မာတိကာသို့ ခုန်သွားရန်

ဘုရားဥပဒေတော်ကြီး/သံဃာဒိသေသအခန်း

ဝီကီရင်းမြစ် မှ
5539ဘုရားဥပဒေတော်ကြီးသံဃာဒိသေသအခန်း၁၉၉၆အရှင်ဇနကာဘိဝံသ

စာမျက်နှာ-၂၇

၂။ သံဃာဒိသေသအခန်း

က။ သုက္ကဝိဿဋ္ဌိသိက္ခာပုဒ်

မူလပညတ်

အမှုသည်—ရှင်သေယျသက။

အမှု—လုံ့လပြု၍ သုက်လွှတ်စေမှု။

အရှင်သေယျသက။ ။ အရှင်သေယျသကသည် ကာမစိတ်အားကြီး၍ သာသနာတော်၌ မပျော်ပိုက်ဘဲ ရှိနေလေရာ သူ၏ ဥပဇ္ဈာယ် ဖြစ်သော ရှင်ဥဒါယီ၏အကြံပေးချက်အရ စားချင်တိုင်းစား အိပ်ချင်တိုင်းအိပ် ရေချိုးချင်တိုင်း ချိုးပြီးလျှင် ကာမစိတ်ဖြစ်သည့် အခါ သူ၏ အင်္ဂါဇာတ်ကို လက်ဖြင့် လုံ့လပြု၍ သုက်ကိုလွှတ်စေ၏၊ ထိုအကြောင်းကို ရဟန်းများသိ၍ ဘုရားရှင်ထံ လျှောက်ကြလေရာ ဘုရားရှင်သည် များစွာပြစ်တင်ရှုတ်ချကော်မူ၍ “သဉ္စေတနိကာ သုက္ကဝိသဋ္ဌိ, သံဃာဒိသေသော” ဟု မူလပညတ်ကို ထားတော်မူရလေသည်။

အနုပညတ်

အိပ်မက်၌လွတ်စေမှု။ ။ ထိုသို့ ပညတ်တော်မူပြီးနောက် များစွာသော ရဟန်းတို့သည် မွန်မြတ်သော ဘောဇဉ်ကို စားသောက်ကြပြီးလျှင် အိပ်ခါနီး၌ “မည်သည့်အချိန်ကျလျှင် ထမည်”ဟု ထဖို့ရန်လည်း သတိမပြုကြ၊ ဗုဒ္ဓါနုဿတိစသော ကမ္မဋ္ဌာန်း တစ်မျိုးမျိုးကိုလည်း မးဖြန်းကြဘဲ အမှတ်တမဲ့ အိပ်ကြလေသော် ကာမဂုဏ်နှင့် စပ်သော အိမ်မက် မက်၍ သုက်လွတ်ကြလေသည်၊ ထိုအခါ “အာပတ်သင့်လေရော့သလားဟု ယုံမှား သံသယ ဖြစ်ကြသဖြင့် ဘုရားရှင်အား လျှောက်ကြလေရာ အိပ်မက် မက်၍ သုက်လွတ်ရာ၌ သာယာမှု စေတနာကားရှိ၏, သို့သော် ပင်ကိုယ် သတိမျိုး မရှိဘဲ အိပ်မက်ထဲ၌ ဖြစ်ရသောကြောင့် မထိန်းနိုင် မစောင့်စည်းနိုင်သော အရာဖြစ်ရကား အာပတ်မသင့်ဟု မိန့်တော်မူ၍ “အညတြ သုပိနန္တာ” ဟု အနုပညတ် ထပ်တော်မူရလေသည်။

သိက္ခာပုဒ်။ ။ သဉ္စေတနိကာ သုက္ကဝိသဋ္ဌိ အညတြသုပိနန္တာ သံဃာဒိသေသော။ မြန်မာပြန်ကား-အိပ်မက် မက်၍ သုက်လွှတ်ခြင်း မဟုတ်ဘဲ, စေတနာ အထင် အရှား ရှိသော (လွတ်စေလိုသော စေတနာဖြင့် အားထုတ်၍ ဖြစ်သော သုက်လွှတ်စေခြင်းသည်

စာမျက်နှာ-၂၈

သံဃာဒိသေသ်အာပတ်ဖြစ်၏။ [သုက်လွှတ်အောင် အားထုတ်သဖြင့် သုက်လွတ်လျှင် သံဃာဒိသေသ် အာပတ်သင့်၏—ဟူလို။

အင်္ဂါ ၃-ပါး။ ။ ၁-လွှတ်စေလိုသော စေတနာရှိခြင်း, ၂-လွတ်အောင် လုံ့လပြုခြင်း, ၃-သုက်လွှတ်ခြင်း၊ ဤအင်္ဂါ ၃-ပါးစုံမှ အာပတ်သင့်၏။ ထို့ကြောင့် လုံ့လမပြုဘဲ ကာမစိတ်အားကြီး၍ သူ့ဘာသာ လွတ်ရာ၌ အာပတ်မသင့်၊ သို့သော် ထိုစိတ်မျိုးဖြစ်လာလျှင် အသုဘဘာဝနာကို ဖြစ်စေခြင်း, ကျမ်းစာကို ကြည့်ရှုခြင်းစသည်ဖြင့် စိတ်ကို ထိန်းချုပ်လေ့ရှိစေရသည်။

[ဆောင်] လွှတ်စေလိုငှါ-စေတနာတည့်, ဗျာပါလုံ့လ-ပြုမိကလျှင်း, သုက်လွှတ်ခြင်းဟု, ကြောင်းရင်း ၃ လီ, အင်္ဂါညီ, သင့်ပြီ ဝိသဋ္ဌိ။

ခ။ ကာယသံသဂ္ဂသိက္ခာပုဒ်

အမှုသည်—ရှင်ဥဒါယီ။

အမှု—မာတုဂါမကို ဆွဲကိုင်မှု။

အရှင်ဥဒါယီ ကျင့်ကြံပုံ။ ။ အရှင်ဥဒါယီသည် တောကျောင်း၌နေ၏၊ သူ၏ကျောင်းကား အလွန်လှပ၏၊ အလယ်၌ အခန်းထား၍ နံပါးလေးဘက်၌ လှည့်ပတ်သွားလာဖို့ရာ စင်္ကြံလှည့်၍ထားသည်၊ ခုဋင်ထိုင်ခုံများနှင့် အခင်းခေါင်းအုံးများကိုလည်း သူ့နေရာနှင့်သူ သပ်သပ်ရပ်ရပ် သားသားနားနား ဆင်ပြင်ထား၏၊ သောက်ရေနှင့် ခြေဆေးရေ အဆင်သင့် ခပ်ထားပြီးလျှင် ကျောင်းဝင်းကိုပါ တံမြက်လှည်း ထားသဖြင့် အလွန်သာယာသော ကျောင်းဟု ဆိုထိုက်ရကား လူအများပင် တမင်္ဂလာ ကျောင်းအကြည့်လာတတ်ကြလေသည်၊ အခါတစ်ပါး၌ ပုဏ္ဏားဇနီးခင်ပွန်း ၂-ယောက် ကျောင်းကြည့်ရောက်လာလေသော် ကျောင်းပေါ်တက်၍ အရှင်ဥဒါယီက ပုဏ္ဏားကအလယ်, ပုဏ္ဏားမကလေးက နောက်ကလိုက်လျက် လှည့်ပတ်ကြည့်နေစဉ် အရှင်ဥဒါယီသည် တံခါးများကို တချို့ပိတ် တချို့ဖွင့်လုပ်ရင်း နောက်ချန်ကာ ပုဏ္ဏားမကလေး၏ ကိုယ်အင်္ဂါကို ဆွဲငင်လေသည်။

ပုဏ္ဏေးမကလေးက ဖော်ခြင်း။ ။ ကျောင်းကြည့်ရင်း စကားတပြောပြောနှင့် သွားနေစဉ် ပုဏ္ဏားသည် အရှင်ဥဒါယီအား တောကျောင်းမှာ သီတင်းသုံးတော်မူသဖြင့် အလွန်မြင့်မြတ်တဲ့ အကြောင်းကို ချီးမွမ်းလေသော်, ပုဏ္ဏားမကလေးသည် သူ့ယောက်ျား သူတော်

စာမျက်နှာ-၂၉

ကောင်းကို (ရှင်ဥဒါယီအပေါ် အထင်ကြီးပြီး) ဘုန်းကြီးလုပ်သွားမည် စိုးသောကြောင့် “အရှင်ဥဒါယီဟာ ဘာမြင့်မြတ်သလဲ, ကျွန်မရဲ့ကိုယ်အင်္ဂါတွေကို ရှင်ကိုင်သလို ဟိုကိုင်သည်ကိုင် ကိုင်တယ်ဟု ထုတ်ဖော်ပြောလေသည်၊ ထိုအခါ ပုဏ္ဏားသည် “ဘုန်းကြီးတွေ မကောင်းကြောင်း, အမျိုးသမီးများနှင့်အတူ ကျောင်းသွားဖို့မတော်ကြောင်း” ကဲ့ရဲ့သဖြင့် ဘုရားရှင်ကြား သိတော်မူလေရာ, အရှင်ဥဒါယီကို များစွာ ပြစ်တင်ရှုတ်ချတော်မူ၍ ဤကာယသံသဂ္ဂသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်ပါဠိတော်။ ။ ယောပနဘိက္ခု ဩတိဏ္ဏော ဝိပရိဏတေန စိတ္တေန မာတုဂါမေန သဒ္ဓိံ ကာယသံသဂ္ဂ သမာပဇ္ဇေယျ ဟတ္ထဂ္ဂါဟံဝါ ဝေဏိဂ္ဂါဟံဝါ အညတရဿဝါ အညတရဿဝါ အင်္ဂဿ ပရာမသနံ သံဃာဒိသေသော။

သိက္ခာပုဒ်မြန်မာပြန်။ ။ အကြင်ရဟန်းမှာ မာတုဂါမကို သုံးသပ်ကိုင်ဆွဲလိုသောရာဂသည် ဘီလူးအသွင် ပူးဝင်၍နေသဖြင့် မရိုးမသားစိတ် ဖောက်ပြားပြီးလျှင် မာတုဂါမနှင့်အတူ ကိုယ်လက်နှီးနှောအံ့, လက်ကိုဆွဲအံ့, ဆံထုံးဆံပင်တစ်ခုခုကိုကိုင်အံ့, အင်္ဂါကြီးငယ်တစ်ခုခုကို သုံးသပ်ကိုင်ဆွဲအံ့၊ ထိုရဟန်းမှာ သံဃာဒိသေသ်အာပတ်သင့်၏။

အင်္ဂါ ၅-ပါး။ ။ ၁-လူမိန်းမဖြစ်ခြင်း, ၂-မိန်းမမှန်းသိခြင်း, ၃-ကာယသံသဂ္ဂရာဂရှိခြင်း, ၄-ထိမိအောင် လုံ့လပြုခြင်း, ၅-လက်စသည်ကို ကိုင်မိခြင်း ဤအင်္ဂါငါးပါးညီလျှင် အာပတ်သင့်၏။

[ဆောင်] လူမိန်းမပင်, မိန်းမတင်လျက်, သံသဂ်ရာဂ, လုံ့လပြုခြင်း, ကိုင်မိခြင်း ဟု, ကြောင်းရင်း ၅ လီ, အင်္ဂါညီ, သင့်ပြီသံသဂ္ဂ။

မှတ်ချက်။ ။ မာတုဂါမကိုယ်၌ ဝတ်ထားသော အဝတ်စသည်ကို ကိုင်လျှင် ထုလ္လစ္စဉ်းအာပတ်သင့်၍, မာတုဂါမဝတ်ဖို့ထားသော အဝတ်တန်ဆာများကိုကိုင်လျှင် ဒုက္ကဋ်အာပတ်သင့်သေး၏။ ရိုးသားသောစိတ်ဖြင့် အမိ, နှမ အစသူကိုကိုင်လျှင်လည်း ဒုက္ကဋ်အာပတ်ပင်၊ စာရွက် ရေခွက်စသည်၌ ရေးဆွဲထုလုပ်ထားသော မိန်းမရုပ်များကိုလည်း မကိုင်ကောင်း, ဒုက္ကဋ်ပင်၊ ကိုင်မှဖြစ်တော့မည့်အရာ၌ကား ထိုအရုပ်ကိုမထိစေဘဲလည်းကောင်း, ဓားငယ်ခဲတံစသည်ဖြင့် ခြစ်၍ အနည်းငယ်မျှ ဖျက်ပြီးမှလည်းကောင်း, ကိုင်ကောင်းသည်။

စာမျက်နှာ-၃၀

မထိမကိုင်ကောင်းများ။ ။ မာတုဂါမနှင့် စပ်ဆိုရာသာမက, သာယာဖွယ်ပစ္စည်း ဖြစ်သောကြောင့်ဖြစ်စေ, သူတစ်ပါးကို နှိပ်စက်ဖွယ်ပစ္စည်း ဖြစ်သောကြောင့်ဖြစ်စေ, ထိကိုင်လျှင် လက်ဆော့ရာ ရောက်သဖြင့် လူကြီးလူကောင်း မပြုသင့်သောကြောင့်ဖြစ်စေ, တားမြစ်ထားသော အခြားမထိမကိုင်ကောင်းများလည်း ရှိသေး၏၊ ထိုဝတ္ထုများကို (မတော်တဆ ထိမိခြင်းမျိုး မဟုတ်ဘဲ) တမင်တကာထိကိုင်လျှင် ဒုက္ကဋ်အာပတ်သင့်၏၊ ထိုပစ္စည်းများကား-

စပါးအမျိုးမျိုး။ ။ ရဟန်းတော်များသည် သလေးစပါး မုယောစပါး စသော စပါးအမျိုးမျိုးကို မထိမကိုင်ရ၊ လယ်ခင်း၌သာ လမ်းရှိ၍ အခြားနေရာ၌ လမ်းမရှိသဖြင့် သွားခွင့်ကြုံလျှင် စပါးအသီးများကို မထိမကိုင်မိအောင် သတိထား၍ သွားရမည်၊ အိမ်ဝင်းပေါက်စသည်၌ စပါးဖြန့်ထားရာဝယ် နင်း၍သွားမှဖြစ်လျှင် “လမ်း” ဟုသဘောထား၍ နင်းသွားနိုင်၏၊ စပါးပုံပေါ်မှာ နေရာခင်းပေးလျှင်လည်း ထိုင်ကောင်း၏။

သစ်သီးများ။ ။ အပင်၌သီးနေသော ပဲအမျိုးမျိုး, ထန်းအုန်း ငှက်ပျော စသော အသီးအမျိုးမျိုးကိုလည်း လက်ဆော့သောအားဖြင့် မထိမကိုင်ရ၊ သစ်ပင်မှ ဆွတ်ခူးပြီးသော လူတို့သစ်သီးကိုလည်း (အကပ်မခံဘဲ) မကိုင်ရ၊ သို့သော် သစ်ပင်အောက်၌ ကြွေကျနေသော သစ်သီးကို လူ သာမဏေတို့ကို ရည်မှန်း၍ ကောက်ယူကောင်း၏၊ လူသာမဏေတို့အား ပေးပြီးနောက် သူတို့က ပြန်၍ ကပ်လှူလျှင်လည်း သုံးစားကောင်း၏၊ ရဟန်းများပိုင်သော သစ်သီးကိုလည်း အကပ်မခံဘဲ မကိုင်ရ၊ ကိုင်မိရုံမျှဖြင့် ထိုရဟန်းမစားကောင်း၊ နေရာအောင်ကိုင်မိလျှင် ထိုသစ်သီးကို အခြားရဟန်းများလည်း မစားကောင်း။

ရတနာအမျိုးမျိုး။ ။ ပုလဲ ပတ္တမြားမှစ၍ ရွှေငွေ (ပိုက်ဆံ, ငွေစက္ကူတို့ပါ) ရတနာအမျိုးမျိုးကိုလည်း မထိမကိုင်ရ၊ [ငွေကိုင်လျှင် ဒုက္ကဋ်အာပတ်, မိဘဒကာ ဒကာမတို့က လှူသည်ကို ခံယူလျှင်လည်းကောင်း, ကိုယ်နှုတ်ဖြင့် မခံယူသော်လည်း စိတ်ထဲ၌ သာယာနေလျှင်လည်းကောင်း, သက်သက်အလှူခံ၍ ယူလျှင်လည်းကောင်း, ပါစိတ်အာပတ်သင့်၍, ကိုင်တိုင် ဒုက္ကဋ်အာပတ်သင့်၏။] ရွှေငွေဖြင့် ပြုလုပ်ထားသော စေတီ-ကြုတ်-ဆင်းတုတော်များကို မထိမကိုင်ရ၊ ထိုဆင်းတုစေတီတော်ပေါ်မှာ တင်နေသော အမှိုက် အညစ်အကြေးကိုကား ရှင်းလင်းသုတ်သင်ကောင်း၏၊ စေတီတော် စသည်အား လှူထားသော

စာမျက်နှာ-၃၁

ငွေလုပ်ပစ္စည်းများကိုမူ ဘုရားစောင့်ရဟန်းတော်သည် ကိုင်၍ ဟိုဟိုသည်သည် ရွှေ့ကောင်းသတဲ့၊ ရွှေကျောင်းနှင့် ကျောင်းသံဃိက ငွေလုပ်ပစ္စည်းကိုကား (မထိမဖြစ်၍) ထိကိုင်ကောင်းပြန်၏။

လက်နက်အမျိုးမျိုး။ ။ ဓား လှံ သေနတ်စသော လက်နက်အမျိုးမျိုးလည်း မထိမကိုင်ရ၊ လက်နက်အဖြစ် အသုံးပြုသမျှ နွားရိုက်တန်ပြာ (နှင်တန်)ကိုမျှ မကိုင်ရ၊ လက်နက်မဟုတ်လျှင်ကား ထင်းဖြတ်ဖို့ ဓားစသည်ကို ကိုင်ကောင်း၏၊ ပိုက်ကွန်မြှုံးစသည်ကိုလည်း မကိုင်ရ၊ ထိုပစ္စည်းများကို လှူလာလျှင် လက်နက် ပိုက်ကွန်အဖြစ်ကို ဖျက်၍ သင့်တော်သောနေရာ၌ သုံးစွဲကောင်း၏။

တူရိယာအမျိုးမျိုး။ ။ တီးမှုတ်ခြင်းနှင့် စပ်ဆိုင်သော တူရိယာမျိုးကိုလည်း မထိမကိုင်ရ၊ အဋ္ဌကထာ၌ ဗုံ-စောင်းစသည်သာ လာသော်လည်း နှဲပလွေလကွင်းစသော တူရိယာဟူသမျှ မထိမကိုင်ရဟု ယူဆကြသည်၊ လှူလာလျှင်ကား တူရိယာအဖြစ်ကို ဖျက်၍ သင့်တော်သောနေရာ၌ သုံးစွဲကောင်း၏။

ဂ။ ဒုဋ္ဌုလ္လဝါစာသိက္ခာပုဒ်

အမှုသည်—ရှင်ဥဒါယီ။

အမှု—အယုတ်တမာပြောဆိုမှု။

ရှင်ဥဒါယီပြောပုံ။ ။ ရှင်ဥဒါယီသည် သာဝတ္ထိပြည် (ရှေ့သိက္ခာပုဒ်၌ ပြခဲ့သော) တောကျောင်းဝယ်နေ၏၊ များစွာသော မိန်းမတို့သည် ကျောင်းအကြည့်လာကြ၏၊ ရှင်ဥဒါယီသည် ထိုမိန်းမတို့အား ကျောင်းပြပြီးနောက် ထိုမိန်းမအချို့၏ ဝစ္စမဂ် ပဿာဝမဂ်ကို ရည်ရွယ်၍ လှကြောင်းကိုလည်း ချီးမွမ်း၏၊ တချို့မိန်းမမဂ်များ မလှကြောင်းကိုလည်း ကဲ့ရဲ့၏၊ (ဘာရယ်လို့ နာမည်မတပ်ဘဲ ဝစ္စမဂ် ပဿာဝမဂ်ကို ရည်စူး၍) “ငါ့ပေးစမ်းပါ, ငါ့ပေးထိုက်တယ်” ဟု တောင်း၏၊ “မင့်အမေက ငါ့များ ဘယ်တော့ကြည်ညိုပါ့မလဲ (ကြည်ညိုရင်တော့ မင်းရဲ့ မေထုန်ရမှာဘဲ)” ဟု တောင့်တစကား ပြော၏၊ “မင်းတို့ရဲ့ယောက်ျားများကို ဘယ်လိုနေပြီး ပေးသလဲ” ဟု (မေထုန်ပေးပုံကိုလည်း) မေး၏၊ “ဒီလိုနေပြီးပေးရတယ်, ဒီလိုနေပြီးပေးမှ ယောက်ျားက ချစ်တယ်” ဟု ပေးနည်းကိုလည်း သင်ပြ၏၊ ဤသို့စသည်ဖြင့် အမျိုးကောင်းသမီးတို့ မကြားကောင်း မနာသာ ယုတ်ယုတ်မာမာတွေကို ပြောလေသည်။

စာမျက်နှာ-၃၂

သိက္ခာပု၌ပညတ်ရပုံ။ ။ ထိုဥဒါယီ၏ စကားကို အရှက်မရှိသောမိန်းမတွေက ရယ်ကြမောကြနှင့် သဘောကျကြသော်လည်း အရှက် ရှိသော အမျိုးကောင်းသ္မီးတို့ကမူ ထိုနေရာမှထွက်၍ အခြား ရဟန်းများကို ကဲ့ရဲ့အောင် လျှောက်ကြသည်မှာ— “အရှင်ဘုရားတို့ ဥဒါယီ ကိုယ်တော်ပြောဆိုပုံဟာ မတော်ပါဘူး, ဒီစကားမျိုးကို ကိုယ့်ယောက်ျားက ပြောတာတောင် မနှစ်သက်နိုင်ပါ, ရှင်ဥဒါယီ ပြောတာကို ဘယ်မှာ တပည့်တော်တို့ ခံနိုင်ပါ့မလဲ”ဟု လျှောက်ကြလေသော် အခြားရဟန်းတို့က ရှင်ဥဒါယီကိုကဲ့ရဲ့ကြပြီးလျှင် ဘုရားရှင်ထံလျှောက်ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်ပါဠိတော်။ ။ ယောပန ဘိက္ခု၊ ဩတိဏ္ဏော ဝိပရိဏတေန စိတ္တေန မာတုဂါမံ ဒုဋ္ဌုလ္လာဟိ ဝါစာဟိ ဩဘာသေယျ၊ ယထာတံ ယုဝါ ယုဝတိံ မေထုနုပသံဟိတာဟိ သံဃာဒိသေသော။

သိက္ခာပုဒ်မြန်မာပြန်။ ။ အကြင်ရဟန်းသည် ဘီလူးအသွင် ရာဂပူးဝင်အပ်သည်ဖြစ်၍ (ရိုးသားသောစိတ်မရှိဘဲ)ဖေါက်ပြန်သောစိတ်ဖြင့် မာတုဂါမကို ဝစ္စမဂ် ပဿာဝမဂ် မေထုန်နှင့်စပ်သော ရုန့်ရင်းသော စကားတို့ဖြင့် ယုတ်ယုတ်မာမာပြောဆိုအံ့၊ [လုလင်ပျိုတစ်ယောက်က မိန်းမပျိုတစ်ယောက်ကို မေထုန်နှင့်စပ်သော စကားတို့ဖြင့် မရှက် မကြောက်ပြောဆိုနည်းမျိုးတည်း။]ထိုသို့ပြောဆိုသော ရဟန်းသည် သံဃာဒိသေသ်အာပတ်သင့်၏။

အင်္ဂါ ၅-ပါး။ ။ ၁-လူအစစ် မိန်းမဖြစ်ခြင်း (လူယောင်ဆောင်သော နဂါးမစသည် မဟုတ်ရ)၊ ၂-မိန်းမမှန်းသိခြင်း, ၃-ဒုဋ္ဌုလ္လဝါစဿာ ဒရာဂ (ယုတ်ယုတ်မာမာ ပြောနေရသည်ကို သာယာသောရာဂ) ရှိခြင်း, ၄-ထိုရာဂဖြင့် ယုတ်ယုတ်မာမာပြောဆိုခြင်း, ၅-ပြောလျှင် ပြောခြင်း (အပြောခံရသူက)သိခြင်း, ဤအင်္ဂါ ၅-ပါး ညီညွတ်လျှင် ဤသိက္ခာပုဒ်အရ သံဃာဒိသေသ်အာပတ်သင့်၏။

[ဆောင်] လူမိန်းမပင်, မိန်းမတင်လတ်, ဝါစဿာဒ, ထိုရာဂဖြင့်-ပြောပြလေဘိ, ချက်ချင်းသိ ကြောင်းရှိငါးလီ, အင်္ဂါညီ, သင့်ပြီဒုဋ္ဌုလ္လ။

စာမျက်နှာ-၃၃

မှတ်ချက်။ ။ ဝစ္စမဂ် ပဿာဝမဂ်၏ လှကြောင်းကို ချီးမွမ်းလျှင်လည်းကောင်း, မလှကြောင်း-တစ်စုံတရာချို့ယွင်းနေကြောင်းကို ကဲ့ရဲ့၍လျှင်လည်းကောင်း, သံဃာဒိသေသ် အာပတ်ပင်၊ ထိုသို့ချီးမွမ်းသည်ဖြစ်စေ ကဲ့ရဲ့သည်ဖြစ်စေ အပြောခံရသော မိန်းမက နားလည်မှလည်း သံဃာဒိသေသ်သင့်သည်။ နားမလည်လျှင် ဒုက္ကဋ် အာပတ်သာသင့်၏။

ဃ။ အတ္တကာမပါရိစရိယ သိက္ခာပုဒ်

အမှုသည်—ရှင်ဥဒါယီ။

အမှု—မေထုန်အလှူခံမှု။

မေထုန်အလှူခံပုံ။ ။ ရှင်ဥဒါယီသည် သာဝတ္ထိပြည်၌ ဟိုအိမ်ကပ်ဒီအိမ်ကပ်နှင့် လူ့အိမ်သို့ ချဉ်းကပ်သွားလာတတ်သော ရဟန်းတည်း၊

လင်သေပြီးသော မူဆိုးမတစ်ယောက်ကား အလွန်အဆင်းလှ၏၊ ဥဒါယီသည် ဆွမ်းခံသွားရင်း ထိုမာတုဂါမ အိမ်သို့ ဝင်၍ တရားစကားပြောလေရာ ထိုမာတုဂါမက တရားကို သဘောကျ၍ ပစ္စည်း ၄-ပါး ဖိတ်လေသော်... “ငါတို့မှာ ဆွမ်းသင်္ကန်း ကျောင်းဆေးဆိုတဲ့ ပစ္စည်း ၄-ပါးတော့ ရလွယ်ပါတယ်, ရခဲတာကိုလှူပါလား”ဟု ပြောဆိုလေသည်၊ မာတုဂါမက “ဘာများရခဲပါ သလဲ”ဟု မေးလျှင် “မေထုန်ရခဲသည်”ဟု ပြောလေသည်၊ မာတုဂါမက “အလိုရှိပါသလား” “ဥဒါယီက “အလိုရှိတာပေါ့”-မာတုဂါမက “လိုက်ခဲ့” ဟုခေါ်ပြီးလျှင် အခန်းတွင်းဝင်၍ အဝတ်လှစ်ပြီး ခုတင်ပေါ် ပက်လက်အိပ် နေလေသည်၊ ထိုအခါ ရှင်ဥဒါယီ လိုက်သွား၍-“ထွီ(ရွှံ့စရာ) ဒီအနံ့ မကောင်းတဲ့ အယုတ်တမာကို ဘသူသုံးသပ်ချင်မှာလဲ”ဟု ပြောဆိုထွက်သွားလေသည်။

မခံချင်၍ ပြစ်တင်ကဲ့ရဲ့ ပုံ။ ။ ထိုမာတုဂါမသည် ဥဒါယီက ထွီ ဟုဆို၍ ပြောဆိုတွက် သွားသည်ကို မခံချင်သောကြောင့် “စည်းစိမ်ဥစ္စာအဆင်းအားဖြင့် ဘယ်မိန်းမနှင့်ပြိုင်ပြိုင် ငါက အောက်မကျဘူး ဥဒါယီဟာ ငါ့ကိုမေထုန်တောင်းပြီး မကောင်းသော အနံ့ရှိသလေး, အယုတ် တမာလေးနှင့် ငါ့ဥစ္စာကို ရှုတ်ချသွားတယ်”ဟု ကဲ့ရဲ့သည်မှ စ၍ ဥဒါယီ၏ မေထုန်တောင်းမှုကို ဘုရားရှင်ကြားတော်မူလျှင် ရှင်ဥဒါယီအား များစွာ ပြစ်တင် ကဲ့ရဲ့တော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

စာမျက်နှာ-၃၄

သိက္ခာပုဒ်ပါဠိတော်။ ။ ဟော ပန ဘိက္ခု ဩတိဏ္ဏော ဝိပရိဏတေန စိတ္တေန မာတုဂါမဿ သန္တိကေ အတ္တကာမပါရိစရိယာယ ဝဏ္ဏံ ဘာသေယျ၊ ဧတဒဂ္ဂံ ဘဂိနိ ပါရိစရိယာနံ, ယာ မာဒိသံ သီလဝန္တံ ကလျာဏဓမ္မံ ဗြဟ္မစာရိံ ဧတေန ဓမ္မေန ပရိစရေယျာတိ မေထုနုပသံဟိတေန၊ သံဃာဒိသေသော။

သိက္ခာပုဒ်မြန်မာပြန်။ ။ အကြင်ရဟန်းသည် ရာဂတည်းဟူသော တွင်းသို့ (စိတ်အားဖြင့်) သက်ဆင်းကျရောက် နေရကား မရိုးမသား ဖေါက်ပြားသောစိတ်ဖြင့် မာတုဂါမအထံ၌ မိမိအတွက် ကာမဖြင့် ပြုစုရခြင်း၏ အကျိုးကျေးဇူးကို ဟောပြောအံ့၊ (ကာမဖြင့် လုပ်ကျွေး ဖို့ရန် ကာမကိုတောင်းအံ့-ဟူလို၊) [ဧတဒဂ္ဂံ ဘဂိနိ-စသော စကားကား ကာမဖြင့်ပြုစုရခြင်း၏ အကျိုးကျေးဇူးကို ပြောပြသောစကားတည်း၊ နှမ...သီလသိက္ခာရှိလျက် ကိုယ်ကျင့်တရားပြည့်ဝ၍ (အဗြဟ္မစရိယမှ ရှောင်ကြဉ်ကာ) ဗြဟ္မစာရီဖြစ်သော ငါလိုပုဂ္ဂိုလ်ကို မေတုန် ပေးလှူခြင်းသည် ပစ္စည်း ၄-ပါး အလှူများနှင့် လားလားမှ မတူအောင် မြင့်ခေါင်ကြီးကျယ်သော အကျိုးကို ရတတ်သဖြင့် အမြတ်ဆုံး အလှူဖြစ်သည်၊] ဤသို့ မေထုန်နှင့်စပ်သော စကားဖြင့် ပြောဆိုသော ရဟန်းသည် သံဃာဒိသေသ် အာပတ်သင့်၏။

အင်္ဂါ ၅-ပါး။ ။ ၁-လူသားစင်စစ်မိန်းမဖြစ်ခြင်း, ၂-လူမိန်းမမှန်းသိခြင်း, ၃-အတ္တကာမပါရိစရိယရာဂ (မိမိလိုလားအပ်သော ကာမဂုဏ်ဖြင့် ပြုစုစေလိုသောရာဂ)ရှိခြင်း, ၄-ဂုဏ်ကျေးဇူးကို ပြောဆိုတောင်းခံခြင်း, ၅-အတောင်းခံရသူ မိန်းမက နားလည်ခြင်း၊ ဤအင်္ဂါငါးပါး ညီလျှင် သံဃာဒိသေသ် အာပတ်သင့်၏။

[ဆောင်] လူမိန်းမပင် မိန်းမထင်လျက်, ကိုယ့်တွက်တာဟု -ကာမမှုဖြင့်-ပြုစေလိုတုံ-ရာဂကြုံ၍, ဂုဏ်ကိုပြောဘိ, ချက်ချင်းသိဟု, ကြောင်းရှိ ၅ လီ, အင်္ဂါညီ, သင့်ပြီကာမ-ပါရိစရိယ။

စာမျက်နှာ-၃၅

င။ သဉ္စရိတ္တသိက္ခာပုဒ်

မူလပညတ်

အမှုသည်—ရှင်ဥဒါယီ။

အမှု—အောင်သွယ်မှု။

အောင်သွယ်မှု။ ။ ရှင်ဥဒါယီသည် များစွာသော အမျိုးအိမ်သို့ သွားလာ ထွက်ဝင်တတ်သော (အလယ်စား) ရဟန်းတစ်ပါးဖြစ်၍ အပျိုလူပျိုရှိသော အိမ်ကိုလည်း သိနိုင်၏၊ လူပျိုကလေး၏ မိဘများအထံ၌ အခြားအိမ်က မိန်းမပျို၏ဂုဏ်ကို များစွာပြောပေး၏၊ မိန်းမပျို၏မိဘများ အထံ၌လည်း အခြားအိမ်က လုလင်ပျို၏ ဂုဏ်ကို များစွာပြောပေး၏၊ “မည်သည့် ယောက်ျားကလေးသည် မည်သည့်မိန်းကလေးနှင့် သင့်တော်၏” ဟုလည်း ပြောလေ့ရှိ၏၊ ဤနည်းအားဖြင့် ရှင်ဥဒါယီဆွယ်ပေး၍ အကြောင်း ပါသွားကြသော အိမ်ထောင်သည်တို့ကား သာဝတ္ထိမြို့၌ အတော်များပြားလေသည်။

ကျိန်ဆဲကြ ဆုတောင်းကြ။ ။ ထိုသို့ ရှင်ဥဒါယီအောင်သွယ်ပေးမှုကြောင့် အကြောင်းပါရသော မာတုဂါမတို့တွင် ဆိုးဝါးသော ယောက္ခမ မိဘတို့နှင့် အတူနေရသော မာတုဂါမတို့က “ငါတို့ ဆင်းရဲသလို ဥဒါယီကိုယ်တော်ကြီးလဲ ဆင်းရဲဒုက္ခ ရောက်ပါစေဟယ်” ဟု ကျိန်ဆဲကြ၏၊ ယောက္ခမမိဘတို့နှင့် ချမ်းချမ်းသာသာ နေထိုင်ရသူတို့ကမူ “ငါတို့ ချမ်းသာသလို အရှင်ဥဒါယီကိုယ်တော်လဲ ချမ်းသာတော်မူပါစေ, ငါတို့မှာ အရာရာ စီစဉ်ပြီးရှိသလို အရှင်ဥဒါယီကိုယ်တော်မှာလဲ စီစဉ်ပြီး ရှိပါစေ, ငါတို့ ချမ်းသာအဆီယစ်နေသလို အရှင်ဥဒါယီကိုယ်တော်လဲ ချမ်းသာအဆီယစ်တော်မူပါစေ”ဟု ဆုတောင်းကြ၏၊ ထိုသို့ အချို့က ကျိန်ဆဲကြ၍ အချို့က ဆုမွန်ကောင်း တောင်းကြသည်ကို ရဟန်းများမှတဆင့် ဘုရားရှင်ကြားတော်မူ၍ “ယောပနဘိက္ခု၊ သဉ္စရိတ္တံ သမာပဇ္ဇေယျ ဣတ္ထိယာဝါ ပုရိသမတိံ ပုရိသဿဝါ ဣတ္ထိမတိံ ဇာယတ္တနေဝါ ဇာရတ္တနေဝါ၊ သံဃာဒိသေသော” ဟု ရှေးဦးစွာ ပညတ်တော်မူရလေသည်။

အနုပညတ်။ ။ အခါတစ်ပါး၌ မိန်းမလိုက်စားသော လူတစုတို့သည် ဥယျာဉ်တစ်ခုမှနေ၍ ပြည့်တန်ဆာမတစ်ယောက်ကို အခေါ် ခိုင်းကြ၏၊ ပြည့်တန်ဆာမကား လိုက်မလာချေ၊ ထိုအခါ လူတစ်ယောက်က

စာမျက်နှာ-၃၆

“ဘာလို့ ဒီပြည့်တန်ဆာမကို တောင်းတောင်းပန်ပန် ခေါ် နေရသလဲ, အရှင်ဥဒါယီပြောလျှင် အရှင်ဥဒါယီက သူ့ကို လွှတ်လိုက်မှာပေါ့” ဟု ပြောလေသော် ထိုစကားကိုကြားသော သီတင်းသည် ဥပါသကာက “မောင်.. ဒီလိုမပြောပါနဲ့ ရဟန်းတော်များမှာ ဒီအမှုကို မအပ်ပါဘူး”ဟု ကန့်ကွက်၏၊ ထို့နောက်...ဒီအမှုကို ရှင်ဥဒါယီပြုစေရဲ့, မပြုစေဘူး”ဟု ငြင်းခုန်၍ အလောင်းအစား ပြုပြီးလျှင် ရှင်ဥဒါယီထံသွား၍ ထိုပြည့်တန်ဆာမကို လွှတ်လိုက်ပါရန် တောင်းပန်ကြလေသည်၊ ရှင်ဥဒါယိလည်း ပြည့်တန်ဆာမ ထံသွား၍ ထိုလူများဆီ လိုက်သွားဖို့ ပြောပြလေရာ ပြည့်တန်ဆာမက “ဒီလူ တွေကို တပည့်တော်မသိပါ, တပည့်တော်မှာလဲ တန်ဘိုးများသော အဝတ် တန်ဆာရှိနေသည့်ပြင်, မြို့ပြင်လိုက်ရမည်ဖြစ်၍ မလိုက်လိုကြောင်း”လျှောက်လေ၏၊ ထိုအခါ ရှင်ဥဒါယီက “လိုက်သာလိုက်သွားပါ, သူတို့ကို ငါသိပါ တယ်ဟု ပြောသဖြင့် လိုက်သွားရလေသည်၊ ထိုအခါ အလောင်းအစား လုပ်သော ဥပါသကာသည် များစွာကဲ့ရဲ့၍ ရဟန်းများကို လျှောက်ထားသဖြင့် ဘုရားထံရောက်ပြန်ရာ “အန္တမသောတင်္ခဏိကာယပိ”ဟု ထပ်၍ ပညတ်တော် မူရပြန်လေသည်။ [ယခုကာလ ပြည့်တန်ဆာမများကို “တင်္ခဏိကာမယား” ဟု ခေါ်သည်။]

သိက္ခာပုဒ်မြန်မာပြန်။ ။ အကြင် ရဟန်းသည် အောင်သွယ် ပေးအံ့၊ ယောက်ျားဘက်က ခိုင်းသဖြင့် ယောက်ျားအလိုကို မိန်းမအား မယားဖြစ်ဖို့ရန် ပြောအံ့၊ မိန်းမဘက်က ခိုင်း၍ ယောက်ျားအား လင်ဖြစ်ဖို့ရန် ပြောအံ့၊ အယုတ်ဆုံး တခဏမျှ ပေါင်းအပ်သော ပြည့်တန်ဆာမကိုလည်းပြောအံ့၊ ထိုရဟန်းသံဃာဒိသေသ် အာပတ်သင့်၏။

သိက္ခာပုဒ်အင်္ဂါ ၅-ပါး။ ။ ၁-မိန်းမယောက်ျားတို့ လူသားစင်စစ်ဖြစ်ခြင်း, ၂-အောင်သွယ် ထိုက်ခြင်း, ၃-ဝန်ခံခြင်း, ၄-စုံစမ်းခြင်း, ၅-ပြန်ပြောခြင်း၊ ဤအင်္ဂါ ၅-ပါးညီလျှင် သဉ္စရိတ္တသံဃာဒိသေသ်သင့်၏။

ချဲ့ဦးအံ။ ။ “၂-အောင်သွယ် ထိုက်ခြင်း” ဟူသည် တစ်ယောက်နှင့် တစ်ယောက် သ္မီးခင်ပွန်း မဖြစ်သေးခြင်း, ဖြစ်သော်လည်း ယခုအချိန်မှာ ကွာပြီးရှင်းပြီးဖြစ်ခြင်းကို ဆိုလိုသည်။ ၃-“ဝန်ခံခြင်း” ဟူသည် မည်သူ့ကို ပြောပေးပါ”ဟု စေခိုင်းသည့်အခါ နှုတ်ဖြင့်ဖြစ်စေ, ဦးခေါင်းညိတ်၍

စာမျက်နှာ-၃၇

ဖြစ်စေ, ဝန်ခံခြင်းတည်း၊ ၄-“စုံစမ်းခြင်း” ဟူသည် ဝန်ခံခဲ့သည့်အတိုင်း သွား၍ သဘောတူ-မတူကို စုံစမ်းခြင်းတည်း၊ ၅-“ပြန်ပြောခြင်း”ဟူသည် စုံစမ်းပြီးနောက် ထိုသူသဘောကို ပြန်၍ပြောခြင်းတည်း၊ ထိုကဲ့သို့ အောင်သွယ်ပေးရာ၌ သူတို့ချင်းပေါင်းရသည်ဖြစ်စေ, မပေါင်းရသည်ဖြစ်စေ၊ အင်္ဂါ ၅-ပါးညီလျှင် အာပတ်သင့်လေပြီ။

[ဆောင်] ကျား-မ ၂ ရှပ်-လူသားဇာတ်တို့, ကင်းပြတ်ကွဲခိုက်-အောင်သွယ် ထိုက်၍, ခိုင်းခိုက်ဝန်ခံ, စုံစမ်းဟန်နှင့်, တဖန်မယွင်း-ပြန်ပြောခြင်းဟု, ကြောင်းရင်း ၅ လီ, အင်္ဂါညီ, သင့်ပြီသဉ္စရိတ်။

စ။ ကုဋိကာရသိက္ခာပုဒ်

အမှုသည်—အာဠဝီတိုင်းသားရဟန်းများ။

အမှု—အတာင်းအရမ်းများ။

အာဠဝီရဟန်းတို့အတောင်း အရမ်းများပုံ။ ။ အာဠဝီတိုင်းသား ရဟန်းတို့သည် ကျောင်း ဒကာမရှိဘဲ မိမိတို့ဘာသာ ပဲခွပ် ပုဆိန်စသော လက်သ္မားကြိယာကို ငှါးရမ်း၍ မိမိတို့နေထိုင်ဖို့ရာ ကျောင်းဆောက်ကြကုန်၏၊ “မည်သည့် အရွယ်လောက် ရှိလျှင် ကျောင်းပြီးစေမည်”ဟုကား အတိုင်းအရှည် ပမာဏမရှိချေ၊ ထို့ကြောင့် ထိုကျောင်းများသည် မပြီးနိုင်ဘဲရှိလေရာ “ယောက်ျားတစ်ယောက်လောက် ပေးကြစမ်းပါဦး, ယောက်ျားများလုပ်ရမည့်အလုပ်ကို လုပ်ပေးကြပါဦး, နွားငှါးကြပါဦး, လှည်းငှါးကြပါဦး, ပဲခွပ်-ဓားမ-ပေါက်တူး-ဆောက်များ ငှါးကြပါဦး, နွယ်-ဝါး-မြက်-မြေညက်များပေးကြပါဦး” ဤသို့စသည်ဖြင့် ခဏခဏ အတောင်းအရမ်း လာကြလေသည်။

လူတွေ့ဖြစ်ပုံ။ ။ ရဟန်းများ၏ အတောင်းအရမ်းဖြင့် နှိပ်စက်ခံရသူတို့သည် ရဟန်းတွေကို မြင်လျှင် တောင်းလိမ့်ဦးမည်ထင်၍ ထိတ်ခနဲဖြစ်ကြကုန်၏၊ (မြွေကိုမြင်လျှင် လန့်ပြီးနောက်ဆုတ်သကဲ့သို့)ရဟန်းများကိုမြင်လျှင် လန့်ပြီးနောက်ဆုတ်ကြကုန်၏၊ တချို့လည်း ခပ်ဝေးဝေးမှပင် ထွက်ပြေးကြကုန်၏၊ တချို့လည်း ရဟန်းများသွားရာလမ်းမှ ရှောင်လွှဲ၍ အခြားလမ်းဖြင့် သွားကြကုန်၏။ ထိုသို့ မရှောင်သာလျှင် မျက်နှာချင်း မဆိုင် မိအောင် မျက်နှာလွှဲ၍ နေကြကုန်၏၊ ရဟန်းများလာနေသည်ကို မြင်လျှင်

စာမျက်နှာ-၃၈

အိမ်ရှင်တို့က အိမ်တံခါးကို ပိတ်ထားကြကုန်၏၊ ခပ်ဝေးဝေး၌ နွားမကြီးကို မြင်ရုံမျှဖြင့် ရဟန်းထင်၍ ပြေးကြသူတွေလည်း မရှားပင်၊ ထိုကဲ့သို့ဖြစ်ချိန်မှာ အရှင်မဟာကဿပသည် အာဠဝီပြည်၌ သီတင်းသုံးခိုက်နှင့် ကြုံ၍ ဆွမ်းခံ ဝင်တော်မူရာ အရှင်မဟာကဿပကိုလည်း အခြားရဟန်းများ နည်းတူ အပြုအမူခံရလေသည်။

မဏိကဏ္ဌဇာတ်။ ။ ထိုအချိန်မှာပင် ဗုဒ္ဓရှင်တော်မြတ်လည်း ရာဇဂြိုဟ်မှ အာဠဝီမြို့သို့ ကြွလာတော်မူလေရာ အရှင်မဟာကဿပသည် အာဠဝီရဟန်းတို့ အတောင်းအရမ်းများသဖြင့် လူတို့အကြည်ညို ပျက်ပြားပုံကို ဘုရားရှင်အားလျှောက်လေသည်၊ ထိုအခါဘုရားရှင်သည် ထိုရဟန်းတို့ကို များစွာပြစ်တင်တော်မူ၍ အတောင်းအရမ်းများလျှင် လူကို မဆိုထားဘိ, တိရစ္ဆာန်များပင် မုန်းတတ်ကြောင်းကို ပြလိုရကား မဏိကဏ္ဌဇာတ်ကို ဟောတော်မူသည်။

ရှေးအခါ၌ ဂင်္ဂါမြစ်ကမ်းဝယ် ညီနောင်ရသေ့ ၂ ဦးတို့ နေကြလေသည်၊ ညီငယ်ရသေ့သည် မေတ္တာကမ္မဋ္ဌာန်း စီးဖြန်း ပွားများလေ့ရှိသဖြင့် (လည်ပင်း၌ ပတ္တမြားတန်ဆာရှိ၍) မဏိကဏ္ဌမည်သော နဂါးမင်းသည် ထိုညီငယ်ရသေ့၏ မေတ္တာစွမ်းကြောင့် ချစ်ခင်နေရကား နှုတ်အသွင်ဖြင့် မပြတ်လာ၍ စကားပြော၏၊ စကားပြောပြီးသည့်အခါ နဂါးအသွင်အတိုင်း ခုနစ်ထပ်လောက် အခွေဖြင့် ပတ်ပြီးလျှင် ဦးထိပ်၌ ပါးပျဉ်း မိုးကာ ကြည်ညိုသော အခြင်းအရာကိုပြလျက် နေတတ်လေသည်။

ညီငယ်ရသေ့ကမူ နဂါးကိုကြောက်သဖြင့် ပိန်ချုံးနေတော့၏၊ ထိုပိန်ချုံး နေသည်ကို နောင်တော်ရသေ့မြင်၍ “နဂါးမလာစေလိုလျှင် သူ၏ ပတ္တမြားကို တောင်းလိုက်”ဟု အကြံပေးလေရာ နောက်တစ်ကြိမ်အလာဝယ် ပတ္တမြားကို တောင်းလေသော်... “ရဟန်းက ပတ္တမြားတောင်းတယ်, ရဟန်းက ပတ္တမြား လိုချင်သတဲ့၊ ဒီပတ္တမြားကြောင့် ငါ့မှာအစားအသောက် ပြည့်စုံရတယ်, ဒီပတ္တမြားကို မပေးနိုင်”ဟုဆို၍ နောက်မလာတော့ဘဲ တခါတည်းပြန် သွားလေတော့သည်။

နဂါးမလာခါမှ ကြည့်၍လှသော နဂါးကို မမြင်ရသဖြင့် ရသေ့ကလေး သာ၍ ပိန်ချုံးပြန်ရာ, နောင်တော်က- “အကြင် သူ၏ ချစ်ခြင်းကို အလိုရှိ၏၊ ထိုသူကို မတောင်းရဘူး, တောင်းလျှင် မုန်းတတ်သည်”ဟု ဆုံးမလေသည်၊

စာမျက်နှာ-၃၉

မြတ်စွာဘုရားသည် ဤဝတ္ထုကို ဟောတော်မူပြီးလျှင်- “အိုရဟန်းများ... တိရစ္ဆာန်များသော်မှ တောင်းရမ်းသည်ကို မကြိုက်လျှင် လူများဆိုတာ ပြောဖွယ်ရာမရှိ, “သာ၍ပင်မကြိုက်မည်သာ”ဟု အခြားဝတ္ထု ၂-မျိုးကိုပါ မိန့်တော်မူ၍ ဤကုဋိကာရသိက္ခာပုဒ်ကို ပညတ်တော်မူလေသည်။

သိက္ခာပုဒ်ပါဠိတော်။ ။ သညာစိကာယ ပန ဘိက္ခုနာ ကုဋိံ ကာရယမာနေန အဿာမိကံ အတ္တုဒ္ဒေသံ ပမာဏိကာ ကာရေတဗ္ဗာ၊ တတြိဒံ ပမာဏံ၊ ဒီဃသော ဒွါဒသ ဝိဒတ္ထိယော သုဂတ ဝိဒတ္ထိယာ, တိရိယံ သတ္တန္တရာ၊ ဘိက္ခူ အဘိနေတဗ္ဗာ ဝတ္ထုဒေသနာယ၊ တေဟိ ဘိက္ခူဟိ ဝတ္ထု ဒေသေတဗ္ဗံ အနာရမ္ဘံ သပရိက္ကမနံ၊ သာမ္ဘေ စေ ဘိက္ခု ဝတ္ထုသ္မိံ အပရိက္ကမနေ သညာစိကာယ ကုဋိံ ကာရေယျ ဘိက္ခူဝါ အနဘိနေယျ ဝတ္ထုဒေသနာယ, ပမာဏံ ဝါ အတိက္ကာမေယျ၊ သံဃာဒိသေသော။

သိက္ခာပုဒ်မြန်မာပြန်။ ။ ရဟန်းသည် ပဲခွပ် ပုဆိန်စသော လက်သ္မား ကြိယာများကို ငှါးရမ်း၍ ကျောင်းဒကာလည်း မရှိ-မိမိနေဖို့လည်း ဖြစ်သော ကျောင်းကုဋီကို ဆောက်လုပ်လိုလျှင် (သိပ်မကြီးစေဘဲ) သင့်တော်လောက်သော ပမာဏနှင့် ယှဉ်သော ကျောင်းကုဋီကိုသာ, ဆောက်လုပ်စေရမည်၊ ထိုကျောင်းနှင့်၏ ပမာဏကား— “ဘုရား အထွာတော်ဖြင့် အလျား ၁၂ ထွာ, အနံ (နံရံအတွင်း စွန်းကို တိုင်းသောအားဖြင့်)ခုနှစ်ထွာ”ဖြစ်၏၊ ထိုပြင်-ကုဋိနေရာကို အသေ အချာမသတ်မှတ်သေးခင် “မည်သည့်နေရာ၌ သင့်တော်သည်” ဟု ညွှန်ပြပေးဖို့ရာ ရဟန်းတို့ကို မိမိဆောက်လိုသော နေရာသို့ပင့်ရမည်၊ ထိုရဟန်းတို့က ပိုးရွ-ခြပုန်းစသော ခြင်္သေ့-သစ်ကျားစသော ပိုးမွှား တိရစ္ဆာန်လည်းမရှိသော, ကောက်ပဲသီးနှံ စိုက်ပျိုးရာစသော အရပ်လည်း မဟုတ်၍ ဘေးရန်အန္တရာယ်ကင်းသော, ကျောင်း၏ပတ်ဝန်းကျင်၌ လှည်းများသွားလာနိုင်လောက်အောင် ဥပစာလည်း ကျန်ရှိ သေးသော အရပ်ကိုသာ (ကုဋိနေရာအဖြစ်ဖြင့်) ညွှန်ပြရမည်၊ ဘေးရန်အန္တရာယ်ရှိသောအရပ်, သို့မဟုတ် ဥပစာမကျန်သောအရပ်၌ ကိုယ်တိုင် လက်သ္မားကြိယာကို ငှါးရမ်း၍ ဆောက်လျှင်၎င်း

စာမျက်နှာ-၄၀

ကုဋိနေရာကို ညွှန်ပြပေးဖို့ရာ ရဟန်းတို့ကို မပင့်လျှင်လည်းကောင်း, အလျား ၁၂ ထွာ အနံခုနှစ်ထွာ ပမာဏထက် လွန်စေလျှင်လည်းကောင်း, သံဃာဒိသေသ် အာပတ်သင့်၏။

မှတ်ချက်။ ။ အတွင်း၌ဖြစ်စေ အပြင်ဘက်၌ဖြစ်စေ အတွင်းအပြင် ၂ ဘက်လုံး၌ ဖြစ်စေ အင်္ဂတေ သုတ်ထားသော-သို့မဟုတ် မြေညက် သုတ်ထားသော တစ်ယောက်နေသာရုံမျှ အလျား ၁၂ လွှာ အနံခုနစ်လွှာရှိသော ကျောင်းကုဋိ ကလေးကို ဥလ္လိတ္တကုဋိ, အဝလိတ္တကုဋိ, ဥလ္လိတ္တာဝလိတ္တကုဋိ”ဟု ခေါ်၏။ ပုဏ္ဏားတို့နေရာ၌ ထိုအိမ်ကလေးမျိုး တွေ့ရတတ်သည်။ ယခု ကာလ သစ်သား-သစ်ရွက် ကျောင်းငယ်ကလေးမျိုးကို ဤသိက္ခာပုဒ်အရ “ကုဋိ”ဟု မဆိုလို။

ထိုကျောင်းကုဋ် (ကုဋိ)ကို ဆောက်လုပ်ရာ၌ ပိုးရွ-ခြံပုန်း စသည်တို့မှာ ကျောင်းဆောက်သဖြင့် ပျက်စီးကျမည်ဖြစ်၍ သနားဖွယ် ကောင်းသောကြောင့်လည်းကောင်း, ခြင်္သေ့ စသည်တို့မှာ ရန်မူတတ်သောကြောင့်လည်းကောင်း, ကောက်ပဲ သီးနှံတို့ကား ပျက်စီးသဖြင့် ဥစ္စာရှင်တို့ မကျေမနပ် ရှိတတ်သောကြောင့်လည်းကောင်း, ထိုပိုးရွ-ခြပုန်း စသည်ရှိသောအရပ်ကို ရှောင်ကြဉ်၍ ကျောင်းဆောက် ရသည်။ [ဤမှနောက်၌ အင်္ဂါများကို (အထူးမပြလျှင်) ပါတိမောက် ဘာသာဋီကာမှာ ရှုပါ။]

ဆ။ ဝိဟာရကာရသိက္ခာပုဒ်

အမှုသည်—အရှင်ဆန္န။

အမှု—ကျောင်းဆောက်လို၍ သစ်ပင်ခုတ်စေမှု။

အရှင်ဆန္န၏သစ်ပင် ခုတ်စေမှု။ ။ အရှင်ဆန္န၏ ဒါယကာ သူကြွယ် တစ်ယောက်သည် “အရှင်ဘုရား... ကျောင်းနေရာကို ကြည့်တော်မူပါ, အရှင်ဘုရားဖို့ ကျောင်းဆောက် လိုပါသည်”ဟု လျှောက်၏၊ အရှင်ဆန္နသည် ကျောင်းနေရာကို ရှင်းလင်းသည့်အခါ လူများက “နတ်ကြီးသောသစ်ပင်”ဟု အသိအမှတ်ပြု၍ ကိုးကွယ်ထားသော စေတီသစ်ပင်ကို ခုတ်ဖြတ်စေလေသည်၊ ထိုအခါ လူအများပင် မခံမရပ်နိုင်အောင် ဖြစ်ကြ၍ ကဲ့ရဲ့ကြသောကြောင့် ဤဝိဟာရကာရသိက္ခာပုဒ်ကို ဘုရားရှင်ပညတ်တော် မူရလေသည်။ [ဤသိက္ခာပုဒ်၌ ကျောင်းဒါယကာရှိခြင်း, အရွယ်ပမာဏ ကန့်သတ်ချက်မရှိခြင်းသည် ရှေ့သိက္ခာပုဒ်မှထူး၏။]

စာမျက်နှာ-၄၁

သိက္ခာပုဒ်ပါဠိတော်။ ။ မဟလ္လကံ ပန ဘိက္ခုနာ ဝိဟာရံ ကာရယမာနေန သဿာမိကံ အတ္တုဒ္ဒေသံ ဘိက္ခူ အဘိနေတဗ္ဗာ ဝတ္ထုဒေသနာယ၊ တေဟိ ဘိက္ခူဟိ ဝတ္ထု ဒေသေတဗ္ဗံ အနာရမ္ဘံ သပရိက္ကမနံ၊ သာရ‌မ္ဘေ စေ ဘိက္ခု၊ ဝတ္ထုသ္မိံ အပရိက္ကမနေ မဟလ္လကံ ဝိဟာရံ ကာရေယျ, ဘိက္ခု၊ ဝါ အဘိနေယျ ဝတ္ထုဒေသနာယ သံဃာဒိသေသော။

သိက္ခာပုဒ် မြန်မာပြန်။ ။ ဆောက်လုပ်ပေးမည့်ကျောင်းဒါယကာ ရှိသောကြောင့် မြင့်မြတ်သောကျောင်းဟု ဆိုထိုက်သော(တနည်း-ဆောက်လုပ်သူ ဒါယကာရှိသဖြင့် အတိုင်းအရှည် ပမာဏမထားဘဲ ကြီးမားနိုင်သော) မိမိတို့ ရည်စူးအပ်သော ကျောင်းကို ဆောက်လုပ်စေလိုသော ရဟန်းသည် ကျောင်းနေရာကို ညွှန်ပြဖို့ရာ ရဟန်းတို့ကို (မိမိ ရည်ရွယ်ထားသော နေရာသို့ပင့်ရမည်၊ ထိုရဟန်းတို့က ပိုး ရွှ ခြ ပုန်း ခြင်္သေ့သစ်ကျားစသော ဘေးရန်မရှိသော ကောက်ပဲသီးနှံစိုက်ပျိုးရာ စသည်လည်း မဟုတ်သော ကျောင်း၏ ပတ်ဝန်းကျင်၌ လှည်းတစီး သွားလောက်အောင် ဥပစာလည်းရှိသော နေရာကို ညွှန်ပြရမည်၊ ဘေးရန်အန္တရာယ်ရှိ၍ လှည်းတစီး လှည့်ပတ်သာလောက်အောင် ဥပစာမရှိသောနေရာ၌ မဟလ္လကကျောင်းကို ဆောက်စေလျှင်၎င်း၊ ရဟန်းတို့ကို ကျောင်းနေရာညွှန်ပြဖို့ မပင့်လျှင်၎င်း၊ ထိုရဟန်းမှာ သံဃာဒိသေသ်အာပတ်သင့်၏။

ဇ။ ဒုဋ္ဌဒေါသသိက္ခာပုဒ်

အမှုသည်—မေတ္တိယ, ဘူမဇာကရဟန်းများ။

အမှု—အရှင်ဒဗ္ဗကိုပါရာဇိကဖြင့် စွပ်စွဲမှု။

အရှင်ဒဗ္ဗ အကြောင်း။ ။ အရှင်ဒဗ္ဗသည် မလ္လမင်း၏သားတော်တည်း၊ ၇ နှစ် အရွယ်ကပင် ရဟန္တာဖြစ်ခဲ့သော ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ် မြတ်ဖြစ်၏၊ ထိုအရှင်သည် တစ်နေ့သ၌ တစ်ပါးတည်း ကိန်းအောင်းတော်မူစဉ် အကြံဖြစ်သည်မှာ-“ငါသည် ရသင့်ရထိုက်သော တရားထူးကို ရပြီပြီ၊ ငါ၏ဤခန္ဓာကိုယ်သည် နောက်ဆုံးဘဝဖြစ်၏၊ ဤခန္ဓာကိုယ်လည်း လေလမ်း အဝ၌တည်နေသော မီးတောက်ကဲ့သို့ အနိစ္စတာ (မမြဲခြင်း) လမ်းဝ၌

စာမျက်နှာ-၄၂

တည်နေရကား မကြာခင် ချုပ်ငြိမ်းတော့မည်၊ ဤခန္ဓာကိုယ် မချုပ်ငြိမ်းခင် သံဃာ့ဝေယျာဝစ္စ (သံဃာကိစ္စ)ကို ရွက်ဆောင်နေရမူ ကောင်းလေစွ”ဟု ကြံလေသည်၊ ဤအကြံကိုဘုရားရှင်အား ယောက်ထားလေရာ ဘုရားရှင် ခွင့်ပြုတော်မူ၍ ဉတ်ကမ္မဝါစာဖြင့် သံဃာ့အလယ်မှာ “သေနာသနပညာပက = အိပ်ရာနေရာခင်းပေးသူ၊ ဘတ္တုဒေသက = ဆွမ်းညွှန်ချသူ”ဟု သမ္မုတိ ပေးထားလေသည်၊ “ဤသို့သမ္မုတိ ရသောရှင်ဒဗ္ဗသည် ဘုရားရှင်ကို အဖူးအမျှော်လာကြသော သံဃာများအတွက် အိပ်ရာနေရာ ခင်းပေးမှု, “မည်သည့်ဒါယကာက ဆွမ်းခံပင့်ထားပါသည်”စသည်ဖြင့် ဆွမ်းညွှန်ပြမှုကို အမြဲထာဝရပြုကာ သံဃာ့ကိစ္စကို ဆောင်ရွက်တော်မူလေသည်။

မေတ္တိယ, ဘူမကတို့ဖြစ်ထွေ။ ။ မေတ္တိယအမည် ဘူမဇကအမည် ရှိကြသော ဆဗ္ဗဂ္ဂီ ရဟန်းတို့သည် ဝါလည်းငယ်ကြ၏၊ ရှေးဘုန်းရှေးကံလည်း နည်းကြ၏၊ သံဃိက ပစ္စည်းများကို သုံးစွဲသည့် အခါ ငယ်ရွယ်သူတို့မှာ ညံ့သောအိပ်ရာ နေရာကိုသာ ရမြဲ ထုံးစံဖြစ်၏၊ ထို့ကြောင့် ဝါငယ်သော မေတ္တိယ ဘူမဇကတို့မှာ ညံ့သော အိပ်ရာနေရာကိုသာ ရကြသည်၊ ဘုန်းကံမရှိသောကြောင့် မဲချ၍ရသော ဆွမ်းခံ အလှည့်များလည်း ညံ့သောအိမ်များ၌သာ ကျရှာကြလေသည်၊ အခါတစ်ပါး၌ကား (ကောင်းမြတ်သော ဆွမ်းဟင်းများကို လှူဒါန်းလေ့ရှိသောကြောင့်) “ကလျာဏဘတ္တိက”ဟု ထင်ရှားသောသူကြွယ်၏အိမ်သို့ မေတ္တိယဘူမဇက တို့ ဆွမ်းစားအလှည့်ကျလေသော်, နက်ဖန်ဆွမ်းကောင်း ဟင်းကောင်းနှင့် သူဌေးကိုယ်တိုင် သားသ္မီးများနှင့်အတူ ပြုစုမည့်အရေးကို တွေးတော ဝမ်းမြောက်ကာ တညလုံး အိပ်မပျော်ကြရှာချေ။

ထိုရဟန်းများ ကံဆိုးပုံ။ ။ ထိုသူကြွယ်သည် ညနေလောက်ကပင် ကျောင်းသို့ ကိစ္စ တစ်ခုနှင့်လာ၍ အရှင်ဒဗ္ဗထံ ဝင်ပြီးလျှင် စကားစပ်မိ စပ်ရာ မေးလျှောက်ရင်းက နက်ဖြန် မေတ္တိယ ဘူမဇကတို့ ဆွမ်းစားလှည့် ကျကြောင်းသိသွားသဖြင့် (“ငါ့အိမ်မှာ ဒီလိုယုတ်မာတဲ့ ကိုယ်တော်တွေ ဆွမ်းစားမှ ကျပလေတယ်”ဟု စိတ်ပျက်ကာ) အိမ်ရောက်လျှင် ရောက်ခြင်း ကျွန်မကိုပြောသည်မှာ— “နက်ဖြန်ဆွမ်းစားလာသော ကိုယ်တော်များကို တံခါးမုခ်မှာ နေရာပေး၍ ဆန်ကွဲထမင်း ပုန်းရည်ဟင်းနဲ့ ဆွမ်းကျွေးလိုက်”ဟု မှာထားလေသည်။ ထိုရဟန်းတို့လည်း နံနက်အချိန်ကျ၍ ဆွမ်းစားကြွကြလေရာ, ကျွန်မက တခါးမုခ်၌ နေရာခင်းပေးလျှင် “အင်း... ဆွမ်းကျက်ဟန်

စာမျက်နှာ-၄၃

မတူသေးဘူး, ဒါကြောင့် ဒီမှာ ခေတ္တနေရာ ခင်းပေးတာဘဲ”ဟု အောက်မေ့ကြသတဲ့၊ ထို့နောက် ဆန်ကွဲထမင်း ပုန်းရည်ဟင်းကို ယူလာခါမှ အံ့အားသင့်ကြ၍ “နှမရ, နိစ္စဘတ် ဆွမ်းလှည့်ကျတဲ့ ကိုယ်တော်များပါဟ” ဟုပြော လေသော်... သိပါရဲ့ဘုရား- မနေ့ကပင် သူကြွယ်က ဒီလိုကျွေးရမယ်”ဟု အမိန့်ထားကြောင်း လျှောက်လေလျှင် “မနေ့က သူကြွယ်အလာမှာ ဒဗ္ဗက ဂုံးတိုက်လိုက်လို့သာ ဒီလိုကျွေးရသပေါ့”ဟု အရှင်ဒဗ္ဗအပေါ် အထင်မှားကြလေသည်၊ ထိုအထင်မှားသည့်ပြင် မျှော်လင့်ချက်နှင့် မကိုက်သော ဆန်ကွဲ ထမင်း ပုန်းရည်ဟင်းကို စိတ်မချမ်းမသာနှင့်ပင် စားကြလေရာ စိတ်တိုင်း ကျအောင်ဆွမ်းမစားနိုင်ရှာကြချေ။

အရှင်ဒဗ္ဗကို စွပ်စွဲခိုင်းပုံ။ ။ ကျောင်းသို့ပြန်လာ၍ ကျောင်းတံခါး မုခ်ပြင်ဘက်မှာ မှိုင်နေကြစဉ် သူတို့ဘက်သူဖြစ်သော မေတ္တိယာဘိက္ခုနီမသည် သူတို့ထံ ရောက်လာ၍ ရှိခိုးဝပ်ချသော်လည်း စကား မပြောဘဲ မှိုင်မြဲ မှိုင်နေကြလေသည်၊ ထိုအခါ ဘိက္ခုနီမသည် သူ့အပေါ် အပြစ်ရှိ၍ စကားမပြောကြတာဘဲဟု တွေးပြီး “တပည့်တော်မက ဘာကို အပြစ်ပြုမိပါသလဲ” ဟု လျှောက်လေသော် “သင်သည် ဒဗ္ဗက ငါတို့အား နှိပ်စက်နေတာကို လျစ်လျူရှု နေတယ်” ဟု ပြောကြလေ၏၊ ဘိက္ခုနီက “ဘယ်လို ကူညီစေလိုပါသလဲ” ဟု မေးလေသော် “သင်ကူညီလိုလျှင် ဘုရားရှင်ထံသွား၍ ဒဗ္ဗကသင့်ကို မတရားကျင့်တဲ့ အကြောင်း လျှောက်ချေ” ဟု စေခိုင်းလေသည်။

ဘိက္ခုနီက စွပ်စွဲပုံ။ ။ မေတ္တိယာ ဘိက္ခုနီမသည် (မျက်နှာငယ်သလို မရွှင်မပျ သောမျက်နှာဖြင့်) ဘုရားရှင်ထံလာ၍-“မြတ်စွာဘုရား .. ဒီကိစ္စကြီးဟာ သိပ်မတော်တာပါဘဲဘုရား, ဘေးရန်ဥပဒ် မရှိဘူးတဲ့ အရပ်ဒေသဟာ ယခုတော့ ဘေးရန်ဥပဒ်ရှိနေပေါ့ဘုရား၊ လေမရှိတဲ့ အရပ်က လေတိုက်ခတ်နေပါပေါ့ဘုရား၊ အေးမြပေ့ဆိုတဲ့ ရေကလဲ မီးလို ပူနေပြီဘုရား၊ (လောကကြီး ကမောက်ကမ ဖြစ်ကုန်ပါပြီ-ဟုဆိုလိုသည်၊) “လျှောက်ပါရစေတော့-ရဟန္တာလို့ ကျော်စောနေတဲ့ အရှင်ဒဗ္ဗက တပည့်တော်မကို ဖျက်ဆီးပါတယ်ဘုရား” ဟု ဝမ်းနည်းသံကလေးဖြင့် လျောက်ထားလေသည်။

ဘုရား စစ်ဆေးတော်မူပုံ။ ။ ထိုသို့ လျှောက်လာသောအခါ ဘုရားရှင်သည်-(အကြောင်းမှန်ကို သိပါသော်လည်း အများကျေနပ် ဖို့ရာ ထုံးစံအတိုင်း) သံဃာစည်းဝေးစေတော်မူ၍ အရှင်

စာမျက်နှာ-၄၄

သူ့ကိုစစ်ဆေး မေးမြန်းတော်မူသည်မှာ— “ဒဗ္ဗ...မေတ္တိယာ ဘိက္ခုနီက သင့်အပေါ်မှာ ဒီလိုဒီလိုပြောဆိုနေတယ်, သူပြောသလိုသင်ပြုမိသလား”... ထိုအခါအရှင်ဒဗ္ဗက-“ဘုန်းတော်ကြီးဘုရား သိတော်မူတဲ့အတိုင်းပါဘုရား” ဟု လျှောက်ထားလေသော်— (၂-ကြိမ် ၃-ကြိမ် ထပ်မေးသော်လည်း ဤအတိုင်းပင်လျှောက်လေသော်) “ဒဗ္ဗ... ပညာရှိများဟာ (သူများအပေါ် တာဝန်ချ၍) သင်ဖြေသလို ဖြေလေ့မရှိကြ၊ “ဘိက္ခုနီ ပြောသလို ပြုမိလျှင် ပြုမိကြောင်း-မပြုမိလျှင် မပြုမိကြောင်း” အတိအလင်း ဖြေရှင်းပါ၊ ဤသို့ မိန့်တော်မူသောအခါ-“ဘုန်းတော်ကြီးဘုရား...တပည့်တော်သည် မွေးသည့်နေ့ကစ၍ မေထုန်မှီဝဲမှုဆိုတာ အိပ်မက်မျှ မမက်ဘူးပါ”ဟု (၇ နှစ် အရွယ်က ရဟန္တာဖြစ်ခဲ့သူပီပီ, တည်ကြည်ရဲဝံ့စွာ) လျှောက်ထားလေသည်။

ဘုရားရှင် ဆုံးဖြတ်တော်မူခြင်း။ ။ (အရှင်ဒဗ္ဗသည် နဂိုကပင် လဇ္ဇီ သူတော်ကောင်းဟု ထင်ရှားနေသော ပုဂ္ဂိုလ်ဖြစ်၏၊ မေတ္တိယာ ဘိက္ခုနီကား နဂိုကပင် အလဇ္ဇိနီဒုဿီလာဟု ထင်ရှား၏၊ လဇ္ဇီပုဂ္ဂိုလ်အတွက် သူ၏ပဋိညာဉ် ဝန်ခံချက်အတိုင်း ဆုံးဖြတ်နိုင်၏”ဟု ဝိနည်းထုံးတစ်ခု ဖြစ်စေတော်မူလိုခြင်းကြောင့် မေတ္တိယာဘိက္ခုနီသည် မတရားစွပ်စွဲသူ ဖြစ်ရကား)-“မေတ္တိယာဘိက္ခုနီကို လူဝတ်လဲစေ (သူသည် သူ့ အလိုအတိုင်း မဟုတ်၊ သူ့ကိုအားပေးတိုက်တွန်းသော ရဟန်းများရှိသည်၊ ထိုရဟန်းများကို ရှာဖွေစစ်ဆေးကြ”ဟု မိန့်တော်မူပြီးလျှင် ဂန္ဓကုဋိတိုက်တော်သို့ ဝင်တော်မူလေသည်။

ဝန်ခံကြရပုံ။ ။ ဘုရားရှင် ဂန္ဓကုဋိသို့ ဝင်ကြွတော်မူသောအခါ (စွပ်စွဲသည်ကို မခံမရပ်နိုင်ဖြစ်နေသော)ရဟန်းများက အဝတ်ဖြူကို ပေး၍ ဘိက္ခုနီကို လူထွက်ခိုင်းကြသောအခါ ထိုမေတ္တိယ ဘူမဇက ရဟန်းတို့သည် “ဘိက္ခုနီမကို မဖျက်ဆီးကြပါနှင့်, တပည့်တော်တို့က ခိုင်းလို့ စွပ်စွဲရရှာတာပါ”ဟုလျှောက်ကြလေသည်၊ ထိုအခါ ထိုလက်သည် ရဟန်းများကို “အခြေအမြစ်မရှိသော ပါရာဇိကဖြင့် စွပ်စွဲရမလား”ဟု ကဲ့ရဲ့၍ ဘုရားရှင်အား လျှောက်ကြပြန်ရာ, ဘုရားရှင်လည်း ထိုရဟန်းများကို ကဲ့ရဲ့ ရှုတ်ချတော်မူပြီးလျှင် ဤသိက္ခာပုဒ်ကို ပညတ်တော်မူလေသည်။

သိက္ခာပုဒ်ပါဠိတော်။ ။ ယောပဘိက္ခု ဘိက္ခုံ ဒုဋ္ဌော ဒေါသော အပ္ပတီတော အမူလကေန ပါရာဇိကေန ဓမ္မေန အနုဒ္ဓံသေယျ၊ “အပ္ပေဝ နာမ နံ ဣမမှာ ဗြဟ္မရိယာ စာဝေ-

စာမျက်နှာ-၄၅

ယျန္တိ၊ တတော အပရေန သမယေန သမနုဂ္ဂါဟိယမာနောဝါ အသမနုဂ္ဂါဟိယ မာနောဝါ အမူလကဉ္စေဝ တံ အဓိကရဏံ ဟောတိ၊ ဘိက္ခုစ ဒေါသံ ပတိဋ္ဌာတိ သံဃာဒိသေသော။

သိက္ခာပုဒ်မြန်မာပြန်။ ။ အကြင်ရဟန်းသည် သူ့ကို ဒေါသက ဖျက်ဆီးအပ်, ဒေါသဖြင့် သူတစ်ပါးကိုလည်း ဖျက်ဆီးတတ်, ပီတိသုခ စသည်တို့ သူ့ကိုမကပ် မရောက် အပ်သည်ဖြစ်၍ (စိတ်ဆိုး၍, သက်သက်မုန်း၍ ဟူလို၊) အခြေအမြစ်မရှိသော ပါရာဇိက အာပတ်ဖြင့် ရဟန်းကို (“ဤမြတ်သော အကျင့်မှ သူ့ ကို ရွေ့လျောစေနိုင်လျှင် ကောင်းမှာဘဲ” ဟူသောအလိုဆန္ဒဖြင့်) စွပ်စွဲအံ့၊ ထိုရဟန်းမှာ သံဃာဒိသေသ် အာပတ်သင့်၏၊ ထိုစွပ်စွဲပြီးနောက် အခြားရဟန်းတို့က စစ်ဆေးမေးမြန်း အပ်သည်ဖြစ်စေ မစစ်ဆေး မမေးမြန်းဘဲဖြစ်စေ ထိုပါရာဇိက အာပတ်မှုဟူသော အဓိကရုဏ်းသည် အခြေအမြစ်လည်း မရှိ, စွပ်စွဲသော ရဟန်းလည်း မိမိအပြစ်ကို ဝန်ခံရတော့၏။

မှတ်ချက်။ ။ ပါရာဇိကပြုကျင့်နေသည်ကိုမြင်၍, သို့မဟုတ် သူတစ်ပါးထံမှ တဆင့် ကြားရ၍, သို့မဟုတ် ဆိတ်ကွယ်ရာ၌ ဖြစ်စေ မှောင်တည်း၌ ဖြစ်စေ မာတုဂါမနှင့် အတူနေသည်ကို တွေ့ရသဖြင့် ပါရာဇိကမှုကို ပြုလေသလားဟု ယုံမှားသံသယဖြစ်၍ စွပ်စွဲလျှင် မြင်ခြင်း ကြားခြင်း ယုံမှားဖြစ်ခြင်း ဟူသောအကြောင်း ၃-ပါးတွင် တစ်ပါးပါး အကြောင်း ဟူသော အခြေအမြစ်ရှိ၏။ ထိုသုံးပါးလုံးမရှိဘဲ စွပ်စွဲလျှင်ကား အခြေအမြစ် မရှိသော စွပ်စွဲခြင်းမည်၏၊ ထိုသို့အခြေအမြစ်မရှိဘဲ သက်သက် အရှက်တကွဲ အကျိုးနဲ ဖြစ်အောင် စွပ်စွဲလျှင် စွပ်စွဲရာ ခဏ၌ပင် သံဃာဒိသေသ် အာပတ်သင့်၏၊ အပရေန-စသော စကားကား အခြေအမြစ် မရှိကြောင်း ထင်ရှားအောင် ပြသောစကားသာတည်း။

ဈ။ ဒုတိယ ဒုဋ္ဌဒေါသ သိက္ခာပုဒ်

အမှုသည်—မေတ္တိယ, ဘူမဇကရဟန်းများ။

အမှု—အရှင်ဒဗ္ဗကို ပါရာဇိကဖြင့် စွပ်စွဲမှု။

မေတ္တိယ, ဘူမဇကတို့ ကြံစည်ကြပုံ။ ။ မေတ္တိယ ဘူမဇက ရဟန်းတို့သည် ရှေ့သိက္ခာပုဒ်လာ ပထမဝတ္ထု၌ မိမိတို့ အလိုမပြည့်သည့်ပြင် အနှိပ်ခံရသည် ဖြစ်၍ “သိကြလိမ့်မပေါ့”ဟု စိတ်ထဲ၌ ကြုံးဝါးကာ

စာမျက်နှာ-၄၆

အချက်ကောင်းကို ရှာနေကြလေရာ, တစ်နေ့သ၌ ဂိဇ္ဈကုဋ်တောင်မှ ဆင်းအလာဝယ် ဆိတ်မ၌ မှီဝဲနေသော ဆိတ်ဖိုကို မြင်ကြလေသည်။ ထိုအခါ ဆိတ်ဖိုကို “ဒဗ္ဗမလ္လပုတ္တ”ဟု နာမည်မှည့်၍ ဆိတ်မကို “မေတ္တိယာ, ဘိက္ခုနီ”ဟု နာမည်မှည့်ကြစို့”ဟု တိုင်ပင်ကြပြီးလျှင် “ရှေးတုန်းက တဆင့်ကြားနဲ့ ပြောခဲ့ရလို့ မသေချာဘူး၊ ယခုတော့ ဒဗ္ဗက မေတ္တိယာ၌ မေထုန်ကျင့်နေတာကို ကိုယ်တိုင်မြင်ကြရတယ်”ဟု ရဟန်းတို့အား ပြောလေသော်, ရဟန်းတို့က ဘုရားထံ လျှောက်ကြသဖြင့် သံဃာစည်းဝေးစေပြီးလျှင် စစ်ဆေးသည့်အခါ ထိုရဟန်းတို့အကြံ အမှန်အတိုင်း ပေါ်ပေါက်ရကား ဤသိက္ခာပုဒ်ကို ပညတ်တော်မူရပြန်သည်။

သိက္ခာပုဒ်ပါဠိတော်။ ။ ယော ပန ဘိက္ခု ဘိက္ခုံ ဒုဋ္ဌော ဒေါသော အပ္ပတီတော အညဘာဂိယဿ အဓိကရဏဿ ကိဉ္စိဒေသံ လေသမတ္တံ ဥပါဒါယ ပါရာဇိကေန ဓမ္မေန အနုဒ္ဓံသေယျ၊ “အ‌ပ္ပေဝ နာမ နံ ဣမမှာ ဗြဟ္မစရိယာ စာဝေယျ”န္တိ၊ တတော အပရေန သမယေန သမ‌နုဂ္ဂါဟိယမာနောဝါ အသမနုဂ္ဂါဟိယ မာနောဝါ အညဘာဂိယ‌‌ဉ္စေဝ တံအဓိ‌ကရဏံ ဟောတိ၊ ကောစိ ဒေသော လေသမတ္တော ဥပါဒိန္နော၊ ဘိက္ခုစ ဒေါသံ ပတိဋ္ဌာတိ၊ သံဃာဝိသေသော။

သိက္ခာပုဒ်မြန်မာပြန်။ ။ အကြင် ရဟန်းသည် ဒုဋ္ဌဒေါသ စိတ်ဖြင့် အခြား သူ၏ အမျိုးအမည်စသည်ကို အခြားသူ၌ ပြောင်းလဲမှည့်ခေါ်၍ ထိုအမျိုးတူခြင်း နာမည်တူခြင်းစသော အမြွက်လောက်ကို စွဲပြီးလျှင် “သူ့ကို သာသနာတော်မှ ရွေ့လျောအောင် တတ်နိုင်လျှင် ကောင်းရဲ့”ဟု ကြံစည်၍ ပါရာဇိက အာပတ်ဖြင့်စွပ်စွဲအံ့၊ ထိုရဟန်းသည် သံဃာဒိသေသ် အာပတ်သင့်၏၊ [ထိုစွပ်စွဲပြီးနောက် အခြားရဟန်းတို့က စစ်ဆေးအပ်သည်ဖြစ်စေ မစစ်ဆေးအပ်သည်ဖြစ်စေ သူ၏အာပတ် ဟူသော အဓိကရုဏ်းသည် စွပ်စွဲခံရသူအတွက် မဟုတ်ဘဲ အခြား တစ်ဦး၏အတွက်လည်းဖြစ်နေ၏၊ တစ်စုံတစ်ခုကို ဆင်တူရိုးမှားဖြစ်အောင် အမြွက် ထောင်ထားကြောင်းလည်း ထင်ရှား၏။ ထိုရဟန်းလည်း မိမိအပြစ်ကို ဝန်ခံရတော့သည်။]

စာမျက်နှာ-၄၇

ဉ။ သံဃဘေဒကသိက္ခာပုဒ်

အမှုသည်—ရှင်ဒေဝဒတ်။

အမှု—သံဃာသင်းခွဲမှု။

သံဃာသင်းခွဲရန်ကြံစည်မှု။ ။ မြတ်စွာဘုရားသည် ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတိုက်တော်ဝယ် သီတင်းသုံးတော်မူစဉ် ရှင်ဒေဝဒတ်သည် ဘုရားရှင်၏ တပည့်သံဃာများကွဲပြားဖို့ရန် အာဏာစက် ပျက်ပြားဖို့ရန် သူ၏အသင်းဝင်ဖြစ်ကြသော ကောကာလိက, ကဋမောဒကတိဿ, သမုဒ္ဒဒတ္တတို့နှင့် တိုင်ပင်လေသည်၊ ထိုအခါ လက်ထောက် ဖြစ်သော ကောကာလိကရဟန်းက “ရှင်ဂေါတမသည် တန်ခိုးအာနုဘော်ကြီးမား၏၊ ဘယ်နည်းနှင့် သံဃာကွဲအောင် အာဏာစက်ပျက်အောင် ပြုမည်နည်း”ဟု မေးလေသော်, ရှင်ဒေဝဒတ်က ဘုရားထံ သူလျှောက်မည့်အကြံများကို ပြောပြသည်မှာ—

“မြတ်စွာဘုရား-မြတ်စွာဘုရားသည် သန္တုဋ္ဌီသလ္လေခအကျင့်၏ (ခြိုးခြံသော အကျင့်, ခေါင်းခေါင်းပါးပါးသုံးစွဲသော အကျင့်၏၊) ဂုဏ်ကျေးဇူးကို များစွာ ဟောလေ့ ရှိပါသည်၊ ယခုတောင်းမည့် အကြောင်းအရာတို့မှာ သန္တုဋ္ဌီသလ္လေခဖြစ်ဖို့ အကြောင်းများ ဖြစ်ပါသည်။

၁။ ရဟန်းအားလုံးအသက်ရှည်သမျှ တောကျောင်းနေဖို့ရန်,

၂။ ဆွမ်းခံစားသောအားဖြင့် ပိဏ္ဍပါတ်ဓုတင်အမြဲဆောင်ဖို့ရန်,

၃။ သုသာန်စသည်မှ ကောက်ရသောသင်္ကန်းဖြင့် ပံသုကူဓုတင်အမြဲ ဆောင်ဖို့ရန်,

၄။ သစ်ပင်ရင်းမှာသာ နေဖို့ရန်,

၅။ အမဲသားငါးမစားဖို့ရန်—

ပညတ်တော်မူပါ”ဟု လျှောက်မည်၊ ထိုလျှောက်ချက်များ ဧကန်ရမည် လည်းမဟုတ်, မရလျှင် “ရှင်ဂေါတမသည် ဤအချက်များ မကျင့်ဘူး, ဒို့က ဤငါးပါးသော အကျင့်တို့ကို ကျင့်တယ်”ဟု လူတို့အား ပြောပြမည်၊ လူတို့သည် ခေါင်းခေါင်းပါးပါး ခြိုးခြိုးခြံခြံ ကျင့်တာကိုမှ ကြည်ညိုကြသည်။ ထို့ကြောင့် ငါတို့ကို အကြည်ညိုများလျှင် နောက်လိုက် သံဃာရ၍ သံဃာတွေကို ခွဲထုတ်ယူနိုင်လိမ့်မည်ဟု ပြောပြလေသည်။

စာမျက်နှာ-၄၈

ထိုအခါ အားလုံးသဘောတူကြ၍ ဘုရားထံ သွားပြီးလျှင် ထိုအတိုင်း လျှောက်တောင်းကြလေသည်၊ ထိုအခါ ဘုရားရှင်သည် (“ဝိနည်းတော်နှင့် အညီ နေထိုင်စားသောက်၍ တရားရအောင် ကျင့်နိုင်ခြင်းသာ ပဓာန” ဟု သဘောထားတော်မူ၍) “၁-တောကျောင်းနေလိုသူ နေပေစေ, ရွာကျောင်းနေလိုသူလည်း ရွာကျောင်းမှာပင် နေပေစေ”ဤသို့ စသည်ဖြင့် အလိုရှိသလို နေထိုင်စားသောက်နိုင်ကြောင်း မိန့်တော်မူလေရာ, ရှင်ဒေဝဒတ်သည် သူ့ ထင်ကြေးကိုက်သဖြင့် ဝမ်းသာအားရဖြစ်ပြီးလျှင် လူများကို လိုက်၍ ပြောပြလေသည်၊ ထိုအခါ ဉာဏ်နဲသူတို့က ရှင်ဒေဝဒတ်စကားကို သဘောကျ၍, ဉာဏ်ရှိသူတို့က “ရှင်ဒေဝဒတ်သည် သံဃာကွဲပြားအောင် အားထုတ်ရမလား”ဟု ကဲ့ရဲ့ကြပြီးလျှင် ဘုရားရှင်အား လျှောက်ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်ပါဠိတော်။ ။ ယော ပန ဘိက္ခု၊ သမဂ္ဂဿ သံဃဿ ဘေဒါယ ပရက္ကမေယျ၊ ဘေဒသံဝတ္တနိကံ ဝါ အဓိကရဏံ သမာဒါယ ပဂ္ဂယှ တိဋ္ဌေယျ၊ သောဘိက္ခု ဘိက္ခူဟိ ဧဝမဿ ဝစနီယော “မာယသ္မာ သမဂ္ဂဿ သံဃဿ ဘေဒါယပရက္ကမိ၊ ဘေဒနသံဝတ္တနိကံဝါ အဓိကရဏံ သမာဒါယ ပဂ္ဂယှ အဋ္ဌာသိ၊ သမေတာယသ္မာ သံဃေန၊ သမဂ္ဂါဟိ သံဃော သမ္မောဒမာနော အဝိဝဒမာနော ဧကုဒ္ဒေသော ဖါသု ဝိဟရတီ”တိ၊ ဧဝဉ္စ သော ဘိက္ခု ဘိက္ခူဟိ ဝုစ္စမာနော တထေဝ ပဂ္ဂဏှေယျ၊ သောဘိက္ခု ဘိက္ခူဟိ ယာဝတတိယ‌ သမနုဘာသိတဗ္ဗော၊ တဿ ပဋိနိဿဂ္ဂါယ၊ ယာဝတတိယ‌ဉ္စေ သမနုဘာသိယ မာနော တံ ပဋိနိဿဇ္ဇေယျ ဣစ္စေတံ ကုသလံ၊ နော စေ ပဋိနိဿဇ္ဇေယျ၊ သံဃာဒိသေသော။

သိက္ခာပုဒ်မြန်မာပြန်။ ။ အကြင် ရဟန်းသည် ညီညွတ်နေသော သံဃာကို ကွဲပြားအောင် အားထုတ်အံ့၊ ကွဲပြားမှုကို ဖြစ်စေတတ်သော အကြောင်းတစ်စုံတရာကိုမူလည်း (ဥပမာ-အဓမ္မတွေကို ဓမ္မဟုယူခြင်း စသော အယူဝါဒကို) စွဲမြဲစွာယူ၍ ထိုဝါဒ ကောင်းကြောင်းကို ပြောဆို ချီးမြှောက်၍ (ဝါဒဖြန့်၍) တည်အံ့၊ ထိုရဟန်းကို မြင်ကြ

စာမျက်နှာ-၄၉

ကြားကြသော ရဟန်းတို့က (လျစ်လျူရှုမထားဘဲ) ဤသို့ပြောဆို ဆုံးမရမည်၊ “ငါ့ရှင်... ညီညွတ်နေသော သံဃာကို ကွဲပြားအောင် အားမထုတ်ပါနှင့်, ကွဲပြားမှုကို ဖြစ်စေတတ်သော အကြောင်းကို မူလည်းယူ၍ ချီမြှောက်၍ မတည်ပါနှင့်၊ အရှင်သည် သံဃာနှင့် စိတ်သဘောချင်း ညီညွတ်ပါစေ၊ ညီညွတ်သောသံဃာသည် လွန်စွာ ဝမ်းမြောက်ရ-တစ်ပါးနှင့်တစ်ပါး မငြင်းခုန်ရဘဲ ပါတိမောက် အတူ ရွတ်ဆိုကာ (ဥပုသ်အတူပြုကာ)ချမ်းသာစွာ နေရသဖြင့် (ညီညွတ်ရကျိုးနပ်ပါသည်)၊ ရဟန်းတို့က ဤသို့ ပြောအပ်သော်လည်း ရှေးအတိုင်း သူ့အယူဝါဒကို ချီမြှောက်နေသေးအံ့၊ (ဝါဒဖြန့်နေ့ သေးအံ့-ဟူလို)၊ ထိုရဟန်းကို ထိုအယူစွန့်ဖို့ရာ ဉတ်ကမ္မဝါစာ ၃-ကြိမ်ရွတ်ပြ၍ ဆိုဆုံးမရဦးမည်၊ ထိုသို့ဆိုဆုံးမအပ်သည် ဖြစ်၍ ထိုအယူကိုစွန့်လျှင်ကောင်းသည်၊ မစွန့်လျှင်ကား တတိယ ကမ္မဝါစာ အဆုံးတွင် သံဃာဒိသေသ် အာပတ်သင့်သည်။ [ဉတ် ကမ္မဝါစာတို့ကို ပါဠိတော်၌ရှုလေ။]

ဋ။ ဘေဒါနုဝတ္တကသိက္ခာပုဒ်

အမှုသည်—ရှင်ကောကာလိကစသောရဟန်းများ။

အမှု—ရှင်ဒေဝဒတ်၏ သံဃာသင်းခွဲခြင်း-အားပေး-နောက်လိုက်မှု။

ရှင်‌ဒေဝဒတ်၏ နောက်လိုက်များ။ ။ သံဃာကွဲပြားအောင် အားထုတ်သော ရှင်ဒေဝဒတ်ကို ရဟန်းများကဲ့ရဲ့ရှုတ်ချကြသောအခါ ရှင်ကောကာလိက စသော(ရှေ့သိက္ခာပုဒ်၌ပြခဲ့သော) ရဟန်းတို့က “အရှင်ဘုရားတို့... ဒီလို မပြောကြပါနှင့်, အရှင်ဒေဝဒတ်သည် အမှန်ကိုသာ ပြောလေ့ရှိပါ၏။ ရန်ခိုက်ငြင်းခုန်မှု မဖြစ်ဖို့ရန် ငြိမ်းအေးရေး တရားကိုသာ ပြောလေ့ရှိပါ၏၊ အရှင်ဒေဝဒတ်သည် တပည့်တော်တို့၏ ဆန္ဒနှင့် အကြိုက်ကိုသာယူ၍ ပြောဆိုပါသည်, တပည့်တော်တို့နှင့် တိုင်ပင်ပြီးမှပြောပါသည်၊ အရှင်ဒေဝဒတ် ပြောသမျှကို တပည့်တော်တို့လဲ သဘောကျပါသည်” ဟု အရှင်ဒေဝဒတ်ဘက်က ခုခံပြောဆို ကြသောကြောင့် ဘုရားရှင်အား လျှောက်၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

စာမျက်နှာ-၅၀

သိက္ခာပုဒ်ပါဠိတော်။ ။ တဿေဝ ခေါ ပန ဘိက္ခုဿ ဘိက္ခူ ဟောန္တိ အနုဝတ္တကာ ဝဂ္ဂဝါဒကာ ဧကော ဝါ ဒွေ ဝါ တယော ဝါ, တေ ဧဝံ ဝဒေယျုံ “မာယသ္မန္တော ဧတံ ဘိက္ခုံ ကိဉ္စိ အဝစုတ္ထ, ဓမ္မဝါဒီ စေသော ဘိက္ခု, ဝိနယဝါဒီ စေသော ဘိက္ခု, အမှာကဉ္စေသော ဘိက္ခု ဆန္ဒဉ္စ ရုစိဉ္စ အာဒါယ ဝေါဟရတိ, ဇာနာတိ, နော ဘာသတိ, အမှာကမ္ပေတံ ခမတီ”တိ, တေ ဘိက္ခူ ဘိက္ခူဟိ ဧဝမဿု ဝစနီယာ “မာယသ္မန္တော ဧဝံ အဝစုတ္ထ, န စေသော ဘိက္ခု ဓမ္မဝါဒီ, န စေသော ဘိက္ခု ဝိနယဝါဒီ, မာယသ္မန္တာနမ္ပိ သံဃဘေဒေါ ရုစ္စိတ္ထ, သမေတာယသ္မန္တာနံ သံဃေန, သမဂ္ဂေါ ဟိ သံဃော သမ္မောဒမာနော အဝိဝဒမာနော ဧကုဒ္ဒေသော ဖာသု ဝိဟရတီ”တိ, ဧဝဉ္စ တေ ဘိက္ခူ ဘိက္ခူဟိ ဝုစ္စမာနာ တထေဝ ပဂ္ဂဏှေယျုံ, တေ ဘိက္ခူ ဘိက္ခူဟိ ယာဝတတိယံ သမနုဘာသိတဗ္ဗာ တဿ ပဋိနိဿဂ္ဂါယ, ယာဝတတိယဉ္စေ သမနုဘာသိယမာနာ တံ ပဋိနိဿဇ္ဇေယျုံ, ဣစ္စေတံ ကုသလံ, နော စေ ပဋိနိဿဇ္ဇေယျုံ, သံဃာဒိသေသော။

မြန်မာပြန်အကျဉ်းချုပ်။ ။ သံဃာသင်းခွဲသော ရဟန်း၏အယူကို လိုက်ကုန်သော ၁-ပါး, ၂-ပါး, ၃-ပါးလောက်သော ရဟန်းတို့သည် “အရှင်ဘုရားတို့.....ထိုရဟန်းကို ဘာတစ်ခုမျှ မပြောကြပါနှင့်” စသည်ဖြင့် ပြောဆိုအံ့၊ ထိုရဟန်းတို့ကို “မာယသ္မန္တော ဧဝံအဝစုတ္ထ = အရှင်တို့ ဤသို့မပြောကြနှင့်၊ နစေသောဘိက္ခု၊ ဓမ္မဝါဒီ = (ကိုယ်တော် ထောက်ခံအားပေးနေသော) ထိုရဟန်းသည် ဓမ္မဝါဒီမဟုတ်ဘဲ စသည်ဖြင့် ပြောဆို၍ တားမြစ်ရမည်၊ ထိုသို့တားမြစ်ပါလျက် ရှေးအတိုင်း သူတို့အယူဝါဒကို ချီးမြှောက်နေသေးလျှင် သံဃာ့ အလယ်သို့ ဆွဲငင်ခေါ်သွား၍ ဉတ်ကမ္မဝါစာ ၃-ကြိမ်ရွတ်လျက် ဆုံးမရမည်၊ ထိုသို့ ဆုံးမပါလျက် သူတို့ဝါဒကို မစွန့်လျှင် ထိုရဟန်းများ သံဃာဒိသေသ် အာပတ်သင့်၏။

စာမျက်နှာ-၅၁

မှတ်ချက်။ ။ “တယောဝါ” ဟု ၃-ပါးအထိ ပိုင်းဖြတ်ထားခြင်းကား ၄-ပါးပြည့်လျှင် သူတို့ဘက်၌ သံဃာဖြစ်နေရကား ကိုယ့်သံဃာနှင့်ကိုယ် အတိုက်အခံ ကံပြုနေကြရမည် စိုးသောကြောင့်တည်း၊ အကယ်၍ သံဃာသင်းခွဲသူ နောက်လိုက်တွေ ၄-ပါး-၅-ပါး စသည် များနေလျှင် ၂-ပါးစီ-၃-ပါးစီ ခွဲပြီးမှ သံဃာက ကမ္မဝါစာဖြင့် ဆုံးမရမည်၊ ၄-ပါး စုနေ့လျှင်ကား ထိုကဲ့သို့ နှိမ်နင်းသော ကံမျိုးကို ကမ္မဝါစာဖြင့် မပြုနိုင်။

ဌ။ ဒုဗ္ဗစ သိက္ခာပုဒ်

အမှုသည်—အရှင်ဆန္န။

အမှု—ဆုံးမသည်ကို မနာခံမှု။

အရှင်ဆန္န အပြောရခက်ပုံ။ ။ ဘုရားရှင်၏ ဖွားဘက်တော်ဖြစ်သော အရှင်ဆန္နသည် အခြားရဟန်းတို့က “ဤသို့သော အမှုကို မပြုနှင့်, မအပ်ပါဘူး”ဟု ပြောဆိုဆုံးမသောအခါ ထိုရဟန်းတို့ကို ဤသို့ ပြန်ပြောလေ့ရှိ၏၊- “တပည့်တော်ရဲ့ဘုရား၊ တပည့်တော်ရဲ့တရား၊ တပည့်တော်ရဲ့ အရှင့်သားတော်သည် တရားကို ထိုးထွင်း၍သိထားတာ ဖြစ်တယ်၊ လေမုန်တိုင်းကြီး တိုက်လာသည့်အခါ မြက် ထင်း သစ်ရွက် အမှိုက်သရိုက်တွေကို တနေရာ၌ ဖယ်ရှားလိုက်သလို, တောင်ပေါ်မှ စီးကျလာသော မြစ်ရေသည် မှော်သေး မှော်ညှင်းတို့ကို တနေရာ၌ ဖယ်ရှားလိုက်သလို, ထို့အတူ ကိုယ်တော်တို့တတွေကို တပည့်တော်က ဖယ်ရှားနိုင်တယ်၊ ကိုယ်တော်တို့က တပည့်တော်ကို ပြောစရာဆိုစရာလို့ မှတ်နေကြသလား, တပည့်တော်ကသာ ကိုယ်တော်တို့ကို (မတော်တာရှိလျှင်) ပြောရ ဆိုရ ဆုံးမရမှာ”.....ဤသို့ ပြန်၍ပြောလေ့ရှိ၏၊ ထိုအကြောင်းကို ဘုရားရှင်သိတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်ပါဠိတော်။ ။ ဘိက္ခု ပနေဝ ဒုဗ္ဗစဇာတိကော ဟောတိ ဥဒ္ဒေသပရိယာပန္နေသု သိက္ခာပဒေသု ဘိက္ခူဟိ သဟဓမ္မိကံ ဝုစ္စမာနော အတ္တာနံ အဝစနီယံ ကရောတိ “မာ မံ အာယသ္မန္တော ကိဉ္စိ အဝစုတ္ထ ကလျာဏံ ဝါ ပါပကံ ဝါ, အဟမ္ပာယသ္မန္တေ န ကိဉ္စိ ဝက္ခာမိ ကလျာဏံ ဝါ ပါပကံ ဝါ, ဝိရမထာယသ္မန္တော မမ ဝစနာယာ”တိ, သော ဘိက္ခု ဘိက္ခူဟိ ဧဝမဿ ဝစနီယော “မာယသ္မာ အတ္တာနံ အဝစနီယံ အကာသိ, ဝစနီယမေဝါယသ္မာ အတ္တာနံ

စာမျက်နှာ-၅၂

ကရောတု, အာယသ္မာပိ ဘိက္ခူ ဝဒတု သဟဓမ္မေန, ဘိက္ခူပိ အာယသ္မန္တံ ဝက္ခန္တိ သဟဓမ္မေန, ဧဝံ သံဝဒ္ဓါ ဟိ တဿ ဘဂဝတော ပရိသာ ယဒိဒံ အညမညဝစနေန အညမညဝုဋ္ဌာပနေနာ”တိ, ဧဝဉ္စ သော ဘိက္ခု ဘိက္ခူဟိ ဝုစ္စမာနော တထေဝ ပဂ္ဂဏှေယျ, သော ဘိက္ခု ဘိက္ခူဟိ ယာဝတတိယံ သမနုဘာသိတဗ္ဗော တဿ ပဋိနိဿဂ္ဂါယ, ယာဝတတိယဉ္စေ သမနုဘာသိယမာနော တံ ပဋိနိဿဇ္ဇေယျ, ဣစ္စေတံ ကုသလံ, နော စေ ပဋိနိဿဇ္ဇေယျ, သံဃာဒိသေသော။

သိက္ခာပုဒ်မြန်မာပြန်အကျဉ်း။ ။ ရဟန်း ဖြစ်ပါလျက် ပါတိမောက်၌ (ဝိနည်းပါဠိတော်၌) အကျုံးဝင်ကုန်သော သိက္ခာပုဒ် ဆိုင်ရာဝယ် အပြောခက် အဆိုခက်ဖြစ်နေအံ့၊ ရဟန်းတို့က သိက္ခာပုဒ်ဖြင့် ပြောဆို ဆုံးမလျှင် မိမိကိုယ်ကို သူများအဆုံးအမခံမည့်သူ မဟုတ်ကြောင်း ပြန်၍ပြောအံ့၊ ပြောပုံကား− “အရှင်ဘုရားတို့...တပည့်တော်ကို ကောင်းကောင်း ဆိုးဆိုး ဘာကိုမျှ မပြောကြပါနှင့်၊ တပည့်တော်ကလည်း အရှင်ဘုရားတို့ကို ကောင်းတာဖြစ်စေ ဆိုးတာဖြစ်စေ ဘာကိုမျှ ပြောလိမ့်မည်မဟုတ်၊ တပည့်တော်ကို ပြောခြင်း ဆိုခြင်းမှ ရှောင်ကြပါ” ဤသို့ပြန်ပြောအံ့၊ ထိုအဆုံးမခက်သော ရဟန်းကို အခြားရဟန်းတို့က ပြောရမည်မှာ... “အရှင်သည် ကိုယ့်ကိုယ်ကို မပြောရ မဆိုရသူမလုပ်ပါနှင့်၊ အရှင်ကလည်းရဟန်းတို့ကိုသိက္ခာပုဒ်ဖြင့် (မတော်တာရှိလျှင်)ပြောပါ၊ ရဟန်းတို့ကလည်းသိက္ခာပုဒ်ဖြင့် အရှင့်ကိုပြောပါလိမ့်မည်၊ ဤသို့အချင်းချင်းပြောဆိုကြခြင်း-(အာပတ် သင့်လျှင်) အာပတ်မှထအောင် အချင်းချင်းကူညီကြခြင်းကြောင့်သာ ထိုဘုရားရှင်၏ တပည့်ပရိသတ်သည် ဤအခြေအနေ တိုင်အောင် တိုးတက်ကြီးပွါးလာရပါသည်၊ (တစ်ပါးနှင့်တစ်ပါး ပြောခွင့် ဆိုခွင့် ဆုံးမခွင့်မရ၍ မပြောကြ မဆုံးမကြလျှင် ဆုတ်ယုတ်ကုန်ပါလိမ့်မည်-ဟူလို၊)” ဤသို့ရဟန်းတို့က ပြောပါလျက် (အပြောအဆိုမခံလိုခြင်း ဟူသော) သူ့ဝါဒကိုမစွန့်ဘဲ ချီမြှောက်နေသေးလျှင် ထိုရဟန်းကို သံဃာ့အလယ်သို့ အတင်းဆွဲခေါ်၍ ဉ တ်ကမ္မဝါစာဖြင့် ဆုံးမရမည်၊ ထိုသို့ ဆုံးမ၍ သူ့ဝါဒကိုစွန့်လျှင် ကောင်း၏၊ မစွန့်လျှင် တတိယ ကမ္မဝါစာအဆုံး၌ သံဃာဒိသေသ် အာပတ်သင့်သည်။

စာမျက်နှာ-၅၃

မှတ်ချက်။ ။ ယခုခေတ်၌ များသောအားဖြင့် တိုက်ကိုလည်းကောင်း, ကျောင်းကိုလည်းကောင်း, အုပ်ချုပ်နေကြသော တိုက်အုပ် ကျောင်းထိုင် ပုဂ္ဂိုလ်များသည် တိုက်ရှိသံဃာ ကျောင်းရှိသံဃာများကို မပြောဝံ့ မဆုံးမဝံ့ကြတော့၊ လက်အောက် သံဃာများသည်လည်း အတော်များများက ထိုတိုက်အုပ် ကျောင်းထိုင်ကို မှီခိုအားထားလို၍ လာရောက်နေထိုင်ကြသည် မဟုတ်, နေရာရရုံလောက်ကို ရည်ရွယ်၍ လာရောက်နေထိုင်ကြခြင်း ဖြစ်၏။ စာသင်ခြင်းကိစ္စကိုမူ သင့်တော်ရာပုဂ္ဂိုလ်ထံ (အခြားကျောင်း အခြားတိုက်မှာဖြစ်စေ)သွားရောက် သင်ယူကြလေသည်။ ထိုကဲ့သို့ အချင်းချင်း မှီခိုအားထားခြင်း မရှိကြသောကြောင့်လည်း ပြောဆိုဆုံးမဖို့ မလွယ်ကူကြတော့ချေ။ ဤကား မြို့စာသင်တိုက်များ၌ များသောအားဖြင့် ဖြစ်နေပုံတည်း။

ထိုကဲ့သို့ဖြစ်နေမှုကြောင့် “ဧဝံ သံဝဍ္ဎာဟိ တဿ ဘဂဝတော ပရိသာ၊ ယဒိဒံ အညမညဝစနေန = အချင်းချင်း ပြောဆို ဆုံးမလာခြင်းကြောင့်သာ ဘုရားရှင်၏ပရိသတ်သည် ဤအခြေအနေတိုင်အောင် သီလ, သမာဓိ, ပညာအားဖြင့် ကြီးပွားတိုးတက်လာရပါသည်” ဟူသောစကားနှင့် ပြောင်းပြန်ဖြစ်ကာ “အချင်းချင်း မဆုံးမနိုင်သောကြောင့် ဘုရားသာသနာတော်ကြီးသည် ဤအခြေအနေတိုင်အောင် သီလသမာဓိ ပညာအားဖြင့် ဆုတ်ယုတ်လာခဲ့ရပါသည်”ဟု ငြီးငြူ ရသောခေတ်သို့ ရောက်လုနီးပါးဖြစ်နေရပါသည်၊ ဤအခြေအနေကို တစ်မျိုးတမည်ပြောင်းအောင် လက်ရှိဆရာတော်ကြီးများနှင့် အစိုးရကသာ မပြုပြင်နိုင်ပါလျှင် ဤသာသနာတော်သည် မြန်မာနိုင်ငံတော်တွင် ဤအခြေအနေမျှပင် တည်တံ့ဖို့ခဲယဉ်းပါလိမ့်မည်။

ဍ။ ကုလဒူသကသိက္ခာပုဒ်

အမှုသည်—အဿဇိ, ပုနဗ္ဗသုကရဟန်းများ။

အမှု—သဒ္ဓါတရား ပျက်စီးအောင်ပြုသည့်အတွက် ပဗ္ဗာဇနီယကံ ပြုသောအခါ ကံပြုသောသံဃာများကို ကဲ့ရဲ့ရှုတ်ချမှု။

အဿဇိ ပုနဗ္ဗသုကတို့ကျင့်ပုံ။ ။ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတိုက်တော်၌ သီတင်းသုံးတော်မူစဉ်, အဿဇိ၎င်း ပုနဗ္ဗသုက ဟုလည်းကောင်း, အမည်ရသော အလဇ္ဇီရဟန်းယုတ်တို့သည် ဂိဋာဂိရိဇနပုဒ်၌ ကျောင်းထိုင်ဘုန်းကြီး လုပ်လျက် မကောင်းသော အကျင့်များကို ကျင့်ကြလေသည်၊ ထိုရဟန်းတို့သည် ပန်းပင်ကို စိုက်၍ ရေလောင်းကြ၏၊ ပန်းခူးကြပြီးလျှင် ပန်းကုံး အမျိုးမျိုး ပန်းခိုင် အမျိုးမျိုး ပြုကုန်လျက်

စာမျက်နှာ-၅၄

ကြီးကြီးငယ်ငယ် အရွယ်အစားစားဖြစ်သော မိန်းမတို့အား ပေးကြကုန်၏၊ ထိုမိန်းမတို့နှင့် အတူ တခွက်ထည်းစား တခွက်လည်းသောက် တနေရာ လည်းထိုင် တစ်နေ့ရာလည်းအိပ် တခင်းထည်းခင်း တခြုံတည်းခြုံ၍ နေကြ အိပ်ကြကုန်၏၊ ညစာလည်းစားကုန် အရက်လည်းသောက်ကုန် ပန်းနံ့သာကိုလည်း လိမ်းကျံခြယ်လယ်ကုန်၏၊ ကလည်းက သီချင်းလည်း ဆိုလျက် ကစားအမျိုးမျိုးကို ကစားရုံသာမက, ပွဲလယ်ခေါင်၌ သင်္ကန်းကြီးကို ဖြန့်ခင်းပြီးလျှင် “ဟေ့နှမ... ဒီအပေါ် လာပြီးကလှဲ့ပါကွ” ဟု ဇာတ်သူမကိုပင် ခေါ်ငင်ကြကုန်၏။

ကုလဒူသက။ ။ “ကုလာနိ-အမျိုးလေးပါးတို့ကို၊ ဒူသေတိ-ဖျက်ဆီးတတ်၏”ဟူသော ဝစနတ္ထနှင့်အညီ “ခတ္တိယ ဗြာဟ္မဏ ဝေဿ သုဒ္ဒ”ဟူသော အမျိုး ၄-ပါးကို ဖျက်ဆီးသူကို “ကုလဒူသက”ရဟန်းဟု ခေါ်၏၊ “ဖျက်ဆီး” ဟူရာ၌ ပျက်စီးအောင် မစင်-ရွှံံပုတ်တို့ဖြင့် ပက်သည်မဟုတ်၊ ထိုအမျိုးများ၏ သဒ္ဓါတရားကို ဖျက်ဆီးခြင်းတည်း၊ ချဲံ့ဦးအံ့- လူတစ်ယောက်ကို ဖျက်ဆီးရာ၌ မစင်ရွှံ့ပုတ်သည် ဖျက်ဆီးကြောင်း ဝတ္ထုဖြစ်သကဲ့သို့ ထို့အတူအမျိုးကို ဖျက်ဆီးရာ၌ ဖျက်ဆီးကြောင်းဝတ္ထုရှိရဦးမည်၊ ထိုဝတ္ထုကား-“ပန်း-သီး-မှုန့်-မြေ, ဝါး-ပူ-ခြေ, ဝဇ္ဇေဒူရှစ်ဖြာ”နှင့်အညီ—

၁-ပန်း, ၂-သစ်သီး, ၃-ရေချိုးဆပ်ပြာမှုန့်, ၄-မြေညက်, ၅-ဝါး, ၆-ဒန်ပူ, ၇-ခြေဖြင့်သွားခြင်း, ၈-(ဝဇ္ဇေ)ဆေးကုခြင်းအားဖြင့် ၈-ပါးရှိ၏၊ မိန်းကလေးတစ်ယောက်ယောက်အား ပန်းပေးလိုက်လျှင် ထိုမိန်းကလေး၏ သဒ္ဓါတရားကို ဖျက်ဆီးပစ်ရာရောက်၏၊ [မစင်နှင့်ပန်း, ပက်ခြင်းနှင့်ပေးခြင်း, အပက်ခံရသူ ပျက်စီးခြင်းနှင့် မိန်းမ၏သဒ္ဓါတရား ပျက်စီးခြင်း, မစင်ပက်သူနှင့် ပန်းပေးသူ တူကြလေသည်။]

သဒ္ဓါတရားပျက်ပုံ။ ။ မိန်းကလေးသည် ရိုးရိုးရာရာအားဖြင့် နဂိုက သဒ္ဓါတရား ကောင်းသူကလေးတည်း၊ သို့သော် “ဒါနံသဗ္ဗတ္ထ သာဓကံ— ပေးကမ်းခြင်းသည် အကျိုးအားလုံး ပြီးစေ၏” ဟူသော စကားကို သဘောပေါက်၍ သူ့ကို ကြည်ညိုအောင် ရဟန်းတစ်ယောက်က ထိုမိန်းကလေးအား ပန်းကို ပေးလိုက်ရာ ထိုရဟန်းအား လှူဒါန်းချင်စိတ် ဖြစ်ကာ ချစ်ခင်လာပေမည်၊ သို့သော် ထိုကဲ့သို့ ပေး‌‌ဖော်မရသော လဇ္ဇီသူမွန်သီလဝန် အရှင်မြတ်တို့အား မလှူချင်-မဒါန်းချင် မဆည်းကပ်-မကိုးကွယ်ချင်တော့သဖြင့် ထိုမိန်းကလေး၏ အစစ်အမှန် အဘိုးတန်သဒ္ဓါတရားတွေ ပျက်ပြားလေပြီ။

စာမျက်နှာ-၅၅

ဤနည်းအတိုင်း သစ်သီးပေး၍ ဖျက်ဆီးပုံ(သစ်သီးဖြင့် သစ်ရွက်ကိုပါယူ) ကုက္ကိုမှုန့်စသော (ကာလပေါ်အမှုန့် ဆပ်ပြာခဲများနှင့်တကွ) ရေချိုးရာ၌ အသုံးပြုရသော အမှုန့်ကိုပေး၍ ဖျက်ဆီးပုံ, မြေညက်ပေး၍ ဖျက်ဆီးပုံ (အိန္ဒိယ၌ မြေညက်များကိုလည်း မြန်မာနိုင်ငံ သဲဆပ်ပြာကဲ့သို့ အသုံး ပြုသည်၊) အိမ်စသည် ဆောက်ဖို့ရန်အတွက် ဝါးပေး၍ ဖျက်ဆီးပုံ, ဒန်ပူ ပေး၍ဖျက်ဆီးပုံ, (အိန္ဒိယသားတို့သည် သွားတိုက်ရန် ဒန်ပူကို အများပင် အသုံးပြုကြသည်၊ ယခုမြန်မာနိုင်ငံ၌လည်း ကုလားနှင့် ပုဏ္ဏားတို့ ဒန်ပူသုံးကြသည်ကို တွေ့နိုင်သေး၏၊) လူများကစေခိုင်း၍ ခြေဖြင့်သွားလျက် အစေအပါး ခံခြင်းဖြင့် ဖျက်ဆီးပုံ, ဆေးကု၍ ဖျက်ဆီးပုံများကိုလည်း သိကြပါလေ။

မိစ္ဆာဇီဝ။ ။ ရိုးသား ဖြောင့်မှန်သော အသက်မွေးခြင်း မဟုတ်ဘဲ, စဉ်းလဲကောက်ကျစ်သော မရိုးမဖြောင့်သော လိမ်သော ညာသော အသက်မွေးမှုကို “မိစ္ဆာဇီဝ”ဟု ခေါ်၏၊ [မိစ္ဆာ =မှားယွင်းသော+အာဇီဝ=အသက်မွေးမှု (ပစ္စည်းရအောင်လုပ်မှု)။] ပြခဲ့သော ပန်းပေးမှုစသော ရှစ်ပါးလည်း မိစ္ဆာဇီဝပင်တည်း၊ ထိုရှစ်ပါးအပြင် ကုဟန လပန စသည်တို့လည်း မိစ္ဆာဇီဝပင်တည်း။

ကုဟန။ ။ ဒါယကာ ဒါယိကာမတို့ တအံ့တဩ ချီးမွမ်းရလောက်အောင် ဟန်ဆောင်မှု ဟိတ်ဟန်လုပ်မှုကို “ကုဟန”ဟုခေါ်၏၊ ထိုကုဟနသည် ပစ္စည်း သုံးစွဲပုံ, မိမိကို ဈာန်ရသူ မဂ်ဖိုလ်ရသူ ထင်အောင် ဈာန်မဂ်ဖိုလ်နှင့် နီးစပ် သောစကားကို ပြောဆိုမှု, သွားခြင်း, ရပ်ခြင်း, ထိုင်ခြင်း, လျောင်းခြင်း ဟူသော ဣရိယာ ပုထ်လေးပါး၌ သူများအထင်ကြီးအောင် ဟန်လုပ်၍နေမှု ဤသို့အားဖြင့် သုံးမျိုးပြားပြန်၏။

ပစ္စည်းသုံးစွဲပုံ။ ။ ဆွမ်းဖြစ်စေ သင်္ကန်း ကျောင်း ဆေးဖြစ်စေ တစ်စုံတစ်ခု အကောင်းအမွန်ကို လှူပါရစေ”ဟု လာ၍ လျှောက်လာလျှင် (လိုချင်ရက်သားနဲ့ ထိုအလှူရှင်တို့က မိမိကို အထင်ကြီးစေလိုသော စိတ်ယုတ်မာဖြင့်) “ငါတို့မှာ ပြည့်စုံပါတယ်”ဟု ပြော၏၊ သို့မဟုတ် “ရဟန်းဆိုတာ ဒါလောက် အကောင်းအမွန် သုံးဖို့ မလိုပါဘူး, ပံ့သုကူသင်္ကန်းတို့လို သင်္ကန်း, ရုက္ခမူ (သစ်ပင်အောက်)တို့လို ကျောင်းကလေး, သင့်တော်ရုံ အစား အစာ ဆေးဝါးဖြင့် မျှတရတယ်”ဟု ပြော၏၊ ထိုသို့ပြောသဖြင့် အလှူရှင်တို့ အထင် ကြီးလေတော့၏၊ ထိုသို့အထင်ကြီးသဖြင့် သာ၍ လှူချင်လာသောကြောင့် “လှူပါရစေ”ဟု မရမက လျှောက်သောအခါ “သူတို့ကို ချီမြှောက်သော

စာမျက်နှာ-၅၆

အားဖြင့်သာ အလှူခံရသည့် အနေမျိုးဖြင့် အလှူခံ၏။ ထိုအပြုအမူကား ပစ္စည်းသုံးစွဲပုံနှင့် စပ်၍ မိမိကိုယ်ကို အထင်ကြီးအောင် သာ၍ ကြည်ညိုအောင် ပြုသော မိစ္ဆာဇီဝမှုတစ်မျိုးတည်း၊ ထိုသို့ပြုသဖြင့် ရအပ်သော ပစ္စည်းများသည် မိစ္ဆာဇီဝဖြစ်၏။ အထင်ကြီးစေလိုသော စိတ်ယုတ်မာကြောင့် မဟုတ်ဘဲ တကယ်စိတ်ရင်း စေတနာရင်းဖြင့် ပြောဆိုခြင်းကား သူတို့က အထင်ကြီးစေကာမူ မိစ္ဆဒဇီဝမှုမဟုတ်။

ဈာန်မဂ်ဖိုလ်နှင့် နီးစပ်သောစကား။ ။ ဈာန်မဂ်ဖိုလ်ရသူ ထင်အောင် စကား ပြောပုံကား— “ဒါယကာရဲ့ ...တန်ခိုးအာနုဘော်ရှိတဲ့ ကိုယ်တော်များဟာ မည်သို့ အသွေးအရောင်ရှိတဲ့ သင်္ကန်းကို ဝတ်လေ့ရှိတယ်၊ မည်ကဲ့သို့ ဆိတ်ငြိမ်သော ကျောင်းမှာ နေလေ့ရှိတယ်” ဤသို့စသည်ဖြင့် သူဝတ်သော သင်္ကန်းမျိုး သူနေသောကျောင်းမျိုးကို ပြောပြ၏၊ ထိုအခါ ဒါယကာက “ဒီကိုယ်တော်ဟာ ဈာန်ရကိုယ်တော်ဖြစ်မှာဘဲ, မဂ်ရ ဖိုလ်ရ(ရဟန္တာ) ဖြစ်မှာဘဲ”ဟု တွေးပြီး ထိုကိုယ်တော်ကို အထင်ကြီး၏၊ ထိုသို့ အထင်ကြီးအောင် ဟိတ်ဟန်ထုတ်မှုသည် မိစ္ဆာဇီဝဖြစ်၏၊ ထိုသို့အထင်ကြီး၍ လှူလေသမျှ ပစ္စည်းသည် မိစ္ဆာဇီဝပင်တည်း။

သွားမှုစသည်ဖြင့် အထင်ကြီးစေမှု။ ။ ကိုယ်တော်တစ်ပါးကား သူ့ကိုအထင် ကြီးစေလိုသောကြောင့် ဒါယကာ ဒါယိကာမတို့၌ အလွန်ဣသိက္ခာ တည်ကြည်စွာဖြင့် သွား၏, ရပ်၏, ထိုင်၏, လျောင်း၏၊ လူကွယ်ရာ၌ကား တော်သလိုနေ၏၊ ထိုသို့ အထင်ကြီးအောင် ဟန်ဆောင်မှုသည်ပင် မိစ္ဆာဇီဝ ဖြစ်၏၊ ထိုသို့ဟန်ဆောင်နေသည်ကို အထင်ကြီး၍ လှူလေသမျှ မိစ္ဆာဇီဝ ချည်းတည်း၊ [အထင်ကြီးအောင် ဟန်ဆောင်ခြင်း မဟုတ်ဘဲ “ရဟန်းဆိုတာ မြို့ရွာအတွင်း၌ ဣန္ဒြေရရသွားမှ နေမှ သာသနာ့အသရေကို ဆောင်ရာရောက်မည်”ဟု စိတ်ကောင်းထား၍ သွားလာနေထိုင်မှုကား မိစ္ဆာဇီဝမဟုတ်။]

လပန။ ။ ဒါယကာ ဒါယိကာမတို့ဆီက ပစ္စည်းရအောင်ပြောမှကြည်ညိုအောင် ပြောမှုကို “လပန”ဟု ခေါ်၏၊ ကျောင်းလာသည်ကို မြင်လျှင် “ဘာကိစ္စလာတုံး, ဆွမ်းစားပင့်လား, ဒီလိုဆိုရင် သွားနှင့်, လိုက်ခဲ့မယ်”ဟု (ဒါယကာက ဘာမှမလျှောက်ဘဲ သူကစ၍)ပြောခြင်း။

“ဒကာရ.. ငါ့ကိုမင်းကြီးက ကြည်ညိုတယ်, ငါ့ကို မည်သည့်ဝန်ကြီးက ကြည်ညိုတယ်”စသည်ဖြင့် မမေးဘဲလျက် သူ့ ကိုယ်သူပြောခြင်း၊ မေးသည့်အတွက် သူ့ကိုယ်သူမြှောက်၍ပြောခြင်း။

စာမျက်နှာ-၅၇

မိမိဆီလာသော ဒါယကာ ဒါယိကာမတို့မပျင်းအောင် သူတို့အားလည်း ပြောခွင့်ပေး၍ ပြောခြင်း။

သူဌေးကြီး... သူကြွယ်ကြီး ...စစ်ပိုင်ကြီး, ဘာမင်းကြီး, ညာမင်းကြီးစသည်ဖြင့် ရာထူးဂုဏ်သိရ် စည်းစိမ်နှင့်စပ်သော မြှောက်လုံးပင့်လုံး စကားသုံးနှုန်း၍ ခေါ်ခြင်း၊ [ပစ္စည်းလှူချင်အောင် မြှောက်၍ ခေါ်ခြင်းမဟုတ်ဘဲ ဝန်ကြီးကို “ဝန်ကြီး”ဟုခေါ်ခြင်းသည်ကား မိစ္ဆာဇီဝမဖြစ်။]

“‌ရှေ့နှစ်က ဒီအချိန်မှာ လှူနေကြဘဲ, ယခုနှစ်မယူကြဘူးလား”စသည်ဖြင့် “လှူပါ့မည်”ဟု လျှောက်အောင် ပြောခြင်း။

တစ်စုံတစ်ခု ပစ္စည်းကိုင်လာသူကိုမြင်လျှင် “ငါ့မလှူဘူးလား”ဟုမေးခြင်း။

တစ်စုံတစ်ယောက်အနားရောက်လာလျှင် သူက (သူတို့အိမ်က) တော့ အလှူအတန်းရှိလျှင် တပည့်တော်သာ လှူတာဘဲ ဟု (မလှူဘဲ မနေနိုင်အောင်) အခြားရဟန်းအား ပြောခြင်း။

မှားတာ မှန်တာ တရားတာ မတရားတာကို မစဉ်းစားဘဲ ချစ်ခင်လာအောင် ပြောခြင်း၊ မိမိကိုယ်ကို နှိမ့်ချ၍ သနားလာအောင်ပြောခြင်း။ ပဲနောက်ဟင်း ချက်ရာ၌ အနပ်နည်းပါး၍ မနပ်တာက များသလို အမှန်နည်းပါး၍ အမှားများသော စကားကိုပြောခြင်း။

ကလေး၏မိဘတို့က ကြည်ညိုအောင် ကလေးငယ်ကို ပွေ့ချီချော့မြူခြင်း။ ဤသို့ ပစ္စည်းရအောင် ပြောဆိုသမျှသည် လပနမည်၏၊ ထိုသို့ ပြောဆို မှုကြောင့် ရလေသမျှပစ္စည်းသည် မိစ္ဆာဇီဝချည်းတည်း။

အရိပ်အယောင်ပြုခြင်းစသည်။ ။ ပစ္စည်းလှူအောင် အရိပ်နိမိတ် ပြုခြင်း၊ [ဥပမာ-စားဖွယ်တစ်ခုခု ကိုင်လာသည်ကို မြင်လျှင် “စားစရာရလာကြ သလား”စသည်ဖြင့် မိမိလဲ လှူအောင်မေးခြင်း၊] လှူအောင် လမ်းခင်း ပေးခြင်း၊ [ဥပမာ-နွားကျောင်းသားတွေကို မြင်လျှင် “မင်းတို့နွားကလေးတွေ ဘာစို့ သလဲ၊ နို့စို့တာ ဟုတ်မထင်ဘူး၊ နို့စို့လျှင် ရဟန်းများလဲ နွားနို့ရမှာ ပေါ့”ဟု ပြောခြင်း။]မလှူလှူအောင် ချိတ်စကား ရိပ်စကားပြောခြင်း, မလှူဘဲ မနေနိုင်အောင်ဆဲခြင်း, ရှုံ့ ချခြင်း, “သဒ္ဓါတရားမွဲတဲ့အကောင်”စသည်ဖြင့် ကဲ့ရဲ့ခြင်း, မလှူတဲ့သူကို “ဟာ့ အလှူရှင်ကြီးဟ” စသည်ဖြင့်, ပြောင်လှောင်ခြင်း, တခြားအိမ်၌ ထိုသူ သဒ္ဓါတရား မွဲကြောင်းပြောခြင်း, ရှေ့တော့အကောင်း ပြော၍ ကွယ်ရာမှာ သဒ္ဓါတရားမွဲကြောင်း အပြစ်ပြောခြင်း, ...တအိမ်၌ ရခဲ့သောလာဘ်ကို အခြားတအိမ်၌ ပေးခဲ့၍, ထိုအိမ်မှ ပို၍ ကောင်းသော

စာမျက်နှာ-၅၈

လာဘ်ကိုယူပြီးလျှင် နောက်တအိမ်၌ပေးပြန်၍ ထိုအိမ်မှသာ၍ ပိုကောင်းသောလာဘ်ကို ရအောင်လုပ်ခြင်း, ဤသို့ စသည်ဖြင့် မိစ္ဆာဇီဝတွေ လွန်စွာ များပြားလေသည်။

သူတော်ကောင်းတစ်ပါး ကြုံရပုံ။ ။ ထိုပြခဲ့သော ကုလဒူသန မိစ္ဆာဇီဝ အမှုတို့ကြောင့် ဇနပုဒ်တစ်ခုလုံး (သဒ္ဓါစစ်သဒ္ဓါမှန်) ပျက်စီးနေစဉ် ကာသိတိုင်းမှ (ဝါကျွတ်၍) သာဝတ္ထိသို့ဘုရားဖူး ကြွလာသော ရဟန်းတော်တစ်ပါးသည် လမ်းခရီးအကြားဝယ် ကိဋ္ဌာရိဇနပုဒ်၌ ဆွမ်းခံချိန်ကျသဖြင့် ဣန္ဒြေရရနှင့် စက္ခုချ၍ ဆွမ်းခံဝင်လေသော်, ထိုကိဋာဂိရိဇနပုဒ်သူဇနပုဒ်သားတို့သည် ထိုရဟန်းတော်ကိုမြင်၍... “ဒီ ရဟန်းက ဘယ်နှယ်ရဟန်းပါလိမ့်, အ-တတနဲ့၊ နုံ့နုံ့သွားပြီး, မျက်မှောင်က ကုပ်လို့၊ အိမ်သို့ကပ်လာသော ဒီရဟန်းအား ဘသူက ဆွမ်းပေးချင်မှာလဲ၊ ငါတို့ရဲ့ အရှင်အဿဇိ-ပုနဗ္ဗသုကတို့ကတော့-သိမ်မွေ့တယ်, နူးညံ့တယ်, ချိုချို သာသာ ပြောတတ်တယ်၊ မြင်လိုက်မှဖြင့် ပြုံးလို့၊ လာပါလာပါဟု နှုတ်ဆက်တယ်, မျက်မှောင်လဲ မကုပ်ပေါင်, ပေါ်လွင်လိုက်တဲ့ မျက်နှာမှ မပြောနဲ့တော့, တွေ့ပလားဆို-စ၍နှုတ်ဆက်ကြတာဘဲ၊ ဒီလို ကိုယ်တော်များမှ ဆွမ်းပေးထိုက်တာပေါ့”ဟု သူတို့ကိုယ်တော်များနှင့် နှိုင်းယှဉ်ကာ တကဲ့သဒ္ဓါတရား ဖြစ် လောက်သော သူတော်ကောင်းအပေါ်မှာ သဒ္ဓါမဖြစ်နိုင်ဘဲ ရှိကြလေသည်၊ ကိဋာဂိရိဇနပုဒ်သူ, ဇနပုဒ်သားတို့၏ အစစ်အမှန်သဒ္ဓါတရားကို သစ်သီး ပေးမှု ပန်းပေးမှုစသည်ဖြင့် ဖျက်ဆီးပစ်ရာရောက်သောကြောင့် သစ်သီးပန်း စသည်ပေးမှုကို ကုလဒူသန(အမျိုး၏သဒ္ဓါတရားကိုဖျက်ပစ်မှ)ဟုခေါ်သည်။]

ဥပါသကာနှင့် တွေပုံ။ ။ ထိုဆွမ်းခံလှည့်နေသော ရဟန်းတော်ကို ဥပါသကာ (ရတနာသုံးပါးအစစ်အမှန်ကို ဆည်းကပ်ကိုးကွယ်သူ) တစ်ယောက်မြင်၍ အနားသို့ ကပ်ပြီးလျှင် “ဆွမ်းရပါရဲ့ လားဘုရား”... “မရသေးဘူးဒါယကာ”..... အရှင်ဘုရားတို့လို ပုဂ္ဂိုလ် ကောင်းမျိုးကို ဆွမ်းမရအောင်လုပ်ထားသူဟာ အရှင်ဘုရားတို့ရဲ့ သီတင်းသုံးဖော်တွေပင်ဖြစ်ပါတယ်၊ တစ်ရွာလုံး လှည့်သော်လဲ ရမည်မဟုတ်တော့ပါ၊ တပည့်တော်အိမ် သွားကြပါစို့”ဟု လျှောက်၍ အိမ်သို့ပင့်သွားလေသည်၊ အိမ်သို့ ရောက်သောအခါ ဆွမ်းကပ်ပြီးနောက် သာဝတ္ထိမြို့သို့ ကြွမည့် အကြောင်းကိုသိရ၍, “တပည့်တော်၏ လျှောက်ထားချက်ဖြင့် ဘုရား ခြေတော်တို့ကို ရှိခိုးတော်မူပါလေ၊ ကိဋာရိဇနပုဒ်၌ ကျောင်းတိုက် ပျက်နေကြောင်း, အဿဇိ-ပုနဗ္ဗသုက ကိုယ်တော်တွေကျင့်ချင်တိုင်း ကျင့်နေကြောင်း,

စာမျက်နှာ-၅၉

ကျောင်းတိုက် တည်တံ့အောင် ရဟန်းကောင်းများကို စေလွှတ်တော် မူပါမည့်အကြောင်းကိုလဲ လျှောက်ပါလေ”ဟု မှာလိုက်လေသည်။

အဂ္ဂသာဝက ၂ပါး ကြွတော်မူရပုံ။ ။ ထိုရဟန်းသည် ဘုရားရှင်ထံရောက်၍ ဒါယကာမှာလိုက်တိုင်း ဘုရားရှင်အား လျှောက်လေရာ, ဘုရားရှင်သည် အဿဇိပုနဗ္ဗသုက ရဟန်းတို့ကို အပြစ်တင်တော်မူ၍ အရှင်သာရိပုတြာ, အရှင်မောဂ္ဂလာန်တို့ကို ခေါ်တော် မူပြီးလျှင် “သာရိပုတြာ, မောဂ္ဂလာန်တို့ ...သင်တို့သွားကြချေ၊ အဿဇိပုနဗ္ဗသုက ရဟန်းတို့ကို ကိဋာဂိရိဇနပုဒ်မှ နှင်ထုတ်ကြောင်းကံ (ပဗ္ဗာဇနိယကံ) ပြုကြချေ၊ သူတို့ဟာ သင်တို့ရဲ့သဒ္ဓိဝိဟာရိက တပည့်များဖြစ်ကြသည်”ဟု မိန့်တော် မူလေသည်၊ ထိုအခါ အရှင်သာရိပုတြာတို့က “အဿဇိပုနဗ္ဗသုကတို့ဟာ ကြမ်းတမ်းကြပါသည်၊ အဘယ်နည်းဖြင့် ပဗ္ဗာဇနိယကံ ပြုရပါမည်နည်း”ဟု ပြန်၍လျှောက်လျှင် “ရဟန်းများများခေါ်၍ သွားကြ”ဟု မိန့်တော်မူလေသော်, အဂ္ဂသာဝကကြီး ၂-ပါးသည် ရဟန်းအများနှင့်အတူ ကြွသွား၍ ထိုရဟန်းတို့အား ပဗ္ဗာဇနိယကံ ပြုတော်မူကြလေသည်၊ ထိုရဟန်းတို့လည်း ထိုကံနှင့် လျော်သော ကျင့်ဝတ်ကို မကျင့်ကြဘဲ သူတို့ကပြန်၍ ဆဲကြ-ခြိမ်းချောက်ကြ-ဆန္ဒာဂတိလိုက်သလေ ဒေါသာဂတိလိုက်သလေ စသည်ဖြင့် အပြစ်တင်ကြပြီးလျှင်, တချို့လည်း တခြားအရပ်သို့ သွားနေကြ တချို့လည်း လူထွက်ကြလေသည်။ ထိုကဲ့သို့ သူတို့က ပြန်၍ ကဲ့ရဲ့ကြခြင်းကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်ပါဠိတော်။ ။ ဘိက္ခု ပနေဝ အညတရံ ဂါမံ ဝါ နိဂမံ ဝါ ဥပနိဿာယ ဝိဟရတိ ကုလဒူသကော ပါပသမာစာရော, တဿ ခေါ ပါပကာ သမာစာရာ ဒိဿန္တိ စေဝ သုယျန္တိ စ, ကုလာနိ စ တေန ဒုဋ္ဌာနိ ဒိဿန္တိ စေဝ သုယျန္တိ စ, သော ဘိက္ခု ဘိက္ခူဟိ ဧဝမဿ ဝစနီယော “အာယသ္မာ ခေါ ကုလဒူသကော ပါပသမာစာရော, အာယသ္မတော ခေါ ပါပကာ သမာစာရာ ဒိဿန္တိ စေဝ သုယျန္တိ စ, ကုလာနိ စာယသ္မတာ ဒုဋ္ဌာနိ ဒိဿန္တိ စေဝ သုယျန္တိ စ, ပက္ကမတာယသ္မာ ဣမမှာ အာဝါသာ, အလံ တေ ဣဓ ဝါသေနာ”တိ, ဧဝဉ္စ သော ဘိက္ခု ဘိက္ခူဟိ ဝုစ္စမာနော တေ ဘိက္ခူ ဧဝံ ဝဒေယျ “ဆန္ဒဂါမိနော စ ဘိက္ခူ, ဒေါသ

စာမျက်နှာ-၆၀

ဂါမိနော စ ဘိက္ခူ, မောဟဂါမိနော စ ဘိက္ခူ, ဘယဂါမိနော စ ဘိက္ခူ တာဒိသိကာယ အာပတ္တိယာ ဧကစ္စံ ပဗ္ဗာဇေန္တိ, ဧကစ္စံ န ပဗ္ဗာဇေန္တီ”တိ, သော ဘိက္ခု ဘိက္ခူဟိ ဧဝမဿ ဝစနီယော “မာယသ္မာ ဧဝံ အဝစ, န စ ဘိက္ခူ ဆန္ဒဂါမိနော, န စ ဘိက္ခူ ဒေါသဂါမိနော, န စ ဘိက္ခူ မောဟဂါမိနော, န စ ဘိက္ခူ ဘယဂါမိနော, အာယသ္မာ ခေါ ကုလဒူသကော ပါပသမာစာရော, အာယသ္မတော ခေါ ပါပကာ သမာစာရာ ဒိဿန္တိ စေဝ သုယျန္တိ စ, ကုလာနိ စာယသ္မတာ ဒုဋ္ဌာနိ ဒိဿန္တိ စေဝ သုယျန္တိ စ, ပက္ကမတာယသ္မာ ဣမမှာ အာဝါသာ, အလံ တေ ဣဓ ဝါသေနာ”တိ, ဧဝဉ္စ သော ဘိက္ခု ဘိက္ခူဟိ ဝုစ္စမာနော တထေဝ ပဂ္ဂဏှေယျ, သော ဘိက္ခု ဘိက္ခူဟိ ယာဝတတိယံ သမနုဘာသိတဗ္ဗော တဿ ပဋိနိဿဂ္ဂါယ, ယာဝတတိယဉ္စေ သမနုဘာသိယမာနော တံ ပဋိနိဿဇ္ဇေယျ, ဣစ္စေတံ ကုသလံ, နော စေ ပဋိနိဿဇ္ဇေယျ, သံဃာဒိသေသော။

မြန်မာပြန်အကျဉ်းချုပ်။ ။ ကုလဒူသကရဟန်းတို့ကို “ဒီကျောင်းတိုက်မှ ဖဲခွါထွက်သွားပါ, ဒီမှာနေ၍ မသင့်ပါ” ဟု ပြော၍ နှင်ထုတ်ရာ၏၊ ထိုသို့ နှင်ထုတ်သောအခါ “ရဟန်းတို့ကို အဂတိလိုက်တယ်” ဟု ပြောလျှင် ထိုသို့မပြောဖို့ရန် တားမြစ်ရမည်၊ တားမြစ်၍ မရလျှင် သံဃာ့အလယ်သို့ ဆွဲခေါ်၍ ကမ္မဝါစာဖြင့် ဆုံးမရမည်, ဆုံးမ၍ ရလျှင် ကောင်း၏၊ မရလျှင် တတိယ ကမ္မဝါစာ အဆုံး၌ သံဃာဒိသေသ် အာပတ်သင့်၏။

မှတ်ချက်။ ။ ယခုကာလ၌ကား သစ်သီးပေးမှု ပန်းပေးမှုစသော ကုလဒူသနအမှုကြောင့် ဒုက္ကဋ်အာပတ်သာ သင့်၏၊ စာလာ ပေလာ အတိုင်းပြောဆို ဆုံးမသူ မရှိရကား ထိုကုလဒူသန ရဟန်းတို့မှာ သံဃာဒိသေသ်ကား မသင့်တော့ချေ။

သံဃာဒိသေသ် သိက္ခာပုဒ် ပြီးပြီ။