ဘုရားဥပဒေတော်ကြီး/အနိယတအခန်း
စာမျက်နှာ-၆၁
၃။ အနိယတအခန်း
က။ ပထမအနိယတ သိက္ခာပုဒ်
အမှုသည်—ရှင်ဥဒါယီ။
အမှု—မာတုဂါမနှင့် အတူ အကွယ်အကာ ရှိသော နေရာ၌ တစ်ယောက်ချင်း ထိုင်နေမှု။
မာတုဂါမနှင့်အတူ ထိုင်နေမှု။ ။ ရှင်ဥဒါယီ၏ ဒါယကာအမျိုးမှ သတို့သမီးကို အခြား ဒါယကာ အမျိုးတစ်ဦးက “တောင်းရမ်း လက်ထပ်၍ လက်ထပ်ထမင်း ကျွေးနေစဉ်, အရှင်ဥဒါယီသည် ထိုအိမ် သို့သွား၍ သတို့သမီးရှိရာ အခန်းတွင်းဝင်ပြီးလျှင် အခါအလိုက် စကား အမျိုးမျိုးကို ပြောဆိုနေလေသည်၊ [အနီးအပါးသို့ လူမလာသောအခါ “ဘယ့်နယ်လဲ, မပျင်းဘူးလား, မပင်ပန်းဘူးလား, ထမင်းမဆာဘူးလား” စသည်ဖြင့် ဆွေမျိုးသားချင်းပြောသလို ပြောနေ၏။ အနီးအပါးသို့ လူလာသည့်အခါ၌ကား “ဥပုသ်စောင့်နော်, စာရေးတန်ဆွမ်းကြွေးနော်”စသည်ဖြင့် လူကြားကောင်းသော တရားကိုပြောနေ၏၊ ဤသို့ အမျိုးမျိုးပြောင်းလွှဲ၍ ပြောခြင်းကို “အခါအလိုက် ပြောနေသည်”ဟု ဆိုလိုသည်။]
ဝိသာခါ သာသနာပြုပုံ။ ။ သာဝတ္ထိမြို့၌ ကျောင်းအမ ဝိသာခါသည် အသက်လည်းရှည် သားသမီး မြေး မြစ်လည်း ပေါသဖြင့် “အလွန် မင်္ဂလာရှိသူ”ဟု အသိအမှတ် အပြုခံရ၏။ လက်ထပ် မင်္ဂလာစသောကိစ္စ၌ ဘာသာမတူသူတို့ကသော်မှ ဖိတ်၍ ရှေ့ဦးစွာ ထမင်း ကျွေးလေ့ရှိ၏၊ ထိုသို့ ကျွေးပြီးနောက် “ဤလက်ထပ် သတို့သား သတို့သမီးများလည်း အရှင်မကဲ့သို့ အသက်ရှည်စွာ အနာရောဂါကင်း၍ ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ”ဟု ဆုတောင်းကြကုန်၏၊ ထိုလက်ထပ်ပွဲ၌လည်း ဝိသာခါရောက်လာ၍ ရှင်ဥဒါယီနေထိုင်ပုံကို မြင်လေရာ (အကြွေးမထားဘဲ ချက်ခြင်းသွား၍) “အရှင်ဘုရား...မာတုဂါမနှင့် တစ်ယောက်ချင်း မျက်စိ ကွယ်ရာ (အကွယ်အကာရှိသော, ပြုချင်ရာကိုပြုနိုင်သော)နေရာ၌ နေတာဟာ မတော်ပါဘူး, အရှင်ဘုရားက ထိုအမှုကို မလိုလားသော်လဲ, လူအများက ယုံကြည်ဖို့ ခဲယဉ်းပါသည်”ဟု ပြောလေသည်၊ ထိုသို့ ပြောသော်လည်း ထိုစကားကို ဂရုမစိုက်ဘဲ နေမြဲနေသောကြောင့် လမ်းသို့ထွက်သွား၍ “ဥဒါယီကိုယ်တော်ဟာ မိန်းကလေးနှင့်အတူ ဆိတ်ကွယ်ရာမှာ တစ်ယောက်
စာမျက်နှာ-၆၂
ချင်း နေထိုင်ကြောင်းကို” တွေ့သမျှ ရဟန်းတို့အား လျှောက်လေသည်၊ ထို့နောက် ရဟန်းများက ဘုရားကိုလျှောက်ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။ ဤဝတ္ထုကို မှတ်ချက်ထား၍ ယခုကာလ၌လည်း သာသနာ သန့်ရှင်းစေလိုသော သဘောဖြင့် မတော်မတဲ့ ပြုကျင့်သူများကို ယဉ်ကျေးစွာ ပြောဆိုတားမြစ်နိုင်, ကဲ့ရဲ့ရှုတ်ချနိုင်၏၊ ထိုသို့ ကဲ့ရဲ့ ရှုတ်ချမှုကြောင့် တစ်စုံတစ်ခုမျှ အပြစ်မရှိချေ။
သိက္ခာပုဒ်ပါဠိ။ ။ ယော ပန ဘိက္ခု မာတုဂါမေန သဒ္ဓိံ ဧကော ဧကာယ ရဟော ပဋိစ္ဆန္နေ အာသနေ အလံကမ္မနိယေ နိသဇ္ဇံ ကပ္ပေယျ, တမေနံ သဒ္ဓေယျဝစသာ ဥပါသိကာ ဒိသွာ တိဏ္ဏံ ဓမ္မာနံ အညတရေန ဝဒေယျ ပါရာဇိကေန ဝါ သံဃာဒိသေသေန ဝါ ပါစိတ္တိယေန ဝါ, နိသဇ္ဇံ ဘိက္ခု ပဋိဇာနမာနော တိဏ္ဏံ ဓမ္မာနံ အညတရေန ကာရေတဗ္ဗော ပါရာဇိကေန ဝါ သံဃာဒိသေသေန ဝါ ပါစိတ္တိယေန ဝါ, ယေန ဝါ သာ သဒ္ဓေယျဝစသာ ဥပါသိကာ ဝဒေယျ, တေန သော ဘိက္ခု ကာရေတဗ္ဗော, အယံ ဓမ္မော အနိယတော။
သိက္ခာပုဒ် မြန်မာပြန်။ ။ အကြင်ရဟန်းသည် မာတုဂါမနှင့်အတူ မျက်စိကွယ်ရာ ဖြစ်လောက်အောင် နံရံစသည်ဖြင့် ကွယ်ကာအပ်သော မေထုန်မှုကို ပြနိုင်လောက်သောနေရာ၌ ယောက်ျားအဖေါ် မပါဘဲ တစ်ယောက်ချင်းထိုင်နေအံ့၊ လည်းလျောင်းနေအံ့၊ ထိုရဟန်းကို ယုံကြည်လောက်သော ဥပါသိကာမမြင်၍ ပါရာဇိက-သံဃာဒိသေသ်-ပါစိတ်အာပတ် ၃-မျိုးတွင် တစ်မျိုးမျိုးဖြင့် ပြောအံ့၊ ထိုရဟန်းကို (သူကဟုတ်ကြောင်းဝန်ခံလျှင်) ထိုပြောသည့်အတိုင်း အာပတ်ဖြင့် ဆုံးဖြတ်ရမည်၊ ယုံကြည်လောက်သော ဥပါသိကာမသည် (မည်သည့် အာပတ်ဟု မပြောတတ်သဖြင့်) သူကျင့်နေသော အမူအရာဖြင့်သာ ပြောပြလျှင်လည်း (သူကဝန်ခံလျှင်) ထိုအမူအရာအတွက် သင့်နိုင်သော အာပတ်ဖြင့် ဆုံးဖြတ်ရမည်၊ ဤအာပတ်သည် “ပါရာဇိက-သံဃာဒိသေသ်-ပါစိတ်”တွင် မည်သည့်အာပတ်ဟု အသေအချာ သတ်မှတ်၍ မပြအပ်သောကြောင့် အနိယတအာပတ်မည်၏။
စာမျက်နှာ-၆၃
မှတ်ချက်။ ။ (က) မိန်းမတို့သည် အခြားတစ်ယောက်၏ မေထုန်မှုကို ဖေါ်ပြောလေ့ မရှိကြ၊ ဖုံးထားတတ်ကြ၏၊ ထို့ကြောင့် “တစ်ယောက်ချင်း = အဖေါ်မပါ” ဟူရာ၌ ယောက်ျား အဖော်မပါသည်ကို ယူပါ၊ မိန်းမအဖေါ်များစွာပါသော်လည်း အဖေါ်ဟုမဆိုနိုင်။
(ခ) အနိယတသဒ္ဒါသည် အမြဲမဟုတ်, အသေအချာမဟုတ် ဟူသော အနက်ကိုပြ၏။ ပါရာဇိကကိုဝန်ခံလျှင် ပါရာဇိကဖြင့်ဆုံးဖြတ်၊ သံဃာဒိသေသ်ကို ဝန်ခံလျှင် သံဃာဒိသေသ်ဖြင့် ဆုံးဖြတ်၊ ပါစိတ်ကို ဝန်ခံလျှင် ပါစိတ်ဖြင့် ဆုံးဖြတ်လေ၊ သူဝန်ခံတိုင်း ဆုံးဖြတ်ရမည်ဖြစ်၍ “မည်သည့် အာပတ်ဟု အသေအချာ မလည်မှတ်နိုင်” ဟူလို၊ ဤအနိယတအာပတ်ဟူသည် အာပတ် ၇-ပုံမှ အလွတ်မဟုတ် ပါရာဇိက-သံဃာဒိသေသ်-ပါစိတ်ကိုပင်တည်း၊
(ဂ) သိက္ခာပုဒ်၌ ဥပါသိကာမကိုသာ ပြထားခြင်းမှာလည်း ဝတ္ထုကြောင်း၌ ဝိသာခါဥပါသိကာမ ပါနေ၍ ဝတ္ထုအလိုက် ပြထား ခြင်းတည်း၊ ဥပါသကာကဖြစ်စေ ရဟန်းသာမဏေ စသူကစေ ဤသို့ လျှောက်လာရာ၌လည်း ဤသိက္ခာပုဒ်လာတိုင်း (သူကဝန်ခံ မှသာ) ဆုံးဖြတ်ရမည်။ အချုပ်မှာ-ဤသိက္ခာပုဒ်သည် အာပတ်လစ် ထပ်၍ ပညတ်အပ်သော သိက္ခာပုဒ်မဟုတ်, ဝိနည်းဆုံးဖြတ်ရာ၌ “သူဝန်ခံသည့်အတိုင်း ဆုံးဖြတ်ရမည်”ဟု ဆုံးဖြတ်နည်းကိုပြသော သိက္ခာပုဒ်တည်း၊ “သူဝန်ခံတိုင်း” ဟူရာ၌လည်း ဟုတ်မှန် ဝန်ခံ ပြောမည့် လဇ္ဇီသူတော်ကောင်း၏ ဝန်ခံခြင်းကိုသာ ဆိုသည်၊ လိမ်ပြောမည့် အလဇ္ဇီပုဂ္ဂိုလ်အတွက်ကား ဝန်ခံတိုင်း ဆုံးဖြတ်ရမည် မဟုတ်, အရာရာစစ်မေး၍ သင့်သလိုဆုံးဖြတ်ရသည်။
(ခ) ဒုတိယအနိယတသိက္ခာပုဒ်
[ဤသိက္ခာပုဒ်၌ အမှုသည်မှစ၍ အားလုံးရှေ့သိက္ခာပုဒ်နှင့်တူ၏။]
မာတုဂါမနှင့် အတူထိုင်နေမှု။ ။ “မြတ်စွာဘုရားသည် မျက်စိကွယ်ရာဖြစ်လောက်အောင် တိုက်နံရံစသည်ဖြင့် ကွယ်ကာအပ်သော အရပ်၌သာ မာတုဂါမနှင့် တစ်ယောက်ခြင်း ထိုင်နေမှုကို ပယ်မြစ်တော်မူသည်”ဟု ကြံ၍ ရှေးသိက္ခာပုဒ်လာ အရှင်ဥဒါယီသည်ပင် အကွယ် အကာမရှိသဖြင့် ကာမမှုကိုပြုခြင်းငှါ မဖြစ်နိုင်သော်လည်း အနီးအပါး (၁၂) တောင် အတွင်းဝယ် ယောက်ျား မိန်းမ အဖေါ်မရှိသောကြောင့် နား၏ကွယ်ရာဟုဆိုထိုက်သော နေရာ၌ ရှေ့သိက္ခာပုဒ်လာ အမျိုးသမီးနှင့်ပင် တစ်ယောက်ချင်း ထိုင်နေပြန်လေသည်၊ ဝိသာခါလည်း ၂-ကြိမ်မြောက်
စာမျက်နှာ-၆၄
ဖိတ်ပြန်သဖြင့် ထိုအိမ်သို့ရောက်လာရာ ရှင်ဥဒါယီနေထိုင်ပုံကို သဘောမကျသဖြင့် ရှေးနည်းအတူ ပြောဆိုပါသော်လည်း မရခြင်းကြောင့် အိမ်မှထွက်၍ တွေ့မြင်ရာ ရဟန်းကို လျှောက်လေလျှင် ထိုရဟန်းတို့မှတဆင့် ဘုရားရှင် သိတော်မူရ၍ ဤဒုတိယအနိယတသိက္ခာပုဒ်ကို ပညတ်တော်မူရပြန်သည်။
သိက္ခာပုဒ်ပါဠိတော်။ ။ န ဟေဝ ခေါ ပန ပဋိစ္ဆန္နံ အာသနံ ဟောတိ နာလံကမ္မနိယံ, အလဉ္စ ခေါ ဟောတိ မာတုဂါမံ ဒုဋ္ဌုလ္လာဟိ ဝါစာဟိ ဩဘာသိတုံ, ယော ပန ဘိက္ခု တထာရူပေ အာသနေ မာတုဂါမေန သဒ္ဓိံ ဧကော ဧကာယ ရဟော နိသဇ္ဇံ ကပ္ပေယျ, တမေနံ သဒ္ဓေယျဝစသာ ဥပါသိကာ ဒိသွာ ဒွိန္နံ ဓမ္မာနံ အညတရေန ဝဒေယျ သံဃာဒိသေသေန ဝါ ပါစိတ္တိယေန ဝါ, နိသဇ္ဇံ ဘိက္ခု ပဋိဇာနမာနော ဒွိန္နံ ဓမ္မာနံ အညတရေန ကာရေတဗ္ဗော သံဃာဒိသေသေန ဝါ ပါစိတ္တိယေန ဝါ, ယေန ဝါ သာ သဒ္ဓေယျဝစသာ ဥပါသိကာ ဝဒေယျ, တေန သော ဘိက္ခု ကာရေတဗ္ဗော, အယမ္ပိ ဓမ္မော အနိယတော။
မြန်မာပြန်။ ။ နံရံစသည် မဖုံးကွယ်အပ်သော မေထုန်မှုကို မပြုနိုင် လောက်သော အရပ်ဖြစ်သော်လည်း နား၏ကွယ်ရာဖြစ်သောကြောင့် မာတုဂါမကို ဝစ္စမဂ်ပဿာဝမဂ်တို့နှင့်စပ်သော ရုန့်ရင်းကုန်သော စကားတို့ဖြင့် ပြောနိုင်လောက်သော နေရာ၌ အကြင်ရဟန်းသည် ယောက်ျားအဖေါ် မိန်းမအဖော် မပါဘဲ မာတုဂါမနှင့် တစ်ယောက် ချင်း ထိုင်နေအံ့၊ လည်းလျောင်းနေအံ့၊ ထိုရဟန်းကို ယုံကြည် လောက်သော ဥပါသိကာမမြင်၍ သံဃာဒိသေသ်-ပါစိတ်အာပတ် ၂-မျိုးတွင် တစ်မျိုးမျိုးဖြင့်ပြောအံ့၊ ထိုရဟန်းကို (သူကဟုတ်ကြောင်း ဝန်ခံလျှင်) ထိုပြောအပ်တိုင်းသော အာပတ်ဖြင့် ဆုံးဖြတ်ရမည်၊ ယုံကြည်လောက်သော ဥပါသိကာမသည် (မည်သည့်အာပတ်ဟု မပြောတတ်သဖြင့်) သူကျင့်နေသော အမူအရာဖြင့်သာ ပြောပြလျှင်လည်း (သူကဝန်ခံလျှင်) ထိုအမူအရာအတွက် သင့်နိုင်သော
စာမျက်နှာ-၆၅
အာပတ်ဖြင့် ဆုံးဖြတ်ရမည်၊ ဤအာပတ်လည်း “သံဃာဒိသေသ်-ပါစိတ်”တွင် မည်သည့်အာပတ်ဟု အသေအချာသတ်မှတ်၍ မပြ အပ်သောကြောင့် အနိယတ အာပတ်မည်၏။
မှတ်ချက်။ ။ ဤသိက္ခာပုဒ်၌ မျက်စိကွယ်ရာမဟုတ်ဘဲ ၁၂ တောင်အတွင်း အဖေါ် မရှိသောကြောင့် နား၏ကွယ်ရာသာဖြစ်၏၊ “အဖော်” ဟူရာ၌လည်း ယောက်ျားအဖေါ်သာမက, မိန်းမအဖေါ်လည်း အဖေါ်ပင်တည်း၊ ဘာကြောင့်နည်း... မိန်းမတို့သည် မိန်းမချင်း၏ မေထုန်မှုကိုသာ ဖုံးထားလေ့ရှိ၏။ ပျက်ရယ်ပြောင်လှောင်မှုမျိုးကား ဖုံးထားလေ့မရှိ၊ ဤသိက္ခာပုဒ်၌လည်း မျက်စိကွယ်ရာ မဟုတ်သောကြောင့် မေထုန်မှုနှင့်မဆိုင်၊ ယုတ်ယုတ် မာမာပြောမှု မေထုန်ဖြင့် ပြုစုဖို့ရန် တောင်းမှုများနှင့် သာဆိုင်သည်၊ ထိုကြောင့် မိန်းမဖေါ်ရှိလျှင် ထိုသို့မပြောဝံ့ရကား မိန်းမလည်း အဖေါ်ပင် ဖြစ်သည်။
အနိယတ အခန်းပြီး၏။