကြသော အသံသည် အရှင်ကပ္ပိတကမှာ အနှောင့်အယှက်တစ်ခု ဖြစ်နေသောကြောင့် အရှင်ကပ္ပိတကသည် ထိုအရိုးအိုး စေတီကို ဖျက်၍ ဖရိုဖရဲ ဖြန့်ကြဲ ပစ်စေ၏။ [ “အရှင်ကပ္ပိတက” ဟူသည် ဥရုဝေလကဿပစသော ရဟန္တာ တထောင်တွင် အပါအဝင်ဖြစ်၍ အရှင်ဥပါလိ၏ဥပဇ္ဈာယ်ဆရာကြီးတည်း၊ “အရှင်ဥပါလိ”ကား လူဘဝတုန်းက အရှင်အနုရုဒ္ဓါစသော မင်းသားတို့ကို ရေချိုးပေးရသူဖြစ်၍ အရှင်အနုရုဒ္ဓါစသည်တို့နှင့် အတူပင် တောထွက် လာသော ဝိနည်းဓိုရ်ဧတဒဂ်ရ ရဟန္တာပုဂ္ဂိုလ်တည်း၊]

ဆဗ္ဗဂ္ဂီဘိက္ခုနီတို့သည် သူတို့ဆရာမကြီး၏ အရိုးအိုးစေတီကို ဖျက်ပစ်သော အရှင်ကပ္ပိတကကို သတ်ဖို့ရန် တိုင်ပင်ကြကုန်၏။ ထိုအကြောင်းကို ကြားသော ဘိက္ခုနီတစ်ယောက်သည် အရှင်ဥပါလိထံ သွား၍ တိုးတိုး တိတ်တိတ် လျှောက်ထားလေရာ, အရှင်ဥပါလိကလည်း အရှင်ကပ္ပိတကကို လျှောက်ထားသဖြင့် အရှင်ကပ္ပိကကသည် ကျောင်းမှထွက်ခွာ၍ တနေရာမှာ ပုန်းနေရှာလေသည်၊ ဆဗ္ဗဂ္ဂီဘိက္ခုနီတို့သည် တိုင်ပင်ထားသည့်အတိုင်းပင် ညဉ့်တစ်ဉည့်မှာ အရှင်ကပ္ပိတကကျောင်းကို ဝိုင်း၍ ကျောက်ခဲအုဌ်ခဲတို့ဖြင့် တစ်ယောက်တစ်လက် ဆက်ကာဆက်ကာ ထုကြလေရာ ကျောင်းကလေး ပိပြားသွားခါမှ “ကပ္ပိတကတော့သေလောက်ပေါ့”ဟု ဆို၍ ပြန်သွားကြလေသည်။

နံနက်လင်းသောအခါ ဝေသာလီမြို့၌ ဆွမ်းခံကြွနေသော အရှင်ကပ္ပိတကကို မြင်ကြ၍ “ဒီကပ္ပိတကဟာ အသက်ရှင်နေတယ်၊ ငါတို့ တိုင်ပင်တာကို ဘသူသွားပြောပါလိမ့်မလဲ”ဟု စုံထောက်ကြသောအခါ အရှင်ဥပါလိ သွားပြောကြောင်း ကြားသိရ၍ အရှင်ဥပါလိထံ ဆဗ္ဗဂ္ဂီဘိက္ခုနီအများ

စာမျက်နှာ-၄၁၁

သွားကြပြီးလျှင် “ဖန်ရည်ဆိုးထားတဲ့ အဝတ်ဝါကိုဝတ်ကာ သူတစ်ပါးအညစ် အကြေးကို ပွတ်တိုက်ရေချိုးပေးရတဲ့ ဒီဇာတ်နိမ့်တဲ့သူက ငါတို့ရဲ့ တိုင်ပင်တာကို ဟိုပြော ဒီပြော-ပြောရသလား”ဟု ဝိုင်း၍ ဆဲဆိုကြိမ်းမောင်း ကြလေသည်၊ ထိုအကြောင်းကိုကြားသိသော ဘိက္ခုနီ-ဘိက္ခုအများပင် ထိုဆဗ္ဗဂ္ဂီဘိက္ခုနီတို့အား ကဲ့ရဲ့ကြ၍ ဘုရားရှင်အား လျှောက်ထားသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဘိက္ခုံ အက္ကောသေယျ ဝါ ပရိဘာသေယျ ဝါ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ ရဟန်းယောက်ျားကို ဆဲသော, သို့မဟုတ် ဘေးကိုပြ၍ (ဘယ်လိုလုပ်မည် စသည်ဖြင့်)ခြိမ်းချောက်သောဘိက္ခုနီမှာ ပါစိတ် အာပတ်သင့်၏၊ [သာမဏေစသည်နှင့် လူဝတ်ကြောင်များကို ထိုကဲ့သို့ ဆဲဆိုကြိမ်းမောင်းလျှင်ကား ဒုက္ကဋ် အာပတ်သင့်၏။]

ဂ။ ဂဏပရိဘာသနသိက္ခာပုဒ်

အမှုသည်—ထုလ္လနန္ဒာ။

အမှု—ဘိက္ခုနီ(သံဃာဂိုဏ်း) ကိုပုတ်ခတ်ပြောဆိုမှု။

စဏ္ဍကာဠီ နှင်ထုတ်ခံရခြင်း။ ။ စဏ္ဍကာဠီမည်သော ဘိက္ခုနီသည်(တဖက်နှင့် တဖက် မတဲ့နေရာဝယ် ဘယ်လိုဘယ်ပုံ ပြုလုပ်ကြစို့ စသည်ဖြင့်) မိမိဖက်သားချင်း တိုင်ပင်မှု(ဘဏ္ဍန)ကိုလည်း ပြုတတ် (ပြုလေ့ရှိ)၏၊ ရန်ဖြစ်မှု (ကလဟ)ကိုလည်း ပြုလေ့ရှိ၏၊ သူတစ်ပါးနှင့် ဆန့်ကျင်ဘက် (ဝိဝါဒ) စကားကိုလည်း ပြုလေ့ရှိ၏၊ ထိုစဏ္ဍကာဠီကို သံဃာက နှင်ထုတ်မှု(ဥက္ခေပနီယကံ)ပြုမည်ဟု စည်းဝေးလျှင်ထုလ္လနန္ဒာသည် အမြဲတမ်း ကန့်ကွက်လေ့ရှိ၏၊ ထို့ကြောင့် ထုလ္လနန္ဒာသည် သာဝတ္ထိမှ ရွာငယ်တစ်ရွာသို့ သွားနေခိုက်ဝယ် စဏ္ဍကာဠီကို အပေါင်းအသင်းမလုပ်ဘဲ သံဃာမှ ဖယ်ထုတ်ကြောင်းဖြစ်သော(ဥက္ခေပနီယ)ကံကို ပြုကြလေသည်။

ထုလ္လနန္ဒာ၏ ပုတ်ခတ်မှု။ ။ ထို့နောက် ထုလ္လနန္ဒာသည် သာဝတ္ထိသို့ ပြန်လာသောအခါ တပည့်ဖြစ်သူက ဆရာအား ပြုနေကျဖြစ်သော (နေရာထိုင်ခုံ ခင်းပေးခြင်း, ခြေဆေးရေ ခပ်ပေးခြင်း, စသော)ဝတ်များကို စဏ္ဍကာဠီက မပြုသည့်အတွက် “ဘာ့ကြောင့် မပြုဘဲ နေရတုန်း”ဟု မေးလေသည်။ ထိုအခါ ကိုးကွယ်ရာ မရှိတဲ့သူ ဆိုတာ

စာမျက်နှာ-၄၁၂

ဒီလိုဘဲနေရရိုးမို့ နေရတာပါ”ဟု ဝမ်းနည်းသံဖြင့် လျှောက်လေလျှင် ဘာလို့ ကိုးကွယ်ရာ မရှိရမှာလဲ”ဟု ပြန်မေးသောအခါ သူ့ကို သံဃာက ကံပြုထားကြောင်း ပြောလေသည်။

ထိုအခါ ထုလ္လနန္ဒာသည်(စာတတ် မာနကြီးသူ ဖြစ်သည်အားလျော်စွာ ဘသူ့ မှ အရေးမစိုက်သော လေသံဖြင့်) –ဒီဟာတွေ ဗာလတွေဘဲ, အဗျတ္တ (မထက်မမြက်အဖျင်းအအ) တွေဘဲ, ဒင်းတို့ကံပြုမှုနှင့် ဆိုင်ရာကို ဘာနား လည်လိုလဲ”ဟု စိတ်ကြမ်းကိုယ်ကြမ်း ကြမ်းသည့်အတိုင်းဘိက္ခုနီ တဂိုဏ်းလုံးကို ပုတ်ခတ်ပြောဆိုလေရာ, ထိုအပြောကို မခံနိုင်ကြသောဘိက္ခုနီတို့က ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ စဏ္ဍီကတာ ဂဏံ ပရိဘာသေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ ဒေါသက ကြမ်းထန်းအောင် ပြုအပ်သည်ဖြစ်၍ (စိတ်ဆိုး၍) ဘိက္ခုနီတဂိုဏ်းလုံးကို ပုတ်ခတ်ပြောဆိုသော ဘိက္ခုနီမှာ ပါစိတ် အာပတ်သင့်၏။

မှတ်ချက်။ ။ တဂိုဏ်းလုံး မဟုတ်ဘဲ ဘိက္ခုနီအများကိုဖြစ်စေ တစ်ယောက်ယောက်ကိုဖြစ်စေ လူသာမဏေစသည်ကိုဖြစ်စေ ပုတ်ခတ်ပြောဆိုရာ၌ ဒုက္ကဋ်အာပတ်။

ဃ။ နိမန္တိတသိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီအများ။

အမှု—ပင့်လည်းပင့်အပ် ဝါရိတ်လည်း သင့်ပြီးပါလျက် ခဲဖွယ် ဘောဇဉ်ကိုစားမှု။

ဘိက္ခုနီများကို ပင့်၍ဆွမ်းကပ်ခြင်း။ ။ ဗြဟ္မဏ (ပုဏ္ဏား) တစ်ယောက်သည် ဘိက္ခုနီတို့ကို ထမင်းစားဖိတ်၍ (ဆွမ်းစားကြွပါစသည်ဖြင့် မဖိတ်ဘဲ “ထမင်းစားကြွပါ” စသည်ဖြင့် မလျှောက်အပ်သော ပင့်နည်းဖြင့် ပင့်ဖိတ်၍) ဆွမ်းကျွေး၏၊ ဘိက္ခုနီတို့သည် မျက်နှာစိမ်းအိမ် ဖြစ်၍ ဝအောင်စားနိုင်ကြဟန်မတူ၊ ထို့ကြောင့် ထိုသူကျွေးစဉ်က “တော်ပါပြီ” ဟုဆို၍ ထပ်လိုက်သော ဆွမ်း, ဟင်းများကို တားမြစ်ခဲ့သော်လည်း ဆွမ်းစားပြီး၍ ပြန်ကြသောအခါ ဆွေမျိုးများအိမ်သို့ သွား၍ တချို့ ကထပ်စားကြ တချို့က ကျောင်းကျမှစားဖို့ရန် ဆွမ်းယူ၍သွားကြလေသည်။

စာမျက်နှာ-၄၁၃

ထိုဗြဟ္မဏသည် ဘိက္ခုနီတို့ပြန်သွားသောအခါ အိမ်နီးချင်းတို့ကို “ဘိက္ခုနီများကိုတော့ တင်းတိမ်အားရအောင် ကျွေးပြီးပါပြီ, လာကြပါဦး, မိတ်ဆွေတို့ကိုလဲ အားရအောင် ကျွေးပါဦးမည်” ဟု ဖိတ်ခေါ်လေရာ သူ၏ဖိတ်ခေါ် ပုံ (စကားကြီးကျယ်ပုံ)ကို မခံချင်သူတို့က “ခင်ဗျားက ကျုပ်တို့ကို ဘယ်မှာ တင်းတိမ်အောင် ကျွေးနိုင်မှာလဲ, ခင်ဗျားအိမ်က စားပြီးသော ဘိက္ခုနီ တွေတောင် ကျုပ်တို့အိမ်တွေဆီ လာပြီး တချို့ က စားသွား, တချို့ကဆွမ်းထည့် ယူသွားကြတယ်”ဟု ထိုသူ့စိတ်ကို ဆွပေးကြလေသည်၊ ထိုအခါ စကားကြီး စကားကျယ် ပြောမိသော ထိုဗြဟ္မဏသည် ရှက်လှသဖြင့် ထိုဘိက္ခုနီများ အပေါ် သဒ္ဓါကြည်ညိုစိတ် ကင်း၍ ကဲ့ရဲ့ခြင်းကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ နိမန္တိတာ ဝါ ပဝါရိတာ ဝါ ခါဒနီယံ ဝါ ဘောဇနီယံ ဝါ ခါဒေယျ ဝါ ဘုဉ္ဇေယျ ဝါ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် မအပ်သော ဖိတ်နည်းဖြင့် ဖိတ်အပ်သည်လည်းဖြစ်-တော်ပြီဟု ပယ်မြစ်ပြီးလည်း ဖြစ်ပါလျက် နောက်ထပ် ခဲဖွယ်ကိုသော်လည်း ခဲအံ့၊ ဘောဇဉ်ကိုသော်လည်း စားအံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။

မှတ်ချက်။ ။ ဘိက္ခုပါစိတ်ခန်း၌ ပါသော ပရမ္ပရဘောဇနသိက္ခာပုဒ်, ပဝါရိတသိက္ခာပုဒ်များနှင့် ဤသိက္ခာပုဒ်သည် မတူတတ် ဤသိက္ခာပုဒ်ကား ဘိက္ခုနီတစ်ယောက်ကို မအပ်သော ပင့်နည်းဖြင့် ပင့်၍ ဆွမ်းကျွေးရာဝယ် တော်ပါပြီဟု တားမြစ်ပြီးနောက် ထိုဆွမ်းအလှူရှင်ကို ခွင့်မပန်ဘဲ ဘယ်နည်းနှင့်မျှ နောက်ထပ်မစားရ၊ အလှူရှင်ကို ခွင့်ပန်ပြီးလျှင်ကား ဘိက္ခုပါစိတ်သိက္ခာပုဒ်၌ ရသင့်သော ခြွင်းချက်များအတိုင်း ညီညွတ်လျှင် နောက်ထပ် စားနိုင်၏။

င။ ကုလမစ္ဆရီသိက္ခာပုဒ်။

အမှုသည်—ဘိက္ခုနီတစ်ယောက်။

အမှု—မိမိနှစ်သက်သော ဒါယကာအိမ်သို့ သူတစ်ပါးတို့ မသွားအောင် ဝန်တိုမှု။

ဘိက္ခုနီ၏ အကြံ။ ။ သာဝတ္ထိမြို့၏ လမ်းမတစ်ခုပေါ်၌ ဆွမ်းခံလှည့်နေသော ဘိက္ခုနီတစ်ယောက်ကို အမျိုးတစ်မျိုးအိမ်က ဆွမ်းကပ်၍ နောက်ထပ်လဲ အခြားဘိက္ခုနီများ ကြွခဲ့ပါစေ”ဟု

စာမျက်နှာ-၄၁၄

လျှောက်လိုက်၏၊ ထိုဘိက္ခုနီသည် ယခုမှတွေ့ရသော သူ ဒါယကာအိမ်သို့ အခြားဘိက္ခုနီများ ရောက်သွားမည်စိုး၍ (ဝန်တို၍)ထိုလမ်းကို ညွှန်ပြကာ “မည်သည့်လမ်းဟာ ခွေးအလွန် ဆိုးတယ်, (သို့မဟုတ်) နွားလားကြီးက သိပ်ကြမ်းတာဘဲ, (သို့မဟုတ်) ရွှံ့ညွန်ရှိတယ်” ဤသို့ စသည်ဖြင့် မသွားချင်အောင် အခြားဘိက္ခုနီတို့အား ပြောပြလေသည်။

သူ၏ ပြောပြချက်ကြောင့် များစွာသော ဘိက္ခုနီတို့ ထိုလမ်းကို ဆွမ်းခံ မသွားကြ၊ သို့ရာတွင် ဘိက္ခုနီတစ်ယောက်ကား ထိုလမ်းသို့ ရောက်သွား၍ ထိုအိမ်မှ ပင့်ဖိတ် ဆွမ်းကျွေးပြီးလျှင် “ဘာ့ကြောင့် ဘိက္ခုနီများ ဒီလမ်း မလာကြပါတုန်း”ဟု မေးလေသော် ထိုဘိက္ခုနီသည် ပထမ ဘိက္ခုနီက ပြောထားပုံကို ပြန်၍ ပြောလေရာ, ထိုပထမဘိက္ခုနီ၏ ယုတ်မာသော မစ္ဆေရ (ဝန်တိုမှု)စိတ်ထားပုံကို မကျေနပ်၍ ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ကုလမစ္ဆရိနီ အဿ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ မိမိ၏ ဒါယကာ ဒါယိကာမ အမျိုးကို ဝန်တိုသော ဘိက္ခုနီမှာ ပါစိတ်အာပတ် သင့်၏။

မှတ်ချက်။ ။ စိတ်ထဲ၌ သူတစ်ပါးတို့ မထွက် မဝင်စေလိုဘဲ ဝန်တိုနေရုံ သက်သက်ကား “မနောဒွါရေ အာပတ္တိနာမ နတ္ထိ” = စိတ်သက်သက်ဖြစ်၍ အာပတ်မသင့်သေး၊ ထိုစိတ်အားလျော်စွာ ထိုအမျိုးအိမ်သို့

မသွားချင်အောင် “မည်သည့်အိမ်ဟာ သိပ်သဒ္ဓါတရား နည်းတာဘဲ” စသည်ဖြင့် အမျိုး၏အပြစ်ကိုဖြစ်စေ, လာပြန်လျှင်လည်း အိမ်သူအိမ်သားတို့ မကြည်ညိုချင်အောင် “ဘိက္ခုနီတွေဟာ ဘာမှ အရောတဝင် ဆက်ဆံလို မကောင်းဘူး”စသည်ဖြင့် ဘိက္ခုနီများ၏ အပြစ်ကိုဖြစ်စေ ပြောဆိုမှသာ အာပတ်သင့်၏၊ ဝန်တို၍ မဟုတ်ဘဲ ဟုတ်မှန်သော အဖြစ်ကို သတိထားဖို့ရန် ပြောပေးရာ၌ကား အာပတ်မသင့်။

စ။ အဘိက္ခုက အာဝါသ သိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီအများ။

အမှု—အနီးအပါးဝယ် ရဟန်းယောက်ျား မရှိသောကျောင်း၌ ဝါကပ်လှူ (ဝါတွင်းနေမှု။)

ဘိက္ခုနီ အများ။ ။ များစွာသော ဘိက္ခုနီတို့သည် သာဝတ္ထိမြို့နယ် ရွာငယ်တစ်ခု၌ ဝါကပ်၍ (ဝါတွင်း ၃ လ ပြီး၍) ဝါကျွတ်သေ

စာမျက်နှာ-၄၁၅

အခါ သာဝတ္ထိသို့ သွားကြလေသည်၊ သာဝတ္ထိ၌ ရှိနှင့်သော ဘိက္ခုနီတို့သည် ရောက်လာသော ဘိက္ခုနီတို့ကို “ဘယ်မှာ ဝါကပ်ခဲ့ကြသလဲ, အဆုံးအမ ဩဝါဒကော ပြည့်စုံရဲ့လား”ဟု မေးကြလေသည်၊ ထိုအခါ မည်သည့် ရွာငယ်မှာ ဝါကပ်ခဲ့ကြောင်း ပြောပြီးလျှင် “ဩဝါဒပြည့်စုံဖို့တော့ ဘယ်မှာ ဖြစ်နိုင်မည်လဲ၊ အဲဒီရွာငယ်မှာ ဩဝါဒပေးမည့် ရဟန်းယောက်ျားမှ မရှိဘဲဟု ပြန်ပြောလေရာ, ဘိက္ခုမရှိသောနေရာမှာ ဝါကပ်ခြင်းကို ကဲ့ရဲ့ ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အဘိက္ခုကေ အာဝါသေ ဝဿံ ဝသေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ အနီးအပါးဝယ် ရဟန်းယောက်ျားမရှိသော ကျောင်း၌ မိုးလပတ်လုံး နေသော (ဝါကပ်သော) ဘိက္ခုနီမှာ ပါစိတ် အာပတ်သင့်၏။

မှတ်ချက်။ ။ ဘိက္ခုနီတို့သည် အဋ္ဌမ-နဝမသိက္ခာပုဒ်တို့၌ ပြလတံ့အတိုင်း ဩဝါဒ ပေးနိုင်မည့် ဘိက္ခု အထံသို့ မပြတ်သွား၍ တရားနာဖို့ တာဝန်ရှိ၏၊ ထိုသို့ သွားဖို့ရန်လည်း ယူဇနာဝက်အတွင်း ဘေးရန် အန္တရာယ် ကင်းသော အရပ်ဝယ် ရဟန်းရှိမှ နေ့ချင်းပြန် သွားနိုင်မည်၊ (ဒါတောင် ယူဇနာတွက်ပုံက “၆ တိုင်နှင့် တာလေးရာ”ဆိုလျှင် “၃ တိုင်နှင့် တာနှစ်ရာ” ဝေးသောကြောင့် မိန်းမသားတို့ နေ့ချင်းပြန်သွားဖို့ ခဲယဉ်းသေး၏၊ ယူဇနာတွက်ပုံက ယခုမြန်မာတွက်ပုံထက် နီးမှသာ ဖြစ်နိုင်မည်၊) ထို့ကြောင့် ဘိက္ခုနီ နေမည့်ကျောင်းမှ တယူဇနာဝက်အတွင်း ဘေးကင်းသောအရပ်၌ ရဟန်းမရှိခြင်းကို ရဟန်းမရှိသော ကျောင်း”ဟုဆိုသည်။ ထိုကျောင်းမျိုး၌ ဘိက္ခုနီတို့ ဝါမကပ်ရ။

ဆ။ ပဝါရဏာ သိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီအများ။

အမှု—ဘိက္ခုသံဃာ့ထံ ပဝါရဏာမပြုမှု။

ဘိက္ခုနီတို့သည် ရွာငယ်ကျောင်း၌ ဝါကပ်၍ ဝါကျွတ်သောအခါ ဘိက္ခုသံဃာ့အထံ၌ ပဝါရဏာမပြုဘဲ သာဝတ္ထိသို့ လာကြလေသည်၊ ထိုဘိက္ခုနီတို့ကို ရှိနှင့်သော ဘိက္ခုနီတို့က “ဘိက္ခုသံဃာ့အထိ ပဝါရဏာ ပြုပြီးကြပြီလား”ဟု မေးသောအခါ မပြုရသေးကြောင်း လျှောက်ကြသဖြင့် ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

စာမျက်နှာ-၄၁၆

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဝဿံဝုဋ္ဌာ ဥဘတောသံဃေ တီဟိ ဌာနေဟိ န ပဝါရေယျ ဒိဋ္ဌေန ဝါ သုတေန ဝါ ပရိသင်္ကာယ ဝါ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ မိုးလပတ်လုံး နေထိုင်ပြီးသော (ဝါကျွတ်ပြီးသော) ဘိက္ခုနီသည် နှစ်ဘက်သော ဘိက္ခု၊ ဘိက္ခုနီသံဃာ၌ ဒိဋ္ဌ-သုတ-ပရိသင်္ကေတ ၃ ဌာနတို့ဖြင့် မဖိတ်မံလျှင် ပါစိတ်အာပတ်သင့်၏။

ပဝါရဏာပြု။ ။ ဝါကျွတ်သောအခါ မတော်တာကို မြင်သည်ဖြစ်စေ တဆင့်စကား ကြားသည်ဖြစ်စေ ယုံမှားသံသယ ရှိသည်ဖြစ်စေ ဤ ၃ ချက်ဖြင့် ပြောနိုင်ဆိုနိုင် သတိပေးဆုံးမနိုင်ဖို့ရန် အချင်းချင်း ဖိတ်မံခြင်း မိမိကိုယ်ကို အပ်နှံခြင်းကို “ပဝါရဏာပြု”ဟု ခေါ်သည်၊ ဘိက္ခုတို့သည် ဘိက္ခု အချင်းချင်းသာ ဖိတ်မံဖို့ တာဝန်ရှိ၏၊ ဘိက္ခုနီ တို့ကား ၁၄-ရက် အဖိတ်နေ့၌ မိမိတို့ ဘိက္ခုနီအချင်းချင်း ပဝါရဏာပြု၍ ထိုပဝါရဏာမှာပင် နက်ဖန် ဘိက္ခု၊ သံဃာ့အထံ၌ ဖိတ်မံဖို့ရန် ဘိက္ခုနီတစ်ယောက်ကို ရွေးချယ်သမုတ်၍ လပြည့်နေ့၌ အားလုံးသွားပြီးလျှင် ဘိက္ခုသံဃာ့ထံ ထိုရွှေးချယ်ထားသော ဘိက္ခုနီက အားလုံး ကိုယ်စား ဖိတ်မံရမည်။ ဖိတ်ပုံကို ပဝါရဏက္ခန္ဓကကျမှ ပြအံ့။

ဇ။ ဩဝါဒ ဂမန သိက္ခာပုဒ်

အမှုသည်—ဆဗ္ဗဂ္ဂီဘိက္ခုနီများ၊

အမှု—ဩဝါဒခံဖို့ရန် ဘိက္ခုတို့အထံ မသွားမှု။

ဆဗ္ဗဂ္ဂီ ဘိက္ခုနီများ။ ။ ဘိက္ခုနီတို့သည် လပြည့်လကွယ် ဥပုသ်နေ့၏ နောက် တရက်၌ ဩဝါဒ ပေးနိုင်မည့် ရဟန်းတစ်ပါးပါးထံ ဩဝါဒခံဖို့ရန် သွားကြရ၏၊ ဆဗ္ဗဂ္ဂီရဟန်းတို့ကား သူတို့ ဂိုဏ်းဝင် ဆဗ္ဗဂ္ဂီဘိက္ခုနီများထံသို့ သူတို့က သွား၍ ဩဝါဒပေးကြ၏၊ အခါတစ်ပါး၌ အခြား ဘိက္ခုနီတို့သည် ဆဗ္ဗဂ္ဂီဘိက္ခုနီတို့ကို “ဩဝါဒ ခံယူရန် သွားကြစို့”ဟု ခေါ်လေရာ, ဆဗ္ဗဂ္ဂီဘိက္ခုနီတို့က “မလိုက်တော့ဘူး, ဒီမှာပဲ အရှင်ဆဗ္ဗဂ္ဂီတို့လာ၍ ဩဝါဒ ပေးကြသည်” ဟု ပြန်ပြောကြလေသည်။ ထိုသို့ဩဝါဒ ခံယူရန် မသွားမှုကို အကြောင်းပြု၍ ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

စာမျက်နှာ-၄၁၇

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဩဝါဒါယ ဝါ သံဝါသာယ ဝါ န ဂစ္ဆေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ ဩဝါဒ အကျိုးငှါလည်းကောင်း, သံဝါသအကျိုးငှါလည်းကောင်း, ဘိက္ခုတို့ အထံသို့ မသွားသော ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။

မှတ်ချက်။ ။ “သံဝါသ”ဟူသည် ဥပုသ်ပြုကံ, ပဝါရဏာပြုကံတို့ကို အတူပြုခြင်းတည်း၊ သို့သော် ဘိက္ခုနီတို့သည် ဘိက္ခုတို့ အထံ၌ ဥပုသ်မပြုရသောကြောင့် ဤ၌ ဘိက္ခုတို့ထံ ပဝါရဏာအပြု မသွားခြင်းကိုသာ “သံဝါသ” ဟု ဆိုသင့်သည်-ရှေ့သိက္ခာပုဒ်ဖြင့် ပဝါရဏာမပြုခြင်းကို တားမြစ်၍ ဤသိက္ခာပုဒ်ဖြင့် ပဝါရဏာ အပြုမသွားခြင်းကိုလည်းကောင်း, ဩဝါဒ ခံယူဖို့ရန် မသွားခြင်းကို လည်းကောင်း, တားမြစ်သည်’ဟုမှတ်။

ဈ။ ဥပေါသထာပုစ္ဆနသိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီအများ။

အမှု—ဥပုသ်နေ့ကို မမေးဘဲနှင့် ဩဝါဒခံဖို့ရန် ခွင့်မတောင်းမှု။

ဘိက္ခုနီအများ။ ။ ဘိက္ခုနီသာသနာ တည်ခါစ ဘိက္ခုနီ အများတို့သည် ၁၃-ရက်နေ့လောက်ကပင် ယခုလာမည့် ဥပုသ်နေ့သည် စာတုဒ္ဒသီ ဥပုသ်ပါလား, ပန္နရသီ ဥပုသ်ပါလား”ဟု မေးလေ့ မရှိကြ၊ “တပည့်တော်များ ဩဝါဒကို နာခံလိုပါသည်”ဟုလည်း ခွင့်တောင်းလေ့ မရှိကြ၊ ထိုအခါ ဘိက္ခုတို့က ကဲ့ရဲ့၍ ဘုရားရှင်ထံ လျှောက်ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ အနွဍ္ဎမာသံ ဘိက္ခုနိယာ ဘိက္ခုသံဃတော ဒွေ ဓမ္မာ ပစ္စာသီသိတဗ္ဗာ ဥပေါသထပုစ္ဆကဉ္စ ဩဝါဒူပသင်္ကမနဉ္စ။ တံ အတိက္ကာမေန္တိယာ ပါစိတ္တိယံ။

မြန်မာပြန်။ ။ ဘိက္ခုနီမှန်လျှင် လခွဲတစ်ကြိမ်ကျ ဘိက္ခုသံဃာ့အထံမှ ဥပုသ်နေ့မေးခြင်း, ဩဝါဒခံယူဖို့ရန် ခွင့်တောင်းခြင်း ဟူသော ၂-ပါးသော တရားတို့ကို တောင့်တသိုက်ကုန်၏၊ ထိုလခွဲကို လွန်စေသော (လခွဲတစ်ကြိမ် မပြုမိသော) ထိုဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။

မှတ်ချက်။ ။ ဤပညတ်တော်အရ ဘိက္ခုနီအများ၏ကိုယ်စား ၂-ပါး-၃-ပါးသွား၍ ယခုလာမည့်ဥပုသ်နေ့သည် စာတုဒ္ဒသီ (၁၄-ရက်) ပန္နရသီ(၁၅-ရက်) ဥပုသ်ပါလားဟု မေးရမည်၊ ထိုသို့မေး၍ ဘိက္ခုများပြုရာ ဥပုသ်နေ့မှာပင်

စာမျက်နှာ-၄၁၈

ဘိက္ခုနီတို့လည်း ဥပုသ်ပြုရသည်။ တစ်ရံတစ်ခါ အကြောင်း အမျိုးမျိုးကြောင့် ဘိက္ခုတို့သည် ၁၄-ရက်ဥပုသ်ကို ၁၅-ရက်ဥပုသ်, ၁၅-ရက်ဥပုသ်ကိုလည်း ၁၄-ရက် ဥပုသ်ပြောင်းလွှဲတတ်၏။ ထို့ကြောင့် ၁၃-ရက်နေ့က တင်ကြို၍ မေးရသည်၊ ဩဝါဒတောင်းပုံကို ဘိက္ခုပါစိတ် ဘိက္ခုနောဝါဒဝဂ်၌ ပြခဲ့ပြီ။]

ည။ ပသာခသိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီတစ်ယောက်။

အမှု—ယောက်ျားနှင့် တစ်ယောက်ချင်း ချက်၏ အောက်ပိုင်း၌ ပေါက်သောအနာကို ခွဲစေမှု။

ထိုကဲ့သို့ အနာကိုဓါးခွဲစေရာဝယ် ယောက်ျားက ဖျက်ဆီးမည်ကြံသောကြောင့် ထိုဘိက္ခုနီမက အော်လေသည်၊ ထိုအခါ အများပြေးလာ၍ အဖြစ်မှန်ကို သိရသော ဘိက္ခုနီတို့က “တစ်ယောက်ချင်း ယောက်ျားအား အတွင်းသား၌ ပေါက်သောအနာကို ခွဲဝေရကောင်းလား” ဟုကဲ့ရဲ့ပြီးလျှင် ဘုရားရှင်ကို တဆင့်လျှောက်ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ပသာခေ ဇာတံ ဂဏ္ဍံ ဝါ ရုဓိတံ ဝါ အနပလောကေတွာ သံဃံ ဝါ ဂဏံ ဝါ ပုရိသေန သဒ္ဓိံ ဧကေနေကာ ဘေဒါပေယျ ဝါ ဖာလာပေယျ ဝါ ဓောဝါပေယျ ဝါ အာလိမ္ပာပေယျ ဝါ ဗန္ဓာပေယျ ဝါ မောစာပေယျ ဝါ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ အကြင် ဘိက္ခုနီသည် ပသာခအရပ်၌ ပေါက်သော အကျိတ်ကိုသော်လည်းကောင်း, အနာကိုသော်လည်းကောင်း, သံဃာကိုဖြစ်စေ ဂိုဏ်းကို ဖြစ်စေ (ခွဲမည့်အကြောင်းကို) မပန်ပြောဘဲ ယောက်ျားနှင့်အတူ တစ်ယောက်ချင်း ခွဲစေ, ဖေါက်စေ, ဖန်ဆေးစေ, ဆေးလိမ်းစေ, ကြပ်စည်းစေ, ဖြေဖြုတ်စေအံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။

မှတ်ချက်။ ။ သစ်ပင်၏အကိုင်းကြီးကို “ပသာခ”ဟု ခေါ်၏၊ ထိုအကိုင်းကြီးကဲ့သို့ ကိုယ်ခန္ဓာမှ ဖြာ၍ထွက်သော ပေါင် ၂-လုံးသည်လည်းကောင်း, ပေါင် ၂-လုံး၏ ဖြာ၍ထွက်ခဲ့ရာ ချက်၏ အောက်ပိုင်း ကိုယ်လုံးသည်လည်းကောင်း, ပသာခမည်၏၊ ထို “ပသာခ” မည်သောချက်၏ အောက်ပိုင်း ကိုယ်နှင့်ပေါင် ၂-လုံးဝယ် ပေါက်သော မြင်းစုနှင့် အနာကို သံဃာဂိုဏ်းအား မပန်ကြားဘဲအခွဲခိုင်းမှု

စာမျက်နှာ-၄၁၉

စသော ၆-ခုတွင် တစ်ခုခုခိုင်းသော ဘိက္ခုနီမှာ ခိုင်းမှုကြောင့် ဒုက္ကဋ်အာပတ် တချက်, ခိုင်းသည့်အတိုင်း ပြုလုပ်ဖြစ်လျှင် ပါစိတ်အာပတ် တချက်သင့်၏။ ခွဲမှုဖေါက်မှု ၂-ခုခိုင်းလျှင် ၂-ချက်စီစသည်သင့်၍ ၆-ခုလုံးကိုင်းလျှင် ဒုက္ကဋ် ပါစိတ် ၆-ချက်စီသင့်၏၊ ဘိက္ခုနီသံဃာ အားလုံးကိုဖြစ်စေ, ဘိက္ခုနီ အများဖြစ်သောဂိုဏ်းကိုဖြစ်စေ တိုင်ကြား၍သော်လည်းကောင်း, နားလည်သော ယောက်ျားအဖေ အနီး၌ ထား၍သော်လည်းကောင်း, ခွဲမှုစသည်ကို ပြုလျှင်ကား ထိုဆရာက ဖျက်ဆီးခွင့်မရသောကြောင့် အနာပတ္တိ။

အာရာမဝဂ်ပြီး၏။

ဂမ္ဘိနိဝဂ်

က။ ဂမ္ဘိနိသိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီအများ။

အမှု—ကိုယ်ဝန်ဆောင်မိန်းမကို ဘိက္ခုနီ ပြုလုပ်ပေးမှု။

ကိုယ်ဝန်ဆောင် ဘိက္ခုနီ။ ။ သာဝတ္ထိမြို့၌ ဘိက္ခုနီတို့သည် ကိုယ်ဝန်ဆောင် မိန်းမ တစ်ယောက်ကို “သူက ဘိက္ခုနီပြုပါရစေ”ဟု ခွင့်တောင်းသောကြောင့် ဘိက္ခုနီပြုပေးကြကုန်၏၊ ထိုကိုယ်ဝန်ဆောင် ဘိက္ခုနီသည် ဆွမ်းခံသွားသောအခါ လူတို့က ဒီအရှင်မအား လှူကြ, လောင်းကြပါ, ကိုယ်လေးလက်ဝန်နဲ့မို့”ဟု ပြောဆိုကာ သနားသောအားဖြင့် ဆွမ်းကိုလည်း ဂရုစိုက်၍လောင်းကြ, ကိုယ်ဝန်ဆောင်မကို ရဟန်း ပြုပေးရကောင်းလား”ဟု ဘိက္ခုနီများကိုလည်း စွဲကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဂဗ္ဘိနိံ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ ကိုယ်ဝန်ဆောင်မိန်းမကို ရဟန်းပြုပေးသော ဥပဇ္ဈာယ် ဆရာမမှာ ပါစိတ်အာပတ်သင့်၏။ [ရဟန်းပြုရာ၌ ကမ္မဝါစာ ဖတ်သူ ဆရာမနှင့်အဖေါ် ဘိက္ခုနီအပေါင်းတို့မှာ ဒုက္ကဋ် အာပတ်သင့်၏။

စာမျက်နှာ-၄၂၀

ခ။ ပါယန္တီသိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီအများ

အမှု—နို့တိုက်နေရသော မိန်းမကို ရဟန်းပြုပေးမှု။

ထိုကဲ့သို့ ပြုပေးမှုကြောင့် (ရှေ့သိက္ခာပုဒ်ကဲ့သို့) ဆွမ်းကိုလည်း ဂရုစိုက်၍ လောင်းကြ, ကဲ့ရဲ့၍လည်း ကဲ့ရဲ့ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ပါယန္တိံ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ နို့တိုက်ပဲ (နို့တိုက်နေရသေးသော) မိန်းမကို ရဟန်း ပြုပေးသော ဥပဇ္ဈာယ်ဆရာမမှာ ပါစိတ်အာပတ်သင့်၏၊ [အခြား သူများကား ရှေ့သိက္ခာပုဒ်အတိုင်း ဒုက္ကဋ်အာပတ်သင့်၏၊ “နို့တိုက် သောမိန်းမ”ဟူရာ၌ မိခင်အရင်းဖြစ်စေ နို့ထိန်းဖြစ်စေ ၂-မျိုးလုံး ပါဝင်၏။]

ဂ။ အသိက္ခိတသိက္ခာသိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီအများ။

အမှု—၂-နှစ်ပတ်လုံး သိက္ခာမကျင့်ရသေးသော သိက္ခမာန်ကို ရဟန်းပြုပေးမှု။

သိက္ခမာန်။ ။ “သိက္ခမာန”ဟူသော ပါဠိကို “သိက္ခမာန်”ဟု မြန်မာပြန်ကြ၏၊ [သိက္ခမာန = ကျင့်နေဆဲ ဖြစ်သော ကျင့်၍ မပြီးသေးသော ရဟန်းလောင်းဖြစ်သူ။] မိန်းမတို့သည် ၁-ပထမ သာမဏေရီ ပြုလုပ် ရ၏၊ ၂-ထို့နောက် အသက်ပြည့်သော်လည်း ရဟန်းမပြုရသေးဘဲ သိက္ခမာန်ဘဝ၌ ၂-နှစ်လုံးလုံး သိက္ခာပုဒ် ၆-ပါးကို ထိန်းသိမ်းနေ &၏၊ သိက္ခာပုဒ် ၆-ပါးကား-ပါဏာတိပါတ, အဒိန္နာဒါန, အဗြဟ္မစရိယ, မုသာဝါဒ, သုရာမေရယ, ဝိကာလဘောဇန တို့မှ ရှောင်ကြဉ် ရမှုများတည်း၊ ထိုသို့ သိက္ခမာန် ဖြစ်ဖို့ရန်လည်း (ရဟန်းခံသလို) ဘိက္ခုနီသံဃာက ဉ တ်ကမ္မဝါစာဖြင့် သိက္ခာသမ္မုတိ ပေးရလေသည်။ ရိုးရိုးသာမဏေရီများလည်း ထို ၆-ပါးမက ၁၀-ပါးလုံးပင် ထိန်းရပါ၏၊ သို့သော် ရိုးရိုးထိန်းမှုကား သိက္ခာပုဒ်ပျက်လျှင် ဆိုင်ရာဒဏ်ကို ထမ်းရုံ, လူဝတ်လဲ၍ သိက္ခာပုဒ်များကို နောက်ထပ် ဆောက်တည်ရုံမျှဖြင့် ပြီးနိုင်၏၊ သိက္ခမာန်အဖြစ်ဖြင့် ကျင့်နေသူကား သိက္ခာပုဒ် ၆-ပါးတွင် တစ်ပါးပါး

စာမျက်နှာ-၄၂၁

ပျက်လျှင် အစမှစ၍ ပြန်ပြီးဆောက်တည်ရ၏၊ ဥပမာ ၂-နှစ်ပြည့်ခါနီးမှ သိက္ခာပုဒ်တစ်ပါး ပျက်သွားလျှင် ပထမရက်က ပြန်၍ ထိန်းရ၏၊ “၂-နှစ်နီးပါး ထိန်းပြီးသားရက်တွေ အလကား ဖြစ်သွားကြလေသည်”ဟူလို၊ ဤသို့ ၂-နှစ် တိတိ သိက္ခာပုဒ် ၆-ပါးကို မပျက်စီးအောင် ထိန်းပြီးသူဖြစ်မှသာ တဆင့် တက်၍ ရဟန်းပြုပေးရသည်။

ထိုဘိက္ခုနီများကား ထိုသို့ ၂-နှစ်တိတိ မကျင့်ရသေးသော သိက္ခမာန်ကို ရဟန်းပြုပေးကြသဖြင့် ထိုသိက္ခမာန်တို့သည် ဝိနည်းတော်နှင့်စပ်၍ ပြုအပ်သောအမှု မပြုအပ်သောအမှုကို နားမလည်ရကား အခြားဘိက္ခုနီတို့က ဆရာလုပ်သူကို ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဒွေ ဝဿာနိ ဆသု ဓမ္မေသု အသိက္ခိတသိက္ခံ သိက္ခမာနံ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ ၂-နှစ်တို့ပတ်လုံး ၆-ပါးသော သိက္ခာပုဒ်တို့၌ မကျင့်ရသေးသော သိက္ခမာန်ကို ဘိက္ခုနီပြုပေးသော ဥပဇ္ဈာယ်ဆရာမမှာ ပါစိတ်အာပတ်သင့်၏။

ဃ။ သံဃေန အသမ္မတ သိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီများ၊

အမှု—သိက္ခာကျင့်ပြီးသော သိက္ခမာန်ကို သမ္မုတိမရဘဲ ဘိက္ခုနီ ပြုပေးမှု။

ရဟန်းပြုပေးခြင်း။ ။ တချို့ဘိက္ခုနီများသည် (ရှေ့သိက္ခာပုဒ်တော်နှင့် အညီ) ၂-နှစ်ပတ်လုံး ပါဏာတိပါတစသော သိက္ခာ ၆-ပါးကို မကျိုးမပေါက်ကျင့်ပြီးဖြစ်သော ထိုသိက္ခမာန်ကို ဘိက္ခုနီသံဃာ့ထံ ဘိက္ခုနီ ပြုသို့ ခွင့်မပန်ဘဲ ဘိက္ခုနီပြုပေးလိုက်ကြ၏၊ ထိုသိက္ခမာန်များကို ဘိက္ခုနီ ဖြစ်နေမှန်း မသိကြသော အခြားဘိက္ခုနီတို့သည် သိက္ခမာန်များကို ခိုင်းသကဲ့သို့ ဟိုဟာပေးစမ်း ဒီဟာယူခဲ့စမ်း, ကပ္ပိစမ်းစသည်ဖြင့် ခိုင်းကြ လေသော် ထိုဘိက္ခုနီတို့သည် “တပည့်တော်တို့ သိက္ခမာန်မဟုတ်ကြတော့, ဘိက္ခုနီဖြစ်နေကြပြီ”ဟု ပြန်၍ပြောကြလေ၏၊ ထိုအခါ သံဃာ့အထံ ခွင့်မ

စာမျက်နှာ-၄၂၂

ပန်ဘဲ ဘိက္ခုနီပြုပေးကြရသလား ဟု အခြားဘိက္ခုနီတို့က ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဒွေ ဝဿာနိ ဆသု ဓမ္မေသု သိက္ခိတသိက္ခံ သိက္ခမာနံ သံဃေန အသမ္မတံ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ ၂-နှစ်ပတ်လုံး သိက္ခာပုဒ် ၆-ပါး၌ ကျင့်ပြီးသော သိက္ခမာန်ကို သံဃာက (သိက္ခမာန် ဘဝမှ ထမြောက်ကြောင်း သမ္မုတိဖြင့်) မသမုတ် အပ်သေးဘဲ သိက္ခမာန်အဖြစ်မှ ထမြောက် စေအံ့ (ဘိက္ခုနီပြုပေးအံ့-ဟူလို၊) ဥပဇ္ဈာယ် ဆရာဖြစ်သော ထိုဘိက္ခုနီမှာ ပါစိတ် အာပတ်သင့်၏။ [ကံပြုရာတွင် ပါဝင်သော အခြားဘိက္ခုနီတို့မှာ ဒုက္ကဋ်အာပတ်သင့်၏။]

မှတ်ချက်။ ။ ဤသိက္ခာပုဒ်အရ-သိက္ခမာန်ကို ရဟန်းဘဝသို့ ရောက်စေလိုလျှင် ဝုဋ္ဌာနသမ္မုတိခေါ် သမ္မုတိတစ်မျိုးကို သံဃာ့ထံခွင့်တောင်း၍ သံဃာက သိမ်အတွင်း၌ကမ္မဝါစာဖြင့်သမ္မုတိပေးပြီးမှ ရဟန်းပြုခွင့်ရသည်-ဟုမှတ်။

င။ ဦနဒွါဒသဝဿသိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီအများ

အမှု—ယောက်ျားနှင့်ဆက်ဆံဘူးသော, ၁၂-နှစ်မပြည့်သေးသော သူငယ်မကို ရဟန်းပြုပေးမှု။

ယောက်ျား သွားလာအပ်ဖူး။ ။ အိန္ဒိယ၌ တချို့အယူသည်းသော မိဘတို့သည် သားသ္မီးများကို ၇ နှစ်အရွယ် လောက်ကပင် လက်ထပ်ထားကြ၏။ ထိုသို့ လက်ထပ်ပြီးသော သူငယ်မတို့သည် တဆယ့်နှစ်နှစ် မပြည့်ခင်ကပင် လင်ယောက်ျားနှင့် ဆက်ဆံပြီး ဖြစ်နေတော့၏၊ ထိုကဲ့သို့ အလွန်ငယ်သေးသော ၁၂-နှစ်မပြည့်သေးသော, ယောက်ျားနှင့်လည်း ဆက်ဆံပြီးဖြစ်သော သူငယ်မကို ရဟန်းပြုပေးမှုကြောင့် အခြား ဘိက္ခုနီတို့က ကဲ့ရဲ့ကြ၍ ဘုရားရှင်အား တဆင့်လျှောက်ကြလေရာ, ဘုရားရှင် ကလည်းယောက်ျားနှင့် ဆက်ဆံပြီးသော်လည်း ၁၂-နှစ်မပြည့်သေးလျှင် အအေး အပူ စသော ဒုက္ခ အမျိုးမျိုးကို မခံနိုင်သေး” ဟု...မိန့်တော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

စာမျက်နှာ-၄၂၃

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဦနဒွါဒသဝဿံ ဂိဟိဂတံ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ တဆယ့်နှစ်နှစ် မပြည့်သေးသော, ယောက်ျား သွားလာ အပ်ပြီးသော သူငယ်မကို ဘိက္ခုနီပြုပေးသော ဥပဇ္ဈာယ်ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။ ကံပြုရာတွင် ပါဝင်သော အခြားဘိက္ခုနီတို့မှာ ဒုက္ကဋ်အာပတ်သင့်၏။

စ။ ဂိဟိဂတ အသိက္ခိတသိက္ခာသိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီအများ။

အမှု—ယောက်ျားဆက်ဆံဘူး၍ ၁၂-နှစ်ပြည့်သော သူငယ်မကို ၂-နှစ်ပတ်လုံး သိက္ခာမကျင့်ရသေးဘဲ ရဟန်းပြုပေးမှု။

ထိုသို့ပြုပေးမှုကြောင့် အခြားဘိက္ခုနီတို့ ကဲ့ရဲ့ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ပရိပုဏ္ဏဒွါဒသဝဿံ ဂိဟိဂတံ ဒွေ ဝဿာနိ ဆသု ဓမ္မေသု အသိက္ခိတသိက္ခံ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ ယောက်ျားသွားလာအပ်ပြီးဖြစ်၍ တဆယ့်နှစ်နှစ်ပြည့်ပြီးသော်လည်း ၂-နှစ်ပတ်လုံး ၆-ပါးသော သိက္ခာပုဒ်တို့၌ မကျင့်ရသေးသော သာမဏေမကို ရဟန်းပြုပေးသော ဥပဇ္ဈာယ်ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။ [အခြားဘိက္ခုနီတို့မှာ ဒုက္ကဋ်၊]

မှတ်ချက်။ ။ ဤသိက္ခာပုဒ်တော်အရ-ရဟန်းပြုလိုသော သူငယ်မသည် ဆယ်နှစ် ပြည့်ပြီးဖြစ်လျှင် သိက္ခာသမ္မုတိကို တောင်း၍ သံဃာက ကမ္မဝါစာဖြင့် သမ္မုတိပေးပြီးနောက် ၂-နှစ်ပတ်လုံး သိက္ခမာန်ဘဝ၌ ကျင့်နေရသေးသည်၊ ထိုသို့ကျင့်ပြီးသောအခါ ၁၂-နှစ်ပြည့်ပြီးဖြစ်ပေလိမ့်မည်၊ ဂိဟိဂတ = ယောက်ျားသွားလာအပ်ပြီးသူသည် အငယ်ဆုံးအားဖြင့် သိက္ခမာန်ဘဝ၌ ၂-နှစ်ကျင့်ပြီးဖြစ်လျှင် ၁၂-နှစ်ပြည့်က ဘိက္ခုနီပြုခွင့်ရ၏။

စာမျက်နှာ-၄၂၄

ဆ။ အသမ္မတဝုဋ္ဌာနသိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီအများ။

အမှု—ဂိဟိဂတ ဖြစ်၍ ၁၂-နှစ်ပြည်သောအခါ သိက္ခာပုဒ် ၆-ပါး၌ ၂-နှစ်လုံးလုံးကျင့်ပြီးသော်လည်း သံဃာ့အထံမှ ဝုဋ္ဌာနသမ္မုတိ မရဘဲ ရဟန်းပြုပေးမှု။

ထိုသို့ပြုပေးမှုကြောင့် သိက္ခမာန်ဘဝတွင် ရှိသေးသည်ဟု ထင်နေသော အခြားဘိက္ခုနီတို့က “ယူခဲ့စမ်း, ပေးစမ်း”စသည်ဖြင့် အခိုင်းမှား၍ ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ပရိပုဏ္ဏဒွါဒသဝဿံ ဂိဟိဂတံ ဒွေ ဝဿာနိ ဆသု ဓမ္မေသု သိက္ခိတသိက္ခံ သံဃေန အသမ္မတံ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ တဆယ့်နှစ်နှစ်ပြည့်သော, ယောက်ျားတို့ သွားလာအပ်ဘူးသော, ၂-နှစ်ပတ်လုံး သိက္ခာပုဒ်ကျင့်ပြီးလည်းဖြစ်သော သိက္ခမာန်ကို သံဃာ့ထံမှ ဝုဋ္ဌာနသမ္မုတိမရသေးဘဲ ရဟန်းပြုပေးသော ဥပဇ္ဈာယ် ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။ [အခြားဘိက္ခုနီတို့မှာ ဒုက္ကဋ်။]

ဇ။ သဟဇီဝိနီသိက္ခာပုဒ်

အမှုသည်—ထုလ္လနန္ဒာ။

အမှု—အတူတကွ အသက်မွေးနေထိုင်သော တပည့်မကို ၂-နှစ် လောက်မျှ မချီးမြှောက် မစောင့်ရှောက်မှု။

ထိုသို့ မစောင့်ရှောက်သဖြင့် တပည့်ဖြစ်သူသည် ဝိနည်းနှင် ဆိုင်ရာဝယ် နားမလည်ဘဲဖြစ်နေ၍ (“တပည့်မကောင်း ဆရာ့ခေါင်း” နှင့် အညီ) ဆရာမဖြစ်သူကို အခြားဘိက္ခုနီတို့က ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ယာ ပန ဘိက္ခုနီ သဟဇီဝိနိံ ဝုဋ္ဌာပေတွာ ဒွေ ဝဿာနိ နေဝ အနုဂ္ဂဏှေယျ န အနုဂ္ဂဏှာပေယျ, ပါစိတ္တိယံ။

စာမျက်နှာ-၄၂၅

မြန်မာပြန်။ ။ အတူတကွ အသက်မွေးလေ့ရှိ၍ “သဟဇီဝိနီ”မည်သော တပည့်မကို ဘိက္ခုနီအဖြစ်သို့ ထမြောက်စေပြီးနောက် ၂-နှစ်ပတ်လုံး ကိုယ်တိုင်လည်း မချီးမြှောက်, သူတစ်ပါးကိုလည်း မချီးမြှောက် စေသောဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏၊ အတူနေသောတပည့်မကို သဟဇီဝိနီ = သဒ္ဓိဝိဟာရိနီဟုခေါ်၏, သဟ = အတူတကွ+ ဇီဝိနီ-အသက်ရှည်လေ့ရှိသူ။

မှတ်ချက်။ ။ စာသင်ပေးခြင်း, ဆုံးမဩဝါဒပေးခြင်းကို “ချီးမြှောက်ခြင်း” ဟု ခေါ်၏။ ထိုချီးမြှောက်မှုကို ကိုယ်တိုင်တတ်နိုင်လျှင် ကိုယ်တိုင်ပြုရသည်၊ ကိုယ်တိုင်မတတ်နိုင်လျှင် တတ်နိုင်သူ့ထံ အပ်နှံ၍ ပြုပေးစေရသည်။

စျ။ နာနုဗန္ဓနသိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီဖြစ်ခါစကလေးများ။

အမှု—ဥပဇ္ဈာယ် ဆရာမနောက်သို့ (ပြုစုလုပ်ကျွေး၍) ၂-နှစ် လောက်မှ မလိုက်ကြမှု။

ထိုသို့ ဥပဇ္ဈာယ်ဆရာမနှင့် အတူလိုက်၍ မနေကြသဖြင့် အဆုံးအမ ဩဝါဒမရ၍ အရာရာ၌မကျွမ်းကျင် မလိမ္မာရကား အခြားဘိက္ခုနီတို့က ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဝုဋ္ဌာပိတံ ပဝတ္တိနိံ ဒွေ ဝဿာနိ နာနုဗန္ဓေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ မိမိကို ဘိက္ခုနီအဖြစ်ရောက်အောင် ထမြောက်စေသော ဥပဇ္ဈာယ်ဆရာမနောက်သို့ ၂-နှစ်ပတ်လုံး လိုက်၍ မနေသောဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏၊ [ဥပဇ္ဈာယ်ဆရာမကို “ပဝတ္တိနီ = မိမိကို ဖြစ်စေသူ၊ ဝါ-ကြီးပွားစေသူ”ဟု ခေါ်၏။]

ည။ နေဝဓူပကာသနသိက္ခာပုဒ်

အမှုသည်—ထုလ္လနန္ဒာ။

အမှု—တပည့်မကို ရဟန်းပြုပေးပြီးနောက် အရပ်တစ်ပါးသို့ ခေါ်မသွားမှု။

ထိုသို့ ခေါ်မသွားမိသည့်အတွက် ထိုဘိက္ခုနီကလေး၏ လင်ဟောင်းက ဖမ်းယူမှုကြောင့် အခြားဘိက္ခုနီတို့က ဆရာမဖြစ်သူကို ကဲ့ရဲ့ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

စာမျက်နှာ-၄၂၆

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ သဟဇီဝိနိံ ဝုဋ္ဌာပေတွာ နေဝ ဝူပကာသေယျ န ဝူပကာသာပေယျ အန္တမသော ဆပ္ပဉ္စယောဇနာနိပိ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ အတူနေ တပည့်မကို ရဟန်းအဖြစ် ရောက်အောင် ထမြောက်စေပြီးနောက် အနည်းဆုံး ၅-ယူဇနာ ၆-ယူဇနာလောက် ဝေးအောင် အရပ်တစ်ပါးသို့ ကိုယ်တိုင်လည်းခေါ်၍မသွား, သူတစ်ပါးကိုလည်းခေါ်၍ မသွားစေသော ဥပဇ္ဈာယ်ဆရာမမှာ ပါစိတ် အာပတ်သင့်၏။

ဂဗ္ဘိနီဝဂ်ပြီး၏။

ကုမာရီဘူတဝဂ်

က။ ဦနဝီသတိဝဿသိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီအများ။

အမှု—အသက် ၂ ဝ မပြည့်သေးသောကုမာရီဘူတ သာမဏေမကို ရဟန်းပြုပေးမှု။

ယောက်ျားတို့မသွားလာအပ်ဘူး၍ အပျိုစင်ဖြစ်နေသော မိန်းမသားတို့သည် စိတ်ရော ကိုယ်ပါ နုနယ်ကြ၏၊ ထို့ကြောင့် အအေးအပူစသော ဒုက္ခများကို ယောက်ျားတို့ သွားလာအပ်ဘူးသော (ဂိဟိဂတာ) မိန်းမများလောက် ခံနိုင်ရည်မရှိကြ၊ အသက် ၂ဝ-အရွယ် ရောက်မှသာ ထိုဒုက္ခများကို ခံနိုင်ရည်ရှိကြ၏၊ ဤသိက္ခာပုဒ်၏ အမှုရှင် ဖြစ်သော ဘိက္ခုနီ ဆရာမကြီးတို့သည် ဤအကြောင်းကို သတိမထားဘဲ ငယ်ဖြူသာမဏေမတို့ကို ဘိက္ခုနီပြုပေးမိသဖြင့် အခြားဘိက္ခုနီတို့က ကဲ့ရဲ့ ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဦနဝီသတိဝဿံ ကုမာရိဘူတံ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ အသက် ၂၀ မပြည့်သေးသော အပျိုစင်သာမဏေမကို ဘိက္ခုနီပြုပေးသော ဥပဇ္ဈာယ်ဆရာမမှာ ပါစိတ်အာပတ်သင့်၏။

စာမျက်နှာ-၄၂၇

ခ။ အသိက္ခိတသိက္ခသိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီအများ။

အမှု—အသက် ၂ဝ ပြည့်သော်လည်း ၂-နှစ်ပတ်လုံး သိက္ခာ ၆-ပါးကို မကျင့်ရသေးသော အပျိုစင်သာမဏေမကို ဘိက္ခုနီပြုပေးလှူ။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ပရိပုဏ္ဏဝီသတိဝဿံ ကုမာရိဘူတံ ဒွေ ဝဿာနိ ဆသု ဓမ္မေသု အသိက္ခိတသိက္ခံ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ အသက် ၂၀ ပြည့်ပြီးသော အပျိုစင် သာမဏေမကို ၂-နှစ်ပတ်လုံး သိက္ခာမကျင့်ရသေးဘဲ ဘိက္ခုနီ ပြုပေးသော ဥပဇ္ဈာယ်ဆရာမမှာ ပါစိတ်အာပတ်သင့်၏။

ဂ။ သံဃေန အသမ္မတသိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီအများ။

အမှု—အသက် ၂၀-ပြည့်၍ သိက္ခာပုဒ် ၆-ပါးတို့ကို ၂-နှစ်ပတ်လုံး ကျင့်ပြီးဖြစ်သော်လည်း သံဃာ့အထံမှ ဝုဋ္ဌာန သမ္မုတိ မရသေးဘဲ ဘိက္ခုနီပြုပေးမှု။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ပရိပုဏ္ဏဝီသတိဝဿံ ကုမာရိဘူတံ ဒွေ ဝဿာနိ ဆသု ဓမ္မေသု သိက္ခိတသိက္ခံ သံဃေန အသမ္မတံ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ အသက် ၂၀-ပြည့်ပြီးဖြစ်၍ ၂-နှစ်ပတ်လုံး သိက္ခာပုဒ် ၆-ပါးကို ကျင့်ပြီးဖြစ်သော အပျိုစင်သာမဏေမကို သံဃာ့ထံမှ ဝုဋ္ဌာပန သမ္မုတိမရသေးဘဲ ဘိက္ခုနီပြုပေးသော ဥပဇ္ဈာယ်ဆရာမမှာ ပါစိတ်အာပတ် သင့်၏။

ဤ က-ခ-ဂ သိက္ခာပုဒ်များသည် ဂဗ္ဘိနီဝဂ်လာ ဂိဟိဂတ ပါသော သိက္ခာပုဒ် ၃-ပါးနှင့် အသွားတူ၏၊ ဂိဟိဂတနှင့် ကုမာရိဘူတ ဖြစ်ခြင်းသာ ထူးသည်။

စာမျက်နှာ-၄၂၈

ဃ။ ဦနဒွါဒသဝဿာ သိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီအများ။

အမှု—တဆယ့် နှစ်ဝါ မရသေးဘဲ ဥပဇ္ဈာယ် ဆရာမ လုပ်၍ သူ့တစ်ပါးကို ဘိက္ခုနီပြုပေးမှု။

ကဲ့ရဲ့ ခံရခြင်း။ ။ မိမိကိုယ်တိုင်က ၁၂ ဝါမရသေးဘဲနှင့် ဥပဇ္ဈာယ်လုပ်၍ သူတစ်ပါးကို ဘိက္ခုနီပြုလုပ်ပေးသဖြင့် သူတို့ကိုယ်တိုင်လည်း ဝိနည်းနှင့် စပ်၍အပ်သောအရာ မအပ်သောအရာကို နားမလည်ကြ, သူတို့၏ တပည့်မတို့လည်း နားမလည်ကြသဖြင့် အခြားဘိက္ခုနီတို့က ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဦနဒွါဒသဝဿာ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ တဆယ့်နှစ်ဝါ မရသေးဘဲ ဥပဇ္ဈာယ် ဆရာမလုပ်၍ သူတစ်ပါးကို ဘိက္ခုနီပြုပေးသော ဘိက္ခုနီမှာ ပါစိတ် အာပတ် သင့်၏။

င။ သံဃေနအသမ္မတာ သိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီအများ။

အမှု—သံဃာ့အထံမှ ဝုဋ္ဌာပန သမ္မုတိ မရဘဲ ဥပဇ္ဈာယ် ဆရာမ ပြုလုပ်မှု။

ကဲ့ရဲ့ ခံရခြင်း။ ။ တဆယ့်နှစ်ဝါရသော်လည်း သံဃာ့အထံမှ ဥပဇ္ဈာယ် ဆရာ လုပ်ဖို့ရန် “ဝုဋ္ဌာပန သမ္မုတိ” မရသေးဘဲ ဥပဇ္ဈာယ်လုပ်၍ ဘိက္ခုနီပြုပေးကြသဖြင့် သူတို့ ကိုယ်တိုင်က ဘိက္ခုနီ ဝါများသလောက် ဝိနည်းနားမလည်သေးရကား သူတို့၏ တပည့်များလည်း အပ်-မအပ်ကို နားမလည်ကြ၍ အခြားဘိက္ခုနီတို့က ဆရာကို ကဲ့ရဲ့ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ပရိပုဏ္ဏဒွါဒသဝဿာ သံဃေန အသမ္မတာ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ တဆယ့်နှစ်ဝါပြည့်သော်လည်း သံဃာ့အထံမှ ဝုဌာပန သမ္မုတိ မရသေးဘဲ ဥပဇ္ဈာယ်လုပ်၍ ဘိက္ခုနီပြုပေးသော ဘိက္ခုနီမှာ ပါစိတ် အာပတ် သင့်၏။

စာမျက်နှာ-၄၂၉

မှတ်ချက်။ ။ ဘိက္ခုနီတို့သည် ၁၂-ဝါရ၍ ဥပဇ္ဈာယ် ဆရာ လုပ်လိုသောအခါ သံဃာ့ထံ၌ ဝုဋ္ဌာပန သမ္မုတိ (ဥပဇ္ဈာယ်လုပ်နိုင်သော သမ္မုတိ)ကို တောင်းရသေး၏။ ထိုသို့ တောင်းသောအခါ သံဃာက သူ၏ဝိနည်း နားလည်မှု ရှိ-မရှိကို စဉ်းစား၍ ဆရာလုပ်လောက်သော အရည်အချင်း ရှိမှ ဝုဋ္ဌာပနသမ္မုတိပေးရ၏၊ ထိုသမ္မုတိရသူမှသာ ဥပဇ္ဈာယ်ဆရာ လုပ်နိုင်သည်။

ဘိက္ခုနီများလည်း ဥပဇ္ဈာယ် လုပ်ချင်တိုင်း မလုပ်ရ, ၁-ဆယ်ဝါရ ပြီးခြင်း, ၂-ဒွေမာတိကာကို အကျယ်ဖွင့်ပြသော ဝိဘင်း ၂-ဖြာကို နားလည်ခြင်း, ၃-ရဟန်းခံ သိမ်သမုတ်စသော ကံကြီးကံငယ် လုပ်ထုံးကို နားလည်ခြင်း, ၄-မဟာဝါ စူဠဝါခန္ဓကတို့၌ လာသော သိက္ခာပုဒ်များကို နားလည်ခြင်း, ၅-နာမ်တရား ရုပ်တရားကို ခွဲခြားဟောပြနိုင်ခြင်း ဤဂုဏ်အင်္ဂါငါးပါးနှင့် ပြည့်စုံသူမှသာ ဥပဇ္ဈာယ်ဆရာ (ကျောင်းထိုင် ဘုန်းကြီး)လုပ်နိုင်၏။ ထိုသို့ မပြည့်စုံသေးလျှင် ကျောင်းထိုင်ဘုန်းကြီး မလုပ်ရသေး၊ ထိုဂုဏ်အင်္ဂါနှင့် ပြည့်စုံသော ဆရာ တစ်ပါးပါးကို မှီခို၍ နေရသည်။

[ဆောင်] ဆယ်ဝါပြည့်တင်း, ဝိဘင်းနှစ်ဖြာ, ကမ္မာကမ္မ, ခန္ဓကပုဒ်, နာမ်ရုပ်ပိုင်ပိုင်, ဟောပြနိုင်, ကျောင်းထိုင် ငါးအင်္ဂါ။

စ။ ခီယျနဓမ္မာပဇ္ဇန သိက္ခာပုဒ်

အမှုသည်—စဏ္ဍကာဠီ။

အမှု—ဘိက္ခုနီတို့ ကဲ့ရဲ့မှု။

ဝုဋ္ဌာပန သမ္မုတိ မပေးကြခြင်း။ ။ စဏ္ဍကာဠီသည် ၁၂-ဝါရ၍ ဥပဇ္ဈာယ်ဆရာမ လုပ်လိုသောကြောင့် သံဃာ့အထံ၌ ဝုဋ္ဌာပန သမ္မုတိကိုတောင်းသောအခါ စဏ္ဍကာဠီ၏ အရည်အချင်းကို အားမရ၍ မိမိက ဥပဇ္ဈာယ်လုပ်၍ သူတစ်ပါးကို ရဟန်းအဖြစ်ရောက်အောင် ထမြောက်စေဖို့ (ဘိက္ခုနီပြုပေးဖို့) မတော်သေးပါ”ဟု ပြောသောအခါ “ကောင်းပါပြီ”ဟု ဝန်ခံခဲ့ပြီးနောက် အခြားဘိက္ခုနီတို့အား သံဃာကဝုဋ္ဌာပနသမ္မုတိ ပေးသောအခါ စဏ္ဍကဠီသည် မကျေနပ်သောကြောင့် “သံဃာက ငါ့ကို သမ္မုတိမပေးဘဲ, အခြားဘိက္ခုနီတွေကိုတော့ သမ္မုတိပေးတယ်, ငါကတော့ အ အမို့တဲ့လား, အလဇ္ဇီမမို့ တဲ့လား”ဟု ကဲ့ရဲ့ရှုတ်ချလေသည်၊ ထိုသို့ ရှုတ်ချမှုကို ကြားရသောဘိက္ခုနီတို့က သူ့ကို ကဲ့ရဲ့ကြ၍ ဘုရားရှင်ထံ တဆင့် လျှောက်ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

စာမျက်နှာ-၄၃၀

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ “အလံ တာဝ တေ, အယျေ, ဝုဋ္ဌာပိတေနာ”တိ ဝုစ္စမာနာ “သာဓူ”တိ ပဋိဿုဏိတွာ သာ ပစ္ဆာ ခိယျနဓမ္မံ အာပဇ္ဇေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ (ဝုဋ္ဌာပနာ သမ္မုတိ တောင်းသောအခါ) “အရှင်မ... အရှင်မမှာ ဥပဇ္ဈာယ်လုပ်၍ ဘိက္ခုနီပြုပေးဖို့ မတော်သေးပါ”ဟု ပြောဆိုအပ်စဉ်က “ကောင်းပြီ”ဟု ဝန်ခံခဲ့၍ နောက်မှ ကဲ့ရဲ့ရှုတ်ချ သော ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။

မှတ်ချက်။ ။ သံဃာက တရားလမ်းအတိုင်း ပြုလုပ်ရာ၌ ကဲ့ရဲ့ မှသာ အာပတ်သင့်၏၊ သံဃာကိုယ်တိုင်က မတရားလုပ်၍(အဂတိလိုက်၍)သမ္မုတိပေးသင့်သူကို မပေး; မပေးသင့်သူကို ပေးသောကြောင့် ကဲ့ရဲ့လျှင်ကား “အနာပတ္တိ ပကတိယာ(နဂိုကပင်) ဆန္ဒာ ဒေါသာ ဘယာ မောဟာ ကရောန္တံ ခိယျတိ”ဟု အာပတ်မသင့်ကြောင်း မိန့်တော်မူသည်။

ဆ။ ပတိဿဝနသံဝါဒနသိက္ခာပုဒ်

အမှုသည်—ထုလ္လနန္ဒာ။

အမှု—ငါ့အား သင်္ကန်းပေးလျှင် ဘိက္ခုနီပြုပေးမည်ဟု ဝန်ခံပြီးနောက် ထိုဝန်ခံချက် ပျက်ကွက်မှု။

ထုလ္လနန္ဒာ၏ ပျက်ကွက်မှု။ ။ ထုလ္လနန္ဒာသည် သိက္ခမာန်တစ်ယောက်က ဘိက္ခုနီ ပြုပေးပါရန် တောင်းပန်လာသောအခါ “သင်က ငါ့အား သင်္ကန်းပေးလျှင် ဥပဇ္ဈာယ်လုပ်၍ သင့်ကို ဘိက္ခုနီပြုပေး မည်”ဟု ဝန်ခံပြီးနောက် ရဟန်းပြုပေးဖို့ မဖြစ်နိုင် လောက်သော အန္တရာယ်မရှိပါဘဲ ကိုယ်တိုင်လည်းရဟန်းပြုမပေး, သူတစ်ပါးကို ပြုပေးစေ ဖို့ရန် ကြောင့်ကြမစိုက်သောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ သိက္ခမာနံ “သစေ မေ တွံ, အယျေ, စီဝရံ ဒဿသိ, ဧဝါဟံ တံ ဝုဋ္ဌာပေဿာမီ”တိ ဝတွာ သာ ပစ္ဆာ အနန္တရာယိကိနီ နေဝ ဝုဋ္ဌာပေယျ, န ဝုဋ္ဌာပနာယ ဥဿုက္ကံ ကရေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ သိက္ခမာန်ကို “အကယ်၍ ငါ့အား သင်္ကန်းပေးအံ့၊ ထိုသို့ ပေးလျင် ငါ သင့်ကို ဘိက္ခုနီအဖြစ်ရောက်အောင် ထမြောက်စေ

စာမျက်နှာ-၄၂၇

မည် (ဘိက္ခုနီပြုပေးမည်) ဟု ပြောဆိုပြီး၍ နောက်အခါ တစ်စုံတရာ အန္တရာယ်မရှိပါဘဲ ကိုယ်တိုင်လည်း ရဟန်းပြုမပေးသော, သူတစ်ပါးကိုလည်း ပြုပေးဖို့ရန် ကြောင့်ကြမစိုက်သော ဘိက္ခုနီမှာ ပါစိတ် အာပတ်သင့်၏။

ဇ။အနုဗန္ဓနသိက္ခာပုဒ်

အမှုသည်—ထုလ္လနန္ဒာ။

အမှု—ငါ့နောက်သို့ ၂-နှစ်ပတ်လုံး လိုက်နေလျှင် ဘိက္ခုနီပြုပေးမည်ဟု ဝန်ခံပြီးနောက် ထိုဝန်ခံချက် ပျက်ကွက်မှု။

ထုလ္လနန္ဒာ၏ ဂတိမတည်မှု။ ။ သိက္ခမာန်တစ်ယောက်သည် ထုလ္လနန္ဒာအား ဘိက္ခုနီ ပြုပေးပါရန် တောင်းပန်လာ၏။ ထိုအခါ ထုလ္လနန္ဒာက ခု “ငါ့နောက်သို့ ၂-နှစ်ပတ်လုံးလိုက်၍ ပြုစုလုပ်ကျွေးမည် ဖြစ်လျှင် ဘိက္ခုနီပြုပေးမည်”ဟု ဝန်ခံပြီးနောက် တစ်စုံတရာ အန္တရာယ်မရှိပါဘဲ ပြုမပေးသည့်အတွက် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ သိက္ခမာနံ “သစေ မံ တွံ, အယျေ, ဒွေ ဝဿာနိ အနုဗန္ဓိဿသိ, ဧဝါဟံ တံ ဝုဋ္ဌာပေဿာမီ”တိ ဝတွာ သာ ပစ္ဆာ အနန္တရာယိကိနီ နေဝ ဝုဋ္ဌာပေယျ, န ဝုဋ္ဌာပနာယ ဥဿုက္ကံ ကရေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ သိက္ခမာန်ကို “အကယ်၍ ငါ့နောက်သို့ ၂-နှစ်ပတ်လုံး လိုက်နေအံ့၊ ထိုသို့လိုက်နေလျှင် ငါသည် သင့်ကို ဘိက္ခုနီ ပြုပေး မည်”ဟု ပြောဆိုပြီး၍ နောက်အခါ တစ်စုံတရာ အန္တရာယ်မရှိပါဘဲ ကိုယ်တိုင်လည်း ရဟန်းပြုမပေးသော, သူတစ်ပါးတို့ကိုလည်း ပြုပေး ဖို့ရန် ကြောင့်ကြမစိုက်သော ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။

စျ။ သောကာဝါသသိက္ခာပုဒ်

အမှုသည်—ထုလ္လနန္ဒာ။

အမှု—ယောက်ျားကြီး ယောက်ျားငယ်တို့၌ ရောရောနှောနှော နေထိုင်၍ ကြမ်းတန်းသော သောက၏ တည်ရာဖြစ်သော စဏ္ဍကာဠီမည်သော သိက္ခမာန်ကို ရဟန်းပြုပေးမှု။

ထိုသို့ ဘိက္ခုနီပေးမှုကြောင့် အခြားဘိက္ခုနီတို့က ကဲ့ရဲ့ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

စာမျက်နှာ-၄၃၂

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ပုရိသသံသဋ္ဌံ ကုမာရကသံသဋ္ဌံ စဏ္ဍိံ သောကာဝါသံ သိက္ခမာနံ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ အသက် ၂၀ လွန်ပြီးသော ယောက်ျားကြီးတို့နှင့် ရောရောနှောနှော နေတတ်သော, အသက် ၂၀ မပြည့်သေးသော သတို့သားတို့နှင့်လည်း ရောရောနှောနှောနေတတ်သော (ကိုယ်နှုတ် စိတ်ပါ) ကြမ်းထန်းသော ယောက်ျားတို့၏ အတွင်း (မမြင်ရလျှင် မနေနိုင်လောက်အောင်) သောကကို သွင်းတတ်-(မိမိက မမြင်ရလျှင်လည်း သောကဖြစ်နေတတ်သဖြင့်) သောကဟူသော နေရာလည်းရှိသော သိက္ခမာန်ကို ရဟန်းပြုပေးသော ဥပဇ္ဈာယ်ဆရာမမှာ ပါစိတ်အာပတ်သင့်၏။

ည။ အနုညာတသိက္ခာပုဒ်

အမှုသည်—ထုလ္လနန္ဒာ။

အမှု—မိဘနှင့် လင်ယောက်ျားတို့က ခွင့်မပြုအပ်သော သိက္ခာမာန် ရဟန်းပြုပေးမှု။

ထိုသို့ပြုပေးသည့်အတွက် မိဘနှင့်လင်ယောက်ျားတို့က ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ မာတာပိတူဟိ ဝါ သာမိကေန ဝါ အနနုညာတံ သိက္ခမာနံ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ မိဘတို့သည်လည်းကောင်း, လင်သည်လည်းကောင်း, (ရဟန်းပြုဖို့ရန်) ခွင့်မပြုအပ်သော သိက္ခမာန်ကို ရဟန်းပြုပေးသော ဥပဇ္ဈာယ် ဆရာမမှာ ပါစိတ်အာပတ်သင့်၏။

မှတ်ချက်။ ။ မာတုဂါမတို့သည် ရှင်သာမဏေမ ပြုလိုသောအခါ၌တစ်ကြိမ်, ဘိက္ခုနီ ပြုလိုသောအခါ၌ တစ်ကြိမ်အားဖြင့် ၂-ကြိမ်မျှ မိဘနှင့် (လင်ရှိလျှင်) လင်တို့ကို ခွင့်တောင်းရ၏။ ယောက်ျားတို့ကား ရှင်ပြုတုန်းက မိဘတို့ ခွင့်ပြုထားလျှင် ရဟန်းပြုခါနီး၌ ခွင့်တောင်းဖွယ်မလို၊ သို့သော် ရှင်ပြုခွင့်သာ ပေးခြင်းဖြစ်၍ ရဟန်းပြုခွင့် မပေးလိုသော မိဘတို့ကိုကား ကျေနပ်အောင် ခွင့်တောင်းရလိမ့်ဦးမည်၊ ခွင့်မရဘဲ ဘိက္ခုပြုပေးလျှင်မူ ဒုက္ကဋ်အာပတ်သင့်၏၊ ရဟန်းလောင်းကား ရဟန်းဖြစ်သည်သာ။

စာမျက်နှာ-၄၃၃

ဋ။ ပါရိဝါသိကဆန္ဒဒါနသိက္ခာပုဒ်

အမှုသည်—ထုလ္လနန္ဒာ။

အမှု—ပျက်ပြီးသော ဆန္ဒပေးခြင်းဖြင့် ဘိက္ခုနီပြုပေးမှု။

ထုလ္လနန္ဒာ ပြုလုပ်ပုံ။ ။ ရဇဂြိုဟ်မြို့၌ နေစဉ် ထုလ္လနန္ဒာသည် သိက္ခမာန် တယောက်ကို ဘိက္ခုနီ ပြုလုပ်ပေးဖို့ရန် ရဟန်း ယောက်ျား မထေရ်ကြီးများကို ပင့်ဖိတ်ထားသဖြင့် ကြွနိုင်သော မထေရ်ကြီးများသည် ကိုယ်တိုင်ကြွရောက်၍ မကြွနိုင်သော ထိုမဟာသိမ်အတွင်း၌ နေကြသော ရဟန်းများလည်း ထိုကံကို သဘောတူကြောင်း (ဝိနည်းထုံးစံအတိုင်း) ဆန္ဒပေးလိုက်ကြလေသည်။ ထိုသံဃာ အစည်းအဝေး၌ ဘိက္ခုနီပြုပေးပြီးနောက် ကျွေးမွေးဖို့ရန် ခဲဖွယ်ဘောဇဉ် များစွာကိုလည်း ဆိုင်ရာက စီမံထား၏၊ ထူလ္လနန္ဒာသည် ထိုခဲဖွယ် ဘောဇဉ်များကို (သူနှင့် ဓာတ်ချင်းမတူသော)မထေရ်ကြီးများကို မဘုဉ်းပေးစေလို သောကြောင့် “အရှင်ဘုရားတို့... သိက္ခမာန်ကို ယခုဘိက္ခုနီ မပြုပေးလိုသေးပါ” ဟု လျှောက်၍ မထေရ်ကြီးများကို ပြန်လွှတ်လိုက်လေသည်။

ထိုသို့ ပြန်လွှတ်လိုက်သည့်အခါ ထိုကံအတွက်သဘောတူကြောင်းပေးလိုက်သော ဆန္ဒလည်း ပျက်ပြယ်လေတော့၏၊ ထုလ္လနန္ဒာသည် ထိုသို့ပျက်ပြယ်ပြီးသော ဆန္ဒပေးခြင်းကိုပင် ထပ်မံအသုံးပြု၍ (နောက်ထပ် ဆန္ဒမယူစေဘဲ) အရှင်ဒေဝဒတ်နှင့် ဘက်တော်သား ဖြစ်ကြသော ကောကာလိက စသော ရဟန်းများကို ပင့်၍ သိက္ခမာန်ကို ဘိက္ခုနီ ပြုပေးလေသည်၊ ထိုသို့ပြုပေးရာ၌ သူပင့်လိုရာ ပင့်၍ ပြုပေးခြင်းက ကံမပျက်စေသော်လည်း ပျက်ပြယ်ပြီး ဆန္ဒကို အသုံးပြုခြင်းကား ကံကိုပျက်စေကြောင်း ထုလ္လနန္ဒာ၏ ထိုအမှုကို အခြားဘိက္ခုနီတို့က ကဲ့ရဲ့ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ပါရိဝါသိကဆန္ဒဒါနေန သိက္ခမာနံ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ သုံးအပ်ပြီးသော (နဂိုဆန္ဒပျက်ပြယ်ပြီးသော) ဆန္ဒပေးခြင်းဖြင့် သိက္ခမာန်ကို ဘိက္ခုနီပြုပေးသော ဥပဇ္ဈာယ်ဆရာမမှာ ပါစိတ်အာပတ်သင့်၏။

မှတ်ချက်။ ။ မာတုဂါမတို့သည် ပထမအကြိမ်၌ ဘိက္ခုနီသံဃာ့အထံဝယ် ရဟန်း ပြုကြရ၏။ ထို့နောက် ဒုတိယတစ်ကြိမ်၌ ဘိက္ခုသံဃာ့အထံမှာ ရဟန်းပြု ကြရသည်။

စာမျက်နှာ-၄၃၄

ဌ။ အနုဝဿံဝုဋ္ဌာပန သိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီအများ။

အမှု— နှစ်စဉ် (တနှစ်တစ်ပါးကျ) ဥပဇ္ဈာယ်လုပ်နိုင်သော ဘိက္ခုနီတို့က ကိုယ်စီကိုယ်စီ ရဟန်းပြုပေးကြမှု။

ထိုသို့ ကိုယ်စီကိုယ်ငှ ရဟန်းပြုပေးကြသည့်အတွက် နေဖို့ရာ ကျောင်းများ မလောက်သဖြင့် လူတို့ကစ၍ ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အနုဝဿံ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ တနှစ်လျှင် တစ်ပါးကျ ဘိက္ခုနီ ပြုပေးသော ဥပဇ္ဈာယ် ဆရာမမှာ ပါစိတ်အာပတ်သင့်၏။

ဍ။ ဒွေဝုဋ္ဌာပန သိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီအများ။

အမှု—တနှစ်တည်း၌ ၂-ပါး ရဟန်းပြုပေးမှု။

နှစ်စဉ် ၁-ပါးကျ ပြုမပေးရသဖြင့် တစ်နှစ်ခြားပြီးလျှင် နောက်တနှစ်၌ သိက္ခမာန် ၂-ပါးကို ဆရာလုပ်နိုင်သူတို့က ဥပဇ္ဈာယ်လုပ်၍ ရဟန်းပြုပေးကြလေရာ ရှေ့သိက္ခာပုဒ်လာ ဝတ္ထုအတိုင်း နေရာကျောင်း မလောက်သောကြောင့် လူတို့က စ၍ ကဲ့ရဲ့ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဧကံ ဝဿံ ဒွေ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။

မြန်မာပြန် တနှစ်ထည်း၌ သိက္ခမာန် ၂-ပါးကို ရဟန်းပြုပေးသော ဥပဇ္ဈာယ်ဆရာမမှာ ပါစိတ်အာပတ်သင့်၏။ [ဤသိက္ခာပုဒ် ၂-ပါး အလိုအားဖြင့် ၂-နှစ်မှ တစ်ပါးသာရဟန်းပြုပေးကောင်းတော့သည်။]

ကုမာရီဘူတဝဂ်ပြီး၏။

စာမျက်နှာ-၄၃၅

ဆတ္တုပါဟနဝဂ်

က။ ဆတ္တုပါဟန သိက္ခာပုဒ်

အမှုသည်—ဆဗ္ဗဂ္ဂီ ဘိက္ခုနီများ။

အမှု—ထီးဆောင်း, ဖိနပ်စီးမှု။

ထီး ဖိနပ်။ ။ ထီးဆောင်းခြင်း, ဖိနပ်စီးခြင်းကို ဟန်ကြီး ပန်ကြီး လုပ်ခြင်းနှင့် အလှပြင်ခြင်း တစ်မျိုး ဟု (ရှေးခေတ်က) ယူဆကြဟန်တူ၏။ ထို့ကြောင့် ဆဗ္ဗဂ္ဂီဘိက္ခုနီတို့ ထီးဆောင်း၍ ဖိနပ်စီးလျက် ထိုထိုဤဤ လှည့်လည် သွားလာကြခြင်းကို “ကာမစည်းစိမ်ကို ခံစားသော လူဝတ်ကြောင် မိန်းမများလိုဘဲ” ဟု လူတို့က စွပ်စွဲကဲ့ရဲ့ ကြသောကြောင့် “ထီး ဖိနပ်ကို မဆောင်ရ”ဟု ပထမပညတ်တော်မူပြီးလျှင် ထီး ဖိနပ် မဆောင်းမစီးရလျှင် ရောဂါတိုးမည့် ဂိလာနဘိက္ခုနီအတွက် ခြွင်းချက်ထား၍ ဒုတိယပညတ်တော်မူရပြန်သည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အဂိလာနာ ဆတ္တုပါဟနံ ဓာရေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ ဂိလာနမဟုတ်ဘဲ ထီး ဖိနပ်ကိုဆောင်းသော ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။

မှတ်ချက်။ ။ ဂိလာနမဟုတ်ဘဲ ကျောင်းတိုက်အတွင်းနှင့် ကျောင်းတိုက်ဥပစာမှ တစ်ပါးသော မြို့တွင်း ရွာတွင်း တောအရပ်အားလုံးမှာပင် ဘိက္ခုနီတို့ ထီး ဖိနပ် ၂-မျိုးလုံးကို ဆောင်လျှင် စ၍ ဆောင်တိုင်း ပါစိတ်အာပတ် သင့်၏။ တစ်မျိုးကိုသာ ဆောင်လျှင် ဒုက္ကဋ်အာပတ်သင့်၏၊ “ဆောင်” ဟူသည် ထီးကိုဆောင်းခြင်း ဖိနပ်ကိုစီးခြင်းတည်း၊ ဘိက္ခုတို့လည်း ထီးအတွက်မှာ ဘိက္ခုနီများကဲ့သို့ မြို့ရွာတောအားလုံးမှာပင် မဆောင်းအပ်ဟု ခုဒ္ဒကဝတ္ထု ခန္ဓက၌ မိန့်တော်မူသည်။ ဖိနပ်ကား မြို့ရွာအတွင်းနှင့် အာဂန္တုအဖြစ်ဖြင့် အခြားကျောင်းတိုက်၌သာ မစီးအပ်၊ အာဂန္တု မဟုတ်သည့်အခါနှင့် တောထဲသို့သွားသည့်အခါ မိမိကျောင်းတိုက်တွင်းမှာမူ စီးကောင်း၏။

ထီး ဖိနပ် အပ်သောအချက်။ ။ ကိုယ်ပူ ရောဂါ-သည်းခြေပျက် ရောဂါ-မျက်စိ အားနည်းသော ရောဂါ-စသည်ဖြင့် ထီးမဆောင်းရလျှင် တိုးပွါးမည့် ရောဂါမျိုးရှိလျှင်လည်းကောင်း, မိုးရွာသည့်အခါ၌ အအေး မိမည်ကို စိုးရိမ်ရခြင်း နေပူလွန်း၍ အပူမိမည်ကို စိုးရိမ်ရခြင်း,

စာမျက်နှာ-၄၃၆

သင်္ကန်းကို မိုးစိုမည်မှ စောင့်ရှောက်လိုခြင်းစသော လုံလောက်သော အကြောင်းရှိလျှင်လည်းကောင်း, ထီးဆောင်းကောင်း၏၊ နေပူလွန်းခြင်း အအေးများလွန်းခြင်း သွားရာအရပ်က ရောဂါဘယရှိခြင်းစသော အကြောင်းကြောင့် ကျန်းမာရေးကို ထိခိုက်လောက်လျှင် ဖိနပ်လည်း စီးကောင်း၏၊ ထိုသို့ အကြောင်းမလုံလောက်လျှင် ထီး ဖိနပ် ၂-မျိုးလုံးပင်မအပ်၊ ထီးအစား ယပ်ကိုသုံးစွဲ၍ ဖိနပ်မစီးဘဲ သွားနိုင် ခြင်းသာ အပြစ်အကင်းဆုံး ဖြစ်သည်။

ခ။ ယာနာသိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီများ။

အမှု—ယာဉ်ဖြင့် သွားလာမှု။

ယာဉ်။ ။ ခြေဖြင့်မသွားဘဲ ယာဉ်ဖြင့် သွားခြင်းလည်း ဟန်ကြီး ပန်ကြီးလုပ်ခြင်း တစ်မျိုးပင်ဟု (ရှေးခေတ်က) ယူဆသောကြောင့် ဆဗ္ဗဂ္ဂီဘိက္ခုနီတို့ ယာဉ်စီး၍ သွားခြင်းကို “ကာမဂုဏ် ခံစားသော လူဝတ်ကြောင် မိန်းမများလိုဘဲဟု လူတို့က စွပ်စွဲကဲ့ရဲ့ကြသဖြင့် “ယာဉ်မစီးရ”ဟု ပထမပညတ်တော်မူပြီးလျှင် ယာဉ်မစီးရလျှင် ရောဂါ တိုးမည့် ဂိလာနအတွက် ခြွင်းချက်ပြုကာ ဒုတိယ ပညတ်တော်မူရပြန်သည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အဂိလာနာ ယာနေန ယာယေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ ဂိလာနမဟုတ်ဘဲ ယာဉ်ဖြင့်ခရီးသွားသော ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။

မှတ်ချက်။ ။ မဟာဝါ စမ္မက္ခန္ဓက ပါဠိတော်၌ “ဘိက္ခုတို့လည်း ဂိလာနမဟုတ်လျှင် ယာဉ်မစီးရ၊ စီးလျှင် ဒုက္ကဋ်အာပတ်”ဟု ပညတ်တော်မူ၏။ ထို၌ “ယာဉ် ဟူသည် “ပုရိသယုတ္တံ = အထီး (နွားထီး မြင်းထီး) ကအပ်သောယာဉ်၊ ဟတ္ထဝဋ္ဋကံ = လက်ဖြင့် လိမ့်စေအပ်သော ယာဉ်”ဟု သရုပ်ပြထား၏၊ ထို့ကြောင့် ဂိလာနမဟုတ်လျှင် နွားလှည်း မြင်းရထား လက်တွန်းလှည်း လန်ချားများကို မစီးကောင်းဟုမှတ်။

ထို့ပြင်-ခြေချင် မသွားနိုင်လောက်သော ဂိလာန (အိုနာလည်း ပါဝင်၏။) မဟုတ်လျှင် သိဝိကာ (ထမ်းစင် = ဝေါ)ကိုလည်းကောင်း, ပါဋင်္ကီ (အဝတ်ထမ်း)ကိုလည်းကောင်း, ဝယှ(လူ၂-ယောက်လက်ချင်းယှက်၍ ဆောင်ယူ

စာမျက်နှာ-၄၃၇

ရသော လက်ပွေ့ အထမ်း)အမျိုးမျိုးကိုလည်းကောင်း, မစီးကောင်း၊ ဂိလာနဖြစ်လျှင် ပြခဲ့သမျှ အားလုံးအပ်၏။ သို့သော်မြင်းမ, နွားမကသော ရထားလှည်းတို့ မအပ်၊ နောက်ခေတ်မှ ပေါ်လာသော မီးရထား မော်တော်ကားတို့ကား ယာဉ်တွင် ပါဝင်စေကာမူ မောင်းနှင်သူကို ညှဉ်းဆဲရာ မရောက်သောကြောင့်လည်းကောင်း, မအပ်ဟု သရုပ်ဖေါ်ထားသော ယာဉ်တို့တွင် မပါဝင်သောကြောင့်လည်းကောင်း, သင်္ဘော လေယာဉ်ပျံတို့နှင့်အလားတူ “အပ်သောယာဉ်” ဟုယူကြသည်။

ဂ။ သင်္ဃာဏိသိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီတစ်ယောက်။

အမှု—ခါးကြိုးတန်ဆာကို ဆောင်မှု။

ခါးကြိုးတန်ဆာ။ ။ ဘိက္ခုနီ တစ်ယောက်သည် ဆွမ်းခံနေကျအိမ်မှ မိန်းမတစ်ယောက်က “ဤခါးကြိုးကို မည်သည့် မိန်းမထံပို့ ပေးစမ်းပါ”ဟုပြော၍ ခါးကြိုးတန်ဆာကို ယူလာသောအခါ သပိတ်ထဲ၌ ထည့်ယူသွားလျှင် အမှတ်တမဲ့ လန့်ပြီး အော်မိမှာစိုး၍ (မြွေကလေးနှင့် တူဟန်ရှိသည်)ခါး၌ ဝတ်၍ ယူသွားလေသည်၊ ယာဉ်ရထားတို့ သွားလာရာ လမ်းမသို့ ရောက်သောအခါ ထိုခါးကြိုး ပြတ်သဖြင့် တပ်ထားသော ပတ္တမြားလုံးကလေးတွေ ဖရိုဖရဲကြဲသဖြင့် လူအများ မြင်ကြ၍ “ဘိက္ခုနီတွေဟာ ကာမစည်းစိမ်ခံစားသော လူဝတ်ကြောင် မိန်းမများလို ခါးကြိုးတန်ဆာကို ဆောင်ကြတာဘဲကိုး”ဟု ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ သံဃာဏိံ ဓာရေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ ခါးကြိုးတန်ဆာကို ဆောင်သော ဘိက္ခုနီမှာ ပါစိတ် အာပတ်သင့်၏။

ခါး၌ဝတ်ဆင်အပ်သောကြိုး သာမက, ခါးပန်းကြိုးရိုးရိုးမှတစ်ပါး အလှပတ်ဖို့ ခါးစည်းကြိုးခါးပတ်ဟူသမျှလည်း ပါဝင်သည်၊ ဘိက္ခုတို့ ဆောင်လျှင် ဒုက္ကဋ်အာပတ်။

စာမျက်နှာ-၄၃၈

ဃ။ ဣတ္ထာလင်္ကာရသိက္ခာပုဒ်

အမှုသည်—ဆဗ္ဗဂ္ဂီဘိက္ခုနီများ။

အမှု—မိန်းမတို့၏ အသုံးအဆောင်တန်ဆာကို ဆောင်မှု။

မိန်းမ အသုံးအဆောင်။ ။ ဦးခေါင်း, လည်ပင်း, လက်, ခြေ, ခါးတို့၌ဝတ်ဆင်အပ်သော ပုတီး, နားချောင်း, လက်ကောက်, လက်ကြပ်, လက်စွပ်, လက်ပတ်နာရီ, ခြေကျင်းစသော မိန်းမတို့၏ အဆင်တန်ဆာဟူသမျှကို ဆဗ္ဗဂ္ဂီဘိက္ခုနီတို့ ဝတ်ဆင်ကြလေရာ လူတို့က “ကာမစည်းစိမ်ခံစားသော လူဝတ်ကြောင် မိန်းမများလိုဘဲ”ဟု စွပ်စွဲ ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ယာ ပန ဘိက္ခုနီ ဣတ္ထာလင်္ကာရံ ဓာရေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ မိန်းမတို့၏ အဆင်တန်ဆာကို ဆောင်သော ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။ [ဘိက္ခုတို့မှာ ဒုက္ကဋ်အာပတ်သင့်၏။]

င။ ဂန္ဓဝဏ္ဏသိက္ခာပုဒ်

အမှုသည်—ဆဗ္ဗဂ္ဂီဘိက္ခုနီများ၊

အမှု—နံ့သာရည် အလှရည်တို့ဖြင့် ရေချိုးမှု။

အမွှေး အကြိုင်အနံ့ရှိသော အရည်တို့ဖြင့်ဖြစ်စေ ထိုအရည်တို့ကို ရေ၌ ရောစပ်၍ဖြစ်စေ ရေချိုးကြခြင်း, အဆင်းကိုလှစေနိုင်သော အလှရှည်တို့ဖြင့် ဖြစ်စေ, အလှရည် ရောစပ်ထားသော ရေဖြင့်ဖြစ်စေ ရေချိုးကြခြင်းကြောင့် လူတို့က “ကာမစည်းစိမ်ခံစားသော မိန်းမများလိုဘဲ”ဟု စွပ်စွဲကဲ့ရဲ့ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဂန္ဓဝဏ္ဏကေန နဟာယေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ နံ့သာရည် အလှရည်တို့ဖြင့် ရေချိုးသော ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။ [ဘိက္ခုတို့မှာ ဒုက္ကဋ်၊ ကိုယ်နံ့မကောင်းခြင်း ကိုယ်အရေ အဆင်း ပျက်သော ရောဂါ ရှိခြင်းကြောင့် ချိုးလျှင် အနာပတ္တိ။]

စာမျက်နှာ-၄၃၉

စ။ ဝါသိတသိက္ခာပုဒ်

အမှုသည်—ဆဗ္ဗဂ္ဂီဘိက္ခုနီများ။

အမှု—နံ့သာထုံအပ်သော နှမ်းမှုန့်ညက်ဖြင့် ပွတ်တိုက်၍ ရေချိုးမှု။

ထိုသို့ရေချိုးမှုကြောင့် “ကာမစည်းစိမ်ကို ခံစားသော လူဝတ်ကြောင် မိန်းမများလိုပါပဲကလား”ဟု လူတို့က စွပ်စွဲခဲ့ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဝါသိတကေန ပိညာကေန နဟာယေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ နံ့သာဖြင့် ထုံအပ်သော နှမ်းမှုန့်ညက်ဖြင့် ရေချိုးသော ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။

မှတ်ချက်။ ။ ပဉ္စမသိက္ခာပုဒ်သည် နံ့သာအလှရည်တို့ကို ရေ၌ ရောစပ်၍ ချိုးခြင်းမှ တားမြစ်သော သိက္ခာပုဒ်တည်း၊ ဤသိက္ခာပုဒ်ကား နံ့သာထုံအပ်သော နှမ်းမှုန့်တို့ဖြင့် ကိုယ်ကို ပွတ်တိုက်၍ ရေချိုးခြင်းမှ တားမြစ်သည်၊ သိက္ခာပုဒ် ၂-ပါးလုံးပင် မာလာဂန္ဓ ဝိလေပန ဓာရဏသိက္ခာပုဒ်နှင့် တထပ်တည်း ကျရကား ဘိက္ခု, ဘိက္ခုနီတို့သာမက-သာမဏေများလည်း နံသာရောသော ရေဖြင့်လည်းကောင်း, နံ့သာထုံထားသော နှမ်းမှုန့်ညက် ဆပ်ပြာဖြင့်လည်းကောင်း, ရေမချိုးကောင်း၊ နှမ်းမှုန့်ညက်သည် သွေးကိုကြည်လင်စေတတ်၏။ ထိုကြောင့် ရှေးကနှမ်းမှုန့်များဖြင့် ကိုယ်ကို ပွတ်တိုက်လေ့ရှိကြသည်။ နံ့သာ မထုံအပ်သော နှမ်းမှုန့်ညက်ဖြင့်ပွတ်တိုက်ခြင်းကား အနာပတ္တိ။]

ဆက်ဦးအံ့-ယခုခေတ် များစွာသော ဆပ်ပြာတို့သည် ဝါသိတက ဆပ်ပြာများဖြစ်ကြ၏၊ ထိုဆပ်ပြာတို့ကား (မှန်မှန်ပြောရလျှင်) မသုံးအပ်ကြချေ၊ အများထက်ထူးခြား၍ ကိုယ်နံ့ဆိုးဝါးသူများ ရှိတတ်၏။ ထိုသူများအတွက်ကား ဤဆပ်ပြာမွှေးများ အပ်ပါ၏၊ ကိုယ်နံ့ မဆိုးဝါးဘဲလျက် ဆပ်ပြာမွှေးများကို သုံးစွဲလို၍ ကိုယ်နံ့ဆိုးဝါးသူဖြစ်အောင်လည်း မိမိကိုယ်ကို မကြံဆောင်သင့်၊ ထို့ကြောင့် ရောဂါထူး မရှိသူတို့မှာ မျက်နှာသစ် ရေချိုးစသည်တို့၌ အမွှေးနံ့ မထင်ရှားသော ရိုးရိုးဆပ်ပြာများကိုသာ သုံးစွဲသင့်ကြပေသည်။

စာမျက်နှာ-၄၄၀

ဆ။ ဥမ္မဒ္ဒါပနသိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီအများ။

အမှု—အခြားဘိက္ခုနီတို့ကို ခြေဆုပ်လက်နယ်ခိုင်းမှု။

ကိုယ့်ကိုယ်တိုင် အညောင်းအညာဖြေခြင်း လမ်းလျှောက်ခြင်းစသည်ကို မပြုဘဲ သူတစ်ပါးကို ခိုင်းခြင်းသည် အခိုင်းအစေနှင့်နေနိုင်သော အိမ်ရှင်မ များနှင့်တူရကား ထိုသို့ခိုင်းစေမှုကို လူတို့က “ကာမစည်းစိမ် ခံစားသော လူဝတ်ကြောင် မိန်းမများလိုပါဘဲတကား”ဟု ကဲ့ရဲ့ကြသောကြောင့် ဤ သိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ ဘိက္ခုနိယာ ဥမ္မဒ္ဒါပေယျ ဝါ ပရိမဒ္ဒါပေယျ ဝါ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ ဘိက္ခုနီမကို ပွတ်တိုက်ခိုင်းသော အဆုပ် အနယ်ခိုင်းသော ဘိက္ခုနီမှာ ပါစိတ် အာပတ် သင့်၏။

မှတ်ချက်။ ။ ဥမ္မဒ္ဒါပေယျကို “ဥဗ္ဗာဋ္ဋာပေယျ-ပွတ်တိုက်စေအံ့”ဟု ဖွင့်ရကား “ရေချိုးရာ၌ ချေးပွတ်ခိုင်းခြင်းကို နာနာနှိပ်၍ ဟိုပွတ်သည်ပွတ် ပွတ်စေသည်ကို ဥမ္မဒ္ဒါပေယျ ဟု မိန့်လိုဟန်တူ၏။ ပရိမဒ္ဒါပေယျ-ဟူသည် အနင်းအနှိပ်ခံခြင်းမျိုးပင်တည်း။ ထိုသို့ ခိုင်းခြင်းဟူရာ၌ အရသာခံသော သဘော ဟန်ကြီးပန်ကြီးလုပ်သော သဘောဖြင့် ခိုင်းရာ၌သာ အာပတ် သင့်၏၊ တကယ်ညောင်းညာ-မကျန်းမာ၍ ခိုင်းလျှင်ကား အနာပတ္တိ။

ဇ-ဈ-ည။ ။ ထို့နောက် သိက္ခမာန်ကို ခိုင်းမှု, သာမဏေမကို ခိုင်းမှု, လူဝတ်ကြောင် မိန်းမကို ခိုင်းမှုကြောင့် သိက္ခာပုဒ် ၃-ရပ်ကို ပညတ်တော်မူရသေး၏။

ဋ။ အနာပုစ္ဆာနိသီဒနသိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီအများ။

အမှု—ခွင့်မပန်ဘဲ ဘိက္ခုတို့၏ ရှေ့၌ နေထိုင်မှု။

ထိုသို့ ထိုင်မှုကြောင့် ဘိက္ခုတို့က ကဲ့ရဲ့ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ သိက္ခမာနာယ ဥမ္မဒ္ဒါပေယျ ဝါ ပရိမဒ္ဒါပေယျ ဝါ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ ဘိက္ခု၏ရှေ့၌ ခွင့်မတောင်းဘဲ ထိုင်သော ဘိက္ခုနီမှာ ပါစိတ်အာပတ် သင့်၏။

စာမျက်နှာ-၄၄၁

မှတ်ချက်။ ။ “ပုရတော-ရှေ့၌”ဟု ဆိုသော်လည်း, “ဣဒံ-ဤပူရတော ဟူသော စကားကို၊ ဥပစာရံသန္ဓာယ-ဥပစာကို ရည်ရွယ်၍၊ ဝုတ္တံ-ဆိုအပ်၏” ဟူသော အဋ္ဌကထာနှင့် သမန္တာ ဒွါဒသဟတ္ထုပစာရံ သန္ဓာယ = ပတ်ဝန်းကျင် ၁၂ တောင် ဥပစာကို” ဟူသော ဋီကာကို ထောက်၍ “ရှေ့တည့်တည့်၌”ထိုင်လိုမှသာ ခွင့်ပန်ရမည်မဟုတ်သေး၊ ရဟန်း၏ ပတ်ဝန်းကျင် တဆယ့်နှစ်တောင် ဥပစာအတွင်း၌ ထိုင်လိုလျှင် “ထိုင်ပါ ရစေ”ဟု ခွင့်တောင်း၍ အခွင့်ရမှ ထိုင်ကောင်းသည်။

ဌ။ အနောကာသကတသိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီအများ။

အမှု—ပြဿနာမေးခွင့်မတောင်းဘဲ ပြဿနာမေးမှု။

ထိုသို့ အခွင့်မတောင်းဘဲ ပြဿနာမေးမှုကြောင့် ဘိက္ခုတို့က ကဲ့ရဲ့ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အနောကာသကတံ ဘိက္ခုံ ပဉှံ ပုစ္ဆေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ ပြဿနာမေးခွင့် မပြုသော ရဟန်းကို ပြဿနာမေးသော ဘိက္ခုနီမှာ ပါစိတ်အာပတ် သင့်၏။

မှတ်ချက်။ ။ ဘိက္ခုနီသည် ဘိက္ခုအထံ၌ ပြဿနာမေးလိုလျှင် ချက်ခြင်းမမေး “ပြဿနာမေးပါရစေ”ဟု ခွင့်တောင်း၍ “မေးတော့”စသည်ဖြင့် ခွင့်ပြုမှ မေးရသည်၊ ထိုသို့မေးရာ၌လည်း ဝိနည်းဘက်က, သို့မဟုတ်-သုတ္တန်ဘက်က, သို့မဟုတ်-အဘိဓမ္မာဘက်က မေးပါရစေ” ဟု ခွင့်တောင်းရမည်။ ဝိနည်းဘက် ခွင့်တောင်းပြီးနောက် သုတ္တန်, အဘိဓမ္မာဘက်မှာ မမေးရ။ မေးလျှင် ပါစိတ် အာပတ် သင့်၏၊ ထို့အတူ သုတ္တန်ဘက် အဘိဓမ္မာဘက်၌လည်း ခွင့်ပေးထားသောအချက် မဟုတ်လျှင် ပါစိတ်အာပတ်သင့်၏၊ သို့မဟုတ် ခွင့်တောင်းတုန်းကပင် “မည်သည့် ဘက်က”ဟု ကန့်သတ်ချက်မပါဘဲ ခွင့်တောင်း၍ ခွင့်ရလျှင် မေးချင်ရာကို မေးနိုင်သည်။

ဍ။ အသံကစ္စိကာသိက္ခာပုဒ်

အမှုသည်—ဘိက္ခုနီတစ်ယောက်။

အမှု—ရင်စည်းတဘက်မပါဘဲ ရွာတွင်းသို့ ဆွမ်းခံဝင်မှု။

အလှောင်ခံရခြင်း။ ။ ရင်စည်းမပါဘဲ ဆွမ်းခံဝင်မိလေသော် မြင်းရထားတို့ သွားလာရာ လမ်းမပေါ်၌ လေပွေတိုက်သဖြင့် အပေါ် သင်္ကန်းများ လန်၍သွားသဖြင့် လူတို့က “သုန္ဒရာ

စာမျက်နှာ-၄၄၂

အယျာယ ထနုဒရာ = အရှင်မ၍ သားမြတ်နှင့် ဝမ်းဗိုက်တို့သည် လှပါပေကုန်၏။” ဟု ပြောင်လှောင်ကြလေသည်။ ထိုသို့ဟစ်အော်၍ ပြောင်လှောင်မှု ခံခဲ့ရကြောင်းကို ထိုဘိက္ခုနီကပင် အခြားဘိက္ခုနီတို့အား ပြောပြသဖြင့် အခြားဘိက္ခုနီတို့က “ရင်စည်းမပါဘဲ ရွာတွင်းသို့ ဝင်ရသလား” ဟု ကဲ့ရဲ့ ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အသံကစ္စိကာ ဂါမံ ပဝိသေယျ, ပါစိတ္တိယံ။

မြန်မာပြန်။ ။ ရင်စည်းမပါဘဲ ရွာတွင်းသို့ဝင်သောဘိက္ခုနီမှာ ပါစိတ် အာပတ်သင့်၏။

မှတ်ချက်။ ။ သံကစ္စိကာ” ဟူသည် ညှပ်ရိုး ၂-ဘက်၏အောက် ချက်ပတ်ဝန်းကျင်၏ အထက်ကို (ကိုယ်၏ အလယ်ပိုင်းကို) ဖုံးထားဖို့ရာ ဘိက္ခုနီများအတွက် သက်သက်ခွင့်ပြုအပ်သော အတွင်းခံ ရင်စည်းတဘက် တစ်မျိုးတည်း၊ အတွင်းခံ ကိုယ်ကြပ်အင်္ကျီနှင့် သဘောတူဟန်ရှိသော်လည်း အင်္ကျီကို ခွင့်မပြုရကား တဘက်တစ်မျိုးသာ ဖြစ်သင့်သည်။

ဆတ္တုပါဟနဝဂ်ပြီး၏။

မှာထားချက်။ ။ ဤပါစိတ်အခန်း၌ လသုဏဝဂ်မှစ၍ ဝဂ်ပေါင်း ၉-ဝဂ်ရှိ၏။ ရှေ့ဝဂ်များ၌ သိက္ခာပုဒ် ၁၀-ပါးစီရှိ၍ နောက်ဆုံး ၂-ဝဂ်၌ ၁၃-ပါးရှိရကား ဘိက္ခုနီများနှင့်သာဆိုင်သော သိက္ခာပုဒ်ပေါင်း ၉၆-ပါးရှိ၏၊ ထို့ပြင် ဘိက္ခုများအတွက် ပြခဲ့သော မုသာဝါဒစသော သိက္ခာပုဒ် ၉၂-ပါးတွင် ၂၂-ပါးသည် ဘိက္ခုနီများမဆိုင်၊ ကျန် ၇၀-သာဆိုင်၏။ ထို့ ဘိက္ခုနီများအတွက် ပါစိတ်အာပတ်ကို ပညတ်ထားသော သိက္ခာပုဒ် ပေါင်း ၁၆၆-ပါးရှိသည်ဟုမှတ်။

မဆိုင်သောသိက္ခာပုဒ်။ ။ ဘိက္ခုနီများနှင့်မဆိုင်သော ဘိက္ခုပါစိတ် သိက္ခာပုဒ် ပေါင်း ၂၂-ပါးဟူသည် ဘိက္ခုနီဝဂ်လာသိက္ခာပုဒ် ၁၀, ပရမ္ပှရဘောဇန, အနတိရိတ္တဘောဇန, အဘိဟဋုံပဝါရဏ, ပဏီတဘောဇနဝိညတ္တိ, အစေလက, ဒုဋ္ဌုလ္လပဋိစ္ဆာဒန, ဦနဝီသတိ ဝဿုပသမ္ပာဒန, မာတုဂါမေန အဒ္ဓါနဂမန, ရာဇန္တေ ပုရပ္ပဝေသန, ဝိကာလေ ဂါမပ္ပဝေသန, နိသီဒန, ဝဿိကသာဋိကတို့တည်း။

ပါစိတ်အခန်းပြီး၏။

စာမျက်နှာ-၄၄၃

၅။ ပါဋိဒေသနီယအခန်း

က။ သပ္ပိဝိညာပနသိက္ခာပုဒ်

အမှုသည်—ဆဗ္ဗဂ္ဂီဘိက္ခုနီများ။

အမှု—ထောပတ်ကို တောင်း၍စား။

ထိုသို့စားခြင်းကြောင့် လူတို့က “ကောင်းတာကို ဘယ်သူမကြိုက်ဘဲရှိ မှာလဲ” ဟု ကဲ့ရဲ့ကြသဖြင့် “ထောပတ်ကို တောင်း၍ မစားရ”ဟု ပထမ ပညတ်တော်မူပြီးလျှင် ထောပတ်ကိုမစားရ၍ မကျန်းမာသော ဂိလာန ဘိက္ခုနီအတွက် ခြွင်းချက်ထားတော်မူကာ ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။

သိက္ခာပုဒ်။ ။ ယာ ပန ဘိက္ခုနီ အဂိလာနာ သပ္ပိံ ဝိညာပေတွာ ဘုဉ္ဇေယျ, ပဋိဒေသေတဗ္ဗံ တာယ ဘိက္ခုနိယာ “ဂါရယှံ, အယျေ, ဓမ္မံ အာပဇ္ဇိံ အသပ္ပါယံ ပါဋိဒေသနီယံ, တံ ပဋိဒေသေမီ”တိ။

မြန်မာပြန်။ ။ အကြင်ဘိက္ခုနီသည် ဂိလာနမဟုတ်ဘဲ (ထောပတ်စားရမှ ကျန်းမာမည့်သူမဟုတ်ဘဲ) ထောပတ်ကို တောင်း၍ စားအံ့၊ ထိုဘိက္ခုနီသည် “အရှင်မတို့...တပည့်တော်သည် ကဲ့ရဲ့တိုက်သော မလျောက်ပတ်သော ပါဋိဒေသနီယ သိက္ခာပုဒ်သို့ ရောက်ပါပြီ၊ ထိုအာပတ်ကို (အာပတ်သင့်ကြောင်း ဝန်ခံသောအားဖြင့်) သီးခြား ပြောပြပါ၏”ဟု ဆို၍ ဒေသနာပြောရမည်။

မှတ်ချက်။ ။ ဂိလာန မဟုတ်သော်လည်း ဆွေမျိုးတော်စပ်သူထံ၌လည်းကောင်း, အလိုရှိလျှင် ပြောပါ (အမိန့်ရှိပါ) ဟု ဖိတ်ထားသူထံ၌လည်းကောင်း, တောင်း၍စား ကောင်း၏။

ဒဓိဝိညာပနစသောသိက္ခာပုဒ် ၇-ပါး

ဆဗ္ဗဂ္ဂီယမည်သော ဘိက္ခုနီတို့သည်ပင်-

(ခ) နို့ဓမ်းနို့ ချဉ်ကို တောင်း၍စားမှုကြောင့် ဒဓိဝိညာပနသိက္ခာပုဒ်။

(ဂ) ဆီကိုတောင်း၍စားမှုကြောင့် တေလဝိညာပန သိက္ခာပုဒ်။

(ဃ) ပျားရည်ကိုတောင်း၍ စားမှုကြောင့် မဓုဝိညာပနသိက္ခာပုဒ်။

စာမျက်နှာ-၄၄၄

(င) တင်လဲ (ကြံရည်, ကြံသကာ, ထန်းရည်, ဓနိရည်, သကာရည်, သကာခဲ, ထန်းလျက်) ကိုတောင်း၍ စားမှုကြောင့် ဖာဏိတ ဝိညာပနသိက္ခာပုဒ်။

(စ) ငါးဟင်းကိုတောင်း၍ စားမှုကြောင့် မစ္ဆဝိညာပနသိက္ခာပုဒ်။

(ဆ) နွားသားစသော အသားဟင်းကို တောင်း၍ စားမှုကြောင့် မံသဝိညာပန သိက္ခာပုဒ်။

(ဇ) နွားနို့စသော နို့ရည်ကို တောင်း၍သောက်မှုကြောင့် ခီရဝိညာပန သိက္ခာပုဒ်။

ဤသိက္ခာပုဒ်များကို ထိုထိုအစာမစားမသောက်ရလျှင် မကျန်းမာမည့် ဂိလာနတို့အတွက် ခြွင်းချက်ပြု၍ ပါဋိဒေသနီယသိက္ခာပုဒ်ဟု ပညတ်တော် မူရလေသည်။

ပါဋိဒေသနီယအခန်းပြီး၏။

အမှာ။ ။ ဤမှနောက်၌ သေခိယခန်းရှိ၏။ ထိုသေခိယအခန်းလာ သိက္ခာပုဒ် များကား အားလုံးပင် ဘိက္ခုသိက္ခာပုဒ်များနှင့်တူပြီး အားလုံးပေါင်းလျှင် ဘိက္ခုနီ များအတွက် အာပတ်တပ်၍ ပညတ်အပ်သော ဘိက္ခုနီပါတိမောက်၌ လာသော သိက္ခာပုဒ်ပေါင်း-

ပါရာဇိက ၈-ပါး, သံဃာဒိသေသ် ၁၇-ပါး, နိဿဂ္ဂိယပါစိတ် ၃၀, သုဒ္ဓပါစိတ် ၁၆၆-ပါး, ပါဋိဒေသနီယ ၈-ပါး, သေခိယ ၇၂-ပါးအားဖြင့် ၂၉၃-ပါးရှိသတည်း၊ ထို့ပြင်-မဟာဝဂ္ဂ စူဠဝဂ္ဂခန္ဓကတို့၌သိက္ခာပုဒ် ငယ်များများစွာရှိသေး၏။ ထိုသိက္ခာပုဒ်များကိုကား မပြသေးဘဲသင့် လျော်သောအခါကျမှ သီးခြားပြပါမည်။

စာမျက်နှာ-၄၄၅

ဘိက္ခုနီခန္ဓက၌ လာသော တချို့ သိက္ခာပုဒ်များ

၁။ မာတုဂါမကို ရှိမခိုးရ

မိထွေးတော် လျှောက်ပုံ။ မိထွေးတော်ဂေါတမီသည် အရှင်အာနန္ဒာကို ဘုရားရှင်ထံ လျှောက်ပေးပါရန် တောင်းပန်သည်မှာ “အရှင်အာနန္ဒာ... ဘိက္ခုနှင့် ဘိက္ခုနီတို့အချင်းချင်း ကြီးစဉ် ငယ်လိုက် ရှိခိုးဝပ်ချဖို့ရန် နေရာမှထပေးဖို့ရန် (ခရီးဦးကြိုဆိုရန်) လက်အုပ်ချီဖို့ရန် အရိုအသေပြုဖို့ရန် လျှောက်ပေးပါ”ဟု တောင်းပန်လေသည်။ [ဤတောင်းပန်ချက်အတိုင်းဆိုလျှင် ရဟန်းယောက်ျားငယ်က မိမိထက်သိက္ခာကြီးသော ရဟန်းမကို ရှိခိုးဦးချ အရိုအသေပြုရလိမ့်မည်။]

ဘုရားရှင် ပယ်တော်မူပုံ။ ။ အရှင်အာနန္ဒာသည် ဘုရားရှင်ထံသွား၍ မိထွေးတော် တောင်းပန်သည့် အကြောင်းကို လျှောက်ထားလေ သော် “အာနန္ဒာ...မာတုဂါမကို ရဟန်းယောက်ျား ဖြစ်သူ ရှိခိုးဝပ်ချမှု နေရာမှထပေးမှု လက်အုပ်ချီမှ အချို့အသေပေးမှုကို ငါဘုရားခွင့်ပြုဖို့ရန် လုံလောက်သောအကြောင်းအရာမရှိ၊ အာနန္ဒ ... မမှန်သော တရားရှိကြသော တိတ္ထိများသော်မှ မာတုဂါမကို ရှိခိုးဥချ အရိုအသေ မပြုကြပါဘဲ, ငါဘုရားက ဘာ့ကြောင့် “မာတုဂါမအား ရှိခိုးဦးချ အရို အသေ ပြုရမည်”ဟုခွင့်ပြုနိုင်မှာလဲ အာနန္ဒာ-ဟု မိန့်တော်မူ၍ အောက်ပါ သိက္ခာပုဒ်ကို ပညတ်တော်မူလေသည်။

“န ဘိက္ခဝေ မာတုဂါမဿ အဘိဝါဒနံ ပစ္စုဋ္ဌာန အဉ္ဇလိကမ္မံ သာမိစိကမ္မံ ကာတဗ္ဗံ၊ ယော ကရေယျ, အာပတ္တိ ဒုက္ကဋ။ — ဘိက္ခုတို့...မာတုဂါမကို ရှိခိုးဝပ်ချမှ ခရီးဦးကြိုမှု, လက်အုပ်ချီမှု, အရိုအသေ ပေးမှုကို မပြုရ၊ အကြင်ရဟန်းသည် ထိုအမှုကိုပြု၏။ ထိုရဟန်းမှာ ဒုက္ကဋ်အာပတ်သင့်စေ။”

စာမျက်နှာ-၄၄၆

၂။ ဆဗ္ဗဂ္ဂီဂိုဏ်းဝင်ဘိက္ခုနီများ မတော်တရော်ပြုမှု

(က) ဆဗ္ဗဂ္ဂီဂိုဏ်းဝင် ဘိက္ခုနီတို့သည် ဘိက္ခုတို့အား (“အပွေဝနာမ အမှေသု သာရဇ္ဇေယျုံ- ငါတို့အပေါ်၌ တပ်မက်မှုရှိကုန်တန်ရာ၏၊”ဟု အချစ်စမ်းသော သဘောဖြင့်) ကိုယ်ကို ဖွင့်ဖေါ်၍ပြကြကုန်၏။

(ခ) တချို့က သားမြတ်ကို ဖွင့်ဖေါ်၍ ပြကြကုန်၏။

(ဂ) တချို့က ပေါင်ကို လှန်၍ပြကြကုန်၏။

(ဃ) တချို့က အင်္ဂါဇာတ်ကို လှန်၍ပြကြကုန်၏။

(င) တချို့က ဘိက္ခုတို့ကို ကာမဂုဏ်နှင့်စပ်၍ ပြောကြကုန်၏။

(စ) တချို့က ဘိက္ခုတို့နှင့် မာတုဂါမတို့ကို စပ်ပေးကြကုန်၏။ ထိုအကြောင်းကို ဘုရားရှင်အား လျောက်ကြသဖြင့် “ထိုအမှုများကို မပြုရ, ပြုသောဘိက္ခုနီမှာ ဒုက္ကဋ်အာပတ်” ဟု ပညတ်တော်မူရလေသည်။

၃။ ဘိက္ခုနီများ နံရိုးအလှပြင်မှု

(က) တချို့ဘိက္ခုနီတို့သည်ခါးပန်းကြိုး(ခါးပတ်ကြိုး)အရှည်ကို အသုံးပြု၍ တပိုင်းဖြင့် ခါးပတ်ပြီးလျှင် တပိုင်းဖြင့် နံရိုးများကို ပတ်ကြကုန်၏၊ [နံရိုးကိုပတ်ထားလျှင် နံရိုးတွေ အပြင်မောက်၍ မထွက်သောကြောင့် ကိုယ်ကလေးလုံးလုံးခဲခဲ ဖြစ်နေသဖြင့် ငါးရံကိုယ် ကလေးကဲ့သို့ဖြစ်ကာ ကြည့်၍လှလေသည်။]

ထိုသို့ပြုမှုကို လူတို့သိကြသဖြင့် “ကာမစည်းစိမ်ခံစားသောလူဝတ်ကြောင် မိန်းမများလိုပါဘဲလား” ဟု ကဲ့ရဲ့ကြသောကြောင့် ရှည်စွာသော ခါးပန်းကြိုးကို မဆောင်ရ ခါးကိုတပတ် ပတ်မိရုံလောက်သော ခါးပန်းကိုသာ ဆောင်ရမည်၊ ထိုခါးပန်းကြိုးဖြင့်လည်း နံရိုးတို့ကို ကိုင်းညွတ်အောင်မပြုလုပ်ရ၊ ပြုလုပ်လျှင် ဒုက္ကဋ်အာပတ်”ဟု သိက္ခာပုဒ်ပညတ်တော်မူရလေသည်။

ထိုသို့ပညတ်တော်မူသောအခါ သူတို့၏အလှပြင်မှုကို တချို့ဘိက္ခုနီများ လက်မလွှတ်နိုင်သေး သောကြောင့် တားမြစ်ပြီးသောအမှုကို ရှောင်ရှား၍ မတားမြစ်ရသေးသောအမှုကို ကျူးလွန်ကြပြန်ရာဝယ်...

စာမျက်နှာ-၄၄၇

(ခ) တချို့က နှီးအပြားဖြင့် နံရိုးကိုညွတ်စေကြ (မမောက်အောင် ပြင်ဆင်ကြ)ကုန်၏။

(ဂ) တချို့က သားရေပြား.

(ဃ) တချို့က အဝတ်ဖြူအပြားဖြင့်,

(င) တချို့က ဖွတ်မြီးထိုးထားသော(အဝတ်ပြားတွေကို အထပ်ထပ် ပြုထားသော) အဝတ်ဖြင့်,

(စ) တချို့က အဝတ်အလုံးဖြင့်,

(ဆ) တချို့ က သင်္ကန်းအပြားဖြင့်,

(ဇ) တချို့က သင်္ကန်းအဝတ်လုံးဖြင့်,

(ဆ) တချို့က အထပ်ထပ်ပြုထားသော ချည်သက်သက်ဖြင့်,

(ည) တချို့က ချည်တွေ စုလုံးထားသော ချည်လုံးဖြင့် နံရိုးတို့ကို ညွတ်စေကြကုန်၏။

ထိုအမှုကိုလည်း လူတို့သိ၍ ကဲ့ရဲ့ကြသောကြောင့် ဒုက္ကဋ်အာပတ် ပညတ်တော်မူရပြန်သည်။

၄။ ဘိက္ခုနီများ ခါးစသည်ကို အလှပြင်မှု

မာတုဂါမတို့သည် လှမည်ဆိုလျှင် အဆင်းရဲခံ၍ ကိုယ်ကိုအလှပြင်လေ့ ရှိသောကြောင့်

(က) တချို့ ဘိက္ခုနီတို့သည် ခါးကို (သို့မဟုတ်-တင်ပါးကို) နွား၏ ခြေသလုံးရိုးဖြင့် ပွတ်တိုက်ပေးကြကုန်၏။

(ခ) တချို့က နွားမေးရိုးဖြင့် ပွတ်တိုက်ပေးကြကုန်၏။

(ဂ) တချို့ က လက်မောင်းအဖျားကို (အပိုင်းအဖြတ်ထား၍)ဒေါင်း၏အတောင်စသည်တို့ဖြင့် ဆန်းကြယ်စွာတန်ဆာဆင်ကြကုန်၏။

(ဃ) တချို့က လက်ဖမိုးကို ထိုကဲ့သို့ တန်ဆာဆင်ကြကုန်၏။

(င) တချို့က ခြေသလုံးကို,

(စ) တချို့က ခြေဖမိုးကို,

(ဆ) တချို့က ပေါင်ကို,

(ဇ) တချို့က မျက်နှာကို,

(စျ) တချို့က သွားဖုံးအသားကို တန်ဆာဆင်ကြကုန်၏။ ထိုအမှုကို လူတို့သိ၍ ကဲ့ရဲ့ကြသောကြောင့် “ထိုကဲ့သို့မပြုရ, ပြုလျှင် ဒုက္ကဋ် အာပတ်”ဟု ပညတ်တော်မူရလေသည်။

စာမျက်နှာ-၄၄၈

၅။ မျက်နှာကိုအလှပြင်မှု

ဆဗ္ဗဂ္ဂီဘိက္ခုနီတို့သည် မျက်နှာကို သနပ်ခါးအထုံ စသည်တို့ဖြင့် လိမ်းကြကုန်၏၊ မျက်နှာခြေမှုန့်တို့ဖြင့် ပွတ်တိုက် ကြိတ်ချေကြကုန်၏၊ နံ့သာမှုန့် (ပေါင်ဒါ)တို့ဖြင့် လိမ်းကျံကြကုန်၏၊ ဆေးဒန်း မြင်းသီလာမှုန့်တို့ဖြင့် အပျောက်သားခြင်း အကြောင်းဆွဲခြင်းစသည်ကို ပြုကြကုန်၏၊ လက်ခြေ စသော အင်္ဂါကြီးငယ်ကို တပ်နှစ်သက်ဖွယ်ကောင်းအောင် (လှအောင်) ခြယ်လှယ်ကုန်၏၊ မျက်နှာကို တပ်နှစ်သက်ဖွယ်ကောင်းအောင် ခြယ်လှယ်ကြကုန်၏၊ ထိုအမှုကို လူတို့သိ၍ ကဲ့ရဲ့ကြသောကြောင့် “ထိုကဲ့သို့မပြုရ၊ ပြုလျှင် ဒုက္ကဋ်အာပတ်” ဟုပညတ်တော်မူရလေသည်။

၆။ အထွေထွေပြစ်မှုများ

ဆဗ္ဗဂ္ဂီဘိက္ခုတို့သည် မျက်လုံးလှအောင် မကောင်းသေးသော နေရာ၌ ကောင်းသောအရေးအကြောင်းကို ဆွဲကြကုန်၏။ ပါး၌မှန်ကူကွက်ကို ပြုကြ ကုန်၏၊ လေသောက်တင်းကို ဖွင့်၍ လမ်းမကို ကြည့်ကြကုန်၏၊ တံခါးကို ဖွင့်၍ မိမိတို့ကိုယ်ကို ပြကြကုန်၏၊ ကပွဲကိုပြုစေကြကုန်၏၊ တချို့က ပြည့်တန်ဆာမကိုပင် ထားကြကုန်၏၊ တချို့က ထန်းရည် အရက်ဆိုင် ထောင်ကြကုန်၏၊ တချို့ က ဝက်သားကြက်သားအမဲသားစသောအသားဆိုင် ဖွင့်ကြကုန်၏၊ တချို့ က ကုန်စုံဆိုင် ဖွင့်ကြကုန်၏၊ တချို့ က ငွေတိုးပေးကြကုန်၏၊ တချို့ က ကူးသန်းရောင်းဝယ်မှုကို ပြုကြကုန်၏၊ တချို့ က ကျွန်ယောက်ျား ကျွန်မိန်းမ အလုပ်သမားယောက်ျား အလုပ်သမားမိန်းမတို့ကို ပြုစုလုပ်ကျွေး စေကြကုန်၏၊ တချို့ က ခိုင်းစေဖို့ရာ တိရိစ္ဆာန်မွေးထားကြကုန်၏၊ တချို့က ဟင်းသီးဟင်းရွက်ဆိုင်ဖွင့်ကြကုန်၏၊ ထိုအမှုကိုလူတို့သိ၍ ကဲ့ရဲ့ကြသောကြောင့် “ထိုသို့မပြုရ ပြုလျှင် ဒုက္ကဋ်အာပတ်” ဟု ပညတ်တော်မူရလေသည်၊ ဤသို့ စသည်ဖြင့် ဘိက္ခုနီများ အတွက်သာဖြစ်သော ပညတ်တော်များလည်း “ဘိက္ခုနီခန္ဓက၌ များစွာရှိလေသေး၏။

ဘိက္ခုနီသိက္ခာပုဒ်များ ပြီးပြီ။

စာမျက်နှာ-၄၄၉

ကျမ်းပြီး နိဂုံး

ရည်ရွယ်ချက်

ဤဘုရား ဥပဒေတော်ကြီး စီစဉ်ရာ၌ အတော်များပြားသော ရည်ရွယ်ချက်ရှိပါသည်၊ ထိုရည်ရွယ်ချက် အများတွင်-

၁။ ဝိနည်း ပါဠိတော်ရင်းအတိုင်း နားလည်လိုကြသော နားလည် သလောက်လည်း ကောင်းမွန်စွာ နေထိုင်လိုကြသော ရဟန်းသာမဏေတို့အား ဝိနည်းဥပဒေကို လွယ်ကူစွာ နားလည်စေလိုခြင်း၊

၂။ သာသနာတော်ကို ပစ္စည်း၄-ပါးဖြင့် ထောက်ပံ့နေကြသော ဒါယကာ ဒါယိကာမတို့အား ဝိနည်းတရားတော်အမှန်ကို လွယ်ကူစွာ နားလည်စေ၍ ထိုနားလည်သည့်အတိုင်းလည်း သာသနာတော်ကို ပြုစုတတ်ကြစေလိုခြင်း။

၃။ ဤနည်းအားဖြင့် လူ့ဘက် ရှင်ဘက် ၂ ဘက်လုံးမှာပင် ဝိနည်း သာသနာထွန်းကားလာ၍ သာသနာ့ဝန်ထမ်း ရဟန်းသာမဏေများကို နိုင်ငံသူ နိုင်ငံသားတို့က ယခုထက်တိုး၍ လေးစားလာလိမ့်မည်ဟု မြှော်လင့်ခြင်း။

၄။ ထိုသို့ လူဝတ်ကြောင်တို့က လေးစားလာသည် အားလျော်စွာ သာသနာဝင် အရှင်များမှာလည်း မေတ္တာ ကရုဏာ မုဒိတာ တိုးပွား၍ ဒါယကာဒါယိကာမတို့အား ထိုမေတ္တာ ကရုဏာ မုဒိတာ အခြေခံပါသော ဩဝါဒကို ပေးခြင်း, ကလေးသူငယ်တို့အား အပြစ်မရှိသော(သင်ပြကောင်းသော) သိပ္ပဝိဇ္ဇာကို သင်ပြခြင်းတို့ဖြင့် သာသနာဝင်အရှင်များက လောကတ္ထစရိယာ (လောကကောင်းကျိုးကို) ကျင့်ကြံခြင်း၊

၅။ ထိုသို့ ကျင့်ကြသဖြင့် “ကျွန်းကို ကိုင်းမှီ ကိုင်းကိုကျွန်းမှီ” ပမည် မယွင်း အချင်းချင်းအားထားလျက် တိုးတက်လာသော ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ကမ္ဘာပေါ်တွင် ကြည်လင်သော လမင်းကဲ့သို့ ထင်ရှားနေပုံကို မြှော်မိခြင်း။ ... ဤသို့သောအကျိုးကို မျှော်ကိုးရည်ရွယ်ကာ ဤဥပဒေတော်ကို စီစဉ်ရခြင်းဖြစ်ပါသည်။

၆။ မလွယ်ကူမှန်းသိခြင်း

ထိုကဲ့သို့ မျှော်လင့်ချက်ကြီးစွာဖြင့် အနာဂတ် သာသနာရေး, ရုပ်ပုံ ရှင်ကျင့်ဝတ်တို့နှင့် ဤဥပဒေတော်ကြီးကို စီစဉ်ရပါသော်လည်း

စာမျက်နှာ-၄၅၀

အကျိုးများ မြှော်ကိုးသလောက် အထမြောက်ဖို့ မလွယ်ကူကြောင်းကိုလည်း ကိုယ်တိုင် ကြိုးစားချက်များက လက်တွေ့ပြလျက် ရှိပါသည်၊ ထင်ရှားစေပါမည်။

၇။ မိမိသည် သာသနာဝင်ဖြစ်သည့် အားလျှော်စွာ လောကီလောကုတ္တရာ ၂-ဘက်လုံးမှာပင် အထက်တန်း အရောက်ဆုံး ဖြစ်တော်မူသော မြတ်စွာဘုရား၏ ရှေးခေတ်သာသနာတော်ကို မှန်းမြှော်ကြည်ညိုပြီးလျှင် ယခုခေတ် သာသနာ့ဝန်ထမ်း ရဟန်းသံဃာတော်များကိုလည်း ကိုးကွယ်ဆည်းကပ်သူ လူဝတ်ကြောင်တို့ လေးစားလောက်သော ကျက်သရေကို အလွန်ပင် ဆောင်စေလိုပါသည်၊ ထိုသို့ ကျက်သရေဆောင် ဖြစ်စေလိုသည် အားလျော်စွာ မိမိစောင့်ရှောက်ရာ ကျောင်းတိုက်နှင့် သံဃာများကို အထူးစနစ် ကျအောင် ကြိုးစားခဲ့သည်မှာ အတော်ကြာခဲ့ပါပြီ၊ ကြိုးစားပုံကား—

ဂ။ သာယာသန့်ရှင်းရေး-

(က) မိမိနေရာ မဟာဂန္ဓာရုံကျောင်းတိုက်သည် အမရပူရမြို့နှင့် အလှမ်း မဝေးသော်လည်း နီးစပ်လျက်ကား မနေပါ၊ “ဂမနာဂမနသမ္ပန္န ဟု ဆိုရလောက်အောင် သွားလို့ပြန်လို့ သင့်တော်ရုံသာ ရှိပါသည်။

(ခ) ရှေးက မဟာဂန္ဓာရုံဆရာတော်ကြီးစသော ဆရာတော်ကြီး အဆက်ဆက်တို့ နှစ်သက်မွေ့လျော်စွာ သီတင်းသုံးတော်မူခဲ့ရာ ကမ္မဋ္ဌာန်းကျောင်းတိုက်ဖြစ်၍ နဂိုမူလ သဘာဝအတိုင်းလည်း တိတ်ဆိတ်လျက် ရှိပါသည်။

(ဂ) ကျောင်းတိုက်၏ အတော်ဝေးသော အနောက်စွန်ကျမှသာ လူနေ အိမ်ခြေကို မြင်ရ၍ မြောက်ဘက်၌ ယာခင်းများနှင့် ကျော်အောင်စံထားကျောင်းတိုက် ခြားလျက်ရှိသည့်ပြင်, တောင်ဘက် တခွင်လုံးမှာ ဘုရားစေတီများစွာနှင့် တောင်လေးလုံး ကျောင်းတိုက်သာ ရှိပါတော့သည်။

(ဃ) အရှေ့ဘက်၌ကား ရာဇဝင်ထင်ရှားသော တောင်သမန် အင်းကြီးသည် နယုန်လလောက်မှစ၍ တန်ဆောင်မုန်း နတ္တော်လောက်အထိ ကျယ်ပြန့်သော ရေပြင်ကြီးဖြင့်လည်းကောင်း, ထို့နောက် နွေဥတု အရောက်မှာ စိုက်ပျိုးကြသော မုယင်းစပါးခင်း, ယာခင်းများဖြင့်လည်းကောင်း, ရှုမျှော်ခင်း သာသာယာယာနှင့် လွန်စွာသန့်ရှင်းသော လေကောင်းကို ကျောင်းတိုက်အတွင်းသို့ ဆောင်ပို့ လျက်ရှိပါသည်။

စာမျက်နှာ-၄၅၁

(င) ထိုသို့ သဘာဝအားဖြင့် သာယာနေသောကျောင်းတိုက်ဝယ် ကြီးကြီး ငယ်ငယ်ကျောင်းများနှင့် တကွ ကျောင်းတိုက်ဝင်းကိုလည်း သန့်ရှင်း နိုင်သမျှသန့်ရှင်းအောင် နေ့စဉ်လည်းကောင်း, အထူးအားဖြင့် ဥပုသ်မတိုင်မီ အဖိတ်နေ့များ၌လည်းကောင်း, ရေဖြန်း၍ အမှိုက်လှည်းစေခြင်း, ပိုးမျှင်စသည်ကို သုတ်သင်စေခြင်း, အဝတ်စသည်ကို နေလှန်းစေခြင်း, ဖွပ်လျှော် စေခြင်းစသည်ဖြင့် ဘုရားပညတ်တော်မူအပ်သော သေနာသနဝတ် (ကျောင်းနှင့်စပ်သော ကျင့်ဝတ်)များကို ပြုလုပ်စေပါသည်။

(စ) ဤကား သက်မဲ့ပစ္စည်းများကို ပြုပြင်ရေးဖြစ်၏၊ ဤသက်မဲ့ပြုပြင်ရေးသည် ပြုပြင်ထားတိုင်း မပျက်စီးနိုင်သဖြင့်လည်းကောင်း, တာဝန်ဝတ်တရားကို ရွက်ဆောင်နေကြသဖြင့်လည်းကောင်း, အထိုက်အလျောက် အထမြောက် သည်ဟု ဆိုထိုက်ပါပေ၏။

၉။ သံဃာများကိုပြုပြင်ရေး

သက်မဲ့ပစ္စည်းကို ပြုပြင်သလို သက်ရှိပုဂ္ဂိုလ်များကိုလည်း “ကြိုးစားလျှင် ဘုရားတောင် ဖြစ်နိုင်သေးတာဘဲ”ဟူသော ဇွဲဖြင့် စွဲစွဲမြဲမြဲ ကြိုးစားခဲ့ပါသည်။

(က) နေ့စဉ် နံနက် အရုဏ်တက်လျှင် ပဲပြုတ် ချဉ်ပေါင်ဟင်းတို့လို ဟင်းမျှဖြင့် ဆွမ်းစားကြပြီးနောက် စာမမြင်သေးခင် အချိန်မှာပင် တုံးခေါက်၍ သံဃာအားလုံး စုရုံးပြီးကာ ဘုရားပါဠိတော်ကို (ဣဓ ဘိက္ခဝေ တထာဂတော လောကေ ဥပ္ပဇ္ဇတိ-စသော သာသနာတော် ဖြစ်ပေါပုံ အစဉ်ပြ ပါဠိတော်မျိုးနှင့် ဓမ္မစကြာပါဠိတော် မျိုးကို)အဖြတ်အတောက် ကောင်းမွန်သေသပ်စွာနှင့် အနက်ကိုပါ ညီညီညာညာ ရွတ်စေပါသည်။

(ခ) ထိုနေရာမှာပင် စိတ်နေစိတ်ထား ကောင်းအောင် သဒ္ဓါတရား တိုးပွါးအောင် တရားတော်နှင့် သက်ဆိုင်လာသော ဩဝါဒနှင့် အကြောင်းအားလျော်စွာ ပေါ်ပေါက်လာသော ဩဝါဒများကို ပြောပြ၍ တချို့ငယ်ရွယ်သူများကို ပြန်လွှတ်ပြီးလျှင် ပါဠိတော် အဋ္ဌကထာ စာတဝါကို ဆွမ်းခံမသွားမီ အချိန်ရသမျှ ပို့ချပါသည်။

(ဂ) ထို့နောက် နေ့ဆွမ်းအတွက် အများပင် ဆွမ်းခံကြွကြရပါသည်၊ [“ဆွမ်းမခံဘဲ ဆွမ်းစားနိုင်သည်”ဟု ဂုဏ်မယူစေဘဲ ဘုရားရှင်နှင့် သာဝကအဆက်ဆက်တို့ ဆွမ်းခံတော်မူကြသည်ကိုသာ အားကျ

စာမျက်နှာ-၄၄၈

စေလျက် “ငါတို့တော့ အမြဲဆွမ်းခံစားခဲ့တာဘဲ”ဟူသော ဂုဏ်ကို ကြီးရင့်သောအခါ ယူကြဖို့ တိုက်တွန်း၍ ကျန်းမာလည်း ကျန်းမာ အခြားအကြောင်းလည်း မရှိပါဘဲ ဆွမ်းမခံသူများကို အထင်မကြီးကြဖို့ရန် အမြဲညွှန်ပြပါသည်။

(ဃ) အလုပ်ဝတ်တရား ရွက်ဆောင်ချိန်မှတစ်ပါး ကျောင်းတိုက်အတွင်း၌ပင် ဣန္ဒြေရရဝတ်ဖို့ မြို့ရွာအတွင်းသို့ သွားသောအခါ ဆွမ်းခံချိန် မဟုတ်သော်လည်း အမြဲ သင်္ကန်းရုံ၍ သွားဖို့ရန်နှင့် ရထားသင်္ဘော စသည်တို့၌ ဣန္ဒြေရရ သွားလာကြဖို့ရန် ညွှန်ပြပါသည်။

(င) သင်္ကန်း အသွေးအရောင်ကိုလည်း ပိန်းနဲသွေး အရင့်ရောင်နှင့် ညောင်ခေါက်သွေး ရှားသွေး-ခပ်ဖျော့ဖျော့ အရောင်ကိုသာ အားလုံးပင် ဝတ်ရုံစေပါသည်။

(စ) အကြောင်းထူးမရှိလျှင်လည်းကောင်း, အရေးကြီးသောကိစ္စလည်းမရှိလျှင်လည်းကောင်း, မြင်းရထား, လှည်း လန်ချားတို့ကို မစီးစေရပါ။

(ဆ) ပွဲကြည့်မှုနှင့် ပိုက်ဆံကိုင်မှုများမှာ ချက်ခြင်းတိုက်က သွားရမည့် ပြစ်မှုများဖြစ်၍ ပိုက်ဆံကိုလည်း ကပ္ပိယထံ အပ်နှံခြင်းမှ တစ်ပါး မိမိ သေတ္တာအတွင်း၌ မထားဖို့ရန် အမြဲသတိပေးကာ တစ်ရံတစ်ခါ သေတ္တာကိုပင် အားလုံးဖွင့်၍ ရှာစေပါသည်။

၁၀။ စာသင်နည်းနှင့်စာမေးပွဲ

(က) မိမိကျောင်းတိုက်၌ သံဃာတော်များကို အဝတ်အစားအနေအထိုင် အသွားအလာ ကိစ္စတို့၌သာ ကြက်သရေရှိအောင် ပြုပြင်သည် မဟုတ်သေးပါ စာသင်နည်းကိုလည်း စာမေးပွဲအောင်မှုကို ပဓာန မပြဘဲ ကျမ်းရင်းစာသား နိုင်နင်းမှုကိုသာ ပဓာနပြု၍ သင်ပြပါသည်။

(ခ) သို့ရာတွင်-စာမေးပွဲ မအောင်လျှင် ယခုနှင့် နောက်ခေတ်ဝယ် အလုပ်တွင်ကျယ်စွာ လုပ်နိုင်လိမ့်မည် မထင်သောကြောင့် စာမေးပွဲကိုလည်း အချိန်မှီသူတိုင်း လက်လှမ်းမှီရာ တနိုင်ငံလုံး အသိအမှတ် ပြုသော စာမေးပွဲများကို ဝင်ဖို့ရန် တိုက်တွန်းပါသည်။ [သို့သော် ကျမ်းရင်းစာသားကို နိုင်နင်းမှသာ ဝင်ခွင့်ပြုသောကြောင့် ဤကျောင်းတိုက်မှ စာမေးပွဲဝင်ရာ၌ အမြဲအချိန်နှောင်းလျက် ရှိတတ်ပါသည်။

စာမျက်နှာ-၄၅၃

၁၁။ ပြုပြင်သမျှ အပျက်တွေ့ရခြင်း

(က) ထိုမျှလောက် စိတ်ရောကိုယ်ပါ ပြုပြင်ထားသည့်အတွက် ကျောင်းတိုက်၏ သာယာမှုနှင့် သံဃာတော်များ၏ ငြိမ်သက်စွာ နေထိုင်မှုတို့က ရောက်လာသူတို့၏ စိတ်ကို ယိုဖိတ်ကြည်နူးစေပါသော်လည်း တခါတခါ တိုက်တာမှ ထုတ်ပစ်ရလောက်အောင် အပြစ်ကျူးလွန်သူများကို တွေ့နေရ, ဖမ်း၍ မမိနိုင်အောင် သာမန် ကျူးလွန်နေသူများလည်း ရှိနေသေးသောကြောင့် အားရ ကျေနပ်ခြင်း မရှိသေးပါ။

(ခ) ထိုတွေ့ရသောအပြစ်တို့မှာလည်း များသောအားဖြင့် မူလ မိဘနှင့် ဆရာရင်းတို့က သွန်သင်ဆုံးမမှု မပြုခဲ့ကြခြင်း, ပတ်ဝန်းကျင်အဖေါ် အပေါင်းတို့က မကောင်းခြင်းနှင့် သူ၏နဂိုစိတ်ရင်းကိုယ်က ညံ့ဖျင်း ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။

(ဂ) ထို့ကြောင့် ဤသာသနာတော်ကို နိုင်ငံတော်၏ အများကိုးကွယ်ရာ သာသနာတော် အဖြစ်မှ မရွေ့လျောစေလိုလျှင် တစ်တိုက်တစ်တာ ပြုပြင်ရုံဖြင့် ကိစ္စမပြီးဘဲ မြို့ရောနယ်ပါ ကျောင်းတိုက် ကြီးငယ် အသွယ်သွယ် ပြုပြင်ကြ၍ သာသနာဝင်ချိန် ကာလကပင် စည်းစံနစ် ထား၍ ဝင်ခွင့်ပြုမှသာ လူမျိုးနှင့်သာသနာ ၂-ဖြာလုံး၏ ကြက်သရေကို ဆောင်နိုင်သော သာသနာတော် ဖြစ်နိုင်ဖွယ်ရာ ရှိကြောင်းကို တိုင်းသူပြည်သား ရှင်လူအများတို့အား ထပ်လောင်း၍ ညွှန်ပြ ပါသည်၊ ယခုအခါ

လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်က အနာဂတ်ဖြစ်လတံ့ကို မြှော်၍ မိန့်တော်မူခဲ့သော ဖုဿမထေရ်မြတ်၏ ဂါထာဖြင့် အပြီးသတ် ကမ္ပတ်ဖုံး၍ နိဂုံးချုပ်ပါတော့မည်။

စာမျက်နှာ-၄၅၄

ဖုဿထေရဂါထာပါဌ်နှင့် မြန်မာပြန်

၁။ ပါသာဒိကေ ဗဟူ ဒိသွာ, ဘာဝိတတ္တေ သုသံဝုတေ၊

ဣသိ ပဏ္ဍရ သဂေါတ္တော, အပုစ္ဆိ ဖုဿ သဝှယိ။

တိုးပွါးစေအပ်သော ကိုယ်စိတ်လည်းရှိကုန်, ကောင်းစွာ စောင့်စည်းအပ်သော ဣန္ဒြေလည်း ရှိကုန်သည်ဖြစ်၍ ကြည်ညိုဖွယ် ကောင်းကုန်သော ရဟန်းတော်များစွာတို့ကို မြင်ရသဖြင့် “ပဏ္ဍရ”ဟု မိမိအနွယ်ရင်း ရှိသော ရသေ့တစ်ယောက်သည် “ဖုဿ”ဟု မိမိနာမည်ရင်းရှိသော မထေရ်မြတ်ကို လျှောက်ထားမေးမြန်းလေသည်။

၂။ ကိံ ဆန္ဒာ ကိမဓိပ္ပါယ, ကိမာကပ္ပါ ဘဝိဿရေ၊

အနာဂတမှိ ကာလမှိ, တံ မေ အက္ခာဟိ ပုစ္ဆိတော။

အနာဂတ်ကာလ၌ ရဟန်းတို့သည် အဘယ်ဆန္ဒ အဘယ်အလို အဘယ် အသွင်အပြင်ရှိကြဖို့ လမ်းမြင်ပါသနည်း၊ ထိုအကြောင်းကို အမေးခံရသော အရှင်ဘုရားသည် တပည့်တော်အား မိန့်ကြားတော်မူပါ။

၃။ သုဏောဟိ ဝစနံ မယှံ, ဣသိ ပဏ္ဍရ သဝှယ၊

သက္ကစ္စံ ဥပဓာရေဟိ, အာစိက္ခိဿာမျနာဂတံ။

“ပဏ္ဍရ”ဟု မိမိနာမည်ရင်းရှိသော အိုရသေ့...ငါ၏စကားကို နားထောင်ပါလော၊ လေးလေး စားစား စွဲမှတ်ထားပါလော၊ အနာဂတ် အကြောင်းအရာကို ကောင်းစွာ ပြောပြပါမည်။

၄။ ကောဓနာ ဥပနာဟီစ, မက္ခိ ထမ္ဘီ သဌာ ဗဟူ၊

ဣဿုကီ နာနာဝါဒါစ, ဘဝိဿန္တိ အနာဂတေ။

အနာဂတ်ကာလ၌ ရှင်ရဟန်းအများတို့သည် နေရာတိုင်းမှာ စိတ်တိုလေ့ ရှိကြလိမ့်မည်၊ တစ်ယောက်အပေါ် တစ်ယောက် အခဲမကြေနိုင်ဘဲ စွဲမြဲစွာရန်ငြိုး ထားလေ့ရှိကြလိမ့်မည်၊ ဆရာသ္မား သီတင်းသုံးဖော်များက မိမိအားပြုဘူးသောကျေးဇူးကို ချေဖျက်ပစ်လေ့ ရှိကြလိမ့်မည်၊ မာန်မာနလျော့၍ ပျောင်းပျော့နူးညံ့သင့်ပါလျက် မနူးညံ့သည့်ပြင် နေရာတိုင်းမှာ ထန်ချင် မာန်ချင်ကြလိမ့်မည်၊ မရှိသောဂုဏ်ကို ရှိဟန်ဆောင်လျက် ကောက်ကျစ်စဉ်းလဲကြလိမ့်

စာမျက်နှာ-၄၅၁

မည်၊ ရဟန်းချင်းချင်း ကိုယ့်ထက်သာလျှင် မနာလို မရှုစိမ့်သော ဣဿာတရားများ တိုးပွါးကြလိမ့်မည်၊ ဂိုဏ်းဂဏကွဲ ပုဂ္ဂိုလ်ကွဲသဖြင့် အနဲနဲအဖုံဖုံ ဝါဒစုံ ယူကြ၍ မတူမျှသော ဝါဒရှိရစ်ကြလိမ့်မည်။ [ဤဂါထာလာအပြစ်တို့ ယခု ဖြစ်နေကြပြီ မဟုတ်ပါလော။]

၅။ အညာတမာနိနော ဓမ္မေ, ဂမ္ဘီရေ တီရဂေါစရာ၊

လဟုကာ အဂရူ ဓမ္မေ, အညမညမဂါရဝါ။

မိမိတို့ကိုယ်တိုင်က ရေတိမ်ကမ်းနား၌ ကျက်စားသော ဖျံကဲ့သို့ သာမည တရားလောက်၌သာ ကျက်စားနိုင်ပါလျက် လေးနက်သော သစ္စာ ၄-ပါး ပဋိစ္စသမုပ္ပါဒ်စသောတရား၌သိပြီး (ကိစ္စပြီးပြီး)ဟု မှတ်ထင်ကြ၍ အစစ်အမှန် တရား၌ ပေါ့ပေါ့ဆဆ အလေးမပြုကြဘဲ တရားအားထုတ်သူ အချင်းချင်းလည်း မလေးမစား အရေးမထားဘဲ နေရစ်ကြလိမ့်မည်။ [ယခုအခါ တရားပေါက်ပြီဟု အထင်ရှိကြသူတွေကို တိုက်ရိုက်သတိပေးသလို ဖြစ်သော ဂါထာပါပေတည်း။]

၆။ ဗဟူ အာဒီနဝါ လောကေ, ဥပ္ပဇ္ဇိဿန္တု နာဂတေ၊

သုဒေသိတံ ဣမံ ဓမ္မံ, ကိလေသိဿန္တိ ဒုမ္မတီ။

ဤသတ္တလောက (သတ္တာအပေါင်း)ဝယ် များစွာသော အပြစ်တို့သည် အနာဂတ်ကာလ၌ ဖြစ်ရစ်ကြလိမ့်မည်၊ ကောင်းစွာ ဟောပြတော်မူအပ်သော ဤတရားတော်မြတ်ကို ပညာမဲ့သူ လူပြိန်းတို့က ညစ်နွမ်းအောင် ပြုရစ်ကြလိမ့်မည်။ [ယခုအခါ တရားတုတွေကြောင့် တရားအစစ်များ ညစ် နွမ်းနေပါပြီ။]

၇။ ဂုဏဟီနာပိ သံဃမှိ, ဝေါဟရန္တာ ဝိသာရဒါ၊

ဗလဝန္တော ဘဝိဿန္တိ, မုခရာ အသုတာဝိနော။

သီလ, သမာဓိ, ပညာဘက်က ပြောပလောက်အောင် ဂုဏ်မရှိကြ-ကျမ်းဂန်ဗဟုဿုတလည်း မရှိကြပါဘဲ သူတို့သည်ပင် သံဃာ့အလယ်၌ နှုတ် ကြမ်း အာကြမ်း ပရမ်းပတာ ရဲဝံ့စွာ ပြောဆိုကြကုန်လျက် နောက်လိုက် အင်အား ပေါများသူတွေ... ဖြစ်ရစ်ကြလိမ့်မည်။ [ယခု ဤအတိုင်းပင် များစွာသောနေရာတို့၌ ဖြစ်နေပြီ မဟုတ်ပါလော။]

၈။ ဂုဏဝန္တောပိ သံဃမှိ, ဝေါဟရန္တာ ယထာတ္ထတော၊

ဒုဗ္ဗလာ တေ ဘဝိဿန္တိ, ဟိရိမနာ အနတ္ထိကာ။

စာမျက်နှာ-၄၅၂

သီလ, သမာဓိ, ပညာနှင့် ကျမ်းဂန်ဗဟုဿုတဂုဏ် ရှိကြကုန်သည်ဖြစ်၍ ရှက်စိတ်လည်းရှိကြ, ဂုဏ်ပကာသနနှင့် လာဘ်လာဘကိုလည်း အလိုမရှိကြသော ရဟန်းတော်တို့သည် သံဃာ့အလယ်၌ ဟုတ်တိုင်းမှန်ရာ ပြောဆိုကြလျှင် ထိုပုဂ္ဂိုလ်တို့မှာ ထောက်ခံသူနည်းပါး၍ အင်အားမရှိသူများ ဖြစ်ရစ်ကြလိမ့်မည်။ [ယခုအချိန်၌ တကယ့်ပညာရှိ သူတော်ကောင်းများသည် ပရိသတ်အလယ်မှာ ပြောဆိုခြင်းငှါ ရဲဝံ့ကြပါသေး၏လော။]

၉။ ရဇတံ ဇာတရူပဉ္စ, ခေတ္တ ဝတ္ထုံ အဇေဠကံ၊

ဒါသိဒါသံ စ ဒုမ္မေဓာ, သာဒယိဿန္တိ နာဂတေ။

အနာဂတ်ကာလ၌ ပညာမဲ့သော ရဟန်း သာမဏေတို့သည် ငွေ, ‌ရွှေ, လယ်မြေယာခင်း, ဆိတ်-သိုး, ကျွန်မိန်းမ, ကျွန်ယောက်ျားကို သာယာကြ (အလှူ-လာလျှင် ခံယူကြ)လိမ့်မည်။ [ယခုအခါ ငွေနှင့် လယ်ယာကို မအပ်သော နည်းဖြင့်လည်း အတိအလင်း ခံယူကြလေပြီ။]

၁၀။ ဥဇ္ဈာနသညိနော ဗာလာ, သီလေသု အသမာဟိတာ၊

ဥန္နဠာ ဝိစရိဿန္တိ, ကလဟာဘိရတာ မဂါ။

အနာဂတ်ကာလ၌ မလိမ်မာသော ရှင်ရဟန်းတို့သည် (ကိုယ့်အပြစ်ကိတော့ မမြင်ဘဲ) သူတစ်ပါးကိုသာ ကဲ့ရဲ့စရာဟု မှတ်ထင်ကြကုန်, သီလတို့၌ ကောင်းစွာထားအပ်သော စိတ်သမာဓိမရှိကြကုန်, ကျူရိုးအလား အနှစ်မဲ့ တက်ကြွားသော မာန်မာနရှိကုန်, ခိုက်ရန်ဖြစ်နေရမှ ပျော်ရွှေ့ကြကုန်သည် ဖြစ်၍ လှည့်လည် နေထိုင်ရစ်ကြလိမ့်မည်။ [တချို့မှာ ဤအတိုင်းဖြစ်နေကြ၏၊ သို့သော် များဟန် မတူသေးပါ။]

၁၁။ ဥဒ္ဓတာ စ ဘဝိဿန္တိ, နီလ စီဝရ ပါရုတာ၊

ကုဟာ ထဒ္ဓါ လပါသိင်္ဂီ, စရိဿန္တုရိယာဝိယ။

အနာဂတ်ကာလ၌ အတွင်းစိတ်မှာ မငြိမ်မသက် လှုပ်လှက်နေရစ်ကြလိမ့်မည်၊ သင်္ကန်းညိုကြီးများကို ဝတ်ရုံသုံးစွဲကာ ဒါယကာ ဒါယိကာမတို့ အထင်ကြီးလောက်အောင် အံ့ဩဖွယ်ကို ဆောင်ကုန်လျက် ပစ္စည်း ၄-ပါး လှူအောင် အရိပ်အရောင် စကားပြောခြင်းဖြင့် ဆွယ်တရားဟောကြပြီးလျှင် နွားဦးချိုလို တဏှာချိုဖြင့် ဟိုထိုးဒီဝှေ့နှင့် အတွင်းစိတ်က မရိုးသားပါသော်လည်း အများအမြင်အားဖြင့် အရိယာကြီးများလို ထင်ရလောက်အောင် ဟန်ဆောင်၍ လှည့်လည်ရစ်ကြလိမ့်မည်။ [ဤအမှုလည်း တချို့

စာမျက်နှာ-၄၅၃

အတွက် ဖြစ်နေပြီ၊ ဒါယကာ ဒါယိကာမဆိုသူတို့လည်း ဘာမျှ နားမလည်ကြ။ ကြာလျှင် ထိုပုဂ္ဂိုလ်မျိုးတွေ များသည်ထက် များလာဖွယ်ရှိသည်။

၁၂။ တလသ‌ဏ္ဌေဟိ ကေသေဟိ, စပလာ အဉ္ဇနက္ခိကာ၊ ရထိကာယ ဂမိဿန္တိ, ဒန္တဝဏ္ဏိက ပါရုတာ။

အနာဂတ်ကာလ၌ ရှင်ရဟန်းတို့သည် ဆံပင် (အတို)ကို ဆီတို့ဖြင့် ကျနအောင် ထား၍ လျှပ်ပေါ်လော်လီ မတည်ကြည်ရုံသာမက မျက်လုံးများကိုလည်း (ကုလားများလို ညိုနေအောင်) မျက်ရေးကွင်းကုန်လျက် ဆင်စွယ်ရောင် အသွေးရှိသော အဝါနုသင်္ကန်းကလေးကို ခြုံရမ်း၍ လှည်းခြင်း ရထား မော်တော်ကားတို့ အသွားများသော လမ်းမ၌ ရုပ်ချောဘမ်းပြ လှည့်လည်ရစ်ကြလိမ့်မည်။ [ဤအချက်ကိုကား မိမိတို့ကိုယ်တိုင် မပါဝင်အောင် သတိထားသင့်၏၊ အတော်များများတော့ တချို့တဝက် အပြစ်တွင် ပါဝင်နေပြီ။]

၁၃။ အဇေဂုစ္ဆံ ဝိမုတ္တေဟိ, သုရတ္တံ အရဟဒ္ဓဇံ၊

ဇိဂုစ္ဆိဿန္တိ ကာသာဝံ, ဩဒါတေသု သမုစ္ဆိတာ။

အဖြူရောင်အဝတ်တို့၌ မက်မောအားရ မျက်စိကျနေသော အနာဂတ် ရှင်ရဟန်းတို့သည် အာသဝေါကင်းကွာ ရဟန္တာအရှင်မြတ်ကြီးတို့ မစက်ဆုပ်အပ် (မြတ်နိုးအပ်)သော ကောင်းစွာ ဆိုးအပ်သဖြင့် ရဟန္တာ အရှင်မြတ်တို့၏ အောင်လံသဖွယ် လွန်တင့်တယ်သော သင်္ကန်းကို စက်ဆုပ် ရွံမုန်းရစ် ကြလိမ့်မည်။ [ဤအခြေအနေ ယခုအခါ ရောက်သေးသည် မထင်ပါ။]

၁၄။ လာဘကာမာ ဘဝိဿန္တိ, ကုသီတာ ဟီနရိယာ၊

ကိစ္ဆန္တာ ဝနပတ္ထာနိ, ဂါမန္တေသု ဝသိဿ‌ရေ။

အနာဂတ်ရှင်ရဟန်းတို့သည် ပစ္စည်းလာဘ်ကို လိုလားကြ, ပျင်းရိကြ, ယုတ်လျော့သော ပီရိယရှိရစ်ကြလိမ့်မည်၊ တောရကျောင်းတို့၌ နေဖို့ ပင်ပန်းကြကုန်သည်ဖြစ်၍ ရွာနီးကျောင်းတို့၌ နေရစ်ကြလိမ့်မည်။ [လာဘ်လာဘ သာမက ဂုဏ်ကိုပါ ယခုအခါ လိုလားနေကြသည်သာ များ၏။]

၁၅။ ယေယေ လာဘံ လဘိဿန္တိ, မိစ္ဆာဇီဝရတာ သဒါ၊

တေတေစ အနုသိက္ခန္တာ, ဘဇ္ဇိဿန္တိ အသံယတာ။

အကြင်အကြင် ရဟန်းတို့သည် အခါခပ်သိမ်း မတရားသောနည်းဖြင့် အသက်မွေးမှု၌ မွေ့လျော်ကာ များစွာသော လာဘ်ကိုရကြလတံ့၊ ထိုထို

စာမျက်နှာ-၄၅၄

လာဘ်ပေါသော ရဟန်းတို့ကိုပင် အတူလိုက်၍ ကျင့်ကုန်လျက် သီလ သိက္ခာတို့၌ စောင့်စည်းခြင်းမရှိကြတော့ဘဲ (ထိုလာဘ်ပေါသော ရဟန်းများကိုသာ) ဆည်းကပ်ရစ်ကြလိမ့်မည်။ [ယခုအခါ ဤအတိုင်းလိုလိုပင် ဖြစ်နေကြလေပြီ။]

၁၆။ ယေယေ အလာဘိနော လာဘံ, န တေ ပုဇ္ဇာ ဘဝိဿရေ၊

သုပေသလေပိ တေ ဓီရေ, သေဝိဿန္တိ န တေ တဒါ။

အကြင်အကြင် ရဟန်းတို့သည် လာဘ်လာဘ မရကြကုန်၊ ထိုရဟန်းတို့ကား အပူဇော်ခံရသူများ ဖြစ်ရစ်လိမ့်မည် မဟုတ်၊ ထိုကဲ့သို့ လာဘ် လာဘကို အရေးစိုက်နေသော အနာဂတ်ကာလ၌ အလွန်သီလပြည့်ဝ၍ ပညာရှိဖြစ်ကြသော ထိုအရှင်တို့ကိုသော်မှလည်း (လာဘ်မရှိသည့်အတွက်) ထိုအနာဂတ်ရှင်ရဟန်းတို့က ဆည်းကပ်ရမှန်းတောင် သိရစ်ကြမည်မဟုတ်ချေ။ [ဒါယကာ ဒါယိကာမ မရှိသော စာတတ် ဘုန်းတော်ကြီးများသည် ယခုအခါ မထင်ရှားဘဲ အများနောက်မှာ နေကြရသည်။]

၁၇။ ပိလက္ခရဇနံ ရှတ္တံ, ဂရဟန္တာ သကံ ဓဇံ၊

တိတ္ထိယာနံ ဓဇံ ကာစိ, ဓာရိဿန္တုဝဒါတကံ။

အနာဂတ် ရှင်ရဟန်းတို့သည် မိမိတို့၏ အောင်လံ ဖြစ်သော ညောင်ခေါက်ဆိုးသင်္ကန်းကို ကဲ့ရဲ့ကြကုန်လျက် တိတ္ထိတို့၏ အလံဖြစ်သော အဝတ်ဖြူကို တချို့က ဆောင်ကြ ဝတ်ကြလိမ့်မည်။ [ညောင်ခေါက်ဆိုး (ပိန်းနဲဆိုး ရင့်ရင့်)သည် အလွန် ဣန္ဒြေရ၏၊ သို့သော် ဝါဝါကလေး လောက်တော့ ကြည့်၍မလှသဖြင့် အများမျက်စိ မကြိုက်တတ်ပါ။]

၁၀။ အဂါရဝေါစ ကာသာဝေ, တဒါ တေသံ ဘဝိဿတိ၊

ပဋိသံခါ စ ကာသာဝေ, ဘိက္ခူနံ န ဘဝိဿတိ။

ထိုအနာဂတ်ကာလ၌ ထိုရှင်ရဟန်းတို့၏ သင်္ကန်း၌ အလေးမပြုခြင်း ဖြစ်ရစ်လိမ့်မည်၊ သင်္ကန်း၌ ရဟန်းတို့၏ ပညာဖြင့် ဆင်ခြင်မှု (ပစ္စဝေက္ခဏာဆင်ခြင်မှု)လည်း ဖြစ်ရစ်တော့မည်မဟုတ်။ [မိမိကိုယ်တိုင် ဆင်ခြင်မိ-မဆင်ခြင်မိကို သတိပြုသင့်၏။]

၁၉။ အဘိဘူတဿ ဒုက္ခေန, သလ္လဝိဒ္ဓဿ ရုပ္ပတာ၊

ပဋိသင်္ခါ မဟာ‌ဃောရာ, နာဂဿာသိ အစိန္တိယာ၊

စာမျက်နှာ-၄၅၅

သောနုတ္တရမုဆိုးက မြှားဖြင့် ပစ်ဖေါက်အပ်သည်ဖြစ်၍ ဒုက္ခဝေဒနာ လွန်စွာနှိပ်စက်အပ်လျှက် ဖေါက်ပြန်နေရှာသော ဆဒ္ဒန်ဆင်မင်းမှာ ကြံစည်၍ မရနိုင်လောက်အောင် အလွန်ပြင်းပြသော ဉာဏ်အဆင်အခြင် ဖြစ်ခဲ့ဘူးလေပြီ။ [ဤသင်္ကန်းနှင့်စပ်၍ ဖုဿ မထေရ်မြတ်သည် အလောင်းတော် ဆဒ္ဒန်ဇာတ်ကို သတိရတော်မူဟန်တူသည်။]

၂၀။ ဆဒ္ဒန္တော ဟိ တဒါ ဒိသွာ, သုရတ္တံ အရဟဒ္ဓဇံ၊

တာဝဒေဝ ဘဏီ ဂါထာ, ဂဇော အတ္တောပသံဟိတာ။

မှန်၏-ထိုဆဒ္ဒန္တဇာတ် ဖြစ်ရာအခါ၌ ဆဒ္ဒန်ဆင်မင်းသည် ကောင်းစွာ ဆိုးအပ်သော ရဟန္တာအရှင်မြတ်တို့၏ အောင်လံသဖွယ်ဖြစ်သော သင်္ကန်းကို မြင်ရ၍ ထိုခဏ၌ပင် အနက်အဓိပ္ပါယ်ပါလှသော ဂါထာတို့ကို ရွတ်ဆိုလေသည်။ (ရွတ်ဆိုပုံကား)-

၂၁။ အနိက္ကသာဝေါ ကာသာဝံ, ယော ဝတ္ထံ ပရိဓဿတိ၊

အပေတော ဒမသစ္စေန, န သော ကာသာဝ မရဟတိ။

အကြင်သူသည် ကိလေသာ ဖန်ရည်ကုန်ခန်း၍ ရဟန္တာ မဖြစ်သေးပါဘဲ ဖန်ရည်ဆိုးသင်္ကန်းကို တင်လွှမ်းဝတ်ရုံ၏၊ ဣန္ဒြေတို့ကို ဆုံးမမှုနှင့် ဝစီသစ္စာမှ ကင်းကွာသော ထိုသူမျိုးသည် ဖန်ရည်ဆိုးသင်္ကန်းကို တင်လွှမ်းဝတ်ရုံခြင်းငှာ မထိုက်တန်ချေ။

၂၂။ ယောစ ဝန္တကသာဝဿ, သီလေသု သုသမာဟိတော၊

ဥပေတော ဒမသစ္စေန, သ ဝေ ကာသာဝ မရဟတိ။

အကြင်ပုဂ္ဂိုလ်ကား ကိလေသာ ဖန်ရည်တွေကို အန်ထုတ်ပြီးဖြစ်၍ သီလတို့၌လည်းကောင်းစွာ စောင့်စည်းထားအပ်သော စိတ်ရှိ၏၊ ဣန္ဒြေတို့ကို ဆုံးမမှု-ဝစီသစ္စာနှင့်လည်း ပြည့်စုံ၏၊ ထိုပုဂ္ဂိုလ်မျိုးသာလျှင် အမှန်အားဖြင့် ဖန်ရည်ဆိုးသင်္ကန်းကို တင်လွှမ်းဝတ်ရုံထိုက်ပါသည်။

၂၃။ ပိပန္နသီလော ဒုမ္မေဓော, ပါက‌ဋော ကာမကာရိယော၊ ပိဗ္ဘန္တ စိတ္တော နိဿုက္ကော, န ကာသာဝ မရဟတိ။

အကြင်သူသည် ပျက်စီးသောသီလရှိ၏။ ပညာလည်းမရှိ၊ ထိုထိုကိစ္စ၌ ဣန္ဒြေသမာဓိမရဘဲ ပေါ်လွင်လှ၏၊ ကိလေသာမာရ်၏ အလိုရှိတိုင်း ပြုသမျှ ကိုခံနေရ၏၊ ပျံ့လွင့်တုန်လှုပ်သော စိတ်လည်းရှိ၏၊ ဖြူစင်သန့်ရှင်းသော စိတ်လည်းမရှိ၊ ထိုသူမျိုးသည် ဖန်ရည်ဆိုးသင်္ကန်းကို တင်လွှမ်းဝတ်ရှိခြင်းငှာ မထိုက်တန်ချေ။

စာမျက်နှာ-၄၅၆

၂၄။ ယောစ သီလေန သမ္ပန္နော, ပီတရာဂေါ သမာဟိတော၊

ဩဒါတ မနသင်္ကပ္ပေါ, သ ဝေ ကာသာဝ မရဟတိ။

အကြင်ပုဂ္ဂိုလ်ကား သီလနှင့်လည်း ပြည့်စုံ၏၊ ကင်းသော ရာဂရှိ၏၊ စိတ်တည်ကြည်၏။ ဖြူစင်သော စိတ်အကြံလည်းရှိ၏၊ ထိုပုဂ္ဂိုလ်မျိုးသာလျှင် အမှန်အားဖြင့် ဖန်ရည်ဆိုးသင်္ကန်းကို တင်လွှမ်းဝတ်ရုံ ထိုက်ပါပေသည်။

၂၅။ ဥဒ္ဓတော ဥန္နလေ ဗာလော, သီလံ ယဿ နဝိဇ္ဇတိ၊

ဩဒါတကံ အရဟတိ, ကာသာဝံ ကိံ ကရိဿတိ။

အကြင်သူသည် မငြိမ်မသက် လှုပ်လှက်သောစိတ်ရှိ၏။ ကျူရိုးအလား အနှစ်မဲ့တက်ကြွားသော မာန်မာနလည်းရှိ၏၊ ကြောင်းကျိုးမနှိုက် အမိုက် သက်သက်သာဖြစ်၍, ယင်းကဲ့သို့သော သူမှာ သီလလည်းမရှိ၊ ထိုသူမျိုးသည် အဝတ်ဖြူကိုသာ ဝတ်၍ ဖိုးသူတော်သာ လုပ်ထိုက်၏။ သူ့မှာ ဖန်ရည်ဆိုး သင်္ကန်းသည် ဘာအသုံးပြုတော့မည်နည်း။ [ဤအလောင်းတော်၏ အလို အရ သင်္ကန်းဝတ်လိုလျှင် စည်းကမ်းဥပဒေထား၍ ဝတ်သင့်မှ ဝတ်ခွင့်ပြုသင့်သည်။]

၂၆။ ဘိက္ခုစ ဘိက္ခုနိယောစ, ဒုဋ္ဌစိတ္တာ အနာဒရာ။

တာဒီနံ မေတ္တစိတ္တာနံ, နိဂ္ဂဏှိဿန္တိ နာဂတေ။

အနာဂတ်ကာလ၌ ဘိက္ခုဘိက္ခုနီတို့သည် ဒေါသစိတ်ရှိ၍ တရား၌လည်းကောင်း, ပုဂ္ဂိုလ်တို့၌လည်းကောင်း, ရိုသေလေးစားခြင်းမရှိကုန်သည်ဖြစ်၍ (လောကဓံကြောင့် ဖေါက်ပြန် တုန်လှုပ်ခြင်း မရှိကြဘဲ မေတ္တာစိတ်ဖြင့် နေလေ့ရှိကြသော) သူတော်ကောင်းတို့ကို နှိမ်ရစ်ကြလိမ့်မည်။ [တချို့ ဒေသ၌ သူတော်ကောင်းများ အနှိမ်ခံရလေပြီ။]

၂၇။ သိက္ခာမပေန္တေပိ ထေရေဟိ, ဗာလာ စီဝရဓာရဏံ၊

န သုဏိဿန္တိ ဒုမ္မေဓာ, ပါကဋာ ကာမကာရိယာ။

ဆရာသမားတို့က သင်္ကန်းဝတ်ရုံပုံ (စားသောက်နေထိုင်ပုံ) အလုံးစုံကို သင်ပြအပ်ကုန်သော်လည်း မိုက်မာနရှိ၍ အလိမ္မာပညာခံ မရှိကြဘဲ ထိုထို ကိစ္စ၌ ဣန္ဒြေမရ ပေါ်လွင်ကြကုန်သော အနာဂတ် ရှင်ရဟန်းတို့သည် ကိလေသာကာမ၏ ပြုသမျှကို ခံနေကြရသည်ဖြစ်၍ (သင်ပြသည်ကို) ရိုသေစွာ နားထောင်ရစ်ကြလိမ့်မည်မဟုတ်။ [ယခုသော်ကား မနာခံကြသဖြင့် တချို့ဆရာသမားသည် သင်ပြမှုကိုပင် မပြုကြတော့ကုန်။]

စာမျက်နှာ-၄၅၇

၂၈။ တေတေ အသိက္ခိတာ ဗာလာ, အညမညံ အဂါရဝါ၊

နာဒိယိဿန္တုပဇ္ဈာယေ, ခဠုင်္ကောဝိယ သာရထိံ။

ထိုထိုအသင်အပြ မခံရကုန်သော အနာဂတ်ရှင်ရဟန်း အပေါ့အဖျင်းတို့သည် အချင်းချင်းလည်း မလေးစားကြတော့ဘဲ ဥပဇ္ဈာယ် ဆရာများ၏ ဆုံးမစကားကိုပင် နာယူကြတော့မည်မဟုတ်၊ ဥပမာ-မြင်းကြမ်း မြင်းယုတ်မာသည် ရထားထိန်းကို (ရထားထိန်း၏ စကားကို) မနာယူဘဲ သူသွားချင်သလို သွားသကဲ့သို့တည်း။ [ယခုအခါ ဆိုဆုံးမ၍ ရသူ နည်းသည်ထက် နည်းလာလေပြီ။]

၂၉။ ဧဝံ အနာဂတမဒ္ဓါနံ, ပတိပတ္တိ ဘဝိဿတိ၊

ဘိက္ခုနီ ဘိက္ခုနီနဉ္စ, ပတ္တေ ကာလမှိ ပစ္ဆိမေ။

အနာဂတ်ကာလ၌ နောက်ပိုင်းအချိန် ရောက်လတ်သော် ဘိက္ခုနှင့် ဘိက္ခုနီတို့၏ ကျင့်ကြံနေထိုင်ပုံသည် ဤပြခဲ့သောနည်းအတိုင်း ဖြစ်ရစ်လိမ့်မည်။

၃၀။ ပုရာ အာဂစ္ဆတေ ဧတံ, အနာဂတံ မဟဗ္ဘယံ၊

သုဗ္ဗစာ ဟောထ သခိလာ, အညမညံ သဂါရဝါ။

ဤအနာဂတ် ဘေးကြီးမရောက်လာမီ (အသင်တို့သည်) အချင်းချင်း ရိုသေလေးစားခြင်း ရှိကြကုန်သည်ဖြစ်၍ ပြောဆိုဆုံးမလွယ်သော စကားရှိ သူများ နူးညံ့ပြေပြစ်သူများ ဖြစ်ကြပါလော့။ [တိံသနိပါတ် ဖြစ်သည်အားလျော်စွာ ဤနေရာတွင် ဂါထာ ၃၀ ပြည့်နေပြီဖြစ်၍ ဤမှာပြီးဆုံးသင့်၏၊ သို့သော် နောက်ထပ် ၂ ဂါထာကို ပါဠိတော်မှာ တွေ့ရသေးသည်။]

၃၁။ မေတ္တစိတ္တာ ကာရုဏိကာ, ဟောထ သီလေသု သံဝုတာ၊

အာရဒ္ဓဝီရိယာ ပဟိတတ္တာ, နိစ္စံ ဒဠှ ပရက္ကမာ။

အချင်းချင်း မေတ္တာစိတ်ရှိကြပါကုန်၊ သနားကြင်နာ ကရုဏာစိတ်လည်း ရှိကြပါကုန်၊ သီလတို့၌ စောင့်ရှောက်အပ်သော တံခါးရှိကြပါကုန်၊ အားထုတ်အပ်သော ဝီရိယရှိကြပါကုန်၊ ကိုယ်နှင့်အသက် မငဲ့ကွက်ဘဲ နိဗ္ဗာန်သို့စေလွှတ် အပ်သောစိတ်ရှိကြကုန်၍ အမြဲမပြတ် တဆင့်ထက်တဆင့် အမြင့်ရောက် အောင် ကြိုးစားကြပါကုန်။

စာမျက်နှာ-၄၅၈

၃၂။ ပမာဒံ ဘယတော ဒိသွာ, အပ္ပမာဒဉ္စ ခေမတော၊

ဘာဝေထဋ္ဌင်္ဂိကံ မဂ္ဂံ, ဖုသန္တိ အမတံ ပဒံ။

မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနေခြင်းကို ကြီးစွာသော ဘေးဟုလည်းကောင်း, မမေ့မလျော့ မပေါ့မဆနေခြင်းကို ဘေးကင်းကြောင်းဟုလည်းကောင်း, ကောင်းစွာ သိမြင်၍ မဂ္ဂင်ရှစ်ပါး မြတ်တရားကို မိမိသန္တာန်၌ ဖြစ်အောင် ကြိုစားကြပါကုန်၊ (ဤသို့ကြိုးစားကြလျှင်) အမြိုက်နိဗ္ဗာန်ကို ဧကန်ထိရောက်နိုင်ကြပါသည်။

မှတ်ချက်။ ။ လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်လောက်က ဖုဿ မထေရ်မြတ်၏ အနာဂတ်မျှော်မြင်တော်မူချက်တို့တွင် များစွာသော အချက်တို့သည် ယခုအချိန်မှာ အထင်အရှားဖြစ်လျက် ရှိကြပါပြီ၊ ထိုသို့ဖြစ်နေပုံကို စိစစ်ပြီးလျှင် ထိုဘေးတို့ မိမိအပေါ်၌ ရောက်လျက်ရှိကြ-မရှိကြကိုလည်း သတိပြုကာမိမိကိုယ်ကို ထိုဘေးတို့မှ လွတ်အောင် ရုန်းနိုင်ကြပါစေသတည်း။

ဤတွင် ဘုရားဥပဒေတော်ကြီး ပြီးပြီ။