မာတိကာသို့ ခုန်သွားရန်

ဘုရားဥပဒေတော်ကြီး/သေခိယ အခန်း

ဝီကီရင်းမြစ် မှ

စာမျက်နှာ-၂၇၈

၇။ သေခိယ အခန်း

ပရိမဏ္ဍလဝဂ်

ပရိမဏ္ဍလသိက္ခာပုဒ်

အမှုသည်—ဆဗ္ဗဂ္ဂီ ရဟန်းများ။

အမှု—သင်းပိုင်, ဧကသီကို မညီမညွတ်ဝတ်မှု။

မညီမညွတ် ဝတ်ခြင်း။ ။ ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိမြို့ ဇေတဝန် ကျောင်းတိုက်၌ သီတင်းသုံးတော်မူစဉ် ဆဗ္ဗဂ္ဂီရဟန်းတို့သည် သင်းပိုင် (ကိုယ်ဝတ်)ကို မညီမညွတ် ဝတ်ကြကုန်၏။ ရှေ့ကလည်း တွဲရရွဲကျ နောက်ကလည်း တွဲရရွဲကျနေကုန်၏၊ ဧကသီခေါ်(အပေါ်ခြုံ) သင်္ကန်းကိုလည်း ရှေ့ကဖြစ်စေ နောက်ကဖြစ်စေ ၂-ဘက်လုံး ဖြစ်စေ တွဲရရွဲချ၍ မညီမညွတ် ရမ်းကြကုန်၏။

လူတို့က အထင်သေးခြင်း။ ။ ထိုသို့ မညီမညွတ် ဝတ်ကြ ရမ်းကြပုံကို မြင်ရသော လူတို့သည် ထိုဆဗ္ဗဂ္ဂီရဟန်းတို့ကို အဝတ်မှမဝတ်တတ်ကြ ဘူး-ဟု) အထင်သေးကြကုန်၏၊ တချို့လူများကား အထင်သေးရုံတွင် မကဘဲ နှုတ်ဖြင့် အပြစ်ပြောကြကုန်၏၊ တချို့ကမူ စပ်မိတိုင်း အပြစ်ပြောသဖြင့် ရဟန်းများ၏ အပြစ်သည်။ ပြန့်နှံ့သွားလေ တော့၏။

ပညတ်တော်မူခြင်း။ ။ လူတို့၏ အပြစ်ပြောသံကို အခြားရဟန်းတော်များ ကြားသိရ၍ ဘုရားရှင်အား လျှောက်ကြလေရာ ဘုရားရှင်သည် သံဃာစည်းဝေးစေတော်မူပြီးလျှင် ဆဗ္ဗဂ္ဂီ ရဟန်းတို့ကို စစ်ဆေးမေးမြန်းတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့ကလည်း ဟုတ်မှန်ပါကြောင်း ဝန်ခံကြလေသည်။

ထိုအခါ “ဤမညီမညွတ် ဝတ်မှုသည် သာသနာတော်ကို မကြည်ညိုသေး သူတို့ ကြည်ညိုဖို့ရာလည်း မဟုတ်၊ ကြည်ညိုပြီးသူတို့၏ သဒ္ဓါတရား တိုးပွါး သို့ရာလည်း မဟုတ်၊ မကြည်ညိုသေးသူတို့ မကြည်ညိုစရာနှင့် ကြည်ညိုပြီးသော (အချို့)ပုထုဇဉ်များ၏ သဒ္ဓါတရား ပျက်ပြားဖို့သာ ဖြစ်သည်”ဟု ကဲ့ရဲ့တော် မူပြီးလျှင်—

စာမျက်နှာ-၂၇၉

ပရိမဏ္ဍလံ နိဝါသေဿာမီတိ သိက္ခာ ကရဏီယာ”။

အထက်ဝန်းကျင် ဝန်းပိုင်းညီညွတ်စွာ ဝတ်အံ့ဟု ကျင့်မှုကို ပြုရမည်။

ပရိမဏ္ဍလံ နိဝါသေတဗ္ဗံ နာဘိမဏ္ဍလံ ဇာဏုမဏ္ဍလံ ပဋိစ္ဆာဒေန္တေန = အထက်ပိုင်း၌ ချက်အဝန်းအဝိုင်း (ပတ်လည်)ကိုလည်းကောင်း, ဒူးပုဆစ် အဝန်းအဝိုင်း (ပတ်လည်)ကိုလည်းကောင်း, ဖုံးစေလျက် အဝန်းညီစွာ ဝတ်ရမည်။

ယော အနာဒရိယံ ပဋိစ္စ ပုရတောဝါ ပစ္ဆတောဝါ ဩလမ္ဗေန္တော နိဝါသေတိ၊ အာပတ္တိ ဒုက္ကဋဿ = ဤသိက္ခာပုဒ် ပညတ်တော်ကို ဂရုမစိုက်ဘဲ ရှေ့ကဖြစ်စေ, နောက်ကဖြစ်စေ တွဲရရွဲကျစေလျက် ဝတ်သောရဟန်းမှာ ဒုက္ကဋ်အာပတ်သင့်၏၊ ဤသို့ သိက္ခာပုဒ် ပညတ်တော် မူရလေသည်၊ [ ဧကသီကို မညီမညွတ် ခြုံမှု ရမ်းမှု၌လည်း ဤအတိုင်းပင် ပညတ်တော် မူလေသည်။]

မှတ်ချက်။ ။ သိက္ခာ ကရဏီယာ = “ကျင့်မှုကို ပြုရမည်” ဟူရာ၌ ဝတ်နည်း ရမ်းနည်း (ခြုံနည်း) ကိုတတ်အောင် သင်ရမည်၊ ထိုသို့သင်ရမည် ဖြစ်လျက် မသင်ခြင်းသည်ပင် သိက္ခာပုဒ်ကို မလေးစားရာရောက်၏။ နိဝါသန ဝတ္တံ ဟိ သာဓုကံ ဥဂ္ဂဟေတဗ္ဗိ၊ တဿ အနုဂ္ဂဟမေဝဿ အနာဒရိယံ၊] ထိုသို့သင်၍ တတ်သောအခါ ညီညီညွတ်ညွတ် ဝတ်လေ့ရှိရမည်၊ ဝတ်နည်းကိုသိပါလျက် ညီညီညွတ်ညွတ် မဝတ်လျှင် ဒုက္ကဋ်အာပတ် သင့်၏။ သာမဏေများ၌ ဒဏ်ထိုက်၏။ [နောက်လာမည့် သေခိယ သိက္ခာများလည်း ဤနည်းချည်းတည်း။ ]

ဝတ်ပုံ။ ။ အထက်ပိုင်း၌ ချက်ကို ဖုံးလောက်အောင် ရှေ့ရောနောက်ပါ ညီစွာဝတ်ရမည်၊ အောက်ပိုင်း၌ ဒူး(ပုဆစ်)ရိုးမှ အောက် လက်ရှစ်သစ် လောက်ချ၍ ရှေ့ရော နောက်ပါ ညီစွာဝတ်ရမည်။ [“ဇဏုမဏ္ဍလဿ ဟေဋ္ဌာ ဇင်္ဃဋ္ဌိကတော ပဋ္ဌာယ အဋ္ဌင်္ဂုလမတ္တံ နိဝါသနံ ဩတာရေတွာ နိဝါသေတဗ္ဗံ၊ တတော ပရံ ဩတာရေန္တဿ ဒုက္ကဋန္တိ ဝုတ္တံ”-သေခိယ အဋ္ဌကထာ။] သင်္ကန်းရမ်းရာ၌လည်း ဒူးပုဆစ်အောက် လက် ၄-သစ်လောက် ချ၍ ညီစွာရမ်းရမည်။

ဝိမတိ။ ။ အဋ္ဌင်္ဂုလမတ္တန္တိ မတ္တသဒ္ဒေန တတော ကိဉ္စိ အဓိကံ ဉုနမ္ပိ သင်္ဂဏှာတိ၊ ဧတ္ထာပိ ပရိမဏ္ဍလသိက္ခာပဒဿ သာဓာရဏတ္တာ ဇာဏုမာလတော ဟေဋ္ဌာ စတုရင်္ဂုလမတ္တံ ဩတာရေတွာ အနောလမ္ဗေတွာ ပရိမဏ္ဍလမေဝ ပါရုပိတဗ္ဗံ၊ ...[သေခိယ အဖွင့်။]

ဘာသာပြန်။ ။ လက်ရှစ်သစ်လောက်”ဟု “မတ္တ=လောက်” သဒ္ဒါကြောင့် ထိုရှစ်သစ်ထက် အပိုအလိုကိုလည်း သိမ်းယူ၏။ ...ဤသုပ္ပဋိစ္ဆန္န

စာမျက်နှာ-၂၈၀

သိက္ခာပုဒ်၌လည်း ပရိမဏ္ဍလသိက္ခာပုဒ်နှင့် ဆက်ဆံသည့်အတွက် ဒူးပုဆစ်ဝန်းမှ အောက် လက် ၄-သစ်လောက် ချ၍ တွဲလျားလည်း မကျစေဘဲ ဝန်းဝိုင်းစွာ ရုံရမည်။

ညီစွာ ဝတ်ရာဌာန။ ။ ရဟန်း သာမဏေများသည် ကျောင်း အာရာမ် အတွင်းဝယ် ဘုရားဝတ်တက်ရာအခါ, ဆရာ့အထံ ချဉ်းကပ်ရာအခါ, သံဃာအများ စုဝေးရာအခါ, သံဃာအများ ဆွမ်းစားရာအခါ စသည်တို့၌လည်းကောင်း, မြို့ရွာအတွင်း တည်းခိုနေထိုင်ရာအခါ၌လည်းကောင်း, ဤသိက္ခာပုဒ် ၂-ပါးကြောင့် ညီစွာဝတ်၍ ရမ်း၍နေရမည်။ [ “ဝိဟာရေပိ အန္တရဃရေပိ ပရိမဏ္ဍလမေဝ နိဝါသေတဗ္ဗဉ္စ ပါရုပိတဗ္ဗဉ္စ ... (အဋ္ဌကထာ)” “ဝိဟာရေပီတိ သံဃသန္နိပါတဗုဒ္ဓုပဋ္ဌာနာဒိကာလံ သန္ဓာယ ဝုတ္တံ”-ဝိမတိ။] ဤစကား အရ-“မိမိ တစ်ပါးတည်းနေရာ အခါစသည်၌ ပရိမဏ္ဍလ မဖြစ်သော်လည်း အပြစ်မရှိ”ဟုမှတ်။

ခြွင်းချက်။ ။ ညီစွာဝတ်မည် ရမ်းမည်ဟု သဘောထား၍ ဝတ်ပါသော်လည်း မညီမညွတ် ဖြစ်သွားရာအခါ, တခြားကိစ္စ၌ စိတ်စိုက်နေခိုက် အမှတ်တမဲ့ (သတိမထားဘဲ) ဝတ်မိရာအခါ, ညီညီညွတ်ညွှတ် ဝတ်ပါလျက် ရှည်သွားမှန်း တိုနေမှန်း မသိရှာအခါ (တနည်း-ဝတ်နည်း ရမ်းနည်းကို သိပါလျက် နားမလည်သေးရာအခါ) ခြေသလုံး၌ ဖြစ်စေ ခြေထောက်၌ ဖြစ်စေ အနာပေါက်နေ၍ (ဂိလာန ဖြစ်ခိုက်) အနာတိုက်မိမှာ စိုးသဖြင့် တိုတိုဝတ်ရာအခါ, ယင်အုံမှာစိုးသဖြင့် ရှည်ရှည်ချ၍ ဝတ်ရာအခါ, ခြေသလုံး ခြောက်ကပ်ခြင်း ခြေသလုံးသားကြီးခြင်းစသည်ဖြစ်ရာအခါ, ဘေးရန်ကြောင့် ပြေးလွှားရာအခါ, ရှူးနေရာအခါတို့၌ အတိုအရှည်ဝတ်သော်လည်း အာပတ် မသင့်, ဒဏ်မထိုက်။

သုပ္ပဋိစ္ဆန္နသိက္ခာပုဒ် ၂-ပါး

အမှာ။ ။ ဤသေခိယအခန်း၌လာသော သိက္ခာပုဒ်များသည် သာဝတ္ထိမြို့ မှာချည်း ဖြစ်၍ ဆဗ္ဗဂ္ဂိယရဟန်းများကိုချည်း အကြောင်းပြု၍ ပညတ်တော် မူရသော သိက္ခာပုဒ်များဖြစ်သည်။

မြို့ရွာ အတွင်း၌ ကိုယ်ကို ဖော်၍ သွားလာနေထိုင်မှု။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့ရွာအတွင်း၌ သွားလာသည့်အခါ ကိုယ်ကိုဖေါ်၍ (ဒူးဖေါ်, ရင်ဖေါ် ဖေါ်၍) သွားလာကြကုန်၏။ ထိုင်သည့်အခါလည်း ကိုယ်ကို ဖေါ်၍ ထိုင်နေကြကုန်၏။ ထိုသို့ ကြည်ညိုဖွယ်မကောင်း

စာမျက်နှာ-၂၈၁

သော သွားလာနေထိုင်ပုံကို မြင်ရ၍ လူတို့က ကဲ့ရဲ့၍ကြသောကြောင့် ကဲ့ရဲ့သံကို ကြားရသော ရဟန်းတော်များက ဘုရားရှင်ကို လျှောက်ကြသဖြင့်...

(က) “သုပ္ပဋိစ္ဆန္နော အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ။

(ခ) သုပ္ပဋိစ္ဆန္နော အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ”။

ဟု ဤသိက္ခာ ၂-ရပ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်။ ။ လည်ပင်း လက်ကောက်ဝတ်မှ စ၍ ကိုယ်ကိုကောင်းစွာ ဖုံးလျက် မြို့ရွာအတွင်း၌ သွားရမည်, နေထိုင်ရမည်”ဟူသော အလေ့အကျင့်ကို ပြုကျင့်ရမည်။

ကောင်းစွာ ဖုံးပုံ။ ။ “သု = ကောင်းစွာ + ပဋိစ္ဆန္န = ကိုယ်ကိုဖုံး” ဟူရာ၌ တကိုယ်လုံး ဦးခေါင်းပါဖုံးရမည်-ဟု မိန့်တော်မူလိုသည် မဟုတ်၊ ယခုကာလ-သင်္ကန်းရုံခြင်းမျိုးကို ဆိုလိုသည်၊ ထို့ကြောင့် မြို့ရွာအတွင်း သွားလာသောအခါ သင်္ကန်းရုံ၍ အနားပတ်သီးကို တပ်ကြရသည်၊ ထိုသို့ သင်္ကန်းရုံ၍ အနားပတ်သီး တပ်ထားလျှင် လည်မျို ဇလုပ် ဦးခေါင်းနှင့် လက်ကောက်ဝတ် ပြင်ဘက်လက် ခြေသလုံး အောက်ပိုင်းမှ တစ်ပါး တကိုယ်လုံးကို ဖုံးပြီးဖြစ်၏၊ ထိုင်သောအခါလည်း ထိုကဲ့သို့ပင် ကောင်းစွာ ဖုံး၍ ထိုင်ရသည်။

အဋ္ဌကထာ။ ။ ဒုတိယသိက္ခာပဒေ ... ဂလဝါဋကတော ပုဋ္ဌာယ သီသံ, မဏိဗန္ဓတော ပဋ္ဌာယ ဟတ္ထေ, ပိဏ္ဍိမံသတောစ ပဋ္ဌာယ ပါဒေ ဝိဝရိတွာ နိသီဒိတဗ္ဗံ=ထိုင်ခြင်းနှင့် စပ်သော ဒုတိယသိက္ခာပုဒ်ဝယ် လည်မျိုဇလုပ်မှစ၍ ဦးခေါင်းကိုလည်းကောင်း, လက်ကောက်ဝတ်မှ စ၍ လက်တို့ကိုလည်းကောင်း, ခြေသလုံးအသားစိုင်မှစ၍ ခြေတို့ကိုလည်းကောင်း, ဖွင့်ပြီး ထိုင်ရမည်။

မှတ်ချက်။ ။ ယခုကာလ၌ တချို့ ထိုင်ရာ၌ ခြေဖျား လက်ဖျားတို့ကိုပင် ဖုံး၍ တိုင်ကြ၏၊ ထိုသို့ထိုင်ခြင်းကို အပြစ်ရှိသည်ဟု အခြားသိက္ခာပုဒ်အရ မတွေ့ရသောကြောင့် ထိုသို့ ထိုင်ခြင်းကို အဋ္ဌကထာအတိုင်းမဟုတ်ဟု ဆိုရုံမှတစ်ပါး အပြစ်မမြင်ချေ။ ထိုသို့ဖုံးခြင်းကို ကြည်ညိုဖွယ် မဖြစ်ဟုလည်း မဆိုသာ၊ ဦးခေါင်းကိုကား နောက်၌မခြုံရဟု ပညတ်တော် လာဦး

စာမျက်နှာ-၂၈၂

လတံ့ ဖြစ်၍ မခြုံသင့်၊ ထို့ပြင်-လည်ပင်းကို ဖုံးရာ၌ ရှေ့ပိုင်း လည်မျို ဇလုပ်ကို ဖုံးအောင် သင်္ကန်းရုံမှ ကျေနပ်ကြ၏၊ ထိုသူတို့ကား “ဂလဝါဋ ကတော ပဋ္ဌာယ”ဟူသောစကားဖြင့် စဉ်းစားသင့်သည်။

ခြွင်းချက်။ ။ ဤသိက္ခာပုဒ် ၂-ပါး၌လည်း ရှေ့ပရိမဏ္ဍလသိက္ခာပုဒ်လာ ခြွင်းချက်များ ရနိုင်သည့်ပြင် (“ဝဿုပဂတ” ခေါ်) ရွာတွင်း၌ ဆွမ်းခံ ဆွမ်းစား တရားဟောခိုက် နေထိုင်ခြင်းမျိုး မဟုတ်ဘဲ တည်းခိုသော အနေမျိုးဖြင့် နေသော ရဟန်းလည်း သင်္ကန်းမရုံဘဲ နေနိုင်သေး၏၊ [ “ဝဿုပဂတဿာတိ-ဝါသတ္ထာယ ဥပဂတဿ ရတ္တိဘာဂေဝါ ဒိဝသဘာဂေဝါ ကာယံ ဝိဝရိတွာ နိသီဒနတော အနာပတ္တိ”-အဋ္ဌကထာ။]

ဆက်ဦးအံ့’ “တည်းခိုသော အနေမျိုး”ဟူရာ၌ အဘယ်လောက်ကြာမှ “တည်းခိုခြင်း” ဖြစ်သနည်း-ဟု စဉ်းစားဖွယ် ရှိ၏၊ ကင်္ခါဋီကာသစ်၌ ညဉ့် အိပ်မည်ဟု ရည်ရွယ်ချက်ဖြင့် တည်းခိုမှ “အတည်းခို”ဟု ဆိုလို၏၊ ဝိမတိ ဋီကာ၌ကား “ဝါသတ္ထာယ ဥပဂတဿာတိ ဝုတ္တတ္တာ ဝါသာဓိပ္ပါယံ ဝိနာ (နေလိုသော ဆန္ဒနှင့် ကင်း၍) ဓမ္မဒေသနာ ပရိတ္တဘဏနာဒိ အတ္ထာယ သုစိရမ္ပိ နိသီဒန္တေန သဗ္ဗံ အန္တရဃရဝတ္တံ ပူရေန္တေနေဝ နိသီဒိတဗ္ဗံ”ဟု ဆိုသောကြောင့် တည်းခိုနေလိုသော ဆန္ဒရှိလျှင် ခေတ္တပင်ဖြစ်သော်လည်း “အတည်းခိုပင်”ဟု အဓိပ္ပါယ်ကျသည်။

ထို့ပြင်-အိမ်ရှင်တို့သည် “ရှင်ဘုရားများ သတင်းသုံးသမျှ ဤအိမ်ကို လှူပါ၏”ဟု လျှောက်တတ်ကြ၏။ ထိုသို့လျှောက်လျှင် (အတည်းခိုမဟုတ်ဘဲ) ဆွမ်းစားသွားခြင်းစသည်ပင် ဖြစ်သော်လည်း ကျောင်းမှာ နေသလို သင်္ကန်း မရုံဘဲ နေနိုင်၏ဟု ယူဆကြ၏၊ ထိုအယူကိုကား-“တံ သဗ္ဗံ နဂဟေတဗ္ဗံ, တထာ ဝစနာဘာဝါ ဒါနလက္ခဏာဘာဝါ တာဝတ္တကေန ဝိဟာရသင်္ချာ နုပဂမနတောစ = ထိုအားလုံးကို အတည်မယူထိုက်၊ (ဘာ့ကြောင့်နည်း၊) ထိုကဲ့သို့ ယူဖို့ရာ အဆိုအမိန့်မရှိခြင်း, ခေတ္တလှူခြင်းသည် အလှူမမြောက် အငှါးသာဖြစ်ခြင်း, ထိုသို့လျှောက်ရုံမျှဖြင့် ကျောင်းဟု မဆိုနိုင်ခြင်းကြောင့်တည်းဟု ဆို၍ ဝိမတိ ပယ်လေသည်။

သုသံဝုတသိက္ခာပုဒ် ၂-ပါး

ဆဗ္ဗဂ္ဂီတို့လက်ဆော့ခြင်း။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့ရွာ အတွင်း၌ လက်ဆော့ ခြေဆော့ ဆော့လျက် သွားလာကြ-နေထိုင်ကြကုန်၏၊ လူတို့ကလည်း ကဲ့ရဲ့ကြလေသည်၊ ထိုအကြောင်းကို ဘုရားရှင် ကြားတော်မူ၍...

စာမျက်နှာ-၂၈၃

(က) “သုသံဝုတော အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ။

(ခ) သုသံဝုတော အန္တရဃရေ နိသီဿာမီတိ သိက္ခာ ကရဏီယာ”။

ဟု ဤသိက္ခာပုဒ်တော် ၂-ရပ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်။ ။ လက်ခြေတို့ကို မဆော့(မကစား)ဘဲ ကောင်းစွာ စောင့်စည်းလျက် မြို့ရွာအတွင်း၌ သွားလာမည်, နေထိုင်မည်” ဟူသော အလေ့အကျင့်ကို ပြုကျင့်ရမည်။ [သု = ကောင်းစွာ+ သံဝုတ လက်ခြေတို့ကို စောင့်ရှောက်သူ၊ ဤသိက္ခာပုဒ်တော်အရ မြို့ရွာ အတွင်း၌ လက်ဆော့ ခြေဆော့ မလုပ်ရ။

ဩက္ခိတ္တစက္ခုသိက္ခာပုဒ်၂-ပါး

ဟိုဟိုသည်သည် ကြည့်ခြင်း။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့ရွာအတွင်း၌ ဟိုဟိုသည်သည် (တောင်ကြည့်မြောက်ကြည့်) ကြည့်လျက် သွားလာ-နေထိုင်ကြကုန်၏၊ ထိုသို့ တောင်ကြည့် မြောက်ကြည့် ကြည့်လျက် ဣန္ဒြေမရဘဲ သွားလာနေထိုင်မှုကို ယဉ်ကျေးသော လူကောင်း သူကောင်းတို့သော်မှ မပြုကြပါဘဲ, အထူးယဉ်ကျေးသည်ဟု အသိအမှတ် ပြုရမည့် ဘုရားသားတော်တို့က ပြုနေကြသည်ကို လူတို့က ကဲ့ရဲ့ရှုတ်ချ အပြစ်တင် ကြသောကြောင့်...

(က) “ဩက္ခိတ္တစက္ခု အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ။

(ခ) ဩက္ခိတ္တစက္ခု အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ”။

ဟု ဤသိက္ခာပုဒ်တော် ၂-ရပ်ကို ဘုရားရှင်ပညတ်တော်မူရလေသည်။

မြန်မာပြန်။ ။ ရထားထမ်းပိုးတပြန်လောက်သာ ကြည့်လျက် မျက်စိကို အောက်သို့ ချ၍ မြို့ရွာအတွင်း၌ သွားလာ—နေထိုင်မှုကို ပြုမည်-ဟု အလေ့အကျင့်ကို ပြုရမည်။ ဤသိက္ခာပုဒ်တော်အရ စက္ခုန္ဒြေ (စက္ခု+ဣန္ဒြေ) ချ၍ မြို့ရွာအတွင်း၌ နေကြရသည်။ သို့သော် ယာဉ် ရထား နွားမြင်းစသောဘေးရန်ရှိ-မရှိကိုကား တစည်းတစောင်း ကြည့်ကောင်းပါ၏။

စာမျက်နှာ-၂၈၄

ရထား ထမ်းပိုး တပြန်ကိုလည်း “၄-တောင် တချို့အဋ္ဌကထာ၌ ၄-တောင့်ထွာခန့်” ဟုခန့်မှန်း ကြသည်၊ ယဉ်ကျေးပြီးသော အာဇာနီ ဆင်မြင်းတို့သည် ထိုမျှလောက်သာ ကြည့်လေ့ရှိကြသတဲ့၊ မှန်၏- ထိုသို့မျက်စိကို ဣန္ဒြေ ရရထား၍ သွားလာ နေထိုင်မှုကို ယဉ်ကျေးသူတိုင်း ပြုကြ၏၊ တောင်ကြည့် မြောက်ကြည့် ကြည့်ခြင်းကား အရိုင်းအစိုင်းတို့၏ အပြုအမူ

ဖြစ်သည်။

ဥက္ခိတ္တက သိက္ခာပုဒ် ၂-ပါး

သင်္ကန်းကို မြှောက်ပင့်ခြင်း။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့ရွာအတွင်း၌ သင်္ကန်းကို မြှောက်၍ ပင့်၍ (စွန်တောင်ဆွဲ၍) သွားလာကြကုန်၏၊ ထိုင်သောအခါလည်း သင်္ကန်းကို ပင့်၍ ထိုင်ကြကုန်၏၊ ထိုအပြုအမူကို လူတို့က ကဲ့ရဲ့ကြသောကြောင့်...

(က) “န ဥက္ခိတ္တကာယ အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ။

(ခ) န ဥက္ခိတ္တကာယ အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ”။

ဟု ဤသိက္ခာပုဒ် ၂-ပါးကို ဘုရားရှင် ပညတ်တော်မူရလေသည်။

မြန်မာပြန်။ ။ “သင်္ကန်းကိုမြှောက်ပင့်လျက် မြို့ရွာအတွင်း၌ မသွားအံ့- မထိုင်အံ့”ဟု အလေ့အကျင့်ကို ပြုရမည်။ [ဤသိက္ခာပုဒ်တော်အရ မြို့ရွာအတွင်း၌ သင်းပိုင်ကိုယ်ရုံကို ဝဲဘက်ကဖြစ်စေ ယာဘက်က ဖြစ်စေ မမြှောက်ပင့်ရ၊ ကိုယ်ရုံကို ခါးပေါ် အောင်ပင် တချို့ကျောင်းတွင်း၌ နေတတ်ကြ၏၊ မြို့ရွာအတွင်းဖြစ်မူ ထိုကဲ့သို့ မမြှောက်ပင့်ရ။] ထိုင်သောအခါ၌ကား ရုံထားသောအပေါ် သင်္ကန်းကို အနည်းငယ်ပင့်၍ တင်ပါးအောက်မှာ ဖိမနေစေဘဲ ထိုင်ရမည်ဟု ပညတ်တော်မူချက် (ခန္ဓကမှာ)ရှိ၏။ ထို့ကြောင့် ထိုကဲ့သို့ ပင့်ခြင်းမှတစ်ပါး သင်းပိုင်မှာ ပတ်ထားသော ခါးပန်းကြိုးပေါ်လာအောင် မြှောက်ပင့်၍ မထိုင်ရ၊ သို့သော် တည်းခို နေထိုင်ခိုက် ဖြစ်မူကား ကျောင်းမှာနေသကဲ့သို့ ထိုက်တန်သလောက် မြှောက်ပင့်သော်လည်း “ဝါသူပဂတဿ အနာပတ္တိ”ဟု ဤသိက္ခာပုဒ်မှာ ခြွင်းချက်ပါပေသည်။ ပရိမဏ္ဍလဝဂ်ပြီး၏။

စာမျက်နှာ-၂၈၅

ဥဇ္ဇဂ္ဃိကဝဂ်

ဥဇ္ဇဂ္ဃိကသိက္ခာပုဒ် ၂-ပါး

ကျယ်စွာရယ်ခြင်း။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့ရွာအတွင်း၌ ကျယ်လောင်စွာ ရယ်၍ သွားလာကြ-နေထိုင်ကြကုန်၏၊ ကျယ်စွာရယ်ခြင်းသည် ယဉ်ကျေးသောလူများ၏ အပြုအမူမဟုတ်၊ ယဉ်ကျေးသူတို့သည် ရယ်ရွှင်ဖွယ်အာရုံနှင့် ကြုံလာလျှင် သွားမဖေါ်ဘဲလည်းကောင်း, သွားဖျားပေါ်ရုံမျှလည်းကောင်း, ပြုံးကြကုန်၏၊ အသံထွက်လာလျှင်လည်း သာသာညှဉ်းညှဉ်း အသံ လောက်ထွက်စေကြကုန်၏၊ အသံကျယ်စွာ ထွက်အောင် ရယ်မောလေ့မရှိကြ၊ ထို့ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့၏ ကျယ်လောင်စွာ ရယ်မှုသည် ယဉ်ကျေးသူတို့၏ အပြုအမူမဟုတ်ရကား လူတို့က ကဲ့ရဲ့ကြသောကြောင့်...

(က) “နဥဇ္ဇဂ္ဃိကာယ အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ။

(ခ) နဥဇ္ဇဂ္ဃိကာယ အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ် ၂-ပါးကို ဘုရားရှင်ပညတ်တော်မူရလေသည်။

မြန်မာပြန်။ ။ “ကျယ်စွာရယ်၍ မြို့ရွာအတွင်း၌ မသွားလာအံ့, မနေထိုင်အံ့”ဟု အလေ့အကျင့်ကို ပြုရမည်။ အကယ်၍ ရယ်ဖွယ်အာရုံနှင့် ကြုံလာလျှင် ပြုံးရုံမျှသာ ပြုံးရမည်-ဟုမိန့်တော်မူ၏၊ “ဥ = အသံကျယ်စွာ+ဇဂ္ဃ=ရယ်ခြင်း”ကို တားမြစ်ရကား ခတ်တိုးတိုး အသံထွက်ရုံကိုကား တားမြစ်မည်မထင်။]

အပ္ပသဒ္ဒသိက္ခာပုဒ် ၂-ပါး

အသံကျယ်စွာ စကားပြောခြင်း။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့ရွာအတွင်း၌ အသံကျယ်စွာ စကားပြော၍ သွားလာ နေထိုင်ကြကုန်၏။ [အသံကျယ်စွာ စကားပြောခြင်းလည်း ယဉ်ကျေးပြီးသူတို့၏ အပြုအမူ မဟုတ်၊ ယခုကာလ၌ပင် တောသူတောသားနှင့် မြို့သူမြို့သား စကားပြောပုံသည် အသံကျယ်—မကျယ်အားဖြင့် ကွဲပြားလျက်ရှိ၏။ ထို့ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့၏ အသံကျယ်စွာ စကားပြောမှုကို သာဝတ္ထိမြို့သူမြို့သားတို့က ကဲ့ရဲ့ရှုတ်ချ-အောက်တန်းစားတွေဟု အသိအမှတ်ပြုကြသောကြောင့်...

စာမျက်နှာ-၂၈၆

(က) “အပ္ပသဒ္ဒေါ အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ။

(ခ) အပ္ပသဒ္ဒေါ အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ် ၂-ပါးကိုဘုရားရှင် ပညတ်တော်မူရလေသည်။

မြန်မာပြန်။ ။ တိုးသောအသံ ရှိသည်ဖြစ်၍ (စကားပြောစရာ ရှိလျှင် တိုးတိုးသက်သာ ပြောလျက်) မြို့ရွာအတွင်း၌ သွားလာ-နေထိုင်မည်”ဟု အလေ့အကျင့်ကို ပြုရမည်။

၁၂-တောင်ကျယ်သောအိမ်ဝယ် မြောက်အစွန်၌ တစ်ပါး, တောင်အစွန်၌ တစ်ပါး, အလယ်အကြား ၆-တောင်ခန့်၌ တစ်ပါး ထိုင်နေရာ, မြောက်ဆုံး ပုဂ္ဂိုလ်က အလယ်ပုဂ္ဂိုလ်အား လှန်း၍ စကားပြောရာ၌ အလယ်ပုဂ္ဂိုလ်သာ စကားလုံးကို ကွဲကွဲ ပြားပြားကြားရ၍ တောင်ဆုံးပုဂ္ဂိုလ်က ကွဲကွဲပြားပြား မကြားရလျှင် ထိုအသံကို အပ္ပသဒ္ဓ = တိုးသောအသံဟု ဆိုရ၏၊ တောင်ဆုံး ပုဂ္ဂိုလ်ပါ ကွဲကွဲ ပြားပြားကြားရလျှင်ကား မဟာသဒ္ဒဖြစ်၍ အပြစ်ရှိသည်။

မှတ်ချက်။ ။ ဤသိက္ခာပုဒ်ကို ရဟန်းသာမဏေချင်း စကားပြောရာ၌သာ ပညတ်တော်မူလိုရင်း ဖြစ်ဟန်တူ၏။ လူများနှင့် စကားပြောရာ၌ကား (အထူးအားဖြင့် မိန်းမများနှင့် စကားပြောရာ၌) တိုးတိုး ပြောနေလျှင် အပြစ်တင်ဖွယ်ပင် ဖြစ်ရာ၏၊ တရားဟောရာ၌မူ အရှင်အာနန္ဒာ အရှင်မဟိန္ဒ စသော မထေရ်များပင် မြို့အတွင်း၌ ကျယ်စွာသောအသံဖြင့် ပရိသတ် ကြားလောက်အောင် ဟောတော်မူလေ့ရှိပေသည်။

ပစာလကသိက္ခာပုဒ် ၆-ပါး

ကိုယ်လက်ရုံး, ဦးခေါင်းလှုပ်ခြင်း။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့ရွာအတွင်း၌ အထက်ပိုင်း ကိုယ်ကို မတ်မတ်မထားဘဲ လှုပ်လှုပ်ရှားရှားဖြစ်စေလျက် အိအိ ချွဲချွဲ တွဲရရွဲချသလို လုပ်၍ သွားလာကြ-နေထိုင်ကြကုန်၏၊ လက်ရုံး လက်မောင်းကိုလည်း တောင့်တောင့်တင်းတင်းမထားဘဲ တွဲရရာ ချသကဲ့သို့ လှုပ်လှုပ်ယမ်းယမ်းလုပ်၍ သွားလာနေထိုင်ကြကုန်၏၊ ဦးခေါင်းကိုလည်း ခိုင်ခိုင်မတ်မတ်မထားဘဲ တွဲရရာချသကဲ့သို့ ဘေးစောင်း ရှေ့ငိုက် ထားကြကုန်၏။

စာမျက်နှာ-၂၈၇

ထိုအပြုအမူမျိုးသည် ပျင်းရိသူ-ကလေးကလားနေတတ်သူတို့၏ အပြုအမူ မျိုးသာဖြစ်၍ လူကြီးလူကောင်းများ-ယဉ်ကျေးပြီးသူများ၏ အပြုအမူမဟုတ်ချေ။ မှန်၏- ဘုရားရှင်သည် ဒေသစာရီ ကြွချီသောအခါ ထိုင်တော်မူသောအခါတို့၌ အထက်ပိုင်း ကိုယ်တော်သည် လှေပေါ်မှာ တင်ထားအပ်သော ဆင်းတုတော်ကဲ့သို့ အလွန်ငြိမ်သက်တော်မူလေသည်၊ ထို့ကြောင့် ယဉ်ကျေးသူတို့၏ အထွတ်အထိပ်ဖြစ်တော်မူသော ဘုရားရှင်၏ တပည့်များက ထိုကဲ့သို့ လှုပ်လှုပ်ရှားရှား မငြိမ်မသက် သွားလာနေထိုင်ကြသည်ကို မကြည်ညိုနိုင်သော လူတို့သည် ကဲ့၍ ရှုတ်ချလေကုန်၏၊ ထို့ကြောင့် —

(က, ခ) “ကာယပ္ပစာလကံ အန္တရဃရေ ဂမိဿာမီတိ, နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ။

(ဂ, ဃ) န ဗာဟုပ္ပစာလကံ အန္တရဃရေ ဂမိဿာမီတိ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ။

(င, စ) န သီသပ္ပစာလကံ အန္တရဃရေ ဂမိဿာမီတိ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်တော် ၆-ပါးကို ပညတ်တော်မှုရလေသည်။

မြန်မာပြန်။ ။ မြို့ရွာအတွင်း၌ ကိုယ်ကို လှုပ်စေ၍ လှုပ်စေ၍လည်းကောင်း, လက်ရုံး လက်မောင်းကို လှုပ်စေ၍ လှုပ်စေ၍လည်းကောင်း, ဦးခေါင်းကို လှုပ်စေ၍ လှုပ်စေ၍လည်းကောင်း, မသွားလာ-မနေထိုင်အံ့” ဟု အလေ့ အကျင့်ကိုပြုရမည်။

ဥဇ္ဇဂ္ဃိကဝဂ်ပြီး၏။

စာမျက်နှာ-၂၈၈

ခမ္ဘကတဝဂ်

ခမ္ဘကတ သိက္ခာပုဒ် ၂-ပါး

ခါးထောက်ခြင်း။ ။ ဆဗ္ဗဂ္ဂီ ရဟန်းတို့သည် မြို့ရွာအတွင်း၌ ခါးထောက်၍ သွားလာ-နေထိုင်ကြကုန်၏၊ ထိုအပြုအမူသည်လည်း ဟန်ကြီးပန်ကြီးလုပ်သူတို့၏ အပြုအမူဖြစ်၍ မြင်ရသူတို့ ကျေနပ်ဖွယ် ကောင်းသော အပြုအမူမဟုတ်ရကား ကဲ့ရဲ့ရှုတ်ချကြသောကြောင့်...

(က, ခ) “န ခမ္ဘကတော အန္တရဃရေ ဂမိဿာမီတိ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ် ၂-ပါးကို ပညတ်တော်မူရလေသည်။

မြန်မာပြန်။ ။ “ဝဲဘက်ယာဘက် တဘက်ဘက်မှာ ဖြစ်စေ ၂-ဘက် လုံးမှာဖြစ်စေ ခါးကိုလက်ဖြင့် ထောက်၍ မသွားလာအံ့, မနေထိုင်အံ့” ဟု အလေ့အကျင့်ကို ပြုရမည်။

ဩဂုဏ္ဌိတသိက္ခာပုဒ် ၂-ပါး

ခေါင်းခြုံခြင်း။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့ရွာအတွင်း၌ ဦးခေါင်းကို ခြုံ၍ သွားလာ-နေထိုင်ကြကုန်၏၊ ဦးခေါင်းနှင့်တကွ တကိုယ်လုံးကို (ခေါင်းမြီးခြုံ ကုလားမတို့ကဲ့သို့) ခြုံ၍သွားလာ-နေထိုင်ခြင်းကား ရိုးသားသူတို့ အပြုအမူ မဟုတ်သဖြင့် မြင်ရသူတို့က ကဲ့ရဲ့ရှုတ်ချကြသောကြောင့်...

(က, ခ) “န ဩဂုဏ္ဌိတော အန္တရဃရေ ဂမိဿာမီတိ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်တော် ၂-ပါး, ကိုပညတ်တော်မူရလေသည်။

မြန်မာပြန်။ ။ ဦးခေါင်းခြုံလျက် မြို့ရွာအတွင်း၌ မသွားလာ, မနေထိုင်အံ့”ဟု အလေ့အကျင့်ကို ပြုရမည်။

စာမျက်နှာ-၂၈၉

ဥက္ကုဋိကသိက္ခာပုဒ်

ဖဝါးဆွံ့နင်းခြင်း။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့ရွာအတွင်း၌ ဖဝါးဆွံ့နင်း၍ သွားလာကြကုန်၏၊ [ခြေဖျားထောက်၍ ဖနောင့်ကို မြှောက်လျက်လည်းကောင်း, ဖနောင့်သာ နင်း၍ ခြေဖျားထောက်လျက်လည်းကောင်း, သွားခြင်းကို ခြေဖဝါး နာနေသလို ဆွံ့နေသလို ဖြစ်သောကြောင့် “ဖဝါးဆွံ့” နင်းခြင်းဟု ခေါ်၏။] ထိုသို့ ဖဝါးဆွံ့ နင်း၍ သွားခြင်းကား ကလေးများ ဆော့ခြင်းနှင့်တူသောကြောင့် အမြင်မတော်ချေ၊ ထို့ကြောင့် ထိုသို့သွားသော ဆဗ္ဗဂ္ဂီ ရဟန်းများကို လူတို့ကဲ့ရဲ့ရှုတ်ချလေရကား—

“န ဥက္ကုဋိကာယ အန္တရဃရေ ဂမိဿာမီဟိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်။ ။ ဖဝါးဆွံ့နင်း၍ “မြို့ရွာအတွင်း၌ မသွားအံ့” ဟူသော အလေ့အကျင့်ကို ပြုရမည်။

ပလ္လတ္ထိကသိက္ခာပုဒ်

ဒူးကို ပတ်ဖွဲ့ခြင်း။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့ရွာအတွင်း၌ ဒူ ၂-ဘက်ကို ထောင်၍ ထိုထောင်ထားသော ဒူးကို လက် ၂-ဘက်ဖြင့် ပတ်ဖွဲ့ခြင်း, ပတ်ဖွဲ့၍လည်းကောင်း, အဝတ်ကြိုးလုံးဖြင့် ပတ်ဖွဲ့၍လည်းကောင်း, ထိုင်ကြကုန်၏၊ ထိုသို့ထိုင်ရခြင်းကား လူမမာတို့အတွက် သက်သာသော ထိုင်ရခြင်း ဖြစ်၍ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထိုသို့ ပတ်ဖွဲ့၍ ထိုင်ကြလေသည်၊ ထိုထိုင်ခြင်း မျိုးသည် ဣန္ဒြေသိက္ခာရှိသော လူကြီးလူကောင်းတို့၏ အပြုအမူမဟုတ်သောကြောင့် လူတို့ ကဲ့ခဲ့ရကား-

“န ပလ္လတ္ထိကာယ အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်။ ။ “လက်အဝတ်တို့ဖြင့် ဒူးကို ပတ်ဖွဲ့လျက် မထိုင်အံ့” အလေ့အကျင့်ကို ပြုရမည်၊ [မရိုသေ မလေးစားသော စိတ်ဖြင့် ထိုင်မှသာ အပြစ်ရှိသည်။ မကျန်းမာသောကြောင့် ထိုကဲ့သို့ ထိုင်ခြင်းကြောင့်ကား အပြစ်မရှိပါ၊ ဤသို့ ဒူးကို လက်-ကြိုးတို့ဖြင့်ပတ်ဖွဲ့၍ ထိုင်ခြင်းကို “အာယောဂပတ်”ဟု ကျမ်းစာတို့၌ဆိုသည်။

စာမျက်နှာ-၂၉၀

သက္ကစ္စပဋိဂ္ဂဟဏသိက္ခာပုဒ်

မလေးမစား ဆွမ်းခံမှု။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းကိုမလေးစား ခံယူကြကုန်၏။ “မလေးမစား”ဟူသည် ဆွမ်းကို မလိုချင်သလို စွန့်ပစ်မှာလိုလို လုပ်သော အမူအရာတည်း၊ ထိုအမူအရာမျိုးကို မြင်ရသောအခါ ဆွမ်းလောင်းသူတို့၏ စိတ်၌ သဒ္ဓါတရား တိုးတက်သည့်ပြင် ဆွမ်းလောင်းချင်သောစိတ်ပင် ပျက်စီးကြကုန်၏၊ ထို့ကြောင့် ထိုမလေးမစားခံယူမှုကို လူတို့ကဲ့ရဲ့ရကား-

“သက္ကစ္စံ ပိဏ္ဍပါတံ ပဋိဂ္ဂဟေဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်။ ။ ဆွမ်းကို လေးလေးစားစား(လိုလိုချင်ချင်)ခံယူမည်”ဟု အလေ့အကျင့်ကို ပြုရမည်။

ပတ္တသညီသိက္ခာပုဒ်

ဟိုဟိုသည်သည် ကြည့်၍ ဆွမ်းခံမှု။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းခံသည့် အခါ ဟိုကြည့် သည်ကြည့်နှင့် ခံယူကြကုန်၏၊ (သပိတ်၌ စိတ်မစိုက်ဘဲ တောင်ကြည့် မြောက်ကြည့် ကြည့်၍ ဆွမ်းခံရကား ဆွမ်းလောင်းနေသည်ကိုလည်း မသိလိုက်ကြ၊ ဆွမ်းလောင်း ပြီးသည်ကိုလည်း မသိလိုက်ကြ၊ ထိုသို့ နမူးထူးဖြစ်လောက်အောင် ငေးမေ့၍ ဆွမ်းခံမှုကို လူတို့ မကြည်ညိုသဖြင့် ကဲ့ရဲ့ကြသောကြောင့်-

“ပတ္တသညီ ပိဏ္ဍပါတံ ပဋိဂ္ဂဟေဿာမီတိ သိက္ခာ ကရဏီယာ”။ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်။ ။ သပိတ်၌ အမှတ်သညာရှိသည်ဖြစ်၍ (သပိတ်၌ စိတ်စိုက်လျက်) ဆွမ်းကိုခံယူမည်”ဟု အလေ့အကျင့်ကို ပြုရမည်။

စာမျက်နှာ-၂၉၁

သမသူပကသိက္ခာပုဒ်

ပဲဟင်းကိုများစွာ ခံယူမှု။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ပဲဟင်းကိုများစွာ ခံယူကြကုန်၏၊ [ “ပဲဟင်း”ဟူသည် မပြစ်လွန်း မကျဲလွန်းသောလက်ဖြင့် ကော်ယူလျှင် ရနိုင်လောက်သော ပဲနောက်ဟင်း ပဲကြီးဟင်းတည်း၊ အခြားပဲဟင်းများလည်း ပါဝင်၏-ဟု ဆိုသေး၏၊] ထိုကဲ့သို့ ပဲဟင်းကို များစွာခံယူခြင်းကြောင့် လူတို့ကဲ့ရဲ့ရကား-

“သမသူပကံ ပိဏ္ဍပါတံ ပဋိဂ္ဂဟေဿာမီတိ သိက္ခာ ကရဏီယာ”။ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်။ ။ “တော်လောက်ရုံသော ပဲဟင်းရှိသည်ဖြစ်၍ ဆွမ်းကို ခံယူအံ့”ဟု အလေ့အကျင့်ကို ပြုရမည်။

မှတ်ချက်။ ။ ဆွမ်း၏ ၄-ပုံတွင် ၁-ပုံလောက်သာရှိသော ပဲဟင်းကို ဆွမ်းနှင့်ညီမျှ သောပဲဟင်း”ဟုဆိုသည်၊ အိန္ဒိယနိုင်ငံ၌ ပဲဟင်း စားလေ့ရှိသောကြောင့် ပဲဟင်းနှင့်စပ်၍ သိက္ခာပုဒ်တရပ် ပညတ်တော်မူရသည်၊ ထို့ကြောင့် ပဲဟင်းမှတစ်ပါး အခြားသော ဟင်းချိုဟင်း ချဉ်ရည်ဟင်း သားဟင်း ငါးဟင်းများကိုကား များစွာ ခံယူသော်လည်းကောင်း, လက်ကော်ရပဲဟင်းကိုလည်း ဉာတိတို့ ပစ္စည်းဖိတ်မန်အပ်သူတို့ ပစ္စည်းဖြစ်မူ များစွာခံယူသော်လည်းကောင်း, အာပတ်မသင့်။

သမတိတ္ထိကသိက္ခာပုဒ်

မောက်လျှံနေအောင်ဆွမ်းခံမှု။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သပိတ်ပေါ်၌ မောက်လျှံနေအောင် ဆွမ်းခံကြကုန်၏။ (ထိုကဲ့သို့ မောက်လျှံအောင် ဆွမ်းခံခြင်းသည် အလွန်လောဘကြီးရာ ရောက်၏၊ မို့မောက်နေသည့်အတွက် အမြင်လည်းမတော်ချေ။ ထို့ကြောင့်) လူတို့ ကဲ့ရဲ့ ရကား—

“သမတိတ္ထိကံ ပိဏ္ဍပါတံ ပဋိဂ္ဂဟေသာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်။ ။ သပိတ်၏ အတွင်းနခမ်းရစ်နှင့် ညီမျှရုံသာ ဆွမ်းကိုခံယူအံ့”ဟု အလေ့အကျင့်ကို ပြုရမည်၊ [သပိတ်၌ အတွင်းနခမ်း, အပြင် နခမ်း ဟု ၂-မျိုးရှိ၏၊ အပြင်နခမ်းသည် အတွင်း နခမ်းထက် မြင့်၏။

စာမျက်နှာ-၂၉၂

ထို့ကြောင့် အပြင်နခမ်းနှင့် ညီမျှနေလျှင် ဘေး၌ လျှံကျဖွယ် ရှိသောကြောင့် အတွင်းနခမ်း အရစ်နှင့် ညီမျှရုံသာ ဆွမ်းခံရသည်၊ သပိတ် ဟူရာ၌ အဓိဋ္ဌာန်တင်လောက်သော သပိတ်အစစ်ကို ဆိုလိုသည်၊ ထို့ကြောင့် သပိတ်ပေါ်၌ အခြား ဟင်းခွက်များဖြင့် ထည့်၍ ခံလျှင်လည်းကောင်း, သပိတ်ဖုံးပေါ် တင်၍ ခံလျှင်လည်းကောင်း, အာပတ်မသင့်၊ သပိတ်တလုံး ပြည့်၍ အခြား သပိတ်တလုံးဖြင့် လဲလှယ်ခံလျှင်လည်း၊ အာပတ် မသင့်ပင်။]

ခမ္ဘကတဝဂ် ပြီး၏။

သက္ကစ္စဝဂ်

သက္ကစ္စဘုဉ္ဇနသိက္ခာပုဒ်

မစားချင်သလို ဆွမ်းစားမှု။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ မစားချင် စားချင် အနေမျိုးဖြင့် လေးလေးစားစား မဟုတ်ဘဲ ဆွမ်းစားကြကုန်၏၊ (လူတို့ထုံးစံမှာ ထမင်းဟင်းများကို အသက်သခင် အနေမျိုးအားဖြင့် အလွန်လေးစားကြကုန်၏၊ တချို့လူမျိုး ထုံးစံမှာ ထမင်းစားခါနီး၌ လက်အုပ်ချီကြသေး၏၊ ထို့ကြောင့်) မစားချင့် စားချင်နှင့် ဆွမ်းစားမှုကို လူတို့ ကဲ့ရဲ့ကြသောကြောင့်—

“သက္ကစ္စံ ပိဏ္ဍပါတံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်။ လေးလေးစားစား ဆွမ်းကို စားအံ့”ဟု အလေ့အကျင့်ကို ပြုရမည်၊ [ဆွမ်းစားမကောင်းခြင်း စသည်ဖြင့် မကျန်းမမာ ဖြစ်နေ၍ လေးလေးစားစား မစားနိုင်ရာ၌ကား အာပတ်မသင့်၊ မလေးမစား စားမည်ဟု တမင်္ဂလာ အရွဲ့တိုက်လိုသော စေတနာ မရှိခြင်း စသည်ကြောင့်လည်း အာပတ်မသင့်။]

စာမျက်နှာ-၂၉၃

ပတ္တသညီဘုဉ္ဇနသိက္ခာပုဒ်

ဆွမ်းစားခွက်၌ သတိမထားခြင်း။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ ဆွမ်းထည့် စားရာခွက်၌ စိတ်မစိုက်ဘဲ တောင်ကြည့် မြောက်ကြည့် ကြည့်၍ စားကြကုန်၏၊ [ရှေးက ဆွမ်းဟင်းပွဲနှင့် စားကြသည်မဟုတ်၊ စားလိုရာဟင်းကို သပိတ်၌သာ ထည့်၍ စားကြကုန်၏၊ တောင်ကြည့် မြောက်ကြည့် ကြည့်၍ ငေးချင်ရာငေး တွေးချင်ရာတွေး၍ စားနေကြသောကြောင့်] သပိတ်ထဲ၌ ဆွမ်း-ဟင်းများကို နောက်ထပ် ထည့်သည်ကိုလည်း မသိလိုက်ကြ၊ ထည့်ပြီး၍ လွန်သွားသည်ကိုလည်း မသိလိုက်ကြသဖြင့် လူတို့ကဲ့ရဲ့ကြသောကြောင့်—

“ပတ္တသညီ ပိဏ္ဍပါတံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်။ ။ “သပိတ်၌ (ဆွမ်းစား ခွက်၌) အမှတ်သညာထား၍ ဆွမ်းစားမည်”ဟု အလေ့အကျင့်ကို ပြုရမည်၊ [ဤ၌ “ပတ္တ”ဟူသည် သပိတ်သာမက, ဆွမ်းထည့်၍ စားရာ ခွက်အားလုံးကိုပင် ယူရမည်၊ တချို့ကား “ပတ္တ” ဟူသော ပါဠိ၌ “သပိတ်”ဟုသာ အနက်ထင်၍ “ဇလုံပုဂံ”တို့၌ ထည့်၍ စားသော်လည်း “သပိတ်အမှတ်ဖြင့် စားရမည်”ဟု မဆီမဆိုင် အဓိပ္ပါယ် ပြောကြလေသည်။]

သပဒါန သိက္ခာပုဒ်

အစဉ်အတိုင်း မစားခြင်း။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ အစဉ်အတိုင်း မစားကြဘဲ (သပိတ်-စားခွက်တို့ဝယ် အစမှ စ၍ အစဉ်အတိုင်း စားမသွားဘဲ) အစဘက်နှိုက်လိုက်, အလယ်လောက်နှိုက်လိုက်, ဘေးနားနှိုက်လိုက်နှင့် စားကြကုန်၏၊ ဤစားနည်းသည် ယဉ်ကျေးသူတို့၏ စားနည်းမဟုတ်၊ ... [မဟာဟံသဇာတ်တော်၌ အလွန် ယဉ်ကျေးပြီးသော အလောင်းတော် ဟင်္သာမင်းကား မနေ့တုန်းက စားပြီးသော နေရာမှာပင် သက်ဆင်း၍ ထိုစားပြီးနေရာကမှ ဆက်၍ စားလေ့ရှိသတတ်။ ထို့ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့၏ ဟိုနေရာနှိုက် သည်နေရာနှိုက်နှင့် စားမှုကို လူတို့ကဲ့ရဲ့ရကား—

စာမျက်နှာ-၂၉၄

“သပဒါနံ ပိဏ္ဍပါတံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ”။ဟု ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။

မြန်မာပြန်။ ။ “ဟိုနှိုက် သည်နှိုက် မနှိုက်ဘဲ အစဉ်အတိုင်း ဆွမ်းကို စားအံ့”ဟု အလေ့အကျင့်ကို ပြုရမည်။

သမသူပက ဘုဉ္ဇန သိက္ခာပုဒ်

ပဲဟင်းကို များစွာစားခြင်း။ ။ ဆဗ္ဗဂ္ဂီ ရဟန်းတို့သည် ဆွမ်းစားသောအခါ ပဲဟင်းကိုချည်း များစွာစားကြကုန်၏။ (ရှေးခေတ်က ပဲဟင်းသည် မပါလျှင် မပြီးသလောက် အသုံးများ၍ အများကြိုက်ဟင်း ဖြစ်ခဲ့ဟန်တူ၏၊ ထို့ကြောင့်) ပဲဟင်းကို အတိုင်းထက် အလွန် စားသော ဆဗ္ဗဂ္ဂီရဟန်းများကို လူတို့ ကဲ့ရဲ့ကြသောကြောင့်—

“သမသူပကံ ပိဏ္ဍပါတံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်။ ။ “(မပြစ်မကျဲ-လက်ဖြင့် ကော်ယူ၍ ရလောက်သော) ပဲဟင်းကို ဆွမ်း၏ ၄-ပုံ တပုံလောက်သာ စားအံ့”ဟု အလေ့ အကျင့်ကို ပြုရမည်၊ ဤသိက္ခာပုဒ်၌လည်း သမသူပက သိက္ခာပုဒ်၌ကဲ့သို့ ဉာတိဖြစ်သူ နဂိုက ဖိတ်မန်ထားသူတို့၏ ဆွမ်းကို စားရာ၌လည်းကောင်း, မိမိပိုင် ပဲဟင်းကို စားရာ၌လည်းကောင်း, ဆွမ်း၏ ၄-ပုံ တပုံထက် များစွာ စားသော်လည်း အနာပတ္တိ၊ လူများက ကျွေးသောဆွမ်းကို စားရာ၌သာ ဆွမ်း၏ ၄-ပုံ တပုံထက် ပို၍စားလျှင် အာပတ်သင့်သည်။ [ “အနာပတ္တိ-ဉာတကာနံ ပဝါရိတာနံ အတ္တနော ဓနေန စသည်-ပါဠိတော်။]

ထူပကတသိက္ခာပုဒ်

ဆွမ်းဦးကို စားမှု။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ အလယ်ဗဟို မို့မောက်နေသော ဆွမ်းဦး ဆွမ်းထိပ်မှ နှိုက်ယူ၍ စားကြကုန်၏၊ ထိုစားခြင်းမျိုးလည်း ယဉ်ကျေးသူတို့၏ အပြုအမူ မဟုတ်သဖြင့် လူတို့ကဲ့ရဲ့ကြသောကြောင့်—

စာမျက်နှာ-၂၉၅

“န ထူပကတော ဩမဒ္ဒိတွာ ပိဏ္ဍပါတံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ”။ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်။ ။ ဆွမ်းဦး ဆွမ်းထိပ်မှ နှိုက်ယူ၍ ဆွမ်းကို မစားအံ့”ဟု အလေ့အကျင့်ကို ပြုရမည်၊ [ဆွမ်းစားပြီးခါနီး၌ သပိတ်-စားခွက် ထဲဝယ် အနည်းငယ် ကျန်နေသည်ကို သိမ်းကျုံး စုဆောင်း လိုက်သောအခါ အစုအပုံ မိုမိုမောက်မောက် ဖြစ်နေတတ်သေး၏၊ ထိုသို့ သိမ်းကျုံးထားသော အစုအပုံကလေးကို နှိုက်ယူ၍ စားရာ၌ကား အာပတ်မသင့်၊ [အနာပတ္တိ-ပရိတ္တကေ သေသေ ဧကတော သံကဍ္ဎိတွာ ဩမဒ္ဒိတွာ ဘုဉ္ဇတိ”ပါဠိတော်။]

ပဋိစ္ဆာဒနသိက္ခာပုဒ်

ဟင်းကို ဆွမ်းဖြင့် ဖုံးမှု။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းခံသောအခါ (ဤသို့ဖုံးထားလျှင် မရသေးဘူးထင်၍ နောက်ထပ် လောင်းကြလိမ့်မည်ဟု မရိုးသားသော စိတ်ကူးဖြင့်) များများအလိုရှိ၍ ပဲဟင်း-ဟင်းလျာတို့ကို ဆွမ်းဖြင့် ဖုံးထားကြကုန်၏၊ (ဤသို့ ပြုလုပ်မှုကား သက်သက်အောက်တန်းစားတို့၏ အပြုအမူသာဖြစ်၏၊ ထို့ကြောင့်) ထိုအပြုအမူကို သိရှိသော လူတို့က ကဲ့ရဲ့ကြသဖြင့်—

“န သူပံဝါ ဗျဉ္ဇနံဝါ ဩဒနေန ပဋိစ္ဆာဒေဿာမိ ဘိယျောကမျတံ ဥပါဒါယာတိ သိက္ခာကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်။ ။ “ပဲဟင်းကိုလည်းကောင်း, ပဲဟင်းမှတစ်ပါး အခြားဟင်းလျာကိုလည်းကောင်း, အများကို အလိုရှိသည်ဖြစ်၍ ဆွမ်းဖြင့် မဖုံးအံ့”ဟု အလေ့အကျင့်ကို ပြုရမည်၊ [အများကို အလိုရှိ၍ မဟုတ်ဘဲ အခြားအကြောင်းကြောင့် ဖုံးရာ၌လည်းကောင်း, လူတို့ကိုယ်တိုင်က နွားသားဟင်းစသည်ကို လူသိမှာ စိုး၍ ဆွမ်းဖြင့် ဖုံးပြီးလှူလိုက်ရာ၌၎င်း-အာပတ်မသင့်။

စာမျက်နှာ-၂၉၆

သူပေါဒနဝိညတ္တိသိက္ခာပုဒ်

ဆွမ်း-ဟင်းတို့ကို တောင်းမှု။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဟင်းကိုလည်းကောင်း, ဆွမ်းကိုလည်းကောင်း, မိမိ စားဖို့ လူတို့ထံ တောင်း၍ စားကြကုန်၏။ လူတို့သည် “ကောင်းတာကို ဘယ်သူ, မကြိုက်ဘဲ ရှိမှာလဲ”ဟု ကဲ့ရဲ့ကြကုန်၏၊ ထို့ကြောင့် “မိမိအတွက် ဟင်း-ဆွမ်းကိုတောင်း၍ မစားရ”ဟု ပထမ ပညတ်တော်မူပြီးလျှင် ထိုပညတ်တော်ကြောင့် မကျန်းမမာသော(ဂိလာန) ရဟန်းတို့လည်း တောင်း၍ မစားရသဖြင့် ရောဂါ မသက်သာကြောင်းကို ကြားတော်မူ၍ “ဂိလာနရဟန်းသည် ဟင်းကိုလည်းကောင်း, ဆွမ်းကိုလည်းကောင်း, မိမိအတွက် တောင်း၍ စားနိုင်သည်ဟု ခွင့်ပြုတော်မူကာ-

“န သူပံဝါ ဩဒနံဝါ အဂိလာနော အတ္တနော အတ္ထာယ ဝိညာပေတွာ ဗုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ”။ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်။ ။ “ဟင်းကိုလည်းကောင်း, ဆွမ်းကိုလည်းကောင်း, ဂိလာနမဟုတ်လျှင် မိမိအတွက် တောင်း၍-မစားအံ့” ဟု အလေ့အကျင့်ကို ပြုရမည်။ [“မတောင်းကောင်း”ဟု ဆိုသော်လည်း-ဆွေမျိုးမတော်သူ “အလိုရှိရာ တောင်းပါ”ဟု ဖိတ်မန် မထားသူတို့ကိုသာ မတောင်းကောင်း၊ ဆွေမျိုးတော်လျှင်လည်းကောင်း, ဖိတ်မန်ထားဖူးလျှင်လည်းကောင်း, တောင်းကောင်း ပါ၏။]

မှတ်ချက်။ ။ မိမိအတွက် မတောင်းကောင်း”ဟု ဆိုသောကြောင့် “သူများ အတွက်ကား တောင်းကောင်းပါ၏”ဟု ဆိုရာရောက်နေ၏။ သို့သော် အညာတကဝိညတ္တိသိက္ခာပုဒ် အဋ္ဌကထာရင်း၌ အခြားရဟန်းအတွက် မိမိ၏ ဉာတိပဝါရိတ(ဖိတ်မန်ထားသူ) အထံ တောင်းပေးခြင်း, အခြား ရဟန်း၏ ဉာတိပဝါရိတ အထံ (ထိုရဟန်းမသွားနိုင်သဖြင့် မိမိသွား၍) ထိုရကန်းအတွက် တောင်းပေးခြင်းကြောင့် အနာပတ္တိ(အာပတ်မသင့်) ဟု ဖွင့်သည်၊ ဉာတိပဝါရိတ မဟုတ်သူ့ထံ, အခြားရဟန်းအတွက် တောင်းပေးခြင်းကြောင့် အနာပတ္တိဟု မဖွင့်။

ဝိမတိ။ ။ ပဉ္စသဟဓမ္မိကာနံ အတ္ထာယ အညာတက အပ္ပဝါရိတဋ္ဌာနေ ဝိညာပေန္တော ဝိညတ္တက္ခဏေ အဋ္ဌကထာသု သုတ္တာနလောမတော ဝုတ္တအကတဝိညတ္တိဒုက္ကဋတော န မုစ္စတိ၊ သဉ္စိစ္စ ဘုဉ္ဇနက္ခဏေ သယံစ အညေစ မိစ္ဆာဇီဝတော န မုစ္စတိ။

စာမျက်နှာ-၂၉၇

မြန်မာပြန်။ ။ ဘိက္ခု၊ ဘိက္ခုနီ သာမဏေ သိက္ခမာန် သာမဏေမတို့ကို သီတင်းသုံးဖော် ၅-ဦးကို ခေါ်၏။ ထိုသူတို့အတွက် ဉာတိမဟုတ်သူ မဖိတ်ဘူးသူတို့ထံ တောင်းသောရဟန်းသည် တောင်းဆဲခဏ၌ အဋ္ဌကထာဝယ် ပါဠိတော်နှင့် အလျော်ဆိုအပ်သော အကတဝိညတ္တိ ဒုက္ကဋ်အာပတ်မှမလွတ်၊ (သူများအတွက် မတောင်းကောင်း-ဟူလို၊) ထိုတောင်းအပ်သော ပစ္စည်းကို မိမိနှင့်တကွ သုံးစွဲသူ အားလုံးလည်း မိစ္ဆာဇီဝမှ မလွတ်ကြ။

မှတ်ချက်။ ။ ဤဋီကာကိုထောက်၍၊ ဉာတိ-ပဝါရိက မဟုတ်သော လူတို့အထံ၌ ဂိလာန မဟုတ်လျှင် အယုတ်သဖြင့် ရေကိုမျှ မတောင်းအပ်၊ ဆွမ်းဖိတ် ပေးခြင်း, ပစ္စည်း ၄-ပါး အဖိတ်ခိုင်းခြင်း, ရဟန်းဒါယကာ ရှင့်ဒါယကာ အလုပ်ခိုင်းခြင်းများလည်း မအပ်, ခိုင်းသူလည်း အပြစ်မလွတ်, ထိုသို့ ခိုင်း၍ တောင်း၍ရသောပစ္စည်းလည်း အဆက်ဆက်မအပ်-ဟုမှတ်။

[ဆောင်ပုဒ်] အပ္ပဝါရိ, အညာတိကို မိမိတွက်တောင်း, သူ့တွက်တောင်းတည့်, သောင်းပြောင်း ဟင်းဆွမ်း, ဖိတ်မန်ခန်းနှင့်, ရဟန်းဒကာ, ရှင့်ဒကာဟု, လုပ်စေမှုစပ်, အရပ်ရပ်, မအပ်ဆက်ဆက်တည်း။

အချုပ်။ ။ သံဃာ့အတွက် ဖိတ်ထားသော ဆေးပစ္စည်းကို ဂိလာန မဟုတ်ဘဲ တောင်းလျှင် မဟာနာမသိက္ခာပုဒ်အရ ပါစိတ်အာပတ်၊ ဉာတိ ပဝါရိတ မဟုတ်သူထံ ထောပတ်ဆွမ်းစသော ပဏီတ ဘောဇဉ်ကို တောင်းလျှင် ပဏီတဘောဇနသိက္ခာပုဒ်အရ ပါစိတ် အာပတ်၊ အခြားအစာကို တောင်းလျှင် ဤသိက္ခာပုဒ်အရ ဒုက္ကဋ် အာပတ်သင့်၏။

ဥဇ္ဈာနသညီသိက္ခာပုဒ်

ကဲ့ရဲ့လို၍ သူ့ သပိတ်ကြည့်မှု။ ။ ဆဗ္ဗဂ္ဂီ ရဟန်းတို့သည် ကဲ့ရဲ့လို၍ (ဆွမ်း-ဟင်း အရ နည်းလျှင် လှောင်လို ပြောင်လို နှိမ်လို၍, အရများလျှင် “ရမှာပေါ့ ဒါယကာဒါယိကာမနှင့် ပေါင်းတတ်ထာကိုး” စသည်ဖြင့် အပြစ်ပြောလို၍)သူများ သပိတ်ကို ကြည့်ကြကုန်၏၊ ထိုသို့အကြည့်ခံရသော ရဟန်းတို့မှစ၍ အခြားရဟန်းတို့က ကဲ့ရဲ့ကြသောကြောင့်...

“န ဥဇ္ဈာနသညီ ပရေသံ ပတ္တံ ဩလောကေဿာမီတိ သိက္ခာ ကရဏီယာ”။ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

စာမျက်နှာ-၂၉၈

မြန်မာပြန်။ ။ “ကဲ့ရဲ့ခြင်း၌ သညာရှိသည်ဖြစ်၍ (ကဲ့ရဲ့လို၍) သူတစ်ပါးတို့၏ သပိတ်ကို မကြည့်အံ့”ဟု အလေ့အကျင့်ကို ပြုရမည်၊ ကဲ့ရဲ့လိုသော စိတ်မရှိဘဲ – သူ့မှာနည်းနေလျှင် ပေးမည်, များနေလျှင်လည်း တောင်းမည်”ဟူသော စိတ်ဖြင့်ကား ကြည့်ကောင်း၏။

အတိမဟန္တကဗဠသိက္ခာပုဒ်

ဆွမ်းလုပ် ကြီးမှု။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ... ဆွမ်းလုပ်ကို အလွန်ကြီးစွာ လုပ်၍ စားကြကုန်၏၊ ထိုသို့ ဆွမ်းလုပ်ကြီးကြီး လုပ်၍ စားခြင်းကား ပါးစပ်ထဲ၌ မို့မောက် ဖေါင်းပွနေသောကြောင့် အမြင်မတော်လှ၊ လောဘကြီးသကဲ့သို့လည်း ထင်ရ၏၊ သို့ဖြစ်၍ လူတို့ကဲ့ရဲ့သောကြောင့်...

“နာတိမဟန္တံ ကဗဠံ ကရိဿာမီတိ သိက္ခာ ကရဏီယာ”။ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်။ ။ ဒေါင်းဥအလား အလွန်ကြီးမားသော ဆွမ်းလုပ်ကို မပြုအံ့”ဟု အလေ့အကျင့်ကို ပြုရမည်။

ဒေါင်းဥသည်ကြီး၏၊ ကြက်ဥသည် သေးငယ်၏၊ ထို့ကြောင့် ဒေါင်းဥနှင့် ကြက်ဥ ၂-မျိုး၏ အလယ်လောက်ရှိသော ဆွမ်းလုပ်ကို ပြုရမည်ဟု ဆိုလိုသည်၊ ကြီးခြင်းကိုသာ တားမြစ်လိုသောကြောင့် ကြက်ဥလောက် ငယ်သည့်အတွက်ကား အာပတ်မသင့်ပါ၊ [“ကုက္ကုဋဏ္ဍံ အတိခုဒ္ဒကံတိ ဣဒံ အသာရုပ္ပဝသေန ဝုတ္တံ၊ -အတိမဟန္တေဧဝ အာပတ္တီတိ ဒဋ္ဌဗ္ဗံ”-ဝိမတိ ဋီကာ၊] ဆွမ်းလုပ်မဟုတ်သော သစ်သီး မုန့် လက်သုပ်စသည်ကား ကြီးသော်လည်း အနာပတ္တိ။

ပရိမဏ္ဍလအာလောပသိက္ခာပုဒ်

ရှည်လျားသော ဆွမ်းလုပ်ပြုမှု။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရှည်လျားသော ... ဆွမ်းလုပ်ကို ပြုကြကုန်၏၊ ထိုအပြုအမူကိုလည်း လူတို့ ကဲ့ရဲ့ကြသောကြောင့်...

စာမျက်နှာ-၂၉၉

“ပရိမဏ္ဍလံ အာလောပံ ကရိဿာမီတိ သိက္ခာ ကရဏီယာ”။ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်။ ။ “ထက်ဝန်းကျင် ဝန်းဝိုင်းသော ဆွမ်းလုပ်ကို ပြုအံ့”ဟု အလေ့အကျင့်ကို ပြုရမည်။

ဝိုင်းဆိုသော်လည်း အလွန်တိကျအောင် ဝိုင်းရမည်ဟု မဆိုလို၊ အကြေားရင်း ဝတ္ထုမှာ ရှည်လျားနေသည်ကို ကဲ့ရဲ့ခံရသောကြောင့် “ရှည်လျားမနေစေဘဲ, ဖြစ်နိုင်သမျှ ဝိုင်းအောင်ကြိုးစားရမည်”-ဟုဆိုလိုသည်၊ တချို့ပုဂ္ဂိုလ်များကား ပဲဟင်းစသည်ဖြင့် ရောနယ်ထားသော ဆွမ်းကို အလွန်ဝိုင်းစက် လှပအောင် ဆွမ်းလုပ်ပြုနိုင်ကြပေသည်၊ ဤ၌လည်း သစ်သီး မုန့်-လက်သုပ် စသည်တို့မှာ ပရိမဏ္ဍလ (ဝိုင်းဝိုင်း) ဖြစ်အောင် မလုပ်သော်လည်း အနာပတ္တိ။

သက္ကစ္စဝဂ် ပြီး၏။

ကဗဠဝဂ်

အနာဟဋသိက္ခာပုဒ်

ခံတွင်းအဝကို ဖွင့်မှု။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ ခံတွင်းအဝ (ပါးစပ်ပေါက်) အနီး အပါးသို့ ဆွမ်းလုပ် မရောက်သေးမီ ခံတွင်းအဝကို ဟ၍ ထားနှင့်ကြကုန်၏၊ ထိုအပြုအမူသည် ယဉ်ကျေးသူတို့၏ အပြုအမူ မဟုတ်ရကား လူအများ ကဲ့ရဲ့ကြသောကြောင့်...

“န အနာဟဋေ ကဗဠေ မုခဒွါရံ ဝိဝရိဿာမီတိ သိက္ခာ ကရဏီယာ”ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်။ ။ ခံတွင်းပေါက်သို့ ဆွမ်းလုပ် မရောက်သေးမီ ခံတွင်းပေါက်ကို ဖွင့်၍(ဟ၍)မထားအံ့”ဟု အလေ့အကျင့်ကို ပြုရမည်။

စာမျက်နှာ-၃၀၀

ဘုဉ္ဇမာန သိက္ခာပုဒ်

လက်ချောင်းကို ပါးစပ်တွင်းသွင်းမှု။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားကြစဉ် လက်ချောင်း အားလုံးကို ပါးစပ်တွင်း သွင်းကြကုန်၏၊ (ဆွမ်းလုပ် သွင်းသောအခါ လက်ချောင်းတွေပါ ခံတွင်းထဲသို့ ပါသွားအောင် သွင်းကြသည်၊) ထိုအပြုအမူလည်း အလွန်မယဉ်ကျေးသော အပြုအမူဖြစ်ရကား လူအများ ကဲ့ရဲ့ကြသောကြောင့်—

“န ဘုဉ္ဇမာနော သဗ္ဗံ ဟတ္ထံ မုခေ ပက္ခိပိဿာမီတိ သိက္ခာ ကရဏီယာ”၊ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်။ ။ “ဆွမ်းစားစဉ် အလုံးစုံသော လက်ချောင်းကို ခံတွင်း (ပါးစပ်)ထဲသို့ မသွင်းအံ့”ဟု အလေ့အကျင့်ကို ပြုရမည်။

မှတ်ချက်။ ။ ဟတ္ထသဒ္ဓါသည် လက်တစ်ခုလုံးကို ဟောသော်လည်း သိက္ခာပုဒ်၌ လက်ချောင်းတို့ကိုသာ (ဧကဒေသျူပစာနည်းအားဖြင့်) ယူရသည်၊ “အလုံးစုံသော လက်ချောင်းကို မသွင်းကောင်းဟု ဆိုသဖြင့် လက်ချောင်း တချောင်းကိုမျှ မသွင်းရ-ဟုမှတ်။ [သဗ္ဗံ ဟတ္ထံတိ- ဟတ္ထေကဒေသာ အင်္ဂုလိယာ ဝုတ္တာ, “ဟတ္ထမုဒ္ဒါဒီသုဝိယ-ဟတ္ထ မုဒ္ဒါ-လက်ချောင်း ချိုး၍ ရေတွက်ခြင်း”ဟူရာ၌ ဟတ္ထ သဒ္ဒါသည် လက်ချောင်းအနက်ကို ဟောသကဲ့သို့တည်း၊ တသ္မာ ဧကင်္ဂုလိံပိ မုခေ ပက္ခပိတုံ နဝဋ္ဋတိ။-ဝိမတိ။]

သကဗဠသိက္ခာပုဒ်

ဆွမ်းလုပ်ရှိတုန်း စကားပြောမှု။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ခံတွင်းထဲ၌ ဆွမ်းလုပ်ရှိနေစဉ် စကားပြောကြကုန်၏၊ ထိုအခါကြည့်၍ မကောင်းသည့်ပြင် စကားလုံးလည်း မပီမသ ဖြစ်နေ၏၊ ထို့ကြောင့် လူတို့ ကဲ့ရဲ့ကြရကား...

“န သကဗဠေန မုခေန ဗျာဟရိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

စာမျက်နှာ-၃၀၁

မြန်မာပြန်။ ။ “ဆွမ်းလုပ်နှင့်တကွဖြစ်နေသော ခံတွင်းဖြင့်(ခံတွင်းထဲ၌ ဆွမ်းလုပ် ရှိနေတုန်း) စကားမပြောအံ့ဟု အလေ့ အကျင့်ကို ပြုရမည်။

မှတ်ချက်။ ။ တရားဟောသောအခါ ရှစ်ရှားသီးပိုင်း နွယ်ချိုတုံးကလေးကို ပါးစပ်ထဲ ထည့်၍ ဟောလျှင် စကားလုံး မပီမသ မဖြစ်သောကြောင့် ဟောကောင်းသကဲ့သို့ ထို့အတူ ပါးစပ်ထဲ၌ ဆွမ်းလုပ်ရှိသော်လည်း ဆွမ်းလုပ်က အနည်းအပါး သာဖြစ်၍ စကားလုံး ပီသအောင် ပြောနိုင်လျှင် အာပတ်မသင့်ဟု အဋ္ဌကထာ ဆိုသည်။

ပိဏ္ဍုက္ခေပက သိက္ခာပုဒ်

ဆွမ်းကို မြှောက်၍ စားခြင်း။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ ဆွမ်းလုပ်ကို ပါးစပ်နားကပ်၍ မသွင်းဘဲ မြှောက်၍ (ပစ်၍) မြှောက်၍ စားခြင်း ပါးစပ်ထဲသို့ သွင်းကြကုန်၏၊ ထိုအပြုအမူကား အလွန် ရိုင်းစိုင်းသော အပြုအမူတည်း၊ ထို့ကြောင့်, လူတို့ ကဲ့ရဲ့ကြရကား...

“န ပိဏ္ဍုက္ခေပကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်။ ။ “ဆွမ်းလုပ်ကို မြှောက်၍ မစားအံ့”ဟု အလေ့အကျင့်ကို ပြုရမည်။

မှတ်ချက်။ ။ “ပိဏ္ဍ = ထမင်းခဲကို + ဥက္ခေပကံ− မြှောက်၍”ဟု သဒ္ဒါနက် ထွက်သောကြောင့် ဆွမ်းလုပ်တစ်ခုလုံးသာမက, ဆွမ်းခဲတစ်ခဲကိုမျှလည်း-မြှောက်၍ ပစ်၍ ပါးစပ်ထဲ မသွင်းရ၊ ပါးစပ်အနားကပ်၍ တေ့၍ သွင်းရသည်၊ သို့သော် မုန့်စသော ခဲဖွယ်နှင့် သစ်သီးကြီးငယ်ကိုကား ပါးစပ်နားမတေ့မိခင် မြှောက်၍ သွင်းသော်လည်း အာပတ်မသင့်ဟု ခွင့်ပြုတော်မူသည်။

ကဗဠာဝစ္ဆေဒကသိက္ခာပုဒ်

ဆွမ်းလုပ်ကို ကိုက်ဖြတ်စားမှု။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းလုပ်ကို (အဆုပ်ဖြစ်အောင် လုပ်ပြီးနောက်) ကိုက်ဖြတ်၍ စားကြကုန်၏၊ [ယခုအခါ ကိုက်ဖြတ်စားမှု စေးကပ်သောထမင်း ကောက်ညှင်းများကို ဆုပ်ပြီးမှ ကိုက်ဖြတ်၍ စားသကဲ့သို့တည်း။] ထိုအပြုအမူကိုလည်း လူတို့ကဲ့ရဲ့ကြသောကြောင့်...

စာမျက်နှာ-၃၀၂

“န ကဗဋာ ဝစ္ဆေဒကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။

မြန်မာပြန်။ ။ “ဆွမ်းလုပ်ကို ကိုက်ဖြတ်၍ မစားအံ့”ဟု အလေ့အကျင့်ကို ပြုရမည်။ [“အနာပတ္တိ-ခဇ္ဇကေ (ခဲဖွယ်မုန့် သရည်စာ) ဖလာဖလေ (သစ်သီးကြီးငယ်) ဥတ္တရိဘင်္ဂေ (လက်သုပ်)” ဟု ခြွင်းချက်ရှိသောကြောင့် ပြောင်းဖူး ငှက်ပျောသီးစသည်ကို ကိုက်ဖြတ်၍ စားသော်လည်း အာပတ်မသင့်၊ ထိုခြွင်းချက်တွင် မပါဝင်သော သားငါးတို့ကိုကား သွားဖြင့် ကိုက်ဖြတ်၍ မစားအပ်-ဟု မှတ်သင့်၏၊ လက်စသည်ဖြင့် ဖြတ်ခြင်းကား ဤသိက္ခာပုဒ်နှင့် မဆိုင်။]

အဝဂဏ္ဍကာရက သိက္ခာပုဒ်

ပါးစောင်၌ထား၍ စားခြင်း။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းလုပ်ကို ပါးစောင်၌ထား၍ ပါးတဘက် မိုမောက်နေအောင် စားကြကုန်၏။ ထိုသို့ စားခြင်းသည် မျောက်သတ္တဝါတို့စားပုံနှင့် တူရကား အမြင်မကောင်းလှသဖြင့် လူတို့ ကဲ့ရဲ့ကြသောကြောင့်...

“န အဝဂဏ္ဍကာရကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ”၊ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်။ ။ “ပါးစောင်ကို အမြင်မကောင်းအောင် မိုမောက်စေ၍ မစားအံ့”ဟု အလေ့အကျင့်ကို ပြုရမည်။ [“ဂဏ္ဍ = ပါးစောင်ကို+အဝ = ယုတ်ညံ့အောင် အမြင်မကောင်းအောင် = မို့မောက်နေ့အောင်+ကာရကံ=ပြု၍”ဟု သဒ္ဒါနက်မှတ်၊ ဆွမ်းသာမက ခဲဖွယ်, ဟု ခေါ်သော မုန့်များကိုလည်း ထိုကဲ့သို့ မစားအပ်၊ သစ်သီးကြီးငယ်ကိုကား မိုမောက်အောင် စားသော်လည်း အပြစ်မရှိ။]

ဟတ္ထနိဒ္ဓုနကသိက္ခာပုဒ်

လက်ကိုခါ၍ စားခြင်း။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် လက်၌ပေနေသော ဆွမ်း-ဟင်းများကို ကွာကျသွားအောင် လက်ကို ခါ၍ ခါ၍ စားကြကုန်၏၊ ထိုလက်ခါမှုလည်း အမြင်မတော်သဖြင့် လူတို့ ကဲ့ရဲ့ကြသောကြောင့်...

စာမျက်နှာ-၃၀၃

“န ဟတ္ထနိဒ္ဓုနကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်။ ။ “လက်ကို ခါ၍ခါ၍ ဆွမ်းမစားအံ့ဟု အလေ့အကျင့်ကို ပြုရမည်။ ဟတ္ထ-လက်ကို= လက်ချောင်းတို့ကို+ဓုနက−ခါ၍။ [လက်၌ ဆွမ်း-ဟင်းကပ်နေလျှင် လက်ချောင်းဖြင့်သာ ဖြစ်၍ ဖယ်၍ ချရမည်၊ ဆွမ်း၌ အမှိုက်အရိုး ကျောက်ခဲစသည် ပါနေ၍ ပစ်ရာ၌ကား လက်ကိုခါရာရောက်သော်လည်း အာပတ်မသင့်။]

သိတ္ထာဝကာရက သိက္ခာပုဒ်

ဆွမ်းလုံးကို ကြဲဖြန့်ခြင်း။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ ဆွမ်းလုံးကို ဖြန့်ကြဲ၍ (ဟိုပစ်သည်ပစ်နှင့် ပစ်စလက်ခတ်လုပ်၍) စားကြကုန်၏၊ ဆွမ်းတလုံးဖြစ်ဖို့ အကြောင်းကို (နွားခြေး ချရ, လယ်ထွန်ရစသည်ဖြင့် အလုပ်များစွာလုပ်မှ ဆွမ်းတလုံး ဖြစ်နိုင်ပုံကို) နားလည်ကြသောလူတို့သည် ဆွမ်းလုံးကို ဖြန့်ကြဲ၍ ပစ်ကြပုံကို မကျေနပ် ကြသဖြင့် ကဲ့ရဲ့ကြသောကြောင့်—

“န သိတ္ထာဝကာရကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်။ ။ “ဆွမ်းလုံးတို့ကို ဖြန့်ကြဲ၍ ဖြန့်ကြဲ၍ မစားအံ့”ဟု အလေ့ အကျင့်ကိုပြုရမည်၊ [“သိတ္ထ-ဆွမ်းလုံးတို့ကို+အဝကာရက-ယုတ်ညံ့စွာ ပြု၍ ကြဲဖြန့်၍။” ဤသိက္ခာပုဒ်၌လည်း အမှိုက်အရိုး ကျောက်ခဲ စသည်ကို စွန့်ပစ်ရင်း ဆွမ်းလုံးပါသွား၍ ဖြန့်ကြဲရာ ရောက်သော်လည်း အာပတ်မသင့်။

ဇိဝှါနိစ္ဆာရကသိက္ခာပုဒ်

လျှာထုတ်ခြင်း။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ လျှာထုတ်၍ ထိုလျှာပေါ်၌ ဆွမ်းလုပ်ကို တင်ပြီးမှ အတွင်းသို့ ကော်ယူကြကုန်၏၊ ထိုအပြုအမူလည်း ယဉ်ကျေးသူတို့၏ အပြုအမူ မဟုတ်ရကား လူတို့ကဲ့ရဲ့ကြသောကြောင့်—

စာမျက်နှာ-၃၀၄

“န ဇိဝှါနိစ္ဆာရကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်။ ။ “လျှာကိုထုတ်၍ ထုတ်၍ မစားအံ့” ဟု အလေ့အကျင့်ကို ပြုရမည်။ (ဇိဝှါ-လျှာ+နိစ္ဆာရကံ-ထုတ်၍၊)

စပုစပုကာရက သိက္ခာပုဒ်

ပျတ်ပျတ်အသံ ပြုခြင်း။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် စပ်စပ် (ပျတ်ပျတ်) အသံပြု၍ ဆွမ်းစားကြကုန်၏၊ ထိုသို့ အသံမြည်စေခြင်းသည်လည်း ယဉ်ကျေးသူတို့၏ အပြုအမူ မဟုတ်ရကား လူတို့ကဲ့ရဲ့ ကြသောကြောင့်...

“န စပုစပုကာရကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်။ “စပ်စပ် (ပျတ်ပျတ်) မြည်အောင် မစားအံ့”ဟု အလေ့အကျင့်ကို ပြုရမည်။ (စပုစပု-စပ်စပ် = ပျတ်ပျတ်+ကာရကံ-၍၊)

ကဗဠဝဂ် ပြီး၏။

စာမျက်နှာ-၃၀၅

သုရုသုရုဝဂ်

ဆွမ်းစားနှင့်ဆိုင်သော သိက္ခာပုဒ်များ

သုရုသုရုသိက္ခာပုဒ်

[ဤသိက္ခာပုဒ်ကား ကောသမ္ဗီမြို့, ဃောသိတာရုံကျောင်းတိုက်၌ ပညတ်အပ်သော သိက္ခာပုဒ်တည်း။]

ရှရူး ရှရူး မြည်စေခြင်း။ ။ ဗြာဟ္မဏ (ဗြာဟ္မဏ်-ပုဏ္ဏား) တစ်ယောက်သည် သံဃာတော်များအတွက် နွားနို့ကိုစီစဉ်ထား၏၊ ရဟန်းတို့သည် နွားနို့ကို “ရှရူးရှရူး”အသံမြည်အောင် သောက်ကြ၏။ ဇာတ်လူပျက်ဘဝမှ ရဟန်းပြုလာသော ကိုယ်တော်က “သဗ္ဗောယံ မညေ သံဃော သီတိကတော=ဤသံဃာအားလုံးကို အအေးနှိပ်စက်ထားဟန် တူတယ်၊ (ချမ်းလွန်းလို့ ရှူးရှူးလုပ်နေဟန်တူတယ်)” ဟု ပြက်ရယ်ပြု လေသည်၊ ထိုအခါ အလှောင်ခံရသော ရဟန်းများက “လှောင်ရပြောင်ရ ကောင်းလား” ဟု ကဲ့ရဲ့ကြပြီးလျှင် ဘုရားရှင်အား လျှောက်ကြလေရာ-“န ဘိက္ခဝေ ဗုဒ္ဓံ ဝါ ဓမ္မံ ဝါ သံဃံဝါ အာရဗ္ဘ ဒဝေါ ကာတဗ္ဗော၊ တော ကရေယျ၊ အာပတ္တိ ဒုက္ကဋဿ = ဘုရား, တရား, သံဃာနှင့်စပ်၍ ပြက်ရယ် မပြုရ, ပြုလျှင် ဒုက္ကဋ်အာပတ်ဟု သိက္ခာပုဒ် ပညတ်တော်မူရလေသည်။ [ဤကား သေခိယ မဟုတ်သေး၊ ကြား သိက္ခာပုဒ်တော် တစ်မျိုးသာဖြစ်သည်။ ထို့နောက် “ရှရူးရှရူး”ဟု အသံမြည်အောင် နွားနို့သောက်မှုလည်း လူကြီးသူမတို့ အပြုအမူ မဟုတ်ရကား-

“န သုရုသုရုကာရကံ ဘုဉ္ဇိဿာမီတိ သိက္ခာကရဏီယာ”။ ဟု ဤသေခိယ သိက္ခာပုဒ်တော်ကိုလည်း ပညတ်တော် မူရပြန်သည်။

မြန်မာပြန်။ ။ “ရှရူးရှရူးဟု အသံပြု၍ မစားမသောက်အံ့” ဟု အလေ့ အကျင့်ကို ပြုရမည်၊ [ဤသိက္ခာပုဒ်တော်အရ ဆွမ်းစားရင်း ငရုပ်သီး စပ်သလို “ရှူးရှူး” ဟု အသံမမြည်စေရ၊ ဟင်းရည် နွားနို့စသော သောက်ဖွယ်ကို သောက်သောအခါလည်း “ရှရူးရှရူး”ဟု အသံ မမြည်စေရ၊ ဇွန်း-သောက်ခွက်တို့ကို နှုတ်ခမ်းနား၌ တေ့ပြီးမှ အနည်းငယ် မြှောက်၍ ကော်၍ သောက်ရသည်။ ]

စာမျက်နှာ-၃၀၆

ဟတ္တ, ပတ္တ, ဩဋ္ဌ

နိလ္လေဟက သိက္ခာပုဒ် ၃-ပါး

လက်ကိုလျက်ခြင်း။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ လက်ကို လျှာဖြင့် လျက်၍ လျက်၍ စားကြကုန်၏၊ သပိတ်ကိုလည်း လက်ဖြင့် ခြစ်၍ ခြစ်၍ စားကြကုန်၏၊ နှုတ်ခမ်းကိုလည်း လျှာဖြင့် လျက်၍ လျက်၍ စားကြကုန်၏၊ ထိုအပြုအမူအားလုံးပင် လူကြီးသူမတို့၏ အပြုအမူ မဟုတ်ရကား လူတို့ ကဲ့ရဲ့ကြသောကြောင့်—

“န ဟတ္ထ နိလ္လေဟကံ...၊ ပတ္တနိလ္လေဟကံ...၊ န ဩဋ္ဌနိလ္လေဟကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ် ၃-ပါးကို ပညတ်တော်မူရလေသည်။

မြန်မာပြန်။ ။ “လက်ကိုလျက်၍... သပိတ်ကိုခြစ်၍... နှုတ်ခမ်းကို လျက်၍ မစားအံ့”ဟု အလေ့အကျင့်ကို ပြုရမည်။

ဤသိက္ခာပုဒ်များအရ ကပ်နေသော ဆွမ်းစ ဟင်းစကို နှမြောသော အနေဖြင့် လက်ဝါးကိုဖြစ်စေ လက်ချောင်းကို ဖြစ်စေ လျှာဖြင့် မလျက်ရ၊ လက်ချောင်းဖြင့် တို့၍ ကော်၍ စားရသော နို့ဃနာ သကာရည်စသည်ကို စားရာ၌ကား လက်ကို လျက်သော်လည်း အာပတ်မသင့်’ဟု အဋ္ဌကထာ ဆို၏၊ ထိုသို့ ကော်ယူ၍ စားရာ၌ လက်ချောင်းသည် ခံတွင်းထဲသို့ ရောက်သွား၏၊ ထိုသို့ရောက်သွားသော်လည်း “သဗ္ဗဟတ္ထ မုခပက္ခိပန” သိက္ခာပုဒ်ဖြင့် အာပတ်မသင့်ဟု ဝိမတိဋီကာဆိုသည်။ [ဝိမတိ၌ “ယာဂုပြစ်” စသည်ကို စားရာဝယ် သပိတ်ကို လက်ဖြင့် ခြစ်ကောင်း, နှုတ်ခမ်းကို လျှာဖြင့် လျက်ကောင်း၏”ဟု ဆိုထားသေးသည်ကို စဉ်းစားသင့်၏။

ပါနီယထာလကသိက္ခာပုဒ်

[ဘဂ္ဂဘိုင်း, သံသုမာရဂိရိမြို့၌ ပညတ်တော်မူသည်။]

ပေသောလက်ဖြင့် သောက်ရေခွက်ကို ကိုင်မှု။ ။ ရဟန်းတို့သည် ကောကနပြာသာဒ်ဝယ် ဆွမ်းဘုဉ်းပေးကြပြီးနောက် ဆွမ်းစသည်ပေနေသော လက်ဖြင့် ရေသောက်ခွက်ကို ကိုင်ကြကုန်၏။ (ထိုသို့ကိုင်ခြင်းကြောင့် နောက်ပုဂ္ဂိုလ်များ ထိုခွက်ဖြင့် ရေမသောက်ချင်စရာ ဖြစ်သွား၏၊) ထို့ကြောင့် လူတို့ကဲ့ရဲ့ရကား—

စာမျက်နှာ-၃၀၇

“န သာမိသေန ဟတ္ထေန ပါနီယထာလကံ ပဋိဂ္ဂဟေဿာမီကိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်။ ။ ဆွမ်း-ဟင်းများကို “အာမိသ”ဟု ခေါ်၏၊ “ထိုအာမိသ ပေနေသော လက်ဖြင့် သောက်ရေခွက်ကို မကိုင်အံ့” ဟု အလေ့ အကျင့်ကိုပြုရမည်။

ဤသိက္ခာပုဒ်တော်အရ ဆွမ်းစားပြီးလျှင် မပေသော ဘယ်လက်ဖြင့် သောက်ရေခွက်ကို ကိုင်လေ့ပြုကြသည်၊ “သောက်ရေခွက်ကိုသာ မကိုင်ရ” ဟု ပညတ်သောကြောင့် ဆေးရေခွက်ကိုကား ကိုင်ကောင်း၏-ဟု မှတ်၊ သောက်ရေခွက်ကိုလည်း “ကိုင်ပြီးနောက်, ဆေးမည်, သို့မဟုတ် အဆေး ခိုင်းမည်ဟု ရည်ရွယ်၍ ကိုင်လျှင် အာပတ်မသင့်။

သသိတ္ထကသိက္ခာပုဒ်

ဆွမ်းလုံးနှင့်ဆေးရေကို မြို့ရွာတွင်း၌ သွန်မှု။ ။ ရဟန်းတို့သည် ထိုကောကနပြာသာဒ်၌ပင် ဆွမ်းစားပြီးနောက် “ဆွမ်းလုံးနှင့် တကွသော သပိတ် ဆေးရေကို မြို့ရွာတွင်း၌ သွန်ပစ်ကြကုန်၏၊ (ထိုသို့ သွန်ပစ်ခြင်းကြောင့် သွန်ရာဌာနသည် စက်ဆုပ်စရာ ဖြစ်နေ၏၊ တနည်းအားဖြင့် လူတို့သည် အသက်သခင်ဖြစ်သော ဆွမ်းလုံးကို မနင်းလိုကြ၊)ထို့ကြောင့် လူတို့ကဲ့ရဲ့ရကား—

“န သသိတ္ထကံ ပတ္တဓောဝနံ အန္တရဃရေ ဆဋ္ဋေဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်။ ။ “ဆွမ်းလုံးနှင့်တကွဖြစ်သော (ဆွမ်းလုံးပါသော)သပိတ် (စားခွက်)ဆေးရေကို မြို့ရွာအတွင်း၌ မသွန်အံ့”ဟု အလေ့အကျင့်ကို ပြုရမည်၊ [ဆွမ်းလုံးတို့ကို သီးခြား ဆယ်ထုတ်ပြီးမှ ရေချည်းသွန်လျှင်လည်းကောင်း, ဆွမ်းလုံးများကို အလုံးပျက်အောင် ချေပြီးမှ သွန်လျှင်လည်းကောင်း, ရွာတွင်း ဖြစ်စေကာမူ လက်ဆေးခံစသည်၌ ဆွမ်းလုံးပါသောရေကို

စာမျက်နှာ-၃၀၈

သွန်လျှင်လည်းကောင်း, အာပတ်မသင့်၊ မြို့ရွာပြင်ဘက်သို့ ယူခဲ့ပြီးမှ သွန်ရာ၌လည်း အနာပတ္တိပင်။

ဤတွင် ဆွမ်းစားမှုနှင့်ဆိုင်သော သိက္ခာပုဒ်များ ပြီး၏။

တရားဟောမှုနှင့်ဆိုင်သော သိက္ခာပုဒ်များ

၁။ ဆတ္တပါဏိ သိက္ခာပုဒ်

လက်၌ထီးရှိသူအား တရားဟောမှု။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် လက်၌ထီးရှိသူ (ထီးကိုင်ထားသူ, ထီးဆောင်းနေသူ)အား တရားဟောကြကုန်၏။ တရားဟောမှု ဟူသည် မြင့်မြတ်သော အလုပ်ဖြစ်ရကား... ဟောသူက အထက်တန်းကျမှသာ သင့်လျော်မည်၊ ယခုသော် ထီးဆောင်း၍ ဟန်ကြီး ပန်ကြီးလုပ်သူအား ဟောသဖြင့် ဟောသူက အောက်ကျသကဲ့သို့ ဖြစ်၏။ ထို့ကြောင့်) ရဟန်းတော်များ ကိုယ်တိုင်ကပင် ထိုဆဗ္ဗဂ္ဂီရဟန်းတို့ကို ကဲ့ရဲ့၍ ဘုရားရှင်အား လျှောက်ထားကြသောကြောင့် “ထီးလက်စွဲသူအား တရားမဟောရ”ဟု ပထမ ပညတ်တော်မှုပြီးလျှင်, ဂိလာနတို့အားလည်း ထီးကိုင်ထားလျှင် တရားမဟောဘဲ နေကြသောကြောင့် လူတို့ကဲ့ရဲ့ရကား—

“န ဆတ္တပါဏိဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်။ ။ “ဂိလာနမဟုတ်သော (ကျန်းကျန်းမာမာရှိသော)ပုဂ္ဂိုလ်အား လက်၌ ထီးကိုင်ထားလျှင် တရားမဟောအံ့”ဟု အလေ့အကျင့်ကို ပြုရမည်၊ [ဂိလာနဖြစ်နေလျှင် (မိုးမိမှာစိုး၍ ထီးဆောင်း ထားစေကာမူ) တရားဟောကောင်း၏။

(၂) ဒဏ္ဍ, (၃) သတ္ထ, (၄) အာဝုဓပါဏိ သိက္ခာဒ်များ

တုတ်, ဓါးစသော လက်နက်, လေး။ ။ ၄-တောင်ရှိသော တုတ်ကိုသာ “ဒဏ္ဍ”ဟုခေါ်၏။ ဓါး, သန်လျက် စသော လက်နက်ကို “သတ္တ” ဟု ခေါ်၏။ လေးမြှားကို “အာဝုဓ”ဟု ခေါ်၏။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် လက်၌ တုတ်စသည် ရှိသူတို့အား တရားဟောကြသောကြောင့်

စာမျက်နှာ-၃၀၉

ရဟန်းတို့က ကဲ့ရဲ့ကြသဖြင့် “မဟောရ” ဟု တားမြစ်တော်မူပြီးလျှင် ဂိလာန ဖြစ်သူတို့အား မဟောကြသောအခါ လူတို့က ကဲ့ရဲ့ကြပြန်သောကြောင့်-

“န ဒဏ္ဍပါဏိဿ...၊ န သတ္ထပါဏိဿ...၊ န အာဝုဓပါဏိဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာ ကရဏီယာ”။

ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်။ ။ “ဂိလာန မဟုတ်ဘဲ လက်၌တုတ်(တောင်ဝှေး)ကိုင်ထားသူ, ဓါးစသော လက်နက်တစ်စုံတရာ ကိုင်ထားသူ, လေးမြှားကိုင် ထားသူအား တရားမဟောအံ့”ဟု အလေ့အကျင့်ကို ပြုရမည်၊ ဂိလာန ဖြစ်နေလျှင်ကား ထိုပုဂ္ဂိုလ်များအား တရားဟောကောင်း၏။

သုရုသုရုဝဂ် ပြီး၏။

ပါဒုကဝဂ်

ပါဒုကာရုဠှစသောသိက္ခာပုဒ် ၈-ပါး

ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဂိလာနမဟုတ်သော—

၅။ ခြေနင်း(ခုံဖိနပ်) စီးထားသူအား တရားဟောကြကုန်၏။

၆။ အခြားဖိနပ်တစ်မျိုးမျိုး စီးထားသူအား တရားဟောကြကုန်၏။

၇။ လှည်းရထားစသော ယာဉ်ပေါ်၌ နေသူအား တရားဟောကြကုန်၏။

၈။ အိပ်ရာပေါ်၌ နေသူအား တရားဟောကြကုန်၏။

၉။ ဒူးထောင်၍ လက်အဝတ်တို့ဖြင့် ပတ်ဖွဲ့ထိုင်နေသူအား တရားဟောကြကုန်၏။

၁၀။ ခေါင်းပေါင်းကြီး ကုလားများ ပေါင်းသကဲ့သို့ ဦးခေါင်းကို ဆံစ မပေါ်အောင် ရစ်ပတ်ပေါင်းထားသူအား တရားဟောကြကုန်၏။

၁၁။ ခေါင်းမြီးခြုံထားသူအား တရားဟောကြကုန်၏။

၁၂။ တရားဟောသူက အခင်းမပါ မြေပေါ်မှာထိုင်လျက် အခင်းပေါ် ခုံပေါ်၌ ထိုင်နေသူအား တရားဟောကြကုန်၏။

ထိုသို့တရားဟောကြရာ၌ကား (လူတို့က မကဲ့ရဲ့ရဘဲ) ရဟန်းတော်များ ကိုယ်တိုင်ကပင် အောက်ကျနောက်ကျရှိလှသော ထိုအပြုအမူကို ကဲ့ရဲ့၍-

စာမျက်နှာ-၃၁၀

ဘုရားရှင်အား တိုင်တန်းလျှောက်ထားလေရာ ဘုရားရှင်လည်း များစွာ အပြစ်တင်တော်မူပြီးလျှင်—

“န ပါဒုကာရုဠှဿ...၊

န ဥပါဟနာရုဠှဿ...၊

န ယာနဂတဿ...၊

န သယနဂတဿ...၊

နပလ္လတ္ထိကာယ နိသိန္နဿ...၊၊

န ဝေဌိတသီသဿ...၊

န ဩဂုဏ္ဌိတသီသဿ...၊

န ဆမာယံ နိသီဒိတွာ အာသနေ နိသိန္နဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာ ကရဏီယာ”။ ဟူ၍ ၈-ပါးသော သိက္ခာပုဒ်များကို ပညတ်တော်မူရလေသည်။

မြန်မာပြန်။ ။ ဂိလာန မဟုတ်ဘဲ ခုံဖိနပ်စီးထားသူ, အခြားဖိနပ် အမျိုးမျိုးစီးထားသူ ယာဉ်၌ တက်စီးနေသူ, အိပ်ရာပေါ်၌ ရောက်နေသူ, လက်အဝတ်တို့ဖြင့် ဒူးကိုပတ်ဖွဲ့နေသူ, ဦးခေါင်းကို ခေါင်းပေါင်းကြီး ရစ်ပေါင်းထားသူ, ခေါင်းမြီးခြုံထားသူ, မြေပေါ်၌ နေလျက် နေရာထိုင်ခုံပေါ်၌ နေသူအား တရားမဟောအံ့”ဟုအလေ့အကျင့်ကို ပြုရမည်။

၁၃။ နီစေအာသနသိက္ခာပုဒ်

အမြင့်၌နေသူအား တရားဟောမှု။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မိမိတို့က နိမ့်သောနေရာ၌ ထိုင်၍ မြင့်သောနေရာ၌ နေသူအား တရားဟောကြကုန်၏၊ ထိုသို့ နေထိုင်ပုံကို မကျေနပ်သော ရဟန်းတော်တို့သည် ထိုဆဗ္ဗဂ္ဂီရဟန်းတို့ကို ကဲ့ရဲ့ရှုတ်ချ၍ ဘုရားရှင်အား တိုင်တန်း လျှောက်ကြကုန်၏၊ ထိုအခါ မြတ်စွာဘုရားသည် ဆဗ္ဗဂ္ဂီရဟန်းတို့ကို များစွာ အပြစ် တင်တော်မူပြီးလျှင် ရှေးတုန်းက ဖြစ်ခဲ့ဘူးသော အကြောင်း ဝတ္ထုတစ်ခုကို ဟောပြတော်မူလေသည်။

သရက်သီးခိုးစဉ်က ဖြစ်ခဲ့ပုံ။ ။ ရှေးသောအခါ ဒွန်းစဏ္ဍားတစ်ယောက်သည် သရက်သီး ပေါ်ချိန်မဟုတ်သော အခါဝယ် ကိုယ်ဝန်အရင့်အမာဖြင့် လွန်စွာသရက်သီး စားလိုသောချင်ခြင်း အာသာကြောင့် မစားရလျှင် သေရမလောက်ဖြစ်နေသော မယားအတွက် သရက်သီးရှာ ထွက်ရလေသည်၊ ထိုအချိန်၌ ရှင်ဘုရင်၏ သရက်ပင်တပင်သည် အမြဲ အသီး-သီးလေ့ရှိ၏၊ ထိုဒွန်းစဏ္ဍားသည် အခြားနေရာ၌ ရှာမရသောကြောင့် ညဉ့်အခါဝယ် ထိုဘုရင့်သရက်ပင်ပေါ် တက်၍ ဟိုရှာသည်ရှာ ရှာနေတုန်းမှာပင် မိုးလင်းသဖြင့် မဆင်းသာဘဲ အပင်ပေါ်မှာ ပုန်းနေရလေသည်။

စာမျက်နှာ-၃၁၁

ထိုအချိန်မှာပင် ရှင်ဘုရင်နှင့် ပုရောဟိတ် ပုဏ္ဏားလည်း သရက်ပင် အောက်သို့ ရောက်လာ၍ နိမ့်သောနေရာ၌ ထိုင်နေသော ဆရာပုရောဟိတ်က မြင့်သော နေရာ၌ ထိုင်နေသော ရှင်ဘုရင်အား မန္တာန်ချပေးလေသည်၊ ထိုအခြင်းအရာကို မြင်နေရသော သရက်သီးသူခိုးမှာ အောက်ပါအတိုင်း စဉ်းစားမိလေ၏။

(၁) အမြင့်ပေါ်ကနေ၍ မန္တာန်ကို သင်ယူသောမင်းလည်း သိပ်မတရားသောမင်းတည်း၊ (၂) နိမ့်သောနေရာမှာနေ၍ မန္တာန်ပို ချပေးသော ဆရာ ပုဏ္ဏားလည်း သိပ်မတရားသူပင်တည်း၊ (၃) မယားအတွက် သရက်သီး ခိုးသောငါလည်း အလွန်မတရားသူပင်ဖြစ်၏၊ ၃-ယောက်လုံး၏ အလုပ်ဟာ ယုတ်မားဆိုးဝါးလှ၏၊ ဤသို့ စဉ်းစားမိ၍ (ငါသေသေ, သူတို့သေသေ သဘောဖြင့်) သရက်ပင်ပေါ်မှ ခုန်ချ၍ မင်း ပုဏ္ဏား ၂-ဦးသားကိုပင် တရားကို မသိမမြင်ကြကြောင်းဖြင့် ပြစ်တင်ကဲ့ရဲ့လေသည်၊ ထိုဝတ္ထု၌ ဒွန်းစဏ္ဍားဆိုသူကား ငါတို့ ဘုရားအလောင်းပင်တည်း။ [စတုက္ကနိပါတ်, ဆဝဇာတ်၊]

ဤဝတ္ထုကို ဟောတော်မူပြီးလျှင် “ဘိက္ခုတို့...ထိုဒွန်းစဏ္ဍား ဖြစ်စဉ်တုန်းကပင် နိမ့်သောနေရာ၌နေ၍ မန္တာန်ပို့ချမှုကို မနှစ်သက်ခဲ့သေး၏၊ ယခု ဘုရားဖြစ်သောအခါ၌ကား အဘယ်မှာ နှစ်သက်နိုင်ပါမည်နည်း” ဟု မိန့်တော်မူကာ-

“န နီစေ အာသနေ နိသီဒိတွာ ဥစ္စေ အာသနေ နိသိန္နဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာကရဏီယ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်။ ။ နိမ့်သော နေရာပေါ်၌ နေ၍ မြင့်သော(ကောင်းသော) နေရာပေါ်၌ နေသော ဂိလာနမဟုတ်သူအား တရားမဟောအံ့” ဟု အလေ့အကျင့်ကို ပြုရမည်။

(၁၄) ဌိတနိသိန္န (၁၅) ပစ္ဆတောဂစ္ဆန္တီ (၁၆) ဥပ္ပထေနဂစ္ဆန္တီ သိက္ခာပုဒ်များ

ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဂိလာန မဟုတ်သော—

၁၄။ ထိုင်နေသူအား မိမိတို့က မတ်မတ်ရပ်လျက် တရားဟောကြကုန်၏၊ [ထိုင်ခြင်းနှင့် ရပ်ခြင်းတွင် ရပ်ခြင်းက အောက်တန်းကျ၏၊ ထိုကြောင့် အကဲ့ရဲ့ခံရ၏။

စာမျက်နှာ-၃၁၂

၁၅။ ရှေ့ကသွားသူအား မိမိတို့က နောက်မှလိုက်လျက် တရားဟောကြကုန်၏။

၁၆။ လမ်း၌သွားနေသူအား မိမိတို့က လမ်းဘေးမှသွားလျက် တရား ဟောကြဟုန်၏။

ထိုအပြုအမူကို အခြားရဟန်းများက မနှစ်သက်ကြသဖြင့် ကဲ့ရဲ့ကြပြီးလျှင် ဘုရားရှင်အား တိုင်တန်း လျှောက်ထား ကြသောကြောင့် တားမြစ်တော် ပြီးနောက် ဂိလာနဖြစ်နေလျှင် ဟောခွင့်ပြုတော်မူကာ—

“န ဌိတော နိသိန္နဿ အဂိလာနဿ...၊

န ပစ္ဆတော ဂစ္ဆန္တော ပုရတော ဂစ္ဆန္တဿ အဂိလာနဿ၊

န ဥပ္ပထေန ဂစ္ဆန္တော ပထေန ဂစ္ဆန္တဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ် ၃-ပါးကို ပညတ်တော်မူရလေသည်။

မြန်မာပြန်။ “မိမိကပ်လျက် ထိုင်နေသော ဂိလာနမဟုတ်သူအား...

မိမိက နောက်မှလိုက်လျက် ရှေ့ကသွားသော ဂိလာန မဟုတ်သူအား...

မိမိက လမ်းမဟုတ်သော လမ်းဘေးမှ လိုက်လျက် လမ်းကသွားနေသော ဂိလာန မဟုတ်သူအား တရားမဟောအံ့”ဟု အလေ့အကျင့်ကိုပြုရမည်။ [ “တရား” ဟု လာသမျှ၌ ပါဠိတော် အဋ္ဌကထာ တရားကိုသာ ဆိုလိုသည်၊ မြန်မာဘာသာ စသည်ဖြင့် ပြောလျှင် အာပတ်မသင့်။]

ဤတွင်တရားဟောမှုနှင့်ဆိုင်သော သိက္ခာပုဒ်များပြီး၏။

ဌိတောဥစ္စာရသိက္ခာပုဒ်

ရပ်၍ကျင်ကြီး ကျင်ငယ်စွန့်မှု။ ။ ဆဗ္ဗဂ္ဂီ ရဟန်းတို့သည် ရပ်လျက် ကျင်ကြီး ကျင်ငယ်စွန့် ကြကုန်၏၊ ထိုသို့စွန့်မှုသည် လူကြီးသူမတို့၏ အပြုအမူ မဟုတ်ရကား လူတို့ ကဲ့ရဲ့ကြသောကြောင့် “ရပ်လျက် ကျင်ကြီး ကျင်ငယ် မစွန့်ရ”ဟု-တားမြစ်တော်မူပြီးနောက် မထိုင်နိုင်သော ဂိလာနတို့အတွက် ခြွင်းချက်ပြုကာ–

စာမျက်နှာ-၃၁၃

“န ဌိတော အဂိလာနေ ဥစ္စာရံဝါ ပဿာဝံဝါ ကရိဿာမီတိ သိက္ခာ ကရဏီယာ ။

ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်။ ။ “ငါသည် ဂိလာနမဟုတ်ဘဲ ရပ်လျက် ကျင်ကြီး, ကျင်ငယ် မစွန့်အံ့”ဟု အလေ့အကျင့်ကို ပြုရမည်။

ဟရိတေ ဥစ္စာရ သိက္ခာပုဒ်

မြက်သစ်ပင်ပေါ် ကျင်ကြီး ကျင်ငယ်နှင့် တံတွေးစွန့်မှု။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် စိမ်းစို့သော(ခြောက်၍ သေနေသည် မဟုတ်သော) မြက်သစ်ပင်ပေါ်၌ ကျင်ကြီး, ကျင်ငယ်နှင့် တံတွေးကို စွန့်ကြ ထွေးကြကုန်၏၊ လူတို့ကား စိမ်းနေသော မြက်သစ်ပင်များကို အသက်ရှိ (အရှင်)ဟု မှတ်ထင်ကြကုန်၏၊ ထို့ကြောင့် ထိုစွန့်မှု, ထွေးမှုကို ကဲ့ရဲ့ကြသဖြင့် “မစွန့် မထွေးရ”ဟု တားမြစ်တော်မူပြီးနောက် ဂိလာနဖြစ်၍ မြက်သစ်ပင် မရှိသော အရပ်သို့ မသွားနိုင်သော ဂိလာနများအတွက် ခြွင်းချက်ပြုကာ...

“န ဟရိတေ အဂိလာနော ဥစ္စာရံဝါ ပဿာဝံဝါ ခေဠံဝါ ကရိဿာမိတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။

မြန်မာပြန်။ ။ “ငါသည် ဂိလာန မဟုတ်လျှင် စိမ်းစိုသော မြက်သစ်ပင်ပေါ်၌ ကျင်ကြီး, ကျင်ငယ်, တံတွေး (နှပ်)တို့ကို မစွန့်အံ့”ဟု အလေ့ အကျင့်ကိုပြုရမည်။

မှတ်ချက်။ ။ မြက်သစ်ပင်တို့မှ ဖျာထွက်လာသောသစ်ကိုင်း မြေပေါ်၌ ပေါ်နေသော သစ်မြစ်တို့အပေါ်၌လည်း မစွန့်ကောင်း၊ မြက်ခင်းပေါ်၌ နေ့စဉ် လွတ်လပ်သော မြေကွက်ကို မရနိုင်မူ သစ်ရွက်ခြောက် စသည့်အပေါ် စွန့်ချရမည်၊ထိုသစ်ရွက်ခြောက်မှ တဆင့် စီးသွား၍ မြက်ပေါ်၌ကျသော်လည်း အာပတ်မသင့်၊ မြက်သစ်ပင်မရှိသော နေရာကို ရှာနေစဉ် မချုပ်တည်းနိုင်၍ ထွက်သွားရာ၌လည်း (ဂိလာန သဘော သက်ရောက် နေသောကြောင့်) အာပတ်မသင့်၊ ဤသိက္ခာပုဒ်နှင့် နောက်သိက္ခာပုဒ်၌ ခေဠဖြင့် နှပ်ပါယူရမည်၊ ပါးစပ်ဖြင့် ငုံထားသောရေနှင့် ကြံဖတ် အမျိုး စသည်ကိုကား-မြက်သစ်ပင်ပေါ်၌ ထွေးကောင်း၏။

စာမျက်နှာ-၃၁၄

ဥဒကေ ဥစ္စာရ သိက္ခာပုဒ်

ရေကောင်း၌ ကျင်ကြီးစသည်စွန့်မှု။ ။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သောက်ကောင်း, သုံးကောင်းသော ရေ၌ ကျင်ကြီး, ကျင်ငယ် နှပ်, တံတွေးတို့ကို စွန့်ကြ-ထွေးကြကုန်၏၊ ထိုအပြုအမူကို လူတို့ကဲ့ရဲ့ရာမှ ရဟန်းတော်များ တဆင့်ကြား၍ ကဲ့ရဲ့ရှုတ်ချပြီးလျှင် ဘုရားရှင်အား တိုင်တန်း လျှောက်ထားကြသောကြောင့်၊ “မစွန့် မထွေးရ”ဟု တားမြစ်တော် မူပြီးနောက် ဂိလာနတို့အတွက် ခြွင်းချက် ပြုတော်မူကာ...

“န ဥဒကေ အဂိလာနော ဥစ္စာရံဝါ ပဿာဝံဝါ ခေဠံဝါ ကရိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟူ၍ သိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။

မြန်မာပြန်။ ။ “ငါသည် သုံးကောင်းသောရေ၌ ဂိလာန မဟုတ်လျှင် ကျင်ကြီး, ကျင်ငယ်, နှပ်, တံတွေးကို မစွန့် မထွေးအံ့”ဟု အလေ့ အကျင့်ကို ပြုရမည်။

မှတ်ချက်။ ။ ကုဋီတွင်း၌ ဝင်နေသော, သမုဒြာ၌ ဆားငံရေများသည် သုံးကောင်းသော ရေမဟုတ်၊ မြစ်ထဲ၌ လှေ, သင်္ဘော စီးသွားစဉ်လည်းကောင်း, မိုးအားကြီး၍ ရေပြင်ကြီးဖြစ်နေစဉ်လည်းကောင်း, ဥစ္စာရစသည်ပြုဖို့ ရေလွတ် သောအရပ်ကို မရနိုင်လျှင် “ဧတာဒိသေ ကာလေ-ဤကဲ့သို့သော ကာလ၌၊ အနုဒကဋ္ဌာနံ-ရေမရှိသောအရပ်ကို၊ အလဘန္တေ-မရနိုင်သူသည်၊ ကာတုံ-ရေထဲ၌ စွန့်ချခြင်းငှါ၊ ဝဋ္ဋတိ-အပ်၏”ဟု အဋ္ဌကထာ မိန့်သည်။

သေခိယ အခန်းပြီး၏။

ဘိက္ခု၊ ပါတိမောက်လာ သိက္ခာပုဒ်တော်များ ပြီးပြီ။