မနောရထပူရဏီကျမ်း
မနောရထပူရဏီကျမ်း
နိဒါန်း
ဗုဒ္ဓဝါဒ အခြေခံ တရားတော်
သဗ္ဗပါပဿ အကရဏံ၊
ကုသလဿ ဥပသမ္ပဒါ။
သစိတ္တပရိယောဒပနံ၊
ဧတံ ဗုဒ္ဓန သာသနံ။
မကောင်းမှု အကုသိုလ်ဟူသမျှကို မပြုခြင်း၊
ကောင်းမှုကုသိုလ်ကို ပြည့်စုံစေခြင်း၊
မိမိစိတ်ကိုဖြူစင်စေခြင်း -
ဟူသော ဤတရားသည် ဘုရားရှင်တို့၏ အဆုံးအမပေတည်း။
ဤတရားတော်ကို ပွင့်တော်မူသမျှသော ဘုရားရှင်တို့သည် တပည့်ရဟန်း သံဃာတို့အား ဩဝါဒပါတိမောက် တရားတော်အဖြစ် ဟောကြား ဆုံးမတော်မူကြသည်။
အကျွန်ုပ်တို့၏ ကိုးကွယ်ရာ ဂေါတမဗုဒ္ဓ ရှင်တော်ဘုရားသည်လည်း ဝါတော်၂၀ အထိ လပြည့်လကွယ်နေ့တိုင်း တပည့်ရဟန်း သံဃာတို့အား ဟောကြား ဆုံးမတော် မူပါသည်။ ထို့ကြောင့် ဤတရားတော်ကို ဗုဒ္ဓဝါဒအခြေခံ တရားတော်ဟု ဆိုသင့်လှ ပါသည်။
သိရန်မလွယ်ပုံ ဤဗုဒ္ဓဝါဒ အခြေခံတရားတော်၌ ပါဝင်သည့် အကုသိုလ် ကုသိုလ် ဖြူစင်သော စိတ်ဟူသည်တို့မှာ သိရန်မလွယ်ကူပါ၊ အဘယ်သို့ သိရပါမည်နည်းဟု မေးလျှင်-
ဗုဒ္ဓအဘိဓမ္မာတရားများကို လေ့လာပါဟု ဖြေရပေမည်၊ ဗုဒ္ဓအဘိဓမ္မာမှာ ပါဠိတော် ကျမ်းရင်း(၇) ကျမ်း၊ ဆဋ္ဌမူအုပ်ရေ (၁၂)အုပ်၊ အဋ္ဌကထာ ၃ကျမ်း ၃-အုပ်၊ ဋီကာ ၂ကျမ်း၊ ၃-အုပ်ရှိရာ ပေါင်း(၁၈) အုပ်ရှိသည်။ ပါဠိ ဘာသာဖြင့်ရေးထားသည်၊ သဘောအဓိပ္ပါယ် နက်နဲ၍ ကျယ်ဝန်းသည်၊ ထို့ကြောင့် လေ့လာရန် မလွယ်ချေ။
အဘိဓမ္မာအခြေခံ။ ။ သို့ဖြစ်လျှင် ယင်းအဘိဓမ္မာကျမ်းကြီး (၁၈)ကျမ်းကို လေ့လာတတ်သိနိုင်ရန် ရှေးဦးအခြေခံအဖြစ် အဘိဓမ္မတ္ထသင်္ဂဟခေါ် သင်္ဂြုလ်ကျမ်းကို လေ့လာပါ။ သင်္ဂြိုလ်ကျမ်းကို ကျေပွန်တတ်သိလျှင် အကုသိုလ် ကုသိုလ် ဖြူစင်သောစိတ် များကိုလည်း နားလည်ပါလိမ့်မည်၊ အခြား ပရမတ္ထ သဘောများကိုလည်း နားလည်၍ အဘိဓမ္မာကျမ်းကြီး (၁၈)ကျမ်း၏ အဘောအဓိပ္ပယ်ကိုလည်း နားလည်ရန် အခြေခံ ရပေလိမ့်မည်။
ဤသို့သော အကြောင်းကြောင်းတို့ကြောင့် ဗုဒ္ဓဝါဒအခြေခံတရား ၃-ပါးကို တတ်သိ နားလည်လိုလျှင် အဘိဓမ္မတ္ထသင်္ဂဟခေါ် သင်္ဂြိုဟ်ကျမ်းကို လေ့လာပါဟု တိုက်တွန်း လိုပါသည်။
မှန်ပါသည်၊ အဘိဓမ္မတ္ထသင်္ဂဟဟူသော အမည်ကပင် အဘိဓမ္မာ ၇-ကျမ်းလာ သဘောအဓိပ္ပာယ်များကို အကျဉ်းချုံးပြသောကျမ်း ဟု အနက်အဓိပ္ပာယ် ထွက်ပါသည်။ ကျမ်းအမည်၏ အနက်အဓိပ္ပာယ်နှင့် လျော်ညီစွာပင် အဘိဓမ္မာ ၇-ကျမ်းမှာ ပြဆိုသည့် ပရမတ္တတရားသဘော အဓိပ္ပာယ်များကို ထိထိမိမိ တတ်သိအောင် သင်္ဂြိုဟ်ကျမ်း၌ ပြဆိုထားပါသည်၊ ယင်းသို့ ပြနိုင်သောကြောင့်လည်း ပရမတ္တတရားများကို သိလို တတ်လိုသူများ ဗုဒ္ဓအဘိဓမ္မာ ကျမ်းကြီးများကို လေ့လာလိုသူများသည် သင်္ဂြိုဟ်ကျမ်းကို ရှေးဦးစွာ လေ့လာသင်ယူကြရပါသည်။ ဗုဒ္ဓသာသနာဝင်တလျှောက်၌ သင်ယူလေ့လာသူ အများဆုံးသော ကျမ်းဖြစ်ပါသည်။
သင်္ဂြိုဟ်အဖွင့် ကျမ်းများ။ ။ သင်ယူ လေ့လာသူ များသည့်အလျောက်ပင် သင်္ဂြိုဟ်ကျမ်းကို ဘာသာအမျိုးမျိုးသို့လည်း ပြန်ဆိုကြပါသည်၊ ဖွင့်ဆိုသော ကျမ်းများ နိဿယပြန်ဆိုသော ကျမ်းများလည်း များလှပါသည်။
အဘိဓမ္မတ္ထဝိဘာဝိနီခေါ် ဋီကာကျော်ကျမ်း၊ သင်္ခေပဋီကာကျမ်း၊ မရမတ္တဒီမနီခေါ် ဋီကာမော်ကျမ်းစသည်ဖြင့် ပါဠိဘာသာဖြင့် ဖွင့်ဆိုသော ကျမ်းလည်း များစွာရှိသည်။
ပရမတ္တသရူပဘေဒနီ၊ အဘိဓမ္မတ္ထဒီပက၊ အဘိဓမ္မဂုဠှတ္ထစသော မြန်မာအဖွင့်ကျမ်း များလည်း များစွာရှိပေသည်။
မနောရထပူရဏီ။ ယင်းသို့သင်္ဂြိုဟ်ကျမ်း၏ ပါဠိဘာသာအဖွင့်ကျမ်း မြန်မာဘာသာဖြင့် ဖွင့်သောကျမ်းများစွာတွင် ယခုစာရှုသူတို့ လက်ဝယ် ရောက်ရှိနေသော မနောရထပူရဏီ သင်္ဂြိုဟ်ခက်ဆစ်အလင်းပြ အမေးအဖြေကျမ်းသည်လည်း ထူးခြား တောက်ပြောင်သည့် မြန်မာအဖွင့်ကျမ်းတဆူ ဖြစ်ပါသည်။
ကျမ်းပြုပုဂ္ဂိုလ်ကျော်။ ။ဤကျမ်းကို ပြုစုစီရင်သော ပုဂ္ဂိုလ်မှာ ဗုဒ္ဓဿသနာ၌ ပြည့်ဝစုံလင်သည့်ဗုဒ္ဓဝင်ကျမ်းကြီးတဆူဖြစ်သော ဇိနတ္ထပကာသနီကျမ်းကို လည်းကောင်း၊
မြန်မာစာဝါကျဖွဲ့စည်းမှုအရာတွင် စံထားလောက်သည့် မဟာဝံသ အမည်ရှိ သာသနာ့ သမိုင်းကြီး တစောင်ကိုလည်းကောင်း၊
မြန်မာစာရေးထုံးဆိုင်ရာ ဗဟုသုတ၊ ဆေးကျမ်း၊ ဗေဒင်ကျမ်း၊ နက္ခတ်ကျမ်း၊ အဂ္ဂိရတ်ကျမ်း၊ ပိဋကပါဠိတော် အဋ္ဌကထာ ဋီကာ ရာဇဝင်နိပါတ်စသည့် ဗဟုသုတ လောကီ လောကုတ္တရာ သိမှတ်ဖွယ်ရာ အဖြာဖြာ စုံလင်၍ ကျော်စောထင်ရှားသော စွယ်စုံကျော်ထင် ကျမ်းကိုလည်းကောင်း ရေးသားပြုစုတော်မူခဲ့သော ရွှေတောင်မြို့ ကျီးသဲလေးထပ် ဆရာတော်ကြီးဖြစ်သည်။
ဤကျမ်းဂုဏ်ရည်။ ဆရာတော်ကြီးသည် ပါရမီရင့်သန် ပညာဉာဏ်ကြီးမားသည့် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီး ဖြစ်တော်မူသည့်အတိုင်း ထင်ရှားကျော်စောသည့် ဖော်ပြပါ ကျမ်းကြီးများ နည်းတူပင် ဤမနောရပူရဏီ ကျမ်းကိုလည်း သိပ်သည်းကျစ်လစ်၍ ပေါ်လွင်သော စကားလုံးနှင့် အသုံးအနှုန်း ပြေပြစ်သော ဝါကျဖွဲ့ထုံးများဖြင့် ခြယ်လှယ် မွမ်းမံကာ နက်နဲသိပ်မွေ့သော ပရမတ္ထသဘော အဓိပ္ပါယ်များကို ဖော်ပြ ရေးသား ထားပေသည်။
အဓိပ္ပါယ် ၄-မျိုး။ ရေးသားပုံမှာလည်း ဖတ်ရှုလေ့လာသူတို့၏ ဉာဏ်အစဉ်၌ ရှင်းလင်းပေါ်လွင် ထင်မြင်လွယ်စေရန် အမေးအဖြေပုံစံဖြင့် ရေးသားထားသည်။
ယင်းသို့ရေးသားရာ၌ သင်္ဂြိုဟ်ကျမ်းလာပရမတ္ထသဘောများကို -
၁။ အစဉ်အလာ ရိုးရာအဓိပ္ပါယ်၊
၂။ ဆန်းကြယ်ထူးခြားသည့် အဓိပ္ပါယ်၊
၃။ နက်နဲခက်ခဲသည့် အဓိပ္ပါယ်၊
၄။ အရကျက်ဖွယ် အဓိပ္ပါယ်၊
များကို ပါဝင်စေလျှက် အကြောင်းအရာပေါင်း ၄၅၃-မျိုးကို ဦးတည်ထားလျှက် စာမျက်နှာပေါင်း (၄၅၈) ဖြင့် ရေးသားထားပေသည်။
ဤအကြောင်းများကို ပုံစံနမူနာအဖြစ် အနည်းငယ်မျှ ဖော်ပြပါအံ့။
၁။ အစဉ်အလာရိုးရာအဓိပ္ပါယ်
အစဉ်အလာရိုးရာ အဓိပ္ပါယ်ဟူသည်မှာ သင်္ဂြိုလ်ကျမ်း အဖွင့်များနှင့် သင်္ဂြိုလ် ကျမ်း ပို့ချ သင်ကြားပေးရာတို့၌ အများအားဖြင့် ရှေးရိုးရေးစဉ် ပြောရိုးပြောစဉ် အဓိပ္ပါယ် များကို ဆိုလိုပေသည်။
ပုံစံ (၁) သမ္မာသမ္ဗုဒ္ဓံ ပါဌ်လာ သံသဒ္ဒါ သမ္မာသဒ္ဒါ ထူးခြားပုံ (နှာ-၅)
(၂) အကုသိုလ်စိတ်ကို ရှေးဦးစွာပြခြင်းအကြောင်း (နှာ-၁၀)
စသည်ဖြစ်သည်၊ ဤသို့သော အစဉ်အလာ ရိုးရာအဓိပ္ပါယ်များကား ဤကျမ်း၏ အဓိက ပင်မကြီးအဖြစ် ရေးသားထားပေသည်။
(၂) ဆန်းကြယ်ထူးခြားသည့်အဓိပ္ပါယ်
ဆန်းကြယ်ထူးခြားသည့် အဓိပ္ပါယ်ဟူသည်မှာ ရှေးသင်္ဂြိုလ်အဖွင့်ကျမ်းများမှာဖြစ်စေ အခြား ပရမတ္ထတရားများပြဆိုသည့် အဘိဓမ္မာကျမ်းများမှာဖြစ်စေ သင်ကြားပို့ချရိုး အစဉ်အလာဖြစ်စေ အတွေ့အကြုံနည်းပါးလှသည့် အဓိပ္ပါယ်များကို ဆိုလိုပေသည်။
ပုံစံ (၁)လောဘမူစိတ်ပေါင်း ၂၀၁၆-ဖြစ်ပုံ (နှာ-၂၆)
ပုံစံ (၂)ဒေါသမူစိတ် ၅၀၄-ဖြစ်ပုံ (နှာ-၂၇)
ပုံစံ (၃)ခေါက်၍မေးက ရုပ်သေတရားရပုံ (နှာ-၂၃၇)
စသည်ဖြစ်ပေသည်၊ ဤသို့သော ဆန်းကြယ်ထူးခြားသည့် အဓိပ္ပါယ်များကို ဤကျမ်း၌ အကိုင်းအခက်များသဖွယ် များစွာ ရေးသားပြဆိုထားပေသည်။
၃။ နက်နဲခက်ခဲသည့်အဓိပ္ပါယ်
နက်နဲခက်ခဲသည့် အဓိပ္ပါယ်ဟူသည်မှာ ပရမတ္ထသဘာဝဆိုင်ရာ ဂမ္ဘီရဉာဏ် ရင့်သန်သူတို့အတွက် နှစ်သက်အားရဖွယ်ရာ ခဲရာခက်ဆစ် အဖုအထစ် မပြေပြစ်သော ဂဏ္ဌိဌာနများကို များစွာသော ကျမ်းဂန်တို့မှ ထုတ်နုတ်ရေးသားချက်ဖြစ်သည်။
ပုံစံ(၁) အဋ္ဌသာလိနီအဋ္ဌကထာကို ကိုးကား၍ အာဝဇ္ဇန်းစသည်၌ ပါသော စေတနာသည် ကံမမည်ပုံကို ပြခြင်း (နှာ-၁၄)
ပုံစံ(၂) ဝိဘင်္ဂပါဠိတော်နှင့် သမ္မောဝဟိနောဒနီ အဠကထာကို ကိုးကား၍ လက်သမားအတတ် ပန်းထိမ်အတက်စသည်ကို ပညာတရားကိုယ်ယူသင့်မယူသင့် စိစစ်ပြထားသည်။ (နှာ-၃၇)
(၃) မူလဋီကာအလိုအားဖြင့် အက္ခရာ ၁-လုံး၏ အသံကိုနားဖြင့် ကြားရာ၌ အနည်းဆုံး ၅- ဝီထိဖြစ်ပြီးမှ သိသည်ကို ဖော်ပြသည်။ (နှာ-၇၉)
(၄) သမ္ဗန္ဓစိန္တာဋီကာနှင့် အနုဋီကာကို ကိုးကား၍ တလုံးတည်းသော သဒ္ဒါကိုပြောသည့် ပုဂ္ဂိုလ်ဘက်မှ ဝီထိအဆင့်ဆင့် ဖြစ်ပုံကို ပြဆိုထားသည်။ (နှာ - ၁၄၆)
(၅) ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကို ကိုးကား၍ ဝသီဘော် ၅-တန်ဖြစ်ပုံကို ရေးသား ဖော်ပြထားသည်။ (နှာ-၁၀၉)
ဤသို့စသည်ဖြင့် တောင့်တင်းခိုင်မာသော ကျမ်းများကို ကိုးကား၍ အဘိဓမ္မာ ပရမတ္ထသဘောဆိုင်ရာ လေးနက်ခက်ခဲသော အဓိပ္ပါယ်များကို ပြဆိုသည်မှာ ဤကျမ်း၌ အရွက် အညွန့် အဖူး အငုံ အပွင့်များပမာ ပြည့်ဝစုံလင်လှပါသည်။
ဤသို့စသည်ဖြင့် ဤကျမ်း၌ ကျမ်းကြီးကျမ်းခိုင်များကို အထောက်အထားပြု၍ နက်နဲလေးနက်သော အဓိပ္ပါယ်များ ဖော်ပြထားသည်မှာ ဖတ်မကုန် မှတ်မကုန် များပြားပြည့်စုံလှပါပေသည်။
၄။ အရကျက်ဖွယ်အဓိပ္ပါယ်
ဖော်ပြခဲ့သည့် ၃မျိုးသောအဓိပ္ပါယ်တို့တွင် အချို့မှာ ကြည့်ရှုပြီး လွယ်လွယ်ပင် မှတ်သားနိုင်သော်လည်း အချို့အဓိပ္ပါယ်များ မှတ်ဉာဏ်ဖြင့် ထိန်းထားနိုင် ခက်သည်လည်း ရှိတတ်ပေသည်၊ ယင်းသို့သော အဓိပ္ပါယ်များကို ရှေ့ပျို့ကဗျာများမှ ထုတ်၍လည်းကောင်းကိုယ်တိုင်ကဗျာဖွဲ့၍လည်းကောင်း ဆောင်ပုဒ်ရေးသားထားပေသည်။
ပုံစံ(၁) ဆုတောင်းခန်းပျို့မှ ထုတ်နုတ်၍ မာန်ကိုးပါးဖြစ်ပုံ ဆောင်ပုဒ်ကို (နှာ-၅၁) ၌ တွေ့ရသည်။
(၂) ပါရမီခန်းပျို့မှ ထုတ်နုတ်၍ နိဗ္ဗာန်ကို ကလျာဏပုထုဇဉ်များ အနုမာနဉာဏ်ဖြင့် သိမြင်နိုင်ပုံကို (နှာ-၆၉) ၌ တွေ့နိုင်သည်။
(၃) စရိုက်၆ပါး ဖြစ်ပုံအရ နှလုံးသွေးအရောက်ဖြစ်ပုံကို မှတ်လွယ်စေရန် ကိုယ်တော်တိုင် ဆောင်ပုဒ်ရေးသားထားသည်ကို (နှာ-၇၁) ၌ တွေ့နိုင်သည်။
ဤသို့စသည်ဖြင့် လိုအပ်ရာ၌ ဆောင်ပုဒ်လင်္ကာများ ဆောင်ပုဒ်များရေး၍ အရကျက်ဖွယ် အဓိပ္ပါယ်များကို ရေးသားဖော်ပြထားသည်မှာ ဤကျမ်း၌ အသီး အခိုင်များသဖွယ် တင့်တယ်ဝေဆာလှပါပေသည်။
ဤကျမ်းဖြစ်ပေါ်လာပုံ ယင်းသို့ အနက်အဓိပ္ပါယ် အသွယ်သွယ် ဖော်ပြလျှက် သဂြိုလ်ကျမ်းကို ဖွင့်ဆိုသော မနောရထပူရဏီကျမ်းကို ကျီးသဲလေးထပ်ဆရာတော် ဘုရားကြီးသည် ပေမူဖြင့်ပြုစုတော် မူခဲ့ရာ သာသနာတော် သက္ကရာဇ် နှစ်ထောင်လေးရာ တစ်ဆယ့်ခုနှစ် ခုနှစ် (၂၄၁၇) ခုနှစ် ကောဇာသက္ကရာဇ် တစ်ထောင့်နှစ်ရာသုံးဆယ့်ငါး (၁၂၃၅)ခု တော်သလင်းလဆန်း ၁၀-ရက် တနင်္လာနေ့တွင် အောင်မြင်ထမြောက် ပြီးဆုံးခြင်းသို့ ရောက်တော်မူသည်။ ရှေးပဝေသဏီက စာဟောင်း ပေဟောင်း ကျမ်းကောင်းတဆူကို ဆရာတော်ကြီးမှ သုံးဆယ်မြောက် အရှင်စန္ဒောဘာသသည် ရွှေပြည်ညွန့် ပုံနှိပ်တိုက် အယ်ဒီတာ ဦးစိုးတင့်နှင့် တိုင်ပင်၍ ပုံနှိပ်ထုတ်ဝေမည့်အကြောင်း ကြော်ငြာသည်၊ ကြော်ငြာပြီးကျမ်းစာကို မရိုက်နှိပ်သေးမီ ဆရာတော် အရှင်စန္ဒောဘာသ ဘဝနတ်ကြောင်း ပြောင်းကြွတော်မူသည် ဆရာဦးစိုးတင့်လည်း ကွယ်လွန်သည်၊ စာမူမှာမူ ရန်ကုန်မြို့ ဗားကရာတိုက် ရွှေတောင်တိုက်သစ် ဆရာတော် အရှင်သာဂရထထံမှာ ကျန်ခဲ့သည်။
မနောရထပူရဏီကျမ်း ထွက်မည်ဟူသော ကြော်ငြာကို ဖတ်ရှုကြရသော တိုင်းသူ ပြည်သား ရှင်လူအများသည်လည်း ကိုယ်တိုင်လာ စာပေးသဖြင့် အမျိုးမျိုး မေးကြသည်။
ထိုကြောင့် စာမူကို လက်ခံသိမ်းထားသော အရှင်သာဂရသည်လည်း အေးဆေးစွာ မနေသာတော့ပဲ ဆရာဦးစိုးတင့်၏ညီ ရွှေပြည်ညွန့်ပုံနှိပ်တိုက်ပိုင်ရှင် သခင်အေးနှင့် တိုင်ပင်ပြီး ဓမ္မာစရိယ ဦးအောင်ငြိမ်းအား တည်းဖြတ်ပြင်ဆင်စေကာ ၁၃၁၉-ခုနှစ်တွင် ဤကျမ်း ပထမတွဲကိုလည်းကောင်း ၁၃၂၀-ခုနှစ်တွင် ဤကျမ်း ဒုတိယတွဲကို လည်းကောင်း ရိုက်နှိပ်ထုတ်ဝေခဲ့လေသည်။
ပြန်လည်ရိုက်နှိပ်ခြင်း ယခုအခါတွင် စာအုပ်ထွက်ခဲ့သည့် နှစ်ပေါင်း ကြာခဲ့ပြီဖြစ်သောကြောင့် မနောရထ ပူရဏီကျမ်း အလွန်ရှားနေပြီး ဖြစ်သည့်ပြင် ဗုဒ္ဓအဘိဓမ္မာကို လေ့လာလိုသူများနှင့် စာချစာသင် ရှင်လူအများကလည်း လိုလားတောင့်တ ပြန်လည်ရိုက်နှိပ်ပါရန် တိုက်တွန်းကြသောကြောင့် ဤကျမ်းစာမူကို ထိန်းသိမ်းစောင့်ရှောက်ထားသူ သခင်အေးသည် သာသနာတော်အကျိုးကို မြော်ကိုး၍ ပေမူနှင့်တကွ ဤစာမူကို သာသနာရေး ဦးစီးဌာနသို့ လှူဒါန်းပါသည်။
မနောရထ ပူရဏီကျမ်း ၂-တွဲကို အလှူခံရှိသောအခါ သာသနာရေးဦးစီးဌာန ပုံနှိပ်တိုက်မှ ဤကျမ်းကို တတွဲတည်း စုပေါင်း ရိုက်နှိပ် ထုတ်ဝေလိုက်ခြင်းဖြစ်ပေသည်။
အကျိုးတရားအဆက်ဆက်။ဤမနောရထ ပူရဏီကျမ်းသည်ကား အဘိဓမ္မတ္ထသင်္ဂဟခေါ် သင်္ဂြိုလ်ကျမ်း၏ အနက်အဓိပ္ပါယ်တို့ကို ပေါ်လွင်ထင်ရှားအောင် ရေးသားသော ကျမ်းဖြစ်သည်။
ဤကျမ်းကို လေ့လာခြင်းဖြင့် အဘိဓမ္မာ ပါဠိ အဋ္ဌကထာ ၁၈-ကျမ်း၌ သဘောအဓိပ္ပါယ်တို့ကို အကျဉ်းချုံးရေးသားသော အဘိဓမ္မတ္ထသင်္ဂဟကျမ်းလာ အဓိပ္ပါယ် သဘောများ ဗုဒ္ဓအဘိဓမ္မာသဘောတရားများကို ကောင်းစွာ နားလည် သိမြင်နိုင်မည် ဖြစ်သည်။
ယင်းသို့နားလည်လျှင်လည်း
(၁) မကောင်းသော အကုသိုလ်ကို မပြုပဲရှောင်နိုင်ခြင်း
(၂) ကောင်းသောကုသိုလ်တရားကို ပြည့်စုံစေခြင်း
(၃) မိမိ၏ စိတ်ကို ဖြူစင်စေခြင်း။
ဟူသော ဗုဒ္ဓဝါဒ အခြေခံတရားတော်ကိုလည်း တတ်သိနားလည်ပြီး ကျင့်သုံး ပွားများ နိုင်ကြမည် ဖြစ်ပေသတည်း။
ဦးထွန်းလှိုင်(ဝိနယပါရဂူ)
သကျသီဟ ဓမ္မာစရိယ ဝဋံသကာ
အစိုးရဓမ္မာစရိယ သိရောမဏိ
စေတိယင်္ဂဏ ဓမ္မာစရိယ ဂဏဝါစက
---
မူလစကားချီး
ပထမအကြိမ် ပုံနှိပ်စဉ်က
မူလစကားချီး
ထုတ်ဝဖြန့်ချီရခြင်းအကြောင်း
တိဘောကဂ္ဂ ဘက်မမျှသည် သကျမာရဇိ တုမရှိသား မုနိထွတ်ထား မြတ်ဘုရား၏ သုံးပါးသော သာသနာတော်ဝယ် အံ့ဖွယ်ဘနန်း ထူးဆန်းသောဉာဏ် ထက်သန်သော လုံ့လဖြင့် ပိဋကတ္တယ ဝိသာရဒ ဂန္ထန္တရ ဗဟုသုတ နာနာနယ ကောဝိဒ ဖြစ်တော်မူသဖြင့် ဇိနတ္ထပကာသနီ ကျမ်း စွယ်စုံကျော်ထင်ကျမ်း စသော ကျမ်းပေါင်းများစွာတို့ကို ရေးသားတော်မူခဲ့ရာ ဇမ္ဗူဒီပါကျွန်း သာသနာထွန်းကားရာ အရပ်တို့၌ မဆန့်သော ဂုဏ်သတင်းဖြင့် လွန်မင်းစွာ ကျော်စောတော်မူခဲ့သော ကျေးဇူးတော်ရှင် ရွှေတောင်မြို့- ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီးသည် အဘိဓမ္မတ္ထ သင်္ဂဟမည်သော သင်္ဂြိုလ်ကျမ်း၌ နည်းနာနယ ရရှိကြစေခြင်းငှာ အဘိဓမ္မတ္ထ ဉာဏဂမ္ဘီ အဆီရဲရဲ သိပ်သည်းကျစ်လစ် အနှစ်သာရဟူသမျှတို့နှင့် ထူးလှနက်နဲခက်ခဲတာ မှန်သမျှတို့ကို အဆောင်ဆောင်သောပါဠိ, အဋ္ဌကထာ, ဋီကာအဝဝ, ပျို့ကဗျာ သာဓကတို့ဖြင့် ကျနစွာ တန်ဆာဆင်ပြီးလျှင် ၉ ပိုင်း, ၉ ကဏ္ဍ မေးအဖြေ အစုံပြလျှက် ပေထက် အက္ခရာတင်ကာ မနောရထပူရဏီ ဟူသောအမည်ဖြင့် စီရင် ရေးသားတော် မူခဲ့လေသတည်း။
ဤသို့ရေးသားတော်မူခဲ့သော ပေမူသည် ဆရာတော်ကြီးမှ ၃-ဆက်မြောက် ဖြစ်သော ရွှေတောင်မြို့ ထိပ်ဗိုလ်ရုံ ကျောင်းတိုက်ကြီး၏ ဦးစီးနယက ပိဋကတ္တယ ဝိသာရဒ ဂန္ထန္တရ ဗဟုသုတ နာနာနယ်ကောဝိဒ ဖြစ်တော်မူသော ဆရာတော်သခင် အရှင် ဦးစန္ဒောဘာသ မထေရ်သည် ကောင်းစွာသိုမှီး သိမ်းဆည်း စောင့်ရှောက်လာခဲ့ရာ လွန်ခဲ့သော အနှစ်၃၀လောက်က ကျွန်ုပ်တို့၏ နောင်တော် အယ်ဒီတာ ဦးစိုးတင့် အား စက်တင်ပုံနှိပ်ရန် အတန်တန် တိုက်တွန်းနှိုးဆော်ခြင်း ပြုသဖြင့် ရိုက်နှိပ်ရန် စိုင်းပြင်းပြီးလျှင် မနောရထပူရဏီ ကျမ်းကြီး ထွက်ပေါ်တော့မည်ဟူ၍ ကြော်ငြာများပင် ဖြန့်ချီ ခဲ့ဘူးလေသည်။
ထိုသို့ကြော်ငြာလိုက်ရာ များစွာသော သောတုဇန သုတေသီ အဝဝတို့သည် ထွက်လာမည့် ကျမ်းပူရဏီ ကို လှမ်းယူမည် အာသီသဖြင့် တမ်းတခြင်းမက တမ်းတ မျှော်လင့်ခဲ့ကြပါသော်လည်း နေအရုဏ် လှုံခွင့်မရသဖြင့် မပွင့်ရသည့် ကြာပဒုံလို ယခုခေတ်တိုင်ရောက်အောင်ပင် ထွက်ပေါ်ခြင်း မရှိ ဖြစ်ခဲ့ရချေသည်။
မမြဲသည့်ဘဝ သင်္ခါရဖြင့် ဦးစိုးတင့်လည်း ကွယ်လွန် ဆရာတော်အရှင် ဦးစန္ဒောဘာသ သည်လည်း ၁၃၁ရခုနှစ် တော်သလင်းလဆန်း ၈ရက်နေ့ သက်တော် (၇၉) ဝါတော် (၆၀) အရတွင် ဘဝနတ်ထံ ပျံလွန်တော်မူပြန်သည်ဖြစ်ရာ ထိုကျမ်း စာပေမူမှာ ဆရာတော်၏ တူတပည့် ရန်ကုန်မြို့ ဗားကရာတိုက် ရွှေတောင်တိုက်သစ် ကျောင်းကြီး၏ ဦးစီးနာယက အရှင်ဦးသာဂရ မထေရ်၏ထံတွင် ကျန်ရှိနေခဲ့ပြန်လေရာ ယခုအခါ ဥပမာဆိုရလျှင် စပယ်တဲ့လေးရုံ အပွင့်ငယ်ကုံ အငုံမှာကျန်ပါသေးရဲ့ ဆိုသကဲ့သို့ နေအရုဏ်ချိန်မသင့်၍ မပွင့်ရသည့်ကြာအလား ကျန်ရှိရစ်သည့် ပေမူများကို အရှင် ဦးသာဂရ အထံမှ ပုံနှိပ်ထုတ်ဝေရန် တိုက်တွန်းချက်ဖြင့် ရရှိခဲ့လေရာ မျှော်လင့်ကြသူ ရှင်လူအဝဝသောတုဇနအလီလီယောဂီအပေါင်း ပန်ချင်သူ ပျို့နွဲ့နှောင်းတို့ ခေါင်းဖီးကြလေး... ဆိုသည့် ရှေးစကားအသွင် ပန်ဆင်လိုသူ ရှင်လူအပေါင်းတို့အတွက် မနောရထပူရဏီ ကျမ်းကို မူလကျမ်းရင်းအတိုင်း ချွတ်ချော်တိမ်းပါးခြင်း မရှိစေရပဲ ရှင်းလင်းသေသပ်သော ပုဒ်ပါဌ်အဖြတ်အရပ်မှစ၍ ကျနသေချာစွာ အက္ခရာပုဒ် ဗျည်း မလိပ်လည်းစေရအောင် ပါဠိဆရာ အယ်ဒီတာကြီး ဦးအောင်ငြိမ်း ဓမ္မာစရိယ ကိုယ်တိုင် ကြပ်မတ်ကြည့်ရှုလျက် ကောင်းစွာ သုတ်သင် ပြင်ဆင်ပြီးလျှင် စက်တင် ပုံနှိပ်ထုတ်ဝေလိုက်ပါသည်။
ယင်းသို့ကြိုးပမ်းတကုတ် စက်တင်ပုံနှိပ်ထုတ်ဝေရခြင်း၏ အကြောင်းအရားအဓိက ရည်ရွယ်ချက်များမှာ-
၁။အဘိဓမ္မတ္ထ သင်္ဂြိုဟ်ကျမ်းဝယ် လမ်းကောင်းသဖွယ် သိမ်မွေ့လှသည့် ခဲရာခဲဆစ် ဟူသမျှတို့ကို ရှင်းလင်းစွာ ဖော်ပြတော်မူခဲ့သဖြင့် ပေါ်လွင်လှသည်ဖြစ်ရာ အဘိဓမ္မာ ပရမတ်စခန်း၌ လိမ္မာတတ်ကျွမ်းလိုသူ ရှင်လူဟူသမျှတို့၏ လိုအင်ဆန္ဒ ပြည့်ဝ စေရန်၄င်း၊
၂။ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရက နှစ်စဉ်မကွာ ပြုလုပ်ကျင်းပလျက်ရှိသော ငယ်၊ လတ်၊ ကြီး၊ ကျော်၊ ဓမ္မာစရိယ၊ စာချတန်း စာမေးပွဲများနှင့် အဘိဓမ္မာဆိုင်ရာ စာမေးပွဲများကို ဝင်နွှဲဖြေဆိုကြသော ပုဂ္ဂိုလ်အပေါင်းတို့မှာလည်း သင်္ဂြိုလ်ဘာသာ ၏ ခက်ဆစ်ခဲရာတို့ကြောင့် ငြီးတွားမနေကြရပဲ လွယ်လင့်တကူ ဖြေဆိုနိုင်ကာ မင်္ဂလာအောင်ပန်းကို ဆင်မြန်းတော် မူနိုင်ကြစေရန်၄င်း။
၃။စာချအကျော် ဆရာတော်များနှင့် ပဋိပတ်အကျင့် လမ်းတွင် အလုပ်စခန်းဝင်ကာ နေကြသော ယောဂီအပေါင်း သူတော်ကောင်းများတို့သည်လည်း အားထားကြည့်ရှု ပွားများမှုတွင် အစဉ်မလွဲ အမြဲထာဝရ လက်ကသုံးပြုနိုင် ကြရန်အတွက်၄င်း။
၄။ဤမျှထူးခြား ကျေးဇူးများ၍ အနှစ်သာရနှင့် ပြည့်သသော ကျမ်းစာတစ်စောင် ဖြစ်ပါလျှက် နှစ်ပေါင်းများစွာကပင် စက်တင်ပုံနှိပ်ရန် ကြိုးပမ်းတကုတ် အားထုတ်ခဲ့စေကာမူ အခါမသင့် အခွင့်မရသဖြင့် ယနေ့တိုင် မထွက်ပေါ်နိုင်ဘဲ ဖြစ်နေခဲ့ရာ နောက်ကာရွေ့လျား ပျောက်ပျက်သွားခဲ့သော တောင့်တမျှော်လင့်လျှက် ရှိကြသူ ရှင်လူအများ စာသင်သား သောတုဇန သုတေသီ ဟူသမျှတို့နှင့် နောင်လာ နောက်သားတို့သည် ဤ 'မနောရထ ပူရဏီ' ကျမ်းအဆီကို တွေ့ကြုံကြည့်ရှုခွင့် မရ အဟောသိက နယ်တွင်းသို့ သက်ဆင်း တိမ်မြုပ်သွားမည့် အရေးကို တွေးမိသဖြင့်၎င်း
၅။ပုံနှိပ်ထုတ်ဝေရန် စိတ်ကြံကြိုးစားတော်မူခဲ့ကြသော ဆရာတော်သခင် ဦးစန္ဒောသ ထေရ်အရှင်နှင့် နောင်တော် ဦးစိုးတင့်တို့၏ ဆန္ဒ ပြည့်ဝစေမှုများကိုလည်း ထောက်ရှု လေးစားသောအားဖြင့် ကျေးဇူးများဆပ်ရာ ရောက်စေရန်၎င်း ဆိုခဲ့သမျှသော ရည်ရွယ်ချက် အကြောင်းကြောင်းတို့ဖြစ် စေတနာ သဒ္ဓါရွှင်လန်း ကြိုးပမ်းတကုတ် ပုံနှိပ်ထုတ်ဝေခြင်း ပြုလိုက်ပါသတည်း။
သခင်အေး
ပုံနှိပ်ထုတ်ဝေသူ
ရွှေပြည်ညွန့် စာပုံနှိပ်တိုက်ပိုင်ရှင်
၁၃၁၉-ခု နယုန်လဆန်း ၈-ရက်နေ့။
---
မာတိကာ
မာတိကာ
အမှတ်စဉ် အကြောင်းအရာ စာမျက်နှာ
ပဏာမနှင့် ပဋိညာဉ်
စိတ်ပိုင်း
၁။သမ္မာသမ္ဗုဒ္ဓ၌ သမ္မာသဒ္ဒါနှင့် သံ သဒ္ဒါ နှစ်ပါး အထူးကိုပြခြင်း
၂။အတုလံနှင့် သသဒ္ဓမ္မဂဏုတ္တမံ ပုဒ်နှစ်တန်၏ အထူးကိုပြခြင်း
၃။အဘိဝါဒိယပုဒ်ဖြင့် ဝိသေသရှိခိုးပုံ ပြခြင်း
၄။ဘာသိဿံပုဒ်အရ ပဋိညဏ်ကိုပြခြင်း
၅။ဂန္ထာရမ္ဘ ၃-ပါးတွင် လိုအပ်သော ဂန္ထာရမ္ဘ ကိုပြခြင်း
၆။နာယဝိသေသဖြင့် ရှိခိုးပုံကိုပြခြင်း
၇။ပရမတ္ထ သဘာဝကိုပြခြင်း
၈။ပညတ်အပြား ၆-ပါး
၉။အကုသိုလ်စိတ်ကို ရှေးဦးစွာပြခြင်းအကြောင်း
၁၀။လောဘမူစသည် ခေါ်ဆိုရပုံကိုပြခြင်း
၁၁။ဥဒ္ဓစ္စသမ္ပယုတ်စိတ် ခေါ်ဆိုရပုံကိုပြခြင်း
၁၂။မှီရာနိဿယအားဖြင့် ပဉ္စဝိညာဉ်အမည်ရပုံကိုပြခြင်း
၁၃။ကာယဝိညာဉ်၌ သုခ, ဒုက္ခ ဖြစ်ပုံကိုပြခြင်း
၁၄။အာဝဇ္ဇန်းစသည်၌ ပါသောစေတနာသည် ကံမမည်ပုံကို ပြခြင်း
၁၅။ဟိတ်ကင်းသော ဟသိတုပ္ပါဒ်ဇောအမည်ရပုံကို ပြခြင်း
၁၆။ဟသိတုပ္ပါဒ်ဟူသော နာမဝိသေသကို ပြခြင်း
၁၇။မဟာကုသိုလ်ဟူသော နာမဝိသေသကို ပြခြင်း
၁၈။တိဟိတ်ပဋိသန္ဓေ ၁၃-ပါးမှာ အဘယ်စိတ်များ မြတ်သနည်း
၁၉။ဉာဏ်အပြားဖြစ်ပုံကို ပြခြင်း
၂၀။စျာန်ဝင်စားရာ အစစွာ ဘယ်စျာန်ပါလေနည်း
၂၁။ပဉ္စမစျာန်သန္ဓေနေသော ဗြဟ္မာတို့မှာ အဘိညာဏ်ရဖို့ အားထုတ်ရသေးသလော
၂၂။ပဉ္စမစျာန် ၂-ပါး ထူးခြားပုံပြခြင်း
၂၃။မဟဂ္ဂုတ်ချင်းတူသော်လည်း အာရုံမတူပုံကို ပြခြင်း
၂၄။နေဝသညာ နာသညာ၏ ဝိသေသကိုပြခြင်း
၂၅။အရူပစိတ် ၄-ပါးပြားပုံကိုပြခြင်း
၂၆။လောကုတ္တရာစိတ်မှာ ကြိယာကင်းပုံကို ပြခြင်း
၂၇။ပါဒကစသော စျာန်တို့နှင့် တူဟန်ကိုပြခြင်း
၂၈။သုက္ခဝိပဿက ပုဂ္ဂိုလ်တို့ရသော မဂ်ကိုပြခြင်း
၂၉။မဂ်လေးပါးတို့ ကိလေသာပယ်ပုံကို ပြခြင်း
၃၀။လောဘမူစိတ်ပေါင်းကို ပြခြင်း
၃၁။ဒေါသမူစိတ်ပေါင်းကို ပြခြင်း
၃၂။မောဟမူစိတ်ပေါင်းကို ပြခြင်း
၃၃။ရူပါဝစစိတ်ပေါင်းကို ပြခြင်း
၃၄။မဂ်စိတ် ၄ထောင် ပွားနည်းပိုပြခြင်း
စေတသိက်ပိုင်း
၃၅။အာရုံအာရမ္မဏိကနှစ်ဝတွင် ဦးစွာဖြစ်သော တရားကိုပြခြင်း
၃၆။စေတသိက်ကို နာမ်ဆိုရခြင်း အကြောင်းကို ပြခြင်း
၃၇။ဝေဒနာငါးပါး၏ တရားကိုယ်ကို ပြခြင်း
၃၈။တတြမဇ္ဈတ္တထာနှင့် ဥပေက္ခာအထူးကို ပြခြင်း
၃၉။အပ္ပမညာ တရားလေးပါးယူပုံကို ပြခြင်း
၄၀။ပီတိနှင့် သောမနဿအထူးကို ပြခြင်း
၄၁။ဥဒ္ဓစ္စစိတ်၌ ဧကဂ္ဂတာယှဉ်ပုံကို ပြခြင်း
၄၂။ဝိရတီ ၃-တန်ရှောင်ကြဉ်ဟန်အထူးကို ပြခြင်း
၄၃။အတတ်များစွာ အရာရာ ပညာဆိုသင့် မဆိုသင့်ကို ပြခြင်း
၄၄။အသိ ၃-ပါး ပြားပုံအထူးကိုပြခြင်း
၄၅။ဝိတက်, စေတနာ, မနသိကာရ ၃-ပါး အထူးကိုပြခြင်း
၄၆။ဉာဏ်နှင့် ဒိဋ္ဌိအသိထူးပုံကို ပြခြင်း
၄၇။ပဉ္စဝိညာဉ် ၁၀ ၌ ဝိတက်မယှဉ်ပုံကို ပြခြင်း
၄၈။ဝိရတီကို အနိယတယောဂီ, ဆိုသင့် မဆိုသင့်ကို ပြခြင်း
၄၉။လောကုတ္တရာ ပဉ္စမစျာန်ကို လိုအပ်သော ဥပေက္ခာကို ပြခြင်း
၅၀။ဗြဟ္မာတို့မှာ ၃-ဖြာ ဝိရတီ ဖြစ်သင့် မဖြစ်သင့်ကို ပြဆိုခြင်း
၅၁။မဟဂ္ဂုတ်ပဉ္စမစျာန်၌ ကရုဏာ, မုဒိတာ ကင်းဟန်ကိုပြခြင်း
၅၂။မဟာကုသိုလ်စိတ်၌ စေတသိက်ယှဉ်ဟန် အထူးကိုပြခြင်း
၅၃။မြတ်စွာဘုရား တရားဟောရာ သုဘာသိတဝါစာ ဖြစ်ပုံကို ပြခြင်း
၅၄။ပဋိသန္ဓေအခါ မေတ္တာဖြစ်ပုံကို ပြခြင်း
၅၅။ပဋိသန္ဓေအခါ လောဘဖြစ်ပုံကို ပြခြင်း
၅၆။ထိနနှင့် မိဒ္ဓအထူးကို ပြခြင်း
၅၇။ဒေါသမူစိတ်၌ စေတသိက်ယှဉ်ဟန် အထူးကိုပြခြင်း
၅၈။ကာယဝိညာဉ်ဒွေ၌ ယှဉ်သော စေတသိက်ကို ပြခြင်း
၅၉။ဟသိတုပ္ပါဒ်စိတ်၌ ဆန္ဒကင်းပုံကို ပြခြင်း
၆၀။မာနတရားထောင်လွှားခြင်း၏ အကြောင်းကိုပြခြင်း
ပကိဏ်းပိုင်း
၆၁။ဝေဒနာမည်သမျှ ခန္ဓာမည်ရပုံကိုပြခြင်း
၆၂။ဝေဒနာငါးပါး၏ လက္ခဏာကို ပြခြင်း
၆၃။အဟိတ်နှင့်သဟိတ် နှစ်ပါး ထူးခြားပုံကို ပြခြင်း
၆၄။အဟိတ်စေတသိက်စသည် ရှိမရှိကို ပြခြင်း
၆၅။ဧကဟိတ်ပုဂ္ဂိုလ် မရှိသင့်ပုံကိုပြခြင်း
၆၆။အသညသတ်ဗြဟ္မာကို အဟိတ်ခေါ်ဆိုရပုံကို ပြခြင်း
၆၇။နိဗ္ဗာန်ဝင်သော ပုဂ္ဂိုလ်တို့၏ ပဋိသန္ဓေ စုတိကို ပြခြင်း
၆၈။သုံးကျွန်းသားတို့ ဟိတ်တရားမရှိပုံကို ပြခြင်း
၆၉။ကိစ္စအကျိုး ဌာနအကြောင်းဖြစ်ပုံကို ပြခြင်း
၇၀။ဌာန ၂၅ ပါးကို ပြခြင်း
၇၁။ဘုံနှင့် ဌာန ပိုင်းခြား၍ ပြခြင်း
၇၂။ဒွါရ ၆-တန် ရုပ်, နာမ် ကောက်ပုံကို ပြခြင်း
၇၃။မနောဒွါရ၏ သရုပ်ကိုပြခြင်း
၇၄။ဒွါရဝိမုတ်စိတ်ကို ပြဆိုခြင်း
၇၅။ပဉ္စဒွါရ၌ ဖြစ်သောစိတ်ကို ပြဆိုခြင်း
၇၆။မနောဒွါရ၌ ဖြစ်ထိုက်သောစိတ်ကို ပြဆိုခြင်း
၇၇။မနောဒွါရ၌ မဖြစ်ထိုက်သောစိတ်ကို ပြဆိုခြင်း
၇၈။ဒွါရတို့၏ ရုပ်ကလာပ် အရေအတွက်ကို ပြဆိုခြင်း
၇၉။အာရုံ အာရမ္မဏိက ခွဲခြားပုံကို ပြခြင်း
၈၀။အာရုံ၆ ပါးတွင် ဓမ္မာရုံများသည်ကို ပြခြင်း
၈၁။ဓမ္မာရုံကို အာရုံပြုသောစိတ်များကို ခွဲခြား၍ပြခြင်း
၈၂။မနောဒွါရ၌ ဖြစ်သော စိတ်တို့၏ အာရုံကိုပြခြင်း
၈၃။မရဏာသန္နဇော၏ အာရုံကိုပြခြင်း
၈၄။သေက္ခပုဂ္ဂိုလ်တို့ အကုသိုလ်ကို အာရုံပြု မပြုကို ပြခြင်း
၈၅။ဉာဏသမ္ပယုတ် မဟာကုသိုလ် နိဗ္ဗာန် အာရုံပြုနိုင်ပုံကို ပြခြင်း
၈၆။ဝတ္ထု ၆-ပါးကို တည်ဌာနအားဖြင့် ပြခြင်း
၈၇။ဟဒယဝတ္ထု၏ အဆင်း ၆ပါးကို ပြခြင်း
၈၈။ဝိညာဉ်, အာရုံတို့ကို ဥပမာအားဖြင့် ပြခြင်း
ဝီထိပိုင်း
၈၉။ဝိသယပဝတ္တိ၏ အဓိပ္ပယ်ကို ပြခြင်း
၉၀။စက္ခုဒွါရဝီထိစိတ်ဖြစ်ပုံကို ပြခြင်း
၉၁။သောတဒွါရဝီထိစိတ်ဖြစ်ပုံကို ပြခြင်း
၉၂။မန္ဒာယုက အမန္ဒာယုက မဇ္ဈိမာယုက ၃-ပါးယူပုံကို ပြခြင်း
၉၃။ဝတ္ထုနှင့်အာရုံ ထိခိုက်ရာတွင် ဘဝင်လှုပ်ပုံကို ပြခြင်း
၉၄။အတီတဘဝင်ခေါ်ဆိုရပုံကို ပြခြင်း
၉၅။ဝီထိစိတ်ဖြစ်ပုံကို သရက် ဥပမာဖြင့်ပြခြင်း
၉၆။ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒခေါ်ဆိုရပုံကို ပြခြင်း
၉၇။ကာမဇောတိ့ု၏ အနည်းအများစောပုံကို ပြခြင်း
၉၈။ရေအယဉ် ပမာ ဘဝင်စိတ်ဖြစ်ရာကို ပြခြင်း
၉၉။မျောက်မျည်းခါတွင် အိပ်မက်မြင်ပုံကို ပြခြင်း
၁၀၀။အိပ်မက်နှစ်ပါး ထူးခြားပုံကို ပြခြင်း
၁၀၁။အိပ်မက်ရာတွင် ကောင်းကျိုး မကောင်းကျိုး ဖြစ်ပုံကို ပြခြင်း
၁၀၂။အနိဌာရုံ ဣဌာရုံတို့၌ ဝိပါက်အမှန် ဇောအပြန်ကို ပြခြင်း
၁၀၃။ဝိဘူတာရုံနှင့် အဝိဘူတာရုံနှစ်ပါး ထူးခြားပုံကို ပြခြင်း
၁၀၄။မြင်ဘူးသော အာရုံပင် စိတ်တွင်ထင်ရာ ပစ္စုပ္ပန်သာ ဖြစ်ပုံကို ပြခြင်း
၁၀၅။အပ္ပနာဇောတို့၏ အနည်းအများ စောပုံကို ပြခြင်း
၁၀၆။တိက္ခ မန္ဒ ပုဂ္ဂိုလ်တို့၏ ဝီထိ၌ ဖိုလ်ဇောအနည်းအများကို ပြခြင်း
၁၀၇။မဂ်နောက် ဖိုဘ်ဇော စောနိုင်ပုံကို ပြခြင်း
၁၀၈။သဗ္ဗညုတဉာဏ်ယူပုံကို ပြခြင်း
၁၀၉။သဗ္ဗညုတဉာဏ်တော်ရရာ ဝီထိကို ပြခြင်း
၁၁၀။ဒေါသဇောနောင်ကျသော တဒါရုံဘဝင်များကို ပြခြင်း
၁၁၁။အာဂန္တုက ဘဝင်ဖြစ်ပုံကိုပြခြင်း
၁၁၂။ဇောနှင့် တဒါရုံဘဝင်တို့ကို ဝေဖန်ပြခြင်း
၁၁၃။တဒါရုံ မဖြစ်သော အရာ ၁၀-ပါးကို ပြခြင်း
၁၁၄။အရိယာပုဂ္ဂိုလ်တို့၏ ပဋိသန္ဓေစိတ် ပဝတ္တိစိတ်တို့ကို ပြခြင်း
၁၁၅။ဘုံပုဂ္ဂိုလ်ရ ဆောင်ပုဒ်ကို ပြခြင်း
၁၁၆။ကာမပုဂ္ဂိုလ်စိတ်ရ ဆောင်ပုဒ်ကို ပြဆိုခြင်း
၁၁၇။ရူပပုဂ္ဂိုလ်စိတ်ရ ဆောင်ပုဒ်ကို ပြခြင်း
၁၁၈။အရူပပုဂ္ဂိုလ်စိတ် ဆောင်ပုဒ်ကို ပြခြင်း
၁၁၉။ဆပညာသအရယထာသမ္ဘဝယူရပုံကို ပြခြင်း
၁၂၀။သောတာပန်ပုဂ္ဂိုလ်အပြားကို ပြခြင်း
၁၂၁။သကဒါဂါမ် ပုဂ္ဂိုလ်အပြားကို ပြခြင်း
၁၂၂။အနာဂါမ်ပုဂ္ဂိုလ်အပြားကို ပြခြင်း
၁၂၃။ရဟန္တာ ပုဂ္ဂိုလ်အပြားကို ပြခြင်း
၁၂၄။အရိယာပုဂ္ဂိုလ် ၁၀၈-ယောက်ယူပုံကိုပြခြင်း
၁၂၅။အပါယ်သတ္တဝါတို့မှာ ပညာကင်းသည်ကို ပြခြင်း
၁၂၆။အပါယ်ဘုံသား အလောင်းတော်များတွင် ဉာဏ်ယှဉ်ပုံကို ပြခြင်း
၁၂၇။မဟဂ္ဂုတ်ဇော ၁၈-ခုတို့၏ အနည်းအများစောပုံကို ပြခြင်း
၁၂၈။အဘိညာဉ် ဝီထိဖြစ်ပုံကို ပြခြင်း
၁၂၉။ဝသီဘော် ၅ပါး ထူးခြားပုံ
၁၃၀။စျာန်ဝင်စားတိုင်း အသက်ရှူ မရှူ
၁၃၁။သင်္ခါရ ၃-ပါးရထိုက်, မရထိုက်ပုဂ္ဂိုလ်များကို ပြဆိုရာ
၁၃၂။တန်ခိုးပြရာတွင် ဘုရားရှင်နှင့် သာဝကတို့ ဝီထိကျပုံ
၁၃၃။ဘုံ ၃-ပါး၌ မဂ်ရပုံခြင်း မတူပုံ
၁၃၄။နိရောဓသမာပတ်ကို ဝင်စားရာ၌ အာရုပ္ပဇော ၂ ကြိမ်သော စောခြင်း
၁၃၅။ပုဗ္ဗကိစ္စလေးပါး ထူးခြားချက်
၁၃၆။နိရောဓသမာပတ်ကို ဝင်စားခြင်းအကြောင်း
၁၃၇။ကာမပုဂ္ဂိုလ်နှင့် ရူပပုဂ္ဂိုလ်တို့ နိရောဓသမာပတ် ဝင်စားရာ ထူးခြားကြပုံ
၁၃၈။နိရောဓသမာပတ်မှ ထသောအခါ အာရုံပြုပုံ
၁၃၉။စျာန်နှင့် မဂ်တို့၏ မစ္စဝေက္ခဏာ ဇောများကို ပြခြင်း
၁၄၀။ပစ္စဝေက္ခဏာဇောဝယ် အထူးမှတ်ဖွယ်
၁၄၁။အိပ်ပျော်စဉ်တွင် ထိုဘဝင်စိတ်ပင် ဆိုထိုက် မဆိုထိုက်
ဘုံပိုင်း
၁၄၂။ဘုံမည်ခြင်းအကြောင်း
၁၄၃။ကာမသုဂတိမည်ခြင်းအကြောင်း
၁၄၄။ငရဲဘုံမည်ခြင်းအကြောင်း
၁၄၅။တိရိစ္ဆာန်မည်ခြင်းအကြောင်း
၁၄၆။ယောနိ သဒ္ဒါ၏ အနက်အပြားကို ပြဆိုရာ
၁၄၇။ပြိတ္တာဟု ခေါ်ဆိုရခြင်းအကြောင်း
၁၄၈။အသူရကာယ်မည်ခြင်းအကြောင်း
၁၄၉။မနုဿဟူသော ဝေါဟာရကို ပြဆိုခြင်း
၁၅၀။စတုမဟာရာဇ်ခေါ်ဆိုရပုံ
၁၅၁။တာဝတိံသာဟုခေါ်ဆိုရပုံ
၁၅၂။ယာမာဟုခေါ်ဆိုရပုံ
၁၅၃။တုသိတာဟု ခေါ်ဆိုရပုံ
၁၅၄။နိမ္မာနရတိဟု ခေါ်ဆိုရပုံ
၁၅၅။ပရနိမ္မိတ ဝသဝတ္တီခေါ်ဆိုရပုံ
၁၅၆။ရူပ ပထမစျာန် ၃-ဘုံကို ပြဆိုခြင်း
၁၅၇။ဒုတိယစျာန် ၃-ဘုံကို ပြခြင်း
၁၅၈။တတိယစျာန် ၃-ဘုံကို ပြဆိုခြင်း
၁၅၉။စတုတ္ထစျာန် ၇-ဘုံကို ပြဆိုခြင်း
၁၆၀။သတ္တာဝါသ ဘုံကိုးဝကို ပြဆိုချက်
၁၆၁။ပဉ္စဝေါကာရ စတုဝေါကာရ ဧကဝေါကာရ ပြားပုံကို ပြခြင်း
၁၆၂။ဘဝဂ်ရပ်မှာ အရိယာပြောင်းကာ ဖြစ်သင့် မဖြစ်သင့်
၁၆၃။အရုပမှာ မဂ်သောတာ ကင်းရာ၌ဝယ် သိမှတ်ဖွယ်
၁၆၄။သုဒ္ဓါဝါသဘုံ၌ ဗြဟ္မာအမြဲရှိ မရှိကိုပြခြင်း
၁၆၅။ဇာတိခေတ်မှ ပြင်ပသုဒ္ဓါဝါ ဘုံများမှာ ဗြဟ္မာရှိသင့် မရှိသင့်
၁၆၆။ငရဲသားများ သေဘေးကို ကြောက်မကြောက်
၁၆၇။ဇစ္စန္ဓာဒိ၌ အာဒိသဒ္ဒါ၏ အာဒိဝန်ကို ပြဆိုခြင်း
၁၆၈။ပဏ္ဍုက်အပြား ၅-ပါး
၁၆၉။ဥဘတောဗျည်း အပြားနှစ်ပါး
၁၇၀။ဘုမ္မဿိတသဒ္ဒါ စသည်တို့၏ အဖွင့်ကို ပြဆိုရာ
၁၇၁။ပြိတ္တာအပြား ၁၂-ပါးကို ပြဆိုရာ
၁၇၂။စတုမဟာရာဇ်နတ်ဘုံ၌ နတ်ကျိုး နတ်ကန်းရှိ မရှိ
၁၇၃။လူ ဥပပါတ်စသည် ရှိသင့် မရှိသင့်
၁၇၄။နတ်တို့ သက်ပိုင်း နတ်တိုင်း နေရ မနေရကိုပြခြင်း
၁၇၅။နတ် လူနှစ်ပါးတို့၏ နှစ် လ ရက် များကို နှိုင်းယှဉ်ချက်
၁၇၆။အပါယ်သားများ သက်ရှည်ငြား အကုသိုလ်လား ကုသိုလ်လား
၁၇၇။လေးကျွန်းသားတို့၏ အသက်တမ်းကိုပြခြင်း
၁၇၈။နတ်ရွာ ၆-တန် တည်နေဟန်
၁၇၉။ဘုံအကွာအဝေးကို ပြဆိုခြင်း
၁၈၀။စျာန်ဘုံလေးပါးသာ ရှိရခြင်းအကြောင်း
၁၈၁။ကမ္ဘာနှင့် ဗြဟ္မာ သိဖို့ရာ
၁၈၂။ကမ္ဘာပျက်ဟန်ကိုပြခြင်း
၁၈၃။ကိစ္စထူးခြား ကံလေးပါး
၁၈၄။ဥပဃာတကနှင့် ဇနက ကံနှစ်ပါး ထူးခြးပုံ
၁၈၅။ပါကဒါနအပြား ကံလေးပါး
၁၈၆။မိဘ သားမယားများ ပြုစုကျွေးမွေးရာ အကျိုးပေး မပေး
၁၈၇။ဂရုကံစသည်တို့ အကျိုးမပေးပုံ အစဉ်ကို ပြခြင်း
၁၈၈။အကျိုးပေးရာ ကာလအားဖြင့် ကံလေးပါးပြားပုံ
၁၈၉။ဒိဋ္ဌဓမ္မဝေဒနိယကံ၌ အထူးမှတ်ဖွယ်
၁၉၀။ဥပပဇ္ဇဝေဒနိယကံ၌ အထူးမှတ်ဖွယ်
၁၉၁။အပရာပရိယကံ၌ အထူးမှတ်ဖွယ်
၁၉၂။အဟောသိကံ၌ အထူးမှတ်ဖွယ်
၁၉၃။ပဏ္ဏာသအဋ္ဌကထာလာ ကံအပြားကို ပြခြင်း
၁၉၄။ပဋိသမ္ဘိဒါမဂ်လာ ကံအပြားကို ပြခြင်း
၁၉၅။အတ္ထိကံ ၆ပါးကို ပြခြင်း
၁၉၆။ကံတို့ကို အကျယ်ဝေဖန်၍ ပြခြင်း
၁၉၇။သမ္ပတ္တိ ၄ပါး ဝိပတ္တိ၄ပါးကို ပြခြင်း
၁၉၈။ဂရုကံ ၂ မျိုး ပြိုင်ရိုးမရှိ
၁၉၉။ဒိဌဒမ္မကံနှင့် ဥပပဇ္ဇကံနှစ်ပါး၌ မှတ်သားဖွယ်
၂၀၀။ဒွါရအားဖြင့် အကုသိုလ်ကံ ၃ပါးပြားပုံ ပြခြင်း
၂၀၁။ကမ္မပထအားဖြင့် အကုသိုလ်ကံ ၁၀-ပါးပြားပုံ ပြခြင်း
၂၀၂။အကုသိုဝစီကံ ဖြစ်မဖြစ်ကို ပြခြင်း
၂၀၃။အကုသိုလ်မနောကံ ဖြစ်မဖြစ်ကို ပြခြင်း
၂၀၄။ကာယကံ ဒွါရနှစ်ပါး၌ ဖြစ်ဟန်ကို ပြခြင်း
၂၀၅။ဝစီကံ ဒွါရနှစ်ပါး၌ ဖြစ်ဟန်ကို ပြခြင်း
၂၀၆။မနောကံ ဒွါရသုံးပါး၌ ဖြစ်ဟန်
၂၀၇။အကုသိုလ်ကံ ၁၀ပါးကို အဟိတ်ဖြင့် ဝေဖန်ပြခြင်း
၂၀၈။ဒါန သီလ ဘာဝနာ၌ ကုသိုလ် ၁၀ ဖြာ သွင်းပုံကို ပြခြင်း
၂၀၉။ကုသိုလ် ၁၀ ပါးကို ကံ ၃ပါးဖြင့် ဝေဖန်ပြခြင်း
၂၁၀။အကုသိုလ်ကံတို့၏ အပြစ်ကြီးငယ်ကို ပြခြင်း
၂၁၁။မဟဂ္ဂုတ်ကံမှာ မနောကံဖြစ်ကြောင်းကို ပြခြင်း
၂၁၂။ကံ အပြား ၁၆ပါးကို ပြခြင်း
၂၁၃။ရူပစျာန်၏ ပရိတ္တ မဇ္ဈိမ ပဏီတဖြစ်ပုံကို ပြခြင်း
၂၁၄။အသညသတ်ဘုံသို့ လားအံ့သော စျာနလာဘီ
ပုဂ္ဂိုလ်တို့၏ ဘာဝနာပွားဟန်ကို ပြခြင်း
၂၁၅။ကုသိုလ်အဘိညာဉ်၏ ပဋိသန်ပဝတ္တိယ အကျိုးမရှိပုံကို ပြခြင်း
၂၁၆။နိမိတ် ၃ပါးကို ခွဲခြား၍ ပြခြင်း
၂၁၇။သေခါနီးတွင် ထင်ပြီးနိမိတ် မြဲ မမြဲကို ပြဆိုခြင်း
၂၁၈။သေခါနီးမူ သက်မရှုပုံကို ပြခြင်း
၂၁၉။နိမိတ်အာရုံ ချုပ်ရာကာလကို ပြဆိုခြင်း
၂၂၀။စုတိလေးမျိုးကို ပြဆိုခြင်း
၂၂၁။သတ္တဝါတို့ ဘဝပြောင်းကူးရာ၌ အထူးမှတ်ဖွယ်ကို ပြခြင်း
၂၂၂။နိမိတ် ၃ ပါးကို ကာလ ၃ပါးဒွါးရခြောက်ပါးတို့ဖြင့် ဝေဖန်၍ပြခြင်း
၂၂၃။မရဏာသန္နဇောနှင့် ပစ္စုပ္ပန်ကမ္မနိမိတ်တို့ ဖြစ်ဟန် ထင်ဟန်ကို ပြခြင်း
၂၂၄။အသညသတ်ဗြဟ္မာ စုတိရာ၌ နိမိတ်အာရုံ ကင်းဆိတ်ပုံကို ပြခြင်း
ရုပ်ပိုင်း
၂၂၅။မဟာဘုတ်ဟူသော ဝေါဟာရ
၂၂၆။ဥပါဒါ ရုပ်ကို ပြခြင်း
၂၂၇။ပထဝီဓာတ်ကို ပြခြင်း
၂၂၈။အာပေါဓာတ်ကို ပြခြင်း
၂၂၉။တေဇောဓာတ်ကို ပြခြင်း
၂၃၀။ဝါယောဓာတ်ကို ပြခြင်း
၂၃၁။ပထဝီ ၄ မျိုးကို ပြခြင်း
၂၃၂။အာပေါ ၄ မျိုးကို ပြခြင်း
၂၃၃။စက္ခုပသာဒရုပ်ကို ပြခြင်း
၂၃၄။သောတပသာဒရုပ်ကို ပြခြင်း
၂၃၅။ဃာနပသာဒရုပ်ကို ပြခြင်း
၂၃၆။ဇိဝှါပသာဒရုပ်ကို ပြခြင်း
၂၃၇။ကာယပသာဒရုပ်ကို ပြခြင်း
၂၃၈။စက္ခု ၂မျိုးကို ပြခြင်း
၂၃၉။သောတ ၂ ပါးကို ပြခြင်း
၂၄၀။ဃာန ၂ ပါးကို ပြခြင်း
၂၄၁။ဇီဝှါ ၂ပါးကို ပြခြင်း
၂၄၂။ကာယ ၂ ပါးကို ပြခြင်း
၂၄၃။ရူပါရုံကို ပြခြင်း
၂၄၄။သဒ္ဒါရုံကို ပြခြင်း
၂၄၅။ဂန္ဓာရုံကို ပြခြင်း
၂၄၆။ရသာရုံကို ပြခြင်း
၂၄၇။ဖောဌဗ္ဗာရုံကို ပြခြင်း
၂၄၈။ဂေါစရဟူသော အမည်ကို ပြခြင်း
၂၄၉။ဣတ္ထိဘာဝရုပ်ကို ပြခြင်း
၂၅၀။ပုမ္ဘာဝရုပ်ကို ပြခြင်း
၂၅၁။ဘာဝရုပ်တို့၏ ပြောင်းလဲပုံကို ပြခြင်း
၂၅၂။ဟဒယ ရုပ်ကို ပြခြင်း
၂၅၃။ဇီဝိတရုပ်ကို ပြခြင်း
၂၅၄။အာဟာရရုပ်ကို ပြခြင်း
၂၅၅။အနိပ္ဖန္နရုပ် ၁၀ ပါးကို ပြခြင်း
၂၅၆။ကာယဝိညတ်ရုပ်ကို ပြခြင်း
၂၅၇။ဝစီဝိညတ်ရုပ်ကို ပြခြင်း
၂၅၈။ဝိကာရရုပ်ကို ပြခြင်း
၅၉။လက္ခဏာရုပ် ၄ခုတွင် ဥပစယ ရုပ်နှင့် သန္တတိရုပ် ၂ ပါး
ထူးခြားချက်ကို ပြခြင်း
၂၆၀။ဇာတိရုပ်တခုကိုပင် ဥပစယသန္တတိ ခေါ်ဆိုရပုံ
၂၆၁။မဟာအဋ္ဌကထာလာ ရုပ် ၄ပါးကို ပြခြင်း
၂၆၂။ပသာဒရုပ်ငါးပါးကိုသာ အဇ္ဈတ္တိကရုပ်ခေါ်ဆိုပုံ
၂၆၃။ဒွါရ ၆ ပါးဖြစ်သော်ငြားလည်း ဒွါရရုပ် ၇ ပါးဖြစ်ပုံ
၂၆၄။ဒွါရရုပ်မည်ကြောင်းကို ပြခြင်း
၂၆၅။ဣန္ဒြိယ ရုပ်ခေါ်ဆိုရပုံကို ပြခြင်း
၂၆၆။ရုပ်ဇီဝိတ၏ ရုပ်တိုင်း အစိုးမရပုံ
၂၆၇။ဩဠာရိကရုပ်ခေါ်ဆိုပုံကို ပြခြင်း
၂၆၈။သန္တိကေရုပ်ခေါ်ဆိုပုံကို ပြခြင်း
၂၆၉။သပ္ပဋိဃရုပ်ခေါ်ဆိုပုံကို ပြခြင်း
၂၇၀။သနိဒဿနရုပ်ခေါ်ဆိုပုံကို ပြခြင်း
၂၇၁။ဥပစာနည်းဖြင့် ဂေါစရဂ္ဂါဟိကရုပ်ခေါ်ဆိုရပုံ
၂၇၂။ဂေါစရရုပ်ငါးပါးတွင် စက္ခုသောတ ၂ပါးတို့၏ အသမ္ပတ္တဖြစ်ပုံကို ပြခြင်း
၂၇၃။အဝိနိဗ္ဘောဂရုပ် ၈ ပါးတွင် ဝဏ္ဏ ဂန္ဓ ရသ ဩဇာရုပ်ကို ပြခြင်း
၂၇၄။လူတို့ကိုယ်ကို သုံးပိုင်းပိုင်း၍ ရသင့်တိုင်းသောရုပ် ပြခြင်း
၂၇၅။ခေါက်၍မေးက ရုပ်သေးတရာရပုံကို ပြခြင်း
၂၇၆။လဟုတာဒိတ္တယ ရုပ်တို့၏ ဝိကာရမည်ပုံကို ပြခြင်း
၂၇၇။ဩဇာရုပ်သဏ္ဌာန်ကို ပြခြင်း
၂၇၈။ကံသည်ရုပ်ကိုဖြစ်စေ၏ဆိုရာ၌ ပဋိစ္စသမုပ္ပါဒ်ပါဠိတော်နှင့် မဆန့်ကျင်ပုံကိုပြခြင်း
၂၇၉။ရုပ်ကိုမဖြစ်စေတတ်သော စိတ်တို့ကိုပြခြင်း
၂၈၀။ပဋိသန္ဓေစိတ်၏ရုပ်ကို မဖြစ်စေနိုင်ခြင်းအကြောင်း
၂၈၁။ရဟန္တာတို့ စုတိစိတ်သည် ရုပ်ကိုမဖြစ်စေနိုင်ခြင်း
၂၈၂။ဒွေပဉ္စဝိဉာဏ် ၁၀-၏ ရုပ်ကို မဖြစ်စေနိုင်ခြင်း
၂၈၃။အရူပဝိပါက်စိတ်တို့၏ ရုပ်ကို မဖြစ်စေနိုင်ခြင်း
၂၈၄။ရုပ်ကိုဖြစ်စေတတ်သော စိတ်တို့၏ ကိစ္စအထူးကိုပြခြင်း
၂၈၅။ရယ်ခြင်း ၆-ပါးကို ပြခြင်း
၂၈၆။ကမ္မဇ စိတ္တဇ ဥတုဇ အာဟာရဇရုပ်တို့၏ ဖြစ်ရာကာလ
အစ အဆုံး ကိုပြခြင်း
၂၈၇။ကံ စိတ် ဥတု အာဟာရဟူ၍ ဒေသနက္ကမအားဖြင့် ခေါ်ဆိုပုံကိုပြခြင်း
၂၈၈။သတ္တဝါတို့ မသေရာကာလကို ပြခြင်း
၂၈၉။ပဋိသန္ဓေအခါ ဩဇာပျံ့နှံ့ရာ ကာလကို ပြခြင်း
၂၉၀။ရုပ်ကလာပ်ဖွဲ့ရာ အင်္ဂါလေးပါးကို ပြခြင်း
၂၉၁။ဧကုပ္ပါဒနှင့် သဟဝုတ္တိ ၂-ပါး၏ အထူးကို ပြခြင်း
၂၉၂။စက္ခုဒသက ခေါ်ဆိုရပုံကို ပြခြင်း
၂၉၃။ယေဘုယျနည်းအားဖြင့် ဝိညတ်ရုပ်တို့ကိုလည်း
ကလာပ်ဖွဲ့စည်းရာ ပါဝင်ပုံကို ပြခြင်း
၂၉၄။ဗဟိဒ္ဓ၌ ရနိုင်သော ကလာပ်တိ့ုကိုပြခြင်း
၂၉၅။ဝစီဝိညတ်ဒသက ကလာပ်နှင့် တေရသက
ကလာပ်တို့ ထူးခြားပုံကို ပြခြင်း
၂၉၆။ကလာပ်ဖွဲ့ရာ မပါဝင်သောရုပ် ၅-ပါးကို ပြခြင်း
၂၉၇။ကလာပ် ၂၁-စည်းတွင် ရုပ်ပေါင်း ၃၁၆-ပါး ဖြစ်ပုံကို ပြခြင်း
၂၉၈။ပဝတ္တိ ပဋိသန္ဓေအခါ ရသင့်ရာသော ရုပ်တို့ကို ဝေဖန်၍ပြခြင်း
၂၉၉။စက္ခုစသည်တို့ ချို့သင့် မချို့သင့်သော ပုဂ္ဂိုလ်တို့ကို ပြခြင်း
၃၀၀။ပဋိသန္ဓေ တည်နေစဉ်အစ ကလလရေကြည် ပမာဏကို ပြခြင်း
၃၀၁။ပဋိသန္ဓေအခါ သတ္တာဟဖြစ်ပုံကို ပြခြင်း
၃၀၂။အဘိဓမ္မာဋီကာ ဝါဒအရ သတ္တာဟဖြစ်ပုံကို ပြခြင်း
၃၀၃။သံသေဒဇ ခေါ်ဆိုရပုံကို ပြခြင်း
၃၀၄။ဥပပါတ် ခေါ်ဆိုရပုံကို ပြခြင်း
၃၀၅။သံသေဒဇနှင့် ဥပပါတ် ၂-ပါး၏ အထူး
၃၀၆။ဂဗ္ဘသေယျက ခေါ်ဆိုရပုံ
၃၀၇။ကမ္မဇရုပ် ချုပ်ရာကာလကို ပြခြင်း
၃၀၈။စိတ္တဇအာဟာရဇ ရုပ်တို့ချုပ်ရာ ကာလကို ပြခြင်း
၃၀၉။လူသေကောင်မှာ ရသင့်ရာသော ရုပ်ကိုပြခြင်း
၃၁၀။တစ္ဆေတို့မှာ လူတို့အလား ရုပ်များ ရှိ မရှိကို ပြခြင်း
၃၁၁။တစ္ဆေတို့ကို လူများမမြင်ရခြင်း အကြောင်းကို သာဓကနှင့် တကွပြခြင်း
၃၁၂။တစ္ဆေတို့ သေရာ ရုပ်လက္ခဏာ ပြောင်းပုံကို ပြခြင်း
၃၁၃။ဗြဟ္မာတို့မှာ ရသင့် မရသင့်သော ရုပ်တို့ကို ပြခြင်း
၃၁၄။ဗြဟ္မာတို့၌ ရှိသောဩဇာသည် အာဟာရဇရုပ် မဖြစ်နိုင်ပုံကို ပြခြင်း
၃၁၅။ဗြဟ္မာတို့မှာ ဘာဝရုပ်မရခြင်း အကြောင်း
၃၁၆။အသညသတ် ဗြဟ္မာတို့ဖြစ်ပုံ ပြခြင်း
၃၁၇။ဗြဟ္မာတို့မှာ တည်ရာဗိမာန် စသည်ရှိပုံ
၃၁၈။ရူပ ၁၆-ဘုံ၌ ရသင့်သော ရုပ်ကလပ်တို့ကို ပြခြင်း
နိဗ္ဗာန်နှင့် ဆိုင်ရာများ
၃၁၉။နိဗ္ဗာန်မြင်သော ဒွါရကို ပြခြင်း
၃၂၀။နိဗ္ဗာန်ရှိမရှိကို သိနိုင်ရန်ကို ပြခြင်း
၃၂၁။ရေဝတနတ်သား လျှောက်ထားရာတွင် ဘုရားသခင်
ဟောတော်မူပုံကို ပြခြင်း
၃၂၂။မိလိန္ဒမင်းကြီးမေးရာတွင် ရှင်နာဂသိန်ဖြေဆိုပုံ
၃၂၃။ပိုဂ္ဂိုလ်တိုင်း နိဗ္ဗာန်ရ မရ မိလိန္ဒမင်းကြီးက မေးရာ
ရှင်နာဂသိန်ဖြေဆိုပုံ
၃၂၄။နိဗ္ဗာန်အပြား ၂-ပါးကို ပြခြင်း
၃၂၅။တနည်း နိဗ္ဗာန်အပြား ၃-ပါးကို ပြခြင်း
၃၂၆။လက္ခဏာရေး ၃-ပါးတို့တွင် တပါးပါးကို ထင်ရုံမျှဖြင့် မဂ်ရ မရ ပြခြင်း
၃၂၇။တပါးကို နှလုံးသွင်းက ၃-ပါးလုံးထင်ပုံ
(သမုစ္စည်းပိုင်း)
၃၂၈။ဒွါသတ္တတိအရ ၇၂-ပါး သရုပ်ကို ပြခြင်း
၃၂၉။အာသဝလေးပါးကို ပြခြင်း
၃၃၀။ဩဃလေးပါးကိုပြခြင်း
၃၃၁။ယောဃလေးပါးကို ပြခြင်း
၃၃၂။ဂန္ထလေးပါးကို ပြခြင်း
၃၃၃။ဥပါဒါန်လေးပါးကို ပြခြင်း
၃၃၄။ဥပါဒါန်၏ အာရုံကို ပြခြင်း
၃၃၅။သက္ကာယဒိဋ္ဌိ ၂၀-ကို ပြခြင်း
၃၃၆။နီဝရဏ ၆-ပါးကို ပြခြင်း
၃၃၇။ထိနမိဒ္ဓစသည်တို့ မကွဲပြားပုံ ပြခြင်း
၃၃၈။အနုသယ ၇-ပါးကို ပြခြင်း
၃၃၉။သံယောဇဉ် ၁၀-ပါးကို ပြခြင်း
၃၄၀။ကိလေသာ ၁၀-ပါးကို ပြခြင်း
၃၄၁။ထောင့်ငါးရာ ကိလေသာကိုပြခြင်း
၃၄၂။ခုဒ္ဒက ဝိဘင်းလာ ကိလေသာကို ပြခြင်း
၃၄၃။တခုသော တရားဖြစ်သောငြားလည်း အမည်ပြားပုံ
၃၄၄။ မိဿကသင်္ဂဟကိုပြဆိုချက် ဟိတ်တရားတို့ကို ပြခြင်း
၃၄၅။စျာနင် ၇-ပါးကို ပြခြင်း
၃၄၆။မဂ္ဂင် ၁၂-ပါးကို ပြခြင်း
၃၄၇။ဣန္ဒြေ ၂၂-ပါးကို ပြခြင်း
၃၄၈။ဗိုလ် ၉-ပါး ကို ပြခြင်း
၃၄၉။အဓိပတိ ၄-ပါး ကို ပြခြင်း
၃၅၀။အဓိပတိနှင့် ဣန္ဒြေတို့၏ ထူးခြားချက်ကို ပြဆိုခြင်း
၃၅၁။အာဟာရ ၄-ပါးကို ပြဆိုခြင်း
၃၅၂။ပဉ္စဝိညာဉ်မှာ ရှိသောဝေဒနာဧ်။ စျာနင်မထိုက်ပုံ
၃၅၃။အဝိရိယစိတ်မှာရှိသော ဗိုလ်မပါပုံနှင့် အဟိတ်စိတ်တွင်
မဂ္ဂင်မရှိပုံကို ပြဆိုခြင်း
၃၅၄။ဝိစိကိစ္ဆာစိတ်မှာရှိသော ဧကဂ္ဂတာဧ်။မဂ္ဂင်စသည်
မမည်ပုံကို ပြဆိုခြင်း
၃၅၅။သတိပဋ္ဌန် ၄-ပါးကို ပြဆိုခြင်း
၃၅၆။သမ္မပ္ပဓာန် ၄-ပါးကို ပြဆိုခြင်း
၃၅၇။ဣဒ္ဓိပါဒ် ၄-ပါးကို ပြဆိုခြင်း
၃၅၈။ဣန္ဒြေ ၅-ပါးကို ပြခြင်း
၃၅၉။ဗိုလ် ၅-ပါးကို ပြဆိုခြင်း
၃၆၀။ဗောဇ္ဈင် ၇-ပါးကိုပြခြင်း
၃၆၁။မဂ္ဂင်ရှစ်ပါးကို ပြဆိုခြင်း
၃၆၂။ဗောဓိပက္ခိယတရားကိုယ်ကိုပြဆိုခြင်း
၃၆၃။ခန္ဓာ ဥပါဒါနက္ခန္ဓာ ၂-ပါး ထူးခြားပုံ
၃၆၄။ခန္ဓာ ၅-ပါး ဥပမာဖြင့် ပြဆိုခြင်း
၃၆၅။အာယတန ၁၂-ပါးကို ပြဆိုခြင်း
၃၆၆။အာယတန ၁၂-ပါးသရုပ်ကို ပြဆိုခြင်း
၃၆၇။ဓါတ်တပါးသည် ဓါတ်တပါးအား ကျေးဇူးပြုပုံ
၃၆၈။ဓါတ်တရားတို့ကို ဥပမာအားဖြင့် ပြဆိုခြင်း
၃၆၉။သစ္စာလေးပါးကို ပြခြင်း
၃၇၀။သစ္စာအနက် ၁၆-ချက်ကို ပြခြင်း
၃၇၁။ဋီကာအလာ အရာရာ သိဒ္ဓိပေါက် အဆောင်ဂါထာ
၃၇၂၊ သစ္စစိမုတ်တရားများကို ပြခြင်း
၃၇၃။ပုထုဇဉ် ၂-မျိုး ကို ပြဆိုခြင်း
ပစ္စည်းပိုင်း
၃၇၄။ပစ္စည်း ပစ္စယုပ္ပန် ၂-ပါး ထူးခြားပုံကို ပြဆိုခြင်း
၃၇၅။ပဋိစ္စသမုပ္ပါဒ်တရားတို့ကို ပြခြင်း
၃၇၆။အဝိဇ္ဇာကို ပြဆိုခြင်း
၃၇၇။သင်္ခါရကို ပြဆိုခြင်း
၃၇၈။ဝိညာဉ်ကို ပြဆိုခြင်း
၃၇၉။နာမ် ရုပ်ကို ပြဆိုခြင်း
၃၈၀။သဠာယတနကို ပြခြင်း
၃၈၁။ဖဿကို ပြခြင်း
၃၈၂။ဝေဒနာကို ပြခြင်း
၃၈၃။တဏှာကို ပြခြင်း
၃၈၄။ဥပါဒါန်ကို ပြခြင်း
၃၈၅။ဘဝကို ပြခြင်း
၃၈၆။ဇာတိ ဇရာ မရဏ တို့ကို ပြခြင်း
၃၈၇။သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ တို့ကို ပြခြင်း
၃၈၈။အဝိဇ္ဇာကျေးဇူးပြုပုံကို ပြခြင်း
၃၈၉။သင်္ခါရကျေးဇူးပြုပုံကို ပြခြင်း
၃၉၀။ဝိညာဉ်ကျေးဇူးပြုပုံကို ပြခြင်း
၃၉၁။နာမ်တရားကျေးဇူးပြုပုံကို ပြခြင်း
၃၉၂။ရုပ်တရား ကျေးဇူးပြုပုံကို ပြခြင်း
၃၉၃။သဠာယတန ကျေးဇူးပြုပုံ
၃၉၄။ဖဿကျေးဇူးပြုပုံ
၃၉၅။ဝေဒနာကျေးဇူးပြုပုံ
၃၉၆။တဏှာကျေးဇူးပြုပုံ
၃၉၇။ဥပါဒါန်ကျေးဇူးပြုပုံ၃၅၀
၃၉၈။ဘဝကျေးဇူးပြုပုံ
၃၉၉။ပဋိစ္စသမုပ္ပါဒ်တရား၏ အဓွန့်အင်္ဂါစသည်ကို ပြခြင်း
၄၀၀။အဝိဇ္ဇာ၏ အကြောင်းမူလကို ပြခြင်း
၄၀၁။အဝိဇ္ဇာတဏှာ ၂-ပါး ဝဋ်မြစ်ထားပုံ
၄၀၂။ပဋ္ဌာန်းနည်း
၄၀၃။အာရမ္မဏပစ္စည်းကို ပြခြင်း
၄၀၄။အဓိပတိ ပစ္စည်းကို ပြခြင်း
၄၀၅။အနန္တရပစ္စည်းကို ပြခြင်း
၄၀၆။သဟဇာတပစ္စည်းကို ပြခြင်း
၄၀၇။အညမညပစ္စည်းကို ပြခြင်း
၄၀၈။နိဿယပစ္စည်းကို ပြခြင်း
၄၀၉။ဥပနိဿယပစ္စည်းကို ပြခြင်း
၄၁၀။ပုရေဇာတပစ္စည်းကို ပြခြင်း
၄၁၁။ပစ္ဆာဇာတပစ္စည်းကို ပြခြင်း
၄၁၂။အာသေဝနပစ္စည်းကို ပြခြင်း
၄၁၃။ကမ္မပစ္စည်းကို ပြခြင်း
၄၁၄။ဝိပါကပစ္စည်းကို ပြခြင်း
၄၁၅။အာဟာရပစ္စည်းကိုပြခြင်း
၄၁၆။ဣန္ဒြိယပစ္စည်းကို ပြခြင်း
၄၁၇။စျာနပစ္စည်းကို ပြခြင်း
၄၁၈။မဂ္ဂပစ္စည်းကို ပြခြင်း
၄၁၉။သမ္ပယုတ္တပစ္စည်ကို ပြခြင်း
၄၂၀။ဝိပ္ပယုတ္တပစ္စည်းကို ပြခြင်း
၄၂၁။အတ္ထိပစ္စည်းကို ပြခြင်း
၄၂၂။အနန္တရ စသော ပစ္စည်းတို့၌ ရဟန္တာစုတိကြဉ်ရပုံကိုပြခြင်း
၄၂၃။သဟဇာတကမ္မနှင့် နာနာက္ခဏိက ကမ္မနှစ်ပါး အထူး
၄၂၄။အာရမ္မဏ စသော ၄-ပစ္စည်း၌ပစ္စည်းအလုံးစုံဝင်ပုံကို ပြခြင်း
၄၂၅။၂၄-ပစ္စည်းကို ကာလ ၃ပါးဖြင့်ပိုင်ခြား၍ ပြခြင်း
၄၂၆။နိဗ္ဗာန်သည်ကား နာမ်တရားဖြစ်ပုံ
၄၂၇။ပညတ်နှစ်မျိုးကို ပြခြင်း
၄၂၈။အတ္ထပညတ်အပြား ၆-ပါးကို ပြခြင်း
၄၂၉။နာမပညတ်အပြား ၆-ပါးကို ပြခြင်း
ကမ္မဌာန်ပိုင်း
၄၃၀။သမထဝိပဿနာ ဘာဝနာကမ္မဌာန်းကို ပြခြင်း
၄၃၁။ကာမကုသိုလ် ရူပကုသိုလ် ၂ပါးလုံးပင် နီဝရဏငြိမ်းနိုင်ပုံကို ပြခြင်း
၄၃၂။စရိုက် ၆ပါးကို ပြခြင်း
၄၃၃။စရိုက်နှင့် ကမ္မဌာန်း ယှဉ်တွဲပြခြင်း
၄၃၅။ဗြဟ္မဝိဟရတရား ၄ပါး
၄၃၆။မေတ္တာကမ္မဌာန်း စီးဖြန်းပုံကို ပြခြင်း
၄၃၇။ကရုဏာ ကမ္မဌာန်း စီးဖြန်းပုံကို ပြခြင်း
၄၃၈။မုဒိတာကမ္မဌာန်း စီးဖြန်းပုံကို ပြခြင်း၄၃၂
၄၃၉။ဥပေက္ခာကမ္မဌာန်း စီးဖြန်ပုံကို ပြခြင်း
၄၄၀။စျာန်ကို မရနိုင်သော ကမ္မဌာန်း ၁၀ပါး
၄၄၁။ကသိုဏ်းကို ရှုရာ စက္ခု မန ၂ဒွါဖြင့် ရူခြင်း
၄၄၂။ပဋိဘာဂနိမိတ်ထင်ရာ ဥပစာရ ဘာဝနာဖြစ်ခြင်း
၄၄၃။အာဒိကမ္မိကဝီထိ၌ အပ္ပနာစျာန်စိတ်အရေအတွက်
၄၄၄။ပထမစျာန်စသည့်တို့ကို ရစေနိုင်သော ကမ္မဌာန်းပြခြင်း
၄၄၅။အရူပစျာန် ၄ပါး၏ အာရုံတို့ကို ပြခြင်း
၄၄၆။အဘိညာဉ် ၅ပါးထားခြင်း၏ အကြောင်းပြခြင်း
၄၄၇။စျာန်ရပုဂ္ဂိုလ်တိုင်း အဘိညာဉ် ရမရကို ပြခြင်း
၄၄၈။ဣဒ္ဓိအမျိုး တန်းခိုးဆယ်ပါးကို ပြခြင်း
၄၄၉။သီလအစ မဂ်ဖိုလ်အလယ် နိဗ္ဗာန်အဆုံး ၃ပါးကို ပြခြင်း
၄၅၀။သီလ ၄ဖြာ လူတို့မှာလည်း ရသင့်ပုံကို ပြခြင်း
၄၅၁။ယုံမှားခြင်း ၁၆ပါး
၄၅၂။မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိကို ပြခြင်း
၄၅၃။မဂ်၏နီးပါး ကာမဇောများပင် သမာဓိဇောဖြစ်ကြောင်း
ကျမ်းပြီးနိဂုံး
ပဏာမနှင့် ပဋိညာဉ်
မနောရထပူရဏီကျမ်း
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ပဏာမနှင့် ပဋိညာဉ်
တိကတိဏ္ဏံ၊ တိရတနံ နိစ္စံ နမာမိ။
ဂန္တာရမ္ဘံ ပဏာမံ ဘယံ နဿတိ။
ပဏ္ဌိပဥှံ သဇ္ဇနံ ခေပံ လိက္ခာမိ။
သောတာရာနံ တံ ဂန္တံ အတ္တံ ဟေဟိတိ။
မနောရထံ ပူရဏံ ဣဒံ ဟေဿတိ။
(သာဝိတ္တိဂါထာ)
အဟံ၊ မုနိန္ဒာဘိဓဇ နာမသမုတ် အကျွန်ုပ်သည်။ တိကတိဏ္ဏံ၊ သုံးမည် လောကဘဝသုံးရွာ ဝဋ်သုံးမြွာမှ ကောင်းစွာကူးမြောက် တော်မူပြီးထသော။ တိရတနံ၊ ဘုရား တရား သံဃာအားဖြင့် သုံးပါးသော ရတနာကို နိစ္စံ အမြဲ။ ဝါ၊ နှိမ့်ချကြိုးနွံစွာ။ နမာမိ ရှိခိုးပါ၏။ ဂန္ထာရမ္ဘံ၊ ကျမ်းကိုအားထုတ်သည်မှ လက်မွန်စ၌။ ပဏာမံ၊ ရှိခိုးခြင်းသည်။ ဘယံ၊ ဘေးခပ်သိမ်းကို၊ နဿတိ၊ ပျောက်စေသတည်း။ ဂဏ္ဌိပဥှံ၊ သင်္ဂြိုလ်ကျမ်း၏ ခက်ဆစ်ခက်ရာ ပြဿနာ၏ သဇ္ဇနံ၊ အဖြေကို။ ခေပံ ခေပေန၊ အကျဉ်းအားဖြင့်။ ဝါ၊ ပါဠိ အဋ္ဌကထာဋီကာ သာဓက ပြသွင်းသဖြင့်။ လိက္ခာမိ၊ ရေးလိုက်ပေအံ့၊ တံ ဂန္ထံ၊ ထိုငါရေးသောကျမ်းသည်။ သောတာရာနံ၊ မှတ်နာလိုကုန်သော သူတော်ကောင်းတို့၏ အတ္ထံ၊ အကျိုးစီးပွားသည်။ ဟေတိတိ၊ ဖြစ်လတ္တံသတည်း။ ဣဒံ ဂန္ထံ ဤကျမ်းသည်။ မနောရထံ ပူရဏံ ပရမတ်အရာ လိမ္မာရကြောင်း တောင်းပန်ကုန်သော သူတို့၏ နှလုံးအလိုကို ပြည့်စေတတ်သည်ဖြစ်၍ မနောရထပူရဏီ မည်သည်။ ဟေဿတိ၊ ဖြစ်လတ္တံ့သတည်း။
(၁) စိတ်ပိုင်း
စိတ်ပိုင်းဆိုင်ရာ ပုစ္ဆာဝိသဇ္ဇနာများ
၁-သမ္မာသမ္ဗုဒ္ဓ ပုဒ်၌ သမ္မာသဒ္ဒါနှင့် သံသဒ္ဒါ နှစ်ပါးအထူးကို ပြခြင်း
ပုစ္ဆာ။ ။ သမ္မာသမ္ဗုဒ္ဓ၊ ပုဒ်အရမှာ၊ သမ္မာ သဒ္ဒါ၊ သံ သဒ္ဒါဝယ် ဟောရေးကျယ်၊ ဘယ်ကိုနစ်စေ၍ ဟောသနည်း။
ဝိဇ္ဇနာ။ ။ သမ္မာသဒ္ဒေန သဗ္ဗညုတဉာဏဿ ဂတိတတ္တာ ပစ္စေကဗုဒ္ဓံ နိဝတ္တေတိ၊ သံသဒ္ဒေန အရဟတ္တမဂ္ဂဉာဏဿ ဂဟိတတ္တာ သာဝကာဒယော နိဝတ္တေတိ-ဟူသော သင်္ခေပဋီကာနှင့်အညီ သမ္မာသဒ္ဒါဖြင့် မဖောက်မပြန် ဧကန်စင်စစ်သိသော သဗ္ဗညုတဉာဏ်ကို ယူအပ်သောကြောင့် ဖောက်ပြန်သဖြင့် သိသော ပစ္စေကဗုဒ္ဓါကို နစ်စေသည်။ သံသဒ္ဒါဖြင့် အရဟတ္တမဂ် အမည်ရသော သယမ္ဘူဉာဏ်ကို ယူအပ်သောကြောင့် နည်းခံ၍သိသော သာဝကတို့ကို နစ်စေသည်။ ဤသို့ ပစ္စေကဗုဒ္ဓါ သာဝကတို့ကို နစ်စေ၍ ဘုရားသခင်ကိုသာ သမ္မာသမ္မုဒ္ဓ သဒ္ဒါဟော၏ဟူပေ။ ပစ္စေကဗုဒ္ဓါတို့သည် သစ္စာလေးပါးကို အလိုလိုသိသောကြောင့် သမ္ဗုဒ္ဓကား မည်၏၊ မိမိသိသောအတိုင်း သူတပါးသိအောင် သဒ္ဒပညတ်သို့ တင်၍ကား မဟောပြနိုင်။ လူ အသည် မိမိအိပ်မက်ကို မပြန်နိုင်သကဲ့သို့ ဖြစ်သောကြောင့် ဖောက်ပြန်သဖြင့် သိသည်မည်ရကား သမ္မသမ္ဗုဒ္ဓ မမည်။ အရှင်သာရိပုတ္တရာ စသော သာဝကတို့မှာလည်း ဘုရားဟောသည်ကို နာခံ၍သိပြီးလျှင် မိမိသိတိုင်း သူတပါးအားလည်း ဟောပြနိုင်သောကြောင့် မဖောက်မပြန် သိသည်ဖြစ်ရကား သမ္မာဗုဒ္ဓသာမည်၏၊ အလိုလိုမသိသောကြောင့် သမ္မာဗုဒ္ဓသာမည်၏၊ အလိုလို မသိသောကြောင့် သမ္ဗုဒ္ဓကား မမည်။ ထို့ကြောင့် နစ်စေ၏ဟူလိုသည်။ သည်ကို ရည်၍ပါရမီခန်း၌ -
သုံးပါးယဉ်သာ လက္ခဏာတည့် မကွာ ကိုယ်ကြပ် ရထားကပ်၍ စီးအပ်သမျှ ပို့ကုန်ငလျှက် သတ္တဝါဟော် ယာဉ်မှူးတော်ဟု ကျော်သည်ငါ့ကို မှီပုံးခိုမှ မငြိုမငြင် ပြည်ထင်ရိမဒ် အကျွတ်ပညာ ပွားကာကာလျှင် (သမ္မာဗုဒ္ဓ) ရကုန်အမည် သီထိထေရ်တွင် အရှည်မြင်ခြင်း မတံပြင်း၍ လက်ရင်းငါ့အောက် အကြီးမြှောက်သည် လျှံတောင်ပညာ သာရိပုတ္တရာ။
၂-အတုလံနှင့် သသဒ္ဓမ္မ ဂဏုတ္တမံ ပုဒ်နှစ်တန်၏ အထူးကိုပြခြင်း
ပုစ္ဆာ။ ။အတုလနှင့် သသဒ္ဓမ္မဂဏုတ္တမံ ပုဒ်နှစ်တန်ဝယ် ဟောရေးကျယ် ဘယ်ဒြဗ်နှင့် ဘယ်ဂုဏ်နည်း။
ဝိသဇ္ဇနာ။ ။ သမ္မာသမ္ဗုဒ္ဓမတုလံ သသဒ္ဓမ္မဂဏုတ္တမံ ဟူသော ပုဒ်သုံးရပ်တွင် သမ္မာသမ္ဗဒ္ဓဟူသော ရှေ့ပုဒ်ကို ဝိသသျ အတုလံနှင့် သသဒ္ဓမ္မ ဂဏုတ္တမံ ဟူသော ပုဒ်ကို ဝိသေသနပြုသော် သမ္မာသမ္ဗဒ္ဓဟူသော ပုဒ်၏အရသည် ဘုရားဒြဗ် နောက်နှစ်ပုပ်၏ အရသည် ဂုဏ် ဖြစ်၏၊
အတုလံကို ဝိသေသျပြု၍ သမ္မာသမ္ဗုဒ္ဓနှင့် သသဒ္ဓမ္မဂဏုတ္တမံကို ဝိသေသနာ ပြုသော် အတုလံ ပုဒ်၏အရသည် ဘုရားဒြဗ် နောက်နှစ်ပုဒ်၏ အရသည် ဂုဏ်ဖြစ်၏၊ ဤသို့ ဂုဏ်ကို ဟောခြင်း ဒြဗ်ကို ဟောခြင်းသည် အမြဲပုံသေမဟုတ် ဆိုလိုသော ပုဂ္ဂိုလ်၏ အလိုသို့လိုက်၍ ဆိုခိုက် ဆိုခိုက်သော ဒြပ်ဟော ဂုဏ်ဟောဖြစ်ရကား အာဝတ္တဒြပ် အာဝတ္တဂုဏ် မည်၏ဟု ဖြေလေ။
တနည်းကား-ဂုဏ်သည် ဟုတ်မှန်တိုင်း ချီးမွမ်းအပ်သော ယထာဘူတဂုဏ်၊ လျဉ်းပါးရန်ကို ဖြတ်လို၍ ဆိုအပ်ချီးမွမ်းအပ်သော ဗျဝစ္ဆေဒဂုဏ်အားဖြင့် နှစ်ပါး အပြားရှိသည်တွင် အတုလံဟူသော ဂုဏ်သည် လျဉ်းပါးရန်မရှိ ဟုတ်မှန်တိုင်း ချီးမွမ်း လို၍သာ ဆိုသော ပုဒ်ဖြစ်ရကား ယထာဘူတဂုဏ်မည်၏၊
သသဒ္ဓမ္မဂဏုတ္တမံ ဟူသော ပုဒ်သည် တရားတော်ဒြဗ် သံဃတော်ဒြဗ်ကို အပဌာန၊ ဘုရားဂုဏ်ကို ပဌာနပြု၍ ဆိုအပ်သော ပုဒ်ဖြစ်ရကား အာဝတ္တဂုဏ်မည်၏ ဟုဖြေလေ။
၃-အဘိဝါဒိယပုဒ်ဖြင့် ဝိသေသရှိခိုပုံကို ပြခြင်း
ပုစ္ဆာ။ ။အဘိဝါဒိယ၊ ပုဒ်အရ၌ ဝိသေသနယ်၊ ဖွင့်ရေးကျယ်၊ ဘယ်ရှိခိုးခြင်း မြောက်သနည်း။
ဝိသဇ္ဇနာ။ ။ ဘယလာဘကုလာစာရာဒိဝိရဟေန ကာယဝစီမနောဒွါရေဟိ ဝန္ဒိတွာတိ အတ္ထေ-ဟု ဋီကာကျော် မိန့်သည်နှင့်အညီ လောက၌ ဘေးပြုအံ့သည်ကို ကြောက်၍ ရှိခိုးခြင်း လာဘ်ကိုလို၍ ရှိခိုးခြင်း အမျိုးတို့၏ ကျင့်ရိုးအစဉ်ဖြစ်၍ ရှိခိုးခြင်း မှားသော အယူရှိ၍ ရှိခိုးခြင်း မိုက်၍ ရှိခိုးခြင်းတို့ကို ပြုကြရကုန်၏၊ ထိုရှိခိုးခြင်းတို့သည် ကိုယ်ဖြင့်၎င်း နှုတ်ဖြင့်၎င်း ပြုလေငြားသော်လည်း စိတ် စေတနာ မပါကုန်။ ဤသို့သော ရှိခိုးခြင်းတို့မှ ကင်းလွတ်လျှက် ကြည်ဆွတ်သော စေတနာ သဒ္ဓါတရားနှင့်တကွ ဒွါရ သုံးပါးလုံးဖြင့် ညွတ်ကျုံး၍ ရှိခိုးသည် ဖြစ်ရကား ဝိသေသရှိခိုးခြင်း မြောက်၏ ဟူပေ။
၄-ဘာသိဿံပုဒ်အရ ပဋိညာဉ်ကို ပြခြင်း
ပုစ္ဆာ။ ။သုံးဘုံအရ၊ မြတ်ဓမ္မဝယ် ဘာသိဿံနှင့် အဘိဓမ္မတ္ထသင်္ဂဟံ ဘယ်ပဋိညာဉ် ဖြစ်သနည်း။
ဝိသဇ္ဇနာ။ ။ ပဋိညာဉ်သည် သကလပဋိညာဉ် ဧကဒေသပဋိညာဉ် ဟူ၍နှစ်ပါး အပြားရှိသည်။ ထိုနှစ်ပါးတို့တွင် ဝက္ခာမိ သုတ္တဟိတံ တို့ကား ပိဋကတ်သုံးပုံလုံးကို သိမ်းကျုံး၍ ဝန်ခံသောကြောင့် သကလ ပဋိညာဉ် မည်၏၊
ဝဏ္ဏယိဿာမိ ဝိနယံ တို့ကား ပိဋိကတ်၁ပုံ ဖြစ်သော တစိတ်တဒေသကို ဝန်ခံသောကြောင့် ဧကဒေသ ပဋိညာဉ်မည်၏၊ ထိုနှစ်ပါးတို့တွင်
ဤဘာသိဿံ အဘိဓမ္မတ္ထသင်္ဂဟံဟူသော ပါဌ်သည်လည်း အဘိဓမ္မာပိဋကတ်၌ ဟောအပ်သော အနက်ကိုသာ အကျဉ်းချုံး၍ ဆိုအံ့ဟု ဝန်ခံသောကြောင့် ဧကဒေသ ပဋိညာဉ် မည်၏ဟု ဖြေလေ။
၅- ဂန္ထရမ္ဘ ၃-ပါးတွင် လိုအပ်သော ဂန္ထရမ္ဘကို ပြခြင်း
မေး။ ။ဂန္ထရမ္ဘ စသည်တရိုး ရှိခိုးတောင့်တ ဝတု္ထပြသည် ဘယ်ပုဗ္ဗက ဖြစ်သနည်း။
ဖြေ။ ။ သမ္မာသမ္ဗုဒ္ဓမတုလံ အဘိဝါဒိယ-ဟူသောပါဌ်ဖြင့် ရတနာသုံးပါးတို့အား ရှိခိုးခြင်းတည်းဟူသော ပဏာမကို ရှေ့ထား၍ ကျမ်းကို အားထုတ်ရကား ပဏာမ ပုဗ္ဗက ဂန္တရမ္ဘ ဖြစ်သည် ဟူပေ။
၆- နယဝိသေသဖြင့် ရိုခိုးပုံကို ပြခြင်း
မေး။ ။ အပေါင်းထား၍ ဘုရားကိုသာ သဒ္ဓါချမ်းကြွယ် ရှိခိုးရွယ် ဘယ်နည်းအားဖြင့် ဖြစ်သနည်း။
ဖြေ။ ။ မကင်းရာသည်ကို ဆိုသဖြင့် မကင်းတတ်သည်ကို ရသောနည်းသည် အဝိနာဘာဝမည်၏ ဟူ၍ နယလက္ခဏ ဝိဘာဝနီ၌ လာရကား ဘုရားတည်းဟူသော မကင်းရာသည်ကို ဆိုသဖြင့် တရား သံဃာ တည်းဟူသော မကင်းတတ်သည်ကိုလည်း ရှိခိုးသည် မည်စေသောကြောင့် အဝိနာဘာဝနည်း ဖြစ်သည်ဟုဖြေ။ သမ္ဗန္ဓစိန္တာဋီကာအလို။
တနည်းကား ဘုရားတည်းဟူသော ပြဋ္ဌာန်းသည်ကို ယူသဖြင့် တရား သံဃာ တည်းဟူသော မပြဋ္ဌာန်းသည်ကိုလည်း ပြီးစေသောကြောင့် ပဋ္ဌာန်းနည်း ဖြစ်သည်ဟု ဖြေ။ ဋီကာကျော် အလို။
ထို့ကြောင့် ဂုဏိဘူတာနမ္ပိ ဟိ ဓမ္မသံဃာနံ အဘိဝါဒေတဗ္ဗဘာဝေါ သဟယောဂေန ဝိညာယတိ ဟူ၍မိန့်သည်။
၇- ပရမတ္ထသဘာဝကို ပြခြင်း
မေး။ ။ပရမတ္ထ ဆတ်ဆတ်ရအောင် ဧဝကန်သည် အသံဘယ်ပညတ်တည့်နည်း။
မှတ်ချက်။ ။ ပရမတ္ထတောဧဝ ဆတ်ဆတ်သော ပရမတ္ထ၏ အစွမ်းဖြင့်သာလျှင် ဟူသော ဤပုဒ်၌ ဧဝသဒ္ဒါကို ဆိုခြင်းသည် အဘယ်အကျိုး ရှိသနည်းဟု မေးသည်။
ဖြေ။ ။ခေါ်ဝေါ်သမုတ်အပ်သော သမ္မုတိပညတ်ကိုထား၍ ထိုသမ္မုတိ ပညတ်မှ အသီးထုတ်အပ်သော အနက်သဘောသာလျှင် ပရမတ္ထမည်၏ ဟူသော အနက်ကို သိစေခြင်း အကျိုးရှိ၏ဟု ဖြေလေ။
စိတ် စေတသိက် ရုပ် နိဗ္ဗာန် ဟူ၍ခေါ်ဝေါ်သော အသံသည် သမ္မုတိပညတ်မည်၏၊ ထိုပညတ်ဖြင့် တင်ဆိုအပ်သော အာရုံကို သိခြင်းသဘော အာရုံကိုတွေ့ခြင်းသဘော အာရုံကို ခံစားခြင်းသဘော ဖောက်ပြန်တတ်သော သဘောတို့သည်သာလျှင် ပရမတ္ထဓမ္မ မည်၏ ဟူလိုသည်။
၈-ပညတ်အပြား ၆-ပါး
ထိုသဒ္ဒဝေါဟာရဖြစ်သော သမ္မုတိ ပညတ်သည်လည်း -
(၁) ပရမတ္ထအားဖြင့် ထင်ရှားရှိသည်ကို ခေါ်ဆိုသော ဝိဇ္ဇမာနပညတ်။
(၂) ပရမတ္ထအားဖြင့် ထင်ရှားမရှိသည်ကို ခေါ်ဆိုသော အဝိဇ္ဇမာနပညတ်။
(၃) ပရမတ္ထအားဖြင့် ထင်ရှားရှိသည်ကို စွဲ၍ မရှိသည်၌ ခေါ်ဆိုသော ဝိဇ္ဇမာနေန အဝိဇ္ဇမာန ပညတ်။
(၄) ပရမတ္ထအားဖြင့် ထင်ရှားမရှိသည်ကို စွဲ၍ ရှိသည်ကိုခေါ်ဆိုသော ဝိဇ္ဇမာနေန အဝိဇ္ဇမာန ပညတ်။
(၅) ပရမတ္ထအားဖြင့် ထင်ရှားရှိသည်ကို စွဲ၍ ရှိသည်၌ ခေါ်ဆိုသော ဝိဇ္ဇမာနေန ဝိဇ္ဇမာန ပညတ်။
(၆) ပရမတ္ထအားဖြင့် ထင်ရှားမရှိသည်ကိုစွဲ၍ မရှိသည်၌ ခေါ်ဆိုသော အဝိဇ္ဇမာနေန အဝိဇ္ဇမာန ပညတ်ဟူ၍ ၆ပါးအပြားရှိ၏
ထို ၆ ပါးတို့တွင်-
(၁) အာရုံကို သိတတ်သောသဘောကို စိတ် တွေ့တတ်သော သဘောကို ဖဿ ဖောက်ပြန်တတ်သော သဘောကို ရုပ်စသည်ဖြင့် ခေါ်ဆိုပညတ်ခြင်းသည် 'ဝိဇ္ဇမာန' ပညတ်မည်၏၊
(၂) မြေ၊ ရေ၊ တော၊ တောင်၊ သစ်ပင်တို့ကို ဘူမိ၊ ဥဒက၊ ဝန၊ ပဗ္ဗတ၊ ရုက္ခ စသည်ဖြင့် ခေါ်ဆို ပညတ်ခြင်းသည် 'အဝိဇ္ဇမာန' ပညတ်မည်၏
(၃) အဘိညာဉ် ခြောက်ပါးရသည့် သူဟု ခေါ်ဆိုခြင်းသည် 'ဝိဇ္ဇမာနေန အဝိဇ္ဇမာန' ပညတ်မည်၏၊
(၄) မိန်းမသံဟု ခေါ်ဆိုခြင်းသည် 'အဝိဇ္ဇမာနေန ဝိဇ္ဇမာန' ပညတ်မည်၏၊
(၅) စက္ခုဝိညာဏ်ဟု ခေါ်ဆိုခြင်းသည် 'ဝိဇ္ဇမာနေ ဝိဇ္ဇမာန' ပညတ်မည်၏၊
(၆) မင်းသားဟူ၍ ခေါ်ဆိုခြင်းသည် အဝိဇ္ဇမာနေန အဝိဇ္ဇမာန ပညတ်မည်၏
ဤသို့ သဒ္ဒပညတ် ၆-ပါးကို ခွဲခြား၍ သိအောင်ကြံလေ။
ထိုသို့ကြံစေလို၍ ပုစ္ဆာ ဆရာက -
အမည်ခြောက်ပါး အပြား-၆ရပ် ဘယ်ပညတ်ဟု အတတ်ဆိုသော် နဂိုဉာဏ်စ ရွှင်လိမ့်မည်ဟု မိန့်လေသည်။
၉-အကုသိုလ်စိတ်ကို ရှေးဦးစွာ ပြခြင်းအကြောင်း
မေး။ ။ ကုသိုလ်အာဒိ၊ ဟောရင်းရှိလျှက်၊ ကဝိတဆူ၊ လောဘမူကို ဘယ်အယူကြောင့် ဆိုသနည်း။
ဖြေ။ ။ ပဋိသန္ဓိကဿ သတ္တဿအာဒိတော ဝီထိစိတ္တဝသေန လောဘမူလံ ပဌမံ ဝုတ္တံ။
ဟု ဋီကာကျော် မိန့်သည်နှင့်အညီ (ပဋိသန္ဓေ နေရကုန်သော သတ္တဝါတို့အား ပဋိသန္ဓေစိတ်၏နောက် သောဠသ ဘဝင်ဖြစ်ပြီးလျှင် ထိုပဋိသန္ဓေသစ်ကို အာရုံပြု၍ တပ်မက်တတ်သော ဘဝနိကန္တိ လောဘဇော စိတ်သည် ၇-ကြိမ်ဖြစ်မြဲဖြစ်၍ ဤအစစွာ ဖြစ်တတ်သော ဝီထိစိတ်၏ အစွမ်းဖြင့် လောဘမူစိတ်ကို ရှေးဦးစွာ ဆိုသည်ဟူပေ။
၁၀-လောဘမူစသည်ခေါ်ဆိုရပုံပြခြင်း
ရှေးပုစ္ဆာ၌ မပါသော စကားတို့ကိုလည်း တပည့်သားတို့ ဉာဏ်ပွားကြစေခြင်းငှာ ပုစ္ဆာသွင်း၍ ရေးလိုက်အံ့။
မေး။ ။စိတ်အဋ္ဌ၌ လောဘ မောဟ ဟိတ်နှစ်ဝဿ၊ ယှဉ်လျက်ပါကို၊ တခုသာယူ၍ လောဘမူ ဘယ့်ကြောင့် မှည့်သနည်း။
ဖြေ။ ။မောဟဟိတ်သည် အလုံးစုံသော အကုသိုလ်စိတ်နှင့် ယှဉ်သည်ဖြစ်၍ သာမညသာဓာရဏ ဖြစ်ရကား အမည်ထားခြင်းငှာ မတတ်ကောင်း၊ လောဘသာလျှင် ဝိသေသသာဓာရဏဖြစ်၍အမည်ထားခြင်းငှား တတ်ကောင်းသောကြောင့် လောဘမူစိတ်ဟု အမည် မှည့်လေသည်ဟုဖြေလေ။ ဒေါသမူ၌လည်း နည်းဟူ ပုစ္ဆာပြုလေ။
၁၁-ဥဒ္ဓစ္စသမ္ပယုတ်စိတ် ခေါ်ဆိုပုံကို ပြခြင်း
မေး။ ။ဥဒ္ဓစ္စသည်၊ ဒွါဒသတွင်၊ အကုန်ယှဉ်လျက်၊ နောက်ဆုံးစိတ်ကို ဥဒ္ဓစ္စသမ္ပယုတ်၊ သမုတ်သည်မှာ၊ ဘယ်ကြောင်းရာဟု ဆိုမည်နည်း။
ဖြေ။ ။ဥဒ္ဓစ္စဿ ဣမသ္မိံ ပစ္ဆိမစိတ္တေ ပဌာနဘာဝေန ပဝတ္တတ္တာ ဥဒ္ဓစ္စသမ္ပယုတ္တန္တိ ဝုတ္တံ-
ဟု ဋီကာမိန့်သည်နှင့်အညီ ဥဒ္ဓစ္စသည် တပါးသောစိတ်တို့၌ ယှဉ်သောအခါ တပါးတရား၏ နောက်ပါသာဖြစ်၍ ယှဉ်သည်၊ ဤနောက်ဆုံးစိတ်၌ကား မိမိပြဌာန်းသည် ဖြစ်၍ ယှဉ်သောကြောင့် ဥဒ္ဓစ္စသမ္ပယုတ္တံ ဟူ၍ ဆိုသည်ဟူပေ။
ဘယ်ကဲ့သို့ နည်းဟူမူ စစ်တဆယ့်နှစ်ပွဲ လိုက်ရသော သူရဲသည် ပထမပွဲ၊ ဒုတိယပွဲ စသည်တို့၌ သူတပါးကွပ်ကဲ၍ သူတပါးကွပ်ကဲ၍ မိမိနောက်ပါသာဖြစ်သည်။ ဒွါဒသမပွဲ၌ကား ကွပ်ကဲကြီးကြပ်သူမရှိ။ မိမိပင် ကွပ်ကဲရသောကြောင့် သူရဲကြီးပွဲ ဟု ထင်ရှားသကဲ့သို့တည်း။
၁၂-မှီရာနိဿယအားဖြင့် ပဥ့ဝိညာဉ် အမည်ရပုံကို ပြခြင်း
မေး။စိတ်ဟူသမျှ၊ ဝိညာဏသာ၊ ဖြစ်တုံပါလျက်၊ အခြားစိတ်မှာ၊ သညာမတင်၊ ပဉ္စဝိညာဉ်၊ တဆယ်တွင်သာ၊ ဝိညာဏာဟု၊ သညာဘယ့်ကြောင့် တပ်သနည်း။
ဖြေ။ ။မှီရာဖြစ်သော ရုပ်နှင့် ခြားနားစိမ့်သောငှာ ဝိညာဏသဒ္ဒါတပ်၍ ခေါ်သည်ဟုဖြေ။
ထိုစကားမှန်၏ စိတ်တို့၏အမည်သည် သမ္ပယုတ္တဓမ္မ ကိုစွဲ၍ ဖြစ်သောအမည်၊ မှီရာနိဿယကိုစွဲ၍ ဖြစ်သောအမည်၊ သတ္တိကို စွဲ၍ဖြစ်သောအမည်အားဖြင့် ၃မျိုး အပြားရှိ၏၊ ထို ၃ မျိုးတို့တွင် -
(၁) လောဘမူ၊ ဒေါသမူ၊ မောဟမူစသော အမည်တို့သည် သမ္ပယုတ္တဓမ္မကို စွဲ၍ဖြစ်သော အမည်တည်း။
(၂) စက္ခုဝိညာဏ် စသော အမည်တို့သည် မှီရာနိဿယကို စွဲ၍ဖြစ်သော အမည်တည်း။
(၃) သမ္ပဋိစ္ဆိုင်း သန္တီရဏ စသည်တို့သည် စိတ်၏သတ္တိ တည်းဟူသော ကိစ္စကို စွဲ၍ဖြစ်သော အမည်တို့တည်း။
၁၃-ကာဝိညာဉ်၌ သုခဒုက္ခ ဖြစ်ပုံကိုပြခြင်း
မေး။ ။ စက္ခု သောတ၊ ဃာန ဇိဝှါ၊ ဝိညာဏ်မှာ၌၊ ဥပေက္ခာသဟဂုတ်၊ ကာယဝိညာဏ်၌၊ ဘယ်ကြောင့် သုခဒုက္ခ သဟဂုတ်ဖြစ်သနည်း။
ဖြေ။ ။ စက္ခုဝိညာဏ်၏ မှီရာဖြစ်သော စက္ခုပသာဒလည်း ဥပါဒါရုပ် ရူပါရုံလည်း ဥပါဒါရုပ်ဖြစ်သောကြောင့် ဥပါဒါရုပ်အချင်းချင်း ထိခိုက်ခြင်းသည် အားနည်း၏ ဝါဂွမ်းစုကို တခုသော ဝါဂွမ်းစိုင်၌ ရိုက်သကဲ့သို့သာဖြစ်၏ ထို့ကြောင့် ဥပက္ခာ သဟဂုတ်သာ ဖြစ်သည်။ သောတ၊ ဃာနတို့မှာလည်း ဤနည်းအတူ မှတ်လေ။
ကာယဝိညာဉ်မှာကား မှီရာဖြစ်သော ကာယပသာဒလည်း ဘူတရုပ်အစု ဖောဌဗ္ဗာရုံ ဟူသည်လည်း အာပေါဓာတ်ကြဉ်သော ဘူတရုပ်သုံးပါး အပေါင်းဖြစ်ရကား ဘူတရုပ်ချင်းချင်း ထိခိုက်ခြင်းသည် အားကြီး၏၊ တခုသော ပေထက်၌ ဝါဂွမ်းစုကိုတင်၍ တူဖြင့် ခတ်လတ်သော် ဂွမ်းစုကိုလွန်၍ ပေ၌ ထိသကဲ့သို့ ဖြစ်၏ ထိုသို့ထိခိုက်ခြင်း အားကြီးသောကြောင့် သုခသဟဂုတ် ဒုက္ခသဟဂုတ် ဖြစ်သည်ဟူပေ။
ထို့ကြောင့် ဋီကာ၌ -
ဝတ္ထာလမ္ဗသဘာဝါနံ၊ ဘူတိကာနံ သံဃဋ္ဋနံ။
ဒုဗ္ဗလံ ဣတိ စက္ခာဒိ-စတုစိတ္တမုပေက္ခတံ။
ကာယနိဿယဖောဌဗ္ဗ-ဘူတာနံ ဃဋ္ဋနာယ တု။
ဗလသတ္တာ န ဝိညာဏံ၊ ကာယိကံ မဇ္ဈဝေဒနံ။
ဟူ၍ မိန့်သည်။
ဝတ္ထာလမ္ဗသဘာဝါနံ၊ မှီရာသဘော၊ အာရုံသဘောဖြစ်ကုန်သော။ ဘူတိကာနံ ဥပါဒါရုပ်တို့၏ သံဃဋ္ဋနံ၊ ထိခိုက်ခြင်းသည်။ ဒုဗ္ဗလံ၊ အားနည်း၏၊ ဣတိတသ္မာ၊ ထို့ကြောင့်။ စက္ခာဒိစတုစိတ္တံ၊ စက္ခုဝိညာဉ်အစရှိသော လေးပါးသောစိတ်သည်။ ဥပေက္ခာ ဝေဒနာနှင့် ယှဉ်၏၊
ကာယနိဿယ ဖောဌဗ္ဗဘူတာနံ၊ ကာယဝိညာဉ်၏ မှီရာမဟာဘုတ်၊ ဖောဌဗ္ဗာရုံဟု ဆိုအပ်သော မဟာဘုတ်တို့၏ ဃဋ္ဋနာယတု၊ ထိခိုက်ခြင်းသည်ကား။ ဗလဝတ္တာ၊ အားကြီးသည်၏ အဖြစ်ကြောင့်၊ ကာယိကံ ဝိညာဏံ၊ ကာယပသာဒကို မှီသော ဝိညာဉ်သည်။ မဇ္ဈဝေဒနံ၊ ဥပေက္ခာဝေဒနာနှင့် ယှဉ်သည်။ နဟောတိ၊ မဖြစ်။
၁၄-အာဝဇ္ဇန်းစသည်၌ပါသော စေတနာသည် ကံမမည်ပုံကိုပြခြင်း
မေး။ ။ဝီထိသွားလမ်း၊ အာဝဇ္ဇန်းက၊ ဝုဋ္ဌောကျအောင်၊ ထိုမျှစိတ်မှာ၊ စေတနာသည်၊ အကျိုးပေးရာ ကံပင်လော။
ဖြေ။ ။ပဉ္စဒွါရဝီထိ၌ ပဉ္စဒွါရာဝဇ္ဇာန်းမှစ၍ ပဉ္စဝိညာဉ် သမ္ပဋ္ဋိစ္ဆိုင်း သန္တီရဏ ဝုဋ္ဌော ဤစိတ်တို့နှင့် ယှဉ်၍ပါသော စေတနာသည် သဟဇာတကံဖြစ်၍၊ မိမိနှင့်တကွဖြစ်သော သမ္ပယုတ်ခန္ဓာတို့ကိုသာ ပြုပြင်သည်၊ ဝိပါက်ကဋ္ဋတ္တာရုပ်ကို မဖြစ်စေတတ်။ ထို့ကြောင့် အကျိုးပေးရာ ကံ မဟုတ်ဟု ဖြေ။
ထို့ကြောင့် အဋ္ဌသာလိနီ၌ -
ကမ္မံ နာမေတံ ကိံ ကရောတီတိ အာယူဟတိ အဘိသင်္ခရောတိ ပိဏ္ဍံ ကရောတိ စေတေတိ ကပ္ပေတိ ပကပ္ပေတိ ဧဝံ သန္တေ ပဉ္စဝိညာဏစေတနာ ကိံ အာယူဟတိ ကိံ အဘိသင်္ခရောတိ ကိံ ပဏ္ဍံ ကရောတိ ကိံ စေတတိ ကိံ ကပ္ပေတိ ကိံ ပကပ္ပေတိ သဟဇာတဓမ္မေ သာပိဟိ သဟဇာတေ သမ္ပယုတ္တခန္ဓေ အာယူဟတိ အဘိသင်္ခရောတိ ပိဏ္ဍံ ကရောတိ စေတေတိ ကပ္ပေတိ ပကပ္ပေတိ။
ဟူ၍ မိန့်သည်။
ဣဒံ ကမ္မံ နာမ၊ ဤကံမည်သည်ကား။ ကိံ၊ အဘယ်ကို။ ကရောတိ၊ ပြုတတ်သနည်း။ ဣတိ၊ ဤသို့မေးသည်ရှိသော်။ အာယူဟတိ၊ အားထုတ်တတ်၏၊ အဘိသင်္ခရောတိ၊ ကပ်၍ ပြုပြင်တတ်၏၊ ပိဏ္ဍံ ကရောတိ၊ ပေါင်းခြင်းကို ပြုတတ်၏၊ စေတေတိ၊ စေ့ဆော်တတ်၏၊ ကပ္ပေတိ၊ စီရင်တတ်၏၊ ပကပ္ပေတိ၊ အပြားအားဖြင့် စီရင်တတ်၏၊ ဣတိ၊ ဤသို့ ဖြေရာ၏၊ ဧဝံ သန္တေ၊ ဤသို့ အားထုတ်တတ် ပြုပြင်တတ်သည်ရှိသော်။ ပဉ္စဝိညာဏစေတနာ၊ ပဉ္စဝိညာဉ်၌ ယှဉ်သော စေတနာသည်။ ကိံ၊ အဘယ်ကို။ အာယူဟတိ အားထုတ်သနည်း။ ကိံ၊ အဘယ်ကို။ အဘိသင်္ခရောတိ၊ ပြုပြင်တတ်သနည်း။ ကိံ၊ အဘယ်ကို။ ပိဏ္ဍံ ကရောတိ။ ပေါင်းခြင်းကို ပြုတတ်သနည်း။ ကိံ၊ အဘယ်ကို။ စေတေတိ၊ စေ့ဆော်တတ်သနည်း။ ကိံ၊ အဘယ်ကို ကပ္ပေတိ၊ စီရင်တတ်သနည်း။ ကိံ၊ အဘယ်ကို။ ပကပ္ပေတိ၊ ပြီးစေတတ်သနည်း။ သဟဇာတဓမ္မေ၊ မိမိနှင့် အတူတကွဖြစ်သော တရားတို့ကို။ အာယူဟတိ၊ အားထုတ်တတ်၏၊ ဟိ၊ သင့်စွ။ သာပိ၊ ထိုပဉ္စဝိညာဉ်၌ ယှဉ်သော စေတနာသည်လည်း။ သဟဇာတေ၊ မိမိနှင့် အတူတကွ ဖြစ်ကုန်သော။ သမ္ပယုတ္တခန္ဓေ၊ သမ္ပယုတ် ခန္ဓာတို့ကို။ အာယူဟတိ၊ အားထုတ်တတ်၏၊ အဘိသင်္ခရောတိ၊ ကပ်၍ ပြုပြင်တတ်၏၊ ပိဏ္ဍံ ကရောတိ၊ ပေါင်းခြင်းကို ပြုတတ်၏၊ စေတေတိ၊ စေ့ဆော်တတ်၏၊ ကပ္ပေတိ၊ စီရင်တတ်၏၊ ပကပ္ပေတိ၊ ပြီးစေတတ်၏၊ ဣတိ၊ ဤသို့ဖြေရ၏၊
သာပိ၌ အပိ သဒ္ဒါဖြင့် သမ္ပဋ္ဋိစ္ဆိုင်း, သန္တီရဏ ဝုဋ္ဌော၌ ယှဉ်သောစေတနာကို ပေါင်းသည်။
၁၅-ဟိတ်ကင်းသော ဟသိတုပ္ပါဒ်ဇော အမည်ရပုံကို ပြခြင်း
မေး။ ။ဟိတ်မရှိသည့်၊ ဟသိတုပ္ပါဒ်၊ ဒြဗ်ရောနှော၊ ဇောငါးဆယ့်ငါး၊ ထိုတရားမှာ၊ အပြားဘယ့်ကြောင့် ဝင်သနည်း။
ဖြေ။ ။ဟိတ်နှင့်ယှဉ်ခြင်းသည် ဇောမည်ခြင်း၏ အကြောင်းမဟုတ်၊ အာရုံကိုခံစားတတ်သော သတ္တိရှိခြင်းသည်သာလျှင် ဇောမည်ခြင်း၏ အကြောင်းဖြစ်သည်။ ထို့ကြောင့်ပင် ဟသိတုပ္ပါဒ်သည် ဟိတ်မရှိသော်လည်း အာရုံကို ခံစားတတ်သော အနုဘုဉ္စန သဘောရှိရကား ဇော ကိစ္စတပ်၏၊ ဇော၌ ဝင်၏ ဟူပေ။
၁၆-ဟသိတုပ္ပါဒ်ဟူသော နာမဝိသေသကိုပြခြင်း
မေး။ ။တဆယ့်သုံးရပ်၊ သောမနသ်တို့၊ ရယ်တတ်သည်သာ၊ ဖြစ်တုံပါလျက်၊ ကြိယာအဟိတ်၊ ဤစိတ်ကိုမှ၊ ဟသိတုပ္ပါဒ်၊ ပညတ်ဘယ့်ကြောင့်တင်သနည်း။
ဖြေ။ ။လောဘမူ သောမနဿဇော ၄-ခု၊ မဟာကုသိုလ် သောမနဿဇော၄-ခု၊ မဟာကြိယာ သောမနဿဇော ၄-ခုအားဖြင့် ၁၂-ပါးသော စိတ်တို့သည် ရယ်ရွှင်ခြင်းကို ဖြစ်စေတတ်သောကြောင့် ဟသိတုပ္ပါဒ် ခေါ်သင့်လျက် မခေါ်မူ၍ အဟိတ်ကြိယာစိတ်ကိုသာ ဟသိတုပ္ပါဒ်ဟု ခေါ်ခြင်းသည် ဤမှတပါးသော စိတ်တို့မှာ လောဘမူ မဟာကုသိုလ် မဟာကြိယာဟူ၍ အသီးရအပ်သော အမည်ထူး ရှိလေသောကြောင့် မခေါ်သည်ဟူပေ။ ပဋိလဒ္ဓဝိသေသနာမတ္တာ အသီးရအပ်သော အမည်ထူး ရှိလေသောကြောင့်တည်းဟူ၍ နျာသဆရာ ဟိတ်ခတ်၏၊
ကာမာဝရသောဘဏစိတ်
၁၇-မဟာကုသိုလ်ဟူသော နာမဝိသေကို ပြခြင်း
မေး။ ။ ကာမာဝစရ၊ ကုသလပင်၊ မဟာတွင်သည်၊ ဂုဏ်အင်ဘယ်သို့ ကြီးသနည်း။
ဖြေ။ ။ အရေအတွက် များသောကြောင့်၎င်း၊ သတ္တိအားဖြင့် ကြီးမြတ်သောကြောင့်၎င်း မဟာတွင်သည်ဟု ဖြေ။ ဘယ်သို့များသနည်းဟူမူကား -
ကမေန ပုညသတ္ထူဟိ ဂေါစရာဓိပတီဟိစ။
ကမ္မဟီနာဒိတော စေဝ ဂဏေယျ နယကေါဝိဒေါ -
ဟူသော ဋီကာနှင့်အညီ ဤကုသိုလ်စိတ် (၈)ပါးသည် ပုညကြိယ ဝတ္ထုဆယ်ပါးတို့ကြောင့် ဖြစ်ရကား -
- ဆယ်ခုဖြင့်မြှောက်(၈၀)ဖြစ်၏
- ထိုရှစ်ဆယ်ကို အာရုံ၆ပါးဖြင့် မြှောက်(၄၈၀)ဖြစ်၏
- ထိုလေးရာရှစ်ဆယ်ကို ထက်ဝက်ခွဲ တစ်စုသည် ဉာဏသမ္ပယုတ်အဖို့ တစုသည် ဉာဏဝိပ္ပယုတ်အဖို့ ဖြစ်၏၊
- ဉာဏသမ္ပယုတ် ၂၄၀-ကို အဓိပတိလေးပါးဖြင့် မြှောက် (၉၆၀) ဖြစ်၏
- ဉာဏဝိပ္ပယုတ် ၂၄၀-ကို ဝီမံသကြဉ်သော အဓိပတိ ၃-ပါးဖြင့် မြှောက် (၇၂၀) ဖြစ်၏
- နှစ်စုကိုရော၁၆၈၀ဖြစ်၏
- ထို ၁၆၈၀ ကို ဟီန မဇ္ဈိမ ပဏီတ ၃ပါးနှင့်မြှောက် ၅၀၄၀ ဖြစ်၏
- ထို၅၀၄၀ ကို ကာလ ၃ပါးနှင့်မြှောက်၁၅၁၂၀ဖြစ်၏
- သန္တာန် ၂-ပါး ဘုံ ၃၀ ပုဂ္ဂိုလ် ၁၂-အားဖြင့် မြှောက်ပွားသော် မရေတွက်နိုင်အောင် များ၏
ဤသို့ အရေအတွက်အားဖြင့် များသောကြောင့်လည်း မဟာတွင်သည်။
အဘယ်သို့ သတ္တိအားဖြင့် ကြီးမြတ်သနည်းဟူမူကား ဤကာမာဝစရ ကုသိုလ်စိတ် ၈ပါးသည် လောကီစျာန် ၉-ရပ်တို့၏ အခြေခံ ပရိကံ ဥပစာ အနုလုံ ဂေါတြဘူ အားဖြင့်လည်း ဖြစ်သည်။ လောကုတ္တရာ ဖြစ်သော မဂ်၄-ပါး ဖိုလ် ၃-ပါးတို့၏ အခြေခံလည်းဖြစ်သည်။ သမာပတ် ရှစ်ပါး အဘိညာဉ် ၇-ပါး တို့၏ အခြေခံလည်း ဖြစ်သည်။ ဤသို့ သတ္တိအားဖြင့် ကြီးမြတ်သောကြောင့်လည်း မဟာတွင်သည်ဟု ဖြေ။ ။ ဤ၌ မဟန္တ သဒ္ဒါသည် များသောအနက် ကြီးမြတ်သောအနက်ကို ဟော၏၊
ဤမဟာကုသိုလ်စိတ်သည် အရေအတွက်အားဖြင့် များသော်လည်း သတ္တဝါတို့၏ သန္တာန်၌ ဖြစ်ခြင်းကား ကာလအားဖြင့် အလွန်နည်း၏ဟု ပြလိုသော အဋ္ဌကထာ ဆရာသည်-
ယော ပနေတဿ ကုသလစိတ္တဿ ပဝတ္တိ ကာလော နာမ ဟောတိ၊ သော အတိပရိတ္တော ယာ စဿ အတိပရိတ္တတာ ယထာ စ ဘိက္ခဝေ တဿ ပုရိသဿ ဇဝေါ၊ ယထာစ စန္ဒိမသူရိယာနံ ဇဝေါ၊ ယထာ စ ယာ ဒေဝတာ စန္ဒိမသူရိယာနံ ပုရတော ဓာဝန္တိ တာသံ ဒေဝတာနံ ဇဝေါ၊ တတော သိင်္ဃတရာ အာယုသင်္ခါရာ ခိယျန္တိ-
အစရှိသည်ဖြင့် ဟောတော်မူသည်။
ပိဏ္ဍိတဖြစ်သော အဓိပ္ပါယ်ကား ဤမဟာကုသိုလ် စိတ်တို့သည် သတ္တဝါတို့၏ သန္တာန်၌ဖြစ်သော ကာလကား အလွန်နည်း၏ နည်းဟန်ကိုလည်း ဤသို့သော ဥပမာဖြင့် သိအပ်၏၊။ရှေ့မြားကို နောက်မြားဖြင့် မှန်အောင် ပစ်နိုင်သော လေးသမားကြီး လေးဦးတို့သည် တခုသောမဏ္ဍိုင်ကို မှီကာထိုင်ပြီးလျှင် တပြိုင်တည်း အရပ်လေးမျက်နှာသို့ ပစ်လွှတ်အပ်သောမြားကို မြေသို့မရောက်စေပဲ ကောက်ယူနိုင်သော ဇဝန ဟင်္သာမင်း၏ လျင်ခြင်းအဟုန်သည်ရှိ၏၊
ထိုအဟုန်ထက်လည်း တနေ့၌ယူဇနာ ၃သန်း တနာရီ၌ ယူဇနာ ၅သောင်းရောက်အောင် သွားနိုင်သော နေ လ တို့၏ အဟုန်သည် လျင်မြန်၏၊
ထိုအဟုန်ထက်လည်း နေ လ ဗိမာန်တို့၏ ရှေ့၌ ပြေးသွားသော နတ်သားတို့၏ အဟုန်သည် လျင်မြန်၏၊ ထို့ထက်လည်း ရုပ်ဇီဝိတိန္ဒြေဟု ဆိုအပ်သော အာယု သင်္ခါရ၏ ချုပ်ခြင်းသည် လျှင်မြန်သည်။
ထို၁၆-ချက်တွင် ကုသိုလ်စိတ်သည် ၇-ချက်မျှသာ ဖြစ်သောကြောင့် အလွန် နည်းလှရကား ဥပမာအားဖြင့် ပြဖွယ်ရာ မရှိချေ။ ထို့ကြောင့် ဘုရားသခင်သည် –
ယာဝဉ္စိဒံ ဘိက္ခဝေ ဥပမာပိ န သုကရာ ယာဝ လဟုပရိဝတ္တံ စိတ္တံ ဟူ၍ ဟောတော်မူသည်။
ဘိက္ခဝေ=ရဟန်းတို့၊ ယာဝ=အကြင်မျှလောက် ဣဒံ စိတ္တံ=ဤစိတ်သည်။ လဟုပရိဝတ္တံ=လျှင်သော ဖြစ်ခြင်းရှိ၏။ ယာဝဉ္စ=အကြင်မျှလောက်လျှင် ဥပမာပိ=နှိုင်းယှဉ်စရာ ဥပမာကိုလည်း ကာတုံ=ပြုခြင်းငှာ။ န သုကရာ=မလွယ်။
ဤစကားရပ်တို့ဖြစ် ကုသိုလ်စိတ်တို့၏ ကာလနည်းသော အဖြစ်ကို ပြတော်မူသည်။ ယင်းသို့ နည်းလှသောကြောင့် လျှပ်ရောင်ဖြင့် ပုလဲလုံးကို သီရဘိသကဲ့သို့ ဤကုသိုလ်စိတ် ဖြစ်သည်ကို သိခြင်းငှာ ခဲယဉ်းရကား အကြိမ်များစွာ ဖြစ်စိမ့်သောငှာ သူတော်ကောင်း တကာတို့သည် အားထုတ်ရာ၏ ဟူ၍ ဩဝါဒ ပေးတော်မူသည်။
၁၈-တိဟိတ် ပဋိသန္ဓေ ၁၃-ပါးမှာ အဘယ်စိတ်များ မြတ်သနည်း
မေး။ ။ သန္ခေတည်စိတ် တိဟိတ် အပြား၊ ၁၃ပါးတွင် တုမမြင်အောင် ဘယ်စိတ်သာလျှင် မြတ်သနည်း။
ဖြေ။ ။ မဟာဝိပါက် စိတ်သာလျှင် မြတ်၏ဟူပေ။
အဘယ်ကြောင့်နည်းဟူမူ ဘုရား ပစ္စေကာဗုဒ္ဓါ အဂ္ဂသာဝက မဟာသာဝက ဖြစ်သော ပုဂ္ဂိုလ်မြတ်တို့သည် ဤမဟာဝိပါက်စိတ် ဉာဏသမ္ပယုတ် ၄-ခုတို့တွင် တခုခုဖြင့်သာ ပဋိသန္ဓေ နေကုန်သည် ဘဝင် သက်ကုန်သည် စုတိကျကုန်သည် ဖြစ်သောကြောင့်တည်း
ထို့ကြောင့် အဋ္ဌသာလိနီ၌
အယဥှိ ဝိပါကစိတ္တံ ဗုဒ္ဓပစ္စေက ဗုဒ္ဓါဒီနံ အဂ္ဂပုဂ္ဂလာနံ ပဋိသန္မိဘဝင်္ဂ စုတိတဒါရမ္မဏဘူတတ္တာ စ မဟန္တံ -
ဟူ၍ မိန့်သည်။
၁၉-ဉာဏ်အပြား ဖြစ်ပုံကိုပြခြင်း
မေး။ ။ ဝေဒနာအပြား ၂-ပါး ဉာဏ်အပြား ၄၀-ပါး၊ သင်္ခါရအပြား ၈-ပါး ဟူရာ၌ ဝေဒနာမှာ သောမနဿ ဥပေက္ခာ ပြားသောကြောင့် အပြားရှိတန်စေ၊ ဉာဏ်ဟူသည်မှာ ပညိန္ဒြေတပါးတည်း ဖြစ်သောကြောင့် ဘယ်သို့ ပြားနိုင်အံ့နည်း။
ဖြေ။ ။ ဉာဏသင်္ခါရာနံ ဘာဝါဘာဝကတောပိ ဘေဒေါ ဉာဏသင်္ခါရကတောဝ။ဋီကာ။
ဉာဏ် သင်္ခါရတို့၏ ရှိ-မရှိသောအားဖြင့် ပြုအပ်သော အပြားသည်ပင်လျှင် ဉာဏ်၏အပြား သင်္ခါရ၏အပြားမည်၏ ဟူပေ။
ဘယ်ကဲ့သို့နည်းဟူမူ ဝပြောခြင်းကို၎င်း၊ မွတ်သိပ်ခြင်းကို၎င်း မိုးသည်ပြုသကဲ့သို့တည်း။ ဉာဏ်ယှဉ်ခြင်း မယှဉ်ခြင်း တည်းဟူသော ဂုဏ်ပြားသည်ကို ဂုဏေဖြစ်သော ဉာဏ်ဒြဗ်၌ တင်စား၍ ဂုဏူပစာအားဖြင့် ဉာဏ်အပြားဆိုသည်ဟူလို။
၂၀-စျာန်ဝင်စားရာ အစစွာ ဘယ်စျာန်ပါလေနည်း
မေး။ ။မဟဂ္ဂုတ်ဝိပါက်၊ စဉ်ဆက်သန္ဓေ၊ ထိုက်ရာနေသော်၊ ဘယ်စျာန်အခြေထသနည်း။
ဖြေ။ ။ ပထမစျာန် သုံးဘုံ၌ ပထမစျာန်ဝိပါက်စိတ်ဖြင့် ပဋိသန္ဓေနေသည်။ ဒုတိယစျာန် သုံးဘုံ၌ ဒုတိယစျာန်ဝိပါက်စိတ်နှစ်ပါးတွင် တပါးပါးဖြင့် ပဋိသန္ဓေ နေသည်။ စတုတ္ထစျာန် ၆-ဘုံ၌ ပဉ္စမစျာန် ဝိပါက်စိတ်ဖြင့် ပဋိသန္ဓေ နေသည်။ ယင်းသို့ ဘုံအားလျော်စွာ ပဋိသန္ဓေ နေကြသော်လည်းရူပါဗြဟ္မာ ဟူသမျှသည် ပဝတ္တိကာလ၌ အင်္ဂါငါးပါးရှိသော ပထမစျာန်ကို အခြေပြု၍သာ စီးဖြန်းရသည်။ ဝင်စားရသည်။ ထို့ကြောင့် ပဉ္စင်္ဂိကစျာန်ကို ပထမစျာန်ဟုခေါ်သည်။ ထိုအနက်ကို ပြခြင်းငှာ ဋိကာကျော်၌-
ပထမဉ္စ ဒေသနက္ကမတော စေဝ ဥပ္ပတ္တိက္ကမတော စ အာဒိဘူတတ္တာ တ့ စျာနဉ္စ အာရမ္မဏူပနိဇ္ဈာနတော ပစ္စနိကစျာပနတော စာတိ ပထမစျာနံ-
ဟူ၍ မိန့်သည်။
ဒေသနက္ကမတော စေဝ=ဒေသနာစဉ်အားဖြင့်၎င်း။ ဥပ္ပတ္တိက္ကမတော စ=သတ္တဝါသန္တာန်၌ ဖြစ်စဉ်အားဖြင့်၎င်း။ အာဒိဘူတတ္တာ=အစဖြစ်သည်၏ အဖြစ်ကြောင့်။ ပထမဉ္စ=ရှေးဦးသည်လည်း။ ဟောတိ=ဖြစ်၏၊ အာရမ္မဏူပနဇ္ဈာနတော စ=ကသိုဏ်းစသော အာရုံကို ကပ်၍ရှုတတ်သောကြောင့်၎င်း။ ပစ္စနိကစျာပနတော စ=ဆန့်ကျင်ဘက်ဖြစ်သော နီဝရဏတရားတို့ကို ဖုတ်ကြည်းတတ်သောကြောင့်၎င်း။ စျာနဉ္စ=စျာန်သည်လည်း။ ဟောတိ=ဖြစ်၏၊ ဣတိ=ထို့ကြောင့်။ ပထမစျာနံ=မထမစျာန် မည်၏၊
၂၁-ပဉ္စမစျာန်သန္ဓေနေသော ဗြဟ္မာတို့မှာ အဘိညာဉ်ရဖို့ အားထုတ်ရသေးသလော
မေး။ ။ ပဉ္စမစျာန်၊ ဧကန်သန္ဓေ၊ နေသူတို့မှာ အဘိညာဉ်ငါးပါး၊ ထိုတရားကို အသစ်ပွားရဦးအံ့လော။
ဖြေ။ ။ ပဉ္စမစျာန် ပဋိသန္ဓေနေသော ဗြဟ္မာဖြစ်သော်လည်း အဘိညာဉ်ငါးပါးကို အသစ်ပွားမှပင် ရသည်။ အဘယ်ကြောင့်နည်းဟူမူ ပဉ္စမစျာန် ပဋိသန္ဓေကား ဝိပါက်တရား အဘိညာဉ်ကား ကုသိုလ် ကြိယာ တရား ဖြစ်သည်။ ထို့ကြောင့်ပွားရ၏ ဟူပေ။
ပဉ္စမစျာန်ဝိပါက်သည် ရှေးရှေးသော အဘိညာဉ်ကုသိုလ်၏ အကျိုးမဟုတ်လော ဟူငြားအံ့။ အဘိညာဉ်၏ အကျိုးမဟုတ်၊ အဘိညာဉ်ကား ဝိပါက်ကဋတ ပဉ္စမစျာန်ကသာလျှင် နာနာက္ခာဏိကကမ္မပစ္စည်း တပ်သည်ဖြစ်၍ ဝိပါက်ကဋတ္တာရုပ်ကို ဖြစ်စေ၏ ဟူပေ။
၂၂-ပဉ္စမစျာန်နှစ်ပါး ထူးခြားပုံကို ပြခြင်း
မေး။ ။ သက်သက်သာ ပဉ္စမစျာန်နှင့် အဘိညာဉ်ကိစ္စ တပ်သော ပဉ္စမစျာန်သည် အဘယ်သို့ ထူးကြသနည်း။
ဖြေ။ ။ သက်သက်သော ပဉ္စမစျာန်မှာ ကသိုဏ်းဆယ်ပါး အာနာပါနဿတိ ဥပေက္ခာ ဗြဟ္မာဝိဟာရ အားဖြင့် ၁၂-ပါးသော ပညတ်ကို အာရုံပြု၍ ဖြစ်သည်။ အဘိညာဉ် ကိစ္စတပ်သော ပဉ္စမစျာန်နှစ်ခုတွင် ကုသိုလ်မှာ အရဟတ္တမဂ် အရဟတ္တဖိုလ် ကြဉ်သော အလုံးစုံသောတရားကို အာရုံပြုသည်။ကြိယာမှာ အလုံးစုံသောတရားကို အာရုံပြုသည်။ ။ဤသို့ထူးကြ၏ဟူပေ။
၂၃-မဟဂ္ဂုတ်ချင်း တူသော်လည်း အာရုံမတူပုံကို ပြခြင်း
မေး။ ။ ရူပ အရူပ၊ စိတ်နှစ်ဝကို၊ တကွချုပ်၍၊ မဟဂ္ဂုတ်အမည်၊ ဆိုပြီး သည်မှ၊ ဆစိတ္တာနိ မဟဂ္ဂတေ၊ အနေဘယ့်ကြောင့်ထူးသနည်း။
ဖြေ။ ။ ရူပ အရူပစိတ်ကို မဟဂ္ဂုတ်ခေါ်သည်မှာ မဟန္တေဟိ စျာနလာဘီဟိ ဂတာ မဟဂ္ဂတာ ဟူသော ဝစနတ္ထနှင့်အညီ မြတ်ကုန်သော စျာနလာဘီ ပုဂ္ဂိုလ်တို့သည် ရောက်အပ်သော တရားဖြစ်သောကြောင့်၎င်း၊ မဟတ္တံ ဂတာနိ မဟဂ္ဂတာနိ ဟူသော ဝစနတ္ထနှင့်အညီ မြတ်သောအဖြစ်သို့ ရောက်သောကြောင့်၎င်း မဟဂ္ဂုတ် ခေါ်သည်။
ဆစိတ္တာနိ မဟဂ္ဂတေ၏အရသာကား ဝိညာဏဉ္စာယတန စိတ် ၃-ခု၊ နေဝသညာနာ သညာယတနစိတ် ၃-ခု၊ ဤ၆-ခုသောတရားတို့သည် မိမိကိုလည်း မဟဂ္ဂုတ်မည်သည်၊ အာရုံလည်း မဟဂ္ဂုတ်စိတ်ကိုပင် အာရုံပြုသည်၊ ကြွင်းသော၂၁-ပါးသောစိတ်တို့မှာ မိမိကား မဟဂ္ဂုတ်မည်၏၊ အာရုံပြုသောအခါကသိုဏ်းစသော ပညတ်ကို အာရုံပြုသည်။ မဟဂ္ဂုတ်တရားကို အာရုံမပြု။ ။ဤသို့ ထူးကြ၏ဟု ဖြေ။
၂၄-နေဝသညာနာသညာ၏ ဝိသေသကိုပြခြင်း
မေး။ ။နေဝသညာနာသညာယတန၊ စိတ်အရသည်၊ အရူပမှာ၊ ခြင်းရာ ဘယ်သို့ ထူးသနည်း။
ဖြေ။ ။သညာဝ ဝိပဿနာယ ဂေါစရဘာဝံ ဂန္တွာ နိဗ္ဗေဒဇနနသင်္ခါတဿ ပဋုသညာကိစ္စဿ အဘာဝတော နေဝသညာ စ ဥဏှောဒကေ တေဇောဓာတုဝိယ သင်္ခါရာဝသေသုခုမဘာဝေနဝိဇ္ဇမာနတ္တာန အသညာတိ နေဝသညာနာသညာ သာ ဧဝ အာယတနံဣမဿ သသမ္ပယုတ္တဓမ္မဿစျာနဿ နိဿယာဒိဘာဝတောတိ နေဝသညာနာသညာယတနံ သညာဝသေနစေတ္တ စျာနုပလက္ခဏံ နိဒဿနမတ္တံ။ ဝေဒနာဒယောပိ ဟိ တသိံ စျာနေ နေဝဝေဒနာနာဝေဒနာဒိကာယေဝါတိ-ဟူသော ဋီကာကျော်ဖြင့် ဖြေ။
အနက်ကား
သညာဝ=သညာသည်သာလျှင်။ ဝိပဿယ=ဝိပဿနာဉာဏ်၏၊ ဂေါစရဘာဝံ=အာရုံ၏အဖြစ်ကို။ ဂန္တွာ=ရောက်၍။ နိဗ္ဗေဒဇနနသင်္ခါတဿ=ငြီးငွေ့ခြင်းကို ဖြစ်စေတတ်သည်ဟု ဆိုအပ်သော။ ပဋုသညာကိစ္စဿ=ထင်ရှားသော သညာကိစ္စ၏၊ အဘာမရှိသည်လည်း။ ဟောတိ=ဖြစ်၏၊ ဥဏှောဒကေ=ရေနွေး၌။ တေဇောဓာတု ဝိယ=ရှိသောတေဇောဓာတ်ကဲ့သို့။ သင်္ခါရာဝသေသသုခုမ-ဘာဝေန=သင်္ခါရတို့မှ ကြွင်းသော သိမ်မွေ့သောအဖြစ်ဖြင့်။ ဝိဇ္ဇမာနတ္တာ=ရှိသေးသည်၏အဖြစ်ကြောင့်။ န အသညာ စ=သညာမရှိမဟုတ်သည်လည်း။ ဟောတိ=ဖြစ်၏၊ ဣတိတသ္မာ=ထိုသို့ထင်သော သညာလည်းမရှိသည်လည်းမဟုတ်သော သတ္တိကြောင့်။ နေဝသညာ နာသညာ=နေဝသညာနာသညမည်ဒ၏၊ သာ ဧဝ=ထိုနေဝသညာနာသညာသည်သာလျှင်။ သသမ္ပယုတ္တဓမ္မဿ=သမ္ပယုတ်တရားနှင့် တကွဖြစ်သော။ ဣမဿ စျာနဿ=ဤစျာန်၏၊ နိဿယာဒိဘာဝတော=မှီရာစသည်၏အဖြစ်ကြောင့်။ အာယတနံ=တည်ရာတည်း။ ဣတိ=ထို့ကြောင့်။ နေဝသညာသညာယတနံ=နေဝသညာ နာသညာယတနမည်၏၊ စအထူးကိုဆိုဦးအံ့။ဧတ္ထ=ဤစျာန်၌။ သညာဝသေန=သညာ၏ အစွမ်းဖြင့်။ ဇာနုပလက္ခဏံ=စျာန်ကိုမှတ်ခြင်းသည်။ နိဒဿနမတ္တ္တံ=နိဒဿနနည်းမျှသာတည်း။ဟိ=သင့်စွ။တသ္မံ စျာနေ=ထိုစျာန်၌။ ဝေဒနာဒယောပိ=ဝေဒနာ အစရှိသည်တို့သည်လည်း။ နေဝ ဝေဒနာ နာဝေဒနာဒိကာယေဝ=နေဝဝေဒနာနာဝေဒနာ တို့ချည်းတည်း။
အဓိပ္ပါယ်အကျဉ်းကား။ ။ပူလောင်တတ် ထက်မြက်တတ်သော သတ္တိ ရှိသောကြောင့်တေဇောဟုသမုတ်အပ်သော်လည်း နွေးရုံမျှသော ရေ၌ရှိသော တေဇောသည် ပူလောင်ခြင်းသဘောမရှိ၊ မအေးသောကြောင့် ပူသောသဘောမှ ကင်းသည်လည်း မဟုတ်သကဲ့သို့ ဤစိတ်ကို၎င်း၊ စိတ်၌ယှဉ်သော ဝေဒနာသညာ ဖဿ စသောတရားတို့ကို ၎င်း၊ လက္ခဏာရေးသို့တင်၍ သုံးသပ်ခြင်းဌါ ထင်သော ဝိဇာနန ကိစ္စယ ဝေဒိယနကိစ္စယ သဉ္ဇာနန ကိစ္စလည်းမရှိ၊ ထိုတရားတို့ ပျောက်ပျက်ကုန်ခမ်းသည်လည်း မဟုတ်၊ ရှိသည်ဟုဆိုရရုံမျှသာ ဖြစ်သည်။
ထို့ကြောင့် ထိုစျာန်၌-
- စိတ်လည်း-နေဝစိတ္တာ နာစိတ္တ မည်သည်။
- ဝေဒနာလည်း-နေဝဝေဒနာ နာဝေဒန မည်သည်။
- သညာသည်လည်း-နေဝသညာ နာသညမည်သည်။
ယင်းသို့ မည်သော်လည်း၊ နိဒဿန နည်းအားဖြင့် သညာကို အရင်းထား၍ ဆိုသည် ဟူလိုသောဝ်။
၂၅-အရူပစိတ် ၄ပါး ပြားပုံကိုပြခြင်း
မေး။ ။ဥပေက္ခာ, ဧကဂ္ဂတာ၊ အင်္ဂါအားဖြင့်၊ နှစ်ပါးချင်းသာ၊ တူကြပါလျက်၊ စိတ်မှာ ၄-ပါး၊ ဘယ်အကြောင်းဖြင့် ပြားသနည်း။
ဖြေ။ ။သုပ္ပဏီတတရာ ဟောန္တိ၊ ပစ္ဆိမာ ပစ္ဆိမာ ဣဓ။
ဥပမာ တတ္တ ဝိညေယျာ၊ ပါသာဒတလသာဋိကာ-
ဟူသော ဂါထာနှင့် ညီစွာ ရှေးစိတ်ထက် နောက်နောက်စိတ် သိမ်မွေ့သည်၏ အစွမ်းဖြင့်ပြား၏၊
ဥပမာကား။ ။ဘုံလေးဆင့်ရှိသော ပြာသာဒ်၌ ပထမဘုံတွင်ရှိသော ကာမဂုဏ် တို့ထက် ဒုတိယ ဘုံစသည်၌ရှိသော ကာမဂုဏ်တို့သည် သိမ်မွေ့သကဲ့သို့ တဆင့်ထက် တဆင့် သိမ်မွေ့လေသည်။ မစင်တော၌ရှိသော မဏ္ဍပ်တွင် အဆင့်ဆင့်ဆွဲကာ တည်သော လူလေးဦးကဲ့သို့ တဆင့်ထက်တဆင့် ကသိုဏ်းရုပ်နှင့် ဝေးကွာသော ဥပမာကိုလည်း အဋ္ဌကထာ၌ ပြတော်မူသည်။
၂၆-လောကုတ္တရာစိတ်မှာ ကြိယာကင်းပုံကို ပြခြင်း
မေး။ ။လောကုတ္တရာ၊ စိတ်သင်္ချာတွင်၊ ကြိယာဘယ့်ကြောင့် ကင်းသနည်း။
ဖြေ။ ။မဂ္ဂဿ ဧကစိတ္တက္ခဏိကတ္တာ-ဟူသော ဋီကာယ ဟိတ်နှင့်အညီ မဂ်စိတ်သည် တကြိမ်သာ ဖြစ်သောကြောင့် ကြိယာ ကင်း၏ဟူပေ။ မဂ်စိတ် တကြိမ် ဖြစ်ခြင်းတည်းဟူသော အကြောင်းနှင့် ကြိယာကင်းခြင်းတည်းဟူသော အကျိုးသည် မလျော်ကံ တကား ဟူငြားအံ့၊ လျော်ကံ၏ ဟူပေ။ ဘယ်သို့ လျော်သနည်းဟူမူ ကြိယာ စိတ်ဟူသည်ကား ကရဏမတ္တမေဝ ကိရိယ ဟူသည်နှင့်အညီ ပြုကာမျှသာ ဖြစ်၍ အကျိုးမပေးတတ်သော ကုသိုလ်ကို ကြိယာခေါ်သည်။ သဘောအားဖြင့် အနဝဇ္ဇ ဖြစ်၍ ကုသိုလ်သဘောပင် ဖြစ်သည်။ လောကုတ္တရာစိတ်၌ မဂ်တည်းဟူသော ကုသိုလ်မှာလည်း တကြိမ်သာဖြစ်ရကားထိုသဘောရှိသောကြိယာစိတ်မဖြစ်နိုင်ပြီ။ ထို့ကြောင့် ကြိယာကင်း၏ ဟူပေ။ အဝိပါကသဘာဝတ္တာ ကုသလမေဝ ကြိယာနာမ။ အဘိဓမ္မာတ္ထသင်္ဂဟ ဒီပနီ။
၂၇-ပါဒက စသော စျာန်တို့နှင့် တူဟန်ကို ပြခြင်း
မေး။ ။မဂ်ဝီထိမှာ ပါဒကစျာန်၊ သမသိတစျာန်၊ ပုဂ္ဂလဇ္ဈာသယစျာန် ၃-ခုတွင် တခုခုနှင့်တူ၏ ဟူသော် တူဟန် ဘယ်သို့ ဖြစ်သနည်း။
ဖြေ။ ။မဟဂ္ဂုတ်စျာန်ကို ရပြီးသော ပုဂ္ဂိုလ်သည် မဂ်ကိုရလိုသော် မိမိရအပ်သော စျာန်ငါးပါးတွင် တပါးပါးသော ဝင်စားပြီး၍ အခြားသော သင်္ခါရတရားတို့ကို လက္ခာဏာရေးအားဖြင့် သုံးသပ်၍ ဝုဋ္ဌာနဂါမိနိဝိပဿနာဇော၊ ထို့နောက် မဂ်စိတ်သည်ဖြစ်၏၊ ထိုပုဂ္ဂိုလ်အား ရှေးဝင်စားသောစျာန်သည် ဝိပဿနာ၏ အခြေခံ ဖြစ်သောကြောင့် ပါဒကစျာန် မည်၏၊ ရသောမဂ်သည် ထိုစျာန်နှင့် အင်္ဂါအားဖြင့် တူ၏၊
အကြင်စျာနလာဘီပုဂ္ဂိုလ်သည် မဂ်ကို ရလိုသော် မိမိရသော စျာန်ငါးပါးတို့တွင် တပါးပါးကို ဝင်စား၍ ထိုမှအထက်ဖြစ်သော စျာန်ကို လက္ခဏာရေးအားဖြင့် သုံးသပ်၍ မိမိလိုအပ်သော စျာန်နှင့် တူစွာသောမဂ်ကိုရအံ့။ ထိုမဂ်သည် ပုဂ္ဂိုလ်၏ အလိုအားလျော်စွာ ဖြစ်သောကြောင့် ပုဂ္ဂလဇ္ဈာသယ မည်၏၊ ဤ၌ ဝင်စားသောအခါ ပထမစျာန်ကို ဝင်စား၍ ဒုတိယစျာန်ကို သုံးသပ်အံ့။ ပုဂ္ဂိုလ်ကလည်း ဝင်စားရင်း စျာန်နှင့်တူသော မဂ်ကိုရလိုအံ့။ ပထမစျာန်နှင့်တူသော ပဉ္စင်္ဂီကမဂ်သည်ဖြစ်၏၊ သုံးသပ်ရင်း ဒုတိယစျာန်နှင့်တူသော မဂ်ကို ရလိုအံ့ ဒုတိယစျာန်နှင့်တူသော စတုရင်္ဂီကမဂ်သည် ဖြစ်၏၊ ဘယ်စျာန်ဟု မမှတ်မူ၍ စီးဖြန်းအံ့ အထက်စျာန်နှင့် အင်္ဂါတူသော မဂ်သည်ဖြစ်၏၊ ဤကား ပုဂ္ဂလဇ္ဈာသယ အားဖြင့် ဖြစ်ခြင်းတည်း။
၂၈-သုက္ခဝိပဿက ပုဂ္ဂိုလ်တို့ရသော မဂ်ကိုပြခြင်း
မေး။ ။စျာန်ရပြီးသော ပုဂ္ဂိုလ်၏မဂ်မှာ စျာန်အင်္ဂါ ငါပါးဖြင့် ဖြစ်တန်စေ၊ စျာန်မရသော သုက္ခဝိပဿက ပုဂ္ဂိုလ်တို့ မဂ်ကိုရသော် အဘယ်အင်္ဂါဖြင့် ဖြစ်ပါအံ့နည်း။
ဖြေ။ ။စျာန်မရသော သုက္ခဝိဿက ပုဂ္ဂိုတို့အား ဝိပဿနာ နိယမအားဖြင့် ပဉ္စင်္ဂီက ပထမ မဂ်သာလျှင် ဖြစ်၏ဟူပေ။
ဆောင်ပုဒ်။ ။စျာန်ရှိ ပုဂ္ဂိုလ်၊ မဂ်ရလိုသော၊ ထိုစျာန်အများ၊ တပါးပါးကို၊ ဝင်စားပြီးမှ၊ ပကိဏ္ဏက၊ သင်္ခါရကို၊ တိကလက္ခဏာ၊ သုံးသပ်ကာနှင့်၊ ဝုဋ္ဌာနဂါမိ၊ ဝိပဿနာတကွ၊ မဂ်ကိုရမူ၊ ရသောမဂ်သည်၊ အထက်ခြေခံ၊ ဝင်သောစျာန်နှင့်၊ အင်္ဂံတူမြဲ မချွတ်တည်း။
စျာနလာဘီ၊ ထိုယောဂီသည်၊ မိမိရချင်၊ စျာန်ကိုပင်လျှင်၊ သုံးအင် လက္ခဏာ၊ တင်ကာသုံးသပ်၊ မဂ်ရလတ်သော်၊ သုံးသပ်ခဲ့ရာ၊ စျာန်အင်္ဂါနှင့်၊ တူလာစမြဲ မချွတ်တည်း။
အောက်စျာန်အားကို၊ ဝင်စားပြီးလတ်၊ ထက်စျာန်ရပ်မှာ၊ သုံးသပ်ခါနှင့်၊ ဝိပဿနာဝုဋ္ဌ၊ မဂ်ကိုရသော်၊ ပုဂ္ဂလအဇ္ဈာ၊ အောက်စျာန်မှာလျှင်၊ တူလိုချင်က၊ အောက်တွင်တူလတ်၊ ထက်စျာန်ရပ်မှာ၊ တူလိုပါလည်း၊ ထက်မှာတူမြဲ၊ ထိုခပဲကား၊ ခေါ်မြဲပုဂ္ဂလဇ္ဈာသယတည်း။ (ဤလင်္ကာကို အာဂုံဆောင်)
၂၉-မဂ်လေးပါးတို့ ကိလေသာ ပယ်ပုံကိုပြခြင်း
မေး။ ။လောကုတ္တရာ၊ စိတ်မှာရှစ်ခု၊ ညစ်ကျုကိလေ၊ သာကို ချွေသည်၊ ဘယ်စိတ်အစွမ်း ပေသည့်နည်း။
ဖြေ။ ။မဂ်စိတ်လေးခု၏ မစွမ်းဖြစ်သည်ဟူပေ။ အဘယ်သို့ ကိလေသာကို ချွေသနည်းဟူမူကား၊ သောတာပတ္တိမဂ်ဖြင့် ဒိဠိဂတသမ္ပယုတ်စိတ် ၄-ခု၊ ဝိစိကိစ္ဆ သဟဂုတ်စိတ်တခု၊ ဤငါးခုသော ကိလေသာတို့ကို အကြွင်းမဲ့ ပယ်သည်။ အပါယဂမနိယ ဖြစ်သော ဒိဠဂတဝိပ္ပယုတ် ၄-ခု ဒေါသမူဒွေဤကိလေသာ ၆-ပါးကို တနုကရယ အားဖြင့် ပယ်သည်။
သကဒါဂါမိ မဂ်ဖြင့် အပါယဂမနိယ မဖြစ်သော ဒေါသမူဒွေကိုလျှင် တနုကရ အားဖြင့် ပယ်ပြန်သည်။
အနာဂါမိ မဂ်ဖြင့် အပါယဂမနိယ မဖြစ်သော ဒေါသမူဒွေကိုလျှင် တနုကရ အားဖြင့် ပယ်ပြန်သည်။
အနာဂါမိ မဂ်ဖြင့် ကာမရာဂနှင့် သမ္ပယုတ်ဖြစ်သော ဒိဠိဂတဝိပ္ပယုတ် ၄-ခု ဒေါသမူဒွေးတို့ကို အကြွင်းမဲ့ ပယ်သည်။
အရဟတ္တမဂ် ဖြင့် ရူပရာဂ, အရူပရာဂနှင့် သမ္ပယုတ်ဖြစ်သော ဒိဠိဂတ ဝိပ္ပယုတ် ၄-ခု ဥဒ္ဓစ္စ သဟဂုတ် တခု ဤငါးခုသော ကိလေသာတို့ကို အကြွင်းမဲ့ ပယ်သည်ဟု ဖြေ။
ဤကား ဒဿနတိက် အရကောက်လို။
သင်္ဂြိုလ်ဆရာကမူကား-
သောတာပတ္တိမဂ္ဂံ ဘာဝေတွာ ဒိဠိဝိစိကိစ္ဆာ ပဟာနေန ပဟီနာ ပါယဂမနော သတ္တက္ခတ္တုပရမော သောတာပန္နော နာမဟောတိ။
သကဒါဂါမိမဂ္ဂံ ဘာဝေတွာ ရာဂဒေါသမောဟာနံ တနကရတ္တာ သကဒါဂါမီ နာမ ဟောတိ။ သကိဒေဝ ဣမံလောကံ အာဂန္တွာ။
အနာဂါမိမဂ္ဂံ ဘာဝေတွာ ကာမရာဂဗျာပါဒါနံ အနဝသေသပ္ပဟာနေန အနာဂါမီနာမဟောတိ။ မနာဂနန္တွာ ဣတ္ထတ္ထံ။
အရဟတ္တမဂ္ဂံ ဘာဝေတွာ အနုဝသေသကိလေသပ္ပဟာနေန အရဟာ နာမ ဟောတိ။ခီဏာသဝေါ လောကေ အဂ္ဂဒက္ခဏေယျော-ဟူ၍ဆိုသည်။ အဓိပ္ပါယ်မှာ ရှေးမာတိကာအတိုင်း ယူလေ။
၃၀။ လောဘမူစိတ်ပေါင်းကိုပြခြင်း
မေး။ ။နှစ်ကောင်တဆယ်၊ စွန်းကယ်မူလ၊ ၆-ခုရအောင်၊ လောဘပွားဟန် အမှန် ဘယ်သို့ မြှောက်သနည်း။
ဖြေ။ ။ကာမေသုမိစ္ဆာစာရော အဘိဇ္ဈာမိစ္ဆာဒိဋ္ဌိ စ လောဘမူလေန ဇာယန္တိ-ဟူ၍၎င်း၊
သေသာနိ စတ္တာရိပိ ဒွီဟိ မူလေဟိ သမ္ဘဝန္တိ-ဟူ၍၎င်း
မိန့်ဆိုသော သင်္ဂြိုလ်ပါဌ်နှင့်အညီ ကာမေသုမိစ္ဆာစာရ၊ အဘိဇ္ဈာ၊ မိစ္ဆာဒိဋ္ဌိ၊ အဒိန္နဒါန်၊ မုသာဝါဒ၊ ပိသုဏဝါစာ၊ သမ္ဖပ္ပလာပ ဤ ၇-ပါးတွင် တပါးပါးကြောင့် လောဘစိတ် ဖြစ်ရကား ၎င်းစိတ်ရှစ်ပါးကိုတည် ကံ ၇-ပါးနှင့်မြှောက်၊ ၎င်းကို အာရုံ ၆-ပါးနှင့်မြှောက်၊ ၎င်းကို ကာလ ၃-ပါးနှင့်မြှောက်၊ ၎င်းကို အဇ္ဈတ္တ ဗဟိဒ္ဓဟူသော သန္တာန် နှစ်ပါးနှင့် မြှောက် နှစ်ထောင်တဆယ် ခြောက်ခုရ၏။
ဆောင်ပုဒ်။ ။စိတ်ကိုတည်ထား၊ ၇-ပါးကံ၊ ရုံ ၆-ပြန်နှင့်၊ ၃-တန်ကာလ၊ သန္တာန်ဒွ၊ မြှောက်ကြွတုံမြောက်၊ နှစ်ထောင်တဆယ်ခြောက်။
၃၁။ ဒေါသမူစိတ်ပေါင်းကိုပြခြင်း
မေး။ ။ငါးရာလေးခု၊ အစုမတူ၊ ဒေါသမူဝယ်၊ ကောက်ယူဘယ်သို့ မြှောက်မည်နည်း။
ဖြေ။ ။ပါဏာတိပါတ၊ ဖရုသဝါစာ၊ ဗျာပါဒ၊ အဒိန္နဒါန်၊ မုသာဝါဒ၊ ပိသုဏဝါစာ၊ သမ္ဖပ္ပလာပ ဤ ၇-ပါးတွင် တပါးပါးကြောင့် ဒေါသစိတ်ဖြစ်ရကား ၄င်းစိတ် နှစ်ပါးကိုတည် ကံ ၇-ပါးနှင့်မြှောက်၊ အာရုံ ၆-ပါး၊ ကာလ ၃-ပါး သန္တာန် ၂-ပါးနှင့်မြှောက် ၅၀၄-ခုရ၏။
ဆောင်ပုဒ်။ ။နှစ်တန်ဒေါသာ၊ ကံသတ္တာ၊ ရုံ ကာ သန်နှင့်မြှောက်၊ ပွါးမြောက်စုဝေး၊ ငါးရာလေး။
၃၂။ မောဟမူစိတ်ပေါင်းကို ပြခြင်း
မေး။ ။ခုနှစ်ရာနှစ်ဆယ်၊ မောဟဝယ်၊ တသွယ်ဘယ်သို့မြှောက်သနည်း။
ဖြေ။ ။မောဟတည်ထား၊ ကံ၊ ဆယ်ပါးနှင့်၊ ၆-ပါးအာရုံ၊ အစုံသန္တာန်၊ တိကာလံ၊ မြှောက်ပြန် ၇၂၀-တည်း။
၃၃။ ရူပါဝစရ စိတ်ပေါင်းကိုပြခြင်း
မေး။ ။ရူပါဝစရ၊ ကုသလမှာ၊ သယ်မျှစိတ်ပေါင်းကိုပြ ပွားသနည်း။
ဖြေ။ ။ရူပစိတ်သည် စတုကယနည်း ပဉ္စကနည်းအားဖြင့် ဈာန် ၉-ပါးဖြစ်၍ သုဒ္ဓိကနဝကမည်။ ထိုနဝကကို ဒုက္ခပဋိပဒါ ဒန္ဒာဘိညာ၊ ဒုက္ခပဋိပဒါ ခိပ္ပါဘိညာ၊ သုခပဋိပဒါ ဒန္ဒာဘိညာ၊ သုခပဋိပဒါခိပ္ပါဘိညာဟူသော ပဋိပဒါ လေးပါးနှင့် ယှဉ်၍ ဟောတော်မူခြင်းကြောင့် နဝက လေးပါး ဖြစ်၏။
ပရိတ္တ ပရိတ္တာရုံ၊ ပရိတ္တ အပ္ပမာဏာရုံ တည်းဟူသော အာရုံလေးပါးနှင့် ယှဉ်အပ်သောကြောင့်လည်း နဝက လေးပါးဖြစ်၏၊
ဒုက္ခပဋိပဒါ ဒန္ဒာဘိညာ ပရိတ္တ ပရိတ္တာရမ္မဏ စသည်ဖြင့် အာရုံပဋိပဒါရော၍လည်း နဝက ၁၆ပါး ဖြစ်၏၊ ပေါင်းသော် နဝက ၂၅ပါးဖြစ်၍ ဈာန်ပေါင်း ၂၂၅ပါး ဖြစ်သတည်း။
ဆောင်ပုဒ်။ ။သက်သက် ၉ရပ် ပဋိပဒ် ၄၊ အာရုံ၄၊ ရောထွေး ၁၆၊ ပေါင်း၍မြှောက်၊ ပွားမြောက်ရူပ ဗျည်းဒွဒွ။
၃၄။ မဂ်စိတ် ၄ထောင် ပွားနည်းကို ပြခြင်း
မေး။ ။မဂ်လေးပါးမှ လွတ်ပွားတထောင်စီ လေးထောင်ညီအောင် တလီဘယ်သို့ မြှောက်သနည်း။
ဖြေ။ ။ဈာန်ဟူသော အမည်ဖြင့် ဟောအပ်သောသောတာပတ္တိမဂ်သည် ဝိပဿနာ၏ အစွမ်းဖြင့် သုညတမဂ်၊ အပ္ပဏိဟိတမဂ်ဟူ၍ နှစ်ပါးအပြားရှိ၏၊ ထိုနှစ်ပါးကို ပဋိပဒါ ၄ပါးနှင့်ယှဉ်၍ ဟောတော်မူသောကြောင့် ပဋိပဒါ၏ အစွမ်းဖြင့် ၈ပါးအပြားရှိ၏။ ပဋိပဒါနှင့် မဖက် သက်သက်ဖြစ်သော အရင်းနှစ်ပါးနှင့် ပေါင်းသော ၁၀ပါးဖြစ်၏။
ထို့အတူ မဂ်ဟူသော အမည်၊ သတိပဋ္ဌာန်၊ သမ္မပ္ပဓာန်၊ ဣဒ္ဓိပါဒ်၊ ဣန္ဒြေ၊ ဗိုလ်၊ ဗောဇ္ဈင်၊ သစ္စာ၊ သမထ၊ ဝိပဿနာ၊ ဓမ္မက္ခန္ဓာ၊ အာယတန၊ ဓာတ်၊ အာဟာရ၊ ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ စိတ်ဟူသော အမည်တို့ဖြင့် ဟောရာ၌လည်း ဆယ်ပါး ဆယ်ပါးစီ ဝေဖန်အပ်သည်ဖြစ်၍ အမည်နှစ်ဆယ်၌ နည်းပေါင်း နှစ်ရာဖြစ်၏။
ထိုနည်းနှစ်ရာကို အခြားတည်ပြန်၍ အဓိပတိ လေးပါးနှင့် မြှောက်သော် နည်းပေါင်းရှစ်ရာ ဖြစ်၏၊ သက်သက်နှစ်ရာနှင့် ရောသော် သောတာပတ္တိမဂ်၌ နည်းပေါင်း တထောင်ဖြစ်၏၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်၊ အရဟတ္တမဂ် တို့၌လည်း ဤနည်းအတူ တထောင်စီချည်း ယူရမည်။
စိတ်ပိုင်းဆိုင်ရာ ပုစ္ဆာဝိသဇ္ဇနာများပြီးပီ။
(၂) စေတသိက်ပိုင်း
စေတသိက်ပိုင်းဆိုင်ရာ ပုစ္ဆာ
ဝိသဇ္ဇနာများ
၃၅။ အာရုံ အာရမ္မဏိကနှစ်ဝတွင်ဦးစွာဖြစ်သော တရားကိုပြခြင်း
မေး။ ။အာရုံနှင့်စိတ်၊ စေတသိက် ဖြစ်ရိပ်ဘယ်သူ အစနည်း။
ဖြေ။ ။အာရုံနှင့် အာရမ္မဏိကဖြစ်သော စိတ် စေတသိက် နှစ်ပါးသည် ထိခိုက်၍ ဖြစ်ကြရာတွင် ဘယ်သူအစနည်းဟု မေးရာ၌ အာရုံဖြစ်သော တရားတို့သည် ပုရေဇာတပစ္စည်းတပ်သည်ဖြစ်၍ ရှေး၌ဖြစ်ရကား အစဖြစ်၏ဟု ဆိုထိုက်သည်။
အာရမ္မဏိကဖြစ်သော စိတ် စေတသိက်နှစ်ပါးမူကား တူသောဖြစ်ခြင်း၊ တူသောချုပ်ခြင်း၊ တူသောအာရုံ၊ တူသောမှီရာဟု ဆိုအပ်သော လက္ခဏာ ၄-ပါးနှ်င့ ယှဉ်သည်ဖြစ်၍ တပြိုင်နက်ဖြစ်သည်ဟု ဆိုအပ်သတည်း။
ပုရေဇာတ သဘောကား ကမ္ဘာဦး၌ဖြစ်သော နေ၊ လ တို့သည် နောက်မှဖြစ်၍ အလင်းကိုမှီသော သတ္တဝါတို့အား ရှေး၌ဖြစ်၍ ကျေးဇူးပြုသကဲ့သို့ ရေ၊ မြေ၊ သစ်ပင်စသော ရူပါရုံတို့သည် နောက်မှဖြစ်၍ ရှေ့ရှုထင်လာသော စက္ခုပသာဒ၊ စက္ခုဝိညာဉ်တို့နှင့် ယှဉ်သော စေတသိက်တို့အား ရှေး၌ဖြစ်၍ ကျေးဇူးပြုသည်။ သဒ္ဒါရုံ၊ ဂန္ဓာရုံ စသည်တို့လည်း ဤနည်းအတူပင်မှတ်လေ။
၃၆။ စေတသိက်ကို နာမ်ဆိုရခြင်းအကြောင်းကိုပြခြင်း
မေး။ ။စေတသိက်ပေါင်းဖွဲ့ ငါးဆယ့်နှစ်ပါး တရားအမှန် ရုပ်နှင့်နာမ်ကို ဧကန်ဘယ်သို့ဆိုသနည်း။
ဖြေ။ ။စေတသိက် ငါးဆယ့်နှစ်ပါးသည် နာမ်တရား ဧကန်ဖြစ်သည်ဟုဆိုရမည်။
စေသိက်သည် နာမ်တရားဟု ထင်ရှားလှလျှက် ဤပုစ္ဆာကို ဘယ်ကြောင့် ပြုသနည်းဟူမူ စေတသာ စိတ်ကြောင့် သမုဋ္ဌိတံ ဖြစ်သည်တည်း။ စေတသိကံ စိတ်ကြောင့်ဖြစ်သည်။ ဤသို့ ဝိဂြိုဟ်ပြုသော် စိတ္တဇရုပ်ကိုလည်း စေတသိက သဒ္ဒါဟောသောကြောင့် စိတ္တဇရုပ်ကို စင်စေခြင်းငှာ ပုစ္ဆာပြု၏ဟူပေ။
၃၇။ ဝေဒနာငါးပါး၏ တရားကိုပြခြင်း
မေး။ ။ငါးပါးဝေဒနာ စိတ်မှာမကွေ ယှဉ်၍နေသည် ထိုဝေဒနာဘယ်ကနည်း။
ဖြေ။ ။စေတသိက် ဒွေပညာသတွင် ပါသော ဝေဒနာ တရားပင်ဟူလိုသည်။
၃၈။ တတြမဇ္ဈတ္တတာနှင့် ဥပေက္ခာအထူးကိုပြခြင်း
မေး။ ။တတြမဇ္ဈတ္တတာ ဥပေက္ခာသည် လက္ခဏာ ဘယ်သို့ထူးသနည်း။
ဖြေ။ ။တတြ တတြ အာရမ္မဏေ မဇ္ဈတ္တဘာဝေါ တတြမဇ္ဈတ္တတာ။
တတြ တတြ အာရမ္မဏေ ထိုသို့သော အာရုံ၌ မဇ္ဈတ္တဘာဝေါ လျစ်လှူရှုသော အဖြစ်။ ဝါ၊ အလယ်၌တည်သော အဖြစ်သည် တတြမဇ္ဈတ္တတာ တတြမဇ္ဈတ္တတာမည်၏။
သုခ ဒုက္ခေဟိ ဥပေတာ ယုတ္တာ အဝိရုဒ္ဓါ ဣတ္ခာ အနူဘဝနန္တိ ဥပေက္ခာ။
ယာ ဝေဒနာ အကြင်ဝေဒနာသည် သုခဒုက္ခေဟိ သုခ ဒုက္ခတို့နှင့် ဥပေက္ခကာ ယုတ္တာအဝိရုဒ္ဓါ အလိုက်အဖက် မဆန့်ကျင်သောအားဖြင့် ဣက္ခာအနုဘဝနံ ခံစားခြင်းတည်း။ ဣတိ တသ္မာ ထို့ကြောင့် ဥပေက္ခာမည်၏။
ဤသို့ ဋီကာ၌ ဝစနတ္ထပြုရကား တရားလိုဘက်သို့လည်းမပါ၊ တရားခံဘက်သို့လည်းမပါ အလယ်၌တည့်မတ်စွာနေ၍ တရားစီရင်သော တရားမ သူကြီးကဲ့သို့ သုခဘက်သို့လည်းမပါ၊ ဒုက္ခဘက်သို့လည်းမပါ၊ အလယ်မှာတည်၍ လျစ်လျူရှုတတ်သော တရားသည် တတြမဇ္ဈတ္တတာ မည်၏။
တရားလိုနှင့်လည်း လိုက်လျော၊ တရားခံနှင့်လည်း လိုက်လျောအောင် ကြံဆောင်တတ်သော ရှေ့နေကဲ့သို့ သုခနှင့်၎င်း၊ ဒုက္ခနှင့်၎င်း လိုက်လျောအောင်ဖြစ်၍ လျစ်လျူတတ်သော တရားသည် ဥပေက္ခာမည်၏။
ခန္ဓာအားဖြင့် တတြမဇ္ဈတ္တတာသည် သင်္ခါရက္ခန္ဓာ၊ ဥပေက္ခာသည် ဝေဒနက္ခန္ဓာ။ ဤသို့ ထူးကြ၏ ဟူပေ။
တနည်းကား ဥပေက္ခာနုအားဖြင့် ထူးကြ၏ ဟူပေ။
၃၉။ အပ္ပမညာတရားလေးပါးယူပုံကို ပြခြင်း
မေး။ ။အပ္ပမညာ ၄-ဖြာကို ဆိုမှု တရားစုကို နှစ်ခုမျှသာ ထင်ရှားလာသော ကြွင်းရာဘယ်သို့ ကောက်သနည်း။
ဖြေ။ ။အဗျာပါဒေန မေတ္တာ ဟိ တတြမဇ္ဈတ္တတာယ စ။
ဥပေက္ခာ ဂဟိတာ ယသ္မာ တသ္မာန ဂဟိတာ ဥဘောတိ။
ဟိ အဖြေကိုဆိုလိုက်အံ့။ အဗျာပါဒေန အဒေါသ စေတသိက်ဖြင့်။ မေတ္တာ မေတ္တာကို ဂဟိတာ၊ အပ်၏။ တတြမဇ္ဈတ္တတာ စေတသိက်ဖြင့်လည်း ဥပေက္ခာ ဥပေက္ခာကို ယသ္မာ အကြင်ကြောင့် ဂဟိတာ ယူအပ်၏။ တသ္မာ ထိုသို့ယူအပ်သောကြောင့် ဥဘော နှစ်ပါးသော မေတ္တာ ဥပေက္ခာတို့ကို န ဂဟိတာ မယူအပ်သတည်း။ ဤသို့ ဋီကာမိန့်သောကြောင့် –
သတ္တဝါတို့၌၊ မမုန်းခြင်း အကျိုးစီးပွားကိုလိုခြင်း လက္ခဏာရှိသော အဒေါသသည်ပင် မေတ္တာမည်၏။
ထိုသို့သော အာရုံ၌ လျစ်လျူရှုတတ်သော တတြမဇ္ဈတ္တတာသည်ပင် ဥပေက္ခာမည်၏။
ဤနှစ်ပါးကို သောဘဏသာဓာရဏ အမည်ဖြင့် ယူခဲ့ပြီးဖြစ်ရကား ကရုဏာ မုဒိတာ နှစ်ပါးကိုသာ အပ္ပမညာဟူ၍ ပြလေသည်။ ယင်းသို့ ပြသော်လည်း အပ္ပမညာကား ဤနှစ်ပါးသာမဟုတ် လေးပါးဖြစ်သောကြောင့် ဣမေဒွေဟု သင်္ချာမချုပ်ပဲ ဆိုလေသည် မှတ်ရမည်။
၄၀။ ပီတိနှင့် သောမနဿ အထူးကိုပြခြင်း
မေး။ ။ပီတိသဘော သောမနဿ ဤအရမှာ၊ လက္ခဏာ ဝေါဟာ အထူးဘယ့်နှယ်နည်း။
ဖြေ။ ။ကိုယ်၌ဖြစ်သော ဝေဒနာကို သုခ၊ စိတ်၌ ဖြစ်သောဝေဒနာကို သောမနဿဟူ၍ ဣန္ဒြိယဘေဒ၌ ခွဲ၍ဟောသည်။ ခံစားတတ်သော အနုဘဝနက္ခဏာ၌ကား သောမနဿလည်း သုခသဘောပင် ဖြစ်သည်၊ ထို့ကြောင့် သုခနှင့် ပီတိထူးသကဲ့သို့ သောမနဿနှင့် ပီတိလည်း ထူးကြ၏ဟု ဆိုရမည်။
ပီတိနှင့် သုခ ဘယ်သို့ထူးသနည်းဟုမူ တောအုပ်၌ ရေသိပ်၍ ရှာဖွေသော ယောကျ်ားသည် ရေကိုမြင်သောအခါ နှစ်သိမ့်ခြင်းကဲ့သို့ အာရုံကိုမြင်၍ ကြား၍ နှစ်သိမ့်ခြင်းသည် ပီတိ၏ သဘောဖြစ်၏။
မြင်သောရေကို သုံးရသောအခါ ကိုယ်စိတ်ချမ်းသာသကဲ့သို့ အာရုံကို ဝမ်းမြောက်စွာ ခံစားခြင်းသည် သုခ၏ သဘောဖြစ်သည်။ ဤသို့ထူးကြ၏ ဟူပေ။ ထို့ကြောင့် ဋီကာ၌ –
တတ္ထ အာရမ္မဏပဋိလာဘေ ပီတိယာ ဝိသေသော ပါကဋော ယထာလဒ္ဓဿ အနုဘဝေန သုခဿ ဝိသောကော ပါကဋော။
၄၁။ ဥဒ္ဓစ္စစိတ်၌ ဧကဂ္ဂတာယှဉ်ပုံကိုပြခြင်း
မေး။ ။ဥဒ္ဓစ္စနှင့် ဧကဂ္ဂတာ၊ ဖြစ်ခြင်းရာသည် တည်ကြည်ပြန့်လွင့် ဆန့်ကျင်ခွင့်ကို အဘယ်သို့ ကြံသနည်း။
မှတ်ချက်။ ။ဧကဂ္ဂတာကား တခုတည်းသော အာရုံကို ယူသည်ဖြစ်၍ တည်ကြည်ခြင်း မပျံ့လွင့်ခြင်း လက္ခဏာရှိသည်။ ထိုစေတသိက်သည်လည်း သဗ္ဗစိတ္တသာဓာရဏစေတသိက်ဖြစ်၍ အလုံးစုံသော စိတ်နှင့်ယှဉ်သည်။ ထို ဧကဂ္ဂတာသည် ပျံ့လွင့်တုန်လှုပ်တတ်သော ဥဒ္ဓစ္စသမ္ပယုတ်စိတ်၌ ဘယ်သို့ယှဉ်ပါအံ့နည်း၊ လက္ခဏာချင်း ဆန့်ကျင်လှ၏တကား ဟူ၍ပေးသည်။
ဖြေ။ ။ဥပမာကား မြင်းကိုစီးသော ယောကျ်ားသည် မြင်း၏အလိုသို့ အတန်ငယ်လိုက်၍ လိုက်၍ မိမိ၏အလိုသို့ပါအောင် ဆုံးမသကဲ့သို့ ပျံ့လွင့်တတ်သော ဥဒ္ဓစ္စကို လွန်စွာမပျံ့စေပဲ တခုသော အာရုံ၌ တဝီထိ၎င်း၊ နှစ်ဝီထိ၎င်း၊ သုံးဝီထိ၎င်း တည်စေ၍ ယှဉ်သည်ဟုဖြေ။ ထို့ကြောင့် မဏိမဉ္ဇူ၌
ဥဒ္ဓစ္စ သဟဂတ စိတ္တေ ပနာယံ အဿဒမ္မကပုရိသော ဝိယ ဒဋ္ဌဗ္ဗောဟု ဆိုတော်မူသည်။
၄၂။ ဝိရတီ ၃-တန် ရှောင်ကြဉ်ဟန် အထူးကိုပြခြင်း
မေး။ ။ဝီရတီ ၃-ခု ကြဉ်သည့်မူမှာ ရှေးကပြုသည့် ဒုစရိုက်ကို ကြဉ်သလော၊ မပြုသေးသော ဒုစရိုက်ကို ကြဉ်သလော။ သဘောထပ်ကြပ် တွေ့လတ်သောအခါ ခွါရန်တခု ထို၃ခုတွင် ဘယ်မှုဝီထိတို့ပေနည်း။
မှတ်ချက်။ ။ဝီရတီ ၃-ခုသည် ဒုစရိုက်ကို ကြဉ်၏ဆိုသော ရှေးပြုပြီးသော ဒုစရိုက်လည်း ချုပ်လေပြီးဖြစ်၍ ကြဉ်ဖွယ်မရှိ၊ မပြုသေးသော ဒုစရိုက်လည်း မရှိသေးဖြစ်၍ ကြဉ်ဖွယ်မရှိ၊ တွေ့ဆဲသော ဒုစရိုက်ကိုသာ ကြဉ်ဖွယ်ရှိသည်။ ထိုကာလ ၃-ပါးတွင် အဘယ်ကာလ၌ ဖြစ်သော ဒုစရိုက်ကို အာရုံပြု၍ ဝီထိကျသဖြင့် ကြဉ်ခြင်းဖြစ်သနည်းဟု ပေးသည်။
ဖြေ။ ။လွန်လေပြီးသော ဒုစရိုက်ကိုကား မကြဉ်နိုင်၊ ပြုလုပ်ဆဲသော ဒုစရိုက်ကို၎င်း၊ နောင်ပြုလတ္တံ့သော ဒုစရိုက်ကို၎င်း ကြဉ်သည်ဖြစ်၍ ပစ္စုပ္ပန်၊ အနာဂတ် နှစ်ပါးကို အာရုံပြု၍ ဝီထိကျ၏ဟူပေ။
ဥပမာကား။ ။သီးဆဲသော သစ်ပင်ကိုသတ်လျှင် ပစ္စုပ္ပန်အသီးကို၎င်း၊ နောင်သီးလတ္တံ့သည်ကို၎င်း ဖျက်ဆီးသည် မည်သကဲ့သို့တည်း။
ဤဝိရတီ၌ အာဇီဝဟေတုကိုမငဲ့မူ၍ ဘယ်သို့ကြဉ်သနည်း။ အာဇီဝဟေတုကိုငဲ့၍ ဘယ်သို့ကြဉ်သနည်း။
ကာယဒုစရိုက် ၃-ပါး၊ ဝစီဒုစရိုက် ၄-ပါးအားဖြင့် ၇-ပါးသော ဒုစရိုက်တို့သည် အသက်မွေးကြောင်းဖြစ်သော ဒုစရိုက်၊ အသက်မွေးကြောင်းမဖြစ်သော ဒုစရိုက်အားဖြင့် နှစ်ပါးပြား၏။
ထိုနှစ်ပါးတို့တွင် မုဆိုး၊ တံငါတို့၏ ပါဏာတိပါတ၊ ခိုးသူ လူကောက် စသည်တို့၏ အဒိန္နာဒါန်၊ ပြည့်တန်ဆာမ စသည်တို့၏ မိစ္ဆာစာရသည်၎င်း၊ နှုတ်၊ သူရင်းငှား စသည်တို့၏ မုသာဝါဒ၊ သူလျှို၊ ဂုံးသမား စသည်တို့၏ ပိသုဏဝါစာ၊ သဘင်သည် စသည်တို့၏ ဖရုသဝါစာ၊ သမ္ဖပ္ပလာပ တို့သည်၎င်း အသက်မွေးကြောင်းဖြစ်၍ မိစ္ဆာအာဇီဝမည်ကုန်၏၊ ထိုမိစ္ဆာဇီဝမျိုး တခုခုကို အရင်းထား၍ ၇-ပါးလုံးမှ ကြဉ်ရာ၌ သမ္မာအာဇီဝဖြစ်၏။
အမျိုးကောင်းသားတို့သည် တရံတခါ ပြုအပ်သော ပါဏာတိပါတ၊ အဒိန္နာဒါန်၊ ကာမေသုမိစ္ဆာစာရတည်းဟူသော ကာယဒုစရိုက် ၃-ပါးသည် အသက်မွေးကြောင်း မဟုတ်ရကား မိစ္ဆာကမ္မန္တမည်၏၊ ထို မိစ္ဆာကမ္မန္တမျိုးမှ ကြဉ်ရာ၌ သမ္မာကမ္မန္တ ဖြစ်၏။
အမျိုးကောင်းသားတို့သည် အမှတ်မဲ့ ပြောဆိုအပ်သော မုသာဝါဒ၊ ပိသုဏဝါစာ၊ ဖရုသဝါစာ၊ သမ္ဖပ္ပလာပ တည်းဟူသော ဝစီဒုစရိုက် လေးပါးတို့သည်လည်း အသက်မွေးကြောင်း မဟုတ်သောကြောင့် မိစ္ဆာဝါစာမည်၏၊ ထို မိစ္ဆာဝါစာမှ ကြဉ်ရာ၌ သမ္မာဝါစာ ဖြစ်၏။
အသက်မွေးကြောင်း မဟုတ်သော ကာယဒုစရိုက်မှ ကြဉ်သည်ကို၎င်း၊ အသက်မွေးကြောင်း မဟုတ်သော ဝစီဒုစရိုက်မှ ကြဉ်သည်ကို၎င်း အာဇီဝဟေတုကို မငဲ့မူ၍ ကြဉ်သည်ဟု ဆိုသည်။
အသက်မွေးကြောင်းဖြစ်သော ထိုဒုစရိုက် ၇-ပါးတို့မှ ကြဉ်သည်ကို အာဇီဝဟေတုကိုငဲ့၍ကြဉ်သည်ဟုဆိုသည်။
ထိုအဓိပ္ပါယ်ကိုပြခြင်းငှာ အဋ္ဌသာလိနီ၌ –
ကာယဒွါရေ ပန ဝီတိက္ကမော အာဇီဝဟေတုကောပိ အတ္တိ၊ န အာဇီဝ ဟေတုကောပိ၊ တထာ ဝစီဒွါရေ၊ တတ္တယံ ရာဇရာဇမဟာမတ္တာ ခိဋ္ဋာပသုတာ သူရဘာဝံ ဒေဿန္တော မိဂဝံ ဝါ ပန္ထဒူတံ ဝါ ပရဒါရ ဝီတိက္ကံမံ ဝါ ကရောန္တိ၊ ဣဒံ အကုသလံ ကာယကမ္မံ နာမ၊ တတော ဝိရတိပိ သမ္မာကမ္မန္တော နာမ။ ယံပန န အာဇီဝဟေတုကံ စတုဗ္ဗိဓံ ဝစီဒုစ္စရိတံ ဘာသန္တိ၊ ဣဒံ အကုသလံ ဝစီကမ္မံ နာမ၊ တတော ဝိရတိပိ သမ္မာဝါစာ နာမ။ ယံ ပန အာဇီဝဟေတု နေသာဒမစ္ဆဗန္ဓာဒယော ပါဏံ ဟနန္တိ၊ အဒိန္နံ အာဒိယန္တိ၊ မိစ္ဆာစာရံ စရန္တိ၊ အယံ မိစ္ဆာဇီဝေါနာမ၊ တတော ဝိရတိ သမ္မာအာဇီဝေါ နာမ။ ယမ္ပိ လဉ္ဆံ ဂဟေတွာ မုသာ ဘဏန္တိ၊ ပေသုည ဖရုသ သမ္ဖပ္ပလာပေ ပဝတ္တေန္တိ၊ အယမ္ပိ မိစ္ဆာဇီဝေါ နာမ၊ တတော ဝိရတိ သမ္မာအာဇီဝေါ နာမ။ ဟူ၍ မိန့်အပ်ပြီ။
ကာယဒွါရေ၊ ကာယဒွါရ၌။ ဝီတိက္ကမော လွန်ကျူးခြင်းသည်။ အာဇီဝ ဟေတုကောပိ အသက်မွေးခြင်း၏ အကြောင်းသည်လည်း အတ္တိ ရှိ၏။ နအာဇီဝဟေတုကောပိ၊ အသက်မွေးခြင်း၏ အကြောင်းမဟုတ်သည်လည်း အတ္တိ၊ ရှိ၏။ တထာ၊ ထို့အတူ။ ဝစီဒွါရေ ဝစီဒွါရ၌ ဝီတိက္ကမော လွန်ကျူးခြင်းသည် အာဇီဝဟေတုကောပိ သည်လည်း အတ္တိ ရှိ၏။
န အာဇီဝဟေတုကောပိ သည်လည်း အတ္တိ ရှိ၏။ တတ္ထ ထိုနှစ်ပါးတို့တွင် ခိဍ္ဍပသုတာ၊ မြူးထူးခြင်း၌ လေ့လာကုန်သော။ ရာဇရာဇမဟာမတ္တာ၊ မင်း၊ မင်း၏ အမတ်ကြီးတို့သည်။ သူရဘာဝံ၊ ရဲရင့်သောအဖြစ်ကို။ ဒေဿန္တော၊ ပြလျက်။ ယံ မိဂဝံ ဝါ အကြင်သားသတ်ခြင်းကို၎င်း၊ ယံ ပန္ထဒူတံ ဝါ အကြင်ခရီး၌ စောင့်၍ လုယက်ခြင်းကို၎င်း။ ကရောန္တိ ပြုကုန်၏။ ဣဒံ အကုသလံ ဤအကုသိုလ်သည် ကာယကမ္မံ နာမ။ ကာယကံမည်၏။ တတော ထိုကာယကံမှ ဝိရတိပိ ကြဉ်ခြင်းသည်လည်း သမ္မာကမ္မန္တော နာမ သမ္မာကမ္မန္တ မည်၏။
န အာဇီဝဟေတုကံ အသက်မွေးခြင်း၏ အကြောင်းမဟုတ်သော စတုဗ္ဗိဓံ လေးပါးအပြားရှိသော ယံ ပန ဝစီဒုစရိတံ အကြင်ဝစီဒုစရိုက်ကို ဘာသန္တိ ပြောဆိုကုန်၏။ ဣဒံ အကုသလံသည် ဝစီကမ္မံ နာမ၊ ဝစီကံမည်၏။ တတော ထိုဝစီကံမှ ဝိရတိပိ ကြဉ်ခြင်းသည်လည်း သမ္မာဝါစာ နာမ သမ္မာဝါစာ မည်၏။
အာဇီဝဟေတု၊ အသက်မွေးခြင်း၏ အကြောင်းဖြစ်သော နေသာဒ မစ္ဆဗန္ဓာဒယော မုဆိုး၊ တံငါ အစရှိသည်တို့သည် ယံ ပါဏံ အကြင်သူ၏ အသက်ကို ဟနန္တိ။ သတ်ကုန်၏။ ယံ အဒိန္နံ အကြင်အရှင်မပေးသော သူ၏ ဥစ္စာကို အာဒိယန္တိ ခိုးယူကုန်၏။ ယံ မိစ္ဆာစာရံ အကြင်မှားသော အကျင့်ကို စရန္တိ ကျင့်ကုန်၏။ အယံ ဤသို့ကျင့်ခြင်းသည် မိစ္ဆာအာဇီဝေါ နာမ မိစ္ဆာအာဇီဝမည်၏။ တတော ထိုမိစ္ဆာအာဇီဝမှ ဝိရတိ ကြဉ်ခြင်းသည် သမ္မာအာဇီဝမည်၏။
ယမ္ပိ လဉ္ဆံ အကြင်တံစိုးကို ဂဟေတွာ ယူ၍ မုသာ ချွတ်ယွင်းသော စကားကို ဘဏန္တိ ဆိုကုန်၏။ ပေသုည ဖရုသ သမ္ဖပ္ပလာပေ ချောပစ်သော စကား၊ ရင့်ရှင်းသောစကား၊ ပြိန်ဖျင်းသောစကားတို့ကို ပဝတ္တေန္တိ ဖြစ်စေကုန်၏။ အယမ္ပိ ဤမကောင်းမှုသည်လည်း မိစ္ဆာအာဇီဝေါ နာမ မိစ္ဆာအာဇီဝမည်၏။ တတော ထိုမိစ္ဆာအာဇီဝမှ ဝိရတိ ကြဉ်ခြင်းသည် သမ္မာအာဇီဝေါ နာမ သမ္မာအာဇီဝ မည်၏။
၄၃။ အတတ်များ အရာရာ ပညာဆိုသင့် မဆိုသင့်ကိုပြခြင်း
မေး။ ။ပန်းရံ ပန်းပု လုပ်မှုများစွာ ထွေပြားစွာသည် ပညာစေတသိက်ပင်လော။
သေနတ်အမြောက် မီးပေါက်လှံဓား၊ မြား၊ မြှုံး၊ ပိုက်၊ ကွန် အလွန်များစွာ လုပ်ဆောင်ရာသည် ပညာစေတသိက်ပင်လော။
ဖြေ။ ။ပကာရေန ဇာနာတိ အနိစ္စာဒိဝသေန အဝဗုဇ္ဈတီတိ ပညာ။ သာ ဧဝ ယထာသဘာဝါဝဗောဓနေ အာဓိပစ္စယောဂတော ဣန္ဒြိယန္တိ ပညိန္ဒြိယံ။
ယာ ဓမ္မဇာတိ အကြင်တရားသဘောသည် ပကာရေန ယုတ်၊ လတ်၊ မြတ်အား အပြားအားဖြင့် ဇာနာတိ သိတတ်၏။ အနိစ္စာဒိဝသေန အနိစ္စ အစရှိသည်တို့၏ အစွမ်းဖြင့် အဝဗုဇ္ဈတိ ဟုတ်မှန်စွာ သိတတ်၏။ ဣတိတသ္မာ ထိုသို့မှန်စွာ သိတတ်သော သတ္တိကြောင့် သာ ဓမ္မဇာတိ ထိုတရားသဘောသည် ပညာ ပညာမည်၏။ သာ ဧဝ ထိုပညာသည်သာလျှင် ယထာ သဘာဝါဝဗောဓနေ ဟုတ်မှန်တိုင်းသော သဘောကို ထိုးထွင်း၍ သိခြင်း၌ အာဓိပစ္စယောဂတော အစိုးရသော အဖြစ်နှင့် ယှဉ်ခြင်းကြောင့် ဣန္ဒြိယံ ဣန္ဒြေမည်၏။ ဣတိ ထို့ကြောင့် ပညိန္ဒြိယံ ပညိန္ဒြေမည်၏။
ဤသို့ ဋီကာတို့ ဝစနတ္ထပြသောကြောင့် ပန်းရန်၊ ပန်းပုစသော လုပ်မှုအပြား၊ သေနတ် မီးပေါက်စသော ဝတ္ထုအပြား၌ ဟုတ်မှန်စွာ သိသောဉာဏ်သည် ပညာစေတသိက်ပင် ဟူပေ။
အနိစ္စာဒိဝသေန ဟု ဋီကာဆိုသည် မဟုတ်လော။ ဤခန္ဓာကို လက္ခဏာရေးအားဖြင့် ထိုးထွင်း၍သိခြင်းကိုသာ ပညာဟု ယူသင့်ပါ၏တကား ဟူငြားအံ့။ အနိစ္စာဒိ၌ အာဒိသဒ္ဒါဖြင့် သင်္ခါရ၊ ဝိကာရ၊ လက္ခဏ၊ နိဗ္ဗာန်၊ ပညတ်တည်းဟူသော ဉေယျတရားအားလုံးကိုပင် ယူကောင်းရကား ပညတ်ဖြစ်သော ပန်းရန်၊ ပန်းပုအတတ်၊ သေနတ် မီးပေါက်စသော အတတ်တည်းဟူသော လက်မူပညာ၊ နှုတ်မူပညာတို့ကို ယူသင့်၏။
ဤတွင်သာမက မိမိကို သတ်အံ့ဟု ကြံသောသူအား ပြန်၍ သေကြောင်းကြံသော အမူကိုပင် ဉာဏ်ပညာရှိသည်ဟု အနာထပိဏ်သဌေး၏ ကျွန်မဝတ္ထု၊ ကုဏ္ဍလကေသီ၏ ဝတ္ထုတို့၌ ဟောတော်မူ၏ ဟုဖြေ။
၁။ ပညာသည် အကုသိုလ်ကို အာရုံပြု၏လော ဟူငြားအံ့။ ပညာ၏ ယှဉ်ရာ မဟာကုသိုလ် ဉာဏသမ္ပယုတ်စိတ် ၄-ခုသည် အရဟတ္တမဂ် ဖိုလ်ကြဉ်သော အလုံးစုံသော တရားကို အာရုံပြု၏ ဟူပေ။
၂။ အာရုံပြုနိုင်သော် မဟာကုသိုလ်စိတ်နှင့် သတ်ကြောင်း လုံ့လကို ပြု သလော ဟူငြားအံ့။ ကုသိုလ်စိတ်နှင့်ကား သတ်ကြောင်း လုံ့လကို မပြု၊ ဤသို့စီမံသော် ငါချမ်းသာ၍ ဤသူပျက်စီးလတံ့ဟု ကုသိုလ်စိတ်နှင့်သိ၏၊ သိပြီးမှ ဒေါသစိတ်နှင့် သတ်ကြောင်း လုံ့လကို ပြု၏၊ ထိုသို့ပြုသော်လည်း သိတတ်သော စိတ်သည် သတ်ခြင်းကိစ္စကိုပြီးစေသော သန္တတိ ပစ္စုပ္ပန်၌ ဝင်လေရကား ဒေါသ၏ ရှေးကျသောကုသိုလ်၌ ပါသော ဉာဏ်ကိုပင် 'သမီပူစာ'အားဖြင့် သေကြောင်းကြံသော ဉာဏ်ဟု ဆိုသည်ဟူ၍ ယူရမည်။
၃။ ဋီကာ ဆရာ၏ စကားအစွန်းအစကို နှိုင်းဆ၍သာ ဆိုသလော၊ ဘုရားဟော သာဓကကို ပြပါဦး ဟူငြားအံ့။
ဝိဘင်း ကျမ်းမြတ်၏ ၁၈ရပ်သောဝိဘင်းတို့တွင် ဉာဏဝိဘင်းပါဠိတော်၌...
ကမ္မာယတနံ၊ သိပ္ပါယတနံ၊ ဝိဇ္ဇာဋ္ဌာနံ စသည်ဖြင့် ဟောတော်မူသည်။
ထိုပါဠိကို သမ္မောဟဝိနောဒနီ အဋ္ဌကထာ၌၊
ကမ္မဉ္စ တံ အာယာတနဉ္စ အာဇီဝါဒိနံ တပိ ကမ္မာယတနံ။ သိပ္ပါယတနေသုပိ ဧသေဝ နယော။ တတ္ထ ဒုဝိဓံ ကမ္မံ ဟီနဉ္စ ဥက္ကဋ္ဌဉ္စ။ တတ္ထ ဟီနံနာမ ဝဍ္ဎကီကမ္မံ ပုပ္ပဆဋ္ဋကကမ္မန္တိ ဧဝမာဒိ။ ဥက္ကဋ္ဌံ နာမ ကသိ ဝါဏိဇ္ဇဂေါရက္ခ ဧဝမာဒိ-
စသည်ဖြင့် ဖွင့်ပြတော်မူသည်။
အသက်မွေးခြင်းစသည်တို့၏ တည်ရာ ဖြစ်သော အမူ လုပ်ခြင်းသည် ကမ္မာယတနမည်၏။
အသက်မွေးခြင်း စသည်တို့၏ တည်ရာဖြစ်သော အတတ်သည် သိပ္ပါယတန မည်၏။
ထို နှစ်ပါးတွင် အမှု လုပ်သည်လည်း ဟီန ဥက္ကဋ္ဌ အားဖြင့် နှစ်ပါး အပြားရှိ၏။ ထိုတွင် လက်သမား အမှု၊ ပန်းသွန်း အမှုတို့သည် ဟီနမည်၏။ လယ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း၊ ကျွဲ နွား မွေးခြင်းစသော အမှုတို့သည် ဥက္ကဋ္ဌမည်၏။
အတတ်သည်လည်း ဟီန ဥက္ကဋ္ဌ အားဖြင့် နှစ်ပါး အပြားရှိ၏။ ထိုတွင် ကျူဖျာ ယက်တတ်သောအတတ်၊ ယက်ကန်းသည်အတတ်၊ အိုးထိန်းသည်အတက်၊ သားရေနယ် အတတ်၊ ခဝါသည် အတတ်တို့သည် ဟီန မည်၏။
ဂဏန်းအတတ်၊ စာရေး အတတ်၊ ဆေး အတတ် စသည်တို့သည် ဥက္ကဋ္ဌ မည်၏။ ထိုအမှု၊ ထိုအတတ်တို့ကို ကြံ၍ သိခြင်းသည် ဉာဏ်မည်၏ဟူ၍ ပြတော်မူသည်။
၄၄ အသိ ၃-ပါး ပြားပုံ အထူးကို ပြခြင်း
မေး။ ။သညာယ ဝိညာဉ်, ပညာ၊ သိသည်မှာ လက္ခဏာဘယ်သို့ ကွဲသနည်း။
သညာသည် အာရုံကိုမှတ်၍ သိတတ်သော သဘောယ ဝိညာဉ်လည်း အာရုံကို သိတတ်သော သဘောယ ပညာလည်း အာရုံကိုအပြားအားဖြင့် သိတတ်သော သဘောရှိသော် ဤ ၃-ပါးသော တရားသည် ဘယ်သို့ ထူးကြသနည်း။
ဖြေ။ ။သညာသည် အညို-အပြာ စသောအဆင်း အစွမ်းဖြင့်၄င်း၊ ကောင်းသည့် မကောင်းသည် စသော သတ္တိ၏အစွမ်းဖြင့်၄င်း မှတ်၍သိကာမျှကို ပြုတတ်၏၊ သဘော လက္ခဏာကို သိခြင်းဌါ မတတ်နိုင်။
ဝိညာဉ်သည် သဘော လက္ခဏာ တိုင်အောင် သိတတ်၏၊ အကြွင်းမဲ့ ထိုးထွင်း၍ မဂ်ကို ရောက်စိမ့်သောဌါကား မတတ်နိုင်။
ပညာမူကား ဤ ၃-ပါးသော ကိစ္စကိုပင် ပြီးစေ၏၊
ဥပမာကား ရွှေကို ကောက်ရသော သူငယ်သည် ဤဝတ္ထုကား တန်ဆာ ဆင်ကောင်းသော ဝတ္ထုတည်းဟု သိသကဲ့သို့ သညာက မှတ်၍ သိသည်။ ထိုသူငယ်၏ မိဘသည် ဤဝတ္ထုကား မြတ်နိုးအပ်သော ရွှေရတနာတည်းဟု သိသကဲ့သို့ ဝိညာဉ်က သိသည်။
ရွှေပန်းထိမ်သည် ဤဝတ္ထုကား ၇-မူးရည် ရှိ၏၊ ၈-မူးရည် ရှိ၏၊ အဖိုး ဤမျှတန်၏ဟု အကြွင်းမဲ့ သိသကဲ့သို့ ပညာက သိသည်။
ထို့ကြောင့် ဋီကာ၌-
ဗာလဂါမိကဟေရညိကာနံ ကဟာပဏာဝဗောဓနမေတ္ထ နိဒဿနန္တိ-ဟူ၍ မိန့်သည်။
ဧတ္ထ၊ ဤသညာယ ဝိညာဉ်, ပညာတို့၏ အာရုံကို သိကြရာ၌။ ဗာလ-ဂါမိက ဟေရညိကာနံ၊ သူငယ်, ရွာသူယ ရွှေပန်းထိမ်သည်တို့၏၊ ကဟာပဏာဝဗောဓနံ၊ ရွှေအသပြာကို အစွမ်းအားလျော်စွာ သိကြခြင်းသည်။ နိဒဿနံ၊ သက်သေတည်း။
စာသင်ရာ၌ အက္ခရာကိုစပ်၍ ဖတ်တတ်ကာမျှ သိသောသူယ မတန့်မနားသွားအောင် ဖတ်ခြင်း၌ သိသောသူယ သဘောအဓိပ္ပါယ်နှင့်တကွ သိသောသူ ဤသုံးယောက်တို့ကိုလည်း သက်သေတင်အပ်၏၊
၄၅-ဝိတက်, စေတနာယ မနသိကာရ ၃-ပါး အထူးကို ပြခြင်း အထူကို ပြခြင်း
မေး။ ။ဝိတက် စေတနာ၊ မနသိကာရ၊ ဓမ္မ ၃-အင်၊ ရှေ့ရှုတင်သော်၊ ဘယ်လျှင်ဘယ်သို့ ထူးသနည်း။
ဖြေ။ ။ဝိတက်သည် သဟဇာတ် တရားတို့ကို အာရုံသို့ ရှေ့ဆောင်တတ်သောကြောင့် ထိုတရားတို့ကို အာရုံ၌ ထည့်သကဲ့သို့ ဖြစ်၏၊
စေတနာသည် ဝိတက်ရှေ့ရှု တင်ပြီးသော တရားတို့ကို အာရုံ၌ မပြတ်ယှဉ်စေ၏၊
မနသိကာရသည် သတ္တိပြားကြသော တရားတို့ကို တခုသောကိစ္စ၌ ညီစိမ့်သောဌါ ညီညွတ်၏၊
ဥပမာကား စစ်သည်အများကို စစ်ထိုးတက်စိမ့်သောဌါ ဆော်, သောသူ ကဲ့သို့ ဝိတက်ကို မှတ်အပ်၏၊
တက်ပြီး၍ ဆိုင်မိသော စစ်သည်ကို မဆုတ်ပဲ စစ်ထိုးစိမ့်သောဌါ ကွပ်ကဲသောသူ ကဲ့သို့ စေတနာကို မှတ်အပ်၏၊
လက်နက်သတ္တိ မတူ၏ကြသော်လည်း ထိုး ခုတ်ခြင်း ကိစ္စ၌ ညီမျှစိမ့်သောငှာ စီရင်သောသူကဲ့သို့ မနသိကာရကို မှတ်အပ်၏၊
တနည်းကား။ ။ မြင်းကသော ရထားကို သွားစိမ့်သောငှာ ရှေးဦးစွာနှင်သော ပယောဂကဲ့သော ဝိတ်တက်ကို မှတ်အပ်၏၊
သွားသောရထား၏ မတန့်နားစိမ့်သောငှာ ထပ်မံကာ နှင်သော ပယောဂကဲ့သို့ စေတနာကို မှတ်အပ်၏၊
အသွားမညီသောမြင်းကို ညီစိမ့်သောငှာ ထပ်မံကာ နှင်သော ပယောဂကဲ့သို့ စေတနာကို မှတ်အပ်၏၊
အသွားမညီသောမြင်းကို ညီစိမ့်သောငှာ ညှိသကဲ့သို မနသိကာရကို မှတ်အပ်၏၊ ဤကား အထူးတည်း ဋီကာ၌ ဥပမာ တခြားစီဆိုသောကြောင့် သိခက်ရကား တရား ၃-ခုကို ဥပမာ ၁ခု၌ စု၍ပြလိုက်သည်။
၄၆-ဉာဏ်နှင့်ဒိဋ္ဌိ အသိထူးပုံကိုပြခြင်း
မေး။ ။ ဉာဏ် နှင့် ဒိဋ္ဌိ သိတတ် မြင်တတ် ဤနှစ်ရပ်မှာ လက္ခဏာဘယ်သို့ ခွဲမည်နည်း။
ဖြေ။ ။ ဉာဏံ ဟိ အာရမ္မဏံ ယထာ သဘာဝတော ဇာနာတိ ဒိဋ္ဌိ ယထာ သဘာဝံ ဝိဇဟိတွာ အယာထာဝတော ဂဏှာတီဟိ အယမေတေသံ ဝိသေသော။
ဟိ ထူးဟန်ကို ဆိုလိုက်အံ့၊ ဉာဏံ ဉာဏ်သည် အာရမ္မံ အာရုံကို ယထာသဘာဝတော ဟုတ်မှတ်တိုင်း သဘောအားဖြင့် ဇာနာတိ သိ၏ ဒိဋ္ဌိ ဒိဋ္ဌိသည် ယထာသဘာဝံ ဟုတ်မှတ်သောသဘောကို ဝိဇဟိတွာ စွန့်၍အယာထာဝတော မဟုတ်မမှတ်သော သဘောအားဖြင့် ဂဏှာဟိ ယူတတ်၏၊ ဣတိအယံ ဤသည်လျှင် ဧတေသံ ထိုဉာဏ်နှင့် ဒိဋ္ဌိတို့၏ ဝိသောသော အထူးတည်း
ပုံကား။ ။ ဒါနတော ဘောဂသါ ဟူသော ပုဒ်ကို ဒါနတော အလှူပေးခြင်းကြောင်၊ ဘောဂဝါ စည်းစိမ်ဥစ္စာရှိ၏ ဤသို့မှန်သော အနက်ကိုမယူမူ၍ ဘော အိုအချင်းတို့ ဒါနတော အလှူပေးခြင်းကြောင့် ဂဝါနွားဖြစ်၏၊ ဤသို့ မမှန်သော အနက်ကိုယူခြင်းသည် ဒိဋ္ဌိ၏ သဘောတည်း။
တနည်းကား။ ။ ဤဘဝမှ စုတေလျှင် တယောက်ယောက်သော အမိဝမ်း၌ဝင် ဖွားလတ်သဖြင့် ပက်လက်အိပ်တတ်သော သူငယ်ဖြစ်လတ္တံ့သည်ကိုမယူ။ သေလျှင် ပျောက်တော့သည်သာဟု ယူခြင်းစသည်တို့သည် ဒိဋ္ဌိ၏ သဘောပင်တည်း
၄၇- ပဉ္စဝိညာဉ် ၁၀-၌ ဝိတက်မယှဉ်ပုံကိုပြခြင်း
မေး။ ။ ကာမဝစရ စိတ္တသင်းဝင် ဟူပါချင်လျှက် ဉ္စဝိညဉ် တဆယ်တွင်၌ ဝိတက်ဘယ်ကြော်င့ မယှဉ်သနည်း။
ဖြေ။ ။ အပိစေတ္တ ဉ္စဝိညာဏံ အဝိတက္ကမ္ပိ ဝတ္ထာလမ္ဗဏသံဃဋ္ဋနဗလေန အဘိရောဟန္တိ။ ဋီကာ
ဒွေပဉ္စဝိညာဉ် ၁၀-တို့သည် ဝိတက်ရှေ့ရှုမတင်ပဲ ဝတ္ထုအာရုံတို့၏ ထိခိုက်ခြင်း၏ အစွမ်းအားဖြင့် အာရုံသို့ တင်သောကြောင့် ဝိတက်မယှဉ်သည်ဟူပေ
ပဉ္စဝိညာဉ်မှ ကြွင်းသော ၄၄-ပါးသော ကာမစိတ် ပထမစျာန် ကောဒသ ဤ ၅၅-ပါးသော စိတ်တို့မှာ ဝိတက်ရှေ့ရှု ထင်မှသာလျှင် အာရုံသို့ တက်နိုင်သည်။ ဘယ်ကဲ့သို့နည်းဟူမူ ကျေးတောရွာသားသည် မင်းကျွမ်းဝင်သော သူကိုမှီ၍မင်း၏ အထံသို့ ဝင်ရသကဲ့သို့တည်း။
ဒုတိယစျာန်စသော ၆၆-ပါးသော စိတ်တို့သည်လည်း ဝိတက်၏ အစွမ်းဖြင့်သာလျှင် အာရုံသို့တတ်ရ၏၊ ဥပမာကား ထိုကျေးတောသားသည် မင်းကျွမ်းဝင်သူနှင့် အတူတကွ ဝင်ဘူးထွက်ဘူးသောကြောင့် နောက်ကာလ၌ကား ထိုမင်းကျွမ်းဝင်သူမပါပဲ မင်း၏ထံသို့ ဝင်နိုင်သကဲ့သို့ ရှေးသဝိတက္က စိတ်နှင့်အတူ အာရုံသို့တက်ဘူးသောကြောင့် နောက်ကာလ၌ကား ဝိတက်ကင်းလျှက်ပင် အာရုံသို့တက်နိုင်၏ဟူပေ။
၄၈-ဝိရတိကို အနိယတယောဂီ သင့် မဆိုသင့်ကို ပြခြင်း
မေး။ ။ဝိရတိသုံးဖြာ၊ မြတ်ဓမ္မာသည်၊ လောကုတ္တရာ၊ စိတ်မှာနိယတ ယှဉ်ပါကြလျှက် အနိယတယောဂ၊ ဘယ်အနေကြောင့်သွင်းသနည်း။
ဖြေ။ ။ န ဟိ ဧတာသံ လောကိယေသု ဝိယ လောကုတ္တရေသုပိ မုသာဝါဒါ ဒီနံ ဝိသုံ ဝိသုံ ပဟာနဝသေန ပဝတ္တိ ဟောတိ သဗ္ဗေသမေဝ ဒုစ္စရိတဒုရာဇီဝါနံ တေန တေန မဂ္ဂေန သဗ္ဗသော သမုစ္ဆိန္ဒနတော။ ဋီကာ
ဟိ၊ အဖြေကို ဆိုလိုက်အံ့ လောကိယေသု ဝိယ လောကီ ကုသိုလ်တို့၌ကဲ့သို့ လောကုတ္တရေသုပိ လောကုတ္တရာ စိတ်တို့၌ကား မုသာဝါဒါဒီနံ မုသာဝါဒ အစရှိသည်တို့ကို ပဟာနဝသေန ပယ်ခြင်း၏ အစွမ်းဖြင့် ဧတာသံ ထိုဝိရတီ တရားတို့၏ ပဝတ္တိ ဖြစ်ခြင်းသည်။ နဟောတိမဖြစ် သဗ္ဗေသမေဝ အလုံးစုံသာလျှင် ဖြစ်ကုန်သော ဒုစ္စရိတ ဒုရာဇီဝါနံ ဒုစရိုက်ဒုရာဇီဝတို့ကို တေနတေန မဂ္ဂေန ထိုထိုသောမဂ်ဖြင့် သဗ္ဗသော အချင်းခပ်သိမ်း သမုစ္ဆိန္ဒနတော ဖြတ်ခြင်းကြောင့် ပဝတ္တိ ဖြစ်ခြင်းသည် ဟောတိဖြစ်၏
ဤ၌လိုရင်း အဓိပ္ပါပယ်ကား။ ။ လောကီကုသိုလ် တရားတို့၌မုသာဝါဒ အစရှိသော ဒုစရိုက် ဒုရာဇီဝတို့ကို အသီးသီး ပယ်သည်၏ အစွမ်းဖြင့် ဝိရတီ မည်ခြင်းသည် ဖြစ်သကဲ့သို့ လောကုတ္တရာစိတ်တို့၌ ဒုစရိုက် ဒုရာဇီဝတို့ကို အသီးသီး ပယ်ခြင်း၏အစွမ်းဖြင့် မဖြစ်၊ အလုံးစုံသော ဒုစရိုက် ဒုရာဇီဝတို့၏ ဖြစ်ကြောင်းဖြစ်သော အကုသိုလ်တရားတို့ကို ထိုထိုသောမဂ်ဖြင့် အချင်းခပ်သိမ်းအကြွင်းမဲ့ ဖြတ်ခြင်းကြောင့် သာလျှင် ဒုစရိုက်ဒုရာဇီဝတို့ကို ကြဉ်သကဲ့သို့ဖြစ်၏၊ ထို့ကြောင့် လောကုတ္တရာစိတ်၌ ဝိရတိမည်ခြင်းသည် အစစ်မဟုတ် အကြောင်းဖြစ်သော အကုသိုလ်စိတ်ကို ကြဉ်သဖြင့် အကျိုးဖြစ်သော ဒုစရိုက် ဒုရာဇီဝကို ကြဉ်သည်မည်ရကား ကာရဏူပစာဖြင့် အတုသာဖြစ်သည်။
ဤအတု ဝိရတီတို့၏ အမြဲယှဉ်ခြင်းကိုကား ပဓာနမပြု အစစ်ဝီရတီတို့၏ အမြဲမယှဉ်ခြင်းကိုသာ ပဓာနပြု၍ အနယတယောဂီသို့ သွင်းလေသည်၊ ခဲရပ်ဖြစ်သည် စေ့စေ့နှလုံးသွင်းရမည်။
ဝိရမိတဗ္ဗတ္ထုယော ဝိရမဏံ ဝိရတိ။ ဝိရမိတဗ္ဗတ္ထုယော ကြဉ်အပ်သော ဒုစရိုက် ဒုရာဇီဝတို့ကို။ ဝိရမဏံ ကြဉ်ခြင်းသည် ဝိရတိ ဝိရတိမည်၏၊ ဤသို့ ဝစနတ္ထပြုအပ်ရကား-
ကြဉ်ခြင်း ကြိယာသည် မုချဝီရတီမည်၏၊ ထိုကြဉ်ခြင်းကြိယာကို မဟာကုသိုလ်စိတ်သာ ဖြစ်စေသည်။ မဂ်စိတ် ဖိုလ်စိတ်တို့ကား မဖြစ်စေ အကုသိုလ်စိတ်ကို ပယ်ခြင်းကိုသာ ဖြစ်စေသည်။ ပင်စည်ကို ဖြတ်လျှင် အသီး အရွက်ကို ပယ်သည်မည်သကဲ့သို့သာ ဖြစ်သည်။ ထို့ကြောင့် လောကုတ္တရာ ဝိရတီကား ဥပမာသာ ဟူလိုသည်။
မေး။ ။ ဒုစရိုက်နှင့် ဒုရာဇီဝသည် ဘယ်သို့ကွဲသနည်း။
ဖြေ။ ။အသက်မွေးကျောင်းမဟုတ်ပဲ ပြုသော ပါဏာတိပါတက စသည်တို့သည် ဒုစရိုက်မည်၏၊
အသက်မွေးကျောင်းဖြင့် ပြုအပ်သော ပါဏာတိပါတ စသည်တို့ကား ဒုရာဇီဝမည်၏၊
ဤကဲ့သို့ ကွဲ၏ ထူး၏ဟူပေ။
၄၉-လောကုတ္တရာ ပဉ္စမစျာန်၌ လိုအပ်သော ဥပေက္ခာကိုပြခြင်း၏
မေး။ ။ လောကုတ္တရာ ပဉ္စမစျာန် ရှစ်ခုမှန်တွင် ယှဉ်သည် စေတသိက် ပေါင်းကျိတ်တက်ဖွဲ့ ၃၃-ခု တရားစုတွင် ဘယ်ဥပေက္ခာသွင်းမည်နည်း။
ဖြေ။ ။ ဥပေက္ခာသည်
၁။ ဆဋ္ဌင်္ဂုပေက္ခာ
၂။ ဗြဟ္မဝိဟာရုပေက္ခာ
၃။ ဗောဇ္ဈင်္ဂုပေက္ခာ
၄။ ဝိရိယုပေက္ခာ
၅။ သင်္ခါရုပေက္ခာ
၆။ ဝေဒနုပေက္ခာ
၇။ ဝိပဿနုပေက္ခာ
၈။ တတြမဇ္ဈတ္တုပေက္ခာ
၉။ စျာနုပေက္ခာ
၁၀။ ပါရိသုဒ္ဓုပေက္ခာ
ဟူ၍ ဆယ်ပါးအပြားရှိ၏၊ ထိုဆယ်ပါးတို့တွင် ရဟန္တာပုဂ္ဂိုလ်တို့အား ဣဋ္ဌယအနိဠဖြစ်သော အာရုံ၆-ပါးရ၌ ထင်လတ်သော ဝမ်းမြောက်သောစိတ်လည်းမဖြစ်၊ နှလုံးမသာသောစိတ်လည်း မဖြစ်၊ စင်ကြယ်သော ပကတိသဘောကို မစွန့်သောအခြင်းအရာဖြင့်သော လျစ်လျူရူခြင်းသည် ဆဠင်္ဂုပေမည်၏၊
အလုံးစုံသော သတ္တဝါတို့၌ မချစ်မမုန်း လျစ်လျူရူသော အခြင်းအရာဖြင့် ဖြစ်သော ဥပေက္ခာသည် ဗြဟ္မဝိဟာရုပေက္ခာမည်၏၊
မိမိနှင့် သဟဇာတ်တရားတို့ကို လျစ်လျူသော အခြင်းအရာ ဖြင့်ဖြစ်သောဥပေက္ခာ ဗေဇ္ဈင်္ဂုပေက္ခာမည်၏၊
လွန်စွာလည်း အားမထုတ်၊ လွန်စွာလည်းမလျော့၊ အလတ်သော လုံ့လဟု ဆိုအပ်သော ဥပေက္ခာသည် ဝိရိယုပေက္ခာမည်၏၊
နီဝရဏတရား သို့မလိုက်ပဲ တည်ကြည်ငြိမ်သက်စွာ လျစ်လျူရူသောအခြင်းအရာသည် သင်္ခါရုပေက္ခာမည်၏၊
သုခလည်းမဟုတ်၊ ဒုက္ခလည်းမဟုတ်သော ဥပေက္ခာသည် ဝေဒနုပေက္ခာမည်၏၊
စူးစမ်းဆင်ခြင်ခြင်း၌ လျစ်လျူရူသောအခြင်းအရာသည် ဝိပဿနုပေက္ခာမည်၏၊
မိမိနှင့်တကွဖြစ်ဘက်ဖြစ်သော သဟဇာတ်တရားတို့ကို အညီဆောင်ရွက်တတ်သော ဥပေက္ခာသည် စျာနုပေက္ခာမည်၏၊
စင်စစ် လွန်မြတ်သောသုခ၌ လည်းမတတ်မက် မငဲ့ကွက်ခြင်းကို ဖြစ်စေတတ်သော ဥပေက္ခာသည် စျာနုပေက္ခမည်၏၊
အလုံးစုံ ဆန့်ကျင်ဘက်ဖြစ်သော နီဝရဏတရားတို့ကို ငြိမ်းစေခြင်း၌ လည်းအားမထုတ်တတ်သော စတုတ္ထစျာန်၌ရှိသော ဥပေက္ခာသည် ပါရိသုဒ္ဓဥပေက္ခာ မည်၏၊
ထိုဆယ်ပါးတို့တွင် ဆဠင်္ဂုပေက္ခာယ ဗြဟ္မဝိဟာရုပေက္ခာယ ဗောဇ္ဈင်္ဂုပေက္ခာယ တတြမဇ္ဈုတ္တုပေက္ခာယ ပါရိသုဒ္ဓိဥပေက္ခာ ဤငါးပါးတို့သည် တရားကိုယ်အားဖြင့် တတြမဇ္ဈတ္တတာစေတသိက်တည်း။
သင်္ခါရုပေက္ခာယ ဝိပဿနုပေက္ခာနှစ်ပါးသည် ပညိန္ဒြေ စေတသိတ်တည်း။
ဝိရိယုပေက္ခာသည် ဝိရိယစေတသိတ်တည်း။
ဝေဒနုပေက္ခာ၊ စျာနုပေက္ခာနှစ်ပါးသည် ဝေဒနာစေတသိတ်တည်း။
လောကုတ္တရာ ပဉ္စမစျာန်ရှစ်ခု၌ ကားလောကီစတုတ္ထစျာန်၌ ကဲ့သို့ ပါရိသုဒ္ဓဥပေက္ခာဟူ၍ ဆိုအပ်၏၊
ဆောင်ပုဒ်။ ။ဆယ ဗြ ဗော ဝိ၊ ယ သင်, ဝေယ ဝိ၊ ပါရိ တတြယ စျာ၊ ဆယ်ပေက္ခာ။ (ပါဠိလိုသော် အဋ္ဌသာလိနိ၌ယူလေ။)
၅၀-ဗြဟ္မာတို့မှာ ၃-ဖြာဝိရတီ ဖြစ်သင့် မဖြစ်သင့်ကိုပြဆိုခြင်း
မေး။ ။မဟဂ္ဂိုလ်မှ၊ သုံးဖြာဝိရတီ၊ ကြဉ်သည်ရှိပြီး၊ ဝိရတီသုံးဖြာ၊ ထိုဗြဟ္မာတို့၊ ယထာရဟ မဖြစ်လော။
ဖြေ။ ။ ဗြဟ္မာတို့၏ စိတ်ရကို ထောက်သော် မဟာကုသိုလ်စိတ် ရှစ်ခုကိုလည်း ရသောကြောင့်ထိုစိတ်နှင့် ဝိရတီ ယှဉ်ကောင်းရကား ဗြဟ္မာတို့၌ ဝိရတီဖြစ်၏ဟု ဆိုဖွယ်ဆို၏၊ ယင်းသို့ ရှိသော်လည်းမဆိုအပ်။ ဘယ့်ကြောင့်နည်းမူုကား ကြဉ်ထိုက်သော ဝိရမိတဗ္ဗဝတ္တု မရှိသော ဘုံဖြစ်သောကြောင့် ထိုဝတ္တုကို အာရုံပြုသောစိတ် မဖြစ်ကောင်းရကား ဝိရတီမဖြစ် ဟူ၍သာမှတ်အပ်၏၊
ဗြဟ္မာဘုံ၌ ဝိရမိတဗ္ဗဝတ္တုမရှိသော် လူ့ဘုံသို့လာ၍ သဟမ္ပတိ ဗြဟ္မာတရားတောင်ပန်သောအခါ သက္မာဝါစာ မဖြစ်လော။ ထိုအခါ မုသာဝါဒ အစရှိသော ဝစီဒုစရိုက်မှ ကြဉ်သည်ဖြစ်၍ ဝိရတီမယူသင့်ပါလော ဟူငြားအံ့။ ဝိရတိမယူသင့် ဘယ့်ကြောင့် မယူသင့်သနည်းဟူမူ ဝစီဒုစရိုက်ကို အာရုံပြု၍ ကြဉ်ဆဲအခါ၌သာ ဝိရတီသမ္မာဝါစာ ဖြစ်သည်။ ကြဉ်ပြီး၍ ကောင်းသောစကားဆိုသောအခါ၌ သုဘာသိတ ဝါစာသာဖြစ်သည်။ ဝိရတီသမ္မာဝါစာ မဟုတ်၊ ဝိရတိသမ္မာဝါစာကား အကြောင်းသုဘာသိတ ဝါစာကားအကျိုး ဟူ၍ ယူရမည်။ ထိုကြောင့် ဋီကာဆရာတို့သည်-
သမ္မာ ဝဒန္တိဧတာယာတိ သမ္မာဝါစာဟူ၍ ကရဏသာနေပြုကြကုန်၏၊ ဧတာယ ဓမ္မဇာတိယာ၊ ဤဝစီဒုစရိုက်မှ ကြဉ်သောသဘောဖြင့်။ သမ္မာ၊ ကောင်းစွာ။ ဝဒန္တိ၊ ဆိုတတ်ကုန်၏၊ ဣတိတသ္မာ၊ ဆိုကြောင်းဖြစ်သော သတ္တိကြောင့်။ သမ္မာဝါစာ၊ သမ္မာဝါစာမည်၏၊
သမ္မာ ကရောန္တိ ဧတေနာတိ သမ္မာကမ္မာကမ္မန္တော။ ဧတေန၊ ဤကာယစရိုက်မှ ကြဉ်သောသဘောဖြင့်။ သမ္မာ၊ ကောင်းစွာ။ ကရောန္တိ၊ ပြုတတ်ကုန်၏၊ ဣတိတသ္မာ၊ ထိုသို့ ပြုကြောင်းဖြစ်သော သတ္တိကြောင့်။သမ္မာကမ္မန္တော၊ သမ္မာကမ္မန္တ မည်၏၊ သမ္မာအာဇီဝလည်း နည်းတူဝိဂြိုလ်ဆိုလေ။
အထူးမှတ်သားဖွယ်
သီတင်းသုံးသော သူတို့အား သိက္ခာပုဒ်ဆောက်တည်သောအခါ ဒုစရိုက်ကို အာရုံပြု၍ ကြဉ်သောကြောင့် ဝိရတီတရား ဖြစ်သည်။
ဆောက်တည်ပြီး၍ ဒါန ဝေယျဝစ္စ အစရှိသော ပုညကြိယဝတ္ထုကို ပြုသောအခါ၌ ၎င်း တရားနာခြင်း တရားဟောခြင်း တရားဆွေးနွေးခြင်းကို ပြုသောအခါ၌၎င်းယ အနဝဇ္ဇကမ္မ သုဘာသိတဝါစာတို့သာ ဖြစ်သည်ဟ၍မှတ်။
ဗြဟ္မာမင်းသည် မဟာကုသိုလ်စိတ်ဖြင့် တရားတောင်းပန်ပါသည်ကို ဝိရတီသမ္မာဝါစာမဖြစ်ဟု ဆိုခြင်းသည် ဘယ်သို့ ဝန်ခံနိုင်အံ့နည်း ဟူငြားအံ့။ မြတ်စွာဘုရားသည် တရားမဟောလိုသော အကြံဖြစ်သည်ကို သိ၍ နဿတိ ဝတဘော လောကော ဟူသောစကားဖြင့် အချင်းတို့ လောကသည် ပျက်တော့အံသည်တကား သတ္တဝါအပေါင်းတို့သည် နတ်လမ်းကြောင်း လူလမ်းကြောင်း လွဲလျက် ဆင်းရဲခြင်းသို့ ရောက်တော့အံ့သည်တကားဟု သတ္တဝါအပေါင်းတို့အား သနားခြင်း ကရုဏာ ပြဋ္ဌာန်းသောစိတ်ဖြင့် ဘုရားထံသို့ ကပ်လာ၍ ဥဋ္ဌေဟိ ဝိရဝိဇိတ သင်္ဂါမ အစရှိသော ဂါထာကို ရွတ်လျက် တရားဟောတော်မူပါဟု တောင်းပန်၏၊
ထိုတောင်းပန်သောစိတ်သည် မဟာကုသိုလ် ပထမဒွေဖြစ်အံ့၊ နိယတယှဉ်သော စေတသိတ် ၃၃ -ခုတွင် ကရုဏာကို ထည့်၍ ၃၄-ခု ရသင့်သည်။
ဒုတိယဒွေ တတိယဒွေ ဖြစ်အံ့၊ နိယတ ယှဉ်သော စေတသိတ် ၃၂-ခုတွင် ကရုဏာကို ထည့်၍ ၃၃-ခု ရသင့်သည်။
စတုတ္ထဒွေ ဖြစ်အံ့၊ နိယတယောဂီ စေတသိတ် ၃၁-ခုတွင် ကရုဏာကို ထည့်၍ ၃၂-ခု ရသင့်သည်။
ဝိရတီ-အပ္ပမညာ တို့သည် မဟာကုသိုလ်နှင့်ယှဉ်၏ ဆိုသော်လည်း အနိယတယောဂီ ဖြစ်၍၎င်း နာနာကဒါစိဖြင့် ဖြစ်တတ်သောကြောင့်၎င်း ကရုဏာနှင့် ယှဉ်ခိုက်မှာ မုဒိတာ ဝရိတီတို့သည် မဖြစ်ရာပြီ။
ဒုက္ခိတသတ္တဝါကို အာရုံပြုခိုက် သုခိတ သတ္တဝါကို အာရုံမပြုနိုင်။ ဒုစရိုက်မှ ကြဉ်ခြင်းကိုလည်း အာရုံမပြုနိုင်။ အာရုံပြားကြသော တရားတို့သည် တပြိုင်နက်လည်း မဥပါဒ်နိုင်။
ထို့ကြောင့် သတ္တဝါကို သနား၍ တရားတောင်းပန်ရာ၌ ဝိရတီသမ္မာဝါစာ မပါသောအဖြစ်ကို စင်စစ် သိအပ်၏ ဟူပေ။
၅၁-မဟဂ္ဂုတ် ပဉ္စမစျာန်၌ ကရုဏာ မုဒိတာ ကင်းဟန်ကိုပြခြင်း
မေး။ ။မဟဂ္ဂုတ်ရ၊ ပဉ္စမစျာန်၊ ကြဉ်ဟန် ကရုဏာ၊ မုဒိတာ၊ နှစ်ဖြာဘယ့်ကြောင့် ကင်းသနည်း။
ဖြေ။ ။ပဉ္စမစျာန် စိတ်၌ တတြမဇ္ဈတ္တတာ ပြဓာန်းရကား သနားခြင်း ဝမ်းမြောက်ခြင်း မရှိပြီ။ ထို့ကြောင့် ကရုဏာ မုဒိတာ ကင်းသည်ဟူပေ။
အပ္ပနာသို့ ရောက်ကုန်သော အပ္ပမညာတို့ကား ရံခါမျှ သောမနဿနှင့် ကင်း၍ ဖြစ်ခြင်း မရှိသောကြောင့် ပဉ္စမစျာန်၌ မယှဉ်သည်ဟူ၍ ဋီကာ၌ ဖြေ၏၊
၅၂-မဟာကုသိုလ်စိတ်၌ စေတသိက် ယှဉ်ဟန်အထူးကို ပြခြင်း
မေး။ ။မဟာကုသလ၊ ပထမဒွေးဟု၊ ဆိုရေးတွက်ရ၊ အဋ္ဌတိံသာ၊ ယှဉ်ကြရာဝယ်၊ မကွာအစု ဖြစ်၏လော။
ဖြေ။ ။အဋ္ဌတိံ သ စေတသိက်တွင် အညသမာန်းတေရသ သောဘဏသာဓာရဏ ၁၉ ပညိန္ဒြေ ဤ ၃၃-ပါးသော တစုတည်းဖြစ်သည်။ အပ္ပမညာ ဝိရတိ ဟူသော အနိယတယောဂီ စေတသိက် ၅-ခုမှာ တခုဖြစ်ခိုက် ၄-ခု မဖြစ်ဟူပေ။
၅၃-မြတ်စွာဘုရား တရားဟောရာ သုဘာသိတဝါစာဖြစ်ပုံကို ပြခြင်း
မေး။ ။မဟာကြိယာ၊ ရှစ်ခုမှာ၌၊ သုံးဖြာဝိရတိ၊ မရှိဟူလျှင်၊ ချစ်ရှင်ဘုရား၊ တရားဒေသနာ၊ ဟောသောခါ၌၊ သမ္မဝါစာ မဟုတ်လော။
ဖြေ။ ။တရားဟောခြင်းသည် သမ္မဝါစာမဟုတ်၊ သုဘာသိတဝါစာသာ ဖြစ်သည်ဟု ဖြေ။
၅၄-ပဋိသန္ဓေအခါ မေတ္တာဖြစ်ပုံကို ပြခြင်း
မေး။ ။မဟာဝိပါက်၊ ရှစ်ချက်စိတ်ဖြင့်၊ ပဋိသန္ဓေ၊ နေသူတို့မှာ၊ မေတ္တာတရား ရ၏လော။
ဖြေ။ ။အဒေါသ စေတသိက်သည် မေတ္တာ မည်ရကား မဟာဝိပါက် ဉာဏဝိပ္ပယုတ် ၄-ခုအားဖြင့် ပဋိသန္ဓေနေသော ဒွိဟိတ်ပုဂ္ဂိုလ်၊ ဉာဏသမ္ပယုတ် ၄-ခုဖြင့် ပဋိသန္ဓေနေသော တိဟိတ်ပုဂ္ဂိုလ်တို့အား ပဋိသန္ဓေ အခါကပင် မေတ္တာ တရားကို ရအပ်၏ ပဝတ္တိ၌ကား ဆိုဖွယ် မရှိရတော့သည်သာဟု ဖြေ။
၅၅-ပဋိသန္ဓေအခါ လောဘဖြစ်ပုံကို ပြခြင်း
မေး။ ။သန္ဓေစိတ်က၊ လောဘမယှဉ်၊ ကြဉ်သည်ရှိလျက်၊ ဘဝကန္တိ၊ ကပ်မိရောနှော၊ လောဘဘယ်က လာသနည်း။
ဖြေ။ ။ရှေးဘဝ၌ ပြုအပ်သော ကုသိုလ်စေတနာ တည်းဟူသော ပုညာဘိသင်္ခါရ အကုသိုလ် စေတနာတည်းဟူသော အပုညာဘိသင်္ခါရ တို့သည် ပြုပြင်အပ်သည်ဖြစ်၍ ပဋိသန္ဓေ ဧကူနဝီသတည်းဟူသော ပဋိသန္ဓေဝိညာဉ် ဘဝင် ဧကူနဝီသ မနောဒွါရဝဇ္ဇန်း ဘဝနိကန္တိလောဘဇော အစရှိသော ပဝတ္တိ ဝိညာဉ်တို့ ဖြစ်ကုန်ရကား ရှေးကုသိုလ်ကံ အကုသိုလ်ကံ ပြုပြင်၍ လောဘတို့ပေါ်လာ၏ ဟူပေ။
၂၄-ပါးသော ပစ္စည်းတို့တွင် ကုသိုလ် အကုသိုလ်ကံက ပဋိသန္ဓေ ဝိညာဉ်ကို နာနက္ခဏိကကမ္မပစ္စည်းဖြင့် ကျေးဇူးပြုသည်။ ပဝတ္တိ ဝိညာဉ်ကိုကား ပကတူပေနိဿယ ပစ္စည်းဖြင့် ကျေးဇူးပြုသည်။
ထို့ကြောင့် ပဋိစ္စသမုပ္ပါဒ်၌ သင်္ခါရပစ္စယာ ဝိညာဏံ ဟောတော်မူသည်။
၅၆-ထိနနှင့် မိဒ္ဓအထူးကို ပြခြင်း
မေး။ ။မခံ့နွမ်းရိ၊ ထိန မိဒ္ဓ၊ သဘာဝသည်၊ ကိစ္စဘယ်သို့ ထူးသနည်း။
ဖြေ။ ။ထိန သည် စိတ်၏မခံခြင်းလက္ခဏာ လေးလံခြင်းကိစ္စ ပျင်းရိသောအဖြစ်လျှင် ထင်သော အခြင်းအရာရှိ၏၊
မိဒ္ဓသည် စေတသိက်တို့၏ မခံခြင်းလက္ခဏာ မထကြွခြင်းကိစ္စ ငိုက်မျဉ်းသော အဖြစ်လျှင် ထင်သောအခြင်းအရာရှိ၏၊ ဤသို့ ထူးကြ၏ ဟူပေ။
၅၇-ဒေါသမူစိတ်၌ စေတသိက်ယှဉ်ဟန် အထူးကို ပြခြင်း
မေး။ ။ဒေါသမူစိတ်၊ စိတ်နှစ်ခုမှာ၊ အစုနှစ်ဆယ်၊ နှစ်ခုကယ်သည်၊ တကယ်စုလျက်၊ ယှဉ်၏လော။
ဖြေ။ ။နှစ်ဆယ့်နှစ်ပါးလုံး တပြိုင်တည်းစုလျက် မယှဉ်၊ ဣဿာ မစ္ဆေရ ကုက္ကုစ္စတို့သည် အနိယတယောဂီဖြစ်၍ ၁၉-ပါးသော အမြဲယှဉ်သည်။ ဣဿာဖြစ်ခိုက် ဣဿာကိုထည့်၍ ၂၀၊ မစ္ဆရိယဖြစ်ခိုက် မစရိယကိုထည့်၍ ၂၀၊ ကုက္ကုစ္စဖြစ်ခိုက် ကုက္ကုစ္စကိုထည့်၍ ၂၀-စီသာ ယှဉ်၏ ဟူပေ။
õဤ ၃ ပါးသော တရားတို့သည် ဘယ့်ကြောင့် တပြိုင်နက် မယှဉ်ပဲ တခုတခုစီသာ ယှဉ်လေသနည်းဟူမူ ဘိန္နာလမ္ဗဏတ္တာယေဝါတိ အဓိပ္ပါယော ဟူသောဋီကာနှင့်အညီ ဣဿာသည် သူတပါး၏ စည်းစိမ်ကို ငြူစူတတ်ရကား ဗဟိဒ္ဓကို အာရုံပြုသည်။
မစရိယသည် မိမိစည်းစိမ်ကို လျှို့ဝှက်တတ်ရား အဇ္ဈတ္တကို အာရုံပြုသည်။
ကုက္ကုစ္စသည် ပြုအပ်ပြီးသော ဒုစရိုက် သုစရိုက် မပြုသေးသော ဒုစရိုက် သုစရိုက်ကို အာရုံပြု၍ ပူပန်တတ်ရကား အတိတ်ကို၎င်း၊ အနာဂတ်ကို၎င်း အာရုံပြုသည်။ ဤသို့ အာရုံပြားသောကြောင့် တခုတခုစီ ယှဉ်၏ ဟူပေ။
၅၈-ကာယဝိညာဉ်ဒွေ၌ယှဉ်သော စေတသိက်ကို ပြခြင်း
မေး။ ။ကာယဝိညာဏ်၊ နှစ်တန်သမုတ်၊ စိတ်တွင်ချုပ်၍၊ သမ္ပယုတ်ဘယ်မျှ ရသနည်း။
ဖြေ။ ။ဒွိပဉ္စဝိညာဏေသု ပကိဏ္ဏကဝိဝဇ္ဇိတာ-ဟု သင်္ဂြိုဟ်ဆရာ ဆိုပြီးဖြစ်သောကြောင့် စက္ခုဝိညာဉ် ဒေ၌၎င်း၊ သောတ ဃာန ဇိဝှါ ကာယဝိညာဉ် ဒွေ၌ ၎င်း သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇- ပါးသာလျင် သမ္မယုတ်ဖြစ်၏ ဟူပေ။
၅၉-ဟသိတုပ္ပါဒ်စိတ်၌ ဆန္ဒကင်းပုံကို ပြခြင်း
မေး။ ။ဟသိတုပ္ပါဒ်၊ ယှဉ်တတ်စေရ၊ ဇောမူလဝယ်၊ ဆန္ဒဘယ်ကြောင့် ကင်းသနည်း။
ဖြေ။ ။ရဟန္တာပုဂ္ဂိုလ်တို့အား ပြုံးရယ်လိုသော ဆန္ဒမရှိပဲ မျက်နှာရွှင်ရုံ ပြုံခြင်းတည်းဟူသော သိတ၊ သွားပေါ်ရုံပြုံးခြင်း တည်းဟူသော ဟသိတ ဖြစ်သောကြောင့် ဆန္ဒကင်းသည် ဟူပေ။
တနည်းကား ဆန္ဒသည် အဟိတ်စိတ်တို့၌ ယှဉ်ခြင်းမရှိသောကြောင့် ကင်း၏ ဟူပေ။
၆၀-မာနတရား ထောင်လွှားခြင်း၏ အကြောင်းကို ပြခြင်း
မေး။ ။မာနတရား၊ ထောင်လွှားငါ့ပြင်၊ မရှိထင်သည်၊ ဘယ်ဟိတ်စီရင် သောကြောင့်နည်း။
ဖြေ။ ။မာန စေတသိက်သည် လောဘမူ ဒိဋ္ဌိဂတဝိပ္ပယုတ် ၄-ခု၌ ယှဉ်သည်။ ထိုစိတ်၌ လောဘဟိတ် မောဟဟိတ် နှစ်ပါးရသည်။ ဤဟိတ်နှစ်ပါးလည်းထူး၍ စီရင်ကြောင်းကို ကျမ်းဂန်မဆို။ မာန ပင်လျှင် ထောင်လွှားခြင်းသဘောကို ပြီးစေရကား မာနဟိတ်ပင် ဒိဋ္ဌိဂတဝိပ္ပယုတ်ကို စီရင်၏ဟု ဆိုသင့်တော့သည်။
ဤမာန် သည်-
၁။ သေယျ မာန်၊
၂။ သဒိသ မာန်၊
၃။ ဟီန မာန်-
ဟူ၍ ၃-ပါး အပြားရှိ၏၊
ထို ၃-ပါးတို့တွင် ငါကား ဤသူတို့ထက် အမျိူးအားဖြင့် မြတ်၏ဟူ၍၎င်း အကျင့်အားဖြင့် မြတ်၏ဟူ၍၎င်း အတတ်ပညာအားဖြင့် မြတ်၏ဟူ၍၎င်း ထောင်လွှားခြင်းသည် သေယျမာန်' မည်၏၊
ငါသည် အမျိုးအားဖြင့် အကျင့်အားဖြင့် အတတ်ပညာအားဖြင့် ဤသူနှင့်တူ၏ ဟူ၍ ထောင်လွှားခြင်းသည် သဒိသမာန် မည်၏၊
ငါသည် အမျိုးအားဖြင့် အကျင့်အားဖြင့် အတတ်ပညာအားဖြင့် ညံ့သော်လည်း ဤသူ ငါ့ကို မကဲ့ရဲ့သင့် ဟူ၍၎င်း မထေမဲ့ မပြုသင့် ဟူ၍၎င်း ထောင်လွှားခြင်းသည် ဟီနမာန် မည်၏၊
ဤမာန် ၃-ပါးသည် သူမြတ်၌၎င်း သူလတ်၌၎င်း သူယုတ်၌၎င်း ၃-ပါးစီရှိရကား ၉-ပါးပြား၏၊ ဤကို ရည်၍ ဆုတောင်းခန်း၌-
ယုတ် လတ် မြတ် အား၊ သုံးပါးတိုင်တည်၊ ကိုးခု မည်ဖြင့်၊ ရှည်စွာခလောက်၊ မိုးရှည့်မြောက်သား၊ အစောက်မတ်လတ်၊ မာန်တောင်ထွတ်ကို၊ တိန်းညွတ်ထောက်တို၊ မဂ်စွမ်းဖြို၍၊ ကုသိုလ်နှိမ့်ချ၊ မီးပွားကျသို့၊ ဂုဏအရာ၊ စွန်းစွန်းပါသား၊ သံဃာတို့ထက်၊ လျှမ်းလျှမ်းတက်၍ နှုတ်ထွက်ဖြိုးဖြိုး၊ လက်ရတိုးလျက်၊ ကျမ်းရိုးနင်းမိ၊ ဟကာသိသည့်၊ သာရိပုတ္တရာ၊ မည်တော်သာဖြင့်၊ လကျ်ာရံသီး၊ ငါ့သားကြီး ဟူ၍ စပ်ဆိုတော်မူသည်။
ဤတွင် စေတသိက်ပိုင်းဆိုင်ရာ ပုစာဝိသဇ္ဇနာများ ပြီးပြီ။
၃-ပကိဏ်းပိုင်း
၃-ပကိဏ်းပိုင်း
ပကိဏ်းပိုင်းဆိုင်ရာပုစ္ဆာ
ဝိသဇ္ဇနာများ
၆၁- ဝေဒနာမည်သမျှ ခန္ဓာမည်ရပုံကို ပြခြင်း
မေး။ ။ကိုးဆယ် တခုယုတ်၊ အဟုတ်စိတ်မှာ၊ ဝေသနာသည်၊ ခန္ဓာတရား မှန်၏လော။
ဖြေ။ ။ဝေဒနာ ဝေဒနာက္ခန္ဓောတိ၊ အာမန္တာ-ဟူ၍ ခန္ခယမိုက်၌ ဟောတော်မူသောကြောင့် စိတ်တခုယုတ် ကိုးဆယ်၌ ယှဉ်သော ဝေဒနာ စေတသိက်သည် ဝေဒနာက္ခန္ဓာမည်သည်ချည်း ဟူပေ။
ခန္ဓာငါးပါးတို့တွင် ရူပက္ခန္ဓာ၌-ရူပံ ရူပက္ခန္ဓောတိ၊ ပိယရူပံ သာတရူပံ ရူပံ၊ န ရူပက္ခန္ဓော။ ရူပက္ခန္ဓော ရူပေဉ္ဇဝ ရူပက္ခန္ဓော စ-ဟူသောပါဌ်ဖြင့် လောကီစိတ် ဧကာသီတိ၊ စေတသိက် ဒွေပညာသ၊ ရုပ်အဋ္ဌဝီသတို့၏အပေါင်းဖြစ်သော ပိယရုပ် သာတရုပ်သည် ရုပ်သာမည်၏ ရူပက္ခန္ဓာ မမည်။
အစိတ်ဖြစ်သော ရုပ္ပန လက္ခဏာရှိသော ရုပ်အဋ္ဌဝီသသည် ရုပ်လည်းမည်၏၊ ရူပက္ခန္ဓာလည်းမည်၏ ဟူ၍ ဟောသည်။
သညာ သညာက္ခန္ဓောတိ၊ ဒိဋ္ဌိသညာ သညာ၊ န သညက္ခန္ဓော၊ သညာက္ခန္ဓော သညာစေဝ သညာက္ခန္ဓော စ- ဟူသောပါဌ်ဖြင့် ဒိဋ္ဌိစေတသိက်ဟု ဆိုအပ်သော သညာသည် သညာသာ မည်၏၊ သညာက္ခန္ဓာ မမည်။
စိတ်တခုယုတ်ကိုးဆယ်၌ ရှိသော သညာစေတသိက်သည် သညာလည်း မည်၏၊ သညာက္ခန္ဓာလည်း မည်၏ဟူ၍ ဟောသည်။
သင်္ခါရက္ခန္ဓာ၌ သင်္ခါရာ သင်္ခါရက္ခန္ဓောတိ၊ သင်္ခါရက္ခန္ဓံ ဌပေတွာ အဝသေသာ သင်္ခါရာ၊ န သင်္ခါရက္ခန္ဓော။ သင်္ခါရက္ခန္ဓော သင်္ခါရာ စေဝ သင်္ခါရက္ခန္ဓော စ-ဟူသောပါဌ်ဖြင့် စိတ်တခုယုတ်ကိုးဆယ် ဝေဒနာ သညာ ရုပ်အဋ္ဌဝီသသည် သင်္ခါရသာ မည်၏၊ သင်္ခါရက္ခန္ဓာ မမည်။
ဝေဒနာသညာမှ တပါးသော စေတသိက် ပညာသသည် သင်္ခါရလည်းမည်၏၊ သင်္ခါရက္ခန္ဓာလည်း မည်၏ ဟူ၍ ဟောသည်။
ဤသို့ ရုပ်သာမည်၍ ရူပက္ခန္ဓာ မမည်သောတရား။ သညာသာမည်၍ သညာက္ခန္ဓာ မမည်သောတရား။ သင်္ခါရသာမည်၍ သင်္ခါရက္ခန္ဓာ မမည်သောတရားရှိသောကြောင့် ဝေဒနာက္ခန္ဓာ၌လည်း ဝေဒနာသာမည်၍ ဝေဒနာက္ခန္ဓာ မမည်သောတရား ရှိ မရှိကို စိစစ်လိုသောကြောင့် ယခင်ပုစ္ဆာကို ပြုသည်။
အဖြေကား - ဝေဒနာမည်သမျှ တရားသည် ဝေဒနာက္ခန္ဓာ မည်သည်ချည်းဟူလို။
၆၂-ဝေဒနာ ငါးပါး၏လက္ခကို ပြခြင်း
မေး။ ။ဝေဒနာငါးပါး၊ ကွဲပြားလှစွာ၊ သိဘို့ရာသည်၊ လက္ခဏာ ဘယ်သို့ ထူးသနည်း။
ဖြေ။ ။တတ္ထ ဣဋ္ဌဖောဋ္ဌဗ္ဗာနုဘဝနလက္ခဏံ သုခံ အနိဋ္ဌဖောဋ္ဌဗ္ဗာနုဘဝနလက္ခဏံ ဒုက္ခံ သဘာဝတော ဝါ ပရိကပ္ပတော ဝါ ဣဋ္ဌာနုဘဝနလက္ခဏံ သောမနဿံ တထာ အနိဋ္ဌာနုဘဝနလက္ခံ ဒေါမနဿံ မဇ္ဈတ္တာနုဘဝနလက္ခဏာ ဥပေက္ခာ။
ဟူသော ဋီကာနှင့်အညီ သုခသည် ဣဋ္ဌဖြစ်သော ဗောဋ္ဌဗ္ဗာရုံကို ခံစားခြင်း လက္ခဏာရှိ၏၊
ဒုက္ခသည် အနိဋ္ဌဖြစ်သော ဖောဋ္ဌဗ္ဗာရုံကို ခံစားခြင်း လက္ခဏာရှိ၏၊
သောမနဿသည် သဘောအားဖြင့်၄င်း၊ ပရိကပ္ပအားဖြင့်၄င်း ဣဋ္ဌဖြစ်သော အာရုံ ၆- ပါးကို ခံစားခြင်းလက္ခဏာရှိ၏၊
ဒေါမနဿသည် သဘောအားဖြင့်၄င်း၊ ပရိကပ္ပအားဖြင့်၄င်း အနိဋ္ဌဖြစ်သော အာရုံ ၆- ပါးကို ခံစားခြင်းလက္ခဏာရှိ၏၊
ဥပေက္ခာသည် မဇ္ဈတ္တဖြစ်သော အာရုံ ၆- ပါးကို ခံစားခြင်းလက္ခဏာရှိ၏၊ ဟူပေ။
ကိုယ်၌ဖြစ်သောသာယာခြင်းကို သုခ မသာယာခြင်းကို ဒုက္ခ စိတ်၌ဖြစ်သော သာယာခြင်းကို သောမနဿ မသာယာခြင်းကို ဒေါမနဿ ဆိုသည်။
၆၃- အဟိတ်နှင့် သဟိတ်နှစ်ပါး ထူးခြားပုံကို ပြခြင်း
မေး။ ။အဟိတ်စိတ်နှင့်၊ သဟိတ်စိတ်မှာ၊ ဖြစ်ခြင်းရာသည်၊ ပမာဘယ်သို့ ထူးသနည်း။
ဖြေ။ ။ဟေတုပစ္စယာ ဟိ ဓမ္မာ၊ ဝိရုဠှမူလာ ဝိယ ပါဒပါ ထိရာဟောန္တိ၊ အဟေတုကာ ဇလတလေ သေဝါလသဒိသာ-
ဟူ၍ ဋီကာမိန့်သည်ဟု ဖြေ။
ဟိ၊ ဥပမာဖြင့် ထင်စွာဆိုဦးအံ့။ ဟေတုပစ္စယာ၊ ဟေတုပစ္စည်းရှိကုန်သော။ ဓမ္မာ၊ သဟိတ်စိတ် စေတသိက် တရားတို့သည်။ ဝိရုဠှမူလာ၊ ပြန့်ပွားစည်သော အမြစ်ရှိသော။ ပါဒပါ ဝိယ၊ သစ်ပင်ကဲ့သို့။ ထိရာ၊ မြဲမြံခိုင်ခံ့ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏ အဟေတုကာ၊ အဟိတ် စိတ် စေတသိက်တရားတို့သည်။ ဇလတလေ၊ ရေအပြင်၌။ သေဝါလသဒိသာ၊ အမြစ်မရှိသောမှော်နှင့် တူကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏၊
သဟိတ်စိတ်တို့သည် အိမ်နေနှင့်တူ၏၊ အဟိတ်စိတ်တို့သည် ဧည့်သည်နှင့် တူ၏ ဟူ၍၄င်း၊ သဟိတ်စိတ်တို့သည် ဝန်ထမ်းသမားနှင့် တူ၏၊ အဟိတ်စိတ်တို့သည် ကူပင့်သောသူနှင့်တူ၏ ဟူ၍၎င်း ဥပမာပြုလေ။
၆၄-အဟိတ်စေတသိက်စသည် ရှိမရှိကို ပြခြင်း
မေး။ ။အချို့သောစိတ်ကို၊ သဟိတ်ခွဲဝေ၊ ခေါ်ရလေသို့၊ စေတသိက်မှာ၊ အဟိတ် သဟိတ်၊ ဧကဟိတ် ဒွိဟိတ်၊ တိဟိတ်ဟူ၍ မရှိလော။
ဖြေ။ ။မရှိပြီ၊ အဟိတ်စိတ်နှင့် ယှဉ်သောအခိုက် အဟိတ်စေတသိက် ဧကဟိတ်စိတ်နှင့် ယှဉ်သောအခိုက် ဧကဟိတ်စေတသိက် ဒွိစိတ်စသည်နှင့် ယှဉ်သောအခိုက် ဒွိဟိတ်စေတသိက်ဟူ၍ အဝတ္ထာအားဖြင့် ခေါ်ဆိုထိုက်တော့သည်။
၆၅-ဧကဟိတ်ပုဂ္ဂိုလ်မရှိသင့်ပုံကို ပြခြင်း
မေး။ ။ဧကဟိတ်ဟု၊ စိတ်ရှိလျက်ကို၊ ပုဂ္ဂိုလ်ဧကဟိတ် မရှိလော။
ဖြေ။ ။မရှိပေ၊ ဘယ့်ကြောင့် မရှိသနည်းဟူမူကား အဟိတ်ပုဂ္ဂိုလ် ဒွိဟိတ်ပုဂ္ဂိုလ်စသည်ဖြင့် ခေါ်ဆိုခြင်းသည် ပဋိသန္ဓေ စိတ်နှင့်ယှဉ်သော ဟိတ်ကိုသာစွဲ၍ ခေါ်သည်။ ဧကဟိတ်စိတ်မှာ ပဋိသန္ဓေ စိတ်မဟုတ်၊ ပဝတ္ထိစိတ်သာဖြစ်သည်။ ထို့ကြောင့် ဧကဟိတ်ပုဂ္ဂိုလ်ဟူ၍ မရှိသတည်း။
၆၆-အသညသတ်ဗြဟ္မာကို အဟိတ်ခေါ်ဆိုရပုံကို ပြခြင်း
မေး။ ။အသညသတ်၊ မြတ်သည်ဗြဟ္မာ၊ ဖြစ်လျက်ပါကို အဟိတ်ဘယ်ကြောင့် ဆိုသနည်း။
ဖြေ။ ။အသညသတ် ပုဂ္ဂိုလ်တို့သည် ဇီဝိတဆက္က ဇီဝိတနဝက ကလာပ်ဖြင့်သာ ပဋိသန္ဓေနေသည်။ ထိုနဝက ကလာပ်ရုပ်သည်လည်း လောဘ အစရှိသော ဟိတ် ၆-ပါးတွင် တပါးပါးမျှ မယှဉ်ရကား အဟေတုကဖြစ်၍ အဟိတ်၊ ပဋိသန္ဓေဟု ဆိုလေသည်။ ယုတ်မာသောကြောင့် အဟိတ်ပုဂ္ဂိုလ်ခေါ်သည်မဟုတ်ဟူ၍ ဖြေရမည်။
၆၇-နိဗ္ဗာန်ဝင်သော ပုဂ္ဂိုလ်တို့၏ ပဋိသန္ဓေစုတိကို ပြခြင်း
မေး။ ။လောကီစျာန်ပျံ၊ မဂ် ဖိုလ် ဉာဏ်နှင့်၊ နိဗ္ဗာန်အောင်မြေ၊ ရောက်သူတွေကို၊ သန္ဓေဘယ်သို့ သွင်းမည်နည်း။
ဖြေ။ ။တိဟိတ်ဝိပါက် တေရသဖြင့် ပဋိသန္ဓေ နေ၍ တိဟိတ်စုတိတေရသဖြင့် စုတိကျ၍ နိဗ္ဗာန်ဝင်ကုန်၏ဟု ဖြေ။
အကျယ်ကား - ကာမသုဂတိ ၇-ဘုံ၌ မဟာဝိပါက် ဉာဏသမ္ပယုတ် ၄-ခုဖြင့် ပဋိသန္ဓေနေသော တိဟိတ်ပုဂ္ဂိုလ်သည် ဝိပဿနာကို စီးဖြန်း၍ သောတာပတ္တိမဂ် သောတပတ္တိဖိုလ်ကို ရ၏၊ ထို့နောက် သကဒါဂါမိမဂ် သကဒါဂါမိဖိုလ်ကို ရ၏၊ ထို့နောက် အနာဂါမိမဂ်, အနာဂါမိဖိုလ်ကို ရ၏၊ ထို့နောက်မှ အရဟတ္တဖိုလ်ကို ရ၏၊ ထိုသို့ ရဟန္တာဖြစ်ပြီးသော ပုဂ္ဂိုလ်သည် စုတိကျလိုသော် မဟာဝိပါက်ဉာဏသမ္ပယုတ် ၄-ခုဖြင့်ပင် စုတိကျ၍ နိဗ္ဗာန်ဝင်၏၊
ရူပတဆယ့်ငါးဘုံ၌ ဗြဟ္မာတို့သည် ရူပဝိပါက် ၅-ခုဖြင့် ပဋိသန္ဓေနေ၍ ဝိပဿနာကို အားထုတ်သဖြင့် သောတပန် သကဒါဂါမ် အနာဂါမ် ရဟန္တာဖြစ်ပြီးသော် ဤရူပဝိပါက် ၅-ခုဖြင့် စုတိကျ၍ နိဗ္ဗာန်ဝင်၏၊
အရူပ ၄-ဘုံ၌ ဗြဟ္မာတို့သည် အရူပဝိပါက် ၄-ခုဖြင့် ပဋိသန္ဓေနေ၍ ရဟန္တာဖြစ်ပြီးသော် အရူပဝိပါက် ၄-ခုဖြင့် စုတိ၍ နိဗ္ဗာန်ဝင်၏ ဟူပေ။
၆၈ - သုံးကျွန်းသားတို့ ဟိတ်တရား မရှိပုံကို ပြခြင်း
မေး။ ။ဟိုကျွန်းသားတွေ၊ ဟေတုနတ္ထိ၊ ဟိတ်မရှိဟု၊ ဟောဘိဘုန်းကြွယ်၊ အဓိပ္ပပါယ်ကို၊ ဘယ်သို့ကြံရေး သင့်သနည်း။
ဖြေ။ ။အရှေ့ကျွန်း မြောက်ကျွန်း အနောက်ကျွန်း သားတို့သည် မိမိ တို့၏ကျွန်း၌ ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာတို့လည်း မဖြစ်၊ ဤကျွန်းကအရှင်မြတ်တို့လည်း ကြွသွား၍ တရားမဟော၊ ထို့ကြောင့် ထိုသုံးကျွန်းသားတို့အား နိဗ္ဗာန်ရောက်ကြောင်း တရားတည်းဟူသော ဟိတ် မရှိဟု ဆိုလိုသည်။
မင်္ဂလာ စေတီဘွဲ့၌ ရှင်သီလဝံသ ဆိုသည်။
၆၉-ကိစ္စအကျိုး ဌာနအကြောင်းဖြစ်ပုံကို ပြခြင်း
မေး။ ။ဆယ်လေးကိစ္စ၊ ဆယ်ဌာနဟု၊ ရသည်အမှန်၊ ရုပ်နာမ်တရား၊ ထိုနှစ်ပါးတွင်၊ ဖြစ်လားဘယ်သူ အကြောင်းနည်း။
ဖြေ။ ။စိတ်တို့၏ သတ္တိသည် "ကရဏံ ကိစ္စံ" ဟူသောဝစနတ္ထကြောင့် ကစ္စမည်၏၊ ထိုသတ္တိ၏တည်ရာဖြစ်သော စိတ်ဒြဗ်သည်၎င်း စိတ်၏ ဖြစ်ရာ အကြားသည်၎င်း ဌိယတိ ဧတ္ထာတိဋ္ဌာနံဟူသော ဝစနတ္ထကြောင့် ဌာနမည်၏၊ စိတ်တခုယုတ်ကိုးဆယ်ကို သတ္တိအားဖြင့် ဝေဖန်သော် ၁၄-ပါးသာရသောကြောင့် ကိစ္စ ၁၄-ပါးထားလေသည်။ ထိုကိစ္စရှိသော စိတ်၏ ဖြစ်ရာ ဌာနကား အကျဉ်းအားဖြင့် ၁၀-ပါး၊ အကျယ်အားဖြင့် ၂၅-ပါး ပြားလေသည်။ ထို့ကြောင့် ကိစ္စသည် အကျိုး ဌာနသည် တည်ရာအကြောင်း ဟုမှတ်သင့်၏၊
ဥပမာကား - လူတယောက်သည် ပန်းချီ ပန်းပု ဆေးကု ဗိသုကာ လယ်ယာလုပ်ခြင်းဟူသော သိပ္ပငါးရပ်ကို တတ်မြောက်၏၊ ထိုသူအား ပန်းချီတတ်သည်ကိုစွဲ၍ ပန်းချီသမား အရုပ်ထုတတ်သည်ကို စွဲ၍ ပန်းပုသမား သူနာတို့အား ဆေးကုတတ်သည်ကိုစွဲ၍ ဆေးဆရာ အိမ် ရာ ကျောင်း ကန် ပြုတတ်သည်ကိုစွဲ၍ လက်သမား လယ်ယာလုပ်တတ်သည်ကိုစွဲ၍ လမိုင်းကြီးဟု အမည်ငါးပါးဖြင့် သမုတ်အပ်သည်။ ထိုတတ်သော သတ္တိ၏ တည်ရာကား လူဒြဗ် သခုသာ ဖြစ်သကဲ့သို့ ဥပေက္ခာသန္တီရဏနှစ်ခုတို့သည် ဘဝနှစ်ရပ်ကို စပ်တတ်သော သတ္တိ ဥပပတ္တိဘဝ၏ အကြောင်းဖြစ်သောသတ္တိ ဘဝမှရွှေ့တတ်သော သတ္တိ ယူပြီးသော ပဉ္စရုံကို စုံစမ်းတတ်သောသတ္တိ ဇော၏အာရုံသို့လိုက်၍ အာရုံပြုတတ်သော သတ္တိရှိသောကြောင့် ပဋိသန္ဓေကိစ္စ ဘဝင်ကိစ္စ စုတိကိစ္စ သန္တီရဏကိစ္စ တဒါရုံကိစ္စတတ်သည်ဟု ဆိုသည်။ ထို သတ္တိငါးဦး၏ တည်ရာကား ဥပေက္ခာသန္တီရဏစိတ်ပင် ဖြစ်သည်။ ထို့ကြောင့် သတ္တိကို ကိစ္စ သတ္တိဝန် ဖြစ်သော စိတ်ဒြဗ်ကို ဌာနဟု ဋီကာ၌ မိန့်လေသည်။
တနည်းကား - စိတ်ဒြဗ်ဟူသည်လည်း မထင်ရှားရကား ရှေ့စိတ် နောက်စိတ် နှစ်ပါး၏ အကြားဖြစ်သော အန္တရဝိကပ္ပပညတ်ကိုပင် ဌာနယူရမည်ဟု ပြသည်။ ထိုသို့ယူမူ ဌာန ၂၅- ပါး ပြား၏ ရှေ့နည်းကား မုချ နောက်နည်းကား တဒ္ဓမ္မူပစာရ တည်း။
၇၀- ဌာန ၂၅ - ပါးကို ပြခြင်း
၂၅-ဌာနကိုကား-
ဧကဝိဓံ သန္ဓိဌာနံ၊ ဆ ဌာနာနိ ဘဝင်္ဂဿ။
ဒွိဌာနာဝဇ္ဇနံ ပဉ္စ-ဝိညာဏာဒီနမေကကံ။
ဝေါဠဗ္ဗနဿ ဒုဌာနံ၊ ဇဝနံ၊ ဆ တဒါလမ္ဗံ။
ဒွိဌာနံ စုတိယာ ဌာနံ၊ တိဓေဝံ ပဉ္စဝီသတိ။
ဟူသော သင်္ခေပဋီကာ ဂါထာဖြင့် မှတ်ရမည်။
သန္ဓိဌာနံ၊ ပဋိသန္ဓေဌာနသည်။ ဧကဝိဓံ၊ တခုသောအဖို့ရှိ၏ ဘဝင်္ဂဿ၊ ဘဝင်၏၊ ဌာနာနိ၊ ဌာနတို့သည်။ ဆ၊ ၆-ပါးတို့တည်း။ အာဝဇ္ဇနံ၊ အာဝဇ္ဇန်းသည်။ ဒွိဌာနံ၊ နှစ်ဌာနရှိ၏၊ ပဉ္စဝိညာဏာဒီနံ၊ စက္ခုဝိညာဉ်စသည်တို့၏ဌာနံ၊ ဌာနသည်။ ဧကကံ၊ တပါးပါးစီသာတည်း။
ဝေါဠဗ္ဗနဿ၊ စုဠော၏၊ ဌာနံ၊ ဌာနသည်။ ဒုဌာနံ၊ နှစ်ပါး ပြား၏၊ ဇဝနံ၊ ဇောသည်။ ဆ၊ ခြောက်ဌာန ရှိ၏၊ တဒါလမ္ဗံ၊ တဒါရုံသည်။ ဒွိဌာနံ၊ နှစ်ဌာနရှိ၏၊ စုတိယာ ဌာနံ၊ စုတိ၏ဌာနသည်။ တိဓာ၊ သုံးပါးပြား၏၊ ဧဝံ၊ ဤသို့။ ပဉ္စဝီသတိ၊ ၂၅-ပါးသော ဌာနတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏၊
၁။စုဘန္တရံ သန္ဓိဌာနံ၊ ပအာ တအာ ဇအာ ဝေါအာ။
တစု ဇစုန္တရံ ဘဿ၊ ဆ ဌာနံ ပရိဒီပယေ။
၂။ဘဝိ ဘဇန္တရံယေဝ၊ ဒုအာ ဌာနံ အာသန္တရံ။
ဝိဌာနေကံ ဝိတိန္တရံ၊ သံဌာနေကံ သံဝေါန္တရံ။
၃။ တီဌာနေကံ ဒုဝေါဌာနံ၊ တီဇ တီဘန္တရံ တထာ။
ဝေါတ ဝေါဘ ဝေါစုန္တရံ၊ အာတအာဘ အာစုန္တရံ။
၄။ ဇဌာနံ ဆ ဇဘဇစုန္တရံ ဉေ ယျံ ဒုတဌာနံ။
တပ ဇပ ဘပန္တရံ၊ စုတိဋ္ဌာနံ တိဓာ မတံ။
ဤဂါထာတို့ဖြင့် အကျယ်ကို သိရမည်။
စုဘန္တရံ၊ စုတိယ ဘဝင်၏ အကြားသည်။ သန္ဓိဌာနံ၊ ပဋိသန္ဓေဌာနတည်း။ ပအာ တအာ ဇအာ ဝေါအာ တစု ဇစုန္တရံ၊ ပဋိသန္ဓေ အာဝဇ္ဇန်း၊ တဒါရုံ အာဝဇ္ဇန်း၊ ဇော အာဝဇ္ဇန်း၊ စုဋ္ဌော အာဝဇ္ဇန်း၊ တဒါရုံ စုတိ၊ ဇော စုတိတို့၏ အကြားသည်။ ဘဿ၊ ဘဝင်၏၊ ဆ ဌာနံ၊ ၆- ဌာနဟူ၍။ ပရိဒီပယေ၊ ပြရာ၏၊
ဘဝိ ဘဇန္တရံယေဝ၊ ဘဝင် ပဉ္စဝိညာဉ်၊ ဘဝင် ဇော၏ အကြားသည်သာလျှင်။ ဒုအာဌာနံ၊ အာဝဇ္ဇန်းဌာနနှစ်ပါး မည်၏၊ အာသန္တရံ၊ အာဝဇ္ဇန်း သမ္ပဋိစ္ဆိုင်း၏ အကြားသည်။ ဧကံ၊ တခုသော၊ ဝိဌာနံ၊ ပဉ္စဝိညာဉ်ဌာန မည်၏၊ ဝိတိန္တရံ၊ ပဉ္စဝိညာဉ် သန္တီရဏ၏ အကြားသည်။ ဧကံ၊ တခုသော။
သံဌာနံ၊ သမ္ပဋိစ္ဆိုင်းဌာန မည်၏၊ သံဝေါန္တရံ၊ သမ္ပဋိစ္ဆိုင်း စုဋ္ဌော၏ အကြားသည်။ တီဌာနေကံ၊ သန္တီရဏဌာနတပါးတည်း။ တီဇ တီဘန္တရံ၊ သန္တီရဏ ဇော၊ သန္တီရဏ ဘဝင်၏ အကြားသည်။ ဒုဝေါဌာနံ၊ စုဋ္ဌောဌာန နှစ်ပါးတည်း။
တသာ၊ ထိုမြို့။ ဝေါတ ဝေါဘ ဝေါစုန္တရံ၊ စုဠော တဒါရုံ၊ စုဠော ဘဝင်၊ စုဌော စုတိတို့၏ အကြားသည်၎င်း။ အာတ အာဘ အာစုန္တရံ၊ အာဝဇ္ဇန်း တဒါရုံ၊ အာဝဇ္ဇန်း ဘဝင်၊ အာဝဇ္ဇန်း စုတိတို့၏ အကြားသည်၎င်း ဇဋ္ဌာနံ ဆ၊ ဇောဌာန ၆-ပါး မည်၏၊ ဇဘ ဇစုန္တရံ၊ ဇော ဘဝင်၊ ဇော စုတိတို့၏အကြားကို။ ဒုတဌာနံ၊ တဒါရုံဌာန နှစ်ပါးဟူ၍။ ဉေယျံ၊ သိအပ်၏၊ တပ ဇပ ဘပန္တရံ၊ တဒါရုံ ပဋိသန်၊ ဇော ပဋိသန်၊ ဘဝင် ပဋိသန်တို့၏ အကြားသည်။ တိဓာ၊ ၃-ပါးပြားသော။ စုတိဋ္ဌာနံ၊ စုတိဌာနဟူ၍။ မတံ၊ သိအပ်၏၊
၇၁- ဘုံနှင့်ဌာန ပိုင်းခြား၍ ပြခြင်း
မေး။ ။ နှစ်ဆယ့်ငါးပါး၊ ဌာနပြားသော်၊ သုံးပါးဘုံမှာ၊ ဌာနဘယ်နှစ်ပါး စီနည်း။
ဖြေ။ ။ ကာမေ ဒသ၊ နဝ ရူပေ၊ အရူပေ ပဉ္စ ဌာနာနိ-ဟူသော သုစိတ္တာ လင်္ကာရနှင့် အညီ ကာမဘုံ၌ မဋိသန္ဓေဌာန ဘဝင်ဌာန အာဝဇ္ဇန်းဌာန ပဉ္စဝိညာဉ်ဌာန သမ္ပဋိစ္ဆိုင်းဌာန သန္တီရဏ ဌာန ဝုဋ္ဌောဌာန ဇောဌာန တဒါရုံ ဌာန စုတိဌာနဟူ၍ ဆယ်ပါးရှိ၏၊
ရူပဘုံ၌ တဒါရုံကိုချ၍ ၉-ဌာနရှိ၏၊ အရူပဘုံ၌ပဋိသန္ဓေ ဘဝင် အာဝဇ္ဇန်း ဇော စုတိ အားဖြင့် ၅- ဌာနရှိ၏ ဟူပေ။
၇၂-ဒွါရ ၆-တန် ရုပ်နာမ် ကောက်ပုံကို ပြခြင်း
မေး။ ။ဒွါရ ၆-တန်၊ တံခါးမှန်သည်၊ ရုပ်နာမ် ဘယ်သို့ ကောက်သနည်း။
ဖြေ။ ။စက္ခုပသာဒရုပ်သည် စက္ခုဒွါရ၊ သောတပသာဒရုပ်သည် သောတဒွါရ၊ ဃာနပသာဒရုပ်သည် ဃနဒွါရ၊ ဇိဝှါပသာဒရုပ်သည် ဇိဝှါဒွါရ၊ ကာယပသာဒရုပ်သည် ကာယဒွါရ၊ ဘဝင်စိတ်သည် မနောဒွါရ မည်ရကား ရုပ်ဒွါရ ၅-ပါး နာမ်ဒွါရ တပါးဟု ကောက်အပ်၏၊
ဤ ပသာဒရုပ်တို့သည် အဘယ်ကြောင့် ဒွါရမည်သနည်းဟူမူ ဒုဝေ ဇနာ အရန္တိ ဂစ္ဆန္တိ ဧတေနာတိ ဒွါရံ-ဟူသော ဝစနတ္ထကြောင့် ဒွါရ မည်၏၊ ဧတေန၊ ဤအပေါက်ဖြင့်။ ဒုဝေ ဇနာ၊ ထွက်သူဝင်သား လူနှစ်ပါးတို့သည်။ အရန္တိ ဂစ္ဆန္တိ၊ သွားလာ ထွက်ဝင်တတ်ကုန်၏၊ ဣတိတသ္မာ၊ ထိုသို့ သွားလာ ထွက်ဝင်ကြောင်းဖြစ်သော သတ္တိကြောင့်။ တံ၊ ထိုအပေါက်သည်။ ဒွါရံ၊ ဒွါရ မည်၏၊ လူတို့၏ ထွက်ဝင်ကြောင်း ဖြစ်သော တံခါးပေါက်ရ၏၊
ယံ ရူပံ၊ အကြင်ရုပ်သည်။ ဒွါရံ ဝိယ၊ တံခါးပေါက်ကဲ့သို့တည်း။ ဣတိတသ္မာ၊ ထိုသို့ တံခါးပေါက်ကဲ့သို့ဖြစ်သော သတ္တိကြောင့်။ ဒွါရံ၊ ဒွါရမည်၏၊ တံခါး ပေါက်နှင့်တူသော ရုပ်, နာမ်ရ၏၊
ထိုဒွါရ၌ ဖြစ်သော စိတ်တို့သည် ဒွါရေ ပဝတ္တော ဒွါရိကော-ဟူသော ဝစနတ္ထကြောင့် ဒွါရိက မည်ကုန်၏၊
၇၃-မနောဒွါရ၏ သရုပ်ကို ပြခြင်း
မေး။ ။ ဘဝင် တဆယ့်ကိုးခုသည် ဘယ့်ကြောင့် မနေဒွါရမည်သနည်း။
ဖြေ။ ။မနာနံ ဒွါရံ မနောဒွါရံ။ မနာနံ၊ အာဝဇ္ဇန်း အစရှိသော စိတ်တို့၏၊ ဒွါရံ၊ ဖြစ်ကြောင်းတည်း။ မနောဒွါရံ၊ အာဝဇ္ဇန်း အစရှိသော ဝီထိ စိတ်တို့၏ ဖြစ်ကြောင်း။ ဤသို့သော ဝစနတ္တနှင့်အညီ ပဉ္စဒွါရာဝဇ္ဇန်း အစရှိသော ဝီထိ စိတ်တို့၏ ဖြစ်ကြောင်းဖြစ်၍ တံခါးဝနှင့် တူသောကြောင့် မနောဒွါရ မည်၏ ဟူပေ။
ဝီထိစိတ်တို့၏ ဖြစ်ကြောင်း ဖြစ်သောကြောင့် မနောဒွါရမည်သော်-
ပဉ္စဒွါရာဝဇ္ဇန်းသည် ပဉ္စဝိညာဉ်၏ဖြစ်ကြောင်း၊
ပဉ္စဝိညာဉ်သည် သမ္ပဋိစ္ဆိုင်း၏ ဖြစ်ကြောင်း၊
သမ္ပဋိစ္ဆိုင်းသည် သန္တီရဏ၏ ဖြစ်ကြောင်း၊
သန္တီရဏသည် ဝုဋ္ဌော၏ ဖြစ်ကြောင်း၊
ဝုဋ္ဌောသည် ဇော၏ ဖြစ်ကြောင်း-
ဖြစ်သည်မဟုတ်လော၊ ဤစိတ်တို့လည်း မနောဒွါရ မည်ကောင်းပါ၏တကား ဟူငြားအံ့။ အလုံးစုံသော စိတ်တခုယုတ် ကိုးဆယ်ပင် မနောဒွါရ မည်သည် ချည်း ဖြစ်၏၊
ယင်းသို့ဖြစ်သော်လည်း ဘဝင်မှတပါးသော စိတ် ၇၀-မှာ မိမိသည် ဒွါရလည်း မည်၏၊ ဒွါရ၌ ဖြစ်တတ်သောကြောင့် ဒွါရိကလည်း မည်၏၊
ဘဝင် ၁၉-ခုမှာမူကား ဒွါရသာ မည်သည်။ ဒွါရိက မမည်ပေ။ ထို့ကြောင့် ဘဝင် ၁၉-ခုကိုသာ ဒွါရအမည်ဖြင့် ခေါ်လေသည်ဟု ဖြေ။
၇၄-ဒွါရဝိမုတ်စိတ်ကို ပြဆိုခြင်း
မေး။ ။ဘဝင် ၁၉-ခုသည် မနောဒွါရ မည်ပါလျက် အနုရုဒ္ဓါဆရာသည် ဘယ့်ကြောင့် ဒွါရဝိမုတ် ဆိုပါသနည်း။
ဖြေ။ ။ဒွါရေ နိဗ္ဗတ္တော ဝိမုတ္တာနိ ဒွါရဝိမုတ္တာနိ-ဟူသော ဝစနတ္ထနှင့် အညီ ဒွါရ၌ဖြစ်ခြင်းမှ ကင်းလွတ်သောကြောင့်သာ ဒွါရဝိမုတ်ဆိုပါသည်။ ဒွါရ မဟုတ်သောကြောင့် မဆိုပါဟု ဖြေ။
၇၅-ပဉ္စဒွါရ၌ ဖြစ်သောစိတ်ကို ပြဆိုခြင်း
မေး။ ။ပဉ္စဒွါရ၊ နိစ္စမကွာ၊ ဖြစ်ခြင်းရာသည်၊ စိတ်သာသစု ဘယ်မျှနည်း။
ဖြေ။ ။ဒွေပဉ္စဝိညာဉ်တဆယ် မနောဓာတ် ၃-ခုအားဖြင့် ၁၃-ပါးသော စိတ်သည် ပဉ္စဒွါရ၌သာ ဖြစ်၏ ဟူပေ။
၇၆-မနောဒွါရဖြစ်ထိုက်သော စိတ်ကို ပြဆိုခြင်း
မေး။ ။မနောဒွါရ၊ ဆိုကုန်ကြသည်၊ မုချဘယ်တွင် ဖြစ်သနည်း။
ဖြေ။ ။ရှေးရှေးသောစိတ်သည် နောက်နောက်သောစိတ်၏ ဖြစ်ကြောင်း ဖြစ်၍ မနောဒွါရမည်ရကား အလုံးစုံသော စိတ်တခုယုတ် ကိုးဆယ်သည်ပင် မုချအားဖြင့် မနောဒွါရမည်သည်။ ထို့ကြောင့် အဋ္ဌသာလိနီ၌ သဗ္ဗော မနော မနောဒွါရံ-ဟု မိန့်၏၊
---
၇၇-မနောဒွါရ၌ မဖြစ်သောစိတ်ကို ပြခြင်း
မေး။ ။နာမ် ဒွါရမှာ၊ မဖြစ်ရာသည်၊ စိတ်သာဘယ်မျှ ကြွင်းသနည်း။
ဖြေ။ ။ဒွေပဉ္စဝိညာဉ်တဆယ် မနောဓာတ်သုံးခု ဝုဋ္ဌော ဤ ၁၄-ခု ကြွင်းသည် ဟူပေ။
---
၇၈-ဒွါရတို့၏ ရုပ်ကလာပ် အရေအတွက်ကို ပြခြင်း
မေး။ ။ဒွါရ ၆-ဖြာ၊ ဖြစ်သောခါဝယ်၊ ပါသည်ကိုယ်စီ၊ အညီကလာပ် ဘယ်မျှနည်း။
ဖြေ။ ။စက္ခုဒွါရဟု ခေါ်အပ်သော ပသာဒရုပ်၌ အဝိနိဗ္ဗောဂရုပ်ရှစ်ခု စက္ခုပသာဒ ဇီဝိတိန္ဒြေ အားဖြင့် ၁၀ပါးသော ရုပ်အစသည်၎င်း ကာယပသာဒ မိန်းမတို့အား ဣတ္ထိဘော ယောကျ်ားတို့အား ပုမ္ဘော သက်သွေးဟု ဆိုအပ်သော သမ္ဘာဝရုပ် အလုံးအလျောင်း မြင်စကောင်းသော သဏ္ဌာနရုပ် အားဖြင့် လေးပါးသော ရုပ်သည်၎င်း ရှိလေရကား ပေါင်းသော်အကျဉ်းအားဖြင့် ၁၄-ပါး ရှိသည်။
အကျယ်အားဖြင့်ကား အဝိနိဗ္ဘောဂရုပ် ရှစ်ခု သမ္ဘဝ သဏ္ဌာန ဤရုပ် ၁၀ပါးသည် ကံ စိတ် ဥတု အာဟာရ တည်းဟူသော အကြောင်းလေးပါးဖြင့် ဖြစ်ရကား ၄၀ပြားသည်။ စက္ခုပသာဒ ကာယပသာဒ ဘာဝ ဇိဝိတိန္ဒြေ ဤရုပ်လေးပါးသည် ကံကြောင့်သာ ဖြစ်ရကား ဤအတိုင်းယူ၍ ပေါင်းသော် ၄၄- ပါးရှိသည်။
ထိုရုပ်တို့တွင် စက္ခုပသာဒသည် ရူပါရုံ၌ အဘိမုခိဘူတ ဖြစ်သောအခါ စက္ခုဒသက ကလာပ်သာ ဖြစ်သည်။ ထိုကလာပ်သည် သတ္တရသာယုကဖြင့် ချုပ်ပြီးသောနောက် မိန်းမသည် ယောကျ်ားအား၊ ယောကျ်ားသည် မိန်းမအား၊ တပ်သော စိတ်သည်ဖြစ်အံ့၊ ဘာဝဒသကကလာပ် ဥပါဒ်ပြန်၍ သတ္တရသာယုကဖြင့် ချုပ်၏၊ မတပ်ငြိပဲ မကတိမြင်ရုံသာဖြစ်အံ့၊ ဘာဝဒသက ကလာပ်မဖြစ်။ သောတပသာဒ စသည်တို့၌လည်း ဤနည်းတူ ယူအပ်၏၊
ကာယဒသကမူကား ဖောဋ္ဌဗ္ဗာရုံနှင့် ကြုံသောအခါမှ ဖြစ်၏၊ ဤသို့ ဖြစ်ကောင်းရကား ဒွါရငါးပါးတွင် တပါးပါး၌ ကလာပ်နှစ်စည်းစီ ဖြစ်ကောင်း၏ ဟူပေ။
သမ္ဘာဝရုပ် ဟူသည်ကား လူတို့အား ၁၄-နှစ် ၁၅-နှစ် ရှိသောအခါ ရာဂစွန်းငြိသဖြင့် ဖြစ်ပေါ်သော သုက်သွေးကို သမ္ဘဝရုပ် ဆိုသည်။
သဏ္ဌာနရုပ် ဟူသည်ကား ပရမတ်ဖြစ်သော ရုပ်တို့ ပေါင်းစည်း၍ အလုံးအလျောင်း မြင်ကောင်းအောင်တည်သော သဏ္ဌာန်ကို သဏ္ဌာနရုပ်ဆိုသည်။ ဤရုပ်နှစ်ပါးကို သံဂါယနာ ဆရာတို့ သွင်း၍ ပြသည်။ သင်္ဂြိုဟ် ဆရာကမူကား သမ္ဘဝရုပ်ကို အာပေါဓာတ်၌ သွင်း၍ သဏ္ဌာန်နရုပ်ကို ဝဏ္ဏ၌ သွင်း၍ ပြသည်။
---
၇၉-အာရုံ, အာရမ္မဏိက ခွဲခြား၍ ပြခြင်း
မေး။ ။အာရုံ အာရမ္မဏိက၊ သမုတ်ကြ၏၊ အာရမ္မဏိက၊ နာမခေါ်ဘွယ်၊ အဘယ်တရားပေတို့နည်း။
ဖြေ။ ။စက္ခုဝိညာဉ်ဖြင့် မြင်အပ်သမျှသောရုပ်သည် ရူပါရုံမည်၏၊ သောတ ဝိညာဉ်ဖြင့် ကြားအပ်သမျှသော သဒ္ဒရုပ်သည် သဒ္ဒါရုံမည်၏၊ ဃာနဝိညာဉ်ဖြင့် နံအပ်သောရုပ်သည် ဂန္ဓာရုံမည်၏၊ ဇိဝှါဝိညာဉ်ဖြင့် သိအပ်သောရုပ်သည် ရသာရုံမည်၏၊ ကာယဝိညာဉ်ဖြင့် တွေ့အပ်သောရုပ်သည် ဖောဋ္ဌဗ္ဗာရုံမည်၏၊ စိတ်စေတသိက်, ပသာဒရုပ်, သုခုမရုပ်, နိဗ္ဗာန်, ပညတ်, ဤ၆ပါးသည် ဓမ္မာရုံ မည်၏၊
ဘယ့်ကြောင့် အာရုံမည်သနည်းဟူမူ "စိတ္တစေတသိကေဟိ မုခံ ကတွာ လမ္ဗိ-ယတီတိ အာလမ္ဗဏံ" ဟူသော ဝစနတ္ထနှင့်အညီ အားနည်းသောသူသည် စွဲကိုင်အပ်သော တောင်ဝှေးကဲ့သို့ စိတ်, စေတသိက်တို့သည် စွဲကိုင်အပ်သောကြောင့် အာရုံမည်၏၊
တနည်းကား။ ။ "စိတ္တ စေတသိကေဟိ အာဂန္တာ ရမန္တိ ဧတ္တာတိ အာရမ္မဏံ" ဟူသော ဝစနတ္ထနှင့်အညီ စိတ်, စေတသိက်တို့သည် လာ၍မွေ့လျော်ရာ ဖြစ်သောကြောင့်လည်း အာရုံမည်၏ ဟူပေ။
ရုပ်နှင့်ရူပါရုံ အထူးကား စက္ခုဝိညာဉ်မဆွဲကိုင်သေးသော မြေ, ရေ, သစ်ပင် စသောရုပ်သည် ရုပ်သာမည်၏၊ ဆွဲကိုင်သောအခါ ရူပါရုံမည်၏၊
ပုံကားလူမကိုင်သေးသော ဒုတ်သည် ဒုတ်သာမည်၏၊ လူကိုင်သောအခါ တောင်ဝှေးမည်သကဲ့သို့တည်း။ ဤအာရုံ ၆ ပါး၌ ကျက်စားတတ်သော စိတ် စေတသိက်တို့သည်-
"အာရမ္မဏေ ပဝတ္တော အာရမ္မဏိကော" ဟူသော ဝစနတ္တနှင့်အညီ အာရုံ၌ ဖြစ်တတ်သောကြောင့် အာရမ္မဏိကမည်၏၊
---
၈၀-အာရုံ ၆ပါးတွင် ဓမ္မာရုံများသည်ကို ပြခြင်း
မေး။ ။အာရုံ ၆-ဖြာ ဖြစ်မြဲရာတွင် ဘယ်အာရုံက များသနည်း။
ဖြေ။ ။ဓမ္မာရုံသည် ပသာဒရုပ် ၅-ခု၊ သုခုမရုပ် ၁၆-ခု၊ စိတ်တခုယုတ် ၉၀၊ စေတသိက် ဒွေပညာသ၊ နိဗ္ဗာန်၊ ပညတ် အားဖြင့်၆-ပါးပြားသည်ဖြစ်၍ ဓမ္မာရုံက များသည်ဟူပေ။
---
၈၁-ဓမ္မာရုံကို အာရုံပြုသော စိတ်များကို ခွဲခြား၍ပြခြင်း
မေး။ ။ရုပ်, နာမ်, ပညတ်၊ သုံးရပ်ဖြစ်တုံ၊ ဓမ္မာရုံကို၊ ပြုကုန်ကြသည်၊ ထိုမျှစိတ်မှာ၊ ဘာသာဘယ်သို့ ကောက်မည်နည်း။
ဖြေ။ ။ပသာဒရုပ်ကို အာရုံပြု၍ ၄၃ပါးသော စိတ်တို့သည် ဖြစ်ကုန်၏၊ သုခုမရုပ်ကို အာရုံပြု၍လည်း ၄၃ပါး၊ ကာမစိတ် စတုပညာသကို အာရုံပြု၍လည်း ၄၃-ပါးသော စိတ်တို့သည် ဖြစ်ကုန်၏၊ ၄၃-ပါး ဟူသော်ကား ကာမဇော တခုယုတ်သုံးဆယ်, တဒါရုံ ဧကာဒသ, မနောဒွါရာဝဇ္ဇာန်း, အဘိညာဉ်ဒွေတို့တည်း။
ရူပစိတ် ၁၅-ခုကို အာရုံပြု၍၎င်း အရူပစိတ်ကို အာရုံပြု၍၎င်း အနိယတအားဖြင့် ၃၁-ပါးသော စိတ်တို့သည် ဖြစ်ကုန်၏၊ ၃၁-ပါးဟူသော်ကား ဟသိတုပ္ပါဒ်ကြဉ်သော ကာမဇော ၂၈-ခု, မနောဒွါရာဝဇ္ဇာန်း, အဘိညာဉ်ဒွေတို့တည်း။
အရူပစိတ်ကို အာရုံပြု၍ နိတယအားဖြင့် ၆-ပါးသော စိတ်တို့သည် ဖြစ်ကုန်၏၊ ၆-ပါးဟူသော်ကား ဝိညာဏဉ္စာယတန ၃-ခု၊ နေဝသညာနာသညာယတန ၃-ခု ဤ ၆-ပါးတည်း။
အောက်မဂ် ၃-ခု, အောက်ဖိုလ် ၃-ခုအားဖြင့် ၆-ပါးသော လေကုတ္တရာစိတ်ကို အာရုံပြု၍ မနောဒွါရာဝဇ္ဇာန်း, မဟာကုသိုလ်ဉာဏသမ္ပယုတ် ၄-ခု, မဟာကြိယာဉာဏသမ္ပယုတ် ၄-ခု အဘိညာဉ်ဒွေအားဖြင့် ၁၁-ပါးသော စိတ်တို့သည် ဖြစ်ကုန်၏၊
အရဟတ္တဖိုလ်ကို အာရုံပြု၍ မနောဒွါရာဝဇ္ဇာန်း, မဟာကြိယာဉာဏသမ္ပယုတ် ၄-ခု, ကြိယာအဘိညာဉ်အားဖြင့် ၆-ပါးသော စိတ်တို့သည် ဖြစ်ကုန်၏၊
စေတသိက် ဒွေပညာသကို အာရုံပြု၍ ၄၉-ပါးသော စိတ်တို့သည် ဖြစ်ကုန်၏၊ ၄၉-ပါး ဟူသည်ကား ယခင် ၄၃-ပါးတွင် ဒုတိယ စတုတ္ထာရုပ္ပစိတ် ၆-ခုကို ထည့်၍ ၄၉-ပါး ဖြစ်သတည်း။
နိဗ္ဗာန်ကို အာရုံပြု၍ နိယတအားဖြင့် ရှစ်ပါး အနိယတအားဖြင့် မနောဒွါရာဝဇ္ဇာန်း, မဟာကုသိုလ်, မဟာကြိယာဉာဏသမ္ပယုတ် ရှစ်ခု, အဘိညာဉ်ဒွေအားဖြင့် ၁၁-ပါးသော စိတ်တို့သည် ဖြစ်ကုန်၏၊
ပညတ်ကို အာရုံပြု၍ နိယတအားဖြင့် ၂၁-ပါးသောစိတ်၊ အနိယတအားဖြင့် ၃၁-ပါးသော စိတ်တို့သည် ဖြစ်ကုန်၏၊
ဆောင်ပုဒ်။ ။ပသာဒနှင့် သုခုမရူပါ၊ ကာမာစိတ္တ၊ ၃-ဌာနမှာ၊ တေစတ္တာ၊ ရူပါ ရူပ၊ ဧက်တိံသ။
အောက်မဂ် ၃-ဖြာ၊ ဖိုလ် ၃-ဖြာ၌၊ ဧကာဒသ၊ အရဟတ္တမှာ၊ ၆-ခုသာ၊ အာရမ္မဏိက၊ စိတ်ပေါင်းရ။
စေတသိက်မှာ၊ နောစတ္တာ၊ ပညတ္တာရမ္မဏ၊ ဧက်ဗီသ။
အနိယတ်မှာ၊ ဧက်တိံသာ၊ သွင်းပါ ကုန်ကြ၊ ပေါင်းဒွေပညာသ။
ဤအကျဉ်းကို အာဂုံဆောင် ပါဌ် ပါဠိနှင့် မှတ်သိလိုမူ သုစိတ္တာလင်္ကာရ ကျမ်းတွင်ယူလေ။
---
၈၂-မနောဒွါရ၌ ဖြစ်သောစိတ်တို့၏ အာရုံကို ပြခြင်း
မေး။ ။မျက်မှောက် ရှေးနှောင်း၊ အပေါင်းပညတ်၊ နှံ့စပ်ကုန်စင်၊ ဘယ်ဒွါရမှာ ထင်သနည်း။
ဖြေ။ ။မနောဒွါရိကစိတ္တာနံ ပန ဆဗ္ဗိဓမ္ပိ ပစ္စုပ္ပန္နမတီတံ အနာဂတ်တံ ကာလဝိမုတ္တဉ္စ ယထာရဟ မာလမ္ဗဏံဟောတိ-
ဟူသော ပါဌ်နှင့်အညီ ပစ္စုပန်ကာလ, အတိတ်ကာလ, အနာဂတ်ကာလ, ကာလ ၃-ပါးမှ လွတ်သောပညတ် ဤ ၃-ရပ်၌ဖြစ်သော အာရုံ ၆-ပါးသည် မနောဒွါရ၌ ထင်၏ဟူပေ။
---
၈၃-မရဏာ သန္နဇောတို့၏ အာရုံကို ပြဆိုခြင်း
မေး။ ။မရဏာသန္န၊ ထိုကာလမှာ၊ ဒွါရ ၆-ဖြာ နာဂတ်သာ၊ အရုံပြုနိုင် သေး၏လော။
ဖြေ။ ။မရဏာသန္နဇော ဟူသမျှသည် အနာဂတ်ကို အာရုံမပြု၊ ပစ္စုပန်ကို၎င်း အတိတ်ကို၎င်း အာရုံပြု၏ ဟူပေ။
ဤ၌ ထင်စွာဆိုဦးအံ့။ မရဏာသန္နကာလ၏ အနီး၌ဖြစ်သော စိတ်တို့သည် လေးဝီထိ ငါးဝီထိ ခန့်ကပင် ကံကိုသော်၎င်း၊ ကမ္မနိမိတ်ကိုသော်၎င်း၊ ဂတိနိမိတ်ကိုသော်၎င်း အာရုံပြုကုန်သည်။
ထိုသို့ပြုရာတွင် ကုသိုလ် အကုသိုလ် စေတနာသည် ကံမည်၏၊ ထိုကံသည် ချုပ်လေပြီးဖြစ်၍ အတိတ်သာတည်း၊ ထိုအတိတ်ဖြစ်သောကံကို ကာမပဋိသန္ဓေ ၁၀ ဘဝင် ၁၀ စုတိ ၁၀တို့သည် အာရုံပြုကုန်၏၊
ကံ၏ အာရုံဖြစ်သော ကျောင်း ဘုရားစသော အဆောက်အဦးသည် ကမ္မနိမိတ်မည်၏၊ ထို ကမ္မနိမိတ်သည် အတိတ် ပစ္စုပ္ပန် ပညတ်အားဖြင့် ၃-ပါးပြား၏၊ ထိုကမ္မနိမိတ်ကို ပဋိသန္ဓေစိတ် ဧကူနဝီသ ဘဝင်ဧကူနဝီသ စုတိဧကူနဝီသ တို့သည် အာရုံပြုကုန်၏၊
လားလတ္တံ့သောဘဝ၌ ရှေ့ရှုထင်သော အမိဝမ်းရေ, ငရဲအိုး, ငရဲထိန်း စသည်တို့သည် ဂတိနိမိတ်မည်၏၊ ထိုဂတိနိမိတ်သည် မရောက် မတွေ့သေးသော်လည်း အိမ်မက် မြင်သကဲ့သို့ ထင်ရကား ပစ္စုပ္ပန်သာတည်း။ ထိုဂတိနိမိတ်ကို ကာမပဋိသန္ဓေ-၁၀ ဘဝင်-၁၀ စုတိ-၁၀တို့သည် အာရုံပြုကုန်၏၊
တနည်းကား။ ။မရဏာသန္နဇောသည် ၆-ဒွါဖြင့် ယူအပ်သော ပစ္စုပ္ပန်, အတိတ် ဖြစ်သော ပဉ္စာရုံ ကမ္မနိမိတ်သည် ကာမပဋိသန္ဓေ ဘဝင်တို့၏ အာရုံဖြစ်၏၊ ထို့အတူ အတိတ်ဖြစ်သော ပဉ္စာရုံ ကမ္မနိမိတ်သည် စုတိစိတ်၏ အာရုံဖြစ်၏၊
မနောဒွါရဖြင့် ယူအပ်သော အတိတ်ဖြစ်သော ဓမ္မာရုံ ကံ, ကမ္မနိမိတ်သည် ကာမပဋိသန္ဓေ ဘဝင် စုတိတို့၏ အာရုံဖြစ်၏၊
မနောဒွါရဖြင့် ယူအပ်သော ပစ္စုပ္ပန်သာ ဖြစ်သော ရူပါရုံ ကတိနိမိတ်သည် ကာမပဋိသန္ဓေ ဘဝင်တို့၏ အာရုံဖြစ်၏၊
မနောဒွါရဖြင့်ယူအပ်သော ပညတ်ဖြစ်သော ဓမ္မာရုံ ကမ္မနိမိတ်သည် ရူပပဋိသန္ဓေ ၅-ခု, ပထမ တတိယာရုပ္ပပဋိသန္ဓေတို့၏ အာရုံဖြစ်၏၊ ဒုတိယ, စတုတ္ထာရုပ္ပတို့၏ အာရုံကား အတိတ်ဓမ္မာရုံသာ ဖြစ်၏၊ (ဤကားဋီကာကျော် နည်းပေတည်း။)
---
၈၄-သေက္ခပုဂ္ဂိုလ်တို့ အကုသိုလ်ကို အာရုံပြု မပြုကို ပြခြင်း
မေး။ ။သေက္ခပုဂ္ဂိုလ်၊ အကုသိုလ်ကို၊ နှင်ဖျိုပြိတုံ၊ အာရုံဖြစ်ရ၊ အနေကမျှ မစောလော။
ဖြေ။ ။မဂ္ဂံဖလဉ္စ နိဗ္ဗာနံ၊ ပစ္စဝေက္ခတိ မဏ္ဍိတော။ ဟီနေ ကိလေသေ သေသေ စ၊ ပစ္စဝေက္ခတိ ဝါ န ဝါ။
ပဏ္ဍိတော၊ ပညာရှိသောပုဂ္ဂိုလ်သည်။ မဂ္ဂဉ္စ၊ မဂ်ကို၎င်း။ ဖလဉ္စ၊ ဖိုလ်ကို၎င်း။ နိဗ္ဗာနဉ္စ၊ နိဗ္ဗာန်ကို၎င်း။ ပစ္စဝေက္ခတိ၊ အာရုံပြု၍ဆင်ခြင်၏၊ ဟိနေ၊ မိမိပယ်အပ်ကုန်ပြီးသော။ ကိလေသေ စ၊ ကိလေသာတို့ကို၎င်း။ သေသေ စ၊ ကြွင်းသေးသော ကိလေသာတို့ကို၎င်း။ ပစ္စဝေက္ခတိ ဝါ ဆင်ခြင်သည်လည်းရှိ၏၊ န ဝါ ပစ္စဝေက္ခတိ၊ မဆင်ခြင်သည်လည်းရှိ၏၊ ဤဂါထာဖြင့် ဖြေလေ။
---
၈၅-ဉာဏသမ္ပယုတ် မဟာကုသိုလ် နိဗ္ဗာန်အာရုံပြုနိုင်ပုံကိုပြခြင်း
မေး။ ။လောကုတ္တရာ၊ စိတ်သာအမှန်၊ နိဗ္ဗာန်အာရုံ၊ ကြုံ၏ဆိုသော်၊ မဟာကုသိုလ်၊ ထိုကိုရံခါ မပြုလော။
ဖြေ။ ။မနောဒွါရာဝဇ္ဇာန်း, မဟာကုသိုလ်ဉာဏသမ္ပယုတ် ၄-ခု, မဟာကြိယာဉာဏသမ္ပယုတ် ၄-ခု, အဘိညာဉ်ဒွေ ဤ၁၁-ပါးသော စိတ်တို့သည် ရံခါပြုနိုင်ပါ၏၊ ပြုနိုင်သည်ဆိုသော်လည်း မဟာကုသိုလ်တိုင်း မဟုတ်သေးပေ။ မဂ်၏ရှေ့အဖို့၌ကျသော ဂေါတြဘူကိစ္စတပ်သော ကုသိုလ်သာလျှင် ပစ္စက္ခအားဖြင့် အာရုံပြုနိုင်သည်။ ပုထုဇဉ်သာမန်တို့၏ ကုသိုလ်မူကား အနုမာန အားဖြင့်သာ အာရုံပြုနိုင်သည်။
ထို့ကြောင့် ဋီကာကျော်၌-
စတုမဂ္ဂဉာဏေန သစ္ဆိကာတဗ္ဗန္တိ ဣမိနာ နိဗ္ဗာနဿ တံတံ အရိယပုဂ္ဂလာနံ ပစ္စက္ခသိဒ္ဓတံ ဒေဿတိ။ ကလျာဏ ပုထုဇ္ဇနာနံ အနုမာနသိဒ္ဓတံ-
ဟူ၍ မိန့်တော်မူသည်။
ပုထုဇဉ်သာမညကို မဆိုထားဘိ၊ တိဟိတ် ပဋိသန္ဓေနေ၍ စျာန်သမာပတ်ကို ရသော သုမေဓာရှင်ရသေ့တို့မှလည်း အနုမာန ဖြင့်သာ သိရကြောင်းကို ပါရမီခန်း၌-
သုမေဓာသည်၊ ပြည်သာနိဗ္ဗာန်၊ ရှိသင့်တန်ဟု၊ ဧကန်တိတိ၊ ဉာဏ်မျက်စိဖြင့်၊ ပါဠိသရုပ်၊ ပါဌ်သားငုပ်ကို၊ ဖွေထုတ်ကျမ်းလာ၊ မြင်ချေပါသို့-
ဟူ၍ စပ်ဆိုလေသည်။
---
၈၆-ဝတ္ထု ၆-ပါးကို တည်ရာဌာနအားဖြင့် ပြခြင်း
မေး။ ။ဝတ္ထု ၆ပါး၊ တရားအရ၊ ဟဒယဝတ္ထု၊ ဖြစ်မှုဘယ်အရပ်တွင်နည်း။
ဖြေ။ ။ဝသန္တိ စိတ္တစေတသိကာ ဧတ္တာတိဝတ္ထု။ ။ဧတ္ထ၊ ဤရုပ်၌။စိတ္တစေတသိကာ၊ စိတ်, စေတသိက်တို့သည်။ ဝသန္တိ၊ မှီ၍နေတတ်ကုန်၏၊ ဣတိတသ္မာ၊ ထိုသို့ မှီရာဖြစ်သောသတ္တိကြောင့်။ ဝတ္ထု၊ ဝတ္ထုမည်၏၊
ဤသို့သော ဝစနတ္ထနှင့်အညီ မှီရာဖြစ်သောရုပ်သည် စက္ခုဝတ္ထု, သောတဝတ္ထု, ဃာနဝတ္ထု, ဇိဝှါဝတ္ထု, ကာယဝတ္ထု, ဟဒယဝတ္ထု ဟူ၍ ၆-ပါး အပြားရှိ၏၊
ထို၆-ပါးတို့တွင် မံသဝတ္ထု၏ အလည်ရှေ့ဝယ် တည်နေသောသူတို့၏ အရုပ် ထင်ကောင်းသော မျက်လွှာ ၇-ထပ်တို့၏အတွင်း၌ သန်းဦးခေါင်းခန့်မျှရှိသော ကြည်စွာသော ပသာဒရုပ်သည် စက္ခုဝတ္ထုမည်၏၊
နားတို့၏အတွင်း၌ လက်စွပ်ကွင်းသဏ္ဌာန်ရကဲ့သို့ ကြန်ကြန်နီသော မွေးနုရှိသော ပသာဒရုပ်သည် သောတဝတ္ထုမည်၏၊
နှာခေါင်းတို့၏ အတွင်း၌ ဆိတ်ခြေ, ခွါ သဏ္ဌာန်ကဲ့သို့ ရှိသော ပသာဒရုပ်သည် ဃာနဝတ္ထု မည်၏၊
ခံတွင်းတို့၏ အတွင်းဝယ် လျှာအလယ်အရပ်၌ ကြာရွက်ညွန့်သဏ္ဌာန်ကဲ့သို့သော ပသာဒရုပ်သည်။ ဇိဝှါဝတ္ထုမည်၏၊
ဆံ, အမွေး, ခြေသည်း, လက်သည်းစသော ကမ္မဇတေဇောဓာတ်တို့မှ လွတ်သော ကိုယ်အလုံးတို့၌ ဆီစွတ်သော ဝါဂွမ်းကဲ့သို့ စိုစွတ်စွာတည်သော ပသာဒ ရုပ်သည် ကာယဝတ္ထုမည်၏၊
ရင်ချိုင့်၏ အတွင်းသားကို မှီလျက် မျောက်လုပ်သီးပြွတ်ကဲ့သို့ တွဲလျားတည်သောနှလုံးသား၏အတွင်း ပုန်းညက်စေ့ ဆံ့လောက်ရုံသောကျင်း၌ အဆင်း ၆- ပါးဖြင့်တည်သော သွေးသည် ဟဒယဝတ္ထုမည်၏ ဟူ၍ ဖြေပေ။
---
၈၇-ဟဒယဝတ္ထု၏ အဆင်း ၆-ပါးကို ပြခြင်း
မေး။ ။နှလုံးသွေးသာ၊ ၆-ပါးစရိုက်၊ စိတ်သို့လိုက်၍၊ ဖြစ်ခိုက် ဘယ်သို့ထူးသနည်း။
ဖြေ။ ။ ဤ ဟဒယဝတ္ထုဟု ဆိုအပ်သော နှလုံးသွေးသည် ရာဂစိတ် ဖြစ်သောအခါ ခေါင်ရန်းပန်းကဲ့သို့ ခြင်းခြင်းနီသည်။
ဒေါသစိတ် ဖြစ်သောအခါ သစ်စေးကဲ့သို့ မည်းနက်သော အဆင်းရှိသည်။
မောဟစိတ် ဖြစ်သောအခါ သားဆေးရေ အဆင်းကဲ့သို့ ညစ်ကျုသည်။
ဝိတက်ကြီးသော အခါ ပဲပြုတ်ရည်ကဲ့သို့ နောက်သောအဆင်း ရှိသည်။
သဒ္ဓါတရား ဖြစ်သောအခါ မဟာလှေကားပန်းကဲ့သို့ဝါသော အဆင်းရှိသည်။
ပညာ ဖြစ်သောအခါ ကျောက်မျက်ကဲ့သို့ ပြိုးပြိုးပြက်သောအဆင်းရှိသည်။
ဤသို့ ထူးကြ၏ ဟူပေ။
စိတ်ဖြစ်သောအခါသာလျှင် ထူးခြား၍ဖြစ်သည် မဟုတ် မူလရင်းကလည်း ပုဂ္ဂိုလ်ချင်းမတူ။
ရာဂစရိုက် ရှိသောသူအား နီသည်။
ဒေါသစရိုက် ရှိသောသူအား မည်းသည်။
မောဟစရိုက် ရှိသောသူအား ညစ်ကျုသည်။
ဝိတက်စရိုက် ရှိသောသူအား ပဲပြုတ်ရည်ကဲ့သို့ နောက်သည်။
သဒ္ဓါစရိုက်ရှိသောသူအား ဝါသည်။
ပညာစရိုက်ရှိသောသူအား ပြိုးပြိုးပြက်ရှိသည် ပင်တည်း။
ဆောင်ပုဒ်။ ။နီမြန်းရာဂ၊ ဒေါသမည်းငြား၊ သားဆေးမောဟ၊ တက္ကပဲရည်၊ ဝါသည်၊ သဒ္ဓါ၊ ပညာပြိုးပြက်၊ ဇောတမျက်သွင်၊ အရောင်ထင်သည်၊ ၆-အင် ဟဒယအဆင်းတည်း။
---
၈၈-ဝိညာဉ် အာရုံတို့ကို ဥပမာအားဖြင့် ပြခြင်း
မေး။ ။ပဉ္စဝိညာဉ်၊ သဏ္ဌာန်လက္ခဏာ၊ တူလှစွာသည်၊ ပမာဘယ်သို့ ဟောသနည်း။
ဖြေ။ ။ဝမ္မိကဥဒကာကာသဂါမသိဝထိကသင်္ခါတဂေါစရနိန္နာ ဝိယ စ အဟိသုသုမာရ ပက္ခိ ကုက္ကုရ သိင်္ဂါလာရူပါဒိဂေါစရန္နာဝ၊ ဧတေ စက္ခာဒယောတိ ဒဋ္ဌဗ္ဗာ။ (သင်္ဂဟဒီပနီ)။
အဟိ, သုသုမာရ, ပက္ခိ, ကုက္ကုရ, သိင်္ဂါလာ၊ မြွေ, မိကျောင်း, ငှက်, အိမ်ခွေး, တောခွေးတို့သည်။ ဝမ္မိကဥဒကာကာသဂါမသိဝထိကသင်္ခါတဂေါစရနိန္နာ ဝိယ စ၊ တောင်ပို့ အခေါင်း, ရေကြောင်း, ကောင်းကင်, အိမ်စဉ်, သုသာန်ဟု ဆိုအပ်သော ကျက်စားရာတို့ကို လွန်စွာ ညွတ်ဘိသကဲ့သို့။ ဧတေ စက္ခာဒယော၊ ဤ စက္ခုဝိညာဉ် အစရှိသည်တို့သည်။ ရူပါဒိဂေါစရနိန္နာဝ၊ ရူပါရုံ အစရှိသော ကျက်စားရာကို အခါမပြတ် ညွတ်ကုန်၏ ဟူ၍သာလျှင်။ ဒဋ္ဌဗ္ဗာ၊ မှတ်အပ်ကုန်၏၊
ဤသို့ ကျမ်းလာသောကြောင့်-
စက္ခုဝိညာဉ်သည် မြွေနှင့်တူသည်။
သောတဝိညာဉ်သည် မိကျောင်းနှင့်တူသည်။
ဃာနာဝိညာဉ်သည်ငှက်နှင့်တူသည်။
ဇိဝှါဝိညာဉ်သည် အိမ်ခွေးနှင့်တူသည်။
ကာယဝိညာဉ်သည် တောခွေးနှင့်တူသည်။
ဟူ၍ သိအပ်၏၊
အာရုံငါးပါးမှာလည်း-
ရူပါရုံသည်တောင်ပို့ခေါင်းနှင့်တူ၏၊
သဒ္ဓါရုံသည်မြစ်ကြောင်းနှင့်တူ၏၊
ဂန္ဓာရုံသည်ကောင်းကင်နှင့်တူ၏၊
ရသာရုံသည်အိမ်စဉ်နှင့်တူ၏၊
ဖောဌဗ္ဗာရုံသည်သုသာန်ပြင်နှင့်တူ၏၊
ဟူ၍ သိအပ်၏၊
ဤတွင် ပကိဏ်းပိုင်းဆိုင်ရာ ပုစ္ဆာ ဝိသဇ္ဇနများ ပြီးပြီ။
---
၄-ဝီထိပိုင်း
ဝီထိပိုင်းဆိုင်ရာ ပုစ္ဆာ ဝိသဇ္ဇနာများ
မေး။ ။ဝိသယပ္ပဝတ္တိ၊ ရှိသည် ၆-စုံ၊ အာရုံတို့၏၊ ဒွါရတို့၌ ဖြစ်ခြင်း အာရုံတို့၌ စိတ်တို့၏ ဖြစ်ခြင်း အရင်းဘယ်သို့ ထူးသနည်း။
ဖြေ။ ။ဝိသယာနံ ဒွါရေသု ပဝတ္တိ၊ ဝိသယပ္ပဝတ္တိ။ ဝိသယာနံ၊ အာရုံတို့၏၊ ဒွါရေသု၊ ဒွါယတို့၌။ ပဝတ္တိ ဖြစ်ခြင်းတည်း။ ဝိသယပ္ပဝတ္တိ၊ အာရုံတို့၏ ဒွါရတို့၌ ဖြစ်ခြင်း။ (ဆဋ္ဌီတပ္ပရိသ် မဇ္ဈေလောပိဝိဂြိုဟ်)
ဝိသယေသု စိတ္တာနံ ပဝတ္တိ၊ ဝိသယပ္ပဝတ္တိ။
ဝိသေယေသု၊ အာရုံတို့၌။ စိတ္တာနံ၊ စိတ်တို့၏၊ ပဝတ္တိ၊ ဖြစ်ခြင်းတည်း။ ဝိသယပ္ပဝတ္တိ၊ အာရုံတို့၏ စိတ်တို့၏ဖြစ်ခြင်း။ (သတ္တမီတပ္ပုရိသ် မဇ္ဈေလောပိဝိဂြိုဟ်)
ရှေ့ဝစနတ်ကား အာရုံတို့သည် ဒွါရတို့၌ အလိုလို မဖြစ်လာတတ်ပဲလျက် ဖြစ်လာသကဲ့သို့သမ္ဗန်, သမ္ဗန္ဓီ ပြု၍ဆိုရကား တဒ္ဓမ္မူပစာတည်း။
နောက်ဝစနတ်ကား ကျက်စားရာဖြစ်သော အာရုံတို့၌ ကျက်စားတတ်သော စိတ်တို့၏ ဖြစ်ခြင်းကိုစွဲ၍ ဆိုရကား မုချအမည်တည်း။ ဤသို့ ထူး၏ဟူပေ။
---
၉၀-စက္ခုဒွါရ ဝီထိစိတ် ဖြစ်ပုံကိုပြခြင်း
မေး။ ။ ပသာဒအား၊ ငါးပါးအာရုံ၊ ကြုံကြလတ်သော်၊ ပရမတ်, ပညတ် စပ်၍ဖြစ်ဘိ၊ တဒနုဝတ္တက၊ ဝီထိမှပင်၊ အသိစင်သည်၊ ဘဝင်စပ်ယှဉ်၊ စိတ်စဉ်ဘယ်သို့ ဖြစ်သနည်း။
ဖြေ။ ။ သတ္တဝါတို့၏ သဏ္ဌာန်၌ သတ္တမသတ္တာဟမှစ၍ စိတ္တက္ခဏတိုင်း အစဉ်မပြတ် ဖြစ်နေသော စက္ခုပသာဒရုပ်သည် သစ်ပင် စသော ရူပါရုံနှင့် ရှေ့ရှုထင်လတ်သော အတီတဘဝင်, ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ ဟူ၍ ၃-ကြိမ်၊ ထို့နောင် ထိုပစ္စုပ္ပန် ရူပါရုံကို အာရုံပြု၍ စိတ်ကို သွင်းတတ်သော ပဉ္စဒွါရာဝဇ္ဇန်း, မြင်တတ်သော စက္ခုဝိညာဉ်, ခံလင့် သကဲ့သို့သော သမ္ပဋိစ္ဆိုင်း စုံစမ်းလင့် သကဲ့သို့သော သန္တီရဏ မှတ်လင့်သကဲ့သို့သော ဝုဋ္ဌော စိတ်သည်ဖြစ်၏၊ ထို့နောင် သိတတ်သော ဇော စိတ် ၇ ကြိမ်, ထို့နောင် ထိုဇော၏ အာရုံကို အာရုံပြုတတ်သော တဒါရုံနှစ်ကြိမ်ဖြစ်၍ ချုပ်၏၊ ထို့နောင် ဘဝင် ၄- ကြိမ်၎င်း, ၅-ကြိမ်၎င်း ဖြစ်၏၊
ထိုနောင် ထိုအတိတ် ရူပါရုံကို အာရုံပြု၍ သိလိုလတ်သော် ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒဟု ဘဝင်ကိစ္စ နှစ်ကြိမ်။ ထိုရူပါရုံကို အာရုံပြု၍ စိတ်ကို သွင်းတတ်သော မနောဒွါရာဝဇ္ဇန်း, ထို့နောင် ဇောကိစ္စ ၇-ကြိမ် တဒါရုံ ကိစ္စ နှစ်ကြိမ် ဖြစ်၍ချုပ်၏၊ ထို့နောင် ဘဝင်၄-ကြိမ်၎င်း, ၅-ကြိမ်၎င်း ဖြစ်၏၊
ထို့နောင် ထိုရူပါရုံ၏ အဆင်းသဏ္ဌာန်ကို အာရုံပြု၍ သိလိုတတ်သော် ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ, ထို့နောင် မနောဒွါရာဝဇ္ဇန်း, ထို့နောင် ဇော ၇ ကြိမ် တဒါရုံနှစ်ကြိမ်ဖြစ်၍ ချုပ်၏၊ ထို့နောင်ဘဝင် ၄ ကြိမ်၎င်း, ၅ကြိမ်၎င်း ဖြစ်၏၊
ထို့နောင် ထိုရူပါရုံ၏ အမည်စသော နာမပညတ် အတ္တပညတ်ကို သိလိုလတ်သော် ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ, ထို့နောင် မနောဒွါရာဝဇ္ဇန်း, ထို့နောင် ဇော ၇-ကြိမ် တဒါရုံနှစ်ကြိမ်ဖြစ်၍ ချုပ်၏၊ ထို့နောင် ဘဝင်ဖြစ်ထိုက် သရွေ့ ဖြစ်၏၊
ဤသို့ လေးဝီထိကျသည်တွင်-
ပထမ ဝီထိကား-ပစ္စုပ္ပန်ရူပါရုံကို
ဒုတိယ ဝီထိကား-အတိတ်ရူပါရုံကို
တတိယ ဝီထိကား-သဏ္ဌာန ပညတ်ကို
စတုတ္ထ ဝီထိကား-နာမ ပညတ်စသည်ကို အာရုံပြုသည်။
ထို့ကြောင့် ဆရာတို့လည်း-
ရူပံ ပထမစိတ္တေန၊ တီတံ ဒုတိယစေတသာ။
သဏ္ဌာနံ တတိယဝါရေန၊ နာမာဒိ စတုတ္ထေန ဝါ-
ဟူ၍ မိန့်ကုန်၏၊
စက္ခုနှင့် ရူပါရုံ ဆိုင်မိလျှင် မြင်ခြင်းကား အလွန်လျင်သည်။ ဘယ်သို့ ၄-ဝီထိ ဖြစ်နိုင်အံ့နည်းဟူငြားအံ့။
စက္ခုဒွါရေ ဣဋ္ဌာရမ္မဏံ အနုဘဝိတုကာမေန ဟိ စိတ္တကရူပကာရာ ဒယော ပက္ကောသာပေတွာ ဣဒံနာမဿ သဇ္ဇေထာတိ ဝတ္တဗ္ဗံ ဟောတိ၊ ဧတ္ထန္တရေ ကောဋိသဟဿနိ ဥပ္ပဇ္ဈိတွာ နိရုဇ္ဈန္တိ။ အထပစ္ဆာ တံ အာရမ္မဏံ သမ္ပာပုဏာတိ။ သေသဒွါရေသုပိ ဧသေဝနယော။
ဟိ၊ သင့်စွ။ စက္ခုဒွါရေ၊ စက္ခုဒွါရ၌။ ဣဋ္ဌာရမ္မဏံ၊ ဣဋ္ဌာရုံကို၊ အနုဘဝိ တုကာမေန၊ ခံစားလိုသဖြင့်။ စိတ္တကရူပကာရာဒယော၊ ဆန်းကြယ်စွာရေးတတ်သော ပန်းချီသမားစသည်တို့ကို။ ပက္ကောသာပေတွာ၊ ခေါ်စေ၍။ တဿ၊ ထိုပန်းချီသမားအား။ ဣဒံနာမဿ၊ ဤမည်သောအရုပ်ကို။ သဇ္ဇေထာတိ၊ စီရင်လေ လော့ဟူ၍။ ဝတ္တဗ္ဗံ၊ ဆိုအပ်သည်။ ဟောတိ၊ ဖြစ်၏၊ ဧတ္ထန္တရေ၊ ဤသို့ဆိုသော အတွင်း၌။ ကောဋိသဟဿာနိ၊ ကုဋေတထောင်ကုန်သော စိတ်တို့သည်။ ဥပ္ပဇ္ဇိတွာ၊ ဖြစ်၍။ နိရုဇ္ဈန္တိ၊ ချုပ်ကုန်၏၊ အထပစ္ဆာ၊ ထို့နောင်မှ။ တံ အာရမ္မဏံ၊ ထိုအရုပ်ဟူသော အာရုံသို့။ သမ္ပာပုဏာတိ၊ ကောင်းစွာရောက်၏၊ သေသဒွါရေသုပိ၊ ကြွင်းသောဒွါရတို့၌လည်း။ ဧသေဝ နယော၊ ဤနည်းလျှင်နည်းရှိ၏၊
ဤသို့ သံယုတ် အဋ္ဌကထာလာသည်ကို ထောက်သော် ရူပါရုံကို မြင်ရာ၌ ၄-ဝီထိကျ၏ ဆိုခြင်းသည် အရင်းပြမျှသာ ဖြစ်သည်။ နောက်ကို နှလုံးသွင်း အဋ္ဌာသာလိနီ၌ကား-
ဧဝံ ဧကေကာရမ္မဏံ ဇဝနံ ဒွီသု ဒွီသု ဒွါရေသု ဥပ္ပဇ္ဇတီတိ ဝေဒိတဗ္ဗံ၊ ရူပါရမ္မဏံ ဟိ ဇဝနံ စက္ခုဒွါရေပိ၊ ဥပ္ပဇ္ဇတိ၊ မနောဒွါရေပိ သဒ္ဒါဒိအာရမ္မဏေသုပိ ဧသေဝ နယော-
ဟူ၍ ဆိုသည်။
အဓိပ္ပါယ်ကား။ ။တခုတခုသော အာရုံလျှင် အာရုံရှိသော ဇောသည် နှစ်ပါးနှစ်ပါးသော ဒွါရတို့၌ ဖြစ်၏ဟူ၍ သိအပ်၏၊ ထိုစကားသည် မှန်၏၊ ရူပါရုံလျှင် အာရုံရှိသော ဇောသည် စက္ခုဒွါရ၌၎င်း, မနောဒွါရ၌၎င်း ဖြစ်၏၊ သဒ္ဒါရုံစသည် အာရုံရှိသော ဇောတို့၌လည်း ဤနည်းအတူ မှတ်အပ်၏ ဟူလိုသည်။
၉၁-သောတဒွါရဝီထိစိတ် ဖြစ်ပုံကိုပြခြင်း
သတ္တဝါတို့၏ သဏ္ဌာန်၌ အဋ္ဌမသတ္တာဟမှစ၍ စိတ္တက္ခဏတိုင်း မပြတ်နေသော သောတပသာဒရုပ်သည် ဂေါ စသော သဒ္ဒါရုံနှင့် ထိလတ်သော် အတီတဘဝင် ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ၊ ထို့နောင် သဒ္ဒါရုံ၌ ဝီထိကို သွင်းတတ်သော ပဉ္စဒွါရာဝဇ္ဇန်း သောတဝိညာဉ် သမ္ပဋိစ္ဆိုင်း သန္တီရဏ ဝုဋ္ဌော ဇေ ၇-ကြိမ် တဒါရုံ၂-ကြိမ် ထို့နောင် ဘဝင်၄-ကြိမ် ၅-ကြိမ် ဖြစ်၏၊
ထိုနောင် အတိတ်သဒ္ဒါရုံကို အာရုံပြု၍ သိလိုသော် ဘဝင်္ဂစလန ဘဝင်္ဂပစ္ဆေဒ မနောဒွါရာဝဇ္ဇန်း ဇော ၇-ကြိမ် တဒါရုံနှစ်ကြိမ် ထို့နောင် ဘဝင် ၄-ကြိမ် ၅-ကြိမ် ဖြစ်၏၊
ထို့နောင် သဒ္ဒါရုံ၏ နာမပညတ်ကို အာရုံပြု၍ သိလိုသော် ဘဝင်နှစ်ကြိမ်မနောဒွါရာဝဇ္ဇန်း ဇော ၇-ကြိမ် တဒါရုံ နှစ်ကြိမ် ထို့နောင် ဘဝင် ၄-ကြိမ် ၅-ကြိမ် ဖြစ်၏၊
ထို့နောင် သဒ္ဒါရုံ၏ အတ္ထပညတ်ကို အာရုံပြု၍ သိလိုသော် ဘဝင်နှစ်ကြိမ် မနောဒွါရာဝဇ္ဇန်း ဇော ၇-ကြိမ် တဒါရုံ နှစ်ကြိမ် ထို့နောင် ဘဝင်ဖြစ်ထိုက်သရွေ့ ဖြစ်၏၊
ဤ ၄-ဝီထိတို့တွင် ရှေးနှစ်ဝီထိကား ပရမတ် ဖြစ်သော အသံသဒ္ဒကို အာရုံပြုသည်။ တတိယဝီထိကား နာမပညတ် ကို အာရုံပြုသည်။ စတုတ္ထဝီထိကား အတ္ထပညတ်ကို အာရုံပြုသည်။
ထို့ကြောင့် ဆရာတို့သည်-
သဒ္ဒံပထမစိတ္တေန၊
တီတံ ဒုတိယစေတသာ။
နာမံ တတိယ စိတ္ထေန၊
အတ္ထံ စတုတ္ထစေတသာ။
ဟူ၍ မိန့်ကုန်သည်
အနုရုဒ္ဓါ ဆရာတော်မြတ်လည်း၊ ပစ္စယသင်္ဂဟ၌-
ဝစီဃောသာနုသာရေန၊
သောတဝိညာဏဝီထိယာ။
ပဝတ္တာနန္တရုပ္ပန္န၊
မနောဒွါရဿ ဂေါစရာ။
အတ္ထယဿာနုသာရေန၊
ဝိညာယန္တိ တတော ပရံ၊
သာယံ ပညတ္တိ ဝိညေယျာ၊
လေကသင်္ကေတနိမ္မိတာ-ဟူ၍ မိန့်အပ်ပြီ။
ဝစီဃောသာနုသာရေန၊ ဂေါစသော ဝစီမယ သဒ္ဒကို အစဉ်လျှောက်၍ အာရုံပြုသဖြင့်။ ပဝတ္တာယ၊ ဖြစ်သော။ သောတဝိညာဏဝီထိယာ၊ သောတဝိညာဏဝီထိ တဒနုဝတ္တကမနောဒွါရဝီထိ၏၊ ပဝတ္တာနန္တရုပ္ပန္နမနောဒွါရသ၊ ဖြစ်သည်၏အခြားမဲ့၌ နာမပညတ်ကို ကြံသောအခြင်းအရာဖြစ်သော ဝိညာဉ်အစဉ်၏၊ ဂေါစရာ၊ အာရုံဖြစ်ကုန်သော။ တတော၊ ထိုနာမပညတ်ကို ကြံသော ဝိညာဉ်အစဉ်မှ။ ပရံ၊ နောက်၌။ ယဿ၊ အကြင်သမုတိ ပရမတ္ထအားဖြင့် ပြားသော နာမပညတ်ကို။ အနုသာရေန၊ အစဉ်လျှောက်သဖြင့်။ အတ္ထာ၊ အနက်ဒြပ် တည်းဟူသော အတ္ထပညတ်တို့ကို။ ဝိညာယန္တိ၊ သိရကုန်၏၊
သာယံ ပညတ္တိ၊ ထိုသမုတိ ပရမတ္ထအားဖြင့်ပြားသောအတ္ထပညတ်ကို။ လောကသင်္ကေတနိမ္မိတာ၊ ရှေးရှေးသောသူ လူပညာရှိတို့၏ အမှတ်သင်္ကေတပညတ်ဖြင့်ပြီး၏ဟူ၍။ ဝိညေယျာ၊ သိအပ်ကုန်၏၊
ဤသို့ တလုံးသော အက္ခရာရှိသော နာမပညတ်ကို ကြားရာ၌ ၄-ဝီထိဖြစ်၏ ဟူသောစကားသည် အဋ္ဌကထာဆရာတို့၏ ဝါဒတည်း။
မူလဋီကာဆရာတော်ကား ရှေးနှစ်ဝီထိ၏နောက်၌ သုဒ္ဓမနောဒွါရတဝီထိဖြစ်ပြီးမှ နာမညတ်ကို အာရုံပြု၍ တဝီထိ၊ အတ္ထပညတ်ကို အာရုံပြု၍ တဝီထိ ဖြစ်သည်ဟု ဆို၏၊ ဤအလိုသော် ၅-ဝီထိကျမှ ဂေါယ သဒ္ဒါ၏ နွား, ဟူသောအနက်ကို ကုန်စင်စွာသိရာသည်။
များသောအက္ခရာရှိသော ပုရိသောဟူသော ပုဒ်၌ ပု ကိုကြားရာ၌ သောတဒွါရတဝီထိဖြစ်ပြီးမှ တဒနုဝတ္တကတဝီထိ ရိ ကို ကြားရာ၌လည်း ဤနည်းအတူ နှစ်ဝီထိ သ ကိုကြားရာ၌လည်း နှစ်ဝီထိဖြစ်ပြီးမှ အက္ခရာအစဉ်ကို ပေါင်း၍ အာရုံပြုသော သုဒ္ဓမနောဒွါရတဝီထိ၊ နာမပညတ်ကို အာရုံပြု၍ တဝီထိ၊ အတ္တပညတ်ကိုအာရုံပြု၍ တဝီထိအားဖြင့် ၉-ဝီထိဖြစ်သည်။ ထို့ထက် အက္ခရာများ၌လည်း ဤနည်းအတူကြံလေ။ ဤကား သုဏန္တပုဂ္ဂိုလ်တို့၏ ဖြစ်ရိုး တည်း။
ဝဒန္တပုဂ္ဂိုလ်၌ဖြစ်ဟန်ကား ဂေါစသောသဒ္ဒါကို ရွတ်လိုသောပုဂ္ဂိုလ်သည် ထိုဂေါယ သဒ္ဒါ၏မှီရာခန္ဓာ ပဉ္စက ဒြပ်၌ရှိသော ရုပ်, နာမ် တရားတို့၏ ရုပ္ပန နမန လက္ခဏာတည်းဟူသော တဇ္ဇာပညတ် ယင်းလက္ခဏာကိုစွဲ၍ ရုပ်နာမ်ဟုသမုတ် အပ်သော ဥပါဒါပညတ် ထိုရုပ် နာမ် ခန္ဓာငါးပါး အပေါင်းတည်းဟူသော သမူဟပညတ် ထိုတရားတို့၏ အစီအစဉ်တည်းဟူသော သန္တတိပညတ် ထိုသန္တတိ၏ ပရမတ္ထအားဖြင့် ထင်ရှားဖြစ်ခြင်းတည်းဟူသော ပရမတ္ထ အတ္ထပညတ် ထိုအတ္ထကို မှတ်ကြောင်းဖြစ်သော လေကသမုတိ ဟု ဆိုအပ်သော သင်္ကေတပညတ် ယင်းသင်္ကေတတို့ကို ပြတတ်သော သုဏန္တတို့၏ ဉာဏ်အား ပကတူပနိဿယ သတ္တိဖြင့် ကျေးဇူးပြုတတ်သော မနသာဝဝတ္ထာပိတ သဒ္ဒပညတ် ကို အာရုံပြု၍ ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ မနောဒွါရာဝဇ္ဇန်း ဇော ၇-ကြိမ် ဖြစ်၏၊ ထိုဇောစိတ်တို့သည် ဝိညတ်နှင့်တကွသော စိတ္တဇရုပ် ကိုဖြစ်စေ၏၊ ယင်းသို့ ဖြစ်စေရာ သတ္တမဇော၌ သဝိညတ္တိက ဝစီဘေဒသဒ္ဒဟူသော ဂေါ သဒ္ဒါ သည်ဖြစ်၏၊ ထို့ကြောင့် သမ္ဗန္ဓစိန္တာ ဋီကာ၌-
တဇ္ဇောပါဒါ သမူဟဉ္စ၊
သန္တတိ အတ္တသင်္ကေတံ
သဒ္ဒပညတ္တိမာလမ္ဗ၊
ဝဒန္တေ ဝတ္တတေ စိတ္တံ-
ဟူ၍ မိန့်အပ်၏၊
ဝဒန္တေ၊ ရွတ်ဆိုသော ပုဂ္ဂိုလ်၌။ တဇ္ဇောပါဒါ သမူဟဉ္စ၊ တဇ္ဇာ ပညတ်, ဥပါဒါပညတ် သမူဟပညတ်ကို၎င်း။ သန္တတိ၊ သန္တတိ ပညတ်ကို၎င်း။ အတ္ထသင်္ကေတံ၊ အတ္ထပညတ် သင်္ကေတ ပညတ်ကို၎င်း။ သဒ္ဒပညတ္တိ၊ သဒ္ဒပညတ်ကို၎င်း။ အာလမ္ဗ၊ အာရုံပြု၍။ စိတ္တံ၊ မနောဒွါရိက ဇောစိတ်သည်။ ဝတ္တတေ၊ ဖြစ်၏၊
အနုဋီကာ၌လည်း ဤနည်းပင်လာသည်။
ဤသို့ စက္ခုဒွါရယ သောတဒွါရ တို့၌ ဖြစ်ဟန်ကိုမှီ၍ ကြွင်းသော ဃာနဒွါရ ဇိဝှါဒွါရယ ကာယဒွါရယ တို့၌လည်း စိတ်အစဉ်ဖြစ်ဟန်ကို ဝေဖန်၍ သိရာသည်။
၉၂-မန္ဒာယုကယ အမန္ဒယုကယ မဇ္ဈိမာယုက ၃-ပါးယူပုံပြခြင်း
မေး။ ဝိသယပ္ပဝတ္တိ၊ ကိုးဝီထိမှာ၊ မန္ဒာယုက၊ အမန္ဒာယုက၊ မဇ္ဈိမာယုက၊ ပသာဒတို့၊ ဘယ်ကဖြစ်၍၊ စင်စစ်ချုပ်ရာ၊ ဘယ်မှာဥပါဒ် ပြိုင်သနည်း။
ဖြေ။ အတိမဟန္တရုံ တဝီထိ၊ မဟန္တာရုံ နှစ်ဝီထိ၊ ပရိတ္တာရုံ ၆-ဝီထိ၊ ဤ ၉-ဝီထိမှာ အာရုံနှင့် ပသာဒတို့၏ ထိခိုက်ကြခြင်းသည် ထင်ရှားသောကြောင့် ပသာဒ၏ အမည်ကို မန္ဒာယုက အမန္ဒာယုက မဇ္ဈိမာယုက ဟူ၍ အမည် ၃-ပါးဖြင့် သမုတ်ရသည်၊ ကြွင်းသောဝီထိတို့၌ မသမုတ်ရကုန်။
ထို ၃ပါးတို့တွင် အတိမဟန္တာရုံဝီထိ၌ ပဉ္စဒွါရဝဇ္ဇန်းမှစ၍ ပဋိလေမ အားဖြင့် ရေတွက်သည်ရှိသော် ၁၇-ချက်မြောက်သောစိတ်၏ သပါဒ် ဌီ ဘင်၌ဖြစ်သော စက္ခုပသာဒတို့သည် စက္ခုဝိညာဉ်ဖြစ်သောအခါ ထင်ရှားမရှိ ချုပ်လေပြီးဖြစ်သောကြောင့် ထိုပသာဒတို့ကိုထား၍ စက္ခုဝိညာဉ်ဖြစ်သောအခါ ထင်ရှားရှိသော ၄၉-ချက်သော ခဏ၌ဖြစ်သော စက္ခုပသာဒတို့တွင် အတီတ ဘဝင်၏ ဥပါဒ်၌ဖြစ်သော စက္ခုပသာဒသည် ရူပါရုံနှင့်အတူ ဥပါဒ်၍ ရူပါရုံ ချုပ်လေသော ဒုတိယ တဒါရုံ၏ဘင်၌ပင် ပြိုင်၍ချုပ်လေသောကြောင့်၎င်း၊ စက္ခုဝိညာဉ်၏ မှီရာဖြစ်သောကြောင့်၎င်း အလတ်ဖြစ်သော ရုပ်သက်ရှိရကား-
မဇ္ဈိမော အာယု ယဿာတိ မဇ္ဈိမာယုကော ဟူသော ဝစနတ်နှင့်ညီစွာ မဇ္ဈိမာယုက မည်၏၊
အဘီတဘဝင်၏ ရှေးတေရသမ ဘဝင်၏ ဌီမှစ၍ဖြစ်သော ၃၇-ချက်သော စက္ခုပသာဒတို့သည် ရူပါရုံမချုပ်မီ ချုပ်လေသောကြောင့် နံသောအသက်ရှိရကား-
မန္ဒော အာယု ယဿာတိ မန္ဒာယုကော ဟူသော ဝစနတ်နှင့်ညီစွာ မန္ဒာယုက မည်၏၊
အတီတဘဝင်၏ ဌီမှစ၍ ပဉ္စဒွါရာဝဇ္ဇန်း၏ ဘင်တိုင်အောင် ၁၁-ချက်သော ခဏ၌ဖြစ်သော စက္ခုပသာဒတို့သည် ရုပါရုံနှင့်အတူဖြစ်လျက် ရူပါရုံ၏ နောက်မှ ချုပ်လေသောကြောင့် ပွါးသောရုပ်သက်ရှိရကား-
အမန္ဒော အာယု ယဿတိ အမန္ဒာယုကော ဟူသော ဝစနတ္ထနှင့်ညီစွာ အမန္ဒာယုက မည်၏၊
မဟန္တာရုံနှစ်ဝီထိတို့တွင် ပထမ မဟန္တာရုံ၌ ပထမ အတီတဘဝင်၏ ဥပါဒ်၌ ဖြစ်သော စက္ခုပသာဒသည် မဇ္ဈိမာယုက ရှေး ၃၄-ချက်သော ခဏဖြစ်သော စက္ခုပသာဒသည် မန္ဒာယုက နောက် ၁၄-ချက်သော ခဏ၌ဖြစ်သော စက္ခုပသာဒသည် အမန္တာယုကမည်၏၊
ဒုတိယမဟန္တာရုံ၌ ပထမအတီတဘဝင်၏ ဥပါဒ်၌ဖြစ်သော စက္ခုပသာဒသည် မဇ္ဈိမာယုက ရှေး ၃၁-ချက်သောခဏ၌ဖြစ်သော စက္ခုပသာဒသည် မန္ဒာယုက နောက် ၁၇-ချက်သော ခဏ၌ဖြစ်သော စက္ခုပသာဒသည် အမန္ဒာယုကမည်၏၊
ပရိတ္တရုံ ၆-ဝီထိ၌လည်း ဤနည်းကိုမှီ၍ယူလေ။
၉၃-ဝတ္ထုနှင့်အာရုံ ထိခိုက်ရာတွင် ဘဝင်လှုပ်ပုံကို ပြခြင်း
မေး။ အမှီပြားလျက်၊ ငါးပါးဝိညာဉ်၊ ငါးတန်အာရုံ၊ တော်ကြကုန်၍၊ ကြိုက်ကြုံထိလျင်၊ ဘဝင်ဘယ်ကြောင့် လှုပ်သနည်း။
ဖြေ။ ဟဒယဝတ္ထုနှင့် ပသာဒ ဝတ္ထုသည် ဌာနအားဖြင့် ဝေးကွာသော်လည်း စည်မျက်နှာ နှစ်ဘက်ကဲ့သို့ တစပ်တည်း တည်သောကြောင့် စက္ခုပသာဒကို ရူပါရုံထိခိုက်လျှင် ဟဒယဝတ္ထုကို မှီသောဘဝင် လှုပ်လေသည်။သောတဝတ္ထု စသည်တို့၌လည်း နည်းတူမှတ်လေ။
ထို့ကြောင့် သစ္စသံခိပ်၌-
ဃဋ္ဋိတေအညဝတ္ထုမှိ၊
အညနိဿိတ ကမ္ပနံ။
ဧကာဗဒ္ဓေန ဟောတီတိ၊
သက္ခရောပမယာ ဝဒေ။
ဟူသော ဆိုလေသည်။
မနော ၆-ပ.မ.သ.စ
အညဝတ္ထုမှိ၊ ဟဒယဝတ္ထုမှ တပါးသော ပသာဒဝတ္ထု၌။ ဃဋ္ဋိတေ၊ ပဉ္စာရုံ တို့ထိကုန်လတ်သော်။ အညနိဿိတ ကမ္ပနံ၊ စက္ခုဝတ္ထုမှတပါးသော ဟဒယဝတ္ထုကိုမှီသောဘဝင်၏ လှုပ်ခြင်းသည်။ ဧကာဗဒ္ဓေန၊ တစပ်တည်း တည်ခြင်းကြောင့်။ ဟောတိ၊ ဖြစ်၏၊ ဣတိအတ္ထံ၊ ဤသို့သော အနက်ကို။ သက္ခရောပမယာ သက္ခရောပမာယ၊ စည် မျက်နှာ၌ ကပ်သောသကာခဲ၌ နားသောယင်၏ ဥပမာဖြင့်။ ဝဒေ၊ ဆိုရာ၏၊
အဋ္ဌသာလိနီ၌ကား-ငှက်သည် ကောင်းကင်ဖြင့် ပြန်လာ၍ သစ်ခက်ဖျား၌ နားသည်ရှိသော် သစ်ခက်ကို ထိခိုက်ခြင်း မြေ၌ ထိုအရိပ် နှံ့ခြင်းတို့သည် မရှေးမနှောင်း တပြိုင်နက်သော ခဏ၌ ဖြစ်ကုန်သကဲ့သို့ ဤအတူ ရူပါရုံ စသည်တို့၏ စက္ခုပသာဒ စသည်၌ ထိခိုက်ခြင်း ဘဝင်လှုပ်ခြင်းငှါ စွမ်းနိုင်သော မနောဒွါရအား ထင်ခြင်းသို့ ရောက်ခြင်းတို့သည် မရှေးမနှောင်း တခုသော စိတ်၏ ခဏ၌သာလျှင် ဖြစ်၏ဟု ပြခြင်းငှာ-
သာခါဃဋ္ဋနဆာယာ ဖရဏာနိ၊
အပုဗ္ဗံ အစရိမံ ဧကက္ခဏေယေဝ ဘဝန္တိ၊
ဧဝံ ပစ္စုပ္ပန္နမာဒီနံ စက္ခုပသာဒါဒိဃဋ္ဋနဉ္စ ဘဝင်္ဂစလန သမတ္ထတာယ။
မနောဒွါရေ အာပါထဂမနဉ္စ အပုဗ္ဗံ အစရိမံ ဧကက္ခဏေ ယေဝ ဟောတိ-
ဟူ၍ မိန့်ဆိုသည်။
ရူပါရုံနှင့် စက္ခုပသာဒ ရှေ့ရှုတော်မူကြရာဝယ် ထိသည် ထင်သည် မြင်သည် ဟူ၍၃-ပါး အပြားရှိ၏၊ ထိုတွင် အတီတဘဝင်၏ ဥပါဒ်ခဏ၌ ထိသည်။ ဘဝင်္ဂစလန၏ ဥပါဒ်ခဏ၌ ထင်သည်။ စက္ခုဝိညာဉ်၏ ဥပါဒ်ခဏ၌ မြင်သည်။
ဘဝင်လွန်ဟူသည်ကား ထင်သော ကာလကို လွန်သည်ဟူ၍ ဝီထိလက်ရိုး၌ ဆိုသည်။ ထိုစကားသည်-
ဌိတိပ္ပတ္တာနေဝ၊ ဌီသို့ရောက်ကုန်သည်ဖြစ်၍ သာလျှင်။ ပဉ္စာလမ္ဗဏာနိ၊ ငါးပါးသော အာရုံတို့သည်။ ပဉ္စဒွါရေ၊ ပဉ္စဒွါရ၌။ အာပါထံ၊ ထင်ခြင်းသို့။ အာဂစ္ဆန္တိ၊ ရောက်ကုန်၏၊ တသ္မာ၊ ထို့ကြောင့်။ ဧကစိတ္တက္ခဏာတီတကံ၊ တခုသောစိတ်၏ ခဏကဲ့သို့သော ခဏလျင်လွန်ခြင်း ရှိသော။ ရူပါရမ္မဏံ၊ ရူပါရုံသည်။ စက္ခုဿ၊ စက္ခုပသာဒအား။ အာပါထံ၊ ထင်ခြင်းသို့။ ယဒိ အာဂစ္ဆတိ၊ အကယ်၍ ရောက်သည်ဖြစ်အံ့။ ဧဝံသတိ။ ဤသို့ရောက်သည်ရှိသော်။ တတော၊ ထိုထင်ခြင်းသို့ ရောက်ခြင်းကြောင့်။ ဝါ၊ ထိုထင်ခြင်းသို့ ရောက်သည်မှ။ ပရံ၊ နောက်၌။ ဒွိက္ခတ္တုံ၊ နှစ်ကြိမ်။ ဘဝင်္ဂေ၊ ဘဝင်သည်။ စလိတေ၊ လှုပ်သည် ရှိသော်-
ဟူ၍ ဆိုအပ်သော သင်္ဂြိုဟ်စကားနှင့် ညီသကဲ့သို့ မထင်။
သင်္ဂြိဟ်၌ကား ပဉ္စပသာဒတို့၏ ဥပါဒ်နှင့် ပဉ္စာရုံတို့၏ ဥပါဒ်သည်ပြိုင်မိ ကြသော်လည်း ထိရုံသာ ဖြစ်သည်၊ မထင်သေး။ ထိုရုပ်တို့၏ ဌီသို့ရောက်မှသာလျှင် ထင်ကုန်သည်။ ထို့ကြောင့် တခုသောစိတ်၏ ခဏကဲ့သို့သောခဏလျှင် လွန်ခြင်းရှိသော ရူပါရုံသည် စက္ခုပသာဒအား ထင်ခြင်းသို့ ရောက်သည်ဖြစ်အံ့။ ထိုသို့ထင်သည်မှ နောက်၌ ဘဝင် နှစ်ကြိမ်လှုပ်၏ ဟူ၍ဆိုသည်။ ထိုစကား၌ ရုပ်တို့၏ ဌီဟူသည်လည်း အတီတဘဝင်၏ ဌီနှင့် တပြိုင်တည်း ဖြစ်သည်။ ဤဌီ၌ ထင်ပါမှ၊ တတောပရံ ဟူသောစကားကို ဆိုသင့်သည်။ ဘဝင်္ဂစလန၏ ဥပါဒ်မှာမှထင်မူ တတောပရံ ဟူ၍ မဆိုသင့်ပြီ။
ထို့ကြောင့် -
အတီတဘဝင်၏ ဥပါဒ်၌ ထိသည်။
၎င်းဘဝင်ဌီ၌ ထင်သည်။
စက္ခုဝိညာဉ်၏ ဥပါဒ်၌ မြင်သည်-ဟူ၍ဆိုမှ သင်္ဂြိုဟ်နှင့် ညီညွတ်မည်။
၉၄-အတီတဘဝင် ခေါ်ဆိုရပုံကိုပြခြင်း
အတိက္ကမိတွာ၊ လှုပ်ခြင်းကိုလွန်၍။ ဣတံ၊ ဖြစ်သည်တည်း။ အတီးတံ လှုပ်ခြင်းကို လွန်၍ဖြစ်သည်။ အာရုံနှင့် ပသာဒ ထိခိုက်၍ ထင်သော်လည်း ထိုစိတ်၌ မလှုပ်သေး။ နောက်စိတ်မှ လှုပ်သောကြောင့် ထိုလှုပ်ခြင်းကို လွန်၍ဖြစ်သောစိတ်ကို အတီတဘဝင် ဆိုလေသည်။
ရေ မြေ တော တောင် ဟူသောရုပ်တို့သည် သတ္တဝါတို့ သဏ္ဌန်၌ကဲ့သို့ သတ္တရသာယုက ရှိသော ဥပါဒ်ဌီဘင် အားဖြင့် မပြတ်ဖြစ်၏လော....ဟူငြားအံ့၊ မဖြစ် ဟူပေ။
ဘယ့်ကြောင့် မဖြစ်သနည်းဟူမူ ထိုရုပ်တို့သည် ပရမတ္ထအားဖြင့် ထင်ရှား မရှိကောင်းသော အဝိဇ္ဇမာနပညတ်သာ ဖြစ်သည်။
ထိုဗာဟီရဇ ရုပ်တို့သည် ဥပါဒ် ဌီ ဘင် အားဖြင့်ဖြစ်ခြင်းမရှိ။ အကြင် အခါ၌ သတ္တဝါတိ့ု၏ စိတ်သည် အာရုံပြု၍ စွဲလမ်း၏၊ ထိုအခါ ရုပ်တို့သည် ရူပါရုံအဖြစ်သို့ ရောက်၏၊ ထိုရူပါရုံ၏ အဖြစ်သာလျှင် သတ္တရသာယုက ရှိသည်ဖြစ်၍ ဥပါဒ် ဋ္ဌီ ဘင် ဟု သမုတ်သတည်း။
ဥပမာကား။ ။က ခုံ တတ်သောသူသည် က သော အခါ၌သာလျှင် က ချေသည် မည်သည်။ မကသောအခါ မမည်။ ယင်းသို့မမည်သော်လည်း က ဘူးသည်ကို စွဲ၍ဘူတပုဗ္ဗာတိက နည်းဖြင့် ကချေသည် ခေါ်လေသကဲ့သို့၎င်း...။
လူတို့၏ အသက်အတိုင်း အရှည်ကို ရက် လ နှစ်ဖြင့် မှတ်၍ ဤသူကား... ဤမျှနှစ် ဤမျှလ ဤမျှရက်ရှည်ရှိသည်ဟု ခေါ်ရသကဲ့သို့၎င်း....ဖြစ်သည် ဟူပေ။
(ခဲရပ် စေ့စေ့ ဆင်ခြင်လေ။)
၉၅-ဝီထိစိတ်ဖြစ်ပုံကို သရက် ဥပမာဖြင့် ပြခြင်း
ဝီထိစိတ်၏ ဖြစ်စဉ်လက္ခဏာကို ဤအာမ္ဗောပမာဖြင့် သိအပ်၏၊ လူတယောက်သည် အသီးရှိသော သရက်ပင်၏ အောက်၌ ဥက္ခောင်းခြုံ၍အိပ်နေရာ....အနီး၌ သရက်သီးတလုံး ကြွေ၍ ထိုအသံဖြင့် နိုးလတ်သော် ပုဆိုးခြုံကို ဖွင့်၍ကြည့်သဖြင့် မြင်သော် ထိုသရက်သီးကို ကောက်၍ နှိပ်နယ်၍ နမ်း၍ မှည့်မှန်းသိလျှင် သုံးဆောင်၍ လျှာ အာ၌ ကပ်သမျှကို တံတွေးနှင့်တကွ မျိုပြီး၍ တဖန်အိပ်မြဲ အိပ်ပြန်သည်။
ဤဥပမာ၌ ယောကျ်ားသည် အိပ်ပျော်သောအခါကဲ့သို့ ဘဝင်ကျနေသော အခါကို မှတ်အပ်၏၊
သရက်သီး ကြွေသော အခါကဲ့သို့ ပသာဒနှင့် အာရုံထိသောအခါကို မှတ်အပ်၏၊
ကျသောအသံဖြင့် နိုးသောအခါကဲ့သို့ အာဝဇ္ဇန်းဖြစ်သောအခါကို မှတ်အပ်၏၊
ပုဆိုးခြုံကို ဖွင့်ကြည့်သော အခါကဲ့သို့ စက္ခုဝိညာဉ် ဖြစ်သော အခါကို မှတ်အပ်၏၊
ထ၍ ကောက်သောအခါကဲ့သို့ သမ္ပဋိစ္ဆို င်းဖြစ်သောအခါကို မှတ်အပ်၏၊
နှိပ်နယ်၍စမ်းသကဲ့သို့ သန္တီရဏ ဖြစ်သောအခါကို မှတ်အပ်၏၊
နမ်း၍ မှည့်မှန်းသိသကဲ့သို့ ဝုဋ္ဌောဖြစ်သောအခါကို မှတ်အပ်၏၊
သုံးဆောင်သောအခါကဲ့သို့ ဇောဖြစ်သောအခါကို မှတ်အပ်၏၊
လျှာ အာ၌ ကပ်သမျှကို တံတွေးနှင့်တကွ မျိုသောအခါကဲ့သို့ တဒါရုံ ဖြစ်သောအခါကို မှတ်အပ်၏၊
စားပြီးသော် အိပ်မြဲအိပ်ပြန်သကဲ့သို့ ဘဝင်သို့ သက်သောအခါကို မှတ်အပ်၏၊
၉၆-ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒခေါ်ဆိုပုံကို ပြခြင်း
မေး။ ဝီထိရိုးတွင်၊ ဘဝင်္ဂုပစ္ဆေဒ၊ မည်နာမဖြင့်၊ ချမြဲပင်ကို၊ ဘဝင်္ဂစလန နှစ်ကြိမ်ကျဟူ၊ မမျှအဆို၊ သဂြိုဟ်ဘယ်ကြောင့် ဟောသနည်း။
ဖြေ။ တတ္တ ပထမစိတ္တံ ဘဝင်္ဂသန္တတိ စာလေန္တံ ဝံယ ဥပ္ပဇ္ဇတီတိ ဘဝင်္ဂစလနံ။ ဒုတိယံ တဿာဩစ္ဆိဇ္ဇနာကာရေန ဥပ္ပဇ္ဇနတော ဘဝင်္ဂုပစ္ဆေဒေါတိ ဝေါဟာရန္တိ၊ ဣဓပန အဝိသေသေန ဝုတ္တံ ဒွိက္ခတ္တုံ ဘဝင်္ဂေ စလိတေတိ ဟူ၍ ဋီကာမိန့်သည်နှင့် အညီ ဘဝင်နှစ်ကြိမ်တွင်ရှေးစိတ်သည် ဘဝင်အစဉ်ကို လှုပ်စေသကဲ့သို့ ဖြစ်သောကြောင့် ဘဝင်္ဂစလနဟု ခေါ်သည်။ နောက်စိတ်သည် ဘဝင်အလျဉ်ပြတ်သောအခြင်းအရာဖြင့် ဖြစ်သောကြောင့် ဘဝင်္ဂုပစ္ဆေဒဟုခေါ်သည်။
ဤသင်္ဂြိဟ်ကျမ်း၌ကား အများနှင့်ဆက်ဆံသော သာမညနည်းအားဖြင့် နှစ်ပါးလုံးကို ဘဝင်္ဂစလနဟု ခေါ်လေသည်။ ဘယ်သို့ အများနှင့် ဆက်ဆံလေ သနည်းဟူမူ အတိပရိတ္တာရုံ ဝီထိ၌ ဘဝင်ပြတ်ခြင်းမရှိ လှုပ်ရုံမျှသာဖြစ်၍ ဆက်ဆံသတည်း။
၉၇-ကာမဇောတို့၏ အနည်းအများစောပုံကို ပြခြင်း
မေး။ ကာမဇောသည်၊ လွန်သော် ဘယ်မျှ၊ ယုတ်ကဘယ့်နှယ်၊ အကြိမ်ဝယ်၊ ရွေးချယ်ဘယ်သို့၊ ကောက်သနည်း။
ဖြေ။ ကာမ ဇောတို့သည် ပြကတေ့သော ကာလ၌ ၇-ကြိမ် သစ်ပင်ထက်မှကျခြင်း ရေမွမ်းခြင်း ဝေဒနာနှိပ်စက်ခြင်းအကြောင်းတို့ကြောင့် မိန်းမောတွေဝေသော မုဉ္ဆာကာလ၌ ၆-ကြိမ် သေခါနီးဖြစ်၍ မိန်းမောသောမဉ္ဆာကာလ၌ ၅ကြိမ် မရဏသန္နကာလ၌ ၅ကြိမ် ယမကပါဋိဟာရိယကာလ၌ ၅-ကြိမ် ၄ ကြိမ် ၃-ကြိမ် ဖြစ်ကုန်၏ ဟူ၍ကောက်လေ။
အဘယ်ကိုမြင်၍ ဆိုသနည်းဟူမူ-
သတ္တက္ခတ္တုံ ပကတိ ကာလေ၊
ဆက္ခုတ္တုမေဝ ဝါမုဉ္ဆာကာလေ ဇဝန္တိဟူသော သင်္ခေပဋီကာ။
မုဉ္ဆာ မရဏသန္န ကာလေသု ဆပဉ္စပိ ဇဝနာနိ ပဝတ္တိန္တီတိ အာဟ ယေဘုယျနာတိ ဟူ၍၎င်း မရဏကာလဒီသူတိ ဧတ္ထ အာဒိသဒ္ဒေန ပုဉ္ဆာကာသံ သင်္ဂဏှာတိ ဟူ၍၎င်း ဆိုအပ်သော ဋီကာကိုမြင်၍ ဆိုသည်ဟူပေ။
ဤဋီကာကျော်ဆရာသည် ရှေ့ယေဘုယျေန၏ အဖွင့်တွင် မုဉ္ဆာကာလ၌၆-ကြိမ် စောကြောင်းကို ဆိုခဲ့ပြီးလျက် မရဏကာလဒီသု၌ အာဒိသဒ္ဒါဖြင့် မုဉ္ဆာကာလကိုယူ၍ ၅-ကြိမ်စောသည်ဟု အဘယ်ကြောင့် ဆိုပြန်သနည်း ဟူမူ မုဉ္ဆာသည်-
သေခြင်းနီးသော မုဉ္ဆာ
သေခြင်းမနီးသောမုဉ္ဆာ အားဖြင့်နှစ်မျိုး ရှိသည်။
သေခြင်းမနီးသော မုဉ္ဆာ၌၆-ကြိမ် သေခြင်းနီးသော မုဉ္ဆာ၌ ၅-ကြိမ် ဖြစ်သည်ဟု ခွဲခြမ်း၍ ယူစေလိုသောကြောင့် ဆိုသည်ဟူပေ။
မဏိမဉ္ဇူဆရာတော်ကား ဋီကာဆရာ၏ သံဝဏ္ဏနာသည် အဋ္ဌကထာနှင့် ဆန့်ကျင်သည်ဟု ဆို၏၊
၉၈-ရေအယဉ် ပမာ ဘဝင်စိတ်ဖြစ်ရာကာလကို ပြခြင်း
မေး။ ဘဝင် ဘဝင်၊ စိတ်လျှင်အရ၊ တွေတွေကျသည်၊ မုချဘယ်အခါတွင်နည်း။
ဖြေ။ နိဒ္ဒေါကမနကာလေ ဘဝင်္ဂပ္ပဟောဝ ပဝတ္တတိ-ဟူသည်နှင့်အညီ အိပ်ပျော်ခြင်းသို့ ရောက်သောအခါ ဘဝင်သာလျှင် ရေအယဉ်ကဲ့သို့ တွေတွေကျသည် ဟူပေ။
၉၉-မျောက်မျည်းခါတွင် အိပ်မက်မြင်ပုံကို ပြခြင်း
မေး။ အိပ်ခါ၌တွင်၊ ထင်ထင်ပြက်ပြက်၊ အိပ်မက်မြင်သော်၊ မပျော်ခင်လော၊ ပျော်မှလော။
ဖြေ။ ကပိမိဒ္ဒပရေတော ခေါ၊ မဟာရာဇ သုပိနံ ပဿတိ-ဟူ၍ မိလိန္ဒ ပဥှာ၌ဆိုသောကြောင့် ဘဝင်ကျ၍ အိပ်ပျော်သည်လည်းမဟုတ် နိုးသည်လည်းမဟုတ်၊ ထိုနှစ်ပါး၏အကြား မျောက်မျည်းကာမျှသောအခါ၌ အိပ်မက်မြင်၏ ဟုဖြေ။
ထို့ကြောင့်- သုပိနာစျာယ၌-
ဆဋ္ဌာရမ္မဏ၊ ပစ္စယကြောင့်၊ ဒွါရိကစိတ်၊ မဆိတ်ဖြစ်ဆဲ၊ ဖန်လဲ ပွါးတက်၊ နိုးစဉ်လျက်လည်း၊ အိပ်မက်မမြင်၊ ဘဝင်သက်၍၊ စက်မွေ့စိုက်စိုက်၊ အိပ်ပျော်ခိုက်လည်း၊ မထိုက်ပေရာ၊ အကြင်ခါ၌၊ အာဝဇ္ဇန်းဟုံ၊ မျှော့လှမ်းပုံသို့၊ အာရုံရမ်းရှု၊ ဖမ်းလုလုတွင်၊ ခေါ်မှုဝေါဟာ၊ မျောက်မျဉ်းခါ၌၊ ခြင်းရာပြီပြင်၊ ထင်လတ်သည်ကို၊ အိပ်မက်ဆို၏-ဟူ၍ စပ်လေသည်။
၁၀၀-အိပ်မက်နှစ်ပါး ထူးခြားပုံကို ပြခြင်း
ထိုအိပ်မက်သည် မထင်လွန်းသော အိပ်မက် ထင်ရှားသော အိပ်မက်အားဖြင့် နှစ်ပါးအပြားရှိ၏၊
ထိုနှစ်ပါးတို့တွင် မထင်လွန်းသော အိပ်မက်၌ကား ဘဝင်လှုပ်ပြီးသော် အာရုံ၆-ပါးတို့တွင် တပါးပါးကို အာရုံပြု၍ ဆင်ခြင်တတ်သော မနောဒွါရာဝဇ္ဇန်းစိတ်သည် နှစ်ကြိမ်ဖြစ်၍ ဘဝင်သို့သက်၏၊ ဤကား အဝိဘူတာရုံတည်း။ ဤဝီထိကိုရည်၍ သမ္မောအဋ္ဌကထာ ဉာဏဝိဘင်းအဖွင့်၌ – သုပိနေနေဝ ဒိဋ္ဌံ ဝိယ မေ၊ သုတံ ဝိယ မေတိ ကထနကာလေပိ အဗျာကတောယေဝ- ဟူ၍ မိန့်တော်မူသည်။
သုပိနေနေဝ၊ အိပ်မက်ဖြင့်သာလျှင်။ မေ၊ ငါသည်။ ဒိဋ္ဌံ ဝိယ၊ မြင်သကဲ့သို့။ မေ၊ ငါသည်၊ သုတံ ဝိယ၊ ကြားသကဲ့သို့။ ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့။ ကထနကာလေပိ၊ ဆိုရသောအခါ၌လည်း။ အဗျာကတောယေဝ၊ အဗျာကတဖြစ်သော မနောဒွါရာဝဇ္ဇန်း သာလျှင်။ ဟောတိ၊ ဖြစ်၏၊
၎င်းပါဌ်ကို မူလဋီကာ၌-
အဗျာကတောယေဝ အာဝဇ္ဇနမတ္တေဿဝ ဥပ္ပဇ္ဇနတောတိ ဝဒန္တေဟိ မနောဒွါရေပိ အာဝဇ္ဇနံ ဒွိက္ခတ္တုံဥပ္ပဇ္ဇိတွာ၊ ဇဝနဋ္ဌာနေ ဌတွာ၊ အဝင်္ဂံ ဩတရတီတိ အဓိပ္ပေတန္တိ ဒဋ္ဌဗ္ဗံ-
ဟူ၍ ဖွင့်ဆိုသည်။
အာဝဇ္ဇနမတ္တေဿဝ၊ အာဝဇ္ဇန်း၏ သာလျှင်။ ဥပ္ပဇ္ဇနတော၊ ဖြစ်ခြင်းကြောင့်။ အဗျာကတောယေဝ၊ အဗျာကတသာလျှင်။ ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့။ ဝဒန္တေဟိ၊ ဆိုကုန်သော အဋ္ဌကထာဆရာတို့သည်။ မနောဒွါရေပိ၊ မနောဒွါရ၌လည်း။ အာဝဇ္ဇန်းသည်။ ဒွိက္ခတ္တုံ၊ နှစ်ကြိမ်။ ဥပ္ပဇ္ဇိတွာ၊ ဖြစ်၍။ ဇဝနဋ္ဌာနေ၊ ဇော၏အရာ၌။ ဌာတွာ၊ တည်၍။ ဘဝင်္ဂံ၊ ဘဝင်သို့။ ဩတရတိ၊ သက်၏၊ ဣတိ၊ ဤသို့။ အဓိပ္ပေတန္တိ၊ အလိုရှိအပ်၏ဟူ၍။ အဋ္ဌဗ္ဗံ၊ မှတ်အပ်၏၊
ထင်ရှားသော အိပ်မက်၌ကား ဘဝင်လှုပ်ပြီးသော် မနောဒွါရာဝဇ္ဇန်း ဇောရ-ကြိမ် တဒါရုံနှစ်ကြိမ်ဖြစ်၍ ဘဝင်သို့သက်၏၊ ဤကားဝိဘူတာရုံတည်း။
ဤသို့ ဖြစ်သော ဝီထိကိုရည်၍ တေရသကဏ်ဋီကာ၌-
ယဒိပိ သုပိနန္တေ ဝိဘူတံ ဟုတွာ၊
ဥပဋ္ဌိတေ ရူပါဒိဝတ္ထုမှိ တဒါရမ္မဏံပဝတ္တတိ၊
သုပိနံ ဟိ ပဿန္တောမနောဒွါရိကေနေဝ ဇဝနေန ပဿတိ၊
န ပဉ္စဒွါရိကေန ပဋိဗုဇ္ဈန္တော စ မနောဒွါရိကေနေဝ ပဋိဗုဇ္ဈတိ၊
န ပဉ္စဒွါရိကေန-
စသည်ဖြင့် ဆိုတော်မူသည်။
ယဒိပိ၊ အကယ်၍လည်း။ သုပိနန္တေ၊ အိပ်မက်၌။ ဝိဘူတံ။ ထင်ရှားသည်။ ဟုတွာ၊ ဖြစ်၍။ ပဿတိ၊ မြင်အံ့။ ဥပဋ္ဌိတေ၊ ရှေ့ရှုထင်လတ်သော်။ ရူပါဒိဝတ္ထုမှိ၊ ရူပါရုံစသောဝတ္ထု၌။ တဒါရမ္မဏံ၊ တဒါရုံသည်။ ပဝတ္တတိ၊ ဖြစ်၏၊ ဟိ၊ သင့်စွ။ သုပိနံ၊ အိပ်မက်ကို။ ပဿန္တော၊ မြင်သောသူသည်။ မနောဒွါရိကေနေဝ မနောဒွါရ၌ သာလျှင်ဖြစ်သော။ ဇဝနေန၊ ဇောဖြင့်၊ ပဿတိ၊ မြင်၏၊ ပဉ္စဒွါရိကေန၊ ပဉ္စဒွါရ၌ဖြစ်သော ဇောဖြင့်။ နပဿတိ၊ မမြင်။ ပဋိဗုဇ္ဈန္တော စ၊ နိုးသော်လည်း။ မနောဒွါရိကေနေဝ၊ မနောဒွါရ၌ ကျသောဇောဖြင့်သာလျှင်။ ပဋိဗုဇ္ဈတိ၊ နိုး၏၊ ပဉ္စဒွါရိကေန၊ ပဉ္စဒွါရ၌ ကျသောဇောဖြင့်။ န ပဋိဗဇ္ဈတိ၊ မနိုး။
၁၀၁-အိပ်မက်ရာတွင် ကောင်းကျိုး မကောင်းကျိုး ဖြစ်ပုံကို ပြခြင်း
ယင်းသို့ ဇော တဒါရုံကျသော မနောဒွါရဝီထိဖြင့် အိပ်မက်သော် ကုသိုလ်ပြုသည် မက်ရာ၌ ကောင်းကျိုးပေးအံ့လော၊ မကောင်းမှု ပြုသည် မက်ရာ၌ မကောင်းကျိုးပေးအံ့လော ဟူငြားအံ့။
တေနာယံ သုပိနော ကုသလောပိ ဟောတိ အကုသလောပိ အဗျာကတောပိ၊ တတ္ထ သုပိနန္တေ စေတိယဝန္ဒနဓမ္မသဝနဓမ္မဒေသနာဒီနိ ကရောန္တဿ ကုသလော၊ ပါဏာတိပါတာဒီနိ ကရောန္တဿ အကုသလော၊ ဒွီဟိ အန္တေဟိ မုတ္တော အာဝဇ္ဇနတဒါရမ္မဏက္ခဏေ အဗျာကတောတိ ဝေဒိတဗ္ဗော။ သွာယံ ဒုဗ္ဗလဝတ္တုကတ္တာ စေတနာယ ပဋိသန္ဓိံ အာကဍ္ဎိုတုံ အသမတ္ထော။ ပဝတ္တေ ပန အညေဟိ ကုသလာကုသလေဟိ ဥပတ္ထမ္ဘိတော ဝိပါကံ ဒေတိ၊ ကိဉ္စာပိ ဝိပါကံ ဒေတိ၊ အထ ခေါ အဝိသယေ ဥပ္ပန္နတ္တာ အဗ္ဗောဟာရိကာဝ သုပိနန္တစေတနာ-
ဟူ၍ ပါရာဇိကဏ် အဋ္ဌကထာ မိန့်အပ်ပြီ။
တေန၊ ထို့ကြောင့်။ အယံ သုပိနော၊ ဤအိပ်မက်သည်။ ကုလောပိ၊ ကုသိုလ်သည်လည်း။ ဟောတိ၊ ဖြစ်၏၊ အကုသလောပိ၊ အကုသိုလ်သည်လည်း။ ဟောတိ၊ ဖြစ်၏၊ အဗျာကတောပိ၊ အဗျာကတသည်လည်း။ ဟောတိ၊ ဖြစ်၏၊ တတ္ထ၊ ထိုသုံးပါးတို့တွင်။ သုပိနန္တေ၊ အိပ်မက်၌။ စေတိယဝန္ဒ နဓမ္မသဝန ဓမ္မဒေသနာဒီနိ၊ စေတီကို ရှိခိုးခြင်း တရားနာခြင်း တရားဟောခြင်း စသည်တို့ကို။ ကရောန္တဿ၊ ပြုသောသူအား။ ကုသလော၊ ကုသိုလ်သည်။ ဟောတိ၊ ဖြစ်၏၊ အကျယ်ကို ၎င်းဋီကာမှာ ရှုလေ။
၁၀၂-အနိဋ္ဌာရုံ ဣဋ္ဌာရုံ တို့၌ ဝိပါက်အမှန်ဇောအပြန်ကို ပြခြင်း
မေး။ အနိဋ္ဌာရုံ၊ ဣဋ္ဌာရုံကို၊ အကုသိုလ်နှင့်၊ ကုသိုလ်အကျိုး၊ ဖြစ်ပေမျိုးဟု၊ ကျမ်းရိုးလာပြီ၊ ဇောမှာဘယ်သို့ ကောက်သနည်း။
ဖြေ။ ကောင်းကျိုးကိုလည်း မဖြစ်စေတတ် သတ္တဝါလည်း အလိုမရှိအပ်သော အာရုံသည် အနိဋ္ဌာရုံမည်၏၊
ကောင်းကျိုးကိုလည်း မဖြစ်စေတတ် သတ္တဝါလည်းအလိုမရှိအပ်သော အာရုံသည် ဣဋ္ဌာရုံ မည်၏၊
ထိုဣဋ္ဌာရုံစသည်လည်း ဣဋ္ဌာမဇ္ဈတ္တာရုံနှင့် အတိဣဋ္ဌာရုံဟူ၍ နှစ်ပါးအပြားရှိ၏၊
ထိုနှစ်ပါးတို့တွင် အကြင်ထမင်း အဖျော် အိပ်ရာ အစရှိသည်တို့သည် ပစ္စုပ္ပန် အတ္တဘော၌ ခံစားအပ်သော ကောင်းကျိုးရှိသည်ဖြစ်၍ သင့်ရုံ လိုအပ်သောကြာင့် ဣဋ္ဌမဇ္ဈတ္တာရုံ မည်၏၊
ဘုရားအစရှိသော အာရုံတို့သည် ပစ္စုပ္ပန်တမလွန်အားဖြင့် နှစ်ပါးသော ကာလ၌ ခံစားအပ်သော ကောင်းကျိုးရှိသည်ဖြစ်၍ အလွန် အလိုရှိအပ်သောကြောင့် အတိဣဋ္ဌာရုံမည်၏၊
မေထုနသေဝန စသည်တို့သည် သတ္တဝါပင် အလိုရှိငြားသော်လည်း နှစ်ပါးသောကာလ၌ ဒုက္ခဝိပါက်သာ ဖြစ်သောကြောင့် ဣဋ္ဌာရုံမမည်၊ အနိဋ္ဌာရုံသာ မည်ကုန်၏၊
ထိုအာရုံတို့တွင် မစင်ခွေးကောင် အစရှိသော အနိဋ္ဌာရုံကို မြင်သော ကာလ အကုသလဝိပါက်ဖြစ်သော စက္ခုဝိညာဉ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံတို့သည် ဖြစ်ကုန်၏၊
ထမင်း အဖျော် အိပ်ရာ နေရာ ပန်းနံ့သာ စသော ဣဋ္ဌမဇ္ဈတ္တာရုံကို မြင်သောကာလ ကုသလဝိပါက်ဖြစ်သော စက္ခုဝိညာဉ် သမ္မဋိစ္ဆိုင်း သန္တီရဏ တဒါရုံတို့သည် ဖြစ်ကုန်၏၊
ဘုရားအစရှိသော အတိဣဋ္ဌာရုံ၌ကား ကုသလဝိပါက်ဖြစ်သော စက္ခုဝိညာဉ် သမ္ပဋိစ္ဆိုင်း သောမနဿသန္တီရဏ သောမနဿ တဒါရုံတို့သည်ဖြစ်ကုန်၏၊
သတ္တဝါသည် သညာဖောက်ပြန်၍ အနိဋ္ဌာရုံကို ဣဋ္ဌအားဖြင့် ယူသော်၎င်း ဣဋ္ဌာရုံ အတိဿဋ္ဌာရုံကို အနိဋ္ဌအားဖြင့် ယူသော်၎င်း ဤဝိပါက်တို့သည် ဖောက်ပြန်ခြင်းမရှိ၊ ပကတိအားဖြင့် အမှန်ဖြစ်မြဲပင်တည်း။
ကုသိုလ် အကုသိုလ် ဇောတို့မူကား မပယ်အပ်သေးသော ဝိပ္ပလ္လာသ တရားရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌ဖြစ်ခြင်းကြောင့် ဣဋ္ဌာရုံ ဣဋ္ဌမဇ္ဈတ္တာရုံကိုလည်း အနိဋ္ဌခြင်းအရာဖြင့် ယူသောအခါ ကုသိုလ်ဥပေက္ခာ ဇောသော်၎င်း အကုသိုလ်ဇောသော်၎င်း ဖြစ်၏၊
အနိဋ္ဌာရုံကိုလည်း ဣဋ္ဌအခြင်းအရာဖြင့် ယူသောအခါ ကုသိုလ်သောမနဿ ဇောသော်၎င်း အကုသိုလ်ဇောသော်၎င်း ဖြစ်၏၊
ထိုအနက်ကို ပြခြင်းငှါ ဋီကာကျော်၌-
တထာ ဟိ အသဒ္ဓါဒီနံ ဗုဒ္ဓါဒီသု အတိဣဋ္ဌာရမ္မဏေသုပိ ဥပေက္ခာဇဝနံ ဟောတိ၊ တိတ္တိယာဒီနဉ္စ ဒေ၊ မနဿဇဝနံ။ ဂမ္ဘိရပကတိကာဒီနဉ္စ ပဋိကူလာရမ္မဏေ ဥပေက္ခာဇဝနံ။ သုနခါဒီနဉ္စ တတ္ထ သောမနဿဇဝနံ-ဟူ၍ ဆိုတော်မူသည်။
တထာ တံ ဝစန၊ ထိုစကားကို။ ဟိ-ဝိတ္ထာရေမိ၊ ချဲ့ဦးအံ့။ အသဒ္ဓါဒီနံ၊ မသဒ္ဓါသောသူ အစရှိသည်တို့အား။ ဗုဒ္ဓါဒီသု၊ ဘုရားအစရှိကုန်သော။ အတိဣဋ္ဌာရမ္မဏေသုပိ၊ အတိဣဋ္ဌာရုံတို့၌လည်း။ ဥပေက္ခာဇဝနံ၊ ဥပေက္ခာ ဇောသည်။ ဟောတိ၊ ဖြစ်၏၊ တိတ္ထိယာဒီနဉ္စ၊ တိတ္ထိအစရှိသည် တို့အားလည်း။ ဒေါမနဿဇဝနံ၊ ဒေါမနဿဇောသည်။ ဟောတိ၊ ဖြစ်၏၊ ဂမ္ဘီရပကတိကာဒီနဉ္စ နက်နဲသော သဘောရှိသော ယောဂီပုဂ္ဂိုလ် စသည်တို့အား။ ပဋိကူလာရမ္မဏေ၊ စက်ဆုပ်ဖွယ်သော အသုဘအာရုံ၌။ ဥပေက္ခာဇဝနံ၊ ဥပေက္ခာဇောသည်။ ဟောတိ၊ ဖြစ်၏၊ သုနခါဒီနဉ္စ၊ ခွေးစသော သတ္တဝါတို့အားလည်း။ တတ္ထ၊ ထိုစက်ဆုပ်ဖွယ်ရှိသော အာရုံ၌။ သောမနဿဇဝနံ၊ သောမနဿဇောသည်။ ဟောတိ၊ ဖြစ်၏၊ ပုရိမပစ္ဆာဘာဂပဝတ္တာနိ၊ ရှေ့အဖို့ နောက်အဖို့၌ ဖြစ်ကုန်သော။ ဝိပါကာနိပန၊ ဝိပါက်စိတ်တို့သည်ကား။ ကထာ ဝတ္ထုကာနေဝ၊ ဝတ္ထုကာနေဝ၊ ဝတ္ထုအတိုင်း သာတည်း။
၁၀၃-ဝိဘူတာရုံနှင့် အဝိဘူတာရုံနှစ်ပါး ထူးခြားပုံကိုပြခြင်း
မေး။ ။အနန္တရာဒိ၊ ပစ္စည်းရှိလျက်၊ ဝိဘူတာရုံ၊ နှစ်စုံဘယ်သို့ ထူးသနည်း။
ဖြေ။ ။တဒါရုံ ကျသည်ဖြစ်၍ မျက်စိဖြင့် မြင်သကဲ့သို့ ထင်သောအာရုံကို ဝိဘူတာရုံဆိုသည်။
တဒါရုံမကျသည်ဖြစ်၍ အနည်းငယ်ထင်သော အာရုံကို အဝိဘူတာရုံ ဆိုသည်။ အဝိဘူတပုဒ်၌ အယသဒ္ဒါသည် အနုဒရာ ကညာ၌ကဲ့သို့ အပ္ပကအနက်ကို ဟောသည်။
၁၀၄-မြင်ဘူးသောအာရုံပင် စိတ်တွင်ထင်ရာ ပစ္စပ္ပန်သာဖြစ်ပုံကို ပြခြင်း
မေး။ ။ရှေးကဖူးမြင်၊ စေတီပြင်ကို၊ စိတ်တွင်တွေးကြံ၊ ထင်လာပြန်သော်၊ ပစ္စုပ္ပန်လော အတိတ်လော။
ဖြေ။ ။ရှေးက စက္ခုဒွါရဖြင့် ထင်ဘူးသော ရူပါရုံသည် တဖန် မနောဒွါရဝီထိဖြင့် ထင်ပြန်သော် ပစ္စုပ္ပန္နရုံပင် မည်၏၊
ထို့နောက်ကျသော တဒနုဝတ္တက ဝီထိ၏ အာရုံသည်သာလျှင် အတိတ်ရူပါရုံကို အာရုံပြုသည်ဟု ဆိုအပ်၏၊
ထို့ကြောင့် အဋ္ဌသာလိနီ၌...
တဿ ဧဝံ စေတိယံ ပဿိတွာ ဗုဒ္ဓါရမ္မဏံ ပိတိံ နိဗ္ဗတ္တေတွာ။ ပ။ ဧဝံတာဝ ဒိဋ္ဌဝသေန ရူပါရမ္မဏံ အာပါထံ အာဂစ္ဆတိ- ဟူ၍ မိန့်တော်မူသည်။
ဧဝံ၊ ဤသို့။ စေတိယံ၊ စေတီတော်ကို။ ပဿိတွာ၊ ဖူးမြင်၍။ ဗဒ္ဓါရမ္မဏံ၊ ဘုရားလျှင်အာရုံရှိသော။ ပိတိံ၊ နှစ်သက်ခြင်းကို။ နိဗ္ဗတ္တေတွာ၊ ဖြစ်စေ၍၊ အပရဘာဂေ၊ နောက်အဖို့၌။ ယတ္ထကတ္ထစိ၊ အမှတ်မရှိသော အရပ်သို့။ ဂတဿ။ ရောက်သော။ ရတ္တိဋ္ဌာနဒိဝါဋ္ဌာနေသု၊ နေ့သန့်ရာ ညဉ့်သန့်ရာအရပ်တို့၌။ နိသိန္နဿ၊ နေထသော၊ အာဝဇ္ဇမာနဿ၊ တွေးကြံဆင်ခြင်သော။ တဿ၊ ထိုစေတီကို ဖူးမြင်ဘူးသောသူအား။ အလင်္ကတပဋိယတ္တံ၊ တန်ဆာဆင်ခြင်းနှင့် စပ်သော။ မဟာစေတိယံ၊ မဟာစေတီသည်။ စက္ခုဒွါရေ၊ စက္ခုဒွါရ၌၊ အာပါထံ၊ ထင်ခြင်းသို့။ အာဂတသဒိသမေဝ၊ ရောက်သည်နှင့် အတူသာလျှင်။ ဟောတိ၊ ဖြစ်၏၊ ပဒက္ခိဏံ၊ လကျ်ာရစ် လှည့်သည်ကို။ ကတွာ၊ ပြု၍။ စေတိယံ၊ စေတိကို။ ဝန္ဒနကာလော ဝိယ၊ ရှိခိုးရသော အခါကဲ့သို့။ ဟောတိ၊ ဖြစ်၏၊ ဧဝံ၊ ဤသို့။ တာဝ၊ ရှေးဦးစွာ။ ဒိဋ္ဌဝသေန၊ မြင်ဘူးသည်၏ အစွမ်းဖြင့်။ ရူပါရမ္မဏံ၊ ပစ္စုပ္ပန်ရူပါရုံသည်။ အာပါထံ၊ ထင်ခြင်းသို့။ အာဂစ္ဆတိ၊ ရောက်၏၊
ပတိ ဥပ္ပန္နံ ပစ္စုပ္ပန္နံ။ ပတိ၊ ရှေးရူအသစ်။ ဥပ္ပန္နံ၊ ဖြစ်သည်တည်း။ ပစ္စုပ္ပန္နံ၊ ရှေးရှုအသစ်ဖြစ်သည်။ ပါဒိပုဗ္ဗပဒကမ္မဓာရည်းဝိဂြိုလ်။
၁၀၅- အပ္ပနာဇောတို့၏ အနည်းအများစောပုံကိုပြခြင်း
မေး။ ။အပ္ပနာဇော၊ သဘောမြဲစွာ၊ တကြိမ်သာ ဘယ်ဝီထိမှာ ကျသနည်း။
ဖြေ။ ။စျာန်ကို ရှေးဦးစွာရသော အာဒိကမ္မိက ပုဂ္ဂိုလ်အား အပ္ပနာဇော တကြိမ်သာကျသည်။
စျာန်ရပြီး၍ ပစ္စဝေက္ခဏာဝသီဖြင့် စျာန်အင်္ဂါကို ဆင်ခြင်သော ပုဂ္ဂိုလ်အား ကာမကုသိုလ် ကြိယာဇောသာ ၇-ကြိမ်ကျသည်။
သမာပဇ္ဇနဝသီဖြင့် စျာန်ကိုဝင်စားသော ပုဂ္ဂိုလ်အား အပ္ပနာဇောသည် ဘဝင်အယဉ်ကဲ့သို့ များစွာဖြစ်သည်။
အဓိဋ္ဌာနဝသီဖြင့် ကာလကိုပိုင်းခြား၍ ဝင်စားသော ပုဂ္ဂိုလ်အား ပိုင်းခြားသမျှ ကာလပတ်လုံးအပ္ပနာဇောဖြစ်သည်။
ဝုဋ္ဌာနဝသီဖြင့် စျာန်မှထားသော ပုဂ္ဂိုလ်အား ထလိုသောအခါ၌ပင် အပနာဇောကို ရပ်စေနိုင်သည် ဟူပေ။
၁၀၆-တိက္ခ မန္ဒ ပုဂ္ဂိုလ်တို့၏ဝီထိ၌ ဖိုလ်ဇောအနည်းအများကိုပြခြင်း
မေး။ ။မဂ္ဂဝီထိ၊ ဖြစ်ဘိပုဂ္ဂိုလ်၊ နှစ်ပါးဆိုသော်၊ ဖိုလ်ကြိမ်ဘယ်က များသနည်း။
ဖြေ။ ။တိက္ခ ပညာ ပုဂ္ဂိုလ်မှာ ဝုဋ္ဌာနဂါမိ ဝိပဿနာဇောသည် ဥပစာ အနုလုံ ဂေါတြဘူဟူ၍ ၃-ကြိမ် ဖြစ်ပြီးမှ မဂ်စိတ်ဖြစ်ရကား ဇော ၇-ကြိမ် ပြည့်စေခြင်းငှါ ဖိုလ်စိတ် ၃-ကြိမ်ဖြစ်သည်။
မန္ဒပညာ ပုဂ္ဂိုလ်မှာ ဝုဋ္ဌာနာဂါမိဝိပဿနာဇောသည် ပရိကံ ဥပစာ အနုလုံ ဂေါတြဘူဟူ၍ ၄- ကြိမ်ဖြစ်ပြီးမှ မဂ်စိတ်ဖြစ်ရကား နောက်ဖိုလ်စိတ် နှစ်ကြိမ်သာ ဖြစ်သည် ဟူပေ။
၁၀၇- မဂ်နောက် ဖိုလ်ဇော စောနိုင်ပုံကိုပြခြင်း
မေး။ ။နည်း များ ဖြစ်ရာ၊ အပ္ပနာမြောက်၊ ဇောနောက်ဘဝင်၊ ကျမြဲပင်ကို၊ ကြောင်းအင်ဘယ်တွက်၊ မဂ်အပ္ပနာ၊ ဖိုလ်အပ္ပနာတို့၊ ဆက်ကာဘယ့်ကြောင့်ဖြစ်သနည်း။
ဖြေ။ ။မိဂ္ဂဿ ဂရုကမ္မဘာဝေန အာသန္နဖလနိဗ္ဗတ္တနေ သမတ္ထတာယ မဂ္ဂါနန္တရံ ဝိပါကံ ပဝတ္တတိ- ဟူသော မဓုဋီကာနှင့်အညီ မဂ်သည် ဂြရုကံဖြစ်၍ အနီး၌ အကျိုးကို ဖြစ်စေခြင်းငှါ စွမ်းနိုင်သည်၏ အဖြစ်ကြောင့် မဂ်၏အခြားမဲ့၌ပင် ဖိုလ်ဟူသော အကျိုးဆက်ကာ ဖြစ်လေသည်ဟူပေ။
၁၀၈- သဗ္ဗညုတဉာဏ်ယူပုံကိုပြခြင်း
မေး။ ။အရဟတ္ထမဂ်၊ ကိလေသာကို၊ ကြွင်းမဲ့ဖျက်၏ မဂ်ဉာဏ် ဖိုလ်ဉာဏ် ပစ္စဝေက္ခဏာဉာဏ်၊ ၃ -တန်စုတွင်၊ သဗ္ဗညုတဉာဏ်၊ ဧကန်ဘယ်သို့ ကောက်သနည်း။
ဖြေ။ ။မဂ်ဉာဏ် ဖိုလ်ဉာဏ် ပစ္စဝေက္ခဏာဉာဏ် ၃-ပါးတွင် ပစ္စဝေက္ခဏာဉာဏ်ကို သဗ္ဗညုတဉာဏ်ကောက်ရမည်ဟု ဖြေ။
၁၀၉-သဗ္ဗညုတဉာဏ်တော်ရာဝီထိကိုပြခြင်း
မေး။ ။ဂုဏ်ပေါင်းစုသည့်၊ သဗ္ဗညုခေါ်၊ ရွှေဉာဏ်တော်ကို၊ သုံးတော်သခင်၊ ဆင်ခြင်အစ၊ ဘယ်ဝီထိမှာ ရသနည်း။
သဗ္ဗညုဉာဏ်၊ ဖြစ်ဟန်ခြင်းရာ၊ ဇောတော်မှာ၊ အပနာလေ၊ ကာမလော။
ဖြေ။ ။ဝိမောက္ခော အရဟတ္တမဂ္ဂေါ၊ ဝိမောက္ခန္တေ အရဟတ္ထဖလေ၊ တသ္မိံ ဝိမေက္ခန္တေ၊ ပဝတ္တံ ဉာဏံ ဝိမောက္ခန္တိကံ နာမ၊ သဗ္ဗညုတဉာဏဘာဝေါတိ- ဟူ၍ မိန့်အပ်သော ဥဒါန်းအဋ္ဌကထာ ဤနည်းတူလာသော ပဋိသမ္ဘဒါမဂ် အဋ္ဌကထာတို့ဖြင့် ဖြေအပ်၏၊
အဓိပ္ပါယ်ကား။ ။အရဟတ္တမဂ်ဉာဏ်သည် ကိလေသာတို့မှ လွတ်သောကြောင့် ဝိမောက္ခမည်၏၊ ထိုဝိမောမည်၏ ထိုဝိမောအမည်ရသော မဂ်၏အခြားမဲ့၌ ၃-ကြိမ်သော အရဟတ္ထဖိုလ်စိတ်ဖြစ်သည်။ ထို့နောက်မှ ဖလသမာပတ္ထီဝီထိ ဖြစ်သည်။ ထိုဖိုလ်၏အဆုံး၌ ဉေ ယျဓမ်တရားကို အာရုံပြု၍ ဆင်ခြင်သော ပစ္စဝေက္ခဏာ ငါးဝီထိဖြစ်သည်။ ဤငါးဝီထိ၌ ပါသော ဉာဏ်ကို သဗ္ဗညုတဉာဏ် ဆိုသည်။
ဝီထိကျန်ဟန်ကား အရဟတ္ထဖိုလ်ကို ရပြီးသော်ဉယျဓမ်တရားကိုသိခြင်းငှာ သင်္ခါရ ဝိကာရ လက္ခဏ နိဗ္ဗာန် ပသတ်အားဖြင့် ငါးပါးတို့တွင် တပါးပါးကို အာရုံပြု၍ ဆင်ခြင်တတ်သော မနောဒွါရာဝဇ္ဇန်း ထို့နောင်ထိုဉေယျငါးပါးတို့တွင် တပါးပါးကို ပိုင်းခြား၍ သိတတ်သော မဟာကြိယာဇော ၇-ကြိမ် ထို့နောင် ဘဝင်ကိစ္စဖြစ်၍ ချုပ်၏၊ ဤနည်းအတူ ငါးဝီထိချရမည်။
သဗ္ဗညုတဉာဏ်ယှဉ်သော ဇောသည် အပ္ပနာလေ ကာမလောဟူရာ၌ သဗ္ဗညုတဉာဏံ ပန သဝိတက္က သဝိစာရမေဝ ကာမာဝစရမေဝ၊ လောကိယမေဝါတိ ဟူသော ဉာဏဝိတင်း ဘဋ္ဌကထာ။
သဗ္ဗညုတဉာဏံ ပန ကာမာဝစရမေဝ၊ တထာ အနာဝရဏဉ္စဟူ၍လာသော မဇ္ဈိမနိကယ် မဟာသီဟနာဒသုတ် အဋ္ဌကထာ။
ဧကမေဝ ဉာဏံ သဗ္ဗညုတဉာဏံ အနာဝရဏ ဉာဏန္တိ ဝိသယပဝတ္တိ မုခေန အညေဟိ အသာဓာရဏဘာဝဒဿနတ္ထံ၊ ဒုဝိဓေန ဥဒ္ဒဋ္ဌံဟူသော ဥဒါန်း အဋ္ဌကထာတို့နှင့်အညီ ဉေယျဓမ်တရား ငါးပါးတို့တွင် တပါးပါးကိုအာရုံပြု၍ သိတတ်သော ကာမာဝစရဖြစ်သော မဟာကြိယာ ဉာဏသမ္ပယုတ် ဇော ၄-ခု၌ယှဉ်သော ပညိန္ဒြေကို သဗ္ဗညုတဉာဏ်ဟူ၍ ဆိုသည်။
ငါသိခြင်း၌ ပိတ်ပင်တားဆီးခြင်း߅ရှိသေး၏ လောဟု တွေးတောသောကာလ အဆီးအတား မရှိပြီဟု သိသော ထိုမဟာကြိယာဇော၌ ယှဉ်သောဉာဏ်ကိုပင် အနာဝရဏဉာဏ်ဟူ၍ ဆိုသည်။
၁၁၀-ဒေါသဇောနောင်ကျသော တဒါရုံဘဝင်များကို ပြခြင်း
မေး။ ။ဒေါသဇောနှင့်၊ အကြောင်းသင့်စွာ၊ ဘယ်တဒါရုံ၊ ဘယ်ဘဝင်လျှင် တုန်သနည်း။
ဖြေ။ ။ဒေါသဇောနောင် တဒါရုံ ကျသည်ဖြစ်အံ့၊ ဥပေက္ခာ တဒါရုံ ၆ ခုကျသည်။ တဒါရုံမကျသည်ဖြစ်အံ့၊ ဥပေက္ခာ ဘဝင်ခြောက်ခု ကျသည်ဟူပေ။
၁၁၁-အာဂန္တုက ဘဝင်ဖြစ်ပုံကိုပြခြင်း
မေး။ ။သောမနဿ၊ ရသည့်သန္ဓေ၊ နေသူတို့မှာ၊ ဒေါသဖြာသော်၊ တဒါရုံမှာ ကျပါဦးအံ့လော။
ဖြေ။ ။သောမနဿ ပဋိန္ဓေ နေသောပုဂ္ဂိုလ်အား ဒေါသမူဇော ကျခဲ့သော် ၎င်းဇောနောင် သောမနဿ တဒါရုံ သောမန ဘဝင်တို့လည်း မဖြစ်သင့်ရကာ တဒါရုံဖြစ်ချင်းသည် မရှိပြီ။
ဥပေက္ခာ သန္တီရဏစိတ်သည် ရှေးက လေ့ကျက်ဘူးသော ကာမအာရုံကို အာရုံပြု၍ အာဂန္တုက ဘဝင်တကြိမ် ဖြစ်ပြီးမှ သောမနဿ ဘဝင်ကျလေသည်။
ထိုအနက်ကို ပြခြင်းငှါ-
သောမနဿပဋိသန္ဓိကဿဒေါမနဿ သဟဂတဇဝနာဝသာနေ တဒါလမ္ဗဏ သမ္ဘဝေါနတ္ထိ၊ တဒါ ယံကိဉ္စိ ပရိစိတပုဗ္ဗံ ပရိတ္တာရမ္မဏမာရဗ္ဘ ဥပေက္ခာသဟဂတသန္တီရဏံ ဥပ္ပဇ္ဇတိ၊ တမနန္တရိတွာ ဘဝင်င်္ဂပါတောဝ ဟောတီတိ ဝဒန္တိ အာစရိယာ
ဟူ၍ မိန့်လေသည်။
၁၁၂-ဇောနှင့် တဒါရုံ ဘဝင်တို့ကို ဝေဖန်၍ ပြခြင်း
ဝေဒနာတူ တဒါရုံဖြစ်ခြင်းကို အကျဉ်းမှတ်လွယ် စိမ့်သောငှါ ဂါထာပြလိုက်ဦးအံ့။
၁။ပရိတ္တကုသလာဒေါသ- ပါပသာတ ကြိယာဇဝါ။
ပဉ္စသွေကံ တဒါလမ္ဗံ၊ သုခိတေသု ယထာရဟံ။
၂။ပါပါကာမသုတာ စေဝ၊ သောပေက္ခာ စ ကြိယာဇဝါ။
သောပေက္ခေသု တဒါလမ္ဗံ၊ ဆသွေက မနုရူပတော။
ပရိတ္တကုသလာဒေါသပါပသာတကြိယာဇဝါ၊ ကာမကုသိုလ် ဇောရှစ်ခု ဒေါသကြဉ်သော အကုသိုလ်ဇော ၁၀၊ သောမနဿ ကြိယာ ဇော ၅-ခုနောင်မှ။ ပဉ္စသု၊ ငါးပါးကုန်သော။ ခုခိတေသုံ၊ သောမနဿ တဒါရုံတို့တွင်။ ဧကံ တဒါလမ္ဗံ၊ တခုခုသော တဒါရုံသည်။ ယထာရဟံ၊ ထိုက်သည်အားလျော်စွ။ ဟောတိ၊ ဖြစ်၏၊
ပါပါစ၊ အကုသိုလ်ဇော ၁၂-ခုမှ၎င်း။ ကာမသုဘာ စေဝ၊ မဟာကုသိုလ်ဇော ရှစ်ခုမှ၎င်း။ သောပေက္ခာစ ကြိယာဇဝါ၊ ဥပေက္ခာသဟဂုတ်ကြိယာဇော ၄-ခုမှ၎င်း ပရံ၊ နောက်၌။ ဆသု၊ ၆- ပါးကုန်သော။ သောပေက္ခသု၊ ဥပေက္ခာတဒါရုံတို့တွင်။ ဧကံ၊ တခုခုသော တဒါရုံသည် အနုရူပတော၊ သတ္တဝါ အာရုံ အားလျော်စွာ။ ဟောတိ၊ ဖြစ်၏၊
အဓိပ္ပါယ်ကား။ ။လောဘမူ မောဟမူ မဟာကုသိုလ်ဇောနောင် တဒါရုံ ကျသည်ဖြစ်အံ့ တဒါရုံဧကာဒသတွင် တခုခု။ မကျသည်ဖြစ်အံ့ ပဉ္စဝေါကာရံ ဘဝင် ၁၅-ခုတွင် တခုခုကျသင့်၏၊
ဒေါသမူဇောနောင် တဒါရုံကျသည်ဖြစ်အံ့ ဥပေက္ခာတဒါရုံ ၆-ခု။ မကျသည်ဖြစ်အံ့ ကာမ ဥပေက္ခာ ဘဝင် ၆-ခုတွင် တခုခုကျသင့်၏၊
ဟသိတုပ္ပါဒ် ဇောနောင် တဒါရုံ ကျသည်ဖြစ်အံ့ သောမနဿ တဒါရုံ ၅-ခု၊ မကျသည်ဖြစ်အံ့ ပဉ္စဝေါကာရ တိဟိတ် ဘဝင်၉-ခုတွင် တခုခုဖြစ်သင့်၏၊
မဟာကြိယာ သောမနဿ ဇောနောင် တဒါရုံကျသည်ဖြစ်အံ့ သောမနဿတဒါရုံ ၅-ခု မကျသည်ဖြစ်အံ့ တိဟိတ်ဘဝင် တေရသတို့တွင် တခုခု ဖြစ်သင့်၏၊
မဟာကြိယာ ဥပေက္ခာဇောနောင် တဒါရုံကျသည်ဖြစ်အံ့၊ ဥပေက္ခာတဒါရုံ ၆-ခု၊ မကျသည်ဖြစ်အံ့ တိဟိတ်ဘဝင် တေရသတို့တွင် တခုခုဖြစ်သင့်၏၊
ဤသို့မှတ်လေ။
၁၁၃-တဒါရုံမဖြစ်သော အရာ ၁၀-ပါးကိုပြခြင်း
၁။ ပညတ်ကို အာရုံပြုသော ဇောနောင်၎င်း၊
၂။ လက္ခဏာရေးကို အာရုံပြုသော ဝိပဿနာ ဇောနောင်၎င်း၊
၃။ ဝုဋ္ဌာနဂါမိနိ ဝိပဿနာ ဇောနောင်၎င်း၊
၄။ ရူပါ ရူပ ဓမ္မလျှင် အာရုံရှိသော ဇောနောင်၎င်း၊
၅။ မိစ္ဆတ္တနိယတဓမ္မကို အာရုံပြုသော ဇောနောင်၎င်း၊
၆။ သမ္မတ္တနိယတဓမ္မကို အာရုံပြုသော ဇောနောင်၎င်း၊
၇။ လောကုတ္တရာတရားကို အာရုံပြုသော ဇောနောင်၎င်း၊
၈။ အဘိညာဉ်ကို အာရုံပြုသော ဇောနောင်၎င်း၊
၉။ ပဋိသမ္ဘိဒါ ၄-ပါးကို အာရုံပြုသော ဇောနောင်၎င်း၊
၁၀။ဒုဗ္ဗလဖြစ်သော ကာမာဝစရ အာရုံ၌၎င်း၊ တဒါရုံ မဖြစ်ဟူ၍ သမ္မော အဋ္ဌကထာ၌ လာသည်။
ဆောင်ပုဒ်။ ။ပညတ်လက္ခဏာ၊ ဝုဋ္ဌာနာနှင့်၊ ရူပါရူပ၊ မိစ္ဆတ္တက၊ သမ္မတ္တနိယတာ၊ လောကုတ္တရာ ဘိညာဉ်၊ သမ္ဘိဒါလေးဝ၊ ကာမဒုဗ္ဗလာ၊ အာရုံမှာ၌၊ တဒါရုံလှပ်၊ မချအပ်ဟု၊ ကျမ်းမြတ်အဋ္ဌကထာ မိန့်သတည်း။
၁၁၄-အရိယာပုဂ္ဂုလ်တို့၏ ပဋိသန္ဓေစိတ်ပဝတ္တိစိတ်တို့ကိုပြခြင်း
မေး။ ။သောတာပန်နှင့်၊ သကဒါဂါမ်၊ အနာဂါမ်အား၊ ပုဂ္ဂိုလ်များတို့၊ တည်ငြားသန္ဓေ၊ ဘယ်သည့်စိတ်နှင့် နေသနည်း။
မသေသမျှ၊ ပဝတ္တိကာလ၊ ရသည့်အညီ၊ ကိုယ်စီစိတ်ရ၊ ဘယ်မျှနည်း။
ဖြေ။ ။ကာမဘုံ၌ဖြစ်သော အရိယာ ၃-ယောက်တို့သည် မဟာဝိပါက် ဉာဏသမ္ပယုတ် ၄-ခုတွင် တခုခုဖြင့် ပဋိသန္ဓေ နေကုန်သည်။ ရူပါဘုံ၌ ရူပဝိပါက် ၅-ခုတို့တွင် တခုခုဖြင့် ပဋိသန္ဓေ နေကုန်သည်။ အရူပဘုံ၌ အရူပဝိပါက်၄-ခုတို့တွင် တခုခုဖြင့် ပဋိသန္ဓေ နေကုန်သည်။ ပဝတ္တိ အခါ၌ကား-
ကာမသောတာပန်အား စျာန်မရမူ ၄၁။
စျာန်ရမူ ၅၀။
သကဒါဂါမ်လည်း ဤနည်းအတူပင်တည်း။
အနာဂါမ်အား စျာန်မရမူ ၃၉။
စျာန်ရမူ ၄၈-ရကြလေသည်။
၁၁၅-ဘုံပုဂ္ဂိုလ်ရ ဆောင်ပုဒ် ပြခြင်း။
ဤအရာ၌ ဆောင်ရွက်လွယ်စိမ့်သောငှာ ဘုံပုဂ္ဂိုလ်ရ စိတ်ရကို ချုံး၍ ပြလိုက်ပေအံ့။
၁။ ဒု သု ဒွိ တိ၊ အဋ္ဌာရိ ဘုံရှိပုဂ္ဂလာ။
၂။ အပါယ်လေးဘုံ၊ ဒု ဟိတ်ကြုံ၊ ယူတုံတစ်စီသာ။
၃။ စာတုမဟာ၊ မနုဿာ၊ ဒု ခွာဆယ့်တစ်လာ။
၄။ ဒု သု ပယ်လတ်၊ ငါးဘုံနတ်၊ ရမှတ်ဆယ်စီသာ။
၅။ ဆယ်ဘုံဗြဟ္မာ၊ ဒု သု ဒွါ၊ ပယ်ခွာယူနဝါ၊
၆။ အသညသတ်၊ ရုပ်သာမှတ်၊ ယူလတ်သုဟိတ်သာ။
၇။ သုဒ္ဓါဝါဆို၊ နာဂါမ်ဖိုလ်၊ ထက်ကိုသုံးစီသာ။
၈။ ဒု သု ဒွိက၊ အောက်မဂ် ချ၊ အဋ္ဌအရူပါ။
၉။ ပုဂ္ဂိုလ်အပြား၊ ဝါကရား။ ကောက်ငြား ဘုံသုံးရွာ။
ဘုံပုဂ္ဂိုလ်ရ ပြီး၏၊
၁၁၆-ကာမပုဂ္ဂိုလ်စိတ်ရ ဆောင်ပုဒ်ကို ပြခြင်း
၁။ အကုသိုလ် ၁၂၊ ကုသိုလ် ၈၊ တွက်စစ်ဇောနှစ်ဆယ်။
၂။ အဟိတ်စိတ်မှ၊ သတ္တရ၊ ဟသိတုပ္ပါဒ်ပယ်။
၃။ သတ္တိံ သစိတ်၊ ပေါင်း၍ကျီတ်၊ ဒုဟိတ်ပုဂ္ဂိုလ်ဝယ်။
၄။ ၎င်းတွင်သာ၊ ဉာဏဝိပ္ပယုတ်၊ ဝိပါတ်စုတ်၊ ပုဂ္ဂိုလ်သုဂတိ။
၅။ ဒွိဟိတ္တဉ္စ၊ ယင်းသာမျှ၊ ဧကစတ္တာရိ။
၆။ တိဟိတ်ဖြစ်လာ၊ ယင်းတွင်သာ၊ ဉာဏသမ္ပယုတ်။
၇။ ဝိပါက်၄-ဖြာ၊ ဆင့်၍သာ၊ သင်္ချာစိတ်ရကုတ်။
၈။ စျာန်ရဖြစ်လျှင်၊ ၉-ခုပင်၊ ရောတင်မဟဂ္ဂုတ်၊
၉။ စတုပညာ၊ ဤသင်္ချာ၊ ကာမတိဟိတ်ပုဂ်။
ဤကားပုထုဇဉ်ပုဂ္ဂိုလ် ၄-ယောက်တို့၏ စိတ်ရပေတည်း။
၁၀။၄-ပါးဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ပယ်ခွာတုံလို၊ အကုသိုလ်သတ်၊ သတ္တရသ်၊ ရမှတ် အဟေတု။
၁၁။ ကုသိုလ်ဝိပါက်၊ ၁၆-စွက်၊ တက်လော ဖိုလ်တခု။
၁၂။ ၄၁-မှန်၊ သောတာပန်၊ ရဟန်စိတ်အစု။
၁၃။ စျာန်ရသည့်ပုဂ်၊ မဟဂ္ဂုတ်ယူ၊ ၉-ခုကူ ပေါင်းမူ ၅၀ ပြု။
၁၄။ သကဒါဂါမ်လည်း၊ ဤသို့နည်း၊ လည်း၍ဖိုလ်ကိုသာ။
၁၅။ တနုကရ၊ ပဋိဃ၊ ဤမျှထူးသည်သာ။
၁၆။ အနာဂါမ်မှာ၊ ယင်းတွင်သာ၊ ပယ်ခွာဒေါသပစ်။
၁၇။ နဝတိံသ၊ စျာန်မရ၊ ရလျှင် ၄၈။
၁၈။ ဝိပါက်ကာမ၊ တေဝီသ၊ ဧကာဒသကြိယာ။
၁၉။ အရဟတ္တဖိုလ်၊ စွက်လိုဧက၊ ဗျည်းတိံသ၊ စိတ်ရ ရဟန္တာ။
၂၀။ စျာန်ရဖြစ်လျှင်၊ ၉-ခုပင်၊ တင်လေကြိယာ၊ မဟဂ္ဂါ။
၂၁။ စတုစတ္တာလီ၊ အရညီ၊ ဤဘုံရဟန္တာ။
၂၂။ မဂ္ဂဋ္ဌာန်လေးဝ၊ မိမိရသည့်၊ မဂ်မျှကိုသာ၊ ယူသင့်စွာ၏၊
ကာမပုဂ္ဂိုလ်စိတ်ရ ပြီး၏၊
၁၁၇-ရူပပုဂ္ဂိုလ်စိတ်ရ ဆောင်ပုဒ်ကို ပြခြင်း
၁။ ဒေါသမူပယ်၊ ဇောတဆယ်၊ ရဖွယ်အကုသိုလ်။
၂။ အဟိတ်စိတ်မှာ၊ ဃာနာဒိဆက္က၊ ဟသိ ချ၊ ဒသတခုပို။
၃။ ကာမာဝစရ၊ ကုသလ၊ အဋ္ဌသွင်းစေလို။
၄။ ကုသိုလ်နဝ၊ ဝိပါက်မှ၊ ကျရာဘုံတွင်ဆို။
၅။ ၃၉-မျှ၊ တိဟိတ်ရ၊ ရူပဘုံပုဂ္ဂိုလ်။
၆။ သောတာပန္န၊ ဖြစ်ပြန်က၊ ရသည်ဖိုလ်စိတ်တင်။
၇။ ဒိဋ္ဌိလေးဖြာ၊ စိတ်ကင်္ခါ၊ ခွာလေးငါးခုပင်။
၈။ သကဒါနှင့်၊ အနာဂါမ်မူ၊ ဤနည်းတူ၊ လဲယူသူဖိုလ်ပင်။
၉။ ပဉ္စတိံသ၊ စိတ်အရ၊ သေက္ခသုံးယောက်တွင်။
၁၀။ စက္ခုသောတ၊ ပဋိစ္ဆနှင့်၊ သုခ သန္တီရဏာ၊ ပဉ္စဒွါက၊ ကြိယာဝီသ၊ ထက်ဖလ၊ ပါပတခုလျှင်။
၁၁။ ဧကတိံသ၊ အရဟန္တ၊ ပဌမစျာန်ဘုံတွင်။
၁၂။ ထက်သုံးဘုံမှာ၊ ဖြစ်တုံလာ၊ ပါကာ လဲ၍ယှဉ်။
ရူပစိတ်ရပြီး၏၊
၁၁၈- အရူပပုဂ္ဂိုလ်စိတ်ရ ဆောင်ပုဒ်ကို ပြခြင်း
၁။ ဒေါသပယ်ရှား။ ဆယ်ပါး ပါပါ၊ မနာဝဇ္ဇ၊ ကုသလ၊ ကာမ အရူပါ။
၂။ ပထမဝိပါက်၊ စွက်လေတုံက၊ ဇောဗီသ၊ အရူပ ပုထုဇ္ဇာ။
၃။ သော သနာ ဂါ၊ ဖြစ်တုံလာက၊ ကင်္ခါဒိဋ္ဌိ၊ ပယ်လိုက်ဘိ၍ မိမိဖလ၊ လောင်းစွက်ရ၊ ဝီသ စိတ်ယူပါ။
၄။ ရဟန္တာမှာ၊ မနာဝဇ္ဇ၊ ကာမအရူပါ၊ ကြိယာနှင့် အဂ္ဂါဖလ၊ ဘုံပါက စိတ်ရပန္နရာ။
၅။ အထက်ဘုံတွင်၊ ဖြစ်တုံလျှင်၊ အောက်ခွင်အရူပ၊ စိတ်ကိုချ၊ ရသင့်လျော်စွာ ယူပေရာ။
အရူပါပုဂ္ဂိုလ်စိတ်ရ ပြီး၏၊
၁၁၉-ဆပညာသအရ ယထာသမ္ဘဝ ယူရပုံကို ပြခြင်း
မေး။ ။ဆပညာသ၊ စိတ်အရကို၊ တကွဆိုပြီ၊ ပုဂ္ဂိုလ်တယောက်၌ပင်လော။
ဖြေ။ ။တယောက်မှာ မဟုတ်၊ သောတာပန်၊ သကဒါဂါမ် အနာဂါမ်သုံးပါးကို ပေါင်း၍ဆိုသည်။ ယထာသမ္ဘဝသာ ယူရမည်။ ယူနည်းကိုလည်း ရှေးကပြခဲ့ပြီ။
၁၂၀- သောတာပန် ပုဂ္ဂိုလ် အပြားကိုပြခြင်း
မေး။ ။သောတာပန်နှင့်၊ သကဒါဂါမ်၊ အနာဂါမ်ဆို၊ ပုဂ္ဂိုလ်သုံးပါး၊ ဂုဏ်ထူးခြား၊ ပြားသည် ဘယ်မျှစီတို့နည်း။
ဖြေ။ ။သောတာပန်သည် စျာန်ရ စျာန်မရအားဖြင့် နှစ်ပါးပြားသည်၊ ထိုနှစ်ပါးတို့တွင် စျာန်ရ သောတာပန်သည် ဤဘဝအရဟတ္တမဂ် ဖိုလ်ကိုမရသော် ဗြဟ္မာပြည်သို့သာ သွားလေသည်။ အရဟတ္တမဂ် ဖိုလ်ကို ရသော် ပရိနိဗ္ဗာန်ပြုလေသည်။ စျာန်မရသော သောတာပန်သည်လည်း-
၁။ ဧကဗီဇ သောတာပန်
၂။ ကောလံကောလ သောတာပန်
၃။ သတ္တက္ခတ္တုပရမ သောတာပန် ဟူ၍ သုံးပါးပြားသည်။
ထိုသုံးပါးတို့တွင် အကြင်ပုဂ္ဂိုလ်သည် ကြီးသောပညာ ထက်သောဝိပဿနာ ရှိသည်ဖြစ်၍ သောတာပန်ဖြစ်ပြီးသည့်နောက် တဘဝသာ ပဋိသန္ဓေ နေ၍ အရဟတ္တမဂ်ဖိုလ်ကိုရ၍ နိဗ္ဗာန်ယူ၏၊ ထိုပုဂ္ဂိုလ်သည် ဧကဗီဇ သောတာပန်မည်၏၊
အကြင်ပုဂ္ဂိုလ် သောတာပန် ဖြစ်ပြီးသည်နောက် နှစ်ဘဝ၎င်း သုံးဘဝ၎င်း လေးဘဝ၎င်း ငါးဘဝ၎င်း ခြောက်ဘဝ၎င်းဖြစ်၍ အရဟတ္တမဂ် ဖိုလ်ကိုရ၍ နိဗ္ဗာန် ယူ၏၊ ထိုပုဂ္ဂိုလ်သည် ကောလံကောလ သောတာပန်မည်၏၊
အကြင်ပုဂ္ဂိုလ်သည် သောတာပန်ဖြစ်ပြီးသည့်နောက် ၇-ဘဝဖြစ်၍ အရဟတ္တမဂ် ဖိုလ်ကိုရ၍ နိဗ္ဗာန်ယူ၏၊ ထိုပုဂ္ဂိုလ်သည် သတ္တက္ခတ္ထုပရမ သောတာပန်မည်၏၊
ဤအနက်ကို ပြခြင်းငှါ သမ္မောဟဝိနောဒနီ အဋ္ဌကထာ ဉာဏဝိဘင်း အဖွင့်၌-
သတ္တာ ဟိ ဗုဒ္ဓာတုလာယ တုလယိတွာ သဗ္ဗညုတဉာဏေန ပရိစ္ဆိန္ဒိတွာ အယံ ပုဂ္ဂလော သဗ္ဗမဟာပညော တိက္ခဝိပဿကော ဧကမေဝ ဘဝံ နိဗ္ဗတ္တေတွာ အရဟတ္တံ ဂဏှိဿတီတိ ဧကဗီဇီတိ နာမံ အကာသိ။ အယံ ပုဂ္ဂလော ဒုတိယံ တတိယံ စတုတ္ထံ ပဉ္စမံ ဆဋ္ဌံဘဝံ နိဗ္ဗတ္တေတွာ အရဟတ္တံ ဂဏှိဿတီတိ ကောလံကောလောတိ နာမံ အကာသိ။ အယံ ပုဂ္ဂလော သတ္တမံ ဘဝံ နိဗ္ဗတ္တေတွာ အရဟတ္တံ ဂဏှိဿတီတိ သတ္တက္ခတ္တုပရမောတိ နာမံ အကာသိ-
ဟူ၍မိန့်တော်မူသည်။
သင်္ခေပဝဏ္ဏနာ ဆရာတော်ကား-
သောတာပန် ဖြစ်ပြီးနောက် လူပြည်၌ ၆-ကြိမ် နတ်ပြည်၌ တကြိမ်ပဋိသန္ဓေနေ၍ အရဟတ္တဖိုလ်သို့ ရောက်၍ နိဗ္ဗာန်ယူသော ပုဂ္ဂိုလ်သည် ဧကဗီဇသောတာပန် မည်၏၊
သောတာပန်ဖြစ်ပြီးနောက် လူပြည်၌တကြိမ် နတ်ပြည်၌တကြိမ်အားဖြင့် နှစ်ကြိမ် ပဋိသန္ဓေနေ၍ နိဗ္ဗာန်ယူသော ပုဂ္ဂိုလ်သည်၎င်း
လူ့ပြည်တကြိမ် ပဋိသန္ဓေနေပြီးသော် နတ်ပြည်သို့သွား၍ ထိုနတ်ပြည်မှသည် လူပြည်သို့ပြန်၍ ပဋိသန္ဓေတကြိမ်နေပြီးမှ နိဗ္ဗာန်ယူသော ပုဂ္ဂိုလ်သည်၎င်း
ဤသို့ နတ်ပြည်တကြိမ် လူ့ပြည်တကြိမ် ပြောင်းကာပြောင်းကာ ၄-ကြိမ် ပဋိသန္ဓေနေ၍ နိဗ္ဗာန်ယူသော ပုဂ္ဂိုလ်သည်၎င်း
၅-ကြိမ် ၆ကြိမ် ပဋိသန္ဓေနေ၍ နိဗ္ဗာန်ယူသော ပုဂ္ဂိုလ်သည်၎င်း ကောလံကောလ သောတာပန် မည်၏၊
လူ့ပြည် နတ်ပြည် အရောရောအားဖြင့် ၇-ကြိမ် ပဋိသန္ဓေနေပြီးမှ အရဟတ္တဖိုလ်ကိုရ၍ နိဗ္ဗာန်ယူသောပုဂ္ဂိုလ်သည် သတ္တက္ခတ္တုပရမ သောတာပန် မည်၏၊
လူ့ပြည်၌သာလျှင် ရကြိမ် ပဋိသန္ဓေနေ၍ နိဗ္ဗာန်ယူသောပုဂ္ဂိုလ် နတ်ပြည်၌သာလျှင် ၇-ကြိမ် ပဋိသန္ဓေနေ၍ နိဗ္ဗာန်ယူသောပုဂ္ဂိုလ်ကို သတ္တက္ခတ္တုပရမ ဟူ၍ မဆိုအပ်ဟု ပြတော်မူသည်။ ။ ဤစကားသည် ကိုးစားရန် အဠကထာ မရှိချေ။
၁၂၁-သကဒါဂါမ်ပုဂ္ဂိုလ်အပြားကို ပြခြင်း
သကဒါဂါမ် သည်လည်း-
ဤလူ့ပြည်၌ သကဒါဂါမိဖိုလ်သို့ ရောက်၍ လူ့ပြည်၌ပင် အထက် မဂ် ဖိုလ်ကိုရ၍ ပရိနိဗ္ဗာန်ပြုသော-
၁။ ဣဓ ပတွာ ဣဓ ပရိနိဗ္ဗယိ...တမျိုး
နတ်ပြည်၌ သကဒါဂါမ်ဖြစ်၍ နတ်ပြည်၌ပင် အထက်မဂ်ကိုရ၍ ပရိနိဗ္ဗာန် ပြုသော-
၂။ တတ္တ ပတွာ...တတ္တ ပရိနိဗ္ဗာယိ...တမျိုး
နတ်ပြည်၌ သကဒါဂါမ်ဖြစ်ပြီးသော် လူ့ပြည်သို့ တကြိမ်လာ၍ အထက် မဂ် ဖိုလ် ကိုရ၍ နိဗ္ဗာန်ယူသော-
၃။ တတ္တ ပတွာ...ဣဓ ပရိနိဗ္ဗာယိ...တမျိုး
လူ့ပြည်၌ သကဒါဂါမ်ဖြစ်ပြီးသော် နတ်ပြည်သို့သွား၍ အထက် မဂ် ဖိုလ် ကိုရ၍ ပရိနိဗ္ဗာန်ယူသော-
၄။ ဣဓ ပတွာ...တတ္တ ပရိနိဗ္ဗာယိ...တမျိုး
လူ့ပြည်၌ သကဒါဂါမ်ဖြစ်ပြီးသော် နတ်ပြည်သို့ တကြိမ်သွား၍ တဖန် လူ့ပြည်၌ ပဋိသန္ဓေ နေလာပြန်ပြီးမှ နိဗ္ဗာန်ယူသော-
၅။ဣဓ ပတွာ...တတ္တ နိဗ္ဗတ္တေတွာ ဣဓ ပရိနိဗ္ဗယိ...တမျိုး
ဤသို့အားဖြင့် သဒါဂါမ်အပြား ၅-ပါးရှိသတည်း။
၁၂၂-အနာဂါမ်ပုဂ္ဂိုလ်အပြားကို ပြခြင်း
အနာဂါမ် ဟူသည်ကား-
ဤကာမသုဂတိဘုံတို့၌ တတိယ မဂ် ဖိုလ်ကိုရပြီးသော် ဤဘဝ ရေဟတ္တ မဂ် ဖိုလ်ကို မရသေးသည်ဖြစ်အံ့၊ ကာမဘုံ၌ ပဋိသန္ဓေမနေ။ ဗြဟ္မာပြည်သာ ဖြစ်လေသော ပုဂ္ဂိုလ်သည် အနာဂါမ်မည်၏၊
ထိုအနာဂါမ်သည် စျန်ရ စျန်မရအားဖြင့် နှစ်ပါးရှိသည်တွင် စျန်ရပုဂ္ဂိုလ်မှာ ဗြဟ္မာပြည်သို့ သွားတန်စေ၊
စျာန်မရသော သုက္ခဝိပဿက အနာဂါမ်သည် ဘယ်သို့ ဗြဟ္မာပြည်သို့ သွားနိုင်အံ့နည်း ဟူငြားအံ့-
သောပိ မရဏကာလေ စျာနိကောဝ ဟုတွာ ဂစ္ဆန္တဿ ဟိ မဂ္ဂန္တရေ စောရာဒီဟိ ဇီဝိတက္ခယံ ပါပေန္တဿာပိ၊ လက္ခဏတ္တယံ ဟူသော သင်္ခေပဋီကာနှင့်အညီ-
ထိုစျာန်မရသော အနာဂါမ်သည်လည်း သေခါနီးကာလ၌စျာန်ရသည်ဖြစ်၍ ဗြဟ္မာပြည်သို့ သွားနိုင်၏၊ ထိုစကားသည်မှန်၏၊
အကြင် စျာန်မရသော ပုဂ္ဂိုလ်အား ခရီးသွားစဉ် အကြား၌ ခိုးသားစသည် တို့သည် လိုက်သတ်၍ လျင်စွာ အသက်ကုန်ရသော်လည်း လက္ခဏာရေးသို့ ထင်သဖြင့် စျာန်နှင့် တကွသာလျှင် သေခြင်းသို့ ရောက်တတ်၏၊ ထို့ကြောင့် ဗြဟ္မာဘုံသို့သာ လားနိုင်၏ဟူပေ။
ထိုအနာဂါမ်သည်-
၁။ အန္တရာ ပရိနိဗ္ဗာယိ အနာဂါမ်၊
၂။ ဥပဟစ္စ ပရိနိဗ္ဗယိအနာဂါမ်၊
၃။ အသင်္ခါရ ပရိနိဗ္ဗာယိ အနာဂါမ်
၄။ သသင်္ခါရ ပရိနိဗ္ဗာယိ အနာဂါမ်၊
၅။ ဥဒ္ဓံသောတ အကန်ဋ္ဌဂါမိနီ အနာဂါမ်
အားဖြင့် ငါးမျိူးပြား၏၊
ထိုငါးမျိုးတို့တွင်-
အကြင်ပုဂ္ဂိုလ်သည် အကြင်ဘုံ၌အနာဂါမ်၏ အဖြစ်ဖြင့်ပဋိသန္ဓေနေ၍ အသက်တဝက် မတိုင်မီ အရဟတ္တဖိုလ်ကိုရ၍ ပရိနိဗ္ဗာန်ပြု၍ ပရိနိဗ္ဗာန်ပြု၏၊ ထိုပုဂ္ဂိုလ်သည် အန္တရာ ပရိနိဗ္ဗာယိမည်၏၊
အသက်ထက်ဝက်ကို လွန်၍ ပရိနိဗ္ဗာန်ပြုသော အနာဂါမ်ပုဂ္ဂိုလ်သည် ဥပဟစ္စ ပရိနိဗ္ဗာယိမည်၏၊
သင်္ခါရ တရားတို့ကို သင့်ရုံသာစီးဖြန်း၍ ပရိနိဗ္ဗာန်ပြုသော အနာဂါမ်ပုဂ္ဂိုလ်သည် အသင်္ခါရ ပရိနိဗ္ဗာယိ မည်၏၊
သင်္ခါရ တရားတို့ကို အပင်အပန်းစီးဖြန်းမှ အရဟတ္တ မဂ်ဖိုလ်ကို ရ၍ပရိနိဗ္ဗာန်ပြုသော အနာဂါမ်ပုဂ္ဂိုလ်သည် သသင်္ခါရ ပရိနိဗ္ဗာယိ မည်၏၊
ဘုံစဉ်အတိုင်းစဉ်၍ အကနိဠဘုံသို့ရောက်မှ အရဟတ္တ မဂ်ဖိုလ်ကိုရ၍ပရိနိဗ္ဗာန်ပြုသော အနာဂါမ်ပုဂ္ဂိုလ်သည် ဥဒ္ဗံသောတ အကနိဠ ဂါမိနိမည်၏၊
ပရိတ်ကြီးဋီကာ၌ အန္တရာ ဥပဟစ္စ ပရိနိဗ္ဗာဟိကိုပုဂ္ဂိုလ် တစ်ဦးတည်း ယူသည်ကား မှားလေစွ။
၁၂၃- ရဟန္တာပုဂ္ဂိုလ်အပြားကို ပြခြင်း
ရဟန္တာပုဂ္ဂိုလ် သည်ကား-
စျာန်မှခြောက်သော သုက္ခဝိပဿက ရဟန္တာ၊
စျာန်ရသော စျာနလာဟီ ရဟန္တာ ဟူ၍ နှစ်ပါးပြာပေ၏၊
ထိုအရိယာပုဂ္ဂိုလ်တို့သည်-
သဒ္ဓါဓုရ ရဟန္တာ၊ ပညာဓုရ ရဟန္တာ အားဖြင့်လည်းနှစ်ပါးပြား ပြန်၏၊
အဘိညယ ခိပ္ပါဘိည၊ မန္ဒပညာ တိက္ခပညာအားဖြင့်လည်းနှစ်ပါး ပြားသေး၏၊
၁၂၄-အရိယာပုဂ္ဂိုလ် ၁၀၈-ယောက် ယူပုံကိုပြခြင်း
မေး။ ။ယေ ပုဂ္ဂလာ၊ အဋ္ဌသတံ၊ ပသဋ္ဌာ-လာ၊ အရိယာဖြစ်၊ တရာရှစ်ကို၊ စိစစ်ဘယ်သို့ ကောက်သနည်း။
ဖြေ။ ။ဧကဗီဇ သောတာပန် ကောလံကောလ သောတာပန် သတ္တက္ခတ္တုပရမ သောတာပန် ဟူ၍ ၃-ပါး။
ကာမသကဒါဂါမ် ရူပသကဒါဂါမ် အရူပသကဒါဂါမ် ဟူ၍ သကဒါဂါမ် ၃-ပါး အားဖြင့် ဤ၆-ပါးသော ပုဂ္ဂိုလ်တို့သည် ပဋိပဒါ၏ အစွမ်းဖြင့် ၄-ပါးစီပြားရကား ၂၄-ပါးဖြစ်၏၊
အန္တရာ ပရိနိဗ္ဗာယိ အနာဂါမ် ဥပဟစ္စပရိနိဗ္ဗယိ အနာဂါမ် အသင်္ခါရ ပရိနိဗ္ဗာယိ အနာဂါမ် ဥဒ္ဗံသောတ အကနိဋ္ဌဂါမိနိ အနာဂါမ် အားဖြင့် ငါးဦးသော ပုဂ္ဂိုလ်တို့သည် အဝိဟာဘုံ အတပ္ပါဘုံ သုဒဿီဘုံတို့၌ အသီးသီးရကုန်သည်။ အကနိဠဘုံ၌ ကား ဥဒ္ဓသောတကို ကြဉ်၍ ၄-ဦးသောပုဂ္ဂိုလ်တို့ကို ရကုန်သည်ဖြစ်ရကား အနာဂါမ် ၂၄-ပါး ဖြစ်၏၊
သုက္ခဝိပဿက သမထနိယျာနိက ဟူ၍ ရဟန္တာပုဂ္ဂိုလ် နှစ်ဦး မဂ္ဂဋ္ဌာန် ပုဂ္ဂိုလ် လေးဦး၊ ဤအလုံးစုံကိုပေါင်းသော် ၅၄-ပါးဖြစ်၏၊
ထို ၅၄-ပါးကို သဒ္ဓါဓုရ ဝိပဿနာဓုရ နှစ်ပါးဖြင့် မြှောက်သော် (တရာ.ရှစ်ယောက်) ဖြစ်သတည်း။
ဤအကြောင်းကို ပရမတ္ထဇောတိကာ မည်သော သုတ္တနိပါတ် အဋ္ဌကထာ၌ လာသည်။
ဆောင်ပုဒ်။ ။သောတာ သကဒါ၊ ဤ ၆-ဖြာ၌၊ ပဋိပဒါ ၄-ပါး၊ မြှောက်ပွားလေက၊ ဇောဗီသ။
နာဂါမ် ငါးဖြာ၊ သုဒ္ဓါဝါ၊ ဧကာပယ်ချ၊ ဇောဗီသ။
ဒွေအရဟန္တာ၊ မဂ္ဂဋ္ဌာ၊ ပေါင်းပါတုံထ၊ ဇောပညာသ။
ဓုရနှစ်ဖြာ၊ မြှောက်သောခါ၊ အဋ္ဌာသတ၊ ပုဂ္ဂိုလ်ရ။
၁၂၅-အပါယ်သတ္တဝါတို့မှာ ပညာကင်းသည်ကို ပြခြင်း။
မေး။ ။ယေဘုယျနည်း၊ ဖြင့်ပည်းသတ္တဝါ၊ ပါယ်လေးရွာမှာ၊ ပညာစေတသိက် ရ၏လော။
ဖြေ။ ။ အပါယ်လေးဘုံ၌ ဒုဂ္ဂတိအဟိတ် ပုဂ္ဂိုလ်တမျိုးသာ ရှိသည်။ ထိုပုဂ္ဂိုလ်တို့၏ စိတ်ရကိုလည်း ၃၇-ပါးသာ ကျမ်းဆရာတို့ပြသောကြောင့် ဉာဏသမ္ပယုတ်စိတ် ၄-ခုပါရကား ပညာစေတသိက်ရသည်ဟု ဆိုဖွယ်ရှိ၏၊ ယင်းသို့ဆိုဖွယ်ရှိသော်လည်း မဆိုအပ်ချေ။ ဘယ်ကြောင့် နည်းဟူမူ ဤ၃၇-ပါးသော စိတ်သည် အလွန်အားမြင့် ရထိုက်သောပုဂ္ဂိုလ်ကိုသာ ရည်၍ပြသည်။
အလောင်းတော်ဖြစ်သော ကျေးမင်း, ခါမင်း, ဟင်္သာမင်း အစရှိသော ပုဂ္ဂိုလ်တို့၌သာ ရသင့်သည်။
ကုသိုလ်စိတ် မရထိုက်သော ပုဂ္ဂိုလ်မှာ ကုသိုလ်စိတ်ကိုချ၍ ကုသလဝိပါက် စိတ်ကိုမျှ မရထိုက်သော ငရဲသူပြိတ္တာတို့မှာ ကုသလဝိပါက်စိတ်ကိုချ၍ ယူရမည်။
ဤအကြောင်းကိုကာ မိလိန္ဒပဥှာတွင် အရှင်နာဂသိန် ဖြေသောစကားကို ထောက်ထား၍ သိရမည်။
မင်းကြီးမေး။ ။အရှင်ဘုရား၊ အကြင်ပဋိသန္ဓေနေသော သတ္တဝါတို့သည် ယောနိသော မနသိကာရဖြင့် ပဋိသန္ဓေနေသလောဟု မေး၏၊
မထေရ်ဖြေ။ ။ မင်းကြီး၊ ယောနိသော မနသိကာရဖြင့်လည်း ပဋိသန္ဓေနေ၏၊ ပညာဖြင့်လည်း ပဋိသန္ဓေနေ၏၊ ပညာကင်းသော တပါးသော ကုသိုလ်ဖြင့်လည်း ပဋိသန္ဓေနေ၏ဟု ဖြေသော်-
မင်းကြီး။ ။ အရှင်ဘုရား၊ ယောနိသော မနသိကာရသည်ပင် ပညာမဟုတ် လောဟုမေး၏၊
မထေရ်။ ။ မင်းကြီး ယောနိသော မနသိကာရလည်း အခြား, ပညာလည်း အခြားပင်တည်း။
မင်းကြီး၊ ဆိတ်, နွား, ကျွဲ, ကုလားအုတ်, မြည်း, မြင်း သတ္တဝါတို့အား မနသိကာရ တရားရှိ၏၊ ထိုသတ္တဝါတို့အား ပညာမရှိ။ ထို့အောက် ယုတ်ညံသော သတ္တဝါတို့အားလည်း ပညာမရှိ။ ပညာယှဉ်သော စိတ်ပင်မဖြစ်ချေဟု ဖြေ၏၊
၁၂၆- အပါယ်ဘုံသား အလောင်းတော်များတွင် ဉာဏ်ယှဉ်ပုံကို ပြခြင်း
မေး။ ။ ဘုရား အလောင်း၊ ရွှေဥဒေါင်းမင်း၊ ဝက်မင်းဒေသနာ၊ ဟောသောခါဝယ်၊ လက္ခဏာဝေဖန်၊ ဉာဏ်ယှဉ်၏လော မယှဉ်လော။
ဖြေ။ ။ ဖြည့်အပ်ပြီးသော ပါရမီရှိသော အလောင်းတော်တို့သည် တစုံတခုသော အကုသိုလ်ကံကြောင့် တိရစ္ဆာန်ဘဝသို့ ရောက်ရငြားသော်လည်း ရပြီးသောဉာဏ်သည် မတိမ်မကောပြီ။ ထို့ကြောင့် အလောင်းတော်ဖြစ်သော ဥဒေါင်းမင်း, ဟင်္သာမင်း စသည်တို့ တရားဟောသောအခါ လက္ခဏာရေးအားဖြင့် ဝေဖန်နိုင်သော ဉာဏ်ယှဉ်၏ဟု သိရမည်။
၁၂၇- မဟဂ္ဂုတ်ဇော ၁၈-ခုတို့၏ အနည်းအများ စောပုံကို ပြခြင်း
မေး။ ။ တဆယ့်ရှစ်ဖြာ၊ စျာန်မှာဝီထိ၊ အာဒိကမ္မိက၊ သမာပဇ္ဇန၊ အရသဘော၊ ဇောကြိမ်ဘယ်က များသနည်း။
ဖြေ။ ။ မဟဂ္ဂုတ် ကုသိုလ်စျာန် ၉-ပါး, ကြိယာစျာန် ၉-ပါးအားဖြင့် ၁၈-ပါးသော စျာန်ကို ရစသောပုဂ္ဂိုလ်၏ အာဒိကမ္မိကဝီထိ၌ အပ္ပနာဇောသည် တကြိမ်သာ ဖြစ်သည်။ သမာပဇ္ဇနဝီထိ၌ကား ဘဝင်အယဉ်ကဲ့သို့ များစွာအပ္ပနာဇော ဖြစ်သည်။
၁၂၈- အဘိဉာဏ်ဝီထိဖြစ်ပုံကိုပြခြင်း
မေး။ ။ အဘိဉာဏ်တရား ၅-ပါး၊ ၆-ပါး၊ ၇-ပါးတွင်၊ တပါးပါး၌၊ ဝင်စားသည်ရှိ၊ ၄-ဝီထိမှာ၊ အသိထင်ထင် ဘိညာဉ်မြင်သည်၊ ဘဝင်စပ်ယှဉ်၊ စိတ်စဉ် ဘယ်သို့ ဖြစ်သနည်း။
ဖြေ။ ။ အဘိဉာဏ်ဟူသည်ကား-
အဘိဝိသေသော ဉာဏော အဘိညာဏော။ ။ အဘိဝိသေသော၊ ထူးမြတ် ကဲလွန်သော။ ဉာဏော၊ အဘိဉာဏ်တည်း။ အဘိညာဏော၊ ထူးမြတ်ကဲလွန်သော အသိဉာဏ်။
ဤသို့သော ဝစနတ္ထဖြင့် ထူးမြတ်ကဲလွန်သောဉာဏ်ဟု သမုတ်အပ်သော အဘိညာဉ်သည်-
၁။ ဣဒ္ဓိဝိဓ၊ ၂။ ဒိဗ္ဗစက္ခု၊
၃။ ဒိဗ္ဗသောတ၊ ၄။ စေတောပရိယ၊
၅။ ပုဗ္ဗေနိဝါသ-ဟူ၍ ငါးပါးအပြားရှိ၏၊
ထိုငါးပါးတို့တွင် ယထာကမ္မုပဂနှင့် အနာဂတံသကို ထည့်သော် ၇-ပါး အပြားရှိ၏၊
ရှေးအဘိညာဉ် ငါးပါးကိုကား သာသနာတော်၏ အပ၌ သုမေဓာ စသော ကာပသ ဣသိတို့ပင် ရနိုင်ကြသည်။ ၇-ပါးလုံးကိုကား သာသနာတော်၏ အတွင်း၌ ဗုဒ္ဓသာဝက စျာနလာဘီ ပုဂ္ဂိုလ်တို့သာ ရနိုင်ကုန်သည်။
ထို ၇-ပါးတို့တွင် ဣဒ္ဓိဝိဓ အဘိညာဉ် ဖြစ်ဟန်ကား သမာပတ် ရှစ်ပါးနှင့် ပြည့်စုံသော ကာမ ရူပ တိဟိတ် ပုထုဇဉ် သေက္ခ ရဟန္တာပုဂ္ဂိုလ်သည် မိမိ၏ ရူပကာယကို သတ သဟဿ စသည်ဖြစ်အောင် နိမ္မိတရုပ် ဖန်ဆင်းလို လတ်သည်ရှိသော် မိမိပဋိသန္ဓေစိတ်နှင့် တူသောစိတ်သည် ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ၊ ထို့နောင် ပထဝီကသိုဏ်းကို အာရုံပြု၍ ဆင်ခြင်တတ်သော မနောဒွါရဝဇ္ဇန်း ထို့နောင် ထိုအာရုံကို အာရုံပြု၍ ပုထုဇဉ် သေက္ခဖြစ်အံ့ မဟာကုသိုလ် တတိယဒွေတို့တွင် တခုခုသည်၊ ရဟန္တာဖြစ်အံ့ မဟာကြိယာ တတိယဒွေတို့တွင် တခုခုသည်၊ မန္ဒပညာ ပုဂ္ဂိုလ်အား ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘူဟု ၄-ကြိမ်၊ တိက္ခပညာ ပုဂ္ဂိုလ်အား ဥပစာ အနုလုံ ဂေါတြဘူဟု ၃-ကြိမ် ဥပစာရသမာဓိ ဇောကိစ္စဖြစ်၍ ချုပ်၏၊
ထို့နောင် ရူပကုသိုလ် ပဉ္စမစျာန်သည် ပုထုဇဉ် သေက္ခအား၊ ကြိယာ ပဉ္စမစျာန်သည် ရဟန္တာပုဂ္ဂိုလ်အား ပါဒကစျာန်ဇောကိစ္စ တကြိမ်ဖြစ်၍ ချုပ်၏၊ ထို့နောင် ဘဝင်-
ထို့နောင် သတံ ဟောမိ, သဟဿံ ဟောမိ အစရှိသည်ဖြင့် အဓိဋ္ဌာန် ဇောဝီထိ ဖြစ်လိုလတ်သည်ရှိသော် ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ၊ ထို့နောင် အဓိဋ္ဌာကဗ္ဗကို အာရုံပြု၍ ဆင်ခြင်တတ်သော မနောဒွါရာဝဇ္ဇန်း၊ ထို့နောင် ပုထုဇဉ် သေက္ခဖြစ်အံ့ မဟာကုသိုလ် ရှစ်ခုတို့တွင် တခုခုသည်၊ ရဟန္တာ ဖြစ်အံ့ မဟာကြိယာရှစ်ခုတို့တွင် တခုခုသည် အဓိဋ္ဌာန်ဇောကိစ္စ ၇-ကြိမ်ဖြစ်၍ ချုပ်၏၊ ထိုနောင် ဘဝင်-
ထို့နောင် အဘိညာဉ်၏အခြေဖြစ်သော ပါဒကစျာန်ကို ဝင်စားလိုလတ်သည်ရှိသော် ဘဝင်္ဂစလနယ အဝင်္ဂုပစ္ဆေဒ၊ ထို့နောင် ပထဝီကသိုဏ်းကို အာရုံပြု၍ ဆင်ခြင်တတ်သော မနောဒွါရဝဇ္ဇန်း၊ ထို့နောင် ပုဂ္ဂိုလ်သည် ပုထုဇဉ်, သေက္ခဖြစ်အံ့ မဟာကုသိုလ် တတိယဒွေတို့တွင် တခုခုသည်၊ မန္ဒမညာပုဂ္ဂိုလ်အား ပရိကံယ ဥပစာ, အနုလုံ, ဂေါတြဘူဟု လေးကြိမ်၊ တိက္ခပညာပုဂ္ဂိုလ်အား ဥပစာ, အနုလုံ, ဂေါတြဘူဟု သုံးကြိမ် ဥပစာရသမာဓိ ဇောကိစ္စဖြစ်၍ ချုပ်၏၊ ထို့နောင်ရူပါပုသိုလ် ပဉ္စမစျာန်သည် ပုထုဇဉ်, သေက္ခအား၊ ကြိယာပဉ္စမစျာန်သည် ရဟန္တာပုဂ္ဂိုလ်အား ပါဒကစျာန်ဇောကိစ္စ တကြိမ်ဖြစ်၍ ချုပ်၏၊ ထို့နောင် ဘဝင်-
ထို့နောင် အဘိညာဉ်ဇောဝီထိ ဖြစ်လိုလတ်သည်ရှိသော် ဘဝင်္ဂစလနယ အဝင်္ဂုပစ္ဆေဒ၊ ထို့နောင် မိမိရူပကာယ၏ သတ, သဟဿ အစရှိသော နိမ္မိတရုပ်ကို အာရုံပြု၍ ဆင်ခြင်တတ်သော မနောဒွါရာဝဇ္ဇန်း ထို့နောင် ပုဂ္ဂိုလ်သည် ပုထုဇဉ်, သေက္ခ ဖြစ်အံ့ မဟာကုသိုလ် တတိယ ဒွေတို့တွင် တခုခုသည်၊ ရဟန္တာဖြစ်အံ့ မဟာကြိယာ တတိယဒွေတို့တွင် တခုခုသည် မန္ဒပညာ ပုဂ္ဂိုလ်အား ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘူဟု ၄-ကြိမ်၊ တိက္ခပညာပုဂ္ဂိုလ်အား ဥပစာ, အနုလုံ, ဂေါတြဘူဟု ၃-ကြိမ် ဥပစာရ, သမာဓိ, ဇောကိစ္စဖြစ်၍ ချုပ်၏၊ ထို့နောင် ရူပကုသိုလ်ပဉ္စမစျာန်သည် ပုထုဇဉ်, သေက္ခအား၊ ကြိယာပဉ္စမစျာန်သည် ရဟန္တာပုဂ္ဂိုလ်အား၊ အဘိညာဉ်ဇောကိစ္စ တကြိမ်ဖြစ်၍ ချုပ်၏၊ ထို့နောင် ဘဝင်ကိစ္စ ဖြစ်ထိုက်သ၍ ဖြစ်၏၊ ကြွင်းသောအဘိညာဉ်တို့၌လည်း ဤနည်းအတူ ၄-ဝီထိစီ ချရမည်။
ဣဒ္ဓိဝီဓ အဘိညာဉ်၏ ပါဒကစျာန်ဝီထိမှာ ပထဝီကသိုဏ်းကို အာရုံပြု၍ ကြွင်းသော အဘိညာဉ်တို့၏ ပါဒကစျာန် ဝီထိမှာ အာလောက ကသိုဏ်းကို အာရုံပြုသည်သာ ထူး၏၊
ဤအဘိညာဉ်ဝီထိသည် ဝီထိလက်ရိုးတို့၌ ရှိပြီးဖြစ်သော်လည်း စိတ်စဉ် ဘယ်သို့ ဖြစ်သနည်းဟု အမေးရှိသောကြောင့်၎င်း, အကျဉ်းနည်းကို သိစေလို၍၎င်း ရေးလိုက်သည်။
၁၂၉-ဝသီဘော် ၅-ပါး ထူးခြားပုံ
မေး။ ။ ဝသီဘော်ဝယ်၊ ငါးပါးသွယ်၊ ဘယ်ဝီထိနှင့် ဘယ်ဝီထိမှာ ကျသနည်း။
ဖြေ။ ။ စျာန်ကိုရပြီးသော စျာနလာဘီ ပုဂ္ဂိုလ်သည် မိမိရသော စျာန်၌ရှိသော စျာန်အင်္ဂါကို ရှေးဦးစွာ ဆင်ခြင်သော ဝီထိသည် ပစ္စဝေက္ခဏာ ဝီထိမည်၏၊ ထို့နောင် ထိုစျာန် အင်္ဂါတို့တွင် ဝိတက်ကို အာရုံပြု၍ ၄-ကြိမ်, ၅-ကြိမ်သောဇော၊ ၂-ကြိမ်, ၃-ကြိမ်သော ဘဝင် ဝိစာရကို အာရုံပြု၍ ၄-ကြိမ်, ၅-ကြိမ်သောဇော၊ ၂-ကြိမ်, ၃-ကြိမ်သော ဘဝင် ပီတိကို အာရုံပြု၍၎င်း၊ သုခကို အာရုံပြု၍၎င်း၊ ဧကဂ္ဂတာကို အာရုံပြု၍၎င်း ၄-ကြိမ် ၅-ကြိမ်သောဇော၊ ၂-ကြိမ်, ၃-ကြိမ်သော ဘဝင်တို့ကို ဖြစ်စေလျက် အဖန်တလဲလဲ လေ့လာသော ပစ္စဝေက္ခဏာ ဝီထိသည် အာဝဇ္ဇနဝသီ မည်၏၊
သမာပဇ္ဇနဝသီ ဟူသည်ကား စျာန်ကို ရပြီးသောပုဂ္ဂိုလ်သည် စျာန်ကို ဝင်စားလိုလတ်သော် နှစ်ကြိမ် သုံးကြိမ်သော ဘဝင်ထက် အလွန်မဖြစ်မူ၍ ရုတ်ခြင်း အာဝဇ္ဇန်း၏အခြားမဲ့၌ စျာန်ဇောတို့ကို ဘဝင်အယဉ်ကဲ့သို့များစွာ ဖြစ်စေခြင်းတည်း။
အဓိဋ္ဌာန ဝသီဟူသည်ကား ကာလကိုပိုင်ခြား၍ ဤမျှလောက်သော အခါပတ်လုံး ဘဝင်မကျစေပဲ စျာန်စိတ်ကိုသာ ဖြစ်စေအံ့ဟု ဆောက်တည်၍ ဝင်စားခြင်းတည်း။
ဝုဋ္ဌာနဝသီဟူသည်ကား လိုရာအချိန်၌ နိုးအောင်အိပ်နိုင်သော သူကဲ့သို့ ပိုင်းခြားတိုင်းသော ကာလကို မလွန်မူ၍ ဝင်စားသော စျာန်မှ ထမြောက်ခြင်းတည်း။
ပစဝေက္ခဏာဝသီ ဟူသည်ကား စျာန်အင်္ဂါတို့ကို အနုလုံ ပဋိလုံ အားဖြင့် ဆင်ခြင်ခြင်းပင်တည်း။ ။ထို့ကြောင့် ဝိသုဒ္ဓိမဂ်၌-
ပထမစျာနတော ဝုဋ္ဌာယ ပထမံ ဝိတက္ကံ အာဝဇ္ဇနတော။ ဘဝင်္ဂံ ဥပ္ပစ္ဆိန္ဒိတွာ ဥပ္ပန္နဇဝနာန္တရံ ဝိတက္ကာရမ္မဏာနေဝ၊ စတ္တာရိ ပဉ္စ ဝါဇဝ နာနိ ဇဝန္တ။ တတော ဒွေ ဘဝင်္ဂါနိ၊ ထတော ပုန ဝိစာရာရမ္မဏံ အာဝဇ္ဇနံ ဝုတ္တနယေနေဝ၊ ဇဝနာနီတိ ဧဝံ ပဉ္စစျာနင်္ဂေသု ယဒါနိရန္တရံ စိတ္တံ ပေသေတုံ သက္ကောတီတိ၊ အာဝဇ္ဇန္တဿ အာဝဇ္ဇနဝသီ သိဒ္ဓါ ဟောတိ။
အစရှိသည်ဖြင့် မိန့်အပ်ပြီ။
၁၃၀-စျာန်ဝင်စားတိုင်း အသက်ရှုမရှု
မေး။ ။ သုမေဓာက၊ စသည်ရှင်ပျံ၊ စျာန်အဘိညာဉ်၊ ယှဉ်လတ်သောခါ၊ အသက်ရှုပါသေး၏လော။
ဖြေ။ ။ စတုတ္ထစျာန် ဝင်စားခိုက်သော ပုဂ္ဂိုလ်ဟူသမျှသည် အဿာသ ပဿသမရှိ၊ အသက်မရှုဟူပေ။
၁၃၁-သင်္ခါရ ၃-ပါး ရထိုက် မရထိုက် ပုဂ္ဂိုလ်များကို ပြဆိုရာ
မေး။ ။ ကာယသင်္ခါရ၊ ဝစီသင်္ခါရ၊ စိတ္တသင်္ခါရ၊ ဤသုံးဝကို မရကောင်းဆို ပုဂ္ဂိုလ်ရေတွက် ဘယ်မျှနည်း။
ဖြေ။ ။ ဤပြဿနာ၌ စုံလင်စွာ ရေးလိုက်အံ့။
တယော သင်္ခါရာ၊ ကာယသင်္ခါရော ဝစီသင်္ခါရော စီတ္တသင်္ခါရောတိ။ အဿာသပဿာသာ ကာယသင်္ခါရော၊ ဝိတက္ကဝိစာရာ ဝစီသင်္ခါရရော၊ ဝေဒနာ စ သညာ စ စိတ္တသင်္ခါရော ဌပေတွာ ဝိတက္ကဝိစာရေ သဗ္ဗေပိ စိတ္တသမ္ပယုတ္တကာ ဓမ္မာ စိတ္တသင်္ခါရော။
သင်္ခါရာ၊ သင်္ခါရတရားတို့သည်။ ကာယသင်္ခါရော၊ ကာယသင်္ခါရ၎င်း။ ဝစီသင်္ခါရော၊ ဝစီသင်္ခါရ၎င်း။ စိတ္တသင်္ခါရ၎င်း။ ဣတိ၊ ဤသို့။ တယော၊ သုံးပါးတို့တည်း။
အဿာသပဿာသာ၊ ထွက်သက် ဝင်သက်တို့သည်။ ကာယသင်္ခါရော၊ ကာယသင်္ခါရမည်၏၊ ဝါ၊ ကိုယ်ကိုပြုပြင်တတ်သော တရားမည်၏၊
ဝိတက္က ဝိစာရာ၊ ဝိတက် ဝိစာရတို့သည်၊ ဝစီသင်္ခါရော၊ ဝစီသင်္ခါရမည်၏၊ ဝါ၊ ဝစီတေဒသဒ္ဒကို ပြုပြင်တတ်သော တရားမည်၏၊
ဝေဒနာ စ၊ ဝေဒနာသည်၎င်း။ သညာစ၊ သညာသည်၎င်း။ စိတ္တသင်္ခါရော၊ စိတ္တသင်္ခါရမည်၏၊ ဝိတက္ကဝိစာရေ၊ ဝိတက် ဝိစာရတို့ကို၊ ဌပေတွာ၊ ထား၍။ သဗ္ဗေပိ၊ အလုံးစုံလည်းဖြစ်ကုန်သော။ စိတ္တသမ္ပယုတ္တကာ၊ စိတ်နှင့် ယှဉ်ကုန်သော။ ဓမ္မာ၊ တရားတို့သည်။ စိတ္တသင်္ခါရော၊ စိတ်ကိုပြုပြင်တတ်သော တရားမည်၏၊
၁-ကာယသင်္ခါရကိုပြဆိုရာ
အဿသပဿသာ ကာယသင်္ခါရော-ဟူ၍ ဟောတော်မူအပ်သော ကာယသင်္ခါရ၏ သရူပဝိဘာဂဝါရ၌ အဇ္ဈတ္တိက စတုသမုဋ္ဌာနိကရုပ်ဟုဆိုအပ်သော ကရဇကာယ၏ အကျိုးဆက်ဖြစ်သော စိတ္တဇဝါယော ဓာတ်ဟုဆိုအပ်သော အဿသပဿသ သည် ကာယသင်္ခါရ မည်၏၊
ထိုကာယသင်္ခါရသည် ဘုံအားဖြင့် ကာမ ၁၁-ဘုံတို့၌ဖြစ်၏၊ ရူပ အရူပဘုံ တို့၌ မဖြစ်။
စျာန်အားဖြင့် ပထမစျာန်-ဇော၂၀၊ ဒုတိယစျာန်ဇော-၁၀၊ တတိယစျာန်ဇော-၁၀ တို့၌ ဖြစ်၏၊ စတုတ္ထစျာန်ဇော ၁၈-ခုတို့၌ မဖြစ်။
စိတ္တုပ္ပါဒ်အားဖြင့် ဒွေပဉ္စဝိညာဉ် ၁၀- ကြဉ်သော ကာမစိတ် ၄၄-ခုတို့၌ ဖြစ်၏၊ ဒွေပဉ္စဝိညာဉ် ၁၀၊ မဟဂ္ဂုတ်ဝိပါက်၉-ခု၊ ပဋိသန္ဓေ စုတိ စိတ်၏ ရှေးဗာတ္တိံ သမ စိတ်မှစ၍ စုတိတိုင်အောင်သော ကာလ၌ ဖြစ်သောစိတ်တို့၌ မဖြစ်။
ပုဂ္ဂိုလ်အားဖြင့် ၁-သေသောပုဂ္ဂိုလ်။ ၂-အမိဝမ်း၌ ကိန်းအောင်းသောပုဂ္ဂိုလ်။ ၃- ရေငုပ်သောပုဂ္ဂိုလ်။ ၄- နိရောဓ သမာပတ်ကို ဝင်စားခိုက်သော ပုဂ္ဂိုလ်။ ၅-၆-စတုတ္ထစျာန်ကိုဝင်စားသော ကာမပုဂ္ဂိုလ်, ရူပ, အရူပပုဂ္ဂိုလ်။ ၇-မိန်းမောသောပုဂ္ဂိုလ်၊ ဤရ-ဦးသောပုဂ္ဂိုလ်တို့ ၌ မဖြစ်။ ထိုမှကြွင်းသော ဗလဝါရမ္မဏ ဖြစ်သော ကာမပုဂ္ဂိုလ်တို့၌သာ ဖြစ်၏၊
၂-ဝ စီသင်္ခါရကို ပြဆိုရာ
ဝိတက္ကဝိစာရာ ဝစီသင်္ခါရော-ဟူ၍ ဟောတော်မူအပ်သော ဝစီင်္ခါရ၏ သရူပ ဝိဘာဂဝါရ၌ ဝိစီဘေဒသဒ္ဒ၏ အကြောင်းဖြစ်သော ဝိတတ် ဝိစာရသည် ဝစီသင်္ခါရမည်၏၊
ထိုဝစီသင်္ခါရသည် ဘုံအားဖြင့် စတုဝေါကာရ လေးဘုံ၊ ပဉ္စဝေါကာရ ၂၆- ဘုံတို့၌ ဖြစ်၏၊ အသညသတ်ဘုံ၌ မဖြစ်။
စျာန်အားဖြင့် မူလဘူတဖြစ်သော ပထမစျာန်ဇော၂၀-တို့၌ ဖြစ်၏၊ ဒုတိယစျာန်ဇော၁၀၊ တတိယစျာန်ဇော ၁၀၊ စတုတ္ထစျာန်ဇော ၁၈-ခုတို့၌ မဖြစ်။
စိတ္တုပ္ပါဒ်အားဖြင့် ဒွေပဉ္စဝိညာဉ် ၁၀- ကြဉ်သော ကာမစိတ် ၄၄-ခု၊ ရူပဝစက ပထမစျာန်ဝိပါက် ဒုတိယစျာန်ဝိပါက်တို့၌ ဖြစ်၏၊ ဒွေပဉ္စဝိညာဉ် ၁၀၊ တတိယ စျာန်ဝိပါက် စတုတ္ထစျာန်ဝိပါက် ပဉ္စမစျာန်ဝိပါက် အရူပဝိပါက် လေးခုတို့၌ မဖြစ်။
ပုဂ္ဂိုလ်အားဖြင့် သေသောသူ၊ နိရောဓသမာပတ်ကို ဝင်စားခိုက်သောပုဂ္ဂိုလ် အသညသတ်ပုဂ္ဂိုလ်တို့၌ မဖြစ်။ ထိုမှကြွင်းသော အလုံစုံသော ကာမ ရူပ အရူပ ပုဂ္ဂိုလ်တို့၌ ဖြစ်၏၊
၃-စိတ္တသင်္ခါရကို ပြဆိုရာ
ဝေဒနာ စသညာ စ စိတ္တသင်္ခါရာ ဌပေတွာ ဝိတက္ကဝိစာရေ သဗ္ဗေပိ စိတ္တပမ္ပယုတ္တကာ ဓမ္မာ စိတ္တသင်္ခါရော-ဟူ၍ ဟောတော်မူအပ်သော စိတ္တသင်္ခါရ၏ သရူပဝိဘာဂ ဝါရ၌ စိတ်တခုယုတ် ကိုးဆယ်၏ အကျိုးဖြစ်သော ဝိတက် ဝိစာရမှ တပါးသော စေတသိတ်ပညာသ သည်စိတ္တသင်္ခါရမည်၏၊ ထိုစိတ္တသင်္ခါရသည် ဘုံအားဖြင့် စတုဝေါကာရလေးဘုံ၊ ပဉ္စဝေါကာရ ၂၆-ဘုံတို့၌ မဖြစ်။
စျာန်အားဖြင့် အလုံးစုံသောစျာန်တို့၌ ဖြစ်၏၊ စိတ္တုပ္ပါဒ်အားဖြင့် အလုံးစုံသော စိတ္တုပါဒ်တို့၌ ဖြစ်၏၊ ပုဂ္ဂိုလ်အားဖြင့် သေသော ပုဂ္ဂိုလ် နိရောဓသမာပတ်ကို ဝင်းစားခိုက်သောပုဂ္ဂိုလ် အသညသတ်ပုဂ္ဂိုလ်တို့၌ မဖြစ်။ ထိုမှကြွင်းသော အလုံးစုံသော ကာမ ရူပ အရူပ ပုဂ္ဂိုလ်တို့၌ ဖြစ်၏၊ ဤသို့ ယမိုက်ဟောရိုးလာသည်ကို ထောက်၍-
ကာယသင်္ခါရ မရထိုက်သော ပုဂ္ဂိုလ် ၇-ပါး။
ဝစီပင်္ခါရ မရထိုက်သော ပုဂ္ဂိုလ် ၃-ပါး။
စိတ္တသင်္ခါရ မရထိုက်သော ပုဂ္ဂိုလ်လည်း ၃-ပါးဟူ၍ ဖြေ။
၁၃၂-တန်ခိုးပြရာတွင် ဘုရားတွင်ရှင်နှင့် သာဝကတို့ဝီထိကျပုံ
မေး။ ။ရေ မီး အစုံ၊ ဂုဏ်ထူးပြရာ၊ ပြာဋိဟာတွင်၊ သာဝကနှင့် ဗုဒ္ဓ ဘယ်သို့ ထူးသနည်း။
ဖြေ။ ။ဘဂဝတော ပန ယမကပါဋိဟာရိယကာဒီသု လဟုကပ္ပဝတ္တိယံ စတ္တာရိ ပဉ္စ ဝါ ပစ္စဝေက္ခဏစိတ္တာနိ ဘဝန္တီတိပိ ဝဒန္တိ။
(လက်သန်းအဋ္ဌကထာ)
စတ္တာရိ ဝါ ပဉ္စ ဝါတိ စပနေတံ တိက္ခိန္ဒြိယ မုဒိန္ဒြိယ ပညာဝသေန ဝေဒိတဗ္ဗန္တိ အာစရိယ ဓမ္မပါလတ္ထေရေန ဝုတ္တံ၊ တသ္မာ ဘဂဝတော စတ္တာရိ၊ အညေသံ ပဉ္စပီတိ ယုတ္တိ ဝိယ ဒိဿတိ။ (အဘိဓမ္မတ္ထသင်္ဂဟဒီပနီ)
အဓိပ္ပါယ်ကား။ ။စတ္တာရိ ဝါ ပဉ္စ ဝါ ဟူ၍ သမုစ္စယ အနက်ရှိသော 'ဝါ' သဒ္ဒါကို ဆိုခြင်းကြောင့် ထက်သောပညိန္ဒြေရှိသော ပုဂ္ဂိုလ်အား ၄-ကြိမ်၊ နုံ့သောပညိန္ဒြေရှိသော ပုဂ္ဂိုလ်အား ၅-ကြိမ်စောသည်ဟု သိအပ်၏ ဟူ၍ ဓမ္မပါလဆရာ ဆိုတော်မူသည်။
ထို့ကြောင့် ဘုရားသခင်အား ၄-ကြိမ် အရှင်သာရိပုတ္တရာ စသော သာဝကတို့အား ၅-ကြိမ် စော၏ဟူသော စကားသည် သင့်မြတ်၏ဟူလိုသည်။
စတ္တာရိ ဝါပဉ္စ ဝါတိ ဝိကပ္ပနတ္တဝါသဒ္ဒေန ဘဂဝတောဝ အစ္စာယိကကာလေ တီဏီ ဝါ စတ္တာရိဝါ ဇဝနစိတ္တနိ ဘဝန္တိတိ ဂဟေတဗ္ဗာ။
(မဓုဋီကာ)
အဓိပ္ပါယ်ကား။ ။ စတ္တာရိ ဝါပဉ္စ ဝါဟူသောပုဒ်၌ ဝိကပ် အနက်ရှိသော ဝါ သဒ္ဒါဖြင့် မြတ်စွာဘုရားအား အဆောတလျှင် ပြုချင်သော ကာလတို့၌ ၃-ကြိမ်၄-ကြိမ်ဟူသော ပစ္စဝေက္ခဏာဇောစိတ်သည် ဖြစ်သေး၏ ဟူ၍ ယူအပ်၏၊
အဘယ်ကြောင့်နည်းဟူမူ စိတ္တိဿရိယဓမ္မ အရှင်မြတ် ဖြစ်တော်မူသော ကြောင့်တည်း ဟူ၍ မိန့်ဆိုသည်။
၁၃၃-ဘုံ သုံးပါး၌ မဂ်ရပုံချင်း မတူပုံ
မေး။ ။အရူပနှင့်၊ ရူပဘုံတွင်၊ မဂ်လေးအင်၊ မဂ္ဂင်ရှစ်ပါးစုံ၏လော။
ဖြေ။ ။ကာမဘုံ၌ မဂ်ကိုရကြသော၊ ပုဂ္ဂိုလ်တို့သည် ၅-မျိုးပြား ကြကုန်သည်။ ထို ၅မျိုးတွင်-
ပထမစျာန်မဂ်ကို ရသည်ဖြစ်အံ့၊ သမ္မာဒိဠိ၊ သမ္မာသင်္ကပ္ပသမ္မဝါစာ၊ သမ္မာကမ္မန္တ၊ သမ္ပာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိဟူသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော မဂ်စိတ် ဖြစ်သည်။
ဒုတိယစျာန်မဂ်ကို ရသည်ဖြစ်အံ့၊ သမ္မာသင်္ကပ္ပကို ချန်၍ အင်္ဂါ ၇-ပါးသာ ရှိသော မဂ်စိတ် ဖြစ်သည်။
တတိယစျာန် စတုတ္ထစျာန် ပဉ္စမစျာန်မဂ်ကိုရသောသူအားလည်း ဤနည်းအတူ အင်္ဂါ ၇-ပါးရှိသော မဂ်စိတ် ဖြစ်သည်။
ဤအတူ ရူပဘုံ အရူပဘုံတို့၌ မဂ်ရသော မဂ္ဂဋ္ဌာန် ပုဂ္ဂိုတို့သည်လည်း ၅-မျိုးပင် ဖြစ်ရကား-
ပထမစျာန်မဂ်ကိုရအံ့၊ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံ၏၊ ဒုတိယ စျာန်မဂ် စသည် ကိုရအံ့၊ ရှစ်ပါးမပြည့်စုံ၊ အင်္ဂါ ၇-ပါးသာ ရှိ၏ဟု ဖြေ။
၁၃၄-နိရောဓသမာပတ်ကို ဝင်စားရာ၌ အာရုပ္ပဇော ၂-ကြိမ်သာ စောခြင်း
မေး။ ။နိရောဓမြတ်၊ သမာပတ်ကို၊ ဝင်လတ်သောခါ၊ စတုတ္ထာရုပ္ပေါ၊ နှစ်ကြိမ်စောမှ၊ ချုပ်ရရှာသည်၊ တကြိမ်နှင့်သာ မချုပ်လော။
ဖြေ။ ။တကြိမ်သော ဇောနှင့်သာလည်း မချုပ်၊ ထို့ထက်လွန်၍လည်း ၃-ကြိမ်၊ ၄-ကြိမ် မစောဟူပေ။
ဘယ့်ကြောင့် လွန်၍ မစောသနည်းဟူမူ ရုပ်နွမ်း၍ အိပ်ချင်လှသောသူသည် ၄-ဝါကျ ၅-ဝါကျ ရှိသော ဂါထာကို သရဇ္ဈာယ်ပါသော်လည်း ၂-ဝါကျနှင့်သာ အိပ်ပျော်ခြင်းသို့ ရောက်သကဲ့သို့ နိရောဓ၏ ပယောဂကြောင့် ၂-ကြိမ်မျှ စော၍သာလျှင် ချုပ်ခြင်းသို့ ရောက်ရ၏၊။ဤအဓိပ္ပါယ်ကို-
ကသ္မာ ပနဿ ဒွိန္နံ စိတ္တာနံ ဥပရိ စိတ္တာနိ န ပဝတ္တန္တီတိ၊ နိရောဓဿ ပယောဂတ္တာ၊ ဣဒ ဉှိ ဣမဿ ဘိက္ခုနော ဒွေ သမာထဝိပဿနာ ဓမ္မေ ယုဂနဒ္ဓေ ကတွာ၊ အဋ္ဌသမာပတ္တိ အာရောဟနံ အနုပုဗ္ဗနိရောဓဿ ပယောဂေါ။ န, နေဝသညာနာသညာယတန သမာပတ္တိယာတိ နိရောဓဿ ပယောဂတ္တာ ဒွိန္နံ စိတ္တာနံ ဥပရိ စိတ္တာနိ န ပဝတ္တန္တိ- ဟူ၍ သာရတ္ထဒီပနီ (၁။ နှာ-၃၈၃) ၌ မိန့်သော ကြောင့် သိရသည်။
၁၃၅- ပုဗ္ဗကိစ္စလေးပါး ထူခြားချက်
မေး။ ။နိရောဓမှာ၊ ပုဗ္ဗကိစ္စံ၊ ၄-ပါးမှန်ကို၊ ပြုဟန်ခြင်းရာ ဘယ်သို့နည်း။
ဖြေ။ ။နိရောဓသမာသတ္တိံ သမာပဇ္ဇိတုကာမော ပုဂ္ဂလော၊ အာကိဉ္စညာယတနံ သမာပဇ္ဇိတွာ၊ တတော ဝုဋ္ဌာယ နာနာဗဒ္ဓအဝိကောပနံ သံဃပဋိ မာနနံ သတ္ထုပက္ကောသနံ အဒ္ဓါနပရိစ္ဆေဒန္တိ စတုဗ္ဗိဓံ ပုဗ္ဗကိစ္စံ ကတွာ သမာ ပဇ္ဇတိ-
ဟူသော ဒီပနီပါဌ်နှင့်ညီစွာ နိရောဓသမာပတ်ကို ဝင်စားလိုသော အနာဂါမ် ရဟန္တာပုဂ္ဂိုလ်သည် ပထမစျာန်မှသည် အာကိဉ္စညာယတနစျာန်တိုင်အောင် ဝင်စားပြီးသော် ထိုစျာန်မှထပြီး၍-
မိမိကိုယ်နှင့်စပ်သော ကပ်လျက်တည်သော သင်္ကန်း သပိတ် ပရိက္ခရာမှ တပါး အသီးသီးသော ဌာန၌ ထားအပ်သော သင်္ကန်း သပိတ် အိပ်ရာ ညောင်စောင်း ကျောင်း ကန် ကုဋီတို့ကို မီးစသော ရန်သူတို့သည် မဖျက်ဆီး စေသတည်းဟူ၍ ဓိဋ္ဌာန်ခြင်း၊
သံဃကိစ္စ သန္နိပါတရှိသည်ဖြစ်၍ သံဃာကို မြတ်နိုးတနာ တောင့်တရာသော အကြောင်းရှိအံ့လောဟု တွေးတောခြင်း၊
ဘုရားဘုန်းမော် ခေါ်တော်မူသော အကြောင်း ရှိအံ့လောဟု တွေးတောခြင်း၊ ငါ၏အသက်သည် ၇ -ရက်အတွင်း၌ ပြတ်ကင်းကုန်ခန်းရာသော အကြောင်း ရှိအံ့သလောဟု မျှော်ကြည့်ခြင်း။
ဤကိစ္စ ၄-ပါးကို ပြုပြီး၍သာလျှင် ဝင်စားရ၏ ဟူလိုသည်။
နာနာဗဒ္ဓ အဝိကောပနန္တိ ကာယပဋိဗဒ္ဓံ ပရိက္ခာရံ ဌပေတွာ ဝိသုံ ဝိသုံ ဌိတစီဝရာဒိပရိက္ခာရဂေဟာနံ အဂ္ဂိအာဒိနာ အဝိနာသနတ္ထာယ အဓိဋ္ဌာနံ။ အဒ္ဓါနပရိစ္ဆေဒေါတိ ဇီဝိတကာလဿ ပရိစ္ဆေဒေါ၊ သတ္တာဟဗ္ဘန္တရေ အတ္တနော အာယုသင်္ခါရပ္ပဝတ္တိ ဩလောကနန္တိ အတ္ထော။
(ဒီပနီ)
၁၃၆-နိရောဓသမာပတ်ကို ဝင်စားခြင်း အကြောင်း
မေး။ ။ကျောက်တိုင်အတိ၊ တည်ရဘိသား၊ နိရောဓမှာ၊ ရဟန္တာအနာဂါမ်၊ အရှင်မွန်တို့၊ ဘယ်အလိုကြောင့် ဝင်သနည်း။
ဖြေ။ ။ကသ္မာ သမာပဇ္ဇန္တီတိ သင်္ခါရာနံ ပဝတ္တီဘေဒေ ဥက္ကဏ္ဌိတွာ ဒိဋ္ဌောဝဓမ္မေ အစိတ္တကာ ဟုတွာ၊ နိရောဓံ နိဗ္ဗာနံ ပတွာ သုခံ ဝိဟရိဿာမာတိ သမာပဇ္ဇန္တိ-
ဟူသော ဝိသုဒ္ဓိမဂ်နှင့်ညီစွာ သင်္ခါရတရားတို့၏ ဖြစ်ခြင်းအထူး၌ ငြီးငွေ့ဆန့်ကျင်သော စိတ်ရှိသည်ဖြစ်၍ မျက်မှောက်သောကိုယ်၏အဖြစ်၌ စိတ်ဖြင့်ခြင်း မရှိ၊ နိရောဓ မည်သော နိဗ္ဗာန်ချမ်းသာကို ခံစားကာ နေအံ့ဟူ၍ ဝင်စားကုန်သတည်း။
၁၃၇-ကာမပုဂ္ဂိုလ်နှင့် ရူပပုဂ္ဂိုလ်တို့ နိရောဓ သမာပတ်ဝင်စားရာ ထူးခြားကြပုံ
မေး။ ။ကာမပုဂ္ဂိုလ်၊ ရူပပုဂ္ဂိုလ်၊ ထိုနိရောဓ၊ ဝင်စားကြသော် ကာလဘယ်သို့ ထူးသနည်း။
ဖြေ။ ။ကာမပုဂ္ဂိုလ်မှာ ၇-ရက်မျှသာ ဝင်စားနိုင်သည်။ ရူပပုဂ္ဂိုလ်မှာ အလိုရှိတိုင်း ဝင်စားနိုင်သည်။
ဘယ်ကြောင့် ကာမပုဂ္ဂိုလ်အား ၇-ရက်သာ ဝင်စား နိုင်သနည်းဟူမူ-
တထာ ကာလပရိစ္ဆေဒကရဏတော၊ တဉ္စ ယေဘုယျေန အာဟာရူပဇီဝီနံ သတ္တာနံ ဥပါဒိန္နကပဝတ္တဿ ဧကဒိဝသံ ဘုတ္တာဟာရဿ သတ္တာဟမေဝ ယာပနတော-
ဟူသော သာရတ္တဒီပနီ (၁။၃၈၀) နှင့် ညီစွာ အာဟာရကိုမှီ၍ အသက်ရှည် ကုန်သော သတ္တဝါတို့အား တနေ့ သုံးဆောင်အပ်သော အာဟာရသည် ၇-ရက် ကာလပတ်လုံးသာလျှင် ဥပါဒိန္နကရုပ်ကို မျှတအောင် ထောက်ပံ့နိုင်သော အကြောင်းရှိသည်၏အဖြစ်ကြောင့် ကာမပုဂ္ဂိုလ်တို့အား ၇-ရက်မျှသာ သမာပတ်ကိုဝင်စား၏ ဟူပေ။
၁၃၈-နိရောဓ သမာပတ်မှ ထသောအခါ အာရုံပြုပုံကို ပြခြင်း
မေး။ ။ နိရောဓတက်၊ ပစ္စဝေက္ခဏာ၊ ဖြစ်သောခါ၊ အာရုံ ဘယ်သို့ပြုသနည်း။
ဖြေ။ ။ နိရောဓဋ္ဌာနသင်္ခါတံ နိဗ္ဗာနမေဝ အာရမ္မဏံ ကတွာ ပစ္စဝေက္ခတိ-
ဟူသည်နှင့်အညီ နိဗ္ဗာန်ကိုသာ အာရုံပြု၏ဟူပေ။
၁၃၉-စျာန်နှင့် မဂ်တို့၏ ပစ္စဝေက္ခဏာဇောများကိုပြခြင်း
မေး။ ။စျာန်ပစ္စဝေက္ခဏာကို ဝီထိလက်ရိုး ဆရာတို့သည် ၄-ကြိမ် ၅-ကြိမ် ချကြကုန်သည်။ ပဋ္ဌာန်အရကောက်၌ကား စျာနာ ဝုဋ္ဌဟိတွာ စျာန် ပစ္စဝေက္ခတိ-ဟူသောပါဌ်၏ အရ၌ ၇-ကြိမ်ပင်ချသည်။ မဂ်ပစ္စဝေက္ခဏာကိုလည်း ဇော ၇-ကြိမ်ပင်ချသည်။ ထို့ကြောင့် ပဋ္ဌာန်းအရကောက် ဆရာတို့၏အလိုအားဖြင့် ဇောကြိမ် အတူတူပင်ဟု ဖြေဆိုရမည်။
၁၄၀-ပစ္စဝေက္ခဏာ ဇောဝယ် အထူးမှတ်ဖွယ်
မေး။ ။ ထိုပစ္စဝေက္ခဏာ၊ ဇောဖြစ်ရာ၌၊ အပ္ပနာလော၊ ကာမလော။
ဖြေ။ ။ ပစ္စဝေက္ခဏာဇော ဟူသမျှသည် ကာမဇောချည်း မှတ်ရမည်။
၁၄၁-အိပ်ပျော်စဉ်တွင် ထိုဘဝင် စိတ်ပင် ဆိုထိုက် မဆိုထိုက်
မေး။ ။မြစ်ရေအယဉ်၊ ဘဝင်တွေတွေ၊ ဖြစ်လေရချက်၊ ဤအနက်လည်း စိတ်လက္ခဏာ မဟုတ်လော။
ဖြေ။ ။စိတ်လက္ခဏာ ဟုတ်၏ဟူပေ၊ ဟုတ်သော် ဘဝင်တွေတွေကျ၍ အိပ်ပျော်သောအခါ၌ တစုံတခုသော အာရုံကို မသိခဲ့တကား။ ဘယ်သို့ စိတ်မည်ပါအံ့နည်း ဟူငြားအံ့။ အာရမ္မဏံ စိန္တေတီတိ စိတ္တံ ဟူသော ဝစ နတ်သည် ထင်ရှားရာသို့ လိုက်၍ ဆိုအပ်သော ရုဠှီနည်းသာတည်း။ အဘယ် သဒ္ဒါ တို့ကဲ့သို့ နည်းဟူမူ-
ကုသလာကုသလေ ဓမ္မေ မနတိ ဇာနာတီတိ မနုေဿာ-ဟူသော သဒ္ဒါတို့ကဲ့သို့တည်း။ ဤဝစနတ္တဖြင့် ကုသိုလ် အကုသိုလ် တရားတို့ကို ခွဲခြား၍ သိတတ်သောကြောင့် မနုဿ မည်၏ဟူသော် မသိတတ်သော သူတို့လည်း အများရှိခဲ့သည်။ ထိုသူတို့ကား ဘယ်သို့ မနုဿ မည်အံ့နည်းဟူမူ၊ သိတတ်သောသူနှင့် သွင် ပြင် သဏ္ဌာန် တူသောကြောင့် သဒိသူပစာရ အားဖြင့် မနုသမည်၏ဟု ဆိုရသကဲ့သို့ ဘဝင်စိတ်တို့သည်လည်း အာရုံကို သိတတ်သော စိတ်တို့နှင့် ဇာတ်အားဖြင့် တူသောကြောင့် သဒိသူပစာရအားဖြင့် စိတ်ခေါ်၏ ဟူပေ။
မုချအားဖြင့် ဘယ်သို့ ဝိဂြိုဟ်ဆိုသနည်းဟူမူ-
ကမ္မကိလေသေဟိ စိတံ တာယတီတိ စိတ္တံ-ဟူ၍ ပြုအပ်၏၊
ယံ ဝိပါကဝိညာဏံ၊ အကြင်ဝိပါက် ဝိညာဉ်သည်။ ကမ္မကိလေသေဟိ၊ ကံ ကိလေသာတို့သည်။ စိတံ၊ ဆည်းပူးအပ်သော အတ္တဘောကို။ တာယတိ၊ စောင့်တတ်၏၊ ဣတိတသ္မာ၊ ထိုသို့အတ္တဘောကို စောင့်တတ်သော သတ္တိကြောင့်။ တံ ဝိပါကဝိညာဏံ၊ ထိုဝိပါက် ဝိညာဉ်သည်။ စိတ္တံ၊ စိတ်မည်၏၊ ဤသို့ ဋီကာဆရာတို့ ဝစနတ်ပြုကြ၏ ဟူပေ။
ဤတွင် ဝီထိပိုင်းဆိုင်ရာ ပုစ္ဆာဝိသဇ္ဇနာများ ပြီးပြီ။
၅-ဘုံပိုင်း
ဘုံပိုင်းဆိုင်ရာ ပုစ္ဆာဝိသဇ္ဇနာများ
၁၄၂-ဘုံမည်ခြင်း၏ အကြောင်း
မေး။ ။သုံးဆယ့်တပါး၊ ပြားသည်ဌာန၊ ဘုံနာမသည်၊ အနွတ္ထလော ရုဠှီလော။
ဖြေ။ ။အနက်သို့အစဉ်လိုက်သော အမည်ဖြစ်၍ အနွတ္ထသညာချည်းဟူပေ။ ဘုံတို့၏ ဝိဂြိုလ်ကို ပြဆိုလိုက်ဦးအံ့။
အပါယ်ဘုံမည်၏အကြောင်း
ပုညသမ္မတာ အယာ ယေဘုယျေန အပဂတောတိ အပါယော။
ဘဝန္တိသတ္တာ ဧတ္တာတိ ဘူမိ။
အပါယောစသော ဘူမိစာတိ အပါယဘူမိ။
ယော ပဒေသာ၊ အကြင်အရပ်သည်။ ပုညသမ္မတာ၊ ကောင်းမူဟုသမုတ် အပ်သော။ အယာ၊ စည်းစိမ်ချမ်းသာမှ။ ယေဘုယျေန၊ များသောအားဖြင့်။ အပဂတော၊ ကင်းသည်တည်း။ ဣတိတသ္မာ၊ ထိုသို့စည်းစိမ်ချမ်းသာမှ ကင်းသောသတ္တိကြောင့်။ သောပဒေသော၊ ထိုအရပ်သည်။ အပါယော၊ အပါယ် မည်၏၊
ဧတ္ထ၊ ဤနေရာ၌။ သတ္တာ၊ သတ္တဝါတို့သည်။ ဘဝန္တိ၊ ဖြစ်တတ်ကုန်၏၊ ဣတိတသ္မာ၊ ထိုသို့သတ္တဝါတို့၏ ဖြစ်ရာဖြစ်သောသတ္တိကြောင့်။ ဘူမိ၊ ဘုံမည်၏၊
အပါယော စ၊ အပါယ်လည်း ဟုတ်၏၊ သော၊ ထိုအပါယ်ဟူသည်။ ဘူမိ စ၊ ဘုံလည်းဟုတ်၏၊ ဣတိ၊ ထို့ကြောင့်။ အပါယဘူမိ၊ အပါယ်ဘုံမည်၏၊
အပါယ်လေးဘုံလုံးနှင့်ဆိုင်သော ဝိဂြိုဟ်။ ယေဘုယျသဒ္ဒါဖြင့် စည်းစိမ်ချမ်းသာရှိသော နဂါး ဂဠုန်တို့ကို စင်စေသည်။
၁၄၃-ကာမသုဂတိ မည်ခြင်း၏ အကြောင်း
သောဘနာ ဂတိ သုဂတိ။
ကာမတဏှာ သဟစရိတာ သုဂတိ ကာမသုဂတိ။
သောဘနာ၊ တင့်တယ်ကောင်းမြတ်သော။ ဂတိ၊ ဖြစ်ခြင်းတည်း။ သုဂတိ၊ တင့်တယ်ကောင်းမြတ်သောဖြစ်ခြင်း။
ကာမတဏှာသဟစရိတာ၊ ကာမတဏှာနှင့်တကွဖြစ်သော၊ သုဂတိ၊ တင့်တယ်သော ဖြစ်ခြင်းတည်း။ ကာမသုဂတိ၊ ကာမတဏှာနှင့်တကွ တင့်တယ်သော ဖြစ်ခြင်း။ ဘူမိသဒ္ဒါနှင့် ရှေးနည်းအတူ ကာမ္မဓာရည်းတွဲ။
၁၄၄-ငရဲဘုံမည်ခြင်း၏ အကြောင်း
အယတော သုခတော နိဂ္ဂတောတိ နိရယော။
ယော ပဒေသော၊ အကြင်အရပ်သည်။ အယတော သုခတော၊ ချမ်းသာမှ။ နိဂ္ဂတော၊ ကင်းလွတ်သည်တည်း။ ဣတိတသ္မာ၊ ထိုသို့ချမ်းသာမှ ကင်းလွတ်သော သတ္တိကြောင့်။ သော ပဒေသော၊ ထိုအရပ်သည်။ နိရယော၊ နိရယမည်၏၊ ဝါ၊ နရက်မည်၏၊
န အက္ခရာကို င အက္ခရာနှင့် လဲလှယ်၍ ငရဲခေါ်သည်။
၁၄၅-တိရစ္ဆာန်မည်ခြင်း၏အကြောင်း
တိရော အဉ္စိတာတိ တိရစ္ဆာနာ။
ယေ သတ္တာ၊ အကြင်သတ္တဝါတို့သည်။ တိရော၊ ဖီလာ။ အဉ္စိတာ၊ သွားတတ်ကုန်၏၊ ဣတိတသ္မာ၊ ထိုသို့ဖီလာသွားတတ်သော သတ္တိကြောင့်။ တေ သတ္တာ၊ ထိုသတ္တဝါတို့သည်။ တိရစ္ဆာနာ၊ တိရစ္ဆာန်မည်ကုန်၏၊
လိုရာအရပ်သို့ ရှေ့ရှုမျက်နှာမူ၍မသွားပဲ အောက်သို့မျက်နှာမူ၍သွားရသောကြောင့် ဖီလာသွား၏ဟူလိုသည်။
တနည်းကား- ဥဒ္ဓံ အနဂန္တာ တိရိယံ အဉ္စိတာတိ တိရစ္ဆာနာ။ ယေ သတ္တာ၊ တို့သည်။ ဥဒ္ဓံ၊ အထက်သို့။ အနဂန္တာ၊ မတက်မူ၍။ တိရိယံ၊ ဖီလာ။ အဉ္စိတာ၊ ဖြစ်တတ်ကုန်၏၊ ဣတိ၊ ထိုကြောင့်။ တေ သတ္တာ၊ တို့သည်။ တိရစ္ဆာနာ၊ တိရစ္ဆာန်မည်ကုန်၏၊
လူတို့ကဲ့သို့ အထက်သို့မမြင့်ပဲ ဖီလာအားဖြင့် ကြီးပွား၍ဖြစ်တတ်၏ ဟုလိုသည်။
(သမ္မောအဋ္ဌကထာ ဝိဂြိုဟ်)
၁၄၆-ယောနိသဒ္ဒါ၏ အနက်အပြားကိုပြဆိုရာ
ယောနိသဒ္ဒါသည်-
၁။ တူသောအဖြစ်နှင့်စပ်သောအနက်၊
၂။ ရောနှောခြင်းအနက်၊
၃။ အကြောင်းဖြစ်သောအနက်။ ဤ ၃-ပါးကိုဟော၏၊
ယုဝန္တိ ဧတ္ထ သတ္တာ ဧကဇာတိ သမ္ဗန္ဓံ ဟောတီတိ ယောနိ။
ဧတ္ထ ဤဇာတ်၌။သတ္တာ၊ သတ္တာဝါတို့သည်။ ယုဝန္တိ ဧကဇာတိသမ္ဗန္ဓံ ဟောတိ၊ တူသောအမျိုး၌ စပ်၍ဖြစ်ကုန်၏ ဣတိ၊ ထိုကြောင့်။ ယောနိ၊ ယောနိ မည်၏၊
အဖြူအနီစသော အဆင်းအားဖြင့်၎င်း၊ အကြီး အငယ်စသော သဏ္ဌာန်အားဖြင့်၎င်း၊ မတူကြသော်လည်း ဤကား နွား ဤကားကျွဲ ဟူ၍ သိအပ်သော သဏ္ဌာန်တူကြသော အဖြစ်ရှိသော ခန္ဓာကိုယ်သည် ယောနိ မည်၏ ဟူလိုသည်။
ယုဝန္တိ မိဿန္တိ သုက္ကသောဏိကာ ဧတောနာတိ ယောနိ။
ဧတေန၊ ဤမဂ်ဖြင့်။ သုက္ကသောဏိကာ၊ သုက်သွေးတို့သည်။ ယုဝန္တိ မိဿန္တိရောယှက်တတ်ကုန်၏၊ ဣတိတသ္မာ ထိုသို့ရောယှက်ကြောင်းဖြစ်သော သတ္တိကြောင့်။ ယောနိ၊ ယောနိမည်၏၊ (အင်္ဂါဇာတ်ရ၏)
ယဝတိ ပဝတ္တတိ ဖလံဧတေနာတိ ယောနိ။
ဧတေန၊ ဤအကြောင်းဖြင့်။ ဖလံ အကျိုးသည်။ ယဝတိ ပဝတ္တတိ၊ ဖြစ်တတ်၏၊ ဣတိ၊ ထိုကြောင့်။ ယောနိ၊ ယောနိ မည်၏၊ (အကြောင်းရ၏၊ )
ဤသုံးပါးသော အနက်တို့တွင် တိရစ္ဆာနယောနိ ဟူသောပုဒ်၌ ယောနိ သဒ္ဒါသည် ခန္ဓာကိုယ်ကို ဟော၏၊
တိရစ္ဆာနာနံ ယောနိ တိရစ္ဆာနယောနိ။
တိရစ္ဆာနာနံ၊ တိရစ္ဆာန်တို့၏၊ ယောနိ၊ ခန္ဓကိုယ်တည်း တိရစ္ဆာနာယောနိ၊ တိရစ္ဆာန်တို့၏ ခန္ဓာကိုယ်။
တိရစ္ဆာန်တို့မှာ မိမိတို့၏ ခန္ဓာကိုယ်သည်ပင် ဘုံမည်၏ဟူလိုသည်။
၁၄၇-ပြိတ္တာဟု ခေါ်ဆိုရခြင်း၏အကြောင်း
ပကဋ္ဌေန သုခတော ဣတာတိ ပေတာ။
ယေ သတ္တာ၊ တို့သည်။ သုခတော၊ ချမ်းသာမှ။ ပကဋ္ဌေန၊ ဝေးသော အားဖြင့်။ ဣတာ၊ ဖြစ်တတ်ကုန်၏၊ ဣတိ၊ ထို့ကြောင့်။ တေ သတ္တာ၊ တို့သည်။ ပေတာ၊ ပေတမည်ကုန်၏၊
ပစ္စဂတဘာဝေန ဣတာတိ ပေတာ။
ယေ သတ္တာ၊ တို့သည်။ ပစ္စာဂတဘာဝေန၊ အိမ်သို့ပြန်လာသော အဖြစ်ဖြင့်။ ဝါ၊ လူ့ ဘုံသို့ ပြန်လာသော အဖြစ်ဖြင့်။ ဣတာ၊ ဖြစ်တတ်ကုန်၏၊ ဣတိ၊ ထို့ကြောင့်။ တေသတ္တာ၊ တို့သည်။ ပေတာ ပေတမည်ကုန်၏
ပ ဣတာဟု ပုဒ်ဖြတ်၊ ပ ကား ပစ္စာဂတ အနက်ဟော ဤဝိဂြိုဟ်ကား ဝိနိပါတိက ပြိတ္တာကိုရည်သည်။
ပေတာနံ၊ ဝိသေယော ပေတ္တိဝိသယော။
ပေတာနံ၊ ပြိတ္တာတို့၏ ဝိသယော၊ ဖြစ်ရာအရပ်တည်း။ ပေတ္ထိဝိသယော၊ ပြိတ္တာတို့၏ ဖြစ်ရာအရပ်။
ပြိတ္တာတို့မှာ မိမိတို့၏ဖြစ်ရာဌာနသည်ပင် ဘုံမည်၏ဟူလိုသည်။
၁၄၈ အသုရကာယ်မည်ခြင်း၏ အကြောင်း
ဣဿရိယကီဠာဒီဟိ နသုရန္တိ ဒိဗ္ဗန္တီတိ အသုရာ။
ယေ သတ္တာ၊ တို့သည်။ ဣဿရိယကီဠာဒီဟိ၊ အစိုးရခြင်း မြူးထူးခြင်း၊ စသည်တို့ဖြင့်။ န သုရန္တိ နဒိဗ္ဗန္တိ၊ နတ်ကဲ့သို့၊ မထွန်းပကုန်။ ဣတိ၊ ထို့ကြောင့်။ တေ သတ္တာ၊ ထိုသတ္တဝါတို့သည်။ အသုရာ၊ အသုရာမည်၏
အသုရာနံ ကာယော အသုရကာယော၊
အသုရာနံ၊ အသုရာတို့၏ ကာယော၊ အပေါင်းတည်း။ အသုရကာယော၊ အသုရာတို့၏ အပေါင်း။
တောင်ခြေ တောအုပ်၊ သမုဒ္ဒရာအနီးအနားတို့သည် အသုရကာယ်တို့၏ နေရာဘုံမည်၏
၁၄၉ – မနုဿဟူသော ဝေါဟာရကိုပြခြင်း
မနော ဥဿန္နံ ဧတေသန္တိ မနုဿ။
ဧတေသံ၊ ထိုသတ္တဝါတို့အား။ ဥဿန္နံ၊ မြတ်သော။ မနော၊ စိတ်သည်။ အတ္တိ ရှိ၏ ဣတိတသ္မာ၊ ထို့သို့မြတ်သောစိတ်ရှိသော သတ္တိကြောင့်၊ တေသတ္တာ၊ တို့သည်။ မနုဿာ၊ မနုသာမည်ကုန်၏ စတုတ္ထီ ဗဟုဗ္ဗီဟိ၊ သမာသ်ဝိဂြိုဟ်။ (ဋီကာအလို)
ကုသလာကုသလေ ဓမ္မေ မနတိ ဇာနတီတိ မနုဿာ။
ယေ ပုဂ္ဂလာ၊ အကြင် ပုဂ္ဂိုလ်တို့သည်။ ကုသလာကုသလေ၊ ကုသိုလ် အကုသိုလ်ဖြစ်ကုန်သော။ ဓမ္မေ၊ တရားတို့ကို။ မနတိ ဇာနာတိ၊ သိတတ်၏ ဣတိတသ္မာ၊ ထို့ကြောင့်။ တေ ပုဂ္ဂလာ၊ ထိုပုဂ္ဂိုလ်တို့သည်။ မနုဿာ၊ မနုဿမည်ကုန်၏ (ကစ္စည်းကျမ်းအလို ကိတ်ဝိဂြိုဟ်)
၁၅၀-စတုမဟာရာဇ်ဟုခေါ်ဆိုရပုံ
စတုမဟာရာဇေ ဘဝါစတုမဟာရာဇိကာ။
စတုမဟာရောဇေ၊ ၄ယောက်သော နတ်မင်းကြီးတို့၏နေရာ၌။ ဘဝါ၊ ဖြစ်ကုန်သည်တို့တည်း။ စာတုမဟာရာဇိကာ၊ ၄ ယောက်သော နတ်မင်းကြီးတို့၏ နေရာ၌ ဖြစ်ကုန်သည်တို့။ (ဘဝတဒ္ဓိတ်)
၁၅၁-တာဝတိံသာဟု ခေါ်ဆိုရပုံ
တေတ္တိံသ သဟပုညကာရိနော ဧတ္တ နိဗ္ဗတ္တာတိ တာဝတိံသာ။
ဧတ္တေ၊ ဤနတ်ပြည်၌။ သဟပုညကာရိနော၊ တကွ ကောင်းမူပြုကြကုန်သော။ တေတ္တိံသ၊ ၃- ကျိပ် ၃-ဦးသောသူတို့သည်။ နိဗ္ဗတ္တာ၊ ဖြစ်ကုန်၏၊ ဣတိတသ္မာ၊ ထိုသို့ ၃-ကျိပ် ၃-ဦးသော သူတို့ဖြစ်ရာ ဖြစ်သော သတ္တိကြောင့်။ တာဝတိံသာ၊ တာဝတိံ သာမည်၏၊ (တေတ္တိံသ သဒ္ဒါကို တာဝတိံသာရေး၏ ဟူလိုသည်။)
၁၅၂-ယာမာဟု ခေါ်ဆိုပုံ
ဒုက္ခတော ယာတာ အပယာတာတိ ယာမာ။
ဒုက္ခတော၊ တောင့်တရခြင်းဆင်းရဲမှ။ ယာတာ အပယာတာ၊ ကင်းသည်တည်း။ ဣတိ၊ ထို့ကြောင့်။ ယာမာ၊ မာယာမည်။
၁၅၃-တုသိတာဟု ခေါ်ဆိုပုံ
အတ္တနော သိရိသမ္ပတ္တိယာ တုသံ ပီတိံ ဣတာ ဂတာတိ တူသိတာ။
အတ္တနော၊ မိမိ၏၊ သိရိသမ္ပတ္တိယာ၊ ကျက်သရေရိပ်ငြိမ် မြတ်စည်းစိမ်ဖြင့်။ တုသံ ပီတိံ၊ နှစ်သက်မွှေ့လျော်ခြင်းသို့။ ဣတာဂတာ၊ ရောက်ကုန်သည်တို့တည်း။ ဣတိတသ္မာ၊ ထို့ကြောင့်။ တုသိတာ၊ တုသိတာမည်၏၊
၁၅၄-နိမ္မာနရတီဟု ခေါ်ဆိုပုံ
နိမ္မာနေ ရတိ ဧတေသန္တိ နိမ္မာနရတိနော။
ဧတေသံ၊ ထိုနတ်တို့အား။ နိမ္မာနေ၊ မိမိဖန်ဆင်းအပ်သော စည်းစိမ်၌။ ရတိ၊ မွှေ့လျော်ခြင်းသည်။ အတ္ထိ၊ ရှိ၏၊ ဣတိ၊ ထို့ကြောင့်။ နိမ္မာနရတိနော၊ နိမ္မာနရတိ မည်ကုန်၏၊
၁၅၅-ပရနိမ္မိတ ဝသဝတ္တီ ခေါ်ဆိုပုံ
ပရနိမ္မိတေသု ဘောဂေသု ဝသံ ဝတ္တေန္တီတိ ပရနိမ္မိတဝသဝတ္တိနော။ ဧတေသံ၊ ထိုနတ်တို့အား။ ပရနိမ္မိတေသု၊ သူတထူး ဖန်ဆင်းအပ်ကုန်သော။ ဘောဂေသု၊ စည်းစိမ်တို့၌။ ဝသံ၊ မိမိအလိုသို့။ ဝတ္တေန္တိ၊ လိုက်စေတတ်ကုန်၏၊ ဣတိတသ္မာ၊ ထိုသို့ သူတထူး ဖန်ဆင်းအပ်သော စည်းစိမ်တို့ကို မိမိအလိုသို့ လိုက်စေတတ်သော သတ္တိကြောင့်။ တေ၊ ထိုနတ်တို့သည်။ ပရနိမ္မိတဝသဝတ္တိနော၊ ပရနိမ္မိဝသဝတ္တီတို့ မည်ကုန်၏၊ (ဝသဝတ္တိပုဒ်၌ သ-တွင် သံယုတ်ကင်းစေ။)
၁၅၆-ရူပ ပထမစျာန် ၃-ဘုံကို ပြဆိုခြင်း
မဟာဗြဟ္မာနံ ပရိသတိဋ္ဌာနေ ဘဝါတိ ဗြဟ္မပါရိသဇ္ဇာ။
မဟာဗြဟ္မာနံ၊ မဟာဗြဟ္မာတို့၏၊ ပရိသတိဋ္ဌာနေ၊ ပရိသတ်အရာ၌။ ဘဝါ၊ ဖြစ်တတ်ကုန်၏၊ ဣတိ၊ ထို့ကြောင့်။ ဗြဟ္မာပါရိသဇ္ဇာ၊ ဗြဟ္မာပါရိသဇ္ဇာမည်ကုန်၏၊
မဟာဗြဟ္မာ နံ ပုရောဟိတဋ္ဌာနေ ဘဝါတိ ဗြဟ္မပုရောဟိတာ။
မဟာဗြဟ္မာနံ၊ မဟာဗြဟ္မာတို့၏၊ ပုရောဟိတဋ္ဌာနေ၊ ပုရောဟိတ်အရာ၌။ ဘဝါ၊ ဖြစ်တတ်ကုန်၏၊ ဣတိ၊ ထို့ကြောင့်။ ဗြဟ္မပုရောဟိတာ၊ ဗြဟ္မပုရောဟိတာ မည်ကုန်၏၊
စျာနာဒီဟိ ဂုဏဝိသေသေဟိ ဗြူဟိတာ ပရိဝုဒ္ဓါတိ ဗြဟ္မာနော။
ယေ ပုဂ္ဂလာ၊ အကြင်ပုဂ္ဂိုလ်တို့သည်။ စျာနာဒီဟိ၊ စျာန်အစရှိကုန်သော။ ဂုဏဝိသေသေဟိ၊ ဂုဏ်ကျေးဇူး အထူးတို့ဖြင့်။ ဗြူဟိတာ ပရိဝုဒ္ဓါ၊ ကြီးပွားတတ်ကုန်၏၊ ဣတိ၊ ထို့ကြောင့်။ ဗြဟ္မာနော၊ ဗြဟ္မာမည်ကုန်၏၊
မဟန္တာ ဗြဟ္မာနော မဟာဗြဟ္မာနော။
မဟန္တာ၊ မြတ်ကုန်သော။ ဗြဟ္မာနော၊ ဗြဟ္မာတို့တည်း။ မဟာဗြဟ္မာနော။ မြတ်ကုန်သော ဗြဟ္မာတို့။
၁၅၇-ဒုတိယစျာန် ၃-ဘုံကို ပြဆိုခြင်း
ပရိတ္တာ အာဘာ ဧတေသန္တိ ပရိတ္တာဘာ။
ဧတေသံ၊ ထိုဗြဟ္မာတို့အား။ ပရိတ္တာ၊ နည်းသော။ အာဘာ၊ အရောင်သည်။ အတ္တီ၊ ရှိ၏၊ ဣတိ၊ ထို့ကြောင့်။ ပရိတ္တာဘာ၊ ပရိတ္တာဘာမည်၏၊
အပ္ပမာဏာ အာဘာ ဧတေသန္တိ အပ္ပမာဏာဘာ။
ဧတေသံ၊ ထိုဗြဟ္မာတို့အား။ အပ္ပမာဏာ၊ မနှိုင်းယှဉ်နိုင်သော။ အာဘာ၊ အရောင်သည်၊ အတ္ထိ၊ ရှိ၏၊ ဣတိ၊ ထို့ကြောင့်။ အပ္ပမာဏာဘာ၊ အပ္ပမာဏာဘာ မည်ကုန်၏၊
ဝလာဟကတော ဝိဇ္ဇု ဝိယ ဣတော စိတောစ အာဘာ သရတိ နိဿရတိ ဧတေသန္တိ အာဘဿရာ။
ဧတေသံ၊ ထိုဗြဟ္မာတို့အား။ ဝလာဟကတော၊ တိမ်တိုက်မှ။ ဝိဇ္ဇု ဝိယ၊ လျှပ်စစ်ကဲ့သို့၊ ဣတော စိတော စ၊ ထိုမှ ဤမှလည်း။ အာဘာ၊ အရောင်သည်။ သရတိ နိဿရတိ၊ ကွန့်မြူးထွက်ပြေးတတ်၏၊ ဣတိ၊ ထို့ကြောင့်။ အာဘဿရာ၊ အာဘဿရာမည်၏၊
၁၅၈-တတိယစျာန် ၃-ဘုံကို ပြဆိုခြင်း
ပရိတ္တာ သုဘာ ဧတေသန္တိ ပရိတ္တသုဘာ။
ဧတေသံ၊ တို့အား။ ပရိတ္တာ၊ အထက်ဗြဟ္မာတို့အောက် နည်းသော။ သုဘာ၊ တခဲနက်ထွက်သော ကိုယ်ရောင်သည်။ အတ္ထိ၊ ရှိ၏၊ ဣတိ၊ ထို့ကြောင့်။ ပရိတ္တသုဘာ၊ ပရိတ္တသုဘာ မည်ကုန်၏၊
အပ္ပမာဏာ သုဘာ ဧတေသန္တိ အပ္ပမာဏသုဘာ။
ဧတေသံ၊ တို့အား။ အပ္ပမာဏာ၊ တပြင်တည်းတွင် မနှိုင်းယှဉ်အပ်သော။ သုဘာ၊ တခဲနက်ထွက်သော ကိုယ်ရောင်သည်။ အတ္ထိ၊ ရှိ၏၊ ဣတိ၊ ထို့ကြောင့်။ အပ္ပမာဏသုဘာ၊ အပ္ပမာဏသုဘာ မည်ကုန်၏၊
သုဘေဟိ အာကိဏ္ဏာတိ သုဘကိဏှာ။
သုဘေဘိ၊ အရောင်အပေါင်း စုဆောင်း၍တင့်တယ်ခြင်းတို့ဖြင့်။ အာကိဏ္ဏာ၊ ပြွမ်းကုန်၏၊ ဣတိ၊ ထို့ကြောင့်။ သုဘကိဏှာ၊ သုဘကိဏှာ မည်ကုန်၏၊
သုဘာကိဏ္ဏ ဆိုအပ်လျက် သုခုစ္စာရဏ အကျိုးဌါ အာကိုလည်း အရဿ ဏ ကိုလည်း ဟပြု၍ သုဘကိဏှ ဟု ဆိုလေသည်။
၁၅၉-စတုတ္ထစျာန် ၇-ဘုံကို ပြဆိုခြင်း
စျာနပ္ပဘာဝနိဗ္ဗတ္တံ ဝိပုလံ ဖလံ ဟတေသန္တိ ဝေဟပ္ဖလာ။
ဧတေသံ၊ တို့အား။ စျာနပ္ပဘာဝနိဗ္ဗတ္တံ၊ စျာန်၏ အစွမ်းဖြင့် ဖြစ်သော။
ဝိပုလံ၊ ပြန့်ပြောသော။ ဖလံ၊ အကျိုးသည်။ အတ္ထိ၊ ရှိ၏၊ ဣတိ၊ ထို့ကြောင့်။ ဝေဟပ္ဖလာ၊ ဝေဟပ္ဖိုလ် မည်ကုန်၏၊
နတ္ထိ သညာ ဧတေသန္တိ အသညာ။
ဧတေသံ၊ ထိုဗြဟ္မာတို့အား။ သညာ၊ သညာ အစရှိသော နာမ်တရားသည်။ နတ္ထိ၊ မရှိ။ ဣတိတသ္မာ၊ ထိုသို့သညာ အစရှိသော နာမ်တရားမရှိသော သတ္တိကြောင့်။ တေ၊ ထိုဗြဟ္မာတို့သည်။ အသညာ၊ အသညာ မည်ကုန်၏၊
အသညာ ဧဝ သတ္တာ အသညသတ္တာ။
အသညာ ဧဝ၊ သညာစသော နာမ်တရားမရှိသော ရုပ်အစုသာလျှင်။ သတ္တာ၊ သတ္တဝါတို့တည်း။ အသညသတ္တာ၊ သညာစသော နာမ်တရားမရှိသော ရုပ်အစုသာလျှင် သတ္တဝါ။
တပါးသော ပုဂ္ဂိုလ်တို့၌ သတ္တသဒ္ဒါ မထည့်မူ၍ အသညသတ်၌ သာလျှင် သတ္တသဒ္ဒါထည့်၍ ဘယ့်ကြောင့် ခေါ်သနည်းဟူမူ ရုပ်အစုမျှသာ ဖြစ်သော ရေ မြေ သစ်ပင်များကဲ့သို့ နိဿတ္တ မှတ်မည်စိုးသောကြောင့် သတ္တသဒ္ဒါထည့်၍ အမည်ပေးသည် ဟူပေ။
သုဒ္ဓါနံ အာဝါသာတိ သုဒ္ဓါဝါသာ။
သုဒ္ဓါနံ၊ စင်ကြယ်ကုန်သော အနာဂါမ် ရဟန္တာတို့၏၊ အာဝါသာ၊ နေရာတို့တည်း။ သုဒ္ဓါဝါသာ၊ စင်ကြယ်သော အနာဂါမ်ရဟန္တာတို့၏နေရာ။ (အစိတ်စိတ်သော ဘုံတို့၌ ဝိဂြိုဟ်မှာ ဋီကာတွင် ရှုလေ။)
၁၆၀-သတ္တဝါသ ဘုံကိုးဝကို ပြဆိုချက်
မေး။ ။သတ္တဝါသ၊ ဘုံကိုးဝကို၊ ဌာနဘယ်သို့ ခွဲမည်နည်း။
ဖြေ။၁။ နာနတ္တကာယ နာနတ္တသညီ
၂။ နာနတ္တကာယ ဧကတ္တသညီ
၃။ ဧကတ္တကာယ နာနတ္တသညီ
၄။ ဧကတ္တကာယ ဧကတ္တသညီ
၅။ ဧကတ္တကာယ သညာနတ္တိ
၆။ အာကသာနဉ္စာယတန
၇။ ဝိညာဏဉ္စာယတန
၈။ အကိဉ္စညာယတန
၉။ နေဝသညာနာသညာယတန-
အားဖြင့် ဘုံကိုးဝ ဖြစ်သတည်း။
ထိုဘုံကိုးဝတွင် လူ့ပြည် နတ်ပြည်အားဖြင့် ၇-ပါးသော သုဂတိဘုံတို့သည် သတ္တဝါတို့၏ ကိုယ်သဏ္ဌာန်လည်း အထူးထူးအပြားပြား ပဋိသန္ဓေစိတ်လည်း အထူးထူးအပြားပြားဖြစ်၍ နာနတ္တကာယ နာနတ္တသညီ မည်၏၊
အပါယ်လေးဘုံ ပထမစျာန်သုံးဘုံ ၇-ပါးသော ဘုံတို့သည် သတ္တဝါတို့၏ ကိုယ်သဏ္ဌာန်ကား အထူးထူးအပြားပြား ရှိ၏၊ ပဋိသန္ဓေ စိတ်မူကား ပထမစျာန် ၃-ဘုံ၌ ပထမစျာန် ဝိပါက်တခုသာ အပါယ်လေးဘုံ၌လည်း အကုသလ ဝိပါက် သန္တီရဏတခုသာ ရှိသည်ဖြစ်၍ နာနတ္တကာယ ဧကတ္တသညီ မည်၏၊
ဒုတိယစျာန် ၃-ဘုံသည် သတ္တဝါတို့၏ ကိုယ်သဏ္ဌာန် အရောင်အဝါကားတူ၏၊ ပဋိသန္ဓေစိတ်ကား ဒုတိယစျာန်ဝိပါက် တတိယစျာန် ဝိပါက်နှစ်ပါး ဖြစ်၍ ဧကတ္တကာယ နာနတ္တသညီ မည်၏၊
တတိယစျာန် ၃-ဘုံ သည် ဝေဟပ္ဖိုလ်ဘုံ သုဒ္ဓါဝါသဘုံ တို့သည် သတ္တဝါတို့၏ကိုယ်သဏ္ဌာန်လည်းတူသည်။ ပဋိသန္ဓေစိတ်လည်း စတုက္က နည်းအားဖြင့် စတုတ္ထစျာန် ဝိပါက် တပါးသာ ဖြစ်သောကြောင့် ဧကတ္တကာယ ဧကတ္တသညီမည်၏၊
အသညသတ်သည် ကိုယ်သဏ္ဌာန်ကားတူ၏၊ စိတ်မရှိသောကြောင့် ဧကတ္တကာယ သညာနတ္တိ မည်၏၊
အရူပ လေးဘုံသည် သညာနတ္ထီတိ တပါးစီဖြစ်၍ လေးပါးယူရမည်။ အင်္ဂုတ္တိုရ် အဋ္ဌ ကထာ စသည်၌လာ၏၊ ထို့ကြောင့် ရှေးဆရာတို့လည်း-
လူ့ပြည်နှင့်နတ်၊ သတ်လျှင်နာနာ၊
ပထမစျာန် လေးတန်ပယ်ခွင် သတ်လျှင်နာဧ၊
ဒွေစျာန်နှစ်ရပ်၊ ဧ နာဟတ်
သညသတ်ပြည်၊ အသညီ
ကြွင်းပြည်နဝါ၊ ဧ ဧသာ
အရူပါမှ ဘုံလေးဝ
သတ္တဝါသာ၊ ဘုံကိုးရွာ-
ဟုစိတ်ဖြာဝေဖန်အပ်သတည်း- ဟူ၍ မိန့်ကုန်၏၊
မနော ၉-ပ-မ-သ-စ
၁၆၁-ပဉ္စ ဝေါကာရ စတုဝေါကာရ ဧကဝေါကာရ ပြားပုံကို ပြခြင်း
မေး။ ။ခန္ဓာတရား ၅-ပါး၊ ၄-ပါး၊ တပါးပြွမ်းရာ၊ သတ္တဝါ၊ ဘုံမှာ ဘယ်သို့ ကောက်သနည်း။
ဖြေ။ ။အပါယ် ၄-ဘုံ ကာမသုဂတိ ၇-ဘုံ ရူပ ၁၅-ဘုံ။
ဤ ၂၆-ဘုံသည် ခန္ဓာငါးပါး ပြွမ်းလျက်ဖြစ်သောကြောင့် ပဉ္စဝေါကာရဘုံ မည်၏၊
အရူပလေးဘုံသည် နာမက္ဓန္ဓာ ၄-ပါးသာ ရှိသောကြောင့် စတုဝေါကာရဘုံ မည်၏၊
အသညသတ်ဘုံသည် ရူပက္ဓန္ဓာ တပါးသာရှိသောကြောင့် ဧကဝေါကာရဘုံ မည်၏၊ ။ ဤသို့ ကောက်လေ။
ဝေါကာရ၌ ဝေါသဒ္ဒါသည် ဝေါမိဿက ပုဒ်၌ကဲ့သို့ ရောပြွမ်းခြင်းအနက်ကို ဟော၏၊ ဝေါမိဿိတွာ ကရောတီတိ ဝေါကာရော ဟုဝိဂြိုဟ်ပြုရမည်။
၁၆၂-ဘဝဂ်ရပ်မှာ အရိယာ ပြောင်းကာ ဖြစ်သင့် မဖြစ်သင့်
မေး။ ။အကနိဋ္ဌ၊ တကွဝေဟပ်၊ ဘဝဂ်ရပ်မှာ၊ အရိယာသည်၊ တခါ ဘုံပြောင်းဦးအံ့လော။
ဖြေ။ ။ဝေဟပ္ဖလေ အကနိဋ္ဌေ၊ ဘဝဂ္ဂေ စ ပတိဋ္ဌိတာ။
န ပုနာညတ္ထ ဇာယန္တိ၊ သဗ္ဗေ အရိယပုဂ္ဂလာ။
ဗြဟ္ဓလောကဂတာဟေဋ္ဌာ၊ အရိယာ နောပပဇ္ဇရေ-ဟူသော နာမရူပ ပရိစ္ဆေဒပါဌ်ဖြင့် ဖြေ။
ဝေဟပ္ဖလေ စ၊ ဝေဟပ္ဖိုလ်ဘုံ၌၄င်း။ အကနိဋ္ဌေ စ၊ အကနိဋ္ဌဘုံ၌၄င်း။ ဘဝဂ္ဂေ စ၊ ဘုံတို့၏ အထွတ်အဖျားဆုံးဖြစ်သော နေဝသညာနာသညာယတနဘုံ၌၄င်း။ ပတိဋ္ဌိတာ၊ တည်ကုန်သော။ သဗ္ဗေ အရိယပုဂ္ဂလာ၊ အလုံးစုံသော အရိယာပုဂ္ဂိုလ်တို့သည်။ ပုန၊ တဖန်။ အညတ္တ၊ တပါးသောဘုံ၌။ နဇာယန္တိ၊ မဖြစ်ကုန်။ ဗြဟ္မလောကဂတာ၊ ဗြဟ္မာပြည်သို့ ရောက်ကုန်သော။ အရိယာ၊ အရိယာ ပုဂ္ဂိုလ်တို့သည်။ ဟေဋ္ဌာ၊ မိမိ၏ ဖြစ်ရာမှ အောက်အောက်သော ဘုံသို့။ နောပပဇ္ဇရေ၊ မဖြစ်ကြကုန်။
ထို ဂါထာကိုမှီ၍ ဆရာတို့သည်လည်း -
ဆောင်ပုဒ်။ ။ ဝေဟပ်ကနိဋ္ဌ၊ နေဝသညာ၊ ဤ၃-ဖြာ၌၊ ရိယာဖြစ်က၊ အညဘုံမှာ၊ မဖြစ်ပါပဲ၊ ထပ်ကာထပ်ကာ၊ ဤဘုံမှာဖြင့်၊ ခေမာအမတ၊ နိဗ္ဗာန်ရသည်၊ ဘဝကူးဆိပ် ၃-ပါးတည်း-
ဟူ၍ မိန့်ဆိုလေသည်။
၁၆၃-အရူပမှာ မဂ်သောတာ ကင်းရာ၌ဝယ် သိမှတ်ဖွယ်
မေး။ ။ အရူပမှာ၊ ပဌမမဂ်၊ ကျေးဇူးနက်ကို၊ စဉ်ဆက်ဘယ်ကြောင့် မရသနည်း။
ဖြေ။ ။ပရတော ဃောသပစ္စယာဘာဝတော ပဌမမဂ္ဂေါပိ အရူပလောကေ န ဥပလဗ္ဘတိ-ဟူသော ဒီပနီပါဌ်နှင့်အညီ ဘုရား ရဟန္တာ စသော အရှင်မြတ်တို့၏ တရားဒေသနာသံတည်းဟူသော အထောက်အပံ့မရှိသည်၏အဖြစ်ကြောင့် အရူပဘုံ၌ သောတာပတ္တိမဂ်ကို မရသည် ဟူပေ။
၁၆၄-သုဒ္ဓါဝါသဘုံ၌ ဗြဟ္မာအမြဲ ရှိ မရှိကို ပြခြင်း
မေး။ ။သောင်းတိုက်သားတွင်၊ ဘုရားရှည်ကြာ၊ မပွင့်ပါသော်၊ သုဒ္ဓါဝါသ မဆိတ်လော။
ဖြေ။ ။သုဒ္ဓါဝါသာ ဝိဝဋ္ဋပက္ခေ ဌိတာ န သဗ္ဗကာလိကာ၊ ကပ္ပသတသဟဿမ္ပိ အသင်္ချေယျမ္ပိ ဗုဒ္ဓါ သုညေ လေကေ န ဥပ္ပဇ္ဇန္တိ၊ သောဠဿ ကပ္ပသဟဿဗ္ဘန္တရေ ဗုဒ္ဓေသု ဥပ္ပန္နေသုယေဝ ဥပ္ပဇ္ဇန္တိ- ဟူသော ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာဖြင့်ဖြေ။
သုဒ္ဓါဝါသာ၊ သုဒ္ဓါဝါသဘုံတို့သည်။ ဝိဝဋ္ဋပက္ခေ၊ ဝိဝဋ္ဋအဖို့၌၊ ဌိတာ၊ တည်ကုန်သည်ဖြစ်၍။ န သဗ္ဗကာလိကာ၊ ခပ်သိမ်းသော ကာလ၌ မရှိကုန်။ ကပ္ပသတသဟဿမ္ပိ၊ ကမ္ဘာတသိန်းပတ်လုံး၎င်း။ အသင်္ချေယျမိ၊ အသင်္ချေပတ်လုံး၎င်း။ လောကေ၊ လောက၌။ ဗုဒ္ဓါ သုညေ၊ ဘုရားရှင်တို့ ဆိတ်ခဲ့သော်။ န ဥပ္ပဇ္ဇန္တိ၊ မဖြစ်ကုန်။ သောဠသကပ္ပသဟဿဗ္ဘန္တရေ၊ ကမ္ဘာတသောင်းခြောက်ထောင်၏ အတွင်း၌။ ဗုဒ္ဓေသု၊ ဘုရားရှင်တို့သည်။ ဥပ္ပန္နေ သုယေဝ၊ ပွင့်ကုန်သော်သာလျှင်။ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏၊
၁၆၅- ဇာတိခေတ်မှ ပြင်ပသုဒ္ဓါဝါ ဘုံများမှ ဗြဟ္မာ ရှိသင့် မရှိသင့်
မေး။ ။သုဒ္ဓါဝါသ နာမသမိုက် သောင်းတိုက်ပြင်မှ နန္တစကြဝဋ္ဌာ တည်လေရာမှာ ဗြဟ္မာတို့ ရှိလေ၏လော။
ဖြေ။ ။သုဒ္ဓဝါသေ ပန ဇာတိခေတ္တတော အပရဘာဂေ သတိပိ အနာဂါမိနံ တတ္ထုပပတ္တိ န ယုတ္တာ တတ္တ နိကန္တိ အသိဒ္ဓိတော ဣဓ ဇာတာနံ ပန တတ္တ ဝါသော ယုတ္တော၊ အနာကိဏ္ဏတာယ ဖာသုဝိဟာရဟေတုတ္တာ ဟူသော ပဋိသမ္ဘိဒါမဂ် ပဏ္ဍိပါဌ်ဖြင့် ဖြေ။
သုဒ္ဓါဝါသေ ပန သုဒ္ဓါဘုံတို့သည်ကား ဇာတိခေတ္တတော ဇာတိခေတ်မှ အပရဘာဂေ ပြင်အဖို့၌ သတိပိ ရှိသော်လည်း အနာဂါမိနံ အနာဂါမ် ဗြဟ္မာတို့၏ တတ္ထ ထိုဘုံတို့၌။ ဥပပတ္တိ ဖြစ်ခြင်းသည်။ န ယုတ္တာ မသင့်။ ကသ္မာ အဘယ်ကြောင့်နည်း ဟူမူကား တတ္ထ ထိုဘုံ၌ နိကန္တိ အသိဒ္ဓိတော တပ်ခြင်းနှင့် မပြည့်စုံသောကြောင့်တည်း။ ဣဓ ဤဇာတိခေတ်တွင်း၌ ဇာတာနံ ဖြစ်ကုန်သော ဗြဟ္မာတို့၏ အနာကိဏ္ဏတာယ မရောပြွမ်းသည်၏ အဖြစ်ကြောင့်တည်း။ ဖာသုဝိဟာရဟေတုတ္တာ ချမ်းသာစွာ နေခြင်း၏အကြောင်း ဖြစ်သောကြောင့်၎င်း တတ္ထ ထိုပြင်ဖြစ်သောဘုံတို့၌ ဝါသော နေခြင်းသည်။ ယုတ္တော သင့်၏
အဓိပ္ပါယ်ကား။ ။ဇာတိခောတ်၏အတွင်း၌ သုဒ္ဓါဝါသဘုံသည် အမြဲတည်၏ ပုဂ္ဂိုလ်ကား အမြဲမတည်။ ဇာတိခေတ်၏ပြင်၌ကား ဘုံသာရှိသည် ပုဂ္ဂိုမရှိ အဘယ့်ကြောင့်နည်းဟူမူ ထိုဘုံ၌တပ်တတ်သော နိကန္တိနှင့်ပြည့်စုံသောပုဂ္ဂိုလ် မရှိသောကြောင့် အနာဂါမ်တို့ဖြစ်ခြင်းငှါ မထိုက်သောကြောင့်တည်း မနှောက်ယှက်ခြင်း ချမ်းသာစွာ နေခြင်းအကျိုးငှါ ဤဇာတိခေတ်သားဖြစ်သော အနာဂါမ် ရဟန္တာတို့သည် ရံခါသွား၍ နေ၏ဟူလိုသည်။
၁၆၆-ငရဲသားများ သေဘေးကို ကြောက်-မကြောက်
မေး။ ။ငရဲခံသူ၊ မပူမြင့်ရှည်၊ ဆင်းရဲတည်လျက်၊ သေမည်ဘေးကို၊ တွေး၍ကြောက်နိုင်သေး၏လော။
ဖြေ။ ။သဗ္ဗေ တသန္တိဒဏ္ဍဿ၊ သဗ္ဗေ ဘာယန္တိ မစ္စုနော။
သဗ္ဗေ၊ ခပ်သိမ်းသောသူတို့သည်။ ဒဏ္ဍဿ၊ ဒဏ်မှ။ တသန္တိ၊ ထိတ်လန့် ကုန်၏၊ သဗ္ဗေ၊ ခပ်သိမ်းသောသူတို့သည်။ မစ္စုနော၊ သေခြင်းမှ။ ဘာယန္တိ၊ ကြောက်ကုန်၏၊ ဤသို့ ဟောတော်မူသောကြောင့် ငရဲခံရသော သူတို့သည် ငရဲထိန်းတို့ ခုတ်ခြင်း ထိုးခြင်း ရိုက်ခတ်ခြင်း တို့ကို ပြုသောဒဏ်မှလည်း ထိတ်လန့်ကုန်၏၊ သေရအံ့သော ဘေးမှလည်း ကြောက်လန့်ကုန်၏ ဟူလိုသည်။
ဘုရား ရဟန္တာတို့သည် အသောကံ ဝိရဇံ ခေမံ ဟူသောပါဉ်ဖြင့် ဘယ်ဘေးကိုမှ မကြောက်ဟူ၍ ဟောတော်မူသည်မဟုတ်လော၊ ဘယ်ကြောင့်သဗ္ဗေ ဘာယန္တိ မစ္စုနော ဟူ၍ ဟောတော်မူပြန်သနည်း-
ဤပါဠိ နှစ်ရပ်သည် ဆန့်ကျင်ကြ၏တကား ဟူငြားအံ့ သဗ္ဗသည်-
၁။ အကြွင်းမရှိသော သာဝသေသသဗ္ဗ၊
၂။ အကြွင်းမရှိသော အနဝသေသသဗ္ဗ-
ဟူ၍ နှစ်ပါးရှိသည်တွင် သဗ္ဗေ ဘာယန္တိ မစ္စနော ဟူသောပါဌ်၌ သဗ္ဗသဒ္ဒါသည် အကြွင်းရှိသော သာဝသေသ သဗ္ဗ ဖြစ်သောကြောင့် ဘုရားရဟန္တာ ဟူသော ကိလေသာ ကုန်ပြီးသော ပုဂ္ဂိုလ်တို့ကိုထား၍ ထိုမှကြွင်းသော အလုံးစုံသော သတ္တဝါဟူသမျှကို ယူအပ်ရကာ မဆန့်ကျင် ဟူပေ။
ဘုရား ရဟန္တာ တို့သည် ဘယ့်ကြောင့် သေဘေးကို မကြောက်သနည်းဟူငြားအံ့။ မိမိ၏အတ္တဘော၌ အိုခြင်း နာခြင်း သေခြင်း ပဋိသန္ဓေနေရခြင်း စသော အပြစ်ကိုရူ၍ ငြီးငွေ့လှသောကြောင့် မကြောင့်ဟူပေ။
အတ္တဘော၌ အပြစ်မြင်ဟန်ကို မဇ္ဈမပဏ္ဏာသ အဠကထာ၌ ဥပမာပြသည်ကား-
ယောကျ်ားတယောက်သည် အရွယ်အဆင်း တင့်တယ်ခြင်းရှိသော မိန်းမတစ်ဦးအား တပ်သောစိတ် ရှိသည်ဖြစ်၍ အစား အဝတ်ကို လောက်ငစွာပေး၍ အိမ်၌နေစေ၏၊ လင်ယောကျ်ားက ငါသည် ဤမိန်းမအား ချီးမြှောက်ခြင်းနည်းပါး၍ အခြားသောသူနှင့် နှီးနှောလေသည်၊ တိုး၍ချီးမြှေက်ဦးအံ့ဟု ကြံလျက် တန်ဆာဝတ်စားတို့ကို တိုးပွား၍ ပေးပြန်၏၊
ယင်းသို့ပေးသော်လည်း အခြားသူနှင့် နှီးနှောမြဲပင်နှီးနှောပြန်၏၊ ထိုအခါ လင်ယောကျ်ားက ဤမိန်းမကား ငါ့အားမထောက်မညှာ သူပြုလေရာကိုပြုသာလေ့ရှိ၏၊ ကြာသော် ငါ၏အကျိုးမဲ့ကို ပြုလတ္တံ့ဟု ထိတ်လန့်သည်ဖြစ်၍ စုံမက်ခြင်းမရှိပဲ အိမ်မှနှင်ထုတ်လေ၏၊ ထိုမိန်းမသည် သူတပါးတို့နှင့် သွားလာနေထိုင်သည်ကို မြင်သော်လည်း ခင်မင်သောစိတ်သည် ကင်းပြတ်၍ ဒေါမနဿသာ ဖြစ်လေ၏၊
ထိုကဲ့သို့ အကြင်ပုထုဇဉ်ပုဂ္ဂိုလ်သည် မိမိအတ္တဘောကို ချစ်ခင်တက်မက်သဖြင့် အစားကောင်း အဝတ်ကောင်း အမွှေးပေါင်းတို့ဖြင့် ချီးမြှင့်ပြုစုရကာနေစေ၏၊ ထိုသို့ နေစေပါသော်လည်း သွေး လေ ပျက် သလိပ် ပျက်ခြင်းစသော ရောဂါဟူသော သူတပါးတို့နှင့် နှီးနှောခဲ့၏၊ ငါသည်အချီးအမြှောက်နည်း၍သာရောဂါနှင့် နှီးနှောလေသည်ဟု နှလုံးပြု၍ ပညာရှိတပါးတို့နှင့် တိုင်ပင်လျက်ဆေးဝါးကုသခြင်း စသဖြင့် အလွန်ပြုစုပါသော်လည်း ထိုတ္တဘောသည် ရောဂါဟူသော သူတပါးနှင့်သာ ရောနှောပြန်ခဲ့၏၊ ဇရာစသောရန်သူတို့နှင့်လည်း ပေါင်းဖက်ရောယှက်၏၊ ထိုသို့ ရောယှက်သောအတ္တဘော၏ အပြစ်ကိုမြင်လျှင် ယခင်မိန်းမကို အိမ်မှနှင်ထုတ်သကဲ့သို့ သင်အတ္တဘော၏ အလိုသို့လိုက်ကာ အစမထင်သံသရာ၌ ရှည်ကြာစွာ ငါပင်ပန်းရပြီ သင်မူကားမညှာမထောက် ဇရာ၏နောက် ဗျာဓိ၏နောက် မရဏ၏ နောက်သို့သာ လိုက်တတ်စွာလှ၏၊ ယနေ့မှစ၍ သင့်အားငါမငဲ့ပြီ၊ ပျက်လိုပျက် ကြေလိုကြေ ဖြစ်ချင်တိုင်းဖြစ်စေဟု နှလုံးသွင်း၍ အတ္တဘောကင်းအောင်သာ အာရုံပြုလေသောကြောင့် သေခြင်းကို မကြောက်သတည်း။
၁၆၇-ဇစ္စန္ဓဒိ၌ အာဒိသဒ္ဒါ၏ အာဒိဝန်ကို ပြဆိုခြင်း
မေး။ ။ဇစ္စန္ဓဒိ၊ ပုဒ်အရှိ၌၊ အာဒိအလို၊ ပုဂ္ဂိုလ် ဘယ်မျှယူမည်နည်း။
ဖြေ။ ။ဇစ္စန္ဓဒိနန္တိ ဧတ္ထ အာဒိဂ္ဂဟဏေန ဇစ္စဗဓိရ ဇစ္စမူဂ ဇစ္စ ဇ ဋ ဇစ္စုမ္မတ္တက ပဏ္ဍက ဥဘတော ဗျဉ္ဇနက နပုံသက ဓမ္မာဒီနံ သင်္ဂဟော-
ဟူသောဋီကာနှင့်အညီ ပဋိသန္ဓေအားဖြင့် နားပင်းသောသူ ပဋိသန္ဓေအားဖြင့် အသောသူ ပဋိသန္ဓေအားဖြင့် မိုက်သောသူ ပဋိသန္ဓေအားဖြင့် ရူးသွပ်သောသူ ပဏ္ဍုက် ၄-ပါး ဥဘသောဗျည်း နပုံသက မမ်းစွဲသော သူအားဖြင့် ၁၁-မျိုးသော ပုဂ္ဂိုလ်တို့ကို ယူအပ်၏
ပဋိသန္ဓေအားဖြင့် ကန်းသောသူပါ တကျိပ် နှစ်မျိုးတည်း၊ ဤသူတို့သည် သုဂတိဘုံသားဖြစ်လျက် အဟိတ် ကုသလဝိပါတ် ဥပေက္ခာ သန္တီရဏဖြင့် ပဋိသန္ဓေနေသောကြောင့် သုဂတိအဟိတ် ပုဂ္ဂိုလ်မည်ကုန်၏
အလုံးစုံသော အဏ္ဍဇ ဇလာဗဇ သတ္တဝါတို့သည် ပဋိသန္ဓေအခါ၌ စက္ခုပသာဒ စသည့်တို့မဖြစ်၊ သတ္တမ၊ သတ္တာဟမှစ၍ ဖြစ်ကြရကား အစက္ခုက အသောတက ပဋိသန္ဓေချည်းဖြစ်၍ ဇစ္စန္ဓမည်ကောင်းရာ၏ တကားဟူငြားအံ့-
တထာပိစက္ခာဒိဥပ္ပဇ္ဇနာရဟကာလေပိ စက္ခုပ္ပတ္တိဝိဗန္ဓက ကမ္မပ္ပဋိ ဗာဟိတသာမတ္ထိယေန ဒိန္နပဋိသန္ဓိနာ၊ ဣတရေနပိ ဝါ ကမ္မေန အနုပ္ပါဒေတဗ္ဗစက္ခုကော သတ္တော ဇစ္စန္ဓောနာမ-
ဟူသော ဋီကာနှင့်အညီ ပဋိသန္ဓေအခါက မပါသော်လည်း စက္ခုဖြစ်ခြင်းငှါ ထိုက်သောကာလ၌ စက္ခုဖြစ်ကြသော သတ္တဝါသည် ဇစ္စန္ဓမမည်။ သစက္ခုကပင်မည်သည်။ စက္ခုဖြစ်ထိုက်သော ကာလ၌ စက္ခုမဖြစ်ရအောင် တားမြစ်သောကံ၏ အစွမ်းဖြင့် ပေးအပ်သော ပဋိသန္ဓေရှိသော သတ္တဝါ တပါးသော အကုသိုလ်ကံကြောင့် မဖြစ်သော စက္ခုပသာဒရှိသော သတ္တဝါသည် ဇစ္စန္ဓမည်၏၊ ဖြစ်ပြီးမှ ပျက်စီးသော သူကိုဇစ္စန္ဓ ဟူ၍ မယူအပ်ဟူလိုသည်။ ဇစ္စဗဓိရ တို့၌လည်း နည်းတူယူလေ။
၁၆၈-ပဏ္ဍုက်အပြား၅-ပါး
ပဏ္ဍုက်သည်-
၁။ အာသိတ္တ-ပဏ္ဍုက်၊
၂။ ဥဿူယျ-ပဏ္ဍုက်၊
၃။ ဩပက္ကမိက-ပဏ္ဍိုက်၊
၄။ ပက္ခ-ပဏ္ဍက်ဟူ၍ ၄-ပါး။
၅။ နပုံသက ပဏ္ဍုက်နှင့်သော် ၅-ပါးပြား၏၊
ထိုငါးပါးတို့တွင်အကြင်သူသည် သူတပါး၏ အင်္ဂါဇာတ်ကိုခံတွင်းဖြင့်စုပ်၍ သုက်ကို ယူပြီးလျှင် မိမိအင်္ဂါ ဇာတ်တွင်း သွင်းလောင်းရာမှ ရာဂ၏ ပူပန်းခြင်းသည် ငြိမ်း၏၊ ထိုသူသည် အာသိတ္တပဏ္ဍုက်မည်။
အကြင်သူသည် သူတပါးတို့ မေထုန် ပျော်မြူးသည်ကို ကြည့်၍ ငြူစရာ ရာဂ၏ပူပန်းခြင်းသည် ငြိမ်း၏၊ ထိုသူသည် ဥဿူယျပဏ္ဍုက်မည်။
အကြင်သူအား သူတပါးတို့သည် နှိပ်စက်၍ မျိုးစေ့တို့ကို ဖျက်ဆီး၏၊ ထိုသူသည် ဩပက္ကမိက ပဏ္ဍုက်မည်၏၊
အကြင်သူအား ရှေးမကောင်းမှု ကံကြောင့် လဆန်းပက္ခ၌ အလွန်ပူပန်ခြင်း ဖြစ်၍ လဆုတ်ပက္ခ၌ ထိုပူပန်းခြင်းသည် ငြိမ်း၏၊ လဆုတ်ပက္ခ၌ သော်လည်း အလွန်ပူပန်းခြင်းဖြစ်၍ လဆန်းပက္ခ၌ ငြိမ်း၏၊ ထိုသူသည် ပက္ခပဏ္ဍုက် မည်၏၊
အကြင်သူအား ပဋိသန္ဓေကပင် ဘာဝရုပ်မဖြစ်သောကြောင့် ဣတ္ထိနိမိတ် ပုရိသနိမိတ်တို့ မရှိကုန်၊ ထိုသူသည် နပုံသကပဏ္ဍုက်မည်၏၊
၁၆၉-ဥဘတောဗျည်း အပြားနှစ်ပါး
အကြင်သူအား နှစ်ပါးသော နိမိတ်တို့သည် ထင်းရှားဖြစ်၏၊ ထိုသူသည် ဥဘတော ဗျည်း မည်၏၊ ထိုဥဘတောဗျည်းသည်-
၁။ ဣတ္ထ ဥဘတောဗျည်း
၂။ ပုရိသ ဥဘတောဗျည်း ဟူ၍ နှစ်ပါးပြား၏၊
ထို နှစ်ပါးတွင်-
ဣတ္ထိဥဘတောဗျည်းအား ဣတ္ထိနိမိတ်သည် အမြဲတည်၏ တပါးသော ဣတ္ထိတို့နှင့် ရောနှောလိုသောအခါ ဣက္ထိနိမိတ်ကွယ်၍ ပုရိသနိမိတ် ဖြစ်ပေါ်လာ၏၊ ထို့ကြောင့် မိမိလည်း ကိုယ်ဝန်ယူနိုင်၏ တပါးသော မိန်းမတို့ကိုလည်း ကိုယ်ဝန်ပေးနိုင်၏၊
ပုရိသ ဥဘတောဗျည်းအား ပုရိသနိမိတ်သည် အမြဲတည်၏ တပါးသော ယောင်္ကျားတို့နှင့် ရောနှောလိုသောအခါ ပုရိသနိမိတ်ကွယ်၍ ဣက္ထိနိမိတ်ဖြစ်ပေါ်လာ၏ ထို့ကြောင့် မိမိကား ကိုယ်ဝန်မယူနိုင် တပါးသော မိန်းမတို့ကိုသာ ကိုယ်ဝန်ပေးနိုင်၏ ဤကား ကျမ်း၌လာသော စကားတည်း။
အချို့ကား ဣတ္ထိနိမိတ်၊ ပုရိသနိမိတ် နှစ်ပါးပင် ထင်ရှားရှိလျက် ပုရိသနိမိတ်သာ အောင်မြင်သည်။ အချို့လည်း ဣတ္ထိနိမိတ်သာ အောင်မြင်သည်။ ဤကားမျက်မြင်တည်း။
ဤပဏ္ဍုက်ငါးဦး ဥဘတောဗျည်းတို့တွင် အာသိတ္တပဏ္ဍုက်ဥဿူယျပဏ္ဍုက် တို့အား ရှင်ရဟန်းအဖြစ်ကို မြစ်တော်မမူ၊ ကြွင်းသော ပဏ္ဍုက်တို့ကိုသာ ဖြစ်တော်မူသည်။
ပက္ခပဏ္ဍုက်ကိုကား၊ အကြင်ပက္ခ၌ ပူပန်ခြင်းရှိ၍ ပဏ္ဍုက်ဖြစ်၏ ထိုပက္ခ၌သာ ရှင်ရဟန်းအဖြစ်ကို မြစ်တော်မူသည်ဟူ၍ ဝိနည်းအဋ္ဌကထာ၊ ဋီကာတို့၌လာ၏
မမ်းစွဲသောသူ ဟူသည်ကား-စကား တငက်ငက်ရှိသော သူတည်း။ အက္ခရာတလုံးကိုလျက် ၂ကြိမ် ၃ကြိမ်ထပ်၍ ဆိုရသော သူတည်းဟု ပြခြင်းငှါ မဏိမဉ္ဇူသာဋီကာ၌-
မမ္မော ဝုစ္စတိ အဗဠဗလော ဧကက္ခရမ္ပိ ဒွိက္ခတ္တုံ ဝါ တက္ခတ္တုံ ဝါ ဟူ၍မိန့်၏
၁၇၀- ဘုမ္မဿိတ သဒ္ဒါစသည်တို့၏ အဖွင့်ကို ပြဆိုရာ
မေး။ ။သုဂတိအဟိတ် ဘုမ္မိဿိတာ၊ ဝိနိပါတိကာ၊ အသုရာကို၊ ဋီကာ ဘယ်သို့ ဖွင့်သနည်း။
ဖြေ။ ။ဘုမ္မဒေဝေ သိတာ နိဿိတာ တဂ္ဂတိကတ္တာတိ ဘုမ္မဿိတာ။ သုခသမုဿယတော ဝိနိပါတာတိ ဝိနိပါတိကာ- ဟူ၍ဖွင့်သည်။
တဂ္ဂတိကတ္တာ၊ ထိုဘုမ္မစိုးနတ်တို့၏ အလားလျင် အလားရှိသောကြောင့်။ ဘုမ္မဒေဝေ၊ ဘုမ္မစိုးနတ်တို့ကို။ သိတာ နိဿိတာ၊ မှီ၍ဖြစ်ကုန်သည်တို့တည်း။ ဘုမ္မဿိတာ၊ ဘုမ္မစိုးနတ်တို့ကို မှီ၍ဖြစ်ကုန်သည်တို့။
ယေ သတ္တာ၊ အကြင်တ္တဝါတို့သည်။ သုခသမုဿယတော၊ ချမ်းသာအပေါင်းမှ ဝိနိပါတာ၊ ကင်းကွာတတ်ကုန်၏ ဣတိတသ္မာ၊ ထိုသို့ချမ်းသာအပေါင်းမှ ကင်းကွာတတ်သော သတ္တိကြောင့်။ တေ သတ္တာ၊ ထိုသတ္တဝါတို့သည်။ ဝိနိပါတိကာ၊ ဝိနိပါတိကတို့ မည်ကုန်၏
ဒီပနီ၌ကား-
ယံ နိဿိတာ ဒေဝါ ဘုမ္မဒေဝါ တဂ္ဂတိကတ္တာ ဘုမ္မဒေဝေ သိတာ နိဿိတာတိ ဘုမ္မဿိတာ- ဟူ၍ ဖွင့်၏
ဘူမိယံ၊ မြေ၌။ နိဿိတာ၊ မှီ၍နေကုန်သော။ ဒေဝါ၊ နတ်တို့တည်း။ ဘုမ္မဒေဝါ၊ မြေ၌မှီ၍နေကုန်သောနတ်တို့။ ပရမေသုရာ၊ သာတာဂီရိ အစရှိသော ဘုမ္မစိုးနတ်တို့ကို ရ၏
တဂ္ဂတိကတ္တာ၊ ထိုဘုမ္မစိုးနတ်တို့၏ အလားလျှင် အလားရှိခြင်းကြောင့်။ ဘုမ္မဒေဝေ၊ ဘုမ္မစိုးနတ်တို့ကို။ သိတာ နိဿိတာ၊ မှီ၍ဖြစ်ကုန်တို့သည်။ ဘုမ္မဿိတာ၊ ဘုမ္မစိုးနတ်တို့ကို မှီ၍ ဖြစ်ကုန်သည်တို့။ ဝိနိပါတိကအသုရာကိုရ၏
တောင်၏အတွင်း ရေ မြေ၏ အတွင်း ကျင်း၊ လိုဏ်ခေါင်းတို့၌ ကံအားလျော်စွာ ဗိမာန်ပေါက်၍ ထိုဗိမာန်၌ နေကုန်သော နတ်တို့ကို ဘုမ္မစိုးနတ်ဟူ၍ဆိုသည်။
ထိုဘုမ္မစိုးနတ်တို့တွင် အချို့နတ်ကား အလွန်တန်ခိုးကြီးသည်၊ သား မြေး အခြံအရံများသည်။ အသက်လည်း ရှည်သည်ဖြစ်၍ ဘုရားနှစ်ဖြာ သုံးဖြစ်တိုင်အောင် မှီသည်။ အချို့လည်း တန်ခိုးအခြံအရံ သင့်ရုံသာရှိသည်။ အသက်လည်း အနှစ်သုံးရာ လေးရာ ငါးရာမျှလောက်ရှည်သည်။
မဏ္ဌဂိရိတောင်၌ နေသော ပရမေသုရာနတ် ဟိမဝန္တာတော၌ နေသော ဟေမဝတနတ် မဇ္မျိမဒေသ သာတတောင်၌ နေသော သာတာဂီရိနတ် ပူရတောင်၌နေသော ပုဏ္ဏကနတ် ကုတ္တိရတောင်၌နေသော ကုက္ကုတိရနတ် ပရမေသုရာနတ်မင်း၏ သားကြီးဖြစ်သော ခန္ဓကုမာရမည်သော မဟာပိန္နဲနတ် အစရှိကုန်သော နှစ်ကျိပ်ရှစ်ယောက်သော နတ်မင်းတို့သည် ဘုမ္မစိုးနတ်ချည်း ဖြစ်ကုန်သည်။ အစာအာဟာရ ကြမ်းတမ်းသောကြောင့် ယက္ခ ဟူ၍လည်း သမုတ်ကုန်သည်။
ထိုဘုမ္မစိုးနတ်တို့ကဲ့သို့ မြေ၌မှီ၍နေရသော ဘုမ္မစိုးနတ်တို့၏ ကျေး ကျွန် ခြွေရံသာ ဖြစ်သော နတ် ပြိတ္တာတို့သည် အထူးထူးသော ဆင်းရဲ၏ ကျရောက်ရာဖြစ်သောကြောင့်
ဝိဝိဓာနိ ဒုက္ခာနိ နိပတန္တီတိ ဝိနိပါတိကာ
ဟူသော ဝစနတ္ထနှင့်ညီစွာ ဝိနိပါတိကလည်း မည်သည်။
နတ်၏အလားရှိလျှက် နတ်ကဲ့သို့ စည်းစိတ်တန်ခိုးဖြင့် မထွန်းပသောကြောင့် န သုရန္တိ န ဒိဗ္ဗန္တီတိ အသုရာ ဟူသော ဝစနတ္ထနှင့်ညီစွာ အသုရာလည်းမည်၏၊
ထိုအမည်နှစ်ရပ်ကို စပ်၍ ဝိနိပါတိက အသုရာဟုခေါ်လေသည်။ ထိုဝိနိပါတိက အသုရာဖြစ်သော ပြိတ္တာတို့ကား ဟိမဝန္တာ၏ အနီးအပါး ဝိဇ္ဇာဋဝီတောအုပ်၌ မြို့ပြဖွဲ့၍နေသည်။ တန်ခိုးကြီးသော ပြိတ္တာပင် မင်းပြုသည်။ လူတို့၏ အနီးဖြစ်သော တောအုပ်၌ကား ဆယ်စု၊ ရာစုမျှသာ နေသည်။
ထို့ကြောင့် ဆ ဂတိဒီပနီကျမ်း လောကပညတ္တိကျမ်းတို့၌
တတ္ထ ပေတနဂရေ မဟိဒ္ဓိကပေတော သဗ္ဗပေတာနံ ဣဿရိယာဓိ ပစ္စံ ကရောတိ- ဟူ၍ပြဆိုသည်။
တတ္ထ၊ ထိုဟိမဝန္တာတော၏ အနီးဖြစ်သော ဝိဇ္ဇာဋဝီတောအုပ်၌။ ပေတနဂရေ၊ ပြိတ္တာတို့၏ မြို့၌။ မဟိဒ္ဓိကပေတော၊ တန်ခိုးကြီးသော ပြိတ္တာသည်။ သဗ္ဗပေတာနံ အလုံးစုံသော ပြိတ္တာတို့အား။ ဣဿရိယာဓိပစ္စံ၊ အစိုးရခြင်းမင်း၏ အဖြစ်ကို။ ကရောတိ၊ ပြု၏
၁၇၁- ပြိတ္တာအပြား ၁၂ ပါးကိုပြဆိုရာ
ထိုပြိတ္တာသည် အမျိုးအားဖြင့်
၁။ ဝန္တာသပြိတ္တာ
၂။ ကုဏပါသပြိတ္တာ
၃။ ဂူထခါဒကပြိတ္တာ
၄။ အဂ္ဂိဇာလမုခပြိတ္တာ
၅။ သုစိမုခပြိတ္တာ
၆။ တဏှာဋ္ဋိကပြိတ္တာ
၇။ သုနိဇ္ဈာမကပြိတ္တာ
၈။ သတ္ထင်္ဂပြိတ္တာ
၉။ ပဗ္ဗတင်္ဂ ပြိတ္တာ
၁၀။ ဝေမာနိက ပြိတ္တာ
၁၁။ အဇဂရင်္ဂပြိတ္တာ
၁၂။ မဟိဒ္ဓိကပြိတ္တာ
ဟူ၍ ၁၂ မျိုးပြားကုန်သည်။ ထို ၁၂ မျိုးတို့တွင်
အလွန် အစာမွတ်သိပ်ခြင်းရှိသည်ဖြစ်၍ သူတပါးစွန့်အပ်သော တံတွေး နှပ် အံဖတ် တို့ကို စားရသော ပြိတ္တာသည် ဝန္တာသပြိတ္တာ မည်၏။
မြွေကောင်ပုပ် ခွေးကောင်ပုပ် လူကောင်ပုပ် စသည်ကို စားရသော ပြိတ္တာသည် ကုဏပါသပြိတ္တာ မည်၏။
လူတို့စွန့်အပ်သောမစင်ကို စားရသော ပြိတ္တာသည် ဂူထခါဒက ပြိတ္တာ မည်၏။
တစုံတခုသောအစာကို မစားရပဲ ခံတွင်းမှ မီးလျှံထွက်သော ပြိတ္တာသည် အဂ္ဂိဇာလမုခ ပြိတ္တာ မည်၏။
ကိုယ်ကြီးမားလျက် အပ်နဖားမျှလောက် ခံတွင်းရှိသော ပြိတ္တာသည် သုစိမုခ ပြိတ္တာ မည်၏။ ထိုပြိတ္တာတို့သည် တရံတခါ အစာကိုတွေ့လတ်သော် ခံတွင်းပေါက် အလွန်ကျင်းသောကြောင့် မသွင်းနိုင်ရကား နားပေါက် နှာခေါင်းပေါက်တို့ဖြင့် သွင်းရကုန်၏၊ စိုးစဉ်းမျှ သာယာခြင်းကိုမရ။ ကာလရှည်စွာ ငတ်မွတ်ကုန်၏။
ရေသိပ်ခြင်းတဏှာဖြင့် လွန်စွာနှိပ်စက်သော ပြိတ္တာသည် တဏှဋ္ဋိကပြိတ္တာ မည်၏။ ထိုပြိတ္တာတို့သည် တရံတဆစ်မျှ ရေမသောက်ရ ရေငတ်လှသောကြောင့် ထုံးအိုင် မြစ် ချောင်း စသည်တို့သို့ ရွေ့ရွေ့တွားလျက် သွားသဖြင့် အနီးအပါးသို့ရောက်သော် ပြည်စု သွေးစု ကျင်းကြီးစုတို့သာ ထင်ကုန်၏။
လွန်စွာလောင်မြိုက်ပြီးသော မီးလောင်သစ်ငုတ်နှင့် တူသော ပြိတ္တာသည် သုနိဇ္ဈာမက ပြိတ္တာ မည်၏။ ထိုပြိတ္တာသည် အချည်းစည်းသောကိုယ် ကြုံလှီပိန်ကပ်လျက် နံရိုးပြိုင်းရရိုင်းထသော ကိုယ်ရှိ၏၊ မကောင်းသောရနံ့လည်း ရှိ၏၊ ခွင်သောခြေလက် ပြူးပြူးထွက်သောမျက်စိလည်းရှိ၏၊ ထမင်းငတ်ခြင်း ရေသိပ်ခြင်းဖြင့် ပြင်းစွာနှိပ်စက်၏။
ဓား လှံ အသွား ငါးမျှားချိတ်နှင့် တူသော လက်သည်း ခြေသည်းရှိလျက် မိမိ၏ ကိုယ်အသားကို ခွါ၍ စားကာ နေရသောပြိတ္တာသည် သတ္ထင်္ဂပြိတ္တာ မည်၏။ ဤ၌ သတ္ထသဒ္ဒါသည် လက်နက်ဟောဖြစ်၍ ဒန္တဇ ဒုတိယက္ခရာ ထ နှင့် ရေးရမည်။
တောင်မျှလောက်သော ကိုယ်ရှိလျက် ဇီးကွက်မျက်နှာကဲ့သို့ ထိပ်မှာ မျက်နှာရှိသော ပြိတ္တာသည် ပဗ္ဗတင်္ဂပြိတ္တာ မည်၏။ ဤပြိတ္တာ၏ကိုယ်သည် နေ့ညပတ်လုံး အခိုးထွက်၍လောင်၏။
စပါးကြီးမြွေကဲ့သို့ ကိုယ်ရှိသော ပြိတ္တာသည် အဇဂရင်္ဂ ပြိတ္တာ မည်၏။ ထိုပြိတ္တာသည် ပြောင်ပြောင်တောက်သော ကိုယ်ဖြင့် ညဉ့်၌လှည့်လည်၍ နေ့၌ အထူးထူးသော ဒုက္ခကို ခံရ၏။
နေရာဗိမာန်၌ဖြစ်ရသော ပြိတ္တသည် ဝေမာနိက ပြိတ္တာ မည်၏။ ထိုပြိတ္တာသည် မိဿကကံကို ပြုခဲ့သောကြောင့် ရံခါ နတ်ကဲ့သို့ စည်းစိမ်ချမ်းသာကိုခံစားရ၏၊ ရံခါ ခွေးစားခြင်း ဓား လှံ ပြတ်ခြင်းစသော ဆင်းရဲကို ခံစားရ၏။
မဟိဒ္ဓိကပြိတ္တာ ဟူသည်ကား ထိုဝေမာနိကမျိုးတွင်တန်ခိုးကြီးသော မင်းပြု၍ စီရင်သော ပြိတ္တာတည်း။ ထိုပြိတ္တာကား အဆင်းလှသကဲ့သို့စည်းစိမ်ကြီးသကဲ့သို့ အကယ်၍ထင်၏၊ ယင်းသို့ထင်သော်လည်း ဘောဇဉ်ကို စားလိုတိုင်းမစားရ၊ ရံဖန်သာမှီဝဲရ၍ တောင့်တခြင်း အားကြီးလျက်ပင်ရှိ၏။
ပြိတ္တာမျိုးသည် ဤ ၁၂-ပါးမျှသာမကသေး အပ်သွားကဲ့သို့ အမွေးရှိသော သုစိလောမ ပြိတ္တာမျိုး၊ မိကျောင်းရေကဲ့သို့ ကြမ်းသောအရေရှိ ခရလောမ ပြိတ္တာမျိုး၊ ဒီဃနခပြိတ္တာမျိုး၊ ဧကပါဒပြိတ္တာမျိုး၊ အနေကပါဒပြိတ္တာမျိုး၊ ဧကဟတ္ထပြိတ္တာမျိုး၊ အနေကဟတ္ထပြိတ္တမျိုး၊ ဧကနေတ္တပြိတ္တာမျိုး အနေကနေပြိတ္တာမျိုးစသောအားဖြင့် များစွာရှိသေး၏၊ ယင်းသို့ရှိသော်လည်း ပဋ္ဌာန နည်းအားဖြင့် ၁၂- ပါးဟူ၍သာ ဆိုသည်ဟု ဆဂတိဒီပနီ၌ မိန့်၏၊ (ကိဉ္စာပိ ဒွါဒသပေတကုလာနီတိ ဝုတ္တံ၊ တံ ပန ပဋ္ဌာနဝသေန ဝုတ္တန္တိ ဒဋ္ဌဗ္ဗံ။) အဋ္ဌကထာကြီးတို့၌ကား-
၁။ ပရဒတ္တုပဇီဝိတပြိတ္တာ၊
၂။ ခုပ္ပိပါသိကပြိတ္တာ၊
၃။ နိဇ္ဈာမတဏှိကပြိတ္တာ၊
၄။ ကာလကဉ္စိကပြိတ္တာ၊
ဟူ၍ ၄-မျိုးသာ ထင်ရှားစွာလာသည်။
ထိုလေးမျိုးတို့တွင် လူ့ပြည်က ဆွေမျိုးညာတိစသော သူတို့အလှူကောင်းမှုပြု၍ အမျှဝေသည်ကိုမှီ၍ အသက်ရှင်သောပြိတ္တာသည် ပရဒတ္ထုပဇီဝိတပြိတ္တာ မည်၏။
ထမင်းငတ်မွတ်ခြင်း ရေသိပ်ခြင်းဖြင့် ပြင်းစွာနှိပ်စက်သော ပြိတ္တာသည် ခုပ္ပိပါသိကပြိတ္တာ မည်၏။
ဝမ်းခေါင်းခံတွင်းမှ၎င်း ကိုယ်အလုံး၎င်း လောင်သည်ဖြစ်၍ ပူပန်ခြင်း ရှိသော ပြိတ္တာသည် နိဇ္ဈာမတဏှိက ပြိတ္တာ မည်၏။
အသုရကာယ်ဟူ၍ အသီးခေါ်ဝေါ်အပ်သော ပြိတ္တာအသုရာသည် ကာလကိဉ္စိက ပြိတ္တာ မည်၏။
ထို့ကြောင့်-
တေသံ ကိရ တိဂါဝုတ္တော အတ္တဘာဝေါ အပ္ပမံသ လောဟိတော ပုဂဏပဏ္ဏသဒိသော ကက္ကဋာကာနံ ဝိယ အက္ခိနိ နိက္ခမိတွာ မတ္တကေတိဋ္ဌန္တိ၊ မုခံ သုစိပါသကသဒိသံ၊ မတ္ထကသ္မိံ ယေဝ ဟောတိ၊ တေန တေ ဩနမေတွာ၊ ဂေါစရံ ဂဏှန္တိ-
ဟုဆိုသော သုတ်ပါထေယျ၊ အဋ္ဌကထာနှင့်အညီ ထိုအသုရာတို့၏ အတ္ထဘောသည် ၃- ဂါဝုတ်မျှရှိသတတ်၊ နည်းသော အသားအသွေး ရှိ၏ ဖက်ရွက်လျော် ကဲ့သို့ အရိုးအရေမျှသာတည်လျက် ပုဇွန်မျက်စိကဲ့သို့ ပြူရရူးထွက်သော မျက်စိတို့သည် ဦးခေါင်းထက်၌ တည်ကုန်၏၊ ခံတွင်းသည် အပ်နဖားပေါက်မျှသာ ဦးခေါင်းထိပ်မှာ တည်၏၊
ထို့ကြောင့် ထိုကာလကိဉ္စိက အသုရာတို့သည် အောက်သို့ စောက်ထိုး ညွှတ်၍သာ အစာကို ယူရကုန်၏၊ ဤဝိနိပါတိက အသုရာမျိုးတို့သည် ယောနိအားဖြင့် အချို့ကား အဏ္ဍဇ အချို့ကား ဇလာဗုဇ အချို့ကား သံသေဒဇ အချို့ကား ဥပပါတ်ဖြစ်ကုန်၍ ယောနိ လေးပါးပင် ရအပ်သည်။ သန္ဓေစိတ် အားဖြင့် သုဂတိအဟိတ် အချို့ကား ဒွိဟိတ် အချို့ကား တိဟိတ်ပင် နေရကုန်သည်။
ထို့ကြောင့် နာမရူပပရိစ္ဆေဒကျမ်း၌-
ဘုမ္မဝဇ္ဇေသု ဒေဝေသု၊ ပေတေနိဇ္ဈာမ သဏိကေ။
နိရယေသု စ သမ္ဘောတိ၊ ယောနေကာဝေါပပါတိကာ။
ဘုမ္မဒေဝေ မနုဿေသု၊ တိရစ္ဆာနေ ပရေတထာ။
ပေတေသု စာဝ သေသေသု၊ စတေဿာပိ စ ယောနိယော-
ဟူ၍ မိန့်အပ်၏။
ဘုမ္မဝဇ္ဇေသု=ဘုမ္မစိုးနတ်သည် ကြဉ်အပ်ကုန်သော။ ဒေဝေသု=နတ်ဗြဟ္မာတို့၌၎င်း။ နိဇ္ဈာမတဏှိကေ=နိဇာမတဏှိက ဖြစ်သော။ ပေတေ=ပြိတ္တာ၌၎င်း။ နိရယေသု စ=ငရဲကြီးရှိထပ်တို့၌၎င်း။ ဧကာဝ=တခုသာလျှင် ဖြစ်သော။ ဩပပါတိကာ=ဥပပါတ်ဟု ဆိုအပ်သော။ ယောနိ=ပဋိသန္ဓေသည်။ သမ္ဘောတိ=ဖြစ်၏၊
ဘုမ္မာဒေဝေ စ=ဘုမ္မစိုးနတ်၌၎င်း။ မနုဿေသုစ=လူတို့၌၎င်း။ တိရစ္ဆာန်နေ စ=တိရစ္ဆာန်မျိုး၌၎င်း။ တထာပရေ=ထိုမှတပါး။ အဝသေသေသု=ဆိုအပ်ပြီးသော နိဇ္ဈာမတဏှိကမှ ကြွင်းကုန်သော။ ပေတေသု စ=ပြိတ္တာမျိုးတို့၌၎င်း။ စတသောပိစ ယောနိယော=လေးပါးသော ယောနိတို့သည်။ သမ္ဘောန္တိ=ဖြစ်ကုန်၏။
---
၁၇၂-စတုမဟာရာဇ် နတ်ဘုံ၌ နတ်ကျိုး နတ်ကန်း ရှိ မရှိ
မေး။ ။မာနဝေ ဒေဝ၊ ကျာကယာဒေါ၊ သလောလျော်စွာ၊ စတုမဟာရာဇ် ရှေးဘုံစစ်၌၊ အဖြစ်ယုတ်မျိုး၊ နတ်ကျိုး နတ်ကန်း ရှိ၏လော။
မှတ်ချက်။ ။မာနဝေ=လူ့ပြည်၌၎င်း၊ အာဒေါဒေဝေ=အစစွာသော စာတုမဟာရာဇ်နတ်ပြည်၌၎င်း။ ကျာကယာ=ဒုဂ္ဂတိအဟိတ် ကြဉ်သောပုဂ္ဂိုလ် တကျိပ်တယောက်ကို။ လဘတိ=ရ၏၊ ဤသို့ ပရမတ္ထဗန္ဓု၌ ဆိုသည့်အတိုင်း စာတုမဟာရာဇ် ဘုံအစစ်၌ ဇစ္စန္ဓ ဇစ္စဗဓိရ အစရှိသော သုဂတိအဟိတ် ပုဂ္ဂိုလ်တို့ကို ရပါအံ့လောဟု မေးသည်။
ဖြေ။ ။စတုမဟာရာဇ် ဘုံအစစ်၌ နတ်ကျိုး နတ်ကန်း မရှိ၊ စတုမဟာရာဇ် အဝင်ဖြစ်သော လူ့ပြည်၌နေသော ဝိနိပါတိက အသုရာ နတ်ပြိတ္တာမျိုးတို့၌သာလျှင် အကျိုး အကန်း စသည်တို့ ဖြစ်ကုန်၏ ဟူပေ။
---
၁၇၃-လူ ဥပပါတ်စသည် ရှိသင့် မရှိသင့်
မေး။ ။ကမ္ဘာဦးသား၊ ကြဉ်ခဲ့ထားမှ၊ လေးပါးယောနိ၊ ရှိကာ၌မူ၊ လူဥပပါတ်မဖြစ်လော။
ဖြေ။ ။ကမ္ဘာဦးသားမှတပါး လူဥပပါတ်ဖြစ်သည်မှာ အမ္ဗပါလိကာမည်သော ပြည့်တန်ဆာမတဦးသာ ကျမ်းဂန်၌ လာသည်။ အကြောင်းကား-ဤအမ္ဗပါလိကာ အလောင်းသည် ရှေးရှေးသော ဘုရားရှင်တို့၏ သာသနာ၌ ကုသိုလ်ကောင်းမှုကို ဆည်းပူး၍ လူ့ပြည် နတ်ပြည် လှည့်လည်ကာ လာသည်တွင် ဤကမ္ဘာမှသည် ၃၁-ကမ္ဘာထက်၌ သိခီဘုရားရှင် သာသနာတော်ဝယ် ရဟန်းပဉ္စင်း ပြု၍ ဘိက္ခုနီမတို့၏ သိက္ခာပုဒ်ကို မကျိုး မပေါက်အောင် ဆောက်တည်၍နေ၏။
တနေ့သ၌ ဘိက္ခူနီမ အများတို့နှင့်တကွ တဆူသော စေတီကို ပူဇော်လျက် လက်ျာရစ်လှည့်ကြရာ ရှေ့ကသွားသော ရဟန္တာမ တဦးသည် ချည်ဆတ်သောကြောင့် သလိပ်ခဲ စင်ကျလေသည်ကို ထိုထေရီမ မမြင်ရကား မပယ်ရှားပဲသွားလေ၏၊ နောက်ကလိုက်သော် ဘိက္ခုနီမမြင်လျှင် အဘယ်ပြည့်တန်ဆာမသည် ဤစေတီပြင်၌ သလိပ်ခဲချလေသနည်းဟု ဆဲရေးမြည်တွန်၏၊
အနီးနေသော ထေရီမတို့က ဤသို့မဆိုလင့်၊ သိက္ခာကြီးများ ရှေ့က သွားသည်ဟု တားမြစ်ပါသော်လည်း ပြည့်တန်ဆာမကဲ့သို့ ကျင့်သည်ကို မဆိုပြီလေဟု ထပ်ပြန်၏၊ ထိုဘိက္ခုနီမသည် သီလကို ကောင်းစွာ စောင့်ရှောက်လျက် နောက်နောက်သော ဘဝတို့၌ အမိဝမ်းထိုက်ဝယ် ပဋိသန္ဓေနေခြင်းမှ ကင်းလွတ်ပါစေသောဟု ဆုတောင်း၏၊ ထိုအကြောင်းကြောင့် နတ်ပြည်၌သာများစွာ ဖြစ်ခဲ့ပြီးသော် အဆုံးဘဝကျသောအခါ ငါတို့ဘုရားလက်ထက်တော်၌ ဝေသာလီပြည်ဝယ် လိစ္ဆာဝီမင်းတို့ပိုင်နက် သရက်ဥယျာဉ်တွင် တခုသော သရက်ပင်အခွ၌ ဥပပါတ် ပဋိသန္ဓေနေလာ၏။
ဥယျာဉ်စောင့်သည် နံနက်စောစော လှည့်ပတ်ရာ တွေ့မြင်လျှင် သရက်ပင် စောင့်နတ်သည် ကိုယ်ထင်ပြသည်ဟု ရှိခိုးလျက် အပါးသို့ ချဉ်းလာ၏၊ မလှုပ်မရှား စကားမဆိုနေသည်ကို မြင်မှ နတ်မဟုတ်မှန်းသိ၍ မိမိအိမ်သို့ ဆောင်၏၊ သမီးပြုထားပြီးလျှင် လိစ္ဆဝီမင်းတို့အား ဆက်လေ၏၊ သရက်ပင်၌ ရသောကြောင့် ထိုသူငယ်မကို အမ္ဗပါလိဟု မှည့်ကြကုန်၏၊
ဥပပါတ်သန္ဓေနေသူဖြစ်၍ အလွန်တင့်တယ်လှသောကြောင့် မြင်သမျှသော လိစ္ဆဝီမင်းသားတို့သည် လိုချင်လှရကား သူရသင့် ငါရသင့်ဟု ငြင်းခုံခိုက်ရန် ဖြစ်ကြ၏၊ ထိုအခါ ထိုရန်ငြိမ်းစိမ့်သောငှါ တရားသူကြီးတို့က အလုံစုံသော မင်းသားတို့နှင့် ဆက်ဆံအောင် ပြည်တန်ဆာမအရာ၌ ထားရမည်ဟု စီစဉ်ကြ၏၊ ရဟန္တာမအား ဆဲရေးဘူးသော မကောင်းမှုကံသည် စိမံတိုက်တွန်းသည် ဖြစ်ရကား ထိုတရားသူကြီးတို့ စီမံတိုင်း အမ္ဗပါလိကာကို ပြည်တန်ဆာမအရာ၌ ထားကြကုန်၏၊ ဖွားရာဖြစ်သော သရက်ဥယျာဉ်ကိုလည်း ဆောင်နှင်းပေ၏၊ ဆင်းရဲသားတို့ မသွားမဝင်နိုင်စိမ့်သောငှါ တနေ့လျှင် အသပြာ တရာပေးမှ ပျော်ပါးရသတည်း။
နောင်အခါ ထိုပြည်တန်ဆာမသည် ဘုရားသခင်အား အလွန်ကြည်ညိုရကား မိမိဥယျာဉ်၌ ကျောင်းဆောက်ပြီးလျှင် ဘုရားအမှုးရှိသော သံဃာတော်တို့အား လှူဒါန်း၏၊ ကာလလျားလတ်သော် မိမိ၏သားဖြစ်သော ဝိမလကောဏ္ဍမထေရ်၏ အထံ၌ တရားတော်ကို နာရသောကြောင့် သာသနာတော်၌ ရဟန်းပြု၍ ဝိပဿနာတရားကို အားထုတ်လေလျှင် ရဟန္တာမအဖြစ်သို့ ရောက်လေသတည်း။
ထိုသို့ ပပါတ်ပဋိသန္ဓေနေကြောင်းကို အပဒါန်းပါဠိတော်၌-
ပစ္ဆိမေ ဘဝသမ္ပတ္ထေ၊ အဟောသိ ဩပပါတိကာ။
အမ္ဗသာခန္တရေ ဇာတာ၊ အမ္ဗပါလီတီ တေနာဟံ-
ဟူ၍လာသည်။
လူတို့ သံသေဒဇ ပဋိသန္ဓေနေသည်မှာ ပဒုမဝတီမိဘုရား အာကင်္ခါမင်းသမီး ပေါက္ခရသာတိပုဏ္ဏား ပဒုမဝတီ၏သားဖြစ်သော မင်းသားလေးရာ ကိုးကျိပ် ကိုးယောက်တို့တည်း။
သံသေဒဇနှင့် ဩပပါတ်ကအထူးကား သံသေဒဇမှာ ငယ်စွာကသည် အစဉ်အတိုင်း ကြီးပွါးရသည်။ ဥပပါတ်မှာ ၁၆-နှစ်ရွယ် ၁၈-နှစ်ရွယ်ဖြင့် ဖြစ်ကုန်သည်။ မှီရာမူကား သစ်ပင် ကြာတိုက် စသော စိမ့်စိုရာကို မှီ၍ချည်း ဖြစ်ကုန်သည်။ ထို့ကြောင့် ပါထိကဝဂ္ဂအဋ္ဌကထာ၌ –-
သံသေဒဇောပပါတိကာနံ အယံ ဝိသေသော။
သံသေဒဇာ မန္ဒဒဟရာ ဟုတွာ နိဗ္ဗတ္တန္တိ။
ဩပပါတိကာ သောဠသဝဿုဒ္ဒေသိကာ-
ဟူ၍ မိန့်လေသည်။
လူတို့ အဏ္ဍဇပဋိသန္ဓေနေသည်ကို အဋ္ဌကထာ ဋီကာတို့၌ သာဓကမထင်။ ကလျာဏီကျောက်စာတွင် နဂါးမနှင့်ဝိဇ္ဇာဓိုရ် ရောနှောကြရာ သန္ဓေရ၍ ဥနှစ်လုံး သဲပြင်တွင် ဥခဲ့၍ ရှင်ရသေ့တွေ့လတ်သော် ယူ၍ထားသဖြင့် ယောက်ျားငယ်နှစ်ယောက် ဖွားမြင်သည်။ တယောက်ကား ဆယ်နှစ်ရွယ်ရောက်မှ ကျောက်ရောဂါနှင့်ဆုံးသည်။ တယောက်မှာ အစဉ်အတိုင်းကြီးပွား၍ သုဝဏ္ဏဘုမ္မိမြို့တွင် သီဟရာဇာဟူသောအမည်နှင့် ဘိက်သိက်ခံ၍ မင်းပြုသည်ဟု ဆိုသည်။
---
၁၇၄-နတ်တို့သက်ပိုင်း နတ်တိုင်းနေရ မနေရကို ပြခြင်း
မေး။ ။အပါယ်လူ့ရွာ၊ အသုရာ၌၊ အာယုမမြဲ၊ ခွဲ၍ပြသော်၊ နိယတ သင်္ချာ၊ နတ်တို့ရွာ၌၊ ညီညာသက်တမ်း သေ၏လော-
ဖြေ။ ။နတ်ခြောက်ရွာတို့တွင် နတ်တို့၏ အရေအတွက်အားဖြင့်-
စတုမဟာရာဇ်ဘုံ၌ နှစ်ပေါင်း ငါးရာ၊
တာဝတိံသာဘုံ၌ နှစ်ပေါင်း တထောင်၊
ယာမာဘုံ၌ နှစ်ပေါင်း နှစ်ထောင်
တုသိတာဘုံ၌ နှစ်ပေါင်း လေးထောင်၊
နိမ္မာနရတိဘုံ၌ နှစ်ပေါင်း ရှစ်ထောင်၊
ပရနိမ္မိတဝသဝတ္တီဘုံ၌ နှစ်ပေါင်း တသောင်း ခြောက်ထောင် ရှည်သည်။
လူတို့၏အရေအတွက်အားဖြင့်ကား-
စတုမဟာရာဇ်၌ အနှစ် ၉-သန်း၊
တာဝတိံသာ၌ ၃-ကုဋေ ၆-သန်း၊
ယာမာ၌ ၁၄-ကုဋေ ၄-သန်း၊
တုသိတာ၌ ၅၇-ကုဋေ ၆-သန်း၊
နိမ္မာနရတိ၌ ၂၃၁-ကုဋေ ၄-သန်း၊
ပရနိမ္မိတ ဝသဝတ္တီ၌ နှစ်ပေါင်း ၉၂၁ ကုဋေ ၆-သန်း ရှည်သည် ဟူ၍ သက်တမ်းပမာဏကို ပြသည်။
ထိုထို နတ်ပြည်၌ဖြစ်သော နတ်တို့သည် သက်တမ်းအတိုင်း တည်၍သာ စုတေကုန်သလောဟူရာ၌ အချို့ကား သက်တမ်းအတိုင်း ရှည်သည်၊ အချို့ကား မရှည်၊ ယင်းသို့မရှည်သော်လည်း လူတို့ပြည်မှာ ရာတမ်း ထောင်တမ်း ဆိုသကဲ့သို့ အလွန်ကို ပိုင်းခြားသော ဥက္ကံသကောဋိနည်းအားဖြင့်သာ အသက်တမ်းကို ထားလေသည် ဟူပေ။
ဘယ်ကိုထောက်၍ သိရသနည်းဟူမူကား-
နတ်တို့၏ စုတိအပြားလေးပါး
နတ်တို့၏စုတေခြင်းသည်-
၁။ အာယုက္ခယ၊
၂။ ပုညက္ခယ၊
၃။ အာဟာရက္ခယ၊
၄။ ကောပါဘိဘဝန၊
အားဖြင့် လေးပါးအပြားရှိသည်။
ထိုလေးပါးတို့တွင် အကြင်သူသည် များစွာသော ကောင်းမှုကြောင့် နတ်ပြည်၌ ဖြစ်ပြီးသော် သက်တမ်းအတိုင်းနေ၍ စုတေပြီးမှ အထက်နတ်ပြည်၌ ဖြစ်၏၊ ဤသူအား အာယုက္ခယဖြင့် စုတေသည်မည်၏။
အကြင်သူသည် အနည်းငယ်သော ကောင်းမူကိုပြုလျက် သဒ္ဒါစေတနာ ထက်လှသောကြောင့် နတ်ပြည်၌ဖြစ်ရ၏၊ ယင်းသို့ဖြစ်သော်လည်း သက်တမ်း အတိုင်းမနေရပဲ သုံးဖို့တဖို့မျှဖြင့်၎င်း ထက်ဝက်မျှဖြင့်၎င်း ကောင်းမူ၏ အာနိသင်ကုန်ရကား စုတေခဲ့၍ လူ့ပြည်စသည်၌ ဖြစ်၏၊ ထိုသူအား ပုညက္ခယဖြင့် စုတေသည်မည်၏။
အကြင်နတ်သည် ကာမဂုဏ်ကို ခံစားခြင်း၌ မွေ့လျော်လှသည်ဖြစ်၍ အာဟာရကို သတိမရသောကြောင့် တနပ်စာမျှကို လွန်မိ၏၊ ထိုနတ်သည်နောက်ထပ်၍ အာဟာရကို သုံးဆောင်ပါသော်လည်း ရုပ်ခန္ဓာနွမ်းယိသဖြင့် စုတိခြင်း သို့ရောက်၏ ထိုနတ်သည် အာဟာရက္ခယဖြင့် စုတေသည်မည်၏၊
အကြင်နတ်သည် မိမိမြူးထူးစံပယ်ရာ ဥယျာဉ် ကစားရာစသည်တို့၌ တပါးနတ်တို့ဘက်ပြိုင်လာသည်ကို မြင်လျှင် ဤနတ်သည် ငါအားဘက်ပြိုင်ရာသလောဟု ဒေါသစိတ်ဖြစ်လျက် မျက်မုန်းကျိုးခြင်းသည် ဖြစ်၏၊ ထိုအမျက်ကြောင့် ကိုယ်ခန္ဓာသည် မီးလောင်သကဲ့သို့ ပူ၍ စုတေ၏၊
ထိုသို့ အမျက်ထွက်သည်ကို နတ်တဦးကသိလျှင် အမျက်မထားပဲ ရှောင်ရှား သည်ဖြစ်အံ့၊ ထိုနတ်ချမ်းသာ၏၊ မရှောင်ပဲ ငါ့ကို အမျက်ထွက်ရသလောဟု ဒေါသတဖန်တင်တုံပြန်အံ့၊ နှစ်ဦးစလုံးပင် စုတေခြင်းသို့ ရောက်၏ ထိုနတ်တို့အား ကောပါဘိဘဝနအားဖြင့် စုတေသည်မည်၏ဟူ၍ ဓမ္မပဒ အဋ္ဌကထာ ဃောသကဝတ္ထု၌လာသည်။ ဒီဃနိကာယ် ဗြဟ္မဇာလသုတ် အဖွင့်၌လည်း ကျယ်စွာလာသည်။
ယင်းသို့ ကျမ်းဂန်လာရကား နတ်သက်တမ်းအတိုင်း မတည်ပဲလည်းအများပင် စုတေကြ၏ဟု စုတေကြ၏ဟု သိရမည်။
---
၁၇၅-နတ်လူနှစ်ပါးတို့၏ နှစ် လ ရက်များကို နှိုင်းယှဉ်ချက်
စတုမဟာရာဇ်ဘုံ၌ နတ်တို့၏အရေအတွက်ဖြင့် နှစ်ပေါင်းငါးရာသည် လူတို့၏ အရေအတွက်ဖြင့် နှစ်ပေါင်း ၉-သန်းရှိ၏ဆိုသော် ထိုနတ်ပြည်၌ တနှစ်လျှင်လူ၌နှစ်ပေါင်း ဘယ်မျှရှိအံ့နည်း။ နတ်ပြည်၌ တရက်လျှင် လူ၌ ရက်ပေါင်း ဘယ်မျှရှိအံ့နည်းဟူသော် လူတို့၏ နှစ်ပေါင်းကိုသန်းကို တည်၊ ငါးရာဖြင့်စား၊ လဒ်တသောင်းရှစ်ထောင်ရ၏ ဤကား နတ်၏ တနှစ်တွင်ရသော လူတို့၏ နှစ်ပေါင်းတည်း။
ထိုနှစ်ပေါင်း တသောင်းရှစ်ထောင်ကိုတည်း၊ နတ်တို့၏ရက်ပေါင်း၃၆၀ဖြင့်စား၊ လဒ် ၅၀၇၏၊ ဤကား နတ်၏တရက်၌ရသော လူတို့၏နှစ်ပေါင်းတည်း။
အထက်နတ်တို့၏ သက်တမ်း၌လည်း ဤနည်းအတူ တွက်လေ၊ ထို့ကြောင့် ဋီကာ၌-
ယာနိ ပညာသဝဿနိ၊ မနုဿနံ ဒိနော တဟိံ။
တိံ သရတ္ထိဒိဝေါ မာသော၊ မာသာ ဒွါဒသ သံဝစ္ဆရံ။
တေန သံဝစ္ဆရေနာယု၊ ဒိဗ္ဗံ ပဉ္စသတံ မတံ။
ဟူ၍ မိန့်အပ်ပြီ။
မနုဿနံ=လူတို့၏၊ ယာနိ ပညာသဝဿနိ=အကြင်အနှစ်ငါးဆယ်တို့သည် တဟိံ=ထိုစာတု မဟာရာဇ်နတ်ပြည်၌။ ဒိနော=တနေ့တညဉ့်မည်၏၊ တိံသရတ္တဒိဝေါ=နေ့ညဉ့်သုံးဆယ်သည်။ မာသော=တလမည်၏၊ မာသာဒွါဒသ=တဆယ်နှစ်လတို့သည်။ သံဝစ္ဆရံ=တနှစ်မည်၏၊ တေန သံဝစ္ဆရေန=ထိုနှစ်ဖြင့်။ ဒိဗ္ဗံ=နတ်၌ဖြစ်သော။ ပဉ္စသတံ=အနှစ်ငါးရာကို။ အာယု=အသက်တမ်းဟူ၌။ မတံ=သိအပ်၏။
---
၁၇၆-အပါယ်သားများ သက်ရှည်ငြား အကုသိုလ်လား ကုသိုလ်လား
သက်တမ်းမမြဲသော ပုဂ္ဂိုလ်တို့တွင် အပါယ်လေးဘုံ၌ အချို့ကား အသက်တိုသည်။ အချို့ကား အသက်ရှည်သည်။ထိုသို့အသက်ရှည်ခြင်းသည် ကုသိုလ်ကံကြောင့်လော အကုသိုလ်ကံကြောင့်လော ဟူငြားအံ့-
အပါယေသု ဟိ ကမ္မမေဝ ပမာဏံ တတ္တ နိဗ္ဗတ္တာနံ။ ယာဝ ကမ္မံ န ခီယတိ၊ တာဝ စဝနာဘာဝတော-
ဟူသော ဋီကာနှင့်အညီ အပါယ်ဘုံတို့၌ မိမိ၏အကုသိုလ် ကံသာလျှင် ပမာဏဖြစ်၏၊ အကြင်ကာလပတ်လုံး အကုသိုလ်ကံသည် အာနိသင်မကုန်။ ထိုမျှလောက်ကာလပတ်လုံး စုတေခြင်းမရှိရကား အကုသိုလ်ကံကြောင့်သာ အသက်ရှည်၏ ဟူပေ။
---
၁၇၇-လေးကျွန်းသားတို့၏ သက်တမ်းကိုပြခြင်း
မနုဿာယုပရိစ္ဆေဒေါ န ဝိဇ္ဇတိဟူသောစကားကို ဇမ္ဗူဒိပ်ကျွန်းသူတို့ကို ရည်၍သာ ဋီကာဆရာ ဆိုသည်၊ အရှေ့ကျွန်း အနောက်ကျွန်းသားတို့ကား ငါးရာစီ၊ မြောက်ကျွန်းသားတို့ကား အနှစ်တထောင် အသက်ရှည်သည်ဖြစ်၍ သက်တမ်းမြဲသည်ပင်ဟူ၍ အဖေဂ္ဂုသာရ၌ဆိုသည်။
ထို သုံးကျွန်းသားတို့သည် မုချအားဖြင့် လူမမည်။ ဇမ္ဗူဒိပ်သားတို့နှင့် သဏ္ဌာန် တူရုံသာဖြစ်ရကား သဒီသူပစာရ အားဖြင့်သာ လူမည်သည်။ ထို့ကြောင့် သုံးကျွန်းသားတို့၏ အသက်တမ်းကို ပမာဏမပြုပဲ ဆိုလေသည် ဟူ၍ ဆရာကြီးတို့ မိန့်ကုန်၏။
---
၁၇၈-နတ်ရွာခြောက်တန် တည်နေဟန်
နတ်ပြည်ခြောက်ထပ်တို့၏ တည်ဟန်ကို ဓမ္မဟဒယဝိဘင်း အဋ္ဌကထာ၌-
စာတုမဟာရာဇိကာ နာမ သိနေရုပဗ္ဗတဿ ဝေမဇ္ဈေ ဟောန္တီတိ တေသု ပဗ္ဗထဋ္ဌကာပိ အတ္ထိ အာကာသဋ္ဌကာပိ၊ တေသံ ပရမ္ပရာ စက္ကဝါဠပဗ္ဗတံ ပတ္တာ၊ ခိဋ္ဋပဒေါသိကာ မနောပဒေါသိကာ သီတဝလာဟကာ ဥဏှဝလာဟကာ စန္ဒိမဒေဝပုတ္တော သူရိယဒေဝပုတ္တော တိ ဧတေ သဗ္ဗေပိ စာတုမဟာရဇိကဒေဝလောကဋ္ဌကာ ဧဝ။ တေတ္တိံသ ဇနာ တတ္ထ ဥပ္ပန္နာ တိ တာဝတိံသာ၊ တေပိ အတ္ထိ ပဗ္ဗတဋ္ဌကာ၊ အတ္ထိ အာကာသဋ္ဌကာ၊ တေသံ ပရမ္ပရာ စက္ကဝါဠပဗ္ဗတံပတ္တာ၊ တထာ ယာမာဒီနံ ဧကမေဝ ဒေဝလောကေပိ ဟိ ဒေဝါနံ ပရမ္ပရာ စက္ကဝါဠံ အပတ္တာ နာမ နတ္ထိ- ဟူ၍ မိန့်ဆိုသည်။
အနက်ကား-
စာတုမဟာရာဇိကာ နာမ=စာတုမဟာရာဇ် နတ်ပြည်မည်သည်ကား။ သိနေရုပဗ္ဗတဿ=မြင်းမိုရ်တောင်မင်း၏၊ ဝေမဇ္ဈေ=အလယ်ဖြစ်သော ပဉ္စမအာလိန်၌။ ဟောန္တိ=ဖြစ်ကုန်၏၊ တေသု=ထိုနတ်တို့တွင်။ ပဗ္ဗတဋ္ဌကာပိ=တောင်၌တည်သော နတ်တို့သည်လည်း။ အတ္ထိ သန္တိ=ရှိကုန်၏၊ အာကာသဋ္ဌကာပိ=ဟင်းလင်းအပြင် ကောင်းကင်၌ တည်သောနတ်တို့ သည်လည်း။ အတ္ထိ သန္တိ=ရှိကုန်၏၊ တေသံ=ထိုနတ်တို့၏ ပရမ္ပရာ=အဆက်ဆက်တို့သည်။ စက္ကဝါဠပဗ္ဗတံ=စကြဝဠာတောင်သို့။ ပတ္တာ=ရောက်ကုန်၏၊ ခိဋ္ဋာပဒေါသိကာ=မြူးထူးလွန်၍ ပျက်စီးသောနတ်၎င်း။ မနောပဒေါသိကာ=မျက်ငြိုးစိတ်လွန်၍ ပျက်စီးသောနတ်၎င်း။ သီတဝလာဟကာ=အချမ်းကိုဆောင်တတ်သောနတ်၎င်း။ ဥဏှဝလာဟကာ=အပူကို ဆောင်တတ်သော နတ်၎င်း။ စန္ဒိမဒေဝပုတ္တော=လ နတ်သား၎င်း။ သူရိယဒေဝပုတ္တော=နေ နတ်သား၎င်း။ ဣတိ=ဤသို့အစရှိသော။ ဧတေ သဗ္ဗေပိ=ဤနတ်အလုံးစုံ တို့သည်လည်း။ စာတုမဟာရာဇိကဒေဝလောကဋ္ဌကာ ဧဝ=စာတုမဟာရာဇ် နတ်ပြည်၌ တည်သော နတ်တို့ချည်းတည်း။ တေတ္တိံသ ဇနာ=သုံးကျိပ်သုံးဦးသောသူတို့သည်။ တတ္ထ=ထိုနတ်ပြည်၌။ ဥပ္ပန္နာ=ဖြစ်ကုန်၏ ဣတိ=ထို့ကြောင့်။ တာဝတိံသာ=တာဝတိံ သာမည်ကုန်၏၊ တေပိ=ထိုတာဝတိံသာနတ်တို့သည်လည်း။ ပဗ္ဗတဋ္ဌကာ=မြင်းမိုရ်တောင်ထိပ်၌ တည်သော နတ်တို့သည်လည်း အတ္ထိ သန္တိ=ရှိကုန်၏၊ အာကာသဋ္ဌကာ=ကောင်းကင်၌တည်သော နတ်တို့သည်လည်း။ အတ္တိ=ရှိကုန်၏၊ တေသံ=ထိုတာဝတိံ သာနတ်တို့၏၊ ပရမ္ပရာ=အဆက်ဆက်တို့သည်။ စက္ကဝါဠပဗ္ဗတံ=စကြဝဠာတောင်သို့။ ပတ္တာ=ဆိုက်ရောက်ကုန်၏၊ ယာမာဒီနံ=ယာမာ အစရှိကုန်သော အထက်နတ်ပြည်လေးထပ်တို့၏၊ ပရမ္ပရာ=အဆက်ဆက်တို့သည်။ တထာ=ထို့အတူပင်တည်း။ ဟိသစ္စံ=မှန်၏၊ ဧကမေဝ ဒေဝလောကေပိ=တထပ်သော နတ်ပြည်၌လည်း။ ဒေဝါနံ=နတ်တို့၏၊ ပရမ္ပရာ=အဆက်ဆက်တို့သည်။ စက္ကဝါဠံ=စကြဝဠာတောင်သို့။ အပ္ပတ္တာနာမ=မရောက်သော မည်သည်။ နတ္ထိ=မရှိ။
နှုတ်တက် ဆောင်ရန် ကောင်းလှသောကြောင့် ပါဠိ အနက် အစုံရေး လိုက်သည်။
---
၁၇၉-ဘုံအကွာအဝေးကို ပြဆိုခြင်း
၁။ လူဘုံမှာသည်စာတုမဟာရာဇ်ဘုံ၊
၂။ ထိုမှသည်တာဝတိံသာဘုံ၊
၃။ ထိုမှသည်ယာမဘုံ၊
၄။ ထိုမှသည်တုသိတာဘုံ၊
၅။ ထိုမှသည်နိမ္မာနရတိဘုံ၊
၆။ ထိုမှသည်ပရနိမ္မိတ ဝသဝတ္တီဘုံ၊
ဤ ၆ပါးသော ဘုံတို့၏အကြားသည် ယူဇနာ လေးသောင်း နှစ်ထောင်စီ ကွာဝေး၏၊
၁။ ဝသဝတ္တီဘုံမှသည်ပထမစျာန် ၃-ဘုံ၊
၂။ ထိုမှသည်ဒုတိယစျာန် ၃-ဘုံ၊
၃။ ထိုမှသည်တတိယစျာန် ၃-ဘုံ၊
၄။ ထိုမှသည်စတုတ္ထုစျာန်ဖြစ်သော ဝေဟပ္ဖိုလ် အသညသတ်ဘုံ၊
၅။ ထိုမှသည်အဝီဟာဘုံ၊
၆။ ထိုမှသည်အတပ္ပါဘုံ၊
၇။ ထိုမှသည်သုဒဿဘုံ၊
၈။ ထိုမှသည် သုဒဿီဘုံ၊
၉။ ထိုမှသည် အကနိဋ္ဌဘုံ၊
၁၀။ ထိုမှသည် အာကာသာနဉ္စဘုံ၊
၁၁။ ထိုမှသည် ဝိညာဏဉ္စဘုံ၊
၁၂။ ထိုမှသည် အာကိဉ္စညာဘုံ၊
၁၃။ ထိုမှသည်နေဝသညာဘုံ၊
ဤ ၁၃-ဘုံတို့၏အကြားသည် ယူဇနာ (၅၅၀၈၀၀၀) ငါးသန်း ငါးသိန်း ရှစ်ထောင်စီ ကွာခြား၏၊
ဆောင်ပုဒ်။-
လေးသောင်း နှစ်ထောင်၊ အကွာဆောင်၊ လူဘောင်နတ်၆-ရွာ။
ငါးသန်း ငါးသိန်း၊ ရှစ်ထောင်ကိန်း၊ ခြားစိမ်းနတ်ဗြဟ္မာ။
ကြိသုညာ၊ သောပဉ္စာ၊ အဋ္ဌာဧကသတ်။
နေဝသညာ၊ နတ်ဗြဟ္မာ လူ့ရွာအခြားမှတ်-
ဟူသတည်း။
---
၁၈၀-စျာန်ဘုံလေးပါးသာရှိရခြင်း အကြောင်း
မေး။ ။ရူပဝစရံ၊ စိတ် ၃-ပါးတန်မှာ၊ စျာန် ၅-ပါးသာ၊ ပြားစပါလျက်၊ ဘုံမှာလေးရပ်၊ သန္ဓေကပ်သည်၊ ပညာဘယ့်ကြောင့် မညီသနည်း။
ဖြေ။ ။စျာန်ရသော ပုဂ္ဂိုလ်တို့သည် မန္ဒပညာ တိက္ခပညာဟူ၍ နှစ်မျိုးရှိသည်။ ထိုနှစ်မျိုးတို့တွင် မန္ဒပညာပုဂ္ဂိုလ်အား အင်္ဂါငါးပါးရှိသော ပထမ စျာန်ကိုရပြီးနောက် ဝိတက်ကိုလွန်၍ ကျန်အင်္ဂါလေးပါဖြင့် ဒုတိယစျာန်ကို ရသည်။ ထို့နောင် ဝိစာရကိုလွန်၍ ကျန်အင်္ဂါ ၃-ပါးဖြင့် တတိယစျာန်ကိုရသည်။ ထို့နောင် ပီတိကိုလွန်၍ ကျန်အင်္ဂါ ၂-ပါးဖြင့် စတုတ္ထစျာန်ကို ရသည်။ ထို့နောင် သုခကိုလွန်၍ ဥပေက္ခာ ဧကဂ္ဂတာ အင်္ဂါ ၂-ပါးဖြင့် ပဉ္စမစျာန်ကို ရသည်။ ဤသို့ ၅-ကြိမ်ရသောကြောင့် စျာန် ၅-ပါးဖြစ်သည်။
တိက္ခပညာ ပုဂ္ဂိုလ်အား ပထမစျာန်ကို ရပြီးနောက် ဝိတက် ဝိစာရ နှစ်ပါးကိုလွန်၍ ကျန်အင်္ဂါ ၃- ပါးဖြင့် ဒုတိယစျာန်ကိုရသည်။ ပိီတိကိုလွန်၍ ကျန်အင်္ဂါနှစ်ပါးဖြင့် တတိယစျာန်ကို ရသည်။ သုခကို လွန်၍ ကျန်ဥပေက္ခာ ဧကဂ္ဂတာ အင်္ဂါနှစ်ပါးဖြင့် စတုတ္ထစျာန်ကိုရသည်။ ဤသို့၄-ကြိမ်သာရသောကြောင့် စျာန် ၄ -–ပါးဖြစ်သည်။
ဥပမာကား-အားနည်းသော သူသည် ငါးလှမ်း တက်ရသောကြောင့် လှေကားငါးထစ်ပြုသည်ကို အားရှိသောသူသည် လေးလှမ်းဖြင့် တက်သကဲ့သို့ မှတ်ရမည်။
ဤသို့ ပဉ္စကနည်း စတုတ္ထနည်းနှစ်ပါးရှိသည်တွင် ရူပါဝစရဘုံကို စတုတ္ထနည်း ပညတ်သောကြောင့် ၄-ရပ်သာရှိလေသည်ဟု ဖြေလေ။
---
၁၈၁- ကမ္ဘာနှင့်ဗြဟ္မာ သိဖို့ရာ
ဗြဟ္မာတို့၏ အာယုပ္ပမာဏကိုပြရာဝယ် ကပ်သည်-
၁။ အာယုကပ်၊
၂။ အန္တရကပ်၊
၃။ အသင်္ချေယျကပ်၊
၄။ မဟာကပ်-
ဟူ၍ လေးပါးအပြားရှိသည်။ ထိုလေးပါးတွင်-
သတ္တဝါတို့ ပဋိသန္ဓေသည်မှ စုတိတိုင်အောင် အသက်အပိုင်းအခြားသည် အာယုကပ် မည်၏။
လူတို့အသက် ဆယ်နှစ်နေသည်မှသည် အသင်္ချေယျတိုင်၊ ထိုအသင်္ချေနေသည်မှသည် ဆယ်နှစ်တန်းတိုင်အောင်သော ကာလအပိုင်းအခြားသည် အန္တရကပ် မည်၏။
ထိုအန္တရကပ် ၆၄-ရပ်တို့ဖြင့် မှတ်အပ်သော ဝိဝဋ္ဋဋ္ဌာယီကပ်သည် အသင်္ချေယျကပ် တကပ်မည်၏၊
ထိုမျှလောက် ပမာဏရှည်သော သံဝဋ္ဋကပ် သံဝဋ္ဋဋ္ဌာယီကပ် ဝိဝဋ္ဋကပ်သုံးကပ်တို့သည်လည်း အသင်္ချေယျကပ်တို့မည်ကုန်၏။
ဤအသင်္ချေယျ လေးကပ်သည် တခုသောမဟာကပ် မည်၏။
---
၁၈၂-ကမ္ဘာပျက်ဟန်ကို ပြခြင်း
သတ္တ သတ္တဂ္ဂိနာ ဝါရာ၊ အဋ္ဌမေ အဋ္ဌမေ ဒကာ။
စတုသဋ္ဌိ ယဒါ ပုဏ္ဏာ၊ ဧကောဝါယုဝရော သိယာ။
ဟူသော ဂါထာနှင့်အညီ မီးဖျက်သော ကမ္ဘာ ၇-ကြိမ် ၇-ကြိမ်ဖြစ်၍ ၈-ကြိမ်မြောက် ၈- ကြိမ်မြောက်၌ ရေဖျက်သည်။ မီး ၇-ကြိမ်ရှစ်လီ ရေ ၇-ကြိမ်အားဖြင့် ၆၃-ကြိမ်ဖျက်ပြီး၍ ၆၄-ကြိမ်မြောက်၌ လေဖျက်သောကမ္ဘာဖြစ်သည်။ ။ထို့ကြောင့် လောကဝိဒူပျို့၌-
မီး ငါးဆယ့်ခြောက်၊ အတောက်လျှံဝေ၊ ရေ ၇-ကြိမ်၊ လေ တကြိမ်ဖြင့် ရွှေအိမ်လောက၊ ဗြဟ္မာဘုံထွက်၊ ရောက်တိုင်းလွတ်၍၊ သံဝဋ်သုံးလီ၊ ပျက်ပြီကမ္ဘာ၊ တည်ထွန်းခါဝယ်-
ဟူ၍စပ်ဆိုလေသည်။
အဂ္ဂိနာဘဿရာ ဟေဋ္ဌာ၊ အာပေန သုဘကိဏှတော။
ဝေဟပ္ပလတော ဝါတေန၊ ဧဝံ လောကော ဝိနဿတိ-
ဟူသော ဂါထာနှင့်အညီ-
မီးဖျက်သောကမ္ဘာ၌ ပထမစျာန် ၃-ဘုံပျက်သည်။
ရေဖျက်သောကမ္ဘာ၌ ဒုတိယစျာန် ၃-ဘုံတိုင်အောင် ပျက်သည်။
ဤသို့ တေဇော သံဝဋ္ဋ၊ အာပေါသံဝဋ္ဋ၊ ဝါယော သံဝဋ္ဋ ကပ် ၃-ပါးတွင် တပါးပါးမျှ မလွတ်ရကား ပထမစျာန်ဗြဟ္မာတို့၏ အသက်ကို မဟာကပ်၏ အစွမ်းဖြင့်သာ မယူအပ်၊ အသင်္ချေယျကပ်၏ အစွမ်းဖြင့်သာ ယူအပ်သည်။ ဒုတိယစျာန် ဗြဟ္မာစသည်တို့ကိုကား မဟာကပ်ဖြင့် ယူအပ်သတည်း။
ကမ္မစတုက္က၌ သိလွယ် ဆောင်လွယ် စိမ့်သောငှာ စုံလင်စွာ ရေးလိုက်အံ့။
ကံဟူသော ဝေါဟာရ
အကုသိုလ်စိတ်ဒွါဒသ လောကီကုသိုလ် သတ္တရသတို့၌ယှဉ်သော စေတနာ ၂၉-ခုသည်- ကရိယတေ ဧတေနာတိ ကမ္မံ။ ။ဧတေန=ဤစေတနာဖြင့်။ ကရိယတေ=ပြုအပ်၏၊ ဣတိတသ္မာ=ထို့သို့ပြုကြောင်းဖြစ်သော သတ္တိကြောင့်။ ကမ္မံ=ကံ မည်၏-ဟူသော ဝစနတ္ထနှင့်ညီစွာ ဝိပါက်ကဋတ္တာရုပ် ဒုက္ခ သုခတို့ကို ပြုပြင်ကြောင်း ဖြစ်သောကြောင့် ကံမည်၏။
၁၈၃- ကိစ္စထူးခြား ကံလေးပါး
ဤကံသည် ကိစ္စဟုဆိုအပ်သော သတ္တိ၏ အစွမ်းအားဖြင့်-
၁။ ဇနကကံ။
၂။ ဥပကမ္ဘက ကံ၊
၃။ ဥပပီဠကကံ၊
၄။ ဥပသာတက ကံ-
ဟူ၍ လေးပါးအပြားရှိ၏၊
၁-ဇနကကံကို ပြဆိုချက်
ထိုလေးပါးတို့တွင် –
ဇနေတီတိ ဇနကံ၊ ပဋိသန္ဓိပဝတ္တီသု ဝိပါကကဋတ္တာရူပါနံ နိဗ္ဗတ္တကာ ကုသလာကုသလစေတနာ ဇနကံ နာမ-
ဟူသော ဋီကာနှင့်အညီ ပဋိသန္ဓေအခါ ပဝတ္တိအခါတို့၌ ဝိပါက် ကဋတ္တာရုပ်တို့ကိုဖြစ်စေတတ်သော ကုသိုလ် အကုသိုလ်စေတနာသည် ဇနကကံမည်၏၊
၂-ဥပတ္တမ္ဘကကံကို ပြဆိုချက်
ဥပတ္ထမ္ဘေတီတိ ဥပတ္ထမ္ဘကံ၊ ကမ္မန္တရဿ စိရတရဝိပါကနိဗ္ဗတ္တနေ ပစ္စယဘူတံ ဝိပါကေဿဝဝါ၊ သုခဒုက္ခဘူတဿ ဇနကသာမတ္ထိယာနံရူပံ စိရတရပဝတ္တိပစ္စယဘူတံ ကုသလာကုသလကမ္မံ ဥပတ္ထမ္ဘကံ နာမ။
(ဋီကာ)
ကံတပါး၏ အကျိုးဆက် ကြာမြင့်စွာ ဖြစ်ခြင်း၏ အကြောင်းဖြစ်သော သုခ ဝိပါက် ဒုက္ခဝိပါက်တို့၏ အဆက်မပြတ်ဖြစ်ခြင်းငှာ၎င်း ပွားစီးခြင်းငှာ၎င်း ဇနကကံဟောင်း၏ သတ္တိအားလျော်စွာ ကြာမြင့်အောင် ထောက်ပံ့တတ်သော ကုသိုလ်အကုသိုလ်ကံသည် ဥပတ္ထမ္ဘကကံမည်၏၊
ဒီပနီဆရာတော်၏အလိုကား ပဝတ္တိအခါ၌ အကျိုးပေးတတ်သော ကံသည် ဖြစ်စေအပ်သော သုခ ဒုက္ခကို၎င်း ပဋိသန္ဓေကို ပေးအပ်သောကံသည် ဖြစ်စေအပ်သော သုခ ဒုက္ခကို၎င်း ကြာမြင့်စွာဖြစ်စိမ့်သောငှာ တောက်ပံ့တတ်သောကံသည် ဥပတ္ထမ္ဘကကံမည်၏ဟူ၍ ဆိုသည်။
ဤကံကား ကုသိုလ်ကို ကုသိုလ်ချင်း၊ အကုသိုလ်ကို အကုသိုလ်ချင်းသာ ထောက်ပံသည်။
၃-ဥပပီဠကံကို ပြဆိုချက်
ဥပဂန္တွာ ပိဠေတီတိ ဥပပီဠကံ၊ ကမ္မန္တရဇနိတဝိပါကဿ ဗျာဓိဓာတုသမတာဒိနိမိတ္တဝိဗာဓနေန စိရတရပဝတ္တိ ဝိနိဗန္ဓကံ၊ ယံကိဉ္စိ ကမ္မံ ဥပပီဠကံ နာမ။ (ဋီကာ)
ကံတပါးသည် ဖြစ်စေအပ်သော ဝိပါက်၏ နာခြင်းအကြောင်း, ဓာတ်ညီညွတ်ခြင်း၏အကြောင်းကို တားမြစ်သဖြင့် ကြာမြင့်စွာဖြစ်စေခြင်းကို နှောင့်ယှက်တတ်သော ကုသိုလ်, အကုသိုလ်ကံသည် ဥပပီဠကကံမည်၏၊
ဤ၌ အဓိပ္ပါယ်အဖြောင့်ကား-အကုသိုလ်ကံသည် ဖြစ်စေ၍ အနာများသောသူအား ကုသိုလ် ဥပပီဠကကံသည် နာခြင်း၏အကြောင်းကို တားမြစ်သဖြင့် ကြာမြင့်စွာချမ်းသာအောင် နှိပ်စက်သည်။
ကုသိုလ်ကံသည်ဖြစ်စေ၍ ကျန်းမာသောသူအား အကုသိုလ် ဥပပီဠကကံသည် ဓာတ်ညီညွတ်ခြင်း၏အကြောင်းကို တားမြစ်သဖြင့် ကြာမြင့်စွာ နာခြင်းဖြင့် နှိပ်စက်သည်ဟု ဆိုလိုသည်။
၄-ဥပဃာတကကံကို ပြဆိုချက်
ဥပဂန္တွာ ဃာတေတီတိ ဥပဃာတကံ၊ ဒုဗ္ဗလဿ ပန ကမ္မဿ ဇနကသာမတ္ထိယံ ဥပဟစ္စ ဝိစ္ဆေဒကပစ္စယုပ္ပါဒနေန တဿ ဝိပါကံ ပဋိဗာဟေတွာ သယံ ဝိပါကနိဗ္ဗတ္တကကမ္မံ ဥပဃာတကံ နာမ။ (ဋီကာ)
အားနည်းသောဇနကကံ၏ အစွမ်းကိုဖြတ်၍ ပြတ်စဲခြင်း၏အကြောင်းကို ဖြစ်စေသဖြင့် ထိုဝိပါတ်ကို တားမြစ်၍ အသစ်ဖြစ်သော မိမိ၏အကျိုးကို ဖြစ်စေတတ်သော ကုသိုလ် အကုသိုလ်ကံသည် ဥပဃာတကကံမည်၏၊
၁၈၄-ဥပဃာတနှင့် ဇနကကံနှစ်ပါး ထူးခြားပုံ
ဥပဃာတကကံသည်လည်း အကျိုးကိုဖြစ်စေတတ်၏ဟူသော် ဇနကကံနှင့် ဘယ်သို့ထူးသနည်းဟူငြားအံ့၊ ဇနကမှာ တပါးသောကံ၏အကျိုးကို မဖြတ်မူ၍ မိမိ၏သတ္တိအလျောက် အကျိုးပေးသည်။
ဥပဃာတကမှာ တပါးသောကံ၏ အကျိုးကိုဖြတ်၍ အသစ်အကျိုးပေးသည်။ ဤသို့ထူးကြ၏ဟူ၍ အဋ္ဌကထာတို့၌ ဆုံးဖြတ်ကုန်၏၊
သက်သေကား-တော၌ ဆင်းရဲစွာနေရသော ဆင်ဖြူကို မင်းတို့သည် ဖမ်းယူ၍ ကြီးစွာသော ချီးမြှောက်ခြင်းဖြင့် ချီးမြှောက်ရာ၌ ရှေးက ကုသိုလ် ဇနကကံကြောင့် တိရစ္ဆာန်ဖြစ်၍ ဆင်းရဲစွာ နေရသည်ကို ရှေးကုသိုလ်ဖြစ်သော ဥပဃာတကကံသည် ဒုက္ခဝိပါက်ကို ဖြတ်၍ သုခဝိပါက်ကို ဖြစ်စေသည်။
အမျိုးကောင်းသားတို့သည် မိဘချီးမြှောက်သဖြင့် ချမ်းသာစွာ နေရလျက် သူ့အသက်ကို သတ်ခြင်း ခိုးဝှက်ခြင်းစသော အမှုကို ပြုလတ်သော် မကောင်းမှုကြောင့် မင်းဒဏ်သင့်၍ နှောင်အိမ်၌ ရှည်မြင့်စွာ ဆင်းရဲခံရရာ၌ ရှေးကုသိုလ် ဇနကကံကြောင့် လူ့ဘဝ၌ သုခဝိပါက်ဖြစ်သည်ကို အကုသိုလ် ဥပဃာတကသည် သုခဝိပါက်ကို ဖြတ်၍ ဒုက္ခဝိပါက်ကို ဖြစ်စေသည်။ ဤသို့ သက်သေပြရာသည်။
အပရေဆရာတို့ကား- ဥပပီဠကကံသည် သတ္တဝါတို့အား အနာများသည်၏ အဖြစ်အစရှိသော အကြောင်းကို ဆောင်သဖြင့် ဇနကကံ၏ အကျိုးကို အကြား အကြား၌ နှောင့်ယှက်၏၊
ဥပဃာတကကံသည် ထိုအနာများခြင်း စသည်ကို အချင်းခပ်သိမ်းဖြတ်၍ တပါးသော ဇနကကံ၏ အခွင့်ကိုပေး၏၊ မိမိကား အကျိုးကို မဖြစ်စေတတ်ဟူ၍ ဆိုကုန်၏၊ ဤကား သတ္တိအားဖြင့် ပြားသောကံ ၄-ပါးတည်း။
၁၈၅-ပါကဒါနအပြား ကံလေးပါး
ထို၄-ပါးတို့တွင် တပါးပါးသော ကံသည် အကျိုးပေးသော အစဉ်အားဖြင့်-
၁။ ဂရုကံ၊
၂။ အာသန္နကံ၊
၃။ အာစိဏ္ဏကံ၊
၄။ ကဋတ္တာကံ၊
ဟူ၍ လေးပါးအပြားရှိ၏၊
ထိုလေးပါးတို့တွင်-
၁-ဂရုကံကို ပြဆိုချက်
ဂရုကန္တိ မဟာသာဝဇ္ဇံ မဟာနုဘာဝဉ္စ အညေန ကမ္မေန ပဋိဗာဟိတုံ အသက္ကုဏေယျကမ္မံ-
ဟူသော ဋီကာနှင့်အညီ တပါးသောကံသည် တားမြစ်ခြင်းငှာ မစွမ်းနိုင်သော ကြီးသောအပြစ် ကြီးသောအာနုဘော်ရှိသော ကုသိုလ် အကုသိုလ်ကံသည် ဂရုကံမည်၏၊
ကုသိုလ်အဖို့၌ မဟဂ္ဂုတ်ကံတို့တည်း။ အကုသိုလ်အဖို့၌ကား မာတုဃာတက ပိတုဃတက အရဟန္တဃာတက လောဟိတုပ္ပါဒက သံဃဘေဒကတည်းဟူသော အနန္တရိယ ကံငါးပါး နိယတ မိစ္ဆဒိဋ္ဌိကံ ၃-ပါးတို့တည်း။
၂-အာသန္နကံကို ပြဆိုချက်
အာသန္နန္တိ မရဏကာလေ အနုဿရိတံ တဒါ ကတဉ္စ။ (ဋီကာ)
သေခါနီးကာလ၌ အောက်မေ့သောကံသည်၎င်း ပြုအပ်သော ကံသည်၎င်း အာန္နကံမည်၏၊
၃-အာစိဏ္ဏကံကို ပြဆိုချက်
အာစိဏ္ဏန္တိ အဘိဏှသော ကတံ ဧကဝါရံ ကတွာပိ ဝါ အဘိဏှသော သမာသေဝိတံ။ (ဋီကာ)
မပြတ်မလတ် ပြုအပ်သော ကံသည်၎င်း၊ တကြိမ်ပင် ပြုရသော်လည်း နှစ်သက်လှသည် ဖြစ်၍ နေ့ညမပြတ် မှီဝဲအပ်သော ကံသည်၎င်း အာစိဏ္ဏကံ မည်၏၊
၄-ကဋတ္တာကံကို ပြဆိုချက်
ကဋတ္တာကမ္မန္တိ ဂရုကာဒိဘာဝံ အသမ္ပတ္တံ ကတမတ္တတာယေဝ ကမ္မန္တိ ဝတ္တဗ္ဗကမ္မံ။ (ဋီကာ)
ဂရုက အာသန္န အာစိဏ္ဏ အဖြစ်သို့မရောက် လောကဝတ်အလျောက် ပြုခြင်းမျှကို ကံဟူ၍ ဆိုအပ်သော ကံသည် ကဋတ္တာကံမည်၏၊ ဤ၌လောက ဝတ်ဟူသည်ကား တမလွန်၌ ခံစားဖို့ဟု မရည်ပဲ မိဘဖြစ်၍ လုပ်ကျွေးခြင်း သားမယားဖြစ်၍ ဝတ်စားတန်ဆာပေးခြင်း အဆွေခင်ပွန်းတို့အား ကျွေးတုံ့ကျွေးခြင်း အစရှိသော အမှုတို့တညး။
အဘိဓမ္မတ္ထသင်္ဂဟ ဒီပနီ၌ကား-
ဂရုကာသန္နာစိဏ္ဏဘာဝံ အသမ္ပတ္တံ ကတမတ္တံ ဝါ အတီတဘဝေ ကတံ ဝါ၊ ကုသလာကုသလကမ္မံ ကဋတ္တာကမ္မံ နာမ-
ဟူ၍ မိန့်သည်။
အဓိပ္ပါယ်ကား- ဂရုကံ အာသန္နကံ အာစိဏ္ဏကံ အဖြစ်သို့မရောက်သော လောက၌ ကျင့်ရိုး ကျင့်စဉ်ဖြစ်သောကံသည်၎င်း၊ ရှေးဘဝ၌ ပြုဘူးသော အပရာပရိယကံသည်၎င်း ကဋတ္တာကံ မည်၏ ဟူလိုသည်။
၁၈၆- မိဘသားမယားများ ပြုစုကျွေးမွေးရာအကျိုးပေး မပေး
မိဘသားမယား တို့၌ လုပ်ကျွေးပြုစုသော စေတနာသည် အကျိုးပေးပါအံ့လော ဟူငြားအံ့၊ ထိုစေတနာကို မဆိုထားဘိ ထိုသူတို့ အချင်းချင်း ချစ်ခင်ကြသော မေတ္တာသဟဂုတ် စေတနာသည်လည်း တဆင့်ထက်တဆင့် ရင့်စေ၍ စကြဝတေးမင်းအဖြစ် တိုင်အောင် ဆောင်နိုင်ကြောင်းကို မာတုဂုဏသုတ်၌-
ပိယန္တိ ပါ ပုတ္တေ ပိနံ၊ ပိယော ပယော စ သုပိယော။
မေတ္တာဝသေန တံ ပိယံ၊ စက္ကဝတ္တိကရံ ဘဝေ-
ဟူ၍ ဟောတော်မူသည်။
အနက်ကား-
ပါ-ပိတရာ၊ ဖခင်တို့သည်။ ပုတ္တေ၊ သားသမီးတို့ကို။ ပိယန္တိ၊ ချစ်ခင်ကြကုန်၏၊ ပိနံ ပတိနဉ္စ၊ လင်တို့အားလည်း။ ပိယော ဘရိယာ၊ မယားတို့သည်။ ပိယန္တိ၊ ချစ်ခင်ကြကုန်၏၊ ပယော ဘတ္တာရော စ၊ လင်တို့သည်လည်း။ သုပိယောသုန္ဒရပဇာပတိယော၊ ကောင်းမြတ်သော မယားတို့ကို။ ပိယန္တိ၊ ချစ်ခင်ကြကုန်၏၊ မေတ္တာဝသေန၊ မေတ္တာ၏အစွမ်းဖြင့်။ တံ ပိယံ၊ ထိုချစ်ခင်ကြခြင်း သည်။ စက္ကဝတ္တိကရံ၊ စကြဝတေးမင်း၏ အဖြစ်ကို ပြုတတ်သည်။ ဘဝေ၊ ဖြစ်၏၊
သားမယားတို့၌ တဏှာအားဖြင့် ချစ်ခြင်း မေတ္တာအားဖြင့် ချစ်ခြင်းဟူ၍ နှစ်ပါးရှိသည်။
ထိုနှစ်ပါးတို့တွင် ငါ့အား ခြေဆုပ်လက်နယ်ပြုခြင်း ယပ်ခပ်ခြင်း ကျွေးမွေးခြင်း နာရေးဖျားတာပြုစုခြင်း ကောင်းမှုပြုရာ ညီညာခြင်း ဥစ္စာကို ထိန်းသိမ်းခြင်း စသော အမှုကို ပြုပေသည်ဟု ဂုဏ်ကျေးဇူးကို အောက်မေ့၍ ချစ်ခြင်းသည် မေတ္တာအားဖြင့် ချစ်ခြင်းမည်၏၊ ထိုမေတ္တာသည် မဟာကုသိုလ်ပင် ဖြစ်ရကား မြတ်သောအကျိုးကိုပေး၏ ဟူလိုသည်။
၁၈၇-ဂရုကံ စသည်တို့ အကျိုးပေးပုံ အစဉ်ကို ပြခြင်း
ထိုလေးပါးသော ကံတို့တွင် အကြင်သူအား ဂရုကံသည်၊ ရှိအံ့၊ ထိုဂရုကံသည်လျှင် အကျိုးပေး၏၊
ဂရုကံမရှိမူကား ထိုဂရုကံနှင့် အလားတူသော အတိဘာရိယကံသည် အကျိုးမပေး၏၊
ထိုအတိဘာရိယကံမရှိမူ အာသန္နကံသည် အကျိုးမပေး၏၊
အာသန္နကံမရှိမူ အာစိဏ္ဏကံသည် အကျိုးပေး၏၊
အာစိဏ္ဏကံ မရှိမူ ကဋတ္တာကံသည် အကျိုးပေး၏၊ အကျိုးဟူသည်လည်း ပဋိသန္ဓေကိုငင်၏ ဟူလိုသည်။ ဤသို့ အကျိုးပေးသော အစဉ်အားဖြင့်လည်း ကံလေးပါးစီပြား၏ဟူလိုသည်။
အဘိဓမ္မာဝတာရ စသည်တို့၌ကား ဂရုကံမရှိမူ အာစိဏ္ဏကံ အကျိုးပေး၏၊ အာစိဏ္ဏကံမရှိသော် အာသန္နကံ အကျိုးပေး၏ဟူ၍ အာစိဏ္ဏကံကို ရှေ့တင်၍ ဆိုသည်။
ယင်းသို့ ဆိုသော်လည်း သုတ္တန်အဋ္ဌကထာတို့၌ အာသန္နကံ ဦးစွာ အကျိုးပေးသော ဝတ္ထုသာဓက ရှိသောကြောင့် ခြံဝ၌ တည်သော နွားသည် အိုမင်း အားနည်း သော်လည်း တပါးသော နွားတို့၏ရှေးဦးစွာ ထွက်နိုင်သကဲ့သို့ သေခါနီး၌ဖြစ်သော အာသန္နကံ သည် ဝယ်သည်ပင် ဖြစ်သော်လည်း အာစိဏ္ဏကံ၏ အလျင် အကျိုးပေး၏ဟု နှလုံးပြု၍ အနုရုဒ္ဓါ အရှင်ကား အာသန္နကံကို ရှေ့တင်၍ ဆိုသည်ဟု ဋီကာမိန့်၏၊
သတ္တဝါတို့မှာ မိမိများစွာ လေ့လာသော အမှုကိုသာလျှင် သေခါနီး ကာလ၌ အောက်မေ့မိသည်၊ ကမ္မနိမိတ် ဖြစ်သည်ကား များ၏၊ အခြားအာရုံကိုယူနိုင် အောက်မေ့နိုင်သည်ကား အနည်းသာ ရှိသည်ဟု အဋ္ဌကထာကြီးတို့၌ ဆိုရကား အဘိဓမ္မာဝတာရ စကားလည်း သင့်သည်ပင်ဟု ဆရာမြတ်တို့ မိန့်ကုန်၏၊
အတိဘာရိယကံ ဟူသည်ကား ရဟန္တာမှ ကြွင်းသော အရိယာပုဂ္ဂိုလ်တို့ကို သတ်သောကံ အလိုမတူသောဘိက္ခုနီမကို ဖျက်ဆီးသောကံ အရိယာတို့ကို စွပ်စွဲသော ဥပဝါဒကံ စေတီ ဗောဓိတို့ကို ဖျက်စီးသောကံတို့တည်း။
ထိုကံတို့သည် အနန္တရဘဝ၌ စင်စစ်အကျိုးပေးတတ်သောကြောင့် အနန္တရိယသဒိသ ကံလည်း မည်ကုန်၏၊ ထို့ကြောင့် သမ္မောအဋ္ဌကထာ၌-
သေသအရိယပုဂ္ဂလေ မာရေန္တဿ အနန္တရိယံ နတ္ထိ၊ ကမ္မံ ပန ဘာရိယံ အနန္တရသဒိသံ-ဟူ၍၎င်း၊
ပါရာဇိကဏ် အဋ္ဌကထာ၌-
သော စ ဇာနံ ဝါ ဥပဝဒေယျ အဇာနံဝါတိပိ အရိယုပဝါဒေါ ဟောတိ၊ အတိဘာရိယံ ကမ္မံ၊ အဂ္ဂါဝရဏံ မဂ္ဂါဝရဏဉ္စ-ဟူ၍၎င်း၊
အင်္ဂုတ္တိုရ် အဋ္ဌကထာ၌-
စေတိယဃာတကံ ဗောဗိဃာတကဉ္စ အတိဘာရိယတမ္မိ၊ အနန္တရသဒိသံ- ဟူ၍၎င်း မိန့်ဆိုသည်။
ယင်းသို့ အတိဘာရိယကံ ရှိခဲ့သော် သင်္ဂြိုဟ်ကျမ်း၌ ဘယ့်ကြောင့်မဆိုသနည်း ဟူငြားအံ့။ ထိုကံတို့သည် အကုသိုလ်သက်သက် ဖြစ်သောကြောင့် ကုသိုလ် အကုသိုလ် နှစ်ပါးစုံနှင့် ဆက်ဆံသော ကံအမည်ကိုပြရာတွင် မဝင်သင့် သောကြောင့် သွင်း၍မပြသည်ဟုယူရမည်။
၁၈၈-အကျိုးပေးရာ ကာလအားဖြင့် ကံလေးပါး ပြားပုံ
ယင်းကံ လေးပါးတို့တွင် တပါးပါးသော ကံသည်လည်း အကျိုးပေးရာ ကာလအားဖြင့်-
၁။ ဒိဠဓမ္မဝေဒနိယကံ
၂။ ဥပပဇ္ဇဝေဒနိယကံ
၃။ အပရာပရိယဝေဒနိယကံ၊
၄။ အဟောသိကံ-ဟူ၍ လေးပါး အပြားရှိ၏၊
ထိုလေးပါးတို့တွင်-
၁-ဒိဋ္ဌဓမ္မဝေဒနိယကံကို ပြဆိုချက်
တသ္မိံယေဝ အတ္တဘာဝေ ဖလဒါယိနီ ပထမဇဝနစေတနာ ဒိဋ္ဌဓမ္မဝေဒနိယံ နာမ-
ဟူသော ဋီကာနှင့်အညီ ကဲလွန်သော သတ္တိရှိသည်ဖြစ်၍ မျက်မှောက်သောကိုယ်၏အဖြစ်၌ အဟိတ်ဝိပါက် တည်းဟူသော အကျိုးကို ပေးတတ်သော ပထမ ဇော စေတနာသည် ဒိဋ္ဌိဓမ္မဝေဒနယံကံမည်၏၊
၂။ ဥပပဇ္ဇဝေဒနိယကံကို ပြဆိုချက်
အတ္တသာဓိကာ ပန သတ္တမဇဝနစေတနာ သန္နဋ္ဌာပကစေတနာ ဘူတာ အနန္တရတ္တဘာဝေ ဝိပါကဒါယိနီ ဥပပဇ္ဇဝေဒနိယံ နာမ-
ဟူသော ဋီကာနှင့်အညီ လိုအပ်သော အကျိုးကို ပြီးစေတတ်သော သတ္တမဇော စေတနာသည်ကား ရှေးရှေးဇောတို့မှ ရအပ်သော အာသေဝနပစ္စည်းရှိသည်ဖြစ်၍ အခြားမဲ့သောဘဝ၌ အကျိုးကို ပေးခြင်းငှာ စွမ်းနိုင်ရကား ဆုံဖြတ်တတ်သော သန္နိဋ္ဌာပကစေတနာဖြစ်၍ ဥပပဇ္ဇဝေဒနိယကံမည်၏၊
၃-အပရာပရိယဝေဒနိယကံကို ပြဆိုချက်
အပရေ အပရေ ဒိဋ္ဌဓမ္မတော အညသ္မိံ ယတ္ထကတ္တစိ အတ္တဘာဝေ ဝေဒိတဗ္ဗံ ကမ္မံ အပရာပရိယဝေဒနိယံ-
ဟူသော ဋီကာနှင့်အညီ မျက်မှောက်သော ကိုယ်၏အဖြစ်မှတပါး အမှတ်မထင် အကြင်တစုံတခုသော ကိုယ်၏ အဖြစ်၌ ခံစားအပ်သော အကျိုးကိုပေးတတ်သော အလယ်ဇော ၅-ချက် စေတနာသည် အပရာပရိယဝေဒနိယကံမည်၏၊
၄-အဟောသိကံကို ပြဆိုချက်
အဟောသိ ဧဝကမ္မံ န တဿ ဝိပါကော အဟောသိ၊ အတ္တိဘဝိဿတိ စာတိ၊ ဧဝံ ဝတ္တဗ္ဗံ ကမ္မံ အဟောသိကမ္မံ-ဟူသောဝစနတ္ထ။
သကသကကာလာတီတံ ပန ပုရိမကမ္မဒွယံ တတိယမ္ပိ စ သံသာရ ပဝတ္တိယာ ဝေါစ္ဆိန္နာယ အဟောသိကမ္မံ နာမ။
ဟူသော အဘိဓေယျတ္တနှင့်အညီ ကံကား ဖြစ်ပြီး၊ ကံ၏ အကျိုးကား ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ ဟူ၍ မဆိုအပ်သော မိမိ၏ အကျိုးပေးရာ ကာလကိုလွန်သော ဒိဋ္ဌဓမ္မ ဥပပဇ္ဇကံ နှစ်ပါးသည်၎င်း၊ သံသရာဝဋ်ပြတ်ပြီးသော အပရာပရိယကံသည်၎င်း အဟောသိကံမည်၏၊
၁၈၉-ဒိဋ္ဌဓမ္မဝေဒနိယကံ၌အထူးမှတ်ဖွယ်
ထိုလေးပါးတို့တွင် ပထမဇော စေတနာသည် အဘယ်အကြောင်းဖြင့် ကဲလွန်သော သတ္တိရှိ၍ မျက်မှောက်အကျိုးကို ပေးနိုင်သနည်း ဟူမူကား-
ပဋိပက္ခေ ဟိ အနဘိဘူတာ စ ပစ္စယဝိသေသေန ပဋိလဒ္ဓဝိသေသတာယ စ၊ ဗလဝဘဝပ္ပတ္တာ သာတိဿယာ-
ဟူသော ဋီကာနှင့် အညီ ဆန့်ကျင်ဘက်ဖြစ်သောတရားတို့သည် မနှိပ်စက်သည်၏ အဖြစ်ကြောင့်၎င်း ဝတ္ထု ခေတ္တ အဇ္ဈာသယ ဂုဏာတရေကဘူသော အကြောင်း ထူးလေးရပ် ကြုံကြိုက်လတ်သည်၏ အဖြစ်ကြောင့်၎င်း အားကြီးသော အဖြစ်သို့ ရောက်သည်ဖြစ်၍ ကဲလွန်သော သတ္တိ ရှိသည်။ ထို့ကြောင့် မျက်မှောက်၌ အကျိုးပေး၏ ဟူပေ။
အားကြီးသောအဖြစ်သို့ ရောက်သော် နောက်ဘဝ၌ပဋိသန္ဓေကို ပေးသင့်ပါ၏၊ ဘယ့်ကြောင့် မပေးလေသနည်း။
အာသေဝနာလာဘေန အပ္ပဝိပါကတာယ။
ဟူသောဋီကာနှင့်အညီဤပထမဇောသည် အာသေဝနပစ္စည်းကို မရခြင်းကြောင့် နည်းသော အကျိုးရှိသည်ဖြစ်၍ ပျိုနုသောသစ်ပင်သည် အပွင့်မျှကိုသာ ပေးသကဲ့သို့၊ ပဝတ္တိ၌ အဟိတ်ဝိပါက်မျှကိုသာ ပေး၏ဟူပေ။
၁၉၀-ဥပပဇ္ဇဝေဒနီယကံ၌ အထူးမှတ်ဖွယ်
ဥပပဇ္ဇဝေဒနီယဖြစ်သော သတ္တမဇော စေတနာသည် ဒုတိယဘဝ၌ ပဋိသန္ဓေကိုမပေးပဲ ပဝတ္တိအကျိုးကို ပေးအံ့လော ဟူငြားအံ့၊
သာ စ ပဋိသန္ဓိံ ဒတွာဝ ပဝတ္တိဝိပါကံ ဒေတိ။ ပဋိသန္ဓိ ယာ ပန အဒိန္နာယ ပဝတ္တိဝိပါကံ ဒေတီတိ နတ္တိ။ စုတိအနန္တရဥှိ ဥပပဇ္ဇဝေဒနိယဿ ဩကာသော။ ပဋိသန္ဓိယာ ပန ဒိန္နာယ ဇာတိသတေပိ ပဝတ္တိဝိပါကံ ဒေတီတိ အာစရိယာ-
ဟူသော ဋီကာနှင့်အညီ ဤသတ္တမဇော စေတနာသည် ပဋိသန္ဓေကို ပေးပြီးသော်သာလျှင် ပဝတ္တိအကျိုးကို ပေးနိုင်၏၊ ပဋိသန္ဓေကိုမပေးသော် ပဝတ္တိအကျိုးကို ပေးနိုင်သည်ဟူ၍ မရှိ။ ဘယ့်ကြောင့်နည်းဟူမူ စုတိ၏အခြားမဲ့ကာလသည်သာလျှင် ဥပပဇ္ဇဝေဒနီယကံ၏ အခွင့်ရသော ကာလတည်း။
ပဋိသန္ဓေကို ပေးပြီးသော်ကား ဘဝအရာ ဘဝတထောင် တိုင်အောင်ပင် ပဝတ္တိအကျိုးကို ပေး၏ ဟူ၍ အဋ္ဌကထာ ဆရာတို့မိန့်ကုန်၏၊
သတ္တမဇော စေတနာသည် ဥပပဇ္ဇဝေဒနီယ မဖြစ်မူ၍ ဒိတိယဘဝ၌ ပဋိသန္ဓေကို မဝင်ခဲ့သော် အဘယ်ကံသည် ဝင်ပါအံ့နည်း၊ အလယ်ဇော ၅-ချက်စေတနာသည် ပေးပါအံ့လော ဟူငြားအံ့။
ဒိဋ္ဌဓမ္မတော အညသ္မိံ ယတ္ထ ကတ္ထစိ အတ္တဘာဝေဟု ဋီကာကျော်မိန့်ခြင်းကြောင့်၎င်း၊
သတ္တမဇော စေတနာသည် ဒုတိယဘဝ၌ ပဋိသန္ဓေကို မပေးခဲ့သော် အလယ်ဇော ၅-ချက် စေတနာသည် ပေး၏ဟူပေ။
မဏိမဉ္စူဆရာတော်ကား အလယ်ဇော စေတနာပေး၏ ဟူသော်လည်း ပစ္စုပ္ပန်ဘဝဖြစ်သော အလယ်ဇော စေတနာသည် မပေး။ အတိတ်ဘဝ၌ ဖြစ်သော အလယ်ဇော စေတနာသည် သာလျှင် ပေးသည်။ ထို့ကြောင့် အပရာပရိယကံသည် တတိယဘဝမှစ၍ ပေးသည် မှတ်ရမည်ဟု မိန့်ဆို၏၊
နယပကာသနီ၌ ဒိဋ္ဌဓမ္မောပပဇ္ဇေဟိ အညသ္မိံ ဟုဆိုသည်။
ဝိသုဒ္ဓိမဂ်ဋီကာ၌ ဒိဋ္ဌဓမ္မာနန္တရာ နာဂတတော အညသ္မိံ အတ္တဘာဝပရိယာယေဟုဆိုသည်။
ဤကျမ်းတို့၏ အလိုသော် ဒိဋ္ဌဓမ္မ ဥပပဇ္ဇတို့မှတပါး နောက်နောက်သော အတ္တဘော အဆက်ဆက်ကိုသာလျှင် အလယ်ဇောစေတနာ ပေး၏၊ ဒုတိယ ဘဝ၌ မပေးလိုသည်။
ဤသို့ဆိုခဲ့သော ခပ်သိမ်းသော သတ္တမဇော စေတနာသည် ဥပပဇ္ဇဝေဒနီယ မည်သည်ချည်းဖြစ်ရာ၏ စင်စစ်သော်ကား ခပ်သိမ်းသော သတ္တမဇော စေတနာသည် ဥပပဇ္ဇဝေဒနီယမမည်။
ပထမဇော စေတနာသည် ဒိဋ္ဌဓမ္မဝေဒနီယမည်မှ သတ္တမဇော စေတနာသည် ဥပပဇ္ဇဝေဒနီယမည်သည်။
ပထမဇောစေတနာသည် ဒိဋ္ဌဓမ္မဝေဒနိယမမည်သော် သတ္တမဇောစေတနာလည်း ဥပပဇ္ဇဝေဒနိယမမည်။
ထို့ကြောင့် ခပ်သိမ်းသော သတ္တမဇောစေတနာသည် ဥပပဇ္ဇဝေဒနီယမမည်ဟု သိအပ်၏၊
အဘယ်ကိုထောက်၍ သိသနည်းဟူမူကား-သတ္တမဇော စေတနာသည်-
သိန္နဋ္ဌာပကစေတနာဘူတာ ဝုတ္တနယေန ပဋိလဒ္ဓဝိသေသာ-
ဟူ၍ ဋီကာဆိုသောကြောင့် ပထမဇောသည် ပစ္စယဝိသေသဖြင့် ရအပ်သော သတ္တိအထူးရှိမှ သတ္တမဇောလည်း ရအပ်သောသတ္တိ အထူးရှိသည်။
ထို့ကြောင့် ပထမဇော ဒိဋ္ဌဓမ္မမည်မှ သတ္တမဇော ဥပပဇ္ဇမည်သည်ဟု သိရသတည်း။
၁၉၁-အပရာပရိယကံ၌ အထူးမှတ်ဖွယ်
အလယ်ဇော ငါးချက်စေတနာကား အပရာပရိယဝေဒနီယ မည်သည်ချည်းဖြစ်သည်။
မျက်မှောက်၌ အကျိုးမပေးသောကြောင့် ဒိဋ္ဌဓမ္မဝေဒနီယ မမည်သော ပထမဇောစေတနာ အခြားမဲ့၌ အကျိုးမပေးသောကြောင့် ဒိဋ္ဌဓမ္မဝေဒနီယ မမည်သော ပထမဇောစေတနာ အခြားမဲ့၌ အကျိုးမပေးသောကြောင့် ဥပပဇ္ဇဝေဒနီယ မမည်သော သတ္တဇောစေတနာသည်လည်း အပရာပရိယဝေဒနီယသာ ဖြစ်ကုန်၏၊ ထိုအနက်ကို ပြခြင်းငှာ ဋီကာကျော်၌-
ယထာ ဝုတ္တကာရဏဝိရဟတော ဒိဋ္ဌဓမ္မဝေဒနီယာဒိဘာဝံ အသမ္ပတ္တာ အာဒိပရိယောသာနစေတနာနံ မဇ္ဈေပဝတ္တာပဉ္စ စေတနာ ဝိပါကဒါနသဘာဝဿ အနုပစ္ဆိန္နတ္တာ ယဒါ ကဒါစိ ဩကာသလာဘေ သတိ ပဋိသန္ဓိ ပတ္တီသု ဝိပါကံ အဘိနိပ္ပါဒေန္တီ အပရာပရိယဝေဒနီယံ နာမ ဟူ၍ (အဘိဓမ္မတ္တဝိဘာဝိနီဋီကာ ၁၇၂) ၌ မိန့်သည်။
ယထာဝုတ္တကာရဏ ဝီရဟတော၊ အကြင်အကြင် ဆိုအပ်ပြီသော ပစ္စယဝိသေသဟူသော အကြောင်းကင်းခြင်းကြောင့်။ ဒိဋ္ဌဓမ္မဝေဒနီယာဒိဘာဝံ၊ ဒိဋ္ဌဓမ္မဝေဒနီယ စသော အဖြစ်သို့။ အသမ္ပတ္တာ၊ မရောက်သော။ စေတနာ၊ ပထမဇောစေတနာ သတ္တမဇော စေတနာသည်၎င်း။ အာဒိပရိယောသာနစေတနာနံ၊ အစဇော အဆုံးဇော စေတနာတို့၏၊ မဇ္ဈေပဝတ္တာ၊ အလယ်၌ဖြစ်သော။ ပဉ္စစေတနာ၊ ငါးချက်သော စေတနာသည်၎င်း။ ဝိပါကဒါနသဘာဝဿ၊ အကျိုးပေးတတ်သော သဘော၏၊ အနုပစ္ဆိတ္တာ၊ မပြတ်သည်၏ အဖြစ်ကြောင့်။ ယဒါ ကဒါစိ၊ အမှတ်မရှိသောဘဝ၌။ ဩကာသလာဘေ၊ အခွင့်ကိုရသည်။ သတိ၊ ရှိသော်။ ပဋိသန္ဓိပဝတ္တီသု၊ ပဋိသန္ဓေအခါ ပဝတ္တိ အခါတို့၌။ ဝိပါကံ၊ အကျိုးကို။ အဘိနိပ္ပါဒေန္တီ၊ ပြီးစေတတ်သည်ဖြစ်၍။ အပရာပရိယဝေဒနီယံ နာမ၊ အပရာပရိယ ဝေဒနီယကံမည်၏၊
ယင်းသို့ အလယ်ဇော အစရှိသော အပရာပရိယံကံတို့သည် အနန္တရဘဝမှ စ၍ အကျိုးပေးခဲ့သော် သတ္တမဇောစေတနာနှင့် ဘယ်သို့ ထူအံ့လောဟူငြားအံ့။ သတ္တမဇောစေတနာသည် အနန္တရဘဝ၌ သာလျှင် ခံစားအပ်သော အကျိုး ရှိ၏၊
အလယ် ဇောစေတနာတို့ကား အနန္တရဘဝ၌သာလျှင် ခံစားအပ်သော အကျိုးရှိ၏၊ အလယ်ဇောစေတနာတို့ကား အနန္တရဘဝ စသည်တို့တွင် အမှတ်မရှိသော ဘဝ၌ ခံစားအပ်သော အကျိုးရှိ၏၊ ဤသို့ ထူးကြ၏ဟူပေ။
(အဖေဂ္ဂုဒီပနီ)
၁၉၂-အဟောသိကံ၌ အထူးမှတ်ဖွယ်
အဟောသိကံ ဟူသည်ကား ရှေးကံ ၃-ပါးမှ အခြားရှိ၏လော ဟူငြားအံ့ –သကသကကာလတီတံ ပန ပုရိမကမ္မဒွယံ တတိယမ္ပိ စ သံသာရပ္ပဝတ္တိယာ ဝေါစ္ဆိန္နာယ အဟောသိကမ္မံ နာမ-
ဟူသော ဋီကာနှင့်အညီ မိမိ၏အကျိုးပေးရာ ကာလကို လွန်သောဒိဋ္ဌဓမ္မ ဥပပဇ္ဇကံ နှစ်ပါး၊ သံသရာဝဋ်ပြတ်ပြီးသော ပုဂ္ဂိုလ်၏ အပရာပရိယကံ တပါး ဤ ၃-ပါးကိုပင် အဟောသိကံဆိုသည်ဖြစ်ရကား ဤ ၃-ပါးမှ အခြားမရှိပြီ။
ပထမဇောစေတနာသည် မျက်မှောက်ဘဝ၌ အကျိုးကိုပေးသည် ဖြစ်အံ့၊ ဒိဋ္ဌဓမ္မဝေဒနိယမည်၏၊ အကျိုးကို မပေးသည်ဖြစ်အံ့၊ ဒိဋ္ဌဓမ္မဟူသောအမည်သည် အဟောသိဖြစ်၏၊
သတ္တမဇော စေတနာသည် အခြားမဲ့ဘဝ၌ အကျိုးကိုပေးသည်ဖြစ်အံ့၊ ဥပပဇ္ဇဝေဒနိယမည်၏၊ အကျိုးကိုမပေးသည်ဖြစ်အံ့၊ ဥပပဇ္ဇဟူသော အမည်သည် အဟောသိဖြစ်၏၊
စေနာမူကား အပရာပရိယသို့သက်၍ အခွင့်ရသောကာလ၌ အကျိုးပေး၏၊ အပရာပရိယကံတို့အား သံသရာဝဋ်ပြတ်မှသာလျှင် အဟောသိ ဖြစ်၏ဟူလိုသည်။
ကံအမည်သာလျှင် အဟောသိဖြစ်၍ စေတနာတည်းဟူသော ကံမပျောက်သော အဖြစ်ကို ဘယ့်ကြောင့်ဆိုသနည်းဟူငြားအံ့၊ ဋီကာပါဌ်၌ သက သကကာလာတီတံ ဟူ၍သာဆိုသည်။ ကမ္မာတီတံဟူ၍မဆို။ ထို့ကြောင့် ကံကိုသာမလွန် ကာလကိုသာလွန်သည်ဖြစ်၍ ထိုကာလ၌ ခေါ်ဝေါအပ်သော အမည် ဝေါဟာရသာ ပျောက်သည်။ ကံမပျောက်ဟု သိရာ၏ဟူပေ။ ဤအရာကို နေရကျသိခဲစွ။ ဋီကာကျော် ဆင်တဲနိဿယကိုရှုကြလေ။
၁၉၃-ပဏ္ဏသအဋ္ဌကထာလာ ကံအပြားကိုပြခြင်း
ဥပရိပဏ္ဏသ ဒေဝဒဟသုတ် အဋ္ဌကထာ၌ကား-
၁။ ဒိဋ္ဌဓမ္မဝေဒနီယကံ၊
၂။ သမ္ပရာယဝေဒနီယံ၊
၃။ ပရိပက္ကဝေဒနီယံ၊
၄။ အပရိပက္ကဝေဒနီယကံ၊
၅။ သုခဝေဒနီယကံ၊
၆။ ဒုက္ခဝေဒနီယကံ၊
ဟူ၍ ၆-ပါးသည်ဟုဆို၏၊
ထို ၆-ပါးတို့တွင် မျက်မှောက်သောကိုယ်၏အဖြစ်၌ ခံစားအပ်သော အကျိုးရှိသောကံသည် ဒိဋ္ဌဓမ္မဝေဒနီယကံမည်၏၊
ဒုတိယ တတိယအစရှိသော အတ္တဘော၌ ခံစားအပ်သော အကျိုးရှိသောကံသည် သမ္ပရာယဝေဒနီယကံ မည်၏၊
ပြီးပြီးသော အတ္တဘော၌ ခံစားအပ်သောကံသည် ပရိပက္ကဝေဒနိယကံမည်၏၊
မပြီးသေးသော အတ္တဘော၌ ခံစားအပ်သောကံသည် အပရိပက္ကဝေဒနီယကံမည်၏၊
ဣဋ္ဌဝိပါက်ကို ပေးတတ်သောကံသည် သုခဝေဒနီယကံ မည်၏၊
အနိဋ္ဌဝိပါက်ကို ပေးတတ်သောကံသည် ဒုက္ခဝေဒနိယကံမည်၏၊
ဒိဋ္ဌဓမ္မနှင့် ပရိပက္ကဝေဒနီယ၏ အထူးကား-
ပထမအရွယ်၌ ပြုအပ်သောကံသည် ပထမအရွယ်၌သော်၎င်း၊ ဒုတိယအရွယ်၌သော်၎င်း အကျိုးပေးအံ့၊ ဒုတိယအရွယ်၌ ပြုအပ်သောကံသည် ဒုတိယအရွယ်၌သော်၎င်း၊ တတိယအရွယ်၌သော်၎င်း အကျိုးပေးအံ့၊ တတိယအရွယ်၌ ပြုအပ်သောကံသည် အသက်မကုန်မီ အကျိုးပေးအံ့၊ ဒိဋ္ဌဓမ္မဝေဒနီယကံမည်၏၊
ကံကိုပြုသည်မှစ၍ ၇-ရက်အတွင်း၌ အကျိုးပေးမူကား ပရိပက္ကဝေဒနီယကံမည်၏၊ ဤသို့ထူးကြ၏၊
ဤကံ ၅-ပါးတို့သည် ကုသိုလ် အကုသိုလ်အားဖြင့် ပြားရကား အသီးအသီး ပိုင်းခြားသော် ၁၂- ပါးဖြစ်၏ဟူလိုသည်။
၁၉၄ ပဋိသမ္ဘိဒါမဂ်လာ ကံအပြားကိုပြခြင်း
ပဋိသမ္ဘိဒါမဂ်လာသောနည်းအားဖြင့်ကား-
၁။ အဟောသိကမ္မံ အဟောသိကမ္မဝိပါကော-
၂။ အဟောသိကမ္မံနာဟောသိကမ္မဝိပါကော၊
၃။ အဟောသိကမ္မံ အတ္ထိကမ္မဝိပါကော၊
၄။ အဟောသိကမ္မံ နတ္ထိကမ္မဝိပါကော၊
၅။ အဟောသိကမ္မံ ဘဝိဿတိ ကမ္မဝိပါကော၊
၆။ အဟောသိကမ္မံ န ဘဝိဿတိ ကမ္မဝိပါကော-
ဟူ၍ အဟောသိကံ ၆-ပါး-
၁။ အတ္ထိကမ္မံ အတ္ထကမ္မဝိပါကော-
၂။ အတ္ထိကမ္မံ နတ္ထိကမ္မဝိပါကော၊
၃။ အတ္ထိကမ္မံ ဘဒိဿတိ ကမ္မဝိပါကော၊
၄။ အတ္ထိကမ္မံ န ဘဝိဿတိ ကမ္မဝိပါကော၊
၅။ ဘဝိဿတိကမ္မံ ဘဝိဿတိ ကမ္မဝိပါကော၊
၆။ ဘဝိဿတိ ကမ္မဝိပါကော-
ဟူ၍ အတ္ထိကံ ၆-ပါး ပေါင်းသော် ၁၂-ပါး အပြားရှိသည်။
၁။ ထို ၁၂-ပါးတို့တွင် အကြင်ကံကို အတိတ်ဘဝ၌ ပြုပြီး၍ အတိတ်ဘဝ၌ပင် အကျိုးပေးခဲ့၏၊ ထိုကံသည် အဟောသိကမ္မံ အဟောသိကမ္မဝိပါကမည်၏၊
၂။ အကြင်သူသည် အတိတ်ဘဝ၌ ဒိဋ္ဌဓမ္မဖြစ်လောက်သော ကံအများကို အားထုတ်ပြီးသော် တခုသော ဒိဋ္ဌဓမ္မကံသည် အကျိုးပေးခဲ့၍ ကြွင်းသော အကျိုးမပေးရသေးသောကံသည်၎င်း၊ တခုသော ဥပပဇ္ဇကံသည် ပဋိသန္ဓေကိုငင်၍ ကြွင်းသော အကျိုး မပေးရသေးသော ကံသည်၎င်း အနန္တရိယ ကံ ၅-ပါး ၄-ပါး ၃-ပါးတို့ကို ပြုမိသည်တွင် တခုသောကံသည် ငရဲဘုံ၌ ပဋိသန္ဓေကို ငင်၍ ကြွင်းသော အကျိုးမပေးရသော ကံသည်၎င်း သမာပတ်ရှစ်ပါးတို့တွင် တပါးပါးသော သမာပတ်ဖြင့် ဗြဟ္မာဘုံ၌ ပဋိသန္ဓေကို ပေး၍ ကြွင်းသောသမာပတ် တို့သည်၎င်း အဟောသိကမ္မံ နာဟောသိ ကမ္မဝိပါက မည်ကုန်၏၊
ဤနာဟောသိ ပုဒ်၌ ပဋိသေဓ-န သဒ္ဒါသည် အတိတ်ကိုသာမြစ်သည်၊ ပစ္စုပ္ပန် အနာဂတ်ကိုမမြစ်၊ ထို့ကြောင့် ကံကားဖြစ်ပြီး၊ ကံ၏အကျိုးကား ဖြစ်ပြီးမဟုတ်၊ ဖြစ်ဆဲဖြစ်လတ္တံ့ဟူလိုသည်။
ထိုအနက်ကို ပြခြင်းငှာ သမ္မောအဋ္ဌကထာ၌ –
ယေန စ ပဉ္စပေတာနိ ကမ္မာနိ ကတာနိ ဟောန္တိ၊ တဿ သံဃဘေဒေါယေဝ ပဋိသန္တိဝသေန ဝိပစ္စတိ၊ သေသာနိ အဟောသိကမ္မံ နာဟောသိ ကမ္မဝိပါကောတိ ဧဝမာဒီသု သင်္ခံ ဂစ္ဆန္တိ- ဟူ၍ဆိုတော်မူသည်။
ယေနစ၊ အကြင်သူသည်ကား။ ပဉ္စပိ၊ ငါးပါးလည်း ဖြစ်ကုန်သော။ ဧတာနိ ကမ[ာနိ၊ ဤ အနန္တရိယကံတို့ကို။ ကတာနိ၊ ပြုမိကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏၊ တဿ၊ ထိုသူအား။ သံဃဘေဒေါယေဝ၊ သံဃဘေဒကံ သည်သာလျှင်။ ပဋိသန္ဓိဝသေန၊ ပဋသန္ဓေ၏အစွမ်းဖြင့်။ ဝိပစ္စတိ၊ အကျိုးပေး၏၊ သေသာနိ၊ ကြွင်းသောအနန္တရိယ ကံတို့သည်။ အဟောသိကမ္မံ နာဟောသိကမ္မဝိပါကောတိ ဧဝမာဒီသု၊ ကံကားဖြစ်ပြီး ကံ၏အကျိုးကား ဖြစ်ပြီးမဟုတ် ဤသို့ အစရှိသည်တို့၌။ သင်္ခံ၊ ရေတွက်ခြင်းသို့။ ဂစ္ဆိ၊ ရောက်ကုန်၏၊
ဧဝမာဒိ၌ အာဒိဝန်ဖြင့် ဘဝိဿတိ ကမ္မဝိပါကတို့ကို ယူစေလိုသည်။
ဤအဋ္ဌကထာ၌ နာဟောသိကမ္မဝိပါက ကံ၏သရုပ်လက္ခဏာကို ထင်စွာပြခြင်းငှါ မူလဋီကာ၌-
တေသု ပန သမာနသဘာဝေသု ဧကေန ဝိပါကေ ဒိန္နေ ဣတရာနီ အတ္တနာ ကတ္တဗ္ဗ ကိစ္စဿ တေနေ- ကတတ္တာ န ဒုတိယံ တတိယံပိ စ ပဋိသန္ဓိံ ကရာန္တိ၊ ဧကဿပန အညာနီပီ၊ ဥပတ္ထမ္ဘကာနိ ဟောန္တီတိ ဒဋ္ဌဗ္ဗယနိ-
ဟူ၍ မိန့်ဆိုသည်။
သမာနသဘာဝေသု၊ မိစ္ဆတ္တနိယတအဖြစ်ဖြင့် တူသော သဘောရှိကုန်သော။ တေသု ပန၊ ထိုအနန္တရိယကံ ၅-ပါး ၄-ပါး ၃-ပါး ၂-ပါး တို့တွင်ကား။ ဧကေန၊ တခုသောကံသည်။ ဝိပါကေ၊ အခြားမဲ့ ပဋိသန္ဓေ ပဝတ္တိ အကျိုးကို။ ဒိန္နေ၊ ပေးသည်ရှိသော်။ ဣတရာနိ၊ ဤမှတပါးသောကံတို့သည်။ အတ္တနာ၊ မိမိသည်။ ကတ္တဗ္ဗကိစ္စဿ၊ ပြုအပ်သောကိစ္စကို၊ တေနေဝ၊ ထိုပဋိသန္ဓေကိုပေးသော ကံသည်သာလျှင်။ ကတတ္တာ၊ ပြုအပ်သည်၏အဖြစ်ကြောင့်။ ဒုတိယံပိ စ၊ နှစ်ကြိမ်မြောက်လည်းဖြစ်သော။ တတိယံပိ စ၊ သုံးကြိမ်မြောက်လည်းဖြစ်သော။ ပဋိသန္ဓိံ၊ ပဋိသန္ဓေကို၊ န ကရောန္တိ၊ မပြုပြင်ကုန်။ ပန၊ စင်စစ်ကား။ ဧကဿ၊ တခုသော အကျိုးပေးကံအား။ အညာနိပိ၊ တပါးသော ကံတို့သည်လည်း။ ဥပတ္ထမ္ဘကာနိ၊ ထောက်ပံ့ကုန်သည်။ဟောန္တိ၊ ဖြစ်ကုန်၏၊ ဣတိ၊ ဤသို့။ဒဠဗ္ဗာနိ၊ မှတ်အပ်ကုန်၏၊
၎င်းပါ၏အဓိပ္ပါယ်ကို အနုဋီကာ၌-
အနေကေသု အနန္တရိယေသု ကတေသု ကိဉ္စပိ ဗလဝတောယေဝ ပဋိသန္တိဒါနံ နဣတရေသံ အတ္တနာ ပန ယာတဗ္ဗကိစ္စဿ တေနေဝ ကဋတ္တာတဿဝိပါကဿ ဥပတ္တမ္ဘနဝသေန ပဝတ္တနတော ဣတရာနိ တေန န နိဝါရိတဖလာနိ နာမ ဟောန္တိ၊ ကော ပန ဝါဒေါ ပဋိပက္ခေသု ကုသလေသူတိ-
ဟူ၍ပြဆိုသည်။
အနေကေသု၊ များစွာကုန်သော။ အနန္တရိယေသု၊ အနန္တရိယကံတို့ကို။ ကတေသု၊ ပြုကုန်သည်ရှိသော်။ ဗလဝတောယေဝ၊ အားကြီးသောကံသည်သာလျှင်။ ပဋိသန္တိဒါနံ၊ ပဋိသန္ဓေကိုပေးတတ်သည်။ ဣတရေသံ ဤမှတပါးသော ကံတို့၏၊ နပဋိသန္ဓိဒါနံ ပဋိန္ဓေကို မပေးတတ်သည်။ ကိဉ္စပိ ဟောတိ၊ အကယ်၍ဖြစ်၏၊ ပန ယင်းသို့ဖြစ်သော်လည်း အတ္တနာ မိမိသည် ကာတဗ္ဗကိစ္စဿ ပြုအပ်သောကိစ္စကို တေနေဝ ထိုလေဝကံ သည်ပင်လျှင် ကတတ္တာပြုနိုင်သည်၏အဖြစ်ကြောင့် တဿဝိပါကဿ ထိုကံ၏အကျိုးကို ဥပတ္တမ္ဘနဝသေန ထောက်ပံ့သည်၏ အစွမ်းဖြင့်။ပဝတ္တနတော ဖြစ်ခြင်းကြောင့် ဣတရာနိ တပါးသောကံတို့ကို။ တေန ထိုဗလဝကံသည်။ နနိဝါ ရိတဖလာနိ နာမ မမြစ်အပ်သော အကျိုရှိသည် မည်ကုန်သည်။ ဟောန္တိ ဖြစ်ကုန်၏၊ ပဋိပက္ခေသု ဆန့်ကျင်ဘက်ဖြစ်ကုန်သော။ ကုသလေသု ကုသိုလ်တို့၌။ကောပနဝါဒေါ အဘယ်ဆိုဖွယ်ရှိအံ့နည်း။
ဤဋီကာတို့၏ အမိန့်ကို ထောက်စာ၍ နာဟောသိကမ္မဝိပါက ဟူသည်ကား ဥပတ္တမ္ဘကအဖြစ်ဖြင့် အကျိုးပေးဆဲ ပေးလတ္တံသော ကံဟု သိအပ်လှတော့သည်။
များစွာသော ကုသိုလ်ကံကိုပြုပြီးလျက် ကလျာဏမိတ္တကိုမှီ၍ အရဟတ္တဖိုလ်သို့ ရောက်သောသူလည်း အဟောကမ္မံနာဟော သိကမ္ပဝိပါက ပင်မည်၏ဟု အဠကထာဆိုသည်။
၃။ အတိတ်ကာလ၌ အားထုတ်ခဲ့သော အကြင်ကံသည် ပစ္စုပ္ပန်ဘဝ၌ အကျိုးကိုပေးသည်ဖြစ်အံ့။ ထိုကံသည် အဟောသိကံမ္မံ အတ္ထိကမ္ပဝိပါကမည်၏၊
၄။ အတိတ်ကာလ၌ အာထုတ်ခဲ့သော မကြင်ကံသည်ပစ္စုပ္ပန်ဘဝ၌ အကျိုးမပေးသည်ဖြစ်အံ့ ထိုကံသည်အဟောသိကံမ္မ နတ္ထိကမ္မဝိပါကမည်၏၊
၅။ အတိတ်၌ အားထုတ်ခဲ့သော ကံသည်ပစ္စုပ္ပန်ဘဝ၌ အကျိုးမပေးဘဲ အနာဂတ်ဘဝ၌ အကျိုးပေးသည်ဖြစ်အံ့ အဟောသိကမ္မံ ဘဝိဿ တိကမ္မဝိပါကမည်၏၊
၆။ ၎င်းကံသည်အနာဂတ်ဘဝ၌လည်း အကျိုးမပေးသည်ဖြစ်အံ့။အဟောသိကမ္မံ န ဘဝိဿတိကမ္မဝိပါက မည်၏၊ ပေါင်း ၆-ပါးတည်း။
၁၉၅။ အတ္တိကံ ၆ ပါးကိုပြဆိုခြင်း
အကြင်ကံသည် ပစ္စုပ္ပန် ဘဝ၌ အားထုတ်၍ ဤပစ္စုပ္ပန်ဘဝ၌ ပင် အကျိုးပေးအံ့။ ထိုကံသည် အတ္တိကမ္မံ အတ္တကမ္မဝိပါက မည်၏။
အကြင်ကံသည် ပစ္စုပ္ပန်ဘဝ၌ ဤပစ္စန်ဘဝ၌ အကျိုးမပေးအံ့ ထိုကံသည် အတ္ထိကမ္မဝိပါက မည်၏။
အကြင်ကံသည် ပစ္စုပ္ပန်ဘဝ၌ အားထုန်၍ အနာဂတ်ဘဝ၌ အကျိုးပေးလတ္တံ့သည်ဖြစ်အံ့ ထိုကံသည် အတ္တိကမ္မံ ဘဝိဿတိကမ္မဝိပါက မည်၏။
၎င်းကံသည် အနာဂတ်ဘဝ၌ အကျိုးမပေးလတ္တံ့သည် အနာဂတ်ဘဝ၌ အကျိုးပေးလတ္တံ့သည်ဖြစ်အံ့ ထိုကံသည် ဘဝိဿတိကမ္မံ ဘဝိဿတိကမ္မပါက မည်၏။
၎င်းကံသည် အနာဂတ်ဘဝ၌ အကျိုးမပေးသည်ဖြစ်အံ့ ဘဝိဿတိကမ္မံ န ဘဝိဿတိကမ္မဝိပါက မည်၏။
အတ္တကံ ၆-ပါးပေတည်း။
၁၉၆။ ကံတို့ကို အကျယ်ဝေဖန်၍ ပြခြင်း
ဆိုခဲ့ပြီးသော ကံတို့ကို အကျယ်ဝေသော် ဇနကကံသည်
၁။ ဂရုက ဇနက
၂။ အာသန္န ဇနက
၃။ အာစိဏ္ဏ ဇနက
၄။ ကဋတ္တာ ဇနက-ဟူ၍ လေးပါး။
ဥပတ္တမ္ဘကကံလည်း
၁။ဂရုက ဥပတ္တမ္ဘက
၂။အာသန္န ဥပတ္ထမ္ဘက
၃။ အာစိဏ္ဏ ဥပပီဠက
၄။ ကဋတ္တာ ဥပတ္ထမ္ဘက-ဟူ၍ လေးပါး။
ဥပဃာတကကံလည်း -
၁။ဂရုကဥပကပီဠက
၂။အာသန္န ဥပပီဠက
၃။ အာစိဏ္ဏ ဥပပီဠက
၄။ ကဋတ္တာ ဥပပီဠက-ဟူ၍ လေးပါး။
ဥပဃာကကံလည်း ဤနည်းအတူ လေးပါးဖြစ်ရကား ရှေးကံ လေးပါးကိုတည် နောက်ကံ ၄-ပါးနှင့် မြှောက်= ၁၆ ပါးဖြစ်၏။
ဤ ၁၆-ပါးကိုတည် ဒိဠဓမ္မစသော ကံလေးပါးနှင့်မြှောက်= ၆၄-ပါးဖြစ်၏။
ထို ၆၄-ပါးကိုတည် ဟောတိကံ ၆-ပါး အတ္ထိက ၆ ပါးအားဖြင့် ၁၂ ပါးနှင့် မြှောက်= ၇၆၈-ပါးဖြစ်၏။
ထို ၇၆၈ ပါးတို့တည် ကုသိုလ်ကံ အကုသိုလ်ကံနှစ်ပါးနှင့်မြှောက်= ၁၅၃၆ ပါးဖြစ်၏။
ထို ၁၅၃၆-ပါးကိုတည် သမ္ပတ္တိ ၄ ပါး ဝိပတ္တိ ၄ ပါးအားဖြင့် ၈ ပါးသော ပဋိဗာဠှကံနှင့် မြှောက်= ၁၂၂၈၈ ပါးဖြစ်၏။
ဆောင်ပုဒ်။ ။သောင်နှစ်ထောင်မှာ၊ နှစ်ရာရှစ်ဆယ်၊ ရှစ်ပါးကယ် ကျမ်း
ဝယ်လာရှောင်းကံအပေါင်း။
၁၉၇။ သမ္ပတ္တိ ၄ပါး ဝိပတ္တိ ၄ပါးကို ပြခြင်း
ကုသိုလ်ကံတို့သည် သမ္ပတ္တိလေးပါးကိုမှီ၍ အခွင့်ရသဖြင့် အကျိုးပေးကုန်သည်၊ ဝိပတ္တိလေးပါးကို မှီ၍ အကျိုးမပေးကုန်။
အကုသိုလ်ကံတို့သည် ဝိပတ္တိလေးပါးကိုမှီ၍ အခွင့်ရသဖြင့် အကျိုးပေးကုန်သည်၊ သမ္ပတ္တိလေးပါးကိုမှီ၍ အကျိုးမပေးကုန်။
ထိုအခြင်းအရာကို ဉာဏဝိဘင်းအဖွင့်၍ ဟောတော်မူသည်။ သမ္မောအဋ္ဌကထာ၌လည်း ထင်စွာ ဖွင့်ပြတော်မူသည်။ ဤကျမ်း၌ကား အကျဉ်းမျှ ပြလိုက်ပေအံ့။
သမ္ပတ္တိလေးပါး
၁။ ဂတိသမ္ပတ္တိ=လူပြည့်နတ်ပြည်တည်းဟူသော ပြည့်စုံသော ဂတိ၌ ဖြစ်ခြင်း။
၂။ ဥပခီသမ္ပတ္တိ=ပြည့်စုံသော ကိုယ်ခန္ဓာသဏ္ဌာန်ရှိခြင်း။
၃။ ကာလသမ္ပတ္တိ=ပြည့်စုံသော လုံ့လဥဿာဟရှိခြင်း-ဟူ၍လေးပါးတည်း။
၄။ ပယောဂသမ္ပတ္တိ=ပြည့်စုံသော လုံ့လဥဿာရှိခြင်း-ဟူ၍လေးပါးတည်း။
ဝိပတ္တိလေးပါး ဟူသော်ကား-
၁။ ဂတိဝိပတ္တိ=အပါယ်ဘုံတည်းဟူသော ပျက်သောဂတိ၌ ဖြစ်ခြင်း။
၂။ ဥပဓိဝိပတ္တိ=မျက်စိ၊ နား၊ နှာ၊ အင်္ဂါ၊ ခြေ၊ လက်ပျက်သော ကိုယ်ခန္ဓာရှိခြင်း။
၃။ ကာလဝိပတ္တိ=ကပ်သုံးပါးနှင့် ကြုံလျက်၊ ပျက်သောကာလ၌ဖြစ်ခြင်း။
၄။ ပယောဂဝိပတ္တိ=ပျက်သောလုံ့လရှိခြင်းဟူ၍ လေးပါးတည်း။
ထိုးလေးပါးတို့တွင် အကြင်သူအား များစွာသော အကုသိုလ်ကံ တို့သည်ရှိကုန်၏ ထိုကံတို့သည် ဂတိဝိပတ္တိ၌ တည်စဉ်သောလျှင် အကျိုးပေး၏ တခုသော ကုသိုလ်ကံကြောင့် ဂတိသမ္ပတ္တိ၌ တည်သောအခါ အကျိုးမပေးကုန်း ထို့သို့မပေးခြင်းသည် ဂတိသမ္ပတ္တိပဋိဗာဠှ မည်၏။
အကြင်သူအား များစွာသော အကုသိုလ်ကံတို့သည် ရှိကုန်၏ ထိုကံတို့သည် ဥပဓိဝိပတ္တိ၌ တည်စဉ်သာလျှင် အကျိုးပေး၏ တခုသော ကုသိုလ်ကံကြောင့် ကိုယ်သဏ္ဌာန်လှပခြင်း တည်းဟူသော ဥပဓိသမ္ပတ္တိ၌ တည်သောအခါ အကျိုးမပေးကုန်။ ထိုသို့ မပေးခြင်းသည် ဥပဓိသမ္ပတ္တိပဋိဗာဠှ မည်၏။
(ဘာတိကမင်းသည် နွားသားစားသော သူတို့အား မင်းဒဏ်ထားသည်တွင် အဆင်းလှသော မိန်မငယ်တဦးသည် ချမ်းသာရသကဲ့သို့ မှတ်ရမည်။)
အကြင်သူအား များစွာသော မကောင်းမှုတို့သည် ရှိကုန်၏ ထိုကံတို့သည် အသက်တမ်းတိုသော ကာလဝိပတ္တိ၌ တည်စဉ်သာလျှင် အကျိုးပေးကုန်၏ တခုသော ကုသိုလ်ကံကြောင့် အသင်္ချေတမ်းစသည်၌ ဖြင်ခြင်း မင်းကောင်း တို့၏ လက်ထက်၌ ဖြစ်ခြင်းတည်းဟူသော ကာလသမ္ပတ္တိ၌ တည်သောအခါ အကျိုးမပေးကုန်။ ထိုသို့မပေးခြင်းသည် ကာလသမ္ပတ္တိပဋိဗာဠှ မည်၏။
အကြင်သူအား များစွာသော မကောင်းမှုတို့သည် ရှိကုန်၏ ထိုကံတို့သည် လုံ့လမဲခြင်းတည်းဟူသော ပယောဂဝိပတ္တိ၌ တည်စဉ်သာလျှင် အကျိုးပေးကုန်၏ ပညာလုံ့လနှင့် ပြည့်စုံခြင်းတည်းဟူသော ပယောဂသမ္ပတ္တိ၌ တည်သောအခါ အကျိုးမပေးကုန်။ ထိုသို့မပေးခြင်းသည် ပယောဂသမ္ပတ္တိပဋိဗာဠှ မည်၏။
အကြင်သူအား များစွာသော ကောင်းမှုတို့သည် ရှိကုန်၏ ထိုကံတို့သည် ဂတိသမ္ပတ္တိ၌ တည်စဉ်သာလျှင် အကျိုးပေးကုန်၏ တခုသော အကုသိုလ်ကြောင့် ဂတိဝိပတ္တိ၌ တည်သောအခါ အကျိုးမပေးကုန်။ ငရဲခံရခြင်း တိရစ္ဆာန်ဘုံ၌ ဖြစ်ရခြင်းအားဖြင့် များစွာသော ကာလပတ်လုံး အပါယ်ဘုံ၌ ဦးခေါင်းချီခွင့်ကိုမျှ မရအောင် ဖြစ်ကုန်၏ ဤသို့ဖြစ်ရခြင်းသည် ဂတိဝိပတ္တိပဋိဗဠှ မည်၏။
အကြင်သူအား များစွာသော ကုသိုလ်ကံတို့သည် ရှိကုန်၏ ထိုကံတို့သည် ဥပဓိသမ္ပတ္တိ၌ တည်စဉ်သာလျှင် အကျိုးပေးကုန်၏ တခုသော မကောင်းမှုကံကြောင့် အဆင်းမလှခြင်း၊ အင်္ဂါချို့တဲ့ခြင်း စသောဥပဓိဝိပတ္တိ၌တည်သောအခါ အကျိုးမပေးကုန်။ ဤသို့ဖြစ်ခြင်းသည် ဥပဓိဝိပတ္တိသည် နှိပ်စက်အပ်သည်မည်၏။
အကြင်သူအား များစွာသော ကုသိုလ်ကံတို့သည် ရှိကုန်၏ ထိုကံတို့သည် ကာလသမ္ပတ္တိ၌ တည်စဉ်သာလျှင် အကျိုးပေးကုန်၏ တခုသော မကောင်းမှုကံကြောင့် မကောင်းသောမင်း မကောင်းသောလူရှိသော ကာလဝိပတ္တိ၌ တည်သောအခါ အကျိုးမပေးကုန်။ ထိုသူတို့၏ကံသည် ကာလဝိပတ္တိဖြင့် နှိပ်စက်အပ်သည်မည်၏။
အကြင်သူအား များစွာသော ကုသိုလ်ကံတို့သည်ရှိကုန်၏ ထိုကံတို့သည် လုံ့လ၊ ပညာ၊ သမာဓိတည်းဟူသော ပယောဂသမ္ပတ္တိ၌ တည်စဉ်သာလျှင် အကျိုးပေးကုန်၏ လုံ့လကင်းလျှက် ပျင်းရိမိုက်မူး သေသောက်ကျူးခြင်းစသော ပယောဂ ဝိပတ္တိ၌တည်သောအခါ အကျိုးမပေးကုန်။ ထိုသူတို့၏ ကုသိုလ်ကံသည် ပယောဂဝိပတ္တိဖြင့် နှိပ်စက်အပ်သည် မည်၏။
၁၉၈။ ဂရုကံနှစ်မျိုး ပြိုင်ရိုးမရှိ
မေး။ ။အကုသိုလ်နှင့် ကုသိုလ်အစု၊ ဂရုကံခြင်း ဆိုင်မိလျှင်းသော် အခင်းဘယ်သူအောင်အံ့နည်း။
ဖြေ။ ။ အကုသိုလ် ဂရုကံနှင့် ကုသိုလ်ဂရုကံသည် တယောက်တည်း၌ဆိုင်၍ မဖြစ်နိုင်ချေ၊ ဘယ့်ကြောင့်နည်းဟူမူ မရုကံဖြစ်သော အနန္တရိယကံငါးပါးသည် ကမ္မန္တရာယ် ဖြစ်သည်။ ဤကံ ငါးပါးတွင် တပါးပါးကို ပြုမိသောသူသည် ဤဘဝ၌ စျာန်၊ မဂ်၊ ဖိုလ်ကို မရနိုင်ပြီ။ လူ့ပြည်နတ်ရွာသို့လည်း မလားပြီ။ အဝီစိသို့သာ လားရတော့သည်။ ထို့ကြောင့် ဆိုင်၍မဖြစ်နိုင်ဟု ဆိုရမည်။
၁၉၉။ ဒိဌဓမ္မကံနှင့် ဥပဇ္ဇကံနှစ်ပါး၌ မှတ်သားဖွယ်
မေး။ ။ ၇-တန်ဇော၊ စဉ်၍စောလျက်၊ ပထမဇောသည်၊ အဟောသိကံ၊ ဖြစ်သည်မှန်က၊ ငါးတန်ဇောသာ၊ ပေးရပါမည်၊ သည်မှာမရပ်၊ သတ္တမဇော၊ ဘယ်သဘောကြောင့် ပေးသနည်း။
ဖြေ။ ။ ပထမဇောသည် ပစ္စယ ဝိသေသဖြင့် ရအပ်သော သတ္တိအထူးရှိမှ သတ္တမဇောလည်း သတ္တိအထူးရှိသည်ဖြစ်၍ အကျိုးပေးနိုင်သည်။ ပထမဇောသတ္တိအထူးမရှိ၍ ဒိဋ္ဌဓမ္မ မပေးလျှင် သတ္တမဇောသည် ဥပပဇ္ဇ၌မပေးနိုင်ပြီ။ အပရာပရိယသို့သာ သက်လေသည်။ ပုစ္ဆာဆရာကား ပထမဇော မပေးသော်လည်း။ သတ္တမဇောပေးသေး၏ဟု ထင်ဟန်ရှိသည်။
၁၂၀။ ဒွါရအားဖြင့် အကုသိုလ်ကံ ၃-ပါး ပြားပုံကိုပြခြင်း
ပါကဋ္ဌာနအားဖြင့် ပြားသောကံ ၄-ပါးတို့တွင် အကုသိုလ်ကံသည် ဖြစ်ရာဒွါရအားဖြင့် ၃-ပါး ဒုစရိုက် ကမ္မပထအားဖြင့် ၁၀-ပါးပြားရာ၌ အဋ္ဌသာလိနီ၌ လာသောနည်းအားဖြင့် ကွဲပြားအောင် ပြလိုက်ပေအံ့။
ကံ၏ ဖြစ်ရာဖြစ်သော ဒွါရသည်-
၁။ ကာယကမ္မ ဒွါရ
၂။ ဝစီကမ္မ ဒွါရ
၃။ မနောကမ္မ ဒွါရ ဟူ၍ ၃-ပါး အပြားရှိ၏။
ကာယအပြားလေးပါးကို ပြခြင်း
ထို ၃-ပါးအပြားတို့တွင် ကာယကမ္မဒွါရ ဟူသောပုဒ်၌ ကာယသည်-
၁။ ကံကြောင့်ဖြစ်သော ဥပါဒိဏ္ဏကာယ
၂။ အာဟာရကြောင့်ဖြစ်သော အာဟာရသမုဋ္ဌာနကာယ
၃။ ဥတုကြောင့်ဖြစ်သော ဥတုသမုဋ္ဌာနကာယ
၄။ စိတ်ကြောင့်ဖြစ်သော ဥတုသမုဋ္ဌာနကာယ အားဖြင့် လေးပါးအပြား ရှိ၏။
ထိုလေးပါးတို့တွင် ကံကြောင့်၎င်း၊ အာဟာရကြောင့်၎င်း၊ ဥတုကြောင့်၎င်း ဖြစ်သောကာယသည် ဖောဋ္ဌဗ္ဗာရုံကိုတွေ့တတ်သော ကာယပသာဒမျှသာ ဖြစ်၍ ကာယဒွါရမမည်။
စိတ်ကြောင့်ဖြစ်သော ကာယသည်လည်း လှုပ်ရှားကာမျှသော စောပနာကာယ၊
မိမိလည်းသိစေအပ် သူတပါးတို့ကိုလည်း သိစေတတ်သော ဝိညတ္တိကာယ အားဖြင့် နှစ်ပါးရှိသည်။
ထိုနှစ်ပါးတို့တွင် စက္ခုဝိညာဉ်ဖြင့် မြင်၍ မသိအပ်၊ မနောဝိညာဉ်ဖြင့် ဆ၍သာသိအပ်သော စိတ္တဇရုပ်တို့၏ ဝိကာရ မျှသည် ကာယဝိညတ်မည်၏။ ထိုဝိညတ်ရုပ်သည်သာလျှင် ပါဏာတိပါတ်စသော ကံ၏ဖြစ်ရာ ဖြစ်သောကြောင့် ကာယကမ္မဒွါရ မည်၏။
ထိုဒွါရ၌ ဖြစ်သောစေတနာဖြင့် ပါဏာတိပါတ်စသော အမှုတို့ကိုလည်း ပြု၏၊ ထိုအမှုတို့မှ ရှောင်ကြဉ်ခြင်းကိုလည်းပြု၏၊ ထိုသို့ပြုခြင်း ရှောင်ကြဉ်ခြင်းသည် ကာယကံ မည်၏။
ထိုကြောင့် အဋ္ဌသာလိနီ၌-
ဧဝမေသာ စိတ္တသမုဋ္ဌာနေသု ရူပေသု ဝိညတ္တိ ကာယကမ္မဒွါရံ နာမာတိ ဝေဒိတဗ္ဗာ- စသည်ဖြင့် မိန့်ဆိုသည်။
ဝါစာ ၃ပါးကို ပြခြင်း
ဝစီကမ္မဒွါရဟူသောပုဒ်၌ ဝါစာသည်-
၁။ စေတနာ ဝါစာ
၂။ ဝိရတိ ဝါစာ
၃။ သဒ္ဒ ဝါစာ အားဖြင့် ၃-ပါး အပြားရှိ၏။
ထို ၃-ပါးတို့တွင် ကောင်းသောစကားကို ဆိုအံ့ဟုကြံသော စေတနာသည် စေတနာ ဝါစာမည်၏။
ဝစီဒုစရိုက်မှ ရှောင်ကြဉ်ခြင်း သည် ဝိရတိ ဝါစာမည်၏။
နှုတ်မြွက်၍ဆိုသော အသံသည် သဒ္ဒ ဝါစာမည်၏။
ထိုအသံနှင့် တကွဖြစ်သော မိမိလည်း သိစေအပ် သူတပါးတို့ကိုလည်း သိစေတတ်သော အခြင်းအရာထူးဟု ဆိုအပ်သော ဝိညတ်ရုပ်သည် ရှိ၏၊ ထိုဝိညတ်ရုပ်သည်သာလျှင် ဝစီကံ၏ဖြစ်ရာဖြစ်သောကြောင့် ဝစိကမ္မဒွါရမည်၏။ ထိုဒွါရ၌ဖြစ်သော စေတနာဖြင့် မုသာဝါဒအစရှိသော ဝစီဒုစရိုက်တို့ကို ပြောဆို၏၊ ထိုစကားတို့မှ ရှောင်ကြဉ်ခြင်းကိုလည်း ပြု၏၊ ထိုသို့ပြောဆိုခြင်း ရှောင်ကြဉ်ခြင်းတို့သည် ဝစီကံ မည်၏။
အလုံးစုံသော စိတ်တခုယုတ် ကိုးဆယ်သည် မနောဒွါရမည်၏။ ထိုစိတ်၌ယှဉ်သော စေတနာသည် ကံမည်၏။ ယင်းသို့ဒွါရ ကံ မည်သော်လည်း ဤအရာ၌ ကမ္မပထ ဖြစ်သောကံ၏ဖြစ်ရာကို လိုအပ်ရကား လောကီကုသိုလ် သတ္တရသ အကုသိုလ်ဒွါဒသအားဖြင့် ၂၉-ပါးသော ဇောစိတ်သည်သာလျှင် မနောကမ္မဒွါရ မည်၏။ ထိုစိတ်တို့နှင့်ယှဉ်လျက်ပါသော စေတနာသည်ရှိ၏၊ ထိုစေတနာဖြင့် အဘိဇ္ဈာ ဗျာပါဒ မိစ္ဆာဒိဋ္ဌိတို့ကိုယူ၏၊ ထိုအမှုတို့မှ ရှောင်ကြဉ်ခြင်းကိုလည်း ပြု၏၊ ထို့သို့ပြုခြင်း ရှောင်ကြဉ်ခြင်းတို့သည် မနောကံ မည်၏။
ကိုယ်ဖြင့်၎င်း နှုတ်ဖြင့်၎င်း ပြုအပ်သောအမှုသည် ကရဏီယန္တ ကမ္မ ဟူသည်နှင့်ညီစါာ မုချအားဖြင့် ကံမည်သည်။ ထိုအမည်ကို အကြောင်းဖြစ်သော စေတနာ၌တင်စား၍ အကြောင်းဖြစ်သော စေတနာကို ဖလူပစာရအားဖြင့် ကံ ဟူ၍ဆိုသည်။ ထို့ကြောင့်- စေတနာတံ ဘိက္ခဝေ ကမ္မံ ဝဒါမိ၊ စေတယိတွာ ကမ္မံ ကရောဘိ၊ ကာယေန ဝါစာယ မနသာ- ဟူ၍ ဟောတော်မူသည်။
ထိုစေတနာဟူသောကံ၏ ဖြစ်ရာဒွါရသည် ကာယ ဝစီ မနဟူ၍ ၃-ပါးပြားသည်၏ အဖြစ်ကြောင့် ထိုစေတနာဟူသော ကံကိုလည်း ဝစီကံ မနောကံ ဟူ၍ ခေါ်သည်။
ထိုစေတနာကြောင့်ပြီးသော ပါဏာတိပါတ်စသော အမှုကိုလည်း ဌာနဖြင့် ဌာနီကိုမှတ်၍ ပညတ်သော တဗ္ဗဟုလဝုတ္တိ နည်းအားဖြင့် ကာယကံ ဝစီကံ မနောကံဟူ၍ ခေါ်လေသတည်း။
၂၀၁။ ကမ္မပထ အားဖြင့် အကုသိုလ်ကံ ၁၀-ပါး ပြားပုံကိုပြခြင်း
ပါဏာတိပါတော အဒိန္နဒါနံ ကာမေသုမိစ္ဆာစာရော စေတိကာယဝိညတ္တိသင်္ခါရေ ဗာဟုလ္လဝုတ္တိတော ကာယကမ္မံ နာမအစရှိသော လက်သန်းပါဌ်၌လာ၏ အဓိပ္ပါယ်ကား-
ကာယကံ ၃-ပါး
ပါဏာတိပါတ် အဒိန္နဒါန် ကာမေသုမိစ္ဆာစာရ ဤ ၃-ပါးသောကံသည် ကာယဝိညတ်ဟုဆိုအပ်သော ကာယဒွါရ၌ များစွာ ဖြစ်တတ်သောကြောင့် ဝစီဒွါရ၌လည်း အပ္ပကအားဖြင့် ဖြစ်သော်လည်း များရာသို့လိုက်၍ ခေါ်သော တဗ္ဗဟုလဝုတ္တိနည်းအားဖြင့် ကာယကံမည်သည်။
ဝစီကံ ၄-ပါး
မုသာဝါဒ ပိသုဏဝါစာ ဖရုသဝါစာ သမ္ဖပ္ပလာပ ဤလေးပါးသော ကံ သည် ဝစီဝိညတ်ဟုဆိုအပ်သောဝစီဒွါရ၌ များစွာဖြစ်တတ်သောကြောင့် ကာယဒွါရ၌ အပ္ပကအားဖြင့် ဖြစ်သော်လည်း ယခင်နည်းအားဖြင့် ဝစီကံ မည်၏။
အဘိဇ္ဈာ ဗျာပါဒ မိစ္ဆာဒိဋ္ဌိ ဤသုံးပါးသောကံသည် ကာယဝိညတ် ဝစီ ဝိညတ်ကိုကြဉ်၍၎င်း ထိုဝိညတ်တို့နှင့်တကွ၎င်း မနောဒွါရ၌များစါာ ကာယဝစီဒွါရ၌ အပ္ပအားဖြင့်သာ ဖြစ်တတ်သောကြောင့် မနောကံမည်သည်။
ထို့ကြောင့် အဋ္ဌသာလိနီ (၁၃၂)၌-
အကုသလံ ဟိ ကာယကမ္မံ ကာယဝစီဒွါရေသု သမုဋ္ဌာတိ၊ န မနောဒွါရေ၊ တထာ အကုသလံ ဝစီကမ္မံ အကုသလံ မနောကမ္မံ ပနတီသုပိ ဒွါရေသု သမုဋ္ဌာတိ။ တထာ ကုသလာနိ ကာယဝစီမနောကမ္မာနိ-
ဟူ၍ မိန့်သည်။
ဟိ၊ ထင်စွာဆိုလိုက်အံ့။ အကုသလံ၊ အကုသိုလ်ဖြစ်သော။ ကာယကမ္မံ၊ ကာယကံသုံးပါးသည်။ ကာယဝစီဒွါရေသု၊ ကာယဒွါရ ဝစီဒွါရတို့၌။ သမုဋ္ဌာတိ၊ ဖြစ်၏၊ မနောဒွါရေ၊ မနောဒွါရ၌။ န သမုဋ္ဌာတိ၊ မဖြစ်။ တထာ၊ ထို့အတူ။ အကုသလံ ဝစီကမ္မံ၊ အကုသိုလ်ဝစီကံ ၄-ပါးသည်။ ဝစီကာယဒွါရေသု၊ ဝစီဒွါရ ကာယဒွါရတို့၌။ သမုဋ္ဌာတိ၊ ဖြစ်၏၊ မနောဒွါရေ၊ မနောဒွါရ၌။ န သမုဋ္ဌာတိ၊ မဖြစ်။ အကုသလံ မနောကမ္မံ ပန၊ အကုသိုလ်ဖြစ်သော မနောကံသုံးပါးသည်ကား။ တီသုပိ၊ သုံးပါးလည်းဖြစ်ကုန်သော။ ဒွါရေသု၊ ကာယဒွါရ ဝစီဒွါရ မနောဒွါရတို့၌။ သမုဋ္ဌာတိ၊ ဖြစ်၏၊ ကုသလာနိ၊ ကုသိုလ်ဖြစ်ကုန်သော။ ကာယဝစီမနောကမ္မာနိ၊ ကာယကံ ဝစီကံ မနောကံတို့သည်။ တထာ၊ ထို့အတူပင်တည်း။
အကုသိုလ်အရာ၌ ဒုစရီတသာဖြစ်၍ ကမ္မပထမဖြစ်ပုံကို ပြရာ၌-
အကုသိုလ်ဆယ်ပါးတို့သည်-
၁။ ကမ္မပထသို့ ရောက်သောကံ၊
၂။ ကမ္မပထသို့ မရောက်သောကံ၊
ဟူ၍ နှစ်ပါး အပြားရှိသည်။
ထိုနှစ်ပါးတို့တွင် ကမ္မပထသို့မရောက်သောကံကို ထိုထိုဒွါရ၌ဖြစ်သော ဒုစရိုက် အမည်ဖြင့်သာလျှင် ခေါ်ဝေါ်အပ်၏ဟု ပြလိုရကား-
ကာယဝစီဒွါရေသု ဟိ စောပနံ ပတွာ ကမ္မပထံ အပတ္တံ အတ္ထိ၊ မနောဒွါရေ စ သမုဒါစာရံ ပတွာ ကမ္မပထံ အပတ္တံ အတ္ထိ၊ တံ ဂဟေတွာ စသည်ဖြင့် မိန့်ဆိုသည်။
ဟိ၊ ထင်စွာဆိုဦးအံ့။ ကာယဝစီဒွါရေသု၊ ကာယဒွါရ ဝစီဒွါရတို့၌။ စောပနံ၊ တုန်လှုပ်ခြင်းသို့။ ပတွာ၊ ရောက်လျက်။ ကမ္မပတံ၊ ကမ္ပပထသို့။ အပ္ပပထံ။ ကမ္မပထသို့။ အပ္ပတ္ထံ၊ မရောက်ခြင်းသည်လည်း။ အတ္ထိ၊ ရှိ၏၊ မနောဒွါရေ စ၊ မနောဒွါရ၌လည်း။ သမုဒါစာရံ၊ လေ့ကျက်ခြင်းသို့။ ပတွာ၊ ရောက်လျာက်။ ကမ္မပထံ၊ ကမ္မပထသို့။ အပ္ပတ္တံ၊ မရောက်ခြင်းသည်လည်း။ အတ္ထိ၊ ရှိ၏၊ တံ၊ ထိုသို့ကမ္မပထံသို့ မရောက်သောကံကို။ ဂဟေတွာ၊ ယူ၍။ တံတံ ဒွါရပက္ခိကမေဝ။ ထိုထိုသောဒွါရ၌ ထည့်သွင်းခြင်းကိုသာလျှင်။ အကံသု၊ ပြုကုန်၏၊ တတြ၊ ထို့သို့ထည့်သွင်းရာ၌။ အယံ၊ ဤဆိုလတ္တံ့ သည်ကား။ နယော၊ နည်းပြတည်း။
အကုသိုလ်ကာယကံ ဖြစ် မဖြစ်ကို ပြခြင်း
ယော နရော၊ အကြင်သူသည်။ မိဂဝံ၊ သမင်တောသို့။ ဂမိဿမီတိ။ သွားအံ့ဟူ၍။ ဓနုံ စ၊ လေးကိုလည်း။ သဇ္ဇေတိ၊ စီရင်၏၊ ဇိယံ၊ လေးညှို့ကို။ ဝဋ္ဋေသိ၊ ကျစ်၏၊ သတ္တိံ၊ လှံကို။ နိသေတိ၊ သွေး၏၊ ဘတ္တံ၊ ထမင်းကို၊ ဘုဉ္ဇတိ၊ စား၏၊ ဝတ္တံ၊ ပုဆိုးကို။ ပရိဒဟတိ၊ အောက်ပိုးကြိုက်၏၊ ဧတ္တာဝတာ၊ ဤသို့ပြုခြင်းဖြင့်။ ကာယဒွါရေ၊ ကာယဒွါရ၌။ စောပနံ၊ တုန်လှုပ်ခြင်းသို့။ ပတ္တံ၊ ရောက်သည်။ ဟောတိ၊ ဖြစ်၏၊ သော၊ ထိုတောသို့သွားသောသူသည်။ အရညေ၊ တော၌။ ဒိဝသံ၊ တနေ့ပတ်လုံး။ စရိတွာ၊ လှည့်လည်၍ အန္တမသော၊ အယုတ်သဖြင့်။ သသဗိဋ္ဌာရမတ္တမ္ပိ၊ ယုံငယ်ကြောင်ငယ်မျှကိုလည်း။ န လဘတိ၊ မရခဲ့။ ဣဒံ အကုသလံ၊ ဤတောလည်ရုံမျှသော အကုသိုလ်သည်။ ကာယကမ္မံ နာမ၊ ကာယကံမည်သည်။ ဟောတိ၊ ဖြစ်အံ့လော။ န ဟောတိ၊ မဖြစ်အံ့လော။ ဣတိ၊ ဤသို့မေးသည်ရှိသော်။ န ဟောတိ၊ မဖြစ်။
ကသ္မာ၊ ဘယ်ကြောင့် နည်းဟူမူကား။ ကမ္မပထံ၊ ကမ္မပထသို့။ အပ္ပတ္တတာယ၊ မရောက်သည်၏၊ အဖြစ်ကြောင့်တည်း။ ကေဝလံ ပန၊ စင်စစ်သော်ကား။ ကာယဒုစ္စရိတံနာမ၊ ကာယဒုစရိုက်မည်သည်။ ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့။ ဝေဒိတဗ္ဗံ၊ သိအပ်၏၊ မစ္ဆဂဟဏာဒီသု၊ ငါးဖမ်းခြင်းအစရှိကုန်သော။ ပယောဂေသု၊ ပယောဂတို့၌။ ဧသေဝနယော၊ ဤနည်းပင်တည်း။
၂၀၂။ အကုသိုလ်စိတ်ဝစီကံဖြစ် မဖြစ်ကိုပြခြင်း
ဝစီဒွါရေပိ၊ ဝစီဒွါရ၌လည်း။ ယော၊ အကြင်သူသည်။ မိဂဝံ၊ သမင်တောသို့။ ဂမိဿမီတိ၊ သွားအံ့ဟူ၍၊ ဝေဂေန၊ လျင်စွာ။ ဓနုအာဒီနိ၊ လေး မြား လှံ ဓား စသည်တို့ကို။ သဇ္ဇေထာတိ၊ စီရင်လောဟူ၍။ အာဏာပေတွာ၊ သူ့ကို စေခိုင်း၍။ ပုရိမနယေနေဝ၊ ရှေးနည်းဖြင့်သာလျှင်။ ဒိဝသံစရိတွာ၊ တနေ့ပတ်လုံး လှည့်လည်၍။ အရညေ၊ တော၌။ ကိဉ္စိ၊ သစုံတခုသော ယုံ ကြောင် သတ္တဝါကို။ အလဘန္တဿ၊ မရသောသူအား။ ဝစိဒွါရေ၊ ဝစီဒွါရ၌။ စောပနံ၊ တုန်လှုပ်ခြင်းသို့။ ကိဉ္စိပိ ပတ္တံ၊ အကယ်၍ကား ရောက်၏၊ ပန၊ ထိုသို့ရောက်သော်လည်း။ ကမ္မပထံ၊ ကမ္မပထသို့။ အပ္ပတ္ထတာယ၊ မရောက်သည်၏ အဖြစ်ကြောင့်။ ဝစီကမ္မံ နာမ၊ ဝစီကံမည်သည်။ န ဟောတိ၊ မဖြစ်။ ကေဝလံ၊ စင်စစ်။ ဝစီဒုစ္စရိုက်မည်သည်။ ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့။ ဝေဒိတဗ္ဗံ၊ သိအပ်၏။
၂၀၃။ အကုသိုလ်မနောကံဖြစ် မဖြစ်ကိုပြခြင်း
မနောဒွါရေ ပန၊ မနောဒွါရ၌ကား။ ဝဓကစေတနာယ၊ သတ်လိုသောစေတနာ၏၊ ဥပ္ပန္နမတ္တာယ ဧဝ၊ ဖြစ်ကာမျှ၌ပင်လျှင်။ ကမ္မပထဘေဒေါ၊ ကမ္မပထအထူးသည်။ ဟောတိဖြစ်၏ သော စ ခေါ ထိုသို့ဖြစ်ခြင်းသည်လည်း။ ဗျာပါဒဝသေန၊ ညှဉ်းဆဲနှိပ်စက်လိုသော ဒေါသ၏အစွမ်းဖြင့်။ ဟောတိ၊ ဖြစ်၏၊ ပါဏာတိပါတဝသေန၊ ပါဏာတိပါတ၏ အစွမ်းဖြင့်။ န ဟောတိ၊ မဖြစ်။ ဟိကသ္မာ၊ ဘယ့်ကြောင့်နည်းဟူမူကား။ အကုသလံ ကာယကမ္မံ၊ အကုသိုလ် ကာယကံသည်။ ကာယဝဝီဒွါရေသု၊ ကာယဒွါရ ဝစီဒွါရတို့၌။ သမုဋ္ဌာတိ၊ ဖြစ်၏၊ မနောဒွါရေ၊ မနောဒွါရ၌။ န သမုဋ္ဌာတိ၊ မဖြစ်။ တသ္မာ၊ ထို့ကြောင့်။ ပါဏာတိပါတဝသေန၊ ပါဏတိပါတ၏ အစွမ်းဖြင့်။ န သမုဋ္ဌာတိ၊ မဖြစ်။
ဤအဋ္ဌကထာပါဋ္ဌ်၌ အဓိပ္ပါယ်အကျဉ်းကား-
ကံတို့သည် ကမ္မပထသို့ရောက်သောကံ မရောက်သောကံဟူ၍ နှစ်ပါးရှိသည်တွင် ကမ္မပထသို့ရောက်သောကံ၌ ပါဏတိပါတ်စသောအမှုသည် ကာယဒွါရ၌ဖြစ်သောအခါ၊ ကာယကံ ကာယဒွါရ၌ ဖြစ်သည်မည်၏၊ သူတပါးကို စေခိုင်းသောအခါ ကာယကံ ကာယဒွါရ၌ ဖြစ်သည်မည်၏၊ သူတပါးကို စေခိုင်းသောအခါ ကာယကံ ဝစီဒွါရ၌ ဖြစ်သည်မည်၏။
ကမ္မပထသို့ မရောက်သော ပါဏာတိပါတ စသည်၌ကား လက်နက်ကိုကိုင်ခြင်း လှည့်ပတ်ရှာဖွေခြင်း စသည်တို့ဖြင့် ကာယဒွါရ၌ဖြစ်သောအခါ ကာယဒုစရိုက်မည်သည်။ သူ့ကိုစေခိုင်းသည်၏ အစွမ်းဖြင့် ဝစီဒွါရ၌ ဖြစ်သောအခါဝစီဒုစရိုက်မည်သည်။ ကာယဒုစရိုက်မမည်။ ဘယ့်ကြောင့်နည်းဟူမူ ကမ္မပထသို့ မရောက်လေသောကြောင့်တည်း ဟူလိုသည်။
မနောဒွါရ၌ကား ဥစ္စာကိုလိုချင်သော လောဘ ညှဉ်းဆဲလိုသော ဒေါသဖြစ်သောအခါကပင် မနောကမ္မပထသို့ ရောက်၏၊ ဒုစရိုက်လည်းဖြစ်၏၊ အသက်သတ်ခြင်း စသည်ကိုပြုအံ့ဟု ကြံစီအားထုတ်၍ ကိုယ်တုန်လှုပ်ခြင်း နှုတ်တုန်လှုပ်ခြင်းကို ပြုသောအခါ ထိုစေတနာသည် မနောကံ မနောဒုစရိုက်မမည်ပြီ။ ကာယဒုစရိုက် ဝစီဒုစရိုက်သာ၎င်း ကာယကံ ဝစီကံသာ၎င်း မည်တော့၏ ဟူလိုသည်။
ဤအဓိပ္ပါယ်ကို ပြလိုသော အနုဋီကာဆရာသည်-
ယတာ ဟိ ကမ္မပထံ ပတ္တာ ကာယကမ္မာဒိသင်္ခါတာ စေတနာ ဒွါရန္တရေ ဥပ္ပန္နာပိ ကာယကမ္မာဒိနာမမေဝ လဘန္တိ ဧဝံ ကမ္မပထံ အပတ္တာ တာ ပန ယတ္ထ ယတ္ထ ဒွါရေ ဥပ္ပဇ္ဇန္တိ၊ တေန တေနေဝဒွါရေန ကာယဒုစ္စရိတံ ဝစီဒုစ္စရိတန္တိအာဒိနာမံ လဘန္တိ၊ ဧဝံ နာမ ဂဟဏမေဝ ဟိ တေသံ ဒွါရပက္ခိက ကရဏံ ဝုတ္တံ-
ဟူ၍ မိန့်အပ်ပြီ။
ဟိ၊ ထင်စွာဆိုဦးအံ့။ ကမ္မပထံ၊ ကမ္မပထသို့။ ပတ္တာ၊ ရောက်ကုန်သော။ ကာယကမ္မာဒိသင်္ခါတာ၊ ကာယကံ၊ စသည်ဟုဆိုအပ်ကုန်သော။ စေတနာ၊ စေတနာတို့သည်။ ဒွါရန္တရေ၊ မိမိ၏ဖြစ်ရာဒွါရာဒွါရမှ တပါးသောဒွါရ၌။ ဥပ္ပန္နာပိ၊ ဖြစ်သော်လည်း။ ကာယကမ္မာဒိနာ မမေဝ၊ ကာယကံ စသောအမည်ကိုသာလျှင်။ လဘန္တိယထာ၊ ရကုန်သကဲ့သို့။ ဧဝံ တထာ၊ ထို့အတူ။ ကမ္မပတံ၊ ကမ္မပထသို့။ အပတ္တာ၊ မရောက်ကုန်သော အကုသိုလ်စေတနာတို့သည်။ ကာယကမ္မာဒိနာမံ၊ ကာယကံ စသောအမည်ကို။ န လဘန္တိ၊ မရကုန်။ တာ ပန၊ ထိုစေတနာတို့ သည်ကား။ ယတ္ထ ယတ္ထ ဒွါရေ၊ အကြင်အကြင်ဒွါရ၌။ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏၊ တေန တေနေဝ ဒွါရေန၊ ထိုထိုဖြစ်ရာဒွါရ၏ အစွမ်းဖြင့်သာလျှင်။ ကာယဒုစ္စရိတံ ဝစီဒုစ္စရိတန္တိအာဒိနာမံ၊ ကာယဒုစရိုက် ဝစီဒုစရိုက်စသောအမည်ကို လဘန္တိ၊ ရကုန်၏၊ ဟိ၊ သင့်စါ။ ဧဝံ၊ ဤသို့။ နာမဂဟဏမေဝ၊ အမည်ကို ယူခြင်းပင်လျှင်။ တေသံ၊ ထိုစေတနာတို့၏၊ တံတံဒွါရပက္ခိက ကရဏံ၊ ထိုထိုသောဒွါရ၌ထည့်သွင်းခြင်းကို ပြုခြင်းဟူ၍။ ဝုတ္တံ၊ ဆိုအပ်ပြီ။
သားငါးသတ်ခြင်းငှါ ကြံ၍ လက်နက် ဓားလှံ ပြင်ဆင်သောကာလ၌ ကျရောက်သော လောဘ ဒေါသတို့သည် အဘိဇ္ဈာ ဗျာပါဒ သဘောဖြစ်၍ မနောကံ မမည်သင့်ပါလောဟု စောဒနာငြားအံ့။
ကမ္မပထမမြောက်သော ကာယဒုစရိုက်ကို၎င်း ဝစီဒုစရိုက်ကို၎င်း ပြုသော စေတနာတို့သည် မနောကံ မမည်။ ထို့ကြောင့် မနောကံ မခေါ်သင့်။ ကာယဒုစရိုက်လည်း ကာယကံ၌သာဝင်သည်။ ဝစီဒုစရိုက်လည်း ဝစီကံ၌သာဝင်သည်ဟု ပြခြင်းငှါ မူလဋီကာ၌-
ဣမေ သတ္တာ ဟညန္တူတိ ပဝတ္တဗျာပါဒဝသေန စေတနာ ပက္ခိကာ ဝါဘဝန္တိ၊ ကာယကမ္မဝေါဟာရလာဘာ အဗ္ဗောဟာရိကာ ဝါ မနောကမ္မဝေါဟာရဝိရဟာ သသမ္ဘာရပထဝီအာဒီသု အာပါဒယော ဧတ္ထနိဒဿနံ-
ဟူ၍ မိန့်သည်။
ဣမေ သတ္တာ၊ သတ္တဝါတို့သည်။ ဟညန္တု၊ သေပါလေစေကုန်။ ဣတိ၊ ဤသို့။ ပဝတ္တဗျာပါဒဝသေန၊ ဖြစ်သောဒေါသ၏ အစွမ်းဖြင့်။ ကာယဒွါရိကစေတနာ၊ ကာယဒွါရ၌ ဖြစ်သော စေတနာသည်။ ကာယကမ္မဝေါဟာရလာဘာ၊ ကာယကံဟူသော ဝေါဟာရကို ရခြင်းကြောင့်။ စေတနာပက္ခိကာ ဝါ၊ ကာယကံကို ပြီးစေသော စေတနာ၏ အသင်းအပင်းသာလျှင်။ ဘဝန္တိ၊ ဖြစ်ကုန်၏၊ မနောကမ္မဝေါဟာရဝိရဟာ၊ မနောကံဟူသော ဝေါဟာရမှကင်းခြင်းကြောင့်။ အဗ္ဗောဟာရိကာ ဝါ၊ မနောကံ မခေါ်ဝေါ်သင့် ကုန်သည်လည်း။ ဘဝန္တိ၊ ဖြစ်ကုန်၏၊ ဧတ္ထ၊ ဤမနောကံဟု မခေါ်ဝေါ်သင့်ရာ၌။ သသမ္ဘာရပထဝီအာဒီသု၊ ကေသာ လောမာ အစရှိသော သသမ္ဘာရပထဝီစသည်တို့၌။ အာပါဒယော၊ အာပေါဓာတ် အစရှိသည်တို့သည်။ နိဒဿနံ၊ သက်သေတည်း။
ကေသာ လောမာ စသော ပထဝီဓာတ်နှစ်ဆယ်တို့၌ အာပေါ တေဇော ဝါယော ဓာတ်တို့သည် ရှိငြားသော်လည်း အာပေါဓာတ်စသည်ဖြင့် မခေါ်ဝေါ်အပ်၊ ပထဝီဓာတ်ဟူ၍သာ ခေါ်ဝေါ်အပ်သကဲ့သို့ ကံမမြောက်သော ကာယဒုစရိုက် ဝစီဒုစရိုက်ကို ပြီးစေသော စေတနာနှင့်တကွသော အဘိဇ္ဈာ ဗျာပါဒတို့ကို မနောကံ မခေါ်ဝေါ်အပ်ကုန် ဟူလိုသည်။
၂၀၄။ ကာယကံ ဒွါရနှစ်ပါး၌ ဖြစ်ဟန်ပြခြင်း
ကမ္မပထမြောက်သော ကံ၏ဒွါရ၌ဖြစ်ဟန်ကို အဋ္ဌကထာ၌ ပြသည်ကား-
အကြင်သူသည် မိမိကိုယ်တိုင် သတ်ခြင်း ခိုးခြင်း ပြစ်မှားခြင်းကိုပြု၏၊ ထိုသူ၏ကံသည် ကာယကံမည်၏၊ ဒွါရလည်း ကာယဒွါ၌ဖြစ်၏၊ ထိုကံကိုပြီးစေသော စေတနာနှင့် တကွသော အဘိဇ္ဈာ ဗျာပါဒ မိစ္ဆာဒိဋ္ဌိတို့သည် စေတနာအဖို့၌သာ ဖြစ်ကုန်၏၊ မနောကံ မခါ်ထိုက်ကုန်။
အကြင်သူသည် သူတယောက်အားသင်သည် ဤမည်သောသူကို သတ်ချေ ဟူ၍၎င်း ဤမည်သောဥစ္စာကို ခိုးချေဟူ၍၎င်း စေ၏ ထိုစေသော သူ၏ကံသည် ကာယကံ မည်၏၊ ဒွါရကားဝစီဒွါရဖြစ်၌၏၊ ထိုသို့စေခြင်းကြိယာကို ပြီးစေတတ်သော စေတနာနှင့်တကွသော အဘိဇ္ဈာ စသည်တို့သည် စေတနာအဖို့၌သာ ဖြစ်ကုန်၏၊ မနောကံ မခေါ်ထိုက်ကုန်။
ဤကား- ကာယကံ ဒွါရနှစ်ပါး၌ ဖြစ်ခြင်းတည်း။
၂၀၅။ ဝစီကံ ဒွါရနှစ်ပါး၌ ဖြစ်ဟန်ကို ပြခြင်း
အကြင်သူသည် သူတပါးအား လှည့်ပတ်လိုသည်ဖြစ်၍ နှုတ်မမြွက်ပဲ လက်ဝါးကာခြင်း ခေါင်းလှုပ်ခြင်းစသည်ကိုပြု၏၊ ဆဲရေးလိုသည်ဖြစ်၍ လက်ဆုပ်ပြခြင်းကိုလည်း ပြု၏၊ ကိုယ်၏ဖောက်ပြန်ခြင်းသာလျှင် ပိသုဏဝါစာ သမ္ဖပ္ပလာပတို့ကို သိစေ၏၊ ထိုသူ၏ကံသည် ဝစီကံမည်၏၊ ဒွါရကားကာယဒွါရ၌ဖြစ်၏၊ ထိုကံကို ပြီးစေသော စေတနာနှင့် တကွသော အဘိဇ္ဈာစသည်တို့သည် စေတနာအဖို့၌သာ ဖြစ်ကုန်၏၊ မနောကံ မခေါ်ထိုက်ကုန်။
အကြင်သူသည် နှုတ်မြွက်၍ မုသာဝါဒ ပိသုဏဝါစာ ဖရုသဝါစာ သမ္ဖပ္ပလာပတို့ကို ပြောဆို၏၊ ထိုသူ၏ကံသည် ဝစီကံမည်၏၊ ဒွါရလည်း ဝစီဒွါရဖြစ်၏၊ ထိုကံကို ပြီးစေသော စေတနာနှင့်တကွသော အဘိဇ္ဈာစသည်တို့သည် စေတနာအဖို့၌သာ ဖြစ်ကုန်၏၊ မနောကံ မခေါ်ထိုက်ကုန်။
ဤကား ဝစီကံ ဒွါရနှစ်ပါး၌ ဖြစ်ခြင်းတည်း။
၂၀၆။ မနောကံ ဒွါရသုံးပါး၌ ဖြစ်ဟန်ကို ပြခြင်း
အကြင်သူသည် သူ၏ဥစ္စာကို လိုချင်သောစိတ်ဖြင့် ကိုယ်အင်္ဂါကို တုန်လှုပ်စေလျက် ဥစ္စာထုပ်ကိုကိုင်ခြင်း လက်ကိုဆွဲခြင်း စသည်ကို ပြု၏၊ အမျက်နှင့်တကွသော စိတ်ဖြင့်ရိုက်ခတ်ခြင်းငှါ လှံ ကန် ကိုင်ခြင်းစသည်ကိုလည်း ပြု၏၊ မိစ္ဆာဒိဋ္ဌိနှင့်တကွသောစိတ်ဖြင့် ပိဿနိုး ပရမေသူရာစသော နတ်တို့အား ရှိခိုးခြင်း ပန်းသစ်သီးပူဇော်ခြင်းကိုလည်းပြု၏၊ ထိုသူ၏ကံသည် မနောကံမည်၏၊ ဒွါရကားကာယဒွါရ၌ ဖြစ်၏၊ စေတနာကား ကံမှ အခြားမရှိပြီ။
အကြင်အခါ၌ သူ၏ဥစ္စာကို လိုချင်သောစိတ်ဖြင့် နှုတ်အင်္ဂါကို တုန်လှုပ်စေလျက် ဤဘဏ္ဍာသည် ငါ၏ဥစ္စာဖြစ်ပါမူကား ကောင်းလေစွဟု တောင့်တ၏၊ ဗျာပါဒနှင့်တကွသောစိတ်ဖြင့် ဤသတ္တဝါတို့သည် သေပါစေဟူ၍၎င်း မိပါစေ ဟူ၍၎င်း ပျက်စီးပါစေဟူ၍၎င်း တောင့်တ၏၊ မိစ္ဆာဒိဋ္ဌိနှင့် တကွသောစိတ်ဖြင့် အလှူ၏အကျိုးသည် မရှိ စသည်ဖြင့် ဆို၏၊ ထိုသူ၏ကံသည် မနောကံမည်၏၊
ဒွါရလည်း မနောဒွါရ၌မည်၏၊ ဤကားမနောကံ ဒွါရ-သုံးပါး၌ ဖြစ်ခြင်းတည်း။
ဤသို့လျှင် ကာယကံ ၃-ပါးသည် ကာယ ဝစီ ဟူသော ဒွါရနှစ်ပါး၌သာ ဝစီကံ၄- ပါးသည်လည်းကာယဝစီဟူသော ဒွါရနှစ်ပါး၌သာ ဖြစ်သည်။ မနောကံ ၃-ပါးမှုကား ဒွါရ၃- ပါးလုံးပင်ဖြစ်၏ဟူ၍ ပြတော်မှုသည်။
ဤမနောကံ ကာယဒွါရ၌ ဖြစ်ပုံကို ပြသောစကား၌-
ယဒါပန အဘိဇ္ဈသဟဂတေန စေတသာ ကာယင်္ဂံ စောပေန္တောဟ တ္ထဂ္ဂါဟာဒီန ကရောတိ ဗျာပါဒသဟဂတေန စေတသာ ဒဏ္ဍပရာမာ သာဒီနိ ကရောန္တိ-
ဟူသော ပါဌ်ကို မှီ၍ သူ၏ဥစ္စာကို ယူခြင်းငှါ သွားသောသူသည် ဥစ္စာထုပ်ကို ကိုင်မိသည်တိုင်အောင် သူ့အိမ်ရာကို ပြစ်မှားလိုသောသူသည် လက်စသည်ကို သုံးသပ်မိသည့်တိုင်အောင် သတ်ပုတ်လိုသောသူသည် လှံကန်ကိုင်ရုံမျှမက ရိုက်ခတ်မိသည့်တိုင်အောင် ကံမမြောက်မှုကား ကာယဒွါရ၌ ဖြစ်သော မနောကံဟု ယူမှားကြကုန်၏။
ဤသို့ယူမူ မိမိတို့မှီရာ အဠကထာကိုပင် စွပ်စွဲရာကျတော့မည်။ အဘယ့်ကြောင့် နည်းဟလျှင် ၎င်းအဠကထာတွင် ကမ္မပထမမြောက်သော ပုဗ္ဗစေတနာ နှင့်တကွ သော ပယောဂကို ကာယဒုစရိုက်၎င်း ဝစီဒုစရိုက်၎င်း ဖြစ်သည်။ မနောကံမဟုတ်ဟုပြလေပြီး ဖြစ်သောကြောင့်တည်း။
ကိုယ်အင်္ဂါကိုလှုပ်စေလျက် လက်နက် ဓား လှံ ကိုင်ခြင်းစသော အမှုအရာကိုမှ မနောကံ ကာယဒွါရပြစ် မယူခဲ့သော် ဘယ်သို့သော အရာကို ယူပါတော့အံ့နည်း ဟူငြားအံ့။
သူ့၏ဥစ္စာကိုလိုချင်ခြင်းအားကြီးသဖြင့် ရှေ့ရူကြံလျက် လက်ပမ်းသည်တို့ မဆိုင်တွေ့မီ ဟန်ရေးပြသကဲ့သို့ ဤသို့ဝင်မည် ဤသို့ထွက်မည် ဤသို့ယူမည်ဟုကြံရွယ်လှုပ်ရှားသော အခါ၌၎င်း။
သူ့အားရန်ငြိုးထားခြင်းအားကြီးသဖြင့် ဤသို့ရိုက်မည် ဤသို့ထိုးခုတ်မည်ဟု မမူအရာပြုသောအခါ၌ ၎င်း ကိုယ်အင်္ဂါလှုပ်ခြင်းသို့ ရောက်သည်ကိုသာ မနောကံ ကာယဒွါရဖြစ်ယူရမည်။
သူ့အသက်ကိုသတ်တော့အံ့ သူ့ဥစ္စာကိုခိုးတော့အံ့ဟု ရှေ့ရူအားထုတ်သည် မှစ၍ကိုယ်တုန်လှုပါခြင်း နှုတ်မြွက်ခြင်း ပယောဂတို့သည်ကာယဒုစရိုက် ဝစီဒုစရိုက်သာ မည်တော့သည်။ ထိုဒုစရိုက်ကိုလည်း ကာယကံ ဝစီကံသို့ သွင်းရမည်ဟူ၍ မူလဋီကာမိန့်၏။
ကာယဒုစရိုက်ကို ကာယကံသို့ သွင်းရမည်။ ဝစီဒုစရိုက် ဝစီကံသို့ သွင်းရမည်ဟူသော စကားကို ဘယ်ကိုထောက်၍ ဆိုသနည်းဟူငြားအံ့။
တိဝိဓံ ကာယဒုစ္စရိတံ အကုသလံ ကာယကမ္မမေဝ ဟောတိ စတုဗ္ဗိဓံ ဝစီဒုစ္စရိတံ အကုသလံ ဝစီဒုစ္စရိတံ အကုသလံ ဝစီကမ္မမေဝ ဟောတိ တိဝိဓံ မနောဒုစ္စရိတံ အကုသလံ မနောဒုစ္စရိတံ မကုသလံ မနောကမ္မမေဝ ဟောတိ-
ဟူ၍အဋ္ဌသာလိနီ ကမ္မပထ သံသန္ဒနပိုင်း၌ မိန့်သည်ကို ထောက်၍ ဆိုသည် ဟူပေ။
(အနက်မှာ သိသာလှပြီ။)
၂၀၇။ အကုသိုလ်ကံ ၁၀-ပါးကို ဟိတ်ဖြင့် ဝေဖန်၍ပြခြင်း
မေ။ ။အကုသိုလ် ဆယ်ပါး၊ ဟိတ်တရားကို၊ ခြားနားဘယ်သို့ ဝေအံ့နည်း။
ဖြေ။ ။ဒွိဟိတ်ကံ ၆-ပါး။ တိဟိတ်ကံ ၄-ပါးဟူ၍ဆိုပေ။
ဒွိဟိတ်ကံ ၆-ပါးဟူသည်ကား-
ပါဏာတိပါတ ဖရုသဝါစာ ဗျာပါဒ ဤ ၃-ပါးသည် ဒေါသ မောဟဟူသော ဟိတ်နှစ်ပါးကြောင့်ဖြစ်သည်။
၁။ ကာမေသုမိစ္ဆာစာရ၊ ၂။ အဘိဇ္ဈာ ၃။ မိစ္ဆာဒိဋ္ဌိ ဤ ၃-ပါးကား လောဘ မောဟ ဟူသော ဟိတ်နှစ်ပါးကြောင့် ဖြစ်သည်။
တိဟိတ်ကံ ၄-ပါးဟူသည်ကား
၁။ အဒိန္နာဒါန်။ ၂။ မုသာဝါဒ။ ၃။ ပိသုဏဝါစာ။ ၄။ သမ္ဖပ္ပလာပ။
ဤ ၄-ပါးသည် လောဘ ဒေါသ မောဟ ဟူသော ဟိတ် ၃-ပါးကြောင့် ဖြစ်သည်။ မောဟဟိတ်ကို တိုက်ရိုက်မဆိုသော်လည်း သဗ္ဗာကုသလသာဓာရဏ ဖြစ်၍ ပါသည်ချည်းဟု သိရမည်။
၂၀၈။ ဒါန သီလ ဘာဝနာ၌ ကုသိုလ် ဆယ်ဖြာ သွင်းပုံကို ပြခြင်း
မေး။ ။ဒါန သီလာ၊ ဘာဝနာစု၊ ဤသုံးခုတွင်၊ ကုသိုလ်ဆယ်ဖြာ၊ ဝင်၍လာသည်၊ ထိုက်ရာဘယ်သို့ သွင်းမည်နည်း။
ဖြေ။ ။ ပတ္တိဒါန ပတ္တာနုမောဒန နှစ်ပါးကို ဒါန၌သွင်း။ အပစာယန ဝေယျာဝစ္စ နှစ်ပါးကိုသီလ၌သွင်း။ ဓမ္မသဝန ဓမ္မဒေသနာ နှစ်ပါးကို ဘာဝနာ၌သွင်း။ ဒိဋ္ဌဇုကမ္မ တပါးကို ၉-ပါးလုံး၌ သွင်းရမည် ဟူပေ။
ဘယ့်ကြောင့် ပတ္တိဒါနနှင့် ပတ္တာနုမောဒန နှစ်ပါးကို ဒါန၌ သွင်းရသနည်း ဟူမူ-
ဒါနမ္ပိ ဟိ ဣဿမစ္ဆေရာနံ ပဋိပက္ခံ ဧတေပိ တသ္မာ သမာနပ္ပဋိပက္ခာတာယ ဧကလက္ခဏတ္တာ တေ ဒါနမယပုညကိရိယဝတ္တုမှီ သင်္ဂယှန္တိ-
ဟူသော ဋီကာနှင့်အညီ ဒါနသည် ဣဿာ မစ္ဆေရတို့နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ပတ္တိဒါန ပတ္တာနုမောဒနတို့လည်း ဣဿာ မစ္ဆေရတို့နှင့် ဆန့်ကျင် ဘက်ပင် ဖြစ်သည်။ ဤသို့ ဆန့်ကျင်ဘက်ချင်း တူသည်၏အဖြစ်ကြောင့် ဒါန၌ သွင်း၍ သင်္ဂြိုလ်အပ်၏ ဟူပေ။
အပစာယနနှင့် ဝေယျာဝစ္စကို ဘယ့်ကြောင့် သီလ၌သွင်းသနည်း ဟူမူ စာရိတ္တ သီလ ဘာဝတော ဟူသော ဋီကာနှင့်အညီ သူတော်ကောင်းတို့၏ ကျင့်ဝတ်အလေ့ဖြစ်သောကြောင့် သီလ၌သွင်းအပ်၏ ဟူပေ။
ဤကားအရှင်မ္မေပါလ၏အလိုတည်း။ အပရေဆရာတို့ကား ဓမ္မဒေသနာသည် ဓမ္မဒါန၌ဖြစ်သောကြောင့် ဒါန၌သွင်း၍ သင်္ဂြိုလ်၏။
၂၀၉။ ကုသိုလ် ၁၀-ပါးကို ကံ ၃-ပါးဖြင့် ဝေဖန်၍ပြခြင်း
ကမ္မ ဒွါရအားဖြင့်ကား ဒါန အပစာယန ဝေယျာဝစ္စ ဤ ၃-ပါးသည် ကာယဒွါရ၌ များစွာဖြစ်တတ်သောကြောင့် ကာယကံ မည်၏။
သီလ ပတ္တိဒါန ပတ္တာနုမောဒန ဓမ္မဒေသနာ ဤလေးပါးသည် ဝစီဒွါရ၌ များစွာဖြစ်တတ်သောကြောင့် ဝစီကံ မည်၏။
ဘာဝနာ ဓမ္မသဝန ဒိဋ္ဌိဇုကမ္မ ဤ ၃-ပါးသည် မနောဒွါရ၌ များစွာဖြစ်တတ်သောကြောင့် မနောကံ မည်၏ ဟူ၍ ဒီပနိဆိုသည်။
အဋ္ဌသာလိနီ၌ကား - ဒါန သီလ ဘာဝနာ ၃-ပါးတွင် တပါး တပါး၌ ကံ ၃-ပါးဖြင့် ဝေဖန်၍ ပြတော်မူ၏။
၂၁၀။ အကုသိုလ်ကံတို့၏ အပြစ်ကြီး ငယ်ကို ပြခြင်း
မေး။ ။ အကုသိုလ်တရား ကံ ၃-ပါးဝယ်၊ လွန်ကျူးတွယ်သော်၊ ဘယ်ကံသာ၍ကြီးသနည်း။
ဖြေ။ ။ နတ္ထိကဒိဋ္ဌိ အဟေတုကဒိဋ္ဌိ အကြိယဒိဋ္ဌိတည်းဟူသော နိယတမိစ္ဆာဒိဋ္ဌိကံသည် သာ၍ ကြီးသည်။
ထို့အောက်ကား အနန္တရိယကံ ၅-ပါးတွင် သံဃဘေဒကကံကြီးသည်။
ထို့အောက်လောဟိတုပ္ပါဒက ကံကြီးသည်။
ထို့အောက်အရဟန္တဃာတက ကံကြီးသည်။
ထို့အောက်မာတုဃာတက ကံကြီးသည်။
ထို့အောက် ပိတုဃာတက ကံကြီးသည်။
မိဘနှစ်ဦးတို့တွင် အမိသည် သီလရှိသည်ဖြစ်၍ အဘသီလမဲ့သည်ဖြစ်အံ့၊ မာတုဃာတက ကံကြီးသည်။
အဘသီလရှိ၍ အမိသီလမဲ့သည်ဖြစ်အံ့၊ ပိတုဃာတကကံ ကြီးသည်။ မိဘနှစ်ဦး သီလရှိခြင်းတူမူကား မာတုဃာတက ကံကြီးသည်ဟူပေ။
ပါဋ္ဌိကိုလိုမူ သမ္မော အဋ္ဌကထာဉာဏ ဝိဘင်းအဖွင့်၌ ယူလေ။
၂၁၁။ မဟဂ္ဂုတ်ကံမှာ မနောကံသာဖြစ်ကြောင်းကို ပြခြင်း
မေး။ ။ မဟဂ္ဂုတ်မှန်၊ ကုသိုလ်ကံကို၊ အသံဖွင့်ကာ၊ ဘာဝနာ၊ ပွားရှာရလေဦးမည်လော။
ဖြေ။ ။ ရူပါဝစရ ကုသလံ ပန မနောကမ္မမေဝ ဝိညတ္တိသမုဋ္ဌာပကတ္တာဘာဝေန ကာယဒွါရာဒီသု အပ္ပဝတ္တနတော-
ဟူသော ဋီကာနှင့်အညီ ရူပါဝစရ ကုသိုလ်ကံသည် ဝိညတ်ကို ဖြစ်စေခြင်း မရှိသည်၏အဖြစ်ကြောင့် ကာယဒွါရစသည်တို့၌ မဖြစ်ခြင်းကြောင့် မနောကံသာလျှင် ဖြစ်၏၊ အသံဖွင့်၍ မပွားရပြီ ဟူလို။
၂၁၂-ကံအပြား ၁၆-ပါးကိုပြခြင်း
မေး။ ။ တိဟိတ်ဥက္ကဋ္ဌ၊ ဒွိဟိတ်ဥကဋ္ဌ၊ ရသည်အမှန်၊ ၄-ပါးကံကို၊ စတုဗ္ဗဓံ၊ နှစ်တန်နှစ်တန်၊ ဖွင့်ဆိုပြန်သည်၊ ထိုကံဘယ်က ပွားသနည်း။
ဖြေ။ ။ ဉာဏသမ္ပယုတ် ၄-ခုသည် တိဟိတ်စိတ်မည်၏၊ ထိုတိဟိတ်စိတ်သည် ဥက္ကဋ္ဌ ၄-ပါး ဩမက ၄-ပါးအားဖြင့် ရှစ်ပါးရှိသည်။ ဉာဏဝိပ္ပယုတ် ၄-ခုဟူသော ဒွိဟိတ်စိတ်သည်လည်း ဥက္ကဋ္ဌ ၄-ပါး၊ ဩမက ၄-ပါးအားဖြင့် ရှစ်ပါးရှိသည်။ ထိုစိတ်၌ပါသော စေတနာသည်လည်း ရှစ်ပါးရှစ်ပါးစီ ရှိသည်ဖြစ်၍ ကံ ၁၆-ပါး ပြားသည် ဟူပေ။
ဥက္ကဋ္ဌကံ ဩမကကံတို့၏ အထူးကိုပြခြင်း
ဘယ့်ကြောင့် ဥက္ကဋ္ဌဖြစ်သနည်း၊ ဘယ့်ကြောင့် ဩမက ဖြစ်သနည်းဟူငြားအံ့-
ယဥှိ ကမ္မံ အတ္ထနော ပဝတ္တိကာလေ ပုရိမပစ္ဆာဘာဂပဝတ္တေဟိ ကုသလကမ္မေဟိ ကုသလကမ္မေဟိ ပရိဝါရံတံ၊ ပစ္ဆာ ဝါ အာသေဝနလာတေန သမုဒါစိဏ္ဏံ၊ တံ ဥက္ကဋ္ဌံ၊ ယံ ပန ကရဏကာလေ အကုသလကမ္မေဟိ ပရိဝါရိတံ၊ ပစ္ဆာ ဝါ ဒုက္ကဋမေတံ မယာတိ ဝိပ္ပဋိသာရုပ္ပါဒနေန ပရိဘာဝိတံ၊ တံ ဩမကန္တိ ဒဋ္ဌဗ္ဗံ ဟူသော ဋီကာနှင့်အညီ အကြင်ကုသိုလ်ကံသည် မိမိဖြစ်သောအခါ၌ ရှေ့အဖို့ နောက်အဖို့ဖြစ်သော ကုသိုလ်ဇောတို့သည်လည်း ခြံရံအပ်၏၊ နောက်မှမူလည်း အဖန်တလဲလဲ မှီဝဲခြင်း အာသေဝနကိုရသဖြင့် ကောင်းစွာလေ့ကျက်အပ်၏၊ ထိုကံသည် ဥက္ကဋ္ဌကံမည်၏၊
အကြင်ကုသိုလ်ကံကို ပြုသောအခါ၌ များစွာသော အကုသိုလ်ကံတို့သည် ခြံရံအပ်၏၊ နောက်မှမူလည်း ငါသည် မကောင်းသည်ကို ပြုမိ၏တကားဟု နှစ်လုံးမသာခြင်းရှိ၏၊ ထိုကံသည် ဩမကကံမည်၏ ဟူလိုသည်။
၂၁၃-ရူပစျာန်၏ ပရိတ္တ မဇ္ဈမ ပဏီတဖြစ်ပုံကို ပြခြင်း
မေး။ ။ ရူပါဝစရ၊ စျာန်ငါးဝကို၊ ရကြသည်မှာ တူသင့်ပါလျက်၊ ဘယ်ခြင်းရာကြောင့်၊ ပရိတ္တာ မဇ္ဈိမ၊ ပဏီတဟု သုံးဝပြားပြန်လေသနည်း။
ဖြေ။ ။ တတ္ထ ပဋိလဒ္ဓမတ္တမနာသေဝိတံ ပရိတ္တံ၊ တထာ နာတိသုဘာဝိတံ အပရိပုဏ္ဏဝသီတာဝံ ပဏီတံ-
ဟူသော အဋ္ဌသာလိနီနှင့်ညီစွာ စျာန်ကိုရကာမျှဖြစ်၍ ဝသီသော် ငါးပါးတို့ဖြင့် မမှီဝဲရသေးသောစျာန်သည် ပရိတ္တမည်၏၊
စျာန်ရပြီးသော ဝသီတော် ငါးပါးတို့ဖြင့် လေ့လာငြားသော်လည်းအလိုအတိုင်း မပြည့်စုံသေးသော စျာန်သည် မဇ္ဈိမမည်၏၊
အလွန်ကောင်းစွာ လေ့လာပွားစေအပ်ပြီးသည်ဖြစ်၍ အလိုအတိုင်း ပြည့်စုံသောစျာန်သည် ပဏီတမည်၏ဟူပေ။
ဥပမာကား။ ။ စာကိုကျက်မှတ်၍ ရကာမျှသည် ပရိတ္တစျာန်နှင့်တူ၏၊
ရပြီးသော် မတွန့်မတို ရွက်ဆိုခြင်းငှါစွမ်းနိုင်သောအခါ မဇ္ဈိမစျာန်နှင့်တူ၏၊ သဘော အဓိပ္ပါယ် အကျယ် အကျဉ်းနှင့်တကွ သိသောအခါ ပဏီတစျာန် နှင့်တူ၏၊
၂၁၄-အသညသတ်ဘုံသို့လား အံ့သောစျာနလာဘီ ပုဂ္ဂိုလ်တို့၏ ဘာဝနာပွားဟန်ကိုပြခြင်း
မေး။ ။ ပဉ္စမစျာန်သန္ဓေ၊ အနေတူလျက်၊ အယူစွဲကပ်၊ သညသတ်မှာ၊ ရုပ်ဖြစ်လာသည် ဘာဝနာဘယ်သို့ထူးသနည်း။
ဖြေ။ ။ စိတ် ဝေဒနာ သညာဟူသော နာမ်တရားကြောင့်သာလျှင် ဤခန္ဓာ၏ဖြစ်ခြင်း ချုပ်ခြင်း ဆင်းရဲသည်ဖြစ်၏၊ နာမ်တရားမရှိသော် မဖြစ်ရာမီးခိုးတိမ်တိုက်ကဲ့သို့ တည်ရာ၏ဟု နာမ်တရား၌ ငြီးငွေ့ရကား-
ဓိ စိတ္တံ ဓိပ္ပတံ စိတ္တ။ ။စိတ္တံ၊ စိတ်သည်။ ဓီ၊ စက်ဆုပ်ဖွယ်ရှိစွ။ စိတ္တံ၊ စိတ်သည်။ ဓိပ္ပတံ၊ စက်ဆုပ်အပ်သော အကျင့်ဖြစ်ကြောင်းတည်း။
ဤသို့ ဘာဝနာပြုသဖြင့် ထိုကုသိုလ်ကြောင့် ရုပ်သက်သက်သာ ပဋိသန္ဓေနေရလေသည်။ ဤပုဂ္ဂိုလ်တို့ကား ကမ္မကြိယ ဝါဒီတိတ္တိတို့တည်း။ ထို့ကြောင့် ဋီကာ၌-
အရူပဝိရာဂဘာဝနံ ဘာဝေတွာ အသည သတ္တေသု ဥပ္ပဇ္ဇန္တိ၊ ကမ္မကြိယဝါဒိနော တိတ္ထိယာ ဧဝါတိ အဓိပ္ပါယော-
ဟူ၍မိန့်သည်။
အရူပဝိရာဂဘာဝနံ၊ နာမ်တရား၌ တပ်ခြင်းကင်းသော ဘာဝနာကို။ ဘာဝေတွာ၊ ပွားစေ၍။ အသညသတ္တေသု၊ အသညဘုံတို့၌။ ဥပ္ပဇ္ဇန္တ၊ ဖြစ်ကုန်၏၊ ကမ္မကြိယဝါဒိနော၊ ပြုအပ်သော ကုသိုလ်ကံသည် အကျိုးရှိ၏ဟု ယူလေ့ရှိကုန်သော။ တိတ္ထိယာဧဝ။ တိတ္ထိတို့ပင်တည်း။ ဣတိအဓိပ္ပါယော၊ ဤသို့သောအဓိပ္ပါယ်ကို၊ ဝေဒိတဗ္ဗော၊ သိအပ်၏၊
၂၁၅-ကုသိုလ်အဘိညာဉ်၏ ပဋိသန်ပဝတ္တိ အကျိူးမရှိပုံကို ပြခြင်း
မေး။ ။ ကုသိုလ်ဧကန် ဇောလည်းမှန်လျက်၊ ပဋိသန်ပဝတ္တိ၊ ကျိုးမရှိသည်မည်သည့်ဇော စိတ်ပေတို့နည်း။
ဖြေ။ ။ အဘိညာဉ် ကိစ္စတပ်သော ပဉ္စမစျာန် ကုသိုလ်ဇောဟူပေ။ အဘယ့်ကြောင့် အကျိုးမပေးသနည်းဟူငြားအံ့-
အဘိညာဝပ္ပတာဝပ္ပတ္တ ဿ ပန အဝိပါကဘာဝါ အလဒ္ဓါသေဝန ဝသေန ဝုတ္တော-
ဟူသောဋီကာ နှင့်အညီ အဘိညာဉ်ဇောသည် တကြိမ်သာစောသည်၏ အဖြစ်ကြောင့် အာသေဝနပစ္စည်းကို မရလေရကား အားနည်းသည်ဖြစ်၍ အကျိုးမပေးဟူပေ။
ကမ္မစတုက္ကပြီး၏၊
၂၁၆-နိမိတ် ၃-ပါးကိုခွဲခြား၍ပြခြင်း
မေး။ ။သေခါနီးစိတ်၊ နိမိတ် ၃-ပါး၊ ထင်သည်များကို၊ ခြားအောင် ဘယ်သို့ခွဲ မည်နည်း။
ဖြေ။ ။တတ္ထ ကမ္မံနာမ အာယုဟတာ ကုသလာကုသလစေတနာ ကမ္မနိမိတ္တံနာမ ယံ ဝတ္ထု အာရမ္မံဏံ ကတွာ အာယူဟတိ ဂတိနိမိတ္တံ နာမနိဗ္ဗတ္တနကဩကာသေ ဧကောဝ ဝဏ္ဏောဥပဠာတိ-
ဟူသော သမ္မောပါဌ်နှင့် ညီစွာ ပြကတေ့အခါ၌ ပြုပြင်အားထုတ်အပ်သော ကုသိုလ် အကုသိုလ် စေတနာသည် ကံမည်၏၊
အကြင်ကျောင်း ဘုရားစသော ဝတ္ထုကို အာရုံပြု၍ ကံကိုအားထုတ်၏၊
ထိုကံ၏ အာရုံဖြစ်သော ဝတ္တုသည် ကမ္မနိမိတ်၏ဟုခွဲပေ။
နိမိတ် ၃-ပါးတင်ဟန်ကိုပြခြင်း
ဤနိမိတ် ၃-ပါးတွင် တပါးပါးသည် အလုံစုံသော သတ္တဝါတို့အား ထင်သလော ဟူငြားအံ့ထိုထိုသော ဂတိတို့၌ ဖြစ်ထိုက်သေးသော သတ္တဝါတို့အားသာလျှင် ထင်သည်။ တစုံတခုသော ဘဝ၌ မဖြစ်ထိုက်သော ရဟန္တာပုဂ္ဂိုလ်တို့အား မထင်ပြီ နိဗ္ဗာန်သာလျှင်ထင်တော့သည်။ ထို့ကြောင့် ဋီကာ၌-
ယထာရဟန္တိ တံတံဂတီသု ဥပ္ပဇ္ဇနကသတ္တာနုရူပံ။ တက္ထစိ ပန အနုပ္ပဇ္ဇမာနဿ ခီဏာသဝသဿ ယထောပဋ္ဌိတံ နာမရူပဓမ္မာဒိကမေဝ စုတိပရိယောသာနာနံ ဂေါစရဘာဝံ ဂစ္ဆန္တိ နကမ္မကမ္မနိမိတ္တာဒယော ဟူ၍မိန့်သည်။
ယထာရဟန္တိ ယထာရဟံဟူသည်ကား တံတံဂတီသု ထိုထိုသော ဂတိတို့၌ ဥပ္ပဇ္ဇန ကသတ္တာနုရူပံ ဖြစ်လတ္တံ့သော သတ္တဝါအားလျော်စွာ ဥပဋ္ဌာတိထင်၏၊ ကတ္ထစိ တစုံတခုသော ဘဝဂတိ၌။ အနုပ္ပဇ္ဇမာနဿ၊ မဖြစ်လတ္တံသော။ ခီဏာသဝဿ၊ ရဟန္တာပုဂ္ဂိုလ်အား။ ယထောပဌိတံ၊ အကြင်အကြင်ထင်ခဲ့တိုင်းသော။ နာမရူပဓမ္မာဒိကမေဝ၊ နာမ်၊ ရုပ်တရားတို့၏ သုညတ၊ အနိမိတ္ထ၊ အပ္ပဏိဟိတ၊ သဘောသည်သာလျှင်။ စုတိပရိယောသာနာနံ၊ စုတိအဆုံးရှိကုန် သောစိတ်တို့၏ ဂေါစရဘာဝံ အာရုံ၏အဖြစ်သို့ ဂစ္ဆတိ ရောက်၏ကမ္မကမ္ပနိမိတ္တာဒယော။ ကံ ကမ္မနိမိတ် စသည်တို့သည်။ ဂေါစရဘာဝံ အာရုံ၏အဖြစ်သို့။ န ဂစ္ဆန္တိ မရောက်ကုန်။
ဤပါဌ်ကို ဆရာတို့ကြံယူကြသော စကားအကျယ်ကို စွယ်စုံကျော်ထင်အဖြေ၌ ရေးခဲ့ပြီ။
နိမိတ် ၃-ပါးထင်ရာကာလကို ပြဆိုခြင်း
ထိုနိမိတ် ၃-ပါးတို့သည် စုတိ၏အနီးဖြစ်သော မရဏာသန္နစိတ်၌သာ ထင်အံ့လော ဟူငြားအံ့ အလွန်လျှင်သော သေခြင်းရှိသောသူအား စုတိသို့ မရောက်မီ ၃-ဝီထိခန့် ထင်သည်။
နှေးနှေးသေခြင်းရှိသောသူအား ၅-ဝီထိ ၆-ဝီထိ ကွာသော မုဉ္ဆာကာလကပင် ထင်သည်ဟူပေ။
ဤအဓိပ္ပါယ်ကား -
အညာ သမ္မုဠှကာလ ကိရိယာ နာမ ဟောတိ ပရမ္မုခံ ဂစ္ဆန္တဿ ဟိ ပစ္ဆတော တိခိဏေန အသိနာ သီသံ ဆိန္ဒန္တိ။ပ။ ဣဒံ ကိမတ္ထံ အာဘတံ အရူပဓမ္မာနံ ဝိသယော နာမဧဝံ လဟုကောတိ ဒီပနတ္တံ – ဟူသော သမ္မောမဋ္ဌကထာဖြင့် သိအပ်၏၊
အညာ တပါးသော သမ္မုဠှကာလ ကိရိယာ နာမ ပြင်းစွာတွေဝေလျှက် သေရခြင်းမည်သည် ဟောတိ ဖြစ်၏ ဟိ ထင်စွာဆိုဦးအံ့ ပရမ္မုခံ တပါးသို့ မျက်နှာမူလျှက် ဂစ္ဆန္တဿ သွားသော သူအား။ ပစ္ဆတော နောက်မှ တိခိဏေန ထက်စွာသော အသိနာ သန်လျှက်ဖြင့် သီသံ ဦးခေါင်းကို ဆိန္ဒန္တိ ဖြတ်ကုန်၏၊ ဥဒကေ ရေ၌ ဩသီဒါပေတွာ နစ်မွန်းစေ၍ မာရေန္တိ သတ်ကုန်၏၊ ဧဝရူပေပိကာလေ။ ဤသို့သော အခါ၌လည်း အညတရံ တပါးသော ကမ္မံ ဝါ ကံသည်၎င်း ကမ္မနိမိတ္တံ ဝါ ကမ္မနိမိတ်သည်၎င်း ဥပဋ္ဌာတိ ထင်၏၊
အညံ တပါးသော လဟုကမရဏံ နာမ လျှင်သော သေခြင်းမည်သည် အတ္ထိ ရှိ၏၊ ဟိ ဘယ်သို့ရှိ သနည်းဟူမူကား နိခါဒနဒဏ္ဍကမတ္ထကသ္မိံ ဆောက်ရိုး၏ အထက်၌ နိလီနံ နားသော အက္ခိကံ ယင်းကို မုဂ္ဂရေန ဆောက်ပုတ်ဖြင့် ပဟရိတွာ ပုတ်ခတ်၍ ပိသန္တိ ကြေကုန်၏၊ ဧဝရူပေပိကာလေ ဤသို့သောအခါ၌လည်း ကမ္မံ ဝါ ကံသည်၎င်း ကမ္မနိမိတ္တံ ဝါ ကမ္မနိမိတ်သည်၎င်း ဥပဋ္ဌာတိ ထင်၏၊ ဧဝံ ဤသို့ ပိသယမာနာယ ကြေလေသော မက္ခိကာယပန၊ ယင်အားလည်း ပဌမံ ရှေးဦးစွာ ကာယဒွါရာဝဇ္ဇန်းသည်သာလျှင် အာဝဋေတိ လည်စေ၏၊ အထပစ္ဆာ၊ ထိုနောက်မှ ဇဝနံ ဇောသည် ဇဝိတွာ စော၍ ဘဂင်္ဝါ ဘဝင်သို့ ဩတရတိ သက်၏
ဒုတိယဝါရေ နှစ်ကြိမ်မြောက်သော ဝါရ၌ ကာယဒွါရာဝဇ္ဇနံ ကာယဒွါရ၌ဖြစ်သော အာဝဇ္ဇန်းသည် ဘဝင်္ဂံ ဘဝင်ကို အာဝဋေတိ လည်စေ၏၊ တတော ထို့နောင်မှ ကာယဝိညာဏံ ကာယဝိညာဉ်သည်၎င်း သမ္ပဋိစ္ဆနံ သပ္မဋိစ္ဆိုင်းသည်၎င်း သန္တီရဏံ သန္တီရဏသည်၎င်း ဝေါဋ္ဌဗ္ဗနံ ဝုဠောသည်၎င်း ဣတိ ဤသို့ ဝီထိစိတ္တာနိ ဝီထိစိတ်တို့သည် ပဝတ္တန္တိ ဖြစ်ကုန်၏၊ ဇဝနံ ဇောသည် ဇဝိတွာ စေ၍ ဘဝင်္ဂံ ဘဝင်သို့ ဩတရဟိ သက်၏
တတိယဝါရေ သုံးကြိမ်မြောက်သော ဝါရ၌လည်း မနောဒွါရာဝဇ္ဇနံ မနောဒွါရာဝဇ္ဇန်းသည် ဘင်္ဂံ ဘဝင်ကို အာဝဋေတိ လည်စေ၏ အထ ထို့နောင်မှ ဇဝနံ ဇောသည် ဇဝိတွာ စော၍ ဘင်္ဂံ ဘဝင်သို့ ဩတရတိသက်၏ ဧတသ္မိဌာနေ ဤတတိယဝီထိ၏အရာ၌ ကာလကိရိယံ သေလွန်စုတိခြင်းကို ကရောတိ ပြုအပ်၏၊ ဣဒံ ဤစကားကို ကိမတ္တံ အဘယ်အကျိုးငှာ အာဘတံ ဆောင်အပ်သနည်း။ အရူပဓမ္မာနံ နာမ်တရားတို့၏ ဝိသယောနာမ အရာမည်သည်ကား ဧဝံလဟုကော ဤသို့လျှင်မြန်၏ ဣတိ ဒီပနတ္တံ ဤသို့ပြခြင်းငှာ အာဘတံ ဆောင်အပ်၏၊
ဤအထကထာကို ထောက်၍ အလွန်လျှင်သော သေခြင်းရှိသော သတ္တဝါအား ၃-ဝီထိ အခါကပင် နိမိတ်ထင်၏ဟု သိရာ၏
ဋီကာကျော်၌ကား
ပစ္စသန္နမရဏဿာတိ ဧကဝီထိပမာဏာယုကဝသေန တတော ဝါ ကိဉ္စိ အဓိကာယုကဝသေန သမာသန္နမရဏဿ ဟူ၍မိန့်၏၊
ဤအလိုသော် တခုသော်ဝီထိ၏ ပမာဏအသက်ရှိသည်၏ အစွမ်းဖြင့်၎င်း ထိုထက်စိုးစဉ်းလွန်သော အသက်ရှိသည်၏ အစွမ်းဖြင့်၎င်း စုတိကျခြင်းသည် အလွန်နီးသော သေခြင်းရှိသည်မည်၏၊ ဤဝီထိ၌သာ နိမိတ် ၃-ပါးထင်၏၊ ဟူလိုသည်။ ဖြည်းနှေးစွာ သေရသော သတ္တဝါအား ၅-ဝီထိ ၆-ဝီထိကွာသော မုဉ္ဆာကာလသော်၎င်း ထို့ထက်ကွာသော မုဉ္ဆာကာလသော၎င်း ထင်၏၊
၂၁၇- သေခါနီးတွင် ထင်ပြီးနိမိတ်မြဲ မမြဲကို ပြဆိုခြင်း
ထိုသို့သော နိမိတ်သည် မမြဲ ပြောင်းလဲကာလည်း ထင်တတ်၏၊ ငရဲလားကြောင်း မကောင်းသော နိမိတ်ထင်ပြီးလျှက်လည်း ကောင်းသောပယောဂကြောင့် ဒေဝနိမိတ် ထင်ပြန်တတ်၏၊ နတ်ရွာသွားကြောင်း နိမိတ် ကောင်းထင်ပြီးလျှက်လည်း နိရယနိမိတ်ထင်ပြန်တတ်၏၊ လူ့ပြည်ဂတိနိမိတ်ထင်ပြီးလျှက်လည်း တိရစ္ဆာနဂတိနိမိတ် ထင်ပြီးလျှက်လည်း မနုဿဂတိနိမိတ်သည် ထင်ပြန်တတ်၏၊ ထို့ကြောင့် ဉာဏဝိဘင်းအဋ္ဌကထာ၌
ဥပဋ္ဌာနသမင်္ဂိတာ နာမ။ သာစလတိ၊ သေသာနိစ္စလာ။ နိရယေ ဟိ ဥပဋ္ဌိတေပိ ဒေဝလောကော ဥပဋ္ဌာတိ၊ ဒေဝလောကေ ဥပဋ္ဌိတေပိ နိရယော ဥပဋ္ဌာတိ-
စသည်ဖြင့် မိန့်တော်မူသည်။
နိမိတ်မမြဲပုံကို ဝတ္ထုသာဓကဖြင့် ပြဆိုခြင်း
အဘယ်သူတို့ ထင်ဘူးသနည်းဟူမူကား သောဏဂိရိတောင်ခြေရင်း သဗ္ဗဂိရိကျောင်း၌ သီတင်းသုံးသော ဓမ္မကထိက မထေရ်တဦး၏ အဘသည် ခွေးမုဆိုးပြု၍ အသက်မွေး၏၊ မထေရ်သည် တရားသဖြင့် တားမြစ်ပါသော်လည်း မကောင်းစွာသော ကိုယ်အကျင့်ကို မဖျောက်နိုင်ချေ၊ အိုမင်းသောအခါ၌ ဤသက်ကြီးသည် မပျက်စီးပါစေလင့်ဟု နှလုံးထားလျက် အလိုမရှိပဲပင်ရှင်ပြုစေ၏၊ ထို သာမဏေကြီးသည် မရှည်မြင့်မီ နာ၍သေရာညောင်းစောင်း၌ ခြေရင်းမှ မြင်းပမာဏရှိသော ခွေးသည် ကိုက်ခဲခြင်းငှါ ခြံရံလာကုန်၏၊
ထိုသို့ ထင်သောအခါ သာမဏေကြီးသည် ကြောက်သည်ဖြစ်၍ ချစ်သား သောဏ, ခွေးတို့ကို မောင်းပါလော့ဟု မြည်တမ်းဟစ်အော်၏၊ အဘယ်ကို မြင်သနည်းဟု မေးသော် ငါ့အား ခွေးခဲအံ့သောငှါ ဝန်းရံလာသည်ကို မမြင်ပါလောဟု ဆို၏၊ ထိုစကားကို ကြားသော် သား သောဏ မထေရ်ကလည်း ငါ့အဘအား နိရယနိမိတ်ထင်ချေပြီဟုသိ၍ ငါ့သို့စင်သော သားကောင်း၏အဘသည် ငရဲသို့ လားရာအံ့လောဟု တပည့်သာမဏေတို့အား များစွာသော ပန်းကို ဆောင်စေ၍ စေတီရင်ပြင်၌ တင်လှူပူဇော်ပြီးလျှင် အဘသာမဏေကြီးကို ဆောင်စေ၍ စေတီရင်ပြင်၌ တင်လှူပူဇော်ပြီးလျှင် အဘသာမဏေကြီးကို ညောင်စောင်းပါဆောင်၍ သာမဏေကြီး ဤပန်းဖြင့် ဘုရားသခင်ကို ပူဇော်လော့ သင့်၏အလို့ငှါ ငါပူဇော်သည်ကိုလည်း ဝမ်းမြောက်လောဟု တိုက်တွန်း၏၊
သာမဏေကြီးလည်း သားဆိုတိုင်း ပန်းပူဇော်၍ စိတ်ကို ကြည်စေသောအခါ တာဝတိံသာနတ်ရွာနိမိတ်သည် ထင်လေ၏၊ ထိုအခါ ချစ်သား သောဏရှားလော့ ရှားလော သင်၏မိခင်သည် တန်ဆာလျက် လာသည်ဟုဆို၏၊ ထိုစကားကို ကြားမှ ငါ့အဘအား နတ်ပြည်နိမိတကို ထင်ပြီဟု ငြိမ်သက်စွာ နေလေ၏၊
ဤသို့လျှင် စုတိနှင့် ဝေးကွာသော မဉ္ဆာကာလတို့၌ ထင်သော နိမိတ်သည် မမြဲပဲ ပြောင်းလဲကာ ထင်နိုင်လေသတတ်။
၂၁၈ – သေခါနီးမူ သက်မရှူပုံပြခြင်း
မေး။ ။ နိမိတ်ထင်ပြ ဇောကျသောအခါ ထိုသူနာသည် အသက်ရှူပါသေး၏လော။
ဖြေ။ ။ကာယသင်္ခါရဖြစ်သော စိတ္တဇဝါယောဓာတ်ဟု ဆိုအပ်သော အဿသ, ပဿသသည် စုတိစိတ်သို့ မရောက်မီ ၃၂-ချက်မြောက်သော စိတ်ကပင် ချုပ်လေပြီးဖြစ်၍ စုတိနှင့်နီးသော မရဏာသန္နဇော ကျသောအခါ အသက်မရှူပြီဟု ဆိုအပ်၏၊
၂၁၉။ နိမိတ်အာရုံ ချုပ်ရာကာလကိုပြဆိုခြင်း
မေး။ ။စုတိသောအခါ၊ ပစ္စုပ္ပန္နာရုံ၊ အလုံးစုံသည် ဘယ်မှာ အကုန်ချုပ်သနည်း။
ဖြေ။ ။မနောဒွါရ၌ ဂတိနိမိတ်တည်းဟူသော ပစ္စုပ္ပန္နာရုံထင်သော သူအား တဒါရုံနောင် စုတိကျသည်ဖြစ်အံ့။ ပဋိသန္ဓေ, ထို့နောင် ဘဝင်၄-ကြိမ်။ ဇောနောင် စုတိကျသည်ဖြစ်အံ့၊ ပဋိသန္ဓေ ထို့နောင် ဘဝင်စိတ်၆-ကြိမ်တိုင်အောင် ပစ္စုပ္ပန္နာရုံရှိသည်၏ အဖြစ်ကို ရအပ်၏၊
ပဉ္စဒွါရ၌ ကမ္မနိမိတ်တည်းဟူသော ပစ္စုပ္ပန္နာရုံထင်သောသူအား တဒါရုံနောင် စုတိကျသည်ဖြစ်အံ့၊ ပဋိသန္ဓေစိတ်သာလျှင် ဇောနောင်စုတိကျသည်ဖြစ်အံ့၊ ပဋိသန္ဓေစိတ်သာလျှင် ဇောနောင်စုတိကျသည်ဖြစ်အံ့၊ ပဋိသန္ဓေနောင် ဘဝင်နှစ်ကြိမ်သည်သာလျှင် ပစ္စုပ္ပန္နာရုံရှိသည်၏ အဖြစ်ကို ရအပ်သည်ဟု ဆိုအပ်သောကြောင့် ပဋိသန္ဓေနောင် ဘဝင်၆-ကြိမ်တွင် ပစ္စုပ္ပန္နာရုံချုပ်သည်ဟုသိအပ်၏၊
ထိုအနက်ကိုပြခြင်းငှာ သင်္ခေပဋီကာ၌ –
ပစ္စုပ္ပန္နာလမ္ဗဏေသူတိ ဂတိနိမိတ္တေ မနောဒွါရေ ကမ္မနိမိတ္ထေ ပဉ္စဒွါရေ အာပါထဂတေ ပဋိသန္ဓိ ဘဝင်္ဂါနမ္ပီတိ မနောဒွါရေ တဒ လမ္ဗဏဝသန စုတိယာ သတိ ပဋိသန္ဓိသာမိ စတုန္နံဘဝင်္ဂါနမ္ပိ ဇဝနာဝသာနေ စုတိယံ ပဋိသန္ဓိသာမိ ဆန္နံ ဘဝင်္ဂါနမ္ပိ ပဉ္စဒွါရေ တဒါလပ္ဗဏာဝသာနေ စုတိယံဒွိန္နံ ဘဝင်္ဂါနမ္ပိ ပစ္စုပ္ပန္နာလမ္ဗဏတာ လဗ္ဘတိ ဟူ၍မိန့်လေသည်။
၂၂၀ စုတိ ၄ မျိုးကို ပြဆိုခြင်း
မေး။ ။ပဉ္စဒွါရ၊ မနောဒွါရ၊ သေကုန်ကြသော်၊ ကာမမည်ရှိ၊ စုတိအကျ၊ ဝါရဘယ်နှစ်ပါးစီနည်း။
ဖြေ။ ။တဒါလမ္ဗဏာဝသာနေ ဝါ၊ တဒါလမ္ဗဏ ဘဝင်္ဂက္ခယေ ဝါ၊ ဇဝနာဝသာနေ ဝါ၊ ဇဝနဘဝင်္ဂက္ခယေ ဝါ၊ စတူဟာကာရေဟိ ဥပ္ပ ဇ္ဇိတွာ နိရုဇ္ဈတိ ဟူသော သင်္ခေပဋီကာနှင့် အညီ-
၁။ တဒါရုံနောင်....စုတိ၊
၂။ တဒါရုံနောင်ဘဝင်....ဘဝင်နောင်ယ...စုတိ၊
၃။ ဇောနောင်....စုတိ၊
၄။ ဇောနောင်ဘဝင်....ဘဝင်နောင်....စုတိ...
အားဖြင့် ၄.ဝါရစီ ပြား၏ဟူပေ။
ဤ ၄ဝါရတို့တွင် တဒါရုံနောင်ဘဝင် ဘဝင်နောင်စုတိသည် ပဉ္စဒွါရ၌မဖြစ်သင့်၊ ဘယ်ကြောင့်နည်းဟူမူကား ဤဝီထိသည် ပဉ္စဒွါရ၌ဖြစ်ခဲ့သော် မရဏာသန္နဇောယူခဲ့သော ပစ္ဈပ္ပန္နရုံကမ္မနိမိတ်သည် စုတိတွင်သာ ချူပ်ခဲ့ရာ၏၊ ပဋိသန္နေသို့ မရောက်ခဲ့သော် ပဋိသန္ဓေစိတ်သည် အသစ်ဖြစ်သော ပစ္စုပ္ပန္နာရုံကို ယူရရာ၏၊ ထို့သို့လည်း ယူမြဲမဟုတ်၊ ထို့ကြောင့် မဖြစ်သင့်ဟူပေ။
မဖြစ်သင့်သော် ဋီကာဆရာတို့ ဤဝါရကို ဘယ့်ကြောင့် ပြသနည်း ဟူငြားအံ့-
သက္ခရကထလိကမ္ပိ, မစ္ဆဂုမ္ဗမ္ပိ, စရန္တမ္ပ တိဋ္ဌန္တမ္ပိ ပဿတိ-ဟူသော ပါဌ်၌ ကဲ့သို ရသင့်သည်အားလျော်စွာ ယူစေလို၍သာ ပြသည်။ ဝီထိလက်ရိုးတို့၌ ဤဝီထိကို ရေးမိသည်ကား သတိသမ္မောသကြောင့်သာ ဖြစ်၏၊
ကာမာဝစရပဋိသန္ဓိယာ ဆဒွါရဂ္ဂဟိတံ ကမ္မနိမိတ္တံ ဂတံနိမိတ္တံဉ္စ ပစ္စုပ္ပန္နမတီတာလမ္ဗဏံ ဥပလဗ္ဘတိ-
ဟူသောပါဌ်ဖြင့် ကာမာဝစရပဋိသန္ဓေ၏ ပစ္စုပ္ပန္နံရုံဖြစ်ဟန်ကို ပြသည် မဟုတ် ပါလော ဟူငြားအံ့။
မရဏာသန္နဇောသည် ၆.ဒွါရဖြင့် ယူအပ်သော ပစ္စုပ္ပန်ကမ္မနိမိတ်တည်းဟူသောအာရုံ, မရဏာသန္နဇောသည် မနောဒွါရဖြင့်ယူအပ်သော ပစ္စုပ္ပန်ဂထိ. နိမိတ်တည်းဟူသော အာရုံကို ပဋိသန္နေယူသည်ကိုသာ ရည်၍ပြသည်၊ အသစ်ဖြစ်သော ပစ္စုပ္ပန္နရုံကို ယူသည်ဟု မပြ။
ထို့ကြောင့် တဒါရုံနောင် ဘဝင်, ဘဝင်နောင် စုတိကျသော ဝီထိကို ရသင့်သော မနောဒွါရ၌သာ ယူရမည်။ ပဉ္စဒွါရ၌ မယူသင့်။ ထိုအဓိပ္ပါယ်ကို ပြလိုသော သင်္ခေပဆရာသည်-
ဘဝင်္ဂက္ခယေပိ ယထာရဟံ ယောဇေတဗ္ဗံ-ဟု မိန့်သတည်း။
ဋီကာကျော်၌ကား-
တတ္ထကာမဘဝတော စဝိတွာ တတ္ထေဝ ဥပ္ပဇ္ဇမာနာနံ တဒါရမ္မဏ-
ပရိယောသာနာနိ၊ သေသာနံ ဇဝနပရိယောသာနာနီ တိ ဓမ္မာနု-
သာရဏိယံ ဝုတ္တိ။ ဘဝင်္ဂက္ခယေ ဝါတိ ယဒိ ဧကဇဝနဝီထိတော အဓိက-
တရာယုသေသော သိယာ၊ တဒါ ဘဝင်္ဂါဝသာနေ ဝါဥပ္ပဇ္ဇိတွာ နိရုဇ္စုတိ-
ဟူ၍ ဆိုသည်။
အဓိပ္ပါယ်ကား- ကာမဘုံမှ စုတေ၍ ကာမဘုံ၌ ဖြစ်လတ္တံ့သော ပုဂ္ဂိုလ်တို့အား တဒါရုံအဆုံးရှိသော ဝီထိဖြင့် စုတိသည်။
ကာမဘုံမှ စုတိ၍ ရူပဘုံ၊ အရူပဘုံ တို့၌ ဖြစ်လတ္တံ့သော ပုဂ္ဂိုလ်၊ ရူပဘုံ အရူပဘုံတို့မှ စုတေ၍ တပါးဘုံ၌၎င်း၊ မိမိတို့ဘုံ၌၎င်း ဖြစ်လတ္တံ့သော ပုဂ္ဂိုလ်တို့အား ဇောအဆုံးရှိသော ဝီထိဖြင့် စုတေသည်ဟူ၍ ဓမ္မာနုသာရဏီကျမ်း၌ ဆိုသည်။
ဘဝင်္ဂက္ခယေ ဝါ ဟူရာ၌ တခုသောဇောဝါရရှိသော ဝီထိထက် အလွန် အသက်ကြွင်းရှိသည် ဖြစ်အံ့၊ ထိုအခါ ဘဝင်၏ အဆုံး၌ စုတိဖြစ်၍ ချုပ်၏၊
တခုသော စိတ္တက္ခဏသာ အသက်ကြွင်းရှိသည်ဖြစ်အံ့။ ထိုအခါ ဝီထိစိတ်၏ အဆုံး၌ စုတိဖြစ်၍ ချုပ်၏ ဟူလိုသည်။
ဤစကားဖြင့်လည်း ပဉ္စဒွါရ၌ တဒါရုံနောင် ဘဝင်, ဘဝင်နောင် စုတိကျသော ဝီထိမရှိကြောင်းကို သိသာသည်။
၂၂၁ - သတ္တဝါတို့ ဘဝပြောင်းကူးရာ၌အထူးမှတ်ဖွယ်ကို ပြခြင်း
မေး။ ။ ဘဝတထူး၊ ကူး၍သန္ဓေ၊ တည်ပြန်လေသော်၊ ၄-ထွေနာမက္ခန်၊ ဖြစ်ကြဟန်၌၊ ရှေးနာမ်ဟောင်းလော, အသစ်လော။
ဖြေ။ ။ဥပ္ပဇ္ဇမာနမေဝ ပတိဋ္ဌာတိ၊ န ဣတော ရန္တွာတိ ဓိပ္ပါယော၊ န ဟိ ပုရိမဘစပရိယာပန္နော ကောစိ ဓမ္မော ဘစန္တရံ သင်္ကမတိ၊ နာပိပုရိမဘဝပရိယာပန္နဟေတူဟိ ဝိနာ ဥပ္ပဇ္ဇတိ။ ပဋိဃောသ ပဒီပမုဒ္ဓေါ ဝိယာတိ-
ဟူသော ပဋီကာဖြင့်ဖြေ။
ဥပ္ပဇ္ဇမာ နမေဝ၊ အသစ်ဖြစ်ဆဲ ဖြစ်၍သာလျှင်။ ဘဝန္တရေ၊ ဘဝတပါး၌။ ပတိဋ္ဌာတိ၊ တည်၏၊ ဣတော၊ ဤဘဝဟောင်းမှ။ ဂန္တွာ၊ ပြောင်းသွား၍။ န ပတိဋ္ဌာတိ၊ မတည်။ ဣတိအယံ၊ ဤသည်ကား။ အဓိပ္ပါယ်ယော၊ အရှင်အနုရုဒ္ဓါ၏အလိုတည်း။ ဟိ၊ ထင်စွာဦးအံ့၊ ပုရိမဘဝပရိယာပန္နော၊ ရှေးဘဝ၌ အကျုံးဝင်သော။ ကောစိ ဓမ္မော၊ တစုံတခုသော တရားသည်။ ဘဝန္တရံ၊ ဘဝသစ်သို့။ နသင်္ကမတိ၊ မပြောင်းရွှေ့။ ပုရိမဘသပရိယာပန္နဟေတူဟိ၊ ရှေးဘဝ၌ အကျုံးဝင်သော အကြောင်းတရားတို့နှင့်။ ဝိနာ၊ ကင်း၍။ နာပိ ဥပဇ္ဇတိ၊ ဖြစ်လည်းမဖြစ်။ ကိမိဝ၊ ဥပမာအဘယ်ကဲ့သို့ နည်းဟူမူကား။ ပဋိဃောသ- ပဒီပမုဒ္ဓါ ဝိယ၊ ပဲ့တင်သံ, ဆီမီးလျှံ, တံဆိပ်ရေး ကဲ့သို့တည်း။
မိလိန္ဒမင်းကြီးအမေးနှင့် ရှင်နာဂသိန်အဖြေကို ပြခြင်း
ဤအရာကို မိလိန္ဒပဥှာ၌ လာသည်ကား-
မင်းကြီး။ ။ပစ္စုပ္ပန်ဘဝ၌ ရှိသော နာမ်တရားတို့သည် ဘဝသစ်သို့ မပြောင်းပဲ ပဋိသန္ဓေနေ၏ ဟူသောအရာကို တကာတော်မထင်နိုင်ပါ၊ ဥပမာပြု ပါလောဟု လျှောက်၏၊
အရှင်။ ။အကြင်သူ တယောက်သည် ဆီမီးတခွက်မှ မီးကို ဆီမီးတခွက်ဖြင့် ညှိထွန်းအံ့။ ထိုမီးလျှံဟောင်းသည် မီးခွက်သစ်သို့ ပြောင်းသလောဟု မေး၏၊
မင်းကြီး။ ။အရှဘုရား မီးလျှံဟောင်းသည် မပြောင်းပေ၊ မီးသစ်သာဖြစ်ပေသည်ဟု လျှောက်လျှင်။
အရှင်။ ။ထို့အတူ ဘဝဟောင်းမှ မပြောင်းပဲ ဘဝသစ်၌ ပဋိသန္ဓေ ဖြစ်၏ ဟုဖြေပေ၏၊
မင်းကြီး။ ။လွန်စွာ ဥပမာ ပြုပါဦးဟု လျှောက်လျှင်။
အရှင်။ ။မင်းကြီး ငယ်စဉ်အခါက ဆရာ၏အထံ၌ အတတ်ပညာကို သင်ယူ၍ ရပါ၏လောဟု မေး၏
မင်းကြီး။ ။သင်ဘူးပါ၏၊ ရလည်းရပါ၏ဟု လျှောက်သော်။
အရှင်။ ။မင်းကြီး ထိုအတတ်ပညာသည် ထိုဆရာထံမှ ပြောင်း၍ လိုက်သလောဟု မေး၏
မင်းကြီး။ ။အရှင်ဘုရား ထိုအတတ်ပညာသည် ဆရာထံမှ မပြောင်းပေဟု လျှောက်ဆိုလျှင်။
အရှင်။ ။ထို့အတူ နာမ်တရားတို့သည် ဘဝဟောင်းမှ မပြောင်းပဲ ဘဝသစ်၌ ပဋိသန္ဓေနေသတည်းဟု ဖြေပေ၏
၂၂၂ နိမိတ် ၃-ပါးကို ကာလ ၃-ပါးဒွါရ ၆-ပါးတို့ဖြင့် ဝေဖန်၍ ပြခြင်း
မေး။ ။ဂတိနိမိတ်၊ အတိတ်ကမ္မ၊ မရဏအခါ၊ ထင်သည်မှာ၊ ဘယ်ဒွါရဖြင့် ယူသနည်း။
ဖြေ။ ။နိမိတ် ၃-ပါးတွင် ကံယား အတိတ်သာ၊ ကမ္မနိမိတ်ကား အတိတ် ပစ္စုပ္ပန် နှစ်ပါး၊ ဂတိနိမိတ်ကား ပစ္စုန်ပ္ပန် ရူပါရုံတပါးသာတည်း။
ကံနိမိတ်နှင့် ဂတိနိမိတ်ကို မနောဒွါရဖြင့် ယူအပ်၏၊ ကမ္မနိမိတ်ကား ၆-ဒွါရဖြင့် ယူအပ်၏
သစ္စသံခိပ်ဆရာကား - ကမ္မနိမိတ်, ဂတိနိမိတ် နှစ်ပါးကို ပဉ္စဒွါရဖြင့် ယူသည်ဟု' ပြခြင်းငှာ -
ပဉ္စဒွါရေ သိယာ သန္ဓိ၊ ဝိနာ ကမ္မံ ဒွိဂေါစရေ။
ဟူ၍ မိန့်၏၊
ပဉ္စဒွါရေ၊ ပဉ္စဒွါရမရဏာသန္နဇော၏ အဆုံး၌။ ကမ္မံ၊ ကံကို။ ဝိနာ၊ ကြဉ်၍။ ဒွိဂေါစရေ၊ ကမ္မနိမိတ်, ဂတိနိမိတ် ဟူသောအာရုံ နှစ်ပါး၌။ သန္ဓိ၊ ပဋိ-သန္ဓေသည်။ သိယာ၊ ဖြစ်ရာ၏၊
ဤဆရာ၏ စကားသည် -
ဂတိနိမိတ္တံ မနောဒွါရေယေဝ အာပါထမာဂစ္ဆတိ-
ဟူသော သမ္မောအဋ္ဌကထာ။
ကမ္မဗလေန ဥပဋ္ဌာပိတံ ဝဏ္ဏာယတနံ သုပိနံ ပဿန္တဿ ဝိယ ဒီဗ္ဗစက္ခုဿ ဝိယ မနောဒွါရေယေဝ ဂေါစရဘာဝံ ဂစ္ဆတိ-
ဟူသော မူလဋီကာတို့နှင့် မညီ။ ထို့ကြောင့် ဆရာတို့ မနှစ်သက်ကုန်။
ကမ္မဗလေန၊ ကံ၏အစွမ်းဖြင့်။ ဥပဋ္ဌာပိတံ၊ ထင်ယတ္တံ့သော။ ဝဏ္ဏာယ-တနံ၊ ဂတိနိမိတ် တည်းဟုူသော ရူပါရုံသည်။ သုပိနံ၊ အိပ်မက်ကို။ ပဿန္တဿ၊ မြင်မက်သောသူအား။ ဂေါစရဘာဝံ၊ အာရုံ၏အဖြစ်သို့။ ဂစ္ဆတိ ဝိယ စ၊ ရောက်သကဲ့သို့၎င်း။ ဒီဗ္ဗစက္ခုဿ၊ ဒီဗ္ဗစက္ခုအဘိညာဉ်အား။ ဂေါစရဘာဝံ၊ အာရုံ၏ အဖြစ်သို့။ ဂစ္ဆတိ ဝိယစ၊ ရောက်သကဲ့သို့၎င်း။ မနောဒွါရေယေဝ။ မနောဒွါရ၌သာလျှင်။ ဂေါစရဘာဝံ၊ အာရုံ၏အဖြစ်သို့။ ဂစ္ဆတိ၊ ရောက်၏၊ အနုဋီကာ၌လည်း ဤနည်းပင် ဆိုသည်။
၂၂၃-မရဏသန္နဇောနှင့် ပစု္စပ္ပန် ကမ္မနိမိတ်တို့ ဖြစ်ဟန် ထင်ဟန်ကို ပြခြင်း
ပစ္စုပ္ပန္နာ ရုံဟူရာ၌ ဂတိနိမတ်သည် လာလတ္တံ့သော ဘဝ၌ အမိဝမ်းရေစသော ရူပါရုံ ဖြစ်သောကြောင့် ပစ္စုပ္ပန်ဆိုသော် သင့်တန်စေ၊ ကမ္မနိမိတ်မူကား ပဋိသန္ဓေကိုဖြစ်စေတတ်သော ကံ၏အာရုံကိုသာ ကမ္မနိမိတ်ဟူ၍ ဆိုအပ်ပါသည်။ စုတိ အာသန္နဇောတို့သည်ကား ပဋိသန္နေကို ဖြစ်စေတတ်သောကံ မဟုတ်ရကား ထိုဇောတို့ယူအပ်သော အရုံသည် အဘယ်သို့ ပစ္စုပ္ပန်ကမ္မနိမိတ် ဖြစ်သင့်အံ့နည်း။
စောဒနာခြင်း၏ အကြောင်းကို ဆိုလိုက်ဦးအံ့-
ထိုစုတိ, အာသန္နဇောသည်လျှင် အာရုံကိုထင်စေတတ်သည်။ ထိုဇောသည်လျှင် ပဋိသန္နေကို ဖြစ်စေတတ်သည် မဖြစ်ရာ။ အဘယ်ကြောင့်နည်းဟူမူ အဖန်တလဲလဲ ဆည်းပူအပ်သော အာသေဝနပစ္စည်းကို ရသောကံသည်သာလျှင် ပဋိသန္ဓေကို ငင်တတ်သည်။ တဏှာသည် သာယာအပ်သောပံသည်သာလျှင် အကျိုးကို ပြီးစေတတ်သည်။ ဤစုတိ, အာသန္နဇော စေတနာတို့သည်ကား ဆည်းပူအပ်သောအဖြစ် မရှိသောကြောင့်၎င်း, တဏှာသည် မသာယာအပ်သောကြောင့်၎င်း ပဋိသန္ဓေကို ဖြစ်စေတတ်သည် မဖြစ်ရာ။ ထို့ကြောင့် ပစ္စုပ္ပန် ကမ္မနိမိတ် ဘယ်သို့ဖြစ်နိုင်အံ့နည်းဟု စောဒနာသည်။
တနည်းလည်း စုတိ၏ အနီးဖြစ်ကုန်သော ပဉ္စဒွါရိကဇောတို့၏ အာရုံသည် ပစ္စုပ္ပန်ကမ္မနိမိတ် အကယ်၍ဖြစ်အံ့ ပဉ္စဒွါရိက ကံတို့သည်လည်း အလုံစုံ အားနည်းသည်၏ အဖြစ်ကြောင့် ပဋိသန္နေကို မငင်တတ်ဟူ၍ အဋ္ဌကထာတို့၌ မိန့်ကုန်သည်။ ထိုသို့ ပဋိသန္နေကို မဖြစ်တတ်သော ကံ၏အာရုံသည် ဘယ်သို့ ကမ္မနိမိတ် ဖြစ်နိုင်အံ့နည်းဟု စောဒနာသည်။
သစ္စမေတံ၊ ဉာတကာဒီဟိ ဥပဌာပိတေသု ပန ပုပ္ဖါဒီသု သန္နိဟိတေသွေဝ မရဏသမ္ဘဝတော၊ တတ္ထ ဝဏ္ဏာဒိကံ အာရမ္ဘ စုတိအာသန္နဝီထိတော ပုရိမဘာဂပ္ပဝတ္တာနံ ပဋိသန္ဓိ ဇနနသမတ္ထာနံ မနောဒွါရိကဇဝနာနမာရမ္မဏဘူတေန သဟ မာနတ္တာ တဒေကသန္တ တိပတိတံ
စုတိအာသန္နဇဝနဂ္ဂဟိတမ္ပိ ပစ္စုပ္ပန္န ဝဏ္ဏာဒိကံ ကမ္မနိမိတ္တဘာဝေန ဝုတ္တံဟူသော ဋီကာဖြင့် ဖြေ။
ဧတံ၊ ဤမရဏာ သန္နဇော၏ အာရုံသည် ကမ္မနိမိတ် မဖြစ်ရာဟု စော ဒနာသော စကားသည်။ သစ္စ၊ မှန်၏၊ ပန၊ ယင်းသို့မှန်သော်လည်း၊ ဉာတကာဒီဟိ၊ ဆွေမျိုးစသည်တို့သည်။ ဥပဌာပိတေသု၊ ထင်စေအပ်ကုန်သော။ ပုပ္ဖါဒီသု၊ ပန်း အစရှိသည်တို့သည်။ သန္နဟိတေသွေဝ၊ အနီး၌ တည်ကုန်စဉ်လျှင်။ မရဏ သမ္ဘဝတော၊ သေခြင်း၏ ဖြစ်သင့်သောကြောင့်။ တတ္ထ၊ ထိုပန်စဝသော ဝတ္ထု၌။ ဌိတံ၊ တည်သော။ ဝဏ္ဏာဒိကံ၊ ရူပါရုံအစရှိသည်ကို။ အာရဗ္ဘ၊ အာရုံပြု၍။ စုတိအာသန္နဝီထိတော၊ စုတိ၏အနီးဖြစ်သော ဝီထိမှ ပုရိမဘာဂပ္ပဝတ္တာနံ၊ ရှေးအဖို့၌ဖြစ်ကုန်သော။ ပဋိသန္ဓိက ဇနနသမတ္ထာနံ၊ ပဋိသန္ဓေကို ဖြစ်ခြင်းဌာ စွမ်းနိုင်ကုန်သော။ မနောဒွါရိက ဇဝနာနံ၊ မနောဒွါရိကဇောတို့၏၊ အာရမ္မဏဘူတေန၊ အာရုံဖြစ်သော ကမ္မနိမိတ်နှင့်။ သဟ၊ တကွ။ သမာနတ္တာ၊ တူသည်၏ အဖြစ်ကြောင့်။ တဒေကသန္တတိပတိတံ၊ ထိုအတိတ် ကမ္မနိမိတ်နှင့် တူသော အစဉ်၌ ကျသော။ စုတိအာသန္နဇဝနဂ္ဂဟိတမ္ပိ၊ စုတိ၏ အနီးဖြစ်သော ဇောသည် ယူအပ်သည်လည်းဖြစ်သော။ ပစ္စုပ္ပန္နဝဏ္ဏာဒိကံ။ ပစ္စပ္ပန်ရူပါရုံ အစရှိသည်ကို။ ကမ္မနိမိတ္တဘာဝေန၊ ကမ္မနိမိတ်၏ အဖြစ်ဖြင့်။ ဝုတ္တံ၊ ဆိုအပ်၏၊
ဤ၌ လိုရင်းအကျဉ်းကား (ရှေ့အဖို့၌ဖြစ်သော ပဋိသန္ဓေကို ဖြစ်စေနိုင်ကုန်သော မနောဒွါရိက ဇောတို့၏ အာရုံဖြစ်သော ကမ္မနိမိတ်ကို အစဉ်အတိုင်း စုတိအာသန္နဇောတို့သည် ယူလေသောကြောင့် ထိုအာရုံကို ပစ္စုပ္ပန် ကမ္မနိမိတ်အဖြစ်ဖြင့် ဆိုအပ်၏ ဟူလိုသည်။
မူလဋီကာ၌လည်း-
ပဉ္စဒွါရေစ အာပါထမာဂစ္ဆန္တံ ပစ္စုပ္ပန္နံ ကမ္မနိမိတ္တံ အာသန္နကတ ကမ္မာရမ္မဏသန္တတိယံ ဥပ္ပန္နံ တံသဒိသန္တိ ဒဌဗ္ဗံ-
ဟူ၍မိန့်ဆိုသည်။
ပဉ္စဒွါရေစ ပဉ္စဒွါရ၌လည်း။ အာပါထံ၊ ထင်ခြင်းသို့။ အာဂစ္ဆန္တံ၊ ရောက်သော။ ပစ္စုပ္ပန္နံ၊ ပစ္စုပ္ပန်ဖြစ်သော။ ကမ္မနိမိတ္တံ၊ ကမ္မနိမိတ်သည်။ အာသန္နကတ ကမ္မာရမ္မဏသန္တတိယံ၊ သေခါနီးကာလ၌ ပြုအပ်သော ပဋိသန္ဓေကို ဖြစ်စေတတ်သော ကံ၏အာရုံအစဉ်၌။ ဥပ္ပန္နံ၊ ဖြစ်၏ တံသဒိသံ၊ ထိုကံ၏ အာရုံနှင့် တူ၏၊ ဣထိ၊ ဤသို့။ ဒဌဗ္ဗံ၊ မှတ်အပ်၏၊
၂၂၄-အသညသတ်ဗြဟ္မာ စုတိရာ၌ နိမိတ်အာရုံ ကင်းဆိတ်ပုံကို ပြခြင်း
မေး။ ။အသညသတ်၊ စုတိလတ်သော်၊ အလျှော်စေတနာ၊ နိမိတ်လာကို၊ မရဏာသန်ဇော ယူသလော။
ဖြေ။ ။အသညတ်ဘုံ၌ ရုပ်သတ်သတ်သာ တည်သည်ဖြစ်၍ စုတိသောအခါလည်း မရဏာသန်ဇောမကျ၊ နိမိတ် ၃ပါးတွင် တပါးပါးကိုလည်း အာရုံမပြုပြီ။ ဆီမီးလျှံသည် ငြိမ်းလေသကဲ့သို့ ရုပ်၏ ပျောက်ငြိမ်းခြင်းဖြင့်သာ စုတိ၍ ကာမဘုံ၌ ပဋိသန္ဓေနေလာသည်။ ဤပဋိသန္ဓေစိတ်သာလျှင် ရှေးကံ၏ အစွမ်းကြောင့်ထင်သော ကံ၊ ကမ္မနိမိတ်ကို အာရုံပြုသည်။
ထို့ကြောင့် သစ္စခံသိပ်၌-
ဘဝန္တရကတံ ကမ္မံ၊ ယမောကာသံ လဘေ တတော။
စောတိသာ သန္ဓိ တေနဝ၊ ဥပဌာပိတဂေါစရေ-
ဟူ၍ မိန့်အပ်၏၊
ဘဝန္တရကတံ၊ အသညသတ်ဘုံသို့ မရောက်မီ ရှေးဘဝ၌ပြုအပ်သော။ ယံကမ္မံ၊ အကြင် - အပရာပရိဝေဒနိယကံသည်။ ဩကာသံ၊ အကျိုးပေးခွင့်ကို။ လဘေ၊ ရအပ်၏၊ တတော၊ ထိုသို့ အခွင့်ရသောကြောင့်။ သာ သန္ဓိ၊ ထို အသညသတ်မှ စုတေ၍တည်သော ပဋိသန္ဓေသည်။ တေနဝ၊ ထိုအပရာ ပရိယဖြစ်သော ဥပစာရကံသည်သာလျှင်။ ဥပဌာပိတဂေါစရေ၊ ထင်စေအပ်သော အာရုံ၌။ ဟောတိ၊ ဖြစ်၏၊
မီးကိုမွေးသော် အခိုးကိုလည်း ပြုသည် မည်သကဲ့သို့ ထိုဥပစာရကံသည် ပဋိသန္ဓေကို ဖြစ်စေသော် ပဋိသန္ဓေ၏ အာရုံကိုလည်း ပြုသည်ပင် မည်လေသည်။
ဤတွင် ဘုံပိုင်းဆိုင်ရာ ပုစ္ဆာဝိသဇ္ဇနာများ ပြီးပြီ။
---