ဘုရားဥပဒေတော်ကြီး/သုဒ္ဓပါစိတ်အခန်း
စာမျက်နှာ-၁၂၇
၅။ သုဒ္ဓပါစိတ်အခန်း
မုသာဝါဒဝဂ်
က။ မုသာဝါဒ သိက္ခာပုဒ်
အမှုသည်—ရှင်ဟတ္ထက။
အမှု— မုသားပြောမှု။
ဝါဒပြိုင်ခြင်း။ ။ သာကီဝင် မင်းသား ရှင်ဟတ္ထကသည် ဝါဒပြိုင်လေ့ရှိ၏၊ သူသည် တိတ္ထိတို့နှင့်အတူ စကားပြောသောအခါ “သူ၏ ဝါဒ၌ အပြစ်ရှိ၏”ဟု ထင်လျှင် မိမိဝါဒမဟုတ်”ဟု ပယ်၏။ ပြောရင်းပြောရင်း “အပြစ်မရှိ”ဟု ထင်ပြန်လျှင် “မိမိဝါဒ”ဟု ဝန်ခံပြန်၏။ ထို့အတူ ဝန်ပြီးမှလည်း ပယ်တတ်၏၊ အကြောင်းအမျိုးမျိုး ပြ၍လည်း မိမိစကားကို ဖုံးကွယ်တတ်၏ မုသားလည်း ပြောတတ်၏။ “မည်သည့်အရပ်၌ မည်သည့်အချိန် ဝါဒပြိုင်ကြစို့”ဟု ချိန်းချက်ပြီးလျှင် ထိုသတ်မှတ်ထားသော အချိန်၏ ရှေ့ကျကျ ဖြစ်စေ နောက်ကျမှဖြစ်စေ သွား၍ တိတ္ထိတို့ကို မတွေ့သည့်အခါ “ကြည့်ကြ, တိတ္ထိတွေ မလာကြဘူး, သူတို့ရှုံးပြီ” ဟု ပြောကာ အနိုင်ယူသွားတတ်၏၊ ထိုကြောင့် တိတ္ထိတို့က ကဲ့ရဲ့ကြလေသည်။ တိတ္ထိတို့ ကဲ့ရဲ့သည်ကို ရဟန်းများ ကြား၍ ရှင်ဟတ္ထကအား “ဒီလိုပြောသလား”ဟု မေးလျှင် “တိတ္ထိတို့ကို ဘယ်နည်းနှင့်မဆို နိုင်ရမယ်, သူတို့အား အနိုင်မပေးရဘူးဟု ပြောတတ်၏၊ ဤအကြောင်းကို ဘုရားရှင်အား လျှောက်ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ သမ္ပဇာနမုသာဝါဒေ ပါစိတ္တိယံ။
မြန်မာပြန်။ ။ မိမိစကားကို (မိမိကိုယ်တိုင်က မဟုတ်မမှန်ဟု သိပါလျက်) မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းကြောင့် ပါစိတ် အာပတ် သင့်၏။
မှတ်ချက်။ ။ “မုသာ”ဟူရာ၌ လိမ်လည်ခြင်း, ညာဖြန်းခြင်း လှည့်စားခြင်းစသော မဟုတ်မမှန်မှု အားလုံးပါဝင်၏။ “ဝါဒ = ပြောခြင်း” ဟူရာ၌ လက်ပြ ခြေပြ ခေါင်းညိတ် ခေါင်းခါမှုနှင့် စာရေးသားမှု စသည်တို့ ပါဝင်၏။ [ဤပါစိတ်အာပတ်၌ ပစ္စည်း တစ်စုံတရာ စွန့်ရခြင်း ဟူသော “နိဿဂ္ဂိယ” မပါ၊ ထို့ကြောင့် “သုဒ္ဓပါစိတ်” ဟုခေါ်သည်၊ သုဒ္ဓ = နိဿဂ္ဂိယနှင့် မဖက် သက်သက်(သန့်သန့် = သတ်သတ်)။
စာမျက်နှာ-၁၂၈
ခ။ ဩမသဝါဒသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—ဆဲရေးရှုံ့ချမှု။
ဆဲရေးရှုံ့ချမှု။ ။ ဆဗ္ဗဂ္ဂိယ ရဟန်းတို့သည် သီလကို မြတ်နိုးကြသော ရဟန်းကောင်းတို့နှင့် ငြင်းခုံကြစဉ် ထိုရဟန်းတော်တို့ကို အမျိုးဇာတ် ထိခိုက်၍ (ခတ္တိယ, ဗြဟ္မဏ, စဏ္ဍာလစသည်ဖြင့်ပုတ်ခတ်) ပြောဆို၏၊ နာမည်ကို ထိခိုက်၍လည်းကောင်း, အနွယ်ကိုထိခိုက်၍လည်းကောင်း, မျိုးရိုးအလိုက် လုပ်ကိုင်ခဲ့သော အလုပ်ကိုထိခိုက်၍လည်းကောင်း, အသက်မွေးဝမ်းကြောင်းဖြစ်သော အတတ်ကို ထိခိုက်၍လည်းကောင်း, အနာရောဂါကို ထိခိုက်၍လည်းကောင်း, အသွင်သဏ္ဌာန် ပုံဟန်ကို ထိိခုက်၍လည်းကောင်း, ရာဂကြီးသူစသည်ဖြင့် ကိလေသာကို ထိခိုက်၍လည်းကောင်း, သင့်နေသောအာပတ်ကို ထိခိုက်၍လည်းကောင်း, တစ်စုံတစ်ခုကို မထိခိုက်ဘဲ “နွားကြီးဘဲ, ခွေးဘဲ”ဟုလည်းကောင်း, ဤသို့စသည်ဖြင့် ဆဲရေးကြ ရှုတ်ချကြလေသည်။ ထိုအမှုကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရသည်။
သိက္ခာပုဒ်။ ။ ဩမသဝါဒေ ပါစိတ္တိယံ။
မြန်မာပြန်။ ။ နှုတ်တည်းဟူသော လှံဖြင့် ထိုးခြင်းကြောင့် ပါစိတ်အာပတ် သင့်၏။
မှတ်ချက်။ ။ ပြခဲ့သော ဆဲနည်းဆယ်မျိုးကို အက္ကောသံ တ္တု (ဆဲခြင်း၏အကြောင်း) ဆယ်ပါးဟု ခေါ်၏၊ ထိုဆယ်မျိုးဖြင့် (အမျိုးဇာတ်စသည်ကို ထိခိုက်၍) ရဟန်းကို ဆဲလျှင် ဤသိက္ခာပုဒ်အရ ပါစိတ်၊ ဘိက္ခုနီ, သာမဏေ(ကိုရင်), လူများကိုဆဲလျှင် ဒုက္ကဋ်အာပတ်သင့်၏၊ ထိုသို့ ဆဲသောအခါ အဆဲခံရသူမှာ နားလည်းမခံသာ စိတ်နှလုံးလည်း မခံသာအောင် နာရကား လှံဖြင့် အထိုးခံရသကဲ့သို့ ဖြစ်သောကြောင့် ဆဲဆိုကြောင်း စကားလုံးကို လှံဟုလည်းကောင်း, ဆဲမှုကို လှံဖြင့် ထိုးခြင်းဟုလည်းကောင်း, တင်စား၍ “နှုတ်လှံထိုးခြင်း”ဟု ဆိုသည်။
ဆဲပုံနှင့်အာပတ်အမျိုးမျိုး။ ။ အဟုတ်စိတ်ဆိုး၍ ဒွန်းစဏ္ဍာ ဇာတ်ရှိသူကို “ဟဲ့ဒွန်းစဏ္ဍာ”ဟုလည်းကောင်း, မင်းဇာတ်ရှိသူကို “ဟဲ့မင်းမျိုးဟုလည်းကောင်း, ဆဲလို၍ ပြောလျှင် ပါစိတ်အာပတ်ပင်တည်း၊ ထိုအက္ကောသဝတ္ထုများဖြင့်ပင် တိုက်ရိုက်မဆဲဘဲ “ယခုကာလ၌ ဒွန်းစဏ္ဍာများ ရှိတယ်ဟေ့” စသည်ဖြင့် စောင်း၍ ပြောလျှင် ဒုက္ကဋ်အာပတ်, အက္ကောသဝတ္ထု ၁၁-ပါးမှ အလွတ် ဖြစ်သော “ဟဲ့သူခိုး” စသည်ဖြင့် ဆဲရာ၌လည်း ဒုက္ကဋ်ပင်၊ ထိုအက္ကောသ
စာမျက်နှာ-၁၂၉
ဝတ္ထုဖြင့်ပင် ရဟန်းဖြစ်စေ သာမဏေလူကိုဖြစ်စေ ပြောင်လှောင်လို၍ “ဟေ့ ခတ္တိယကြီး လာပြီကွ”စသည်ဖြင့် ပြောရာ၌ ဒုဗ္ဘာသိတာသင့်၏။
ဒုက္ကဋ်နှင့်, ဒုဗ္ဘာသိတ။ ။ ဒူ = မကောင်းသဖြင့် +ကတ ပြုအပ်သော အမှု” မကောင်းသဖြင့် ပြုအပ်သော ကိုယ်မှု နှုတ်မှုကို “ဒုက္ကဋ”ဟု ဆိုရသော်လည်း ဤနေရာ၌ မကောင်းသဖြင့် ပြောမှုကြောင့် သင့်ရောက်အပ်သော အာပတ်ကိုပါ (ကာရဏူပစာရအားဖြင့်) “ဒုက္ကဋ”ဟု ခေါ်ရသည်၊ ထို့အတူ မကောင်းသဖြင့် ပြောဆိုအပ်သော စကားကို “ဒုဗ္ဘာသိတ”ဟု ဆိုရသော်လည်း ထိုပြောမှုကြောင့် သင့်သောအာပတ်ကို ပါကာရဏူပစာရအားဖြင့် “ဒုဗ္ဘာသိတ”ဟု ခေါ်ရသည်၊ [ကာရဏ= အကြောင်း၏-ဥပစာရ-တင်စားအပ်သော နာမည်။]
ဂ။ ပေသုညသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—ချောပစ် ကုန်းတိုက် (ရန်တိုက်)မှု။
ရန်တိုက်မှု။ ။ ဆဗ္ဗဂ္ဂိယရဟန်းတို့သည် မသင့်မတင့် ဖြစ်နေကြသော ရဟန်းတို့၏ အထံသို့ “ကိုယ်တော်ကို မည်သည့်ပုဂ္ဂိုလ်က စဏ္ဍာလမျိုးဟု ပြောနေတယ်” စသည်ဖြင့် ကုန်းတိုက်ကြ၏။ သူတို့၏ ကုန်းတိုက်မှုကြောင့် မဖြစ်သေးသော ခိုက်ရန်များလည်း ဖြစ်ကြ, ဖြစ်ပြီးသော ခိုက်ရန်များလည်း တိုးပွားလာကြ၏၊ ထိုအကြောင်းကို ဘုရားရှင်သိတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရသည်။
သိက္ခာပုဒ်။ ။ ဘိက္ခုပေသုညေ ပါစိတ္တိယံ။
မြန်မာပြန်။ ။ ရဟန်း၏ ကုန်းတိုက်မှုကြောင့် ပါစိတ် အာပတ် သင့်၏။
မှတ်ချက်။ ။ ဦးတိဿသည် ဦးဒတ္တ၏ ကွယ်ရာ၌ အက္ကောသဝတ္ထု ၁၀ ပါးတွင် တစ်ပါးပါးဖြင့် ဦးဒတ္တကိုဆဲ၏, ထိုဆဲသံကို ဦးဓမ္မကြား၍ (ဦးတိဿနှင့် ဦးဒတ္တကွဲအောင်) ဦးဒတ္တယံ သွားပြော၏၊ ဤသို့ ရဟန်းတစ်ပါးက ရဟန်းတစ်ပါးအား ဆဲရာ၌ ဆဲသံကိုကြားသော ရဟန်းက ကုန်းချောသောအားဖြင့် ဆောင်ပို့ခြင်းကို “ဘိက္ခုပေသုည”ဟု ခေါ်၏၊ [ဘိက္ခု = ရဟန်း၏ + ပေသုည = ကုန်းချောခြင်း, ကတုန်း ကတိုက် လုပ်ခြင်း။ ဘိက္ခုနီလူသာမဏေတို့ကို ကုန်းတိုက်လျှင် ဒုက္ကဋ်၊ ဤသို့ ကုန်းတိုက်ရာ၌
စာမျက်နှာ-၁၃၀
ကုန်းတိုက်တတ်သူမှာ ထိုသူ ၂ ဦးကို ကွဲစေလိုသော ရည်ရွယ်ချက်, မိမိကို ပြောဖော်ရပေသည်”ဟု ကျေးဇူးတင်ကာ ချစ်ခင်လာစေလို သော ရည်ရွယ်ချက် ၂-မျိုးတွင် တစ်မျိုးရှိတတ်သည်။
ဃ။ ပဒသောဓမ္မသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—ပါဠိတော်ကို သံပြိုင်ဆို၍ စာချမှု။
သံပြိုင်ချပို့မှု။ ။ ဆဗ္ဗဂ္ဂိယရဟန်းတို့သည် ဥပါသကာတို့အား တရားကို သံပြိုင်ချပေးကြကုန်၏၊ ထိုကဲ့သို့ ဆရာနှင့်တပည့် သံပြိုင် ရွတ်ဆိုမှုသည် ဆရာ့အပေါ်၌ တပည့်က အရိုအသေပေါ့ဖွယ် ရှိ၏၊ ထိုကြောင့် ဥပါသကာတို့သည် ဆဂ္ဂိယရဟန်းတို့အပေါ်၌ မလေးစားကြကုန်၊ ထိုအကြောင်းကို ဘုရားရှင်သိတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယောပန ဘိက္ခု အနုပသမ္ပန္နံ ပဒသော ဓမ္မံ ဝါစေယျ၊ ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် လူ-သို့မဟုတ် သာမဏေကို သံပြိုင် စာချအံ့၊ ထိုရဟန်းသည် ပါစိတ် အာပတ်သင့်၏၊ [ “ဓမ္မ”ဟူရာ၌ ပါဠိတော်နှင့် အဋ္ဌကထာများသာ ပါဝင်သည်၊ မြန်မာစာနိဿယ စသည်ကိုကား မတော်တဆ သံပြိုင် ရွတ်ဆို ပို့ချမိသော်လည်း အာပတ်မသင့်၊ ပါဠိအဋ္ဌကထာဖြစ်မူ သံပြိုင်မဖြစ်အောင် ချပါလျက် မတော်တဆ သံပြိုင်ဖြစ်သွားသော်လည်း အာပတ်ပင်။]
မှတ်ချက်။ ။ “ဝါစေယျ = ပို့ချအံ့”ဟု ဆိုသောကြောင့် သံပြိုင်စာချမှ အာပတ် သင့်ရကား စာချသော အရာမဟုတ်လျှင် အာပတ်မသင့်၊ ထို့ကြောင့် သာမဏေနှင့် ရဟန်း တွဲ၍ စာတက်ရာ၌လည်းကောင်း, တွဲ၍ စာပြန်ရာ၌လည်းကောင်း, သာမဏေ အထံ ရဟန်းက စာတက်ရာ၌လည်းကောင်း, သံပြိုင်ဆိုသော်လည်း အာပတ်မသင့်၊ သာမဏေ ကိုယ်တိုင်ရပြီးလျက် ကြောက်၍ မဆို ဝံ့သော (သို့မဟုတ် မကျေပြွန်သော) စာကို သံပြိုင် ထောက်ပေးရာ၌လည်း အာပတ်မသင့်။
စာမျက်နှာ-၁၃၁
င။ ပထမသဟသေယျသိက္ခာပုဒ်
အမှုသည်—ရဟန်းငယ်များ၊
အမှု—ဥပါသကာတို့နှင့် အတူအိပ်မှု။
လူတို့နှင့်အတူအိပ်မှု။ ။ အာဠဝီမြို့၌ ဥပါသကာတို့သည် ညဉ့် တရားနာဖို့ရန် လာကြ၏၊ တရားပြီးသော် ထေရ်ကြီးဖြစ်ကြသော ရဟန်း
တော်တို့သည် မိမိတို့ဆိုင်ရာကျောင်းသို့ ကြွတော်မူကြ၏၊ ရဟန်းကလေး များကား တရားဟောရာ ဓမ္မာရုံမှာပင် (သတိလွတ်ကင်း၍ ဉာဏ်အဆင်ခြင်လည်း မရှိကြဘဲ)-ဥပါသကာတို့နှင့်အတူ အိပ်ကြလေ၏၊ တချို့မှာ ကိုယ်၌ သင်းပိုင်မကပ်ကြ, တချို့ကား ယောင်ယမ်းပြောဆိုကြ၍ တချို့ ကမူ ဟောက် ကြလေသည်၊ နံနက်စောစော၌ ရှေးဦးစွာနိုးသော ဥပါသကာတို့သည် ထိုအခြင်းအရာကို မြင်၍ ကဲ့ရဲ့ကြသဖြင့် “ယော ပန ဘိက္ခု အနုပသမ္ပန္နေန သဟသေယျံ ကပ္ပေယျ”ဟု မူလပညတ်ကို ပညတ်တော်မူရလေသည်။
ရှင်ရာဟုလာ ဝစ္စကုဋိ၌အိပ်ရပုံ။ ။ ဘုရားရှင်သည် အာဠဝီမှ ကောသမ္ဗီသို့ ကြွတော်မူ၍ ဗဒရိကာရုံ ကျောင်းတိုက် (ဆီးတောတိုက်)၌ သီတင်း သုံးတော်မူစဉ် ရဟန်းတော်များသည် “ငါ့ရှင်ရာဟုလာ... လူသာမဏေနှင့်အတူ မအိပ်ရ-ဟု ဘုရားရှင် ပညတ်တော် မူထားသည်၊ အိပ်ဖို့နေရာ ရှာပါ” ဟု မိန့်တော်မူကြလေသည်၊ ကိုရင်ရာဟုလာသည် (ဘုရားအထံတော်သို့ ဖြစ်စေ, ဥပဇ္ဈာယ်ဆရာဖြစ်သော အရှင်သာရိပုတြာ အထံတော်သို့ ဖြစ်စေ သွား၍ နေရာတောင်းလျှင် ရလောက်သော်လည်း မသွားတော့ဘဲ) မြတ်စွာဘုရားအတွက် သီးခြားထားအပ်သော ဝစ္စကုဋိ၌ (ကျင်ကြီးအိမ်၌) အိပ်ရှာလေသည်၊ နံနက်စောစော၌ ဝစ္စကုဋိသို့ဘုရား ကြွလာတော်မူ၍ “အဟမ်းဟု ချောင်းဟန့်တော်မူရာ, ရှင်ရာဟုလာက လည်းပြန်၍ ချောင်းဟန့်သဖြင့် “ဘသူတုန်း”ဟုမေးတော်မူလျှင် တပည့်တော် ရာဟုလာပါဘုရား”ဟု လျှောက်၏၊ “ဘာ့ကြောင့် ဒီမှာနေရသလဲ” ဟု မေးတော်မူပြန်လျှင် ရဟန်းများနှင့်အတူ အိပ်ခွင့်မရ၍ နေရာမရှိသောကြောင့် ဝစ္စကုဋိမှာ အိပ်ရပါကြောင်း လျှောက်လေသည်၊ ဤသို့ တစ်ညဉ့်တလေမျှ အတူမအိပ်ရလျှင် သာမဏေများ ဒုက္ခရောက်ဖွယ် ရှိသောကြောင့် “ဥတ္တရိ ဒိရတ္တ တိရတ္တံ”ဟု ဖြည့်စွက်၍ အနုပညတ် ထပ်တော်မူရလေသည်။
စာမျက်နှာ-၁၃၂
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု အနုပသမ္ပန္နေန ဥတ္တရိဒိနတ္တတိရတ္တံ သာသေယျံ ကပ္ပေယျ၊ ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင် ရဟန်းသည် လူသာမဏေနှင့် အတူ ၂ ညဉ့် ၃ ညဉ့်ထက် ပို၍ အိပ်အံ့၊ ထိုရဟန်းသည် ပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ ၃ ညဉ့်အထိကား အတူတူ အိပ်ကောင်း၏။ “အတူအိပ်” ဟူရာ၌ အမိုးတူ အကာတူသော နေရာဝယ် အိပ်ခြင်းကို ဆိုလိုသည်၊ ထို့ကြောင့် ယခုကာလ မီးရထားနှင့် ရွက်ထည်ချထားသော သင်္ဘောများသည် အမိုး အကာတူနေရကား ရဟန်းတော်များ ဦးခေါင်းချ၍ မအိပ်ကောင်း) ပထမခန်း ဒုတိယခန်းများလည်း နောက်ဆုံး ထွက်ပေါက် ဝင်ပေါက် တူနေသဖြင့် ကုန်းပတ်စီးသူလူများနှင့် အမိုးအကာ တူပင်ဖြစ်၏။
“အိပ်”ဟူရာလည်း ဦးခေါင်းချ၍ အိပ်မှ အိပ်ရာ ရောက်၏၊ ထို့ကြောင့် ထိုင်၍ အိပ်ပျော်နေလျှင် အိပ်ရာရောက်၍ အာပတ် မသင့်ဟု မှတ်၊ ၃ ညဉ့်အထိ အတူအိပ်ပြီးလျှင်ကား ၄ ညဉ့်မြောက် နေဝင်လျှင် လူဝတ်ကြောင်ဖြစ်စေ လူသာမဏေဖြစ်စေ ရှိသောနေရာ၌ ဦးခေါင်းမချမိစေရ၊ ဦးခေါင်းချမိသည်နှင့် တပြိုင်နက် အာပတ်သင့်ပြီ၊ တညဉ့် ၂ ညဉ့် အရုဏ်တက်အောင် အတူအိပ်ပြီးနောက်, ၃ ညဉ့် မြောက်၌ အရုဏ်မတက်ခင် ထနိုင်လျှင် စတုတ္ထညဉ့်၌ အိပ်သော်လည်း အာပတ်မသင့်၊ ဤသို့ ၃ ညဉ့် တစ်ကြိမ်ကျ အရုဏ်မတက်ခင် ထနိုင်သူမှာ အာပတ်မသင့်နိုင်။
ထို့ပြင်-ဝစ္စကုဋိသို့ ကြွလာတော်မူသည့်အခါ ဘုရားရှင်၏ ချောင်းဟန့်တော်မူပုံ-ရှင်ရာဟုလာ၏ပြန်၍ ချောင်းဟန့်ပုံကို ထောက်၍ ယခုအခါ၌လည်း တံခါးပိတ်ထားသော ကုဋိသို့ ဝင်ခါနီးဝယ် ချောင်းဟန့်ဖို့ ဝတ်တရားရှိ၍, အတွင်း၌ ရှိနေလျှင် ထိုသူကလည်းပြန်၍ ချောင်းဟန့်ဖို့ ဝတ်တရားရှိသည်ဟုမှတ်၊ ထို့ပြင်-ဘုရားရှင်က “ဘသူဘုန်း”ဟု မေးလိုက်သည့်အခါ “အဟံ ဘဂဝါ ရာဟုလော = တပည့်တော် ရာဟုလာပါ ဘုရား”ဟု ပြန်၍ လျှောက်ပုံကိုထောက်၍ ညဉ့်အခါ ဘသူတုန်းဟု မေးလျှင် “တပည့်တော် တိဿပါဘုရား” စသည်ဖြင့် မိမိနာမည်ကို ထည့်၍ လျှောက်ရမည်ကိုလည်း သတိပြုပါ။
စာမျက်နှာ-၁၃၃
စ။ ဒုတိယသဟသေယျသိက္ခာပုဒ်
အမှုသည်—အရှင်အနုရုဒ္ဓါ။
အမှု—မာတုဂါမနှင့် အမိုးအကာတူနေရာ၌အိပ်မှု။
ဇရပ်၌ တည်းခိုရခြင်း။ ။ “အရှင်အနုရုဒ္ဓါ” ဟူသည် သာမန်ပုဂ္ဂိုလ် မဟုတ်၊ လူ့ဘောင်၌ နေစဉ်က “ထမင်းဆိုတာ ပွဲတော်အုပ်ထဲ ၌သာ ဖြစ်သည်”ဟု မှတ်ထင်လောက်အောင် လုပ်ငန်း ဆောင်တာကို မသိခဲ့ရဘဲ အလွန်ချမ်းသာစွာ ကြီးပွါးလာရသော သာကီဝင် မင်းသား တစ်ပါးဖြစ်၍ ရဟန်းပြုသည့်အခါ ဒိဗ္ဗစက္ခုအဘိညာဉ်အရာ ဧတဒဂ်ရသော ရဟန္တာတစ်ပါးလည်း ဖြစ်သည်၊ ထိုအရှင်မြတ်သည် အခါတစ်ပါး သာဝတ္ထိမြို့သို့ ကြွတော်မူလာစဉ် လမ်းခရီးအကြားရှိ ရွာတစ်ရွာဝယ် အများ တည်းခိုရာ ဇရပ်၌ ညအိပ်ဖို့ရန်-သီတင်းသုံးတော်မူရလေ၏၊ [ထို ဇရပ်ကား ပစ္စည်းရှိသော မာတုဂါမတစ်ယောက်၏ ကောင်းမှုကို လိုလားသဖြင့် သူ့အိမ်နှင့် ကပ်လျှက် အများ တည်းခိုဖို့ရာ ဆောက်လုပ်အပ်သော ဇရပ်တည်း၊] အရှင်အနုရုဒ္ဓါ ရောက်ပြီးနောက် အခြားခရီးသွားတို့လည်း ထိုဇရပ်၌ တည်းခိုဖို့ရန် ထိုဇရပ်ရှင်မထံ ခွင့်တောင်းကြလေသော် ထိုဇရပ်ရှင်က “ရဟန်းတော်တစ်ပါး ပထမရောက်နေပြီ, ထိုအရှင်က ခွင့်ပြုလျှင် နေကြတာပေါ့”ဟု ပြောသဖြင့် အရှင်အနုရုဒ္ဓါထံ ခွင့်ပန်၍ တည်းခိုကြပြန်လေသည်။
ဇရပ်အမ၏ အကြံ။ ။ ထိုဇရပ်အမကား အရှင်အနုဒ္ဓါကိုမြင်လျှင် မြင်ခြင်း စွဲလမ်းစိတ်ဖြစ်ခဲ့ပြီ၊ ထို့ကြောင့် အရှင်အနုရုဒ္ဓါထံ လာ၍ “အရှင်ဘုရားမှာ ဒီလူတွေနဲ့ ရောနေလို့ ချမ်းသာမည် မထင်ပါ, အရှင်ဘုရားတို့ ခုတင်ကို အိမ်အတွင်း ခင်းလိုက်ပါရစေ”ဟု လျှောက်၏၊ အရှင်အနုရုဒ္ဓါလည်း (ခွင့်ပြုသည့်လက္ခဏာဖြင့်) တိတ်တိတ်နေလိုက်သောကြောင့် အိမ်အတွင်း၌ ခုတင် ခင်းပေးလေသည်၊ ထို့နောက် သူ့ကိုယ်သူ ဆင်ပြင်ကာ နံ့သာမျိုးစုံ လိမ်းကျံလျက် ခုတင်ပေါ်မှာနေသော အရှင်အနုရုဒ္ဓါ ထံ လာပြီးလျှင်..... “အရှင်ဘုရားလဲ အလွန်လှ၍ ချင့်စဖွယ် တင့်တယ်ပါ၏, တပည့်တော်မလဲ အလွန်လှ၍ ရှုချင့်စဖွယ် တင့်တယ်ပါသည်၊ တပည့်တော်သည် အရှင်၏ဇနီးဖြစ်ပါရစေ”ဟု လျှောက်လေသော် အရှင်မြတ်လည်း (ဘာစကားမှ ပြန်၍ မပြောသာဘဲ) ဆိတ်ဆိတ်နေရလေသည်၊ ဇရပ်အမလည်း ၃-ကြိမ်အထိ တောင်းပန်၍ မရသောကြောင့် ဒီလိုကြံလျှင် ဟန် ကောင်းရဲ့ဟု တွေးပြီးလျှင် ထမီကိုချွတ်၍ ရှင်အနုရုဒ္ဓါရှေ့၌ လမ်းလျှောက်၍
စာမျက်နှာ-၁၃၄
လည်းပြ၏, မတ်တတ်ရပ်၍လည်း ပြ၏, ထိုင်၍လည်းပြ၏, အိပ်၍လည်းပြ၏။ အရှင်မြတ်ကား စက္ခုန္ဒြေချကာ လုံးလုံးမကြည့်တော့ချေ။
သံဝေဂရပုံ။ ။ ထိုအခါ ဇရပ်အမသည် “သိပ်အံ့ဩစရာကောင်းတာဘဲ, ငါ့ကို လူပေါင်းများစွာက သူတို့ကို နှစ်သက်ဖို့ရန် လက်ဆောင်ပို့ကြရတယ်, ဒီအရှင်မြတ်မှာတော့ ငါ့ကိုယ်တိုင်က ခခယယ တောင်းပန်ပါလျက် ငါနှင့် ဥစ္စာတွေကို လက်မခံဘဲနေတယ်”ဟု ကြံပြီးလျှင် ထမီကို ပြန်ဝတ်၍ အရှင်အနုရုဒ္ဓါ၏ ခြေပေါ်၌ ဦးခေါင်းတင်ပြီးလျှင် လွန်သမျှအပြစ်ကို သည်းခံပါရန် တောင်းပန်ရှာလေသည်၊ အရှင်အနရုဒ္ဓါလည်း “ယခုလို တောင်းပန်ခြင်းသည် နောင်အခါ ကြီးပွါးကြောင်း ဖြစ်ပေသည်, နှမ၏ အပြစ်များကို သည်းခံပါ၏”ဟု မိန့်တော်မူပြီးလျှင် ထိုညဉ့်၌ အတွင်း ဆောင်မှာပင် အသီးအသီးအိပ်ကြ၍ နံနက်လင်းသည့်အခါ ကောင်းမွန်စွာ ချက်ပြုတ်၍ ဆွမ်းကပ်လေသည်။ အရှင်မြတ်လည်း ဆွမ်းဘုဉ်းပြီးနောက် ဇရပ်အမကို တရားဟောပြဆုံးမတော်မူရာ လွန်စွာကြည်ညိုလှသဖြင့် ရတနာ ၃-ပါးကို လေးစားသော ဥပါသိကာမ တစ်ယောက်အဖြစ်ဖြင့် မိမိကို အသိအမှတ်ပြုဖို့ရန် လျှောက်ထားလိုက်ရှာလေသည်။
သိက္ခာပုဒ် ပညတ်တော်မူရပုံ။ ။ အရှင်အနုရုဒ္ဓါလည်း ထိုအရပ်မှ ခွဲခွါခဲ့ပြီးနောက် သာဝတ္ထိသို့ ရောက်သောအခါ ရဟန်းတို့အား မိမိတွေ့ကြုံခဲ့ရပုံကို ပြောပြလေလျှင် “အရှင်အနုရုဒ္ဓါသည် အမိုး အကာတူသော နေရာ၌ မာတုဂါမနှင့်အတူ ဘာ့ကြောင့် အိပ်ရသလဲ”ဟု အချို့က ကဲ့ရဲ့ကြ၍ ဘုရားရှင်ထံ လျှောက်ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယောပန ဘိက္ခု၊ မာတုဂါမေန သဟသေယျံ ကပ္ပေယျ၊ ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် မာတုဂါမနှင့်အတူ အမိုးအကာ တူသောနေရာ၌ အိပ်ခြင်းကို ပြုအံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ ဘီလူးမ-ပြိတ္တာမ ပဏ္ဍုက်မ ခွေးမစသော တိရစ္ဆာန်မများနှင့်အတူ အိပ်လျှင် ဒုက္ကဋ်အာပတ်သင့်၏၊ မိမိအိပ်ပျော်နေခိုက် မာတုဂါမစသူတို့ ဝင်၍ အိပ်လျှင် (မိမိမသိသော်လည်း) အာပတ်သင့်သည်ပင်၊ အမိုး ရှိသော်လည်း အကာလုံးလုံး မရှိလျှင်လည်းကောင်း, အကာ ရှိသော်လည်း ၄ ဘက်တွင် ၂ ဘက်သာသာ အမိုးမရှိလျှင်လည်းကောင်း, အာပတ်မသင့်၊ အကာ ၄ ဘက် ရှိသော်လည်း အမိုးလုံးလုံးမရှိလျှင်လည်းကောင်း, ၄ ပုံ ၂ ပုံ သာသာ အကာမရှိ လျှင်ငြားလည်းကောင်း, အာပတ်မသင့်။
စာမျက်နှာ-၁၃၅
ဒိဝါသေယျ။ ။ “အနုဇာနာမိ ဘိက္ခဝေ ဒိဝါ ပဋိသလ္လီယန္တေန ဒွါရံ သံဝရိတွာ ပတိသလ္လီယိတုံ = ဘိက္ခုတို့... နေ့အခါ၌ ကိန်းအောင်းသော (အိပ်သော)ရဟန်းသည် တံခါးပိတ်၍ ကိန်းအောင်းခြင်းငှါ ခွင့်ပြုတော်မူ၏” ဟူသော ပထမပါရာဇိကဝိနီတဝတ္ထု ပါဠိတော်နှင့်အညီ, နေ့အခါ တံခါးရှိသော ကျောင်း၏ အတွင်းအခန်း၌ အိပ်သောရဟန်းသည် မိမိနှင့်သက်ဆိုင်ရာ တံခါးကို ပိတ်ရမည်၊ အခန်းတွင်းအိပ်လျှင် အခန်းတံခါးကိုပိတ်-တစ်ပါးနေ ကျောင်းတွင်(ကမ္မဋ္ဌာန်းကျောင်းစသည်၌)အိပ်လျှင် ကျောင်းတံခါးပိတ်၍ အိပ်ရမည်၊ မပိတ်ဘဲအိပ်လျှင် ဤဒိဝါသေယျသိက္ခာပုဒ်အရ ဒုက္ကဋ်အာပတ်သင့်သည်၊ “တံခါး”ဟူရာ၌ အဝင်အထွက် တံခါးကို ဆိုလိုသည်၊ ပြတင်းပေါက်များကို မဆိုလို။
ဆ။ ဓမ္မဒေသနာသိက္ခာပုဒ်
အမှုသည်—ရှင်ဥဒါယီ။
အမှု—မာတုဂါမအား (ယောက်ျားအဖေါ်မပါဘဲ) တရားဟောမှု။
မယုံကြည်စရာ ဟောပုံ။ ။ ရှင်ဥဒါယီသည် နံနက်အခါ အိမ်တအိမ်သို့ သွား၏၊ ထိုအိမ်၌ ယောက္ခမမိန်းမနှင့် ချွေးမတို့သာရှိ၏၊ ယောက္ခမသည် အိမ်ဝင်း၏ တံခါးဝ၌ ထိုင်နေ၏၊ ချွေးမဖြစ်သူကား အိမ်၏တံခါးဝ၌ ထိုင်နေ၏၊ ရှင်ဥဒါယီသည် ယောက္ခမ၏ နားအနီးသို့ ကပ်၍ တရားဟောလေသော်, ချွေးမက “ယောက္ခမ၏ လင်ငယ်လေလား, သို့မဟုတ်-လှောင်စကား ပြောင်စကား ပြောတာလေလား”ဟု တွေးလေသည်၊ ထို့နောက် ရှင်ဥဒါယီသည် ချွေးမ၏ နားအနီးကပ်၍ တရားဟော ပြန်၏၊ ယောက္ခမကလည်း ရှေးနည်းအတိုင်းပင် တွေးလေသည်၊ ရှင်ဥဒါယီ ပြန်သွားပြီးနောက် ယောက္ခမနှင့်ချွေးမတို့ တစ်ယောက်နှင့် တစ်ယောက်မေးကြလေရာ တရားဟောသွားကြောင်းချည်း ပြောကြသဖြင့် “တရားဆိုလျှင် ပွင့်ပွင့် လင်းလင်းဟော ထိုက်တယ်, ရှင်ဥဒါယီသည်ဘာ့ကြောင့် နားအနီးကပ်၍ တရားဟောရသလဲ”ဟု ကဲ့ရဲ့ကြသောကြောင့် “ယော ပန ဘိက္ခု မာတုဂါမဿ ဓမ္မံ ဒေသေယျ, ပါစိတ္တိယံ-မာတုဂါမအား တရားဟောလျှင် ပါစိတ် အာပတ်”ဟု မူလပညတ်ကို ပညတ်တော်မူရလေသည်။
ခြောက်ခွန်း ဟောခွင့်။ ။ ထိုသို့ ပညတ်တော်မူပြီးနောက် ဥပါသိကာမတို့သည် တရားဟောဖို့ရန် တောင်းပန်ကြလေသော်, ရဟန်းတို့က မာတုဂါမအား တရားမဟောကောင်းဟု မိန့်တော်မူကြ
စာမျက်နှာ-၁၃၆
ဖြင့် ၅ ခွန်း-၆ ခွန်းလောက် ဟောတော်မူကြပါ, သည့်လောက်ဟောလျှင် သိနိုင်ပါသည်” ဟု လျှောက်သော်လည်း မဟောကြသဖြင့် ကဲ့ရဲ့ကြသောကြောင့် “ယော ပန ဘိက္ခု မာတုဂါမဿ ဥတ္တရိ ဆပ္ပဉ္စဝါစာဟိ ဓမ္မံ ဒေသေယျ, ပါစိတ္တိယံ”ဟု ဆပ္ပဉ္စဝါစာဟိကို ထည့်၍ ပထမအနုပညတ်ကို ထပ်တော်မူရလေသည်။ [ဤအနုပညတ်တော် အလိုအားဖြင့် ၆ ခွန်းထက်ပို၍ မဟောကောင်း, ၆ ခွန်းလောက်ကား ဟောကောင်း၏”ဟု ခွင့်ပြုရာရောက်သည်။]
နားလည်သူ ယောက်ျားမရှိဘဲ ၆ ခွန်းထက်ပိုမှု။ ။ ဆဗ္ဗဂ္ဂိယ ရဟန်းတို့သည် မာတုဂါမအား ၆ ခွန်းလောက်သာ တရားဟောခွင့်ပြုတော်မူသည်”ဟု ကြံစည်၍ ဘာမျှနားမလည်သော ယောက်ျားတစ်ယောက်ကို အနား၌ ထားပြီးလျှင် (ထိုယောက်ျားအား ဟောသည့်အနေမျိုး ကြံဘန်၍) ၆ ခွန်းထက် ပိုအောင် ဟောကြပြန်လေသည်၊ ထိုအခါ ရဟန်းများက ကဲ့ရဲ့ကြသဖြင့် ဘုရားထံရောက်၍ “အညတြ ဝိညုနာ ပုရိသဝိဂ္ဂဟန”ဟု ထည့်စွက်၍ ဒုတိယ အနုပညတ်ထပ်တော်မူရလေသည်၊ ဤ၌ “ဝိညူပုရိသ” ဟူသည် “ရိုးရိုးသားသားပြောသည်, မရိုးမသားပြောသည်”ဟု ပြောသမျှ စကားကို နားလည်လောက်သော အချိန်အပ္ပယ်ရှိ၍ (မထိုင်းမအသော) ယောက်ျားတည်း။
သိက္ခာပုဒ်။ ။ ယောပန ဘိက္ခု၊ မာတုဂါမဿ ဥတ္တရှိဆပ္ပဉ္စဝါစာဟိ ဓမ္မံ ဒေသေယျ အညတြ ဝိညုနာ ပုရိသဝိဂ္ဂဟေန၊ ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် နားလည်လောက်သော ယောက်ျားကို ကြဉ်၍ (ထိုယောက်ျားမျိုး အနီးအပါး၌ မရှိဘဲ) မာတုဂါမအား ၅ ခွန်း-၆ ခွန်းထက်ပိုလွန်သော စကားလုံးတို့ဖြင့် တရားဟောအံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ မာတုဂါမ တစ်ယောက်လျှင် ၆ ခွန်းကျ (ဝိညူပုရိသမပါဘဲ) ဟောကောင်းရကား, မာတုဂါမ ၁၀ ယောက်ရှိရာ၌ (တစ်ယောက်လျှင် ၆ ခွန်း ကျစီမှန်း၍) စကားအခွန်းပေါင်း ၆၀ မျှ ဟောကောင်း၏။ နားလည်သူ ယောက်ျားတစ်ယောက် အနီးအပါး၌ရှိလျှင်ကား များစွာပင် ဟောကောင်း၏။ တရား—ဟူသည်လည်း ပါဠိတော်အဋ္ဌကထာ၌ရှိသော ပါဠိဘာသာ တရားတည်း၊ ထို့ကြောင့် မြန်မာသက်သက် တရားစကားပြောလျှင် ယောက်ျားမပါသော်လည်း အာပတ်မသင့်၊ ပါဠိရွတ်၍ဟောလျှင်ကား မာတုဂါမတစ်ယောက်အတွက် ၆ ခွန်းသာဟောကောင်းသည်။
စာမျက်နှာ-၁၃၇
ဇ။ ဘူတာရောစနသိက္ခာပုဒ်
အမှုသည်—ရဟန်းအများ။
အမှု—ဈာန်မဂ်ဖိုလ်တရားကို ရကြောင်းပြောမှု။
ဈာန်မဂ်ဖိုလ်ရကြောင်း အမှန်ပြောကြားမှု။ ။ စတုတ္ထပါရာဇိက ပြခဲ့သော ဝတ္ထုတွင် လောကီဈာန်ကို ရသော ပုထုဇဉ်တို့သည် ဥတ္တရိမနုဿ ဓမ္မခေါ်သော ဈာန်တရားကို လူတို့အား ပြောကြကုန်၏။ အရိယာ ပုဂ္ဂိုလ်တို့ကား မိမိတို့ကိုယ်တိုင် မပြောကြ၊ အခြား ရဟန်းတို့က “မည်သည့်ကိုယ်တော်ဟာ အရိယာဘဲ”ဟု ပြောသဖြင့် မိမိတို့ကို လူတို့က မေးလျှောက်ကြသည့်အခါ “ဟုတ်မှန်ကြောင်းကို မိမိအတွက်လည်းကောင်း, အခြား အရိယာများ အတွက်၎င်း” ဝန်ခံကြလေသည်။ ထိုအကြောင်းကို ဘုရားရှင်သိတော်မူ၍ ဤသိက္ခာပုဒ်ကိုလည်း (စတုတ္ထပါရာဇိက ပညတ်တော် မူချိန်မှာ)ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယောပန ဘိက္ခု၊ အနုပသမ္ပန္ဓဿ ဥတ္တရိမနုဿဓမ္မံ အာရောစေယျ၊ ဘူတသ္မိံ ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် လူသာမဏေအား ဈာန်မဂ်ဖိုလ် တရားဟူသော ဥတ္တရိမနုဿဓမ္မကို (မိမိ၌ ရရှိကြောင်း) ပြောအံ့၊ ပြောသည့်အတိုင်း အမှန်ရလျှင် ပါစိတ်အာပတ်သင့်၏၊ (ပြောသည့် အတိုင်း မမှန်လျှင် ပါရာဇိကဟု ပညတ်တော်မူခဲ့ပြီ။)
ဈ။ ဒုဋ္ဌုလ္လာရောစန သိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—ရှင်ဥပနန္ဒ၏ သံဃာဒိသေသ်အာပတ်ကို လူတို့အား ပြောမှု။
ရှင်ဥပနန္ဒနှင့် ဆဗ္ဗဂ္ဂိယ တို့ဖြစ်ပုံ။ ။ ရှင်ဥပနန္ဒသည် ဆဗ္ဗဂ္ဂိယရဟန်းတို့နှင့် ခိုက်ရန်ဖြစ်ထား၏၊ ရှင်ဥပနန္ဒလည်း သုက္ကဝိသဋ္ဌိ သံဃာဒိသေသ် အာပတ် သင့်၍ ဝတ်စောင့်နေရသည်၊ ထိုပရိဝါသ် နေသူသည် (ဝတ်ကိုမချရသေးလျှင်)ဆွမ်းစားရာ၌ အစွန်ဆုံးနေရာဝယ် ထိုင်ရရိုးတည်း၊ ထိုအချိန်မှာပင် အသင်းတသင်းသည် သံဃာကုန် ဆွမ်းကပ်လာ၏၊ ထိုအခါ ဆွမ်းစားနေစဉ် ဆဗ္ဗဂ္ဂိယရဟန်းတို့သည် ထိုဆွမ်းဒါယကာတို့ကို ပြောကြ
စာမျက်နှာ-၁၃၈
သည်မှာ-ဒါယကာတို့ ချီးမွမ်းနေသော(လက်ညှိုးညွှန်၍) အဲဟိုအရှင်ဥပနန္ဒသည် အကြင်လက်ဖြင့် လှူအပ်သောဆွမ်းကို စား၏, ထိုလက်ဖြင့်ပင် သုက်ကို လွတ်စေမှုကြောင့် ယခုပရိဝါသ် ဒဏ်ထမ်းနေရသဖြင့် နေရာ အစွန်မှာ ထိုင်နေရသည်၊ ဤသို့ပြောမှုကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရသည်။
သိက္ခာပုဒ်။ ။ ယောပန ဘိက္ခု ဘိက္ခုဿ ဒုဋ္ဌလ္လံ၊ အာပတ္တိံ အနုပသမ္ပန္နဿ အာရောစေယျ၊ အညတြ ဘိက္ခု သမ္မုတိယာ ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် (သမ္မုတိရသူ မဟုတ်ပါဘဲ) ရဟန်းတစ်ပါး၏ ရုန့်ရင်းသော အာပတ်ကို လူ-သာမဏေအား ပြောအံ့၊ ထိုရဟန်းသည် ပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ အာပတ်မပြတ်သင့်နေသော ရဟန်းကို ရှက်ကြောက်သဖြင့် နောင်အခါ စောင့်စည်းလိမ့်မည်-ဟု သူ၏အကျိုးစီးပွားကို လိုလားသဖြင့် ထိုရဟန်း၏အာပတ်ကို လူတို့အား ပြောဖို့ရန် ရဟန်းတစ်ပါးကို သမ္မုတိ ပေးထားတတ်၏၊ ထိုသို့ သမ္မုတိရသောရဟန်းကား ထိုရဟန်း၏ ရုန့်ရင်းသော သံဃာဒိသေသ်အာပတ်ကို လူတို့အားလည်းကောင်း, သာမဏေ တို့အားလည်းကောင်း, (မည်သည့် ကိုယ်တော်သည် မည်သည့် သံဃာဒိသေသ် အာပတ်သင့်နေ၏)ဟု ပြောကောင်း၏။
ဉ။ ပထဝီခဏနသိက္ခာပုဒ်
အမှုသည်—ရဟန်းအများ။
အမှု—မြေတူးမှုနှင့် အတူခိုင်းမှု။
ရဟန်းများမြေတူးမှု။ ။ အာဠဝီမြို့၌ နေကုန်သော ရဟန်းတို့သည် “နဝကမ္မ”ဟု ခေါ်ရသော အလုပ်သစ်များကို ပြုလုပ်စဉ် မြေကြီးကို ကိုယ်တိုင်လည်းတူးကြ, လူသာမဏေများကိုလည်း “တူးကြစမ်း”ဟု ခိုင်းကြလေသည်၊ လူတို့က “ရဟန်းတို့သည် တစ်ခုသော ကာယိန္ဒြေရှိသော သတွာကို အဘယ့်ကြောင့် ညှင်းဆဲကြရကုန်သနည်း”ဟု ကဲ့ရဲ့ကြလေသည်၊ [ဟိန္ဒူ၊တို့သည် တောတောင်သစ်ပင် မြေကြီးရေစသည်တို့၌ အသက်ရှိ၏-ဟု အယူ ရှိ၍ မြေကိုတူးလျှင် “မြေ၌ရှိသော အသက်သေသည်”ဟု အယူရှိကြ၏၊ ထို့ကြောင့် ကဲ့ရဲ့ခြင်းဖြစ်သည်၊] ဘုရားရှင်လည်း လူတို့ ကြည်ညိုဖွယ် မဖြစ်သော (သဒ္ဓါတရားပျက်ဖို့ ဖြစ်သော) အလုပ်ကို ရဟန်းများ
စာမျက်နှာ-၁၃၉
မလုပ်စေတော်မူလိုသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်၊ ထို့ကြောင့် “အပ္ပသန္နာနံ ပသာဒါယ, ပသန္နာနံ ဘိယျောဘာဝါယ”ဟု သိက္ခာပုဒ်၏ အကျိုးဆယ်ပါးတွင် ထည့်သွင်းခဲ့ရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ပထဝိံ ခဏေယျဝါ ခဏာပေယျဝါ၊ ပါစိတ္တိယံ။
မြန်မာပြန်။ ။ [အကြင်ရဟန်းသည် မြေကို ကိုယ်တိုင်တူးအံ့, သို့မဟုတ် “တူးစမ်း”ဟု ခိုင်းအံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။]
မှတ်ချက်။ ။ “တူး” ဟူရာ၌ မြေပျက်အောင် ဖျက်ဆီးခြင်း အမျိုးမျိုးပါဝင်၏၊ ထို့ကြောင့် မြေကြီးကို တုတ်ဖြင့် ခြစ်ခြင်း စသည်ကို မပြုရ၊ ယခုကာလ ကျောင်းပုံစံ စသည်ကို ပြရာ၌ မြေကြီးခြစ်၍ ပြတတ်ကြ၏။ ထိုသို့လည်း မခြစ်ကောင်း၊ မြေပျက်စေလိုသော စိတ်ဖြင့် တံမြက်စည်းကိုလည်း ဖိနှိပ် ခြစ်ချုပ်၍ မလှည်းရ၊ လှည်းရိုး လှည်းစဉ် လှည်းရာ၌ မတော်တဆ ပျက်သွားခြင်းကြောင့်ကား အာပတ်မသင့်၊ ပျက်စေလိုသော စေတနာပါလျှင် ကျင်ငယ်ကိုမျှ ပြင်းပြင်းမစွန့်ရ၊ ခိုင်းသည့်အခါလည်း “တူးစမ်း ပေါက်စမ်း” စသည်ဖြင့် မခိုင်းရ၊ “ဤမြေကိုသိစမ်း, တွင်းသိစမ်း, တွင်းကပ္ပိစမ်း”ဟု ရဟန်းများနှင့် အပ်စပ်သော အသုံးအနှုန်းမျိုးဖြင့်သာ ခိုင်းရမည်၊ မြေ-ဟူရာ၌လည်း မြေကြီးအစစ်သာ ပါဝင်၏၊ သဲ-ကျောက်များ မပါဝင်၊ မြေသားနည်း၍ သဲကျောက်အုဌ် များနေလျှင်ကား တူးကောင်း ဖျက်ကောင်း၏။
မုသာဝါဒဝဂ်ပြီး၏
စာမျက်နှာ-၁၄၀
ဘူတဂါမဝဂ်
[ဘူတဂါမသိက္ခာပုဒ်ကို အစ၌ ပြသောကြောင့် “ဘူတဂါမဂ်”ဟု နာမည်တပ်၍, သေနာသန (ကျောင်းအိပ်ရာနေရာ)နှင့် ဆိုင်သော သိက္ခာပုဒ် များစွာပါသောကြောင့် “သေနာသနဝဂ်”ဟုလည်း ပါဠိတော် အဋ္ဌကထာတို့၌ နာမည်တပ်သည်။
က။ ဘူတဂါမသိက္ခာပုဒ်
အမှုသည်—ရဟန်းတစ်ပါး။
အမှု—သစ်ပင်ခုတ်မှု။
ရဟန်းတစ်ပါး သစ်ပင်ခုတ်မှု။ ။ အာဠဝီမြို့သား ရဟန်းအများတို့သည် နဝကမ္မကို ပြုကြစဉ် သစ်ပင်ကို ကိုယ်တိုင်လည်း ခုတ်ဖြတ်ကြ၏ လူ-သာမဏေကိုလည်း “ခုတ်စမ်း-ဖြတ်စမ်း”ဟု ခိုင်းကြ၏၊ ရဟန်းတစ်ပါးလည်း သစ်ပင်ကို ဖြတ်နေစဉ် ထိုသစ်ပင်၌ ရှိသော ရုက္ခဇိုဝ်းမသည် “အရှင်ဘုရား...အရှင်ဘုရား၏ ကျောင်းဗိမာန်ကို ပြုဖို့ရန်အတွက် တပည့်တော်၏ ဗိမာန်ဖြစ်သော သစ်ပင်ကို မဖြတ်ပါနှင့်”ဟု တား၏၊ ထိုရဟန်းကား နားမထောင်ဘဲ ဖြတ်မြဲ ဖြတ်၏၊ ရုက္ခဇိုင်းမသည် “ကလေးမြင်လျှင် သနားသောအားဖြင့် မဖြတ်ဘဲ နေတန်ကောင်းရဲ့”ဟု ကြံ၍ သူ့ကလေးကို ထိုဖြတ်နေသော ရဟန်း၏ရှေ့သို့ ထိုး၍ ပြလိုက်ရာ ရဟန်းလည်း ရွယ်ပြီးသော ဓါးကို မရုပ်သိမ်းနိုင်တော့ဘဲ (အားလွန်၍) ထိုနတ်ကလေး၏ လက်မောင်းဖြတ်မိလေသည်။
ထိုအခါ နတ်မသည် “ကလဲ့စားချေသောအားဖြင့် ဒီရဟန်းကိုသတ်အံ့”ဟု ကြံ၏၊ ထို့နောက် (ဘုရားမျက်နှာတော်ကို ထောက်၍) ဘုရားထံ အကျိုး အကြောင်း လျှောက်လာလေသော်, မြတ်စွာဘုရားသည် သာဓု ခေါ်တော်မူ၍၊ (ဇေတဝန်ကျောင်းတိုက်၌ နတ်တစ်ယောက် စုတေပြီးစ ဖြစ်၍ ပိုင်ရှင် မရှိသော)သစ်ပင်တပင်ကို နေဖို့ရန် နေရာချပေးတော်မူပြီး ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ဘူတဂါမပါတဗျတာယ ပါစိတ္တိယံ။
မြန်မာပြန်။ ။ ဘူတဂါမ်ကို ဖျက်ဆီးခြင်းကြောင့် ပါစိတ် အာပတ်, သင့်၏။
စာမျက်နှာ-၁၄၁
မှတ်ချက်။ ။ ငယ်သေးသည်ဖြစ်၍ ကြီးပွါးခြင်းကိစ္စ မကုန်သေးသော သစ်ပင်ကို “ကြီးပွါးဆဲ”ဟု ခေါ်၏၊ အစွမ်းကုန် ကြီးပွါး၍ ထိုထက် တိုးပွါးဖွယ် မရှိသော သစ်ပင်ကို “ကြီးပွါးပြီး”ဟု ခေါ်၏၊ ထိုသစ်ပင် ၂-မျိုးလုံးကို “ဘူတဂါမ”ဟု ခေါ်သည်။ ထိုဘူတဂါမ်ကို (ဖြတ်မှု ခွဲမှု မီးတိုက်မှု ခြစ်မှု စသောအားဖြင့် တနည်းနည်းနှင့်) ဖျက်ဆီးမှုကြောင့် ပါစိတ် အာပတ် သင့်၏၊ ထို့ကြောင့် သစ်ပင်၌ တည်ရှိသော အသီး အပွင့် အရွက် အခက်များကို မခူးရ, မဆိတ်ရ၊ သစ်ပင်မှ ဆွတ်ခူးပြီး၍ နောက်ခါ သစ်ပင်ပေါက်နိုင်သော မျိုးစေ့ ဟူသမျှကို ဗီဇဂါမ်ဟု ခေါ်၏၊ ထိုဗီဇဂါမ်ကို တနည်းနည်းနှင့် ဖျက်ဆီးမှု-အသီးကို စားစဉ် အစေ့ကို ကိုက်ဖြတ်မှု ကြောင့်ကား ဒုက္ကဋ်အာပတ်သင့်သည်။
မအပ်သော ခိုင်းနည်း။ ။ “ဤသစ်ပင်ကို ဖြတ်စမ်း-ခုတ်စမ်း-လှဲစမ်း-ချိုင်စမ်း- ဤအသီးကိုဆွတ်စမ်း” ငရုပ်သီးမှည့် ကြက်သွန်စသည်ကို “ထောင်းစမ်း, ချက်စမ်း” အပင်ပေါက်မည့် ကြံစသည်ကို “ဖြတ်စမ်း”စသော ခိုင်းခြင်းသည် မအပ်သော ခိုင်းခြင်းဖြစ်၍ အာပတ် သင့်၏။ ထိုတွင် သစ်ပင်ကား ဘူတဂါမ်, ငရုပ်သီးစသောအပင်မှ လွတ်ပြီး မျိုးစေ့ကား ဗီဇဂါမ်တည်း။
အပ်သောခိုင်းနည်း။ ။ ဤသစ်ပင်ကို သိစမ်း, ကပ္ပီစမ်း, ဤငရုပ်သီးကို ကပ္ပီစမ်း” စသော ပထဝီ ခဏန သိက္ခာပုဒ်၌ ပြခဲ့သော ခိုင်းနည်းကား အပ်သော ခိုင်းနည်းတည်း၊ မည်သည့် သစ်ပင် မည်သည့်ငရုပ်သီးဟု မညွှန်ဘဲ “သစ်ပင်ခုတ်လိုက်, ငရုပ်သီးထောင်းလိုက်”စသော ခိုင်းခြင်း၌ အပြစ်မရှိပါ၊ သို့ရာတွင် “သိစမ်း, ကပ္ပီစမ်း”ဟု ပြောတတ်စေရမည်၊ ဤသိက္ခာပုဒ်၌လည်း ဖျက်ဆီးလိုသော စိတ်မရှိဘဲ သစ်တုံးလှိမ့်ရာ တောင်ဝှေးထောက်၍ စင်္ကြန် သွားရာအခါတို့၌ မြက်သစ်ပင်တို့ ပျက်စီးသော်လည်း အနာပတ္တိပင်။
ကပ္ပီခြင်း။ အပ်သောနည်းဖြင့် သစ်ပင် သစ်သီး ကြံစသည်ကို ဆွတ်၍ ခုတ်၍ပြီးသောအခါ ဘူတဂါမ်အဖြစ်မှ ကင်းခဲ့လေပြီ၊ သို့သော် နောက်ထပ် အပင်ပေါက်ဦးမည် ပြစ်လျှင် ဗီဇဂါမ် ဖြစ်နေသေးသောကြောင့် ထိုဗီဇဂါမ် သစ်ကိုင်း သစ်သီး-ကြံချောင်းစသည်ကို ရဟန်းများ သုံးဆောင်ကောင်း လောက်အောင်(ဗီဇဂါမ်ကို ဖျက်ဆီးရာ မရောက်အောင်) “ကပ္ပီခြင်း” ခေါ် ဝိနည်းကံတစ်မျိုးကို ပြုရသေးသည်။
ကပ္ပီနည်းအမျိုးမျိုး။ ။ [ကပ္ပသဒ္ဓါသည် ဤနေရာ၌ သမဏဝေါဟာရ (ရဟန်းတို့၏ အပ်အောင် ပြုကြောင်းဖြစ်သော အသုံး အနှုန်း) အနက်ကို ဟော၏၊ ထိုအသုံးအနှုန်းကား ၁-မီးဖြင့်တိုက်ခြင်း, ၂-ဓါးဖြင့် ခုတ်ခြင်း,
စာမျက်နှာ-၁၄၂
၃-လက်သည်း ခြေသည်းတို့ဖြင့် ဆိတ်ဖြတ်ထိုးဖေါက်ခြင်း, ၄-နဂိုအစေ့ နု၍ အပင်မပေါက်နိုင်ခြင်း, ၅-သရက်သီး မှည့်စသည်ကဲ့သို့ အစေ့ကို ထုတ်ပစ်ခြင်းများတည်း၊ ဤ ၅-မျိုးလုံးပင် ရဟန်းတို့အားအပ်သော အသုံး အနှုန်းများ ဖြစ်သောကြောင့် “ကပ္ပ” ဟု ခေါ်သည်၊ ထိုတွင်အစေ့နုနှင့် ထုတ်ပစ်၍ ရကောင်းသော အစေ့တို့မှာ ကပ္ပီဖွယ်မလို, နဂိုအတိုင်း ကပ္ပဖြစ်သည်။
ကပ္ပီပုံ။ ။ သူ၏မျိုးစေ့မှ အပင်ပေါက်လောက်သော သစ်သီးကြံတို့ကို စားလိုလျှင် ရဟန်းက “ကပ္ပိယံ+ကရောဟိ”ဟုဆိုပြီးနောက် လူသာမဏေ က “ကပ္ပိယံ+ဘန္တေ”ဟုဆိုလျက် (ဆိုတုန်းဖြစ်စေ ဆိုပြီးချက်ခြင်းဖြစ်စေ) မီးဖြင့်သော်လည်းထိုး, ဓါးဖြင့်သော်လည်းခုတ်, လက်သည်းဖြင့်သော်လည်း ဆိတ်ရမည်။ ဓါး-လက်သည်းဖြင့် ထိုးခုတ်ဆိတ်ဖြတ်ရာ၌ ထက်ပိုင်းမပြတ်ဘဲ ဓါးရာ လက်သည်းရာ အပေါက်အပြတ် ထင်ရှားလျှင် စားသုံးကောင်း တော့၏၊ ထက်ပိုင်းပြတ်လျှင်ကား ဆိုဖွယ်ရာမရှိပြီ။
ဆက်ဦးအံ့- “ဓါးဖြင့်ခုတ်”ဟူရာ၌ အပ်ဖြင့်ထိုးခြင်းများလည်း ပါဝင်၏။ ထိုသို့ကပ္ပီရာ၌ သစ်သီးစသော ဝတ္ထုက ရဟန်း၏ လက်ထည်း၌ ရှိနေမှ မဟုတ်, ထောင်ပုံရာပုံ ပုံထားသော အကပ်မခံရသေးသော သစ်သီးပုံ ကြံပုံတို့ကိုလည်း ရဟန်းတစ်ပါးက မထိမကိုင်ဘဲ “ကပ္ပိယံ ကရောဟိ” ဟုဆိုလျှင် လူသာမဏေက တစပ်တည်းနေသော သစ်သီးတလုံး ကြံတချောင်းကို “ကပ္ပိယံ ဘန္တေ”ဟု ဆို၍ ခုတ်လိုက် ထိုးလိုက်သောအခါ အားလုံးပင် ကပ္ပီပြီး ဖြစ်တော့၏၊ တစ်ကြိမ် ကပ္ပီပြီးသော သစ်သီးများကို (အကပ်မခံရသေးလျှင်) နောက်နောက်ရက်များ၌ပင် ထပ်၍မကပ္ပီဘဲ အကပ်ခံ၍ စားသောက်နိုင်၏။
ကပ္ပိယံ ကရောဟိ အဓိပ္ပါယ်။ ။ “ကပ္ပသဒ္ဒါသည် သမဏ ဝေါဟာရ = ရဟန်းတို့၏ အပ်ကြောင်းဖြစ်သော အသုံးအနှုန်းကို ဟောသည်”ဟု ဆိုခဲ့ပြီ၊ ထိုအသုံးအနှုန်း အားလျော်သော အပြုအမူ (ဓါးဖြင့်ခုတ်ခြင်းစသည်ကို) “ကပ္ပဿ-သမဏဝေါဟာရအား+အနရူပံ = လျော်သော အမှုတည်း” ဟူသော ဝိဂြိုဟ်အရ “ကပ္ပိယ”ဟု ခေါ်သည်၊ ထို့ကြော “ကပ္ပိယံ = ရဟန်းတို့အား အပ်ကြောင်းဖြစ်သော အသုံးအနှုန်းအားလျော်သော အမှုကို (သဒ္ဒါနက်) ဝါ-အပ်သည်ကို၊ (အဓိပ္ပါယ်နက်)ဝါ-ကပ္ပီခြင်းကို (ဝေါဟာရ-သုံးစွဲရိုးအနက်) ကရောဟိ-ပြုလေ”ဟု အနက်ဆို၊ “ကပ္ပိယံ ဘန္တေ”၌ “ဘန္တေ-အရှင်ဘုရား၊ ကပ္ပိယံ-အပ်သည်ကို၊ (ကရောမိ-ပြုပါ၏)”ဟုဆို၊
စာမျက်နှာ-၁၄၃
ဤကပ္ပိယံကရောဟိ၌ ယက်ဖြတ်၍ “ကပ္ပီ”ယခု ကာလ၌ ပြောကြသည်။ ပါဠိလို မဆိုတတ်လျှင် မြန်မာလို ဆရာက “ကပ္ပီစမ်း” တပည့်က “ကပ္ပီပါ၏ဘုရား” ဟုဆို၍ ဓါးစသည်ဖြင့် ခုတ်လျှင်လည်း အပ်သည်သာ။ [ရဟန်းများ သုံးစွဲ ကောင်းခြင်း, သုံးစွဲမှုကြောင့် အပြစ်မရှိခြင်းကို “အပ်”ဟု ဝိနည်းမှာ သုံးနှုန်း၏။]
ခ။ အညဝါဒက သိက္ခာပုဒ်
အမှုသည်—အရှင်ဆန္န။
အမှု—စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို ဖုံးမှု။
စကားတစ်မျိုးဖြင့် ဖုံးကွယ်မှု။ ။ အရှင်ဆန္န၏ မလျောက်ပတ်သော (အာပတ်သင့် စကားတစ်မျိုးဖြင့် လောက်သော) အမှုကိုမြင်၍ သံဃာ့အလယ်၌ ဝိနည်းဓိုရ် ဖုံးကွယ်မှ ပုဂ္ဂိုလ်က အာပတ်ဖြင့် စစ်ဆေးအပ်သော်, “ကော အာပန္နော = ဘယ်သူ အာပတ်သင့်သလဲ”ဟု ဝိနည်းဓိုရ်ကို ပြန်၍မေး၏၊ “သင်အာပတ်သင့်တယ်”ဟုဆိုလျှင် “ကိံ အာပန္နော—အဘယ်အာပတ် သင့်သလဲ”ဟု ပြန်၍မေး၏၊ “ပါစိတ်အာပတ်, သို့မဟုတ် ဒုက္ကဋ် အာပတ်သင့်တယ်” ဟုဆိုလျှင် ဧကသ္မိံ အာပန္နော = အဘယ် အမှုကြောင့် သင့်သလဲ”ဟု ပြန်၍ မေး၏၊ “မည်သည့် အမှုကြောင့်သင့်သည်”ဟုဆိုပြန်လျှင် “ကထံ အာပန္နော = ဘယ်လို အခြင်းအရာဖြင့် (ဘယ်လို ပြုနေရင်း) သင့်သနည်း”ဟု ပြန်၍မေး၏၊ “မည်သည့် အမှုကို ပြုနေရင်းသင့်သည်ဟု ဆိုပြန်လျှင် “ကံ ဘဏထ = ဘယ်သူ့ကို ပြောနေကြတာလဲ”ဟု မေးပြန်၏။ သင့်ကို “သင့်ကို ပြောနေတာဘဲ”ဟုဆိုလျှင် “ဘာကို ပြောကြသလဲ”ဟု မေးပြန်၏၊ ဤသို့ စသည်ဖြင့် မပြီးမပြတ်နိုင်လောက်အောင် စကားတစ်မျိုးဖြင့် စကား တစ်မျိုးကို ကွယ်ကာနေမှုကြောင့် “အညဝါဒကေ ပါစိတ္တိယံ”ဟု ပညတ်တော် မူရလေသည်။
သံဃာကိုညှဉ်းဆဲမှု။ ။ အရှင်ဆန္နသည် နောက်တစ်ကြိမ် မလျောက်ပတ်မှုကို ပြုခြင်းကြောင့် သံဃာ့အလယ်၌ အာပတ်ဖြင့် စစ်ဆေးအပ်ပြန်သော် ရှေးကလို စကားအမျိုးမျိုးပြော၍ ကွယ်ကာလျှင် အာပတ်သင့်မည် စိုးသောကြောင့် ဘာစကားမျှ ပြန်၍မပြောတော့ဘဲ တိတ်တိတ်နေလေသည်၊ ဝိနည်းဓိုရ်က အထပ်ထပ်မေးသော်လည်း ရှင်ဆန္နကား ဘာမျှပြန်၍ မပြောတော့၊ ထိုအခါ ရဟန်းများက ပြန်၍ မပြောဘဲ သံဃာကို
စာမျက်နှာ-၁၄၄
ညှဉ်းဆဲရမလား” ဟု ကဲ့ရဲ့ကြသောကြောင့် “ဝိဟေသကေ ပါစိတ္တိယ” ဟု အနုပညတ်တပ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ အညဝါဒကေ ဝိဟေသကေ ပါစိတ္တိယံ။
မြန်မာပြန်။ ။ မေးအပ်သောအကြောင်းမှ တစ်ပါးသော အကြောင်းကို ပြောဆိုတတ်သူ၏ အဖြစ်ကြောင့်၎င်း၊ သံဃာကို ညှဉ်းဆဲတတ်သူ၏ အဖြစ်ကြောင့်လည်းကောင်း, ပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ အညဝါဒကအမှုကြောင့် ပါစိတ်တချက်, ဝိဟေသက အမှုကြောင့် ပါစိတ်တချက်သင့်၏။ ဤသို့ အညဝါဒက အပြုသူကို ရှေးဦးစွာ အညဝါဒကကံပြုရ၏၊ ထိုသို့ ကံပြုလျက် အညဝါဒကအမှုကို ပြုမြဲပြုနေမှ ပါစိတ်အာပတ်သင့်သည်၊ အညဝါဒကကံ မပြုရသေးခင် စကားတစ်ခုဖြင့် စကားတစ်ခုကို ကွယ်ကာနေမှုကြောင့်ကား ဒုက္ကဋ် အာပတ်သာသင့်၏။ [ဝိဟေသအမှု၌လည်း နည်းတူ။]
ဂ။ ဥဇ္ဈာပနကသိက္ခာပုဒ်
အမှုသည်—မေတ္တိယ, ဘူမဇကရဟန်းများ။
အမှု—အထင်သေးအမြင်သေးအောင်ပြောမှု။
အရှင်ဒဗ္ဗအပေါ် အထင်းသေးအောင် ပြောမှု။ ။ ဒုဋ္ဌဒေါသ သိက္ခာပုဒ်၌ (နေရာခင်းပေးခြင်း, ဆွမ်းလှည့်ချပေးခြင်းတို့ဖြင့်) အရှင်ဒဗ္ဗ၏ သံဃာ တာဝန်ဆောင်ပုံကို ပြခဲ့ပြီ၊ မေတ္တိယ-ဘူမက မည်သော ရဟန်းတို့သည် အရှင်ဒဗ္ဗအပေါ်၌ အခြားရဟန်းတို့က အထင်သေး အမြင်သေးဖြစ်အောင် အရှင်ဒဗ္ဗ၏ မဟုတ်မမှန်သော မကောင်းသတင်းကို လုပ်ကြံ၍ (ဒဗ္ဗသည် ဆန္ဒာဂတိလိုက်ပြီး နေရာခင်းပေးတယ်, ဆွမ်းလှည့်ချတယ်) ဟု အခြားရဟန်းတို့အား ပြောကြလေသည်၊ ထိုအမှကြောင့် “ဥဇ္ဈာပနကေ ပါစိတ္တိယံ”ဟု ပညတ်တော်မူရလေသည်။
အတင်းပြောမှု။ ။ ထိုသို့ပညတ်တော် မူပြီးနောက် ထိုမေတ္တိယ-ဘူမဇက ရဟန်းတို့သည် အရှင်ဒဗ္ဗ၏ မကောင်းသတင်းကို အခြား ရဟန်းများထံ တိုက်ရိုက်မပြောကြတော့ဘဲ အခြားရဟန်းတို့၏ အနီးအပါး အခြားရဟန်းတို့ ကြားလောက်သည့်) နေရာ၌ “ဒဗ္ဗသည် ဆန္ဒာဂတိလိုက်၍ နေရာခင်းပေးတယ်, ဆွမ်းလှည့်ချပေးတယ်”ဟု သူတို့အချင်းချင်း အတင်း ပြောကြကုန်၏၊ ထိုသို့အတင်းပြောသံကို ကြားသောရဟန်းတို့က အရှင်ဒဗ္ဗကို
စာမျက်နှာ-၁၄၅
ညှဉ်းဆဲကြလိမ့်မည်-ဟု သူတို့အယူရှိကြသည်၊ ထိုအတင်းပြောမှုကြောင့် “ခိယျနကေပါစိတ္တိယံ”ဟု အနုပညတ် ထပ်တော်မူရပြန်သည်။ [“ခိယျနကေ-ရှုတ်ချခြင်းကြောင့်”ဟု အနက်ပေးရာ၌ အမှန်မှာ “အတင်းပြောမှုပင်”ပင်]
သိက္ခာပုဒ်။ ။ ဥဇ္ဈာပနကေ ခိယျနကေ ပါစိတ္တိယံ။
မြန်မာပြန်။ ။ အထင်သေးအမြင်သေးစေကြောင်းစကားကို ပြောဆိုခြင်း (ကဲ့ရဲ့ခြင်း) ကြောင့်လည်းကောင်း, အပြစ်ကိုထင်ရှားပြခြင်း (ရှုတ်ချခြင်း) ကြောင့်လည်းကောင်း, ပါစိတ်အာပတ်သင့်၏။
ဃ။ ပထမသေနာသနသိက္ခာပုဒ်
အမှုသည်—ရဟန်းအများ။
အမှု—သံဃိကအိပ်ရာနေရာကို မရုပ်သိမ်းမှု။
အိပ်ရာနေရာ မရုပ်သိမ်းမှု။ ။ ရဟန်းတို့သည် ဆောင်းအခါဝယ် လွင်တီးခေါင်၌ (အမိုးမရှိသော ဟာလာဟင်း အရပ်၌) သံဃိက ညောင်စောင်း (ခုတင်) အင်းပျဉ် (ထိုင်ခုံအမျိုးမျိုး) စသည်ကိုခင်း၍ နေပူလှုံကြပြီးလျှင် တခြားအရပ်သို့ သွားသည့်အခါ ထိုအိပ်ရာနေရာများကို ကိုယ်တိုင်လည်း မရုပ်သိမ်းကြ, သူတစ်ပါးကိုလည်း “ရုပ်သိမ်းလိုက်စမ်းပါ”ဟု မခိုင်းကြ၊ “တပည့်တော်သွားပါဦးမည်”ဟု တစ်စုံတစ်ယောက်ထံ၌လည်း ခွင့်မပန်ကြ၊ ညောင်စောင်းအင်းပျဉ်(ခုတင်ထိုင်ခုံ) စသည်တို့ နှင်းစိုကုန်လေသည်၊ ထို့ကြောင့် အခြားရဟန်းတို့ ကဲ့ရဲ့ကြသဖြင့် ဤသိက္ခာပုဒ်ကိုပညတ်တော်မူရလေသည်။ [လူ-သာမဏေ-တပည့်ရဟန်းငယ်စသူကို “ခင်းလိုက်စမ်း”ဟု ခိုင်းမှုကို “သန္ထရာပေတွာ”ဟုဆို၏၊]
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု သံဃိကံ မဉ္စံ ဝါ ပီဌံ ဝါ ဘိသိံ ဝါ ကောစ္ဆံ ဝါ အဇ္ဈောကာသေ သန္ထရိတွာ ဝါ သန္ထရာပေတွာ ဝါ တံ ပက္ကမန္တော နေဝ ဥဒ္ဓရေယျ, န ဥဒ္ဓရာပေယျ, အနာပုစ္ဆံ ဝါ ဂစ္ဆေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် သံဃာ့ဥစ္စာဖြစ်သော ညောင်စောင်း, အင်းပျဉ်, ဘုံလျှိုခတ်အခင်းကို လွင်တီးခေါင်၌ ကိုယ်တိုင်ခင်းပြီးသော်လည်းကောင်း, သူတစ်ပါးကို ခင်းစေပြီး၍သော်လည်းကောင်း, အခြားတနေရာသို့သွားလို
စာမျက်နှာ-၁၄၆
လတ်သော် ထိုညောင်စောင်းစသည်ကို ကိုယ်တိုင်မူလည်း မရုပ်သိမ်းအံ့၊ သူတစ်ပါးကိုမူလည်း မရုပ်သိမ်းစေအံ့၊ မပန်ပြောဘဲ မူလည်း သွားအံ့၊ ထိုရဟန်းပါစိတ်အာပတ်သင့်၏။
ဘိသိ။ ။ ကောစ္ဆ။ အဇ္ဈောကာသေ—ဘာသာဋီကာမှာယူ။
င။ ဒုတိယသေနာသနသိက္ခာပုဒ်
အမှုသည်—သတ္တရသဝဂ္ဂီရဟန်းကလေးများ။
အမှု—သံဃိကကျောင်း၌အိပ်ရာနေရာခင်း၍ မရုပ်သိမ်းဘဲသွားမှု။
သတ္တရသဝဂ္ဂီတို့ မရုပ်သိမ်းမှု။ ။ လူ့ဘောင်မှစ၍ မိတ်ဆွေဖြစ်လာခဲ့ကြသော၁၇-ပါးသော ရဟန်းတို့သည် အတူသွား အတူနေ များစွာအကျွမ်း တဝင်ရှိကြလေသည်၊ ထိုရဟန်းတစုကို “သတ္တရသဝဂ္ဂိယ” ဟုခေါ်၏၊ ထိုသတ္တရသဝဂ္ဂီရဟန်းတို့သည် သံဃိကကျောင်း၌ အိပ်ရာနေရာများကိုခင်း၍ ထိုင်ကြ အိပ်ကြပြီးလျှင် အရပ်တစ်ပါးသို့ သွားကြသည့်အခါ ကိုယ်တိုင်လည်း မရုပ်သိမ်းကြ, သူတစ်ပါးကိုလည်း အသိမ်းမခိုင်းကြ, (တာဝန်ဝတ္တရားကို ရိုသေစွာ) စောင့်ရှောက် ကြည့်ရှုမည့် ရဟန်း, သာမဏေ, အာရာမ်စောင့်, ကပ္ပိယများကိုလည်း မတိုင်ကြားဘဲ သွားကြသဖြင့် (အိပ်ရာနေရာတွင် မကဘဲ) ကျောင်းကိုပါ ခြစားသောကြောင့် အခြား ရဟန်းတို့ ကဲ့ရဲ့ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု သံဃိကေ ဝိဟာရေ သေယျံ သန္ထရိတွာ ဝါ သန္ထရာပေတွာ ဝါ တံ ပက္ကမန္တော နေဝ ဥဒ္ဓရေယျ, န ဥဒ္ဓရာပေယျ, အနာပုစ္ဆံ ဝါ ဂစ္ဆေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် သံဃာ့ဥစ္စာဖြစ်သော ကျောင်း၌ အိပ်ရာနေရာအခင်းကို ကိုယ်တိုင် ခင်းပြီး၍သော်လည်းကောင်း, သူတစ်ပါးကို အခင်းခိုင်းပြီး၍သော်လည်းကောင်း, ထိုအခင်းကိုအခြားတနေရာ သွားလိုသည့် အခါ၊ ကိုယ်တိုင်လည်း မရုပ်သိမ်းအံ့၊ သူတစ်ပါးကိုလည်း အရုပ်သိမ်း မခိုင်းအံ့၊ မပန်ပြောဘဲလည်း သွားအံ့၊ ထိုရဟန်းပါစိတ်အာပတ် သင့်၏။
စာမျက်နှာ-၁၄၇
သေယျ = အိပ်စရာ ထိုင်စရာ ၁၀-မျိုး
ဘိသိ မိလိကာ စေဝ, ဥတ္တရတ္ထရဏံ ပိစ၊ ဘူမတ္ထရဏံ တဋ္ဋိကာ, စမ္မခဏ္ဍော နိသီဒနံ။ ပစ္စတ္ထရဏံ စ တိဏ-သန္ထာရော ပဏ္ဏသန္ထာရော၊ ဒသယိမာ သေယျာ ဝုတ္တာ, မုနိနာဒိစ္စ ဗန္ဓုနာ။
ဘိသိ-ဘုံလျှို၊ စိမိလိကာ-အဝတ်ကြမ်း၊ ဥတ္တရတ္ထရဏံ-အပေါ်လွှမ်း အခင်း၊ သူမတ္ထရဏံ-မြေအခင်း၊ တဋ္ဋိကာ-ဖျာကြမ်း၊ စမ္မခဏ္ဍော-သားရေပိုင်း၊ နိသီဒနံ-နိသီဒိုန်၊ ပစ္စတ္ထရဏံ-သီးခြားအခင်း၊ တိဏသန္ထာရော-မြက်အခင်း၊ ပဏ္ဏသန္ထရော-သစ်ရွက်အခင်း၊ ဣမာဒသသေယျာ-ဤအခင်း ဆယ်မျိုးတို့ကို၊ မုနိနာ အာဒိစ္စဗန္ဓုနာ-နေမျိုးထွဋ်တင် ဘုရားရှင်သည်၊ ဝုတ္တာ-ဟောတော်မူအပ်ကုန်ပြီ။
“စိမိလိကာ”ဟူသည် အင်္ဂတေစသည်ဖြင့် အချောကိုင်ထားသော မြေ၌ အရောင်မပျက်အောင် ခင်းအပ်သော အခင်းကြမ်းတစ်မျိုးတည်း၊ ဥတ္တရတ္ထရဏ(ဥတ္တရိ = အပေါ်၌ + အတ္ထရဏ = ခင်းအပ်သော)” ဟူသည် ညောင်စောင်း အင်းပျဉ်တို့ အပေါ်၌ ခင်းအပ်သော အိပ်ရာခင်း စသောအခင်းများတည်း၊ “ဘူမတ္ထရဏ”ဟူသည် စိမိလိကာရှိလျှင် စိမိလိကာ အပေါ်၌ ခင်းရသော စိမိလိကာမရှိလျှင် ရိုးရိုးမြေ၌ ခင်းအပ်သော သင်ဖြူး စသည်တည်း၊ “တဋ္ဋိကာ” ဟူသည် သင်ဖြူး စသည်ကဲ့သို့ အနုအချော မဟုတ်-ထန်းရွက်စသည်ဖြင့် ပြုလုပ်အပ်သော ဖျာကြမ်းတည်း။
“စမ္မခဏ္ဍ”ဟူသည် ခြင်္သေ့ရေ သစ်ရေ ကျားရေမှစ၍ အားလုံးသော သားရေတည်း၊ ထိုသားရေကိုပင် နံဘေးပတ်လည် ဖြတ်ထားအပ်သောကြောင့် “ဓမ္မ = သားရေ+ခဏ္ဍ = အပိုင်းအဖြတ်”ဟုခေါ်သည်၊ ခြင်္သေ့ရေ စသည်ကို ပုဂ္ဂလိကအဖြစ်ဖြင့် သွားလေရာယူ၍ မသုံးစွဲကောင်း၊ ကျောင်း အသုံးအဆောင် အဖြစ်ဖြင့်ကား သားရေအားလုံး သုံးဆောင်ကောင်းသည်။]နိသီဒိုန်ကို နိသီဒန သန္ထတသိက္ခာပုဒ်၌ပြခဲ့ပြီ၊ ပစ္စတ္ထဂုဏ (ပတိ-အတ္ထရဏ-သီးခြားအခင်း၊)”ဟူသည် ကော်ဇောကဲ့သို့ အမွှေးပါသော အခင်းများတည်း၊ “တိဏသန္ထာရ ပဏ္ဏသန္ထရ”ဟူသည် မြက်များကိုလည်းကောင်း, သစ်ရွက်များကိုလည်းကောင်း, တွဲစပ်၍ အခင်းလုပ်ထားသော အခင်းများတည်း။
စာမျက်နှာ-၁၄၈
တာဝန်ဝတ်တရား။ ။ ထိုအခင်းများကို သံဃိကကျောင်းပေါ်၌ ခင်းနေ ပြီးနောက် တခြားအရပ်သို့ ညဉ့်အိပ်သွားလိုလျှင် ကိုယ်တိုင်ဖြစ်စေ, ခိုင်း၍ ဖြစ်စေ သိမ်းထားခဲ့ရမည်၊ သို့မဟုတ် ရဟန်း, သာမဏေ, အာရာမ်စောင့် ၃-မျိုးလုံးရှိလျှင် ရဟန်းထံ, ရဟန်းမရှိလျှင် သာမဏေထံ, ရဟန်း သာမဏေမရှိလျှင်အာရာမ်စောင့်ထံ အပ်နှံပန်ပြော၍သွားရမည်၊ မည်သူမျှ မရှိလျှင် ကျောင်းဒါယကာထံ အပ်နှံ၍ကျောင်းဒါယကာက သံဃိကပစ္စည်းကို အိမ်မှာလက်မခံလိုလျှင် တနည်းနည်းနှင့် ကြံဖန်သိမ်းထား၍သွားရမည်၊ ထိုကဲ့သို့မသိမ်းဘဲသွားလျှင် ခြတက်၍ ကျောင်းပါပျက်စီးတတ်သောကြောင့် ပါစိတ်အာပတ်သင့်သည်၊ ကျောင်းတွင်းမဟုတ်ဘဲ အခြားမလုံခြုံသောနေရာ၌ ထားပစ်ခဲ့လျှင် ကျောင်းမပျက်-အခင်းများသာ ပျက်သောကြောင့် ဒုက္ကဋ်၊ [ခြလည်းတက်မည်ဟု မထင်, မိုးလည်း လုံသောကျောင်းမှသွား ရာ၌ကား မသိမ်း မပန်ဘဲ သွားခြင်းကြောင့် အာပတ်မသင့်ပါ၊ သို့ရာတွင် ရုပ်သိမ်း၍ ပန်ကြား၍သွားခြင်းမှာ ဝတ်တရားဖြစ်သည်။]
စ။ အနုပခဇ္ဇသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—မထေရ်ကြီးများအနား၌ ကပ်ရောက်နေထိုင်မှု။
ဆဗ္ဗဂ္ဂီရဟန်းများ ညစ်ပုံ။ ။ သံဃိကအိပ်ရာ နေရာများတွင် ကြီးသူတို့ မလိုချင်သော နေရာကိုသာ ငယ်သူတို့ ရကြရိုးတည်း၊ ဆဗ္ဗဂ္ဂီရဟန်းတို့ကား သံဃာများခရီးသွားကြသည့်အခါ ရှေးဦးစွာ သွားနှင့်ကြ၍ နေရာကောင်းတို့၌ သူတို့၏ သပိတ်သင်္ကန်းများကိုထားပြီးလျှင် ထေရ်ကြီးများကို (ထိုနေရာ မယူရအောင်) အနှောင့်အယှက် ပေးကြ၏၊ ထေရ်တို့သည် ဝါစဉ်အတိုင်း နေရာယူသည့်အခါ ဆဗ္ဗဂ္ဂီတို့ မှတ်ထားသော နေရာများ၌ ကျရောက်ကြသဖြင့် “ငါတို့အား ဒီနေရာမှာ ကျရောက်သည်” ဟုပြောပြီးလျှင် ဆဗ္ဗဂ္ဂီရဟန်းငယ်တို့ကို ထစေကြလေသည် ထိုအခါ ဆဗ္ဗဂ္ဂီ ရဟန်းတို့သည် “အရှင်ဘုရားတို့အား ခုတင်ထားရာ ထိုင်ခုံထားရာ အရပ်သာရောက်၏, ထိုခုတင်ထိုင်ခုံ၏ နံပါး၌ လွတ်လပ်သော ကြမ်းပြင်သည် အရှင်ဘုရားတို့နှင့်မဆိုင်” ဟု ဆိုပြီးလျှင် သူတို့အတွက် ကျရောက်သော အခြားနေရာမှ ညောင်စောင်းအင်းပျဉ် (ခုတင်ထိုင်ခုံ)များကိုယူခဲ့၍ ထေရ်တို့၏ ခုတင်ထိုင်ခုံများအနီးအပါး၌ ကပ်လျက်ခင်းပြီးလျှင် ထိုင်ကြ အိပ်ကြ
စာမျက်နှာ-၁၄၉
စာအံကြလေသည်၊ သူတို့ရည်ရွယ်ချက်ကား ယခုလို ကျဉ်းမြောင်းကြပ်တည်းအောင် အနှောင့်အယှက်ပေးလျှင် ထေရ်ကြီးတွေ အခြားနေရာ သွားနေကြလိမ့်မည်၊ ထိုအခါ နဂိုက ငါတို့မှတ်ထားသော ညောင်စောင်းအင်းပျဉ်ကို ငါတို့ပင်ရလိမ့်မည်ဟု ယူဆကြခြင်းဖြစ်၏၊ ထို့ကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု သံဃိကေ ဝိဟာရေ ဇာနံ ပုဗ္ဗုပဂတံ ဘိက္ခုံ အနုပခဇ္ဇ သေယျံ ကပ္ပေယျ “ယဿ သမ္ဗာဓော ဘဝိဿတိ, သော ပက္ကမိဿတီ”တိ ဧတဒေဝ ပစ္စယံ ကရိတွာ အနညံ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် သံဃိကကျောင်း၌ မထစေထိုက်သူဟု သိလျက် မိမိအလျင်, ကပ်ဝင်နေထိုင်သော ရဟန်း၏အနီးသို့ ကပ်ဝင်၍ ထိုင်ခြင်း အိပ်ခြင်းကိုပြုအံ့၊ (အဘယ်သို့ကြံ၍ ပြုသနည်းဟူမူ) “အကြင်ရဟန်းမှာ ကျဉ်းကြပ်ခြင်းဖြစ်လတံ့၊ ထိုရဟန်း ဖဲသွားလိမ့်မည်”ဟု ကြံ၍ ဤကျဉ်းကြပ်စေခြင်းကိုသာလျှင် အကြောင်းပြု၍ အခြားအကြောင်းမရှိဘဲ ထိုင်ခြင်း အိပ်ခြင်းကိုပြုအံ့၊) ထိုရဟန်း ပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ မိမိထက်ကြီးသူကိုလည်းကောင်း, မကျန်းမမာဖြစ်နေသူကိုလည်းကောင်း, (အများအကျိုး ဆောင်သော စာချ-ဓမ္မကထိက-ဝိနည်းဓိုရ်-ဘဏ္ဍာစိုး စသူတို့အား သီးခြားနေရာပေးထားတတ်၏။) ထိုသို့ နေရာသီးခြားရထား သူကို၎င်း
အခြားပုဂ္ဂိုလ်များက “ဒီနေရာ တပည့်တော်အား ရောက်သည်”ဟုဆို၍ ထ, မသွားစေနိုင်၊ ထိုသို့ သူ့နေရာမှ မထစေထိုက်သော ရဟန်းဟုသိခြင်းကို “ဇာနံ”ဟု သိက္ခာပုဒ်၌ဆိုသည်။
ဆ။ နိကဍ္ဎနသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—သံဃိကကျောင်းမှထွက်သွားအောင် လုပ်မှု။
ဆဗ္ဗဂ္ဂီတို့အကြံ။ ။ ဇေတဝန်ကျောင်းတိုက်၏ အစွန်အဖျား၌ ကျောင်းကြီး တကျောင်းကို “ဤကျောင်း၌ ဝါဆိုကြစို့”ဟု တိုင်ပင်၍ သတ္တရသဝဂ္ဂီရဟန်းကလေးတို့ ကျောင်းပြင်နေကြလေသည်။ ဆဗ္ဗဂ္ဂီရဟန်းကြီး
စာမျက်နှာ-၁၅၀
တို့တွင် အချို့ က “ဒီရဟန်းကလေးတွေကို ကျောင်းမှထွက်သွားစေကြစို့”ဟု ပြောလျှင် အချို့က “ဆိုင်းငံ့ကြဦး, သူတို့ပြင်ပြီးမှ ထွက်စေကြ”ဟု ပြောကြ၏၊ ဝိနည်းတော်ထုံးစံအားဖြင့် သိဃိကကျောင်းမှန်လျှင် ကြီးသူတို့သာ နေရာကောင်း ရရှိကြ၏။ ကြီးသူတို့ မလိုချင်မှ ငယ်သူတို့ ရကြသည်။ ထို့ကြောင့် ကျောင်းပြင်ပြီးသောအခါ “ငါ့ရှင်တို့... ဤကျောင်းသည် ငါတို့ အားရောက်၏, သင်တို့ထွက်ကြ”ဟု နှင်ကြလေသော်..... “အရှင်ဘုရားတို့ စောစောပြောကြလျှင် တပည့်တော်တို့လဲ အခြားကျောင်းကို ပြင်ဆင်ကုန်ရာ၍”ဟု ပြော၍ မထွက်သေးဘဲ နေကြလေ၏၊ “ဒီကျောင်းဟာ သံဃိကကျောင်း မဟုတ်လား”ဟု ဆဗ္ဗဂ္ဂီတို့ကမေး၍ “ဟုတ်ပါကြောင်း”ဝန်ခံလျှင် “ငါ့ရှင်တို့ ထွက်ကြ, ငါတို့အား ရောက်သည်”ဟု ထပ်၍ပြောကြပြန်လေသည်။
ထိုအခါ သတ္တရသဝဂ္ဂီ ရဟန်းကလေးများက “အရှင်ဘုရားတို့..... ကျောင်းကြီး ကျယ်ပါတယ်, အရှင်တို့လဲ နေ့ကြတာပ, တပည့်တော်တို့လဲ နေပါရစေ”ဟု လျှောက်ကြပြန်လျှင် “ငါ့ရှင်တို့ထွက်ကြလော, ကျောင်းသည် ငါတို့အားရောက်၏”ဟု ပြောပြောဆိုဆိုနှင့်ပင် လည်ပင်းကိုင်၍ ဆွဲထုတ်ကြလေသော် ရဟန်းကလေးတို့ ငိုကြသံကို အခြားရဟန်းများကြား၍ ဘုရားထံလျှောက်ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဘိက္ခုံ ကုပိတော အနတ္တမနော သံဃိကာ ဝိဟာရာ နိက္ကဍ္ဎေယျ ဝါ နိက္ကဍ္ဎာပေယျ ဝါ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် အခြားရဟန်းကို စိတ်ဆိုးသည် (မိမိ၏ပင်ကိုယ်စိတ်မရှိသည်)ဖြစ်၍ သံဃိကကျောင်းမှ ကိုယ်တိုင်မူလည်း နှင်ထုတ်အံ့၊ သူတစ်ပါးကိုမူလည်း နှင်ထုတ်ခိုင်းအံ့၊ ထိုရဟန်းပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ လဇ္ဇီသူတော်ကောင်းကို နှင်ထုတ်မှသာ အာပတ်သင့်၏၊ အလဇ္ဇီကိုလည်းကောင်း, ခိုက်ရန်ဖြစ်တတ်သောသူကိုလည်းကောင်း, သံဃိကကျောင်းမှ နှင်ထုတ်မှု, ကောင်းစွာမကျင့် မလိုက်နာသောတပည့်ကို နှင်ထုတ်မှု, မိမိပိုင်ပုဂ္ဂလိက ကျောင်းမှ မိမိသဘောမကျသူကို နှင်ထုတ်မှုကြောင့်ကား အာပတ်မသင့်။
စာမျက်နှာ-၁၅၁
ဇ။ ဝေဟာသကုဋိသိက္ခာပုဒ်
အမှုသည်—ရဟန်းတစ်ပါး။
အမှု—အထက်ထပ်၌ အခင်းမရှိသေးဘဲ ခုတင်ကိုခင်း၍ထိုင်မှု။
ခုတင်ကို ဖိ၍ ထိုင်မှု။ ။ သံဃိကဖြစ်သော ၂ ထပ်ကျောင်း တဆောင်ဝယ် အထက်ထပ်၌ ပျဉ်စသည်မခင်းရသေး၍ ဟင်းလင်းဖြစ် နေ၏။ သို့သော် ညောင်စောင်း ထိုင်ခုံများထား၍ ဖြစ်လောက်အောင် ဆင့်ကြပြီးပြီဟုကား ဆိုရပြီ၊ သို့ရာဝယ် ခုတင်ထိုင်ခုံများ၏ခြေကား ထိုဆင့် များပေါ်၌ထား၍ ဖြစ်ဖွယ်မရှိသောကြောင့် အောက်၌ တွဲလျားကျနေပေလိမ့်မည်၊ “ဝေဟာသကုဋိ” ဟု ခေါ်ရသော ကျောင်းငယ်၌ ရဟန်း ၂-ပါးသည် အထက်ထပ်တစ်ပါး အောက်ထပ်တစ်ပါးနေကြလေ၏။ အထက်ထ နေသူ၏ညောင်စောင်း (ခုတင်) သည်ဘောင်၌ ထွင်း၍ အခြေတပ်ထားသော ညောင်စောင်းဖြစ်၏၊ ထိုအခြေကိုလည်း စို့ရိုက်မထားသဖြင့် အလွယ်တကူ ကျွတ်ကျလောက်၏။ အခါတစ်ပါး၌ အထက်ထပ်နေရဟန်းသည် ထိုညောင်စောင်းကို အဆောတလျင် ဖိ၍ထိုင်လိုက်ရာ ခြေထောက်ကျွက်၍အောက်ထပ် နေရဟန်း၏ ဦးခေါင်းပေါ်ကျသဖြင့် အလန့်တကြား အော်လိုက်မိလေသည်၊ ထိုအခါ အော်သံကြား၍ ပြေးလာကြသော ရဟန်းများသိ၍ အထက်ထပ်နေ ရဟန်းကို ဘောင်၌ အခြေတပ်ထားသော ခုတင်ကို အဆောတလျှင် ဖိ၍ထိုင်ရမလားဟု ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု သံဃိကေ ဝိဟာရေ ဥပရိဝေဟာသကုဋိယာ အာဟစ္စပါဒကံ မဉ္စံ ဝါ ပီဌံ ဝါ အဘိနိသီဒေယျ ဝါ အဘိနိပဇ္ဇေယျ ဝါ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် သံဃိကကျောင်းဝယ် အထက်ဆင့်တွင် ဟင်းလင်းအပြင်ရှိသော ကုဋိ၌ အပေါင်၌ သွင်းအပ်သောအခြေရှိသော ညောင်စောင်းကိုသော်လည်းကောင်း, အင်းပျဉ်ကို သော်လည်းကောင်း, ဖိ၍မူလည်း ထိုင်အံ့, ဖိ၍မူလည်း အိပ်အံ့၊ ထိုရဟန်းပါစိတ်အာပတ်သင့်၏။
စာမျက်နှာ-၁၅၂
ဈ။ မဟလ္လကဝိဟာရသိက္ခာပုဒ်
အမှုသည်—ရှင်ဆန္န။
အမှု—ကျောင်းကိုအထပ်ထပ်အမိုးခိုင်းမှု။
အမှာ။ ။ သံဃာဒိသေသ် မဟလ္လကဝိဟာရသိက္ခာပုဒ်၌ ပြခဲ့သည့်အတိုင်း ကျောင်းဒါယကာ ရှိသောကျောင်းကို “မဟလ္လကဝိဟာရ” ခေါ်ရကြောင်းကို၎င်း၊ ထိုမဟလ္လကဝိဟာရဟူသည် အင်္ဂတေ-သို့မဟုတ်မြေညက်တို့ဖြင့် အတွင်းဖြစ်စေ အပြင်ဘက်ဖြစ်စေ ၂ ဘက်လုံးဖြစ်စေ သုတ်အပ်သော(ကုလားများ၏ နေအိမ်နှင့်တူသော) ကျောင်းမျိုး ဖြစ်ကြောင်းကိုလည်းကောင်း, နားလည်နှင့်ရာ၏။
အထပ်ထပ်အမိုး အသုတ်ခိုင်းခြင်း။ ။ အရှင်ဆန္န၏ ဒါယကာ အမတ်ကြီးသည် အရှင်ဆန္နဖို့ ထိုကျောင်းမျိုးပြုလုပ်စေရာ ထုံးစံအတိုင်း ပြီးစီးပြီးဖြစ်၏၊ သို့သော် အရှင်ဆန္နသည် အားမရသေး၍ ထပ်ကာ ထပ်ကာ အမိုးလည်းခိုင်း, အင်္ဂတေ-သို့မဟုတ် မြေညက် အသုတ်လည်း ခိုင်း၏၊ ထိုသို့ ထပ်၍ မိုးမှု ထပ်၍ သုတ်မှုကြောင့် ဝန်လေးသည် ဖြစ်၍ ကျောင်းကလေး ပြိုကျလေတော့၏။ ရှင်ဆန္နသည် ပြိုကျသော အမိုးမြက်များနှင့် သစ်သားတို့ကို စုရုံးလေရာ သူ၏နင်းမှုကြောင့် ပုဏ္ဏား တစ်ယောက်၏ မုယောလယ်ခင်း ပျက်လေတော့၏၊ ထိုအခါပုဏ္ဏားက “သူ့မုယောခင်းကို ဖျက်ရမလား”ဟု ကဲ့ရဲ့သည်ကို ရဟန်းများကြား၍ ရဟန်းများက ပြီးပြီးသောကျောင်းကို ထပ်၍ မိုးစေရ-သုတ်စေရမလား”ဟု ကဲ့ရဲ့ကာ ဘုရားထံ လျှောက်ခြင်းကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ မဟလ္လကံ ပန ဘိက္ခုနာ ဝိဟာရံ ကာရယမာနေန ယာဝ ဒွါရကောသာ အဂ္ဂဠဋ္ဌပနာယ အာလောကသန္ဓိပရိကမ္မာယ ဒွတ္တိစ္ဆဒနဿ ပရိယာယံ အပ္ပဟရိတေ ဌိတေန အဓိဋ္ဌာတဗ္ဗံ, တတော စေ ဥတ္တရိ အပ္ပဟရိတေပိ ဌိတော အဓိဋ္ဌဟေယျ, ပါစိတ္တိယံ။
အဓိပ္ပါယ်နှင့်တကွမြန်မာပြန်။ ။ မဟလ္လကဝိဟာရကို ပြုလိုသော ရဟန်းသည် တံခါးရွက်နှင့် တံခါးဘောင်ကို ခိုင်မြဲအောင် ထားခြင်းငှာ တံခါးဘောင်-ကြီးခွေ၏ ပတ်ပတ်လည် ၂ တောင့်ထွာလောက်အရပ်ကို အထပ်ထပ်သုတ်နိုင်၏၊ လေသောက်ပြုတင်း၏ တံခါးရွက်များကိုလည်း ခိုင်မြဲအောင်ပြုခြင်းငှာ ထိုတံခါးရွက်များ ဖွင့်လိုက်လျှင်
စာမျက်နှာ-၁၅၃
ရိုက်မိလောက်ရာ အရပ်ကို အထပ်ထပ်သုတ်နိုင်၏။ ထို့ပြင် အမိုးမိုးရာ၌ အုဌ်-ကျောက်တို့ဖြင့် မိုးလျှင်အဖြောင့်အားဖြင့် (တန်း၍ မိုး၏၊ ထိုသို့ အတန်းလိုက်မိုးခြင်းဖြစ်လျှင် ၂ တန်း ၃ တန်း တိုင်အောင်လည်းကောင်း, မြက်သစ်ရွက်တို့ဖြင့် မိုးလျှင် လှည့်ပတ်၍မိုး၏၊ ထိုသို့ လှည့်ပတ်၍မိုးရာ၌လည်း ၂ ထပ် ၃ ထပ်တိုင်အောင်လည်းကောင်း, (သည်ပုံ သည်နည်းမိုးရမည်-ဟု) စီမံနိုင်၏။ ထိုသို့စီမံရာ၌ မိမိရပ်နေရာ အရပ်က ကောက်ပဲသီးနှံ စိုက်ထားသော စိမ်းစိမ်းစိုစို အရပ် မဟုတ်ရ၊ (“ကောက်ပဲသီးနှံစိုက်ထားလျှင် သူတစ်ပါး၏ လယ်ယာကို ဖျက်ဆီးရာ ရောက်လိမ့်မည်” ဟူလို၊)ထိုသို့ကောက်ပဲသီးနှံစိုက်ပျိုး ရာမဟုတ်သော အရပ်၌နေ၍ စီမံစေကာမူ ၂ ထပ် ပို၍ကား မစီမံရ၊ ပို၍စီမံလျှင် ပါစိတ်အာပတ်သင့်၏။
ဉ။ သပါဏသိက္ခာပုဒ်
အမှုသည်—ရဟန်းအများ။
အမှု—ပိုးရှိသောရေကိုသွန်မှု။
ပိုးရှိသောရေကို သွန်မှု။ ။ အာဠဝီမြို့နေ ရဟန်းတို့သည် နဝကမ္မကို ပြုကြစဉ်ပိုးကျနေသောရေကို မြက်သို့လည်းကောင်း, မြေထည်းသို့လည်းကောင်း, ကိုယ်တိုင် သွန်းလည်း သွန်လောင်းကြ သူတစ်ပါးကိုလည်း အသွန်ခိုင်းကြလေ၏၊ ထိုအခါ အခြားရဟန်းတို့က ကဲ့ရဲ့ကြ၍ ဘုရားအား လျှောက်သောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဇာနံ သပ္ပါဏကံ ဥဒကံ တိဏံ ဝါ မတ္တိကံ ဝါ သိဉ္စေယျ ဝါ သိဉ္စာပေယျ ဝါ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ ပိုးရှိသော ရေမှန်းသိလျက် ထိုပိုးရှိသော ရေကို မြက်တည်းသို့လည်းကောင်း, မြေသို့၎င်း၊ (တနည်း-ပိုးရှိသော ရေထည်းသို့ မြက်ကိုလည်းကောင်း, မြေကို၎င်း) ကိုယ်တိုင်လည်းလောင်းအံ့၊ သူတစ်ပါးကိုသော်လည်း အလောင်းခိုင်းအံ့၊ ပါစိတ်အာပတ်သင့်၏။
စာမျက်နှာ-၁၅၄
မှတ်ချက်။ ။ ပိုးရှိမှန်းသိလျှင် ထိုပိုးရှိသောရေကို မြက်-မြေကြီးစသော အရပ်သို့ မသွန်ကောင်း၊ ထိုရေကို (ပိုးမသေလောက်ရာ) ကန်ချောင်း စသည်သို့သာ သွန်ရသည်၊ ချောင်းငယ် မြောင်းငယ်စသည်၌ ပိုးရှိသောရေက နည်းနည်းပါးပါး ဖြစ်နေ၍ ထိုရေထည်းသို့ မြက်-မြေကြီးတို့ကို လောင်းထည့်လိုက်လျှင် ပိုးကလေးတွေ သေဖွယ်ရှိ၏။ ထို့ကြောင့် ပိုးရှိသော ရေထည်းသို့လည်း မြက်ကိုလည်းကောင်း, မြေကြီးကိုလည်းကောင်း, မလောင်း ထည့်ရ။
ဘူတဂါမဝဂ်ပြီး၏။
စာမျက်နှာ-၁၅၅
ဘိက္ခုနောဝါဒဝဂ်
က။ ဩဝါဒသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—ဘိက္ခုနီတို့အား ဩဝါဒပေးမှု။
ဘိက္ခုနီကြောင့် လာဘ်ပေါပုံ။ ။ “ဘိက္ခုနီတို့သည် ဘိက္ခုတို့အထံ၌ ဩဝါဒခံယူဖို့ရန် သွားရမည်”ဟု ဘိက္ခုနီ-အာရာမဝဂ် အဋ္ဌမသိက္ခာပုဒ်၌ ပညတ်တော်မူထား၏၊ ထိုပညတ်တော်အရ ဘိက္ခုနီတို့သည် ဩဝါဒခံယူဖို့ရန် လာကြသောအခါ အဝါ ၂၀ ရပြီးသော ထေရ်ကြီးတို့သည် ဩဝါဒပေးကြ (တရားဟောကြ)ကုန်၏၊ ဘိက္ခုနီတို့သည် မိမိတို့ အထံသို့ လာကြသောဆွေမျိုးများက “အဘယ် ပုဂ္ဂိုလ်ထံ ဩဝါဒ ခံယူကြပါသလဲ”ဟု မေးသောအခါ မည်သည့် ထေရ်၏ အထံမှ ဩဝါဒ ရသည်”ဟု မဟာသာဝက (အရှင်မဟာကဿပ-အရှင်သာရိပုတြာ-အရှင်အာနန္ဒာစသည်)တို့ကို ညွှန်ပြ၍ ထိုထေရ်တို့၏ အမျိုးအနွယ်ဂုဏ် အကျင့်သီလဂုဏ်တို့ကိုပါ ဆက်လက်ပြောကြလေ၏၊ ထိုအခါ ဆွေမျိုးတို့သည် ထိုထေရ်တို့ကို ကြည်ညိုကြသဖြင့် ထိုထေရ်တို့အား ပစ္စည်းလေးပါးကို လှူဒါန်းကြလေသည်။
ဆဗ္ဗဂ္ဂီတို့ အကြံ။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထိုကဲ့သို့ ပစ္စည်းရမှုကို အားကျ၍ ဘိက္ခုနီတို့ထံသွားပြီးလျှင် “ငါတို့ဆီသို့လည်း ဩဝါဒ ခံယူကြပါဦး”ဟု ပြောကြလေ၏၊ ထိုအခါ ဘိက္ခုနီတို့သည် စိတ်မခိုင်ကြသောကြောင့် ဆဗ္ဗဂ္ဂီတို့စကားကို လိုက်နာ၍ ဆဗ္ဗဂ္ဂီတို့ထံ ဩဝါဒခံ သွားကြလေ၏။ ထိုအခါ ဆဗ္ဗဂ္ဂီတို့သည် တရားစကားကို နဲနဲပါးပါးသာပြော၍ တစ်နေ့လုံး မင်းကြီးတို့အကြောင်း သူရဲကောင်းတို့၏ အကြောင်းစသော ရဟန်းနှင့်မဆိုင်သော စကားမျိုးကိုပြောကာ အချိန်တန်မှ ပြန်ကြတော့ဟု လွှတ်လိုက်ကြလေသည်၊ ထို့နောက် ဘုရားအထံ ရောက်ကြ၍ ဩဝါဒများ ပြည့်ပြည့်စုံစုံ ရကြရဲ့လား”ဟု မေးတော်မူရာ, ထိုဆဗ္ဗဂ္ဂီတို့၏ အကြောင်းစုံကို လျှောက်ကြသဖြင့် ဘိက္ခုနောဝါဒသမ္မုတိကို ခွင့်ပြုတော်မူပြီးလျှင် သိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု အသမ္မတော ဘိက္ခုနိယော ဩဝဒေယျ, ပါစိတ္တိယံ။
စာမျက်နှာ-၁၅၆
မြန်မာပြန်။ ။ ဘိက္ခုနီတို့ကို ဩဝါဒပေးသောရဟန်းဟု သမုတ်ခြင်းကို “ဘိက္ခုနောဝါဒသမ္မုတိ”ဟု ခေါ်၏၊ ထိုကဲ့သို့ သမ္မုတိရသူ မဟုတ်လျှင် ဘိက္ခုနီတို့ကို ဩဝါဒမပေးရ၊ ပေးလျှင် ဤပါစိတ်အာပတ်သင့်သည်။
ဘိက္ခုနောဝါဒကအင်္ဂါ ၈-ပါး။ ။ ထိုသိက္ခာပုဒ်ပညတ်တော် မူပြီးနောက် ။ ဆဗ္ဗဂ္ဂီတို့သည် “ဘိက္ခုနောဝါဒက”ဟု မိမိတို့အချင်းချင်း သမုတ်ကြပြီးလျှင် ဘိက္ခုနီတို့ထံသွား၍ “ငါတို့လည်း သမ္မုတိ ရကြပါ၏, ငါတို့ထံသို့လည်း လာ၍ ဩဝါဒခံယူကြပါ”ဟုပြောပြီးလျှင် ရှေးနည်းအတိုင်း ဩဝါဒပေးကြပြန်ရာ ဘုရားရှင်သိတော်မူ၍ ဘိက္ခုနောဝါဒက ပုဂ္ဂိုလ်၏အင်္ဂါ ၈-ပါးကို “၁-ပါတိမောက္ခသံဝရသီလရှိခြင်း, ၂-ပိဋက ဗဟုသုတရှိခြင်း, ၃-ဥဘတောဝိဘင်းနှင့် ပါတိမောက်ကို နှုတ်တက်ရခြင်း, ၄-ကောင်းသော စကားလုံးနှင့် ကောင်းသောအသံရှိခြင်း, ၅-ဘိက္ခုနီသံဃာ (အားလုံးမဟုတ်သော်လည်း) အများ၏ အကြည်ညိုခံရခြင်း, ၆-ဘိက္ခုနီတို့ကို တရားဟောစွမ်းနိုင်ခြင်း, ၇-ရှေးလူ ဘဝတုန်းက ဘိက္ခုနီတို့၌ ကာယသံသဂ္ဂ သိက္ခမာန်သာမဏေတို့၌ မေထုန်မှုကို မပြုဘူးခြင်း, ၈-ဝါ ၂၀ ရရှိခြင်း”ဟု သတ်မှတ်တော်မူရလေသည်။
ခ။ အတ္ထင်္ဂတသိက္ခာပုဒ်
အမှုသည်—အရှင်စူဠပန်။
အမှု—နေဝင်အောင် ဩဝါဒပေးမှု။
ရှင်စူဠပန်၏ နေဝင်အောင်ဩဝါဒပေးမှု။ ။ သမ္မုတိရသော ထေရ်တို့သည် တလှည့်စီ ဘိက္ခုနီတို့အား ဩဝါဒပေးကြကုန်၏၊ အရှင်စူဠပန်၏အလှည့်ကျသောအခါ “ဂရုဓမ်ပါဠိကို နှုတ်တက်ရကြရဲ့လား” ဟုမေး၍ “ရကြပါ၏”ဟု လျှောက်လျှင် “ဤဂရုဓမ်ပါဠိသည်ပင် ဩဝါဒဖြစ်သည်”ဟု မိန့်တော်မူပြီးလျှင်...
“အဓိစေတသော အပ္ပမဇ္ဇာ,
မုနိနော မောနပထေသု သိက္ခတော၊
သောကာ နဘဝန္တိ တာဒိနော,
ဥပသန္တဿ သဒါသတိမတော”။ ။
ဟု ဤဂါထာကို ရွတ်ဆိုပြီးသောအခါ ပြန်လွှတ်လေ့ရှိ၏၊ နောက်တလှည့်ကျသည့်အခါ၌ကား ဘိက္ခုနီတို့က “ယနေ့တော့ ဩဝါဒပြည့်စုံတော့မှာ
စာမျက်နှာ-၁၅၇
မဟုတ်ပါဘူး, အရှင်စူဠပန်က သူရွတ်နေကျ ဥဒါန်းဂါထာကလေးကို ရွတ်ပါလိမ့်မယ်”ဟု စောစောကပင် နိမိတ်ဖတ်နှင့်ကြလေ၏။ အရှင်စူဠပန်အထံ ရောက်သောအခါလည်း သူတို့နိမိတ်ဖတ်ထားသည့်အတိုင်းပင် ဖြစ်ရကား-“ကဲ-မပြောလား, ဟိုဥဒါန်းကလေး ရွတ်ပါလိမ့်မယ်လို့”ဟု သူတို့ချင်း တိုးတိုးပြောသံကို ရှင်စူဠပန်ကြား၍ ကောင်းကင်သို့တက်ပြီးလျှင် တန်ခိုး အမျိုးမျိုးပြကာ ထိုဥဒါန်းကိုလည်း ရွတ်၏၊ အခြားတရားတော်ကိုလည်း များစွာဟော၏၊ ဤနည်းအားဖြင့် နေဝင်သည့်တိုင်အောင် ဩဝါဒပေးပြီးမှ ပြန်လွှတ်လိုက်လေသည်။
လူများကဲ့ရဲ့ခံရဖို့။ ။ ဘိက္ခုနီတို့၏ ကျောင်းကား မြို့တွင်း၏ အစွန်အဖျား၌ တည်ရှိ၏၊ ထိုဘိက္ခုနီများ ပြန်သွားချိန်ဝယ် မြို့တံခါးပိတ်နှင့်ပြီ ဖြစ်၍ မြို့ပြင်ဘက်၌ တညလုံးနေကြရပြီးလျှင် တံခါးဖွင့်မှ စောစောကြီး မြို့တွင်းသို့ ဝင်သွားကြလေရာ “ဒီဘိက္ခုနီတွေ အဗြဟ္မစရိယကို ကျင့်ကြတယ်, ကျောင်းတိုက်ထည်း၌ ရဟန်းတို့နှင့် အတူအိပ်ပြီး ယခုမှ စောစောဝင်လာ ကြတယ်”ဟု လူတို့ကဲ့ရဲ့ကြသည်ကို ဘုရားရှင်ကြားတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ သမ္မတောပိ စေ ဘိက္ခု အတ္ထင်္ဂတေ သူရိယေ ဘိက္ခုနိယော ဩဝဒေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ သမုတ်အပ်သူလည်းဖြစ်သော ရဟန်းသည် နေဝင်သည့် တိုင်အောင် ဘိက္ခုနီတို့ကို ဆုံးမအံ့၊ ပါစိတ်အာပတ်သင့်၏။
ဂါထာနက်။ ။ အဓိစေတသော-စိတ်များထိပ်ခေါင်, ဂုဏ်ရောင်လျှံဖိတ်, အရဟတ္တဖိုလ်စိတ်လည်း ရှိပေထသော၊ အပ္ပမဇ္ဇတော-ကုသိုလ်ဓမ္မ မပြတ် ရအောင်, နိစ္စစွဲ၍, မမေ့သူလည်း ဖြစ်ပေထသော၊ မောနပထေသု-အရဟတ္တဖိုလ်ဉာဏ်, လမ်းကြောင်းမှန်သည့်, ဗောဓိပက္ခိယတရား, သုံးဆယ် ခုနစ်ပါးတို့၌၊ သိက္ခတော-ကောင်းစွာအသင့်, သဒ္ဓါပွင့်၍, ပြုကျင့်အားထုတ် သူလည်းဖြစ်ပေထသော၊ တာဒိနော-လောကဓမ်လှိုင်း, လေမုန်တိုင်းကြောင့် ရုပ်ဆိုင်းမတုန်, တာဒိဂုဏ်နှင့်လည်း ပြည့်စုံပေထသော၊ ဥပသန္တဿ-ကိလေသာဟူ, မီးပူခပ်သိမ်း, ဧငြိမ်းပြီးသူလည်း ဖြစ်ပေထသော၊ သဒါသတိမတော-ခါခါမလပ်, အရပ်ရပ်ဝယ်, နှံ့စပ်ပေသည့်, သတိရှိသူလည်းဖြစ်ပေ
စာမျက်နှာ-၁၅၈
ထသော၊ မုနိနော-ယခုနောင်ခါ, ၂-ဖြာလောက, ကျနသိမြင်, အရှင်ရဟန္တာ ပုဂ္ဂိုလ်အား၊ သောကာ-မုန်းသူနှင့်တွဲ, ချစ်သူကွဲကြောင့်, ဝမ်းနဲခြင်းဟူ, အတွင်းပူတို့သည်၊ နဘဝန္တိ-တရံတဆစ်မျှ မဖြစ်ကြတော့ကုန်။
ဂ။ ဘိက္ခုနုပဿယသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—ဘိက္ခုနီကျောင်းသို့သွား၍ ဩဝါဒပေးမှု
ဆဗ္ဗဂ္ဂီရဟန်းများ။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဘိက္ခုနီတို့၏ ကျောင်းသို့သွား၍ ဆဗ္ဗဂ္ဂီရဟန်းမတို့အား ဩဝါဒပေးကြလေ၏၊ အခြား ရဟန်းမတို့သည် ထိုဆဗ္ဗဂ္ဂီရဟန်းမတို့အား “ဩဝါဒခံယူဖို့ရန် သွားကြစို့”ဟု ခေါ်လာသောအခါ ကိုယ်တော်များက မိမိတို့ထံလာ၍ ဩဝါဒ ပေးကြသောကြောင့် မိမိတို့လိုက်ဖို့ မလိုကြောင်းကို ပြောကြလေသည်၊ ထိုဘိက္ခုနီတို့သည် ဆဗ္ဗဂ္ဂီရဟန်းတို့ကို “ဘိက္ခုနီကျောင်းသို့ လာ၍ ဩဝါဒ ပေးရမလား”ဟု ကဲ့ရဲ့ကြပြီးလျှင် ရဟန်းယောက်ျားတို့အား လျှောက်ထားလေသည်၊ ထို့ကြောင့် ဘုရားရှင်သိတော်မူရကား “ယော ပန ဘိက္ခု ဘိက္ခုနုပဿယံ ဥပသင်္ကမိတွာ ဘိက္ခုနိယော ဩဝဒေယျ, ပါစိတ္တိယံ။ ဟု မူလပညတ်ကို ပညတ်တော်မူရလေသည်။
အနုပညတ် ထပ်တော်မူရပုံ။ ။ ထိုကဲ့သို့ ပညတ်တော်မူပြီးနောက် မိထွေးတော်ဂေါတမီ မကျန်းမမာ ဖြစ်နေရာသို့ ထေရ်ကြီးတို့သည် ဂိလာန အမေးလာကြစဉ်, မိထွေးတော်က တရားဟောဖို့ရန် တောင်းပန်သောအခါ “ဘိက္ခုနီကျောင်းသို့လာ၍ တရားမဟောကောင်း” ဟု အမိန့်ရှိ၍ တရားမဟောဘဲ နေကြလေသည်၊ ထို့နောက် ဘုရားရှင်ကြွလာတော်မူသောအခါ “ရှေးတုန်းက တရားနာရလို့ နေသာထိုင်သာရှိတဲ့ အကြောင်း, ယခု တရားမနာရသဖြင့် မချမ်းသာကြောင်း”လျှောက်သောကြောင့် “အညတြ သမယာ... တတ္ထာယံ သမယော, ဂိလာနာ ဟောတိ ဘိက္ခုနီ, အယံ တတ္ထ သမယော။”ဟု ဖြည့်စွက်၍ အနုပညတ်ထပ်တော်မူရလေသည်။ [မြန်မာပြန်—အကြင်ရဟန်းသည် သွား၍ ဆုံးမသင့်ရာ အခါ မဟုတ်ဘဲ ဘိက္ခုနီကျောင်းသို့ သွား၍ ဘိက္ခုနီတို့ကိုဆုံးမအံ့၊ ပါစိတ် အာပတ်သင့်၏၊ သွား၍ ဆုံးမသင့်ရာ အခါကား ဘိက္ခုနီ မကျန်းမမာ ဖြစ်နေသောအခါတည်း။
စာမျက်နှာ-၁၅၉
ဃ။ အာမိသသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—ထေရ်ကြီးတို့အားစွပ်စွဲမှု။
ဆဗ္ဗဂ္ဂီရဟန်းတို့ စွပ်စွဲမှု။ ။ ဘိက္ခုနီတို့အား ဩဝါဒပေးရသော ထေရ်ကြီးတို့မှာ ပစ္စည်း ၄-ပါး ပေါများကြသည်ကို ဆဗ္ဗဂ္ဂီတို့ မြင်၍ “ထေရ်ကြီးတို့သည် တရားကို မြတ်နိုးသောကြောင့် ဘိက္ခုနီတို့အား ဩဝါဒပေးကြသည်မဟုတ်၊ ဆွမ်းသင်္ကန်းစသော အာမိသကို လိုချင်၍ ဩဝါဒပေးကြသည်”ဟု ပြောဆိုစွပ်စွဲမှုကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဧဝံ ဝဒေယျ “အာမိသဟေတု ထေရာ ဘိက္ခူ ဘိက္ခုနိယော ဩဝဒန္တီ”တိ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင် ရဟန်းသည် ဤသို့ပြောဆိုကဲ့ရဲ့အံ့ (အဘယ်သို့ ပြောဆိုကဲ့ရဲ့သနည်း) အာမိသ အကြောင်းကြောင့် ထေရ်ဖြစ်ကုန်သောရဟန်းတို့သည် ဘိက္ခုနီတို့ကို ဆုံးမကြကုန်၏၊ ဤသို့ပြောဆို ကဲ့ရဲ့အံ့၊ ထိုရဟန်းပါစိတ်အာပတ်သင့်၏။
င။ စီဝရဒါနသိက္ခာပုဒ်
အမှုသည်—ရဟန်းတစ်ပါး။
အမှု—ဘိက္ခုနီအား သင်္ကန်းပေးမှု။
ဘိက္ခုနှင့် ဘိက္ခုနီ။ ။ ရဟန်းတစ်ပါးသည် လမ်းတလမ်း၌ ဆွမ်းခံလှည့်လည်၏၊ ဘိက္ခုနီတစ်ယောက်လည်း ထိုလမ်း၌ပင် ဆွမ်းခံလှည့်လည်၏၊ ရဟန်းက “နှမမည်သည့်နေရာ၌ ဆွမ်းလောင်းရှိတယ်”ဟု ပြော၏။ ဘိက္ခုနီကလည်း သူမြင်ခဲ့သော နေရာကို ပြန်၍ ညွှန်ပြ၏၊ သူတို့ မပြတ် တွေ့ကြသဖြင့် မိတ်ဆွေဖြစ်ကြလေသည်၊ အခါတစ်ပါး၌ ရဟန်းမှာ သံဃိက ပစ္စည်းဝေရာမှ သူ့အတွက်သင်္ကန်းချုပ်ဖို့ အဝတ်ရလာ၏၊ ထိုဘိက္ခုနီသည်လည်း ဩဝါဒခံယူသွားရင်း ထိုရဟန်းအထံဝင်ရာ “ငါ့မှာ သင်္ကန်းချုပ်ဖို့ အဝတ်ရတယ်, ယူမလား”ဟုမေးလျှင် “တပည့်တော်မမှာ သင်္ကန်း ရှားပါးနေတာနဲ့ အတော်ဘဲ”ဟုဆို၍ ယူသွားလေ၏။ ထိုရဟန်းမှာလည်း သင်္ကန်းရှားပါးလျက်ပင်၊ ထို့ကြောင့် အခြားရဟန်းများက ဝေစုရသော
စာမျက်နှာ-၁၆၀
အဝတ်ကို သင်္ကန်းချုပ်ဖို့ရန် တိုက်တွန်းသောအခါ ဘိက္ခုနီမအား ပေးလိုက်ရကြောင်း ပြောလေသည်။
ထိုအကြောင်းကိုကြား၍ ကဲ့ရဲ့ကြပြီးလျှင် ဘုရားရှင်အား လျှောက်ကြလေရာ, ဘုရားရှင်သည် ဆွေမျိုးတော်-မတော် စစ်မေးတော်မူ၍ မတော်ကြောင်း”သိတော်မူသောအခါ “ယောပန ဘိက္ခု အညာတိကာယ ဘိက္ခုနိယာ စီဝရံ ဒဒေယျ”ဟု မူလပညတ်ကို ထားတော်မူပြီးနောက် လဲလှယ်၍မျှ မဖြစ်နိုင်ကြသဖြင့် ဘိက္ခုနီတို့က ကဲ့ရဲ့သောကြောင့် “အညတြပါရိဝတ္တကာ”ဟု ဖြည့်စွက်၍ အနုပညတ်ထပ်တော်မူရပြန်သည်။
မြန်မာပြန်။ ။ အကြင်ရဟန်း လဲလှယ်အပ်သော သင်္ကန်းကိုကြဉ်၍ ဆွေမျိုးမတော်သော ဘိက္ခုနီအား သင်္ကန်းပေးအံ့၊ ပါစိတ်အာပတ် သင့်၏။
စ။ စီဝရသိဗ္ဗန သိက္ခာပုဒ်
အမှုသည်—ရှင်ဥဒါယီ။
အမှု—ဘိက္ခုနီအား သင်္ကန်းချုပ်ပေးမှု။
ဥဒါယီနှင့် ဇနီးဟောင်း ဘိက္ခုနီ။ ။ ရှင်ဥဒါယီသည် သင်္ကန်းအချုပ် ကောင်းသူတည်း၊ အခါတစ်ပါး၌ သူ၏ဇနီးဟောင်း ဖြစ်ခဲ့သော ဘိက္ခုနီက သင်္ကန်းချုပ်ခိုင်းသဖြင့် ကောင်းစွာချုပ်ဆိုးပြီးလျှင် ထိုသင်္ကန်း၏ အလယ်ခေါင် (ဝတ်သည့်အခါ ကြောဘက်ကျလောက်သော အရပ်၌) ယောက်ျားနှင့်မိန်းမ မေထုန်မှီဝဲနေပုံ အရုပ်ထင်အောင်ချုပ်၍ ခေါက်ထားလေ၏။ ထိုဘိက္ခုနီသည် သင်္ကန်းလာယူသောအခါ “ရော့... ခေါက်ထားတဲ့အတိုင်း ယူသွားပြီးသိမ်းထား, ဩဝါဒခံယူဖို့ လာသောအခါကျမှ ဒီသင်္ကန်းကိုဝတ်ပြီး ဘိက္ခုနီတို့ရဲ့ နောက်ဆုံးကလိုက်ခဲ့”ဟု မှာလိုက်လေသည်။
ထိုဘိက္ခုနီမလည်း သူ့လင်ဟောင်း မှာလိုက်သည့်အတိုင်း သိမ်းထားပြီးလျှင် ဩဝါဒခံယူလာမှ ထိုသင်္ကန်းကို အမှတ်တမဲ့ဝတ်၍ နောက်ဆုံးက လိုက်လာမိရာ, ထိုဘိက္ခုနီကိုယ်တိုင်မှာ အရုပ်ပါနေကြောင်း သိဟန်မတူသော်လည်း မြင်ရသောလူတို့က “သိပ်အရှက်မရှိတဲ့ ဘိက္ခုနီတွေဘဲ”ဟု အားလုံးကိုသိမ်းကြုံး၍ ကဲ့ရဲ့ကြလေသည်၊ ထို့နောက် ဘိက္ခုနီတို့က မြင်ကြ၍ “ဘယ်သူ့လက်ရာလဲ”ဟု ထိုဘိက္ခုနီကို စစ်မေးလေသော် ဥဒါယီ၏
စာမျက်နှာ-၁၆၁
လက်ရာဖြစ်ကြောင်းသိကြ၍ “ဒီလိုအလုပ်မျိုးဟာ အရှက်မရှိဘူးလို့ နာမည်ရတဲ့ သေသောက်ကြူးတွေသော်မှ မတင့်တယ်ဘူး၊ ရှင်ဥဒါယီကား အဘယ်မှာ တင့်တယ်နိုင်ပါ့မလဲ”ဟု ကဲ့ရဲ့ကြ၍ ရဟန်းတို့အား လျှောက်ကြလေရာ, ရဟန်းတို့မှတဆင့် ဘုရားထံလျှောက်ကြ၍ ဆွေမျိုးမတော်ကြောင်းကိုလည်း သိတော်မူရသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု အညာတိကာယ ဘိက္ခုနိယာ စီဝရံ သိဗ္ဗေယျ ဝါ သိဗ္ဗာပေယျ ဝါ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင် ရဟန်းသည် ဆွေမျိုးမတော်သော ဘိက္ခုနီ၏ သင်္ကန်းကို ကိုယ်တိုင်မူလည်းချုပ်အံ့၊ သူတစ်ပါးကိုမူလည်းချုပ်စေအံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။
ဆ။ သံဝိဓာန သိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီ ရဟန်းများ။
အမှု—ဘိက္ခုနီတို့နှင့်တိုင်ပင်၍ ခရီးသွားမှု။
ဘိက္ခုနီတို့နှင့် ဆဗ္ဗဂ္ဂီများ။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဘိက္ခုနီတို့နှင့် အတူစီစဉ်၍ (မည်သည့်ရက် မည်သည့်အချိန် သွားကြစို့-ဟု အချိန်း အချက်ပြု၍) ခရီးသွားကြကုန်၏၊ လူတို့က “ငါတို့ သားမယားနှင့်အတူ ခရီးသွားကြသကဲ့သို့, သူတို့လည်း သွားကြသည်” ဟု ကဲ့ရဲ့ကြသောကြောင့် “ယောပန ဘိက္ခု၊ ဘိက္ခုနိယာ သဒ္ဓိံ သံဝိဓာယ ဧကဒ္ဓါနမဂ္ဂံ ပဋိပဇ္ဇေယျ အန္တမသော ဂါမန္တရမ္ပိ၊ ပါစိတ္တိယံ”တိုင်အောင် မူလပညတ်ကိုထားတော်မူရလေသည်။
အနုပညတ်။ ။ အခါတစ်ပါး၌ ဘိက္ခုနီတို့သည်၎င်း၊ ဘိက္ခုတို့သည်လည်းကောင်း, သာကေတမြို့မှ သာဝတ္ထိသို့ ခရီးသွားဖွယ်ရှိကြ၏၊ ထိုအခါ ဘိက္ခုနီတို့က “တပည့်တော်မတို့သည် အရှင်ဘုရားတို့နှင့်အတူ လိုက်ကြပါရစေ”ဟု လျှောက်လျှင် ရဟန်းတို့က “သင်တို့နှင့်အတူ မသွားကောင်း သင်တို့သော်လည်း ရှေ့ကသွားနှင့်ကြ သို့မဟုတ် ငါတို့သော်လည်း အရင်သွားနှင့်ကြမည်” ဟု ပြောဆိုကြလေသည်။ ထိုအခါ “အရှင်ဘုရားတို့သည် မြတ်သောယောက်ျားများ ဖြစ်ကြပါသည်။ အရှင်ဘုရားတို့ပင်
စာမျက်နှာ-၁၆၂
ဘုရားဥပဒေတော်ကြီး [သုဒ္ဓပါစိတ်
ရှေ့ကကြွနှင့်ကြပါကုန်”ဟု လျှောက်၍ ဘိက္ခုနီတို့ နောက်ချန်နေရစ်ကြလေသည်၊ ထိုသို့နောက်ချန်ပြီးမှ လိုက်သွားကြသော ဘိက္ခုနီတို့မှာ သပိတ် သင်္ကန်းကိုလည်း အလုခံရ, လူကိုလည်း ဖျက်ဆီးခံရလေသည်၊ ထိုအကြောင်းကို ဘုရားရှင်သိတော်မူ၍ “အညတြ သမယာ, ပါစိတ္တိယံ။ တတ္ထာယံ သမယော, သတ္ထဂမနီယော ဟောတိ မဂ္ဂေါ, သာသင်္ကသမ္မတော, သပ္ပဋိဘယော, အယံ တတ္ထ သမယော”ဟု ဖြည့်စွက်၍ အနုပညတ် ထပ်တော်မူရပြန်သည်။
သိက္ခာပုဒ်၏ အကျဉ်းချုပ်အဓိပ္ပါယ်။ ။ လမ်းခရီးသည် အဖော်ကုန်သည် မပါလျှင် ဘေးအန္တရာယ်ဖြစ်တတ်သောကြောင့် အဖေါ်ကုန်သည် နှင့်အတူ သွားထိုက်သော ခရီးမျိုးဖြစ်အံ့၊ စိုးရိမ်ကြောင့်ကြဖွယ် ရှိသောခရီးဟု အများအသိအမှတ် ပြုထားအံ့၊ ဘေးရန် အန္တရာယ် လည်းရှိအံ့၊ ထိုခရီးမျိုးကို သွားရာ၌ ဘိက္ခုနီနှင့်အတူ ချိန်းချက်၍ သွားကောင်း၏၊ ရိုးရိုးဘေးအန္တရာယ်ကင်းသော ခရီးမျိုးကိုသွားရာ၌ကား ဘိက္ခုနီနှင့် ချိန်းချက်၍ အတူမသွားကောင်း။
ဇ။ နာဝါဘိရုဟနသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—ဘိက္ခုနီတို့နှင့်အတူ တိုင်ပင်၍ လှေစီးမှု။
ဆဗ္ဗဂ္ဂီတို့နှင့် ဘိက္ခုနီများ။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဘိက္ခုနီတို့နှင့် အတူစီစဉ်၍ (မည်သည့်ရက် မည်သည့်အချိန် မည်သည့် လှေဖြင့်သွားကြစို့ဟု တိုင်ပင်ချိန်းချက်၍) လှေတစင်းတည်းကို စီးသွားကြလေရာ, “သားမယားနှင့်အတူ ငါတို့လှေကစားကြသကဲ့သို့, ဤရဟန်းတို့လည်း ဘိက္ခုနီတို့နှင့် အတူ လှေကစားကြသည်”ဟု လူတို့ ကဲ့ရဲ့သောကြောင့် ယော ပန ဘိက္ခု ဘိက္ခုနိယာ သဒ္ဓိံ သံဝိဓာယ ဧကံ နာဝံ အဘိရုဟေယျ ဥဒ္ဓံဂါမိနိံ ဝါ အဓောဂါမိနိံ ဝါ၊ ပါစိတ္တိယံ”ဟု မူလပညတ်ကိုထားတော်မူရလေသည်။
အနုပညတ်။ ။ ဘိက္ခုနှင့် ဘိက္ခုနီတို့သည် သာကေတမှ သာဝတ္ထိသို့ သွားဖို့ကိစ္စလေရာ, လမ်းခရီးမှာလည်း မြစ်တစ်ခုကို (အထက်အောက် အစုန်အဆန်မဟုတ်ဘဲ) ကန့်လန့်ဖြတ်ကူးဖွယ်ရှိ၏၊ ထိုအခါ ဘိက္ခုနီတို့က
စာမျက်နှာ-၁၆၃
အရှင်ဘုရားတို့နှင့်အတူ ကူးပါရစေ” တောင်းပန်ရာ “အတူလှေမစီးကောင်း”ဟု ပယ်ထားခဲ့သဖြင့် နောက်မှ ကူးတို့လှေကို စီးကြရသော ဘိက္ခုနီတို့၏ သပိတ် သင်္ကန်းကို ခိုးသူတို့ လုယူကြသည့်ပြင် ဘိက္ခုနီတို့ကိုလည်း မတရားကျင့်လိုက်ကြလေသည်။ ထိုအကြောင်းကို သိတော်မူ၍ အညတြ တိရိယံ တရဏာယ”ဟု ဖြည့်စွက်တော်မူလျက် အနုပညတ်ထပ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဘိက္ခုနိယာ သဒ္ဓိံ သံဝိဓာယ ဧကံ နာဝံ အဘိရုဟေယျ ဥဒ္ဓံဂါမိနိံ ဝါ အဓောဂါမိနိံ ဝါ အညတြ တိရိယံ တရဏာယ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် ဘိက္ခုနီနှင့် အတူ ချိန်းချက်၍ ဖီလာ ဖြတ်ကူးခြင်းကို ကြဉ်၍ အထက်သို့ ဆန်တက်သည်မူလည်းဖြစ်သော အောက်သို့ စုန်ဆင်းသည်မူလည်းဖြစ်သော တစင်းတည်းသော လှေကိုစီးအံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။
ဈ။ ဘိက္ခုနီပရိပါစိတသိက္ခာပုဒ်
အမှုသည်—ရှင်ဒေဝဒတ်။
အမှု—ဘိက္ခုနီကစီမံပေးသော ဆွမ်းကိုစားမှု။
ရှင်ဒေဝဒတ်နှင့် ဘိက္ခုနီ။ ။ ရာဇဂြိုဟ်မြို့၌ “ထုလ္လနန္ဒာ” မည်သော ဘိက္ခုနီသည် တစ်ဦးသော အမျိုးအိမ်ဝယ် အမြဲ ဆွမ်းစား၏၊ ထိုဘိက္ခုနီ အိမ့်ရှင်သည် အခါတစ်ပါး၌ ထေရ်ကြီးများကိုလည်း ပင့်ဖိတ်ထားလေသည်၊ ထုလ္လနန္ဒာသည် နံနက်စောစော အိမ်သို့ကြွလာသောအခါ ပြင်ဆင်ထားသည်ကိုမြင်၍ “ယနေ့ခဲဖွယ် ဘောဇဉ်တွေများလှပါတကား”ဟု ပြော၏၊ “တပည့်တော် မထေရ်ကြီးများကို ပင့်ထားပါတယ် “ထေရ်ကြီးများဆိုတာ ဘယ်ပုဂ္ဂိုလ်များ ပါလဲ”...အရှင်သာရိပုတြာ, အရှင်မဟာမောဂ္ဂလာန်, အရှင်မဟာကစ္စာယန, အရှင်မဟာကောဋ္ဌိက, အရှင်ကပ္ပိန, အရှင်နန္ဒ, အရှင်အနုရုဒ္ဓါ, အရှင်ရေဝတ, အရှင်ဥပါလိ, အရှင်အာနန္ဒာ, အရှင်ရာဟုလာ”ဟု ပြောလေသော်..... “ရဟန္တာကြီးတွေ ရှိပါလျက် ဘာ့ကြောင့် နောက်လိုက်နောက်ပါကလေးတွေ ပင့်ထားရသလဲ၊ မထေရ်ကြီးတွေဆိုတာ အရှင်ဒေဝဒတ်, အရှင်ကောကာလိက, အရှင်ကဋမောဒကတိဿက, အရှင်သမုဒ္ဒဒတ္တ”ဟု ပြောနေတုန်းမှာပင် အရှင်သာရိ
စာမျက်နှာ-၁၆၄
ပုတြာတို့လည်း အိမ်ပေါက်သို့ဝင်လာသည်ကို မျက်စိတဖက်ဖြင့် မြင်လိုက်၍ မိမိစကားကြားသွားကြောင်းကိုလည်း သိသောကြောင့် “ရဟန္တာကြီးတွေ ကိုပင့်ထားတာ အမှန်သားဘဲ”ဟု ချက်ခြင်းစကား ပြင်လိုက်လေသည်၊ ထိုအခါဆွမ်းဒါယကာသည် “ခုတင်ကနောက်လိုက်နောက်ပါကလေးတွေ” ဟု ဆိုပြီး အခုဘဲ–ရဟန္တာကြီးတွေ”ဟု ဆိုပြန်တယ်ဟု ပြောရသလားဟု ဆိုကာ အိမ်မှဆွဲထုတ်၍ အမြဲဆွမ်းဝတ်ကိုလည်း ဖြတ်လိုက်လေသည်၊ ထိုအခါ “ဘိက္ခုနီက (ဆွယ်တရားဟော၍)စီမံပေးနေသောဆွမ်းကို ရှင်ဒေဝဒတ်တို့ တစုစားလေ့ရှိကြောင်း”အပြစ်ဟောင်းပေါ်လာ၍ ဘုရားရှင်ကို လျှောက်ကြသောကြောင့် “ယော ပန ဘိက္ခု ဇာနံ ဘိက္ခုနိပရိပါစိတံ ပိဏ္ဍပါတံ ဘုဉ္ဇေယျ ပါစိတ္တိယံ”ဟု မူလပညတ်ကိုထားတော်မူရလေသည်။
အနုပညတ်။ ။ ရာဇဂြိုဟ်မြို့၌ ရဟန်းပြု၍ အခြားအရပ်သို့ သွားရောက် နေထိုင်သော ရဟန်းတစ်ပါးသည် ရာဇဂြိုဟ်သို့ပြန်လာရာ, ဆွေမျိုးများက “ငါတို့အရှင်သည် ကြာလှမှ (တခါတလေ)ကြွလာသည်”ဟု အထူးတလယ် ဆွမ်းကို ချက်ပြုတ်ကပ်ကြလေသည်၊ ထိုအမျိုးမှာလည်း အမြဲ ဆွမ်းစားသော ဘိက္ခုနီတစ်ပါးရှိ၏၊ ထိုဘိက္ခုနီကလည်း(လူတို့ဆွမ်းကပ်စဉ်) “အရှင်ဘုရားအား လှူကြပါ”ဟု စကားလောကွတ်ဝင်၍ ဖြည့်စွက်လေရာ, ထိုရဟန်းသည် ဆွေမျိုးများလှူအပ်သော ဆွမ်းကိုပင် ဘိက္ခုနီဝင်၍ ပြောသောကြောင့် “ဘိက္ခုနီစီမံသော ဆွမ်းမျိုးဖြစ်နေပြီ”ဟု ယူဆ၍ ထိုဆွမ်းကို အကပ်မခံဘဲ နေလေသည်။ ဆွမ်းခံချိန်လည်း မရှိတော့သဖြင့် ထိုနေ့အဖို့ ဆွမ်းမရတော့ချေ၊ ထို့နောက်ကျောင်းတိုက်သို့ ပြန်ရောက်၍ ရဟန်းများအား (သူတွေ့ကြုံခဲ့ရပုံကို လျှောက်ထား၍)ဘုရားရှင်သိတော်မူသောကြောင့် “အညတြ ပုဗ္ဗေ ဂိဟိသမာရမ္ဘာ”ဟု ဖြည့်စွက်၍ အနုပညတ်ထပ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဇာနံ ဘိက္ခုနိပရိပါစိတံ ပိဏ္ဍပါတံ ဘုဉ္ဇေယျ အညတြ ပုဗ္ဗေ ဂိဟိသမာရမ္ဘာ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင် ရဟန်းသည် ရဟန်းမ မစီမံမီရှေး၌ လူတို့ အားထုတ်အပ်သော ဆွမ်းကို ကြဉ်၍ ရဟန်းမ စီမံအပ်သော ဆွမ်းဟု သိလျက် ရဟန်းမ စီမံအပ်သောဆွမ်း (ဘောဇဉ်ငါးပါး တစ်ပါးပါး)ကို စားအံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။
စာမျက်နှာ-၁၆၅
ဉ။ ရဟောနိသဇ္ဇသိက္ခာပုဒ်
အမှုသည်—ရှင်ဥဒါယီ။
အမှု—ဘိက္ခုနီနှင့်အတူ လူကွယ်ရာ၌နေမှု။
ရှင်ဥဒါယီနှင့် ဘိက္ခုနီ။ ။ ရှင်ဥဒါယီ၏ ဇနီးဟောင်းသည် ဘိက္ခုနီလုပ်ပြီးလျှင် ရှင်ဥဒါယီထံ မကြာမကြာလာတတ်၏၊ ရှင်ဥဒါယီလည်း ထိုဘိက္ခုနီထံ သွားတတ်၏၊ အခါတစ်ပါး၌ကား သူတို့ ၂-ယောက်သည် အဖေါ်မပါဘဲ (ပြောလိုရာကို လွတ်လွတ်လပ်လပ် ပြောနိုင်ဖို့ရာ အခြားသူတို့ မကြားလောက်အောင် ဝေးသောကြောင့်) “နား၏ ကွယ်ရာ”ဟု ဆိုထိုက်သော အရပ်၌ ထိုင်နေကြလေသည်၊ ထိုအခါ ရဟန်းများ ကဲ့ရဲ့ကြ၍ ဘုရားထံလျှောက်ခြင်းကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဘိက္ခုနိယာ သဒ္ဓိံ ဧကော ဧကာယ ရဟော နိသဇ္ဇံ ကပ္ပေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင် ရဟန်းသည် ရဟန်းမနှင့် တကွ တစ်ယောက် ချင်းချင်း နား၏ကွယ်ရာအရပ်၌ ထိုင်နေခြင်းကို ပြုအံ့၊ ထိုရဟန်း ပါစိတ် အာပတ်သင့်၏။
ဘိက္ခုနောဝါဒဝဂ် ပြီး၏။
စာမျက်နှာ-၁၆၆
ဘောဇနဝဂ်
က။ အာဝသထပိဏ္ဍသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—တည်းခိုရာဇရပ်၌ အမြဲနေ၍ ဆွမ်းစားမှု။
တည်းခိုရာဇရပ်။ ။ သာဝတ္ထိမြို့၌အသင်းတသင်းသည်၏ အနီးအပါးဝယ် ဧည့်သည်တို့ တည်းခို နေထိုင်ဖို့ရာ ဇရပ်တဆောင်ကို ဆောက်လုပ်ထား၏၊ ထိုဇရပ်ကို ကောင်းစွာ လုံခြုံအောင် ကာရံ၍ ဇရပ်တွင်း၌ ခရီးသွားသူ မကျန်းမာသူ ကိုယ်ဝန်ဆောင် မိန်းမနှင့် ရသေ့ ရဟန်းများအတွက် ထိုက်သည်အားလျော်စွာ ညောင်စောင်း အင်းပျဉ် (ခုတင်-ထိုင်ခုံ)များကိုလည်း ခင်း၍ သူ့ အခန်းနှင့်သူ တကန့်စီကန့်ပြီးလျှင် အခန်းမျက်နှာသာ အဝင်ပေါက်၌ ဆင်ဝင်စမုတ်များကိုလည်း အသီးအသီး ထားသဖြင့် တန်းလျားရှည် ဇရပ်မျိုးဖြစ်လေသည်။
ဆဗ္ဗဂ္ဂီတို့အမြဲနေ၍ ဆွမ်းစားမှု။ ။ ထိုဇရပ်၌ဧည့်သည်အာဂန္တုများအတွက် ဆွမ်း = ထမင်းကိုလည်း ထားကြလေရာ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းခံ၍ မရလျှင် ထိုဇရပ်သို့ လာကြကုန်၏၊ ကောင်းမှုရှင်တို့ ကလည်း “အရှင်မြတ်တို့သည် တစ်ရံတစ်ခါ အတော်ကြာမှ လာကြပေသည်”ဟု ကောင်းမွန်စွာ ပြုစုကြကုန်၏၊ ဆဗ္ဗဂ္ဂီတို့ကား အလိုက်မသိကြ, နောက်တစ်နေ့ ဆွမ်းမရလျှင်လည်း လာကြပြန်-ထိုနောက်တစ်နေ့ ဆွမ်းမရလျှင်လည်း လာကြပြန်၏၊ ထိုသို့ ၃-ရက်မျှ စားပြီးသည့် အခါ၌ကား နက်ဖြန်လည်း လာဦးမည့်အတူ မပြန်ဘဲနေကြ”ဟု တိုင်ပင်ကာ အမြဲနေ၍ ဆွမ်းစားကြလေသည်။ တိတ္ထိတို့ကား ရှောင်ရှားထွက်သွားကြကုန်၏၊ တိတ္ထိတို့ကို မမြင်ရ၍ မေးကြသည့်အခါ ရဟန်းများ အမြဲနေကြသည်ကို မြင်၍ ရှောင်သွားကြကြောင်းကို ကြားရသဖြင့် “ကိုယ်တော်တွေဟာ ဘာ့ကြောင့် နေ့စဉ်နေ၍ စားကြရသတဲ့လဲ, သူတို့ကို့ချည်းမဟုတ်ဘူး, လာလာသမျှအတွက် စားဖို့ ချက်ထားတာဖြစ်တယ်” ဟု ကဲ့ရဲ့ကြသည်ကို ဘုရားရှင် ကြားတော်မူ၍ “ဧကော အာဝသထပိဏ္ဍော ဘုဉ္ဇိတဗ္ဗော။ တတော စေ ဥတ္တရိ ဘုဉ္ဇေယျ, ပါစိတ္တိယံ”ဟု မူလပညတ်ကိုထားတော်မူရလေသည်။
အနုပညတ်။ ။ ထိုကဲ့သို့သော တည်းဇရပ်မျိုးကား ထိုထိုအရပ်၌လည်း ရှိတတ်၏၊ ထို့ကြောင့်အရှင်သာရိပုတြာသည် သာဝတ္ထိသို့ ကြွတော်မူလာ
စာမျက်နှာ-၁၆၇
ရာဝယ် ထိုကဲ့သို့သောတည်းဇရပ်၌ တစ်နေ့စာမျှ ဘုဉ်းပေးပြီးနောက် အတော် ပြင်းထန်သော ရောဂါဖြစ်၍ ထိုဇရပ်မှ မကြွနိုင်လောက်အောင် ပြင်းထန်သော ရောဂါဖြစ်လေသည်၊ ထို့ကြောင့် ဒါယကာတို့က နောက်တရက် ဆွမ်းကပ်ကြသည့်အခါ “မအပ်”ဟု အယူရှိ၍ မဘုဉ်းပေးဘဲ နေတော်မူရှာလေသည်၊ ထို့နောက် ရောဂါသက်သာ၍ သာဝတ္ထိသို့ ရောက်သောအခါ ထိုအကြောင်းကို ရဟန်းများအား ပြောပြ၍ ဘုရားရှင်လည်း သိတော်မူရသဖြင့် “အဂိလာနေန ဘိက္ခုနာ”ဟု ဖြည့်စွက်၍ အနုပညတ် ထပ်တော်မူရလေသည်၊ ဤအနုပညတ်တော်အရ ဂိလာနဖြစ်နေလျှင် ရောဂါမပျောက်သေးခင် နေ့စဉ်စားကောင်း၏ဟု ခွင့်ပြုတော်မူရာရောက်သည်။
သိက္ခာပုဒ်။ ။ အဂိလာနေန ဘိက္ခုနာ ဧကော အာဝသထပိဏ္ဍော ဘုဉ္ဇိတဗ္ဗော။ တတော စေ ဥတ္တရိ ဘုဉ္ဇေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ ဂိလာန မဟုတ်သော ရဟန်းသည် တစ်နေ့စာဖြစ်သော တည်းခိုရာ ဇရပ်စသည်၌ ဝတ်တည်အပ်သောဆွမ်းကို စားအပ် စားနိုင်၏၊ ထိုတစ်နေ့စာထက် အလွန် အကယ်၍စားအံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။
ခ။ ဂဏဘောဇနသိက္ခာပုဒ်
အမှုသည်—ရှင်ဒေဝဒတ်။
အမှု—အဖေါ်အပေါင်းနှင့်အတူ ဂဏဘောဇဉ်ကိုစားမှု။
ရှင်ဒေဝဒတ် လာဘ်လျော့လာပုံ။ ။ အရှင်ဒေဝဒတ်သည် ဈာန်အဘိညာဉ်ကိုရဘူးသေးသောကြောင့် နဂိုက လာဘ်လာဘ မရှားသော ပုဂ္ဂိုလ်တစ်ပါးပင် ဖြစ်၏၊ ဗိမ္ဗိသာရမင်းကို သတ်ဖို့ရန် (အဇာတသတ်အား)အကြံပေးမှု, လေးသ္မားတွေကို စေလွှတ်၍ ဘုရားကို အပစ်သတ်ခိုင်းမှု, ဘုရားကို ကျောက်ဖြင့် လှိမ့်ချ၍ လုပ်ကြံမှုတို့၌လည်း အကြောင်းသိသူ နည်းပါးသောကြောင့် မှုပြစ်မထင်ရှားရကား လာဘ်လာဘ မလျော့သေးချေ၊ နာဠာဂိရိ မည်သော ဓနပါလလည်းမည်သော ဆင်ကြီးကို အရက်တိုက်စေ၍ ဘုရားကြွလာတော်မူမည့် လမ်းသို့လွှတ်ကာ ဆင်နှင့်အတိုက်ခိုင်းရာ၌ကား နေ့လယ် ကြောင်တောင် မြို့လယ်ခေါင် ဖြစ်နေ၍ သူ၏ပြစ်မှု ထင်ရှားသောကြောင့် ထိုအမှုကိုအစပြု၍ ရှေးကပြစ်မှုတွေပါ (နဂိုကသိလျက် မပြောဝံ့၍ ဖုံးထားရ
စာမျက်နှာ-၂၄၆
သူတို့က)ထုတ်ဖေါ်ပြောကြလေသည်၊ ထိုအခါ “ဒီအမှုတွေကို ရှင်ဘုရင်နှင့် ပင်း၍ပြခြင်းဖြစ်သည်၊ ရှင်ဘုရင်က ဘာ့ကြောင့် ဒီလောက် ယုတ်မာသူကို ကြည်ဖြူစွာ ချီးမြှောက်ထားရသလဲ”ဟု မြို့သူမြို့သားတို့ လှုပ်ရှား ထကြွလာသောကြောင့် အဇာတသတ်မင်းလည်း ရှင်ဒေဝဒတ်ကို နှင်ထုတ်ကာ ထောက်ပံ့မြဲဖြစ်သော ဆွမ်းအိုးငါးရာကိုလည်း ဖြတ်ပစ်ရလေတော့သည်။
တောင်းရမ်းစားသောက်ရပုံ။ ။ ထိုအခါမှ စ၍ လာဘ်လာဘ ယုတ်လျော့ရကား ရှင်ဒေဝဒတ်သည် မိမိပရိသတ်နှင့်အတူ ဟိုအိမ် ဒီအိမ် စားသောက်ရပုံ လှည့်လည်၍ “သင်တို့က တစ်ပါးစာ ထမင်းကို ပေးကြပါ, သင်တို့က နှစ်ပါးစာ ထမင်းပေးကြပါ, ”စသည်ဖြင့်တောင်း၍ မိမိပရိသတ် နှင့်အတူ စားရလေသည်၊ ထိုအကြောင်းကို သိတော်မူ၍ “ဂဏဘောဇနေ ပါစိတ္တိယံ”ဟု မူလပညတ်ကို ထားတော်မူရလေသည်၊ [ဤ၌ ဂဏဟူသည် ၄-ပါးမှ အထက်ဖြစ်သော ရဟန်းအပေါင်းတည်း၊ ထို၄-ပါးမှအထက် ဖြစ်သော ရဟန်းအပေါင်းတို့အား လှူအပ်သော ဘောဇဉ်ကို “ဂဏဘောဇဉ်”ဟု ခေါ်သည်၊ ထိုဂဏဘောဇဉ်ကို စားလျှင် ပါစိတ်အာပတ်သင့်၏။]
ဘောဇဉ် ၅-ပါး။ ။ ဩဒနော သတ္တုကုမ္မာသော, မစ္ဆော မံသဉ္စ ဘောဇနံ” နှင့်အညီ ဩဒန = စပါးမျိုး ၇-ပါးမှဖြစ်သော ဆန်တစ်မျိုးမျိုးကို ချက်ထားသောထမင်း၊ (လက်ဖြင့်ကော်ယူ၍ ရလောက်သော ယာဂုအပြစ်လည်း ဩဒန၌ပါဝင်၏၊) သတ္တု = စပါးမျိုး ၇-ပါး၏ ဆန်ကို အမှုန့်ထောင်း ထားသောမုန့်မှုန့်၊ (ထိုမုံမှုန့်ကို သကြား ထောပတ် နွားနို့စသည်ဖြင့် ရောစပ်၍ အရည်ဖြစ်စေ, အခဲဖြစ်စေ သောက်ကြစားကြရသည်၊) ကုမ္မာသော = မုယောစပါး (ဂျုံဖြူ) ကိုလုပ်သော မုန့်အမျိုးမျိုး၊ (ယခုကာလ များစွာသော ဂျုံမုန့်)၊ မစ္ဆော = ငါး (ရေသတ္တဝါအမျိုးမျိုး၏ အသား)၊ မံသ = အသား (ကုန်းသတ္တဝါ အမျိုးမျိုး၏ အသား)၊ ဤ ၅-ပါးကို ဘောဇဉ် ၅-ပါးဟုခေါ်၏။
အပ်-မအပ်ပင့်နည်း။ ။ ပါဠိလိုဖြစ်စေ မြန်မာလိုဖြစ်စေ “ပိဏ္ဍပါတ = ပိဏ္ဍဆွမ်း”ဟူသော အသုံးအနှုန်းပါလျှင် ရဟန်းသုံးဖြစ်၍ အပ်သော အသုံးအနှုန်းတည်း၊ ဩဒန = ဘတ္တ = ထမင်း၊ သတ္တု, ကုမ္မာသ = မုန့်၊ မစ္ဆ = ငါး, ငါးခြောက်, ငါးပိ၊ မံသ-နွားသား, အမဲသားဟင်း, ဝက်သားဟင်းစသော အသုံးနှုန်းများကား အရပ်သုံး လူသုံးဖြစ်၍ မအပ်သော အသုံး အနှုန်းတည်း၊ ထိုမအပ်သော အသုံးအနှုန်းဖြင့် လာ၍ပင့်လျှင် သုံးပါးအထိသာ ထိုအစာကို ခံယူသုံးဆောင်ကောင်း၏၊ ၄-ပါးဖြစ်၍ ဂဏဖြစ်နေလျှင်ကား
စာမျက်နှာ-၁၆၉
မခံယူကောင်း၊ ထို့ကြောင့် ဂဏဘောဇနဟူရာ၌ ၄-ပါးပေါင်း၍ ထမင်း ပေးပါစသည်ဖြင့် တောင်းခြင်းကိုလည်းကောင်း, လူတို့က “ထမင်းစား ကြွပါ-မုန့်ဘုဉ်းပေးကြွပါ” စသည် ရဟန်း ၄-ပါးအား မအပ်မရာ ပင့်ဖိတ် လာခြင်းကိုလည်းကောင်း, မခံယူကောင်းဟုမှတ်၊ “ဆွမ်းဘုဉ်းပေး ကြွပါ = ဆွမ်းစား လာပါ၊ မုန့်တီဆွမ်း ဘုဉ်းပေးလှည့်ပါ” စသည်ဖြင့် ဆွမ်းဟုနာမည်ထည့်၍ ပင့်ဖိတ်လာလျှင်ကား အပ်လောက်ပါ၏-ဟု ယူကြသည်။ ဝတ္ထုကြောင်း၌ ၄-ပါး ၅-ပါး စသည်ပေါင်း၍ တောင်းမှုသာရှိသော်လည်း ပညတ်တော် မူသည့်အခါ၌မူ မအပ်မရာ ပင့်ဖိတ်မှုကို ထည့်ထားတော်မူသည်။
အနုပညတ်။ ။ ထိုသို့ မူလပညတ်ကို ထားတော်မူပြီးနောက် ဝတ္ထု အမျိုးမျိုး ပေါ်ပေါက်လာသဖြင့် မကျန်းမာသည့်အခါ၌လည်းကောင်း, စီဝရဒါနဟု ခေါ်သော သင်္ကန်းလှူချိန်နှင့် စပ်ဆိုင်သည့် သီတင်းကျွတ်လပြည့်မှ (ကထိန်ရလျှင်) တန်ဆောင်မုန်းလပြည့်အထိ (ကထိန်ရလျှင်) တပေါင်းလပြည့် အထိ အခါ၌လည်းကောင်း, သင်္ကန်းချုပ်ကြရာ အခါ၌လည်းကောင်း, အနည်းဆုံး တယူဇနာ ဝက်မျှလောက် ခရီးရှည်သွားရမည့်အခါ၌လည်းကောင်း, လှေစီးသွားရာ အခါ၌လည်းကောင်း, ရဟန်းအများစုမိ၍ လာသောဇဉ်ကိုမှ မစားလျှင် မမျှတလောက်ရာ အခါ၌လည်းကောင်း, ရဟန်း-ရသေ့-ပရိဗိုဇ် (ဘိုးသူတော်) စသူတို့က ကျွေးမွေးရာ အခါ၌လည်းကောင်း, ဂဏဘောဇဉ်ကိုစားနိုင်၏၊ ထိုအခါမျိုး မဟုတ်လျှင် မစားရ-ဟု အနုပညတ် ထပ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ဂဏဘောဇနေ အညတြ သမယာ ပါစိတ္တိယံ။ တတ္ထာယံ သမယော, ဂိလာနသမယော, စီဝရဒါနသမယော, စီဝရကာရသမယော, အဒ္ဓါနဂမနသမယော, နာဝါဘိရုဟနသမယော, မဟာသမယော, သမဏဘတ္တသမယော, အယံ တတ္ထ သမယော။
မြန်မာပြန်။ ။ စားသင့်ရာအခါကိုကြဉ်၍ ဂဏဘောဇဉ်ကိုစားခြင်းကြောင့် ပါစိတ်အာပတ်သင့်၏၊ ထိုစားသင့်ရာ အခါတို့ကား-မကျန်းမာရာ အခါ, သင်္ကန်းလှူရာအခါ, သင်္ကန်းချုပ်ဆိုးရာအခါ, အဓွန့်ရှည်သော ခရီးကိုသွားရာအခါ, လှေစီးရာအခါ, ရဟန်းများစွာ စုမိရာအခါ, သမဏအမည်ရသူတို့၏ ထမင်းကျွေးရာ အခါများတည်း။
စာမျက်နှာ-၁၇၀
ဂ။ ပရမ္ပရဘောဇန သိက္ခာပုဒ်
အမှုသည်—ရဟန်းအများ။
အမှု—ဘောဇဉ် နာမည်ဖြင့် ပင့်ဖိတ်ထားလျက် ဆွမ်းခံစားမှု။
လူဆင်းရဲ၏ သံဃာကုန်ထမင်း။ ။ ဝေသာလီမြို့၌ မွန်မြတ်သော ဘတ္တ (ထမင်း)များကို တလှည့်စီကျွေးကြရာ ရဟန်းတော်များ၌ ထိုထမင်း ဟူသော အသုံးအနှုန်းဖြင့် ပင့်ထားသော အလှည့်သည် ဆက်ကာဆက်ကာ မပြတ်ဘဲရှိနေ၏။ ဆင်းရဲရှာသော အလုပ်သ္မား တစ်ယောက်လည်း (ပစ္စည်းတတ်နိုင်သူတို့၏ အားတက်သရော လှူဒါန်းကြပုံကို အားကျသဖြင့်) သူ၏အလုပ်ရှင့်ထံမှ လစာကိုတောင်း၍ မြတ်စွာဘုရားထံ သူ့ထမင်းကိုလည်း ရဟန်းသံဃာနှင့်အတူ အလှူခံဖို့ရန် ပင့်လျှောက် လေသော်, ဒါယကာ....ရဟန်း သံဃာတွေက များသည်, တတ်နိုင်-မတတ်နိုင်ကို စဉ်းစားဦးလော့”ဟု မိန့်တော်မူ၍, “တတ်နိုင်ပါကြောင်း, ဆီးသီးမှုန့်တွေကို သကြားစသည်နှင့်ရော၍ စားသောက်ဖို့ရန် များစွာစီမံ ထားပါကြောင်း”ကိုလျှောက်လေသည်။ [ဆီးသီးအမှုန့်သာမက အခြားသော ဆွမ်းစသော စားဖွယ်များကိုလည်း စီစဉ်ထားသေး၏၊ သို့သော် သူပြောရိုး အတိုင်း ဆီးသီးမှုန့်တွေကို လျှောက်ခြင်းဖြစ်သည်၊] မြတ်စွာဘုရားလည်း ဆိတ်ဆိတ်နေတော်မူကာ လက်ခံတော်မူလိုက်၏။
ရဟန်းများ ဆွမ်းခံ စားမှု။ ။ ရဟန်းများသည် ထိုအကြောင်းကိုကြား၍ (ဆင်းရဲသူ၏ အိမ်၌ ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် ရှိမည်မထင် ကြသောကြောင့် နံနက် စောစောကပင် ဆွမ်းခံ၍ စားထားကြလေ၏၊ သို့သော် “ဆင်းရဲသားတစ်ဦးက ဘုရားအမှူးရှိသော သံဃာကုန်ပင့်ထားသတဲ့”ဟု ကြားရသူတို့က ထိုသူ၏အိမ်သို့ ကောင်းမွန် သော ခဲဖွယ်ဘောဇဉ်များကို ပို့ကြလေသည်၊ ထိုဆင်းရဲသားလည်း နံနက် မလင်းမှီကပင် မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ကို စီစဉ်၍ ထမင်းစားဖို့ရန် အချိန်တန်ပါကြောင်းကို အထောက်လွှတ်လိုက်သည့်အခါ ဘုရားနှင့်တကွ သံဃာကုန်ကြွလာတော်မူ၏၊ ထို့နောက် သပိတ်၌ ဆွမ်းထည့်သောအခါ ရဟန်းများက “နဲနဲထည့်=နဲနဲထည့်”ဟု မိန့်ကြလေသော် “တပည့်တော် အများကြီး စီမံထားပါသည်, အလိုရှိတိုင်း ဘုဉ်းပေးတော်မူကြပါ”ဟု
လျှောက်လေ၏၊ ထိုအခါ ရဟန်းများက “မလောက်မင ဖြစ်မှာစိုးလို့ မဟုတ်ပါ, နံနက်ကပင် ဆွမ်းခံပြီးစားခဲကြလို့ပါ”ဟု ပြောကြလေသည်၊
စာမျက်နှာ-၁၇၁
ထိုအခါ ထိုဆင်းရဲသားသည် စိတ်မချမ်းမသာဖြစ်၍ “ငါကအဝစားရအောင် လှူနိုင်ပါလျက် အရှင်မြတ်တို့က ပင့်ထားတဲ့နေရာက ဘောဇဉ်ကိုတော့ မစားဘဲ အခြားဘောဇဉ်ကို ဘာ့ကြောင့်စားကြသလဲ”ဟု ကဲ့ရဲ့သောကြောင့် “ပရမ္ပရဘောဇနေ ပါစိတ္တိယံ”ဟု မူလပညတ်ကိုထားတော်မူရလေသည်။
မှတ်ချက်။ ။ ဤသိက္ခာပုဒ်၌ မစပ်သော ပင့်ဖိတ်နည်းဖြင့် ပင့်ဖိတ်သော ဘောဇဉ်ကိုသာ ရှေ့ပင့်ထားသည်ကို မစားဘဲ နောက်မှရသော ဘောဇဉ်ကို စားမှုကြောင့် အာပတ်သင့်ရသည်၊ ယခုကာလ “ဆွမ်းဘုဉ်းပေးကြွပါ” စသည်ဖြင့်အပ်သော ပင့်နည်းမျိုး၌ကား ရှေ့ပင့်ထားသည်ကို မစားဘဲ နောက်မှ(ပင့်၍ဖြစ်စေ ဆွမ်းခံ၍ဖြစ်စေ) ရသောဆွမ်းကို စားမှုကြောင့် အာပတ်မသင့်၊ ဘတ္တ(ထမင်း) ဟူသော နာမည်ဖြင့်ပင့်ရာ၌ ရှေ့သိက္ခာပုဒ် အရ “၄-ပါးအထက် ခံယူ၍ မစားကောင်း” ဟူရာ၌လည်း သံဃာကုန် မဟုတ်လျှင်သာ မစားကောင်းသည်။ သံဃာကုန်ပင့်ရာ၌ “ဂဏ” မဟုတ်တော့ဘဲ “သံဃ” ဖြစ်သောကြောင့် အတူတကွ ခံယူစားကောင်း၏၊ ထို့ကြောင့် လူဆင်းရဲက အဓိဝါသေတု ဘတ္တံ = တပည့်တော် ထမင်းကို လက်ခံတော်မူပါ”ဟု ပင့်ရာ၌ သံဃာကုန်ဖြစ်၍ အတူတကွ ခံယူစားကြလေသည်။
အနုပညတ်။ ။ ထို့နောက် ပရမ္ပရဘောဇဉ်ကို ရှောင်နေရ၍ ဂိလာန ဖြစ်သူအား အစားအသောက် ချို့ယွင်းမှု, သင်္ကန်းလှူချိန်ဝယ် သင်္ကန်းနှင့်အတူ ထမင်းကိုလည်း လှူလေ့ရှိကြရာ ထိုထမင်းကို လက်မခံလျှင် သင်္ကန်းလည်း မရကြ၍ သင်္ကန်းနည်းပါးမှု, သင်္ကန်းချုပ်ဆိုးချိန်ဝယ် ပရမ္ပရဘောဇဉ်ကို ရှောင်ကြဉ်နေရလျှင် အလုပ်မတွင်မှုများကြောင့် ဂိလာန, စီဝရဒါန, စီဝရကာရသမယတို့၌ ပရမ္ပရဘောဇဉ်ကို စားခွင့်ပြုသောအားဖြင့် “အညတြ သမယာ” စသည်ကို ဖြည့်စွက်၍ အနုပညတ် ထပ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ပရမ္ပရဘောဇနေ အညတြ သမယာ ပါစိတ္တိယံ။ တတ္ထာယံ သမယော, ဂိလာနသမယော, စီဝရဒါနသမယော, စီဝရကာရသမယော, အယံ တတ္ထ သမယော။
မြန်မာပြန်။ ။ စားသင့်ရာအခါကိုကြဉ်၍ နောက်နောက် ပင့်ဖိတ်သူ၏ ဘောဇဉ်ကို စားခြင်းကြောင့် ပါစိတ်အာပတ်သင့်၏၊ ထိုစားသင့်ရာ အခါဟူသည် မကျန်းမာရာအခါ, သင်္ကန်းလှူရာအခါ, သင်္ကန်း ချုပ်ဆိုးရာ အခါများဖြစ်သည်။
စာမျက်နှာ-၁၇၂
ဃ။ ကာဏမာတာသိက္ခာပုဒ်
အမှုသည်—ရဟန်းအများ
အမှု—လက်ဆောင်ပေးဖို့ မုန့်များကို အကုန်ခံယူ။
လက်ဆောင်မုန့်တွေ ကုန်အောင် ခံယူမှု။ ။ သာဝတ္ထိမြို့၌ အမျိုးသ္မီးတစ်ယောက်သည် အလွန်အဆင်းလှ၏။ သူ့ကိုမြင်ရသူ လုလင်ပျိုတို့ကို မိုးမမြင်လေမမြင်အောင် (ကန်း)စေတတ်သောကြောင့် “ကာဏာ” ထင်ရှား၍သူ၏ မိခင်လည်း “ကာဏမာတာ”ဟု ထင်ရှားသည်၊ ထိုကာဏာကို ရွာငယ်တစ်ရွာက ယောက်ျားတစ်ယောက်နှင့် လက်ထပ်လိုက်၏၊ အခါတစ်ပါးသော် ကာဏာသည် မိခင်ထံ အလည်အပတ် ပြန်လာရာ ယောက်ျားက လူလွှတ်၍ အမြန်ပြန်လာဖို့ မှာ၏။ မိခင်က လက်ဆောင်မပါလျှင် ရှက်စရာ” ဟု ထင်၍ လက်ဆောင်ပေးလိုက်ဖို့ရာ မုန့်ကြော်နေစဉ် ရဟန်းတစ်ပါး ဆွမ်းခံ ဝင်လာသောကြောင့် ကျက်ပြီးမုန့်ကို လောင်းလိုက်၏၊ နောက်တစ်ပါး နောက်တစ်ပါးနှင့် ဆွမ်းခံလာတိုင်း (သဒ္ဓါတရား ကောင်းကောင်းဖြင့်) လောင်းချည်းနေရာ စီစဉ်ထားသော မုန့်အားလုံးကုန်သွားသောကြောင့် ထိုနေ့၌ ကာဏာ မပြန်ဖြစ်ချေ။
ယောက်ျားသည်လူထွက်၍ ကာဏာပြန်လာခဲ့ဖို့ရန် ၂-ကြိမ်မြောက် မှာပြန်၏။ လက်ဆောင်ပေးဖို့ မုန့်ကြော်ပြန်ရာ ရှေးနည်းအတိုင်း ကုန်ပြန်၏ ၃-ကြိမ်မြောက် နောက်တစ်နေ့၌ကား ယောက်ျားက “ကာဏာမပြန်လာလျှင် နောက်မယားယူရလိမ့်မည်”ဟု မှာပြန်၏၊ ကာဏာပြန်ချင်လှပြီ, မိခင်က မုံကြော်နေပြန်၏၊ ရဟန်းများလည်း ဆွမ်းခံဝင်မြဲဝင်လာရာ မုန့်တွေကုန်ပြန်လေသည်၊ အတော်ကြာလျှင် “ကာဏာ၏ယောက်ျားက နောက်မယား ယူထားပြီ”ဟု ကာဏာကြား၍ ငိုနေစဉ် ဘုရားရှင်ကြွလာခိုက်နှင့် ကြုံကြိုက်၍ ဘုရားရှင်က တရားဟောမှ ကာဏာသက်သာရာရ၏၊ ထိုယောက်ျားလည်း “ကာဏာအထံသို့ ဘုရားသခင်တော်ကြွ၍ တရားဟောတော်မူရသတဲ့” ဟု ကြား၍ ကာဏာကို ချစ်သနားစိတ်ဝင်ကာ ကာဏာကို ပြန်ခေါ်ပြီးလျှင် နဂိုအရာ၌ပင် ထားလေသည်။ ဤဝတ္ထုကို အကြောင်းပြု၍ သိက္ခာပုဒ်၌ “ဘိက္ခုပနေဝ ကုလံ ဥပဂတံ ပူဝေဟိ အဘိဟဋ္ဌုံ ပဝါရေယျ”ဟု ပညတ်တော်မူခွင့်ရှိ၏၊ သို့သော် ဤသိက္ခာပုဒ်ကို မပညတ်ရသေးမှီ ဝတ္ထုတစ်မျိုးပေါ် လာပြန်လေသည်။
စာမျက်နှာ-၁၇၃
ရိက္ခာကုန်အောင် အလှူခံမှု။ ။ ရာဇဂြိုဟ်မြို့၌ အရိယာဖြစ်ပြီးသော ဥပါသကာ တစ်ယောက်သည် အဖေါ် ကုန်သည်များနှင့်အတူ ရာဇဂြိုဟ်မြို့မှ အနောက်ဘက်ကျသောအရပ်သို့ကူးသန်းရောင်းဝယ်ရန် လိုက်မည်ဟု ကြံ၍ လမ်းစာရိက္ခာများကို အသင့်ပြင်ဆင်ထား၏၊ ထိုအချိန်မှာ ရဟန်းတစ်ပါးသည် ထိုကုန်သည်များရှိရာသို့ ဆွမ်းခံဝင်လေရာ, ထိုဥပါ သကာသည် ရိက္ခာဖြစ်သောမုန့်တချို့ကို အလှူခိုင်း၏၊ နောက်တစ်ပါး နောက်တစ်ပါးနှင့် ကြွလာတိုင်းလှူရာ လမ်းစာရိက္ခာ မုန့်တွေ အားလုံး ကုန်လေသည်၊ အဖေါ်ကုန်သည်များကား မဆိုင်းငံ့ကြဘဲ ထွက်သွားနှင့်ကြ၏၊ သူ့မှာမူ ထပ်၍ ရိက္ခာစီစဉ်နေရသဖြင့် နောက်မှလိုက်သွားရာ လမ်း၌ ဓားပြအလုခံရလေသည်၊ ထိုအခါလူတို့က “အတိုင်းအရှည် ပမာဏကိုမသိဘဲ ရဟန်းတွေ လမ်းစာရိက္ခာကိုခံယူမှုကြောင့် အလုခံရသည်”ဟု ကဲ့ရဲ့ကြသောကြောင့် “ဘိက္ခုံ ပနေဝ ကုလံ ဥပဂတံ မန္ထေဟိ အဘိဟဋုံ ပဝါရေယျ”ဟု ပညတ်တော်မူခွင့်ရှိရာ, ရှေးဝတ္ထုနှင့် ပေါင်း၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ဘိက္ခုံ ပနေဝ ကုလံ ဥပဂတံ ပူဝေဟိ ဝါ မန္ထေဟိ ဝါ အဘိဟဋ္ဌုံ ပဝါရေယျ, အာကင်္ခမာနေန ဘိက္ခုနာ ဒွတ္တိပတ္တပူရာ ပဋိဂ္ဂဟေတဗ္ဗာ။ တတော စေ ဥတ္တရိ ပဋိဂ္ဂဏှေယျ, ပါစိတ္တိယံ။ ဒွတ္တိပတ္တပူရေ ပဋိဂ္ဂဟေတွာ တတော နီဟရိတွာ ဘိက္ခူဟိ သဒ္ဓိံ သံဝိဘဇိတဗ္ဗံ, အယံ တတ္ထ သာမီစိ။
မြန်မာပြန်။ ။ အိမ်သို့ ကပ်ဝင်လာသော ရဟန်းကို လက်ဆောင်မုန့် လမ်းစာရိက္ခာ မုန့်တို့ဖြင့် ရှေးရှုယူဆောင်၍ ဖိတ်မံလျှင် (လောင်းလှူလျှင်) ခံယူလိုသောရဟန်းသည် ၂ သပိတ် ၃ သပိတ်ပြည့်အောင် ခံနိုင်၏၊ ထိုထက် တိုး၍မခံရ၊ ၂ သပိတ်ပြည့်အောင်ခံယူလျှင် တသပိတ်ကို ရဟန်းများအား ဝေငှ၍ တသပိတ်ကို မိမိအတွက်ထား၊ ၃သပိတ် ခံယူလျှင် ၂ သပိတ်ကို ရဟန်းများအား ဝေငှရမည်၊ ခံယူခဲ့ပြီးနောက် တွေ့သမျှ ရဟန်းတွေကို “တပည့်တော် မည်သည့်အိမ်မှ မုန့်တို့ကိုမည်မျှ လောက်ခံယူခဲ့ပြီဟု ပြောရမည်၊ ထို့နောက် နောက်ရဟန်းများကား ပထမရဟန်းက တသပိတ်စာသာ ခံယူခဲ့လျှင် ၂ သပိတ်စာ ယူနိုင်သေး၏၊
စာမျက်နှာ-၁၇၄
ပထမရဟန်းက ၃ သပိတ်စာယူပြီးလျှင်ကား နောက်၌မည်သူမျှထပ်၍ မခံယူရတော့ချေ။
င။ ပထမပဝါရဏာသိက္ခာပုဒ်
အမှုသည်—ရဟန်းအများ။
အမှု—တော်ပြီဟုဆိုပြီးမှ အခြားတနေရာသွား၍စားမှု။
ရဟန်းများနှင့် ပုဏ္ဏား။ ။ ပုဏ္ဏားတစ်ယောက်သည် ရဟန်းတို့ကို ပင့်၍ဆွမ်းကြွေး၏၊ ရဟန်းတို့သည် ဆွမ်းစားကြစဉ် (ဆွမ်း-ဟင်းတို့ကို လိုက်သည့်အခါ) “တော်ပါပြီ, ပြည့်စုံပါပြီ, ဝပါပြီ, နဲနဲထည့်ပါ” စသည်ဖြင့်လိုက်သောဆွမ်း-ဟင်းကိုတားမြစ်ပြီး ဖြစ်ပါလျက် တချို့ က ဆွေမျိုးများအိမ်သို့သွား၍ နောက်ထပ်စားကြ, တချို့ကလည်း ထိုအိမ်မှ ဆွမ်းကိုပင် သပိတ်ဖြင့်ယူ၍ အခြားတနေရာသို့သွား၍ စားသောက်ကြကုန်၏၊ ပုဏ္ဏားသည် ရဟန်းတို့သွားပြီးနောက် အိမ်နီးချင်းတို့ကိုလာကြပါဦး, အရှင်မြတ်တို့ကို တင်းတိမ်လောက်အောင် ဆွမ်းကပ်လိုက်ပါပြီ, မိတ်ဆွေတို့ကိုလည်း တင်းတိမ်လောက်အောင် ကြွေးပါရစေ” ဟု ဖိတ်ခေါ်လေ၏၊ ထိုအခါ အိမ်နီးချင်းများက “ဘယ်မှာကိုယ်တော်များ တင်းတိမ် ဦးမှာလဲ, တချို့က ကျုပ်တို့ အိမ်လာပြီး နောက်ထပ်စားကြ, တချို့က ယူသွားကြတယ်” ဟု ပြောကြလေသည်။ ထိုစကားကိုကြား၍ စိတ်မချမ်း မသာဖြစ်ကာ “ဘာ့ကြောင့် ငါ့အိမ်၌ စားပြီးပါလျက် တခြားအိမ်၌ စားကြရသေးသလဲ, ငါ့ကဝအောင် မတတ်နိုင်လို့လား” ဟု ပုဏ္ဏားက ကဲ့ရဲ့သောကြောင့် “ယောပန ဘိက္ခု ဘုတ္တာဝီ ပဝါရိတော ခါဒနီယံဝါ ဘောဇနီယံ ဝါ ခါဒေယျဝါ ဘုဉ္ဇေယျဝါ၊ ပါစိတ္တိယံ”ဟု မူလပညတ်ကို ထားတော်မူရလေသည်။
အနုပညတ်။ ။ ရဟန်းတို့သည် (မိမိတို့စားပြီးနောက်) ဂိလာနရဟန်းများဖို့ မွန်မြတ်သောဆွမ်းတို့ကို တောင်းယူလာကြကုန်၏၊ ဂိလာနရဟန်းတို့ကား စိတ်ထင်သလောက် မစားနိုင်ကြ၊ ကြွင်းကျန်သမျှကိုလည်း (စားပြီးသော ရဟန်းတို့ နောက်ထပ်မစားကောင်းသောကြောင့်) စွန့်ပစ်ကြရလေ တော့၏၊ ထိုစွန့်ပစ်အပ်သောဆွမ်းတို့ကို စားကြလုကြသော ကျီးတို့၏အသံဖြင့် ဆူညံနေသည်ကို ဘုရားရှင်ကြားတော်မူ၍ အရှင်အာနန္ဒာကိုမေးတော်မူရာ, ဂိလာနအကျန်ဖြစ်သော ဆွမ်းများကိုစွန့်ထားကြောင်း လျှောက်သဖြင့်
စာမျက်နှာ-၁၇၅
“ရဟန်းတို့...(ဆွမ်းစားစဉ်တော်ပြီဟု ပယ်မြစ်ခဲ့သော ရဟန်းသည်) ဂိလာန၏ အကြွင်းအကျန်ကိုလည်းကောင်း, ဂိလာနမဟုတ်သူ၏ အကြွင်းအကျန်ကိုလည်းကောင်း, စားခြင်းငှါ ခွင့်ပြုတော်မူ၏”ဟု မိန့်တော်မူ၍ “ယောပနဘိက္ခု ဘုတ္တာပိ ပဝါရိတော အနတိရိတ္တံ ခါဒနီယံဝါ၊ ပေ၊ ပါစိတ္တိယံ”ဟု အနတိရိတ္တပုဒ်ကို ထည့်၍ အနုပညတ်ထပ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဘုတ္တာဝီ ပဝါရိတော အနတိရိတ္တံ ခါဒနီယံ ဝါ ဘောဇနီယံ ဝါ ခါဒေယျ ဝါ ဘုဉ္ဇေယျ ဝါ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် တချို့တဝက်စားပြီး ပယ်မြစ်စေအပ်ပြီး ဖြစ်ပါလျက် အတိရိတ်ဝိနည်းကံလည်း မပြုအပ်, ဂိလာန၏ အကျန်လည်းမဟုတ်သော ခဲဖွယ်ကိုသော်လည်းကောင်း, ဘောဇဉ်ကိုသော်လည်းကောင်း, ခဲမူလည်းခဲအံ့ စားမူလည်းစားအံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။ [ဤသိက္ခာပုဒ်နှင့်စပ်၍ မှတ်ဖွယ်များကို ပါတိမောက်ဘာသာဋီကာ၌ ရှုပါ။
စ။ ဒုတိယပဝါရဏာသိက္ခာပုဒ်
အမှုသည်—ရဟန်းတစ်ပါး။
အမှု—ပဝါရိတ် သင့်ထားသော ရဟန်းအား နောက်ထပ်စားဖို့ရန် တိုက်တွန်းမှု။
ရဟန်း၂-ပါး ဖြစ်ပုံ။ ။ ရဟန်း ၂-ပါးသည် သာဝတ္ထိမြို့သို့ ခရီးရှည်သွားစဉ် တစ်ပါးကဝိနည်းနှင့်မလျော်သော အမှုကို ပြုသောကြောင့် အဖေါ်တစ်ပါးက မပြုဖို့ရန် တားမြစ်ရာကို တားမြစ်သော ရဟန်းကို မလျော်သော အမှုကိုပြုသော ရဟန်းက ရန်ငြိုးဖွဲ့လေသည်၊ သာဝတ္ထိသို့ ရောက်သောအခါ ရန်ငြိုးဖွဲ့ထားသော ရဟန်းသည် သူ၏အမျိုး အိမ်သို့သွား၍ ဆွမ်းကို ယူလာပြီးလျှင် (မိမိကိုပြောဘူးသော) ထိုရဟန်းထိ သွား၍ စားစမ်းပါ”ဟု ထိုဆွမ်းကို ပေးလေ၏။ ထိုအပေးခံရသော ရဟန်းကား ပထမပဝါရဏာသိက္ခာပုဒ်၌ ပြခဲ့သည့်အတိုင်း ပဝါရိတ်သင့်ထားသောကြောင့် အတိရိတ္တ (အပိုအလျှံ စားကြွင်းစားကျန်) ခဲဖွယ် ဘောဇဉ်မဟုတ်လျှင် နောက်ထပ်မစားကောင်းတော့ချေ။ ထိုသို့ ပဝါရိတ်သင့်ပြီးမှန်းကိုလည်း ဆွမ်းလာပေးသော ရဟန်းသည်သိ၏။
စာမျက်နှာ-၁၇၆
ထိုသို့လာပေးသည့်အခါ “တော်ပါပြီ, ပြည့်စုံပါပြီ”ဟု ပထမသော် ငြင်းပယ်၏။ ရန်ငြိုးဖွဲ့ထားသော ရဟန်းကား မစားချင် စားချင်အောင် “ကောင်းလွန်းလို့ပါ, စားစမ်းပါ”ဟုတိုက်တွန်းပြန်၏၊ ထိုအခါ သူတိုက်တွန်းလှသဖြင့် အားနာပါးနာ စားရရှာတော့၏၊ ထိုသို့စားလျှင် စားခြင်းပင် သင်လိုလူက ခရီးသွားတုန်းက ငါ့ကိုမအပ်ဘူးလေး ဘာလေးနှင့် ပြောရ သေးသလား, သင်လဲ ပဝါရိတ် သင့်ပြီးပါလျက် အတိရိတ္တမဟုတ်သော ဘောဇဉ်ကိုစားတာဘဲ”ဟု ပြောကာ လက်စားချေလေသည်။ ထိုအခါ “ငါ့ရှင် အစက အတိရိတ္တမဟုတ်ကြောင်းကို ပြောထိုက်သည် မဟုတ်ပါလား”... “ငါ့ရှင်ကလဲ မေးထိုက်သည်မဟုတ်ပါလား”ဟု အပြန်အလှန် ပြောဆိုကြ၍ အခြားရဟန်းတို့အား အစွပ်စွဲခံရသော ရဟန်းက ပြောပြလေသည်၊ ထိုအခါ အခြားရဟန်းတို့က ကဲ့ရဲ့ကြပြီးလျှင် ဘုရားရှင်ကို လျှောက်ကြ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဘိက္ခုံ ဘုတ္တာဝိံ ပဝါရိတံ အနတိရိတ္တေန ခါဒနီယေန ဝါ ဘောဇနီယေန ဝါ အဘိဟဋ္ဌုံ ပဝါရေယျ “ဟန္ဒ ဘိက္ခု ခါဒ ဝါ ဘုဉ္ဇ ဝါ”တိ ဇာနံ အာသာဒနာပေက္ခော, ဘုတ္တသ္မိံ ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် ဆွမ်းစားစဉ် ပဝါရိတ်သင့်ပြီး ရဟန်းကို ပဝါရိတ် သင့်ထားမှန်းလည်း သိပါလျက် သက်သက် အပြစ်တင်ခြင်းကို ရှူငဲ့သည် (အပြစ်တင်မည်ဟု ကြံစည်ချက်ရှိသည်) ဖြစ်၍ “ရော့.... ဒီခဲဖွယ်ကလေးကို ခဲစမ်းပါ, ဒီစားဖွယ်ဘောဇဉ်ကို စားစမ်းပါ”ဟု အတိရိတ် မဟုတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ဖိတ်မံအံ့ (ပေးအံ့) (ထိုသို့ဖိတ်လျှင် ပေးလျှင်ပင် ဒုက္ကဋ်အာပတ် သင့်နှင့်ပြီ၊) ထိုအပေးခံရသော ရဟန်းက စားလျှင်ကား ပေးသော ထိုရဟန်းမှာ ပါစိတ်အာပတ်သင့်၏။
ဆ။ ဝိကာလဘောဇနသိက္ခာပုဒ်
အမှုသည်—သတ္တရသဝဂ္ဂီရဟန်းကလေးများ။
အမှု—နေလွဲအခါ စားသောက်ကြမှု။
ပွဲကြည်သွားခြင်း။ ။ ရာဇဂြိုဟ်မြို့ဝယ် တောင်နှင့်စပ်၍ မြတ်သောကြီးကျယ်သော ပွဲသဘင် ရှိ၏။ ထိုတောင်ပွဲသည် ယခုကာလ
စာမျက်နှာ-၁၇၇
တောင်ပြုံးပွဲစသည်ကဲ့သို့စည်ကားလှ၏၊ သတ္တရသဝဂ္ဂီရဟန်းကလေးတို့ကား (အသက် ၂၀ ပြည့်မှ ရဟန်းပြုရမည်ဟု မပညတ်မီက) ၇ နှစ်အရွယ်မှာပင် ရဟန်းပြုခဲ့ကြသော တကျိပ်ခုနစ်ယောက်သော ကစားဘော် ကစားဘက် ကလေးများတည်း၊ သူတို့သည် ပွဲမကြည့်ရဟု သိက္ခာပုဒ် မပညတ်ရသေးသောကြောင့် ထိုတောင်တော်ပွဲသို့ ပွဲကြည့်သွားကြလေသည်။ ပွဲသို့ရောက်သောအခါ ဆွေမျိုးများနှင့်တွေ့၍ ရေချိုးပေး နံ့သာလိမ်းပေးပြီးလျှင် ထမင်းလည်း ကျွေးကာ မုန့်ပဲသရည်စာကိုလည်း သူတို့လက်ထဲ၌ ထည့်ပေးလိုက်ကြလေသည်၊ သူတို့သည် ကျောင်းသို့ ပြန်ရောက်ကြသည့်အခါ သူတို့အား တခါတခါ အနိုင်ကျင့်တတ်သော ဆဗ္ဗဂ္ဂီရဟန်းတို့အား ရော့, စားကြပါဦး” ဟုပေး ရှာကြလေသည်၊ “သင်တို့ဘယ်ကရခဲ့သလဲ”ဟု မေးလျှင် ဆွေမျိုးများထံက ရခဲ့ကြောင်း, ဟိုမှာတုန်းကလဲ ထမင်းစားခဲ့ကြရကြောင်းကို ပြန်ပြောင်း ပြောပြသဖြင့်, ဆဗ္ဗဂ္ဂီတို့က “သင်တို့မွန်းလွဲမှ စားကြသလား”ဟု မေးရာ “ဟုတ်ပါကြောင်း”ဝန်ခံကြသဖြင့် ကဲ့ရဲ့ရှုတ်ချ၍ ရဟန်းများမှတဆင့် ဘုရား သိတော်မူရကား ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဝိကာလေ ခါဒနီယံ ဝါ ဘောဇနီယံ ဝါ ခါဒေယျ ဝါ ဘုဉ္ဇေယျ ဝါ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် နေလွဲအခါ၌ ခဲဖွယ်ကိုသော်လည်းကောင်း, ဘောဇဉ်ကိုသော်လည်းကောင်း, ခဲမူလည်း ခဲအံ့၊ စားမူလည်းစားအံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။
ဝိကာလ-အရုဏ်တက်သည်မှစ၍ မွန်းမတည့်မီအချိန်ကို ရဟန်းများ ဆွမ်းခဲဖွယ်ကို စားသောက်နိုင်ရာ “ကာလ”ဟုသတ်မှတ်ထား၏၊ ထိုကာလ ကုန်လျှင် “ဝိကာလ”ဟု ခေါ်၏၊ [ဝိ = ကင်းသော+ကာလ = စားသောက်ချိန်၊] ထို့ကြောင့် ဤသိက္ခာပုဒ်အရ မွန်းလွဲသည်မှစ၍ အရုဏ်မတက်ခင် ဘောဇဉ်ငါးပါးနှင့်တကွ မုန့် အမျိုးမျိုး သစ်သီးအမျိုးမျိုးဟူသော ခဲဖွယ်များကို မစားကောင်း၊ ထိုဝိကာလအချိန်ဝယ် အနာရောဂါမရှိလျှင် မည်သည့် ဆေးကိုမျှ (အယုတ်သဖြင့် လျက်ဆားနှင့် ဆားရိုးရိုးကိုမျှ) မစားကောင်း၊ မလျက်ကောင်း၊ ဆာလောင်မွတ်သိပ်လျှင် ထန်းလျက်ရည် သကြားရည် သန့်ရှင်းစွာစစ်ထားသော မန်ကျည်းဖျော်ရည်စသည်ကား သောက်ကောင်း၍ မဆာဘဲသက်သက် သောက်ချင်ရုံမျှဖြင့်ကား မသောက်ကောင်း၊ ယခုကာလ “ညချင်းသုတ်”စသည်ကား သူနှင့်သင့်မြတ်သော ရောဂါမရှိလျှင် မည်သည့်
စာမျက်နှာ-၁၇၈
နည်းနှင့်မျှ မစားအပ်၊ ရောဂါရှိလျှင် (လက်သုတ်မဟုတ်သော) ချင်းရိုးရိုးကို စားကောင်းပါ၊ လေရောဂါစသည်မရှိဘဲ ထန်းလျက်ခဲ ကြံသကာ သကြားမှုန့်တို့ကိုလည်း မစားကောင်း၊ သောက်လျှင်စားလျှင် ဒုက္ကဋ်အာပတ် သင့်၏။
နေ့လယ်စာ တားမြစ်ရပုံ။ ။ ဘုရားပွင့်တော်မူပြီးနောက် သာသနာတည်စ အချိန်ဝယ် အချို့ရဟန်းဘော်များသည် (လူ့ ထုံးစံ အတိုင်း) နံနက်စာ, နေ့လယ်စာ, ညဉ့်စာဟု ၃ထပ်ပင် စားကြသေး၏၊ ထိုသုံးထပ်တွင် နေ့လယ်စာ”ဟူသည် မွန်းလွှဲအခါ နေ့လယ်ပိုင်းမှာ စားအပ်သော အစာတည်း၊ ထိုနေ့လယ်စာကို မစားဖို့ရန် ပထမပညတ်တော်မူသည်၊ ထိုနေ့လယ်စာကို ပယ်မြစ်တော်မူချိန်၌ တချို့ ရဟန်းတို့မှာ စိတ်မချမ်းမသာ ဖြစ်ကြသေး၏။ သို့သော် မြတ်စွာဘုရားကို ချစ်ကြောက်ရိုသေ သောအားဖြင့် နေ့လယ်စာကို ရှောင်ကြဉ်ကြလေသည်။
ညဉ့်စာ တားမြစ်ပုံ။ ။ ထို့နောက် အတော်ကြာသောအခါ မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူပြန်၏၊ “ဘိက္ခုတို့... ငါဘုရားသည် မွန်းမလွဲမီ နံနက်ပိုင်း တချိန်မှာသာ အစားအစာကို ဘုဉ်းပေးတော်မူသည်၊ ထိုသို့ နံနက်ပိုင်း တချိန်မှာသာ ဘုဉ်းပေး၍ နေ့လွှဲသောအခါ၌ မစားဘဲရှောင်နေခြင်းကြောင့် အနာရောဂါမရှိဘဲ အညောင်း အကိုက်လည်းမရှိဘဲ ပေါ့ပေါ့ပါးပါးနှင့် အားအင်ပြည့်တာကို တွေ့ရသည်၊ အသင်ရဟန်းများလည်း နံနက်တချိန်သာ စားကြ၊ ထိုသို့ စားသဖြင့် အနာ ရောဂါလည်းနည်းပါး အညောင်းအကိုက်လည်း နည်းပါး၍ ပေါ့ပေါ့ပါးပါး အားအင်ပြည့်တာကို သိကြရလိမ့်မည်” ဤသို့မိန့်တော်မူ၍ ဤဝိကာလဘောဇနသိက္ခာပုဒ်ကို ပညတ်တော်မူလေသည်။
ထိုသို့ပညတ်တော်မူသောအခါ အချို့ရဟန်းတို့မှာ စိတ်မချမ်းသာဖြစ်ကြ၏၊ ဖြစ်ပုံကား “လူဝတ်ကြောင်တို့သည် နံနက်စာကို တော်သလိုစားကြ၍ ညစာကိုမှ တတ်နိုင်သမျှကောင်းမွန်အောင်စီစဉ်၍ စားကြသည်၊ ထိုသို့ အထူးတလည် ချက်ပြုတ်သော အစာကိုပင် လက်ဦးလက်ဖျားလှူတတ်ကြရာ ထိုညစာကို ဘုရားရှင် ပယ်မြစ်တော်မူပြန်ပြီ”ဟု တွေး၍ စိတ်မချမ်းမသာ ဖြစ်ကြလေသည်၊ ထိုသို့ဖြစ်ကြသော်လည်း ဘုရားရှင်အပေါ်၌ ချစ်ကြောက် ရိုသေသောအားဖြင့် အများပင်လိုက်နာကြ၏၊ ဘဒ္ဒါလိမည်သော မထေရ်တစ်ပါးကား (ရှေးကကျီးကန်းဘဝမှ လာသောကြောင့် ညစာမစားရလျှင် မနေနိုင်
စာမျက်နှာ-၁၇၉
သလောက်ရှိရကား) ဘုရားရှင် ညစာတားမြစ်မှုကို အကြီး အကျယ် ကန့်ကွက်လေသေး၏။
သို့ရာတွင် ညစာစားစဉ်တုန်းက ညဆွမ်း လှည့်လည် ခံယူကြသော ရဟန်းတို့တွင် တချို့သည် ညဥ့်မှောင်မဲကြီး၌ ဆွမ်းခံလှည့်လည်စဉ် တံစီးအိုင်ထဲ၌ ကျသူကျ၊ ထိုတစီးအိုင်မှ စီးလာသောဗွက်ထဲ၌ ကျသူကျ၊ ဆူးပုံကို နင်းမိသူက နင်းမိ၊ အိပ်နေသော နွားမကို တက်နင်းမိသူကနင်းမိ၊ တချို့လည်း ယဇ်နတ်ပူဇော်ချင်သော ခိုးသူတို့ အဖမ်းခံရ၊ တချို့ကား မာတုဂါမက ဒီမှာဘဲ ညစာစားပြီး သူနှင့်အတူအိပ်ပါတော့”ဟုအဖိတ်ခံရ၊ ရဟန်းတစ်ပါး မှာတော့ ထမင်းချက်သော နေရာနား၌ မိုးမှောင်ကျခိုက် ဆွမ်းရပ်နေ့စဉ် မာတုဂါမက ခွက်ဆေးနေတုန်း ဗြုံးကနဲ လျှပ်လက်လိုက်ရာ မာတုဂါမလန့်ပြီး “အမယ်လေး တစ္ဆေကြီးပါတော့”ဟု အော်လေသော်... “ဟဲ့ဟဲ နှမ, တစ္ဆေမဟုတ်ပါဘူး၊ ဆွမ်းခံကိုယ်တော်ပါ”ဟု ပြောပါလျက် “ကိုယ်တော် အဖေ အမေတွေ သေကုန်လို့ ညမှောင်ကြီးထဲ ဆွမ်းခံရသလား” ဟု ကက်ကက်လန်အောင် ရန်တွေ့ခံရလေသည်။
ညစာစားမှုကြောင့် ဤကဲ့သို့တွေ့ကြုံရသော ဒုက္ခစုတို့ကို သူတခွန်း ငါတခွန်း ပြောကြဆိုကြ ဘုရားကို လျှောက်ကြသဖြင့် ဝိကာလဘောဇန သိက္ခာပုဒ်ကို ကန့်ကွက်ခဲ့သော အရှင်ဘဒ္ဒါလိလည်း အကြီးအကျယ် နောင်တရ၍ ဘုရားကို ဝန်ချကာ ထိုသိက္ခာပုဒ်ကို လိုက်နာလေတော့သည်။ [မဇ္ဈိမပဏ္ဏာသ, ဘဒ္ဒါလိသုတ်နှင့် လဋုကိကောပမသုတ်၊]
ဇ။ သန္နိဓိသိက္ခာပုဒ်
အမှုသည်—အရှင်ဗေလဋ္ဌသီသ။
အမှု—ဆွမ်းကို ချန်ထား၍ နောက်ရက်၌စားမှု။
သမာပတ် ဝင်စားခြင်း။ ။ အရှင်ဗေလဋ္ဌသီသသည် (ရှင်ကြီးတထောင်ဟု အများ သိကြသော) ရသေ့ တထောင်တွင် ပါဝင်သော မထေရ်ကြီးတစ်ပါးတည်း၊ အရှင်အာနန္ဒာ၏ ဥပဇ္ဈာယ် ဆရာကြီးလည်း ဖြစ်၏၊ ထိုအရှင်မြတ်သည် ဇေတဝန် ကျောင်းတိုက်၏ အနီးဖြစ်သော ကမ္မဋ္ဌာန်းကျောင်း၌ သီတင်းသုံးကာ ဖလသမာပတ်ကို ဝင်စားတော်မူလေ့ရှိ၏၊ ထိုကြောင့် ဟင်းမပါသောဆွမ်းကို အခြောက်လှမ်းပြီးလျှင် ၇-ရက်လောက်ကြာမှ သမာပတ်ကထ၍ ထိုထမင်းခြောက်ကို
စာမျက်နှာ-၁၈၀
ရေဖြင့်နှူးကာ ဘုဉ်းပေးတော်မူ၏။ ထို့နောက် သမာပတ်ဝင်စားပြန်၏၊ ဤနည်းဖြင့် ထမင်းခြောက်ကို ဘုဉ်းပေးကာ ရက်သတ္တပတ် အတော် များများကြာမှ ဆွမ်းခံဝင်လေ့ရှိသည်။ အခြားရဟန်းများက ကြာလှမှ တခါတခါ ဆွမ်းခံဝင်ခြင်း၏ အကြောင်း”ကို မေးလျှောက်ကြသောအခါ ဆွမ်းအခြောက်ကို သိုမှီး၍ စားကြောင်း အမိန့်ရှိလေသော် အချို့ရဟန်း
များက ကဲ့ရဲ့၍ ဘုရားအားလျှောက်ကြသဖြင့် ဘုရားရှင်လည်း “ဤကိစ္စသည် သန္တုဋ္ဌိ သလ္လေခ (ရသမျှနှင့် မျှတရောင့်ရဲသော ခြိုးခြံသောအကျင့်) ဖြစ်၍ အပြစ်မရှိသော်လည်း လူများသိလျှင် အပြစ်တင်စရာ ဖြစ်သောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု သန္နိဓိကာရကံ ခါဒနီယံ ဝါ ဘောဇနီယံ ဝါ ခါဒေယျ ဝါ ဘုဉ္ဇေယျ ဝါ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် သိုမှီးသိမ်းဆည်းမှုကို ပြုခြင်းရှိသော ခဲဖွယ်ကိုသော်လည်းကောင်း, ဘောဇဉ်ကိုသော်လည်းကောင်း, ခဲမူလည်းခဲအံ့၊ စားမူလည်း စားအံ့၊ ပါစိတ်အာပတ်သင့်၏။
စွန့်လွှတ်လျှင် သန္နိဓိမဖြစ်။ ။ အကပ်ခံပြီးနောက် ခဲဖွယ်ဘောဇဉ်များကို လူသာမဏေတို့အား စွန့်ပေးလိုက်လျှင် သန္နိဓိသိုမှီးမှုမဖြစ်၊ နက်ဖြန်နံနက်၌ ထိုတို့သိမ်းထားသော အာမိသကို သူတို့ထံမှတဖန် အကပ်ခံ၍ စားကောင်း၏၊ သို့သော် စွန့်သည့်အခါ၌ကား “အနပေက္ခဝိသဇ္ဇန”ခေါ် “ထိုအာမိသကို မစားတော့ပြီ”ဟု မငဲ့မကွက် စွန့်လိုက် ပေးလိုက်မှသာ စွန့်ရာ ရောက်သည်။
မှတ်ချက်။ ။ ပြောင်အောင် မဆေးအပ်သော သပိတ် ပုဂံ ခွက်ကို “ဒုဒ္ဓေါတ”ဟု ခေါ်၏၊ သန္နိဓိနှင့်စပ်၍ ဒုဒ္ဓေါတ သပိတ်ခွက်များနှင့် အနပေက္ခဝိသဇ္ဇနတို့ကို ကောက်ချက်ချလိုက်သည့်အခါ အောက်ပါအချက်များ ပေါ်ထွက်လာ၏။ သပိတ် ပုဂံ ခွက် လဘက်ရည်ကရား စသည်များ၌ ထည့်၍ စားသောက်ပြီးနောက် ထိုသပိတ်စသည်နှင့်တကွ အကြွင်းအကျန်ကို လူသာမဏေတို့အား မပေးမစွန့်ဘဲ သပိတ်စသည်ကို ကိုယ်တိုင် ဆေးရာဝယ် မစင်ကြယ်၍ အာမိသကပ်ကျန်နေလျှင် နက်ဖြန်နံနက်၌ အခြားအာမိသနှင့် ရေနှော၍ ဝမ်းတွင်းသို့ ပါသွားက ဤသိက္ခာပုဒ်အရ အာပတ်သင့်၏။
ထိုသပိတ်စသည်၌ရှိသော အာမိသကို လူသာမဏေအား ပေးလိုက်လျှင် လူသာမဏေတို့က ထိုသပိတ်စသည်ကို ဆေးရာဝယ် မစင်ကြယ်
စာမျက်နှာ-၁၈၁
သော်လည်း ထိုအာမိသအဆီအကပ်တို့ သန္နိဓိမဖြစ်၊ သို့ရာဝယ် ထိုအာမိသ အဆီအကပ် ကျန်ရှိနေသော သပိတ် ပုဂံ လဘက်ရည်ကား များ၌ ထည့်၍ နက်ဖြန်နံနက် စားသောက်လိုလျှင် ရဟန်းကိုယ်တိုင် စ၍မကိုင်ရ၊ လူသာမဏေတို့ထံ အကပ်ခံရဦးမည်။ ထိုသို့အကပ်မခံဘဲ ကိုင်လျှင် ကိုင်သည့်အတွက် ဥဂ္ဂဟိတ (ကောက်ယူမှု) ဒုက္ကဋ်နှင့် ထိုအာမိသကို အကပ်မခံဘဲ စားရာရောက်သဖြင့် လာလတံ့ ဒန္တပေါဏသိက္ခာပုဒ်အတွက် ပါစိတ်အာပတ်သင့်လိမ့်မည်။
ဈ။ ပဏီတဘောဇန သိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီ ရဟန်းများ။
အမှု—မွန်မြတ်သော အစာကို တောင်းစားမှု။
မွန်မြတ်သောအစာကို တောင်းစားမှု။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မွန်မြတ်သော ထောပတ်ဆီဦး စသည်တို့နှင့် ရောနှောအပ်သော ဘောဇဉ်တို့ကို တောင်း၍ စားလေ့ရှိ၏၊ လူတို့က “ရဟန်းတော်တို့သည် ဘာ့ကြောင့် မွန်မြတ်သော အစားအစာတို့ကို တောင်းရမ်း စားသောက် ကြရသလဲ, ကောင်းသောအရသာကို ဘယ်သူမနှစ်သက်ဘဲ ရှိမည်လဲ”ဟု ကဲ့ရဲ့၍သောကြောင့် ဤသိက္ခာပုဒ်ကို “အဂိလာနော”ပုဒ် မပါသေးဘဲ ပညတ်တော်မူရသည်၊ ထို့နောက် ဂိလာနရဟန်းများသည် မွန်မြတ်သော ဘောဇဉ်ကိုမရ၍ ရောဂါမသက်သာသောကြောင့် “ဂိလာန ဖြစ်လျှင်ကား မွန်မြတ်သော ဘောဇဉ်တို့ကို တောင်း၍စားနိုင်၏” ဟု ခွင့်ပြုတော်မူကာ “အဂိလာနော”ပုဒ်ကို ဖြည့်စွက်၍ အနုပညတ် ထပ်တော်မူရပြန်သည်။ [ဤ၌ ထောပတ် စသည်တို့ကား ပဏီတ (မွန်မြတ်သောအစာ)တည်း၊ ထောပတ်ထမင်း, ဆီဦးထမင်း, ဆီထမင်း, ပျားရည်ထမင်း, ငါးဒန်ပေါက်, အသားဒန်ပေါက်, နွားနို့ထမင်း, နို့ဓမ်းထမင်းတို့ကား ပဏီတဘော ဇနတည်း။]
သိက္ခာပုဒ်။ ။ ယာနိ ခေါ ပန တာနိ ပဏီတဘောဇနာနိ, သေယျထိဒံ – သပ္ပိ, နဝနီတံ, တေလံ, မဓု, ဖာဏိတံ, မစ္ဆော, မံသံ, ခီရံ, ဒဓိ။ ယော ပန ဘိက္ခု ဧဝရူပါနိ ပဏီတဘောဇနာနိ အဂိလာနော အတ္တနော အတ္ထာယ ဝိညာပေတွာ ဘုဉ္ဇေယျ, ပါစိတ္တိယံ။
စာမျက်နှာ-၁၈၂
မြန်မာပြန်။ ။ အကြင်မွန်မြတ်သော အာဟာရနှင့် ရောစပ်အပ်သော ဘောဇဉ်တို့သည် ရှိကုန်၏။ ဤမွန်မြတ်သော အာဟာရတို့ဟူသည် အဘယ်နည်း၊ ထောပတ်, ဆီဦး, ဆီ, ပျားရည်, တင်လဲ, ငါး, ကုန်းသတ္တာတို့၏ အသား, နို့ရည်, နို့ဓမ်းတည်း၊ အကြင်ရဟန်းသည် ဤသို့ သဘောရှိကုန်သော မွန်မြတ်သော အာဟာရနှင့် ရောစပ်အပ်သော ဘောဇဉ်တို့ကို ဂိလာနမဟုတ်ဘဲ မိမိ၏ အကျိုးငှါ တောင်း၍စားအံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။
ဉ။ ဒန္တပေါဏသိက္ခာပုဒ်
အမှုသည်—ရဟန်းတစ်ပါး။
အမှု—လူသာမဏေတို့က မပေးအပ်(မကပ်အပ်)သော အာဟာရကို စားမှု။
သုသာန် ကိုယ်တော်။ ။ ဝေသာလီမြို့၌ ရဟန်းတစ်ပါးသည် ပံသုကူရသော ပစ္စည်းကိုသာ သုံးစွဲ၏။ သုသာန်၌ စွန့်ပစ်အပ်သော ခွက်ကို သပိတ်လုပ်၍လည်းကောင်း, သုသာန်၌ စွန့်ပစ်အပ်သော အဝတ်ကို သာသင်္ကန်းချုပ်ပြီး၍လည်းကောင်း, သုသာန်ကရသောခုတင် ထိုင်ခုံကိုသာ သုံးစွဲ၏၊ သုသာန်, သစ်ပင်အောက်, တံခါးခုံစသည်တို့၌ သေလွန်ပြီးသော မိဘဘိုးဘွားတို့ကို ရည်စူး၍ထားအပ်သော အစားအသောက်များကိုသာ ကိုယ်တိုင်ယူ၍ စားသောက်၏၊ ဤသုသာန်ကိုယ်တော်ကို လူတို့က “ဘိုးဘွားမိဘတို့ကို ရည်စူး၍ ထားအပ်သော စားဖွယ်တို့ကို ဘာ့ကြောင့် ကိုယ်တိုင်ယူပြီး (သူများလာမပေးဘဲ) စားရသလဲ, ဝလိုက်တာလဲ ဖီးလို့, အသားတွေလဲ ကျစ်ကျစ်လစ်လစ်ရှိ၏၊ လူသားကို စားနေဟန်တူသည်”ဟု လူတို့ ကဲ့ရဲ့ကြလေသည်၊ [မည်သူကမှ မိမိလက်ရောက်အောင် မပေးဘဲစားခြင်းကို လူကြီး လူကောင်းတို့ မပြုကြသောကြောင့် ထိုရဟန်း၏ ကိုယ်တိုင်ယူ၍ စားမှုကို ကဲ့ရဲ့ကြခြင်းဖြစ်သည်။]
ထိုအကြောင်းကို ရဟန်းများကြား၍ ရဟန်းများကလည်း ဘာ့ကြောင့် မပေးအပ်(မကပ်အပ်)သော အစာကို ခံတွင်းဝသို့ ဆောင်ရသလဲ”ဟု ကဲ့ရဲ့ကြ၍ ဘုရားရှင်အား လျှောက်ကြသောကြောင့် “ယောပန ဘိက္ခု၊ မုခဒွါရံ အာဟာရံ အာရေယျ, ပါစိတ္တိယံ”ဟု မူလပညတ်ကို ထားတော်မူရလေသည်၊ [ဤ၌ “အဒိန္နံ = မပေးအပ်” ဟူရာဝယ် “မိမိပစ္စည်းပင်ဖြစ်
စာမျက်နှာ-၁၈၃
သော်လည်း လူ-သာမဏေစသူတို့က မိမိလက်ရောက်အောင် မပေးအပ်သည်ကို ဆိုလိုသည်၊ ထို့နောက် အချို့ ရဟန်းတို့သည် “ရေ၌လည်းကောင်း, ဒန်ပူ၌လည်းကောင်း, သူတစ်ပါးက မပေးလျင်(မကပ်လျှင်)သောက်ကောင်း ခဲကောင်းမည် မထင်-ဟု သံသယ ဖြစ်ကြသောကြောင့် “အညတြ ဥဒကဒန္တပေါဏာ” ဟု ဖြည့်စွက်၍ အနုပညတ် ထပ်တော်မူရပြန်သည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု အဒိန္နံ မုခဒွါရံ အာဟာရံ အာဟရေယျ အညတြ ဥဒကဒန္တပေါနာ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင် ရဟန်းသည် (ရေ-ဒန်ပူကိုကြဉ်၍ ရေ-ဒန်ပူမှ တစ်ပါး) မပေးမကပ်အပ်သော အာဟာရကို ခံတွင်းဝသို့ ဆောင်အံ့ (မျိုအံ့)၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။
အကပ်မြောက်အင်္ဂါ ၅-ပါး။ ။ ၁-ကပ်မည့်သူက ရှေ့ရှု ဆောင်ခြင်း, ၂-အကပ်ခံမည့်ရဟန်း၏ ၂ တောင့်ထွာ ဟတ္ထပါသ်အတွင်း၌ ရောက်ခြင်း ၃-အား အလတ်စားရှိသူ မြှောက်ချီနိုင်သော ဝတ္ထုဖြစ်ခြင်း, ၄-ကိုယ်ဖြင့် ဖြစ်စေ ကိုယ်နှင့်စပ်နေသော(ကိုင်ထားသော) ခွက်စသည်ဖြင့်ဖြစ်စေ ပစ်၍ ဖြစ်စေ ဤ ၃-မျိုးတွင် တစ်မျိုးမျိုးဖြင့် ကပ်သူကပေးခြင်း, ၅-ကိုယ်ဖြင့်ဖြစ်စေ ကိုယ်နှင့်စပ်သော ကိုင်ထားသော ခွက်တုတ်စသည်ဖြင့် ခံ၍ တို့၍ ထိ၍ဖြစ်စေ ဤ ၂-မျိုးတွင် တစ်မျိုးမျိုးဖြင့် အကပ်ခံသော ရဟန်းကခံယူခြင်း, ဤအင်္ဂါ ၅-ပါးပြည့်စုံမှ အကပ်မြောက်သည်။
[ဆောင်] ရှေးရှုလည်းဆောင်, ၂ တောင့်ထွာရောက်, မြှောက်နိုင်ဝတ္ထု, သုံးခု ပေးခြင်း, ခံခြင်းနှစ်လှောက်, ကပ်ခံမြောက်, မှတ်လောက် အင်္ဂါ ၅-ပါးတည်း။
ချဲ့ဦးအံ့’ “ရှေးရှုဆောင်”ဟူရာ၌ လက်ဖြင့် ရှေ့တိုးပေးမှရှေ့ရှုဆောင်ရာ ရောက်သည်မဟုတ်သေး၊ ဦးခေါင်းပေါ်၌ ရွက်ထားသော စားဖွယ်ခွက်ကို လှူလို၍ ဦးခေါင်းကို အနည်းငယ်စောင်းညွတ်ပေးလိုက်လျှင် ရှေ့ဆောင်ရာ ရောက်သောကြောင့် ရဟန်းက ထိုခွက်ကို လက်ဖြင့်ထိကာ အလိုရှိရာ ယူစားနိုင်၏၊ အားအလတ်ရှိသူ ကြွမြှောက်နိုင်သော ယာဂုအိုးကြီးကို ရှင်ငယ်ကလေးက မကြွနိုင်၍ မြေပေါ်၌ပင် လှိမ့်လျက် ကပ်ရာ၌လည်း ရဟန်းက လက်ထိုးပေးကာ (ထိရုံ ထိ၍ဖြစ်စေ) အကပ်ခံနိုင်၏။
စာမျက်နှာ-၁၈၄
ဤစကားအရ-ယခု ကာလ တစ်ယောက်လည်း ကြွနိုင်သော စားပွဲကို ဟင်းဖိတ်မည်စိုး၍ ၂-ယောက် ၃-ယောက်ကိုင်လျက် ကပ်ခြင်း, စားပွဲ အခင်းတို့ ကြမ်းပြင်မှာ ထိနေလျက်ကပ်ခြင်း, ကပ်မည့်သူက ရှေ့ရှုဆောင်၍ ၂-တောင့်ထွာ အတွင်း ရောက်ရှိသောဝတ္ထုကို လက်မြှောက်လှမ်းယူ၍ အကပ်ခံခြင်းများ၌ အကပ်မြောက်သည်ချည်းမှတ်။
ဟတ္ထပါသ်တိုင်းနည်း။ ။ ၂-တောင့်ထွာ ဟတ္ထပါသ်တိုင်းရာ၌ ရှေ့ကလာ၍ ကပ်ရာဝယ် ရဟန်းက ထိုင်နေလျှင် ထိုရဟန်း၏ တင်ပါး နောက်ဘက် အစွန်းဖြင့်, ရပ်နေလျှင် ဖနောင့်စွန်းဖြင့်, စောင်းလျက်လှဲနေလျှင် စောင်းသော နံပါး၏ ပြင်ဘက်စွန်းဖြင့် တိုင်းရမည်၊ ဝမ်းလျားမှောက်၍ နေရာ ဦးခေါင်း နား၌လာ၍ ကပ်လျှင် ဦးခေါင်းစွန်း၏ အနီးဆုံးဖြစ်သော လည်ပင်းဖြင့် တိုင်းရမည်၊ ဤသို့လျှင် အကပ်ခံသူ၏ လှမ်းယူသော လက်မှတစ်ပါး အနီး အဆုံးကိုယ်အင်္ဂါ၏ နောက်ဘက်စွန်းဖြင့် တိုင်း၍...ကပ်သူ့အတွက်လည်း လှမ်း၍ ပေးသော လက်မှတစ်ပါးအခြားသော အနီးဆုံးအင်္ဂါ၏ ဤဘက် အစွန်းဖြင့် တိုင်းတာရမည်၊ စားပွဲကြီးအလယ်ခြား၍ အကပ်ခံကြရာ၌ အနီးဆုံး အင်္ဂါချင်း ဟတ္ထပါသ်ကို သတိပြုရာ၏။]
မုခဒွါရံ။ ။ “ခံတွင်းအဝ”ဟူသည် ပါးစပ်ပေါက်မဟုတ်, အောက်ပိုင်း အဝဖြစ်သော လည်ချောင်းပေါက်တည်း၊ မူခတော-ခံတွင်းမှ၊ ဟေဋ္ဌာ-အောက်ဖြစ်သော၊ ဒွါရံ-အပေါက်သည်၊ မုခဒွါရံ-မည်၏၊ ထိုကြောင့် အာဟာရကို ပါးစပ်ကဖြစ်စေ နှာခေါင်းပေါက်ကဖြစ်စေ သွင်းရာ၌လည်ချောင်း ပေါက်၏ အတွင်းရောက်လျှင် မျိုရာရောက်၏၊ လည်ချောင်းမရောက်ခင် ပါးစပ်အတွင်း၌ ငုံရုံငုံပြီး(အရည်တစက်မျှ လည်ချောင်းတွင်း မဝင်စေဘဲ) ထွေးပစ်နိုင်လျှင် အကပ်မခံသော်လည်း အပြစ်မရှိသေး၊ ထိုကဲ့သို့ ပြုနိုင်လျှင် ညနေဘက်မှာလည်း ဝိကာလဘောဇန အပြစ်မရှိ၊ သို့သော် အကျိုးမရှိသော ထိုအလုပ်မျိုးကို မလုပ်ခြင်းသာလျှင် ကောင်း၏။
အာဟာရံ။ ။ ယာဝကာလိက စသော ၄-ပါးကို အာဟာရဟုဆိုသည်၊ ထိုအာဟာရကို အကပ်ခံရာ၌ ရထရေဏုမြူသည် အကပ်ခံနိုင်သော အသေးဆုံး အာဟာရတည်း၊ အကပ်ခံပြီးသော အာဟာရ၌ ရထရေဏုမြူ ကျလျှင်လည်း အကပ်ပျက်တော့သည်သာ၊ လှည်းရထားတို့သွားသည့်အခါ ထသော မြူမှုန့်ကို ရထရေဏုမြူဟု ခေါ်၏၊ တံမြက်လှည်း၍ လေတိုက်၍ ထသောမြူများလည်း ရထရေဏုမြူပင်၊ ထို့အောက်ငယ်သော နံရံပေါက်မှ
စာမျက်နှာ-၁၈၅
ဝင်လာသော နေရောင်ဖြင့်မြင်ရသောမြူကို တဇ္ဇာရီမြူဟုခေါ်၏။ ထိုတဇ္ဇာရီမြူမှုန့်နှင့် အဏုမြူ ပရမာဏုမြူတို့မှာ အကပ်မပျက်နိုင်၊ မြူမှုန့် (ဖုံ)များကို ယာဝဇီဝိက အာဟာရတွင် ပါဝင်သည်ဟုမှတ်။
အညတြ ဥဒကဒန္တ ပေါဏာ-ဥဒကဟူသည် ရထရေမြူပမာဏရှိသော မြူမှုန်မပါသည့် သန့်ရှင်းသောရေတည်း၊ ထိုသန့်ရှင်းသောရေသည် ကာလိက လေးပါးမှအလွတ်ဖြစ်၍ အကပ်မခံဘဲ သောက်ကောင်း၏၊ ကိုယ်တိုင်လည်း ကြိုကောင်း၏-ချက်ကောင်း၏၊ ရထရေဏုမြူမှုန်ပါသော ရေကားအတွက် အကပ်မခံဘဲ မသောက်ရ၊ သို့ဖြစ်၍ ဝိနည်းကို ဂရုစိုက်သူတို့ အကပ်မခံသော ရေကို အမြဲစစ်၍သောက်ကြသည်။
ဒန်ပူစားရာ၌ အိန္ဒိယ ထုံးစံမှာ သွားဖြင့်ဝါး၍ ဒန်ပူရည် ထွက်အောင် စားလေ့ရှိ၏၊ ထိုအရည်ထွက်မှသွားပိုးမစားနိုင်ဘဲ သွားစင်ကြယ်သည်-ဟု အယူရှိသည်၊ ထိုသို့ဒန်ပူစားရာ၌ ဒန်ပူရည်များ လည်ချောင်းတွင်းမဝင်လျှင် အကပ်ခံဖွယ် မလိုသောကြောင့် အညတြ ဥဒကဒန္တပေါဏာ”ဟု မိန့်တော် မူရသည်၊ အကယ်၍ဒန်ပူရည်က လည်ချောင်းတွင်း ဝင်လျှင်ကား အကပ်ခံမှ သင့်မည်၊ အကပ်မခံလျှင်-ဤသိက္ခာပုဒ်အရ အာပတ်သင့်မည်သာ။
အချုပ်မှာ...အညတြ ဥဒကဒန္တပေါဏာဖြင့် လွတ်လပ်ခွင့်အထူးမရ၊ ကြည်နေသောရေသည် ကာလိကဝိမုတ်ဖြစ်၍ နဂိုကပင်အပ်၏၊ ဒန်ပူလည်း ခံတွင်းသို့ အရည်မဝင်လျှင် ပင်ကိုယ်ကပင် အပ်၏၊ သို့ရာတွင် ဘုရားရှင် လက်ထက်တော်က ရဟန်းအချို့တို့ ရေနှင့်ဒန်ပူအတွက် သံသယ ဖြစ်ကြသောကြောင့် ဘုရားရှင်က ထပ်၍ ချွင်းချက်ပြုတော်မူရသည်။
မှတ်ချက်။ ။ ပြခဲ့သောစကားများအရ ထရေဏုမြူသည် အကပ်ခံလောက်သော အာဟာရတွင် ပါဝင်ရကား ဆွမ်းခံတုန်းဖြစ်စေ ဆွမ်းစားတုန်း ဖြစ်စေ စားခွက်တွင်းသို့ ထိုမြူမှုန်မျိုးကြလျှင် ထိုမြူနှင့်တကွ ဆွမ်းအနည်းငယ်ကို ယူပစ်ရမည်။ ထပ်၍ အကပ်မခံဘဲ ဆက်လက်၍ဆွမ်းခံလျှင် ဝိနယဒုက္ကဋ် ခေါ် ဒုက္ကဋ် အာပတ်သင့်၏၊ ဆက်၍ဆွမ်းစားလျှင် ထိုမြူမှုန်ကို စားမိက ဤသိက္ခာပုဒ်အရပါစိတ်အာပတ်သင့်၏။
ထို ပြင်-ဆွမ်းလုပ်ကို ပါးစပ်သို့ သွတ်သွင်းပြီးနောက် ပါးစပ်တွင်းမှ ဆွမ်းလုံးတလုံးဖြစ်စေ သပိတ်တည်းသို့ ပြန်၍ကျလျှင် ထပ်၍ အကပ်ခံလေ့ရှိကြ၏။ သို့သော် ထိုပြန်ကျလာသော ဆွမ်းလုံးသည် ပါးစပ်ထည်း ရှိသော သွားရည် နှုတ်ခမ်းရည် စသည်နှင့် မလူးဘဲ ပြန်ကျလျှင် အကပ် မပျက်သေး၊ သွားရည် စသည်နှင့် လူးပြီးမှ ပြန်ကျလျှင်သာ ထိုသွားရည်အတွက် အကပ်ပျက်ရသည်။ ထို့ကြောင့် ပါးစပ်မှ ဆွမ်းလုံးပြန်ကျသည့် အခါ
စာမျက်နှာ-၁၈၆
ထပ်၍ အကပ်ခံလေ့ရှိရာ၌ ဆွမ်းလုံးကျသည့်အတွက် သပိတ်အတွင်းရှိ ဆွမ်းများ အကပ်ပျက်သောကြောင့် မဟုတ်, ပြန်ကျလာသော ဆွမ်းလုံးက သွားရည် စသည်ဖြင့် လူးလာခဲ့လျှင် အကပ်ပျက်ရာသောကြောင့် ထိုပြန်ကျလာသော ဆွမ်းလုံးကို ထပ်၍ အကပ်ခံခြင်းဖြစ်သည်-ဟု မှတ်။
ထို့ပြင်-ဆွမ်း အချိုပွဲ စသည် စားရာ၌ လက်မဆေးဘဲစားလျှင် လက်၌ ရထရေဏုမြူလောက်သော မြူမှုန်များ ကပ်နေခဲ့သော် ထိုမြူမှုန်များအတွက် လက်ဖြင့် ထိရာ ခဲဖွယ်ဘောဇဉ်တို့ပါ အကပ်ပျက်တတ်ရကား ဆွမ်းစားခါနီးလက်ဆေး, ဆွမ်းစားပြီးနောက် အချို့ပွဲစားခါနီး လက်ဆေးရမည်။ ညာလက်ကိုသာ ဆေး၍ ဘယ်လက်ကို မဆေးလျှင် ဘယ်ဘက်လက်ဖြင့် စားဖွယ်များကို ကိုင်ရာ၌လည်း ဤနည်းအတိုင်းပင်၊ ထိုကြောင့် ဘယ်လက်ကို မဆေးလျှင် ထိုလက်ဖြင့် စားဖွယ်များကို မကိုင်မိစေရ။
ဆိုဖွယ်ရှိသေး၏-အချို့ကား စားမည်ဟု လက်ဆေးပြီးနောက် ထိုလက်ဖြင့် သင်္ကန်းကိုသိမ်းကြ၏။ ထိုသို့ သိမ်းရာဝယ် သင်္ကန်း၌ ရထရေ မြူမှုန်ကို ကိုင်မိလျှင် လက်မဆေးသူနှင့် အတူပင်တည်း၊ တချို့ကား အချို့ပွဲစားစဉ် အကပ်ခံမထားသော လက်သုတ်ပုဝါကို သုတ်လိုက်-အချိုပွဲကို နှိုက်လိုက်နှင့် စားကြ၏။ ထိုသို့ စားရာ၌ လက်သုတ်ပုဝါ ညစ်ပေတော့မည်မှာ သေချာပြီး လက်သုတ်ပုဝါ၌ ရထရေမြူမှုန့်ပါလျှင် စားဖွယ်များလည်း အကပ်ပျက်လိမ့်မည်၊ ထို့ကြောင့် အစာစားမည်-ဟု လက်ဆေးပြီးနောက် ထိုလက်ဖြင့် အစာမှတစ်ပါး အခြားလက်သုတ်ပုဝါ သင်္ကန်းစသည်ကို မကိုင်ဘဲ စားခြင်း ကိစ္စပြီးမှသာ လက်ဆေး၍ လက်သုတ်ပုဝါကို သုတ်သင့်ကြပေသည်။
ဒုရူပစိဏ္ဏဥဂ္ဂဟိတ။ ။ [ဒု-ဥပစိဏ္ဏ = မကောင်း လေ့ကျင့်မှု (အလေ့အကျင့် မကောင်းမှု)၊ ဥဂ္ဂဟိတ = မြောက်ခါ နေရာရွှေ့အောင် ယူမှု။ ရှေ့၌ ဝိနယဒုက္ကဋ်ကိုပြခဲ့ပြီ၊ အကပ်မခံရသေးသော ခဲဖွယ်ဘောဇဉ်ကို (လူသာမဏေအား ပေးရန်မဟုတ်ဘဲ) သက်သက်လက်ဆော့ ခြေဆော့ သဘောဖြင့် ထိလျှင် (နေရာမှ မရွေ့စေဘဲ ကိုင်လျှင် ဒုရူပစိဏ္ဏ ဒုက္ကဋ် အာပတ်သင့်၏၊ ဥပမာ-သာမဏေ ဆွမ်းချက်နေရာ၌ ဆွမ်းအိုးကို ဖွင့်ခြင်း စသည်နှင့် အကပ်မခံဘဲ ချထားသော သပိတ်၏အဖုံးကို ဖွင့်ခြင်းစသည် များတည်း၊ သစ်ပင်ပေါ်ရှိ သစ်သီးနှင့် စားဖွယ် အရွက်များကို ကိုင်ရာ၌လည်း ဒုရူပစိဏ္ဏပင်၊ ကိုင်ရုံထိရုံမကဘဲ နေရာရွှေ့လောက်အောင် ကိုင်လျင် (အခြားတနေရာရွှေ့သွားလျှင်) ဥဂ္ဂဟိတ ဒုက္ကဋ်အာပတ်သင့်၏။
ထို့ပြင်-လူသာမဏေတို့၏ ခွက်ထည်းသို့ ရဟန်းက အကပ်ခံပြီး ဖြစ်သော ဆွမ်းဟင်း မုန့်စသည်ကို ထည့်ပေးရာ (ဆွမ်းဟင်းလိုက်ရာ)တို့၌ လူသာမဏေတို့၏ ရှိရင်းအစာတို့နှင့် မထိအောင် မြှောက်၍ ထည့်ပေး
စာမျက်နှာ-၁၈၇
ရမည်၊ ဘာ့ကြောင့်နည်း...လူသာမဏေတို့၏ အစာသည် ရဟန်း၏ လက်စသည်ကို ငြိ၍ ပါလာလျှင် ထိုအစာက အကပ်မခံရသေးသဖြင့် ကပ်ပြီး အစာနှင့် ရောက ကပ်ပြီး အစာပါ အကပ်ပျက်ဖွယ်ရှိသောကြောင့်တည်း၊ ဒုရူပစိဏ္ဏ ဖြစ်သောအစာကို ထိုထိကိုင်သော ရဟန်းတစ်ပါးသာ မစားကောင်း, အခြားရဟန်းများ စားကောင်းသေး၏။ ဥဂ္ဂဟိတက အစာကိုကား ရဟန်းအားလုံးပင် မစားကောင်းတော့ပြီ။
ခရီးသွားစဉ် မိဘသာမဏေများသို့ အစာကိုကား အကပ်မခံဘဲလည်း ယူသွားကောင်း၏၊ မိမိဖို့ဟု ရည်ရွယ်ချက် လုံးဝမပါ, မိဘ စသူတို့သာဟု မိမိစိတ်ကို စင်ကြယ်စေနိုင်လျှင် ကိုယ်တိုင် ယူခဲ့သော ထိုအစာများကို ရောက်ရာအရပ်၌ အလိုရှိက အကပ်ခံ၍ စားကောင်း၏၊ ထို့ထက်အကျယ်ကို ပါစိတျာဒိအဋ္ဌကထာမှာရှု။
အကပ်ပျက်ကြောင်း။ ။ (စွန့်) အကပ်ခံပြီးသော အစာကို မစားတော့အံ့ဟု အင်္ဂါများ အာလယပြတ် (ကွယ်မှုမရှိဘဲ) စွန့်လိုက်ခြင်းကြောင့်လည်း အကပ်ပျက်၏။ ထိုသို့ စွန့်ရာ၌ လက်ကလွတ်မှ အကပ်ပျက်သည်၊ (ချ) သိက္ခာချခြင်းကြောင့်လည်း အကပ်ပျက်၏၊ (ပေး) သူတစ်ပါးကို ပေးခြင်းကြောင့်လည်း အကပ်ပျက်၏၊ ဤပေးရာ၌လည်း လက်လွတ်မှပျက်သည်၊ နှုတ်ကပေးသော်လည်း လက်မလွှတ်သေးလျှင် အကပ်မပျက်၊ (လု) လူစသူတို့က အတင်း လုယူ သွားခြင်းကြောင့်လည်း အကပ်ပျက်၏။ (မစ္စု)သေခြင်း-(လိင်ပြန်)ဘိက္ခု အဖြစ်မှ ဘိက္ခုနီအဖြစ်သို့ လိင်ပြန်ခြင်းတို့ကြောင့်လည်း အကပ်ပျက်၏။
[ဆောင်] စွန့်-ချ-ပေး-လု, မစ္စု-လိင်ပြန်, ဤ ၆ တန် ကပ်ခံ ပျက်ကြောင်းတည်း။
မှတ်ချက်။ ။ ဤအကပ်ခံပျက်ရာ၌ အာဟာရကို တစ်ပါးပိုင်ဟုမှတ်၊ ၂-ပါး ၃-ပါး စသည် ဆိုင်သော စားဖွယ်၌ တစ်ပါးက စွန့်ရုံနှင့် အကပ် မပျက်နိုင်၊ ထို့ပြင်-စွန့်မှ အကပ်ပျက်ရကား စားနေစဉ် လူသာမဏေတို့ သာ၍ ကိုင်ရာ၌ (ရဟန်းကလက်ဖြင့် ထိမထားစေကာမူ) အကပ်မပျက်၊ အကပ်ခံပြီးသော သပိတ်ကို မစွန့်ဘဲ လူသာမဏေကို အခြားတနေရာသို့ အရွေ့ (အထား) ခိုင်းလိုက်သော်လည်း အကပ်မပျက်။ သို့ရာတွင် လူသာမဏေတို့ကိုယ်မှ မြူမှုန်များ အာဟာရ၌ ကျနေရစ်လျှင်ကား ထိုမြူမှုန်အတွက် အကပ်ပျက်၏။
ဘောဇနဝဂ် ပြီး၏။
စာမျက်နှာ-၁၈၈
အစေလကဝဂ်
က။ အစေလကသိက္ခာပုဒ်
အမှုသည်—အရှင်အာန§န္ဒာ။
အမှု—ပရိဗိုဇ်မအား မုန့် ၂ ရှက်(မှား၍)ပေးမိ။
အရှင်အာနန္ဒာနှင့် ပရိဗိုဇ်မ။ ။ ဤသိက္ခာပုဒ် ပညတ်တော်မူခါနီး အချိန်ဝယ် သံဃာတော်၌ “ခဲဖွယ်”ဟု ခေါ်ရသော မုန့်ပဲ သရည်စာတွေ (စားရုံဖြင့် မကုန်နိုင်အောင်) ပေါများ နေလေသည်၊ အရှင်အာနန္ဒာသည် ထိုအကြောင်းကို ဘုရားရှင်အားလျှောက်၍ “အကြွင်း အကျန်ကို တောင်းရမ်းစားသောက်သူတို့အား ဝေပေးလိုက်”ဟု ဘုရားရှင် မိန့်တော်မူသောကြောင့် စားကြွင်းစားသူတို့ကို စီတန်းထိုင်နေစေ၍ မုန့်တရှက်စီ ဝေပေးလေရာ ရသေ့ ပရိဗိုဇ်မ တစ်ယောက်အား တရှက် အထင်ဖြင့် ၂ ရှက်ထပ်ကို ပေးမိလေသည်၊ ထိုအကြောင်းကို သိသော အနီးအပါး ပရိဗိုဇ်မများက “ဒီရဟန်းက ညီးလင်ငယ်”ဟု ပြောကြလေသော်လင်ငယ် မဟုတ်ပါ, တရှက်ဟုထင်ပြီး ၂ ရှက်ပေးတာပါ”ဟု ပြန်ပြော၏။ နောက်နေ့ မုန့်ဝေပေးရာ၌လည်း ထိုပရိဗိုဇ်မအားပင် မှား၍ ပေးမိပြန်၏၊ ထို့နောက်လည်း တစ်ကြိမ်ထပ်၍ မှားပြန်၏၊ ထိုအခါ “လင်ငယ်ဘဲ, လင်ငယ်မဟုတ်”ဟု အငြင်း အခုန် ဖြစ်ကြလေသည်။
အာဇီဝကတစ်ယောက် ပြောပုံ။ ။ အာဇီဝက တစ်ယောက်သည် ဆွမ်းလုပ်ကျွေးရာ အရပ်သို့ သွားလေသော် သူ့အား ရဟန်းတစ်ပါးက ထောပတ်ဖြင့် ဆွမ်းကိုနယ်၍ ပေး၏၊ “ဘယ်ကရသလဲ”ဟု အခြား အာဇီဝကတစ်ယောက်က မေးလတ်သော် ရဟန်းဂေါတမဆိုတဲ့ ကတုံး သူကြွယ်ကို ဆွမ်းလုပ်ကျွေးတဲ့နေရာက ရခဲ့တယ်”ဟု ဗုဒ္ဓရှင်တော်အား ထိပါးပြောဆိုသံကို ဥပါသကာများကြား၍ ဗုဒ္ဓမြတ်စွာအား လျှောက်ကြံသည်မှာ-“မြတ်စွာဘုရား—ဒီတိတ္ထိတွေဆိုတာ ဗုဒ္ဓဓမ္မနှင့် သံဃာတော်များ၏အပြစ်ကိုသာ လိုလားကြပါသည်။ အရှင်ရဟန်းတော်များသည် ထိုတိတ္ထိတို့အား မိမိတို့လက်ဖြင့် (ကိုယ်တိုင်) မပေးကြလျှင် ကောင်းလိမ့်မည် ထင်ပါသည်”၊ ဤသို့လျောက်ကြပြီးလျှင် ဗုဒ္ဓရှင်တော်၏ တရားစကားကို နာယူပြန်သွားပြီးနောက် ဤသိက္ခာပုဒ်ကို ပညတ်တော်မူလေသည်။
စာမျက်နှာ-၁၈၉
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု အစေလကဿ ဝါ ပရိဗ္ဗာဇကဿ ဝါ ပရိဗ္ဗာဇိကာယ ဝါ သဟတ္ထာ ခါဒနီယံ ဝါ ဘောဇနီယံ ဝါ ဒဒေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အစေလက အားလည်းကောင်း, ပရိဗိုင်းယောက်ျား အားလည်းကောင်း, ပရိဗိုဇ်မအားလည်းကောင်း, မိမိလက်ဖြင့် ခဲဖွယ် ဘောဇဉ်ကို ပေးလျှင် ပေးသောရဟန်းသည် ပါစိတ်အာမတ်သင့်၏၊ မိမိလက်ဖြင့်ပေးမှ (တိုက်ရိုက်ပေးမှ) အာပတ်သင့်ရကား, သူတစ်ပါးကို အပေးခိုင်းလျှင်လည်းကောင်း, သူ့လက်မှ ချထားသော ခွက်ထည်း၌ ထည့်လျှင်လည်းကောင်း, အာပတ် မသင့်။
မှတ်ချက်။ ။ အဝတ်မဝတ်သူကို “အစေလက-တက္ကဒွန်း” ဟုခေါ်၏။ [“စေလ-အပတ်+အ-မရှိသူ”] အဝတ်ဝတ်သော ရသေ့အမျိုးမျိုးကို “ပရိဗိုဇ်” ဟုခေါ်၏၊ ပြခဲ့သော အာဇီဝကလည်း အဝတ်ပါလျှင် ပရိဗိုဇ်မျိုးပင်တည်း၊ ထိုအားလုံးသည် သာသနာတော်မှ တစ်မျိုးတခြား အယူရှိသူ တိတ္ထိများသာ ဖြစ်ရကား ယခုကာလ၌ ဖိုးသူတော်နှင့် သီလရှင်များမှာ သာသနာတော် အယူကိုသာ ယူကြသောကြောင့် တိတ္တိမဟုတ်နိုင်ကြ၊ သုတ်ပါထေယျ သမ္ပသာဒနီယသုတ် အဋ္ဌကထာ၌ ပြအပ်သော သေတဝတ္ထ သမဏဝံသ-အဝတ်ဖြူဝတ် ရဟန်းနွယ်များ”ဖြစ်ကြသည်၊ သာသနာတော်အယူကိုသာ ယူသော ရသေ့ရသူများလည်း ဤနည်းပင်တည်း။
ခ။ ဥယျောဇနသိက္ခာပုဒ်
အမှုသည်—ရှင်ဥပနန္ဒ။
အမှု—ရဟန်းတစ်ပါးကို ဆွမ်းခံခေါ်သွားပြီးနောက်ဘာမျှပေးဘဲ ပြန်လွှတ်မှု။
အရှင်ဥပနန္ဒ၏ မတရားမှု။ ။ အရှင်ဥပနန္ဒသည် နောင်တော်၏ တပည့်ရဟန်းတစ်ပါးကို “လိုက်ခဲ့ ရွာသို့ ဆွမ်းခံဝင်ချေရအောင်”ဟု အဖေါ်ခေါ် သွား၍ ရွာသို့ရောက်သောအခါ အဖေါ်ပါနေသဖြင့် သူပြောချင်တာကို မပြောရသောကြောင့် “ငါ့ရှင်...ပြန်တော့, ငါ့မှာသင်နှင့် အတူဖြစ်နေလို့ စကားပြောရတာ-ထိုင်နေရတာ မချမ်းသာဘူး။ ငါ့တစ်ယောက်တည်းနေရတာက ကောင်းသေးတယ်”ဟု ပြော၍ စားသောက်ဖွယ် တစ်စုံ
စာမျက်နှာ-၁၉၀
တရာကိုမျှ မပေးဘဲ ပြန်လွှတ်လိုက်လေသည်။ ထိုကိုယ်တော်ကလေးမှာ ဆွမ်းခံဖို့ရာလည်း အချိန်မရှိတော့၊ ဆွမ်းစားကျောင်းမှာလည်း အားလုံး ဆွမ်းစားပြီး နေကြသဖြင့် ဆွမ်းအငတ်ခံရှာရလေ၏။ ထိုအကြောင်းကို ဗုဒ္ဓရှင်တော် သိတော်မူရကား ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဘိက္ခုံ “ဧဟာဝုသော, ဂါမံ ဝါ နိဂမံ ဝါ ပိဏ္ဍာယ ပဝိသိဿာမာ”တိ တဿ ဒါပေတွာ ဝါ အဒါပေတွာ ဝါ ဥယျောဇေယျ “ဂစ္ဆာဝုသော, န မေ တယာ သဒ္ဓိံ ကထာ ဝါ နိသဇ္ဇာ ဝါ ဖာသု ဟောတိ, ဧကကဿ မေ ကထာ ဝါ နိသဇ္ဇာ ဝါ ဖာသု ဟောတီ”တိ ဧတဒေဝ ပစ္စယံ ကရိတွာ အနညံ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ “ရဟန်းတစ်ပါးကို ရွာသို့ (သို့မဟုတ်-နိဂုံးသို့) ဆွမ်းခံဝင်ချေကြစို့”ဟု ခေါ်သွားပြီးလျှင် ထိုအဖေါ် ရဟန်းအား ခဲဖွယ် ဘောဇဉ်တစ်စုံတရာကို ပေးပြီး၍ဖြစ်စေ, မပေးဘဲဖြစ်စေ, “ငါ့ရှင်-ပြန်တော့၊ သင်နှင့်အတူနေ၍ စကားပြောရ-ထိုင်နေရတာ မချမ်းသာဘူး ငါ့တစ်ယောက်ထည်း နေရတာက ချမ်းသာသေးတယ်”ဟု ပြော၍ ပြန်လွှတ်အံ့။ ထိုပြန်လွှတ်ရာ၌ မိမိတစ်ယောက်ထည်း ပြောချင်ရာ ပြောဖို့-နေချင်သလိုနေဖို့-ကျင့်ချင်သလိုကျင့်ဖို့ အကြောင်းမှ တစ်ပါး, (၂-ပါးအတူ ဆွမ်းခံလျှင် မပြည့်စုံမည်ကို စိုးရခြင်းစသော) အခြားသင့်တော်သော အကြောင်းမရှိဘဲ ပြန်လွှတ်လျှင် အာပတ် သင့်၏။
ဂ။ သဘောဇနသိက္ခာပုဒ်
အမှုသည်—ရှင်ဥပနည္။
အမှု—အိမ့်ရှင်မနှင့်အတူ အိပ်ခန်းတွင်း၌ ထိုင်နေမှု။
ရှင်ဥပနန္ဒ အနေအထိုင်မတတ်မှု။ ။ ရှင်ဥပနန္ဒသည် လူတုန်းက သူငယ်ချင်းဖြစ်သူ၏ အိမ်သို့ ဆွမ်းခံချိန်သွား၍ ထိုသူ၏ ဇနီးနှင့်အတူ အိပ်ခန်းတွင်း၌ ထိုင်နေလေသည်။ ထိုအခါအိမ်ရှင် ယောက်ျားလည်း အနားလာ၍ ထိုင်ပြီးလျှင် “ကိုယ်တော့အား ဆွမ်းလောင်းလိုက်”ဟု ခိုင်း၍ အိမ်ရှင်မက ဆွမ်းလောင်းပြီးသောအခါ “ကိုယ်တော် ဆွမ်းရပြီးလျှင် ပြန်ပါတော့”ဟု ပြော၏၊ အိမ်ရှင်မကား သူ့ယောက်ျား၏ ကာမစိတ်ဖြစ်ပုံ
စာမျက်နှာ-၁၉၁
ကို ရိပ်မိ၍ “ထိုင်ပါဦးဘုရား, မပြန်ပါသေးနှင့်”ဟု တား၏၊ ယောက်ျားက ၂-ကြိမ် ၃-ကြိမ်ပြော၍ မရသဖြင့် အိမ်ပြင်ထွက်၍ ရှင်ဥပနန္ဒ၏ အလိုက်မသိတတ်ပုံကို ရဟန်းတို့အား ပြောပြလေသည်။ ထိုအကြောင်းကို ဗုဒ္ဓရှင်တော် ကြားတော်မူရကား ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု သဘောဇနေ ကုလေ အနုပခဇ္ဇ နိသဇ္ဇံ ကပ္ပေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ (သားသ္မီးစသည်မရှိဘဲ) သ္မီးခင်ပွန်း ၂-ယောက်ထည်းသာ ရှိသောအိမ်ဝယ်အိပ်ခန်းဖြစ်သော အရပ်၌ ဝင်ကပ်နေထိုင်အံ့၊ ပါစိတ် အာပတ်သင့်၏၊ ဤသိက္ခာပုဒ်ကား အလိုက်မသိမှု အပြစ်တည်း၊]
ဃ။ ရဟောပဋိစ္ဆန္နသိက္ခာပုဒ်
အမှုသည်—ရှင်ဥပနန္န။
အမှု—အိမ့်ရှင်မနှင့်အတူ ကွယ်ရာ၌ ထိုင်နေမှု။
ရှင်ဥပနန္ဒနှင့် မာတုဂါမ။ ။ ရှင်ဥပနန္ဒသည် လူတုန်းက သူငယ်ချင်း ဖြစ်ဘူးသူ၏ အိမ်သို့သွား၍ အကွယ်အကာ ရှိသောကြောင့် မျက်စိ၏ ကွယ်ရာဟုဆိုရလောက်သော အရပ်ဝယ် ထိုအိမ့်ရှင်၏ ဇနီးသည်နှင့်အတူ တစ်ယောက်ချင်း ထိုင်နေလေသည်။ ထိုထိုင်နေပုံကို အိမ်ရှင်ယောက်ျားက မကြေနပ်၍ ကဲ့ရဲ့သောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု မာတုဂါမေန သဒ္ဓိံ ရဟော ပဋိစ္ဆန္နေ အာသနေ နိသဇ္ဇံ ကပ္ပေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် မာတုဂါမနှင့်တကွ မျက်စိ၏ကွယ်ရာ၌ ဖုံးကွယ်အပ်သော နေရာ၌ ထိုင်နေခြင်းကို ပြုအံ့၊ ထိုရဟန်း ပါစိတ် အာပတ်သင့်၏။
မှတ်ချက်။ ။ ဤသိက္ခာပုဒ်အရ မာတုဂါမနှင့် တစ်ယောက်ချင်း အကွယ်အကာ ရှိသောနေရာဝယ် မနေကောင်း၊ အနီးအပါး၌ ပြောစကားကို နားလည် လောက်သော အဖေါ်ယောက်ျား (ကလေးစသူ) ပါလျှင်ကား ထိုင်ကောင်း၏။[ရဟန်းကသွား၍ ထိုင်နေခြင်းမဟုတ်ဘဲ, ရဟန်းနေရာသို့ မာတုဂါမက လာ၍ ထိုင်နေပြန်လျှင်လည်း ရဟန်းမှာအပြစ်မရှိ။]
စာမျက်နှာ-၁၉၂
င။ ရဟောနိသဇ္ဇသိက္ခာပုဒ်
အမှုသည်—ရှင်ဥပနန္ဒ။
အမှု—အလှူအိမ်ရှင်မနှင့်အတူ ပြောစကားကို သူများမကြားနိုင်သော လူမြင်ကွင်း၌ထိုင်နေမှု။
ရှင်ဥပနန္ဒနှင့် မာတုဂါမ။ ။ ရှင်ဥပနန္ဒသည်ပင် သူငယ်ချင်းအိမ်သို့ သွား၍ အိမ်ရှင်မနှင့်အတူ တစ်ယောက်ချင်း အကွယ်အကာမရှိ၍ ဟာလာ ဟင်းလင်း လူမြင်ကွင်း၌ ထိုင်နေပြန်၏၊ သို့သော် သူတို့ ထိုင်နေရာအရပ်၏ ပတ်ဝန်းကျင်အနီးအပါး၌ ပြောစကားကို ကြားနိုင်သူ မရှိရကား ထိုအရပ်ကို “နားကွယ်ရာအရပ်” ဟုဆိုအပ်၏၊ ထိုသို့ ထိုင်နေပုံကိုလည်း အိမ်ရှင်ယောက်ျားက မကျေနပ်၍ ကဲ့ရဲ့ပြန်သောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု မာတုဂါမေန သဒ္ဓိံ ဧကော ဧကာယ ရဟော နိသဇ္ဇံ ကပ္ပေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် မာတုဂါမနှင့်တကွ တစ်ယောက်ချင်း နား၏ ကွယ်ရာ၌ ထိုင်နေအံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။
သိက္ခာပုဒ်၂-ပါးအထူး။ ။ ရှေးသိက္ခာပုဒ်၌ အကွယ်အကာ ရှိသောကြောင့် “ရဟော” အရမျက်စိကွယ်ရာဖြစ်ခြင်း, ယောက်ျားများသာ အဖေါ်ဖြစ်နိုင်ခြင်းနှင့် ဤသိက္ခာပုဒ်၌ အကွယ်အကာ မရှိသောကြောင့် “ရဟော” အရ နားကွယ်ရာဖြစ်ခြင်း, ယောက်ျားမိန်းမ ၂-မျိုးလုံးပင် အဖေါ်ဖြစ်နိုင်ခြင်းသည် သိက္ခာပုဒ် ၂-ပါး၏ ထူးခြားချက်တည်း၊ “နားကွယ်ရာ”အရပ်ကိုလည်း ၁၂-တောင်အတွင်း၌ ကြားမည့်သူ မရှိသောအရပ်ဟု သတ်မှတ်ကြသည်။
စ။ စာရိတ္တသိက္ခာပုဒ်
အမှုသည်—ရှင်ဥပနန္ဒ။
အမှု—ထမင်းဖြင့်ဖိတ်ထားလျက် ထိုထမင်းမစားခင် အခြားအိမ်သို့ လှည့်လည်မှု။
ရှင်ဥပနန္ဒ၏ အိမ်လည်မှု။ ။ ရှင်ဥပနန္ဒ၏ ဒါယကာဖြစ်သော အမျိုးသည် ရှင်ဥပနန္ဒနှင့်တကွ အခြား ရဟန်းများကိုပါ ထမင်းစား ကြွဖို့ရန် (“ဘတ္တ = ထမင်း” ဟူသောနာမည်ဖြင့်) ပင့်ဖိတ်ထား
စာမျက်နှာ-၁၉၃
လေသည်။ [ယခုကာလ၌ ပင့်ဖိတ်တတ်သူတို့သည် ဆွမ်းစားကြွပါ, ဆွမ်းဘုဉ်း ပေးကြွပါ” စသည်ဖြင့် ရဟန်းတို့အား အပ်စပ်သော လျှောက်နည်းဖြင့် လျှောက်၍ ပင့်ဖိတ်ကြ၏၊ ထိုဒါယကာကား ထိုသို့မလျှောက်ဘဲ “ထမင်း” ဟူသောနာမည် “ဘတ္တ”ဟူသော ပါဠိနာမည်မျိုးဖြင့် ပင့်ထားသည်-ဟု မှတ်၊] ထိုသို့ ပင့်ထားပြီးနောက် ရှင်ဥပနန္ဒသည် ထိုဘတ္တကို မစားမီ အခြားအိမ်များသို့ လှည့်လည်နေ၏၊ ဖိတ်ထားသော အိမ်သို့ ရဟန်းအများ ရောက်နှင့်ကြသော်လည်း ရှင်ဥပနန္ဒကား မရောက်လာသေး။
ထိုအခါ ရဟန်းများက “ဒါယကာတို့... ဘတ္တ (ထမင်း) ကိုပေးကြလော” ဟု ပြောကြ၏၊ ဒါယကာများက အရှင်ဥပနန္ဒလာသည်တိုင်အောင် ဆိုင်းငံ့ကြပါဦး” ဟု လျှောက်ကုန်၏၊ ၂-ကြိမ်ပြောကြပြီးနောက် ရဟန်းများက ၃-ကြိမ်မြောက် ထပ်၍ ပြောကြသောအခါ “အရှင်ဥပနန္ဒကို အကြောင်းပြု၍ ထမင်းကျွေးရခြင်း ဖြစ်ပါတယ်, အရှင်ဥပနန္ဒလာသည် တိုင်အောင် ဆိုင်းငံ့ကြပါဦး” ဟု လျှောက်ကြလေသော် ရဟန်းများဘာမှ မပြောသာတော့ဘဲ ဆွမ်းဆာလျက် ဆိုင်းငံ့ကြရလေတော့၏၊ ရှင်ဥပနန္ဒလည်း ထိုဘတ်ကို မစားသေးခင် လည်ချင်တိုင်း လည်ပြီးနောက် နေမြင့်လှမှ ရောက်လာ၏၊ ရဟန်းများကား စိတ်ရှိသလောက် မစားနိုင်ကြကုန်၊ ထိုအကြောင်းကို ဗုဒ္ဓရှင်တော်ကြားတော်မူ၍...
“ယော ပန ဘိက္ခု နိမန္တိတော သဘတ္တော သမာနော ပုရေဘတ္တံ ကုလေသု စာရိတ္တံ အာပဇ္ဇေယျ”ဟု မူလပညတ်ကိုထားတော်မူရလေသည်၊ [အကြင်ရဟန်းသည် “ဘတ္တ”ဟူသောနာမည်ဖြင့် ပင့်ဖိတ်အပ်သူ(ပင့်ဖိတ်ထားသော)ဘတ်ရှိသူ ဖြစ်ပါလျက် ထိုဘတ်ကို မစားမီ အိမ်တို့၌လည်နေအံ့၊ ထိုရဟန်းပါစိတ်အာပတ်သင့်၏။] ဤမူလပညတ်တော်ဝယ် “ပစ္ဆာဘတ္တံ” စသော စကားများ မပါသေးကြောင်းကို သတိပြုခဲ့ပါ။
ပစ္ဆာဘတ်အချိန် လည်ပြန်ခြင်း။ ။ ရှင်ဥပနန္ဒသည် “ပင့်ဖိတ်ထားသောဘတ် (ထမင်း)ကို မစားသေးခင် မလည်ရ”ဟု ပညတ်တော်မူချက်ကို ရှောင်၍ ထိုဘတ်ကိုစားပြီးမှ ဟိုအိမ် သည်အိမ် လည်နေပြန်၏၊ ထိုလည်နေခိုက်မှာပင် သူ၏ ဒါယကာအိမ်မှ ခဲဖွယ်(မုန့်)များကို “အရှင်ဥပနန္ဒကိုပြပြီးမှ သံဃာအားလှူလေ” ဟု မှာ၍ အပို့ခိုင်း လိုက်ပြန်လေ
စာမျက်နှာ-၁၉၄
သည်၊ အပို့လာသူတို့မှာ အရှင်ဥပနန္ဒကို မတွေ့ရ၍ အခက်ကြုံနေရကား ရဟန်းတော်များက ထိုအကြောင်းကို ဗုဒ္ဓရှင်တော်အား လျှောက်ကြလေသော် ဥပနန္ဒ လာသည့်တိုင်အောင် အကပ်ခံထားကြ”ဟု မိန့်တော်မူသဖြင့် အကပ်ခံ၍ မစားသေးဘဲ စောင့်နေကြရလေသည်။ ရှင်ဥပနန္ဒကား လည်ချင်တိုင်းလည်ပြီး၍ နေမြင့်လှမှ ပြန်လာ၏၊ သို့သော် ထိုအပို့လာသူတို့က မစောင့်နိုင်ကြတော့, ထိုမုန့်တွေကို အိမ်သို့ပြန်ယူသွားလေပြီ၊ ထိုအကြောင်းကို ဗုဒ္ဓရှင်တော်သိတော်မူ၍ “ယောပန ဘိက္ခု နိမန္တိတော သဘတ္တော သမာနော ပုရေဘတ္တံ ဝါ (ပစ္ဆာဘတ္တံဝါ) ကုလေသု စာရိတ္တံ အာပဇ္ဇေယျ ပါစိတ္တိယံ”ဟု ပစ္ဆာဘတ္တံပုဒ်ကိုဖြည့်စွက်၍ အနုပညတ် တပ်တော်မူပြန်သည်။
မှတ်ချက်။ ။ ဤ၌ ပစ္ဆာဘတ္တ = ဘတ်ကိုစားပြီး နောက်ကာလ” ဟူသည် ဖိတ်ထားသောဘက်ကို (နဲနဲပါးပါးဖြစ်စေ)စားပြီးနောက် မွန်းမတည့်မီအချိန် အတွင်းတည်း၊ နေ့လွှဲသည့် အချိန်မှစ၍ကား ဤသိက္ခာပုဒ်အတွက် စောင့် စည်းဖွယ်မလိုတော့၊ ဝိကာလေဂါမပ္ပဝေသနသိက္ခာဒ်အရသာ စောင့်ရှောက်ရလိမ့်မည်၊ ဤသိက္ခာပုဒ်အရ မွန်းမတည့်မီ စောင့်ရခြင်းမှာလည်း မအပ်သော ဖိတ်ခြင်းဖြင့် “ထမင်းစား, ငါး-အမဲစား, မုန့်စား, မုန့်တီ-ခေါက်ဆွဲစားကြွပါ”ဟု ဖိတ်ထားမှသာ စောင့်ရှောက်ရ၏။ ယခုကာလလို “ဆွမ်း” စသည်ဖြင့် လျှောက်၍ ဖိတ်ထားလျှင် ဤသိက္ခာပုဒ်အရ စောင့်ဖွယ်မလို။
သင်္ကန်းလှူရာကာလ။ ။ အချို့ရဟန်းတော်များသည် ထမင်းစားဖိတ်ထားသဖြင့် “ကထိန်ခေတ်” ဟု ခေါ်ရသော သင်္ကန်းလှူရာ ကာလ၌လည်း ဒါယကာ ဒါယိကာမအိမ်သို့ မသွားကြရတော့သဖြင့် (ရဟန်းများကိုမြင်ရ တွေ့ရမှ သတိရကြ, မမြင်မတွေ့ရလျှင် သတိမရကြတော့သော ဒါယကာ ဒါယိကာမတို့သည် သင်္ကန်း မလှူကြသောကြောင့် သင်္ကန်းအရနည်းပါး ကြလေသည်၊ ထို့ကြောင့် ဗုဒ္ဓရှင်တော်မြတ်သည် “သင်္ကန်းလှူချိန်ကာလ ဖြစ်လျှင် ထမင်းစား ဖိတ်ထားလျက်ရှိသော်လည်း အခြားအိမ်တို့သို့ လှည့်လည် နိုင်၏” ဟု ခွင့်ပြုတော်မူသောအားဖြင့် “အညတြ သမယာ ပါစိတ္တိယံ၊ တတ္ထာယံ သမယော စီဝရဒါနသမယော”ဟု ဖြည့်စွက်၍ ဒုတိယအနုပညတ် ထပ်တော်မူရလေသည်။
မှတ်ချက်။ ။ စီဝရဒါနသမယကို ယခုကာလ၌ ကထိန်ခေတ်ဟု အသိအမှတ် ပြုကြ၏။ ထို့ကြောင့် “သီတင်းကျွတ်လပြည့်ကျော် တရက်မှစ၍ တန်ဆောင်မုန်းလပြည့်တိုင်အောင်လည်းကောင်း, ကထိန်အာနိသင် ရသူအတွက် တပေါင်းလပြည့် တိုင်အောင်လည်းကောင်း, စီဝရဒါနသယ = သင်္ကန်းလှူရာ
စာမျက်နှာ-၁၉၅
အခါ” ဟုမှတ်၊ ဤစီဝရဒါန သမယ၌ ပုရေဘတ္တ ပစ္ဆာဘတ္တ အချိန်ဝယ် အိမ်သို့သွားလာလှည့်လည်ခြင်းကြောင့် အပြစ်မသင့်ရကား ဤသိက္ခာပုဒ်ကို ကထိန်၏အကျိုး ၅-ပါးတွင် တစ်ပါးအပါအဝင်ဟုလည်း သတိပြု။ [ကထိန်အကျိုးတွင် ဤစာရိတ္တသိက္ခာပုဒ်ကို မယူဘဲ ဝိကာလေဂါမပ္ပဝေသနသိက္ခာပုဒ်ကို ယူမှားတတ်ကြသည်။]
သင်္ကန်းချုပ်ဆိုးရာကာလနှင့် ဂိလာနကာလ။ ။ အချို့ရဟန်းတော်များသည် သင်္ကန်းချုပ်ဆိုးကြသည့်အခါ ထမင်းဖြင့် ဖိတ်ထားလျက် ရှိသောကြောင့် ပုရေဘတ္တ ပစ္ဆာဘတ္တအချိန်ဝယ် ဟိုအိမ်သို့ မသွားဝံ့ကြချေ။ အပ်, အပ်ချည်, ဓါးကလေးများလည်း လိုလျက်ရှိ၏။ ထိုအကြောင်းကို ဗုဒ္ဓရှင်တော် ကြားတော်မူ၍ သင်္ကန်းချုပ်ဆိုးချိန် ဖြစ်မူ သွားကောင်း၏”ဟု ခွင့်ပြုတော်မူလျက် “စီဝရကာရသမယော”ဟု ဖြည့်စွက်ကာ တတိယအနုပညတ် ထပ်တော်မူရပြန်သည်၊ ထိုသို့ပင့်ဖိတ်ထားသော ရဟန်းတို့သည် မကျန်းမမာ ဖြစ်၍ ဆေးဖြင့် အလိုရှိပါလျက် အိမ်သို့ မသွားဝံ့ကြောင်းကို ကြားတော်မူပြန်ရကား ထင်ရှားရှိသော ရဟန်းကို ခွင့်ပန်တိုင်ကြား၍ သွားခွင့်ပြုတော်မူကာ “သန္တံ ဘိက္ခုံ အနာပုစ္ဆာ”ဟု ဖြည့်စွက်၍ စတုတ္ထအနုပညတ် ထပ်တော်မူရလေသည်။
မှတ်ချက်။ ။ “သန္တံ ဘိက္ခုံ”အရ ထင်ရှားရှိ-ဟူသည် ၁၂ တောင်အတွင်း၌ရှိခြင်း သို့မဟုတ် ရွာတွင်းသို့ သွားလိုစိတ်ဖြစ်ချိန်မှာ မိမိမြင်လောက်ရာ အရပ်၌ ရှိခြင်းတည်း။ ထိုသို့ထင်ရှားရှိသော ရဟန်းကို ခွင့်ပန်၍ သွားလျင်ကား ဂိလာနမဟုတ်သူလည်း သွားကောင်း၏။ ထိုသို့ခွင့်ပန်ဖို့ရာ အနီးအပါး၌ ရဟန်းမရှိပြန်လျှင်လည်း ခွင့်မပန်ဘဲပင် သွားကောင်းပြန်၏၊ [ခွင့်ပန် ပုံကား— “မည်သူ၏ အိမ်သို့ သွားပါဦးမည်၊ တနည်း-အိမ်တို့၌ လှည့်လည် ပါဦးမည်” ဟူသည်တည်း၊] ဤသိက္ခာပုဒ်၌ ၁-ပစ္ဆာဘတ္တံဝါ၊ ၂-စီဝရဒါနသမယော၊ ၃-စီဝရကာရသမယော၊ ၄-သန္တံ ဘိက္ခုံ အနာပုစ္ဆာ”ဟု အနုပညတ် ၄ ရပ်ရှိသည်။
ဆ။ မဟာနာမသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီ ရဟန်းများ။
အမှု—နှိပ်နှိပ်စက်စက်တောင်းမှု။
မဟာနာမ်မင်းကြီး ဆေးလှူခြင်း။ ။ “မဟာနာမ်မင်းကြီး”ဟူသည် ဗုဒ္ဓရှင်တော်၏ ဘထွေးတော် သား(ညီအစ်ကို တဝမ်းကွဲတော်သူ နောင်တော်ကြီး ဖြစ်သော) သကဒါဂါမ် ဥပါသကာကြီး ပေတည်း၊
စာမျက်နှာ-၁၉၆
သူသည် သံဃာတော်အား ဆေးပစ္စည်းများ အလိုရှိလျှင် တောင်းခံတို့ရာ ၄-လအတွက် တာဝန်ခံ၍ ဖိတ်မန်ထားလေသည်။ ရဟန်းတော်များသည် မတောင်းကောင်းဘူးထင်၍ မတောင်းကြကုန်၊ ဗုဒ္ဓရှင်တော် သိတော်မူ၍ ၄-လပတ်လုံးဆေးပစ္စည်းဖြင့် ဖိတ်မန်ခြင်းကို(ရောဂါရှိလျှင် တောင်းမည်, ဟူသော စိတ်ထားဖြင့် လက်ခံနိုင် သာယာနိုင်သည်”ဟု ထပ်လောင်း၍ ခွင့်ပြုတော်မူရလေသည်။ ထိုသို့ ခွင့်ပြုထားသော်လည်း နဲနဲပါးပါးသာ တောင်းကြသောကြောင့် ထောပတ်စသော ဆေးပစ္စည်းတွေ များပြားနေလေသော် နောက် ၄-လအတွက်ထပ်၍ ဖိတ်ပြန်လေသည်၊ ရှေးအတိုင်းပင် အတောင်းအခံနည်းပါးသဖြင့် များမြဲများပြန်ရာ ဗုဒ္ဓထံတော်လျှောက်၍ အမြဲမပြတ် တသက်လုံးအတွက် ထပ်၍ ဖိတ်ပြန်လေသည်။
ဆဗ္ဗဂ္ဂီတို့ အလွန် တောင်းကြပုံ။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့ကား သင်းပိုင်ဝတ်ပုံ ဧကသီရမ်းပုံ ရုံပုံ သပ်သပ် ရပ်ရပ် မရှိကြ၊ နေထိုင်ပြောဆိုပုံများလည်း ရဟန်းနေ ရဟန်းထိုင် မဟုတ်ဘဲ လူနေ လူထိုင် ဖြစ်နေကြ၏။ မဟာနာမ်မင်းကြီးသည် ထိုဆဗ္ဗဂ္ဂီတို့ကိုမြင်၍ “ရဟန်းဆိုတာ ညီညီ ညာညာ ဝတ်ရ ရမ်းရ ရုံရပါတယ်၊ ရဟန်းအချိုးကျအောင် နေထိုင်ပြောဆို ရပါတယ်”ဟု (သွန်သင်သော အနေအားဖြင့်) လျှောက်ထားသည်ကို ဘုန်းကြီးမာန်တက်၍ နေသော ဆဗ္ဗဂ္ဂီတို့ မခံနိုင်ရကား မင်းကြီးအပေါ် အငြိုးထားကြလေသည်။ ထို့နောက် “ဒီမင်းကြီးကို ဘယ်နည်းနှင့် နာမည်ပျက်၍ အရှက်ရအောင် လုပ်ကြရပါ့မလဲ”ဟု စဉ်းစားတိုင်ပင်ကြလေရာ ဆေးပစ္စည်းဖြင့် ဖိတ်မန်ထားသည်ကို သတိရ၍ “ဟန်ကျပြီ သူ့ကို ထောပတ် တောင်းကြစို့”ဟု တိုင်ပင်ကာ မင်းကြီးထံသွား၍ “ထောပတ် တစိတ် သားလောက် အလိုရှိတယ်”ဟု တောင်းကြလေသည်။
မင်းကြီး။ ။ အဇ္ဇဏှော ဘန္တေ အာဂမေထ = ယနေ့တရက် ဆိုင်းငံ့ကြ ပါဘုရား၊ (လုပ်သားများ နွားခြံသို့ ထောပတ်ယူရန်သွားကြပါပြီ။ ကာလံ အာဟရိဿထ နက်ဖြန်ခါ၌ ဆောင်ယူကြပါလိမ့်မည်။ [ဝိမတိဋီကာ၌ “ကာလ ဘဿထ-ယနေ့ကာလကို လွန်သွား ပါလိမ့်”ဟုလည်း မူကွဲရှိ၏။
ဆဗ္ဗဂ္ဂီ။ ။ (၂-ကြိမ်ထပ်၍ တောင်းကြ၏၊ မင်းကြီး ထိုအတိုင်းလျှောက်၏၊ ၃-ကြိမ်ထပ်၍ တောင်းကြပြန်၏၊ မင်းကြီးကား ထိုအတိုင်းပင် လျှောက်သည်၊ ဆဗ္ဗဂ္ဂီတို့သည် နဂိုကပင် မင်းကြီးကို နှိပ်စက်လို၍
စာမျက်နှာ-၁၉၇
တောင်းခြင်းဖြစ်ရကား) –ဒါယကာကြီး အသင် ဒါယကာကြီးဟာ ဖိတ်တော့ဖိတ်ပြီး မလှူဘူး, မလှူချင်ဘဲနှင့် ဖိတ်ထားလို့ ဘာလုပ်မှာလဲ”ဟု နှိပ်နှိပ်စက်စက် ပြောဆိုပြန်သွားကြ လေသည်။
မင်းကြီး။ ။ “ကိုယ်တော်တွေ့နှယ်— ယနေ့ တရက်လောက် ဆိုင်းငံ့ကြပါ, နွားခြံသို့ အယူသွားကြပါတယ်, နက်ဖြန် ယူလာပါလိမ့်မယ်-ဟု လျှောက်ပါလျက် မဆိုင်းငံ့ကြဘူး”ဟု ကဲ့ရဲ့သည်ကို အခြား ရဟန်းတော်များကြား၍ ရှင်တော်ဘုရားအား လျှောက်ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ အဂိလာနေန ဘိက္ခုနာ စတုမာသပ္ပစ္စယပဝါရဏာ သာဒိတဗ္ဗာ အညတြ ပုနပဝါရဏာယ, အညတြ နိစ္စပဝါရဏာယ။ တတော စေ ဥတ္တရိ သာဒိယေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ ဂိလာန မဟုတ်သော (ကျန်းကျန်း မာမာ ရှိသော) ရဟန်းသည် (နောက်ထပ်ဖိတ်ခြင်း သို့မဟုတ် အမြဲအသက်ထက်ဆုံး ဖိတ်ခြင်းမျိုး မဟုတ်ဘဲ) ၄-လဟု ကန့်သတ်၍ ဆေးပစ္စည်းဖြင့် ဖိတ်ခြင်းကို (မကျန်းမာသည့်အခါ တောင်းမည်ဟု ရည်ရွယ်၍) လက်ခံသာယာကောင်း၏၊ ထို၄-လထက်ပို၍ လက်ခံသာယာလျှင်ကား ပါစိတ်အာပတ်သင့်၏။ ဤသိက္ခာပုဒ်၌ ဝတ္ထုကြောင်း ၃-ချက်ရှိသော်လည်း ပညတ်တော်မှာ တစ်မျိုးသာရှိ၏၊ မူလပညတ် အနုပညတ်ဟု မကွဲပြားတော့ချေ။
မှတ်ချက်။ ။ မူလဝတ္ထုကြောင်း၌ ၄-လဖိတ်, နောက်ထပ်ဖိတ်, အမြဲဖိတ်ဟု ၃-မျိုး ကွဲပြားသောကြောင့် “စတုမာသ ပစ္စယပါရဏာ သာဒိတဗ္ဗာ”ဟုလည်းကောင်း, “အညတြ ပုန ပဝါရဏာယ”ဟုလည်းကောင်း, “အညတြ နိစ္စပဝါရဏာယ” ဟုလည်းကောင်း, မိန့်တော်မူသည်၊ အချုပ်မှာ-ဆေးပစ္စည်းဖြင့် ဖိတ်လာလျှင် ဘယ်အခါမဆို လက်ခံကောင်းပါသည်၊ တနှစ်အတွက် ဖိတ်လျှင် တနှစ်အတွက်တောင်းကောင်း၏၊ ကန့်သတ်ထားသော ကာလထက်ပို၍ကား မတောင်းကောင်း၊ မည်သည့်ဆေး (ထောပတ် သို့မဟုတ် ပျားရည် စသည်ဖြင့်) ဆေးနာမည်တပ်၍ ကန့်သတ်ထားပြန်လျှင်လည်း ထိုဆေးကို သာတောင်းကောင်း၏၊ နာမည်မတပ်ပါမူ အခါမရွေး ဆေးမရွေး တောင်းကောင်း၏။ သို့သော် “အဂိလာနေန ဘိက္ခုနာ”ဟု မိန့်တော်မူသောကြောင့် တောင်းသည့်အချိန်မှာ ဆိုင်ရာဆေးနှင့် သင့်တော်သော
စာမျက်နှာ-၁၉၈
ရောဂါရှိသူ ဂိလာနလည်း ဖြစ်စေရမည်၊ ရောဂါမရှိဘဲကား မတောင်းကောင်း၊ ဖိတ်ထားသောဆေးက တခြား, ရောဂါက တခြား ဖြစ်နေပြန်လျှင်လည်း အကျိုးအကြောင်းပြောပြ၍ မဖိတ်သောဆေးကိုပင် တောင်းကောင်းပါ၏။ ဖိတ်ထားသောရက် လွန်သွားမှ ရောဂါဖြစ်ပြန်လျှင်လည်း လွန်သွားကြောင်းကို ပြောပြ၍ တောင်းကောင်းပါသေး၏။ ဤကား ဆေးအတွက် သက်သက် ဖိတ်ထားသူထံ တောင်းခံနည်းတည်း၊ အမြဲပစ္စည်း ၄-ပါး ဖိတ်ထားသူ၌ကား အခါမရွေး တောင်းကောင်းသည်။
သတိပြုဖွယ်။ ။ ဤသိက္ခာပုဒ်၌ ဖိတ်မန်ထားသူထံ အလွန်အမင်း တောင်းခြင်း ဟူသော အပြစ်ကိုတွေ့ရ၏။ ယခုကာလ၌လည်း ပစ္စည်း ၄-ပါးဖိတ်ထားသူကို အတောင်းအရမ်းများခြင်းကြောင့် အပြစ်ပြောသံကို မကြာခဏ ကြားရ၏။ ထို့ပြင်-မဟာနာမမင်းကြီးသည် ဆဗ္ဗဂ္ဂီတို့ ဝတ်ပုံရုံပုံနေထိုင်ပုံမှ စ၍ မသပ်ရပ်ခြင်းကြောင့် အပြစ်တင်၏။ ယခုကာလ၌လည်း အဝတ်အစား အနေအထိုင် မသပ်ရပ်မှုကြောင့် လူများ၏အထင်သေးကို ခံနေကြရလေပြီ၊ ဘုန်းကြီးများကို မိရိုးဖလာ ကိုးကွယ်ခဲ့ကြသော်လည်း များစွာသော နောက်ခေတ် လူတို့က အထင်သေးလျက် ရှိကြလေပြီ။ ထို့ကြောင့် အထင်သေးခံရခြင်း၏ အကြောင်းများကို အနာဂတ် သာသနာရေး၌ အကျယ်ရေးထားပြီးဖြစ်ရကား ထိုအပြစ်များကို မိမိတို့၌ မရှိရအောင် အထူးသတိပြုကာ သာသနာတော်ကို မြှင့်တင်တော် မူကြပါကုန်။
ဇ။ ဥယျုတ္တသေနာသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—ရန်သူစစ်တပ်သို့ ချီတက်လာသော စစ်တပ်ကို ကြည့်ရှုမှု။
စစ်တပ် အကြည့်သွားမှု။ ။ သာဝတ္ထိပြည်ရှင် ကောသလ မဟာရာဇာသည် မိမိ စစ်တပ်နှင့်အတူ ရန်သူစစ်တပ်ရှိရာသို့ ချီတက်ဖို့ရာ မြို့မှ ထွက်လာခဲ့၏၊ ဆဗ္ဗဂ္ဂီရဟန်းတို့ကလည်း မြို့တော်မှ ထွက်လာသော ထိုစစ်တပ်ကို အကြည့်အရှုသွားကြ၏၊ မဟာရာဇာသည် ခပ်လှမ်းလှမ်း၌ လာနေကြသော ထိုရဟန်းတို့ကိုမြင်လျှင် အပင့်ခိုင်း၍ “ဘာလုပ်လာကြသတုန်း”ဟု မေး၏၊ “မဟာရာဇာကို ကြည့်ချင်လို့”ဟု ဖြေကြလေသော် “ကိံ ဘန္တေ မံ ဒိဋ္ဌေန ယုဒ္ဓါဘိနန္ဒနံ = စစ်တိုက်မှုကို လွန်စွာနှစ်သက်နေသော ဒကာတော်ကို ကြည့်ရခြင်းဖြင့် ဘာအကျိုးရှိမှာလဲ ဘုရား” နနု ဘဂဝါ ပဿိတဗ္ဗော = ဘုရားကို ဖူးနေလိုက်သည် မဟုတ်
စာမျက်နှာ-၁၉၉
ပါလော”ဟု ပြောဆို့လွှတ်လိုက်လေသည်၊ ထိုအခါ စစ်သားတွေကလည်း ကဲ့ရဲ့ကြသဖြင့် “ယောပန ဘိက္ခု ဥယျုတ္တံ သေနံ ဒဿနာယ ဂစ္ဆေယျ၊ ပါစိတ္တိယံ”ဟု မူလပညတ်ကို ပညတ်တော်မူရလေသည်။
သွားခွင့်ရပုံ။ ။ ထိုသိက္ခာပုဒ် ပညတ်တော်မူပြီးနောက် ရဟန်းတစ်ပါး၏ ဦးကြီး(သို့မဟုတ်ဦးလေး) ဖြစ်သော စစ်သားတစ်ယောက်သည် စစ်တပ်၌ မကျန်းမမာဖြစ်နေစဉ် သူ့တူ ဦးပဉ္စင်း ကြွလာဖို့ရာ လူလွှတ်၍ လျှောက်ထားလေ၏၊ ထိုအကြောင်းကို ဗုဒ္ဓရှင်တော်အား လျှောက်ထား၍ ရှင်တော်ဘုရားသည် “အညတြ တထာရူပပစ္စယာ” ဟု ဖြည့်စွက်တော်မူကာ အနုပညတ်ထပ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဥယျုတ္တံ သေနံ ဒဿနာယ ဂစ္ဆေယျ အညတြ တထာရူပပ္ပစ္စယာ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ ဆွေမျိုးစစ်သား၏ မကျန်းမမာ ဖြစ်နေခြင်းစသော ထိုသွားထိုက်သော အကြောင်းမရှိဘဲ တိုက်ဖို့ရန် ထွက်လာသော စစ်တပ်ကို ကြည့်ရှူဖို့ရန် သွားသော ရဟန်းမှာ ပါစိတ် အာပတ်သင့်၏။
မှတ်ချက်။ ။ ဆင်တပ် မြင်းတပ် ရထားတပ် ခြေလျင်တပ်၍ ၄-ပါးစုံမှ “စစ်တပ်”ဟုခေါ်၏၊ ထို၄-မျိုး မစုံသော တပ်စိတ်တစ်ခုကို အကြည့် အရှုသွားလျှင်ကား ဒုက္ကဋ် အာပတ်သာ သင့်၏။ တိုက်ဖို့ရန်အတွက် လာသော စစ်တပ်မဟုတ်ဘဲ ဥယျာဉ်စသည်သို့ သွားသော စစ်တပ်ကို ကြည့်ရှုရန်သွားလျှင် ဤသိက္ခာပုဒ်အရ အာပတ်မသင့်၊ ဆွေမျိုးသားချင်း စသူက ပင့်ဖိတ်၍ အကြောင်းအားလျော်စွာ သွားလျှင်လည်း အနာပတ္တိပင်၊ တမင်္ဂလာမသွားဘဲ မိမိရှေ့မှောက်ရောက်လာ၍ ကြည့်ခြင်း, ကျောင်းတိုက်တွင်းမှ နေ၍ ကြည့်ခြင်းလည်း အနာပတ္တိပင်။
ဈ။ သေနာဝါသသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—စစ်တပ်၌ ကြာရှည်စွာ နေမှူ။
၃ ညဉ့်ထက်ပို၍ စစ်တပ်၌နေမှု။ ။ သာဝတ္ထိမြို့၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် စစ်တပ်သို့ သွားထိုက်သော အကြောင်းကြောင့် သွားကြပြီးနောက် ထိုစစ်တပ်ထဲ၌ ၃-ညဉ့်ထက်ပို၍ နေကြလေသည်၊ ထိုအခါ လူတို့က ကဲ့ရဲ့ကြသည်မှာ- “အကြင် ငါတို့မှာ အသက်မွေး
စာမျက်နှာ-၂၀၀
ဝမ်းကျောင်းအတွက် သားကျွေးမှု မယားကျွေးမှုအတွက်ကြောင့် စစ်တပ်မှာ နေကြရသည်၊ ထိုငါတို့မှာ ဘဝကို အရမတော်ကြကုန်, ထိုငါတို့မှာ လူ့ အဖြစ်ကို မကောင်းသဖြင့် ရအပ်၏၊ ရဟန်းတော်တွေကား (အနေသာသားနှင့်) ဘာကြောင့် စစ်တပ်ထဲမှာ နေကြရသနည်း” ဤသို့ ကဲ့ရဲ့ကြသည်ကို ဗုဒ္ဓ ရှင်တော်ကြားတော်မူရ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ သိယာ စ တဿ ဘိက္ခုနော ကောစိဒေဝ ပစ္စယော သေနံ ဂမနာယ, ဒိရတ္တတိရတ္တံ တေန ဘိက္ခုနာ သေနာယ ဝသိတဗ္ဗံ။ တတော စေ ဥတ္တရိ ဝသေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ ထိုရဟန်းမှာ စစ်တပ်သို့ သွားဖို့ရန် လုံလောက်သော အကြောင်း တစ်စုံတရာရှိအံ့၊ (ဆွေမျိုး၏ မမာမကျန်း ဖြစ်၍ ပင့်လျှောက်ခြင်း, တရားဟောဖို့ ကိစ္စရှိခြင်းစသော လုံလောက်သော အကြောင်းကိစ္စ ရှိအံ့ဟူလို၊) ထိုရဟန်းသည် သွားကောင်း၏၊ ရှေ့သိက္ခာပုဒ်အရ အာပတ်မသင့်’ဟူလို၊ သို့သော် ထိုရဟန်းသည် ၂-ညဉ့်ဖြစ်စေ အလွန်ဆုံး ၃-ညဖြစ်စေ စစ်တပ်၌နေနိုင်၏၊ ထို ၃-ညဉ့် ထက်လွန်၍ နေလျှင် ပါစိတ်အာပတ်သင့်သည်။ [ဤသိက္ခာပုဒ်၌ “ကောစိဒေဝပစ္စယော” အရနှင့် ရှေ့သိက္ခာပုဒ်လာ “တထာရူပ ပစ္စယာ”အရသည် သဘောဟုပင်တည်း။]
ဉ။ ဥယျောဓိကသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—စစ်တိုက်နေသည်ကို ကြည့်မှု။
စစ်ပွဲကို ကြည်ရှူမှု။ ။ သာဝတ္ထိမြို့၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် စစ်တပ်သို့သွားဖို့ရန် လုံလောက်သော အကြောင်းရှိ၍ စစ်တပ်ထဲ၌နေစဉ် တဘက်နှင့်တဘက် အပြင်းအထန် တိုက်ခိုက်နေသော စစ်ပွဲကိုလည်း သွား၍ ကြည့်ရှုကြကုန်၏၊ စစ်သားတို့ကို ရေတွက်ရာအရပ်သို့လည်း သွား၍ ကြည့်ရှုကြကုန်၏၊ စစ်ဆင်ရာ အရပ်သို့လည်းသွား၍ ကြည့်ရှုကြကုန်၏၊ ဆင်တပ် မြင်းတပ် ရထားတပ် ခြေလျင်တပ်များ၏ တပ်စိတ်များကိုလည်း သွား၍ ကြည့်ရှုကြ
စာမျက်နှာ-၂၀၁
ကုန်၏။ စစ်ပွဲသို့သွားကြည့်သောရဟန်းတစ်ပါးမှာလည်း မြှားမှန်ခံရသဖြင့် လူတို့ကပြောင်လှောင်ကြသည်မှာ-“ဘယ့်နှယ်လဲ ကိုယ်တော်ကောင်း ကောင်း စစ်တိုက်ခဲ့ရပါရဲ့လား၊ ကိုယ်တော်က အမှတ်ဘယ်လောက်ရခဲ့ပါသလဲ” ဟု မြှားမှန်ခံရုံမက ဤသို့ အပြောင်အလှောင် ခံရသောကြောင့် ထိုကိုယ်တော်သည် မျက်နှာပျက်ရှာ လေတော့၏။ အခြားလူတို့ကလည်း “ကိုယ်တော်တွေ့နှယ်-အနေသာသားနှင့်, ဘာ့ကြောင့်စစ်ပွဲကို ကြည့်ရသလဲ”ဟု ကဲ့ရဲ့ကြလေသည်၊ ထို့ကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ဒိရတ္တတိရတ္တံ စေ ဘိက္ခု သေနာယ ဝသမာနော ဥယျောဓိကံ ဝါ ဗလဂ္ဂံ ဝါ သေနာဗျူဟံ ဝါ အနီကဒဿနံ ဝါ ဂစ္ဆေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ ရဟန်းသည် ၂-ညဉ့် ၃-ညပတ်လုံးစစ်တပ်၌ နေစဉ် စစ်ပွဲသို့သော်လည်းကောင်း, စစ်သည်အစုကို ရေတွက်ရာ အရပ်သို့သော်လည်းကောင်း, စစ်ဆင်ရာ သို့သော်လည်းကောင်း, ဆင်တပ် မြင်းတပ်စသည်ကို ကြည့်ရှုရာသို့သော်လည်းကောင်း, အကယ်၍သွားအံ့၊ ထိုရဟန်းမှာ ပါစိတ်အာပတ်သင့်၏။
အစေလကဝဂ် ပြီး၏။
စာမျက်နှာ-၂၀၂
သုရာပါနဝဂ်
က။ သုရာပါနသိက္ခာပုဒ်
အမှုသည်—အရှင်သာဂတ။
အမှု—သေရည်သောက်မှု။
အရှင်သာဂတနှင့် နဂါးကြီး။ ။ ဗုဒ္ဓရှင်တော်သည် စေတိယတိုင်း၌ ဒေသစာရီလှည့်လည်တော်မူစဉ် “ဘဒ္ဒဝတိကာ” မည်သောရွာသို့ ကြွတော်မူလေရာ ထိုရွာအနီး သရက်ပင်ဆိပ်၌ နဂါးကြီးတကောင် ရှိလေသည်၊ နွားကျောင်းသားတွေ ဆိတ်ကျောင်းသားတွေ လယ်သ္မားတွေ ခရီးသွားတွေက ဗုဒ္ဓရှင်တော်ကို ဘဒ္ဒဝတိကာသို့ ကြွတော်မူသည်ကို မြင်ကြ၍ ဘဒ္ဒဝတိကာရွာရောက်လျှင် သရက်ပင်ဆိပ်သို့ မကြွဖို့ရန်နှင့် ထိုသရက်ပင်ဆိပ်မှာ အဆိပ်ပြင်းထန်သော နဂါးကြီးရှိကြောင်းကို လျှောက်ထားကြ၏၊ ဗုဒ္ဓရှင်တော်ကား (ဘာမှပြန်၍ မိန့်တော်မမူဘဲ) ဆိတ်ဆိတ်နေတော်မူလေသည်၊ ၃-ကြိမ်တိုင်အောင် လျှောက်ထားကြသော်လည်း ဆိတ်ဆိတ်ပင် နေတော်မူကာ ဘဒ္ဒဝတိကာရွာသို့ ကြွရောက်သီတင်းသုံးတော်မူလေသည်၊ ထိုအခါ နောက်ပါ သံဃာတော်အများတွင် အပါအဝင်ဖြစ်သော အရှင်သာဂတသည် သရက်ပင်ဆိပ်ဝယ် ရသေ့၏ ကျောင်းသင်္ခမ်းဝင်း၌ နဂါးကြီး ရှိကြောင်းကိုသိပါလျက် ထိုကျောင်းဝင်းသို့ ကြွ၍နဂါးကြီးနေရာ မီးတင်းကုပ် (မီးလှုံတဲ)သို့ဝင်ပြီးလျှင် ကမ္မဋ္ဌာန်းအာရုံယူကာ တင်ပလ္လင်ဖွဲ့ခွေ ထိုင်နေလေသည်၊ နဂါးကြီးသည် အရှင်သာဂတကို မြင်လျှင်မြင်ခြင်း ပြင်းထန်သော ဒေါသဖြစ်၍ နဂါး၏ အခိုးအငွေ့များကို လွှတ်၏၊ အရှင်သာဂတလည်း သူ့ထက်သာအောင် (ဈာန်အဘိညာဉ် အစွမ်းဖြင့်) အခိုးအငွေ့တွေကို ပြန်၍လွှတ်၏၊ နဂါးကြီးသည် သူ့ဂုဏ် အပျက်မခံနိုင်ဘဲ မီးတောက် မီးလျှံတွေကို တောက်လာစေ၏၊ အရှင်သာဂတလည်း မီးတောက် မီးလျှံဖြစ်အောင် သမာပတ်ဝင်စားပြန်၏၊ ထိုနည်းဖြင့် နဂါးကြီးအစွမ်းတုန်း၍ အရှုံးပေးမှ အရှင်သာဂတလည်း ဘဒ္ဒဝတိကာရွာသို့ ကြွတော်မူလေသည်။
အရှင်သာဂတ သေရည်သောက်မိပုံ။ ။ အရှင်သာဂတ၏ နဂါးကြီးနှင့် တန်ခိုးပြိုင်၍ နိုင်လာကြောင်း သတင်းသည် ကောသမ္ဗီမြို့တိုင်အောင် ပြန့်နှံ့သွားလေ၏။ ဗုဒ္ဓရှင်တော်လည်း ဘဒ္ဒဝတိကာရွာ၌ သီတင်းသုံးတော် မူပြီးနောက် ကောသမ္ဗီသို့ကြွတော်မူလေရာ, ရတနာသုံးပါး၌ ကြည်ညိုရင်းစွဲ
စာမျက်နှာ-၂၀၃
ဖြစ်ကြသော ဥပါသကာကြီးတို့သည် အရှင်သာဂတကို ကြည်ညိုအားရ လှသဖြင့် “အရှင်ဘုရား... ဘာကို ရဖို့ခဲယဉ်းပါသနည်း, ဘာကို နှစ်သက်တော်မူပါသနည်း, အရှင်ဘုရားဖို့ ဘာကို စီမံပေးရပါမည်နည်း”ဟု လျှောက် ကြလေသော် အရှင်သာဂတသည် ဘာမှမပြောဘဲ နေ့စဉ် ဆဗ္ဗဂ္ဂီကိုယ်တောများက ဝင်၍ ပြောကြသည်မှာ-“ဥပါသကာတို့... ခိုကလေးများ ခြေထောက် အသွေးအရောင်ကဲ့သို့ နီနေသောသေရည်အကြည်သည် ရဟန်းများမှာ ရလဲ ရခဲ၏, နှစ်လဲ နှစ်သက်၏, ထိုသေရည်ကို စီမံကြပါလား”ဟု ပြောပြကြသဖြင့် သဒ္ဓါတရားကောင်းလှသော ဥပါသကာတို့သည် ထိုသေရည်ကို အိမ်တိုင်းစေ့ စီမံထားကြပြီးလျှင် ဆွမ်းခံဝင်လာသော အရှင်သာဂတကို အိမ်တိုင်းစေ့ ကပ်လှူကြလေသည်၊ အရှင်သာဂတလည်း သေရည်မူး၍ ယိုင်တိယိုင်တိုင်နှင့် ဆွမ်းခံပြန်လာခဲ့ရာ မြို့တံခါးပေါက် အနောက်မှာ ထိုးလဲပါလေတော့သည်။
သတိလစ်နေပုံ။ ။ ဘုရားရှင်သည် ရဟန်းများနှင့်အတူ ဆွမ်းခံပြန်လာတော်မူသောအခါ လဲနေသော အရှင်သာဂတကို တွေ့ရ၍ “သာဂတကို တွဲခေါ်ခဲ့ကြ”ဟု မိန့်တော်မူလေသည်၊ ရဟန်းတော်များ တွဲယူခဲ့၍ ကျောင်းတိုက်သို့ ရောက်သောအခါ ဘုရားဘက်သို့ ဦးခေါင်းထား၍ ချကြလေသော် အရှင်သာဂတသည် ပြောင်းပြန်-ပြန်လျက် ဘုရားဘက်သို့ ခြေလှည့်၍ အိပ်ပြန်လေသည်၊ ထိုအခါ ဗုဒ္ဓရှင်တော်က ရဟန်းများကို မေးတော်မူသည်မှာ-
“ဘိက္ခုတို့ သာဂတသည် ရှေးတုန်းက ငါဘုရားအပေါ်၌ ရိုသေကျိုးနွံခြင်း ရှိခဲ့သည်မဟုတ်လော”
ရဟန်းများ။ ။ မှန်ပါဘုရား။
ဘုရားရှင်။ ။ ယခုတော့ ရိုသေကျိုးနွံသေးရဲ့လား။
ရဟန်းများ။ ။ မရိုသေ-မကျိုးနွံတော့ပါဘုရား။
ဘုရားရှင်။ ။ သာဂတသည် သရက်ပင်ဆိပ်က နဂါးကြီးနှင့် တန်ခိုးပြိုင်ခဲ့ ဘူးသည် မဟုတ်လား။
ရဟန်းများ။ ။ မှန်ပါဘုရား။
ဘုရားရှင်။ ။ ယခု နဂါးကြီးနှင့် ပြိုင်နိုင်ဦးမလား။
ရဟန်းများ။ ။ မပြိုင်နိုင်တော့ပါဘုရား။
စာမျက်နှာ-၂၀၄
ဘုရားရှင်။ ။ ဘိက္ခုတို့... အကြင်အရည်ကို သောက်မိ၍ သညာကင်းသူ (သတိလစ်သူ) ဖြစ်ရတယ်၊ ထိုအရည်ကို သောက်ထိုက်ပါ့မလား။
ရဟန်းများ။ ။ မသောက်ထိုက်ပါဘုရား။
ဘုရားရှင်။ ။ ဘိက္ခုတို့... သာဂတရဲ့ သေရည်သောက်မှုသည် ရဟန်းများနှင့် မလျောက်ပတ် မအပ်စပ်သော အမှုဖြစ်၏၊ လူများ အကြည်ညိုပျက်စရာလည်း ဖြစ်၏၊ သို့ဖြစ်၍ “သုရာမေရယပါနေ ပါစိတ္တိယံ = သေရည်အရက်ကို သောက်ခြင်းကြောင့် ပါစိတ်အာပတ်သင့်၏” ဟူသော ဤသိက္ခာပုဒ်ကိုပညတ်တော် မူမည်ဟု မိန့်တော်မူကာ ဤသိက္ခာပုဒ်ကို ပညတ်တော် မူလေသည်။
မှတ်ချက်။ ။ အရှင်သာဂတသည် နဂါးကြီးနှင့် တန်ခိုးပြိုင်စဉ်က လောကီဈာန် အားလုံးကို အပြီးအဆုံး ရရုံတွင်မက တန်ခိုး အမျိုးမျိုးကို ဖန်ဆင်းနိုင်လောက်အောင် အဘိညာဉ်ပါ ရနေသော ပုဂ္ဂိုလ်ပေတည်း၊ ထိုဈာန် အဘိညာဉ်များသည် သေရည် အရက်ဝင်သည်နှင့် တပြိုင်နက် အလိုလို ပျောက်ကွယ်ကြလေပြီ၊ သေရည် အရက်ကား-ဤမျှလောက်ပင် ကုသိုလ် တရားများကို မေ့လျော့ပျက်ပြားအောင် ပြုတတ်လေသည်။
ခ။ အင်္ဂုလိပတောဒက သိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—ကလိထိုး၍ ကစားမှု။
သတ္တရသဝဂ္ဂီနှင့် ဆဗ္ဗဂ္ဂီ။ ။ သတ္တရသဝဂ္ဂီ”ဟု ခေါ်သော ရဟန်းကလေး ၁၇-ပါးသည် အသက် ၂၀ ပြည့်မှ ရဟန်း ပြုရမည်” သိက္ခာပုဒ် မပညတ်မီက ရဟန်းပြု နှင့်ကြသဖြင့် သူတို့ ရဟန်းပြချိန်မှာ ၇-နှစ် အလွယ်သာရှိကြသေး၏၊ ဆဗ္ဗဂ္ဂီရဟန်းတို့ကား အားအား ရှိလျှင် ထိုကိုယ်တော်ကလေးများကို ကျီစားလေ့ရှိကြ၏၊ အခါတစ်ပါး၌ သတ္တရသဝဂ္ဂီ ရဟန်းကလေးတစ်ပါးကို ဆဗ္ဗဂ္ဂီ ရဟန်းတို့က ဝိုင်း၍ ကလိထိုးပြီး (လက်ချောင်းတို့ဖြင့် ဂျိုင်းကြားစသည်ကို ထိုးပြီး) ရယ် အောင်ပြုကြလေရာ, ကိုယ်တော်ကလေးသည် အရယ်လွန်သဖြင့် မောဟိုက် ပင်ပန်းကာ အသက်ရှူကြပ်၍ သေရှာလေသည်၊ [ဥတ္တန္တော-အရယ်လွန်၍
စာမျက်နှာ-၂၀၅
ပင်ပန်းသည်၊ ဝါ-တက်သွားသည်၊ အနဿာသကော-ရှူသက် ရှိုက်သက် မရှိသည်၊ ဝါ-အသက် မရှူနိုင်သည်။ (ဟုတွာ) ကာလမကာသိ။] ထိုအကြောင်းကို ဘုရားရှင် ကြားတော်မူ၍-
“အင်္ဂုလိပတောဒကေ ပါစိတ္တိယံ-
ဟု ပညတ်တော်မူရလေသည်။ [အင်္ဂုလိ = လက်ချောင်းတို့ဖြင့်။ ပတောဒကေ-ဂျိုင်းကြား, ခါးစသော အရပ်တို့၌ ထိုး၍ ကစားခြင်း၊ ယခု ကာလ၌ “ဂျိုင်းကလိထိုးခြင်း = ကလိထိုးခြင်း”ဟု ခေါ်၏၊] မည်သည့်ကိုယ်အင်္ဂါမဆို ရဟန်းချင်း ကလိထိုး၍ ကစားလျှင် ပါစိတ် အာပတ်သင့်၏၊ လူဝတ်ကြောင် သာမဏေတို့ကို ကလိထိုး၍ ကစားလျှင်ကား ဒုက္ကဋ် အာပတ်သင့်သည်၊ ရဟန်းကိုဖြစ်စေ လူသာမဏေကိုဖြစ်စေ လက်ဖြင့်မဟုတ်ဘဲ တုတ်စသည်ဖြင့် ထိုး၍ ကစားလျှင်လည်း ဒုက္ကဋ်အာပတ်ပင်၊ ယခုကာလ၌ အမှတ်တမဲ့ ကစားတတ်ကြ၏, သတိပြုပါ။
ဂ။ ဟသဓမ္မသိက္ခာပုဒ်
အမှုသည်—သတ္တရသဝဂ္ဂီ ရဟန်းကလေးများ။
အမှု—အစီရဝတီမြစ်ထဲ၌ ရေကစားမှု။
ကောသလမင်းနှင့် သတ္တရသဝဂ္ဂီ။ ။ သတ္တရသဝဂ္ဂီ ရဟန်းကလေးများသည် အစီရဝတီမြစ်ထဲ၌ ရေကစားနေကြ၏၊ ကောသလမဟာရာဇာသည် မလ္လိကာဒေဝီနှင့် အတူ နန်းတော် အထက်ထပ်၌ နေ့စဉ် ရေကစားနေကြသည်ကို မြင်၍ “မလ္လိကာ...ဟို ရဟန္တာကလေးတွေ ရေကစားနေကြတယ်၊ ရဟန္တာမဟုတ်သော်လည်း လှောင်ပြောင်တဲ့ သဘောနှင့် သုံးစွဲခြင်းဖြစ်သည်၊ ဤကောသလ မဟာရာဇာကား ရှေးပိုင်းတုန်းက မလ္လိကာလောက် ရတနာသုံးပါးကို မကြည်ညိုသေး၊] ဤသို့ မဟာရာဇာက ပြောလိုက်လျှင် မလ္လိကာက-“မဟာရာဇာ ... အမှန်ပင် ဗုဒ္ဓ ရှင်တော်မြတ်က သိက္ခာပုဒ်တော်ကို မပညတ်ရသေးလို့ ဖြစ်ပါလိမ့်မယ် သိက္ခာပုဒ် ပညတ်ပြီးဖြစ်လျှင်လည်း ဒီကိုယ်တော်ကလေးတွေ “အပကတညုနော-ပြုအပ် ပညတ်အပ်ပြီးသော သိက္ခာပုဒ်ကို မသိရှာကြသေးလို့ပါ” ဤသို့ပြန်၍ သံတော်ဦးတင်လေသည်။
စာမျက်နှာ-၂၀၆
ထို့နောက် မဟာရာဇာသည် “ကေန နုခေါ အဟိ ဥပါယေန ဘဂဝတောစ န အာရောစေယျံ, ဘဂဝါစ ဇာနေယျ ဣမေ ဘိက္ခူ ဥဒကေ ကီဠိ တာတိ = ဘယ်လို ဥပါယ်တမြည်နဲ့ (ဘယ်နည်းလမ်းနဲ့) ငါ့ကိုယ်တိုင် ဘုရားလဲ မလျှောက်ဘဲ, ဘုရားလဲ ဒီရဟန်းတွေ ရေ၌ ကစား၍ ပြန်လာကြောင်းကို သိအောင် လုပ်ရပါ့မလဲ”ဟု စဉ်းစားပြီးလျှင် ရဟန်းကလေးများကို အခေါ်ခိုင်း၍ ကြံသကာခဲကြီးကို ပေးပြီးလျှင် “ဒီကြံသကာခဲကို ဘုရားအား လှူကြပါလေ”ဟု မှာထားလွှတ်လိုက်လေသည်။ (ငယ်ရွယ်သူ ရဟန်းကလေးများလည်း အကြောင်းကို မသိရှာကြသဖြင့် ဘုရားထံ သွား၍ “ဤကြံသကာခဲကို ကောသလ မဟာရာဇာက လှူလိုက်ပါကြောင်း” လျှောက်ရှာကြလေသည်။
ဘုရားရှင်။ ။ သင်တို့ကို မဟာရာဇာက ဘယ်မှာ တွေ့လို့လဲ။
ရဟန်းကလေးများ။ ။ အစီရဝတီ မြစ်ထဲမှာ ရေကစား နေကြတာကို မြင်လို့ပါ ဘုရား။
ဘုရားရှင်။ ။ “ဘာ့ကြောင့် သင်တို့ ရေကစားကြသလဲ၊ ဒီရေ ကစားခြင်းဟာ မကြည်ညိုသေးသူများ၏ ကြည်ညို စရာလဲ မဟုတ်၊ ကြည်ညိုပြီးသူများရဲ့ အကြည်ညို တိုးဖို့လဲ မဟုတ်၊ စင်စစ်မှာ-မကြည်ညိုသေးသူများရဲ့ မကြည်ညိုစရာလဲဖြစ်, ကြည်ညိုပြီးသား ပုထုဇဉ်များရဲ့ အကြည်ညိုပျက်စရာလဲ ဖြစ်တယ်” ဟု မိန့်တော်မူပြီးလျှင်-
“ဥဒကေ ဟသဓမ္မေ ပါစိတ္တိယံ_
ဟု သိက္ခာပုဒ် ပညတ်တော်မူရလေသည်၊ ဤသိက္ခာပုဒ်တော် အရ ခြေဖမျက်မြှုပ်သောရေ၌ မကစားကောင်း၊ ကစား ဟူရာ၌ ရေချိုးရင်း ငုပ်လိုက် ဖေါ်လိုက် ရေပေါ်ဖေါ်ပြီး ကူးလိုက် လုပ်ခြင်းကို ဆိုလိုသည်၊ လှေဖြင့်ကစားခြင်း ရေထဲ၌ အိုးခြမ်းကွဲ စသည်ကို ပစ်၍ ကစားခြင်း, အိုးခွက်၌ ရှိသောရေကို လက်ဖြင့် ပုတ်၍ ကစားခြင်း, ပုန်းရည် နို့ရည် ရက်တက်ရည် စသော အရည်နှင့်စပ်၍ ကစားခြင်း အားလုံး၌ ဒုက္ကဋ်အာပတ်သင့်၏၊ ကစားစိတ်မပါဘဲ အကြောင်းအားလျော်စွာ (အညောင်း ပြေအောင်) ရေကူးခြင်း၌ အာပတ် မသင့်။
စာမျက်နှာ-၂၀၇
ဃ။ အနာဒရိယသိက္ခာပုဒ်
အမှုသည်—အရှင်ဆန္န။
အမှု—ရဟန်းတို့အား မလေးမစားပြောမှု။
ရှင်ဆန္န၏ မလေးစားမှု။ ။ ဗုဒ္ဓရှင်တော်၏ ဖွားဘက်တော်ဖြစ်ခဲ့သော အရှင်ဆန္နသည် သင့်မသင့်သော အကျင့်ကိုပြုကျင့်၏၊ ရဟန်းတို့က ငါ့ရှင်ဆန္န... ဒီလိုမလုပ်ပါနှင့်, ဒီအလုပ်ဟာမအပ် ပါဘူး”ဟု ပြောကြ၏၊ ရှင်ဆန္နကား ထိုပြောသူတို့ကို မလေးစား (အရေးမစိုက်)သောအားဖြင့် ဇွတ်တိုး၍ လုပ်၏၊ ထိုအကြောင်းကို ဗုဒ္ဓရှင်တော် ကြားတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရသည်။
သိက္ခာပုဒ်။ ။ အနာဒရိယေ ပါစိတ္တိယံ။
မြန်မာပြန်။ ။ ပုဂ္ဂလ ဓမ္မကို မရိုသေခြင်းကြောင့် ပါစိတ်သင့်၏၊ ပြောလာ သောရဟန်းကို အရေးမစိုက်မှုသည် ပုဂ္ဂလကို အရေးမစိုက်ခြင်း၊ သိက္ခာပုဒ်တော်ကို အရေးမစိုက်မှုသည် ဓမ္မကို အရေးမစိုက်ခြင်း၊ ထို၂-မျိုးတွင် တစ်မျိုးမျိုးကို မလေးမစား အရေးမစိုက် လုပ်လျှင် ပါစိတ်အာပတ်သင့်၏။
င။ ဘိံသာပနသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—ချောက်လှန့်မှု။
ဆဗ္ဗဂ္ဂီနှင့် သတ္တရသဝဂ္ဂီ။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သတ္တရသဝဂ္ဂီရဟန်းကလေးများကို၊ ယခုကာလ “တစ္ဆေကြီးဟ, သူရဲကြီးဟ” စသည်ဖြင့် ချောက်လှန့်ခြင်းမျိုးကဲ့သို့ ချောက်လှန့်ကြကုန်၏၊ ရဟန်းကလေးများကား ငိုကြရှာလေသည်၊ ထိုအကြောင်းကြောင့်-
ယော ပန ဘိက္ခု ဘိက္ခုံ ဘိံသာပေယျ၊ ပါစိတ္တိယံ။
“ရဟန်းချင်းချောက်လှန့်လျှင် ပါစိတ်အာပတ်”ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။ ဤသိက္ခာပုဒ်၌ အချောက်ခံရသူက ကြောက်သည် ဖြစ်စေ မကြောက်သည်ဖြစ်စေ ရဟန်းအချင်းချင်း ချောက်လျှင် ပါစိတ်၊ လူသာမဏေတို့ကို ချောက်လျှင်ဒုက္ကဋ်အာပတ်သင့်၏။
စာမျက်နှာ-၂၀၈
စ။ ဇောတိကသိက္ခာပုဒ်
အမှုသည်—ရဟန်းအများ။
အမှု—မီးလှုံမှု။
ရဟန်းများကို မြွေကိုက်ခြင်း။ ။ ရဟန်းတို့သည် ဆောင်းအခါ၌ အခေါင်းရှိသောသစ်တုံးကြီးကို မီးရှို့၍ မီးလှုံကြကုန်၏၊ ထိုသစ်ခေါင်း၌ရှိသော မြွေဟောက်သည် မီးပူ (လောင်အပ်)သည် ဖြစ်၍ ထွက်လာပြီးလျှင် ရဟန်းတို့ကို လိုက်လေတော့၏၊ ရဟန်းတို့လည်း ခြေဦးတည့်ရာ ပြေးကြလေတော့၏၊ ဤအကြောင်းကြောင့်—
“ယော ပန ဘိက္ခု ဝိသိဗ္ဗနာပေက္ခာ ဇောတိ သမာဒဟေယျဝါ သမာဒဟာပေယျဝါ၊ ပါစိတ္တိယံ”။
ဟု မူလပညတ်ကိုထားတော်မူရလေသည်။ ထို့နောက်ရဟန်းတို့သည် ဆီမီးထွန်းခြင်း၌လည်းကောင်း, သပိတ်ဖုတ်ခြင်း, ချွေးအောင်းခြင်းကိစ္စဝယ် မီးတောက်စေခြင်းလည်းကောင်း, မီးတင်းကုပ် (ရေနွေးစသည် ကျိုရာဌာန)၌လည်းကောင်း, မီးမမွှေးကောင်း မီးမထည့်ကောင်းဟု အယူရှိကြသဖြင့် ဗုဒ္ဓရှင်တော်ကိုလျှောက်ကြ လေရာ “အဂိလာနော အညတြ တထာရူပပစ္စယာ”ပုဒ်တို့ကို ထည့်၍ အနုပညတ် ထပ်တော်မူရပြန်သည်။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် ဂိလာနမဟုတ်ဘဲ လှုံခြင်းကို ရှုငဲ့သည် (လှုံလိုသည်) ဖြစ်၍ မီးတောက်စေထိုက်သော အကြောင်းကို ကြဉ်၍ မီးကို ကိုယ်တိုင်မူလည်း တောက်စေအံ့၊ သူတစ်ပါးကိုမူလည်း တောက်ပါစေဟု စေခိုင်းအံ့၊ ထိုရဟန်းပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ ဤသိက္ခာပုဒ်အရ ဂိလာနမဟုတ်သူ (ပကတိကျန်းမာနေသူ)ဖြစ်လျက် မီးလှုံဖို့သက်သက်ဖြင့် မီးမမွှေးကောင်း, သူများ မွှေးပြီးသားကိုလည်း တောက်အောင် ထင်းမထည့်ကောင်း မီးမထိုးကောင်းဟုမှတ်၊ ညအခါ မီးထွန်းခြင်း ဂိလာနဖြစ်၍ မီးလှုံဖို့အတွက် မီးထည့်ခြင်း သပိတ်ဖုတ် ရေနွေးကျို ဆွမ်းချက်ကိစ္စအတွက် မီးမွှေးပေးခြင်း ခြင်္သေ့သစ်ကျား စသော ဘေးရန်အတွက် မီးထည့်ခြင်း မီးထိုးခြင်း စသည်ကား အပ်ပါ၏။ သို့သော် ရဟန်းကိုယ်တိုင် မီးမွေးရာ၌ မီးလောင်ပြီး မဟုတ်သော မြေပေါ်၌လည်းကောင်း, မြက်သစ်ပင်ရှိသော မြေပေါ်၌လည်းကောင်း, မမွေးကောင်းဟု သတိပြုပါ။ မိမိကမခိုင်းဘဲ သာမဏေစသူတို့ ထည့်ထားသော မီးကိုလည်း လှုံကောင်းပါ၏၊ သို့သော် မီးငြိမ်းနေသည်ကို တောက်လာအောင် မမှုတ်ကောင်း, ထင်းထိုး၍လည်း မပေးကောင်းဟု သတိပြုပါ။
စာမျက်နှာ-၂၀၉
ဆ။ နှာနသိက္ခာပုဒ်
အမှုသည်—ရဟန်းအများ။
အမှုလိုက်—မသိဘဲ ရေချိုးမှု။
ဗိမ္ဗိသာရနှင့် ရဟန်းများ။ ။ ရဟန်းတို့သည် တပေါဒါမြစ်၌ ရေချိုးနေကြစဉ် ဗိမ္ဗိသာရမဟာရာဇာလည်း ခေါင်းဆေးမင်္ဂလာပြုလို၍ (ခေါင်းလျှော်လို၍)အထိုက်အလျောက် အခြံအရံဖြင့် ထွက်လာပြီးလျှင်
“ယာဝါယျာ (ယာဝ+အယျာ) နဟာယန္တိ = အကြင်မျှလောက်သော ကာလ၌ အရှင်မြတ်တို့ ရေချိုးနေကြသေး၏၊ (တာဝ ပဋိမာနေဿာမိ = ထိုမျှလောက် ကာလပတ်လုံး စောင့်ဆိုင်းဦးမည်)” ဟု ကြံ၍ သင့်တော်ရာ အရပ်၌ စောင့်ဆိုင်းနေလေသည်၊ ရဟန်းများလည်း (ဘုရင်စောင့်နေသည်ကိုပင် အလိုက်မသိကြဘဲ) ယာဝသမန္ဓကာရာ နှာယိံသု = မှောင်ရာကာလနှင့် ညီမျှသောကာလတိုင်အောင် (မှောင်သည့်အထိ) ရေချိုးနေကြလေသည်။
မဟာရာဇာမြို့ပြင် အိပ်ရပုံ။ ။ မဟာရာဇာသည် ရဟန်းများရေချိုးပြီးနောက် မှောင်မိုက်မှ ခေါင်းလျှော်ရသဖြင့် မြို့တံခါးလည်း ပိတ်ထားပြီး ဖြစ်လေတော့ရကား မြို့ပြင်ဘက်၌ပင် စက်တော်ခေါ်၍ နံနက်စောစော ဗုဒ္ဓအထံတော်သို့ သွားလေသည်၊ ထိုအခါ ညဉ့်တုန်းက လိမ်းထားသော နံ့သာများပင် မပျက်သေးချေ၊ သို့ဖြစ်၍ ရှင်တော်မြတ်က “မဟာရာဇာ...လိမ်းထားသော နံ့သာများပင် မပျက်သေးဘဲ စောစောစီးစီး အဘယ်ကိစ္စကြောင့် လာသနည်း”ဟု မေးတော်မူလေရာ မဟာရာဇာက ဖြစ်ပုံအားလုံးကို လျှောက်လေသည်၊ ထို့နောက် ထိုက်သင့်သော တရားစကားကို မိန့်တော်မူ၍ မဟာရာဇာ ပြန်သွားသောအခါ ရဟန်းများကို ခေါ်တော်မူပြီးလျှင်– “ရဟန်းအများသည် ရှင်ဘုရင်ကို မြင်ပါလျက်လည်း “န မတ္တံ+ဇာနိတွာ = ပမာဏမသိ(အလိုက်မသိ)ဘဲ ရေချိုးနေကြတယ်”ဆိုတာ မှန်သလား။
ရဟန်းများ။ ။ မှန်ပါကြောင်းပါဘုရား။
ဘုရားရှင်။ ။ [ဤစကားကို ကြားတော်မူ၍ ကဲ့ရဲ့တော်မူပြီးလျှင်...] “ယောပန ဘိက္ခု၊ ဩရေနဒ္ဓမာသံ နှာယေယျ, ပါစိတ္တိယံ = ပထမ ရေချိုးပြီးနောက် ၁၅-ရက်မပြည့်သေးခင် ထပ်၍မချိုးရ”ဟု မူလပညတ်တော်ကို ထားတော်မူလေသည်။
စာမျက်နှာ-၂၁၀
ပူအိုက်ရာအခါ ရေချိုးတော့။ ။ ထိုသို့ပညတ်တော်မူပြီးနောက် ပူအိုက်ရာအခါ၌လည်း ရေမချိုးကောင်းဟု အယူရှိကြ၍ ရေမချိုးဘဲ နေကြလေရာ “သေဒဂတေန ဂတ္တေန = ဖြစ်သော ချွေးရှိသော ကိုယ်ဖြင့် (ကိုယ်၌ချွေးပေလျက်) အိပ်ကြရကုန်၏၊ သင်္ကန်းလည်းပျက်စီး, ကျောင်းအိပ်ရာ နေရာလည်း ပျက်စီး၏၊ ထိုအကြောင်းကို ဗုဒ္ဓရှင်တော် သိတော်မူ၍ ပူသောအခါ အိုက်သောအခါဖြစ်မူ ၁၅-ရက်အတွင်း၌လည်း ရေချိုးခွင့်ပြုတော်မူ၏” ဟု မိန့်တော်မူရပြန်လေသည်၊ ပူသောအခါနှင့် အိုက်သောအခါကိုကား ဤသို့ သတ်မှတ်တော်မူ၏။
၁။ တပေါင်းလပြည့်နေ့မှစ၍ ဝါဆိုလပြည့်နေ့အထိ နွေ ၄-လ ရှိသည်တွင် နောက်ဆုံးတလခွဲ(နယုန်လဆန်းတရက်မှ ဝါဆိုလပြည့်အထိ)သည် ဥဏှသမယ(ပူသောကာလ)မည်၏။
၂။ မိုး ၄-လတွင် ပထမ(ဝါဆိုလပြည့်ကျော် ၁-ရက်မှ ဝါခေါင်လပြည့် အထိ)သည် ပရိဠာဟသမယ(အိုက်သောကာလ) မည်၏။
ထိုသို့သတ်မှတ်သည့်အတိုင်း “အညတြ သမယာ... တတ္ထာယံ သမယော၊ ဒိယဍ္ဎော မာသော သေသော ဂိမှာနံ, ဝဿာနဿ ပဌမော မာသော ဣစ္စေတေ အဍ္ဎတေယျ မာသာ ဥဏှသမယော ပရိဠာဟသမယော၊ အယံ တတ္ထ သမယော” ဟု ဖြည့်စွက်၍ ပထမအနုပညတ်ထပ်တော်မူရလေသည်။
မကျန်းမာလျှင်လည်း ရေချိုးတော့။ ။ မကျန်းမာသော ရဟန်းတို့သည် ရေမချိုးရသဖြင့် ရောဂါမသက်သာကြောင်းကို ကြားသိတော်မူပြန်ရကား ကျန်းမာသည့်အခါဖြစ်မူ ၁၅-ရက်အတွင်းမှာ ရေချိုးခွင့် ပြုတော်မူ၍ “ဂိလာနသမယော”ဟုဖြည့်စွက်တော်မူကာ ဒုတိယအနုပညတ် ထပ်တော်မူရပြန်လေသည်။ ရေချိုးမှ သက်သာမည့် ရောဂါရှင်ကိုသာ ဂိလာန ဟုမှတ်။
အလုပ်-လုပ်တဲ့အခါ ရေချိုးတာ့။ ။ ရဟန်းတို့သည် ကျောင်းတို့၌ ဟိုဟို သည်သည် အလုပ်များကို လုပ်ကိုင်ကြရ၍ ချွေးထွက်ကုန်၏၊ ရေမချိုးကောင်းဟု အယူရှိကြ၍ ရေမချိုးဝံ့ကြရကား ကိုယ်၌ ချွေးပေနေလျက်ပင် အိပ်ကြရလေရာ သင်္ကန်းလည်း ပျက်စီး, ကျောင်းအိပ်ရာလည်း ပျက်စီးကုန်၏၊ ထိုအကြောင်းကိုကြားသိတော်မူ၍ “အလုပ်-လုပ်သောအခါဖြစ်မူ ၁၅-ရက် မပြည့်သော်လည်း ရေချိုးတော့”ဟု ခွင့်ပြုတော်မူကာ “ကမ္မသမယော” ဟု
စာမျက်နှာ-၂၁၁
ဖြည့်စွက်၍ တတိယအနုပညတ်ထပ်တော်မူရပြန်သည်၊ “အလုပ်” ဟူရာ၌ကား ကျောင်းဝင်း၌ တံမြက်လှည်းခြင်းကိုလည်း အလုပ်၌ထည့်သွင်းတော်မူသည်။
ခရီးသွားတဲ့အခါ ရေချိုးတော့။ ။ ခရီးရှည် သွားသော ရဟန်းတို့သည် ချွေးပေနေသော်လည်း ရေမချိုးဝံ့ကြောင်းကို ကြားတော်မူရပြန်သဖြင့် “ခရီးရှည်သွားသောအခါဖြစ်မူ ၁၅-ရက်မပြည့်သော်လည်း ရေချိုးတော့” ဟု ခွင့်ပြုတော်မူ၍ “အဒ္ဓါနဂမနသမယော”ဟု ဖြည့်စွက်တော်မူကာ စတုတ္ထ အနုပညတ် တပ်တော်မူရပြန်သည်၊ “အဒ္ဓါနဂမန = အဓွန့်ရှည်သောခရီးကို သွားခြင်း”ဟူရာ၌ကား “တယူဇနာ၏ ထက်ဝက်ခရီး”ဟု သတ်မှတ်တော်မူ၏၊ ထိုခရီးမျိုးကို သွားမည်ကြံလျှင်လည်းကောင်း, ပြန်လာလျှင်လည်းကောင်း, ရေချိုးနိုင်သည်။
လေမိုးကျလျှင် ရေချိုးတော့။ ။ ရဟန်းတို့သည် အကွယ်အကာ အမိုးမပါသောလွင်ပြင်၌ သင်္ကန်းချုပ်ဆိုးနေကြစဉ် မြူမှုန်တွေကို တိုက်ခတ်လာသော လေကျသဖြင့် ကိုယ်၌ မြူမှုန်(ဖုံတွေ)ပေနေလေ၏၊ ဒေဝေါစ ထောကံ ထောကံ ဖုသာယတိ = မိုးကလဲန်နဲ-နဲနဲထိပြန်၏၊ ရွာပြန်၏၊ ရဟန်းတို့မှာ မြူမှုန်တွေပေနေကြပါလျက် ရေမချိုးရကြောင်းကို ကြားသိတော်မူရ၍ “ဖုံနှင့်တကွ လေပြင်းထ၍ မိုးကျသောအခါဖြစ်မူ ၁၅-ရက်မပြည့်သော်လည်း ရေချိုးတော့” ဟု ခွင့်ပြုတော်မူကာ “ဝါတဝုဋ္ဌိသမယော” ဟု ဖြည့်စွက်၍ ပဉ္စမအနုပညတ်ထပ်တော်မူရပြန်လေသည်။ [ကိုယ်၌လည်း ဖုံပေ, မိုးရေပေါက်လည်း ၂-ပေါက်, ၃-ပေါက်လောက်မိလျှင်ပင် ချိုးကောင်းပြီ-ဟု မှတ်။]
မှတ်ချက်။ ။ သိက္ခာပုဒ်တို့တွင် အချို့ သိက္ခာပုဒ်များသည် ဒေသောဒိဿ ရည်စူးအပ်သော အရပ်ဒေသရှိ၏၊ ဤသိက္ခာပုဒ်တော်ကို ထိုခေတ်က ဥတုမျှတသော အိန္ဒိယဒေသ(မဇ္ဈိမနယ်) လောက်ကိုသာ ရည်စူး၍ ပညတ်တော်မူ၏၊ ထို့ကြောင့် အိန္ဒိယ၌ နေသောရဟန်းတော်များသည် ၁၅-ရက်မပြည့်ခင် ရေချိုးချင်လျင် မိမိနေရာကို တံမြက်လှည်း၍ “ကမ္မသ မယ”ဟုသဘောထားပြီးမှ ရေချိုးရပေလိမ့်မည်၊ ဥတုမညီမျှသော မြန်မာ သီဟိုဠ် ယိုးယားနိုင်ငံတို့၌ကား ဤသိက္ခာပုဒ်အရ ပြုကျင့်ဖွယ်မလိုတော့ ရကား အချိန်မရွေး ရေချိုးခွင့်ရသည်ဟု မှတ်။ [သဗ္ဗပစ္စန္တိမေသု-အားလုံး မဇ္ဈိမဒေသ၏ အစွန်အဖျား ကျကုန်သော၊ ဇနပဒေသု-ဇနပုဒ်တို့၌၊ နှာယန္တဿ-ရေချိုးသောရဟန်း၏၊ အနာပတ္တိ။]
စာမျက်နှာ-၂၁၂
ဇ။ ဒုဗ္ဗဏ္ဏကရဏသိက္ခာပုဒ်
အမှုသည်—ရဟန်းအများ။
အမှု—သင်္ကန်းမမှတ်မိမှု။
ခရီးသွားစဉ် ဓားပြတိုက်။ ။ ရဟန်းအများနှင့် ရသေ့ပရိဗိုဇ်အများသည် သာကေတမြို့မှ သာဝတ္ထိသို့ခရီးသွားကြစဉ် ဓားပြတို့ထွက်၍ လုကြကုန်၏၊ သာဝတ္ထိမှ မင်းမှုထမ်းများ ထွက်လာ၍ ထိုဓားပြတို့ကို ခိုးထုပ်ခိုးသည်နှင့်တကွ ဖမ်းပြီးလျှင် ရဟန်းများအထံသို့ “အရှင်ဘုရားတို့ ကြွခဲ့ကြပါ, ကိုယ့်သင်္ကန်းကို မှတ်သား၍ ယူလှည့်ကြပါ”ဟု တမန်လွှတ်၍ လျှောက်ကြလေသည်၊ (ရသေ့ပရိဗိုဇ်တို့၏ သင်္ကန်းနှင့် ရဟန်းများ၏ သင်္ကန်းမှာ ရောနှောနေသောကြောင့်) ရဟန်းများသည် ကိုယ့်သင်္ကန်းကို မမှတ်မိကြကုန်၊ ထိုအခါ မင်းမှုထမ်းများက “အရှင်ကောင်းအရှင်မြတ်တွေ လုပ်နေပါလျက် ကိုယ့်သင်္ကန်းကိုမျှ မမှတ်မိကြ”ဟု ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ နဝံ ပန ဘိက္ခုနာ စီဝရလာဘေန တိဏ္ဏံ ဒုဗ္ဗဏ္ဏကရဏာနံ အညတရံ ဒုဗ္ဗဏ္ဏကရဏံ အာဒါတဗ္ဗံ နီလံ ဝါ ကဒ္ဒမံ ဝါ ကာဠသာမံ ဝါ။ အနာဒါ စေ ဘိက္ခု တိဏ္ဏံ ဒုဗ္ဗဏ္ဏကရဏာနံ အညတရံ ဒုဗ္ဗဏ္ဏကရဏံ နဝံ စီဝရံ ပရိဘုဉ္ဇေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ သင်္ကန်း အသစ်ကိုရသော ရဟန်းသည် “အညိုရောင် ကပ္ပဗိန္ဒု, ရွှံ့ညွှန်ရောင် ကပ္ပဗိန္ဒု, မဲညိုရောင် ကပ္ပဗိန္ဒု”ဤ ၃-မျိုးတွင် တစ်မျိုးမျိုးသော ကပ္ပဗိန္ဒုကို ယူရမည်၊ ထို၃-မျိုးသော ကပ္ပဗိန္ဒုတို့တွင် တစ်မျိုးမျိုးကို မယူဘဲ သင်္ကန်းသစ်ကိုသုံးစွဲ ဝတ်ရုံလျှင် ပါစိတ် အာပတ်သင့်၏။ [အညိုရောင်ဟူသည် ယခုကာလ၌ သစ်ရွက်မှ ထွက်သော စိမ်းညိုရောင်တည်း၊ ထိုကြောင့် သစ်ရွက်စိမ်းကို သင်္ကန်းထောင့်၌ ထား၍ တုတ်ချောင်းများဖြင့် အရည်ထွက်အောင် ထိုးလျှင် အညိုရောင်ဗိန္ဒု ဖြစ်၏၊ ခဲတန်ဖြင့် ထိုးလျှင် ရွှံ့ညွန်ရောင် ဖြစ်၏။ မင်နက်ဖြင့်ထိုးလျှင် မဲညိုရောင်ဖြစ်၏။]
မှတ်ချက်။ ။ “ကပ္ပဗိန္ဒု”ထိုးခြင်းဟူသည် မိမိသင်္ကန်းကို မိမိမှတ်မိအောင် အမှတ် အသား ပြုခြင်းပင်တည်း၊ ကပ္ပဗိန္ဓုမထိုးရသေးလျှင် အတော်ဟောင်းသော သင်္ကန်းဖြစ်စေကာမူ သင်္ကန်းသစ်ဟုပင် ဆိုရလည်း ထို့ကြောင့် အသစ်
စာမျက်နှာ-၂၁၃
ကျပ်ချွတ်သင်္ကန်းဖြစ်ဖြစ် တပတ်ရစ် အဟောင်း အနွမ်းဖြစ်ဖြစ်၊ သူများ လက်ထဲတုန်းက ကပ္ပဗိန္ဓုမထိုးရသေးလျှင်) မိမိလက်ထဲ၌ ဝတ်မည့် သင်္ကန်းဟူသမျှကို ကပ္ပဗိန္ဒုထိုးပြီးမှ ဝတ်ရသည်၊ သူများလက်ထဲ၌ ထိုးပြီးဖြစ်လျှင်ကား ထပ်၍ထိုးသွယ်မလို။ [ကပ္ပ = ရဟန်းများ၌ အပ်စပ်ကြောင်းဖြစ်သော+ဗိန္ဓု = အပြောက်လုံး။]
ကပ္ပဗိန္ဓုပမာဏနှင့်ထိုးရာဌာန။ ။ ထိုဗိန္ဒုပြောက်ကို သင်္ကန်း ၄ ထောင့် လုံးမှာလည်း ထိုးနိုင်, ၃ ထောင့်, ၂ ထောင့်, ၁ ထောင့်မှာလည်း ထိုးနိုင်၏၊ ထိုသို့ထိုးရာ၌ တထောင့်လျှင် တပြောက်စီသာ ထိုးနိုင်၏၊ ၂-ပြောက်-၃ ပြောက်စသည်တန်း၍ ဖြစ်စေ, ၄-၅ ပြောက်ပိုင်း၍ဖြစ်စေ, ၃-ပွင့်ဆိုင်၍ ဖြစ်စေ မထိုးကောင်း၊ ပါဠိကပ္ပ(အတန်းကပ္ပဗိန္ဒု)ကဏ္ဏိကကပ္ပ (ကြာချက် ကဲ့သို့ ၄-ပြောက် ၅-ပြောက် ပိုင်း၍ ထိုးအပ်သောကပ္ပဗိန္ဒု) အာဒယော ပန သဗ္ဗတ္ထ ပဋိသိဒ္ဓါ= အဋ္ဌကထာ အားလုံး၌ တားမြစ်ထားသည်။ ထိုကပ္ပဗိန္ဒု၏ အရွယ်ပမာဏမှာ ဥဒေါင်းမျက်ဝန်းလောက်, သို့မဟုတ် ကြမ်းပိုး ကျောက်ကုန်းလောက်ရှိစေရမည်။ [ယခုကာလ၌ အချို့ ဗိန္ဒု ပြောက်များသည် သေးငယ်လွန်း၏။ ဗိန္ဒုထိုးပြီးမှ လျှော်ပါများ၍ ပျက်သွားသော်လည်း ဝတ်ကောင်းပါ၏။
ဈ။ ဝိကပ္ပနသိက္ခာပုဒ်
အမှုသည်—ရှင်ဥပနန္ဒ
အမှု—ပစ္စုဒ္ဓိုရ် မပြန်ရသေးသော သင်္ကန်းကို ဝတ်မှု။
ရှင်ဥပနန္ဒနှင့် ရဟန်းတစ်ပါး။ ။ ရှင်ဥပနန္ဒသည် နောင်တော်၏ သဒ္ဓိဝိဟာရိက ရဟန်းအား ကိုယ်တိုင်သင်္ကန်းကို ဝိကပ္ပနာပြုပြီးနောက် ထိုရဟန်းက ပစ္စုဒ္ဓိုရ်မပြန်အပ်သေးဘဲ ထိုသင်္ကန်းကို သုံးစွဲလေသည်။ ထို့ကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဘိက္ခုဿ ဝါ ဘိက္ခုနိယာ ဝါ သိက္ခမာနာယ ဝါ သာမဏေရဿ ဝါ သာမဏေရိယာ ဝါ သာမံ စီဝရံ ဝိကပ္ပေတွာ အပ္ပစ္စုဒ္ဓါရဏံ ပရိဘုဉ္ဇေယျ, ပါစိတ္တိယံ။
စာမျက်နှာ-၂၁၄
မြန်မာပြန်။ ။ သင်္ကန်းကို သီတင်းသုံးဖော် ၅-ယောက်တွင် တစ်ယောက်ယောက်အား ကိုယ်တိုင် ဝိကပ္ပနာပြုပြီး၍ ပစ္စဒ္ဓိုရ် မပြန် အပ်သေးသော ထိုသင်္ကန်းကို ဝတ်ရုံသုံးစွဲလျှင် ပါစိတ် အာပတ် သင့်၏။
ဝိကပ္ပနာ၏အဓိပ္ပါယ်။ ။ [ဝိ = မိမိဥစ္စာအဖြစ်မှ ကင်းအောင်+ကပ္ပနာ= ပြုခြင်း၊] မည်သည့်ရဟန်းမဆို (သင်းပိုင်, ဧကသီ, ၂-ထပ်သင်္ကန်းကြီး ၃-ထည်သာ ကိုယ်ပိုင်အဖြစ်ဖြင့် အဓိဋ္ဌာန်တင်၍ ထားကောင်း၏၊ ထို ၃-ထည် ထက်ပို၍ ရလာလျှင် ကိုယ်ပိုင်ဥစ္စာအဖြစ်မှ ကင်းလွတ်အောင် “ဝိကပ္ပနာ”ဟု ခေါ်ရသော ဝိနည်းကံတစ်ခုကို ပြုထားရသည်၊ ထို့ကြောင့် “ဝိကပ္ပနာပြုခြင်း ဟူသည် သူတစ်ပါးအားပေးလိုက်-စွန့်လိုက်ခြင်းပင်တည်း”ဟုမှတ်၊ ထိုသို့ ပေးစွန့်ရာ၌ သီတင်းသုံးဖော် ၅-ယောက် (ဘိက္ခု, ဘိက္ခုနီ, သိက္ခမာန်, သာမဏေ, သာမဏေမ)တို့တွင် တစ်ယောက်ယောက်အား ပေးစွန့်ရသည်။
ဝိကပ္ပနာပြုပုံ။ ။ [မိမိပေးစွန့်လိုရာ တစ်ပါးပါးထံသွား၍] “ဣမံ စီဝရံ တုယှံ ဝိကပ္ပေမိ”ဟု ပါဠိလိုချည်းဖြစ်စေ “ဤသင်္ကန်းကို အရှင့်အား(သင့်အား) ဝိကပ္ပနာပြုပါ၏”ဟု မြန်မာလိုချည်းဖြစ်စေ ဝိကပ္ပနာပြုရသည်။ [၂-ထည် ၃-ထည်ဖြစ်၍ များလျှင် “ဣမာနိ စီဝရာနိ = ဤသင်္ကန်းတို့ကို”ဟု ပြင်၍ဆို။ ထိုသို့ ဝိကပ္ပနာပြုပြီးသောအခါ ထိုသင်္ကန်းကို ပြန်ယူ၍ သိမ်းထားလိုလျှင် သိမ်းထားကောင်း၏၊ သုံးစွဲမှုကိုကား မပြုကောင်းသေး၊ အကယ်၍ ဝတ်ရုံ သုံးစွဲလျှင် ဤသိက္ခာပုဒ်၌ “အပစ္စုဒ္ဓါရဏံ ပရိဘုဉ္ဇေယျ, ပါစိတ္တိယံ”နှင့်အညီ ပါစိတ်အာပတ်သင့်၏၊ ထို့ကြောင့် ဝိကပ္ပနာ အပြုခံရသော (အပေးခံ ရသော) ဝိနည်းဓိုရ်ပုဂ္ဂိုလ်က ပစ္စုဒ္ဓိုရ်ပြုရဦးမည်။
ပစ္စုဒ္ဓိုရ်ပြုပုံ။ ။ [ပဋိ = တဖန်၊ ဝါ-ပြန်၍+ဥဒ္ဓရဏ = ထုတ်ဆောင်ခြင်း၊ မိမိရသောသင်္ကန်းကို မူလသင်္ကန်းရှင်အား ပြန်၍ထုတ်ခြင်းကို (အလိုရှိသလို သုံးစွဲခွင့်ပြုခြင်းကို) ပစ္စုဒ္ဓိုရ်ပြုခြင်းဟု ခေါ်၏။ ပစ္စဒ္ဓိုရ်ပြုပုံကား မယှံ သန္တကံ ပရိဘုဉ္ဇဝါ ဝိသဇ္ဇေဟိဝါ, ယထာပစ္စယံ ကရောဟိ = ငါ၏(တပည့်တော်၏) ဥစ္စာကို သုံးစွဲလိုလည်း သုံးစွဲတော့, (သူတစ်ပါးအား)စွန့်လိုလည်း စွန့်တော့၊ အကြောင်းအားလျော်စွာ လုပ်တော့” ဤသို့ ပါဠိလိုချည်းဖြစ်စေ မြန်မာလို ချည်းဖြစ်စေ ပစ္စုဒ္ဓိုရ်ပြုရသည်။ ဤသို့ပစ္စုဒ္ဓိုရ် ပြုအပ်ပြီးသောအခါ မူလ သင်္ကန်းရှင်သည် ထိုသင်္ကန်းကို ဝတ်ရုံသုံးစွဲခြင်းစသောအမှုကို အလိုရှိသလို ပြုလုပ်နိုင်ပြီ။ [ဝိကပ္ပနာပြုနည်း အမျိုးမျိုးကို ပါတိမောက်ဘာသာဋီကာမှာရှု။
စာမျက်နှာ-၂၁၅
ဉ။ စီဝရအပနိဓာနသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—သပိတ်သင်္ကန်းကို ဝှက်ထားမှု။
သပိတ်သင်္ကန်း ဝှက်ထားမှု။ ။ သတ္တရသဝဂ္ဂီရဟန်းကလေးတို့သည် (ငယ်ရွယ်သူကလေးများ ဖြစ်ကြသည် အားလျော်စွာ) သပိတ် သင်္ကန်း စသော ပရိက္ခရာကို ကောင်းမွန်စွာ မသိမ်းဆည်းတတ်ကြကုန်၊ [အသန္နိဟိတ ပရိက္ခာရာ = ကောင်းစွာ မသိမ်းဆည်းအပ်သော ပရိက္ခရာ ရှိကုန်သည်၊ ဟောန္တိ၊] ဆဗ္ဗဂ္ဂီ ရဟန်းတို့ကလည်း (ထိုရဟန်း ကလေးများကို ကျီစားလေ့ရှိရာ) အခါတစ်ပါး၌ ထိုရဟန်းကလေးများ၏ သပိတ်သင်္ကန်းကို ဝှက်ထား(ဖွက်ထား) ကြလေသည်၊ သတ္တရသဝဂ္ဂီ ရဟန်း ကလေးများက “အရှင်ဘုရားတို့...တပည့်တော်တို့၏ သပိတ်သင်္ကန်းကို ပေးကြပါ”ဟု တောင်းသောအခါ ဆဗ္ဗဂ္ဂီတို့က ရယ်မောကြကုန်၏။ ထိုအကြောင်းကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဘိက္ခုဿ ပတ္တံ ဝါ စီဝရံ ဝါ နိသီဒနံ ဝါ သူစိဃရံ ဝါ ကာယဗန္ဓနံ ဝါ အပနိဓေယျ ဝါ အပနိဓာပေယျ ဝါ အန္တမသော ဟသာပေက္ခောပိ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် ရဟန်းတစ်ပါး၏ သပိတ်ကိုသော်လည်းကောင်း, သင်္ကန်းကိုသော်လည်းကောင်း, အပ်ဗူးကိုသော်လည်းကောင်း, နိသီဒိုန်ကိုသော်လည်းကောင်း, ခါးပန်းကြိုးကိုသော်လည်းကောင်း, ကိုယ်တိုင်မူလည်း ဝှက်ထားအံ့, သူတစ်ပါး ကိုမူလည်း ဝှက်ထားစေအံ့၊ အောက်ထစ်ဆုံးအားဖြင့် ရယ်ရွှင်မှုကို ငဲ့၍လည်း ဝှက်အံ့, ဝှက်စေအံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။ ဤသိက္ခာပုဒ်အရ ရယ်ရွှင်လို ကျီစားလို၍သော်လည်း ရဟန်း၏ သပိတ်, သင်္ကန်း, နိသီဒိုန်ခေါ် အခင်း, အပ်ဗူး, ခါးပန်းကြိုးများကို ဝှက်ထားလျှင် ပါစိတ်အာပတ်သင့်၏၊ တမင်သက်သက် ညှဉ်းဆဲလို၍ ဝှက်ထားရာ၌ကား ပါစိတ် အာပတ်သင့်ကြောင်း ပြောဖွယ်မရှိပြီ၊ သိက္ခာပုဒ်၌ တိုက်ရိုက်ပါသော ပစ္စည်းမှ တခြားဖြစ်သော ခဲတန် စာအုပ် စသည်ကို ဝှက်ထားလျှင်လည်းကောင်း, ရဟန်းမဟုတ်သော သာမဏေ-လူဝတ်ကြောင်များ၏ သပိတ်သင်္ကန်း စသည်ကို ဝှက်ထားလျှင်လည်းကောင်း, ဒုက္ကဋ် အာပတ်သင့်၏၊ ဝှက်လိုစိတ်မရှိဘဲ ပြောဆိုဆုံးမလို၍ သိမ်းထားလျှင်ကား အနာပတ္တိ။
သုရာပါနဝဂ်ပြီး၏။
စာမျက်နှာ-၂၁၆
သပ္ပါဏကဝဂ်
က။ သဉ္စိစ္စသိက္ခာပုဒ်
အမှုသည်—ရှင်ဥဒါယီ။
အမှု—ကျီးကန်းသတ်မှု။
ကျီးကန်းမုန်းသော ရှင်ဥဒါယီ။ ။ ရှင်ဥဒါယီသည် လူ့ဘောင်၌ နေစဉ် လေးဆရာ ဖြစ်ခဲ့ဖူး၏။ သူသည် ကျီးကန်းများကို အလွန်မုန်း၏၊ ထိုကြောင့် ကျီးကန်းများကို လေးဖြင့်ပစ်သတ်၍ ဦးခေါင်း ဖြတ်ပြီးလျှင် တန်စို့၌ လျှိုထားလေသည်၊ အခြား ရဟန်းများ မြင်ကြ၍... “ကေနိမေ အာဝုသော ကာကာ ဇီဝိတာ ဝေါရောပိတာ = ငါ့ရှင်တို့ ဒီကျီးတွေကို ဘသူသတ်ထားသလဲ”...ဟု မေးလေသော် “မယာ အာဝုသော, အမနာပါ မေ ကာကာ = တပည့်တော်သတ်ထားပါတယ်, အရှင်ဘုရားတို့... တပည့်တော်ကျီးကန်းတွေကို မနှစ်သက်ပါကုန် (အလွန်မုန်းပါတယ်)”ဟု ရှင်ဥဒါယီက လျှောက်လေသည်၊ ဤအကြောင်းကို ဗုဒ္ဓရှင်တော် တဆင့် ကြားတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု သဉ္စိစ္စ ပါဏံ ဇီဝိတာ ဝေါရောပေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် သတ္တဝါဟုသိသော သညာနှင့်တကွ စေ့ဆော်၍ တိရစ္ဆာန် သတ္တဝါကို ဇီဝိတိခြေမှ ခွင်းအံ့(ခွဲအံ့)၊ ပါစိတ် အာပတ်သင့်၏။
မှတ်ချက်။ ။ ဤသိက္ခာပုဒ်တော်အရ ကြမ်းပိုးဥကိုသော်လည်း သနားခြင်း ကင်းမဲ့စွာ ဖြစ်ညှစ် ဖျက်ဆီးသောရဟန်းမှာ ပါစိတ်အာပတ်သင့်၏။ ထို့ကြောင့် ကျောင်းကို ရှင်းလင်းသော ရဟန်းသည် ကျောင်း၌ ကပ်တွယ်နေသော ပိုးမွှားကလေးများအပေါ်ဝယ် သနားကြင်နာ ကရုဏာထား၍ သေနာသနဝတ် (ကျောင်းဝတ်)ကို ပြုရမည်။
စာမျက်နှာ-၂၁၇
ခ။ သပ္ပါဏကသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—ပိုးကောင်ရှိမှန်းသိလျက် ရေကိုသောက်မှု ချိုးမှု၊
ပိုးကောင်ရှိသော ရေကိုသုံးစွဲမှု။ ။ ဆဗ္ဗဂ္ဂီ ရဟန်းတို့သည် ပိုးကောင်ရှိသော ရေကို (ပိုးကောင် = ပိုးလောက်လန်းစသည် ရှိမှန်းသိလျက်) သောက်ကြ-ချိုးကြ, သပိတ်စသည်ကို ဆေးကြကုန်၏၊ ထို့ကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဇာနံ သပ္ပါဏကံ ဥဒကံ ပရိဘုဉ္ဇေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် ပိုးကောင်ရှိသော ရေဟု သိလျက် ပိုးကောင်နှင့် တကွ ဖြစ်သောရေကို သုံးစွဲအံ့၊ ထိုရဟန်း ပါစိတ် အာပတ်သင့်၏။
မှတ်ချက်။ ။ ဤသိက္ခာပုဒ်တော်၌ “ပိုးကောင်”ဟူသည် ပိုးလောက်လန်းစသော သေးသေးမွှားမွှား ပိုးကောင်ကလေးများတည်း၊ ထိုပိုးကလေးများသည် ရေထဲ၌ရှိနေလျှင် သောက်လိုက်-ချိုးလိုက် ဆေးကြောလိုက်သောအခါ သေရှာကြရတော့၏။ ထို့ကြောင့် ပိုးရှိမှန်းသိလျှင် ထိုရေဖြင့် ကုဋီတက်ရာ၌ သန့်သက်ရေ မဆေးကောင်း, သပိတ်စသည် မဆေးကောင်း, မြေကြီးပေါ်၌လည်း သွန်မပစ်ကောင်း၊ သို့ဖြစ်၍ သောက်ရေ သုံးရေများကို ပိုးမကျနိုင်အောင် နေ့စဉ်လဲလှယ်ရမည်၊ သောက်ရေ၌ အမှုန်မပါအောင် ပိုးမပါအောင် အမြဲစစ်၍ သောက်ရမည်၊ ကုဋီရေ၌လည်း ၂-ရက် ၃-ရက် ကြာလျှင် ပိုးကျတတ်သောကြောင့် ရေစစ်ရှိလျှင် သာ၍ကောင်း၏။ သို့မဟုတ် နေ့စဉ် ရေလဲရမည်၊ ထိုသောက်ရေ သုံးရေများ၌ ပိုးကျနေလျှင် မြေကြီးပေါ်၌ သွန်မပစ်ဘဲ ရေများများရှိသော တွင်း-ချောင်း-ကန်ထဲ၌သာ လောင်းထည့်ရမည်။
ဂ။ ဥက္ကောဋနသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ
အမှု—ငြိမ်းပြီးသောအဓိကရုဏ်းကို လှုံ့ဆော်ပေးမှု။
ငြိမ်းပြီးသောကံကို ထပ်မံလှုံဆော်မှု။ ။ အဓိကရုဏ်းတစ်ခုသည် ဝိနည်းတော်နှင့်အညီသံဃာတော်များ ဆုံးဖြတ်သဖြင့် ငြိမ်းဧပြီးဖြစ်နေ၏။ ဆဗ္ဗဂ္ဂီရဟန်းတို့ကား (ထိုသို့ဝိနည်းတော်နှင့်အညီ ငြိမ်းဧပြီးကြောင်း
စာမျက်နှာ-၂၁၈
သိပါလျက်) “အကတံကမ္မံ=ကံကို မပြုအပ်သေး၊ ဒုက္ကဋံ ကမ္မံ (ပြုပြီး စေကာမူ) ကံကို မကောင်းသဖြင့် မတရားသဖြင့် ပြုအပ်ပြီ၊ ပုနကာတဗ္ဗံ ကမ္မံ-ကံကို ထပ်၍ ပြုသင့်၏၊ အနိဟတံ အဓိကရုဏ်းကို မနုတ်အပ်သေး၊ ဒုန္နိဟတံ (နုတ်အပ်ပြီး ဖြစ်စေကာမူ) မကောင်းသဖြင့် မတရားသဖြင့် နှုတ်အပ်၏၊ ပုန နိဟရိတဗ္ဗံ = ထပ်၍နုတ်သင့်၏”ဤသို့ပြောဆိုကာ ထပ်၍ကံပြုအောင် လှုံ့ဆော်ပေးကြလေသည်၊ ထို့ကြောင့်ဤသိက္ခာပုဒ်ကို ပညတ်တော် မူရသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဇာနံ ယထာဓမ္မံ နိဟတာဓိကရဏံ ပုနကမ္မာယ ဥက္ကောဋေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် တရားသဖြင့် ငြိမ်းစေအပ်ပြီးသော အဓိကရုဏ်းဟုသိလျက် တရားနည်းလမ်းအတိုင်း နှိမ်နင်းအပ်ပြီးသော အဓိကရုဏ်းကို ထပ်မံ၍ ကံပြုဖို့ရာ လှုံ့ဆော်ပေးအံ့၊ ထိုရဟန်းပါစိတ်အာပတ်သင့်၏။
ဃ။ ဒုဋ္ဌုလ္လသိက္ခာပုဒ်
အမှုသည်—ရဟန်းတစ်ပါး။
အမှု—အခြားရဟန်း၏ ဒုဋ္ဌုလ္လအာပတ်ကို ဖုံးထားမှု။
ဒုဋ္ဌုလ္လအာပတ်ကို ဖုံးထားမှု။ ။ ရှင်ဥပနန္ဒသည် သုက္ကဝိဿဋ္ဌိအမှုကြောင့် သံဃာဒိသေသ် အာပတ်သင့်၍ ထိုအာပတ်ကို နောင်တော်၏တပည့်ထံ ဒေသနာပြောပြီးလျှင် “မာ ကဿစိ အာရောစေဟိ ဘသူ့မှ မပြောလိုက်ပါနှင့်”ဟု နှုတ်ပိတ်ထား၏၊ ထိုရဟန်းကလည်းအာပတ်၏ အကြောင်းကို ကောင်းကောင်း မသိရှာသဖြင့် ဘသူ့မှ မပြောမိချေ၊ ထို့နောက် အခါတစ်ပါး၌ အခြားရဟန်းတစ်ပါးသည် ထိုသုက္ကဝိဿဋ္ဌိ သံဃာဒိသေသ် အာပတ်ကြောင့် ပရိဝတ်ဆောက်တည်နေ၏။ (ထိုကျင့်ဝတ်၏ ထုံးစံမှာ တွေ့ရာမြင်ရာ ရဟန်းများကို မိမိပရိဝတ်နေကြောင်း ပြောပြရ၏၊ ထို့ကြောင့်) ထိုနှုတ်ပိတ်ခံရသော ရဟန်းကိုမြင်၍ ပရိဝတ်နေကြောင်း ပြောပြသောအခါ...
နှုတ်ပိတ်ခံရသောရဟန်း။ ။ ဘယ်နှယ်လဲ, ဒီအာပတ်မျိုး သင့်သူမှန်လျှင် ဒီလိုချည်း ဝတ်ဆောက်တည်ရသလား။
ဝတ်ဆောက်တည်သောရဟန်း။ ။ ဟုတ်ပါတယ်။
စာမျက်နှာ-၂၁၉
နှုတ်ပိတ်ခံရသောရဟန်း။ ။ ရှင်ဥပနန္ဒ ကတော့ ဒီလို အာပတ်သင့်ပြီး “ဘသူ့မှ မပြောလိုက်ပါနှင့်” ဟု နှုတ်ပိတ်ထားတယ်။
ဝတ်ရဟန်း။ ။ ကိုယ်တော်က ဘသူ့မှမပြောဘဲ ဖုံးထားသလား။
နှုတ်ပိတ်ရဟန်း။ ။ ဟုတ်ပါတယ်။
ဤအကြောင်းကို ဗုဒ္ဓရှင်တော်သိတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော် မူရသည်၊ ဤသိက္ခာပုဒ်၌ ဒုဋ္ဌုလ္လအာပတ်ဟူသည် သံဃာဒိသေသ်အာပတ် သာတည်း၊ “ဖုံးထားခြင်း” ဟူရာ၌လည်း အာပတ်သင့်သူကို အပြစ်တင်ကြမှာ စိုး၍ ကဲ့ရဲ့ရှုတ်ချခံရမှာစိုး၍ မျက်နှာပျက်မှာ စိုး၍ ဂုဏ်ငယ်သွားမှာ စိုး၍ ငဲ့ညှာသော အားဖြင့်ဖုံးထားခြင်းတည်း၊ ထိုသို့ဖုံးထားသူမှသာ ဤသိက္ခာပုဒ်အရ အာပတ်သင့်၏” ထိုသို့ ငဲ့ညှာ၍မဟုတ်ဘဲ “သူ့ကံနှင့်သူဖြစ်လိမ့်မည်” စသော သဘောရိုးဖြင့် သူတစ်ပါးအား တဆင့်မပြောသူမှာ အာပတ်မသင့်ပါ။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဘိက္ခုဿ ဇာနံ ဒုဋ္ဌုလ္လံ အာပတ္တိံ ပဋိစ္ဆာဒေယျ၊ ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် ဒုဋ္ဌုလ္လအာပတ်ဟု သိလျက် ရဟန်း၏ ရုန့်ရင်းသော အာပတ်ကို ဖုံးထားအံ့၊ ထိုရဟန်း ပါစိတ်အာပတ် သင့်၏။
င။ ဦနဝီသတိဝဿသိက္ခာပုဒ်
အမှုသည်—ရဟန်းအများ။
အမှု—အသက်၂၀ မပြည့်သူကို ရဟန်းပြုပေးမှု။
ဥပါလိ၏မိဘများ အရှည်မြှော်ပုံ။ ။ ရာဇဂြိုဟ်မြို့၌ တဆယ့်ခုနစ်ယောက်သော ကစားဘော် ကလေးများသည် “သတ္တရသဝဂ္ဂီ” ဟု ထင်ရှား၏၊ ထိုကလေးများတွင် ဥပါလိမည်သော ကလေးသည် ခေါင်းဆောင်ဖြစ်၏။ အခါတစ်ပါး၌ ဥပါလိ၏ မိဘတို့သည် သားကလေး အတွက်နောင်ရေးကို စဉ်းစား၍-ကျုပ်တို့ကွယ်လွန်သောအခါ သားကလေး ဥပါလိသည် ဘယ်လိုနည်းဖြင့် အသက်မွေးဝမ်းကြောင်း ချောင်လည်ရစ်ပါ့ မလဲ”...ဟု တိုင်ပင်ကြလေသည်။
စာမျက်နှာ-၂၂၀
ပထမအကြံ။ ။ “စာရေးအတတ်သင်ရလျှင် ကောင်းလိမ့်မည်ထင်တယ်”။
ဒုတိယအကြံ။ ။ “စာရေးရလွန်းအားကြီးလို့ လက်ချောင်းကလေးတွေ ဒုက္ခများကုန်လိမ့်မည်၊ ဂဏန်းအတတ် သင်ရလျှင် ကောင်းပါလိမ့်မယ်”။
တတိယအကြံ။ ။ ”ဂဏန်းသင်္ချာဆိုတာများစွာ ကြံစည်ရတယ်, ကြံစည်ရလွန်း အားကြီးလျှင် သူ၏ရင်ဘတ် ဒုက္ခရောက်လိမ့်မယ်, ရွှေပန်းထိမ်သည် အတတ်ကို သင်စေရလျှင် ကောင်းပါ လိမ့်မယ်”။
စတုတ္ထအကြံ။ ။ “ရွှေပန်းထိမ် အတတ်သင်ပေးလျှင် အရုပ်တံဆိပ်များကို လှည့်ကာပတ်ကာ ကြည့်ရှုရသဖြင့် မျက်စိများ ဒုက္ခရောက်ကုန်လိမ့်မယ်၊ ရဟန်းတော်များသည် ကောင်းသောသီလ အကျင့်ရှိကြ၍ ကောင်းစွာမွန်စွာ စားသောက်ပြီးလျှင် လေငြိမ်သော အိပ်ရာနေရာတို့၌ နေကြရတယ်၊ ဥပါလိသည် ရဟန်းပြုလျှင် ကောင်းမှာဘဲ၊ ရဟန်းပြုလျှင် ကျုပ်တို့ ကွယ်လွန်သောအခါ ချမ်းသာစွာလဲ အသက်မွေးရမယ်၊ ပင်ပန်းဖွယ်လည်း မရှိနိုင်။
ဥပါလိတို့ ရှင်ရဟန်းပြုကြပုံ။ ။ ထိုသို့မိဘများ တိုင်ပင်သံကို ဥပါလိကြား၍ သူ့ကစားဘော်များကို ပြောပြလေရာ, ကစားဘော်များကလည်း “ခင်ဗျားဘုန်းကြီးလုပ်လျှင် ကျုပ်တို့လဲ ဘုန်းကြီးလုပ်ကြမယ်”ဟု ဝန်ခံကြ၍ ဆိုင်ရာမိဘတို့ကလည်း ကျေကျေနပ်နပ် ခွင့်ပြုကြသဖြင့် ပထမကိုရင်ဝတ်၍ တဆက်ထည်း ရဟန်းပြုကြလေသည်၊ သူတို့သည် နံနက်စောစော၌ ဆာလောင်မွတ်သိပ်ရှာကြသဖြင့် အစောကြီးထပြီးလျှင် “ယာဂု ပေးကြပါ, ထမင်းပေးကြပါ, သရည်စာပေးကြပါ”ဟု တောင်းကာ ငိုကြရုံမက, ကျောင်းပေါ်မှာပင် ကျင်ကြီးကျင်ငယ် စွန့်ကြသဖြင့် တကျောင်းလုံး ပေနေလေတော့သည်၊ ထိုအကြောင်းကို ဘုရားရှင်သိတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဇာနံ ဦနဝီသတိဝဿံ ပုဂ္ဂလံ ဥပသမ္ပာဒေယျ, သော စ ပုဂ္ဂလော အနုပသမ္ပန္နော, တေ စ ဘိက္ခူ ဂါရယှာ, ဣဒံ တသ္မိံ ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည်အသက် ၂၀ မပြည့်သေးမှန်း သိလျက် (ဥပဇ္ဈာယ်ဆရာလုပ်၍) ရဟန်းခံပေးအံ့၊ ထိုရဟန်းလောင်းလည်း ရဟန်းမဖြစ်၊ ထိုရဟန်းခံကိစ္စ၌ ပါဝင်ကြသော သံဃာများနှင့် ကမ္မဝါ
စာမျက်နှာ-၂၂၁
ဆရာလုပ်သူလည်း ကဲ့ရဲ့၍ထိုက်ကုန်၏၊ ...(“ကဲ့ရဲ့ထိုက်” ဟူရာ၌ “ဒုက္ကဋ်အာပတ်သင့်ကုန်၏”ဟုဆိုလိုသည်၊)ဤအာပတ်ကား အသက် ၂၀ မပြည့်သေးသူကို သိလျက် ရဟန်းခံပေးသော ဥပဇ္ဈာယ်ဆရာ၌ သင့်သော ပါစိတ်အာပတ်တည်း။ [အသက် ၂၀ ရေတွက်ရာ၌ အမိဝမ်းဝယ် ပဋိသန္ဓေနေရာ ရက်မှစ၍ တွက်ရသည်၊ အကျယ်ကို ဘာသာ ဋီကာမှာရှု။]
မှတ်ချက်။ ။ အသက်၂၀မပြည့်သေး၍ အရွယ်နုသူတို့သည် အချမ်းအပူဆာလောင် မွတ်သိပ်ခြင်းဒဏ်ကို မခံနိုင်သေး၊ မှက်ခြင် လေပူ နေပူကင်းတို့၏ အတွေ့ အထိဒဏ်ကို မခံနိုင်သေး၊ သူတစ်ပါးတို့က မခံသာအောင် ပြောလာသော စကားနှင့် ကိုယ်ဆင်းရဲမှုများကိုလည်း မခံနိုင်သေး၊ ရဟန်းစစ်စစ်ဘဝ ဟူသည်မှာ (ဥပါလိမိဘများ ထင်သလို အချောင်စား အချောင်နေ မဟုတ်ကြ) ရတတ်သရွေ့နှင့် တင်းတိမ်ရမည့်ဘဝ, ဖြစ်သလိုနေထိုင်ရမည့်ဘဝ, ပရိယတ်ကိုဖြစ်စေ ပဋိပတ်ကိုဖြစ်စေ လူများစီးပွါးရေးထက် ဇွဲသန်စွာ ဖြည့်ကျင့်ရမည့်ဘဝ ဖြစ်ပေသည်၊ ထို့ကြောင့် ဗုဒ္ဓရှင်တော်သည် အသက် ၂၀ပြည့်မှ ရဟန်းဘဝဖြင့် နေခွင့်ပြုတော်မူရပေသည်။
စ။ ထေယျသတ္ထသိက္ခာပုဒ်
အမှုသည်—ရဟန်းတစ်ပါး။
အမှု—ခိုးသူကုန်သည်နှင့် အတူသွားမိမှု။
ခိုးမည့်ကုန်သည်များနှင့် အတူခရီးသွားမှု။ ။ ကုန်သည်တစုသည် ရာဇဂြိုဟ်မှ အနောက်အရပ်သို့ ခရီးသွားရန် ပြင်ဆင်နေကြ၏။ [ပဋိယာလောကော နေရောင်၏ ရှေးရှုဖြစ်သော အနောက် အရပ်၊] ရဟန်းတစ်ပါးသည် “ငါ့ရှင်(ဒါယကာ) တို့နှင့် အတူလိုက်ပါရစေ”ဟု ပြောလေရာ, “တပည့်တော်တို့သည် (ကင်းကောက် မပေးရအောင်) ကင်းကို ရှောင်လွှဲ၍ သွားကြမလို့ပါ”ဟုလျှောက်ကြ၏၊ “သင်တို့ ဘာသာ သိကြတာပေါ့”ဟု ရဟန်းကပြော၍ လိုက်သွားလေသည်။
စစ်မှုထမ်းတို့သည် ထိုအကြောင်းကိုကြားသဖြင့် ထိုကုန်သည်များကို လမ်းကနေ၍ ဖမ်းကြပြီးလျှင် ထိုရဟန်းကိုလည်း ကင်းခွန်မပေးရအောင် ခိုး၍သွားမည့် ကုန်သည်တွေမှန်း သိလျက် ဘာ့ကြောင့် အတူသွားရပါသလဲ”ဟု အပြစ်တင်ကြလေသည်၊ ထိုအကြောင်းကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
စာမျက်နှာ-၂၂၂
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဇာနံ ထေယျသတ္ထေန သဒ္ဓိံ သံဝိဓာယ ဧကဒ္ဓါနမဂ္ဂံ ပဋိပဇ္ဇေယျ အန္တမသော ဂါမန္တရမ္ပိ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင် ရဟန်းသည် ထေယျသတ္ထဟုသိလျက် ခိုး၍ လာသည့်ကုန်သည် ခိုး၍ သွားမည့်ကုန်သည်အပေါင်းနှင့် တကြောင်းထည်း အဓွန့်ရှည်သော ခရီးကို သွားအံ့၊ အောက်ထစ်ဆုံးအားဖြင့် အခြားတစ်ရွာသို့လည်း သွားအံ့၊ ထိုရဟန်းမှာ ပါစိတ်အာပတ် သင့်၏။
ဆ။ သံဝိဓာန သိက္ခာပုဒ်
အမှုသည်—ရဟန်းတစ်ပါး။
အမှု—မာတုဂါမနှင့်အတူခရီးသွား။
မာတုဂါမနှင့် အတူသွားမှု။ ။ ရဟန်းတစ်ပါးသည် သာဝတ္ထိသို့ သွားစဉ် ရွာတံခါးတစ်ခုကို ဖြတ်သွားရ၏၊ မိန်းမတစ်ယောက်ကား သူ့ခင်ပွန်းနှင့် ရန်ဖြစ်၍ ထိုရွာမှ ထွက်လာရာ ထိုရဟန်းကို တွေ့၍ “ဘယ်ကြွမလို့ပါလဲ”ဟုမေး၏၊ “သာဝတ္ထိ ကြွမလို့”ဟုပြောလျှင် “တပည့်တော်မလည်း အတူလိုက်ပါရစေ”ဟုလျှောက်လေသော် “လိုက်ခဲ့တာပေါ့” ဟုခွင့်ပြုကာ အတူသွားနေစဉ် ယောက်ျားဖြစ်သူလိုက်လာ၍ (ထိုရဟန်းက ခေါ်သွားသည်ဟူသော အထင်ဖြင့်) ထိုရဟန်းကို ထောင်းထုပြီးမှ လွှတ်လိုက်လေသည်၊ ထိုရဟန်းလည်း သူ၏ဖြစ်ပုံကို တွေးတောလျက် သစ်ပင်အောက်၌ ထိုင်နေစဉ်(မိန်းမ၏အဖြစ်မှန်ကို ပြောပြချက်အရ) ထိုယောက်ျားလာ၍ ကံတော့တောင်းပန်လေသည်၊ ထိုအကြောင်းကို ကြားတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု မာတုဂါမေန သဒ္ဓိံ သံဝိဓာယ ဧကဒ္ဓါနမဂ္ဂံ ပဋိပဇ္ဇေယျ အန္တမသော ဂါမန္တရမ္ပိ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် မာတုဂါမနှင့်အတူတကွ ချိန်းချက်၍ တကြောင်းလည်း အဓွန့်ရှည်သော ခရီးကို အောက်ထစ်ဆုံးအားဖြင့် အခြားတစ်ရွာသို့လည်း သွားအံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။
စာမျက်နှာ-၂၂၃
မှတ်ချက်။ ။ ဤသိက္ခာပုဒ်တော်အရ မာတုဂါမများနှင့် တိုင်ပင်၍ (“မည်သည့် ရက်နေ့ ဘုရားဖူးသွားကြစို့”စသည်ဖြင့် ချိန်းချက်၍ စစ်ကိုင်းမှ မန္တလေး စသည်သို့) မသွားကောင်း၊ ယခုကာလ၌ကား မြန်မာနိုင်ငံမှ ဣန္ဒိယ သီဟိုဠ်သို့ပင် (ထိုကဲ့သို့ တိုင်ပင်ချိန်းချက်ကာ) ဘုရားဖူးဆို၍ သွားမိတတ် ကြသေး၏၊ သူတစ်ပါးတို့ ချိန်းချက်ရာဝယ် မိမိမပါဘဲ အချိန်ကျမှ ကိုယ့်ဘာ သာလိုက်သွားသူမှာ အပြစ်ရှိ၊ စောစောက မချိန်းဘဲ သင်္ဘောရထား ကျမှ ဆုံမိ၍ သွားသူများလည်း (နောက်ထပ်ဆက်၍လည်း မချိန်းချက်ပါမူ) အာပတ်မသင့်၊ မိန်းမက ချိန်းချက်စေကာမူ ရဟန်းကပြန်၍ မချိန်းချက်လျှင်လည်း အာပတ်မသင့်၊ ၂-ဦးလုံးသဘောတူ တိုင်ပင်ချိန်းချက်၍ သွားမှသာ အာပတ်သင့်သည်၊ ဤသို့ သဘောတူ ချိန်းချက်တိုင်ပင်၍ကား ရွာချင်းကပ် နေသော အခြားတစ်ရွာသို့မျှ မသွားကောင်း။
ဇ။ အရိဋ္ဌသိက္ခာပုဒ်
အမှုသည်—အရိဋ္ဌရဟန်း၊
အမှု—မိစ္ဆာအယူကို ယူမှု။
အရိဋ္ဌရဟန်း၏ မိစ္ဆာအယူ။ ။ အရိဋ္ဌမည်သော ရဟန်း၏အမျိုး၌ ရှေးက လင်းတတို့ကို သတ်ဖြတ်ခဲ့ကြကုန်၏၊ ထို့ကြောင့် “ဂဒ္ဓါဓိပုဗ္ဗ = လင်းတကိုသတ်သော ပုဗ္ဗပုရိသရှိသူ”ဟု ထင်ရှားသော ထိုအရိဋ္ဌရဟန်းမှာ မိစ္ဆာအယူတစ်မျိုး ဖြစ်နေ၏၊ သူသည် သုတ္တန်ဘက်၌ ကျွမ်းကျင်သော ဓမ္မကထိကပုဂ္ဂိုလ်တည်း၊ ဝိနည်း၌ကား မကျွမ်းကျင်ရှာချေ၊ ထို့ကြောင့် တစ်နေ့သ၌ ဆိတ်ငြိမ်ရာ အရပ်ဝယ် တစ်ယောက်ထည်း စဉ်းစားမိသည်မှာ—
“လူဝတ်ကြောင်တို့သည် အိမ်ထောင်ပြုလျက် ကာမဂုဏ်ကို ခံစားကာ သောတာပန် သကဒါဂါမ်များ ဖြစ်နေကြ၏၊ (ကာမဂုဏ် မခံစားလျှင်) လူဝတ်ကြောင် အနာဂါမ်လည်းရှိ၏၊ ရဟန်းများလည်း နူးညံ့သော ပိုး ဖဲ ကတ္တီပါစသည်တို့ကို သုံးစွဲနိုင်ကြ၏၊ ထိုအလုံးစုံကို သုံးစွဲကောင်းလျှင် မိန်းမနှင့်ဆိုင်သော အဆင်းအသံ အနံ့အရသာ အတွေ့အထိလည်း သုံးဆောင်ကောင်းစရာရှိသည်၊ ဤသို့ စဉ်းစားရုံတွင် မကဘဲ သူ အယူဝါဒကို စပ်မိစပ်ရာ ပြောပြသည်မှာ—
“မြတ်စွာဘုရားသည် မေထုန် အကျင့်တို့ကို (ရဟန်းများ ပြုကျင့်လျှင်) လူ့ပြည်နတ်ပြည်နှင့် ဈာန်မဂ်ဖိုလ်၏ အန္တရာယ်ဖြစ်၏
စာမျက်နှာ-၂၂၄
မေထုန်မှီဝဲသော ရဟန်းသည် သေလျှင် လူ-နတ် မဖြစ်နိုင်, ဤဘဝ၌လည်း ဈာန်မဂ်ဖိုလ်ကို မရနိုင်, ဧကန်မုချ အပါယ်ကျလိမ့်မည်”ဟု ဟောတော်မူထား၏၊ (အလွန်အမင်း တပ်မက်ခြင်း မရှိသော) အကြင်နည်းဖြင့် မှီဝဲလျှင် အန္တရာယ်မဖြစ်နိုင်၊ ထိုအန္တရာယ် မဖြစ်နိုင်သော အခြင်းအရာ နည်းလမ်းဖြင့် ဘုရားဟောထားသော တရားကို ငါနားလည်ပါသည်”။
ဤသို့ စပ်မိစပ်ရာ ပြောပြသည်ကို ကြားကုန်သော ရဟန်းတို့က—
“ငါ့ရှင်...ဒီလိုမပြောပါနှင့်, ဘုရားကို(မဟောဘဲနှင့် ဟောတယ် ဟုပြောပြီး) မစွပ်စွဲပါနှင့်၊ ဘုရားကိုစွပ်စွဲခြင်းသည် မကောင်းပါ၊ မြတ်စွာဘုရားသည် (သင်ပြောသလို ရဟန်းများ မေထုန် မှီဝဲလို့ အန္တရာယ်မဖြစ်ဘူးဟု) မဟောပါ၊ အန္တရာယ်ပြုတတ်သော မေထုန် အမှုတို့ကို ပရိယာယ် အမျိုးမျိုးဖြင့် အန္တ ရာယ် ပြုတတ်သည်ဟုပင် ဟောထားပါသည်၊ ထိုမေထုန်တို့ကို မှီဝဲသောရဟန်းမှာ (ထိုမေထုန် အကျင့်တို့က) အန္တရာယ်ပြုတတ်ကြပါသည်”။
ဤသို့ ရဟန်းများက ပြောဆိုတားမြစ်ကြသော်လည်း မရဘဲ သူ့အယူဝါဒကို ချီမြှောက်မြဲ ချီမြှောက် (ဝါဒဖြန့်မြဲဖြန့်)နေလေရာ, ထိုအကြောင်းကို ဘုရားထံ လျှောက်ကြသဖြင့်, ခေါ်တော်မူ၍ စစ်ဆေးမေးမြန်းသည့်အခါ ထိုကဲ့သို့ ဟောထားသော တရားတော်မရှိဘဲ သူ့အထင်မျှသာ ဖြစ်သောကြောင့် အရိဋ္ဌကို ကဲ့ရဲ့ပြစ်တင်တော်မူကာ ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဧဝံ ဝဒေယျ “တထာဟံ ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ, ယထာ ယေမေ အန္တရာယိကာ ဓမ္မာ ဝုတ္တာ ဘဂဝတာ, တေ ပဋိသေဝတော နာလံ အန္တရာယာယာ”တိ, သော ဘိက္ခု ဘိက္ခူဟိ ဧဝမဿ ဝစနီယော “မာယသ္မာ ဧဝံ အဝစ, မာ ဘဂဝန္တံ အဗ္ဘာစိက္ခိ, န ဟိ သာဓု ဘဂဝတော အဗ္ဘက္ခာနံ, န ဟိ ဘဂဝါ ဧဝံ ဝဒေယျ, အနေကပရိယာယေနာဝုသော အန္တရာယိကာ ဓမ္မာ အန္တရာယိကာ ဝုတ္တာ ဘဂဝတာ, အလဉ္စ ပန တေ ပဋိသေဝတော အန္တရာယာယာ”တိ။
စာမျက်နှာ-၂၂၅
ဧဝဉ္စ သော ဘိက္ခု ဘိက္ခူဟိ ဝုစ္စမာနော တထေဝ ပဂ္ဂဏှေယျ, သော ဘိက္ခု ဘိက္ခူဟိ ယာဝတတိယံ သမနုဘာသိတဗ္ဗော တဿ ပဋိနိဿဂ္ဂါယ။ ယာဝတတိယဉ္စေ သမနုဘာသိယမာနော တံ ပဋိနိဿဇ္ဇေယျ, ဣစ္စေတံ ကုသလံ။ နော စေ ပဋိနိဿဇ္ဇေယျ, ပါစိတ္တိယံ။
သိက္ခာပုဒ် မြန်မာပြန်မှာ။ ။ ဝတ္ထုကြောင်းအတိုင်း သိသာပြီ၊ ထိုဝတ္ထုကြောင်းအတိုင်း သူ့ဝါဒကိုချီးမြှောက် (ဝါဒဖြန့်) နေသော ရဟန်းကို ဉတ်ကမ္မဝါစာဖြင့် ၃-ကြိမ်ဆုံးမရမည်၊ ၃-ကြိမ် မစေ့ခင် ထိုအယူကိုစွန့်လျှင် ဒုက္ကဋ်အာပတ်လောက်သာ သင့်၏။ ၃-ကြိမ် စေ့၍မျှ မစွန့်လျှင်ကား ပါစိတ်အာပတ်သင့်သည်။
ဈ။ ဥက္ခိတ္တသံဘောဂသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—နှင်ထုတ်ခံရသော ရဟန်းနှင့်ပေါင်းသင်းမှု။
သံဃာမှ ဖယ်ထုတ်ခံရသူ။ ။ ရှေ့သိက္ခာပုဒ်၌ ပြခဲ့သည့်အတိုင်း အရိဋ္ဌရဟန်းသည် သူ၏မိစ္ဆာအယူကို မစွန့်သောကြောင့် သံဃာတော်က ဥက္ခေပနီယကံ ပြုထား၏၊ [သူများနှင့် အပေါင်းအသင်း အဆက်အဆံ မပြုဖို့ရန် ဖယ်ထုတ်ကြောင်းကံကို ဥက္ခေပနီယကံ” ဟု ခေါ်၏၊ ထိုကံအပြုခံရသူကို “ဥက္ခိတ္တကပုဂ္ဂိုလ်” ဟု ခေါ်၏၊ (ဥက္ခိတ္တက = သံဃာမှ ဖယ်ထုတ်ထားအပ်သူ၊) ထိုသို့ ဖယ်ထုတ်ခံရသော ပုဂ္ဂိုလ်သည် ထိုကံကို ပြန်၍ ရုပ်သိမ်းကြောင်းဖြစ်သော ကျင့်ဝတ်များကို ပြုကျင့်နေရ၏၊ ထိုသို့ကျင့်နေ၍ သံဃာက ကျေနပ်သောအခါ ကံကို ရုပ်သိမ်းပါရန် တောင်းပန်ရ၏၊ ထိုသို့တောင်းပန်၍ ကံကို ရုပ်သိမ်းပြီးသောအခါ သံဃာသို့ ပြန်၍သွင်းရာ ရောက်၏၊ သံဃာတွင်းသို့ ပြန်သွင်းမှုကို “အနုဓမ္မ = လျော်သော အကျင့်” ဟု ခေါ်၏၊ ထိုသို့ မသွင်းရသေးသူကို “အကတာနုဓမ္မ = လျော်သောအကျင့်ကို မပြုရသေးသူ” ဟု ခေါ်သည်။
ဥက္ခိတ္တကနှင့် ပေါင်းသင်းမှု။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် အရိဋ္ဌရဟန်းကို ဥက္ခိတ္တက ပုဂ္ဂိုလ်မှန်းလည်းသိကြ၏၊ ဆိုင်ရာကျင့်ဝတ်ကို မကျင့်ဘဲ မိစ္ဆာအယူကိုလည်း မစွန့်ဘဲ နေသဖြင့် အနုဓမ္မကို (သံဃာက အပေါင်းအသင်း လုပ်ဖို့ရန် ပြန်၍သွင်းမှုကို) မပြုရသေးဟုလည်း သိကြ၏။
စာမျက်နှာ-၂၂၆
ထိုသို့ သိပါလျက် အရိဋ္ဌနှင့်အတူ အစားအဝတ်ကို ပေးလားကမ်းလား ယူလားငင်လား ပြုကြကုန်၏၊ စာပေကိုလည်း သင်လားချထား လုပ်ကြကုန်၏၊ (ဤသို့ အစားအဝတ်ကို ပေးကမ်းယူငင်မှုကို “အာမိသသံဘောဂ = အစားအဝတ်ကို အတူသုံးစွဲခြင်း”ဟု ခေါ်၏၊ စာပေကို သူ့ထံသင်ခြင်း, သူ့ကိုချပေးခြင်းကို “ဓမ္မသံဘောဂ = တရားကို အတူသုံးစွဲခြင်း”ဟု ခေါ်၏။ ဤ ၂-မျိုးလုံးကို သိက္ခာပုဒ်၌ “သံဘုဉ္ဇေယျ”ဟု မိန့်တော်မူသည်။)
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထိုအရိဋ္ဌရဟန်းနှင့်အတူ ဥပုသ်ကံ, ပဝါရဏာကံ စသော ကံကြီးကံငယ်ကိုလည်း ပြုကြကုန်၏၊ (ဤသို့ ပြုခြင်းကို “သံဝါသ = အတူနေထိုင်ခြင်း”ဟု ခေါ်၏၊ သိက္ခာပုဒ်၌ “သံဝသေယျ”ဟု မိန့်တော်မူသည်၊ ထိုအရိဋ္ဌရဟန်းနှင့်အတူ အမိုးတူ အကာတူ ကျောင်း၌ အိပ်ကြကုန်၏၊ (ဤသို့ အိပ်ခြင်းကို “သဟသေယျ”ဟု ခေါ်၏၊ သိက္ခာပုဒ်၌ “သဟသေယျ”ဟု မိန့်တော်မူသည်၊ ဤသို့လျှင် ဥက္ခိတ္တကပုဂ္ဂိုလ်ဖြစ်သော အရိဋ္ဌရဟန်းနှင့် ဆဗ္ဗဂ္ဂီရဟန်းတို့ အတူပေါင်းသင်း ဆက်ဆံမှုကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်၊ [သိက္ခာပုဒ်၏ အဓိပ္ပါယ်မှာ ဝတ္ထုကြောင်းဖြင့် ထင်ရှားပြီ၊ အရိဋ္ဌရဟန်းကား ထိုဥက္ခေပနီယကံ အပြုခံရပြီးနောက် ကျင့်ဝတ်များကို ကောင်းစွာမကျင့်ရုံသာမက, အတော်ကြာလျှင် ထိုမိစ္ဆာ အယူကို မစွန့်နိုင်ဘဲ လူထွက်လေတော့သည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဇာနံ တထာဝါဒိနာ ဘိက္ခုနာ အကဋာနုဓမ္မေန တံ ဒိဋ္ဌိံ အပ္ပဋိနိဿဋ္ဌေန သဒ္ဓိံ သမ္ဘုဉ္ဇေယျ ဝါ, သံဝသေယျ ဝါ, သဟ ဝါ သေယျံ ကပ္ပေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် ဥက္ခိတ္တက ရဟန်းမှန်းသိလျက် ထို“တထာဟံ ဘဂဝတာ”အစရှိသော စကားကို ပြောလေ့ရှိသော မပြုအပ်သေးသော ဩသာရဏကံရှိသော ထိုမိစ္ဆာအယူကို မစွန့် သေးသော ရဟန်းနှင့်အတူတကွ အာမိသဓမ္မသံဘောဂကိုမူလည်း ပြုအံ့၊ ဥပုသ်ပဝါရဏာစသော သံဝါသကိုမူလည်း ပြုအံ့၊ သဟသေယျကိုမူလည်း ပြုအံ့၊ ထိုရဟန်းမှာ ပါစိတ်အာပတ်သင့်၏။
စာမျက်နှာ-၂၂၇
ဉ။ ကဏ္ဋက သိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—မိစ္ဆာအယူ မစွန့်သော သာမဏေနှင့် ပေါင်းသင်း ဆက်ဆံမှု။
ကဏ္ဋက သာမဏေ။ ။ ကဏ္ဋကမည်သော သာမဏေမှာလည်း အရိဋ္ဌရဟန်းကဲ့သို့ မိစ္ဆာအယူဖြစ်နေလေသည်၊ ထိုအယူကို မစွန့်သဖြင့် ထိုသာမဏေကိုလည်း သံဃာတော်က (အပေါင်း အသင်း မပြုရသောအားဖြင့်)” “ဖျက်ဆီးထားလေသည်၊ “ဖျက်ဆီး” ဆိုသည်ကား ယနေ့ကစ၍ သင်သည် ဘုရားရှင်ကို ဆရာဟု မညွှန်ပြနှင့်၊ (ဒီလို မိစ္ဆာအယူ ယူနေသူသည် ဘုရားရှင်၏ တပည့်မဖြစ်ထိုက်-ဟူလို၊) အခြား သာမဏေတို့သည် ရဟန်းတော်များနှင့် ၃-ညဉ့်အထိ တမိုးတရံ ထည်းသော ကျောင်း၌ အိပ်ခွင့်ရ၏၊ ထိုအခွင့်လည်း သင့်မှာမရနိုင်၊ အလကာ့ သာမဏေ ..... လေချင်ရာလေ လွင့်ချင်ရာ လွင့်ပါး၍ ပျက်ပြားလေတော့”ဟု ငေါက်ငန်း ပြောဆိုခြင်းတည်း။
ဆဗ္ဗဂ္ဂီရဟန်းတို့ကား ဤသို့ဖျက်ဆီးထားသော သာမဏေမှန်း သိလျက် (သူတို့ဘက်သားဖြစ်အောင်) သပိတ်ပေး-စာပေပို့ချလုပ်၍ ဖြားယောင်း သွေးဆောင်ကြကုန်၏၊ ထိုသာမဏေ၏ အပြုအစုကိုလည်း ခံကြကုန်၏။ အာမိသသံဘောဂ ဓမ္မသံဘောဂ ၂-မျိုးကိုလည်း ပြုကြကုန်၏၊ တမိုးတရံထည်းသော ကျောင်း၌ အတူလည်း အိပ်ကြကုန်၏ ထိုအကြောင်းကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရသည်။ [သိက္ခာပုဒ် အဓိပ္ပါယ်လည်း ဝတ္ထုကြောင်းဖြင့် ထင်ရှားပြီ။]
သိက္ခာပုဒ်။ ။ သမဏုဒ္ဒေသောပိ စေ ဧဝံ ဝဒေယျ “တထာဟံ ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ, ယထာ ယေမေ အန္တရာယိကာ ဓမ္မာ ဝုတ္တာ ဘဂဝတာ, တေ ပဋိသေဝတော နာလံ အန္တရာယာယာ”တိ, သော သမဏုဒ္ဒေသော ဘိက္ခူဟိ ဧဝမဿ ဝစနီယော “မာဝုသော, သမဏုဒ္ဒေသ ဧဝံ အဝစ, မာ ဘဂဝန္တံ အဗ္ဘာစိက္ခိ, န ဟိ သာဓု ဘဂဝတော အဗ္ဘက္ခာနံ, န ဟိ ဘဂဝါ ဧဝံ ဝဒေယျ, အနေကပရိယာယေနာဝုသော, သမဏုဒ္ဒေသ အန္တရာယိကာ ဓမ္မာ
စာမျက်နှာ-၂၂၈
အန္တရာယိကာ ဝုတ္တာ ဘဂဝတာ, အလဉ္စ ပန တေ ပဋိသေဝတော အန္တရာယာယာ”တိ, ဧဝဉ္စ သော သမဏုဒ္ဒေသော ဘိက္ခူဟိ ဝုစ္စမာနော တထေဝ ပဂ္ဂဏှေယျ, သော သမဏုဒ္ဒေသော ဘိက္ခူဟိ ဧဝမဿ ဝစနီယော “အဇ္ဇတဂ္ဂေ တေ, အာဝုသော, သမဏုဒ္ဒေသ န စေဝ သော ဘဂဝါ သတ္ထာ အပဒိသိတဗ္ဗော, ယမ္ပိ စညေ သမဏုဒ္ဒေသာ လဘန္တိ ဘိက္ခူဟိ သဒ္ဓိံ ဒိရတ္တတိရတ္တံ သဟသေယျံ, သာပိ တေ နတ္ထိ, စရ ပိရေ, ဝိနဿာ”တိ။ ယော ပန ဘိက္ခု ဇာနံ တထာနာသိတံ သမဏုဒ္ဒေသံ ဥပလာပေယျ ဝါ, ဥပဋ္ဌာပေယျ ဝါ, သမ္ဘုဉ္ဇေယျ ဝါ, သဟ ဝါ သေယျံ ကပ္ပေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ သာမဏေသည်လည်း ... ဤသို့ပြောဆိုအံ့၊ အဘယ်သို့ ပြောဆိုသနည်း၊ အကြင် မေထုန်အကျင့်တို့ကို နတ်ရွာ နိဗ္ဗာန် ဈာန်မဂ်ဖိုလ်၏ အန္တရာယ်ကို ပြုတတ်ကုန်၏ဟူ၍ မြတ်စွာဘုရားသည် ဟောတော်မူအပ်ကုန်ပြီ၊ ထိုမေထုန်အကျင့်တို့ကို မှီဝဲသောရဟန်း၏ ထိုမေထုန်အကျင့်တို့သည် အကြင်သို့သော အပြားအားဖြင့် နတ်ရွာ၊ နိဗ္ဗာန် ဈာန်မဂ်ဖိုလ်၏ အန္တရာယ်ကို ပြုခြင်းငှါ မစွမ်းနိုင်ကုန်၊ ထိုအပြားအားဖြင့် မြတ်စွာဘုရား ဟောထားတော်မူအပ်သော တရားကိုငါသိ၏၊ ဤသို့ပြောဆိုအံ့။
ထိုသာမဏေကို မြင်ကုန် ကြားကုန်သော ရဟန်းတို့သည် ဤသို့ ပြောဆိုလိုက်၏၊ (အဘယ်သို့ပြောဆိုထိုက်သနည်း)၊ ငါ့ရှင်သာမဏေ ဤသို့ မပြောပါနှင့်, မြတ်စွာဘုရားကို မစွပ်စွဲပါနှင့်, မြတ်စွာဘုရားကို စွပ်စွဲခြင်းသည် မကောင်းပါ, မြတ်စွာဘုရားသည် ဤငါ့ရှင်ပြောသည့် အတိုင်း မဟောတန်ရာပါ၊ ငါ့ရှင်သာမဏေ— ပရိယာယ်အမျိုးမျိုးဖြင့် အန္တရာယ်ကို ပြုတတ်ကုန်သော မေထုန်အကျင့်တို့ကို အန္တရာယ်ကို ပြုတတ်ကုန်၏ဟု ဟောတော်မူပါသည်၊ ထိုမေထုန်ကို မှီဝဲသော ရဟန်း၏ ထိုမေထုန်အကျင့်တို့သည် နတ်ရွာနိဗ္ဗာန် ဈာန်မဂ်ဖိုလိ၏ အန္တရာယ်ကို ပြုခြင်းငှါ စွမ်းနိုင်ကုန်သည်သာ၊ ဤသို့ ပြောဆိုထိုက်၏။ ဤသို့ ရဟန်းတို့က ပြောဆိုအပ်ပါလျက် ထိုသာမဏေသည်
စာမျက်နှာ-၂၂၉
ရှေးနည်းအတိုင်း ချီးမြှောက်နေသေးအံ့၊ (အယူမစွန့်သေးအံ့)၊ ထိုသာမဏေကို ရဟန်းတို့သည် ဤသို့ ပြောဆိုထိုက်၏။ (အဘယ်သို့ ပြောဆိုထိုက်သနည်း)၊ ငါ့ရှင်သာမဏေ... ယနေ့ကစ၍ သင်သည် ထိုငါတို့ မြတ်စွာဘုရားကို ဆရာဟူ၍ မညွှန်ပြထိုက်တော့၊ သည်သာမကသေး သင်မှတစ်ပါးကုန်သော သာမဏေတို့သည် ရဟန်းတို့နှင့် တကွ ၂-ညဉ့်-၃ ညဉ့်ပတ်လုံး အကြင်အတူ အိပ်ခွင့်ကိုလည်း ရကြကုန်၏၊ ထို့အတူ အိပ်ခွင့်သည်လည်း သင့်အတွက်မှာ မရှိတော့ပြီ၊ ပြင်ပသူစိမ်း ဟဲ့လူပြိန်း... သွားလော့၊ တော်ရာချောင်ခြား ပျက်ပြား လေလော့”ဤသို့ ပြောဆိုထိုက်၏၊ အကြင်ရဟန်းသည် ထိုသို့ ဖျက်ဆီးအပ်ပြီးသော သာမဏေဟုသိလျက် ထိုဆိုအပ်ပြီးသောနည်းဖြင့် ဖျက်ဆီးအပ်ပြီးသော သာမဏေကို သွေးဆောင်မှုလည်း သွေးဆောင်အံ့၊ လုပ်ကျွေးမှုလည်း လုပ်ကျွေးစေအံ့၊ အာမိသဓမ္မ သံဘောဂကိုမူလည်း ပြုအံ့၊ သဟသေယျကိုမူလည်း ပြုအံ့၊ ထိုရဟန်းမှာ ပါစိတ်အာပတ်သင့်၏။
သပ္ပါဏကဝဂ်ပြီး၏။
စာမျက်နှာ-၂၃၀
သဟဓမ္မိကဝဂ်
က။ သဟဓမ္မိကသိက္ခာပုဒ်
အမှုသည်—အရှင်ဆန္န။
အမှု—သိက္ခာပုဒ်ကို မကျင့်လိုမှု။
သိက္ခာပုဒ်၌ မကျင့်လိုမှု။ ။ ဗုဒ္ဓရှင်တော်၏ ငယ်ကျွန်တော် အရှင်ဆန္နသည် သိက္ခာပုဒ်နှင့် မသင့်မတော်သော အကျင့်ကို ကျင့်၏၊ ထိုအခါ “ဤအမှုကိုမပြုပါနှင့်, မအပ်ပါ”ဟုအခြားရဟန်းတို့က ပြောဆိုအပ်သော် “အရှင်တို့ထက် တတ်သိနားလည်သော အခြားဝိနည်းဓိုရ်ကို အပ်သလား မအပ်ဘူးလား ဟု မမေးရသေးသမျှ ဤသိက္ခာပုဒ်၌ တပည့်တော် မကျင့်နိုင်သေး”ဟုပြော၏၊ ထိုအကြောင်းကို ဗုဒ္ဓရှင်တော် သိတော်မူ၍ အရှင်ဆန္နကို ခေါ်ယူ ကဲ့ရဲ့တော်မူပြီးလျှင် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဘိက္ခူဟိ သဟဓမ္မိကံ ဝုစ္စမာနော ဧဝံ ဝဒေယျ “န တာဝါဟံ, အာဝုသော, ဧတသ္မိံ သိက္ခာပဒေ သိက္ခိဿာမိ, ယာဝ န အညံ ဘိက္ခုံ ဗျတ္တံ ဝိနယဓရံ ပရိပုစ္ဆာမီ”တိ, ပါစိတ္တိယံ။ သိက္ခမာနေန, ဘိက္ခဝေ, ဘိက္ခုနာ အညာတဗ္ဗံ ပရိပုစ္ဆိတဗ္ဗံ ပရိပဉှိတဗ္ဗံ, အယံ တတ္ထ သာမီစိ။
မြန်မာပြန်။ ။ “ယောပန ဘိက္ခု” မှစ၍ “ပါစိတ္တိယံ” တိုင်အောင် မြန်မာပြန်မှာ ဝတ္ထုကြောင်းအတိုင်း သိသာပြီး “သိက္ခမာနေန ဘိက္ခဝေ၊ ပေ၊ အယံ တတ္ထ သာမိစိ”ဟူသော စကားတော်ကား ရဟန်းဟူသမျှ လိုက်နာရမည့် ကျင့်ဝတ်ကိုပြသော စကားတော်တည်း၊ ရဟန်းမှန်လျှင် သိက္ခာပုဒ်တော်၌ ကျင့်ကြံလိုသော စိတ်ရှိရမည်၊ ကျင့်ကြံလိုစိတ်ရှိသည်ဖြစ်၍ သိက္ခာပုဒ်တိုင်း၏ အနက်အဓိပ္ပါယ်ကို သိအောင် ကြိုးစားရမည်၊ မသိလျှင်လည်း မေးရမည်၊ မေးပြီးနောက်လည်း (ကိုယ်စိတ်ထဲ၌ စွဲနေလောက်အောင်) စဉ်းစားရမည်၊ ဤသို့သိအောင်ပြုရ မသိလျှင်မေးရ, မေးပြီးနောက်လည်း စဉ်းစား ရခြင်းကား လောကုတ္တရာတရားကို ရဖို့ရန် လျော်ကန်သော အကြောင်းပေတည်း။
စာမျက်နှာ-၂၃၁
ခ။ ဝိလေခနသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—ဝိနည်းသိက္ခာပုဒ်ကို ကဲ့ရဲ့ မှု။
ဝိနည်း မျိုးမွမ်းတော်မူခြင်း။ ။ အခါတစ်ပါး၌ ဘုရားရှင်သည် ဝိနည်းနှင့်စပ်သော တရားစကားကို များစွာ ဟောပြောတော်မူ၏၊ ဝိနည်းသိက္ခာပုဒ် (မာတိကာ)ကို အကျယ်ချဲ့၍ ဝိနည်းကို သင်ယူခြင်း၏ ဂုဏ်ကျေးဇူးများကို ဟောတော်မူ၏၊ ဟောတော်မူပုံကား—
၁။ ဝိနည်းကို နားလည်သော(ဝိနည်းဓိုရ်)ပုဂ္ဂိုလ်သည် မိမိသီလကိုလည်း လုံခြုံအောင် စောင့်ထိန်းနိုင်၏။ “နားမလည်သူကား မည်ကဲ့သို့ ထိန်းသိမ်း စောင့်ရှောက်ရမည်ဟု မသိသောကြောင့် သီလကျိုး ပျက် ပေါက်ကြားလျှက် ရှိတတ်သည်” ဟူလို။
၂။ ဝိနည်းနှင့်စပ်၍ အပ်လေသလား မအပ်လေသလားဟု ယုံမှား သံသယရှိနေသော ရဟန်းကောင်းများ၏ မှီခိုအားထားရာလည်း ဖြစ်၏။ “ထိုဝိနည်းဓိုရ်ထံ မေးမြန်းလိုက်ရမှ သံသယကင်း၍ စိတ်ရှင်းသွားသည်”ဟူလို။
၃။ မိမိက အပ်-မအပ်ကို ပြတ်ပြတ်သားသား နားလည်ပြီးဖြစ်သောကြောင့် သံဃာ့အလယ်၌ ပြောဆိုဆုံးဖြတ်ဖွယ်ရှိလျှင် ရဲရဲရင့်ရင့် ပြောဆိုနိုင်၏။
၄။ သာသနာတော်၏ ဆူးငြောင့် ခလုတ်သဖွယ်ဖြစ်သော ရန်သူ့, မိမိ၌ စွပ်စွဲလာသော ရန်သူများကို (ဝိနည်း ဥပဒေတော်ကို ညွှန်ပြ၍ ကျကျ နန နိုင်နင်းနိုင်၏။
၅။ သူတော်ကောင်းတရား (သာသနာတော်)တည်တံ့ဖို့ရာ ကျင့်သော ပုဂ္ဂိုလ်လည်းဖြစ်၏၊ ဤသို့စသည်ဖြင့် ဝိနည်းကို သင်ယူခြင်း၏ အကျိုးများကို ဟောတော်မူသည်။
ဝိနည်းအရာဝယ် ဧတဒဂ်ရတော်မူသော အရှင်ဥပါလိ၏ ဂုဏ်ကျေးဇူးကိုလည်း (ဥပါလိသည် ဤသို့ဤပုံ ဝိနည်းကို တတ်သိ နားလည်၏-စသည်ဖြင့် ဝိနည်းနားလည်ပုံ အမျိုးမျိုးကိုညွှန်ပြ၍)မိန့်တော်မူ၏၊ ဤသို့ မိန့်တော် မူခြင်းကား ရဟန်းအများ ဝိနည်းသင်ယူချင်လာအောင် မိန့်တော်မူခြင်းဖြစ် သည်။
စာမျက်နှာ-၂၃၂
ရဟန်းများ ဝိနည်းသင်ကြပုံ။ ။ ဤပြုခဲ့သော နည်းအားဖြင့် ဘုရားရှင်သည် ဝိနည်း၏ ဂုဏ်ကျေးဇူးကိုလည်းကောင်း, ဝိနည်းဓိုရ် အရှင်ဥပါလိ၏ ဂုဏ်ကျေးဇူးကိုလည်းကောင်း, မိန့်တော်မူသောအခါ များစွာသော ရဟန်းတို့သည် ဝိနည်းကိုတတ်သိ နားလည်လိုသောစိတ်, အရှင်ဥပါလိအထံ ဝိနည်းကို သင်ယူလိုသောစိတ်များ ဖြစ်ပေါ်လာကြသောကြောင့် ရဟန်းငယ် ရဟန်းလတ်နှင့် ထေရ်ကြီးအများပင် အရှင်ဥပါလိအထံ၌ ဝိနည်းတရားတော်ကို သင်ယူကြလေသည်။ [ထိုသို့ သင်ယူ၍ မိမိတို့ သိသမျှကိုလည်း “ဘယ်ဟာကို ပြုကောင်းတယ်, ဘယ်ဟာကို မပြုကောင်းဘူး စသည်ဖြင့် ပြောကြဟန်တူသည်။]
ဆဗ္ဗဂ္ဂီတို့ ဝိနည်းကဲ့ရဲ့ပုံ။ ။ ထိုသို့ ရဟန်းကောင်းအများပင် ဝိနည်းကို သင်ယူလေ့လာကြသောအခါ (အရာရာ၌ ပေါ့ပေါ့ဆဆနေလို ကြသော) ဆဗ္ဗဂ္ဂီရဟန်းတို့ တိုင်ပင်ကြသည်မှာ-“ငါ့လူတို့...ယခုအခါ ရဟန်းအများပင် ဥပါလိအထံ၌ ဝိနည်းကို သင်ယူနေကြသည်၊ သူတို့တတွေ ဝိနည်းတတ်လာတဲ့အခါ ငါတို့ကို (ယေနိစ္ဆကံ = အလိုရှိသော အကြောင်းအရာဖြင့်။ ယဒိစ္ဆကံ-အလိုရှိသော အပြစ်သို့၊ ယာဝဒိစ္ဆကံ-အလိုရှိတိုင်း) ဆွဲကြငင်ကြလိမ့်မည် ... ဒါ့ကြောင့် ငါတို့က ဝိနည်း အပြစ်ကို ယခုနှယ်က တင်ကြို၍ ပြောထားကြစို့
ဤသို့ တိုင်ပင်ကြပြီးလျှင်... “ဤ ခုဒ္ဒါနုခုဒ္ဒက (သေးသေးနုပ်နုပ်) သိက္ခာပုဒ်ကလေးတွေကို သင်ယူနေခြင်းဖြင့် ဘာအကျိုးရှိမှာလဲ၊ (ပါရာဇိက, သံဃာဒိသေသ် သိက္ခာပုဒ်ကြီးတွေကို တတ်သိ နားလည်လျှင်တော် ရော့ပေါ့-ဟု ဆိုလိုသည်)၊ ဤ ခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ်ကလေးတွေဟာ (သူတို့ကို သင်အံလေ့ကျက် ဆောင်ရွက်နေသမျှ) ကုက္ကုစ္စ-ဝိဟေသ-ဝိလေခ ဖြစ်ဖို့သာရှိတယ်၊ (သည့်ပြင် ဘာအကျိုးမှမရှိ)ဟု-သိက္ခာပုဒ်များကို ကဲ့ရဲ့ကြလေသည်။
ကုက္ကုစ္စ။ ။ တစ်စုံတစ်ခု မိပြောမိလျှင် ငါပြုတာ ငါပြောတာ အပြစ် ရှိလေမလား, မရှိဘူးလား ဟု တွေးတော ကြံဆနေမှုကို “ကုက္ကုစ္စ”ဟု ခေါ်၏။
ဝိဟေသာ။ ။ ထိုသို့တွေးတောနေရသဖြင့် စိတ်ပင်ပန်းမှုကို “ဝိဟေသာ” ဟု ခေါ်၏။
ဝိလေခ။ ။ ဤသို့ ကုက္ကုစ္စဖြစ်နေသောအခါ စိတ်ကို တစ်စုံတစ်ခုဖြင့် ရေးခြစ်နေသကဲ့သို့ ဖြစ်ခြင်းကို “ဝိလေခ”ဟု ခေါ်သည်။
စာမျက်နှာ-၂၃၃
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ပါတိမောက္ခေ ဥဒ္ဒိဿမာနေ ဧဝံ ဝဒေယျ “ကိံ ပနိမေဟိ ခုဒ္ဒါနုခုဒ္ဒကေဟိ သိက္ခာပဒေဟိ ဥဒ္ဒိဋ္ဌေဟိ, ယာဝဒေဝ ကုက္ကုစ္စာယ ဝိဟေသာယ ဝိလေခါယ သံဝတ္တန္တီ”တိ, သိက္ခာပဒဝိဝဏ္ဏကေ ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင် ရဟန်းသည် ပါတိမောက်ကို ရွတ်ဆိုအပ်သော် ဤသို့ ပြောဆိုအံ့၊ (အဘယ်သို့ ပြောဆိုရာသနည်း၊) “ရွတ်ဆိုအပ်ကုန်သော ငယ်ကုန် သာ၍ငယ်ကုန်သော ဤသိက္ခာပုဒ်တို့ဖြင့် ဘာအကျိုးရှိမှာလဲ၊ ဤခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ်တို့သည် အလွန်အကဲသာလျှင် ကုက္ကုစ္စ အကျိုးငှါလည်းကောင်း, ပင်ပန်းခြင်းငှါလည်းကောင်း, စိတ်ကိုရေးခြစ်သကဲ့သို့ ဖြစ်သော ဝိစိကိစ္ဆာ အကျိုးငှါလည်းကောင်း, ဖြစ်ကုန်၏။ ဤသို့ ပြောဆိုအံ့၊ ဤသို့ သိက္ခာပုဒ်ကို ကဲ့ရဲ့ခြင်းကြောင့် ထိုရဟန်းမှာ ပါစိတ်အာပတ် သင့်၏။
မှတ်ချက်။ ။ ဝိနည်းကို ကဲ့ရဲ့၍ ဝိနည်းကို မသင်ကြပါနှင့်”ဟု ပြောလျှင်လည်း ဤသိက္ခာပုဒ်အရ အပြစ်ရှိ၏။ ကဲ့ရဲ့လို၍ မဟုတ်ဘဲ “သုတ္တန်ကို အလျင် သင်ပါ, နောက်မှ ဝိနည်းသင်တာပေါ့”ဟု ပြောခြင်း မျိုးကား အာပတ် မသင့်။
ဂ။ မောဟနသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီ ရဟန်းများ။
အမှု—သိလျက်အပြစ်ကိုပြုပြီးနောက် မသိ၍ ပြုမိဟန်ဆောင်မှု။
ဆဗ္ဗဂ္ဂီများ ဉာဏ်။ ။ ဆဗ္ဗဂ္ဂီရဟန်းများသည် ဝိနည်းနှင့် မလျော်သော အမှုကို ပြုကြ၏၊ [လောက၌ မသိလို့ အပြစ်ပြုမိသူကို ပတ်ဝန်းကျင်က သိပ်ပြီး အထင်မသေးလှ၊ သိလျက် အပြစ်ပြုသူကိုသာ အထင်သေးကြ အပြစ်တင်တတ်ကြလေသည်။] ထိုထုံးစံကို နားလည်ပြီးသော ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဥပုသ်ပြုသောအခါ၌ ပါတိမောက်ကို ရွတ်ဆိုရာတွင် သူတို့ ပြုမိသော အပြစ်မျိုးကို မပြုလုပ်ကောင်းကြောင်း ညွှန်ပြသော သိက္ခာပုဒ်သို့ရောက်လေလျှင် “ဟင်...ခုမှသိရတယ်၊ ဤသိက္ခာပုဒ်လဲ တလခွဲ တစ်ကြိမ်ကျ ပါတိမောက် ရွတ်ပြရာတွင် ပါဝင်သကိုး”ဟု ပြောဆိုကာ မသိဟန်ဆောင်ကြလေသည်။
စာမျက်နှာ-၂၃၄
မောဟန ကံပြုပုံ။ ။ သူက မသိဟန် ဆောင်သော်လည်း ရှေးအလျင် ပါတိမောက်ရွတ်ပြစဉ်က (ဥပုသ်ပြုစဉ်က) ၂-ခါ ၃-ခါထက် မနည်း ပါဝင်ဘူးကြောင်းကို အများလည်း သိနေအံ့၊ ယခုအကြိမ်မှ ပါတိမောက်ကို ပထမကြားနာရသူမဟုတ်၊ ရှေးဥပုသ်နေ့များ တုန်းကလည်း ၂-ခါ ၃-ခါ ကြားနာဘူးပြီ ဟူလို၊] ထိုသို့ ရှေးကလည်း ကြားဘူးပါလျက် ယခုမှ ကြားသိရလေဟန်ဆောင်သူကို မောဟနကံသို့ တင်ရမည်၊ “မောဟနကံသို့တင်’ဆိုသည်ကား မသိဟန်ဆောင်သူအား ပြုအပ်သောကံကို သံဃာ့အလယ်မှာ ဉတ်ကမ္မဝါစာဖြင့် ရွတ်ဆို၍ မောဟနကံ (မသိဟန်ဆောင်သူအား ပြုအပ်သောကံ)ပြုရမည်-ဟုဆိုလိုသည်။ မောဟနကံ မပြုမီက မသိဟန်ဆောင်မှုကြောင့် ဒုက္ကဋ်အာပတ်သာ သင့်၏၊ မောဟနကံ ပြုပြီးနောက်မှ ထပ်၍ မသိဟန်ဆောင်လျှင်ကား ဤသိက္ခာပုဒ်အရ ပါစိတ် အာပတ်သင့်၏။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု အနွဒ္ဓမာသံ ပါတိမောက္ခေ ဥဒ္ဒိဿမာနေ ဧဝံ ဝဒေယျ “ဣဒါနေဝ ခေါ အဟံ ဇာနာမိ, အယမ္ပိ ကိရ ဓမ္မော သုတ္တာဂတော သုတ္တပရိယာပန္နော အနွဒ္ဓမာသံ ဥဒ္ဒေသံ အာဂစ္ဆတီ”တိ။ တဉ္စေ ဘိက္ခုံ အညေ ဘိက္ခူ ဇာနေယျုံ နိသိန္နပုဗ္ဗံ ဣမိနာ ဘိက္ခုနာ ဒွတ္တိက္ခတ္တုံ ပါတိမောက္ခေ ဥဒ္ဒိဿမာနေ, ကော ပန ဝါဒေါ ဘိယျော, န စ တဿ ဘိက္ခုနော အညာဏကေန မုတ္တိ အတ္ထိ, ယဉ္စ တတ္ထ အာပတ္တိံ အာပန္နော, တဉ္စ ယထာဓမ္မော ကာရေတဗ္ဗော, ဥတ္တရိ စဿ မောဟော အာရောပေတဗ္ဗော “တဿ တေ, အာဝုသော, အလာဘာ, တဿ တေ ဒုလ္လဒ္ဓံ, ယံ တွံ ပါတိမောက္ခေ ဥဒ္ဒိဿမာနေန သာဓုကံ အဋ္ဌိံ ကတွာ မနသိ ကရောသီ”တိ, ဣဒံ တသ္မိံ မောဟနကေ ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် အစဉ်အားဖြင့် လခွဲတိုင် ပါတိမောက် ရွတ်ပြအပ်သော် ဤသို့ ပြောဆိုအံ့၊ (အဘယ်သို့ ပြောဆိုရာသနည်း) “ယခုမှသာ တပည့်တော် သိရတယ်၊ ဤသိက္ခာပုဒ် တရားတော်သည်လည်း ပါတိမောက် ပါဠိတော်၌လာသည်။ ပါတိမောက် ပါဠိ
စာမျက်နှာ-၂၃၅
တော်၌ အကျုံးဝင်သည်ဖြစ်၍ လခွဲတိုင်းရွတ်ပြအပ်သည်၏ အဖြစ်သို့ ရောက်သကိုး”ဤသို့ ပြောဆိုအံ့၊ ထိုရဟန်းကို အခြားရဟန်းတို့က ဤရဟန်းသည် ၂-ကြိမ် ၃-ကြိမ် ပါတိမောက်ရွတ်ပြအပ်စဉ် ဥပုသ်ပြုသံဃာတွင် ပါဝင်နေထိုင်အပ်ဘူးသည်ကို အကယ်၍ သိကုန်အံ့၊ ၂-ကြိမ် ၃-ကြိမ်ထက်အလွန် ပါဝင်ဘူးမူကား ပြောဖွယ်မရှိတော့ချေ။
ဆက်ဦးအံ့။ ။ ထိုရဟန်းမှာ မသိဟန်ဆောင်ခြင်းကြောင့် အာပတ်မှ လွတ်ခွင့်မရှိ၊ ထိုသိက္ခာပုဒ် လွန်ကျူးခဲ့ရာ၌ အကြင်အာပတ်သို့ ရောက်ပြီ ထိုအာပတ်ကိုလည်း ဝိနည်းသိက္ခာပုဒ်မှာ ပါသော အခြင်းအရာအားဖြင့် ကုစားစေထိုက်၏၊ ထို့ထက် တိုးတက်၍လည်း ထိုရဟန်း၏ အပေါ် မောဟကံတင်ရမည်၊ (အဘယ်သို့ ကဲ့ရဲ့ပြီး၍ တင်ရမည်နည်း) “ငါ့ရှင် အကြင်သင်သည် ပါတိမောက်ရွတ်ပြအပ်စဉ် ကောင်းမွန်စွာအကျိုးရှိသည် ကိုပြု၍ နှလုံးမသွင်း, ထိုသင်သည် ဒိဋ္ဌဓမ္မိက သမ္ပရာယိက လာက်တို့ကိုမရအပ် လေကုန်စွ၊ ထိုသင်သည် ကံကောင်းထောက်မသဖြင့် ရအပ်သောလူ အဖြစ်ကို အရမတော်လေစွ” ဤသို့ကဲ့ရဲ့ပြီး၍ မောဟကံသို့ တင်ရမည်၊ ထိုမသိဟန်ဆောင်သော ပုဂ္ဂိုလ်၌ ဤပါစိတ်အာပတ် သင့်သည်။
မှတ်ချက်။ ။ “မသိဟန်မဆောင်ခင်က ကျူးလွန်မိသောအာပတ်ကို ဝိနည်းတရားတော်အတိုင်း ကူစားရမည်” ဟူရာ၌ မေထုန်မှီဝဲခြင်း, သူ့ဥစ္စာ ခိုးခြင်း စသောပါရာဇိကကို ပြုမိလျှင် လူထွက်စေရမည်၊ သံဃာဒိသေသ်စသော အာပတ်ကို ကျူးလွန်မိလျှင်လည်း သံဃာဒိသေသ်စသည့် ထုံးစံအတိုင်း ကုစားစေရမည်။ မသိဟန်ဆောင်သည့်အတွက် သင်ပြီးသောအာပတ်မှလည်း လွတ်လပ်သက်သာခွင့်မရ ဟုမှတ်။
ဃ။ ပဟာရသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု —ရိုက်နှက် ပုတ်ခတ်မှု။
ဆဗ္ဗဂ္ဂီနှင့် သတ္တရသဝဂ္ဂီ။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သတ္တရသဝဂ္ဂီ ရဟန်းကလေးတို့ကို ရိုက်နှက်ပုတ်ခတ်ကြကုန်၏။ ရဟန်းကလေးတို့သည် ငိုကြ ရှာကုန်၏၊ ထို့အကြောင်းကို ဘုရားရှင်ကြားသိတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ယော ပန ဘိက္ခု ဘိက္ခုဿ ကုပိတော အနတ္တမနော ပဟာရံ ဒဒေယျ, ပါစိတ္တိယံ။
စာမျက်နှာ-၂၃၆
မြန်မာပြန်။ ။ အကြင်ရဟန်းသည် စိတ်ဆိုးသည် မိမိစိတ်မရှိသည်ဖြစ်၍ ရဟန်းအား ပုတ်ခတ်ခြင်းကို ပေးအံ့၊ ထိုရဟန်း ပါစိတ်အာပတ် သင့်၏။
မှတ်ချက်။ ။ ရဟန်းကို ရိုက်နှက်ပုတ်ခတ်လျှင် ပါစိတ်၊ လူ-သာမဏေ တိရစ္ဆာန်တို့ကို ရိုက်နှက်ပုတ်ခတ်လျှင် ဒုက္ကဋ်အာပတ်၊ သေစေလိုသော စေတနာ မရှိဘဲ နာကျင်အောင် ရိုက်နှက်ရာက မတော်တဆ လက်လွန်၍ သေသွားစေကာမူ ပါရာဇိကမကျ၊ သူတစ်ပါးက နှိပ်စက်လာသဖြင့် သူတို့ဘေးမှ လွတ်မြောက်အောင် ကာကွယ်ရာ၌ကား လက်လွန်၍ သေစေကာမူ အာပတ်မသင့်။
င။ တလသတ္တိကသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—ရိုက်နှက်တော့မလိုချိန်ရွယ်မှု။
ဆဗ္ဗဂ္ဂီနှင့် သတ္တရသဝဂ္ဂီ။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သတ္တရသဝဂ္ဂီ ရဟန်းကလေးတို့အား ရိုက်တော့မည့် ဟန်ဖြင့် ချိန်ရွယ်ကြကုန်၏၊ သတ္တရသဝဂ္ဂီ ရဟန်းကလေးတို့သည် ရှေးကအရိုက်ခံရဘူးလှသဖြင့် ယခုလည်း ရိုက်တော့မည်ထင်ရကား ရွယ်ရုံဖြင့် ငိုကြလေတော့၏၊ ထိုအကြောင်းကို ဘုရားရှင်ကြားသိတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဘိက္ခုဿ ကုပိတော အနတ္တမနော တလသတ္တိကံ ဥဂ္ဂိရေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် ရဟန်း၏အပေါ်၌ စိတ်ဆိုးသည် မိမိစိတ်မရှိသည်ဖြစ်၍ လှံ၏အလား လက်ဝါးပြင်ကို မိုးအံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ ရိုက်မည်ဟု မကြံရွယ်ဘဲ ခြိမ်းချောက်လိုသောကြောင့်ရဟန်းအပေါ်၌ လက်ဝါးကြီး တမိုးမိုး, လက်သီးတရွယ်ရွယ်, တုတ်ဓါးတပြပြ လုပ်လျှင် ပါစိတ်၊ ထိုသို့ ခြိမ်းချောက်ရွယ်မိုးရင်း အားလွန်သွား၍ ရိုက်မိလျှင် ထိုရိုက် မိမှုကြောင့် (ရိုက်မည်ဟု ရည်ရွယ်ချက်မရှိရကား) ရှေးသိက္ခာပုဒ်အရ ပါစိတ်ထပ်၍ မသင့်ဘဲ ဒုက္ကဋ်သာ ထပ်၍ သင့်တော့၏၊ ရန်သူက ရန်မူလာ၍ လွတ်မြောက်အောင် ချိန်ရွယ်ရာ၌ကား အာပတ်မသင့်ပါ။
စာမျက်နှာ-၂၃၇
စ။ အမူလကသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—ရဟန်းတစ်ပါးကို သံဃာဒိသေသ်အာပတ်ဖြင့်စွပ်စွဲမှု။
ဆဗ္ဗဂ္ဂီနှင့် ရဟန်းတစ်ပါး။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် (မိမိတို့ကိုယ်တိုင် သူများကစွပ်စွဲဖွယ် အပြစ်တွေများလှသဖြင့် သူတစ်ပါးကို မိမိတို့က စွပ်စွဲထားလျှင် သူတို့ကို အခြားရဟန်းများက မစွပ်စွဲနိုင်ဟု အယူရှိရကား) ရဟန်းတစ်ပါးအား သံဃာဒိသေသ် အာပတ် သလောက်သော အမှုတစ်စုံတရာ ပြုနေသည်ကို မြင်လည်းမမြင်, တဆင့် စကာလည်းမကြား, ပြုနေဟန်တူသည်ဟု ယုံမှားသံသယလည်း မဖြစ်ပါဘဲ (မြင်မှု, ကြားမှု, ယုံမှားမှုတွင် တစ်စုံတစ်ခုမျှ အကြောင်းရင်းအခြေခံ မရှိပါဘဲ) သက်သက် “ကိုယ်တော်မှာ သံဃာဒိသေသ် အာပတ်သင့်သည်” ဟု စွပ်စွဲ ပြောဆိုကြလေ၏။ ထိုအကြောင်းကို ဘုရားရှင်သိတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဘိက္ခုံ အမူလကေန သံဃာဒိသေသေန အနုဒ္ဓံသေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် ရဟန်းကို အခြေအမြစ် မရှိသော သံဃာဒိသေသ်အာပတ်ဖြင့် စွပ်စွဲအံ့၊ ထိုရဟန်း ပါစိတ်အာပတ် သင့်၏။
မှတ်ချက်။ ။ ပါရာဇိကဖြင့် စွပ်စွဲလျှင် သံဃာဒိသေသ်အာပတ်ဟု သံဃာဒိသေသ် အခန်း၌ပြခဲ့ပြီ၊ ပါစိတ်စသော အောက်အာက်များဖြင့် စွပ်စွဲလျှင် ဒုက္ကဋ်အာပတ်၊ လူနှင့်သာမဏေများကို အပြစ်တစ်စုံတစ်ခုဖြင့် စွပ်စွဲလျှင်လည်း ဒုက္ကဋ်အာပတ်ပင်။
ဆ။ သဉ္စိစ္စသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ
အမှု—ကုက္ကုစ္စကို ဖြစ်စေမှု။
ကုက္ကုစ္စ။ ။ “ကုက္ကုစ္စ”ဟူသည် “ဟုတ်လေသလား, မဟုတ်လေလား”-အပ်ပါ့မလား, မအပ်ဘဲများ နေမလား”စသည်ဖြင့် စဉ်းစားခြင်း တွေးတောခြင်းတည်း၊ ထိုစဉ်းစားမှုသည် တချို့နေရာ၌ ဉာဏ်နှင့်ယှဉ်သော ဝိတက် ဖြစ်၍ စိတ်မပန်း၊ တချို့နေရာ၌ကား စိတ်မချမ်းသာမှု ဒေါမနဿနှင့်ယှဉ်သော ဝိတက်ဖြစ်၍ စိတ်ပင်ပန်း၏။
စာမျက်နှာ-၂၃၈
ဆဗ္ဗဂ္ဂီရဟန်းတို့သည် သတ္တရသဝဂ္ဂီ ရဟန်းကလေးများကို စိတ်မချမ်း မသာဖြစ်စေလိုသောကြောင့် “ငါ့ရှင်ကလေးတို့....မြတ်စွာဘုရားက အသက် ၂၀ မပြည့်သေးသူကို ရဟန်းပြု မပေးရဘူး, ရဟန်းပြုပေးသော်လည်း ရဟန်းမဖြစ်ဘူး”လို့ မိန့်တော်မူတယ်၊ ငါ့ရှင်ကလေးတို့လဲ ၇-နှစ် အသွယ် ရဟန်းပြုထားကြတယ်။ ဘယ့်နှယ်လဲ သင်တို့ (ရဟန်းမဖြစ်ဘဲ) သာမဏေများ ဖြစ်နေကြပါ့မယ်”ဟု ပြောဆိုကြလေရာ ရဟန်းကလေးတွေ ငိုရှာကြလေသည်။ ထိုအကြောင်းကို ဘုရားရှင်သိတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဘိက္ခုဿ သဉ္စိစ္စ ကုက္ကုစ္စံ ဥပဒဟေယျ “ဣတိဿ မုဟုတ္တမ္ပိ အဖာသု ဘဝိဿတီ”တိ ဧတဒေဝ ပစ္စယံ ကရိတွာ အနညံ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင် ရဟန်းသည် ရဟန်း၏ အပေါ်၌ သညာနှင့်တကွ စေ့ဆော်၍ ကုက္ကုစ္စဖြစ်စေအံ့၊ (အဘယ်သို့ ရည်ရွယ်၍ ဖြစ်စေသနည်း) “ဤသို့ဖြစ်စေရလျှင် ထိုရဟန်းမှာ တမဟုတ်မျှလည်း မချမ်းသာမှုသည် ဖြစ်လိမ့်မည်”ဤသို့ရည်ရွယ်၍ ဤစိတ်မချမ်းသာ စေလိုခြင်းကိုသာလျှင် အကြောင်းပြု၍ အခြားအကြောင်း မရှိဘဲ ကုက္ကုစ္စကို ဖြစ်စေအံ့၊ ထိုရဟန်းပါစိတ် အာပတ်သင့်၏။
မှတ်ချက်။ ။ သူတစ်ပါးကို စိတ်မချမ်းသာစေလိုသော သဘောဖြင့် “ကိုယ်တော် ဆွမ်းစားတုန်းက နေ့လွဲသွားဟန်တူတယ်၊ ကိုယ်တော်သောက်တဲ့အရည်ဟာ သေရည်ထင်တယ် စသည်ဖြင့် ကုက္ကုစ္စဖြစ်အောင် ပြောသမျှ ဤသိက္ခာပုဒ်အရ အာပတ်သင့်၏။ သတ္တရသဝဂ္ဂီရဟန်းကလေးများသည် “အသက် ၂၀ မပြည့်ခင် ရဟန်းမပြုရ”ဟု ပညတ်တော်မမူမီက ရဟန်း ဖြစ်နှင့်သောကြောင့် ရဟန်းအစစ် ဖြစ်မှန်းသိလျက် ဆဗ္ဗဂ္ဂီရဟန်းတို့က တမင်သက်သက် ကုက္ကုစ္စဖြစ်အောင် ပြောဆိုကြခြင်း ဖြစ်သည်။ လူသာမဏေများကို ထိုကဲ့သို့ ကုက္ကုစ္စဖြစ်အောင် လုပ်လျှင် ဒုက္ကဋ်၊ စိတ်ကောင်း စေတနာကောင်းဖြင့် “ကိုယ်တော်ရဟန်းပြုတုန်းက အသက် ၂၀ ပြည့်ရဲ့လား”စသည်ပြောလျှင် အာပတ်မသင့်။
စာမျက်နှာ-၂၃၉
ဇ။ ဥပဿုတိသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—ရန်ဖြစ်သော ရဟန်းများ စကား ပြောနေသည်ကို ချောင်း၍ နားထောင်မှု။
သူတော်ကောင်းရဟန်းများနှင့် ရန်ဖြစ်ခြင်း။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သီလစင် သူတော်စင် ရဟန်းများနှင့် ငြင်းကြခုန်ကြ ခိုက်ရန်ဒေါသ ဖြစ်ကြလေသည်၊ ထိုအခါ သီလစင်ကြယ်သော ရဟန်းတို့သည် သူတို့အချင်းချင်း ကွယ်ရာ၌ ပြောဆိုကြသည်မှာ..... “အရှင်ဘုရားတို့ ဆဗ္ဗဂ္ဂီရဟန်းတွေဟာ အလဇ္ဇီတွေဖြစ်တယ်၊ သူတို့နှင့်ဘက်ပြိုင်၍ ရန်မဖြစ်ထိုက်ဘူး” ဤသို့ ပြောဆိုကြလေသည်။ ထိုသို့ပြောဆို နေသံကို ချောင်း၍ နားထောင်သော ဆဗ္ဗဂ္ဂီရဟန်းတို့ ကြား၍ “ကိုယ်တော်တို့က တပည့်တော်တို့ကို ဘာ့ကြောင့် အလဇ္ဇီလို့ ပြောရသလဲ”ဟု သွား၍ ပြောဆိုကြသော် “ကိုယ်တော်တို့ ဘယ်ကကြားသလဲ”တပည့်တော်တို့ ကိုယ်တော် ပြောတဲ့အနီးမှာဘဲ တည်ရှိနေကြတယ်”ဟုပြောကြလေသည်၊ ထိုသို့ ချောင်း၍ နားထောင်မှုမှစ၍ အကျယ်အကျယ်ငြိမ်းဖွယ်ကို ဘုရားရှင် ကြားသိတော်မူသောကြောင့် ဤသိက္ခာပုဒ်ကိုပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဘိက္ခူနံ ဘဏ္ဍနဇာတာနံ ကလဟဇာတာနံ ဝိဝါဒါပန္နာနံ ဥပဿုတိံ တိဋ္ဌေယျ “ယံ ဣမေ ဘဏိဿန္တိ, တံ သောဿာမီ”တိ ဧတဒေဝ ပစ္စယံ ကရိတွာ အနညံ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် မိမိတို့ဘက်တွင် တိုင်ပင်ခြင်းရှိကုန်သော ခိုက်ရန်ရှိကုန်သော ငြင်းခုံခြင်းသို့ ရောက်ကြကုန်သော ရဟန်းတို့၏ တိုင်ပင်သံ၏ အနီး၌ (တိုင်ပင်သံကို ကြားလောက်ရာအရပ်၌) တည်နေအံ့၊ (အဘယ်သို့ကြံ၍ တည်နေသနည်း၊) “ဤရဟန်းတွေ အကြင်စကားကို ပြောကြလိမ့်မည်၊ ထိုစကားကို နားထောင်အံ့”၊ ဤသို့ကြံ၍ ဤနားထောင်လိုခြင်းကိုသာလျှင် အကြောင်းပြု၍ အခြား အကြောင်းမရှိဘဲ တည်အံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ ချောင်း၍နားထောင်ရာ၌ သူတို့စကားကိုကြားလျှင် သူတို့ကိုပြန်၍ချေပမည်-စွပ်စွဲမည်ဟု မတရား ရည်ရွယ်ချက်ဖြင့်နားထောင်မှသာ အာပတ်သင့်သည်၊ စိတ်ကောင်း စေတနာကောင်းဖြင့် ငါ့ကို သူတို့အထင်လွဲခြင်းမှ
စာမျက်နှာ-၂၄၀
လွတ်စေမည်၊ ထိုအမှုကို ငြိမ်းအေးအောင်လုပ်မည်”စသည်ဖြင့် ကြံရွယ်၍ နားထောင်လျှင်ကား အာပတ်မသင့်၊ ရန်ဘက်ဖြစ်သော လူသာမဏေတို့၏ တိုင်ပင်သံကို ချောင်း၍ နားထောင်ရာ၌ ဒုက္ကဋ်အာပတ်။
ဈ။ ကမ္မပတိဗာဟနသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု−ဆန္ဒပေးပြီးမှ ကံကိုတားမြစ်မှု။
ကံပြုရာ၌ ထုံးစံ။ ။ ကံသည် ရဟန်းခံခြင်းကိစ္စကဲ့သို့ ပုဂ္ဂိုလ် တစ်ပါးပါးကို ချီမြှောက်သော (ပဂ္ဂဟ)ကံလည်းရှိ၏၊ ရဟန်းတစ်ပါးကို သံဃာကအပေါင်းအသင်း မပြုဖို့ရန် ထုတ်ပယ်သော (နိဂ္ဂဟ) ကံလည်းရှိ၏၊ သံဃာစည်းဝေး၍ ပြုရသော ထိုကံ ဟူသမျှ၌ ထိုအစည်းအဝေးတွင် ပါဝင်သော သံဃာအားလုံး သဘောတူ ကျေနပ်မှ ထိုကံ အထမြောက်သည်၊ ကံပြုရာတွင် ကိုယ်တိုင်မလိုက်နိုင်သော ရဟန်းများလည်း (သိမ်ထဲမှာနေလျှင်) ယခုပြုမည့်ကံကို သဘောတူကြောင်း ဆန္ဒပေး လိုက်ရသည်၊ ထိုသို့ ဆန္ဒပေးလျှင် မည်သည့်ကံကို ပြုပြု သဘောတူပြီး ဖြစ်တော့သည်။
ဆဗ္ဗဂ္ဂီတို့ကို နှိပ်သောကံပြုခြင်း။ ။ “ဆဗ္ဗဂ္ဂီ ရဟန်းတို့သည် မတော်မလျော်သော အကျင့်ကို ကျင့်လေ့ရှိသောကြောင့် ထိုအကျင့်မှ ရှောင်ပါစေတော့ ဟု သဘောထား၍ ဆဗ္ဗဂ္ဂီ တစ်ပါးပါးကို သံဃာမှ ဝိုင်းပယ်သော နိဂ္ဂဟကံတစ်ခုခုကို ပြုမည်ဟု သံဃာစည်းဝေးလျှင် ထိုဆဗ္ဗဂ္ဂီ အများကပင် ဝိုင်း၍ကန့်ကွက်ကြသောကြောင့် ကံအထမမြောက်ဘဲ ရှိခဲ့ကြလေသည်။ အခါတစ်ပါး၌ကား “သံဃာက ကံတစ်ခု ပြုစရာရှိလို့ သံဃာများ ကြွပါ” ဟု အစည်းအဝေးဖိတ်သောအခါ ဆဗ္ဗဂ္ဂီအများပင် သင်္ကန်း ချုပ်ဆိုးစရာ ကိစ္စရှိ၍ မလိုက်နိုင်ကြဘဲ ဆဗ္ဗဂ္ဂီတစ်ပါးအား ဆန္ဒယူသွားပါဟု ပြော၍ ဆန္ဒပေးလိုက်ကြလေသည်။
ထိုအခါ သံဃာက ထိုရောက်လာသောဆဗ္ဗဂ္ဂီတစ်ပါးကိုပင် နှိပ်သောကံကို ပြုလိုက်ကြလေသည်၊ ထိုကံပြုခံရသော ရဟန်းပြန်သွားသောအခါ “သံဃာက ဘာကံပြုသလဲ”ဟုတို့က မေးကြလေသည်၊ ထိုအခါ “တပည့်တော်ကို ကံပြုလိုက်ကြသည်” ဟု ပြောလေသော်... “ဟာ...တပည့်တော်တို့ ဆန္ဒပေးတာက ကိုယ်တော်ကို ကံပြုဖို့ ပေးတာမဟုတ်ဘူး၊ ကိုယ်တော်ကို
စာမျက်နှာ-၂၄၁
ကံပြုမည်မှန်းသိလျှင် တပည့်တော်တို့က ဆန္ဒပေးမှာ မဟုတ်ဘူး” ဟုပြောဆိုကာ ထိုကံကို ကဲ့ရဲ့ရှုတ်ချကြလေတော့၏။ ဤအကြောင်းကို ဘုရားရှင်ကြားသိတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဓမ္မိကာနံ ကမ္မာနံ ဆန္ဒံ ဒတွာ ပစ္ဆာ ခီယနဓမ္မံ အာပဇ္ဇေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် တရားသဖြင့် ပြုအပ်ကုန်သော ကံတို့ကို့ ဆန္ဒပေးပြီးနောက်၌ ရှုတ်ချခြင်းသဘောသို့ ရောက်အံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ တရားသဖြင့်ပြုအပ်သော ကံကို ကဲ့ရဲ့မှ အာပတ်သင့်သည်။ နဂိုကပင် မတရားပြုသောကံကို မတရားပြုသောကံဟု သိ၍ ကဲ့ရဲ့လျှင်ကား အာပတ် မသင့်။
ဉ။ ဆန္ဒံ အဒတွာ ဂမနသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းတစ်ပါး။
အမှု—ဆန္ဒမပေးဘဲ ဖဲသွားမှု။
သံဃာ စည်းဝေးခြင်း။ ။ အခါတစ်ပါး၌ သံဃာတော်သည် ကိစ္စတစ်စုံတစ်ခုအတွက် စည်းဝေးကြ၏၊ ထိုအချိန်၌ ဆဗ္ဗဂ္ဂီရဟန်းအများပင် သင်္ကန်းချုပ်မှု ဆိုးမှုတို့ဖြင့် ကိစ္စများနေကြ၏၊ ထို့ကြောင့် ဆဗ္ဗဂ္ဂီဂိုဏ်းဝင် ရဟန်းတစ်ပါးကို (ထိုပြုမည့်ကံအတွက် သဘောတူကြောင်း) ဆန္ဒပေး၍ လွှတ်လိုက်ကြလေသည်၊ ရှေးခေတ်က ကျောင်းတိုက်ကြီး တစ်ခုလုံးကို သိမ်းကျုံး၍ မဟာသိမ်သမုတ်လေ့ရှိ၏၊ ရာဇဂြိုဟ်မြို့တော်၌ကား ပတ်ဝန်းကျင်ရှိသမျှ ကျောင်းတိုက်တွေကို သိမ်းကျုံး၍ တမြို့လုံးကိုပင် သိမ်သမုတ်ထား၏၊ ဗုဒ္ဓဘာသာဝင် ဟုတ်ဟုတ်-မဟုတ်ဟုတ် အားလုံး လူဝတ်ကြောင်တွေလည်း ထိုမဟာသိမ်အတွင်းမှာပင် အိမ်မှုကိစ္စကို ရွက်ဆောင်နေထိုင်ကြရ၏။
တစ်စုံတစ်ခုကံကို ပြုလိုသောအခါ ထိုသိမ်တွင်း၌ ရဟန်းအများ အစုံအညီ လာနိုင်လျှင် အစုံအညီလာရ၏၊ မလာနိုင်လျှင် ထိုပြုမည့်ကံကို သဘောတူပါကြောင်း ဆန္ဒပေးလိုက်ရ၏၊ ကိုယ်တိုင်လည်းမလာ, ဆန္ဒလည်းမပေးလျှင် ထိုကံအထမမြောက်၊ ထို့ကြောင့် မလိုက်နိုင်သော ဆဗ္ဗဂ္ဂီရဟန်းတို့သည် အားလုံးက ဆန္ဒပေး၍ ဆဗ္ဗဂ္ဂီရဟန်းတစ်ပါးကို အစည်းအဝေးသို့လွှတ်လိုက်ကြ
စာမျက်နှာ-၂၄၂
ရလေသည်၊ ထိုအခါ သံဃာတော်သည် နဂိုကပင် ဆဗ္ဗဂ္ဂီရဟန်းများကို (နှိမ်ချသော)ကံတစ်ခုပြုဖို့ရန် ရည်မှန်း၍ စည်းဝေးခြင်း ဖြစ်သောကြောင့် ထိုလာသော ဆဗ္ဗဂ္ဂီကိုပင် ကံပြုဖို့ရန် ဉတ်ထားလေတော့၏၊ [သံဃာတော်ကို ရှေးဦးစွာ အသိပေးသောစကားကို ဉတ်ဟုခေါ်၏၊ ထိုဉတ်ကို တစ်ပါးက ရွတ်ခြင်းကို “ဉတ်ထားခြင်း”ဟုခေါ်သည်။]
ဆန္ဒမပေးဘဲ ထသွားခြင်း။ ။ ထိုသို့ ဉတ်ထားသောအခါကျမှ ပါလာသော ဆဗ္ဗဂ္ဂီသည် မိမိကို ကံပြုတော့မည့် အကြောင်းကို သိရကား “ဒီကိုယ်တော်တွေဟာ ဒီလိုချည်း ဒို့ဆဗ္ဗဂ္ဂီတွေကို တစ်ပါးစီလာတဲ့အခါ ကံပြုတတ်ကြတယ်၊ ကဲ...ဒီတခါတော့ ဘသူ့ကို ကံပြုနိုင်ကြဦးမှာလဲ” ဟုပြောဆိုကာ ဆန္ဒမပေးဘဲ ထသွားလေတော့သည်၊ [သူကဆန္ဒမပေးဘဲ ထသွားလျှင် သံဃာမညီညွတ်ပြန်ရကား ထိုကံကို မပြုနိုင်တော့ချေ၊ ထိုသို့ကံမပြုနိုင်အောင်ပင် ထိုရဟန်းလည်း ထသွားခြင်း ဖြစ်၏။]
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု သံဃေ ဝိနိစ္ဆယကထာယ ဝတ္တမာနာယ ဆန္ဒံ အဒတွာ ဥဋ္ဌာယာသနာ ပက္ကမေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင် ရဟန်းသည် သံဃာ၌ ဆုံးဖြတ်ကြောင်းစကား ဖြစ်နေစဉ် ဆန္ဒမပေးဘဲ နေရာမှထ၍ ဖဲသွားအံ့၊ ထိုရဟန်း ပါစိတ် အာပတ်သင့်၏။
မှတ်ချက်။ ။ ဝိနိစ္ဆယကထာ (ဆုံးဖြတ်ကြောင်းစကား) ဖြစ်နေစဉ်” ဟူရာ၌ ကံတစ်ခုခုပြုဖို့ရန် အမှုကို ပြောဆို၍ ဆုံးဖြတ်ချက် မချရသေးသည်ကိုလည်းကောင်း, ဉတ်ကမ္မဝါစာရွတ်ဆို၍ ကံပြုရာ၌ ကမ္မဝါစာ မပြီးသေးသည်ကိုလည်းကောင်း, ”ဝိနိစ္ဆယကထာ ဖြစ်နေစဉ် = ဖြစ်တုန်း”ဟုဆိုသည်။
ထိုအချိန်၌ ကံကိုမပြုဖြစ်အောင် ဆန္ဒမပေးဘဲ ထသွားလျှင် ပါစိတ် အာပတ်သင့်၏ မတရားသောကံကို ပြုလိမ့်မည်”ဟု အယူရှိ၍ဖြစ်စေ မကျန်းမမာခြင်းစသည်ကြောင့်ဖြစ်စေ သဘောရိုးဖြင့် ထသွားသူမှာ အာပတ်မသင့်။
စာမျက်နှာ-၂၄၃
ဋ။ ဒုဗ္ဗလသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—သံဃာနှင့်သဘောတူ သင်္ကန်းပေးပြီးမှ ရှုတ်ချကဲ့ရဲ့မှု။
အရှင်ဒဗ္ဗအား သင်္ကန်းပေးခြင်း။ ။ မလ္လာမင်းသား အရှင်ဒဗ္ဗသည် ၇-နှစ် အရွယ်ကပင် ရဟန္တာဖြစ်ခဲ့သော ပုဂ္ဂိုလ်တည်း၊ အာဂန္တု သံဃာများအတွက် အိပ်ရာနေရာကို ခင်းပေးရသော အလုပ်, သံဃိကပင့်လာသော ဆွမ်းများကို အလှည့်ကျ ညွှန်ချပေးရသော အလုပ်များကို ပြုလုပ်ခြင်းအားဖြင့် သံဃာ့တာဝန်ကို ရွက်ဆောင်ကား မိမိ၏ နောက်ဆုံး ဘဝကို အသုံးချနေသော ပုဂ္ဂိုလ်တစ်ပါးလည်း ဖြစ်၏၊ အခါတစ်ပါး၌ကား ထိုအရှင်မှာ သင်္ကန်းရှားပါးနေ၏၊ သံဃာမှာလည်း သံဃိကသင်္ကန်းတထည် ရှိနေ၏၊ ထိုသင်္ကန်းကို သံဃာက အားလုံးကို သဘောတူဖို့ရန် ခွင့်ပန်၍ အရှင်ဒဗ္ဗအား ပေးလိုက်လေသည်။
ဆဗ္ဗဂ္ဂီတို့ ကဲ့ရဲ့ခြင်း။ ။ ဆဗ္ဗဂ္ဂီတဂိုဏ်းလုံးကား အရှင်ဒဗ္ဗအပေါ်၌ (သံဃာဒိသေသ် ဒုဋ္ဌဒေါသသိက္ခာပုဒ်တုန်းက) ပြခဲ့သည့်အတိုင်း မကျေနပ်မှု ရှိနေကြ၏။ ထို့ကြောင့် သံဃာနှင့်အတူ သင်္ကန်းပေးတုန်းက ပေးမှုကလည်း တရားနည်းလမ်းကျသောကြောင့် ဘာမျှမပြောကြဘဲ နောက်မှ “ရဟန်းတွေဟာ သံဃိကပစ္စည်းကို မိမိတို့ ချစ်ကျွမ်းဝင်ရာ ညွတ်စေကြ (ပေးကြ)တယ်”ဟု ပြောဆိုကဲ့ရဲ့ကြလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု သမဂ္ဂေန သံဃေန စီဝရံ ဒတွာ ပစ္ဆာ ခီယနဓမ္မံ အာပဇ္ဇေယျ “ယထာသန္ထုတံ ဘိက္ခူ သံဃိကံ လာဘံ ပရိဏာမေန္တီ”တိ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင် ရဟန်းသည် ညီညွတ်သော သံဃာနှင့် တကွ သင်္ကန်းပေးပြီး နောက်၌ ရှုတ်ချခြင်း သဘောသို့ ရောက်ခဲ့ (အဘယ်သို့ ရှုတ်ချသနည်း) “ရဟန်းတွေဟာ အကြင်အကြင် မိတ်ဆွေရဟန်းသို့ သံဃာ့ဥစ္စာဖြစ်သော လာဘ်ကို ညွှတ်စေကြ ဤသို့ ရှုတ်ချအံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ အပေးခံရသူက သံဃာ့တာဝန်ဆောင်ဖို့ရန် သမုတ်ထားသူဖြစ်၍ ထိုသူ့ပေးရာ၌ ကဲ့ရဲ့မှ ပါစိတ် အာပတ်သင့်သည်။ ထိုသို့ သမုတိ မရသူကို သင်္ကန်းပေးရာ၌ ကဲ့ရဲ့လျှင်လည်းကောင်း, သင်္ကန်းမှတစ်ပါး အခြားပစ္စည်းကို(မည်သူ အားမဆို)ပေးရာ၌ ကဲ့ရဲ့လျှင်လည်းကောင်း, ဒုက္ကဋ်အာပတ်သင့်၏။ အမှန်အားဖြင့် အဂတိလိုက်စား၍ မပေးလိုက်သူအား ပေးရာ၌ ကဲ့ရဲ့လျှင်ကား အာပတ် မသင့်။
စာမျက်နှာ-၂၄၄
ဌ။ ပရိဏာမနသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—သံဃိကလာဘ်ကို အခြားပုဂ္ဂိုလ်သို့ ညွှတ်စေ လှူစေမှု။
ကုသိုလ်ပြုအသင်း။ ။ သာဝတ္ထိမြို့၌ ကုသိုလ်ကောင်းမှု ပြုလုပ်လေ့ရှိသော ကုသိုလ်ပြု အသင်းတသင်း ရှိ၏၊ ထိုအသင်းသားတို့သည် သံဃာတော်အား ဆွမ်းကပ်၍ သင်္ကန်းလှူမည်ဟု ရည်မှန်းကာ ဆွမ်းနှင့်သင်္ကန်းကို စီစဉ်ထားကြလေသည်၊ ဤသို့ သံဃာအားလှူဖို့ မှန်း၍ စီစဉ်ထားသည်ကိုပင် “သံဃာကို ညွှတ်စေပြီးဖြစ်သော လာဘ်(ပစ္စည်း)”ဟု ဆိုရသည်။
ဆဗ္ဗဂ္ဂီရဟန်းများ။ ။ ထိုအကြောင်းကို ကြားသိရသော ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထိုအသင်းသား (ခေါင်းဆောင်)များအထိသွား၍ “ဤ ရဟန်းများ သင်္ကန်းတွေကို ဟောဒီ ရဟန်းများအား (သူတို့ ဆဗ္ဗဂ္ဂီများကို ဆိုလိုသည်)လှူကြပါ”ဟု ပြောဆိုလေသည်၊ အသင်းသားတို့က “ကိုယ်တော်တို့အား မလှူနိုင်ပါ၊ နှစ်စဉ်သံဃာအား လှူနေကျ ဖြစ်၍ သံဃာဖို့ စီစဉ်ထားခြင်း ဖြစ်ပါသည်”ဟု ပြောလေသော်... ဒါယကာတို့ရာ သံဃာမှာ လှူမည့်သူတွေ များပါတယ်၊ သံဃာမှာ အကောင်းတွေလဲ များပါတယ်၊ ဟောဒီ ရဟန်းများမှာတော့ သင်တို့ကို မှီပြီး သင်တို့ကိုကြည့်ရှ အားကိုးပြီး နေကြရပါတယ်၊ သင်တို့မှ မလှူလျှင် ဘသူလှူမှာလဲ၊ ဒီရဟန်းများကိုသာ လှူကြပါ”ဟု အတင်းတိုက်တွန်းသဖြင့် သံဃာဖို့ မှန်းထားသော သင်္ကန်းကို ဆဗ္ဗဂ္ဂီရဟန်းတို့အား လှူဒါန်း၍ သံဃာကိုကား ဆွမ်းသာ ကပ်လှူကြရလေတော့သည်။
ရဟန်းများ ကဲ့ရဲ့ကြပုံ။ ။ ထိုအခါ တချို့ ရဟန်းများသည် ထိုအသင်းက သံဃာဖို့ သင်္ကန်းနှင့်ဆွမ်း စီမံထားကြောင်းကိုသာ သိ၍ ဆဗ္ဗဂ္ဂီတို့အား သင်္ကန်းလှူလိုက်ရကြောင်းကို မသိကြ၊ ထိုရဟန်းတို့က “သံဃာဖို့ မှန်းထားသော သင်္ကန်းကိုလည်း တခါတည်း လှူကြပါလား”ဟု ဆွမ်းကပ်သော ဒါယကာတို့ကို ပြောပြလေသော်... သင်္ကန်းကိုတော့ ဆဗ္ဗဂ္ဂီရဟန်းများက သူတို့အား လှူဖို့ရန် တိုက်တွန်းသောကြောင့် လှူလိုက်ရကြောင်းကို လျှောက်ကြလေသည်၊ ထိုအခါ ရဟန်းများက ဆဗ္ဗဂ္ဂီ ရဟန်းတို့အား ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။ ဤသိက္ခာပုဒ်နှင့်စပ်၍ မှတ်ဖွယ်ကို နိဿဂ္ဂိ အဆုံးသိက္ခာပုဒ်၌ ပြခဲ့ပြီး။]
စာမျက်နှာ-၂၄၅
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ဇာနံ သံဃိကံ လာဘံ ပရိဏတံ ပုဂ္ဂလဿ ပရိဏာမေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် သံဃာသို့ညွှတ်ပြီးဟု သိလျက် သံဃာ့ ဥစ္စာဖြစ်သော သံဃာသို့ ညွတ်စေအပ်ပြီးသော လာဘ်(ပစ္စည်း)ကို ပုဂ္ဂိုလ်သို့ ညွတ်စေအံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။
သဟဓမ္မိကဝဂ် ပြီး၏။
ရတနဝဂ် = ရာဇဝဂ်
က။ အန္တေပုရသိက္ခာပုဒ်
အမှုသည်—အရှင်အာနန္ဒာ။
အမှု—မိမိဝင်လာမည့်အကြောင်းကို တင်ကြို၍ မသိစေဘဲ နန်းတော်ခန်းဆောင်ဝင်မှု။
ကောသမင်း ဥယျာဉ်ထွက်ခြင်း။ ။ ကောသလမဟာရာဇာသည် ဥယျာဉ်တော်သို့ ထွက်တော်မူလာသောအခါ ဥယျာဉ်တော်ဝယ် သစ်ပင် တပင်အောက်၌ သီတင်းသုံးတော်မူခိုက်ဖြစ်သော ဘုရားရှင်နှင့် ကြုံကြိုက်နေရကား ထိုဘုရားရှင်ရှိရာသို့ သွားလေသည်၊ ထိုအချိန်၌ ဥပါသကာ တစ်ယောက်လည်း ဘုရားအထံ၌ ရောက်နှင့်လျက်ရှိ၏၊ ကောသလမဟာရာဇာသည် ဥပါသကာကိုမြင်၍ ပထမသော် စိတ်၌ ထင့်ကနဲ ဖြစ်သွားသော်လည်း “ဘုရားအထံ နေသူဟာ လူဆိုး လူယုတ်မာတော့ မဖြစ်တန်ရာ”ဟုတွေး၍ ဘုရားအနီးသို့ ရောက်အောင်သွားလေသည်။
မင်းထက် ဘုရားရိုသေခြင်း။ ။ ထိုဥပါသကာသည် ကောသလမဟာရာဇာ လာသည်ကို မြင်သော်လည်း ဘုရားကို လေးစားခြင်းကြောင့် (ဘုရား အနားထိုင်ရာမှထ၍ မင်းကို အရိုအသေပေးလျှင် ဘုရားကို မလေးစားရာ-ဘုရားထက် မင်းကို ရိုသေရာ ရောက်မည်ဖြစ်သောကြောင့်) ကောသလမဟာရာဇာကို ရှိလည်းမခိုး-ခရီးဦးလည်း မကြိုဘဲ ထိုင်မြဲတိုင်နေလေသည်၊ ထိုအခြင်းအရာကို မြင်၍ ကောသလမဟာရာဇာလည်း စိတ်မကျေမနပ် ဖြစ်သွား၏၊ ထိုသို့ မကျေမနပ်ဖြစ်ဟန်ကို ဘုရားရှင်လည်း သိတော်မူရကား—
စာမျက်နှာ-၂၄၆
“မဟာရာဇာ” ဤဥပါသကာသည် တရားတော် အရာဝယ် အကြားအမြင် ဗဟုသုတများ၍ ပိဋကသုံးပုံကို နှုတ်ငုံဆောင်နိုင်သော ကာမဂုဏ်တို့၌လည်း တပ်မက်ခြင်း မရှိလောက်အောင် အနာဂါမ်ဖြစ်ပြီးသော လူသူတော်ဖြစ်သည်”ဟု မိန့်တော်မူရလေသည်၊ ထိုအခါကျမှ မဟာရာဇာလည်း အတော်အတန်ကျေနပ်၍ “ဥပါသကာ သင်အလိုရှိတာများရှိလျှင် ပြောပါ”ဟု ဖိတ်မန်လေသည်၊ ဥပါသကာကလည်း “ကောင်းပါပြီ မင်းမြတ်”ဟု သံတော်ဦး တင်လိုက်၏။
ဥပါသကာနှင့် ပြန်၍ တွေ့ခြင်း။ ။ ထိုကဲ့သို့ တွေ့ကြုံပြီးနောက် အခါတစ်ပါး၌ ကောသလမဟာရာဇာသည် နန်းတော် အထက်ထပ်မှာ နေစဉ် ထိုဥပါသကာသည်ပင် နန်းယင်ပြင် ရထားလမ်း၌ ထီး ဆောင်း၍ ဖိနပ်စီးလျက် ခရီးသွားနေသည်ကိုမြင်၍ အခေါ်ခိုင်းပြန်လေသည်၊ ထိုအခါ၌ကား အခေါ်ခိုင်းကြောင်းကို ကြားလျှင်ပင် ထီးကိုရုပ်၍ ဖိနပ် ချွတ်ကာ ဘုရင့်အထံသို့ လာ၍ ရှိခိုးဝပ်ချပြီးမှ ရိုသေစွာ, ထိုင်နေလေသည်၊ ထိုအခါ ကောသလမဟာရာဇာသည် ထိုဥပါသကာအား နန်းတွင်းသူတို့ကို စာချပေးဖို့ရန် တိုက်တွန်း၏၊ ဥပါသကာကလည်း နန်းတွင်း၌ အပြစ်များပုံကို မြင်၍ “အရှင်မင်းမြတ်—ကျွန်တော်မျိုး တရားသိရခြင်းမှာ ရဟန်းတော်များ အထံမှ တဆင့်နာယူ၍ သိရခြင်းဖြစ်ပါသည်၊ ရဟန်းတော်များ ကိုယ်တိုင် နန်းတော်သူများကို သင်ပေးသင့်ပါသည်”ဟု သံတော်ဦးတင်လေသည်၊ မင်းတရားလည်း သူသံတော်ဦးတင်တာ မှန်ပေသားဘဲ”ဟု ယူဆ၍ ဥပါသကာကို ပြန်လွှတ်လိုက်လေသည်။
ရှင်အာနန္ဒာ စာသင်ပေးခြင်း။ ။ ထို့နောက် ဘုရား အထံတော်ဝယ် ရဟန်းတစ်ပါးကို တောင်းသောအခါ အရှင်အာနန္ဒာကိုရ၍ မကြာမကြာ စာသင်ပေးခြင်း နန်းတော်သို့ ကြွလာပြီးလျှင် အရှင်အာနန္ဒာ ကိုယ်တော်တိုင် နန်းတော်သူများကို တရား(စာ) သင်ပေးတော်မူရလေသည်၊ ထိုသို့ မကြာမကြာ ကြွလာရာဝယ် တစ်နေ့သောအခါ၌ကား ကောသလမင်းနှင့် မလ္လိကာတို့ စက်တော်ခန်းဆောင်မှာ နေစဉ် အရှင်အာနန္ဒာလည်း နန်းတော် အဆောင်သို့ ဝင်လာသည်ကို မလ္လိကာမြင်၍ ကပျာကယာထလိုက်ရာ ချောမွေ့သော ခါးဝတ်လွှာသည် လျောကျသွားလေတော့၏၊ အရှင်အာနန္ဒာလည်း ရှေ့တိုးမသွားတော့ဘဲ ထိုနေရာမှ ပြန်လှည့်လေတော့၏၊ ကျောင်းတော်သို့ ပြန်ရောက်သောအခါ လှည့်ပြန်ခဲ့ရခြင်း၏ အကြောင်းကို ရဟန်းတို့အား
စာမျက်နှာ-၂၄၇
ပြောပြလေရာ ရဟန်းတို့က “လာမည့်အကြောင်းကို တင်ကြို၍ အသိမပေးဘဲ ဝင်ရမလား”ဟု အပြစ်တင်ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ရညော ခတ္တိယဿ မုဒ္ဓါဘိသိတ္တဿ အနိက္ခန္တရာဇကေ အနိဂ္ဂတရတနကေ ပုဗ္ဗေ အပ္ပဋိသံဝိဒိတော ဣန္ဒခီလံ အတိက္ကာမေယျ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင် ရဟန်းသည် ခတ္တိယဇာတ်ရှိသော ဘိသိက်ခံ ပြီးသောမင်း၏ မထွက်သေးသော မင်းရှိသော မထွက်သေးသော မိဖုရားရတနာရှိသော စက်တော်ခန်းဆောင်၌ မဝင်မီ ရှေးအဖို့က (မိမိဝင်လာမည့်အကြောင်းကို) မသိစေဘဲ တံခါးခုံကို ကျော်လွန်စေအံ့၊ ထိုရဟန်းပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ ခတ္တိယဇာတ် (မင်းမျိုးမင်းနွယ်)လည်းဖြစ်, အဘိသိက်သွန်းပြီးလည်း ဖြစ်သော မင်း၏ ခန်းဆောင်ကို ဝင်မှ ပါစိတ်အာပတ်သင့်သည်။ ခတ္တိယလည်းမဟုတ်, ခတ္တိယ ဟုတ်စေကာမူ အဘိသိက် မသွန်းရသေးသော မင်း၏ ခန်းဆောင်သို့ဝင်ရာ၌ကား ဤသိက္ခာပုဒ်အရ အာပတ်မသင့်၊ သို့သော် ယခုကာလ၌ပင် ရာဇာဆိုသူတို့၏ အိမ်တော်တွင်းသို့ ဝင်ထွက် သွားလာခြင်း၌ အပြစ်မကင်း တတ်ပုံကိုကား ထိုသိက္ခာပုဒ်၌ ဘုရားဟောတော်မူထားသော အပြစ်များဖြင့် ထင်ရှားသိနိုင်ပေသည်။
အိမ်တော်ဝင်မှု အပြစ်ဆယ်ခု
၁။ မင်း မိဖုရားတို့ အတူနေစဉ် နန်းတော် အိမ်တော်သို့ ဝင်လာသော ရဟန်းကို မိဖုရားမြင်၍ ပြုံးမိတတ်၏၊ ရဟန်းကသော်လည်း မိဖုရားကို “ကြည့်၍ ပြုံးမိတတ်၏။ ထိုသို့ပြုံးမိရာ၌ “သူတို့နှစ်ယောက်ဟာ ဟိုကိစ္စ ဒီကိစ္စပြုပြီးသော်လည်း ဖြစ်လိမ့်မည်၊ သို့မဟုတ် နောင်ပြုဖို့ရန် အချိန်း အချက်သော်လည်း ရှိလိမ့်မည်၊ ဒါကြောင့်သာ ပြုံးတာဘဲ” ဟု ရှင်ဘုရင် အထင်လွှဲတတ်သည်၊ (ရှင်ဘုရင် အထင်လွဲနေလျင် တစ်စုံတစ်ခု အပြစ်ရှာစရာရှိသည်-ဟူလို၊)ဤကား နန်းတော်ဝင်မှု၌ အပြစ် တစ်ခုတည်း။
၂။ မင်းဆိုသည်မှာ ကိစ္စအလွန်များသူ ဖြစ်၏၊ နန်းတော်သူ မောင်းမငယ် တစ်ယောက်ယောက်ကို သွားလာပြီးသော်လည်း မမှတ်မိဘဲ ဖြစ်နေတတ်၏၊ ထိုမောင်းမငယ်သည် တကယ်လို့များ ကိုယ်ဝန်ရှိလာသော
စာမျက်နှာ-၂၄၈
အခါ ရှင်ဘုရင်သည် သူသွားလာဘူးသည်ကို အမှတ် မရဘဲ “အိမ်တော်တွင်းမှာ အခြားယောက်ျား အထွက် အဝင် မရှိ၊ ရဟန်းသာ အတွက်အဝင်ရှိ၏၊ မောင်းမငယ် ကိုယ်ဝန်ဟာ ရဟန်းနှင့် ရတာလေလား”ဟု ယုံမှားသံသယ ဖြစ်တတ်သည်၊ ဤကား အိမ်တော်ဝင်မှု၌ ဒုတိယအပြစ်တစ်ခုတည်း။
၃။ နန်းတော်၌ အဖိုးတန်ရတနာ ပျောက်သောအခါလည်း အဝင် အထွက်များသော ရဟန်းကိုပင် အထင်မှားတတ်၏။ ဤကား အိမ်တော်ဝင်မှု၌ တတိယအပြစ်တစ်ခုတည်း။
၄။ နန်းတော်တွင်း၌ လျှို့ဝှက်စွာ တိုင်ပင်ထားသော အကြံအစည်တစ်စုံ တရာသည် အတွင်းသူလျှိုများကြောင့် အပြင်ဘက်၌ ပေါက်ကြား တတ်၏၊ ထိုအခါ၌လည်း အဝင်အထွက်များသော ရဟန်းကိုပင် အထင်မှားတတ်၏၊ ဤကား အိမ်တော်ဝင်မှု၌ စတုတ္ထအပြစ်တစ်ခုတည်း။
၅။ တစ်ရံတစ်ခါ သားတော်နှင့် ခမည်းတော်တို့ အဆင်မပြေဘဲ ရှိတတ်၏၊ သားတော်ကသော်လည်း ခမည်းတော်ကို လုပ်ကြံဖို့ရန် ကြံစည်တတ်၏၊ ခမည်းတော်ကသော်လည်း သားတော်ကို ဖမ်းဆီးဖို့ရန် ကြံစည်တတ်၏၊ ထိုသို့ဖြစ်ရာ၌ “ရဟန်း၏ ကုန်းတိုက်မှုကြောင့် ဤသို့ ဖြစ်ရလေသလား”ဟု ယုံမှားခံရတတ်၏၊ ဤကား အိမ်တော်ဝင်မှု၌ ပဉ္စမအပြစ်တစ်ခုတည်း။
၆။ တစ်ရံတစ်ခါ၌ ရှင်ဘုရင်သည် ရာထူးနိမ့်သူကို ရာထူးမြှင့်ပေးတတ်၏၊ ထိုသို့မြှင့်ပေးခြင်းကို မလိုလားသူတို့က “ရှင်ဘုရင်သည် ရဟန်းနှင့် အကျွမ်းဝင်၏၊ ရဟန်းက ပြောပေးလို့ ရာထူးတက်တာ ထင်သည်” ဟု ရဟန်းကိုပင် အထင်မှားတတ်, အငြိုးထားတတ်၏၊ ဤကား အိမ်တော်ဝင်မှု၌ ဆဋ္ဌမအပြစ်တစ်ခုတည်း။
၇။ တခါတရံ ရှင်ဘုရင်သည် ရာထူးမြင့်နေသူကို ရာထူးလျှော့ချတတ်၏၊ ထိုသို့လျှော့ချခြင်းကို မလိုလားသူတို့က “ရှင်ဘုရင်သည် ရဟန်းနှင့် တိုင်ပင်နှီးနှော ပြောဆိုလေ့ရှိ၏၊ ဒီကိစ္စဟာ ရဟန်း၏ အကြံများ ဖြစ်လေသလား” ဟု ယုံမှားတတ်, အငြိုးထားတတ်၏၊ ဤကား အိမ်တော်ဝင်မှု၏ သတ္တမအပြစ်တစ်ခုတည်း။
စာမျက်နှာ-၂၄၉
၈။ တစ်ရံတစ်ခါ ရှင်ဘုရင်သည် ... အချိန်ကာလမဟုတ်ဘဲ စစ်တပ်ကို တနေရာသို့ ပို့တတ်၏၊ ထိုသို့ ပို့ခြင်းကို မလိုလားသူတို့က‘ “ရဟန်းနှင့် တိုင်ပင်၍ ပို့တာလေလား”ဟု ရဟန်းကိုပင် ယုံမှားတတ်၏၊ ဤကား အိမ်တော်ဝင်မှု၏ အဋ္ဌမအပြစ်တစ်ခုတည်း။
၉။ တစ်ရံတစ်ခါ ရှင်ဘုရင်သည် လွှတ်သင့်ရာအခါဝယ် စစ်တပ်ကို လွှတ်ပြီးမှလည်း လိုရာအရပ်သို့ မရောက်မီ လမ်းခရီးအကြားမှ ပြန်၍ ခေါ်တတ်၏။ ထိုသို့ ပြန်ခေါ်ခြင်းကို မလိုလားသူတို့က “ရဟန်း၏ သဘောကျ လုပ်တာလေလား” ဟု ရဟန်းကိုပင် ယုံမှားတတ်၏၊ ဤကား အိမ်တော်ဝင်မှု၌ နဝမအပြစ်တစ်ခုတည်း။
၁၀-နန်းတော် အိမ်တော်ဆိုသည်မှာ ဆင်သံ မြင်းသံ-ရထားသံတို့ဖြင့် ဆူညံတတ်၏၊ တပ်မက်ဖွယ်ရာ အဆင်း အသံ အနံ့ အရသာစသော အာရုံတို့သည်လည်း ပေါများလှ၏၊ ထိုအားလုံးသည်ပင် သူတော်ကောင်းရဟန်းများနှင့် မလျော်ချေ၊ ဤသို့မလျော်သော အာရုံများသော အိမ်တော်တွင်းသို့ ဝင်ထွက်သွားလာ နေထိုင်ရခြင်းသည်လည်း ရဟန်းများအတွက် ဒသမ အပြစ်တစ်မျိုးပင် ဖြစ်သည်။
မှတ်ချက်။ ။ ဤပြခဲ့သော အပြစ်များသည် အစိုးရအိမ်များ၌သာ ရှိသည်မဟုတ်သေး၊ အထက်တန်း လူကုံထံတို့ အိမ်များ၌လည်း ရှိနိုင်၏၊ ထို့ကြောင့် ရဟန်းတော်များသည် အစိုးရနှင့်လူကုံထံ အိမ်သာမက သာမန်လူဝတ်ကြောင်တို့ အိမ်များ၌လည်း အထူးပင့်ဖိတ်ချက် မရှိလျှင် မသွားဘဲ ရှောင်ကြဉ်ခြင်းသာ အပြစ်ကင်းလွတ်ပေလိမ့်မည်။
ခ။ ရတနသိက္ခာပုဒ်
အမှုသည်—ရဟန်းတစ်ပါး။
အမှု—ငွေထုပ်ကိုသိမ်းထားမှု။
ပုဏ္ဏား၏ ငွေထုပ်။ ။ ရဟန်းတော်တစ်ပါးသည် အစီရဝတီမြစ်၌ ရေချိုးနေစဉ် ပုဏ္ဏားတစ်ယောက်လည်း အသပြာ(ငွေ)ငါးရာထုပ်ကို ကုန်းပေါ်မှာချထား၍ ရေဆင်းချိုး၏၊ ထိုပုဏ္ဏားသည် ရေချိုးပြီးနောက် ထိုအသပြာထုပ်ကိုမေ့၍ ပြန်သွားလေသော် ရဟန်းတော် တွေ့၍ (အခြားသူ ယူသွားမည်စိုးသောကြောင့် ပြန်ပေးဖို့ရာ) ကောက်ယူ
စာမျက်နှာ-၂၅၀
ထားလေ၏၊ ထိုပုဏ္ဏားလည်း အတော်သွားပြီးမှ သတိရ၍ ပြန်လာပြီးလျှင် ရဟန်းကို မေးလေရာ ထိုရဟန်းထံမှ အလွယ်တကူပြန်ရလေ၏။
[ထိုခေတ်၌ ထိုကဲ့သို့ ကိစ္စဝယ်ကျေးဇူးတင်၍ ငွေတရာလျှင် ငါးကျပ်ကျ ပြန်ပေးလေ့ရှိ၏၊] ပုဏ္ဏားသည် ထိုသို့ပေးရမည် စိုးသောကြောင့် “ကျွန်ုပ်ဟာ ငါးရာမဟုတ်ဘူး, တထောင်ဖြစ်တယ်"ဟု ပြော၍ ထိုရဟန်းတော်ကို အနှောက်အရှက်
ပေးပြီးမှ လွတ်လိုက်လေသည်။ ရဟန်းတော်လည်း ကျောင်းတော်ရောက်၍ သူ့ဖြစ်ပုံကို ပြောပြလေရာ ရဟန်းကိုသာ ဝိုင်း၍ “ရတနာ (ငွေ) ကိုကောက်ယူ သိမ်းထားရမလား”ဟု အပြစ်တင်ကြလေသည်၊ ထိုအကြောင်းကို သိတော်မူ၍ “ယောပန ဘိက္ခု ရတနံဝါ ရတန သမ္မတံဝါ ဥဂ္ဂဏှေယျဝါ ဥဂ္ဂဏှာပေယျဝါ၊ ပါစိတ္တိယံ”၊ ရတနာကိုဖြစ်စေ ရတနာဟု သမုတ်အပ်သော ဝတ်စားတန်ဆာကိုဖြစ်စေ ကိုယ်တိုင်ကောက်ယူလျှင် သို့မဟုတ် အကောက်အယူခိုင်းလျှင် ပါစိတ်အာပတ်သင့်၏။]ဟု မူလပညတ်ကိုထားတော်မူရလေသည်။
ဝိသာခါ၏ ဘဏ္ဍာထုပ်။ ။ ထိုသို့ မူလပညတ်တော်ကို ပညတ်တော်မူပြီးရာ အခါတစ်ပါး သာဝတ္ထိမြို့တော်ဝယ် ကြီးကျယ်သောဥယျာဉ်ပွဲ ရှိ၏၊ လူအများပင် ဝတ်စားတန်ဆာပြင်ဆင်၍ ဥယျာဉ်သို့ သွားကြ၏၊ ဝိသာခါလည်း ဥယျာဉ်သွားမည်ဟု ဆင်ပြင် ထွက်လာပြီးမှ ဘုရားအထံတော်သို့ သွားလိုသောစိတ် ဖြစ်ပေါ်လာသဖြင့် ဆင်ပြင်
ထားသော တန်ဆာကို ချွတ်၍ နောက်ပါကျွန်မထံ ထိုးအပ်လျက် ဘုရားအထံ ချဉ်းကပ်လေသည်။ ဘုရားရှင်၏ ဩဝါဒကို နာယူပြီးနောက် ပြန်သွားသောအခါ ကျွန်မသည် ထိုတန်ဆာထုပ်ကို မေ့ထားခဲ့လေရာ ရဟန်းများတွေ့၍ ဘုရားရှင်အား လျှောက်ကြသဖြင့် “ကောက်ယူသိမ်းထား လိုက်ကြ”ဟု မိန့်တော်မူပြီးလျှင် “ကျောင်းတိုက် အာရာမ်အတွင်း၌ ဖြစ်မူ ကောက်ယူနိုင် သိမ်းထားနိုင်၏။ ကျောင်းတိုက်အာရာမ်မှ အခြားအရပ်၌ ကောက်ယူသိမ်းထားလျှင် ပါစိတ်အာပတ်”ဟု မိန့်တော်မူ၍ “ယောပန ဘိက္ခု ရတနံဝါ ရတနသမ္မတံဝါ အညတြ အဇ္ဈာရာမာ ဥဂ္ဂဏှေယျဝါ ဥဂ္ဂဏှာပေယျဝါ၊ ပါစိတ္တိယံ”ဟု အနုပညတ် တပ်တော်မူရလေသည်။
အလုပ်သ္မား၏ လက်စွပ်။ ။ ထိုသို့ ပညတ်တော် မူပြီးသောအခါ များစွာသော ရဟန်းတော်တို့သည် ကာသိနယ်သို့ ဒေသစာရီ လှည့်လည်ကြလေရာ အနာထပိဏ် သူဌေး၏ အလုပ်
စာမျက်နှာ-၂၅၁
သ္မားများနေရာ ရွာသို့ရောက်ကြလေသည်။ အနာထပိဏ်သူဌေးသည် သူ၏ အတွင်းလူတစ်ယောက်ကို “ရဟန်းတော်များ ရောက်လာလျှင် ဆွမ်းပြုစုဖို့ မှာထား၏” ထို့ကြောင့် ထိုအတွင်းလူ အလုပ်သ္မားသည် ရဟန်းတော်များကို ပင့်၍ ဆွမ်းကပ်ခါနီးတွင် သူ၏ လက်စွပ်ကို ချွတ်ထား၏၊ ဆွမ်းကပ်ပြီးလျှင် “အရှင်ဘုရားများလဲ ဆွမ်းဘုန်းပေးပြီး အလိုရှိရာ ကြွကြပေတော့၊ တပည့်တော်လဲ အလုပ်သွားစရာ ရှိပါသေးသည်”ဟုလျှောက်၍ လက်စွပ်ကို မေ့ပြီး အလုပ်သွားလေသည်။
ထို့နောက် ရဟန်းတော်များသည် ထိုလက်စွပ်ကိုမြင်၍ “ငါတို့သွားလျှင် ဤလက်စွပ် ပျောက်ရှာတော့မည်”ဟု စိုးရိမ်ကြသောကြောင့် မပြန်သေးဘဲ ဆွမ်းစားသော နေရာ၌ပင် နေကြလေရာ အလုပ်သ္မားပြန်လာမှ အကြောင်းကို ပြောပြ၍ ပြန်ကြွတော်မူကြလေသည်၊ ထိုအကြောင်းကို ဘုရားရှင်သိတော်မူ၍ “ကျောင်းတိုက်အတွင်း မဟုတ်သော်လည်း (ခေတ္တဖြစ်စေ) မိမိနေထိုင်ရာ အိမ်ကျောင်းစသော အရပ်၏အတွင်း၌ ကောက်ယူ သိမ်းထားနိုင်၏၊ အာရာမ်အတွင်း နေရာအရပ်အတွင်းမဟုတ်လျှင် မကောက်မယူရ”ဟု ဒုတိယ အနုပညတ် တပ်ဆင့်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု ရတနံ ဝါ ရတနသမ္မတံ ဝါ အညတြ အဇ္ဈာရာမာ ဝါ အဇ္ဈာဝသထာ ဝါ ဥဂ္ဂဏှေယျ ဝါ ဥဂ္ဂဏှာပေယျ ဝါ, ပါစိတ္တိယံ။ ရတနံ ဝါ ပန ဘိက္ခုနာ ရတနသမ္မတံ ဝါ အဇ္ဈာရာမေ ဝါ အဇ္ဈာဝသထေ ဝါ ဥဂ္ဂဟေတွာ ဝါ ဥဂ္ဂဟာပေတွာ ဝါ နိက္ခိပိတဗ္ဗံ “ယဿ ဘဝိဿတိ, သော ဟရိဿတီ”တိ, အယံ တတ္ထ သာမီစိ။
မြန်မာပြန်။ ။ ရဟန်းသည် ရတနာကိုဖြစ်စေ ရတာဟု သမုတ်အပ်သော အသုံးအဆောင်ကိုဖြစ်စေ အာရာမ်အတွင်း မိမိနေရာဌာန အတွင်းကို ကြဉ်၍ ကိုယ်တိုင်သော်လည်း ကောက်ယူအံ့၊ သူတစ်ပါးကိုသော်လည်း ကောက်အယူခိုင်းအံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။ ဆက်ဦးအံ့၊ ရဟန်းသည် ရတနာကိုဖြစ်စေ ရတနာဟု သမုတ်အပ်သော အသုံးအဆောင်ကိုဖြစ်စေ အာရာမ်အတွင်း၌သော်လည်းကောင်း, မိမိနေရာဌာနအတွင်း၌သော်လည်းကောင်း, ကိုယ်တိုင်ကောက်ယူပြီး၍ ဖြစ်စေ သူတစ်ပါးကို ကောက်အယူခိုင်း၍ ဖြစ်စေ သိမ်းထားနိုင်၏၊ အဘယ်သို့ ရည်ရွယ်၍ သိမ်းထားရမည်နည်း၊
စာမျက်နှာ-၂၅၂
“အကြင်သူ၏ ဥစ္စာဖြစ်လတံ့၊ ထိုဥစ္စာရှင်သည် ဆောင်ယူလာလိမ့်မည်” ဤသို့ရည်ရွယ်၍ သိမ်းထားရမည်၊ ဤသို့ကောက်ယူ၍ သိမ်းထားခြင်းသည် ထိုရတန, ရတနသမ္မတကို တွေ့ရာ၌ လောကုတ္တရာတရားအားလျော်သော ကျင့်ဝတ်တစ်မျိုးပေတည်း။
မှတ်ချက်။ ။ “ရတနာ”ဟူသည် ရွှေငွေ ပုလဲစသော ရတနာ ၇-ပါးတည်း၊ “ရတနာဟု သမုတ်အပ်သော အသုံးအဆောင်” ဟူသည် ရတနာ အတုများနှင့် ဝတ်စားတန်ဆာ အဝတ်အထည် အသုံးအဆောင်များတည်း၊ ထိုပစ္စည်းများကို ကျောင်းတိုက်အတွင်း မိမိနေရာဌာန အတွင်း၌ မေ့နေရစ်သော်လည်းကောင်း, ကျရစ်သော်လည်းကောင်း, သိမ်းဆည်းမထားလျှင် ရဟန်း သာမဏေများ ယူထားသည်ဟု ထင်ဖွယ်ရှိသောကြောင့် ကောက်ယူ သိမ်းထားဖို့ရန် ဝတ်တရားရှိသည်ဟု ပညတ်တော်မူခြင်းဖြစ်သည်၊ ထိုသို့ ကောက်ယူသိမ်းထားဖို့ရန် ဝတ်တရားရှိလျက် ဝတ်တရားပျက်ကွက်လျှင်ကား-ဝတ္တဘေဒဒုက္ကဋ်(ဝတ်ပျက်မှုအာပတ်)သင့်သေး၏။
ဆက်ဦးအံ့။ ။ ထိုသို့ အထင်မှားမည်စိုး၍သာ သိမ်းထားခွင့်ရှိသောကြောင့် အထင် မှားစရာမရှိသော လူအများ နေထိုင်ရာ သွားလာရာအရပ်၌ကား ကောက်ယူသိမ်းထား ခွင့်မရ၊ ထို့ပြင် လူဝတ်ကြောင်တို့က “မည်သည့်ပစ္စည်းကို သိမ်းထားပေးစမ်းပါ”ဟု စေခိုင်းလျှင်လည်း မိဘပစ္စည်းပင်ဖြစ်စေကာမူ သိမ်းဆည်းမပေးရ၊ “ငါတို့မှာမအပ်ဘူး” ဟု ပယ်ရမည်၊ သူတို့က အရေးကြီး၍ အတင်းထားသွားလျှင်ကား မတတ်သာ၍ ကြည့်ရှု သိမ်းထားခွင့်ရှိသည်-ဟူ၏။
ဂ။ ဝိကာလေ ဂါမပ္ပဝေသန သိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—နေလွဲအခါ ရွာတွင်းဝင်၍ တိရစ္ဆာနကထာ (နတ်ပြည်လမ်း, နိဗ္ဗာန်လမ်း = မဂ်တရား၏ ဖီလာကန့်လန့် ဖြစ်သော စကားကို)ပြောဆိုမှု။
ဆဗ္ဗဂ္ဂီရဟန်းများ။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် နေလွှဲအခါ၌ ရွာတွင်း(မြို့တွင်း)သို့ ဝင်သွား၍ သဘာတစ်ခု၌ ထိုင်ပြီးလျှင် “တိရစ္ဆာနကထာ”ဟု ခေါ်ဝေါ်အပ်သော စကားအမျိုးမျိုး ပြောဆိုကြလေသည်။
မှတ်ချက်။ ။ ပွဲလမ်းသဘင်ကိုလည်းကောင်း, ဈေးရုံကိုလည်းကောင်း, တရားရုံးကိုလည်းကောင်း, “သဘာ”ဟု ခေါ်၏၊ “တိရစ္ဆာန”ဟူသည် ဖီလာကန့်လန့် = ဆန့်ကျင်ဘက်တည်း၊ အကြင်စကားသည် နတ်ပြည် လူ့ ပြည် သုဂတိသို့ရောက်ကြောင်း
စာမျက်နှာ-၂၅၃
လည်း မဟုတ်၊ နိဗ္ဗာန်ရောက်ကြောင်းလည်း မဟုတ်၊ ထိုစကားသည် သုဂတိလမ်း နိဗ္ဗာန်လမ်းနှင့် ဆန့်ကျင်ဘက် ဖီလာကျနေသောကြောင့် “တိရစ္ဆာနကထာ”မည်၏။ ထိုတိရစ္ဆာနကထာများကား-
၁။ ရာဇကထာ-မင်း (အစိုးရ)ကို အကြောင်းပြု၍ ပြောဆိုအပ်သော စကား၊ မည်သည့် မင်းသည် ဘုန်းတန်ခိုးကြီး၏၊ ရုပ်အဆင်းလှ၏၊ သို့မဟုတ် ဘုန်းတန်ခိုးညံ့၏၊ အရုပ်ဆိုး၏၊ မိဖုရားနှင့် သားတော်သ္မီးတော်မည်မျှရှိ၏၊ ဤသို့ စသော အကျိုးမရှိသော ရာဇဝင်စကားမျိုးတည်း၊ မည်သည့်မင်းသည် သာသနာတော်ကို မည်သို့ မည်ပုံ ပြုစု၏။ တိုင်းပြည်ကောင်းစားအောင် မည်သို့မည်ပုံ ကြိုးစား၏၊ ထိုသို့ ဘုန်းတန်ခိုးကြီးသော မင်းသော်မှလည်း နောက်ဆုံးကျတော့ သေရသေးတာဘဲ, စသည်ဖြင့် တရားနှင့်စပ်သောစကား မျိုးကား တိရစ္ဆာနကထာမဟုတ်။
၂။ စောရကထာ-သူခိုးဓားပြ သူပုန် အကြောင်းကို ပြောသောစကား၊ သူပုန်ထပုံ ဓားပြတိုက်ပုံ ခိုးယူပုံ အစွမ်းသတ္တိရှိပုံစသော စကားမျိုးတည်း။
၃။ မဟာမတ္တကထာ-အမတ်ကြီး ဝန်ကြီးများ၏ ကောင်းကြောင်း မကောင်းကြောင်းကို ပြောသောစကား။
၄။ သေသနာကထာ-စစ်တပ်၏ အရည်အခြင်း ရှိကြောင်း မရှိကြောင်းကို ပြောသောစကား၊
၅။ ဘယကထာ-စစ်ဘေး သူခိုးဓားပြဘေး ငတ်မွတ်ခြင်းဘေး စသည်တို့၏ အကြောင်းကိုပြောသောစကား။
၆။ ယုဒ္ဓကထာ-စစ်တိုက်ရာ၌ မည်သူက မည်သူကို သတ်လိုက်ကြောင်း စသည်ဖြင့် စစ်အကြောင်းကို ပြောသောစကား။
၇။ အန္နကထာ-“မည်သည့် ထမင်းဟင်းဟာ မည်ကဲ့သို့ ကောင်း၏” စသည်ဖြင့် ထမင်းဟင်းတို့၏အကြောင်းအရာကို ပြောသောစကား။
၈။ ပါနကထာ-“မည်သည့် သောက်ဖွယ် အဖျော်ရည်သည် မည်သို့ ကောင်း၏” စသည်ဖြင့် သောက်ဖွယ် အဖျော်ရည်တို့၏-အကြောင်းကို ပြောသောစကား၊
၉။ ဝတ္ထကထာ– “မည်သည့်အဝတ် (သင်္ကန်း-ခြုံထည်စသည်)သည် မည်ကဲ့သို့ အဆင်းကောင်း အသွေးကောင်း အသားကောင်းတို့သည်ဖြင့် အဝတ်အကြောင်းကိုပြောသောစကား။
စာမျက်နှာ-၂၅၄
၁၀။ သယနကထာ-“မည်သည့်အိပ်ရာနေရာသည် မည်သို့ ညက်ညော၏” စသည်ဖြင့် အိပ်ရာနှင့်စပ်သော စကား။
၁၁။ မာလာကထာ-“မည်သည့် ပန်းကုံး ပန်းခိုင်သည် မည်သို့ မည်ပုံ လှ၏”စသည်ဖြင့် ပန်းကုံး ပန်းခိုင်အကြောင်းကို ပြောသောစကား
၁၂။ ဂန္ဓကထာ-“မည်သည့် နံ့သာသည် မည်သို့မည်ပုံ မွှေးကြိုင်၏” စသည်ဖြင့် နံ့သာ (မျက်နှာချိပေါင်ဒါ သနပ်ခါးစသည်၏) အကြောင်းအရာကိုပြောသောစကား။
၁၃။ ဉာတိကထာ- “ငါတို့ ဆွေမျိုးသည် သတ္တိရှိ၏, ပစ္စည်းပေါ၏” စသည်ဖြင့် ဆွေမျိုးအကြောင်းကို ပြောသောစကား
၁၄။ ယာနကထာ-“မည်သည့်မော်တော်ကား မည်သည့်ရထားသည် စီးလို့ကောင်း၏”စသည်ဖြင့် ယာဉ်ရထားအကြောင်းကို ပြောသောစကား။
၁၅။ ဂါမကထာ- “မည်သည့်ရွာသည် သာယာ၏၊ ထိုရွာသူရွာသားတို့သည် ရဲရင့်၏”စသည်ဖြင့် ရွာအကြောင်းကို ပြောသောစကား။
၁၆, ၁၇, ၁၈။ နိဂမ-(နိဂုံး) နဂရ (မြို့) ဇနပဒ (ဇနပုဒ်=နယ်=ခရိုင်) တို့၏အကြောင်းအရာကို ပြောသောစကား။
၁၉။ ဣတ္ထိကထာ-“မည်သည့်မိန်းမသည် ရုပ်ချော၏စသည်ဖြင့် မိန်းမ အကြောင်းကို ပြောသောစကား။
၂၀။ သူရကထာ-“မည်သည့် သူရဲကောင်း စစ်ဗိုလ်ကြီးသည် မည်သို့ ရဲရင့်၏” စသည်ဖြင့် သူရဲကောင်းများ၏ အကြောင်းကို ပြောသောစကား။
၂၁။ ဝိသိခါကထာ-“မည်သည့်လမ်းသည် သာယာ၏၊ ထိုလမ်းက လူများသည် သတ္တိရှိ၏” စသည်ဖြင့် လမ်းဆုံ လမ်းမ၏ အကြောင်းကို ပြောသောစကား။
၂၂။ ကုမ္ဘဋ္ဌာနကထာ-အိုး၏တည်ရာ အရပ်နှင့်စပ်၍ အိုးခွက်လုပ်ရာဌာန (ပုဂံစက်)၏ အကြောင်း, အိုးလုပ်သမား၏ ကျွန်မအကြောင်း, ရေခပ်ဆိပ်ကမ်း၏အကြောင်းကိုပြောသော စကား။
၂၃။ ပုဗ္ဗပေတကထာ-သေလွန် ပြီးသော ဆွေမျိုးများ၏ ဂုဏ်ကို ပြောသောစကား။
စာမျက်နှာ-၂၅၅
၂၄။ နာနတ္တကထာ-ပြခဲ့သော စကားတို့မှ တစ်ပါး အကျိုး မရှိသော ရပ်စကား ရွာစကားအမျိုးမျိုး။
၂၅။ လောကက္ခာယိကာ-“ဒီကမ္ဘာလောကကို မည်သူ (ဗြဟ္မာကြီး ထာဝရဘုရား)ဖန်ဆင်းထား၏”စသည်ဖြင့်လည်းကောင်း, တစ်ယောက်က “ကျီးကန်းသည် မဲ၏”ဟုပြော၍ တစ်ယောက်က “ဖြူတယ်” ဟုငြင်း၍ “ဘာ့ကြောင့်လဲ”ဟုမေးလျှင် “အရိုးဖြူလို့” စသည်ဖြင့်လည်းကောင်း, ဆန့်ကျင်ဘက် စကားများ။
၂၆။ သမုဒ္ဒက္ခာယိက-သမုဒြာကို ဘယ်သူ တူးသလဲ၊ သာဂရနတ် (သို့မဟုတ်-မင်းသားမျိုး) တူးတယ်၊ ဒါ့ကြောင့် ပါဠိလို “သာဂရ”လို့ခေါ်တယ်၊ ဤသို့စသည်ဖြင့် သမုဒြာနှင့်စပ်သောစကား။
၂၇။ ဣတိ ဘဝါဘဝကထာ-ဤသို့ကြီးပွား၏, ဤသို့ ဆုတ်ယုတ်၏ဟု ကြီးပွားမှု, ဆုတ်ယုတ်မှုနှင့်စပ်သော စကား။
မှတ်ချက်။ ။ ဤပြခဲ့သော စကားတို့သည် သက်သက်အကျိုးမရှိသော, တချို့လည်း အနက်အဓိပ္ပါယ်မရှိသော သမ္ဖပ္ပလ္လာပ စကားဖြစ်၍ ရဟန်း သံဃာကို မဆိုထားဘိ လူကြီး လူကောင်းများပင် မပြောသင့်၊ အကြောင်းအားလျော်စွာ ပြောခွင့်ကြုံလာလျှင်လည်း သဒ္ဓါတရားရှိကြောင်း စိတ်ကောင်း နှလုံးကောင်းရှိကြောင်း, သို့မဟုတ် မတရားလုပ်သဖြင့် လောကမှာပင် ပျက်စီးကြောင်း, အားလုံး အနိစ္စချည်းဖြစ်ကြောင်းစသည်ဖြင့် တရားနှင့် မကင်းအောင်ဆက်သွယ်၍ ပြောလျှင်ကား ပြောကောင်းပါသေး၏။
မူလပညတ်တော်။ ။ ဤသို့ တိရစ္ဆာနကတာကို ပြောဆိုနေကြသော ရဟန်းတို့ကိုမြင်၍ လူတို့က “ရဟန်းလုပ်ပြီး(လူများလို)တွေ့ကရ တိရစ္ဆာနကထာကို ပြောဆိုနေရသလား”ဟု ကဲ့ရဲ့ကြသောကြောင့် “ယောပန ဘိက္ခု ဝိကာလေ ဂါမံ ပဝိသေယျ ပါစိတ္တိယံ” ဟု နေ့လွှဲအခါ မြို့တွင်းရွာတွင်း မဝင်ဖို့ရန် ပညတ်တော်မူရလေသည်။
ပထမ အနုပညတ်။ ။ ထိုသို့ သိက္ခာပုဒ် ပညတ်တော်မူပြီးနောက် များစွာသော ရဟန်းတို့သည် သာဝတ္ထိမြို့သို့ သွားစဉ်နေလွဲအခါ ရွာတစ်ရွာသို့ ရောက်ကြလေသော် လူတို့က ရွာတွင်း ဝင်ကြဖို့ရန် လျှောက်ကြသော်လည်း ထိုသိက္ခာပုဒ်တော်ကို စောင့်သိ ရိုသေသောအားဖြင့် မဝင်ဘဲ နေကြလေသည်၊ ထိုသို့ ရွာတွင်းမဝင်ဘဲ ရွာ၏ပြင်ဘက် နေကြသော ရဟန်းတို့ကို ခိုးသူတို့က လုယူကြသောကြောင့် “ယောပန ဘိက္ခု အနာပုစ္ဆ၁ ဂါမံ ပပိသေယျ၊ ပါစိတ္တိယံ = ရွာတွင်းသို့ ဝင်ပါဦးမည်
စာမျက်နှာ-၂၅၆
ဟု ခွင့်မပန်ဘဲဝင်လျှင် ပါစိတ်အာပတ်” (အချင်းချင်းခွင့်ပန်၍ ဝင်လျှင်ကား ဝင်ကောင်း၏)ဟု ပထမ အနုပညတ် ထပ်ဆင့်တော်မူရလေသည်။
ဒုတိယ အနုပညတ်။ ။ ထိုသို့ အနုပညတ် ထပ်ဆင့်တော်မူပြီးနောက် ရဟန်းတစ်ပါးသည် သာဝတ္ထိမြို့သို့ သွားစဉ် ညနေချမ်းအခါ ရွာ တစ်ရွာသို့ရောက်၍ လူတို့က “ရွာထဲသို့ဝင်ပါ” လျှောက်ကြလေရာ တစ်ပါးတည်း ဖြစ်နေ၍ အချင်းချင်း ခွင့်ပန်စရာ မရှိသောကြောင့် ရွာပြင်ဘက်မှာပင် နေရလေသည်၊ ထိုရဟန်းကိုလည်း ခိုးသူတို့က ပါသမျှ သပိတ်သင်္ကန်းကို လုယူကြသဖြင့် အဆင့်ဆင့် ဘုရားထံ လျှောက်ကြပြန်ရာ “ယောပန ဘိက္ခု သန္တံ ဘိက္ခုံ အနာပုစ္ဆာ ဝိကာလေ ဂါမံ ပဝိသေယျ၊ ပါစိတ္တိယံ = ထင်ရှားရှိနေသော ရဟန်းကို ခွင့်မပန်ဘဲ နေ့လွဲအခါ၌ ရွာတွင်းသို့ဝင်လျှင် ပါစိတ်အာပတ် (ခွင့်ပန်စရာ ရဟန်းတစ်ပါးမျှ ထင်ရှားမရှိလျှင် ခွင့်မပန်ဘဲလည်း ဝင်ကောင်း၏)”ဟု ဒုတိယအနုပညတ် ထပ်ဆင့်တော်မူရပြန်လေသည်။
တတိယ အနုပညတ်။ ။ ထိုသို့ ဒုတိယ အနုပညတ် ထပ်ဆင့်တော်မူပြီးနောက် အနုပညတ် နေ့လွှဲအချိန်ဝယ် ရဟန်းတစ်ပါးကို မြွေကိုက်သောကြောင့် အခြားရဟန်းတစ်ပါးသည် မီးယူဖို့ရာ ရွာဆီသို့ ကပျာကယာ သွား၍ ရွာနားရောက်မှ ခွင့်မပန်ခဲ့ရသည်ကို သတိရ၍ မဝင်ဘဲ ပြန်လာခဲ့ရလေသည်၊ ထိုအကြောင်းကို ဘုရားရှင်အား ရဟန်းများက လျှောက်ကြလေရာ “အရေးတကြီးကိစ္စရှိလျှင် ထင်ရှားရှိသော ရဟန်းကို ခွင့်မပန်ဘဲ ရွာတွင်းသို့ ဝင်နိုင၏”ဟု ခွင့်ပြုတော်မူကာ တတိယအနုပညတ် ထပ်ဆင့်၍ (ယခုအခါအပြည့်အစုံ တွေ့ရသော သိက္ခာပုဒ်ကို)ပညတ်တော် မူရပြန်လေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု သန္တံ ဘိက္ခုံ အနာပုစ္ဆာဝိကာလေ ဂါမံ ပဝိသေယျ အညတြ တထာရူပါ အစ္စာယိကာ ကရဏီယာ, ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင် ရဟန်းသည် ထိုသို့သဘောရှိသော အဆောတလျင် ပြုဖွယ်ကိစ္စကို ကြဉ်၍ ထင်ရှားရှိသော ရဟန်းကို မပန်ပြောဘဲ နေလွဲအခါ၌ ရွာတွင်းသို့ ဝင်အံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။
စာမျက်နှာ-၂၅၇
မှတ်ချက်။ ။ မြို့တွင်း ရွာတွင်းသို့ ဝင်လိုသော စိတ်ဖြစ်ချိန်ဝယ် တွေ့ရမြင်ရသော, သို့မဟုတ် လှမ်း၍ ပြောသောစကားကို ကြားနိုင်လောက်ရာ ၁၂-တောင် အတွင်းမှာ ရှိသောရဟန်းကို “သန္တဘိက္ခု-ထင်ရှားရှိသော ရဟန်း”ဟု ခေါ်သည်။ ထိုသို့မရှိလျှင် တမင်္ဂလာလိုက်၍ ရှာနေဖွယ်မလို၊ ကိစ္စတစ်ခုအတွက် ရွာတွင်းသို့ဝင်ဖို့ရာ တစ်ကြိမ်ခွင့်ပန်ပြီးဖြစ်လျှင် ထိုကိစ္စမပြီးမချင်း အခြားရွာသို့လည်း ဆက်ကာဆက်ကာ သွားနိုင်၏။ “တော်ပြီ, မသွားတော့ဘူး”ဟု ဆုံးဖြတ်ပြီးမှ ရွာတွင်းသို့ဝင်လိုပြန်လျှင် ထပ်မံ၍ခွင့်ပန်ရမည်။
ခွင့်ပန်ရာ၌ “ဝိဟာလေ ဂါမပ္ပဝေသနံ အာပုစ္ဆာမိ”ဟု ပါဠိလိုဖြစ်စေ “မြို့ထဲသွားပါဦးမည်, ရွာထဲသွားပါဦးမည်”ဟု မြန်မာလိုဖြစ်စေပန်နိုင်၏၊ မြို့ရွာအတွင်း၌ တည်နေသော ကျောင်းတိုက်သို့ သွားသောအခါ, ရွာမှဖြတ်၍ အခြားအရပ်သို့ သွားသောအခါတို့၌ကား (ရွာဝင်လို စိတ်မဟုတ်, လမ်းအမှတ်ဖြင့် ဖြတ်သွားလိုစိတ် ဖြစ်သောကြောင့်) ခွင့်ပန် ဖွယ်မလို။
ဃ။ သူစိဃရသိက္ခာပုဒ်
အမှုသည်—ရဟန်းအများ။
အမှု—အလိုက်မသိဘဲ အပ်ဗူးအများကို တောင်းမှု။
ရဟန်းများ အလိုက်မသိမှု။ ။ ကပိလဝတ်မြို့တော်ဝယ် ဆင်စွယ်အလုပ်သ္မားတစ်ယောက်သည် ရဟန်းတို့အား “အပ်ဗူးအလိုရှိလျှင် တောင်းပါ” ဟုဖိတ်ထား၏၊ ရဟန်းတို့သည် အလိုက်မသိဘဲ (မည်မျှ လောက်တောင်းလျှင် တော်လောက်ပြီဟု အတိုင်းအရှည်ပမာဏကို မသိဘဲ) များစွာသော အပ်ဗူးတို့ကို တောင်းကြလေသည်၊ နဂိုက အပ်ဗူးအကြီးရှိသူကလည်း အပ်ဗူးငယ်ကို တောင်းကြ အပ်ဗူးအငယ် ရှိသူတို့ကလည်း အပ်ဗူး အကြီးကို တောင်းကြလေသည်၊ ထိုဆင်စွယ်အလုပ်သ္မားသည် ရဟန်းများအတွက် အပ်ဗူးလုပ်ပေးနေရသောကြောင့် ရောင်းဖို့ ပစ္စည်းများကို မလုပ်အားတော့ချေ၊ တဖြည်းဖြည်းနှင့် အိမ်သားအားလုံးပင် စားရေးသောက် ရေးကျပ်တည်းလာကြလေ၏၊ ထိုအကြောင်းကို သိသူ လူတို့က ရဟန်းများကို ကဲ့ရဲ့ပြစ်တင်ကြသောကြောင့် အခြားရဟန်းတို့သည် ဘုရားရှင်ထံ လျှောက် ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု အဋ္ဌိမယံ ဝါ ဒန္တမယံ ဝါ ဝိသာဏမယံ ဝါ သူစိဃရံ ကာရာပေယျ, ဘေဒနကံ ပါစိတ္တိယံ။
စာမျက်နှာ-၂၅၈
မြန်မာပြန်။ ။ အကြင် ရဟန်းသည် အရိုးဖြင့် ပြုအပ်သည်မူလည်း ဖြစ်သော ဆင်စွယ်ဖြင့်ပြုအပ်သည်မူလည်းဖြစ်သော ဦးချိုဖြင့်ပြုအပ်သည်မူလည်းဖြစ်သော အပ်ကျည်(အပ်ဗူး)ကို ပြုလုပ်စေအံ့၊ ထိုရဟန်းမှာ ခွဲခြင်းရှိသော ပါစိတ်အာပတ် သင့်၏။
င။ မဉ္စပီဌသိက္ခာပုဒ်
အမှုသည်—ရှင်ဥပနန္ဒ။
အမှု—မြင့်သောညောင်စောင်း(ခုတင်) ပေါ်၌အိပ်မှု၊
အခြေရှည် ညောင်းစောင်း။ ။ အိပ်ရာခုတင်ကို ညောင်စောင်းဟုလည်းကောင်း, ထိုင်ခုံစားပွဲခုံ စသော ခုံအမျိုးမျိုးကို အင်းပျဉ်ဟုလည်းကောင်း, ခေါ်၏၊ သာကီဝင် မင်းသားတို့တွင် အပါအဝင်ဖြစ်သော ရှင်ဥပနန္ဒသည် အတော်မြင့်သော ညောင်စောင်းပေါ်၌ အိပ်လေ့ရှိ၏၊ တစ်နေ့သ၌ဘုရားရှင်သည် ကျောင်းစဉ် လှည့်၍ ကြည့်ရှုတော်မူသောအခါ ရှင်ဥပနန္ဒ၏ကျောင်း နားသို့ ရောက်တော်မူလေသော် ရှင်ဥပနန္ဒသည် မြတ်စွာဘုရားကို (သူ့ကိုယ်တိုင်ဟန်လှပြီ-ဟု ထင်နေသော) အိပ်ရာပေါ်၌ လျောင်းတော်မူရန် ဖိတ်မန်လေသည်၊ မြတ်စွာဘုရားသည် ထိုကျောင်းနားမှပင် ပြန်လှည့်တော်မူ၍ ရဟန်းများကိုခေါ်တော်မူပြီးလျှင်...
“ဘိက္ခုတို့ ... ဤသူဟာ မဂ်ဖိုလ်မှ အချည်းနှီးသော = မဂ်ဖိုလ်မရသော မောဃပုရိသဖြစ်ကြောင်းကို သူ၏အဇ္ဈာသယ (သူ၏အလိုဆန္ဒ = သူကြိုက် နှစ်သက်ပုံ) ကြည့်သော အားဖြင့် သိနိုင်သည်၊ (ခမ်းခမ်းနားနား ဟန်ကြီး ပန်ကြီးနှင့် နေတတ်သူဟာ မဂ်ဖိုလ်ရဖို့ အရေးနှင့် အဝေးကြီးဖြစ်သည်)” ဟု မိန့်တော်မူလိုဟန်တူသည်၊ ဤသို့မိန့်တော်မူ၍ ခုတင်အမြင့်ကြီးပေါ်မှာ ဟန်ကြီးပန်ကြီး အိပ်တတ်သော ရှင်ဥပနန္ဒကို ကဲ့ရဲ့ရှုတ်ချတော်မူပြီးလျှင် ဤသိက္ခာပုဒ်ကို ပညတ်တော်မူလေသည်။
သိက္ခာပုဒ်။ ။ နဝံ ပန ဘိက္ခုနာ မဉ္စံ ဝါ ပီဌံ ဝါ ကာရယမာနေန အဋ္ဌင်္ဂုလပါဒကံ ကာရေတဗ္ဗံ သုဂတင်္ဂုလေန အညတြ ဟေဋ္ဌိမာယ အဋနိယာ။ တံ အတိက္ကာမယတော ဆေဒနကံ ပါစိတ္တိယံ။
စာမျက်နှာ-၂၅၉
မြန်မာပြန်။ ။ အသစ်ဖြစ်သော ညောင်စောင်းကိုသော်လည်းကောင်း, အင်းပျဉ် ကိုသော်လည်းကောင်း, ပြုစေလိုသောရဟန်းသည် အောက်၌ဖြစ်သော၊ ဘောင်ကိုကြဉ်၍ (တိုင်းသောအခါ ဘောင်အောက်ကိုသာ) ဘုရားရှင်၏ လက်သစ်တော်ဖြင့် လက်ရှစ်သစ် အခြေရှိအောင် ပြုစေနိုင်၏၊ ထိုလက်ရှစ်သစ်ပမာဏကို လွန်စေသော ရဟန်းမှာ ဖြတ်ခြင်းရှိသော ပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ လက်သစ်တိုင်းရာ၌ ခုတင်ပေါင် (ဘောင်) ကိုထည့်၍ မတိုင်းရ။ ပေါင်အောက်က ခြေသက်သက်ကိုသာ တိုင်းရသည်၊ ဘုရားရှင်၏ လက်သစ်တော်အားဖြင့် ရှစ်သစ်သည် မဇ္ဈိမပုရိသ တွက်ကိန်းဖြင့် (၃ ဆတက်၍) ၂၄-သစ် ရှိ၏ဟု ယူကြ၏။ ထို၂၄-သစ်ဖြင့် တိုင်းသောကြောင့်လည်း ယခုကာလ ခုတင်(ခဋင်) ခြေထောက်များ ပညတ်တော်လာ ပမာဏထက် မပိုဟု ယူဆရသည်။ အကယ်၍ ယခုရိုးရိုး ရှစ်သစ်ဖြင့် တိုင်းလျှင်ကား ပမာဏထက် ပိုနေပေလိမ့်မည်။
ထိုကဲ့သို့ ပမာဏထက်ပိုသော ခုတင်ကို အလုပ်ခိုင်း၍ရလျှင် ဤသိက္ခာပုဒ်အရ ရှေးဦးစွာ ပိုသောပမာဏကိုဖြတ်ပစ်ပြီးမှ ပါစိတ်အာပတ်ကို ဒေသနာပြောရမည်။ ကိုယ်က အလုပ်မခိုင်းဘဲ လှူလာ၍ ရလျှင်ကား အာပတ်မသင့်၊ အသုံးပြုသောအခါ၌မူ ပမာဏထက်ပိုသမျှကို ဖြတ်ပစ်၍ဖြစ်စေ, မြေကြီး၌မြှုပ်၍ဖြစ်စေ, အပေါ်မှာ တန်းထိုး၍ ထိုတန်းပေါ်၌ ငြမ်းဆင်သလို တင်၍ဖြစ်စေ သုံးစွဲရမည်၊ ထိုသို့ မပြုပြင်ဘဲ သုံးစွဲလျှင်ကား သုံးတိုင်းသုံးတိုင်း ဒုက္ကဋ်အာပတ်သင့်၏၊ ထို့ကြောင့်လည်း ရှေးကဆရာတော်အချို့၏ အသုံးအဆောင် ခုတင်ကလေးများမှာ ခြေထောက်ပုတိုတို နှင့် တွေ့ကြရပေသည်။ [တစ်ယောက်ထည်း မရွှေ့နိုင်လောက်အောင် ကြီးမားသော ခုတင်ကြီးများကိုကား ဘူမိဂတိက(မြေနှင့်အလားတူ)ဟု ယူကြ၏။ ထို့ကြောင့် အခြေ ရှည်သော်လည်း သုံးစွဲကောင်း၏ဟု ယူကြသည်။]
စ။ တူလောနဒ္ဓသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—ညောင်စောင်းအင်းပျဉ်ကို လဲဝါဂွမ်းတို့ဖြင့် အပေါ်က ဖွဲ့ထားမှု။
ဆဗ္ဗဂ္ဂီရဟန်းများ။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် အင်းပျဉ် ညောင်စောင်းတို့ကို လဲတို့ဖြင့် ဖွဲ့ကြက်၍ (ညောင်စောင်း ပေါ်၌ လဲဝါတို့ကို ဖြန့်ခင်း၍ အပေါ်က အထည်တစ်ခုခုကို လွှမ်းဖုံးပြီး) ထားကြကုန်၏၊ ကျောင်းစဉ်လှည့်၍ ကြည့်ရှု့သော လူတို့သည် ထိုညောင်စောင်း အင်းပျဉ် ခုတင်
စာမျက်နှာ-၂၆၀
ထိုင်ခုံတို့ကို မြင်၍ “ကာမဂုဏ် ခံစားသော လူများ၏ ခုတင် ထိုင်ခုံကို လဲ ဝါဂွမ်း မှို့တို့ဖြင့် ဖွဲ့ကြက်ထားကြသလို ရဟန်းတော်များက ဘာကြောင့် ခုတင် ထိုင်ခုံတို့ကို လဲ ဝါဂွမ်းတို့ဖြင့် ဖွဲ့ကြက်ထားကြရသလဲ”ဟု ကဲ့ရဲ့ကြလေသည်၊ ထိုအကြောင်းကို ဘုရားရှင် သိတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု မဉ္စံ ဝါ ပီဌံ ဝါ တူလောနဒ္ဓံ ကာရာပေယျ, ဥဒ္ဒါလနကံ ပါစိတ္တိယံ။
မြန်မာပြန်။ ။ အကြင် ရဟန်းသည် ညောင်စောင်းကိုလည်းကောင်း, အင်းပျဉ်ကိုလည်းကောင်း, လဲ ဖုံမွေ့ရာ အခင်းရှိသည်ကို ပြုစေအံ့၊ ထိုရဟန်းမှာ လဲကို ထုတ်ခြင်းရှိသော ပါစိတ်အာပတ်သင့်၏။
မှတ်ချက်။ ။ ဤသိက္ခာပုဒ်တော်သည် ပြုလုပ်မှုကြောင့် ပညတ်ရသော သိက္ခာပုဒ်တည်း၊ သုံးစွဲရာ၌ကား ဥစ္စာသယန မဟာသယနသိက္ခာပုဒ်တွင် မဟာသယန(မြတ်သောနေရာ)၌ ပါဝင်သောကြောင့် ရဟန်းသာမဏေ ဥပုသ်သည် အားလုံးပင် လဲ ဝါ ရှင်မွေ့လွန်း အဆာသွတ်ထားသော ဖုံအခင်း မွေ့ရာများ၌ မထိုင်မအိပ်ကောင်း၊ ထိုကဲ့သို့ အခင်းများကို တရား ပလ္လင်ပေါ်၌သော်မှလည်း မထိုင်ကောင်း၊ နေထိုင်သုံးစွဲလျှင် ဒုက္ကဋ်အာပတ်သင့်၍ သာမဏေများ၌ ဒဏ်ထိုက်၏။ ဥပုသ်သည်များ ဥစ္စာသယ မဟာသယနသိက္ခာပုဒ်ပျက်၏ သူတစ်ပါးထံမှ ရရှိလျှင် ထိုလဲ ဝါအဆာကို ထုတ်ပစ်၍ သုံးစွဲရသည်၊ “လဲ”ဟူရာ၌ သစ်ပင်အမျိုးမျိုးမှ ဖြစ်သောလဲ, နွယ်ပင်မှဖြစ်သောလဲ, မြက်အမျိုးမျိုးမှ ဖြစ်သောလဲ အားဖြင့် လဲ ၃-မျိုး ရှိသည်၊ ယခုအခါ ရှင်မွေလွန်းများသည် မြက်မျိုးတည်း၊
ဆ။ နိသီဒနသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—အလွန်ကြီးသော နိသီဒိုန် အခင်းကိုဆောင်မှု။
နိသီဒိုန် ခွင့်ပြုတော်မူခြင်း။ ။ ရဟန်းတို့သည် ထောပတ် ဆီးဦးစသည်တို့ဖြင့် ရောစပ်အပ်၍ “မွန်မြတ်သည်”ဟု ဆိုရသော ဆွမ်းတို့ကို ဘုဉ်းပေးပြီးလျှင် ညဉ့်အိပ်ခါနီး၌ တရားဆင်ခြင်မှ (ကမ္မဋ္ဌာန်းနှလုံးသွင်းမှု) မပြုကြဘဲ အမှတ်တမဲ့ အိပ်ကြလေရာ ကာမနှင့် စပ်သော အိပ်မက်-မက်၍ သုက်လွှတ်သောကြောင့် ကျောင်းအိပ်ရာတွေ ညစ်ပေကုန်တော့၏၊ ဘုရားရှင်သည် အရှင်အာနန္ဒာနှင့်အတူ ကျောင်းစဉ်
စာမျက်နှာ-၂၆၁
လှည့်၍ ကြည့်ရှုတော်မူလေရာ ထိုပေနေသော ကျောင်းအိပ်ရာတို့ကို မြင်တော် မူရသောကြောင့် ကိုယ်ကိုလည်းကောင်း, သင်္ကန်းကိုလည်းကောင်း, ကျောင်းအိပ်ရာကိုလည်းကောင်း, မညစ်မပေအောင် စောင့်ရှောက်ခြင်း အကျိုးငှါ နိသီဒိုန်အခင်းကို ခွင့်ပြုတော်
မူလေသည်။
ကြီးကျယ်သော နိသီဒိုန်။ ။ ထိုသို့ နိသီဒိုန်အခင်းကို ခွင့်ပြုတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် အတိုင်းအရှည်ပမာဏ မရှိလောက်အောင် အလွန်ကြီးသော နိုသီချိန်ကို ပြုလုပ်ကြလေသည်၊ ထိုနိသီဒိုန်ကို ညောင်စောင်း-အင်းပျဉ် (ခုတင် ထိုင်ခုံများ) အပေါ် ခင်းသောအခါ ရှေ့ရောနောက်ပါ တွဲလျားကျနေ၏၊ ထို့နောက် အဝတ် ရှားပါးသော ခေတ်ဖြစ်ရကား ထိုကဲ့သို့ ကြီးကြီးမားမား ပြုခြင်းကိုပင် ရဟန်းအများက ဝိုင်း၍ အပြစ်တင်ကာ ဘုရားရှင်အား လျှောက်ထားလေရာ-ဘုရားအထွာတော်ဖြင့် အလျား ၂-ထွာ, အနံ ၁-ထွာခွဲ ပမာဏ ရှိသော နိသီဒိုန်ကိုပြုစေရမည်”ဟု ပထမပညတ်တော်မူလေသည်။
အနုပညတ်။ ။ နိသီဒိုန်သည် အတွင်းခံ အဝတ်ကဲ့သို့ ကိုယ်အလယ် ပိုင်းကို ပတ်၍လည်း အသုံးပြုနိုင်, နေရာထိုင်ကဲ့သို့ ခင်း၍လည်း ထိုင်နိုင်ရကား အခါတစ်ပါး၌ ခန္ဓာကိုယ်ကြီးမားသော အရှင်ဥဒါယီသည် ဘုရားရှေ့တော်၌ ထိုနီသီဒိုန်ကို ခင်း၍ထိုင်ရာ ကိုယ်မလုံသောကြောင့် နိသီဒိုန်ကို (သားရေ အလုပ်သ္မားသည် သားရေကိုပြန့်ကျယ်အောင် ဆွဲဆန့်သကဲ့သို့) မသိမသာ ဆွဲဆန့်နေလေသည်၊ ထိုအခါကျမှ နိသီဒိုန် အစွန်အနား၌ တထွာလောက် ရှိသော အမြတ်အဆာကို တပ်ဖို့ရာ ထပ်မံခွင့်ပြုတော် မူရလေသည်။
သိက္ခာပုဒ်။ ။ နိသီဒနံ ပန ဘိက္ခုနာ ကာရယမာနေန ပမာဏိကံ ကာရေတဗ္ဗံ, တတြိဒံ ပမာဏံ, ဒီဃသော ဒွေ ဝိဒတ္ထိယော သုဂတဝိဒတ္ထိယာ, တိရိယံ ဒိယဍ္ဎံ, ဒသာ ဝိဒတ္ထိ။ တံ အတိက္ကာမယတော ဆေဒနကံ ပါစိတ္တိယံ။
မြန်မာပြန်။ ။ နိသီဒိုန်ကို ပြုစေလိုသော ရဟန်းသည် ပမာဏနှင့် ယှဉ်သော နိသီဒိုန်ကို ပြုစေထိုက်၏၊ နီသီဒိုန်၏ပမာကား-ဘုရားရှင်၏ အထွာတော်ဖြင့် အလျား ၂-ထွာ အနံ ၁-ထွာခွဲ အမြိတ်အဆာ တထွာ ဖြစ်၏ ထိုပမာဏကို လွန်သော ရဟန်းမှာ ဖြတ်ခြင်းရှိသော ပါစိတ်အာပတ်သင့်၏၊ [ပြုလုပ်ခြင်းကြောင့် ပါစိတ်
စာမျက်နှာ-၂၆၂
အာပတ်သင့်၍ သုံးစွဲခြင်းကြောင့် ဒုက္ကဋ်အာပတ်သင့်၏၊ သူတစ်ပါးထံမှရလျှင် ပမာဏပိုသမျှကို ဖြတ်၍ သုံးစွဲကောင်း၏။
မှတ်ချက်။ ။ နိသီဒိုန်ကို အမြိတ်အဆာ တပ်လိုက်လျှင် (အဝတ်လှမ်းသလို ဖြန့်ချထားသောအခါ ကွဲနေသော အမြိတ်အဆာနှင့်တကွ) ဘောင်းဘီး လှမ်းထားပုံနှင့်တူ၏။ ထိုနိသီဒိုန်ကို ရှေ့ဆီးပုံးဘက်ကထား၍ အဆာ ၂-လွှာကို ခါးတောင်းကြိုက်သလို နောက်သို့ပို့ပြီးလျှင် ကြိုးသေးသေး နှင့် ဆက်စပ်ချည်ထားသောအခါ အတွင်းခံဘောင်းဘီကို ဝတ်ထားသကဲ့သို့ ဖြစ်နေပေလိမ့်မည်၊ ထိုနိသီဒိုန်ကိုပင် အဆာ ၂-လွှာကိုအလယ်က ကြိုးနှင့်တွဲ၍ ခင်းသောအခါ နေရာထိုင် ရိုးရိုးကဲ့သို့လည်း ထိုင်စရာ ဖြစ်နိုင်ပြန်၏။ ဆွမ်းစားသောအခါ တပိုင်းကိုခင်း၍ အမြိတ် ၂-ခုကို တင်ပလ္လင်ပေါ် တင်ထားလိုက်လျှင် ဆွမ်းဟင်းအစက်များကိုလည်း ကာကွယ်နိုင်၏။ ထိုကဲ့သို့ ကိုယ်၏ အလယ်ပိုင်းကို ဖုံး၍လည်းကောင်း, ခင်း၍လည်းကောင်း, အသုံးပြုနိုင်သောကြောင့်ပင် ကိုယ်ခန္ဓာနှင့်သင်္ကန်း ကျောင်း အိပ်ရာတို့ကို မညစ်မပေအောင် ခွင့်ပြုတော်မူခြင်း ဖြစ်ပေသည်။ ဤနိသီဒိုန်ကို “သုက်နှီး သင်္ကန်း”ဟုလည်း ခေါ်စမှတ် ပြုကြသည်။
ဇ။ ကဏ္ဍုပဋိစ္ဆာဒိသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—အနာလွှမ်း သင်္ကန်းကို ပမာဏလွန်အောင်ပြုလုပ်မှု။
အနာလွှမ်းသင်္ကန်း ခွင့်ပြုခြင်း။ ။ အရှင်အာနန္ဒာ၏ ဥပဇ္ဈာယ်ဆရာတော်ဖြစ်သော အရှင်ဗေလဋ္ဌသီသမှာ ထူပြစ်နေအောင် အိုင်းကျနေသော ဝဲနာပေါက်နေ၏၊ ထိုအနာစေးတို့ကြောင့် သင်္ကန်းတို့သည် ကိုယ်၌ ကပ်တွယ်နေကုန်၏၊ ဂိလာန ပြုစုသော ရဟန်းတို့သည် ထိုသင်္ကန်းတို့ကို ရေဖြင့် ဆွတ်၍ ဆွတ်၍ ကိုယ်မှ ခွါယူကြရကုန်၏၊ ဘုရားရှင်သည် ကျောင်းစဉ်လှည့်၍ ကြည့်ရှုတော်မူသောအခါ တွေ့မြင်တော်မူရကား ကဏ္ဍု-ယားနာဖြစ်စေ, ပီဠကာ-အိုင်းအမာ (သွေးစုနာ) ဖြစ်စေ, အဿာဝ-အရိအရွဲယိုသော ဘဂန္ဒိုရ်စသော အနာတစ်မျိုးမျိုးဖြစ်စေ, ထုလ္လကစ္ဆု-ထူပြစ်အိုင်းကျနေသော ဝဲနာဖြစ်စေ ပေါက်သောအခါ သင်္ကန်း မပေအောင် ထိုအနာကို ဖုံးထားဖို့ရာ အနာလွှမ်းသင်္ကန်းကို ခွင့်ပြုတော်မူ ရလေသည်။
ကြီးကျယ်သော အနာလွှမ်းပြုမှု။ ။ ထိုသို့ အနာလွှမ်း သင်္ကန်းကို ခွင့်ပြုတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် အတိုင်းအရှည် ပမာဏမထားဘဲ အလွန်ကြီးမားသော အနာလွှမ်းသင်္ကန်းကို ပြုကြကုန်၏၊
စာမျက်နှာ-၂၆၃
ထိုအနာလွှမ်းသင်္ကန်းကို အနာပေါ် ဖုံးလွှမ်း၍ ထားသောအခါ ရှေ့ရော နောက်ပါ တွဲလျားကျကုန်၏၊ ထို့ကြောင့် ရဟန်းအများက ကဲ့ရဲ့ကြသဖြင့် အတိုင်းအရှည် ပမာဏကို ညွှန်ပြသော ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ကဏ္ဍုပ္ပဋိစ္ဆာဒိံ ပန ဘိက္ခုနာ ကာရယမာနေန ပမာဏိကာ ကာရေတဗ္ဗာ, တတြိဒံ ပမာဏံ, ဒီဃသော စတဿော ဝိဒတ္ထိယော သုဂတဝိဒတ္ထိယာ, တိရိယံ ဒွေ ဝိဒတ္ထိယော။ တံ အတိက္ကာမယတော ဆေဒနကံ ပါစိတ္တိယံ။
မြန်မာပြန်။ ။ အနာလွှမ်းသင်္ကန်းကိုပြုစေလိုသော ရဟန်းသည် ပမာဏနှင့်ယှဉ်သော အနာလွှမ်းသင်္ကန်းကို ပြုစေလိုက်၏။ ထိုအနာလွှမ်း သင်္ကန်း၏ ပမာဏကား ဘုရားရှင်၏ အထွာတော်ဖြင့် အလျား ၄-ထွာ အနံ ၂-ထွာဖြစ်၏၊ ထိုပမာဏကို လွန်စေသောရဟန်းမှာ ဖြတ်ခြင်းရှိသော ပါစိတ် အာပတ်သင့်၏။
မှတ်ချက်။ ။ “အနာ”ဟူရာ၌ ချက်၏အောက်နှင့် ပုဆစ်ဒူးဝန်း ၂-ဘက်၏ အထက် အရပ်မှာပေါက်သော ပြခဲ့သော အနာတည်း၊ အခြားနေရာ၌ ပေါက်သော အနာကိုကား သာမန်အဝတ်စဖြင့် ဖုံးထားနိုင်သောကြောင့် ထိုနေရာကိုသာ သီးခြားပြတော်မူဟန်တူသည်။ ဤသိက္ခာပုဒ်လည်း ပြုလုပ်မှုကြောင့် ပညတ်ရသော သိက္ခာပုဒ်တည်း၊ သုံးစွဲမှုကြောင့်ကား ဒုက္ကဋ်အာပတ် သင့်၏၊ သူတစ်ပါးထံမှ ပမာဏလွန်သော အနာလွှမ်းသင်္ကန်းကိုရလျှင် ပိုသောပမာဏကို ဖြတ်၍ သုံးစွဲကောင်း၏။
ဈ။ ဝဿိကသာဋိကာသိက္ခာပုဒ်
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အမှု—အတိုင်းအရှည်လွန်သော မိုးရေခံသင်္ကန်းကို ဆောင်ယူ (ပြုလုပ်)မှု။
ရဟန်းများ မိုးရေချိုးခြင်း။ ။ ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတိုက်တော်၌ သီတင်းသုံးတော်မူစဉ် မိုးကြီးသည် လေးကျွန်းလုံးအနှံ့ ရွာချလေ၏၊ ထိုအခါ ဘုရားရှင်သည် ရဟန်းတို့ကို မိုးရေချိုးကြဖို့ရန် “ရဟန်းတို့— ဤမိုးကြီးသည် ဇေတဝန်ကျောင်းတိုက်မှာ ရွာသကဲ့သို့ လေးကျွန်းလုံး၌ ရွာ၏၊ လေးကျွန်းလုံး အနှံ့ ရွာသောမိုး
စာမျက်နှာ-၂၆၄
တွင် ဤမိုးကြီးသည် နောက်ဆုံးဖြစ်၍ သင်တို့ ကိုယ်ကို မိုးစွတ် ခံလိုက်ကြ”ဟု မိန့်တော်မူ၏၊ ထိုအခါ ရဟန်းအများပင် သင်္ကန်းကို ချထား၍ ကိုယ်ကို မိုးစွတ်ခံကြလေ၏၊ ထိုအချိန်ကား သင်္ကန်းပေါများသော အချိန်မဟုတ်၊ ထိုကြောင့် ရေလဲသင်းပိုင် အပိုမရှိရကား ကိုယ်တုံးလုံးဖြင့် မိုးရေချိုးနေကြလေသည်။
ကျွန်မ အထင်မှားပုံ။ ။ ထိုနေ့ ထိုရက်ကား ဘုရားရှင် ဒေသစာရီ လှည့်လည်၍ ပြန်ရောက်ပြီး နောက်တရက်ဖြစ်၏၊ ဝိသာခါသည် မနေ့ကပင် ဘုရားထံသို့ ချဉ်းကပ်၍ သံဃာကုန် ဆွမ်းဘုဉ်းပေး ပင့်ထား၏၊ ထိုကြောင့် နံနက်စောစော၌ မွန်မြတ်သော ဆွမ်းဘောဇဉ်ကို စီစဉ်၍ ကျွန်မအား ဆွမ်းကျက်ပြီး ဖြစ်ကြောင်း လျှောက်ဖို့ရန် စေလွှတ်လိုက်လေ၏၊ ကျွန်မသည် ဝိသာခါ၏ အမိန့်ဖြင့် ကျောင်းတိုက်သို့ ရောက်သွားသောအခါ အဝတ်မပါဘဲ ရေချိုးနေကြသော ရဟန်းတော်များကို တိတ္ထိတွေ ထင်မှတ်၍ ပြန်လာပြီးလျှင် ကျောင်းတိုက်မှာ ရဟန်းတော်များ မရှိကြောင်း, တိတ္ထိတွေ ရေချိုးနေကြကြောင်းကို ဝိသာခါအား ပြောပြလေသည်။
ဝိသာခါ ဉာဏ်ရှိပုံ။ ။ ထိုသို့ ကျွန်မကပြောသော်လည်း ဝိသာခါသည် ကိုယ်တော်များ၌ သင်္ကန်းအပို မထားကြောင်းကို သိပြီးဖြစ်ရကား “ဧကန်မုချ ကျွန်မ နားမလည်၍ ပြောခြင်းဖြစ်လိမ့်မည်, ကိုယ်တော်များ ရေချိုးကြဟန်တူသည်”ဟု တွေးပြီးလျှင် “ထို ကျွန်မကိုပင် တဖန်ပြန်၍ အလျှောက်ခိုင်းပြန်လေသည်၊ ထိုကဲ့သို့ စေခိုင်း၍ ကျွန်မ ရောက်သွားသောအခါ၌ကား ကိုယ်တော်များလည်း ရေချိုးပြီးဖြစ်၍ မိမိဆိုင်ရာကျောင်းခန်းတွင်းသို့ ဝင်နေကြလေရာ, ကျွန်မသည် ရဟန်းတစ်ပါးမျှ မတွေ့သောကြောင့် ပြန်လာ၍ “ကျောင်းတိုက်မှာ ရဟန်းတစ်ပါးမျှမရှိ”ဟု ပြောပြန်လေသည်။
ဘုရားရှင် ကြွလာခြင်း။ ။ ထိုအခါ ဝိသာခါသည် “ကိုယ်တော်များ ကျောင်းခန်းတွင်းဝင်၍ ငြိမ်သက်စွာ နေတော်မူကြဟန် တူသည်၊ သူနားမလည်လို့သာ ကိုယ်တော်များမရှိဟု ပြောခြင်း ဖြစ်လိမ့်မည်”ဟု တွေး၍ ထိုကျွန်မကိုပင် ထပ်၍ လွှတ်ပြန်လေသည်။ ထိုအချိန်၌ကား ဗုဒ္ဓမြတ်စွာသည် ရဟန်းတို့အား သပိတ်သင်္ကန်းကို အသင့် ပြင်ကြတော့, ဆွမ်းအချိန်တန်ပြီ”ဟု မိန့်တော်မူ၍ ရဟန်းများနှင့်အတူ ဝိသာခါ၏ အိမ်သို့ တန်ခိုးဖြင့် ကြွတော်မူလေသည်။
စာမျက်နှာ-၂၆၅
မိုးရေခံသင်္ကန်း ခွင့်ပြုတော်မူခြင်း။ ။ ဝိသာခါသည် ထိုသို့တန်ခိုးဖြင့် ကြွတော်မူလာကြသော ဘုရားအမှူးရှိသော သံဃာတော်များကို ဝမ်းမြောက်ဝမ်းသာ ဆွမ်းကပ်ပြီးနောက် “သင်္ကန်းမပါဘဲ ရေချိုးကြသော ရဟန်းများကို တိတ္ထိတွေ”ဟု ကျွန်မ၏ အထင်မှားပုံကို လျှောက်ပြီးလျှင် မိုးရေခံ သင်္ကန်းကို လှူဒါန်းလိုပါကြောင်း လျှောက်ထားလေသည်၊ [အာဂန္တုကဘတ် (ဆွမ်း) လှူလိုပါကြောင်း စသည်ကိုလည်း တဆက်ထည်း လျှောက်လေ၏၊] ထိုလျှောက်ထားချက်အရ ဘုရားရှင်သည် ဤမိုးရေခံသင်္ကန်းကို ခွင့်ပြုတော်မူရလေသည်။
ပမာဏလွန်အောင် ပြုလုပ်မှု။ ။ ထိုသို့ မိုးရေခံသင်္ကန်းကို ခွင့်ပြုတော်မူပြီးသောအခါ ပြုလုပ်မှ ဆဗ္ဗဂ္ဂီ ရဟန်းတို့သည် အတိုင်းအရှည် ပမာဏမရှိ-ကြီးချင်တိုင်းကြီးသော မိုးရေခံသင်္ကန်းကို ချုပ်လုပ်ကြပြီးလျှင် ရှေ့ရော နောက်ပါ တရွတ်ဆွဲလျက် လှည့်လည်ကြသောကြောင့် အတိုင်းအရှည် ပမာဏကို ညွှန်ပြ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ဝဿိကသာဋိကံ ပန ဘိက္ခုနာ ကာရယမာနေန ပမာဏိကာ ကာရေတဗ္ဗာ, တတြိဒံ ပမာဏံ, ဒီဃသော ဆ ဝိဒတ္ထိယော သုဂတဝိဒတ္ထိယာ, တိရိယံ အဍ္ဎတေယျာ။ တံ အတိက္ကာမယတော ဆေဒနကံ ပါစိတ္တိယံ။
မြန်မာပြန်။ ။ မိုးရေခံ သင်္ကန်းကိုပြုစေလိုသော ရဟန်းသည် ပမာဏနှင့်ယှဉ်သော မိုးရေခံသင်္ကန်းကို ပြုစေထိုက်၏၊ ထိုမိုးရေခံ သင်္ကန်း၏ ပမာဏကား ဘုရားရှင် အထွာတော်ဖြင့် အလျားမှ ၆-ထွာ အနံမှ ၂- ထွာခွဲဖြစ်၏၊ ထိုပမာဏကို လွန်၍ ပြုစေသော ရဟန်းအား ဖြတ်ခြင်းရှိသော ပါစိတ်အာပတ် သင့်၏။
မှတ်ချက်။ ။ မိုးရေခံသင်္ကန်းသည် ရေချိုးအိမ်အတွင်း မြစ်ချောင်း အတွင်း၌ ရေချိုးခြင်းမျိုးမဟုတ်၊ ကိုယ်ကိုကျန်းမာ ခန့်ကျမ်းအောင် မိုးရွာနေ့စဉ် လွင်ပြင်၌ ကိုယ်ကို မိုးစွတ်စေခြင်း မိုးရေချိုးခြင်းဖြစ်၏။ ထိုသို့ လွင်ပြင် ဖြစ်သောကြောင့်ပင် ထိုမိုးရေခံ အဝတ်တပိုင်းကို ဝတ်၍ တပိုင်းကို အထက်ပိုင်းကိုယ်မှာ လွှမ်းခြုံထားဖို့ရာ အလျားရှည်ရှည် ခွင့်ပြုတော်မူရ
စာမျက်နှာ-၂၆၆
လေသည်။ သင်္ကန်းဆိုသော်လည်း နဂိုသင်္ကန်းများကဲ့သို့ အဝါရောင် ဖြစ်လာအောင် ဆိုးမှ အပ်သည်မဟုတ်၊ ဆင်စွယ်ရောင်ကဲ့သို့ တစ်ကြိမ်မျှ ဆိုးလျက် အဖြူရောင်ပျက်လျှင်ပင် ဝတ်ကောင်းပြီ။
ဉ။ နန္ဒတ္ထေရသိက္ခာပုဒ်
အမှုသည်—ညီတော်နန္ဒထေရ်။
အမှု—ဘုရားသင်္ကန်းတော်လောက်ကြီးသော သင်္ကန်းကို ဝတ်မှု။
အရှင်နန္ဒ။ ။ အရှင်နန္ဒသည် မိထွေးတော် ဂေါတမီ၏သား (ဘုရားရှင်နှင့် မိကွဲအတူဖြစ်သော) ညီတော် ဖြစ်၏၊ အလွန် အဆင်းလှ၏၊ ရှုချင့်စဖွယ် တင့်တယ်၍ မြင်ရသူ၏ စိတ်နှလုံးကို ယူကျုံး မွေ့လျော်စေနိုင်လောက်အောင် ကျက်သရေကို ဆောင်၏၊ အရပ်တော်လည်း ထောင်ထောင်မောင်းမောင်းရှိ၍ ဘုရားရှင်အောက် လက် ၄ သစ်လောက်သာ နိမ့်၏၊ ထို့ကြောင့် ဘုရားရှင်၏ သင်္ကန်းတော်နှင့် ညီမျှသော သင်္ကန်းကိုသာ ဝတ်လေ့ရှိရကား အခါတစ်ပါး၌ ခပ်လှမ်းလှမ်းမှ အရှင်နန္ဒ လာနေသည်ကို မြင်ကြသော ရဟန်းတော်တို့သည် ဘုရားရှင်ကြွလာသည်”ဟု ထင်၍ ထိုင်နေရာမှ ထနှင့်ကြကုန်၏r အနားရောက်မှ အရှင်နန္ဒမှန်းသိကြ၍ “ဘုရားသင်္ကန်းလောက်ကြီးသော သင်္ကန်းကို ဝတ်ရုံ ရကောင်းလား”ဟု အပြစ်တင်ကြလေသည်၊ ထိုအကြောင်းကို ဘုရားရှင်သိတော်မူ၍ ဘုရားရှင် သင်္ကန်းပမာဏကို ညွှန်ပြတော်မူပြီးလျှင် “ဘုရားရှင်၏ သင်္ကန်းတော်လောက် ဖြစ်စေ ထို့ထက်ကြီးသော သင်္ကန်းကိုဖြစ်စေ မဆောင်ရ မဝတ်ရ”ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်။ ။ ယော ပန ဘိက္ခု၊ သုဂတစီဝရုပ္ပမာဏံ စီဝရံ ကာရာပေယျ၊ အတိရေကံဝါ၊ ဆေဒကံ ပါစိတ္တိယံ၊ တတြိဒံ သုဂတဿ သုဂတစီဝရပ္ပမာဏံ၊ ဒီဃသော နဝဝိဒတ္ထိယော သုဂတ ဝိဒတ္ထိယာ၊ တိရိယံ ဆဝိဒတ္ထိယော၊ ဣဒံ သုဂတဿ သုဂတစီဝရပ္ပမာဏန္တိ။
မြန်မာပြန်။ ။ အကြင်ရဟန်းသည် ဘုရားရှင်၏ သင်္ကန်းတော် ပမာဏ ရှိသည်မူလည်း ဖြစ်သော ပိုလွန်သည်မူလည်း ဖြစ်သောသင်္ကန်းကို ပြုစေအံ့၊ ထိုရဟန်းပါစိတ် အာပတ်သင့်၏၊ မြတ်စွာဘုရား၏သင်္ကန်း
စာမျက်နှာ-၂၆၇
တော် ပမာဏကား ဘုရားရှင်၏ အထွာတော်ဖြင့် အလျား ၉-ထွာ အနံ ၆-ထွာ ဖြစ်၏။
မေးဖွယ်။ ။ ဘုရားရှင်၏ သင်္ကန်းပမာဏကိုပြရာ၌ “အလျား ၆-ထွာ, အနံ ၆-ထွာ”(၄-တောင့်ထွာ+၃-တောင်)ဟု ပြ၏၊ ထိုပမာဏလောက်ကြီးသော သင်္ကန်းကို ဝတ်လျှင် ထိုရှည်သမျှ ပမာဏကို လည်းဖြတ်, ပါစိတ်အာပတ်လည်း သင့်၏”ဟု ပညတ်တော်မူထား၏၊ ယခုကာလ သင်္ကန်း(ဧကသီ-သင်္ကန်းကြီး)တို့သည် ထိုပမာဏထက် ပိုလွန်လျက် ရှိရာ အဘယ်သို့ ဖြစ်နေပါသနည်း-ဟု မေးဖွယ်ရှိ၏။
အဖြေ။ ။ “ဗုဒ္ဓမြတ်စွာ၏ ၁-ထွာသည် မဇ္ဈိမပုရိသ(အလယ် အလတ် ယောက်ျား၏ အထွာဖြင့်) ၃-ထွာနှင့် ညီမျှ၏”ဟု ယူဆ၍ ယခုကာလ သင်္ကန်းများ၏ ပမာဏသည် ထိုသိက္ခာပုဒ်လာ ပမာဏထက် ရှည်လျားနေသည်ကို တွေ့ကြရပေသည်။
အဋ္ဌကထာ။ ။ သုဂတဝိဒတ္ထိနာမ ဣဒါနိ မဇ္ဈိမဿ ပုရိသဿ တိဿော ဝိဒတ္ထိယော, ဝဍ္ဎကိဟတ္ထေန ဒိယဍ္ဎော ဟတ္ထော ဟောတိ-ဘုရား တထွာသည် ယခုအခါ အလယ်အလတ် ယောက်ျား၏ အထွာဖြင့် ၃-ထွာဖြစ်၍ လက်သမားတို့၏ အတိုင်းအတာဖြင့် တတောင့်ထွာ ရှိသည်။ [ကင်္ခါ, သံဃာဒိသေသ-ကုဋိကာရ သိက္ခာပဒအဖွင့်၊]
သုဒ္ဓပါစိတ်အခန်းပြီး၏။