မဇ္ဈိမပဏ္ဏာသ ပါဠိတော်-ဒု
၄-ရာဇဝဂ်
၁-ဃဋိကာရသုတ်
၂၈၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်တကွ ကောသလတိုင်း၌ ဒေသစာရီကြွချီတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် လမ်းခရီးမှ ဖဲခွါတော်မူ၍ တစ်ခုသောအရပ်၌ ပြုံးတော်မူ၏၊ ထိုအခါ အသျှင်အာနန္ဒာအား “မြတ်စွာဘုရား ပြုံးတော်မူခြင်း၏ အကြောင်းအထောက် အထားကားအဘယ်လေနည်း၊ မြတ်စွာဘုရားတို့သည် အကြောင်းမရှိဘဲ ပြုံးတော်မမူကြကုန်”ဟု အကြံ ဖြစ်၏။ ထိုအခါ အသျှင်အာနန္ဒာသည် လက်ဝဲတစ်ဖက် ပခုံးထက်၌ သင်္ကန်းကို စံပယ်တင်၍ မြတ်စွာ ဘုရားကိုလက်အုပ်ချီကာ “အသျှင်ဘုရား မြတ်စွာဘုရား ပြုံးတော်မူခြင်း၏ အကြောင်းအထောက်အထားကားအဘယ်ပါနည်း၊ မြတ်စွာဘုရားတို့သည် အကြောင်းမရှိဘဲ ပြုံးတော်မမူကြကုန်”ဟု လျှောက်၏။ အာနန္ဒာရှေးအခါက ဤအရပ်၌ ဝေဂဠိင်္ဂမည်သော ရွာနိဂုံးရှိခဲ့ဖူး၏၊ ပြည့်လည်း ပြည့်စုံ၏၊ စည်လည်း စည်ပင်၏၊ လူဦးရေများ၏၊ လူမျိုးစုံရောပြွမ်း၏၊ အာနန္ဒာ ဝေဂဠိင်္ဂရွာ နိဂုံးကို အမှီပြု၍ ပူဇော်အထူးကိုခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရားသည် နေတော်မူ၏။ အာနန္ဒာ ဤအရပ်၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရား၏ အရံကျောင်းတော်သည် ရှိ၏။ အာနန္ဒာပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောကဿပမြတ်စွာဘုရားသည် ဤအရပ်၌ ထိုင်တော်မူလျက် ရဟန်းအပေါင်းကို ဆုံးမတော်မူ၏ဟု (မိန့်တော်မူ၏)။
ထိုအခါ အသျှင်အာနန္ဒာသည် သင်္ကန်းကြီးကို လေးထပ်ခင်း၍ မြတ်စွာဘုရားအား “အသျှင်ဘုရားမြတ်စွာဘုရားသည် ဤနေရာ၌ သီတင်းသုံးတော်မူပါလော့၊ ဤမြေပြင်အရပ်သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူကုန်သော နှစ်ဆူသော ဘုရားသျှင်တို့ သုံးဆောင်သော မြေပြင်အရပ် ဖြစ်ပါလိမ့်မည်”ဟု လျှောက်ထား၏။ မြတ်စွာဘုရားသည် ခင်းထားသော နေရာ၌ ထိုင်တော်မူပြီးနောက် အသျှင်အာနန္ဒာအား ဤစကားကို မိန့်တော်မူ၏-
အာနန္ဒာ ရှေးအခါက ဤအရပ်၌ ဝေဂဠိင်္ဂမည်သော ရွာနိဂုံးရှိခဲ့ဖူး၏၊ ပြည့်လည်း ပြည့်စုံ၏၊ စည်လည်း စည်ပင်၏၊ လူဦးရေများ၏၊ လူမျိုးစုံရောပြွမ်း၏။ အာနန္ဒာ ဝေဂဠိင်္ဂရွာနိဂုံးကို အမှီပြု၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရားသည် နေတော်မူ၏။ အာနန္ဒာ ဤအရပ်၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရား၏အရံကျောင်းတော်သည် ရှိခဲ့ဖူး ၏။ အာနန္ဒာ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိ တော်မူသော ကဿပမြတ်စွာဘုရားသည် ဤအရပ်၌နေတော်မူလျက် ရဟန်းအပေါင်းကို ဆုံးမတော်မူ၏။
၂၈၃။ အာနန္ဒာ ဝေဂဠိင်္ဂရွာနိဂုံး၌ ဃဋိကာရမည်သော အိုးထိန်းသည်သည် ပူဇော်အထူးကိုခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရား၏မြတ်သော အလုပ်အကျွေး ဖြစ်၏။ အာနန္ဒာ ဃဋိကာရအိုးထိန်းသည်အား ဇောတိပါလမည်သော လုလင်သည် အချစ်ဆုံးသူငယ်ချင်း ဖြစ်၏။ အာနန္ဒာ ထိုအခါ ဃဋိကာရအိုးထိန်းသည်သည်ဇောတိပါလလုလင်ကို “အဆွေဇောတိပါလ လာ, သွားကြပါကုန်စို့၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရားကို ဖူးမြင်ရန့်ချဉ်းကပ်ကြပါကုန်စို့၊ ပူဇော် အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ထိုမြတ်စွာ ဘုရားအား ဖူးမြင်ရခြင်းကို အကျွန်ုပ်သည် ကောင်းမြတ်၏ဟု အသိအမှတ်ပြုထားပါ၏”ဟု ပြောဆို၏။
--
အာနန္ဒာ ဤသို့ ပြောဆိုသော် ဇောတိပါလလုလင်သည် ဃဋိကာရအိုးထိန်းသည်ကို “အဆွေ ဃဋိကာရတော်ပြီ၊ ထိုဦးပြည်း ရဟန်းယုတ်ကို ဖူးမြင်ရသဖြင့် အဘယ်အကျိုး ရှိအံ့နည်း”ဟု ပြောဆို၏။ အာနန္ဒာနှစ်ကြိမ်မြောက်လည်း။ပ။ အာနန္ဒာ သုံးကြိမ်မြောက်လည်း ဃဋိကာရအိုးထိန်းသည်သည်ဇောတိပါလလုလင်ကို “အဆွေဇောတိပါလ လာ သွားကြပါကုန်စို့၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရားကို ဖူးမြင်ရန်ချဉ်းကပ်ကြပါကုန်စို့၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော်မူသော ထိုမြတ်စွာဘုရားအား ဖူးမြင်ရခြင်းကို အကျွန်ုပ်သည် ကောင်းမြတ်၏ဟု အသိအမှတ်ပြုထားပါ၏”ဟု ပြောဆို၏။ အာနန္ဒာ သုံးကြိမ်မြောက်လည်း ဇောတိပါလလုလင်သည် ဃဋိကာရအိုးထိန်းသည်ကို “အဆွေဃဋိကာရ တော်ပြီ၊ ထိုဦးပြည်း ရဟန်းယုတ်ကို ဖူးမြင်ရသဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု ပြောဆို၏။ အဆွေဇောတိပါလ သို့ဖြစ်ပါမူ ကြေးတွန်းဆပ်ပြာကို ဆောင်ယူ၍ ရေချိုးရန်မြစ်သို့ သွားကြကုန်အံ့ဟု ဆို၏။ အာနန္ဒာ ဇောတိပါလလုလင်သည် “အဆွေကောင်းပါပြီ” ဟူ၍သာလျှင် ဃဋိကာရအိုးထိန်းသည်၏ စကားကို ရှေးရှုဝန်ခံ၏။ အာနန္ဒာ ထိုအခါဃဋိကာရ အိုးထိန်းသည်သည် လည်းကောင်း၊ ဇောတိပါလလုလင်သည်လည်းကောင်းကြေးတွန်းဆပ်ပြာကို ယူ၍ ရေချိုးရန် မြစ်သို့ သွားကြကုန်၏။
၂၈၄။ အာနန္ဒာ ထိုအခါ ဃဋိကာရအိုးထိန်းသည်သည် ဇောတိပါလလုလင်ကို “အဆွေဇောတိပါလပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောကဿပမြတ်စွာဘုရား၏ ဤအရံကျောင်းတော်သည် အနီး၌ ရှိနေပါ၏၊ အဆွေဇောတိပါလ လာ, သွားကြပါကုန်စို့၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရားကို ဖူးမြင်ရန် ချဉ်းကပ်ကြပါကုန်စို့၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားအား ဖူးမြင်ရခြင်းကိုအကျွန်ုပ်သည် ကောင်းမြတ်၏ဟု အသိအမှတ် ပြုထားပါ၏”ဟု ပြောဆို၏။ အာနန္ဒာ ဤသို့ ပြောဆိုသည်ရှိသော် ဇောတိပါလလုလင်သည် ဃဋိကာရအိုးထိန်းသည်ကို “အဆွေဃဋိကာရ တော်ပြီ၊ ထိုဦးပြည်းရဟန်းယုတ်ကို ဖူးမြင်ရသဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု ဆို၏။ အာနန္ဒာ နှစ်ကြိမ်မြောက်လည်း။ပ။ အာနန္ဒာ သုံးကြိမ်မြောက်လည်း ဃဋိကာရအိုးထိန်းသည်သည် ဇောတိပါလ လုလင်ကို"အဆွေဇောတိပါလ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော်မူသော ကဿပမြတ်စွာဘုရား၏ ဤအရံသည် အနီး၌ ရှိနေပါ၏။ အဆွေဇောတိပါလလာ, သွားကြပါ ကုန်စို့၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကဿပ မြတ်စွာဘုရားကို ဖူးမြင်ရန် ချဉ်းကပ်ကြပါကုန်စို့၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောထိုမြတ်စွာဘုရားအား ဖူးမြင်ရခြင်းကို အကျွန်ုပ်သည် ကောင်းမြတ်၏ဟု အသိအမှတ် ပြုထားပါ၏”ဟုပြောဆို၏။ အာနန္ဒာ သုံးကြိမ်မြောက်လည်း ဇောတိ ပါလလုလင်သည် ဃဋိကာရအိုးထိန်းသည်ကို"အဆွေဃဋိကာရ တော်ပြီ၊ ထိုဦးပြည်း ရဟန်းယုတ်ကို ဖူးမြင်ရသဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟုဆို၏။
--
အာနန္ဒာ ထိုအခါ ဃဋိကာရအိုးထိန်းသည်သည် ဇောတိပါလလုလင်အား ပုဆိုးခါးတောင်းကြိုက်ကို ဆွဲ၍"အဆွေဇောတိပါလ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ့သိတော်မူသော ကဿပမြတ်စွာဘုရား၏ ဤအရံသည် အနီး၌ ရှိနေပါ၏၊ အဆွေဇောတိပါလလာ, သွားကြပါကုန်စို့၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော်မူသော ကဿပမြတ်စွာဘုရားကို ဖူးမြင်ရန် ချဉ်းကပ်ကြပါကုန်စို့၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားအား ဖူးမြင်ရခြင်းကို အကျွန်ုပ်သည် ကောင်းမြတ်၏ဟု အသိအမှတ် ပြုထားပါ၏”ဟု ဤစကားကို ပြောဆို၏။ အာနန္ဒာထိုအခါ ဇောတိပါလလုလင်သည် ပုဆိုးခါးတောင်းကြိုက်ကို ဖြေ၍ ဃဋိကာရအိုးထိန်းသည်ကို “အဆွေဃဋိကာရ တော်ပြီ၊ ထိုဦးပြည်း ရဟန်းယုတ်ကို ဖူးမြင်ရသဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု ဆို၏။
အာနန္ဒာ ထိုအခါ ဃဋိကာရ အိုးထိန်းသည်သည် ခေါင်းလျှော်ပြီးသော ဇောတိပါလလုလင်၏ ဆံပင်ကိုဆွဲ၍ “အဆွေဇောတိပါလ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရား၏ ဤအရံကျောင်းတော်သည် အနီး၌ ရှိနေပါ၏၊ အဆွေဇောတိပါလ လာ, သွားကြပါကုန်စို့၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရားကို ဖူးမြင်ရန် ချဉ်းကပ်ကြပါကုန်စို့၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားအား ဖူးမြင်ရခြင်းကို အကျွန်ုပ်သည်ကောင်း မြတ်၏ဟု အသိအမှတ် ပြုထားပါ၏”ဟု ပြောဆို၏။ အာနန္ဒာ ထိုအခါ ဇောတိပါလလုလင်အား “အချင်းတို့ အံ့ဩဖွယ်ကောင်းလှ၏တကား၊ အချင်းတို့မဖြစ်ဖူး မြဲ ဖြစ်ချေ၏တကား၊ ဤဃဋိကာရအိုးထိန်းသည်သည် ဇာတ်နိမ့်သူဖြစ်လျက်ခေါင်းလျှော်ပြီးသော ငါတို့၏ ဆံပင်ကို ဆွဲကိုင်သင့်သည်ဟု အောက်မေ့ထင်မှတ်တုံဘိ၏၊ “ဤအရာသည်ကား စင်စစ် မယုတ်ညံ့တန်ရာ”ဟု အကြံဖြစ်ပြီးလျှင် ဃဋိကာရအိုးထိန်းသည်ကို"အဆွေဃဋိကာရ သည့်လောက်ပင် ဖူးမြင်စေလိုသ လော”ဟု ဆို၏။ “အဆွေဇောတိပါလသည့်လောက်ပင် ဖူးမြင်စေလိုပါ၏၊ ပူဇော်အထူးကို ခံတော်မူထိုက် သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားအား ဖူးမြင်ရခြင်း ကို အကျွန်ုပ်သည်ကောင်းမြတ်၏ဟု အသိအမှတ် ပြုထားပါ၏”ဟု (ဆို၏)။ အဆွေဃဋိကာရ သို့ဖြစ်မူ လွှတ်လော့၊ သွားကြကုန်အံ့ဟု (ဆို၏)။
၂၈၅။ အာနန္ဒာ ထိုအခါ ဃဋိကာရအိုးထိန်းသည်သည်လည်းကောင်း၊ ဇောတိပါလလုလင်သည်လည်းကောင်း ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော် မူသော ကဿပမြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြကုန်ပြီးလျှင် ဃဋိကာရအိုးထိန်းသည်သည်ကား ပူဇော် အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကဿပ မြတ်စွာဘုရားကို ရှိခိုး၍ သင့်လျော်ရာ၌ ထိုင်နေ၏။ ဇောတိပါလလုလင်သည်ကား ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရား နှင့် အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အောက်မေ့ဖွယ် စကားကို ပြောဆိုပြီးဆုံး စေ၍ သင့်လျော်ရာ၌ ထိုင်၏။ အာနန္ဒာသင့်လျော်ရာ၌ ထိုင်ပြီးသော ဃဋိကာရအိုးထိန်းသည်သည် ပူဇော် အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ကဿပ မြတ်စွာဘုရားကို “အသျှင်ဘုရားဤဇောတိပါလလုလင်သည် အကျွန်ုပ်၏ အချစ်ဆုံး သူငယ်ချင်းဖြစ်ပါ၏၊ ဤဇောတိပါလလုလင်အားမြတ်စွာဘုရားသည် တရားဟောတော်မူပါ”ဟု လျှောက်၏။
အာနန္ဒာ ထိုအခါ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ကဿပမြတ်စွာဘုရားသည် ဃဋိကာရအိုးထိန်းသည်ကိုလည်းကောင်း၊ ဇောတိပါလလုလင်ကိုလည်းကောင်း တရားစကားဖြင့် (အကျိုးစီးပွားကို) သိမြင်စေ၏၊ (တရားကို) ဆောက်တည်စေ့၏၊ (တရားကျင့်သုံးရန်) ထက်သန်စေ၏၊ ရွှင်လန်းစေ၏။ အာနန္ဒာ ထိုအခါ ဃဋိကာရအိုးထိန်းသည်သည်လည်းကောင်း၊ ဇောတိပါလ လုလင်သည်လည်းကောင်း ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရားကတရားစကားဖြင့် (အကျိုး စီးပွားကို) သိမြင်စေ၊ (တရားကို) ဆောက်တည်စေ၊ (တရားကျင့်သုံးရန်) ထက်သန်စေ၊ ရွှင်လန်းစေအပ် သည်ဖြစ်၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူ သော ကဿပမြတ်စွာဘုရား၏ တရားကိုအလွန်နှစ်သက် ဝမ်းမြောက်လျက် နေရာမှ ထပြီးလျှင် ပူဇော် အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ကဿပ မြတ်စွာဘုရားကို ရှိခိုး၍အရိုအသေပြုကာ ဖဲခွါသွားကြကုန်၏။
--
၂၈၆။ အာနန္ဒာ ထိုအခါ ဇောတိပါလလုလင်သည် ဃဋိကာရအိုးထိန်းသည်ကို “အဆွေဃဋိကာရသင်သည် ဤတရားကို နာရသည် မဟုတ်ပါလော၊ ထိုသို့နာရပါလျက် အဘယ့်ကြောင့် လူ့ဘောင်မှရဟန်းဘောင်သို့ မဝင်ရောက် (ရဟန်းမ ပြု) ဘိသနည်း”ဟု ဆို၏။ အဆွေဇောတိပါလ မျက်မမြင်မိဘအိုတို့ကို လုပ်ကျွေးနေရသည်ဟု ငါ့ကို သင် သိသည် မဟုတ်လောဟု (ဆို၏)။ အဆွေဃဋိကာရသို့ဖြစ်ပါမူ ငါသည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်အံ့ဟု (ဆို၏)။
အာနန္ဒာ ထိုအခါ ဃဋိကာရအိုးထိန်းသည်သည်လည်းကောင်း၊ ဇောတိပါလလုလင်သည်လည်းကောင်းပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောကဿပ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် သင့်လျော်ရာနေရာ၌ ထိုင်နေကြကုန်၏။ သင့်လျော်ရာ၌ ထိုင်နေပြီးသော ဃဋိကာရအိုးထိန်းသည်သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရားကို “အသျှင်ဘုရားဤဇောတိပါလလုလင် သည် အကျွန်ုပ်၏ အချစ်ဆုံးသူငယ်ချင်း ဖြစ်ပါ၏၊ မြတ်စွာဘုရားဤဇောတိပါလလုလင်ကို ရှင်ရဟန်း ပြုပေးတော်မူပါလော့”ဟု လျှောက်၏။ အာနန္ဒာဇောတိပါလလုလင်သည် ပူဇော်အထူးကို ခံတော်မူထိုက် သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရား၏ အထံတော် ၌ ရှင်အဖြစ် ရဟန်းအဖြစ်ကို ရလေသတည်း။
၂၈၇။ အာနန္ဒာ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ကဿပမြတ်စွာဘုရားသည် ဝေဂဠိင်္ဂရွာနိဂုံး၌ မွေ့လျော်တော်မူသရွေ့ နေတော်မူပြီးလျှင်ဇောတိပါလလုလင် ရဟန်းပြု၍ မကြာမြင့်မီ လဝက်မျှ ရှိသောအခါ ဗာရာဏသီပြည်သို့ ဒေသစာရီကြွချီတော်မူ၏။ အစဉ်အတိုင်း ဒေသစာရီ ကြွချီတော်မူသည်ရှိသော် ဗာရာဏသီပြည်သို့ ရောက်လေ၏။ အာနန္ဒာ ထိုဗာရာဏသီပြည်၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတနမိဂဒါဝုန်တော၌ သီတင်းသုံးနေတော်မူ၏။ အာနန္ဒာ ကိကီမည်သော ကာသိမင်းသည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရားသည် ဗာရာဏသီပြည်သို့ရောက်တော်မူ၍ ဗာရာဏသီပြည် ဣသိပတနမိဂဒါဝုန်တော၌ သီတင်းသုံးနေတော်မူသတတ်ဟု ကြားသည်သာတည်း။
အာနန္ဒာ ထိုအခါ ကိကီမည်သော ကာသိမင်းသည် အလွန်ကောင်းသည့် ယာဉ်တို့ကို ကစေ၍အလွန်ကောင်းသည့် ယာဉ်ကို တက်စီးပြီးလျှင် အလွန်ကောင်းသည့် ယာဉ်တို့ဖြင့် ပူဇော်အထူးကိုခံတော်မူ ထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသောကဿပမြတ်စွာဘုရားကို ဖူးမြင် ရန် ကြီးစွာသော မင်း၏ ကျက်သရေဖြင့် ဗာရာဏသီပြည်မှထွက်လေ၏၊ ယာဉ်ဖြင့် သွားနိုင်သမျှသော အရပ်ကို ယာဉ်ဖြင့်သွား၍ ယာဉ်မှသက်ပြီးသော့်ခြေကျင်သာလျှင် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ကဿပမြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ထိုင်နေ၏။ အာနန္ဒာ သင့်လျော်ရာ၌ ထိုင်နေသော ကိကီမည်သော ကာသိမင်း ကို ပူဇော်အထူးကိုခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသောကဿပမြတ်စွာဘုရားသည် တရားစကားဖြင့် (အကျိုးစီးပွားကို) သိမြင်စေတော်မူ၏၊ (တရားကို) ဆောက်တည်စေတော်မူ၏၊ (တရားကျင့်သုံးရန်) ထက်သန်စေတော်မူ၏၊ ရွှင်လန်းစေတော်မူ၏။
--
အာနန္ဒာ ထိုအခါ ကိကီမည်သော ကာသိမင်းသည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံ သောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရားက တရားစကားဖြင့် (အကျိုးစီးပွားကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေသည်ရှိသော် “အသျှင်ဘုရား မြတ်စွာဘုရားသည် ရဟန်းသံဃာနှင့်အတူ နက်ဖြန်အလို့ငှါ အကျွန်ုပ်၏ဆွမ်းကို လက်ခံတော်မူပါ”ဟု လျှောက်ထား၏။ အာနန္ဒာ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရားသည် ဆိတ်ဆိတ်နေခြင်းဖြင့်လက်ခံတော်မူ၏။ အာနန္ဒာ ထိုအခါ ကိကီမည်သော ကာသိမင်းသည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရား၏ လက်ခံတော်မူခြင်းကို သိ၍ နေရာမှထကာ ရှိခိုးလျက် အရိုအသေပြုပြီးလျှင် ဖဲခွါသွားလေ၏။ အာနန္ဒာ ထိုအခါ ကိကီမည်သော ကာသိမင်းသည် ထိုညဉ့်လွန်မြောက်ပြီးနောက် မိမိနန်းတော်၌ များသော ဟင်းလျာရှိသည့် မွန်မြတ်သော လက်ရွေးစင် ပဏ္ဍုပုဋကသလေးခဲဖွယ်ဘောဇဉ်ကို စီရင်စေပြီးလျှင် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရားအား “အသျှင်ဘုရား အချိန်တန်ပါပြီ၊ ဆွမ်းပြင်ပြီးပါပြီ”ဟု အချိန် (တန်ကြောင်း) ကို လျှောက်ထားစေ၏။
၂၈၈။ အာနန္ဒာ ထိုအခါ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် ရဟန်းသံဃာနှင့်အတူ ကိကီမည်သော ကာသိမင်း၏ နန်းတော်သို့ ချဉ်းကပ်ပြီးလျှင်ပြင်ထားသော နေရာ၌ ထိုင်နေတော်မူ၏။ အာနန္ဒာ ထိုအခါ ကိကီမည်သော ကာသိမင်းကြီးသည် ဘုရားအမှူးရှိသော ရဟန်းသံဃာကို မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲသည့်တိုင်အောင်တားမြစ်သည့်တိုင် အောင် မိမိကိုယ်တိုင် လုပ်ကျွေး၏။ အာနန္ဒာ ထိုအခါ ကိကီမည်သောကာသိမင်းသည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ကဿပမြတ်စွာဘုရား ဆွမ်းစားပြီး၍ သပိတ်မှ လက်ကို ဖယ်ပြီးသောအခါ နိမ့်သောထိုင်စရာတစ်ခုကို ယူ၍ သင့်လျော်သော နေရာ၌ ထိုင်နေ၏။ အာနန္ဒာ သင့်လျော်သော နေရာ၌ထိုင်နေပြီးသော ကိကီမည်သော ကာသိမင်းသည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကဿပ မြတ်စွာဘုရားကို “မြတ်စွာဘုရားမြတ်စွာဘုရားသည် ဗာရာဏသီပြည်၌ ဝါဆိုခြင်းကို လက်ခံတော်မူပါ၊ သံဃာတော်အား အကျွန်ုပ်၏ဤသို့သဘောရှိသော လုပ်ကျွေးမှုသည် ဖြစ်ပါလိမ့်မည်”ဟု လျှောက်ထား ၏။ မင်းကြီး မသင့်ချေ၊ ငါသည် ဝါဆိုခြင်းကို ဝန်ခံပြီး ဖြစ်၏ဟု (မိန့်တော်မူ၏)။ အာနန္ဒာ နှစ်ကြိမ် မြောက်လည်း။ပ။ အာနန္ဒာသုံးကြိမ်မြောက်လည်း ကိကီမည်သော ကာသိမင်းသည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရား ကို “မြတ်စွာဘုရားမြတ်စွာဘုရားသည် ဗာရာဏသီပြည်၌ ဝါဆိုခြင်းကို လက်ခံတော်မူပါ၊ သံဃာတော် အား အကျွန်ုပ်၏ဤသို့သဘောရှိသော လုပ်ကျွေးမှုသည် ဖြစ်ပါလိမ့်မည်”ဟု လျှောက်ထား၏။ မင်းကြီး မသင့်ချေ၊ ငါသည် ဝါဆိုခြင်းကို ဝန်ခံပြီး ဖြစ်၏ဟု (မိန့်တော်မူ၏)။
အာနန္ဒာ ထိုအခါ ကိကီမည်သော ကာသိမင်းအား ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရားသည် ဗာရာဏသီပြည်၌ဝါဆိုခြင်းကို လက်မခံဟု စိတ်တစ်မျိုးဖြစ်ခြင်း နှလုံးမသာခြင်းသည် ဖြစ်သည်သာတည်း။ အာနန္ဒာထိုအခါ ကိကီမည်သော ကာသိမင်းသည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရားကို “အသျှင်ဘုရား အကျွန်ုပ်အပြင် သာလွန်ထူးမြတ်သည့် အလုပ်အကျွေးတစ်စုံတစ်ယောက် ရှိပါသေးသလော”ဟု လျှောက်၏။
--
မင်းကြီး ဝေဂဠိင်္ဂမည်သော ရွာနိဂုံး၌ ဃဋိကာရမည်သော အိုးထိန်းသည်သည် ငါ၏ အလုပ်အကျွေးပေတည်း၊ မြတ်သော အလုပ်အကျွေးပေတည်း။ မင်းကြီး သင်မင်းကြီးအား ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရားသည်ဗာရာဏသီပြည်၌ ဝါကပ်ခြင်းကို လက်ခံတော်မမူဟု စိတ်တစ်မျိုးဖြစ်ခြင်း နှလုံးမသာခြင်းသည် ရှိသည်သာတည်း။ ထိုသဘောမျိုးသည် ဃဋိကာရအိုးထိန်းသည်အား မရှိသည်သာတည်း၊ ရှိလိမ့်မည်လည်း မဟုတ်သည်သာတည်း။ မင်းကြီး ဃဋိကာရ အိုးထိန်းသည်သည်ကား မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်၏၊ တရားတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်၏၊ သံဃာတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်၏။ မင်းကြီး ဃဋိကာရအိုးထိန်းသည်သည်ကား အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှရှောင်ကြဉ်၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ ယစ်မူးမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော အရက်သောက်စားခြင်းမှ ရှောင်ကြဉ်၏။ မင်းကြီးဃဋိကာရအိုးထိန်းသည်သည် မြတ်စွာဘုရား၌ မတုန်မလှုပ် သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံ၏၊ တရားတော်၌ မတုန်မလှုပ် သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံ၏၊ သံဃာတော်၌ မတုန်မလှုပ် သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံ၏၊ အရိယာတို့ နှစ်သက်အပ်သော သီလတို့နှင့် ပြည့်စုံ၏။
မင်းကြီး ဃဋိကာရအိုးထိန်းသည်သည် ‘ဒုက္ခ သစ္စာ’ ၌ ယုံမှားကင်း၏၊ ဒုက္ခ၏အကြောင်း ‘သမုဒယသစ္စာ’ ၌ ယုံမှားကင်း၏၊ ဒုက္ခ၏ချုပ်ရာ ‘နိရောဓသစ္စာ’ ၌ ယုံမှားကင်း၏၊ ဒုက္ခ၏ချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်းအကျင့် ‘မဂ္ဂသစ္စာ’ ၌ ယုံမှားကင်း၏၊ မင်းကြီး ဃဋိကာရအိုးထိန်းသည်သည် တစ်ထပ်တည်းသာ စား၏၊ မြတ်သော အကျင့်ကို ကျင့်လေ့ရှိ၏၊ သီလရှိ၏၊ ကောင်းသောသဘော ရှိ၏၊ မင်းကြီး ဃဋိကာရအိုးထိန်းသည်သည် ပတ္တမြား ရွှေ ငွေကို စွန့်ပယ်ထား၏၊ ရွှေ ငွေမှ ကင်း၏၊ မင်းကြီး ဃဋိကာရအိုးထိန်းသည်သည် ကျည်ပွေ့ကို ချထားပြီးဖြစ်၏၊ မိမိလက်ဖြင့် မြေကိုလည်းမတူးဖြို၊ ကမ်းပြိုသောမြေ ကြွက်ကျစ်စာမြေကို ထမ်းပိုးဖြင့် ဆောင်ယူ၍ အိုးခွက် ပြုလုပ်ပြီးလျှင်"ဤနေရာ၌ အိုးခွက်ကို အလိုရှိသူသည် ဆန်အိတ်တို့ကိုဖြစ်စေ၊ ပဲနောက်အိတ်တို့ကိုဖြစ်စေ၊ ကုလားပဲအိတ်တို့ကိုဖြစ်စေ ချထားခဲ့၍ အလိုရှိရာ အိုးခွက်ကို ဆောင်ယူစေသတည်း”ဟု ဆို၏။ မင်းကြီးဃဋိကာရ အိုးထိန်းသည် သည် မျက်မမြင် မိဘအိုတို့ကို လုပ်ကျွေး၏။ မင်းကြီးဃဋိကာရအိုးထိန်းသည်သည် အောက်ပိုင်း သံယောဇဉ်ငါးမျိုးတို့၏ ကုန်ခြင်းကြောင့်ဥပပါတ်ပဋိသန္ဓေနေခြင်း ရှိ၏။ ထိုဗြဟ္မာ့ဘုံ၌ ပရိနိဗ္ဗာန် ပြုလိမ့် မည်၊ ထိုဗြဟ္မာ့ဘုံမှပြန်လည်ခြင်းသဘော မရှိတော့ချေ။
၂၈၉။ မင်းကြီး အခါတစ်ပါး၌ ငါသည် ဝေဂဠိင်္ဂမည်သော ရွာနိဂုံး၌ နေ၏၊ မင်းကြီး ထိုအခါ ငါသည်နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် ဃဋိကာရအိုးထိန်းသည်၏မိဘတို့ထံသို့ ချဉ်းကပ်၍ ဃဋိကာရအိုးထိန်းသည်၏ မိဘတို့ကို “ဘဂ္ဂဝအနွယ်ဖြစ်သော ဤဃဋိကာရသည် ယခု အဘယ်သို့ သွားလေသနည်း”ဟု ဆိုဖူးပြီ။ အသျှင်ဘုရား အသျှင်ဘုရား၏ အလုပ်အကျွေးဖြစ်သော ဃဋိကာရသည် (တောသို့) ထွက်သွားပါ၏၊ အတွင်းရှိ ထမင်းအိုးမှ ထမင်းကို ခူးယူ၍ ဟင်းအိုးမှ ဟင်းကို ခပ်ယူသုံးဆောင်တော်မူပါလော့ဟု (လျှောက်၏)။ မင်းကြီး ထိုအခါ ငါသည် (ထမင်း) အိုးမှ့ထမင်းကို ခူးယူ၍ ဟင်းအိုးမှ ဟင်းကို ခပ်ယူသုံးဆောင်ပြီးလျှင် နေရာမှ ထကာ ဖဲခွါသွားခဲ့ဖူးပြီ။ မင်းကြီး ထို့နောက် ဃဋိကာရအိုးထိန်းသည်သည် အမိအဖတို့ထံ ချဉ်းကပ်၍ အမိအဖတို့ကို"အဘယ်သူသည် ထမင်းအိုးမှ ထမင်းကို ခူးယူ၍ ဟင်းအိုးမှ ဟင်းကို ခပ်ယူသုံးဆောင်ပြီးလျှင် နေရာမှထကာ ဖဲခွါလေသနည်း”ဟု မေး၏။ ချစ်သား ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရားသည် ထမင်းအိုးမှထမင်းကို ခူးယူ၍ ဟင်းအိုးမှ ဟင်းကို ခပ်ယူသုံးဆောင်ပြီးလျှင် နေရာမှ ထကာ ဖဲခွါသွား၏ဟု (ပြောဆိုကြကုန်၏)။ မင်းကြီး ထိုအခါ ဃဋိကာရအိုးထိန်းသည်အား “အရတော်လေစွတကား၊ ငါသည်ကောင်းစွာ ရအပ်ပေစွတကား၊ ပူဇော် အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ကဿပ မြတ်စွာဘုရားသည် ငါ့အား ဤသို့အလွန်အကျွမ်းဝင်တော်မူပေ၏”ဟု အကြံဖြစ်၏။ မင်းကြီး ထိုအခါ ဃဋိကာရအိုး ထိန်းသည်အားတစ်ဆယ့်ငါးရက်ပတ်လုံး အမိအဖတို့အား ခုနစ်ရက်ပတ်လုံး ပီတိသုခ ဖြစ်လေသတည်း။
--
၂၉၀။ မင်းကြီး အခါတစ်ပါး ငါသည် ထိုဝေဂဠိင်္ဂမည်သော ရွာနိဂုံး၌ပင်လျှင် နေ၏၊ မင်းကြီး ထိုအခါငါသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် ဃဋိကာရအိုးထိန်း သည်၏အမိအဖတို့ထံသို့ ချဉ်းကပ်၍ ဃဋိကာရအိုးထိန်းသည်၏ အမိအဖတို့ကို “ဘဂ္ဂဝအနွယ်ဖြစ်သောဤဃဋိကာရသည် ယခု အဘယ်သို့ သွားလေသနည်း”ဟု ဆိုဖူး၏။ အသျှင်ဘုရား အသျှင်ဘုရား၏အလုပ်အကျွေး ဃဋိကာရသည် (တောသို့) ထွက်သွားပါ၏၊ အတွင်းရှိခြင်းတောင်းမှ မုယောမုန့်တို့ကိုယူ၍ ဟင်းအိုးမှ ဟင်းကို ခပ်ယူသုံး ဆောင်တော်မူပါလော့ဟု (လျှောက်၏)။ မင်းကြီး ထိုအခါ ငါသည်ခြင်းတောင်းမှ မုယောမုန့်တို့ကို ယူ၍ ဟင်းအိုးမှ ဟင်းကို ခပ်ယူသုံးဆောင်ပြီးလျှင် နေရာမှ ထ၍ဖဲခဲ့ဖူး၏။ မင်းကြီး ထိုအခါ ဃဋိကာရအိုးထိန်းသည်သည် မိဘတို့ထံ ချဉ်းကပ်၍ မိဘတို့ကို “အဘယ်သူသည် ခြင်းတောင်းမှ မုယောမုန့်ကို ယူ၍ ဟင်းအိုးမှ ဟင်းကို ခပ်ယူသုံးဆောင်ပြီးလျှင် နေရာမှ ထကာဖဲခွါလေသနည်း”ဟု မေး၏။ ချစ်သား ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရားသည် ခြင်းတောင်းမှ မုယောမုန့်တို့ကို ယူ၍ဟင်းအိုးမှ ဟင်းကို ခပ်ယူသုံးဆောင်ပြီးလျှင် နေရာမှ ထကာ ဖဲခွါသွား၏ဟု (ပြောဆို ကြကုန်၏)။ မင်းကြီး ထိုအခါ ဃဋိကာရအိုးထိန်းသည်အား “ငါ့အား အရတော်လေစွတကား၊ ငါသည် ကောင်းစွာရအပ်ပေသည်တကား၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော်မူသော ကဿပမြတ်စွာဘုရားသည် ငါ့အား ဤသို့ အလွန်အကျွမ်းဝင်တော်မူ၏”ဟုအကြံဖြစ်၏။ မင်းကြီး ထိုအခါ ဃဋိကာရအိုးထိန်းသည်အား တစ်ဆယ့်ငါးရက်ပတ်လုံး အမိအဖတို့အားခုနစ်ရက်ပတ် လုံး ပီတိသုခဖြစ်လေသတည်း။
၂၉၁။ မင်းကြီး အခါတစ်ပါး၌ ငါသည် ထိုဝေဂဠိင်္ဂမည်သော ရွာနိဂုံး၌သာလျှင် နေ၏၊ ထိုအခါ ငါ၏နေရာ ဂန္ဓကုဋိသည် မိုးမလုံချေ၊ မင်းကြီး ထိုအခါ ငါသည် ရဟန်းတို့ကို “ရဟန်းတို့ သွားကြကုန်၊ ဃဋိကာရ အိုထိန်းသည်၏ အိမ်၌ မြက်သက်ငယ် (ရှိ, မရှိ) ကို သိကြကုန်လော့”ဟု မိန့်ခဲ့ဖူး၏။ မင်းကြီး ဤသို့ မိန့်သည်ရှိသော် ရဟန်းတို့သည် ငါ့ကို “အသျှင်ဘုရား ဃဋိကာရအိုးထိန်းသည်၏ အိမ်၌မြက်သက်ငယ် မရှိပါ၊ သို့ရာတွင် ထိုအိုးထိန်းသည်၏ အလုပ်တဲ၁၌ မိုး၍ထားသော မြက်သက်ငယ် ရှိပါ၏”ဟု လျှောက်ထားကြကုန်ပြီ။ ရဟန်းတို့ သွားကြကုန်၊ ဃဋိကာရအိုးထိန်းသည်၏ အလုပ်တဲကို အမိုးခွါ၍ ယူခဲ့ကြကုန်လော့ဟု (မိန့်ဆိုပြီ)။ မင်းကြီး ထိုအခါ ရဟန်းတို့သည် ဃဋိကာရအိုးထိန်းသည်၏ အလုပ်တဲကို အမိုးခွါကြကုန်၏။ မင်းကြီး ထိုအခါ ဃဋိကာရအိုးထိန်းသည်၏ အမိအဖတို့သည် ထိုရဟန်းတို့ကို “အဘယ်သူတို့သည် အလုပ်တဲကို အမိုးခွါကြကုန်သနည်း”ဟု မေးမြန်းကြကုန်၏။ အစ်မကြီးရဟန်းတို့ပေတည်း၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ကဿပမြတ်စွာဘုရား၏ ဂန္ဓကုဋိသည် မိုးမလုံပါဟု (ပြောဆိုကြကုန်၏)။ အသျှင်ဘုရားတို့ ဆောင်ယူတော်မူကြပါကုန်လော့၊ မျက်နှာလှသော အသျှင်မြတ်တို့ ဆောင်ယူတော်မူကြပါကုန်လော့ဟု (လျှောက်ကြကုန်၏)။
မင်းကြီး ထိုအခါ ဃဋိကာရအိုးထိန်းသည်သည် အမိအဖတို့ထံ ချဉ်းကပ်၍ အမိအဖတို့ကို"အဘယ်သူတို့သည် အလုပ်တဲကို အမိုးခွါကြကုန်ဘိသနည်း”ဟု မေးမြန်း၏။ ချစ်သား ရဟန်းတို့ပါတည်း၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရား၏ ဂန္ဓကုဋိသည် မိုးမလုံသတတ်ဟု (ပြောဆိုကြကုန်၏)။ မင်းကြီး ထိုအခါဃဋိကာရအိုးထိန်းသည်အား “ငါ့အား အရတော်လေစွတကား၊ ငါသည် ကောင်းစွာရအပ်ပေသည်တကား၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ကဿပမြတ်စွာဘုရားသည် ငါ့အား ဤသို့ အလွန်အကျွမ်း ဝင်တော်မူဘိ၏”ဟုအကြံဖြစ်၏။ မင်းကြီး ထိုအခါ ဃဋိကာရအိုးထိန်းသည်အား တစ်ဆယ့်ငါးရက်ပတ်လုံး အမိအဖတို့အားခုနစ်ရက်ပတ်လုံး ပီတိ သုခဖြစ်လေသတည်း။ မင်းကြီး ထိုအခါ အလုပ်တဲတစ်ခုလုံးသည်ဝါတွင်းသုံးလပတ်လုံး ကောင်းကင်လျှင် အမိုးရှိသည်ဖြစ်၍ တည်၏၊ မိုးမစိုချေ။ မင်းကြီးဃဋိကာရအိုးထိန်းသည်သည် ဤသို့သောသဘောရှိ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားဃဋိကာရအိုးထိန်းသည်အား အရတော်လေစွတကား၊ အသျှင်ဘုရား ဃဋိကာရအိုးထိန်းသည်သည် ကောင်းစွာ ရအပ်ပေသည်တကား၊ မြတ်စွာဘုရားသည် ဤသို့ အလွန် အကျွမ်းဝင်တော်မူဘိ၏ဟု (လျှောက်၏)။
--
၂၉၂။ အာနန္ဒာ ထိုအခါ ကိကီမည်သော ကာသိမင်းသည် ဃဋိကာရအိုးထိန်းသည်ထံသို့ ပဏ္ဍုပုဋက၂ သလေးဆန် လှည်းပေါင်းငါးရာနှင့် ထိုအားလျောက်ပတ်သော ဟင်းချက်စရာတို့ကို ပို့စေ၏။ အာနန္ဒာထိုအခါ မင်းချင်းယောက်ျားတို့သည် ထိုဃဋိကာရ အိုးထိန်းသည်ထံသို့ ချဉ်းကပ်၍ “အသျှင် ဃဋိကာရပဏ္ဍုပုဋက သလေးဆန် လှည်းပေါင်းငါးရာနှင့် ထိုအားလျောက်ပတ်သော ဟင်းချက်စရာတို့ကို ကိကီမည်သော ကာသိမင်းက ပို့စေပါ၏၊ အသျှင်ဃဋိကာရသည် ထိုပစ္စည်းတို့ကို ခံယူပါလော့”ဟုပြောဆိုကြကုန်၏။ မင်းသည် များသော ကိစ္စရှိ၏၊ များသော ပြုဖွယ် ရှိ၏၊ ငါ့အား တန်ပြီ (တော်ပြီ)။ မင်းအားသာလျှင် ဖြစ်ပါစေလော့ဟု (ပယ်မြစ်၏)။ အာနန္ဒာ သင့်အား “ထိုအခါ ဇောတိပါလလုလင်သည်အခြားသောသူ ဖြစ်လေသလော”ဟု ဤသို့သော အကြံသည် ဖြစ်ရာသည် မဟုတ်လော၊ အာနန္ဒာဤအရာကို ဤသို့ မမှတ်သင့်ပေ၊ ငါသည် ထိုအခါ ဇောတိပါလလုလင် ဖြစ်ခဲ့လေပြီဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏။ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ တရားတော်ကိုဝမ်းမြောက်စွာ လက်ခံလေသတည်း။
ရှေးဦးစွာသော ဃဋိကာရသုတ် ပြီး၏။
၁။ အာဝေသနံ သိပ္ပသာလာ အဘိဓာန်။
၂။ အစည်း စည်း၍ နေလှန်းထားသဖြင့် ဖြော့တော့သော အဆင်းရှိသော။
--
၂-ရဋ္ဌပါလသုတ်
၂၉၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ ကုရုတိုင်း၌ ဒေသစာရီလှည့်လည်တော်မူလတ်သော် ထုလ္လကောဋ္ဌိကနိဂုံးသို့ ရောက်တော်မူ၏။ ထုလ္လကောဋ္ဌိကရွာသား ပုဏ္ဏားနှင့်အမျိုးသားတို့သည် ဤသို့ ကြားသိကြကုန်၏- “အချင်းတို့ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသည့်သာကီဝင်မင်းသား ရဟန်းဂေါတမသည် ကုရုတိုင်းသို့ ဒေသစာရီ လှည့်လည်တော်မူရာ များစွာသောရဟန်းသံဃာနှင့်အတူ ထုလ္လကောဋ္ဌိက ရွာသို့ ရောက်တော်မူ၏။ ထိုအသျှင်ဂေါတမ၏ ကောင်းသောကျော်စောသံသည် ဤသို့ ပျံ့နှံ့၍ ထွက်၏- ‘ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’ မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော် မူသော အကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့်'စရဏ'နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’ မည်တော်မူ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း ‘သုဂတ’ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း ‘လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သူကိုဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ’မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူ၏၊ (သစ္စာလေးပါး တရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော် မူသော အကြောင်း ကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူ၏’ဟု (ပျံ့နှံ့၍ ထွက်၏)။
ထိုမြတ်စွာဘုရားသည် နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများလူများနှင့်တကွသော လူ့လောကကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားတော်မူ၏။ ထိုမြတ်စွာဘုရားသည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသောအနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံပြည့်စုံသော စင်ကြယ်သောမြတ်သောအကျင့်ကို ပြတော်မူ၏၊ ထိုသို့သဘောရှိသော ရဟန္တာ (ပုဂ္ဂိုလ်) တို့ကို ဖူးမြော်ရခြင်းသည်ကောင်းသည်သာတည်း”ဟု (ကြားသိကြကုန်၏)။
ထိုအခါ ထုလ္လကောဋ္ဌိကရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍အချို့တို့သည် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေကုန်၏၊ အချို့တို့သည် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကိုပြောဆိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်ကုန်၏။ အချို့တို့သည် မြတ်စွာဘုရားရှိရာသို့ လက်အုပ်ချီလျက် တစ်ခုသော နေရာ၌ ထိုင်ကုန်၏၊ အချို့တို့သည် အမည်အနွယ်ကို ပြောကြားလျက် တစ်ခုသောနေရာ၌ ထိုင်ကုန်၏၊ အချို့ တို့သည် တိတ်ဆိတ်စွာ တစ်ခုသော နေရာ၌ ထိုင်ကုန်၏။ မြတ်စွာဘုရားသည် တစ်ခုသော နေရာ၌ ထိုင်ကုန်သော ထုလ္လကောဋ္ဌိကရွာသား ပုဏ္ဏားနှင့်အမျိုးသားတို့အား တရားစကား ဖြင့် (အကျိုးစီးပွားကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် စေ ရွှင်လန်းစေတော်မူ၏။
--
၂၉၄။ ထိုအခါ ထိုထုလ္လကောဋ္ဌိကနိဂုံး၌ပင်လျှင် မြတ်သော အမျိုး၏ သားဖြစ်သော ရဋ္ဌပါလမည်သောအမျိုးကောင်းသားသည် ပရိသတ်၌ ထိုင်နေ၏၊ ထိုအခါ ရဋ္ဌပါလအမျိုးကောင်းသားအား-"ငါသည်မြတ်စွာဘုရား ဟောတော်မူသည့် တရားတော်ကို ထိုက်သည့်အားလျော်စွာ သိရ၏၊ ထိုသို့သိရသည့်အတိုင်း လူ့ဘောင်၌ နေသူသည် စင်စစ် ပြည့်စုံစင်ကြယ်၍ ခရုသင်းပွတ်သစ်နှင့်တူသော ဤမြတ်သောအကျင့်ကို ကျင့်ရန် မလွယ်ကူချေ၊ ငါသည် ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်တို့ကိုဝတ်ရုံ၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရမူ ကောင်းလေစွ”ဟု အကြံဖြစ်၏။ ထိုအခါထုလ္လကောဋ္ဌိကရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့သည် မြတ်စွာဘုရားက တရားစကားဖြင့် (အကျိုးစီးပွားကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်စေရွှင်လန်းစေပြီးသော် မြတ်စွာဘုရား၏ တရားတော်ကို နှစ်သက်ဝမ်းမြောက်၍ နေရာမှထကာ မြတ်စွာဘုရားကို့ရှိခိုးပြီးလျှင် အရိုအသေပြုလျက် ဖဲခွါသွားကြကုန်၏။
ထို့နောက် ရဋ္ဌပါလအမျိုးကောင်းသားသည် ထုလ္လကောဋ္ဌိကရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့ ထသွား၍မကြာမီ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ရှိခိုး၍ တစ်ခုသော နေရာ၌ထိုင်ကာ မြတ်စွာဘုရားအား- “အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားဟောတော်မူသည့် တရားတော်ကို ထိုက်သည့်အားလျော်စွာ သိပါ၏၊ ထိုသို့ သိရသည့်အတိုင်း လူ့ဘောင်၌ နေသူသည် စင်စစ် ပြည့်စုံစင်ကြယ်၍ခရုသင်းပွတ်သစ်နှင့်တူသော ဤမြတ်သောအကျင့်ကို ကျင့်ရန် မလွယ်ကူပါ၊ အသျှင်ဘုရား အကျွန်ုပ်သည်ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်လိုပါသည်၊ မြတ်စွာဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားထံ၌ ရှင်ရဟန်းအဖြစ်ကို ရလိုပါ၏၊ မြတ်စွာဘုရားသည် အကျွန်ုပ်ကို ရဟန်းပြုတော်မူပါလော့”ဟု လျှောက်၏။ ရဋ္ဌပါလ သင့်ကို အမိအဖတို့က လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် ခွင့်ပြုပြီးဖြစ်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရားအကျွန်ုပ်ကို အမိအဖတို့က လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် ခွင့်မပြုသေးပါဟု (လျှောက်၏)။ ရဋ္ဌပါလ မြတ်စွာဘုရားတို့သည် အမိအဖတို့က ခွင့်မပြုသောသားကိုရဟန်းပြုပေးတော်မမူကုန်ဟု (မိန့် တော်မူ၏)။ အသျှင်ဘုရား ထိုအကျွန်ုပ်တို့သည် လူ့ဘောင်မှရဟန်းဘောင်သို့ ဝင်ရောက်ရန် မိဘတို့က ခွင့်ပေးအောင် ပြုပါမည်ဟု (လျှောက်၏)။
၂၉၅။ ထို့နောက် ရဋ္ဌပါလအမျိုးကောင်းသားသည် နေရာမှ ထကာ မြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေပြုပြီးလျှင် မိဘတို့ထံသို့ ချဉ်းကပ်ပြီးသော် မိဘတို့အား- “မိခင်ဖခင်တို့ အကျွန်ုပ်သည်မြတ်စွာဘုရားဟောတော်မူသည့် တရားတော်ကို ထိုက်သည့်အားလျော်စွာ သိရပါ၏၊ ထိုသို့ သိရသည့်အတိုင်း လူ့ဘောင်၌ နေသူသည် စင်စစ် ပြည့်စုံစင်ကြယ်၍ ခရုသင်းပွတ်သစ်နှင့် တူသော ဤမြတ်သောအကျင့်ကို ကျင့်ရန် မလွယ်ကူပါ၊ အကျွန်ုပ်သည် ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်လိုပါသည်၊ အကျွန်ုပ်ကို လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် ခွင့်ပြုကြပါကုန်”ဟု ပြောဆို၏။
ဤသို့ ပြောသော် ရဋ္ဌပါလအမျိုးကောင်းသား၏ မိဘတို့သည် ရဋ္ဌပါလအမျိုးကောင်းသားအား “ချစ်သား ရဋ္ဌပါလ သင်သည် ငါတို့၏ တစ်ဦးတည်းသော သားဖြစ်၍ ချစ်ခင်အပ်သူ နှစ်သက်အပ်သူချမ်းသာစွာ ကြီးပြင်းလာသူ ချမ်းသာစွာ မွေးမြူလာရသူ ဖြစ်ပေ၏၊ ချစ်သားရဋ္ဌပါလ သင်သည် မည်သည့် ဆင်းရဲကိုမျှ မသိ၊ သင်သေသော်မှလည်း ငါတို့သည် အလိုမရှိကုန်ဘဲ သင်နှင့် ခွဲခွါကြရကုန်အံ့၊ အသက်ရှင်နေသော သင့်ကိုကား ဤလူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် အဘယ်မှာ ငါတို့ ခွင့်ပြုနိုင်ပါကုန်အံ့နည်း”ဟု ပြောဆိုကြကုန်၏။ နှစ်ကြိမ်မြောက်လည်း ရဋ္ဌပါလအမျိုးကောင်းသားသည်။ပ။ သုံးကြိမ်မြောက်လည်း ရဋ္ဌပါလအမျိုးကောင်းသားသည် မိဘတို့အား- “မိခင်ဖခင်တို့ အကျွန်ုပ်သည်မြတ်စွာဘုရားဟောတော်မူသည့် တရားတော်ကို ထိုက်သည့်အားလျော်စွာ သိပါ၏၊ (ထိုသို့သိရသည့်အတိုင်း) လူ့ဘောင်၌ နေသူသည် စင်စစ်ပြည့်စုံ စင်ကြယ်၍ ခရုသင်းပွတ်သစ်နှင့်တူသော ဤမြတ်သောအကျင့်ကို ကျင့်ရန် မလွယ်ကူပါ၊ အကျွန်ုပ်သည် ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်လိုပါသည်၊ အကျွန်ုပ်ကို လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် ခွင့်ပြုကြပါကုန်”ဟု ပြောဆို၏။ သုံးကြိမ်မြောက်လည်း ရဋ္ဌပါလအမျိုးကောင်းသား၏ မိဘတို့သည် ရဋ္ဌပါလအမျိုးကောင်းသားအား- “ချစ်သားရဋ္ဌပါလ သင်သည် ငါတို့၏ တစ်ဦးတည်းသော သားဖြစ်၏၊ ချစ်ခင်အပ်သူ နှစ်သက်အပ်သူ ချမ်းသာစွာ ကြီးပြင်းလာသူ ချမ်းသာစွာ မွေးမြူလာရသူ ဖြစ်ပေ၏၊ ချစ်သားရဋ္ဌပါလ သင်သည် မည်သည့် ဆင်းရဲကိုမျှ မသိ၊ ငါတို့သည် သင်သေသော်မှလည်း အလိုမရှိကုန်ဘဲ သင်နှင့် ခွဲခွါကြရကုန်အံ့၊ အသက်ရှင်နေသော သင့်ကိုကား ငါတို့သည် ဤလူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် အဘယ်မှာလျှင် ခွင့်ပြုနိုင်ပါကုန်အံ့နည်း”ဟု ပြောဆိုကြ့ကုန်၏။
--
၂၉၆။ ထို့နောက် ရဋ္ဌပါလအမျိုးကောင်းသားသည် “ငါ့ကို မိဘတို့က လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်ရန် ခွင့်မပြုကုန်”ဟု သိ၍ အခင်းမရှိသော မြေပေါ်၌ “ဤနေရာ၌သာလျှင် ငါ့အားသေခြင်းသော်လည်းကောင်း၊ ရဟန်းအဖြစ်သော်လည်းကောင်း ဖြစ်လိမ့်မည်”ဟု (ဆို၍) ထိုအရပ်၌ပင်အိပ်၏။ ထို့နောက် ရဋ္ဌပါလအမျိုး ကောင်းသားသည် ထမင်းတစ်နပ်ကိုလည်း မစား၊ ထမင်းနှစ်နပ်တို့ကိုလည်း မစား၊ ထမင်းသုံးနပ်တို့ကိုလည်း မစား၊ ထမင်းလေးနပ်တို့ကိုလည်း မစား၊ ထမင်းငါးနပ်တို့ကိုလည်း မစား၊ ထမင်းခြောက်နပ်တို့ကိုလည်း မစား၊ ထမင်းခုနစ်နပ်တို့ကိုလည်း မစား။ ထိုအခါရဋ္ဌပါလ အမျိုးကောင်းသား၏ မိဘတို့သည် ရဋ္ဌပါလအမျိုးကောင်းသားအား- “ချစ်သားရဋ္ဌပါလ သင်သည်ငါတို့၏ တစ်ဦးတည်းသော သားဖြစ်၍ ချစ်ခင်အပ်သူ နှစ်သက်အပ်သူ ချမ်းသာစွာ ကြီးပြင်းလာသူချမ်းသာစွာ မွေးမြူလာရသူ ဖြစ်ပေ၏၊ ချစ်သားရဋ္ဌပါလ သင်သည် မည်သည့် ဆင်းရဲကိုမျှ မသိ၊ ငါတို့သည် သင်သေသော်မှလည်း အလိုမရှိကုန်ဘဲ သင်နှင့် ခွဲခွါကြရကုန်အံ့၊ အသက်ရှင်နေသော သင့်ကိုကား ငါတို့သည် ဤလူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် အဘယ်မှာ ခွင့်ပြုနိုင်ပါကုန်အံ့နည်း၊ ချစ်သားရဋ္ဌပါလ ထလော့၊ စားလည်း စားလော့၊ သောက်လည်း သောက်လော့၊ ပျော်လည်း ပျော်ပါးလော့၊ စားသောက်ပျော်ပါးကာ ကာမဂုဏ်များကို ခံစား၍ ကောင်းမှုများကို ပြုလျက် မွေ့လျော်လော့၊ သင့်ကို လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် ငါတို့ ခွင့်မပြုနိုင်ကုန်”ဟု ပြောဆိုကြကုန်၏။
ဤသို့ ပြောကြကုန်သော် ရဋ္ဌပါလအမျိုးကောင်းသားသည် ဆိတ်ဆိတ်နေ၏။ နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း ရဋ္ဌပါလအမျိုးကောင်းသား၏ အမိအဖတို့သည် ရဋ္ဌပါလအမျိုးကောင်းသားအား-"ချစ်သား ရဋ္ဌပါလ သင်သည် ငါတို့၏ တစ်ဦးတည်းသော သားဖြစ်၍ ချစ်ခင်အပ်သူနှစ်သက်အပ်သူ ချမ်းသာစွာ ကြီးပြင်းလာသူ ချမ်းသာစွာ မွေးမြူလာရသူ ဖြစ်ပေ၏၊ ချစ်သားရဋ္ဌပါလသင်သည် မည်သည့်ဆင်းရဲကိုမျှ မသိ၊ သင်သေသော်မှလည်း ငါတို့သည် အလိုမရှိကုန်ဘဲ သင်နှင့် ခွဲခွါကြရကုန်အံ့၊ အသက်ရှင်နေသော သင့်ကိုကား လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် အဘယ်မှာ ခွင့်ပြုနိုင်ပါကုန်အံ့နည်း၊ ချစ်သားရဋ္ဌပါလ ထလော့၊ စားလည်း စားလော့၊ သောက်လည်း သောက်လော့၊ ပျော်လည်း ပျော်ပါးလော့၊ စားသောက်ပျော်ပါးကာ ကာမဂုဏ်များကို ခံစား၍ ကောင်းမှုများကိုပြုလျက် မွေ့လျော်လော့၊ သင့်ကို လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် ငါတို့ ခွင့်မပြုနိုင်ကုန်”ဟု ပြောဆိုကြကုန်၏။ သုံးကြိမ်မြောက်လည်း ရဋ္ဌပါလအမျိုးကောင်းသားသည် ဆိတ်ဆိတ်နေ၏။
၂၉၇။ ထို့နောက် ရဋ္ဌပါလအမျိုးကောင်းသား၏ သူငယ်ချင်းတို့သည် ရဋ္ဌပါလ အမျိုးကောင်းသားထံချဉ်းကပ်ပြီးသော် ရဋ္ဌပါလအမျိုးကောင်းသားအား “အဆွေရဋ္ဌပါလ သင်သည် မိဘတို့၏ တစ်ဦးတည်းသောသား ဖြစ်၍ ချစ်ခင်အပ်သူ နှစ်သက်အပ်သူ ချမ်းသာစွာ ကြီးပြင်းလာသူ ချမ်းသာစွာ မွေးမြူလာရသူဖြစ်ပေ၏၊ အဆွေရဋ္ဌပါလ သင်သည် မည်သည့်ဆင်းရဲကိုမျှ မသိ၊ သင်၏ မိဘတို့သည် သင်သေသော်မှလည်း (မိဘတို့) အလိုမရှိကုန်ဘဲ သင်နှင့် ခွဲခွါကြရပေလိမ့်မည်၊ အသက်ရှင်နေသော သင့်ကိုကားလူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် အဘယ်မှာ ခွင့်ပြုနိုင်ပါကုန်အံ့နည်း၊ အဆွေရဋ္ဌပါလထလော့၊ စားလည်း စားလော့၊ သောက်လည်း သောက်လော့၊ ပျော်လည်း ပျော်ပါးလော့၊ စားသောက်ပျော်ပါးကာ ကာမဂုဏ်များကို ခံစား၍ ကောင်းမှုများကိုပြုလျက် မွေ့လျော်လော့၊ သင့်ကို လူ့ဘောင်မှရဟန်းဘောင်သို့ ဝင်ရောက်ရန်ကား မိဘတို့ ခွင့်ပြုနိုင်လိမ့်မည် မဟုတ်ကုန်၊ သင်၏ မိဘတို့သည်သင်သေသော်မှလည်း အလိုမရှိကုန်ဘဲ သင်နှင့် ခွဲခွါကြရပေမည်၊ အသက်ရှင်နေသော သင့်ကိုကားလူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် အဘယ်မှာ ခွင့်ပြုနိုင်ကုန်အံ့နည်း”ဟု ပြောဆိုကြကုန်၏။
--
ဤသို့ ပြောကုန်သော် ရဋ္ဌပါလ အမျိုးကောင်းသားသည် ဆိတ်ဆိတ်နေ၏။ နှစ်ကြိမ်မြောက် လည်း။ပ။ သုံးကြိမ်မြောက်လည်း ရဋ္ဌပါလအမျိုးကောင်းသား၏ သူငယ်ချင်းတို့သည် ရဋ္ဌပါလအမျိုး့ကောင်းသားအား-"အဆွေရဋ္ဌပါလ သင်သည် မိဘတို့၏ တစ်ဦးတည်းသော သားဖြစ်၍ ချစ်ခင်အပ်သူနှစ်သက်အပ်သူ ချမ်းသာစွာ ကြီးပြင်းလာသူ ချမ်းသာစွာ မွေးမြူလာရသူ ဖြစ်ပေ၏၊ အဆွေရဋ္ဌပါလသင်သည် မည်သည့်ဆင်းရဲကိုမျှ မသိ၊ သင်၏ မိဘတို့သည် သင်သေသော်မှလည်း (မိဘတို့) အလိုမရှိကုန်ဘဲ သင်နှင့် ခွဲခွါကြရပေလိမ့်မည်၊ အသက်ရှင်နေသော သင့်ကိုကား လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်ရန် အဘယ်မှာ ခွင့်ပြုနိုင်ကုန်အံ့နည်း၊ အဆွေရဋ္ဌပါလ ထလော့၊ စားလည်း စားလော့၊ သောက် လည်း သောက်လော့၊ ပျော်လည်း ပျော်ပါးလော့၊ စားသောက် ပျော်ပါးကာ ကာမဂုဏ်များကိုခံစား၍ ကောင်းမှုများကို ပြုလျက် မွေ့လျော်လော့။ သင့်ကို လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်ရန်ကား မိဘတို့ ခွင့်ပြုနိုင်လိမ့်မည် မဟုတ်ကုန်၊ သင်၏ မိဘတို့သည် သင်သေသော်မှလည်းအလိုမရှိကုန်ဘဲ သင်နှင့် ခွဲခွါကြရပေမည်၊ အသက်ရှင်နေသော သင့်ကိုကား လူ့ဘောင်မှရဟန်းဘောင်သို့ ဝင်ရောက်ရန် အဘယ်မှာ ခွင့်ပြုနိုင်ကုန်အံ့နည်း”ဟု ပြောဆိုကြကုန်၏။ သုံးကြိမ်မြောက်လည်း ရဋ္ဌပါလ အမျိုးကောင်း သားသည် ဆိတ်ဆိတ်နေ၏။
၂၉၈။ ရဋ္ဌပါလအမျိုးကောင်းသား၏ သူငယ်ချင်းတို့သည် ရဋ္ဌပါလ အမျိုးကောင်းသား၏ မိဘတို့ထံ သို့ချဉ်းကပ်ကြပြီးသော် “မိခင်ဖခင်တို့ ‘ဤရဋ္ဌပါလသည် အခင်းမရှိသော မြေပေါ်ဝယ် ဤနေရာ၌သာလျှင်ငါ့အား သေခြင်းသော်လည်းကောင်း၊ ရဟန်းအဖြစ်သော်လည်းကောင်း ဖြစ်လိမ့်မည်’ဟု အိပ်၏။ သင်တို့သည် ရဋ္ဌပါလကို လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် ခွင့်မပြုကြပါမူ ထိုနေရာ၌ပင် သေခြင်းသို့ရောက်လိမ့်မည်၊ အကယ်၍ သင်တို့သည် ရဟန်းပြုရန် ခွင့်ပြုကြပါမူ ရဟန်းအဖြစ်နှင့်နေသောရဋ္ဌပါလကို မြင်ကြရဦးမည်၊ ရဋ္ဌပါလသည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်၍ ရဟန်းပြုပြီးမှ အကယ်၍မပျော် ပိုက်ပါမူ သူ့အား မိဘတို့ အိမ်မှတစ်ပါး သွားစရာ အဘယ်မှာရှိအံ့နည်း၊ ဤ (အိမ်) သို့သာလျှင်တစ်ဖန် ပြန်လာပါလိမ့်မည်၊ ရဋ္ဌပါလကို လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန်ခွင့်ပြုကြပါကုန်”ဟု ပြော ဆိုကြကုန်၏။
ထိုအခါ ရဋ္ဌပါလ၏ မိဘတို့သည် “အမောင်တို့ ရဋ္ဌပါလကို လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်ရန် ငါတို့ ခွင့်ပြုပါကုန်၏၊ သို့ရာတွင် ရဟန်းပြုပြီးနောက် မိဘတို့ကို အတွေ့ခံပါစေ”ဟု (ပြောဆိုကြကုန်၏)။ ထိုအခါ ရဋ္ဌပါလအမျိုးကောင်းသား၏ သူငယ်ချင်းတို့သည် ရဋ္ဌပါလအမျိုးကောင်းသားထံ ချဉ်းကပ်ကြပြီးသော် “အဆွေရဋ္ဌပါလ ထလော့၊ သင့်ကို မိဘတို့သည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် ခွင့်ပြုကြပြီ၊ သို့ရာတွင် သင်သည် ရဟန်းပြုပြီးနောက် အမိအဖတို့ကို အတွေ့ခံရမည်”ဟု ပြောကြကုန်၏။
၂၉၉။ ထို့နောက် ရဋ္ဌပါလအမျိုးကောင်းသားသည် ထ၍ အားယူကာ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား- “အသျှင် ဘုရားအကျွန်ုပ်ကို မိဘတို့က လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် ခွင့်ပေးကြပါပြီ၊ မြတ်စွာဘုရားသည်အကျွန်ုပ်ကို ရဟန်းပြုတော်မူပါလော့”ဟု လျှောက်၏။ ရဋ္ဌပါလ အမျိုးကောင်းသားသည် မြတ်စွာဘုရားအထံ၌ ရှင့်အဖြစ် ရဟန်းအဖြစ်ကို ရလေ၏။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်ရဋ္ဌပါလ ရဟန်းပြု၍မကြာမြင့်မီ လခွဲမျှ လွန်လတ်သော် ထုလ္လကောဋ္ဌိကနိဂုံး၌ မွေ့လျော်တော်မူသမျှ နေတော်မူ၍သာဝတ္ထိပြည်သို့ ဒေသစာရီကြွချီတော်မူ၏။ အစဉ်အတိုင်း ဒေသစာရီကြွချီတော်မူလတ်သော် သာဝတ္ထိပြည်သို့ ရောက်တော်မူ၏၊ သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်ရဋ္ဌပါလသည် တစ်ပါးတည်း ဆိတ်ငြိမ်ရာသို့ ကပ်၍ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်သော စိတ်ရှိသည်ဖြစ်၍ နေလတ်သော် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ကြသော အမျိုးကောင်းသားများ လိုလားအပ်သည့် အတုမရှိသော မြတ်သော အကျင့်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ် အကျိုးကို မကြာမီ ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက့်ပြုကာ ပြည့်စုံစေ၍ နေ၏၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကိုပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ်မရှိတော့ပြီ”ဟု သိ၏။ အသျှင်ရဋ္ဌပါလသည်ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်လေ၏။
--
ထိုအခါ အသျှင် ရဋ္ဌပါလသည် မြတ်စွာဘုရားကို ရှိခိုး၍ သင့်လျော်ရာ၌ ထိုင်လျက် “အသျှင်ဘုရားအကျွန်ုပ်ကို အကယ်၍ မြတ်စွာဘုရား ခွင့်ပြုတော်မူပါလျှင် အကျွန်ုပ်သည် အမိအဖတို့ကို အတွေ့ခံလိုပါ၏”ဟု လျှောက်၏။ ထိုအခါ မြတ်စွာဘုရားသည် ရဋ္ဌပါလ အမျိုးကောင်းသား သိက္ခာချ၍ လူထွက်ရန်မထိုက်သည်ကို သိတော်မူသည့် အခြင်းအရာအားဖြင့် အသျှင်ရဋ္ဌပါလ၏ စိတ်ကို (မိမိ) စိတ်တော်ဖြင့်ပိုင်းခြား၍ နှလုံးသွင်းတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်ရဋ္ဌပါလကို “ရဋ္ဌပါလ ယခုအခါ၌အတွေ့ခံရန် အချိန်ကို သင် သိ၏ (အတွေ့ခံရန်မှာ သင်၏ အလိုအတိုင်းပင် ဖြစ်၏)”ဟု (မိန့်တော်မူ၏)။ ထိုအခါ အသျှင်ရဋ္ဌပါလသည် နေရာမှ ထ၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင်အရိုအသေပြုကာ ကျောင်း အိပ်ရာ နေရာကို သိုမှီး၍ သပိတ်သင်္ကန်းကို ယူပြီးလျှင်ထုလ္လကောဋ္ဌိကနိဂုံးသို့ ဒေသစာရီကြွချီခဲ့ရာ အစဉ်အတိုင်း ထုလ္လကောဋ္ဌိကနိဂုံးသို့ ဆိုက်ရောက်၏၊ အသျှင်ရဋ္ဌပါလမထေရ်သည် ထိုထုလ္လကောဋ္ဌိကနိဂုံး၌ ကောရဗျမင်း၏ မိဂစီရမည်သော ဥယျာဉ်၌သီတင်းသုံးနေတော်မူ၏။
ထိုအခါ အသျှင်ရဋ္ဌပါလသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် ထုလ္လကောဋ္ဌိကနိဂုံးသို့ ဆွမ်းခံဝင်လေ၏၊ ထုလ္လကောဋ္ဌိကနိဂုံး၌ အိမ်စဉ်အတိုင်းရပ်၍ ဆွမ်းခံကြွတော်မူသည်ရှိသော် မိမိ၏ အဖအိမ်သို့ ချဉ်းကပ်မိလေ၏၊ ထိုအခါ အသျှင်ရဋ္ဌပါလ၏ အဖသည် အလယ်တံခါးမုခ်ဦး၌ ဆံရှင်း၍နေ၏။ အသျှင်ရဋ္ဌပါလ၏ အဖသည် အဝေးကကြွလာသော အသျှင်ရဋ္ဌပါလကို မြင်၍"ဤဦးပြည်းရဟန်းယုတ်တို့သည် ငါတို့၏ ချစ်လှစွာသော နှလုံးကို ပွါးစေတတ်သော တစ်ယောက်တည်းသော သားကို ရဟန်းပြုပေးကြကုန်၏”ဟု ဆို၏။ ထိုအခါ အသျှင်ရဋ္ဌပါလသည် မိမိအဖအိမ်မှ အလှူဒါနမရခဲ့သည့်ပြင် ‘ကန်တော့’ဟု တုံ့ပြန်မှုဆွမ်း (ကန်တော့ဆွမ်း) ကိုမျှ မရခဲ့၊ စင်စစ်သော်ကား ဆဲရေးမှုကိုသာရခဲ့၏၊ ထိုအခါအသျှင်ရဋ္ဌပါလ၏ ဆွေမျိုးသဖွယ်ဖြစ်သည့် (အိမ်ပေါက်) ကျွန်မသည် တစ်ညဉ့်လွန် (သိုးလေ) ပြီးသော မုယောမုန့်ကို စွန့်ပယ်လို၏၊ ထိုအခါ အသျှင်ရဋ္ဌပါလသည် ထိုဆွေမျိုးသဖွယ်ဖြစ်သည့်ကျွန်မကို “နှစ်မ ထို (မုန့်) ကို အကယ်၍ စွန့်ပစ်ရမည် ဖြစ်အံ့၊ ငါ၏ ဤသပိတ်၌ လောင်းလော့”ဟုပြော၏။ ထိုအခါ အသျှင်ရဋ္ဌပါလ၏ ဆွေမျိုးသဖွယ်ဖြစ်သူ ကျွန်မသည် တစ်ညဉ့်လွန် (သိုးလေ) ပြီးသောထိုမုယောမုန့်ကို အသျှင်ရဋ္ဌပါလ၏ သပိတ်၌ လောင်းစဉ် လက် ခြေ အသံတို့၏ အမှတ်အသားကို မှတ်ယူ၏။
၃၀၀။ ထို့နောက် အသျှင်ရဋ္ဌပါလ၏ ဆွေမျိုးသဖွယ်ဖြစ်သူ ကျွန်မသည် အသျှင်ရဋ္ဌပါလ၏ မိခင်ထံသို့ချဉ်းကပ်၍ “အသျှင်မ သိပါလော့၊ အသျှင့်သား ရဋ္ဌပါလသည် ရောက်လာပြီ”ဟု အသျှင်ရဋ္ဌပါလ၏အမိကို ပြော၏။ ဟယ် ကျွန်မ အကယ်၍ သင်အမှန်ပြောမူ သင့်ကို ကျွန်အဖြစ်မှ လွှတ်ပစ်မည်ဟု (ဆို၏)၊ ထို့နောက် အသျှင်ရဋ္ဌပါလ၏ မိခင်သည် အသျှင်ရဋ္ဌပါလ ဖခင်ရှိရာသို့ ချဉ်းကပ်၍အသျှင်ရဋ္ဌပါလ၏ ဖခင် ကို “အသျှင် သိပါလော့၊ အမျိုးကောင်းသား အသျှင်ရဋ္ဌပါလသည်ရောက်လာပြီ”ဟု ပြောဆို၏။
--
ထိုအခါ အသျှင်ရဋ္ဌပါလသည် နံရံခြေတစ်ခုကို မှီ၍ တစ်ညဉ့်လွန် (သိုးလေ) ပြီးသော ထိုမုယောမုန့် ကိုသုံးဆောင်နေ၏။ ထိုအခါ အသျှင်ရဋ္ဌပါလ၏ အဖလည်း အသျှင်ရဋ္ဌပါလထံသို့ ချဉ်းကပ်၍ အသျှင်ရဋ္ဌပါလအား ဤစကားကို ပြောဆို၏- “ချစ်သားရဋ္ဌပါလ တစ်ညဉ့်လွန် (သိုးလေ) ပြီးသော မုယောမုန့်ကိုစားမှ စားပလေ၊ အကယ်စင်စစ် မိမိအိမ်သို့ သွားသင့်သည် မဟုတ်ပါလော”ဟု ပြော၏။ ဒါယကာကြီးလူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်သော ငါတို့အား အဘယ်မှာ အိမ်ရှိအံ့နည်း၊ ဒါယကာကြီး့ငါတို့သည် အိမ်မရှိကြကုန်၊ ဒါယကာကြီး သင်၏ အိမ်သို့ ရောက်ခဲ့ပြီ၊ ထိုအိမ်မှ အလှူဒါနမရခဲ့သည့်ပြင် တုံ့ပြန်မှု (ကန်တော့ဆွမ်း) ကိုမျှ မရခဲ့၊ စင်စစ်သော်ကား ဆဲရေးခြင်းကိုသာ ရခဲ့၏ဟု (ပြော၏)။ ချစ်သား ရဋ္ဌပါလ လာ, အိမ်သို့ သွားကြကုန်အံ့ဟု (ဆို၏)။ ဒါယကာကြီး တန်ပြီ၊ ယနေ့အကျွန်ုပ်အား ဆွမ်းကိစ္စ ပြီးပြီဟု (ဆို၏)။ ချစ်သားရဋ္ဌပါလ သို့ဖြစ်မူ နက်ဖန်အတွက် ဆွမ်းကိုလက်ခံပါလော့ဟု (လျှောက်၏)။ အသျှင်ရဋ္ဌပါလသည် ဆိတ်ဆိတ်နေသဖြင့် လက်ခံတော်မူ၏။ ထိုအခါအသျှင်ရဋ္ဌပါလ၏ အဖသည် အသျှင်ရဋ္ဌပါလ လက်ခံသည်ကို သိ၍ မိမိအိမ်သို့ ချဉ်းကပ်ကာ ကြီးစွာသောရွှေပုံ ငွေပုံကို ပြုစေ၍ ဖျာတို့ဖြင့် ဖုံးပြီးလျှင် အသျှင်ရဋ္ဌပါလ၏ မယားဟောင်းတို့ကို “ချွေးမတို့လာကြကုန်လော့၊ ရှေးအခါက ရဋ္ဌပါလအမျိုးကောင်းသားအား ကြိုက်နှစ်သက်စေတတ်သောအဆင်တန်ဆာကို ဝတ်ဆင်ကြ ကုန်လော့”ဟု ပြောဆို၏။
၃၀၁။ ထိုအခါ အသျှင်ရဋ္ဌပါလ၏ အဖသည် ထိုညဉ့်လွန်သဖြင့် မိမိအိမ်၌ မွန်မြတ်သောခဲဖွယ်ဘောဇဉ်ကို စီရင်၍ အသျှင်ရဋ္ဌပါလအား “ချစ်သားရဋ္ဌပါလ ဆွမ်းပြင်ပြီးပြီ၊ ဆွမ်းစားရန် အချိန်တန်ပြီ”ဟု အချိန်ကို ကြားလျှောက်၏။ ထိုအခါ အသျှင်ရဋ္ဌပါလသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍သပိတ်သင်္ကန်းကို ယူပြီးလျှင် မိမိအဖ၏ အိမ်သို့ ချဉ်းကပ်၍ ခင်းထားသော နေရာ၌ ထိုင်၏။ ထိုအခါအသျှင်ရဋ္ဌပါလ၏ အဖသည် ရွှေပုံ ငွေပုံကို ဖွင့်၍ အသျှင်ရဋ္ဌပါလအား-"ချစ်သားရဋ္ဌပါလဤ (ရွှေငွေ) သည် သင့်အမိ၏ အမိဘက်မှ ပါလာသော ဥစ္စာတည်း (မိန်းမသား၏ မိန်းမသုံးဥစ္စာတည်း၁)။ အဖဘက်မှ ပါလာသော ဥစ္စာသည်ကား တစ်ခြားရှိသေး၏၊ အဘိုးအဘေးဘက်မှ (ဆင်းသက်) လာသော ဥစ္စာလည်း တစ်ခြားရှိသေး၏၊ ချစ်သားရဋ္ဌပါလ လူထွက်၍စည်းစိမ်တို့ကိုလည်း ခံစားရန် ကောင်းမှုတို့ကိုလည်း ပြုရန် ရနိုင်၏၊ ချစ်သားရဋ္ဌပါလ လာလော့၊ လူထွက်၍ စည်းစိမ်တို့ကိုလည်း ခံစားလော့၊ ကောင်းမှုတို့ ကိုလည်း ပြုလော့”ဟု ပြောဆို၏။ ဒါယကာကြီး အကယ်၍ ငါ၏ စကားကို လိုက်နာသည် ဖြစ်မူ ဤရွှေငွေတို့ကို လှည်းတို့ဖြင့်ထုတ်ဆောင်ကာ ဂင်္ဂါမြစ်လယ် ရေအလျဉ်၌ ပစ်ချလိုက်လော့၊ အဘယ် ကြောင့်ဆိုသော်ထို (ဥစ္စာဟူသော) အကြောင်းကြောင့် သင့်အား ပူဆွေးရမှု ငိုကြွေးရမှု ကိုယ်ဆင်းရဲရမှု စိတ်ဆင်းရဲရမှုပြင်းစွာ ပင်ပန်းမှုတို့သည် ဖြစ်ကုန်လိမ့်မည်ဟု ဆို၏။
ထိုအခါ အသျှင်ရဋ္ဌပါလ၏ မယားဟောင်းတို့သည် အသီးအသီး ခြေတို့ကိုကိုင်၍ အသျှင်ရဋ္ဌပါလ အား-"အသျှင့်သား အကြင် (နတ်သမီး) တို့ကို (ရလိုမှုဟူသော) အကြောင်းကြောင့် အသျှင့်သားသည်မြတ်သောအကျင့်ကို ကျင့်၏၊ ထိုနတ်သမီးတို့ကား အဘယ်သို့သော သဘောရှိပါကုန်သနည်း”ဟုပြောကြ ကုန်၏။ နှမတို့ ငါသည် နတ်သမီးဟူသော အကြောင်းကြောင့် မြတ်သောအကျင့်ကို ကျင့်သည်မဟုတ်ဟု (ဆို၏)။
ထိုအခါ အသျှင်ရဋ္ဌပါလ၏ မယားဟောင်းတို့သည် ငါတို့ကို အသျှင့်သားရဋ္ဌပါလသည် နှမတို့ဟူသောခေါ်ဝေါ်ပြောဆိုခြင်းဖြင့် ခေါ်ဝေါ်ပြောဆိုနေတော့သည်ဟု ထိုနေရာ၌ပင်လျှင် မိန်းမောတွေဝေ၍ လဲကုန်၏။ ထိုအခါ အသျှင်ရဋ္ဌပါလသည် အဖဖြစ်သူအား “ဒါယကာကြီး ဆွမ်းဘောဇဉ်တို့ကို ပေးလှူမည် ဖြစ်လျှင်ပေးလှူလော့၊ အကျွန်ုပ်တို့ကို (ဥစ္စာမိန်းမ အထွေထွေပြလျက်) မညှဉ်းဆဲပါလင့်”ဟု ပြောဆို၏။ ချစ်သားရဋ္ဌပါလ သုံးဆောင်လော့၊ ဆွမ်းပြင်ပြီးပါပြီဟု (ဆို၏)။ ထို့နောက် အသျှင်ရဋ္ဌပါလ၏ မိဘတို့သည် အသျှင်ရဋ္ဌပါလအား မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့်တိုင်အောင် မိမိကိုယ်တိုင် လုပ်ကျွေးကုန်၏။
--
၃၀၂။ ထိုအခါ အသျှင်ရဋ္ဌပါလသည် ဆွမ်းစားပြီး၍ သပိတ်မှ လက်ကို ဖယ်ပြီးသော် ရပ်လျက်သာ လျှင်ဤဂါထာတို့ကို ရွတ်ဆို၏ -
“ရှုစမ်းလော့၊ အနာဝအပြည့်, ကိုယ်ဖြစ်၍ (အရိုးအကြောအသားတို့ဖြင့်) ထက် ဝန်းကျင့်စိုက်ဆောက်ထားသော အမြဲကျင်နာ၍ အများသတ္တဝါတို့ ကြံစည်အပ် (ကြံစည်ရာဖြစ်) သောအဆန်းတကြယ် ပြုထားသည့် ခန္ဓာကိုယ် အတ္တဘောသည် အမြဲတည်မှု မရှိနိုင်ချေ။
ရှုစမ်းလော့၊ ပတ္တမြားနားတောင်းဖြင့် ဆန်းကြယ်စွာ ပြုပြင်ထားသော အရိုးကို အရေဖုံးနေသောရုပ်ပုံသည် အဝတ်နှင့်တကွ ဖြစ်မှသာလျှင် တင့်တယ်ပေ၏။
ချိပ်ရည် ဆိုးထားသော ခြေထောက်များနှင့် နံ့သာမှုန့် လိမ်းကျံထားသော မျက်နှာတို့သည် လူမိုက်အားတွေဝေရန် စွမ်းနိုင်၍ (နိဗ္ဗာန်) ကမ်းတစ်ဖက်ကို ရှာမှီးသူအား တွေဝေရန် မစွမ်းနိုင်ကုန်သည်သာတည်း။
ရှစ်မျိုးသော အဖို့အစုတို့ဖြင့် ဆင်ယင်ထုံးဖွဲ့ထားသော ဆံပင်တို့နှင့် မျက်ကွင်း ဆေးလိမ်းကျံထားသော မျက်စိတို့သည် လူမိုက်အား တွေဝေရန် စွမ်းနိုင်၍ (နိဗ္ဗာန်) ကမ်းတစ် ဖက်ကိုရှာမှီးသူအား တွေဝေရန် မစွမ်းနိုင်ကုန်သည်သာတည်း။
မျက်စဉ်းကျည်အဆင်းရှိသော ဆန်းကြယ်သော တန်ဆာဆင်ထားသော အပုပ် ကောင်သည်ထိုလူမိုက်အား တွေဝေရန် စွမ်းနိုင်၍ (နိဗ္ဗာန်) ကမ်းတစ်ဖက်ကို ရှာမှီး သူအား တွေဝေရန်မစွမ်းနိုင်သည်သာတည်း။
သားမုဆိုးသည် ပိုက်ကို ထောင်ထား၏၊ သားသမင်သည် ပိုက်ကို မထိပါးစေဘဲ အစာကို စားလျက်သားမုဆိုး မြည်တမ်းစဉ် ဖဲသွားလေသတည်း”ဟု (ရွတ်ဆို ၏)။
ထိုအခါ အသျှင်ရဋ္ဌပါလသည် ရပ်လျက်သာလျှင် ဤဂါထာတို့ကို ရွတ်ဆိုလျက် ကောရဗျမင်း၏မိဂစီရဥယျာဉ်သို့ ချဉ်းကပ်၍ သစ်ပင်ရင်းတစ်ခု၌ နေ့သန့်စင်နေ၏။
၃၀၃။ ထိုအခါ ကောရဗျမင်းသည် မိဂဝဥယျာဉ်မှူးကို “အချင်းမိဂဝ မိဂစီရဥယျာဉ်မြေကို ပြင်ဆင် လော့၊ ရှုမျှော်ခင်းကို ကြည့်ရှုရန် သွားကြကုန်အံ့”ဟု မိန့်၏၊ “အသျှင်မင်းမြတ် ကောင်းပါပြီ”ဟူ၍သာ လျှင်မိဂဝဥယျာဉ်မှူးသည် ကောရဗျမင်းအား ပြန်လျှောက်ကြား၍ မိဂစီရဥယျာဉ်ကို ပြင်ဆင်သည်ရှိသော်သစ်ပင်ရင်းတစ်ခု၌ နေ့သန့်စင်နေသော အသျှင်ရဋ္ဌပါလကို မြင်၍ ကောရဗျမင်းထံသို့ ချဉ်းကပ်ပြီးလျှင်"အသျှင်မင်းမြတ် သင်၏ မိဂစီရဥယျာဉ်သည် ပြင်ဆင်ပြီးဖြစ်ပါပြီ၊ ဤဥယျာဉ်၌ ဤထုလ္လကောဋ္ဌိကနိဂုံးမှမြတ်သော အမျိုးသား ဖြစ်သော ရဋ္ဌပါလအမျိုးကောင်းသားလည်း ရှိပါ၏၊ သင်မင်းမြတ် မပြတ်ပြောဆိုတမ်းတနေသော ရဋ္ဌပါလအမျိုးကောင်းသားသည် သစ်ပင်ရင်းတစ်ခု၌ နေ့သန့်စင်နေပါ၏”ဟု လျှောက်၏။ အချင်းမိဂဝ သို့ဖြစ်မူ ယခု ဥယျာဉ်မြေကို မကြည့်ရှုလိုတော့ပြီ၊ ထိုအသျှင်ရဋ္ဌပါလထံသို့သာလျှင်ငါတို့ ချဉ်းကပ်ကြကုန်အံ့ဟု (ဆို၏)။
ထိုအခါ ကောရဗျမင်းသည် စီရင်သင့်သော ခဲဖွယ်ဘောဇဉ် အလုံးစုံကို စီရင်ကြကုန်လော့ဟု ဆို၍ကောင်းသည်ထက် ကောင်းကုန်သော ယာဉ်တို့ကို ကစေ၍ ကောင်းသည်ထက် ကောင်းသော ယာဉ်ကိုတက်စီးပြီးလျှင် ကောင်းသည်ထက် ကောင်းသော ယာဉ်တို့ဖြင့် ထုလ္လကောဋ္ဌိကနိဂုံးမှ ကြီးကျယ်သောမင်းကျက်သရေဖြင့် အသျှင်ရဋ္ဌပါလကို ဖူးမြော်ရန် ထွက်သွားလေ၏။ ယာဉ်ဖြင့် သွားသင့်သော အရပ်တိုင်အောင် ယာဉ်ဖြင့်သွား၍ ယာဉ်မှ သက်ဆင်းပြီးလျှင် ခြေကျင်သာလျှင် ကျော်စောထင်ရှားသောပရိသတ်ဖြင့် အသျှင်ရဋ္ဌပါလထံသို့ ချဉ်းကပ်၍ အသျှင်ရဋ္ဌပါလနှင့်အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အောက်မေ့ဖွယ်စကားကို ပြောဆိုပြီးဆုံးစေပြီးလျှင် သင့်လျော်ရာ၌ ရပ်လျက်အသျှင်ရဋ္ဌပါလအား- “အသျှင်ရဋ္ဌပါလ အသျှင်သည် ဤဆင်ကုန်းနှီး၌ ထိုင်ပါလော့”ဟု လျှောက်၏။ မင်းကြီး တန်ပြီ၊ သင်ထိုင် လော့၊ ငါသည် မိမိနေရာ၌ ထိုင်နေ၏ဟု (ဆို၏)။ ကောရဗျမင်းသည်ခင်းထားသော နေရာ၌ ထိုင်ပြီး လျှင် အသျှင်ရဋ္ဌပါလအား-
--
၃၀၄။ အသျှင်ရဋ္ဌပါလ ပျက်စီးခြင်းတို့သည် ဤလေးပါးတို့ပါတည်း၊ ယင်းပျက်စီးခြင်းတို့နှင့်ပြည့်စုံသော သူအချို့တို့သည်သာ ဆံမုတ်ဆိတ်ကို ပယ်၍ ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ပြီးလျှင်လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ကြပါကုန်၏။ အဘယ်လေးပါးတို့နည်း ဟူမူ- အိုမှုဟူသော ပျက်စီးခြင်း၊ နာမှုဟူသော ပျက်စီးခြင်း၊ စည်းစိမ်ပျက်စီးခြင်း၊ ဆွေမျိုးပျက်စီးခြင်းတို့ပေတည်း။ အသျှင်ရဋ္ဌပါလ အိုမှုပျက်စီးခြင်းဟူသည် အဘယ်နည်း- အသျှင်ရဋ္ဌပါလ ဤလောက၌ အချို့သောသူသည်အိုမင်းကြီးမြင့် အရွယ်ရင့်ကာ ဆင့်ဆင့်လွန်မြောက် နောက်ဆုံးအရွယ်သို့ ရောက်၏။ ထိုသူသည်"ယခုအခါ ငါသည် အိုမင်းကြီးမြင့် အရွယ်ရင့်ကာ ဆင့်ဆင့်လွန်မြောက် နောက်ဆုံးအရွယ်သို့ ရောက်ခဲ့ပြီ၊ ငါသည် မရသေးသော စည်းစိမ်ကိုရရန် ရပြီးသော စည်းစိမ်ကို တိုးပွါးအောင်ပြုရန် မလွယ်ကူချေ၊ ငါသည် အကယ်၍ ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံလျက် လူ့ဘောင်မှရဟန်းဘောင်သို့ ဝင်ရမူ ကောင်းလေရာ၏”ဟု ဆင်ခြင်၏။ ထိုသူသည် အိုမှုဟူသော ပျက်စီးခြင်းနှင့်ပြည့်စုံသည်ဖြစ်၍ ဆံမုတ်ဆိတ်ကို ရိတ်ပယ်၍ ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံလျက် လူ့ဘောင်မှရဟန်းဘောင်သို့ ဝင်ရောက်၏။ အသျှင်ရဋ္ဌပါလ ဤပျက်စီးခြင်းကို အိုမှုပျက်စီးခြင်းဟူ၍ ဆိုရ၏။ အသျှင် ရဋ္ဌပါလမူကား ယခုအခါ ငယ်ရွယ်၏၊ ပျိုမျစ်၏၊ သူငယ်သာ ဖြစ်၏၊ မည်းနက်သောဆံရှိ၏၊ ပဌမအရွယ်အားဖြင့် ကောင်းမြတ်သော အရွယ်နှင့် ပြည့်စုံ၏။ အသျှင်ရဋ္ဌပါလအား ထိုအိုမှုဟူသောပျက်စီးခြင်းသည် မရှိ၊ အသျှင်ရဋ္ဌပါလသည် အဘယ်အကျိုးထူးကို သိ၍ မြင်၍ ကြား၍ လူ့ဘောင်မှရဟန်းဘောင်သို့ ဝင်ရောက်ပါသနည်း။ (၁)
အသျှင်ရဋ္ဌပါလ နာမှု ပျက်စီးခြင်းဟူသည် အဘယ်နည်း- အသျှင်ရဋ္ဌပါလ ဤလောက၌ အချို့သောသူသည် အနာရှိ၏၊ ဆင်းရဲ၏၊ ပြင်းစွာနာ၏၊ ထိုသူသည် “ယခုအခါ ငါသည် အနာရှိ၏၊ ဆင်းရဲ၏၊ ပြင်းစွာနာ၏၊ ငါသည် မရသေးသော စည်းစိမ်ကိုရရန် ရပြီးသော စည်းစိမ်ကို တိုးပွါးအောင်ပြုရန်မလွယ်ကူချေ၊ အကယ်၍ ငါသည် ဆံမုတ်ဆိတ်ကို ရိတ်ပယ်၍ ဖန်ရည်ဆိုးသော အဝတ်တို့ကိုဝတ်ရုံလျက် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရမူ ကောင်းလေရာ၏”ဟု ဆင်ခြင်၏။ ထိုသူသည်ထိုနာမှုပျက်စီးခြင်း နှင့် ပြည့်စုံသည်ဖြစ်၍ ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်တို့ကိုဝတ်ရုံလျက် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏။ အသျှင်ရဋ္ဌပါလ ဤပျက်စီးခြင်းကို နာမှုပျက်စီးခြင်းဟူ၍ ဆိုရ၏။ အသျှင်ရဋ္ဌပါလမူကား ယခုအခါ အနာမရှိ၊ ဆင်းရဲမရှိ၊ အညီအမျှကျေကျက်စေတတ်သော မအေးလွန်း မပူလွန်းသော ပါစကဓာတ်နှင့် ပြည့်စုံ၏၊ အသျှင်ရဋ္ဌပါလအားထိုနာမှုဟူသော ပျက်စီးခြင်း သည် မရှိ။ အသျှင်ရဋ္ဌပါလသည် အဘယ်အကျိုးထူးကို သိ၍ မြင်၍ကြား၍ လူ့ဘောင်မှ ရဟန်းဘောင် သို့ ဝင်ရောက်ပါသနည်း။ (၂)
အသျှင်ရဋ္ဌပါလ စည်းစိမ်ပျက်စီးခြင်းဟူသည် အဘယ်နည်း- အသျှင်ရဋ္ဌပါလ ဤလောက၌ အချို့ သောသူသည် ကြွယ်ဝ၏၊ များသော ဥစ္စာရှိ၏၊ များသောစည်းစိမ် ရှိ၏။ ထိုသူ၏ ထိုစည်းစိမ်တို့သည်အစဉ်အတိုင်း ကုန်ခန်းခြင်းသို့ ရောက်ကုန်၏။ ထိုသူသည် “ရှေးအခါက ငါသည် ကြွယ်ဝ၏၊ များသောဥစ္စာရှိ၏၊ များသော စည်းစိမ်ရှိ၏၊ ထိုငါ့အား ထိုစည်းစိမ်တို့သည် အစဉ်အတိုင်း ကုန်ခန်းခြင်းသို့ရောက်ကုန်၏။ ငါသည် မရသေးသော စည်းစိမ်ကိုရရန်, ရပြီးသော စည်းစိမ်ကို တိုးပွါးအောင် ပြုရန်မလွယ်ကူချေ၊ အကယ်၍ ငါသည် ဆံမုတ်ဆိတ်ကို ရိတ်ပယ်၍ ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံလျက် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရမူ ကောင်းလေရာ၏”ဟု ဆင်ခြင်၏။ ထိုသူသည် ထိုစည်းစိမ်ပျက်စီးခြင်းနှင့် ပြည့်စုံသည်ဖြစ်၍ ဆံမုတ်ဆိတ်တို့ကို ရိတ်ပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်တို့ကိုဝတ်ရုံလျက် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏။ အသျှင်ရဋ္ဌပါလ ဤပျက်စီးခြင်းကို စည်းစိမ်ပျက်စီးခြင်းဟူ၍ ဆိုရ၏။ အသျှင်ရဋ္ဌပါလမူကား ဤထုလ္လကောဋ္ဌိက နိဂုံး၌သာလျှင် မြတ်သော အမျိုး၏သားဖြစ်ခဲ့၏၊ အသျှင်ရဋ္ဌပါလအား ထိုစည်းစိမ်ပျက်စီးမှု မရှိချေ။ အသျှင် ရဋ္ဌပါလသည် အဘယ်အကျိုးထူးကို သိ၍ မြင်၍ ကြား၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ပါသနည်း။ (၃)
--
အသျှင်ရဋ္ဌပါလ ဆွေမျိုးပျက်စီးခြင်းဟူသည် အဘယ်နည်း- အသျှင်ရဋ္ဌပါလ ဤလောက၌ အချို့သောသူအား များစွာသော အဆွေခင်ပွန်း ဆွေမျိုးသားချင်းတို့သည် ရှိကုန်၏၊ ထိုသူ၏ ထိုအဆွေအမျိုး့တို့သည် အစဉ်အတိုင်း ကုန်ခန်းခြင်းသို့ ရောက်ကုန်၏။ ထိုသူသည် “ငါ့အား ရှေးအခါက များစွာသောအဆွေခင်ပွန်း ဆွေမျိုးသားချင်းတို့သည် ရှိကုန်၏၊ ထိုငါ့အား ထိုအဆွေအမျိုးတို့သည် အစဉ်အတိုင်းကုန်ခန်းခြင်းသို့ ရောက်ကုန်၏။ ငါသည် မရသေးသော စည်းစိမ်တို့ကို ရရန်, ရပြီးသော စည်းစိမ်တို့ကိုတိုးပွါးအောင် ပြုရန် မလွယ်ကူချေ၊ အကယ်၍ ငါသည် ဆံမုတ်ဆိတ်ကို ရိတ်ပယ်၍ ဖန်ရည်ဆိုးသောအဝတ်တို့ကို ဝတ်ရုံလျက် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရမူ ကောင်းလေရာ၏”ဟု ဆင်ခြင်၏။ ထိုသူသည် ထိုဆွေမျိုးပျက်စီးခြင်းနှင့် ပြည့်စုံသည် ဖြစ်၍ ဆံမုတ်ဆိတ်ကို ရိတ်ပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံလျက် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏။ အသျှင်ရဋ္ဌပါလ ဤသို့သဘောရှိသော ပျက်စီးခြင်းကို ဆွေမျိုးပျက်စီးခြင်းဟူ၍ ဆိုရ၏။ အသျှင်ရဋ္ဌပါလမှာမူကား ဤထုလ္လကောဋ္ဌိကနိဂုံး၌ပင်လျှင် များစွာသော အဆွေခင်ပွန်း ဆွေမျိုးသားချင်းတို့သည် ရှိပါကုန်၏၊ အသျှင်ရဋ္ဌပါလ အား ထိုဆွေမျိုးပျက်စီးခြင်းသည် မရှိပါ။ အသျှင်ရဋ္ဌပါလသည် အဘယ်အကျိုးထူးကို သိ၍မြင်၍ ကြား၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ပါသနည်း။ (၄)
အသျှင်ရဋ္ဌပါလ ဤသည်တို့ကား ပျက်စီးခြင်း လေးပါးတို့ပါတည်း၊ ယင်းပျက်စီးခြင်းတို့နှင့် ပြည့်စုံသူအချို့တို့သည်သာ ဆံမုတ်ဆိတ်ကို ရိတ်ပယ်၍ ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံပြီးလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ကြကုန်၏။ ထိုလေးပါးသော ပျက်စီးခြင်းတို့သည် အသျှင်ရဋ္ဌပါလအား မရှိကုန်။ အသျှင်ရဋ္ဌပါလသည် အဘယ်အကျိုးထူးကို သိ၍ မြင်၍ ကြား၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ပါသနည်းဟု လျှောက်၏။
၃၀၅။ မင်းကြီး သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် လေးပါးသော တရားအကျဉ်းတို့ကိုညွှန်ပြတော်မူ၏။ ငါသည် ယင်းတရားကို သိ၍ မြင်၍ ကြား၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်ခဲ့၏။ အဘယ်လေးပါးတို့နည်း ဟူမူ- မင်းကြီး “လူအပေါင်းသည် အိုခြင်း သေခြင်းသို့ ရောက်ရ၏၊ အမြဲမတည်” ဟူ၍ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ရှေးဦးစွာသော တရားအကျဉ်းကိုညွှန်ပြတော်မူ၏။ ငါသည် ယင်းတရားအကျဉ်းကို သိ၍ မြင်၍ ကြား၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်၏။ မင်းကြီး “လူအပေါင်းသည် ခိုကိုးရာမရှိ၊ အားထား ရာမရှိ”ဟူ၍ သိတော်မူ မြင်တော်မူ၍ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် နှစ်ခုမြောက်သော တရားအကျဉ်းကို ညွှန်ပြတော်မူ၏။ ငါသည် ယင်းတရားကို သိ၍မြင်၍ ကြား၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏။ မင်းကြီး “လူအပေါင်းသည် ကိုယ်ပိုင်ဥစ္စာမရှိ၊ အလုံးစုံသော ဥစ္စာကို စွန့်လွှတ်၍ သွားရ၏”ဟူ၍ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကိုခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည်သုံးခုမြောက်သော တရားအကျဉ်းကို ညွှန်ပြတော်မူ၏။ ငါသည် ယင်းတရားကို သိ၍ မြင်၍ ကြား၍လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏။ မင်းကြီး “လူအပေါင်းသည် အလိုမပြည့်၊ ယုတ်လျော့လျက်သာ ရှိ၏၊ ရောင့်ရဲမှုမရှိ၊ တဏှာ၏ ကျွန်တည်း”ဟူ၍ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကိုခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည်လေးခုမြောက်သော တရားအကျဉ်းကို ညွှန်ပြတော်မူ၏။ ငါသည် ယင်းတရားကိုသိ၍ မြင်၍ ကြား၍လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏။ မင်းကြီး သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကိုခံတော်မူ ထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောထိုမြတ်စွာဘုရားသည် ဤ လေးပါးသော တရားအကျဉ်းတို့ကို ညွှန်ပြတော်မူ၏။ ငါသည်ယင်းတရားလေးပါးကို သိ၍ မြင်၍ ကြား၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏ဟု (ဆို၏)။
--
၃၀၆။ “လူအပေါင်းသည် အိုခြင်း သေခြင်းသို့ ရောက်ရ၏၊ အမြဲ မတည်”ဟု အသျှင်ရဋ္ဌပါလသည်ဆို၏၊ အသျှင်ရဋ္ဌပါလဆိုသော ဤစကား၏ သဘော (အဓိပ္ပါယ်) ကို အသို့ မှတ်ရပါမည်နည်းဟု (လျှောက်၏)။ မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ နှစ်ဆယ်ရွယ် အစိတ်ရွယ်ဟု ခန့်မှန်းရသော သင်မင်းကြီးသည် ဆင်စီးအတတ် မြင်းစီးအတတ် ရထားစီးအတတ် လေးအတတ် ဓားလှံအတတ်တို့၌ တတ်မြောက်ပြီးဖြစ်၍ ပေါင်အား လက်ရုံးအားရှိသည့်ပြင် စစ်မြေပြင်၌ ကျင်လည်နိုင်သောအတ္တဘော စွမ်းအားလည်း ရှိခဲ့ဖူးသည် မဟုတ်ပါလောဟု (မေး၏)။ အသျှင်ရဋ္ဌပါလ နှစ်ဆယ်ရွယ်အစိတ်ရွယ်ဟု ခန့်မှန်းရသော အကျွန်ုပ်သည် ဆင်စီးအတတ် မြင်းစီးအတတ် ရထားစီးအတတ်လေးအတတ် ဓားလှံ အတတ်တို့၌ တတ်မြောက်ပြီး ဖြစ်၍ ပေါင်အား လက်ရုံးအားရှိသည့်ပြင်စစ်မြေပြင်၌ ကျင်လည်နိုင်သော အတ္တဘောစွမ်းအားလည်း ရှိခဲ့ဖူးပါ၏။ အသျှင်ရဋ္ဌပါလ အကျွန်ုပ်သည်တစ်ခါတစ်ရံ တန်ခိုးရှိသူကဲ့သို့ ထင်မှတ်ပါ၏၊ မိမိအားနှင့် တူမျှသောအားရှိသူကို မမြင်ခဲ့ပါဟု (လျှောက်၏)။ မင်းကြီး ထိုအရာကို အဘယ်သို့ အောက်မေ့ဘိသနည်း။ သင်မင်းကြီးသည် ယခုအခါရှေးကကဲ့သို့ ပေါင်အား လက်ရုံးအား ရှိသည့်ပြင် စစ်မြေပြင်၌ ကျင်လည်နိုင်သော အတ္တဘောစွမ်းအားရှိသေး၏လောဟု (မေး၏)။ အသျှင် ရဋ္ဌပါလ မဖြစ်နိုင်တော့ပါ၊ ယခုအခါ အိုမင်းကြီးမြင့် အရွယ်ရင့်ကာဆင့်ဆင့် လွန်မြောက် နောက်ဆုံး အရွယ်သို့ ရောက်ခဲ့ပါပြီ၊ အကျွန်ုပ်သည် ရှစ်ဆယ်ရွယ် ရှိနေပါပြီ၊ အသျှင်ရဋ္ဌပါလ တစ်ရံတစ်ခါ အကျွန်ုပ် သည် ဤအရပ်၌ ခြေချအံ့ဟု နှလုံးသွင်းလျက် အခြားအရပ်၌ချမိပါ၏ဟု (လျှောက်၏)။
မင်းကြီး သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ဤသည်ကို ရည်ရွယ်၍ “လူအပေါင်းသည်အိုခြင်း သေခြင်းသို့ ရောက်ရ၏၊ အမြဲမတည်”ဟု ဟောတော်မူ၏။ ယင်းကို သိ၍ မြင်၍ ကြား၍အကျွန်ုပ်သည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့ပါ၏ဟု (ဆို၏)။ အသျှင်ရဋ္ဌပါလ အံ့ဖွယ်ရှိပါပေစွ အသျှင်ရဋ္ဌပါလ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် “လူအပေါင်းသည်အိုခြင်း သေခြင်းသို့ ရောက်ရ၏၊ အမြဲမတည်” ဟူ၍ ဟောထားသော ဤစကားသည်အလွန်မှန်လှပေ၏။ အသျှင်ရဋ္ဌပါလ လူအပေါင်းသည် အိုခြင်း သေခြင်းသို့ ရောက်ရ၏၊ အမြဲမတည်ပါချေ။ (၁)
အသျှင်ရဋ္ဌပါလ ဤမင်းမျိုး၌ ဆင်တပ် မြင်းတပ် ရထားတပ် ခြေလျင်တပ် ရှိကြပါကုန်၏၊ အကျွန်ုပ်တို့အား ဘေးရန်ရှိသောအခါ ဆီးတားရန် ဖြစ်ပါကုန်လတ္တံ့။ အသျှင်ရဋ္ဌပါလသည် “လူအပေါင်းသည် ခိုကိုးရာမရှိ၊ မှီခိုရာ မရှိ” ဟူ၍ ဆို၏၊ အသျှင်ရဋ္ဌပါလဆိုအပ်သော ဤစကား၏သဘော (အဓိပ္ပါယ်) ကို အသို့မှတ်ရပါမည်နည်းဟု (လျှောက်၏)။ မင်းကြီး ထိုအရာကို အဘယ်သို့မှတ်ထင်သနည်း၊ သင်မင်းကြီးအား သက်သာရာမရအောင် နာကျင်သောအနာတစ်စုံတစ်ခုဖြစ်ဖူး၏လောဟု (မေး၏)။ အသျှင်ရဋ္ဌပါလ အကျွန်ုပ်အား သက်သာရာမရအောင်နာကျင်သောအနာ ဖြစ်ဖူးပါ၏။ အသျှင်ရဋ္ဌပါလ တစ်ရံတစ်ခါ အကျွန်ုပ်ကို “ကောရဗျမင်းသည်ယခုသေလတ္တံ့၊ ကောရဗျမင်းသည် ယခုသေလတ္တံ့”ဟု အဆွေခင်ပွန်း ဆွေမျိုးသားချင်းတို့သည်ခြံရံဝိုင်းအုံ၍ တည်ကြကုန်၏ဟု (လျှောက်၏)။
--
မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ သင်မင်းကြီးသည် ထိုအဆွေခင်ပွန်း ဆွေမျိုးသားချင်းတို့ကို “လာကြကုန်လော့၊ ငါ၏ အဆွေခင်ပွန်း ဆွေမျိုးသားချင်းဖြစ်ကုန်သော အမောင်တို့ငါခံစားရသည့် ဝေဒနာပေါ့ပါးသက်သာအောင် ထင်ရှားရှိကုန်သည့် အားလုံးသော သင်တို့သည်ပင် ဤငါ၏ဝေဒနာကို ခွဲယူ၍ ခံကြပါကုန်”ဟု ဆို၍ ရပါလတ္တံ့လော၊ သို့မဟုတ် သင်မင်းကြီးသည်သာလျှင် ထို့ဝေဒနာကို ခံစားရရာသလောဟု (မေး၏)။ အသျှင်ရဋ္ဌပါလ အကျွန်ုပ်သည် အဆွေခင်ပွန်း ဆွေမျိုးသားချင်းတို့ကို “လာကြကုန်လော့၊ ငါ၏ အဆွေခင်ပွန်း ဆွေမျိုးသားချင်း ဖြစ်ကြကုန်သော အမောင်တို့ငါခံစားရသည့် ဝေဒနာပေါ့ပါးသက်သာအောင် ထင်ရှားရှိသည့် အားလုံးသော သင်တို့သည် ဤငါ၏ဝေဒနာကို ခွဲယူ၍ ခံကြပါကုန်”ဟု ဆို၍ မရနိုင်ပါ၊ စင်စစ်သော်ကား အကျွန်ုပ်သည်သာလျှင်ထိုဝေဒနာကို ခံစားရပါ၏ဟု (လျှောက်၏)။ မင်းကြီး သိတော်မူမြင်တော်မူ၍ ပူဇော်အထူးကိုခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည်ဤသို့သဘောရှိ သော အကြောင်းကို ရည်ရွယ်၍ “လူအပေါင်းသည် ခိုကိုးရာမရှိ၊ အားထားရာမရှိ”ဟုဟောကြားတော် မူ၏။ ယင်းကို သိ၍ မြင်၍ ကြား၍ အကျွန်ုပ်သည် လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်ခဲ့ပါ၏ဟု (ဆို၏)။ အသျှင်ရဋ္ဌပါလ အံ့ဖွယ်ရှိပါပေစွ၊ အသျှင်ရဋ္ဌပါလ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ သိတော်မူ မြင်တော် မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် “လူအပေါင်းသည် ခိုကိုးရာမရှိ၊ အားထားရာမရှိ”ဟူ၍ဟောထားသော ဤစကား သည် အလွန်မှန်လှပေ၏။ အသျှင်ရဋ္ဌပါလ လူအပေါင်းသည် ခိုကိုးရာမရှိသည် မှန်ပါ၏၊ အားထားရာ မရှိသည် မှန်ပါ ၏။ (၂)
အသျှင်ရဋ္ဌပါလ ဤမင်းမျိုး၌ မြေ၌မြှပ်ထားသည်လည်းဖြစ်သော ဟင်းလင်းပြင်၌ ထားသည်လည်းဖြစ်သော များစွာသော ရွှေငွေသည် ရှိသည်သာတည်း။ “ဤလူအပေါင်းသည် ကိုယ်ပိုင်ဥစ္စာဟူ၍ မရှိ၊ အလုံးစုံသော ဥစ္စာကို စွန့်ပစ်ခဲ့၍ သွားရ၏”ဟူ၍ အသျှင်ရဋ္ဌပါလ ဆို၏။ အသျှင်ရဋ္ဌပါလဆိုသောဤစကား၏ သဘော (အဓိပ္ပါယ်) ကို အသို့မှတ်ရပါမည်နည်းဟု (လျှောက်၏)။
မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ သင်မင်းကြီးသည် ယခုဘဝ၌ ငါးပါးသောကာမဂုဏ်တို့ဖြင့် ရောင့်ရဲသည်ဖြစ်၍ ပြည့်စုံသည်ဖြစ်၍ စံပယ်ခံစားသကဲ့သို့ “တမလွန်လောက၌လည်းထို့အတူသာလျှင် ငါသည် ဤသည့်ငါးပါးသော ကာမဂုဏ်တို့ဖြင့်သာလျှင် ရောင့်ရဲသည်ဖြစ်၍ ပြည့်စုံသည်ဖြစ်၍ စံပယ်ခံစားအံ့”ဟု သင်မင်းကြီးသည် ရနိုင်ပါမည်လော၊ ထိုသို့မဟုတ် တစ်ပါးသော သူတို့သည်ဤစည်းစိမ်ကို သုံးဆောင်၍ သင်မင်းကြီးမှာမူ ကံအားလျော်စွာ သွားရမည် မဟုတ်ပါလောဟု (မေး၏)။ အသျှင်ရဋ္ဌပါလ အကျွန်ုပ်သည် ယခုဘဝ၌ ငါးပါးသော ကာမဂုဏ်တို့ဖြင့် ရောင့်ရဲသည်ဖြစ်၍ ပြည့်စုံသည်ဖြစ်၍ စံပယ်ခံစားသကဲ့သို့ “တမလွန် လောက၌လည်း ဤအတူသာလျှင် အကျွန်ုပ်သည် ဤငါးပါးသော ကာမဂုဏ်တို့ဖြင့်သာလျှင် ရောင့်ရဲသည်ဖြစ်၍ ပြည့်စုံသည်ဖြစ်၍ စံပယ်အံ့”ဟူ၍ မရနိုင်ပါ၊ စင်စစ်သော်ကား တစ်ပါးသောသူတို့သည် ဤစည်းစိမ်ကို သုံးဆောင်ကြ၍ အကျွန်ုပ်မှာမူ ကံအားလျော်စွာသာ သွားရပါမည်ဟု (လျှောက်၏)။ မင်းကြီး သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ဤသည်ကိုရည်ရွယ်၍ “လူအပေါင်းသည် ကိုယ်ပိုင်ဥစ္စာဟူ၍ မရှိ၊ အလုံးစုံသော ဥစ္စာတို့ကို စွန့်ပစ်ခဲ့၍ တမလွန်လောကသို့ သွားရ၏”ဟု ဟောတော်မူ၏။ ယင်းကို သိ၍ မြင်၍ ကြား၍ ငါသည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့ပါ၏ဟု (ဆို၏)။ အသျှင်ရဋ္ဌပါလ အံ့ဖွယ်ရှိပါပေစွ၊ အသျှင်ရဋ္ဌပါလ မဖြစ်ဖူးမြဲဖြစ်ပါပေစွ၊ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် “လူအပေါင်းသည် ကိုယ်ပိုင်ဥစ္စာဟူ၍ မရှိ၊ အလုံးစုံသော ဥစ္စာကို စွန့်ပစ်ခဲ့၍ တမလွန်လောကသို့ သွားရ၏”ဟု ဟောထားသော ဤစကားသည်အလွန် မှန်လှပါ၏၊ အသျှင်ရဋ္ဌပါလ လူအပေါင်းသည် ကိုယ်ပိုင်ဥစ္စာဟူ၍ မရှိသည် မှန်လှပါ၏၊ အလုံးစုံသောဥစ္စာကို စွန့်ပစ်၍ တမလွန်လောကသို့ သွားရသည် မှန်လှပါ၏။ (၃)
--
“လူအပေါင်းသည် အလိုမပြည့် ယုတ်လျော့လျက်သာ ရှိ၏၊ ရောင့်ရဲမှုမရှိ၊ တဏှာ၏ ကျွန်တည်း” ဟူ၍အသျှင်ရဋ္ဌပါလသည် ဆို၏။ အသျှင်ရဋ္ဌပါလဆိုသော ဤစကား၏ သဘော (အဓိပ္ပါယ်) ကို အဘယ် သို့မှတ်ရပါမည်နည်းဟု (လျှောက်၏)။ မင်းကြီး ထိုအရာကို အဘယ်သို့မှတ်ထင်သနည်း၊ (သင်သည်) စည်ပင်ဝပြောသော ကုရုတိုင်းကို စိုးအုပ်၍ နေသည် မဟုတ်ပါလောဟု (မေး၏)။ အသျှင်ရဋ္ဌပါလစည်ပင်ဝပြောသော ကုရုတိုင်းကို (ငါ) စိုးအုပ်၍ နေသည် မှန်ပါ၏ဟု (လျှောက်၏)။ မင်းကြီးထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဤကုရုတိုင်း၌ ယုံကြည်ထိုက်သော ခိုင်လုံသည့်စကားရှိသောယောက်ျား တစ်ယောက်သည် အရှေ့အရပ်မှ လာရောက်ပြီးလျှင် သင်မင်းကြီးကို ချဉ်းကပ်၍ “မင်းကြီးပြောကြား ပါ၏၊ သိတော်မူလော့၊ အကျွန်ုပ်သည် အရှေ့အရပ်မှ လာခဲ့ပါ၏၊ ထိုအရှေ့အရပ်၌ ပြည့်လည်းပြည့်စုံ၍ စည်ပင်ဝပြောကာ လူဦးရေများ၍ လူမျိုးစုံပြွမ်းသော နယ်ပယ်ကြီးကို မြင်ခဲ့ပါ၏၊ ထိုနယ်ပယ်၌ဆင် အပေါင်း မြင်းအပေါင်း ရထားအပေါင်း ခြေသည်သူရဲအပေါင်းတို့သည် များကုန်၏၊ ထိုနယ်ပယ်၌ဥစ္စာ စပါးလည်း ပေါများပါ၏၊ ထိုနယ်ပယ်၌ ပြုလုပ်ပြီး မပြုလုပ်ရသေးသည့် ရွှေငွေလည်း ပေါများပါ၏၊ ထိုနယ်ပယ်၌ သိမ်းယူသင့်သော မိန်းမလည်း ပေါများပါ၏၊ မင်းကြီး စစ်သည်ဗိုလ်ပါ ရဲမက် အနည်းငယ်မျှဖြင့် အောင်မြင်နိုင်သည်သာ ဖြစ်ပါ၏”ဟု ဆိုရာ၏၊ ထိုနယ်ပယ်ကို သင်မင်းကြီးသည် အသို့ပြုရာသနည်းဟု (မေး၏)။ အသျှင်ရဋ္ဌပါလ ထိုနယ်ပယ်ကိုလည်း အကျွန်ုပ်တို့သည် သိမ်းပိုက်အုပ်စိုးနေပါကုန်အံ့ဟု (လျှောက်၏)။
မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဤကုရုတိုင်းသို့ အနောက်အရပ်မှ ယောက်ျား တစ်ယောက်သည် လာရာ၏၊ မြောက်အရပ်မှ။ တောင်အရပ်မှ။ သမုဒ္ဒရာတစ်ဖက်ကမ်းမှ ယုံကြည်ထိုက်သော ခိုင်လုံသည့်စကားရှိသော ယောက်ျားတစ်ယောက်သည် လာရာ၏၊ ထိုယောက်ျားသည် သင်မင်းကြီးကို ချဉ်းကပ်၍ “မင်းကြီး ပြောကြားပါ၏၊ သိတော်မူလော့၊ အကျွန်ုပ်သည် သမုဒ္ဒရာတစ်ဖက်ကမ်းမှလာခဲ့ပါ၏၊ ထိုသမုဒ္ဒရာ တစ်ဖက်ကမ်း၌ ပြည့်လည်း ပြည့်စုံ၍ စည်ပင်ဝပြောကာ လူဦးရေများ၍ လူမျိုးစုံပြွမ်းသော နယ်ပယ်ကြီးကို မြင်ခဲ့ပါ၏၊ ထိုနယ်ပယ်၌ များစွာသော ဆင်အပေါင်း မြင်းအပေါင်းရထားအပေါင်း ခြေသည်သူရဲအပေါင်းတို့သည် များကုန်၏။ ထိုနယ်ပယ်၌ ဥစ္စာစပါးလည်း ပေါများပါ၏၊ ထိုနယ်ပယ်၌ ပြုလုပ်ပြီး မပြုလုပ်ရသေးသည့် ရွှေငွေလည်း ပေါများပါ၏၊ ထိုနယ်ပယ်၌ သိမ်းယူသင့်သောမိန်းမလည်း ပေါများပါ၏၊ မင်းကြီး စစ်သည်ဗိုလ်ပါ ရဲမက်အနည်းငယ်မျှဖြင့် အောင်မြင်နိုင်သည်သာဖြစ်ပါ၏”ဟု ဆိုရာ၏၊ ထိုနယ်ပယ်ကို သင်မင်းကြီးသည် အသို့ပြုရာသနည်းဟု (မေး၏)။ အသျှင်ရဋ္ဌပါလ ထိုနယ်ပယ်ကိုလည်း အကျွန်ုပ်တို့သည် သိမ်းပိုက်အုပ်စိုးနေပါကုန်အံ့ဟု (လျှောက်၏)။ မင်းကြီးသိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ဤသည်ကိုရည်ရွယ်၍ “လူအပေါင်းသည် အလိုမပြည့်ယုတ်လျက် သာ ရှိချေ၏၊ ရောင့်ရဲမှုမရှိ၊ တဏှာ၏ ကျွန်တည်း”ဟု ဟောတော်မူ၏။ ငါသည်ယင်းတရားကို သိ၍ မြင်၍ ကြား၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့ပါ၏ဟု (ဆို၏)။ အသျှင်ရဋ္ဌပါလ အံ့ဖွယ်ရှိပါပေ စွ၊ အသျှင်ရဋ္ဌပါလ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ သိတော်မူ မြင်တော်မူ၍ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောထိုမြတ်စွာဘုရားသည် “လူအပေါင်းသည် အလိုမပြည့် ယုတ်လျက်သာ ရှိ၏၊ မရောင့်ရဲနိုင်၊ တဏှာ၏ကျွန်တည်း”ဟု ဟောထားသော ဤစကား သည် အလွန်လျှင် မှန်လှပေ၏။ အသျှင်ရဋ္ဌပါလလူအပေါင်းသည် အလိုမပြည့်ပါ၊ ယုတ်လျော့လျက်သာ ရှိပါ၏၊ မရောင့်ရဲပါ၊ တဏှာ၏ ကျွန်ပါတည်းဟု (လျှောက်၏)။ (၄)
အသျှင်ရဋ္ဌပါလသည် ဤစကားကို ဟောကြား၏၊ ဤတရားစကားကို ဟောကြားပြီးနောက် ထိုမှတစ်ပါး ဤဂါထာများကို ဟောကြားပြန်၏ -
--
၃၀၇။ (မင်းကြီး) လောက၌ ဥစ္စာရှိသူ လူတို့ကို ငါ မြင်ရသည်မှာ မောဟဖက်၍ ရပြီး ဥစ္စာကိုမလှူရက်ကြသည့်ပြင် လောဘတက်၍ ဥစ္စာသိမ်းဆည်းမှုကိုသာ ပြုကြကုန်၏၊ ကာမဂုဏ်တို့ကို တိုး၍့တိုး၍သာ တောင့်တကြကုန်၏။
မင်းကြီးသည်ပင် ရန်သူအပေါင်းကို ဖိနှိပ်၍ သမုဒ္ဒရာအဆုံးရှိ မြေပြင်အလုံးကို အောင်နိုင်ကာမြေပြင်အလုံးကို စိုးအုပ်ရသူဖြစ်လျက် သမုဒ္ဒရာ၏ ဤမှာဘက် မိမိတိုင်းပြည်ဖြင့် ရောင့်ရဲသည့်သဘောမရှိဘဲ သမုဒ္ဒရာ၏ ထိုမှာဘက် သူပိုင် တိုင်းပြည်ကိုလည်း တောင့်တသေး၏။
မင်းသည်လည်းကောင်း အခြားလူအများသည်လည်းကောင်း တပ်မက်မှု မကင်း ခြင်းဖြင့်သာသေခြင်းသို့ ရောက်ကြကုန်၏၊ အလိုဆန္ဒပြည့်ဝသည် မရှိ၊ ယုတ် လျော့ကုန် လျက်သာလျှင် ခန္ဓာကိုယ်အတ္တဘောကို စွန့်ကြကုန်၏၊ လောက၌ ကာမဂုဏ်တို့ဖြင့် ရောင့်ရဲမှု မရှိသည်သာတည်း။
ထို (သေ) သူကို ဆွေမျိုးတို့သည် ဆံပင်တို့ကို ဖြန့်ကြဲလျက် ငါတို့၏ (သားကား) သေသွားလေပြီတကားဟု ငိုကြွေးမြည်တမ်းကာ ပြောဆိုကြကုန်၏၊ အဝတ်ဖြင့် ရစ်ပတ်ထားသောထိုသူကို ထိုသေရာအိမ်မှ ထုတ်ဆောင်ကြပြီးလျှင် ထင်းပုံသို့ ယူဆောင်ကာ မီးတိုက်ကြကုန်၏။
ထိုသေသူသည် စည်းစိမ်တို့ကိုစွန့်၍ အဝတ်တစ်ထည်တည်းဖြင့်သာ မီးတိုက်ခံရ၏၊ တံကျင်တို့ဖြင့်အထိုးခံရ၏၊ ဆွေမျိုး မိတ်ဆွေအပေါင်းအသင်းတို့သည် ထို သေရသူ၏ အားထားမှီခိုရာတို့ မဖြစ်လာကြကုန်။
အမွေခံတို့သည် ထိုသေသူ၏ အမွေဥစ္စာကို ဆောင်ကြကုန်၏၊ သေသောသတ္တဝါ သည်ကားကံအားလျော်စွာသာ လားရ၏၊ သားသမီးဖြစ်စေ၊ မယားဇနီးဖြစ်စေ၊ ဥစ္စာဖြစ်စေ၊ တိုင်းနိုင်ငံဖြစ်စေမည်သည့်ဥစ္စာမဆို သေသူ၏နောက်သို့ အစဉ်မလိုက် ကြကုန်။
အသက်ရှည်မှုကို ဥစ္စာပေး၍ မရနိုင်၊ စည်းစိမ်ပေးသဖြင့်လည်း အိုခြင်းကို မပယ်ဖျောက်နိုင်ကြကုန်၊ ပညာရှိတို့သည် ဤအသက်ကား နည်းငယ်တိုလျှ၏၊ အမြဲမရှိ၊ ဖောက်ပြန်တတ်သော သဘောရှိ၏ဟုဆိုကြကုန်၏။
ကြွယ်ဝသူတို့သည်လည်းကောင်း၊ ဆင်းရဲသူတို့သည်လည်းကောင်း၊ သေခြင်း အတွေ့ကိုတွေ့ကြရကုန်၏၊ ထို့အတူ သူမိုက်သည်လည်းကောင်း ပညာရှိသည် လည်းကောင်း သေခြင်းအတွေ့ကိုတွေ့ရမည်သာတည်း၊ သူမိုက်သည်ကား မိုက်သည့်အဖြစ်ကြောင့်သာလျှင် တုန်လှုပ်ချောက်ချားကာ သေရာညောင်စောင်း၌ လျောင်းအိပ်ရ၏၊ ပညာရှိသည်သာ သေခြင်းအတွေ့ဖြင့် တွေ့သော်လည်း မတုန်လှုပ်။
ထို့ကြောင့် ပညာသည်သာ ဥစ္စာထက် မြတ်၏၊ ယင်းပညာဖြင့် ကိစ္စအားလုံး ပြီးဆုံးရာအရဟတ္တဖိုလ်ကို ရနိုင်၏၊ မိုက်မဲတွေဝေသူတို့သည် (ကိစ္စအားလုံး) မပြီးဆုံးသေး သောကြောင့်သာလျှင် ဘဝကြီးငယ်တို့၌ ယုတ်မာမှု အကုသိုလ်တို့ကို ပြုမိကြကုန်၏။
ဘဝအဆက်ဆက် ကျင်လည်၍ အမိဝမ်းတိုက်သို့လည်းကောင်း၊ တမလွန်လောက သို့လည်းကောင်းကပ်ရောက်ရ၏၊ ထိုပညာမရှိသူ၏ စကားကို ပညာနည်းသူသည် အလွန် ယုံကြည်သည်ဖြစ်၍အမိဝမ်းတိုက်သို့လည်းကောင်း၊ တမလွန်လောကသို့ လည်းကောင်း ကပ်ရောက်ရ၏။
စည်းခြံစပ်အဝ၌ ခိုးယူတတ်သော ယုတ်မာသော သဘောရှိသူကို မိမိအမှုက ညှဉ်းဆဲဘိသကဲ့သို့ထို့အတူ တမလွန်လောက၌ အကုသိုလ်တရားယုတ်ရှိသည့် သတ္တဝါအပေါင်းကို မိမိအမှုကပင်ညှဉ်းဆဲလေ၏။
မင်းကြီး ကာမဂုဏ်ငါးပါးတို့သည် ဆန်းကြယ်ကုန်သည်သာလျှင်တည်း၊ သာယာဖွယ်ကဲ့သို့ ဖြစ်ကုန်၏၊ မွေ့လျော်ဖွယ်ကဲ့သို့ ဖြစ်ကုန်၏၊ အထူးထူးသော သဘောဖြင့် စိတ်ကို မွှေနှောက်တတ်ကုန်၏၊ ကာမဂုဏ်တို့၌ အပြစ်ကို မြင်သော ကြောင့် ငါသည် ရဟန်းပြု၏။
မင်းကြီး (ငယ်ငယ်ကြီးကြီး) သစ်သီးတို့သည် ကြွေကျကုန်သကဲ့သို့ လုလင်ပျို တို့သည်လည်းကောင်း၊ ငယ်ရွယ်သူတို့သည်လည်းကောင်း၊ ကြီးသူတို့သည်လည်း ကောင်း သေကြကုန်၏၊ ထိုအကြောင်းကိုလည်း့မြင်၍ မချွတ်မယွင်း ဝဋ်ဆင်းရဲတွင်းမှ ထွက်မြောက်ကြောင်းဖြစ်သော ရဟန်းအဖြစ်သည်သာ မြတ်လှပေ၏ဟု နှလုံးသွင်းလျက် ငါသည် ရဟန်းပြုခဲ့ပေသတည်း။
နှစ်ခုမြောက် ရဋ္ဌပါလသုတ် ပြီး၏။
၁။ သနပ်ခါးဖိုး ပန်းဖိုးမျှ ရှိသေး၏ဟု ဆိုလိုသည်။
--
၃-မဃဒေဝသုတ်
၃၀၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် မိထိလာပြည် မဃဒေဝမင်း၏ သရက်ဥယျာဉ်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် တစ်ခုသောအရပ်၌ ပြုံးတော်မူ၏။ ထိုအခါ အသျှင် အာနန္ဒာအား “မြတ်စွာဘုရား၏ ပြုံးတော်မူခြင်း၏ အကြောင်း အထောက်အထားကား အဘယ်လေနည်း၊ မြတ်စွာဘုရားတို့သည် အကြောင်းမရှိဘဲ ပြုံးတော်မမူကြကုန်”ဟု အကြံဖြစ်၏။ ထိုအခါ အသျှင်အာနန္ဒာသည် လက်ဝဲတစ်ဖက် ပခုံးထက်၌ သင်္ကန်းကို စံပယ်တင်၍ မြတ်စွာဘုရားကို လက်အုပ်ချီကာ “အသျှင်ဘုရား မြတ်စွာဘုရား ပြုံးတော်မူခြင်း၏ အကြောင်းအထောက်အထားကား အဘယ်ပါနည်း၊ မြတ်စွာဘုရားတို့သည် အကြောင်းမရှိဘဲ ပြုံးတော်မမူကြပါကုန်”ဟု လျှောက်၏။
အာနန္ဒာ ဤမိထိလာပြည်၌ မဃဒေဝမည်သော မင်းသည် ဖြစ်ဖူးလေပြီ၊ တရားစောင့်၏၊ တရား သဖြင့်မင်းပြု၏၊ တရား၌ တည်၏၊ မြတ်သောမင်းဖြစ်၏၊ နိဂုံးတို့၌ဖြစ်စေ၊ ဇနပုဒ်တို့၌ဖြစ်စေ ပုဏ္ဏားနှင့်အမျိုးသားတို့ အပေါ်ဝယ် တရားကို ပြုကျင့်၏၊ တစ်ဆယ့်လေးရက်မြောက်နေ့၌လည်းကောင်း၊ တစ်ဆယ့်ငါးရက်မြောက်နေ့၌လည်းကောင်း၊ လဆန်း လဆုတ်ပက္ခ၏ ရှစ်ရက်မြောက်နေ့၌လည်းကောင်း ဥပုသ်ကိုလည်း ကျင့်သုံး၏။ အာနန္ဒာ ထိုအခါ မဃဒေဝမင်းသည် နှစ်ပေါင်းများစွာ နှစ်ရာပေါင်းများစွာနှစ်ထောင်ပေါင်းများစွာတို့ကို လွန်သဖြင့် ဆတ္တာသည်ကိုခေါ်၍ “အချင်းဆတ္တာသည် ငါ၏ဦးခေါင်း၌ ဆံဖြူပေါက်သည်တို့ကို မြင်သောအခါ ပြောကြားလော့”ဟု မှာထားပြောဆို၏။ “အရှင်မင်းကြီး ကောင်းပါပြီ” ဟူ၍ ဆတ္တာသည်သည် မဃဒေဝမင်းကြီးအား ပြန်လျှောက်ကြား၏။ အာနန္ဒာ ဆတ္တာသည်သည်နှစ်ပေါင်းများစွာ နှစ်ရာပေါင်းများစွာ နှစ်ထောင်ပေါင်းများစွာတို့ကို လွန်သောအခါ မဃဒေဝမင်းကြီး၏ ဦးခေါင်း၌ ဆံဖြူပေါက်သည်တို့ကို မြင်၍ “အရှင်မင်းကြီးအား သေမင်းတမန်တို့သည် ထင်ရှားဖြစ်ပါကုန်ပြီ၊ ဦးခေါင်း၌ ဆံဖြူပေါက်ရောက်ခြင်းတို့သည် ထင်ရှားပါကုန်ပြီ”ဟု လျှောက်၏။ အချင်းဆတ္တာသည် သို့ဖြစ်မူ ထိုဆံဖြူတို့ကို မွေးညှပ်ဖြင့် ကောင်းစွာနုတ်ယူ၍ ငါ၏လက်ခုပ်၌ ထည့်လော့ဟု ဆို၏။ အာနန္ဒာ ဆတ္တာသည်သည် “အရှင်မင်းကြီး ကောင်းပါပြီ” ဟူ၍ မဃဒေဝမင်းကြီးစကားကို နာခံ၍ ထို ဆံဖြူတို့ကို မွေးညှပ်ဖြင့် ကောင်းစွာနုတ်၍ မဃဒေဝမင်းကြီး၏ လက်ခုပ်၌ထည့်လေ၏။
၃၀၉။ အာနန္ဒာ ထိုအခါ မဃဒေဝမင်းကြီးသည် ဆတ္တာသည်အား ရွာဆုပေးပြီးလျှင် သားတော်ကြီးအိမ်ရှေ့မင်းကို ခေါ်စေ၍ “သားတော်မောင် ငါ့အား သေမင်းတမန်တို့သည် ထင်ရှားဖြစ်ပေါ်ကုန်ပြီ၊ ဦးခေါင်း၌ ဆံဖြူပေါက်ရောက်ခြင်းတို့သည် ထင်ရှားကုန်၏။ ငါသည် လူ့ကာမဂုဏ်တို့ကို ခံစားပြီးပြီ၊
--
နတ်ကာမဂုဏ်တို့ကို ရှာမှီးရန် အချိန်တန်ခဲ့ပြီ၊ သားတော်မောင် သင်လာလော့၊ ဤတိုင်းနိုင်ငံကို စိုးအုပ်လော့၊ ငါသည်ကား ဆံမုတ်ဆိတ်ကို ရိတ်ပယ်၍ ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံပြီးလျှင်လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်တော့အံ့၊ သားတော်မောင် သို့ဖြစ်၍ သင်သည်လည်း ဦးခေါင်း၌ ဆံဖြူတို့ ပေါက်လာသည်ကို မြင်သောအခါ ဆတ္တာသည်အား ရွာဆုပေးပြီးလျှင် သားတော်ကြီးအိမ်ရှေ့မင်းကို မင်းကျင့်တရား၌ ကောင်းစွာ ဆုံးမခဲ့၍ ဆံမုတ်ဆိတ်ကို ရိတ်ပယ်ကာ ဖန်ရည်ဆိုးသောအဝတ်တို့ကို ဝတ်လျက် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ပါလေ၊ ငါထားခဲ့သော ကောင်းမြတ်သည့်ဤကျင့်ဝတ်အတိုင်း ဆက်လက်ကျင့်ပါလေ၊ သင်သည် ငါ၏ အဆုံးစွန်သော ယောက်ျား မဖြစ်စေလင့်။ သားတော်မောင် အနွယ်အဆက် ယောက်ျားကောင်း ဖြစ်ပါလျက် ဤသို့ သဘောရှိသောကောင်းမြတ်သည့် ကျင့်ဝတ်တရား ပြတ်သူသည် ထိုသူတို့တွင် အဆုံးစွန်သော ယောက်ျား ဖြစ်၏။ သားတော်မောင် ငါထားခဲ့သော ကောင်းမြတ်သည့် ဤကျင့်ဝတ်အတိုင်း ဆက်လက်ကျင့်ပါလေ၊ သင်သည်ငါ၏ အဆုံးစွန်သော ယောက်ျား မဖြစ်ပါစေလင့်” ဟူသော ဤစကားကို သင့်အား ငါဆို၏။
အနန္ဒာ ထိုအခါ မဃဒေဝမင်းကြီးသည် ဆတ္တာသည်အား ရွာဆုပေးပြီးလျှင် သားတော်ကြီးအိမ်ရှေ့မင်းကို မင်းကျင့်တရား၌ ကောင်းစွာ ဆုံးမခဲ့၍ ဤမဃဒေဝသရက်ဥယျာဉ်၌သာလျှင် ဆံမုတ်ဆိတ်ကို ရိတ်ပယ်ကာ ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံလျက် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်၏၊ ထိုမဃဒေဝမင်းကြီးသည် ချစ်ခြင်း ‘မေတ္တာ’ နှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသောအရပ်ကို ပျံ့နှံ့စေ၍ နေ၏၊ ထို့အတူ နှစ်ခုမြောက်အရပ်ကို။ သုံးခုမြောက်အရပ်ကို။ လေးခုမြောက်အရပ်ကို။ ဤနည်းဖြင့် အထက်အောက် ဖီလာအရပ်ကို ပျံ့နှံ့စေ၍ နေ၏၊ အလုံးစုံသောအရပ် အလုံးစုံသော သတ္တဝါတို့၌ မိမိနှင့်တူစွာသတ္တဝါအားလုံးရှိသော သတ္တလောကကို ပြန့်ပြောသော မြတ်သော အပိုင်းအခြားမရှိသော ရန်မရှိသောကြောင့်ကြမရှိသော မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။ သနားခြင်း ‘ကရုဏာ’ နှင့်ယှဉ်သောစိတ်ဖြင့်။ ဝမ်းမြောက်ခြင်း ‘မုဒိတာ’ နှင့်ယှဉ်သော စိတ်ဖြင့်။ လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့်ယှဉ်သောစိတ်ဖြင့် တစ်ခုသောအရပ်ကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက်အရပ်ကို။ သုံးခုမြောက်အရပ်ကို။ လေးခုမြောက်အရပ်ကို။ ဤနည်းအားဖြင့် အထက် အောက် ဖီလာအရပ်ကို ပျံ့နှံ့စေ၍ နေ၏၊ အလုံးစုံသောအရပ် အလုံးစုံသော သတ္တဝါတို့၌ မိမိနှင့်တူစွာ သတ္တဝါအားလုံးရှိသော သတ္တလောကကို ပြန့်ပြောသော မြတ်သော အပိုင်းအခြားမရှိသော ရန်မရှိသော ကြောင့်ကြမရှိသော လျစ်လျူရှုခြင်း ‘ဥပေက္ခာ'နှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။
အာနန္ဒာ မဃဒေဝမင်းကြီးသည် အနှစ်ရှစ်သောင်းလေးထောင်တို့ ကာလပတ်လုံး သူငယ်၏ ကစားခြင်းကို ကစား၏၊ အနှစ်ရှစ်သောင်းလေးထောင်တို့ ကာလပတ်လုံး အိမ်ရှေ့မင်းပြု၏၊ အနှစ်ရှစ်သောင်းလေးထောင်တို့ ကာလပတ်လုံး မင်းပြု၏၊ အနှစ်ရှစ်သောင်းလေးထောင်တို့ ကာလပတ်လုံး ဤမဃဒေဝသရက်ဥယျာဉ်၌သာလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်လျက် မြတ်သောအကျင့်ကိုကျင့်သုံး၏။ ထိုမဃဒေဝမင်းကြီးသည် ဗြဟ္မဝိဟာရတရား လေးပါးတို့ကို ပွါးများလျက်ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ဗြဟ္မာ့ပြည်သို့ လား၏။
၃၁၀။ အာနန္ဒာ ထိုအခါ မဃဒေဝမင်းကြီး၏ သားတော်သည် နှစ်ပေါင်းများစွာ နှစ်ရာပေါင်းများစွာနှစ်ထောင်ပေါင်းများစွာတို့ကို လွန်သဖြင့် ဆတ္တာသည်ကို ခေါ်၍ “အချင်းဆတ္တာသည် ငါ၏ဦးခေါင်း၌ဆံဖြူပေါက်သည်တို့ကို မြင်သောအခါ ပြောကြားလော့”ဟု မှာထားပြောဆို၏။ အာနန္ဒာဆတ္တာသည်သည် “အရှင်မင်းကြီး ကောင်းပါပြီ” ဟူ၍သာလျှင် မဃဒေဝမင်းကြီး၏သားတော်အားပြန်ကြားလျှောက်ထား၏။ အာနန္ဒာ ဆတ္တာသည်သည် နှစ်ပေါင်းများစွာ နှစ်ရာပေါင်းများစွာနှစ်ထောင်ပေါင်းများစွာတို့ကို လွန်သဖြင့် မဃဒေဝ မင်းကြီး၏သားတော်၏ ဦးခေါင်း၌ဆံဖြူပေါက်သည်တို့ကိုမြင်၍ မဃဒေဝမင်းကြီး၏သားတော်ကို “အရှင်မင်းကြီးအား သေမင်းတမန်တို့သည်ထင်ရှားဖြစ်ပါကုန်ပြီ၊ ဦးခေါင်း၌ ဆံဖြူပေါက်ရောက်ခြင်း တို့သည် ထင်ရှားပါကုန်ပြီ”ဟု လျှောက်၏။ အချင်းဆတ္တာသည် သို့ဖြစ်မူ ထိုဆံဖြူတို့ကို မွေးညှပ်ဖြင့် ကောင်းစွာ နုတ်ယူ၍ ငါ၏ လက်ခုပ်၌ထည့်လော့ဟု ဆို၏။ အာနန္ဒာ ဆတ္တာသည်သည် “အရှင်မင်းကြီး ကောင်းပါပြီ” ဟူ၍ မဃဒေဝမင်းကြီး၏သားတော်၏စကားကို နာခံ၍ ထိုဆံဖြူတို့ကို မွေးညှပ်ဖြင့် ကောင်းစွာ နုတ်၍့မဃဒေဝမင်းကြီး၏သား တော့်လက်ခုပ်၌ ထည့်လေ၏။
--
အာနန္ဒာ ထိုအခါ မဃဒေဝမင်းကြီး၏သားတော်သည် ဆတ္တာသည်အား ရွာဆုပေးပြီးလျှင် သားတော်ကြီးအိမ်ရှေ့မင်းကို ခေါ်စေ၍ “သားတော်မောင် ငါ့အား သေမင်းတမန်တို့သည် ထင်ရှား ဖြစ်ပေါ်ကုန်ပြီ၊ ဦးခေါင်း၌ ဆံဖြူပေါက်ရောက်ခြင်းတို့သည် ထင်ရှားကုန်ပြီ၊ ငါသည် လူ့ကာမဂုဏ်တို့ကိုသုံးဆောင်ခံစားပြီးပြီ၊ နတ်ကာမဂုဏ်တို့ကို ရှာမှီးရန် အချိန်တန်ခဲ့ပြီ၊ သားတော်မောင် သင်လာလော့၊ ဤတိုင်းနိုင်ငံကို အုပ်စိုးလော့၊ ငါသည်ကား ဆံမုတ်ဆိတ်ကို ရိတ်ပယ်၍ ဖန်ရည်ဆိုးသော အဝတ်တို့ကိုဝတ်ရုံပြီးလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်တော့အံ့။ သားတော်မောင် ထိုသို့ဖြစ်၍ သင်သည်လည်းဦးခေါင်း၌ ဆံဖြူပေါက်လာသည်ကို မြင်သောအခါ ဆတ္တာသည်အား ရွာဆုပေးပြီးလျှင် သားတော်ကြီးအိမ်ရှေ့မင်းကို မင်းကျင့်တရား၌ ကောင်းစွာ ဆုံးမခဲ့၍ ဆံမုတ်ဆိတ်ကို ရိတ်ပယ်ကာ ဖန်ရည်ဆိုးသောအဝတ်တို့ကို ဝတ်ရုံပြီးလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ပါလေလော့၊ ငါထားခဲ့သောကောင်း မြတ်သည့် ဤကျင့်ဝတ်အတိုင်း ဆက်လက်ကျင့်ပါလေ၊ သင်သည် ငါ၏အဆုံးစွန်သောယောက်ျား မဖြစ်ပါစေလင့်။ သားတော်မောင် အနွယ်အဆက် ယောက်ျားကောင်းဖြစ်ပါလျက် ဤသို့ သဘောရှိသော ကောင်းမြတ်သည့် ကျင့်ဝတ်တရားပြတ်သူသည် ထိုသူတို့တွင်အဆုံးစွန်သော ယောက်ျား ဖြစ်၏။ သားတော်မောင် ငါထားခဲ့သော ကောင်းမြတ်သည့်ဤကျင့်ဝတ်အတိုင်း ဆက်လက်ကျင့်ပါလေ၊ သင်သည် ငါ၏ အဆုံးစွန်သော ယောက်ျားမဖြစ်ပါစေလင့်” ဟူသော ဤစကားကို သင့်အား ငါဆိုဟု (ဆို၏)။
အာနန္ဒာ ထိုအခါ မဃဒေဝမင်းကြီး၏သားတော်သည် ဆတ္တာသည်အား ရွာဆုပေးပြီးလျှင် သားတော်ကြီး အိမ်ရှေ့မင်းကို မင်းအဖြစ်၌ ကောင်းစွာ ဆုံးမခဲ့၍ ဤမဃဒေဝသရက်ဥယျာဉ်၌သာလျှင် ဆံမုတ်ဆိတ်ကို ရိတ်ပယ်ကာ ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံလျက် လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်၏။ ထိုမဃဒေဝမင်း၏ သားတော်ရဟန်းသည် ချစ်ခြင်း ‘မေတ္တာ’ နှင့်ယှဉ်သော စိတ်ဖြင့်တစ်ခုသောအရပ်ကို ပျံ့နှံ့စေ၍ နေ၏၊ ထို့အတူ နှစ်ခုမြောက်အရပ်ကို။ သုံးခုမြောက်အရပ်ကို။ လေးခုမြောက်အရပ်ကို။ ဤနည်းအားဖြင့် အထက်အောက် ဖီလာအရပ်ကို ပျံ့နှံ့စေ၍ နေ၏၊ အလုံးစုံသောအရပ်အလုံးစုံသောသတ္တဝါတို့၌ မိမိနှင့်အတူ သတ္တဝါအားလုံးရှိသော သတ္တလောကကို ပြန့်ပြောသော မြတ်သောအပိုင်းအခြားမရှိသော ရန်မရှိသော ကြောင့်ကြမရှိသော မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။ သနားခြင်း ‘ကရုဏာ'နှင့်ယှဉ်သော စိတ်ဖြင့်။ ဝမ်းမြောက်ခြင်း ‘မုဒိတာ’ နှင့်ယှဉ်သော စိတ်ဖြင့်။ လျစ်လျူရှုခြင်း ‘ဥပေက္ခာ'နှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်ကို ပျံ့နှံ့စေ၍ နေ၏၊ ထို့အတူနှစ်ခုမြောက်အရပ်ကို။ သုံးခုမြောက်အရပ်ကို။ လေးခုမြောက်အရပ်ကို။ ဤနည်းအားဖြင့် အထက်အောက်ဖီလာအရပ်ကို ပျံ့နှံ့စေ၍ နေ၏၊ အလုံးစုံသောအရပ် အလုံးစုံသောသတ္တဝါတို့၌ မိမိနှင့်တူစွာ သတ္တဝါအားလုံးရှိသော သတ္တလောကကို ပြန့်ပြောသော မြတ်သော အပိုင်းအခြားမရှိသော ရန်မရှိသော ကြောင့်ကြမရှိသော လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။
အာနန္ဒာ မဃဒေဝမင်းကြီး၏ သားတော်သည် အနှစ်ရှစ်သောင်းလေးထောင်တို့ ကာလပတ်လုံး သူငယ်၏ကစားခြင်းကို ကစား၏၊ အနှစ်ရှစ်သောင်းလေးထောင်တို့ ကာလပတ်လုံး အိမ်ရှေ့မင်းပြု၏၊ အနှစ်ရှစ်သောင်း လေးထောင်တို့ ကာလပတ်လုံး မင်းပြု၏၊ အနှစ်ရှစ်သောင်းလေးထောင်တို့ ကာလပတ်လုံး ဤမဃဒေဝသရက် ဥယျာဉ်၌သာလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်လျက်မြတ်သော အကျင့်ကို ကျင့်၏၊ ထိုမဃဒေဝ မင်းကြီး၏ သားတော်သည် ဗြဟ္မဝိဟာရတရားလေးပါးတို့ကို ပွါးများလျက် ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်အခါ၌ ဗြဟ္မာ့ပြည်သို့ လား၏။
--
၃၁၁။ အာနန္ဒာ မဃဒေဝမင်းကြီး၏ သား မြေး အဆက်ဆက်ဖြစ်ကုန်သော ရှစ်သောင်းလေးထောင်သော မင်းတို့သည် ဤမဃဒေဝသရက်ဥယျာဉ်၌သာလျှင် ဆံမုတ်ဆိတ်ကို ရိတ်ပယ်၍ ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံကြလျက် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ကြကုန်၏။ ထိုရှစ်သောင်းလေးထောင်သော မင်းတို့သည် ချစ်ခြင်း'မေတ္တာ’ နှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသောအရပ်ကို ပျံ့နှံ့စေ၍နေ၏၊ ထို့အတူ နှစ်ခုမြောက် အရပ်ကို။ သုံးခုမြောက်အရပ်ကို။ လေးခုမြောက်အရပ်ကို။ ဤနည်းအားဖြင့် အထက်အောက် ဖီလာအရပ်ကို ပျံ့နှံ့စေ၍ နေကုန်၏၊ အလုံးစုံသောအရပ် အလုံးစုံသောသတ္တဝါတို့၌ မိမိနှင့်တူစွာ သတ္တဝါအားလုံးရှိသော သတ္တလောကကို ပြန့်ပြောသော မြတ်သော အပိုင်းအခြားမရှိသော ရန်မရှိသော ကြောင့်ကြမရှိသော မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေကုန်၏။ သနားခြင်း ‘ကရုဏာ’ နှင့်ယှဉ်သောစိတ်ဖြင့်။ ဝမ်းမြောက်ခြင်း ‘မုဒိတာ’ နှင့်ယှဉ်သော စိတ်ဖြင့်။ လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်ကို ပျံ့နှံ့စေ၍ နေကုန်၏၊ ထို့အတူနှစ်ခုမြောက်အရပ်ကို။ သုံးခုမြောက်အရပ်ကို။ လေးခုမြောက်အရပ်ကို။ ဤနည်းအားဖြင့် အထက်အောက်ဖီလာအရပ်ကို ပျံ့နှံ့စေ၍ နေကုန်၏၊ အလုံးစုံသောအရပ် အလုံးစုံသောသတ္တဝါတို့၌ မိမိနှင့် တူစွာသတ္တဝါအားလုံးရှိသော သတ္တလောကကို ပြန့်ပြောသော မြတ်သော အပိုင်းအခြားမရှိသော ရန်မရှိသောကြောင့်ကြမရှိသော လျစ်လျူရှုခြင်း ‘ဥပေက္ခာ'နှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေကုန်၏။
အနှစ် ရှစ်သောင်း လေးထောင်တို့ ကာလပတ်လုံး သူငယ်တို့၏ ကစားခြင်းကို ကစားကြကုန်၏၊ အနှစ် ရှစ်သောင်းလေးထောင်တို့ ကာလပတ်လုံး အိမ်ရှေ့မင်း ပြုကြကုန်၏၊ အနှစ် ရှစ်သောင်းလေးထောင်တို့ ကာလပတ်လုံး မင်းပြုကြကုန်၏၊ အနှစ်ရှစ်သောင်းလေးထောင်တို့ ကာလပတ်လုံး ဤမဃဒေဝသရက်ဥယျာဉ်၌သာလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ကြကုန်ပြီးလျှင် မြတ်သောအကျင့်ကို ကျင့်ကြကုန်၏၊ ထိုရှစ်သောင်းလေးထောင်သော မင်းတို့သည် ဗြဟ္မဝိဟာရတရား လေးပါးတို့ကို ပွါးများကြလျက် ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်အခါ၌ ဗြဟ္မာ့ပြည်သို့ လားကြကုန်ပြီ။ နေမိမင်းသည် ထိုမင်းတို့၏ နောက်ဆုံးဖြစ်၏၊ တရားစောင့်၏၊ တရားသဖြင့် မင်းပြု၏၊ တရား၌တည်၏၊ မြတ်သော မင်းဖြစ်၏၊ ပုဏ္ဏားနှင့် အမျိုးသားတို့၌လည်းကောင်း၊ နိဂုံးသူ နိဂုံးသားတို့၌လည်းကောင်း၊ ဇနပုဒ်သူ ဇနပုဒ်သားတို့၌လည်းကောင်း တရားသဖြင့် ကျင့်၏၊ လဆန်းပက္ခ လဆုတ်ပက္ခ၏တစ်ဆယ့်လေးရက်မြောက်နေ့၌လည်းကောင်း၊ တစ်ဆယ့်ငါးရက်မြောက်နေ့၌လည်းကောင်း၊ ရှစ်ရက်မြောက်နေ့၌လည်းကောင်း ဥပုသ်ကို ကျင့်သုံး၏။
၃၁၂။ အာနန္ဒာ တာဝတိံသာနတ်တို့သည် သုဓမ္မာသဘင်၌ အညီအညွတ် စည်းဝေးနေကြစဉ်တစ်ခုသော စကားသည် ထင်ရှားဖြစ်၏- “အချင်းတို့ ဝိဒေဟရာဇ်တိုင်းသူတိုင်းသားတို့အား အရတော်လေစွတကား၊ အချင်းတို့ ဝိဒေဟရာဇ်တိုင်းသူတိုင်းသားတို့သည် ကောင်းစွာ ရအပ်လေစွတကား၊ ယင်းဝိဒေဟရာဇ်တိုင်းသူတိုင်းသားတို့၏ နေမိမင်းသည် တရားစောင့်၏၊ တရားသဖြင့် မင်းပြု၏၊ တရား၌တည်၏၊ မြတ်သော မင်းဖြစ်၏၊ ပုဏ္ဏားနှင့် အမျိုးသားတို့၌လည်းကောင်း၊ နိဂုံးသူ နိဂုံးသားတို့၌လည်းကောင်း၊ ဇနပုဒ်သူ ဇနပုဒ်သားတို့၌လည်းကောင်း တရားသဖြင့် ကျင့်၏၊ လဆန်းပက္ခ လဆုတ်ပက္ခ၏တစ်ဆယ့်လေးရက်မြောက်နေ့၌လည်းကောင်း၊ တစ်ဆယ့်ငါးရက်မြောက်နေ့၌လည်းကောင်း၊ ရှစ်ရက်မြောက်နေ့၌လည်းကောင်း၊ ဥပုသ်ကိုလည်း ကျင့်သုံး၏”ဟု ဤစကားသည် ဖြစ်၏။ အာနန္ဒာ ထိုအခါနတ်တို့အရှင် သိကြားမင်းသည် တာဝတိံသာနတ်တို့ကို “အချင်းနတ်တို့ သင်တို့သည် နေမိမင်းကြီးကိုဖူးမြင်လိုကြပါကုန်သလော”ဟု မေး၏။ အရှင်သိကြားမင်း အကျွန်ုပ်တို့သည် နေမိမင်းကြီးကို ဖူးမြင်လိုကြပါကုန်၏ဟု (ဆိုကြကုန်၏)။ အာနန္ဒာ ထိုအခါ နေမိမင်းသည် တစ်ဆယ့်ငါးရက် မြောက်ဖြစ်သောထိုဥပုသ်နေ့၌ ဦးခေါင်းလျှော်ပြီးလျှင် ဥပုသ်ကျင့်သုံးလျက် မြတ်သော ပြာသာဒ်ထက်သို့ တက်ရောက်၍နေ၏။ အာနန္ဒာ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် အားရှိသော ယောကျ်ားသည်ကွေး၍ထားသော လက်မောင်းကို ဆန့်တန်းရာသကဲ့သို့လည်းကောင်း၊ ဆန့်တန်း၍ထားသောလက်မောင်းကို ကွေးရာသကဲ့ သို့လည်းကောင်း ဤအတူသာလျှင် တာဝတိံသာနတ်တို့၌ ကွယ်ခဲ့၍့ နေမိမင်း၏ ရှေ့၌ ထင်ရှားဖြစ်၏။
--
အာနန္ဒာ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် နေမိမင်းကို “မင်းမြတ် သင့်အား အရတော် လေစွ၊ မင်းမြတ် သင်သည် ကောင်းစွာ ရအပ်ပေစွ၊ မင်းမြတ် တာဝတိံသာနတ်တို့သည် သုဓမ္မာသဘင်၌'အချင်းတို့ ဝိဒေဟရာဇ်တိုင်းသူတိုင်းသားတို့အား အရတော်လေစွ၊ အချင်းတို့ ဝိဒေဟရာဇ်တိုင်းသူတိုင်းသားတို့သည် ကောင်းစွာ ရအပ်လေစွ၊ ယင်းဝိဒေဟရာဇ်တိုင်းသူတိုင်းသားတို့၏ နေမိမင်းသည် တရားစောင့်၏၊ တရားသဖြင့် မင်းပြု၏၊ တရား၌တည်၏၊ မြတ်သောမင်းဖြစ်၏၊ ပုဏ္ဏားနှင့်အမျိုးသားတို့၌လည်းကောင်း၊ နိဂုံးသူ နိဂုံးသားတို့၌လည်းကောင်း၊ ဇနပုဒ်သူ ဇနပုဒ်သားတို့၌လည်းကောင်း တရားသဖြင့်ကျင့်၏၊ လဆန်းပက္ခ လဆုတ်ပက္ခ၏ တစ်ဆယ့်လေးရက် မြောက်နေ့၌လည်းကောင်း၊ တစ်ဆယ့်ငါးရက်မြောက်နေ့၌လည်းကောင်း၊ ရှစ်ရက်မြောက်နေ့၌လည်းကောင်း ဥပုသ်ကိုလည်း ကျင့်သုံး၏’ဟုချီးကျူးကြ ကုန်လျက် စည်းဝေးကြကုန်၏။ မင်းမြတ် သင်မင်းမြတ်အား တာဝတိံသာနတ်တို့သည်ဖူးမြင်လိုကြကုန် ၏၊ မင်းမြတ် သင်မင်းမြတ်ထံ အကျွန်ုပ်သည် အာဇာနည်မြင်းတစ်ထောင်ကသောရထားကို စေလွှတ်ပါ အံ့၊ မင်းမြတ် နတ်၌ဖြစ်သော ယာဉ်ကို မတုန်မလှုပ် မကြောက်မရွံ့တက်စီးပါလော့”ဟု ဆို၏။ အာနန္ဒာ နေမိမင်းသည် ဆိတ်ဆိတ်နေသဖြင့် လက်ခံလေ၏။
၃၁၃။ အာနန္ဒာ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် နေမိမင်း၏ လက်ခံခြင်းကို သိ၍ဥပမာအားဖြင့် အားရှိသော ယောကျ်ားသည် ကွေး၍ထားသော လက်မောင်းကို ဆန့်တန်းရာသကဲ့သို့လည်းကောင်း၊ ဆန့်တန်း၍ ထားသော လက်မောင်းကို ကွေးရာသကဲ့သို့လည်းကောင်း ဤအတူသာလျှင်နေမိမင်း၏ မျက်မှောက်မှ ကွယ်ခဲ့၍ တာဝတိံသာနတ်တို့၌ ထင်ရှားဖြစ်၏။ အာနန္ဒာ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် လူတို့ကို ချီးမြှောက်တတ်သော မာတလိနတ်သားကို “အချင်းမာတလိ သင်လာလော့၊ အာဇာနည်မြင်းတစ်ထောင်ကသော ရထားကို ကပြီးလျှင် နေမိမင်းသို့ ချဉ်းကပ်၍ ‘မင်းမြတ်သင်မင်းမြတ်အတွက် အာဇာနည်မြင်းတစ်ထောင်ကသော ဤရထားကို နတ်တို့အရှင် သိကြားမင်းသည်စေလွှတ်အပ်ပါ၏၊ မင်းမြတ် နတ်၌ဖြစ်သော ယာဉ်ကို မကြောက်မရွံ့ တက်စီးပါလော့’ဟု ဤသို့ဆိုပါလေ”ဟု ပြောဆိုစေလွှတ်၏။ အာနန္ဒာ လူတို့ကို ချီးမြှောက်တတ်သော မာတလိနတ်သားသည်"ကောင်းပါပြီ အရှင်သိကြားမင်း” ဟူ၍သာလျှင် နတ်တို့အရှင် သိကြားမင်း၏ စကားကို ဝန်ခံ၍အာဇာနည်မြင်း တစ်ထောင်ကသော ရထားကို ကလျက် နေမိမင်းကြီးထံသို့ ချဉ်းကပ်ပြီးလျှင် မင်းမြတ်သင်မင်း မြတ်အတွက် အာဇာနည်မြင်း တစ်ထောင်ကသော ဤရထားကို နတ်တို့အရှင် သိကြားမင်းသည်စေလွှတ်ပါ၏၊ မင်းမြတ် နတ်၌ဖြစ်သော ယာဉ်ကို မကြောက်မရွံ့ တက်စီပါလော့၊ မင်းမြတ် (အကျွန်ုပ်) သိလိုသည်မှာ မကောင်းမှု ရှိသူတို့သည် မကောင်းမှုအကျိုးကို ခံစားရာ (ငရဲ) သို့လည်းကောင်း ကောင်းမှုရှိသူတို့သည် ကောင်းမှုအကျိုးကို ခံစားရာ (နတ်ပြည်) သို့လည်းကောင်း သွားရာ ခရီးနှစ်မျိုးတွင်အဘယ်ခရီးဖြင့် သင်မင်းကြီးကို ဆောင်ယူရပါမည်နည်း”ဟု ပြောဆို၏။ မာတလိနတ်သား ငါ့ကိုခရီးနှစ်မျိုးဖြင့်သာလျှင် ဆောင်ယူလော့ဟု (ဆို၏)။ အာနန္ဒာ လူတို့ကို ချီးမြှောက်တတ်သော မာတလိနတ်သားသည် နေမိမင်းကို သုဓမ္မာသဘင်သို့ ကောင်းစွာ သွင်းလေသတည်း။
အာနန္ဒာ နတ်တို့အရှင် သိကြားမင်းသည် အဝေးက လာသော နေမိမင်းကို မြင်လျှင် “မင်းမြတ်ကြွလာတော်မူပါလော့၊ မင်းမြတ် ကောင်းသောလာခြင်း ဖြစ်ပါပေ၏၊ မင်းမြတ် တာဝတိံသာနတ်တို့သည်မင်းမြတ်အား မြင်လိုကြပါကုန်၏၊ သုဓမ္မာသဘင်၌ အညီအညွတ် စည်းဝေးကုန်လျက် ‘အချင်းတို့ဝိဒေဟရာဇ်တိုင်းသူ တိုင်းသားတို့အား အရတော်လေစွတကား၊ အချင်းတို့ ဝိဒေဟရာဇ်တိုင်းသူတိုင်းသားတို့သည် ကောင်းစွာရအပ် လေစွတကား၊ ယင်းဝိဒေဟရာဇ်တိုင်းသူတိုင်းသားတို့၏ နေမိမင်းသည်တရားစောင့်၏၊ တရားသဖြင့် မင်းပြု၏၊ တရား၌ တည်၏၊ မြတ်သော မင်းဖြစ်၏၊
--
ပုဏ္ဏားနှင့် အမျိုးသားတို့၌လည်းကောင်း၊ နိဂုံးသူ နိဂုံးသားတို့၌လည်းကောင်း၊ ဇနပုဒ်သူ ဇနပုဒ်သားတို့၌လည်းကောင်း့တရားသဖြင့် ကျင့်၏၊ လဆန်းပက္ခ လဆုတ်ပက္ခ၏ တစ်ဆယ့်လေးရက်မြောက်နေ့၌လည်းကောင်း၊ တစ်ဆယ့်ငါးရက်မြောက်နေ့၌လည်းကောင်း၊ ရှစ်ရက်မြောက်နေ့၌လည်းကောင်း ဥပုသ်ကိုလည်း ကျင့်သုံး၏’ဟု ချီးကျူးသော သဘောရှိကြပါကုန်၏။ မင်းမြတ် တာဝတိံသာနတ်တို့သည် သင်မင်းကြီးအားဖူးမြင်လိုကြပါကုန်၏၊ မင်းမြတ် နတ်ပြည်၌ နတ်တို့၏ အာနုဘော်ဖြင့် မွေ့လျော်ပါလော့”ဟု ပြောကြားလေ၏။ အဆွေသိကြားမင်း တော်လောက်ပြီ၊ ထိုမိထိလာပြည်သို့သာလျှင် အကျွန်ုပ်ကို ပြန်ပို့ပါလော့၊ ထိုရှေးနှင့်အတူ ငါသည် ပုဏ္ဏားနှင့် အမျိုးသားတို့၌လည်းကောင်း နိဂုံးသူ နိဂုံးသားတို့၌လည်းကောင်းဇနပုဒ်သူ ဇနပုဒ်သားတို့၌လည်းကောင်း၊ တရားနှင့်လျော်စွာ ကျင့်ပါအံ့၊ လဆန်းပက္ခ လဆုတ်ပက္ခ၏တစ်ဆယ့်လေးရက်မြောက်နေ့၌လည်းကောင်း၊ တစ်ဆယ့်ငါးရက်မြောက်နေ့၌လည်းကောင်း ရှစ်ရက်မြောက်နေ့၌လည်းကောင်း ဥပုသ်ကိုလည်း ကျင့်သုံးပါအံ့ဟု (ပြောဆို၏)။
၃၁၄။ အာနန္ဒာ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် လူတို့ကို ချီးမြှောက်တတ်သော မာတလိနတ်သားကို ခေါ်၍ “အချင်းမာတလိ သင်လာခဲ့လော့၊ အာဇာနည်မြင်းတစ်ထောင်ကသော ရထားကိုက၍ နေမိ မင်းကို ထိုမိထိလာပြည်သို့သာလျှင် ပြန်ပို့လေ”ဟု ဆို၏။ အာနန္ဒာ လူတို့ကိုချီးမြှောက်တတ် သော မာတလိ နတ်သားသည် “ကောင်းပါပြီ အရှင်၏ စကားသည်ကောင်းလှပါ၏”ဟု နတ်တို့အရှင် သိကြားမင်း၏ စကားကို ဝန်ခံ၍ အာဇာနည်မြင်း တစ်ထောင်ကသောရထားကို က၍ နေမိမင်းကို ထိုမိထိလာပြည်သို့သာလျှင် ပြန်ပို့၏။ အာနန္ဒာ နေမိမင်းသည်ထိုမိထိလာပြည်၌ ပုဏ္ဏားနှင့် အမျိုးသား တို့၌လည်းကောင်း၊ နိဂုံးသူ နိဂုံးသားတို့၌လည်းကောင်း၊ ဇနပုဒ်သူ ဇနပုဒ်သားတို့၌လည်းကောင်း၊ တရား သဖြင့် ကျင့်၏၊ လဆန်းပက္ခ လဆုတ်ပက္ခ၏ တစ်ဆယ့်လေးရက်မြောက်နေ့၌လည်းကောင်း၊ တစ်ဆယ့် ငါးရက်မြောက်နေ့၌လည်းကောင်း၊ ရှစ်ရက်မြောက်နေ့၌လည်းကောင်း ဥပုသ်ကိုလည်း ကျင့်သုံး၏။ အာနန္ဒာ ထိုအခါ နေမိမင်းသည်နှစ်ပေါင်းများစွာ နှစ်ရာပေါင်းများစွာ နှစ်ထောင်ပေါင်းများစွာ လွန်သော အခါ၌ ဆတ္တာသည်ကို ခေါ်၍"အချင်း ဆတ္တာသည် ငါ၏ ဦးခေါင်း၌ ဆံဖြူတို့ ပေါက်ရောက်သည်တို့ကို မြင်သောအခါ ငါ့အားပြောကြားပါလေ”ဟု ဆို၏။ အာနန္ဒာ ဆတ္တာသည်သည် “အရှင်မင်းမြတ် ကောင်း ပါပြီ”ဟူ၍သာလျှင်နေမိမင်းအား ပြန်လျှောက်ကြား၏။
အာနန္ဒာ ဆတ္တာသည်သည် နှစ်ပေါင်းများစွာ နှစ်ရာပေါင်းများစွာ နှစ်ထောင်ပေါင်းများစွာ လွန်သောအခါဝယ် နေမိမင်း၏ ဦးခေါင်း၌ ဆံဖြူပေါက်ရောက်သည်တို့ကို မြင်လေ၍ နေမိမင်းကို “အရှင်မင်းမြတ်အား သေမင်းတမန်တို့သည် ထင်ရှားဖြစ်လတ်ပါကုန်ပြီ၊ ဦးခေါင်း၌ ပေါက်ရောက်သော ဆံဖြူတို့သည် ထင်ပါကုန်၏”ဟု လျှောက်တင်၏။ အချင်းဆတ္တာသည် သို့ဖြစ်မူ ထိုဆံဖြူတို့ကို မွေးညှပ်ဖြင့်ကောင်းစွာ နုတ်၍ ငါ၏ လက်ခုပ်၌ ထည့်လေလော့ဟု (ဆို၏)။ အာနန္ဒာ ဆတ္တာသည်သည် “မင်းမြတ်ကောင်းပါပြီ” ဟူ၍သာလျှင် နေမိမင်း၏ စကားကို ဝန်ခံ၍ ထိုဆံဖြူတို့ကို မွေးညှပ်ဖြင့် ကောင်းစွာ နုတ်၍နေမိမင်း၏ လက်ခုပ်၌ ထည့်၏။ အာနန္ဒာ ထိုအခါ နေမိမင်းသည် ဆတ္တာသည်အား ရွာဆုကို ပေး၍သားကြီးအိမ်ရှေ့မင်းကို ခေါ်စေပြီးလျှင် “သားတော်မောင် ငါ့အား သေမင်းတမန်တို့သည် ထင်ရှားဖြစ်လတ်ကုန်ပြီ၊ ဦးခေါင်း၌ ပေါက်ရောက်သော ဆံဖြူတို့သည် ထင်ရှားကုန်၏၊ ငါသည် လူ့ကာမဂုဏ်တို့ကိုသုံးဆောင်ခံစားရပေပြီ၊ နတ်ကာမဂုဏ်တို့ကို ရှာမှီးရန် အချိန်တန်ပြီ၊ သားတော်မောင် သင်လာလော့၊ ဤတိုင်းပြည်ကို အုပ်စိုးလော့၊ ငါသည်ကား ဆံမုတ်ဆိတ်ကို ရိတ်ပယ်၍ ဖန်ရည်ဆိုးသော အဝတ်တို့ကိုဝတ်ရုံ၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်တော့အံ့၊ သားတော်မောင် သို့ဖြစ်၍ သင်သည်လည်းဦးခေါင်း၌ ပေါက်ရောက်သော ဆံဖြူတို့ကို မြင်သောအခါ ဆတ္တာသည်အား ရွာဆုကို ပေးပြီးလျှင်သားကြီးအိမ်ရှေ့မင်းကို မင်းကျင့်တရား၌ ကောင်းစွာ ဆုံးမခဲ့၍ ဆံမုတ်ဆိတ်ကို ရိတ်ပယ်၍ ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံပြီးလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်လေလော့၊ ငါထားခဲ့သော ကောင်းမြတ်သည့် ဤကျင့်ဝတ်အတိုင်း ဆက်လက်ကျင့်ပါလေ၊ သင်သည် ငါ၏ အဆုံးစွန်သောယောကျ်ား မဖြစ်ပါစေလင့်။ သားတော်မောင် အနွယ်အဆက်၌ ယောကျ်ားကောင်းဖြစ်ပါလျက်ဤသို့သဘော ရှိသော ကောင်းမြတ်သည့် ကျင့်ဝတ်ပြတ်သူသည် ထိုသူတို့တွင် အဆုံးစွန်သောယောကျ်ားဖြစ်ပေ၏၊ သား တော်မောင် ‘ငါထားခဲ့သော ကောင်းမြတ်သည့် ဤကျင့်ဝတ်အတိုင်းဆက်လက်ကျင့်ပါလေ၊ သင်သည် ငါ၏ အဆုံးစွန်သော ယောကျ်ားမဖြစ်ပါစေလင့်’ ဟူသော"ဤစကားကို သင့်အား ငါဆို၏ဟု (ဆို၏)။
--
၃၁၅။ အာနန္ဒာ ထိုအခါ နေမိမင်းသည် ဆတ္တာသည်အား ရွာဆုကို ပေး၍ သားကြီးအိမ်ရှေ့မင်းကိုမင်းကျင့်ဝတ်၌ ကောင်းစွာ ဆုံးမခဲ့၍ ဤမဃဒေဝသရက်ဥယျာဉ်၌သာလျှင် ဆံမုတ်ဆိတ်ကို ရိတ်ပယ်၍ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံကာ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏။ ထိုနေမိမင်းသည်ချစ်ခြင်း ‘မေတ္တာ’ နှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသောအရပ်ကို ပျံ့နှံ့စေ၍ နေ၏၊ ထို့အတူ နှစ်ခုမြောက်အရပ်ကို။ သုံးခုမြောက်အရပ်ကို။ လေးခုမြောက်အရပ်ကို။ ဤနည်းအားဖြင့် အထက် အောက် ဖီလာအရပ်ကို ပျံ့နှံ့စေ၍ နေ၏၊ အလုံးစုံသောအရပ် အလုံးစုံသောသတ္တဝါတို့၌ မိမိနှင့်တူစွာ သတ္တဝါအားလုံးရှိသော သတ္တလောကကို ပြန့်ပြောသော မြတ်သော အပိုင်းအခြားမရှိသော ရန်မရှိသော ကြောင့်ကြမရှိသော မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။ သနားခြင်း ‘ကရုဏာ’ နှင့်ယှဉ်သော စိတ်ဖြင့်။ ဝမ်းမြောက်ခြင်း ‘မုဒိတာ’ နှင့်ယှဉ်သော စိတ်ဖြင့်။ လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့်ယှဉ်သော စိတ်ဖြင့်တစ်ခုသောအရပ်ကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက်အရပ်ကို။ သုံးခုမြောက်အရပ်ကို။ လေးခုမြောက်အရပ်ကို။ ဤနည်းအားဖြင့် အထက် အောက် ဖီလာအရပ်ကို ပျံ့နှံ့စေ၍ နေ၏။ အလုံးစုံသောအရပ် အလုံးစုံသောသတ္တဝါတို့၌ မိမိနှင့်တူစွာ သတ္တဝါအားလုံးရှိသော သတ္တလောကကို ပြန့်ပြောသောမြတ်သော အပိုင်းအခြားမရှိသော ရန်မရှိသော ကြောင့်ကြမရှိသော လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။
အာနန္ဒာ နေမိမင်းသည်ကား အနှစ်ရှစ်သောင်းလေးထောင်တို့ ကာလပတ်လုံး သူငယ်၏ ကစား ခြင်းကိုကစား၏၊ အနှစ်ရှစ်သောင်းလေးထောင်တို့ ကာလပတ်လုံး အိမ်ရှေ့မင်း ပြု၏၊ အနှစ်ရှစ်သောင်းလေးထောင်တို့ ကာလပတ်လုံး မင်းပြု၏၊ အနှစ်ရှစ်သောင်းလေးထောင်တို့ ကာလပတ်လုံး ဤမဃဒေဝသရက်ဥယျာဉ်၌သာလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ပြီးလျှင် မြတ်သောအကျင့်ကိုကျင့်သုံး ၏၊ ထိုနေမိမင်းသည် ဗြဟ္မဝိဟာရတရား လေးပါးတို့ကို ပွါများ၍ ခန္ဓာကိုယ်ပျက်စီး၍သေပြီးသည်မှ နောက်အခါ၌ ဗြဟ္မာ့ပြည်သို့ လား၏။ အာနန္ဒာ နေမိမင်းအား ကဠာရဇနကမည်သောသားသည် ရှိ၏၊ ထိုသားသည် လူ့ဘောင်မှ ရဟန်းဘောင်သို့ မဝင်ရောက်ချေ။ ထိုကဠာရဇနကသည်ထိုကောင်းမြတ်သော ကျင့်ဝတ်ကို ဖြတ်လေ၏၊ (ထို့ကြောင့်) ထိုကဠာရဇနကသည် ထိုသူတို့တွင်အဆုံးစွန်သော ယောကျ်ား ဖြစ်သတည်း။
၃၁၆။ အာနန္ဒာ သင့်အား “ထိုအခါက ဤကောင်းမြတ်သည့် ကျင့်ဝတ်ကို ထားခဲ့သောမဃဒေဝမင်းသည် အခြားသူ ဖြစ်လေသလော”ဟု အကြံဖြစ်လေရာ၏။ အာနန္ဒာ ဤအရာကို ဤသို့မမှတ်သင့်။ ထိုအခါ ငါသည် မဃဒေဝမင်း ဖြစ်ခဲ့၏၊ ငါထားခဲ့သော ထိုကောင်းမြတ်သည့် ကျင့်ဝတ်တရားအတိုင်း နောင်လာနောက်သားအပေါင်းသည် ဆက်လက်၍ ကျင့်၏။ အာနန္ဒာ ထိုကောင်းမြတ်သည့်ကျင့်ဝတ်တရားသည် ငြီးငွေ့ရန် တပ်မက်မှုကင်းရန် ချုပ်ငြိမ်းရန် ငြိမ်းအေးရန် အထူးသိရန် ထိုးထွင်း၍သိရန် ကောင်းစွာသိရန် မဖြစ်၊ နိဗ္ဗာန် အကျိုးငှါ မဖြစ်၊ ဗြဟ္မာ့ပြည်သို့ ရောက်ရုံသာ ဖြစ်၏။ အာနန္ဒာယခုအခါ ငါထားခဲ့သော ဤကောင်းမြတ်သည့် ကျင့်ဝတ်တရားမှာမူကား ဧကန် ဝဋ်ဆင်းရဲ၌ ငြီးငွေ့ရန်တပ်မက်မှုကင်းရန် ချုပ်ငြိမ်းရန် ငြိမ်းအေးရန် အထူးသိရန် ထိုးထွင်း၍သိရန် ဖြစ်၏၊ နိဗ္ဗာန်အကျိုးငှါဖြစ်၏။
အာနန္ဒာ ယခုအခါ ငါထားခဲ့သော ကောင်းမြတ်သည့် အဘယ်ကျင့်ဝတ်တရားသည် ဧကန် ငြီးငွေ့ခြင်းငှါတပ်မက်မှုကင်းခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ငြိမ်းအေးခြင်းငှါ အထူးသိခြင်းငှါ ထိုးထွင်း၍သိခြင်းငှါနိဗ္ဗာန်အကျိုးငှါ ဖြစ်သနည်းဟူမူ- အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်တရားပင်တည်း။ ဤအရိယမဂ်ဟူသည်အဘယ်နည်း- မှန်စွာသိမြင်ခြင်း၊ မှန်စွာကြံစည်ခြင်း၊ မှန်စွာပြောဆိုခြင်း၊ မှန်စွာ ပြုလုပ်ခြင်း၊ မှန်စွာအသက်မွေးခြင်း၊ မှန်စွာ အားထုတ်ခြင်း၊ မှန်စွာအောက်မေ့ခြင်း၊ မှန်စွာတည်ကြည်ခြင်းတို့တည်း။ အာနန္ဒာ ယခုအခါ ငါထားခဲ့သော ဤကောင်းမြတ်သည့် ကျင့်ဝတ်တရားသည် စင်စစ်ဧကန် ငြီးငွေ့ခြင်းငှါတပ်မက်မှုကင်းခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ငြိမ်းအေးခြင်းငှါ အထူးသိခြင်းငှါ ထိုးထွင်း၍သိခြင်းငှါ နိဗ္ဗာန်အကျိုးငှါ ဖြစ်၏။
--
အာနန္ဒာ ငါသည် သင်တို့အား ထိုအရာကို ဤသို့ ဟောကြားပေအံ့၊ ငါထားခဲ့သော ဤကောင်းမြတ်သည့် ကျင့်ဝတ်အတိုင်း ဆက်လက်ကျင့်ကြကုန်လော့၊ သင်တို့သည် ငါ၏ အဆုံးစွန်သော ယောကျ်ားများ မဖြစ်ကြစေကုန်လင့်၊ အာနန္ဒာ အနွယ်အဆက် ယောကျ်ားကောင်းဖြစ်ပါလျက် ဤသို့သဘောရှိသောကောင်း မြတ်သည့် ကျင့်ဝတ်တရားပြတ်သူသည် ထိုသူတို့တွင် အဆုံးစွန်သော ယောကျ်ား ဖြစ်ပေ၏၊ အာနန္ဒာ ငါသည် သင်တို့အား ဤသို့ ဟော၏- “ငါထားခဲ့သော ဤကျင့်ဝတ်တရားအတိုင်း ဆက်လက်ကျင့်ကြကုန်လော့၊ သင်တို့သည် ငါ၏ အဆုံးစွန်သော ယောကျ်ားများ မဖြစ်ကြစေကုန်လင့်”ဟု (မိန့်တော်မူ၏)။
မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ စကားတော်ကို ဝမ်းမြောက်စွာ လက်ခံလေသတည်း။
သုံးခုမြောက် မဃဒေဝသုတ် ပြီး၏။
--
၄-မဓုရသုတ်
၃၁၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ အသျှင်မဟာကစ္စည်းသည် မဓုရာပြည် နွားမြေရင်းတော၌ သီတင်းသုံးနေတော်မူ၏။ အဝန္တိမင်း၏မြေး မဓုရာမင်းသည် ဤဆိုလတ္တံ့သောအတိုင်း ကြားသိရလေပြီ “အချင်းတို့ အသျှင်ကစ္စည်းသည် မဓုရာပြည် နွားမြေရင်းတော၌ နေ၏၊ ထိုအသျှင်ကစ္စည်းမထေရ်၏ ဤသို့ ကောင်းမြတ်သောကျော်စောသံသည် ပျံ့နှံ့၍ တက်၏၊ ‘လိမ္မာ၏၊ ထက်မြက်၏၊ ထိုးထွင်း၍ သိနိုင်သော ပညာရှိ၏၊ အကြားအမြင်များ၏၊ ဆန်းကြယ်စွာ ဟောကြားတတ်၏၊ ကောင်းသောပဋိဘာန် ‘ဉာဏ်’ ရှိ၏၊ အသက်သိက္ခာလည်းကြီး၏၊ ရဟန္တာလည်း ဖြစ်၏’ဟု ပျံ့နှံ့၍ တက်၏၊ ထိုသို့သဘောရှိသော ရဟန္တာအသျှင်တို့ကို ဖူးမြော်ရခြင်းသည် ကောင်းမြတ်သည်သာတည်း”ဟု (ကြားသိရလေ၏)။
ထိုအခါ အဝန္တိမင်း၏မြေး မဓုရာမင်းသည် ကောင်းကုန် အလွန်ကောင်းကုန်သော ယာဉ်တို့ကို ကစေ၍ကောင်းသော ယာဉ်ကို တက်စီးပြီးလျှင် ကောင်းကုန် အလွန်ကောင်းကုန်သော ယာဉ်တို့ဖြင့် ကြီးစွာသောမင်း၏ ကျက်သရေဖြင့် အသျှင်ကစ္စည်းမထေရ်ကို ဖူးမြော်ရန် မဓုရာပြည်မှ ထွက်လေ၏၊ ယာဉ်ဖြင့်သွားနိုင်သမျှသော အရပ်ကို ယာဉ်ဖြင့်သွား၍ ယာဉ်မှ သက်ပြီးသော် ခြေကျင်သာလျှင် အသျှင်မဟာကစ္စည်းမထေရ်ထံသို့ ချဉ်းကပ်၍ အသျှင်မဟာကစ္စည်းမထေရ်နှင့် ဝမ်းမြောက်ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အောက်မေ့ဖွယ်စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် သင့်လျော်ရာ၌ ထိုင်ကာ အသျှင်ကစ္စည်းမထေရ်အား ဤစကားကို လျှောက်၏-
“အသျှင်ကစ္စာန ပုဏ္ဏားတို့သည် ‘ပုဏ္ဏားမျိုးသည်သာ မြတ်ပါ၏၊ တစ်ပါးသော အမျိုးသည် ယုတ်၏၊ ပုဏ္ဏားမျိုးသည်သာ ဖြူစင်၏၊ တစ်ပါးသောအမျိုးသည် မည်းညစ်၏၊ ပုဏ္ဏားတို့သည်သာလျှင်စင်ကြယ်ကုန်၏၊ ပုဏ္ဏားမဟုတ်သူတို့သည် မစင်ကြယ်ကုန်။ ပုဏ္ဏားတို့သည်သာလျှင့်ဗြဟ္မာ၏သားရင်းတို့ ဖြစ်ကုန်၏၊ ခံတွင်းမှ ပေါက်ဖွားသူများ ဖြစ်ကုန်၏၊ ဗြဟ္မာမှ ပေါက်ဖွားလာကုန်၏၊ ဗြဟ္မာဖန်ဆင်းထားသူ တို့ ဖြစ်ကုန်၏၊ ဗြဟ္မာ၏ အမွေခံတို့ ဖြစ်ကုန်၏’ဟု ဆိုကြကုန်၏၊ ဤပြောဆိုရာ၌ အသျှင်ကစ္စည်းသည် အသို့ပြောဆိုလိုသနည်း”ဟု (လျှောက်၏)။ မင်းကြီး"ပုဏ္ဏားမျိုးသာလျှင် မြတ်၏၊ တစ်ပါးသော အမျိုး သည် ယုတ်၏၊ ပုဏ္ဏားမျိုးသည်သာလျှင် ဖြူစင်၏၊ တစ်ပါးသောအမျိုးသည် မည်းညစ်၏၊ ပုဏ္ဏားတို့ သည်သာလျှင် စင်ကြယ်ကုန်၏၊ ပုဏ္ဏားမဟုတ်သူတို့သည် မစင်ကြယ်ကုန်၊ ပုဏ္ဏားတို့သည်သာလျှင် ဗြဟ္မာ၏ သားရင်းတို့ ဖြစ်ကုန်၏၊ ခံတွင်းမှပေါက်ဖွားသူများ ဖြစ်ကုန်၏၊ ဗြဟ္မာမှ ပေါက်ဖွားလာကုန်၏၊ ဗြဟ္မာဖန်ဆင်းထားသူတို့ ဖြစ်ကုန်၏၊ ဗြဟ္မာ၏ အမွေခံတို့ ဖြစ်ကုန်၏” ဟူသည် လောက၌ စကားသာ လျှင် ဖြစ်ပေ၏။ မင်းကြီး"ပုဏ္ဏားမျိုးသည်သာ မြတ်သော အမျိုးတည်း၊ တစ်ပါးသော အမျိုးသည် ယုတ်၏။ပ။ ဗြဟ္မာ၏အမွေခံတို့ ဖြစ်ကုန်၏” ဟူသည် လောက၌ စကားသာလျှင် ဖြစ်ပုံအကြောင်းကိုဤဆိုလတ္တံ့သောနည်းဖြင့် သိသင့်၏။
၃၁၈။ မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ မင်းမျိုးသည် အကယ်၍ ဥစ္စာ စပါး ရွှေငွေတို့ဖြင့် အလိုပြည့်ဝစေနိုင်ငြားအံ့၊ တစ်ပါးသောမင်းမျိုးလည်း ထိုမင်းမျိုး၏ ရှေးဦးစွာ ထရာသည်၊ နောက်မှ အိပ်ရာသည်၊ အမိန့်ကို နာခံရာသည်၊ စိတ်ကြိုက်ကို လိုက်ရာသည်၊ ချစ်ဖွယ်ကို ပြောကြားရာသည်။ ပုဏ္ဏားမျိုးလည်း ထိုမင်းမျိုး၏။ ကုန်သည်မျိုးလည်း ထိုမင်းမျိုး၏။ သူဆင်းရဲမျိုးလည်း ထိုမင်းမျိုး၏ ရှေးဦးစွာ ထရာသည်၊ နောက်မှ အိပ်ရာသည်၊ အမိန့်ကိုနာခံရာသည်၊ စိတ်ကြိုက်ကို လိုက်ရာသည်၊ ချစ်ဖွယ်ကို ပြောကြားရာသည် မဟုတ်လောဟု (မေး၏)။ အသျှင်ကစ္စာန မင်းမျိုးသည် အကယ်၍ ဥစ္စာ စပါး ရွှေငွေတို့ဖြင့် အလိုပြည့်ဝစေ နိုင်ငြားအံ့၊ တစ်ပါးသော မင်းမျိုးလည်း ထိုမင်း မျိုး၏ ရှေးဦးစွာ ထရာပါ၏၊ နောက်မှ အိပ်ရာပါ၏၊ အမိန့်ကိုနာခံရာပါ၏၊ စိတ်ကြိုက်ကို လိုက်ရာ ပါ၏၊ ချစ်ဖွယ်ကို ပြောကြားရာပါ၏။ ပုဏ္ဏားမျိုးလည်း ထိုမင်းမျိုး၏။ ကုန်သည်မျိုးလည်း ထိုမင်း၏။ သူဆင်းရဲမျိုးလည်း ထိုမင်းမျိုး၏ ရှေးဦးစွာ ထရာပါ၏၊ နောက်မှ အိပ်ရာပါ၏၊ အမိန့်ကို နာခံရာပါ၏၊ စိတ်ကြိုက်ကို လိုက်ရာပါ၏၊ ချစ်ဖွယ်ကိုပြောကြားရာပါ၏ဟု (လျှောက်၏)။
--
မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ပုဏ္ဏားမျိုးသည် အကယ်၍ ဥစ္စာ စပါး ရွှေငွေတို့ဖြင့် အလိုပြည့်ဝစေနိုင်ငြားအံ့၊ တစ်ပါးသော ပုဏ္ဏားမျိုးလည်း ထိုပုဏ္ဏားမျိုး၏ ရှေးဦးစွာ ထရာသည်၊ နောက်မှ အိပ်ရာသည်၊ အမိန့်ကို နာခံရာသည်၊ စိတ်ကြိုက်ကို လိုက်ရာသည်၊ ချစ်ဖွယ်ကိုပြောကြားရာသည်။ ကုန်သည်မျိုးလည်း ထိုပုဏ္ဏားမျိုး၏။ သူဆင်းရဲမျိုးလည်း ထိုပုဏ္ဏားမျိုး၏။ မင်းမျိုးလည်း ထိုပုဏ္ဏားမျိုး၏ ရှေးဦးစွာ ထရာသည်၊ နောက်မှ အိပ်ရာသည်၊ အမိန့်ကို နာခံရာသည်၊ စိတ်ကြိုက်ကို လိုက်ရာသည်၊ ချစ်ဖွယ်ကို ပြောကြား ရာသည် မဟုတ်လောဟု (မေး၏)။ အသျှင်ကစ္စာန ပုဏ္ဏားမျိုးသည် အကယ်၍ ဥစ္စာ စပါး ရွှေငွေတို့ဖြင့် အလိုပြည်ဝစေနိုင်ငြားအံ့၊ တစ်ပါးသော ပုဏ္ဏားမျိုးလည်း ထိုပုဏ္ဏားမျိုး၏ ရှေးဦးစွာ ထရာပါ၏၊ နောက်မှ အိပ်ရာပါ၏၊ အမိန့်ကို နာခံရာပါ၏၊ စိတ်ကြိုက်ကို လိုက်ရာပါ၏၊ ချစ်ဖွယ်ကို ပြောကြားရာပါ၏။ ကုန်သည်မျိုးလည်း ထိုပုဏ္ဏားမျိုး၏။ပ။ သူဆင်းရဲမျိုးလည်း ထိုပုဏ္ဏာမျိုး၏။ပ။ မင်းမျိုးလည်း ထိုပုဏ္ဏားမျိုး၏ ရှေးဦးစွာ ထရာပါ၏၊ နောက်မှ အိပ်ရာပါ၏၊ အမိန့်ကို နာခံရာပါ၏၊ စိတ်ကြိုက်ကို လိုက်ရာပါ၏၊ ချစ်ဖွယ်ကို ပြောကြားရာပါ၏ဟု (လျှောက်၏)။
မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ကုန်သည်မျိုးသည် အကယ်၍ ဥစ္စာ စပါး ရွှေငွေတို့ဖြင့် အလိုပြည့်ဝစေနိုင်ငြားအံ့၊ တစ်ပါးသော ကုန်သည်မျိုးလည်း ထိုကုန်သည်မျိုး၏ ရှေးဦးစွာထရာသည်၊ နောက်မှ အိပ်ရာသည်၊ အမိန့်ကို နာခံရာသည်၊ စိတ်ကြိုက်ကို လိုက်ရာသည်၊ ချစ်ဖွယ်ကိုပြောကြားရာသည်။ သူဆင်းရဲမျိုးလည်း ထိုကုန်သည်မျိုး၏။ မင်းမျိုးလည်း ထိုကုန်သည်မျိုး၏။ ပုဏ္ဏား့မျိုးလည်း ထိုကုန်သည်မျိုး၏ ရှေးဦးစွာ ထရာသည်၊ နောက်မှ အိပ်ရာသည်၊ အမိန့်ကို နာခံရာသည်၊ စိတ်ကြိုက်ကို လိုက်ရာသည်၊ ချစ်ဖွယ်ကို ပြောကြားရာသည် မဟုတ်လောဟု (မေး၏)။ အသျှင်ကစ္စာနကုန်သည်မျိုးသည် အကယ်၍ ဥစ္စာ စပါး ရွှေ ငွေတို့ဖြင့် အလိုပြည့်ဝစေနိုင်ငြားအံ့၊ တစ်ပါးသော ကုန်သည်မျိုးလည်း ထိုကုန်သည်မျိုး၏ ရှေးဦးစွာ ထရာပါ၏၊ နောက်မှ အိပ်ရာပါ၏၊ အမိန့်ကို နာခံရာပါ၏၊ စိတ်ကြိုက်ကို လိုက်ရာပါ၏၊ ချစ်ဖွယ်ကို ပြောကြားရာပါ၏။ သူဆင်းရဲမျိုးလည်း ထိုကုန်သည်မျိုး၏။ မင်းမျိုးလည်း ထိုကုန်သည်မျိုး၏။ ပုဏ္ဏားမျိုးလည်း ထိုကုန်သည်မျိုး၏ ရှေးဦးစွာ ထရာပါ၏၊ နောက်မှအိပ်ရာပါ၏၊ အမိန့်ကို နာခံရာပါ၏၊ စိတ်ကြိုက်ကို လိုက်ရာပါ၏၊ ချစ်ဖွယ်ကို ပြောကြားရာပါ၏ဟု (လျှောက်၏)။
မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ သူဆင်းရဲမျိုးသည် အကယ်၍ ဥစ္စာ စပါး ရွှေငွေတို့ဖြင့် အလိုပြည့်ဝစေနိုင်ငြားအံ့၊ တစ်ပါးသော သူဆင်းရဲမျိုးလည်း ထိုသူဆင်းရဲမျိုး၏ ရှေးဦးစွာထရာသည်၊ နောက်မှ အိပ်ရာသည်၊ အမိန့်ကို နာခံရာသည်၊ စိတ်ကြိုက်ကို လိုက်ရာသည်၊ ချစ်ဖွယ်ကိုပြောကြားရာသည် မင်းမျိုးလည်း ထိုသူဆင်းရဲမျိုး၏။ ပုဏ္ဏားမျိုးလည်း ထိုသူဆင်းရဲမျိုး၏။ပ။ ကုန်သည်မျိုးလည်း ထိုသူဆင်းရဲမျိုး၏ ရှေးဦးစွာ ထရာသည်၊ နောက်မှ အိပ်ရာသည်၊ အမိန့်ကို နာခံရာသည်၊ စိတ်ကြိုက်ကို လိုက်ရာသည်၊ ချစ်ဖွယ်ကို ပြောကြားရာသည် မဟုတ်လောဟု (မေး၏)။ အသျှင် ကစ္စာနသူဆင်းရဲမျိုးသည် အကယ်၍ ဥစ္စာ စပါး ရွှေ ငွေတို့ဖြင့် အလိုပြည့်ဝစေနိုင်ငြားအံ့၊ တစ်ပါးသောသူဆင်းရဲမျိုးလည်း ထိုသူဆင်းရဲမျိုး၏ ရှေးဦးစွာ ထရာပါ၏၊ နောက်မှ အိပ်ရာပါ၏၊ အမိန့်ကို နာခံရာပါ၏၊ စိတ်ကြိုက်ကို လိုက်ရာပါ၏၊ ချစ်ဖွယ်ကို ပြောကြားရာပါ၏၊ မင်းမျိုးလည်း ထိုသူဆင်းရဲမျိုး၏။ပ။ ပုဏ္ဏားမျိုးလည်း ထိုသူဆင်းရဲမျိုး၏။ပ။ ကုန်သည်မျိုးလည်း ထိုသူဆင်းရဲ မျိုး၏ ရှေးဦးစွာ ထရာပါ၏၊ နောက်မှ အိပ်ရာပါ၏၊ အမိန့်ကို နာခံရာပါ၏၊ စိတ်ကြိုက်ကို လိုက်ရာပါ၏၊ ချစ်ဖွယ်ကို ပြောကြားရာပါ၏ဟု (လျှောက်၏)။
--
မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ယင်းသို့ ဖြစ်လတ်သော် ဤအမျိုးလေးပါး တို့သည်တူမျှကြကုန်သလော၊ မတူမျှကြကုန်သလော၊ ဤအရာ၌ သင်မင်းကြီးအား အဘယ်သို့သောထင်မြင်ချက်ရှိ သနည်းဟု (မေး၏)။ အသျှင်ကစ္စာန ဤသို့ ဖြစ်သည်ရှိသော် စင်စစ်အားဖြင့် ဤ အမျိုးလေးပါးတို့သည် တူမျှပါကုန်၏၊ ဤအရာ၌ ဤအမျိုးလေးပါးတို့၏ ခြားနားမှု တစ်စုံတစ်ခုကိုမျှ မမြင်ပါဟု (လျှောက်၏)။ မင်းကြီး “ပုဏ္ဏားမျိုးသည်သာလျှင် မြတ်၏၊ တစ်ပါးသော အမျိုးသည် ယုတ်၏။ပ။ ဗြဟ္မာ၏ အမွေခံတို့ ဖြစ်ကုန်၏”ဟူသည် လောက၌ စကားသာလျှင် ဖြစ်ပုံအကြောင်းကို ဤဆိုခဲ့ပြီးသောနည်းဖြင့်လည်း သိသင့်၏ဟု (မိန့်ဆို၏)။
၃၁၉။ မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဤလောက၌ မင်းမျိုးသည် အသက်သတ်လေ့ရှိငြားအံ့၊ မပေးသည်ကို ယူလေ့ရှိငြားအံ့၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်လေ့ရှိငြားအံ့၊ မဟုတ်မမှန် ပြောဆိုလေ့ရှိငြားအံ့၊ ကုန်းတိုက်လေ့ရှိငြားအံ့၊ ကြမ်းတမ်းသော စကားကို ပြောဆိုလေ့ရှိငြားအံ့၊ ပြိန်ဖျင်းသော စကားကို ပြောဆိုလေ့ရှိငြားအံ့၊ သူတစ်ပါးစည်းစိမ်ကို လိုချင်တပ်မက်လေ့ရှိငြားအံ့၊ သူတစ်ပါးကို ပျက်စီးစေလိုစိတ် ရှိငြားအံ့၊ မှားသောအယူ ရှိငြားအံ့၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာဖြစ်သော ဖရိုဖရဲကျရာဖြစ်သော ငရဲသို့ရောက်ရာသ လော၊ မရောက်ရာသလော၊ ဤအရာ၌ သင့်အား အဘယ်သို့ ထင်မြင်ချက်ရှိသနည်းဟု (မေး၏)။ အသျှင်ကစ္စာန မင်းမျိုးသည်လည်း အသက်သတ်လေ့ရှိငြားအံ့၊ မပေးသည်ကို ယူလေ့ရှိငြားအံ့၊ ကာမတို့၌ မှားယွင်းစွာ ကျင့်လေ့ရှိငြားအံ့၊ မဟုတ်မမှန် ပြောဆိုလေ့ရှိငြားအံ့၊ ကုန်းတိုက်လေ့ရှိငြားအံ့၊ ကြမ်းတမ်း သော စကားကို ပြောဆိုလေ့ရှိငြားအံ့၊ ပြိန်ဖျင်းသော စကားကို ပြောဆိုလေ့ ရှိငြားအံ့၊ သူတစ်ပါးစည်းစိမ် ကို လိုချင်တပ်မက်လေ့ရှိငြားအံ့၊ သူတစ်ပါးကို ပျက်စီးစေလိုသောစိတ် ရှိငြားအံ့၊့မှားသောအယူ ရှိငြားအံ့၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့သာ ရောက်ရာပါ၏၊ ဤအရာ၌ အကျွန်ုပ်အား ဤသို့သောထင်မြင်ချက်ရှိပါ၏၊ ဤသို့သာလျှင် အကျွန်ုပ်သည် ရဟန္တာတို့၏ (အထံမှ) ဤစကားကို ကြားဖူးပါ၏ဟု (လျှောက်၏)။
မင်းကြီး ကောင်းစွ ကောင်းစွ၊ မင်းကြီး သင်၏ ဤသို့သော ထင်မြင်ချက်ကား ကောင်းလှပေ၏။ ရဟန္တာတို့၏ (အထံမှ) သင်ကြားရသော ဤစကားသည် ကောင်းလှပေ၏။ မင်းကြီး ထိုအရာကိုအဘယ် သို့ မှတ်ထင်သနည်း၊ ဤလောက၌ ပုဏ္ဏားမျိုးသည်။ပ။ ဤလောက၌ ကုန်သည်မျိုးသည်။ပ။ ဤ လောက၌ သူဆင်းရဲမျိုးသည် အသက်သတ်လေ့ရှိငြားအံ့၊ မပေးသည်ကို ယူလေ့ရှိငြားအံ့။ပ။ မှားသော အယူရှိငြားအံ့၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသောမကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ရောက်ရာသလော၊ မရောက်ရာသလော၊ ဤအရာ၌သင့်အား အဘယ်သို့ ထင်မြင် ချက်ရှိသနည်းဟု (မေး၏)။ အသျှင်ကစ္စာန သူဆင်းရဲသည်လည်းအသက်သတ်လေ့ရှိငြားအံ့၊ မပေးသည် ကို ယူလေ့ရှိငြားအံ့။ပ။ မှားသောအယူ ရှိငြားအံ့၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာ ကင်းသော မကောင်းသောလားရာ ဖရိုဖရဲကျရာငရဲသို့သာ ရောက်ရာပါ၏၊ ဤအရာ၌ အကျွန်ုပ်အား ဤသို့သော ထင်မြင်ချက်ရှိပါ၏၊ ဤသို့သာလျှင်အကျွန်ုပ်သည် ရဟန္တာတို့၏ အထံမှ ဤစကားကို ကြားဖူးပါ၏ဟု (လျှောက်၏)။
မင်းကြီး ကောင်းစွ ကောင်းစွ၊ မင်းကြီး သင်၏ ဤသို့သော ထင်မြင်ချက်ကား ကောင်းလှပေ၏။ ရဟန္တာတို့၏ အထံမှ သင်ကြားရသော ဤစကားသည် ကောင်းလှပေ၏။ မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ယင်းသို့ ဖြစ်သည်ရှိသော် ဤအမျိုးလေးပါးတို့သည် တူမျှကုန်သလော၊ မတူမျှကုန်သလော၊ ဤအရာ၌ သင်မင်းကြီးအား အဘယ်သို့သော ထင်မြင်ချက်ရှိသနည်းဟု (မေး၏)။ အိုကစ္စာန ဤသို့ ဖြစ်သည်ရှိသော် စင်စစ်အားဖြင့် ဤအမျိုးလေးပါးတို့သည် တူမျှကြပါကုန်၏၊ ဤအရာ၌ ထိုအမျိုးလေးပါးတို့၏ ခြားနားမှု တစ်စုံတစ်ခုကိုမျှ မမြင်ပါဟု (လျှောက်၏)။ မင်းကြီး “ပုဏ္ဏားမျိုးသည်သာ မြတ်၏၊ တစ်ပါးသော အမျိုးသည် ယုတ်၏။ပ။ ဗြဟ္မာ၏ အမွေခံတို့ ဖြစ်ကုန်၏” ဟူသည်ဤလောက၌ စကားသာလျှင် ဖြစ်ပုံအကြောင်းကို ဤဆိုခဲ့ပြီးသော နည်းဖြင့်လည်း သိသင့်၏။
--
၃၂၀။ မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဤလောက၌ မင်း မျိုးသည် အသက်သတ်ခြင်းမှ ကြဉ်ရှောင်ငြားအံ့၊ မပေးသည်ကို ယူခြင်းမှ ကြဉ်ရှောင်ငြားအံ့၊ ကာမတို့၌ မှားယွင်းစွာကျင့်ခြင်းမှ ကြဉ်ရှောင်ငြားအံ့၊ မဟုတ်မမှန် ပြောဆိုခြင်းမှ ကြဉ်ရှောင်ငြားအံ့၊ ကုန်းတိုက်ခြင်းမှ ကြဉ်ရှောင်ငြားအံ့၊ ကြမ်းတမ်းသော စကားကို ဆိုခြင်းမှ ကြဉ်ရှောင်ငြားအံ့၊ ပြိန်ဖျင်းသော စကားကိုဆိုခြင်းမှ ကြဉ်ရှောင်ငြားအံ့၊ သူတစ်ပါး စည်းစိမ်ကို တပ်မက်သောအားဖြင့် မကြံစည်ငြားအံ့၊ သူတစ်ပါးကို ပျက်စီး စေလိုစိတ် မရှိငြားအံ့၊ ဖြောင့်မှန်သော အယူကို ယူငြားအံ့၊ ကိုယ်ခန္ဓာပျက်စီး၍သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည် လောကသို့ ရောက်ရာသလော၊ မရောက်ရာသလော၊ ဤအရာ၌ သင့်အား အဘယ်သို့သော ထင်မြင်ချက်ရှိသနည်းဟု (မေး၏)။ အသျှင်ကစ္စာန မင်းမျိုးသည်လည်း အသက်သတ် ခြင်းမှ ကြဉ်ရှောင်ငြားအံ့၊ မပေးသည်ကို ယူခြင်းမှကြဉ်ရှောင်ငြားအံ့၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ကြဉ်ရှောင်ငြားအံ့၊ မဟုတ်မမှန်ပြောဆို ခြင်းမှကြဉ်ရှောင်ငြားအံ့၊ ကုန်းတိုက်ခြင်းမှ ကြဉ်ရှောင်ငြားအံ့၊ ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းမှကြဉ်ရှောင်ငြားအံ့၊ ပြိန်ဖျင်းသော စကားကို ဆိုခြင်းမှ ကြဉ် ရှောင်ငြားအံ့၊ သူတစ်ပါးစည်းစိမ်ကိုတပ်မက်သောအားဖြင့် မကြံစည်ငြားအံ့၊ သူတစ်ပါးကို ပျက်စီး စေလိုသောစိတ် မရှိငြားအံ့၊ ဖြောင့်မှန်သော အယူရှိငြားအံ့၊ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာနတ်ပြည်လောကသို့ ရောက်ရာပါ၏၊ ဤအရာ၌ အကျွန်ုပ်အား ဤသို့သော ထင်မြင် ချက်ရှိပါ၏၊့ဤသို့သာလျှင် အကျွန်ုပ်သည် ရဟန္တာတို့၏ (အထံမှ) ဤစကားကို ကြားဖူးပါ၏ဟု (လျှောက်၏)။
မင်းကြီး ကောင်းစွ ကောင်းစွ၊ မင်းကြီး သင်၏ ဤသို့သော ထင်မြင်ချက်ကား ကောင်းလှပေ၏။ ရဟန္တာတို့၏ (အထံမှ) သင်ကြားရသော ဤစကားသည် ကောင်းလှပေ၏။ မင်းကြီး ထိုအရာကိုအဘယ် သို့ မှတ်ထင်သနည်း၊ ဤလောက၌ ပုဏ္ဏားမျိုးသည်။ပ။ ဤလောက၌ ကုန်သည်မျိုးသည်။ပ။ ဤ လောက၌ သူဆင်းရဲမျိုးသည် အသက်သတ်ခြင်းမှ ကြဉ်ရှောင်ငြားအံ့၊ မပေးသည်ကို ယူခြင်းမှကြဉ်ရှောင် ငြားအံ့၊ ဖြောင့်မှန် သောအယူ ရှိငြားအံ့၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ကောင်းသော လားရာ နတ်ပြည်လောကသို့ ရောက်ရာသလော၊ မရောက်ရာသလော၊ ဤအရာ၌သင့်အား အဘယ်သို့ သော ထင်မြင်ချက်ရှိသနည်းဟု (မေး၏)။ အသျှင်ကစ္စာန သူဆင်းရဲမျိုးသည်လည်းအသက်သတ်ခြင်းမှ ကြဉ်ရှောင်ငြားအံ့၊ မပေးသည်ကို ယူခြင်းမှ ကြဉ်ရှောင်ငြားအံ့။ပ။ ဖြောင့်မှန်သောအယူ ရှိငြားအံ့၊ ကိုယ် ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာနတ်ပြည်လောကသို့ ရောက်ရာပါ၏၊ ဤအရာ၌ အကျွန်ုပ်အား ဤသို့သော ထင်မြင်ချက်ရှိပါ၏၊ ဤသို့သာလျှင် အကျွန်ုပ်သည် ရဟန္တာတို့၏ အထံမှ ဤစကားကို ကြားဖူးပါ၏ဟု (လျှောက်၏)။
မင်းကြီး ကောင်းစွ ကောင်းစွ၊ မင်းကြီး သင်၏ ဤသို့သော ထင်မြင်ချက်ကား ကောင်းလှပေ၏။ ရဟန္တာတို့၏ (အထံမှ) သင်ကြားရသော ဤစကားသည် ကောင်းလှပေ၏။ မင်းကြီး ထိုအရာကိုအဘယ်သို့ မှတ်ထင်သနည်း၊ ဤသို့ ဖြစ်သည်ရှိသော် ဤ အမျိုးလေးပါးတို့သည် တူမျှကုန်သလော၊ မတူမျှကုန်သလော၊ ဤအရာ၌ သင့်အား အဘယ်သို့ ထင်မြင်ချက်ရှိပါသနည်းဟု (မေး၏)။ အသျှင်ကစ္စာန ဤသို့ ဖြစ်သည်ရှိသော် စင်စစ်အားဖြင့် ဤအမျိုးလေးပါးတို့သည် တူမျှပါကုန်၏၊ ဤအရာ၌ဤအမျိုးလေးပါးတို့၏ ခြားနားမှုတစ်စုံတစ်ခုကိုမျှ မမြင်ပါဟု (လျှောက်၏)။ မင်းကြီး “ပုဏ္ဏားမျိုးသည်သာ မြတ်၏၊ တစ်ပါးသောအမျိုးသည် ယုတ်၏။ပ။ ဗြဟ္မာ၏ အမွေခံတို့ ဖြစ်ကုန်၏” ဟူသည် ဤလောက၌ စကားသာလျှင် ဖြစ်ပုံအကြောင်းကို ဤဆိုခဲ့ပြီးသော နည်းဖြင့်လည်း သိသင့်၏။
--
၃၂၁။ မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဤလောက၌ မင်းမျိုးသည် အိမ်ခြံစပ်ကိုမူလည်း ဖြတ်ရာ၏၊ ပုန်းကွယ်၍မူလည်း ခိုးယူရာ၏၊ တစ်အိမ်တည်းကို ဝိုင်းအုံခြံရံ၍တိုက်ခိုက်လုယက် ရာ၏၊ ခရီးဆုံ၌မူလည်း လုယက်လျက် တည်ရာ၏၊ သူတစ်ပါးမယားကိုလည်းသွားလာရာ၏၊ ထိုသူ့ကို မင်းချင်း ယောကျ်ားတို့သည် ဖမ်းယူ၍ “မင်းကြီး ဤသူသည် သင်မင်းကြီး၏ခိုးသူပါတည်း၊ မကောင်းမှု ကို ပြုကျင့်သူ ပါတည်း၊ ဤခိုးသူအား အလိုရှိရာ ဒဏ်ကိုတပ်တော်မူပါလော့”ဟု ဆို၍ သင့်အား အကယ်၍ ပြကုန်ငြားအံ့၊ ထိုခိုးသူကို အဘယ်သို့ပြုရာအံ့နည်းဟု (မေး၏)။ အသျှင်ကစ္စာန သတ်မူ လည်း သတ်ပါကုန်အံ့၊ ပစ္စည်းကိုမူလည်းသိမ်းပိုက်ပါကုန်အံ့။ တိုင်းပြည်မှ နှင်ထုတ်မူလည်း နှင်ထုတ်ပါ ကုန်အံ့၊ အကြောင်းအားလျော်စွာပြုမူလည်း ပြုပါကုန်အံ့။ ထိုသို့ ပြုခြင်သည် အဘယ်အကြောင်း ကြောင့်နည်း၊ အသျှင်ကစ္စာန ထိုသူ၏ရှေးက မင်းမျိုးဟူသော အမည်ကွယ်ပျောက်၍ ခိုးသူဟူသော အရေအတွက်သို့သာရောက်နေသောကြောင့်ပါတည်းဟု (လျှောက်၏)။
မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဤလောက၌ ပုဏ္ဏားမျိုးသည်။ပ။ ဤ လောက၌ကုန်သည်မျိုးသည်။ပ။ ဤလောက၌ သူဆင်းရဲမျိုးသည်။ အိမ်ခြံစပ်ကိုမူလည်း ဖြတ်ငြားအံ့၊ ပုန်းကွယ်၍မူလည်း ခိုးယူငြားအံ့၊ တစ်အိမ်တည်းကိုမူလည်း ဝိုင်းအုံခြံရံ၍ တိုက်ခိုက်လုယက်ငြားအံ့၊ ခရီးဆုံ၌မူလည်းလုယက်လျက် တည်ငြားအံ့၊ သူတစ်ပါးမယားကိုလည်း သွားလာငြားအံ့၊ ထိုသူ့ကို မင်းချင်းယောကျ်ားတို့သည် ဖမ်းယူကြကုန်၍ “မင်းကြီး ဤသူကား သင်မင်းကြီး၏ ခိုးသူပါတည်း၊ မကောင်းမှုကို ပြုကျင့်သူပါတည်း၊ ဤသူအား အလိုရှိရာ ဒဏ်ကို တပ်တော်မူပါလော့”ဟု ဆို၍ သင့်အား အကယ်၍ပြကုန်ငြားအံ့၊ ထိုခိုးသူကို အဘယ်သို့ ပြုရာအံ့နည်းဟု (မေး၏)။ အသျှင်ကစ္စာန သတ်မူလည်း သတ်ပါ့ကုန်အံ့၊ ပစ္စည်းကိုမူလည်း သိမ်းပိုက်ပါကုန်အံ့၊ တိုင်းပြည်မှ နှင်ထုတ်မူလည်း နှင်ထုတ်ပါကုန်အံ့၊ အကြောင်းအားလျော်စွာ ပြုမူလည်း ပြုပါကုန်အံ့။ ထိုသို့ ပြုလုပ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ အသျှင်ကစ္စာန ထိုသူ၏ ရှေးက သူဆင်းရဲမျိုး ဟူသောအမည် ကွယ်ပျောက်၍ ခိုးသူဟူသော အရေအတွက်သို့သာ ရောက်နေသောကြောင့်ပါတည်းဟု (လျှောက်၏)။
မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဤသို့ ဖြစ်သည်ရှိသော် ဤအမျိုးလေးပါး တို့သည်တူမျှကုန်သလော၊ မတူမျှကုန်သလော၊ ဤအရာ၌ သင့်အား အဘယ်သို့သော ထင်မြင်ချက်ရှိ သနည်းဟု (မေး၏)။ အသျှင်ကစ္စာန ဤသို့ ဖြစ်သည်ရှိသော် စင်စစ်အားဖြင့် ဤအမျိုးလေးပါးတို့သည်တူမျှပါကုန်၏၊ ဤအရာ၌ ထိုအမျိုးလေးပါးတို့၏ ခြားနားမှု တစ်စုံတစ်ခုကိုမျှ မမြင်ပါဟု (လျှောက်၏)။ မင်းကြီး “ပုဏ္ဏားမျိုးသည်သာ မြတ်၏၊ တစ်ပါးသောအမျိုးသည် ယုတ်၏။ပ။ ဗြဟ္မာ၏အမွေခံ ဖြစ်ကုန်၏” ဟူသည် လောက၌ စကားသာလျှင် ဖြစ်ပုံအကြောင်းကို ဤဆိုခဲ့ပြီးသော နည်းဖြင့်လည်း သိသင့်၏။
၃၂၂။ မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဤလောက၌ မင်းမျိုးသည် ဆံမုတ် ဆိတ်ကိုရိတ်ပယ်၍ ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံပြီးလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရာ၏၊ ထိုသူသည် အသက်သတ်ခြင်းမှ ကြဉ်ရှောင်ရာ၏၊ မပေးသည်ကို ယူခြင်းမှ ကြဉ်ရှောင်ရာ၏၊ မဟုတ်မမှန်ပြောဆိုခြင်းမှ ကြဉ်ရှောင်ရာ၏၊ ညဉ့်စာစားခြင်းမှ ကြဉ်ရှောင်၍ တစ်နပ်သာ စားရာ၏၊ မြတ်သောအကျင့်ကို ကျင့်ရာ၏၊ သီလရှိရာ၏၊ ကောင်းမြတ်သော အကျင့်ရှိရာ၏၊ ထိုသူကို အသို့ပြုရာအံ့နည်းဟု (မေး၏)။ အသျှင်ကစ္စာန ရှိခိုးမူလည်း ရှိခိုးပါကုန်အံ့၊ ခရီးဦးမူလည်း ကြိုဆိုပါကုန်အံ့၊ နေရာဖြင့်မူလည်း ဖိတ်မန်ပါကုန်အံ့၊ ထိုရဟန်းကို သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာ နေရာ သူနာ၏အထောက်အပံ့ အသက်၏ အရံအတားဖြစ်သော ဆေးပစ္စည်းတို့ဖြင့်လည်း ဖိတ်မန်ပါကုန်အံ့၊ ထိုရဟန်းအား တရားနှင့်လျော်သော စောင့်ရှောက်ခြင်း တားဆီးခြင်း လုံခြုံခြင်းကိုလည်း စီရင်ပါကုန်အံ့။ ထိုသို့ပြုလုပ်ရခြင်းသည် အဘယ့်ကြောင့်နည်း၊ အသျှင်ကစ္စာန ထိုသူ၏ ရှေးက မင်းမျိုး ဟူသော အမည်သည်ကွယ်ပျောက်၍ ရဟန်းဟူသော အရေအတွက်သို့သာ ရောက်နေသောကြောင့်ပါတည်းဟု (လျှောက်၏)။
--
မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဤလောက၌ ပုဏ္ဏားမျိုးသည်။ပ။ ဤလောက၌ကုန်သည် မျိုးသည်။ပ။ ဤလောက၌ သူဆင်းရဲမျိုးသည် ဆံမုတ်ဆိတ်ကို ရိတ်ပယ်၍ ဖန်ရည်ဆိုးသောအဝတ်တို့ကို ဝတ်ရုံပြီးလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရာ၏၊ ထိုသူသည် အသက်သတ်ခြင်းမှကြဉ်ရှောင်ရာ၏၊ မပေးသည်ကို ယူခြင်းမှ ကြဉ်ရှောင်ရာ၏၊ မဟုတ်မမှန်ပြောဆိုခြင်းမှ ကြဉ်ရှောင်ရာ၏၊ ညဉ့်စာစားခြင်းမှ ကြဉ်ရှောင်၍ တစ်နပ်သာ စားရာ၏၊ မြတ်သောအကျင့်ကို ကျင့်ရာ၏၊ သီလရှိရာ၏၊ ကောင်းမြတ်သော အကျင့် ရှိရာ၏၊ ထိုသူကို အသို့ပြုရာအံ့နည်းဟု (မေး၏)။ အသျှင်ကစ္စာန အကျွန်ုပ်တို့သည် ရှိခိုးမူလည်း ရှိခိုးပါကုန်အံ့၊ ခရီးဦးမူလည်း ကြိုဆိုပါကုန်အံ့၊ နေရာဖြင့်မူလည်း ဖိတ်မန်ပါကုန်အံ့၊ ထိုရဟန်းကို သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာ နေရာ သူနာ၏ အထောက်အပံ့ အသက်၏အရံအတားဖြစ်သော ဆေးပစ္စည်းတို့ဖြင့်မူလည်း ဖိတ်မန်ပါ ကုန်အံ့၊ ထိုရဟန်းအား တရားနှင့်လျော်သောစောင့်ရှောက်ခြင်း တားဆီးခြင်း လုံခြုံခြင်းကိုမူလည်း စီရင်ပါကုန်အံ့။ ထိုသို့စီရင်ရခြင်းသည် အဘယ့်ကြောင့်နည်း။ အသျှင်ကစ္စာန ထိုသူ၏ ရှေးက သူဆင်းရဲဟူသောအမည် ကွယ်ပျောက်၍ ရဟန်းဟူသောအရေအတွက်သို့သာ ရောက်နေသောကြောင့်ပါတည်းဟု (လျှောက်၏)။
မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဤသို့ ဖြစ်သည်ရှိသော် ဤအမျိုးလေးပါးတို့ သည်တူမျှကုန်သလော၊ မတူမျှကုန်သလော၊ ဤအရာ၌ သင့်အား အဘယ်သို့သော ထင်မြင်ချက်ရှိပါသနည်းဟု (မေး၏)။ အသျှင်ကစ္စာန ဤသို့ ဖြစ်သည်ရှိသော် စင်စစ်အားဖြင့် ဤအမျိုးလေးပါးတို့သည်တူမျှပါကုန်၏၊ ဤအရာ၌ ဤအမျိုးလေးပါးတို့၏ ခြားနားမှု တစ်စုံတစ်ခုကိုမျှ မမြင်ပါဟု (လျှောက်၏)။ မင်းကြီး “ပုဏ္ဏားမျိုးသည်သာ မြတ်၏၊ တစ်ပါးသော အမျိုးသည် ယုတ်၏၊ ပုဏ္ဏားမျိုးသည်သာလျှင့်ဖြူစင်၏၊ တစ်ပါးသော အ မျိုးသည် မည်းညစ်၏၊ ပုဏ္ဏားတို့သည်သာ စင်ကြယ်ကုန်၏၊ ပုဏ္ဏားမဟုတ်သူတို့သည် မစင်ကြယ်ကုန်၊ ပုဏ္ဏားတို့သည်သာလျှင် ဗြဟ္မာ၏ သားရင်းတို့ ဖြစ်ကုန်၏၊ ခံတွင်းမှပေါက်ဖွားလာကုန်၏၊ ဗြဟ္မာဖန်ဆင်း ထားသူများ ဖြစ်ကုန်၏၊ ဗြဟ္မာ၏ အမွေခံတို့ ဖြစ်ကုန်၏” ဟူသည်လောက၌ စကားမျှသာ ဖြစ်ပုံအကြောင်းကို ဤသို့သောနည်းဖြင့်လည်း သိသင့်၏ဟု (မိန့်တော်မူ၏)။
၃၂၃။ ဤသို့ မိန့်တော်မူသော် အဝန္တိမင်း၏ မြေးဖြစ်သော မဓုရာမင်းသည် အသျှင်မဟာကစ္စာန အားဤစကားကို လျှောက်၏ “အသျှင်ကစ္စာန (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ကစ္စာန (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ကစ္စာန ဥပမာသော်ကားမှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း ‘မျက်စိအမြင်ရှိသော သူတို့သည်အဆင်းတို့ကို မြင်ကြလိမ့်မည်’ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်းအသျှင်ကစ္စာန ဤအတူသာလျှင် အသျှင်ကစ္စာနသည် များစွာသော အကြောင်းဖြင့် တရားတော်ကိုပြတော်မူပါပေ၏၊ အသျှင်ကစ္စာန အကျွန်ုပ်သည် အသျှင်ကစ္စာနကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ကစ္စာနသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သောဥပါသကာဟု မှတ်တော်မူပါ”ဟု (လျှောက်၏)။
မင်းကြီး သင်သည် ငါ့ကို ကိုးကွယ်ရာဟူ၍ မဆည်းကပ်လေလင့်၊ ကိုးကွယ်ရာဟူ၍ ငါ ဆည်းကပ် သောမြတ်စွာဘုရားကိုသာလျှင် ကိုးကွယ်ရာဟူ၍ သင် ဆည်းကပ်လေလော့ဟု (ဆို၏)။ အသျှင်ကစ္စာနပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ယခုအခါ အဘယ်အရပ်၌ သီတင်းသုံးနေတော်မူပါသနည်းဟု (လျှောက်၏)။ မင်းကြီးပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန်စံတော်မူလေပြီဟု (မိန့်ဆို၏)။
--
အသျှင်ကစ္စာန မြတ်စွာဘုရားကို ဆယ်ယူဇနာတို့၌ ရှိ၏ဟူ၍ အကျွန်ုပ်တို့ ကြားကုန်ငြားအံ့၊ အကျွန်ုပ်တို့သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ထိုမြတ်စွာဘုရားကို ဖူးမြော်ရန် ဆယ်ယူဇနာတို့ကိုသော်လည်း သွားကြပါကုန်အံ့၊ အသျှင်ကစ္စာန မြတ်စွာဘုရားကို ယူဇနာနှစ်ဆယ်တို့၌ ရှိ၏ဟူ၍ အကျွန်ုပ်တို့ ကြားကုန်ငြားအံ့၊ ယူဇနာသုံးဆယ်တို့၌။ပ။ ယူဇနာလေးဆယ်တို့၌။ပ။ မြတ်စွာဘုရားကို ယူဇနာငါးဆယ်တို့၌ ရှိ၏ဟူ၍ အကျွန်ုပ်တို့ ကြားကုန်ငြားအံ့၊ အကျွန်ုပ်တို့သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားကို ဖူးမြော်ရန် ယူဇနာငါးဆယ်တို့ကိုသော်လည်းသွားကြပါ ကုန်အံ့။ အသျှင်ကစ္စာန မြတ်စွာဘုရားကို ယူဇနာတစ်ရာ၌ ရှိ၏ဟူ၍ အကျွန်ုပ်တို့ကြားကုန်ငြားအံ့၊ အကျွန်ုပ်တို့သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားကို ဖူးမြော်ရန် ယူဇနာတစ်ရာတို့ကိုသော်လည်းသွားကြပါကုန်အံ့။ အသျှင် ကစ္စာန ထိုမြတ်စွာဘုရားသည် ပရိနိဗ္ဗာန် စံတော်မူပြီဖြစ်သောကြောင့်ပရိနိဗ္ဗာန် စံတော်မူပြီးသော မြတ်စွာဘုရားကိုလည်း အကျွန်ုပ်တို့သည် ကိုးကွယ်ရာဟူ၍ဆည်းကပ်ပါကုန်၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ သံဃာတော်ကိုလည်းကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ အသျှင်ကစ္စာနသည် အကျွန်ုပ်ကို အသက်ရှည်သမျှ ကာလပတ်လုံး (ရတနာသုံးပါးကို) ကိုးကွယ်ရာဟူ၍ ဆည်းကပ်တတ်သော ဥပါသကာဟူ၍ မှတ်တော်မူပါလော့ဟု (လျှောက်၏)။
လေးခုမြောက် မဓုရသုတ် ပြီး၏။
--
၅-ဗောဓိရာဇကုမာရသုတ်
၃၂၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ဝယ် သားသမင်တို့အား ဘေးမဲ့ပေးရာဖြစ်သော ပဲစင်းငုံတော၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ဗောဓိမင်းသား၏ ကောကနဒမည်သောပြာသာဒ်သည် မကြာမီက ဆောက်လုပ်၍ ပြီး၏။ ရဟန်း ပုဏ္ဏားနှင့် လူတစ်စုံတစ်ယောက်မျှ မနေဖူးသေးချေ။ ထိုအခါ ဗောဓိမင်းသားသည် သဉ္ဇိကာပုတ္တလုလင်ကို (ဤသို့) ပြောဆို၏- “အချင်းသဉ္ဇိကာပုတ္တလာလော့၊ သင်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ငါ့စကားဖြင့် မြတ်စွာဘုရား၏ ခြေတော်တို့ကိုဦးတိုက်လော့၊ အနာကင်းကြောင်း ရောဂါကင်းကြောင်း ကျန်းမာကြောင်း သန်စွမ်းကြောင်း ချမ်းသာစွာနေရကြောင်းများကို မေးလျှောက်လေလော့- ‘အသျှင်ဘုရား ဗောဓိမင်းသားသည် အသျှင်ဘုရား၏ခြေတော်တို့ကို ဦးတိုက်ပါ၏၊ အနာကင်းကြောင်း ရောဂါကင်းကြောင်း ကျန်းမာကြောင်းသန်စွမ်းကြောင်း ချမ်းသာစွာနေရကြောင်းများကို မေးလိုက်ပါ၏’ဟု (လျှောက်လေလော့)။ (ထို့ပြင်) အသျှင်ဘုရား မြတ်စွာဘုရားသည် နက်ဖြန်အဖို့ ဗောဓိမင်းသား၏ ဆွမ်းကို ရဟန်းသံဃာနှင့်အတူလက်ခံတော်မူပါဟူ ၍လည်း လျှောက်လေလော့”ဟု (ပြောဆို၏)။ “အရှင်မင်းသား ကောင်းပါပြီ”ဟုသဉ္ဇိကာပုတ္တလုလင် သည် ဗောဓိမင်းသားအား ဝန်ခံပြီးလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးနောက်မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကိုပြောဆိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်နေကာ “ဗောဓိမင်းသားသည် အသျှင်ဂေါတမ၏ခြေတော်တို့ကို ဦးတိုက်ပါ၏၊ အနာကင်းကြောင်း ရောဂါကင်းကြောင်း ကျန်းမာကြောင်းသန်စွမ်းကြောင်း ချမ်းသာစွာ နေရကြောင်းများ ကို မေးလိုက်ပါ၏၊ ‘အသျှင်ဘုရား (ထို့ပြင်) အသျှင်ဂေါတမသည် နက်ဖြန်အဖို့ ဗောဓိမင်းသား၏ ဆွမ်း ကို ရဟန်းသံဃာနှင့်အတူလက်ခံတော်မူပါ’ ဟူ၍လည်း လျှောက်လိုက်ပါ၏”ဟု လျှောက်၏။ မြတ်စွာ ဘုရားသည်ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတော်မူ၏။
ထို့နောက် သဉ္ဇိကာပုတ္တလုလင်သည် မြတ်စွာဘုရား၏ လက်ခံတော်မူခြင်းကို သိ၍ နေရာမှထကာမြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေ ပြုပြီးလျှင် ဗောဓိမင်းသားထံသို့ ချဉ်းကပ်၍ ဗောဓိမင်းသားအား"အရှင် အကျွန်ုပ်တို့သည် အရှင်မင်းသား၏ စကားဖြင့် ထိုအသျှင်ဂေါတမကို ဗောဓိမင်းသားသည်အသျှင်ဂေါတမ၏ ခြေတော်တို့ကို ဦးတိုက်ပါ၏၊ အနာကင်းကြောင်း ရောဂါကင်းကြောင်းကျန်းမာကြောင်း သန်စွမ်းကြောင်း ချမ်းသာစွာ နေရကြောင်းများကို မေးလိုက်ပါသည်၊ (ထို့ပြင်) ‘အသျှင်ဂေါတမသည် နက်ဖြန်အလို့ငှါ ဗောဓိမင်းသား၏ ဆွမ်းကို ရဟန်းသံဃာနှင့်အတူလက်ခံတော်မူပါ’ ဟူ၍လည်း လျှောက် လိုက်ပါ၏ဟု (ဤသို့) လျှောက်ခဲ့ပါကုန်ပြီ၊ ရဟန်းဂေါတမကလည်း လက်ခံလိုက်ပါ၏”ဟု ဆို၏။
၃၂၅။ ထိုအခါ ဗောဓိမင်းသားသည် ထိုညဉ့်လွန်မြောက်ပြီးနောက် မိမိနန်းတော်၌ မွန်မြတ်သောခဲဖွယ်ဘောဇဉ်ကို စီရင်ပြီးလျှင် ကောကနဒပြာသာဒ်ကိုလည်း နောက်ဆုံး လှေကားထစ်တိုင်အောင်ပုဆိုးဖြူ တို့ဖြင့် ခင်းစေပြီးလျှင် သဉ္ဇိကာပုတ္တလုလင်ကို (ဤသို့) ပြောဆို၏-"အချင်းသဉ္ဇိကာပုတ္တလာလော့၊ သင်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ‘အသျှင်ဂေါတမ အချိန်တန်ပါပြီ၊ ဆွမ်းပြင်ပြီးပါပြီ’ဟု မြတ်စွာဘုရားအား အချိန် (တန်ကြောင်း) ကို လျှောက်လေလော့”ဟု (မိန့်ဆို၏)။ “အရှင် ကောင်းပါပြီ”ဟု သဉ္ဇိကာပုတ္တလုလင်သည် ဗောဓိမင်းသားအား ဝန်ခံပြီးလျှင် မြတ်စွာဘုရားထံသို့ချဉ်းကပ်၍ “အသျှင် ဂေါတမ အချိန်တန်ပါပြီ၊ ဆွမ်းပြင်ပြီးပါပြီ”ဟု မြတ်စွာဘုရားအားအချိန် (တန်ကြောင်း) ကို လျှောက်၏။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို့ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူလျက် ဗောဓိမင်းသား၏ အိမ်သို့ ချဉ်းကပ်တော်မူ၏။
--
ထိုအခါ ဗောဓိမင်းသားသည် မြတ်စွာဘုရားကို ငံ့လင့်လျက် အပြင်တံခါးမုခ်၌ ရပ်နေ၏။ ဗောဓိမင်းသားသည် အဝေးမှပင် ကြွလာသော မြတ်စွာဘုရားကို မြင်၍ ခရီးဦးကြိုဆိုကာ မြတ်စွာဘုရားကိုရှိခိုးလျက် ရှေ့သွားပြု၍ ကောကနဒပြာသာဒ်သို့ ချဉ်းကပ်၏၊ ထိုအခါ မြတ်စွာဘုရားသည် နောက်ဆုံးလှေကားထစ်ကို ကပ်၍ ရပ်တော်မူ၏။
ထိုအခါ ဗောဓိမင်းသားသည် မြတ်စွာဘုရားအား- “အသျှင်ဘုရား ဘုန်းကြီးတော်မူသော မြတ်စွာဘုရားသည် ပုဆိုးတို့ကို နင်းတော်မူပါ၊ လာခြင်းကောင်းတော်မူသော မြတ်စွာဘုရားသည် ပုဆိုးတို့ကိုနင်းတော်မူပါ၊ ယင်းသို့ နင်းခြင်းသည် အကျွန်ုပ်အား ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွါးဖြစ်ရန်ချမ်းသာရန် ဖြစ်ရာပါ၏”ဟု (လျှောက်၏)။ ဤသို့လျှောက်သော် မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေတော်မူ၏။ နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း ဗောဓိမင်းသားသည် မြတ်စွာဘုရားအားဤအကြောင်းကို လျှောက်၏- “အသျှင်ဘုရား ဘုန်းကြီးတော်မူသော မြတ်စွာဘုရားသည် ပုဆိုးတို့ကိုနင်းတော်မူပါ၊ လာခြင်းကောင်းတော်မူသော မြတ်စွာဘုရားသည် ပုဆိုးတို့ကို နင်းတော်မူပါ၊ ယင်းသို့နင်းခြင်းသည် အကျွန်ုပ်အား ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွါးဖြစ်ရန် ချမ်းသာရန် ဖြစ်ရာပါ၏”ဟုလျှောက်၏။
၃၂၆။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်အာနန္ဒာကို လှည့်ကြည့်တော်မူ၏။ ထိုအခါ အသျှင်အာနန္ဒာသည် ဗောဓိမင်းသားကို “မင်းသား ပုဆိုးတို့ကို ရုပ်သိမ်းလော့၊ မြတ်စွာဘုရားသည် ပုဆိုးဖြူအခင်းကို နင်းတော်မူမည် မဟုတ်၊ နောင်လာနောက်သား ရဟန်းအများကို မြတ်စွာဘုရားသည် အစဉ်စောင့်ရှောက်တော်မူ၏”ဟု မိန့်ဆို၏။ ထိုအခါ ဗောဓိမင်းသားသည် ပုဆိုးတို့ကို ရုပ်သိမ်းစေပြီးလျှင်ကောကနဒပြာသာဒ်ထက်၌ နေရာကို ခင်းစေ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းသံဃာနှင့်အတူကောကနဒပြာသာဒ်သို့ တက်တော်မူပြီးလျှင် ခင်းထားသော နေရာ၌ ထိုင်တော်မူ၏။ ထိုအခါ ဗောဓိမင်းသားသည် မြတ်စွာဘုရားအမှူးရှိသော ရဟန်းသံဃာကို မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့်တိုင်အောင် မိမိကိုယ်တိုင် လုပ်ကျွေး၏။ မြတ်စွာဘုရားသည် ဆွမ်းစားပြီး၍သပိတ်မှလက်ကို ဖယ်ပြီးသောအခါ ဗောဓိမင်းသားသည် နိမ့်သော ထိုင်စရာ တစ်ခုကို ယူ၍ သင့်လျော်ရာ၌ ထိုင်၏၊ သင့်လျော်ရာ၌ ထိုင်နေသော ဗောဓိမင်းသားသည် မြတ်စွာဘုရားအား “အသျှင်ဘုရားအကျွန်ုပ်အား ချမ်းသာနှင့်ရင်းနှီးသဖြင့် ချမ်းသာကို မရနိုင်၊ ဆင်းရဲဒုက္ခနှင့် ရင်းနှီးမှ ချမ်းသာသုခကိုရနိုင်၏ဟု ဤသို့သော အကြံဖြစ်ပါသည်” ဟူ၍ လျှောက်၏။
၃၂၇။ မင်းသား ငါ့အားလည်း ဘုရားမဖြစ်မီ သစ္စာလေးပါးကို ထိုးထွင်း၍ မသိသေးသော ဘုရားလောင်းမျှသာ ဖြစ်နေစဉ်က “ချမ်းသာနှင့် ရင်းနှီးသဖြင့် ချမ်းသာကို မရနိုင်၊ ဆင်းရဲဒုက္ခနှင့် ရင်းနှီးမှချမ်းသာ သုခကို ရနိုင်၏”ဟု ဤသို့သော အကြံဖြစ်ဖူးပြီ။ မင်းသား နောက်အခါ၌ ပျိုမျစ်သည်သာဖြစ်၍ကောင်းစွာ နက်သော ဆံပင်ရှိသော ကောင်းသော အရွယ်ဖြစ်သော ပဌမအရွယ်နှင့် ပြည့်စုံသောထိုငါသည် အမိအဖများ မလိုလားသဖြင့် မျက်ရည်စက်လက် ငိုးကြွေးကုန်စဉ် ဆံမုတ်ဆိတ်ကို ပယ်၍ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏၊ ထိုငါသည် ဤသို့ရဟန်းပြုလျက် အဘယ်အရာသည် အကောင်းဆုံးနည်းဟု ရှာဖွေရင်း အဘယ်အရာသည် (အတုမရှိ) မြတ်သော ငြိမ်းအေးရာ နိဗ္ဗာန်နည်းဟု ရှာဖွေရင်း ကာလာမအနွယ် အာဠာရထံသို့ ချဉ်းကပ်မိပြီ၊ ချဉ်းကပ်ပြီးနောက် ကာလာမအနွယ် အာဠာရကို “ငါ့သျှင် ကာလာမ ငါသည် ဤသာသနာ၌ မြတ်သောအကျင့်ကို ကျင့်လို၏”ဟု ဤစကားကို ပြောဆို၏။ မင်းသား ဤသို့ ပြောဆိုသော် ကာလာမအနွယ်အာဠာရသည် ငါ့ကို “အသျှင် နေပါလော့၊ ဤတရားကား ပညာရှိ ယောကျ်ားသည် မကြာမီပင် မိမိ၏ဆရာအယူကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေနိုင်ရာသော သဘောရှိပါ၏”ဟု ဤစကားကို ပြောဆို၏။
--
မင်းသား ထိုငါသည် မကြာမီပင် လျင်မြန်စွာသာလျှင် ထိုတရားကို သင်ယူ၏၊ ထိုငါသည် ထိုမျှ လောက်နှုတ်ခမ်းလှုပ်ရုံမျှ ဆိုပြသည်ကို လိုက်ဆိုရုံမျှဖြင့်သာလျှင် သိပြီဟူသော စကားကိုလည်းကောင်း၊ ခိုင်မြဲပြီဟူသော စကားကိုလည်းကောင်း ပြောဆိုနိုင်၏၊ “သိ၏၊ မြင်၏” ဟူ၍ ငါလည်း ဝန်ခံ၏၊ သူတစ်ပါးတို့ကလည်း ပြောဆို (ကြကုန်) ၏။ မင်းသား ထိုငါ့အား ဤအကြံသည် ဖြစ်၏- “ကာလာမအနွယ် အာဠာရသည် ဤတရားကို ‘ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍နေရာ၏’ဟု သက်သက် ယုံကြည်ချက်မျှဖြင့် ပြောကြားသည် မဟုတ်၊ စင်စစ် ကာလာမအနွယ် အာဠာရသည် ဤတရားကို သိလျက် မြင်လျက်နေ၏”ဟု (အကြံဖြစ်၏)။
မင်းသား ထိုအခါ ငါသည် ကာလာမအနွယ် အာဠာရထံသို့ ချဉ်းကပ်ပြီး၍ ကာလာမအနွယ် အာဠာရကို"ငါ့သျှင်ကာလာမ အဘယ်မျှလောက်ဖြင့် ဤတရားကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက် မှောက်ပြုကာပြည့်စုံစေ၍ နေ၏ဟု ပြောကြားသနည်း”ဟု ပြောဆို၏။ မင်းသား ဤသို့ ပြောဆိုသော်ကာလာမအနွယ် အာဠာရသည် အာကိဉ္စညာယတနဈာန်သမာပတ်ကို ပြောကြား၏။ မင်းသား ထိုငါ့အားဤသို့ အကြံဖြစ်၏ “ကာလာမအနွယ် အာဠာရအားသာလျှင် ယုံကြည်ခြင်း ‘သဒ္ဓါ’ ရှိသည် မဟုတ်၊ ငါ့အားလည်း ယုံကြည်ခြင်း ‘သဒ္ဓါ’ ရှိ၏၊ ကာလာမအနွယ် အာဠာရအားသာလျှင် လုံ့လဝီရိယရှိသည်မဟုတ်။ ငါ့အားလည်း လုံ့လဝီရိယရှိ၏။ပ။ သတိ။ပ။ သမာဓိ။ပ။ ငါ့အားလည်း ပညာရှိ၏၊ ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေ၏ဟု အာဠာရ ပြောကြားသော တရားကို မျက်မှောက်ပြုရန် ငါအားထုတ်ရမူ ကောင်းပေမည်” ဟူ၍ (အကြံဖြစ်၏)။ မင်းသား ထိုငါသည် မကြာမီပင်လျင်မြန်စွာသာလျှင် ထိုတရားကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေ၏။ မင်းသား ထိုအခါ ငါသည် ကာလာမအနွယ် အာဠာရထံသို့ ချဉ်းကပ်၍ ကာလာမအနွယ် အာဠာရအား"ငါ့သျှင်ကာလာမ ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေ၏ဟု ပြောကြားသောဤတရားကား ဤမျှသာလော”ဟု ပြောဆို၏။ ငါ့သျှင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာပြည့်စုံစေ၍ ငါပြောကြားသော တရားကား ဤမျှသာတည်းဟု (ဆို၏)။ ငါ့သျှင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ငါ နေသောတရားလည်း ဤမျှသာတည်းဟု (ပြောဆို၏)။
ငါ့သျှင် သင်ကဲ့သို့သော သီတင်းသုံးဖော်အသျှင်ကို ငါတို့ တွေ့မြင်ကြရခြင်းသည် ငါတို့အားအရတော်လေစွ၊ ငါတို့သည် ကောင်းစွာ ရအပ်လေစွ၊ ဤသို့ ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ငါပြောကြားသော တရားကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ သင်နေ၏၊ ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ သင်နေသော တရားကိုကိုယ်တိုင်ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ငါပြောကြား၏။ ဤသို့ ငါသိသောတရားကို သင်သိ၏၊ သင်သိသော တရားကို ငါသိ၏။ ဤသို့လျှင် ငါကဲ့သို့ပင် သင်လည်း ဖြစ်၏၊ သင်ကဲ့သို့ပင် ငါလည်း ဖြစ်၏။ ငါ့သျှင် လာလော့၊ ယခုအခါ သူတော်ကောင်း (ဖြစ်သောငါတို့) နှစ်ဦးစလုံးပင် ဤ ဂိုဏ်းကို (ရှေ့) ဆောင်ကြကုန်အံ့ဟု (ပြောဆို၏)။ မင်းသား ဤသို့လျှင်ကာလာမအနွယ် အာဠာရသည် ငါ၏ ဆရာဖြစ်လျက် မိမိ၏တပည့်ဖြစ်သော ငါ့ကို မိမိနှင့်အညီအမျှထား၏၊ ငါ့ကို မွန်မြတ်သော ပူဇော် ခြင်းဖြင့်လည်း ပူဇော်၏၊ မင်းသား ထိုငါ့အား ဤသို့သောအကြံဖြစ်၏ “ဤတရားသည် ငြီးငွေ့ခြင်းငှါ မဖြစ်၊ တပ်မက်မှုကင်းခြင်းငှါ မဖြစ်၊ ချုပ်ခြင်းငှါ မဖြစ်၊ ငြိမ်းအေးခြင်းငှါ မဖြစ်၊ ထူးသောဉာဏ်ဖြင့် သိခြင်းငှါ မဖြစ်၊ ကောင်းစွာ သိခြင်းအကျိုးငှါ မဖြစ်၊ နိဗ္ဗာန်အကျိုးငှါ မဖြစ်၊ အာကိဉ္စညာ ယတနဘုံ၌ ဖြစ်ရုံမျှ အကျိုးငှါသာလျှင် ဖြစ်၏”ဟု (အကြံဖြစ်၏)။ မင်းသား ထိုငါသည် ထိုတရားကို တန်ဆာမဆင်ဘဲ ထိုတရားမှ ငြီးငွေ့၍ ဖဲခွါခဲ့၏။
--
၃၂၈။ မင်းသား ထိုငါသည် အဘယ်အရာသည် အကောင်းဆုံးနည်းဟု ရှာဖွေရင်း အဘယ်အရာ သည့်အတုမရှိမြတ်သော ငြိမ်းအေးရာ နိဗ္ဗာန်နည်းဟု ရှာဖွေရင်း ရာမ၏သား ဥဒကထံသို့ ချဉ်းကပ်မိပြီ၊ ချဉ်းကပ်ပြီးနောက် ရာမ၏သား ဥဒကကို “ငါ့သျှင် ငါသည် ဤသာသနာ၌ မြတ်သောအကျင့်ကို ကျင့်လို၏”ဟု ဤစကားကို ပြောဆို၏။ မင်းသား ဤသို့ ပြောဆိုသော် ရာမ၏သား ဥဒကသည် ငါ့ကို"အသျှင် နေပါလော့၊ ဤတရားကား ပညာရှိယောကျ်ားသည် မကြာမီပင် မိမိ၏ ဆရာ့အယူကို ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေနိုင်ရာသော သဘောရှိပါ၏”ဟု ဤစကားကိုပြောဆို၏၊ မင်းသား ထိုငါသည် မကြာမီပင် လျင်မြန်စွာသာလျှင် ထိုတရားကို သင်ယူ၏၊ မင်းသားထိုငါသည် ထိုမျှလောက် နှုတ်ခမ်းလှုပ်ရုံမျှ ဆိုပြသည်ကို လိုက်ဆိုရုံမျှဖြင့်သာလျှင် သိပြီဟူသော စကားကိုလည်းကောင်း၊ ခိုင်မြဲပြီဟူသော စကားကိုလည်းကောင်း ပြောဆိုနိုင်၏ “သိ၏၊ မြင်၏” ဟူ၍ ငါလည်းဝန်ခံ၏၊ သူတစ်ပါးတို့ကလည်း ပြောဆိုကြကုန်၏။ မင်းသား ထိုငါ့အား ဤအကြံသည် ဖြစ်၏ “ရာမသည် ဤတရားကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေရာ၏ဟု သက်သက်ယုံကြည်ချက်မျှဖြင့် ဟောကြားသည် မဟုတ်၊ စင်စစ် ရာမသည် ဤတရားကို သိလျက် မြင်လျက်နေ၏”ဟု အကြံဖြစ်၏။
မင်းသား ထိုအခါ ငါသည် ရာမ၏သား ဥဒကထံသို့ ချဉ်းကပ်၍ ရာမ၏သား ဥဒကကို “ငါ့ သျှင်ရာမအဘယ်မျှလောက်ဖြင့် ဤတရားကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍နေ၏ဟု ပြောကြားသနည်း”ဟု ဤစကားကို ပြောဆို၏။ မင်းသား ဤသို့ ပြောဆိုသော် ရာမ၏သားဥဒကသည် နေဝသညာနာသညာယတနသမာပတ်ကို ပြောကြား၏၊ မင်းသား ထိုငါ့အား ဤသို့သောအကြံသည်ဖြစ်၏ “ရာမအားသာလျှင် ယုံကြည်ခြင်း ‘သဒ္ဓါ’ ရှိသည် မဟုတ်၊ ငါ့အားလည်း ယုံကြည်ခြင်း'သဒ္ဓါ’ ရှိ၏။ ရာမအားသာလျှင် လုံ့လ ‘ဝီရိယ’ ရှိသည် မဟုတ်၊ ငါ့အားလည်း လုံ့လ ‘ဝီရိယ’ ရှိ၏။ ရာမအားသာလျှင် အောက်မေ့ခြင်း ‘သတိ’ ရှိသည် မဟုတ်၊ ငါ့အားလည်း အောက်မေ့ခြင်း ‘သတိ’ ရှိ၏။ ရာမအားသာလျှင် တည်တံ့ခြင်း ‘သမာဓိ’ ရှိသည် မဟုတ်၊ ငါ့အားလည်း တည်တံ့ခြင်း ‘သမာဓိ’ ရှိ၏။ ရာမအားသာလျှင် အသိဉာဏ်ရှိသည် မဟုတ်၊ ငါ့အားလည်း အသိဉာဏ်ရှိ၏။ ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် မျက်မှောက် ပြုကာ ပြည့်စုံစေ၍ နေ၏ဟု ရာမပြောကြားသော တရားကိုမျက်မှောက်ပြုခြင်းငှါ ငါအားထုတ်ရမူ ကောင်းပေမည်”ဟု (အကြံဖြစ်၏)။ မင်းသား ထိုငါသည်မကြာမီပင် လျင်မြန်စွာသာလျှင် ထိုတရားကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာပြည့်စုံစေ၍ နေ၏။
မင်းသား ထိုအခါ ငါသည် ရာမ၏သား ဥဒကထံသို့ ချဉ်းကပ်၍ ရာမ၏သား ဥဒကအား ဤစကားကို ပြောဆို၏ “ငါ့သျှင်ရာမ ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ပြောကြားသော ဤတရားကား ဤမျှသာလော”ဟု (ပြောဆို၏)။ ငါ့သျှင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့်မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ငါပြောကြားသော တရားကား ဤမျှသာတည်းဟု (ဆို၏)။ ငါ့သျှင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ငါနေသော တရားလည်း ဤမျှသာတည်းဟု (ပြောဆို၏)။ ငါ့သျှင် သင်ကဲ့သို့သော သီတင်းသုံးဖော် အသျှင်ကို ငါတို့ တွေ့မြင်ကြရခြင်းသည် ငါတို့မှာအရတော်လေစွ၊ ငါတို့မှာ အလွန်အရတော်လေစွ၊ ဤသို့ ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ငါပြောကြားသော တရားကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ သင်နေ၏၊ ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ သင်နေသော တရားကိုကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ (ငါ) ပြောကြား၏။ ဤသို့ ငါသိသောတရားကို သင် သိ၏၊ သင်သိသော တရားကို ငါ သိ၏။ ဤသို့လျှင် ငါကဲ့သို့ပင် သင်လည်း ဖြစ်၏၊ သင်ကဲ့သို့ပင် (ငါ) လည်း ဖြစ်၏။ ငါ့သျှင် လာလော့၊ ယခုအခါ သင်သည် ဤဂိုဏ်းကို (ရှေ့) ဆောင်ပါလော့ဟု (ပြောဆို၏)။
မင်းသား ဤသို့လျှင် ရာမ၏သား ဥဒကသည် ငါ၏ သီတင်းသုံးဖော်ဖြစ်လျက် ငါ့ကို ဆရာအရာ၌ထား၏၊ ငါ့ကို မွန်မြတ်သော ပူဇော်ခြင်းဖြင့်လည်း ပူဇော်၏။ မင်းသား ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်၏ “ဤတရားသည် ငြီးငွေ့ခြင်းငှါ မဖြစ်၊ တပ်စွမ်းမှုကင်းခြင်းငှါ မဖြစ်၊ ချုပ်ခြင်းငှါ မဖြစ်၊ ငြိမ်းအေးခြင်းငှါ မဖြစ်၊ ထူးသောဉာဏ်ဖြင့် သိခြင်းငှါ မဖြစ်၊ ကောင်းစွာ သိခြင်းအကျိုးငှါ မဖြစ်၊ နိဗ္ဗာန်အကျိုးငှါ မဖြစ်၊ နေဝသညာ နာသညာယတနဘုံ၌ ဖြစ်ရုံမျှ အကျိုးငှါသာလျှင် ဖြစ်၏”ဟု (အကြံဖြစ်၏)။ မင်းသား ထိုငါသည် ထိုတရားကို တန်ဆာမဆင်ဘဲ ထိုတရားမှ ငြီးငွေ့၍ ဖဲခွါခဲ့၏။
--
၃၂၉။ မင်းသား ထိုငါသည် အဘယ်အရာသည် အကောင်းဆုံးနည်းဟု ရှာဖွေရင်း အဘယ်အရာ သည်အတုမရှိမြတ်သော ငြိမ်းအေးသော နိဗ္ဗာန်နည်းဟု ရှာဖွေရင်း မဂဓတိုင်းတို့၌ အစဉ်အတိုင်းဒေသစာရီလှည့်လည်သော် ဥရုဝေလတော သေနာနိဂုံးဆီသို့ သက်ရောက်၏။ ထိုအရပ်၌ မွေ့လျော်ဖွယ်ရာမြေအဖို့ကိုလည်းကောင်း၊ ကြည်နူးဖွယ်ကောင်းသော တောအုပ်ကိုလည်းကောင်း၊ စီးဆင်းနေသော မြစ်ကိုလည်းကောင်း၊ မွေ့လျော်ဖွယ်ကောင်းသော သန့်ရှင်းသော ဆိပ်ကမ်းကိုလည်းကောင်း၊ အနီးအနားမှဆွမ်းခံရွာကိုလည်းကောင်း မြင်၏၊ မင်းသား ထိုငါ့အား ဤသို့သော အကြံသည်ဖြစ်၏- “အချင်းတို့မြေအဖို့သည် မွေ, လျော်ဖွယ်ရှိစွတကား၊ တောအုပ်သည် ကြည်နူးဖွယ်ရှိစွတကား၊ မြစ်သည်လည်းစီးဆင်းနေ၏၊ ဆိပ်ကမ်းသည်လည်း သန့်ရှင်း၍ မွေ့လျော်ဖွယ်ကောင်း၏၊ ဆွမ်းခံရွာသည်လည်း နီးနား၏၊ ဤအရပ်သည် ကမ္မဋ္ဌာန်းအားထုတ်လိုသော အမျိုးသားအား ကမ္မဋ္ဌာန်းအားထုတ်ခြင်းငှါ သင့်လျော်ရာ၏တကား”ဟု (အကြံဖြစ်၏)။ မင်းသား ထိုငါသည် ထိုအရပ်၌ပင်လျှင် “ဤအရပ်သည် ကမ္မဋ္ဌာန်းအားထုတ်ခြင်းငှါ သင့်လျော်၏”ဟု ထိုင်နေ၏။
မင်းသား စင်စစ် ငါ့အား ရှေးက မကြားဖူးကုန်သော အံ့ဩဖွယ်ရာ ဥပမာသုံးရပ်တို့သည်ထင်လာကုန်၏။ မင်းသား ရေ၌ ချထားအပ်သည့် အစေးရှိသော ထင်းစိုသည် ရှိ၏၊ ထိုအခါ ယောကျ်ားသည် မီးပွတ်ခုံကို ယူ၍ “မီးကို ဖြစ်စေအံ့၊ တေဇောဓာတ်ကို ထင်ရှားပြုအံ့”ဟု လာရာ၏။ မင်းသားထိုအရာကို အဘယ်သို့ ထင်မှတ်သနည်း၊ စင်စစ် ထိုယောကျ်ားသည် ဤမည်သောရေ၌ ချထားအပ်သည့်အစေးရှိသော ထင်းစိုကို မီးပွတ်ခုံသို့ ယူ၍ ပွတ်တိုက်သော် မီးကို ဖြစ်စေနိုင်ရာသလော၊ တေဇောဓာတ်ကို ထင်ရှားပြုနိုင်ရာသလောဟု (မေး၏)။ အသျှင်ဘုရား မဖြစ်နိုင်ပါ၊ အဘယ့်ကြောင့်နည်းဟူမူ-အသျှင်ဘုရား ဤမည်သော ထင်းသည် စို၍ အစေးရှိသည့်ပြင် ရေ၌လည်း ချထားသောကြောင့်တည်း၊ ထိုယောကျ်ားသည် ကိုယ်ပင်ပန်းရုံ စိတ်ဆင်းရဲရုံသာ ဖြစ်ရာပါ၏ဟု (လျှောက်၏)။
မင်းသား ဤအတူပင်လျှင် အချို့သော သမဏဗြာဟ္မဏတို့သည် ကိုယ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း လိုချင်မှုတို့မှ မကင်းဆိတ်ဘဲ နေကုန်၏။ အကြင် သမဏဗြာဟ္မဏတို့သည် ကိုယ်တွင်းသန္တာန်ဝယ် လိုချင်ဖွယ်ဝတ္ထုတို့၌ လိုချင်တပ်မက်မှု လိုချင်မှုအစေး လိုချင်သောအားဖြင့်တွေဝေခြင်း လိုချင်မှုမွတ်သိပ်ခြင်း လိုချင်မှုပူဆာခြင်းကို ကောင်းစွာ မပယ်ရသေး၊ ကောင်းစွာ မငြိမ်းရသေး၊ အကယ်၍ထိုအသျှင်သမဏဗြာဟ္မဏတို့သည် လုံ့လကြောင့်ဖြစ်ကုန်သော ကြီးမားကြမ်းတမ်း စပ်ရှားကုန်သောဆင်းရဲခံစားခြင်းတို့ကို ခံစားကုန်သော်လည်း ဉာဏ်အကျိုးငှါ အမြင်အကျိုးငှါ အတုမဲ့ထိုးထွင်း၍ သိခြင်းငှါမထိုက်တန်ကုန်၊ အကယ်၍ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် လုံ့လကြောင့် ဖြစ်ကုန်သော ကြီးမားကြမ်းတမ်း စပ်ရှားကုန်သော ဆင်းရဲခံစားခြင်းတို့ကို မခံစားကုန်သော်လည်း ဉာဏ်အကျိုးငှါ အမြင်အကျိုးငှါ အတုမဲ့ထိုးထွင်း၍ သိခြင်းငှါ မထိုက်တန်ကုန်။ မင်းသား ငါ့အား ရှေးက မကြားဖူးသောဤရှေးဦးစွာ အံဩဖွယ်ရာ ဥပမာသည် ထင်လာ၏။
၃၃၀။ မင်းသား ငါ့အား ရှေးက မကြားဖူးသော နှစ်ခုမြောက် အံဩဖွယ်ရာ အခြားဥပမာသည်ထင်လာပြန်၏။ မင်းသား ရေမှ ဝေးစွာ ကုန်း၌ ချထားအပ်သည့် အစေးရှိသော ထင်းစိုသည် ရှိ၏၊ ထိုအခါ ယောကျ်ားသည် မီးပွတ်ခုံကို ယူ၍ “မီးကို ဖြစ်စေအံ့၊ တေဇောဓာတ်ကို ထင်ရှားပြုအံ့”ဟု့လာရာ၏။ မင်းသား ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ စင်စစ် ထိုယောကျ်ားသည် ဤမည်သောရေမှ ဝေးစွာ ကုန်း၌ ချထားအပ်သည့် အစေးရှိသော ထင်းစိုကို မီးပွတ်ခုံသို့ ယူ၍ ပွတ်တိုက်သော် မီးကိုဖြစ်စေနိုင်ရာသလော၊ တေဇောဓာတ်ကို ထင်ရှားပြုနိုင်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရားမဖြစ်နိုင်ပါ၊ အဘယ့်ကြောင့်နည်းဟူမူ- အသျှင်ဘုရား ဤမည်သော ထင်းစိုသည် ရေမှဝေးစွာ ကုန်း၌ချထားစေကာမူ အစေးရှိသေးသောကြောင့်တည်း၊ ထိုယောကျ်ားသည် ကိုယ်ပင်ပန်းရုံ စိတ်ဆင်းရဲရုံသာဖြစ်ရာပါ၏ဟု (လျှောက်၏)။
--
မင်းသား ဤအတူပင်လျှင် အချို့သော သမဏဗြာဟ္မဏတို့သည် ကိုယ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း လိုချင်မှုတို့မှ ကင်းဆိတ်လျက် နေကုန်၏။ ထိုသမဏဗြာဟ္မဏတို့သည် ကိုယ်တွင်းသန္တာန်ဝယ် လိုချင်ဖွယ်ဝတ္ထုတို့၌ လိုချင်တပ်မက်မှု လိုချင်မှုအစေး လိုချင်သောအားဖြင့်တွေဝေခြင်း လိုချင်မှုမွတ်သိပ်ခြင်း လိုချင်မှုပူ ဆာခြင်းကို ကောင်းစွာ မပယ်ရသေး၊ ကောင်းစွာ မငြိမ်းရသေး၊ အကယ်၍ထိုအသျှင်သမဏဗြာဟ္မဏတို့သည် လုံ့လကြောင့် ဖြစ်ကုန်သော ကြီးမား ကြမ်းတမ်း စပ်ရှားကုန်သောဆင်းရဲခံစားခြင်းတို့ကို ခံစားကုန်သော်လည်း ဉာဏ်အကျိုးငှါ အမြင်အကျိုးငှါ အတုမဲ့ထိုးထွင်း၍ သိခြင်းငှါမထိုက်တန်ကုန်၊ အကယ်၍ ထိုအသျှင်သမဏ ဗြာဟ္မဏတို့သည် လုံ့လကြောင့် ဖြစ်ကုန်သော ကြီးမားကြမ်းတမ်း စပ်ရှားကုန်သော ဆင်းရဲခံစားခြင်းတို့ကို မခံစားကုန်သော်လည်း ဉာဏ်အကျိုးငှါ အမြင်အကျိုးငှါ အတုမဲ့ထိုးထွင်း၍ သိခြင်းငှါ မထိုက်တန်ကုန်။ မင်းသား ငါ့အား ရှေးက မကြားဖူးသောအံဩဖွယ်ရာ နှစ်ခုမြောက် ဤဥပမာသည် ထင်လာ၏။
၃၃၁။ မင်းသား ငါ့အား ရှေးက မကြားဖူးသော အံဩဖွယ်ရာ သုံးခုမြောက် အခြားဥပမာသည် လည်းထင်လာ၏။ မင်းသား ရေမှဝေးစွာ ကုန်း၌ ချထားအပ်သည့် ခြောက်သွေ့သော ထင်းသည် ရှိ၏၊ ထိုအခါယောကျ်ားသည် မီးပွတ်ခုံကို ယူ၍ “မီးကို ဖြစ်စေအံ့၊ တေဇောဓာတ်ကို ထင်ရှားပြုအံ့”ဟု လာရာ၏။ မင်းသား ထိုအရာကို အဘယ်သို့ ထင်မှတ်သနည်း၊ စင်စစ် ထိုယောကျ်ားသည် ရေမှဝေးစွာ ကုန်း၌ချထားအပ်သည့် ခြောက်သွေ့သော ထင်းကို မီးပွတ်ခုံသို့ ယူ၍ ပွတ်တိုက်သော် မီးကို ဖြစ်စေနိုင်ရာသလော၊ တေဇောဓာတ်ကို ထင်ရှား ပြုနိုင်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရားဖြစ်နိုင်ပါ၏။ အဘယ်ကြောင့်နည်းဟူမူ-အသျှင်ဘုရား ဤမည်သော ထင်းသည် ခြောက်သွေ့နေ၍ရေမှဝေးစွာ ကုန်း၌ ချထားသောကြောင့်ပါတည်းဟု (လျှောက်၏)။
မင်းသား ဤအတူပင်လျှင် အချို့သော သမဏဗြာဟ္မဏတို့သည် ကိုယ်ဖြင့်လည်းကောင်း စိတ်ဖြင့်လည်းကောင်း လိုချင်မှုတို့မှ ကင်းဆိတ်လျက် နေကုန်၏။ ထိုသမဏဗြာဟ္မဏတို့သည် ကိုယ်တွင်းသန္တာန်ဝယ် လိုချင်ဖွယ်ဝတ္ထုတို့၌ လိုချင်တပ်မက်မှု လိုချင်မှုအစေး လိုချင်သောအားဖြင့်တွေဝေခြင်း လိုချင်မှုမွတ်သိပ်ခြင်း လိုချင်မှု ပူဆာခြင်းကို ကောင်းစွာ ပယ်ပြီးဖြစ်၏၊ ကောင်းစွာ ငြိမ်းပြီးဖြစ်၏၊ အကယ်၍ထိုအသျှင်သမဏဗြာဟ္မဏတို့သည် လုံ့လကြောင့်ဖြစ်ကုန်သော ကြီးမားကြမ်းတမ်း စပ်ရှားကုန်သောဆင်းရဲခံစားခြင်းတို့ကို ခံစားကုန်သော်လည်း ဉာဏ်အကျိုးငှါ အမြင်အကျိုးငှါ အတုမဲ့ထိုးထွင်း၍ သိခြင်းငှါထိုက်တန်ကုန်၏၊ အကယ်၍ ထိုအသျှင် သမဏဗြာဟ္မဏတို့သည် လုံ့လကြောင့်ဖြစ်ကုန်သော ကြီးမားကြမ်းတမ်းစပ်ရှားကုန်သော ဆင်းရဲခံစားခြင်းတို့ကို မခံစားကုန်သော်လည်း ဉာဏ်အကျိုးငှါ အမြင်အကျိုးငှါ အတုမဲ့ထိုးထွင်း၍ သိခြင်းငှါ ထိုက်တန်ကုန်၏။ မင်းသား ငါ့အား ရှေးကမကြားဖူးသော အံဩဖွယ်ရာသုံးခုမြောက် ဤဥပမာသည် ထင်လာ၏။ မင်းသား ငါ့အား ရှေးက မကြားဖူးကုန်သော ဤအံဩဖွယ်ရာဥပမာသုံးရပ်တို့သည် ထင်လာကုန်၏။
၃၃၂။ မင်းသား ထိုငါ့အား “ငါသည် သွားတို့ဖြင့် သွားကို ကြိတ်၍ လျှာဖြင့် အာစောက်ကို ထိလျက်စိတ်ဖြင့် စိတ်ကို ဖိနှိပ်ရမူ ဖျစ်ညှစ်ရမူ ပင်ပန်းစေရမူ ကောင်းပေမည်”ဟု ဤအကြံသည် ဖြစ်၏၊ မင်းသား ထိုငါသည် သွားတို့ဖြင့် သွားကို ကြိတ်၍ လျှာဖြင့် အာစောက်ကို ထိလျက် စိတ်ဖြင့် စိတ်ကို့ဖိနှိပ်၏၊ ဖျစ်ညှစ်၏၊ ပင်ပန်းစေ၏၊ မင်းသား ထိုငါသည် သွားတို့ဖြင့် သွားကို ကြိတ်၍ လျှာဖြင့်အာစောက်ကို ထိလျက် စိတ်ဖြင့် စိတ်ကို ဖိနှိပ် ဖျစ်ညှစ် ပင်ပန်းစေသော် လက်ကတီးကြားတို့မှ ချွေးတို့သည် ယိုထွက်ကုန်၏။ မင်းသား အားရှိသော ယောကျ်ားသည် အားနည်းသော ယောကျ်ားကို ဦးခေါင်း၌ကိုင်၍ဖြစ်စေ ပခုံး၌ ကိုင်၍ဖြစ်စေ ဖိနှိပ်ရာ ဖျစ်ညှစ်ပင်ပန်းစေရာသကဲ့သို့၊ မင်းသား ဤအတူပင်လျှင်သွားတို့ဖြင့် သွားကို ကြိတ်၍ လျှာဖြင့် အာစောက်ကို ထိလျက် စိတ်ဖြင့် စိတ်ကို ဖိနှိပ်ဖျစ်ညှစ် ပင်ပန်းစေသော် ငါ၏ လက်ကတီးကြားတို့မှ ချွေးတို့သည် ယိုထွက်ကုန်၏၊ မင်းသား ငါသည် မတွန့်တိုသောလုံ့လကို အားထုတ်ပြီးပြီ၊ ငါ့အား မေ့လျော့ခြင်း မရှိသော သတိသည် ထင်ပြီ၊ အားထုတ်ခြင်း ထိုးကျင့်ထားသော ငါ၏ ကိုယ်သည် ထိုဆင်းရဲကို ဖြစ်စေတတ်သော အားထုတ်ခြင်းကြောင့်သာလျှင် ပူလောင်ခြင်းရှိခဲ့၏၊ မငြိမ်းအေးခဲ့ပေ။
--
၃၃၃။ မင်းသား ထိုငါ့အား “ငါသည် ထွက်သက်ဝင်သက်မရှိအောင် ရှုဆင်ခြင်မှုကိုသာလျှင် ရှုဆင်ခြင်ရမူ'ဈာန်ကို ဝင်စားရမူ’ ကောင်းပေမည်”ဟု ဤအကြံသည် ဖြစ်၏။ မင်းသား ထိုငါသည်ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း ထွက်သက် ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထား၏။ မင်းသား ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော် နားတွင်းတို့မှ ထွက်သောလေတို့၏ အသံသည် လွန်ကဲပြင်းထန်စွာ ဖြစ်၏။ မင်းသား ပန်းပဲသမားတို့၏ ဖားဖိုကို ဆွဲမှုတ်သော် လွန်ကဲပြင်းထန်သော အသံသည် ဖြစ်သကဲ့သို့၊ ဤအတူပင်လျှင် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော် ငါ၏ နားတွင်းမှ ထွက်သော လေတို့၏ အသံသည် လွန်ကဲပြင်းထန်စွာ ဖြစ်၏။ မင်းသား ငါသည် မတွန့်တိုသော လုံ့လကို အားထုတ်ပြီးပြီ၊ ငါ့အား မေ့လျော့ခြင်းမရှိသော သတိသည်ထင်ပြီ၊ အားထုတ်ခြင်း ထိုးကျင့်ထားသော ငါ၏ ကိုယ်သည် ထိုဆင်းရဲကို ဖြစ်စေတတ်သော အားထုတ်ခြင်းကြောင့်သာလျှင် ပူလောင်ခြင်း ရှိခဲ့၏၊ မငြိမ်းအေးခဲ့ပေ။
မင်းသား ထိုငါ့အား “ငါသည် ထွက်သက်ဝင်သက် မရှိအောင် ရှုဆင်ခြင်မှု ‘ဈာန်’ ကိုသာလျှင် ရှုဆင်ခြင်ရမူ ‘ဈာန်ဝင်စားရမူ’ ကောင်းပေမည်”ဟု ဤအကြံသည် ဖြစ်၏။ မင်းသား ထိုငါသည်ခံတွင်းမှလည်း ကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကိုချုပ်တည်းပိတ်ပင် ထား၏၊ မင်းသား ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော်လွန်ကဲပြင်းထန်သောလေတို့သည် ဦးထိပ်၌ တိုးဝှေ့ ကုန်၏။ မင်းသား အားရှိသော ယောကျ်ားသည်ထက်သောချွန်းဖြင့် ဦးထိပ်၌ ကြိတ်နှိပ်ရာသကဲ့သို့၊ ဤအတူပင်လျှင် ငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက် ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော်လွန်ကဲပြင်းထန်သော လေတို့သည် ဦးထိပ်၌ တိုးဝှေ့ကုန်၏။ မင်းသား ငါသည် မတွန့်တိုသော လုံ့လကိုအားထုတ်ပြီးပြီ၊ ငါ့အား မေ့လျော့ခြင်းမရှိသော သတိသည် ထင်ပြီ၊ အားထုတ်ခြင်း ထိုးကျင့်ထားသောငါ၏ ကိုယ်သည် ထိုဆင်းရဲကို (ဖြစ်စေတတ်သော) အားထုတ် ခြင်းကြောင့်သာလျှင် ပူလောင်ခြင်းရှိခဲ့၏၊ မငြိမ်းအေးခဲ့ပေ။
မင်းသား ထိုငါ့အား “ငါသည် ထွက်သက်ဝင်သက်မရှိအောင် ရှုဆင်ခြင်မှု ‘ဈာန်’ ကိုသာလျှင် ရှုဆင်ခြင်ရမူ ‘ဈာန်ဝင်စားရမူ’ ကောင်းပေမည်”ဟု ဤအကြံသည် ဖြစ်၏။ မင်းသား ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထား၏၊ မင်းသား ထိုငါသည် ခံတွင်းမှလည်းကောင်း နှာခေါင်းမှလည်းကောင်းနားမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော် လွန်ကဲပြင်းထန်သောဦးခေါင်းကိုက်ခဲခြင်းတို့သည် ဖြစ်ကုန်၏။ မင်းသား အားရှိသော ယောက်ျားသည် ခိုင်ခံသော သားရေလွန်ပိုင်းဖြင့် ဦးခေါင်းကို ရစ်ပတ် ထားရာသကဲ့သို့၊ ဤအတူပင်လျှင် ငါသည်ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်း ကောင်း ထွက်သက်ဝင်သက်တို့ကိုချုပ်တည်းပိတ်ပင်ထားသော် လွန်ကဲပြင်းထန်သော ဦးခေါင်း ကိုက်ခဲ ခြင်းတို့သည် ဖြစ်ကုန်၏၊ မင်းသားငါသည် မတွန့်တိုသော လုံ့လကို အားထုတ်ပြီးပြီ၊ ငါ့အား မေ့လျော့ခြင်းမရှိသော သတိသည် ထင်ပြီ၊ အားထုတ်ခြင်း ထိုးကျင့်ထားသော ငါ၏ ကိုယ်သည် ထို ဆင်းရဲကို (ဖြစ်စေတတ်သော) အားထုတ်ခြင်းကြောင့်သာလျှင် ပူလောင်ခြင်းရှိခဲ့၏၊ မငြိမ်းအေးခဲ့ပေ။
--
မင်းသား ထိုငါ့အား “ငါသည် ထွက်သက်ဝင်သက်မရှိအောင် ရှုဆင်ခြင်မှု ‘ဈာန်’ ကိုသာလျှင် ရှုဆင်ခြင်ရမူ ‘ဈာန်ဝင်စားရမူ’ ကောင်းပေမည်”ဟု ဤအကြံသည် ဖြစ်၏။ မင်းသား ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထား၏၊ မင်းသား ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်းထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော် လွန်ကဲပြင်းထန်သော လေတို့သည် ဝမ်းကို ထိုးဆွရစ်မွှေကုန်၏။ မင်းသား ကျွမ်းကျင်သော နွားသတ်သမားသည်သော်လည်းကောင်း၊ နွားသတ်သမား၏တပည့်သည်သော်လည်းကောင်း ထက်သော သားလှီးဓားငယ်ဖြင့် ဝမ်းကို ထိုးဆွရစ်မွှေရာသကဲ့သို့၊ ဤအတူပင်လျှင် ငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော် လွန်ကဲပြင်းထန်သော လေတို့သည် ဝမ်းကို ထိုးဆွ ရစ်မွှေကုန်၏။ မင်းသား ငါသည် မတွန့်တိုသော လုံ့လကို အားထုတ်ပြီးပြီ၊ ငါ့အား မေ့လျော့ခြင်းမရှိသောသတိသည် ထင်ပြီ၊ အားထုတ်ခြင်း ထိုးကျင့်ထားသော ငါ၏ ကိုယ်သည် ထိုဆင်းရဲကို (ဖြစ်စေတတ်သော) အားထုတ်ခြင်းကြောင့်သာလျှင် ပူလောင်ခြင်း ရှိခဲ့၏၊ မငြိမ်းအေးခဲ့ပေ။
မင်းသား ထိုငါ့အား “ငါသည် ထွက်သက်ဝင်သက်မရှိအောင် ရှုဆင်ခြင်မှု ‘ဈာန်’ ကိုသာလျှင် ရှုဆင်ခြင်ရမူ ‘ဈာန်ဝင်စားရမူ’ ကောင်းပေမည်”ဟု ဤအကြံသည် ဖြစ်၏။ မင်းသား ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက် ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထား၏၊ မင်းသား ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်းထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော် ကိုယ်၌ လွန်ကဲပြင်းထန်သော ပူလောင်ခြင်းသည်ဖြစ်၏၊ မင်းသား အားရှိသော ယောက်ျားနှစ်ယောက်တို့သည် အားနည်းသော ယောက်ျားကို အသီးအသီးလက်မောင်းတို့၌ ကိုင်၍ မီးကျီတွင်း၌ ကင်ကုန်ရာသကဲ့သို့ အပြန်ပြန်ကင်ကုန်ရာသကဲ့သို့၊ ဤအတူပင်လျှင် ငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော် ကိုယ်၌ လွန်ကဲပြင်းထန်သော ပူလောင်ခြင်းသည် ဖြစ်၏၊ မင်းသား ငါသည် မတွန့်တိုသော လုံလကို အားထုတ်ပြီးပြီ၊ ငါ့အား မေ့လျော့ခြင်းမရှိသော သတိသည်ထင်ပြီ၊ အားထုတ်ခြင်း ထိုးကျင့်ထားသော ငါ၏ကိုယ်သည် ထိုဆင်းရဲကို (ဖြစ်စေတတ်သော) အားထုတ်ခြင်းကြောင့်သာလျှင် ပူလောင်ခြင်း ရှိခဲ့၏၊ မငြိမ်းအေးခဲ့ပေ။ မင်းသား စင်စစ်ငါ့ကို နတ်တို့သည် မြင်၍"ရဟန်းဂေါတမသည် သေပြီ”ဟု ဆိုကုန်၏။ အချို့နတ်တို့သည် “ရဟန်းဂေါတမသည် မသေသေး၊ စင်စစ်ကား သေခါနီးနေ၏”ဟု ဆိုကုန်၏။ အချို့နတ်တို့သည် “ရဟန်းဂေါတမသည် မသေသေး၊ သေခါနီးလည်း မဟုတ်၊ ရဟန်းဂေါတမသည် ရဟန္တာဖြစ်၍ နေခြင်းသာ ဖြစ်၏၊ ရဟန္တာ၏ နေခြင်းကားဤသို့သဘောရှိ၏”ဟု ဆိုကုန်၏။
၃၃၄။ မင်းသား ထိုငါ့အား “ငါသည် လုံးဝ အစာအာဟာရဖြတ်၍ ကျင့်ရမူ ကောင်းပေမည်”ဟုဤအကြံသည် ဖြစ်၏။ မင်းသား ထိုအခါ ငါ့ထံသို့ နတ်တို့သည် ချဉ်းကပ်၍ “အသျှင် သင်သည် လုံးဝအစာအာဟာရကို ဖြတ်၍ မကျင့်ပါလင့်၊ အသျှင် အကယ်၍ သင်သည် လုံးဝ အစာအာဟာရကို ဖြတ်၍ကျင့်အံ့၊ သင့်အား ငါတို့သည် နတ်ဩဇာကို အမွေးတွင်းတို့မှ တစ်ဆင့်သွင်းအံ့၊ ထိုနတ်ဩဇာဖြင့် သင့်သည် မျှတလတ္တံ့”ဟု ဤစကားကို ဆိုကုန်၏၊ မင်းသား ထိုငါ့အား “ငါသည်လည်း လုံးဝမစားဟု ဝန်ခံမူ ဤနတ်တို့သည်လည်း ငါ့အား နတ်ဩဇာကို အမွေးတွင်းတို့မှ တစ်ဆင့် သွင်းကုန်ငြားအံ့၊ ထိုနတ်ဩဇာဖြင့်လည်း ငါသည် မျှတငြားအံ့၊ ထိုဝန်ခံခြင်းသည် ငါ့အား မုသားသာတည်း”ဟု ဤအကြံသည်ဖြစ်၏၊ မင်းသား ထိုငါသည် ထိုနတ်တို့ကို တားမြစ်၍ မသင့်ဟု ပြောဆို၏။
မင်းသား ထိုငါ့အား “ငါသည် တစ်လက်ဖက် တစ်လက်ဖက်မျှသော ပဲနောက်ရည်ကိုဖြစ်စေ၊ ပဲပိစပ်ရည်ကိုဖြစ်စေ၊ ကုလာပဲရည်ကိုဖြစ်စေ၊ စားတော်ပဲရည်ကိုဖြစ်စေ အနည်းငယ် အနည်းငယ်သော အစာအာဟာရကို မျိုရမူ ကောင်းပေမည်”ဟု အကြံသည် ဖြစ်၏၊ မင်းသား ထိုငါသည် တစ်လက်ဖက်တစ်လက်ဖက်မျှသော ပဲနောက်ရည်ကိုဖြစ်စေ၊ ပဲပိစပ်ရည်ကိုဖြစ်စေ၊ ကုလားပဲရည်ကိုဖြစ်စေ၊ စားတော်ပဲရည်ကိုဖြစ်စေ အနည်းငယ် အနည်းငယ်သော အစာအာဟာရကို မျို၏။ မင်းသား တစ်လက်ဖက်တစ်လက်ဖက်မျှသော ပဲနောက်ရည်ကိုဖြစ်စေ၊ ပဲပိစပ်ရည်ကိုဖြစ်စေ၊ ကုလားပဲရည်ကိုဖြစ်စေ၊
--
စားတော်ပဲရည်ကိုဖြစ်စေ အနည်းငယ်အနည်းငယ်သော အစာအာဟာရကို မျိုသော ထိုငါ၏ ကိုယ်သည်အလွန်ပိန်ကြုံ ခြင်းသို့ ရောက်၏၊ ထိုအစာအာဟာရနည်းပါးမှုကြောင့်ပင် ငါ၏ အင်္ဂါကြီးငယ်တို့သည်ကန်စွန်းနွယ်၏ အဆစ်တို့ကဲ့သို့လည်းကောင်း၊ နွယ်ပုပ်နွယ်ငန်း၏ အဆစ်တို့ကဲ့သို့လည်းကောင်းဖြစ်ပေါ်နေကုန်၏။ ထို အစာအာဟာရနည်းပါးမှုကြောင့်ပင် ငါ၏ တင်ပါးဆုံသားသည် ကုလားအုပ်ခြေရာကဲ့သို့ ဖြစ်ပေါ်နေ၏။ ထိုအစာအာဟာရနည်းပါးမှုကြောင့်ပင် ငါ၏ ကျောက်ကုန်းရိုးသည်ပုတီးကုံးကဲ့သို့ အနိမ့်အမြင့် ဖြစ်ပေါ်နေ ၏။ ထိုအစာအာဟာရနည်းပါးမှုကြောင့်ပင် ငါ၏ နံရိုးတို့သည်ဖရိုဖရဲ အထက်တင် အောက်ကျ ပျက်စီး ကျနေသော ဇရပ်ဆွေး၏ အခြင်တို့ကဲ့သို့ ဖရိုဖရဲ အထက်တင်အောက်ကျ ဖြစ်နေကုန်၏။ ထိုအစာ အာဟာရနည်းပါးမှုကြောင့်ပင် နက်သော ရေတွင်း၌ ရေဝန်းသည်နက်ရှိုင်း၍ အောက်သို့ဝင်နေသည်ဟု ထင်ရသကဲ့သို့ ငါ၏ မျက်ကွင်းတို့၌ မျက်လုံးတို့သည် နက်ရှိုင်း၍အောက်သို့ဝင်နေသည်ဟု ထင်ရကုန် ၏။ ထိုအစာအာဟာရနည်းပါးမှုကြောင့်ပင် အနုဆွတ်ထားသောဘူးခါးသီးသည် လေ နေပူဖြင့် တွေ့ထိ ကာ ရှုံ့တွနေသကဲ့သို့ ငါ၏ ဦးခေါင်းရေသည် ရှုံ့တွနေ၏။
မင်းသား ထိုငါသည် “ဝမ်းရေကို သုံးသပ်အံ့”ဟု သုံးသပ်သော် ကျောက်ကုန်းရိုးကိုသာလျှင် ကိုင်မိ၏၊ “ကျောက်ကုန်းရိုးကို သုံးသပ်အံ့”ဟု သုံးသပ်သော် ဝမ်းရေကိုသာလျှင် ကိုင်မိ၏၊ မင်းသား ထိုအစာအာဟာရ နည်းပါးမှုကြောင့်ပင် ငါ၏ ဝမ်းရေသည် ကျောက်ကုန်းရိုးသို့ ကပ်သည်အထိ ဖြစ်ပေါ်နေ၏။ မင်းသား ထိုအစာအာဟာရနည်းပါးမှုကြောင့်ပင် ထိုငါသည် “ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း စွန့်အံ့”ဟု သွားသော် ထိုနေရာ၌သာ မှောက်ခုံလဲကျ၏။ မင်းသား ထိုအစာအာဟာရနည်းပါးမှုကြောင့်ပင် ထိုငါသည် ဤကိုယ်ကိုသာလျှင် သက်သာစေလို၍ လက်ဖြင့် ကိုယ်တို့ကိုပွတ်သပ်၏။ မင်းသား လက်ဖြင့် ကိုယ်တို့ကို ပွတ်သပ်သော် အမြစ်ဆွေးနေကုန်သော အမွေးတို့သည်ငါ၏ ကိုယ်မှ ကျွတ်ကျကုန်၏။
မင်းသား စင်စစ် ငါ့ကို လူတို့မြင်၍ “ရဟန်းဂေါတမသည် မည်းသောအဆင်း ရှိ၏”ဟု ဆိုကုန်၏၊ အချို့လူတို့သည် “ရဟန်းဂေါတမသည် မည်းသောအဆင်းရှိသည် မဟုတ်၊ ရဟန်းဂေါတမသည် ရွှေသောအဆင်းရှိ၏”ဟု ဆိုကုန်၏။ အချို့လူတို့သည် “ရဟန်းဂေါတမသည် မည်းသောအဆင်းရှိသည်မဟုတ်၊ ရွှေသော အဆင်းရှိသည်လည်း မဟုတ်၊ ရဟန်းဂေါတမသည် ကြမ်းပိုးကျောက်ကုန်း အရေအဆင်းရှိ၏”ဟုဆိုကုန်၏။ မင်းသား ထိုအစာအာဟာရနည်းပါးမှုကြောင့်ပင် ထိုမျှလောက် စင်ကြယ်ဖြူဖွေးလျက်ရှိသောငါ၏ အရေအဆင်းသည် အလွန်ပျက်စီးနေ၏။
၃၃၅။ မင်းသား ထိုငါ့အား “အတိတ်ကာလက အားထုတ်ခြင်းကြောင့် ဖြစ်ကုန်သော ကြီးမားကြမ်းတမ်း စပ်ရှားကုန်သော ဆင်းရဲခံစားခြင်းတို့ကို ခံစားခဲ့ကုန်သော သမဏဗြာဟ္မဏအားလုံးတို့သည်ဤခံစားခြင်းလောက်သာလျှင် ဖြစ်၏၊ ဤခံစားခြင်းထက် မပိုလွန်၊ အနာဂတ်ကာလ၌လည်း အားထုတ့်ခြင်းလုံ့လကြောင့် ဖြစ်ကုန်သော ကြီးမားကြမ်းတမ်း စပ်ရှားကုန်သော ဆင်းရဲခံစားခြင်းတို့ကို ခံစားလတ္တံ့ကုန်သော သမဏဗြာဟ္မဏအားလုံးတို့သည် ဤခံစားခြင်းလောက်သာလျှင် ဖြစ်လတ္တံ့၊ ဤခံစားခြင်းထက်မပိုလွန်၊ ဤယခု ပစ္စုပ္ပန်ကာလ၌လည်း အားထုတ်ခြင်းလုံ့လကြောင့် ဖြစ်ကုန်သော ကြီးမားကြမ်းတမ်းစပ်ရှားကုန်သော ဆင်းရဲခံစားခြင်းတို့ကို ခံစားနေကုန်သော သမဏဗြာဟ္မဏအားလုံးတို့သည် ဤခံစားခြင်းလောက်သာလျှင် ဖြစ်၏၊ ဤခံစားခြင်းထက်မပိုလွန် ငါသည် ဤစပ်ရှားသော ပြုနိုင်ခဲသော အမှုကိုပြုကျင့်ခြင်းဖြင့် လူတို့၏ ကုသိုလ်ကမ္မပထတရားထက် လွန်သော အရိယာဖြစ်ရန် စွမ်းနိုင်သော ဉာဏ်အမြင်အထူးကို မရခဲ့။ သစ္စာလေးပါးကို သိရန် အခြားလမ်းစဉ် ရှိသေးသလော”ဟု ဤအကြံသည်ဖြစ်၏။ မင်းသား ထိုငါ့အား “ငါသည် ခမည်းတော်သကျမင်း၏ (လယ်ထွန်မင်္ဂလာ) အမှု၌ အေးသောသပြေပင်အရိပ်ဝယ် ထိုင်လျက် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ် တရားတို့မှကင်းဆိတ်၍ သာလျှင် ကြံစည်ခြင် ‘ဝိတက်’ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ နှင့်တကွဖြစ်သော (နီဝရဏ) ဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ'
--
ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်ကို ပြည့်စုံစေ၍နေဖူးသည်ကို အမှတ် ရ၏။ ဤပဌမဈာန်သည် သစ္စာလေးပါးတို့ကို သိခြင်းငှါလမ်းစဉ်ဖြစ်တန်ရာ၏”ဟု ဤအကြံသည် ဖြစ်၏။ မင်းသား ထိုငါ့အား “ဤသည်ပင်လျှင်သစ္စာလေးပါးတို့ကို သိခြင်းငှါ လမ်းစဉ်တည်း”ဟု အောက်မေ့ခြင်းသို့ အစဉ်လိုက်သော စိတ်သည်ဖြစ်၏။ မင်းသား ထိုငါ့အား “ကာမဂုဏ်တို့မှ ကင်း၍ သာလျှင် အကုသိုလ်တရားတို့မှ ကင်း၍သာလျှင်ဖြစ်သော ပဌမဈာန်ချမ်းသာကို ငါသည် ကြောက်လေသ လော”ဟု ဤအကြံသည် ဖြစ်၏၊ မင်းသားထိုငါ့အား “ကာမဂုဏ်တို့မှ ကင်း၍သာလျှင် အကုသိုလ် တရားတို့မှ ကင်း၍သာလျှင် ဖြစ်သောပဌမဈာန် ချမ်းသာကို ငါမကြောက်”ဟု ဤအကြံသည် ဖြစ်၏။
မင်းသာ ထိုငါ့အား “ဤသို့ အလွန်ပိန်ကြုံသောအဖြစ်သို့ ရောက်သော ကိုယ်ဖြင့် ထို (ပဌမဈာန်) ချမ်းသာကို ရရန်မလွယ်၊ ငါသည် ကြမ်းတမ်းသောထမင်း မုယောမုန့် အစာအာဟာရကို စားရမူ ကောင်းပေမည်”ဟု ဤအကြံသည် ဖြစ်၏။ မင်းသား ထိုငါသည် ကြမ်းတမ်းသောထမင်း မုယောမုန့် အစာအာဟာရကို စား၏။ မင်းသား ထိုအခါ ငါ၏ အထံ၌ “ရဟန်းဂေါတမသည် ရသောတရားကို ငါတို့အားပြောကြားလတ္တံ့”ဟု ပဉ္စဝဂ္ဂီရဟန်းတို့သည် လုပ်ကျွေးနေကုန်၏။ မင်းသား ကြမ်းတမ်းသောထမင်းမုယောမုန့် အစာအာဟာရကို ငါစားသောအခါ “ရဟန်းဂေါတမသည် ပစ္စည်းများပြားခြင်းငှါ ကျင့်၏၊ ကမ္မဋ္ဌာန်းအားထုတ်ခြင်းမှ ထွက်လာသူ ဖြစ်၏၊ ပစ္စည်းများပြားခြင်းငှါ လှည့်လည်၏”ဟု ငြီးငွေ့၍ ထိုပဉ္စဝဂ္ဂီရဟန်းတို့သည် ငါ၏ အထံမှ ဖဲခွါသွားကုန်၏။
၃၃၆။ မင်းသား ငါသည် ကြမ်းတမ်းသော အစာအာဟာရကို စား၍ အားကိုယူကာ ကာမဂုဏ် တို့မှကင်းဆိတ်၍သာလျှင်။ပ။ ပဌမဈာန်သို့ ရောက်၍နေ၏။ ဝိတက် ဝိစာရတို့ ငြိမ်းခြင်းကြောင့်ဒုတိယဈာန်သို့ ရောက်၍ နေ၏။ပ။ တတိယဈာန်သို့။ စတုတ္ထဈာန်သို့ ရောက်၍နေ၏။ ဤသို့တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ရောက်လတ်သော် ထိုငါသည် ရှေး၌ဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သော ‘ပုဗ္ဗေနိဝါသာနုဿတိ'ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှု ဆောင်ခဲ့ပြီ၊ ရှေးရှုညွတ်စေခဲ့ပြီ။ ထိုငါသည် များပြားသောရှေ့၌ဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့ နိုင်၏၊ ဤသည်ကား အဘယ်နည်း၊ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကို လည်းကောင်း။ပ။ ဤသို့ အမည်အနွယ်နှင့်တကွအဖြစ်သနစ်နှင့်တကွ များပြားသော ရှေ့၌ဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့၏။ မင်းသား ငါသည်ညဉ့်၏ ရှေးဦးပဌမယာမ်၌ ရှေးဦးစွာသော ဤအသိဉာဏ် ‘ဝိဇ္ဇာ’ ကို ရခဲ့ပြီ၊ မသိမှု ‘အဝိဇ္ဇာ’ ပျောက်ခဲ့ပြီ၊ အသိဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ်ခဲ့ပြီ၊ (အဝိဇ္ဇာ) အမှောင် ပျောက်ခဲ့ပြီ၊ (ဝိဇ္ဇာ) ဉာဏ် အလင်းရောင့်ဖြစ်ပေါ်ခဲ့ပြီ၊ မမေ့မလျော့ဘဲ ပြင်းစွာအားထုတ်လျက် တည်ကြည်သော စိတ်ရှိသည်ဖြစ်၍ နေသောသူအားအဝိဇ္ဇာမှောင်ကင်း၍ ပညာဉာဏ်အရောင်အလင်း ဖြစ်ပေါ်သကဲ့သို့ တည်း။
ထိုငါသည် ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော်မတုန် လှုပ်ခြင်းသို့ ရောက်လတ်သော် သတ္တဝါတို့၏ သေခြင်း ‘စုတိ’ ဖြစ်ခြင်း ‘ပဋိသန္ဓေ’ ကိုသိသောဉာဏ်အလို့ငှါ စိတ်ကို ရှေးရှုဆောင်ခဲ့ပြီ၊ ရှေးရှုညွတ်စေခဲ့ပြီ။ ထိုငါသည် အထူးသဖြင့်စင်ကြယ်သော လူတို့၏ မျက်စိ အမြင်ကို လွန်သော နတ်မျက်စိနှင့်တူသော မျက်စိ ‘ဒိဗ္ဗစက္ခု’ ဖြင့်သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ် သောသတ္တဝါ မြတ်သောသတ္တဝါ အဆင်းလှသောသတ္တဝါအဆင်းမလှသောသတ္တဝါ ကောင်းသော လားရာ ‘ဂတိ’ ရှိသော သတ္တဝါ မကောင်းသောလားရာ ‘ဂတိ’ ရှိသော သတ္တဝါတို့ကို မြင်ပြီ၊ ကံအားလျော် စွာ ဖြစ်သောသတ္တဝါတို့ကို သိပြီ။ပ။ မင်းသား ငါသည် ညဉ့်၏ အလယ်ဖြစ်သော သန်းခေါင်ယံ၌ နှစ်ခုမြောက် ဤအသိဉာဏ် ‘ဝိဇ္ဇာ’ ကိုရခဲ့ပြီ၊ မသိမှု ‘အဝိဇ္ဇာ’ ပျောက်ခဲ့ပြီ၊ အသိဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ် ခဲ့ပြီ၊ (အဝိဇ္ဇာ) အမှောင် ပျောက်ခဲ့ပြီ၊ (ဝိဇ္ဇာ) ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ၊ မမေ့မလျော့ဘဲ ပြင်းစွာ အားထုတ်လျက်တည်ကြည်သောစိတ်ရှိသည်ဖြစ်၍ နေသောသူအား အဝိဇ္ဇာမှောင်ကင်း၍ ပညာဉာဏ် အရောင်အလင်းဖြစ်ပေါ်သကဲ့သို့တည်း။
--
ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော်ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ရောက်လတ်သော် ထိုငါသည် အာသဝေါတရားတို့ကို ကုန်ခန်းစေတတ်သော ဉာဏ်အလို့ငှါ စိတ်ကိုရှေးရှုဆောင်ခဲ့ပြီ၊ ရှေးရှုညွတ်စေခဲ့ပြီ။ ထိုငါသည် “ဤကား ဆင်းရဲ”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ “ဤကား ဆင်းရဲဖြစ်ပေါ်ခြင်း၏အကြောင်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ “ဤသည်တို့ကား အာသဝေါတရားတို့”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ “ဤကားအာသဝေါတရားတို့၏ ဖြစ်ပေါ်ခြင်း၏အကြောင်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ “ဤကား အာသဝေါတရားတို့ချုပ်ရာ (နိဗ္ဗာန်)”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ “ဤကား အာသဝေါတရားတို့ ချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်းအကျင့်”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ ဤသို့ သိသော ဤသို့မြင်သော ထိုငါ၏ စိတ်သည်ကာမာသဝမှလည်း လွတ်မြောက်ခဲ့ပြီ၊ ဘဝါသဝမှလည်း လွတ်မြောက်ခဲ့ပြီ၊ အဝိဇ္ဇာသဝမှလည်း လွတ်မြောက်ခဲ့ပြီ၊ လွတ်မြောက်ပြီးလတ်သော် “လွတ်မြောက်လေပြီ”ဟု အသိ ဉာဏ်ဖြစ်ပေါ်ခဲ့ပြီ၊ “ပဋိသန္ဓေနေ မူကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါး သော ပြုဖွယ်မရှိတော့ပြီ”ဟု သိ၏။ မင်းသား ငါသည် ညဉ့်၏နောက်ဆုံးဖြစ်သော မိုးသောက်ယံ၌ သုံးခုမြောက် ဤအသိဉာဏ် ‘ဝိဇ္ဇာ’ ကို ရခဲ့ပြီ၊ မသိမှု ‘အဝိဇ္ဇာ’ပျောက်ခဲ့ပြီ၊ အသိဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ် ခဲ့ပြီ၊ (အဝိဇ္ဇာ) အမှောင်ပျောက်ခဲ့ပြီ၊ (ဝိဇ္ဇာ) ဉာဏ်အလင်းရောင်ဖြစ်ပေါ်ခဲ့ပြီ၊ မမေ့မလျော့ဘဲ ပြင်းစွာ အားထုတ်လျက် တည်ကြည်သော စိတ်ရှိသည်ဖြစ်၍နေသောသူအား အဝိဇ္ဇာမှောင်ကင်း၍ ပညာဉာဏ် အရောင်အလင်း ဖြစ်ပေါ်သကဲ့သို့တည်း။
၃၃၇။ မင်းသား ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်၏-"ငါသိအပ်ပြီးသော ဤတရားကားနက်နဲ၏၊ မြင်နိုင်ခဲ၏၊ သိနိုင်ခဲ၏၊ ငြိမ်သက်၏၊ မွန်မြတ်၏၊ တက္ကီပုဂ္ဂိုလ်တို့၏ ကျက်စားရာ မဟုတ်၊ သိမ်မွေ့၏၊ ပညာရှိတို့သာ သိနိုင်၏။ ဤသတ္တဝါများကား ကာမဂုဏ်တို့၌ မွေ့လျော်ကုန်၏၊ ကာမဂုဏ်တို့၌ ပျော်ပိုက်ကုန်၏၊ ကာမဂုဏ်တို့၌ အလွန်နှစ်ခြိုက်ကုန်၏၊ ကာမဂုဏ်တို့၌ မွေ့လျော်ပျော်ပိုက်အလွန်နှစ်ခြိုက်နေကြသော ဤသတ္တဝါများသည် အကျိုးတရားတို့၏ အကြောင်းဖြစ်သော ဤပဋိစ္စသမုပ္ပါဒ့်တရားကို မြင်နိုင်ခဲ၏၊ ပြုပြင်မှုအားလုံး၏ ငြိမ်းရာ ဥပဓိအားလုံးကို ပယ်စွန့်ရာ တဏှာ၏ကုန်ရာ ရာဂ၏ကင်းရာ ချုပ်ရာ ငြိမ်းရာဖြစ်သော ဤ (နိဗ္ဗာန်) တရားကိုလည်း မြင်နိုင်ခဲ၏၊ ငါသည် တရားကို ဟောငြားအံ့၊ သူတစ်ပါးတို့သည် ငါ၏ တရားကို မသိနားမလည်နိုင်ကုန်ရာ၊ သို့ဖြစ်လျှင် ထိုတရားဟောမှုသည်ငါ့အား ပင်ပန်းရုံသာ ဖြစ်ရာ၏၊ ငါ့ကိုယ် (ငါ) ညှဉ်းဆဲရုံသာ ဖြစ်ရာ၏”ဟု (စိတ်အကြံဖြစ်ခဲ့၏)။ မင်းသား ထို့ပြင် အလွန်အံ့ဩဖွယ်ကောင်းသော ဤဂါထာတို့သည်လည်း ငါ့အား ရှေးက မကြားဖူးဘဲစိတ်ထဲ၌ ထင်လာပြန်ကုန်၏-"ငါသည် ခဲယဉ်းစွာကျင့်သဖြင့် သိအပ်ပြီးသော တရားကို ယခုအခါ ဟောခြင်းငှါ မသင့်လျော်ချေ၊ ရာဂဒေါသနှိပ်စက်ခံနေရသော သူတို့သည် ဤတရားကို လွယ်ကူ စွာ သိနိုင်ကြမည် မဟုတ်ချေ။
အဝိဇ္ဇာအမှောင်ထု ဖုံးလွှမ်းလျက် ရာဂတပ်စွဲနေသော သူတို့သည် သိမ်မွေ့နက် နဲ၍ အဏုမြူသဖွယ်မြင်နိုင်ခဲသော (သံသရာ့) အဆန်တရားကို မြင်နိုင်ကြမည် မဟုတ်ချေ”ဟု (စိတ်ထဲ၌ထင်ပေါ်လာပြန်ကုန်၏)။
--
၃၃၈။ မင်းသား ဤသို့ ဆင်ခြင်သော ငါ၏ စိတ်နှလုံးသည် တရားဟောရန် မညွတ်ဘဲ ကြောင့်ကြမဲ့နေရန် ညွတ်ခဲ့၏။ ထိုအခါ ငါ၏ စိတ်အကြံကို မိမိစိတ်ဖြင့် သိ၍ သဟမ္ပတိဗြဟ္မာအား ဤသို့အကြံဖြစ် ပေါ်လာ၏- “အချင်းတို့ လောကသည် ပျက်စီးတော့မည်တကား၊ အချင်းတို့ လောကသည်ပျက်စီးတော့ မည်တကား၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူ သော မြတ်စွာဘုရား၏ စိတ်နှလုံးတော်သည် တရားဟောရန်ညွတ်တော်မမူဘဲ ကြောင့်ကြမဲ့နေရန် ညွတ် တော်မူတုံဘိ၏”ဟု (အကြံဖြစ်၏)။ မင်းသား ထို့နောက်အားရှိသော ယောကျ်ားသည် ကွေးထားသော လက်မောင်းကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်ထားသော လက်မောင်းကို ကွေးသကဲ့သို့လည်းကောင်း ထို့အထူ ထိုသဟမ္ပတိဗြဟ္မာသည်ဗြဟ္မာ့ပြည်မှ ကွယ်ခဲ့ပြီးလျှင် ငါ၏ရှေ့၌ ထင်ရှားပေါ်လာ၏။ မင်းသား ထိုအခါ ထိုသဟမ္ပတိဗြဟ္မာသည်အပေါ်ရုံကို ပခုံးတစ်ဖက်၌ တင်၍ လကျ်ာဒူးကို မြေ၌ထောက်လျက် ငါ့ဆီသို့ လက်အုပ်ချီပြီးလျှင်ဤစကားကို လျှောက်၏- “မြတ်စွာဘုရား ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရားသည်တရားဟောတော်မူပါလော့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာ ဘုရားသည်တရားဟောတော်မူပါလော့၊ (ပညာ) မျက်စိ၌ (ကိလေသာ) မြူနည်းပါးသော သတ္တဝါတို့ သည်ရှိပါကုန်၏၊ (ထိုသတ္တဝါတို့သည်) တရားကို မနာရသောကြောင့် ဆုံးရှုံးနေပါကုန်၏၊ တရားကိုသိသူတို့သည် ရှိပါကုန်လတ္တံ့”ဟု (လျှောက်၏)။ မင်းသား သဟမ္ပတိဗြဟ္မာသည် ဤစကားကို လျှောက်ပြီးနောက် ထိုမှတစ်ပါး ဤစကားကို လျှောက်ပြန်၏-
“ရှေးအခါ မဂဓတိုင်း၌ (ရာဂစသော) အညစ်အကြေးရှိသူ ဂိုဏ်းဆရာကြီးတို့ သည် ကြံဆအပ်သောမစင်ကြယ်သော မိစ္ဆာအယူတရားသည် ထင်ရှား ဖြစ်ပေါ် ခဲ့ပါသည် အမြိုက်နိဗ္ဗာန်၏ တံခါးကိုဖွင့်လှစ်တော်မူပါလော့၊ အညစ်အကြေး ကင်း တော်မူသော မြတ်စွာဘုရားသည် သဘာဝနှင့်အလျော်သိတော်မူအပ်သော (သစ္စာ လေးပါး) တရားကို (သတ္တဝါအများ) နာကြားကြပါစေ။
ကောင်းမြတ်သော ပညာရှင်ဖြစ်တော်မူသော မြတ်စွာဘုရား၊ ထက်ဝန်းကျင် မြင်စွမ်းနိုင်သောဉာဏ်မျက်စိရှိတော်မူသော မြတ်စွာဘုရား ကျောက်တောင်ထိပ်၌ ရပ်တည်လျက် ထက်ဝန်းကျင်လူအပေါင်းကို ကြည့်ရှုသကဲ့သို့၊ ထို့အတူ စိုးရိမ်ပူ ဆွေး ကင်းဝေးတော်မူသော အသျှင်ဘုရားသည်ပညာ (ဓမ္မ) ဖြင့်ပြီးသော ပြာသာဒ် ထက်သို့ တက်တော်မူ၍ ပဋိသန္ဓေနေခြင်း အိုခြင်းတို့အနှိပ်စက်ခံနေကြရ သဖြင့် စိုးရိမ်ပူဆွေးခြင်းသို့ သက်ဆင်းကျရောက်နေသော သတ္တဝါအပေါင်းကို ကြည့်ရှုတော်မူပါလော့။
ရဲရင့်တော်မူသော မြတ်စွာဘုရား၊ အောင်ပွဲယင်တော်မူပြီးသော မြတ်စွာဘုရား ထတော်မူပါလော့။့ယာဉ်မှူးနှင့်တူတော်မူသော မြတ်စွာဘုရား၊ (ကိလေသာ) ကြွေး ကင်းဝေးတော်မူသော မြတ်စွာဘုရားလောက၌ လှည့်လည်တော်မူပါလော့။ ဘုန်း ကြီးတော်မူသော မြတ်စွာဘုရား တရားဟောတော်မူပါလော့၊ (တရားကို) သိသူတို့ သည် ရှိပါကုန်လတ္တံ့”ဟု (လျှောက်၏)။
၃၃၉။ မင်းသား ထိုအခါ ငါဘုရားသည် ဗြဟ္မာ၏ တောင်းပန်ခြင်းကို အသိအမှတ် ပြုပြီးလျှင်သတ္တဝါတို့၌ သနားခြင်းကိုလည်း အကြောင်းပြု၍ ဗုဒ္ဓစက္ခုဖြင့် လောကကို ကြည့်ခဲ့၏၊ ငါဘုရားသည်ဗုဒ္ဓစက္ခုဖြင့် လောကကို ကြည့်တော်မူလတ်သော် (ပညာ) မျက်စိ၌ (ကိလေသာ) မြူ နည်းပါးသူ, (ပညာ) မျက်စိ၌ (ကိလေသာ) မြူ များပြားသူ၊ ဣန္ဒြေရင့်ကျက်ပြီးသူ, ဣန္ဒြေနုသေးသူ၊ ကောင်းသောအခြင်းအရာရှိသူ, မကောင်းသောအခြင်းအရာ ရှိသူ၊ သိစေရန်လွယ်ကူသူ, သိစေရန်ခက်ခဲသူ၊ တမလွန်လောကအပြစ်တို့ကို ဘေးဟုရှုလျက် နေလေ့ရှိသူ အချို့နှင့် တမလွန်လောကအပြစ်တို့ကို ဘေးဟု ရှုလျက်နေလေ့မရှိသူအချို့တို့ကို မြင်တော်မူ၏။ ဥပမာသော်ကား ဥပ္ပလကြာတော၌လည်းကောင်း ပဒုမ္မာကြာတော၌လည်းကောင်း ပုဏ္ဍရိက်ကြာတော၌လည်းကောင်း အချို့သော ဥပ္ပလကြာ ပဒုမ္မာကြာပုဏ္ဍရိက်ကြာ တို့သည် ရေ၌ ပေါက်ကုန်၏၊ ရေ၌ ကြီးပွါးကုန်၏၊ ရေမှ မပေါ်ထွက် သေးကုန်၊ ရေထဲ၌မြုပ်၍ ဖွံ့ဖြိုးကုန်၏။ အချို့သော ဥပ္ပလကြာ ပဒုမ္မာကြာ ပုဏ္ဍရိက်ကြာတို့သည် ရေ၌ ပေါက်ကုန်၏၊ ရေ၌ ကြီးပွါးကုန်၏၊ ရေနှင့်အညီ တည်ကုန်၏။ အချို့သော ဥပ္ပလကြာ ပဒုမ္မာကြာပုဏ္ဍရိက်ကြာတို့သည် ရေ၌ ပေါက်ကုန်၏၊ ရေ၌ ကြီးပွါးကုန်၏၊ ရေပေါ်သို့ တက်၍ တည်ကုန်၏၊ ရေနှင့် မလိမ်းကပ်ကုန်။ မင်းသား ဤအတူသာလျှင် ငါဘုရားသည် ဗုဒ္ဓစက္ခုဖြင့် လောကကိုကြည့်တော်မူလတ်သော် (ပညာ) မျက်စိ၌ (ကိလေသာ) မြူ နည်းပါးသူ, (ပညာ) မျက်စိ၌ (ကိလေသာ) မြူများပြားသူ၊ ဣန္ဒြေရင့်ကျက်ပြီးသူ, ဣန္ဒြေနုသေးသူ၊ ကောင်းသောအခြင်းအရာရှိသူ, မကောင်းသောအခြင်းအရာရှိသူ၊ သိစေရန်လွယ်ကူသူ, သိစေရန် ခက်ခဲသူ၊ တမလွန်လောကအပြစ်တို့ကိုဘေးဟု ရှုလေ့ရှိသူ အချို့နှင့် တမလွန်လောက အပြစ်တို့ကို ဘေးဟု မရှုဘဲ နေလေ့ရှိသူ အချို့တို့ကိုမြင်တော်မူသောကြောင့် ငါသည် သဟမ္ပတိဗြဟ္မာ အား ဂါထာဖြင့် မိန့်တော်မူ၏-
--
“ဗြဟ္မာ လေ့လာပြီးသော တရားမြတ်ကို ပင်ပန်းရုံသာဟု အမှတ်ရှိသည်ဖြစ်၍ လူတို့အား မဟောခဲ့ပြီ၊ (မဟောဘဲ နေရန် အကြံ ဖြစ်ခဲ့ပြီ)၊ ပညာတည်းဟူသော နားနှင့် ပြည့်စုံသော သူတို့သည် ယုံကြည်ခြင်း'သဒ္ဓါတရား’ ကို စေလွှတ်ကြကုန် လော့၊ ထိုသူတို့အတွက် နိဗ္ဗာန်တံခါးကို ငါ ဖွင့်ထားပြီ”ဟု (မိန့်တော်မူ၏)။
၃၄၀။ မင်းသား ထိုအခါ သဟမ္ပတိဗြဟ္မာသည် “ငါဘုရားသည် တရားဟောရန် ခွင့်ပြုတော်မူလိုက်ပြီ”ဟု (သိသဖြင့်) ငါ့ကို ရှိခိုးလျက် အရိုအသေ ပြုပြီးလျှင် ထိုနေရာ၌ပင် ကွယ်သွားလေ၏။
မင်းသား ထိုငါ့အား “အဘယ်သူ့ကို ရှေးဦးစွာ တရားဟောရပါအံ့နည်း၊ အဘယ်သူသည် ဤတရားတော်ကို လျင်မြန်စွာ သိနိုင်လတ္တံ့နည်း”ဟု အကြံဖြစ်၏။ မင်းသား ထိုငါ့အား “ဤကာလာမအနွယ်ဖြစ်သော အာဠာရရသေ့သည် ပညာရှိ၏၊ လိမ္မာ၏၊ ထက်မြက်သော ဉာဏ်ရှိ၏၊ ကာလရှည်မြင့်စွာကပင် ပညာမျက်စိ၌ (ကိလေသာ) မြူ နည်းပါးနေ၏၊ ငါသည် ကာလာမအနွယ်ဖြစ်သော အာဠာရရသေ့အား တရားကို ရှေးဦးစွာ ဟောရမူ ကောင်းပေမည်၊ ထိုအာဠာရရသေ့သည် ဤတရားကို လျင်စွာပင်သိနိုင်လတ္တံ့”ဟု ဤသို့သော အကြံသည် ဖြစ်၏။ မင်းသား ထိုအခါ ငါ့ကို နတ်သားသည် ချဉ်းကပ်၍"အသျှင်ဘုရား ကာလာမအနွယ်ဖြစ်သော အာဠာရရသေ့သည် သေပြီး၍ ခုနစ်ရက်ရှိပါပြီ”ဟု ဤစကားကိုလျှောက်၏၊ ငါ့မှာလည်း “ကာလာမအနွယ်ဖြစ်သော အာဠာရရသေ့သည် သေပြီး၍ ခုနစ်ရက်ရှိပြီ”ဟုဉာဏ်အမြင်သည် ထင်ရှားဖြစ်၏။ မင်းသား ထိုငါ့အား “ကာလာမအနွယ်ဖြစ်သော အာဠာရရသေ့သည်ကြီးစွာသော ဆုံးရှုံးခြင်းကြီး ဆုံးရှုံးခဲ့ပြီ၊ အကြောင်းမူကား အကယ်၍ ထိုအာဠာရရသေ့သည် ဤတရားကို နာရပါမူ လျင်စွာပင် သိနိုင်ရာ၏”ဟု ဤသို့သော အကြံသည် ဖြစ်၏။
မင်းသား ထိုငါ့အား “အဘယ်သူအား ငါသည် ရှေးဦးစွာ တရားဟောရအံ့နည်း၊ အဘယ်သူသည်ဤတရားကို လျင်မြန်စွာ သိနိုင်လတ္တံ့နည်း”ဟု ငါ့အား အကြံဖြစ်ပြန်၏။ မင်းသား ထိုငါ့အား “ရာမ၏သား ဖြစ်သော ဥဒကရသေ့သည် ပညာရှိ၏၊ လိမ္မာ၏၊ ထက်မြက်သော ဉာဏ်ရှိ၏၊ ကာလရှည်မြင့်စွာကပင် (ပညာ) မျက်စိ၌ (ကိလေသာ) မြူ နည်းပါးနေ၏၊ ငါသည် ရာမ၏သားဖြစ်သော ဥဒကရသေ့အား တရားကို ရှေးဦးစွာ ဟောရမူ ကောင်းပေမည်၊ ထို (ဥဒကရသေ့) သည် ဤတရားကို လျင်စွာပင်သိနိုင်လတ္တံ့”ဟု ဤသို့သော အကြံသည် ဖြစ်၏။ ထိုအခါ နတ်သားသည် ငါ့အား “အသျှင်ဘုရားရာမ၏သားဖြစ်သော ဥဒက ရသေ့သည် ယမန်နေ့က သေဆုံးခဲ့ပါပြီ”ဟု လျှောက်၏။
ငါ့အားလည်း “ရာမ၏ သားဖြစ်သော ဥဒက ရသေ့သည် ယမန်နေ့က သေဆုံးခဲ့ပြီ”ဟု အသိဉာဏ်ထင်ရှားဖြစ်ပေါ်ခဲ့ပြီ။ မင်းသား ငါ့အား “ရာမ၏ သားဖြစ်သော ဥဒက ရသေ့သည် ဆုံးရှုံးခြင်းကြီးဆုံးရှုံးခဲ့ပြီ၊ အကြောင်းမူကား အကယ်၍ ထိုဥဒက ရသေ့သည် ဤတရားကို နာရပါမူ လျင်စွာပင် သိနိုင်ရာ၏”ဟု ဤသို့သော အကြံသည် ဖြစ်၏။
၃၄၁။ မင်းသား ထိုငါအား “အဘယ်သူ့အား ငါသည် ရှေးဦးစွာ တရားဟောရအံ့နည်း၊ အဘယ်သူသည် ဤတရားကို လျင်မြန်စွာ သိနိုင်လတ္တံ့နည်း”ဟု အကြံဖြစ်ပြန်၏။ မင်းသား ထိုငါ့အား “(ငါးယောက်အစုရှိသော) ပဉ္စဝဂ္ဂီရဟန်းတို့သည် ငါ့အား ကျေးဇူးများကုန်၏။ ယင်း ပဉ္စဝဂ္ဂီရဟန်းတို့သည်ပဓာနအလုပ်ကို အားထုတ်နေသော ငါ့ကို လုပ်ကျွေးဖူးကုန်၏၊ ငါသည် ပဉ္စဝဂ္ဂီရဟန်းတို့အား တရားကိုရှေးဦးစွာ ဟောရမူ ကောင်းပေမည်”ဟု အကြံဖြစ်ပြန်၏။ မင်းသား ထိုငါ့အား “ယခုအခါ ပဉ္စဝဂ္ဂီရဟန်းတို့သည် အဘယ်အရပ်၌ နေကြကုန်သနည်း”ဟု အကြံဖြစ်ပြန်၏။ မင်းသား ငါသည် အထူးသဖြင့်သန့်ရှင်းစင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့်တူသော မျက်စိ ‘ဒိဗ္ဗစက္ခုဉာဏ်'ဖြင့် ဗာရာဏသီပြည် ဣသိပတနမည်သော မိဂဒါဝုန်တော၌ နေကုန်သော ပဉ္စဝဂ္ဂီရဟန်းတို့ကို မြင်တော်မူ၏။ မင်းသား ထိုအခါ ငါဘုရားသည် ဥရုဝေလတော၌ မွေ့လျော်တော်မူသရွေ့ နေပြီးလျှင် ဗာရာဏသီပြည်သို့ ဒေသစာရီလှည့်လည်ခဲ့၏။
--
မင်းသား ဥပကအာဇီဝက (တက္ကတွန်း) သည် ဂယာနှင့် ဗောဓိပင်အကြား ခရီးရှည်သွားသောငါဘုရားကို မြင်၍ ငါ့ကို “ငါ့သျှင် သင်၏ ဣန္ဒြေတို့သည် အထူးသဖြင့် ကြည်လင်ကုန်၏၊ အရေအဆင်းသည် စင်ကြယ်၏၊ ဖြူစင်၏၊ ငါ့သျှင် သင်သည် အဘယ်သူ့ကို ရည်ညွှန်း၍ ရဟန်းပြုသနည်း၊ သင်၏ဆရာကား အဘယ်သူနည်း၊ သင်သည် အဘယ်သူ၏ တရားကို နှစ်သက်သနည်း”ဟု ဆိုလတ်သော်ငါဘုရားသည် ဥပကအာဇီဝက (တက္ကတွန်း) ကို ဂါထာတို့ဖြင့် မိန့်ကြား၏-
“ဥပက ငါသည် အလုံးစုံကို လွှမ်းမိုးနိုင်၏၊ အလုံးစုံကို သိ၏၊ တရားအားလုံး တို့၌ (ကိလေသာဖြင့်) မလိမ်းကျံ၊ အလုံးစုံကို စွန့်အပ်ပြီ၊ တဏှာ၏ကုန်ရာ (နိဗ္ဗာန်) ကို အာရုံပြုရသောကြောင့် ကိလေသာမှလွတ်ပြီ၊ ကိုယ်တိုင် အထူးသိမြင် ပြီးဖြစ်၍ အဘယ်သူ့ကို (ဆရာဟူ၍) ညွှန်းရအံ့နည်း။
ဥပက ငါ့အား ဆရာမရှိ၊ ငါနှင့်တူသူ မရှိ၊ နတ်နှင့်တကွသော လောက၌ ငါ့အား ဖက်ပြိုင်နိုင်သောပုဂ္ဂိုလ်သည်လည်း မရှိ။
ငါသည် လောက၌ ရဟန္တာတည်း၊ ငါသည် အတုမရှိသောသူတည်း၊ နတ်လူ တို့၏ ဆရာတည်း၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိသော တစ်ဆူတည်းသော ဘုရားတည်း၊ ကိလေသာမီးငြိမ်းသည်ဖြစ်၍ ချမ်းမြ၏။
ငါသည် ဓမ္မစကြာတရားကို ဟောခြင်းငှါ ကာသိတိုင်း ဗာရာဏသီပြည်သို့ သွား အံ့၊ သူကန်းသဖွယ်ဖြစ်သော လောက၌ (တရားတည်းဟူသော) အမြိုက်စည်ကြီးကို တီးခတ်ပေအံ့”ဟု (မိန့်ကြား၏)။
ငါ့သျှင် သင် ဝန်ခံသည့်အတိုင်းဆိုလျှင် “အဆုံးမရှိသော ဉာဏ်နှင့် ပြည့်စုံသော မာရ်ငါးပါးကို့အောင်သော ဘုရားဖြစ်ထိုက်ပေ၏”ဟု (ဆို၏)။
“ဥပက အာသဝေါတရားတို့ကုန်ခြင်းသို့ ရောက်သော ငါကဲ့သို့သော ပုဂ္ဂိုလ်တို့ သည် စင်စစ်ဇိနမည်ကုန်၏၊ ငါသည် ယုတ်မာသော အကုသိုလ်တရားတို့ကို အောင်အပ်ပြီး ဖြစ်သောကြောင့်ဇိနမည်၏”ဟု (မိန့်တော်မူ၏)။
မင်းသား ဤသို့ မိန့်ကြားသော် ဥပကတက္ကတွန်းသည် “ငါ့သျှင်ဟုတ်ပေရာ၏”ဟု ဆိုကာ ဦးခေါင်းကိုညိတ်လျက် လမ်းဖယ်၍ သွားလေ၏။
၃၄၂။ မင်းသား ထိုအခါ ငါဘုရားသည် အစဉ်အတိုင်း ဒေသစာရီ လှည့်လည်ခဲ့သော် ဗာရာဏသီပြည်ဣသိပတနမည်သော မိဂဒါဝုန်တော ပဉ္စဝဂ္ဂီရဟန်းတို့ထံသို့ ချဉ်းကပ်ခဲ့၏။ မင်းသား ပဉ္စဝဂ္ဂီရဟန်းတို့သည် အဝေးမှ ကြွလာတော်မူသော ငါဘုရားကို မြင်ကြ၍ “ငါ့သျှင်တို့ လာဘ်များခြင်းငှါ ကျင့်၍ကမ္မဋ္ဌာန်းလုပ်ငန်းမှ ထွက်သော လာဘ်များခြင်းငှါ လှည့်လည်သော ဤရဟန်းဂေါတမသည် ကြွလာ၏၊ ထိုရဟန်းဂေါတမကို ရှိမခိုးရ၊ ခရီးဦးကြိုမှု မပြုရ၊ ထိုရဟန်းဂေါတမ၏ သပိတ်သင်္ကန်းကို လှမ်းမယူရ၊ (သို့ရာတွင်) နေရာကိုကား ထားထိုက်၏၊ ရဟန်းဂေါတမသည် အကယ်၍ အလိုရှိလျှင် ထိုင်လိမ့်မည်”ဟုအချင်းချင်း ကတိကဝတ်ပြုကုန်၏။ မင်းသား ငါဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့ထံသို့ ချဉ်းကပ်မိသော်ပဉ္စဝဂ္ဂီရဟန်းတို့သည် မိမိတို့ ကတိကဝတ်ဖြင့် မတည်နိုင်ကုန်ဘဲ ငါဘုရားကို ခရီးဦးကြို ပြုကြပြီးလျှင်တစ်ယောက်သည် ငါဘုရား၏ သပိတ်သင်္ကန်းကို လှမ်းယူ၏၊ တစ်ယောက်သည် နေရာ ခင်း၏၊ တစ်ယောက်သည် ခြေဆေးရေကို တည်၏၊ တစ်ယောက်သည် ခြေဆေး အင်းပျဉ်ကို တည်ထား၏၊ တစ်ယောက်သည် ခြေပွတ်အိုးခြမ်းကို အနီး၌ ထား၏၊ ငါဘုရားသည် ခင်းထားသော နေရာ၌ထိုင်ပြီးလျှင် ခြေတို့ကို ဆေးကြော၏။ သို့သော် ငါဘုရားကို ဂေါတမဟူသော အမည်ဖြင့်လည်းကောင်း၊ ငါ့သျှင်ဟူသော ခေါ်ဝေါ်ခြင်းဖြင့်လည်းကောင်း ခေါ်ဝေါ်ပြောဆိုကုန်၏။
--
ဤသို့ ပြောဆိုကုန်သည်ရှိသော် ငါဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့အား “ရဟန်းတို့ ငါ့ကို ဂေါတမဟူသော အမည်ဖြင့်လည်းကောင်း၊ ငါ့သျှင်ဟူသော ခေါ်ဝေါ်ခြင်းဖြင့်လည်းကောင်း မပြောဆိုကြကုန်လင့်။ ရဟန်းတို့ ငါဘုရားသည် ရဟန္တာတည်း၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိသော ဘုရားတည်း၊ ရဟန်းတို့ နားထောင်ကုန်လော့၊ အမြိုက်နိဗ္ဗာန်ကို (ငါ) ရပြီ၊ ငါသည် ဆုံးမအံ့၊ ငါသည် တရားဟောအံ့၊ ငါဆုံးမသည့်အတိုင်း ကျင့်သည်ရှိသော် လူ့ဘောင်မှ ရဟန်းဘောင်သို့ ကောင်းစွာဝင်သောအမျိုးကောင်းသားတို့ လိုလားအပ်သော မြတ်သော အကျင့်၏ အဆုံးဖြစ်သော အတုမရှိသော အရဟတ္တဖိုလ်သို့ မကြာမီ ယခုဘဝ၌ပင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေရလတ္တံ့”ဟု ပြောခဲ့၏၊ မင်းသား ဤသို့ ပြောသော် ပဉ္စဝဂ္ဂီရဟန်းတို့သည် ငါဘုရားအား ဤသို့ဆိုကုန်၏-"ငါ့သျှင်ဂေါတမ သင်သည် ပြုနိုင်ခဲသော ဣရိယာပုထ်ကို ပြုသဖြင့်လည်းကောင်း၊ ကျင့်နိုင်ခဲသော အကျင့်ကို ကျင့်သဖြင့်လည်းကောင်း ပြုနိုင်ခဲသော အမှုကို ပြုသဖြင့်လည်းကောင်းလူတို့၏ ကုသိုလ် တရားထက် လွန်မြတ်သော အရိယာအဖြစ်ကို ပြုစွမ်းနိုင်သော ဉာဏ်အမြင်အထူးကိုမရခဲ့ပေ၊ လာဘ်များခြင်းငှါ ကျင့်၍ ကမ္မဋ္ဌာန်း (လုပ်ငန်း) မှ ထွက်လျက် လာဘ်များခြင်းငှါလှည့်လည်သော သင်သည် ယခုအခါ လူတို့၏ ကုသိုလ်တရားထက် လွန်မြတ်သော အရိယာအဖြစ်ကိုပြုစွမ်းနိုင်သော ဉာဏ်အမြင်အထူးကို အဘယ်မှာ (သင်) ရနိုင်ပါအံ့နည်း”ဟု (ပြောကုန်၏)။
မင်းသား ဤသို့ ပြောကုန်သော် ငါဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့အား “ရဟန်းတို့ ငါဘုရားသည်လာဘ်များခြင်းငှါ မကျင့်၊ ကမ္မဋ္ဌာန်းလုပ်ငန်းမှလည်း ထွက်သည် မဟုတ်၊ လာဘ်များခြင်းငှါ မလှည့်လည်၊ ရဟန်းတို့ ငါဘုရားသည် ရဟန္တာတည်း၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိသောဘုရားတည်း၊ ရဟန်းတို့ နားထောင်ကုန်လော့၊ အမြိုက်နိဗ္ဗာန်ကို (ငါ) ရပြီ၊ ငါသည် ဆုံးမအံ့၊ ငါသည်တရားဟောအံ့၊ ငါဆုံးမသည့်အတိုင်း ကျင့်သည်ရှိသော် လူ့ဘောင်မှ ရဟန်းဘောင်သို့ ကောင်းစွာဝင်သော အမျိုးကောင်းသားတို့ လိုလားအပ်သော မြတ်သောအကျင့်၏ အဆုံးဖြစ်သော အတုမရှိသော အရဟတ္တဖိုလ်သို့ မကြာမီ ယခုဘဝ၌ပင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍နေရလတ္တံ့”ဟု ပြော၏၊ မင်းသား နှစ်ကြိမ်မြောက်လည်း ပဉ္စဝဂ္ဂီရဟန်းတို့သည် ငါဘုရားအား ဤသို့ဆိုကုန်၏။ နှစ်ကြိမ်မြောက်လည်း ငါဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့အား ဤသို့ပင် မိန့်တော်မူ၏။ပ။ မင်းသား သုံးကြိမ်မြောက်လည်း ပဉ္စဝဂ္ဂီရဟန်းတို့သည် ငါဘုရားအား “ငါ့သျှင်ဂေါတမ သင်သည်ပြုနိုင်ခဲသော ဣရိယာပုထ်ကို ပြုသဖြင့်လည်းကောင်း၊ ကျင့်နိုင်ခဲသော အကျင့်ကိုကျင့်သဖြင့်လည်းကောင်း၊ ပြုနိုင်ခဲသော အမှုကို ပြုသဖြင့်လည်းကောင်း လူတို့၏ ကုသိုလ်တရားထက်လွန်မြတ်သော အရိယာအဖြစ်ကို ပြုစွမ်း နိုင်သော ဉာဏ်အမြင်အထူးကို မရခဲ့ပေ၊ လာဘ်များခြင်းငှါကျင့်၍ ကမ္မဋ္ဌာန်း (လုပ်ငန်း) မှ ထွက်လျက် လာဘ်များခြင်းငှါ လှည့်လည်သော သင်သည် ယခုအခါလူတို့၏ ကုသိုလ်တရားထက် လွန်မြတ်သော အရိယာအဖြစ်ကို ပြုစွမ်းနိုင်သော ဉာဏ်အမြင်အထူးကိုအဘယ်မှာ (သင်) ရနိုင်ပါအံ့နည်း”ဟု ပြော ကုန်၏။
--
ဤသို့ ပြောကုန်လတ်သော် ငါဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့အား “ဤမှ ရှေးအခါ၌ ဤသို့သောစကားကို ငါပြောဖူးသည်ကို သင်တို့မှတ်မိကြကုန်သလော”ဟု ပြောဆို၏။ မမှတ်မိပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ ငါသည် ရဟန္တာတည်း၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိသော ဘုရားတည်း၊ ရဟန်းတို့ နားထောင်ကုန်လော့၊ အမြိုက်နိဗ္ဗာန်ကို (ငါ) ရပြီ၊ ငါသည် ဆုံးမအံ့၊ ငါသည် တရားဟောအံ့၊ ငါဆုံးမသည့်အတိုင်း ကျင့်သည်ရှိသော် လူ့ဘောင်မှ ရဟန်းဘောင်သို့ကောင်းစွာ ဝင်သော အမျိုးကောင်းသားတို့ လိုလားအပ်သော မြတ်သောအကျင့်၏ အဆုံးဖြစ်သောအတုမရှိသော အရဟတ္တဖိုလ်သို့ မကြာမီ ယခုဘဝ၌ပင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုလျက် ရောက်၍ နေရလတ္တံ့”ဟု ဆို၏။ မင်းသား ငါဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့အား (ဘုရားအဖြစ်ကို) သိစေရန် တတ်နိုင်ခဲ့လေပြီ။ မင်းသား နှစ်ပါးကုန်သော ရဟန်းတို့ကိုလည်း ဆုံးမ၏၊ သုံးပါးသော ရဟန်းတို့သည် ဆွမ်းအတွက် လှည့်လည်ကြကုန်၏၊ ရဟန်းသုံးပါးတို့သည် ဆွမ်းအလို့ငှါလှည့်လည်၍ ဆောင်ယူခဲ့သော ထိုဆွမ်းဖြင့် ခြောက်ဦးသားတို့ မျှတကြကုန်၏။ မင်းသားသုံးပါးကုန်သော ရဟန်းတို့ကိုလည်း ဆုံးမ၏၊ နှစ်ပါးကုန်သော ရဟန်းတို့သည် ဆွမ်းအတွက်လှည့်လည်ကြကုန်၏၊ နှစ်ပါးကုန်သော ရဟန်းတို့သည် ဆွမ်းအလို့ငှါ လှည့်လည်ကြ၍ ဆောင်ယူလာသောဆွမ်းဖြင့် ခြောက်ဦးသားတို့သည် မျှတကြကုန်၏။
၃၄၃။ မင်းသား ပဉ္စဝဂ္ဂီရဟန်းတို့သည် ငါက ဤသို့ဆုံးမ ဤသို့ကန်မြစ်အပ်သည်ရှိသော် ကောင်းစွာသာလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ကြသော အမျိုးကောင်းသားများ လိုလားအပ်သော အတုမရှိသော မြတ်သောအကျင့်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်အကျိုးကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ရောက်၍ နေရကုန်ပြီဟု (မိန့်တော်မူ၏)။ ဤသို့ မိန့်တော်မူလတ်သော်ဗောဓိမင်းသာသည် မြတ်စွာဘုရားကို “အသျှင်ဘုရား မြတ်စွာဘုရားဟူသော ဆုံးမသူဆရာကို ရသောရဟန်းသည် အဘယ်မျှလောက် ကြာမြင့်မှ ကောင်းစွာသာလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ကြသော အမျိုးကောင်းသားများ လိုလားအပ်သော အတုမရှိသော မြတ်သောအကျင့်၏ အဆုံးဖြစ်သောအရဟတ္တ ဖိုလ်အကျိုးကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ရောက်၍နေရပါသနည်း”ဟု လျှောက်၏။
မင်းသား ထိုသို့ဖြစ်မူ ဤအရာ၌ သင်မင်းသားကိုသာလျှင် ပြန်၍ မေးအံ့၊ သင် နှစ်သက်သည့် အတိုင်းဖြေကြားလော့။ မင်းသား ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ သင်မင်းသားသည် ဆင်စီးအတတ်၌လည်းကောင်း၊ ချွန်းကိုင်အတတ်၌လည်းကောင်း တတ်မြောက်လိမ္မာသည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မှန်ပါ၏၊ အကျွန်ုပ်သည် ဆင်စီးအတတ်၌လည်းကောင်း၊ ချွန်းကိုင်အတတ်၌့လည်းကောင်း တတ်မြောက်လိမ္မာပါ၏ဟု (လျှောက်၏)။
မင်းသား ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဤလောက၌ တစ်ဦးသော ယောကျ်ားသည်"ဗောဓိမင်းသားသည် ဆင်စီးအတတ်ကိုလည်းကောင်း၊ ချွန်းကိုင်အတတ်ကိုလည်းကောင်း၊ တတ်မြောက်၏ထိုမင်းသား၏ အထံ၌ ဆင်စီးအတတ်ကိုလည်းကောင်း၊ ချွန်းကိုင်အတတ်ကိုလည်းကောင်း သင်ယူအံ့” ဟူ၍လာရောက်ရာ၏။ ထိုယောကျ်ားသည် ယုံကြည်မှု မရှိသူလည်း ဖြစ်ရာ၏၊ ယုံကြည်မှုရှိသူ ရောက်သင့်သော အရာသို့လည်း မရောက်ရာ။ ထိုယောကျ်ားသည် အနာရောဂါများသူလည်း ဖြစ်ရာ၏၊ အနာရောဂါကင်းသူ ရောက်သင့်သော အရာသို့လည်း မရောက်ရာ။ ထိုယောကျ်ားသည် ဟန်ဆောင်တတ်သူ မာယာများသူဖြစ်၏၊ ဟန်မဆောင်တတ်သူ မာယာမများသူ ရောက်သင့်သော အရာသို့လည်း မရောက်ရာ။ ထိုယောကျ်ားသည် ပျင်းရိသူလည်း ဖြစ်ရာ၏၊ ထက်သန်သော လုံ့လရှိသူ ရောက်သင့်သော အရာသို့လည်းမရောက်ရာ။ ထိုယောကျ်ားသည် ဉာဏ်နည်းသူလည်း ဖြစ်ရာ၏၊ ဉာဏ်ရှိသူ ရောက်သင့်သော အရာသို့လည်း မရောက်ရာ။
မင်းသား ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ စင်စစ်အားဖြင့် ထိုသို့သဘောရှိသောယောကျ်ားသည် သင်၏ အထံ၌ ဆင်စီးအတတ် ချွန်းအတတ်ကို တတ်မြောက်ရာအံ့လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား တစ်ပါးပါးသော အင်္ဂါနှင့်မျှလည်း ပြည့်စုံသော ထိုယောကျ်ားသည် အကျွန်ုပ်၏အထံ၌ ဆင်စီးအတတ်ကိုလည်းကောင်း၊ ချွန်းကိုင်အတတ်ကိုလည်းကောင်း မတတ်မြောက်ရာပါ၊ အင်္ဂါငါးပါး လုံးနှင့် ပြည့်စုံသော ယောကျ်ားမှာမူကား အဘယ်ဆိုဖွယ်ရာ ရှိပါအံ့နည်းဟု (လျှောက်၏)။
--
၃၄၄။ မင်းသား ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ ဤလောက၌ ယောကျ်ားတစ်ယောက် သည်"ဗောဓိမင်းသားသည် ဆင်စီးအတတ်ကိုလည်းကောင်း၊ ချွန်းကိုင်အတတ်ကိုလည်းကောင်း၊ တတ်မြောက်၏၊ ငါသည် ဗောဓိမင်းသားအထံ၌ ဆင်စီးအတတ်ကိုလည်းကောင်း၊ ချွန်းကိုင်အတတ်ကိုလည်းကောင်း သင်ယူအံ့”ဟူ၍ လာရောက်ရာ၏။ ထိုယောကျ်ားသည် မင်းသားအား ယုံကြည်မှုရှိသူ ဖြစ်ရာ၏၊ ယုံကြည်သူ ရောက်သင့်သော အရာသို့လည်း ရောက်ရာ၏၊ ထိုယောကျ်ားသည် အနာရောဂါကင်းသူလည်း ဖြစ်ရာ၏၊ အနာရောဂါကင်းသူ ရောက်သင့်သော အရာသို့လည်း ရောက်ရာ၏၊ ထိုယောကျ်ားသည် ဟန်မဆောင်တတ်သူ မာယာမများသူလည်း ဖြစ်ရာ၏၊ ဟန်မဆောင်တတ်သူမာယာမများသူ ရောက်သင့်သော အရာသို့လည်း ရောက်ရာ၏။ ထိုယောကျ်ားသည် ထက်သန်သောလုံ့လရှိသူလည်း ဖြစ်ရာ၏၊ ထက်သန်သော လုံ့လရှိသူ ရောက်သင့်သော အရာသို့လည်း ရောက်ရာ၏။ ထိုယောကျ်ားသည် ဉာဏ်ရှိသူလည်း ဖြစ်ရာ၏၊ ဉာဏ်ရှိသူ ရောက်သင့်သော အရာသို့လည်းရောက်ရာ၏။ မင်းသား ထို အရာကို အဘယ်သို့ မှတ်ထင်သနည်း၊ စင်စစ်အားဖြင့် ထိုယောကျ်ားသည်သင်၏ အထံ၌ ဆင်စီးအတတ် ကိုလည်းကောင်း၊ ချွန်းကိုင်အတတ်ကိုလည်းကောင်းတတ်မြောက်ရာအံ့လောဟု (မေးတော်မူ၏)။ အသျှင် ဘုရား တစ်ပါးပါးသော အင်္ဂါနှင့်မျှလည်းပြည့်စုံသော ထိုယောကျ်ားသည် အကျွန်ုပ်၏ အထံ၌ ဆင်စီး အတတ်ကိုလည်းကောင်းချွန်းကိုင်အတတ်ကိုလည်းကောင်း တတ်မြောက်ရာပါ၏၊ ငါးပါးသော အင်္ဂါတို့နှင့် ပြည့်စုံသော သူမှာမူကားအဘယ်ဆိုဖွယ်ရာ ရှိပါအံ့နည်းဟု (လျှောက်၏)။
မင်းသား ဤဥပမာ အတူသာလျှင် ကမ္မဋ္ဌာန်းအားထုတ်သူတို့၏ အကြောင်းအင်္ဂါတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်းဟူမူ-
မင်းသား ရဟန်းသည်
(၁) ယုံကြည်မှုရှိ၏၊ “ထိုမြတ်စွာဘုရား သည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း ‘အရဟံ’ မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောအကြောင်း ကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ'နှင့်ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’မည် တော်မူ၏၊ ကောင်းသော စကားကိုဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း ‘သုဂတ’မည်တော်မူ၏၊ လောကကို သိတော်မူသောအကြောင်းကြောင့်လည်း ‘လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမ တတ်သည့်အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်း ကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ’ မည် တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော် မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူ၏”ဟု မြတ်စွာဘုရား၏ဗောဓိ (မဂ်ဉာဏ် ဖိုလ်ဉာဏ် သဗ္ဗညုတဉာဏ်) ကို ယုံကြည်၏။
(၂) အနာကင်း၏၊ ရောဂါကင်း၏၊ အညီအမျှ ကျေကျက်စေတတ်သော မအေးလွန်း မပူလွန်းသောအလယ်အလတ်ဖြစ်သော ကမ္မဋ္ဌာန်းစီးဖြန်းရန်ခံ့သော ပါစကတေဇောဓာတ် (ဝမ်းမီး) နှင့် ပြည့်စုံ၏။
(၃) ဟန်ဆောင်ခြင်း လှည့်ပတ်ခြင်း မရှိ၊ ဆရာဖြစ်သော မြတ်စွာဘုရားအထံ၌ လည်းကောင်းပညာရှိကုန်သော သီတင်းသုံးဖော်တို့အထံ၌လည်းကောင်းဟုတ်မှန်သည့်အတိုင်း မိမိကိုယ်ကို ထင်စွာ ပြုတက်၏။
(၄) အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရားတို့ကို ပြည့်စုံစေရန် ထက်သန်သော လုံ့လရှိသည်ဖြစ်၍ နေ၏၊ အားစွမ်းရှိ၏၊ မြဲမြံစွာအားထုတ်မှုရှိ၏၊ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချမထား။
(၅) ပညာရှိ၏၊ အဖြစ် အပျက်ကို သိစွမ်းနိုင်သော ပညာနှင့် ပြည့်စုံ၏၊ စင်ကြယ်သော (ကိလေသာ ကို) ဖောက်ခွဲဖျက်ဆီးနိုင်သော ကောင်းစွာ ဒုက္ခ၏ကုန်ရာ နိဗ္ဗာန်သို့ ရောက်စေနိုင်သော ပညာနှင့် ပြည့်စုံ ၏။ မင်းသား ဤသည်တို့ကား ကမ္မဋ္ဌာန်းစီးဖြန်းသော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါငါးပါးတို့ပေတည်း။
--
၃၄၅။ မင်းသား ကမ္မဋ္ဌာန်းစီးဖြန်းမှုအကြောင်းအင်္ဂါ ငါးပါးတို့နှင့်ပြည့်စုံသော ရဟန်းသည် မြတ်စွာဘုရားတည်းဟူသော ဆုံးမသူဆရာကို ရသည်ရှိသော် ခုနစ်နှစ်ကြာလျှင် ကောင်းစွာသာလျှင် လူ့ဘောင်မှရဟန်းဘောင်သို့ ဝင်ကြသော အမျိုးကောင်းသားများ လိုလားအပ်သော အတုမရှိသော မြတ်သောအကျင့်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်အကျိုးကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ရောက်၍ နေနိုင်ရာ၏။ မင်းသား ခုနစ်နှစ်တို့ကို ထားဦးလော့၊ ကမ္မဋ္ဌာန်းအားထုတ်မှု အကြောင်းအင်္ဂါငါးပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် မြတ်စွာဘုရားတည်းဟူသော ဆုံးမသူဆရာကို ရသည်ရှိသော်ခြောက်နှစ်ကြာလျှင် ကောင်းစွာသာလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ကြသော အမျိုးကောင်းသားများ လိုလားအပ်သော အတုမရှိသော မြတ်သော အကျင့်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်အကျိုးကိုယခု ဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ရောက်၍ နေနိုင်ရာ၏။ ငါးနှစ်ကြာလျှင်။ လေးနှစ်ကြာလျှင်။ သုံးနှစ်ကြာလျှင်။ နှစ်နှစ်ကြာလျှင်။ တစ်နှစ်ကြာလျှင်။ မင်းသားတစ်နှစ်တို့ကို ထားဦးလော့၊ ကမ္မဋ္ဌာန်းအားထုတ်မှုအကြောင်းအင်္ဂါ ငါးပါးတို့နှင့် ပြည့်စုံသော ရဟန်းသည်မြတ်စွာ ဘုရားတည်းဟူသော ဆုံးမသူဆရာကို ရသည်ရှိသော် ခုနစ်လကြာလျှင် ကောင်းစွာသာလျှင်လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ကြသော အမျိုးကောင်းသားများ လိုလားအပ်သော အတုမရှိသောမြတ်သော အကျင့်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်အကျိုးကို ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် မျက် မှောက်ပြုကာ ရောက်၍ နေနိုင်ရာ၏။
မင်းသား ခုနစ်လတို့ကို ထားဦးလော့၊ ဤကမ္မဋ္ဌာန်းအားထုတ်မှုအကြောင်းအင်္ဂါ ငါးပါးတို့နှင့်ပြည့်စုံသော ရဟန်းသည် မြတ်စွာဘုရားတည်းဟူသော ဆုံးမသူဆရာကို ရသည်ရှိသော် ခြောက်လကြာလျှင် ကောင်းစွာသာလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ကြသော အမျိုးကောင်းသားများ လိုလားအပ်သော အတုမရှိသော မြတ်သော အကျင့်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ် အကျိုးကို ယခုဘဝ၌ပင်ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ရောက်၍ နေနိုင်ရာ၏။ ငါးလကြာလျှင်။ လေးလကြာ့လျှင်။ သုံးလကြာလျှင်။ နှစ်လကြာလျှင်။ တစ်လကြာလျှင်။ လဝက်ကြာလျှင်။ မင်းသား လဝက်ကိုထားဦးလော့၊ ဤကမ္မဋ္ဌာန်းအားထုတ်မှုအကြောင်း အင်္ဂါငါးပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် မြတ်စွာဘုရားတည်းဟူသော ဆုံးမသူဆရာကို ရသည်ရှိသော် ခုနစ်ရက်ကြာလျှင် ကောင်းစွာသာလျှင် လူ့ဘောင်မှရဟန်းဘောင်သို့ ဝင်ကြသော အမျိုးကောင်းသားများ လိုလားအပ်သော အတုမရှိသော မြတ်သောအကျင့်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်အကျိုးကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ရောက်၍ နေနိုင်ရာ၏။
မင်းသား ခုနစ်ရက်တို့ကို ထားဦးလော့၊ ဤကမ္မဋ္ဌာန်းအားထုတ်မှုအကြောင်းအင်္ဂါ ငါးပါးတို့နှင့်ပြည့်စုံသော ရဟန်းသည် မြတ်စွာဘုရားတည်းဟူသော ဆုံးမသူဆရာကို ရသည်ရှိသော် ခြောက်ရက်ကြာလျှင် ကောင်းစွာသာလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ကြသော အမျိုးကောင်းသားများ လိုလားအပ်သော အတုမရှိသော မြတ်သောအကျင့်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်အကျိုးကို ယခုဘဝ၌ပင်ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ရောက်၍ နေနိုင်ရာ၏။ ငါးရက်ကြာလျှင်။ လေးရက်ကြာ လျှင်။ သုံးရက်ကြာလျှင်။ နှစ်ရက်ကြာလျှင်။ တစ်ရက်ကြာလျှင်။ မင်းသား တစ်ရက်ကိုထားဦးလော့၊ ဤကမ္မဋ္ဌာန်းအားထုတ်မှုအကြောင်း အင်္ဂါငါးပါးတို့နှင့် ပြည့်စုံသော ရဟန်းသည်မြတ်စွာဘုရားတည်း ဟူသော ဆုံးမသူဆရာကို ရသည်ရှိသော် ညချမ်းအခါ ဆုံးမမူ နံနက်အခါ၌တရားအထူးကို ရပေလိမ့်မည်၊ နံနက်အခါ ဆုံးမမူ ညချမ်းအခါ၌ တရားအထူးကို ရပေလိမ့်မည်ဟု (မိန့်တော်မူ၏)။ ဤသို့ မိန့်တော်မူ သည်ရှိသော် ဗောဓိမင်းသားသည် မြတ်စွာဘုရားကို “ညချမ်းအခါ၌ဆုံးမသည်ရှိသော် နံနက်အခါ၌ တရားအထူးကို ရစွမ်းနိုင်၏၊ နံနက်အခါ၌ ဆုံးမသည်ရှိသော်ညချမ်းအခါ၌ တရားအထူးကို ရစွမ်းနိုင်၏၊ မြတ်စွာဘုရားသည် အံ့ဩဖွယ်ကောင်းလှပါ၏၊ တရားတော်သည် အံ့ဩဖွယ်ကောင်းလှပါ၏၊ တရားတော်၏ ကောင်းစွာဟောကြားထားသည်၏ အဖြစ်သည် အံ့ဩဖွယ်ကောင်းလှပါ၏”ဟု လျှောက်၏။
--
၃၄၆။ ဤသို့ လျှောက်လတ်သော် သဉ္ဇိကာပုတ္တလုလင်သည် ဗောဓိမင်းသားကို “ဤအရှင်ဗောဓိမင်းသားသည် ‘မြတ်စွာဘုရားသည် အံ့ဩဖွယ်ကောင်းလှပါ၏၊ တရားတော်သည် အံ့ဩဖွယ်ကောင်းလှပါ၏၊ တရားတော်၏ ကောင်းစွာ ဟောကြားထားသည်၏ အဖြစ်သည် အံ့ဩဖွယ်ကောင်းလှပါ၏’ ဟူ၍ဤသို့သာလျှင် လျှောက်ထားဘိ၏၊ ထိုသို့ပင် လျှောက်ထားငြားသော်လည်း ထိုအသျှင်ဂေါတမကိုကိုးကွယ်ရာဟူ၍ မဆည်းကပ်၊ တရားတော်မြတ်ကိုလည်းကောင်း၊ ရဟန်းသံဃာအပေါင်းကိုလည်းကောင်းကိုးကွယ်ရာဟူ၍ မဆည်းကပ်”ဟု ပြောဆို၏။ အချင်းသဉ္ဇိကာပုတ္တ ဤသို့ မဆိုလင့်၊ အချင်းသဉ္ဇိကာပုတ္တဤသို့ မဆိုလင့်၊ အချင်းသဉ္ဇိကာပုတ္တ ငါသည် ဤသို့သော စကားကို မယ်တော်၏ မျက်မှောက်မှကြားနာမှတ်သား လိုက်ရပါ၏၊ မယ်တော်၏ မျက်မှောက်မှ ဤစကားကို ခံယူဖူး၏၊ အချင်းသဉ္ဇိကာပုတ္တအခါတစ်ပါး မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ကိုယ်ဝန်ဆောင်ဖြစ်သော ငါ၏ မယ်တော်သည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကိုရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေလျက် “အသျှင်ဘုရား အကျွန်ုပ်၏ ဝမ်းတိုက်ရှိ ဤသတို့သား၊ သို့မဟုတ် သတို့သမီးသည် အသျှင်ဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်မြတ်ကိုလည်းကောင်း၊ ရဟန်းသံဃာအပေါင်းကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ မြတ်စွာဘုရားသည် ထိုသူငယ်ကို ယနေ့ကို အစပြု၍ အသက်ထက်ဆုံး ကိုးကွယ်ရာဟူ၍ ဆည်းကပ်သော ဥပါသကာဟူ၍ မှတ်တော်မူပါလော့”ဟု လျှောက်ခဲ့ပြီ။
အချင်းသဉ္ဇိကာပုတ္တ အခါတစ်ပါး မြတ်စွာဘုရားသည် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ဝယ် သားသမင် တို့ကိုဘေးမဲ့ပေးရာဖြစ်သော ဤပဲစင်းငုံတော၌ပင်လျှင် သီတင်းသုံးနေတော်မူ၏။ ထိုအခါ ငါ့ကို နို့ထိန်း သည်ရင်ခွင်ဖြင့် ပိုက်ချီ၍ မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ပြီးလျှင် ရှိခိုးလျက် သင့်လျော်ရာ၌ ရပ်တည် ကာ့"အသျှင်ဘုရား ဤဗောဓိမင်းသားသည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်မြတ်ကိုလည်းကောင်း၊ ရဟန်းသံဃာအပေါင်းကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ မြတ်စွာဘုရားသည် ထိုဗောဓိမင်းသားကို ယနေ့ကို အစပြု၍ အသက်ထက်ဆုံး ကိုးကွယ်ရာဟူ၍ ဆည်းကပ်သော ဥပါသကာဟူ၍ မှတ်တော်မူပါလော့”ဟု လျှောက်ဖူးပြီ။ အချင်းသဉ္ဇိကာပုတ္တ ထိုငါသည်သုံးကြိမ် မြောက်လည်း မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်မြတ်ကိုလည်းကောင်း ရဟန်းအပေါင်းကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ မြတ်စွာဘုရားသည် အကျွန်ုပ်ကို ယနေ့ကို အစပြု၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ရာဟူ၍ ဆည်းကပ်သော ဥပါသကာ ဟူ၍ မှတ်တော်မူပါလော့ဟု (လျှောက်လေသတည်း)။
ငါးခုမြောက် ဗောဓိရာဇကုမာရသုတ် ပြီး၏။
--
၆-အင်္ဂုလိမာလသုတ်
၃၄၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ပသေနဒိကောသလမင်း၏ နိုင်ငံတော်၌ ကြမ်း၊ ကတ်သောသွေးစွန်းသော လက်ရှိသော သတ်ဖြတ်ညှဉ်းဆဲမှု၌ စိတ်စောသော သတ္တဝါတို့၌ အသနားကင်းမဲ့သောအင်္ဂုလိမာလမည်သော ခိုးသူသည် ရှိ၏။ ထိုအင်္ဂုလိမာလခိုးသူသည် ရွာတို့ကိုလည်း ရွာမဟုတ်အောင်ပြု၏၊ နိဂုံးတို့ကိုလည်း နိဂုံးမဟုတ်အောင် ပြု၏၊ နယ်ပယ်တို့ကိုလည်း နယ်ပယ်မဟုတ်အောင် ပြု၏။ ထိုအင်္ဂုလိမာလခိုးသူသည် လူတို့ကို သတ်ဖြတ်၍ သတ်ဖြတ်၍ လက်ချောင်းပန်းကုံးကို ဆောင်၏။ ထိုအခါမြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူတော်မူလျက် သာဝတ္ထိပြည်သို့ ဆွမ်းခံလှည့်လည်တော်မူပြီးလျှင် ဆွမ်းခံရာမှ ဖဲခွါတော်မူကာ ဆွမ်းစားပြီးနောက် ကျောင်း အိပ်ရာနေရာကို သိုမှီးသိမ်းဆည်းတော်မူ၍ သပိတ် သင်္ကန်းကို ယူပြီးလျှင် အင်္ဂုလိမာလခိုးသူရှိရာသို့ ခရီးရှည်ကြွတော်မူ၏။
နွားကျောင်းသား ဆိတ်ကျောင်းသား လယ်ထွန်ယောက်ျား ခရီးသွားတို့သည် အင်္ဂုလိမာလ ခိုးသူရှိရာသို့ ခရီးရှည်ကြွတော်မူသော မြတ်စွာဘုရားကို မြင်ကြကုန်သော် “ရဟန်း ဤခရီးကို မသွားပါလင့်၊ ရဟန်း ဤခရီး၌ ကြမ်းကြုတ်သော သွေးစွန်းသောလက်ရှိသော သတ်ဖြတ်ညှဉ်းဆဲမှု၌ စိတ်စောနေသောသတ္တဝါတို့၌ အသနားကင်းမဲ့သော အင်္ဂုလိမာလမည်သော ခိုးသူသည် ရှိ၏။ ထိုအင်္ဂုလိမာလခိုးသူသည်ရွာတို့ကိုလည်း ရွာမဟုတ်အောင် ပြု၏၊ နိဂုံးတို့ကိုလည်း နိဂုံးမဟုတ်အောင် ပြု၏၊ နယ်ပယ်တို့ကိုလည်းနယ်ပယ်မဟုတ်အောင် ပြု၏။ ထိုအင်္ဂုလိမာလခိုးသူသည် လူတို့ကို သတ်ဖြတ်၍ သတ်ဖြတ်၍လက်ချောင်း ပန်းကုံးကို ဆောင်၏။ ရဟန်း ထိုခရီးကို တစ်ကျိပ် နှစ်ကျိပ် သုံးကျိပ် လေးကျိပ်ငါးကျိပ်သော ယောက်ျားတို့သည် စုပေါင်း၍ စုပေါင်း၍ သွားကြကုန်၏၊ ထိုသူတို့သည်လည်းအင်္ဂုလိမာလခိုးသူ၏ လက်၌ ပျက်စီးခြင်းသို့ ရောက်ကြရကုန်၏”ဟု ပြောဆို လျှောက်ထား ကြကုန်၏။
ထိုသို့ လျှောက်ထားသော်လည်း မြတ်စွာဘုရားသည် ဆိတ်ဆိတ်ပင် ကြွသွားတော်မူ၏။ နှစ်ကြိမ်မြောက်လည်း နွားကျောင်းသား။ပ။ သုံးကြိမ်မြောက်လည်း နွားကျောင်းသား ဆိတ်ကျောင်းသား လယ်ထွန်ယောက်ျား ခရီးသွားတို့သည် မြတ်စွာဘုရားကို “ရဟန်း ဤခရီးကို မသွားပါလင့်၊ ရဟန်း ဤခရီး၌ကြမ်းကြုတ်သော သွေးစွန်းသောလက်ရှိသော သတ်ဖြတ်ညှဉ်းဆဲမှု၌ စိတ်စောနေသော သတ္တဝါတို့၌အသနားကင်းမဲ့သော အင်္ဂုလိမာလမည်သော ခိုးသူသည် ရှိ၏။ ထိုအင်္ဂုလိမာလခိုးသူသည် ရွာတို့ကိုလည်းရွာမဟုတ်အောင် ပြု၏၊ နိဂုံးတို့ကိုလည်း နိဂုံးမဟုတ်အောင် ပြု၏၊ နယ်ပယ်တို့ကိုလည်း နယ်ပယ်မဟုတ်အောင် ပြု၏။ ထိုအင်္ဂုလိမာလ ခိုးသူသည် လူတို့ကို သတ်ဖြတ်၍ သတ်ဖြတ်၍ လက်ချောင်းပန်းကုံးကို့ဆောင်၏။ ရဟန်း ထိုခရီးကို တစ်ကျိပ် နှစ်ကျိပ် သုံးကျိပ် လေးကျိပ် ငါးကျိပ်သော ယောက်ျားတို့သည်စုပေါင်း၍ စုပေါင်း၍ သွားကြကုန်၏၊ ထိုသူတို့သည်လည်း အင်္ဂုလိမာလခိုးသူ၏ လက်၌ ပျက်စီးခြင်းသို့ရောက်ကြရကုန်၏”ဟု ပြောဆိုလျှောက်ထားကြကုန်၏။
--
၃၄၈။ ထိုသို့လျှောက်သော်လည်း မြတ်စွာဘုရားသည် ဆိတ်ဆိတ်ပင် ကြွသွားတော်မူ၏။ အင်္ဂုလိမာလခိုးသူသည် ကြွလာတော်မူသော မြတ်စွာဘုရားကို အဝေးကပင် မြင်၍ “အချင်းတို့ အံ့ဩဖွယ် ရှိစွတကား၊ အချင်းတို့ မဖြစ်ဖူးမြဲ ဖြစ်စွတကား၊ အကြောင်းမှာ ဤခရီးကို တစ်ကျိပ် နှစ်ကျိပ် သုံးကျိပ် လေးကျိပ်ငါးကျိပ်သော ယောက်ျားတို့သည် စုပေါင်း၍ စုပေါင်း၍ သွားကြကုန်၏၊ ထိုယောက်ျား တို့သည်လည်းငါ၏ လက်၌ ပျက်စီးခြင်းသို့ ရောက်ကြရကုန်၏။ သို့ဖြစ်ပါလျက် ဤရဟန်းသည် အဖော်မပါတစ်ပါးတည်း မလေးမခံ့ လာလေယောင်တကား၊ ငါသည် ဤရဟန်းကို သတ်ရမူ ကောင်းလေရာ၏”ဟုအင်္ဂုလိမာလအား ဤအကြံသည် ဖြစ်၏။ ထိုအခါ အင်္ဂုလိမာလခိုးသူသည် သန်လျက်နှင့် ကာကို ဆွဲကိုင်၍လေးနှင့်တောင့်ကို လွယ်ကာ မြတ်စွာဘုရား၏ နောက်မှ နောက်မှ အပြေး လိုက်လေပြီ။ ထိုအခါပြကတေ့အတိုင်း ကြွသွားတော်မူသော မြတ်စွာဘုရားကို အစွမ်းကုန်ပြေးလိုက်သော အင်္ဂုလိမာလခိုးသူမမီနိုင်လောက်အောင် တန်ခိုးဖန်ဆင်းခြင်းကို မြတ်စွာဘုရား ဖန်ဆင်းတော်မူ၏။
ထိုအခါ အင်္ဂုလိမာလအား “အချင်းတို့ အံ့ဩဖွယ်ရှိစွတကား၊ အချင်းတို့ မဖြစ်ဖူးမြဲ ဖြစ်လေစွတ ကား၊ အကြောင်းမှာ ရှေးအခါက ငါသည် ပြေးနေသော ဆင်ကိုလည်း လိုက်၍ ဖမ်းနိုင်၏၊ ပြေးနေသောမြည်းကိုလည်း လိုက်၍ ဖမ်းနိုင်၏၊ ပြေးနေသော သမင်ကိုလည်း လိုက်၍ ဖမ်းနိုင်၏၊ ပြေးနေသောရထားကိုလည်း လိုက်၍ ဖမ်းနိုင်၏၊ ထိုသို့ဖမ်းယူနိုင်သော်လည်း ငါသည် ပကတိအတိုင်း သွားနေသောဤရဟန်းကို အစွမ်းကုန်လိုက်သော်လည်း မမှီနိုင်”ဟု အကြံဖြစ်လေ၏။ ရပ်လျက်သာလျှင် မြတ်စွာဘုရားကို “ရဟန်း ရပ်လော့ ရပ်လော့”ဟု ပြောဆို၏။ “အင်္ဂုလိမာလ ငါသည် ရပ်နေ၏၊ သင်သာ ရပ်လော့”ဟု (မိန့်တော်မူ၏)။ ထိုအခါ အင်္ဂုလိမာလ ခိုးသူအား “သာကီဝင်မင်းသား ဖြစ်ကြကုန်သော ဤရဟန်းတို့သည် မှန်သည်ကိုသာ ဆိုလေ့ရှိကြကုန်၏၊ မှန်သည်ကို ဝန်ခံလေ့ရှိကြကုန်၏၊ သို့ဖြစ်လျက် ဤရဟန်းသည် သွားလျက်သာလျှင် ‘အင်္ဂုလိမာလ ငါသည် ရပ်နေ၏၊ သင်သာ ရပ်လော့’ဟု ဆိုဘိ၏၊ ငါသည်ဤရဟန်းကို မေးရပါမူ ကောင်းလေရာ၏”ဟု အကြံဖြစ်၏။
၃၄၉။ ထိုအခါ အင်္ဂုလိမာလခိုးသူသည် မြတ်စွာဘုရားကို ဂါထာဖြင့် လျှောက်ထား၏-
“ရဟန်း သွားနေလျက် ငါရပ်၏ဟု ဆိုဘိ၏၊ ရပ်သော အကျွန်ုပ်ကိုလည်း မရပ်ဟု ဆိုဘိ၏၊ ရဟန်းသင့်အား ထိုအကြောင်းကို မေးပါအံ့၊ သင်သည် အဘယ်သို့ ရပ်တည်၍ အကျွန်ုပ်သည် အဘယ်သို့မရပ်တည်ပါသနည်း”ဟု (လျှောက်၏)။
အင်္ဂုလိမာလ ငါသည် အခါခပ်သိမ်း အလုံးစုံသောသတ္တဝါတို့၌ တုတ် လှံတံကို ချထားပြီးဖြစ်၍ ရပ်လျက်ရှိ၏၊ သင်သည်ကား အလုံးစုံသော သတ္တဝါတို့၌ သတ် ဖြတ်ညှဉ်းဆဲခြင်းမှ မစောင့်စည်းသူ ဖြစ်၏၊ ထို့ကြောင့် ငါသည် ရပ်တည်သူဖြစ်၍ သင်သည် မရပ်တည်သူဖြစ်၏ဟု (မိန့်တော်မူ၏)။
ပူဇော်ထိုက်၍ အမြတ်တရားကို ရှာမှီးလေ့ရှိတော်မူသော မှန်သောစကားကိုသာ ဆိုလေ့ရှိတော်မူသောမြတ်စွာဘုရားသည် အချိန်ကြာမြင့်မှ အကျွန်ုပ်၏ နေရာ ဤတောအုပ်ကြီးသို့ကြွရောက်တော်မူဘိ၏တကား၊ ထိုအကျွန်ုပ်သည် အသျှင်ဘုရား ၏ တရားနှင့် စပ်ယှဉ်သော ဂါထာကိုကြားနာရသည် ဖြစ်ပါ၍ မကောင်းမှုကို ပယ်စွန့်လျက် ကျင့်ပါတော့အံ့။
ဤသို့ လျှောက်ထားပြီးလျှင် ခိုးသူကြီးသည် သန်လျက်ကိုလည်းကောင်း၊ လေးလက်နက်ကိုလည်းကောင်း ထုံးအိုင်ကမ်းပါးပြတ် ချောက်ထဲသို့ လွှင့်ပစ်လေပြီ၊ ခိုးသူကြီးသည်မြတ်စွာဘုရားခြေတော်တို့ကို ရှိခိုးပြီး ထိုအရပ်၌ပင် မြတ်စွာဘုရား အား ရှင်ရဟန်းအဖြစ်ကိုတောင်းပန်လေပြီ။
ထိုအခါ သနားခြင်းရှိတော်မူသော အမြတ်တရားကို ရှာမှီးလေ့ရှိတော်မူသော နတ်နှင့်တကွသောလောက၏ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ထို အင်္ဂုလိမာလခိုးသူကို ‘ရဟန်း လာလော့’ဟုမိန့်ကြားတော်မူ၏၊ ထိုစကားသည် သာလျှင် ထိုအင်္ဂုလိမာလခိုးသူ၏ ရဟန်းအဖြစ် ပြီးစီးလေသတည်း။
--
၃၅၀။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်အင်္ဂုလိမာလဟူသော နောက်လိုက်ရဟန်းနှင့် သာဝတ္ထိပြည်သို့ ဒေသစာရီ ကြွချီတော်မူ၏၊ အစဉ်အတိုင်း ဒေသစာရီ ကြွချီတော်မူသည်ရှိသော် သာဝတ္ထိပြည်သို့ရောက်တော်မူ၍ ထိုသာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ပသေနဒိကောသလမင်း၏ နန်းတော်တံခါးဝ၌ များစွာသော လူအပေါင်းသည်စည်းဝေးလျက် “မင်းကြီး သင်မင်းကြီး၏ တိုင်းနိုင်ငံ၌ ကြမ်း၊ ကတ်သော သွေးစွန်းသောလက်ရှိသောသတ်ဖြတ်ညှဉ်းဆဲမှု၌ စိတ်စောနေသော သတ္တဝါတို့၌ အသနားကင်းမဲ့သော အင်္ဂုလိမာလမည်သောခိုးသူသည် ရှိပါ၏။ ထိုအင်္ဂုလိမာလခိုးသူသည် ရွာတို့ကိုလည်း ရွာမဟုတ်အောင် ပြုပါကုန်၏၊ နိဂုံးတို့ကိုလည်း နိဂုံးမဟုတ်အောင် ပြုပါကုန်၏၊ ဇနပုဒ်တို့ကိုလည်း ဇနပုဒ်မဟုတ်အောင် ပြုပါကုန်၏။ ထိုအင်္ဂုလိမာလခိုးသူသည် လူတို့ကို သတ်ဖြတ်၍ သတ်ဖြတ်၍ လက်ချောင်း ပန်းကုံးကို ဆောင်ပါ၏။ အသျှင်မင်းကြီးသည် ထိုအင်္ဂုလိမာလခိုးသူကို တားမြစ်တော်မူပါလော့”ဟု ပြင်းပြကျယ်လောင်သောအသံကို ပြု၏။
ထိုအခါ ပသေနဒိကောသလမင်းကြီးသည် ငါးရာသောမြင်းတို့ဖြင့် သာဝတ္ထိပြည်မှ နေမွန်းတည့်ချိန် ဝယ်ထွက်ခဲ့၍ ဇေတဝန်ကျောင်းအရံသို့ ဝင်လေ၏၊ ယာဉ်ဖြင့် သွားသင့်သော အရပ်တိုင်အောင် ယာဉ်ဖြင့်သွား၍ ယာဉ်မှ သက်ဆင်းပြီးလျှင် ခြေကျင်သာလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးလျက်သင့်လျော်ရာ၌ ထိုင်နေသော မင်းကြီးကို မြတ်စွာဘုရားသည် “မင်းကြီး သင်သည် မဂဓတိုင်းကိုအစိုးရသော သေနိယမည်သော ဗိမ္ဗိသာရမင်းကိုမူလည်း အမျက်ထွက်လေသလော၊ ဝေသာလီပြည် လိစ္ဆဝီမင်းတို့ကိုမူလည်း အမျက်ထွက်လေသလော၊ တစ်ပါးသော ရန်သူမင်းတို့ကိုမူလည်း အမျက်ထွက်လေသလော”ဟု မေးတော်မူ၏။ အသျှင်ဘုရား အကျွန်ုပ်သည် မဂဓတိုင်းကို အစိုးရသော သေနိယမည်သောဗိမ္ဗိသာရမင်းကိုလည်း အမျက်မထွက်ပါ၊ ဝေသာလီပြည်ကို အစိုးရကုန်သော လိစ္ဆဝီမင်းတို့ကိုလည်းအမျက်မထွက်ပါ၊ တစ်ပါးသော ရန်သူမင်းတို့ကိုလည်း အမျက်မထွက်ပါ။ အသျှင်ဘုရား တပည့်တော်၏တိုင်းနိုင်ငံ၌ ကြမ်း၊ ကတ်သော သွေးစွန်းသောလက်ရှိသော သတ်ဖြတ်ညှဉ်းဆဲမှု၌ စိတ်စောနေသောသတ္တဝါ တို့၌ အသနားကင်းမဲ့သော အင်္ဂုလိမာလမည်သော ခိုးသူသည် ရှိပါ၏။ ထိုအင်္ဂုလိမာလခိုးသူသည် ရွာတို့ကိုလည်း ရွာမဟုတ်အောင် ပြုပါ၏၊ နိဂုံးတို့ကိုလည်း နိဂုံးမဟုတ်အောင် ပြုပါ၏၊ ဇနပုဒ်တို့ကို လည်း ဇနပုဒ်မဟုတ်အောင် ပြုပါ၏။ ထိုအင်္ဂုလိမာလခိုးသူသည် လူတို့ကို သတ်ဖြတ်၍သတ်ဖြတ်၍ လက်ချောင်းပန်းကုံးကို ဆောင်ပါ၏၊ အသျှင်ဘုရား အကျွန်ုပ်သည် ထိုအင်္ဂုလိမာလခိုးသူကိုတားမြစ် ပါအံ့ဟု (လျှောက်၏)။
မင်းကြီး သင်သည် ဆံမုတ်ဆိတ်ကို ရိတ်ပယ်၍ ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံလျက် လူ့ဘောင်မှရဟန်းဘောင်သို့ ဝင်ရောက်နေသော အသက်သတ်ခြင်းမှ ကြဉ်ရှောင်နေသော မပေးသည်ကိုယူခြင်းမှ ကြဉ်ရှောင် နေသော မဟုတ်မမှန်ပြောဆိုခြင်းမှ ကြဉ်ရှောင်နေသော တစ်ထပ်သာစားနေသောမြတ်သောတရားရှိသော အင်္ဂုလိမာလကို အကယ်၍ မြင်လျှင် သင် အဘယ်သို့ ပြုအံ့နည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား ရှိမူလည်း ခိုးပါကုန်အံ့၊ ခရီးဦးမူလည်း ကြိုပါကုန်အံ့၊ (ထိုင်ရန်) နေရာ ဖြင့်မူလည်း ပင့်ဖိတ်ပါကုန်အံ့၊ သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာ နေရာ သူနာ၏အထောက်အပံ့ဖြစ်သောအသက်၏အရံအတားဖြစ်သော ဆေးပစ္စည်းတို့ဖြင့်မူလည်း ဖိတ်ကြားပါကုန်အံ့၊ ထိုသို့သဘောရှိသောရဟန်းအား တရားနှင့်လျော်သော စောင့်ရှောက်လုံခြုံစေမှုကို စီရင်ပါကုန်အံ့။ အသျှင်ဘုရား ယုတ်ညံ့သောသဘောရှိသည့် ဒုဿီလပုဂ္ဂိုလ်အား ဤသို့သဘောရှိသော သီလကို စောင့်စည်းခြင်းသည် အဘယ်မှာ့ဖြစ်နိုင်ပါအံ့နည်းဟု (လျှောက်၏)။
ထိုအခါ အင်္ဂုလိမာလသည် မြတ်စွာဘုရား၏ အနီး၌ ထိုင်နေ၏။ ထိုအခါ မြတ်စွာဘုရားသည် လက်ယာလက်ရုံးကို မြှောက်ချီတော်မူ၍ ပသေနဒိကောသလမင်းကြီးကို “မင်းကြီး အင်္ဂုလိမာလဟူသည်ဤသူတည်း”ဟု မိန့်ကြားတော်မူ၏။ ထိုအခါ ပသေနဒီကောသမင်းကြီးအား ကြောက်ခြင်းသည် ဖြစ်လေ၏။ ကိုယ်ခက်တရော်ရှိ ခြင်းသည် ဖြစ်လေ၏၊ ကြက်သီးမွေးညင်းထခြင်းသည် ဖြစ်လေ၏။ ထိုအခါမြတ်စွာဘုရားသည် ပသေနဒိ ကောသလမင်းကြီး ကြောက်နေသည်ကို ထိတ်လန့်နေသည်ကို ကြက်သီးမွေးညင်းထနေသည်ကို သိတော်မူ၍ ပသေနဒိကောသလမင်းကြီးအား “မင်းကြီး မကြောက်လင့်၊ ဤသူမှသင့်အား ဘေးမရှိတော့ပါ”ဟု မိန့်ကြားတော်မူ၏။ ထိုအခါ ပသေနဒိကောသလမင်းကြီးအားကြောက်ခြင်း ကိုယ်ခက်တရော်ရှိခြင်း ကြက်သီးမွေးညင်းထခြင်း အားလုံးသည်ကင်းပျောက်ချုပ်ငြိမ်းလေ၏၊
--
ထိုအခါ ပသေနဒိကောသမင်းကြီးသည် အသျှင်အင်္ဂုလိမာလထံသို့ချဉ်းကပ်ပြီးလျှင် အသျှင်အင်္ဂုလိမာလအား “အသျှင်ဘုရား အသျှင်သည် အကျွန်ုပ်တို့၏အင်္ဂုလိမာလလေလော”ဟု (လျှောက်၏)။ “မင်းကြီး မှန်ပါ၏”ဟု (မိန့်ဆို၏)။ အသျှင်၏ဖခင်သည်အဘယ်အနွယ် ရှိပါသနည်း၊ အသျှင်၏ မယ်တော်သည် အဘယ်အနွယ် ရှိပါသနည်းဟု (လျှောက်၏)။ မင်းကြီး အဖသည် ဂဂ္ဂအနွယ်ရှိ၍ အမိသည် မန္တာဏီ အနွယ် ရှိ၏ဟု (မိန့်ဆို၏)။ အသျှင်ဘုရားဂဂ္ဂအနွယ်ရှိသော မန္တာဏီ၏ သားဖြစ်သော အသျှင်သည် မွေ့လျော်ပါလော့၊ အကျွန်ုပ်သည်လည်းဂဂ္ဂအနွယ်ရှိသော မန္တာဏီ၏ သားဖြစ်သော အသျှင်မြတ် အကျိုး ငှါ သင်္ကန်း ဆွမ်းကျောင်းအိပ်ရာနေရာ သူနာ၏အထောက်အပံ့ အသက်၏အရံအတားဖြစ်သော ဆေး ပစ္စည်းတို့ဖြင့်ကြောင့်ကြအားထုတ်မှုကို ပြုပါအံ့ဟု (လျှောက်၏)။
၃၅၁။ ထိုအခါ အသျှင်အင်္ဂုလိမာလသည် အရညကင်ဓုတင် ပိဏ္ဍပါတ်ဓုတင် ပံသုကူဓုတင်တိစီဝရိက်ဓုတင်ကို ဆောင်၏။ ထိုအခါ အသျှင်အင်္ဂုလိမာလသည် ပသေနဒိကောသလမင်းကြီးကို"မင်းကြီး တန်ပြီ၊ ငါ့အား သင်္ကန်းပြည့်စုံပြီ”ဟု ပြောကြား၏။ ထိုအခါ ပသေနဒိကောသလမင်းကြီးသည်မြတ်စွာ ဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် သင့်လျော်ရာနေရာ၌ ထိုင်နေလျက်"အသျှင် ဘုရား အံ့ဩဖွယ် ရှိပေစွ၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဘုရားမြတ်စွာဘုရားသည် မယဉ်ကျေးသော သတ္တဝါတို့ကို ယဉ်ကျေးအောင် လွန်ကဲစွာဆုံးမတော်မူတတ်ပါပေစွ၊ မငြိမ်သက်သော သတ္တဝါတို့ကို လွန်ကဲစွာ ငြိမ်သက်စေတော်မူတတ်ပါပေစွ၊ မငြိမ်းအေးသေးသောသတ္တဝါတို့ကို လွန်ကဲစွာ ငြိမ်းအေးစေတော်မူတတ်ပါပေစွ။ အသျှင်ဘုရားအကျွန်ုပ်တို့သည် ယင်းအင်္ဂုလိမာလကို တုတ်လှံတံဖြင့် သော်လည်းကောင်း၊ ဓားလက်နက်ဖြင့်သော်လည်းကောင်း ဆုံးမခြင်းငှါ မစွမ်းနိုင်ကြပါကုန်၊ ထိုအင်္ဂုလိမာလ ကိုမြတ်စွာဘုရားသည် တုတ်လှံတံ မပါဘဲလျက် ဓားလက်နက် မပါဘဲလျက်သာလျှင် ယဉ်ကျေးစေတော်မူနိုင်ပါပေ၏။ အသျှင်ဘုရား အကျွန်ုပ်တို့သည် ယခု သွားကြပါကုန်အံ့၊ အကျွန်ုပ်တို့သည် များသောကိစ္စများသော ပြုဖွယ်ရှိကြပါကုန်၏”ဟု လျှောက်၏။ မင်းကြီး ယခု သွားရန် အချိန်ကို သင်သိ၏ (သွားရန်မှာ သင့်အလိုအတိုင်းပင် ဖြစ်၏)ဟု (မိန့်တော်မူ၏)။ ထိုအခါ ပသေနဒိကောသလ မင်းကြီးသည်နေရာမှ ထ၍ မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုကာ ဖဲခွါသွားလေ၏။
ထိုအခါ အသျှင်အင်္ဂုလိမာလသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင်သာဝတ္ထိပြည်သို့ ဆွမ်းအလို့ငှါ ဝင်တော်မူ၏။ အသျှင်အင်္ဂုလိမာလသည် သာဝတ္ထိပြည်၌ အိမ်စဉ်အတိုင်းဆွမ်းအလို့ငှါ လှည့်လည်တော်မူသည်ရှိသော် သားမဖွားနိုင်သော မသက်သာသော ကိုယ်ဝန်ရှိသောမိန်းမတစ်ယောက်ကို မြင်၍ “အချင်းတို့ သတ္တဝါတို့သည် ပင်ပန်းကုန်စွတကား၊ အချင်းတို့ သတ္တဝါတို့သည် ပင်ပန်းကုန်စွတကား”ဟု အကြံဖြစ်၏။ ထိုအခါ အသျှင်အင်္ဂုလိမာလသည် သာဝတ္ထိပြည်၌ ဆွမ်း့အလို့ငှါ လှည့်လည်၍ ဆွမ်းခံရာမှ ဖဲခဲ့ကာ ဆွမ်းစားပြီးနောက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် သင့်လျော်စွာ ထိုင်နေလျက် “အသျှင်ဘုရား အကျွန်ုပ်သည်ယနေ့နံနက်ပိုင်းအခါက သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် သာဝတ္ထိပြည်သို့ ဆွမ်းအလို့ငှါဝင်ခဲ့ပါ၏။ အသျှင် ဘုရား အကျွန်ုပ်သည် သာဝတ္ထိပြည်၌ ဆွမ်းအလို့ငှါ အိမ်စဉ်အတိုင်းလှည့်လည်တော်မူသည်ရှိသော် သားမဖွားနိုင်သော မသက်သာသော ကိုယ်ဝန်ရှိသော မိန်းမတစ်ယောက်ကိုမြင်ခဲ့ရ၍ အကျွန်ုပ်အား “အချင်းတို့ သတ္တဝါတို့သည် ပင်ပန်းကုန်စွတကား၊ အချင်းတို့ သတ္တဝါတို့သည်ပင်ပန်းကုန်စွတကား”ဟု အကြံဖြစ်ခဲ့ပါ၏ဟု (လျှောက်၏)။
--
အင်္ဂုလိမာလ သို့ဖြစ်မူ သင်သည် ထိုမိန်းမထံသို့ ချဉ်းကပ်ပြီးလျှင် ထိုမိန်းမကို “နှမ ငါသည်မွေးဖွားသောအခါမှ စ၍ သေစေလိုသော စေတနာဖြင့် သတ္တဝါတို့ကို သတ်ဖူးသည်ဟု မသိစဖူး၊ ထိုမှန်သောစကားကြောင့် သင့်အားလည်းကောင်း၊ ကိုယ်ဝန်သတ္တဝါအားလည်းကောင်း ချမ်းသာခြင်းသည်ဖြစ်စေသတည်း”ဟု ဆိုလေလော့ဟု (မိန့်တော်မူ၏)။
အသျှင်ဘုရား ထိုအကျွန်ုပ်သည် သိလျက် ချွတ်ယွင်းသော စကားကို ပြောဆိုခြင်း ဖြစ်ရာသည်မဟုတ်ပါလော၊ အသျှင်ဘုရား အကျွန်ုပ်သည် များစွာသော သတ္တဝါတို့ကို သေစေလိုသော စေတနာနှင့်တကွ သတ်ခဲ့ဖူးသည် မဟုတ်ပါလောဟု (လျှောက်၏)။ အင်္ဂုလိမာလ သို့ဖြစ်မူ သင်သည် ထိုမိန်းမထံသို့ချဉ်းကပ်ပြီးလျှင် ထိုမိန်းမကို “နှမ ငါသည် အရိယာဇာတ်ဝင် ဖြစ်သောအခါမှ စ၍ သေစေလိုသောစေတနာဖြင့် သတ္တဝါကို သတ်ဖူးသည်ဟူ၍ မသိစဖူး၊ ထိုမှန်သောသစ္စာစကားကြောင့် သင့်အားလည်းကောင်း၊ ကိုယ်ဝန်သတ္တဝါအားလည်းကောင်း ချမ်းသာခြင်းသည် ဖြစ်စေသတည်း”ဟု ဆိုလေလော့ဟု (မိန့်တော်မူ၏)။
“အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အင်္ဂုလိမာလသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၍ ထိုမိန်းမထံသို့ ချဉ်းကပ်ပြီးလျှင် ထိုမိန်းမကို “နှမ ငါသည် အရိယာဇာတ်ဝင် ဖြစ်သောအခါမှစ၍သေစေလိုသော စေတနာဖြင့် သတ္တဝါကို သတ်ဖူး၏ဟူ၍ ငါ မသိစဖူး၊ ထိုမှန်သောသစ္စာစကားကြောင့်သင့်အားလည်းကောင်း၊ ကိုယ်ဝန်သတ္တဝါအားလည်းကောင်း ချမ်းသာခြင်းသည် ဖြစ်စေသတည်း”ဟု ပြောဆို၏။ ထိုအခါ ထိုမိန်းမအားလည်းကောင်း၊ ကိုယ်ဝန်သတ္တဝါအားလည်းကောင်း ချမ်းသာခြင်း ဖြစ်လေ၏။
ထိုအခါ အသျှင်အင်္ဂုလိမာလသည် တစ်ပါးတည်း ဆိတ်ငြိမ်ရာအရပ်သို့ ကပ်၍ မမေ့မလျော့ ပြင်းထန်စွာ အားထုတ်လျက် နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသည်ရှိသော် မကြာမီပင်လျှင်လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ကြကုန်သော အမျိုးကောင်းသားများ လိုလားအပ်သည့် အတုမဲ့မြတ်သောအကျင့်၏ ဆုံးခန်းတိုင်မှုကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေပြီ၊ ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအတွက် တစ်ပါးသော ပြုဖွယ်ကိစ္စ မရှိပြီ”ဟု သိ၏။ အသျှင်အင်္ဂုလိမာလသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်လေသတည်း။
၃၅၂။ ထိုအခါ အသျှင်အင်္ဂုလိမာလသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကိုယူပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းအလို့ငှါ ဝင်တော်မူ၏။ ထိုအခါ တစ်ပါးသောအရပ်သို့ ပစ်သောခဲသည်အသျှင် အင်္ဂုလိမာလ၏ကိုယ်ပေါ်၌ ကျ၏၊ တစ်ပါးသောအရပ်သို့ ပစ်သော တုတ်လှံတံသည် အသျှင်အင်္ဂုလိမာလ၏ ကိုယ်ပေါ်၌ ကျ၏၊ တစ်ပါးသောအရပ်သို့ ပစ်သော ကျောက်စရစ်သည် အသျှင်အင်္ဂုလိမာလ၏ ကိုယ်ပေါ်၌ ကျ၏၊ ထိုအခါ အသျှင်အင်္ဂုလိမာလသည် ကွဲသောဦးခေါင်း ယိုစီးသောသွေးကွဲသောသပိတ် စုတ်ပြတ်သောဒုကုဋ်ဖြင့် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၏။ မြတ်စွာဘုရားသည် အဝေးမှလာသော အသျှင်အင်္ဂုလိမာလကို မြင်တော်မူ၍ “မကောင်းမှုကို အပပြုပြီးသောရဟန်း သင်သည်းခံလော့၊ မကောင်းမှုကို အပပြုပြီးသောရဟန်း သင် သည်းခံလော့၊ မကောင်းမှုကို အပပြုပြီးသော ရဟန်း သင်သည် ယင်း (ပါဏာတိပါတ) အကုသိုလ်ကံ၏ အကျိုးအားဖြင့် နှစ်ပေါင်းများစွာနှစ်ရာပေါင်းများစွာ နှစ်ထောင်ပေါင်းများစွာပတ်လုံး ငရဲ၌ ကျက်လေရာ၏။ မကောင်းမှုကို အပပြုပြီးသောရဟန်း သင်သည် ထို (ပါဏာတိပါတ) အကုသိုလ်အကျိုးကို ယခုဘဝ၌ပင် ခံစားရဘိ၏”ဟုမိန့်တော်မူ၏။ ထိုအခါ အသျှင် အင်္ဂုလိမာလသည် ဆိတ်ငြိမ်ရာသို့ကပ်၍ တစ်ပါးတည်းကိန်းအောင်းလျက် အရဟတ္တဖိုလ်ချမ်းသာကို ခံစားနေ၏။ ထိုအခါ ဤဥဒါန်းကို ကျူးရင့်၏-
“ရှေးအခါကသာလျှင် မေ့လျော့၍ နောက်အခါ၌ မမေ့မလျော့သူသည် တိမ်တိုက်မှ လွတ်သောလကဲ့သို့ဤသတ္တလောကကို တောက်ပထွန်းလင်းစေ၏။
ပြုပြီးသော မကောင်းမှုကို ကုသိုလ်တရားဖြင့် ပိတ်ပင်တားဆီးသူသည် တိမ်တိုက် မှလွတ်သောလကဲ့သို့ ဤသတ္တလောကကို တောက်ပထွန်းလင်းစေ၏။
--
ငယ်ရွယ်စဉ်ကပင်လျှင် မြတ်စွာဘုရားသာသနာတော်၌ အားထုတ်သော ရဟန်း သည် တိမ်တိုက်မှလွတ်သောလကဲ့သို့ ဤသတ္တလောကကို တောက်ပထွန်းလင်း စေ၏။
ငါ၏ ရန်သူတို့သည် တရားနှင့်စပ်သော စကားကို ကြားနာနိုင်ကြပါစေကုန် သတည်း၊ ငါ၏ရန်သူတို့သည် မြတ်စွာဘုရားသာသနာတော်၌ အားထုတ်နိုင်ကြပါ စေကုန်သတည်း၊ ငါ၏ရန်သူဖြစ်ကုန်သော ထိုလူတို့သည် သူတစ်ပါးအား တရား ကို ဆောက်တည်ကြစေသည့်သူတော်ကောင်းတို့ထံသို့ ချဉ်းကပ်နိုင်ကြပါစေကုန် သတည်း။
ငါ၏ ရန်သူတို့သည် သည်းခံခြင်းကို ဆိုလေ့ရှိကုန်သော၊ မဆန့်ကျင်မှုမေတ္တာကို ချီးကျူးလေ့ရှိကုန်သောသူတို့၏ တရားကို အခါခါ နာကြားနိုင်ကြပါစေကုန် သတည်း၊ ထိုတရားကိုလည်း အစဉ်လိုက်နာကျင့်ကြံနိုင်ကြပါစေကုန်သတည်း။
ထို ငါ၏ရန်သူသည် စင်စစ် ငါ့ကို မညှဉ်းဆဲပါစေသတည်း၊ ငါမှတစ်ပါး အခြား သူကိုလည်းမညှဉ်းဆဲပါစေသတည်း၊ မွန်မြတ်သော နိဗ္ဗာန်သို့ ရောက်၍ အမြဲ တပ်မက်သော တဏှာကိုစောင့်ရှောက်နိုင်ပါစေသတည်း။
ရေကို မြောင်းသွယ်သူတို့သည် ရေကို ဆောင်ယူကြကုန်၏၊ မြားသမားတို့သည် မြားကိုဖြောင့်ကြကုန်၏၊ သစ်ရွေသမားတို့သည် သစ်ကို ဖြောင့်အောင် ရွေကြ ကုန်၏၊ ပညာရှိတို့သည်မိမိကိုယ်ကို ဆုံးမကြကုန်၏။
အချို့သူတို့သည် လှံတံဖြင့်လည်းကောင်း ချွန်းကောက်တို့ဖြင့်လည်းကောင်း၊ ကြိမ်လုံးတို့ဖြင့်လည်းကောင်း ဆုံးမကြကုန်၏၊ တာဒိဂုဏ်ရှိတော်မူသော မြတ်စွာ ဘုရားသည်တုတ်လှံတံမရှိဘဲ လက်နက်မရှိဘဲ ငါ့ကို ယဉ်ကျေးအောင် ဆုံးမတော် မူပြီ။
ငါသည် ရှေးအခါက ညှဉ်းဆဲတတ်သူဖြစ်လျက် ‘အဟိံသက’ အမည်ရှိခဲ့၏၊ ငါသည် ယနေ့မှ စ၍တစ်စုံတစ်ယောက်ကိုမျှ မညှင်းဆဲတတ်သောကြောင့် မှန်ကန် သောအမည် ရခဲ့ပြီ၊ ငါသည် ရှေးအခါကအင်္ဂုလိမာလဟူ၍ ထင်ရှားကျော်စောသော ခိုးသူကြီး ဖြစ်ခဲ့၏၊ ကြီးစွာသော သံသရာဩဃ၌နစ်မျောသည်ဖြစ်၍ မြတ်စွာ ဘုရားကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏။
ငါသည် ရှေးအခါက အင်္ဂုလိမာလဟူ၍ ထင်ရှားကျော်စောသော သွေးစွန်းသော လက်ရှိသောသူသတ်ယောက်ျား ဖြစ်ခဲ့၏၊ ကိုးကွယ်ရာ နိဗ္ဗာန်ကို မြင်သည်ဖြစ်၍ ဘဝနှောင်ကြိုးနှင့် တူသောတဏှာကို နုတ်ပယ်ခဲ့ပြီ။
အကြိမ်များစွာ အပါယ်ရွာကို လားစေတတ်သော ထိုသို့သဘောရှိသော အကုသိုလ်ကံကို ပြုခဲ့သော်လည်းယင်းကံကို ရှို့မြှိုက်တတ်သည့် (မဂ်စေတနာ) တွေ့ထိအပ်သောကြောင့် မကောင်းကျိုးကြွေးမြီကင်းသည်ဖြစ်၍ ဘောဇဉ်ကို ငါ သုံးဆောင်ရပေပြီ။
ပညာမဲ့ငြား လူမိုက်များတို့သည် မေ့လျော့ခြင်းကို အားထုတ်ကြကုန်၏၊ ပညာရှိ ယောက်ျားသည့်မမေ့မလျော့မှုကို မြတ်သောဥစ္စာကဲ့သို့ စောင့်ရှောက်၏၊ မေ့လျော့ ခြင်းကို အားမထုတ်ကြကုန်လင့်၊ ကာမဂုဏ်တို့၌ မွေ့လျော်ပေါင်းဖော်မှုကို အား မထုတ်ကြကုန်လင့်၊ မမေ့မလျော့ဘဲ ရှုဆင်ခြင်သူသည်သာပြန့်ပြောသော နိဗ္ဗာန် ချမ်းသာသို့ ပေါက်ရောက်နိုင်၏။
ထို ငါ၏ သာသနာ့ဘောင်သို့ ရောက်လာခြင်းသည် ကောင်းသော ရောက်လာ ခြင်းပေတည်း၊ ငါ၏ရဟန်းပြုအံ့ဟု ပြောဆိုခြင်းသည် မကောင်းသောပြောဆိုခြင်း မဟုတ်၊ ကောင်းစွာ ဝေဖန်ဟောကြားသောတရားတို့တွင် အမြတ်ဆုံး နိဗ္ဗာန်သို့ ရောက်ပြီ။
--
ထို ငါ၏ သာသနာ့ဘောင်သို့ ရောက်လာခြင်းသည် ကောင်းသော ရောက်လာ ခြင်းပေတည်း၊ ငါ၏ရဟန်းပြုအံ့ဟု ပြောဆိုခြင်းသည် မကောင်းသောပြောဆိုခြင်း မဟုတ်၊ ဝိဇ္ဇာသုံးပါးတို့သို့ အစဉ်အားဖြင့်ရောက်ခဲ့ပြီ၊ မြတ်စွာဘုရား၏ အဆုံး အမတော်ကို ပြုအပ်ပြီးပေပြီ”ဟု (ကျူးရင့်လေသတည်း)။
ခြောက်ခုမြောက် အင်္ဂုလိမာလသုတ် ပြီး၏။
--
၇-ပိယဇာတိကသုတ်
၃၅၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ တစ်ယောက်သော သူကြွယ်၏ ချစ်ဖွယ်နှစ်သက်ဖွယ်ဖြစ်သည့်တစ်ယောက်တည်းသော သားသည် သေဆုံး၏။ ထိုသားသေဆုံးခြင်းကြောင့် အလုပ်ကိစ္စကို မလုပ်လို၊ ထမင်းကိုလည်း မစားလို။ ထိုသူကြွယ်သည် သုသာန်သို့ သွား၍ “တစ်ယောက်တည်းသောသား အဘယ်မှာနည်း၊ တစ်ယောက်တည်းသောသား အဘယ်မှာနည်း”ဟု ငိုကြွေး၏။ ထို့နောက် မြတ်စွာဘုရားထံသို့ချဉ်းကပ်၍ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ထိုင်နေသော ထိုသူကြွယ်ကို မြတ်စွာဘုရားသည် “သူကြွယ်ကိုယ့်စိတ်၌ တည်သော သင်၏ ဣန္ဒြေတို့သည် မရှိကုန်တကား၊ သင်၏ မျက်စိစသော ဣန္ဒြေတို့သည်ဖောက်ဖောက်ပြန်ပြန် ရှိကုန်စွတကား”ဟု မိန့်ဆိုမေးမြန်းတော်မူ၏။ အသျှင်ဘုရား အကျွန်ုပ်၏မျက်စိစသော ဣန္ဒြေတို့သည် အဘယ်မှာ ဖောက်ဖောက်ပြန်ပြန် မရှိဘဲ နေကုန်အံ့နည်း။ အသျှင်ဘုရားအကျွန်ုပ်၏ ချစ်ဖွယ် နှစ်သက်ဖွယ်ဖြစ်သော တစ်ယောက်တည်းသော သားသည် သေဆုံးပါ၏။ ထိုသားသေဆုံးခြင်းကြောင့် အလုပ်ကိစ္စကိုလည်း မပြုလုပ်လိုပါ၊ ထမင်းကိုလည်း မစားလိုပါ။ ထိုအကျွန်ုပ်သည်သုသာန်သင်္ချိုင်းသို့ သွား၍ “တစ်ယောက်တည်းသောသား အဘယ်မှာနည်း၊ တစ်ယောက်တည်းသောသားအဘယ်မှာနည်း”ဟု ငိုကြွေးပါ၏ဟု (လျှောက်၏)။
သူကြွယ် ဤအရာသည် ဤအတိုင်းပင် ဖြစ်ပေ၏၊ သူကြွယ် ဤအရာသည် ဤအတိုင်းပင် ဖြစ်ပေ ၏။ သူကြွယ် ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည်ချစ်ခြင်းကြောင့် ဖြစ်ကုန်၏၊ ချစ်ခြင်းလျှင် အမွန်အစရှိကုန်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ကုန်၏၊ ချစ်ခြင်းလျှင် အမွန်အစရှိကုန်၏ဟု အဘယ်သူအား ဤသို့ ဖြစ်လိမ့်မည်နည်း။ အသျှင်ဘုရားနှစ်သက်ခြင်း ဝမ်းမြောက်ခြင်းတို့သည်သာ ချစ်ခြင်းကြောင့် ဖြစ်ပေါ်ကုန်၏၊ ချစ်ခြင်းလျှင် အမွန်အစရှိကုန်၏ဟု (လျှောက်၏)။ ထို့နောက် ထိုသူကြွယ်သည် မြတ်စွာဘုရား၏ စကားတော်ကို မနှစ်မြို့ဘဲကန့် ကွက်တားမြစ်၍ နေရာမှ ထကာ ဖဲသွားလေ၏။
၃၅၄။ ထိုအခါ များစွာကုန်သော အလောင်းကြူးသူ (ကစားသမား) တို့သည် မြတ်စွာဘုရား၏ အနီး၌အန်တို့ဖြင့် ကစားနေကြကုန်၏၊ ထိုအခါ ထိုသူကြွယ်သည် ထိုကစားသမားတို့ထံသို့ ချဉ်းကပ်၍"အချင်းတို့ ငါသည် ရဟန်းဂေါတမထံသို့ ချဉ်းကပ်၍ ရဟန်းဂေါတမကို ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ထိုင်နေခဲ့ပြီ၊ အချင်းတို့ သင့်လျော်ရာ၌ ထိုင်နေသော ငါ့ကို ရဟန်းဂေါတမသည် ‘သူကြွယ် ကိုယ့်စိတ်၌့တည်သော သင်၏ ဣန္ဒြေတို့သည် မရှိကုန်တကား၊ သင်၏ မျက်စိစသော ဣန္ဒြေတို့သည် ဖောက်ဖောက်ပြန်ပြန် ရှိကုန်စွတကား’ဟု မိန့်ဆို၏။ အချင်းတို့ ဤသို့မိန့်သည်ရှိသော် ငါသည် ရဟန်းဂေါတမကို ‘အသျှင်ဘုရား အကျွန်ုပ်၏ မျက်စိအစရှိသော ဣန္ဒြေတို့သည် အဘယ်မှာ ဖောက်ဖောက်ပြန်ပြန်မရှိဘဲ နေကုန်အံ့နည်း။ အသျှင်ဘုရား အကျွန်ုပ်၏ ချစ်ဖွယ် နှစ်သက်ဖွယ်ဖြစ်သည့်တစ်ယောက်တည်းသော သားသည် သေဆုံးခဲ့ပါ၏။ ထိုသားသေဆုံးခြင်းကြောင့် အလုပ်ကိစ္စကိုလည်းမပြုလုပ်လိုပါ၊ ထမင်း ကိုလည်း မစားလိုပါ။ ထိုအကျွန်ုပ်သည် သုသာန်သင်္ချိုင်းသို့ သွား၍တစ်ယောက်တည်းသောသား အဘယ်မှာနည်း၊ တစ်ယောက်တည်းသောသား အဘယ်မှာနည်းဟုငိုကြွေးမြည် တမ်းပါ၏’ဟု (လျှောက်၏)။
--
သူကြွယ် ဤအရာသည် ဤအတိုင်းပင် ဖြစ်ပေ၏၊ သူကြွယ် ဤအရာသည် ဤအတိုင်းပင် ဖြစ်ပေ ၏။ သူကြွယ် ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည်ချစ်ခြင်းကြောင့် ဖြစ်ကုန်၏၊ ချစ်ခြင်းလျှင် အမွန်အစရှိကုန်၏ဟု (မိန့်ဆို၏)။ အသျှင်ဘုရား ပူဆွေးခြင်းငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ကုန်၏၊ ချစ်ခြင်းလျှင် အမွန်အစရှိကုန်၏ဟု အဘယ်သူအား ဤသို့ ဖြစ်လိမ့်မည်နည်း။ အသျှင်ဘုရား နှစ်သက်ခြင်း ဝမ်းမြောက်ခြင်းတို့သည်သာ ချစ်ခြင်းကြောင့် ဖြစ်ပေါ်ကုန်၏၊ ချစ်ခြင်းလျှင် အမွန်အစရှိကုန်၏ဟု (လျှောက်၏)။ အချင်းတို့ ထိုအခါ ငါသည် ရဟန်း ဂေါတမ၏စကားကို မနှစ်မြို့ဘဲ ကန့်ကွက်တားမြစ်၍ နေရာမှထကာ ဖဲခဲ့ပြီ”ဟု ပြောဆို၏။ “သူကြွယ် ဤအရာသည် ဤအတိုင်းပင် ဖြစ်ပေ၏၊ သူကြွယ် ဤအရာသည် ဤအတိုင်းပင် ဖြစ်ပေ၏။ သူကြွယ် နှစ်သက်ဝမ်းမြောက်ခြင်းတို့သည်သာချစ်ခြင်းကြောင့် ဖြစ်ပေါ်ကုန်၏၊ ချစ်ခြင်းလျှင် အမွန်အစရှိကုန်၏”ဟု (ပြောဆိုကြကုန်၏)။ ထိုအခါထိုသူကြွယ်သည် “ငါ၏ ဝါဒသည် ကစားသမားတို့၏ဝါဒနှင့် ညီမျှ၏”ဟု ဆို၍ ဖဲသွားလေ၏။ ထိုအခါဤစကားအကြောင်းအရာသည် အဆင့်ဆင့် နန်းတော်တွင်းသို့တိုင် ရောက်လေ၏။
၃၅၅။ ထိုအခါ ပသေနဒိကောသလမင်းကြီးသည် မလ္လိကာမိဖုရားကြီးကို “မလ္လိကာမိဖုရား သင်မိဖုရား၏ ရဟန်းဂေါတမသည် ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ကုန်၏၊ ချစ်ခြင်းလျှင် အမွန်အစရှိကုန်၏ဟု ဟောတော်မူသတတ်”ဟုမိန့်ဆို၏။ မင်းကြီး အကယ်၍ ဤစကားကို မြတ်စွာဘုရား ဟောတော်မူသည် ဖြစ်အံ့၊ ဤစကားသည်ဤအတိုင်း မှန်ပေ၏ဟု (သံတော်ဦးတင်လေ၏)။ မလ္လိကာမိဖုရားသည် ရဟန်းဂေါတမ ပြောဆိုသောစကားတိုင်းကိုပင် ဤစကားကို မြတ်စွာဘုရား ဟောတော်မူသည်ဖြစ်အံ့၊ ဤစကားသည် ဤအတိုင်းမှန်ပေ၏ဟု အလွန်ဝမ်းမြောက်နှစ်သက်လေ့ရှိ၏၊ “ဆရာ ပြောဆိုတိုင်းသော စကားကိုသာလျှင် တပည့်သည် ‘ဆရာ ဤစကားသည် မှန်ပါ၏၊ ဆရာ ဤစကားသည် မှန်ပါ၏’ဟု အလွန်ဝမ်းမြောက်သကဲ့သို့၊ မလ္လိကာမိဖုရား သင်လည်း ရဟန်းဂေါတမပြောဆိုသော စကားတိုင်းကိုပင် ‘မင်းကြီး ဤစကားကိုအကယ်၍ မြတ်စွာဘုရား ဟောတော်မူသည် ဖြစ်အံ့၊ ဤစကားသည် ဤအတိုင်း မှန်ပေ၏’ဟု အလွန်ဝမ်းမြောက်၏။ မမြတ်နိုးအပ်သောမလ္လိကာ သွားလော့၊ ပျက်စီးလေလော့”ဟု (ပြောဆို၏၊ အော်ငေါက်၏)။
ထိုအခါ မလ္လိကာမိဖုရားသည် နာဠိဇင်္ဃပုဏ္ဏားကို ခေါ်၍ “ပုဏ္ဏား သင် လာလော့၊ မြတ်စွာဘုရား ထံသို့ချဉ်းကပ်၍ ငါ၏စကားဖြင့် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်လော့၊ အနာကင်းကြောင်းရောဂါကင်းကြောင်း ကျန်းမာကြောင်း သန်စွမ်းကြောင်း ချမ်းသာစွာ နေရကြောင်းတို့ကို မေးလျှောက်လော့၊ ‘အသျှင်ဘုရား မလ္လိကာမိဖုရားသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်ပါ၏၊ အနာကင်းကြောင်း ရောဂါကင်းကြောင်း ကျန်းမာကြောင်း သန်စွမ်းကြောင်း ချမ်းသာစွာနေရကြောင်းတို့ကိုမေးမြန်းပါ၏’ဟု လျှောက်လေလော့၊ ထို့ပြင် ‘အသျှင်ဘုရား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ကုန်၏၊ ချစ်ခြင်းလျှင် အမွန်အစရှိကုန်၏့ဟု မြတ်စွာဘုရား ဟောကြားတော်မူဖူးပါသလော’ဟုလည်း လျှောက်လေလော့။ မြတ်စွာဘုရား ဟောကြားတော်မူသည့်အတိုင်း ကောင်းစွာ မှတ်သားနာယူခဲ့၍ ငါ့အား ပြောကြားလော့၊ မြတ်စွာဘုရားတို့သည်ချွတ်ယွင်းသောစကားကို မပြောဆိုကြကုန်”ဟု ပြောဆို၏။
“အသျှင်မိဖုရားကြီး ကောင်းပါပြီ”ဟူ၍သာလျှင် နာဠိဇင်္ဃပုဏ္ဏားသည် မလ္လိကာမိဖုရားကြီးအားပြန်လျှောက်ကြား၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့် ဝမ်းမြောက်ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အောက်မေ့ဖွယ်စကားကို ပြောဆိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်နေလျက်မြတ်စွာဘုရားကို “အသျှင်ဂေါတမ မလ္လိကာမိဖုရားသည် အသျှင်ဂေါတမ၏ ခြေတော်တို့ကို ဦးတိုက်ပါ၏၊ အနာကင်းကြောင်း ရောဂါကင်းကြောင်း ကျန်းမာကြောင်း သန်စွမ်းကြောင်းချမ်းသာစွာနေရကြောင်းတို့ကို မေးလိုက်ပါ၏၊ ထို့ပြင် ‘အသျှင်ဘုရား ပူဆွေးခြင်း ငိုကြွေးခြင်းကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ကုန်၏၊ ချစ်ခြင်းလျှင်အမွန်အစရှိကုန်၏ဟု မြတ်စွာ ဘုရားဟောကြားတော်မူဖူးပါသလော’ဟူ၍လည်း ပြောဆိုမှာထားလိုက်ပါ၏”ဟု လျှောက်၏။
--
၃၅၆။ ပုဏ္ဏား ဤအရာသည် ဤအတိုင်းပင် ဖြစ်ပေ၏၊ ပုဏ္ဏား ဤအရာသည် ဤအတိုင်းပင်ဖြစ်ပေ၏။ ပုဏ္ဏား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ကုန်၏၊ ချစ်ခြင်းလျှင် အမွန်အစရှိကုန်၏၊ ပုဏ္ဏား ပူဆွေးခြင်း ငိုကြွေးခြင်းကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ပေါ်ပုံ, ချစ်ခြင်းလျှင်အမွန်အစရှိပုံကို ဤနည်းဖြင့် သိသင့်၏။ ပုဏ္ဏား ရှေးကဖြစ်ဖူးသည်ကား ဤသာဝတ္ထိပြည်၌ပင်တစ်ယောက်သော မိန်းမ၏ အမိသည် သေဆုံး၏၊ ထိုမိန်းမသည် ထိုအမိသေဆုံးခြင်းကြောင့် ရူးသွပ်သည်စိတ်ပျံ့လွင့်သည်ဖြစ်၍ လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ ချဉ်းကပ်၍"ငါ၏ အမိကို မြင်ကြပါကုန်၏လော၊ ငါ၏ အမိကို မြင်ကြပါကုန်၏လော”ဟု ဆိုပြီ။ ပုဏ္ဏားဤနည်းဖြင့် လည်း “ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းပြင်းစွာပင်ပန်းခြင်းတို့သည် ချစ်ခြင်း ကြောင့် ဖြစ်ပေါ်ပုံ, ချစ်ခြင်းလျှင် အမွန်အစရှိပုံကို” သိသင့်၏။
ပုဏ္ဏား ရှေးကဖြစ်ဖူးသည်ကား ဤသာဝတ္ထိပြည်၌ပင် တစ်ယောက်သောမိန်းမ၏ အဖသည် သေဆုံး၏၊ မောင်ကြီးမောင်ငယ်သည် သေဆုံး၏။ ညီမ အစ်မသည် သေဆုံး၏။ သားသည် သေဆုံး၏။ သမီးသည်သေဆုံး၏။ လင်ယောက်ျားသည် သေဆုံး၏၊ ထိုမိန်းမသည် ထိုလင်ယောက်ျား သေဆုံးခြင်း ကြောင့်ရူးသွပ်သည် စိတ်ပျံ့လွင့်သည်ဖြစ်၍ လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံ တစ်ခုသို့ချဉ်းကပ်၍ “ငါ၏လင် ယောက်ျားကို မြင်ကြပါကုန်၏လော၊ ငါ၏လင်ယောက်ျားကို မြင်ကြပါကုန်၏လော”ဟု ဆို၏။ ပုဏ္ဏား ဤနည်းဖြင့်လည်း “ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ပေါ်ပုံ, ချစ်ခြင်းလျှင် အမွန်အစရှိပုံကို"သိသင့်၏။ ပုဏ္ဏား ရှေးကဖြစ်ဖူးသည်ကား ဤသာဝတ္ထိပြည်၌ပင် တစ်ယောက်သော ယောက်ျား၏အမိသည် သေဆုံး၏၊ ထိုယောက်ျားသည် ထိုအမိသေဆုံးခြင်းကြောင့် ရူးသွပ်သည် စိတ်ပျံ့လွင့်သည်ဖြစ်၍လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ ချဉ်းကပ်၍ “ငါ၏အမိကို မြင်ကြပါကုန်၏လော၊ ငါ၏အမိကို မြင်ကြပါကုန်၏လော”ဟု ဆို၏။ ပုဏ္ဏား ဤနည်းဖြင့်လည်း “ပူဆွေးခြင်းငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ပေါ်ပုံ, ချစ်ခြင်းလျှင် အမွန်အစရှိပုံကို” သိသင့်၏။
ပုဏ္ဏား ရှေးက ဖြစ်ဖူးသည်ကား ဤသာဝတ္ထိပြည်၌ပင် တစ်ယောက်သောယောက်ျား၏ အဖသည် သေဆုံး၏။ ညီအစ်ကိုသည် သေဆုံး၏။ အစ်မ နှမသည် သေဆုံး၏။ သားသည် သေဆုံး၏။ သမီးသည်သေဆုံး၏။ မယားသည် သေဆုံး၏၊ ထိုယောက်ျားသည် ထိုမယားသေဆုံးခြင်းကြောင့် ရူးသွပ်သည့်စိတ်ပျံ့လွင့်သည်ဖြစ်၍ လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ ချဉ်းကပ်၍"ငါ၏မယားကို မြင်ကြပါကုန်၏လော၊ ငါ၏မယားကို မြင်ကြပါကုန်၏လော”ဟု ဆို၏။ ပုဏ္ဏား ဤနည်းဖြင့်လည်း “ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည်ချစ်ခြင်းကြောင့် ဖြစ်ပေါ်ပုံ, ချစ်ခြင်းလျှင် အမွန်အစရှိပုံကို” သိသင့်၏။
ပုဏ္ဏား ရှေးက ဖြစ်ဖူးသည်ကား ဤသာဝတ္ထိပြည်၌ပင် တစ်ယောက်သော မိန်းမသည် မိမိလင်ယောက်ျား အိမ်မှ မိဘဆွေမျိုးတို့အိမ်သို့ သွားရောက်နေထိုင်၏၊ ထိုမိန်းမ၏ မိဘဆွေမျိုးတို့သည်လက်ရှိလင်ယောက်ျားနှင့် ဖြတ်၍ အခြားယောက်ျားနှင့် ထိမ်းမြားလိုကြကုန်၏၊ ထိုမိန်းမသည်ကား ထိုနောက်ထိမ်းမြားမည့်ယောက်ျားကို အလိုမရှိ၊ မနှစ်သက်။ ထိုအခါ ထိုမိန်းမသည်လက်ရှိလင်ယောက်ျားကို “အရှင့်သား ဤဆွေမျိုးတို့သည် ငါ့ကို သင်နှင့်ဖြတ်၍ အခြားယောက်ျားနှင့်ထိမ်းမြားလိုကြကုန်၏၊ ငါလည်း ထိုယောက်ျားကို အလိုမရှိ”ဟု ဆို၏။ ထိုအခါထိုလက်ရှိလင်ယောက်ျားသည် ထိုမိန်းမကို နှစ်ပိုင်းပိုင်းပြီးလျှင် ငါတို့နှစ်ယောက်သည် သေလွန်သောနောက်ဘဝ၌ ပေါင်းကြကုန်အံ့ဟု ကြံ၍ မိမိ ရင်ဘတ်ကို ဖောက်ခွဲ၏။ ပုဏ္ဏား ဤနည်းဖြင့်လည်း"ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့်ဖြစ်ပေါ်ပုံ, ချစ်ခြင်းလျှင် အမွန်အစရှိပုံကို” သိသင့်၏ဟု (မိန့်တော်မူ၏)။
--
၃၅၇။ ထိုအခါ နာဠိဇင်္ဃပုဏ္ဏားသည် မြတ်စွာဘုရား၏ စကားတော်ကို အလွန်နှစ်သက် ဝမ်းမြောက် ၍နေရာမှ ထကာ မလ္လိကာ မိဖုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့် ပြောဆိုခဲ့သမျှ စကားအလုံးစုံကို မလ္လိကာမိဖုရားကြီးအား ပြောကြားလေ၏။ ထိုအခါ မလ္လိကာမိဖုရားကြီးသည် ပသေနဒိကောသလမင်းကြီးထံသို့ ချဉ်းကပ်၍ ပသေနဒိကောသလမင်းကြီးကို ဤသို့ ပြောဆို၏- “မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဝဇိရီသတို့သမီးကို သင်မင်းကြီး ချစ်သည် မဟုတ်လော”ဟု (မေးလျှောက်၏)။ မလ္လိကာ မှန်၏၊ ဝဇိရီသတို့သမီးကို ငါ ချစ်၏ဟု (မိန့်ဆို၏)။
မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ အသင်မင်းကြီး၏ ဝဇိရီသတို့သမီးငယ်၏သေဆုံးခြင်း တစ်မျိုးတစ်မည် ဖောက်ပြန်ခြင်းကြောင့် သင်မင်းကြီးအား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည် ဖြစ်ကုန်ရာသလောဟု (မေးလျှောက်၏)။ မလ္လိကာ ဝဇိရီသတို့သမီးငယ်၏ သေဆုံးခြင်း တစ်မျိုးတစ်မည် ဖောက်ပြန်ခြင်းကြောင့် ငါ့မှာ ဇီဝိတိန္ဒြေသော်လည်း ဖောက်ပြန်ရာ၏၊ ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည် အဘယ်မှာ မဖြစ်ဘဲ ရှိပါမည်နည်းဟု (ဆို၏)။ မင်းကြီး သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ထိုအကြောင်းကို ရည်ရွယ်၍ “ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းပြင်းစွာပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ကုန်၏၊ ချစ်ခြင်းလျှင် အမွန်အစရှိကုန်၏”ဟု ဟောကြားတော်မူ၏။
မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ သင်မင်းကြီးသည် ဝါသဘခတ္တိယာ မင်းသမီးကိုချစ်သည် မဟုတ်လောဟု (မေးလျှောက်၏)။ မလ္လိကာ မှန်၏၊ ဝါသဘခတ္တိယာ မင်းသမီးကို ငါချစ်၏ဟု (မိန့်ဆို၏)။ မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဝါသဘခတ္တိယာ၏ သေဆုံးခြင်းတစ်မျိုးတစ်မည် ဖောက်ပြန်ခြင်းကြောင့် သင်မင်းကြီးအား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် ဖြစ်ကုန်ရာသလောဟု (မေးလျှောက်၏)။ မလ္လိကာဝါသဘခတ္တိယာ၏ သေဆုံးခြင်း တစ်မျိုးတစ်မည်ဖောက်ပြန်ခြင်းကြောင့် ငါ့မှာ ဇီဝိတိန္ဒြေသော်လည်းဖောက်ပြန်ရာ၏၊ ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည်အဘယ်မှာ မဖြစ်ဘဲ ရှိပါမည်နည်းဟု (ဆို၏)။ မင်းကြီး သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို့ခံတော် မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောထိုမြတ်စွာဘုရားသည် ထို အကြောင်းကို ရည်ရွယ်၍ “ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်း ခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ကုန်၏၊ ချစ်ခြင်းလျှင်အမွန်အစရှိကုန်၏”ဟု ဟောကြားတော်မူ၏။
မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ သင်မင်းကြီးသည် ဝိဋဋူဘစစ်သူကြီးကို ချစ်သည်မဟုတ်လောဟု (မေးလျှောက်၏)။ မလ္လိကာ မှန်၏၊ ဝိဋဋူဘစစ်သူကြီးကို ငါချစ်၏ဟု (မိန့်ဆို၏)။ မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဝိဋဋူဘစစ်သူကြီး၏ သေဆုံးခြင်း တစ်မျိုးတစ်မည်ဖောက်ပြန်ခြင်းကြောင့် သင်မင်းကြီးအား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည် ဖြစ်ကုန်ရာသလောဟု (မေးလျှောက်၏)။ မလ္လိကာ ဝိဋဋူ ဘစစ်သူကြီး၏ သေဆုံးခြင်း တစ်မျိုးတစ်မည် ဖောက်ပြန်ခြင်းကြောင့် ငါ့မှာ ဇီဝိတိန္ဒြေသော်လည်း ဖောက်ပြန်ရာ၏၊ ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည် အဘယ်မှာ မဖြစ်ဘဲ ရှိပါမည်နည်းဟု (ဆို၏)။ မင်းကြီး သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ထိုအကြောင်းကိုရည်ရွယ်၍ “ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည်ချစ်ခြင်းကြောင့် ဖြစ်ကုန်၏၊ ချစ်ခြင်းလျှင် အမွန်အစရှိကုန်၏”ဟု ဟောကြားတော်မူ၏။
--
မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ သင်မင်းကြီးသည် အကျွန်ုပ်ကို ချစ်သည်မဟုတ်လောဟု (မေးလျှောက်၏)။ မလ္လိကာ မှန်၏၊ သင်မိဖုရားကို ငါချစ်ပေ၏ဟု (ဆို၏)။ မင်းကြီးထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ အကျွန်ုပ်၏ သေဆုံးခြင်း တစ်မျိုးတစ်မည်ဖောက် ပြန်ခြင်းကြောင့် သင်မင်းကြီးအား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည် ဖြစ်ကုန်ရာသလောဟု (မေးလျှောက်၏)။ မလ္လိကာ သင်၏ သေဆုံးခြင်း တစ်မျိုးတစ်မည်ဖောက်ပြန်ခြင်းကြောင့် ငါ့မှာ ဇီဝိတိန္ဒြေသော်လည်း ဖောက်ပြန်ရာ၏၊ ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည် အဘယ်မှာ မဖြစ်ဘဲ ရှိပါမည်နည်းဟု (ဆို၏)။ မင်းကြီး သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ဤအကြောင်းကို ရည်ရွယ်၍ “ပူဆွေးခြင်းငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ကုန်၏၊ ချစ်ခြင်းလျှင် အမွန်အစရှိကုန်၏”ဟု ဟောကြားတော်မူ၏။
မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ သင်မင်းကြီးသည် ကာသိတိုင်း ကောသလတိုင်းတို့ကို ချစ်သည် မဟုတ်လောဟု (မေးလျှောက်၏)။ မလ္လိကာ မှန်၏၊ ကာသိတိုင်း ကောသလတိုင်းတို့ကို ငါချစ်၏၊ မလ္လိကာ ကာသိတိုင်း ကောသလတိုင်းတို့၏ အာနုဘော်ကြောင့် ကာသိတိုင်း၌ဖြစ်သောစန္ဒကူးကို ခံစားသုံး ဆောင်ရ၏၊ ပန်းနံ့သာ နံ့သာပျောင်းတို့ကို သုံးဆောင်ရ၏ဟု (ဆို၏)။ မင်းကြီးထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ကာသိတိုင်း ကောသလတိုင်းတို့၏ ဖောက်ပြန်ခြင်း တစ်မျိုးတစ်မည် ပြောင်းလွဲခြင်းကြောင့် သင်မင်းကြီးအား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည် ဖြစ်ကုန်ရာသလောဟု (မေးလျှောက်၏)။ မလ္လိကာ ကာသိတိုင်းကောသလတိုင်းတို့၏ ဖောက်ပြန်ခြင်း တစ်မျိုးတစ်မည်ပြောင်းလွဲခြင်းကြောင့် ငါ့မှာ ဇီဝိတိန္ဒြေသော်လည်းဖောက်ပြန်ရာ၏၊ ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည်အဘယ်မှာ မဖြစ်ဘဲ ရှိပါမည်နည်းဟု (ဆို၏)။ မင်းကြီး သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကိုခံတော် မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောထိုမြတ်စွာဘုရားသည် ထိုအကြောင်းကို ရည်ရွယ်၍ “ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း့စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ကုန်၏၊ ချစ်ခြင်းလျှင်အမွန်အစရှိကုန်၏”ဟု ဟောကြား တော်မူ၏ဟု (လျှောက်၏)။
မလ္လိကာ အံ့ဖွယ်ရှိစွတကား၊ မလ္လိကာ မဖြစ်ဖူးမြဲ ဖြစ်ပေစွတကား၊ ထိုမြတ်စွာဘုရားသည် အလွန်တရာပညာဖြင့် ထိုးထွင်း၍ ပညာဖြင့် မြင်တော်မူတတ်ပါပေစွ၊ မလ္လိကာ လာလော့၊ နှုတ်ဆေးရေ ပေးလော့ဟု (မိန့်၏)။ ထို့နောက် ပသေနဒိကောသလမင်းကြီးသည် နေရာမှထ၍ လက်ဝဲတစ်ဖက် ပခုံး ထက်၌ကိုယ်ဝတ်ကို စံပယ်တင်သည်ကိုပြု၍ မြတ်စွာဘုရားထံသို့ လက်အုပ်ချီ၍ “နမော တဿ ဘဂဝတောအရဟတော သမ္မာ သမ္ဗုဒ္ဓဿ၊ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ၊ နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” ဟူ၍ သုံးကြိမ်တိုင်တိုင် ဥဒါန်းကျူးရင့်လေ သတည်း။
ခုနစ်ခုမြောက် ပိယဇာတိကသုတ် ပြီး၏။
--
၈-ဗာဟိတိကသုတ်
၃၅၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်အာနန္ဒာသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍သပိတ်သင်္ကန်းကို ယူပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းအလို့ငှါ ဝင်လေ၏။ သာဝတ္ထိပြည်၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းခံရာမှဖဲကာ ဆွမ်းစားပြီးနောက် မိဂါရသူဌေး၏ အမိသဖွယ်ဖြစ်သော ဝိသာခါ၏ ပုဗ္ဗာရုံကျောင်းပြာသာဒ်သို့ နေ့သန့်စင်ရန် ချဉ်းကပ်၏။ ထိုအခါ ပသေနဒိကောသလမင်းသည် ဧကပုဏ္ဍရီကဆင်ကို တက်စီး၍ နေ့မွန်းတည့်အချိန်၌ သာဝတ္ထိပြည်မှ ထွက်ခဲ့၏၊ ပသေနဒိကောသလမင်းသည် ကြွလာသော အသျှင်အာနန္ဒာကို အဝေးကပင် မြင်၍ သိရိဝဍ္ဎ အမတ်ကြီးကို “အဆွေသိရိဝဍ္ဎ ဤရဟန်းကား အသျှင်အာနန္ဒာလေလော”ဟု မေးမြန်း၏။ မင်းကြီး မှန်ပါ၏၊ ဤရဟန်းကား အသျှင်အာနန္ဒာပါတည်းဟု (လျှောက်၏)။
ထိုအခါ ပသေနဒိကောသလမင်းသည် မင်းချင်းတစ်ယောက်ကို “အမောင်ယောကျ်ား လာလော့၊ သင်သည် အသျှင်အာနန္ဒာထံသို့ချဉ်းကပ်၍ ငါ၏စကားဖြင့် အသျှင်အာနန္ဒာ၏ ခြေတော်တို့ကို ဦးတိုက်လေလော့၊ ‘အသျှင်ဘုရား ပသေနဒိကောသလမင်းသည် အသျှင်အာနန္ဒာ၏ ခြေတော်တို့ကို ဦးတိုက်ပါ၏’ဟု လျှောက်လေလော့၊ ထို့ပြင် ‘အသျှင်ဘုရား အသျှင်အာနန္ဒာအား တစ်စုံတစ်ခု အဆောတလျင်ပြုဖွယ်ကိစ္စ မရှိပါမူ သနားစောင့်ရှောက်မှုကို အကြောင်းပြု၍ တစ်ခဏမျှ ဆိုင်းငံ့တော်မူပါဦးလော့’ဟူ၍လည်း လျှောက်လေလော့”ဟု မိန့်ဆို၏။ “မင်းကြီး ကောင်းပါပြီ”ဟူ၍ ထိုယောကျ်ားသည် ပသေနဒီကောသလမင်းကြီးအား ပြန်လျှောက်ကြားပြီးလျှင် အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်၍ အသျှင်အာနန္ဒာကိုရှိခိုးလျက် သင့်လျော်ရာ၌ ရပ်တည်ကာ “အသျှင်ဘုရား ပသေနဒီကောသလမင်းကြီးသည် အသျှင်ဘုရား၏ခြေတော်တို့ကို ဦးတိုက်ပါ၏၊ (ထို့ပြင်) ‘အသျှင်ဘုရား အသျှင်အာနန္ဒာအား အဆောတလျင် ပြုဖွယ်ကိစ္စမရှိပါမူ သနားစောင့်ရှောက်မှုကို အကြောင်းပြု၍ တစ်ခဏမျှ ဆိုင်းငံ့တော်မူပါဦးလော့’ ဟူ၍လည်းလျှောက်ထားလိုက်ပါ၏”ဟု လျှောက်ထားလေ၏။ အသျှင်အာနန္ဒာသည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတော်မူ၏။
ထိုအခါ ပသေနဒိကောသလမင်းသည် ဆင်ဖြင့် သွားသင့်သော အရပ်တိုင်အောင် ဆင်ဖြင့်သွား၍ ဆင်မှဆင်းသက်ပြီးလျှင် ခြေကျင်သာလျှင် အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်၍ အလွန်ရိုသေစွာ ရှိခိုးပြီးလျှင်သင့်လျော်ရာ၌ ရပ်တည်ကာ အသျှင်အာနန္ဒာကို “အသျှင်ဘုရား အသျှင်အာနန္ဒာအား အဆောတလျင်ပြုဖွယ်ကိစ္စမရှိပါမူ သနားစောင့်ရှောက်မှုကို အကြောင်းပြု၍ အစိရဝတီ မြစ်ကမ်းနားသို့ ကြွတော်မူစေချင်ပါ၏”ဟု လျှောက်၏။ အသျှင်အာနန္ဒာသည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတော်မူ၏။
၃၅၉။ ထိုအခါ အသျှင်အာနန္ဒာသည် အစိရဝတီ မြစ်ကမ်းပါးသို့ ချဉ်းကပ်၍ တစ်ခုသော သစ်ပင် ရင်းခင်းထားသော နေရာ၌ ထိုင်၏။ ထိုအခါ ပသေနဒိကောသလမင်းသည် ဆင်ဖြင့် သွားသင့်သောအရပ်သို့တိုင်အောင် ဆင်ဖြင့်သွား၍ ဆင်မှ ဆင်းသက်ပြီးလျှင် ခြေကျင်သာလျှင် အသျှင်အာနန္ဒာထံသို့ချဉ်းကပ်၍ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ရပ်တည်ကာ အသျှင်အာနန္ဒာကို “အသျှင်ဘုရား အသျှင်အာနန္ဒာသည် ဤဆင်ကုန်းနှီး၌ ထိုင်တော်မူပါလော့”ဟု လျှောက်၏။ မင်းကြီးတော်ပြီ၊ အသင်ထိုင်လော့၊ ငါသည် မိမိနေရာ၌ ထိုင်ပြီးပြီဟု (မိန့်၏)။ ပသေနဒိကောသလမင်းသည် ခင်းထားသောနေရာ၌ ထိုင် သည်သာတည်း။ ထိုင်နေပြီးသော ပသေနဒိ ကောသလမင်းသည် အသျှင်အာနန္ဒာကို"အသျှင်ဘုရား အာနန္ဒာ သမဏဗြာဟ္မဏတို့ အပြစ်တင်ထိုက်သော ကိုယ်ကျင့်တရားမျိုးကိုထိုမြတ်စွာဘုရားသည် ကျင့်ကြံရာပါသေးသလော”ဟု လျှောက်၏။ မင်းကြီး ပညာရှိ သမဏဗြာဟ္မဏတို့အပြစ်တင်ထိုက်သော ကိုယ်ကျင့်တရားမျိုးကို ထိုမြတ်စွာဘုရားသည် မကျင့်ကြံပါဟု (မိန့်ဆို ၏)။
--
အသျှင်ဘုရားအာနန္ဒာ။ပ။ နှုတ်ကျင့်တရားမျိုးကို ထိုမြတ်စွာဘုရားသည် ကျင့်ကြံရာပါသေးသလော။ပ။ ပညာရှိသမဏဗြာဟ္မဏတို့ အပြစ်တင်ထိုက်သော စိတ်ကျင့်တရားမျိုးကို ထိုမြတ်စွာဘုရားသည်ကျင့်ကြံရာပါသေးသလော”ဟု (မေးလျှောက်၏)။ မင်းကြီး ပညာရှိသမဏဗြာဟ္မဏတို့ အပြစ်တင်ထိုက်သော စိတ်ကျင့်တရားမျိုးကို ထိုမြတ်စွာဘုရားသည် မကျင့်ကြံပါဟု (မိန့်ဆို၏)။
အသျှင်ဘုရား အံ့ဖွယ်ရှိစွတကား၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်လေစွတကား၊ အသျှင်ဘုရားအကျွန်ုပ်တို့သည် အမေးအားဖြင့် ပြည့်စုံစေရန် မစွမ်းနိုင်သောအရာကို အသျှင်အာနန္ဒာသည် ပြဿနာဖြေကြားသဖြင့် ပြည့်စုံစေပါ၏။ အသျှင်ဘုရား မိုက်ကုန် မလိမ္မာကုန်သောသူတို့သည် မစူးစမ်းကြမဆင်ခြင်ကြကုန်မူ၍ သူတစ်ပါးတို့၏ ဂုဏ်ကိုလည်းကောင်း၊ ဂုဏ်ကျေးဇူးမဲ့ကိုလည်းကောင်း ပြောဆိုတတ်ကြကုန်၏၊ အကျွန်ုပ်တို့သည် ထိုသူတို့ ပြောဆိုသော စကားကို အနှစ်သာရအားဖြင့်မယုံကြည်ကြပါကုန်။ အသျှင်ဘုရား ပညာရှိကုန် လိမ္မာကုန် ထိုးထွင်းဉာဏ်ရှိကုန်သော သူတို့သည်စူးစမ်း ဆင်ခြင်၍ သူတစ်ပါး တို့၏ဂုဏ်ကိုလည်းကောင်း၊ ဂုဏ်ကျေးဇူးမဲ့ကိုလည်းကောင်းပြောဆိုကြကုန်၏၊ အကျွန်ုပ်တို့သည် ထိုပညာ ရှိတို့ ပြောဆိုသောစကားကို အနှစ်သာရအားဖြင့်ယုံကြည်ကြပါကုန်၏။
၃၆၀။ အသျှင်ဘုရားအာနန္ဒာ ပညာရှိသမဏဗြာဟ္မဏတို့ အပြစ်တင်ထိုက်သော ကိုယ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီး မကောင်းသော ကိုယ်ကျင့်တရားမျိုးပေတည်းဟု (ဆို၏)။
အသျှင်ဘုရား မကောင်းသော ကိုယ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီးအပြစ်ရှိသော ကိုယ်ကျင့် တရားမျိုးပေတည်းဟု (ဆို၏)။
အသျှင်ဘုရား အပြစ်ရှိသော ကိုယ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီးဆင်းရဲနှင့်တကွဖြစ်သော ကိုယ်ကျင့်တရားမျိုးပေတည်းဟု (ဆို၏)။
အသျှင်ဘုရား ဆင်းရဲနှင့်တကွဖြစ်သော ကိုယ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက် ၏)။ မင်းကြီး ဆင်းရဲသောအကျိုးကို ဖြစ်စေတတ်သော ကိုယ်ကျင့် တရားမျိုးပေတည်းဟု (ဆို၏)။
အသျှင်ဘုရား ဆင်းရဲသောအကျိုးကို ဖြစ်စေတတ်သော ကိုယ်ကျင့်တရားမျိုးဟူသည် အဘယ်ပါ နည်းဟု (လျှောက်၏)။ မင်းကြီး မိမိဆင်းရဲရန် သူတစ်ပါးဆင်းရဲရန် နှစ်ပါးစုံဆင်းရဲရန် ဖြစ်သည့်ပြင်ထိုပုဂ္ဂိုလ်အား အကုသိုလ်တရားတိုးပွား၍ ကုသိုလ်တရားတို့ ဆုတ်ယုတ်ခြင်းသဘောရှိသည့် တရားမျိုးသည် ပညာရှိသမဏဗြာဟ္မဏတို့ အပြစ်တင်ထိုက်သော ကိုယ်ကျင့်တရားမျိုးဖြစ်၏ဟု (ဆို၏)။
အသျှင်ဘုရားအာနန္ဒာ နှုတ်ကျင့်တရားမျိုးဟူသည်။ပ။ ပညာရှိသမဏဗြာဟ္မဏတို့ အပြစ်တင်ထိုက် သောစိတ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီး မကောင်းသော စိတ်ကျင့်တရားမျိုး ပေတည်းဟု (ဆို၏)။
အသျှင်ဘုရား မကောင်းသော စိတ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီးအပြစ်နှင့်တကွဖြစ်သော စိတ်ကျင့်တရားမျိုးပေတည်းဟု (ဆို၏)။
အသျှင်ဘုရား အပြစ်နှင့်တကွဖြစ်သော စိတ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီး ဆင်းရဲနှင့် တကွဖြစ်သော စိတ်ကျင့်တရားမျိုးပေတည်းဟု (ဆို၏)။
--
အသျှင်ဘုရား ဆင်းရဲနှင့်တကွဖြစ်သော စိတ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီး ဆင်းရဲသောအကျိုးကို ဖြစ်စေတတ်သော စိတ်ကျင့်တရားမျိုးပေတည်းဟု (ဆို၏)။
အသျှင်ဘုရား ဆင်းရဲသော အကျိုးကို ဖြစ်စေတတ်သော စိတ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီး မိမိဆင်းရဲရန် သူတစ်ပါးဆင်းရဲရန် နှစ်ပါးစုံဆင်းရဲရန် ဖြစ်သည့်ပြင် ထိုသူအား အကုသိုလ်တရားတို့ တိုးပွားကုန်၍ ကုသိုလ်တရားတို့ ဆုတ်ယုတ်ခြင်းသဘောရှိသည့် တရားမျိုးသည် ပညာရှိသမဏဗြာဟ္မဏတို့ အပြစ်တင်ထိုက်သော စိတ်ကျင့်တရားမျိုး ဖြစ်၏ဟု (ဆို၏)။
အသျှင်ဘုရားအာနန္ဒာ အလုံးစုံသော အကုသိုလ်တရားတို့ကိုသာလျှင် ပယ်ခြင်းကို ထိုမြတ်စွာဘုရားသည် ချီးမွမ်းတော်မူပါသလောဟု (လျှောက်၏)။ မင်းကြီး မြတ်စွာဘုရားသည် အလုံးစုံသော အကုသိုလ်တရားတို့ကို ပယ်တော်မူ၏ ကုသိုလ်တရားတို့နှင့် ပြည့်စုံတော်မူ၏ဟု (ဆို၏)။
၃၆၁။ အသျှင်ဘုရားအာနန္ဒာ ပညာရှိသမဏဗြာဟ္မဏတို့ အပြစ်မတင်ထိုက်သော ကိုယ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီး ကောင်းသော ကိုယ်ကျင့်တရားမျိုးပေတည်းဟု (ဆို၏)။
အသျှင်ဘုရား ကောင်းသော ကိုယ်ကျင့် တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီးအပြစ်မရှိသော ကိုယ်ကျင့်တရားမျိုးပေတည်းဟု (ဆို၏)။
အသျှင်ဘုရား အပြစ်မရှိသော ကိုယ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီးဆင်းရဲမရှိသော ကိုယ်ကျင့်တရားမျိုးပေတည်းဟု (ဆို၏)။
အသျှင်ဘုရား ဆင်းရဲမရှိသော ကိုယ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီးချမ်းသာသောအကျိုးကို ဖြစ်စေတတ်သော ကိုယ်ကျင့်တရားမျိုးပေတည်းဟု (ဆို၏)။
အသျှင်ဘုရား ချမ်းသာသောအကျိုးကို ဖြစ်စေတတ်သော ကိုယ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီး မိမိဆင်းရဲရန် သူတစ်ပါးဆင်းရဲရန် နှစ်ပါးစုံဆင်းရဲရန် မဖြစ်သည့်ပြင်ထိုပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့ တိုးပွါးခြင်း သဘောရှိသည့် တရားမျိုးသည် ပညာရှိ သမဏဗြာဟ္မဏတို့ အပြစ်မတင်ထိုက်သော ကိုယ်ကျင့်တရားမျိုး ဖြစ်၏ဟု (ဆို၏)။
အသျှင်ဘုရားအာနန္ဒာ နှုတ်ကျင့်တရားမျိုးဟူသည်။ပ။ ပညာရှိသမဏဗြာဟ္မဏတို့ အပြစ်မတင်ထိုက်သော စိတ်ကျင့်တရားမျိုး ဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီး ကောင်းသော စိတ်ကျင့်တရားမျိုးပေတည်းဟု (ဆို၏)။
အသျှင်ဘုရား ကောင်းသော စိတ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီးအပြစ်မရှိသော စိတ်ကျင့်တရားမျိုးပေတည်းဟု (ဆို၏)။
အသျှင်ဘုရား အပြစ်မရှိသော စိတ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီးဆင်းရဲမရှိသော စိတ်ကျင့်တရားမျိုးပေတည်းဟု (ဆို၏)။
အသျှင်ဘုရား ဆင်းရဲမရှိသော စိတ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီးချမ်းသာသော အကျိုးကိုဖြစ်စေတတ်သော စိတ်ကျင့်တရားမျိုးပေတည်းဟု (ဆို၏)။
အသျှင်ဘုရား ချမ်းသာသောအကျိုးကို ဖြစ်စေတတ်သော စိတ်ကျင့်တရားမျိုးဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းကြီး မိမိဆင်းရဲရန် သူတစ်ပါးဆင်းရဲရန် နှစ်ပါးစုံဆင်းရဲရန် မဖြစ်သည့်ပြင့်ထိုပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့ တိုးပွားခြင်းသဘောရှိသည့် တရားမျိုးသည် ပညာရှိသမဏ ဗြာဟ္မဏတို့ အပြစ်မတင်ထိုက်သော စိတ်ကျင့်တရားမျိုးဖြစ်၏ဟု (ဆို၏)။
--
အသျှင်ဘုရားအာနန္ဒာ ထိုမြတ်စွာဘုရားသည် အလုံးစုံသော ကုသိုလ်တရားတို့၏ ပြည့်စုံခြင်းကိုသာ လျှင်ချီးမွမ်းတော်မူပါသလောဟု (လျှောက်၏)။ မင်းကြီး မြတ်စွာဘုရားသည် အလုံးစုံသော အကုသိုလ်တရားတို့ကို ပယ်တော်မူ၏၊ ကုသိုလ်တရားတို့နှင့် ပြည့်စုံတော်မူ၏ဟု (မိန့်ဆို၏)။
၃၆၂။ အသျှင်ဘုရား အံဖွယ်ရှိပါပေစွ၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဘုရား အသျှင်အာနန္ဒာ ဟောကြားတော်မူသော ဤတရားတော်ကား အလွန် ကောင်းမြတ်လှပါပေ၏။ အသျှင်ဘုရားအကျွန်ုပ်တို့သည် အသျှင်အာနန္ဒာ၏ ဤစကားတော်ကြောင့်လည်း နှစ်လိုဝမ်းမြောက်ကြပါကုန်၏။ အသျှင်ဘုရား အကျွန်ုပ်တို့သည် အသျှင်အာနန္ဒာ၏ စကားတော်ကြောင့် နှစ်လိုဝမ်းမြောက်ကြပါကုန်သည်ဖြစ်၍အသျှင်အာနန္ဒာအား ဆင်ရတနာသည် အကယ်၍ အပ်စပ်ပါမူ ဆင်ရတနာကို အသျှင်အာနန္ဒာအား ပေးလှူပါကုန်အံ့။ အသျှင်အာနန္ဒာအား မြင်းရတနာသည် အကယ်၍ အပ်စပ်ပါမူ မြင်းရတနာကိုလည်း အသျှင်အာနန္ဒာအား အကျွန်ုပ်တို့သည် ပေးလှူပါကုန်အံ့။ အသျှင်အာနန္ဒာအား ရွာဆုသည် အကယ်၍အပ်စပ်ပါမူ ရွာဆုကိုလည်း အသျှင်အာနန္ဒာအား အကျွန်ုပ်တို့သည် ပေးလှူပါကုန်အံ့။ အသျှင်ဘုရားသို့ပင်ဖြစ်ပါသော် လည်း အကျွန်ုပ်တို့သည် “ထိုဆင်ရတနာစသည်သည် အသျှင်အာနန္ဒာအားမအပ်စပ်"သည်ကို သိရှိပါ ကုန်၏။ အသျှင်ဘုရား အကျွန်ုပ်၏ ဤဗာဟိတိကတိုင်းဖြစ် အဝတ်သည်မဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏သား အဇာတသတ်မင်းက အဝတ်ကျည်တောက်၌ ထည့်၍ပို့ဆက်သော အဝတ် ဖြစ်ပါ၏၊ အလျားအားဖြင့် တစ်ဆယ့်ခြောက်တောင်တိတိ ရှိပါ၏၊ အနံအားဖြင့်ရှစ်တောင်တိတိ ရှိပါ၏။ အသျှင်ဘုရား အသျှင်အာနန္ဒာသည် သနားစောင့်ရှောက်မှုကို အကြောင်းပြု၍ထိုအဝတ်အထည်ကို အလှူခံတော်မူပါလော့ဟု (လျှောက်၏)။ မင်းကြီး တန်ပြီ၊ ငါ့အား သင်္ကန်းသုံးထည်ပြည့်စုံပြီဟု (မိန့် ဆို၏)။
အသျှင်ဘုရား အသျှင် အာနန္ဒာသည်လည်းကောင်း၊ အကျွန်ုပ်တို့သည်လည်းကောင်း ဤ အစိရဝတီမြစ်ကို မြင်ကြပါကုန်၏။ တောင်ထိပ်၌ မိုးကြီးသည်းထန်စွာ ရွာသောအခါ ဤအစိရဝတီမြစ်သည် ကမ်းနှစ်ဖက်တို့ကို အပြည့်အလျှံ စီးသွားသကဲ့သို့၊ ဤအတူ အသျှင်အာနန္ဒာသည် ဤဗာဟိတိကတိုင်းဖြစ် အဝတ်အထည်ကို မိမိ၏ တိစီဝရိက် သင်္ကန်းပြုရပါလိမ့်မည်။ အသျှင်အာနန္ဒာ၏ အဟောင်းဖြစ်သော သင်္ကန်းသုံးထည်ကို သီတင်းသုံးဖော်တို့နှင့် ခွဲခြမ်းဝေဖန်ရပါလိမ့်မည်။ ဤသို့ သုံးဆောင်သည်ရှိသော် အကျွန်ုပ်တို့၏ ဤအလှူသည် စီး၍သွားပါလိမ့်မည် ထင်ပါသည်။ အသျှင်ဘုရား အသျှင်အာနန္ဒာသည် ဗာဟိတိကတိုင်းဖြစ် အဝတ်အထည်ကို အလှူခံတော်မူပါလော့ဟု (လျှောက်၏)။ အသျှင်အာနန္ဒာသည် ဗာဟိတိကတိုင်းဖြစ် အဝတ်အထည်ကို ခံယူလေ၏။
ထိုအခါ ပသေနဒိကောသလမင်းကြီးသည် အသျှင်အာနန္ဒာကို “အသျှင်ဘုရားအာနန္ဒာ ယခုအခါအကျွန်ုပ်တို့ သွားကြပါကုန်အံ့၊ အကျွန်ုပ်တို့သည် များသောကိစ္စ များသောပြုဖွယ် ရှိပါကုန်၏”ဟုလျှောက်လေ၏။ မင်းကြီး သွားရန်အချိန်ကို သင် သိ၏ (သွားရန်မှာ သင်၏အလိုအတိုင်းပင် ဖြစ်၏)ဟုမိန့်ဆို၏၊ ထိုအခါ ပသေနဒိ ကောသလမင်းကြီးသည် အသျှင်အာနန္ဒာ၏ တရားစကားကို အလွန်နှစ်သက်ဝမ်းမြောက်ကာ အနုမောဒနာပြု၍ နေရာမှ ထပြီးလျှင် အသျှင်အာနန္ဒာကို ရှိခိုး၍ အရိုအသေပြုကာဖဲသွားလေ၏။
၃၆၃။ ထိုအခါ အသျှင်အာနန္ဒာသည် ပသေနဒိကောသလမင်းကြီး ဖဲသွား၍ မကြာမီ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ထိုင်ကာ ပသေနဒိကောသလမင်းကြီးနှင့်အတူ ပြောဆိုခဲ့သမျှစကားအလုံးစုံကို မြတ်စွာဘုရားအား လျှောက်ထားလေ၏။ ထိုဗာဟိတိကတိုင်းဖြစ် အဝတ်အထည်ကိုလည်း မြတ်စွာဘုရားအား တစ်ဆင့်ဆက်ကပ်လှူဒါန်းလေ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကိုခေါ်၍ “ရဟန်းတို့ အာနန္ဒာကို ဖူးမြော်ရန်လည်းကောင်း၊ ဆည်းကပ်ရန်လည်းကောင်းအခွင့်ရခြင်းသည် ပသေနဒိကောသလမင်းအား အရတော်လေစွ၊ ရဟန်းတို့ ပသေနဒိကောသလမင်းသည်ကောင်းသော လာဘ်ကို ရလေစွ”ဟု မိန့်တော်မူ၏။
မြတ်စွာဘုရားသည် ဤစကားတော်ကို မိန့်တော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ စကားတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာနှစ်သက်ကြကုန်ပြီ။
ရှစ်ခုမြောက် ဗာဟိတိကသုတ် ပြီး၏။
--
၉-ဓမ္မစေတိယသုတ်
၃၆၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း မေဒါဠုပမည်သော သာကီဝင်တို့၏ နိဂုံး၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ပသေနဒိကောသလမင်းကြီးသည် တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စဖြင့် မြို့ငယ်တို့သို့ အစဉ်ရောက်လာ၏။ ထိုအခါ ပသေနဒိကောသလမင်းကြီးသည် ဒီဃကာရာယနစစ်သူကြီးကိုခေါ်၍ “အဆွေ ကာရာယန ကောင်းသည်ထက် ကောင်းကုန်သော ယာဉ်တို့ကို ကကုန်လော့၊ ကောင်းမြတ်သော ရှုမျှော်ခင်းကို ကြည့်ရှုရန် ဥယျာဉ်မြေသို့ သွားကြကုန်အံ့”ဟု မိန့်၏။ “အရှင်မင်းကြီးကောင်းပါပြီ” ဟူ၍ ဒီဃကာရာယန စစ်သူကြီးသည် ပသေနဒိကောသလမင်းကြီးအားပြန်လျှောက်ကြားပြီးလျှင် ကောင်းသည် ထက် ကောင်းကုန်သော ယာဉ်တို့ကို က၍ “မင်းကြီးကောင်းသည်ထက် ကောင်းကုန်သော ယာဉ်တို့ကို ကပြီးပါပြီ၊ ယခု သွားရန်အချိန်ကို အရှင်မင်းကြီး သိ၏ (သွားရန်မှာ အရှင်မင်းကြီး၏ အလိုအတိုင်းပင် ဖြစ်ပါ၏)”ဟု လျှောက်၏။
ထိုအခါ ပသေနဒိကောသလမင်းကြီးသည် ကောင်းသည်ထက် ကောင်းသော ယာဉ်ကို တက်စီး၍ကောင်းသည်ထက် ကောင်းကုန်သော ယာဉ်တို့ဖြင့် ကြီးကျယ်သော မင်း၏ ကျက်သရေဖြင့် မြို့ငယ်မှထွက်လေ၏၊ အရံဥယျာဉ်သို့ ဝင်လေ၏။ ယာဉ်ဖြင့် သွားနိုင်ရာ အရပ်တိုင်အောင် ယာဉ်ဖြင့်သွား၍ယာဉ်မှသက်ဆင်းပြီးလျှင် ခြေကျင်သာလျှင် အရံဥယျာဉ်သို့ ဝင်လေ၏။ ပသေနဒိကောသလမင်းကြီးသည်အရံဥယျာဉ်၌ အညောင်းပြေ လမ်းလျှောက်လှည့်လည်သည်ရှိသော် နှစ်သက်ဖွယ်ကြည်လင်ဖွယ်ကို ဖြစ်စေတတ်၍ တိတ်ဆိတ်ငြိမ်သက်လျက် လူတို့မှဖြစ်သော လေမှကင်းကုန်သော လူတို့လျှို့ဝှက်အပ်သောအမှုကို ပြုရာဖြစ်ကုန်သော တစ်ယောက်တည်း ကိန်းအောင်းခြင်းငှါ လျှောက်ပတ်ကုန်သောသစ်ပင်ရင်းတို့ကို မြင်သော် မြတ်စွာဘုရားကိုသာလျှင် အကြောင်းပြု၍ အောက်မေ့မှု ‘သတိ’ သည်ထင်ရှားဖြစ်ပေါ်၏ - “ဤသစ်ပင်ရင်းတို့သည် နှစ်သက်ဖွယ်ကို ဖြစ်စေတတ်ကုန်၏၊ ကြည်လင်ဖွယ်ကိုဖြစ်စေတတ်ကုန်၏၊ တိတ်ဆိတ်ကုန်၏၊ ငြိမ်သက်ကုန်၏၊ လူတို့မှဖြစ်သော လေမှကင်းကုန်၏၊ လူတို့လျှို့ဝှက်အပ်သော အမှုကို ပြုရာဖြစ်ကုန်၏၊ တစ်ယောက်တည်း ကိန်းအောင်းခြင်းငှါလျောက်ပတ်ကုန်၏၊ ယင်းသစ်ပင်မျိုးတို့၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထို မြတ်စွာဘုရားကို ငါတို့ဆည်းကပ်ကြကုန်ဖူးပြီ”ဟု အောက်မေ့မှု ‘သတိ’ သည် ထင်ရှားစွာ ဖြစ်ပေါ်၏။
--
၃၆၅။ ထိုအခါ ပသေနဒိကောသလမင်းကြီးသည် ဒီဃကာရာယနစစ်သူကြီးကို ခေါ်၍ “အချင်းကာရာယန စစ်သူကြီး ဤသစ်ပင်ရင်းတို့သည် နှစ်သက်ဖွယ်ကို ဖြစ်စေတတ်ကုန်၏၊ ကြည်လင်ဖွယ်ကိုဖြစ်စေတတ်ကုန်၏၊ တိတ်ဆိတ်ကုန်၏၊ ငြိမ်သက်ကုန်၏၊ လူတို့မှဖြစ်သော လေမှကင်းကုန်၏၊ လူတို့လျှို့ဝှက်အပ်သော အမှုကိုပြုရန် သင့်လျော်ကုန်၏။ ယင်းသစ်ပင်မျိုးတို့၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားကို ဆည်းကပ်ဖူးကုန်၏။ အဆွေကာရာယနစစ်သူကြီး ယခုအခါ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို)့ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် အဘယ်အရပ်မှာ နေတော်မူသနည်း”ဟုမေး၏။ မင်းကြီး မေဒါဠုပမည်သော သာကီဝင်မင်းတို့၏ နိဂုံး၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် သီတင်းသုံးနေတော်မူပါ၏ဟု (လျှောက်၏)။ အဆွေကာရာယန မေဒါဠုပမည်သော နိဂုံးရွာကြီးသည် မြို့ငယ်မှအဘယ်မျှလောက် ဝေးကွာရာ၌ ရှိပါသနည်းဟု (မေး၏)။ မင်းကြီး မဝေးလှပါ၊ သွားရန် အချိန် ရနိုင်ပါသေးသည်၊ သုံးယူဇနာမျှသာ ရှိပါ၏၊ ကြွင်းကျန်သော နေ့ပိုင်းဖြင့်သွားရန် တတ်နိုင်ပါ၏ဟု (လျှောက်၏)။
အဆွေကာရာယန သို့ဖြစ်ပါမူ ကောင်းသည်ထက် ကောင်းကုန်သော ယာဉ်တို့ကို ကစေလော့၊ ငါတို့သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားကို ဖူးမြင်ရန် သွားကုန်အံ့ဟု (ဆို၏)။ “အရှင်မင်းမြတ် ကောင်းပါပြီ” ဟူ၍ဒီဃကာရာယန စစ်သူကြီးသည် ပသေနဒိကောသလမင်းကြီးအား ပြန်ကြား၍ ကောင်းသည်ထက် ကောင်းကုန်သော ယာဉ်တို့ကို ကစေပြီးလျှင် ပသေနဒိကောသလမင်းကြီးအား “အရှင်မင်းကြီး အရှင်မင်းကြီးအတွက် ကောင်းသည်ထက် ကောင်းကုန်သော ယာဉ်တို့ကို ကစေပြီးပါပြီ၊ ယခု သင်မင်းကြီးသည်သွားရန်အချိန်ကို သိ၏ (သွားရန်မှာ အရှင်မင်းကြီး၏ အလိုအတိုင်းပင် ဖြစ်ပါ၏)”ဟု လျှောက်၏။ ထိုအခါ ပသေနဒိကောသလမင်းကြီးသည် ကောင်းသည်ထက် ကောင်းသော ယာဉ်ကို တက်စီး၍ ကောင်းသည်ထက် ကောင်းကုန်သော ယာဉ်တို့ဖြင့် မြို့ငယ်မှ ထွက်ပြီးလျှင် သာကီဝင်မင်းတို့၏နေရာ မေဒါဠုပမည်သော နိဂုံးသို့ သွားလေ၏၊ ထိုကြွင်းကျန်သော နေ့ပိုင်းဖြင့်သာလျှင် သာကီဝင်မင်းတို့၏နေရာမေဒါဠုပမည်သော နိဂုံးသို့ ရောက်လေ၏၊ ယာဉ်ဖြင့် သွားနိုင်သော အရပ်တိုင်အောင် ယာဉ်ဖြင့် သွား၍ယာဉ်မှ သက်ဆင်းပြီးလျှင် ခြေကျင်သာလျှင် ကျောင်းတော်သို့ ဝင်လေ၏။
၃၆၆။ ထိုစဉ်အခါ၌ များစွာသော ရဟန်းတို့သည် လွင်ပြင်၌ စင်္ကြံသွားနေကုန်၏၊ ထိုအခါ ပသေနဒိကောသလမင်းကြီးသည် ထိုရဟန်းတို့ထံသို့ ချဉ်းကပ်ပြီးလျှင် ထိုရဟန်းတို့အား “အသျှင်ဘုရားတို့ယခုအခါ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် အဘယ်အရပ်မှာ သီတင်းသုံးတော်မူပါသနည်း၊ တပည့်တော်တို့သည်ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောထိုမြတ်စွာဘုရားကို ဖူးမြင်ရန် အလိုရှိကြပါကုန်၏”ဟု လျှောက်၏။ မင်းကြီး တံခါးပိတ်ထားသော ဤကျောင်းသို့ တိတ်ဆိတ်စွာ ချဉ်းကပ်ပြီးနောက် မုခ်ဦးသို့ ဖြည်းညင်းစွာ ဝင်၍ ချောင်းဟန့်ပြီးလျှင်တံခါးကို ခေါက်လော့၊ မြတ်စွာဘုရားသည် သင့်အား တံခါးကို ဖွင့်ပေးတော်မူပါလိမ့်မည်ဟု (ဆိုကြကုန်၏)။
ထိုအခါ ပသေနဒိကောသလမင်းကြီးသည် ထိုအရပ်၌သာလျှင် သန်လျက်ကိုလည်းကောင်း၊ သင်းကျစ်ကိုလည်းကောင်း ဒီဃကာရာယနစစ်သူကြီးအား အပ်နှင်းလေ၏။ ထိုအခါ ဒီဃကာရာယနစစ်သူကြီးအား “ယခုအခါ မင်းသည် လျှို့ဝှက်မှုကို ပြု၏၊ ယခုအခါ ဤအရပ်၌သာလျှင် ငါသည် ရပ်တည်သင့်၏”ဟု အကြံဖြစ်၏။ ထိုအခါ ပသေနဒိကောသလမင်းကြီးသည် တံခါးပိတ်ထားသော ကျောင်းသို့ တိတ်ဆိတ်စွာ ချဉ်းကပ်ပြီးနောက် မုခ်ဦးသို့ ဖြည်းညှင်းစွာ ဝင်၍ ချောင်းဟန့်ပြီးလျှင် တံခါးကို ခေါက်၏။ မြတ်စွာဘုရားသည် တံခါးကို ဖွင့်တော်မူ၏။ ထိုအခါ ပသေနဒိကောသလမင်းကြီးသည် ကျောင်းတွင်းသို့ဝင်၍ မြတ်စွာဘုရား၏ ခြေတော်တို့၌ ဦးခေါင်းဖြင့် ဝပ်၍ မြတ်စွာဘုရား၏ ခြေတော်တို့ကို ခံတွင်းဖြင့်စုပ်၏၊ လက်တို့ဖြင့်လည်း အဖန်ဖန် သုံးသပ်ဆုပ်နယ်၏ “အသျှင်ဘုရား အကျွန်ုပ်သည် ပသေနဒိကောသလမင်းပါတည်း၊ သျှင်ဘုရား အကျွန်ုပ်သည် ပသေနဒိ ကောသလမင်းပါတည်း”ဟု အမည်ကိုလည်းကြားလျှောက်၏။
--
၃၆၇။ မင်းကြီး သင်မင်းကြီးသည် အဘယ်အကျိုးကို မြင်သည်ဖြစ်၍ ဤခန္ဓာကိုယ်၌ ဤသို့သဘောရှိသော အလွန်အကြူးရိုသေခြင်းကို ပြုဘိသနည်း၊ ချစ်ခင်လေးစားမှုကို ပြုဘိသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား မြတ်စွာဘုရား၌ “မြတ်စွာဘုရားသည် မဖောက်မပြန် ကိုယ်တိုင် သိတော်မူ၏၊ မြတ်စွာဘုရားသည် တရားတော်ကို ကောင်းစွာ ဟောကြားတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် ကောင်းမြတ်သော အကျင့်ရှိ၏”ဟု ဤသို့ အကျွန်ုပ်အား တရားတော်သို့ အစဉ်လိုက်သော ဉာဏ်သည် ဖြစ်ပါ၏။ မြတ်စွာဘုရား အကျွန်ုပ်သည် ဤလောက၌ ဆယ်နှစ် အနှစ်နှစ်ဆယ်အနှစ်သုံးဆယ် အနှစ်လေးဆယ်တို့ပတ်လုံး အပိုင်းအခြားပြု၍ မြတ်သောအကျင့်ကို ကျင့်ကုန်သောသမဏဗြာဟ္မဏအချို့တို့ကို တွေ့မြင်ရပါ၏။ ထိုသမဏ ဗြာဟ္မဏတို့သည် နောက်အခါ၌ ကောင်းစွာရေချိုးလိမ်းကျံ စီမံပြုပြင်ထားသော ဆံမုတ်ဆိတ်တို့ ရှိကုန်သည်ဖြစ်၍ ကာမဂုဏ်ငါးပါးတို့ဖြင့် ရောင့်ရဲပြည့်စုံ ခံစားကြကုန်၏။ အသျှင်ဘုရား ဤသာသနာတော်၌ အကျွန်ုပ်သည် အသက်ရှည်သမျှ အသက်ဆုံးသည့်တိုင်အောင် စင်ကြယ်သောအကျင့်ကို ကျင့်ကုန်သော ရဟန်းတို့ကို တွေ့မြင်ရပါ၏။ အသျှင်ဘုရားအကျွန်ုပ်သည် ဤသာသနာတော်မှ အပ၌ တစ်ပါးသော ဤသို့ ပြည့်စုံစင်ကြယ်သော မြတ်သောအကျင့်ကိုမမြင်မိပါ။ အသျှင်ဘုရား မြတ်စွာဘုရား၌ “မြတ်စွာဘုရားသည် မဖောက်မပြန် ကိုယ်တိုင် သိတော်မူ၏၊ မြတ်စွာဘုရားသည် တရားတော်ကို ကောင်းစွာ ဟောကြားတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် ကောင်းမြတ်သော အကျင့်ရှိ၏”ဟု ဤသို့ အကျွန်ုပ်အား တရားတော်သို့ အစဉ်လိုက်သော ဉာဏ်သည် ဖြစ်ပါ၏။
၃၆၈။ အသျှင်ဘုရား နောက်တစ်မျိုးကား မင်းအချင်းချင်းတို့လည်း ငြင်းခုံကြကုန်၏၊ မင်းမျိုးအချင်းချင်းတို့လည်း ငြင်းခုံကြကုန်၏၊ ပုဏ္ဏားမျိုးအချင်းချင်းတို့လည်း ငြင်းခုံကြကုန်၏၊ သူကြွယ်အချင်းချင်းတို့လည်း ငြင်းခုံကြကုန်၏၊ သားနှင့်အမိလည်း ငြင်းခုံ၏၊ အမိနှင့်သားလည်း ငြင်းခုံ၏၊ သားနှင့်အဖလည်း ငြင်းခုံ၏၊ အဖနှင့်သားလည်း ငြင်းခုံ၏၊ နှမနှင့်မောင်လည်း ငြင်းခုံ၏၊ မောင်နှင့်နှမလည်းငြင်းခုံ၏၊ မိတ်ဆွေ အချင်းချင်းလည်း ငြင်းခုံ၏။ အသျှင်ဘုရား ထိုမှတစ်ပါး ဤသာသနာတော်၌ အညီအညွတ် ဝမ်းမြောက်ကုန်သည်ဖြစ်၍ နို့နှင့်ရေသဖွယ် ဖြစ်ကုန်လျက် အချင်းချင်းချစ်ခင်ေသော မျက်စိတို့ဖြင့် ရှုကြည့်ကုန်လျက် နေကြကုန်သော ရဟန်းတော်တို့ကို အကျွန်ုပ်သည် တွေ့မြင်ရပါ၏။ အသျှင်ဘုရား အကျွန်ုပ်သည် ဤသာသနာတော်မှ အပ၌ တစ်ပါးသော ဤသို့ ညီညွတ်သော ပရိသတ်ကို မမြင်ရပါ။ အသျှင်ဘုရား မြတ်စွာဘုရား၌ “မြတ်စွာဘုရားသည် မဖောက်မပြန် ကိုယ်တိုင် သိတော်မူ၏၊ မြတ်စွာဘုရားသည် တရားတော်ကို ကောင်းစွာ ဟောကြားတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သားအပေါင်းသည် ကောင်းမြတ်သော အကျင့်ရှိ၏”ဟု ဤသို့လည်း အကျွန်ုပ်အား တရားတော်သို့ အစဉ်လိုက်သော ဉာဏ်သည် ဖြစ်ပါ၏။
၃၆၉။ အသျှင်ဘုရား နောက်တစ်မျိုးကား အကျွန်ုပ်သည် အရံတစ်ခုမှ အရံတစ်ခုသို့ ဥယျာဉ် တစ်ခုမှဥယျာဉ်တစ်ခုသို့ လမ်းလျှောက်လှည့်လည်ပါ၏၊ ထိုအကျွန်ုပ်သည် ထိုအရံဥယျာဉ်တို့၌ ကြည့်ရှုရန်လူအပေါင်း၏ မျက်စိကို မဆွဲဆောင်နိုင်သကဲ့သို့ ဖြစ်သည့် ကြုံလှီခေါင်းပါး၍ မလှမပ ဖျော့တော့သောအဆင်းရှိလျက် အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိကုန်သော သမဏဗြာဟ္မဏအချို့တို့ကို တွေ့မြင်ရပါ၏။
--
အသျှင်ဘုရား ထိုအကျွန်ုပ်အား “ဤအသျှင်တို့သည် မချွတ်ဧကန် မမွေ့လျော်ကုန်ဘဲသာလျှင်မြတ်သောအကျင့်ကို ကျင့်ကြကုန်၏။ ထိုအသျှင်တို့အား ပြုမိ၍ ဖုံးလွှမ်းထားသော တစ်စုံတစ်ခုသောမကောင်းမှုသည် ရှိတန်ရာ၏၊ ထို့ကြောင့်သာလျှင် ဤအသျှင်တို့သည် ကြုံလှီကုန်၏၊ ခေါင်းပါးကုန်၏၊ မလှမပ ဖြစ်ကုန်၏၊ ဖျော့တော့သော အဆင်းရှိကုန်၏၊ အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိကုန်၏၊ ကြည့်ရှုရန် လူအပေါင်း၏ မျက်စိကို မဆွဲဆောင်နိုင်သကဲ့သို့ ဖြစ်ကုန်၏”ဟု ဤသို့သော အကြံသည် ဖြစ်ပါ၏။ အကျွန်ုပ်သည် ထိုရဟန်းတို့သို့ ချဉ်းကပ်၍ “အသျှင်တို့ သင်တို့သည် အဘယ်အကြောင်းကြောင့်ကြည့်ရှု ရန် လူအပေါင်း၏ မျက်စိကို မဆွဲဆောင်နိုင်သကဲ့သို့ ကြုံလှီခေါင်းပါး၍ မလှမပ ဖျော့တော့သော အဆင်းရှိလျက် အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိကုန်သနည်း”ဟု ဆိုခဲ့၏။ ထိုရဟန်းပုဏ္ဏားတို့သည်"မင်းကြီး ငါတို့အား အမျိုးလိုက် ဖြစ်သည့်ရောဂါရှိ၏”ဟု ဆိုကြကုန်၏။
အသျှင်ဘုရား ဤသာသနာတော်၌ ရွှင်လန်းသည်ထက် ရွှင်လန်း တက်ကြွသည်ထက် တက်ကြွ၍အလွန်မွေ့လျော်သည့်သဘော ပြည့်ဖြိုးသောဣန္ဒြေ ရှိကုန်လျက် ကြောင့်ကြမဲ့ဖြစ်ကာ အမွေး ‘မာန်’ ကိုချထားပြီးလျှင် သူတစ်ပါးပေးသောပစ္စည်းဖြင့် အသက်မွေးကုန်သော သားသမင်စိတ်ထားဖြင့် နေကြသည့်ရဟန်းတို့ကို အကျွန်ုပ်မြင်ပါ၏။ အသျှင်ဘုရား ထိုအကျွန်ုပ်အား “အမှန်အားဖြင့် ဤအသျှင်တို့သည် ထိုမြတ်စွာဘုရား၏ သာသနာတော်၌ မွန်မြတ်သော ရှေးတရားထက် ထူးသော နောက်တရားကို သိကြကုန်၏၊ ထို့ကြောင့်သာလျှင် ဤအသျှင်တို့သည် ရွှင်လန်းသည်ထက် ရွှင်လန်း တက်ကြွသည်ထက်တက်ကြွ၍ အလွန်မွေ့လျော်သည့်သဘော ပြည့်ဖြိုးသောဣန္ဒြေ ရှိကုန်လျက် ကြောင့်ကြမဲ့ဖြစ်ကာ အမွေး'မာန်’ ကို ချထားပြီးလျှင် သူတစ်ပါးတို့ ပေးသော ပစ္စည်းဖြင့် အသက်မွေးကုန်သည်ဖြစ်၍ သားသမင်စိတ်ထားဖြင့် နေကြကုန်၏”ဟု အကြံဖြစ်၏။ အသျှင်ဘုရား အကျွန်ုပ်အား “မြတ်စွာဘုရားသည် မဖောက်မပြန် ကိုယ်တိုင် သိတော်မူ၏၊ တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောထားတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သားအပေါင်းသည် ကောင်းမြတ်သော အကျင့်ရှိ၏”ဟု မြတ်စွာဘုရား အပေါ်ဝယ်တရားနှင့်လျော်သော ဉာဏ်သည် ဖြစ်ပါ၏။
၃၇၀။ အသျှင်ဘုရား တစ်ဖန် ထို့ပြင်လည်း ဦးထိပ်၌ အဘိသိက်သွန်းထားသော မင်းမျိုးစင်စစ်မင်းဖြစ်သော အကျွန်ုပ်သည် သတ်ထိုက်သောသူကို သတ်ရန်လည်းကောင်း ပစွည်းဆုံးရှုံးစေသင့်သူကိုလည်း ပစွည်းဆုံးရှုံးစေရန်လည်းကောင်း နှင်ထုတ်ထိုက်သူကိုလည်း နှင်ထုတ်ရန်လည်းကောင်း စွမ်းနိုင်ပါ၏။ အသျှင်ဘုရား ထိုအကျွန်ုပ်သည် တရားဆုံးဖြတ်ရာ၌ ထိုင်နေစဉ် အကြားအကြား၌ စကားပြောဆိုကြကုန်၏။ ထိုအကျွန်ုပ်သည် အမောင်တို့ တရားဆုံးဖြတ်ရာ၌ ငါထိုင်နေစဉ် အကြားအကြား၌ စကားမပြောဆိုကြကုန်လင့်၊ အမောင်တို့ ငါ၏ စကား ပြီးဆုံးသည့်တိုင်အောင် ဆိုင်းငံ့ကြကုန်ဦးလော့ဟု ဆိုပါသော်လည်း မရပါ။ အသျှင်ဘုရား ထိုအကျွန်ုပ်အား အကြားအကြား၌ စကားပြောဆိုကြပါကုန်၏။
အသျှင်ဘုရား ဤသာသနာတော်ဝယ် အရာမက များစွာသော ပရိသတ်၌ မြတ်စွာဘုရား တရား ဟောတော်မူသောအခါ ချေဆတ်သံ ချောင်းဟန့်သံ မရှိသည့် မြတ်စွာဘုရား၏ တပည့်ရဟန်းတို့ကို အကျွန်ုပ်မြင်ရပါ၏။ အသျှင်ဘုရား ရှေးကဖြစ်ဖူးသည်မှာ မြတ်စွာဘုရားသည် အရာမက များစွာသော ပရိသတ်၌တရားတော်ကို ဟောတော်မူ၏၊ ထိုပရိသတ်၌ မြတ်စွာဘုရား၏ တပည့်တစ်ဦးသည် ချောင်း ဟန့်၏၊ ထိုရဟန်းကို သီတင်းသုံး ဖော်တစ်ဦးက “အသျှင်သည် တိတ်ဆိတ်ပါလော့၊ အသျှင်သည် အသံမပြုပါလင့်၊ ငါတို့၏ဆရာ မြတ်စွာဘုရားသည် တရားဟောတော်မူ၏”ဟု ဒူးဖြင့်တို့၏။ အသျှင်ဘုရားထိုအကျွန်ုပ်အား “အချင်းတို့ အံဖွယ်ရှိပါပေစွ တကား၊ အချင်းတို့ မဖြစ်ဘူးမြဲ ဖြစ်လေစွတကား၊ အချင်းတို့ တုတ်လှံတံမပါဘဲ ဓားလက်နက်မပါဘဲ ပရိသတ်ကို ကောင်းစွာ ဆုံးမထားနိုင်လေစွတကား”ဟု အကြံသည် ဖြစ်ပါ၏။ အသျှင်ဘုရား အကျွန်ုပ်သည် ဤသာသနာတော်မှ အပ၌ ဤသို့ ကောင်းစွာ ဆုံးမထားသော အခြားပရိသတ်ကို မမြင်ပါ။ အသျှင်ဘုရား အကျွန်ုပ်အား “မြတ်စွာဘုရားသည် မဖောက်မပြန်ကိုယ်တိုင် သိတော်မူ၏၊ တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောထား တော်မူပါပေ၏၊ မြတ်စွာ ဘုရား၏ တပည့်သားအပေါင်းသည် ကောင်းမြတ်သော အကျင့်ရှိ၏”ဟု မြတ်စွာဘုရားအပေါ်ဝယ် တရား နှင့်လျော်သော ဉာဏ်သည် ဖြစ်ပါ၏။
--
၃၇၁။ အသျှင်ဘုရား တစ်ဖန် ထို့ပြင်လည်း ဤလောက၌ အကျွန်ုပ်သည် သိမ်မွေ့သော ဉာဏ်ရှိကုန်သော သူတစ်ပါးတို့ အယူကို လေ့လာပြီးဖြစ်ကုန်သော သားမြီးကို ပစ်ခွဲနိုင်သည့် လေးသမားနှင့်တူကုန်သော အချို့သော မင်းမျိုးပညာရှိတို့ကိုလည်း တွေ့မြင်ရပါ၏၊ ထိုသူတို့သည် မှားသော အယူတို့ကို ပညာဖြင့် ဖျက်ဆီးနေဘိသကဲ့သို့ ကျက်စားနေကုန်၏။ ထိုပညာရှိမင်းတို့သည် “ရဟန်းဂေါတမသည့်ဤမည်သော ရွာသို့လည်းကောင်း၊ နိဂုံးသို့လည်းကောင်း ရောက်လာလိမ့်မည်”ဟု ကြားကြကုန်၏။ ထိုသူတို့သည် “ငါတို့သည် ဤပြဿနာကို ရဟန်းဂေါတမသို့ ကပ်၍ မေးကြကုန်အံ့၊ အကယ်၍ ဤသို့အမေးခံရသော ရဟန်းဂေါတမသည် ငါတို့အား ဤသို့ ဖြေကြားခဲ့မူ ထိုရဟန်းဂေါတမအား ငါတို့သည်ဤသို့ ဝါဒတင်ကုန်အံ့၊ အကယ်၍ ဤသို့ အမေးခံရသော ရဟန်းဂေါတမသည် ငါတို့အား ဤသို့လည်းဖြေကြားခဲ့မူ ငါတို့သည် ထိုရဟန်းဂေါတမအား ဤသို့လည်း ဝါဒတင်ကုန်အံ့”ဟု ပြဿနာကို စီမံကြကုန်၏။
ထိုပညာရှိမင်းတို့သည် “အချင်းတို့ ရဟန်းဂေါတမသည် ဤအမည်ရှိသော ရွာသို့လည်းကောင်း၊ နိဂုံးသို့လည်းကောင်း သက်ရောက်လာပြီ”ဟု ကြားကြကုန်၏။ ထိုပညာရှိမင်းတို့သည် မြတ်စွာဘုရားအထံ ချဉ်းကပ်ကြကုန်၏၊ ထိုသူတို့ကို မြတ်စွာဘုရားသည် (တရားစကားဖြင့်) အကျိုးစီးပွားကို သိမြင်စေတော်မူ၏။ (တရားကို) ဆောက်တည်စေတော်မူ၏၊ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူ၏၊ ထိုသူတို့သည် မြတ်စွာဘုရားက (တရားစကားဖြင့်) အကျိုးစီးပွားကို သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်စေ ရွှင်လန်းစေအပ်ပြီဖြစ်ရကား မြတ်စွာဘုရားအားပြဿနာကိုလည်း မမေးကြကုန်၊ အဘယ်မှာ ဝါဒတင်ကုန်တော့အံ့နည်း။ အမှန်အားဖြင့် မြတ်စွာဘုရား၏တပည့်တို့သည်သာ ဖြစ်ကြရကုန်၏။ အသျှင်ဘုရား အကျွန်ုပ်အား “မြတ်စွာဘုရားသည် မဖောက်မပြန်ကိုယ်တိုင် သိတော်မူ၏၊ တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောထားတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သားအပေါင်းသည် ကောင်းမြတ်သော အကျင့်ရှိ၏”ဟု မြတ်စွာဘုရားအပေါ်ဝယ် တရားနှင့်လျော်သော ဉာဏ်သည် ဖြစ်ပါ၏။
၃၇၂။ အသျှင်ဘုရား တစ်ဖန် ထို့ပြင်လည်း အကျွန်ုပ်သည် ဤလောက၌ အချို့ ပုဏ္ဏားပညာရှိ။ပ။ အချို့ သူကြွယ်ပညာရှိ။ပ။ သိမ်မွေ့သော ဉာဏ်ရှိကုန်သော သူတစ်ပါးတို့အယူကို လေ့လာပြီး ဖြစ်ကုန်သော သားမြီးကို ပစ်ခွဲနိုင်သည့် လေးသမားနှင့် တူကုန်သော အချို့ရဟန်းပညာရှိတို့ကို တွေ့မြင်ရပါ၏။ ထိုသူတို့သည် မှားသော အယူတို့ကို ပညာဖြင့် ဖျက်ဆီးနေဘိသကဲ့သို့ ကျက်စားနေကုန်၏။ ထိုသူတို့သည် “အချင်းတို့ ရဟန်းဂေါတမသည် ဤမည်သော ရွာသို့လည်းကောင်း နိဂုံးသို့လည်းကောင်း သက်ရောက်လာလိမ့်မည်”ဟု ကြားကြကုန်၏။ ထိုသူတို့သည် “ငါတို့သည် ဤပြဿနာကို ရဟန်းဂေါတမသို့ကပ်၍ မေးကုန်အံ့၊ အကယ်၍ ဤသို့အမေးခံရသော ရဟန်းဂေါတမသည် ငါတို့အား ဤသို့ ဖြေကြားခဲ့မူထိုရဟန်းဂေါတမအား ငါတို့သည် ဤသို့ ဝါဒတင်ကုန်အံ့၊ အကယ်၍ ဤသို့ အမေးခံရသော ရဟန်းဂေါတမသည် ငါတို့အား ဤသို့လည်း ဖြေကြားခဲ့မူ ငါတို့သည် ထိုရဟန်းဂေါတမအား ဤသို့လည်းဝါဒတင်ကြကုန်အံ့”ဟု ပြဿနာကို စီမံကြကုန်၏။
ထိုပညာရှိရဟန်းတို့သည် “အချင်းတို့ ရဟန်းဂေါတမသည် ဤမည်သော ရွာသို့လည်းကောင်း၊ နိဂုံးသို့လည်းကောင်း သက်ရောက်လာပြီ”ဟု ကြားကြကုန်၏။ ထိုသူတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြကုန်၏။ ထိုသူတို့ကို မြတ်စွာဘုရားသည် (တရားစကားဖြင့်) အကျိုးစီးပွားကို သိမြင်စေတော်မူ၏၊ (တရားကို) ဆောက်တည်စေတော်မူ၏၊ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေတော်မူ၏။ ထိုသူတို့သည် မြတ်စွာဘုရားက (တရားစကားဖြင့်) အကျိုးစီးပွားကို သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်စေ ရွှင်လန်းစေပြီးဖြစ်ရကား မြတ်စွာဘုရားအား ပြဿနာကိုလည်း မမေးကြကုန်။ အဘယ်မှာ ဝါဒတင်ကုန်တော့အံ့နည်း၊ အမှန်အားဖြင့် မြတ်စွာဘုရားကိုသာလျှင်လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရန် ခွင့်တောင်းကြကုန်၏။ ထိုသူတို့ကို မြတ်စွာဘုရားသည် ရှင်ရဟန်းပြုပေး၏၊ ရှင်ရဟန်းဖြစ်ပြီးသော ထိုသူတို့သည် ဆိတ်ငြိမ်ရာအရပ်သို့ ကပ်၍ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိကုန်သည်ဖြစ်၍ နေကြကုန်သည်ရှိသော် မကြာမြင့်မီသာလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ကြသည့် အမျိုးကောင်းသားတို့ လိုလား တောင့်တအပ့်သော မြတ်သောအကျင့်၏ အဆုံးဖြစ်သော အတုမဲ့ အရဟတ္တဖိုလ်ကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ရောက်၍ နေကြကုန်၏။
--
ထိုသူတို့သည် “ရှေးအခါက ငါတို့သည် ရဟန်းမဟုတ်ကြကုန်ဘဲလျက် ရဟန်းဟု ဝန်ခံခဲ့ကြကုန်ပြီ၊ ငါတို့သည် မကောင်းမှုကို အပပြုအပ်ပြီးသူ မဟုတ်ကြကုန်ဘဲလျက် မကောင်းမှုကို အပပြုအပ်ပြီးသူတို့ဟူ၍ ဝန်ခံခဲ့ကြကုန်ပြီ၊ ပူဇော်အထူးကို ခံထိုက်သော ရဟန္တာတို့ မဟုတ်ကြကုန်ဘဲလျက် ပူဇော်အထူးကိုခံထိုက်သော ရဟန္တာတို့ဟူ၍ ဝန်ခံခဲ့ကြကုန်ပြီ၊ ယခုမှသာလျှင် ငါတို့သည် ရဟန်းအစစ် ဖြစ်ကြကုန်ပြီ၊ ယခုမှသာလျှင် ငါတို့ သည် ရဟန်းအစစ် ဖြစ်ကြကုန်ပြီ၊ ယခုမှသာလျှင် ငါတို့သည် မကောင်းမှုကိုအပပြုပြီးသူအစစ် ဖြစ်ကြကုန်ပြီ၊ ယခုမှသာလျှင် ပူဇော်အထူးကို ခံထိုက်သော ရဟန္တာအစစ် ဖြစ်ကြကုန်ပြီ။ အချင်းတို့ ငါတို့သည် ပျက်စီးကာနီးသူများ ဖြစ်လျက် မပျက်စီးဘဲရှိကြကုန်၏၊ အချင်းတို့ငါတို့သည် ပျက်စီးကာနီးသူများ ဖြစ်လျက် မပျက်စီးဘဲ ရှိကြရကုန်၏”ဟု ပြောဆိုကြကုန်၏။ အသျှင်ဘုရား အကျွန်ုပ်အား “မြတ်စွာဘုရားသည် မဖောက်မပြန် ကိုယ်တိုင် သိတော်မူ၏၊ တရားတော်သည်မြတ်စွာဘုရား ကောင်းစွာ ဟောထားတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သားအပေါင်းသည်ကောင်း မြတ်သော အကျင့်ရှိ၏”ဟု မြတ်စွာဘုရားအပေါ်ဝယ် တရားနှင့်လျော်သော ဉာဏ်သည် ဖြစ်ပါ၏။
၃၇၃။ အသျှင်ဘုရား တစ်ဖန် ထို့ပြင်လည်း လက်သမားဖြစ်ကြသော ဤဣသိဒတ္တနှင့် ပုရာဏတို့ သည်အကျွန်ုပ်၏ ထမင်းရိက္ခာကို စားကြကုန်၏၊ အကျွန်ုပ်၏ ယာဉ်တို့ကို စီးကြကုန်၏၊ အကျွန်ုပ်သည်ထိုသူတို့၏ အသက်သခင် ဖြစ်၏၊ စည်းစိမ်ဆောင်နှင်းပေးထား၏။ သို့ရာတွင် မြတ်စွာဘုရား၌ အရိုအသေပြုကြကုန်သကဲ့သို့ အကျွန်ုပ်၌ ရိုသေတုပ်ဝပ်ခြင်းကို မပြုကြကုန်။ အသျှင်ဘုရား ရှေးက ဖြစ်ဖူးသည်မှာ အကျွန်ုပ်သည် စစ်ချီတက်လတ်သော် လက်သမားဖြစ်ကြသော ဣသိဒတ္တနှင့် ပုရာဏတို့ကိုစုံစမ်းလိုသည်ဖြစ်၍ ကျဉ်းမြောင်းသော နေရာတစ်ခု၌ ကပ်ရောက်နေထိုင်၏။ အသျှင်ဘုရား ထိုအခါလက်သမားဖြစ်ကြသော ဤဣသိဒတ္တနှင့် ပုရာဏတို့သည် များစွာသော ညဉ့်တို့ပတ်လုံး တရားစကားဖြင့်လွန်စေ၍ မြတ်စွာဘုရားရှိရာ အရပ်သို့ ဦးခေါင်းပြုကာ အကျွန်ုပ်ကို ခြေရင်းဘက်ပြုလျက် အိပ်ကြကုန်၏။
အသျှင်ဘုရား ထိုအကျွန်ုပ်မှာ “အချင်းတို့ အံဖွယ်ရှိစွတကား၊ အချင်းတို့ မဖြစ်ဖူးမြဲ ဖြစ်လေစွ တကား၊ လက်သမားဖြစ်ကြသော ဤဣသိဒတ္တနှင့် ပုရာဏတို့သည် ငါ၏ ထမင်းရိက္ခာကို စားကြကုန်၏၊ ငါ၏ယာဉ်ကို စီးကြကုန်၏၊ ငါသည် ထိုသူတို့၏ အသက်သခင် ဖြစ်၏။ ငါသည် ထိုသူတို့အား စည်းစိမ် ကိုဆောင်နှင်းပေးထား၏၊ သို့ရာတွင် မြတ်စွာဘုရား၌ ရိုသေတုပ်ဝပ်ကြကုန်သကဲ့သို့ ငါ၌ ရိုသေတုပ်ဝပ်ခြင်းကို မပြုကြကုန်၊ အမှန်အားဖြင့် ဤအသျှင်တို့သည် ထိုမြတ်စွာဘုရား သာသနာတော်၌ မွန်မြတ်သော ရှေးတရားထက် ထူးသော နောက်တရားကို သိကြကုန်သည် ဖြစ်လတ္တံ့”ဟု အကြံဖြစ်ပါ၏။ အသျှင်ဘုရား အကျွန်ုပ်အား “မြတ်စွာဘုရားသည် မဖောက်မပြန် ကိုယ်တိုင် သိတော်မူ၏၊ တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောထားတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သားအပေါင်းသည်ကောင်းမြတ်သော အကျင့်ရှိ၏”ဟု မြတ်စွာဘုရား အပေါ်ဝယ် တရားနှင့်လျော်သော ဉာဏ်သည် ဖြစ်ပါ၏။
၃၇၄။ အသျှင်ဘုရား တစ်ဖန် ထို့ ပြင်လည်း မြတ်စွာဘုရားလည်း မင်းမျိုးဖြစ်၍ အကျွန်ုပ်လည်းမင်းမျိုးဖြစ်ပါ၏၊ မြတ်စွာဘုရားလည်း ကောသလတိုင်းသား ဖြစ်တော်မူ၍ အကျွန်ုပ်လည်း ကောသလတိုင်းသား ဖြစ်ပါ၏၊ မြတ်စွာဘုရားလည်း သက်တော်ရှစ်ဆယ်ရှိတော်မူ၍ အကျွန်ုပ်လည်းအသက်ရှစ်ဆယ် ရှိပါ၏။ အသျှင်ဘုရား ဤသို့သော အကြောင်းကြောင့်လည်း အကျွန်ုပ်သည်မြတ်စွာဘုရား၌ အလွန် အကြူး ရိုသေခြင်းကို ပြုခြင်းငှါ တတ်ကောင်းပါ၏၊ ချစ်ခင်လေးစားမှုကိုပြခြင်းငှါ တတ်ကောင်းပါ၏၊ အသျှင်ဘုရား ယခုအခါ အကျွန်ုပ်တို့ သွားပါကုန်အံ့၊ အကျွန်ုပ်တို့သည့်များစွာသော ပြုဖွယ်ကိစ္စ ရှိကြပါ ကုန်၏ဟု (လျှောက်၏)။ မင်းကြီး သင်ယခု သွားရန် အချိန်ကို သိ၏ (သွားရန်မှာ သင်မင်းကြီး၏ အလို အတိုင်းပင် ဖြစ်၏)ဟု (မိန့်တော်မူ၏)။ ထိုအခါပသေနဒိကောသလမင်းကြီးသည် နေရာမှ ထ၍ မြတ်စွာ ဘုရားကို ရိုသေစွာ ရှိခိုး၍ အရိုအသေပြုကာဖဲသွားလေ၏။
ထိုအခါ မြတ်စွာဘုရားသည် ပသေနဒိကောသလမင်းကြီးဖဲသွား၍ မကြာမြင့်မီပင် ရဟန်းတို့ကိုခေါ်တော်မူ၍ “ရဟန်းတို့ ဤပသေနဒိကောသလမင်းကြီးသည် တရား၌ အရိုအသေပြုမှုတို့ကို ပြောကြား၍ နေရာမှ ထကာ ဖဲသွား၏၊ ရဟန်းတို့ တရား၌ အရိုအသေ ပြုမှုတို့ကို သင်ယူကြကုန်လော့၊ ရဟန်းတို့ တရား၌ အရိုအသေပြုမှုတို့ကို အဖန်တစ်လဲလဲ လေ့ကျက်ကြကုန်လော့၊ ရဟန်းတို့ တရား၌ အရိုအသေပြုမှုတို့ကို ဆောင်ကြကုန်လော့၊ ရဟန်းတို့ တရား၌ အရိုအသေ ပြုမှုတို့သည် အကျိုးစီးပွားနှင့်စပ်ကုန်၏၊ မဂ်တည်းဟူသော မြတ်သော အကျင့်၏ အစအဦးဖြစ်ကုန်၏”ဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရားသည် ဤတရားကို ဟောကြားတော်မူ၏၊ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ စကားတော်ကိုဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်ကြကုန်ပြီ။
ကိုးခုမြောက် ဓမ္မစေတိယသုတ် ပြီး၏။
--
၁၀-ကဏ္ဏကတ္ထလသုတ်
၃၇၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဥရုညမြို့ ကဏ္ဏကတ္ထလမည်သော သားသမင်တော၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ပသေနဒိကောသလမင်းသည် တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စဖြင့် ဥရုညမြို့သို့ဆိုက်ရောက်လာ၏၊ ထိုအခါ ပသေနဒိကောသလမင်းသည် ယောကျ်ားတစ်ယောက်ကို ခေါ်၍ “အမောင်ယောကျ်ား သင် လာလော့၊ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ငါ၏စကားဖြင့် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်လော့၊ အနာကင်းကြောင်း ရောဂါကင်းကြောင်း ကျန်းမာကြောင်း သန်စွမ်းကြောင်းချမ်းသာစွာနေရကြောင်းတို့ကို မေးလျှောက်လေလော့- ‘အသျှင်ဘုရား ပသေနဒိကောသလမင်းကြီးသည်မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်ပါ၏၊ အနာကင်းကြောင်း ရောဂါကင်းကြောင်း ကျန်းမာကြောင်းသန်စွမ်းကြောင်း ချမ်းသာစွာနေရကြောင်းတို့ကို မေးလျှောက်လိုက်ပါ၏’ဟု (လျှောက်လေလော့)။ ‘အသျှင် ဘုရား ပသေနဒီကောသလမင်းသည် ယနေ့ နံနက်စာ စားပြီးနောက် မြတ်စွာဘုရားကိုဖူးမြော်ခြင်းငှါ ချဉ်းကပ်ပါလိမ့်မည်’ဟု ဤသို့လည်း လျှောက်လေလော့”ဟု ပြောဆိုမှာထား၏။
“အရှင်မင်းကြီး ကောင်းပါပြီ”ဟူ၍သာလျှင် ထိုယောကျ်ားသည် ပသေနဒိကောသလမင်းအားပြန်ကြားလျှောက်ထား၍ မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ခါ အလွန်ရိုသေစွာ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ထိုင်လျက် “အသျှင်ဘုရား ပသေနဒီကောသလမင်းကြီးသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်ပါ၏၊ အနာကင်းကြောင်း ရောဂါကင်းကြောင်း ကျန်းမာကြောင်း သန်စွမ်းကြောင်း ချမ်းသာစွာ နေရကြောင်းတို့ကို မေးလျှောက်ပါ၏- ‘အသျှင်ဘုရား ပသေနဒီကောသလမင်းသည် ယနေ့နံနက် နံနက်စာစားပြီးနောက် မြတ်စွာဘုရားကို ဖူးမြင်ခြင်းငှါ ချဉ်းကပ်ပါလိမ့်မည်’ဟု ဤသို့လည်း လျှောက်လိုက်ပါ၏”ဟု လျှောက်ထားလေ၏။ သောမာအမည်ရှိသော နှမတော်နှင့် သကုလာအမည်ရှိသော နှမတော်တို့သည်လည်း “ယနေ့ ပသေနဒိကောသလ မင်းကြီးသည် နံနက်စာ စားပြီးနောက် မြတ်စွာဘုရားကိုဖူးမြော်ခြင်းငှါ ချဉ်းကပ်ပါလိမ့်မည်”ဟု ကြားကြကုန်သည်သာတည်း။
--
ထိုအခါ သောမာအမည်ရှိသော နှမတော်နှင့် သကုလာအမည်ရှိသော နှမတော်တို့သည်လည်းပွဲတော်အုပ်ပို့ဆောင်ရာ၌ ပသေနဒိကောသလမင်းကြီးသို့ ချဉ်းကပ်ကြကုန်၍ “မင်းကြီး အကျွန်ုပ်တို့၏စကားဖြင့်လည်း မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်ပါလော့၊ အနာကင်းကြောင်း ရောဂါကင်း့ကြောင်း ကျန်းမာကြောင်း သန်စွမ်းကြောင်း ချမ်းသာစွာနေရကြောင်းတို့ကို မေးလျှောက်ပါလော့။ အသျှင်ဘုရား သောမာအမည်ရှိသော နှမတော်နှင့် သကုလာအမည်ရှိသော နှမတော်တို့သည်လည်းမြတ်စွာဘုရား ၏ ခြေတော်တို့ကို ဦးတိုက်ပါ၏၊ အနာကင်းကြောင်း ရောဂါကင်းကြောင်းကျန်းမာကြောင်း သန်စွမ်း ကြောင်း ချမ်းသာစွာနေရကြောင်းတို့ကို မေးလျှောက်ပါ၏ဟု ဤသို့လည်းလျှောက်ပါလော့”ဟု ပြောဆို ကြကုန်၏။
၃၇၆။ ထိုအခါ ပသေနဒိကောသလမင်းကြီးသည် နံနက်စာ စားပြီးနောက် မြတ်စွာဘုရားအထံသို့ချဉ်းကပ်၍ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ထိုင်ကာ “အသျှင်ဘုရား သောမာအမည်ရှိသော နှမတော်နှင့်သကုလာအမည်ရှိသော နှမတော်တို့သည်လည်း မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်ပါ၏၊ အနာကင်းကြောင်း ရောဂါကင်းကြောင်း ကျန်းမာကြောင်း သန်စွမ်းကြောင်း ချမ်းသာစွာနေရကြောင်းတို့ကိုမေး လျှောက်ပါ၏”ဟု လျှောက်၏။ မင်းကြီး သောမာအမည်ရှိသော နှမတော်နှင့်သကုလာအမည်ရှိသော နှမတော်တို့သည်လည်း အခြားတစ်ပါးသော တမန်ကို မရကြကုန်သလောဟု (မေးတော်မူ၏)။ အသျှင် ဘုရား သောမာအမည်ရှိသော နှမတော်နှင့် သကုလာ အမည်ရှိသောနှမတော်တို့သည်လည်း “ယနေ့ ပသေနဒိကောသလမင်းကြီးသည် နံနက်စာ စားပြီးနောက်မြတ်စွာဘုရားကို ဖူးမြင်ခြင်းငှါ ချဉ်းကပ်လိမ့် မည်”ဟု ကြားကြကုန်၏။ အသျှင်ဘုရား ထိုအခါသောမာအမည်ရှိသော နှမတော်နှင့် သကုလာ အမည် ရှိသော နှစ်မတော်တို့သည်လည်းပွဲတော်အုပ်ပို့ ဆောင်ရာ၌ အကျွန်ုပ်ကို ချဉ်းကပ်ကြကုန်၍ “မင်းကြီး အကျွန်ုပ်တို့၏ စကားဖြင့်လည်းမြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်ပါလော့၊ အနာကင်းကြောင်း ရောဂါကင်းကြောင်းကျန်းမာကြောင်း သန်စွမ်းကြောင်း ချမ်းသာစွာနေရကြောင်းတို့ကို မေးလျှောက်ပါ လော့၊ သောမာအမည်ရှိသော နှမတော်နှင့် သကုလာအမည်ရှိသော နှမတော်တို့သည်လည်း မြတ်စွာဘုရား ၏ခြေတော်တို့ကို ဦးတိုက်ပါ၏၊ အနာကင်းကြောင်း ရောဂါကင်းကြောင်း ကျန်းမာကြောင်း သန်စွမ်းကြောင်း ချမ်းသာစွာနေရကြောင်းတို့ကို မေးလျှောက်ပါ၏”ဟု (ဤစကားကို လျှောက်ထားပါကုန်၏ ဟူ၍လျှောက်၏)။ မင်းကြီး သောမာအမည်ရှိသော နှမတော်နှင့် သကုလာအမည်ရှိသော နှမတော်တို့သည်ချမ်းသာကြစေကုန် သတည်းဟု မိန့်တော်မူ၏။
၃၇၇။ ထိုအခါ ပသေနဒိကောသလမင်းကြီးသည် မြတ်စွာဘုရားအား “အသျှင်ဘုရား ‘တရားအလုံးစုံကို သိသော တရားအလုံးစုံကို မြင်သော အကြွင်းမဲ့ ဉာဏ်ပညာရှိ၏ဟု ဝန်ခံနိုင်သော သမဏသည်သော်လည်းကောင်း၊ ဗြာဟ္မဏသည်သော်လည်းကောင်း မရှိနိုင်၊ ဤသို့ ဝန်ခံနိုင်သော အကြောင်းမျိုးသည်မရှိနိုင်’ဟု ရဟန်းဂေါတမ ဆို၏ ဟူ၍ အကျွန်ုပ်ကြားရပါ၏။ အသျှင်ဘုရား ‘တရားအလုံးစုံကို သိသောတရားအလုံးစုံကို မြင်သော အကြွင်းမဲ့ ဉာဏ်အမြင်ရှိ၏ဟု ဝန်ခံနိုင်သော သမဏသည်သော်လည်းကောင်း၊ ဗြာဟ္မဏသည်သော်လည်းကောင်း မရှိနိုင်၊ ဤသို့ (ဝန်ခံနိုင်) သော အကြောင်းမျိုးသည် မရှိနိုင်’ဟုရဟန်းဂေါတမသည် ဆို၏ဟု ပြောဆိုကြသော သူတို့သည် မြတ်စွာဘုရား၏ စကားအတိုင်း ပြောဆိုကြပါကုန်သလော၊ မြတ်စွာဘုရားကို မဟုတ်မမှန်သော အကြောင်းဖြင့် မစွပ်စွဲဘဲ ရှိကြပါကုန်၏လော၊ အကြောင်းအားလျော်သော အကြောင်းကိုလည်း ပြောကြားကြပါကုန်၏လော၊ တစ်စုံတစ်ခုအကြောင်းအားလျော်သော ရှေးဦးစွာ ပြောဆိုခြင်း အဆင့်ဆင့် ပြောဆိုခြင်းသည် ကဲရဲ့အပ်သော အရာသို့ မရောက်ဘဲ ရှိပါ၏လော”ဟု လျှောက်၏။ မင်းကြီး “တရားအလုံးစုံကို သိသော တရားအလုံးစုံကို မြင်သောအကြွင်းမဲ့ ဉာဏ်အမြင်ရှိ၏ဟု ဝန်ခံနိုင်သော သမဏသည်သော်လည်းကောင်း၊ ဗြာဟ္မဏသည်သော်လည်းကောင်း မရှိ၊ ဤသို့ ဝန်ခံနိုင်သော အကြောင်းမျိုးသည် မရှိနိုင်ဟု ရဟန်းဂေါတမ ဆို၏ဟု ပြောဆိုကြသော သူတို့သည် ငါ့စကားအတိုင်း ပြောဆိုကြသည် မဟုတ်ကြကုန်၊ ထိုသူတို့သည် မဟုတ်မမှန်သောအကြောင်းအရာဖြင့်လည်း ငါ့ကို စွပ်စွဲကြကုန်၏”ဟု (မိန့်တော်မူ၏)။
--
၃၇၈။ ထိုအခါ ပသေနဒိကောသလမင်းကြီးသည် ဝိဋဋူဘစစ်သူကြီးကို ခေါ်၍ “စစ်သူကြီးအဘယ်သူသည် ဤစကားကို နန်းတော်တွင်း၌ ပြောကြားလာပါသနည်း”ဟု မေးမြန်း၏။ မင်းကြီးအာကာသအနွယ် ဖြစ်သော သဉ္ဇယပုဏ္ဏားသည် ပြောကြားပါ၏ဟု (လျှောက်၏)။ ထိုအခါ ပသေနဒီကောသလမင်းကြီးသည် တစ်ယောက်သော မင်းချင်းကို ခေါ်၍ “အမောင်ယောကျ်ား အသင်လာခဲ့လော့၊ ငါ၏ စကားဖြင့် အာကာသအနွယ်ဖြစ်သော သဉ္ဇယပုဏ္ဏားကို ‘အသျှင် သင့်ကိုပသေနဒိကောသလမင်းကြီး သည် ခေါ်၏’ဟု ဆို၍ ခေါ်ချေလော့”ဟု မိန့်၏။ “အရှင်မင်းမြတ်ကောင်းပါပြီ”ဟူ၍သာလျှင် ထို မင်းချင်းသည် ပသေနဒီကောသလမင်းကြီးအား ပြန်ကြားလျှောက်ထား၍အာကာသအနွယ်ဖြစ်သော သဉ္ဇယပုဏ္ဏားရှိရာသို့ ချဉ်းကပ်ကာ “အသျှင် သင့်အား ပသေနဒိကောသလမင်းကြီးသည် ခေါ်၏”ဟု ပြောကြားလေ၏။
ထိုအခါ ပသေနဒိကောသလမင်းကြီးသည် မြတ်စွာဘုရားအား “အသျှင်ဘုရား မြတ်စွာဘုရားသည်တစ်စုံတစ်ခုကို ရည်ညွှန်း၍ ဟောတော်မူသော စကားသည် ရှိတန်ရာ၏၊ ထိုစကားကိုပင် လူအများကတစ်မျိုးတစ်မည်အားဖြင့် သိမှတ်နေရာပါ၏၊ အသျှင်ဘုရား ထိုကဲ့သို့သော စကားမျိုးကို မြတ်စွာဘုရားဆိုဖူး၏ဟု မှတ်မိပါသလော”ဟု လျှောက်၏။ မင်းကြီး တစ်ကြိမ်တည်းဖြင့်သာလျှင် အလုံးစုံကိုသိနိုင်သော အလုံးစုံကိုမြင်နိုင်သော သမဏသည်သော်လည်းကောင်း၊ ဗြာဟ္မဏသည်သော်လည်းကောင်းမရှိပါ၊ ဤသို့ (သိနိုင် မြင်နိုင်) သော အကြောင်းမျိုးသည် မရှိနိုင်၊ ဤသို့ စကား ပြောကြားဖူးသည်ကို ငါမှတ်မိ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား တစ်ကြိမ်တည်းဖြင့်သာလျှင် အလုံးစုံကိုသိနိုင်သော အလုံးစုံကိုမြင်နိုင်သော သမဏသည်သော်လည်းကောင်း၊ ဗြာဟ္မဏသည်သော်လည်းကောင်း မရှိ၊ ဤသို့ သိနိုင်မြင်နိုင်သော အကြောင်းမျိုးသည် မရှိနိုင်ဟု အကြောင်းမှန်သဘောကို မိန့်ဆိုတော်မူပေ၏၊ အသျှင်ဘုရားမြတ်စွာဘုရားသည် အကြောင်းခိုင်လုံသော သဘောကို မိန့်ဆိုတော်မူပေ၏။
အသျှင်ဘုရား အမျိုးတို့သည် မင်းမျိုး၊ ပုဏ္ဏားမျိုး၊ ကုန်သည်မျိုး၊ သူဆင်းရဲမျိုးဟူ၍ ဤလေးမျိုးတို့ပါတည်း။ အသျှင်ဘုရား ဤလေးပါးသော အမျိုးတို့၏ အထူးသည် ရှိပါသလော၊ ခြားနားမှုသည်ဖြစ်ရာပါသလောဟု (လျှောက်၏)။ မင်းကြီး အမျိုးတို့သည် မင်းမျိုး၊ ပုဏ္ဏားမျိုး၊ ကုန်သည်မျိုး၊ သူဆင်းရဲမျိုးဟူ၍ လေးမျိုးတို့တည်း။ မင်းကြီး ဤလေးပါးသော အမျိုးတို့တွင် ရှိခိုးမှု ခရီးဦးကြိုဆိုမှုလက်အုပ်ချီမှု အရိုအသေပြုမှုတို့ကို ထောက်၍ မင်းမျိုး၊ ပုဏ္ဏားမျိုး၊ ဤနှစ်ပါးသော အမျိုးတို့ကို မြတ်၏ဟု ဆိုကုန်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားကို မျက်မှောက်၌ဖြစ်သော အကျိုးစီးပွားကို မေးလျှောက်သည် မဟုတ်ပါ။ အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားကိုတမလွန်လောက၌ ဖြစ်သော အကျိုးစီးပွားကို မေးလျှောက်ပါ၏။ အသျှင်ဘုရား အမျိုးတို့သည် မင်းမျိုး၊ ပုဏ္ဏားမျိုး၊ ကုန်သည်မျိုး၊ သူဆင်းရဲမျိုး ဟူ၍ ဤလေးမျိုးတို့ပါတည်း။ အသျှင်ဘုရား ဤလေးပါးသောအမျိုးတို့၏ အထူးသည် ရှိပါသလော၊ ခြားနားမှုသည် ဖြစ်ပါသလောဟု (လျှောက်၏)။
--
၃၇၉။ မင်းကြီး ကမ္မဋ္ဌာန်း စီးဖြန်းမှု ပဓာနအလုပ်ကို ပြုလုပ်သူတို့၏ အင်္ဂါတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်းဟူမှု-မင်းကြီး ဤသာသနာတော်၌ -
(၁) ရဟန်းသည် ယုံကြည်ခြင်း ‘သဒ္ဓါ’ ရှိ၏၊ “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း ‘အရဟံ’ မည်တော်မူ၏ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’မည်တော်မူ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း ‘သုဂတ’မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း ‘လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘အနုတ္တရော့ပုရိသဒမ္မသာရထိ’ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း'သတ္ထာဒေဝမနုဿာနံ’ မည်တော်မူ၏၊ (သစ္စာလေးပါး တရားတို့ကို) သိစေတော်မူသောအကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူ သော အကြောင်းကြောင့်လည်း'ဘဂဝါ’ မည်တော်မူ၏”ဟု မြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ်တော်ကို ယုံကြည်၏။
(၂) အနာကင်း၏၊ ရောဂါ ကင်း၏၊ အညီအမျှကျေကျက်စေတတ်သော မပူလွန်း မအေးလွန်းသောအလယ်လတ်ဖြစ်သော ကမ္မဋ္ဌာန်းစီးဖြန်းခြင်းငှါ ခံ့သော ပါစကတေဇောဓာတ် (ဝမ်းမီး) နှင့် ပြည့်စုံ၏။
(၃) မစဉ်းလဲတတ်၊ မလှည့်ပတ်တတ်၊ ဆရာဖြစ်သော မြတ်စွာဘုရား၌လည်းကောင်း၊ သိကြားလိမ္မာသော သီတင်းသုံးဖော်တို့၌လည်းကောင်းဟုတ်မှန်သည့်အတိုင်း မိမိကိုယ်ကို ထင်စွာပြုတတ်၏။
(၄) အားထုတ်အပ်သော ဝီရိယရှိသည်ဖြစ်၍ နေ၏၊ အကုသိုလ်တရားတို့ကို ပယ်ခြင်းငှါ ကုသိုလ်တရားတို့ကို ပြည့်စုံစေခြင်းငှါ အားအစွမ်းရှိ၏၊ မြဲမြံသော လုံ့လရှိ၏၊ ကုသိုလ်တရားတို့၌ မချထားအပ်သော ဝန်ရှိ၏။
(၅) ပညာရှိ၏၊ ဖြစ်မှု ပျက်မှု (ဥပါဒ်စွန်း ဘင်စွန်း) ကို ပိုင်းခြားခြင်းငှါ စွမ်းနိုင်သော ပညာနှင့်ပြည့်စုံ၏၊ ကိလေသာကို ဖောက်ခွဲခြင်းငှါ စွမ်းနိုင်သော ဒုက္ခ၏ကုန်ရာနိဗ္ဗာန်သို့ ကောင်းစွာရောက်ကြောင်း ဖြစ်သော မြတ်သော ဝိပဿနာပညာနှင့် ပြည့်စုံ၏။
မင်းကြီး ကမ္မဋ္ဌာန်းစီးဖြန်းမှု ပဓာနအလုပ်ကို ပြုလုပ်သူတို့၏ အင်္ဂါတို့သည် ဤငါးပါးတို့တည်း။ မင်းကြီး မင်းမျိုး ပုဏ္ဏားမျိုး ကုန်သည်မျိုး သူဆင်းရဲမျိုးအားဖြင့် ဤ အမျိုးလေးပါးတို့ သည် ဤကမ္မဋ္ဌာန်းစီးဖြန်းမှု အင်္ဂါငါးပါးတို့နှင့် ပြည့်စုံခဲ့မူ ဤအရာ၌ ထိုသူတို့အား ရှည်မြင့်စွာသော ကာလပတ်လုံးအစီးအပွါးဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား မင်းမျိုး ပုဏ္ဏားမျိုးကုန်သည်မျိုး သူဆင်းရဲမျိုး အားဖြင့် ဤအမျိုးလေးပါးတို့ သည် ဤကမ္မဋ္ဌာန်းစီးဖြန်းမှု အင်္ဂါငါးပါးတို့နှင့်ပြည့်စုံခဲ့မူ အသျှင်ဘုရား ဤအရာ၌ ဤသူတို့၏ အထူးသည် ရှိပါသလော၊ ခြားနားမှုသည် ရှိပါသလောဟု (လျှောက်၏)။ မင်ကြီး ဤအရာ၌ ထိုသူတို့၏ အားထုတ်မှု ထူးခြားသည်၏အဖြစ်ကို ငါ ဟော၏။ မင်းကြီး ဥပမာအားဖြင့် ကောင်းစွာဆုံးမပြီးသော ကောင်းစွာ ယဉ်ကျေးပြီးသော ဆင်နှစ်ကောင်၊ သို့မဟုတ် မြင်းနှစ်ကောင်၊ သို့မဟုတ် နွားနှစ်ကောင်တို့သည် ရှိကုန်ရာ၏။ မဆုံးမရသေးသောမယဉ်ကျေး သေးသော ဆင်နှစ်ကောင်၊ သို့မဟုတ် မြင်းနှစ်ကောင်၊ သို့မဟုတ် နွားနှစ်ကောင်တို့သည်ရှိကုန် ရာ၏။
--
မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ကောင်းစွာဆုံးမပြီးသော ကောင်းစွာယဉ်ကျေးပြီးသော ဆင်နှစ်ကောင်၊ သို့မဟုတ် မြင်းနှစ်ကောင်၊ သို့မဟုတ် နွားနှစ်ကောင်တို့သည် စင်စစ်အားဖြင့် ယဉ်ကျေးကုန်သည် ဖြစ်၍သာလျှင် ယဉ်ကျေးသောအပြုအမူသို့ ရောက်ကုန်ရာသည် မဟုတ်လော၊ ယဉ်ကျေးကုန်သည်ဖြစ်၍သာလျှင် ယဉ်ကျေးသော နေရာဌာနသို့ ရောက်ကုန်ရာသည်မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ရောက်ကုန်ရာ ပါ၏ဟု (လျှောက်၏)။ မဆုံးမရသေးသော မယဉ် ကျေးသေးသော ဆင်နှစ်ကောင်၊ သို့မဟုတ် မြင်းနှစ်ကောင်၊ သို့မဟုတ်နွားနှစ်ကောင်တို့သည် ကောင်း စွာဆုံးမပြီးသော ကောင်းစွာယဉ်ကျေးပြီးသော ဆင်နှစ်ကောင်၊ သို့မဟုတ် မြင်းနှစ်ကောင်၊ သို့မဟုတ် နွားနှစ်ကောင်တို့ကဲ့သို့ မယဉ်ကျေးကုန်ဘဲသာလျှင်ယဉ်ကျေးသော အပြုအမူသို့ ရောက်ကုန်ရာသလော၊ မယဉ်ကျေးကုန်ဘဲသာလျှင် ယဉ်ကျေးသောနေရာဌာနသို့ ရောက်ကုန်ရာ သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မရောက်နိုင်ပါဟု (လျှောက်၏)။ မင်းကြီး ဤအတူသာလျှင် ယုံကြည်မှု၊ အနာကင်းမှု၊ ဟန်မဆောင်မှု မလှည့်ပတ်မှု၊ ထက်သန်သော လုံ့လရှိမှု၊ ပညာနှင့်ပြည့်စုံမှု ရှိသူသည် ရောက်သင့်သော အရာဌာနသို့ မယုံကြည်မှု၊ အနာများမှု၊ ဟန်ဆောင်မှု လှည့်ပတ်မှု၊ ပျင်းရိမှု၊ ပညာကင်းမှု ရှိသူသည် ရောက်နိုင်ရမည်ဟူသော ဤအကြောင်းသည် မရှိနိုင်ဟု (မိန့်တော်မူ၏)။
၃၈၀။ အသျှင်ဘုရား မြတ်စွာဘုရားသည် အကြောင်းမှန်သဘောကို ဟောကြားတော်မူ၏၊ အသျှင်ဘုရား မြတ်စွာဘုရားသည် အကြောင်းခိုင်လုံသော သဘောကို ဟောကြားတော်မူ၏။ အသျှင်ဘုရားမင်းမျိုး ပုဏ္ဏားမျိုး ကုန်သည်မျိုး သူဆင်းရဲမျိုးအားဖြင့် ဤအမျိုးလေးပါးတို့ သည် ဤကမ္မဋ္ဌာန်းစီးဖြန်းမှု အင်္ဂါငါးပါးတို့နှင့် အကယ်၍ ပြည့်စုံခဲ့မူ ထိုအမျိုးလေးပါးတို့သည် အကယ်၍ ကောင်းစွာအားထုတ်မှုရှိခဲ့မူ ထိုသူတို့၏ ဤအရာ၌ အထူးရှိပါသေးသလော၊ ခြားနားမှုရှိပါသလောဟု (လျှောက်၏)။ မင်းကြီး ထိုသူတို့၏ ဤအရာ၌ မဂ်ဖိုလ်အချင်းချင်း တစ်စုံတစ်ခုသော ခြားနားမူကို ငါ မဟော။ မင်းကြီး ဥပမာအားဖြင့် ယောကျ်ားတစ်ယောက်သည် ကျွန်းသား ထင်းခြောက်ကို ယူ၍ မီးမွှေးရာ၏၊ တေဇော ဓာတ်ကို ပြုရာ၏၊ အခြားယောကျ်ားသည် အင်ကြင်းသားထင်း ခြောက်ကို ယူ၍ မီးမွှေးရာ၏၊ တေဇော ဓာတ်ကို ပြုရာ၏ အခြားယောကျ်ားသည် သရက်သားထင်းခြောက်ကို ယူ၍ မီးမွှေးရာ၏၊ တေဇောဓာတ် ကို ပြုရာ၏၊ အခြားယောကျ်ားသည် ရေသဖန်းသားထင်းခြောက်ကို ယူ၍ မီးမွှေးရာ၏၊ တေဇောဓာတ်ကို ပြုရာ၏။ မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ ထင်းအမျိုးမျိုးမှဖြစ်ကုန်သော ထိုမီးတို့၏ တစ်စုံတစ်ခု ခြားနားမှုသည် ရှိသေးသလော၊ မီးလျှံအချင်းချင်းအဆင်းအချင်းချင်း အရောင်အချင်းချင်း တစ်စုံတစ်ခုခြားနားမှုသည် ရှိသေးသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မရှိပါဟု (လျှောက်၏)။
မင်းကြီး ဤဥပမာအတူသာလျှင် လုံ့လဖြင့် မွှေနှောက်၍ ရအပ်သော, လုံ့လကြောင့်ဖြစ်သော တန်ခိုး၌မဂ်ဖိုလ် အချင်းချင်း တစ်စုံတစ်ခု ခြားနားမှုကို ငါ မဟောဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားမြတ်စွာဘုရားသည် အကြောင်းမှန်သဘောကို ဟောကြားတော်မူ၏၊ အသျှင်ဘုရား မြတ်စွာဘုရားသည်အကြောင်းခိုင်လုံသောစကားကို ဟောကြားတော်မူ၏။ အသျှင်ဘုရား နတ်တို့သည် ရှိကြပါကုန်၏လောဟု (လျှောက်၏)။ မင်းကြီး သင်သည် အဘယ့်ကြောင့် နတ်တို့သည် ရှိကြပါကုန်၏လောဟု ဤသို့မေးလျှောက်ဘိသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား ထိုနတ်တို့သည် ပဋိသန္ဓေအားဖြင့် ဤလူ့ပြည်သို့ လာရောက်ကြပါကုန်သေးသလော၊ သို့မဟုတ် ပဋိသန္ဓေအားဖြင့် ဤလူ့ပြည်သို့ မလာရောက်ကြကုန်ဘဲ ရှိပါကုန်သလောဟု (လျှောက်၏)။ မင်းကြီး စေတသိက ဒုက္ခရှိကြကုန်သော နတ်တို့သည် ဤလူ့ပြည်သို့ ပဋိသန္ဓေအားဖြင့် ကပ်ရောက်လာနိုင်ကုန်၏။ စေတသိကဒုက္ခ မရှိကြကုန်သော နတ်တို့သည်ဤလူ့ပြည်သို့ ပဋိသန္ဓေအားဖြင့် ကပ်ရောက် မလာကြကုန်ဟု (မိန့်တော်မူ၏)။
၃၈၁။ ဤသို့ မိန့်တော်မူသော် ဝိဋဋူဘစစ်သူကြီးသည် မြတ်စွာဘုရားကို “အသျှင်ဘုရားစေတသိကဒုက္ခ ရှိကြသေးသဖြင့် ဤလူ့ပြည်သို့ ပဋိသန္ဓေအားဖြင့် ကပ်ရောက်လာနိုင်ကုန်သော နတ်တို့သည် စေတသိကဒုက္ခ မရှိကြသဖြင့် ဤလူ့ပြည်သို့ ပဋိသန္ဓေအားဖြင့် မလာနိုင်ကြကုန်သော နတ်တို့ကိုနေရာမှ ရွေ့စေနိုင်ကုန်သလော၊ နှင်ထုတ်မူလည်း နှင်ထုတ်နိုင်ကြကုန်သလော”ဟု လျှောက်၏။
--
ထိုအခါ အသျှင်အာနန္ဒာအား “ဝိဋဋူဘစစ်သူကြီးသည် ပသေနဒိကောသလမင်းကြီး၏ သားတော်တည်း၊ ငါလည်း မြတ်စွာဘုရား၏ သားတော်တည်း၊ ဤအခါကား သားတော်အချင်းချင်း တိုင်ပင်ရမည့်အချိန်အခါတည်း”ဟု အကြံဖြစ်၏။ ထိုအခါ အသျှင်အာနန္ဒာသည် ဝိဋဋူဘစစ်သူကြီးကို “စစ်သူကြီး ဤအရာ၌ သင့်ကိုသာလျှင် ငါပြန်၍မေးအံ့၊ သင်နှစ်သက်သည့်အတိုင်း ထိုပြဿနာကို ဖြေကြားလော့၊ စစ်သူကြီး ဤအရာ၌ အဘယ်သို့ မှတ်ထင်သနည်း၊ ပသေနဒိကောသလမင်းကြီး စိုးမိုးအုပ်ချုပ် မင်းလုပ်ရာ နိုင်ငံတော်၌ ပသေနဒိကောသလမင်းကြီးသည် ရဟန်းကိုလည်းကောင်း၊ ပုဏ္ဏားကိုလည်းကောင်း၊ ဘုန်းရှိသောသူကိုလည်းကောင်း၊ ဘုန်းမဲ့သောသူကိုလည်းကောင်း၊ မြတ်သော အကျင့်ရှိသူကိုလည်းကောင်း၊ မြတ်သောအကျင့် မရှိသူကိုလည်းကောင်း ထိုတိုင်းပြည်မှ ရွေ့လျောနှင်ထုတ်ရန် စွမ်းနိုင်ရာသည် မဟုတ်လော”ဟု (မေး၏)။ အသျှင်ပသေနဒိကောသလမင်းကြီး စိုးမိုးအုပ်ချုပ်မင်းလုပ်ရာ နိုင်ငံတော်၌့ပသေနဒိကောသလမင်းကြီးသည် ရဟန်းကိုလည်းကောင်း၊ ပုဏ္ဏားကိုလည်းကောင်း၊ ဘုန်းရှိသောသူကိုလည်းကောင်း၊ ဘုန်းမဲ့သောသူကိုလည်းကောင်း၊ မြတ်သောအကျင့် ရှိသူကိုလည်းကောင်း၊ မြတ်သောအကျင့်မရှိသူကိုလည်းကောင်း ထိုတိုင်းပြည်မှ ရွေ့လျောနှင်ထုတ်ရန် စွမ်းနိုင်ပါ၏ဟု (လျှောက်၏)။
စစ်သူကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ပသေနဒိကောသလမင်းကြီး စိုးမိုးအုပ်ချုပ်မင်းမလုပ်ရာ တိုင်းနိုင်ငံ၌ ပသေနဒိကောသလမင်းကြီးသည် ရဟန်းကိုလည်းကောင်း၊ ပုဏ္ဏားကိုလည်းကောင်း၊ ဘုန်းရှိသူကိုလည်းကောင်း၊ ဘုန်းမဲ့သူကိုလည်းကောင်း၊ မြတ်သောအကျင့် ရှိသူကိုလည်းကောင်း၊ မြတ်သောအကျင့် မရှိသူကိုလည်းကောင်း တိုင်းပြည်မှ ရွေ့လျောနှင်ထုတ်ရန် စွမ်းနိုင်ပါအံ့လောဟု (မေး၏)။ အသျှင်ပသေနဒိကောသလမင်းကြီး စိုးမိုးအုပ်ချုပ်မင်းမလုပ်ရာ တိုင်းနိုင်ငံ၌ ပသေနဒိကောသလမင်းကြီးသည် ရဟန်းကိုလည်းကောင်း၊ ပုဏ္ဏားကိုလည်းကောင်း၊ ဘုန်းရှိသူကိုလည်းကောင်း၊ ဘုန်းမဲ့သူကိုလည်းကောင်း၊ မြတ်သော အကျင့်ရှိသူကိုလည်းကောင်း၊ မြတ်သောအကျင့် မရှိသူကိုလည်းကောင်းထိုတိုင်း နိုင်ငံမှ ရွေ့လျောနှင်ထုတ်ရန် မစွမ်းနိုင်ပါဟု (လျှောက်၏)။
စစ်သူကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ သင်သည် တာဝတိံသာနတ်တို့ကို ကြားဖူးပါ၏လောဟု (မေး၏)။ အသျှင် မှန်ပါ၏၊ တာဝတိံသာနတ်တို့ကို အကျွန်ုပ်ကြားဖူးပါ၏၊ အသျှင် ဤအရာ၌ ပသေနဒိ ကောသလမင်းကြီးသည်လည်း တာဝတိံသာနတ်တို့ကို ကြားဖူးပါ၏ဟု (လျှောက်၏)။ စစ်သူကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ပသေနဒိကောသလမင်းကြီးသည်လည်း တာဝတိံသာနတ်တို့ကို ထိုနေရာမှ ရွေ့လျောနှင်ထုတ်ရန် စွမ်းနိုင်ပါသလောဟု (မေး၏)။ အသျှင်ဘုရားပသေနဒိကောသလမင်းကြီးသည် တာဝတိံ သာနတ်တို့ကို မြင်ခြင်းကိုမျှလည်း မစွမ်းနိုင်၊ ထိုနေရာမှ ရွေ့လျောစေ နှင်ထုတ်စေရန် အဘယ်မှာ စွမ်းနိုင်ပါအံ့နည်းဟု (လျှောက်၏)။ စစ်သူကြီး ဤအတူသာလျှင်စေတသိကဒုက္ခရှိကြသေးသဖြင့် ဤလူ့ပြည်သို့ ပဋိသန္ဓေအားဖြင့် ကပ်ရောက်လာနိုင်ကုန်သော နတ်တို့သည် စေတသိကဒုက္ခမရှိကြသဖြင့် ဤလူ့ပြည်သို့ ပဋိသန္ဓေအားဖြင့် ကပ်ရောက်မလာကုန်သော နတ်တို့ကို မြင်ခြင်းငှါသော်လည်း မစွမ်းနိုင်ကြကုန်၊ အဘယ်မှာလျှင် ထိုတည်ရာဌာနမှ ရွေ့လျောမူလည်း ရွေ့လျောစေနိုင်ကုန်အံ့နည်း၊ နှင်ထုတ်မူလည်း နှင်ထုတ်နိုင်ပါကုန်အံ့နည်းဟု (မိန့်ဆို၏)။
၃၈၂။ ထိုအခါ ပသေနဒိကောသလမင်းကြီးသည် မြတ်စွာဘုရားကို “အသျှင်ဘုရား ဤရဟန်းသည်အဘယ်အမည်ရှိပါသနည်း”ဟု လျှောက်၏။ မင်းကြီး အာနန္ဒာ အမည်ရှိပေ၏ဟု (မိန့်တော်မူ၏)။ အချင်းတို့ နှစ်သက်ဖွယ် ရှိပေစွတကား၊ အချင်းတို့ နှစ်သက်ဖွယ် ရှိပေစွတကား။ အသျှင်ဘုရား အသျှင်အာနန္ဒာသည် အကြောင်းမှန်သော သဘောကို ဆိုပေ၏၊ အသျှင်ဘုရား အသျှင်အာနန္ဒာသည် အကြောင်းခိုင်လုံသော သဘောကို ဆိုပေ၏။ အသျှင်ဘုရား ဗြဟ္မာတို့သည် ရှိပါကုန်သလောဟု (လျှောက်၏)။
--
မင်းကြီး သင်သည် အဘယ့်ကြောင့် “အသျှင်ဘုရား ဗြဟ္မာတို့သည် ရှိပါကုန်သလော”ဟု ဤသို့ဆိုဘိသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား ထိုဗြဟ္မာသည် ပဋိသန္ဓေအားဖြင့် ဤလူ့ပြည်သို့ လာရောက်ပါသေးသလော၊ သို့မဟုတ် ဤလူ့ပြည်သို့ မလာရောက်ဘဲ ရှိပါသလောဟု (လျှောက်၏)။ မင်းကြီး စေတသိက ဒုက္ခရှိသော ဗြဟ္မာသည် ဤလူ့ပြည်သို့ ပဋိသန္ဓေတည်နေသောအားဖြင့်ကပ်ရောက်လာနိုင်၏၊ စေတသိကဒုက္ခ မရှိသော ဗြဟ္မာသည် ဤလူ့ပြည်သို့ ပဋိသန္ဓေအားဖြင့်ကပ်ရောက်မလာနိုင်ဟု (မိန့်တော်မူ၏)။
ထိုအခါ တစ်ယောက်သော မင်းချင်းသည် ပသေနဒိကောသလမင်းကြီးကို “မင်းကြီး အာကာသအနွယ်ဖြစ်သော သဉ္ဇယပုဏ္ဏားသည် ရောက်လာပါပြီ”ဟု သံတော်ဦးတင်၏။ ထိုအခါ ပသေနဒီကောသလမင်းကြီးသည် အာကာသအနွယ်ဖြစ်သော သဉ္စယပုဏ္ဏားကို “ပုဏ္ဏား အဘယ်သူသည် ဤစကားကို မင်း၏နန်းတော်တွင်း၌ ပြောဆိုပါသနည်း”ဟု မေး၏၊ မင်းကြီး ဝိဋဋူဘစစ်သူကြီးပါတည်းဟု (သံတော်ဦးတင်၏)။ ဝိဋဋူဘစစ်သူကြီးသည် “မင်းကြီး အာကာသအနွယ်ဖြစ်သော သဉ္စယပုဏ္ဏားပါတည်း”ဟု့ (သံတော်ဦးတင်၏)။ ထိုအခါ တစ်ယောက်သော မင်းချင်းယောကျ်ားသည် ပသေနဒိကောသလမင်းကြီးကို"မင်းကြီး သွားအံ့သောအခါ တိုင်ပါပြီ”ဟု သံတော်ဦးတင်၏။
ထိုအခါ ပသေနဒိကောသလမင်းကြီးသည် မြတ်စွာဘုရားကို “အသျှင်ဘုရား အကျွန်ုပ်တို့သည်မြတ်စွာဘုရားကို သဗ္ဗညုတဉာဏ်အကြောင်းကို မေးလျှောက်ပါကုန်၏၊ မြတ်စွာဘုရားသည်သဗ္ဗညုတဉာဏ် အကြောင်းကို ဖြေကြားတော်မူပါ၏။ ထိုဖြေကြားတော်မူချက်ကိုလည်း အကျွန်ုပ်တို့သည်သဘောလည်း ကျပါ၏၊ နှစ်လည်း နှစ်သက်ပါ၏၊ ထိုအဖြေဖြင့်လည်း နှစ်လိုသောစိတ်ရှိကြပါကုန်၏။ အသျှင်ဘုရား အကျွန်ုပ်တို့သည် မြတ်စွာဘုရားကို အမျိုးလေးပါးတို့၏ စင်ကြယ်ခြင်းကိုမေးလျှောက်ပါကုန်၏၊ မြတ်စွာ ဘုရားသည် အမျိုးလေးပါးတို့၏ စင်ကြယ်ခြင်းကိုလည်းဖြေကြားတော်မူပါ၏။ ထိုဖြေကြားချက်ကိုလည်း အကျွန်ုပ်တို့သည် သဘောလည်းကျပါ၏၊ နှစ်လည်းနှစ်သက်ပါ၏၊ ထိုဖြေကြားတော်မူချက်ဖြင့်လည်း နှစ်လို သောစိတ်ရှိကြပါကုန်၏။ အသျှင်ဘုရားအကျွန်ုပ်တို့သည် မြတ်စွာဘုရားကို လွန်မြတ်သော နတ်တို့ကို မေးလျှောက်ပါကုန်၏၊ မြတ်စွာဘုရားသည်လွန်မြတ်သော နတ်တို့ကို ဖြေကြားတော်မူပါ၏။ ထိုဖြေကြား တော်မူချက်ကိုလည်း အကျွန်ုပ်တို့သည်သဘောလည်းကျပါ၏၊ နှစ်လည်း နှစ်သက်ပါ၏၊ ထိုဖြေကြား တော်မူချက်ဖြင့်လည်းနှစ်လိုသောစိတ်ရှိကြပါကုန်၏။ အသျှင်ဘုရား အကျွန်ုပ်တို့သည် မြတ်စွာဘုရားကို လွန်မြတ်သောဗြဟ္မာကို မေးလျှောက်ပါကုန်၏၊ မြတ်စွာဘုရားသည် လွန်မြတ်သော ဗြဟ္မာကို ဖြေကြား တော်မူပါ၏။ ထိုဖြေကြားတော်မူချက်ကိုလည်း အကျွန်ုပ်တို့သည် သဘောလည်းကျပါ၏၊ နှစ်လည်း နှစ်သက်ပါ၏၊ ထိုဖြေကြားတော်မူချက်ဖြင့်လည်း နှစ်လိုသောစိတ်ရှိကြပါကုန်၏။
အကျွန်ုပ်တို့သည် မြတ်စွာဘုရားအား မေးလျှောက်တိုင်းသော ပြဿနာကို မြတ်စွာဘုရားသည်ဖြေကြားတော်မူ၏၊ ထိုဖြေကြားတော်မူချက်ကိုလည်း အကျွန်ုပ်တို့သည် သဘောလည်းကျပါ၏၊ နှစ်လည်းနှစ်သက်ပါ၏၊ ထိုဖြေကြားတော်မူချက်ဖြင့်လည်း နှစ်လိုသော စိတ်ရှိကြပါကုန်၏။ အသျှင်ဘုရား အကျွန်ုပ်တို့သည် ယခုအခါ သွားကြပါကုန်အံ့၊ အကျွန်ုပ်တို့သည် များသောကိစ္စ များသော ပြုဖွယ်ရှိကြပါကုန်၏”ဟု လျှောက်၏။ မင်းကြီး ယခု သွားရန် အချိန်ကို သင် သိ၏ (သွားရန်မှာ သင်၏ အလိုအတိုင်းပင်ဖြစ်၏)ဟု (မိန့်တော်မူ၏)။ ထိုအခါ ပသေနဒိကောသလမင်းသည် မြတ်စွာဘုရား၏ တရားတော်ကိုအလွန် နှစ်သက်ဝမ်းမြောက်၍ နေရာမှ ထပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေပြုကာ ဖဲသွားလေသတည်း။
ဆယ်ခုမြောက် ကဏ္ဏကတ္ထလသုတ် ပြီး၏။
လေးခုမြောက် ရာဇဝဂ် ပြီး၏။
--
၅-ဗြာဟ္မဏဝဂ်
၁-ဗြဟ္မာယုသုတ်
၃၈၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် -
အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ငါးရာမျှလောက်သော ရဟန်းသံဃာနှင့် အတူဝိဒေဟတိုင်း၌ ဒေသစာရီ ကြွချီတော်မူ၏။ ထိုအခါ ရက်ချုပ်အားဖြင့် အသက်တစ်ရာ့နှစ်ဆယ်ရှိ၍အိုမင်းကြီးမြင့် အရွယ်ရင့်ကာ ဆင့်ဆင့်လွန်မြောက် နောက်ဆုံးအရွယ်သို့ရောက်သော ဗြဟ္မာယုပုဏ္ဏားသည်မိထိလာပြည်၌ နေ၏၊ နိဃဏ္ဍု ‘အဘိဓာန်’ ကျမ်း ကေဋုဘ ‘အလင်္ကာ’ ကျမ်း အက္ခရပ္ပဘေဒ'သဒ္ဒါ’ ကျမ်း ငါးခုမြောက် ဣတိဟာသကျမ်း၁နှင့်တကွ ဗေဒင်သုံးပုံတို့၏ ကမ်းတစ်ဖက်သို့ ရောက်၏၊ ပဒကျမ်း၂ကို တတ်၏၊ ဗျာကရုဏ်းကျမ်း၃ကို တတ်၏၊ လောကာယတကျမ်း၄ မဟာပုရိသလက္ခဏာကျမ်း တို့၌ အကြွင်းမဲ့ တတ်မြောက်၏၊ ထိုဗြဟ္မာယုပုဏ္ဏားသည် ဤသို့ကြားသိလေ၏ -"အချင်းတို့ သာကီဝင် မင်းမျိုးမှ ရဟန်းပြုသော သာကီဝင်မင်းသားရဟန်းဂေါတမသည် ငါးရာမျှလောက်သော ရဟန်းသံဃာ နှင့်အတူ ဒေသစာရီ ကြွချီတော်မူရာဝိဒေဟတိုင်းသို့ ရောက်လာသတတ်၊ အသျှင်ဂေါတမ၏ ကောင်းသော ကျော်စောသတင်းသည် ဤသို့ပြန့်နံှ့၍ ထွက်၏ -'ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက် သော အကြောင်းကြောင့်လည်း'အရဟံ’ မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသောအကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ'နှင့်ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’ မည်တော်မူ၏၊ ကောင်း သောစကားကိုဆိုတော်မူတတ်သော အကြောင့်ကြောင့်လည်း ‘သုဂတ’ မည်တော်မူ၏၊ လောကကို သိတော်မူသောအကြောင်းကြောင့်လည်း ‘လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ’ မည်တော်မူ၏၊ နတ်လူတို့၏ဆရာဖြစ်တော်မူသော အကြောင့်ကြောင့်လည်း ‘သတ္ထာဒေဝမနုဿာနံ’ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူ၏’ဟု (ပြန့်နှံ့၍ ထွက်၏)။
ထိုမြတ်စွာဘုရားသည် နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏဗြဟ္မဏ မင်းများလူများ နှင်တကွသော လူ့လောကကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက် ပြုလျက်ဟောကြားတော်မူ၏၊ ထိုမြတ်စွာဘုရားသည် အစ၏ ကောင်းခြင်း အလယ်၏ ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သောအကျင့်ကို ပြတော်မူ၏၊ ထိုသို့သဘောရှိကုန်သော ရဟန္တာ (ပုဂ္ဂိုလ်) တို့ကို ဖူးမြော်ရခြင်းသည် ကောင်းသည်သာတည်း”ဟု (ကြားသိလေ၏)။
၃၈၄။ ထိုစဉ်အခါ၌ ဗြဟ္မာယုပုဏ္ဏား၏ တပည့်ဖြစ်သော ဥတ္တရလုလင်သည် ရှိ၏၊ ထိုလုလင်သည်နိဃဏ္ဍု ‘အဘိဓာန်’ ကျမ်း ကေဋုဘ ‘အလင်္ကာ’ ကျမ်း အက္ခရပ္ပဘေဒ ‘သဒ္ဒါ’ ကျမ်း ငါးခုမြောက်ဣတိဟာသကျမ်းနှင့်တကွ ဗေဒင်သုံးပုံတို့၏ ကမ်းတစ်ဖက်သို့ ရောက်၏၊ ပဒကျမ်း ကို တတ်၏၊ ဗျာကရုဏ်းကျမ်းကို တတ်၏၊ လောကာယတကျမ်း မဟာပုရိသလက္ခဏာကျမ်းတို့၌ အကြွင်းမဲ့ တတ်မြောက်၏၊ ထိုဗြဟ္မာယုပုဏ္ဏားသည် ဥတ္တရလုလင်ကို ဤသို့ ပြော၏ - “ချစ်သားဥတ္တရ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသော သာကီဝင်မင်းသား ဤရဟန်း ဂေါတမသည် များစွာသော ငါးရာမျှသော ရဟန်းသံဃာနှင့်တကွ ဝိဒေဟတိုင်း၌ ဒေသစာရီ ကြွချီတော်မူလာ၏၊ ထိုအသျှင်ဂေါတမ၏ ကောင်းသောကျော်စောသတင်းသည် ဤသို့ ပျံ့နံှ့၍ ထွက်၏ - ‘ထို မြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း ‘အရဟံ’ မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့် လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏။ပ။ ထိုသို့သဘောရှိကုန်သော ရဟန္တာတို့ကို ဖူးမြော်ရခြင်းသည် ကောင်းသည်သာတည်း”ဟု (ကြားသိရ၏)။
--
“ချစ်သားဥတ္တရ လာလော့၊ သင်သည် ရဟန်းဂေါတမထံသို့ ချဉ်းကပ်ပြီးလျှင် ရဟန်းဂေါတမ၏ကျော်စောသတင်းသည် အမှန်အတိုင်း ပျံ့နှံ့၍ ထွက်သလော၊ အမှန်အတိုင်းမဟုတ်ဘဲ ပျံ့နှံ့၍ ထွက်သလော၊ ထိုအသျှင်ဂေါတမသည် ကျော်စောသည့်အတိုင်း မှန်သလော၊ မမှန်သလောဟု ငါတို့ သိနိုင်ရန်အလို့ငှါ ရဟန်းဂေါတမကို သိအောင် စုံစမ်းချေလော့”ဟု ဆို၏။ အသျှင် “ထိုအသျှင်ဂေါတမ၏ကျော်စော သတင်းသည် အမှန်အတိုင်း ပျံ့နှံ့၍ ထွက်သလော၊ အမှန်အတိုင်း မဟုတ်ဘဲ ပျံ့နှံ့၍ထွက်သလော၊ ထိုအသျှင်ဂေါတမသည် ကျော်စောသည့်အတိုင်း မှန်သလော၊ မမှန်သလောဟုအကျွန်ုပ်သည် ထိုအသျှင် ဂေါတမကို အဘယ်သို့လျှင် သိအောင် စုံစမ်းရပါအံ့ နည်း”ဟု (မေး၏)။
ချစ်သားဥတ္တရ ငါတို့၏ ဝေဒကျမ်းတို့၌ သုံးဆယ့်နှစ်ပါးသော ယောကျ်ားမြတ်လက္ခဏာ တို့သည့်လာကုန်၏၊ ယင်းလက္ခဏာတို့နှင့် ပြည့်စုံသော ယောကျ်ားမြတ်အား နှစ်မျိုးသော အဖြစ်တို့သာလျှင်ရှိကုန်၏၊ အခြားသော အဖြစ်မရှိကုန်။ ထိုယောကျ်ားမြတ်သည် အကယ်၍ လူ့ဘောင်၌ နေငြားအံ့၊ တရားစောင့်သော တရားနှင့်အညီ မင်းပြုသော သမုဒ္ဒရာလေးစင်း အပိုင်းအခြားရှိသည့် လေးကျွန်းလုံးကိုအစိုးရသော ရန်အပေါင်းကို အောင်သော တိုင်းနိုင်ငံကို တည်ငြိမ်စေသော ရတနာခုနစ်ပါးနှင့် ပြည့်စုံသောစကြဝတေးမင်းဖြစ်၏၊ ထိုစကြဝတေးမင်းအား ဤရတနာခုနစ်ပါးတို့သည် ဖြစ်ကုန်၏။ ဤသည်တို့ကားအဘယ်နည်း၊ စကြာရတနာ ဆင်ရတနာ မြင်းရတနာ ပတ္တမြားရတနာ မိန်းမရတနာ သူကြွယ်ရတနာခုနစ်ခုမြောက်သော သားကြီးရတနာ တို့တည်း။ ထိုစကြဝတေးမင်း၌ ရဲရင့်ကုန်သော သူရဲကောင်းအင်္ဂရုပ် ရှိကုန်သော တစ်ဖက် စစ်သည်တို့ကို နှိမ်နင်းနိုင်ကုန်သော အထောင်မကသောသားတော်တို့သည် ရှိကုန် ၏၊ ထို စကြဝတေးမင်းသည် သမုဒ္ဒရာအဆုံးရှိသော ဤမြေကို ဒဏ်မခတ်မူ၍မသတ်ဖြတ်မူ၍ တရား သဖြင့် အောင်မြင်လျက် အုပ်စိုး၏။ အကယ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်ငြားအံ့၊ ပူဇော် အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော လောက၌ ကိလေသာ အပိတ်အဖုံးကို ဖွင့်လှစ်နိုင်သော ဘုရားဖြစ်၏။ ချစ်သားဥတ္တရငါသည် သင့်အား ဝေဒကျမ်းတို့ကို သင်ကြားပေးပြီး မဟုတ်လော၊ သင်သည် ဝေဒကျမ်းတို့ကို သင်ကြားခံယူပြီး မဟုတ် လောဟု (ပြောကြား၏)။
၃၈၅။ “အသျှင် ကောင်းပါပြီ”ဟု ဥတ္တရလုလင်သည် ဗြဟ္မာယုပုဏ္ဏားအား ဝန်ခံပြီးလျှင် နေရာမှ ထ၍ဗြဟ္မာယုပုဏ္ဏားကို ရှိခိုးလျက် အရိုအသေပြုကာ ဝိဒေဟတိုင်း မြတ်စွာဘုရားရှိရာသို့ ဖဲသွားလေ၏၊ အစဉ်အတိုင်း ဖဲသွားပြီးလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၏၊ မြတ်စွာဘုရားထံ သို့ ချဉ်းကပ်ပြီးလျှင်မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော ဥတ္တရလုလင်သည်မြတ်စွာဘုရား၏ ကိုယ်တော်၌ သုံးဆယ့် နှစ်ပါးသော ယောကျ်ားမြတ်လက္ခဏာတို့ကို ကြည့်ရှုရှာဖွေ၏။ မြတ်စွာဘုရားကိုယ်တော်၌ သုံးဆယ့်နှစ်ပါးသော ယောကျ်ားမြတ်လက္ခဏာတို့ကို များသောအားဖြင့်မြင်၏၊ နှစ်ပါးတို့ကိုကား မမြင်၊ အအိမ်ဖြင့် ဖုံးလွှမ်းသော ပုရိသနိမိတ်၌လည်းကောင်း၊ ရှည်ပြန့်သောလျှာတော် ၌လည်းကောင်း ဤမမြင်ရသော ယောကျ်ားမြတ်လက္ခဏာ နှစ်ပါးတို့၌ ယုံမှား၏၊ တွေးတောယုံမှား၏၊ မဆုံးဖြတ်နိုင်၊ မယုံကြည်နိုင်။ ထိုအခါ မြတ်စွာဘုရားအား ဤသို့အကြံဖြစ်၏ - “ဤ ဥတ္တရလုလင်သည် ငါ၏ သုံးဆယ့်နှစ်ပါးသော ယောကျ်ားမြတ် လက္ခဏာတို့ကိုများသောအားဖြင့် မြင်၏၊ နှစ်ပါးတို့ကိုကား မမြင်၊ အအိမ်ဖြင့်ဖုံးလွှမ်းသော ပုရိသနိမိတ်၌လည်းကောင်း၊ ရှည်ပြန့် သော လျှာတော်၌လည်းကောင်း ဤမမြင်ရသော ယောကျ်ားမြတ်လက္ခဏာနှစ်ပါးတို့၌ ယုံမှား၏၊ တွေးတောယုံမှား၏၊ မဆုံးဖြတ်နိုင်၊ မယုံ ကြည်နိုင်။ ငါသည် တန်ခိုးဖန်ဆင်းပြရမူ ကောင်းလေစွ”ဟု (အကြံဖြစ်၏)။
--
ထိုအခါ မြတ်စွာဘုရားသည် အအိမ်ဖြင့် ဖုံးလွှမ်းသော ပုရိသနိမိတ်ကို ဥတ္တရလုလင်မြင်နိုင်ရန် တန်ခိုးဖန်ဆင်းတော်မူ၏၊ ထို့နောက် မြတ်စွာဘုရားသည် လျှာတော်ကို ထုတ်၍ နားတွင်းနှစ်ဖက်တို့ကို လည်းအပြန်အလှန် သုံးသပ်တော်မူ၏၊ နှာခေါင်းပေါက် နှစ်ခုတို့ကိုလည်း အပြန်အလှန် သုံးသပ်တော်မူ ၏၊ အလုံးစုံသော နဖူးပြင်ကိုလည်း လျှာဖြင့် ဖုံးအုပ်တော်မူ၏။ ထိုအခါ ဥတ္တရလုလင်အား ဤသို့သောအကြံဖြစ်၏ - “ရဟန်းဂေါတမသည် သုံးဆယ့်နှစ်ပါးသော ယောကျ်ားမြတ်လက္ခဏာတို့နှင့် ပြည့်စုံသည်သာတည်း၊ ငါသည် အကယ်၍ ရဟန်းဂေါတမ နောက်သို့ အစဉ်လိုက်ရမူ ထိုရဟန်းဂေါတမ၏ဣရိယာပုထ်ကို မြင်ရာ၏”ဟု (အကြံဖြစ်၏)။ ထို့နောက် ဥတ္တရလုလင်သည် ခုနစ်လပတ်လုံး အစဉ်လိုက်သော အရိပ်ကဲ့သို့ မြတ်စွာဘုရား၏ နောက်သို့ အစဉ်လိုက်လေ၏။
၃၈၆။ ခုနစ်လလွန်သောအခါ ဥတ္တရလုလင်သည် ဝိဒေဟတိုင်း မိထိလာပြည်သို့ ဖဲသွား၏၊ အစဉ့်အတိုင်း လှည့်လည်၍ မိထိလာပြည် ဗြဟ္မာယုပုဏ္ဏား၏ အထံသို့ ချဉ်းကပ်၍ ဗြဟ္မာယု ပုဏ္ဏားအားရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ထိုင်နေ၏၊ ထိုင်နေသော ဥတ္တရလုလင်ကို ဗြဟ္မာယုပုဏ္ဏား သည် “ချစ်သားဥတ္တရ ထိုအသျှင်ဂေါတမ၏ ကျော်စောသတင်းသည် အမှန်အတိုင်း ပျံ့နံှ့၍ ထွက်သလော၊ အမှန်အတိုင်းမဟုတ်ဘဲ ပျံ့နှံ့၍ ထွက်သလော၊ ထိုအသျှင်ဂေါတမသည် ကျော်စော သည့်အတိုင်း မှန်သလော၊ မမှန်သလော”ဟု (မေး၏)။ အသျှင် ထိုအသျှင် ဂေါတမ၏ ကျော်စော သတင်းသည် အမှန်အတိုင်းပျံ့နှံ့၍ ထွက်ပါ၏၊ အမှန်အတိုင်းမဟုတ်ဘဲ ပျံ့နှံ့၍ ထွက်သည် မဟုတ်ပါ၊ ထိုအသျှင်ဂေါတမသည်ကျော်စော သည့်အတိုင်းပင် မှန်ပါ၏၊ မမှန်သည် မဟုတ်ပါ။ အသျှင် ထိုအသျှင် ဂေါတမသည်သုံးဆယ့်နှစ်ပါးသော ယောကျ်ားမြတ်လက္ခဏာတို့နှင့်လည်း ပြည့်စုံပါ၏ဟု (ပြောဆို၏)။
ထိုအသျှင်ဂေါတမသည် အညီအညွတ် ကောင်းစွာထိသော ခြေဖဝါးရှိ၏။ ဤအညီအညွတ် ကောင်းစွာထိသော ခြေဖဝါးရှိခြင်းသည်လည်း ထိုအသျှင်ဂေါတမ၏ မဟာပုရိသလက္ခဏာ ဖြစ်၏။ (၁)
ထိုအသျှင်ဂေါတမ၏ အောက်ခြေဖဝါးပြင်တို့၌ အကန့်တစ်ထောင် အကွပ်ပုံတောင်းတို့နှင့် တကွသောအလုံးစုံသောအခြင်းအရာနှင့် ပြည့်စုံသော စက်တို့သည် ဖြစ်ကုန်၏။ (၂)
ထိုအသျှင်ဂေါတမသည် ရှည်သော ဖနောင့်ရှိ၏။ (၃)
ထိုအသျှင်ဂေါတမသည် ရှည်သော လက်ချောင်း ခြေချောင်း ရှိ၏။ (၄)
ထိုအသျှင်ဂေါတမသည် နူးညံ့သိမ်မွေ့သော လက်ဖဝါး ခြေဖဝါး ရှိ၏။ (၅)
ထိုအသျှင်ဂေါတမသည် လေသွန်တံခါး၌စီထားသော ရွှေပွတ်လုံးကဲ့သို့ ညီညွတ်သော လက်ခြေ ရှိ၏။ (၆)
ထိုအသျှင်ဂေါတမသည် (ဖမိုးမှသည် လေးသစ်တက်၍ အထက်၌ တည်သော) မြင့်သော ဖမျက် ရှိ၏။ (၇)
ထိုအသျှင်ဂေါတမသည် ဧဏီသား၏ မြင်းခေါင်းနှင့်တူသော ပြည့်ဖြိုးသော မြင်းခေါင်းရှိ၏။ (၈)
ထိုအသျှင်ဂေါတမသည် ရပ်လျက်သာလျှင် မကိုင်းညွတ်ဘဲ နှစ်ဖက်သော လက်ဝါးအပြင်တို့ဖြင့် ပုဆစ်ဒူးတို့ကို သုံးသပ်ဆုပ်နယ်နိုင်၏။ (၉)
ထိုအသျှင်ဂေါတမသည် အအိမ်ဖြင့် ဖုံးလွှမ်းသော အင်္ဂါဇာတ် ရှိ၏။ (၁၀)
ထိုအသျှင်ဂေါတမသည် ရွှေစင် (ရုပ်) နှင့် တူသော အဆင်းရှိ၏၊ ရွှေအဆင်းနှင့်တူသော အရေရှိ၏။ (၁၁)
ထိုအသျှင်ဂေါတမသည် သိမ်မွေ့သော အရေရှိ၏၊ အရေသိမ်မွေ့သောကြောင့် ကိုယ်၌ မြူအညစ်အကြေး မလိမ်းကျံ မကပ်ငြိ။ (၁၂)
--
ထိုအသျှင်ဂေါတမသည် (မွေးညင်းပေါက်တို့၌) တစ်ချောင်းစီ တစ်ချောင်းစီ ပေါက်သော မွေးညှင်း ရှိ၏၊ မွေးညင်းပေါက် တစ်ခုတစ်ခု၌ တစ်ချောင်း တစ်ချောင်းစီသော မွေးညင်းရှိကုန်၏။ (၁၃)
ထိုအသျှင်ဂေါတမသည် အထက်သို့ ကော့တက်သော မွေးညင်းရှိ၏၊ အထက်သို့ ကော့တက်ကုန် သောမွေးညင်းတို့သည် ညိုကုန်၏၊ မျက်စဉ်းညို အဆင်းရှိကုန်၏၊ ရစ်ပတ်၍ လည်ကုန်၏၊ လကျ်ာရစ် လည်၍တည်ကုန်၏၊ (၁၄)
ထိုအသျှင်ဂေါတမသည် ဗြဟ္မာ့ကိုယ်နှင့်တူသော ဖြောင့်မတ်သော ကိုယ်ရှိ၏။ (၁၅)
ထိုအသျှင်ဂေါတမသည် အရပ်ခုနစ်ပါး၌ ပြည့်ဖြိုးသော အသားရှိ၏။ (၁၆)
ထိုအသျှင်ဂေါတမသည် (ကေသရာ) ခြင်္သေ့မင်း၏ ရှေ့ထက်ဝက်ကိုယ်နှင့်တူသော ကိုယ်ရှိ၏။ (၁၇)
ထိုအသျှင်ဂေါတမသည် ပခုံးစွန်းနှစ်ဖက်အတွင်း၌ ပြည့်ဖြိုးသော အသားရှိ၏။ (၁၈)
ထိုအသျှင်ဂေါတမသည် ပညောင်ပင်အဝန်းကဲ့သို့ ဝန်းသောကိုယ်ရှိ၏၊ ထိုအသျှင်ဂေါတမ၏ ကိုယ်သည်အရပ်ရှိသလောက် အလံရှိ၏၊ အလံရှိသလောက် အရပ်ရှိ၏။ (၁၉)
ထိုအသျှင်ဂေါတမသည် ညီညွတ်စွာ လုံးသော လည်ရှိ၏။ (၂၀)
ထိုအသျှင်ဂေါတမသည် အရသာကိုဆောင်နိုင်သော အကြောရှိ၏။ (၂၁)
ထိုအသျှင်ဂေါတမသည် (ကေသရာ) ခြင်္သေ့မင်း၏ မေးနှင့် တူသော မေးရှိ၏။ (၂၂)
ထိုအသျှင်ဂေါတမသည် သွားလေးဆယ် ရှိ၏။ (၂၃)
ထိုအသျှင်ဂေါတမသည် ညီညွတ်သော သွားရှိ၏။ (၂၄)
ထိုအသျှင်ဂေါတမသည် မကျဲသော သွားရှိ၏။ (၂၅)
ထိုအသျှင်ဂေါတမသည် အလွန်ဖြူစင်သော အစွယ်လေးချောင်း ရှိ၏။ (၂၆)
ထိုအသျှင်ဂေါတမသည် ရှည်ပြန့်သော လျှာရှိ၏။ (၂၇)
ထိုအသျှင်ဂေါတမသည် ဗြဟ္မာ၏အသံနှင့်တူသော အသံရှိ၏၊ ကရဝိက်ငှက်အသံနှင့်တူသော အသံ ရှိ၏။ (၂၈)
ထိုအသျှင်ဂေါတမသည် အလွန်ညိုသော မျက်လုံးရှိ၏။ (၂၉)
ထိုအသျှင်ဂေါတမသည် နွားငယ်ကလေး၏ မျက်မှောင်နှင့်တူသော မျက်မှောင်ရှိ၏။ (၃၀)
ထိုအသျှင်ဂေါတမ၏ (ဥဏ္ဏလုံ) မွေးရှင်သည် မျက်မှောင် နှစ်ဖက်အကြား၌ ပေါက်၏၊ ဖြူစင်နူးညံ့သော လဲဝါဂွမ်းနှင့် တူ၏။ (၃၁)
ထိုအသျှင်ဂေါတမသည် သင်းကျစ်ပြားရစ်သကဲ့သို့ ဦးခေါင်းရှိ၏၊ ဤသင်းကျစ်ပြားရစ်သကဲ့သို့ဦးခေါင်းရှိခြင်းသည်လည်း ထိုအသျှင်ဂေါတမ၏ မဟာပုရိသလက္ခဏာတည်း။ (၃၂)
ထိုအသျှင်ဂေါတမသည် ဤသုံးဆယ့်နှစ်ပါးသော ယောကျ်ားမြတ် လက္ခဏာတို့နှင့် ပြည့်စုံ၏။
၃၈၇။ ထိုအသျှင်ဂေါတမသည် ကြွသွားသည်ရှိသော် လကျ်ာခြေတော်ဖြင့် ရှေးဦးစွာ ဖဲကြွတော်မူ၏၊ ထိုအသျှင်ဂေါတမသည် မဝေးလွန်းရာ၌ ခြေတော်ကို နုတ်ကြွတော်မူ၏၊ မနီးလွန်းရာ၌ ခြေတော်ကိုချတော်မူ၏၊ မမြန်လွန်းဘဲ ကြွသွားတော်မူ၏၊ မနှေးလွန်းဘဲ ကြွသွားတော်မူ၏၊ ပုဆစ်ဒူးအချင်းချင်းမထိခိုက်စေဘဲ ကြွသွားတော်မူ၏၊ ဖမျက်အချင်းချင်း မထိခိုက်စေဘဲ ကြွသွားတော်မူ၏၊ ထိုအသျှင်ဂေါတမသည် ကြွသွားတော်မူသည်ရှိသော် ပေါင်ကို မြှောက်တော်မမူ၊ ညွတ်တော်မမူ၊ တောင့်ထားတော်မမူ၊ ခါတော်မမူ၊ ထိုအသျှင်ဂေါတမ ကြွသွား တော်မူလတ်သော် အောက်ပိုင်းကိုယ်သည်သာ လှုပ်၏၊ ကိုယ်အား ယူ၍ ကြွတော်မမူ။ ထိုအသျှင် ဂေါတမသည် ပြန်ကြည့်တော်မူသည်ရှိသော် အလုံးစုံသောကိုယ်ဖြင့်သာလျှင် ပြန်ကြည့်တော်မူ၏၊ ထိုအသျှင်ဂေါတမသည် အထက်သို့ မော့ကြည့်တော်မမူ၊ အောက်သို့ ငုံ့ကြည့် တော်မမူ၊ ထိုထို ဤဤ ကြည့်လျက် သွားတော်မမူ၊ ထမ်းပိုးတစ်ပြန်မျှကိုသာကြည့်တော်မူ၏၊ ထမ်းပိုး တစ်ပြန်ထက် အလွန်လည်း ထိုအသျှင်ဂေါတမအား အပိတ်အပင်မရှိသောဉာဏ်အမြင်သည် ဖြစ် တော်မူ၏။
--
ထိုအသျှင်ဂေါတမသည် ရွာတွင်းသို့ ဝင်တော်မူသည်ရှိသော် ကိုယ်ကို မြှောက်တော်မမူ၊ ညွတ် တော်မမူ၊ တောင့်ထားတော်မမူ၊ ခါတော်မမူ၊ ထိုအသျှင်ဂေါတမသည် နေရာ၏ မဝေးလွန်း မနီးလွန်း၌ ကိုယ်ကိုလှည့်တော်မူ၏၊ လက်ဖြင့် ထောက်၍ နေရာ၌ ထိုင်တော်မမူ၊ နေရာ၌ ကိုယ်ကိုလည်း ပစ်ချ တော်မမူ၊ ထိုအသျှင်ဂေါတမသည် ရွာတွင်း၌ နေတော်မူသည်ရှိသော် လက်ဆော့တော်မမူ၊ ခြေဆော့တော် မမူ၊ ဒူးဆစ်အချင်းချင်းတင်၍ ထိုင်တော်မမူ၊ ဖမျက်အချင်းချင်း တင်၍ ထိုင်တော်မမူ၊ မေးကို လက်ထောက်၍လည်း ထိုင်တော်မမူ၊ ထိုအသျှင် ဂေါတမသည် ရွာတွင်း၌ နေတော်မူသည်ရှိသော် မကြောက်ရွံ့မတွန့်ဆုတ် မတုန်လှုပ် မချောက်ချား၊ ထိုအသျှင် ဂေါတမသည် မကြောက်ရွံ့ မတွန့်ဆုတ် မတုန်လှုပ်မချောက်ချားဘဲ ကြက်သီးမွေးညင်းထမှု ကင်းသည်ဖြစ်၍ ကင်းဆိတ်ရာ (နိဗ္ဗာန်) သို့ ညွတ်သောစိတ်ရှိသည်ဖြစ်၍လည်း ရွာတွင်း၌ နေတော်မူ၏။
ထိုအသျှင်ဂေါတမသည် သပိတ်ဆေးရေကို ယူသည်ရှိသော် သပိတ်ကို မြှောက်တော်မမူ၊ ညွတ်တော်မမူ၊ တောင့်ထားတော်မမူ၊ ခါတော်မမူ၊ ထိုအသျှင်ဂေါတမသည် မနည်းလွန်း မများလွန်းသောသပိတ်ဆေးရေကို ခံယူတော်မူ၏၊ ထိုအသျှင်ဂေါတမသည် ခလောက် ခလောက် အသံကို ပြု၍ သပိတ်ကို့ဆေးတော်မမူ၊ မှောက်လှန်၍ ဆေးတော်မမူ၊ သပိတ်ကို မြေ၌ ချ၍ လက်ဆေးတော်မမူ၊ လက်ဆေးလျှင်သပိတ်ဆေးပြီး ဖြစ်၏၊ သပိတ်ဆေးလျှင် လက်ဆေးပြီး ဖြစ်တော်မူ၏၊ ထိုအသျှင် ဂေါတမသည် သပိတ်ဆေးရေကို မနီးလွန်း မဝေးလွန်း၌ စွန့်တော်မူ၏၊ ဖရိုဖရဲ ပြန့်ကျဲ၍ စွန့်တော်မမူ။
ထိုအသျှင်ဂေါတမသည် ဆွမ်းကို ခံယူသည်ရှိသော် သပိတ်ကို မြှောက်တော်မမူ၊ ညွတ်တော်မမူ၊ တောင့်ထားတော်မမူ၊ ခါတော်မမူ၊ ထိုအသျှင်ဂေါတမသည် မနည်းလွန်း မများလွန်းသော ဆွမ်းကိုခံယူတော်မူ၏။ ထိုအသျှင်ဂေါတမသည် ဟင်းကို ဟင်းပမာဏဖြင့် သုံးဆောင်တော်မူ၏၊ ဟင်းဖြင့် ဆွမ်းလုတ်ကို လွန်စေတော်မမူ၊ အသျှင်ဂေါတမသည် ခံတွင်း၌ ဆွမ်းလုတ်ကို နှစ်ကြိမ် သုံးကြိမ်လွေး၍မျိုချတော်မူ၏၊ တစ်စုံတစ်ခုသော ထမင်းဝါးဖတ်သည် မကြေညက်ဘဲ ထိုအသျှင် ဂေါတမ၏ကိုယ်တော်သို့ မဝင်၊ တစ်စုံတစ်ခုသော ထမင်း ဝါးဖတ်သည် ထိုအသျှင်ဂေါတမ၏ ခံတွင်း၌ မကြွင်းကျန်၊ ထို့ပြင် ဆွမ်းလုတ်သို့ ညွတ်လျက် အရသာကို သိသည် ဖြစ်၍ ထိုအသျှင် ဂေါတမသည် အာဟာရကိုသုံးဆောင် တော်မူ၏၊ အရသာကို တပ်မက်သောအားဖြင့် သိသည် ဖြစ်၍ သုံးဆောင်တော်မမူ။
ထိုအသျှင်ဂေါတမသည် မြူးထူးရန် မာန်ရစ်ရန် တန်ဆာဆင်ရန် အသားအရေ ဖွံ့ဖြိုးတိုးပွားရန်သုံးဆောင်တော်မူသည် မဟုတ်၊ ဤကိုယ်၏ တည်တံ့ရန်သာ မျှတရန်သာ ပင်ပန်းခြင်းငြိမ်းရုံမျှသာမြတ်သောအကျင့်ကို ချီးမြှောက်ရန်သာ သုံးဆောင်တော်မူ၏။ ဤသို့ မှီဝဲခြင်းဖြင့် ဝေဒနာဟောင်းကိုလည်းပယ်ဖျောက်အံ့၊ ဝေဒနာသစ်ကိုလည်း မဖြစ်စေအံ့၊ ငါ့အား မျှတခြင်းသည်လည်းကောင်း၊ ချမ်းသာစွာနေရခြင်းသည်လည်းကောင်း ဖြစ်လိမ့်မည်ဟု အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အဟာရကို သုံးဆောင်၏။ ထိုအသျှင်ဂေါတမသည် ဆွမ်းစားပြီး နောက် သပိတ်ဆေးရေကို ခံယူသည်ရှိသော် သပိတ်ကိုမြှောက်တော်မမူ၊ ညွတ်တော်မမူ၊ တောင့်ထားတော်မမူ၊ ခါတော်မမူ။
--
ထိုအသျှင်ဂေါတမသည် မနည်းလွန်း မများလွန်းသော သပိတ်ဆေးရေကို ခံယူတော်မူ၏၊ ထိုအသျှင်ဂေါတမသည် ခလောက် ခလောက် အသံကို ပြု၍ သပိတ်ကို ဆေးတော်မမူ၊ မှောက်လှန်၍ ဆေးတော်မမူ။ သပိတ်ကို မြေ၌ချ၍ လက်ဆေးတော်မမူ၊ လက်ဆေးလျှင် သပိတ်ဆေးပြီးဖြစ်၏၊ သပိတ်ဆေးလျှင်လက်ဆေးပြီး ဖြစ်တော်မူ၏။ ထိုအသျှင်ဂေါတမသည် မနီးလွန်း မဝေးလွန်း၌ သပိတ်ဆေးရေကို စွန့်တော်မူ၏၊ ဖရိုဖရဲ ဖြန့်ကြဲ၍ စွန့်တော်မမူ။ ထိုအသျှင်ဂေါတမသည် ဆွမ်းစားပြီးသည်ရှိသော် သပိတ်ကိုမြေ၌ ချတော်မမူ၊ မနီးလွန်း မဝေးလွန်း၌ ထားတော်မူ၏၊ သပိတ်ကို အလိုမရှိသည်လည်း မဟုတ်၊ သပိတ်၌ အခါလေးမြင့် စောင့်ရှောက်သည်လည်း မဟုတ်၊ ထိုအသျှင်ဂေါတမသည် ဆွမ်းစားပြီးသည်ရှိသော်တစ်ခဏမျှ ဆိတ်ဆိတ်နေတော်မူ၏၊ အနုမောဒနာ ပြုရအံ့သော အခါကိုမူကား လွန်စေတော်မမူ။ ထိုအသျှင် ဂေါတမသည် ဆွမ်းစားပြီးသည်ရှိသော် အနုမောဒနာ ပြုတော်မူ၏။ ထိုဆွမ်းကို ကဲ့ရဲ့တော် မမူ၊ အခြားဆွမ်းကို မတောင့်တ၊ စင်စစ်အားဖြင့် ထိုပရိသတ်ကို တရားစကားဖြင့် အကျိုးစီပွါးကို သိမြင်စေတော်မူ၏၊ (တရားကို) ဆောက်တည်စေတော်မူ၏၊ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေတော်မူ၏။
ထိုအသျှင်ဂေါတမသည် ထိုပရိသတ်ကို တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် (တရား ကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူပြီးသော် နေရာမှထကာ ဖဲကြွတော်မူ၏။ ထိုအသျှင်ဂေါတမသည် အလွန်လျင်မြန်စွာ ကြွသွားတော်မမူ၊ အလွန်နှေးကွေးစွာ ကြွသွားတော်မမူ၊ လွတ်မြောက်လိုသကဲ့သို့ ကြွသွားတော်မမူ၊ ထိုအသျှင် ဂေါတမ၏ ကိုယ်တော်၌ သင်္ကန်းသည်အလွန်လည်း မမြင့်တက်၊ အလွန်လည်း မလျောကျ၊ ကိုယ်တော်၌ ကပ်ငြိသည်လည်း မဟုတ်၊ ကိုယ်တော်မှ ကွာနေသည်လည်း မဟုတ်။ ထိုအသျှင် ဂေါတမ၏ ကိုယ်တော်မှ သင်္ကန်းသည် လေလည်းမလွင့်၊ ထိုအသျှင်ဂေါတမ၏ ကိုယ်တော်၌ အညစ် အကြေးသည်လည်း မလိမ်းကျံ (မကပ်ငြိ)၊ ထိုအသျှင်ဂေါတမသည် ကျောင်းတော်သို့သွား၍ ခင်းထားသော နေရာ၌ ထိုင်တော်မူ၏၊ ထိုင်ပြီးနောက် ခြေဆေးတော်မူ၏၊ ထိုအသျှင်ဂေါတမသည် ခြေကို တန်ဆာဆင်ခြင်းနှင့် ယှဉ်သော လုံ့လကို အဖန်ဖန်အားထုတ်၍ နေတော့်မမူ။ ထိုအသျှင် ဂေါတမသည် ခြေဆေးပြီးနောက် ထက်ဝယ်ဖွဲ့ ခွေ၍ ကိုယ်ကို ဖြောင့်စွာထားလျက်ကမ္မဋ္ဌာန်းကို ရှေးရှု သတိကို ဖြစ်စေကာ ထိုင်နေတော်မူ၏။
ထိုအသျှင်ဂေါတမသည် မိမိကိုယ်ကို ဆင်းရဲစေရန်လည်း အားမထုတ်၊ သူတစ်ပါးကို ဆင်းရဲစေရန်လည်း အားမထုတ်၊ နှစ်ဦးလုံး ဆင်းရဲစေရန်လည်း အားမထုတ်၊ ကိုယ်ကျိုး သူကျိုး နှစ်ပါးစုံ လောကသားအားလုံး၏ အကျိုးစီးပွားကိုသာလျှင် ကြံစည်စဉ်းစား၍ နေတော်မူ၏။ ထိုအသျှင်ဂေါတမသည် အရံသို့ ရောက်သည်ရှိသော် ပရိသတ်၌ တရားဟောတော် မူ၏၊ ထိုပရိသတ်ကို မမြှောက်ပင့်၊ ထိုပရိသတ်ကိုမနှိမ့်ချ၊ စင်စစ်အမှန်အားဖြင့် ထိုပရိသတ်ကို တရားစကားဖြင့် (အကျိုးစီးပွားကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရား ကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူ၏။ ထိုအသျှင်ဂေါတမ၏ ခံတွင်းတော်မှ သန့်ရှင်းသိလွယ် သော သာယာဖွယ် နာပျော်ဖွယ်ကောင်းသောလုံးစည်းသော ဖရိုဖရဲမကျဲ သော နက်နဲသော ပဲ့တင်ထပ်သော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသည့်အသံတော်သည် ပေါ်ထွက်၏။ ထိုအသျှင် ဂေါတမ သည် ပရိသတ်ရှိသလောက် အသံတော်ဖြင့်သိစေနိုင်၏၊ ထိုပရိသတ်မှ အပသို့ ထိုအသျှင်ဂေါတမ ၏ အသံတော်သည် မထွက်။ ထိုအသျှင်ဂေါတမသည် တရားစကားဖြင့် (အကျိုးစီးပွားကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေပြီး သော် ထိုပရိသတ်ရှိ လူတို့သည်မစွန့်လိုသော စိတ်ရှိကုန်သည်ဖြစ်၍ ဖူးမြော်ကြကုန်လျက်သာလျှင် နေရာမှ ထကာ ဖဲသွား ကြကုန်၏။
အသျှင် အကျွန်ုပ်တို့သည် ထိုအသျှင်ဂေါတမ ကြွသွားတော်မူနေသည်ကိုလည်း မြင်ခဲ့ရပါကုန်၏၊ ရပ်နေတော်မူသည်ကိုလည်း မြင်ခဲ့ရပါကုန်၏၊ ရွာအတွင်းသို့ ဝင်တော်မူနေသည်ကိုလည်း မြင်ခဲ့ရပါကုန်၏၊ ရွာတွင်း၌ ဆိတ်ဆိတ်ထိုင်နေတော်မူသည်ကိုလည်း မြင်ခဲ့ရပါကုန်၏၊ ရွာတွင်း၌ စားသောက်တော်မူသည် ကိုလည်း မြင်ခဲ့ရပါကုန်၏၊ ဆွမ်းစားပြီး၍ ဆိတ်ဆိတ်ထိုင်နေတော်မူ သည်ကိုလည်းမြင်ခဲ့ရပါကုန်၏၊ ဆွမ်းစားပြီး၍ အနုမောဒနာ ပြုတော်မူသည်ကိုလည်း မြင်ခဲ့ရပါ ကုန်၏၊ အရံသို့ကြွတော်မူသည်ကိုလည်း မြင်ခဲ့ရပါကုန်၏၊ အရံအတွင်းသို့ ရောက်၍ ဆိတ်ဆိတ်ထိုင်နေတော်မူသည်ကိုလည်း မြင်ခဲ့ရပါကုန်၏၊ အရံ အတွင်းသို့ရောက်၍ ပရိသတ်၌ တရားဟောတော်မူသည်ကိုလည်းမြင်ခဲ့ရပါကုန်၏၊ ထိုအသျှင်ဂေါတမသည် ဤသို့ ဤသို့လည်း သဘောရှိပါ၏၊ ထို့ထက်လည်းလွန်ကဲတော်မူပါသေး၏ဟု ပြောဆို၏။
--
၃၈၈။ ဤသို့ ပြောကြားသော် ဗြဟ္မာယုပုဏ္ဏားသည် နေရာမှ ထ၍ လက်ဝဲတစ်ဖက် ပခုံးထက်၌ကိုယ်ဝတ်ကို စံပယ်တင်လျက် မြတ်စွာဘုရားရှိတော်မူရာသို့ လက်အုပ်ချီကာ -
“နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ၊
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ၊
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” ဟူ၍
သုံးကြိမ်တိုင်တိုင် ဥဒါန်းကျူးရင့်လေ၏။
[ပူဇော်အထူးကိုခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော်မူသောထိုမြတ်စွာဘုရားအား ရှိခိုးပါ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားအား ရှိခိုးပါ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားအား ရှိခိုး ပါ၏။ ]
ငါတို့သည် တချိန်ချိန်၌ ထိုအသျှင်ဂေါတမနှင့်အတူ တွေ့ဆုံကောင်း တွေ့ဆုံကုန်တန်ရာ၏၊ စိုးစဉ်းမျှသော စကားပြောဟောမှုသည်လည်း ဖြစ်ကောင်းတန်ရာ၏ဟု (ပြောဆို၏)။
၃၈၉။ ထိုအခါ မြတ်စွာဘုရားသည် ဝိဒေဟတိုင်း၌ အစဉ်အတိုင်း ဒေသစာရီ ကြွချီတော်မူသည်ရှိ သော်မိထိလာပြည်သို့ ရောက်၏၊ မြတ်စွာဘုရားသည် ထိုမိထိလာပြည် မဃဒေဝသရက်ဥယျာဉ်၌့သီတင်းသုံးနေတော်မူ၏။ မိထိလာပြည်နေ ပုဏ္ဏားနှင့် အမျိုးသား တို့သည် (ဤသို့) ကြားသိကြကုန်၏ - “အချင်းတို့ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသည့် သာကီဝင် မင်းသားရဟန်းဂေါတမသည် ငါးရာမျှသော များစွာသော ရဟန်းသံဃာနှင့် အတူ ဝိဒေဟတိုင်း၌ဒေသစာရီလှည့်လည်တော်မူသည်ဖြစ်၍ မိထိလာပြည် မဃဒေဝသရက်ဥယျာဉ်၌ သီတင်းသုံးနေတော်မူသတတ်၊ ထိုအသျှင်ဂေါတမ၏ ကောင်းသော ကျော်စော သတင်းသည် ပျံ့နှံ့၍ထွက်၏ -'ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်း ကြောင့်လည်း ‘အရဟံ’မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း'သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ'နှင့်ပြည့်စုံ တော်မူသောအကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’ မည်တော်မူ၏၊ ကောင်းသောစကားကို ဆိုတော် မူတတ်သောအကြောင်းကြောင့်လည်း ‘သုဂတ’ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်း ကြောင့်လည်း'လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူ သောအကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ’ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသောအကြောင်း ကြောင့်လည်း ‘ဗုဒ္ဓ’ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်း ကြောင့်လည်း'ဘဂဝါ’ မည်တော်မူ၏’ဟု ပျံ့နှံ့၍ ထွက်၏။
ထိုမြတ်စွာဘုရားသည် နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများလူများနှင့် တကွသော လူ့လောကကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက် ပြုလျက်ဟောကြားတော်မူ၏၊ ထိုမြတ်စွာဘုရားသည် အစ၏ကောင်းခြင်း အလယ်၏ ကောင်းခြင်းအဆုံး၏ကောင်း ခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော တရားကို ဟောတော် မူ၏၊ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ပြတော်မူ၏၊ ထိုသို့သဘောရှိကုန်သောရဟန္တာပုဂ္ဂိုလ်တို့ကို ဖူးမြော် ရခြင်းသည် ကောင်းသည်သာတည်း”ဟု (ကြားသိလေ၏)။
--
ထိုအခါ မိထိလာပြည်နေ ပုဏ္ဏားနှင့်အမျိုးသားတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြပြီး လျှင်အချို့တို့သည် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်ကုန်၏၊ အချို့တို့သည် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်) ပြောဆိုကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကိုပြောဆိုပြီးဆုံးစေ၍ တစ်ခုသောနေရာ၌ ထိုင်ကုန်၏၊ အချို့တို့သည် မြတ်စွာဘုရားရှိရာသို့ လက်အုပ်ချီလျက် တစ်ခုသော နေရာ၌ ထိုင်ကုန်၏၊ အချို့တို့သည် အမည်အနွယ်ကို ပြောကြားလျက် တစ်ခုသောနေရာ၌ ထိုင်ကုန်၏၊ အချို့တို့သည် တိတ်ဆိတ်စွာ တစ်ခုသော နေရာ၌ ထိုင်ကုန်၏။
၃၉၀။ ဗြဟ္မာယုပုဏ္ဏားသည် ဤသို့ ကြားသိလေ၏ -"အချင်းတို့ သာကီဝင်မင်းမျိုးမှ ရဟန်း ပြုသည့်သာကီဝင်မင်းသား ရဟန်းဂေါတမသည် မိထိလာပြည်သို့ ရောက်တော်မူ၍ မဃဒေဝသရက် ဥယျာဉ်၌သီတင်းသုံးနေတော်မူ၏”ဟု (ကြားသိလေ၏)။ ထိုအခါဗြဟ္မာယုပုဏ္ဏားသည် များစွာသောတပည့်ပရိသတ်တို့နှင့်အတူ မဃဒေဝသရက်ဥယျာဉ်သို့ ချဉ်းကပ်လေ၏၊ ထိုအခါမဃဒေဝသရက်ဥယျာဉ်၏ အနီး၌ ဗြဟ္မာယုပုဏ္ဏားအား “ရှေးဦးစွာ မပန်ကြားဘဲ ရဟန်းဂေါတမကိုဖူးမြင်ရန် ချဉ်းကပ်ခြင်းသည် ငါ့အား မသင့်လျော်ချေ”ဟု အကြံဖြစ်၏။
ထိုအခါ ဗြဟ္မာယုပုဏ္ဏားသည် လုလင်တစ်ယောက်ကို ခေါ်၍ ဤသို့ ပြောဆို၏- “အမောင် သင်လာခဲ့လော့၊ ရဟန်းဂေါတမထံသို့ ချဉ်းကပ်၍ ‘အသျှင်ဂေါတမ ဗြဟ္မာယုပုဏ္ဏားသည် အသျှင်ဂေါတမကိုအနာကင်းကြောင်း ရောဂါကင်းကြောင်း ကျန်းမာကြောင်း သန်စွမ်းကြောင်း ချမ်းသာစွာနေရ ကြောင်းများကို မေးလျှောက်ပါ၏’ဟု ငါ၏စကားဖြင့် ရဟန်းဂေါတမကို အနာကင်းကြောင်း ရောဂါကင်းကြောင်းကျန်းမာကြောင်း သန်စွမ်းကြောင်း ချမ်းသာစွာနေရကြောင်းတို့ကို မေးလျှောက်လေလော့။ ထို့ပြင့်ဤသို့ လည်း လျှောက်လေလော့ ‘အသျှင်ဂေါတမ ဗြဟ္မာယုပုဏ္ဏား သည် ရက်ချုပ်အားဖြင့်အသက်တစ်ရာ့နှစ် ဆယ်ရှိ၍ အိုမင်းကြီးမြင့် အရွယ်ရင့်ကာ ဆင့်ဆင့်လွန် မြောက် နောက်ဆုံးအရွယ်သို့ရောက်ရှိပါပြီ၊ နိဃဏ္ဍု ‘အဘိဓာန် ကျမ်း ကေဋုဘ ‘အလင်္ကာ’ ကျမ်း အက္ခရပ္ပဘေဒ ‘သဒ္ဒါ’ ကျမ်းငါးခုမြောက် ဣတိဟာသ ကျမ်း နှင့်တကွ ဗေဒင်သုံးပုံတို့၏ ကမ်း တစ်ဖက်သို့ ရောက်၏၊ ပုဒ်တို့၌လိမ္မာ၏၊ ဗျာကရုဏ်းကျမ်းကို တတ်၏၊ လောကာယတ ကျမ်း မဟာပုရိသလက္ခဏာကျမ်းတို့၌ အကြွင်းမဲ့တတ်မြောက်၏။ အသျှင် မိထိလာပြည်၌ နေကြ ကုန်သော ပုဏ္ဏားနှင့် အမျိုးသားရှိသမျှတို့တွင်စည်းစိမ်ဥစ္စာ အားဖြင့် ဗြဟ္မာယု ပုဏ္ဏားကို အမြတ်ဆုံးဟု ဆိုရပါ၏၊ ဗေဒင်တို့ဖြင့်လည်းဗြဟ္မာယုပုဏ္ဏားကို အမြတ်ဆုံးဟု ဆိုရပါ၏။ အသက်အားဖြင့်လည်းကောင်း၊ အခြံအရံအားဖြင့်လည်းကောင်း ဗြဟ္မာယုပုဏ္ဏားကို အမြတ်ဆုံးဟု ဆိုရပါ၏။ ထိုဗြဟ္မာယုပုဏ္ဏားသည်အသျှင်ဂေါတမကို ဖူးမြင်လိုပါ၏’ဟု လျှောက်ထားလေလော့”ဟု (ဆို၏)။
“အသျှင် ကောင်းပါပြီ”ဟူ၍ ထိုလုလင်သည် ဗြဟ္မာယုပုဏ္ဏားအား ပြန်ကြား၍ မြတ်စွာဘုရားထံသို့ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆို၏။ ဝမ်းမြောက်ဖွယ် အောက်မေ့ဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် သင့်လျော်ရာ၌ ရပ်တည်ကာ “အသျှင်ဂေါတမဗြဟ္မာယုပုဏ္ဏား သည် အသျှင် ဂေါတမကို အနာကင်းကြောင်း ရောဂါကင်းကြောင်း ကျန်းမာကြောင်းသန်စွမ်းကြောင်း ချမ်းသာစွာ နေရကြောင်းများကို မေးလျှောက်လိုက်ပါ၏၊ ထို့ပြင် ဤသို့လည်းလျှောက်လိုက်ပါ၏ - ‘အသျှင်ဂေါတမ ဗြဟ္မာယုပုဏ္ဏားသည် ရက်ချုပ်အားဖြင့် အသက်တစ်ရာ့နှစ်ဆယ်ရှိ၍အိုမင်းကြီးမြင့် အရွယ်ရင့်ကာ ဆင့်ဆင့်လွန်မြောက် နောက်ဆုံးအရွယ်သို့ ရောက်ရှိပါပြီ၊ နိဃဏ္ဍု ‘အဘိဓာန်’ ကျမ်း ကေဋုဘ ‘အလင်္ကာ’ ကျမ်း အက္ခရပ္ပဘေဒ ‘သဒ္ဒါ’ ကျမ်း ငါးခုမြောက်ဣတိဟာသကျမ်း နှင့်တကွ ဗေဒင်သုံးပုံ တို့၏ ကမ်းတစ်ဖက်သို့ ရောက်ပါ၏၊ ပဒကျမ်းကို တတ်ပါ၏၊ ဗျာကရုဏ်းကျမ်း ကို တတ်ပါ၏၊ လောကာယတကျမ်း မဟာပုရိသလက္ခဏာကျမ်းတို့၌ အကြွင်းမဲ့တတ်မြောက်ပါ၏။ အသျှင်ဘုရား မိထိလာပြည်၌ နေကြကုန်သော ပုဏ္ဏားနှင့် အမျိုးသားရှိသမျှတို့တွင်စည်းစိမ်ဥစ္စာအားဖြင့် ဗြဟ္မာ ယုပုဏ္ဏားကို အမြတ်ဆုံးဟု ဆိုရပါ၏၊ ဗေဒင်အားဖြင့်လည်းဗြဟ္မာယုပုဏ္ဏားကို အမြတ်ဆုံးဟု ဆိုရပါ၏။ အသက်အားဖြင့်လည်းကောင်း၊ အခြံအရံအားဖြင့်လည်းကောင်း ဗြဟ္မာယုပုဏ္ဏားကို အမြတ်ဆုံးဟု ဆိုရပါ ၏။ ထိုဗြဟ္မာယုပုဏ္ဏားသည်အသျှင်ဂေါတမအား ဖူးမြင်ရန် အလိုရှိပါ၏’ဟု လျှောက်လိုက်ပါ၏”ဟူ၍ လျှောက်၏။
--
လုလင် ဗြဟ္မာယုပုဏ္ဏားသည် ယခုအခါ ဖူးမြင်ရန် အချိန်ကို သိ၏ (ဖူးမြင်ရန်မှာ ထိုဗြဟ္မာယု ပုဏ္ဏား၏အလိုအတိုင်းပင် ဖြစ်၏)ဟု (မိန့်တော်မူ၏)။ ထိုအခါ ထိုလုလင်သည် ဗြဟ္မာယုပုဏ္ဏားထံသို့ ချဉ်းကပ်၍"အသျှင် ရဟန်းဂေါတမသည် ခွင့်ပြုပါပြီ၊ ယခုအခါ အသျှင်သည် သွားရန် အချိန်ကို သိ၏ (သွားရန်မှာအသျှင်၏ အလိုအတိုင်းပင် ဖြစ်ပါသည်)”ဟု ပြောကြား၏။
၃၉၁။ ထိုအခါ ဗြဟ္မာယုပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်လေ၏။ ရှေးဦးစွာ ရောက်နှင့် သောပရိသတ်သည် ဗြဟ္မာယုပုဏ္ဏားလာသည်ကို အဝေးကပင်မြင်လတ်သော် ထင်ရှား ကျော်စောသူအခြံအရံများသူအား ပြုမြဲဓမ္မတာအတိုင်း ဖယ်ရှား၍ နေရာပေး၏။ ထိုအခါ ဗြဟ္မာယုပုဏ္ဏားသည် ထိုပရိသတ်ကို “အချင်းတို့ တော်ပြီ၊ သင်တို့သည် မိမိနေရာ၌ ထိုင်ကြကုန်လော့၊ ငါသည် ရဟန်းဂေါတမ၏အနီး၌ ထိုင်အံ့”ဟု ဆို၏။
ထိုအခါ ဗြဟ္မာယုပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အောက်မေ့ဖွယ်စကားကို ပြောဆိုပြီးဆုံးစေပြီး နောက်သင့်လျော်ရာ၌ ထိုင်ကာ မြတ်စွာဘုရား၏ ကိုယ်တော်၌ သုံးဆယ့်နှစ်ပါး သော ယောကျ်ားမြတ်လက္ခဏာတို့ကို ကြည့်ရှုရှာ ဖွေ၏။ ဗြဟ္မာယု ပုဏ္ဏားသည် မြတ်စွာဘုရား၏ ကိုယ်တော်၌့သုံးဆယ့်နှစ်ပါးသော ယောကျ်ားမြတ် လက္ခဏာတို့ကို များသောအားဖြင့် မြင်၏၊ နှစ်ပါးတို့ကိုကားမမြင်၊ အအိမ်ဖြင့် ဖုံးလွှမ်းသော ပုရိသ နိမိတ်၌လည်းကောင်း၊ ရှည်ပြန့်သော လျှာတော်၌လည်းကောင်း (ဤမမြင်ရသော) ယောကျ်ားမြတ် လက္ခဏာနှစ်ပါးတို့၌ ယုံမှား၏၊ တွေးတော ယုံမှား၏၊ မဆုံးဖြတ်နိုင်၊ မယုံကြည်နိုင်။ ထိုအခါ ဗြဟ္မာယု ပုဏ္ဏားသည် မြတ်စွာဘုရားအား ဂါထာတို့ဖြင့် လျှောက်၏ -
“အသျှင်ဂေါတမ အကျွန်ုပ်သည် ယောကျ်ားမြတ်တို့၏ လက္ခဏာတို့ကို သုံးဆယ့်နှစ်ပါးတို့ဟူ၍ကြားဖူးပါ၏၊ အသျှင်ဂေါတမ၏ ကိုယ်တော်၌ ထိုလက္ခဏာ တို့တွင် နှစ်ပါးသော လက္ခဏာတို့ကိုမတွေ့မြင်ရပါ။
လူတို့ထက် မြတ်တော်မူသော အသျှင်ဂေါတမ၊ အသျှင်မြတ်၏ အဝတ်ဖြင့် ဖုံးကွယ်နေသောအင်္ဂါဇာတ်သည် သိုအိမ်၌ တည်ပါ၏လော၊ နာရီသဒ္ဒါနှင့် (လိင်) တူမျှစွာ ခေါ်ဆိုအပ်သော လျှာတော်သည်မပေါ်ထင်သေးသည် မဟုတ်ပါလော။
ကျယ်ပြန့်သော လျှာတော်ရှိပါ၏လော၊ အဘယ်သို့သော အခြင်းအရာဖြင့် သိရ ပါကုန်အံ့နည်း၊ မြတ်စွာဘုရား ထိုကျယ်ပြန့်သော လျှာတော်ကို ထုတ်၍ ပြတော်မူ ပါလော့၊ အကျွန်ုပ်တို့၏ ယုံမှားကိုပယ်ဖျောက်တော်မူပါလော့။
မျက်မှောက်စီးပွါးအလို့ငှါ လည်းကောင်း၊ တမလွန်ချမ်းသာအလို့ငှါ လည်းကောင်းအခွင့်ရကုန်သည်ရှိသော် လွန်စွာတောင့်တနေသော တစ်စုံတစ်ခုသော ပုစ္ဆာကိုမေးလျှောက်လိုကြပါကုန်၏”ဟု (လျှောက်၏)။
၃၉၂။ ထိုအခါ မြတ်စွာဘုရားအား ဤသို့ အကြံဖြစ်၏ -"ဤဗြဟ္မာယုပုဏ္ဏားသည် ငါ၏ သုံးဆယ့်နှစ်ပါးသော ယောကျ်ားမြတ် လက္ခဏာတို့ကို များသောအားဖြင့် မြင်၏၊ နှစ်ပါးတို့ကိုကား မမြင်၊ အအိမ်ဖြင့် ဖုံးလွှမ်းသော ပုရိသနိမိတ်၌လည်းကောင်း ရှည်ပြန့်သော လျှာတော်၌လည်းကောင်း ဤ (မမြင်ရသော) ယောကျ်ားမြတ် လက္ခဏာနှစ်ပါးတို့၌ ယုံမှား၏၊ တွေးတော ယုံမှား၏၊ မဆုံးဖြတ်နိုင်၊ မယုံကြည်နိုင်၊ ငါသည် တန်ခိုးဖန်ဆင်း ပြရမူ ကောင်းလေစွ”ဟု (အကြံဖြစ်၏)။ ထိုအခါ မြတ်စွာဘုရားသည်အအိမ်ဖြင့် ဖုံးလွှမ်းသော ပုရိသနိမိတ်ကို ဗြဟ္မာယုပုဏ္ဏား မြင်နိုင်ရန် တန်ခိုးဖန်ဆင်းတော်မူ၏။ ထို့နောက် မြတ်စွာဘုရားသည် လျှာတော်ကို ထုတ်၍ နားတွင်းနှစ်ဖက်တို့ကိုလည်း အပြန်အလှန် သုံးသပ်တော်မူ၏။ နှာခေါင်းနှစ်ဖက်တို့ကိုလည်း အပြန်အလှန် သုံးသပ်တော်မူ၏။ အလုံးစုံသော နဖူးပြင်တို့ကိုလည်း လျှာဖြင့် ဖုံးအုပ်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဗြဟ္မာယု ပုဏ္ဏားကို ဂါထာတို့ဖြင့် ပြန်၍မိန့်တော်မူ၏ -
--
“ပုဏ္ဏား သင်သည် ယောကျ်ားမြတ်တို့၏ လက္ခဏာတို့ကိုသုံးဆယ့်နှစ်ပါးတို့ဟူ၍ ကြားဖူး၏၊ ထိုသုံးဆယ့်နှစ်ပါးသော ထိုလက္ခဏာတို့သည် ငါ့ကိုယ်၌ ထင်ရှား ရှိကုန်၏၊ သင်အားယုံမှားတွေးတောခြင်း မဖြစ်စေလင့်။
ပုဏ္ဏား ငါသည် ပိုင်းခြား၍ သိသင့်သော တရားကို ပိုင်းခြား၍ သိပြီးပြီ၊ ပွါးများသင့်သောတရားကိုလည်း ပွါးများပြီးပြီ၊ ပယ်သင့်သော တရားကိုလည်း ပယ်ပြီးပြီ၊ ထို့ကြောင့် ငါသည်ဘုရားဖြစ်ပေ၏။
မျက်မှောက်စီးပွါးအလို့ငှါ လည်းကောင်း၊ တမလွန်ချမ်းသာအလို့ငှါ လည်းကောင်း အခွင့်ရသည်ဖြစ်၍လွန်စွာတောင့်တထားသော မေးလိုသမျှ ပြဿနာအလုံးစုံကို မေးလျှောက်လေလော့”ဟု (မိန့်တော်မူ၏)။
၃၉၃။ ထိုအခါ ဗြဟ္မာယုပုဏ္ဏားအား “ငါ့ကို ရဟန်းဂေါတမသည် ခွင့်ပြုပြီးပြီ၊ ငါသည် ရဟန်းဂေါတမအား မျက်မှောက် အကျိုးကိုပင် မေးရအံ့လော၊ တမလွန်အကျိုးကိုပင် မေးရအံ့လော၊ အဘယ်အရာကို မေးရအံ့နည်း”ဟု အကြံဖြစ်၏။ ထိုအခါ ဗြဟ္မာယုပုဏ္ဏားအား “ငါသည် မျက်မှောက်အကျိုးတို့၌ လိမ္မာ၏၊ မျက်မှောက်အကျိုးစီးပွါးကို သူတစ်ပါးတို့ကပင်လည်း ငါ့အား မေးမြန်းကြကုန်သေး၏၊့ငါသည် တမလွန်အကျိုးစီးပွါးကို မေးလျှောက်ရမူ ကောင်းလေရာ ၏”ဟု အကြံဖြစ်ပြန်၏။ ထိုအခါဗြဟ္မာယု ပုဏ္ဏားသည် မြတ်စွာဘုရားကို ဂါထာတို့ဖြင့် လျှောက်ထား၏ -
“အဘယ်သို့လျှင် မကောင်းမှုကို အပပြုပြီးသူ ဖြစ်ပါသနည်း၊ အဘယ်သို့လျှင် သိခြင်းအဆုံးသို့ရောက်သူ ဖြစ်ပါသနည်း၊ အသျှင် အဘယ်သို့လျှင် ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသူ ဖြစ်ပါသနည်း၊ အဘယ်သို့လျှင် စင်ကြယ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုရ ပါသနည်း။
အဘယ်သို့လျှင် ရဟန္တာဖြစ်ပါသနည်း၊ အဘယ်သို့လျှင် အလုံးစုံသော ဂုဏ် ကျေးဇူးနှင့် ပြည့်စုံသူဖြစ်ပါသနည်း၊ အသျှင် အဘယ်သို့လျှင် အရဟတ္တမဂ်ဉာဏ် မောနေယျနှင့် ပြည့်စုံသူ ဖြစ်ပါသနည်း၊ အဘယ်သို့လျှင် သစ္စာလေးပါးကို သိသူဟူ၍ ဆိုရပါသနည်း”ဟု (လျှောက်၏)။
၃၉၄။ ထိုအခါ မြတ်စွာဘုရားသည် ဗြဟ္မာယုပုဏ္ဏားကို ဂါထာတို့ဖြင့် ပြန်၍ ဖြေကြားတော်မူ၏ -
“အကြင်သူသည် ရှေးကနေခဲ့ဖူးသော ခန္ဓာအစဉ်ကို သိ၏၊ နတ်ဘုံနှင့် အပါယ် ဘုံကိုလည်း မြင်၏၊ ထိုမှတစ်ပါး ဇာတိ၏ ကုန်ခြင်းသို့ ရောက်၏၊ အရဟတ္တမဂ် ဉာဏ်ကို အထူးသိ၍ အဆုံးသို့ ရောက်၏၊ ထိုသူသည် မုနိခေါ်သော ရဟန်း ဖြစ်၏။
အချင်းခပ်သိမ်း ရာဂတို့မှ လွတ်သောကြောင့် အထူးသဖြင့် စင်ကြယ်သောစိတ်ကို သိ၏၊ ပဋိသန္ဓေနေခြင်း သေခြင်းကို ပယ်ပြီး ဖြစ်၏၊ မြတ်သော အကျင့် အားလုံးနှင့် ပြည့်စုံ၏၊ အလုံးစုံသောတရားတို့၏ ကမ်းတစ်ဖက်သို့ ရောက်၏၊ ထိုကဲ့သို့သောသူကို ဗုဒ္ဓဟူ၍ ဆိုရ၏”ဟု (ဖြေကြားတော်မူ၏)။
ဤသို့ မိန့်တော်မူသည် ရှိသော် ဗြဟ္မာယု ပုဏ္ဏားသည် နေရာမှ ထ၍ လက်ဝဲတစ်ဖက် ပခုံး ထက်၌ကိုယ်ဝတ်ကို စံပယ်တင်သည်ကို ပြု၍ မြတ်စွာဘုရားခြေတော်တို့၌ ဦးတိုက်ကာ ခြေတော်တို့ကိုခံတွင်းဖြင့်လည်း စုပ်၏၊ လက်တို့ဖြင့်လည်း သုံးသပ်၏၊ “အသျှင်ဂေါတမ အကျွန်ုပ်သည် ဗြဟ္မာယုပုဏ္ဏားပါတည်း၊ အသျှင်ဂေါတမ အကျွန်ုပ်သည် ဗြဟ္မာယုပုဏ္ဏားပါ တည်း”ဟု အမည်ကိုလည်းလျှောက်ကြား၏။ ထိုအခါ ထိုရောက်လာသော ပရိသတ်သည် “အချင်းတို့ အံ့ဩဖွယ်ကောင်းလေစွတကား၊ အချင်းတို့ မဖြစ်ဖူးမြဲ ဖြစ်လေစွတကား၊ ဤဗြဟ္မာယုပုဏ္ဏားသည် ယင်းသို့ထင်ရှားကျော်စော အခြံအရံပေါများသူ ဖြစ်ပါလျက် ဤသို့ သဘောရှိသော လွန်လွန်ကဲကဲတုပ်ဝပ်ရိုသေခြင်းကို ပြုဘိ၏”ဟု အံ့ဩဖွယ် မဖြစ်ဖူးမြ ဲဖြစ်သော စိတ်ရှိသည် ဖြစ်လေသတည်း။ ထိုအခါမြတ်စွာဘုရားသည် ဗြဟ္မာယုပုဏ္ဏားကို “ပုဏ္ဏား တော်သင့်ပြီ ထလော့၊ သင်သည် မိမိနေရာ၌ထိုင်လော့၊ သင်၏ စိတ်သည် ငါ၌ ကြည်ညို ပေပြီ”ဟု မိန့်တော်မူ၏။ ထိုအခါ ဗြဟ္မာယုပုဏ္ဏားသည်ထ၍ မိမိနေရာ၌ ထိုင်လေ၏။
--
၃၉၅။ ထိုအခါ မြတ်စွာဘုရားသည် ဗြဟ္မာယုပုဏ္ဏားအား အစဉ်အတိုင်းသော တရားစကားကိုဟောတော်မူ၏။ ဤသည်ကား အဘယ်နည်း၊ ဒါနနှင့်စပ်သောစကား သီလနှင့်စပ်သောစကား နတ်ပြည်နှင့်စပ်သောစကား ကာမဂုဏ်တို့၏ အပြစ်ယုတ်ညံ့ခြင်း ညစ်ညူးခြင်း ကာမဂုဏ်တို့မှ ထွက်မြောက်ခြင်းအကျိုးကို ပြတော်မူ၏။ မြတ်စွာဘုရားသည် ဗြဟ္မာယုပုဏ္ဏား၌ အသင့်ရှိသောစိတ် နူးညံ့သောစိတ် အပိတ်အပင် ‘နီဝရဏ'မှ ကင်းသောစိတ် တက်ကြွသောစိတ် ကြည်လင်သောစိတ် ရှိသည်ကို သိတော်မူသောအခါ မြတ်စွာဘုရား၏ ကိုယ်တိုင်ထုတ်ဖော် သိမြင်ပြီးသော ဆင်းရဲ ‘ဒုက္ခ’၊ ဆင်းရဲခြင်းဖြစ်ကြောင်း'သမုဒယ’၊ ဆင်းရဲချုပ်ရာ ‘နိရောဓ’၊ ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းလမ်းစဉ် ‘မဂ္ဂ’ ဖြစ်သောတရားကို ဟော ကြားတော်မူ၏။ မည်းညစ်ခြင်းကင်း သော ဖြူစင်သော အဝတ်သည် ဆိုးရည်ကိုကောင်းစွာ စွဲယူသကဲ့သို့၊ ထို့အတူ ဗြဟ္မာယုပုဏ္ဏား အား ထိုနေရာ၌ပင်လျှင် “ဖြစ်ခြင်းသဘောရှိသောတရားအလုံးစုံသည် ချုပ်ခြင်း သဘောရှိ၏”ဟု ကိလေသာမြူ အညစ်အကြေးကင်းသော တရားမျက်စိ'သောတာပတ္တိမဂ် ဉအဏ်’ ဖြစ်ပေါ်လေ၏။
ထိုအခါ တရားကို မြင်ပြီးသော တရားသို့ ရောက်ပြီးသော တရားကို သိပြီးသော တရားသို့သက်ဝင်ပြီးသော ယုံမှားခြင်းကို ကူးမြောက်ပြီးသော သို့လော သို့လော ကင်းပြီးသော မြတ်စွာဘုရားသာသနာတော်၌ ရဲရင့်ခြင်းသို့ ရောက်ပြီးသော မိမိမှတစ်ပါး အားထားရာမလိုသော ဗြဟ္မာယုပုဏ္ဏားသည်မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ - “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါ၏၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန် နှစ်သက်ဖွယ် ရှိပါ၏၊ အသျှင်ဂေါတမဥပမာသော်ကား မှောက်ထားသောဝတ္ထုကို လှန်ဘိသကဲ့သို့ လည်းကောင်း၊ ဖုံးလွှမ်းထားသော ဝတ္ထုကိုဖွင့်လှစ်ဘိသကဲ့သို့ လည်းကောင်း၊ မျက်စိလည်သော သူအား လမ်းမှန်ကိုပြောကြားဘိသကဲ့သို့လည်းကောင်း ‘မျက်စိရှိသောသူ တို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်’ဟုအမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့ လည်းကောင်း အသျှင်ဂေါတမ ဤအတူသာလျှင်အသျှင်ဂေါတမသည် အကြောင်းအမျိုးမျိုးဖြင့် တရား တော်ကို ပြတော်မူပါပေ၏၊ အသျှင်ဂေါတမအကျွန်ုပ်သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ် ပါ၏၊ တရားတော်ကိုလည်းကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ်သော ဥပါသကာဟုမှတ်တော်မူပါ၊ အသျှင်ဂေါတမသည် ရဟန်းသံဃာနှင့်အတူ နက်ဖြန်အဖို့ အကျွန်ုပ်၏ ဆွမ်း ကိုလက်ခံတော်မူပါ”ဟု (လျှောက်၏)။ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတော်မူ၏။ ထိုအခါ ဗြဟ္မာယုပုဏ္ဏားသည် မြတ်စွာဘုရား၏ လက်ခံတော်မူခြင်းကို သိလျှင် နေရာမှထ၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြု၍ ဖဲသွားလေ၏။ ထို့နောက် ဗြဟ္မာယုပုဏ္ဏားသည် ထိုညဉ့်လွန်သောအခါ မိမိနေအိမ်၌ မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ကို စီရင်ပြီး၍ “အသျှင်ဂေါတမ အချိန်တန်ပါပြီ၊ ဆွမ်းပြင်ပြီးပါပြီ”ဟု မြတ်စွာဘုရား အား အချိန် (တန်ကြောင်း) ကို လျှောက်၏။
ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက်ဗြဟ္မာယုပုဏ္ဏား၏အိမ်သို့ ချဉ်း ကပ်တော်မူပြီးလျှင် ပြင်ထားသော နေရာ၌ ရဟန်းသံဃာနှင့်အတူ ထိုင်တော်မူ၏။ ထိုအခါ ဗြဟ္မာယုပုဏ္ဏားသည် ခုနစ်ရက်ပတ်လုံး ဘုရားအမှူးရှိသော ရဟန်း သံဃာကိုမွန်မြတ် သော ခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့် တိုင်အောင် (ကိုယ်တိုင်) လုပ်ကျွေး၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုခုနစ်ရက်ကို လွန်မြောက် သဖြင့် ဝိဒေဟတိုင်းဝယ်ဒေသစာရီ ကြွချီတော် မူ၏။ ထိုအခါ ဗြဟ္မာယုပုဏ္ဏားသည် မြတ်စွာဘုရား ဖဲသွား၍ မကြာမြင့်မီသေဆုံးကွယ်လွန်လေ၏။ ထိုအခါ များစွာကုန်သော ရဟန်းတော်တို့သည် မြတ်စွာဘုရားအထံတော်သို့ချဉ်းကပ်ကြကုန်၍ မြတ်စွာ ဘုရားကို ရှိခိုးကြကုန်လျက် သင့်လျော်ရာ၌ ထိုင်နေကြကာ “အသျှင်ဘုရားဗြဟ္မာယုပုဏ္ဏားသည် သေဆုံး ကွယ်လွန်ပါပြီ၊ ထိုဗြဟ္မာယုပုဏ္ဏား၏ လားရာဂတိကား အဘယ်ပါနည်း၊ ထိုဗြဟ္မာယုပုဏ္ဏား၏ တမလွန် လောကကား အဘယ်ပါနည်း”ဟု ပြဿနာကို မေးလျှောက်ကြကုန်ပြီ။ ရဟန်းတို့ ဗြဟ္မာယုပုဏ္ဏားသည် ပညာရှိ၏၊ တရားအား လျော်သော အကျင့်ကို ကျင့်၏၊ ငါ့ကိုတရားတည်းဟူသော အကြောင်းကြောင့် မညှဉ်းဆဲပေ။ ရဟန်းတို့ ဗြဟ္မာယုပုဏ္ဏားသည်အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် ထို ဗြဟ္မာ့ပြည်၌ပင် ပရိနိဗ္ဗာန် ပြုခြင်းသဘောရှိသော ဥပပါတ်ပဋိသန္ဓေ တည်နေ၏၊ ထို (ဗြဟ္မာ့ပြည်) လောကမှ ပြန်လာခြင်းသဘော မရှိတော့ချေဟု (မိန့်တော်မူ၏)။
မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ စကား တော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်ကြကုန်ပြီ။
ရှေးဦးစွာသော ဗြဟ္မာယုသုတ် ပြီး၏။
၁။ မဟာဘာရတစသော ရှေးဟောင်း ရာဇဝင် ပုံပြင်ကျမ်း။
၂။ ဝေဒကျမ်းလာ ပုဒ်ရင်းတို့ကို ထုတ်နုတ်စီစဉ် ပြသောကျမ်း။
၃။ ဓာတ် + ပစ္စည်း+ ဝိဘတ်တို့ဖြင့် ဝေဖန်၍ ပုဒ်တို့၏ ပြီးစီးပုံကို ပြသောကျမ်း။
၄။ မျက်မြင် လောကအကြောင်းကိုသာ ပြသော ရုပ်ဝါဒကျမ်း။ (စာရ်ဗာကဆရာ၏ ရုပ်ဝါဒစသည်)။
--
၂-သေလသုတ်
၃၉၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် -
အခါတစ်ပါး၌ မြတ်စွာဘုရားသည် တစ်ထောင့်နှစ်ရာ့ငါးဆယ်မျှ များစွာသော ရဟန်းသံဃာနှင့် အတူအင်္ဂုတ္တရာပတိုင်း၌ ဒေသစာရီ ကြွချီတော်မူသည်ရှိသော် အာပဏမည်သော အင်္ဂုတ္တရာပနိဂုံးသို့ဆိုက်ရောက်တော် မူလေ၏။ ကေဏိယမည်သော ရသေ့သည် ဤသို့ ကြားသိလေ၏ - “အချင်းတို့သာကီဝင်မင်းမျိုးမှ ရဟန်းပြုသော သာကီဝင်မင်းသား ရဟန်းဂေါတမသည် တစ်ထောင့်နှစ်ရာ့ငါးဆယ်မျှများစွာသော ရဟန်းသံဃာနှင့်အတူ အင်္ဂုတ္တရာပတိုင်း၌ ဒေသစာရီ လှည့်လည်တော်မူရာ အာပဏနိဂုံးသို့ဆိုက်ရောက်လာသတတ်။ ထိုအသျှင်ဂေါတမ၏ ကောင်းသော ကျော်စောသတင်းသည် ဤသို့ ပျံ့နှံ့၍ထွက်၏ - ‘ထိုရဟန်းဂေါတမသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း'အရဟံ’ မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသောအကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့်ပြည့်စုံတော်မူသော အကြောင်းကြောင့် လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’ မည်တော်မူ၏၊ ကောင်းသောစကားကိုဆိုတော်မူတတ်သော အကြောင့်ကြောင့် လည်း ‘သုဂတ’ မည်တော်မူ၏၊ လောကကို သိတော်မူသောအကြောင်းကြောင့်လည်း ‘လောကဝိဒူ’ မည် တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့လွန်မြတ်သော ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်း ကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ’မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) ကိုယ်တိုင် သိ၍ သူတစ်ပါးကို သိစေတော်မူသောအကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီး တော်မူသော အကြောင်းကြောင့်လည်း'ဘဂဝါ’ မည်တော်မူ၏’ဟု (ပျံ့နှံ့၍ ထွက်၏)။
--
ထိုမြတ်စွာဘုရားသည် နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏမင်းများ လူများနှင့် တကွသော လူ့လောကကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက်ဟောကြားတော်မူ၏။ ထိုမြတ်စွာဘုရားသည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော တရားကို ဟောတော်မူ၏။ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ပြတော်မူ၏၊ ထိုသို့သဘောရှိကုန်သော ရဟန္တာ (ပုဂ္ဂိုလ်) တို့ကို ဖူးမြော်ရခြင်းသည် ကောင်းသည်သာတည်း”ဟု (ကြားသိလေ၏)။
ထိုအခါ ကေဏိယရသေ့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော ကေဏိယရသေ့ကို မြတ်စွာဘုရားသည်တရားစကားဖြင့် (အကျိုးစီးပွားကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူ၏။ ထိုအခါ ကေဏိယရသေ့သည် မြတ်စွာဘုရားက တရားစကားဖြင့် (အကျိုးစီးပွားကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေအပ်သည်ရှိသော် မြတ်စွာဘုရားကို “အသျှင်ဂေါတမသည် နက်ဖြန်အတွက် ရဟန်းသံဃာနှင့်အတူ အကျွန်ုပ်၏ ဆွမ်းကို လက်ခံတော်မူပါလော့”ဟု လျှောက်၏။
ဤသို့ လျှောက်သည်ရှိသော် မြတ်စွာဘုရားသည် ကေဏိယရသေ့ကို “ကေဏိယ ရဟန်းသံဃာသည်များ၏၊ ရဟန်းပေါင်း တစ်ထောင့်နှစ်ရာ့ငါးဆယ် အရေအတွက်ရှိ၏၊ သင်သည်လည်း ပုဏ္ဏားတို့၌ အလွန်ကြည်ညိုသူဖြစ်၏”ဟု မိန့်တော်မူ၏။ နှစ်ကြိမ်မြောက်လည်း ကေဏိယရသေ့သည် မြတ်စွာဘုရား ကို"အသျှင်ဂေါတမ ရဟန်းသံဃာသည် အကယ်၍ များစေကာမူ တစ်ထောင့်နှစ်ရာ့ငါးဆယ် အရေအတွက်ရှိစေကာမူ အကျွန်ုပ်သည်လည်း ပုဏ္ဏားတို့၌ အလွန်ကြည်ညိုသူဖြစ်စေကာမူ အသျှင်ဂေါတမသည် နက်ဖြန်အတွက် ရဟန်းအပေါင်းနှင့်အတူ အကျွန်ုပ်၏ ဆွမ်းကို လက်ခံတော်မူပါ”ဟု လျှောက်ပြန်၏။ နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားသည် ကေဏိယရသေ့ကို “ကေဏိယ ရဟန်းသံဃာသည် များပြား၏၊ တစ်ထောင့် နှစ်ရာ့ငါးဆယ် အရေအတွက်ရှိ၏၊ သင်သည်လည်း ပုဏ္ဏားတို့၌ အလွန်ကြည်ညိုသူဖြစ်၏”ဟုမိန့်တော်မူ၏။ သုံးကြိမ်မြောက်လည်း ကေဏိယရသေ့သည် မြတ်စွာဘုရားကို “အသျှင်ဂေါတမ ရဟန်းသံဃာသည် အကယ်၍ များစေကာမူ တစ်ထောင့် နှစ်ရာ့ငါးဆယ် အရေအတွက်ရှိစေကာမူ အကျွန်ုပ်သည်လည်း ပုဏ္ဏားတို့၌ အလွန်ကြည်ညိုသူဖြစ်စေကာမူ အသျှင်ဂေါတမသည် နက်ဖြန်အတွက် ရဟန်းသံဃာနှင့်အတူ အကျွန်ုပ်၏ ဆွမ်းကို လက်ခံတော်မူပါ”ဟု လျှောက်၏။ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေတော်မူသဖြင့် လက်ခံတော်မူ၏။
ထိုအခါ ကေဏိယရသေ့သည် မြတ်စွာဘုရား လက်ခံတော်မူသည်ကို သိ၍ နေရာမှထကာ မိမိ၏သင်္ခမ်းကျောင်းသို့ ချဉ်းကပ်၍ မိတ်ဆွေ ခင်ပွန်း ဆွေမျိုးသားချင်းတို့ကို “အိုမိတ်ဆွေခင်ပွန်း ဆွေမျိုးသားချင်းတို့ ငါ၏ စကားကို နားထောင်ကြပါကုန်၊ ငါသည် ရဟန်းဂေါတမကို ရဟန်းသံဃာနှင့်အတူ နက်ဖြန်အတွက် ဆွမ်းစား ဖိတ်ခဲ့ပြီ၊ ယင်းအကြောင်းကြောင့် သင်တို့သည် ငါ့အား လုပ်အားပေးကြပါကုန်လော့”ဟု ပြောဆို၏။ “အသျှင် ကောင်းပါပြီ”ဟု ကေဏိယရသေ့၏ မိတ်ဆွေခင်ပွန်း ဆွေမျိုးသားချင်းတို့သည် ကေဏိယရသေ့၏ စကားကို နာယူကြပြီးလျှင် အချို့သူတို့သည် ဖိုခုံလောက် ကျင်းတူးကြကုန်၏၊ အချို့သူတို့သည် ထင်းခွဲကြကုန်၏၊ အချို့သူတို့သည် အိုးခွက်တို့ကို ဆေးကြောကြကုန်၏၊ အချို့သူတို့သည် သောက်ရေအိုးကြီးကို တည်ထားကြကုန်၏၊ အ ချို့သူတို့သည် နေရာတို့ကို ခင်းကျင်းကြကုန်၏၊ ကေဏိယရသေ့သည်ကား ကိုယ်တိုင်သာလျှင် တန်ဆောင်းဝန်းကို ပြုစီရင်၏။
--
၃၉၇။ ထိုစဉ်အခါ၌ သေလပုဏ္ဏားသည် အာပဏနိဂုံး၌ နေ၏၊ နိဃဏ္ဍု ‘အဘိဓာန်’ ကျမ်း ကေဋုဘ'အလင်္ကာ’ ကျမ်း အက္ခရပ္ပဘေဒ ‘သဒ္ဒါ'ကျမ်း ငါးခုမြောက် ဣတိဟာသကျမ်းနှင့် တကွ ဗေဒင် သုံးပုံတို့၏တစ်ဖက်ကမ်းသို့ ရောက်၏၊ ပဒကျမ်းကို တတ်၏၊ ဗျာကရုဏ်းကျမ်းကို တတ်၏၊ လောကာယတကျမ်းမဟာပုရိသလက္ခဏာကျမ်းတို့၌ အကြွင်းမဲ့ တတ်ပြီးဖြစ်၏၊ သုံးရာသော လုလင်ပျို တို့ကိုလည်းဗေဒင်တို့ကို သင်ကြားပို့ချ နေ၏၊ ထိုအခါ ကေဏိယရသေ့သည် သေလပုဏ္ဏား၌ အလွန် ကြည်ညို၏။
ထိုအခါ သေလပုဏ္ဏားသည် သုံးရာသော လုလင်ပျိုတို့ ခြံရံလျက် အညောင်းပြေ လမ်းလျှောက်လှည့်လည်လတ်သော် ကေဏိယရသေ့၏ သင်္ခမ်းကျောင်းသို့ ချဉ်းကပ်လေ၏၊ သေလပုဏ္ဏားသည်ကေဏိယရသေ့၏ သင်္ခမ်းကျောင်း၌ ဖိုခုံလောက်တူးသူ အချို့တို့ကိုလည်းကောင်း ထင်းခွဲသူ အချို့တို့ကိုလည်းကောင်း အိုးခွက်ဆေးကြောသူ အချို့တို့ကိုလည်းကောင်း၊ သောက်ရေအိုးကြီးတည်ထားသူ အချို့တို့ကိုလည်းကောင်း၊ နေရာခင်းသူ အချို့တို့ကိုလည်းကောင်း၊ ကိုယ်တိုင်သာလျှင် တန်ဆောင်းဝန်းကို စီမံနေသော ကေဏိယရသေ့ကိုလည်းကောင်း မြင်လျှင် ကေဏိယရသေ့ကို “အသျှင်ကေဏိယအား သမီးယူခြင်း'အာဝါဟ’ မင်္ဂလာလည်း ဖြစ်လိမ့်မည်လော၊ သို့မဟုတ် သမီးပေးခြင်း ‘ဝိဝါဟ’ မင်္ဂလာလည်း ဖြစ်လိမ့်မည်လော၊ သို့မဟုတ် ကြီးစွာသော ယဇ်ပူဇော်မှုလည်း နီးကပ်နေပြီလော၊ သို့မဟုတ် မဂဓတိုင်းကို အစိုးရသော သေနိယမည်သော ဗိမ္ဗိသာရမင်းကိုမူလည်း ဗိုလ်ပါအပေါင်းနှင့်တကွ နက်ဖြန်အတွက် ဖိတ်ကြားထားပါသလော”ဟု ပြောဆို၏။
အသျှင်သေလ အကျွန်ုပ်အား သမီးယူခြင်း ‘အာဝါဟ’ မင်္ဂလာလည်း ဖြစ်လိမ့်မည် မဟုတ်ပါ၊့သမီးပေးခြင်း ‘ဝိဝါဟ’ မင်္ဂလာလည်း ဖြစ်လိမ့်မည် မဟုတ်ပါ၊ မဂဓတိုင်းကို အစိုးရသော သေနိယမည်သော ဗိမ္ဗိသာရမင်းကိုမူလည်း ဗိုလ်ပါအပေါင်းနှင့်တကွ နက်ဖြန်အတွက် ဖိတ်ကြားမထားပါ၊ စင်စစ်သော်ကား အကျွန်ုပ်အား ကြီးစွာသော ယဇ်ပူဇော်ခြင်းသည် နီးကပ်နေပါ၏၊ အသျှင် သာကီဝင်မင်းသားဖြစ်သော သာကီဝင်မင်းမျိုးမှ ရဟန်းပြုသော ရဟန်းဂေါတမသည် ရှိပါ၏၊ အင်္ဂုတ္တရာပတိုင်း၌ တစ်ထောင့်နှစ်ရာ့ငါးဆယ်မျှ အရေအတွက်ရှိသော များစွာသော ရဟန်းသံဃာနှင့်အတူ ဒေသစာရီ လှည့်လည်ကာ အာပဏနိဂုံးသို့ ယခု ရောက်ရှိနေပါ၏။
ထိုအသျှင်ဂေါတမ၏ ဤသို့ ကောင်းမြတ်သော ကျော်စောသံသည် ပျံ့နှံ့၍ ထွက်ပေါ်ပါ၏-"ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း ‘အရဟံ’ မည်တော်မူ၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း'သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’ မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သောအကြောင်း ကြောင့်လည်း ‘သုဂတ’ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း'လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ ပုဂ္ဂိုလ်ဖြစ်တော်မူသောအကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ’ မည်တော်မူ၏၊ နတ်လူတို့၏ဆရာဖြစ်တော်မူသော အကြောင်းကြောင့် လည်း ‘သတ္ထာဒေဝမနုဿာနံ’ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်း ကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူ၏”ဟု (ပျံ့နှံ့၍ထွက်၏)။ ထိုဂေါတမမြတ်စွာဘုရားကို အကျွန်ုပ်သည် နက်ဖြန် အတွက် ရဟန်းသံဃာနှင့်အတူဆွမ်းစားဖိတ်ထားပါ၏ဟု (ဆို၏)။ ကေဏိယ “ဘုရား”ဟူ၍ ဆိုသလော။ သေလ “ဘုရား”ဟူ၍ဆိုပါ၏။ ကေဏိယ"ဘုရား”ဟူ၍ ဆိုသလော။ သေလ"ဘုရား”ဟူ၍ ဆိုပါ၏ဟု (ဆို၏)။
--
၃၉၈။ ထိုအခါ သေလပုဏ္ဏားအား ဤသို့သော အကြံသည် ဖြစ်၏- လောက၌ ‘ဘုရား ဘုရား’ဟူသော အသံမျှလည်း အလွန်ကြားရခဲ၏၊ အမှန်အားဖြင့် ငါတို့၏ ဝေဒကျမ်းတို့၌ သုံးဆယ့်နှစ်ပါးသောယောကျ်ားမြတ်တို့၏ လက္ခဏာတို့သည် လာကုန်၏၊ ယင်းလက္ခဏာတို့နှင့် ပြည့်စုံသော ယောကျ်ားမြတ်အား နှစ်မျိုးသော အဖြစ်တို့သာလျှင် ရှိကုန်၏၊ အခြားသော အဖြစ်တို့ကား မရှိကုန်။ ထိုယောကျ်ားမြတ် သည် အကယ်၍ လူ့ဘောင်၌ နေငြားအံ့၊ တရားစောင့်သော တရားနှင့်အညီမင်းပြုသော သမုဒ္ဒရာလေး စင်း အပိုင်းအခြားရှိသည့် လေးကျွန်းလုံးကို အစိုးရသော လူအပေါင်းကိုအောင်သော တိုင်းနိုင်ငံကို တည်ငြိမ်စေသော ရတနာခုနစ်ပါးနှင့် ပြည့်စုံသော စကြဝတေးမင်း ဖြစ်၏။ ထို (စကြဝတေး) မင်းအား ဤရတနာခုနစ်ပါးတို့သည် ဖြစ်ကုန်၏။ ဤသည်တို့ကား အဘယ်နည်း၊ စကြာရတနာ ဆင်ရတနာ မြင်း ရတနာ ပတ္တမြားရတနာ မိန်းမရတနာ သူကြွယ် ရတနာ ခုနစ်ခုမြောက်သားကြီးရတနာတို့တည်း။ ထို (စကြဝတေး) မင်း၌ ရဲရင့်ကုန်သော သူရဲကောင်းအင်္ဂရုပ်ရှိကုန်သောတစ်ဖက်စစ်သည်တို့ကို နှိမ်နင်း နိုင်ကုန်သော အထောင်မကသော သားတော်တို့သည် ရှိကုန်၏။ ထို (စကြဝတေး) မင်းသည် သမုဒ္ဒရာ အဆုံးရှိသော ဤမြေကို တုတ်မဆောင်မူ၍ လက်နက်မဆောင်မူ၍တရားသဖြင့် အောင်မြင်လျက် အုပ်စိုး ၏။ အကယ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ငြားအံ့၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောလောက၌ (ကိလေသာ) အပိတ် အဖုံးကို ဖွင့်လှစ်ပြီးသော ဘုရားဖြစ်၏။ အသျှင်ကေဏိယပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောထိုအသျှင်ဂေါတမသည် ယခုအခါ အဘယ်အရပ်မှာ သီတင်းသုံး နေတော်မူပါသနည်းဟု (မေး၏)။
ဤသို့ မေးသည်ရှိသော် ကေဏိယရသေ့သည် လက်ယာလက်မောင်းကို မြှောက်၍ သေလပုဏ္ဏားကို့"သေလ ဤညိုမှိုင်းသော တောတန်းဝယ် သီတင်းသုံးနေတော်မူပါ၏”ဟု ပြောဆို၏။ ထိုအခါ သေလပုဏ္ဏားသည် သုံးရာသော လုလင်တို့နှင့် အတူ မြတ်စွာဘုရားထံသို့ ချဉ်းကပ်လေ၏။ ထိုအခါ သေလပုဏ္ဏားသည် ထိုသုံးရာသော လုလင်ပျိုတို့ကို “အမောင်တို့ ခြေလှမ်းမှန်မှန် လှမ်း၍ အသံမပြုဘဲ လာကြကုန်လော့၊ ထိုမြတ်စွာဘုရားတို့သည် ခြင်္သေ့မင်းကဲ့သို့ တစ်ဦးတည်း ကျက်စားကြသည်ဖြစ်၍ ခဲယဉ်းစွာချဉ်းကပ်သင့်သူများ ဖြစ်ကြကုန်၏။ အမောင်တို့ ရဟန်းဂေါတမနှင့် အတူ ငါပြောဆိုတိုင်ပင်နေသော အခါ'အမောင်တို့သည် ငါ၏ (စကား၌) ကြားညှပ် မပြောဆိုကြကုန်လင့်၊ အမောင်တို့သည် ငါ၏စကားပြီးဆုံး သည့်တိုင်အောင် ဆိုင်းငံ့ကြကုန်လော့’ဟု” ပြောကြား၏။
ထိုအခါ သေလပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် တစ်ခုသော နေရာ၌ ထိုင်ကာ မြတ်စွာဘုရား၏ ကိုယ်တော်၌ သုံးဆယ့်နှစ်ပါးကုန်သော ယောကျ်ားမြတ်တို့၏လက္ခဏာကို ရှာမှီးလေ၏။ သေလပုဏ္ဏားသည် မြတ်စွာဘုရား၏ ကိုယ်တော်၌ သုံးဆယ့်နှစ်ပါးသောယောကျ်ားမြတ်လက္ခဏာတို့ကို များသောအားဖြင့် မြင်၏၊ နှစ်ပါးတို့ကိုကား မမြင်၊ အအိမ်ဖြင့် ဖုံးလွှမ်းအပ်သော ပုရိသနိမိတ်၌လည်းကောင်း၊ ရှည်ပြန့်သော လျှာတော်၌လည်းကောင်း ဤ (မမြင်ရသော) ယောကျ်ားမြတ်လက္ခဏာ နှစ်ပါးတို့၌ ယုံမှား၏၊ တွေးတောယုံမှား၏၊ မဆုံးဖြတ်နိုင်၊ မယုံကြည်နိုင်၊ ထိုအခါ မြတ်စွာဘုရားအား ဤသို့ အကြံဖြစ်၏-"ဤသေလ ပုဏ္ဏားသည် ငါ၏ သုံးဆယ့်နှစ်ပါးသောယောကျ်ားမြတ် လက္ခဏာတို့ကို များသောအားဖြင့် မြင်၏၊ နှစ်ပါးတို့ကိုကား မမြင်၊ အအိမ်ဖြင့် ဖုံးလွှမ်းအပ်သော ပုရိသနိမိတ်၌လည်းကောင်း၊ ရှည်ပြန့်သော လျှာတော်၌လည်းကောင်း ဤ (မမြင်ရသော) ယောကျ်ားမြတ်လက္ခဏာ နှစ်ပါးတို့၌ ယုံမှား၏၊ တွေးတောယုံမှား၏၊ မဆုံးဖြတ်နိုင်၊ မယုံကြည်နိုင်၊ ငါသည် တန်ခိုးဖန်ဆင်းပြရမူ ကောင်းလေစွ”ဟု (အကြံဖြစ်၏)။
ထိုအခါ မြတ်စွာဘုရားသည် အအိမ်ဖြင့် ဖုံးလွှမ်းသော ပုရိသနိမိတ်ကို သေလပုဏ္ဏားမြင်နိုင်ရန်တန်ခိုးဖန်ဆင်းတော်မူ၏၊ ထို့နောက် မြတ်စွာဘုရားသည် လျှာတော်ကို ထုတ်၍ နားတွင်းနှစ်ဖက်တို့ကိုလည်း အပြန်အလှန် သုံးသပ်တော်မူ၏၊ နှာခေါင်းပေါက်နှစ်ခုတို့ကိုလည်း အပြန်အလှန် သုံးသပ်တော်မူ၏၊ အလုံးစုံသော နဖူးပြင်ကိုလည်း လျှာဖြင့် ဖုံးအုပ်တော်မူ၏၊ ထိုအခါ သေလပုဏ္ဏားအား ဤသို့ အကြံဖြစ်၏- “ရဟန်းဂေါတမသည် တင်းတင်းပြည့်ညီသော သုံးဆယ့်နှစ်ပါးသော ယောကျ်ားမြတ်လက္ခဏာတော်တို့နှင့် ပြည့်စုံတော်မူပေ၏၊ တင်းတင်းမပြည့်ညီသော လက္ခဏာတို့နှင့် ပြည့်စုံသည် မဟုတ်ပေ။ သို့သော်လည်း ထိုရဟန်းဂေါတမသည် ‘ဘုရားဟုတ် မဟုတ်’ ကိုကား ငါမသိရသေးချေ။ ပူဇော်အထူးကိုခံတော်မူထိုက်သော အလုံးစုံသောတရားတို့ကို ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားတို့သည်မိမိ၏ ဂုဏ်ကျေးဇူးကို ချီးကျူးပြောဆိုသည်ရှိသော် မိမိကိုယ်ကို ထင်စွာ ပြုတတ်ကြကုန်၏ဟု ဆရာ့ဆရာဖြစ်ကုန်သော ကြီးရင့်အိုမင်းသည့် ပုဏ္ဏားတို့ ပြောဆိုသည်ကို ကြားရဖူး၏၊ ငါသည် ရဟန်းဂေါတမကိုမျက်မှောက်၌ပင် သင့်လျော်လျောက်ပတ်သော ဂါထာတို့ဖြင့် ချီးကျူးပြောဆိုရမူကောင်းမြတ်လေရာ၏”ဟု အကြံဖြစ်လေ၏။
--
၃၉၉။ ထိုအခါ သေလပုဏ္ဏားသည် မြတ်စွာဘုရားကို မျက်မှောက်၌ပင် သင့်လျော်လျောက်ပတ်သောဂါထာတို့ဖြင့် ချီးကျူးပြောဆိုလေ၏-
လုံ့လရှိတော်မူသော မြတ်စွာဘုရား အသျှင်ဘုရားသည် (သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်တို့၏လက္ခဏာတို့နှင့်) ပြည့်စုံသော ကိုယ်တော်မြတ် ရှိတော်မူပါ ပေ၏၊ တဝင်းဝင်းတလျှပ်လျှပ်ကောင်းမြတ်သော ကိုယ်တော်ရောင် ရှှိတော်မူပါပေ၏၊ အလုံးအရပ် မြတ်သောသဏ္ဌာန်တော်လည်းရှှိတော်မူပါပေ၏၊ ကြည့်ရှု၍ မဝနိုင် ဖွယ် တင့်တယ်သောကိုယ်တော်လည်း ရှှိတော်မူပါပေ၏၊ ရွှေစင်နှင့်တူသော အဆင်း တော်မြတ်လည်း ရှှိတော်မူပါပေ၏၊ ငွေစင်ပမာ ကောင်းစွာ ဖြူဖွေးသော စွယ်တော် မြတ်လည်း ရှှိတော်မူပါပေ၏၊ အလုံးအရပ်နှင့် ဖြောင့်မတ်ညီညွတ်သူအား ဆန်းဆန်းကြယ်ကြယ် နှစ်သက်ဖွယ်ရှိကုန်သော အကြင်လက္ခဏာတော်ကြီးတို့သည် ဖြစ် ကုန်၏၊ အလုံးစုံသောထိုယောကျ်ားမြတ်တို့၏ လက္ခဏာတော်ကြီး သုံးဆယ့်နှစ်ပါး တို့သည် အသျှင်ဘုရား၏ ကိုယ်တော်၌ဖြစ်ထွန်းပေါ်ပေါက်ပါကုန်၏။
အသျှင်ဘုရားသည် (ငါးပါးသောအဆင်း) ကြည်လင်ခြင်းနှင့် ပြည့်စုံသော မျက်စိ တော်လည်းရှှိတော်မူပါ၏၊ တင့်တယ်ကောင်းမြတ်သော မျက်နှာတော်လည်း ရှိပါ ၏၊ အလုံးအရပ်ထွားကျိုင်းတော်မူပါ၏၊ ဖြောင့်မတ်သော ကိုယ်တော်လည်း ရှိပါ ၏၊ ထွန်းလင်းတောက်ပသောအရောင်တော်နှင့်လည်း ပြည့်စုံတော်မူပါ၏၊ ရဟန်း အပေါင်းတို့၏ အလယ်၌ရောင်ခြည်တစ်ထောင်ဆောင်သော နေမင်းကြီးကဲ့သို့ တင့် တယ်တော်မူလှပါပေ၏။
အသျှင်ဘုရားသည် ကောင်းမြတ်တင့်တယ် ရှုချင်ဖွယ်နှင့်လည်း ပြည့်စုံတော်မူ ပါ၏၊ ရွှေပြားဖြင့်ကပ်သကဲ့သို့ မြတ်သော အရေအဆင်းတော်နှင့်လည်း ပြည့်စုံ တော်မူပါ၏၊ ဤသို့ မြတ်သောအဆင်းနှင့်ပြည့်စုံတော်မူသော အသျှင်ဘုရားအား ရဟန်း၏ အဖြစ်ဖြင့် အဘယ်အကျိုးရှိပါအံ့နည်း။
သမုဒ္ဒရာအဆုံးရှိသော လေးကျွန်းလုံးကို အစိုးရသော အောင်ပြီးသော ရန်သူရှိ သော ဇမ္ဗူဒီပါမြေမျက်နှာကို အစိုးရသော ရထားစီးနင်း မင်းတကာတို့ထက် မြတ်သော စကြဝတေးမင်းကြီးဖြစ်ရန်ထိုက်ပါ၏။
မြို့စား ရွာစားဖြစ်ကြကုန်သော မင်းအများတို့သည် အသျှင်ဘုရား၏ အလိုနိုင်ငံ တော်သို့အစဉ်လိုက်ကြပါစေကုန်သတည်း၊ လူတို့ကို အစိုးရသော မင်းတကာတို့ ထက် မင်းဖြစ်သောစကြဝတေးမင်းကြီးဖြစ်တော်မူ၍ တိုင်းပြည်နိုင်ငံကို အစိုးရ သော မင်းလုပ်တော်မူပါလော့၊ ထိုမင်းတို့သည်အသျှင်ဂေါတမအား မင်းအဖြစ်ကို တင်မြှောက်ကြပါစေကုန်သတည်းဟု (လျှောက်၏)။
သေလပုဏ္ဏား ငါသည် မင်းဖြစ်ပေ၏၊ အတုမရှိ မွန်မြတ်သော တရားမင်းဖြစ် ပေ၏၊ တရားသဖြင့် (တရား) စက်ကို လည်စေနိုင်၏၊ တစ်စုံတစ်ယောက်မျှ (ငါ လည်စေသည့်) တရားစက်ကို မလည်စေနိုင်ဟု (မိန့်တော်မူ၏)။
အသျှင်ဂေါတမ အသျှင်ဘုရားသည် တရားမှန်ကို ကိုယ်တိုင် သိသော ဘုရား ဟူ၍ ဝန်ခံဘိသလော၊ အတုမဲ့ မြင့်မြတ်သော တရားမင်းဖြစ်၍ တရားသဖြင့် (တရား) စကြာကို လည်စေနိုင်၏ဟု ဆိုပါသလော။
--
ဆရာ (အလို) သို့ အစဉ်လိုက်တတ်သော အသျှင်၏တပည့် စစ်သူကြီးကား အဘယ်သူပါနည်း၊ အသျှင်လည်စေပြီးသော ထိုတရားစကြာကို မည်သူသည် အတု လိုက်၍ လည်စေပါသနည်းဟု (လျှောက်၏)။
(မြတ်စွာဘုရားသည် ‘သေလ’ဟု ခေါ်တော်မူကာ) ငါ လည်စေအပ်သော အတုမဲ့ တရားစကြာကိုအနုဇာတသား သာရိပုတြာသည် ငါဘုရားသို့ အတုလိုက်၍ လည်စေ၏ဟု (မိန့်တော်မူ၏)။
ပုဏ္ဏား ငါသည် ထိုးထွင်း၍ သိသင့်သည်ကို ထိုးထွင်း၍ သိခဲ့ပြီ၊ ပွါးများအား ထုတ်သင့်သည်ကိုလည်းပွါးများအားထုတ်ပြီးပြီ၊ ပယ်သင့်သည်ကိုလည်း ပယ်ပြီးပြီ၊ ထို့ကြောင့် ငါသည် ဘုရားဖြစ်ခဲ့ပြီ။
ပုဏ္ဏား ငါ၌ ယုံမှားသံသယကို ပယ်ဖျောက်လေလော့၊ လွတ်လွတ် ယုံကြည်လေ လော့၊ ဘုရားသျှင်တို့အား မပြတ်မလပ် ဖူးမြင်ရခြင်းသည် အလွန်တရာ ရခဲလှ စွာ၏။
ပုဏ္ဏား လောက၌ မြတ်စွာဘုရားတို့၏ မပြတ်မလပ် ထင်ရှားစွာ ပွင့်တော်မူခြင်း ကို ရခဲလှစွာ၏၊ ထိုငါသည် ကိုယ်တိုင် မှန်စွာ သိသည်ဖြစ်၍ ကိလေသာငြောင့် တံသင်းကို ပယ်ခွင်းပြီးသူ ဖြစ်၏၊ အတုမရှိ မွန်မြတ်သူ ဖြစ်ပေ၏။
မြင့်မြတ်သူဖြစ်၍ နှိုင်းရှည့်စရာကို လွန်ပြီးဖြစ်၏၊ မာရ်စစ်သည်ကို နှိမ်နင်းပြီးသူ ဖြစ်၏၊ ရန်သူအားလုံးတို့ကို (မိမိ) အလိုသို့ လိုက်စေ၍ မည်သည့်အတွက်မျှ ဘေးမရှိဘဲ ဝမ်းမြောက်ရပေ၏။
အမောင်တို့ (ကိလေသာ) ငြောင့်တံသင်းကို ပယ်ခွင်းပြီးသူဖြစ်၍ ကြီးမြတ်သော လုံ့လရှိတော်မူသောမျက်စိငါးမျိုး ပိုင်စိုးသူ (မြတ်စွာဘုရား) သည် တောအတွင်း ဝယ် ခြင်္သေ့မင်း ဟောက်သကဲ့သို့ပြောဆိုတိုင်းသော စကားကို မှတ်သားကြ ကုန်လော့။
မြင့်မြတ်သူဖြစ်၍ နှိုင်းရှည့်စရာကို လွန်မြောက်ပြီးသော မာရ်စစ်သည်ကို နှိမ် နင်းပြီးသောမြတ်စွာဘုရားကို ဖူးမြင်ရ၍ အဘယ်သူသည် မကြည်ညိုဘဲနေနိုင် ပါအံ့နည်း၊ လူရိုင်းမျိုးပင်သော်လည်းမကြည်ညိုဘဲ မနေနိုင်ရာ။
ငါ့ကို အလိုရှိသူသည် ငါ့နောက်သို့ လိုက်လော့၊ အလိုမရှိသူသည် သွားလေ လော့၊ ငါသည်ဤနေရာ၌ပင် မြတ်သော ပညာရှိ၏ အထံတော်ဝယ် ရဟန်း ပြုတော့အံ့။
အသျှင်သည် ဤကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရား အဆုံးအမ တော်ကို ဤအတိုင်းအကယ်၍ နှစ်သက်ပါမူကား အကျွန်ုပ်တို့သည်လည်း မြတ် သော ပညာရှိ၏ အထံတော်ဝယ်ရဟန်းပြုကြပါကုန်အံ့။
သုံးရာသော ဤပုဏ္ဏားလုလင်ပျိုတို့သည် လက်အုပ်ချီကုန်လျက် “မြတ်စွာဘုရား အသျှင်မြတ်၏အထံတော်ဝယ် အကျွန်ုပ်တို့သည် မြတ်သော အကျင့်ကို ကျင့်ကြ ပါကုန်အံ့”ဟု လျှောက်ကြကုန်၏။
(မြတ်စွာဘုရားသည် ‘သေလ’ဟု ခေါ်တော်မူကာ) ကိုယ်တွေ့ဖြစ်၍ အခါမလင့် အကျိုးပေးနိုင်သောမြတ်သောအကျင့်ကို ကောင်းစွာ ဟောကြားထားပေ၏၊ ယင်း မြတ်သော အကျင့်၌ မမေ့မလျော့ကျင့်ကြံအားထုတ်သူ၏ ရဟန်းအဖြစ်ကား အချည်းနှီး မဖြစ်နိုင်ချေဟု (မိန့်တော်မူ၏)။
သေလပုဏ္ဏားသည် ပရိသတ်နှင့်တကွ မြတ်စွာဘုရား၏ အထံတော်၌ ရှင်ရဟန်းအဖြစ်ကို ရလေသတည်း။
၄၀၀။ ထိုအခါ ကေဏိယရသေ့သည် ထိုညဉ့်လွန်သဖြင့် မိမိသင်္ခမ်းကျောင်း၌ မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ကို စီရင်ပြီးလျှင် “အသျှင်ဂေါတမ အချိန်တန်ပါပြီ၊ ဆွမ်းပြင်ပြီးပါပြီ”ဟု မြတ်စွာဘုရားအားအချိန် (တန်ကြောင်း) ကို ကြားလျှောက်စေ၏။
--
ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူတော်မူလျက်ကေဏိယရသေ့၏ သင်္ခမ်းကျောင်းသို့ ချဉ်းကပ်တော်မူ၍ ခင်းထားသော နေရာ၌ ရဟန်းသံဃာ နှင့်အတူသီတင်းသုံးထိုင်နေတော်မူ၏။ ထိုအခါ ကေဏိယရသေ့သည် ဘုရားအမှူးရှိသော ရဟန်းသံဃာကိုမွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့်တိုင်အောင် ကိုယ်တိုင် လုပ်ကျွေး၏။ ထိုအခါ ကေဏိယ ရသေ့သည် မြတ်စွာဘုရား ဆွမ်းစားပြီး၍ သပိတ်မှ လက်တော်ဖယ်ပြီးသောအခါနိမ့်သော ထိုင်စရာတစ်ခုကို ယူ၍ တစ်ခုသော နေရာ၌ ထိုင်နေ၏။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသောကေဏိယရသေ့ကို မြတ်စွာဘုရားသည်-
“ယဇ်ပူဇော်ခြင်းတို့တွင် မီးကို လုပ်ကျွေးပူဇော်ခြင်းသည် အဦးအစဖြစ်၏၊ သာဝိတ္တီဂါထာသည်ဆန်းကျမ်း၏ အဦးအစ ဖြစ်၏၊ လူတို့တွင် မင်းသည် ပဓာန ဖြစ်၏၊ မြစ်တို့တွင် သမုဒ္ဒရာသည်ပဓာနဖြစ်၏။
နက္ခတ်တို့တွင် လသည် ပဓာနဖြစ်၏၊ အပူတို့တွင် နေသည် ပဓာနဖြစ်၏၊ ကောင်းမှုကိုအလိုရှိကြကုန်သော ပုဂ္ဂိုလ်တို့ ပေးလှူပူဇော်အပ်သော ပုဂ္ဂိုလ်တို့တွင် သံဃာသည် ပဓာနဖြစ်၏”ဟုဂါထာတို့ဖြင့် အနုမောဒနာကို ပြုတော်မူ၏၊
ထိုအခါ မြတ်စွာဘုရားသည် ကေဏိယရသေ့ကို ဤဂါထာတို့ဖြင့် အနုမောဒနာ ပြုပြီးလျှင် နေရာမှထကာ ဖဲသွားတော်မူ၏။
ထိုအခါ အသျှင်သေလသည် ပရိသတ်နှင့်တကွ တစ်ပါးစီ တစ်ပါးစီ ဆိတ်ငြိမ်ရာသို့ ကပ်၍ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသည်ရှိသော့်ကောင်းစွာသာလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ကြသော အမျိုးသားများ လိုလားအပ်သည့် အတုမဲ့မြတ်သောအကျင့်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်အကျိုးကို မကြာမီ ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေရ၏၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ”ဟု သိ၏။ ပရိသတ်နှင့်တကွ အသျှင်သေလသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်၏။ ထို့နောက် အသျှင်သေလသည် ပရိသတ်နှင့်တကွ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ လက်ဝဲတစ်ဖက် ပခုံးထက်၌ ကိုယ်ဝတ်ကိုစံပယ်တင်လျက် မြတ်စွာဘုရားရှိတော်မူရာသို့ လက်အုပ်ချီပြီးလျှင် မြတ်စွာဘုရားကို ဂါထာတို့ဖြင့် ချီးကျူးလျှောက်ထား၏-
“စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား ဤနေ့မှ လွန်ပြီးသော ရှစ်ရက်မြောက်ကအကျွန်ုပ်တို့သည် ကိုးကွယ်ဆည်းကပ်ခြင်းကို ပြုခဲ့ကြကုန်သော ကြောင့် မိမိတို့သည်အသျှင်ဘုရားအဆုံးအမတော်၌ အတုမရှိသော ယဉ်ကျေးခြင်း ဖြင့် ယဉ်ကျေးကြပါကုန်ပြီ။
အသျှင်မြတ်သည် ဘုရားပါတည်း၊ အသျှင်မြတ်သည် ဆုံးမတတ်သူ ဆရာပါ တည်း၊ အသျှင်မြတ်သည်မာရ်ကို နှိမ်နင်းနိုင်သူ မုနိပါတည်း၊ အနုသယတို့ကို ဖြတ်၍ ကူးမြောက်တော်မူပြီးသောအသျှင်ဘုရားသည် ဤသတ္တဝါအပေါင်းကို ကူး မြောက်စေတော်မူပါပြီ။
အသျှင်ဘုရားသည် ဥပဓိကို ကောင်းစွာ လွန်မြောက်ပါပြီ၊ အသျှင်ဘုရားသည် အာသဝေါတရားတို့ကိုဖောက်ခွဲပြီးပါပြီ၊ ဥပါဒါန်မရှိသည်ဖြစ်၍ ခြင်္သေ့မင်းကဲ့သို့ ကြောက်ထိတ်ခြင်း ကင်းတော်မူပါ၏။
သုံးရာသော ဤရဟန်းတော်တို့သည် လက်အုပ်ချီလျက် ရပ်တည်နေကြပါ ကုန်၏၊ ကြီးမြတ်သောလုံ့လရှိတော်မူသော မြတ်စွာဘုရား ခြေတော်တို့ကို ဆန့် တော်မူပါလော့၊ ဆရာဘုရားအား ရဟန်းများရှိခိုးကြပါစေ”ဟု (လျှောက်လေသ တည်း)။
နှစ်ခုမြောက် သေလသုတ် ပြီး၏။
--
၃-အဿလာယနသုတ်
၄၀၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ငါးရာမျှလောက်သော နိုင်ငံခြားသားပုဏ္ဏားတို့သည် တစ်စုံတစ်ခု ပြုဖွယ်ကိစ္စဖြင့် သာဝတ္ထိပြည်၌ နေကြကုန်၏။ ထိုအခါ ပုဏ္ဏားတို့အား ဤသို့ အကြံဖြစ်၏-"ဤရဟန်းဂေါတမသည် အမျိုးလေးပါးတို့၏ စင်ကြယ်ခြင်းကို ပညတ်၏၊ အဘယ်သူသည် ရဟန်းဂေါတမနှင့်အတူ ဤစကားအရာ၌ ပြိုင်ဆိုင် ပြောဆိုခြင်းငှါ စွမ်းနိုင်ပါအံ့နည်း”ဟု (အကြံဖြစ်၏)။
ထိုအခါ အဿလာယန အမည်ရသော လုလင်သည် သာဝတ္ထိပြည်၌ နေ၏၊ နုပျို၏၊ ဆံချပြီးသောဦးခေါင်းရှိ၏၊ ရက်ချုပ်အားဖြင့် တစ်ဆယ့်ခြောက်နှစ်အရွယ်ရှိ၏၊ နိဃဏ္ဍု ‘အဘိဓာန်’ ကျမ်း ကေဋုဘ'အလင်္ကာ’ ကျမ်း အက္ခရပ္ပဘေဒ ‘သဒ္ဒါ’ ကျမ်း ငါးခုမြောက် ဣတိဟာသကျမ်းနှင့်တကွ ဗေဒင်သုံးပုံတို့၏တစ်ဖက်ကမ်းသို့ ရောက်၏၊ ပဒကျမ်းကို တတ်၏၊ ဗျာကရုဏ်းကျမ်းကို တတ်၏၊ လောကာယတကျမ်းမဟာပုရိသလက္ခဏာ ကျမ်းတို့၌ အကြွင်းမဲ့ တတ်မြောက်၏။ ထို့နောက် ထိုပုဏ္ဏားတို့အား ဤသို့အကြံဖြစ်၏- “ဤအဿလာယန လုလင်သည် သာဝတ္ထိပြည်၌ နေ၏၊ နုပျို၏၊ ဆံချပြီးသော ဦးခေါင်းရှိ၏၊ ရက်ချုပ်အားဖြင့် အသက်တစ်ဆယ့် ခြောက်နှစ်အရွယ် ရှိ၏၊ ဗေဒင်သုံးပုံတို့၏ ကမ်းတစ်ဖက်သို့ရောက်၏။ပ။ အပြည့်အစုံ တတ်မြောက်၏၊ ထိုလုလင်သည် ရဟန်းဂေါတမနှင့်အတူ ဤစကားအရာ၌ပြိုင်ဆိုင် ပြောဆိုရန် စွမ်းနိုင်၏”ဟု (အကြံဖြစ်၏)။
ထိုအခါ ထိုပုဏ္ဏားတို့သည် အဿလာယနလုလင်ထံသို့ ချဉ်းကပ်၍ အဿလာယနလုလင်ကို့"အမောင်အဿလာယန ဤရဟန်းဂေါတမသည် အမျိုးလေးပါးတို့၏ စင်ကြယ်ခြင်းကို ပညတ်၏၊ အမောင်အဿလာယန သွားပါချေ၊ ရဟန်းဂေါတမနှင့်အတူ ဤစကားအရာ၌ ပြိုင်ဆိုင်ပြောဆိုပါလော့”ဟု ပြောဆိုကြကုန်၏။
ဤသို့ ပြောဆိုသည်ရှိသော် အဿလာယနလုလင်သည် ထိုပုဏ္ဏားတို့ကို “အသျှင်တို့ ရဟန်းဂေါတမသည် သဘာဝကျကျ ပြောဆိုလေ့ရှိ၏၊ သဘာဝကျကျ ပြောဆိုလေ့ရှိသူတို့သည် ပြိုင်ဆိုင်ပြောဆိုရန် ခဲယဉ်းပါကုန်၏၊ အကျွန်ုပ်သည် ရဟန်းဂေါတမနှင့်အတူ ဤစကားအရာ၌ ပြိုင်ဆိုင်ပြောဆိုရန်မစွမ်းနိုင်ပါ”ဟု ပြောဆို၏။ နှစ်ကြိမ်မြောက်လည်း ထိုပုဏ္ဏားတို့သည် အဿလာယနလုလင်ကို"အမောင်အဿလာယန ဤရဟန်းဂေါတမသည် အမျိုးလေးပါးတို့၏ စင်ကြယ်ခြင်းကို ပညတ်၏၊ အမောင်အဿလာယန သွားပါချေ၊ ရဟန်းဂေါတမနှင့်အတူ ဤစကားအရာ၌ ပြိုင်ဆိုင်ပြောဆိုပါလော့၊ အမောင်အဿလာယနသည် ပရိဗိုဇ်အစီအစဉ် (ဗေဒင်) ကိုလည်း ကျင့်ဆောင် (သင်ယူ) ပြီးပါပြီ”ဟုပြောဆိုကြကုန်၏။ နှစ်ကြိမ်မြောက်လည်း အဿလာယန လုလင်သည် ထိုပုဏ္ဏားတို့ကို “အသျှင်တို့ရဟန်းဂေါတမသည် သဘာဝကျကျ ပြောဆိုလေ့ရှိ၏၊ သဘာဝကျကျ ပြောဆိုလေ့ရှိသူတို့သည် ပြိုင်ဆိုင်ပြောဆိုရန် ခဲယဉ်းပါကုန်၏၊ အကျွန်ုပ်သည် ရဟန်းဂေါတမနှင့်အတူ ဤစကားအရာ၌ ပြိုင်ဆိုင်ပြောဆိုရန် မစွမ်းနိုင်ပါ”ဟု ပြောဆို၏။ သုံးကြိမ်မြောက်လည်း ထိုပုဏ္ဏားတို့သည် အဿလာယနလုလင်ကို “အမောင်အဿလာယန ဤရဟန်းဂေါတမသည် အမျိုးလေးပါးတို့၏ စင်ကြယ်ခြင်းကိုပညတ်၏၊ အမောင် အဿလာယန သွားပါချေ၊ ရဟန်းဂေါတမနှင့်အတူ ဤစကားအရာ၌ပြိုင်ဆိုင်ပြောဆိုပါလော့၊ အမောင် အဿလာယနသည် ပရိဗိုဇ်အစီအစဉ် (ဗေဒင်) ကိုလည်း ကျင့်ဆောင် (သင်ယူ) ပြီးပါပြီ၊ အမောင် အဿလာယနသည် စစ်မထိုးဘဲ ရှုံးနည်းမျိုး မရှုံးပါစေလင့်”ဟုပြောဆိုကြကုန်၏။
--
ဤသို့ ပြောဆိုသည်ရှိသော် အဿလာယနလုလင်သည် ထိုပုဏ္ဏားတို့ကို “အသျှင်တို့ ‘ရဟန်းဂေါတမသည် သဘာဝကျကျ ပြောဆိုလေ့ရှိ၏၊ သဘာဝကျကျ ပြောဆိုလေ့ရှိသူတို့သည် ပြိုင်ဆိုင်ပြောဆိုရန် ခဲယဉ်းပါကုန်၏၊ အကျွန်ုပ်သည် ရဟန်းဂေါတမနှင့်အတူ ဤစကားအရာ၌ ပြိုင်ဆိုင်ပြောဆိုရန်မစွမ်းနိုင်ပါ’ဟု အကျွန်ုပ်ပြောသော်လည်း မရလေ၊ သို့ဖြစ်သောကြောင့် အကျွန်ုပ်သည် အသျှင်တို့၏စကားဖြင့် သွားပါတော့အံ့”ဟု ပြောဆို၏။
၄၀၂။ ထိုအခါ အဿလာယနလုလင်သည် များစွာသော ပုဏ္ဏားအပေါင်းနှင့်အတူ မြတ်စွာဘုရား ထံသို့ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် သင့်လျော်ရာ၌ ထိုင်ကာ မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- “အသျှင်ဂေါတမ ‘ပုဏ္ဏားမျိုးသည်သာလျှင် မြတ်၏၊ အခြားအမျိုးသည် ယုတ်၏၊ ပုဏ္ဏားမျိုးသည်သာလျှင် ဖြူစင်၏၊ အခြားအမျိုးသည် မည်းညစ်၏၊ ပုဏ္ဏားတို့သည်သာလျှင် စင်ကြယ်ကုန်၏၊ ပုဏ္ဏားမဟုတ်သူတို့သည် မစင်ကြယ်ကုန်၊ ပုဏ္ဏားတို့သည်သာလျှင် ဗြဟ္မာ၏ သားရင်းတို့ ဖြစ်ကုန်၏၊ ခံတွင်းမှပေါက်ဖွားသူများ ဖြစ်ကုန်၏၊ ဗြဟ္မာမှ ပေါက်ဖွားလာကုန်၏၊ ဗြဟ္မာဖန်ဆင်းထားသူတို့ ဖြစ်ကုန်၏၊ ဗြဟ္မာ၏ အမွေခံတို့ ဖြစ်ကုန်၏’ဟု ပုဏ္ဏားတို့သည် ပြောဆိုကြပါကုန်၏၊ ဤပုဏ္ဏားတို့ ပြောဆိုရာ၌အသျှင်ဂေါတမသည် အဘယ်သို့ ဆိုလိုပါသနည်း”ဟု (လျှောက်၏)။
အဿလာယန ပုဏ္ဏားတို့တွင် ဥတုလာသူ ကိုယ်ဝန်ဆောင်သူ သားဖွားသူ နို့တိုက်နေသူ ပုဏ္ဏေးမတို့ကို မြင်ရကုန်သည် မဟုတ်လော၊ ထိုပုဏ္ဏားတို့သည် ပုဏ္ဏေးမတို့၏ အင်္ဂါဇာတ်မှ ဖြစ်ကြကုန်လျက်"ပုဏ္ဏားမျိုးသည်သာလျှင် မြတ်၏၊ အခြားအမျိုးသည် ယုတ်၏၊ ပုဏ္ဏားမျိုးသည်သာလျှင် ဖြူစင်၏၊ အခြားအမျိုးသည် မည်းညစ်၏၊ ပုဏ္ဏားတို့သည်သာ စင်ကြယ်ကုန်၏၊ ပုဏ္ဏားမဟုတ်သူတို့သည် မစင်ကြယ်ကုန်၊ ပုဏ္ဏားတို့သည်သာ ဗြဟ္မာ၏ သားရင်းတို့ ဖြစ်ကုန်၏၊ ခံတွင်းမှ ပေါက်ဖွားသူများ ဖြစ့်ကုန်၏၊ ဗြဟ္မာမှ ပေါက်ဖွားလာကုန်၏၊ ဗြဟ္မာဖန်ဆင်းထားသူတို့ ဖြစ်ကုန်၏၊ ဗြဟ္မာ၏အမွေခံတို့ ဖြစ်ကုန်၏”ဟု ဆိုကြကုန်သည် မဟုတ်လောဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ ဤသို့ပင် ဆိုစေကာမူပုဏ္ဏားတို့ကား ဤအရာ၌ “ပုဏ္ဏားမျိုးသည်သာ မြတ်၏၊ အခြားအမျိုးသည် ယုတ်၏။ပ။ ဗြဟ္မာ၏အမွေခံတို့ ဖြစ်ကုန်၏”ဟု ဤသို့သာ ဤအရာကို မှတ်ထင်ကြပါကုန်၏ဟု (လျှောက်၏)။
၄၀၃။ အဿလာယန ထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ “ယောပြည် ကမ္ဗောဇ ပြည်နှင့်အခြားအစွန်အဖျားကျသော နယ်တို့၌ အရှင်မျိုး ကျွန်မျိုးအားဖြင့် နှစ်မျိုးသာ ရှိကုန်၏၊ အရှင်မျိုးဖြစ်လျက် ကျွန်ဖြစ်ပြန်၏၊ ကျွန်မျိုးဖြစ်လျက် အရှင်ဖြစ်ပြန်၏”ဟု သင်ကြားဖူး၏လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား “ယောပြည် ကမ္ဗောဇပြည်နှင့် အခြားအစွန်အဖျားကျသော နယ်တို့၌ အရှင်မျိုးကျွန်မျိုးအားဖြင့် နှစ်မျိုးသာ ရှိကုန်၏၊ အရှင်မျိုးဖြစ်လျက် ကျွန်ဖြစ်ပြန်၏၊ ကျွန်မျိုးဖြစ်လျက် အရှင်ဖြစ်ပြန်၏”ဟု အကျွန်ုပ်ကြားဖူးပါ၏ဟု (လျှောက်၏)။ အဿလာယန ဤသို့ ဖြစ်ရာ၌ “ပုဏ္ဏားမျိုးသည်သာ မြတ်၏၊ အခြားအမျိုးသည် ယုတ်၏။ပ။ ဗြဟ္မာ၏အမွေခံတို့ ဖြစ်ကုန်၏”ဟု ဆိုကြကုန်သောပုဏ္ဏားတို့၏ အားကိုးကား အဘယ်နည်း၊ အထောက်အထားကား အဘယ်နည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤသို့ပင် ဆိုစေကာမူ ပုဏ္ဏားတို့ကား ဤအရာ၌ “ပုဏ္ဏားမျိုးသည်သာ မြတ်၏၊ အခြားအမျိုးသည် ယုတ်၏။ပ။ ဗြဟ္မာ၏ အမွေခံတို့ ဖြစ်ကုန်၏”ဟု ဤသို့သာ ဤအရာကို မှတ်ထင်ကြပါကုန်၏ဟု (လျှောက်၏)။
၄၀၄။ အဿလာယန ထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ မင်းမျိုးသည်သာ အသက် သတ်မူမပေးသည်ကိုယူမူ ကာမတို့၌ မှားယွင်းစွာကျင့်မူ မဟုတ်မမှန်ပြောဆိုမူ ကုန်းစကားကိုဆိုမူ ကြမ်းကြုတ်သော စကားကို ပြောဆိုမူ အကျိုးမရှိ ပြိန်ဖျင်းသောစကားကို ပြောဆိုမူ သူတစ်ပါးစည်းစိမ်ကို (မတရားသဖြင့် ရယူရန်) ရှေးရှုကြံစည်မူ (သူတစ်ပါး) ပျက်စီးရန် ကြံစည်မူ မှားသောအယူရှိမူ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ မကောင်းသောလားရာ ဖရိုဖရဲကျရာဖြစ်သော အပါယ်ငရဲသို့ ကျရောက်ရာသလော၊ ပုဏ္ဏားမျိုးသည် မကျရောက် ရာသလော။ ကုန်သည်မျိုးသည်သာ။ပ။ သူဆင်းရဲမျိုးသည်သာ အသက်သတ်မူ မပေးသည်ကိုယူမူ ကာမတို့၌ မှားယွင်းစွာကျင့်မူ မဟုတ်မမှန်ပြောဆိုမူ ကုန်းစကားကိုဆိုမူ ကြမ်းကြုတ်သောစကားကို ပြောဆိုမူ အကျိုးမရှိ ပြိန်ဖျင်းသော စကားကို ပြောဆိုမူသူတစ်ပါးစည်းစိမ်ကို (မတရားသဖြင့် ရယူရန်) ရှေးရှုကြံစည်မူ (သူတစ်ပါး) ပျက်စီးရန် ကြံစည်မူ မှားသောအယူရှိမူ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ မကောင်းသော လားရာ ပျက်စီး၍ကျရာအပါယ်ငရဲသို့ ကျရောက်ရာသလော၊ ပုဏ္ဏားမျိုးသည် မကျရောက်ရာသလောဟု (မေးတော်မူ၏)။
--
အသျှင်ဂေါတမ ဤသို့ဖြစ်ရန် မသင့်ပါ။ အသျှင်ဂေါတမ မင်းမျိုးသည်လည်း အသက်သတ်မူမပေးသည်ကို ယူမူ ကာမတို့၌ မှားယွင်းစွာကျင့်မူ မဟုတ်မမှန်ပြောဆိုမူ ကုန်းစကားကိုဆိုမူ ကြမ်းကြုတ်သောစကားကို ပြောဆိုမူ အကျိုးမရှိ ပြိန်ဖျင်းသောစကားကို ပြောဆိုမူ သူတစ်ပါးစည်းစိမ်ကို (မတရားသဖြင့် ရယူရန်) ရှေးရှုကြံစည်မူ (သူတစ်ပါး) ပျက်စီးရန် ကြံစည်မူ မှားသော အယူဝါဒရှိမူ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာဖြစ်သော အပါယ်ငရဲသို့ ကပ်ရောက်ရာပါ၏။ အသျှင်ဂေါတမ ပုဏ္ဏားမျိုးသည်လည်း။ပ။ အသျှင်ဂေါတမ ကုန်သည်မျိုးသည်လည်း။ပ။ အသျှင်ဂေါတမ သူဆင်းရဲမျိုးသည်လည်း။ပ။
အသျှင်ဂေါတမ အလုံးစုံသော အမျိုးလေးပါးတို့သည်လည်း အသက်သတ်ကြပါကုန်မူ မပေးသည်ကို ယူကြပါကုန်မူ ကာမတို့၌ မှားယွင်းစွာ ကျင့်ကြပါကုန်မူ မဟုတ်မမှန်ပြောဆိုကြပါကုန်မူ ကုန်းစကားကိုပြောဆိုကြပါကုန်မူ ကြမ်းကြုတ်သောစကားကို ပြောဆိုကြပါကုန်မူ အကျိုးမရှိ ပြိန်ဖျင်းသောစကားကိုပြောဆိုကြပါကုန်မူ သူတစ်ပါးစည်းစိမ်ကို (မတရားသဖြင့် ရယူရန်) ရှေးရှုကြံစည်ကြပါကုန်မူ (သူတစ်ပါး) ပျက်စီးရန် ကြံစည်ကြပါကုန်မူ မှားသောအယူဝါဒရှိကြပါကုန်မူ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက့်၌ မကောင်းသောလားရာ ပျက်စီး၍ ကျရောက်ရာ အပါယ်ငရဲသို့ ကျရောက်ကုန်ရာပါ၏ဟု (လျှောက်၏)။ အဿလာယန ဤသို့ ဖြစ်ရာ “ပုဏ္ဏားမျိုးသည်သာ မြတ်၏၊ အခြားအမျိုးသည်ယုတ်၏။ပ။ ဗြဟ္မာ၏ အမွေခံတို့ ဖြစ်ကြကုန်၏”ဟု ဆိုကြကုန်သော ပုဏ္ဏားတို့၏ အားကိုးကားအဘယ်နည်း၊ အထောက် အထားကား အဘယ်နည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤသို့ပင်ဆိုစေကာမူ ပုဏ္ဏားတို့ကား ဤအရာ၌ “ပုဏ္ဏားမျိုးသည်သာ မြတ်၏၊ အခြားအမျိုးသည် ယုတ်၏။ပ။ ဗြဟ္မာ၏ အမွေခံတို့ ဖြစ်ကုန် ၏”ဟု ဤသို့သာ ဤအရာကို မှတ်ထင်ကြပါကုန်၏ဟု (လျှောက်၏)။
၄၀၅။ အဿလာယန ထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ ပုဏ္ဏားမျိုးသည်သာလျှင်အသက်သတ်ခြင်းမှ ကြဉ်ရှောင်မူ မပေးသည်ကိုယူခြင်းမှ ကြဉ်ရှောင်မူ ကာမတို့၌ မှားယွင်းစွာကျင့်ခြင်းမှကြဉ်ရှောင်မူ မဟုတ်မမှန်ပြောဆိုခြင်းမှ ကြဉ်ရှောင်မူ ကုန်းစကားကို ပြောဆိုခြင်းမှ ကြဉ်ရှောင်မူ ကြမ်းကြုတ်သောစကားမှ ကြဉ်ရှောင်မူ အကျိုးမရှိ ပြိန်ဖျင်းသောစကားမှ ကြဉ်ရှောင်မူ သူတစ်ပါးစည်းစိမ်ကို (မတရားသဖြင့် ရယူရန်) ရှေးရှုကြံစည်မှု မရှိမူ (သူတစ်ပါးကို) ပျက်စီးရန် ကြံစည်လိုစိတ် မရှိမူမှန်သောအယူဝါဒရှိမူ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရာသလော၊ မင်းမျိုးသည် မကပ်ရောက် ရာသလော၊ ကုန်သည်မျိုးသည် မကပ်ရောက်ရာသလော၊ သူဆင်းရဲမျိုးသည် မကပ်ရောက်ရာသလောဟု (မေးတော်မူ၏)။
အသျှင်ဂေါတမ ဤသို့ကား မဖြစ်သင့်ပါ၊ အသျှင်ဂေါတမ ထိုစကားသည် မှန်ပါ၏၊ မင်းမျိုးဖြစ်သူသည်လည်း အသက်သတ်ခြင်းမှ ကြဉ်ရှောင်ပါမူ မပေးသည်ကိုယူခြင်းမှ ကြဉ်ရှောင်ပါမူ ကာမတို့၌မှားယွင်းစွာ ကျင့်ခြင်းမှ ကြဉ်ရှောင်ပါမူ မဟုတ်မမှန်ပြောဆိုခြင်းမှ ကြဉ်ရှောင်ပါမူ ကုန်းစကားကိုပြောဆိုခြင်းမှ ကြဉ်ရှောင်ပါမူ ကြမ်းကြုတ်သောစကားမှ ကြဉ်ရှောင်ပါမူ အကျိုးမရှိ ပြိန်ဖျင်းသောစကားမှကြဉ်ရှောင်ပါမူ သူတစ်ပါးစည်းစိမ်ကို (မတရားသဖြင့် ရယူရန်) ရှေးရှုကြံစည်မှု မရှိပါမူ (သူတစ်ပါးတို့) ပျက်စီးရန် ကြံစည်သောစိတ် မရှိပါမူ မှန်သော အယူဝါဒရှိပါမူ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ရွာလောကသို့ ကပ်ရောက် နိုင်ရာပါ၏။ အသျှင်ဂေါတမ ပုဏ္ဏားမျိုးသည်လည်း။ပ။ အသျှင်ဂေါတမ ကုန်သည်မျိုးသည်လည်း။ပ။ အသျှင်ဂေါတမ သူဆင်းရဲမျိုးသည်လည်း။ပ။ အသျှင်ဂေါတမ မှန်၏၊ အလုံးစုံသော အမျိုးလေးပါးတို့သည်ပင် အသက်သတ်ခြင်းမှ ကြဉ်ရှောင်ကြပါကုန်မူ မပေးသည်ကိုယူခြင်းမှ ကြဉ်ရှောင်ကြပါကုန်မူ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ကြဉ်ရှောင်ကြပါကုန်မူ မဟုတ်မမှန်ပြောဆိုခြင်းမှ ကြဉ်ရှောင်ကြပါကုန်မူ ကုန်းစကားကိုပြောဆိုခြင်းမှကြဉ်ရှောင်ကြပါကုန်မူ ကြမ်းကြုတ်သောစကားမှ ကြဉ်ရှောင်ကြပါကုန်မူ အကျိုးမရှိ ပြိန်ဖျင်းသောစကားမှကြဉ်ရှောင်ကြပါကုန်မူ သူတစ်ပါးစည်းစိမ်ကို (မတရားသဖြင့် ရယူရန်) ရှေးရှုမကြံစည်ကြပါကုန်မူ (သူတစ်ပါးတို့) ပျက်စီးရန် ကြံစည်သောစိတ် မရှိကြပါကုန်မူ ဖြောင့်မှန်သော အယူဝါဒရှိကြပါကုန်မူကိုယ်ခန္ဓာပျက်စီး၍ သေပြီး သည်မှနောက်၌ ကောင်းသောလားရာ နတ်ရွာလောကသို့ကပ်ရောက်နိုင်ရာပါကုန်၏ဟု (လျှောက်၏)။
--
အဿလာယန ဤသို့ ဖြစ်ရာ၌ “ပုဏ္ဏားမျိုးသည်သာ မြတ်၏၊ အခြားအမျိုးသည် ယုတ်၏။ပ။ ဗြဟ္မာ၏ အမွေခံတို့ ဖြစ်ကုန်၏”ဟု ဆိုကြကုန်သော ပုဏ္ဏားတို့၏ အားကိုးကား အဘယ်နည်း၊ အထောက်အထားကား အဘယ်နည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤသို့ပင် ဆိုစေကာမူ ပုဏ္ဏားတို့ကား ဤအရာ၌ “ပုဏ္ဏားမျိုးသည်သာလျှင် မြတ်၏၊ အခြားအမျိုးသည် ယုတ်၏။ပ။ ဗြဟ္မာ၏ အမွေခံတို့ ဖြစ်ကုန်၏”ဟု ဤသို့သာ ဤအရာကို မှတ်ထင်ကြပါကုန်၏ဟု (လျှောက်၏)။
၄၀၆။ အဿလာယန ထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ ပုဏ္ဏားမျိုးသည်သာလျှင် ဤအမည်ရှိသော အရပ်၌ ရန်ကင်းသော ကြောင့်ကြကင်းသော မေတ္တာစိတ်ကို ပွါးများရန် စွမ်းနိုင်လေသလော၊ မင်းမျိုးသည် မစွမ်းနိုင်လေသလော၊ ကုန်သည်မျိုးသည် မစွမ်းနိုင်လေသလော၊ သူဆင်းရဲမျိုး့သည် မစွမ်းနိုင်လေသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤသို့ကား မဖြစ်သင့်ပါ၊ အသျှင်ဂေါတမ မင်းမျိုးသည်လည်း ဤမည်သော အရပ်၌ ရန်ကင်းသော ကြောင့်ကြကင်းသော မေတ္တာစိတ်ကိုပွါးများရန် စွမ်းနိုင်ပါ၏၊ အသျှင်ဂေါတမ ပုဏ္ဏားမျိုးသည်လည်း။ပ။ အသျှင်ဂေါတမ ကုန်သည်မျိုးသည်လည်း။ပ။ အသျှင်ဂေါတမ သူဆင်းရဲမျိုးသည်လည်း။ပ။ အသျှင်ဂေါတမ အလုံးစုံသော အမျိုးလေးပါးတို့ပင် ဤမည်သော အရပ်၌ ရန်ကင်းသော ကြောင့်ကြကင်းသော မေတ္တာစိတ်ကို ပွါးများရန် စွမ်းနိုင်ကြပါကုန်၏ဟု (လျှောက်၏)။ အဿလာယန ဤသို့ ဖြစ်ရာ၌ “ပုဏ္ဏားမျိုးသည်သာ မြတ်၏၊ အခြားအမျိုးသည် ယုတ်၏။ပ။ ဗြဟ္မာ၏ အမွေခံတို့ ဖြစ်ကုန်၏”ဟု ဆိုကြကုန်သော ပုဏ္ဏားတို့၏ အားကိုးကားအဘယ်နည်း၊ အထောက်အထားကား အဘယ်နည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤသို့ပင်ဆိုစေကာမူ ပုဏ္ဏားတို့ကား ဤအရာ၌ “ပုဏ္ဏားမျိုးသည်သာ မြတ်၏၊ အခြားအမျိုးသည် ယုတ်၏။ပ။ ဗြဟ္မာ၏အမွေခံတို့ ဖြစ်ကုန်၏”ဟု ဤသို့သာ ဤအရာကို မှတ်ထင်ကြပါကုန်၏ဟု (လျှောက်၏)။
၄၀၇။ အဿလာယန ထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ ပုဏ္ဏားမျိုးသည်သာ ကြေးတွန်းဆပ်ပြာကို ယူ၍ မြစ်သို့သွားကာ မြူအညစ်အကြေးကို မျှောရန် စွမ်းနိုင်သလော၊ မင်းမျိုးကားမစွမ်းနိုင်သလော၊ ကုန်သည်မျိုးကား မစွမ်းနိုင်သလော၊ သူဆင်းရဲမျိုးကား မစွမ်းနိုင်သလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤသို့ကား မဖြစ်သင့်ပါ၊ အသျှင်ဂေါတမ မင်းမျိုးသည်လည်း ကြေးတွန်းဆပ်ပြာကို ယူ၍ မြစ်သို့ သွားကာ မြူအညစ်အကြေးကို မျှောရန် စွမ်းနိုင်ရာပါ၏၊ အသျှင်ဂေါတမပုဏ္ဏားမျိုးသည်လည်း။ပ။ အသျှင်ဂေါတမ ကုန်သည်မျိုးသည်လည်း။ပ။ အသျှင်ဂေါတမ သူဆင်းရဲမျိုးသည်လည်း။ပ။ အသျှင်ဂေါတမ အလုံးစုံသော အမျိုး လေးပါးတို့ပင် ကြေးတွန်းဆပ်ပြာကို ယူ၍ မြစ်သို့သွားကာ မြူအညစ်အကြေးကို မျှောရန် စွမ်းနိုင်ကြပါကုန်၏ဟု (လျှောက်၏)။ အဿလာယန ဤသို့ဖြစ်ရာ၌ “ပုဏ္ဏားမျိုးသည်သာ မြတ်၏၊ အခြားအမျိုးသည် ယုတ်၏။ပ။ ဗြဟ္မာ၏ အမွေခံတို့ ဖြစ်ကုန်၏”ဟု ဆိုကြကုန်သော ပုဏ္ဏားတို့၏ အားကိုးကား အဘယ်နည်း၊ အထောက်အထားကားအဘယ်နည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤသို့ပင် ဆိုစေကာမူ ဤအရာ၌ ပုဏ္ဏားတို့ကား"ပုဏ္ဏားမျိုးသည်သာ မြတ်၏၊ အခြားအမျိုးသည် ယုတ်၏။ပ။ ဗြဟ္မာ၏ အမွေခံတို့ ဖြစ်ကုန်၏”ဟုဤသို့သာ ဤအရာကို မှတ်ထင်ကြပါကုန်၏ဟု (လျှောက်၏)။
--
၄၀၈။ အဿလာယန ထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ ရေမြေကို အစိုးရသော ဦးထိပ်၌အဘိသိက်သွန်းပြီးသော မင်းသည် ဤအရပ်၌ ဇာတ်အမျိုးမျိုးရှိသော ယောကျ်ားတစ်ရာကိုစည်းဝေးစေရာ၏- “အချင်းတို့ လာကြကုန်လော့၊ မင်းမျိုး ပုဏ္ဏားမျိုး မြို့စားမျိုးတို့သည် မီးပွတ်ခုံကို ယူ၍ ကျွန်းသား အင်ကြင်းသား ထင်းရှူးသား စန္ဒကူးသား ပဒုမ္မာသား မီးကို ဖြစ်စေကြကုန်လော့၊ တေဇောဓာတ်ကို ထင်စွာ ပြုကြကုန်လော့။ အချင်းတို့ လာကြကုန်လော့၊ ဒွန်းစဏ္ဍားမျိုး မုဆိုးတံငါမျိုးနှီးသမားမျိုး ရထားလုပ်သမားမျိုး ပန်းမှိုက် သွန် (ဘင်ကျုံး) မျိုးဖြစ်သော သူတို့သည် မီးပွတ်ခုံကို ယူ၍ခွေးစားကျင်း ဝက်စားကျင်း ဆိုးရည်စားကျင်း ကြက်ဆူသားထင်း မီးကို ဖြစ်စေကြကုန်လော့၊ တေဇောဓာတ်ကို ထင်စွာ ပြုကြကုန်လော့”ဟု ဆို၍ စည်းဝေးစေရာ၏။
အဿလာယန ထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ မင်းမျိုး ပုဏ္ဏားမျိုး မြို့စားမျိုးတို့ သည်မီးပွတ်ခုံကို ယူ၍ ကျွန်းသား အင်ကြင်းသား ထင်းရှူးသား စန္ဒကူးသား ပဒုမ္မာသား မီးကို ဖြစ်စေ ၏၊ တေဇောဓာတ်ကို ဖြစ်စေ၏၊ ထိုမီးသည်သာ အလျှံအဆင်း အရောင်အလင်း ရှိလေသလော၊ ထိုမီးဖြင့်သာ မီးနှင့်ဆိုင်ရာ ကိစ္စအရပ်ရပ်ကို ပြုစွမ်းနိုင်လေသလော။ ထိုမှ တစ်ပါး ဒွန်းစဏ္ဍားမျိုး မုဆိုးတံငါမျိုး နှီးသမားမျိုး ရထားလုပ်သမားမျိုး ပန်းမှိုက်သွန် (ဘင်ကျုံး) မျိုးတို့သည် မီးပွတ်ခုံကို ယူ၍ခွေးစားကျင်း ဝက်စားကျင်း ဆိုးရည်စားကျင်း ကြက်ဆူသားထင်း မီးကို ဖြစ်စေ၏၊ တေဇောဓာတ်ကိုဖြစ်စေ၏၊ ထိုမီးသည် အလျှံအဆင်း အရောင်အလင်း မရှိလေသလော၊ ထိုမီးဖြင့်လည်း မီးနှင့်ဆိုင်ရာ့ကိစ္စအရပ်ရပ်ကို ပြုခြင်းငှါ မစွမ်းနိုင်လေသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤသို့ကား မဖြစ်သင့်ပါ၊ အသျှင်ဂေါတမ မင်းမျိုး ပုဏ္ဏားမျိုး မြို့စားမျိုးဖြစ်သော သူတို့သည် မီးပွတ်ခုံကို ယူ၍ ကျွန်းသား အင်ကြင်းသား ထင်းရှူးသား စန္ဒကူးသား ပဒုမ္မာသား မီးကို ဖြစ်စေ၏၊ တေဇောဓာတ်ကို ဖြစ်စေ၏၊ ထိုမီးသည်လည်း အလျှံအဆင်း အရောင်အလင်း ရှိသည် ဖြစ်ရာပါ၏၊ ထိုမီးဖြင့်လည်း မီးနှင့်ဆိုင်ရာကိစ္စအရပ်ရပ်ကို ပြုခြင်းငှါ စွမ်းနိုင်ရာပါ၏၊ ဒွန်းစဏ္ဍားမျိုး မုဆိုးတံငါမျိုး နှီးသမားမျိုး ရထားလုပ်သမားမျိုး ပန်းမှိုက်သွန် (ဘင်ကျုံး) မျိုးတို့သည် မီးပွတ်ခုံကို ယူ၍ ခွေးစားကျင်း ဝက်စားကျင်း ဆိုးရည်စားကျင်း ကြက်ဆူသားထင်း မီးကို ဖြစ်စေ၏၊ တေဇောဓာတ်ကို ဖြစ်စေ၏၊ ထိုမီးသည်လည်း အလျှံအဆင်း အရောင်အလင်း ရှိသည်ဖြစ်ရာပါ၏၊ ထိုမီးဖြင့်လည်း မီးနှင့်ဆိုင်ရာ ကိစ္စအရပ်ရပ်ကို ပြုခြင်းငှါစွမ်းနိုင်ရာပါ၏။ အသျှင်ဂေါတမ အလုံးစုံသော မီးသည်ပင် အရောင်အလင်း ရှိပါ၏၊ အလုံးစုံသော မီးဖြင့်ပင် မီးနှင့်ဆိုင်ရာ ကိစ္စအရပ်ရပ်ကို ပြုခြင်းငှါ စွမ်းနိုင်ပါ၏ဟု (လျှောက်၏)။
အဿလာယန ဤသို့ ဖြစ်ရာ၌ “ပုဏ္ဏားမျိုးသည်သာလျှင် မြတ်၏၊ အခြားအမျိုးသည် ယုတ်၏၊ ပုဏ္ဏားမျိုးသည်သာ ဖြူစင်၏၊ အခြားအမျိုးသည် မည်းညစ်၏၊ ပုဏ္ဏားတို့သည်သာ စင်ကြယ်ကုန်၏၊ ပုဏ္ဏားမဟုတ်သူတို့သည် မစင်ကြယ်ကုန်၊ ပုဏ္ဏားတို့သည် ဗြဟ္မာ၏ သားရင်းဖြစ်ကုန်၏၊ ခံတွင်းမှပေါက်ဖွားလာ သူများ ဖြစ်ကုန်၏၊ ဗြဟ္မာမှ ပေါက်ဖွားလာကုန်၏၊ ဗြဟ္မာဖန်ဆင်ထားသူတို့ ဖြစ်ကုန်၏၊ ဗြဟ္မာ၏ အမွေခံတို့ ဖြစ်ကုန်၏”ဟု ဆိုကုန်သော ပုဏ္ဏားတို့၏ အားကိုးကား အဘယ်နည်း၊ အထောက်အထားကား အဘယ်နည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤသို့ပင် ဆိုစေကာမူ ဤအရာ၌ပုဏ္ဏားတို့ကား “ပုဏ္ဏားမျိုးသည်သာ မြတ်၏၊ တစ်ပါးသောအမျိုးသည် ယုတ်၏။ပ။ ဗြဟ္မာ၏ အမွေခံတို့ဖြစ်ကုန်၏”ဟု ဤသို့သာ ဤအရာကို မှတ်ထင်ကြပါကုန်၏ဟု (လျှောက်၏)။
၄၀၉။ အဿလာယန ထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ ဤလောက၌ မင်းမျိုးသတို့သားသည် ပုဏ္ဏားမျိုးသတို့သမီးနှင့် အတူပေါင်းဖော်ခြင်းကို ပြုရာ၏၊ ထိုသူတို့ ပေါင်းဖော်ခြင်းကို အစွဲပြု၍ သားကို ဖွားမြင်ရာ၏၊ မင်းမျိုးသတို့သားနှင့် ပုဏ္ဏားမျိုးသတို့သမီးမှ ဖွားမြင်သော သားသည်အမိနှင့်လည်း တူသည်၊ အဖနှင့်လည်း တူသည်၊ မင်းသားဟူ၍လည်း ဆိုသင့်သည်၊ ပုဏ္ဏားဟူ၍လည်းဆိုသင့်သည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ မင်းမျိုးဖြစ်သော သတို့သားနှင့် ပုဏ္ဏားမျိုးဖြစ်သော သတို့သမီးမှ ဖွားမြင်သော သားသည် အမိနှင့်လည်း တူပါ၏၊ အဖနှင့်လည်း တူပါ၏၊ မင်းသားဟူ၍လည်း ဆိုသင့်ပါ၏၊ ပုဏ္ဏားဟူ၍လည်း ဆိုသင့်ပါ၏ဟု (လျှောက်၏)။
--
အဿလာယန ထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ ဤလောက၌ ပုဏ္ဏားမျိုးသတို့သားသည် မင်းမျိုးသတို့သမီးနှင့် အတူပေါင်းဖော်ခြင်းကို ပြုရာ၏၊ ထိုသူတို့ ပေါင်းဖော်ခြင်းကို အစွဲပြု၍သားကို ဖွားမြင်ရာ၏၊ ပုဏ္ဏားမျိုးသတို့သားနှင့် မင်းမျိုးသတို့သမီးမှ ဖွားမြင်သော သားသည် အမိနှင့်လည်း တူသည်၊ အဖနှင့်လည်း တူသည်၊ မင်းသားဟူ၍လည်း ဆိုသင့်သည်၊ ပုဏ္ဏားဟူ၍လည်း ဆိုသင့်သည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ပုဏ္ဏားမျိုးသတို့သားနှင့် မင်းမျိုးသတို့သမီးမှဖွားမြင်သော သားသည် အမိနှင့်လည်း တူပါ၏၊ အဖနှင့်လည်း တူပါ၏၊ မင်းသားဟူ၍လည်း ဆိုသင့်ပါ၏၊ ပုဏ္ဏားဟူ၍လည်း ဆိုသင့်ပါ၏ဟု လျှောက်၏)။
အဿလာယန ထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ ဤလောက၌ မြင်းမကို မြည်း (လား) နှင့်မျိုးစပ်ကုန်ရာ၏၊ ၎င်းတို့ မျိုးစပ်ခြင်းကို အစွဲ ပြု၍ သားငယ်သည် ဖြစ်ထွန်းရာ၏၊ မြင်းမ နှင့် မြည်း (လား) မှ ဖွားမြင်သော သားငယ်သည် အမိနှင့်လည်း တူသည်၊ အဖနှင့်လည်း တူသည်၊ မြင်းဟူ၍လည်းဆိုသင့်သည်၊ မြည်းဟူ၍လည်း ဆိုသင့်သည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင် ဂေါတမအညံ့စား အဿတိုရ် ဖြစ်ပါ၏။ အသျှင်ဂေါတမ ဤအဿတိုရ်၏ ဤထူးခြားမှုကို မြင်ရပါ၏၊ ဤရှေးစကားနှစ်မျိုး၌ သတို့သားတို့၏ တစ်စုံတစ်ခု ထူးခြားမှုကို မမြင်ပါဟု (လျှောက်၏)။
အဿလာယန ထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ ဤလောက၌ တစ်ဝမ်းတည်းပေါက်ညီအစ်ကိုနှစ်ယောက်တို့ ရှိကုန်ရာ၏၊ တစ်ယောက်သောသူသည် ဝေဒကျမ်းကို သရဇ္ဈာယ်တတ်၏၊ ဝေဒကျမ်းကို ဆောင်ထား၏၊ တစ်ယောက်သောသူသည် ဝေဒကျမ်းကို မသရဇ္ဈာယ်တတ်၊ ဝေဒကျမ်းကိုမဆောင်ထားတတ်၊ ဤနှစ်ယောက်သောသူတို့တွင် အဘယ်သူအား ပုဏ္ဏားတို့သည် သေသူအကျိုးငှါကျွေးသော (ကုဗ္ဘီး) ထမင်း မင်္ဂလာထမင်း ယဇ်ပူဇော်သောထမင်း ဧည့်သည်အကျိုးငှါ ပြုအပ်သောထမင်းတို့ကို ရှေးဦးစွာ ကျွေးကုန်ရာသနည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဝေဒကျမ်းကိုသရဇ္ဈာယ်တတ်သော ဝေဒကျမ်းကို ဆောင်ထားသော လုလင်အား ပုဏ္ဏားတို့သည် သေသူအကျိုးငှါကျွေးသော (ကုဗ္ဘီး) ထမင်း မင်္ဂလာထမင်း ယဇ်ပူဇော်သောထမင်း ဧည့်သည် အကျိုးငှါ ပြုအပ်သောထမင်းတို့ကို ရှေးဦးစွာ ကျွေးကုန်ရာပါ၏၊ အသျှင်ဂေါတမ ထိုစကားသည် မှန်၏၊ ဝေဒကျမ်းကိုမသရဇ္ဈာယ်တတ်သော ဝေဒကျမ်းကို မဆောင်ထားသောသူ၌ ကျွေးမွေးခြင်းသည် အဘယ်မှာ အကျိုးများပါအံ့နည်းဟု (လျှောက်၏)။
အဿလာယန ထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ ဤလောက၌ တစ်ဝမ်းတည်းပေါက်ညီအစ်ကိုနှစ်ယောက်တို့ ရှိကုန်ရာ၏၊ တစ်ယောက်သောသူသည် ဝေဒကျမ်းကို သရဇ္ဈာယ်တတ်၏၊ ဝေဒကျမ်းကို ဆောင်ထား၏၊ သီလမရှိ၊ ယုတ်မာသော အကျင့်ရှိ၏၊ တစ်ယောက်သောသူသည် ဝေဒကျမ်းကိုမသရဇ္ဈာယ်၊ ဝေဒကျမ်းကို မဆောင်ထား၊ သီလရှိ၏၊ ကောင်းမြတ်သော ကိုယ်ကျင့်တရားရှိ၏၊ ဤနှစ်ယောက်သောသူတို့တွင် အဘယ်သူအား ပုဏ္ဏားတို့သည် သေသူအကျိုးငှါ ကျွေးသော (ကုဗ္ဘီး) ထမင်းမင်္ဂလာထမင်း ယဇ်ပူဇော်သော ထမင်း ဧည့်သည်အကျိုးငှါ ပြုထားသော ထမင်းတို့ကို ရှေးဦးစွာ ကျွေးကုန်ရာသနည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဝေဒကျမ်းကို မသရဇ္ဈာယ်တတ်သော ဝေဒကျမ်းကိုဆောင်မထားသော သီလရှိသော ကောင်းမြတ်သော ကိုယ်ကျင့်တရားရှိသော လုလင်အား ပုဏ္ဏားတို့သည်သေသူအကျိုးငှါ ကျွေးသော (ကုဗ္ဘီး) ထမင်း မင်္ဂလာထမင်း ယဇ်ပူဇော်သောထမင်း ဧည့်သည် အကျိုးငှါပြုထားသော ထမင်းတို့ကို ရှေးဦးစွာ ကျွေးကုန်ရာပါ၏၊ အသျှင်ဂေါတမ ထိုစကားသည် မှန်၏၊ သီလမရှိ ယုတ်မာသော အကျင့်ရှိသောသူအား ပေးလှူခြင်းသည် အဘယ်မှာ အကျိုးများပါအံ့နည်းဟု (လျှောက် ၏)။
အဿလာယန သင်သည် ရှေးဦးစွာ ဇာတ်အမျိုးကို လိုက်၏၊ ဇာတ်အမျိုးကို လိုက်ပြီးနောက်ဝေဒကျမ်းတို့ကို လိုက်၏၊ ဝေဒကျမ်းတို့ကို လိုက်ပြီးနောက် အကျင့်ကို လိုက်၏၊ အကျင့်ကို လိုက်ပြီးနောက် ငါ ပညတ်သော အမျိုးလေးပါးတို့၏ စင်ကြယ်ခြင်းကို တစ်ဖန် လိုက်ပြန်၏ဟု (မိန့်တော်မူ၏)။ ဤသို့ မိန့်တော်မူသော် အဿလာယနလုလင်သည် ဆိတ်ဆိတ်ဖြစ်လျက် မျက်နှာမလှဖြစ်လျက် လည်ကုပ်ကျိုးလျက် အောက်သို့ မျက်နှာချကာ ကြံမှိုင်လျက် စကားဆိုခြင်းမရှိသည် ဖြစ်၍ နေ၏။
--
၄၁၀။ ထိုအခါ မြတ်စွာဘုရားသည် အဿလာယနလုလင်ကို ဆိတ်ဆိတ်ဖြစ်လျက် မျက်နှာမလှဖြစ်လျက် လည်ကုပ်ကျိုးလျက် အောက်သို့ မျက်နှာချကာ ကြံမှိုင်လျက် စကားမဆိုသည်ကို သိတော်မူ၍ဤစကားကို မိန့်တော်မူ၏- အဿလာယန ရှေးက ဖြစ်ဖူးသည်ကား တောကြီးအတွင်း သစ်ရွက်မိုးကျောင်း၌ ကောင်းစွာ တိုင်ပင်နေကြသော ပုဏ္ဏားမျိုး ရသေ့ခုနစ်ယောက်တို့အား “ပုဏ္ဏားမျိုးသည်သာမြတ်၏၊ တစ်ပါးသော အမျိုးသည် ယုတ်၏။ပ။ ဗြဟ္မာ၏အမွေခံတို့ ဖြစ်ကုန်၏”ဟု ဤသို့သဘောရှိသော ယုတ်မာသော အယူသည် ဖြစ်၏။
အဿလာယန မည်းနက်သော ဒေဝလရသေ့သည် “တောကြီးအတွင်း သစ်ရွက်မိုးကျောင်း၌ ကောင်းစွာတိုင်ပင်နေကြသော ပုဏ္ဏားမျိုး ရသေ့ခုနစ်ယောက်တို့အား ‘ပုဏ္ဏားမျိုးသည်သာ မြတ်၏၊ တစ်ပါးသောအမျိုးသည် ယုတ်၏။ပ။ ဗြဟ္မာ၏ အမွေခံတို့ ဖြစ်ကုန်၏’ဟု ဤသို့ သဘောရှိသော ယုတ်မာသောအယူသည် ဖြစ်သတတ်”ဟု ကြားသိလေ၏။ အဿလာယန ထိုအခါ မည်းနက်သော ဒေဝလရသေ့သည့်ဆံမုတ်ဆိတ်ကို ရိတ်၍ မောင်းသော အဆင်းရှိကုန်သော ပုဆိုးတို့ကို ဝတ်ရုံကာ အထပ်ထပ်သော ဖိနပ်ကိုစီးလျက် ရွှေဖြင့်ပြီးသော တောင်ဝှေးကို ကိုင်ပြီးလျှင် ပုဏ္ဏားမျိုး ရသေ့ ခုနစ်ယောက်တို့၏သစ်ရွက်မိုးကျောင်း ပရိဝုဏ်၌ ထင်ရှားဖြစ်လေ၏။ အဿလာယန ထိုအခါ မည်း နက်သောဒေဝလရသေ့သည် ပုဏ္ဏားမျိုး ရသေ့ခုနစ်ယောက်တို့၏ သစ်ရွက်မိုးကျောင်း ပရိဝုဏ်၌ စင်္ကြံ သွားလျက်"အသျှင်တို့ ဤပုဏ္ဏားမျိုး ရသေ့တို့သည် ယခု အဘယ်သို့ သွားကြကုန်သနည်း၊ အသျှင် တို့ဤပုဏ္ဏားမျိုး ရသေ့တို့သည် ယခု အဘယ်သို့ သွားကြကုန်သနည်း”ဟု ဆိုလေ၏။
အဿလာယန ထိုအခါ ပုဏ္ဏားမျိုး ရသေ့ခုနစ်ယောက်တို့အား “ပုဏ္ဏားမျိုး ရသေ့ခုနစ်ယောက် တို့၏သစ်ရွက်မိုးကျောင်း ပရိဝုဏ်၌ ရွာသူသားငယ်ကဲ့သို့ စင်္ကြံသွားလျက် ‘အသျှင်တို့ ဤပုဏ္ဏားမျိုးရသေ့တို့သည် ယခု အဘယ်သို့ သွားကြကုန်သနည်း၊ အသျှင်တို့ ဤပုဏ္ဏားမျိုး ရသေ့တို့သည် ယခုအဘယ်သို့ သွားကြကုန်သနည်း’ဟု ဆိုနေသူကား အဘယ်သူနည်း၊ ယခု ငါတို့သည် ထိုသူ့ကို ကျိန်ဆဲကုန်အံ့”ဟု အကြံဖြစ်၏။ အဿလာယန ထိုအခါ ပုဏ္ဏားမျိုး ရသေ့ခုနစ်ယောက်တို့သည်မည်းနက်သော ဒေဝလရသေ့ကို “သူယုတ် ပြာဖြစ်လေလော့၊ သူယုတ် ပြာဖြစ်လေလော့”ဟုကျိန်ဆဲကြကုန်၏။ အဿလာယန ပုဏ္ဏားမျိုး ရသေ့ခုနစ်ယောက်တို့ ကျိန်ဆဲတိုင်း ကျိန်ဆဲတိုင်းမည်းနက်သော ဒေဝလ ရသေ့သည် အထူးသဖြင့် အဆင်းလှ၏၊ အထူးသဖြင့် ရှုချင်ဖွယ်လည်း ရှိ၏၊ အထူးသဖြင့် ကြည်ညို ဖွယ်လည်း ရှိ၏။
အဿလာယန ထိုအခါ ပုဏ္ဏားမျိုး ရသေ့ခုနစ်ယောက်တို့အား “ငါတို့၏ အကျင့်ကား အချည်းနှီးဖြစ်စွတကား၊ ငါတို့၏ မြတ်သောအကျင့်သည် အကျိုးမရှိလေစွတကား၊ ငါတို့သည် ရှေးအခါက ‘သူယုတ်ပြာဖြစ်လေလော့၊ သူယုတ် ပြာဖြစ်လေလော့’ဟု ကျိန်ဆဲခံရသောသူအချို့သည် ပြာဖြစ်၏။ ဤရသေ့ကား ငါတို့ ကျိန်ဆဲတိုင်း ကျိန်ဆဲတိုင်း အထူးသဖြင့် အလွန်အဆင်းလှ၏၊ အထူးသဖြင့်ရှုချင်ဖွယ်လည်း ရှိ၏၊ အထူးသဖြင့် ကြည်ညိုဖွယ်လည်း ရှိ၏”ဟု အကြံသည် ဖြစ်၏။ အသျှင်ရသေ့တို့၏ အကျင့်သည် အချည်း နှီးမဟုတ်၊ မြတ်သောအကျင့်သည် အကျိုးမရှိသည် မဟုတ်၊ အသျှင်တို့ ငါ၌ စိတ်ပြစ်မှားခြင်းကို စွန့်ကြ ကုန်လော့ဟု (ဆို၏)။ စိတ်ပြစ်မှားခြင်းကို ငါတို့စွန့်ပါကုန်၏၊ အသျှင်သည် အဘယ်သူ ဖြစ်ပါသနည်းဟု (မေးကုန်၏)။ “မည်းနက်သောဒေဝလရသေ့” ဟူ၍ အသျှင်တို့ ကြားဖူးသည် မဟုတ်လောဟု (ဆို၏)။ အသျှင် ကြားဖူးပါ၏ဟု (ဆိုကြကုန်၏)။ အသျှင်တို့ ထိုအကျွန်ုပ်သည် ဒေဝလရသေ့ဖြစ်၏ဟု (ဆို၏)။ အဿလာယန ထိုအခါပုဏ္ဏားမျိုး ရသေ့ခုနစ်ယောက်တို့သည် မည်းနက်သော ဒေဝလရသေ့ကို ရှိခိုးရန် အားထုတ်ကြကုန်၏။
--
၄၁၁။ အဿလာယန ထိုအခါ မည်းနက်သော ဒေဝလရသေ့သည် ခုနစ်ယောက်ကုန်သော ပုဏ္ဏားမျိုးရသေ့တို့ကို “အချင်းတို့ တောကြီးအတွင်း သစ်ရွက်မိုးကျောင်း၌ ကောင်းစွာ တိုင်ပင်နေကြသောပုဏ္ဏားမျိုး ရသေ့ခုနစ်ယောက်တို့အား ‘ပုဏ္ဏားမျိုးသည်သာ မြတ်၏၊ အခြားအမျိုးသည် ယုတ်၏၊ ပုဏ္ဏားမျိုးသည်သာ ဖြူစင်၏၊ အခြားအမျိုးသည် မည်းနက်၏၊ ပုဏ္ဏားတို့သည်သာ စင်ကြယ်ကုန်၏၊ ပုဏ္ဏားမဟုတ်သူတို့သည် မစင်ကြယ်ကုန်၊ ပုဏ္ဏားတို့သည်သာ ဗြဟ္မာ၏ သားရင်းတို့ ဖြစ်ကုန်၏၊ ခံတွင်းမှပေါက်ဖွားလာသူများ ဖြစ်ကုန်၏၊ ဗြဟ္မာမှ ပေါက်ဖွားသူတို့ ဖြစ်ကုန်၏၊ ဗြဟ္မာဖန်ဆင်းထားသူများဖြစ်ကုန်၏၊ ဗြဟ္မာ၏ အမွေခံတို့ ဖြစ်ကြကုန်၏’ဟု ဤသို့ သဘောရှိသော ယုတ်မာသော အယူဝါဒသည် ဖြစ်၏” ဟူသော အကြောင်းကို အကျွန်ုပ် ကြားရ၏ဟု ဤစကားကို ပြောဆို၏။ အသျှင် မှန်ပါ၏ဟု (ဆိုကြကုန်၏)။
အသျှင်တို့သည် “အမိသည် ပုဏ္ဏားမျိုးယောကျ်ားကိုသာ သံဝါသ ပြု၏၊ ပုဏ္ဏားမျိုးမဟုတ်သောယောကျ်ားကို သံဝါသ မပြု”ဟု သိကြပါကုန်၏လောဟု (မေး၏)။ အသျှင် မသိကြပါကုန်ဟု (ဆိုကြကုန်၏)။
အချင်းတို့ အဖွားသည် ခုနစ်ဆက်မြောက်သော အဖွားတိုင်အောင် ပုဏ္ဏားမျိုးယောကျ်ားကိုသာသံဝါသပြု၏၊ ပုဏ္ဏားမျိုးမဟုတ်သော ယောကျ်ားကို သံဝါသ မပြုဟု သိကြပါကုန်၏လောဟု (မေး၏)။ အသျှင် မသိကြပါကုန်ဟု (ဆိုကြကုန်၏)။
အချင်းတို့ အဖသည် ပုဏ္ဏေးမကိုသာ သံဝါသ ပြု၏၊ ပုဏ္ဏေးမ မဟုတ်သူကို သံဝါသ မပြုဟုသိကြပါကုန်၏လောဟု (မေး၏)။ အသျှင် မသိကြပါကုန်ဟု (ဆိုကြကုန်၏)။
အချင်းတို့ အဖိုးသည် ခုနစ်ဆက်မြောက်သော အဖိုးတိုင်အောင် ပုဏ္ဏေးမကိုသာ သံဝါသ ပြု၏၊ ပုဏ္ဏေးမ မဟုတ်သူကို သံဝါသ မပြုဟု သိကြပါကုန်၏လောဟု (မေး၏)။ အသျှင် မသိကြပါကုန်ဟု (ဆိုကြကုန်၏)။
အချင်းတို့ ကိုယ်ဝန်တည်ပုံ အခြင်းအရာကို သိကြကုန်၏လောဟု (မေး၏)။ အသျှင် အကျွန်ုပ်တို့သည် ကိုယ်ဝန်တည်ပုံ အခြင်းအရာကို သိကြကုန်၏၊ ဤလောက၌ မိဘတို့သည်လည်း သံဝါသ ပြုသောအားဖြင့် ပေါင်းဆုံကြကုန်၏၊ အမိသည်လည်း ဥတုပန်း ပွင့်ဆဲဖြစ်၏၊ ရောက်အပ်သော သတ္တဝါသည်လည်း ရှေးရှုတည်၏၊ ဤသို့ သုံးပါးကုန်သော အကြောင်းတို့၏ စည်းဝေးမိခြင်းကြောင့် ကိုယ်ဝန်၏သက်ဝင်၍ တည်ခြင်းသည် ဖြစ်ပါ၏ဟု (ဆိုကြကုန်၏)။
အချင်းတို့ ထိုရောက်လာဝင်စားမည့် သတ္တဝါကလေးသည် မင်းတည်းဟူ၍လည်းကောင်း၊ ပုဏ္ဏားတည်းဟူ၍လည်းကောင်း၊ ကုန်သည်တည်းဟူ၍လည်းကောင်း၊ သူဆင်းရဲတည်းဟူ၍လည်းကောင်း သိကြပါကုန်၏လောဟု (မေး၏)။ အသျှင် ထိုဝင်စားမည့် သတ္တဝါကလေးသည် မင်းတည်းဟူ၍လည်းကောင်း၊ ပုဏ္ဏားတည်းဟူ၍လည်းကောင်း၊ ကုန်သည်တည်းဟူ၍လည်းကောင်း၊ သူဆင်းရဲတည်းဟူ၍လည်းကောင်းအကျွန်ုပ်တို့ မသိနိုင်ကြပါဟု (ဆိုကြကုန်၏)။ အချင်းတို့ ဤသို့ဖြစ်သည်ရှိသော် “အသင်တို့သည်အဘယ်သူတို့ ဖြစ်ကြကုန်၏”ဟု သိကြကုန်၏လောဟု (မေး၏)။ အသျှင် ဤသို့ဖြစ်သည်ရှိသော်"အကျွန်ုပ်တို့သည် အဘယ်သူတို့ ဖြစ်ကြကုန်၏”ဟု မသိကြပါကုန်ဟု (ဆိုကြကုန်၏)။ အဿလာယနထိုမည်းနက်သော ဒေဝလရသေ့က ဤမိမိ၏ဇာတ် အမျိုးဝါဒ၌ မေးစိစစ်အပ်ကုန်သည်ရှိသော် အယူ၌တည်စေအပ်ကုန်သည်ရှိသော် အယူကို ပြောဆိုအပ်ကုန်သည်ရှိသော် ထိုခုနစ်ယောက်ကုန်သော ပုဏ္ဏားမျိုးရသေ့တို့သည် ပြည့်စုံစွာ မဖြေကြားနိုင်ကြကုန်။ ယခုအခါ ငါက မိမိ၏ ဇာတ်အမျိုးဝါဒ၌ မေးစိစစ်အပ်သည်ရှိသော် အယူ၌ တည်စေအပ်သည်ရှိသော် အယူကို ပြောဆိုအပ်သည်ရှိသော် သင်သည် အဘယ်မှာ ပြည့်ပြည့်စုံစုံ ဖြေကြားနိုင်လတ္တံ့နည်း၊ သင်သည် သင့်ဆရာနှင့်တကွ ယင်းခုနစ်ယောက်သော ရသေ့တို့၏ ယောက်မကိုင် ပုဏ္ဏားကိုမျှ မမီသေးဟု (မိန့်တော်မူ၏)။
ဤသို့ မိန့်တော်မူအပ်သည်ရှိသော် အဿလာယနလုလင်သည် မြတ်စွာဘုရားကို “အသျှင်ဂေါတမနှစ်သက်ဖွယ်ရှိပါပေစွ။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ရှည်သမျှ ကာလပတ်လုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်သော ဥပါသကာဒါယကာဟူ၍မှတ်တော်မူပါလော့”ဟု လျှောက်၏။
သုံးခုမြောက် အဿလာယနသုတ် ပြီး၏။
--
၄-ဃောဋမုခသုတ်
၄၁၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ အသျှင်ဥဒေနသည် ဗာရာဏသီပြည် ခေမိယသရက်ဥယျာဉ်၌ သီတင်းသုံး နေတော်မူ ၏။ ထိုအခါ ဃောဋမုခအမည်ရှိသော ပုဏ္ဏားသည် ဗာရာဏသီပြည်သို့ တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စဖြင့်ရောက်လာ၏။ ထိုအခါ ဃောဋမုခပုဏ္ဏားသည် အညောင်းပြေ လမ်းလျှောက်လှည့်လည်သည်ရှိသော်ခေမိယသရက်ဥယျာဉ်သို့ ရောက်လာလေ၏။ ထိုအခါ အသျှင်ဥဒေနသည် လွင်တီးခေါင်၌့စင်္ကြံသွားနေ၏။ ဃောဋမုခပုဏ္ဏားသည် အသျှင်ဥဒေနထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်ဥဒေနနှင့် အတူဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကိုပြောဆိုပြီးဆုံးစေပြီးနောက် စင်္ကြံသွားသော အသျှင်ဥဒေနသို့ အတုလိုက်၍ စင်္ကြံသွားကာ"အသျှင်ရဟန်း တရားစောင့်သော ရဟန်းသည် မရှိဟု အကျွန်ုပ်အား ဤသို့သော အယူဖြစ်ပါ၏၊ ထိုသို့ဖြစ်ခြင်းသည်လည်း အသျှင်ကဲ့သို့သော ပုဂ္ဂိုလ်တို့အား မဖူးမြင်ရခြင်းကြောင့်လည်းကောင်း၊ တရားသဘောကို မမြင်သောကြောင့်လည်းကောင်း ဖြစ်ပါ၏”ဟု လျှောက်၏။
ဤသို့ လျှောက်သည်ရှိသော် အသျှင်ဥဒေနသည် စင်္ကြံမှသက်ဆင်း၍ ကျောင်းသို့ ဝင်ကာ ခင်းထားသော နေရာ၌ ထိုင်၏၊ ဃောဋမုခပုဏ္ဏားသည်လည်း စင်္ကြံမှ သက်ဆင်း၍ ကျောင်းသို့ ဝင်ကာသင့်လျော်ရာ၌ ရပ်တည်၏၊ သင့်လျော်ရာ၌ ရပ်တည်နေသော ဃောဋမုခပုဏ္ဏားကို အသျှင်ဥဒေနသည်"ပုဏ္ဏား နေရာတို့သည် ရှိပါကုန်၏၊ အကယ်၍ အလိုရှိမူ နေထိုင်ပါလော့”ဟု ဆို၏။ အကျွန်ုပ်တို့သည်အသျှင်ဥဒေန၏ ထိုဖိတ်ကြား ချက်ကိုသာလျှင် ဆိုင်းငံ့လျက် နေပါကုန်၏၊ အဘယ့်ကြောင့် အကျွန်ုပ်ကဲ့သို့သော သူသည် မဖိတ်ဘဲ နေရာ၌ ရှေးဦးစွာ နေသင့်၏ဟု အောက်မေ့နိုင်ပါအံ့နည်းဟု (လျှောက်၏)။ ထို့နောက် ဃောဋမုခပုဏ္ဏားသည် နိမ့်သော ထိုင်စရာတစ်ခုကို ယူ၍ တစ်ခုသောအရပ်၌ ထိုင်နေ၏၊ တစ်ခုသောအရပ်၌ ထိုင်ပြီးသော ဃောဋမုခပုဏ္ဏားသည် အသျှင်ဥဒေနကို “အသျှင်ရဟန်း တရားစောင့်သော ရဟန်းသည် မရှိဟု အကျွန်ုပ်အား ဤသို့သော အယူဖြစ်ပါ၏၊ ထိုသို့ ဖြစ်ခြင်းသည်လည်းအသျှင်ကဲ့သို့သော ပုဂ္ဂိုလ်တို့အား မဖူးမြင်ရခြင်းကြောင့်လည်းကောင်း၊ တရားသဘောကို မမြင်သောကြောင့်လည်းကောင်း ဖြစ်ပါ၏”ဟု လျှောက်၏။
--
ပုဏ္ဏား သင်သည် ငါ့အား ခွင့်ပြုသင့်သည်ကို ခွင့်ပြုငြားအံ့၊ တားမြစ်သင့်သည်ကိုလည်း တားမြစ်ငြားအံ့၊ ငါဆိုသော စကား၏ အဓိပ္ပါယ်ကို မသိမူ ငါ့ကိုသာလျှင် “အသျှင်ဥဒေန ဤစကားကား အဘယ်သို့ပါနည်း၊ ဤစကား၏ အနက်အဓိပ္ပါယ်ကား အဘယ်သို့ပါနည်း”ဟု တစ်ဆင့်တက်၍ မေးမြန်းငြားအံ့၊ ဤသို့ဖြစ်လျှင် ဤအရာ၌ ငါတို့အား စကားပြောဆိုမှု ဖြစ်ရာ၏ဟု (ဆို၏)။ အကျွန်ုပ်သည် အသျှင်ဥဒေနအား ခွင့်ပြုသင့်သည်ကို ခွင့်ပြုပါအံ့၊ တားမြစ်သင့်သည်ကိုလည်း တားမြစ်ပါအံ့၊ အကျွန်ုပ်သည်အသျှင်ဥဒေန ပြောကြားသော စကား၏ အဓိပ္ပါယ်ကို မသိမူ အသျှင်ဥဒေနကိုသာလျှင် “အသျှင်ဥဒေနဤစကားကား အဘယ်သို့ပါနည်း၊ ဤစကား၏ အနက်အဓိပ္ပါယ်ကား အဘယ်ပါနည်း”ဟု တစ်ဆင့်တက်၍ မေးမြန်းပါအံ့၊ ဤအတိုင်းပင် ဤအရာ၌ အကျွန်ုပ်တို့၏ စကားပြောဆိုခြင်းသည် ဖြစ်ပါစေလော့ဟု (ဆို၏)။
၄၁၃။ ပုဏ္ဏား လောက၌ ဤ ပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏၊ အဘယ်လေးမျိုးတို့နည်း ဟူမူ-
(၁) ပုဏ္ဏား ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိကိုယ်ကို ပူပန်ဆင်းရဲစေတတ်၏၊ မိမိကိုယ်ကိုပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်၏။
(၂) ပုဏ္ဏား ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သူတစ်ပါးကို ပူပန်ဆင်းရဲစေတတ်၏၊ သူတစ်ပါးကိုပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်၏။
(၃) ပုဏ္ဏား ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိကိုယ်ကိုလည်း ပူပန်ဆင်းရဲစေတတ်၏၊ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌လည်း အဖန်တလဲလဲ ပြုကျင့်အားထုတ်၏၊ သူတစ်ပါးကိုလည်း ပူပန်ဆင်းရဲစေတတ်၏၊ သူတစ်ပါးကို ပူပန်ဆင်းရဲစေမှု၌လည်း အဖန်တလဲလဲ ပြုကျင့်အားထုတ်၏။
(၄) ပုဏ္ဏား ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိကိုယ်ကို ပူပန်ဆင်းရဲစေတတ်သူလည်း မဟုတ်၊ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သူလည်းမဟုတ်၊ သူတစ်ပါးကိုပူပန်ဆင်းရဲစေတတ်သူလည်းမဟုတ်၊ သူတစ်ပါးကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သူလည်း မဟုတ်၊ ထိုသူသည် မိမိကိုယ်ကိုလည်း မပူပန် မဆင်းရဲစေတတ်၊ သူတစ်ပါးကိုလည်း မပူပန့်မဆင်းရဲစေတတ်သည်ဖြစ်၍ မျက်မှောက်သော ကိုယ်၏ အဖြစ်၌သာလျှင် ကိလေသာ ဆာလောင်မွတ်သိပ်မှုမရှိသည် ငြိမ်းချမ်းသည် အေးမြသည် ချမ်းသာသုခကို ခံစားရသည် ဖြစ်၍ မြတ်သောကိုယ်ဖြင့် နေထိုင်ရ၏။ ပုဏ္ဏား ဤပုဂ္ဂိုလ်လေးမျိုးတို့တွင် အဘယ်ပုဂ္ဂိုလ်သည် သင်၏ စိတ်ကို နှစ်သိမ့်စေဘိသနည်းဟု (မိန့်ဆိုတော်မူ၏)။
အသျှင်ဥဒေန မိမိကိုယ်ကို ပူပန်ဆင်းရဲစေတတ်၍ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲပြုကျင့်အားထုတ်သော သူသည်လည်း အကျွန်ုပ်၏ စိတ်ကို မနှစ်သိမ့်စေနိုင်ပါ။ အသျှင်ဥဒေန သူတစ်ပါးကို ပူပန်ဆင်းရဲစေတတ်၍ သူတစ်ပါးကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သောသူသည်လည်း အကျွန်ုပ်၏ စိတ်ကို မနှစ်သိမ့်စေနိုင်ပါ။ အသျှင်ဥဒေန မိမိကိုယ်ကို ပူပန်ဆင်းရဲစေတတ်၍မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သူ ဖြစ်သည့်ပြင် သူတစ်ပါးကို ပူပန်ဆင်းရဲစေတတ်၍ သူတစ်ပါးကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်တတ်သော သူသည်လည်း အကျွန်ုပ်၏ စိတ်ကို မနှစ်သိမ့်စေနိုင်ပါ။
အသျှင်ဥဒေန မိမိကိုယ်ကိုလည်း မပူပန်မဆင်းရဲစေတတ်ဘဲ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သူလည်း မဟုတ်သည့်ပြင်၊ သူတစ်ပါးကိုလည်း မပူပန်မဆင်းရဲစေတတ်ဘဲသူတစ်ပါး ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သူလည်း မဟုတ်သော ပုဂ္ဂိုလ်သည်သာလျှင်မိမိကိုယ်ကိုလည်း မပူပန် မဆင်းရဲစေတတ်ဘဲ သူတစ်ပါးကိုလည်း မပူပန် မဆင်းရဲစေတတ်သည် ဖြစ်၍မျက်မှောက်သော ကိုယ်၏ အဖြစ်၌သာလျှင် ကိလေသာ ဆာလောင်မွတ်သိပ်မှု မရှိသည် ငြိမ်းချမ်းသည်အေးမြသည် ချမ်းသာသုခကို ခံစားရသည် ဖြစ်၍ မြတ်သောကိုယ်ဖြင့် နေထိုင်ရ၏။ ဤပုဂ္ဂိုလ်သည်သာလျှင် အကျွန်ုပ်၏ စိတ်ကို နှစ်သိမ့်စေနိုင်ပါသည်ဟု (လျှောက်၏)။
--
ပုဏ္ဏား ဤပုဂ္ဂိုလ်သုံးယောက်တို့သည် အဘယ်ကြောင့် သင့်စိတ်ကို မနှစ်သိမ့်စေနိုင်ဘိသနည်းဟု (မေးတော်မူ၏)။ အသျှင်ဥဒေန မိမိကိုယ်ကို ပူပန်ဆင်းရဲစေတတ်၍ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌အဖန်တလဲလဲ ပြုကျင့်အားထုတ်သော သူသည် ချမ်းသာကို အလိုရှိသော ဆင်းရဲကို စက်ဆုပ်သော မိမိကိုယ်ကို ပူပန်ဆင်းရဲစေပါ၏၊ အဖန်တလဲလဲ ပူပန်ဆင်းရဲစေပါ၏၊ ဤအကြောင်းကြောင့် ဤပုဂ္ဂိုလ်သည်အကျွန်ုပ်၏ စိတ်ကို မနှစ်သိမ့်စေနိုင်ပါ။
အသျှင်ဥဒေန သူတစ်ပါးကို ပူပန်ဆင်းရဲစေတတ်၍ သူတစ်ပါးကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲပြုကျင့်အားထုတ်သောသူသည်လည်း ချမ်းသာကို အလိုရှိသော ဆင်းရဲကို စက်ဆုပ်သော သူတစ်ပါးကိုပူပန်ဆင်းရဲစေပါ၏၊ အဖန်တလဲလဲ ပူပန်ဆင်းရဲစေပါ၏၊ ဤအကြောင်းကြောင့် ဤပုဂ္ဂိုလ်သည်အကျွန်ုပ်၏ စိတ်ကို မနှစ်သိမ့်စေနိုင်ပါ။
အသျှင်ဥဒေန မိမိကိုယ်ကိုလည်း ပူပန်ဆင်းရဲစေတတ်၍ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌ အဖန် တလဲလဲပြုကျင့်အားထုတ်သော၊ သူတစ်ပါးကိုလည်း ပူပန်ဆင်းရဲစေတတ်၍ သူတစ်ပါးကို ပူပန်ဆင်းရဲ စေမှု၌အဖန်တလဲလဲ ပြုကျင့်အားထုတ်သော သူသည်လည်း ချမ်းသာကို အလိုရှိသော ဆင်းရဲကို စက် ဆုပ်သောမိမိကိုယ်ကိုလည်းကောင်း သူတစ်ပါးကိုလည်းကောင်း ပူပန်ဆင်းရဲစေပါ၏၊ အဖန်တလဲလဲပူပန်ဆင်းရဲစေပါ၏၊ ဤအကြောင်းကြောင့် ဤပုဂ္ဂိုလ်သည် အကျွန်ုပ်၏ စိတ်ကို မနှစ်သိမ့်စေနိုင်ပါ။
အသျှင်ဥဒေန မိမိကိုယ်ကိုလည်း မပူပန်မဆင်းရဲစေတတ်ဘဲ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သူလည်း မဟုတ်သည့်ပြင်၊ သူတစ်ပါးကိုလည်း မပူပန်မဆင်းရဲစေတတ်ဘဲ သူတစ်ပါး ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သူလည်း မဟုတ်သော ပုဂ္ဂိုလ်သည်ကားမိမိကိုယ်ကိုလည်း မပူပန် မဆင်းရဲစေတတ်၊ သူတစ်ပါးကိုလည်း မပူပန်မဆင်းရဲစေတတ်သည် ဖြစ်၍မျက်မှောက်သော ကိုယ်၏ အဖြစ်၌သာလျှင် ကိလေသာ ဆာလောင်မွတ်သိပ်ခြင်းမရှိသည် ငြိမ်းချမ်းသည်အေးမြသည် ချမ်းသာသုခကို ခံစားရသည် ဖြစ်၍ မြတ်သောကိုယ်ဖြင့် နေထိုင်ရ၏။ ထိုသူသည် ချမ်းသာ့ကို လိုလားသော ဆင်းရဲကို စက်ဆုပ်သော မိမိကိုယ်ကိုလည်းကောင်း၊ သူတစ်ပါးကိုလည်းကောင်း ပူပန်စေသူမဟုတ်၊ ဆင်းရဲစေသူမဟုတ်ပါ၊ ဤအကြောင်းကြောင့် ဤပုဂ္ဂိုလ်သည် အကျွန်ုပ်၏ စိတ်ကို နှစ်သိမ့်စေပါ၏ဟု (လျှောက်၏)။
၄၁၄။ ပုဏ္ဏား ပရိသတ်တို့သည် ဤနှစ်ပါးတို့တည်း။ အဘယ်နှစ်ပါးတို့နည်းဟူမူ- ပုဏ္ဏားဤလောက၌ အချို့သော ပရိသတ်သည် ပတ္တမြားနားတောင်းတို့၌ ပြင်းစွာတပ်ခြင်းဖြင့် တပ်နှစ်သက်ကုန်သည်ဖြစ်၍ သားမယား ကျွန်မိန်းမ ကျွန်ယောက်ျား လယ်ယာ ရွှေ ငွေတို့ကို ရှာမှီး၏။
ပုဏ္ဏား ဤလောက၌ အချို့သော ပရိသတ်သည် ပတ္တမြားနားတောင်းတို့၌ ပြင်းစွာတပ်ခြင်းဖြင့်မတပ်မနှစ်သက်ကုန်သည် ဖြစ်၍ သားမယား ကျွန်မိန်းမ ကျွန်ယောက်ျား လယ်ယာ ရွှေ ငွေတို့ကိုပယ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏။
ပုဏ္ဏား ထိုပုဂ္ဂိုလ်သည် မိမိကိုယ်ကို ပူပန်ဆင်းရဲစေတတ်သူလည်း မဟုတ်၊ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သူလည်း မဟုတ်၊ သူတစ်ပါးကို ပူပန်ဆင်းရဲစေတတ်သူလည်း မဟုတ်၊ သူတစ်ပါးကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သူလည်း မဟုတ်၊ ထိုသူသည် မိမိကိုယ်ကိုလည်း မပူပန် မဆင်းရဲစေတတ်၊ သူတစ်ပါးကိုလည်း မပူပန် မဆင်းရဲစေတတ်သည်ဖြစ်၍ မျက်မှောက်သော ကိုယ်၏ အဖြစ်၌သာလျှင် ကိလေသာ ဆာလောင်မွတ်သိပ်မှုမရှိသည်ငြိမ်းချမ်းသည် အေးမြသည် ချမ်းသာသုခကို ခံစားရသည် ဖြစ်၍ မြတ်သောကိုယ်ဖြင့် နေထိုင်ရ၏။
ပုဏ္ဏား ပရိသတ်တစ်မျိုးသည်ကား ပတ္တမြားနားတောင်းတို့၌ ပြင်းစွာတပ်ခြင်းဖြင့် တပ်နှစ်သက်ကုန်သည် ဖြစ်၍ သားမယား ကျွန်မိန်းမ ကျွန်ယောက်ျား လယ်ယာ ရွှေ ငွေတို့ကို ရှာမှီး၏၊ ပရိသတ်တစ်မျိုးသည်ကား ပတ္တမြားနားတောင်းတို့၌ ပြင်းစွာတပ်ခြင်းဖြင့် မတပ်မနှစ်သက်သည်ဖြစ်၍ သားမယားကျွန်မိန်းမ ကျွန်ယောက်ျား လယ်ယာ ရွှေ ငွေတို့ကို ပယ်စွန့်၍ လူ့ဘောင်မှ ရဟန်းဘောင်၌ ရဟန်းပြု၏၊ ဤပရိသတ်နှစ်မျိုးတို့တွင် အဘယ်ပရိသတ်၌ အဘယ်ပုဂ္ဂိုလ်ကို သင်သည် အများဆုံး မြင်ပါသနည်းဟု (မေး၏)။
--
အသျှင်ဥဒေန မိမိကိုယ်ကို မပူပန် မဆင်းရဲစေတတ်ဘဲ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှုကို အဖန် တလဲလဲပြုကျင့်အားထုတ်သူလည်း မဟုတ်သည့်ပြင် သူတစ်ပါးကိုလည်း မပူပန် မဆင်းရဲစေတတ်ဘဲ သူတစ်ပါးပူပန်ဆင်းရဲစေမှုကို အဖန်တလဲလဲ ပြုကျင့်အားထုတ်သူ မဟုတ်သော ပုဂ္ဂိုလ်သည်သာလျှင်မိမိကိုယ်ကိုလည်း မပူပန် မဆင်းရဲစေတတ်ဘဲ သူတစ်ပါးကိုလည်း မပူပန် မဆင်းရဲစေတတ်သည်ဖြစ်၍မျက်မှောက်သော ကိုယ်၏ အဖြစ်၌သာလျှင် ကိလေသာ မွတ်သိပ်မှုမရှိသည် ငြိမ်းချမ်းသည် အေးမြသည်ချမ်းသာသုခကို ခံစားရသည် ဖြစ်၍ မြတ်သော ကိုယ်ဖြင့် နေထိုင်ရ၏။ ဤပုဂ္ဂိုလ်ကို အကျွန်ုပ်သည်ပတ္တမြားနားတောင်းတို့၌ ပြင်းစွာတပ်ခြင်းဖြင့် တပ်နှစ်သက်ခြင်းမရှိ၊ သားမယား ကျွန်မိန်းမ ကျွန်ယောက်ျား လယ်ယာ ရွှေ ငွေကို ပယ်၍ လူ့ဘောင်မှ ရဟန်းဘောင်၌ ရဟန်းပြုသော ဤပရိသတ်၌အများဆုံး မြင်ရပါ၏ဟု (လျှောက်၏)။
ပုဏ္ဏား ယခုအခါ၌သာလျှင် “အသျှင်ရဟန်း တရားစောင့်သော ရဟန်းသည် မရှိ၊ ဤသို့ အကျွန်ုပ် မှာဤအယူသည် ဖြစ်ပါ၏၊ ထိုသို့ဖြစ်ခြင်းသည် အသျှင်ကဲ့သို့သော သဘောရှိသော ရဟန်းတို့ကို မတွေ့မြင်ရသောကြောင့်လည်းကောင်း၊ တရားသဘောကို မမြင်သောကြောင့်လည်းကောင်း ဖြစ်ပါ၏”ဟု သင်ပြောဆိုသော စကားကို ငါတို့ သိကြရကုန်၏ဟု (ဆို၏)။ အသျှင်ဥဒေန ထိုစကားကို စင်စစ် အကြောင်းနှင့်တကွ ပြောဆိုခဲ့ပါ၏၊ တရားစောင့်သော ရဟန်းသည် ရှိ၏၊ အကျွန်ုပ်မှာ ဤသို့ အယူဖြစ်ပါ၏ဟူ၍သာလျှင် အကျွန်ုပ်တို့ကို အသျှင်ဥဒေနသည် မှတ်တော်မူပါလော့၊ အသျှင်ဥဒေနသည် အကျွန်ုပ်အားလေးယောက်သော ပုဂ္ဂိုလ်တို့ကို အကျယ်အားဖြင့် မဝေဖန်ဘဲ အကျဉ်းဟောထားပါ၏၊ အသျှင်ဥဒေနသည် အကျွန်ုပ်အား အစဉ်သနားသည်ကို အကြောင်းပြု၍ ဤလေးယောက်သော ပုဂ္ဂိုလ်တို့ကို အကျယ်အားဖြင့် ဝေဖန်ပြပါလော့ဟု (လျှောက်၏)။ ပုဏ္ဏား သို့ဖြစ်ပါမူ နားထောင်လော့၊ ကောင်းစွာ နှလုံးသွင်းလေလော့၊ ဟောပေအံ့ဟု (မိန့်ဆိုတော်မူ၏)။ အသျှင်ဘုရားကောင်းပါပြီ ဟူ၍သာလျှင် ဃောဋမုခပုဏ္ဏားသည် အသျှင်ဥဒေနအား ပြန်ကြားလျှောက်ထား၏။ အသျှင်ဥဒေနသည် ဤစကားကို မိန့်ဆိုတော်မူ၏-
၄၁၅။ ပုဏ္ဏား မိမိကိုယ်ကို ပူပန်ဆင်းရဲစေတတ်သော၊ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌ အဖန် တလဲလဲပြုကျင့်အားထုတ်သော ပုဂ္ဂိုလ်သည် အဘယ်နည်းဟူမူ- ပုဏ္ဏား ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည်အဝတ် မဝတ်ဘဲ နေ၏၊ လူ့အကျင့်ကို စွန့်၍ (ရပ်လျက် ကျင်ကြီး ကျင်ငယ်စွန့်ခြင်း စသည်ကို) ကျင့်၏၊ လက်ဖြင့် (မစင်ကို) သုတ်၏၊ အသျှင် လာလော့ဆိုသူ၏ ဆွမ်းကို မခံ၊ အသျှင်ရပ်လော့ဆိုသူ၏ ဆွမ်းကို မခံ၊ ရှေးရှုဆောင်လာသော ဆွမ်းကို မခံ၊ ရည်စူး၍ ပြုသော ဆွမ်းကို မခံ၊ ပင့်ဖိတ် (ဆွမ်းကို) မခံ၊ အိုးဝမှ (ခူး၍ လောင်းလှူအပ်သော ဆွမ်းကို) မခံ၊ တောင်းဝမှ (ခူး၍လောင်းလှူအပ်သော ဆွမ်းကို) မခံ၊ တံခါးခုံခြား၍ (လှူသော ဆွမ်းကို) မခံ၊ တုတ်ခြား၍ (လှူသောဆွမ်းကို) မခံ၊ ကျည်ပွေ့ခြား၍ (လှူသော ဆွမ်းကို) မခံ၊ နှစ်ယောက်စားစဉ် (လှူသော ဆွမ်းကို) မခံ၊ ကိုယ်ဝန်ဆောင်မိန်းမ (လှူသော ဆွမ်းကို) မခံ၊ နို့တိုက်ဆဲမိန်းမ (လှူသော ဆွမ်းကို) မခံ၊ ယောက်ျားနှင့်နှီးနှောနေသော မိန်းမ၏ (ဆွမ်းကို) မခံ၊ ဆော်ဩ၍ (လှူသော ဆွမ်းကို) မခံ၊ ခွေးမျှော်ရာ (ဆွမ်းကို) မခံ၊ ယင်အုံရာ (ဆွမ်းကို) မခံ၊ ငါးမစား၊ အမဲမစား၊ သေမသောက်၊ အရက်မသောက်၊ ဖွဲ၌မြှုပ်သော ဆေးရည်ကို မသောက်၊ တစ်အိမ်၌သာ ဆွမ်းခံ၏၊ တစ်လုတ်သာစား၏၊ နှစ်အိမ်၌သာ ဆွမ်းခံ၏၊ နှစ်လုတ်သာ စား၏။ပ။ ခုနစ်အိမ်၌သာ ဆွမ်းခံ၏၊ ခုနစ်လုတ်သာစား၏၊ ခွက်ငယ်တစ်ခုဖြင့်လည်း ရောင့်ရဲ၏၊ ခွက်ငယ်နှစ်ခု ဖြင့်လည်း ရောင့်ရဲ၏။ပ။ ခွက်ငယ်ခုနစ်ခုဖြင့်လည်း ရောင့်ရဲ၏၊ တစ်ရက်ခြား လည်း အစာစား၏၊ နှစ်ရက်ခြားလည်းအစာစား၏။ပ။ ခုနစ်ရက်ခြားလည်း အစာစား၏၊ ဤနည်းဖြင့် ဤသို့သဘောရှိသော လဝက်တစ်ကြိမ်အစာစားခြင်း အကျင့်ကို ကျင့်၍ နေ၏။
--
ထိုပုဂ္ဂိုလ်သည် ဟင်းရွက်စိမ်းကိုသော်လည်း စား၏၊ ဆန်စိမ်းကိုသော်လည်း စား၏၊ မြက်သီးဆန်ကိုသော်လည်း စား၏၊ သားရေဖတ်ကိုသော်လည်း စား၏၊ မှော်ကိုသော်လည်း စား၏၊ ဆန်ကွဲကိုသော်လည်း စား၏၊ ထမင်းချိုးကိုသော်လည်း စား၏၊ နှမ်းမှုန့်ညက်ကိုသော်လည်း စား၏၊ မြက်ကိုသော်လည်း စား၏၊ နွားချေးကိုသော်လည်း စား၏၊ တောသစ်မြစ် သစ်သီးလျှင် အစာရှိသည်ဖြစ်၍ ကြွေကျသော သစ်သီးကို စားလေ့ရှိ၏၊ ထိုပုဂ္ဂိုလ်သည် ပိုက်ဆံလျှော် အဝတ်တို့ကိုသော်လည်း ဆောင်၏၊ ပိုက်ဆံ လျှော်ဖြင့် ရောနှောရက်သော အဝတ်တို့ကိုသော်လည်း ဆောင်၏၊ သူသေကောင်အဝတ်တို့ကိုသော်လည်း ဆောင်၏၊ ပံ့သကူအဝတ်တို့ကိုသော်လည်း ဆောင်၏၊ သစ်ခေါက်အဝတ်တို့ကိုသော်လည်း ဆောင်၏၊ သစ်နက်ရေကိုသော်လည်း ဆောင်၏၊ သစ်နက်ရေမျှင်အဝတ်ကိုသော်လည်း ဆောင်၏၊ သမန်းမြက်အဝတ် ကိုသော်လည်း ဆောင်၏၊ လျှော်တေအဝတ်ကိုသော်လည်း ဆောင်၏၊ ပျဉ်ချပ်အဝတ်ကိုသော်လည်း ဆောင် ၏၊ ဆံခြည်ကမ္ဗလာကိုသော်လည်း ဆောင်၏၊ သားမြီးကမ္ဗလာကိုသော်လည်း ဆောင်၏၊ ခင်ပုပ်ငှက်တောင်အဝတ်ကိုသော်လည်း ဆောင်၏၊ ဆံမုတ်ဆိတ်ကိုသော်လည်း နုတ်၏၊ ဆံမုတ်ဆိတ် နုတ်ခြင်းအမှုကိုသော်လည်း ပြုနေ၏၊ နေရာကို ပယ်၍ မတ်မတ်ရပ်၍သော်လည်း နေ၏၊ ဆောင့်ကြောင့်သော်လည်းထိုင်၏၊ ဆောင့်ကြောင့်ထိုင်ခြင်း အမှုကိုသော်လည်း ပြုနေ၏၊ ဆူးအခင်းပေါ်၌သော်လည်း နေ၏၊ ဆူးအခင်းပေါ်၌ အိပ်၏၊ ညနေချမ်းလျှင် သုံးကြိမ်မြောက် ရေသို့ သက်ဆင်းခြင်း အမှုကိုသော်လည်း ပြုနေ၏၊ ဤဆိုအပ်ပြီးသောနည်းဖြင့် ဤသို့သဘောရှိသော များစွာသော ကိုယ်ခန္ဓာကို ပူပန်စေမှု အဖန်ဖန်ဆင်းရဲစေမှုကို အားထုတ်သည်ဖြစ်၍ နေထိုင်၏။ ပုဏ္ဏား ဤပုဂ္ဂိုလ်ကို မိမိကိုယ်ကို ပူပန်ဆင်းရဲစေ့တတ်သော၊ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှုကို အဖန်တလဲလဲ ပြုကျင့်အားထုတ်တတ်သော ပုဂ္ဂိုလ်ဟူ၍ဆိုရ၏။
၄၁၆။ ပုဏ္ဏား သူတစ်ပါးကို ပူပန်ဆင်းရဲစေတတ်သော၊ သူတစ်ပါးကို ပူပန်ဆင်းရဲစေမှု၌ အဖန် တလဲလဲပြုကျင့်အားထုတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်းဟူမူ- ပုဏ္ဏား ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည်သိုးသတ်သမားဖြစ်၏၊ ဝက်သတ်သမားဖြစ်၏၊ ငှက်သတ်သမားဖြစ်၏၊ သားသတ်သမား ဖြစ်၏၊ ကြမ်း၊ ကတ်၏၊ တံငါသည်ဖြစ်၏၊ ခိုးသူဖြစ်၏၊ ခိုးသူသတ်သမားဖြစ်၏၊ နွားသတ်သမားဖြစ်၏၊ ထောင်ပိုင်အာဏာမှူး အာဏာသားဖြစ်၏၊ ထိုမှတစ်ပါး ကြမ်း၊ ကတ်သော အမှုတို့ကို ပြုလုပ်သူအားလုံး တည်း။ ပုဏ္ဏား ဤပုဂ္ဂိုလ်မျိုးကို သူတစ်ပါးကို ပူပန်ဆင်းရဲစေတတ်သော သူတစ်ပါးကို ပူပန်ဆင်းရဲ စေမှု၌အဖန်တလဲလဲ ပြုကျင့်အားထုတ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုရ၏။
၄၁၇။ ပုဏ္ဏား မိမိကိုယ်ကို ပူပန်ဆင်းရဲစေတတ်သည်ဖြစ်၍ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သူ ဖြစ်သည့်ပြင် သူတစ်ပါးကိုလည်း ပူပန်ဆင်းရဲစေတတ်သည်ဖြစ်၍ သူတစ်ပါးကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်းဟူမူ- ပုဏ္ဏားဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဦးထိပ်၌ မင်းအဘိသိက် သွန်းလောင်းအပ်သော ဘုရင်မင်းမြတ်သော်လည်း ဖြစ်၏၊ များစွာသော ဥစ္စာနှစ်ရှိသော ဗြဟ္မာမျိုး ပုဏ္ဏားသော်လည်း ဖြစ်၏၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်မျိုးသည် မြို့၏ အရှေ့မျက်နှာအရပ်၌ ယဇ်ပူဇော်ရာ အိမ်သစ်ကို ဆောက်လုပ်စေ၍ဆံမုတ်ဆိတ်ကို ရိတ်ပယ်ပြီးလျှင် ခွါနှင့်တကွသော သစ်နက်ရေကို ဝတ်ရုံပြီးနောက် ထောပတ်ဆီတို့ဖြင့်ကိုယ်ကို သုတ်လိမ်း၍ သားကောင်ဦးချိုဖြင့် ကျောက်ကုန်းကို အယားဖျောက်လျက် မိဖုရားကြီးပုရောဟိတ်ပုဏ္ဏားကြီးတို့နှင့်အတူ ထိုယဇ်ပူဇော်ရာ အိမ်သစ်သို့ ဝင်ကြ၏၊ ထိုမင်းသည် ထိုယဇ်ပူဇော်ရာအိမ်သစ်၌ အခင်းမရှိသော စိုသော နွားချေးဖြင့် လိမ်းကျံထားသော မြေကြီး၌ အိပ်၏၊ အဆင်းအရောင်အားဖြင့် အမိနှင့်တူသော သားငယ်ရှိသော တစ်ကောင်သော နွားမ၏ နို့တစ်တိုင်မှ ထွက်သော နို့ရည်ဖြင့်မင်းသည် မျှတ၏၊ ဒုတိယနို့တိုင်မှ ထွက်သော နို့ရည်ဖြင့် မိဖုရားကြီးသည် မျှတ၏၊ တတိယနို့တိုင်မှထွက်သော နို့ရည်ဖြင့် ပုရောဟိတ်ပုဏ္ဏားသည် မျှတ၏၊ စတုတ္ထနို့တိုင်မှ ထွက်သော နို့ရည်ဖြင့် မီးကိုပူဇော်၏၊ ကြွင်းကျန်သော နို့ရည်ဖြင့် နွားငယ်သည် မျှတရ၏။ ထိုမင်းသည် ဤသို့ မိန့်ဆို၏-
--
“ယဇ်ပူဇော်ခြင်းအကျိုးငှါ ဤမျှသော နွားလားတို့ကို သတ်ကြကုန်လော့၊ ယဇ်ပူဇော်ခြင်းအကျိုးငှါဤမျှလောက်ကုန်သော နွားပေါက်တို့ကို သတ်ကြကုန်လော့၊ ယဇ်ပူဇော်ခြင်းအကျိုးငှါဤမျှလောက်ကုန်သော နွားမတမ်းတို့ကို သတ်ကြကုန်လော့၊ ယဇ်ပူဇော်ခြင်းအကျိုးငှါဤမျှလောက်ကုန်သော ဆိတ်တို့ကို သတ် ကြကုန်လော့၊ ယဇ်ပူဇော်ခြင်းအကျိုးငှါဤမျှလောက်ကုန်သော သိုးတို့ကို သတ်ကြကုန်လော့၊ ယဇ်ပူဇော် ခြင်းအကျိုးငှါ ဤမျှလောက်ကုန်သောမြင်းတို့ကို သတ်ကြကုန်လော့၊ ယဇ်တိုင်အလို့ငှါ ဤမျှလောက် ကုန်သော သစ်ပင်တို့ကိုခုတ်ဖြတ်ကြကုန်လော့၊ အကာအရံပြုခြင်း ယဇ်မြေပြင်၌ ခင်းခြင်းအလို့ငှါ ဤ မျှလောက်ကုန်သောမြေဇာမြက်တို့ကို ရိတ်ကြကုန်လော့”ဟု (မိန့်ဆို၏)။ ထိုမင်း၏ ကျေးကျွန် အစေ အပါးအလုပ်သမားတို့သည်လည်း အပြစ်ဒဏ်ဖြင့် အခြိမ်းအခြောက် ခံကြရကုန်သည်ဖြစ်၍ မျက်ရည်ဖြင့်ပြည့်သော မျက်နှာရှိကြကုန်လျက် ငိုကြွေးကြကုန်လျက် အမှုကြီးငယ်တို့ကို ပြုလုပ်ကြကုန်၏။ ပုဏ္ဏားဤပုဂ္ဂိုလ်မျိုးကို မိမိကိုယ်ကို ပူပန်ဆင်းရဲစေတတ်သည်ဖြစ်၍ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သူဖြစ်သည့်ပြင် သူတစ်ပါးကိုလည်း ပူပန်ဆင်းရဲစေ တတ်သည်ဖြစ်၍ သူတစ်ပါးကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုရ၏။
၄၁၈။ ပုဏ္ဏား မိမိကိုယ်ကို ပူပန်ဆင်းရဲစေတတ်သူ မဟုတ်သည့်ပြင် မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌အဖန်တလဲလဲ ပြုကျင့်အားထုတ်သူလည်း မဟုတ်သည်သာမက သူတစ်ပါးကို ပူပန်ဆင်းရဲစေတတ်သူ့မဟုတ်သည့်ပြင် သူတစ်ပါး ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားမထုတ်သော ပုဂ္ဂိုလ်မျိုးဖြစ်သော၊ မိမိကိုယ်ကိုလည်း မပူပန် မဆင်းရဲစေတတ် သူတစ်ပါးကိုလည်း မပူပန် မဆင်းရဲစေတတ်သောသူဖြစ်၍ မျက်မှောက်အတ္တဘော၌သာလျှင် ကိလေသာ ဆာလောင်မွတ်သိပ်မှု မရှိသည် ငြိမ်းချမ်းသည်အေးမြသည် ချမ်းသာသုခကို ခံစားရသည်ဖြစ်၍ မြတ်သောကိုယ်ဖြင့် နေထိုင်ရသော ပုဂ္ဂိုလ်ဟူသည်အဘယ်နည်း ဟူမူ-
ပုဏ္ဏား ဤလောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ'နှင့် ပြည့်စုံတော်မူသော၊ ကောင်းသော စကားကိုဆိုတော်မူတတ်သော၊ လောကကို သိတော်မူသော၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့လွန်မြတ်သော ပုဂ္ဂိုလ်ဖြစ်တော်မူသော၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော၊ (သစ္စာလေးပါးတရားတို့ကို) ကိုယ်တိုင်သိ၍ သူတစ်ပါးတို့ကို သိစေတော်မူသော၊ ဘုန်းတန်ခိုးကြီးတော်မူသော မြတ်စွာဘုရားသည်ပွင့်တော်မူ၏၊ ထိုမြတ်စွာဘုရားသည် နတ်နှင့်တကွသော မာရ်နတ်နှင့်တကွသော ဗြဟ္မာနှင့်တကွသော ဤဩကာသလောကကိုလည်းကောင်း၊ သမဏဗြာဟ္မဏနှင့်တကွသော မင်းများ လူများနှင့်တကွသော ဤသတ္တလောကကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားတော်မူ၏၊ ထိုမြတ်စွာဘုရားသည် အစ၏ ကောင်းခြင်း အလယ်၏ ကောင်းခြင်း အဆုံး၏ ကောင်းခြင်းရှိသောအနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံ ပြည့်စုံသော စင်ကြယ်သော မြတ်သောအကျင့်ကို ပြတော်မူ၏။
ထိုတရားတော်ကို သူကြွယ်သည်လည်းကောင်း၊ သူကြွယ့်သားသည်လည်းကောင်း၊ အခြားဇာတ်တစ်မျိုးမျိုး၌ ဖြစ်သောသူသည်လည်းကောင်း ကြားနာရ၏၊ ထိုသူသည် ထိုတရားတော်ကို ကြားနာရ၍မြတ်စွာဘုရား၌ ယုံကြည်မှုကို ရ၏၊ ထိုသူသည် ထိုယုံကြည်မှုကို ရသည်ဖြစ်၍ ဤသို့ ဆင်ခြင်၏-"လူ့ဘောင်၌ နေရခြင်းသည် ကျဉ်းမြောင်း၏၊ (ကိလေသာ) မြူထရာ လမ်းကြောင်းဖြစ်၏၊ ရဟန်းအဖြစ်သည် လွင်ပြင်နှင့် တူ၏၊ လူ့ဘောင်၌ နေသူသည် ဤမြတ်သော အကျင့်ကို စင်စစ် ပြည့်စုံစွာ စင်စစ်စင်ကြယ်စွာ ခရုသင်းပွတ်သစ်နှင့်တူစွာ ကျင့်ခြင်းငှါ မလွယ်၊ ငါသည် ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင်ဖန်ရည် ဆိုးသော အဝတ်တို့ကို ဝတ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရမူ ကောင်းလေစွ”ဟု (ဆင်ခြင်၏)။
--
ထိုသူသည် နောင်အခါ၌ နည်းသော ဥစ္စာစုကို စွန့်၍ဖြစ်စေ၊ များသော ဥစ္စာစုကို စွန့်၍ဖြစ်စေ၊ နည်းသော ဆွေမျိုးစုကို စွန့်၍ဖြစ်စေ၊ များသော ဆွေမျိုးစုကို စွန့်၍ဖြစ်စေ ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင်ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏။ ထိုသူသည် ဤသို့ရဟန်းပြုပြီးသည်ရှိသော် ရဟန်းတို့၏ (ရဟန်းကျင့်, ရဟန်းသက်ဟူသော) သိက္ခာ, သာဇီဝသို့ ရောက်သည်ဖြစ်၍ အသက်သတ် ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ တုတ်ကို ချထားပြီးဖြစ်၏၊ လက်နက်ကို ချထားပြီးဖြစ်၏၊ ရှက်ခြင်းရှိ၏၊ သနားတတ်၏၊ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွါးကိုလိုလားလျက် နေ၏။
မပေးသည်ကို ယူခြင်းကို ပယ်၍ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ပေးသည်ကိုသာ ယူ၏။ ပေးသည်ကိုသာ အလိုရှိ၏၊ မခိုးမဝှက် စင်ကြယ်သောကိုယ်ဖြင့် နေ၏။
မမြတ်သော အကျင့်ကို ပယ်၍ မြတ်သောအကျင့်ကို ကျင့်၏၊ ယုတ်သော အကျင့်ကို ကျင့်လေ့မရှိ၊ ရွာသူတို့၏ အလေ့ဖြစ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်၏။
မဟုတ်မမှန် ပြောခြင်းကို ပယ်၍ မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်၏၊ အမှန်ကိုသာ ဆိုလေ့ရှိ၏။ မှန်သောစကားချင်း ဆက်စပ်စေ၏၊ တည်သောစကားရှိ၏၊ ယုံကြည်ထိုက်သော စကားရှိ၏၊ လောကကိုလှည့်စားတတ်သူ မဟုတ်။
ကုန်းစကားကို ပယ်၍ ကုန်းစကားမှ ရှောင်ကြဉ်၏၊ ဤသူတို့ထံမှ နားထောင်၍ ထိုသူတို့နှင့် ဤသူတို့ ကွဲပြားခြင်းငှါ ထိုသူတို့ထံ၌ မပြောတတ်၊ ထိုသူတို့ထံမှ နားထောင်၍ ဤသူတို့နှင့် ထိုသူတို့ကွဲပြားခြင်းငှါ ဤသူတို့ထံ၌ မပြောတတ်၊ ဤသို့ ကွဲပြားသူတို့ကိုလည်း စေ့စပ်တတ်၏၊ ညီညွတ်သူတို့ကိုလည်း အားပေးတတ်၏၊ ညီညွတ်ခြင်း၌ မွေ့လျော်၏၊ ညီညွတ်ခြင်း၌ ပျော်ပိုက်၏၊ ညီညွတ်ခြင်းကိုနှစ်သက်၏၊ ညီညွတ်ခြင်းကို ပြုသော စကားကို ဆိုလေ့ရှိ၏။
ကြမ်းတမ်းသော စကားကို ပယ်၍ ကြမ်းတမ်းသော စကားမှ ရှောင်ကြဉ်၏၊ အကြင်စကားသည်အပြစ်ကင်း၏၊ နားချမ်းသာ၏၊ နှစ်လိုဖွယ်ရှိ၏၊ နှလုံးသို့သက်၏၊ ယဉ်ကျေး၏၊ လူအများ နှစ်သက်၏၊ လူအများ နှစ်ခြိုက်၏၊ ထိုသို့သဘောရှိသော စကားကိုသာ ဆို၏။
ပြိန်ဖျင်းသော စကားကို ပယ်၍ ပြိန်ဖျင်းသော စကားမှ ရှောင်ကြဉ်၏၊ (သင့်သော) အခါ၌သာဆိုလေ့ရှိ၏၊ဟုတ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အကျိုးနှင့်စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ တရားနှင့်စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အဆုံးအမနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ (သင့်သော) အခါ၌သာအကြောင်းနှင့်တကွ သော အပိုင်းအခြားရှိသော အစီးအပွါးနှင့်စပ်သော မှတ်သားလောက်သောစကားကိုသာ ဆိုလေ့ရှိ၏။
ထိုပုဂ္ဂိုလ်သည် မျိုးစေ့အပေါင်း အပင်အပေါင်းကို ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်၏၊ ဆွမ်းတစ်နပ်သာစားလေ့ရှိ၏၊ ညစာစားခြင်းမှ ရှောင်ကြဉ်၏၊ နေလွဲစားခြင်းမှ ရှောင်ကြဉ်၏၊ ကခြင်း သီခြင်း တီးမှုတ်ခြင်း (သူတော်ကောင်းတရား၏) ဆူးငြောင့်ဖြစ်သော ပွဲကြည့်ခြင်းမှ ရှောင်ကြဉ်၏၊ ပန်းပန်ခြင်းနံ့သာခြယ် ခြင်း နံ့သာပျောင်းလိမ်းခြင်းမှ ရှောင်ကြဉ်၏၊ မြင့်သောနေရာ မြတ်သောနေရာမှရှောင်ကြဉ်၏၊ ရွှေ ငွေကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ ကောက်စိမ်းကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ အသားစိမ်းကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ မိန်းမအို မိန်းမပျိုကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ ကျွန်မိန်းမကျွန်ယောက်ျားကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ ဆိတ်နှင့်သိုးကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ ကြက်ဝက်ကိုခံယူခြင်းမှ ရှောင်ကြဉ်၏၊ ဆင် နွား မြင်း မြည်းကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ လယ်နှင့်ယာကိုခံယူခြင်းမှ ရှောင်ကြဉ်၏၊ တမန်အမှု အစေအပါးအမှုကို ဆောင်ရွက်ခြင်းမှ ရှောင်ကြဉ်၏၊ ဝယ်မှုရောင်းမှုမှ ရှောင်ကြဉ်၏၊ ချိန်စဉ်းလဲ အသပြာစဉ်းလဲ ခြင်တွယ်တိုင်းတာစဉ်းလဲခြင်းမှ ရှောင်ကြဉ်၏၊ တံစိုးယူခြင်း လှည့်ဖြားခြင်း အတုပြုခြင်း တည်းဟူသော ကောက်ကျစ်ခြင်းမှ ရှောင်ကြဉ်၏၊ ဖြတ်ခြင်းသတ်ခြင်း နှောင်ဖွဲ့ခြင်း (ခရီးသွားတို့ကို) လုယက်ခြင်း (ရွာနိဂုံးတို့ကို) ဖျက်ဆီးခြင်းဓားပြတိုက်ခြင်းမှ ရှောင်ကြဉ်၏။
--
ထိုရဟန်းသည် ကိုယ်ကို မျှတစေနိုင်ရုံသော သင်္ကန်းဖြင့်, ဝမ်းကို မျှတစေနိုင်ရုံသော ဆွမ်းဖြင့်ရောင့်ရဲ၏၊ ထိုရဟန်းသည် သွားလေရာရာသို့ (ကိုယ်နှင့် အတူပါမြဲ ပရိက္ခရာမျှသာ ရှိသဖြင့်) တပါတည်းယူပြီးဖြစ်၍သာလျှင် သွား၏၊ ဥပမာသော်ကား အတောင်ရှိသော ငှက်သည် ပျံလေရာရာသို့ မိမိအတောင်သာ ဝန်ရှိသည်ဖြစ်၍ ပျံသကဲ့သို့၊ ဤအတူ ရဟန်းသည် ကိုယ်ကို မျှတစေနိုင်ရုံသော သင်္ကန်းဖြင့်, ဝမ်းကို မျှတစေနိုင်ရုံသော ဆွမ်းဖြင့် ရောင့်ရဲ၏၊ ထိုရဟန်းသည် သွားလေရာရာသို့ (ကိုယ်နှင့် အတူပါမြဲပရိက္ခရာမျှသာ ရှိသဖြင့်) တပါတည်းယူပြီး ဖြစ်၍သာလျှင် သွား၏။ ထိုရဟန်းသည် ဤမြတ်သောသီလအစုနှင့် ပြည့်စုံသည်ဖြစ်၍ အတွင်းအဇ္ဈ တ္တသန္တာန်၌ အပြစ်မရှိသော ချမ်းသာကို ခံစားရ၏။
၄၁၉။ ထိုရဟန်းသည် မျက်စိဖြင့် အဆင်း ‘ရူပါရုံ'ကို မြင်သော် (မိန်းမ ယောက်ျားစသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့မရှိ၊ (လက်ခြေစသော အင်္ဂါ ပြုံးဟန် ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့မရှိ၊ အကယ်၍ စက္ခုန္ဒြေကို မစောင့်စည်းဘဲနေလျှင် ယင်း (စက္ခုန္ဒြေဟူသော) အကြောင်းကြောင့် မက်မောခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ ဟူသော ယုတ်မာသောအကုသိုလ်တရားတို့သည် ထိုမစောင့်စည်းသူကို လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထို့ကြောင့် ရဟန်းသည့်ထိုစက္ခုန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်၏၊ စက္ခုန္ဒြေကို စောင့်ရှောက်၏၊ စက္ခုန္ဒြေ၌ စောင့်စည်းခြင်းသို့ရောက်၏။
နားဖြင့် အသံ ‘သဒ္ဒါရုံ’ ကို ကြားသော်။ပ။ နှာခေါင်းဖြင့် အနံ့ ‘ဂန္ဓာရုံ’ ကို နမ်းသော်။ပ။ လျှာဖြင့်အရသာ ‘ရသာရုံ’ ကို လျက်သော်။ပ။ ကိုယ်ဖြင့် အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’ ကို တွေ့ထိသော်။ပ။ စိတ်ဖြင့်သဘော ‘ဓမ္မာရုံ’ ကို သိသော် (မိန်းမ ယောက်ျားစသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့မရှိ၊ (လက်ခြေစသောအင်္ဂါ ပြုံးဟန်ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့မရှိ၊ အကယ်၍ မနိန္ဒြေကိုမစောင့်စည်းဘဲနေလျှင် ယင်း (မနိန္ဒြေဟူသော) အကြောင်းကြောင့် မက်မောခြင်း'အဘိဇ္ဈာ'နှလုံးမသာခြင်း ‘ဒေါမနဿ’ ဟူသော ယုတ်မာသော အကုသိုလ်တရားတို့သည် ထိုမစောင့်စည်းသူကိုလိုက်၍ နှိပ်စက် ကုန်ရာ၏၊ ထို့ကြောင့် ရဟန်းသည် ထိုမနိန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်၏၊ မနိန္ဒြေကိုစောင့်ရှောက်၏၊ မနိန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်၏၊ ထို (ရဟန်း) သည် ဤမြတ်သော ဣန္ဒြေကိုစောင့်စည်းခြင်းနှင့် ပြည့်စုံသည်ဖြစ်၍ မိမိသန္တာန်၌ (ကိလေသာနှင့်မရောသော) ချမ်းသာကို ခံစား၏။
ထိုရဟန်းသည် ရှေ့သို့တက်ရာ နောက်သို့ဆုတ်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ တူရူကြည့်ရာတစောင်းကြည့်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ ကွေးရာ ဆန့်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ ဒုကုဋ်သပိတ် သင်္ကန်းကို ဆောင်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ စားရာ သောက်ရာ ခဲရာ လျက်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ ကျင်ကြီး ကျင်ငယ် စွန့်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ သွားရာ ရပ်ရာ ထိုင်ရာအိပ်ရာ နိုးရာ ပြောရာ ဆိတ်ဆိတ်နေရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏။
ထိုရဟန်းသည် ဤမြတ်သော သီလအစုနှင့်လည်း ပြည့်စုံသည်ဖြစ်၍ (ဤမြတ်သော ရောင့်ရဲခြင်းနှင့်လည်း ပြည့်စုံသည်ဖြစ်၍) ဤမြတ်သော ဣန္ဒြေစောင့်စည်းခြင်းနှင့်လည်း ပြည့်စုံသည်ဖြစ်၍ ဤမြတ်သော သတိသမ္ပဇဉ်နှင့်လည်း ပြည့်စုံသည်ဖြစ်၍ ဆိတ်ငြိမ်သော အိပ်ရာနေရာကို မှီဝဲ၏၊ တောကို သစ်ပင်ရင်းကို တောင်ကို ချောက်ကို တောင်ခေါင်းကို သင်းချိုင်းကို တောအုပ်ကို လွင်ပြင်ကို ကောက်ရိုးပုံကို (မှီဝဲ၏)။
ထိုရဟန်းသည် ဆွမ်းခံရာမှ ပြန်ခဲ့၍ ဆွမ်းစားပြီးနောက် ထက်ဝယ်ဖွဲ့ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာထား၍ ကမ္မဋ္ဌာန်းသို့ ရှေးရှုသတိကို ဖြစ်စေလျက် ထိုင်၏၊ ထိုရဟန်းသည် (ဥပါဒါနက္ခန္ဓာငါးပါးတည်းဟူသော) လောက၌ မက်မောခြင်း ‘အဘိဇ္ဈာ'ကို ပယ်၍ မက်မောခြင်း ‘အဘိဇ္ဈာ’ မှ ကင်းသောစိတ်ဖြင့် နေ၏၊ မက်မောခြင်း ‘အဘိဇ္ဈာ’ မှ စိတ်ကို စင်ကြယ်စေ၏။ ပျက်စီးစေလိုသော ဒေါသကိုပယ်၍ မပျက်စီးစေလိုသော စိတ်ရှိသည်ဖြစ်၍ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွားကို လိုလားလျက်နေ၏၊ ပျက်စီးစေလိုသော ပြစ်မှားမှုမှ စိတ်ကို စင်ကြယ်စေ၏။ လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ ကိုပယ်၍
--
လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ မှ ကင်းသည်ဖြစ်၍ အလင်းရောင်ကို မှတ်ခြင်းရှိသည်ဖြစ်၍သတိရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ်ရှိသည်ဖြစ်၍ နေ၏၊ လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ မှ စိတ်ကိုစင်ကြယ်စေ၏။ ပျံ့လွင့်ခြင်း ‘ဥဒ္ဓစ္စ’ နောင်တတစ်ဖန်ပူပန်ခြင်း ‘ကုက္ကုစ္စ’ ကို ပယ်၍ အတွင်းသန္တာန်၌ငြိမ်သက်သော စိတ်ရှိသည် ဖြစ်၍ မပျံ့လွင့်သည် ဖြစ်၍ နေ၏၊ ပျံ့လွင့်ခြင်း ‘ဥဒ္ဓစ္စ'နောင်တတစ်ဖန်ပူပန်ခြင်း ‘ကုက္ကုစ္စ’ မှ စိတ်ကို စင်ကြယ်စေ၏။ ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ ကို ပယ်၍ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ ကို လွန်မြောက်သည် ဖြစ်၍ ကုသိုလ်တရားတို့၌ သို့လော သို့လော မရှိသည်ဖြစ်၍ နေ၏၊ ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ မှ စိတ်ကို စင်ကြယ်စေ၏။
ထိုရဟန်းသည် စိတ်ညစ်ညူးခြင်းကို ဖြစ်စေတတ်ကုန်သော ပညာ၏ အားနည်းခြင်းကို ပြုတတ်ကုန်သော နီဝရဏတရားငါးပါးတို့ကို ပယ်ဖျောက်၍ နေ၏။ ထိုရဟန်းသည် ကာမဂုဏ်တို့မှ ဆိတ်၍သာလျှင် အကုသိုလ် တရားတို့မှ ဆိတ်၍သာလျှင် ကြံစည်ခြင်း ‘ဝိတက်’ နှင့်တကွဖြစ်သောသုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ နှင့်တကွဖြစ်သော နီဝရဏဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ'့ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ဝိတက် ဝိစာရငြိမ်းခြင်းကြောင့် မိမိသန္တာန်၌စိတ်ကို ကြည်လင်စေတတ် သော စိတ်၏ တည်ကြည်ခြင်း ‘သမာဓိ’ ကို ပွါးစေတတ်သောကြံစည်ခြင်း ‘ဝိတက်’ မရှိသော သုံးသပ် ဆင်ခြင်ခြင်း ‘ဝိစာရ’ မရှိသောတည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏။ နှစ်သိမ့်ခြင်း ‘ပီတိ’ ကိုလည်း မတပ်မက်ခြင်းကြောင့် အောက်မေ့ခြင်း ‘သတိ'ဆင်ခြင်ခြင်း ‘သမ္ပဇဉ်'နှင့် ပြည့်စုံသည် ဖြစ်၍ လျစ်လျူရှုလျက် နေ၏၊ ချမ်းသာ ခြင်း ‘သုခ’ ကိုလည်းကိုယ်ဖြင့် ခံစား၏၊ အကြင်တတိယဈာန်ကြောင့် ထိုသူ့ကို “လျစ်လျူရှုသူ သတိရှိသူချမ်းသာစွာနေလေ့ရှိသူ”ဟု အရိယာပုဂ္ဂိုလ်တို့သည် ပြောကြားကုန်၏၊ ထိုတတိယဈာန်သို့ ရောက်၍နေ၏။ ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ရှေးဦးကပင်လျှင် ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲချမ်းသာမရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ’ ကြောင့်ဖြစ်သောသတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။
၄၂၀။ ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထိုရဟန်းသည် ရှေး၌ဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သော'ပုဗ္ဗေနိဝါသာနုဿတိ’ ဉာဏ် အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေ၏၊ ထိုရဟန်းသည် များပြားသော ရှေး၌ဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်၏၊ ဤသည်ကား အဘယ်နည်း။ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း၊ သုံးဘဝတို့ကိုလည်းကောင်း၊ လေးဘဝတို့ကိုလည်းကောင်း၊ ငါးဘဝတို့ကိုလည်းကောင်း၊ ဆယ်ဘဝတို့ကိုလည်းကောင်း၊ ဘဝနှစ်ဆယ်တို့ကိုလည်းကောင်း၊ ဘဝသုံးဆယ်တို့ကိုလည်းကောင်း၊ ဘဝလေးဆယ်တို့ကိုလည်းကောင်း၊ ဘဝငါးဆယ်တို့ကိုလည်းကောင်း၊ ဘဝတစ်ရာကိုလည်းကောင်း၊ ဘဝတစ်ထောင်ကိုလည်းကောင်း၊ ဘဝတစ်သိန်းကိုလည်းကောင်း၊ များပြားသော ပျက်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ဖြစ်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ပျက်ကပ် ဖြစ်ကပ်တို့ကိုလည်းကောင်း “ဤမည်သော ဘဝ၌ (ငါသည်) ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာ ဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြား ရှိခဲ့၏၊ ထို (ငါ) သည် ထိုဘဝမှ သေခဲ့၍ ဤမည်သော ဘဝ၌ ဖြစ်ပြန်၏၊ ထိုဘဝ၌လည်း ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာ ဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြားရှိခဲ့၏၊ ထို (ငါ) သည် ထိုဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏”ဟု ဤသို့ အခြင်းအရာနှင့်တကွ ညွှန်ပြဖွယ် အမည်အနွယ်နှင့်တကွ များပြားသော ရှေး၌ဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့၏။
--
ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော်ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထို (ရဟန်း) သည် သတ္တဝါတို့၏ သေခြင်း ဖြစ်ပေါ်ခြင်းကို သိသော ‘စုတူပပါတဉာဏ်’ အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေ၏၊ ထို (ရဟန်း) သည် အထူးသဖြင့် စင်ကြယ်သော လူတို့၏မျက်စိထက် သာလွန်သော နတ်မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခုဉာဏ်’ ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါယုတ်သောသတ္တဝါ မြတ်သောသတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါ ကောင်းသောလားရာရှိသောသတ္တဝါ မကောင်းသောလားရာရှိ သောသတ္တဝါတို့ကို မြင်၏၊ ကံအလျောက်ဖြစ်သော သတ္တဝါတို့ကို သိ၏။
“အချင်းတို့ ဤသတ္တဝါတို့သည် ကိုယ်ဖြင့် ပြုသော မကောင်းသော အကျင့် ‘ကာယဒုစရိုက်'နှင့်ပြည့်စုံကုန်၏၊ နှုတ်ဖြင့်ပြုသော မကောင်းသော အကျင့် ‘ဝစီဒုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့်ပြုသော မကောင်းသော အကျင့် ‘မနောဒုစရိုက်'နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲကုန်၏၊ မှားသော အယူရှိကုန်၏၊ မှားသော အယူဖြင့်ပြုသော ကံရှိကုန်၏၊ ထို (သတ္တဝါ) တို့သည်ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာ ကင်းရာ မကောင်းသောလားရာ ဖရိုဖရဲ ပျက်စီး၍ကျရောက်ရာ ငရဲ၌ ဖြစ်ပေါ်ကုန်၏၊ အချင်းတို့ ဤသတ္တဝါတို့သည်ကား ကိုယ်ဖြင့်ပြုသော ကောင်းသောအကျင့် ‘ကာယ သုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့်ပြုသော ကောင်းသောအကျင့် ‘ဝစီသုစရိုက်’ နှင့်ပြည့်စုံကုန်၏၊ စိတ်ဖြင့်ပြုသော ကောင်းသော အကျင့် ‘မနောသုစရိုက်'နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကိုစွပ်စွဲခြင်းမှ ကင်းကုန်၏၊ မှန်သော အယူရှိကုန်၏၊ မှန်သော အယူဖြင့်ပြုသော ကံရှိကုန်၏၊ ထို (သတ္တဝါ) တို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ လူ့ပြည်နတ်ပြည်သုဂတိ၌ ဖြစ်ပေါ် ကုန်၏”ဟု ဤသို့လျှင် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက်သာလွန်သော နတ်မျက်စိနှင့် တူသော ‘ဒိဗ္ဗစက္ခုဉာဏ်’ ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါယုတ်သောသတ္တဝါ မြတ်သောသတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါကောင်းသောလားရာရှိသောသတ္တဝါ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအလျောက်ဖြစ်သော သတ္တဝါတို့ကို သိ၏။
ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော်ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ရောက်လတ်သော် ထို (ရဟန်း) သည် အာသဝေါတရားတို့ကို ကုန်စေသော ‘အာသဝက္ခယ’ ဉာဏ် အလို့ငှါစိတ်ကို ရှေးရှုညွတ်စေ၏၊ ထို (ရဟန်း) သည် ဤကား ဆင်းရဲ ‘ဒုက္ခ’ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား ဆင်းရဲဖြစ်ပေါ်ခြင်းအကြောင်း ‘သမုဒယ’ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကားဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ‘ဒုက္ခနိရောဓ’ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်း ‘ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ’ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤသည်တို့ကား ယိုစီးခြင်း'အာသဝ'တို့ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား ယိုစီးခြင်း ‘အာသဝ'တို့ ဖြစ်ပေါ်ခြင်းအကြောင်း'အာသဝသမုဒယ’ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား ယိုစီးခြင်း ‘အာသဝ’ တို့ချုပ်ရာ (နိဗ္ဗာန်) ‘အာသဝနိရောဓ’ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား အာသဝတို့ချုပ် ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း ‘အာသဝနိရောဓဂါမိနီ ပဋိပဒါ’ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤသို့ သိသော ဤသို့မြင်သော ထိုရဟန်း၏ စိတ်သည် ကာမာသဝမှလည်း လွတ်မြောက်၏၊ ဘဝါသဝမှလည်း လွတ်မြောက်၏၊ အဝိဇ္ဇာသဝမှလည်း လွတ်မြောက်၏၊ လွတ်မြောက်ပြီးလတ်သော် လွတ်မြောက်ခဲ့လေပြီဟု အသိဉာဏ်ဖြစ်ပေါ်၏၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စ အလို့ငှါ တစ်ပါးသော ပြုဖွယ်မရှိတော့ပြီ”ဟု သိ၏။
--
ပုဏ္ဏား ဤပုဂ္ဂိုလ်ကို မိမိကိုယ်ကို မပူပန် မဆင်းရဲစေတတ်ဘဲ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌အဖန်တလဲလဲ ပြုကျင့်အားထုတ်သူ မဟုတ်သည့်ပြင်၊ သူတစ်ပါးကို မပူပန် မဆင်းရဲစေတတ်ဘဲ သူတစ်ပါးကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သူ မဟုတ်သော ပုဂ္ဂိုလ်ဖြစ်သည့်ပြင် မိမိကိုယ်ကိုလည်း မပူပန် မဆင်းရဲစေတတ်၊ သူတစ်ပါးကိုလည်း မပူပန်မဆင်းရဲစေတတ်သည်ဖြစ်၍ မျက်မှောက်သော ကိုယ်၏ အဖြစ်၌သာလျှင် ကိလေသာ ဆာလောင်မွတ်သိပ်မှု မရှိသည် ငြိမ်းချမ်းသည် အေးမြသည်ချမ်းသာသုခကို ခံစားရသည်ဖြစ်၍ မြတ်သောကိုယ်ဖြင့် နေထိုင်ရသူဟု ဆိုရ၏ဟု (မိန့်ဆိုတော်မူ၏)။
၄၂၁။ ဤသို့ အသျှင်ဥဒေနက မိန့်ပြအပ်သည်ရှိသော် ဃောဋမုခပုဏ္ဏားသည် အသျှင်ဥဒေနအားဤစကားကို လျှောက်၏-"အသျှင်ဥဒေန (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဥဒေန (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဥဒေန မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား့လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ ‘မျက်စိအမြင်ရှိသော သူတို့သည် အဆင်းကို မြင်ကြလိမ့်မည်’ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း ဤအတူသာလျှင်အသျှင် ဥဒေနသည် အကြောင်းအမျိုးမျိုးဖြင့် တရားတော်ကို ပြတော်မူ၏၊ အကျွန်ုပ်တို့သည်အသျှင်ဥဒေနကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ဆည်းကပ်ပါ၏၊ သံဃာတော် ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဥဒေနသည်အကျွန်ုပ်ကို ယနေ့မှ စ၍ အသက်ထက် ဆုံး ကိုးကွယ်သော ဥပါသကာဟူ၍ မှတ်တော်မူပါ”ဟု (လျှောက်၏)။
ပုဏ္ဏား သင်သည် ငါ့ကို ကိုးကွယ်ဆည်းကပ်ခြင်းသို့ မရောက်လေလင့်၊ အကြင်အသျှင်ကို ငါသည်ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်၏၊ ထိုအသျှင်မြတ်စွာဘုရားကိုသာလျှင်ကိုးကွယ်ဆည်းကပ်လေလော့ဟု (ဆို၏)။ အသျှင်ဥဒေန ယခုအခါ အဘယ်အရပ်၌ ပူဇော်အထူးကိုခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောထိုအသျှင်ဂေါတမသည် နေပါသနည်းဟု (မေးလျှောက် ၏)။ ပုဏ္ဏား အမှန်အားဖြင့် ယခုအခါပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောထိုမြတ်စွာဘုရားသည် ပရိနိဗ္ဗာန် ပြုတော်မူပြီဟု (မိန့်ဆို၏)။
အသျှင်ဥဒေန အကယ်၍ အကျွန်ုပ်တို့သည် ဆယ်ယူဇနာတို့၌ ထိုအသျှင်ဂေါတမမြတ်စွာဘုရားရှိသည်ကို ကြားသိကုန်ငြားအံ့၊ ဆယ်ယူဇနာတို့သို့လည်း အကျွန်ုပ်တို့သည် ပူဇော်အထူးကိုခံတော်မူထိုက် သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောထိုဂေါတမမြတ်စွာဘုရားကို ဖူးမြင် ခြင်းငှါ သွားကြပါကုန်အံ့။
အသျှင်ဥဒေန အကယ်၍မူလည်း အကျွန်ုပ်တို့သည် ယူဇနာနှစ်ဆယ်တို့၌ ထိုအသျှင်ဂေါတမမြတ်စွာဘုရားရှိသည်ကို ကြားသိကုန်ငြားအံ့၊ ယူဇနာသုံးဆယ်တို့၌။ပ။ ယူဇနာလေးဆယ်တို့၌ ယူဇနာငါးဆယ်တို့၌ ထိုအသျှင် ဂေါတမမြတ်စွာဘုရား ရှိသည်ကို ကြားသိကုန်ငြားအံ့၊ (သို့ကြားရပါမူ) ယူဇနာငါးဆယ်တို့ကိုလည်း အကျွန်ုပ်တို့သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုအသျှင် ဂေါတမမြတ်စွာဘုရားကို ဖူးမြင်ခြင်းငှါ သွားကြပါကုန်အံ့။ အသျှင်ဥဒေန အကယ်၍မူလည်း အကျွန်ုပ်တို့သည် ယူဇနာတစ်ရာ၌ ထိုအသျှင်ဂေါတမမြတ်စွာဘုရား ရှိသည်ကိုကြားသိကုန်ငြားအံ့၊ အကျွန်ုပ်တို့သည် ယူဇနာတစ်ရာ ခရီးသို့လည်း ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုအသျှင်ဂေါတမမြတ်စွာဘုရားကို ဖူးမြင်ခြင်းငှါ သွားကြပါကုန်အံ့။
အသျှင်ဥဒေန ထိုအသျှင်ဂေါတမမြတ်စွာဘုရားသည် ပရိနိဗ္ဗာန်စံတော်မူသောကြောင့် အကျွန်ုပ်တို့သည်ပရိနိဗ္ဗာန်ပြုတော်မူပြီးသည်လည်း ဖြစ်သော ထိုအသျှင်ဂေါတမမြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ဆည်းကပ်ပါကုန်၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ ရဟန်းသံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ အသျှင်ဥဒေနသည် အကျွန်ုပ်ကို ယနေ့ကိုအစပြု၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်း ကပ်ခြင်းသို့ ရောက်သော ဥပါသကာဟူ၍ မှတ်တော်မူပါလော့။ အသျှင်ဥဒေနအကျွန်ုပ်အား အင်္ဂမင်းက နေ့တိုင်း အမြဲထောက်ပံ့ထားသော ရိက္ခာရှိပါ၏၊ ထိုရိက္ခာမှ အကျွန်ုပ်သည်အသျှင်ဥဒေနအား တစ်ရက်စာ အမြဲထောက်ပံ့ထားသော ရိက္ခာကို ပေးလှူပါအံ့ဟု (လျှောက်၏)။
ပုဏ္ဏား သင့်အား အင်္ဂမင်းက နေ့တိုင်း အဘယ်မျှလောက် အမြဲထောက်ပံ့ထားသော ရိက္ခာကိုပေးပါသနည်းဟု (မေး၏)။ အသျှင်ဥဒေန အသပြာငါးရာတို့ကို ပေးပါ၏ဟု (လျှောက်၏)။ ပုဏ္ဏားငါတို့မှာ ရွှေငွေကို ခံယူခြင်းငှါ မအပ်ဟု (မိန့်ဆို၏)။ အသျှင်ဥဒေနမှာ ထိုရွှေငွေသည် အကယ်၍ မအပ်သည်ဖြစ်အံ့၊ အသျှင်ဥဒေန၏ အကျိုးငှါ ကျောင်းဆောက်ပါအံ့ဟု (လျှောက်၏)။ ပုဏ္ဏား အကယ်၍့သင်သည် ငါ၏ အကျိုးငှါ ကျောင်းဆောက်လုပ်လိုငြားအံ့၊ ပါဋလိပုတ်ပြည်၌ သံဃာများ၏ စည်းဝေးရာဇရပ်ကို ဆောက်လုပ်လေလော့ဟု (မိန့်ဆို၏)။ အသျှင်ဥဒေနသည် အကျွန်ုပ်ကို သံဃာ၌ ဒါနကို ဆောက်တည်စေ၏၊ ဤအကြောင်းကြောင့်လည်း အကျွန်ုပ်သည် အသျှင်ဥဒေနအား အတိုင်းထက်အလွန် နှစ်သက်ဝမ်းမြောက်ပါ၏။ အသျှင်ဥဒေန ထိုအကျွန်ုပ်သည် ထိုတစ်နေ့စာ အမြဲထောက်ပံ့ထားသောရိက္ခာဖြင့်လည်း ကောင်း၊ တစ်ပါးသော အမြဲထောက်ပံ့ထားသော ရိက္ခာဖြင့်လည်းကောင်းပါဋလိပုတ်ပြည်၌ သံဃာ၏ စည်း ဝေးရာဇရပ်ကို ဆောက်လုပ်စေပါအံ့ဟု (လျှောက်၏)။ ထိုအခါဃောဋမုခပုဏ္ဏားသည် ထိုတစ်နေ့စာ အမြဲထောက်ပံ့ထားသော ရိက္ခာဖြင့်လည်းကောင်း၊ တစ်ပါးသောအမြဲထောက်ပံ့ထားသော ရိက္ခာဖြင့်လည်း ကောင်း ပါဋလိပုတ်ပြည်၌ သံဃာ၏ စည်းဝေးရန် ဇရပ်ကိုဆောက်လုပ်စေ၏။ ထိုဇရပ်ကို ယခုအခါ ဃောဋမုခီဇရပ်ဟူ၍ ဆိုရသတည်း။
လေးခုမြောက် ဃောဋမုခသုတ် ပြီး၏။
--
၅-စင်္ကီသုတ်
၄၂၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ ကောသလတိုင်း၌ ဒေသစာရီကြွချီတော်မူသည်ရှိသော် ဩပါသာဒမည်သော ပုဏ္ဏားရွာဆီသို့ ရောက်လေ၏။ မြတ်စွာဘုရားသည်ထိုဩပါသာဒရွာ မြောက်ဘက်ရှိ နတ်တို့ကို ဗလိနတ်စာကျွေးရာ အင်ကြင်းတော၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ စင်္ကီမည်သော ပုဏ္ဏားသည် လူစည်ကား၍ ကျွဲနွားစသည် ပေါများသော မြက်ထင်းရေတို့နှင့် ပြည့်စုံသော ဆန်စပါးနှင့် ပြည့်စုံသော မင်းမှရသည့် စည်းစိမ်ဖြစ်သော ပသေနဒိကောသလမင်းသည် ဆုလာဘ်အဖြစ်ဖြင့် အပိုင်စားပေးထားသော ဩပါသာဒရွာကို အုပ်ချုပ်၍ နေ၏။ ဩပါသာဒရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့သည် (ဤသို့) ကြားသိလေကုန်၏-"အချင်းတို့ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသော သာကီဝင်မင်းသား ရဟန်းဂေါတမသည် များစွာသော ရဟန်းသံဃာနှင့်အတူကောသလတိုင်း၌ ဒေသစာရီကြွချီတော်မူရာ ဩပါသာဒရွာသို့ ရောက်တော်မူ၍ ဩပါသာဒရွာ မြောက်ဘက်ရှိ နတ်တို့ကို ဗလိနတ်စာကျွေးရာ အင်ကြင်းတော၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအသျှင်ဂေါတမ၏ ကောင်းသော ကျော်စောသတင်းသည် ဤသို့ ပျံ့နှံ့၍ ထွက်၏-
--
'ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း'သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ'အကျင့် ‘စရဏ'နှင့် ပြည့်စုံတော်မူသောအကြောင်းကြောင့် လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’ မည်တော်မူ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ်သောအကြောင်းကြောင့် လည်း ‘သုဂတ’ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း'လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသောအကြောင်းကြောင့်လည်း ‘အနုတ္တရောပုရိသဒမ္မသာရထိ’ မည်တော်မူ၏၊ နတ်လူတို့၏ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာ ဒေဝမနုဿာနံ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့် လည်း ‘ဗုဒ္ဓ’ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူ ၏’ဟု (ပျံ့နှံ့၍ ထွက်၏)။
ထိုမြတ်စွာဘုရားသည် နတ်နှင့်တကွသော မာရ်နတ်နှင့်တကွသော ဗြဟ္မာနှင့်တကွသော ဤလောကကိုလည်းကောင်း၊ သမဏဗြာဟ္မဏတို့နှင့်တကွသော မင်းများ လူများနှင့်တကွသော သတ္တဝါအပေါင်းကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားတော်မူ၏။ ထိုမြတ်စွာ ဘုရားသည် အစ၏ ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံ သော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံပြည့်စုံသောစင်ကြယ်သော မြတ်သော အကျင့်ကို ပြတော်မူ၏၊ ထိုသို့ သဘောရှိကုန်သော ရဟန္တာ (ပုဂ္ဂိုလ်) တို့ကိုဖူးမြော်ရခြင်းသည် ကောင်း သည်သာတည်း”ဟု (ကြားသိလေကုန်၏)။
၄၂၃။ ထိုစဉ်အခါ၌ ဩပါသာဒရွာနေ ပုဏ္ဏားနှင့် အမျိုးသားတို့သည် ဩပါသာဒရွာမှ အစုလိုက်အအုပ်လိုက် ထွက်ကြပြီးလျှင် တပေါင်းတည်း ဖြစ်ကုန်လျက် မြောက်အရပ်သို့ရှေးရှု နတ်တို့ကို ဗလိနတ်စာကျွေးရာ အင်ကြင်းတောသို့ သွားကြကုန်၏။ ထိုစဉ်အခါ၌ စင်္ကီပုဏ္ဏားသည် ပြာသာဒ်ထက်၌နေ့အချိန် လျောင်းလျက် ရှိ၏၊ ထိုစင်္ကီပုဏ္ဏားသည် ဩပါသာဒရွာမှ အစုလိုက် အအုပ်လိုက်ထွက်ကြပြီးလျှင် တပေါင်းတည်း ဖြစ်ကုန်လျက် မြောက်အရပ်သို့ရှေးရှု နတ်တို့ကို ဗလိနတ်စာကျွေးရာအင်ကြင်းတောသို့ သွားနေကြသော ဩပါသာဒရွာနေ ပုဏ္ဏားနှင့် အမျိုးသားတို့ကို မြင်သော် အမတ်အား၁ ဤသို့မေး၏- “အမတ် ဩပါသာဒရွာနေ ပုဏ္ဏားနှင့် အမျိုးသားတို့သည် ဩပါသာဒရွာမှ အစုလိုက်အအုပ်လိုက် ထွက်ကြပြီးလျှင် တပေါင်းတည်း ဖြစ်ကုန်လျက် မြောက်အရပ်သို့ ရှေးရှု နတ်တို့ကို ဗလိနတ်စာကျွေးရာ အင်ကြင်းတောသို့ အဘယ့်ကြောင့် သွားကြကုန်သနည်း”ဟု (မေး၏)။
အသျှင်စင်္ကီ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသော သာကီဝင်မင်းသား ရဟန်းဂေါတမသည် များစွာ သောရဟန်းသံဃာနှင့်အတူ ကောသလတိုင်း၌ ဒေသစာရီ လှည့်လည်တော်မူရာ ဩပါသာဒရွာသို့ ရောက်တော်မူ၍ ဩပါသာဒရွာ မြောက်ဘက်ရှိ နတ်တို့ကို ဗလိနတ်စာကျွေးရာ အင်ကြင်းတော၌ နေပါ၏။ ထိုအသျှင်ဂေါတမ၏ ကောင်းသော ကျော်စောသတင်းသည် ဤသို့ ပျံ့နှံ့၍ ထွက်ပါ၏- “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း ‘အရဟံ’ မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’မည် တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ'နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း'ဝိဇ္ဇာစရဏ သမ္ပန္န’ မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သောအကြောင်းကြောင့်လည်း ‘သုဂတ’ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း'လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမ ထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသောအကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသ ဒမ္မသာရထိ’ မည်တော်မူ၏၊ နတ်လူတို့၏ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူ၏”ဟု (ပျံ့နှံ့၍ ထွက်၏)။ ထိုသူတို့သည် ထိုအသျှင်ဂေါတမကို ဖူးမြော်ရန် သွားကြပါကုန်၏ဟု (အမတ်က ပြန် ကြား၏)။
--
အမတ် သို့ဖြစ်လျှင် ဩပါသာဒရွာနေ ပုဏ္ဏားနှင့် အမျိုးသားတို့ထံသို့ ချဉ်းကပ်၍ “အချင်းတို့ဆိုင်းငံ့ကြပါဦး၊ စင်္ကီပုဏ္ဏားသည်လည်း ရဟန်းဂေါတမကို ဖူးမြော်ရန် ချဉ်းကပ်ပါလိမ့်မည်ဟု စင်္ကီပုဏ္ဏားက မှာကြားလိုက်ပါသည်”ဟု ပြောကြားချေလော့ဟု မိန့်ဆို၏။ “အရှင် ကောင်းပါပြီ”ဟု ထိုအမတ်သည် စင်္ကီပုဏ္ဏားအား ဝန်ခံပြီးလျှင် ဩပါသာဒရွာနေ ပုဏ္ဏားနှင့် အမျိုးသားတို့ထံသို့ ချဉ်းကပ်၍ဩပါသာဒရွာနေ ပုဏ္ဏားနှင့်အမျိုးသားတို့အား ဤစကားကို ပြောဆို၏- “အချင်းတို့ ဆိုင်းငံ့ကြပါဦး၊ စင်္ကီပုဏ္ဏားသည်လည်း ရဟန်းဂေါတမကို ဖူးမြော်ရန် ချဉ်းကပ်ပါလိမ့်မည်ဟု စင်္ကီပုဏ္ဏားက မှာကြားလိုက်ပါသည်”ဟု (ပြောဆို၏)။
၄၂၄။ ထိုစဉ်အခါ၌ အတိုင်းတိုင်း အပြည်ပြည်မှ လာကုန်သော ငါးရာမျှသော ပုဏ္ဏားတို့သည်ကိစ္စတစ်ခုဖြင့် ဩပါသာဒရွာ၌ တည်းခိုနေကုန်၏၊ “စင်္ကီပုဏ္ဏားသည် ရဟန်းဂေါတမကို ဖူးမြော်ရန် ချဉ်းကပ်လတ္တံ့”ဟု ကြားကုန်၍ ထိုပုဏ္ဏားတို့သည် စင်္ကီပုဏ္ဏားထံသို့ ချဉ်းကပ်ကြပြီးလျှင် “အသျှင်စင်္ကီသည်ရဟန်းဂေါတမကို ဖူးမြော်ရန် ချဉ်းကပ်လတ္တံ့ ဟူသည် မှန်ပါသလော”ဟု မေးကုန်၏။ အချင်းတို့"ငါသည်လည်း ရဟန်းဂေါတမကို ဖူးမြော်ရန် ချဉ်းကပ်အံ့”ဟု ကြံလျက် ရှိပါသည်ဟူ၍ ဆို၏။
အသျှင်စင်္ကီသည် ရဟန်းဂေါတမကို ဖူးမြော်ရန် မချဉ်းကပ်ပါလင့်၊ အသျှင်စင်္ကီသည် ရဟန်း ဂေါတမကိုဖူးမြော်ရန် မချဉ်းကပ်ထိုက်ပါ၊ ရဟန်းဂေါတမသည်သာ အသျှင်စင်္ကီကို ဖူးမြော်ရန် ချဉ်းကပ် ထိုက်ပါ၏၊ အသျှင်စင်္ကီသည် အမိဘက် အဖဘက် နှစ်ဖက်လုံးမှ ကောင်းသော ဇာတ်ရှိပါ၏၊ ဘိုးဘေးခုနစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းရှိပါ၏၊ ဇာတ်နှင့်စပ်သော စကားဖြင့် အပယ်မခံရ၊ အကဲ့ရဲ့ မခံရ၊ အကြင်အကြောင်းကြောင့် အသျှင်စင်္ကီသည် အမိဘက် အဖဘက် နှစ်ဖက်လုံးမှကောင်းသောဇာတ် ရှိ၏၊ ဘိုးဘေးခုနစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းရှိ၏၊ ဇာတ်နှင့်စပ်သောစကား ဖြင့် အပယ်မခံခဲ့ရပါ၊ အကဲ့ရဲ့ မခံခဲ့ရပါ၊ ဤအကြောင်းကြောင့်လည်း အသျှင်စင်္ကီသည်ရဟန်းဂေါတမကို ဖူးမြော်ရန် မချဉ်းကပ်ထိုက်ပါ၊ ရဟန်းဂေါတမသည်သာ အသျှင်စင်္ကီကို ဖူးမြော်ရန်ချဉ်းကပ်ထိုက်ပါ၏။
အသျှင်စင်္ကီသည် ကြွယ်ဝ၏၊ များသော ဥစ္စာရှိ၏၊ များသော စည်းစိမ်ရှိ၏။ပ။ အသျှင်စင်္ကီသည်နိဃဏ္ဍု ‘အဘိဓာန်’ ကျမ်း ကေဋုဘ ‘အလင်္ကာ’ ကျမ်း အက္ခရပ္ပဘေဒ ‘သဒ္ဒါ’ ကျမ်း ငါးခုမြောက်ဣတိဟာသကျမ်းနှင့်တကွ ဗေဒင်သုံးပုံတို့၏ တစ်ဖက်ကမ်းသို့ ရောက်၏၊ ပဒကျမ်းကို တတ်၏၊ ဗျာကရုဏ်းကျမ်းကို တတ်၏၊ လောကာ ယတကျမ်း မဟာပုရိသလက္ခာဏာကျမ်းတို့၌ အကြွင်းမဲ့တတ်မြောက်၏။ပ။ အသျှင်စင်္ကီသည် အဆင်းလှ၏၊ ရှုချင်ဖွယ် ရှိ၏၊ ကြည်ညိုဖွယ် ရှိ၏၊ မြတ်သောအဆင်းဏ္ဌာန်နှင့် ပြည့်စုံ၏၊ ဗြဟ္မာနှင့်တူသော အဆင်းရှိ၏၊ ဗြဟ္မာနှင့်တူသော ကိုယ်ရှိ၏၊ ခံ့ညား၏ (မသေးသိမ်သော ရှုမြင်ဖွယ်ရှိ၏)။ပ။ အသျှင်စင်္ကီသည် သီလရှိ၏၊ ကြီးပွားသော သီလရှိ၏၊ ကြီးပွားသော သီလနှင့်ပြည့်စုံ၏။ပ။ အသျှင်စင်္ကီသည် ကောင်းသော စကားရှိ၏၊ ကောင်းသော မြွက်ဆိုသံရှိ၏၊ ယဉ်ကျေးသော စကားနှင့် ပြည့်စုံ၏၊ သန့်ရှင်းသော အပြစ်ကင်းသော အဓိပ္ပါယ်သိလွယ်သော စကားနှင့်ပြည့်စုံ၏။ပ။ အသျှင်စင်္ကီသည် များစွာသော သူတို့၏ ဆရာဖြစ်၏၊ ဆရာ့ဆရာဖြစ်၏၊ လုလင် သုံးရာတို့အား ဝေဒကျမ်းတို့ကို ပို့ချ၏။ပ။ အသျှင်စင်္ကီကို ပသေနဒိကောသလမင်းသည် အရိုအသေပြု၏၊ အလေးပြု၏၊ မြတ်နိုး၏၊ ပူဇော်၏၊ တုပ်ဝပ်၏။ပ။ အသျှင်စင်္ကီသည် လူစည်ကား၍ ကျွဲနွားစသည်ပေါများသော မြက်ထင်းရေတို့နှင့်ပြည့်စုံသော ဆန်စပါးနှင့်ပြည့်စုံသော မင်းမှရသည့် စည်းစိမ်ဖြစ်သောပသေနဒိကောသလမင်းသည် ဆုလာဘ်အဖြစ်ဖြင့် အပိုင်စားပေးထားသော ဩပါသာဒရွာကို အုပ်ချုပ်၍နေ၏၊ အကြင်အကြောင်းကြောင့် အသျှင်စင်္ကီသည် လူစည်ကား၍ ကျွဲနွားစသည် ပေါများသောမြက်ထင်း ရေတို့နှင့်ပြည့်စုံသော ဆန်စပါးနှင့်ပြည့်စုံသော မင်းမှရသည့် စည်းစိမ်ဖြစ်သောပသေနဒိကောသလမင်း သည် ဆုလာဘ်အဖြစ်ဖြင့် အပိုင်စားပေးထားသော ဩပါသာဒရွာကို အုပ်ချုပ်၍နေ၏၊ ဤအကြောင်း ကြောင့်လည်း အသျှင်စင်္ကီသည် ရဟန်းဂေါတမကို ဖူးမြော်ရန် မချဉ်းကပ်ထိုက်ပါ၊ ရဟန်းဂေါတမသည် သာ အသျှင်စင်္ကီကို ဖူးမြော်ရန် ချဉ်းကပ်ထိုက်ပါ၏ ဟူ၍ (ဆိုကုန်၏)။
--
၄၂၅။ ဤသို့ဆိုကုန်သော် စင်္ကီပုဏ္ဏားသည် ထိုပုဏ္ဏားတို့အား ဤစကားကို ဆို၏- “အချင်းတို့သို့ဖြစ်လျှင် ငါ၏ စကားကို နားထောင်ကြပါဦး၊ ငါတို့သည် ထိုအသျှင်ဂေါတမကို ဖူးမြော်ရန် ချဉ်းကပ်ထိုက်ပါကုန်၏၊ ထိုအသျှင်ဂေါတမကား ငါတို့ကို ဖူးမြော်ရန် မချဉ်းကပ်ထိုက်ပါ။ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် အမိဘက် အဖဘက် နှစ်ဖက်လုံးမှ ကောင်းသော ဇာတ်ရှိ၏၊ ဘိုးဘေးခုနစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းရှိ၏၊ ဇာတ်နှင့်စပ်သော စကားဖြင့် အပယ်မခံရ၊ အကဲ့ရဲ့မခံရ၊ အကြင်အကြောင်းကြောင့် ရဟန်းဂေါတမသည် အမိဘက် အဖဘက် နှစ်ဖက်လုံးမှ ကောင်းသောဇာတ်ရှိ၏၊ ဘိုးဘေးခုနစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းရှိ၏၊ ဇာတ်နှင့်စပ်သော စကားဖြင့်အပယ်မခံရ၊ အကဲ့ရဲ့ မခံရ၊ ဤအကြောင်းကြောင့်လည်း ထိုအသျှင်ဂေါတမသည် ငါတို့ကို ဖူးမြော်ရန်မချဉ်းကပ်ထိုက်ပါ၊ အမှန်အားဖြင့်ဆိုလျှင် ငါတို့သည်သာ ထိုအသျှင်ဂေါတမကို ဖူးမြော်ရန် ချဉ်းကပ့်ထိုက်ပါကုန်၏။
အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် မြေအောက်၌လည်း ထားသော မြေပေါ်၌လည်းထားသော များစွာသော ရွှေငွေကို ပယ်စွန့်၍ ရဟန်းပြု၏။ပ။ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် ငယ်ရွယ် ပျိုမျစ်သည်ဖြစ်လျက် ကောင်းစွာ မည်းနက်သော ဆံပင်ရှိသည်ဖြစ်လျက် ပဌမအရွယ်ဟူသော ကောင်းသော အရွယ်နှင့် ပြည့်စုံသည်ဖြစ်လျက် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏။ပ။ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် အမိအဖတို့ သဘောမတူကြသဖြင့် မျက်ရည်ရွှဲစိုငိုယိုကုန်စဉ် ဆံမုတ်ဆိတ်ကို ပယ်ပြီး၍ ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏။ပ။ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် အဆင်းလှ၏၊ ရှုချင်ဖွယ်ရှိ၏၊ ကြည်ညိုဖွယ်ရှိ၏၊ မြတ်သောအဆင်း သဏ္ဌာန်နှင့်ပြည့်စုံ၏၊ ဗြဟ္မာနှင့်တူသော အဆင်းရှိ၏၊ ဗြဟ္မာနှင့်တူသော ကိုယ်ရှိ၏၊ ခံ့ညား၏ (မသေးသိမ်သော ရှုမြင်ဖွယ်ရှိ၏)။ပ။ အချင်းတို့ စင်စစ်သော်ကားရဟန်းဂေါတမသည် သီလရှိ၏၊ မြတ်သော သီလရှိ၏၊ ကောင်းသော သီလရှိ၏၊ ကောင်းသော သီလနှင့်ပြည့်စုံ၏။ပ။ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် ကောင်းသော စကားရှိ၏၊ ကောင်းသောမြွက်ဆိုသံရှိ၏၊ ယဉ်ကျေးသော စကားနှင့်ပြည့်စုံ၏၊ သန့်ရှင်းသော အပြစ်ကင်းသော အဓိပ္ပါယ် သိလွယ်သော စကားနှင့် ပြည့်စုံ၏။ပ။ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် များစွာသော သူတို့၏ဆရာဖြစ်၏၊ ဆရာ့ဆရာဖြစ်၏။ပ။ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် ကာမဂုဏ်၌ တပ်မက်ခြင်း ကုန်ခန်းပြီးဖြစ်၏၊ လျှပ်ပေါ်ခြင်း ကင်း၏။ပ။ အချင်းတို့ စင်စစ်သော်ကား ရဟန်း ဂေါတမသည် ကံကို ယုံကြည်သော ဝါဒရှိ၏၊ အကြောင်းကို ယုံကြည်သော ဝါဒရှိ၏၊ ပုဏ္ဏားပရိသတ်၌ ကောင်းကျိုးကိုသာလျှင် ရှေးရှု၏။ပ။ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် မင်းမျိုးစဉ်ဆက် မပျက်သော မြင့်မြတ်သော အမျိုးမှ ရဟန်းပြု၏။ပ။ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် များသော ဥစ္စာရှိသော များသော စည်းစိမ်ရှိသော ကြွယ်ဝသော အမျိုးမှ ရဟန်းပြု၏။ပ။ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမကို အမေးပြဿနာ မေးမြန်းခြင်းငှါ တိုင်းတစ်ပါး ဇနပုဒ်တစ်ပါးမှ လာကြကုန်၏။ပ။ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမကို အထောင်မက များစွာသော နတ်တို့သည်အသက် ဖြင့် ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်ကုန်၏။ပ။ အချင်းတို့ ရဟန်းဂေါတမ၏ကောင်းမြတ်သော ကျော်စောသံသည် ဤသို့ ပျံ့နှံ့၍ထွက်၏-
--
“ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း'သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ'နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း ‘သုဂတ’ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း'လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသောအကြောင်းကြောင့်လည်း အနုတ္တရောပုရိသဒမ္မသာရထိ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသောအကြောင်းကြောင့်လည်း ‘သတ္ထာဒေဝမနုဿာနံ’ မည်တော်မူ၏၊ (သစ္စာလေး ပါးတရားတို့ကို) သိစေတော်မူသော အကြောင်း ကြောင့်လည်း ‘ဗုဒ္ဓ’ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသောအကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူ၏”ဟု (ပျံ့နှံ့၍ ထွက်၏)။ပ။
အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် သုံးဆယ့်နှစ်ပါးကုန်သော ယောက်ျားမြတ်လက္ခဏာတော်တို့နှင့် ပြည့်စုံတော်မူ၏။ပ။ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမကို မဂဓတိုင်းကိုအစိုးရသော သေနိယမည်သော ဗိမ္ဗိသာရမင်းသည် သားမယားနှင့်တကွ အသက်နှင်း၍ ကိုးကွယ်၏။ပ။ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမကို ပသေနဒိကောသလမင်းသည် သားမယားနှင့်တကွ အသက့်နှင်း၍ ကိုးကွယ်၏။ပ။ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမကို ပေါက္ခရသာတိပုဏ္ဏားသည် သားမယားနှင့်တကွ အသက်နှင်း၍ ကိုးကွယ်၏။ပ။ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည်ဩပါသာဒရွာသို့ ရောက်တော်မူ၍ ဩပါသာဒရွာ မြောက်ဘက်ရှိ နတ်တို့ကို ဗလိနတ်စာကျွေးရာဖြစ်သောအင်ကြင်းတော၌ သီတင်းသုံးနေတော်မူ၏။ အချင်းတို့ အကြင်သမဏဗြာဟ္မဏတို့သည် ငါတို့၏ ရွာနယ်ပယ်သို့ လာကုန်၏၊ ထိုသမဏဗြာဟ္မဏတို့သည် ဧည့်သည်များ ဖြစ်ကုန်၏၊ ဧည့်သည်တို့ကို ငါတို့သည်အရိုအသေ ပြုသင့်ကုန်၏၊ အလေးပြုသင့်ကုန်၏၊ မြတ်နိုးသင့်ကုန်၏၊ ပူဇော်သင့်ကုန်၏။
အချင်းတို့ အကြင်အကြောင်းကြောင့် ရဟန်းဂေါတမသည် ဩပါသာဒရွာသို့ ရောက်လာတော်မူ၍ဩပါသာဒရွာ၏ မြောက်ဘက်ရှိ နတ်တို့ကို ဗလိနတ်စာ ကျွေးရာဖြစ်သော အင်ကြင်းတော၌ သီတင်းသုံးနေတော်မူ၏၊ ရဟန်းဂေါတမသည် ငါတို့၏ ဧည့်သည်တော်ဖြစ်ပေ၏၊ ဧည့်သည်တော်ကို ငါတို့သည်အရိုအသေ ပြုသင့်၏၊ အလေးပြုသင့်၏၊ မြတ်နိုးသင့်၏၊ ပူဇော်သင့်၏၊ ဤအကြောင်းကြောင့်လည်း ထိုရဟန်းဂေါတမသည် ငါတို့ကို ဖူးမြော်ရန် မချဉ်းကပ်ထိုက်ပါ၊ အမှန်အားဖြင့်ဆိုလျှင် ငါတို့သည်သာ ထိုအသျှင်ဂေါတမကို ဖူးမြော်ရန် ချဉ်းကပ်ထိုက်ပါကုန်၏။
အချင်းတို့ ငါသည် ထိုအသျှင်ဂေါတမ၏ ဤမျှလောက်သောဂုဏ်တို့ကိုသာ သိ၏၊ ထိုအသျှင်ဂေါတမသည်ကား ဤမျှလောက်သော ဂုဏ်တို့နှင့်သာ ပြည့်စုံသည် မဟုတ်ပေ၊ (အမှန်အားဖြင့်သော်ကား) ထိုအသျှင်ဂေါတမသည် အတိုင်းမသိသော ဂုဏ်တို့နှင့် ပြည့်စုံတော်မူပါပေ၏၊ ထိုအသျှင်ဂေါတမသည်တစ်ပါးပါးမျှလည်းဖြစ်သော ထိုဂုဏ်အင်္ဂါနှင့် ပြည့်စုံသော် ငါတို့ကို ဖူးမြော်ရန် ချဉ်းကပ်ခြင်းငှါ မထိုက်၊ စင်စစ်သော်ကား ငါတို့သည်သာလျှင် ထိုအသျှင်ဂေါတမကို ဖူးမြော်ရန် ချဉ်းကပ်ထိုက် ကုန်၏ဟု (ဆို၏)။ အသျှင် သို့ဖြစ်လျှင် အကျွန်ုပ်တို့အားလုံးပင် ရဟန်းဂေါတမကို ဖူးမြော်ရန် ချဉ်းကပ်ကြပါကုန်အံ့ဟု (ပြန်ကြားပြောဆိုကြကုန်၏)။
၄၂၆။ ထိုအခါ စင်္ကီပုဏ္ဏားသည် များစွာသော ပုဏ္ဏားအပေါင်းနှင့်အတူ မြတ်စွာဘုရားထံသို့ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏။ ဝမ်းမြောက်ဖွယ်အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေပြီး၍ တစ်ခုသောနေရာ၌ ထိုင်နေ၏။ ထိုအခါ မြတ်စွာဘုရားသည်ပုဏ္ဏားကြီးတို့နှင့်အတူ စိုးစဉ်း စိုးစဉ်း အောက်မေ့ဖွယ်စကားကို ပြီးဆုံးစေ၍ နေ၏။ ထိုအခါ ခေါင်းရိတ်ပြီးစလည်းဖြစ်သော ရက်ချုပ်အားဖြင့်လည်း တစ်ဆယ့်ခြောက်နှစ် အရွယ်ရှိသော ကာပဋိကမည်သောလုလင်ငယ်သည် ရှိ၏၊ ထိုလုလင်ငယ်သည် နိဃဏ္ဍု ‘အဘိဓာန်’ ကျမ်း ကေဋုဘ ‘အလင်္ကာ’ ကျမ်းအက္ခရပ္ပဘေဒ'သဒ္ဒါ’ ကျမ်း ငါးခုမြောက် ဣတိဟာသကျမ်းနှင့်တကွ ဗေဒင်သုံးပုံတို့၏ ကမ်းတစ်ဖက်သို့ရောက်၏၊ ပဒကျမ်းကို တတ်၏၊ ဗျာကရုဏ်းကျမ်းကို တတ်၏၊ လောကာယတကျမ်း မဟာပုရိသလက္ခဏာကျမ်းတို့၌ အကြွင်းမဲ့ တတ်မြောက်၏၊ (ထိုလုလင်သည်) ထိုပရိသတ်၌ ထိုင်နေလျက် ရှိ၏၊ ထိုကာပဋိကသည် မြတ်စွာဘုရားနှင့်အတူ စကားပြောဆိုကုန်သော ပုဏ္ဏားကြီးတို့၏ စကားကို ကြားဖြတ်၍ ကြားဖြတ်၍ ပြောဆို၏။
--
ထိုအခါ မြတ်စွာဘုရားသည် ကာပဋိကလုလင်ကို “အမောင်ဘာရဒွါဇ တိုင်ပင်ပြောဆိုနေကြသောပုဏ္ဏားကြီးတို့၏ စကားကို ကြားဖြတ်၍ ကြားဖြတ်၍ မပြောဆိုပါလင့်၊ အမောင်ဘာရဒွါဇသည်စကားဆုံး သည့်တိုင်အောင် ဆိုင်းငံ့ပါလော့”ဟု မောင်းမဲမိန့်ဆို၏။ ဤသို့ မိန့်ဆိုတော်မူသော်စင်္ကီပုဏ္ဏားသည် မြတ်စွာဘုရားအား ဤသို့ လျှောက်၏-"အသျှင်ဂေါတမသည် ကာပဋိကလုလင်ကိုမမောင်းမဲပါလင့်၊ ကာပဋိကလုလင်သည် အမျိုးကောင်းသားလည်း ဖြစ်ပါ၏၊ ကာပဋိကလုလင်သည်အကြားအမြင်လည်း များပါ၏၊ ကာပဋိကလုလင်သည် ပညာရှိလည်း ဖြစ်ပါ၏၊ ကာပဋိကလုလင်သည်ပီပီသသလည်း ပြောဆို တတ်ပါ၏၊ ကာပဋိကလုလင်သည် ဤစကား၌ အသျှင်ဂေါတမနှင့်အတူတုံ့ပြန်ပြောဆိုခြင်းငှါလည်း စွမ်း နိုင်ပါ၏”ဟု (လျှောက်၏)။
ထိုအခါ မြတ်စွာဘုရားအား “စင်စစ်ဧကန် ကာပဋိကလုလင်သည် ဝိဇ္ဇာသုံးပါး စကားအရာ၌ စကားပြောဆိုလတ္တံ့၊ ထိုအကြောင်းကြောင့်သာလျှင် ပုဏ္ဏားတို့သည် ဤကာပဋိကလုလင်ကို ရှေ့ဆောင်ပြုလာကြကုန်၏”ဟု အကြံဖြစ်၏။ ထိုအခါ ကာပဋိကလုလင်အား “ရဟန်းဂေါတမသည် ငါ့ဘက်ကိုမျက်စိစိုက်ကြည့်သော အခါ ငါသည် ရဟန်းဂေါတမကို ပြဿနာမေးအံ့”ဟု အကြံဖြစ်၏။ ထိုအခါမြတ်စွာဘုရားသည် ကာပဋိကလုလင်၏ စိတ်အကြံကို (မိမိ) စိတ်တော်ဖြင့် သိ၍ ကာပဋိကလုလင်ရှိရာသို့စိုက်ကြည့်တော်မူ၏။
၄၂၇။ ထိုအခါ ကာပဋိကလုလင်အား “ရဟန်းဂေါတမသည် ငါ့ကို စိတ်ဝင်စားလာ၏၊ ငါသည်ရဟန်းဂေါတမကို ပြဿနာမေးရမူ ကောင်းလေစွ”ဟု အကြံဖြစ်၏။ ထိုအခါ ကာပဋိကလုလင်သည်မြတ်စွာဘုရားအား ဤစကားကို မေးလျှောက်၏ - “အသျှင်ဂေါတမ ပုဏ္ဏားတို့အား ဤသို့ဖြစ်သတတ်ဤသို့ဖြစ်သတတ်ဟု အဆက်ဆက် ဆောင်လာခြင်းဖြင့်, ကျမ်းဂန်အခိုင်အမာရှိခြင်းဖြင့် ရိုးရာဖြစ်သောဗေဒင်၌ ပုဏ္ဏားတို့သည် ‘ဤစကားသည်သာ မှန်၏၊ အခြားစကားသည် အချည်းနှီးသာတည်း’ဟုတစ်ဖက်သတ်အားဖြင့် ဆုံးဖြတ်ခြင်းသို့ ရောက်ကုန်၏၊ ဤအရာ၌ အသျှင်ဂေါတမသည် အဘယ်သို့ဆိုလိုပါသနည်း”ဟု (မေးလျှောက်၏)။
ဘာရဒွါဇ ပုဏ္ဏားတို့တွင် “ငါသည် ဤအကြောင်းကို သိ၏၊ ငါသည် ဤအကြောင်းကို မြင်၏၊ ဤအယူသည်သာ မှန်၏၊ အခြားအယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ဆိုသော တစ်ယောက်တလေသော ပုဏ္ဏားသည်လည်း ရှိလေသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ မရှိပါဟု (လျှောက်၏)။
ဘာရဒွါဇ ပုဏ္ဏားတို့တွင် “ငါသည် ဤအကြောင်းကို သိ၏၊ ငါသည် ဤအကြောင်းကို မြင်၏၊ ဤအယူသည်သာ မှန်၏၊ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ဆိုသော တစ်ယောက်သော ဆရာ၊ တစ်ယောက်တလေသော ဆရာ့ဆရာ၊ ခုနစ်ဆက်မြောက်တိုင်အောင်ဖြစ်သော ဆရာ့ဆရာသည်လည်း ရှိလေသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ မရှိပါဟု (လျှောက်၏)။ ဘာရဒွါဇပုဏ္ဏားတို့၏ လက်ဦးဆရာဖြစ်ကုန်သော ဝေဒကျမ်းတို့ကို စီရင်ကုန်သော ဝေဒကျမ်းတို့ကို ပို့ချကုန်သောအကြင်ရသေ့တို့သည် ရှိကုန်၏၊ ယခုအခါ ပုဏ္ဏားတို့သည် အကြင် (ရသေ့) တို့ သီဆိုပို့ချ ပေါင်းစုထားသော ထိုရှေးဟောင်း ဝေဒကျမ်းတို့ကို လိုက်၍ သီဆိုကုန်၏၊ လိုက်၍ ရွတ်ဖတ်ကုန်၏၊ ရွတ်ဖတ်နည်းအတိုင်း လိုက်၍ ရွတ်ဖတ်ကုန်၏၊ ပို့ချနည်းအတိုင်း လိုက်၍ ပို့ချကုန်၏၊ ဤရသေ့တို့သည်ကား အဘယ်နည်း။ အဋ္ဌကရသေ့ ဝါမကရသေ့ ဝါမဒေဝရသေ့ ဝေဿာမိတ္တရသေ့ ယမတဂ္ဂိရသေ့ အင်္ဂီရသရသေ့ဘာရဒွါဇရသေ့ ဝါသေဋ္ဌရသေ့ ကဿပရသေ့ ဘဂုရသေ့တို့တည်း။ ထိုရသေ့တို့သည်လည်း “ငါတို့သည်ဤအကြောင်းကို သိကြကုန်၏၊ ငါတို့သည် ဤအကြောင်းကို မြင်ကြကုန်၏၊ ဤငါတို့အယူသည်သာမှန်၏၊ အခြားအယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုကြကုန်သလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤသို့လည်း မပြောဆိုကြပါကုန်ဟု (လျှောက်၏)။
--
ဘာရဒွါဇ ဤသို့လျှင် ပုဏ္ဏားတို့တွင် “ငါသည် ဤအကြောင်းကို သိ၏၊ ငါသည် ဤအကြောင်းကိုမြင်၏၊ ဤအယူသည်သာ မှန်၏၊ တစ်ပါးသောအယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ဆိုသောပုဏ္ဏားတစ် ယောက်တလေမျှလည်း မရှိ၊ ပုဏ္ဏားတို့တွင် “ငါသည် ဤအကြောင်းကို သိ၏၊ ငါသည်ဤအကြောင်းကို မြင်၏၊ ဤအယူသည်သာ မှန်၏၊ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟုပြောဆိုသောဆရာ၊ ဆရာ့ ဆရာ၊ ခုနစ်ဆက်မြောက်တိုင်အောင် ဖြစ်သော ဆရာ့ဆရာ တစ်ယောက်တလေမျှလည်း မရှိ။ ပုဏ္ဏားတို့၏ လက်ဦးဆရာကုန်ဖြစ်သော ဝေဒကျမ်းတို့ကို စီရင်ကုန်သောဝေဒကျမ်းတို့ကို ပို့ချကုန်သော အကြင်ရသေ့တို့သည် ရှိကုန်၏၊ ယခုအခါ ပုဏ္ဏားတို့သည် အကြင် (ရသေ့) တို့ သီဆိုပို့ချ ပေါင်းစုထားသော ထိုရှေးဟောင်း ဝေဒကျမ်းတို့ကို လိုက်၍ သီဆိုကုန်၏၊ လိုက်၍ရွတ်ဖတ်ကုန်၏၊ ရွတ်ဖတ်နည်းအတိုင်း လိုက်၍ ရွတ်ဖတ်ကုန်၏၊ ပို့ချနည်းအတိုင်း လိုက်၍ ပို့ချကုန်၏၊့ဤရသေ့တို့သည်ကား အဘယ်နည်း။ အဋ္ဌကရသေ့ ဝါမကရသေ့ ဝါမဒေဝရသေ့ ဝေဿာမိတ္တရသေ့ယမတဂ္ဂိရသေ့ အင်္ဂီရသရသေ့ ဘာရဒွါဇရသေ့ ဝါသေဋ္ဌရသေ့ ကဿပရသေ့ ဘဂုရသေ့တို့တည်း။ ထိုရသေ့တို့သည်လည်း “ငါတို့သည် ဤအကြောင်းကို သိကြကုန်၏၊ ငါတို့သည် ဤအကြောင်းကိုမြင်ကြ ကုန်၏၊ ဤငါတို့အယူသည်သာ မှန်၏၊ အခြား အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့မပြော ဆိုကြကုန်။
၄၂၈။ ဘာရဒွါဇ ဥပမာအားဖြင့် အချင်းချင်း ဆွဲကိုင်ဆက်စပ်လျက်ရှိသော သူကန်းအစဉ်အတန်းသည်ရှိ၏၊ ရှေ့ဆုံးလူသည်လည်း မမြင်၊ အလယ်လူသည်လည်း မမြင်၊ နောက်ဆုံးလူသည်လည်း မမြင်။ ဘာရဒွါဇ ဤဥပမာအတူသာလျှင် ပုဏ္ဏားတို့ပြောဆိုသော စကားသည် သူကန်းအစဉ်အတန်းကဲ့သို့ဖြစ်ချေ၏၊ ရှေ့ဆုံးလူသည်လည်း မမြင်၊ အလယ်လူသည်လည်း မမြင်၊ နောက်ဆုံးလူသည်လည်း မမြင်။ ဘာရဒွါဇ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဤသို့ ဖြစ်သည်ရှိသော် ပုဏ္ဏားတို့၏ ယုံကြည်ခြင်းသည် အခြေအမြစ်မရှိသည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤအရာ၌ ပုဏ္ဏားတို့သည် ယုံကြည်ချက်ဖြင့်သာလျှင် ဆည်းကပ်ကြကုန်သည် မဟုတ်ပါကုန်၊ ထိုအရာ၌ ပုဏ္ဏားတို့သည်တစ်ဆင့်ကြားဖြင့်လည်း ဆည်းကပ်ကြပါကုန်၏ဟု (လျှောက်၏)။ ဘာရဒွါဇ သင်သည် ရှေ့က ယုံကြည်ချက်သို့ လိုက်၏၊ ယခု တစ်ဆင့်ကြားကို ပြောဆိုဘိ၏၊ ဘာရဒွါဇ ဤငါးပါးသော တရားတို့သည်မျက်မှောက် ဘဝ၌ပင် (အမှန် အမှား) နှစ်ပါးသော အကျိုးရှိကုန်၏။ အဘယ်ငါးပါးတို့နည်းဟူမူ-ယုံကြည်ခြင်း ‘သဒ္ဓါ’၊ နှစ်သက်ခြင်း ‘ရုစိ’၊ တစ်ဆင့်ကြားခြင်း ‘အနုဿဝ’၊ အခြင်းအရာကို ကြံစည်ခြင်း'အာကာရပရိဝိတက္က’၊ အယူကို စူးစိုက်ကြည့်ရှု၍ ကျေနပ်ခြင်း ‘ဒိဋ္ဌိနိဇ္ဈာနက္ခ န္တိ'တို့တည်း၊ ဘာရဒွါဇ ဤငါးပါးသော တရားတို့သည် မျက်မှောက်သော ဘဝ၌ပင် နှစ်ပါးသော အကျိုးရှိကုန်၏။
ဘာရဒွါဇ ကောင်းစွာ ယုံကြည်ထားသော်လည်း အချည်းနှီး အလကား အမှား (မမှန်) ဖြစ်တက်၏၊ ကောင်းစွာ ယုံကြည်မထားသော်လည်းဟုတ်သည် မှန်သည် မချွတ်လွဲသည် ဖြစ်တက်၏၊ ဘာရဒွါဇကောင်းစွာ နှစ်သက်ထားသော်လည်း။ပ။ ကောင်းစွာ တစ်ဆင့်ကြားထားသော်လည်း။ပ။ ကောင်းစွာအဖန်ဖန် ကြံဆထားသော်လည်း။ပ။ ကောင်းစွာ ရှုဆင်ခြင်ထားသော်လည်း အချည်းနှီး အလကားအမှား ဖြစ်တက်၏၊ ကောင်းစွာ ရှုဆင်ခြင်မထားသော်လည်းဟုတ်သည် မှန်သည် မချွတ်လွဲသည်ဖြစ်တတ်၏၊ ဘာရဒွါဇ သစ္စာကို အစဉ်စောင့်ရှောက်သော သိကြားလိမ္မာသော ယောကျ်ားသည် ဤအရာ၌"ငါ၏ အယူသည်သာ မှန်၏၊ အခြားအယူသည် အချည်းနှီးသာတည်း”ဟု စင်စစ် ဆုံးဖြတ်ခြင်းသို့ရောက်ခြင်းငှါ မသင့်ဟု (မိန့်တော်မူ၏)။
--
၄၂၉။ အသျှင်ဂေါတမ အဘယ်မျှ အတိုင်းအရှည်ဖြင့် သစ္စာကို စောင့်ရှောက်ခြင်း ဖြစ်ပါသနည်း၊ အဘယ်မျှ အတိုင်းအရှည်ဖြင့် သစ္စာကို စောင့်ရှောက်သူ ဖြစ်ပါသနည်း၊ အကျွန်ုပ်တို့သည် အသျှင်ဂေါတမအား သစ္စာကို စောင့်ရှောက်ခြင်းကို မေးလျှောက်ကြပါကုန်၏ဟု (လျှောက်၏)။
ဘာရဒွါဇ ဤသို့ ငါ့မှာ ယုံကြည်ခြင်းသည် ဖြစ်၏ဟု ယောကျ်ားမှာ ယုံကြည်ခြင်းသည် အကယ်၍ဖြစ်စေကာမူ “ဤအယူသည်သာ မှန်၏၊ အခြားအယူသည် အချည်းနှီးသာတည်း”ဟု စင်စစ် ဆုံးဖြတ်ခြင်းသို့ကား မရောက်သေး၊ ဤသို့ ဆိုသူသည် သစ္စာကို စောင့်၏။ ဘာရဒွါဇ ယောကျ်ားအား နှစ်သက်ခြင်းသည် အကယ်၍ ဖြစ်စေကာမူ။ပ။ ဘာရဒွါဇ ယောကျ်ားအား တစ်ဆင့်ကြားခြင်းသည်အကယ်၍ ဖြစ်စေကာမူ။ပ။ ဘာရဒွါဇ ယောကျ်ားအား အခြင်းအရာကို ကြံစည်ခြင်းသည် အကယ်၍ဖြစ်စေကာမူ။ပ။ ဘာရဒွါဇ ဤသို့ ငါ့အား အယူကို စူးစိုက်ကြည့်ရှု၍ ကျေနပ်ခြင်းသည် ဖြစ်၏ဟုအယူကို စူးစိုက်ကြည့်ရှု ၍ ကျေနပ်ခြင်းသည် ယောကျ်ားအား အကယ်၍ ဖြစ်စေကာမူ"ဤအယူသည်သာ မှန်၏၊ အခြားအယူ သည် အချည်းနှီးသာတည်း”ဟု တစ်ဖက်သတ်ဆုံးဖြတ်ခြင်းသို့ကား မရောက်သေး၊ ဤသို့ ဆိုသူသည် သစ္စာကို စောင့်၏။ ဘာရဒွါဇ့ဤမျှအတိုင်းအရှည်ဖြင့် သစ္စာကို စောင့်ရှောက်ခြင်းသည် ဖြစ်၏၊ ဤမျှ အတိုင်းအရှည်ဖြင့် သစ္စာကိုအစဉ်စောင့်သူ ဖြစ်၏၊ ဤမျှ အတိုင်းအရှည်ဖြင့်သာ ငါတို့သည် သစ္စာကို စောင့်ရှောက်ခြင်းကိုပညတ်ကုန်၏၊ ဤမျှအတိုင်းအရှည်ဖြင့် သစ္စာကို ထိုးထွင်း၍ သိခြင်းသည် မဖြစ်နိုင် သေးဟု (မိန့်တော်မူ၏)။
၄၃၀။ အသျှင်ဂေါတမ ဤမျှ အတိုင်းအရှည်ဖြင့် သစ္စာကို စောင့်ရှောက်ခြင်းသည် ဖြစ်ပါ၏၊ ဤမျှအတိုင်းအရှည်ဖြင့် သစ္စာကို စောင့်ရှောက်သူ ဖြစ်ပါ၏၊ အကျွန်ုပ်တို့သည်လည်း ဤမျှအတိုင်းအရှည်ဖြင့်သစ္စာကို စောင့်ခြင်းကို ရှုမြင်ကြပါကုန်၏။ အသျှင်ဂေါတမ အဘယ်မျှ အတိုင်းအရှည်ဖြင့် သစ္စာကိုထိုးထွင်း၍ သိခြင်းဖြစ်ပါသနည်း၊ အဘယ်မျှ အတိုင်းအရှည်ဖြင့် သစ္စာကို ထိုးထွင်း၍ သိသူဖြစ်ပါသနည်း၊ အကျွန်ုပ်တို့သည် သစ္စာကို ထိုးထွင်း၍ သိခြင်းကို အသျှင်ဂေါတမအား မေးလျှောက်ပါကုန်၏ဟု (လျှောက်၏)။
ဘာရဒွါဇ ဤသာသနာတော်၌ ရဟန်းသည် တစ်ခုခုသော ရွာကိုလည်းကောင်း၊ နိဂုံးကိုလည်းကောင်းအမှီပြု၍နေ၏၊ ထိုရဟန်းကို သူကြွယ်သည်လည်းကောင်း၊ သူကြွယ်၏သားသည်လည်းကောင်း ချဉ်းကပ်၍လောဘတရား ဒေါသတရား မောဟတရား သုံးပါးတို့၌ စူးစမ်း၏-"လောဘတရား လွှမ်းမိုးခံရသောစိတ်ရှိသူသည် မသိဘဲလျက်လည်း ‘သိ၏’ဟု ဆိုလေရာ၏၊ မမြင်ဘဲလျက်လည်း ‘မြင်၏’ဟုဆိုလေရာ၏၊ ရှည်မြင့်စွာ အကျိုးမဲ့စေမည့် ဆင်းရဲစေမည့် အရာကို သူတစ်ပါးတို့အားလည်း ဆောက်တည်စေရာ၏၊ ထိုသို့သော လောဘတရားမျိုးသည် ဤအသျှင်အား ရှိလေသလော”ဟု စူးစမ်း၏၊ ထိုအသျှင်ကို စူးစမ်းသည်ရှိသော် “လောဘတရား လွှမ်းမိုးခံရသော စိတ်ရှိသူသည် မသိဘဲလျက်လည်း'သိ၏’ဟု ဆိုလေရာ၏၊ မမြင်ဘဲလျက် ‘မြင်၏’ဟု ဆိုလေရာ၏၊ ရှည်မြင့်စွာ အကျိုးမဲ့စေမည့်ဆင်းရဲစေမည့် အရာကို သူတစ်ပါးတို့အား ဆောက်တည်စေရာ၏၊ ထိုသို့သော လောဘတရားမျိုးသည်ဤအသျှင် အား မရှိ၊ လိုချင်တပ်မက်မှု မရှိသော သူ၏ ကိုယ်နှုတ်အမူအရာကဲ့သို့ ဤအသျှင်၏ကိုယ်အမူအရာ နှုတ်အမူအရာသည် ဖြစ်၏။ ဤအသျှင် ဟောကြားသည့် တရားသည် နက်နဲ၏၊ မြင်နိုင်ခဲ၏၊ ထိုးထွင်း၍ သိနိုင်ခဲ၏၊ ငြိမ်သက်၏၊ မွန်မြတ်၏၊ ကြံစည်၍ မရနိုင်၊ သိမ်မွေ့၏၊ ပညာရှိတို့သာ သိအပ်၏၊ ထိုတရားမျိုးကို တပ်နှစ်သက်မှု ရှိသောသူသည် ဟောကြားရန် မဖြစ်နိုင်”ဟုသိ၏။
၄၃၁။ စူးစမ်းသော သူသည် လောဘတရားတို့မှ စင်ကြယ်သော ထိုရဟန်းကို မြင်သောကြောင့်ထိုရဟန်းကို တဆင့်တက်၍ ဒေါသတရားတို့၌ စူးစမ်းပြန်၏-"ဒေါသတရား လွှမ်းမိုးခံရသော စိတ်ရှိသူသည် မသိဘဲလျက်လည်း ‘သိ၏’ဟု ဆိုလေရာ၏၊ မမြင်ဘဲလျက်လည်း ‘မြင်၏’ဟု ဆိုလေရာ၏၊ ရှည်မြင့်စွာ အကျိုးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်စေမည့်အရာကို သူတစ်ပါးတို့အားလည်း ဆောက်တည်စေရာ၏၊ ထိုသို့သော ဒေါသတရားမျိုးသည် ဤအသျှင်အား ရှိသလော”ဟု စူးစမ်း၏။
--
ထိုအသျှင်ကို စူးစမ်းသည်ရှိသော် “ဒေါသတရား လွှမ်းမိုးခံရသော စိတ်ရှိသူသည် မသိဘဲလျက်လည်း ‘သိ၏’ဟု ဆိုလေရာ၏၊ မမြင်ဘဲလျက်လည်း ‘မြင်၏’ဟု ဆိုလေရာ၏၊ ရှည်မြင့်စွာ အကျိုးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်စေမည့်အရာကို သူတစ်ပါးတို့အားလည်း ဆောက်တည်စေရာ၏၊ ထိုသို့သော ဒေါသတရားမျိုးသည် ဤအသျှင်အား မရှိ၊ ဒေါသကင်းသော သူ၏ ကိုယ်နှုတ်အမူ အရာကဲ့သို့ ဤအသျှင်၏ ကိုယ်အမူအရာနှုတ်အမူအရာသည် ဖြစ်၏၊ ဤအသျှင် ဟောကြားသည့် တရားသည် နက်နဲ၏၊ မြင်နိုင်ခဲ၏၊ ထိုးထွင်း၍သိနိုင်ခဲ၏၊ ငြိမ်သက်၏၊ မွန်မြတ်၏၊ ကြံဆ၍ မသိအပ်၊ သိမ်မွေ့၏၊ ပညာရှိတို့သာ သိအပ်၏၊ ထိုတရားကို ဒေါသမကင်းသော သူသည် ဟောကြားရန် မဖြစ်နိုင်”ဟု သိ၏။
၄၃၂။ စူးစမ်းသူသည် ဒေါသတရားတို့မှ အထူးသဖြင့် စင်ကြယ်သော ထိုရဟန်းကို မြင်သော ကြောင့်ထိုရဟန်းကို တဆင့်တက်၍ မောဟတရားတို့၌ စူးစမ်းပြန်၏-"မောဟတရား လွှမ်းမိုးခံရသော စိတ်ရှိသူသည် မသိဘဲလျက်လည်း ‘သိ၏’ဟု ဆိုလေရာ၏၊ မမြင်ဘဲလျက်လည်း ‘မြင်၏’ဟုဆိုလေရာ၏၊ ရှည်မြင့်စွာ အကျိုးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်စေမည့်အရာကို သူတစ်ပါးတို့အားလည်းဆောက်တည်စေ ရာ၏၊ ထိုသို့သော မောဟတရား မျိုးသည် ဤအသျှင်အား ရှိလေသလော”ဟုစူးစမ်းပြန်၏။ ထို အသျှင်ကို စူးစမ်းသည်ရှိသော် “မောဟတရား လွှမ်းမိုးခံရသော စိတ်ရှိသူသည်မသိဘဲလျက်လည်း ‘သိ၏’ဟု ဆိုလေရာ၏၊ မမြင်ဘဲလျက်လည်း ‘မြင်၏’ဟု ဆိုလေရာ၏၊ ရှည်မြင့်စွာ အကျိုးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်စေမည့်အရာကို သူတစ်ပါးတို့အားလည်း ဆောက်တည်စေရာ၏၊ ထိုသို့သော မောဟ တရားမျိုးသည် ဤအသျှင်အား မရှိ၊ မောဟကင်းသောသူ၏ကိုယ်နှုတ်အမူအရာကဲ့သို့ ဤအသျှင်၏ ကိုယ်အမူအရာ နှုတ်အမူအရာသည် ဖြစ်၏၊ ဤအသျှင်ဟောကြားအပ်သော တရားသည် နက်နဲ၏၊ မြင်နိုင်ခဲ၏၊ ထိုးထွင်း၍ သိနိုင်ခဲ၏၊ ငြိမ်သက်၏၊ မွန်မြတ်၏၊ ကြံဆ၍ မသိနိုင်၊ သိမ်မွေ့၏၊ ပညာရှိ တို့သာ သိအပ်၏၊ ထိုတရားကို မောဟမကင်းသောသူသည် ဟောကြားရန် မဖြစ်နိုင်”ဟု သိ၏။
စူးစမ်းသူသည် မောဟတရားတို့မှ အထူးသဖြင့် စင်ကြယ်သော ထိုရဟန်းကို မြင်သောကြောင့်ထိုရဟန်း၌ ယုံကြည်မှုကို ဖြစ်ပွါးစေ၏၊ ယုံကြည်မှု ဖြစ်သည်ရှိသော် ချဉ်းကပ်၏၊ ချဉ်းကပ်သည်ရှိသော်ဆည်းကပ်၏၊ ဆည်းကပ်သည်ရှိသော် နားထောင်၏၊ နားထောင်သောသူသည် တရားကို နာယူ၏၊ ကြားနာရ၍ တရားကို ဆောင်၏၊ ဆောင်ထားသော တရားတို့၏ အနက်သဘောကို စူးစမ်းဆင်ခြင်၏၊ အနက်သဘောကို စူးစမ်းဆင်ခြင်သည်ရှိသော် တရားတို့သည် ရှုဆင်ခြင်ခြင်းငှါ ခံ့ကုန်၏၊ တရားတို့သည်ရှုဆင်ခြင်ခြင်းငှါ ခံ့သည်ရှိသော် အလိုဆန္ဒသည် ဖြစ်၏၊ အလိုဆန္ဒဖြစ်သည်ရှိသော် အားထုတ်၏၊ အားထုတ်သည်ရှိသော် နှိုင်းချိန်၏၊ နှိုင်းချိန်ပြီးသော် ပြင်းစွာအားထုတ်၏၊ စိတ်စိုက်နေသည်ရှိသော် ကိုယ် (နာမကာယ) ဖြင့်လည်း မွန်မြတ်သောသစ္စာကို မျက်မှောက်ပြုနိုင်၏၊ ပညာဖြင့်လည်း ထိုးထွင်း၍ မြင်နိုင်၏။ အာရဒွါဇ ဤမျှအတိုင်းအရှည်ဖြင့် မဂ်ကို လျော်စွာ သိခြင်းသည် ဖြစ်၏၊ ဤမျှ အတိုင်းအရှည်ဖြင့်မဂ်ကို လျော်စွာ သိတက်သူ ဖြစ်၏၊ ဤမျှအတိုင်းအရှည်ဖြင့်လည်း ငါတို့သည် သစ္စာကို လျော်စွာသိခြင်းကို ပညတ်ပြောဆိုကုန်၏၊ ဖိုလ်ကို မျက်မှောက်ပြုခြင်းသည်ကား မဖြစ်သေးသည်သာတည်းဟု (မိန့်တော်မူ၏)။
၄၃၃။ အသျှင်ဂေါတမ ဤမျှအတိုင်းအရှည်ဖြင့် မဂ်ကို လျော်စွာ သိခြင်းသည် ဖြစ်ပါ၏၊ ဤမျှအတိုင်းအရှည်ဖြင့် မဂ်ကို လျော်စွာ သိသူ ဖြစ်ပါ၏၊ ဤမျှ အတိုင်းအရှည်ဖြင့်လည်း အကျွန်ုပ်တို့သည်မဂ်ကို ထိုးထွင်း၍ သိခြင်းကို မြင်ကြပါကုန်၏။ အသျှင်ဂေါတမ အဘယ်မျှ အတိုင်းအရှည်ဖြင့် ဖိုလ်ကိုမျက်မှောက်ပြုခြင်းသည် ဖြစ်ပါသနည်း။ ဖိုလ်သို့ အစဉ်ရောက်ပါသနည်း၊ အကျွန်ုပ်တို့သည် အသျှင်ဂေါတမအား ဖိုလ်ကို မျက်မှောက်ပြုခြင်းကို မေးလျှောက်ပါကုန်၏ဟု (လျှောက်၏)။
--
ဘာရဒွါဇ ထိုတရားတို့ကိုသာလျှင် ထုံခြင်းကြောင့် ပွါးများခြင်းကြောင့် ကြိမ်ဖန်များစွာ လေ့လာခြင်းကြောင့် ဖိုလ်ကို မျက်မှောက်ပြုခြင်းသည် ဖြစ်၏၊ ဘာရဒွါဇ ဤမျှအတိုင်းအရှည်ဖြင့် ဖိုလ်ကို မျက်မှောက်ပြုခြင်းသည် ဖြစ်၏၊ ဤမျှအတိုင်းအရှည်ဖြင့် ဖိုလ်သို့ လျော်စွာ ရောက်၏၊ ဤမျှ အတိုင်းအရှည်ဖြင့်လည်း ငါတို့သည် ဖိုလ်ကို မျက်မှောက်ပြုခြင်းကို ပညတ်ကုန်၏ဟု (မိန့်တော်မူ၏)။
--
၄၃၄။ အသျှင်ဂေါတမ ဤမျှအတိုင်းအရှည်ဖြင့် ဖိုလ်ကို မျက်မှောက်ပြုခြင်းသည် ဖြစ်ပါ၏၊ ဤမျှအတိုင်းအရှည်ဖြင့် ဖိုလ်သို့ လျော်စွာ ရောက်ပါ၏၊ ဤမျှအတိုင်းအရှည်ဖြင့်လည်း အကျွန်ုပ်တို့သည်ဖိုလ်ကို မျက်မှောက်ပြုခြင်းကို မြင်ကြပါကုန်၏၊ အသျှင်ဂေါတမ အဘယ်တရားသည် ဖိုလ်ကို မျက်မှောက်ပြုခြင်းအား များစွာ ကျေးဇူးပြုပါသနည်း၊ အကျွန်ုပ်တို့သည် အသျှင်ဂေါတမအား ဖိုလ်ကို မျက်မှောက်ပြုခြင်းအား များစွာ ကျေးဇူးပြုတတ်သော တရားကို မေးလျှောက်ပါကုန်၏ဟု (လျှောက်၏)။
ဘာရဒွါဇ (မဂ်ကို) အားထုတ်ခြင်းသည် ဖိုလ်ကို မျက်မှောက်ပြုခြင်းအား များစွာ ကျေးဇူးပြု၏၊့အကယ်၍ ထိုမဂ်ကို အားမထုတ်ငြားအံ့၊ ဖိုလ်သို့ လျောက်ပတ်စွာ မရောက်နိုင်လေရာ၊ မဂ်ကို အားထုတ်ခြင်းကြောင့်သာ ဖိုလ်သို့ လျောက်ပတ်စွာ ရောက်နိုင်၏၊ ထို့ကြောင့် (မဂ်ကို) အားထုတ်ခြင်းသည်ဖိုလ်ကို မျက်မှောက်ပြုခြင်းအား များစွာကျေးဇူးပြု၏ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ မဂ်ကိုအားထုတ်ခြင်း အား အဘယ်တရားသည် များစွာ ကျေးဇူးပြုတတ်ပါသနည်း၊ အကျွန်ုပ်တို့သည်အသျှင်ဂေါတမအား မဂ်ကို အားထုတ်ခြင်းအား ကျေးဇူးပြုတတ်သော တရားကို မေးလျှောက်ပါကုန်၏ဟု (လျှောက်၏)။ ဘာရဒွါဇ နှိုင်းချိန်ခြင်းသည် မဂ်ကို အားထုတ်ခြင်းအား များစွာကျေးဇူး ပြုတတ်၏၊ အကယ်၍ မနှိုင်းချိန် ငြားအံ့၊ ဤမဂ်ကို ပွါးများခြင်းကို အားမထုတ်လေရာ၊ နှိုင်းချိန်သောကြောင့်သာ (မဂ်ကို ရအောင်) အားထုတ်၏၊ ထို့ကြောင့် မဂ်ကို အားထုတ်ခြင်းအား နှိုင်းချိန်ခြင်းသည် များစွာကျေးဇူးပြုတတ်၏ဟု (မိန့်တော်မူ၏)။
အသျှင်ဂေါတမ အဘယ်တရားသည် နှိုင်းချိန်ခြင်းအား များစွာ ကျေးဇူးပြုတတ်ပါသနည်း၊ အကျွန်ုပ်တို့သည် အသျှင်ဂေါတမအား နှိုင်းချိန်ခြင်းအား များစွာ ကျေးဇူးပြုတတ်သော တရားကို မေးလျှောက်ပါကုန်၏ဟု (လျှောက်၏)။ ဘာရဒွါဇ အားထုတ်ခြင်းသည် နှိုင်းချိန်ခြင်းအား များစွာ ကျေးဇူးပြုတတ်၏၊ အကယ်၍ အားမထုတ်ငြားအံ့၊ မနှိုင်းချိန်လေရာ၊ အားထုတ်သောကြောင့်သာ နှိုင်းချိန်၏၊ ထို့ကြောင့် အားထုတ်ခြင်းသည် နှိုင်းချိန်ခြင်းအား များစွာ ကျေးဇူးပြုတတ်၏ဟု (မိန့်တော်မူ၏)။
အသျှင်ဂေါတမ အဘယ်တရားသည် အားထုတ်ခြင်းအား များစွာ ကျေးဇူးပြုတတ်ပါသနည်း၊ အကျွန်ုပ်တို့သည် အသျှင်ဂေါတမအား အားထုတ်ခြင်းအား များစွာကျေးဇူး ပြုတတ်သော တရားကို မေးလျှောက်ပါကုန်၏ဟု (လျှောက်၏)။ ဘာရဒွါဇ ပြုလိုမှု ‘ဆန္ဒ’ သည် အားထုတ်ခြင်းအား များစွာကျေးဇူးပြုတတ်၏၊ အကယ်၍ ပြုလိုမှု ‘ဆန္ဒ’ မဖြစ်ငြားအံ့၊ အားမထုတ်လေရာ၊ ပြုလိုမှု ‘ဆန္ဒ’ ဖြစ်သောကြောင့်သာ အားထုတ်၏၊ ထို့ကြောင့် ပြုလိုမှု ‘ဆန္ဒ'သည် အားထုတ်ခြင်းအား များစွာ ကျေးဇူးပြုတတ်၏ဟု (မိန့်တော်မူ၏)။
အသျှင်ဂေါတမ ပြုလိုမှု ‘ဆန္ဒ’ အား အဘယ်တရားသည် များစွာ ကျေးဇူးပြုတတ်ပါသနည်း၊ အကျွန်ုပ်တို့သည် အသျှင်ဂေါတမအား ပြုလိုမှု ‘ဆန္ဒ’ အား များစွာ ကျေးဇူးပြုတတ်သော တရားကိုမေးလျှောက်ပါကုန်၏ဟု (လျှောက်၏)။ ဘာရဒွါဇ ပြုလိုမှု ‘ဆန္ဒ'အား တရားတို့ကို စူးစိုက်ကြည့်ရှု၍ကျေနပ်ခြင်းသည် များစွာ ကျေးဇူးပြုတတ်၏၊ ထိုတရားတို့ကို အကယ်၍ စူးစိုက်ကြည့်ရှု၍ ကျေနပ်ခြင်းမဖြစ်ငြားအံ့၊ ပြုလိုမှု ‘ဆန္ဒ’ သည် မဖြစ်လေရာ၊ တရားတို့ကို စူးစိုက်ကြည့်ရှု၍ ကျေနပ်သောကြောင့်သာပြုလိုမှု ‘ဆန္ဒ'သည် ဖြစ်၏၊ ထို့ကြောင့် ပြုလိုမှု'ဆန္ဒ’ အား တရားတို့ကို စူးစိုက်ကြည့်ရှု၍ ကျေနပ်ခြင်းသည် များစွာ ကျေးဇူးပြုတတ်၏ဟု (မိန့်တော်မူ၏)။
--
အသျှင်ဂေါတမ တရားတို့ကို စူးစိုက်ကြည့်ရှု၍ ကျေနပ်ခြင်းအား အဘယ်တရားသည် များစွာကျေးဇူးပြုတတ်ပါသနည်း၊ အကျွန်ုပ်တို့သည် အသျှင်ဂေါတမအား တရားတို့ကို စူးစိုက်ကြည့်ရှု၍ကျေနပ်မှုအား များစွာ ကျေးဇူးပြုတတ်သော တရားကို မေးလျှောက်ပါကုန်၏ဟု (လျှောက်၏)။ ဘာရဒွါဇ တရားတို့ကို စူးစိုက်ကြည့်ရှု၍ ကျေနပ်ခြင်းအား အနက်သဘောကို စူးစမ်းခြင်းသည် များစွာကျေးဇူးပြုတတ်၏၊ အကယ်၍ ထိုအနက်သဘောကို စူးစမ်းခြင်းသည် မဖြစ်ငြားအံ့၊ ဤတရားတို့ကိုစူးစိုက်ကြည့်ရှု၍ ကျေနပ်မှု မရကုန်ရာ၊ အနက်သဘောကို စူးစမ်းသောကြောင့်သာ တရားတို့ကို စူးစိုက်ကြည့်ရှု၍ ကျေနပ်မှုရကုန်၏၊ ထို့ကြောင့် အနက်သဘောကို စူးစမ်းခြင်းသည် တရားတို့ကို စူးစိုက်ကြည့်ရှုရာ၌ ကျေနပ်မှုအား များစွာ ကျေးဇူးပြုတတ်၏ဟု (မိန့်တော်မူ၏)။
အသျှင်ဂေါတမ အနက်သဘောကို စူးစမ်းခြင်းအား အဘယ်တရားသည် များစွာကျေးဇူး ပြုတတ်ပါသနည်း၊ အနက်သဘောကို စူးစမ်းခြင်းအား များစွာကျေးဇူး ပြုတတ်သော တရားကို အကျွန်ုပ်တို့သည်အသျှင်ဂေါတမအား မေးလျှောက်ပါကုန်၏ဟု (လျှောက်၏)။ ဘာရဒွါဇ အနက်သဘောကို့စူးစမ်းခြင်းအား တရားကို ဆောင်ခြင်းမှတ်ခြင်းသည် များစွာ ကျေးဇူးပြုတတ်၏၊ အကယ်၍ ထိုတရားကိုမဆောင်ငြား မမှတ်ငြားအံ့၊ ဤအနက်သဘောကို မစူးစမ်းနိုင်လေရာ၊ တရားကိုဆောင်ထားမှတ်ထားသောကြောင့်သာ အနက်သဘောကို စူးစမ်းနိုင်၏၊ ထို့ကြောင့် အနက်သဘောကိုစူးစမ်းခြင်းအား တရားကို ဆောင်ထား ခြင်း မှတ်ထားခြင်းသည် များစွာ ကျေးဇူးပြုတတ်၏ဟု (မိန့်တော်မူ၏)။
အသျှင်ဂေါတမ တရားကို ဆောင်ထားခြင်း မှတ်ထားခြင်းအား အဘယ်တရားသည် များစွာကျေးဇူးပြုတတ်ပါသနည်း၊ အကျွန်ုပ်တို့သည် အသျှင်ဂေါတမအား တရားကို ဆောင်ထားခြင်း မှတ်ထားခြင်းအား များစွာ ကျေးဇူးပြုတတ်သော တရားကို မေးလျှောက်ပါကုန်၏ဟု (လျှောက်၏)။ ဘာရဒွါဇတရားကို ဆောင်ထားခြင်း မှတ်ထားခြင်းအား တရားကို ကြားနာခြင်းသည် များစွာ ကျေးဇူးပြုတတ်၏၊ အကယ်၍ ထိုတရားကို မကြားနာငြားအံ့၊ ဤတရားကို မဆောင်ထား မမှတ်ထား နိုင်လေရာ၊ တရားကိုကြားနာသောကြောင့်သာ တရားကို ဆောင် မှတ်နိုင်၏၊ ထို့ကြောင့် တရားကို ဆောင်ထားခြင်း မှတ်ထားခြင်းအား တရားတော်ကို ကြားနာခြင်းသည် များစွာကျေးဇူးပြုတတ်၏ဟု (မိန့်တော်မူ၏)။
အသျှင်ဂေါတမ တရားနာခြင်းအား အဘယ်တရားသည် များစွာ ကျေးဇူးပြုတတ်ပါသနည်း၊ အကျွန်ုပ်တို့သည် အသျှင်ဂေါတမအား တရားနာခြင်းအား များစွာ ကျေးဇူးပြုတတ်သော တရားကိုမေးလျှောက်ပါကုန်၏ဟု (လျှောက်၏)။ ဘာရဒွါဇ တရားနာခြင်းအား နားစိုက်ခြင်းသည် များစွာကျေးဇူး ပြုတတ်၏၊ အကယ်၍ နားမစိုက်ငြားအံ့၊ ဤတရားကို မနာလေရာ၊ နားစိုက်သောကြောင့်သာတရားကို နာ၏၊ ထို့ကြောင့် တရားနာခြင်းအား နားစိုက်ခြင်းသည် များစွာ ကျေးဇူးပြုတတ်၏ဟု (မိန့်တော်မူ၏)။
အသျှင်ဂေါတမ နားစိုက်ခြင်းအား အဘယ်တရားသည် များစွာ ကျေးဇူးပြုတတ်ပါသနည်း၊ အကျွန်ုပ်တို့သည် အသျှင်ဂေါတမအား နားစိုက်ခြင်းအား များစွာ ကျေးဇူးပြုတတ်သော တရားကိုမေးလျှောက်ပါကုန်၏ဟု (လျှောက်၏)။ ဘာရဒွါဇ နားစိုက်ခြင်းအား ဆည်းကပ်ခြင်းသည် များစွာကျေးဇူး ပြုတတ်၏၊ အကယ်၍ မဆည်းကပ်ငြားအံ့၊ ဤသို့ နားမစိုက်လေရာ၊ ဆည်းကပ်သောကြောင့်သာ နားစိုက်၏၊ ထို့ကြောင့် နားစိုက်ခြင်းအား ဆည်းကပ်ခြင်းသည် များစွာကျေးဇူးပြုတတ်၏ဟု (မိန့်တော် မူ၏)။
အသျှင်ဂေါတမ ဆည်းကပ်ခြင်းအား အဘယ်တရားသည် များစွာ ကျေးဇူးပြုတတ်ပါသနည်း၊ အကျွန်ုပ်တို့သည် အသျှင်ဂေါတမအား ဆည်းကပ်ခြင်းအား များစွာ ကျေးဇူးပြုတတ်သော တရားကိုမေးလျှောက်ပါကုန်၏ဟု (လျှောက်၏)။ ဘာရဒွါဇ ဆည်းကပ်ခြင်းအား ချဉ်းကပ်ခြင်းသည် များစွာကျေးဇူး ပြုတတ်၏၊ အကယ်၍ ထိုသို့ မချဉ်းကပ်ငြားအံ့၊ ဤသို့ ဆည်းကပ်ခြင်းသည် မဖြစ်နိုင်ရာ၊ ချဉ်းကပ် သောကြောင့်သာ ဆည်းကပ်ခြင်းသည် ဖြစ်၏၊ ထို့ကြောင့် ဆည်းကပ်ခြင်းအားချဉ်းကပ်ခြင်းသည် များစွာ ကျေးဇူးပြုတတ်၏ဟု (မိန့်တော်မူ၏)။
--
အသျှင်ဂေါတမ ချဉ်းကပ်ခြင်းအား အဘယ်တရားသည် များစွာ ကျေးဇူးပြုတတ်ပါသနည်း၊ အကျွန်ုပ်တို့သည် အသျှင်ဂေါတမအား ချဉ်းကပ်ခြင်းအား များစွာ ကျေးဇူးပြုတတ်သော တရားကိုမေးလျှောက်ပါကုန်၏ဟု (လျှောက်၏)။ ဘာရဒွါဇ ချဉ်းကပ်ခြင်းအား ယုံကြည်မှု ‘သဒ္ဓါ’ သည် များစွာကျေးဇူးပြုတတ်၏၊ အကယ်၍ ထိုသို့ ယုံကြည်မှု ‘သဒ္ဓါ’ မဖြစ်ငြားအံ့၊ ဤသို့ ချဉ်းကပ်ခြင်းသည် မဖြစ်နိုင်ရာ၊ ယုံကြည်မှု ‘သဒ္ဓါ’ ဖြစ်သောကြောင့်သာ ချဉ်းကပ်၏၊ ထို့ကြောင့် ချဉ်းကပ်ခြင်းအား ယုံကြည်မှု'သဒ္ဓါ'သည် များစွာ ကျေးဇူးပြုတတ်၏ဟု (မိန့်တော်မူ၏)။
၄၃၅။ အကျွန်ုပ်တို့သည် အသျှင်ဂေါတမအား သစ္စာကို အစဉ်စောင့်ရှောက်ခြင်းကို မေးပါကုန်ပြီ၊ အသျှင်ဂေါတမသည် သစ္စာကို အစဉ်စောင့်ရှောက်ခြင်းကို ဖြေကြားခဲ့ပါပြီ၊ ထိုဖြေကြားတော်မူချက်ကိုလည်း့အကျွန်ုပ်တို့သည် သဘောလည်း ကျလှပါ၏၊ နှစ်သက်လည်း နှစ်သက်လှပါ၏၊ ထိုဖြေကြားချက်ဖြင့်လည်း အကျွန်ုပ်တို့သည် နှစ်သက်သောစိတ် ရှိကြပါကုန်၏။ အကျွန်ုပ်တို့သည် အသျှင်ဂေါတမအားသစ္စာကို လျော်စွာသိခြင်းကို မေးလျှောက်ပါကုန်ပြီ၊ အသျှင်ဂေါတမသည် သစ္စာကို လျော်စွာသိခြင်းကိုဖြေကြားခဲ့ပါပြီ၊ ထိုဖြေကြားချက်ကိုလည်း အကျွန်ုပ်တို့သည် သဘောလည်း ကျလှပါ၏၊ နှစ်သက်လည်းနှစ်သက်လှပါ၏၊ ထိုဖြေကြားချက်ဖြင့်လည်း အကျွန်ုပ်တို့သည် နှစ်သက်သောစိတ် ရှိကြပါကုန်၏။ အကျွန်ုပ်တို့သည် အသျှင်ဂေါတမအား ဖိုလ်ကို မျက်မှောက်ပြုခြင်းကို မေးပါကုန်၏၊ အသျှင်ဂေါတမသည်ဖိုလ်ကို မျက်မှောက်ပြုခြင်းကို ဖြေကြားတော်မူပါ၏၊ ထိုဖြေကြားချက်ကိုလည်း အကျွန်ုပ်တို့သည် သဘောလည်း ကျလှပါ၏၊ နှစ်သက်လည်း နှစ်သက်လှပါ၏၊ ထိုဖြေကြားချက်ဖြင့်လည်း နှစ်သက်သောစိတ်ရှိကြပါကုန်၏။ အကျွန်ုပ်တို့သည် အသျှင်ဂေါတမအား ဖိုလ်ကို မျက်မှောက်ပြုခြင်းအား များစွာ ကျေးဇူးပြုတတ်သော တရားကို မေးလျှောက်ပါကုန်၏၊ အသျှင်ဂေါတမသည် ဖိုလ်ကို မျက်မှောက်ပြုခြင်းအားများစွာ ကျေးဇူးပြုတတ်သော တရားကို ဖြေကြားတော်မူပါ၏၊ ထိုဖြေကြားချက်ကိုလည်း အကျွန်ုပ်တို့သည် သဘောလည်း ကျလှပါ၏၊ နှစ်သက်လည်း နှစ်သက်လှပါ၏၊ ထိုဖြေကြားချက်ဖြင့်လည်း အကျွန်ုပ်တို့သည် နှစ်သက်သောစိတ် ရှိကြပါကုန်၏။
အကျွန်ုပ်တို့ မေးတိုင်းမေးတိုင်း ပြဿနာကိုပင် အသျှင်ဂေါတမသည် ဖြေကြားတော်မူ၏၊ ထို ဖြေကြားချက်ကိုလည်း အကျွန်ုပ်တို့သည် သဘောလည်း ကျလှပါ၏၊ နှစ်သက်လည်း နှစ်သက်လှပါ ကုန်၏၊ ထိုဖြေကြားချက်ဖြင့်လည်း နှစ်သက်သောစိတ် ရှိကြပါကုန်၏။ အသျှင်ဂေါတမ အကျွန်ုပ်တို့သည်ရှေးအခါက အလကား ဦးပြည်းရဟန်းယုတ်တို့သည် ဇာတ်နိမ့်ကုန်၏၊ မည်းညစ်ကုန်၏၊ ဗြဟ္မာမင်း၏ခြေမှ မွေးဖွားကုန်၏၊ အဘယ်မှာ တရားသဘောကို သိကြကုန်အံ့နည်းဟု ဤသို့ အထင်မှားကြပါကုန်၏။ အသျှင်ဂေါတမသည် အကျွန်ုပ်တို့အား ရဟန်းတို့၌ ရဟန်းဟူသော ချစ်ခြင်းကို လွန်စွာ ဖြစ်စေဘိ၏တကား၊ ရဟန်းတို့၌ ရဟန်းဟူသော ကြည်ညိုခြင်းကို လွန်စွာ ဖြစ်စေဘိ၏တကား၊ ရဟန်းတို့၌ရဟန်းဟူသော ရိုသေခြင်းကို လွန်စွာ ဖြစ်စေဘိ၏တကား၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်အား ယနေ့ကို အစပြု၍ အသက်ထက်ဆုံးကိုးကွယ်ဆည်းကပ်တက်သော ဥပါသကာ ဟူ၍ မှတ်တော်မူပါဟု (လျှောက်၏)။
ငါးခုမြောက် စင်္ကီသုတ် ပြီး၏။
၁။ အတိုင်ပင်ခံအမတ်
--
၆-ဧသုကာရီသုတ်
၄၃၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏အရံဖြစ်သော ဇေတဝန် ကျောင်း၌သီတင်းသုံးနေတော်မူ၏။ ထိုအခါ ဧသုကာရီပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကိုပြောဆိုပြီးဆုံးစေပြီးနောက် တစ်ခုသော နေရာ၌ ထိုင်ကာ မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ -"အသျှင်ဂေါတမ ပုဏ္ဏားတို့သည် လေးပါးသော လုပ်ကျွေးခြင်းတို့ကို ပညတ်ကြပါကုန်၏၊ ပုဏ္ဏားမျိုးအားလုပ်ကျွေးခြင်းကို ပညတ်ကြပါကုန်၏၊ မင်းမျိုးအား လုပ်ကျွေးခြင်းကို ပညတ်ကြပါကုန်၏၊ ကုန်သည်မျိုးအား လုပ်ကျွေးခြင်းကို ပညတ်ကြပါကုန်၏၊ သူဆင်းရဲမျိုးအား လုပ်ကျွေးခြင်းကို ပညတ်ကြပါကုန်၏၊ အသျှင်ဂေါတမ ထိုလေးပါးသော လုပ်ကျွေးခြင်းတို့တွင် ပုဏ္ဏားတို့သည် ဤသို့ ပုဏ္ဏားမျိုးအား့လုပ်ကျွေးခြင်းကို ပညတ်ကြပါကုန်၏၊ ပုဏ္ဏားမျိုးသည်မူလည်း ပုဏ္ဏားကို လုပ်ကျွေးရာပါ၏၊ မင်းမျိုးသည်မူလည်း ပုဏ္ဏားကို လုပ်ကျွေးရာပါ၏၊ ကုန်သည်မျိုးသည်မူလည်း ပုဏ္ဏားကို လုပ်ကျွေးရာပါ၏၊ သူဆင်းရဲ မျိုးသည်မူလည်း ပုဏ္ဏားကို လုပ်ကျွေးရာပါ၏၊ အသျှင်ဂေါတမ ပုဏ္ဏားတို့သည် ဤသို့လျှင်ပုဏ္ဏားမျိုးအား လုပ်ကျွေးခြင်းကို ပညတ်ပါကုန်၏။ အသျှင်ဂေါတမ ထိုလေးပါးသော လုပ်ကျွေးခြင်းတို့တွင် ပုဏ္ဏားတို့သည် ဤသို့ မင်းအား လုပ်ကျွေးခြင်းကို ပညတ်ကြပါကုန်၏၊ မင်းသည်မျိုးမူလည်းမင်းကို လုပ်ကျွေးရာပါ၏၊ ကုန်သည်မျိုးသည်မူလည်း မင်းကို လုပ်ကျွေးရာပါ၏၊ သူဆင်းရဲမျိုးသည်မူလည်း မင်းကို လုပ်ကျွေးရာပါ၏၊ အသျှင်ဂေါတမ ပုဏ္ဏားတို့သည် ဤသို့လျှင် မင်းအား လုပ်ကျွေးခြင်းကို ပညတ်ပါကုန်၏။
အသျှင်ဂေါတမ ထိုလုပ်ကျွေးခြင်းတို့တွင် ပုဏ္ဏားတို့သည် ဤသို့ ကုန်သည်မျိုးအား လုပ်ကျွေးခြင်း ကိုပညတ်ပါကုန်၏၊ ကုန်သည်မျိုးသည်မူလည်း ကုန်သည်ကို လုပ်ကျွေးရာပါ၏၊ သူဆင်းရဲမျိုးသည်မူ လည်းကုန်သည်ကို လုပ်ကျွေးရာပါ၏၊ အသျှင်ဂေါတမ ပုဏ္ဏားတို့သည် ဤသို့လျှင် ကုန်သည်အားလုပ်ကျွေးခြင်းကို ပညတ်ကြပါကုန်၏။ အသျှင်ဂေါတမ ထိုလေးပါးသော လုပ်ကျွေးခြင်းတို့တွင် ပုဏ္ဏားတို့သည် ဤသို့ သူဆင်းရဲမျိုးအား လုပ်ကျွေးခြင်းကို ပညတ်ကြပါကုန်၏၊ သူဆင်းရဲမျိုးသည်သာ သူဆင်းရဲအား လုပ်ကျွေးရာပါ၏၊ တစ်ပါးသော အမျိုးသည် သူဆင်းရဲကို အဘယ်မှာ လုပ်ကျွေးပါလတ္တံ့နည်း၊ အသျှင်ဂေါတမ ပုဏ္ဏားတို့သည် သူဆင်းရဲအား ဤသို့သာလျှင် လုပ်ကျွေးခြင်းကို ပညတ်ကြပါကုန်၏။ အသျှင်ဂေါတမ ပုဏ္ဏားတို့သည် ဤလေးပါးသော လုပ်ကျွေးခြင်းတို့ကို ပညတ်ကြပါကုန်၏၊ ဤသို့ပညတ်ရာ၌ အသျှင်ဂေါတမသည် အဘယ်သို့ ဆိုလိုပါသနည်း”ဟု (လျှောက်၏)။
၄၃၇။ ပုဏ္ဏား အလုံးစုံသော သူအပေါင်းသည် ပုဏ္ဏားတို့၏ “ဤလေးပါးသော လုပ်ကျွေးခြင်းကိုပညတ်ကြပါကုန်လော့”ဟူသော ဤပညတ်ချက်ကို ခွင့်ပြုပါ၏လောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမဤသို့ကား ခွင့်မပြုကြပါဟု (လျှောက်၏)။ ပုဏ္ဏား ဥပမာအားဖြင့် ကွမ်းစားမျှ ကိုယ်ပိုင်ဥစ္စာမရှိ ဆင်းရဲနွမ်းပါးသော ယောကျ်ားသည် ရှိရာ၏၊ ထိုယောကျ်ားသည် အလိုမရှိဘဲလျက် “ယောကျ်ား သင်သည်ဤအသားကိုလည်း စားရမည်၊ အဖိုးကိုလည်း ပေးရမည်”ဟု အဖို့အစုကို ဆွဲယူစေကုန်ရာသကဲ့သို့ပုဏ္ဏား ဤအတူသာလျှင် ပုဏ္ဏားတို့သည် ထိုရဟန်းပုဏ္ဏားတို့က ဝန်မခံကြကုန်ဘဲလျက် ဤလေးပါးသောလုပ်ကျွေးခြင်းတို့ကို ပညတ်ကြပါကုန်၏။ ပုဏ္ဏား ငါသည် အလုံးစုံသောသူကို လုပ်ကျွေးသင့်၏ဟုမဟောကြား၊ ပုဏ္ဏား ငါသည် အလုံးစုံသောသူကို မလုပ်ကျွေးသင့် ဟူ၍လည်း မဟောကြား။ ပုဏ္ဏားအကြောင်းမူကား ယင်းသို့ လုပ်ကျွေးသောသူအား လုပ်ကျွေးခြင်းဟူသော အကြောင်းကြောင့် ယုတ်မာသည် ဖြစ်ရာ၏၊ မြတ်သည် မဖြစ်ရာ၊ ထိုသို့ သဘောရှိသော လုပ်ကျွေးခြင်းတို့ကို လုပ်ကျွေးသင့်၏ဟုငါ မဟောကြား။ ပုဏ္ဏား ယင်းသို့ လုပ်ကျွေးသောသူအား လုပ်ကျွေးခြင်းဟူသော အကြောင်းကြောင့်မြတ်သည် ဖြစ်ရာ၏၊ ယုတ်မာသည် မဖြစ်ရာ၊ ထိုသို့ သဘောရှိသော လုပ်ကျွေးခြင်းကို လုပ်ကျွေးသင့်၏ဟု ငါ ဟောကြား၏။
--
ပုဏ္ဏား “ယင်းပုဂ္ဂိုလ်ကို လုပ်ကျွေးသော သင့်အား လုပ်ကျွေးခြင်းဟူသော အကြောင်းကြောင့်ယုတ်မာသည် ဖြစ်ရာ၏၊ မြတ်သည် မဖြစ်ရာ၊ ယင်းပုဂ္ဂိုလ်ကို လုပ်ကျွေးသော သင့်အား လုပ်ကျွေးခြင်းဟူသော အကြောင်းကြောင့် မြတ်သည် ဖြစ်ရာ၏၊ ယုတ်မာသည် မဖြစ်ရာ၊ ဤနှစ်မျိုးသော လုပ်ကျွေးခြင်းတို့တွင် အဘယ်လုပ်ကျွေးခြင်းကို လုပ်ကျွေးမည်နည်း”ဟု မင်းကိုမူလည်း အကယ်၍မေးကုန်ငြားအံ့၊ ပုဏ္ဏားမင်းသည်လည်း ကောင်းစွာ ဖြေကြားပါမူ “ယင်းပုဂ္ဂိုလ်ကို လုပ်ကျွေးသောငါ့အား လုပ်ကျွေးခြင်း ဟူသော အကြောင်းကြောင့် ယုတ်မာသည် ဖြစ်ရာ၏၊ မြတ်သည် မဖြစ်ရာ၊ ငါသည် ထိုသို့သဘောရှိသော ပုဂ္ဂိုလ်ကို မလုပ်ကျွေး၊ ထို့ပြင် ယင်းပုဂ္ဂိုလ်ကို လုပ်ကျွေးသော ငါ့အားလုပ်ကျွေးခြင်းဟူသော အကြောင်း ကြောင့် မြတ်သည် ဖြစ်ရာ၏၊ ယုတ်မာသည် မဖြစ်ရာ၊့ထိုသို့သဘောရှိသော ပုဂ္ဂိုလ်ကို ငါသည် လုပ်ကျွေးအံ့”ဟု ဖြေကြားရာ၏။
ပုဏ္ဏား ပုဏ္ဏားကိုမူလည်း အကယ်၍။ပ။ ပုဏ္ဏားကုန်သည်ကိုမူလည်း အကယ်၍။ပ။ ပုဏ္ဏား"ယင်းပုဂ္ဂိုလ်ကို လုပ်ကျွေးသော သင့်အား လုပ်ကျွေးခြင်းဟူသော အကြောင်းကြောင့် ယုတ်မာသည်ဖြစ်ရာ၏၊ မြတ်သည် မဖြစ်ရာ၊ ယင်းပုဂ္ဂိုလ်ကို လုပ်ကျွေးသော သင့်အား လုပ်ကျွေးခြင်းဟူသောအကြောင်းကြောင့် မြတ်သည် ဖြစ်ရာ၏၊ ယုတ်မာသည် မဖြစ်ရာ၊ ဤနှစ်မျိုးသော လုပ်ကျွေးခြင်းတို့တွင်အဘယ်လုပ်ကျွေးခြင်းကို သင်သည် လုပ်ကျွေးမည်နည်း”ဟု သူဆင်းရဲကိုမူလည်း အကယ်၍ မေးကုန်ငြားအံ့။ ပုဏ္ဏား သူဆင်းရဲသည်လည်း ကောင်းစွာ ဖြေကြားပါမူ “ယင်းပုဂ္ဂိုလ်ကို လုပ်ကျွေးသော ငါ့အားလုပ်ကျွေးခြင်းဟူသော အကြောင်းကြောင့် ယုတ်မာသည် ဖြစ်ရာ၏၊ မြတ်သည် မဖြစ်ရာ၊ ငါသည် ထိုပုဂ္ဂိုလ်ကို မလုပ်ကျွေး၊ ထို့ပြင် ယင်းပုဂ္ဂိုလ်ကို လုပ်ကျွေးသော ငါ့အား လုပ်ကျွေးခြင်းဟူသောအကြောင်း ကြောင့် မြတ်သည် ဖြစ်ရာ၏၊ ယုတ်မာသည် မဖြစ်ရာ၊ ထိုပုဂ္ဂိုလ်ကို ငါသည်လုပ်ကျွေးပါအံ့”ဟု ဖြေကြားရာ၏။ ပုဏ္ဏား မြင့်သောအမျိုး၌ ဖြစ်ခြင်းကြောင့် မြတ်၏ဟု ငါ မဟော၊ ပုဏ္ဏား မြင့်သော အမျိုး၌ ဖြစ်ခြင်းကြောင့် ယုတ်၏ဟု ငါ မဟော။ ပုဏ္ဏား မွန်မြတ်သောအဆင်းရှိသည်၏အဖြစ်ကြောင့် မြတ်၏ဟု ငါ မဟော၊ ပုဏ္ဏား မွန်မြတ်သော အဆင်းရှိသည်၏အဖြစ်ကြောင့် ယုတ်၏ဟု ငါမဟော။ ပုဏ္ဏား မွန်မြတ်သော စည်းစိမ်ဥစ္စာရှိသည်၏အဖြစ်ကြောင့်မြတ်၏ဟု ငါမဟော၊ ပုဏ္ဏား မွန်မြတ်သော စည်းစိမ်ဥစ္စာရှိသည်၏အဖြစ်ကြောင့် ယုတ်၏ဟု ငါ မဟော။
၄၃၈။ ပုဏ္ဏား အကြောင်းမူကား ဤလောက၌ အချို့သောသူသည် မြင့်မြတ်သော အမျိုး၌ ဖြစ်ပါလျက်လည်း သူ့အသက်ကို သတ်လေ့ရှိ၏၊ သူ့ဥစ္စာကို ခိုးယူလေ့ရှိ၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်လေ့ရှိ၏၊ မဟုတ်မမှန် ပြောဆိုတတ်၏၊ ကုန်းစကားကို ပြောဆိုတတ်၏၊ ကြမ်းတမ်းသော စကားကို ပြောဆိုတတ်၏၊ ပြိန်ဖျင်းသော စကားကို ပြောဆိုတတ်၏၊ သူတစ်ပါးပစ္စည်းကို မတရားရလိုခြင်းရှိ၏၊ သူတစ်ပါးပျက်စီးမှုကို ရှေးရှုကြံစည်၏၊ မှားသောအယူဝါဒရှိ၏၊ ထို့ကြောင့် ထိုသူကို မြင့်မြတ်သော အမျိုး၌ဖြစ်ခြင်းကြောင့်မြတ်၏ဟု ငါ မဟော၊ ပုဏ္ဏား ထို့ပြင် ဤလောက၌ အချို့သော သူသည် မြင့်မြတ်သောအမျိုး၌ ဖြစ်ပါလျက်လည်း သူ၏အသက်ကို သတ်ခြင်းမှ ကြဉ်ရှောင်၏၊ သူ့ဥစ္စာကို ခိုးယူခြင်းမှ ကြဉ်ရှောင်၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ကြဉ်ရှောင်၏၊ မဟုတ်မမှန် ပြောဆိုခြင်းမှ ကြဉ်ရှောင်၏၊ ကုန်းစကားမှ ကြဉ်ရှောင်၏၊ ကြမ်းတမ်းသောစကားမှ ကြဉ်ရှောင်၏၊ ပြိန်ဖျင်းသောစကားကို ပြောခြင်းမှကြဉ်ရှောင်၏၊ သူတစ်ပါးပစ္စည်းကို မတရားရလိုခြင်း မရှိ၊ သူတစ်ပါးပျက်စီးစေလိုစိတ် မရှိ၊ ဖြောင့်မှန်သောအယူရှိ၏၊ ထို့ကြောင့် ထိုသူကို မြင့်မြတ်သော အမျိုး၌ ဖြစ်ခြင်းကြောင့် ယုတ်မာ၏ဟု ငါ မဟော။
--
၄၃၉။ ပုဏ္ဏား အကြောင်းမူကား မွန်မြတ်သော အဆင်းရှိသော သူသည်လည်း။ပ။ ပုဏ္ဏား ဤလောက၌ အချို့သောသူသည် မွန်မြတ်သော စည်းစိမ်ဥစ္စာရှိသူ ဖြစ်ပါလျက်လည်း သူ၏ အသက်ကို သတ်လေ့ရှိ၏။ပ။ မှားသော အယူကို ယူ၏၊ ထို့ကြောင့် ထိုပုဂ္ဂိုလ်ကို မွန်မြတ်သော စည်းစိမ်ဥစ္စာရှိသည်၏အဖြစ်ကြောင့် မြတ်၏ဟု ငါ မဟော၊ ပုဏ္ဏား ထို့ပြင် ဤလောက၌ အချို့သောသူသည် မွန်မြတ်သောစည်းစိမ်ဥစ္စာရှိသူ ဖြစ်ပါလျက်လည်း သူ့အသက်ကို သတ်ခြင်းမှ ကြဉ်ရှောင်၏။ပ။ ဖြောင့်မှန်သောအယူရှိ၏၊ ထို့ကြောင့် ထိုသူကို မွန်မြတ်သော စည်းစိမ်ဥစ္စာရှိသည်၏ အဖြစ်ကြောင့် ယုတ်၏ဟု ငါ မဟော။ ပုဏ္ဏား အလုံးစုံသော ပုဂ္ဂိုလ်ကို လုပ်ကျွေးအပ်၏ဟု ငါ မဟော၊ ပုဏ္ဏား အလုံးစုံသော သူကို မလုပ်ကျွေးအပ်ဟု ငါ မဟော၊ ပုဏ္ဏား ယင်းသို့ လုပ်ကျွေးသော သူအား လုပ်ကျွေးခြင်းဟူသော အကြောင်းကြောင့် သဒ္ဓါတရားသည် ပွါးများ၏၊ သီလသည် ပွါးများ၏၊ အကြားအမြင်သည် ပွါးများ၏၊ စွန့်ကြဲခြင်းသည် ပွါးများ၏၊ ပညာသည် ပွါးများ၏၊ ထိုသို့သဘောရှိသော လုပ်ကျွေးခြင်းကို လုပ်ကျွေးသင့်၏ဟု ငါဟော၏။ ပုဏ္ဏား ယင်းသို့ လုပ်ကျွေးသော သူအား လုပ်ကျွေးခြင်းဟူသော အကြောင်းကြောင့် သဒ္ဓါတရားသည် မတိုးပွါး၊ သီလသည် မတိုးပွါး၊ အကြားအမြင်သည် မတိုးပွါး၊ စွန့်ကြဲခြင်းသည် မတိုးပွါး၊့ပညာသည် မတိုးပွါး၊ ထိုသို့သဘောရှိသော လုပ်ကျွေးခြင်းကို လုပ်ကျွေးသင့်၏ဟု ငါ မဟောဟု (မိန့်တော်မူ၏)။
၄၄၀။ ဤသို့ မိန့်တော်မူသော် ဧသုကာရီပုဏ္ဏားသည် မြတ်စွာဘုရားအား ဤသို့ လျှောက်၏-"အသျှင်ဂေါတမ ပုဏ္ဏားတို့သည် လေးပါးသော ကိုယ်ပိုင်ဥစ္စာတို့ကို ပညတ်ကြပါကုန်၏၊ ပုဏ္ဏား၏ကိုယ်ပိုင်ဥစ္စာကို ပညတ်ကြပါကုန်၏၊ မင်း၏ ကိုယ်ပိုင်ဥစ္စာကို ပညတ်ကြပါကုန်၏၊ ကုန်သည်၏ ကိုယ်ပိုင်ဥစ္စာကို ပညတ်ကြပါကုန်၏၊ သူဆင်းရဲ၏ ကိုယ်ပိုင်ဥစ္စာကို ပညတ်ကြပါကုန်၏။ အသျှင်ဂေါတမ ထိုလေးပါးသော ကိုယ်ပိုင်ဥစ္စာတို့တွင် ဤသည့်ဆွမ်းခံခြင်းကို ပုဏ္ဏား၏ ကိုယ်ပိုင်ဥစ္စာဟူ၍ ပုဏ္ဏားတို့သည်ပညတ်ကြပါကုန်၏။ ဆွမ်းခံလှည့်လည်ခြင်း ဟူသော (ပုဏ္ဏားတို့၏) ကိုယ်ပိုင်ဥစ္စာကို မထီမဲ့မြင် ပြုသောပုဏ္ဏားသည် အရှင်မပေးသော သူတစ်ပါးဥစ္စာကို ခိုးယူသော နွားကျောင်းသားကဲ့သို့ ကိုယ့်ကိစ္စမဟုတ်သည်ကို ပြုသည် မည်၏။ အသျှင်ဂေါတမ ဤသို့လျှင် ပုဏ္ဏား၏ ဤကိုယ်ပိုင်ဥစ္စာကို ပုဏ္ဏားတို့သည်ပညတ်ကြပါကုန်၏။ အသျှင်ဂေါတမ ထိုလေးပါးသော ကိုယ်ပိုင် ဥစ္စာတို့တွင် ဤသည့် လေး နှင့်တောင့်ကိုမင်း၏ ကိုယ်ပိုင်ဥစ္စာဟု ပုဏ္ဏားတို့သည် ပညတ်ကြပါကုန်၏။ လေးနှင့် တောင့်ဟူသော မင်း၏ ကိုယ်ပိုင်ဥစ္စာကို မထီမဲ့မြင်ပြုသော မင်းသည် အရှင်မပေးသော သူတစ်ပါးဥစ္စာကို ခိုးယူသော နွားကျောင်းသားကဲ့သို့ ကိုယ့်ကိစ္စမဟုတ်သည်ကို ပြုသည် မည်ပါ၏။ အသျှင်ဂေါတမ ဤသို့လျှင် မင်း၏ ဤကိုယ်ပိုင်ဥစ္စာကို ပုဏ္ဏားတို့သည် ပညတ်ကြပါကုန်၏။
အသျှင်ဂေါတမ ထိုလေးပါးသော ကိုယ်ပိုင်ဥစ္စာတို့တွင် ဤသည့် လယ်ထွန်ခြင်း နွားကျောင်းခြင်းကိုကုန်သည်၏ ကိုယ်ပိုင်ဥစ္စာဟု ပုဏ္ဏားတို့သည် ပညတ်ကြပါကုန်၏၊ လယ်ထွန်ခြင်း နွားကျောင်းခြင်းဟူသော ကိုယ်ပိုင် ဥစ္စာကို မထီမဲ့မြင်ပြုသော ကုန်သည်သည် အရှင်မပေးသော သူတစ်ပါးဥစ္စာကိုခိုးယူသော နွားကျောင်းသားကဲ့သို့ ကိုယ့်ကိစ္စမဟုတ်သည်ကို ပြုသည်မည်ပါ၏။ အသျှင်ဂေါတမဤသို့လျှင် ကုန် သည်၏ ဤကိုယ်ပိုင် ဥစ္စာကို ပုဏ္ဏားတို့သည် ပညတ်ကြပါကုန်၏။ အသျှင်ဂေါတမထိုလေးပါးသော ကိုယ်ပိုင်ဥစ္စာတို့တွင် ဤသည့် မြက်ရိတ်တံစဉ်နှင့် ထမ်းပိုးကို သူဆင်းရဲ၏ကိုယ်ပိုင်ဥစ္စာဟု ပုဏ္ဏားတို့သည် ပညတ်ကြပါကုန်၏၊ မြက်ရိတ်တံစဉ်နှင့် ထမ်းပိုးဟူသော ကိုယ်ပိုင်ဥစ္စာကိုမထီမဲ့မြင်ပြုသော သူဆင်းရဲ သည် အရှင်မပေးသော သူတစ်ပါးဥစ္စာကို ခိုးယူသော နွားကျောင်းသားကဲ့သို့ကိုယ့်ကိစ္စမဟုတ်သည်ကို ပြုသည် မည်ပါ၏။ အသျှင်ဂေါတမ ဤသို့လျှင် သူဆင်းရဲ၏ဤကိုယ်ပိုင်ဥစ္စာကို ပုဏ္ဏားတို့သည် ပညတ် ကြပါကုန်၏။ အသျှင်ဂေါတမ ပုဏ္ဏားတို့သည်ဤလေးပါးသော ကိုယ်ပိုင်ဥစ္စာတို့ကို ပညတ်ကြပါကုန်၏။ ဤအရာ၌ အသျှင်ဂေါတမသည် အဘယ်သို့ဆိုလိုပါသနည်း”ဟု (လျှောက်၏)။
--
၄၄၁။ ပုဏ္ဏား အလုံးစုံသော လူအပေါင်းသည် ပုဏ္ဏားတို့၏ “ဤလေးပါးသော ကိုယ်ပိုင်ဥစ္စာတို့ကိုပညတ်ကြပါကုန်လော့” ဟူသော ဤပညတ်ချက်ကို ခွင့်ပြုပါ၏လောဟု (မေးတော်မူ၏)။ အသျှင် ဂေါတမဤသို့ကား ခွင့်မပြုပါဟု (လျှောက်၏)။ ပုဏ္ဏား ဥပမာအားဖြင့် ကွမ်းစားမျှ ကိုယ်ပိုင်ဥစ္စာမရှိဆင်းရဲနွမ်းပါးသော ယောကျ်ားသည် ရှိရာ၏၊ ထိုယောကျ်ားသည် အလိုမရှိဘဲလျက် “အိုယောကျ်ားသင်သည် ဤအသားကိုလည်း စားရမည်၊ အဖိုးကိုလည်း ပေးရမည်”ဟု အဖို့အစုကို ဆွဲယူစေကုန်ရာသကဲ့သို့ ပုဏ္ဏား ဤအတူသာလျှင် ပုဏ္ဏားတို့သည် ထိုရဟန်းပုဏ္ဏားတို့က ဝန်မခံကြကုန်ဘဲလျက်ဤလေးပါးသော ကိုယ်ပိုင်ဥစ္စာတို့ကို ပညတ်ကြကုန်၏။
ပုဏ္ဏား မြတ်သော လောကုတ္တရာတရားကို ယောကျ်ား၏ ကိုယ်ပိုင်ဥစ္စာဟူ၍ ငါ ပညတ်၏၊ ရှေး၌ဖြစ်သော မိဘမှ ဆင်းသက်လာသည့် အမျိုးအနွယ်ကို အောက်မေ့သော သူအား အတ္တဘောဖြစ်ရာ အမျိုးအားဖြင့်သာလျှင် ခေါ်ဝေါ်ရေတွက်ခြင်းသို့ ရောက်၏၊ မင်းမျိုး၌ အကယ်၍ အတ္တဘောဖြစ်သည် ဖြစ်အံ့၊ မင်းဟူ၍သာ ရေတွက်ခြင်းသို့ ရောက်၏။ ပုဏ္ဏားမျိုး၌ အကယ်၍ အတ္တဘောဖြစ်သည် ဖြစ်အံ့၊့ပုဏ္ဏားဟူ၍သာ ရေတွက်ခြင်းသို့ ရောက်၏။ ကုန်သည်မျိုး၌ အကယ်၍ အတ္တဘောဖြစ်သည် ဖြစ်အံ့၊ ကုန်သည်ဟူ၍သာ ရေတွက်ခြင်းသို့ ရောက်၏။ သူဆင်းရဲမျိုး၌ အကယ်၍ အတ္တဘောဖြစ်သည် ဖြစ်အံ့၊ သူဆင်းရဲဟူ၍သာ ရေတွက်ခြင်းသို့ ရောက်၏။
ပုဏ္ဏား ဥပမာအားဖြင့် မီးသည် ထိုထိုတောက်ပကြောင်းဖြင့်သာလျှင် ခေါ်ဝေါ်ရေတွက်ခြင်းသို့ရောက်၏၊ အကယ်၍ မီးသည် ထင်းကို အစွဲ ပြု၍ တောက်ပငြားအံ့၊ ထင်းမီးဟူ၍သာလျှင် ခေါ်ဝေါ်ရေတွက်ခြင်းသို့ ရောက်၏။ အကယ်၍ မီးသည် ဝါးကို စွဲ၍ တောက်ပငြားအံ့၊ ဝါးမီးဟူ၍သာလျှင် ခေါ်ဝေါ်ရေတွက်ခြင်းသို့ ရောက်၏။ အကယ်၍ မီးသည် မြက်ကို အစွဲပြု၍ တောက်ပငြားအံ့၊ မြက်မီးဟူ၍သာလျှင် ခေါ်ဝေါ်ရေတွက်ခြင်းသို့ ရောက်၏။ အကယ်၍ မီးသည် နွားချေးကို အစွဲပြု၍ တောက်ပငြားအံ့၊ နွားချေးမီးဟူ၍သာလျှင် ခေါ်ဝေါ်ရေတွက်ခြင်းသို့ ရောက်၏။ ပုဏ္ဏား ဤအတူသာလျှင် မြတ်သောလောကုတ္တရာတရားကို ယောကျ်ား၏ ကိုယ်ပိုင်ဥစ္စာဟူ၍ ငါပညတ်၏။
ရှေး၌ဖြစ်သော မိဘမှ ဆင်းသက်လာသည့် အမျိုးအနွယ်ကို အစဉ်အောက်မေ့သောသူအားအတ္တဘောဖြစ်ရာ အမျိုးအားဖြင့်သာလျှင် ခေါ်ဝေါ်ရေတွက်ခြင်းသို့ ရောက်၏၊ မင်းမျိုး၌ အကယ်၍အတ္တဘောဖြစ်သည် ဖြစ်အံ့၊ မင်းဟူ၍သာ ခေါ်ဝေါ်ရေတွက်ခြင်းသို့ ရောက်၏။ ပုဏ္ဏားမျိုး၌ အကယ်၍အတ္တဘောဖြစ်သည် ဖြစ်အံ့၊ ပုဏ္ဏားဟူ၍သာ ခေါ်ဝေါ်ရေတွက်ခြင်းသို့ ရောက်၏။ ကုန်သည်မျိုး၌အကယ် ၍ အတ္တဘောဖြစ်သည် ဖြစ်အံ့၊ ကုန်သည်ဟူ၍သာ ခေါ်ဝေါ်ရေတွက်ခြင်းသို့ ရောက်၏။ သူဆင်းရဲမျိုး၌ အကယ်၍ အတ္တဘောဖြစ်သည်ဖြစ်အံ့၊ သူဆင်းရဲဟူ၍သာ ခေါ်ဝေါ်ရေတွက်ခြင်းသို့ရောက်၏။
ပုဏ္ဏား အကယ်၍ မင်းမျိုးမှ ထွက်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ငြားအံ့၊ ထိုသူသည်လည်း မြတ်စွာဘုရားဟောတော်မူသော သုတ် အဘိဓမ္မာ ဝိနည်းကို အစွဲပြု၍ သူ့အသက်ကို သတ်ခြင်းမှကြဉ်ရှောင်အံ့၊ သူ့ဥစ္စာကို ခိုးယူခြင်းမှ ကြဉ်ရှောင်အံ့၊ မမြတ်သော မေထုန်အကျင့်မှ ကြဉ်ရှောင်အံ့၊ မဟုတ်မမှန် ပြောဆိုခြင်းမှ ကြဉ်ရှောင်အံ့၊ ကုန်းစကားမှ ကြဉ်ရှောင်အံ့၊ ကြမ်းတမ်းသောစကားမှကြဉ်ရှောင်အံ့၊ ပြိန်ဖျင်းသော စကားမှ ကြဉ်ရှောင်အံ့၊ သူ့ဥစ္စာ မတရားလိုချင်မှုကို ရှေးရှုမကြံစည်အံ့၊ သူတစ်ပါးပျက်စီးမှုကို ရှေးရှုမကြံစည်အံ့၊ မှန်သော အယူရှိငြားအံ့၊ နည်းလမ်းမှန်သော ကုသိုလ်တရားကိုပြည့်စုံစေသူ ဖြစ်၏။
ပုဏ္ဏား အကယ်၍လည်း ပုဏ္ဏားမျိုးမှ ထွက်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ငြားအံ့၊ ထိုသူသည်လည်း မြတ်စွာဘုရား ဟောတော်မူသော သုတ် အဘိဓမ္မာ ဝိနည်းကို အစွဲပြု၍ သူ့အသက်ကိုသတ်ခြင်းမှ ကြဉ်ရှောင်အံ့။ပ။ မှန်သော အယူရှိငြားအံ့၊ နည်းလမ်းမှန်သော ကုသိုလ်တရားကို ပြည့်စုံစေသူ ဖြစ်၏။
--
ပုဏ္ဏား အကယ်၍လည်း ကုန်သည်မျိုးမှ ထွက်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ငြားအံ့၊ ထိုသူသည်လည်း မြတ်စွာဘုရားဟောတော်မူသော သုတ် အဘိဓမ္မာ ဝိနည်းကို အစွဲပြု၍ သူ့အသက်ကိုသတ်ခြင်းမှ ကြဉ်ရှောင်အံ့။ပ။ မှန်သော အယူရှိငြားအံ့၊ နည်းလမ်းမှန်သော ကုသိုလ်တရားကို ပြည့်စုံစေသူ ဖြစ်၏။
ပုဏ္ဏား အကယ်၍လည်း သူဆင်းရဲမျိုးမှ ထွက်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ငြားအံ့၊ ထိုသူသည်လည်း မြတ်စွာဘုရားဟောတော်မူသော သုတ် အဘိဓမ္မာ ဝိနည်းကို အစွဲပြု၍ သူ့အသက်ကိုသတ်ခြင်းမှ ကြဉ်ရှောင်အံ့။ပ။ မှန်သော အယူရှိငြားအံ့၊ နည်းလမ်းမှန်သော ကုသိုလ်တရားကို ပြည့်စုံစေသူ ဖြစ်၏။
၄၄၂။ ပုဏ္ဏား ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဤနေရာ၌ ပုဏ္ဏားသည်သာလျှင်ရန်ကင်းစေလို ဆင်းရဲကင်းစေလိုသော မေတ္တာစိတ်ကို ပွါးများခြင်းငှါ စွမ်းနိုင်သလော၊ မင်းသည် မစွမ်း့နိုင်သလော၊ ကုန်သည်သည် မစွမ်းနိုင်သလော၊ သူဆင်းရဲသည် မစွမ်းနိုင်သလောဟု (မေးတော်မူ၏)။
အသျှင်ဂေါတမ ဤသို့ကား မဖြစ်သင့်ပါ။ မင်းသည်လည်း ရန်ကင်းစေလို ဆင်းရဲကင်းစေလိုသောမေတ္တာစိတ်ကို ပွါးခြင်းငှါ စွမ်းနိုင်ပါ၏၊ အသျှင်ဂေါတမ ပုဏ္ဏားသည်လည်း စွမ်းနိုင်ပါ၏၊ အသျှင်ဂေါတမကုန်သည်သည်လည်း စွမ်းနိုင်ပါ၏၊ အသျှင်ဂေါတမ သူဆင်းရဲသည်လည်း စွမ်းနိုင်ပါ၏၊ အသျှင်ဂေါတမဤနေရာ၌ အမျိုးလေးပါးလုံးတို့သည်လည်း ရန်ကင်းစေလို ဆင်းရဲကင်းစေလိုသော မေတ္တာစိတ်ကိုပွါးများခြင်းငှါ စွမ်းနိုင်ကြပါကုန်၏ဟု (လျှောက်၏)။ ပုဏ္ဏား ဤအတူသာလျှင် အကယ်၍မင်းမျိုးမှလည်း ထွက်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်ငြားအံ့၊ ထိုသူသည်လည်းမြတ်စွာဘုရားဟောတော်မူသော သုတ် အဘိဓမ္မာ ဝိနည်းကို အစွဲပြု၍ သူ့အသက်ကို သတ်ခြင်းမှကြဉ်ရှောင်အံ့။ပ။ မှန်သော အယူ ရှိငြားအံ့၊ နည်းလမ်းမှန်သော ကုသိုလ် တရားကို ပြည့်စုံစေသူဖြစ်၏။ ပုဏ္ဏား ပုဏ္ဏားမျိုးမှလည်း အကယ်၍။ ပုဏ္ဏား ကုန်သည်မျိုးမှလည်း အကယ်၍။ ပုဏ္ဏားသူဆင်းရဲမျိုးမှလည်း အကယ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ငြားအံ့၊ ထိုသူသည်လည်းမြတ်စွာဘုရားဟောတော်မူသော သုတ် အဘိဓမ္မာ ဝိနည်းကို အစွဲပြု၍ သူ့အသက်ကိုသတ်ခြင်းမှကြဉ်ရှောင်အံ့။ပ။ မှန်သော အယူရှိငြားအံ့၊ နည်းလမ်းမှန်သော ကုသိုလ်တရားကို ပြည့်စုံစေသူ ဖြစ်၏။
၄၄၃။ ပုဏ္ဏား ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ပုဏ္ဏားသည်သာ ကြေးတွန်းဆပ်ပြာကို ယူ၍မြစ်သို့သွားလျက် မြူအညစ်အကြေးကို မျှောခြင်းငှါ စွမ်းနိုင်သလော၊ မင်းမျိုးသည် မစွမ်းနိုင်သလော၊ ကုန်သည်မျိုးသည် မစွမ်းနိုင်သလော၊ သူဆင်းရဲမျိုးသည် မစွမ်းနိုင်သလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤသို့ကား မဖြစ်သင့်ပါ။ အသျှင်ဂေါတမ မင်းမျိုးဖြစ်သူသည်လည်း ချေးတွန်းဆပ်ပြာကိုယူ၍ မြစ်သို့သွားလျက် မြူအညစ်အကြေးကို မျှောခြင်းငှါ စွမ်းနိုင်ပါ၏။ အသျှင်ဂေါတမ ပုဏ္ဏားသည်လည်း စွမ်းနိုင်ပါ၏၊ အသျှင်ဂေါတမ ကုန်သည်သည်လည်း စွမ်းနိုင်ပါ၏၊ အသျှင်ဂေါတမ သူဆင်းရဲသည်လည်း စွမ်းနိုင်ပါ၏၊ အသျှင်ဂေါတမ အလုံးစုံလည်းဖြစ်ကုန်သော အမျိုးလေးပါးတို့သည် ကြေးတွန်းဆပ်ပြာကို ယူ၍ မြစ်သို့ သွားလျက် မြူအညစ်အကြေးကို မျှောခြင်းငှါ စွမ်းနိုင်ပါကုန်၏ဟု (လျှောက်၏)။
ပုဏ္ဏား ဤအတူသာလျှင် အကယ်၍ မင်းမျိုးမှလည်း လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ငြား အံ့၊ ထိုသူသည်လည်း မြတ်စွာဘုရားဟောတော်မူသော သုတ် အဘိဓမ္မာ ဝိနည်းကို အစွဲပြု၍ သူ့အသက်ကိုသတ်ခြင်းမှ ကြဉ်ရှောင်အံ့။ပ။ မှန်သော အယူရှိငြားအံ့၊ နည်းလမ်းမှန်သော ကုသိုလ်တရားကို ပြည့်စုံစေသူ ဖြစ်၏။
ပုဏ္ဏား ပုဏ္ဏား မျိုးမှလည်း အကယ်၍။ ပုဏ္ဏား ကုန်သည်မျိုးမှလည်း အကယ်၍။ ပုဏ္ဏားသူဆင်းရဲမျိုးမှလည်း အကယ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ငြားအံ့၊ ထိုသူသည်လည်းမြတ်စွာဘုရား ဟောတော်မူသော သုတ် အဘိဓမ္မာ ဝိနည်းကို အစွဲပြု၍ သူ့အသက်ကို သတ်ခြင်းမှကြဉ်ရှောင်အံ့။ပ။ မှန်သော အယူရှိငြားအံ့၊ နည်းလမ်းမှန်သော ကုသိုလ်တရားကို ပြည့်စုံစေသူ ဖြစ်၏။
--
၄၄၄။ ပုဏ္ဏား ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဤလောက၌ ရေမြေကို အစိုးရသော ဦးထိပ်၌အဘိသိက်သွန်းပြီးသော မင်းသည် အထူးထူးသော ဇာတ် အမျိုးရှိကုန်သော တစ်ရာသောယောကျ်ားတို့ကို စည်းဝေးစေ၏၊ အချင်းတို့ လာကြကုန်လော့၊ မင်းမျိုး ပုဏ္ဏားမျိုး မြို့စားမျိုးဖြစ်ကုန်သော သူတို့သည် မီးပွတ်ခုံကိုယူ၍ ကျွန်းသား အင်ကြင်းသား ထင်းရှူးသား စန္ဒကူးသား ကြာပဒုမ္မာသား၏ မီးကို ဖြစ်စေကြကုန်လော့၊ တေဇောဓာတ်ကို ပြုကြကုန်လော့၊ ထိုမှတစ်ပါး အချင်းတို့ လာကြကုန်လော့၊ ဒွန်းစဏ္ဍားမျိုး မုဆိုးတံငါမျိုး နှီးသမားမျိုး ရထားလုပ်သမားမျိုး ပန်းမှိုက်သွန် (ဘင်ကျုံး) မျိုးဖြစ်ကုန်သော သူတို့သည် မီးပွတ်ခုံကို ယူ၍ ခွေးစားကျင်း ဝက်စားကျင်း ဆိုးရည်စားကျင်း ကြက်ဆူသားထင်း၏ မီးကို ဖြစ်စေကြကုန်လော့၊ တေဇောဓာတ်ကို ပြုကြကုန်လော့ဟု (အမိန့်ချမှတ်ရာ၏)။
ပုဏ္ဏား ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ မင်းမျိုး ပုဏ္ဏားမျိုး မြို့စားမျိုးဖြစ်သော သူတို့သည် မီးပွတ်ခုံကိုယူ၍ ကျွန်းသား အင်ကြင်းသား ထင်းရှူးသား စန္ဒကူးသား ကြာပဒုမ္မာသား၏မီးကို ဖြစ်စေ၏၊ တေဇောဓာတ်ကို ပြုထား၏၊ ထိုမီးတေဇောဓာတ်သည်သာလျှင် အလျှံရှိသည် အဆင်းရှိသည် အရောင်ရှိသည် ဖြစ်ရာသလော၊ ထိုမီးဖြင့်သာလျှင်လည်း မီးနှင့်ဆိုင်ရာ ကိစ္စအရပ်ရပ်ကို ပြုစွမ်းနိုင်လေသလော။
ထိုမှတစ်ပါး ဒွန်းစဏ္ဍားမျိုး မုဆိုးတံငါမျိုး နှီးသမားမျိုး ရထားလုပ်သမားမျိုး ပန်းမှိုက်သွန် (ဘင်ကျုံး) မျိုးဖြစ်ကုန်သော သူတို့သည် မီးပွတ်ခုံကိုယူ၍ ခွေးစားကျင်း ဝက်စားကျင်း ဆိုးရည်စားကျင်းကြက်ဆူသားထင်း၏ မီးကို ဖြစ်စေ၏၊ တေဇောဓာတ်ကို ပြုထား၏၊ ထိုမီးတေဇောဓာတ်သည် အလျှံမရှိသည် အဆင်းမရှိသည် အရောင်မရှိသည် ဖြစ်ရာသလော၊ ထိုမီးဖြင့်လည်း မီးနှင့်ဆိုင်ရာ ကိစ္စအရပ်ရပ်ကိုပြုခြင်းငှါလည်း မစွမ်းနိုင်လေသလောဟု (မေးတော်မူ၏)။
အသျှင်ဂေါတမ ဤသို့ကား မဖြစ်သင့်ပါ။ အသျှင်ဂေါတမ မင်းမျိုး ပုဏ္ဏားမျိုး မြို့စားမျိုးဖြစ်သောသူတို့သည် မီးပွတ်ခုံကို ယူ၍ ကျွန်းသား အင်ကြင်းသား ထင်းရှူးသား စန္ဒကူးသား ကြာပဒုမ္မာသားမီးကို ဖြစ်စေ၏၊ တေဇောဓာတ်ကို ပြုထား၏၊ ထိုမီးတေဇောဓာတ်သည် အလျှံရှိသည် အဆင်းရှိသည်အရောင်ရှိသည် ဖြစ်ရာပါ၏၊ ထိုမီးဖြင့်လည်း မီးနှင့်ဆိုင်ရာ ကိစ္စအရပ်ရပ်ကို ပြုခြင်းငှါ စွမ်းနိုင်ရာပါ၏။
ဒွန်းစဏ္ဍားမျိုး မုဆိုးတံငါမျိုး နှီးသမားမျိုး ရထားလုပ်သမားမျိုး ပန်းမှိုက်သွန် (ဘင်ကျုံး) မျိုးဖြစ်ကုန်သော သူတို့သည် မီးပွတ်ခုံကိုယူ၍ ခွေးစားကျင်း ဝက်စားကျင်း ဆိုးရည်စားကျင်း ကြက်ဆူသားထင်း မီးကို ဖြစ်စေ၏၊ တေဇောဓာတ်ကို ပြုထား၏၊ ထိုမီးတေဇောဓာတ်သည်လည်း အလျှံရှိသည်အဆင်းရှိသည် အရောင်ရှိသည်သာ ဖြစ်ရာပါ၏၊ ထိုမီးဖြင့်လည်း မီးနှင့်ဆိုင်ရာ ကိစ္စအရပ်ရပ်ကို ပြုခြင်းငှါစွမ်းနိုင်ပါ၏။ အသျှင်ဂေါတမ အလုံးစုံသော မီးသည်ပင် အလျှံရှိပါ၏၊ အဆင်းရှိပါ၏၊ အရောင်ရှိပါ၏၊ အလုံးစုံသော မီးဖြင့်ပင် မီးနှင့်ဆိုင်ရာ ကိစ္စအရပ်ရပ်ကို ပြုခြင်းငှါ စွမ်းနိုင်ပါ၏ဟု (လျှောက်၏)။
ပုဏ္ဏား ဤအတူသာလျှင် မင်းမျိုးမှလည်း အကယ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ငြား အံ့၊ ထိုသူသည်လည်း မြတ်စွာဘုရားဟောတော်မူသော သုတ် အဘိဓမ္မာ ဝိနည်းကို အစွဲပြု၍ သူ့အသက်ကိုသတ်ခြင်းမှ ကြဉ်ရှောင်အံ့။ပ။ မှန်သော အယူရှိငြားအံ့၊ နည်းလမ်းမှန်သော ကုသိုလ်တရားကို ပြည့်စုံစေသူ ဖြစ်၏။
--
ပုဏ္ဏား ပုဏ္ဏားမျိုးမှလည်း အကယ်၍။ ပုဏ္ဏား ကုန်သည်မျိုးမှလည်း အကယ်၍။ ပုဏ္ဏားသူဆင်းရဲမျိုးမှလည်း အကယ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ငြားအံ့၊ ထိုသူသည်လည်းမြတ်စွာဘုရား ဟောတော်မူသော သုတ် အဘိဓမ္မာ ဝိနည်းကို အစွဲပြု၍ သူ့အသက်ကိုသတ်ခြင်းမှ ကြဉ်ရှောင်အံ့၊ သူ့ဥစ္စာကို ခိုးယူခြင်းမှ ကြဉ်ရှောင်အံ့၊ မမြတ်သော မေထုန်အကျင့်မှ ကြဉ်ရှောင်အံ့၊ မဟုတ်မမှန်ပြောဆိုခြင်းမှ ကြဉ်ရှောင်အံ့၊ ကုန်းစကားမှ ကြဉ်ရှောင်အံ့၊ ကြမ်းတမ်းသောစကားမှ ကြဉ်ရှောင်အံ့၊ ပြိန်ဖျင်းသော စကားမှ ကြဉ်ရှောင်အံ့၊ သူ့ဥစ္စာ မတရားလိုချင်မှုကို ရှေးရှုမကြံအံ့၊ သူတစ်ပါးပျက်စီးရန်မကြံအံ့၊ မှန်သော အယူရှိသည် ဖြစ်အံ့၊ နည်းလမ်းမှန်သော ကုသိုလ်တရားကို ပြည့်စုံစေသူ ဖြစ်၏ဟု (မိန့်တော်မူ၏)။
ဤသို့ မိန့်တော်မူသည်ရှိသော် ဧသုကာရီပုဏ္ဏားသည် မြတ်စွာဘုရားကို “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှ အစပြု၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်တတ်သော ဥပါသကာဟူ၍ မှတ်တော်မူပါလော့”ဟု ဤစကားကို လျှောက်ထားလေသတည်း။
ခြောက်ခုမြောက် ဧသုကာရီသုတ် ပြီး၏။
--
၇-ဓနဉ္ဇာနိသုတ်
၄၄၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစာကျွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်သာရိပုတြာသည် များစွာသော ရဟန်းအပေါင်းနှင့်အတူ ဒက္ခိဏာဂိရိ ဇနပုဒ်သို့ ဒေသစာရီ ကြွချီတော်မူ၏။ ထိုအခါ တစ်ပါးသော ရဟန်းသည် ရာဇဂြိုဟ်ပြည်၌ ဝါကျွတ်ခဲ့၍ ဒက္ခိဏာဂိရိဇနပုဒ် အသျှင်သာရိပုတြာထံသို့ ချဉ်းကပ်ကာ အသျှင်သာရိပုတြာနှင့်အတူဝမ်းမြောက်ဝမ်းသာ စကား ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် တစ်ခုသော နေရာ၌ ထိုင်နေ၏။ တစ်ခုသော နေရာ၌ ထိုင်နေသော ထိုရဟန်းကို အသျှင်သာရိပုတြာသည် ဤသို့သော စကားကို မေးမြန်း၏- “ငါ့သျှင် အသို့ပါနည်း၊ မြတ်စွာဘုရားသည်အနာကင်းပါ၏လော၊ အားရှိပါ၏လော”ဟု (မေးမြန်း၏)။ ငါ့သျှင် မြတ်စွာဘုရားသည် အနာကင်းပါ၏အားရှိပါ၏ဟု (လျှောက်၏)။ ငါ့သျှင် အသို့ပါနည်း ရဟန်းအပေါင်းသည် အနာကင်းပါ၏လော၊ အားရှိပါ၏လောဟု (မေးမြန်း၏)။ ငါ့သျှင် ရဟန်းအပေါင်းလည်း အနာကင်းပါ၏ အားရှိပါ၏ဟု (လျှောက်၏)။ ငါ့သျှင် တဏ္ဍုလပါလီ တံခါးအနီး၌ နေသော ဓနဉ္ဇာနိပုဏ္ဏားသည် အသို့ပါနည်း၊ အနာကင်းပါ၏လော၊ အားရှိပါ၏လောဟု (မေးမြန်း၏)။ ငါ့သျှင် ဓနဉ္ဇာနိပုဏ္ဏားသည်လည်း အနာကင်းပါ၏၊ အားရှိပါ၏ဟု (လျှောက်၏)။ ငါ့သျှင် အသို့ပါနည်း၊ ဓနဉ္ဇာနီပုဏ္ဏားသည် မမေ့မလျော့ရှိပါ၏လောဟု (မေးမြန်း၏)။ ငါ့သျှင် ဓနဉ္ဇာနိပုဏ္ဏားအား မမေ့မလျော့ခြင်းသည် အဘယ်မှာ ရှိပါအံ့နည်း၊ ငါ့သျှင် ဓနဉ္ဇာနိပုဏ္ဏားသည်မင်းကို အမှီပြု၍ ပုဏ္ဏားသူကြွယ်တို့ကို လုယက်၏၊ ပုဏ္ဏားသူကြယ်တို့ကို အမှီပြု၍ မင်းကို လုယက်၏၊ ထိုဓနဉ္ဇာနီပုဏ္ဏား၏ သဒ္ဓါတရားရှိသောအမျိုးမှ ဆောင်ယူထားသော သဒ္ဓါတရားရှိသော မယားသည်လည်းသေခဲ့ပြီ။ ထိုဓနဉ္ဇာနိ ပုဏ္ဏားသည် တစ်ပါးသော သဒ္ဓါတရားမရှိသော အမျိုးမှ သဒ္ဓါတရားမရှိသောမယားကို ဆောင်ခဲ့၏။ ငါ့သျှင် ငါတို့သည် မကောင်းသဖြင့် ကြားရသည်ကို ကြားကြရပေကုန်၏၊ ငါ့သျှင် ငါတို့သည် မကောင်းသဖြင့် ကြားရသည်ကို ကြားကြရပေကုန်၏၊ ငါတို့သည် မေ့လျော့သောဓနဉ္ဇာနိ ပုဏ္ဏားကို ကြားကြကုန်၏၊ အကယ်၍ ငါတို့သည် ဓနဉ္ဇာနိပုဏ္ဏားနှင့် တစ်ရံတစ်ခါ တွေ့ဆုံကြရမူတစ်စုံတစ်ခုသော စကားပြောဆိုမှု ဖြစ်ကောင်းဖြစ်တန် ရာ၏ဟု (ဆို၏)။
၄၄၆။ ထိုအခါ အသျှင်သာရိပုတြာမထေရ်သည် ဒက္ခိဏာဂိရိဇနပုဒ်၌ မွေ့လျော်သမျှ နေတော်မူ၍ရာဇဂြိုဟ်ပြည်သို့ ဒေသစာရီ ကြွတော်မူ၏၊ အစဉ်အတိုင်း ဒေသစာရီ ကြွတော်မူသည်ရှိသော် ရာဇဂြိုဟ်ပြည်သို့ ရောက်လေ၏၊ အသျှင်သာရိပုတြာသည် ထိုရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစာကျွေးရာဖြစ်သောဝေဠုဝန်ကျောင်း၌ နေတော်မူ၏၊ ထိုအခါ အသျှင်သာရိပုတြာသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍သပိတ်သင်္ကန်းကို ယူပြီးလျှင် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းအလို့ငှါ ဝင်လေ၏၊ ထိုအခါ ဓနဉ္ဇာနိပုဏ္ဏားသည်မြို့ပြင်နွားခြံ၌ နွားတို့ကို နို့ညစ်စေ၏။ ထိုအခါ အသျှင်သာရိပုတြာသည် ရာဇဂြိုဟ်ပြည်၌ ဆွမ်းခံ၍ဆွမ်းခံရာမှ ဖဲခဲ့ကာ ဆွမ်းစားပြီးနောက် ဓနဉ္ဇာနိပုဏ္ဏားထံသို့ ချဉ်းကပ်လေ၏၊ ဓနဉ္ဇာနိပုဏ္ဏားသည်အဝေးကသာလျှင် ကြွလာသော အသျှင်သာရိပုတြာကို မြင်လေ၍ အသျှင်သာရိပုတြာထံသို့ ချဉ်းကပ်ကာအသျှင်သာရိပုတြာကို “အသျှင်သာရိပုတြာ ဤနို့ခွက်ထဲမှ နွားနို့သစ်ကို သောက်ပါလော့၊ ထိုသောက်စဉ်ပင် ဆွမ်းစားအံ့သော အချိန်အခါသည် ဖြစ်ပါလတ္တံ့”ဟု ဤစကားကို လျှောက်၏။ ပုဏ္ဏားတော်ပြီ၊ ငါသည် ယနေ့ ဆွမ်းစားခြင်းကိစ္စကို ပြုပြီးပြီ၊ ငါသည် ဤအမည်ရှိသော သစ်ပင်ရင်း၌နေ့သန့်စင်နေအံ့၊ ထို သစ်ပင်ရင်းသို့ သင် လာခဲ့လော့ဟု (ဆို၏)။ “အသျှင် ကောင်းပါပြီ”ဟူ၍သာလျှင်ဓနဉ္ဇာနိပုဏ္ဏားသည် အသျှင်သာရိပုတြာအား ပြန်၍ လျှောက်ကြား၏။
--
ထိုအခါ ဓနဉ္ဇာနိပုဏ္ဏားသည် နံနက်စာ စားပြီးနောက် အသျှင်သာရိပုတြာထံသို့ ချဉ်းကပ်၍ အသျှင်သာရိပုတြာနှင့်အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီး့ဆုံးစေပြီးနောက် သင့်လျော်ရာ၌ ထိုင်နေ၏၊ သင့်လျော်ရာ၌ ထိုင်နေပြီးသော ဓနဉ္ဇာနိပုဏ္ဏားကို အသျှင်သာရိပုတြာသည် “ဓနဉ္ဇာနိပုဏ္ဏား သင်သည် မမေ့မလျော့ ရှိပါ၏လော”ဟု (မေး၏)။ အသျှင်သာရိပုတြာအကျွန်ုပ်တို့အား မမေ့မလျော့ဘဲ အဘယ်မှာရှိပါအံ့နည်း၊ အကျွန်ုပ်တို့သည် အမိအဖကို လုပ်ကျွေးရ၏၊ သားမယားကို လုပ်ကျွေးရ၏၊ ကျွန်အမှုလုပ်တို့ကို လုပ်ကျွေးရ၏၊ မိတ်ဆွေခင်ပွန်းတို့အား မိတ်ဆွေခင်ပွန်းကိစ္စကို ပြုရ၏၊ ဆွေမျိုးသားချင်းတို့အား ဆွေမျိုးသားချင်းကိစ္စကို ပြုရ၏၊ ဧည့်သည်တို့အားဧည့်သည်ကို ပြုရသော ဝတ္တရားကို ပြုရ၏၊ ရှေးအခါက သေပြီးသူတို့အား ရှေးကသေပြီးသူ၌ ပြုရသောဝတ်ကို ပြုရ၏၊ နတ်တို့အား နတ်အလျောက် ပြုဖွယ်ကိစ္စကို ပြုရ၏၊ မင်းအား မင်းအလျောက်ပြုဖွယ်ကိစ္စကို ပြုရ၏၊ ဤခန္ဓာကိုယ်ကိုလည်း ပြည့်ဖြိုးစေရ၏၊ ပွါးစေရ၏ဟု (လျှောက်၏)။
၄၄၇။ ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ ဤလောက၌ အချို့သော သူသည်မိဘတို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ငြားအံ့၊ ထိုသူကို မတရားသောအကျင့် မမျှတသောအကျင့် ကျင့်ခြင်းကို အကြောင်းပြု၍ ငရဲထိန်းတို့သည် ငရဲသို့ ဆွဲချကုန်ရာ၏။ ထိုသူသည် “ငါသည် မိဘတို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကိုကျင်ခဲ့ပါ၏။ ငရဲထိန်းတို့သည် ငါ့ကို ငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်းအံ့လော။ ထိုသို့မဟုတ် ထိုသူ၏ အမိအဖတို့ကသော်လည်း “ဤသူသည် ငါတို့ကို အကြောင်းပြု၍မတရားသောအကျင့် မမျှတ သောအကျင့်ကို ကျင့်ခဲ့ပါ၏၊ ငရဲထိန်းတို့သည် ထိုသူကို ငရဲသို့ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်းအံ့လောဟု (မေး၏)။ အသျှင်သာရိပုတြာ ဤသို့ကားမရနိုင်ပါ၊ စင်စစ်မှာ ထိုသူကို ငိုကြွေးစဉ် သာလျှင် ငရဲထိန်းတို့သည် ငရဲ၌ ပစ်ချကုန်ရာပါ၏ဟု (လျှောက်၏)။
ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ ဤလောက၌ အချို့သောသူသည် သား မယားကိုအကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ငြားအံ့၊ ထိုသူကို မတရားသော အကျင့်မမျှတသောအကျင့် ကျင့်ခြင်းကို အကြောင်းပြု၍ ငရဲထိန်းတို့သည် ငရဲသို့ ဆွဲချကုန်ရာ၏။ ထိုသူ သည်"ငါသည်ကား သားမယားကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ခဲ့ ပါ၏။ ငရဲထိန်းတို့သည် ငါ့ကို ငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်းအံ့လော။ ထိုသို့မဟုတ် သားမယားတို့ကသော်လည်း “ဤသူကား ငါတို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ခဲ့ပါ၏၊ ငရဲထိန်းတို့သည် ထိုသူကို ငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု တောင်းပန်၍ရကောင်းအံ့လောဟု (မေး၏)။ အသျှင်သာရိပုတြာ ဤသို့ကား မရနိုင်ပါ၊ စင်စစ်မှာ ထိုသူကို ငိုကြွေးစဉ်သာလျှင် ငရဲထိန်းတို့သည် ငရဲ၌ ပစ်ချကုန်ရာပါ၏ဟု (လျှောက်၏)။
ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ ဤလောက၌ အချို့သောသူသည် ကျွန်အမှု လုပ်ယောကျ်ားကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ငြားအံ့၊ ထိုသူကိုမတရားသော အကျင့် မမျှတသောအကျင့် ကျင့်ခြင်းကို အကြောင်းပြု၍ ငရဲထိန်းတို့သည် ငရဲသို့ ဆွဲချကုန်ရာ၏။ ထိုသူသည် “ငါသည်ကား ကျွန်အမှုလုပ်ယောကျ်ားကို အကြောင်းပြု၍ မတရားသောအကျင့်မမျှတသောအကျင့်ကို ကျင့်ခဲ့ပါ၏။ ငရဲထိန်းတို့သည် ငါ့ကို ငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်းအံ့လော။ ထိုသို့မဟုတ် ကျွန်အမှုလုပ်ယောကျ်ားတို့ကသော်လည်း “ဤသူကား ငါတို့ကိုအကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ခဲ့ပါ၏၊ ငရဲထိန်းတို့သည် ထိုသူကို ငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်းအံ့လောဟု (မေး၏)။ အသျှင်သာရိပုတြာ ဤသို့ကား မရနိုင်ပါ၊ စင်စစ်မှာ ထိုသူကို ငိုကြွေးစဉ်သာလျှင် ငရဲထိန်းတို့သည် ငရဲ၌ ပစ်ချကုန်ရာပါ၏ဟု (လျှောက်၏)။
--
ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ ဤလောက၌ အချို့သောသူသည် မိတ်ဆွေ့ခင်ပွန်းတို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ငြားအံ့၊ ထိုသူကို မတရားသောအကျင့် မမျှတသောအကျင့် ကျင့်ခြင်းကို အကြောင်းပြု၍ ငရဲထိန်းတို့သည် ငရဲသို့ ဆွဲချကုန်ရာ၏။ ထိုသူသည် “ငါသည်ကား မိတ်ဆွေခင်ပွန်းတို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ခဲ့ပါ၏။ ငရဲထိန်းတို့သည် ငါ့ကို ငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်း အံ့လော။ ထိုသို့မဟုတ် မိတ်ဆွေခင်ပွန်းတို့ကသော်လည်း “ဤသူကား ငါတို့ကိုအကြောင်းပြု၍ မတရား သောအကျင့် မမျှတသောအကျင့်ကို ကျင့်ခဲ့ပါ၏၊ ငရဲထိန်းတို့သည် ထိုသူကိုငရဲသို့ ဆွဲမချကြပါကုန် လင့်”ဟု (တောင်းပန်၍) ရကောင်းအံ့လောဟု (မေး၏)။ အသျှင်သာရိပုတြာဤသို့ကား မရနိုင်ပါ၊ စင်စစ်မှာ ထိုသူကို ငိုကြွေးစဉ်သာလျှင် ငရဲထိန်းတို့သည် ငရဲ၌ ပစ်ချကုန်ရာပါ၏ဟု (လျှောက်၏)။
ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ ဤလောက၌ အချို့သောသူသည် ဆွေမျိုးသားချင်းတို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ငြားအံ့၊ ထိုသူကိုမတရားသောအကျင့် မမျှတသောအကျင့် ကျင့်ခြင်းကို အကြောင်းပြု၍ ငရဲထိန်းတို့သည် ငရဲသို့ ဆွဲချကုန်ရာ၏။ ထိုသူသည် “ငါသည်ကား ဆွေမျိုးသားချင်းတို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ခဲ့ပါ၏။ ငရဲထိန်းတို့သည် ငါ့ကို ငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်းအံ့လော။ ထိုသို့မဟုတ် ဆွေမျိုးသားချင်းတို့ကသော်လည်း “ဤသူကား ငါတို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ခဲ့ပါ၏၊ ငရဲထိန်းတို့သည် ထိုသူကို ငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်းအံ့လောဟု (မေး၏)။ အသျှင်သာရိပုတြာ ဤသို့ကား မရနိုင်ပါ၊ စင်စစ်မှာ ထိုသူကို ငိုကြွေးစဉ်သာလျှင် ငရဲထိန်းတို့သည် ငရဲ၌ ပစ်ချကုန်ရာပါ၏ဟု (လျှောက်၏)။
ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ ဤလောက၌ အချို့သောသူသည် ဧည့်သည်တို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ငြားအံ့၊ ထိုသူကို မတရားသောအကျင့် မမျှတသောအကျင့် ကျင့်ခြင်းကို အကြောင်းပြု၍ ငရဲထိန်းတို့သည် ငရဲသို့ ဆွဲချကုန်ရာ၏။ ထိုသူသည် “ငါသည်ကား ဧည့်သည်တို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကိုကျင့်ခဲ့ပါ ၏။ ငရဲထိန်းတို့သည် ငါ့ကို ငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်းအံ့လော။ ထိုသို့ မဟုတ် ထိုသူ၏ ဧည့်သည်တို့ကသော်လည်း “ဤသူကား ငါတို့ကိုအကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ခဲ့ပါ၏၊ ငရဲထိန်းတို့သည် ထိုသူကိုငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု (တောင်း ပန်၍) ရကောင်းအံ့လောဟု (မေး၏)။ အသျှင်သာရိပုတြာဤသို့ကား မရနိုင်ပါ၊ စင်စစ်မှာ ထိုသူကို ငိုကြွေးစဉ်သာလျှင် ငရဲထိန်းတို့သည် ငရဲ၌ ပစ်ချကုန်ရာပါ၏ဟု (လျှောက်၏)။
ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ ဤ လောက၌ အချို့သော သူသည် ရှေးကသေပြီးသူတို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ငြားအံ့၊ ထိုသူကိုမတရားသောအကျင့် မမျှတသောအကျင့် ကျင့်ခြင်းကို အကြောင်းပြု၍ ငရဲထိန်းတို့သည် ငရဲသို့ ဆွဲချကုန်ရာ၏။ ထိုသူသည် “ငါသည်ကား ရှေးက သေပြီးသူတို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ခဲ့ပါ၏။ ငရဲထိန်းတို့သည် ငါ့ကို ငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်းအံ့လော။ ထိုသို့မဟုတ် ရှေးက သေပြီးသူတို့ကသော်လည်း “ဤသူကား ငါတို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ခဲ့ပါ၏၊ ငရဲထိန်းတို့သည် ထိုသူကို ငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်း အံ့လောဟု (မေး၏)။ အသျှင်သာရိပုတြာ ဤသို့ကား မရနိုင်ပါ၊ စင်စစ်မှာ ထိုသူကို ငိုကြွေးစဉ်သာလျှင် ငရဲ ထိန်းတို့သည် ငရဲ၌ ပစ်ချကုန်ရာပါ၏ဟု (လျှောက်၏)။
--
ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ ဤလောက၌ အချို့သော သူသည် နတ်တို့ကို့အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ငြားအံ့၊ ထိုသူကို မတရားသော အကျင့်မမျှတသောအကျင့် ကျင့်ခြင်းကို အကြောင်းပြု၍ ငရဲထိန်းတို့သည် ငရဲသို့ ဆွဲချကုန်ရာ၏။ ထို သူသည်"ငါသည်ကား နတ်တို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ခဲ့ပါ၏။ ငရဲထိန်းတို့သည် ငါ့ကို ငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်းအံ့လော။ ထိုသို့မဟုတ် နတ်တို့ကသော်လည်း “ဤသူကား ငါတို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ခဲ့ပါ၏၊ ငရဲထိန်းတို့သည် ထိုသူကို ငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်းအံ့ လောဟု (မေး၏)။ အသျှင်သာရိပုတြာ ဤသို့ကား မရနိုင်ပါ၊ စင်စစ်မှာ ထိုသူကိုငိုကြွေးစဉ် သာလျှင် ငရဲထိန်းတို့သည် ငရဲ၌ ပစ်ချကုန်ရာပါ၏ဟု (လျှောက်၏)။
ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ ဤလောက၌ အချို့သော သူသည် မင်းတို့ကိုအကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ငြားအံ့၊ ထိုသူကို မတရားသော အကျင့်မမျှတသောအကျင့် ကျင့်ခြင်းကို အကြောင်းပြု၍ ငရဲထိန်းတို့သည် ငရဲသို့ ဆွဲချကုန်ရာ၏။ ထိုသူသည်"ငါသည်ကား မင်းကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ခဲ့ပါ၏။ ငရဲထိန်းတို့သည် ငါ့ကို ငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်းအံ့လော။ ထိုသို့မဟုတ် ထိုသူ၏ မင်းကသော်လည်း “ဤသူကား ငါ့ကို အကြောင်းပြု၍ မတရားသောအကျင့်မမျှတသောအကျင့် ကို ကျင့်ခဲ့ပါ၏၊ ငရဲထိန်းတို့သည် ထိုသူကို ငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်းအံ့ လောဟု (မေး၏)။ အသျှင်သာရိပုတြာ ဤသို့ကား မရနိုင်ပါ၊ စင်စစ်မှာထိုသူကို ငိုကြွေးစဉ်သာလျှင် ငရဲထိန်းတို့သည် ငရဲ၌ ပစ်ချကုန်ရာပါ၏ဟု (လျှောက်၏)။
ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ ဤလောက၌ အချို့သောသူသည် ကိုယ်ပြည့်ဖြိုးရန် အကြောင်းပြု၍ ပွါးစီးရန် အကြောင်းပြု၍ မတရားသော အကျင့် မမျှတသော အကျင့်ကိုကျင့်ငြားအံ့၊ ထိုသူကို မတရားသောအကျင့် မမျှတသောအကျင့် ကျင့်ခြင်းကို အကြောင်းပြု၍ ငရဲထိန်းတို့သည် ငရဲသို့ ဆွဲချကုန်ရာ၏။ ထိုသူသည် “ငါသည်ကား ကိုယ်ပြည့်ဖြိုးရန် အကြောင်းပြု၍ ပွါးစီးရန်အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ခဲ့ပါ၏။ ငရဲထိန်းတို့သည် ငါ့ကို ငရဲသို့ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်းအံ့လော။ ထိုသို့မဟုတ် ထိုသူ၏တစ်ပါးသောသူတို့က သော်လည်း “ဤသူကား ကိုယ်ပြည့်ဖြိုးရန် အကြောင်းပြု၍ ပွါးစီးရန်အကြောင်းပြု၍ မတရားသော အကျင့် မမျှတသောအကျင့်ကို ကျင့်ခဲ့ပါ၏၊ ငရဲထိန်းတို့သည် ထိုသူကိုငရဲသို့ ဆွဲမချကြပါကုန်လင့်”ဟု (တောင်းပန်၍) ရကောင်းအံ့လောဟု (မေး၏)။ အသျှင်သာရိပုတြာဤသို့ကား မရနိုင်ပါ၊ စင်စစ်မှာ ထိုသူကို ငိုကြွေးစဉ်သာလျှင် ငရဲထိန်းတို့သည် ငရဲ၌ ပစ်ချကုန်ရာပါ၏ဟု (လျှောက်၏)။
၄၄၈။ ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ အကြင်သူသည် မိဘတို့ကိုအကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ရာ၏၊ အကြင်သူသည်ကား မိဘတို့ကိုအကြောင်းပြု၍ တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်ရာ၏၊ အဘယ်သူသည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာ အကြင်သူသည် မိဘတို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်ရာ၏၊ ထိုသူသည် မမြတ်ပါ၊ အသျှင်သာရိပုတြာ အကြင်သူသည်ကား မိဘတို့ကိုအကြောင်းပြု၍ တရားသောအကျင့် မျှတသော အကျင့်ကို ကျင့်ရာပါ၏၊ ထိုသူသည်သာလျှင် မြတ်ပါ၏။ အသျှင်သာရိပုတြာ မတရားသောအကျင့် မမျှတသော အကျင့်ကို ကျင့်ခြင်းထက် တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်ခြင်းသည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ တစ်ပါးသောသူတို့အတွက် ပြုလုပ်ရကုန်သော တရားနှင့်လျော်ကုန်သော အမှုတို့သည် ရှိကုန်၏၊ ယင်းအမှုတို့ဖြင့် အမိအဖတို့ကို လုပ်ကျွေးခြင်းငှါလည်းကောင်း၊ ယုတ်မာသော အကုသိုလ်အမှုကို မပြုခြင်းငှါလည်းကောင်း၊ ကုသိုလ်ကောင်းမှု့အကျင့်ကို ကျင့်ခြင်းငှါလည်းကောင်း စွမ်းနိုင်၏။
--
ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ အကြင်သူသည် သားမယားကို အကြောင်း ပြု၍မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်၏၊ အကြင်သူသည်ကား သားမယားကို အကြောင်းပြု၍ တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်ရာ၏၊ အဘယ်သူသည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာ အကြင်သူသည် သားမယားကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်၏၊ ထိုသူသည် မမြတ်ပါ။ အသျှင်သာရိပုတြာ အကြင်သူသည်ကား သားမယားကိုအကြောင်းပြု၍ တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်ရာ၏၊ ထိုသူသည်သာလျှင် မြတ်ပါ၏။ အသျှင်သာရိပုတြာ မတရားသောအကျင့် မမျှတသောအကျင့်ထက် တရားသောအကျင့် မျှတသောအကျင့်သည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ သူတစ်ပါးတို့အတွက် ပြုလုပ်ရကုန်သော တရားနှင့် လျော်ကုန်သော အမှုတို့သည် ရှိကုန်၏၊ ယင်းအမှုတို့ဖြင့် သားမယားကို လုပ်ကျွေးခြင်းငှါလည်းကောင်း၊ ယုတ်မာသော အကုသိုလ်မှုကို မပြုခြင်းငှါလည်းကောင်း၊ ကုသိုလ် ကောင်းမှုအကျင့်ကို ကျင့်ခြင်းငှါလည်းကောင်း စွမ်းနိုင်၏။
ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ အကြင်သူသည် ကျွန်အမှုလုပ်ယောကျ်ားကိုအကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်၏၊ အကြင်သူသည်ကား ကျွန် အမှုလုပ်ယောကျ်ားကို အကြောင်းပြု၍ တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်၏၊ အဘယ်သူသည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာ အကြင်သူသည် ကျွန်အမှုလုပ်ယောကျ်ားကို အကြောင်းပြု၍မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်၏၊ ထိုသူသည် မြတ်သည် မဖြစ်ပါ။ အသျှင်သာရိပုတြာအကြင်သူသည်ကား ကျွန်အမှုလုပ်ယောကျ်ားကို အကြောင်းပြု၍ တရားသောအကျင့် မျှတသောအကျင့်ကိုကျင့်၏၊ ထိုသူသည်သာလျှင် မြတ်ပါ၏။ အသျှင်သာရိပုတြာ မတရားသောအကျင့်မမျှတသောအကျင့်ထက် တရားသောအကျင့် မျှတသောအကျင့်သည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိသူတစ်ပါးတို့အတွက် ပြုလုပ်ရကုန်သော တရားနှင့် လျော်ကုန်သော အမှုတို့သည် ရှိကုန်၏၊ ယင်းအမှုတို့ဖြင့် ကျွန်အမှုလုပ် ယောကျ်ားတို့ကို ကျွေးမွေးခြင်းငှါလည်းကောင်း၊ ယုတ်မာသောအကုသိုလ်မှုကို မပြုခြင်းငှါလည်းကောင်း၊ ကုသိုလ်ကောင်းမှုအကျင့်ကို ကျင့်ခြင်းငှါလည်းကောင်းစွမ်းနိုင်၏။
ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ အကြင်သူသည်ကား မိတ်ဆွေ ခင်ပွန်းတို့ကိုအကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်၏၊ အကြင်သူသည်ကားမိတ်ဆွေခင်ပွန်း တို့ကို အကြောင်းပြု၍ တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်၏၊ အဘယ်သူသည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာ အကြင်သူသည်ကားမိတ်ဆွေခင်ပွန်းတို့ကို အကြောင်းပြု၍ မတရားသော အကျင့် မမျှတသော အကျင့်ကို ကျင့်၏၊ ထိုသူသည် မမြတ်ပါ။ အသျှင်သာရိပုတြာ အကြင်သူသည်ကား မိတ်ဆွေ ခင်ပွန်းတို့ကို အကြောင်းပြု၍တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်၏၊ ထိုသူသည် သာလျှင် မြတ်ပါ၏။ အသျှင်သာရိပုတြာမတရားသောအကျင့် မမျှတသောအကျင့်ထက် တရားသောအကျင့် မျှတသောအကျင့်သည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ သူတစ်ပါးတို့အတွက် ပြုလုပ်ရကုန်သော တရားနှင့် လျော်ကုန်သောအမှုတို့သည် ရှိကုန်၏၊ ယင်းအမှုတို့ဖြင့် မိတ်ဆွေခင်ပွန်းတို့အားလည်း မိတ်ဆွေခင်ပွန်းကိစ္စကိုပြုခြင်းငှါလည်းကောင်း၊ ယုတ်မာသော အကုသိုလ်မှုကို မပြုခြင်းငှါလည်းကောင်း၊ ကုသိုလ်ကောင်းမှုအကျင့်ကို ကျင့်ခြင်းငှါလည်းကောင်း စွမ်းနိုင်ပါ၏။
--
ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ အကြင်သူသည်ကား ဆွေမျိုး သားချင်းတို့ကိုအကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်၏၊ အကြင်သူသည်ကား ဆွေမျိုး့သားချင်းတို့ကို အကြောင်းပြု၍ တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်၏၊ အဘယ်သူသည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာ အကြင်သူသည်ကား ဆွေမျိုးသားချင်းတို့ကို အကြောင်းပြု၍မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်၏၊ ထိုသူသည် မမြတ်ပါ။ အသျှင်သာရိပုတြာ အကြင်သူသည်ကား ဆွေမျိုးသားချင်းတို့ကို အကြောင်းပြု၍ တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်၏၊ ထိုသူသည်သာလျှင် မြတ်ပါ၏။ အသျှင်သာရိပုတြာ မတရားသောအကျင့် မမျှတသောအကျင့်ထက်တရားသောအကျင့် မျှတသောအကျင့်သည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ သူတစ်ပါးတို့အတွက်ပြုလုပ်ရကုန်သော တရားနှင့်လျော်ကုန်သော အမှုတို့သည် ရှိကုန်၏၊ ယင်းအမှုတို့ဖြင့် ဆွေမျိုးသားချင်းတို့အားလည်း ဆွေမျိုးသားချင်းကိစ္စကို ပြုခြင်းငှါလည်းကောင်း၊ ယုတ်မာသော အကုသိုလ်မှုကို မပြုခြင်းငှါလည်းကောင်း၊ ကုသိုလ်ကောင်းမှုအကျင့်ကို ကျင့်ခြင်းငှါလည်းကောင်း စွမ်းနိုင်ပါ၏။
ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ အကြင်သူသည်ကား ဧည့်သည်တို့ကိုအကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်၏၊ အကြင်သူသည်ကားဧည့်သည်တို့ကို အကြောင်းပြု၍ တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်၏၊ အဘယ်သူသည်မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာ အကြင်သူသည်ကား ဧည့်သည်တို့ကို အကြောင်းပြု၍မတရားသော အကျင့် မမျှတသောအကျင့်ကို ကျင့်၏၊ ထိုသူသည် မမြတ်ပါ။ အသျှင်သာရိပုတြာအကြင်သူသည်ကား ဧည့်သည်တို့ကို အကြောင်းပြု၍ တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်၏၊ ထိုသူသည်သာ မြတ်ပါ ၏။ အသျှင်သာရိပုတြာ မတရားသောအကျင့် မမျှတသောအကျင့်ထက်တရားသောအကျင့် မျှတသော အကျင့်သည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ သူတစ်ပါးတို့အတွက်ပြုလုပ်ရကုန်သော တရားနှင့် လျော်ကုန်သော အမှုတို့သည် ရှိကုန်၏၊ ယင်းအမှုတို့ဖြင့်ဧည့်သည်တို့အားလည်း ဧည့်သည်ကိစ္စကို ပြုခြင်းငှါလည်းကောင်း၊ ယုတ်မာသော အကုသိုလ်မှုကိုမပြုခြင်းငှါလည်းကောင်း၊ ကုသိုလ်ကောင်းမှုအကျင့် ကို ကျင့်ခြင်းငှါလည်းကောင်း စွမ်းနိုင်ပါ၏။
ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ အကြင်သူသည်ကား ရှေးက သေပြီးသူတို့ကိုအကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်၏၊ အကြင်သူသည်ကား ရှေးကသေပြီးသူတို့ကို အကြောင်းပြု၍ တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်၏၊ အဘယ်သူသည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာ အကြင်သူသည်ကား ရှေးက သေပြီးသူတို့ကို အကြောင်းပြု၍မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်၏၊ ထိုသူသည် မမြတ်ပါ။ အသျှင်သာရိပုတြာ အကြင်သူသည်ကား ရှေးက သေပြီးသူတို့ကို အကြောင်းပြု၍ တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်၏၊ ထိုသူသည်သာ မြတ်ပါ၏။ အသျှင်သာရိပုတြာ မတရားသောအကျင့် မမျှတသောအကျင့်ထက် တရားသောအကျင့် မျှတသောအကျင့်သည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ သူတစ်ပါးတို့အတွက်ပြုလုပ်ရကုန် သော တရားနှင့် လျော်ကုန်သော အမှုတို့သည် ရှိကုန်၏၊ ယင်းအမှုတို့ဖြင့် ရှေးကသေပြီးသူတို့အား လည်း ရှေးက သေပြီးသူတို့ကိစ္စကို ပြုခြင်းငှါလည်းကောင်း၊ ယုတ်မာသောအကုသိုလ်မှုကို မပြုခြင်းငှါ လည်းကောင်း၊ ကုသိုလ်ကောင်းမှုအကျင့်ကို ကျင့်ခြင်းငှါလည်းကောင်းစွမ်းနိုင်ပါ၏။
ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ အကြင်သူသည် နတ်တို့ကို အကြောင်းပြု၍မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်၏၊ အကြင်သူသည်ကား နတ်တို့ကို အကြောင်းပြု၍တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်၏၊ အဘယ်သူသည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာ အကြင်သူသည် နတ်တို့ကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကိုကျင့်၏၊ ထိုသူသည် မမြတ်ပါ။ အသျှင်သာရိပုတြာ အကြင်သူသည် နတ်တို့ကို အကြောင်းပြု၍ တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်၏၊ ထိုသူသည်သာ မြတ်ပါ၏။ အသျှင်သာရိပုတြာ မတရားသော အကျင့် မမျှတသောအကျင့်ထက် တရားသောအကျင့် မျှတသောအကျင့်သည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ သူတစ်ပါးတို့အတွက် ပြုလုပ်ရကုန်သော တရားနှင့်လျော်ကုန်သော အမှုတို့သည်ရှိကုန်၏၊ ယင်း အမှုတို့ဖြင့် နတ်တို့အား နတ်ကိစ္စကို ပြုခြင်းငှါလည်းကောင်း၊ ယုတ်မာသောအကုသိုလ်မှုကို မပြုခြင်းငှါ လည်းကောင်း၊ ကုသိုလ်ကောင်းမှုအကျင့်ကို ကျင့်ခြင်းငှါလည်းကောင်းစွမ်းနိုင်ပါ၏။
--
ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ အကြင်သူသည် မင်းကို အကြောင်းပြု၍မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်၏၊ အကြင်သူသည်ကား မင်းကို အကြောင်းပြု၍ တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်၏၊ အဘယ်သူသည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာအကြင်သူသည် မင်းကို အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်၏၊ ထိုသူသည်မမြတ်ပါ။ အသျှင်သာရိပုတြာ အကြင်သူသည်ကား မင်းကို အကြောင်းပြု၍ တရားသောအကျင့်မျှတသော အကျင့်ကို ကျင့်၏၊ ထိုသူသည်သာ မြတ်ပါ၏။ အသျှင်သာရိပုတြာ မတရားသောအကျင့်မမျှတသော အကျင့်ထက် တရားသောအကျင့် မျှတသောအကျင့်သည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ သူတစ်ပါး တို့အတွက် ပြုလုပ်ရကုန်သော တရားနှင့်လျော်ကုန်သော အမှုတို့သည် ရှိကုန်၏၊ ယင်းအမှုတို့ဖြင့် မင်းအား မင်းကိစ္စကို ပြုခြင်းငှါလည်းကောင်း၊ ယုတ်မာသော အကုသိုလ်မှုကိုမပြုခြင်းငှါလည်းကောင်း၊ ကုသိုလ်ကောင်းမှု အကျင့်ကို ကျင့်ခြင်းငှါလည်းကောင်း စွမ်းနိုင်ပါ၏။
ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ အကြင်သူသည်ကား ခန္ဓာကိုယ်ပြည့်ဖြိုးရန်အကြောင်းပြု၍ ပွါးစီးရန် အကြောင်းပြု၍ မတရားသောအကျင့် မမျှတသောအကျင့်ကို ကျင့်၏၊ အကြင်သူ သည်ကား ခန္ဓာကိုယ်ပြည့်ဖြိုးရန် အကြောင်းပြု၍ ပွါးစီးရန် အကြောင်းပြု၍ တရားသောအကျင့် မျှတသော အကျင့်ကိုကျင့်၏၊ အဘယ်သူသည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာအကြင်သူ သည်ကား ခန္ဓာကိုယ်ပြည့်ဖြိုးရန် အကြောင်းပြု၍ ပွါးစီးရန် အကြောင်းပြု၍မတရားသောအကျင့် မမျှ တသောအကျင့်ကို ကျင့်၏၊ ထိုသူသည် မမြတ်ပါ။ အသျှင်သာရိပုတြာအကြင်သူသည်ကား ခန္ဓာကိုယ် ပြည့်ဖြိုးရန် အကြောင်းပြု၍ ပွါးစီးရန် အကြောင်းပြု၍တရားသောအကျင့် မျှတသောအကျင့်ကို ကျင့်၏၊ ထိုသူသည်သာ မြတ်ပါ၏။ အသျှင်သာရိပုတြာမတရားသောအကျင့် မမျှတသောအကျင့်ထက် တရားသော အကျင့် မျှတသောအကျင့်သည်သာမြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ သူတစ်ပါးတို့အတွက် ပြုလုပ်ရ ကုန်သော တရားနှင့်လျော်ကုန်သောအမှုတို့သည် ရှိကုန်၏၊ ယင်းအမှုတို့ဖြင့် ခန္ဓာကိုယ်ကို ပြည့်ဖြိုးစေ ခြင်းငှါလည်းကောင်း၊ ပွါးစီးစေခြင်းငှါလည်းကောင်း၊ ယုတ်မာသော အကုသိုလ်မှုကို မပြုခြင်းငှါလည်း ကောင်း၊ ကုသိုလ်ကောင်းမှုအကျင့်ကို ကျင့်ခြင်းငှါလည်းကောင်း စွမ်းနိုင်ပါ၏ဟု (မိန့်တော်မူ၏)။
၄၄၉။ ထိုအခါ ဓနဉ္ဇာနိပုဏ္ဏားသည် အသျှင်သာရိပုတြာ ဟောတော်မူသော တရားကို အလွန်နှစ်သက်ဝမ်းမြောက်သည်ဖြစ်၍ နေရာမှထကာ ဖဲသွား၏။ ထို့နောက် ဓနဉ္ဇာနိပုဏ္ဏားသည် တစ်ပါးသောအခါ၌ ဖျားနေ၏၊ ဒုက္ခရောက်နေ၏၊ အသည်းအသန် မမာနေ၏၊ ထိုအခါ ဓနဉ္ဇာနိပုဏ္ဏားသည် တစ်ယောက်သော ယောကျ်ားကို ခေါ်၍ “အမောင်ယောကျ်ား လာပါဦး၊ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ငါ၏ စကားဖြင့် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်လေလော့၊ ‘အသျှင်ဘုရား ဓနဉ္ဇာနိပုဏ္ဏားသည် ဖျားနာနေပါ၏၊ ဒုက္ခရောက်နေပါ၏၊ အသည်းအသန် မမာနေပါ၏၊ ထိုပုဏ္ဏားသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်ပါ၏’ဟု လျှောက်ပါလေ။ အသျှင်သာရိပုတြာထံသို့လည်း ချဉ်းကပ်၍ ငါ၏စကားဖြင့်အသျှင်သာရိပုတြာ၏ ခြေတော်တို့ကို ဦးတိုက်လေလော့၊ ‘အသျှင်ဘုရား ဓနဉ္ဇာနိပုဏ္ဏားသည်ဖျားနေပါ၏၊ ဒုက္ခရောက်နေပါ၏၊ အသည်းအသန် မမာနေပါ၏၊ ထိုပုဏ္ဏားသည် အသျှင်သာရိပုတြာ၏ခြေတော်တို့ကို ဦးတိုက်ပါ၏’၊ ‘အသျှင်ဘုရား တောင်းပန်ပါ၏၊ အသျှင်သာရိပုတြာသည် ဓနဉ္ဇာနိပုဏ္ဏား၏့အိမ်ဆီသို့ အစဉ်သနားသဖြင့် ချဉ်းကပ်တော်မူပါလော့’ဟု ဤသို့လည်း လျှောက်ပါလေ”ဟုမှာထားပြောဆို၏။
--
“အသျှင် ကောင်းပါပြီ”ဟူ၍ ထိုယောကျ်ားသည် ဓနဉ္ဇာနိပုဏ္ဏားအား ပြန်ကြား၍ မြတ်စွာဘုရားထံတော်သို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို အလွန်ရိုသေစွာ ရှိခိုး၍ သင့်လျော်ရာ၌ ထိုင်၏၊ သင့်လျော် ရာ၌ ထိုင်ပြီးသော ထိုယောကျ်ားသည် မြတ်စွာဘုရားကို “အသျှင်ဘုရား ဓနဉ္ဇာနိပုဏ္ဏားသည်ဖျားနာနေ ပါ၏၊ ဒုက္ခရောက်နေပါ၏၊ အသည်းအသန် မမာနေပါ၏၊ ထိုပုဏ္ဏားသည် မြတ်စွာဘုရား၏ခြေတော်တို့ကို ဦးတိုက်လိုက်ပါ၏”ဟု ဤစကားကို လျှောက်၏။ အသျှင်သာရိပုတြာထံသို့လည်းချဉ်းကပ်၍ အသျှင် သာရိပုတြာကို အလွန်ရိုသေစွာ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ထိုင်ကာ “အသျှင်ဘုရားဓနဉ္ဇာနိပုဏ္ဏားသည် ဖျားနာနေပါ၏၊ ဒုက္ခရောက်နေပါ၏၊ အသည်းအသန် မမာနေပါ၏၊ ထိုပုဏ္ဏားသည်အသျှင်သာရိပုတြာ၏ ခြေတော်တို့ကို ဦးတိုက်ပါ၏။ ‘အသျှင်ဘုရား တောင်းပန်ပါ၏၊ အသျှင်သာရိပုတြာသည် အစဉ်သနား သဖြင့် ဓနဉ္ဇာနိပုဏ္ဏား၏ အိမ်ဆီသို့ ချဉ်းကပ်တော်မူပါ’ဟုဤသို့လည်း လျှောက်လိုက်ပါ၏”ဟူ၍ လျှောက်၏။ အသျှင်သာရိပုတြာသည် ဆိတ်ဆိတ်နေသဖြင့်လက်ခံတော်မူ၏။
၄၅၀။ ထိုအခါ အသျှင်သာရိပုတြာသည် သင်းပိုင်ကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင်ဓနဉ္ဇာနိပုဏ္ဏား၏အိမ်သို့ ချဉ်းကပ်၍ ခင်းထားသော နေရာ၌ ထိုင်ကာ ဓနဉ္ဇာနိပုဏ္ဏားကို “ဓနဉ္ဇာနိ အသို့နည်း၊ သင့်အား ခံ့ကျန်းပါ၏လော၊ မျှတပါ၏လော၊ ဒုက္ခဝေဒနာတို့သည် ဆုတ်ယုတ်ပါကုန်၏လော၊ မတိုးတက်ဘဲ ရှိပါကုန်၏လော၊ ဆုတ်ယုတ်သောအရာသည် ထင်ပါ၏လော၊ တိုးတက်သော အရာသည်မထင်ဘဲ ရှိပါ၏လော”ဟု ဤစကားကို မေးမြန်းပြောဆို၏။ အသျှင်သာရိပုတြာ အကျွန်ုပ် မခံ့ကျန်းပါ၊ မမျှတပါ၊ အကျွန်ုပ်အား ပြင်းထန်သော ဝေဒနာတို့သည် တိုးတက်ပါကုန်၏၊ မဆုတ်ယုတ်ပါကုန်၊ တိုးတက်သောအရာသည် ထင်ပါ၏၊ ဆုတ်ယုတ်သောအရာသည် မထင်ပါ။
အသျှင်သာရိပုတြာ ဥပမာအားဖြင့် အားရှိသောယောကျ်ားသည် ထက်လှစွာသော ခက်ရင်းဖြင့်ထိပ်ကိုထိုး၍ နှိပ်ဘိသကဲ့သို့ အသျှင်သာရိပုတြာ ဤအတူသာလျှင် ပြင်းထန်သော လေတို့သည် ထိပ်၌ထိုးကျင့်ပါကုန်၏၊ အသျှင်သာရိပုတြာ အကျွန်ုပ် မခံ့ကျန်းပါ၊ မမျှတပါ၊ အကျွန်ုပ်အား ပြင်းထန်ကုန်သောဒုက္ခဝေဒနာတို့သည် ရှေ့သို့သာ တိုးတက်ပါကုန်၏၊ နောက်သို့ မဆုတ်ယုတ်ပါကုန်၊ တိုးတက်သော အရာသည်သာ ထင်ပါ၏၊ ဆုတ်ယုတ်သောအရာသည် မထင်ပါ။
အသျှင်သာရိပုတြာ ဥပမာအားဖြင့် အားရှိသောယောကျ်ားသည် မြဲမြံခိုင်ခံ့သော ကြိုးပိုင်းဖြင့် ဦးခေါင်းကိုရစ်ပတ်ခြင်းကို ပေးရာသကဲ့သို့ အသျှင်သာရိပုတြာ ဤအတူသာလျှင် ဦးခေါင်း၌ အလွန်ပြင်းထန်ကုန်သော ဦးခေါင်းကိုက်ဝေဒနာတို့သည် ဖြစ်ပါကုန်၏၊ အသျှင်သာရိပုတြာ အကျွန်ုပ် မခံ့ကျန်းပါ၊ မမျှတပါ၊ အကျွန်ုပ်အား ပြင်းထန်ကုန်သော ဒုက္ခဝေဒနာတို့သည် ရှေ့သို့သာ တိုးတက်ပါကုန်၏၊ နောက်သို့ကား မဆုတ်ယုတ်ပါကုန်၊ ရှေ့သို့တိုးတက်သော အရာသည်သာ ထင်ပါ၏၊ နောက်သို့ဆုတ်ယုတ်သောအရာသည် မထင်ပါ။
အသျှင်သာရိပုတြာ ဥပမာအားဖြင့် လိမ္မာသော နွားသတ်ယောကျ်ားသည်လည်းကောင်း နွားသတ်ယောကျ်ား၏ တပည့်သည်လည်းကောင်း ထက်လှစွာသော သားလှီးဓားဖြင့် ဝမ်းကို ရစ်၍ လှီးဘိသကဲ့သို့အသျှင်သာရိပုတြာ ဤအတူသာလျှင် ပြင်းထန်ကုန်သော လေတို့သည် ဝမ်းကို ရစ်ကုန်၏၊ အသျှင်သာရိပုတြာ အကျွန်ုပ် မခံ့ကျန်းပါ၊ မမျှတပါ၊ အကျွန်ုပ်အား ပြင်းထန်ကုန်သော ဒုက္ခဝေဒနာတို့သည် ရှေ့သို့သာ တိုးတက်ပါကုန်၏၊ နောက်သို့ကား မဆုတ်ယုတ်ပါကုန်၊ ရှေ့သို့ တိုးတက်သော အရာသည်သာထင်ပါ၏၊ နောက်သို့ ဆုတ်ယုတ်သော အရာသည် မထင်ပါ။
အသျှင်သာရိပုတြာ ဥပမာအားဖြင့် အားရှိသော ယောကျ်ားနှစ်ယောက်တို့သည် အားနည်းသော ယောကျ်ားတစ်ယောက်ကို အသီးအသီး လက်မောင်းတို့၌ ကိုင်တွယ်၍ မီးကျီးစု၌ ကင်ကုန်ရာသကဲ့သို့အပြန်အလှန် ကင်ကုန်ရာသကဲ့သို့ အသျှင်သာရိပုတြာ ဤအတူသာလျှင် ခန္ဓာကိုယ်၌ ပြင်းပြင်းထန်ထန်ပူလောင်ခြင်းသည် ဖြစ်ပါ၏၊ အသျှင်သာရိပုတြာ အကျွန်ုပ် မခံ့ကျန်းပါ၊ မမျှတပါ၊ အကျွန်ုပ်အားပြင်းထန်ကုန်သော ဒုက္ခဝေဒနာတို့သည် ရှေ့သို့သာ တိုးတက်ပါကုန်၏၊ နောက်သို့ကား မဆုတ်ယုတ်ပါကုန်။ ရှေ့သို့တိုးတက်သော အရာသည်သာ ထင်ပါ၏၊ နောက်သို့ ဆုတ်ယုတ်သောအရာသည် မထင်ပါဟု (လျှောက်၏)။
--
၄၅၁။ ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ ငရဲသားသည်လည်းကောင်း၊ တိရစ္ဆာန်သည်လည်းကောင်း အဘယ်သည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာ ငရဲသားထက်တိရစ္ဆာန် သည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ တိရစ္ဆာန်သည် လည်းကောင်း၊ ပြိတ္တာသည်လည်းကောင်း အဘယ်သည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာ တိရစ္ဆာန်ထက် ပြိတ္တာသည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ ထိုအရာကိုအဘယ်သို့ မှတ်ထင်ဘိ သနည်း၊ ပြိတ္တာသည်လည်းကောင်း၊ လူတို့သည်လည်းကောင်း အဘယ်သည်မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာ ပြိတ္တာထက် လူတို့သည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ လူတို့သည်လည်းကောင်း၊ စာတုမဟာရာဇ်နတ်တို့သည်လည်းကောင်း အဘယ်သည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာလူတို့ထက် စာတုမဟာရာဇ်နတ်တို့သည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့မှတ်ထင်ဘိသနည်း၊ စာတုမဟာရာဇ်နတ်တို့သည် လည်းကောင်း၊ တာဝတိံ သာနတ်တို့သည်လည်းကောင်းအဘယ်သည် မြတ်သနည်းဟု (မေး၏)။ အသျှင် သာရိပုတြာ စာတုမဟာရာဇ်နတ်တို့ထက်တာဝတိံ သာနတ်တို့သည် မြတ်ပါ၏ဟု (လျှောက်၏)။
ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ တာဝတိံ သာနတ်တို့သည်လည်းကောင်း၊ ယာမာနတ်တို့သည်လည်းကောင်း အဘယ်သည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာတာဝတိံ သာနတ်တို့ထက် ယာမာနတ်တို့သည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ ယာမာနတ်တို့သည်လည်းကောင်း၊ တုသိတာနတ်တို့သည်လည်းကောင်း အဘယ်သည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာ ယာမာနတ်တို့ထက် တုသိတာနတ်တို့သည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ တုသိတာနတ်တို့သည်လည်းကောင်း၊ နိမ္မာနရတိနတ်တို့သည်လည်းကောင်း အဘယ်သည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာ တုသိတာနတ်တို့ထက် နိမ္မာနရတိနတ်တို့သည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ နိမ္မာနရတိနတ်တို့သည်လည်းကောင်း၊ ပရနိမ္မိတဝသဝတ္တီနတ်တို့သည်လည်းကောင်း အဘယ်သည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာ နိမ္မာနရတိနတ်တို့ထက် ပရနိမ္မိတဝသဝတ္တီနတ်တို့သည် မြတ်ပါ၏ဟု (လျှောက်၏)။ ဓနဉ္ဇာနိ ထိုအရာကို အဘယ်သို့မှတ်ထင်ဘိသနည်း၊ ပရနိမ္မိတဝသဝတ္တီနတ်တို့သည်လည်းကောင်း၊ ဗြဟ္မာ့ပြည်လောကသည်လည်းကောင်းအဘယ်သည် မြတ်သနည်းဟု (မေး၏)။ အသျှင်သာရိပုတြာသည် ဗြဟ္မာ့ပြည်လောကဟူ၍ ဆိုပါသလော၊ အသျှင်သာရိပုတြာသည် ဗြဟ္မာ့ပြည်လောကဟူ၍ ဆိုပါသလောဟု (လျှောက်၏)။
ထိုအခါ အသျှင်သာရိပုတြာအား “ဤပုဏ္ဏားတို့သည်ကား ဗြဟ္မာ့ပြည်သို့ ညွတ်သော စိတ်ရှိကုန်၏၊ အကယ်၍ ငါသည် ဓနဉ္ဇာနိပုဏ္ဏားအား ဗြဟ္မာတို့၏ အပေါင်းအဖော်ဖြစ်စေခြင်းငှါ ဗြဟ္မာ့ပြည်ရောက်ကြောင်းတရားကို ဟောကြားရမူ ကောင်းလေရာ၏”ဟု ဤသို့သော အကြံသည် ဖြစ်လေ၏။ ဓနဉ္ဇာနိသင့်အား ငါသည် ဗြဟ္မာတို့၏ အပေါင်းအဖော် ဖြစ်စေခြင်းငှါ ဗြဟ္မာ့ပြည်ရောက်ကြောင်း တရားကိုဟောကြားပေအံ့၊ ထိုတရားကို သင်နာယူလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ငါဟောပေအံ့ဟု (ဆို၏)။့"အသျှင် ကောင်းပါပြီ” ဟူ၍သာလျှင် ဓနဉ္ဇာနိပုဏ္ဏားသည် အသျှင်သာရိပုတြာအား ပြန်ကြား၏၊ အသျှင်သာရိပုတြာသည် ဤသို့သောစကားကို ဟောကြား၏ “ဓနဉ္ဇာနိ ဗြဟ္မာတို့၏ အပေါင်းအဖော်ဖြစ်စေခြင်းငှါ ဗြဟ္မာ့ပြည်ရောက်ကြောင်း တရားကား အဘယ်နည်းဟူမူ- ဓနဉ္ဇာနိ ဤလောက၌ရဟန်းသည် မေတ္တာနှင့် တကွဖြစ်သော စိတ်ဖြင့် တစ်ခုသောအရပ်ကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူနှစ်ခုမြောက်သောအရပ်ကို။ ထို့အတူ သုံးခုမြောက်သောအရပ်ကို။ ထို့အတူ လေးခုမြောက်သောအရပ်ကို။ ဤနည်းအားဖြင့် အထက် အောက် ဖီလာအရပ်ကို ပျံ့နှံ့စေ၍ နေ၏။ အလုံးစုံသောအရပ်အလုံးစုံသောသတ္တဝါတို့၌ မိမိနှင့်တူစွာ သတ္တဝါအားလုံးရှိသော သတ္တလောကကို ပြန့်ပြောသော မြတ်သောအပိုင်းအခြားမရှိသော ရန်မရှိသော ကြောင့်ကြမရှိသော ချစ်ခြင်းမေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍နေ၏။ ဓနဉ္ဇာနိ ဤတရားကား ဗြဟ္မာတို့၏ အပေါင်းအဖော်ဖြစ်စေခြင်းငှါ ဗြဟ္မာ့ပြည်ရောက်ကြောင်းခရီးတည်း။
--
၄၅၂။ ဓနဉ္ဇာနိ တစ်ဖန်လည်း ရဟန်းသည် ကရုဏာနှင့်တကွဖြစ်သော စိတ်ဖြင့်။ပ။ မုဒိတာနှင့် တကွဖြစ်သော စိတ်ဖြင့်။ ဥပေက္ခာနှင့်တကွဖြစ်သော စိတ်ဖြင့် တစ်ခုသော အရပ်ကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက်အရပ်ကို။ ထို့အတူ သုံးခုမြောက်အရပ်ကို။ ထို့အတူ လေးခုမြောက်အရပ်ကို။ ဤနည်းအားဖြင့် အထက် အောက် ဖီလာ အရပ်ကို ပျံ့နှံ့စေ၍ နေ၏။ အလုံးစုံသောအရပ် အလုံးစုံသောသတ္တဝါတို့၌ မိမိနှင့်တူစွာ သတ္တဝါအားလုံးရှိသော သတ္တလောကကို ပြန့်ပြောသော မြတ်သော အပိုင်းအခြားမရှိသော ရန်မရှိသော ကြောင့်ကြမရှိသော လျစ်လျူရှုခြင်း ဥပေက္ခာနှင့် တကွဖြစ်သော စိတ်ဖြင့်ပျံ့နှံ့စေ၍ နေ၏။ ဓနဉ္ဇာနိ ဤတရားသည်ကား ဗြဟ္မာတို့၏အပေါင်းအဖော်ဖြစ်စေခြင်းငှါ ဗြဟ္မာ့ပြည်ရောက်ကြောင်း ခရီးတည်းဟု (မိန့်ဆို၏)။ အသျှင်သာရိပုတြာ သို့ဖြစ်ပါမူ အကျွန်ုပ်၏စကားဖြင့် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်ပါလော့၊ “အသျှင်ဘုရား ဓနဉ္ဇာနိပုဏ္ဏားသည် ဖျားနာနေပါ၏၊ ဒုက္ခရောက်နေပါ၏၊ အသည်းအသန် မမာနေပါ၏၊ ထိုပုဏ္ဏားသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်ပါ၏”ဟု လျှောက်ထားပါဟူ၍ မှာကြားလိုက်၏။
ထိုအခါ အသျှင်သာရိပုတြာသည် ဓနဉ္ဇာနိပုဏ္ဏားကို အထက်မဂ်ဖိုလ် ပြုဖွယ်ကိစ္စရှိပါလျက် ယုတ်ညံ့ သောဗြဟ္မာ့ပြည်လောကသို့ ရောက်ကြောင်းအကျင့်၌ တည်စေ၍ နေရာမှထကာ ဖဲသွား၏။ ထိုအခါဓနဉ္ဇာနိပုဏ္ဏားသည် အသျှင်သာရိပုတြာ ဖဲသွား၍ မကြာမြင့်မီ သေဆုံး၍ ဗြဟ္မာ့ပြည်သို့လည်းကပ်ရောက်၏။
၄၅၃။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့ ဤသာရိပုတြာသည် ဓနဉ္ဇာနိပုဏ္ဏား ကိုအထက်မဂ်ဖိုလ် ပြုဖွယ်ကိစ္စရှိပါလျက် ယုတ်ညံ့သော ဗြဟ္မာ့ပြည်လောကသို့ ရောက်ကြောင်းအကျင့်၌တည်စေ၍ နေရာမှထကာ ဖဲသွား၏”ဟု မိန့်ကြားတော်မူ၏။ ထိုအခါ အသျှင်သာရိပုတြာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို အလွန်ရိုသေစွာ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ထိုင်ကာ မြတ်စွာဘုရားကို “အသျှင်ဘုရား ဓနဉ္ဇာနီပုဏ္ဏားသည် ဖျားနာနေပါ၏၊ ဒုက္ခရောက်နေပါ၏၊ အသည်းအသန်မမာနေပါ၏၊ ထိုပုဏ္ဏားသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်လိုက်ပါ၏”ဟု ဤသို့သောစကားကို လျှောက်၏။ သာရိပုတြာ အဘယ့်ကြောင့် သင်သည် ဓနဉ္ဇာနိပုဏ္ဏားကို အထက်မဂ်ဖိုလ်ပြုဖွယ် ကိစ္စရှိပါလျက် ယုတ်ညံ့သော ဗြဟ္မာ့ပြည်လောကသို့ ရောက်ကြောင်းအကျင့်၌ တည်စေ၍နေရာမှထကာ ဖဲလာဘိသနည်းဟု မေးတော်မူ၏)။ အသျှင်ဘုရား အကျွန်ုပ်မှာ “ဤပုဏ္ဏားတို့သည်ဗြဟ္မာ့ပြည်လောက သို့ ကိုင်းညွတ်သော စိတ်ရှိကြကုန်၏၊ အကယ်၍ ငါသည် ဓနဉ္ဇာနီ ပုဏ္ဏားအားဗြဟ္မာတို့၏ အပေါင်း အဖော်ဖြစ်စေခြင်းငှါ ဗြဟ္မာ့ပြည်ရောက်ကြောင်းတရားကို ဟောကြားရမူကောင်းလေရာ၏”ဟု ဤသို့သော အကြံဖြစ်ခဲ့ပါ၏ဟု (လျှောက်၏)။ သာရိပုတြာ ဓနဉ္ဇာနိပုဏ္ဏားသည်သေဆုံးလေပြီ၊ ဗြဟ္မာ့ပြည်လောကသို့ လည်း ရောက်လေပြီဟု (မိန့်တော်မူ၏)။
ခုနစ်ခုမြောက် ဓနဉ္ဇာနိသုတ် ပြီး၏။
--
၈-ဝါသေဋ္ဌသုတ်
၄၅၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဣ စ္ဆာနင်္ဂလနိဂုံး ဣ စ္ဆာနင်္ဂလတောအုပ်၌ သီတင်းသုံးနေတော် မူ၏။ ထိုစဉ်အခါ၌ အလွန်ထင်ရှား ကျော်စောကုန်သော ပုဏ္ဏားသူဌေး များစွာတို့သည် ဣ စ္ဆာနင်္ဂလနိဂုံး၌တည်းခို နေကုန်၏။ ဤသူတို့ကား အဘယ်နည်း။ စင်္ကီပုဏ္ဏား တာရုက္ခပုဏ္ဏား ပေါက္ခရသာတိပုဏ္ဏားဇာဏုဿောဏိ ပုဏ္ဏား တောဒေယျပုဏ္ဏားနှင့် အလွန်ထင်ရှား ကျော်စောကုန်သော အခြားပုဏ္ဏားသူဌေးတို့ပေတည်း။ ထိုအခါ အညောင်းပြေ လမ်းလျှောက်ခြင်းဖြင့် တစ်ယောက်နောက် တစ်ယောက်လိုက်ကာစင်္ကြံသွားလျက် လှည့်လည်လျက် နေကြစဉ် ဝါသေဋ္ဌနှင့် ဘာရဒွါဇလုလင်တို့အား ဤစကားအထူးသည်ဖြစ်ပေါ်၏- “အချင်း အဘယ်သို့သော အခြင်းအရာဖြင့် ဗြာဟ္မဏမည်သနည်း”ဟု (ဖြစ်ပေါ်၏)။
ဘာရဒွါဇလုလင်သည် ဤသို့ဆို၏ “အချင်း အကြင့်ကြောင့် အမိဘက် အဖဘက် နှစ်ဖက်လုံးတို့မှကောင်းသော ဇာတ်ရှိ၏၊ ဘိုးဘေးခုနစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းရှိ၏၊ ဇာတ်နှင့်စပ်သောစကားဖြင့် အပယ်မခံရ၊ အကဲ့ရဲ့မခံရ၊ အချင်း ဤမျှသော အတိုင်းအရှည်ဖြင့် ဗြာဟ္မဏမည်ပါ၏”ဟု (ဆို၏)။
ဝါသေဋ္ဌလုလင်သည် ဤသို့ ဆို၏ “အချင်း အကြင့်ကြောင့် သီလလည်း ရှိ၏၊ ဝတ်အကျင့်နှင့်လည်းပြည့်စုံ၏၊ အချင်း ဤမျှသောအတိုင်းအရှည်ဖြင့် ဗြာဟ္မဏမည်ပါ၏”ဟု (ဆို၏)။ ဘာရဒွါဇလုလင်သည်ဝါသေဋ္ဌလုလင်ကို သိနားလည်စေခြင်းငှါ မစွမ်းနိုင်၊ ဝါသေဋ္ဌလုလင်သည်လည်း ဘာရဒွါဇလုလင်ကိုသိနားလည်စေခြင်းငှါ မစွမ်းနိုင်။
ထိုအခါ ဝါသေဋ္ဌလုလင်သည် ဘာရဒွါဇလုလင်အား ဤသို့ ပြော၏-"အချင်းဘာရဒွါဇ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသော သာကီဝင်မင်းသား ရဟန်းဂေါတမသည် ဣ စ္ဆာနင်္ဂလနိဂုံး ဣ စ္ဆာနင်္ဂလတောအုပ်၌ သီတင်းသုံးနေတော်မူ၏။ ထိုအသျှင်ဂေါတမ၏ ကောင်းသော ကျော်စောသတင်းသည် ဤသို့ပျံ့နှံ့၍ထွက်၏-'ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း'အရဟံ’မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့်'စရဏ'နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’မည်တော်မူ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း ‘သုဂတ’မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း ‘လောကဝိဒူ’မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း'အနုတ္တရော ပုရိသဒမ္မသာရထိ’မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသောအကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူ၏၊ (သစ္စာလေးပါး တရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့် လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသောအကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော်မူ၏’ဟု (ပျံ့နှံ့၍ ထွက်၏)။
အချင်းဘာရဒွါဇ သွားကြစို့၊ ရဟန်းဂေါတမထံသို့ ချဉ်းကပ်၍ ဤအကြောင်းကို ရဟန်းဂေါတမအားမေးကုန်အံ၊ ရဟန်းဂေါတမဖြေကြားသောအတိုင်း ထို (အကြောင်း) ကို ငါတို့ မှတ်သားကုန်အံ့”ဟု (ပြောဆို၏)။ “အချင်း ကောင်းပြီ”ဟု ဘာရဒွါဇလုလင်သည် ဝါသေဋ္ဌလုလင်အား ပြန်ကြား၏။
၄၅၅။ ထိုအခါ ဝါသေဋ္ဌနှင့် ဘာရဒွါဇလုလင်တို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီလျှင် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်) ပြောဆိုကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်ကုန်၏၊ တစ်ခုသော နေရာ၌ ထိုင်ပြီးသော ဝါသေဋ္ဌ့လုလင်သည် မြတ်စွာဘုရားအား ဂါထာတို့ဖြင့် ရွတ်ဆိုလျှောက်ကြား၏-
--
“အသျှင်ဂေါတမ အကျွန်ုပ်သည် ပေါက္ခရသာတိပုဏ္ဏား၏ တပည့်ကြီးပါတည်း၊ ဤလုလင်သည်ကားတာရုက္ခပုဏ္ဏား၏ တပည့်ကြီးပါတည်း၊ အကျွန်ုပ်တို့ နှစ်ဦး လုံးကိုပင် ဗေဒင်သုံးပုံကိုတတ်မြောက်ပြီးသူများဟူ၍ ဆရာကလည်း ခွင့်ပြုပါ၏၊ အကျွန်ုပ်တို့ ကိုယ်တိုင်လည်း ဝန်ခံပါကုန်၏။
ဗေဒင်သုံးပုံတို့၏ အနက်သဘော၌ အလုံးစုံ အကြွင်းမဲ့ တတ်မြောက်ပါကုန်၏၊ အကျွန်ုပ်တို့သည်ပုဒ်ဝါကျကို ဆောင်ကုန်သည်လည်းကောင်း၊ သဒ္ဒါဗျာကရုဏ်း ကျမ်းကို ဆောင်ကုန်သည်လည်ကောင်းဖြစ်ပါကုန်၏၊ ပြောဆိုသော အရာ၌လည်း ဆရာနှင့်တူသည် ဖြစ်ပါကုန်၏။ အသျှင်ဂေါတမထိုအကျွန်ုပ်တို့အား အမျိုးဇာတ် ဝါဒကို အကြောင်းပြု၍ ပြောဆိုရာ၌ ငြင်းခုံခြင်းသည် ရှိပါ၏။
ဇာတ် အမျိုးကြောင့် ဗြာဟ္မဏမည်၏ဟု ဘာရဒွါဇသည် ဤသို့ ပြောဆိုပါ၏၊ အကျွန်ုပ်သည်ကားမိမိပြုသော အမှုကြောင့် ဗြာဟ္မဏမည်၏ဟု ပြောဆိုပါ၏၊ ငါးပါးသော စက္ခုရှိတော်မူသော မြတ်စွာဘုရားဤသို့ အကျွန်ုပ်တို့ ငြင်းခုံကြပုံကို သိတော်မူပါလော့။
ထိုအကျွနု်တို့ နှစ်ယောက်တို့သည် အချင်းချင်း နားလည်မှုရစေခြင်းငှါ မတတ် နိုင်ကြပါကုန်၊ ထိုအကျွန်ုပ်တို့သည် (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိ၏ဟု ထင်ရှားကျော်စောသောမြတ်စွာဘုရားကို မေးလျှောက်ခြင်းငှါ လာခဲ့ခြင်း ဖြစ်ပါကုန်၏။
ယုတ်လျော့ခြင်းကို လွန်သဖြင့် ပြည့်သော လပြည့်ဝန်းအတူ လောက၌ ဂေါတမ နွယ်ဖွားအသျှင်ဘုရားကို လူအများတို့သည် ချဉ်းကပ်ကြ၍ လက်အုပ်ချီမိုး ရှိခိုး ကြကုန်လျက် ရိုသေမြတ်နိုးရှိခိုးကြပါကုန်၏။
လောက၌ မျက်စိသဖွယ် ဖြစ်ထွန်းပေါ်ပေါက်တော်မူသော အသျှင်ဂေါတမကို အကျွန်ုပ်တို့သည်မေးလျှောက်ကြပါကုန်၏၊ အမျိုးဇာတ်ကြောင့် ဗြာဟ္မဏမည်သည် ဖြစ်ပါသလော၊ ထိုသို့မဟုတ်ပြုလုပ်ပြောဆိုသော အမှုကြောင့် ဗြာဟ္မဏမည်သည် ဖြစ်ပါသလော၊ ဗြာဟ္မဏ၏ အဖြစ်ကိုမသိကြကုန်သော အကျွန်ုပ်တို့အား သိနိုင် လောက်အောင် ဟောကြားတော်မူပါဘုရားဟု (လျှောက်၏)။
၄၅၆။ ဝါသေဋ္ဌ ငါသည် ထိုသင်တို့အား သတ္တဝါတို့၏ ဇာတ် (အမျိုး) အကျယ် ကိုဟုတ်မှန်သောအတိုင်း အစဉ်အားဖြင့် ဖြေကြားပေအံ့၊ မှန်၏၊ ဇာတ် (အမျိုး) တို့သည် အချင်းချင်းကွဲပြားကြကုန်၏။
မြက်သစ်ပင်တို့ကိုလည်း သိကြကုန်လော့၊ မြက်သစ်ပင်တို့သည်ကား ပြန်၍ မသိနိုင်ကြကုန်၊ ထိုမြက်သစ်ပင်တို့၏ ပုံသဏ္ဌာန်သည် အမျိုးဇာတ်အတိုင်း ဖြစ်၏၊ မှန်၏၊ ဇာတ် (အမျိုး) တို့သည်အချင်းချင်း ကွဲပြားကြကုန်၏။
ထိုမှတစ်ပါး ပေါက်ဖတ်တို့ကိုလည်းကောင်း၊ နှံကောင်တို့ကိုလည်ကောင်း၊ ပိုးရွ ခြပုန်းတိုင်အောင်သောသတ္တဝါတို့ကိုလည်းကောင်း သိကြကုန်လော့၊ ထိုသတ္တဝါတို့ ၏ ပုံသဏ္ဌာန်သည် အမျိုးဇာတ်အတိုင်းဖြစ်၏၊ မှန်၏၊ ဇာတ် (အမျိုး) တို့သည် အချင်းချင်း ကွဲပြားကြကုန်၏။
ငယ်သည်လည်း ဖြစ်ကုန်သော ကြီးသည်လည်း ဖြစ်ကုန်သော အခြေလေး ချောင်းရှိသောသတ္တဝါတို့ကိုလည်း သိကြကုန်လော့၊ ထိုအခြေလေးချောင်းရှိသော သတ္တဝါတို့၏ ပုံသဏ္ဌာန်သည်အမျိုးဇာတ်အတိုင်း ဖြစ်၏၊ မှန်၏၊ ဇာတ် (အမျိုး) တို့သည် အချင်းချင်း ကွဲပြားကြကုန်၏။
ဝမ်းရေလျှင် ခြေရှိကုန်သော ရှည်သော ကျောက်ကုန်းရှိကုန်သော မြွေတို့ကို သိကြကုန်လော့၊ ထိုမြွေတို့၏ ပုံသဏ္ဌာန်သည် အမျိုးဇာတ်အတိုင်း ဖြစ်၏၊ မှန်၏၊ ဇာတ် (အမျိုး) တို့သည် အချင်းချင်းကွဲပြားကြကုန်၏။
ထိုမှတစ်ပါး ရေ၌ ကျက်စားသော ငါးတို့ကိုလည်း သိကြကုန်လော့၊ ထိုငါးတို့၏ ပုံသဏ္ဌာန်သည်အမျိုးဇာတ်အတိုင်း ဖြစ်၏၊ မှန်၏၊ ဇာတ် (အမျိုး) တို့သည် အချင်းချင်း ကွဲပြားကြကုန်၏။
--
ထိုမှတစ်ပါး အတောင်ယာဉ်ရှိ၍ ကောင်းကင်သွား ငှက်တို့ကိုလည်း သိကြကုန် လော့၊ ထိုငှက်တို့၏ပုံသဏ္ဌာန်သည် အမျိုးဇာတ်အတိုင်း ဖြစ်၏၊ မှန်၏၊ ဇာတ် (အမျိုး) တို့သည် အချင်းချင်းကွဲပြားကြကုန်၏။
ဤသတ္တဝါဇာတ်တို့၌ ပုံသဏ္ဌာန်သည် အသီးသီး အမျိုးဇာတ်အတိုင်း ဖြစ်သ ကဲ့သို့ ဤအတူ လူတို့၌ပုံသဏ္ဌာန်သည် အသီးသီး အမျိုးဇာတ်အတိုင်း ဖြစ်ခြင်း မရှိ။
ဆံပင်တို့ဖြင့်လည်း ကွဲပြားခြင်းမရှိ၊ ဦးခေါင်းတို့ဖြင့်လည်း ကွဲပြားခြင်းမရှိ၊ နား တို့ဖြင့်လည်းကွဲပြားခြင်းမရှိ၊ မျက်စိတို့ဖြင့်လည်း ကွဲပြားခြင်းမရှိ၊ ခံတွင်းဖြင့် လည်း ကွဲပြားခြင်း မရှိ၊ နှာခေါင်းဖြင့်လည်း ကွဲပြားခြင်းမရှိ၊ နှုတ်ခမ်းတို့ဖြင့်လည်း ကွဲပြားခြင်းမရှိ၊ မျက်ခုံးတို့ဖြင့်လည်းကွဲပြားခြင်းမရှိ။
လည်ပင်းဖြင့်လည်း ကွဲပြားခြင်းမရှိ၊ ပခုံးတို့ဖြင့်လည်း ကွဲပြားခြင်းမရှိ၊ ဝမ်းဖြင့် လည်း ကွဲပြားခြင်းမရှိ၊ ကျောက်ကုန်းဖြင့်လည်း ကွဲပြားခြင်းမရှိ၊ ခါးဖြင့်လည်း ကွဲပြားခြင်းမရှိ၊ ရင်ဖြင့်လည်း ကွဲပြားခြင်းမရှိ၊ ကျဉ်းမြောင်းသောအရပ် အင်္ဂါဇာတ် ဖြင့်လည်း ကွဲပြားခြင်းမရှိ၊ မေထုန်အကျင့်ဖြင့်လည်း ကွဲပြားခြင်းမရှိ။
လက်တို့ဖြင့်လည်း ကွဲပြားခြင်းမရှိ၊ ခြေတို့ဖြင့်လည်း ကွဲပြားခြင်းမရှိ၊ လက်ချောင်းတို့ဖြင့်လည်းကောင်း၊ လက်သည်းတို့ဖြင့်လည်းကောင်း ကွဲပြားခြင်းမရှိ၊ မြင်း ခေါင်းတို့ဖြင့်လည်းကွဲပြားခြင်းမရှိ၊ ပေါင်တို့ဖြင့်လည်း ကွဲပြားခြင်းမရှိ၊ အဆင်း အားဖြင့်လည်း ကွဲပြားခြင်း မရှိ၊ အသံအားဖြင့်လည်း ကွဲပြားခြင်းမရှိ၊ တစ်ပါးသော သတ္တဝါ အမျိုးဇာတ်တို့၌ကဲ့သို့ ပုံသဏ္ဌာန်သည်အမျိုးဇာတ်အတိုင်း မဖြစ်သည် သာတည်း။
၄၅၇။ လူတို့၏ ဥစ္စာဖြစ်သော ကိုယ်တို့၌ အသီးအခြား ထိုကွဲလွဲချက်သည် မရှိ၊ လူတို့၌ ကွဲလွဲချက်ကိုအခေါ်ဝေါ်အားဖြင့်သာ ဆိုရ၏။
ဝါသေဋ္ဌ လူတို့တွင် တစ်ဦးတစ်ယောက်သော သူသည် လယ်လုပ်ခြင်းအမှုကို မှီ၍ အသက်မွေး၏၊ ထိုသူသည် လယ်သမားသာ မည်၏၊ ပုဏ္ဏား မမည်နိုင်ဟု ဤသို့ သိလော့။
ဝါသေဋ္ဌ လူတို့တွင် တစ်ဦးတစ်ယောက်သောသူသည် အထူးထူး အပြားပြား များစွာသော အတတ်ဖြင့်အသက်မွေး၏၊ ထိုသူသည် အတတ်ပညာသည်သာ မည်၏၊ ဗြာဟ္မဏ မမည်နိုင်ဟု ဤသို့ သိလော့။
ဝါသေဋ္ဌ လူတို့တွင် တစ်ဦးတစ်ယောက်သောသူသည် ကုန်သွယ်ခြင်းကို မှီ၍ အသက်မွေး၏၊ ထိုသူသည်ကုန်သည်သာ မည်၏၊ ဗြာဟ္မဏ မမည်နိုင်ဟု ဤသို့ သိလော့။
ဝါသေဋ္ဌ လူတို့တွင် တစ်ဦးတစ်ယောက်သော သူသည် သူတစ်ပါးတို့ အခိုင်း အစေအဖြစ်ဖြင့်အသက်မွေး၏၊ ထိုသူသည် အစေခံသာ မည်၏၊ ဗြာဟ္မဏ မမည် နိုင်ဟု ဤသို့ သိလော့။
ဝါသေဋ္ဌ လူတို့တွင် တစ်ဦးတစ်ယောက်သော သူသည် ခိုးယူခြင်းကို မှီ၍ အသက်မွေး၏၊ ထိုသူသည်ခိုးသူသာ မည်၏၊ ဗြာဟ္မဏ မမည်နိုင်ဟု ဤသို့ သိလော့။
ဝါသေဋ္ဌ လူတို့တွင် တစ်ဦးတစ်ယောက်သော သူသည် လက်နက်ကို မှီ၍ အသက်မွေး၏၊ ထိုသူသည်စစ်သည်သာ မည်၏၊ ဗြာဟ္မဏ မမည်နိုင်ဟု ဤသို့ သိလော့။
ဝါသေဋ္ဌ လူတို့တွင် တစ်ဦးတစ်ယောက်သောသူသည် ပုရောဟိတ်အမှုဖြင့် အသက်မွေး၏၊ ထိုသူသည်ယဇ်ပူဇော်သမားသာ မည်၏၊ ဗြာဟ္မဏ မမည်နိုင်ဟု ဤသို့ သိလော့။
--
ဝါသေဋ္ဌ လူတို့တွင် တစ်ဦးတစ်ယောက်သောသူသည် ရွာကိုလည်းကောင်း၊ တိုင်း နိုင်ငံကိုလည်းကောင်းအပိုင်စားရ၏၊ ထိုသူသည် မင်းသာ မည်၏၊ ဗြာဟ္မဏ မမည်နိုင်ဟု ဤသို့ သိလော့။
မျိုးရိုးအားဖြင့် ဖြစ်ကာမျှ, အမိဝမ်းတိုက်၌ ဖြစ်ကာမျှကို ဗြာဟ္မဏမည်၏ဟူ၍ ငါမဆို၊ ထိုသူသည်ကြောင့်ကြမှု ရှိနေသေးမူ ဘောဝါဒီသာ မည်၏၊ ကြောင့်ကြမှု မရှိသူ စွဲလမ်းမှု မရှိသူကို ဗြာဟ္မဏဟူ၍ငါ ဆို၏။
၄၅၈။ အကြင်သူသည် အလုံးစုံသောသံယောဇဉ်ကို ဖြတ်တောက်၍ စင်စစ် တပ်မက်တွယ်တာမှု မရှိ၊ တပ်မက်မှုကို ကျော်လွန်သော ကိလေသာတို့မှ ကင်းသော ထိုသူကို ဗြာဟ္မဏဟူ၍ ငါဆို၏။
ရန်ငြိုးဖွဲ့ခြင်းကိုလည်းကောင်း (နှောင်ဖွဲ့တတ်သော ကြိုးသဖွယ်ဖြစ်သော) တဏှာကိုလည်းကောင်းအစဉ်မပြတ် ကိန်းအောင်းတတ်သော အနုသယနှင့်တကွ ဖြစ်သော ခြောက်ဆယ့်နှစ်ပါးသောမိစ္ဆာဒိဋ္ဌိကိုလည်းကောင်း ဖြတ်၍ ပယ်အပ်ပြီး သော အဝိဇ္ဇာတံခါး ကျင်ရှိသော သိပြီးသောသစ္စာလေးပါးရှိသော ထိုသူကို ဗြာဟ္မဏဟူ၍ ငါဆို၏။
အကြင်သူသည် သူတစ်ပါးတို့ ဆဲရေးသည်ကိုလည်းကောင်း၊ ပုတ်ခတ်ခြင်း နှောင်ဖွဲ့ခြင်းကိုလည်းကောင်းအမျက်မထွက်မူ၍ သည်းခံနိုင်၏၊ သည်းခံမှုအား ရှိသော အကြိမ်ကြိမ် သည်းခံနိုင်သော ထိုသူကိုဗြာဟ္မဏဟူ၍ ငါဆို၏။
အမျက်မထွက်တတ်သော (ကိလေသာကို ခါတွက်တတ်သော ဓုတင်) အကျင့်ရှိ သော သီလဂုဏ်ရှိသောရာဂ စသည် ထူပြောခြင်း ကင်းသော ယဉ်ကျေးသော ဣန္ဒြေရှိသော အဆုံးစွန်သောကိုယ်ရှိသော ထိုသူကိုဗြာဟ္မဏဟူ၍ ငါဆို၏။
ကြာဖက်၌ ရေကဲ့သို့လည်းကောင်း၊ ပွတ်ဆောက်ဖျား၌ မုန်ညင်းစေ့ကဲ့သို့လည်း ကောင်း အကြင်သူသည်ကာမဂုဏ်တရားတို့၌ မလိမ်းကျံ မကပ်ငြိ၊ ထိုသို့ သဘောရှိသော သူကို ဗြာဟ္မဏဟူ၍ ငါဆို၏။
အကြင်သူသည် ဤဘဝ၌ပင် မိမိ၏ ဒုက္ခကုန်ရာ အရဟတ္တဖိုလ်ကို မျက်မှောက် ပြု၍ သိ၏၊ ချထားပြီးသော ဝန်ရှိသော ကိလေသာနှင့် မယှဉ်သော ထိုသူကို ဗြာဟ္မဏဟူ၍ ငါဆို၏။
နက်နဲသော အာရုံတို့၌ ဖြစ်သော ပညာဉာဏ်ရှိသော၊ (မိုးကြိုးစက်ကဲ့သို့) ပြကတေ့ ထက်မြက်သောပညာရှိသော၊ နိဗ္ဗာန်ရောက်ကြောင်း ကောင်းမြတ်သော လမ်းကြောင်းဟုတ်, မဟုတ်၌ လိမ္မာသော၊ မြတ်သောအကျိုးစီးပွါးသို့ အစဉ် ရောက်ပြီးသော ထိုသူကို ဗြာဟ္မဏဟူ၍ ငါဆို၏။
အိမ်ရာတည်ထောင်သော သူတို့နှင့်လည်းကောင်း၊ အိမ်ရာမထောင်သော ရဟန်း တို့နှင့်လည်းကောင်းနှစ်ပါးစုံသော သူတို့နှင့် မရောမယှက်သော၊ ဝတ္ထုကာမ ကိလေသာကာမတို့၌ မကပ်ငြိသော၊ နည်းသောအလိုရှိသော ထိုသူကို ဗြာဟ္မဏ ဟူ၍ ငါ ဆို၏။
အကြင်သူသည် ထိတ်လန့်တတ်သောသတ္တဝါ (ပုထုဇဉ်), မထိတ်လန့်တတ်သော သတ္ထဝါ (ရဟန္တာ) တို့၌တုတ်လက်နက်ကို ချထားပြီးဖြစ်၍ မသတ်ဖြတ် မညှဉ်းဆဲ၊ ထိုသို့သဘော ရှိသောသူကို ဗြာဟ္မဏဟူ၍ငါဆို၏။
ရန်ငြိုးဖွဲ့တတ်သော သူတို့၌ တုံ့ပြန်၍ ရန်ငြိုး မဖွဲ့တတ်သော သဘောရှိသော၊ လက်နက်လှံကန်စွဲကိုင်သူတို့တွင် လက်နက်လှံကန်စွဲကိုင်တတ်သော သဘောမရှိ သော၊ ကိလေသာရန်ငြိမ်းအေးပြီးသော၊ စွဲလမ်းတတ်သူတို့တွင် မစွဲလမ်းတတ် သော သဘောရှိသော ထိုသူကို ဗြာဟ္မဏဟူ၍ငါဆို၏။
အကြင်သူအား ရာဂသည်လည်းကောင်း၊ ဒေါသသည်လည်းကောင်း၊ မာနသည် လည်းကောင်း၊ သူ့ကျေးဇူးကို ချေဖျက်ခြင်းသည်လည်းကောင်း ပွတ်ဆောက်ဖျားမှ မုံညင်းစေ့ကဲ့သို့ လျှောကျ၏၊ ထိုသို့သဘောရှိသော သူကို ဗြာဟ္မဏဟူ၍ ငါဆို၏။
--
၄၅၉။ တစ်စုံတစ်ယောက်သော သူကိုမျှ မငြိစွန်းစေတတ်သော၊ မကြမ်းကြုတ် သော၊ အနက်ကိုသိစေတတ်သော၊ မှန်ကန်သော စကားမျိုးကို အကြင်သူသည် မြွက်ဆိုတတ်၏၊ ထိုသူကိုဗြာဟ္မဏဟူ၍ ငါဆို၏။
အကြင်သူသည် လောက၌ ရှည်သည်လည်းဖြစ်သော၊ တိုသည်လည်းဖြစ်သော၊ ငယ်သည်လည်းဖြစ်သော၊ ကြီးသည်လည်းဖြစ်သော၊ ကောင်း, မကောင်းလည်းဖြစ် သော၊ အရှင်မပေးသော ဥစ္စာကို မခိုးယူတတ်၊ ထိုသူကို ဗြာဟ္မဏဟူ၍ ငါဆို၏။
အကြင်သူအား ဤလောက၌လည်းကောင်း၊ တမလွန်လောက၌လည်းကောင်း တဏှာတောင့်တမှု မရှိ၊ အာသာတဏှာကင်းသော၊ ကိလေသာနှင့်မယှဉ်သော ထို သူကို ဗြာဟ္မဏ ဟူ၍ ငါဆို၏။
အကြင်သူအား သို့လော သို့လော တွေးတောမှုမရှိသော မှန်ကန်သော သဘော ကို သိ၍တဏှာအာလယတို့သည် မရှိကြကုန်၊ အမြိုက်နိဗ္ဗာန်အတွင်းသို့ အစဉ် ဝင်ရောက် ပြီးသော ထိုသူကိုဗြာဟ္မဏဟူ၍ ငါဆို၏။
ဤသာသနာတော်၌ အကြင်သူသည် ကုသိုလ်ဟူသော ကပ်ငြိခြင်းကိုလည်း ကောင်း၊ အကုသိုလ်ဟူသောကပ်ငြိခြင်းကိုလည်းကောင်း နှစ်ပါးစုံသော ကပ်ငြိခြင်း ကို လွန်မြောက်၏၊ ပူဆွေးခြင်း မရှိသောကိလေသာ မြူကင်းသော စင်ကြယ်သော ထိုသူကို ဗြာဟ္မဏ ဟူ၍ ငါ ဆို၏။
လကဲ့သို့ အညစ်အကြေးကင်းသော၊ စင်ကြယ်သော၊ အထူးသဖြင့်ကြည်လင် သော၊ မနောက် ကျုသော၊ ကုန်ပြီးသောတဏှာဘဝရှိသော ထိုသူကို ဗြာဟ္မဏဟူ၍ ငါဆို၏။
အကြင်သူသည် လွန်မြောက်နိုင်ခဲသော ခရီးမှားဖြစ်သော အဖန်ဖန်ကျင်လည် တတ်သောတွေဝေတတ်သော မောဟကို လွန်မြောက်တတ်၏၊ ဩဃလေးပါးကို ကူးမြောက်ပြီးသူ ဖြစ်၏၊ နိဗ္ဗာန်ကမ်းတစ်ဖက်သို့ ရောက်ပြီးသူ ဖြစ်၏၊ အာရုံ, လက္ခဏာယာဉ်ကို ရှုသောအားဖြင့် ကပ်၍ရှုတတ်၏၊ တုန်လှုပ်တတ်သော တဏှာမရှိ၊ သို့လော သို့လော တွေးတောယုံမှားမှု မရှိ၊ မစွဲလမ်းမူ၍ငြိမ်းအေး၏၊ ထိုသို့သဘောရှိသော သူကို ဗြာဟ္မဏ ဟူ၍ ငါ ဆို၏။
ဤလောက၌ အကြင်သူသည် ဝတ္ထုကာမ ကိလေသာကာမ နှစ်ပါးစုံကို ပယ် ဖျောက်၍အိမ်ရာမထောင်ဘဲ ရဟန်းပြု၏၊ ကုန်ပြီးသောကာမ ကုန်ပြီးသော ဘဝ ရှိသော ထိုသူကို ဗြာဟ္မဏဟူ၍ငါ ဆို၏။
ဤလောက၌ အကြင်သူသည် တဏှာကို ပယ်ဖျောက်၍ အိမ်ရာမထောင်ဘဲ ရဟန်းပြု၏၊ ကုန်းပြီးသောတဏှာ ကုန်းပြီးသောဘဝရှိသော ထိုသူကို ဗြာဟ္မဏ ဟူ၍ ငါ ဆို၏။
အကြင်သူသည် လူ၌ဖြစ်သော ကာမဂုဏ်နှင့်ယှဉ်ခြင်း နတ်၌ဖြစ်သော ကာမဂုဏ် နှင့် ယှဉ်ခြင်းကိုပယ်၍ လူ၌ဖြစ်သော ကာမဂုဏ်နှင့်ယှဉ်ခြင်း နတ်၌ဖြစ်သော ကာမဂုဏ်နှင့် ယှဉ်ခြင်းကို လွန်မြောက်၍အလုံးစုံသော ကိလေသာယှဉ်ခြင်းဖြင့် မယှဉ်သော ထိုသူကို ဗြာဟ္မဏဟူ၍ ငါ ဆို၏။
ကာမဂုဏ်တို့၌ မွေ့လျော်ခြင်းကိုလည်းကောင်း၊ ကုသိုလ်ပွါးများခြင်း၌ မမွေ့ လျော်ခြင်းကိုလည်းကောင်းပယ်ဖျောက်၍ ငြိမ်းချမ်းပြီးသော၊ ဥပဓိကင်းပြီးသော၊ လောကအလုံးကို နှိမ်နင်း၍ တည်သော၊ လုံ့လဝီရိယရှိသောသူကို ဗြာဟ္မဏဟူ၍ ငါ ဆို၏။
အကြင်သူသည် သတ္တဝါတို့၏ စုတိကိုလည်းကောင်း၊ ပဋိသန္ဓေကိုလည်းကောင်း အချင်းခပ်သိမ်း သိ၏၊ ငြိကပ်တွယ်တာမှု မရှိသော၊ ကောင်းမြတ်သော နိဗ္ဗာန် အရပ်သို့ ရောက်ပြီးသော၊ သစ္စာလေးပါးကိုသိသော ထိုသူကို ဗြာဟ္မဏဟူ၍ ငါ ဆို၏။
--
အကြင် သူ၏ လားရောက်ရမည့် ဂတိကို နတ်တို့သည်လည်းကောင်း၊ ဂန္ဓဗ္ဗတို့ သည်လည်းကောင်း၊ လူတို့သည်လည်းကောင်း မသိနိုင်ကြကုန်၊ ကုန်ပြီးသော အာသဝေါရှိသော၊ ပူဇော်အထူးကိုခံတော်မူထိုက်သော ထိုသူကို ဗြာဟ္မဏဟူ၍ ငါ ဆို၏။
အကြင်သူအား ရှေးဖြစ်သော အတိတ်၌လည်းကောင်း၊ နောက်ဖြစ်သော အနာဂတ်၌လည်းကောင်း၊ အလယ်ဖြစ်သော ပစ္စုပ္ပန်၌လည်းကောင်း ကြောင့်ကြမှု မရှိ။ ကြောင့်ကြမှု မရှိသော၊ စွဲလမ်းမှုမရှိသောထိုသူကို ဗြာဟ္မဏဟူ၍ ငါ ဆို၏။
ရှေ့ဆောင်နွားလားဥသဘနှင့်တူသော၊ မြတ်သော ဝီရိယရှိသော၊ မြတ်သော သီလက္ခန္ဓစသည့်ကျေးဇူးဂုဏ်အထူးကို ဆည်းပူးရှာမှီးပြီးသော၊ အောင်အပ်ပြီး သော အောင်ပွဲရှိသော၊ ကင်းပြီးသောတဏှာရှိသော၊ ကိလေသာအညစ်အကြေးကို ဆေးလျှော်ပြီးသော၊ သစ္စာလေးပါးကို သိပြီးဖြစ်သော ထိုသူကို ဗြာဟ္မဏဟူ၍ ငါ ဆို၏။
အကြင်သူသည် ရှေးက နေခဲ့ဖူးသော ဘဝအဆက်ကို သိ၏၊ နတ်ရွာရောက် ကြောင်းကောင်းမြတ်သော လမ်းခရီးကိုလည်း မြင်၏၊ ပဋိသန္ဓေနေမှုကုန်ရာ နိဗ္ဗာန်သို့လည်း ရောက်၏၊ ထိုသို့သဘောရှိသော သူကို ဗြာဟ္မဏဟူ၍ ငါ ဆို၏။
၄၆၀။ ဤဗြာဟ္မဏဟူသော အမည်သည် လောက၌ ခေါ်ဝေါ်ပြောဆိုရသော အမည်မျှသာတည်း၊ ဗြာဟ္မဏ, ဝါသေဋ္ဌ, ဘာရဒွါဇစသော အမည်အနွယ်ကို လူတို့ ကြံဆထား၏၊ အဆင့်ဆင့်ခေါ်ဝေါ်ပြောဆိုသော အမည်အားဖြင့် လာ၏၊ ထိုထို မွေးဖွားရာကာလ စသည်တို့၌ ဆွေမျိုးတို့သည်ကြံဆထား၏။
ဗြာဟ္မဏဟူသော အမည်သည် ခေါ်ဝေါ်ခြင်းငှါ သမုတ်ထားသော အမည်မျှသာ တည်းဟုမသိသောသူတို့၏ ရှည်မြင့်စွာသော ကာလပတ်လုံး အစဉ်ကိန်းနေသော မှားသောအယူအဆမျှသာတည်း၊ မသိသောသူတို့သည် ဗြာဟ္မဏဟူသည် ဇာတ် အားဖြင့်ဖြစ်၏ဟု အစဉ်အဆက်ပြောဆိုကြကုန်၏။
ဇာတ်ကြောင့် ဗြာဟ္မဏ မဖြစ်နိုင်၊ ဇာတ်ကြောင့် ဗြာဟ္မဏ မဟုတ်သူ မဖြစ်နိုင်၊ မိမိပြုလုပ်သော အလုပ်ကြောင့် ဗြာဟ္မဏ ဖြစ်၏၊ မိမိပြုလုပ်သော အလုပ်ကြောင့် ဗြာဟ္မဏ မဟုတ်သူဖြစ်၏။
မိမိပြုလုပ်သော အမှုကြောင့် လယ်သမား ဖြစ်၏၊ မိမိပြုလုပ်သော အလုပ် ကြောင့် အတတ်ပညာသည်ဖြစ်၏၊ မိမိပြုလုပ်သောအလုပ်ကြောင့် ကုန်သည် ဖြစ်၏၊ မိမိပြုလုပ်သော အလုပ်ကြောင့် အစေခံ ဖြစ်၏။
မိမိပြုလုပ်သောအလုပ်ကြောင့် ခိုးသူ ဖြစ်၏၊ မိမိပြုလုပ်သော အလုပ်ကြောင့် စစ်သား ဖြစ်၏၊ မိမိပြု လုပ်သောအလုပ်ကြောင့် ယဇ်ပူဇော်သမား ဖြစ်၏၊ မိမိပြု လုပ်သော အလုပ်ကြောင့် မင်းဖြစ်၏။
အကြောင်းကို စွဲ၍ အကျိုးဖြစ်၏ဟု ပဋိစ္စသမုပ္ပါဒ်ကို မြင်လေ့ရှိကုန်သော၊ ကံ ကံ၏ အကျိုး၌လိမ္မာကုန်သော ပညာရှိတို့သည် ဤသို့ဟုတ်တိုင်းမှန်စွာ ဤ ကံတရားကို မြင်ကြကုန်၏။
လောကသည် ကံကြောင့် ဖြစ်၏၊ သတ္တဝါအပေါင်းသည် ကံကြောင့် ဖြစ်၏၊ သွားသော ရထား၏နားပန်းစွန်းကဲ့သို့ သတ္တဝါတို့ကို ကံက ဖွဲ့စပ်ထား၏။
ကိလေသာကို ခါတွက်တတ်သော ဓုတင်အကျင့်ဖြင့်လည်းကောင်း၊ မေထုန်အကျင့် ကိုရှောင်ကြဉ်ခြင်းဖြင့်လည်းကောင်း၊ စောင့်စည်းအပ်သော သီလဖြင့်လည်းကောင်း၊ ဣန္ဒြေခြောက်ပါးကိုဆုံးမခြင်းဖြင့်လည်းကောင်း ဤချီးမွမ်းအပ်သော အထူးစင် ကြယ်သော အကြောင်းကံကြောင့် ဗြာဟ္မဏမည်၏၊ ဤသို့သဘောရှိသော ပုဂ္ဂိုလ် ကို မြတ်သော ဗြာဟ္မဏဟူ၍ ငါ ဆို၏။
--
ဝါသေဋ္ဌ သုံးပါးသော ဝိဇ္ဇာဉာဏ်တို့နှင့် ပြည့်စုံသော၊ ငြိမ်းအေးပြီးသော ကိလေ သာ ရှိသော၊ တစ်ဖန်ဘဝသစ်၌ ဖြစ်ခြင်းကုန်ပြီးသောသူသည် သိကြားနားလည် သူတို့၏ ဗြဟ္မာလည်း မည်၏၊ သိကြားလည်းမည်၏၊ ဤသို့ သင် သိလော့”ဟု (မိန့်တော်မူ၏)။
၄၆၁။ ဤသို့ မိန့်တော်မူသည်ရှိသော် ဝါသေဋ္ဌ, ဘာရဒွါဇလုလင်တို့သည် မြတ်စွာဘုရားကို"အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဂေါတမ ဥပမာသော်ကား မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ ‘မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်’ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း အသျှင်ဂေါတမ ဤအတူသာလျှင် အသျှင်ဂေါတမသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊ အသျှင်ဂေါတမ ထိုအကျွန်ုပ်တို့သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ တရားတော်ကို့လည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ဆည်းကပ်ပါကုန်၏၊ အသျှင်ဂေါတမသည် အကျွန်ုပ်တို့ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်း ကပ်သော ဥပါသကာတို့ဟူ၍ မှတ်တော်မူပါ”ဟု (လျှောက်ထားကြလေကုန်သတည်း)။
ရှစ်ခုမြောက် ဝါသေဋ္ဌသုတ် ပြီး၏။
--
၉-သုဘသုတ်
၄၆၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ တောဒေယျ၏သားဖြစ်သော သုဘလုလင်သည် သာဝတ္ထိပြည်သူကြွယ်တစ်ယောက်၏ အိမ်၌ တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စဖြင့် တည်းခိုနေ၏။ ထိုအခါ သူကြွယ်အိမ်၌တည်းခိုနေသော တောဒေယျ၏သား သုဘလုလင်သည် ထိုသူကြွယ်ကို “သူကြွယ် သာဝတ္ထိပြည်သည်ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော ရဟန္တာအသျှင်တို့ဖြင့် မဆိတ်ဟု ဤသို့သောစကားကို အကျွန်ုပ်ကြားဖူးပါ၏၊ ယနေ့ အဘယ်မည်သော သမဏ ဗြာဟ္မဏကို ဆည်းကပ်ရပါကုန်အံ့နည်း”ဟု ဤစကားကိုပြောဆို၏။ အသျှင် သာဝတ္ထိပြည်ဝယ် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသော ထိုမြတ်စွာဘုရားကို ချဉ်းကပ်လေလော့ဟု (ပြောဆို၏)။
ထိုအခါ တောဒေယျ၏ သားဖြစ်သော သုဘလုလင်သည် ထိုသူကြွယ်၏ စကားကို နားထောင်ပြီးသော်မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် တစ်ခုသော အရပ်၌ ထိုင်ကာတောဒေယျ၏ သားဖြစ်သော သုဘလုလင်သည် မြတ်စွာဘုရားကို “အသျှင်ဂေါတမ ‘လူဝတ်ကြောင်သည်သာလျှင် နည်းလမ်းမှန်သော ကုသိုလ်တရားကို ပြည့်စုံစေနိုင်၏၊ ရဟန်းသည် နည်းလမ်းမှန်သောကုသိုလ်တရားကို မပြည့်စုံစေနိုင်’ဟု ပုဏ္ဏားတို့သည် ဤသို့ ပြောဆိုကြပါကုန်၏၊ အသျှင်ဂေါတမသည်ဤအရာ၌ အဘယ်သို့ ဆိုလိုပါသနည်း”ဟု ဤစကားကို လျှောက်၏။
၄၆၃။ လုလင် ဤနေရာ၌ ငါသည် ခွဲခြားဝေဖန်၍ ဟောကြားလေ့ ရှိ၏၊ ဤအရာ၌ ငါသည်တစ်ဖက်သတ်အားဖြင့် ဟောကြားလေ့ မရှိ။ လုလင် ငါသည် လူဝတ်ကြောင်၏သော်လည်းကောင်း၊ ရဟန်း ၏သော်လည်းကောင်း၊ မှားသော အကျင့်ကို မချီးကျူး။ လုလင် မှန်၏၊ လူဝတ်ကြောင်သည်သော်လည်း ကောင်း၊ ရဟန်းသည်သော်လည်းကောင်း မှားသော အကျင့်ကိုကျင့်သည်ဖြစ်အံ့၊ မှားသော အကျင့်ကို ကျင့်ခြင်းဟူသော အကြောင်းကြောင့် နည်းလမ်းမှန်သောကုသိုလ်တရားကို မပြည့်စုံစေနိုင်။ လုလင် ငါသည် လူဝတ်ကြောင်၏သော်လည်းကောင်း၊ ရဟန်း၏သော်လည်းကောင်း မှန်ကန်သော အကျင့်ကို ချီးကျူး၏။ လုလင် မှန်၏၊ လူဝတ်ကြောင်သည်သော်လည်းကောင်း၊ ရဟန်းသည်သော်လည်းကောင်း မှန်ကန်သော အကျင့်ကိုကျင့်သည်ဖြစ်အံ့၊ မှန်ကန်သော အကျင့်ကို ကျင့်ခြင်းဟူသော အကြောင်းကြောင့် နည်းလမ်းမှန်သောကုသိုလ်တရားကို ပြည့်စုံစေနိုင်၏ဟု (မိန့်တော်မူ၏)။
အသျှင်ဂေါတမ ပုဏ္ဏားတို့သည် “ကြီးကျယ်များပြားသော ပြုဖွယ်ဝေယျာဝစ္စရှိသော များစွာသောပြုဖွယ်ကိစ္စရှိသော အလွန်ကြီးကျယ်သော ကြောင့်ကြဖွယ်ရှိသော များစွာသော အားထုတ်ဖွယ်ရှိသောဤ အိမ်ရာတည်ထောင် လူ့ဘောင်၌ နေသော သူတို့၏ အလုပ်သည် ကြီးကျယ်သော အကျိုးရှိ၏၊ အနည်း ငယ်သော ပြုဖွယ်ဝေယျာဝစ္စရှိသော အနည်းငယ်သော ပြုဖွယ်ကိစ္စရှိသော အနည်းငယ်သောကြောင့်ကြ ဖွယ်ရှိသော အနည်းငယ်သော အားထုတ်ဖွယ်ရှိသော ဤရဟန်းဘောင်၌ နေသော သူတို့၏့အလုပ်သည် နည်းသော အကျိုးရှိ၏”ဟု ဤသို့ ဆိုကြပါကုန်၏၊ ဤသို့ ဆိုရာ၌ အသျှင်ဂေါတမသည်အဘယ်သို့ ဆိုလိုပါသနည်းဟု (လျှောက်၏)။
--
လုလင် ဤအရာ၌လည်း ငါသည် ခွဲခြားဝေဖန်၍ ဟောကြားလေ့ရှိ၏၊ ဤအရာ၌ ငါသည် တစ်ဖက်သတ်အားဖြင့် ဟောကြားလေ့မရှိ။ လုလင် ကြီးကျယ်များပြားသော ပြုဖွယ်ဝေယျာဝစ္စရှိသောများစွာသော ပြုဖွယ်ကိစ္စရှိသော အလွန်ကြီးကျယ်သော ကြောင့်ကြဖွယ်ရှိသော များစွာသောအားထုတ်ဖွယ်ရှိသော အလုပ်သည် ရှိ၏၊ ထိုအလုပ်သည် ချွတ်ယွင်းသည်ရှိသော် နည်းသော အကျိုးရှိ၏၊ လုလင် ကြီးကျယ် များပြားသော ပြုဖွယ် ဝေယျာဝစ္စရှိသော များစွာသော ပြုဖွယ်ကိစ္စရှိသောအလွန်ကြီးကျယ်သော ကြောင့် ကြဖွယ်ရှိသော များစွာသော အားထုတ်ဖွယ်ရှိသော အလုပ်သည် ရှိ၏၊ ထိုအလုပ်သည် ပြည့်စုံသည်ရှိသော် ကြီးကျယ်သော အကျိုးရှိ၏၊ လုလင် အနည်းငယ်သော ပြုဖွယ်ဝေယျာဝစ္စရှိသော အနည်းငယ်သော ပြုဖွယ်ကိစ္စရှိသော အနည်းငယ်သော ကြောင့်ကြဖွယ်ရှိသောအနည်းငယ်သော အားထုတ်ဖွယ်ရှိသော အလုပ်သည် ရှိ၏၊ ထိုအလုပ်သည် ချွတ်ယွင်းသည်ရှိသော်နည်းသော အကျိုးရှိ၏၊ လုလင် အနည်းငယ် သော ပြုဖွယ် ဝေယျာဝစ္စရှိသော အနည်းငယ်သောပြုဖွယ်ကိစ္စရှိသော အနည်းငယ်သော ကြောင့်ကြဖွယ် ရှိသော အနည်းငယ်သော အားထုတ်ဖွယ်ရှိသောအလုပ်သည် ရှိ၏၊ ထိုအလုပ်သည် ပြည့်စုံသည်ရှိသော် ကြီးကျယ်သော အကျိုးရှိ၏၊
လုလင် ကြီးကျယ်များပြားသော ပြုဖွယ်ဝေယျာဝစ္စရှိသော များစွာသော ပြုဖွယ်ကိစ္စရှိသော အလွန်ကြီးကျယ်သော ကြောင့်ကြဖွယ်ရှိသော များစွာသော အားထုတ်ဖွယ်ရှိသော အလုပ်သည် အဘယ်နည်းဟူမူ- ထိုအလုပ်သည် ချွတ်ယွင်းသည်ရှိသော် နည်းသော အကျိုးရှိ၏ဟူသည် အဘယ်နည်းဟူမူ-လုလင်လယ်လုပ်သော အလုပ်သည် ကြီးကျယ်များပြားသော ပြုဖွယ်ဝေယျာဝစ္စ ရှိ၏၊ များစွာသော ပြုဖွယ်ကိစ္စရှိ၏၊ အလွန်ကြီးကျယ်သော ကြောင့်ကြဖွယ် ရှိ၏၊ များစွာသော အားထုတ်ဖွယ် ရှိ၏၊ ထိုအလုပ်သည်ချွတ်ယွင်းသည်ရှိသော် နည်းသော အကျိုးရှိ၏။
လုလင် ကြီးကျယ်များပြားသော ပြုဖွယ်ဝေယျာဝစ္စရှိသော များစွာသော ပြုဖွယ်ကိစ္စရှိသော အလွန်ကြီးကျယ်သော ကြောင့်ကြဖွယ်ရှိသော များစွာသော အားထုတ်ဖွယ်ရှိသော အလုပ်သည် အဘယ်နည်းဟူမူ- ထိုအလုပ်သည် ပြည့်စုံသည်ရှိသော် ကြီးကျယ်သော အကျိုးရှိ၏ဟူသည် အဘယ်နည်းဟူမူ-လုလင်လယ်လုပ်သော အလုပ်သည်ပင်လျှင် ကြီးကျယ်များပြားသော ပြုဖွယ်ဝေယျာဝစ္စ ရှိ၏၊ များစွာသောပြုဖွယ်ကိစ္စ ရှိ၏၊ အလွန်ကြီးကျယ်သော ကြောင့်ကြဖွယ် ရှိ၏၊ များစွာသော အားထုတ်ဖွယ် ရှိ၏၊ ထိုအလုပ်သည် ပြည့်စုံသည်ရှိသော် ကြီးကျယ်များပြားသော အကျိုးရှိ၏။
လုလင် အနည်းငယ်သော ပြုဖွယ်ဝေယျာဝစ္စရှိသော အနည်းငယ်သော ပြုဖွယ်ကိစ္စရှိသော အနည်းငယ်သော ကြောင့်ကြဖွယ်ရှိသော အနည်းငယ်သော အားထုတ်ဖွယ်ရှိသော အလုပ်သည် အဘယ်နည်းဟူမူ- ထိုအလုပ်သည် ချွတ်ယွင်းသည်ရှိသော် နည်းသော အကျိုးရှိ၏ဟူသည် အဘယ်နည်းဟူမူ-လုလင်ကုန်သည် အလုပ်သည် အနည်းငယ်သော ပြုဖွယ်ဝေယျာဝစ္စ ရှိ၏၊ အနည်းငယ်သော ပြုဖွယ်ကိစ္စ ရှိ၏၊ အနည်းငယ်သော ကြောင့်ကြဖွယ် ရှိ၏၊ အနည်းငယ်သော အားထုတ်ဖွယ် ရှိ၏၊ ထိုအလုပ်သည်ချွတ်ယွင်း သည်ရှိသော် နည်းသော အကျိုးရှိ၏။
လုလင် အနည်းငယ်သော ပြုဖွယ်ဝေယျာဝစ္စရှိသော အနည်းငယ်သော ပြုဖွယ်ကိစ္စရှိသော အနည်းငယ်သော ကြောင့်ကြဖွယ်ရှိသော အနည်းငယ်သော အားထုတ်ဖွယ်ရှိသော အလုပ်သည် အဘယ်နည်းဟူမူ-ထိုအလုပ်သည် ပြည့်စုံသည်ရှိသော် ကြီးကျယ်သော အကျိုးရှိ၏ဟူသည် အဘယ်နည်းဟူမူ- လုလင်စင်စစ် ကုန်သည် အလုပ်သည်ပင်လျှင် အနည်းငယ်သော ပြုဖွယ်ဝေယျာဝစ္စ ရှိ၏၊ အနည်းငယ်သောပြုဖွယ်ကိစ္စ ရှိ၏၊ အနည်းငယ်သော ကြောင့်ကြဖွယ် ရှိ၏၊ အနည်းငယ်သော အားထုတ်ဖွယ် ရှိ၏၊ ထိုအလုပ်သည် ပြည့်စုံသည်ရှိသော် ကြီးကျယ်သော အကျိုးရှိ၏။
၄၆၄။ လုလင် ဥပမာအားဖြင့် လယ်လုပ်သော အလုပ်သည် ကြီးကျယ်များပြားသော ပြုဖွယ် ဝေယျာဝစ္စရှိ၏၊ များစွာသော ပြုဖွယ်ကိစ္စ ရှိ၏၊ အလွန်ကြီးကျယ်သော ကြောင့်ကြဖွယ် ရှိ၏၊ များစွာ သောအားထုတ်ဖွယ် ရှိ၏၊ ထိုအလုပ်သည် ချွတ်ယွင်းသည်ရှိသော် နည်းသော အကျိုးရှိ၏။ လုလင် ဤဥပမာအတူသာလျှင် လူ့ဘောင်၌ နေသော သူတို့၏ အလုပ်သည် ကြီးကျယ်များပြားသော ပြုဖွယ် ဝေယျာဝစ္စရှိ၏၊ များစွာသော ပြုဖွယ်ကိစ္စ ရှိ၏၊ အလွန်ကြီးကျယ်သော ကြောင့်ကြဖွယ် ရှိ၏၊ များစွာ သောအားထုတ်ဖွယ် ရှိ၏၊ ထိုအလုပ်သည် ချွတ်ယွင်းသည်ရှိသော် နည်းသော အကျိုးရှိ၏။
--
လုလင် ဥပမာအားဖြင့် လယ်လုပ်သော အလုပ်သည်ပင်လျှင် ကြီးကျယ်များပြားသော ပြုဖွယ် ဝေယျာဝစ္စရှိ၏၊ များစွာသော ပြုဖွယ်ကိစ္စ ရှိ၏၊ အလွန်ကြီးကျယ်သော ကြောင့်ကြဖွယ် ရှိ၏၊ များစွာ သောအားထုတ်ဖွယ် ရှိ၏၊ ထိုအလုပ်သည် ပြည့်စုံသည်ရှိသော် ကြီးကျယ်သော အကျိုး ရှိ၏။ လုလင်ဤဥပမာ အတူသာလျှင် လူ့ဘောင်၌ နေသော သူတို့၏ အလုပ်သည် ကြီးကျယ်များပြားသော ပြုဖွယ်ဝေယျာဝစ္စ ရှိ၏၊ များစွာသော ပြုဖွယ်ကိစ္စ ရှိ၏၊ အလွန်ကြီးကျယ်သော ကြောင့်ကြဖွယ် ရှိ၏၊ များစွာသော အားထုတ်ဖွယ် ရှိ၏၊ ထိုအလုပ်သည် ပြည့်စုံသည်ရှိသော် ကြီးကျယ်သော အကျိုးရှိ၏။
လုလင် ဥပမာအားဖြင့် ကုန်သည်အလုပ်သည် အနည်းငယ်သော ပြုဖွယ်ဝေယျာဝစ္စ ရှိ၏၊ အနည်းငယ်သော ပြုဖွယ်ကိစ္စ ရှိ၏၊ အနည်းငယ်သော ကြောင့်ကြဖွယ် ရှိ၏၊ အနည်းငယ်သော အားထုတ်ဖွယ်ရှိ၏၊ ထိုအလုပ်သည် ချွတ်ယွင်းသည်ရှိသော် နည်းသော အကျိုးရှိ၏။ လုလင် ဤဥပမာအတူသာလျှင်ရဟန်းအလုပ်သည် အနည်းငယ်သော ပြုဖွယ်ဝေယျာဝစ္စရှိ၏၊ အနည်းငယ်သော ပြုဖွယ်ကိစ္စရှိ၏၊ အနည်းငယ်သော ကြောင့်ကြဖွယ် ရှိ၏၊ အနည်းငယ်သော အားထုတ်ဖွယ်ရှိ၏၊ ထိုအလုပ်သည် ချွတ်ယွင်းသည်ရှိသော် နည်းသော အကျိုးရှိ၏။
လုလင် ဥပမာအားဖြင့် ကုန်သည်အလုပ်သည်ပင်လျှင် အနည်းငယ်သော ပြုဖွယ်ဝေယျာဝစ္စရှိ၏၊ အနည်းငယ်သော ပြုဖွယ်ကိစ္စ ရှိ၏၊ အနည်းငယ်သော ကြောင့်ကြဖွယ် ရှိ၏၊ အနည်းငယ်သောအားထုတ်ဖွယ် ရှိ၏၊ ထိုအလုပ်သည် ပြည့်စုံသည်ရှိသော် ကြီးကျယ်များပြားသော အကျိုးရှိ၏။ လုလင်ဤဥပမာအတူသာလျှင် ရဟန်းအလုပ်သည် အနည်းငယ်သော ပြုဖွယ်ဝေယျာဝစ္စ ရှိ၏၊ အနည်းငယ်သောပြုဖွယ်ကိစ္စ ရှိ၏၊ အနည်းငယ်သော ကြောင့်ကြဖွယ် ရှိ၏၊ အနည်းငယ်သော အားထုတ်ဖွယ် ရှိ၏၊ ထိုအလုပ်သည် ပြည့်စုံသည်ရှိသော် ကြီးကျယ် များပြားသော အကျိုးရှိ၏ဟု (မိန့်တော်မူ၏)။
အသျှင်ဂေါတမ ပုဏ္ဏားတို့သည် ကောင်းမှုကို ပြုခြင်းငှါ ကုသိုလ်ကို ပြည့်စုံစေခြင်းငှါ ငါးပါးသောတရားတို့ကို ပညတ်ကြပါကုန်၏ဟု (လျှောက်၏)။ လုလင် အကယ်၍ သင် ဝန်မလေးပါမူ ကောင်းမှုကိုပြုခြင်းငှါ ကုသိုလ်ကို ပြည့်စုံစေခြင်းငှါ ပုဏ္ဏားတို့ ပညတ်ထားသော ငါးပါးသော တရားတို့ကို ဤပရိသတ်၌ ပြောဆိုပါလော့ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ အသျှင်ဘုရားဖြစ်စေ အသျှင်ဘုရားကဲ့သို့သော ပုဂ္ဂိုလ်ဖြစ်စေ ထိုင်နေသော ပရိသတ်မျိုး၌ ပြောကြားရန် အကျွန်ုပ်မှာ ဝန်မလေးပါဟု (လျှောက်၏)။ လုလင် သို့ဖြစ်မူ ပြောကြားပါလော့ဟု (မိန့်တော်မူ၏)။
အသျှင်ဂေါတမ ကောင်းမှုကို ပြုခြင်းငှါ ကုသိုလ်ကို ပြည့်စုံစေခြင်းငှါ ပုဏ္ဏားတို့သည် အမှန်ဆိုခြင်းကိုပဌမတရားဟူ၍ ပညတ်ကြပါကုန်၏။ အသျှင်ဂေါတမ ကောင်းမှုကို ပြုခြင်းငှါ ကုသိုလ်ကို ပြည့်စုံစေခြင်းငှါ ပုဏ္ဏားတို့သည် ခြိုးခြံသော အကျင့်ကို ဒုတိယတရားဟူ၍ ပညတ်ကြပါကုန်၏။ အသျှင်ဂေါတမကောင်းမှုကို ပြုခြင်းငှါ ကုသိုလ်ကို ပြည့်စုံစေခြင်းငှါ ပုဏ္ဏားတို့သည် မေထုန်မှ ကြဉ်ခြင်းကို တတိယတရားဟူ၍ ပညတ်ကြပါကုန်၏။ အသျှင်ဂေါတမ ကောင်းမှုကို ပြုခြင်းငှါ ကုသိုလ်ကို ပြည့်စုံစေခြင်းငှါပုဏ္ဏားတို့သည် ဗေဒင်သင်ယူခြင်းကို စတုတ္ထတရားဟူ၍ ပညတ်ကြပါကုန်၏။ အသျှင်ဂေါတမကောင်းမှုကို ပြုခြင်းငှါ ကုသိုလ်ကို ပြည့်စုံစေခြင်းငှါ ပုဏ္ဏားတို့သည် စွန့်ကြဲခြင်းကို ပဉ္စမတရားဟူ၍ပညတ်ကြပါကုန် ၏။ အသျှင်ဂေါတမ ပုဏ္ဏားတို့သည် ကောင်းမှုကို ပြုခြင်းငှါ ကုသိုလ်ကို့ပြည့်စုံစေခြင်းငှါ ဤငါးပါးသော တရားတို့ကို ပညတ်ကြပါကုန်၏။ အသျှင်ဂေါတမသည် ဤအရာ၌အဘယ်သို့ ဆိုလိုပါသနည်းဟု (လျှောက်၏)။
--
၄၆၅။ လုလင် “ဤငါးပါးသော တရားတို့၏ အကျိုးကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍မျက်မှောက်ပြု ကာ ငါဟောကြား၏”ဟု ပုဏ္ဏားတို့အထဲတွင် ဆိုစွမ်းနိုင်သော တစ်စုံတစ်ယောက်သောပုဏ္ဏားသည် ရှိသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ မရှိပါဟု (လျှောက်၏)။ လုလင် “ဤငါးပါးကုန်သော တရားတို့၏ အကျိုးကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက် ပြုကာငါ ဟောကြား ၏”ဟု ပုဏ္ဏားတို့အထဲတွင် ဆိုစွမ်းနိုင်သော တစ်စုံတစ်ယောက်သောဆရာ၊ တစ်စုံတစ်ယောက်သော ဆရာ့ဆရာ၊ ခုနစ်ဆက်တိုင်အောင်ဖြစ်သော ဆရာ့ဆရာသည်လည်း ရှိသလောဟု (မေးတော်မူ၏)။ အသျှင် ဂေါတမ မရှိပါဟု (လျှောက်၏)။
လုလင် ပုဏ္ဏားတို့၏ လက်ဦးဆရာဖြစ်ကုန်သော ဝေဒကျမ်းတို့ကို စီရင်ကုန်သော ဝေဒကျမ်းတို့ကိုပို့ချကုန်သော အကြင်ရသေ့တို့သည် ရှိကုန်၏၊ ယခုအခါ ပုဏ္ဏားတို့သည် အကြင် (ရသေ့) တို့ သီဆိုပို့ချပေါင်းစုထားသော ထိုရှေးဟောင်းဝေဒကျမ်းကို လိုက်၍ သီဆိုကုန်၏၊ လိုက်၍ ရွတ်ဆိုကုန်၏၊ ရွတ်ဆိုထားတိုင်း လိုက်၍ ရွတ်ဆိုကုန်၏၊ ပို့ချထားတိုင်း လိုက်၍ ပို့ချကုန်၏၊ ဤရသေ့တို့သည် အဘယ်နည်း။ အဋ္ဌကရသေ့ ဝါမကရသေ့ ဝါမဒေဝရသေ့ ဝေဿာမိတ္တရသေ့ ယမတဂ္ဂိရသေ့ အင်္ဂီရသရသေ့ ဘာရဒွါဇရသေ့ ဝါသေဋ္ဌရသေ့ ကဿပရသေ့ ဘဂုရသေ့တို့တည်း။ ထိုရသေ့တို့သည်လည်း “ဤငါးပါးကုန်သောတရားတို့၏ အကျိုးကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ငါတို့ ဟောကြားကုန်၏”ဟု ဤသို့ ဆိုကြကုန်သလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤသို့လည်း မဆိုကြပါကုန်ဟု (လျှောက်၏)။
လုလင် ဤသို့လျှင် “ဤငါးပါးကုန်သော တရားတို့၏ အကျိုးကို ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍မျက်မှောက်ပြုကာ ငါဟောကြား၏”ဟု ပုဏ္ဏားတို့အထဲတွင် ဆိုစွမ်းနိုင်သော တစ်စုံတစ်ယောက်သောပုဏ္ဏားသည်လည်း မရှိခဲ့။ “ငါသည် ဤငါးပါးသော တရားတို့၏ အကျိုးကို ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ငါဟောကြား၏”ဟု ပုဏ္ဏားထဲတွင် ဆိုစွမ်းနိုင်သောတစ်စုံတစ်ယောက်သော ဆရာ၊ တစ်စုံတစ်ယောက် သောဆရာ့ဆရာ၊ ခုနစ်ဆက်မြောက်တိုင်အောင်ဖြစ်သော ဆရာ့ဆရာ တစ်စုံ တစ်ယောက်မျှလည်း မရှိခဲ့။ ပုဏ္ဏားတို့၏လက်ဦးဆရာဖြစ်ကုန်သော ဝေဒကျမ်းတို့ကို စီရင်ကုန်သော ဝေဒကျမ်းတို့ကို ပို့ချကုန်သောအကြင်ရသေ့တို့သည် ရှိကုန်၏၊ ယခုအခါ ပုဏ္ဏားတို့သည် အကြင် (ရသေ့) တို့သီဆိုပို့ချပေါင်းစုထားသော ထိုရှေးဟောင်းဝေဒကျမ်းကို လိုက်၍ သီဆိုကုန်၏၊ လိုက်၍ ရွတ် ဆိုကုန်၏၊ ရွတ်ဆိုထားတိုင်း လိုက်၍ ရွတ်ဆိုကုန်၏၊ ပို့ချထားတိုင်း လိုက်၍ ပို့ချကုန်၏၊ ဤရသေ့တို့ ကားအဘယ်နည်း။ အဋ္ဌကရသေ့ ဝါမကရသေ့ ဝါမဒေဝရသေ့ ဝေဿာမိတ္တရသေ့ ယမတဂ္ဂိရသေ့အင်္ဂီရသရသေ့ ဘာရဒွါဇရသေ့ ဝါသေဋ္ဌရသေ့ ကဿပရသေ့ ဘဂုရသေ့တို့တည်း။ ထိုရသေ့တို့သည်လည်း “ဤငါးပါးကုန်သော တရားတို့၏ အကျိုးကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ငါတို့ ဟောကြားကုန်၏”ဟူ၍လည်း မဆိုခဲ့ကြကုန်။
လုလင် ဥပမာအားဖြင့် အချင်းချင်း ဆွဲကိုင်ဆက်စပ်လျက်ရှိသော သူကန်းတို့၏ အစဉ်အတန်းတွင်ရှေ့ဆုံးလူသည်လည်း မမြင်၊ အလယ်လူသည်လည်း မမြင်၊ နောက်ဆုံးလူသည်လည်း မမြင်၊ လုလင်ဤဥပမာအတူသာလျှင် ပုဏ္ဏားတို့ ပြောဆိုသော စကားသည် သူကန်းတို့၏ အစဉ်အတန်းကဲ့သို့ဖြစ်ချေ၏၊ ရှေ့ဆုံးလူသည်လည်း မမြင်၊ အလယ်လူသည်လည်း မမြင်၊ နောက်ဆုံးလူသည်လည်းမမြင်ဟု (မိန့်တော်မူ၏)။
၄၆၆။ ဤသို့မိန့်တော်မူသော် တောဒေယျ၏သားဖြစ်သော သုဘလုလင်သည် မြတ်စွာဘုရားက သူကန်း့အစဉ် ဥပမာအားဖြင့် ဆိုသောကြောင့် စိတ်ဆိုးသည် အမျက်ထွက်သည်ဖြစ်၍ မြတ်စွာဘုရားကို သာလျှင်အပြစ်တင်လို၍ မြတ်စွာဘုရားကိုသာလျှင် ရှုတ်ချလိုသည်ဖြစ်၍ မြတ်စွာဘုရားကိုသာလျှင် ဆိုလို၍"ရဟန်းဂေါတမ အပေါ်သို့ ကျရောက်သည် ဖြစ်လတ္တံ့”ဟု (နှလုံးသွင်းကာ) မြတ်စွာဘုရားအား ဤသို့သော စကားကို ဆို၏- “အသျှင်ဂေါတမ ဩပမညအနွယ်ဖြစ်သော သုဘဂတောကို အစိုးရသောပေါက္ခရသာတိပုဏ္ဏားသည် ‘ဤလောက၌ အချို့သော ရဟန်းပုဏ္ဏားတို့သည် လူတို့၏ တရားထက် လွန်မြတ်သော အရိယာဖြစ်စွမ်းနိုင်သော ဉာဏ်အမြင်ထူးကို ဤသို့ချည်းသာ ဝန်ခံပြောဆိုကြကုန်၏၊ ထိုရဟန်းပုဏ္ဏားတို့၏ စကားသည် ရယ်ဖွယ်သာလျှင် ဖြစ်၏၊ စကားမျှသာလျှင် ဖြစ်၏၊ အကျိုးမရှိသည်သာလျှင်ဖြစ်၏၊ အချည်းနှီးသာလျှင် ဖြစ်၏၊ လူသားဖြစ်သော သူသည် လူတို့၏ တရားထက် လွန်မြတ်သောအရိယာဖြစ်စွမ်းနိုင်သော ဉာဏ်အမြင်ထူးကို အဘယ်မှာ သိနိုင် မြင်နိုင် မျက်မှောက်ပြုနိုင်ပါအံ့နည်း’။ ဤသို့ (သိနိုင် မြင်နိုင် မျက်မှောက်ပြုနိုင်သော) အကြောင်းမျိုးကား မရှိနိုင်ချေ”ဟု (ဆို၏)။
--
လုလင် ဩပမည အနွယ်ဖြစ်သော သုဘဂတောကို အစိုးရသော ပေါက္ခရသာတိပုဏ္ဏားသည် အလုံးစုံသာလျှင် ဖြစ်ကုန်သော ရဟန်းပုဏ္ဏားတို့၏ စိတ်ကို မိမိ၏ စိတ်ဖြင့် ပိုင်းခြား၍ သိပါသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဩပမည အနွယ်ဖြစ်သော သုဘဂတောကို အစိုးရသော ပေါက္ခရသာတိပုဏ္ဏားသည် မိမိ၏ ကျွန်မဖြစ်သော ပုဏ္ဏိကာ၏ စိတ်ကိုသော်မှလည်း မိမိ၏ စိတ်ဖြင့် ပိုင်းခြား၍ မသိနိုင်ပါ၊ အလုံးစုံသာလျှင်ဖြစ်ကုန်သော ရဟန်းပုဏ္ဏားတို့၏ စိတ်ကို အဘယ်မှာ မိမိ၏ စိတ်ဖြင့် ပိုင်းခြား၍ သိနိုင်ပါလတ္တံ့နည်းဟု (လျှောက်၏)။
လုလင် ဥပမာအားဖြင့် ပဋိသန္ဓေအားဖြင့် ကန်းသော ယောကျ်ားသည် အမည်း အဖြူဖြစ်သောအဆင်းတို့ကို မမြင်ရာ၊ ညိုသောအဆင်းတို့ကိုလည်း မမြင်ရာ၊ ရွှေသောအဆင်းတို့ကိုလည်း မမြင်ရာ၊ နီသောအဆင်းတို့ကိုလည်း မမြင်ရာ၊ မောင်းသောအဆင်းတို့ကိုလည်း မမြင်ရာ၊ ညီညွတ်သည် မညီညွတ်သည်ကိုလည်း မမြင်ရာ၊ ကြယ်တာရာတို့ကိုလည်း မမြင်ရာ၊ လ နေတို့ကိုလည်း မမြင်ရာ၊ ထိုသူကန်းသည် “အမည်း အဖြူအဆင်းတို့သည် မရှိကုန်၊ အမည်း အဖြူအဆင်းတို့ကို မြင်လေ့ရှိသူတို့လည်းမရှိကုန်။ ညိုသောအဆင်းတို့သည် မရှိကုန်၊ ညိုသောအဆင်းတို့ကို မြင်လေ့ရှိသူတို့လည်း မရှိကုန်။ ရွှေသောအဆင်းတို့သည် မရှိကုန်၊ ရွှေသော အဆင်းတို့ကို မြင်လေ့ရှိသူတို့လည်း မရှိကုန်။ နီသောအဆင်းတို့သည် မရှိကုန်၊ နီသောအဆင်းတို့ကို မြင်လေ့ရှိသူတို့လည်း မရှိကုန်။ မောင်းသောအဆင်းတို့သည် မရှိကုန်၊ မောင်းသောအဆင်းတို့ကို မြင်လေ့ရှိသူတို့လည်း မရှိကုန်။ ညီညွတ် မညီညွတ်သောအရာသည် မရှိ၊ ညီညွတ် မညီညွတ်သော အရာကို မြင်လေ့ရှိသူတို့လည်း မရှိကုန်။ ကြယ်တာရာတို့သည် မရှိကုန်၊ ကြယ်တာရာတို့ကို မြင်လေ့ရှိသူတို့လည်း မရှိကုန်။ လ နေတို့သည် မရှိကုန်။ လ နေတို့ကို မြင်လေ့ရှိသူတို့လည်း မရှိကုန်။ ဤအလုံးစုံကို ငါမသိ၊ ငါမမြင်၊ ထို့ကြောင့် ထိုအလုံးစုံသည် မရှိ”ဟု ဤသို့ ဆိုရာ၏။ လုလင် ထိုသူကန်း၏ ဆိုခြင်းသည် ကောင်းစွာ ဆိုခြင်း ဖြစ်ကောင်းအံ့လော့ဟု (မေးတော်မူ၏)။
အသျှင်ဂေါတမ မဖြစ်နိုင်ပါ၊ အမည်း အဖြူအဆင်းတို့သည် ရှိပါကုန်၏၊ အမည်း အဖြူအဆင်းတို့ကိုမြင်လေ့ရှိသူတို့လည်း ရှိပါကုန်၏၊ ညိုသောအဆင်းတို့သည် ရှိပါကုန်၏၊ ညိုသောအဆင်းတို့ကို မြင်လေ့ရှိသူတို့လည်း ရှိပါကုန်၏၊ ရွှေသောအဆင်းတို့သည် ရှိပါကုန်၏၊ ရွှေသောအဆင်းတို့ကို မြင်လေ့ရှိသူတို့လည်း ရှိပါကုန်၏၊ နီသောအဆင်းတို့သည် ရှိပါကုန်၏၊ နီသောအဆင်းတို့ကို မြင်လေ့ရှိသူတို့လည်းရှိပါကုန်၏၊ မောင်းသောအဆင်းတို့သည် ရှိပါကုန်၏၊ မောင်းသောအဆင်းတို့ကို မြင်လေ့ရှိသူတို့လည်းရှိပါကုန်၏၊ ညီညွတ် မညီညွတ်သော အရာသည် ရှိပါ၏၊ ညီညွတ် မညီညွတ်သော အရာကို မြင်လေ့ရှိသူတို့လည်း ရှိပါကုန်၏။ ကြယ်တာရာတို့သည် ရှိပါကုန်၏၊ ကြယ်တာရာတို့ကို မြင်လေ့ရှိသူတို့လည်းရှိပါကုန်၏၊ လ နေတို့သည် ရှိပါကုန်၏၊ လ နေတို့ကို မြင်လေ့ရှိသူတို့လည်း ရှိပါကုန်၏။ အသျှင်ဂေါတမ့ထိုသူကန်းက “ငါသည် ဤအလုံးစုံကို မသိ၊ ငါသည် ဤအလုံးစုံကို မမြင်၊ ထို့ကြောင့် ထိုအလုံးစုံသည်မရှိ”ဟု ပြောဆိုသည်ရှိသော် ကောင်းစွာ ပြောဆိုခြင်း မဖြစ်နိုင်ပါဟု (လျှောက်၏)။
လုလင် ဤဥပမာအတူသာလျှင် ဩပမညအနွယ်ဖြစ်သော သုဘဂတောကို အစိုးရသော ပေါက္ခရသာတိပုဏ္ဏားသည် ကန်း၏၊ မျက်စိအမြင် မရှိ၊ စင်စစ် ထိုသူသည် လူတို့၏ တရားထက် လွန်မြတ်သောအရိယာဖြစ် စွမ်းနိုင်သော ဉာဏ်အမြင်ထူးကို သိလတံ့္တ မြင်လတ္တံ့ မျက်မှောက်ပြုလတ္တံ့ဟူသော ဤအကြောင်းသည် မရှိ။
--
၄၆၇။ လုလင် သင် အဘယ်သို့ မှတ်ထင်ဘိသနည်း၊ ကောသလတိုင်း၌ နေကြကုန်သော စင်္ကီ ပုဏ္ဏားတာရုက္ခပုဏ္ဏား ပေါက္ခရသာတိပုဏ္ဏား ဇာဏုဿောဏိပုဏ္ဏား သင်၏ အဖဖြစ်သော တောဒေယျပုဏ္ဏားဟူသော ပုဏ္ဏားသူဌေးကြီးတို့သည် ရှိကုန်၏၊ ထိုပုဏ္ဏားကြီးတို့၏ လောကဝေါဟာရအားဖြင့် ပြောဆိုသောစကား, လောက ဝေါဟာရ မဟုတ်ဘဲ ပြောဆိုသော စကားတို့တွင် အဘယ်စကားသည် ချီးမွမ်းအပ်သနည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ လောကဝေါဟာရအားဖြင့် ပြောဆိုသော စကားသည်ချီးမွမ်းအပ်ပါ၏ဟု (လျှောက်၏)။ ထိုပုဏ္ဏားကြီးတို့၏ နှိုင်းချိန်၍ ပြောဆိုသောစကား, မနှိုင်းချိန်ဘဲပြောဆိုသော စကားတို့တွင် အဘယ်စကားသည် ချီးမွမ်းအပ်သနည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမနှိုင်းချိန်၍ ပြောဆိုသော စကားသည် ချီးမွမ်းအပ်ပါ၏ဟု (လျှောက်၏)။
ထိုပုဏ္ဏားကြီးတို့၏ ဆင်ခြင်၍ ပြောဆိုသောစကား, မဆင်ခြင်ဘဲ ပြောဆိုသော စကားတို့တွင်အဘယ်စကားသည် ချီးမွမ်းအပ်သနည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဆင်ခြင်၍ပြောဆိုသောစကားသည် ချီးမွမ်းအပ်ပါ၏ဟု (လျှောက်၏)။
ထိုပုဏ္ဏားကြီးတို့၏ အကြောင်းခိုင်လုံစွာ ပြောဆိုသောစကား, အကြောင်းမခိုင်လုံဘဲ ပြောဆိုသောစကားတို့တွင် အဘယ်စကားသည် ချီးမွမ်းအပ်သနည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ အကြောင်းခိုင်လုံစွာ ပြောဆိုသော စကားသည် ချီးမွမ်းအပ်ပါ၏ဟု (လျှောက်၏)။
လုလင် သင် အဘယ်သို့ မှတ်ထင်ဘိသနည်း၊ အကယ်၍ ဤသို့ဖြစ်မူ ဩပမညအနွယ်ဖြစ်သောသုဘဂ တောကို အစိုးရသော ပေါက္ခရသာတိပုဏ္ဏားသည် လောကဝေါဟာရအားဖြင့် စကားကို ပြောဆိုသလော၊ လောကဝေါဟာရ မဟုတ်ဘဲ စကားကို ပြောဆိုသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမလောကဝေါဟာရ မဟုတ်ဘဲ ပြောဆိုပါ၏ဟု (လျှောက်၏)။
နှိုင်းချိန်၍ စကားကို ပြောဆိုသလော၊ မနှိုင်းချိန်ဘဲ စကားကို ပြောဆိုသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ မနှိုင်းချိန်ဘဲ စကားကို ပြောဆိုပါ၏ဟု (လျှောက်၏)။
ဆင်ခြင်၍ ပြောဆိုသလော၊ မဆင်ခြင်ဘဲ ပြောဆိုသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမမဆင်ခြင်ဘဲ ပြောဆိုပါ၏ဟု (လျှောက်၏)။
အကြောင်းခိုင်လုံစွာ စကားကို ပြောဆိုသလော၊ အကြောင်းမခိုင်လုံဘဲ စကားကို ပြောဆိုသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ အကြောင်းမခိုင်လုံဘဲ စကားကို ပြောဆိုပါ၏ဟု (လျှောက်၏)။
လုလင် ပိတ်ပင်တတ်သော ‘နီဝရဏ’ တရားတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း ဟူမူ-ကာမဂုဏ်ငါးပါးတို့ ၌ လိုချင်တောင့်တမှု ‘ကာမစ္ဆန္ဒနီဝရဏ’ လည်းကောင်း၊ သူတစ်ပါးအား ပျက်စီးစေလိုမှု ‘ဗျာပါဒ နီဝရဏ’ လည်းကောင်း၊ ထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓနီဝရဏ'လည်းကောင်း၊ ပျံ့လွင့်မှု နောင်တတစ်ဖန်ပူပန်မှုဟူသော ‘ဥဒ္ဓစ္စ ကုက္ကုစ္စနီဝရဏ'လည်းကောင်း၊ သို့လော သို့လော တွေးတောယုံမှားမှု'ဝိစိကိစ္ဆာနီဝရဏ’ လည်းကောင်း လုလင် ပိတ်ပင်တတ်ကုန်သော တရားတို့သည် ဤငါးပါးတို့တည်း။
လုလင် ဩပမညအနွယ်ဖြစ်သော သုဘဂတောကို အစိုးရသော ပေါက္ခရသာတိပုဏ္ဏားကို ဤငါးပါးကုန်သော ပိတ်ပင်တတ်သော ‘နီဝရဏ’ တရားတို့သည် ပိတ်ပင်ထား၏၊ ဖုံးလွှမ်းထား၏၊ တားမြစ်ထား၏၊ မြှေးယှက် ထား၏၊ ရစ်ပတ်ထား၏၊ စင်စစ် ထိုပေါက္ခရသာတိပုဏ္ဏားသည် လူတို့၏ တရားထက့်လွန်မြတ်သော အရိယာဖြစ်စွမ်းနိုင်သော ဉာဏ်အမြင်ထူးကို သိလတံ့္တ မြင်လတ္တံ့ မျက်မှောက် ပြုလတ္တံ့ဟူသော ဤအကြောင်းသည် မရှိနိုင်သည်သာတည်း။
--
၄၆၈။ လုလင် ကာမဂုဏ်တို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်းဟူမူ- စက္ခုဝိညာဏ်စိတ်ဖြင့် သိအပ်ကုန်သော အလိုရှိအပ် နှစ်သက်အပ် နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ဖွယ်သောသဘောရှိသော ကာမနှင့် စပ်ယှဉ်ကုန်သော တပ်နှစ်သက်ဖွယ် ဖြစ်ကုန်သော ရူပါရုံတို့လည်းကောင်း။ သောတဝိညာဏ်စိတ်ဖြင့် သိအပ်ကုန်သော သဒ္ဒါရုံတို့လည်းကောင်း။ပ။ ဃာနဝိညာဏ်စိတ်ဖြင့် သိအပ်ကုန်သော ဂန္ဓာရုံတို့လည်းကောင်း။ ဇိဝှါဝိညာဏ်စိတ်ဖြင့် သိအပ်ကုန်သော ရသာရုံတို့လည်းကောင်း။ ကာယဝိညာဏ်စိတ်ဖြင့် သိအပ်ကုန်သော အလိုရှိအပ် နှစ်သက်အပ် နှလုံးကို ပွါးစေတတ်ကုန်သောချစ်ဖွယ်သောသဘောရှိသော ကာမနှင့် စပ်ယှဉ်ကုန်သော တပ်နှစ်သက်ဖွယ် ဖြစ်ကုန်သော ဖောဋ္ဌဗ္ဗာရုံတို့လည်းကောင်း။ လုလင် ကာမဂုဏ်တို့သည် ဤငါးပါးတို့တည်း။ လုလင် ဩပမညအနွယ်ဖြစ်သောသုဘဂတောကို အစိုးရသော ပေါက္ခရသာတိပုဏ္ဏားသည် ဤငါးပါးသော ကာမဂုဏ်တို့ဖြင့် တပ်မက်သည်တွေဝေသည် လွှမ်းမိုးခြင်းသို့ ရောက်သည် အပြစ်ကို မမြင်နိုင်သည် ထွက်မြောက်ကြောင်း ပညာမရှိသည်ဖြစ်၍ သုံးဆောင်ခံစား၏။ စင်စစ် ထိုပေါက္ခရသာတိပုဏ္ဏားသည် လူတို့၏ တရားထက် လွန်မြတ်သော အရိယာဖြစ်စွမ်းနိုင်သော ဉာဏ်အမြင်ထူးကို သိလတံ့္တ မြင်လတ္တံ့ မျက်မှောက်ပြုလတ္တံ့ဟူသောဤအကြောင်းသည် မရှိသည်သာတည်း။
လုလင် သင် အဘယ်သို့ မှတ်ထင်ဘိသနည်း၊ မြက်ထင်းဟူသော လောင်စာကို အစွဲပြု၍ မီးကိုတောက်ပစေရာ၏၊ မြက်ထင်းဟူသော လောင်စာမပါဘဲ မီးကို တောက်ပစေရာ၏၊ (ထိုတွင်) အဘယ်မီးသည် အလျှံရှိသည်လည်းကောင်း၊ အဆင်းရှိသည်လည်းကောင်း၊ ပြိုးပြိုးပြက် တောက်ပသည်လည်းကောင်း ဖြစ်ရာသနည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ မြက်ထင်းဟူသော လောင်စာမပါဘဲ မီးကိုတောက်ပစေရန် အကြောင်းမျိုးသည် အကယ်၍ ရှိငြားအံ့၊ ထိုမီးသည် အလျှံရှိသည်လည်းကောင်း၊ အဆင်းရှိသည်လည်းကောင်း၊ ပြိုးပြိုးပြက် တောက်ပသည်လည်းကောင်း ဖြစ်ရာပါ၏ဟု (လျှောက်၏)။ လုလင် တန်ခိုးရှိသူကို ကြဉ်၍ မြက်ထင်းဟူသော လောင်စာမပါဘဲ မီးကို တောက်ပစေနိုင်ခြင်းသည်အကြောင်းမဟုတ် အရာမဟုတ်။ လုလင် ဥပမာအားဖြင့် မြက်ထင်းဟူသော လောင်စာကို အစွဲပြု၍မီးသည် တောက်ပသကဲ့သို့ ထိုနှင့်တူစွာ ငါးပါးသော ကာမဂုဏ်တို့ကို အစွဲပြု၍ ဖြစ်သော ဤပီတိကိုငါဆို၏။ လုလင် ဥပမာအားဖြင့် မြက်ထင်းဟူသော လောင်စာမပါဘဲ မီးသည် တောက်ပသကဲ့သို့ ထိုနှင့်တူစွာ ကာမတရားတို့ကို ကြဉ်၍သာလျှင် အကုသိုလ်တရားတို့ကို ကြဉ်၍သာလျှင် ဖြစ်သော ဤပီတိကိုငါဆို၏။
လုလင် ကာမတို့ကို ကြဉ်၍သာလျှင် အကုသိုလ်တို့ကို ကြဉ်၍သာလျှင် အဘယ်သို့သဘောရှိသောပီတိသည် ဖြစ်သနည်းဟူမူ-လုလင် ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပဌမဈာန်ကို ပြည့်စုံစေ၍ နေ၏။ လုလင် ဤပီတိသည်လည်း ကာမတရားတို့မှကြဉ်၍သာလျှင် အကုသိုလ် တရားတို့မှ ကြဉ်၍သာလျှင် ဖြစ်သော ပီတိပင်တည်း။ လုလင်တစ်ဖန်လည်း ဝိတက်ဝိစာရ တို့ ငြိမ်းခြင်းကြောင့် ဒုတိယဈာန်ကို ပြည့်စုံစေ၍ နေ၏။ လုလင်အမှန်အားဖြင့် ဤပီတိသည်လည်း ကာမတရားတို့မှ ကြဉ်၍သာလျှင် အကုသိုလ်တရားတို့မှကြဉ်၍သာလျှင် ဖြစ်သော ပီတိပင်တည်း။
၄၆၉။ လုလင် ပုဏ္ဏားတို့သည် ကောင်းမှုပြုခြင်းငှါ ကုသိုလ်တရားကို ပြည့်စုံစေခြင်းငှါ ငါးပါးသောတရားတို့ကို ပညတ်ကြကုန်၏၊ ဤသို့ ပညတ်ရာ၌ အဘယ်တရားကို ကောင်းမှုပြုခြင်းငှါ ကုသိုလ်တရားကို ပြည့်စုံစေခြင်းငှါ အကျိုးအကြီးဆုံးဟူ၍ ပညတ်ကြကုန်သနည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမပုဏ္ဏားတို့သည် ကောင်းမှုပြုခြင်းငှါ ကုသိုလ်တရားကို ပြည့်စုံစေခြင်းငှါ ငါးပါးသော တရားတို့ကို ပညတ့်ကြကုန်၏၊ ဤသို့ ပညတ်ရာ၌ စွန့်ကြဲခြင်းတရားကို ကောင်းမှုပြုခြင်းငှါ ကုသိုလ်တရားကို ပြည့်စုံစေခြင်းငှါ အကျိုးအကြီးဆုံးဟူ၍ ပညတ်ကြပါကုန်၏ဟု (လျှောက်၏)။
--
လုလင် သင် အဘယ်သို့ မှတ်ထင်ဘိသနည်း၊ ပုဏ္ဏားတစ်ယောက်သည် ကြီးစွာသော ယဇ်ပူဇော်ပွဲကိုခင်းကျင်းစီမံထားရာ၏၊ ထိုအခါ “ဤအမည်ရှိသော ပုဏ္ဏား၏ ယဇ်ကြီးကို ခံစားကုန်အံ့”ဟု နှစ်ယောက်သော ပုဏ္ဏားတို့သည် လာကုန်ရာ၏။ ထိုပုဏ္ဏားနှစ်ယောက်တို့တွင် တစ်ယောက်သော ပုဏ္ဏားအား “ငါသည်သာလျှင် ထမင်းစားရာ၌ မြတ်သောနေရာကို မြတ်သောရေကို မြတ်သောထမင်းကို ရပါမူကောင်းလေရာ၏၊ ငါမှတစ်ပါးသော ပုဏ္ဏားသည် ထမင်းစားရာ၌ မြတ်သောနေရာကို မြတ်သောရေကိုမြတ်သောထမင်းကို မရပါမူ ကောင်းလေရာ၏”ဟု ဤသို့သော အကြံသည် ဖြစ်ရာ၏။ လုလင် မိမိမှတစ်ပါးသော ပုဏ္ဏားသည် ထမင်းစားရာ၌ မြတ်သောနေရာကို မြတ်သောရေကို မြတ်သောထမင်းကို ရ၍ထိုကြံစည်သော ပုဏ္ဏားသည် ထမင်းစားရာ၌ မြတ်သောနေရာကို မြတ်သောရေကို မြတ်သောထမင်းကိုမရရာသော အကြောင်းသည် ရှိပေ၏။ “တစ်ပါးသော ပုဏ္ဏားသည် ထမင်းစားရာ၌ မြတ်သောနေရာကိုမြတ်သောရေကို မြတ်သောထမင်းကို ရ၏၊ ငါသည်ကား ထမင်းစားရာ၌ မြတ်သောနေရာကို မြတ်သောရေကို မြတ်သောထမင်းကို မရခဲ့”ဟု ထိုပုဏ္ဏားသည် စိတ်ဆိုး၏၊ နှလုံးမသာဖြစ်၏။
လုလင် ဤယဇ်၏ အကျိုးကို ပုဏ္ဏားတို့သည် အဘယ်သို့ ပညတ်ကြကုန်သနည်းဟု (မေးတော် မူ၏)။ အသျှင်ဂေါတမ ဤအရာ၌ ပုဏ္ဏားတို့သည် “ဤအလှူဖြင့် တစ်ပါးသူသည် အမျက်ထွက်သည်နှလုံးမသာသည် ဖြစ်စေသတည်း”ဟု ဤသို့ကား အလှူကို မပေးလှူကြပါကုန်၊ ဤအရာ၌ ပုဏ္ဏားတို့သည် အစဉ်သနားခြင်း သဘောရှိသည်ဖြစ်၍သာလျှင် အလှူဒါနကို ပေးလှူကြပါကုန်၏ဟု (လျှောက်၏)။ လုလင် ဤသို့ဖြစ်သည်ရှိသော် ပုဏ္ဏားတို့မှာ ဤခြောက်ခုမြောက်ဖြစ်သောအစဉ်သနားခြင်းသဘော ရှိမှု ဟူသော ပုညကိရိယဝတ္ထုရှိသေးသည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤသို့ ဖြစ်သည် ရှိသော် ပုဏ္ဏားတို့မှာ ဤခြောက်ခုမြောက်ဖြစ်သောအစဉ်သနားခြင်းသဘောရှိမှုဟူသော ပုညကိရိယဝတ္ထု ဖြစ်ပါ၏ဟု (လျှောက်၏)။
လုလင် ပုဏ္ဏားတို့သည် ကောင်းမှုပြုခြင်းငှါ ကုသိုလ်တရားကို ပြည့်စုံစေခြင်းငှါ ငါးပါးသော တရားတို့ကို ပညတ်ကြကုန်၏၊ သင်သည် ဤငါးပါးသော တရားတို့ကို လူ ရဟန်း နှစ်မျိုးတို့တွင် အဘယ်သူတို့၌ များစွာဖြစ်သည်ကို မြင်သနည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ပုဏ္ဏားတို့သည် ကောင်းမှုကို ပြုခြင်းငှါ ကုသိုလ်တရားကို ပြည့်စုံစေခြင်းငှါ ငါးပါးသော တရားတို့ကို ပညတ်ကြပါကုန်၏၊ အကျွန်ုပ်သည် ဤငါးပါးသော တရားတို့ကို ရဟန်းတို့၌ များစွာဖြစ်သည်ကို မြင်ပါ၏၊ လူတို့၌ အနည်းငယ်သာ တွေ့မြင်ပါ၏။ အသျှင်ဂေါတမ လူသည် များစွာသော ပြုဖွယ်ဝေယျာဝစ္စ ရှိပါ၏၊ များစွာသောပြုဖွယ်ကိစ္စရှိပါ၏၊ များစွာသော ကြောင့်ကြဖွယ် ရှိပါ၏၊ များစွာသော အားထုတ်ဖွယ် ရှိပါ၏၊ အမြဲမပြတ် အမှန်ကို ဆိုလေ့ရှိသည် မဖြစ်နိုင်ပါ။ အသျှင်ဂေါတမ ထိုမှတစ်ပါး ရဟန်းသည်ကားနည်းသော ပြုဖွယ်ဝေယျာဝစ္စ ရှိ၏၊ နည်းသော ပြုဖွယ်ကိစ္စ ရှိ၏၊ အလွန်နည်းသော ကြောင့်ကြဖွယ်ရှိ၏၊ နည်း သော အားထုတ်ဖွယ် ရှိ၏၊ အမြဲမပြတ် အမှန်ကို ဆိုလေ့ရှိပါ၏။ အသျှင်ဂေါတမ လူသည်များစွာသော ပြုဖွယ်ဝေယျာဝစ္စ ရှိပါ၏၊ များစွာသော ပြုဖွယ်ကိစ္စ ရှိပါ၏၊ အလွန်များသောကြောင့်ကြဖွယ် ရှိပါ၏၊ များစွာသော အားထုတ်ဖွယ် ရှိပါ၏၊ အမြဲမပြတ် ခြိုးခြံသောအကျင့် မရှိပါ၊ မြတ်သော အကျင့်ကို ကျင့် လေ့မရှိပါ၊ ဗေဒင်ကို သရဇ္ဈာယ်ခြင်းများသည် မဖြစ်ပါ၊ စွန့်ကြဲခြင်းများသည် မဖြစ်ပါ။
အသျှင်ဂေါတမ ရဟန်းသည်ကား နည်းသော ပြုဖွယ်ဝေယျာဝစ္စ ရှိပါ၏၊ နည်းသော ပြုဖွယ်ကိစ္စ ရှိပါ၏၊ အနည်းငယ်မျှသော ကြောင့်ကြဖွယ် ရှိပါ၏၊ နည်းသော အားထုတ်ဖွယ် ရှိပါ၏၊ အမြဲမပြတ် ခြိုးခြံသောအကျင့် ရှိပါ၏၊ မြတ်သောအကျင့် ရှိပါ၏၊ ဗေဒင်ကို သရဇ္ဈာယ်ခြင်း များပါ၏၊ စွန့်ကြဲခြင်း များပါ့၏။ အသျှင်ဂေါတမ ပုဏ္ဏားတို့သည် ကောင်းမှုကို ပြုခြင်းငှါ ကုသိုလ်တရားကို ပြည့်စုံစေခြင်းငှါ ငါးပါးသော တရားတို့ကို ပညတ်ကြပါကုန်၏။ အကျွန်ုပ်သည် ဤငါးပါးသော တရားတို့ကို ရဟန်းတို့၌များစွာတွေ့မြင်ရပါ၏၊ လူတို့၌ အနည်းငယ်သာ မြင်ရပါ၏ဟု (လျှောက်၏)။ လုလင် ပုဏ္ဏားတို့သည်ကောင်းမှုကို ပြုခြင်းငှါ ကုသိုလ်တရားကို ပြည့်စုံစေခြင်းငှါ ငါးပါးသော တရားတို့ကို ပညတ်ကြကုန်၏။ ဤပုဏ္ဏားတို့ ပညတ်ပြောဆိုသော တရားငါးပါးတို့ကို ရန်ကင်းစေလိုသော ဆင်းရဲကင်းစေလိုသောစိတ်ကို ပွါးများခြင်းငှါ ထိုစိတ်၏ အခြံအရံတို့ဟူ၍ ငါ ဟော၏။
--
လုလင် ဤသာသနာတော်၌ ရဟန်းသည် အမှန်ကို ဆိုလေ့ရှိ၏၊ ထိုရဟန်းသည် “ငါသည် အမှန်ဆိုခြင်းရှိသည် ဖြစ်ခဲ့ပြီ”ဟု အနက်အဓိပ္ပါယ်နားလည်မှုကို ရ၏၊ စကားနားလည်မှုကို ရ၏၊ တရားနှင့်စပ်သော ဝမ်းမြောက်မှုကို ရ၏၊ ရန်ကင်းစေလိုသော ဆင်းရဲကင်းစေလိုသော စိတ်ကို ပွါးများခြင်းငှါထိုကုသိုလ်နှင့် စပ်သော ဝမ်းမြောက်ခြင်းကို စိတ်၏ အခြံအရံဟူ၍ ငါ ဟော၏။
လုလင် ဤသာသနာတော်၌ ရဟန်းသည် ခြိုးခြံသော အကျင့် ရှိ၏။ပ။ မြတ်သော အကျင့်ကိုကျင့်လေ့ရှိ၏။ပ။ ဗေဒင်ကို သရဇ္ဈာယ်ခြင်း များ၏။ပ။ စွန့်ကြဲပေးကမ်းခြင်း များ၏။ ထိုရဟန်းသည်"ငါသည် စွန့်ကြဲပေးကမ်းခြင်းများသည် ဖြစ်ခဲ့ပြီ”ဟု အနက်အဓိပ္ပါယ်နားလည်မှုကို ရ၏၊ စကားနားလည်မှုကို ရ၏၊ တရားနှင့်စပ်သော ဝမ်းမြောက်ခြင်းကို ရ၏၊ ရန်ကင်းစေလိုသောဆင်းရဲကင်းစေလိုသော စိတ်ကို ပွါးများခြင်းငှါ ထိုကုသိုလ်နှင့် စပ်သော ဝမ်းမြောက်ခြင်းကို စိတ်၏အခြံအရံဟူ၍ ငါ ဟော၏။ လုလင် ပုဏ္ဏားတို့သည် ကောင်းမှုကို ပြုခြင်းငှါ ကုသိုလ်တရားကိုပြည့်စုံစေခြင်းငှါ ငါးပါးသောတရား တို့ကို ပညတ်ကြကုန်၏၊ ထိုတရား ငါးပါးတို့ကို ရန်ကင်းစေလိုသောဆင်းရဲကင်းစေလိုသော စိတ်ကို ပွါးများခြင်းငှါ စိတ်၏ အခြံအရံတို့ဟူ၍ ငါဟော ၏ဟု (မိန့်တော်မူ၏)။
၄၇၀။ ဤသို့ မိန့်တော်မူသော် တောဒေယျ၏သားဖြစ်သော သုဘလုလင်သည် မြတ်စွာဘုရားကို"အသျှင်ဂေါတမ ‘ရဟန်းဂေါတမသည် ဗြဟ္မာတို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်ခြင်းငှါ ခရီးလမ်းကြောင်း အကျင့်ကို သိ၏’ဟု ဤသို့သော စကားကို ကြားဖူးပါ၏”ဟု ဤစကားကို လျှောက်၏။
လုလင် သင် အဘယ်သို့ မှတ်ထင်ဘိသနည်း၊ ကျူထရံသည်ရွာသည် ဤအရပ်မှ အနီး၌ ရှိ၏၊ ဤအရပ်မှ ကျူထရံသည်ရွာသည် မဝေးသည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင် ကျူထရံသည်ရွာသည် ဤအရပ်မှ နီးပါ၏၊ ကျူထရံသည်ရွာသည် ဤအရပ်မှ မဝေးသည် မှန်လှပါ၏ဟု (လျှောက်၏)။ လုလင် သင်အဘယ်သို့ မှတ်ထင်ဘိသနည်း၊ ကျူထရံသည်ရွာ၌ မွေးဖွားကြီးပြင်းသော ယောကျ်ားတစ်ယောက် ရှိရာ၏၊ ထိုခဏ၌ပင်လျှင် ကျူထရံသည်ရွာမှ ဖဲထွက်လာသော ထိုသူကို ကျူထရံသည် ရွာသို့သွားစရာခရီးကို မေးမြန်းရာ၏။ လုလင် ကျူထရံသည်ရွာ၌ မွေးဖွားကြီးပြင်းသော ထိုယောကျ်ားအားကျူထရံသည်ရွာသို့ သွားရာခရီးကို မေးမြန်းသည်ရှိသော် နုံ့နှေးဖင့်နွဲှခြင်းသည် ဖြစ်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ မဖြစ်ရာပါ။ အဘယ့်ကြောင့်နည်းဟူမူ- အသျှင်ဂေါတမ ဤယောကျ်ားသည်ကျူထရံသည်ရွာ၌ မွေးဖွားကြီးပြင်းပါ၏၊ ထိုသူသည် ကျူထရံသည်ရွာသို့ သွားရာ လမ်းခရီးအားလုံးတို့ကို ကောင်းစွာ ခွဲခြား၍ သိထားသောကြောင့်ပါတည်းဟု (လျှောက်၏)။
လုလင် ကျူထရံသည်ရွာ၌ မွေးဖွားကြီးပြင်းသော ယောကျ်ားမှာ ကျူထရံသည်ရွာသို့ သွားရာလမ်းခရီးကို မေးမြန်းသည်ရှိသော် နုံ့နှေးဖင့်နွဲှခြင်းသည် ဖြစ်မည်ဆိုသော် ဖြစ်တန်ရာ၏၊ ငါဘုရားအားဗြဟ္မာ့ပြည်ကိုလည်းကောင်း၊ ဗြဟ္မာ့ပြည်သို့ သွားရာခရီးကိုလည်းကောင်း၊ အကျင့်ကိုလည်းကောင်းမေးသည်ရှိသော် နုံ့နှေးဖင့်နွဲှခြင်းသည် မဖြစ်နိုင်သည်သာတည်း။ လုလင် ငါသည် ဗြဟ္မာကိုလည်း သိ၏၊ ဗြဟ္မာ့ပြည်လောကကိုလည်း သိ၏၊ ဗြဟ္မာ့ပြည်သို့ ရောက်ကြောင်းအကျင့်ကိုလည်း သိ၏၊ ဗြဟ္မာ့ပြည်လောကသို့ ရောက်ကြောင်းအကျင့်ကို ကျင့်ကြံပုံကိုလည်း သိ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမအကျွန်ုပ်သည် “ရဟန်းဂေါတမသည် ဗြာဟ္မာ့တို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ခြင်းငှါ ခရီးလမ်း့ကြောင်းအကျင့်ကို ဟောကြား၏”ဟု ဤစကားကို ကြားဖူးပါ၏။ အသျှင်ဂေါတမသည် ဗြဟ္မာတို့၏အပေါင်းအဖော်အဖြစ်သို့ ရောက်ခြင်းငှါ ခရီးလမ်းကြောင်းအကျင့်ကို အကျွန်ုပ်အား ဟောကြားတော်မူပါလော့ဟု (လျှောက်၏)။ လုလင် သို့ဖြစ်မူ နားထောင်လော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောကြားပေအံ့ဟု (မိန့်တော်မူ၏)။ “အသျှင် ကောင်းပါပြီ” ဟူ၍သာလျှင် တောဒေယျ၏ သားဖြစ်သော သုဘလုလင်သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏-
--
၄၇၁။ လုလင် ဗြဟ္မာတို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ခြင်းငှါ ခရီးလမ်းကြောင်းအကျင့်သည်အဘယ်နည်းဟူမူ- လုလင် ဤသာသနာတော်၌ ရဟန်းသည် ချစ်ခြင်း ‘မေတ္တာ'နှင့်ယှဉ်သော စိတ်ဖြင့်တစ်ခုသော အရပ်ကို ပျံ့နံှ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက် အရပ်ကို။ ထို့အတူ သုံးခုမြောက်အရပ်ကို။ ထို့အတူ လေးခုမြောက် အရပ်ကို။ ဤနည်းအားဖြင့် အထက် အောက် ဖီလာအရပ်ကို ပျံ့နံှ့စေ၍ နေ၏။ အလုံးစုံသော အရပ် အလုံးစုံသော သတ္တဝါတို့၌ မိမိနှင့်တူစွာ သတ္တဝါအားလုံးရှိသောသတ္တလောကကို ပြန့်ပြောသော မြတ်သော အပိုင်းအခြားမရှိသော ရန်မရှိသော ကြောင့်ကြမရှိသောမေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နံှ့စေ၍ နေ၏။ လုလင် မေတ္တာဈာန်စိတ်ကို ဤသို့ ပွါးများသည်ရှိသော်အနှိုင်းယှဉ်ခံရသော ထိုကာမာဝစရကံသည် ထိုမေတ္တာ ဈာန်၌ မကြွင်းကျန်၊ ထိုကာမာဝစရကံသည်ထိုမေတ္တာဈာန်၌ မတည်။ လုလင် ဥပမာအားဖြင့် အားရှိသော ခရုသင်းမှုတ်သမားသည် အနည်းငယ်အပင်ပန်းခံ၍ မှုတ်ကာမျှဖြင့်သာလျှင် အရပ်လေးမျက်နှာတို့ကို သိစေနိုင်ရာသကဲ့သို့၊ လုလင် ဤဥပမာအတူသာလျှင်။ပ။ လုလင် မေတ္တာဈာန်စိတ်ကို ဤသို့ ပွါးများသည်ရှိသော် အနှိုင်းယှဉ်ခံရသော ထိုကာမာဝစရကံသည် ထိုမေတ္တာဈာန်၌ မကြွင်းကျန်၊ ထိုကာမာဝစရကံသည် ထိုမေတ္တာဈာန်၌ မတည်၊ လုလင် ဤတရားသည်လည်း ဗြဟ္မာတို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ခြင်းငှါ ခရီးလမ်းကြောင်းအကျင့်ပေတည်း။
လုလင် တစ်ဖန်လည်း ရဟန်းသည် သနားခြင်း ‘ကရုဏာ’ နှင့် ယှဉ်သော စိတ်ဖြင့်။ပ။ ဝမ်းမြောက်ခြင်း'မုဒိတာ'နှင့် ယှဉ်သော စိတ်ဖြင့်။ပ။ လျစ်လျူရှုခြင်း ‘ဥပေက္ခာ'နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသောအရပ်ကို ပျံ့နံှ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက် အရပ်ကို။ ထို့အတူ သုံးခုမြောက် အရပ် ကို။ ထို့အတူ လေးခုမြောက် အရပ်ကို။ ဤနည်းအားဖြင့် အထက် အောက် ဖီလာအရပ်ကို ပျံ့နံှ့စေ၍နေ၏။ အလုံးစုံသောအရပ် အလုံးစုံသော သတ္တဝါတို့၌ မိမိနှင့်တူစွာ သတ္တဝါအားလုံးရှိသောသတ္တလောက ကို ပြန့်ပြောသော မြတ်သော အပိုင်းအခြား မရှိသော ရန်မရှိသော ကြောင့်ကြမရှိသောလျစ်လျူရှုခြင်း ‘ဥပေက္ခာ'နှင့် ယှဉ်သော စိတ်ဖြင့် ပျံ့နံှ့စေ၍ နေ၏။ လုလင် ဥပေက္ခာဈာန်စိတ်ကိုဤသို့ ပွါးများသည် ရှိသော် အနှိုင်းယှဉ်ခံရသော ထိုကာမာဝစရကံသည် ထိုဥပေက္ခာ ဈာန်၌မကြွင်းကျန်၊ ထိုကာမာဝစရကံ သည် ထိုဥပေက္ခာဈာန်၌ မတည်။ လုလင် ဥပမာအားဖြင့် အားရှိသောခရုသင်းမှုတ်သမားသည် အနည်း ငယ် အပင်ပန်းခံ၍ မှုတ်ကာမျှဖြင့်သာလျှင် အရပ်လေးမျက်နှာတို့ကိုသိစေနိုင်ရာသကဲ့သို့၊ လုလင် ဤဥပမာအတူသာလျှင်။ပ။ လုလင် ဥပေက္ခာဈာန်စိတ်ကို ဤသို့ပွါးများသည်ရှိသော် အနှိုင်းယှဉ်ခံရသော ထိုကာမာဝစရကံသည် ထိုဥပေက္ခာဈာန်၌ မကြွင်းကျန်၊ ထိုကာမာဝစရကံသည် ထိုဥပေက္ခာဈာန်၌မတည်။ လုလင် ဤတရားသည်လည်း ဗြဟ္မာတို့၏အပေါင်းအဖော်အဖြစ်သို့ ရောက်ခြင်းငှါ ခရီးလမ်းကြောင်း အကျင့်တည်းဟု (မိန့်တော်မူ၏)။
၄၇၂။ ဤသို့ မိန့်တော်မူသော် တောဒေယျ၏သားဖြစ်သော သုဘလုလင်သည် မြတ်စွာဘုရားကို"အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ ဥပမာသော်ကား မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း ‘မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်'့ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း အသျှင်ဂေါတမ ဤအတူသာလျှင် အသျှင်ဂေါတမသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊ အသျှင်ဂေါတမအကျွန်ုပ်သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဂေါတမသည်အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါ။ အသျှင်ဂေါတမ ယခုအခါ အကျွန်ုပ်တို့ သွားကြပါကုန်အံ့၊ အကျွန်ုပ်တို့သည် များစွာသောကိစ္စ များစွာသော ပြုဖွယ်ရှိကြပါကုန်၏”ဟု လျှောက်၏။
--
လုလင် ယခု သွားရန် အချိန်ကို သင်သိ၏ (သွားရန်မှာသင်၏ အလိုအတိုင်းပင် ဖြစ်၏)ဟု (မိန့်တော်မူ၏)။ ထိုအခါ တောဒေယျ၏ သား သုဘလုလင်သည်မြတ်စွာဘုရား၏ စကားတော်ကို အလွန်နှစ်သက်ဝမ်းမြောက်၍ နေရာမှ ထကာ မြတ်စွာဘုရားကို အလွန်ရိုသေစွာ ရှိခိုးပြီးလျှင် အရိုအသေပြု၍ ဖဲသွားလေ၏။ ထိုအခါ ဇာဏုဿောဏိပုဏ္ဏားသည် အလုံးစုံသောဖြူသော အဆင်းရှိသော မြည်းကသောရထားဖြင့် နေ့လယ် မွန်းတည့်အချိန်အခါ၌ သာဝတ္ထိပြည်မှ ထွက်လာ၏။ ဇာဏုဿောဏိပုဏ္ဏားသည် အဝေးမှ လာသော တောဒေယျ၏သား သုဘလုလင်ကိုမြင်လေသည် သာတည်း၊ မြင်လေ၍ တောဒေယျ၏သား သုဘလုလင်ကို ဤသို့သော စကားကိုဆို၏-"အသျှင်ဘာရဒွါဇ သည် ယခု နေ့လယ် မွန်းတည့်ချိန်အခါ၌ အဘယ်အရပ်ဌာနမှ လာဘိသနည်း”ဟု (ဆို၏)။ ငါသည် အမှန်ပြောရလျှင် ဤရဟန်းဂေါတမ၏ အထံမှ လာခဲ့ပါ၏ဟု (ပြန်ကြားပြောဆို၏)။
အသျှင်ဘာရဒွါဇ ထိုငါမေးအံ့သော အကြောင်းကို သင် အသို့ အောက်မေ့မှတ်ထင်ဘိသနည်း၊ ရဟန်းဂေါတမ၏ ပညာဉာဏ် ပြန့်ပြောသော အဖြစ်သည် ပညာရှိလက္ခဏာနှင့် ညီညွတ်ပါ၏လောဟု (မေးမြန်း၏)။ အသျှင် အကျွန်ုပ်သည် အဘယ်သို့သဘောရှိသော သူပါနည်း၊ အဘယ်မှာ ရဟန်းဂေါတမ၏ ပညာရှိသော အဖြစ်ကို သိနိုင်ပါအံ့နည်း။ အကြင်သူသည် ရဟန်းဂေါတမ၏ ပညာရှိသော အဖြစ်ကိုသိ၏၊ ထိုသူသည်လည်း ထိုအသျှင်ဂေါတမကဲ့သို့သဘောရှိသူသာ ဖြစ်ရာသည် မဟုတ်လောဟု (ဆို၏)။ အသျှင်ဘာရဒွါဇသည် စင်စစ် ရဟန်းဂေါတမကို လွန်ကဲသော ချီးမွမ်းခြင်းဖြင့် ချီးမွမ်းလေဘိ၏တကားဟု (ဆို၏)။ အသျှင် အကျွန်ုပ်သည် အဘယ်သို့သဘောရှိသော သူပါနည်း၊ အဘယ်မှာလျှင် ရဟန်းဂေါတမကို ချီးကျူးနိုင်စွမ်းရှိအံ့နည်း၊ ထိုအသျှင် ဂေါတမသည် ချီးကျူးအပ် ချီးကျူးသင့်သော သူတို့ထက် အထူးသဖြင့် ချီးကျူးအပ် ချီးကျူးထိုက်သူသာဖြစ်၍ နတ်လူတို့ထက် ဆတက်လွန်ကျူး အထူးသဖြင့် မြတ်၏။ အသျှင် ဤပုဏ္ဏားတို့သည် ကောင်းမှု ပြုခြင်းငှါ ကုသိုလ်တရားကို ပြည့်စုံစေခြင်းငှါ ငါးပါးသော တရားတို့ကို ပညတ်ကြကုန်၏။ ထိုငါးပါးသော တရားတို့ကို ရဟန်းဂေါတမသည် ရန်ကင်းစေလိုသော ဆင်းရဲကင်းစေလိုသော မေတ္တာစိတ်ကို ပွါးများခြင်းငှါ ထိုမေတ္တာစိတ်၏ အခြံအရံတို့ဟူ၍ ဟောကြား၏ဟု (ဆို၏)။
ဤသို့ သုဘလုလင်က ပြောကြားသည်ရှိသော် ဇာဏုဿောဏိပုဏ္ဏားသည် အလုံးစုံဖြူသောအဆင်းရှိသော မြည်းကသော ရထားမှ ဆင်းသက်၍ လက်ဝဲတစ်ဖက် ပခုံးထက်၌ ကိုယ်ဝတ်ကို စံပယ်တင်ရုံသည်ကိုပြု၍ မြတ်စွာဘုရားရှင် ရှိရာဘက်သို့ လက်အုပ်ချီ၍ “ပသေနဒိကောသလမင်းကြီးအားအရတော်ပေစွ၊ ပသေနဒီကောသလမင်းကြီးအား အလွန်အရတော်ပေစွ၊ ပသေနိဒိကောသလမင်းကြီး၏တိုင်းနိုင်ငံ၌ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောဟုတ်မှန်သော အကျင့်ရှိသောဘုရားရှင်သည် သီတင်းသုံးတော်မူ ဘိ၏”ဟု ဥဒါန်းစကား မြွက်ဆိုကျူးရင့်လေ၏။
ကိုးခုမြောက် သုဘသုတ် ပြီး၏။
--
၁၀-သင်္ဂါရဝသုတ်
၄၇၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ရဟန်းအပေါင်းနှင့်အတူ ကောသလတိုင်း၌ ဒေသစာရီ့လှည့်လည်တော်မူ၏။ ထိုအခါ ဓနဉ္ဇာနီပုဏ္ဏေးမသည် စဉ္စလိကပ္ပရွာ၌ နေ၏။ ဘုရား တရား သံဃာ၌အလွန်ကြည် ညို၏။ ဓနဉ္ဇာနီပုဏ္ဏေးမသည် ချော်လဲသည်ဖြစ်၍ “ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားအား ရှိခိုးပါ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားအား ရှိခိုးပါ၏၊ ပူဇော်အထူးကို ခံတော်မူ ထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားအား ရှိခိုးပါ၏”ဟု သုံးကြိမ်ဥဒါန်းကျူးရင့်၏။
ထိုအခါ သင်္ဂါရဝမည်သော လုလင်သည် စဉ္စလိကပ္ပရွာ၌ နေ၏။ (ထိုသူသည်) နိဃဏ္ဍု ‘အဘိဓာန်'ကျမ်း ကေဋုဘ ‘အလင်္ကာ’ ကျမ်း အက္ခရပ္ပဘေဒ ‘သဒ္ဒါ’ ကျမ်း ငါးခုမြောက် ဣတိဟာသကျမ်းနှင့်တကွဗေဒင်သုံးပုံတို့၏ တစ်ဖက်ကမ်းသို့ ရောက်၏၊ ဝေဒကျမ်းကို တတ်၏၊ ဗျာကရုဏ်းကျမ်းကို တတ်၏၊ လောကာယတကျမ်း မဟာပုရိသလက္ခဏာကျမ်းတို့၌ အကြွင်းမဲ့တတ်မြောက်၏။ သင်္ဂါရဝလုလင်သည်ဓနဉ္ဇာနီပုဏ္ဏေးမရွတ်ဆိုသော စကားကို ကြားသည်သာတည်း၊ ကြား၍ ဓနဉ္ဇာနီပုဏ္ဏေးမကို “ဤဓနဉ္ဇာနီပုဏ္ဏေးမသည် မင်္ဂလာမရှိလေစွ၊ ဤဓနဉ္ဇာနီပုဏ္ဏေးမသည် ကျက်သရေမရှိလေစွ၊ ဗေဒင်သုံးပုံဆောင်ပုဏ္ဏားများရှိပါလျက် ထိုဦးပြည်းရဟန်းယုတ်၏ ဂုဏ်ကို ပြောဆိုဘိ၏”ဟု ဤသို့ ပြောဆို၏။
အမောင်လုလင် သင်သည် မြတ်စွာဘုရား၏ သီလဂုဏ် ပညာဂုဏ်ကို မသိလေစွတကား။ အမောင်လုလင် သင်သည် ထိုမြတ်စွာဘုရား၏ သီလဂုဏ် ပညာဂုဏ်ကို အကယ်၍ သိငြားအံ့၊ ထိုမြတ်စွာဘုရားကို ဆဲရေး ထိုက်သူ ရေရွတ်ထိုက်သူဟု မအောက်မေ့တန်ရာဟု (ဆို၏)။ အရှင်မသို့ဖြစ်မူ စဉ္စလိကပ္ပရွာသို့ ရဟန်းဂေါတမ ရောက်လာသောအခါ အကျွန်ုပ်အား ပြောကြားပါလော့ဟု (ဆို၏)။ “အမောင်လုလင် ကောင်းပါပြီ”ဟူ၍သာလျှင် ဓနဉ္ဇာနီပုဏ္ဏေးမသည် သင်္ဂါရဝလုလင်အားပြန်ကြား၏။
ထိုအခါ မြတ်စွာဘုရားသည် ကောသလတိုင်း၌ အစဉ်အတိုင်း ဒေသစာရီ လှည့်လည်တော်မူသည်ရှိသော် စဉ္စလိကပ္ပရွာသို့ ရောက်တော်မူလေ၏။ မြတ်စွာဘုရားသည် ထိုစဉ္စလိကပ္ပရွာ၌ တောဒေယျပုဏ္ဏားတို့၏ သရက်ဥယျာဉ်၌ နေတော်မူ၏။ ဓနဉ္ဇာနီပုဏ္ဏေးမသည် “မြတ်စွာဘုရားသည် စဉ္စလိကပ္ပရွာသို့အစဉ်ရောက်လာပြီ၊ စဉ္စလိကပ္ပရွာ တောဒေယျပုဏ္ဏားတို့၏ သရက်ဥယျာဉ်၌ နေတော်မူ၏”ဟု ကြားသိလေသည်သာတည်း။ ထိုအခါ ဓနဉ္ဇာနီပုဏ္ဏေးမသည် သင်္ဂါရဝလုလင်ရှိရာသို့ ချဉ်းကပ်၍ သင်္ဂါရဝလုလင်ကို"အမောင်လုလင် မြတ်စွာဘုရားသည် စဉ္စလိကပ္ပရွာသို့ ရောက်လာပြီ၊ စဉ္စလိကပ္ပရွာ တောဒေယျပုဏ္ဏားတို့၏ သရက်ဥယျာဉ်၌ သီတင်းသုံးနေတော်မူ၏၊ အမောင်လုလင် ယခု သွားရန်အခါကို အောက်မေ့ပါလော့”ဟု ဤသို့သော စကားကို ပြောကြားလေ၏။
--
၄၇၄။ “အရှင်မ ကောင်းပါပြီ” ဟူ၍သာလျှင် သင်္ဂါရဝလုလင်သည် ဓနဉ္ဇာနီပုဏ္ဏေးမအား ပြန်ကြား၍မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် သင့်လျော်ရာ၌ ထိုင်ကာ မြတ်စွာဘုရားကို ဤသို့ လျှောက်ထား၏-"အသျှင်ဂေါတမ မျက်မှောက်ဘဝ၌ပင် အထူးသိ၍ အဆုံးကမ်းတစ်ဖက်သို့ ရောက်သူများဟု ဆို၍ မြတ်သောအကျင့်ကို အစဆုံးတီထွင်သူများဟု ဝန်ခံကြကုန်သောအချို့သော ရဟန်းပုဏ္ဏားတို့သည် ရှိကြပါကုန်၏။ အသျှင်ဂေါတမ မျက်မှောက်ဘဝ၌ပင် အထူးသိ၍အဆုံးကမ်းတစ်ဖက်သို့ ရောက်သူများဟု ဆို၍ မြတ်သော အကျင့်ကို အစဆုံးတီထွင်သူများ ဖြစ်ကုန်၏ဟုဝန်ခံကြကုန်သော ရဟန်းပုဏ္ဏားတို့တွင် အသျှင်ဂေါတမသည် အဘယ်သို့သော သူပါနည်း”ဟု (လျှောက်၏)။
ဘာရဒွါဇ ငါသည် မျက်မှောက်ဘဝ၌ပင် အထူးသိ၍ အဆုံးကမ်းတစ်ဖက်သို့ ရောက်သူများဟု ဆို၍မြတ်သောအကျင့်ကို အစဆုံးတီထွင်သူများဟု ဝန်ခံကြကုန်သော သူတို့၏သော်လည်း အထူးအကွဲအပြားကို့ဆိုသေး၏။ ဘာရဒွါဇ ဗေဒင်သုံးပုံဆောင်ပုဏ္ဏားတို့ကဲ့သို့ တစ်ဆင့်ကြားနာမှတ်သားတတ်ကုန်သော ထိုတစ်ဆင့်ကြားဖြင့် မျက်မှောက်ဘဝ၌ပင် အထူးသိ၍ အဆုံးကမ်းတစ်ဖက်သို့ ရောက်သူများဟု ဆို၍မြတ်သောအကျင့်ကို အစဆုံး တီထွင်သူများဟု ဝန်ခံကြကုန်သော အချို့သော ရဟန်းပုဏ္ဏားတို့သည်ရှိကြကုန်၏။ ဘာရဒွါဇ ကြံစည်သူ စုံစမ်းသူများကဲ့သို့ သက်သက်ယုံကြည်ကာမျှဖြင့် မျက်မှောက်ဘဝ၌ပင်အထူးသိ၍ အဆုံးကမ်းတစ်ဖက်သို့ ရောက်သူများဟု ဆို၍ မြတ်သောအကျင့်ကို အစဆုံးတီထွင်သူများဟုဝန်ခံကြကုန်သော အချို့သော ရဟန်း ပုဏ္ဏားတို့သည် ရှိကုန်၏။
ဘာရဒွါဇ ရှေးအခါက မကြားဖူးသေးကုန်သော တရားတို့၌ ကိုယ်တိုင်သာလျှင် တရားသဘောကိုထိုးထွင်း သိ၍ မျက်မှောက်ဘဝ၌ပင် အထူးသိ၍ အဆုံးကမ်းတစ်ဖက်သို့ ရောက်သူများဟု ဆို၍မြတ်သော အကျင့်ကို အစဆုံးတီထွင်သူများဟု ဝန်ခံကြကုန်သော အချို့သော ရဟန်းပုဏ္ဏားတို့သည် ရှိကြကုန်၏။ ဘာရဒွါဇ ထိုရဟန်း ပုဏ္ဏားတို့တွင် ရှေးအခါက မကြားဖူးသေးကုန်သော တရားတို့၌ကိုယ်တိုင် သာလျှင် တရားသဘောကို ထိုးထွင်း သိ၍ မျက်မှောက်ဘဝ၌ပင် အထူးသိ၍အဆုံးကမ်းတစ်ဖက်သို့ ရောက်သူများဟု ဆို၍ မြတ်သော အကျင့်ကို အစဆုံးတီထွင်သူများဟုဝန်ခံကြကုန်သော ရဟန်းပုဏ္ဏား တို့တွင် ငါသည် တစ်ယောက်အပါအဝင် ဖြစ်၏။ ဘာရဒွါဇ ရှေးအခါကမကြားဖူးသေးကုန်သော တရား တို့၌ ကိုယ်တိုင်သာလျှင် တရားသဘောကို ထိုးထွင်းသိ၍မျက်မှောက်ဘဝ၌ပင် အဆုံးကမ်းတစ်ဖက်သို့ ရောက်သူများဟု ဆို၍ မြတ်သော အကျင့်ကိုအစဆုံးတီထွင်သူများဟု ဝန်ခံကြကုန်သော ရဟန်းပုဏ္ဏား တို့တွင် ငါသည်တစ်ယောက်အပါအဝင်ဖြစ်ပုံကို ဤဆိုလတ္တံ့သော အကြောင်းဖြင့် သိရမည်။
၄၇၅။ ဘာရဒွါဇ ငါသည် အရိယမဂ်ကို မရမီ သစ္စာလေးပါးကို ထိုးထွင်း၍ မသိသေးသောဘုရားလောင်းမျှသာ ဖြစ်နေစဉ်က (တောမထွက်ခင်က) “လူ့ဘောင်၌ နေရခြင်းသည် ကျဉ်းမြောင်း၏၊ (ကိလေသာ) မြူ ထရာ လမ်းကြောင်း ဖြစ်၏၊ ရဟန်းအဖြစ်သည် လွင်ပြင်နှင့် တူ၏၊ လူ့ဘောင်၌ နေသူသည် စင်စစ် ပြည့်စုံစွာ စင်စစ် စင်ကြယ်စွာ ခရုသင်းပွတ်သစ်နှင့်တူစွာ ဤမြတ်သော အကျင့်ကိုကျင့်ခြင်း ငှါ မလွယ်၊ ငါသည် ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်၍လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရမူ ကောင်းလေစွ”ဟု ဤသို့ အကြံအစည်သည် ဖြစ်ခဲ့၏။
ဘာရဒွါဇ နောက်အခါ၌ ပျိုမျစ်သည်သာလျှင်ဖြစ်၍ ကောင်းစွာ နက်သော ဆံပင်ရှိသော ကောင်း သောအရွယ်ဖြစ်သော ပဌမအရွယ်နှင့် ပြည့်စုံသော ထိုငါသည် အမိအဖများ မလိုလားသဖြင့် မျက်ရည်စက်လက် ငိုကြွေးကုန်စဉ် ဆံမုတ်ဆိတ်ကို ပယ်၍ ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်၍ လူ့ဘောင်မှရဟန်းဘောင်သို့ ဝင်ရောက်၏၊ ထိုငါသည် ဤသို့ ရဟန်းပြုလျက် အဘယ်အရာသည် အကောင်းဆုံးနည်းဟု ရှာဖွေရင်း အဘယ်အရာသည် (အတုမရှိ) မြတ်သော ငြိမ်းအေးရာ နိဗ္ဗာန်နည်းဟု ရှာဖွေရင်းကာလာမအနွယ်ဖြစ်သော အာဠာရထံသို့ ချဉ်းကပ်မိပြီ၊ ချဉ်းကပ်ပြီးနောက် ကာလာမအနွယ် အာဠာရကို"ငါ့သျှင်ကာလာမ ငါသည် ဤသာသနာ၌ မြတ်သော အကျင့်ကို ကျင့်လို၏”ဟု ဤစကားကိုပြောဆို၏။ ဘာရဒွါဇ ဤသို့ပြောဆိုသော် ကာလာမအနွယ်ဖြစ်သော အာဠာရ သည် ငါ့ကို “အသျှင်နေပါလော့၊ ဤတရားကား ပညာရှိယောကျ်ားသည် မကြာမီပင် မိမိ၏ ဆရာ့အယူကို ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေနိုင်ရာသော သဘောရှိပါ၏”ဟု ဤစကားကိုပြောဆို၏။
--
ဘာရဒွါဇ ထိုငါသည် မကြာမီပင် လျင်မြန်စွာသာလျှင် ထိုတရားကို သင်ယူ၏၊ ဘာရဒွါဇ ထိုငါသည်ထိုမျှလောက် နှုတ်ခမ်းလှုပ်ရုံမျှ ဆိုပြသည်ကို လိုက်ဆိုရုံမျှဖြင့်သာလျှင် သိပြီဟူသော စကားကိုလည်းကောင်း၊ ခိုင်မြဲပြီဟူသော စကားကိုလည်းကောင်း ပြောဆိုနိုင်၏၊ “သိ၏၊ မြင်၏” ဟူ၍ ငါလည်းဝန်ခံ၏၊ သူတစ်ပါးကလည်း ပြောဆို (ကြကုန်) ၏။ ဘာရဒွါဇ ထိုငါ့အား ဤအကြံသည့်ဖြစ်၏-"ကာလာမအနွယ် ဖြစ်သော အာဠာရသည် ဤတရားကို ‘ကိုယ်တိုင် ထူးသောဉာဏ်ဖြင့်မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေရာ၏’ဟု သက်သက်ယုံကြည်ချက်မျှဖြင့် ပြောကြားသည် မဟုတ်၊ စင်စစ် ကာလာမအနွယ်ဖြစ်သော အာဠာရသည် ဤတရားကို သိလျက် မြင်လျက် နေ၏”ဟု (အကြံဖြစ်၏)။
ဘာရဒွါဇ ထိုအခါ ငါသည် ကာလာမအနွယ်ဖြစ်သော အာဠာရထံသို့ ချဉ်းကပ်ပြီး၍ ကာလာမအနွယ်ဖြစ်သော အာဠာရကို “ငါ့သျှင်ကာလာမ အဘယ်မျှလောက်ဖြင့် ဤတရားကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေ၏ဟု ပြောကြားသနည်း”ဟု ဤစကားကို ပြောဆို၏။ ဘာရဒွါဇ ဤသို့ ပြောဆိုသော် ကာလာမအနွယ်ဖြစ်သော အာဠာရသည် အာကိဉ္စညာယတနဈာန်သမာပတ်ကို ပြောကြား၏။ ဘာရ ဒွါဇ ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်၏-"ကာလာမအနွယ်ဖြစ်သော အာဠာရအားသာလျှင် ယုံကြည်ခြင်း ‘သဒ္ဓါ’ ရှိသည် မဟုတ်၊ ငါ့အားလည်း ယုံကြည်ခြင်း ‘သဒ္ဓါ'ရှိ၏၊ ကာလာမအနွယ်ဖြစ်သော အာဠာရအားသာလျှင် လုံ့လ ‘ဝီရိယ'ရှိသည် မဟုတ်၊ ငါ့အားလည်းလုံ့လ ‘ဝီရိယ'ရှိ၏။ ကာလာမအနွယ်ဖြစ်သော အာဠာရအားသာလျှင် အောက်မေ့ခြင်း ‘သတိ’ ရှိသည်မဟုတ်၊ ငါ့အားလည်း အောက်မေ့ခြင်း ‘သတိ’ ရှိ၏၊ ကာလာမအနွယ် ဖြစ်သော အာဠာရအားသာလျှင်တည်ကြည်ခြင်း ‘သမာဓိ'ရှိသည် မဟုတ်၊ ငါ့အားလည်း တည်ကြည်ခြင်း ‘သမာဓိ’ ရှိ၏။ ကာလာမအနွယ်ဖြစ်သော အာဠာရအားသာလျှင် အသိဉာဏ်ရှိသည် မဟုတ်၊ ငါ့အားလည်း အသိဉာဏ် ရှိ၏။ ‘ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေ၏’ဟု အာဠာရ ပြောကြားသော တရားကိုမျက်မှောက်ပြုခြင်းငှါ ငါ အားထုတ်ရမူ ကောင်းပေမည်”ဟု အကြံဖြစ်၏။ ဘာရဒွါဇ ထိုငါသည် မကြာမီပင် လျင်မြန်စွာသာလျှင် ထိုတရားကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍နေ၏။
ဘာရဒွါဇ ထိုအခါ ငါသည် ကာလာမအနွယ်ဖြစ်သော အာဠာရထံသို့ ချဉ်းကပ်၍ ကာလာမအနွယ်ဖြစ်သော အာဠာရအား ဤစကားကို ပြောဆို၏-"ငါ့သျှင်ကာလာမ ကိုယ်တိုင် ထူးသောဉာဏ်ဖြင့်မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ပြောကြားသော ဤတရားကား ဤမျှသာလော”ဟု (ပြောဆို၏)။ ငါ့သျှင်ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ငါပြောကြားသော တရားကား ဤမျှသာတည်းဟု (ပြောဆို၏)။ ငါ့သျှင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ငါနေသောတရားလည်း ဤမျှသာတည်းဟု (ပြောဆို၏)။ ငါ့သျှင် သင်ကဲ့သို့သော သီတင်းသုံးဖော် အသျှင်ကိုငါတို့ တွေ့မြင်ကြရခြင်းသည် ငါတို့အား အရတော်လေစွ၊ ငါတို့သည် ကောင်းစွာ ရအပ်လေစွ၊ ဤသို့ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ငါပြောကြားသော တရားကို ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ သင် နေ၏၊ ကိုယ်တိုင် ထူးသောဉာဏ်ဖြင့်မျက်မှောက်ပြုကာ ပြည့်စုံစေ၍ သင်နေသော တရားကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာပြည့်စုံစေ၍ ငါ ပြောကြား၏။ ဤသို့ ငါသိသော တရားကို သင်သိ၏၊ သင်သိသော တရားကို ငါ သိ၏၊ ဤသို့လျှင် ငါကဲ့သို့ပင် သင်လည်း ဖြစ်၏၊ သင်ကဲ့သို့ပင် ငါလည်း ဖြစ်၏။ ငါ့သျှင် လာလော့၊ ယခုအခါသူတော်ကောင်းဖြစ်သော ငါတို့နှစ်ဦးလုံးပင် ဤဂိုဏ်းကို (ရှေ့) ဆောင်ကြကုန်အံ့ဟု (ပြောဆို၏)။
--
ဘာရဒွါဇ ဤသို့လျှင် ကာလာမအနွယ်ဖြစ်သော အာဠာရသည် ငါ၏ ဆရာဖြစ်လျက် မိမိ၏ တပည့်ဖြစ်သော ငါ့ကို မိမိနှင့် အညီအမျှ ထား၏၊ ငါ့ကို မွန်မြတ်သော ပူဇော်ခြင်းဖြင့်လည်း ပူဇော်၏၊ ဘာရဒွါဇ ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်၏ -"ဤတရားသည် ငြီးငွေ့ခြင်းငှါ မဖြစ်၊ တပ်မက်မှုကင်းခြင်းငှါ မဖြစ်၊ ချုပ်ခြင်းငှါ မဖြစ်၊ ငြိမ်းအေးခြင်းငှါ မဖြစ်၊ ထူးသောဉာဏ်ဖြင့် သိခြင်းငှါ မဖြစ်၊ ကောင်းစွာ သိခြင်းအကျိုးငှါ မဖြစ်၊ နိဗ္ဗာန်အကျိုးငှါ မဖြစ်၊ အာကိဉ္စညာယတနဘုံ၌ ဖြစ်ရုံမျှအကျိုးငှါသာလျှင် ဖြစ်၏”ဟု (အကြံဖြစ်၏)။ ဘာရဒွါဇ ထိုငါသည် ထိုတရားကို တန်ဆာမဆင်ဘဲ့ထိုတရားမှ ငြီးငွေ့၍ ဖဲခွါခဲ့၏။
၄၇၆။ ဘာရဒွါဇ ထိုငါသည် အဘယ်အရာသည် အကောင်းဆုံးနည်းဟု ရှာဖွေရင်း အဘယ်အရာ သည် (အတုမရှိ) မြတ်သော ငြိမ်းအေးရာ နိဗ္ဗာန်နည်းဟု ရှာဖွေရင်း ရာမ၏သား ဥဒကထံသို့ ချဉ်းကပ် မိပြီ၊ ချဉ်းကပ်ပြီးနောက် ရာမ၏သား ဥဒကကို “ငါ့သျှင် ငါသည် ဤသာသနာ၌ မြတ်သော အကျင့်ကိုကျင့်လို၏”ဟု ဤစကားကို ပြောဆို၏။ ဘာရဒွါဇ ဤသို့ ပြောဆိုသော် ရာမ၏သား ဥဒကသည် ငါ့ကို"အသျှင် နေပါလော့၊ ဤတရားကား ပညာရှိယောကျ်ားသည် မကြာမီပင် မိမိ၏ ဆရာ့အယူကို ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေနိုင်ရာသော သဘောရှိပါ၏”ဟု ဤစကားကိုပြောဆို၏။ ဘာရဒွါဇ ထိုငါသည် မကြာမီပင် လျင်မြန်စွာသာလျှင် ထိုတရားကို သင်ယူ၏။ ဘာရဒွါဇထိုငါသည် ထိုမျှလောက် နှုတ်ခမ်းလှုပ်ရုံမျှ ဆိုပြသည်ကို လိုက်ဆိုရုံမျှဖြင့်သာလျှင် သိပြီဟူသော စကားကိုလည်းကောင်း၊ ခိုင်မြဲပြီဟူသော စကားကိုလည်းကောင်း ပြောဆိုနိုင်၏၊ “သိ၏၊ မြင်၏” ဟူ၍ ငါလည်းဝန်ခံ၏၊ သူတစ်ပါးတို့ကလည်း ပြောဆို (ကြကုန်) ၏။
ဘာရဒွါဇ ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်၏-"ရာမသည် ဤတရားကို ‘ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေရာ၏’ဟု သက်သက်ယုံကြည်ချက်မျှဖြင့် ပြောကြားသည် မဟုတ်၊ စင်စစ် ရာမသည် ဤတရားကို သိလျက် မြင်လျက် နေ၏”ဟု (အကြံဖြစ်၏)။ ဘာရဒွါဇ ထိုအခါ ငါသည် ရာမ၏သား ဥဒကထံသို့ ချဉ်းကပ်၍ ရာမ၏သား ဥဒကကို “ငါ့သျှင်ရာမအဘယ်မျှ လောက်ဖြင့် ဤတရားကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍နေ၏ဟု ပြောကြားသနည်း”ဟု ဤစကားကို ပြောဆို၏။ ဘာရဒွါဇ ဤသို့ ပြောဆိုသော် ရာမ၏သားဥဒကသည် နေဝသညာနာသညာယတနသမာပတ်ကို ပြောကြား၏။ ဘာရဒွါဇ ထိုငါ့အား ဤသို့သောအကြံသည် ဖြစ်၏-"ရာမအားသာလျှင် ယုံကြည်ခြင်း ‘သဒ္ဓါ’ ရှိသည် မဟုတ်၊ ငါ့အားလည်းယုံကြည်ခြင်း ‘သဒ္ဓါ’ ရှိ၏၊ ရာမအားသာလျှင် လုံ့လ ‘ဝီရိယ’ ရှိသည် မဟုတ်၊ ငါ့အားလည်း လုံ့လ ‘ဝီရိယ'ရှိ၏။ ရာမအားသာလျှင် အောက်မေ့ခြင်း ‘သတိ’ ရှိသည် မဟုတ်၊ ငါ့အားလည်း အောက်မေ့ခြင်း ‘သတိ’ ရှိ၏၊ ရာမအားသာလျှင် တည်ကြည်ခြင်း ‘သမာဓိ'ရှိသည် မဟုတ်၊ ငါ့အားလည်းတည်ကြည်ခြင်း ‘သမာဓိ’ ရှိ၏။ ရာမအားသာလျှင် အသိဉာဏ်ရှိသည် မဟုတ်၊ ငါ့အားလည်း အသိဉာဏ်ရှိ၏။ ‘ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက် ပြုကာ ပြည့်စုံစေ၍ နေ၏’ဟု ရာမပြောကြားသောတရားကို မျက်မှောက်ပြုခြင်းငှါ ငါ အားထုတ်ရမူ ကောင်းပေမည်”ဟု (အကြံဖြစ်၏)။ ဘာရဒွါဇထိုငါသည် မကြာမီပင် လျင်မြန်စွာသာလျှင် ထိုတရားကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာပြည့်စုံစေ၍ နေ၏။
ဘာရဒွါဇ ထိုအခါ ငါသည် ရာမ၏သား ဥဒကထံသို့ ချဉ်းကပ်၍ ရာမ၏သား ဥဒကအား ဤ စကားကိုပြောဆို၏-"ငါ့သျှင်ရာမ ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ပြော ကြားသောဤတရားကား ဤမျှသာလော”ဟု (မေး၏)။ ငါ့သျှင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာပြည့်စုံစေ၍ ငါပြောကြားသော တရားကား ဤမျှသာတည်းဟု (ပြောဆို၏)။ ငါ့သျှင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ငါနေသော တရားလည်း ဤမျှသာတည်းဟု (ပြန်၍ပြောဆို၏)။ ငါ့သျှင် သင်ကဲ့သို့သော သီတင်းသုံးဖော်အသျှင်ကို ငါတို့ တွေ့မြင်ကြရခြင်းသည် ငါ့တို့အားအရတော်လေစွ။ ငါတို့အား အလွန်အရတော် လေစွ။ ဤသို့ကိုယ်တိုင်ထူးသောဉာဏ်ဖြင့်
--
မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ငါ ပြောကြားသော တရားကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ သင် နေ၏။ ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ သင်နေသော တရားကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ (ငါ) ပြောကြား၏။ ဤသို့ (ငါ) သိသော တရားကို သင် သိ၏။ သင် သိသော တရားကို ငါ သိ၏၊ ဤသို့လျှင် ငါကဲ့သို့ပင့်သင်လည်း ဖြစ်၏။ သင်ကဲ့သို့ပင် (ငါလည်း) ဖြစ်၏။ ငါ့သျှင် လာလော့၊ ယခုအခါ သင်သည် ဤဂိုဏ်းကို (ရှေ့) ဆောင်ပါလော့ဟု (ပြောဆို၏)။
ဘာရဒွါဇ ဤသို့လျှင် ရာမ၏သား ဥဒကသည် ငါ၏ သီတင်းသုံးဖော်ဖြစ်လျက် ငါ့ကို ဆရာ့အရာ၌ထား၏၊ ငါ့ကို မွန်မြတ်သော ပူဇော်ခြင်းဖြင့်လည်း ပူဇော်၏၊ ဘာရဒွါဇ ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်၏ “ဤတရားသည် ငြီးငွေ့ခြင်းငှါ မဖြစ်၊ တပ်မက်မှု ကင်းခြင်းငှါ မဖြစ်၊ ချုပ်ခြင်းငှါ မဖြစ်၊ ငြိမ်းအေးခြင်းငှါ မဖြစ်၊ ထူးသောဉာဏ်ဖြင့် သိခြင်းငှါ မဖြစ်၊ ကောင်းစွာ သိခြင်းအကျိုးငှါ မဖြစ်၊ နိဗ္ဗာန်အကျိုးငှါ မဖြစ်၊ နေဝသညာနာသညာယတနဘုံ၌ ဖြစ်ရုံမျှ အကျိုးငှါသာလျှင် ဖြစ်၏”ဟု အကြံဖြစ်၏။ ဘာရဒွါဇ ထိုငါသည် ထိုတရားကို တန်ဆာမဆင်ဘဲ ထိုတရားမှ ငြီးငွေ့၍ ဖဲခွါခဲ့၏။
၄၇၇။ ဘာရဒွါဇ ထိုငါသည် အဘယ်အရာသည် အကောင်းဆုံးနည်းဟု ရှာဖွေရင်း အဘယ်အရာ သည်အတုမရှိမြတ်သော ငြိမ်းအေးရာ နိဗ္ဗာန်နည်းဟု ရှာဖွေရင်း မဂဓတိုင်းတို့၌ အစဉ်အတိုင်း ဒေသစာရီလှည့်လည်သော် ဥရုဝေလတော သေနာနိဂုံးဆီသို့ သက်ရောက်၏၊ ထိုအရပ်၌ မွေ့လျော်ဖွယ် ရာမြေအဖို့ကိုလည်းကောင်း၊ ကြည်နူးဖွယ်ကောင်းသော တောအုပ်ကိုလည်းကောင်း၊ စီးဆင်းနေသောမြစ်ကိုလည်းကောင်း၊ မွေ့လျော်ဖွယ်ကောင်းသော သန့်ရှင်းသော ဆိပ်ကမ်းကိုလည်းကောင်း အနီးအနားမှဆွမ်းခံရွာကိုလည်းကောင်း မြင်၏၊ ဘာရဒွါဇ ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်၏ - “အချင်းတို့မြေအဖို့သည် မွေ့လျော်ဖွယ်ကောင်းလေစွတကား၊ တောအုပ်သည်လည်း ကြည်နူးဖွယ်ကောင်းလေစွတကား၊ မြစ်သည်လည်း စီးဆင်းနေ၏၊ ဆိပ်ကမ်းသည်လည်း သန့်ရှင်း၍ မွေ့လျော်ဖွယ်ကောင်း၏၊ ဆွမ်းခံရွာသည်လည်း နီးနား၏၊ ဤအရပ်၌ ကမ္မဋ္ဌာန်း အားထုတ်လိုသော အမျိုးသားအား ကမ္မဋ္ဌာန်းအားထုတ်ခြင်းငှါ သင့်လျော်ရာ၏တကား”ဟု အကြံဖြစ်၏။ ဘာရဒွါဇ ထိုငါသည် ထိုအရပ်၌ပင်လျှင်"ဤအရပ်သည် ကမ္မဋ္ဌာန်းအားထုတ်ခြင်းငှါ သင့်လျော်၏”ဟု (နှလုံးသွင်း၍) ထိုင်နေ၏။
ဘာရဒွါဇ စင်စစ် ငါ့အား ရှေးကမကြားဖူးကုန်သော အံ့ဩဖွယ်ရာ ဥပမာသုံးရပ်တို့သည် ထင်လာကုန်၏၊ ဘာရဒွါဇ ရေ၌ ချထားအပ်သည့် အစေးရှိသော ထင်းစိုသည် ရှိ၏၊ ထိုအခါ ယောကျ်ားသည်မီးပွတ်ခုံကို ယူ၍ “မီးကို ဖြစ်စေအံ့၊ တေဇောဓာတ်ကို ထင်ရှားပြုအံ့”ဟု လာရာ၏။ ဘာရဒွါဇထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ စင်စစ် ထိုယောကျ်ားသည် ဤမည်သော ရေ၌ ချထားအပ်သည့် အစေးရှိသော ထင်းစိုကို မီးပွတ်ခုံသို့ ယူ၍ ပွတ်တိုက်သော် မီးကို ဖြစ်စေနိုင်ရာသလော၊ တေဇောဓာတ်ကို ထင်ရှားပြုနိုင်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ မဖြစ်နိုင်ပါ၊ အဘယ်ကြောင့်နည်းဟူမူ- အသျှင်ဂေါတမ ဤမည်သော ထင်းသည် စို၍ အစေးရှိသည့်ပြင် ရေ၌လည်း ချထားသောကြောင့်ပါတည်း၊ ထိုယောကျ်ားသည် ကိုယ်ပင်ပန်းရုံ စိတ်ပင်ပန်းရုံသာ ဖြစ်ရာပါ၏ဟု (လျှောက်၏)။
ဘာရဒွါဇ ဤအတူပင်လျှင် အချို့သော သမဏဗြာဟ္မဏတို့သည် ကိုယ်ဖြင့်လည်းကောင်း စိတ်ဖြင့်လည်းကောင်း လိုချင်မှုတို့မှ မကင်းဆိတ်ဘဲ နေကုန်၏။ ထိုသမဏဗြာဟ္မဏတို့သည် ကိုယ်တွင်း သန္တာန်ဝယ် လိုချင်ဖွယ်ဝတ္ထုတို့၌ လိုချင်တပ်မက်မှု လိုချင်မှုအစေး လိုချင်သောအားဖြင့် တွေဝေခြင်း လိုချင်မှုမွတ်သိပ်ခြင်း လိုချင်မှု ပူဆာခြင်းကို ကောင်းစွာ မပယ်ရသေး၊ ကောင်းစွာ မငြိမ်းရသေး၊ အကယ်၍ထိုအသျှင်သမဏဗြာဟ္မဏတို့သည် လုံ့လကြောင့် ဖြစ်ကုန်သော ကြီးမားကြမ်းတမ်း စပ်ရှားကုန်သောဆင်းရဲခံစားခြင်းတို့ကို ခံစားကုန်သော်လည်း ဉာဏ်အကျိုးငှါ အမြင်အကျိုးငှါ အတုမဲ့ထိုးထွင်း၍ သိခြင်းငှါမထိုက်တန်ကုန်။ အကယ်၍ ထိုအသျှင် သမဏဗြာဟ္မဏတို့သည် လုံ့လကြောင့် ဖြစ်ကုန်သော ကြီးမားကြမ်းတမ်း စပ်ရှားကုန်သော ဆင်းရဲခံစားခြင်းတို့ကို မခံစားကုန်သော်လည်း ဉာဏ် အကျိုးငှါ အမြင်အကျိုးငှါ အတုမဲ့ထိုးထွင်း၍ သိခြင်းငှါ မထိုက်တန်ကုန်။ ဘာရဒွါဇ ငါ့အား ရှေးက မကြားဖူးသော ဤရှေးဦးစွာအံ့ဩဖွယ်ရာ ဥပမာသည် ထင်လာ၏။
--
၄၇၈။ ဘာရဒွါဇ ငါ့အား ရှေးက မကြားဖူးသော နှစ်ခုမြောက် အံ့ဩဖွယ်ရာ အခြားဥပမာသည့်ထင်လာပြန်၏။ ဘာရဒွါဇ ရေမှ ဝေးစွာ ကုန်း၌ ချထားအပ်သည့် အစေးရှိသော ထင်းစိုသည် ရှိ၏၊ ထိုအခါ ယောကျ်ားသည် မီးပွတ်ခုံကို ယူ၍ “မီးကို ဖြစ်စေအံ့၊ တေဇောဓာတ်ကို ထင်ရှားပြုအံ့”ဟုလာရာ၏။ ဘာရဒွါဇ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ စင်စစ် ထိုယောကျ်ားသည် ဤမည်သော ရေမှဝေးစွာ ကုန်း၌ ချထားအပ်သည့် အစေးရှိသော ထင်းစိုကို မီးပွတ်ခုံသို့ ယူ၍ ပွတ်တိုက်သော်မီးကို ဖြစ်စေနိုင်ရာသလော၊ တေဇောဓာတ်ကို ထင်ရှားပြုနိုင်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ မဖြစ်နိုင်ပါ၊ အဘယ့်ကြောင့်နည်းဟူမူ- အသျှင်ဂေါတမ ဤမည်သော ထင်းစိုသည် ရေမှ ဝေးစွာကုန်း၌ ချထားစေကာမူ အစေးရှိသေးသောကြောင့်ပါတည်း။ ထိုယောကျ်ားသည် ကိုယ်ပင်ပန်းရုံ စိတ်ပင်ပန်းရုံသာ ဖြစ်ရာပါ၏ဟု (လျှောက်၏)။
ဘာရဒွါဇ ဤအတူပင်လျှင် အချို့သော သမဏဗြာဟ္မဏတို့သည် ကိုယ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း လိုချင်မှုတို့မှ ကင်းဆိတ်လျက် နေကုန်၏။ ထိုသမဏဗြာဟ္မဏတို့သည် ကိုယ်တွင်းသန္တာန်ဝယ် လိုချင်ဖွယ်ဝတ္ထုတို့၌ လိုချင်တပ်မက်မှု လိုချင်မှုအစေး လိုချင်သောအားဖြင့် တွေဝေခြင်း လိုချင်မှုမွတ်သိပ်ခြင်း လိုချင်မှုပူဆာခြင်းကို ကောင်းစွာ မပယ်ရသေး၊ ကောင်းစွာ မငြိမ်းရသေး၊ အကယ်၍ထိုအသျှင်သမဏဗြာဟ္မဏတို့သည် လုံ့လကြောင့် ဖြစ်ကုန်သော ကြီးမားကြမ်းတမ်း စပ်ရှားကုန်သောဆင်းရဲခံစားခြင်းတို့ကို ခံစားကုန်သော်လည်း ဉာဏ်အကျိုးငှါ အမြင်အကျိုးငှါ အတုမဲ့ ထိုးထွင်း၍ သိခြင်းငှါ မထိုက်တန်ကုန်။ အကယ်၍ ထိုအသျှင် သမဏဗြာဟ္မဏတို့သည် လုံ့လကြောင့် ဖြစ်ကုန်သောကြီးမားကြမ်းတမ်း စပ်ရှားကုန်သော ဆင်းရဲခံစားခြင်းတို့ကို မခံစားကုန်သော်လည်း ဉာဏ်အကျိုးငှါ အမြင်အကျိုးငှါ အတုမဲ့ ထိုးထွင်း၍ သိခြင်းငှါ မထိုက်တန်ကုန်။ ဘာရဒွါဇ ငါ့အား ရှေးက မကြားဘူးသောအံ့ဩဖွယ်ရာ နှစ်ခုမြောက် ဤဥပမာသည် ထင်လာ၏။
၄၇၉။ ဘာရဒွါဇ ငါ့အား ရှေးက မကြားဖူးသော အံ့ဩဖွယ်ရာ သုံးခုမြောက်သော အခြား ဥပမာသည်လည်း ထင်လာ၏။ ဘာရဒွါဇ ရေမှ ဝေးစွာ ကုန်း၌ ချထားအပ်သည့် ခြောက်သွေ့သော ထင်းသည်ရှိ၏။ ထိုအခါ ယောကျ်ားသည် မီးပွတ်ခုံကို ယူ၍ “မီးကို ဖြစ်စေအံ့၊ တေဇောဓာတ်ကို ထင်ရှားပြုအံ့”ဟု လာရာ၏။ ဘာရဒွါဇ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း။ စင်စစ် ထိုယောကျ်ားသည်ရေမှ ဝေးစွာ ကုန်း၌ ချထားအပ်သည့် ခြောက်သွေ့သော ထင်းကို မီးပွတ်ခုံသို့ ယူ၍ ပွတ်သော် မီးကိုဖြစ်စေနိုင်ရာသလော၊ တေဇောဓာတ်ကို ထင်ရှားပြုနိုင်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမဖြစ်နိုင်ပါ၏၊ အဘယ့်ကြောင့်နည်းဟူမူ- အသျှင်ဂေါတမ ဤမည်သော ထင်းသည် ခြောက်သွေ့နေ၍ ရေမှဝေးစွာ ကုန်း၌ ချထားသောကြောင့်ပါတည်းဟု (လျှောက်၏)။
ဘာရဒွါဇ ဤအတူပင်လျှင် အချို့သော သမဏဗြာဟ္မဏတို့သည် ကိုယ်ဖြင့်လည်းကောင်း စိတ်ဖြင့်လည်းကောင်း လိုချင်မှုတို့မှ ကင်းဆိတ်လျက် နေကုန်၏။ ထိုသမဏဗြာဟ္မဏတို့သည် ကိုယ်တွင်းသန္တာန်ဝယ် လိုချင်ဖွယ်ဝတ္ထုတို့၌ လိုချင်တပ်မက်မှု လိုချင်မှုအစေး လိုချင်သောအားဖြင့် တွေဝေခြင်းလိုချင်မှုမွတ်သိပ်ခြင်း လိုချင်မှု ပူဆာခြင်းကို ကောင်းစွာ ပယ်ပြီးဖြစ်၏၊ ကောင်းစွာ ငြိမ်းပြီးဖြစ်၏၊ အကယ်၍ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် လုံ့လကြောင့် ဖြစ်ကုန်သော ကြီးမားကြမ်းတမ်း စပ်ရှားကုန်သော ဆင်းရဲခံစားခြင်းတို့ကို ခံစားကုန်သော်လည်း ဉာဏ်အကျိုးငှါ အမြင်အကျိုးငှါ အတုမဲ့ ထိုးထွင်း၍ သိခြင်းငှါ ထိုက်တန်ကုန်၏။ အကယ်၍ ထိုအသျှင် သမဏဗြာဟ္မဏတို့သည် လုံ့လကြောင့် ဖြစ်ကုန်သော ကြီးမား ကြမ်းတမ်း စပ်ရှားကုန်သော ဆင်းရဲခံစားခြင်းတို့ကို မခံစားကုန်သော်လည်း ဉာဏ်အကျိုးငှါအမြင်အကျိုးငှါ အတုမဲ့ ထိုးထွင်း၍ သိခြင်းငှါ ထိုက်တန်ကုန်၏။ ဘာရဒွါဇ ငါ့အား ရှေးက မကြားဖူးသော အံ့ဩဖွယ်ရာ ဤသုံးခုမြောက်ဥပမာသည် ထင်လာ၏။ ဘာရဒွါဇ ငါ့အား ရှေးက မကြားဖူးကုန်သော ဤအံ့ဩဖွယ်ရာ ဥပမာသုံးရပ်တို့သည် ထင်လာကုန်၏။
--
၄၈၀။ ဘာရဒွါဇ ထိုငါ့အား “ငါသည် သွားတို့ဖြင့် သွားကို ကြိတ်၍ လျှာဖြင့် အာစောက်ကို ထိလျက့်စိတ်ဖြင့် စိတ်ကို ဖိနှိပ်ရမူ ဖျစ်ညှစ်ရမူ ပင်ပန်းစေရမူ ကောင်းပေမည်”ဟု ဤအကြံသည် ဖြစ်၏။ ဘာရဒွါဇ ထိုငါသည် သွားတို့ဖြင့် သွားကို ကြိတ်၍ လျှာဖြင့် အာစောက်ကို ထိလျက် စိတ်ဖြင့် စိတ်ကိုဖိနှိပ်၏၊ ဖျစ်ညှစ်၏၊ ပင်ပန်းစေ၏၊ ဘာရဒွါဇ ထိုငါသည် သွားတို့ဖြင့် သွားကို ကြိတ်၍ လျှာဖြင့်အာစောက်ကို ထိလျက် စိတ်ဖြင့် စိတ်ကို ဖိနှိပ်ဖျစ်ညှစ်ပင်ပန်းစေသော် လက်ကတီးကြားတို့မှ ချွေးတို့သည် ယိုထွက်ကုန်၏၊ ဘာရဒွါဇ အားရှိသောယောကျ်ားသည် အားနည်းသောယောကျ်ားကို ဦးခေါင်း၌ကိုင်၍ဖြစ်စေ၊ ပခုံး၌ ကိုင်၍ဖြစ်စေ ဖိနှိပ်ရာ ဖျစ်ညှစ် ပင်ပန်းစေရာသကဲ့သို့၊ ဘာရဒွါဇ ဤအတူပင်လျှင်သွားတို့ဖြင့် သွားကို ကြိတ်၍ လျှာဖြင့် အာစောက်ကို ထိလျက် စိတ်ဖြင့် စိတ်ကို ဖိနှိပ်ဖျစ်ညှစ်ပင်ပန်းစေသော် ငါ၏ လက်ကတီးကြားတို့မှ ချွေးတို့သည် ယိုထွက်ကုန်၏၊ ဘာရဒွါဇ (ငါသည်) မတွန့်တိုသော လုံ့လကို အားထုတ်ပြီးပြီ၊ ငါ့အား မေ့လျော့ခြင်းမရှိသော သတိသည် ထင်ပြီ၊ အားထုတ်ခြင်းထိုးကျင့်ထားသော ငါ၏ ကိုယ်သည် ထိုဆင်းရဲကို (ဖြစ်စေတတ်သော) အားထုတ်ခြင်းကြောင့်သာလျှင်ပူလောင်ခြင်း ရှိခဲ့၏၊ မငြိမ်းအေးခဲ့ပေ။
၄၈၁။ ဘာရဒွါဇ ထိုငါ့အား “ငါသည် ထွက်သက်ဝင်သက် မရှိအောင် ရှုဆင်ခြင်မှုကိုသာလျှင်ရှုဆင်ခြင်ရမူ ‘ဈာန်ဝင်စားရမူ’ ကောင်းပေမည်”ဟု ဤအကြံသည် ဖြစ်၏။ ဘာရဒွါဇ ထိုငါသည်ခံတွင်းမှ လည်းကောင်း၊ နှာခေါင်းမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထား၏၊ ဘာရဒွါဇ ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကိုချုပ်တည်းပိတ်ပင် ထားသော် နားတွင်းတို့မှ ထွက်သော လေတို့၏ အသံသည် လွန်ကဲပြင်းထန်စွာဖြစ်၏။ ဘာရဒွါဇ ပန်းပဲသမားတို့၏ ဖားဖို (ဆွဲ) မှုတ်သော် လွန်ကဲပြင်းထန်သော အသံသည်ဖြစ်သကဲ့သို့၊ ဤအတူပင်လျှင် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကိုချုပ်တည်းပိတ်ပင်ထားသော် ငါ၏ နားတွင်းတို့မှ ထွက်သော လေ၏ အသံသည် လွန်ကဲပြင်းထန်စွာဖြစ်၏။ ဘာရဒွါဇ ငါသည် မတွန့်တိုသော လုံ့လကို အားထုတ်ပြီးပြီ၊ ငါ့အား မေ့လျော့ခြင်းမရှိသောသတိသည် ထင်ပြီ၊ အားထုတ် ခြင်းဖြင့် ထိုးကျင့်ထားသော ငါ၏ ကိုယ်သည် ထိုဆင်းရဲကို (ဖြစ်စေတတ်သော) အားထုတ်ခြင်းကြောင့်သာ လျှင် ပူလောင်ခြင်း ရှိခဲ့၏၊ မငြိမ်းအေးခဲ့ပေ။
ဘာရဒွါဇ ထိုငါ့အား “ငါသည် ထွက်သက်ဝင်သက်မရှိအောင် ရှုဆင်ခြင်မှု ‘ဈာန်'ကိုသာလျှင် ရှုဆင်ခြင်ရမူ ‘ဈာန်ဝင်စားရမူ’ ကောင်းပေမည်”ဟု ဤအကြံသည် ဖြစ်၏။ ဘာရဒွါဇ ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင် ထား၏၊ ဘာရဒွါဇ ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော် လွန်ကဲပြင်းထန်သောလေတို့သည် ဦးထိပ်၌ တိုးဝှေ့ကုန်၏။ ဘာရဒွါဇ အားရှိသော ယောကျ်ားသည် ထက်သော ချွန်းဖြင့်ဦးထိပ်၌ ကြိတ်နှိပ်ရာသကဲ့ သို့၊ ဤအတူပင်လျှင် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက် ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော် လွန်ကဲပြင်းထန်သောလေတို့သည် ငါ၏ ဦးထိပ်၌ တိုးဝှေ့ ကုန်၏။ ဘာရဒွါဇ ငါသည် မတွန့်တိုသော လုံ့လကိုအားထုတ်ပြီးပြီ၊ ငါ့အား မေ့လျော့ခြင်း မရှိသော သတိသည် ထင်ပြီ၊ အားထုတ်ခြင်းဖြင့်ထိုးကျင့်ထားသော ငါ၏ ကိုယ်သည် ထိုဆင်းရဲကို (ဖြစ်စေတတ် သော) အားထုတ်ခြင်းကြောင့်သာလျှင်ပူလောင်ခြင်း ရှိခဲ့၏၊ မငြိမ်းအေးခဲ့ပေ။
--
ဘာရဒွါဇ ထိုငါ့အား “ငါသည် ထွက်သက်ဝင်သက်မရှိအောင် ရှုဆင်ခြင်မှု ‘ဈာန်'ကိုသာလျှင် ရှုဆင်ခြင်ရမူ ‘ဈာန်ဝင်စားရမူ’ ကောင်းပေမည်”ဟု ဤအကြံသည် ဖြစ်၏။ ဘာရဒွါဇ ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထား၏၊ ဘာရဒွါဇ ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း့ထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော် လွန်ကဲပြင်းထန်သော ဦးခေါင်းကိုက်ခဲခြင်းတို့သည်ဖြစ်ကုန်၏။ ဘာရဒွါဇ အားရှိသော ယောကျ်ားသည် ခိုင်ခံ့သော သားရေလွန်ပိုင်းဖြင့် ဦးခေါင်းကို ရစ်ပတ်ထားရာသကဲ့သို့၊ ဤအတူပင်လျှင် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်းထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော် လွန်ကဲပြင်းထန်သော ငါ၏ ဦးခေါင်းကိုက်ခဲခြင်းတို့သည် ဖြစ်ကုန်၏။ ဘာရဒွါဇ ငါသည် မတွန့်တိုသော လုံ့လကို အားထုတ်ပြီးပြီ၊ ငါ့အားမေ့လျော့ခြင်း မရှိသော သတိသည် ထင်ပြီ၊ အားထုတ်ခြင်းဖြင့် ထိုးကျင့်ထားသော ငါ၏ ကိုယ်သည်ထိုဆင်းရဲခြင်းကို (ဖြစ်စေတတ်သော) အားထုတ်ခြင်းကြောင့်သာလျှင် ပူလောင်ခြင်း ရှိခဲ့၏၊ မငြိမ်းအေးခဲ့ပေ။
ဘာရဒွါဇ ထိုငါ့အား “ငါသည် ထွက်သက်ဝင်သက်မရှိအောင် ရှုဆင်ခြင်မှု ‘ဈာန်'ကိုသာလျှင် ရှုဆင်ခြင်ရမူ ‘ဈာန်ဝင်စားရမူ’ ကောင်းပေမည်”ဟု ဤအကြံသည် ဖြစ်၏။ ဘာရဒွါဇ ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထား၏၊ ဘာရဒွါဇ ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်းထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော် လွန်ကဲပြင်းထန်သော လေတို့သည် ဝမ်းကို ထိုးဆွရစ်မွှေကုန်၏။ ဘာရဒွါဇ ကျွမ်းကျင်သော နွားသတ်သမားသည်လည်းကောင်း၊ နွားသတ်သမား၏ တပည့်သည်လည်းကောင်း၊ ထက်သော သားလှီးဓားငယ်ဖြင့် ဝမ်းကို ထိုးဆွရစ်မွှေရာသကဲ့သို့၊ ဤအတူပင်လျှင်ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကိုချုပ်တည်း ပိတ်ပင်ထားသော် လွန်ကဲပြင်းထန်သော လေတို့သည် ငါ၏ ဝမ်းကို ထိုးဆွရစ်မွှေကုန်၏။ ဘာရဒွါဇ ငါသည် မတွန့်တိုသော လုံ့လကို အားထုတ်ပြီးပြီ၊ ငါ့အား မေ့လျော့ခြင်း မရှိသော သတိသည်ထင်ပြီ၊ အားထုတ်ခြင်းဖြင့် ထိုးကျင့်ထားသော ငါ၏ ကိုယ်သည် ထိုဆင်းရဲခြင်းကို (ဖြစ်စေတတ်သော) အားထုတ်ခြင်းကြောင့်သာလျှင် ပူလောင်ခြင်း ရှိခဲ့၏၊ မငြိမ်းအေးခဲ့ပေ။
ဘာရဒွါဇ ထိုငါ့အား “ငါသည် ထွက်သက်ဝင်သက်မရှိအောင် ရှုဆင်ခြင်မှု ‘ဈာန်'ကိုသာလျှင် ရှုဆင်ခြင်ရမူ ‘ဈာန်ဝင်စားရမူ’ ကောင်းပေမည်”ဟု ဤအကြံသည် ဖြစ်၏။ ဘာရဒွါဇ ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကိုချုပ်တည်း ပိတ်ပင် ထား၏၊ ဘာရဒွါဇ ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကို ချုပ်တည်း ပိတ်ပင်ထားသော် လွန်ကဲပြင်းထန်သောကိုယ်၌ ပူလောင်ခြင်းသည် ဖြစ်၏။ ဘာရဒွါဇ အားရှိသော ယောကျ်ား နှစ်ယောက်တို့သည်အားနည်းသောယောကျ်ားကို အသီး အသီး လက်မောင်းတို့၌ ကိုင်၍ မီးကျီးတွင်း၌ ကင်ကုန်ရာသကဲ့သို့အပြန်ပြန် ကင်ကုန်ရာသကဲ့သို့၊ ဤအတူပင်လျှင် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက်ဝင်သက် တို့ကို ချုပ်တည်းပိတ်ပင်ထားသော် လွန်ကဲပြင်းထန်သော ငါ၏ကိုယ်၌ ပူလောင်ခြင်းသည် ဖြစ်၏။ ဘာရဒွါဇ ငါသည် မတွန့်တိုသော လုံ့လကို အားထုတ်ပြီးပြီ၊ ငါ့အားမေ့လျော့ခြင်း မရှိသော သတိသည် ထင်ပြီ၊ အားထုတ်ခြင်းဖြင့် ထိုးကျင့်ထားသော ငါ၏ ကိုယ်သည်ထိုဆင်းရဲကို (ဖြစ်စေတတ်သော) အား ထုတ်ခြင်းကြောင့်သာလျှင် ပူလောင်ခြင်း ရှိခဲ့၏၊ မငြိမ်းအေးခဲ့ပေ။ ဘာရဒွါဇ စင်စစ် ငါ့ကို နတ်တို့သည် မြင်၍ “ရဟန်းဂေါတမသည် သေပြီ”ဟု ဆိုကုန်၏။ အချို့နတ်တို့သည် “ရဟန်းဂေါတမသည် မသေ သေး၊ စင်စစ်ကား သေခါနီးနေ၏”ဟု ဆိုကုန်၏။ အချို့နတ်တို့သည် “ရဟန်းဂေါတမသည် မသေသေး၊ သေ ခါနီးလည်း မဟုတ်၊ ရဟန်းဂေါတမသည်ရဟန္တာဖြစ်၍ နေခြင်းသာ ဖြစ်၏၊ ရဟန္တာ၏ နေခြင်း ကား ဤသို့ သဘောရှိ၏”ဟု ဆိုကုန်၏။
--
ဘာရဒွါဇ ထိုငါ့အား “ငါသည် လုံးဝအစာအာဟာရ ဖြတ်၍ ကျင့်ရမူ ကောင်းပေမည်”ဟု ဤအကြံသည် ဖြစ်၏။ ဘာရဒွါဇ ထိုအခါ ငါ့ထံသို့ နတ်တို့သည် ချဉ်းကပ်၍ “အသျှင် သင်သည် လုံးဝ့အစာအာဟာရကို ဖြတ်၍ မကျင့်ပါလင့်၊ အသျှင် အကယ်၍ သင်သည် လုံးဝ အစာအာဟာရကို ဖြတ်၍ကျင့်အံ့၊ သင့်အား ငါတို့သည် နတ်ဩဇာကို အမွေးတွင်းတို့မှ တစ်ဆင့်သွင်းအံ့၊ ထိုနတ်ဩဇာဖြင့်သင်သည် မျှတလတ္တံ့”ဟု ဤစကားကို ဆိုကုန်၏။ ဘာရဒွါဇ ထိုငါ့အား “ငါသည်လည်း လုံးဝမစားဟုဝန်ခံမူ ဤနတ်တို့သည်လည်း ငါ့အား နတ်ဩဇာကို အမွေးတွင်းတို့မှ တစ်ဆင့် သွင်းကုန်ငြားအံ့၊ ထိုနတ်ဩဇာဖြင့်လည်း ငါသည် မျှတငြားအံ့၊ ထိုဝန်ခံခြင်းသည် ငါ့အား မုသားသာတည်း”ဟုဤအကြံသည် ဖြစ်၏။ ဘာရဒွါဇ ထိုငါသည် ထိုနတ်တို့ကို တားမြစ်၍ မသင့်ဟု ပြောဆို၏။
ဘာရဒွါဇ ထိုငါ့အား “ငါသည် တစ်လက်ဖက် တစ်လက်ဖက်မျှသော ပဲနောက်ရည်ကိုဖြစ်စေ၊ ပဲပိစပ်ရည်ကိုဖြစ်စေ၊ ကုလားပဲရည်ကိုဖြစ်စေ၊ စားတော်ပဲရည်ကိုဖြစ်စေ အနည်းငယ် အနည်းငယ်သော အစာအာဟာရကို မျိုရမူ ကောင်းပေမည်”ဟု ဤအကြံသည် ဖြစ်၏။ ဘာရဒွါဇ ထိုငါသည် တစ်လက်ဖက်တစ်လက်ဖက်မျှသော ပဲနောက်ရည်ကိုဖြစ်စေ၊ ပဲပိစပ်ရည်ကိုဖြစ်စေ၊ ကုလားပဲရည်ကိုဖြစ်စေ၊ စားတော်ပဲရည်ကိုဖြစ်စေ အနည်းငယ် အနည်းငယ်သော အစာအာဟာရကို မျို၏။ ဘာရဒွါဇ တစ်လက်ဖက်တစ်လက်ဖက်မျှသော ပဲနောက်ရည်ကိုဖြစ်စေ၊ ပဲပိစပ်ရည်ကိုဖြစ်စေ၊ ကုလားပဲရည်ကိုဖြစ်စေ၊ စားတော်ပဲရည်ကိုဖြစ်စေ အနည်းငယ် အနည်းငယ်သော အစာအာဟာရကို မျိုသော ထိုငါ၏ ကိုယ်သည် အလွန်ပိန်ကြုံခြင်းသို့ ရောက်၏၊ ထိုအစာအာဟာရ နည်းပါးမှုကြောင့်ပင် ငါ၏ အင်္ဂါကြီးငယ်တို့သည် ကန်စွန်းနွယ်၏ အဆစ်တို့ကဲ့သို့လည်းကောင်း၊ နွယ်ပုပ်နွယ်ငန်း၏ အဆစ်တို့ကဲ့သို့လည်းကောင်း ဖြစ်ပေါ်ကုန်၏။ ထိုအစာအာဟာရနည်းပါးမှုကြောင့်ပင် ငါ၏ တင်ပါးဆုံသားသည် ကုလားအုပ် ခြေရာကဲ့သို့ ဖြစ်ပေါ်နေ၏။ ထို အစာအာဟာရ နည်းပါးမှုကြောင့်ပင် ငါ၏ ကျောက်ကုန်းရိုးသည် ပုတီးကုံးကဲ့သို့ အနိမ့်အမြင့် ဖြစ်ပေါ်နေ၏။ ထို အစာအာဟာရ နည်းပါးမှုကြောင့်ပင် ငါ၏ နံရိုးတို့သည် ဖရိုဖရဲ အထက်တင် အောက်ကျပျက်စီး၍ ကျနေသော ဇရပ်ဆွေး၏ အခြင်တို့ကဲ့သို့၊ ဖရိုဖရဲ အထက်တင် အောက်ကျ ဖြစ်နေကုန်၏။ ထိုအစာအာဟာရနည်းပါးမှုကြောင့်ပင် နက်သော ရေတွင်း၌ ရေဝန်းသည် နက်ရှိုင်း၍ အောက်သို့ ဝင်နေသည်ဟု ထင်ရာသကဲ့သို့၊ ငါ၏ မျက်တွင်းတို့၌ မျက်လုံးတို့သည် နက်ရှိုင်း၍ အောက်သို့ ဝင်နေသည်ဟုထင်ရကုန်၏။ ထိုအစာအာဟာရ နည်းပါးမှုကြောင့်ပင် အနုဆွတ်ထားသော ဘူးခါးသီးသည် လေနေပူဖြင့်တွေ့ထိကာ ရှုံ့တွနေသကဲ့သို့ ငါ၏ ဦးခေါင်းရေသည် ရှုံ့တွနေ၏။
ဘာရဒွါဇ ထိုငါသည် “ဝမ်းရေကို သုံးသပ်အံ့”ဟု သုံးသပ်သော် ကျောက်ကုန်းရိုးကိုသာလျှင် ကိုင်မိ၏၊ “ကျောက်ကုန်းရိုးကို သုံးသပ်အံ့”ဟု သုံးသပ်သော် ဝမ်းရေကိုသာလျှင် ကိုင်မိ၏။ ဘာရဒွါဇထိုအစာအာဟာရ နည်းပါးမှုကြောင့်ပင် ငါ၏ ဝမ်းရေသည် ကျောက်ကုန်းရိုးသို့ ကပ်သည်အထိ ဖြစ်ပေါ်နေ၏။ ဘာရဒွါဇ ထိုငါသည် ထိုအစာအာဟာရ နည်းပါးမှုကြောင့်ပင် “ကျင်ကြီးကိုလည်းကောင်းကျင်ငယ် ကိုလည်းကောင်း စွန့်အံ့”ဟု သွားသော် ထိုနေရာ၌သာ မှောက်ခုံလဲကျ၏။ ဘာရဒွါဇထိုငါသည် ထိုအစာ အာဟာရ နည်းပါးမှုကြောင့်ပင် ဤကိုယ်ကိုသာလျှင် သက်သာစေလို၍ လက်ဖြင့်ကိုယ်တို့ကို ပွတ်သပ်၏၊ ဘာရဒွါဇ လက်ဖြင့် ကိုယ်တို့ကို ပွတ်သပ်သော် အမြစ်ဆွေးနေကုန်သောအမွေးတို့သည် ငါ၏ ကိုယ်မှ ကျွတ်ကျကုန်၏။
ဘာရဒွါဇ စင်စစ် ငါ့ကို လူတို့သည် မြင်၍ “ရဟန်းဂေါတမသည် မည်းသော အဆင်းရှိ၏”ဟုဆိုကုန်၏၊ အချို့လူတို့သည် “ရဟန်းဂေါတမသည် မည်းသော အဆင်းရှိသည် မဟုတ်၊ ရဟန်းဂေါတမသည် ရွှေသော အဆင်းရှိ၏”ဟု ဆိုကုန်၏၊ အချို့လူတို့သည် “ရဟန်းဂေါတမသည် မည်းသောအဆင်း ရှိသည်လည်း မဟုတ်၊ ရွှေသော အဆင်းရှိသည်လည်း မဟုတ်၊ ရဟန်းဂေါတမသည် ကြမ်းပိုးကျောက်ကုန်း အရေအဆင်းရှိ၏”ဟု ဆိုကုန်၏။ ဘာရဒွါဇ ထိုအစာအာဟာရနည်းပါးမှုကြောင့်ပင် ထိုမျှလောက် စင်ကြယ်ဖြူဖွေးလျက်ရှိသော ငါ၏ အရေအဆင်းသည်အလွန်ပျက်စီးနေ၏။
--
၄၈၂။ ဘာရဒွါဇ ထိုငါ့အား “အတိတ်ကာလက အားထုတ်ခြင်းကြောင့် ဖြစ်ကုန်သော ကြီးမားကြမ်းတမ်းစပ်ရှားကုန်သော ဆင်းရဲခံစားခြင်းတို့ကို ခံစားခဲ့ကုန်သော သမဏဗြာဟ္မဏအားလုံးတို့သည်ဤခံစားခြင်းလောက်သာလျှင် ဖြစ်၏၊ ဤခံစားခြင်းထက် မပိုလွန်။ အနာဂတ်ကာလ၌လည်း အားထုတ်ခြင်းလုံ့လကြောင့် ဖြစ်ကုန်သော ကြီးမားကြမ်းတမ်းစပ်ရှားကုန်သော ဆင်းရဲခံစားခြင်းတို့ကို ခံစားလတ္တံ့ကုန်သော သမဏဗြာဟ္မဏအားလုံးတို့သည် ဤခံစားခြင်းလောက်သာလျှင် ဖြစ်လတ္တံ့၊ ဤခံစားခြင်းထက် မပိုလွန်။ ဤယခုပစ္စုပ္ပန်ကာလ၌လည်း အားထုတ်ခြင်း လုံ့လကြောင့် ဖြစ်ကုန်သော ကြီးမားကြမ်းတမ်းစပ်ရှားကုန်သော ဆင်းရဲခံစားခြင်းတို့ကို ခံစားနေကုန်သော သမဏဗြာဟ္မဏအားလုံးတို့သည်ဤခံစားခြင်းလောက်သာလျှင် ဖြစ်၏၊ ဤခံစားခြင်းထက် မပိုလွန်။ ငါသည် ဤစပ်ရှားသော ပြုနိုင်ခဲသော အမှုကို ပြုကျင့်ခြင်းဖြင့် လူတို့၏ ကုသိုလ်ကမ္မပထတရားထက် လွန်သော အရိယာဖြစ်ရန် စွမ်းနိုင်သော ဉာဏ်အမြင်ထူးကို မရခဲ့။ သစ္စာလေးပါးကို သိရန် အခြားလမ်းစဉ် ရှိသေးသလော”ဟု ဤအကြံသည် ဖြစ်၏။
ဘာရဒွါဇ ထိုငါ့အား “ငါသည် ခမည်းတော်သကျမင်း၏ (လယ်ထွန်မင်္ဂလာ) အမှု၌ အေးသော သပြေပင်အရိပ်ဝယ် ထိုင်လျက် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍ သာလျှင်ကြံစည်ခြင်း ‘ဝိတက်’ သုံးသပ်ခြင်း ‘ဝိစာရ’ နှင့် တကွဖြစ်သော (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့် ဖြစ်သောနှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်ကို ပြည့်စုံစေ၍ နေဖူးသည်ကို အမှတ်ရ၏၊ ဤပဌမဈာန်သည် သစ္စာလေးပါးကို သိခြင်းငှါ လမ်းစဉ် ဖြစ်တန်ရာ၏”ဟု ဤအကြံသည် ဖြစ်၏။ ဘာရဒွါဇ ထိုငါ့အား “ဤသည်ပင်လျှင် သစ္စာလေးပါးတို့ကို သိခြင်းငှါ လမ်းစဉ်တည်း”ဟုအောက်မေ့ခြင်းသို့ အစဉ်လိုက်သော စိတ်သည် ဖြစ်၏။ ဘာရဒွါဇ ထိုငါ့အား “ကာမဂုဏ်တို့မှကြဉ်၍သာ လျှင် အကုသိုလ်တရားတို့မှ ကြဉ်၍သာလျှင်ဖြစ်သော ပဌမဈာန် ချမ်းသာကို ငါသည်ကြောက်လေသ လော”ဟု ဤအကြံသည် ဖြစ်၏။ ဘာရဒွါဇ ထိုငါ့အား “ကာမဂုဏ်တို့မှကြဉ်၍သာလျှင် အကုသိုလ် တရားတို့မှ ကြဉ်၍သာလျှင်ဖြစ်သော ပဌမဈာန်ချမ်းသာကို ငါ မကြောက်”ဟုဤအကြံသည် ဖြစ်၏။
၄၈၃။ ဘာရဒွါဇ ထိုငါ့အား “ဤသို့ အလွန်ပိန်ကြုံသော အဖြစ်သို့ ရောက်သော ကိုယ်ဖြင့် ထို (ပဌမဈာန်) ချမ်းသာကို ရရန် မလွယ်၊ ငါသည် ကြမ်းတမ်းသော ထမင်း မုယောမုန့် အစာအာဟာရကိုစားရမူ ကောင်းပေမည်”ဟု ဤအကြံသည် ဖြစ်၏။ ဘာရဒွါဇ ထိုငါသည် ကြမ်းတမ်းသော ထမင်းမုယောမုန့် အစာအာဟာရကို စား၏၊ ဘာရဒွါဇ ထိုအခါ ငါ၏ အထံ၌ “ရဟန်းဂေါတမသည်ရသောတရား ကို ငါတို့အား ပြောကြားလတ္တံ့”ဟု ပဉ္စဝဂ္ဂီရဟန်းတို့သည် လုပ်ကျွေးကုန်၏၊ ဘာရဒွါဇကြမ်းတမ်းသော ထမင်း မုယောမုန့် အစာအာဟာရကို ငါစားသောအခါ “ရဟန်းဂေါတမသည်ပစ္စည်းများပြားခြင်းငှါ ကျင့်၏၊ ကမ္မဋ္ဌာန်းအားထုတ်ခြင်းမှ ထွက်လာသူ ဖြစ်၏၊ ပစ္စည်းများပြားခြင်းငှါလှည့်လည်၏”ဟု ငြီးငွေ့၍ ထိုပဉ္စဝဂ္ဂီရဟန်းတို့သည် ငါ၏ထံမှ ဖဲခွါသွားကုန်၏။
ဘာရဒွါဇ ငါသည် ကြမ်းတမ်းသော အစာအာဟာရကို စား၍ အားကို ယူကာ ကာမဂုဏ်တို့မှကင်းဆိတ်၍သာလျှင်။ပ။ ပဌမဈာန်သို့ ရောက်၍ နေ၏။ ဝိတက်ဝိစာရတို့ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌စိတ်ကို ကြည်လင်စေတတ်သော စိတ်၏ တည်ကြည်ခြင်း ‘သမာဓိ'ကို ပွါးစေတတ်သော ကြံစည်ခြင်း'ဝိတက်'မရှိသော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ မရှိသော တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏။ တတိယဈာန်သို့။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။
ထိုငါသည် ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော့်မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ရှေး၌ ဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သော ‘ပုဗ္ဗေနိဝါသာနုဿတိ’ ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှုဆောင်ခဲ့ပြီ၊ ရှေးရှုညွှတ်စေခဲ့ပြီ။ ထိုငါသည် များပြားသောရှေး၌ဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်၏။ ဤသည်ကား အဘယ်နည်း၊ တစ်ဘဝကိုလည်းကောင်း နှစ်ဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာနှင့်တကွအဖြစ်သနစ်နှင့်တကွ များပြားသော ရှေး၌ ဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်၏။ ဘာရဒွါဇငါသည် ညဉ့်၏ ရှေးဦး ‘ပဌမ'ယာမ်၌ ရှေးဦးစွာ သော ဤ အသိဉာဏ် ‘ဝိဇ္ဇာ’ ကို ရခဲ့ပြီ၊ မသိမှု ‘အဝိဇ္ဇာ’ပျောက်ခဲ့ပြီ၊ အသိဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ်ခဲ့ပြီ၊ (အဝိဇ္ဇာ) အမှောင်ပျောက်ခဲ့ပြီ၊ (ဝိဇ္ဇာ) ဉာဏ်အလင်းရောင်ဖြစ်ပေါ်ခဲ့ပြီ၊ မမေ့မလျော့ဘဲ ပြင်းစွာ အား ထုတ်လျက် တည်ကြည်သော စိတ်ရှိသည်ဖြစ်၍နေသောသူအား အဝိဇ္ဇာ မှောင်ကင်း၍ ပညာဉာဏ်အရောင် အလင်း ဖြစ်ပေါ်သကဲ့သို့တည်း။
--
၄၈၄။ ထိုငါသည် ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော်ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် သတ္တဝါတို့၏ သေခြင်း ‘စုတိ’ ဖြစ်ခြင်း ‘ပဋိသန္ဓေ'ကိုသိသော ဉာဏ်အလို့ ငှါ စိတ်ကို ရှေးရှုဆောင်ခဲ့ပြီ၊ ရှေးရှုညွတ်စေခဲ့ပြီ။ ထိုငါသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင်ကို လွန်သော နတ်မျက်စိနှင့် တူသော မျက်စိ ‘ဒိဗ္ဗစက္ခု'ဖြင့် သေဆဲသတ္တဝါဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သောသတ္တဝါ မြတ်သောသတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါကောင်းသောလားရာ ‘ဂတိ'ရှိသော သတ္တဝါ မကောင်းသောလားရာ ‘ဂတိ’ ရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာဖြစ်သော သတ္တဝါတို့ကို သိ၏။ပ။ ဘာရဒွါဇ ငါသည် ညဉ့်၏ အလယ်ဖြစ်သောသန်းခေါင်ယံ၌ နှစ်ခုမြောက် ဤ အသိဉာဏ် ‘ဝိဇ္ဇာ'ကို ရခဲ့ပြီ၊ မသိမှု ‘အဝိဇ္ဇာ’ ပျောက်ခဲ့ပြီ၊ အသိဉာဏ်'ဝိဇ္ဇာ’ ဖြစ်ပေါ်ခဲ့ပြီ၊ (အဝိဇ္ဇာ) အမှောင်ပျောက်ခဲ့ပြီ။ (ဝိဇ္ဇာ) ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ၊ မမေ့မလျော့ ဘဲ ပြင်းစွာ အားထုတ်လျက် တည်ကြည်သော စိတ်ရှိသည်ဖြစ်၍ နေသောသူအားအဝိဇ္ဇာမှောင်ကင်း၍ ပညာဉာဏ်အရောင်အလင်း ဖြစ်ပေါ်သကဲ့သို့တည်း။
ထိုငါသည် ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော်မတုန် လှုပ်ခြင်းသို့ ရောက်လတ်သော် အာသဝေါတရားတို့ကို ကုန်ခန်းစေတတ်သော'အာသဝက္ခယ’ ဉာဏ် အလို့ငှါ စိတ်ကို ရှေးရှုဆောင်ခဲ့ပြီ၊ ရှေးရှုညွတ်စေခဲ့ပြီ။ ထိုငါသည် “ဤကားဆင်းရဲ”ဟုဟုတ်တိုင်း မှန်စွာ သိ၏။ “ဤကား ဆင်းရဲဖြစ်ပေါ်ခြင်း၏ အကြောင်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ “ဤကားဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက် ကြောင်းအကျင့်”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ “ဤသည်တို့ကားအာသဝေါတရားတို့”ဟုဟုတ်တိုင်း မှန်စွာ သိ၏။ “ဤကား အာသဝေါတရားတို့၏ ဖြစ်ပေါ်ခြင်း၏အကြောင်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ “ဤကား အာသဝေါတရားတို့၏ ချုပ်ရာ (နိဗ္ဗာန်)”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ “ဤကား အာသဝေါ တရားတို့၏ ချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်းအကျင့်”ဟုဟုတ်တိုင်း မှန်စွာ သိ၏။ ဤသို့ သိသော ဤသို့ မြင်သော ထိုငါ၏စိတ်သည် ကာမာသဝမှလည်း လွတ်မြောက်ခဲ့ပြီ၊ ဘဝါသဝမှလည်း လွတ်မြောက် ခဲ့ပြီ၊ အဝိဇ္ဇာသဝမှလည်း လွတ်မြောက်ခဲ့ပြီ၊ လွတ်မြောက်ပြီးလတ်သော် “လွတ်မြောက်လေပြီ”ဟု အသိဉာဏ်ဖြစ်ပေါ်ခဲ့ပြီ၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏။
ဘာရဒွါဇ ငါသည် ညဉ့်၏ နောက်ဆုံးဖြစ်သော မိုးသောက်ယံ၌ သုံးခုမြောက် ဤအသိဉာဏ် ‘ဝိဇ္ဇာ'ကို ရခဲ့ပြီ၊ မသိမှု ‘အဝိဇ္ဇာ’ ပျောက်ခဲ့ပြီ၊ အသိဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ်ခဲ့ပြီ၊ (အဝိဇ္ဇာ) အမှောင် ပျောက်ခဲ့ပြီ၊ (ဝိဇ္ဇာ) ဉာဏ် အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ၊ မမေ့မလျော့ဘဲ ပြင်းစွာအားထုတ်လျက် တည်ကြည်သောစိတ်ရှိသည်ဖြစ်၍ နေသောသူအား အဝိဇ္ဇာမှောင်ကင်း၍ ပညာဉာဏ်အရောင်အလင်း ဖြစ်ပေါ်သကဲ့သို့တည်း။
--
၄၈၅။ ဤသို့ မိန့်တော်မူသော် သင်္ဂါရဝလုလင်သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- “အသျှင်ဂေါတမအား မည်သူအားမျှ မတည်နိုင်သော ကျင့်ဝတ်ဖြစ်သော အားထုတ်မှုမျိုး ဖြစ်ပေ၏၊ အသျှင်ဂေါတမအား သူတော်ကောင်းတို့၏ ကျင့်ဝတ်ဖြစ်သော အားထုတ်မှုသည် ဖြစ်ပေ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော်မူသော မြတ်စွာဘုရားအား ဖြစ်မြဲဓမ္မတာပေတည်း။ “အသျှင်ဂေါတမ နတ်တို့သည် ရှိပါကုန်၏လော”ဟု (လျှောက်၏)။ ဘာရဒွါဇ လွန်ကဲမြင့်မြတ်သော နတ်တို့ကို အကြောင်းအားလျော်စွာ သိရ၏ဟု (မိန့်တော်မူ၏)။ “အသျှင်ဂေါတမ နတ်တို့သည် ရှိပါကုန်၏လော”ဟု မေးပါလျက် “ဘာရဒွါဇလွန်ကဲမြင့်မြတ်သော နတ်တို့ကို အကြောင်း အားလျော်စွာ သိရ၏”ဟု ဆိုဘိ၏။ အသျှင်ဂေါတမဤသို့ဖြစ်သော် အချည်းနှီး ချွတ်ယွင်းသော စကားဖြစ်သည် မဟုတ်ပါလောဟု (လျှောက်၏)။ ဘာရဒွါဇ နတ်တို့သည် ရှိပါကုန်၏လောဟု မေးသော် နတ်တို့သည် ရှိပါကုန်၏ဟုပင် ဆိုစေကာမူ၊ အကြောင်းအားလျော်စွာ သိရ၏ဟုပင် ဆိုစေကာမူ သိကြား လိမ္မာသော ယောကျ်ားသည် “နတ်တို့ရှိကုန်၏”ဟု ဧကန်အားဖြင့် ဆုံးဖြတ်ခြင်းသို့ ရောက်ခြင်းငှါ တတ်ကောင်း၏။ အသျှင်ဂေါတမ အဘယ့်ကြောင့် အစကပင် မဖြေကြားဘိသနည်းဟု (လျှောက်၏)။ ဘာရဒွါဇ လောက၌အသံကျယ်ကျယ်ဖြင့်သာ သိအပ် မှတ်သားအပ်ပေ၏ဟု (မိန့်တော်မူ၏)။
၄၈၆။ ဤသို့ မိန့်တော်မူသော် သင်္ဂါရဝလုလင်သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-"အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေ၏၊ အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေ၏၊ အသျှင်ဘုရား ဥပမာသော်ကား မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့ လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ ‘မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်’ဟုအမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း၊ (အရှင်ဘုရား) ဤအတူသာလျှင် မြတ်စွာဘုရားသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏။ အသျှင်ဘုရားအကျွန်ုပ်သည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ မြတ်စွာဘုရားသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟူ၍ မှတ်တော်မူပါ”ဟု (လျှောက်၏)။
ဆယ်ခုမြောက် သင်္ဂါရဝသုတ် ပြီး၏။
ငါးခုမြောက် ဗြာဟ္မဏဝဂ် ပြီး၏။
မဇ္ဈိမပဏ္ဏာသပါဠိတော် မြန်မာပြန် ပြီးပြီ။