မာတိကာသို့ ခုန်သွားရန်

မနောရထပူရဏီကျမ်း-ဒု

ဝီကီရင်းမြစ် မှ
5944မနောရထပူရဏီကျမ်း-ဒု — ကျီးသဲလေးထပ်ဆရာတော်

ရုပ်ပိုင်းဆိုင်ရာ ပုစ္ဆာ ဝိသဇ္ဇာနာများ

၂၂၅-မဟာဘုတ်ဟူသောဝေါဟာရ

မေး။ပထဝီအာပေါတေဇာဝါယော၊ ဓာတ်လေးဖြာကို၊ ဘယ်ခြင်းရာကြောင့်၊ မဟာဘုတ်ဟု၊ သမုတ်ပညတ်လေသနည်း။

ဖြေ။ဥပ္ပါဒိဏ္ဏာနုပ္ပါဒိဏ္ဏသဏ္ဌာနေသု သသမ္ဘာရဓာတုဝသေန မဟန္တာဟုတွာ ဘူတာတိ မဟာဘူတာ။

ယေ ရူပဓမ္မာ၊ အကြင်ရုပ်တရားတို့သည်။ ဥပ္ပါဒိဏ္ဏာနုပ္ပာဒိဏ္ဏသဏ္ဌာနေသု၊ လူနတ် တိရိစ္ဆာန်စသော ဥပါဒိဏ္ဏသဏ္ဌာန်၊ မြေ၊ ရေ၊ မြင်းမိုရ် ယုဂန္ဓိုရ်စသော အနုပါဒိဏ္ဏသဏ္ဌာန်တို့၌။ သသမ္ဘာရဓာတုဝသေန၊ အဆောက်အဦဖြစ်သောဓာတ်၏ အစွမ်းဖြင့်။ မဟန္တာ၊ များကုန်သည်။ ဟုတွာ၊ ဖြစ်၍။ ဘူတာ၊ ထင်ရှားဖြစ်ကုန်၏၊ ဣတိတသ္မာ၊ ထိုသို့များသည်ဖြစ်၍ ထင်ရှားဖြစ်သော သတ္တိကြောင့်။ တေ ရူပဓမ္မာ၊ ထိုရုပ်တရားတို့သည်။ မဟာဘူတာ၊ မဟာဘုတ်မည်ကုန်၏

တနည်း မဟာဘုတ်ဟူသော ဝေါဟာရ

မနာပဝဏ္ဏသဏ္ဌာနာဒီဟိ ဝါ သတ္တာနံ ဝဉ္စိတာ ယက္ခိနိအာဒယော ဝိယ မနာပရူပဒဿနာဒိနာ သထ္တာနံ ဝဉ္စိကတ္တာ မဟန္တာနိ အဘူတာနိ ဧတေသူတိ မဟာဘူတာ။

ဧတေသု၊ ဤရုပ်တရားတို့၌။ မနာပဝဏ္ဌနာဒီဟိ၊ နှစ်သက်ဖွယ်သော အဆင်းသဏ္ဌာန် စသည် တို့ဖြင့်။ သတ္ထာနံ၊ သတ္တဝါတို့ကို။ ဝဉ္စိတာ၊ လှည့်ပတ်တတ်ကုန်သော။ ယက္ခိနိအာဒယော ဝိယ၊ ဘီလူးမ အစရှိသည်တို့ကဲ့သို့။ မနာပရူပဒဿနာဒိနာ၊ နှစ်သက်ဖွယ်သော အဆင်းကိုပြခြင်း စသည်တို့ဖြင့်။ သတ္တာနံ၊ သတ္တဝါတို့အား။ ဝဉ္စိကတ္တာ၊ လှည့်ပတ်တတ်သည့်၏ အဖြစ်ကြောင့်။ မဟန္တာနိ၊ များစွာကုန်သော။ အဘူတာနိ၊ မဟုတ်မှန်သော သဘောတို့သည်။ သန္တိ၊ ရှိကုန်၏၊ ဣတိ၊ ထို့ကြောင့်။ တေ ဓမ္မာ၊ ထိုရုပ်တရားတို့သည်။ မဟာဘူတာ၊ မဟာဘုတ်မည်ကုန်၏

၂၂၆-ဥပါဒါရုပ်ကို ပြခြင်း

ဥပါဒါယ ပဝတ္တံ ရူပံ ဥပါဒါရူပံ။

ဥပါဒါယ၊ မဟာဘုတ်တို့ကိုမှီ၍။ ပဝတ္တံ၊ ဖြစ်သော။ ရူပံ၊ ရုပ်တည်း။ ဥပါဒါရူပံ၊ မဟာဘုတ်ကိုမှီ၍ ဖြစ်သောရုပ်။

ဤမဟာဘုတ်၊ ဥပါဒါရုပ်နှစ်ပါးကို ရည်၍ ဒုဝိဓမ္မေတံ ဟုဆိုသည်။

၂၂၇-ပထဝီဓာတ်ကို ပြခြင်း

ပထန္တိ သဟဇာတရူပါနိ ဧတ္ထာတိ ပထဝီ

ဧတ္ထ၊ ဤရုပ်တရား၌။ သဟဇာတရူပါနိ၊ တကွဖြစ်ဘက် ဖြစ်ကုန်သော ရုပ်တို့သည်။ ပထန္တိ၊ တည်တတ်ကုန်၏၊ ဣတိတသ္မာ၊ ထိုသို့တည်ရာဖြစ်သော သတ္တိကြောင့်။ သာ၊ ထိုရုပ်တရားသည်။ ပထဝီ ပထဝီမည်၏၊

ပထဝီယေဝ၊ ပထဝီသည်ပင်လျှင်။ ဓာတု၊ ဓာတ်တည်း။ ပထဝီဓာတု၊ ပထဝီသည်ပင်လျှင်ဓာတ်။

သာ၊ ထိုပထဝီဓာတ်သည်။ ကက္ခဠလက္ခဏာ၊ ခိုင်မာခြင်းလက္ခဏာရှိ၏၊ ပတိဋ္ဌာနရသာ၊ တည်ရာဖြစ်ခြင်းကိစ္စရှိ၏၊ သမ္ပဋိစ္ဆနပစ္စုပဌာနာ၊ အာရုံကို ခံခြင်းလျှင် ထင်သောအခြင်းအရာရှိ၏၊ သေသဓာတုတ္တယပဒဌာနာ၊ ကြွင်းသော ဓာတ်သုံးပါးလျှင် အကြောင်းအရင်းရှိ၏၊

ပထဝီ၌ မုဒ္ဓဇဌ, ဒန္တဇထနှစ်ပါးပင် ရေးသင့်၏

၂၂၈-အာပေါဓာတ်ကို ပြခြင်း

သဟဇာတရူပါနိ အာပေတိ ပတ္ထရတီတိ အာပေါ။

ယော ရူပဏမ္မော၊ အကြင်ရုပ်တရားသည်။ သဟဇာတရူပါနိ၊ တကွဖြစ်ဘက်ဖြစ်သော ရုပ်တို့ကို။ အာပေတိ ပတ္ထရတိ၊ ပြန့်နှံ့ စေတတ်၏၊ ဣတိတသ္မာ၊ ထို့သို့ ပြန့်နှံ့စေတတ်သော သတ္တိကြောင့်။ သော ရူပဓမ္မော၊ ထိုရုပ်တရားသည်။ အာပေါ၊ အာပေါမည်၏၊

သာ၊ ထိုအာပေါဓာတ်သည်။ ။ပဂ္ဃရဏလက္ခဏာ၊ ယိုစီးခြင်း လက္ခဏာ ရှိ၏၊ ဗြူဟနရသာ၊ ပွားစီးခြင်းကိစ္စရှိ၏၊ သင်္ဂဟပစ္စုပဌာနာ၊ ပေါင်းသင်းခြင်းလျှင် ထင်သော အခြင်းအရာရှိ၏၊ သေသဓာတုတ္တ ယပဒဌာနာ။ ကြွင်းသော ဓာတ်သုံးပါးလျှင် ပဒဌာန်ရှိ၏

၂၂၉-တေဇောဓာတ်ကို ပြခြင်း။

သေသဓာတုတ္တယံ တေဇတိ ပရိပါစေတိ ဥသ္မာပေတီတိ ဝါ တေဇော။

ယော၊ ရူပဓမ္မော၊ အကြင်ရုပ်တရားသည်။ သေသဓာတုတ္တယံ၊ ကြွင်းသော ဓာတ်သုံးပါးကို။ တေဇေတိ ပရိပါစေတိ၊ ရင့်စေတတ်၏၊ ဝါ၊ တနည်းကား။ ဥသ္မာပေတိ၊ ပူစေတတ်၏၊ ဣတိတသ္မာ၊ ထိုသို့ရင့်စေတတ်၊ ပူစေတတ်သော သတ္တိကြောင့်။ သော ရူပဓမ္မော၊ ထို ရုပ်တရားသည်။ တေဇော၊ တေဇော မည်၏

သာ၊ ထိုတေဇောဓာတ်သည်။ ။ဥဏှတ္တလက္ခဏာ၊ ပူသော အဖြစ်လျှင် လက္ခဏာရှိ၏၊ ပရိပါစနရသာ၊ ရင့်စေ, ကျက်စေတတ်သော ကိစ္စရှိ၏၊ မဒ္ဒဝပစ္စုပဌာန၊ နူးညံ့သောအဖြစ်လျှင် ထင်ရှားရှိ၏၊ သေသဓာတုတ္တယပဒဌာနာ၊ ကြွင်းသော ဓာတ်သုံးပါးလျှင် ပဒဌာန်ရှိ၏၊

၂၃၀ - ဝါယောဓာတ်ကိုပြခြင်း

ဒေသန္တရံ ဝါယတိ ပါပေတီတိ ဝါယော။

ယော ရူပဓမ္မော၊ အကြရုပ်တရားသည်၊ ဒေသန္တရံ၊ အရပ်တပါးသို့။ ဝါယတိ ပါပေတိ၊ ရောက်စေတတ်၏၊ ဣတိတသ္မာ၊ ထိုသို့ရောက်စေတတ်သော သတ္တိကြောင့်။ သောရူပဓမ္မော၊ ထိုရုပ်တရားသည်။ ဝါယော၊ ဝါယော မည်၏၊

သာ၊ ထိုဝါယောဓာတ်သည်။ စလနလက္ခဏာ လှုပ်ရှားခြင်း လက္ခဏာရှိ၏၊ သမုဒိရဏရသာ၊ မငြိမ်သက်ခြင်း ကိစ္စရှိ၏၊ အဘိနီဟာရပစ္စုပဓဌာန၊ ရှေးရှုဆောင်ခြင်းလျှင် ထင်သောအခြင်းအရာရှိ၏ အဝသေသဓာတုတ္တယပဒဌာန၊ ကြွင်းသောဓာတ်သုံးပါးလျှင် ပဒဌာန်ရှိ၏၊

၂၃၁-ပထဝီ ၄-မျိုးကိုပြခြင်း

ပထဝီသည်-

၁။ လက္ခဏပထဝီ၊ ၂။ သသမ္ဘာရပထဝီ

၃။ အာရမ္မဏပထဝီ၊ ၄။ သမုတိပထဝီ-

ဟူ၍ ၄-ပါး အပြားရှိ၏၊

ထိုလေးပါးတို့တွင်-

ယံ ရူပံ၊ အကြင်ရုပ်သည်။ အဇ္ဈတ္တံ၊ ကိုယ်တွင်း၌ဖြစ်၏၊ ပစ္စတ္တံ၊ အသီးတည်၏၊ ကက္ခဠံ၊ ခိုင်မာ၏ ခရီဂတံ၊ ကြမ်းတမ်းခက်မာခြင်းသို့ ရောက်၏၊

ဤသို့ ဟောအပ်သော ပထဝီသည် လက္ခဏပထဝီမည်၏

ကေသာ လောမာ နခါ ဒန္တာဒယော ဝီသတိကောဋ္ဌာသာ ပထဝီဓာတု

ဤသို့ ဟောအပ်သော ပထဝီသည် သသမ္ဘရပထဝီမည်၏၊

ပထဝီကသိုဏ်းဝန်းသည် အာရမ္မဏပထဝီမည်၏၊ နိမိတ္တပထဝီလည်းမည်၏၊

ပြကတေ့သော မြေကြီးသည် သမုတိပထဝီမည်၏၊ ဤ ၄- ပါးတို့တွင် လက္ခဏပထဝီကို သာလျှင် ပရမတ္တ ဓမ္မဟု ယူအပ်၏၊

၂၃၂-အာပေါ ၄-မျိုးကို ပြခြင်း

အာပေါသည်လည်း-

၁။ လက္ခဏအာပေါ
၂။ သသမ္ဘာရအာပေါ
၃။ အာရမ္မဏအာပေါ
၄။ သမုတိအာပေါ -
ဟူ၍ ၄-ပါး အပြားရှိ၏၊

ထိုလေးပါးတို့တွင် ရုပ်တို့၏ ပြောင်းပျော့ခြင်း၊ ပျံ့နှံ့ခြင်း လက္ခဏာသည် လက္ခဏအာပေါမည်၏၊

ပိတ္တံ သေမှံ စသော ကောဋ္ဌာသ ၁၂-ပါးသည် သသမ္ဘာရအာပေါမည်၏၊

အာပေါကသိုဏ်းဝန်းသည် အာရမ္မဏအာပေါမည်၏၊

ပြကတော့သောရေသည် သမုတိအာပေါမည်၏၊

ဤ ၄-ပါးတို့တွင် လက္ခဏအာပေါကိုသာလျှင် ပရမတ္ထဓမ္မဟု ယူအပ်၏၊ တေဇော၊ ဝါယော တို့၌လည်း ဤနည်းအတူ ၄-ပါးစီ ထုတ်ဆောင်အပ်၏၊

ဤကား မူလပဏ္ဏာသ အဋ္ဌကထာ၌ လာသောနည်းတည်း။
ဘူတရုပ် ၄-ပါး ပြီး၏၊

၂၃၃-စက္ခုပသာဒရုပ်ကို ပြခြင်း

ဝိညာဏာဒိဌိတံ ဟုတွာ စက္ခတိ ရူပံ အသာဒေန္တံ ဝိယ ဟောတီတိ စကု္ခ။

ယံ ရူပံ၊ အကြင်ရုပ်သည်။ ဝိညာဏာဒိဌိတံ၊ ဝိညာဉ်စသည်တို့၏ တည်ရာသည်။ ဟုတွာ၊ ဖြစ်၍။ ရူပံ၊ ရူပါရုံကို။ စက္ခတိ အသာဒေန္တံ ဝိယ ဟောတိ၊ သာယာသကဲ့သို့ ဖြစ်တတ်၏၊ ဣတိ၊ ထို့ကြောင့်။ တံ ရူပံ၊ ထိုရုပ်သည်။ စက္ခု၊ စက္ခုမည်၏၊

တံ၊ ထိုစက္ခုပသာဒသည်။ ဒဋ္ဌုကာမတာ နိဒါနကမ္မသမုဋ္ဌာန ဘူတပ္ပသာဒ-လက္ခဏံ၊ ရှုခြင်းငှာ အလိုရှိသည်၏ အဖြစ်တည်းဟူသော တဏှာလျှင်အကြောင်းရှိသော ကံကြောင့်ဖြစ်သော ဘူတရုပ်တို့၏ ကြည်ခြင်းလက္ခဏာရှိ၏၊

ရူပါဝိ်ဉ္ဆနရသံ၊ ရူပါရုံကို ငင်ခြင်းကိစ္စရှိ၏၊ ဝိညာဏာဓာရပစ္စုပဋ္ဌာနံ၊ စက္ခုဝိညာဉ်၏ တည်ရာအဖြစ်လျှင် ထင်ရှား၏၊

ကမ္မဇဘူတပဒဋ္ဌာနံ၊ ကံကြောင့်ဖြစ်သော ဘုတ် ၄-ပါးလျှင် ပဒဋ္ဌာန်ရှိ၏၊

၂၃၄-သောတပသာဒရုပ်ကို ပြခြင်း

သုဏာတိ သဒ္ဒံ ဧတေနာတိ သောတံ။

ဧတေန၊ ဤပသာဒရုပ်ဖြင့်။ သဒ္ဒံ၊ အသံကို။ သုဏာတိ၊ နာတတ်၏၊ ဣတိတသ္မာ၊ ထိုသို့ နာကြောင်းဖြစ်သော သတ္တိကြောင့်။ တံ ရူပံ၊ ထိုရုပ်သည်။ သောတံ၊ သောတမည်၏၊

တံ၊ ထိုသောတပသာဒသည်။ သောတုကာမတာ နိဒါနကမ္မသမုဋ္ဌာန-ဘူတပ္ပသာဒလက္ခဏံ၊ နာခြင်းငှာ အလိုရှိသည်၏ အဖြစ်တည်းဟူသော တဏှာလျှင် အကြောင်းရှိသော ကံကြောင့်ဖြစ်သော ဘူတရုပ်တို့၏ ကြည်ခြင်းလက္ခာရှိ၏၊

သဒ္ဒဝိဉ္ဆနရသံ၊ သဒ္ဒါရုံကို ငင်ခြင်းကိစ္စရှိ၏၊

ဝိညာဏဓာရပစ္စုပဋ္ဌာနံ၊ သောတဝိညာဉ်၏ တည်ရာအဖြစ်လျှင် ထင်ရှား၏၊

ကမ္မဇဘူတပဒဋ္ဌာနံ၊ သောတဝိညာဉ်၏ တည်ရာအဖြစ်လျှင် ထင်ရှား၏၊

ကမ္မဇဘူတပဒဋ္ဌာနံ၊ ကံကြောင့်ဖြစ်သော ဘုတ် ၄-ပါးလျှင် ပဒဋ္ဌာန်ရှိ၏၊

၂၃၅-ဃနပသာဒရူပ်ကို ပြခြင်း

ဃာယတိ ဂန္ဓံ ဧတေနာ တိ ဃာနံ။

ဧတေန၊ ဤပသာဒရုပ်ဖြင့်။ ဂန္ဓံ၊ အနံ့ ဥဿုံ ဂန္ဓာရုံကို။ ဃာထတိ၊ နမ်းတတ်၏၊ ဣတိတသ္မာ၊ ထိုသို့နမ်းကြောင်း ဖြစ်သောသတ္တိကြောင့်။ တံ ရူပံ၊ ထိုရုပ်သည်။ ဃာနံ၊ ဃာနမည်၏၊

တံ၊ ထိုဃာနပသာဒသည်။ ဃာတိတုကာမတာ နိဒါန ကမ္မသမုဋ္ဌာန ဘူတပ္ပ-သာဒလက္ခဏံ၊ နမ်းခြင်းငှာ အလိုရှိသည်၏ အဖြစ်တည်းဟူသော တဏှာလျှင် အကြောင်းရှိသော ကံကြောင့်ဖြစ်သော ဘူတရုပ်တို့၏ ကြည်ခြင်းလက္ခဏာရှိ၏၊

ဂန္ဓာဝိဉ္ဆနရသံ၊ ဂန္ဓာရုံကို ငင်ခြင်းကိစ္စရှိ၏၊

ဝိညာဏာဓာရပစ္စု ပဋ္ဌာနံ၊ ဃာနဝိညာဉ်၏ တည်ရာအဖြစ်လျှင် ထင်ရှား၏၊

ကမ္မဇဘူတပဒဋ္ဌာနံ၊ ကံကြောင့်ဖြစ်သော ဘုတ် ၄-ပါးလျှင် ပဒဋ္ဌာန်ရှိ၏၊

၂၃၆-ဇိဝှါပသာဒကို ပြခြင်း

ဇီဝိတံ အဝှါယတီတိ ဇိဝှါ။

ယံ ရူပံ၊ အကြင်ရုပ်သည်။ ဇီဝိတံ၊ အသက်ကို။ အဝှါယတိ၊ ခေါ်သကဲ့သို့ ဖြစ်တတ်၏၊ ဣတိ၊ ထို့ကြောင့်။ တံ ရူပံ၊ ထိုရုပ်သည်။ ဇိဝှါ၊ ဇိဝှါမည်၏၊

တံ၊ ထိုဇိဝှါပသာဒသည်။သာယိတုကာမတာနိဒါကမ္မသမုဋ္ဌာနဘူတပ္ပ-သာဒလက္ခဏံ၊ လျက်ခြင်းငှာ အလိုရှိသည်၏ အဖြစ်တည်းဟူသော တဏှာလျှင် အကြောင်းရှိသော ကံကြောင့်ဖြစ်သော ဘူတရုပ်တို့၏ ကြည်ခြင်းလက္ခဏာ ရှိ၏၊

ရသေသု အာဝဉ္ဆနရသံ၊ ရသာရုံတို့ကို ငင်ခြင်းကိစ္စရှိ၏၊

ဝိညာဏဓာရပစ္စုပဋ္ဌာနံ၊ ဇိဝှါဝိညာဉ်၏ တည်ရာ အဖြစ်လျှင် ထင်ရှား၏၊

ကမ္မဇဘူတသမုဋ္ဌာနံ၊ ကံကြောင့်ဖြစ်သော ဘုတ်၄-ပါးလျှင် ပဒဋ္ဌာန်ရှိ၏၊

၂၃၇-ကာယပသာဒရုပ်ကို ပြခြင်း

ကုစ္ဆိတာနံ သာသဝဓမ္မာနံ အာယောတိ ကာယော။

ယော ရူပဓမ္မော၊ အကြင်ရုပ်တရားသည်။ ကုစ္ဆိတာနံ၊ စက်ဆုပ်အပ်ကုန်သော။ သာသဝဓမ္မာနံ၊ အာသဝေါနှင့် တကွသော တရားတို့၏။ အာယော၊ တည်ရာဖြစ်ရာတည်း။ ဣတိ၊ ထို့ကြောင့်။ ကာယော၊ ကာယမည်၏၊

သော၊ ထိုကာယပသာဒသည်။ ဖုသိတုကာမတာနိဒါကမ္မ သမုဋ္ဌာန ဘူတပ္ပသာဒလက္ခဏော၊ တွေ့ခြင်း, ထိခြင်းငှာ အလိုရှိသည်၏ အဖြစ်တည်းဟူသော တဏှာလျှင် အကြောင်းရင်းရှိသော ကံကြောင့်ဖြစ်သော ဘူတရုပ်တို့၏ ကြည်ခြင်း လက္ခဏာရှိ၏၊ ဖောဋ္ဌာဗ္ဗာဝိဉ္ဆနရသော၊ ဖောဋ္ဌာဗ္ဗံာရုံကိုငင်ခြင်းကိစ္စရှိ၏၊ ဝိညာဏာဓာရပစ္စုပဋ္ဌာနော၊ ကာယဝိညဉ်၏ တည်ရာအဖြစ်လျှင် ထင်ရှား၏၊

ကမ္မဇဘူတပဒဋ္ဌာနော၊ ကံကြောင့်ဖြစ်သော ဘုတ်၄-ပါးလျှင် ပဒဋ္ဌာန်ရှိ၏၊

၂၃၈-စကု္ခနှစ်မျိုးကို ပြခြင်း

ဤရုပ်ငါးပါးတို့တွင် စက္ခုသည်-

၁။သသမ္ဘာရစက္ခု
၂။ပသာဒစက္ခု ဟူ၍နှစ်ပါး အပြားရှိ၏၊

ထိုနှစ်ပါးတို့တွင် မျက်မှောင်ရိုး၏အတွင်း မျက်ကွင်းအိမ်ဖြင့် ပိုင်းခြား အပ်သော အကျဉ်းအားဖြင့် ၁၄-ပါး, အကျယ်အားဖြင့် ၄၄-ပါးသော ရုပ်တို့၏ စုဝေးရာ ဖြစ်သောအသားစိုင်သည် သလိပ်အခိုးကြောင့်လည်း ဖြူ၏၊ သည်းခြေအခိုးကြောင့်လည်း မည်း၏၊ အာပေါအခိုးကြောင့်လည်း အရေယို၏၊ တေဇောအခိုးကြောင့်လည်း ချူပ်ချူပ်ပူ၏၊ ဝါယောအခိုးကြောင့်လည်း အလွန်လှုပ်၏၊ ဤအသားစိုင်သည် သသမ္ဘာရ စက္ခုမည်၏၊

သသမ္ဘာရစက္ခု၌ စပ်လျက်တည်သော မဟာဘုတ်တို့၏ ကြည်လင်ရာ အရပ်သည် ပသာဒ စက္ခုမည်၏၊

ပသာဒ စက္ခုသည် သမ္ဘာရဖြစ်သော မျက်နက်ဝန်း၏ အလယ်၌ ရှေ့ဝယ် တည်သောသူတို့၏ ကိုယ်သဏ္ဌာန် ထင်ရာဌာနအတွင်းမှ သန်းဦးခေါင်း ပမာဏရှိသော အရပ်၌ ၇-ထပ်သော ဝါဂွမ်းလွှာတို့ကို ဆီသည် နှံ့၍တည်သကဲ့သို့ မျက်လွှာ ၇-ထပ်တို့ကို ဓာတ် ၄-ပါးတို့သည် နှံ့၍ ဆောင်ခြင်း, ရေချိုခြင်း, တန်ဆာဆင်ခြင်း, ယပ်ခတ်ခြင်း ကိစ္စရှိကုန်သော အထိန်း၄-ဦးတို့သည် မင်းသားငယ်ကို ထိန်းယပြုစုသကဲ့သို့ ကောင်းစွာ တည်စေခြင်း, ဖွဲ့ခြင်း, ရင့်စေခြင်း, တုန်လှုပ်စေခြင်း ကိစ္စရှိကုန်သော ဓာတ်လေးရပ်တို့သည် ကျေးဇူးပြုကာ တည်သဖြင့် ဥတု, စိတ်, အာဟာရတို့သည် ထောက်မ, ချီးပင့်ကာ အာယုဟုဆိုအပ်သော ဇီဝိတိန္ဒြေသည် စောင့်လျက် ဝဏ္ဏ, ဂန္ဓ ရသ ဩဇာတို့ ခြံရံအပ်သည်ဖြစ်၍ စက္ခုဝိညာဉ်တို့၏ မှီရာဒွါရ၏ အဖြစ်ကို ပြီးစေလျက် တည်၏၊

ထိုအဓိပ္ပါယ်ကို ပြခြင်းငှာ အရှင်သာရိပုတ္တရာသည်-

ယေန စက္ခုပသာဒေန ရူပါနိ မနုပဿတိ၊
ပရိတ္တံ သုခုမံ ဧတံ ဥကာသိရသမုပမန္တိ
-

ဟူ၍ မိန့်တော်မူသည်။

မနောရထပူရဏီကျမ်း

ယေန စက္ခုပသာဒေန၊ အကြင်စက္ခုပသာဒဖြင့်။ ရူပါနိ၊ ရူပါရုံတို့ကို။ အနုပဿတိ၊ အဖန်ဖန်ရှုအပ်၏၊ ဧတံ၊ ဤစက္ခုပသာဒသည်။ ပရိတ္တံ၊ နည်း၏၊ သုခုမံ၊ သိမ်မွေ့၏၊ ဥကာသိရသမုပမံ၊ သန်းဦးခေါင်း ပမာဏသာရှိ၏၊

ရုပ် ၁၄-ပါး ဟူရာ၌ အဝိနိဗ္ဘောဂရုပ်ရှစ်ပါး သမ္ဘာဝရုပ်, သဏ္ဌာနရုပ် နှစ်ပါး စက္ခုပသာဒ, ဇီဝိတ, ဘာဝ, ကာယပသာဒ အားဖြင့် တဆယ့်လေးပါးတည်း။

ထို ၁၄-ပါးတို့တွင် ရှေ့ ၁၀-ပါးသည်း ကံကြောင့်၎င်း, စိတ်ကြောင့်၎င်း ဥတုကြောင့်၎င်း, အာဟာရ ကြောင့်၎င်း ဖြစ်ရကား ၄-ခုမြှောက်ပွား၍ ၄၀-ဖြစ်သည်။ နောက် ၄-ပါးသည် ကံသက်သက်ကြောင့် ဖြစ်ရကား ၄-ခုရော၍ ၄၄-ပါးပြားသတည်း။

၂၃၉-သောတနှစ်ပါးကို ပြခြင်း

သောတသည်လည်း ၁။ သသမ္ဘာသောတ ၂။ ပသာဒကာယ ဟူ၍နှစ်ပါးအပြားရှိ၏၊

ထို့နှစ်ပါးတို့တွင် အလုံးစုံသော ကိုယ်ခန္ဓာသည် သသမ္ဘာရ ကာယမည်၏၊ ပသာဒကာယမူကား ဆံ, အမွေး, ခြေသည်း, လက်သည်း, သွားတို့မှတစ်ပါး ကိုယ်အလုံး၌ ဆီဖြင့်စွတ်သော ဝါဂွမ်းကဲ့သို့ဖြစ်၍ ဆိုအပ်ပြီးသော အခြင်းအရာရှိသော ဓာတ် ၄-ပါးတို့ ကျေးဇူးပြုကာတည်သဖြင့် ဥတု,စိတ်, အာဟာရတို့သည် ထောက်မ, ချီးပင့်ကာ အာယု ဟုဆိုအပ်သော ဇီဝိတိန္ဒြေသည် စောင့်လျက် ဝဏ္ဏ, ဂန္ဓ, ရသ, ဩဇာ, တို့ ခြံရံအပ်သည်ဖြစ်၍ ကာယဝိညာဉ်စသည်တို့၏ မှီရာဒွါရ၏ အဖြစ်ကို ပြီးစေလျက်တည်၏၊ (ဤကား အဋ္ဌာသာလိနီနည်းတည်း။)

၂၄၃-ရူပါရုံကိုပြခြင်း

ဝဏ္ဏဝိကာရံ အာပဇ္ဇမာနံ ဟဒယင်္ဂတဘာဝံ ရူပယတိ ပကာသေတီတိ ရူပံ။

ယံ ဓမ္မဇာတံ၊ အကြင်တရားသဘောသည်။ ဝဏ္ဏဝိကာရံ၊ အဆင်း၏ဖောက်ပြန်ခြင်းသို့။ အာပဇ္ဇမာနံ၊ ရောက်သည်ဖြစ်၍။ ဟဒယင်္ဂတဘာဝံ၊ နှလုံး၏အလိုကို။ ရူပယတိ ပကာသေတိ၊ ထင်ရှားပြတတ်၏၊ ဣတိ၊ ထို့ကြောင့်။ တံ ဓမ္မဇာတံ၊ ထိုတရားသဘောသည်။ ရူပံ၊ ရူပမည်၏၊

တံ၊ ထိုရူပါရုံသည်။ စက္ခုပဋိဟနနလက္ခဏံ၊ စက္ခုပသာဒနှင့် ထိခိုက်ခြင်း လက္ခဏာရှိ၏၊

စက္ခုဝိညာဏဿ၊ စက္ခုဝိညာဉ်၏။ ဝိသယဘာဝရသံ၊ အာရုံအဖြစ်တည်း ဟူသော ကိစ္စရှိ၏၊

ဂေါစရဘာဝပစ္စုပဋ္ဌာနံ၊ ကျက်စားရာ အဖြစ်လျှင်ထင်ရှား၏၊

စတုမဟာဘူတပဒဋ္ဌာနံ၊ မဟာဘုတ် ၄-ပါးလျှင်ပဋ္ဌာန်ရှိ၏၊

၂၄၄-သဒ္ဒါရုံကို ပြခြင်း

သဒ္ဒိယတိ ကထိယတီတိသဒ္ဒေါ။

ယော ရဝေါ၊ အကြင်အသံကို။ သဒ္ဒိယတိ၊ ကထိယတိ ရွတ်ဆိုအပ်၏၊ ဣတိ၊ ထို့ကြောင့်။ သဒ္ဒေါ၊ သဒ္ဒမည်၏၊

သော၊ ထိုသဒ္ဒါရုံသည်။ သောတပဋိဟနနလက္ခဏော၊ သောတပသာဒနှင့် ထိခိုက်ခြင်း လက္ခဏာရှိ၏၊

သောတဝိညာဏဿ၊ သောတဝိညာဉ်၏။ ဝိသယဘာဝရသော၊ အာရုံအဖြစ် တည်းဟူသော ကိစ္စရှိ၏၊

ဂေါစရဘာဝစ္စပဋ္ဌာနော၊ ကျက်စားရာအဖြစ်လျှင်ထင်ရှား၏၊

စတုမဟာဘူတပဒဋ္ဌာနော၊ မဟာဘုတ် ၄-ပါးလျှင် ပဒဋ္ဌာန်ရှိ၏၊

၂၄၅-ဂန္ဓာရုံကိုပြခြင်း

ဂန္ဓယတိ သုစေတီတိ ဂန္ဓော။

ယော ရူပဓမ္မော၊ အကြင်ရုပ်တရားသည်။ ဂန္ဓယတိ သုစေတိ၊ ငါ, သည်တွင်ရှိ၏ဟု ကုန်းချောသကဲ့သို့ ထင်ရှား ပြတတ်၏၊ ဣတိ၊ ထို့ကြောင့်။ ဂန္ဓော၊ ဂန္ဓမည်၏၊

သော၊ ထိုဂန္ဓာရုံသည်။ ဃာနပဋိဟနနလက္ခဏော၊ ဃာနပသာဒနှင့် ထိခိုက်ခြင်းလက္ခဏာရှိ၏၊

ဃာနဝိညာဏဿ၊ ဃာနဝိညာဉ်၏။ ဝိသယဘာဝရသော၊ အာရုံ၏ အဖြစ်တည်းဟူးသော ကိစ္စရှိ၏၊

ဂေါစရဘာဝ ပစ္စုပဋ္ဌာနော၊ ကျက်စားရာ အဖြစ်လျှင် ထင်ရှား၏၊ စတုမဟာဘူတပဒဋ္ဌာနော၊ မဟာဘုတ် ၄-ပါးလျှင် ပဒဋ္ဌာန်ရှိ၏၊

၂၄၆-ရသာရုံကိုပြခြင်း

ရသန္တိ သတ္တာ ဧတေနာတိ ရသော။

ဧတေန၊ ဤရုပ်တရားဖြင့်။ သတ္တာ၊ သတ္တဝါတို့သည်။ ရသန္တိ၊ သာယာတတ်ကုန်၏၊ ဣတိတသ္မာ၊ ထိုသို့သာယာကြောင်း ဖြစ်သော သတ္တိကြောင့်။ ရသော၊ ရသမည်၏၊

သော၊ ထိုရသရုံသည်။ ဇိဝှါပဋိဟနန လက္ခဏော၊ ဇိဝှါပသာဒနှင့် ထိခိုက်ခြင်းလက္ခဏာရှိ၏၊

ဇိဝှါဝိညာဏဿ၊ ဇိဝှါဝိညာဉ်၏။ ဝိသယဘာဝရသော၊ အာရုံ၏အဖြစ်တည်း ဟူသောကိစ္စရှိ၏၊

ဂေါစရဘာဝပစ္စုပဋ္ဌာနော၊ ကျက်စားရာအဖြစ်လျှင် ထင်ရှား၏၊

စတုမဟာဘူတပဒဋ္ဌာနော၊ မဟာဘုတ် ၄-ပါးလျှင် ပဒဋ္ဌာန်ရှိ၏၊

၂၄၇-ဖောဋ္ဌဗ္ဗရုံကို ပြခြင်း

ဖုသိယတေ ဧတေနာတိ ဖောဋ္ဌဗ္ဗံ။

ဧတေန၊ ဤရုပ်တရားဖြင့်။ ဖုသိယတေ၊ ထိအပ်တွေ့အပ်၏၊ ဣတိ၊ ထို့ကြောင့်။ ဖောဋ္ဌဗ္ဗံ၊ ဖောဋ္ဌဗ္ဗမည်၏၊

တံ၊ ထိုဖောဋ္ဌဗ္ဗံရုံသည်။ ကာယပဋိဟနနလက္ခဏံ၊ ကာယပဿဒနှင့် ထိခိုက်ခြင်းလက္ခဏာရှိ၏၊

ကာယဝိညာဏဿ၊ ကာယဝိညာဉ်၏။ ဝိသယဘာဝရသံ၊ အာရုံ၏အဖြစ်တည်းဟူသော ကိစ္စရှိ၏၊

ဂေါစရဘာဝပစ္စုပဋ္ဌာနံ၊ ကျက်စားရာ အဖြစ်လျှင် ထင်ရှား၏၊

စတုမဟာဘူတပဒဋ္ဌာနံ၊ မဟာဘုတ် ၄-ပါးလျှင်ပဒဋ္ဌာန်ရှိ၏၊

၂၄၈-ဂေါစရဟူသော အမည်ကိုပြခြင်း

ဂါဝေါ စရန္တိ ဧတ္ထာတိ ဂေါစရံ။

ဧတ္ထ ဤရုပ်ငါးပါး၌။ ဂါဝေါ၊ နွား၏ပမာ တူလှစွာသော စက္ခုန္ဒြေ စသည်တို့သည်။ စရန္တိ၊ ကျက်စားတတ်ကုန်၏၊ ဣတိတသ္မာ၊ ထိုသို့ကျက်စားရာဖြစ်သော သတ္တိကြောင့်။ တံ ရူပံ၊ ထိုရုပ်သည်။ ဂေါစရံ၊ ဂေါစရရုပ် မည်၏၊

၂၄၉-ဣတ္ထိဘဝရုပ်ကိုပြခြင်း

ဣစ္ဆတီတိ ဣတ္ထိ၊ ဣတ္ထိယာ ဘာဝေါ၊ ဣတ္ထိဘာဝေါ။ ဣစ္ဆတိ၊ အလိုရှိတတ်၏၊ ဣတိ၊ ထို့ကြောင့်။ ဣတ္ထိ၊ ဣတိ၊ ဣတ္ထိမည်၏၊ ဣတ္ထိယာ၊ အလိုရှိတတ်သည်၏။ ဘာဝေါ၊ အဖြစ်တည်း။ ဣတ္ထိဘာဝေါ၊ အလိုရှိတတ်သည်၏ အဖြစ်၊

တံ ရူပံ၊ ထိုရုပ်သည်။ ဣတ္ထိဘာဝလက္ခဏံ၊ အလိုရှိတတ်သောအဖြစ်လျှင် လက္ခဏာရှိ၏၊

ဣတ္ထီတိ ပကာသနရသံ၊ မိန်းမဟု ထင်ရှားပြတတ်သော ကိစ္စရှိ၏၊

ဣတ္ထိလိင်္ဂ, နိမိတ္တ, ကုတ္တာကပ္ပါနံ၊ ဣတ္ထိလိင်္ဂ, ဣတ္ထိနိမိတ္တင်, ဣတ္ထိကုတ္တ, ဣတ္ထိအာကပ္ပတို့၏။ ကာရဏာဘာဝပစ္စုပဋ္ဌာနံ၊ အကြောင်း၏အဖြစ်လျှင်ထင်ရှား၏၊

ကမ္မဇရူပပဒဋ္ဌာနံ၊ ကမ္မဇရုပ်လျှင် ပဒဋ္ဌာန်ရှိ၏၊

အကြောင်းလေးပါးတို့တွင် -

၁။မိန်းမတို့၏ အင်္ဂါဇာတ်သည် ဣတ္ထိလိင်္ဂမည်၏၊

၂။နူးညံ့သောအသံ, အားကြီးသောအလိုတို့သည် မိန်းမဟူ၍ သိရခြင်း၏ အကြောင်းဖြစ်သောကြောင့် ဣတ္ထိနိမိတ်မည်၏၊

၃။မသန့်ရှင်းသော သွားခြင်း နေခြင်း အစရှိသည်တို့သည် ဣတ္ထိကုတ္တမည်၏၊

၄။ကိုယ်သဏ္ဌာန်သည် ဣတ္ထိအာကပ္ပမည်၏၊ (ဤကားဋီကာဝါဒတည်း။)

အဋ္ဌကထာ အလိုကား-

၁။ကိုယ်သဏ္ဌာန်သည် ဣတ္ထိလိင်္ဂမည်၏၊

၂။အင်္ဂါဇာတ်သည် မိန်းမဟူ၍ သိခြင်း၏အကြောင်း ဖြစ်သောကြောင့် ဣတ္ထိနိမိတ်မည်၏၊

၃။ပြုံးရယ်ခြင်း, မြူးထူးခြင်း အမူအရာသည် ဣတ္ထိကုတ္တမည်၏၊

၄။သွားခြင်းစသော အခြင်းအရာသည် ဣတ္ထိအာကပ္ပမည်၏၊

ဣတ္ထိတောဟု ဆိုအပ်သော ဣတ္ထိန္ဒြေ သည်ကား ရှေးကံကြောင့် ပဋိသန္ဓေက စ၍ဖြစ်၏၊

လိင်္ဂ နိမိတ္တစသည်တို့ကား ဣတ္ထိန္ဒြေကိုစွဲ၍ ပဝတ္တိအခါမှ ဖြစ်၏၊

ဥပမာကား။ ။ မျိုးစေ့ရှိလတ်သော် ထိုမျိုးစေ့ ကိုစွဲ၍ ပင်စည်, အကိုင်းအခက်,အရွက်, အသီးတို့သည် ဖြစ်ကုန်သကဲ့သို့ ဣတ္ထိန္ဒြေရှိလတ်သော် ထိုကို စွဲ၍ လိင်္ဂနိမိတ္တစသည်တို့သည် ဖြစ်ကုန်သတည်း။ ဣတ္ထိန္ဒြေကိုကား စက္ခုဝိညာဉ်ဖြင့် မမြင်အပ်။ မနောဝိညာဉ်ဖြင့်သာ သိအပ်၏၊

ဣတ္ထိလိင်္ဂ စသည်တို့ကိုကား စက္ခုဝိညာဉ်ဖြင့်လည်း မြင်အပ်၏၊ မနောဝိညာဉ်ဖြင့်လည်း သိအပ်၏၊

၂၅၀-ပုမ္ဘာဝရုပ်ကိုပြခြင်း

အတ္တနော မနောရထံ မာတာပိတုနံ ဝါ ဟဒယံ ပူရေတီတိ ပုရိသော။

ယော ပုဂ္ဂလော၊ အကြင်ပုဂ္ဂုလ်သည်။ အတ္တနော၊ မိမိ၏။ မနောရထံ ဝါ၊ နှလုံး၏ အလိုကို ၎င်း။ မာတာပိတုနံ၊ အမိအဘတို့၏ ဟဒယံ ဝါ၊ နှလုံးကို၎င်း။ပူရေတိ ပြည့်စေတတ်၏၊ ဣတိ၊ ထို့ကြောင့်။ ပုရိသော၊ ပုရိသမည်၏၊

ပုရိသဿ ဘာဝေါ၊ ပုရိသဘာဝေါ။

ပုရိသသာ၊ ပြည့်စေတတ်သောသူ၏။ ဘာဝေါ၊ အဖြစ်တည်း။ ပုရိသဘာဝေါ၊ အလိုကို ပြည့်စေ တတ်သော သူ၏အဖြစ်။

တံ၊ ထိုပုမ္ဘောသည်။ ပုရိသဘာဝလက္ခဏံ၊ ယောကျ်ား၏ အဖြစ်လျှင်လက္ခဏာရှိ၏၊

ပုရိသောတိ ပကာသနရသံ၊ ယောကျ်ားဟူ၍ ထင်ရှားပြခြင်း ကိစ္စရှိ၏၊

ပုရိသလိင်္ဂ နိမိတ္တ ကုတ္တာ ကပ္ပါနံ၊ ပုရိသလိင်္ဂ, ပုရိသနိမိတ္တ, ပုရိသကုတ္တ ပုရိသအာကပ္ပတို့၏။ ကရဏဘာဝပစ္စုပဋ္ဌာနံ၊ အကြောင်း၏အဖြစ်လျှင်ထင်ရှား၏၊

ကမ္မဇရူပ်လျှင် ပဒဋ္ဌာနံ၊ ကမ္မဇရုပ်လျှင် ပဒဋ္ဌာန်ရှိ၏၊

လိင်္ဂစသည်မှာ ရှေးနည်းကိုမှီ၍ သိရမည်။

၂၅၁-ဘာဝရုပ်တို့၏ ပြောင်းလဲပုံကိုပြချင်း

ဘဝန္တိ ဗုဒ္ဓိသဒ္ဒါ ဧတေနာထိ ဘာဝေါ။ ဘာဝေါ ဧဝ ရူပံ ဘာဝရူပံ။

ဧတေန၊ ဤရုပ်တရားဖြင့်။ ဗုဒ္ဓသဒ္ဒါ၊ မိန်းမ, ယောကျ်ားဟူသော အသိဉာဏ်သဒ္ဒါတို့သည်။ ဘဝန္တိ၊ ဖြစ်တတ်ကုန်၏၊ ဣတိတသ္မာ၊ ထိုသို့ဖြစ်ကြောင်းဖြစ်သော သတ္တိကြောင့်။ တံ ရူပံ၊ ထိုရုပ်သည်။ ဘာဝေါ၊ ဘာဝမည်၏၊ ဘာဝေါ ဧဝေ၊ ဘာဝသည်ပင်လျှင်။ ရူပံ၊ ရုပ်တည်။ ဘာဝရူပံ၊ ဘာဝသည် ပင်လျှင်ရုပ်။

ဘာဝရုပ်တို့သည် ကမ္ဘာဦးသားတို့အား ပဝတ္တိ ကာလ၌ဖြစ်၏၊ နောက်အဖို့၌ကား ပဋိသန္ဓေကစ၍ ဖြစ်၏၊ ယင်းသို့ ပဋိသန္ဓေက ဖြစ်သော်လည်း ပဝတ္တိအခါ၌ ပြောင်းလဲသေး၏၊

ဤနှစ်ပါးသော လိင်တို့တွင် ပုရိသလိင်သည် မြတ်၏၊ ဣတ္ထိလိင်သည်ယုတ်၏၊

ပုရိသလိင်သည် အကုသိုလ်ကံကြောင့် ကွယ်၏၊ ဣတ္ထိလိင်သည်ဒုဗ္ဗလ ကုသိုလ်ကံကြောင့် တည်၏၊

ဖြစ်ပြီးသော ဣတ္ထိလိင်သည် အကုသိုလ်ကံကြောင့် ကွယ်၏၊ ပုလ္လိင်သည် အားကြီးသော ကုသိုလ်ကံကြောင့် တည်၏၊

ထို့ကြောင့် ဒီပနီ၌-

ဧဝံ ဥဘယမ္ပိ အကုသလေန အန္တရဓာယတိ၊ ကုသလေန ပဋိလဘ- တီတိ ဝေဒိတဗ္ဗံ-

ဟူ၍ မိန့်၏၊

ဘာဝရုပ်ဟုဆိုအပ်သောဣတ္ထိန္ဒြေ ပုရိသိ တို့သည် ကာယပသာဒ ကဲ့သို့ ကိုယ်အလုံးကို နှံ့လျက်တည်၏၊ ယင်းသို့တည်သော်လည်း သစ်သီး၌ ရူပါရုံ, ရသာရုံတို့သည် မရောယှက်သကဲ့သို့ မရောယှက်ပဲတည်ကုန်၏၊

၂၅၂-ဟဒယရုပ်ကို ပြခြင်း

စိတ္တဿ အာဓာရံ ဟရတီတိ ဟဒယံ။ ဟဒယမေဝ ရူပံ ဟဒယရူပံ။

ယံ ရူပံ၊ အကြင်ရုပ်သည်။ စိတ္တိဿ၊ စိတ်၏။ အာဓာရံ၊ တည်ရာကို။ ဟရတိ၊ ဆောင်တတ်၏၊ ဣတိ၊ ထို့ကြောင့်။ တံ ရူပံ၊ ထိုရုပ်သည်။ ဟဒယံ၊ ဟဒယမည်၏၊ ဟဒယမေဝ၊ စိတ်၏။ တည်ရာကို ဆောင်တတ်သော သဘောသည်လျှင်။ ရူပံ၊ ရုပ်တည်း။ ဟဒယရူပံ၊ စိတ်၏တည်ရာကို ဆောင်တတ်သော သဘောသည်လျှင် ရုပ်။

တံ၊ ထိုဟဒယရုပ်သည်။ မနောဓာတုမနောဝိညာဏဓာတူနံ၊ မနောဓာတ် မနောဝိညာဏဓာတ်တို့၏။ နိဿယလက္ခဏံ၊ မှီရာလက္ခဏာရှိ၏၊

အာဓာရရသံ၊ ထိုမနောဓာတ်, မနောဝိညာဏဓာတ်တို့ကို ဆောင်တတ်သော ကိစ္စရှိ၏၊

ဥပ္ပါဟနပစ္စုပဋ္ဌာနံ၊ နာမ်တရားတို့ကို ထုတ်တတ်သော အခြင်းအရာရှိ၏၊

ကမ္မသမုဋ္ဌာနရူပပဒဋ္ဌာနံ၊ ကမ္မဇရုပ်လျှင် အကြောင်းရင်းရှိ၏၊

မီးသည် အခိုးကို ထုတ်သကဲ့သို့ စိတ်တို့ကိုထုတ်တတ်၏ ထွက်စေတတ်၏ ဟူလို။

ထိုဟဒယရုပ်သည် ရင်ချိုင့်၏အတွင်း၌ တွဲလျားကျသော ပဒုမ္မာကြာငုံ တမျှ အပ၌ ပြေပြစ်သန့်ရှင်းလျက် အတွင်း၌ သပွတ်ခါးသီးသဖွယ်, အလယ်၌ ပုန်းညက်စေ့ ဆံ့လောက်သော တွင်း၌ တလက်ဆွမ်းမျှလောက်သော သွေးကိုမှီ၍ ဓာတ် ၄-ပါးတို့ကို ကျေးဇူးပြုလျှက် ဥတု, စိတ်, အာဟာရ တို့သည် ထောက်ပံ့အပ်သည်ဖြစ်၍ ဇီဝိတိေ[န္ဒိသည် စောင့်လျက် မနောဓာတ် မနောဝိညာဏဓာတ်တို့၏ တည်ရာအဖြစ်ကို ပြီးစေလျက် တည်၏၊

ထိုသွေးသည်-

ရာဂများသော သူအား ချင်းချင်းနီသည်။

ဒေါသများသော သူအား မည်းသည်။

မောဟများသော သူအား သားဆေးရည်နှင့် တူသည်။

ဝိတက်များသော သူအား ပဲပြုတ်ရည်အဆင်းရှိသည်။

သဒ္ဓါများသော သူအား ဝါသည်။

ပညာများသော သူအား ကြည်လင်လျက် ပြိုးပြိုးပြက် အရောင်ရှိသည်။

ထိုသွေး၏တည်ရာ နှလုံးအိမ်သည် မန္ဒပညာတို့အား မပွင့်သေးသော ကြာငုံကဲ့သို့၊ တိက္ခပညာတို့အား စဉ်းငယ်ပွင့်သော ကြာငုံကဲ့သို့ ရှိသည်ဟူ၍ ဝိသုဒ္ဓိမဂ်၌ဆိုသည်။

၂၅၃-ဇီဝိတရုပ်ကို ပြခြင်း

ဇီဝန္တိ သဟဇာတဓမ္မာ ဧတေနာတိ ဇီဝိတံ။
ဣန္ဒဋ္ဌံ ကာရေတီတိ ဣေ[န္ဒိယံ။
ဇီဝိတဉ္စ တံဣန္ဒြိယဉ္စာတိ ဇီဝိတိ[န္ဒိယံ။

ဧတေန၊ ဤရုပ်တရားဖြင့်။ သဟဇာတဓမ္မာ၊ သဟဇာတ်တရားတို့သည်။

ဇီဝန္တိ၊ ရှည်တတ်ကုန်၏၊ ဣတိ၊ ထို့ကြောင့်။ ဇီဝိတံ၊ ဇီဝိတမည်၏၊

ဣန္ဒဋ္ဌံ၊ အစိုးရသော အဖြစ်ကို။ ကာရေတိ၊ ပြုတတ်၏၊ ဣတိ၊ ထို့ကြောင့်၊ ဣ[န္ဒိယံ၊ ဣ [န္ဒိယမည်၏၊

ဇီဝိတဉ္စ၊ သဟဇာတ် တရားတို့၏ ရှင်ကြောင်းဟူသည်။ ဣန္ဒြိယဉ္စ၊ အစိုးရသည်လည်း။ ဟောတိ၊ ဖြစ်၏၊ ဣတိတသ္မာ၊ ထိုနှစ်ပါးသော သတ္တိကြောင့်။ ဇီဝိတိ[န္ဒိယံ၊ ဇီဝိတိန္ဒြေမည်၏၊

တံ၊ ထိုဇီဝိတိန္ဒြေသည်၊ သဟဇာတရူပါနံ၊ တကွဖြစ်ဘက်ဖြစ်သော ရုပ်တို့ကို။ အနုပါလနလက္ခံ၊ စောင့်ရှောက်ခြင်းလက္ခဏာရှိ၏၊ တေသံ၊ ထိုသဟဇာတ်ရုပ်တို့ကို။ ပဝတ္တနရသံ၊ မပြတ်ဖြစ်ခြင်းကိစ္စရှိ၏၊

တေသံယေဝ၊ ထိုသဟဇတ် ရုပ်တရားတို့ကိုသာလျှင်။ ဌာနပစ္စုဌာနံ၊ တည်စေခြင်းလျှင် ထင်ရှား၏၊ ယာပယိတဗ္ဗဘူတပဒဌာနံ၊ ဘုတ်တို့၏မျှတခြင်းလျှင် ပဒဌာန်ရှိ၏၊

ဇီဝိတန္ဒြေသည် ရေသည်ကြာကို မညှိုးနွမ်းအောင် စောင့်သကဲ့သို့ သဟဇာတ်ဖြစ်သော ရုပ်တို့ကို မညှိုးနွမ်းအောင် စောင့်လျက် တက်သမားသည် လှေကို မတိမ်မကောက်အောင် စောင့်သကဲ့သို့ အသစ်ဖြစ်ကုန်သော ရုပ်တို့ကိုလည်း မဖောက်ပြန်အောင် စောင့်လျက် ကိုယ်အလုံးကိုနှံ့၍ တည်၏၊

၂၅၄-အဟာရရုပ်ကို ပြခြင်း

အကဗဠမ္ပိ ကဗဠံ ဝိယ ကရိယတီတိ ကဗဠီကာရော။
အာဟရိယတိ အဇ္ဈောဟရိယတီတိ အာဟာရော။

ယော ရူပဓမ္မော၊ အကြင်ရုပ်တရားသည်။ အကဗဠမ္ပိ၊ အလုပ်မပြုကောင်းသော်လည်း။ ကဗဠံ ဝိယ၊ အလုပ်ကဲ့သို့။ ကရိယတိ၊ ပြုအပ်၏၊ ဣတိထို့ကြောင့်။ ကဗဠီကာရော၊ ကဗဠီကာရမည်၏၊

အာဟရိယတိ အဇ္ဈောဟရိယတိ၊ မျိုအပ်၏၊ ဣတိ၊ ထို့ကြောင့်။ အာဟာရော၊ အာဟာရမည်၏၊

ဣန္ဒြေရှစ်ပါးနှင့် တကွသော ကိုယ်၏ခိုင်ခံ့ခြင်း အကြောင်းဖြစ်သော အင်္ဂါကြီးငယ်သို့ အစဉ်လျှောက်တတ်သော မျိုအပ်သော အဟာရ၏ အစေး အဆီသည် အကြော, အသားတို့သို့ နစ်၍ ဖြစ်တတ်သောကြောင့် ဩသီဒိတွာ ဇာယတီတိ ဩဇာ ဟူသည်နှင့် ညီစွာ ဩဇာမည်၏၊ ဤဩဇာကို အလုပ်ပြုခြင်းဌာ မတတ်ကောင်း၊ ဩဇာ၏တည်ရာ ထမင်းစသည်ကိုသာလျှင်ပြုပြင်ခြင်းငှာ တတ်ကောင်းသောကြောင့်။ အကဗဠမ္ပိကဗဠံဝိယ ကရောတိ ဟူ၍ဆိုလေသည်။ ထိုအနက်ကိုပြခြင်းငှာ ဋိကာ၌-

အဇ္ဈောဟရိတဗ္ဗဟာရသန္နေဟဘူတာဩဇာ၊ ဣဓ အာဟာရရူပံနာမ-ဟူ၍မိန့်သည်။

နိပ္ဖန္နရုပ် ၁၈-ခု ပြီး၏

၂၅၅-အနိပ္ဖန္နရုပ် ၁၀-ကို ပြခြင်း

အာကာသဓာတ်ဟူသော ပရိစ္ဆေဒရုပ်ကို ပြရာ

အနိပ္ဖန္နရုပ်တို့ကိုကား-လက္ခဏာကိုသာ ပြလိုက်အံ့။

ဒဏ္ဍာဒီဟိ န ကဿီယတီတိ အာကာသော။
သဘာဝံ ဓာရေတီတိ ဓာတု။
အာကာသဿဓာတု အာကာသဓာတု။

ယံ၊ အကြင်ကောင်းကင်ကို။ ဒဏ္ဍာဒီဟိ၊ လှန်ကန်စသည်တို့ဖြင့်။ နကဿီယတိ၊ မရေးခြစ်အပ်။ ဣတိ၊ ထို့ကြောင့်။ အာကာသော၊ အာကာသမည်၏၊ (ကောင်းကင်ရ၏)

သဘာဝံ၊ မိမိသဘောကို။ ဓာရေတိ၊ ဆောင်တတ်၏၊ ဣတိ၊ ထို့ကြောင့်။ ဓာတု၊ ဓာတုမည်၏၊

အာကာသဿ၊ ကောင်းကင်၏၊ ဓာတု၊ သဘောကို ဆောင်တတ်သည်တည်း။ အာကာသဓာတု၊ ကောင်းကင်၏ သဘောကို ဆောင်တတ်သည်။

(ကောင်းကင်နှင့် တူသောရုပ်ရ၏)

သော၊ ထိုအာကာသဓာတ်သည်-

ကလာပါနံ၊ ကလာပ်တို့ကို။ ကလာပေဟိ၊ တပါးသော ကလာပ်တို့နှင့်။ ပရိစ္ဆေဒလက္ခဏာ၊ ပိုင်းခြားခြင်း လက္ခဏာရှိ၏၊ တသ္မာ၊ ထို့ကြောင့်။ ပရိစ္ဆေဒရူပန္တိ၊ ပရိစ္ဆေဒရုပ်ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏၊

ဤအာကာသဓာတ်သည် စက္ခုဒသကစသော ကလာပ်ကို သောတဒသက စသော ကလာပ်တပါးတို့နှင့် မရောယှက်အောင် ပိုင်းခြားတတ်၏၊

အဘယ်ကဲ့သို့နည်းဟူမူ သွေး၊ ချွေး၊ နို့ရည် တို့သည် လူတို့ကိုယ်၌ တပေါင်းတည်း တည်သော်လည်း တဦးနှင့် တဦး မရောသကဲ့သို့တည်း။

ထို့ကြောင့် ဘုရားသခင်သည် ဝိဘင်းပါဠိတော်၌ "အသံဖုဋ္ဌံ စတူဟိ မဟာဘူတေဟိ" ဟူ၍ ဟောတော်မူသည်။

စတူဟိ မဟာဘူတေဟိ၊ လေးပါးသော မဟာဘုတ်တို့သည်။ အသံဖုဋ္ဌံ၊ မထိကြ။ အယံ။ ဤသို့ မထိကြခြင်းသည်။ အာကာသော၊ အာကာသ မည်၏၊

၂၅၆ – ကာယဝိညတ်ရုပ်ကို ပြခြင်း

စလမာနကာယေန အဓိပ္ပါယံ ပရံ ဝိညာပေတိ၊
သယဉ္စ တေန ဝိညာယတိတိကာယဝိညတ္တိ။

ယာ ဓမ္မဇာတိ၊ အကြင်တရားသဘောသည်။ စလမာနကာယေန၊ လှုပ်ရှားသောကိုယ်ဖြင့်။ အဓိပ္ပါယံ၊ အလိုကို။ ပရံ၊ သူတပါးကို။ ဝိညာပေတိ၊ သိစေတတ်၏၊ သယဉ္စ၊ မိမိသည်လည်း။ တေန၊ ထိုလှုပ်ရှားသောကိုယ်ဖြင့်။ ဝိညာယတိ၊ သိအပ်၏၊ ဣတိတသ္မာ၊ ထိုသို့ သိစေတတ်, သိစေအပ်သော သတ္တိကြောင့်။ သာ ဓမ္မဇာတိ၊ ထိုတရားသဘောသည်။ ကာယဝိညတ္တိ၊ ကာယဝိညတ်မည်၏၊

မဟန္တံ၊ ကြီးစွာသော။ ပါသာဏံ၊ ကျောက်ကို။ ဥက္ခိပန္တဿ၊ ချီသောသူ၏၊ သဗ္ဗထာမေန၊ အားကုန်သွန်သဖြင့်။ ဂဟဏကာလေ၊ ချီသောအခါ၌။ ဥဿာဟနကဝိကာရော ဝိယ၊ အားထုတ်သော အခြင်းအရာ အထူးကဲ့သို့။ ရူပကာယဿ၊ ရုပ်အပေါင်း၏၊ ပရိပ္ဖန္ဒနပစ္စယဘာဝေန၊ တုန်လှုပ်ခြင်း၏ အကြောင်း၏ အဖြစ်ဖြင့်။ ဥပလဗ္ဘမာနော၊ ရအပ်သော။ ဝါယောဓာတုယာ-ဝိနိမုတ္တော၊ ဝါယောဓာတ်မှ လွတ်သော။ ဝိကာရော၊ အခြင်းအရာအထူးကို။ ကာယဝိညတ္တီတိ၊ ကာယဝိညတ်ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏၊ (ဤကားဋီကာအလို)

ဝိသုဒ္ဓိမင်္ဂ၌ကား ရှေ့သို့ တက်ခြင်းစသည်ကို ဖြစ်စေတတ်သော စိတ္တဇဝါယောဓာတ်နှင့်တကွ ဖြစ်သော ရူပကာယကို ခိုင်စေခြင်း၊ တည်စေခြင်း။ လှုပ်စေခြင်း၏ အကြောင်းဖြစ်သော အခြင်းအရာ အထူးသည် ကာယဝိညတ်မည်၏ဟု ဆိုသည်။

အဋ္ဌသာလိနီ၌ လာသည်ကား ယံ ရူပံ၊ အကြင်ရုပ်သည်။ ကာယဝိညတ္တိ၊ ကာယဝိညတ် မည်၏၊ တံရူပံ၊ ထိုရုပ်သည်။ ကတမံ၊ အဘယ်နည်း။ ကုသလ စိတ္တဿ ဝါ၊ ကုသိုလ်စိတ်ဖြင့် ၎င်း။ အကုသလစိတ္တဿ ဝါ၊ အကုသိုလ်စိတ်ဖြင့်၎င်း အဗျာကတစိတ္တဿ ဝါ၊ အဗျာကတစိတ်ဖြင့်၎င်း။ အဘိက္ကမန္တဿ ဝါ၊ ရှေ့သို့ တက်သောသူ၏ ၎င်း၊ ပဋိက္ကမန္တဿ ဝါ၊ နောက်သို့ ဆုတ်သော သူ၏ ၎င်း။ အာလောကေန္တဿ ဝါ၊ တူရူကြည့်သော သူ၏၎င်း။ ဝိလောကေန္တဿ ဝါ၊ တစောင်းကြည့်သောသူ၏၎င်း။ သမိဉ္ဇန္တဿ ဝါ၊ ကွေးသောသူ၏၎င်း။ ပသာရေန္တဿ ဝါ၊ ဆန့်သောသူ၏၎င်း။ ကာယဿ၊ ကိုယ်၏၊ ယာ ထမ္ဘနာ၊ အကြင်ခိုင်ခြင်းသည်။ ယာ သန္ထမ္ဘနာ၊ အကြင်ကောင်းစွာ ထက်ဝန်းကျင်ခိုင်ခြင်းသည်။ ယံ သန္ထမ္ဘိတတ္တံ၊ အကြင်ခိုင်သော အဖြစ်သည်။ ယာ ဝိညတ္တိ၊ အကြင်သိခြင်းသည်။ ယာ ဝိညာပနာ၊ အကြင်သူ့ကို သိစေခြင်းသည်။ ယံဝိညာပိတတ္တံ၊ အကြင်သိအပ်သော အဖြစ်သည်။ အတ္ထိ၊ ရှိ၏၊ ဣဒံ တံ ရူပံ။ ဤရုပ်သည်။ ကာယဝိညတ္တိ၊ ကာယဝိညတ် မည်၏၊

ဤသို့ ဓမ္မသင်္ဂဏီ၌ ဟောတော်မူသောကြောင့် ရှေးသို့ တက်အံ့ဟူ၍၎င်း နောက်သို့ ဆုတ်အံ့ဟူ၍၎င်း အားထုတ်သော စိတ်သည် အဋ္ဌကလာပ်ရုပ်ကိုဖြစ်စေ၏၊ ဤအဋ္ဌကလာပ်တွင်း၌ပါသော စိတ္တဇဝါယောဓာတ်သည် မိမိနှင့်တကွဖြစ်သော ရုပ်အပေါင်းကို ကောင်းစွာခိုင်စေ တည်စေ လှုပ်စေ၏၊ ရှေ့သို့လည်းတက်စေ၏၊ နောက်သို့လည်းဆုတ်စေ၏၊

ထိုသို့ တက်စေရာ တခုသောအာဝဇ္ဇန်းရှိသော ဝီထိ၌ ဇော ၇-ကြိမ်ဖြစ်သည်တွင် ပထမဇော၌ပါသော ဝါယောဓာတ်သည် မိမိနှင့် သဟဇာတ် ဖြစ်သော ရုပ်အပေါင်းကို ခိုင်စေခြင်းဌာသာ စွမ်းစေခြင်းငှာသာ စွမ်းနိုင်၏၊ ထိုမှ ဤမှ လှုပ်စေခြင်း ငှာကား မစွမ်းနိုင်။ ဒုတိယဇောတို့၌လည်း နည်းတူပင်။ သတ္တမဇော၌ ပါသော ဝါယောဓာတ်သည်ကား နောက်ဇောတို့မှ အထောက်အပံ့ကိုရသည် ဖြစ်၍ မိမိနှင့်သဟဇာတ်ဖြစ်သာ ရုပ်တို့ကို ခိုင်စေတည်စေခြင်းငှာ၎င်း လှုပ်ရှားစေခြင်း ရှေ့သို့တက်စေခြင်း နောက်သို့ဆုတ်စေခြင်းငှာ၎င်း စွမ်းနိုင်လေသည်။

ထိုသတ္တမဇောဖြင့်သာလျှင် သွားခြင်း လာခြင်း စသည်တို့ဖြစ်ကုန်သည်။

ဥပမာဘယ်ကဲ့သို့နည်းဟူမူ။ ။နွား ၇-ရှဉ်းက, သော လှည်း၌ ပထမနွားရှဉ်းစသည်တို့သည် လှည်းဦးကို ခိုင်ရုံသာ သတ္တမနွားရှဉ်းမှာမှ ရွေ့၍ ပါသကဲ့ သို့တည်း။

ယင်းသို့ ရွေ့ ရှားရာ၌ အကြင်စိတ္တသမုဋ္ဌာန်ရုပ်သည် ဖြစ်၏၊ ထိုရုပ်သည်လည်း ဝိညတ်မဟုတ်သေး၊ စင်စစ်သောကား ထိုစိတ္တဇဝါယောဓာတ်နှင့် တကွဖြစ်သော ရုပ်အပေါင်းကို ခိုင်စေ, လှုပ်စေခြင်း၏ အကြောင်းဖြစ်ခြင်းငှာ စွမ်းနိုင်သော တခုသော အခြင်းအရာအထူးသည် ရှိ၏၊ ထိုအခြင်းအရာအထူးသာလျှင် ကာယဝိညတ်မည်၏၊

ဤကာယဝိညတ်သည် အဋ္ဌကလာပ်ရုပ်ကဲ့သို့ စိတ္တသမုဋ္ဌာန်မဟုတ် အနိစ္စစသည်အပြား ရှိကုန်သော တရားတို့၏ ဇရာ, မရဏ သဘော ရှိသည်၏အဖြစ်ကြောင့် ဇရာ, မရဏ ကို အနိစ္စ ဆိုရသကဲ့သို့ စိတ္တသမုဋ္ဌာန်ရုပ်တို့ကို သိစေတတ်သည်၏အဖြစ်ကြောင့်သာလျှင် စိတ္တသမုဋ္ဌာန်မည်၏၊

ထိုစကားကို ထင်ရှားစေဦးအံ့၊ မြင်ကောင်းရာ၌တည်လျက် လက်, ခြေကို၎င်း, ဦးခေါင်းကို၎င်း လှုပ်သည်ရှိသော် ဤသို့လှုပ်ခြင်းကို စက္ခုဝိညာဉ်ဖြင့်မြင်၏၊ ဝိညတ်ကိုကား စက္ခုဝိညာဉ်ဖြင့်မမြင်၊ မနောဝိညာဉ်ဖြင့်သာ သိအပ်၏၊ လက်, ခြေ လှုပ်ခြင်းစသည်ကို စက္ခုဝိညာဉ်ဖြင့်မြင်သော် မနောဝိညာဉ်ဖြင့် ဤသူကား ဤအမှုကိုပြုလို၏ဟု သိ၏၊

ဥပမာကား။ ။တောအုပ်တွင် ရေအိုင်၏အနီး သစ်ပင်ကြီးတခု၌ တံခွန်ဆွဲထားခဲ့၍ ရေရှာသောသူတို့အား ထိုအကြောင်းကို ပြောသဖြင့် သွားရှာ၍ တံခွန်ကိုမြင်သော် ယခင်ပြောလိုက်သော စကားကြောင့် ဤ၌ကား ရေရှိသည်ဟု သိရသကဲ့သို့၎င်း၊ ရေ၏အထက်၌ ဗလုံတက်သည်ကိုမြင်၍ အတွင်းတွင် ငါးရှိသည်ဟု သိရသကဲ့သို့၎င်း၊ စက္ခုဝိညာဉ်ဖြင့် လက်လှုပ်ခြင်းစသည်ကို မြင်သော် မနောဝိညာဉ်ဖြင့် အလိုကို သိရ၏၊ ဤသိစေကြောင်း ဖြစ်သော အလိုအထူး သာလျှင် ကာယဝိညတ်မည်၏ဟူလိုသည်။

၂၅၇-ဝစီဝိညတ်ရုပ်ကို ပြခြင်း

သဝိညာဏကသဒ္ဒသင်္ခါတဝါစာယ အဓိပ္ပါယံ ပရံ ဝိညာပေတိ၊ သယဉ္စ တာယ ဝိညာယတီတိ ဝစီဝိညတ္တိ။

ယာ ဓမ္မဇာတိ၊ အကြင်တရားသဘောသည်။ သဝိညာဏကသဒ္ဒသင်္ခါတ-ဝါစာယ၊ ဝိညာဉ်နှင့်တကွသော အသံဟုဆိုအပ်သော ဝါစာဖြင့်။ အဓိပ္ပါယံ၊ အလိုကို။ ပရံ၊ သူတပါးကို။ ဝိညာပေတိ၊ သိစေတတ်၏ သယဉ္စ၊ မိမိသည်လည်း။ တာယ၊ ထိုဝါစာဖြင့်။ ဝိညာယတိ၊ သိအပ်၏၊ ဣတိတသ္မာ၊ ထိုသို့ သိစေတတ်, သိစေအပ်သော သတ္တိကြောင့်။ သာဓမ္မဇာတိ၊ ထိုတရားသဘောသည်။ ဝစီ ဝိညတ္တိ၊ ဝစီဝိညတ်မည်၏၊

ဝစီဘေဒကရစိတ္တသမုဋ္ဌာန ပထဝီဓာတုယာ၊ နှုတ်မြွက်ခြင်းကို ပြုတတ်သော စိတ္တသမုဋ္ဌာန် ပထဝီဓာတ်နှင့်။ အက္ခရုပ္ပတ္တိဋ္ဌာနဂတဥပါဒိဏ္ဏရူပေဟိ၊ အက္ခရာတို့၏ဖြစ်ရာ ဌာန်ငါးဖြာ၌တည်သော ဥပါဒိဏ္ဏရုပ်တို့နှင့်။ သမာဃဋ္ဋနပစ္စယဘူတော၊ ကောင်းစွာထိခတ်ခြင်း၏ အကြောင်းဖြစ်သော။ ဧကော ဝိကာရော၊ တခုသော အခြင်းအရာအထူးသည်။ ဝစီဝိညတ္တိ၊ ဝစီဝိညတ်မည်၏၊ (ဤကား ဋီကာအလို။)

အဋ္ဌာသာလိနီ၌ကား ဤစကားကိုဆိုအံ့ဟု ကြံသောစိတ်သည် အဋ္ဌကလာပ်ရုပ်ကို ဖြစ်စေ၏၊ ဤကလာပ်၌ပါသော စိတ္တဇပထဝီဓာတ်နှင့် ဥပါဒိဏ္ဏက ဌာန်ငါးပါး၌တည်သော ရုပ်တို့သည် ထိခိုက်ခြင်းကြောင့် အသံဖြစ်သည်။ ဤအသံသည် စိတ္တဇသဒ္ဒမည်၏၊ ဝစီဝိညတ်ကား မဟုတ်သေး။ စင်စစ်ကား ထိုစိတ္တဇပထဝီဓာတ်နှင့် ဥပါဒိဏ္ဏကရုပ်တို့၏ ထိခြင်း, ခတ်ခြင်း၏ အကြောင်းဖြစ်သော က, ခ စသည်ကိုထင်စေသော အခြင်းအရာအထူးသည် ရှိ၏၊ ဤအခြင်း အရာအထူးသည်သာလျှင် ဝစီဝိညတ်မည်၏၊

ဤဝစီဝိညတ်ကို သောတဝိညာဉ်ဖြင့် မကြားအပ်, မနောဝိညာဉ်ဖြင့်သာ သိအပ်သည်။ သောတဝိညာဉ်ဖြင့်ကား အသံကိုသာ ကြားရ၏၊ အလိုအဇ္ဈာ-သယကိုကား မနောဝိညာဉ်ဖြင့် သိအပ်၏၊ ဤအလိုသာလျှင် ဝစီဝိညတ်မည် သတည်း။

ဤဝစီဝိညတ်၌ သန္ထမ္ဘနစသည်တို့၏ မရှိခြင်းကြောင့် သတ္တမဇောသည် ဖြစ်စေအပ်၏ အစရှိသောနည်းကို မရအပ်။ စိတ္တဇပထဝီဓာတ်နှင့် ဥပါဒိဏ္ဏက ပထဝီဓာတ်တို့ ထိခိုက်သည်နှင့်တပြိုင်နက်သာလျှင် အသံဖြစ်၏၊ ထိုထိခိုက်ခြင်းကိုလည်း ပထမဇော စသည်တို့ပင် ရအပ်၏ ဟူ၍ ပြခြင်းငှာ-

ဋီကာ၌

ဣဓ စ သန္ထမ္ဘနာဒီနံ အဘာဝတော သတ္တမဇဝနသမုဋ္ဌိတာတိ- အာဒိနယော န လဗ္ဘတိ၊ ဃဋ္ဋနေန ဟိ သဒ္ဓိံ ယေဝ သဒ္ဒေါ ဥပ္ပဇ္ဇတိ၊ ဃဋ္ဋနဉ္စ ပထမဇဝနာဒီသုပိ လဗ္ဘတေဝ- ဟူ၍ မိန့်သည်။

ဣဓ စ၊ ဤဝစီညတ်၌ကား။ သန္ထမ္ဘနာဒီနံ၊ ထောက်ပံ့ခိုင်ခြင်း စသည်တို့၏ အဘာဝတော၊ မရှိခြင်းကြောင့်။ သတ္တမဇဝနသမုဋ္ဌိတာတိ အာဒိနယော၊ သတ္တမဇောသည်ဖြစ်စေ၏ အစရှိသောနည်းကို။ န လဗ္ဘတိ၊ မရအပ်။ ဟိ၊ သင့်စွ။ ဃဋ္ဋနေန၊ ထိခိုက်ခြင်းနှင့်။ သဒ္ဓိံ ယေဝ၊ တကွသာလျှင်။ သဒ္ဒေါ၊ အသံသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏၊ ဃဋ္ဋနဉ္စ၊ ထိခိုက်ခြင်းကိုလည်း။ ပထမဇဝနာဒီသုပိ၊ ပထမဇောစသည်တို့၌လည်း။ လဗ္ဘတေဝ။ ရအပ်သည်သာလျှင်ကတည်း။

အဋ္ဌသာလိနီ၌ကား-

တေ သမုဋ္ဌာနိက ကာယံ စာလေတိ န စာလေတီတိ အယံ ပန ဝါရော န လဗ္ဘတိ၊ ပုရိမစိတ္တသမုဋ္ဌာနာယ ဥပထမ္ဘနကိစ္စံပိ နတ္ထိ-

ဟူ၍ဆိုသည်။

ထိုစကားကို မူလဋီကာ ဆရာ မနှစ်သက်သောကြောင့်-

ဥပထမ္ဘနံ နိတ္ထီတိ ဝိစာရေတွာ ဂဟေတဗ္ဗံ-

ဟူ၍ ဆို၏၊

ဤဆရာ၏ အလိုကား ဇော ၇ချက်တွင် တချက်တချက်သော ဇောသည် အက္ခရာ တလုံး တလုံးကို ဖြစ်စေတတ်ရကား ပေါင်းသော် ၇-လုံးဖြစ်၏၊

ထို ရလုံးတွင် ရှေ့ ၆လုံးသည် မထင်၊ သတ္တမ အက္ခရာသာ ထင်၏၊ ထို့ကြောင့် ဥပထမ္ဘန ရှိသကဲ့သို့ ထင်၏ ဆိုလိုသည်။

အဋ္ဌကထာဆရာကား။ ။ပထမဇော၌ဖြစ်သော ပထဝီဓာတ်သည် ဥပါဒိဏ္ဏက ရုပ်နှင့် ထိခြင်းကြောင့် ဗလဝဖြစ်ရကား ထိုပထမဇောစိတ်ဖြင့်ပင် အက္ခရာဖြစ်၏၊ ထို့ကြောင့် ဥပထမ္ဘန မရှိကောင်းဟူလိုသည်။ ဤအဋ္ဌကထာ၏ အလိုသို့လိုက်၍ ဋီကာဆရာလည်း-

ဣဓ စ သန္ထမ္ဘနာဒီနံ အဘာဝတော သတ္တမဇဝနသမုဋ္ဌိတာတိ အာဒိနယော န လဗ္ဘတိ – ဟူသော စကားကို ဆိုလေသည်။

အနုဋီကာဆရာကား အဋ္ဌကထာဝါဒကို မနှစ်သက်သောကြောင့်-

သတ္တဇဝနာနိ သတ္တက္ခရာနိ နဗ္ဗတ္တေန္တီတိ ဝါဒံ ပဋိက္ခိပိတွာ၊ ဧကဇဝနဝါရေ ပရိယာပန္နာနိ စိတ္တာနိ ဧကမက္ခရံ နိဗ္ဗတ္တေန္တီတိ ဝဒန္တိ၊ ကိဉ္စာပိ ပထမစိတ္တေနာပိ ဃဋ္ဋနာ နိပ္ပဇ္ဇတိ၊ ဧကဓဿဝ ပနဗဟုသော ပဝတ္တနေ၊ န အတ္ထိ ကောစိ ဝိသေသောတိ၊ ပုရိမ ဝဇနသမုဋ္ဌိတာဟိ ဃဋ္ဋနာနာဟိ ပဋိလဒ္ဓါသေဝနေန သတ္တမဇဝနေန သမုဋ္ဌိတာ ဃဋ္ဋနာ ပရိဗျတ္တပက္ခရံ နိဗ္ဗတ္တေတီတိ ဥပထမ္ဘနံ နတ္ထီတိ န သက္ကာ ဝတ္တုံ – ဟူ၍ဆိုသတည်း။

သတ္တဇဝနာနိ၊ ၇- ကြိမ်သောဇောတို့သည်၊ သတ္တက္ခရာနိ၊ ရလုံးသော အက္ခရာတို့ကို။ နိဗ္ဗတ္တေန္တိ၊ ဖြစ်စေကုန်၏၊ ဣတိဝါဒံ၊ ဤသို့သော ဋီကာ ဝါဒကို။ ပဋိက္ခိပိတွာ၊ ပယ်၍။ ဧကဇဝနဝါရေ၊ တစ်ခုသောဇော၏ ဝါရ၌။ ပရိယာပန္နာနိ၊ အကျုံးဝင်ကုန်သော။ စိတ္တာနိ၊ စိတ်တို့သည်။ ဧကမက္ခရံ၊ တလုံးတလုံး သောအက္ခရာကို၊ နိဗ္ဗတ္တေန္တိ၊ ဖြစ်စေကုန်၏၊ ဣတိ၊ ဤသို့ ဝဒန္တိ၊ ဆိုကုန်၏၊ ပဌမစိတ္တေနာပိ၊ ရှေးဦးစွာသော ဇောစိတ်ဖြင့်လည်း။ ဃဋ္ဋနာ၊ ထိခိုက်ခြင်းသည်။ ကိဉ္စာပိ နိပ္ပဇ္ဇတိ၊ အကယ်၍ကားပြီး၏ရှင့်။ ပန၊ ထိုသို့ပြီးသော်လည်း။ ဧကေဿဝ၊ တလုံးသော အက္ခရာကိုပင်လျှင်။ ဗဟုသော၊ များစွာသောဇောဖြင့်။ ပဝတ္တနေ၊ ဖြစ်စေခြင်း၌။ ကောစိ ဝိသေသော၊ တစုံတခုသော အထူးသည်။ န အတ္ထိ၊ မရှိ။ ဣတိ၊ ထို့ကြောင့်။ ပုရိမဇဝနသမုဋ္ဌိတာဟိ၊ ရှေ့ဇောတို့ကြောင့် ဖြစ်ကုန်သော။ ဃဋ္ဋနာဟိ၊ ထိခိုက်ခြင်းတို့မှ။ ပဋိလဒ္ဓါသေဝနေန၊ ရအပ်ပြီးသော အာသေဝန ပစ္စည်းရှိသော။ သတ္တမဇဝနေန၊ သတ္တမဇောသည်။ သမုဋ္ဌိတာ၊ ဖြစ်စေအပ်သော။ ဃဋ္ဋနာ၊ ထိခိုက်ခြင်းသည်။ ပရိဗျတ္တံ၊ ထင်သော။ အက္ခရံ၊ အက္ခရာကို။ နိဗ္ဗတ္တေတိ၊ ဖြစ်စေ၏၊ ဣတိတသ္မာ၊ ထို့ကြောင့်။ ဥပထမ္ဘနံ နတ္ထီတိ၊ အထောက်အပံ့မရှိဟူ၍။ ဝတ္တုံ။ ဆိုခြင်းဌါ။ န သက္ကာ၊ မတတ်ကောင်း။ မဏိမဉ္စူဆရာလည်း အနုဋီကာ၏ အယူသို့လိုက်၍...

အမှေဟိ ပိ သတ္တမဇဝနေန ဧဝ ဧကက္ခရုပ္ပတ္တိ ဝုစ္စတိ၊ ဝဒဧန္တဟိ ဧကေဿဝ ဥစ္စာရိတ္တာ သုဏန္တေဟိ ဧကေဿဝ သုတတ္တာ...

စသည်ဖြင့်ဆိုလေသည်။ (အနက်လွယ်၏)

၂၅၈-ဝိကာရရုပ် ကိုပြခြင်း

၁။ လဟုနော ဘာဝေါ လဟုတာ။
၂။ မုဒုနော ဘာဝေါ မုဒုတာ။
၃။ ကမ္မညဿ ဘာဝေါ ကမ္မညတာ။

လဟုနော၊ ပေါ့သည်၏၊ ဘဝေါ၊ အဖြစ်တည်း။ လဟုတာ၊ ပေါ့သည်၏ အဖြစ်။

မုဒုနော၊ နူးညံ့သည်၏၊ ဘာဝေါ၊ အဖြစ်တည်း။ မုဒုတာ၊ နူးညံ့ သည်၏ အဖြစ်။

ကမ္မညဿ၊ အမှု၌ကောင်းသည်၏၊ ဘာဝေါ၊ အဖြစ်တည်း။ ကမ္မညတာ၊ အမှု၌ ကောင်းသည်၏ အဖြစ်။

တေသု၊ ထိုသုံးပါးတို့တွင်။ အရောဂိနော၊ အနာမရှိသောသူ၏၊ အဂရုကတာ ဝိယ၊ မလေးလံသော အဖြစ်ကဲ့သို့။ ရူပါနံ၊ တိဇရုပ်တို့၏၊ အဂရုတာ၊ မလေးသည်၏ အဖြစ်သည်။ ရူပလဟုတာ နာမ၊ ရူပလဟုတာမည်၏၊

သုပရိမဒ္ဒိတစမ္မဿ၊ ကောင်းစွာ အဖန်ဖန် နယ်အပ်သော သားရေ၏၊ အကထိနတာ ဝိယ၊ မကြမ်းတမ်းသော အဖြစ်ကဲ့သို့။ ရူပါနံ၊ တိဇဖြစ်သော ရုပ်တို့၏၊ အကထိနတာ၊ မကြမ်းတမ်းသော အဖြစ်သည်။ ရူပမုဒုတာ နာမ၊ ရူပ မုဒုတာ မည်၏၊

သုဓန္တသုဝဏ္ဏဿ၊ သစ်သောရွှေ၏၊ တံတံပီဠန္ဓနိဝိကတိယာ၊ ထိုထိုသော လက်ကောက်၊ လက်ကြပ်စသောတန်ဆာအထူးအား။ အနုကုလဘာဝေါ ဝိယ၊ လျော်သော အဖြစ်ကဲ့သို့။ သရီရကိရိယာနံ၊ ကိုယ်ဖြင့်ပြုအပ်သော အမှုတို့အား။ ရူပါနံ၊ တိဇဖြစ်သောရုပ်တို့၏၊ အနုကူလဘာဝေါ၊ လျော်သောအဖြစ်သည်။ ရူပကမ္မညတာ နာမ၊ ရူပကမ္မညတာမည်၏၊

ဤ ၃-ပါးသည် နိပ္ဖန္နရုပ်တို့၏ ဖောက်ပြန်ခြင်းကိုစွဲ၍ သိအပ်သောကြောင့် ဝိကာရရုပ်မည်သည်။

၂၅၉.လက္ခဏ ရုပ်လေးခုတွင် ဥပစယရုပ်နှင့်

သန္တတိရုပ်နှစ်ပါး ထူးခြားချက်

၁။ ဥပစယနံ ဥပစယော။
၂။ သန္တာနော သန္တတိ။

ဥပစယနံ၊ ရှေးဦးစွာဖြစ်ခြင်း။ ဥပစယော၊ ရှေးဦးစွာဖြစ်ခြင်း။

သန္တာနော၊ ဖြစ်စဉ်တည်း။ သန္တတိ၊ ဖြစ်စဉ်။

တတ္ထ၊ ထိုဥပစယ, သန္တတိ နှစ်ပါးတို့တွင်။ ပဋိသန္ဓိတော၊ ပဋိသန္ဓေမှ။ ပဋ္ဌာယ၊ စ၍။ ယာဝ၊ အကြင်မျှလောက်။ စက္ခဒိဒသကာနံ၊ စက္ခုအစရှိသော လေးပါးသော ဒသကတို့၏ ဥပ္ပတ္တိ၊ ဖြစ်ခြင်းသည်။ အတ္ထိ ရှိ၏၊ ဧတ္ထန္တရေ၊ ဤ ၆၄-ရက်၏အကြား၌။ ရူပုပ္ပါဒေါ၊ ရုပ်၏ဖြစ်ခြင်းသည်။ ဥပစယော၊ ဥယစယမည်၏၊ တတောပရံ၊ ထိုမှနောက်၌။ ရူပုပ္ပါဒေါ၊ ရုပ်တို့၏ဖြစ်ခြင်းသည်။ သန္တတိမည်၏၊

၃-ဇရတာရုပ်ကို ပြခြင်း

ယထာသကံခဏမတ္တဋ္ဌာယီနံ၊ အကြင်အကြင် မိမိဥစ္စာဖြစ်သော ဧကူန ပညာသခဏ၌သာ တည်လေ့ရှိကုန်သော။ ရူပါနံ၊ စတုဇရုပ်တို့၏၊ နိရောဓာဘိမုခဘာဝ ဝသေန၊ ချုပ်ခြင်းသို့ရှေ့ရှုသည်၏အစွမ်းဖြင့်။ ဇီရဏံ၊ ရင့်ခြင်းသည်။ ဇရတာ၊ ဇရတာမည်၏၊

၄-အနိစ္စတာရုပ်ကို ပြခြင်း

တေသံ၊ ထိုရုပ်တို့၏၊ အနိစ္စဘာဝေါ၊ မမြဲသည်၏အဖြစ်သည်။ အနိစ္စတာ၊ အနိစ္စတာမည်၏၊

ဤရုပ်၄-ပါးတို့သည် ပရမတ်ဖြစ်သော ရုပ်တရားတို့၏ ဖြစ်ခြင်း, ရင့်ခြင်း, ပျက်ခြင်းဟူသော အခိုက်အတန့်၏ အစွမ်းဖြင့် မှတ်ခြင်း၏အကြောင်းဖြစ်သောကြောင့် လက္ခဏရုပ်မည်၏၊

၂၆၀-ဇာတိရုပ်တခုကိုပင် ဥပစယ သန္တတိခေါ်ဆိုရပုံကို ပြခြင်း

ဇာတိရုပ်တခုကိုပင်လျှင် ဥပစယဟူသောအမည်, သန္တတိဟူသောအမည်ဖြင့် ဘယ့်ကြောင့် ခွဲ၍ဆိုအပ်သနည်း။

ပဌမုပရိနိဗ္ဗတ္တသင်္ခါတပ္ပဝတ္တိအာကာရဘေဒတော ဝေနေယျဝသေန ဥပစယော သန္တတီတိ ဝိဘဇိတွာ ဝုတ္တတ္တာ-

ဟူသောဋီကာနှင့်အညီ ရှေးဦးစွာဖြစ်ခြင်း, အထက်၌ဖြစ်ခြင်းဟု ဆိုအပ်သော ဖြစ်သောအခြင်းအရာ ပြားသဖြင့် ဝေနေယျတို့အား ထင်ရှားစိမ့်သောငှါ နှစ်ပါးခွဲ၍ ဟောတော်မူသောကြောင့်ဆိုသည် ဟူပေ။

၂၆၁- မဟာအဋ္ဌကထာလာ ရုပ်၄-ပါးကိုပြခြင်း

ဣမာနိ အဋ္ဌဝီသရူပါနိ၊ ဤ၂၈-ပါးသော ရုပ်တို့သည်။ အာဟစ္စဘာသိတာနိ၊ ပါဠိတော်၌ တိုက်ရိုက်ဘုရားဟောသော ရုပ်တို့တည်း။ မဟာအဋ္ဌကထာယံ ပန၊ ရဟန္တာတို့ဆောင်ခဲ့သော မဟာအဋ္ဌကထာ၌ကား။ ဗလရူပံ၊ ကြီးပွားတတ်သော အားဟူသောဗလရုပ်၎င်း။ သမ္ဘဝရူပံ၊ သုက်ရည်တည်းဟူသော သမ္ဘဝရုပ်၎င်း။ သဏ္ဌာနရူပံ၊ လုံးလျောင်းသဏ္ဌာန်ဖြင့် တည်သောသဏ္ဌာနရုပ်၎င်း။ ရောဂရူပံ၊ နာကျင်တတ်သောရောဂရုပ်၎င်း။ ဣမာနိစ၊ ဤရုပ်လေးပါးတို့သည်လည်း။ သန္တိ၊ ရှိကုန်၏၊ ဣတိဝဒန္တိ၊ ဤသို့ဆိုကြကုန်၏၊

ယင်းသို့ ရုပ်လေးပါးရှိကြောင်းကို ဝိသုဒ္ဓိမဂ်၌လာလျက် အရှင်အနုရုဒ္ဓါဆရာ ဘယ့်ကြောင့်မပြသနည်းဟူမူကား ဗလရုပ်ကို ဝါယောဓာတ်၌ သွင်း၍၊ သမ္ဘဝရုပ်ကို အာပေါဓာတ်၌သွင်း၍၊ သဏ္ဌာန ရုပ်ကို ဝဏ္ဏ၌သွင်း၍၊ ရောဂရုပ်ကို ဇရတာ၌သွင်း၍ ဘုရားရှင်ဟောတော်မူသောကြောင့် အရှင်အနုရုဒ္ဓါ ဆရာလည်း အသီးမပြသည် ဟူပေ။

ထို့ကြောင့် ဉာဏဝိဘင်း အဋ္ဌကထာ၌-

အာပေါဓာတု ဝဏ္ဏယတနာနမေဝ ဝါ၊ သမ္ဘဝသဏ္ဌာနတော ဝါ ဝိသုံ ဝုတ္တာ။

ဟူ၍ မိန့်၏၊

အဓိပ္ပါယ်ကား-

စတုဇရုပ်၌ပါသော အာပေါဓာတ်, စတုဇရုပ်၌ပါသော ဝဏ္ဏာယတနတို့ကိုသာလျှင် သမ္ဘဝရုပ်, သဏ္ဌာနရုပ်ဖြစ်သည်ဟူ၍ အသီးဆိုအပ်၏ ဟူလိုသည်။

ဤသမ္ဘဝရုပ်တည်းဟူသော သုက်သည် ကာမ ၁၁-ဘုံ၌ ဖြစ်ကုန်သော သတ္တဝါတို့အား ဣတ္ထိန္ဒြေ, ပုရိသိန္ဒြေတို့၏ ရင့်ခြင်းကြောင့် ရာဂစိတ်ဖြစ်လတ်သော် ထိုစိတ်၏အာနုဘော်ကြောင့် စတုဇရုပ်၌ရှိသော အာပေါဓာတ်သည် မီးအဟုန်ကြောင့် ဆူသောရေကဲ့သို့ ကြီးပွားလျက်ဖြစ်လာ၏၊ လူတို့အား ၁၅-နှစ် ၁၆-နှစ်တိုင်မှ ဖြစ်သည်။

ထို့ကြောင့်-

သမ္ဘဝေါ ကာမဓာတုယံ ဧကစ္စိယ သတ္တာနံ ဣန္ဒြိယပရိပါကပစ္စယော အာပေါဓာတုယာ ပဝတ္တိ အာကာရဝိသေသော- ဟူ၍ ဝိသုဒ္ဓိမဂ်ဋီဒု နှာ-၁၀၆-၌၎င်း၊

အဋ္ဌကထာယံ စတုသမုဋ္ဌာနိကေသု သမ္ဘဝဿဝုတ္တတ္တာ။ သောပန သောဠဿဝဿကာလေ ဥပ္ပဇ္ဇတိ၊ တဿ ရာဂဝသေန ဌာနာ-စာဝနံ ဟောတိ-

ဟူ၍သာရတ္ထဒီပနီဋီဒု နှာ-၃၀၁-၌၎င်း မိန့်အပ်၏၊

ကထာဝတ္ထု အဋ္ဌကထာ၌ ကာမာဝစရ နတ်တို့အား မေထုန ကိစ္စရှိကြသော်လည်း သုက်လွတ်ခြင်း မရှိဟူ၍ ဆို၏၊ ထိုစကားသည် တည်ရာမှ မရွေ့ခြင်းကို ရည်၍သာဆိုသည်။ သမ္ဘဝရုပ်မရှိ၍ ဆိုသည်မဟုတ်ဟု-၎င်းဋီကာ၌မိန့်၏

သာရတ္ထဒီပနီဋီကာဒု၌လည်း-

ကထာဝတ္ထုအဋ္ဌကထာယံ တာသံ ဒေဝတာနံ သုက္ကဝိဿဋ္ဌိ နာမ နတ္ထီတိ၊ တမ္ပိ ဌာနာစာဝနံ သန္ဓာယ ဝုတ္တန္တိ ဂဟေတဗ္ဗံ-

ဟူ၍မိန့်၏၊

ထိုနတ်တို့သည် လူတို့ကဲ့သို့ သံသဂ္ဂဖြစ်သော်လည်း သုက်လွတ်ခြင်းမရှိ၊ မိမိကိုယ်တွင်း၌သာ ငြိမ်းလေသောကြောင့် ဂဗ္ဘသေယျ သန္ဓေမယူနိုင် ဥပပါတ်သာ ဖြစ်လေသည်။

ဤသမ္ဘရုပ်ဝသည် အရင်းမှ စတုဇဖြစ်သော်လည်း တည်ရာမှရွှေ့၍ပြင်ပသို့ ရောက်သောအခါ ဥတုဇသာဖြစ်၏၊

ထို့ကြောင့်-

ဥပါဒိဏ္ဏကတော ဝိမုတ္တာယံ သမ္ဘဝေါ ဥတုသမုဋ္ဌာနမေဝ ဟူ၍ ဝိသုဒ္ဓိမဂ်ဋီကာ မိန့်၏၊

ဤရုပ်သည် ဘုရား, ရဟန္တာ, ဗြဟ္မာ တို့၌ မရှိကုန်ဟု ပြခြင်းငှါ-

ခီဏာသဝါနံ ပန ဗြဟ္မာနဉ္စ သမ္ဘဝေါ နတ္ထိ-

ဟူ၍ သာရတ္ထဒီပနီဋီကာဒု နှာ-၃၀၁-၌ မိန့်၏၊

ဤကား ရူပသမုဒ္ဒေသ၌ သိဖွယ်တည်း။

၂၆၂-ပသာဒရုပ်ငါးပါးကိုသာအဇ္ဈတ္တိကရုပ် ခေါ်ဆိုရသည်ကို ပြခြင်း

မေး။ ။ ရုပ်ပသာဒ၊ ငါးပါးမျှကို၊ အဇ္ဈတ္တိက၊ အရဆိုသော်၊ ထို့ပြင်အတွင်းမဖြစ်လော။

ဖြေ။ ။ အတ္တဘာဝသင်္ခါတံ အတ္တာနံ အဓိကိစ္စ ဥဒ္ဒိဿ ပဝတ္တန္တီတိ အဇ္ဈတ္တိကာ။

ယေ ရူပါ၊ အကြင်ရုပ်တို့သည်။ အတ္တဘာဝသင်္ခါတံ၊ အတ္တဘောဟုဆိုအပ်သော။ အတ္တာနံ၊ ခန္ဓာကိုယ်ကို။ အဓိကိစ္စ ဥဒ္ဒိဿ၊ ရည်ညွှန်းထောက်ပံ့၍။ ပဝတ္တန္တိ၊ ဖြစ်တတ်ကုန်၏၊ ဣတိတသ္မာ၊ ထိုသို့ရည်ညွှန်းထောက်ပံ့၍ ဖြစ်တတ်သောသတ္တိကြောင့်။ တေ ရူပါ၊ ထိုရုပ်တို့သည်။ အဇ္ဈတ္တိကာ။ အဇ္ဈတ္တိက ရုပ်တို့မည်ကုန်၏၊

စက္ခု, သောတ, ဃန, ဇီဝှါ, ကာယ, ပသာဒတည်းဟူသော ငါတို့ငါးဦးတို့သည် အကယ်၍ မဖြစ်ကုန်မူကား...သင်အတ္တဘောသည် မည်သို့သော ကိစ္စမျှမရှိပဲ လဲ၍ခြောက်သွေ့သော ထင်းတုံးကဲ့သို့သာ ဖြစ်ရာလတ္တံဟု ဆိုဘိသကဲ့သို့ ဤခန္ဓာကိုယ်ကို အထူးသဖြင့် ကျေးဇူးပြုတတ်သည်၏ အဖြစ်ကြောင့်အဇ္ဈတ္တိကရုပ် မည်၏၊ ဤမှကြွင်းသောရုပ် ၂၃-ခုကား ဤကဲ့သို့ ကျေးဇူးမပြုတတ်သောကြောင့် ဗာဟီရရုပ် မည်၏ ဟူလိုသည်။

တနည်းကား-

အတ္တသင်္ခါတံ စိတ္တံ အဓိကိစ္စ တဿ ဒွါရဘာဝေန ပဝတ္တတီတိ အဇ္ဈတ္တံ။

ယံပသာဒရူပံ၊ အကြင်ပသာဒရုပ်သည်။ အတ္တသင်္ခါတံ၊ အတ္တဟုဆိုအပ်သော။ စိတ္တံ၊ စိတ်ကို။ အဓိကိစ္စ၊ စွဲ၍။ တဿ၊ ထိုစိတ်၏၊ ဒွါရဘာဝေန၊ တံခါး၏ အဖြစ်ဖြင့်။ ပဝတ္တတိ၊ ဖြစ်တတ်၏၊ ဣတိ၊ ထို့ကြောင့်။ တပံပသာဒရူပံ၊ ထိုပသာဒရုပ်သည်။ အဇ္ဈတ္တံ၊ အဇ္ဈတ္တမည်၏၊

ဤရုပ် ငါးခုတို့သည် စိတ်ကိုစွဲ၍ ထိုစိတ်၏ ထွက်ရာ ဝင်ရာ, ဒွါရ၏ အဖြစ်ဖြင့် ဖြစ်တတ်သောကြောင့် အဇ္ဈတ္တိကရုပ်မည်၏၊ ကြွင်းသောရုပ်တို့သည် စိတ်မှ အပဖြစ်သောကြောင့် ဗာဟီရရုပ်မည်၏ ဟူလိုသည်။

အာရမ္မဏံ အရတိ ဇာနာတီတိ အတ္တာ။

ယံ စိတ္တံ၊ အကြင်စိတ်သည်။ အာရမ္မဏံ၊ အာရုံကို။ အရတိ ဇာနာတိ၊ သိတတ်၏၊ ဣတိ၊ ထို့ကြောင့်။ တံစိတ္တံ၊ ထိုစိတ်သည်။ အတ္တာ၊ အတ္တာမည်၏၊ ဤသို့ဝိဂြိုဟ်ပြု။ သုခိတတ္တာ၌ အတ္တသဒ္ဒါသည် စိတ်ကိုဟောသကဲ့သို့ ဤအတ္တသဒ္ဒါလည်း စိတ်ကိုဟောသည်။

၂၆၃-ဒွါရ ၆-ပါး ဖြစ်သော်ငြားလည်းဒွါရရုပ် ၇-ပါးဖြစ်ပုံကို ပြခြင်း

မေး။ ။ ဒွါရ ၆-မည်၊ ရှိပါသည်ကို၊ ရုပ်မည်တရပ်။ ဝိညတ်ခု၍၊ ၇-စုသာပြုသည်မှာ ဒွါရဘယ်ကြောင့်ပွားသနည်း။

ဖြေ။ ။ ဒွါရ ၆-ပါးတို့တွင်ရုပ်ဒွါရ ၅-ပါး, နာမ်ဒွါရ ၁-ပါးရှိသည်။ ထိုတွင်စက္ခုပသာဒရုပ်သည် စက္ခုဝိညာဉ်စသော ၄၆-ပါးသော စိတ်တို့၏ ထွက်ရာ, ဝင်ရာ ဖြစ်သောကြောင့် စက္ခုဒွါရ မည်သည်။

သောတပသာဒရုပ် စသည်မှာလည်း သောတဝိညာဉ်စသော ၆၄-ပါးသောစိတ်တို့၏ ထွက်ရာ, ဝင်ရာ ဖြစ်သောကြောင့် သောတဒွါရ စသည် မည်သည်။

ကာယဝိညတ်ရုပ် သည်ကား ပါဏာတိပါတ်စသော ကာယကံ ၃ပါးတို့၏ ဖြစ်ရာဖြစ်ကြောင်းဖြစ်၍ ကာယဒွါရ မည်သည်။

ဝစီဝိညတ်သည်လည်း မုသာဝါဒစသော ဝစီကံ ၄-ပါးတို့၏ ဖြစ်ရာဖြစ်ကြောင်းဖြစ်၍ ဝစီဒွါရ မည်သည်။

ဤသို့ စိတ်၏ဖြစ်ကြောင်း ဒွါရ ၅ပါး, ကံ၏ ဖြစ်ကြောင်းဒွါရ ၂-ပါးကို ပေါင်းသောအားဖြင့် ရုပ်ဒွါရ ၇ -ပါးပြားလေသည်။ နာမ်ဒွါရမှာ အပြားမရှိ။ ရှေးရှေးသောစိတ်သည် နောက်နောက်သောစိတ်၏ ဖြစ်ကြောင်းဖြစ်၍ စိတ်ဟူသမျှ ဒွါရမည်သည် ချည်းဟူပေ။

၂၆၄-ဒွါရရုပ်မည်ကြောင်းကို ပြခြင်း

ဒုဝေ ဇနာ အရန္တိ ဂစ္ဆန္တိ ဧတေနာတိ ဒွါရံ။

ဧတေန၊ ဤတံခါးဖြင့်။ ဒုဝေ ဇနာ၊ ထွက်သူ, ဝင်သား လူနှစ်ပါးတို့သည်။ အရန္တိ ဂစ္ဆန္တိ၊ သွားလာ ဝင်ထွက်တတ်ကုန်၏၊ ဣတိတသ္မာ၊ ထိုသို့ သွားလာကြောင့် ဖြစ်သောကြောင့်။ ဒွါရံ၊ ဒွါရမည်၏၊ (ပကတိတံခါးရ၏)

ဒွါရံ ဝိယာတိ ဒွါရံ။

ဒွါရံ ဝိယ၊ တံခါးကဲ့သို့ ဖြစ်သည်တည်း။ ဒွါရံ၊ တံခါးကဲ့သို့ ဖြစ်သည်။ စိတ်တို့၏၎င်း, ကံတို့၏၎င်း ဖြစ်ရာဖြစ်၍ တံခါးနှစ်တူသော ပသာဒရုပ်, ဝိညတ်ရုပ်ရ၏

၂၆၅-ဣန္ဒြိယရုပ် ခေါ်ဆိုရပုံကို ပြခြင်း

မေး။ ။ရှစ်ပါးသောရုပ်တို့သည် ဘယ်သို့ အစိုးရသောကြောင့် ဣန္ဒြိယ ရုပ်မည်သနည်း။

ဖြေ။ ။ ပဉ္စဝိညာဏေသု လိင်္ဂါဒီသု သဟဇာတရူပပရိပါလနေ စ အာဓိပစ္စယောဂတော-

ဟူသော ဋီကာနှင့်အညီ ပသာဒရုပ်တို့သည် မိမိ၏ ကြည်လင်ခြင်းဖြင့် ပညတ်, ဝိညာဉ်၏ ထက်သောအဖြစ်ကို, မိမိ၏ မကြည်လင်ခြင်းဖြင့် ထိုဝိညာဉ်တို့၏နုံ့သော အဖြစ်ကို ဖြစ်စေတတ်ရကား ဝိညာဉ် (၅) ပါးကို စီရင်ခြင်းငှာအစိုးရသည်။ ဣတ္ထိဘော, ပုမ္ဘောသည် ဣတ္ထိလိင်္ဂ စသည်တို့ကို ဖြစ်စေခြင်းငှာ အစိုးရသည်။ ဇီဝိတိန္ဒြေသည် ကံကြောင့်ဖြစ်သော ရုပ်တို့ကို စောင့်ခြင်း၌ အစိုးရသည် ဟူပေ။

ဘယ်သို့ စောင့်သနည်းဟူငြားအံ့၊ အကြင်ကမ္မဇရုပ်တို့၏ ဧကူနပညာသ စိတ္တက္ခဏ၌ တည်ခြင်းသည် ဇီဝိတိန္ဒြေစောင့်သောကြောင့်သာ တည်သည်။ မစောင့်မူ မတည်နိုင်။ ဇီဝိတိန္ဒြေလည်း မိမိစောင့်အပ်သော စက္ခု, သောတ စသောတရားတို့နှင့် စပ်သဖြင့်သာလျှင် တည်၏၊

ဥပမာ ဘယ်ကဲ့သို့နည်းဟူမူ လှေကို မတိမ်းမစောင်းအောင် စောင့်သော လှေသူကြီးသည် မိမိကလည်း လှေကို စောင့်သည်။ လှေကို မှီ၍လည်း မိမိရေပေါ်၌ တည်နိုင်သကဲ့သို့တည်း။

၂၆၆-ရုပ်ဇီဝိတ၏ ရုပ်တိုင်း အစိုးမရပုံ

မေး။ ။ရုပ်ဇီဝိတ၊ အစိုးရသော်၊ တကွဥဿုံ၊ ကလာပ်စုံကို အကုန်စိုးရပါလေသလော။

ဖြေ။ ။ စိတ္တဇ, ဥတုဇ, အာဟာရဇတို့ကို အစိုးမရ၊ ကမ္မဇကလာပ်ကိုသာ အစိုးရ၏၊ ထို့ကြောင့်-

ဇီဝိတဿ စ ကမ္မဇပရိပါလနေ အာဓိပစ္စံ-

ဟူ၍ မိန့်သည်။

၂၆၇-ဩဠာရိကရုပ် ခေါ်ဆိုပုံကို ပြခြင်း

မေး။ ။ပရမတ်ချင်းသော၊ တူသင့်ပါလျက်၊ ပသာဒါဝိသယ၊ ရုပ်နှစ်ဝကို၊ ဩဋ္ဌာရိက အဘယ်ကြောင့်ဆိုသနည်း။

ဖြေ။ ။ဝိသယဝိသယိဘာဝပ္ပတ္တိသေန ထူလတ္တာ ဩဋ္ဌာရိကရူပံ ဟူသော ဋီကာနှင့်အညီ ကျက်စားရာ၌ ကျက်စားတတ်သောအဖြစ်သို့ ရောက်သည်၏အစွမ်းဖြင့် ရုန့်ရင်းသည်၏ အဖြစ်ကြောင့် ဩဠာရိကရုပ် မည်သည်။

ပုံကား။ ။ဣတ္ထိလိင်, ပုလ္လိင်တို့ဖြင့် ပြုအပ်သော ကိစ္စသည် ရုန့်ရင်းသောကြောင့် လိင်ကိုလည်း ဩဠာရိက, ဒုဠုလ္လဆိုရသကဲ့သို့ ဟူလိုသည်။

၂၆၈- သန္တိကေရုပ် ခေါ်ဆိုရပုံကို ပြခြင်း

မေး။ ။ဘယ့်ကြောင့် သန္တိကေရုပ် မည်သနည်း။

ဖြေ။ ။တတောယေဝ ဂဟဏဿ သူကရတ္တာ သန္တိကေ ရူပံ-

ဟူသော ဋီကာနှင့်အညီ ထိုသို့ ရုန့်ရင်းသည်၏ အဖြစ်ကြောင့် ဉာဏ်ဖြင့် သိလွယ်သည် ဖြစ်၍ အသိဉာဏ်နှင့် နီးရကား သန္တိကေရုပ် မည်သည်။

၂၆၉-သပ္ပဋိဃရုပ် ခေါ်ဆိုရပုံကို ပြခြင်း

မေး။ ။ဘယ့်ကြောင့် သပ္ပဋိဃ မည်သနည်း။

ဖြေ။ ။အာရုံ, ပသာဒတို့သည် အချင်းချင်း ဆိုင်မိသည်ဖြစ်၍ သူနှစ်ယောက်တို့၏ ထိပါးခြင်းနှင့် တူရကား သပ္ပဋိဃရုပ် မည်သည်။

ဤမှ ကြွင်းသော ရုပ် ၁၆-ပါးသည် သိမ်မွေ့လှသောကြောင့် သုခုမရုပ်လည်း မည်သည်။ သိခြင်းငှါ ခဲသည်ဖြစ်၍ အသိဉာဏ်နှင့် ဝေးသောကြောင့် ဒူရေရုပ်လည်း မည်သည်။ အာရုံနှင့် ထိပါးခြင်းမရှိသောကြောင့် အပ္ပဋိဃရုပ်လည်း မည်သည်။

၂၇၀-သိနိဒဿနရုပ် ခေါ်ဆိုရပုံကို ပြခြင်း

ရူပါရုံကို သနိဒဿနရုပ်ဟု အမည်မှည့်ရာ၌ သနိဒဿနသဒ္ဒါကို နိဒဿနေနသဟ ယံ ပဝတ္တတီတိ သနိဒဿနံ-ဟု ဝိဂြိုဟ်ပြု။

ယံရူပံ၊ အကြင်ရုပ်သည်။ နိဒဿနေန၊ မြင်အပ်သော အဖြစ်နှင့်။ သဟ၊ တကွ။ ပဝတ္တတိ၊ ဖြစ်တတ်၏၊ ဣတိ၊ ထို့ကြောင့်၊ သနိဒဿနံ၊ သနိဒဿနမည်၏၊

မြင်အပ်သောအဖြစ်ဆိုလျှင် အဋ္ဌကလာပ်၌ ရုပ် ၇-ပါးမှ အသီးဖြစ်သော စက္ခုဝိညာဉ်၏ အာရုံဖြစ်ထိုက်သော ဝဏ္ဏာယတနကို ရသည်။

ယင်းသို့ နိဒဿနသဒ္ဒါဖြင့် ဝဏ္ဏာယတန ကိုရပြီးလျက် သဟသဒ္ဒါဖြင့် မြင်အပ်သောအဖြစ်နှင့်တကွဖြစ်သည်ဟု ဆိုပြန်ခြင်းသည် တရားအသီးရှိသေးသလောဟု စောဒနာ- ရူပါရုံမှတပါး၊ အခြားမရှိပြီ၊ မရှိသော်လည်း အပြားရှိသကဲ့သို့ ခေါ်ခြင်းသည် သိလာပုတ္တကသရိယံ၌ ကိုယ်နှင့်ကျောက်သား အပြားမရှိသော်လည်း အပြားရှိသကဲ့သို့ တင်စား၍ခေါ်သော "အဘေဒဘေဒူပစာရ" နည်းသာ ဖြစ်သည်ဟု ဖြေအပ်၏၊

ထို့ကြောင့်ဋီကာ၌-

ဓမ္မဘာဝသာမညေန ဟိ ဧကီဘူတေသု ဓမ္မေသု ယောနာနတ္တကရော ဝိသေသော၊ သော အညော ဝိယ ကကွာ ဥပစရိတုံယုတ္တော-

ဟူ၍မိန့်အပ်၏၊

ဟိ၊ ထင်စေဦးအံ့။ ဓမ္မသဘာဝသာမညေန၊ ဓမ္မသဘောအားဖြင့်တူသည်၏ အဖြစ်ကြောင့်။ ဧကီဘူတေသု၊ တခုတည်းကဲ့သို့ဖြစ်ကုန်သော၊ ဓမ္မေသု၊ တရားတို့၌။ နာနတ္တကရော၊ တူသည်၏အဖြစ်ကိုပြုတတ်သော၊ ယော ဝိသေသော၊ အကြင်အထူးသည်။ အတ္ထိ၊ ရှိ၏၊ သော ဝိသေသော၊ ထိုအထူးကို။ အညောဝိယ၊ တပါးတရားကဲ့သို့။ ကတွာ၊ ပြု၍။ ဥပစရိတုံ၊ တင်စား၍ခေါ် ဝေါ်ခြင်းငှါ။ ယုတ္တော၊ သင့်၏၊

၂၇၁-ဥပစာနည်းဖြင့် ဂေါစရဂ္ဂါဟိကရုပ်ခေါ်ဆိုရပုံကို ပြခြင်း

မေး။ ။ရုပ်အကုန်ပင်၊ အာရုံစွဲကပ်၊ မယူတတ်ဟု၊ ပြုလတ်ပြီးလျက်၊ ငါးချက်ပသာဒ၊ ရုပ်ဓမ္မကို၊ အသမ္ပတ္တ သမ္ပတ္တဖြင့်၊ ဂေါစရဂ္ဂါဟိက နာမဘယ့်ကြောင့်မှည့်သနည်း။

ဖြေ။ ။ ဤရုပ်ငါးပါးကိုမှီ၍ ပဉ္စဝိညာဉ်တို့သည် အာရုံကိုယူတတ်ကုန်ရကား ဌာနီဖြစ်သော ဝိညာဉ်တို့၏ဂေါစရဂ္ဂါဟိက ဟူသောအမည်ကိုဌာနဖြစ်သောရုပ်၌တင်စား၍ ရုပ်တရားတို့ကိုလည်း ဂေါစရဂ္ဂါဟိက ဟု "ဌာနျူပစာရ" နည်းအားဖြင့် ပညတ်လေသည်ဟူပေ။

၂၇၂-ဂေါစရရုပ်ငါးပါးတွင် စက္ခုသောတနှစ်ပါးတို့၏

အသမ္ပတ္ထရုပ်ဖြစ်ပုံကို ပြခြင်း

ဂေါစရံ ဂါဟန္တီတိ ဂေါစရဂ္ဂါဟိကာ။

ယေ ဓမ္မာ၊ အကြင်တရားတို့သည်။ ဂေါစရံ၊ အာရုံကို။ ဂါဟန္တိ ယူတတ်ကုန်၏ ဣတိ၊ ထို့ကြောင့်။ တေ ဓမ္မာ၊ ထိုတရားတို့သည်။ ဂေါစရဂ္ဂါဟိကာ၊ ဂေါစရဂ္ဂါဟိက တို့မည်ကုန်၏၊

ထိုရုပ်၅-ပါးတို့တွင် စက္ခု, သောတ နှစ်ပါးတို့သည် မိမိသို့လည်း အားရုံ မရောက်လာ အာရုံရှိရာသို့လည်း မိမိတို့မရောက်သည်ဖြစ်၍ ယူတတ်သောကြောင့် အသမ္ပတ္တဂါဟ မည်ကုန်၏၊

စက္ခု, သောတနှစ်ပါးတို့သည် အာရုံရှိရာသို့သွား၍ ယူ၏ဟုဆိုသော် အဘယ်အပြစ်ရှိရာသနည်း ဟူငြားအံ့။ စက္ခု, သောတ နှစ်ပါးတို့သည် အာရုံရှိရာသို့ သွား၍ ယူ၏ဟုဆိုခဲ့သော် မံသစက္ခု, မံသသောတဖြင့် မမြင်မကြားကောင်းသော ဝေးသောဌာန၌တည်သော ရူပါရုံ, သဒ္ဒါရုံ၊ ဖုံးလွှမ်းရာ၌တည်သော ရူပါရုံ, သဒ္ဒါရုံ၊ သိမ်မွေ့သော ရူပါရုံ, သဒ္ဒါရုံတို့သည် ဒိဗ္ဗစက္ခု, ဒိဗ္ဗသောတ၏ အာရုံဖြစ်၏ဟူသော စကားသည် ပျက်ခဲ့ရာ၏၊

ဘယ်ကြောင့်နည်းဟူမူ အာရမ္မဏိကတို့ သွားလေသောကြောင့် ဒူရမဖြစ်နိုင်ရာပြီ၊ ပဋိစ္ဆန္နလည်း မဖြစ်နိုင်ရာပြီ၊ ဤသို့သောအပြစ်သည် ရောက်၏ ဟူပေ။

ဤအပြစ်သာလျှင် ဖြစ်ရာသလော ဤမှတပါး ထင်ရှားလောက်သော အပြစ်ကို ဘယ်သို့ သိရာသနည်းဟူငြားအံ့။

ယဒိ စေတံ ဒွယံ အတ္တ-သမီပံယေဝ ဂဏှတိ။
အက္ခိဝဏ္ဏံ တထာ မူလံ၊ ပေဿယျ ဘမုကဿ စ။
ဒိသာဒေသဝဝတ္ထာနံ။ သဒ္ဒဿ န ဘဝေယျ စ။
သိယာ စ သရဝေဓိဿ၊ သကဏ္ဏေ သရပါတနံ။

ဧတံ ဒွယံ၊ ဤစက္ခု, သောတ နှစ်ပါးအပေါင်းသည်။ အတ္တသမီပံယေဝ၊ မိမိ၏ အနီးဖြစ်သော အာရုံကိုသာလျှင်။ ယဒိ ဂဏှတိ၊ အကယ်၍ယူသည်ဖြစ်အံ့။ ဧဝံသတိ၊ ဤသို့ယူသည်ရှိသော်။ အက္ခိဝဏ္ဏံ၊ မျက်စိ၏အဆင်းကို။ ပေဿယျ၊ မြင်ရာ၏၊ တထာ၊ ထို့အတူ။ ဘမုကဿ၊ မျက်မှောက်၏၊ မူလဉ္စ၊ အရင်းကိုလည်း။ ပေဿယျ၊ မြင်ရာ၏၊

သဒ္ဒဿ၊ အသံ၏ ဒိသာဒေသဝဝတ္ထာနဉ္စ၊ ဤအသံသည် ဤမည်သော ဒေသ၌ဖြစ်၏ဟု သဒ္ဒရှိရာသို့သွား၍ မှတ်ခြင်းသည်လည်း။ န ဘဝေယျ၊ မဖြစ်ရာ။ ယဒိ ဘဝေယျ၊ အကယ်၍ဖြစ်ငြားအံ့။ သရဝေဓိဿ၊ အသံကိုနားထောင်၍ ပစ်သော လေးသမား၏၊ သကဏ္ဏေ၊ မိမိနားတွင်း၌။ သရပါတနံ၊ မြားကျခြင်းသည်။ သိယာ၊ ဖြစ်ရာ၏၊

အဓိပ္ပါယ်အကျဉ်းကား။ ။စက္ခုသည် ရူပါရုံရှိရာသို့သွား၍ အနီးသို့ရောက်မှ မြင်သည်ဖြစ်အံ့။ မိမိနှင့်အလွန်နီးသော မျက်လုံး၏အဆင်းကိုလည်း မြင်ရာ၏၊ မျက်မှောင်၏အရင်း မျက်ကွင်းကိုလည်း မြင်ရာ၏၊ ထိုသို့ကားမမြင် ထို့ကြောင့် အာရုံရှိရာသို့ မသွားကြောင်းကို သိအပ်၏၊

သောတသည် သဒ္ဒါရုံရှိရာသို့သွား၍ မှတ်သားကာ ယူသည်ဖြစ်အံ့။ အသံကို နားထောင်၍ပစ်သော လေးသမားသည် မိမိနားတွင်းသို့ အသံဝင်လေသောကြောင့် ထိုအသံကိုပစ်ရသဖြင့် နားတွင်းသို့ မြားကျလေရာ၏၊ ယင်းသို့ လည်းမကျရကား သဒ္ဒရှိရာသို့ မသွားကြောင်းကို သိအပ်၏ ဟူလို။

၂၇၃-အဝီနိဗ္ဘောဂရုပ် ၈-ပါးတွင်ဝဏ္ဏ ဂန္ဓ ရသ ဩဇာ ရုပ်ကို ပြခြင်း

၁။ဝဏ္ဏိတဗ္ဗော ဒဋ္ဌဗ္ဗောတိ ဝဏ္ဏော။

ယော ရူပဓမ္မော၊ အကြင်ရုပ်တရားကို။ ဝဏ္ဏတဗ္ဗော ဒဌဗ္ဗော၊ မြင်အပ်၏၊ ဣတိ၊ ထိကြောင့်။ သောရူပဓမ္မော၊ ထိုရုပ်တရားသည်။ ဝဏ္ဏော၊ ဝဏ္ဏမည်၏၊

၂။ ဂန္ဓယတိ သုစေတီတိ ဂန္ဓော။

ယော ရူပ ဓမ္မော၊ အကြင်ရုပ်တရားသည်။ အတ္တနော ဝတ္ထုံ။ မိမိ၏မှီရာကို။ ဂန္ဓယတိ သုစေတိ၊ ပြတတ်၏၊ ဝါ၊ ကုန်းချောသကဲ့သို့ပြုတတ်၏၊ ဣတိ၊ ထို့ကြောင့်။ ဂန္ဓော၊ ဂန္ဓမည်၏၊

၃။ ရသန္တိ အသာဒေန္တိ ဧတေနာတိ ရသော။

ဧတေန၊ ဤရုပ်တရားဖြင့်။ ရသန္တိ အသာဒေန္တိ၊ သာယာတတ်ကုန်၏၊ ဣတိတသ္မာ၊ ထိုသို့သာယာကြောင်း ဖြစ်သောသတ္တိကြောင့်။ ရသော၊ ရသမည်၏၊

၄။ အတ္တနော ဥဒယာနန္တရံ ရူပံ ဇနေတီတိ ဩဇာ။

ယော ရူပဓမ္မော၊ အကြင်ရုပ်တရားသည်။ အတ္တနော၊ မိမိ၏၊ ဥဒယာနန္တရံ၊ ဖြစ်သည်၏ အခြားမဲ့၌။ ရူပံ၊ ရုပ်ကို။ ဇနေတိ၊ ဖြစ်စေတတ်၏၊ ဣတိ၊ ထို့ကြောင့်။ သော ရူပဓမ္မော၊ ထိုရုပ်တရားသည်။ ဩဇာ၊ ဩဇာမည်၏၊

နတ္ထိ ဝိသုံ ဝိသုံ နိဘောဂေါ ပဝတ္တိ ယေသန္တိ အဝိနိဗ္ဘောဂေါ။ ယေသံ၊ အကြင်ရုပ်တရားတို့အား။ ဝိသုံ ဝိသုံ၊ အသီးအသီး၊ နိဘောဂေါ ပဝတ္တိ၊ ဖြစ်ခြင်းသည်။ နတ္ထိ၊ မရှိ။ ဣတိတသ္မာ၊ ထိုသို့ အသီးအသီးဖြစ်ခြင်းမရှိသော သတ္တိကြောင့်။ သော ရူပဓမ္မော၊ ထိုရုပ်တရားသည်။ အဝိနိဗ္ဘောဂေါ၊ အဝိနိဗ္ဘောဂ မည်၏၊

ဤရှစ်ပါးသောရုပ်တို့သည် တရံတခါမျှ ခွဲခြား၍ အသီးသီးမဖြစ်ကောင်း တပေါင်းတည်းသာဖြစ်တတ်၏ ဟူလိုသည်။

အသီးအသီး ခွဲခြမ်း၍ မဖြစ်ဟူသော် ရူပဘုံ၌ ဂန္ဓ, ရသ, ဩဇာတို့မရှိသင့် တကား အသညသတ်ဘုံ၌လည်း ဂန္ဓ, ရသ, ဩဇာတို့ကို ဇီဝိတဆက္ကသာရှိသည်ဟု မူလဋီကာ ဆိုသည်မဟုတ်လော ဟူငြားအံ့။

ရူပလောကေ ဂန္ဓာဒီနံ အဘာဝဝါဒိမတမ္ပိ ဟိတတ္ထ တတ္ထ အာစရိယေဟိ ပဋိက္ခတ္တမေဝ-

ဟုဋီကာမိန့်ပြီ။

ရူပလောကေ၊ ရူပဗြဟ္မာဘုံ၌။ ဂန္ဓဒီနံ ဂန္ဓစသည်တို့၏၊ အဘာဝဝါဒိမတမ္ပိ။ မရှိဟူသော မူလဋီကာအယူကိုလည်း။ တတ္ထတတ္ထ၊ ထိုထိုသော ဋီကာ အနုဋီကာတို့၌။ အာစရီယေဟိ၊ ဆရာတို့သည်။ ပဋိက္ခိတ္တမေဝ၊ ပယ်အပ်ကုန်သည်သာတည်း။

---

၂၇၄- လူတို့ကိုယ်ကို သုံးပိုင်းပိုင်း၍ ရသင့်တိုင်းသော ရုပ်တို့ကိုပြခြင်း

မေး။ ။ လည်ချောင်းနှင့် ချက်၊ ၃စုဝက်၍၊ အသက်မျှရှောင်း၊ တကိုယ်ကောင်းတွင်၊ ရုပ်ပေါင်းဘယ်မျှ ရသနည်း။

ဖြေ။ ။လူတကိုယ်တွင်၃-ဖို့ပြုသော် ဦးခေါင်းပိုင်း၌ ကမ္မဇကလာပ်၉-စည်းတို့တွင် ဝတ္ထုဒသက ကိုလှပ်၍ ကျန် ၈-စည်းရကောင်းသည်။

အလယ်ပိုင်း၌ စက္ခု, သောတ, ဃာန, ဇိဝှါ ဒသကတို့ကိုလှပ်၍ ကြွင်းသော ကာယ ဘာဝ ဟဒယ ဇီဝိတ အားဖြင့် ၄- စည်းရကောင်းသည်။

အောက်ပိုင်း၌ကာယ, ဘာဝ, ဇီဝိတအားဖြင့် ၃-စည်းသော ကလာပ်ကိုသာ ရကောင်းသည်။

စိတ္တဇကလာပ်, ဥတုဇကလာပ်, အာဟာရဇကလာပ် တို့ကိုကား ၃-ပိုင်းလုံး၌ပင် ထပ်တူချည်းရကောင်းသည်။

ထို့ကြောင့်-ဆရာတို့သည်

တိကောဋ္ဌာသ၊ လူအတ္တတွင်၊ အဋ္ဌထက်ပုံ၊ မဇ္ဈုံစတု၊ အောက်စုတြိက၊ ကမ္မဇတွင်၊ တိဇရုပ်သာ၊ ရောယူပါ ဟူ၍ မိန့်ကုန်၏၊

---

၂၇၅- ခေါက်၍မေးက ရုပ်သေးတရားရပုံကို ပြခြင်း

မေး။ ။ခွက်ကိုမှောက်၍၊ မခေါက်ခင်က၊ ရုပ်ဘယ်မျှ၊ ခေါက်၍မေးသော် ရုပ်သေးဘယ်မျှ ထွက်သနည်း။

ဖြေ။ ။ခွက်၌ဥတုဇ အဋ္ဌကလာပ်ဖြစ်၍ ရုပ်ရှစ်ခုသာ ရသည် ခေါက် သောကာလ အသံဖြစ်လတ်သော် သဒ္ဒနဝက ကလာပ်ဖြစ်သည်။ ထိုနှစ်ပါးကို ပေါင်းသော် ၁၇-ဖြစ်သည်။ အကြား၌ ပရိစ္ဆေဒရုပ်ကား၁၅-ခုရသည်။ ဤနှစ်ရပ်ကိုစပ်သော်၃၂-ခုဖြစ်သည်။

ထို၃၂-ခုကို လဟုတာ, မုဒုတာ, ကမ္မညတာ ဟူသောရုပ် ၃-ပါးနှင့် မြှောက်သော် ၉၆-ပါးရသည်။

ထိုတွင်လက္ခဏရုပ် ၄-ခုထည့်၍ရုပ်ပေါင်း တရာရ၏

ထိုကြောင့်- ဆရာတို့သည်

ခေါက်၍မေးက၊ ရုပ်သေးအရ၊ သုဒ္ခဋ္ဌနှင့်၊ နဝကလာပ်၊ သတ္တရသ်ဝယ်၊ ပိုင်းဖြတ်ခြင်းငှာ၊ အာကာသဓာတ်၊ ပန္နရသိလောင်း၊ ချင့်ပေါင်းရူပ၊ ဒွတ္တိံ သမှာ၊ သတ္တိရှာ၍၊ တာ ၃-ခုမြှောက်၊ ဆင့်လှောက်လက္ခဏာ၊ လေးခုလာက၊ တရာပြည့်ရိုး၊ လူ့ထိပ်မိုး-

ဟူ၍ စပ်ဆိုကုန်သည်။

---

၂၇၆-လဟုတာဒိတ္တယရုပ်တို့၏ ဝိကာရမည်ပုံကို ပြခြင်း

မေး။ ။ဝိညတ်စုတွင်၊ တခုခုသာ၊ ဝိကာရမည်၊ ဟောခဲ့သည်မှာ သည့်ပြင်မဖောက်ပြန်ပြီလော။

ဖြေ။ ။ကာယဝိညတ်ကြောင့်ပင် လဟုတာ, မုဒုတာ, ကမ္မညတာ တည်းဟူသော ရုပ် ၃-ပါးလည်း ဖြစ်လေရကား ဤသုံးပါးလည်း ဝိကာရပင် မည်၏၊

ထို့ကြောင့်ဋီကာ၌-

အညမညံ အဝိဇဟန္တဿပိ ဟိ လဟုတာဒိတ္တယဿ တံတံဝိကာရာ- ဓိကရူပေတိ နာနတ္တံ ဝုစ္စတိ-

ဟူ၍ မိန့်သည်။

ဟိ၊ အကြောင်းကို ပြဦးအံ့။ အညမညံ၊ အချင်းချင်း။ အဝိဇဟန္တဿပိ၊ တကလာပ်တည်းဖြစ်၍ မစွန့်ကြသော်လည်း။ လဟုတာဒိတ္တယဿ၊ လဟုတာစသော ရုပ် ၃-ပါးအပေါင်း၏၊ တံတံဝိကာရာဓိကရူပေတိ၊ ထိုထိုသော ဖောက်ပြန်ခြင်းအလွန်ရှိသော ရုပ်တို့ဖြင့်။ နာနတ္တံ၊ ထူးသည်၏အဖြစ်ကို။ ဝုစ္စတိ၊ ဆိုအပ်၏၊

လျင်စွာထလို ထိခိုက်လိုသော သူ၏ တေသမုဋ္ဌာနိကဖြစ်သော နပန္ဖန္နရုပ်တို့၏ ဖောက်ပြန်ခြင်းသည် လဟုတာ မည်၏၊

နူးညံ့စွာ ထလို ထိခိုက်လိုသော သူ၏ တေသမုဋ္ဌာနိကဖြစ်သော နိပ္ဖန္နရုပ်တို့၏ ဖောက်ပြန်ခြင်းသည် မုဒုတာ မည်၏၊

အမှုအားလျော်စွာ ထလိုထိခိုက်လိုသော သူ၏ ထိုရုပ်တို့၏ ဖောက်ပြန်ခြင်းသည် ကမ္မညတာ မည်၏ ဟူလိုသည်။

---

၂၇၇-ဩဇာရုပ်၏ သဏ္ဌာန်ကိုပြခြင်း

မေး။ ။ကလာပ်စည်းရာ ဖွဲ့တိုင်းပါသည်၊ ဩဇာရုပ်ကို၊ အဟုတ်အမှန် သဏ္ဌာန် ဘယ်သို့ ထုတ်သနည်း။

ဖြေ။အဇ္ဈောဟရိတဗ္ဗာဟာရ သိနေဟဘူတာ ဩဇာ ဣဓ အာဟာရ ရူပံ နာမ-

ဟူသော ဋီကာနှင့် အညီ မျိုအပ်သော ထမင်းအစရှိသော အာဟာရတို့၏ အစေး အညှိ ဖြစ်သော ဩဇာသည် ဤ၌ အာဟာရရုပ်မည်၏ ဟူရကား ဩဇာသည် စိုသော မြေစိုင်၌ နှံ့သော အာပေါဓာတ်သဏ္ဌာန်ရှိ၏ ဟူ၍ ထုတ်ရမည်။

ဤကား ရူပဝိဘာဂ၌ သိမှတ်ဖွယ်တည်း။

---

၂၇၈-ကံသည် ရုပ်ကို ဖြစ်စေ၏ ဆိုရာ၌ပဋိစ္စသမုပ္ပါဒ်ပါဠိတော်နှင့် မဆန့်ကျင်ပုံကို ပြခြင်း

ရူပသမုဋ္ဌာန်၌ ကာမကုသိုလ်, အကုသိုလ် ရူပကုသိုလ်အားဖြင့် ၂၅-ပါးသော စိတ်၌ ယှဉ်သော စေတနာတည်းဟူသော ကံသည် ကမ္မဇရုပ်ကို ဖြစ်စေ၏ ဆိုသော်-ပဋိစ္စသမုပ္ပါဒ်ပါဠိတော်၌ သင်္ခါရပစ္စယာ ဝိညာဏံ, ဝိညာဏပစ္စယာ နာမရူပံ ဟူသော ပါဌ်ဖြင့် ကုသိုလ်, အကုသိုလ်ကံ ဟူသော သင်္ခါရသည် ဝိညာဉ်ကို ဖြစ်စေသည်။ ဝိညာဉ်သည် စေတသိက်ဒွေပညာသ, ရုပ်အဋ္ဌဝီသ ဟူသော နာမ်, ရုပ်ကို ဖြစ်စေသည်ဟူသော ဒေသနာနှင့် ဘယ်သို့ညီပါအံ့နည်း ဟူမူ-

တိဏေဟိ၊ မြက်ထင်းတို့ကြောင့်။ ဘတ္တံ၊ ထမင်းသည်၊ သိဒ္ဓံ၊ ကျက်၏၊ ဤ၌ မီးကြောင့်သာ ထမင်းကျက်သည်ကို မီးလည်း မြက်ထင်းကြောင့် ဖြစ်ရကား အကြောင်းရင်းသို့ လိုက်သောအားဖြင့် ဝေါဟာရ ဖြစ်သကဲ့သို့ ဝိညတ်ကြောင့်ကား ရုပ်ဖြစ်သည်၊ ဝိညတ်လည်း ကံကြောင့် ဖြစ်ရကား အကြောင်းရင်းသို့ လိုက်သောအားဖြင့် ကံကြောင့် ဖြစ်၏ ဆိုသည်ဟူပေ။

ကာရဏသဒ္ဒါ-ပစ္စယသဒ္ဒါတို့ကား နီးသော အကြောင်းကို ဟောသည်။ သမုဋ္ဌာနသဒ္ဒါ, မူလသဒ္ဒါ တို့ကား ဝေးသော အကြောင်းကို ဟောသည်။ ဝါ၊ အကြောင်းရင်းကို ဟောသည်။

---

၂၇၉-ရုပ်ကို မဖြစ်စေတတ်သော စိတ်တို့ကို ပြခြင်း

မေး။ ။ရုပ်ကို မဖြစ်စေနိုင်သော စိတ်ကားဘယ်မျှနည်း။

ဖြေ။သဗ္ဗသတ္တာနိဥှိ ပဋိသန္ဓိစိ တ္တံ, ဒွိပဉ္စဝိညဏာနိ, စတ္တာရိ အရူပဝိပါကာနီတိ သောဠသ စိတ္တာနီ ရူပံ န သမုဌာပေန္တိ-

ဟူသော သမ္မောအဋ္ဌကထာ နှာ-၂၂-နှင့် အညီ ခပ်သိမ်းသော သတ္တဝါတို့၏ ပဋိသန္ဓေစိတ်, ရဟန္တာတို့၏ စုတိစိတ်, ဒွေပဉ္စဝိညာဉ် ၁၀-အရူပဝိပါက် လေးခု ဤစိတ်တို့သည် ရုပ်ကို မဖြစ်စေတတ်ဟူလိုသည်။

ယင်းသို့ အဋ္ဌကထာကြီးဆိုပါလျက် သင်္ဂြိဟ်၌ အရူပဝိပါက် ၄-ခုနှင့် ဒွေပဉ္စ-ဝိညာဉ်ကိုသာ ဘယ့်ကြောင့် ကြဉ်သနည်းဟူငြားအံ့။ ။ပဋိသန္ဓေစိတ်, စုတိစိတ်တို့သည် ဘဝင်၌ အကျုံဝင်သည်ဖြစ်၍ အရေအတွက် မပျက်ရာသောကြောင့် မကြဉ်သည်ဟုပေ။

မူလဋီကာဆရာကား။ ။သဗ္ဗေသမ္ပိ စုတိစိတ္တံ ရူပံ န သမုဋ္ဌာပေတိဟူသော ပါဌ်ဖြင့် ခပ်သိမ်းသော သူတို့၏ စုတိစိတ်တို့ပင် ရုပ်ကို မဖြစ်စေတတ်ဟု ဆို၏၊

အနုဋီကာဆရာကား။ ။ စုတိ၏ရှေးသတ္တရသမစိတ်မှစ၍ ရုပ်ကို မဖြစ်စေပြီဟု ဆို၏၊

---

၂၈၀-ပဋိသန္ဓေစိတ်၏ ရုပ်ကို မဖြစ်စေနိုင်ခြင်းအကြောင်းကို ပြခြင်း

မေး။ ။ပဋိသန္ဓေစိတ်သည်ဘယ့်ကြောင့် ရုပ်ကို မဖြစ်စေနိုင်သနည်း။

ဖြေ။တတ္ထ ပဋိသန္ဓိစိတ္တံ တာဝ ဝတ္ထုနော ဒုဗ္ဗလတာယ အပ္ပတိဋ္ဌိတာယ ပစ္စယဝေကလ္လတာယ, အဂန္တုကတာယ စ ရူပံ န သမုဋ္ဌာပေတိ-

ဟူသော သမ္မောအဋ္ဌကထာ နှာ၂၂-နှင့် အညီ ပဋိသန္ဓေစိတ်သည် မှီရာဝတ္ထု အားနည်းသည်,ဖြစ်၍ တည်ရာမရသေးသည်၏ အဖြစ်ကြောင့်၎င်း, အာဟာရ-စသောအထောက်အပံ့ကင်းသည်ဖြစ်၍ အာဂန္တုကသာ ဖြစ်သောကြောင့်၎င်း ရုပ်ကိုမဖြစ်စေနိုင်။

---

၂၈၁-ရဟန္တာတို့စုတိစိတ်သည်ရုပ်ကိုမဖြစ်စေနိုင်ခြင်း၏ အကြောင်းကိုပြခြင်း

မေး။ ။ရဟန္တာတို့၏စုတိသည် ဘယ့်ကြောင့် ရုပ်ကိုမဖြစ်စေနိုင်သနည်း။

ဖြေ။ခိဏာသဝဿ ပန စုတိစိတ္တံ ဝဋ္ဋမူလဿ ဝူပသန္တတ္တာ န သမုဋ္ဌာ-ပေတိ-ဟူသော သမ္မောအဋ္ဌကထာ နှာ-၂၂နှင့်အညီ ရဟန္တာတို့၏စုတိသည် ငြိမ်းပြီးသော ဝဋ္ဋမူလရှိသည်၏အဖြစ်ကြောင့် မဖြစ်စေနိုင်။

---

၂၈၂-ဒွေပဉ္စဝညာဉ် ၁၀-၏ရုပ်ကိုမဖြစ်စေနိုင်ခြင်းအကြောင်း

မေး။ ။ ဒွေပဉ္စဝိညာဉ်၁၀-သည် ဘယ့်ကြောင့်ရုပ်ကို မဖြစ်စေနိုင်သနည်း။

ဖြေ။ဒွေပဉ္စဝညာဏေသု စျာနင်္ဂံ နတ္ထိ, ဟေတု နတ္ထီတိ စိတ္တင်္ဂံ ဒုဗ္ဗလံ ဟောတိ၊ တသ္မာ န သမုဋ္ဌာပေတိ-

ဟူ၍ သမ္မောအဋ္ဌကထာ နှာ-၂၃နှင့်အညီ ဒွေပဉ္စဝိညာဉ် ၁၀-တို့၌ ဝိတက်စသော စျာနင်လည်းမရှိ၊ သမ္မာဒိဋ္ဌိ စသောမဂ္ဂင်လည်းမရှိ လောဘစသော ဟိတ်လည်းမရှိဖြစ်၍ စိတ်အင်္ဂါအလွန်အားနည်းသောကြောင့် ရုပ်ကို မဖြစ်စေနိုင်။

---

၂၈၃-အရူပဝိပါက်စိတ်တို့၏ ရုပ်ကိုမဖြစ်စေနိုင်ခြင်းကြောင်း

မေး။ ။အရူပဝိပါက်စိတ်တို့သည် ဘယ့်ကြောင့် ရုပ်ကိုမဖြစ်စေနိုင်သနည်း

ဖြေ။ရူပဝိရာကဘာဝနာ နိဗ္ဗတ္တတ္တာ-ဟူသောဋီကာနှင့်အညီ ရုပ်၌တပ်ခြင်းကင်းသော ဘာဝနာကံသည် ဖြစ်စေအပ်သောအကျိုးဖြစ်သောကြောင့် မဖြစ်စေဟူပေ။

---

၂၈၄-ရုပ်ကိုဖြစ်စေတတ်သောစိတ်တို့၏ကိစ္စအထူးကိုပြခြင်း

အရူပဝိပါက် ၄-ခု ဒွေပဉ္စဝိညာဉ် ၁၀-ကြဉ်သော ၇၅-ပါးသောစိတ်တို့သည် စိတ္တဇရုပ်ကို ဖြစ်စေ၏ဟူသော်-အဘယ်စိတ်သည် အဘယ်ရုပ်ကိုဖြစ်စေသနည်း၊ ရုပ်ကိုဖြစ်စေခြင်းမှတပါး - အခြားကိစ္စကို မပြီးစေနိုင်လောဟု စောဒနာရန်ရှိ၍-

တတ္ထ အပ္ပနာဇဝနံ ဣရိယာပထမ္ပိ သန္နာမေတိ-

ဟူသောပါဌ်ကို မိန့်၏၊

အဓိပ္ပါယ်ကား-ထို ၇၅-ပါးတို့တွင် အပ္ပနာဇော ဆဗ္ဗီသသည် သွားခြင်းရပ်ခြင်း စသော ဣရိယာပုထ်ကိုလည်း ခိုင်စေ၏ စိတ္ထဇရုပ်ကိုလည်း ဖြစ်စေ၏ ဟူလို။ ။(သမ္ပိဏ္ဍန အနက်ရှိသော ပိသဒ္ဒါဖြင့် ရှေးအနက်ကို ပေါင်းသည်။)

ဝုဋ္ဌော ကာမဇောတခုယုတ် ၃၀ အဘိညာဉ်ဒွေ ဤ ၃၂-ပါးသောစိတ်တို့သည် ကာယဝိညတ်, ဝစီဝိညတ်ကိုလည်း ဖြစ်စေ၏၊ ဣရိယာပုတ်ကိုလည်း ခိုင်စေ၏၊ စိတ္တဇရုပ်ကိုလည်း ဖြစ်စေ၏၊

ဤ ၃၂-ပါးတို့တွင် သောမနဿဇောတေရသတို့သည် ရယ်ရွှင်ခြင်းကိုလည်း ဖြစ်စေ၏၊

ထို ၁၃-ပါးတို့တွင် ပုထုဇဉ်တို့သည် လောဘမူ သောမနဿ ၄-ပါး မဟာကုသိုလ် သောမနဿ ၄ -ပါး ဤ ၈-ပါးသော စိတ်တို့ဖြင့် ရယ်ရွှင်ကုန်၏၊

သေက္ခပုဂ္ဂိုလ်တို့သည် ဒိဋ္ဌိဂတဝိပ္ပယုတ် ၂-ပါး ကုသိုလ်သောမနဿ ၄-ပါး ဤ ၆- ပါးသောစိတ်တို့ဖြင့် ရယ်ရွှင်ကုန်၏၊

ရဟန္တာပုဂ္ဂိုလ်တို့သည် ဟသိတုပ္ပါဒ်၊ မဟာကြိယာ သောမနဿဇော ၄-ခု ဤ ၅- ပါးသောစိတ်တို့ဖြင့် ရယ်ရွှင်ကုန်၏၊

ထို၅-ပါးတို့တွင်လည်း ဘုရားသခင်တို့သည် သဟိတ်ကြိယာဇော ၄-ခုဖြင့်သာ ရယ်ရွှင်တော်မူကြကုန်၏၊ အဟိတ်ဖြစ်သော ဟသိတုပ္ပါဒ်ဇောဖြင့် မရယ်ရွှင်ကြကုန်။ အဘယ့်ကြောင့်နည်းဟူမူ-ဘုရားသခင်တို့၏ အလုံးစုံသော ကာယကံတော်သည် ဉာဏ်လျှင်ရှေ့သားရှိသောကြောင့် ဉာဏ်ကင်းသော ဟသိတုပ္ပါဒ်စိတ်ဖြင့် မရယ်ဟူ၍ အချို့ဆရာတို့ဆိုကုန်၏၊ ထိုစကားသည် မသင့်။ ဟသိတုပ္ပါဒ် စိတ်တော်သည်လည်း ပုဗ္ဗေနိဝါသ, အနာဂတံသ, သဗ္ဗညုတ စသော ဉာဏ်တို့သို့ အစဉ်လိုက်လျက်သာလျှင် ဖြစ်ရကား ဟသိတုပ္ပါဒ်စိတ်ဖြင့် ရယ်သည်ပင် ဟူပေ။ ။(ဋီကာအဆို)

---

၂၈၅-ရယ်ခြင်း ၆-ပါးကိုပြခြင်း

ဤရယ်ခြင်းသည်-

၁။ သိတ
၂။ ဟသိတ
၃။ ဝိဟသိတ
၄။ ဥပဟသိတ
၅။ အပဟသိတ
၆။ အတိဟသိတ-

ဟူ၍၆-ပါးအပြားရှိ၏၊ ထို၆-ပါးတို့တွင်-

မျက်နှာရွှင်ရုံပြုံးခြင်းသည် သိတ မည်၏၊

သွားပေါ်ရုံပြုံးခြင်းသည် ဟသိတ မည်၏၊

အသံညင်းညင်းထွက်အောင် ရယ်ခြင်းသည် ဝိဟသိတ မည်၏၊

မျက်ရည်ထွက်ရုံရယ်ခြင်းသည် ဥပဟသိတ မည်၏၊

ကိုယ်တုန်လှုပ်အောင် ရယ်ခြင်းသည် အပဟသိတ မည်၏၊

လက်, ခြေ, အင်္ဂါတို့ကိုပစ်၍ ရယ်ခြင်းသည် အတိဟသိတ မည်၏၊

ထို၆-ပါးတို့တွင် သူမြတ်တို့ကား ရှေ့နှစ်ပါးဖြင့် ရယ်သည်။ သူလတ်တို့ကား အလယ်နှစ်ပါးဖြင့် ရယ်သည်။ သူယုတ်တို့ကား နောက်နှစ်ပါးဖြင့် ရယ်သည်ဟူ၍ အလင်္ကာကျမ်း၌ ဆို၏၊

---

၂၈၆-ကမ္မဇ, စိတ္တဇ, ဥတုဇ, အာဟာရဇ ရုပ်တို့၏ ဖြစ်ရာကာလ အစအဆုံးကို ပြခြင်း

ထိုစိတ်ကြောင့်ဖြစ်သော ရုပ်တို့သည် ပဋိသန္ဓေနောင် ပထမဘဝင်၏ ဥပါဒ်မှစ၍ စုတိစိတ်တိုင်အောင် ခပ်သိမ်းသောစိတ်တို့၏ ဥပါဒ်ဆဲကာလ၌သာ ဖြစ်ကုန်၏၊ ဌီဘင်တို့၌ မဖြစ်ကုန်။

ပဋိသန္ဓေစိတ်နှင့်အတူ ဥပါဒ်သော ကမ္မဇကလာပ်၌ပါသော တေဇောဓာတ်ဟုဆိုအပ်သော သီတ, ဥဏှဥတုသည် ပဋိသန္ဓေစိတ်၏ ဌီတိုင်သောအခါ ဥတုဇအဋ္ဌကလာပ်ရုပ်ကို အဇ္ဈတ္တ, ဗဟိဒ္ဓသန္တာန်၌ ဖြစ်စေ၏၊ ထိုအခါမှစ၍ ဥတုဇကလာပ် ၄-စည်းတို့သည် မတကဠေဝရဖြစ်သည်ဟု ဆိုအပ်သည်တိုင်အောင် ခပ်သိမ်းသော စိတ်တို့၏ ခဏ ၃-ပါး၌ ဖြစ်ကုန်၏၊

ထိုကမ္မဇကလာပ်, ဥတုဇကလာပ်, စိတ္တဇကလာပ်၌ပါသော ဩဇာသည် သံသေဒဇ, ဥပပါတ်တို့အား တံတွေးမျိုခြင်း အစရှိသော အာဟာရကို သုံးဆောင်သောအခါ ဂဗ္ဘသေယျက ပုဂ္ဂိုလ်တို့အား အမိမျိုသော အာဟာရနှံ့ သောအခါ အာဟာရဇ အဋ္ဌကလာပ်ရုပ်ကို ဖြစ်စေ၏၊ ထိုအခါမှစ၍ အာဟာရဇကလာပ်နှစ်စည်းတို့သည် စုတိတိုင်းအောင် ခပ်သိမ်းသော စိတ်တို့၏ ခဏ ၃-ပါ၌ဖြစ်ကုန်၏၊

ဤသို့လျှင် စိတ္တဇရုပ်တို့သည် စိတ်တို့၏ဥပါဒ်ခဏ၌သာ ကမ္မဇ၊ ဥတုဇ, အာဟာရဇရုပ်တို့သည် စိတ်တို့၏ ခဏ၃-ပါး၌ဖြစ်ဟန်ကို-

ဋီကာ၌-

စိတ္တဇာ စိတ္တဿ ဥပ္ပါဒက္ခဏေ၊ ကမ္မဥတုဇအာဟာရဇာ ပနတီသု ခဏေသု ဥပ္ပဇ္ဇန္တိ-

ဟူ၍ မိန့်၏၊

---

၂၈၇-ကံစိတ် ဥတု အာဟာရဟူ၍ ဒေသနက္ကမအားဖြင့် ခေါ်ဆိုရပုံကို ပြခြင်း

မေး။ ။ကံ, စိတ်, ဥတု၊ ပြသည့်ရုပ်မူ၊ သန္ဓေယူသော်၊ အတူမဝေး၊ ရှေ့နောက်ဘယ်ရုပ် ဖြစ်သနည်း။

ဖြေ။ ။ ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏ၌ ကမ္မဇရုပ်, ဌီခဏ၌ ဥတုဇရုပ်, ပထမဘဝင်၏ ဥပါဒ်၌ စိတ္တဇရုပ်, ထို့နောက်မှ အာဟာရဇရုပ် ဖြစ်ရကားဖြစ်စဉ်အားဖြင့် ကံ, ဥတု, စိတ် အာဟာရ ဟူ၍ ဖြစ်သည်။ ဒေသနာစဉ်အားဖြင့်သာ ကံ, စိတ်, ဥတု, အာဟာရဟူ၍ ခေါ်သည်။

---

၂၈၈-သတ္တဝါတို့ မသေရာကာလကို ပြခြင်း

မေး။ ။သေမင်းခေါ်ရာ၊ မလိုက်သာ၊ ဘယ်အခါတွင် လပ်သနည်း။

ဖြေ။ ။ ပဋိသန္ဓေစိတ်၏ ဥပါဒ်နှင့်အတူဖြစ်သော ကမ္မဇရုပ်တို့သည် စိတ္တက္ခဏ ၁၇-ချက်, ခဏငယ်၅၁-ချက် အသက်ရှိသည်ဖြစ်၍ သောဠသမဘဝင်၏ ဘင်နှင့် ပြိုင်၍ ချုပ်၏၊ ဤစိတ်(၁၇) ချက်အတွင်း၌ ဥပပတ္တိကာလဖြစ်၍ သေမင်းမခေါ် ခေါ်သော်လည်း မလိုက်ရ။ မရဏမရှိသောအခါ ဟူပေ။

ထို့ကြောင့်-

သဒ္ဒေါဝိကာရော ဇရတာ၊ မရဏေဉ္စာပပတ္တိယံ-

ဟု အရှင်အနုရုဒ္ဓါဆရာ မိန့်အပ်ပြီ။

---

၂၈၉-ပဋိသန္ဓေအခါ ဩဇပျံ့နှံ့ ရာကာလကို ပြခြင်း

မေး။ ။ အာဟာရဇရုပ်ဟု ဆိုအပ်သော ဩဇာသည် ဌီသို့ရောက်သည် ဖြစ်၍ ရုပ်ဖြစ်စေ၏ ဟူသော် ကာလအားဖြင့် ဘယ်မျှကြာသနည်း။

ဖြေ။ဧကဿ ဝါ, ဒွိန္နံဝါ, သတ္တာဟာနံ ဂတကာလေ၊ ဖရတီတိ ဝေဒိ-တဗ္ဗံ ဟူသော ဒီပနီနှင့်အညီ တသတ္တာဟ၎င်း၊ နှစ်သတ္တာဟ၎င်း ရောက်သော ကာလ၌ နှံ့၏ ဟူပေ။

အဘယ်သို့ဝင်၍ နှံ့သနည်းဟူငြားအံ့-

တဿဟိ နာဘိတော ဥဌိတော နာဠော မာတုယာ ဥဒရပဋ-လေန ဧကာဗဒ္ဓေါ ဟောတိ သော ဥပ္ပလဒဏ္ဍော ဝိယ ဆိဒ္ဒါဝဆိဒ္ဒေါ၊ တေန သော တတ္ထ အာဟာရရသော သံသရိတွာ အာဟာရသမုဌာန ရူပံ သမုဋ္ဌာပေတိ-

ဟူသော သမ္မောအဋ္ဌကထာနှင့်အညီ သူငယ်၏ချက်မှပေါက်သော ချက်တန်သည် အမိဝမ်းရေနှင့် တစပ်တည်းတည်၏၊ ထိုချက်တန်သည် ကြာရိုးကဲ့သို့အပေါက်ကြီးငယ်တို့ အသွယ်သွယ်ရှိကုန်ရကား အမိစားမျိုးသော အာဟာရသည် ထိုချက်တန်ပေါက်မှ သက်ဝင်၍ ပျံ့နှံ့သဖြင့် သူငယ်၏ သဏ္ဌာန်၌ အာဟာရရုပ်ကို ဖြစ်စေ၏ ဟူပေ။

မဏိမဉ္ဇူဋီကာ၌ကား-

ဧကဿဝါ ဒွိန္နံ ဝါ သတ္တာဟာနံ အတိက္ကမ္မ မာတရာ ဘုတ္တံ ကုစ္ဆိဂတဿ သရီရေ အဗ္ဘဂ ႍ ဝိယ အာဟာရကိစ္စံ ကရောတိဟူ၍ မိန့်သည်။

အဓိပ္ပါယ်ကား-တခုသော သတ္တာဟကို၎င်း, နှစ်ခုသော သတ္တာဟကို၎င်း လွန်၍ အမိစားအပ်သော အာဟာရသည် ဝမ်း၌တည်သော သူငယ်အား နယ်ဆီကဲ့သို့ ပျံ့နှံ့၍ အာဟာရကိစ္စကို ပြု၏ ဟူလိုသည်။

နရသီဟပျို့၌ကား-

ဇမ္ဗူဒီပါ၊ ကျွန်းမျက်နှာ၌၊ များစွာရပ်နေ၊ လူဗိုလ်ချေ၏၊ ထိပ်ဗွေဦးခေါင်း၊ ဆံတချောင်းကို၊ ဆင့်လောင်းစိတ်ဖြာ။ ၁၆-မြွာမှ၊ မြောက်မှာကျွန်းသူ၊ လူတို့ဆံနှင့်၊ နှိုင်းစံတူကြ၊ တပင်ရလျက်၊ ထိုကတဖန်၊ ၁၆-ပြန်မှ၊ အလွန်တရာ၊ သိမ်မွေ့စွာသား၊ ရွှေစာမရီ၊ သားဧဏီ၏၊ နံဆီအပါး၊ လက်တီးကြား၌၊ ရောက်ငြားဖွဲ့သေး၊ ထိုအမွေးနှင့်၊ နှိုင်းသွေးတူချင်၊ ထိုမွေးမှင်နှင့်၊ ထပ်လျှင်ပြန်ရာ၊ စစ်ပြီးစွာသား၊ ဆီနံ့သာဝယ်၊ နှစ်ကာဖျားငြိ၊ စွတ်သည်ရှိမျှ၊ ပဋိသန္ဓေ၊ တည်နေအစ၊ ကလလက၊ ထိုမှအဗ္ဗုဒါ၊ နောက်မှာပေသိ၊ ဃနိမည်ရ၊ သတ္တာဟချည်း၊ ပေါင်းစည်းပေါ်ငြိမ်း၊ ဒွတ္တိံ သကာယာ၊ အင်္ဂါအပြား၊ ဓာတ်၄-ပါးနှင့်၊ တခြားဥတု၊ စိတ်ကံပြုသား၊ မာတုဘုဉ္ဇ၊ အာဟာရကား၊ တိသတ္တာဟ၊ တိုင်းလတ်မှလျှင်၊ ချက်ကဝင်ထွေ၊ မျှတုံပေ၏၊ မြဲနေဆယ်လ၊ သန္ဓေပသည်၊ ကာလမြင့်မြဲ- ကြာတင်တည်း။

ဟူ၍ စပ်ဆိုသည်။

ကမ္မဇရုပ်၁၈-ပါး။ ။ဟဒယဝတ္ထု, ပသာဒရုပ် ၅-ခု, ဘာဝရုပ်၂-ခု, ဇီဝိတရုပ်၁-ခု ဤ ၉-ခုသည် ကမ္မဇရုပ် ဧကန်မည်၏၊ အဝိနိဗ္ဘောဂရုပ် ၈-ခု, အာကာသဓာတ် ဤ ၉-ခုသည် စတုဇရုပ် အနေကန်မည်၏၊

ဤသို့ ဧကန် ၉-ခု၊ အနေကန် ၉-ခုအားဖြင့် ကမ္မဇရုပ် အဋ္ဌာရသ ဖြစ်၏၊

စိတ္တဇရုပ် ၁၅-ပါး။ ။ဝိညတ်ဒွေ၊ လဟုတာဒိတ္တယ ၃-ခု၊ သဒ္ဒ ဤ ၆-ပါးသောရုပ်သည် စိတ်ကြောင့် ဖြစ်၏၊ အဝိနိဗ္ဘောဂရုပ် ၈-ခု၊ အာကာသဓာတ် ဟူသော အနေကန် ၉-ပါးနှင့် ပေါင်း၍ စိတ္တဇရုပ် ပန္နရသ ဖြစ်သတည်း။

ဥတုဇရုပ် ၁၃-ပါး။ ။သဒ္ဒ၊ လဟုတာဒိတ္တယ ဤ ၄-ပါးသည် ဥတုကြောင့် ဖြစ်၏၊ ယခင်အနေကန် ၉-ပါးနှင့် ပေါင်း၍ ဥတုဇရုပ် တေရသ ဖြစ်၏၊

အာဟာရဇရုပ် ၁၂-ပါး။ ။လဟုတာဒိတ္တယတွင် ယခင် အနေကန် ၉-ပါးနှင့်ပေါင်း၍ အာဟာရဇရုပ် ဒွါဒသ ဖြစ်၏၊။ဤကား ရူပသမုဋ္ဌာန်၌ သိမှတ်ဖွယ်တည်း။

---

၂၉၀-ရုပ်ကလာပ်ဖွဲ့ရာ အင်္ဂါလေးပါးကို ပြခြင်း

ကံ အစရှိသော အကြောင်း ၄-ပါးကြောင့် ဖြစ်ကုန်သော ရုပ်တို့သည် တခုစီ၊ တခုစီ အားဖြင့် မဖြစ်ကုန်။ သဘောတူရာပေါင်း၍ တစု၊ တစု အားဖြင့် ဖြစ်ကုန်၏ဟု ပြခြင်းဌာ-

ဧကုပ္ပါဒါ ဧကနိရောဓာ၊ ဧကနိဿယာ သဟဝုတ္တိနော-

ဟူသော လက္ခဏာ ၄-ပါးကို ဆိုတော်မူသည်။ ထို ၄-ပါးတို့တွင် ကလာပ်ဖော်ရုပ်တို့၏ ဥပါဒ်ချင်း၊ ဌီချင်း၊ ဘင်ချင်း တူ၍ဖြစ်သည်ကို ဧကုပ္ပါဒဧကနိရောဓဆိုသည်။

ကလာပ်တခုတည်း၌ဖြစ်သော ဥပါဒါရုပ် တို့၏ တပါးတပါးသော မဟာဘုတ်၊ ၃-ပါး၊ ၃-ပါး သော မဟာဘုတ်၊ ၂-ပါး၊ ၂ပါးသော မဟာဘုတ်၊ မှီရာတူသည်ကို ဧကနိဿယ ဆိုသည်။

လက္ခဏာ အသီးသီးရှိသော ရုပ်ကလာပ်တို့သည် ပေါင်း၍ပေါင်း၍ ဖြစ်သည်၏ အဖြစ်ကို သဟဝုတ္တိ ဆိုသည်ဟူ၍ မှတ်။

---

၂၉၁-ဧကုပ္ပါဒနှင့် သဟဝုတ္တိ နှစ်ပါး၏ အထူးကို ပြခြင်း

မေး။ ။ဧကုပ္ပါဒနှင့် သဟဝုတ္တိသည် ဘယ်သို့ ထူးသနည်း။

ဖြေ။ ။တခုတည်းသော ကလာပ်၌တည်သော ရုပ်တို့၏ ဥပါဒ်၊ ဌီ၊ ဘင်ဟူ၍ဖြစ်သည်ကို ဧကုပ္ပါဒ ဆိုသည်။ ဂဗ္ဘသေယျက တို့အား ၃-စည်း၊ သံသေဒဇ ဥပပါတ် တို့အား ရစည်း၊ ရူပပုဂ္ဂိုလ်တို့အား ၄- စည်းသော ကလာပ်တို့သည် ပဋိသန္ဓေမှစ၍ တပေါင်းတည်း ဖြစ်သည်ကို သဟဝုတ္တိ ဆိုသည်။ ဤသို့ ထူးကြ၏ ဟူပေ။

---

၂၉၂-စက္ခုဒသက ခေါ်ဆိုရပုံကို ပြခြင်း

စက္ခုနာ ဥပလက္ခိတံ ဒသကံ စက္ခုဒသကံ။

စက္ခုနာ၊ စက္ခုဖြင့်။ ဥပလက္ခိတံ၊ မှတ်အပ်သော။ ဒသကံ၊ ရုပ် ၁၀ခု အပေါင်းတည်း။ စက္ခုဒသကံ၊ စက္ခုဖြင့် မှတ်အပ်သော ရုပ် ၁၀-ခုအပေါင်း။ ကြွင်းသော ကလာပ်တို့၌လည်း ဤနည်းအတူ ဝိဂြိုဟ်ပြု။

---

၂၉၃-ယေဘုယျနည်းအားဖြင့် ဝိညတ်ရုပ်တို့ကိုလည်း ကလာပ်ဖွဲ့စည်းရာ ပါဝင်ပုံကို ပြခြင်း

မေး။ကာယဝိညတ္တိ နဝကကလာပ်ဝစီဝိညတ္တိ ဒသကကလာပ် တို့၌ဝိညတ်ရုပ်တို့သည် စိတ္တာနုပရိပတ္တဓမ္မဖြစ်၍ တပါးရုပ်တို့ကဲ့သို့ သတ္တရသာယုက မဖြစ်ရကား ယခင်လက္ခဏာ ၄-ပါးတွင် ဘယ်သို့ ဧကုပ္ပါဒ, ဧကနိရောဓ ဖြစ်နိုင်အံ့နည်း။

ဖြေ။ ။ ဤဝိညတ်ရုပ်တို့သည် ဧကနိရောဓ မဖြစ်သော်လည်း ရှမ်း, တလိုင်း, မြန်မာ ရှိသော်လည်း ပုဏ္ဏားများခြင်းကြောင့် ဗြာဟ္မဏဂါမ ခေါ်ဝေါ်ရသကဲ့သို့ ဧကနိရောဓဖြစ်သော ရုပ် များသောကြောင့် ယေဘုယျဝုတ္တိနည်းအားဖြင့် ဆိုလေသည်။ (ဝါ) မခေါ်ဝေါ်အပ်သောကြောင့် အဗ္ဗောဟာရိကနည်းအားဖြင့် ဆိုလေသည်ဟူပေ။

---

၂၉၄-ဗဟိဒ္ဓ၌ ရနိုင်သော ကလာပ်တို့ကို ပြခြင်း

မေး။ ။ဧကဝီသ၊ ကလာပ်ရဝယ်၊ ဗဟိဒ္ဓမှာ၊ ထိုက်လျော်စွာ ဖြစ်ရာကလာပ် ဘယ်မျှနည်း။

ဖြေ။တတ္ထ သုဒ္ဓဋ္ဌကံ သဒ္ဒနဝကေဉ္စတိ ဒွေ ဥတုသမုဋ္ဌာနကလာပါ။ ဗဟိဒ္ဓါပိ လဗ္ဘန္တိ။ ။ဟူသော ပါဌ်နှင့်အညီ သုဒ္ဓဋ္ဌက ကလာပ်သဒ္ဒနဝကကလာပ်အားဖြင့် နှစ်ပါးသော ကလာပ်တို့ကို တော, တောင်, ရေ, မြေ, အစ ရှိသော ဗဟိဒ္ဓသန္တာန်၌ ရအပ်၏ ဟူလိုသည်။ ထိုတွင် ရေ, မြေ, သစ်ပင်တို့၌ သုဒ္ဓဋ္ဌက ကလာပ်ရသည်။ သစ်ပင် သစ်ခက်တို့ ထိခိုက်၍ အသံဖြစ်သောအခါ တို့၌ သဒ္ဒနဝက ကလာပ်ကိုရသည်။

---

၂၉၅-ဝစိဝိညတ် ဒသက ကလာပ်နှင့် တေရသက ကလာပ်တို့ ထူးခြားပုံကိုပြခြင်း

မေး။ ။စိတ္တဇကလာပ် ၆-စည်းတို့တွင် ဝစိဝိညတ္တိဒသက ကလာပ်နှင့် ဝိစီ-ဝိညတ္တိသဒ္ဒလဟုတာဒိ တေရသက ကလာပ်တို့သည် ဘယ်သို့ ထူးသနည်း။

ဖြေ။ ။ယောင်ယမ်း၍ ဆိုသောအသံ, အက္ခရာ မပြီသပဲဆိုသော အသံတို့၌ ဝစီဝိညတ္တိဒသက ကလာပ်ဖြစ်သည်။ အက္ခရာပြီပြင်စွာ ပြောဆိုသောအသံတို့၌ ဝစီဝိညတ္တိသဒ္ဒလဟုတာဒိ တေရသက ကလာပ်ဖြစ်သည် ဟူပေ။

---

၂၉၆-ကလာပ်ဖွဲ့ရာ မပါဝင်သော ရုပ် ၅-ပါးကို ပြခြင်း

မေး။ ။လက္ခဏာနှင့်၊ အာကာသဓာတ်၊ ရုပ်ငါးရပ်ကို၊ ကလာပ်အင်္ဂါ၊ ဘယ်ကြောင်းရာ ကြောင့် မသွင်းသနည်း။

ဖြေ။အာသဓာတ်သည် တပါးသောရုပ်တို့၏ ပိုင်းခြားခြင်းသဘော, လက္ခဏရုပ် ၄-ခုသည်လည်း တပါးသောရုပ်တို့၏ လက္ခဏာမျှ ဖြစ်သောကြောင့် ကလာပ်၏ အင်္ဂါမဟုတ်ရကား ကလာပ်စည်းရာ၌ မသွင်းသည်။

---

၂၉၇-ကလာပ်၂၁-စည်းတွင်ရုပ်ပေါင်း၃၁၆-ပါးဖြစ်ပုံကို ပြခြင်း

ကမ္မဇကလာပ် ၉-စည်း, စိတ္တဇကလာပ်၆-စည်း, ဥတုဇကလာပ် ၄-စည်း, အာဟာရဇကလာပ် ၂- စည်းအားဖြင့် ၂၁-ပါးသော ကလာပ်တို့တွင် တပါးတပါး၌ လက္ခဏရုပ် ၄-ပါး, ပရိစ္ဆေဒရုပ်တပါး အားဖြင့် ငါးခုသော ရုပ်တို့ကိုရကောင်းရကား-

၂၁-ပါးတို့တည်-၅ခုဖြင့် မြှောက်သော်-တရာ့ငါးပါးဖြစ်၏

ကလာပ် ၂၁စည်းတို့တွင်-

  • သုဒ္ဓဋ္ဌက ကလာပ် ၃-စည်း၌ ရုပ်ပေါင်း -၂၄-ပါး။
  • နဝက ကလာပ် ၃-စည်း၌ ရုပ်ပေါင်း-၂ရပါး။
  • ဒသက ကလာပ်၉-စည်းတို့၌ ရုပ်ပေါင်း၉၀-ပါး။
  • ဧကာဒသက ကလာပ် ၃-စည်းတို့၌ ရုပ်ပေါင်း-၃၃ ပါး။
  • ဒွါဒသက ကလာပ်၂-စည်းတို့၌ ရုပ်ပေါင်း-၂၄-ပါး။
  • တေရသက ကလာပ်၌ ရုပ်ပေါင်း-၁၃ပါး။

ဤအလုံးစုံကို ပေါင်းသော် ရုပ်ပေါင်း- ၂၁၁ပါး ဖြစ်၏၊

ထိုရုပ်တို့၌ ယခင် တရာ့ ငါးပါးကို ထည့်သော်-၃၁၆-ပါးဖြစ်၏

ထိုရုပ် တို့၌ နိပ္ဖန္နရုပ်တို့သည်- ၁၈၉ပါးဖြစ်၏၊

ထို့ကြောင့် ဒီပနီ၌-

လက္ခဏာကာသရူပါနိ၊ ကလာပေသု တဟိံ တဟိံ။
ပဉ္စပဉ္စေဝါတိ ရူပါနိ၊ တိသတံ သောဠသာဓိကာတိ-

ဟူ၍ မိန့်ဆိုသည်။

တဟိံ တဟိံ ကလာပေသု၊ ထိုထိုသောကလာပ်တို့၌။ လက္ခဏာကာသ-ရူပါနိ၊ လက္ခဏရုပ်, အာကာသရုပ် ဖြစ်ကုန်သော။ ပဉ္စ ပဉ္စေဝ၊ ငါးပါး ငါးပါးစီတို့ကိုလျှင်။ ကတွာ၊ ပြု၍။ ဣတိရူပါနိ၊ ဤအလုံးစုံသော ရုပ်တို့သည်။ သောဠသာဓိကာ၊ ၁၆-ပါး အလွန်ရှိသော။ တိသတံ၊ သုံးရာသည်။ ဟောတိ၊ ဖြစ်၏၊။ဤကား ရူပကလာပ ယောဇနာ၌ မှတ်ဖွယ်တည်း။

၂၉၈-ပဝတ္တိ ပဋိသန္ဓေအခါရသင့်ရာသော ရုပ်တို့ကို ဝေဖန်၍ ပြခြင်း

ကာမ ၁၁- ဘုံ၌ ပဝတ္တိကာလဝယ် ပုရိသတို့အား ဣတ္တိဘောကို ချ၍ ၂၇-ပါး၊ မိန်းမတို့အား ပုမ္ဘောကိုချ၍ ၂၇-ပါးသော ရုပ်တို့ကို ရကောင်းရကား ပြည့်စုံသော ဣန္ဒြေရှိသော ပုဂ္ဂုလ်တို့အား အလုံးစုံသော ရုပ်တို့ကို ရအပ်ကုန်၏ ဟူလိုသည်။

ပဋိသန္ဓေအခါ၌ကား သံသေဒဇ၊ ဥပပါတ်တို့အား အလွန်၏ အစွမ်းအားဖြင့် စက္ခုဒသက၊ သောတဒသက၊ ဃာနဒသက၊ ဇိဝှါဒသက၊ ကာယဒသက၊ ဘာဝဒသက၊ ဝတ္ထုဒသကအားဖြင့် ၇-ပါးသော ဒသကတို့သည် တပြိုင်နက် ဖြစ်ကြကုန်၏။

ယုတ်သည်၏ အစွမ်းဖြင့်ကား ဇစ္စန္ဓတို့အား စက္ခုဒသကကိုချ၍ ၆-ပါး၊ ဇစ္စဗဓိရတို့အား သောတကိုချ၍ ၆-ပါး၊ ဇစ္စဃာနတို့အား ဃာနကိုချ၍ ၆-ပါး၊ နပုံ၊ ပဏ္ဍုက်တို့အား ဘာဝကိုချ၍ ၆-ပါး၊ ကမ္ဘာဦးသားတို့အားလည်း ဘာဝရုပ်ကိုချ၍ ၆-ပါး၊ စက္ခု၊ သောတ နှစ်ပါးစုံချို့သောသူတို့အား ၂-ပါးကိုချ၍ ၅-ပါး၊ စက္ခု၊ သောတ၊ ဃာန၊ ၃-ပါးချို့သောသူတို့အား ၃-ပါးကိုချ၍ ၄-ပါး၊ စက္ခု၊ သောတ၊ ဃာန၊ ဘာဝ ချို့သောသူတို့အား ၄-ပါးလုံးကိုချ၍ ၃-ပါးသော ကလာပ်တို့သည် ဖြစ်ကုန်၏။

---

၂၉၉-စက္ခုစသည်တို့ ချို့သင့် မချို့သင့်သော ပုဂ္ဂိုလ်တို့ကို ပြခြင်း

ယင်းသို့ စက္ခုစသည်တို့၏ ချို့ခြင်းသည် သုဂတိဘုံ၌ သံသေဒဇ ပဋိသန္ဓေနေသောသူတို့အား ဖြစ်ကုန်၏။ ဥပပါတ်ပဋိသန္ဓေနေသော သူတို့အား မဖြစ်ကုန်။ ဘယ့်ကြောင့်နည်းဟူမူ ကြီးမြတ်သော ကုသိုလ်ကံကြောင့်သာ ဥပပါတ်ပဋိသန္ဓေ နေရလေသောကြောင့်တည်း။

ဘာဝရုပ်တို့၏ မရခြင်းကိုလည်း ကမ္ဘာဦး၌ ဖြစ်သော လူဥပပါတ်တို့ကိုသာ ယူအပ်ကုန်၏။

ဒုဂ္ဂတိဘုံ၌ကား စက္ခု၊ သောတ၊ ဘာဝ ရုပ်တို့၏ချို့ခြင်းကို သံသေဒဇ၊ ဥပပါတ် နှစ်မျိုး၌ပင် ရအပ်၏။

ဃာန၏ချို့ခြင်းကား သံသေဒဇတို့၌သာ ဖြစ်၏၊ ဥပပါတ်တို့၌ မဖြစ်။ ထို့ကြောင့် ယမိုက်အဋ္ဌကထာ၌ အဃာနကော ဩပပါတိကော နတ္ထိ ဟူ၍ မိန့်တော်မူသည်။

အမိဝမ်း၌ ကိန်းရကုန်သော အဏ္ဍဇ၊ ဇလာဘုဇ၊ သတ္တဝါတို့အား ကာယဒသက၊ ဘာဝဒသက၊ ဝတ္ထုဒသက အားဖြင့် ၃-စည်းသော ကလာပ်တို့သည် ပဋိသန္ဓေ၏ ဥပါဒ်မှစ၍ ဖြစ်ကုန်၏။

ထို ၃-စည်းတို့တွင်လည်း နပုံ၊ ပဏ္ဍုက်တို့အား ဘာဝဒသကကို မရကုန်။ စက္ခုဒသက၊ သောတဒသက၊ ဃာနဒသက၊ ဇိဝှါဒသက တို့သည်ကား အဋ္ဌကထာတို့၏ အလိုအားဖြင့် သတ္တမသတ္တာဟမှစ၍၊ ဋီကာအလိုအားဖြင့် ဧကာဒသမ သတ္တာဟမှစ၍ တသတ္တာဟစီ အစဉ်အတိုင်း ဖြစ်ကုန်၏။

---

၃၀၀-ပဋိသန္ဓေ တည်နေစဉ်အစကလလရေကြည် ပမာဏံကို ပြခြင်း

ဂဗ္ဘသေယျက သတ္တဝါတို့၏ ပဋိသန္ဓေတည်ဟန်ကို သမ္မောဟဝိနောဒနီ (နှာ-၂၀) ၌ ပြသည်ကား-

ဂဗ္ဘသေယျကသတ္တာနဥှို ပဋိသန္ဓိက္ခဏေ ပဉ္စက္ခန္ဓဏေ အပစ္ဆ အပုရေ ဧကတော ပါတုဘသန္တိ။ တသ္မိံခဏေ ပါတုဘူတာ ကလလသင်္ခါတာ ရူပသန္တတိ ပရတ္တာ ဟောတိ။

အစရှိသည်တည်း။

ထိုပါဌ်၏ အဓိပ္ပါယ်ကား- အမိဝမ်း၌ကိန်း၍ သန္ဓေယူရသော သတ္တဝါတို့အား ပဋိသန္ဓေ၏ ဥပါဒ်ခဏ၌ ခန္ဓာငါးပါးတို့သည် မရှေးမနှောင်း တပြိုင်နက်ထင်ရှားဖြစ်ကုန်၏။ ထိုသို့ဖြစ်သော ရေကြည်ဟုဆိုအပ်သော ရုပ်အစဉ်သည် အလွန်နည်း၏၊ ယင်ငယ်သည် တကြိမ်သောလုံ့လဖြင့် သောက်လောက်ရုံမျှသာ ရှိ၏။

ထိုသို့ပြပြီး၍ တဖန် ဤပမာဏပင် များလှသေး၏၊ သိမ်မွေ့စွာသော အပ်ကိုဆီ၌ ချ၍ ဆယ်လတ်သော် အပ်သွားဖျား၌ပါသော ဆီပေါက်မျှလောက်သာ ရှိ၏ဟု ဆိုပြန်၏။

ထိုစကားကိုလည်း များသည်ဟု ပယ်ပြန်၍ ဤဇမ္ဗူဒိပ်ကျွန်းသူ လူတို့၏ ဆံကို ရှစ်စိတ်စိတ်၍ တစိတ်မျှသည် ဥတ္တရကုရုကျွန်းသူတို့၏ ဆံပင်ဖြစ်၏၊ ထိုဆံတပင်နှင့် ကြည်လင်စွာသောဆီ၌ နှစ်၍ ဆယ်သော် ဆံဖျားတွင်ပါသော ဆီပေါက်မျှလောက်သာ ရှိ၏ဟု ဆိုပြန်၏။

ထိုပမာဏကိုပင် များသည်ဟု ပယ်ပြန်၍ ဟိမဝန္တာဝယ် ဇာတိဥဏ္ဏမည်သော သိမ်မွေ့သော သားသတ္တဝါသည် ရှိ၏၊ ထိုသား၏ အမွေးတမျှင်ကို ကြည်လင်သောဆီ၌ နှစ်၍ အဖျား၌ တင်လျက်ပါသော ဆီပေါက်ပမာဏသာ ဖြစ်၏ ဟူ၍ ဆိုကုန်၏။

ထိုဆီပေါက်မျှသောရုပ်သည် အလွန်ကြည်လင် သန့်ရှင်း၏ဟု ပြတော်မူလိုသော မြတ်စွာဘုရားသည်-

တိလတေလဿ ယထာ ဗိန္ဓု၊ သပ္ပိမဏ္ဍော အနာဝိလော။
ဧဝံ ဝဏ္ဏပဋိဘာဂံ၊ ကလလန္တိ ပဝုစ္စတိ။

ဟူ၍ မိန့်တော်မူသည်။

တိလတေလဿ၊ သာမွေးဖျား၌ငြိသော နှမ်းဆီ၏၊ ဗိန္ဓု ယထာ၊ အပေါက်ကဲ့သို့၎င်း။ အနာဝိလော၊ နောက်ကျုခြင်းမရှိသော၊ သပ္ပိမဏ္ဍော ယထာ စ၊ ထောပတ်ကြည်ကဲ့သို့၎င်း။ ဧဝံ၊ ဤအတူ။ ကလလံ၊ ရေကြည်ဟူသောရုပ်ကို။ ဝဏ္ဏပဋိဘာဂံ၊ တူသောအဆင်း သဏ္ဌာန်ရှိ၏ ဟူ၍၊ ပဝုစ္စတိ၊ ဆိုအပ်၏။

ဤသို့ သေးဖွဲ့ငယ်နုလှသောရုပ်၌ ဝတ္ထုဒသက၊ ကာယဒသက၊ မိန်းမတို့အား ဣတ္ထိဘော၊ ယောကျ်ားတို့အား ပုမ္ဘောဟူသော ဘာဝဒသက၊ ဤ ၃-ပါးသော ရုပ်တို့သည် ဖြစ်ကုန်၏။ ထို ၃-ပါးတို့တွင် ဝတ္ထုရုပ်သည် မိမိ၏ မှီရာဖြစ်သော မဟာဘုတ် ၄-ပါး၊ ထိုကိုမှီသော ဝဏ္ဏ၊ ဂန္ဓ၊ ရသ၊ ဩဇာ၊ ဇီဝိတ ဟူသောရုပ် ၉-ပါးနှင့် တပေါင်းတည်းဖြစ်၍ ဝတ္ထုဒသက မည်၏။

ကာယပသာဒသည် မိမိ၏မှီရာဖြစ်သော မဟာဘုတ် ၄-ပါး၊ ထိုကိုမှီသော ဝဏ္ဏ၊ ဂန္ဓ၊ ရသ၊ ဩဇာ၊ ဇီဝိတ ဟူသော ရုပ် ၉-ပါးတို့နှင့် တပေါင်းတည်းဖြစ်၍ ကာယဒသက မည်၏။

ဘာဝရုပ်သည်လည်း မိမိ၏မှီရာဖြစ်သော မဟာဘုတ် ၄-ပါး၊ ထိုကိုမှီသော ဝဏ္ဏ၊ ဂန္ဓ၊ ရသ၊ ဩဇာ၊ ဇီဝိတ ဟူသော ရုပ် ၉-ပါးတို့နှင့် တပေါင်းတည်းဖြစ်၍ ဘာဝဒသက မည်၏။

ဤသို့ အမျှ ၃၀-သော ကမ္မဇရုပ်တို့သည် ပဋိသန္ဓေစိတ်နှင့် တပြိုင်နက်ဖြစ်ကုန်၏၊ ထိုရုပ်တို့သည် ရူပက္ခန္ဓာ မည်၏၊ ပဋိသန္ဓေစိတ်နှင့် တကွဖြစ်သော ဝေဒနာသည် ဝေဒနာက္ခန္ဓာမည်၏၊ သညာသည် သညာက္ခန္ဓာမည်၏၊ ကြွင်းသော စေတသိက်တို့သည် သင်္ခါရက္ခန္ဓာမည်၏၊ ပဋိသန္ဓေစိတ်သည် ဝိညာဏက္ခန္ဓာမည်၏။ ဤသို့ ခန္ဓာငါးပါးတို့သည် တပြိုင်နက်ဖြစ်ကုန်၏ ဟူလိုသည်။

---

၃၀၁-ပဋိသန္ဓေအခါ သတ္တာဟဖြစ်ပုံကို ပြခြင်း

ထိုကလလ ရေကြည်သည် ၇-ရက်ပတ်လုံးတည်၍ လွန်လတ်သော် သားဆေးရည်နှင့်တူသော အမြှုပ်သည် ၇-ရက်ပတ်လုံးဖြစ်၏။

ထို ၇-ရက်ကို လွန်ပြန်သော် ငရုတ်သီး၊ တင်လဲနှင့်တူသော သားတစ်သည် ၇- ရက်ပတ်လုံးဖြစ်၏။

ထို ၇-ရက်ကို လွန်ပြန်သော် ကြက်ဥသဏ္ဍာန်နှင့်တူသော သားစိုင်အခဲသည် ၇-ရက် ပတ်လုံးဖြစ်၏။

ထို ၇-ရက်ကို လွန်ပြန်သော် ခြေနှစ်ချောင်း လက်နှစ်ချောင်း ဦးခေါင်း ဖြစ်ခြင်း ဌာ ငါးဖြာသော အဖုတို့သည် ထွက်၍ ၇-ရက်ပတ်လုံးကြီးပွား၏။

ထို ၇-ရက်ကို လွန်သောကာလ-

ဆဋ္ဌမသတ္တာဟပတ်လုံး သူငယ်ရင့်ခြင်းသို့ ရောက်၏။

ထို့နောက် သတ္တမသတ္တာဟ၌ စက္ခုပသာဒသည် ဖြစ်၏။

ထို့နောက် အဋ္ဌမသတ္တာဟ၌ သောတဒသကသည် ဖြစ်၏။

ထို့နောက် နဝမ သတ္တာဟ၌ ဃာနဒသကသည် ဖြစ်၏။

ထို့နောက် ဒသမ သတ္တာဟ၌ ဇီဝှါဒသကသည် ဖြစ်၏။

ဤသို့အစဉ်အားဖြင့် ဖြစ်၍ ၄၂- သတ္တာဟ ရောက်သောအခါ ကေသာ၊ လောမာ အစရှိသော ကောဋ္ဌာသတို့သည် ဖြစ်ကုန်၏။ ထိုအနက်ကို သိစေခြင်းဌာ-

သင်္ခေပဋီကာ၌-

ပထမံ ဟိ ကလလံ သတ္တာဟံ ဟောတိ။ ပ။ နဝမ သတ္တဟာ တိက္ကမေန၊ ဇီဝှါပသာဒေါ၊ ဒသမံ သတ္တာဟံ ဇာယတိ ကေသာဒယော ပန ဒွါစတ္တာလီသမေ သတ္တာဟေ ဟောန္တိ-

ဟူ၍ ပြဆိုသည်။

---

၃၀၂-အဘိဓမ္မာ ဋီကာဝါဒအရ သတ္တဟဖြစ်ပုံကို ပြခြင်း

အဘိဓမ္မာဋီကာကို စီရင်သော ရှင်အာနန္ဒာ၏ အလိုအားဖြင့်ကား-

ပထမံ ကလလံ ဒွိသတ္တာဟံ, အဗ္ဗုဒံ ဒွိသတ္တာဟံ, ပေသိ ဒွိသတ္တာဟံ, ဃနံ ဒွိသတ္တာဟံ, ပဉ္စပသာခါ ဒွိသတ္တာဟာ ဟောန္တိ, တတောအတိက္ကမေန စက္ခုပသာဒေါ ဧကာဒသမသတ္တာဟံ, တတော သော တပသာဒေါ ဒွါဓသမံ သတ္တာဟံ, တတော ဃာနပသာဒေါ တေရသမံ သတ္တာဟံ, တတော ဇိဝှါပသာဒေါ စုဒ္ဒသမံ သတ္တာဟံ ဇာယတိ-

ဟူ၍ ဆိုသည်။

အဓိပ္ပါယ်ကား - ရှေးဦးစွာ ကလလရေကြည်သည် နှစ်သတ္တာဟ ဖြစ်၏။

ထို့နောက် အမြှုပ်နှစ်သတ္တာဟ၊ ထို့နောက် သားတစ် နှစ်သတ္တာဟ၊ ထို့နောက် အခဲ နှစ်သတ္တာဟ၊ ထို့နောက် ခက်မငါးဖြာ နှစ်သတ္တာဟ ဖြစ်သည်။

ထို့နောက်မှ ဧကာဒသမသတ္တာဟ၌ စက္ခုဒသက၊ ဒွါဒသမသတ္တာဟ၌ သောတဒသက၊ တေရသမသတ္တာဟ၌ ဃာနဒသက၊ စုဒ္ဒသမသတ္တာဟ၌ ဇိဝှါဒသက ဖြစ်၏ ဟူလိုသည်။

ဤသို့ အဋ္ဌကထာနှင့်ဋီကာ မညီဆိုကြခြင်းသည် အကြောင်းဘယ်သို့နည်း ဟူငြားအံ့၊ ဂဗ္ဘသေယျကသန္ဓေနေသော သတ္တဝါတို့သည် ကာလမညီကြ။ ဆိတ်၊ ခွေး အစရှိသည်တို့မှာ နှစ်လခန့်ကြာသည်၊ နွား၊ ကျွဲ၊ ဆင်၊ မြင်းတို့မှာ လေးလ၊ ငါးလ၊ ဆယ်လခန့်ကြာသည်။

လူတို့၌လည်း အချို့ ၇-လ၊ အချို့ ၈-လ၊ ၉-လ ကြာသည်။ အချို့ ၁၀-လပင် ကြာသည်ဖြစ်၍ အနည်းဆုံးနေရသော သတ္တဝါတို့အား တသတ္တာဟသာ ဖြစ်သင့်သည်ကိုရည်၍ ဟေဋ္ဌိမကောဋိနည်းအားဖြင့် အဋ္ဌကထာဆရာ ဆိုသည်။

အလွန်ဆုံးနေရသော သတ္တဝါဖြစ်မူ နှစ်သတ္တာဟ စီ ဖြစ်သေး၏ဟု ဥက္ကံသကောဋိနည်းအားဖြင့် ဋီကာဆရာ ဆိုသည်။ ထို့ကြောင့် နှစ်ဝါဒလုံးပင် သင့်၏ဟု ဆရာတို့ ယူကုန်၏။

(ကလလရေကြည်၊ တည်သမှုတွင်၊ စက္ခုဒသက၊ စ၍ဖြစ်ရာ၊ လူတို့မှာ၊ ဘယ်သတ္တာဟ ကောက်မည်နည်းဟူသော ပုစ္ဆာ၏အဖြေ ပါဝင်ပြီ။)

---

၃၀၃-သံသေဒဇ ခေါ်ဆိုရပုံကို ပြခြင်း

ကမလ ကုဟရ ဂဗ္ဘမလာဒိကေ သံသေဒေ ဇာတာတိ သံသေဒဇာ။

ယေ သတ္တာ၊ အကြင်သတ္တဝါတို့သည်။ ကမလ ကုဟရ ဂဗ္ဘမလာဒိကေ၊ ကြာတိုက်၊ ရေညွန်၊ ကိုယ်ဝန်၏ အညစ်အကြေး အစရှိသော။ သံသေဒေ၊ စိုစွတ်ရာအရပ်၌။ ဇာတာ၊ ဖြစ်တတ်ကုန်၏၊ ဣတိတသ္မာ၊ ထို့ကြောင့်။ တေ သတ္တာ။ ထိုသတ္တဝါတို့သည်။ သံသေဒဇာ၊ သံသေဒဇမည်ကုန်၏။

---

၃၀၄-ဥပပါတ် ခေါ်ဆိုရပုံကို ပြခြင်း

မဟန္တာ ဥပဂန္တွာ ပတန္တီတိ ဥပပါတာ။

ယေ သတ္တာ၊ အကြင်သတ္တဝါတို့သည်၊ မဟန္တာ၊ ဆယ့်ငါးနှစ်ရွယ်၊ နှစ်ဆယ်ရွယ်ဖြင့် ကြီးကျယ်ကုန်လျက်။ ဥပဂန္တွာ၊ ကြာတိုက်စသည်သို့ကပ်၍။ ပတန္တိ၊ ကျတတ်ကုန်၏၊ ဣတိတသ္မာ၊ ထို့ကြောင့်။ တေ သတ္တာ။ ထိုသတ္တဝါတို့သည်။ ဥပပါတာ၊ ဥပပါတ်မည်ကုန်၏။

ဥပပါတာ ဝိယ ဧတေသံ အတ္ထီတိ ဩပပါတိကာ။

ဧတေသံ၊ ထိုသတ္တဝါတို့အား။ ဥပပါတာ ဝိယ၊ ကြာတိုက်စသည်သို့ကပ်၍ ကျသကဲ့သို့ ဖြစ်ခြင်းသည်။ အတ္ထိ၊ ရှိ၏၊ ဣတိ၊ ထို့ကြောင့်။ တေ၊ ထိုသတ္တဝါတို့သည်။ ဩပပါတိကာ၊ ဩပပါတိကတို့မည်ကုန်၏။

---

၃၀၅-သံသေဒဇနှင့် ဥပပါတ်နှစ်ပါးတို့၏ အထူး

သံသေဒဇလည်း ကြာတိုက်စသော စိုစွတ်ရာ၌ဖြစ်သည်၊ ဥပပါတ်လည်း ဤနည်းတူပင်ဖြစ်သည်၊ ယင်းသို့ဖြစ်ခြင်း တူကြသော်လည်း သံသေဒဇမှာ ငယ်ကတရွေ့ရွေ့ကြီးပွားသည်။ ဥပပါတ်မှာ ၁၅-နှစ်ရွယ်၊ နှစ်ဆယ်ရွယ် စသည်ဖြင့် ရုတ်ခြည်းဖြစ်သည်။ ဤသို့ ထူးကြ၏။

---

၃၀၆-ဂဗ္ဘသေယျကခေါ်ဆိုရပုံကို ပြခြင်း

ဂဗ္ဘေ သေန္တီတိ ဂဗ္ဘသေယျကာ။

ယေ သတ္တာ၊ အကြင်သတ္တဝါတို့သည်။ ဂဗ္ဘေ၊ အမိဝမ်းတိုက်၌။ သေန္တိ၊ ဖြစ်တတ်ကုန်၏၊ ဣတိ၊ ထိုကြောင့်။ တေ သတ္တာ၊ ထိုသတ္တဝါတို့သည်။ ဂဗ္ဘသေယျကာ။ ဂဗ္ဘသေယျကမည်ကုန်၏။ (အဏ္ဍဇ ဇလာဗုဇတို့ကို ရ၏၊ )

အဏ္ဍဇခေါ်ဆိုရပုံကား- အဏ္ဍေန ဇာတာတိ အဏ္ဍဇာ။

အဏ္ဍေန၊ ဥခွံဖြင့်။ ဇာတာ၊ ဖြစ်တတ်ကုန်၏၊ ဣတိ၊ ထို့ကြောင့်။ အဏ္ဍဇာ၊ အဏ္ဍဇတို့မည်ကုန်၏။

ဇလာဗုဇ ခေါ်ဆိုရပုံကား- ဇလာဗုမှိဇာတာတိ ဇလာဗုဇာ။

ဇလာဗုမှိ၊ ရေနောက်စု၌။ ဇာတာ၊ ဖြစ်တတ်ကုန်၏၊ ဣတိ၊ ထို့ကြောင့်။ ဇလာဗုဇာ၊ ဇလာဗုဇတို့ မည်ကုန်၏။

ဧကဇ၊ ဒွိဇ၊ ခေါ်ဆိုရပုံ- ထိုနှစ်ပါးတို့တွင် အဏ္ဍဇ သတ္တဝါသည် အမိဝမ်းမှလည်း တကြိမ်၊ ဥမှလည်း တကြိမ် ဖွားရသောကြောင့် ဒွိဇမည်သည်။

ဇလာဗုဇမှာ ဝမ်းမှ တကြိမ်သာ ဖွားရသောကြောင့် ဧကဇမည်သည်။ ထို့ကြောင့် ဝသလသုတ်၌- ဧကဇံ ဝါ ဒွိဇံ ဝါတိ ယောစ ပါဏံ ဝိဟိံသတိ- ဟု ဟောတော်မူသည်။

---

၃၀၇-ကမ္မဇရုပ် ချုပ်ရာကာလကို ပြခြင်း

မေး။ စုတိစိတ်နှင့်၊ အသင့်ပြိုင်လျက်၊ တချက်မယုတ်၊ ကမ္မဇရုပ်၊ ဘယ်ဌာနက ချုပ်သနည်း။

ဖြေ။ မရဏကာလေ ပန စုတိစိတ္တောပရိသတ္တရသမစိတ္တဿ ဌိတိကာလမုပါဒါယ ကမ္မဇရူပါနိ န ဥပ္ပဇ္ဇန္တိ၊ ပုရေတရမုပ္ပန္နာနိ စ ကမ္မဇရူပါနိ န ဥပ္ပဇ္ဇန္တိ၊ ပုရေတရမုပ္ပန္နာနိ စ ကမ္မဇရူပါနိ စုတိစိတ္တသမကာလမေဝ ပတတ္တိတွာ နိရုဇ္ဈန္တိ-

ဟူသော လက်သန်းပါဌ်နှင့်ညီစွာ သေခါနီးကာလ၌ကား စုတိစိတ်သို့ မရောက်မီအထက် ၁၇- ချက်မြောက်သောစိတ်၏ ဌီကာလမှစ၍ ကမ္မဇရုပ်တို့သည် အသစ်မဖြစ်ပြီ။ ၎င်းစိတ်၏ဥပါဒ်ခဏ၌ဖြစ်သော ကမ္မဇရုပ်တို့သည်လည်း စုတိစိတ်နှင့်မျှသော ကာလပတ်လုံးသာလျှင်ဖြစ်၍ ၎င်းစုတိစိတ်၏ ဘင်ခဏ၌ ချုပ်ကြကုန်၏ ဟူပေ။

---

၃၀၈-စိတ္တဇ အာဟာရဇရုပ်တို့ ချုပ်ရာကာလကို ပြခြင်း

မေ။ စိတ္တဇနှင့်၊ အာဟာရဇာ၊ ရုပ်တို့မှာ ဘယ်အခါတွင် ချုပ်သနည်း။

ဖြေ။ တတော ပရံ စိတ္တဇာဟာရဇရုပ်ပဉ္စ ဝေါစ္ဆိဇ္ဇတိ-

ဟူသည်နှင့်ညီစွာ ထိုကမ္မဇရုပ် ချုပ်သည်နောက်၌ စိတ္တဇရုပ်၊ အာဟာရဇရုပ်တို့သည်လည်း ပြတ်၏ ဟူပေ။

ဤ၌ တတော ပရံ ဟု အပါဒါန်နှင့်ဆိုသော် ထိုကမ္မဇရုပ် ချုပ်ပြီးသည့်နောက် ဘယ်လောက်ကြာသေးသနည်း၊ မကြာသော် တတော ဟူသော အပါဒါန်ကို မဆိုတန်တကား ဟူငြားအံ့။

ဝေါစ္ဆိဇ္ဇတီတိ အဇီဝကသန္တာနေ တေသံ ဥပ္ပတ္တိယာ အဘာဝတော ယထာ နိဗ္ဗတ္တံ စိတ္တဇမာဟာရဇဉ္စ တတော ပရံ ကိဉ္စကာလံ ဥပ္ပဇ္ဇိတွာ နိရုဇ္ဈတိ-

ဟူသောဋီကာနှင့်ညီစွာ ထိုစိတ္တဇရုပ်၊ အာဟာရဇရုပ်တို့သည် အသက်မရှိသော သူ၏သန္တာန်၌ ဖြစ်ခြင်း၏ မသင့်သောကြောင့် အကြင်မရဏာသန္န ဇောစိတ်တို့၏ ဥပါဒ်ခဏ၌ ဖြစ်သော စိတ္တဇ၊ အာဟာရဇရုပ်တို့သည် ကမ္မဇရုပ် ချုပ်ပြီးသည်နောက် စိုးစဉ်သော ကာလမျှ ဖြစ်၍ ချုပ်၏ ဟူလိုသည်။

ဝိသုဒ္ဓိမဂ်ဋီကာသခင် အရှင်ဓမ္မပါလကား စိတ္တဇရုပ်သည်လည်း စုတိစိတ်နှင့် အမျှသာလျှင် ချုပ်၏ ဟု ဆိုတော်မူသည်။

စိတ္တာလင်္ကာရ၌ကား- တတော ဟူ၍ အပါဒါန်ကို ခံခြင်းကြောင့် ကမ္မဇရုပ် ချုပ်ပြီးသည် နောက် သတ္တရသာယုက ခန့်ရှိမှ ချုပ်၏ ဟုဆိုသည်။

---

၃၀၉-လူသေကောင်မှာ ရသင့်ရာသော ရုပ်ကို ပြခြင်း

မေး။ လူသေကောင်မှာ၊ ထိုအခါ၊ ကြွင်းရာရုပ်ပေါင်း ဘယ်မျှနည်း။

ဖြေ။ ဥတုသမုဌာန ရူပပရမ္ပရာ ယာဝမတကဠေဝရသင်္ခါတာ ပဝတ္တန္တိ- ဟူသည်နှင့်ညီစွာ ဥတုကြောင့်ဖြစ်သော ရုပ်အဆက်ဆက်တို့သည် သေ၍အပုပ်ကောင် ဖြစ်သည်ဟု ဆိုအပ်သည်တိုင်အောင် ဖြစ်ကုန်၏ ဟူ၍မိန့်ရကား လူသေကောင်၌ ဥတုဇ အဋ္ဌကလာပ်သာ ရ၏ ဟူပေ။

---

၃၁၀-တစ္ဆေတို့မှာ လူတို့အလား ရုပ်များရှိ၊ မရှိကို ပြခြင်း

မေး။ ဥပပါတ်စိတ်၊ ပဋိသန္ဓေ၊ ထင်ရှားနေသည့်၊ တစ္ဆေတို့မှာ၊ ရုပ်မျိုး လူလို ရှိ၏ လော။

ဖြေ။ ပရမတ်ကျမ်း၏အလိုအားဖြင့် ဝိနိပါတိက အသုရာဟု ခေါ်အပ်သော သုတ္တန်ကျမ်းအလိုအားဖြင့် ပြိတ္တာဟူ၍၎င်း၊ အသုရာဟူ၍၎င်း၊ ဘူတယက္ခဟူ၍၎င်း ခေါ်ဝေါ်အပ်သော ဘုတ်၊ ပြိတ်၊ ဘီလူးတို့ကို ရှေးသူဟောင်းတို့သည် ဥပါဟူ၍၎င်း၊ တစ္ဆေ ဟူ၍၎င်း သမုတ်ကြကုန်သည်။ ထို ဘုတ်၊ ပြိတ်၊ ဘီလူးတို့သည် လူတို့ကဲ့သို့ ရုပ်၊ နာမ် အစုံပင်ရှိသည်။ ကေသာ၊ လောမာ စသော ကောဋ္ဌာသ ၃၂ပါးပင်ရှိသည်။ ထိုဘုတ်၊ ပြိတ်တို့သည် ပဋိသန္ဓေအားဖြင့် အချို့ကားအဟိတ်၊ အချို့ကားဒွိဟိတ်၊ အချို့ကား တိဟိတ် ပဋိသန္ဓေနေကုန်သည်။ ယောနိအားဖြင့် အချို့ကား သံသေဒဇ၊ အချို့ကားဂဗ္ဘသေယျက၊ အချို့ကား ဥပပါတ် ဖြစ်သည်။

ထို့ကြောင့် သာရတ္ထသင်္ဂဟ၌-

ပေတာနန္တိ ပေတလောကပရိယာပန္နာနံ၊ ဒုက္ကဋကမ္မကာရိကာနံ ဝိဘာဝနံ၊ ပေတာတိ ဒွိဟေတုကတိဟေတုကာဟေတုကာ ဟောန္တိ စသည်ဖြင့် မိန့်တော်မူသည်။

လူတို့ကဲ့သို့ ရုပ်၊ နာမ် အစုံရှိကြောင်းကို ဘယ်ကို ထောက်၍ သိရသနည်းဟူမူ နတ်၊ မိန်းမတို့၌ လူတို့ကဲ့သို့ မဂ် ၃-ပါးရှိကြောင်း၊ မေထုနသေဝန ပြုလျှင် ပါရာဇိကကျကြောင်းကို ဝိနည်း၌ ဟောတော်မူသောကြောင့်၎င်း၊ ထိုဘုတ်၊ ပြိတ်တို့သည် လူတို့နှင့် အိမ်ရာဖက်၍ သားသ္မီးပွားစည်းကြောင်းကို ဇာတ်ဟောင်းနိဒါန်းတို့၌၎င်း လာသောကြောင့် သိရသည်။

---

၃၁၁-တစ္ဆေတို့ကို လူများ မမြင်ရခြင်းအကြောင်းကို သာဓကနှင့်တကွ ပြခြင်း

ယင်းသို့ ရုပ်၊ နာမ် အစုံရှိလျက် လူတို့ ဘယ့်ကြောင့် မမြင်သနည်းဟူမူ ကိုယ်ကိုကွယ်စေတတ်သော ဆေးကို ဆောင်သောကြောင့်၎င်း၊ မန္တန်ကြောင့်၎င်း၊ တန်ခိုးကြောင့်၎င်း မမြင်ရ မြင်စေလိုမှ မြင်ရ၏ ဟူပေ။

ဆေးဆောင်ကြောင်းကို ဘယ်ကို ထောက်၍ သိရသနည်းဟူမူ သီဟိုဠ်ကျွန်းအနုရာဓမြို့၌ ဘီလူးမတယောက်သည် သားငယ်နှစ်ဦးကို ထူပါရာမ တံခါးပြင်၌ နေစေ၍ အစာရှာခြင်းငှာ မြို့တွင်းသို့ လာခဲ့သော် အစာမရထည့်သည်နှင့် ကြာမြင့်၍ နေ၏၊ ပိဏ္ဍပါတိက မထေရ်တဦးသည် မြို့သို့ ဝင်ခြင်းငှာ လာသည်ကို မြင်သဖြင့် သူငယ်နှစ်ဦးတို့က ကိုယ်ထင်ပြလျက် အရှင်ဘုရား ကျွန်ုပ်တို့ မိခင်သည် မြို့တွင်းသို့ အစာရှာသွားသည်မှာ ကြာပါပြီ၊ ရရာသမျှနှင့် မြန်စွာလာပါ၊ သင်၏သားများ ဆာမွတ်လှပြီ ဟု မိန့်တော်မူလိုက်ပါ ဟူ၍လျှောက်၏။

မထေရ်မြတ်ကလည်း သင်တို့မိခင်ကို ဘယ်အကြောင်းဖြင့် ငါမြင်နိုင်၊ သိနိုင်အံ့နည်းဟုဆိုသော်-

အရှင်ဘုရား ဤဆေးမြစ်ကို ယူ၍ ကြွတော်မူပါ ဟုဆေးမြစ်ကို ကပ်လိုက်၏၊ ပုံသဏ္ဌာန်ကိုလည်း ညွှန်ကြားလိုက်၏။

မထေရ်လည်း ဆေးမြစ်ကို ဆုပ်ကိုင်၍ လာသော် တံမြက်ချေးစွန့်ရာ သားငါး၊ ဖျက်ရာတို့၌ အရာအထောင်မျှလောက် သွားလာနေထိုင်သော ဘုတ်၊ ပြိတ် ဘီလူးတို့ကို မြင်ရလေ၏။

သူငယ်နှစ်ဦးတို့၏ မိခင်ဖြစ်သော ဘီလူးမသည်လည်း တခုသော အိမ်ရိပ်၌ မြှုပ်သော ကိုယ်ဝန်၏ အညစ်အကြေးတို့ကို ဖော်ယူ၍ လမ်းသို့ ထွက်လာသည်ကို သူငယ်တို့ ပြောလိုက်သော အမှတ်ဖြင့် သိလေလျှင် သားငယ်တို့ မှာလိုက်ကြောင်း ပြော၏။

ဘီလူးမလည်း အရှင်ဘုရား ကျွန်ုပ်ကို ဘယ့်ကြောင့် မြင်သနည်း ဟု မေးလျှင် သင်၏ သားတို့ ပေးလိုက်သော ဆေးကြောင့် မြင်သည်ဟု ပြော၏။

ဆေးကို ပြစမ်းပါဆို၍ လက်ဖြန့်ပြလေသော် ဘီလူးမလည်း ဆေးကို လုယူပြီးမှ လျင်စွာ သွားလေ၏။

ထို့ကြောင့် ထိုသူတို့သည် တခုသောဆေး၏ အာနုဘော်ကြောင့် ကိုယ်ဝှက်နိုင်သည်ဟု သိအပ်၏ဟူ၍ မဇ္ဈမနိကာယ်၊ စူဋ္ဌသကုလဒါယီသုတ်အဋ္ဌကထာ၌ မိန့်သည်။

မန္တန်ဆောင်၍ ကွယ်နိုင်ကြောင်းကို ဇာတ်တို့၌လာ၏။

---

၃၁၂-တစ္ဆေတို့သေရာ ရုပ်လက္ခဏာပြောင်းပုံကို ပြခြင်း

ထိုတစ္ဆေတို့ သေသောကာလ အသေကောင်ကို မမြင်ရသောအရာကို ရှင်နာဂသိန်၏ စကားတော်ဖြင့် သိအပ်၏။

တရံသောအခါ မိလိန္ဒမင်းကြီးသည် ဤသို့မေး၏၊

အရှင်ဘုရား ဤလောက၌ တစ္ဆေ၊ ဘုတ်၊ ပြိတ်ဟုခေါ်အပ်သောနတ် ဘီလူးတို့သည် ရှိပါသလော ဟုမေး၏။

ရှင်နာဂသိန်း။ ရှိ၏ဟု ဖြေဆိုလျှင်။

မင်းကြီး။ အရှင်ဘုရား ထိုနတ်၊ ဘီလူးတို့ကို ဘယ့်ကြောင့် မမြင်ရသနည်းဟု မေး၏။

ရှင်နာဂသိန်။ မင်းကြီး ဆေး၏အာနုဘော်ကြောင်း၎င်း၊ မိမိတို့ကမ္မဇိဒ္ဓိကြောင့်၎င်း မမြင်ရချေ၊ အကယ်၍ မြင်စေလိုအံ့ ပြနိုင်သည်သာတည်းဟု ဖြေပေ၏။

မင်းကြီး။ အရှင်ဘုရား ထိုနတ်ဘီလူးတို့သည် ထိုအဖြစ်မှစုတေကြသေး၏လောဟု မေးပြန်၏။

ရှင်နာဂသိန်။ မင်းကြီး စုတေကြသည်သာတည်းဟု ဖြေပေ၏။

မင်းကြီး။ အရှင်ဘုရား၊ ထိုနတ်ဘီလူးတို့ စုတေသောအခါ ဆေးကိုလည်း မဆောင်နိုင်ရာပြီ ကိုယ်အကောင်သည် ဘယ့်ကြောင့် မထင်ပါသနည်း၊ ပုပ်သေအနံ့သည်လည်း ဘယ့်ကြောင့် မနံပါသနည်းဟု မေး၏။

ရှင်နာဂသိန်။ မင်းကြီး နတ်ဘီလူးတို့စုတေသောအခါ ကိုယ်အကောင်လည်းထင်၏၊ ပုပ်သောရနံ့လည်းနံ၏၊ သို့ရာတွင် အကြင်နတ်ဘီလူးတို့သည် စုတေအံ့သောအခါ ကျန်ရစ်သောဆွေမျိုးတို့ကို လူမသိစိမ့်သောငှာ တခုသောမနောဓိဋ္ဌာန်ဖြင့် သေကြ၏။

ထို့ကြောင့် ပိုးရွသဏ္ဌာန်ဖြင့်၎င်း၊ ကင်းမြီးကောက်သဏ္ဌာန်၊ ကင်းခြေများသဏ္ဌာန်၊ ပုတ်သင်သဏ္ဌာန်၊ ပုရစ်သဏ္ဌာန်ဖြင့်၎င်း၊ သမင်သဏ္ဌာန် ငှက်သဏ္ဌာန်ဖြင့်၎င်း သေကောင်ထင်လေသည်ဟု ဖြေပေ၏။ (မိလိန္ဒပဥှာ)

---

၃၁၃-ဗြဟ္မာတို့မှာ ရသင့်၊ မရသင့်သော ရုပ်တို့ကို ပြခြင်း

မေး။ ဗြဟ္မာတို့မှာ ဃာနာဒိတ္တယ၊ ဘာဝနှစ်တန်၊ ကြဉ်သည်မှန်သော်၊ သဏ္ဌာန်ရုပ်ပင် မရှိသလော။

ဖြေ။ တတ္ထ ဗြဟ္မပါရိသဇ္ဇတော ပဋ္ဌာယ ဣမာနိ သောဠသရူပါဝစရာနိ နာမ တေ သဗ္ဗေ ပုရိသသဏ္ဌာနာ၊ ဣတ္ထိ ပုရိသ ဗျဉ္ဇနနိမိတ္တံပိ နတ္ထိ၊ စက္ခုသောတာနိ အတိ၊ ရူပံ ပဿန္တိ၊ သဒ္ဒံ သုဏန္တိ ဃာနံ အတ္ထိ၊ ဃာနပသာဒေါ စ ဃာနဝိညာဏဉ္စ နတ္ထိ၊ တသ္မာဂန္ဓံ န ဇာနန္တိ၊ သမာပရိဝတ္တဇိဝှါ အတ္ထိ၊ တသ္မာ ဟသန္တိ၊ ဝါစံ ဘာသန္တိ၊ ဇိဝှါပသာဒေါ စ ဇိဝှါဝိညာဏဉ္စ နတ္ထိ၊ တသ္မာ ကိဉ္စိရသံ န ဇာနန္တိ န ခါဒန္တိ န ပိဝန္တိ စျာနပီတိယေဝ တေသံအာဟာရော ဟောတိ၊ ကာယော၊ အတ္ထိ၊ ကာယပသာဒေါစ ကာယဝိညာဏဉ္စ နတ္ထိ၊ တသ္မာ တေ ကိဉ္စိ ဖဿံ န ဇာနန္တိ၊ ဧဝံသန္တေပိ နိဝါသနပါရုပနသာဋကာနိ အတ္ထိ၊ ဗြဟ္မဝိမာနသယနာသနာနိ အတ္ထိ၊ ကေသာ နခါ ဒန္တာ အတ္ထိ၊ သေသကောဋ္ဌာသာနိ ပန နတ္ထိ၊ ဒီပသိခါ ဝိယ သရီရံ ဟောတိ၊ မလမုတ္တမဂ္ဂါနတ္ထိ ဣတ္ထိယော နတ္ထိ နစ္စဂီတာဒီနိ နတ္ထိ ကေစိ အရိယဝိဟာ ရေန ကေစိ ဒိဗ္ဗဝိဟာရေန၊ ကေစိ ဗြဟ္မဝိဟာရေန ဝိဟာသီတိ ဟူ၍ ဇိနာလင်္ကာရ၌ လာသည်။

မြန်မာဘာသာ အဓိပ္ပါယ်ကား- ဗြဟ္မာဘုံနှစ်ဆယ်တို့တွင် ဗြဟ္မပါရိသဇ္ဇာမှစ၍ ၁၆-ပါးသော ဘုံတို့သည် ရူပါဝစ ဘုံမည်ကုန်၏။

ထိုဘုံတို့၌ ခပ်သိမ်းသော ဗြဟ္မာတို့သည် ယောကျ်ား၏ သဏ္ဌာန်သာ ဖြစ်ကုန်၏၊ ယောကျ်ားနိမိတ်၊ မိန်းမနိမိတ်ကား မရှိကုန်။ မျက်စိ၊ နားတို့သည် လူတို့ကဲ့သို့ ရှိကုန်၏၊ အဆင်းကို မြင်ကုန်၏၊ အသံကိုလည်း ကြားကုန်၏၊ နှာခေါင်းသဏ္ဌာန်ကား ရှိ၏၊ ဃာနပသာဒ၊ ဃာနဝိညာဉ်ကားမရှိ၊ ထို့ကြောင့် အနံ့ကို မသိကုန်၊ လူးလဲလှုပ်ရှားတတ်သောလျှာကားရှိ၏၊ ဇိဝှါပသာဒ၊ ဇိဝှါဝိညာဉ်ကားမရှိ၊ ထို့ကြောင့် တစုံတခုသော အရသာကို မသိကုန်။ မစားကုန် မခဲကုန် မသောက်ကုန်၊ စျာန်၌နှစ်သက်သော ပီတိသာလျှင် ထိုဗြဟ္မာတို့၏ အာဟာရဖြစ်ကုန်၏။

လုံးလုံးလျောင်းလျောင်း မြင်စကောင်းသော ကိုယ်သဏ္ဌာန်ကား ရှိ၏၊ ကာယပသာဒ၊ ကာယဝိညာဉ်ကား မရှိ။ ထို့ကြောင့် တစုံတခုသော အတွေ့ကို မသာယာကုန်၊ ယင်းသို့မသာယာသော်လည်း ကိုယ်၌ ဝတ်ရုံသောပုဆိုးတို့သည် ရှိကုန်၏၊ ဗိမာန်၊ အိပ်ရာ၊ နေရာတို့လည်း ရှိကုန်၏၊ ဆံ၊ ခြေသည်း၊ လက်သည်း သွား တို့သည်ရှိကုန်၏၊ ကြွင်းသော ကောဋ္ဌာသတို့သည် မရှိကုန်။ ဆီမီးလျှံကဲ့သို့သော ကိုယ်သည် ဖြစ်၏၊ ကျင်ကြီးကျင်းငယ် သွားသောမဂ်တို့သည် မရှိကုန်။ ဗြဟ္မာမိန်းမလည်းမရှိ၊ ကခြင်း၊ သီခြင်းလည်းမရှိ။ အချို့သောဗြဟ္မာတို့သည် အရိယာဝိဟာရဖြင့်နေကုန်၏၊ အချို့သော ဗြဟ္မာတို့သည် ဒိဗ္ဗဝိဟာရဖြင့် နေကုန်၏၊ အချို့သောဗြဟ္မာတို့သည် ဗြဟ္မဝိဟာရဖြင့် နေကုန်၏ဟူလိုသည်။

---

၃၁၄-ဗြဟ္မာတို့၌ရှိသော ဩဇာသည် အာဟာရဇရုပ်မဖြစ်နိုင်ပုံကို ပြခြင်း

ဤဗြဟ္မာတို့အား ဩဇာရုပ်သည် ရှိသည်မဟုတ်ပါလော၊ အဘယ့်ကြောင့် အာဟာရဇကလာပ်ကို မရဟုဆိုသနည်း ဟူငြားအံ့-

အဇ္ဈောဟဋာဟာရာဘာဝေန သရီရဂတဿပိ အာဟာရဿ ရူပသမုဋ္ဌာပနာဘာဝတော-

ဟူသော အဘိဓမ္မတ္ထဝိဘာဝိနီဋီကာ (၂၁၅)နှင့် အညီ မျိုအပ်သော ဗဟိဒ္ဓါဟာရ မရှိသည်၏ အဖြစ်ကြောင့် ကိုယ်တွင်း၌တည်သော ဩဇာတည်းဟူသော အာဟာရသည်လည်း ရုပ်ကိုဖြစ်စေခြင်း မရှိသည်၏ အဖြစ်ကြောင့် အာဟာရဇကလာပ်ကို မရဟူ၍ဆိုလေသည်။

ဥပမာကား- သစ်ပင်ငယ်တို့၌ အာပေါဓာတ် ရှိငြားသော်လည်း ဗဟိဒ္ဓအာပေါ ဟူသော အကူအပံ့ကို မရသော် ကြီးပွားခြင်း မဖြစ်နိုင်သကဲ့သို့တည်း။

---

၃၁၅-ဗြဟ္မာတို့မှာ ဘာဝရုပ် မရခြင်း အကြောင်းကို ပြခြင်း

ဘာဝရုပ်ကို မရခြင်းကား ထူထပ်သော ကာမရာဂ၏ ဥပနိဿယ ကင်းသည်၏ အဖြစ်ကြောင့် မရသည် ဟူပေ။

---

၃၁၆-အသညသတ် ဗြဟ္မာတို့ ဖြစ်ပုံကို ပြခြင်း

အသညသတ် ပုဂ္ဂိုလ်တို့အား စက္ခု၊ သောတ၊ ဃန၊ ဇိဝှါ၊ ကာယ၊ ဝတ္ထု၊ ဘာဝဒသကတို့ကို၎င်း၊ အာဟာရဇကလာပ်၊ အလုံးစုံသော စိတ္တဇ ရုပ်တို့ကို၎င်း မရအပ်။ ထိုအသညသတ် ပုဂ္ဂိုလ်တို့အား ၁၇- ပါးသော ရုပ်အစုစုဖြင့်သာ ဗိမာန်နေရာ၌ ဖြစ်၏။

လူ့ပြည်၌ ကမ္မဋ္ဌာန်းစီးဖြန်းစဉ်က ထိုင်လျက် စုတေသောသူသည် ထိုင်သော ဣရိယာပုထ်ဖြင့်၊ လျောင်းလျက် စုတေသောသူသည် လျောင်းသော ဣရိယာပုထ်ဖြင့် သာဖြစ်၏။

ပုံသဏ္ဌာန်ကား ထုလုပ်၍ထားသော အရုပ်ကဲ့သို့ မိမိဖြစ်သော ဣရိယာပုထ်တို့ဖြင့် သာလျှင် ကမ္ဘာငါးရာပတ်လုံး တည်လေ၏ ဟူ၍ သမ္မောအဋ္ဌကထာ၌လာသည်။

---

၃၁၇-ဗြဟ္မာတို့မှာ တည်ရာဗိမာန် စသည်ရှိပုံကို ပြခြင်း

ထိုရူပဗြဟ္မာတို့အား မှီခိုတည်နေရာဖြစ်သော ဗိမာန်၊ ဥယျာဉ်၊ ပဒေသာပင်တို့သည်၎င်း၊ ကိုယ်တွင်ဆင်သော ဘယက် တန်ဆာတို့သည်၎င်း ရှိကုန်၏။ ထိုအဆောက်အအုံတို့၌ တပ်မက်သော ဆန္ဒရာဂလည်း ဖြစ်သေး၏။ ထို့ကြောင့် အဋ္ဌသာလိနီ အဋ္ဌကထာ နိက္ခေပကဏ္ဍ အဖွင့်၌-

ယေ ပန ဗြဟ္မာဝိမာနကပ္ပရုက္ခအာဘရဏေသု ဆန္ဒရာဂေါ ဥပ္ပဇ္ဇတိ ဟူဟော်တော်မူသည်။

ဤဗြဟ္မာပြည်တို့၌ တာဝတိံသာနတ်ပြည်ကဲ့သို့ ဗြဟ္မာအများတို့၏ စည်းဝေးရာ သာယဝ ကောင်းမွန်လှသော သုဓမ္မာ နတ်သဘင်သည်လည်း ရှိ၏၊ ထိုသဘင်၌ ဗြဟ္မာအများတို့ပင် စည်းဝေးကြ၏၊ နတ်ပြည်၊ ဗြဟ္မာပြည် ဟူသမျှ၌ သုဓမ္မာသဘင် မရှိသော ပြည်မည်သည် မရှိဟူ၍ မူလပဏ္ဏာသအဋ္ဌကထာမာရတဇ္ဇနိယသုတ် အဖွင့်တွင် ဆိုသည်။

ဤသို့ ကျမ်းလာသည်ကို ထောက်၍ ဗြဟ္မာတို့၏ ရုပ်သဏ္ဌာန်ကို သိရာ၏ဟူပေ။

---

၃၁၈-ရူပ ၁၆-ဘုံ၌ ရသင့်သော ရုပ်ကလာပ်တို့ကို ပြခြင်း

ရူပဘုံ၌ ရသောရုပ်ကား ဃန၊ ဇိဝှါ၊ ကာယ ဘာဝဒွေကြဉ်သော ရုပ်တေဝီသတည်း။ ကလာပ်အားဖြင့်ကား စက္ခုဒသက၊ သောတဒသက၊ ဝတ္ထုဒသက၊ ဇီဝိတနဝကအားဖြင့် ကမ္မဇကလာပ်၄-စည်း၊ စိတ္တဇကလာပ် ၆-စည်း၊ ဥတုဇကလာပ်၄စည်း အားဖြင့် ၁၄ပါးတို့ကို ရကုန်၏။

အသညသတ် ဘုံ၌ရသော သတ္တာရသ ရုပ်ဟူသည်ကား လဟုတာဒိတ္တယ၊ အာကာသဓာတ်၊ အဝိနိဗ္ဘောဂရုပ်၈-ခု၊ ဇီဝိတိန္ဒြေ၊ လက္ခဏရုပ် ၄-ခုဤ ၁၇-ပါးတို့တည်း။ ကလာပ်အားဖြင့်ကား သုဒ္ဓဋ္ဌကကလာပ်၊ ဇီဝိတနဝကကလာပ်၊ လဟုတာဒေကာဒသက ကလာပ်အားဖြင့် ၃- စည်းတို့သာတည်း။

အရူပလေးဘုံ၌ကား သတ္တသန္တာန်၌ ဖြစ်သော အဇ္ဈတ္တရုပ်လည်း မရှိ၊ ဗိမာန်၊ ဥယျာဉ်၊ ရေကန် စသော ဗဟိဒ္ဓရုပ်လည်း မရှိဟု ပြတော်မူလို၍ အရူပေ နတ္ထိ ကိဉ္စိပိ ဟူ၍ ဆိုတော်မူသည်။

ဤတွင် ရုပ်နှင့်ဆိုင်ရာ ပုစ္ဆာဝိသဇ္ဇနာများ ပြီးပြီ။

---

နိဗ္ဗာန်နှင့်ဆိုင်ရာ ပုစ္ဆာဝိသဇ္ဇနာများ

နိဗ္ဗာန်နှင့်ဆိုင်ရာ ပုစ္ဆာဝိသဇ္ဇနာများ

---

၃၁၉-နိဗ္ဗာန်ကို မြင်သောဒွါရကို ပြခြင်း

မေး။ ပထမမဂ်၊ ရမ္မက်ခုတ်ထွင်၊ နိဗ္ဗာန်ခွင်ကို၊ မြင်သည် ဘယ်ဒွါရတို့နည်း။

ဖြေ။ မဂ်တည်းဟူသော အပ္ပနာသည် မနောဒွာရဝီထိသာ ဖြစ်ရကား မနောဒွါရဖြင့် မြင်၏ဟူပေ။

ထိုစကားကို ထင်စွာဆိုဦးအံ့၊ သောတာပတ္တိမဂ်၊ သောတာပတ္တိဖိုလ်ကို ရခြင်းငှာ အလိုရှိသော တိဟိတ်ပုထုဇဉ် ပုဂ္ဂိုလ်သည် တေဘုမ္မကသင်္ခါရတို့တွင် တပါးပါးကို အာရုံပြု၍-

သဗ္ဗေသင်္ခါရာ အနိစ္စာ၊
သဗ္ဗေသင်္ခါရာ ဒုက္ခာ၊
သဗ္ဗေဓမ္မာ အနတ္တာ-

အစရှိသည်ဖြင့် စီးဖြန်းဖန်များ၍ သောတာပတ္တိမဂ်ကို ရလိုလတ်သည်ရှိသော် တေဘုမ္မကသင်္ခါရကို အာရုံပြု၍ ဆင်ခြင်တတ်သော မနောဒွါရာဝဇ္ဇန်းစိတ်သည် အာဝဇ္ဇန်းကိစ္စဖြစ်၍ ချုပ်၏။

ထို့နောင် ထိုအရုံကို အာရုံပြု၍ မဟာကုသိုလ် ပထမဒွေတို့တွင် တခုခုသည် မန္ဒပညာပုဂ္ဂိုလ်အား ပရိကံ၊ ဥပစာ၊ အနုလုံနိဗ္ဗာန်ကို အာရုံပြု၍ ဂေါတြဘူဟု ၄ ကြိမ်။ တိက္ခပညာပုဂ္ဂိုလ်အား ဥပစာ၊ အနုလုံ နိဗ္ဗာန်ကို အာရုံပြု၍ ဂေါတြဘူဟု ၃ ကြိမ်၊ ဝုဋ္ဌာနဂါမိနီဝိပဿနာဇောကိစ္စဖြစ်၍ ချုပ်၏။

ထို့နောင် တိက္ခပညာပုဂ္ဂိုလ်အား ၄-ကြိမ်မြောက်၊ မန္ဒပညာပုဂ္ဂိုလ်အား ၅-ကြိမ်မြောက်စျာန်အင်္ဂါငါးပါးနှင့် ပြည့်စုံသော သောတာပတ္တိမဂ် ပထမစျာန် စိတ်သည်၎င်း၊ စျာန်အင်္ဂါလေးပါးနှင့် ပြည့်စုံသော သောတာပတ္တိမဂ် ဒုတိယ စျာန်စိတ်သည်၎င်း၊ စျာန်အင်္ဂါ သုံးပါးနှင့် ပြည့်စုံသော သောတာပတ္တိမဂ် တတိယစျာန်စိတ်သည်၎င်း၊ စျာန်အင်္ဂါနှစ်ပါးနှင့် ပြည့်စုံသော သောတာပတ္တိမဂ် စတုတ္ထစျာန်စိတ်သည်၎င်း၊ ဂေါတြဘူသည် မဟာကုသိုလ် တတိယဒွေတို့တွင် တခုခုဖြစ်အံ့ စျာန်အင်္ဂါနှစ်ပါးနှင့် ပြည့်စုံသော သောတာပတ္တိမဂ် ပဉ္စမစျာန် စိတ်သည်၎င်း နိဗ္ဗာန်ကိုအာရုံပြု၍-

၁။ ဒုက္ခသစ္စာကိုပိုင်းခြား၍ သိခြင်း၊
၂။ သမုဒယသစ္စာကို ပယ်ခြင်း၊
၃။ နိရောသေစ္စာကို မျက်မှောက်ပြုခြင်း၊
၄။ မဂ္ဂသစ္စာကို ပွားစေခြင်း

တည်းဟူသော ကိစ္စလေးပါးကို တပြိုင်နက် တချက်တည်း ပြီးစေလျက် မဂ်ကိစ္စ တကြိမ်ဖြစ်၍ ချုပ်၏။

ထို့နောင် သောတာပတ္တိမဂ် ဇောစေတနာသည် ဖြစ်စေအပ်သော မဂ်စိတ်နှင့် စျာန်အင်္ဂါ အာရုံအစရှိသည်ဖြင့် တူသော သောတာပတ္တိဖိုလ်စိတ်သည် နိဗ္ဗာန်ကို အာရုံပြု၍ တိက္ခပညာပုဂ္ဂိုလ်အား ဖိုလ်၊ ဖိုလ်၊ ဖိုလ်ဟု ၃-ကြိမ်၊ မန္ဒပညာပုဂ္ဂိုလ်အား ဖိုလ်၊ ဖိုလ်ဟု ၂-ကြိမ် ဖိုလ်ဇောကိစ္စဖြစ်၍ ချုပ်၏၊ ထို့နောင်ဘဝင်ကိစ္စ ဖြစ်ထိုက်သရွေ့ဖြစ်၍ ချုပ်၏။

ဤနည်းအတူ သကဒါဂါမိမဂ် ဝီထိ၊ အနာဂါမိမဂ် ဝီထိ၊ အရဟတ္တမဂ် ဝီထိတို့ကို ချရမည် ဂေါတြတူနေရာ၌ ဝေါဒါန်ဟု ဆိုရသည်သာ ထူး၏။

ဤသို့ မဂ်ဝီထိဟူသမျှသည် အပ္ပနာဇော မနောဒွါရ ဝီထိသာ ဖြစ်သောကြောင့် မနောဒွါရဖြင့် နိဗ္ဗာန်ကို မြင်၏ ဟု သိရမည်။

---

၃၂၀-နိဗ္ဗာန် ရှိ မရှိကို သိနိုင်ရန် ပြခြင်း

မေး။ ရွှေပြည်နိဗ္ဗာန်၊ ထိန်လျှံဝင်းညိ၊ ရှိ-မရှိကို၊ အသိဘယ်သို့ ထင်သနည်း။

ဖြေ။ စိတ္တံ, စေတသိကံ, ရူပံ, နိဗ္ဗာနမီတိ သဗ္ဗထာ-

ဟူသောပါဌ်ဖြင့် စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဟူ၍ ၄-ပါးသော ပရမတ္ထတရားတို့သည် ထင်ရှားရှိ၏ ဟူ၍ သင်္ဂြိုဟ်၌ ဆိုသောကြောင့်၎င်း၊ စိတ်၊ စေတသိက်တို့နှင့် နိဗ္ဗာန်သည် နာမ်၏အဖြစ်ဖြင့် တူကြသောကြောင့်၎င်း၊ သတ္တဝါတို့ သန္တာန်၌စိတ်၊ စေတသိက် ရှိသကဲ့သို့ နိဗ္ဗာန်လည်းရှိ၏ ဟူ၍ သိရမည်။

ထိုကြောင့် သဂြုႋဟ်ကျမ်း၌-

နိဗ္ဗာနံ ပန လောကုတ္တရသင်္ခါတံ စတုမဂ္ဂဉာဏေန သစ္ဆိကာတဗ္ဗံ မဂ္ဂဖလာနမာလမ္ဗဏဘူတံ ဝါနသင်္ခါတာယ တဏှာယ နိက္ခန္တတ္တာ နိဗ္ဗာနန္တိ ပဝုစ္စတိ-

ဟူ၍ မိန့်တော်မူသည်။

လောကုတ္တရသင်္ခါတံ၊ လောကမှ ထွက်မြောက်ရာဟု ဆိုအပ်သော။ စတုမဂ္ဂဉာဏေန၊ လေးပါးသော မဂ်ဉာဏ်ဖြင့်။ သစ္ဆိကာတဗ္ဗံ၊ မျက်မှောက်ပြုအပ်သော။ မဂ္ဂဖလာနံ၊ မဂ်၊ ဖိုလ်တို့၏၊ အာလမ္ဗဏဘူတံ၊ အာရုံဖြစ်၍ ဖြစ်သော။ နိဗ္ဗာနံ ပန၊ နိဗ္ဗာန်ကိုကား။ ဝါနသင်္ခါတာယ၊ ဝါန ဟု ဆိုအပ်သော။ တဏှာယ၊ တဏှာမှ။ နိက္ခန္တတ္တာ၊ ထွက်မြောက်တတ်သည်၏ အဖြစ်ကြောင့်။ နိဗ္ဗာနန္တိ၊ နိဗ္ဗာန်ဟူ၍။ ပဝုစ္စတိ၊ ဆိုအပ်၏။

ထိုပါဌ်တို့တွင် လောကုတ္တရသင်္ခါတံ ဟူသော ပါဌ်ဖြင့် ဥပါဒါနက္ခန္ဓာ၊ ပဉ္စက္ခန္ဓာဟု ဆိုအပ်သော လောကမှ ထွက်သော အဖြစ်ကို ပြသည်။

စတုမဂ္ဂဉာဏေန သစ္ဆိကာတဗ္ဗံ ဟူသောပါဌ်ဖြင့် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာပုဂ္ဂိုလ်တို့အား မျက်မှောက်ပြု၍ သိနိုင်သော အဖြစ်ကိုပြသည်။

မဂ္ဂဖလာနမာလမ္ဗဏဘူတံ ဟူသောပါဌ်ဖြင့် ကလျာဏပုထုဇဉ်ပုဂ္ဂိုလ်တို့သည် အနုမာနဉာဏ်ဖြင့် ကြံဆ၍ သိနိုင်သောအဖြစ်ကို ပြသည်။

ထိုပါဌ်အပေါင်းတို့ဖြင့် ကိလေသာတို့၏ အကြွင်းမဲ့ပြတ်ခြင်း တဖန်မဖြစ်ခြင်းကို ပြုတတ်သော မဂ်၊ ဖိုလ်တို့၏ အာရုံဖြစ်သော နိဗ္ဗာန်မည်သည်ကား တခုသော ပရမတ္ထတရားပင်တည်း။ သက်သက်မဖြစ်ခြင်း၊ ပျောက်ငြိမ်းခြင်းသဘောမျှကို နိဗ္ဗာန်ဆိုသည်မဟုတ် ဟူသော အနက်ကိုလည်း ပြ၏။

ထို့ကြောင့်ဋီကာကျော် ၂၁၆၌-

စတုမဂ္ဂဉာဏေန သစ္ဆိကာတဗ္ဗန္တိ ဣမိနာ နိဗ္ဗာနဿ တံတံ အရိယပုဂ္ဂလာနံ ပစ္စက္ခသိဒ္ဓတံ ဒေဿတိ။ မဂ္ဂဖလာနမာရမ္မဏဘူတန္တိ ဣမိနာ ကလျာဏပုထုဇ္ဇနာနံ အနုမာနသိဒ္ဓတံ။ သင်္ခတဓမ္မာရမ္မဏံ ဟိ ပညတ္တာ ရမ္မဏံ ဝါ ဉာဏံ ကိလေသာနံ သမုစ္ဆေဒပဋိပ္ပဿမ္ဘနေ အသမတ္ထံ အတ္ထိ စ လောကေ ကိလေသသမုစ္ဆေဒါဒိ။ တသ္မာ အတ္ထိ သင်္ခတသမ္မုတိဓမ္မဝိပရီတော ကိလေသာနံ သမုစ္ဆေဒပဋိပ္ပဿဒ္ဓိကရာနံ မဂ္ဂဖလာနမာရမ္မဏဘူတော နိဗ္ဗာနံ နာမ ဧကော ဓမ္မောတိ သိဒ္ဓံ၊ ပစ္စက္ခာနုမာနသိဒ္ဓတာ သန္ဒဿနေန စ အဘာဝမတ္တံ နိဗ္ဗာနန္တိ ဝိပ္ပဋိပန္နာနံဝါဒံ နိသေဓေတီတိ အလမတိပ္ပပေဉ္စန-

ဟူ၍ မိန့်တော်မူသည်။

အနက်ကား။ စတုမဂ္ဂဉာဏေန သစ္ဆိကာတဗ္ဗန္တိဣမိနာ၊ စတုမဂ္ဂဉာဏေန သစ္ဆိကာတဗ္ဗံ ဟူသော ဤပါဌ်ဖြင့်။ နိဗ္ဗာနဿ၊ နိဗ္ဗာန်တရား၏၊ တံတံအရိယပုဂ္ဂလာနံ၊ ထိုထိုသောအရိယာပုဂ္ဂိုလ်တို့၏၊ ပစ္စက္ခသိဒ္ဓတံ၊ မျက်မှောက်ပြု၍ သိသောအဖြစ်ကို။ ဒေဿတိ၊ ပြ၏၊ မဂ္ဂဖလာနမာရမ္မဏဘူတန္တိ ဣမိနာ၊ မဂ္ဂဖလာနမ္မဏဘူတံ ဟူသော ဤပါဌ်ဖြင့်။ ကလျာဏပုထုဇ္ဇနာနံ၊ ကလျာဏပုထုဇဉ်ပုဂ္ဂိုလ်တို့၏၊ အနုမာနသိဒ္ဓတံ၊ ကြံဆ၍သိအပ်သော အဖြစ်ကို။ ဒေဿတိ၊ ပြ၏။

ဟိ၊ ထင်စွာဆိုလိုက်အံ့။ သင်္ခတဓမ္မာရမ္မဏံ ဝါ၊ သင်္ခတ တရားလျှင်အာရုံ ရှိသည်လည်းဖြစ်သော။ ပညတ္တာရမ္မဏံ ဝါ၊ ပညတ်တရားလျှင် အာရုံရှိသည်လည်း ဖြစ်သော။ ဉာဏံ၊ ဉာဏ်သည်။ ကိလေသာနံ၊ ကိလေသာတို့ကို။ သမုစ္ဆေဒပဋိပ္ပဿမ္ဘနေ၊ အကြွင်းမဲ့ဖြတ်ခြင်း တဖန်ငြိမ်းစေခြင်း၌။ အသမတ္ထံ၊ မစွမ်းနိုင်။ လောကေ၊ လောက၌ ကိလေသသမုစ္ဆေဒါဒိ၊ ကိလေသာတို့၏ အကြွင်းမဲ့ဖြတ်ခြင်းစသော သဘောသည်လည်း။ အတ္ထိစ၊ ရှိသည်သာတည်း။ တသ္မာ၊ ထို့ကြောင့်။ သင်္ခတသမုတိဓမ္မဝိပရိတော၊ သင်္ခတတရား၊ ပညတ်တရားတို့မှဖောက်ပြန်သော သဘောသည်လည်း။ အတ္ထိ၊ ရှိသည် စင်စစ်တည်း။ ကိလေသာနံ၊ ကိလေသာတို့၏၊ သမုစ္ဆေဒပဋိပ္ပဿဒ္ဓိကရာနံ၊ ဖြတ်ခြင်း၊ ငြိမ်းခြင်းကို ပြုတတ်ကုန်သော၊ မဂ္ဂဖလာနံ၊ မဂ်ဖိုလ်တို့၏၊ အာရမ္မဏဘူတော၊ အာရုံ၌ဖြစ်၍ ဖြစ်သော။ နိဗ္ဗာနံ၊ နိဗ္ဗာန်မည်သည်ကား။ ဧကော ဓမ္မော၊ တခုသော ပရမတ္ထတရားတည်း။ ဣတအတ္ထံ၊ ဤသို့သောအနက်သည်။ သိဒ္ဓံ၊ ပြီး၏။

ပစ္စက္ခာနုမာနတာ သန္ဒဿနေနစ၊ မျက်မှောက်သိအပ်သောအဖြစ် ကြံဆ၍ သိအပ်သောအဖြစ်ကိုပြသဖြင့်လည်း၊ အဘာဝမတ္တံ၊ မဖြစ်ခြင်းသဘောမျှသည်။ နိဗ္ဗာနံ၊ နိဗ္ဗာန်မည်၏၊ ဣတိ၊ ဤသို့။ ဝိပ္ပဋိပန္နာနံ။ အယူပျက်စီးအချည်းနှီးသော ပုဂ္ဂိုလ်တို့၏၊ ဝါဒံ၊ အယူစကားကို။ နိသေဓေတိ၊ တားမြစ်ပေ၏၊ ဣတိ၊ ဤသို့ နိဗ္ဗာန်ရှိဟန် သိလောက်တန်သောကြောင့်။ အတိပ္ပပေဉ္စန၊ အလွန်ချဲ့သဖြင့်။ အလံ၊ အကျိုးမရှိပြီ။

ဤဋီကာပါဌ်ဖြင့် စိတ်၊ စေတသိက်၊ ရုပ်တည်းဟူသော သင်္ခတတရားလျှင် အာရုံရှိသောဉာဏ်၊ ပညတ်တရားလျှင် အာရုံရှိသောဉာဏ်သည် ကိလေသာတို့ကို အကြွင်းမဲ့ဖြတ်ခြင်း တဖန်ငြိမ်းစေခြင်းငှာ မစွမ်းနိုင်။ နိဗ္ဗာန်ကိုအာရုံပြုသော ဉာဏ်သည်သာလျှင် စွမ်းနိုင်သည်။

လောက၌ ကိလေသာတို့ အကြွင်းမဲ့ဖြတ်ခြင်းသဘောသည်လည်း ထင်ရှားရှိခဲ့၏၊ ထိုသို့ရှိသောကြောင့် သင်္ခတတရား၊ သမုတိပညတ်တရားတို့မှ အခြားအသီးဖြစ်သော ကိလေသာကိုဖြတ်တတ်သော မဂ်၊ ဖိုလ်တို့၏အာရုံဖြစ်သော နိဗ္ဗာန်မည်သည်ကား တခုသော ပရမတ်တရားပင်ရှိ၏ ဟူသောအနက်သည်ပြီး၏။

ယင်းသို့ပြီးရကား တစုံတခုမျှ မဖြစ်ခြင်းသဘော ပျောက်ငြိမ်းခြင်းသဘောသည် နိဗ္ဗာန်မည်၏ ဟူ၍ အယူပျက်ကုန်သောသူတို့၏ ဝါဒ စကားကို ယခင်ပါဌ်တို့ဖြင့် တားမြစ်၏ ဟူလိုသည်။

---

၃၂၁-ရေဝတနတ်သား လျှောက်ထားရာတွင်ဘုရားသခင်ဟောတော်မူပုံကို ပြခြင်း

တရံသောအခါ ရေဝတမည်သောနတ်သားသည် ဘုရားရှင်ထံသို့ ကပ်၍ အရှင်ဘုရား နိဗ္ဗာန်မည်သောပြည်ကား အဘယ်မျှလောက်ဝေးပါသနည်း။ အဘယ်ခရီးဖြင့် သွားအပ်ပါသနည်း ဟု လျှောက်ရာတွင် ဘုရားသခင်က-

ယတ္ထ ခေါ အာဝုသော န ဇာယတိ န ဇီယတိ န မီယတိ န စဝတိ န ဥပပဇ္ဇတိ၊ နာဟံ တံ ဂမနေန လောကဿ အန္တံ ဉာတေယျံ ဒိဋ္ဌေယျံ ပတ္တေယျန္တိ ဝဒါမိ၊ န စာဟံ အာဝုသော အပ္ပတွာဝ လောကဿ အန္တံဒုက္ခဿ အန္တကိရိယံ ဝဒါမိ။ အပိ စာဟံ အာဝုသော ဣမသ္မိံ ယေဝဗျာမမတ္တေ ကဠေဝရေ သသည်မှိ သမနကေ လောကဉ္စ ပညပေမိ လောကသမုဒယဉ္စ လောကနိရောဓဉ္စ လောကနိရောဓဂါမိနိဉ္စ ပဋိပဒံ။

ဂမနေန န ပတ္တဗ္ဗော၊ လောကဿန္တော ကုဒါစနံ။
နစ အင်တွာ လောကန္တံ၊ ဒုက္ခာ အတ္ထိ ပမောစနံ။

ဟူ၍ ဟောတော်မူသော ဒေသနာကို ပါရာဇိကဏ်အဋ္ဌကထာ (ပ-နှာ ၈၉)၌ သာဓက ပြသည်။

အာဝုသော၊ ရေဝတနတ်သား။ ယတ္ထ၊ အကြင်နိဗ္ဗာန်အရပ်၌။ န ဇာယတိ၊ ဖြစ်လည်းမဖြစ်။ န ဇီယတိ၊ အိုလည်းမအို။ န မီယတိ၊ သေလည်းမသေ။ န စဝတိ၊ ရွေ့လည်းမရွေ့။ န ဥပပဇ္ဇတိ၊ တဖန်လည်းပဋိသန္ဓေမနေ။ လောကဿန္တံ၊ လောက၏အဆုံးဖြစ်သော။ တံ ဌာနံ၊ ထိုနိဗ္ဗာန်အရပ်သို့။ ဂမနေန၊ ရထား၊ လှည်း၊ လှေ၊ ခြေလျင်သွားခြင်းဖြင့်။ ဉာတေယျံ၊ သိအပ်၏ဟူ၍၎င်း။ ဒိဋ္ဌေယျံ၊ မြင်အပ်၏ဟူ၍၎င်း။ ပတ္တေယျန္တိ၊ ရောက်အပ်၏ဟူ၍၎င်း အဟံ၊ ငါဘုရားသည်။ န ဝဒါမိ၊ ဟောတော်မမူ။

အာဝုသော၊ ရေဝတနတ်သား။ လောကဿန္တံ၊ လောက၏ အဆုံးဖြစ်သော နိဗ္ဗာန်ကို။ အပတွာဝ၊ မရောက်ပဲလည်း။ ဒုက္ခဿ၊ ဆင်းရဲ၏၊ အန္တကိရိယံ၊ အဆုံးကို ပြုတတ်၏ဟူ၍။ အဟံ၊ ငါဘုရားသည်။ န ဝဒါမိ၊ ဟောတော်မမူ။

အာဝုသော၊ ရေဝတနတ်သား။ အမိစ၊ စင်စစ်သော်ကား။ ဗျာမမတ္တေ၊ တလံမျှလောက်သော၊ သသညိမှိ၊ သညာနှင့်တကွသော။ သမနကေ၊ စိတ်နှင့် တကွသော၊ ဣမသ္မိံ ယေဝ ကဠေဝရေ၊ ဤကိုယ်၌သာလျှင်။ လောကဉ္စ၊ သင်္ခါရလောကကိုလည်း။ ပညပေမိ၊ ပညတ်တော်မူ၏၊ လောကသမုဒယဉ္စ၊ သင်္ခါရလောက၏ ဖြစ်ကြောင်းကိုလည်း။ ပညပေမိ၊ ပညတ်တော်မူ၏၊ လောကနိရောဓဉ္စ၊ သင်္ခါရလောက၏ ချုပ်ရာနိဗ္ဗာန်ကိုလည်း၊ ပညပေမိ၊ ပညတ်တော်မူ၏၊ လောကနိရောဓဂါမိနိပဋိပဒဉ္စ၊ လောက၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော အကျင့်ကိုလည်း။ ပညပေမိ၊ ပညတ်တော်မူ၏။

အာဝုသာ၊ အို ရေဝတနတ်သား၊ လောကဿ၊ သင်္ခါရလောက၏၊ အန္တော၊ အဆုံးဖြစ်သော နိဗ္ဗာန်ကို။ ဂမနေန၊ ရထား၊ မြင်း၊ ဆင်၊ ယာဉ်ဖြင့်၎င်း၊ လှည်း၊ လှေ၊ ခြေလျင်သွားခြင်းဖြင့်၎င်း။ ကုဒါစနံ၊ တရံတဆစ်မျှ။ န ပတ္တဗ္ဗော၊ မရောက်အပ်။ လောကဿန္တံ၊ လောက၏ အဆုံးဖြစ်သော နိဗ္ဗာန်သို့။ အပတွာ စ၊ မရောက်ပဲလည်း။ ဒုက္ခာ၊ ဆင်းရဲမှ။ ပမောစနံ၊ လွတ်ခြင်းသည်။ နတ္ထိ၊ မရှိ။

ဤသို့သော ဒေသနာဖြင့် နိဗ္ဗာန်မည်သည် လူတို့၏မြို့ပြ၊ ပြည်၊ ရွာ၊ ကဲ့သို့ တည်ရာဒေသ မရှိရကား ရထား၊ မြင်း၊ ဆင်၊ စသော ယာဉ်ဖြင့်၎င်း ခြေလျင်ဖြင့်၎င်း သွား၍ ရောက်ကောင်းသည်မဟုတ်။ ဝိသုဒ္ဓိပဋိပတ်မြတ်သော အကျင့်ဖြင့်သာ ရောက်အပ်သည်။ မဂ်ဉာဏ်ဖိုလ်ဉာဏ် ဖြင့်သာမြင်နိုင်သည်။ ဆင်းရဲအပေါင်း၏ ဆုံးရာဖြစ်သည်။ ထိုနိဗ္ဗာန်ကား ဧကန်ရှိသည်သာတည်း။ ဤနိဗ္ဗာန်သို့ မရောက်သမျှကို ဒုက္ခမှ ကင်းလွတ်သည် မရှိဟု မိန့်တော်မူသည်။

၃၂၂-မိလိန္ဒမင်းကြီး မေးရာတွင် ရှင်နာဂသိန်ဖြေဆိုပုံကို ပြခြင်း

မိလိန္ဒပဥှာ၌ကား-

ဘန္တေ နာဂသေန ကတမေ သတ္တာ ကမ္မဇ၊ ကတမေ ဟေတုဇာ ကတမေ ဥတုဇာတိ၊ ယေ ကေစိ မဟာရာဇ သစေတနာ သတ္တာ သဗ္ဗေ ကမ္မဇာ။ ပထဝီ စ သဗ္ဗေ ပဗ္ဗတာ ဇလာ ဝါတာ စ ဥတု ဇာ။ အဂ္ဂိ စ သဗ္ဗေဟိ ပဇာ ဟေတုဇာ။ အာကာသော စ နိဗ္ဗာနဉ္စ အကမ္မဇာ အဟေတုဇာ န ဥတုဇာတိ အစရှိသည်ဖြင့် လာသည်။

အဓိပ္ပါယ်ကား။ ။အရှင်နာဂသိန် အဘယ်သတ္တဝါတို့သည် ကံကြောင့်ဖြစ်ကုန်သနည်း။ အဘယ်သလောတို့သည်အကြောင်းကြောင့် ဖြစ်ကုန် သနည်း။ အဘယ်သဘောတို့သည်ဥတုကြောင့် ဖြစ်ကုန်သနည်းဟု မေး၏၊

မင်းကြီးစိတ်ရှိသော အကြင်သတ္တဝါတို့သည် ဖြစ်ကုန်၏၊ ထိုခပ်သိမ်းသော သတ္တဝါတို့သည် ကံကြောင့်သာဖြစ်ကုန်၏၊ မြေသည်၎င်း အလုံးစုံသော တောင်တို့သည်၎င်း ရေသည်၎င်း လေသည်၎င်း ဥတုကြောင့်ဖြစ်ကုန်၏၊ မီးသည်၎င်း အလုံးစုံသော သစ်ပင်တို့သည်၎င်း အကြောင်းကြောင့် ဖြစ်ကုန်၏၊ ကောင်းကင်သည်၎င်း နိဗ္ဗာန်သည်၎င်း ကံကြောင့်လည်းမဖြစ် အကြောင်းကြောင့်လည်းမဖြစ် ဥတုကြောင့်လည်းမဖြစ်ချေ။

မင်းကြီး နိဗ္ဗာန်ကို ကမ္မဇဟူ၍၎င်း ဟေတုဇဟူ၍၎င်း ဥတုဇဟူ၍၎င်း ဖြစ်ပြီးဟူ၍၎င်း ဖြစ်ဆဲဟူ၍၎င်း ဖြစ်လတ္တံ့ဟူ၍၎င်း အတိတ်ဟူ၍၎င်း အနာဂတ်ဟူ၍၎င်း ပစ္စုပ္ပန်ဟူ၍၎င်း စက္ခုဝိညာဉ်ဖြင့် မြင်အပ်သည်ဟူ၍၎င်း, သောတဝိညာဉ်ဖြင့် ကြားအပ်သည်ဟူ၍၎င်း ဃာနဝိညာဉ် ဇိဝှါဝိညာဉ် ကာယဝိညာဉ်တို့ဖြင့် သိအပ်၏ ဟူ၍၎င်း မဆိုအပ်ချေ ဟူ၍ ဖြေဆို၏၊

ထိုအခါမင်းကြီးက အရှင်ဘုရား ထိုသို့ဖြင့်တပြီးကား အရှင်ဘုရားတို့သည် မရှိသောသဘောကို နိဗ္ဗာန်ဟူ၍ ညွှန်းတော်မူသလော ဟုလျှောက်၏၊

အရှင်နာဂသိန်။ ။မင်းကြီးနိဗ္ဗာန်သည် မရှိသည်ကားမဟုတ်၊ ရှိသည်သာတည်း။ မနောဝိညာဉ်ဖြင့် သိအပ်၏၊ ကောင်းသောအကျင့်ရှိသော ပုဂ္ဂိုလ်သည် စင်ကြယ်စွာသော ဉာဏ်ဖြင့် မြင်နိုင်၏ဟု ဖြေလျှင်-

အရှင်ဘုရား ဥပမာဖြင့် သိပါစေလော ဟုလျှောက်ပြန်လေရာ-

မင်းကြီး လေသည် ရှိ၏လောဟု မေး၏၊

အရှင်ဘုရားရှိပါ၏ဟု လျှောက်လျှင်-

မင်းမြတ် ဤရှိသောလေကို ငါ့အားပြပါလောဟုဆို၏၊

မင်းကြီး။ ။အရှင်ဘုရား လေ၏ အနီ အဖြူ စသော အဆင်းကို၎င်း, အလုံးအပြား စသောသဏ္ဌာန်ကို၎င်း ကြီးသည် ငယ်သည် တိုသည် ရှည်သည်ကို၎င်း ပြခြင်းငှာ မတတ်နိုင် ဟူ၍ လျှောက်ပေသော်-

အရှင်နာဂသိန်။ ။မင်းကြီး ထိုသို့မပြနိုင်မူ လေသည်မရှိသလောဟု မေး၏၊

အရှင်ဘုရား၊ လေရှိပါ၏ ပြခြင်းငှာသာ မတတ်နိုင်ပါဟု လျှောက်လျှင်-

မင်းကြီး၊ ဤအတူ နိဗ္ဗာန်လည်း ဧကန်ရှိ၏၊ ပြခြင်းငှာသာ မတတ်နိုင်ဟု မိန့်တော်မူ၏၊

အရှင်ဘုရား အလွန်သင့်မြတ်ပေ၏၊ အကျွန်ုပ်သည် နိဗ္ဗာန်ရှိကြောင်းကို ဝန်ခံပါ၏ဟု လျှောက်လေသတည်း။

၃၂၃-ပုဂ္ဂိုလ်တိုင်း နိဗ္ဗာန်ရ-မရ, မိလိန္ဒမင်းကြီးကမေးရာ

အရှင်နာဂသိန် ဖြေဆိုပုံကို ပြခြင်း

မင်းကြီး။ ။အရှိင်နာဂသိန်၊ ခပ်သိမ်းသောသူတို့သည် နိဗ္ဗာန်ကို မရကုန်။ စင်စစ်သော်ကာ ကောင်းသောအယူအကျင့်ရှိသော အရိယာသာဝကတို့သည် သာလျှင် နိဗ္ဗာန်ကို ရကုန်၏ဟု မိန့်တော်မူ၏၊

မင်းကြီး။ ။အရှင်ဘုရား အကြင်ပုဂ္ဂိုလ်သည် နိဗ္ဗာန်ကိုမရ၊ ထိုပုဂ္ဂုလ်သည် နိဗ္ဗာန်ကား အလွန်ချမ်းသာ၏ဟူ၍ သိပါ၏လောဟု မေး၏၊

အရှင်နာဂသိန်။ ။မင်းကြီး၊ သိပါ၏ဟု ဖြေသော်-

မင်းကြီး။ ။အရှင်ဘုရား ဘယ်သို့သိပါအံ့နည်းဟု လျှောက်၏၊

အရှင်နာဂသိန်။ ။မင်းကြီး လက်, ခြေဖြတ်ခြင်းကို မခံရသေးသော သူတို့သည် သူတပါး လက်, ခြေဖြတ်ခြင်းကို ခံရသောအခါ ငိုကြွေးသောအသံကို ကြား၍ လက်, ခြေ ဖြတ်ခြင်း၌ ဆင်းရဲကြီးသည်ကို သိသကဲ့သို့ ဤအတူ အကြင်သူတို့သည် နိဗ္ဗာန်ကို မြင်၏၊ ထိုသူတို့၏ ပြောဟောချီးမွမ်းသောအသံကို ကြားသဖြင့် နိဗ္ဗာန်ကားဤသို့ ချမ်းသာရ၏ဟု သိသတည်း။ ဤသို့ ဖြေတော်မူလျှင်-

မင်းကြီး။ ။အရှင်ဘုရား လျောက်ပတ်၏ဟု ချီးမွမ်း၏၊

ဤမှတပါးသော ဥပမာ ဥပမေယျတို့ဖြင့် သမ္မောဟဝိနောဒနီ၌၎င်း, သတိပဌာန်သုတ်, အဋ္ဌကထာ, ဋီကာတို့၌၎င်း လာသည်ကားများသေး၏၊ တွေးဆ ဆင်ခြင်၍ သိမြင်လောက်တန်ပြီ ဖြစ်ရကား မရေးသားလိုက်ပြီ။

၃၂၄-နိဗ္ဗာန်အပြား နှစ်ပါးကိုပြခြင်း

ထိုနိဗ္ဗာန်သည်-

၁။ သဥပါဒိသေသ နိဗ္ဗာန်

၂။ အနုပါဒိသေသ နိဗ္ဗာန်ဟူ၍နှစ်ပါးပြားသည်။ ရဟန္တာပုဂ္ဂိုလ်တို့အား ကိလေသာကုန်၍ ခန္ဓာငါးပါးသာ အကြွင်းရှိသည်ကား သဥပါဒိသေသ နိဗ္ဗာန်မည်၏၊

ကိလေသာလည်းကုန် ခန္တာငါးပါးလည်း အကြွင်းမရှိသည်ကား အနုပါဒိသေသ နိဗ္ဗာန်မည်၏၊

ဤသို့ပြားခြင်းသည် ပရမတ္ထအားဖြင့် ပြားသည်မဟုတ် သိလွယ်ရာအကြောင်း အမြွက်ဖြင့်သာ ပြားသည်ဟု ပြလိုသော အရှင်အနုရုဒ္ဓါဆရာသည်-

တဒေတံ ဒုဝိဓံ ဟောတိ ကာရဏာရိယာယေန-ဟုမိန့်၏၊

ဣတိဝုတ် အဋ္ဌကထာ၌လည်း=

ယဒိ ပိ တဿ ပရမတ္ထတော ဘေဒေါ နတ္ထိ၊ ပရိယာယေန ပန ပညာယတိ-

ဟူ၍ ဆိုတော်မူ၏၊

၃၂၅-တနည်း နိဗ္ဗာန်အပြား ၃ ပါးကို ပြခြင်း

မေး။ ။သုညတ နိဗ္ဗာန်, အနိမိတ္တနိဗ္ဗာန်, အပ္ပဏိဟိတနိဗ္ဗာန်ဟူ၍ သုံးတန် ဘယ့်ကြောင့်ပြားသနည်း။

ဖြေ။ ။အတ္တဟူ၍ စွဲလမ်းခြင်းကို စွန့်တတ်သော အနတ္တဟူ၍ စီးဖြန်းခြင်းသည် သုညတာနုပဿနာ မည်၏၊ ထိုအနုပဿနာဖြင့် စီးဖြန်း၍ ဝဋ်မှထမြောက်ကြောင်း ဖြစ်သော ဝုဋ္ဌာနဂါမိနိဝိပဿနာဇောသည် ဖြစ်အံ့၊ ထိုဇောသည် သုညတဝိမောက္ခ မည်၏၊ ထိုဇောနောက်ကျသော မဂ်သည်လည်း သုညတမဂ်, ဖိုလ်သည်လည်း သုညတဖိုလ် မည်၏၊ ထိုပုဂ္ဂိုလ၏နိဗ္ဗာန်သည် သုညတ နိဗ္ဗာန် မည်လေသည်။

ဝိပ္ပလာသနိမိတ်ကို စွန့်တတ်သော အနိစ္စဟူ၍ စီးဖြန်းခြင်းသည် အနိမိတ္တာ နုပဿနာ မည်၏၊

ထိုအနုပဿနာဖြင့် စီးဖြန်း၍ ဝုဌာနဂါမိနိဝိပဿနာဇောသည် ဖြစ်အံ့၊ ထိုဇောသည် အနိမိတ္တဝိမောက္ခ မည်၏၊

ထိုဇောနောက်ကျသော မဂ်သည်လည်း အနိမိတ္တမဂ်, ဖိုလ်သည် အနိမိတ္တဖိုလ် မည်၏၊

ထိုပုဂ္ဂိုလ်၏ နိဗ္ဗာန်သည် အနိမိတ္တနိဗ္ဗာန် မည်လေသည်။

တဏှာ ဟူသော တောင့်တခြင်းကို စွန့်တတ်သော ဒုက္ခဟူ၍ စီးဖြန်းခြင်းသည် အပ္ပဏိဟိတာနုပဿနာ မည်၏၊

ထိုအနုပဿနာဖြင့် စီးဖြန်း၍ ဝုဋ္ဌာနဂါမိနိဝိပဿဇောသည် ဖြစ်အံ့၊ ထိုဇောသည် အပ္ပဏိဟိတဝိမောက္ခ မည်၏၊

ထိုဇောနောက်ကျသော မဂ်သည်လည်း အပ္ပဏိဟိတမဂ်, ဖိုလ်သည်လည်း အပ္ပဏိဟိတဖိုလ် မည်၏၊

ထိုပုဂ္ဂိုလ်၏ နိဗ္ဗာန်သည် အပ္ပဏိဟိတနိဗ္ဗာန် မည်သည်။

ဤသို့ ဝိပဿနာတည်းဟူသော ရောက်ကြောင်း အခြင်းအရာအားဖြင့် သုံးပါးပြားသည် ဟူပေ။

၃၂၆-လက္ခဏာရေးသုံးပါးတို့တွင် တပါးပါးကို ထင်ရုံမျှဖြင့် မဂ်ကို ရ-မရ ပြခြင်း

မေး။ ။လက္ခဏာ ရေးသုံးပါးတွင် တပါးပါးကို နှလုံးသွင်း၍ ထင်သဖြင့် မဂ်ကိုရသလော၊ သုံးပါးလုံးထင်မှ ရသလော။

ဖြေ။ ။တပါးပါးထင်ရုံမျှဖြင့် မရ သုံးပါးလုံးထင်မှရ၏ ဟူပေ။ သုံးပါးလုံးထင်မှ ဘယ်သို့ သုညတမဂ် စသည်မည်အံ့နည်း ဟူငြားအံ့၊ သုံးပါးလုံးထင်သော်လည်း မိမိ နှလုံးသွင်းရင်း လက္ခဏာ တပါးပါးသာ ရှေးဦးစွာ ထင်သည်ဖြစ်၍ ထိုထင်သော ရောက်ကြောင်း၏အစွမ်းအားဖြင့်၎င်း မိမိ၏ဂုဏ်အားဖြင့်၎င်း အာရုံအားဖြင့်၎င်း ဤအကြောင်း သုညတ စသောအမည်ကိုရ၏ဟူပေ။

ထိုအနက်ကိုပြခြင်းငှာ အဋ္ဌသာလိနီ ၂၆၆-၌

သုညတန္တိ လောကုတ္တရမဂ္ဂဿ နာမံ။ သော ဟိ အာဂမနတော သဂုဏတော အာရမ္မဏတောတိ တီဟိ ကာရဏေဟိ နာမံ လဘတိ၊ ကထံ ဣဓ ဘိက္ခု အနတ္တတော အဘိနိဝိသိတွာ အနတ္တတော သင်္ခါရ ပဿတိ။ ယသ္မာ ပန အနတ္တတော ဒိဋ္ဌိမတ္တေနေဝ မဂ္ဂဝုဋ္ဌာနံ နာမ န ဟောတိ၊ အနိစ္စတောပိ ဒုက္ခတောပိ ဒဋ္ဌုမေဝ ဝဋ္ဋတိ၊ တသ္မာ အနစ္စံ ဒုက္ခ မနတ္တာ တိ တိဝိဓံ အနုပဿနံ အာရောပေတွာ သမ္မသန္တော စရတိ။ ဝုဋ္ဌာနဂါမိနိဝိပဿနာ ပနဿ တေဘူမကေပိ သင်္ခါရေ သုညတောဝ ပဿတိ။ အယံ ဝိပဿနာ သုညတာ နာမ ဟောတိ၊ သာ အာဂမနီယ- ဋ္ဌာနေ ဌတွာ အတ္တနော မဂ္ဂဿ သုညတ န္တိ နာမံ ဒေတိ။ ဧဝံ မဂ္ဂေါ အာဂမနတော သုညတနာမံ လဘတိ-

သုညန္တိ၊ သုညတဟူသောအမည်သည်။ လောကုတ္တရမဂ္ဂဿ၊ လောကုတ္တရာ မဂ်၏ နာမံ၊ အမည်တည်း။ ဟိ၊ ထင်စွာဆိုဦးအံ့။ သော၊ ထိုမဂ်သည်။ အာဂမနတော၊ ရောက်ကြောင်းအားဖြင့်၎င်း။ သဂုဏတော၊ မိမိဂုဏ်အားဖြင့်၎င်း။ အာရမ္မဏတော၊ အာရုံအားဖြင့်၎င်း။ တီဟိ ကာရဏေဟိ၊ သုံးပါးသောအကြောင်းတို့ဖြင့်။ နာမံ၊ အမည်ကို။ လဘတိ၊ ရ၏၊

ကထံ၊ အဘယ်သို့ ရသနည်းဟူမူကား။ ဣဓ၊ ဤသာသနာတော်၌။ ဘိက္ခု၊ ရဟန်းသည်။ အနတ္တတော၊ အနတ္တအားဖြင့်။ အဘိနိဝိသိတွာ၊ နှလုံးသွင်း၍။ သင်္ခါရေ၊ တေဘုမ္မက သင်္ခါရတရားတို့ကို။ အနတ္တတော၊ အနတ္တအားဖြင့်။ ပဿတိ၊ မြင်၏၊ ယသ္မာ ပန၊ အကြင်ကြောင့်ကား။ အနတ္တတော၊ အနတ္တအားဖြင့်။ ဒိဋ္ဌမတ္တေနေဝ၊ မြင်ကာမျှဖြင့်သာလျှင်။ မဂ္ဂဝုဋ္ဌာနံ နာမ၊ မဂ်၏ထမြောက်ခြင်းမည်သည်။ န ဟောတိ၊ မဖြစ်။ အနိစ္စတောပိ၊ အနိစ္စအားဖြင့်၎င်း။ ဒုက္ခတောပိ၊ ဒုက္ခအားဖြင့်၎င်း။ ဒဋ္ဌုမေဝ၊ မြင်ခြင်းငှာသာလျှင်။ ဝဋ္ဋတိ၊ သင့်၏၊

တသ္မာ၊ ထိုသို့မြင်သင့်သောကြောင့်။ အနိစ္စဒုက္ခမနတ္တာတိ၊ အနိစ္စ, ဒုက္ခ အနတ္တ ဟူ၍။ တိဝိဓံ၊ သုံးပါးအပြားရှိသော။ အနုပဿနံ၊ အနုပဿနာသို့။ အာရောပေတွာ၊ တင်၍။ သမ္မသန္တော၊ သုံးသပ်လျက်။ စရတိ၊ ကျင့်၏၊ အဿ၊ ထိုပုဂ္ဂိုလ်၏၊ ဝုဋ္ဌာနဂါမိနိဝိပဿနာ ပန၊ ဝဋ်မှထမြောက်ကြောင်းဖြစ်သော ဝိပဿနာသည်ကား။ တေဘူမကေပိ သင်္ခါရေ၊ ဘုံသုံးပါး၌ဖြစ်သော သင်္ခါရတို့ကိုလည်း။ သုညတောဝ၊ ဆိတ်သောအားဖြင့်သာလျှင်။ ပဿတိ၊ မြင်၏၊ အယံ ဝိပဿနာ၊ ဤဝိပဿနာသည်။ သုညတာ နာမ၊ သုညတဝိပဿနာ မည်သည်။ ဟောတိ၊ ဖြစ်၏၊ သာ၊ ထိုရှေးဦးစွာမြင်သော ဝိပဿနာသည်။ အာဂမနီယဋ္ဌာနေ၊ ရောက်ကြောင်း၏အရာ၌။ ဌတွာ၊ တည်၍။ အတ္တနော မဂ္ဂဿ၊ မိမိမဂ်၏၊ သုညတန္တိ နာမံ၊ သုညတ ဟူသောအမည်ကို။ ဒေတိ၊ ပေး၏၊ ဧဝံ၊ ဤသို့။ မဂ္ဂေါ၊ မဂ်သည်။ အာဂမနတော၊ ရောက်ကြောင်းဝိပဿနာအားဖြင့်။ သုညတနာမံ၊ သုညတ မဂ်ဟူသော အမည်ကို လဘတိ၊ ရ၏၊

ယသ္မာ ပန၊ အကြင်ကြောင့်ကား။ သော၊ ထိုမဂ်သည်။ ရာဂါဒီဟိ၊ ရာဂအစရှိသော ကိလေသာတို့မှ။ သုညော၊ ဆိတ်၏၊ တသ္မာ၊ ထို့ကြောင့်။ သရဏေဝ၊ မိမိဂုဏ်အားဖြင့်သာလျှင်။ သုညတနာမံ၊ သုညတမဂ်ဟူသော အမည်ကို။ လဘတိ၊ ရ၏၊ နိဗ္ဗာနံပိ၊ နိဗ္ဗာန်သည်လည်း။ ရာဂါဒီဟိ၊ ရာဂစသည်တို့မှ။ သုညတတ္တာ၊ ဆိတ်သည်၏ အဖြစ်ကြောင့်။ သုညတန္တိ၊ သုညတဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏၊ တံ၊ ထိုနိဗ္ဗာန်ကို။ အာရမ္မဏံ ကတွာ၊ အာရုံပြု၍။ ထိုအနက်ကို ပြခြင်းငှာ ၎င်းအဋ္ဌသာ လိနီအဋ္ဌကထာ နှာ-၂၆၉၌

တီနိလက္ခာနိ ဧကာဝဇ္ဇနေန ဝိယ အာဂါထ မာဂစ္ဆန္တိ။ တိဏ္ဏဉ္စ ဧကတော အာပါထဂမနံ နာမ နတ္ထိ၊ ကမ္မဋ္ဌာနဿ ပန ဝိဘူတာဘာ-ဝဒီပနတ္ထံ ဧဝံ ဝုတ္တံ-

ဟူ၍မိန့်တော်မူသည်။

တီဏိ လက္ခာနိ၊ သုံးပါးသောလက္ခာတို့သည်။ ဧကောဝဇ္ဇနေန၊ တခုသော အာဝဇ္ဇန်းရှိသော ဝီထိဖြင့်။ အာပါထံ ဝိယ၊ ထင်ခြင်းသို့ရောက်သကဲ့သို့။ အာပါထံ၊ ထင်ခြင်းသို့။ အာဂစ္ဆန္တိ၊ ရောက်ကုန်၏၊ ၊ စင်စစ်ကား။ တိဏ္ဏံ၊ သုံးပါးသောလက္ခာတို့၏၊ ဧကတော၊ တပေါင်းတည်း။ ဝါ၊ တပြိုင်နက်။ အာပါထဂမနံ နာမ၊ ထင်ခြင်းသို့ ရောက်သည်မည်သည်။ နတ္ထိ၊ မရှိ။ ပန၊ ယင်းသို့မရှိသော်လည်း။ ကမ္မဋ္ဌာနဿ၊ ကမ္မဋ္ဌာန်း၏၊ ဝိဘူတာဘာဝဒီပနတ္ထံ၊ ထင်ရှားသောအဖြစ်ကိုပြခြင်းငှါ။ ဧဝံ၊ ဤသို့။ ဝုတ္တံ၊ ဆိုအပ်၏၊

တသ္မာ၊ ထို့ကြောင့်။ အနိစ္စံ ဒုက္ခံ အနတ္တာတိ၊ အနိစ္စ, ဒုက္ခ, အနတ္တဟူ၍။ တိဝိဓံ၊ သုံးပါးအပြားရှိသော။ အနုပဿနံ၊ အနုပဿနာသို့။ အာရောပေတွာ။ တင်၍။ သမ္မသန္တော၊ သုံးသပ်လျက်။ စရတိ၊ ကျင့်၏၊ အဿ၊ ထိုပုဂ္ဂိုလ်၏၊ ဝုဋ္ဌာနဂါမိနိဝိပဿနာ ပန၊ ဝုဋ္ဌာနဂါမိနိဝိပဿနာသည်ကား။ တေဘူမက သင်္ခါရေသု၊ ဘုံသုံးပါး၌ ဖြစ်သော သင်္ခါရတရားတို့၌။ ပဏိဓိံ၊ တဏှာဟူသော တောင့်တခြင်းကို။ သောသေတွာ၊ ခြောက်တတ်စေ၍။ ပရိယာဒိယိတွာ၊ ကုန်စေ၍။ ဝိဿဇ္ဇေသိ၊ လွှတ်၏၊ အယံ ဝိပဿနာ၊ ဤဝိပဿနာသည်။ အပ္ပဏိဟိတာနာမ၊ အပ္ပဏိဟိတ မည်သည်။ ဟောတိ၊ ဖြစ်၏၊ သာ၊ ထိုဝိပဿနာသည်။ အာဂမနီယဋ္ဌာနေ၊ ရောက်ကြောင်း၏အရာ၌။ ဌတွာ၊ တည်၍။ အတ္တနော မဂ္ဂဿ၊ မိမိမဂ်၏၊ အပ္ပဏိဟိတန္တိ နာမံ၊ အပ္ပဏိဟိတဟူသော အမည်ကို။ ဒေတိ၊ ပေး၏၊ ဧဝံ၊ ဤသို့။ မဂ္ဂေါ၊ မဂ်သည်။ အာဂမနတော၊ ရောက်ကြောင်းအားဖြင့်။ အပ္ပဏီဟိတနာမံ၊ အပ္ပဏိဟိတဟူသောအမည်ကို။ လဘတိ၊ ရ၏၊ ။သဂုဏ စသည်မှာ ရှေးအတူပင်တည်း။

တခုသော အာဝဇ္ဇန်းဖြင့် လက္ခဏာရေး ၃-ပါးလုံးကို မထင်နိုင်ခြင်း

သုံးပါးသော လက္ခဏာထင်မှ မဂ်ကိုရ၏ ဟူသော်-ထိုလက္ခဏာရေး သုံးပါးတို့သည် တခုသောဝီထိ၌ ထင်နိုင်အံ့လော ဟူငြားအံ့ တခုသော ဝီထိ၌ကား တပြိုင်နက်မထင်၊ ယင်သို့မထင်သော်လည်း ညဉ့်မိုက်၌ ထင်းမီးစကိုခြာခြာ လှည့်သည်ရှိသော် စက်ဝိုင်းအသွင် ထင်သကဲ့သို့ အာရမ္မဏိက စိတ်တို့သည် အလွန် လျင်သည်၏အဖြစ်ကြောင့် အာရုံသည်တပြိုင်နက်ထင်သကဲ့သို့ ဖြစ်၏ဟူပေ။

ထိုအနက်ကိုပြခြင်းငှာ ၎င်းအဋ္ဌသာလိနီအဋ္ဌကထာ နှာ- ၂၆၉၌-

တီဏိ လက္ခဏာနိ ဧကာဝဇ္ဇနေန ဝိယ အာဂါထ မာဂစ္ဆန္တိ။ တိဏ္ဏဉ္စ ဧကတော အာပါထဂမနံ နာမ နတ္ထိ၊ ကမ္မဋ္ဌာနဿ ပန ဝိဘူတာဘာ ဝဒီပနတ္ထံ ဧဝံ ဝုတ္တံ-

ဟူ၍ မိန့်တော်မူသည်။

တီဏိ လက္ခဏာနိ၊ သုံးပါးသောလက္ခဏာတို့သည်။ ဧကာဝဇ္ဇနေန၊ တခုသော အာဝဇ္ဇန်းရှိသော ဝီထိဖြင့်။ အာပါထံ ဝိယ၊ ထင်ခြင်းသို့ရောက်သကဲ့သို့။ အာပါထံ၊ ထင်ခြင်းသို့။ အာဂစ္ဆန္တိ၊ ရောက်ကုန်၏၊ ၊ စင်စစ်ကား။ တိဏ္ဏံ၊ သုံးပါးသောလက္ခဏာ တို့၏၊ ဧကတော၊ တပေါင်းတည်း။ ဝါ၊ တပြိုင်နက်။ အာပါထဂမနံ နာမ၊ ထင်ခြင်းသို့ ရောက်သည် မည်သည်။ နတ္ထိ၊ မရှိ။ ပန၊ ယင်းသို့မရှိသော်လည်း။ ကမ္မဋ္ဌာနဿ၊ ကမ္မဋ္ဌာန်း၏၊ ဝိဘူတာဘာဝဒီပနတ္ထံ၊ ထင်ရှားသောအဖြစ်ကိုပြခြင်းငှါ။ ဧဝံ၊ ဤသို့။ ဝုတ္တံ၊ ဆိုအပ်၏၊

၃၂၇-တပါးကို နှလုံးသွင်းက ၃-ပါးလုံးထင်ပုံကိုပြခြင်း

သုံးပါးသောလက္ခဏာတို့တွင် ရှေးဦးစွာ တပါးပါးကို နှလုံးသွင်းသော ပုဂ္ဂိုလ်အား သုံးပါးလုံးမထင် ကောင်းလောဟူငြားအံ့ ရှေးဦးစွာက တပါးပါးကို နှလုံးသွင်း သော်လည်း ဝုဋ္ဌာနဂါမိနိဝိပဿနာခဏ၌ သုံးပါးလုံးကို အာရုံပြုသဖြင့် ထင်ကောင်း၏၊ ထိုသို့ထင်မှသာလျှင် မဂ်ကိုရ၏ဟူပေ။ ဤအနက်ကို ပြခြင်းငှါ ၎င်းအဋ္ဌသာလိနီ အဋ္ဌကထာ နှာ-၂၆၉၌-

အနိစ္စဒီသု ဟိ ယတ္ထ ကတ္ထစီ အဘိနိဝိသိတွာ ဣတရမ္ပိလက္ခဏဒွယံ ဒဋ္ဌုံ ဝဋ္ဋတိ ဧဝ၊ ဧကလက္ခဏဒဿနမတ္တေနေဝ ဟိ မဂ္ဂဝုဋ္ဌာနံ နာမနယောတိ။ တသ္မာ အနိစ္စတော အဘိနိဝိဋ္ဌော ဘိက္ခု န ကေဝလံ အနိစ္စတောဝ ဝုဋ္ဌာတိ၊ ဒုက္ခတော အနတ္တတောပိ စုဋ္ဌာတိယေဝ။ ဒုက္ခတော, အနတ္တတော အဘိနိဝိဋ္ဌေပိ ဧသေဝ နယောဟူ၍ မိန့်တော်မူသည်။

ဟိ၊ ထင်စွာဆိုဦးအံ့။ အနိစ္စဒီသု၊ အနိစ္စစသည်တို့တွင်။ ယတ္ထ ကတ္ထစိ၊ အမှတ်မရှိသောလက္ခဏာကို။ အဘိနိဝိသိတွာ၊ နှလုံးသွင်း၍။ ဣတရမ္ပိ၊ ဤမှတပါးလည်းဖြစ်သော။ လက္ခဏဒွယံ၊ လက္ခဏာနှစ်ပါးကို။ ဒဋ္ဌုံ၊ ရှုခြင်းငှာ။ ဝါ၊ မြင်ခြင်းငှာ။ ဝဋ္ဋတိယေဝ၊ သင့်သည်သာတည်း။ ဟိသစ္စံ၊ မှန်၏၊ ဧကလက္ခဏဒဿနမတ္တေနေဝ၊ တခုတည်းသောလက္ခဏာကို မြင်ကာ မျှဖြင့်သာလျှင် မဂ္ဂစုံဋ္ဌာနံ နာမ၊ မဂ်၏ထမြောက်ခြင်း မည်သည်။ န ဟောတိ၊ မဖြစ်။

တသ္မာ၊ ထို့ကြောင့်။ အနိစ္စတော၊ အနိစ္စအားဖြင့်။ အဘိနိဝိဋ္ဌော၊ နှလုံးသွင်းသော။ ဘိက္ခု၊ ရဟန်းသည်။ ကေဝလံ၊ သက်သက်။ အနိစ္စတောဝ၊ အနိစ္စမှသာလျှင်၊ န ဝုဋ္ဌာတိ။ မထ။ ဒုက္ခတောပိ၊ ဒုက္ခမှလည်းကောင်း။ အနတ္တတောပိ၊ အနတ္တမှလည်းကောင်း။ ဝုဋ္ဌာတိယေဝ၊ ထသည်သာလျှင်တည်း။ ဒုက္ခတော၊ ဒုက္ခအားဖြင့်။ အနတ္တတော၊ အနတ္တအားဖြင့်။ အဘိနိဝိဋ္ဌေပိ၊ နှလုံးသွင်းရာ၌လည်း။ ဧသေဝ နယော၊ ဤနည်းလျှင် နည်းရှိ၏၊။ဤနောက်နည်းကား သုတ္တန်ပရိယာယ်နည်းတည်း။

ဤလက္ခဏာရေး သုံးပါးဖြင့်မှတ်၍ စီးဖြန်းသောသူအား ခန္ဓာငါးပါးတို့သည် လည်၌ဆွဲထားသော အကောင်ပုပ်သကဲ့သို့ ထင်၍ ငြီးငွေ့၏၊ ထို့ကြောင့် သင်္ခါရကို အာရုံပြုသော ဉာဏ်သည် ထိုသင်္ခါရတို့မှ ထမြောက်ခြင်းဖြစ်၏၊

ဥပမာကား။ ။ သပိတ်ဝယ်လိုသော ရဟန်းသည် သပိတ်သည်၏ လက်၌ သပိတ်ကို မြင်သဖြင့် ရွှင်လန်းစွာ ယူ၍ ရှုလတ်သော် သပိတ်၌ ပါသော အပေါက် ၃-ခုကို မြင်အံ့။ အပေါက်ကိုသာ တပ်ခြင်းကင်းသည် မဟုတ်သေး၊ သပိတ်ကိုပင်လိုချင်သကဲ့သို့ ထိုလက္ခဏာရေးဖြင့် နှလုံးသွင်းသော ပုဂ္ဂိုလ်အား ၃-ပါးသော လက္ခဏာတို့ ထင်လတ်သော် ထိုလက္ခဏာရှိသော ခန္ဓာငါးပါးကိုပင် ခင်မင်ခြင်းကင်းကွာ၍ သင်္ခါရတို့မှ ထမြောက်ခြင်းဖြစ်လေသတည်း။

နိဗ္ဗာန်ပိုင်း ခတ်ဆစ်များပြီး၏

ဤတွင် ရုပ်ပိုင်းဆိုင်ရာ ပုစ္ဆာဝိသဇ္ဇနာများ ပြီးပြီ။

---

သမုစ္စည်းပိုင်းဆိုင်ရာ ပုစ္ဆာ

သမုစ္စည်းပိုင်းဆိုင်ရာ ပုစ္ဆာ

ဝိသဇ္ဇနာများ

၃၂၈-ဒွါသတ္တတိအရ ၇၂-ပါးသရုပ်ကိုပြခြင်း

မေး။ ။ဒွါသတ္တတိ ဝိဓာအရ၊ များဓမ္မတွင်၊ ဘေဒ ဘယ်သို့ယူမည်နည်း။

ဖြေ။ ။စိတ်သည် အကျဉ်းမှာ တခုယုတ် ၉၀, အကျယ်မှာ ၁၂၁-ပါးပြားသော်လည်း လက္ခဏာအားဖြင့် အာရမ္မဏ ဝိဇာနန လက္ခဏာတပါးသာ ရှိရကား တပါးယူ၍ စေတသိက် ဒွေပညာသမှာ လက္ခဏာအသီးသီးရှိရကား ၅၂-ပါးယူ၍ နှစ်ရပ်ကို ပေါင်းသော် နာမ် တေပညာသ ဖြစ်၏၊ ရုပ်မှာ လက္ခဏာအသီးသီးရကောင်းသောရုပ်သည် နိပ္ဖန္နရုပ် ၁၈-ပါးသာ ဖြစ်သောကြောင့်၎င်း, ၁၈-ပါးကိုရောလျှင် ၇၁-ပါးဖြစ်၏၊ ထိုတွင် သန္တိလက္ခဏာရှိသော နိဗ္ဗာန်တပါးကိုထည့်က ဒွါသတ္တတိဝိဓာ ဖြစ်၏၊ ဟူပေ။

၃၂၉-အာသဝ လေးပါးပြဆိုခြင်း

ဘဝတော အာဘဝဂ္ဂံ ဓမ္မတော အာဂေါတြဘုံ သဝန္တိ ပဝတ္တန္တီတိ အာသဝါ။

ယေ ဓမ္မာ။ အကြင်လောဘ, ဒိဋ္ဌိ, မောဟ တရားတို့သည်။ ဘဝတော၊ ဖြစ်ရာဘုံအားဖြင့်။ အာဘဝဂ္ဂံ၊ နေဝသညာ နာသညာ ဟုဆိုအပ်သော ဘဝဂ်တိုင်အောင်။ ဓမ္မတော၊ တရားအားဖြင့်။ အာဂေါတြဘုံ၊ မဂ်၏ရှေ့ဖြစ်သော ဂေါတြဘူတိုင်အောင်။ သဝန္တိ၊ စီးတတ်ကုန်၏၊ ပဝတ္တန္တိ၊ ဖြစ်တတ်ကုန်၏၊ ဣတိတသ္မာ၊ ထိုသို့စီးတတ်သောသတ္တိကြောင့်။ တေ ဓမ္မာ၊ ထိုတရားတို့သည်။ အာသဝါ၊ အာသဝ မည်ကုန်၏၊

အာသဒ္ဒါသည် အဝဓိ အနက်ကို ဟော၏၊ ဤအဝဓိသည်လည်း-

၁။ကြိယာကို အပပြု၍ ပိုင်းခြားသော မရိယာဒ အဝဓိ

၂။ကြိယာကို အတွင်းပြု၍ ပိုင်းခြားသော အဘိဝိဓိအဝဓိ-

အားဖြင့် နှစ်ပါးပြားသည်တွင် ဤ၌ အာ သဒ္ဒါသည် အာဘဝဂ္ဂံ သဒ္ဒေါ, အဗ္ဘုဂ္ဂတော ကဲ့သို့ ကြိယာကို အတွင်းပြု၍ဖြစ်သော အဘိဝိဓိ အဝဓိ ဟူ၍မှတ်အပ်၏၊

အာသဝေါတရားတို့သည် ဘေဒအားဖြင့်-

၁။ကာမာသဝ၊ ၃။ဒိဋ္ဌာသဝ

၂။ဘဝါသဝ၊ ၄။အဝိဇ္ဇာသဝ-

ဟူ၍ လေးပါးပြားကုန်သည်။ ထိုလေးပါးတို့တွင်-

၁။ကာမ ၁၁-ဘုံ၌ တပ်ငြိတတ်သောလောဘသည် ကာမာသဝ မည်၏၊

၂။ရူပ ၁၅-ဘုံ, အရူပ ၄-ဘုံ၌ တပ်ငြိတတ်သော လောဘသည်၎င်း, ဈာန်၌ တပ်တတ်သော ရာဂသဿတဒိဋ္ဌိနှင့်တကွသော ရာဂသည်၎င်း ဘဝါသဝ မည်၏၊

၃။၆၂-ပါးအပြားရှိသော မိစ္ဆာအယူသည် ဒိဋ္ဌာသဝ မည်၏၊

၄။သစ္စာ ၄-ပါး, ပုဗ္ဗန္တ, အပရန္တ, ဣဒပ္ပစ္စယတာ, ပဋိစ္စသမုပ္ပါဒဓမ္မ ဤဌာန ရှစ်ပါး၌ လွှမ်းတားပိတ်ပင်တတ်သော မောဟသည် အဝိဇ္ဇာသဝမည်၏၊

မိစ္ဆာဒိဋ္ဌိ ၆၂-ပါးကိုပြခြင်း

၆၂-ပါးသော မိစ္ဆာအယူတို့ကား-

စတ္တာရော သဿတဝါဒါ, စတ္တာရော ဧကစ္စ သဿတဝါဒါ, စတ္တာရော အန္တာနန္တိကဝါဒါ, စတ္တာရော အမရာဝိက္ခေပဝါဒါ, ဒွေ အဓိစ္စသမုပ္ပန္နိ ကဝါဒါတိ အဋ္ဌာရသ ပုဗ္ဗန္တာနုဒိဋ္ဌိယော။ သောဠသ သညီဝါဒါ, အဋ္ဌအသညီဝါဒါ, အဋ္ဌ နေဝသညီနာသညီဝါဒါ, သတ္တ ဥစ္ဆေဒဝါဒါ, ပဉ္စ ဒိဋ္ဌဓမ္မနိဗ္ဗာနဝါဒါတိ စတုစတ္တာလီသ အပရန္တာ နုဒိဋ္ဌိယောတိ သမောဓာနဝသေန ဒွါသဋ္ဌိဒိဋ္ဌိယော ဟောန္တိ-

ဟူသော သီလက္ခန် အဋ္ဌကထာနှင့်အညီ သဿတဝါဒ ၄-ပါး, ဧကစ္စသဿတဝါဒ ၄-ပါး, အန္တာနန္တိကဝါဒ ၄-ပါး, အမရာဝိက္ခေပဝါဒ ၄-ပါး, အဓိစ္စသမုပ္ပန္နဝါဒ ၂-ပါးအားဖြင့်-(၁၈)ပါးသော ပုဗ္ဗန္တာနုဒိဋ္ဌိ

သညီဝါဒ ၁၆-ပါး, အသညီဝါဒ ၈-ပါး, နေဝသညီ နာသညီဝါဒ ၈ပါး ဥစ္ဆေဒဝါဒ ၇-ပါး, ဒိဋ္ဌဓမ္မနိဗ္ဗာနဝါဒ ၅-ပါးအားဖြင့် (၄၄)ပါးသော အပရန္တာနုဒိဋ္ဌိ။ ဤနှစ်ရပ်ကိုပေါင်း၍ ဒိဋ္ဌိ(၆၂) ပါးဖြစ်သတည်း။ ။ဤဒိဋ္ဌိတို့၏ယူသော အခြင်းအရာကို ဒိဋ္ဌိဒီပက ကျမ်း၌ ပြဆိုခဲ့ပြီးဖြစ်၍ ဤ၌ အကျယ်မဆိုတော့ပြီ။

၃၃၀-ဩဃ ၄-ပါးကိုပြဆိုခြင်း

ဇလပ္ပဝါဟော သတ္တေ ဩတ္ထရိတွာ ဟနန္တာ ဝိယ သတ္တေ ဝဋ္ဋသ္မိံ ဩဃန္တိ ဩသီဒါပေန္တီတိ ဩဃာ။

ယေ ဓမ္မာ၊ အကြင်လောဘ, ဒိဋ္ဌိ, မောဟ တရားတို့သည်။ ဇလပ္ပဝါဟော၊ ရေအယဉ်သည်။ သတ္တေ၊ သတ္တဝါတို့ကို။ ဩတ္ထရိတွာ၊ လွှမ်းမိုး၍။ ဟနန္တာ ဝိယ၊ သတ်ကုန်သကဲ့သို့။ သတ္တေ၊ သတဝါတ္တဝါတို့ကို။ ဝဋ္ဋသ္မိံ၊ ဝဋ်ဆင်းရဲ၌။ ဩဃန္တိဩသီဒါပေန္တိ၊ နစ်မွန်းစေတတ်ကုန်၏၊ ဣတိတသ္မာ၊ ထိုသို့နစ်မွန်းစေတတ်သော သတ္တိကြောင့်။ တေ ဓမ္မာ၊ ထိုတရားတို့သည်။ ဩဃာ၊ ဩဃမည်ကုန်၏၊ ထိုဩဃတရားတို့သည် ဘေဒအားဖြင့်-

၁။ကာမောဃ၊ ၃။ဒိဋ္ဌောဃ

၂။ဘဝေါဃ၊ ၄။အဝိဇ္ဇောဃ-

ဟူ၍လေးပါးအပြားရှိကုန်၏၊။ ယခင်အာသဝနည်းတူဝေဖန်၍သိလေ။

၃၃၁-ယောဂလေးပါးကို ပြဆိုခြင်း။

တံသမင်္ဂီပုဂ္ဂလံ ဝဋ္ဋသ္မံ ယောဇေန္တီတိ ယောဂါ။

ယေ ဓမ္မာ၊ အကြင်လောဘ, ဒိဋ္ဌိ, မောဟတရားတို့သည်။ တံသမင်္ဂီပုဂ္ဂလံ၊ ထိုယောဂနှင့် ပြည့်စုံသောပုဂ္ဂိုလ်ကို။ ဝဋ္ဋသ္မိံ၊ ဝဋ်ဆင်းရဲ၌။ ယောဇေန္တိ၊ ယှဉ်စေတတ်ကုန်၏၊ ဣတိ တသ္မာ၊ ထိုသို့ယှဉ်စေတတ်သောသတ္တိကြောင့်။ တေ ဓမ္မာ၊ ထိုတရားတို့သည်။ ယောဂါ၊ ယောဂမည်ကုန်၏၊

ထိုယောဂတရားတို့သည် ဘေဒအားဖြင့်-

၁။ကာမယောဂ၊ ၃။ဒိဋ္ဌိယောဂ

၂။ဘဝယောဂ၊ ၄။အဝိဇ္ဇာယောဂ-

ဟူ၍ လေးပါးအပြားရှိ၏၊။အာသဝ၏နည်းတူ ဝေဖန်၍သိလေ။

၃၃၂-ဂန္ထလေးပါးကို ပြဆိုခြင်း

တံသမင်္ဂီပုဂ္ဂလံ ဝဋ္ဋသ္မိံ ဂထေန္တီတိ ဂန္ထာ။

ယေ ဓမ္မာ၊ အကြင်လောဘ, ဒိဋ္ဌိ, မေတတရားတို့သည်။တံ သမင်္ဂီပုဂ္ဂလံ၊ ထိုဂန္ထနှင့်ပြည့်စုံသောပုဂ္ဂိုလ်ကို။ ဝဋ္ဋသ္မိံ၊ ဝဋ်ဆင်းရဲ၌။ ဂထေန္တိ၊ ချည်နှောင်သကဲ့သို့ ထုံးဖွဲ့တတ်ကုန်၏၊ ဣတိ တသ္မာ၊ ထိုသို့ထုံးဖွဲ့တတ်သော သတ္တိကြောင့်။ တေ ဓမ္မာ၊ ထိုတရားတို့သည်။ ဂန္ထာ၊ ဂန္ထမည်ကုန်၏၊ ထိုဂန္ထတို့သည် ဘေဒအားဖြင့်-

၁။အဘိဇ္ဈာကာယဂန္ထ

၂။ ဗျာပါဒကာယဂန္ထ

၃။သီလဗ္ဗတ ပရာမာသ ကာယဂန္ထ

၄။ဣဒံသစ္စာ နိဘိနိဝေသ ကာယဂန္ထ-

ဟူ၍ လေးပါးအပြားရှိ၏၊

ထိုလေးပါးတို့တွင် အဘိဇ္ဈာတို့၏ အပေါင်းဖြစ်သော နာမကာယနှင့် ရူပကာယကို ထုံးဖွဲ့ခြင်းသည် အဘိဇ္ဈာကာယဂန္ထမည်၏၊

ဗျာပါဒတို့၏ အပေါင်းဖြစ်သော နာမကာယနှင့် ရူပကာယကို ထုံးဖွဲ့ခြင်းသည် ဗျာပါဒ ကာယဂန္ထမည်၏၊

ဤ၌ ကာယသဒ္ဒါသည် အပေါင်းကိုဟော၏၊ သူ၏စည်းစိမ် ကို ရှေ့ရှုလိုချင်ခြင်းသည် အဘိဇ္ဈာသာမည်၏၊ အဘယ်သို့ငါရပါအံ့နည်းဟု အဖန်ဖန်ရှေ့ရှုကြံခြင်းသည် အဘိဇ္ဈာကာယမည်၏၊

အမျက်ထွက်၍ ဖျက်ဆီးလိုခြင်းသည် ဗျာပါဒမည်၏၊ ဘယ်သို့ ငါဖျက်နိုင်ပါအံ့နည်းဟု အဖန်ဖန်ရန်ငြိုးဖွဲ့ခြင်းသည် ဗျာပါဒကာယမည်၏၊ ထိုအဘိဇ္ဈာကာယဗျာပါဒကာယ သည်သာလျှင် ဝဋ်ဆင်းရဲ၌ ထုံးဖွဲ့တတ်သောကြောင့် ဂန္ထမည်၏ဟူလိုသည်။

နွားခွေးစသည်တို့၏ အကျင့်ကဲ့သို့ စိတ်ရှိတိုင်းကျင့်သော်လည်း အပြစ်မရှိဟု မှားသောအားဖြင့် စွဲလမ်းသောဒိဋ္ဌိတရားအပေါင်းသည် သီလဗ္ဗတပရာမာသ ကာယဂန္ထမည်၏၊

ငါ၏အယူသာ မှန်၏၊ သူတပါး၏အယူကား အချည်းနှီသာတည်း ဟု နှလုံးသွင်းသော ဒိဋ္ဌိတရားအပေါင်းသည် ဣဒံသစ္စာဘိနိဝေသ ကာယဂန္ထမည်၏၊

ဋီကာဆရာကား - ဂန္ထာ၊ နာမကာယနှင့် ရူပကာယကို။ ပစ္စုပ္ပန်ကာယနှင့် အနာဂတ်ကာယကို။ ဖြေနိုင်ခဲအောင် ထုံးနှောင်ရစ်ပတ်တတ်ကုန်သော တရား, ဟူ၍ သမ္ဗာန်လိုသည်။

အဋ္ဌသာလိနီ၌ကား - ဝဋ်ဆင်းရဲ၌ စုတိပဋိသန္ဓေ၏ အစွမ်းဖြင့် ထုံးဖွဲ့တတ်ကုန်သော တရားဟူ၍ သမ္ဗာန်လိုသည်။

၃၃၃-ဥပါဒါန်လေးပါးကို ပြဆိုခြင်း

ပန္နဂေါ ဝိယ မဏ္ဍုကံ ဘုသံ ဒဠှံ အာရမ္မဏံ အာဒိယန္တီတိ ဥပါဒါနာနိ။

ယာနိ၊ အကြင်လောဘ,ဒိဋ္ဌိ, တရားတို့သည်။ ပန္နဂေါ၊ မြွေသည်။ မဏ္ဍုကံ၊ ဖားကို။ ဘုသံ ဒဠှံ၊ မြဲမြံစွာ။ အာဒိယန္တိ ဝိယ၊ စွဲလမ်းဘိသကဲ့သို့။ ဘုသံ ဒဠှံ၊ ပြင်းထန်မြဲမြံစွာ။ အာရမ္မဏံ၊ အာရုံကို။ အာဒိယန္တိ၊ စွဲလမ်းတတ်ကုန်၏၊ ဣတိတသ္မာ၊ ထိုသို့စွဲလမ်းတတ်သောသတ္တိကြောင့်။ တေ ဓမ္မာ၊ ထိုတရားတို့သည်။ ဥပါဒါနာနိ၊ ဥပါဒါန် မည်ကုန်၏၊ ဤဥပါဒါန်သည် ဘေဒအားဖြင့်-

၁။ကာမုပါဒါန်၊ ၃။သီလဗ္ဗတုပါဒါန်

၂။ဒိဋ္ဌုပါဒါန်၊ ၄။အတ္တဝါဒုပါဒါန်-

ဟူ၍လေးပါးအပြားရှိ၏၊

ထိုလေးပါးတို့တွင် ကာမဂုဏ်အာရုံငါးပါးတို့၌ မြဲမြံစွာ စွဲလမ်းခြင်းသည် ကာမုပါဒါန်မည်၏၊ ၆၂- ပါးသော မိစ္ဆာအယူကို စွဲလမ်းခြင်းသည်။ ဒိဋ္ဌုပါဒါန်မည်၏၊ သတ္တဝါတို့ အထူးမကျင့်ပဲ မိလိုက်ဘလာကျင့်စဉ်ဖြင့် သံသရာမှစင်ချိန်တန်သော် စင်၏ဟူ၍ စွဲလမ်းခြင်းသည် သီလဗ္ဗတုပါဒါန် မည်၏၊ ငါးပါးသော ခန္ဓာတို့၌ ငါ၏ကိုယ်စသည်ဖြင့် စွဲလမ်းအပ်သော သက္ကာယဒိဋ္ဌိနှစ်ဆယ်သည် အတ္တဝါဒုပါဒါန်မည်၏၊

၃၃၄-ဥပါဒါန်၏အာရုံကိုပြခြင်း

မေး။ ။လောဘ,ဒိဋ္ဌိ၊ ရှိသည်အမှန်၊ ဥပါဒါန်သည်၊ ဘယ်ခန္ဓာ၏ အာရုံနည်း။

ဖြေ။ ။ဥပါဒါနက္ခန္ဓ သင်္ခါတလောကတော-

ဟူသော ဋီကာဟိတ်ကိုမှီ၍ လောကီဖြစ်သော ခန္ဓာငါးပါးလျှင် အာရုံရှိသည် ဟုသိအပ်၏၊

၃၃၅-သက္ကာယဒိဋ္ဌိ ၂၀-ကိုပြဆိုခြင်း

မေး။ ။သတ္တဝါဒု၊ ပါဒါန်မူတွင်၊ ငါဟုကြံရာ၊ အောင့်မေ့စွာသည်၊ ခြင်းရာနှစ်ဆယ်၊ ဘယ်သို့အပြားဆိုအံ့နည်း။

ဖြေ။ ။သက္ကာယဒိဋ္ဌိ နှစ်ဆယ်ဟူသည်ကား-

၁။ရုပ်သည် ကိုယ်ပင်တည်းဟုယူခြင်း,

၂။ကိုယ်၌ ရုပ်ရှိသည်ဟု ယူခြင်း,

၃။ရုပ်၌ ကိုယ်ရှိသည်ဟု ယူခြင်း,

၄။ကိုယ်သည် ရုပ်ရှိသည်ဟု ယူခြင်း,

ဤသို့ ရူပက္ခန္ဓာ၌ လေးပါး

၁။ဝေဒနာသည် ကိုယ်ပင်တည်းဟု ယူခြင်း,

၂။ကိုယ်၌ ဝေဒနာရှိသည်ဟု ယူခြင်း,

၃။ဝေဒနာ၌ ကိုယ်ရှိသည်ဟု ယူခြင်း,

၄။ကိုယ်သည် ဝေဒနာရှိ၏ဟု ယူခြင်း၊

ဤသို့ ဝေဒနာက္ခန္ဓာ၌ လေးပါး

၁။သညာသည် ကိုယ်ပင်တည်း ဟု ယူခြင်း,

၂။ကိုယ်၌ သညာရှိသည် ဟု ယူခြင်း,

၃။သညာ၌ ကိုယ်ရှိသည် ဟု ယူခြင်း,

၄။ကိုယ်သည် သညာရှိ၏ ဟု ယူခြင်း၊

ဤသို့ သညက္ခန္ဓာ၌ လေးပါး

၁။သင်္ခါရသည် ကိုယ်ပင်တည်း ဟု ယူခြင်း,

၂။ကိုယ်၌ သင်္ခါရရှိသည် ဟု ယူခြင်း,

၃။သင်္ခါရ၌ ကိုယ်ရှိသည် ဟု ယူခြင်း,

၄။ကိုယ်သည် သင်္ခါရရှိ၏ ဟု ယူခြင်း၊

ဤသို့သင်္ခါရက္ခန္ဓာ၌ လေးပါး

၁။ဝိညာဉ်သည် ကိုယ်ပင်တည်း ဟု ယူခြင်း,

၂။ကိုယ်၌ ဝိညာဉ်ရှိသည် ဟု ယူခြင်း,

၃။ဝိညာဉ်၌ ကိုယ်ရှိသည် ဟု ယူခြင်း,

၄။ကိုယ်သည် ဝိညာဉ်ရှိသည် ဟု ယူခြင်း၊

ဤသို့ ဝိညာဏက္ခန္ဓာ၌ လေးပါးအားဖြင့် သက္ကာယဒိဋ္ဌိ နှစ်ဆယ် ဖြစ်သတည်း။

ပရမတ်အားဖြင့် ကိုယ်မရှိသည်ကို ကိုယ်ရှိ၏ဟု မှတ်ခြင်းကြောင့် သက္ကာယဒိဋ္ဌိ ဆိုသည်ဟု အင်္ဂုတ္တိုရ်ပါဠိ၌ လာသည်။

၃၃၆-နီဝရဏ ၆-ပါးကိုပြဆိုခြင်း

ကုသလစိတ္တံ နိဝါရေန္တီတိ နီဝရဏာနိ။

ပညာစက္ခုံ အာဝရန္တိ ပဋိစ္ဆာဒေန္တီတိ နီဝရဏာနိ။

ယာနိ၊ အကြင် ရှစ်ပါးသောတရားတို့သည်။ ကုသလ စိတ္တံ၊ ကုသိုလ်စိတ်ကို။ နိဝါရေန္တိ၊ တားမြစ်တတ်ကုန်၏၊ ဝါ၊ တနည်းကား။ ပညာစက္ခုံ၊ ပညာမျက်စိကို။ အာဝရန္တိ ပဋိစ္ဆာဒေန္တိ၊ ဖုံးလွှမ်းတတ်ကုန်၏၊ ဣတိ တသ္မာ၊ ထိုသို့တားမြစ်တတ် ဖုံးလွှမ်းတတ်သော သတ္တိကြောင့်။ နီဝရဏာနိ၊ နီဝရဏ တို့မည်ကုန်၏၊

ထိုနီဝရဏသည် ဘေဒအားဖြင့် ၆-ပါး ရှိသည်တွင်-

၁။ကာမဂုဏ်ငါးပါးတို့၌ ညွှတ်သောအားဖြင့် ဖြစ်ခြင်းသည် ကာမစ္ဆန္ဒနီဝရဏမည်၏၊

၂။ဤသူကား ငါ၏အကျိုးမဲ့ကို ယခုပြုဆဲဟူ၍၎င်း၊ ရှေးကပြုဘူးပြီဟူ၍၎င်း၊ နောင်ပြုလတ္တံ့ဟူ၍၎င်း ရန်ငြိုးဖွဲ့ခြင်း။

ဤသူသည် ငါ့မိတ်ဆွေ၏ အကျိုးမဲ့ကို ယခုပြုဆဲ, ရှေးကပြုဘူးပြီ, နောင်လည်းပြုလတ္တံ့ဟူ၍ ရန်ငြိုးဖွဲ့ခြင်း၊

ဤသူသည် ငါ့ရန်သူ၏ အကူအပံ့ကို ယခုပြုဆဲ၊ ရှေးကလည်းပြုဘူးပြီ၊ နောင်လည်း ပြုလတ္တံ့ဟူ၍ ရန်ငြိုးဖွဲ့ခြင်း။

ဤ ၉ပါးသော အာဃာတ ဝတ္ထုအဋ္ဌာနကောပ နှင့်တကွ ဆယ်ပါးသော ဒေါသသည် ဗျာပါဒ နီဝရဏ မည်၏၊

၃။ပျင်းရိခြင်း ငိုက်မည်းခြင်းသည် ထိန မိဒ္ဓ နီဝရဏမည်၏၊

၄။ပြန့်လွင်းခြင်း၊ ပူပန်ခြင်းသည် ဥဒ္ဓစ္စ ကုက္ကုစ္စ နီဝရဏမည်၏၊

(အကြွင်းသိသာပြီ။)

၃၃၇-ထိန၊ မိဒ္ဓ စသည်တို့၏ မကွဲပြားပုံကို ပြခြင်း

မေး။ ။ ထိန၊ မိဒ္ဓ၊ ဥဒ္ဓစ္စနှင့်၊ ကုက္ကုစ္စမှာ၊ တူမကွာ၊ ဘယ်အရာကြောင့် တွဲသနည်း။

ဖြေ။ ။ ကိစ္စာဟာရ၊ ပဋိပက္ခာနံ သမာနဘာဝတော ဟူသော ဋီကာနှင့်အညီ ကိစ္စအားဖြင့်၎င်း၊ ဟာရ အားဖြင့်၎င်း၊ ပဋိပက္ခ အားဖြင့်၎င်း တူသည်၏အဖြစ်ကြောင့် နှစ်ပါးသော တရားတို့ကို တွဲ၍ ဆိုအပ်၏ဟူပေ

ကိစ္စအားဖြင့် ဘယ်သို့ တူသနည်းဟူမူကား

ထိနလည်း စိတ်၏တွန့်တိုခြင်းကိစ္စ၊

မိဒ္ဓလည်း စေတသိက်တို့၏ တွန့်တိုခြင်းကိစ္စ ရှိသည်ဖြစ်၍ တူသည်။

ဟာရအားဖြင့် ဘယ်သို့ တူသနည်းဟူမူကား-

ထိနလည်း စိတ်၏ဆန့်ကျင်ခြင်းလျှင် အကြောင်း

မိဒ္ဓလည်း စေတသိက်တို့၏ ဆန့်ကျင်ခြင်းလျှင် အကြောင်းရှိသည် ဖြစ်၍တူကြသည်။

ပဋိပက္ခအားဖြင့် ဘယ်သို့တူသနည်း ဟူမူကား-

ထိနလည်း ဝီရိယ၏ ဆန့်ကျင်ဘက်

မိဒ္ဓလည်း ဝီရိယ၏ ဆန့်ကျင်ဘက်ဖြစ်၍ တူကြသည်။

ကိစ္စအားဖြင် ဥဒ္ဓစ္စလည်း စိတ်၏မငြိမ်သက်ခြင်းကို ပြုတတ်သော ကိစ္စ။ ကုက္ကုစ္စလည်း စိတ်၏မငြိမ်သက်ခြင်းကို ပြုတတ်သောကိစ္စ တူကြသည်။

ဟာရအားဖြင့် ဥဒ္ဓစ္စလည်း ဆွေမျိုးတို့၏ပျက်စီးခြင်းစသည်ကို ကြံခြင်းလျှင် အကြောင်း၊ ကုက္ကုစ္စလည်း ဆွေမျိုးတို့၏ ပျက်စီးခြင်းစသည်ကို ကြံခြင်းလျှင် အကြောင်းဖြစ်၍ တူကြသည်။

ပဋိပက္ခအားဖြင့် ဥဒ္ဓစ္စလည်း သမထတရားတို့၏ ဆန့်ကျင်ဘက်။ ကုက္ကုစ္စလည်း သမထတရားတို့၏ ဆန့်ကျင်ဘက်ဖြစ်၍ တူကြသည်။ ဤသို့ ကိစ္စ, ဟာရ၊ ပဋိပက္ခအားဖြင့် တူကြသောကြောင့် ပေါင်းသည်ဟုဖြေ။

၃၃၈ အနုသယ ၇-ပါးကို ပြဆိုခြင်း

သတ္တာသန္တာနေ အနု အနု သေန္တီတိ အနုသယာ။

ယေဓမ္မာ၊ အကြင် ၇-ပါးသော တရားတို့သည်။ သတ္တသန္တာနေ၊ သတ္တဝါတို့၏ အတွင်းသန္တာန်၌၊ အနု အနု၊ အဖန်တလဲလဲ။ ဝါ၊ သင့်လျော်သော အကြောင်းကို မျှော်၍။ သေန္တိ၊ ကိန်းအောင်းတတ်ကုန်၏၊ ဣတိတသ္မာ၊ ထိုသို့ ကိန်းအောင်းတတ်သော သတ္တိကြောင့်။ တေ ဓမ္မာ၊ ထိုတရားတို့သည်။ အနုသယာ၊ အနုသယမည်ကုန်၏၊

ထိုအနုသယတို့သည် ဘေဒအားဖြင့်-

၁။ ကာမရာဂါနုသယ၊
၂။ ဘဝရာဂါနုသယ၊
၃။ ပဋိဃာနုသယ၊
၄။ မာနနုသယ၊
၅။ ဒိဋ္ဌာနုသယ၊
၆။ ဝိစိကိစ္ဆာနုသယ၊
၇။ အဝိဇ္ဇာနုသယ၊
ဟူ၍ ၇-ပါး အပြားရှိ၏၊

ထိုတရားတို့သည် ကျားသည် ချုံ၌အောင်းနေ၍ အစာဖြစ်သော သမင် ကျွဲ နွား စသည်ကို မြင်သော် ထ၍ ကိုက်သကဲ့သို့ ဟဒယ ဝတ္ထုတည်းဟူသော ဂူ၌အောင်းနေ၍ လိုအပ်သော အာရုံကို တွေ့လတ်သော် လွေ့လွေ့ ရမ်းရမ်း ဖမ်းယူတတ်သော သဘောရှိသည်ဖြစ်၍ အနုသယဟု ဟောတော်မူသည်။

၃၃၉ သံယောဇဉ် ၁၀-ပါးကို ပြဆိုခြင်း

ဝဋ္ဋသ္မိံ သတ္တေ သံယောဇေန္တီတိ သံယောဇနာနိ။

ယေ ဓမ္မာ၊ အကြင်ဆယ်ပါးသော တရားတို့သည်။ သတ္တေ၊ သတ္တဝါတို့ကို။ ဝဋ္ဋသ္မိံ၊ ဝဋ်ဆင်းရဲ၌၊ သံယောဇေန္တီတိ၊ ယှဉ်စေတတ်၏၊ ဣတိတသ္မာ၊ ထို့ကြောင့်။ တေဓမ္မာ၊ ထိုတရားတို့သည်။ သံယောဇနာနိ၊ သံယောဇဉ်မည်ကုန်၏၊ ထိုသံယောဇဉ်တို့၏ ဘေဒကို အဋ္ဌကထာဖြင့် သိသာပြီ။

၃၄၀-ကိလေသာ ၁၀-ပါးကို ပြဆိုခြင်း

ကိလိဿန္တိ တံသမင်္ဂီပုဂ္ဂလံ ဝဋ္ဋသ္မိံ ဥပတာပေန္တီတိ ကိလေသာ။

ယေဓမ္မာ၊ အကြင်ဆယ်ပါးသော တရားတို့သည် တံသမင်္ဂီပုဂ္ဂလံ၊ ထိုကိလေသာနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို။ ဝဋ္ဋသ္မိံ၊ ဝဋ်ဆင်းရဲ၌။ ကိလိဿန္တိ၊ ညစ်နွမ်းစေတတ်ကုန်၏၊ ဥပတာပေန္တိ၊ ပူပန်စေတတ်ကုန်၏၊ ဣတိတသ္မာ၊ ထိုသို့ ညစ်နွမ်းစေတတ် ပူပန်စေတတ်သော သတ္တိကြောင့်။ တေ ဓမ္မာ၊ ထိုတရားတို့သည်။ ကိလေသာ၊ ကိလေသာမည်ကုန်၏၊

ထိုသို့ကိလေသာ တို့၏ ဘေဒကား-

၁။လောဘ၊
၂။ ဒေါသ၊
၃။ မောဟ၊
၄။ မာန၊
၅။ ဒိဋ္ဌိ၊
၆။ ဝိစိကိစ္ဆာ၊
၇။ ထိန၊
၈။ ဥဒ္ဓစ္စ၊
၉။ အဟီရိက၊
၁၀။အနောတ္တပ္ပ-
ဟူ၍ ဆယ်ပါးအပြားရှိ၏၊

၃၄၁-ထောင့်ငါးရာ ကိလေသာကို ပြဆိုခြင်း

အကျယ်အားဖြင့်ကား-

နာမ်တေပညာသ ၅၃-ခု၊ နိပ္ဖန္နရုပ် ၁၈-ခု။ လက္ခဏရုပ် ၄-ခုအားဖြင့် ၇၅ပါး။

ထို၇၅ ပါးသော တရားတို့ကိုတည်၊ အဇ္ဈတ္တ၊ ဗဟိဒ္ဓ ဟူသော သန္တာန် ၂-ပါးနှင့်မြှောက်၊ တရာငါးဆယ် ၁၅၀-ရ၏၊

ထို ၁၅၀-ကို ကိလေသာ ၁၀ပါးနှင့် မြှောက်၊ တထောင့်ငါးရာ ၁၅၀၀- ဖြစ်၏၊ သည်ကို ရည်၍ ဟတ္တိပါလပျို့၌-

ခုနှစ်ဆယ်ငါး၊ နမ်၊ ရုပ်ထားမှ၊ နှစ်ပါးဆယ်ထွေ၊ မြှောက်ပွားရေသော်။ ကိလေသာစက်၊ သုံးထောင်ဝက်ကား - ဟူ၍စပ်ဆိုသည်။

၃၄၂ – ခုဒ္ဒကဝိဘင်းလာ ကိလေသာကို ပြခြင်း

ခုဒ္ဒကဝတ္ထု ဝိဘင်း၌လာသော ရှစ်ရာ့တခုသော ကိလေသာတို့တွင် တဏှာဝိစရိုက် တရာရှစ်ပါးကိုပယ်၍ ၆၉၃-ပါး။ ၎င်းတွင် မိစ္ဆာဒိဋ္ဌိ ၆၂-ပါးကိုရော၍ ၇၅၅-ပါး။ ၎င်းကို ဥပ္ပန္နနှစ်ပါးနှင့် မြှောက်သော် ၁၅၁၀-ဖြစ်၏၊

ထို ၁၅၁၀- တွင် ၁၀-အလွန်ကို မရေတွက်သော် ဥနသင်္ချာအားဖြင့် ၁၅၀၀ ဆိုလေသည်။

၃၄၃-တခုသောတရား ဖြစ်သော်ငြားလည်းအမည်များပြားပုံကို ပြခြင်း

မေး။ ။တရားတဦးဦးကိုပင် အထူးထူးဘယ့်ကြောင့် အမည်တတ်သနည်း

ဖြေ။ ။အဝတ်တမျိုးကိုပင်-

ခါး၌ဝတ်သည်ကိုစွဲ၍ပုဆိုး,
ကိုယ်၌ဝတ်သည်ကိုစွဲ၍ အကျီ င်္ဒုရင်း,
ဦးခေါင်း၌ ဝတ်သည်ကိုစွဲ၍ဦးပေါင်း,
ပခုံး၌ တင်သည်ကိုစွဲ၍စုလျား တဘက်,
ခြုံသည်ကိုစွဲ၍ရထည်,
ဟု အမည်အထူးထူး ခေါ်သကဲ့သို့ လောဘ, ဒိဋ္ဌိ, မောဟတရားတို့သည်ပင် စီးဝင်တတ်သော

သတ္တိကိုစွဲ၍ အာသဝ,
နစ်မွန်းစေတတ်သော သတ္တိကိုစွဲ၍ဩဃ,
ဝဋ်ဆင်းရဲ၌ အမြဲယှဉ်တတ်သည်ကိုစွဲ၍ယောဂ,
သံသရသာဝဋ်မှ မလွတ်အောင် ထုံးဖွဲ့တတ်သောကြောင့်ဂန္ထ,
ဤသို့စသည်ဖြင့် ဓမ္မတို့၏ သတ္တိများကြောင်းကို ထင်ရှားစိမ့်သောငှာ ဝေါဟာရ အထူးထူးတတ်၍ ဟောတော်မူသည် ဟုဖြေ။

အကုသလသင်္ဂဟ ပြီး၏၊

---

၃၄၄ – မိဿကသင်္ဂဟကို ပြဆိုချက်

ဟိတ်တရားတို့ကို ပြဆိုခြင်း

ဟိနောတိ ပဝတ္တတိ ဖလံ ဧတေဟီတိ ဟေတု။

ဧတေဟိ၊ ဤ ၆-ပါးသောတရားတို့ဖြင့်။ ဖလံ၊ အကျိုးသည်။ ဟိနောတိ ပဝတ္တဟိ၊ ဖြစ်တတ်၏၊ ဣတိတသ္မာ၊ ထိုသို့ဖြစ်ကြောင်း ဖြစ်သောသတ္တိကြောင့်။ တေ ဓမ္မာ၊ ထိုတရားတို့သည်။ ဟေတု၊ ဟိတ်မည်ကုန်၏၊

ထိုဟိတ်တို့သည်-

၁။ လောဘဟိတ်၊
၂။ ဒေါသဟိတ်၊
၃။ မောဟဟိတ်၊
၄။ အလောဘဟိတ်၊
၅။ အဒေါသဟိတ်၊
၆။ အမောဟဟိတ်-
ဟူ၍ ၆-ပါး အပြားရှိကုန်၏၊

ထိုတရားတို့သည် မိမိနှင့် သမ္ပယုတ်ဖြစ်ကုန်သော စိတ်, စေတသိက် တို့၏ တည်ရာအကြောင်း ဖြစ်သောကြောင့် ဟိတ်လည်း မည်သည်။ သစ်ပင်တို့၏ အဖြစ်နှင့်တူသောကြောင့် မူလလည်း မည်သည်။

ဟိတ်မရှိသော တရားတို့သည် ရေပေါ်၌ရောက်သော မှော်ကြီး မှော်သေး နှင့်သာ တူကုန်သည်။

ရေဝတ ဆရာမူကား သလေးမျိုးစေ့သည် သလေးစပါးကိုပြီးစေသကဲ့သို့၎င်း, ပတ္တမြားသည် အရောင်ကို ပြီးစေသကဲ့သို့၎င်း, ကုသိုလ်, အကုသိုလ်မည်သောအဖြစ်ကို ပြီးစေသော သဘောသည် ဟိတ်တို့၏ သတ္တိတည်းဟု ဆို၏၊

ထိုစကားသည် မောဟမူဒွေ၌ရှိသော မောဟသည် အဖော်ဟိတ်တပါးမရှိရကား အကုသိုလ် မမည်ရာသောကြောင့်၎င်း, ဟိတ်ကင်းသော အဟိတ်စိတ် ၁၈-ခုတို့သည် အဗျာကတ မမည်ရာသောကြောင့်၎င်း မသင့်ချေ။

ယင်းသို့ ဟိတ်သည် ကုသိုလ်စသည် မည်သောအဖြစ်ကို ပြီးစေတတ်သော သတ္တိမရှိသော် အဘယ်အကြောင်းဖြင့် ကုသိုလ် အကုသိုလ် မည်ပါသနည်းဟူမူ ယောနိသောမနသိကာရ အားဖြင့် ကုသိုလ်အဖြစ်သည် ပြီး၏၊ အယောနိသောမနသိကာရ အားဖြင့် အကုသိုလ်အဖြစ်သည် ပြီး၏၊ ရဟန္တာတို့၏ သန္တာန်နှင့်စပ်သဖြင့် ကြိယာအဖြစ်သည် ပြီး၏၊ ကံနှင့်စပ်သဖြင့် ဝိပါက်ဖြစ်ခြင်းသည် ပြီး၏၊ အကျိုးမရှိခြင်းနှင့်စပ်သဖြင့် အဗျာကတ အဖြစ်သည် ပြီး၏

၃၄၅-စျာနင် ၇-ပါးကို ပြခြင်း

မေး။ ။စျာန်ဟုမည်ရ၊ ခေါ်ဝေါ်ကြသည်၊ မုချဘယ်တရားတို့နည်း။

စျာန်အဖြစ်ကို၊ တားမြစ်တတ်လှ၊ နီဝရဏကို၊ စျာန်ရအင်္ဂါ၊ ဘယ်သောခါမှ၊ ထိုက်ရာ ဘယ်သို့လာသနည်း။

ဖြေ။အာလမ္ဗဏံ ဥပနိဇ္ဈာယတိ ပစ္စနိကဓမ္မေ စျာပေန္တီတိ ဝါ စျာနာနိ။

စျာနဿ အင်္ဂါနိ စျာနင်္ဂါနိ။

ယေ ဓမ္မာ၊ အကြင်တရားတို့သည်။ အာလမ္ဗဏံ၊ ကသိုဏ်းစသောအာရုံကို။ ဥပနိဇ္ဈာယတိ၊ ကပ်၍ရှုတတ်၏၊ ဝါ၊ တနည်းကား။ ပစ္စနိကဓမ္မေ၊ ဆန့်ကျင်ဘက်ဖြစ်သော တရားတို့ကို။ စျာပေန္တိ၊ လောင်ကျွမ်းတတ်ကုန်၏၊ ဣတိ၊ ထို့ကြောင့်။ တာနိ၊ ထိုတရားတို့သည်။ စျာနနိ၊ စျာန်မည်ကုန်၏၊ စျာနဿ၊ စျာန်၏၊ အင်္ဂါနိ၊ အကြောင်းတို့တည်း။ ဝါ၊ အစိတ်တို့တည်း။ စျာနင်္ဂါနိ၊ စျာန်၏အကြောင်းအစိတ်တို့။

ထိုစျာနင်သည်-

၁။ ဝိတတ်၊
၂။ ဝိစာရ၊
၃။ ပီတိ၊
၄။ ဧကဂ္ဂတာ၊
၅။ သောမနဿ၊
၆။ ဒေါမနဿ၊
၇။ ဥပေက္ခာ-
ဟူ၍ ၇-ပါးအပြားရှိ၏၊

လှည်းသန့်, ဝင်ရိုး, ဘီးစသော အစိတ်သည် ရထားဖြစ်ခြင်း၏ အကြောင်းဖြစ်သောကြောင့်၎င်း, အစိတ်ဖြစ်သောကြောင့်၎င်း ရထား၏အင်္ဂါမည်သည်။ စုရုံးမိသောအခါ လိုရာသို့စီး၍ သွားနိုင်သော သတ္တိကြောင့် ရထားမည်သည်။

ထိုကဲ့သို့ ဝိတတ်စသော တရားတို့သည် စျာန်၏ အကြောင်းအစိတ်ဖြစ်သောကြောင့် စျာနင်မည်ကုန်သည်။ ထိုတရားတို့စုရုံးလျက် ကသိုဏ်းစသော အာရုံးကို ကပ်၍ ရှုခြင်း ပစ္စနိကဓမ္မ တို့ကို လောင်းကျွမ်းနိုင်ခြင်း သတ္တိသည် စျာန်မည်၏ ဟူလိုသည်။

ဤ ၇-ပါးတို့တွင် ဒေါသမနဿသည် အကုသိုလ်စျာနင်မည်၏၊ အကြွင်း ၆-ပါးသည် ကုသိုလ်, အကုသိုလ်, အဗျာကတ စျာနင် မည်၏၊

ဘယ်သို့မည်သနည်းဟူမူကား မဟာကုသိုလ် စသည်၌ယှဉ်သော ဝိတတ်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ တို့သည် ကုသိုလ်စျာနင် မည်ကုန်၏၊

အကုသိုလ်စိတ်၌ယှဉ်သော ဝိတတ်, ဝိစာရ, ပိတိ, သုခ, ဧကဂ္ဂတာတို့သည် အကုသိုလ်စျာနင် မည်ကုန်၏၊

မဟာကြိယာစသည်၌ယှဉ်သော ဝိတတ်စသည်တို့သည် အဗျာကတစျာနင် မည်ကုန်၏၊ ဤသို့ ခွဲလေ။

စျာနလာဘိ ပုဂ္ဂိုလ်တို့သည် တစုံတခုသော အကြောင်းဖြင့် စျာန်မှလျှောလတ်သော် ငါအား မြတ်သောတရားသည် ပျောက်ခဲ့ပြီ ဟူ၍ ဒေါမနဿသည် ဖြစ်၏၊ ထိုဒေါမနဿကို အရင်းပြု၍ ရှုအပ်သော အာရုံကို ရှုပြန်သဖြင့် စျာန်စိတ်ဖြစ်သောသူအား ထိုဒေါမနဿသည် ကုသိုလ်စျာန်၏ အကြောင်းလည်း ဖြစ်သည်ဟု ဆိုထိုက်၏၊

၃၄၆ – မဂ္ဂင် ၁၂-ပါးကို ပြခြင်း

သုဂတိဒုဂ္ဂတီနံ နိဗ္ဗာနဿ စ အဘိမုခံ မဂ္ဂေတိ ပါပေတီတိ မဂ္ဂေါ။ မဂ္ဂဿ အင်္ဂါနိ မဂ္ဂင်္ါနိ။

ယော ဓမ္မော၊ အကြင်တရားသည်။ သုဂတိဒုဂ္ဂတီနဉ္စ၊ သုဂတိဘဝ တို့သို့၎င်း။ နိဗ္ဗာနဿ စ၊ နိဗ္ဗာန်သို့၎င်း။ အဘိမုခံ၊ ရှေးရှု။ မဂ္ဂေဿ သတ္တိကြောင့်။ သော ဓမ္မော၊ ထိုတရားသည်။ မဂ္ဂေါ၊ မဂ်မည်၏၊ မဂ္ဂဿ၊ မဂ်၏၊ အင်္ဂါနိ၊ အစိတ်တို့တည်း။ မဂ္ဂင်္ဂါနိ၊ မဂ်၏အစိတ်တို့။

ဤမဂ္ဂင်သည် သောဘဏစိတ်၌ ယှဉ်သော မဂ္ဂင်ရှစ်ပါး, အကုသိုလ်စိတ်၌ ယှဉ်သော မဂ္ဂင်လေးပါးအားဖြင့် ၁၂-ပါးရှိသည်။

ထို ၁၂-ပါးတို့တွင် တိဟိတ်စိတ် ၄၇-ခု၌ရှိသော ပညာသည် သမ္မာဒိဋ္ဌိမဂ္ဂင်မည်၏၊

ကာမာဝစရသောဘဏစိတ် ၂၄-ခု၊ ပထမစျာန်စိတ် ၁၁-ခု၌ရှိသော ဝိတတ်သည် သမ္မာသင်္ကပ္ပမဂ္ဂင် မည်၏၊

မဟာကုသိုလ်စိတ်ရှစ်ခု၊ လောကုတ္တရာစိတ်ရှစ်ခု၌ ရှိသော သမ္မာဝါစာ စေတသိက်သည် သမ္မာဝါစာမဂ္ဂင်မည်၏၊

ထိုစိတ် ၁၆-ခု၌ရှိသော သမ္မာကမ္မန္တ စေတသိက်သည် သမ္မာကမ္မန္တမဂ္ဂင်မည်၏၊

သမ္မာအာဇီဝ စေတသိက်သည် သမ္မာအာဇီဝမဂ္ဂင် မည်၏၊

သောဘဏစိတ် တခုယုတ် ၆၀-၌ရှိသော ဝီရိယစေတသိက်သည် သမ္မာဝါယာမမဂ္ဂင် မည်၏၊

ထိုတခုယုတ် ၆၀-၌ရှိသော သတိစေတသိက်သည် သမ္မာသတိမဂ္ဂင် မည်၏၊

ထိုတခုယုတ် ၆၀-၌ရှိသော ဧကဂ္ဂတာ စေတသိက်သည် သမ္မာသမာဓိမဂ္ဂင် မည်၏၊ လောဘမူဒိဋ္ဌိဂတသမ္ပယုတ် ၄-ခု၌ရှိသော ဒိဋ္ဌိစေတသိက်သည် မိစ္ဆာဒိဋ္ဌိမဂ္ဂင်မည်၏၊

အကုသိုလ်စိတ် ၁၂-ခု၌ရှိသော ဝိတတ်သည် မိစ္ဆာသင်္ဂပ္ပမဂ္ဂင် မည်၏၊

၎င်းအကုသိုလ်စိတ် ၁၂-ခု၌ရှိသော ဝီရိယသည် မိစ္ဆာဝါယာမမဂ္ဂင် မည်၏၊

ဝိစိကိစ္ဆာသဟဂုတ် ကြဉ်သော အကုသိုလ်စိတ် ၁၁-ခု၌ရှိသော ဧကဂ္ဂတာသည် မိစ္ဆာသမာဓိမဂ္ဂင် မည်၏၊

ဤ မဂ္ဂင် ၁၂-ပါးတို့တွင် ကမ္မဒိဋ္ဌိစသော မဂ္ဂင်ရှစ်ပါးသည် သုခတိဘုံသို့၎င်း, နိဗ္ဗာန်သို့၎င်း ရောက်စေတတ်သည်။

မိစ္ဆာဒိဋ္ဌိစသော မဂ္ဂင် ၄-ပါးသည် ဒုဂ္ဂတိဘုံသို့ ရောက်စေတတ်သည်။

၃၄၇-ဣန္ဒြေ ၂၂-ပါးကို ပြဆိုခြင်း

စက္ခုဝိညာဏာဒီနံ အတ္တနော ဝသေ ပဝတ္တာပနဝသေန ဤသန္တိ အဘိဘဝန္တိတိ ဣန္ဒြိယာနိ။

ယေ ဓမ္မာ၊ အကြင်စက္ခုပသာဒစသော တရားတို့သည်။ စက္ခုဝိညာဏာဒိနံ၊ စက္ခုဝိညာဉ်စသည်တို့ကို။ အတ္တနော ဝသေ၊ မိမိအလို၌။ ပဝတ္တာပနဝသေန၊ ဖြစ်စေသည်၏အစွမ်းအားဖြင့်။ ဤသန္တိ အဘိဘဝန္တိ၊ လွှမ်းမိုး၍ဖြစ်တတ်ကုန်၏၊ ဣတိ၊ ထို့ကြောင့်။ တေ ဓမ္မာ၊ ထိုတရားတို့သည်။ ဣန္ဒြိယာနိ၊ ဣန္ဒြေမည်ကုန်၏၊။ဤသဓာတ်ဖြစ်၍ ဤသိယဟု ဆိုသင့်လျက် ဝဏ္ဏဝိကာရ နိရုတ္တိနည်းအားဖြင့် ဤကို ဣ, သကိုန္ဒြ ပြု၍ ဣန္ဒြိယ ဟု ရုပ်ပြီးတည်။

ထိုဣန္ဒြေတို့သည် ဘေဒအားဖြင့် ၂၂-ပါးပြားသည်တွင်-

စက္ခုပသာဒသည် မိမိနှင့် သဟဇာတ်ဖြစ်သော ရုပ်တို့ကို၎င်း, မိမိကိုမှီသော စက္ခုဝိညာဉ် စသည်တို့ကို၎င်း အစိုးရသောကြောင့် စက္ခုန္ဒြေမည်သည်။

သောတပသာဒသည် မိမိနှင့်သဟဇာတ်ဖြစ်သောရုပ်တို့ကို၎င်း, မိမိကိုမှီသော သောတဝိညာဉ် စသည်တို့ကို၎င်း အစိုးရသောကြောင့် သောတိန္ဒြေမည်သည်။ ဃာနပသာဒ စသည်တို့လည်း နည်းတူ။

ဣတ္ထိဘောသည် ဣတ္ထိန္ဒြေပုမ္ဘောသည် ပုရိသိန္ဒြေမည်၏၊ ရုပ်ဇီဝိတ, နာမ်ဇီဝိတနှစ်ပါးသည် ဇီဝိတိန္ဒြေ မည်၏၊ စိတ်တခုယုတ် ၉၀-သည် မနိန္ဒြေမည်၏၊ သုခသဟဂုတ် ကာယဝိညာဉ်၌ ရှိသောဝေဒနာသည် ဒုက္ခိန္ဒြေမည်၏၊ ဒုက္ခသဟဂုတ် ကာယဝိညာဉ်၌ရှိသော ဝေဒနာသည် ဒုက္ခိန္ဒြေမည်၏၊

သောမနဿသဟဂုတ်စိတ် ၆၂-ခု၌ရှိသော သေဒနာစေတသိက်သည် သောမနဿိန္ဒြေမည်၏၊

ဒေါသမူဒွေ၌ရှိသော ဝေဒနာစေတသိက်သည် ဒေါမဿိန္ဒြေမည်၏၊

ဥပေက္ခာသဟဂုတ်စိတ် ၅၅-ခု၌ရှိသော ဝေဒနာစေတသိက်သည် ဥပေက္ခိန္ဒြေမည်၏၊

သောဘဏစိတ်တခုယုတ် ၆၀-၌ရှိသော သဒ္ဓါစေတသိက်သည် သဒ္ဓိန္ဒြေမည်၏၊

၇၃-ပါးသော စိတ်၌ရှိသော ဝီရိယစေတသိက်သည် ဝီရိယိန္ဒြေမည်၏၊ သောဘဏစိတ် တခုယုတ် ၆၀၌ရှိသော သတိစေတသိက်သည် သတိန္ဒြေမည်၏၊

ဝိစိကိစ္ဆာ, ဒွေပဉ္စဝိညာဉ် ၁၀, မနောဓာတ် ၃-ခု ကြဉ်သော ၇၂-ပါးသော စိတ်၌ရှိသော ဧကဂ္ဂတာစေတသိက်သည် သမာဓိန္ဒြေမည်၏၊

လောကီတိဟိတ်စိတ် ၃၉-ခု၌ရှိသော ပညာစေတသိက်သည် ပညိန္ဒြေမည်၏၊

သောတာပတ္တိမဂ်စိတ်၌ရှိသော ပညာစေတသိက်သည် အနညာတညဿာမီတိန္ဒြေ မည်၏၊

အထက်မဂ်၃-ခုအောက်ဖိုလ် ၃-ခု၌ရှိသော ပညာစေတသိက်သည် အညိန္ဒြေမည်၏၊

အရဟတ္တဖိုလ်စိတ်၌ရှိသော ပညာစေတသိက်သည် အညာတာဝိန္ဒြေ မည်၏၊

ဤသို့ သတ္တိထူးသောအားဖြင့် ၂၂-ပါး ပြားသည်။

တရားကိုယ်အားဖြင့်ကား ပသာဒ, ဘာဝ, ဇီဝိတ ဟူ၍ ရုပ်ဣန္ဒြေရှစ်ပါး၊ ဇီဝိတ, စိတ်, ဝေဒနာ, သတိ, ဧကဂ္ဂတာ, ပညာ ဟူ၍ နာမ် ဣန္ဒြေရှစ်ပါးအားဖြင့် ၁၆-ပါးရှိသည်။

ပြည်သူရွာသားတို့သည် တဦးသောသူကို မိမိတို့အပေါ်၌ မင်းပြုစေသော် ထိုမင်းသည် ပြည်သူတို့အား အစိုးရသကဲ့သို့ သဟဇာတ်တရားတို့သည် တခုခုသောတရားကို မင်းပြုစေသော် ထိုမင်းပြုရသော တရားသည် သဟဇာတ်တို့အား မိမိအလိုသို့ လိုက်စေသောအားဖြင့် အစိုးရသည်။ ထို့ကြောင့် ဣန္ဒြေမည်၏ဟူလိုသည်။

အနမတဂ္ဂသံသာရေ အနညာတံ စတုသစ္စဓမ္မံ ဉ ဿမီတိ အဇ္ဈာသယေန ပဋိပန္နဿ ဣ[န္ဒိယံ အနညာတညဿာမီတိ[န္ဒိယံ။

အနမတဂ္ဂသံသာရေ၊ အစမထင်သော သံသရာ၌။ အနညာတံ၊ မသိစဘူးသော။ စတုသစ္စဓမ္မံ၊ သစ္စာလေးပါးတရားကို။ ဉ ဿမိ၊ သိအံ့။ ဣတိအဇ္ဈာသယေန၊ ဤသို့သောအလိုဖြင့်။ ပဋိပန္နဿ၊ ကျင့်သောပုဂ္ဂိုလ်၏၊ ဣ[န္ဒိယံ၊ ဣန္ဒြေသည်။ အနညာတညဿာမီတိ[န္ဒိယံ၊ အနညာတညဿာမီတိန္ဒြေယံ၊ အနညာတညဿာမီတိန္ဒြေမည်၏၊

ပထမမဂ္ဂေန ဒိဋ္ဌမရိယာဒံ အနတိက္ကမိတွာ အဇာနန္တဿ ဣ[န္ဒိယံ အညိ[န္ဒိယံ။

ပထမမဂ္ဂေန၊ ရှေးဦးစွာသောမဂ်ဖြင့်။ ဒိဋ္ဌမရယာဒံ၊ မြင်အပ်သောအပိုင်းအခြားကို၊ အနတိက္ကမိတွာ၊ မလွန်မူ၍။ အဇာနန္တဿ၊ သိဆဲသောပုဂ္ဂိုလ်၏၊ ဣ[န္ဒိယံ၊ ဣန္ဒြေသည်။ အညိ[န္ဒိယံ၊ အညိန္ဒြေမည်၏၊

အညာတာဝိနော၊ ဣ[န္ဒိယံ အညာတာဝိ[န္ဒိယံ။

အညာတာဝိနော၊ သစ္စာလေးပါးကို သိဘူးပြီးသောသူ၏၊ ဣ[န္ဒိယံ၊ ဣန္ဒြေတည်း။ ဣတိ၊ ထို့ကြောင့်။ အညာတာဝိ[န္ဒိယံ၊ အညာတာဝိန္ဒြေမည်၏၊

မေး။ ။ရုပ်ဣန္ဒြေ၊ နာမ်ဣန္ဒြေ၊ ရှစ်ထွေနှစ်လီ၊ အညီဖြစ်ရ၊ မိဿကကို၊ အရဘယ်သို့ ကောက်သနည်း။

ဖြေ။ ။မဂ်ဉာဏ်, ဖိုလ်ဉာဏ်၊ ပစ္စဝေက္ခဏာဉာဏ်၊ သုံးတန်အနေ၊ ဣန္ဒြေသိစေဘယ်သို့ ထူးသနည်း။

ဤပုစ္ဆာတို့၏ အဖြေများလည်း ပါဝင်ပြည့်စုံလေပြီ။

၃၄၈-ဗိုလ် ၉-ပါးတို့ကို ပြဆိုခြင်း

အသဒ္ဓိယကောသဇ္ဇပမာဒဥဒ္ဓစ္စအဝိဇ္ဇာအဟိရိကအနောတ္တပ္ပသင်္ခါတေဟိ ပဋိပက္ခဓမ္မေဟိ အကမ္ပိယဋ္ဌေန သမ္ပယုတ္တဓမ္မေသူ ထိရဘာဝေန စ ဗလာနိ။

ယေ ဓမ္မာ၊ အကြင်တရားတို့သည်။ အသဒ္ဓိယ ကောသဇ္ဇ ပမာဒ ဥဒ္ဓ စ္စ အဝိဇ္ဇာ အဟိရိက အနောတ္တပ္ပ သင်္ခါတေဟိ၊ မကြည်ညိုခြင်း, ပျင်းရိခြင်း မေ့လျော့ခြင်း, ပျံ့လွင့်ခြင်း, မရှက်ခြင်း, မကြောက်ခြင်း ဟုဆိုအပ်ကုန်သော။ပဋိပက္ခဓမ္မေဟိ၊ ဆန့်ကျင်တက်တရားတို့သည်။ အကမ္ပိယဋ္ဌေန စ၊ မတုန်လှုပ်နိုင်သော အနက်ကြောင့်၎င်း။ သမ္ပယုတ္တဓမ္မေသု၊ သမ္ပယုတ်တရားတို့၌။ ထိရဘာ ဝေန စ၊ တည်တံ့သော အနက်ကြောင့်၎င်း။ ဗလာနိ၊ ဗိုလ်မည်ကုန်၏၊

ဗလသဒ္ဒါသည် ပါဋိပဒိက ပုဒ်ဖြစ်၍ ဝိဂြိုလ်စစ်မရကောင်းသောကြောင့် ဝိဂြိုလ်တူသာ ဋီကာဆရာ ပြသည်။

သောဘဏစိတ် တခုယုတ် ၆၀-၌ရှိသော သဒ္ဒါစေတသိက်သည် သဒ္ဒါဗိုလ်မည်၏၊

၇၃-ပါးသော စိတ်၌ရှိသော ဝီရိယစေတသိက်သည် ဝီရိယ ဗိုလ်မည်၏၊

သောဘဏစိတ် တခုယုတ် ၆၀-၌ရှိသော သတိစေတသိက်သည် သတိဗိုလ်မည်၏၊

ဝိစိကိစ္ဆာမှတပါး ဝီရိယဖြစ်သောစိတ် ၇၂-ပါး၌ရှိသော ဧကဂ္ဂတာစေတသိက်သည် သမာဓိဗိုလ် မည်၏၊

တိဟိတ်စိတ် ၄၇-ခု၌ရှိသော ပညာစေတသိက်သည် ပညာဗိုလ် မည်၏၊

သောဘဏစိတ် တခုယုတ် ၆၀-၌ရှိသော သတိစေတသိက်သည် သတိဗိုလ်မည်၏၊

သောဘဏစိတ် တခုယုတ် ၆၀-၌ရှိသော ဟိရီစေတသိက် ဩတ္တပ္ပစေတသိက်သည် ဟိရီဗိုလ် ဩတပ္ပဗိုလ်မည်၏၊

အကုသိုလ်စိတ် ၁၂-ခု၌ရှိသော အဟီရိကစေတသိက်သည် အဟိရိကဗိုလ်။ အနောတ္တပ္ပစေတသိက်သည် အနောတ္တပ္ပဗိုလ် မည်၏၊ ဤသို့ ဗိုလ်ကိုးပါးပြားသတည်း။

ထိုတွင် သဒ္ဓါဗိုလ်စသော ဗိုလ်ငါးပါးတို့သည် မတုန်လှုပ်တတ်သော သတ္တိ, ခိုင်ခံ့တည်ကြည်တတ်သော သတ္တိနှစ်ပါးကြောင့် ဗိုလ်မည်သည်။ အဟိရိက, အနောတ္တပ္ပနှစ်ပါးတို့မူကား ခိုင်ခံ့တည်ကြည်သော သတ္တိတပါးကြောင့်သာ ဗိုလ်မည်သည်။ အဘယ့်ကြောင့်နည်းဟူမူ-ဥဒ္ဓစ္စနှင့်တကွ ဖြစ်လေသောကြောင့် မတုန်လှုပ်တတ်သော သတ္တိကား မရှိချေ။ တုန်လှုပ်သည်သလျှင် ဖြစ်သတည်း။

၃၄၉-အဓိပတိလေးပါးတို့ကို ပြခြင်း

အဓိနာနံ ပတီတိ အဓိပတိ။

အဓိနာနံ၊ မိမိနှင့်စပ်ကုန်သော တရားတို့၏ ပတိ၊ အရှင်တည်း။ ဣတိတသ္မာ၊ ထိုသို့အရှင်ဖြစ်သော သတ္တိကြောင့်။ အဓိပတိ၊ အဓိပတိမည်၏၊

ထိုအဓိပတိသည်-

၁။ဆန္ဒာဓိပတိ
၂။စိတ္တာဓိပတိ
၃။ဝီရိယာဓိပတိ
၄။ဝီမံသာဓိပတိ-
ဟူ၍ လေးပါး အပြားရှိ၏၊

ထိုတွင် မောဟမူဒွေ, ဟသိတုပ္ပါဒ်ကြဉ်သော သာဓိပတိဇော ၅၂-ခု၌ရှိသော ဆန္ဒသည် မိမိရှေ့ဆောင်၍ ဖြစ်ခိုက် သာဓိပတိဇော ၅၂ခု, ဆန္ဒ, ဝိစိကိစ္ဆာကြဉ်သော စေတသိက်ပညာသ, ထိုဇောတို့ပြုအပ်သော စိတ္တဇရုပ် ဤမျှသောတရားတို့ကို အစိုးရသည်ဖြစ်၍ ဆန္ဒာဓိပတိမည်၏၊

သာဓိပတိဇော ၅၂-ခုဟု ဆိုအပ်သော စိတ်သည် မိမိရှေ့ဆောင်၍ဖြစ်ခိုက်သ၏ ဝိစိကိစ္ဆာကြဉ်သော စေတသိက် ဧကပညာသ, သာဓိပတိစိတ္တဇရုပ် ဤမျှသောတရားတို့ကို အစိုးရသည်ဖြစ်၍ စိတ္တာဓိပတိမည်၏၊

သာဓိပတိဇော ၅၂-ခု၌ရှိသော ဝီရိယသည် မိမိရှေ့ဆောင်၍ ဖြစ်ခိုက် ဝိစိကိစ္ဆာကြဉ်သော စေတသိက် ဧကပညာသ, သာဓိပတိစိတ္တဗရုပ် ဤမျှသောတရားတို့ကို အစိုးရသည်ဖြစ်၍ စိတ္တာဓိပတိမည်၏၊

သာဓိပတိဇော ၅၂-ခု၌ရှိသော ဝီရိယသည် မိမိရှေ့ဆောင်၍ဖြစ်ခိုက် သာဓိပတိဇော ၅၂-ခု ဝီရိယ ဝိစိကိစ္ဆာကြဉ်သော စေတသိက်ပညာသ, သာဓိပတိစိတ္တဇရုပ် ဤမျှသောတရားတို့ကို အစိုးရသည်ဖြစ်၍ ဝီရိယာ ဓိပတိမည်၏၊

သာဓိပတိ တိဟိတ်ဇော ၃၄-ခု၌ရှိသော ပညာသည် မိမိရှေ့ဆောင်၍ဖြစ်ခိုက်သာဓိပတိ တိဟိတ်ဇော ၃၄-ခု, ပညာကြဉ်သော စေတသိက် သတ္တတိံ သ, သာဓိပတိ စိတ္တဇရုပ် ဤမျှလောက်သောတရားတို့ကို အစိုးရသည်ဖြစ်၍ ဝိမံသာဓိပတိမည်၏၊

ထိုကြောင့် ပဋ္ဌာန်းပါဠိတော်၌-

ဆန္ဒာဓိပတိ ဆန္ဒသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ စိတ္တာဓိပတိ စိတ္တသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ ဝီရိယာဓိပတိ ဝီရိယာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ ဝီမံသာဓိပတိ ဝီမံသသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော-

ဟူ၍ ဟောတော်မူသည်။

ထိုအဓိပတိတရားတို့သည် အစိုးရသောအားဖြင့် ဘယ်သို့ဖြစ်သနည်း ဟူမူကား ကိုယ်တော်မှ ရေအစုံ မီးအစုံ ထွက်စေလိုသောဆန္ဒရှိက ထွက်ရဘိသကဲ့သို့ ဆန္ဒရှိက အမှုကိုပြီးစီးစေတတ်သောသူအား ငါ၏ဆန္ဒဖြင့် ဤအမှုကိုပြီးစေအံ့ ဟူသောစိတ်သည် ဖြစ်၏၊ ထိုစိတ်တို့တွင် ရှေးရှေးသောစိတ်၌ပါသော ဆန္ဒသည် နောက်နောက်သောစိတ်အာ၎င်း, သဟဇာတ်တရားတို့အား၎င်း အစိုးရသော အကြီးအကဲအဖြစ်ကို ပြု၏၊ ထိုတရားတို့လည်း ဆန္ဒ၏အလိုသို့ လိုက်၍ ဖြစ်ကုန်ရကား ဆန္ဒသည် အဓိပတိသတ္တိဖြင့် ဖြစ်၏ဟူလိုသည်။

ပဇ္ဇုန်နတ်သားသည် မိုဃ်းကိုရွာစေလိုသော စိတ်ရှိလတ်သော် တပြိုင်နက်ရွာရဘိသကဲ့သို့ စိတ်ရှိက အမှုပြီးစီးတတ်သောသူအား ငါ၏စိတ်ဖြင့် ဤအမှုကိုပြီးစီးစေအံ့ဟူသောအကြံသည် ဖြစ်၏၊ ထိုကြံသောစတ်တို့တွင် ရှေးရှေးသောစိတ်သည် နောက်နောက်သောစိတ်အား၎င်း, သဟဇာတ်တရားအား၎င်း အစိုးရသော အကြီးအကဲအဖြစ်ကို ပြု၏၊ ထိုတရားတို့လည်း စိတ်၏အလိုသို့လိုက်၍ ဖြစ်ကုန်ရကား အဓိပတိသတ္တိဖြင့် ဖြစ်၏ ဟူလိုသည်။

အားထုတ်၍ အမှုပြီးစီးလေ့ရှိသောသူအား ငါအားထုတ်က ဤအမှု ပြီးစီးအံ့သည်သာတည်းဟု အားထုတ်ခြင်း လုံ့ လကိုပြု၏၊ ထိုသို့ပြုရာတွင် ရှေးရှေးသော စိတ်၌ပါသော ဝီရိယသည် နောက်နောက်သောစိတ်အား၎င်း, သဟဇာတ်တရားတို့အား၎င်း အစိုးရသော အကြီးအကဲအဖြစ်ကို ပြု၏၊ ထိုတရားတို့လည်းဝီရိယ၏ အလိုသို့လိုက်၍ ဖြစ်ကုန်ရကား အဓိပတိသတ္တိဖြင့် ဖြစ်၏ဟူလိုသည်။ ပညာလည်း ဤနည်းအတူ မှတ်လေ။ ဋီကာကျော်ဆရာ အဓိပ္ပါယ်

၃၅၀-အဓိပတိနှင့် ဣန္ဒြေတို့၏ ထူးခြားချက်

အဓိပတိလည်း အစိုးရသောသဘော ဣန္ဒြေလည်း အစိုးရသောသဘောရှိခဲ့သော် ထိုတရားနှစ်ပါးတို့ ဘယ်သို့ထူးခြားပါအံ့နည်း ဟူငြားအံ့၊ ပြည်ရှင်မင်းသည် တပါးသောသူတို့၏ အစိုးရသောသတ္တိကိုမြစ်၍ မိမိသာအကြီးအကဲအဖြစ်ဖြင့် အစိုးရသည်ကား အဓိပတိသတ္တိတည်း။

အသီးသီးသော မြို့ဝန် စသည်တို့သည် သူတပါးတို့၏ သတ္တိကို မမြစ်မူ၍ မိမိအရာ၌သာ အစိုးရသကဲ့သို့ စက္ခုပဿဒ စသည်တို့သည် သူတပါးတို့၏ သတ္တိကို မမြစ်မူ၍ မိမိ၏အရာ၌သာ အစိုးရသည်ကား ဣ[န္ဒိယသတ္တိတည်း။ ဤသို့ ထူးကြ၏ ဟူပေ။

၃၅၁-အာဟာရ ၄-ပါးကို ပြခြင်း

အာဟရိယန္တိ အဇ္ဈောဟရိယန္တီတိ အာဟာရာ။

ဩဇာဋ္ဌမကရူပါဒယော အာဟရန္တိ ဝါ အာဟာရာ။

ယေ ဓမ္မာ၊ အကြင်တရားတို့သည်။ အာဟရိယန္တိ အဇ္ဈောဟရိယန္တိ၊ မျိုအပ်ကုန်၏၊ ဣတိ၊ ထို့ကြောင့်။ တေ ဓမ္မာ၊ ထိုတရားတို့သည်။ အာဟာရာ၊ အာဟာရ မည်ကုန်၏၊

ဝါ၊ တနည်းကား။ ဩဇာဋ္ဌမကရူပါဒယော၊ ဩဇာလျှင်ရှစ်ခုမြောက်သော ရုပ်စသည်တို့ကို။ အာဟရန္တိ။ ဆောင်တတ်ကုန်၏၊ ဣတိ၊ ထို့ကြောင့်။ အာဟာရာ၊ အာဟာရမည်ကုန်၏၊

ထမင်း, သစ်သီး စသည်တို့၏ အစေးအညှိသည် ကဗဠီကာရအာဟာရမည်၏၊ ထိုအာဟာရသည် ဩဇာလျှင် ရှစ်ခုမြောက်ရှိသော အဋ္ဌကလာပ်ရုက်ကို ဖြစ်စေတတ်သော ဇနကသတ္တိဖြင့် ဆောင်သည်။

စိတ်တခုယုတ် ၉၀-၌ရှိ ဖဿသည် ဖဿာဟာရ မည်၏၊ ထိုဖဿာဟာရသည် ဝေဒနာသုံးပါးကို ဆောင်သည်။

လောကီကုသိုလ်, အကုသိုလ်စေတနာ ၂၉-ခုသည် မနောသေဉ္စတနာဟာရမည်၏၊ ထိုစေနာဟာရသည် ဘုံသုံးပါး၌ ပဋိသန္ဓေကို ဖြစ်စေတတ်သော ဇနကသတ္တိဖြင့် ဆောင်သည်။

ပဋိသန္ဓေစိတ် ဧကူနဝီသသည် ဝိညာဏာဟာရမည်၏၊ တနည်းကား စိတ်တခုယုတ် ၉၀-သည် ဝိညာဏာဟာရ မည်၏၊ ထိုဝိညာဏဟာရသည် မိမိနှင့် တကွဖြစ်သော နာမ်, ရုပ် တို့ကို သဟဇာတသတ္တိဖြင့် ဆောင်သည်။

(ဒုတိယ, တတိယ, စတုတ္ထဟု အမည်ပေးသည်မှာ ဒေသနာစဉ် အားဖြင့်ဆိုသည်။)

၃၅၂-ပဉ္စဝိညာဉ်မှာရှိသော ဝေဒနာ၏စျာနင် မထိုက်ပုံကို ပြခြင်း

မေး။ ။ဒွေပဉ္စဝိညာဏ်၊ စိတ်မှန်ကြည်လင်၊ တဆယ်တွင်၊ စျာနင်ဘယ့်ကြောင့် ကင်းသနည်း။

ဖြေ။ပဉ္စဝိညာဏံ ဝိတက္ကဝိစာရ ဝိရဟေန အာရမ္မဏေသု အဘိနိပါတမတ္တတ္တာ တေသု ဝိဇ္ဇမာနာနိပိ ဥပေက္ခာသုခဒက္ခာနိ ဥပနိဇ္ဈာနာ ကာယဿ အဘာဝတော စျာနင်္ဂဘာဝေန နဥဒ္ဓဋာ-

ဟူသော ဋီကာနှင့် အညီ ပဉ္စဝိညာဉ်စိတ်တို့သည် အာရုံသို့ ရှေ့ရှုတင်တတ်သောဝိဘတ်, အာရုံကို သုံးသပ်တတ်သော ဝိစာရတို့မှ ကင်းခြင်းကြောင့် အာရုံ၌ ရှေ့ရှုကျကာမျှသာ ဖြစ်သောကြောင့် ထိုစိတ်တို့၌ယှဉ်သော ဥပေက္ခာသုခ, ဒုက္ခဝေဒနာတို့သည် ရှိပါငြားသော်လည်း အာရုံသို့ကပ်၍ ရှုခြင်းကိစ္စမရှိသည်၏ အဖြစ်ကြောင့် စျာနင်၏အဖြစ်ဖြင့် မထုပ်အပ် ဟူပေ။

၃၅၃-အဝီရိယစိတ်မှာ ဗိုလ်မပါပုံနှင့် အဟိတ်စိတ်တွင် မဂ္ဂင်မရှိပုံကို ပြခြင်း

မေး။ ။အဟိတ်စိတ်တွင်၊ မဂ္ဂင်မရှိ၊ အဝီရိယ၊ သောဋ္ဌာသမှာ၊ ဗိုလ်သာဘယ့်ကြောင့် မရသနည်း။

ဖြေ။အဝီရိယေသု ဗလာနိ န လဘန္တိ၊ ဝီရိယပဋ္ဌာနတ္တာ ဗလဿ-

ဟူသော ဋီကာနှင့်အညီ ဗိုလ်မည်သည်ကား ကြီးပွားတည်တံ့ခြင်းသဘော ဖြစ်သောကြောင့် ဝီရိယလျှင် ပဋ္ဌာနရှိရကား အဝီရိယစိတ် ၁၆-ခုတို့၌ ဗိုလ်ကို မရအပ်။

အဟေတုကေသု မဂ္ဂင်္ဂါနိ န လဘန္တိ ဟေတုပဋ္ဌနတ္တာ မဂ္ဂဿ-

ဟူသော ဋီကာနှင့် အညီ မဂ်ဟူသည်ကား သုဂတိ, ဒုဂ္ဂတိ ဘဝ၏ အကြောင်း ဖြစ်သောကြောင့် ဟိတ်လျှင် ပဋ္ဌာနရှိရကား အဟိတ်စိတ်တို့၌ ဟိတ်မရှိသောကြောင့် မဂ္ဂင်ကို မရအပ်ဟူပေ။

၃၅၄-ဝိစိကိစ္ဆာ စိတ်မှာရှိသော ဧကဂ္ဂတာ၏မဂ္ဂင် စသည် မမည်ပုံကို ပြဆိုခြင်း

မေး။ ။ဝိစိကိစ္ဆာ၊ စိတ်မှာယှဉ်လျက်၊ ဧကဂ္ဂတာ၊ ဖြစ်ရာ၌ပင်၊ မဂ္ဂင်ဣန္ဒြေ၊ ဗိုလ်နေဘယ့်ကြောင့် ကင်းသနည်း။

ဖြေ။ဝိစိကိစ္ဆာစိတ္တေ သဟာယဘူတဿ အဓိမေက္ခဿ ဝိရဟိတတ္တာ။ ဝိစိကိစ္ဆာစိတ္တေ ဧကဂ္ဂတာ မဂ္ဂိန္ဒြိယုဗလဘာဝံ န ဂစ္ဆတီတိ ဝေဒိတဗ္ဗံ- ဟူသော ဋီကာနှင့်အညီ ဝိစိကိစ္ဆာစိတ်၌ အဖော်ဖြစ်သော အဓိမောက္ခ၏ ကင်းခြင်းကြောင့် ထိုစိတ်၌ယှဉ်သော ဧကဂ္ဂတာသည် မိစ္ဆာသမာဓိမဂ္ဂင်, သမာဓိန္ဒြေ, မိစ္ဆာသမာဓိဗိုလ် အဖြစ်သို့ မရောက် ဟူလိုသည်။

မိဿကသင်္ဂဟ ပြီး၏၊

---

၃၅၅-သတိပဋ္ဌာန်လေးပါးကို ပြဆိုခြင်း

ဘုသံ အနုပဝိသိတွာ ကေသာဒိအာရမ္မဏံ ပထိဋ္ဌန္တီတိ ပဋ္ဌာနာ။

သတိယေဝ ပဋ္ဌာနာ သတိပဋ္ဌာနာ။

ယေ ဓမ္မာ၊ အကြင်တရားတို့သည်။ ကေသာဒိအာရမ္မဏံ၊ ဆံအစရှိသော အာရုံကို။ ဘုသံ၊ မြဲမြံစွာ။ အနုပဝိသိတွာ၊ သက်ဝင်၍။ ပတိဋ္ဌန္တိ၊ တည်တတ်ကုန်၏၊ ဣတိတသ္မာ၊ ထို့ကြောင့်။ တေဓမ္မာ၊ ထိုတရားတို့သည်။ ပဋ္ဌာနာ၊ ပဋ္ဌာ မည်ကုန်၏၊

သတိယေဝ၊ သတိသည်သာလျှင်၊ ပဋ္ဌာနာ၊ မြဲမြံစွာ သက်ဝင်၍ တည်တတ်သည်တည်း။ အသိပဋ္ဌာနာ၊ သတိသည်သာလျှင် မြဲမြံစွာ သက်ဝင်၍ တည်တတ်သည်။

တရားကိုယ်အားဖြင့် သတိတပါးတည်းဖြစ်လျက် အာနာပါန, ဣရိယာပထ, ကေသာဒိ ကောဋ္ဌာသ အစရှိသော ရူပကာယကို အာရုံပြု၍ ရှုတတ်သောကာယာနုပဿနာ သတိပဋ္ဌာန်၊ ခံစားခြင်းဝေဒနာကို ရှုတတ်သော ဝေဒနာနုပဿနာ သတိပဋ္ဌာန်

စိတ်ကို ရှုတတ်သော စိတ္တာနုပဿနာ သတိပဋ္ဌာန်

သင်္ခါရဓမ္မတို့ကို ရှုတတ်သော ဓမ္မာနုပဿနာ သတိပဋ္ဌာန်ဟူ၍ အာရုံ၏အပြားအားဖြင့်၎င်း, သုဘ, သုခ, နိစ္စ, အတ္တ ဟူ၍ မှတ်ခြင်းတည်းဟူသော သညာဝိပ္ပလ္လာသ ၄-ပါးကို ပယ်သောအားဖြင့်၎င်း ၄- ပါးအပြား ရှိလေသည်။

၃၅၆-သမ္မပ္ပဓာန် လေးပါးကို ပြဆိုခြင်း

သမ္မာ ပဒဟန္တိ ဧတေဟီတိ သမ္မပ္ပဓာနာ

ဧတေဟိ၊ ဤတရားတို့ဖြင့်။ သမ္မာ၊ ကောင်းစွာ။ ပဒဟန္တိ၊ အားထုတ်တတ်ကုန်၏၊ ဣတိတသ္မာ၊ ထိုသို့အားထုတ်တတ်ကုန်၏၊ ဣတိတသ္မာ၊ ထိုသို့အားထုတ်ကြောင်းဖြစ်သော သတ္တိကြောင့်။ သမ္မပ္ပဓာနာ၊ သမ္မပ္ပဓာန်မည်ကုန်၏၊

တရားကိုယ်အားဖြင့် ဝီရိယတပါးတည်းဖြစ်လျက်-

ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်ခြင်းငှာ အားထုတ်ခြင်း၊
မဖြစ်သေးသော အကုသိုလ်တရားတို့ကို မဖြစ်စိမ့်သောငှာ အားထုတ်ဖြင်း၊
မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စိမ့်သောငှာ အားထုတ်ဖြင့်၊
ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို လွန်စွာ ပွားစိမ့်သောငှာ အားထုတ်ခြင်း-

ဟူ၍ သတ္တိပြားသောအားဖြင့် ၄-ပါးပြားလေသည်။

မဂ်ဉာဏ်, ဖိုလ်ဉာဏ်၏ အပင်းအသင်းဖြစ်သော တရားကိုသာ ဗောဓိပက္ခိယ ဆိုသည်ဖြစ်ရကား ဤသင်္ဂဟ၌ လောကုတ္တရာစိတ် ရှစ်ခု၌ ယှဉ်သော သတိသာလျှင် သတိပဋ္ဌာန်မည်သည်။ ၎င်းစိတ်ရှစ်၌ယှဉ်သော ဝီရိယသည်သာလျှင် သမ္မပ္ပဓာန် မည်သည်။ ၎င်းစိတ်ရှစ်ခု၌ယှဉ်သော ဝီရိယသည်သာလျှင် သမ္မပ္ပဓာန် မည်သည်။

အခြားအရာ၌ကား လောကိကုသိုလ်စိတ်၌ ယှဉ်သော သတိလည်း သတိပဋ္ဌာန်မည်သည်၊ ဝီရိယလည်း သမ္မပ္ပဓာန်မည်သည်။ ထိုသတိပဋ္ဌာန်, သမ္မပ္ပဓာန်တို့သည် လောကီကုသိုလ်စိတ်၌ကား ၄- ပါးလုံး တပြိုင်နက် မဖြစ်နိုင်ကုန်။ ဘယ့်ကြောင့်နည်းဟူမူကား အပါးသော အာရုံကိုသာ စိတ်ဖြင့် ယူနိုင်သောကြောင့်တည်း။

လောကုတ္တရာစိတ်၌ကား လေးပါးလုံး တပြုင်နက် ဖြစ်သည်။ ဘယ့်ကြောင့်နည်းဟူမူကား မဂ်နှင့်ယှဉ်သော သတိ, ဝီရိယဖြစ်၍ ပယ်အပ်သည်ကို ပယ်ခြင်းပွားစေအပ်သည်ကို ပွားစေခြင်းကိစ္စ၌ တပြိုင်နက်ပြီးသောကြောင့်တည်း။

၃၅၇-ဣဒ္ဓိပါဒ် လေးပါးကို ပြဆိုခြင်း

ဣဇ္ဈတိ နိမ္မိတာဒိဝိဓိ ဧတာယာတိ ဣဒ္ဓိ

ဣဒ္ဓီယာပါဒေါ ဣဒ္ဓိပါဒေါ

ဧတာယ၊ ဤတန်ခိုးဖြင့်။ နိမ္မိတာဒိဝိဓိ၊ မနောဓိဋ္ဌာန် စိတ်ကကြံတိုင်း ဖန်ဆင်းအပ်သော အစီအရင်သည်။ ဣဇ္ဈတိ၊ ပြည်စုံတတ်၏၊ ဣတိတသ္မာ၊ ထို့ကြောင့်။ ဣဒ္ဓိ၊ ဣဒ္ဓိမည်၏၊

ဣဒ္ဓိယာ၊ ဖန်ဆင်းအပ်သော ရုပ်အစဉ်၏၊ ပါဒေါ၊ အခြေတည်း။ ဣဒ္ဓိပါဒေါဖန်ဆင်းအပ်သော ရုပ်အစဉ်၏အခြေ။

အဓိဋ္ဌာန်၍ ဖန်ဆင်းအပ်သော အဓိဋ္ဌာန်တန်ခိုး, ကိုယ်ကိုဖောက်ပြန်စေ၍ ဖန်ဆင်းအပ်သော ဝိကုပ္ပနာတန်ခိုး, ဤနှစ်ပါး ပြည့်စုံခြင်း၏ အကြောင်းဖြစ်၍ ဣဒ္ဓိဝိဓအဘိညာဉ်သည် ဣဒ္ဓိမည်သည်။ ထိုဣဒ္ဓိ၏ တည်ရာအခြေဖြစ်သော ဆန္ဒ, ဝီရိယ, စိတ္တ, ဝိမံသ ၄-ပါးသည် ဣဒ္ဓိပါဒ်မည်သည်။

လောကုတ္တရာစိတ် ရှစ်ခု၌ ယှဉ်သော ဆန္ဒသည် ဆန္ဒိဒ္ဓိပါဒ်, ဝီရိယသည် ဝီရိယိဒ္ဓိပါဒ်, လောကုတ္တရာစိတ်သည် စိတ္တိဒ္ဓိပါဒ်, ပညာသည် ဝီမံသိဒ္ဓိပါဒ်မည်၏၊ ဗောဓိပက္ခိယအရာဖြစ်၍ လောကုတ္တရာကိုသာ ယူရမည်။

လောကီဖြစ်သော စျာန်အဘိညာဉ်တို့၌လည်း ဤ ဣဒ္ဓိပါဒ် ၄-ပါးကို ရသည်ပင် ဖြစ်သည်။ ထိုသို့ရသည်တွင် ပထမစျာန်၏ ပရိကံသည် ဣဒ္ဓိပါဒ်မည်၏၊ ပထမစျာန်သည် ဣဒ္ဓိမည်၏၊ ဒုတိယစျာန်သည်၌လည်း နည်းတူယူလေ။

ရပြီးသော စျာန်အားဖြင့်လည်း ပထမစျာန်သည် ဣဒ္ဓိပါဒ်မည်၏၊ ဒုတိယစျာန်သည် ဣဒ္ဓိမည်၏၊ ၎င်းဒုတိယစျာန်သည် ဣဒ္ဓိပါဒ်မည်၏၊ တတိယစျာန်သည် ဣဒ္ဓိမည်၏၊ ကြွင်းသော စျာန်တို့၌လည်း နည်းတူယူ။

သောတာပတ္တိမဂ်သို့ ရောက်ကြောင်းဖြစ်သော ဝိပဿနာသည် ဣဒ္ဓိပါဒ်မည်၏၊ သောတာပတ္တိမဂ်သည် ဣဒ္ဓိမည်၏၊ ၎င်းသောတာပတ္တိမဂ်သည် ဣဒ္ဓိပါဒ်မည်၏၊ သကဒါဂါမိမဂ်သည် ဣဒ္ဓိမည်၏၊။ကြွင်းသောမဂ်တို့၌လည်း နည်းတူ သိလေ။

ထို့ကြောင့် ဒီပနီ၌-

ပထမစျာနပရိကမ္မံ ဣဒ္ဓိပါဒေါ နာမ၊ ပထမစျာနံ ဣဒ္ဓိ နာမ။ ပဋိလာဘေနပိ ဒီပေတုံ ဝဋ္ဋတိ၊ ပထမစျာနံ ဟိ ဣဒ္ဓိပါဒေါ နာမ၊ ဒုတိယစျာနံ ဣဒ္ဓိ နာမ၊ သေသစျာနေသုပိ အယံ နယော၊ သောတာပတ္တိမဂ္ဂဿ ဝပဿနာ ဣဒ္ဓိပါဒေါ နာမ၊ သောတာပတ္တိမဂ္ဂေါ ဣဒ္ဓိ နာမ၊ သေသမဂ္ဂေ -ဟူ၍ ဆိုတော်မူသည်။

၃၅၈-ဣေ[န္ဒငါးပါးကို ပြခြင်း

ဣန္ဒတ္တံ၊ ကရောတီတ ဣေ[န္ဒိယံ

ဣန္ဒတ္တံ၊ အစိုးရသောအဖြစ်ကို။ ကရောတိ၊ ပြုတတ်၏၊ ဣတိတသ္မာ၊ ထို့ကြောင့်။ ဣန္ဒြိယံ၊ ဣန္ဒြိယ မည်၏၊

လောကုတ္တရာစိတ်ရှစ်ခု၌ရှိသော သဒ္ဓါသည် သဒ္ဓိန္ဒြေ မည်၏၊ ဝီရိယသည် ဝီရိယိန္ဒြေမည်၏၊ သတိသည် သတိန္ဒြေမည်၏၊ ဧကဂ္ဂတာသည် သမာဓိန္ဒြေမည်၏၊ ပညာသည် ပညိန္ဒြေမည်၏၊

၃၅၉-ဗိုလ်ငါးပါးကို ပြခြင်း

ဗလတိ သမ္ပယုတ္တဓမ္မေသု ဥပတ္ထမ္ဘေတီတိ ဗလံ

သမ္ပယုတ္တဓမ္မေသု၊ သမ္ပယုတ်တရားတို့၌။ ဗလတိ ဥပတ္ထမ္ဘေတိ၊ ထောက်ပံ့တတ်၏၊ ဣတိတသ္မာ၊ ထို့ကြောင့်။ ဗလံ၊ ဗိုလ်မည်၏၊

လောကုတ္တရာစိတ်ရှစ်ခု၌ရှိသော သဒ္ဓါသည် သဒ္ဓါဗိုလ်မည်၏၊ ဝီရိယသည် ဝီရိယဗိုလ်မည်၏၊ သတိသည် သတိဗိုလ်မည်၏၊ ဧကဂ္ဂတာသည် သမာဓိဗိုလ်မည်၏၊ ပညာသည် ပညာဗိုလ်မည်၏၊

၃၆၀-ဗောဇ္ဈင် ၇-ပါးကို ပြခြင်း

အရိယသစ္စာနိ ဗုဇ္ဈတိ ဧတာယာတိ ဗောတိ၊ ဓမ္မသာမဂ္ဂိ။ ။ဗောဓိယာ အင်္ဂေါ ဗောဇ္ဈင်္ဂေါ

တောယ ဓမ္မသာမဂ္ဂိယာ၊ ဤသတိ, ပညာ စသောတရားတို့၏ ညီညွတ်ခြင်းဖြင့်။ အရိယသစ္စာနိ၊ အရိယသစ္စာတို့ကို။ ဗုဇ္ဈတိ၊ သိတတ်၏၊ ဣတိတသ္မာ၊ ထိုသို့သိကြောင်းဖြစ်သော သတ္တိကြောင့်။ ဗောဓိ၊ ဗောဓိ မည်၏၊ ဓမ္မသာမဂ္ဂိ၊ တရားအပေါင်းတို့၏ ညီညွတ်ခြင်းကို။ လဘတိ၊ ရ၏၊

ဗောဓိယာ၊ သိတတ်သော တရားအပေါင်း၏၊ အင်္ဂေါ၊ အစိတ်တည်း။ ဗောဇ္ဈင်္ဂေါ။ သိတတ်သောတရားအပေါင်း၏အစိတ်။

လောကုတ္တရာစိတ် ရှစ်ခု၌ရှိသော သတိစေတသိက်သည် သတိသမ္ဗောဇ္ဈင် မည်၏၊ ဆင်ခြင်ရွေးချယ်တတ်သော ပညာစေတသိက်သည် ဓမ္မဝိစယသမ္ဗောဇ္ဈင်မည်၏၊ ဝီရိယစေတသိက်သည် ဝီရိယသမ္ဗောဇ္ဈင်မည်၏၊ ပီတိသည် ပီတိသမ္ဗောဇ္ဈင်မည်၏၊ ပဿဒ္ဓိသည် ပဿဒ္ဓိသမ္ဗောဇ္ဈင် မည်၏၊ ဧကဂ္ဂတာသည် သမာဓိသမ္ဗေဇ္ဈင် မည်၏၊ ထိုထိုသောအရုံ၌ လျစ်လျူရှုတတ်သော တတြမဇ္ဈတ္တတာ စေတသိက်သည် ဥပေက္ခာသမ္ဗောဇ္ဈင်မည်၏၊ ဤသို့ သတ္တိအထူးအားဖြင့် ၇-ပါးအပြားရှိ၏၊

ထိုရ-ပါးသောတရားတို့သည် ဉာဏ်၏ဥပနိဿယဖြစ်၍ အရိယာသစ္စာကို သိခြင်းကစ္စကို လွန်စွာပြီးစေတတ်ရကား ဗောဇ္ဈင် မည်၏ ဟူလိုက်သည်။

ဥပမာကား - တိက္ခပညာပုဂ္ဂိုလ်အား ငယ်ရွယ်သောအခါက သိတတ်သော ပညာရှိငြားသော်လည်း ထောက်ပံ့တတ်သော ပကတူပနိဿယ နည်းရကား များစွာ မသိနိုင်။ကြီးရင့်သောအခါ၌ကား မေးမြန်းခြင်း, နည်းခံခြင်း, အတုယူခြင်း, အကြားအမြင်များခြင်း, သင်ခြင်း, စဉ်းစားခြင်း, များစွာနှလုံးသွင်းခြင်းအစရှိသော ဥပနိဿယ အားကြီးရကား သူတပါးသိနိုင်ခဲသောအရာ မသိဘူးသောအရာတို့ကို ထင်စွာသိနိုင်သကဲ့သို့ပင် မှတ်ရမည်။

ဤဥပမာ၌ မေးမြန်းခြင်း, နည်းခံခြင်း, အကြားအမြင်များခြင်း, သင်ခြင်း, နှလုံးသွင်ခြင်းတို့သည် သိတတ်သောဉာဏ်၏ အဖော်သာ ဖြစ်ကုန်သကဲ့သို့ သတိ, ဝီရိယ, ပီတိ, ပဿဒ္ဓိ, သမာဓိ, ဥပေက္ခာတို့လည်း ဓမ္မဝိစယ၏ အဖော်သာဖြစ်ကုန်၍ သိခြင်းကိစ္စကို ပြီးကုန်ရကား ၇-ပါးလုံးပင် ဗောဇ္ဈင် မည်လေသည်။

၃၆၁-မဂ္ဂင်ရှစ်ပါးကို ပြဆိုခြင်း

ကိလေသေ မာရေန္တော ဂစ္ဆတီတိ မဂ္ဂေါ

မဂဿ အင်္ဂါနိ မဂ္ဂင်္ဂါနိ

ယော ဓမ္မသမူဟော၊ အကြင်တရားအပေါင်းသည်။ ကိလေသေ၊ ကိလေသာတို့ကို။ မာရေန္တော၊ ပယ်သတ်လျက်။ ဂစ္ဆတိ၊ နိဗ္ဗာန်သို့သွားတတ်၏၊ ဣတိ၊ ထို့ကြောင့်။ သော ဓမ္မသမူဟော၊ ထိုတရားအပေါင်းသည်။ မဂ္ဂေါ၊ မဂ္ဂမည်၏၊

မဂ္ဂဿ၊ မဂ်၏၊ အင်္ဂါနိ၊ အစိတ်တို့သည်။ မဂ္ဂင်္ဂါနိ၊ မဂ်၏အစိတ်တို့။ လောကုတ္တရာစိတ်၌ ယှဉ်သော ပညာ စေတသိက်သည် မဖောက်မပြန် မြင်တတ်သောကြောင့် သမ္မာဒိဋ္ဌိမဂ္ဂင် မည်၏၊

ဝိတက်သည် သမ္မာသင်္ကပ္ပ မဂ္ဂင်မည်၏၊

သမ္မာဝါစာသည် သမ္မာဝါစာ မဂ္ဂင်မည်၏၊

သမ္မာကမ္မန္တသည် သမ္မာကမ္မန္တ မဂ္ဂင်မည်၏၊

သမ္မာအာဇီဝသည် သမ္မာအာဇီဝ မဂ္ဂင်မည်၏၊

ဝီရိယသည် သမ္မာဝါယာမ မဂ္ဂင်မည်၏၊

သတိသည် သမ္မာသတိ မဂ္ဂင်မည်၏၊

ဧကဂ္ဂတာသည် သမ္မာသမာဓိ မဂ္ဂင်မည်၏၊

ဤမဂ္ဂင်တရားတို့သည် လောကုတ္တရာစိတ်၌ တပြိုင်နက်ကုန်၏၊ မဟာ ကုသိုလ်စိတ်ရှစ်ခု၌ကား ဝိရတီ ၃-ပါးတို့သည် တခု တခုစီသာ ဖြစ်ကုန်၏၊

၃၆၂-ဗောဓိပက္ခိယ၊ သတ္တိံသဝယ်၊ အရဆိုလျှင်၊ တရားကိုယ် ဘယ်မျှရှိသနည်း။

ဖြေ။ ။ဆန္ဒော စိတ္တမုပေက္ခာ စ၊ သဒ္ဓါ ပဿဒ္ဓိ ပီတိယော။
သမ္မာဒိဋ္ဌိ စ သင်္ကပ္ပေါ၊ ဝါယာမော ဝိရတိတ္တယံ။
သမ္မာသတိ သမာဓီတိ၊ စုဒ္ဒသေတေ သဘာဝတော။
သတ္တတိံ သပ္ပဘေဒေန၊ သတ္တဓာ တတ္ထ သင်္ဂဟော။

ဟူသော ဂါထာဖြင့် တရားကိုယ် ၁၄-ပါးပြားကြောင်းကိုဂြု ႋဟ် အဋ္ဌကထာ၌ မိန့်ပြီ။

သဗ္ဗ သင်္ဂဟ

၃၆၃-ခန္ဓာ ဥပါဒါနက္ခန္ဓာ နှစ်ပါး ထူးခြားပုံကို ပြခြင်း

မေး။ ။ခန္ဓာနှစ်ထပ်၊ ဟောပေလတ်သည်၊ အထပ်ဘယ်သို့ အကြောင်းနည်း။
ခန္ဓာ, အာယတန, ဓာတ်, သစ္စာ ဘယ်အရာကြောင့် မည်သနည်း။

ဖြေ။ ။ခံ အတ္တနိစ္စာဒိသုညံ ဓာရေတီတိခန္ဓာ

ခံ အတ္တနိစ္စာဒိသုညံ၊ ကိုယ်ဟူသောအဖြစ်, မြဲသောအဖြစ်စသည်မှာ ဆိတ်ခြင်းကို။ ဓာရေတိ၊ ဆောင်တတ်၏၊ ဣတိတသ္မာ၊ ထို့ကြောင့်။ ခန္ဓာ၊ ခန္ဓာမည်၏၊

(ဒီပနီ)

ခံ-ဣန္ဒြိယံ ဓာရေတီတိ ခန္ဓာ

ဝါ၊ တနည်းကား။ ခံ-ဣန္ဒြိယံ၊ ဣန္ဒြေရှစ်ပါးကို။ ဓာရေတိ၊ ဆောင်တတ်၏၊ ဣတိတသ္မာ၊ ထို့ကြောင့်။ ခန္ဓာ၊ ခန္ဓာမည်၏၊ (ဧကက္ခရဋီကာ)

ဇာတိဇရာမရဏာဒီဟိ သံသာရဒုက္ခေဟိ ခါဒိတဗ္ဗာတိ ခန္ဓာ

ဇာတိဇရာမရဏာဒီဟိ၊ ပဋိသန္ဓေနေခြင်း, အိုခြင်း, သေခြင်း အစရှိကုန်သော။ သံသာရဒုက္ခေဟိ၊ သံသရာ၌ ဖြစ်သော ဆင်းရဲတို့သည်။ ခါဒိတဗ္ဗာ၊ အဖန်တလဲလဲ ခဲအပ်စားအပ်ကုန်၏၊ ဣတိတသ္မာ၊ ထို့ကြောင့်။ ခန္ဓာ၊ ခန္ဓာမည်ကုန်၏၊ (ကစ္စည်းကျမ်း)

အတီတာနာဂတပစ္စုပ္ပန္နာဒိဘေဒါ တေ သဘာဝဓမ္မာ ရာသဋ္ဌေန ခန္ဓာ

အတီတာနာဂတပစ္စုပ္ပန္နာဒိဘေဒါ၊ အတိတ်, အနာဂတ်, ပစ္စုပ္ပန် စသည်အပြားရှိကုန်သော။ တေ သဘာဝဓမ္မာ၊ ထိုသဘောတရားတို့သည်။ ရာသဋ္ဌေန၊ ပေါင်းစုအပ်သော အနက်ကြောင့်။ ခန္ဓာ၊ ခန္ဓာမည်ကုန်၏၊ (သမ္မောအဋ္ဌကတာ)

ဤဝစနတ်ဖြင့် အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက, သုခုမ, ဟီန ပဏိတ ဒူရ သန္တိက တည်းဟူသော ၁၁-ပါးသော ကောဋ္ဌာသဖြင့် ပေါင်းစုအပ်သော ရုပ်တရားသည် ရူပက္ခန္ဓာ မည်၏၊

ဤ ၁၁-ပါးသော ကောဋ္ဌာသဖြင့် ပေါင်းစုအပ်သော ဝေဒနာတရားသည် ဝေဒနာက္ခန္ဓာ မည်၏၊

ဤ ၁၁-ပါးသော ကောဋ္ဌာသဖြင့် ပေါင်းစုအပ်သော သညာတရားသည် သညာက္ခန္ဓာ မည်၏၊

ဤ ၁၁-ပါးသော ကောဋ္ဌာသဖြင့် ပေါင်းစုအပ်သော ဖဿ, စေတနာစသော စေတသိက် ၅၀-သည် သင်္ခါရက္ခန္ဓာ မည်၏၊

ဤ ၁၁-ပါးသော ကောဋ္ဌာသဖြင့် ပေါင်းစုအပ်သော စိတ်တရားသည် ဝိညာဏက္ခန္ဓာ မည်၏၊ - ဟူသောအနက်ကို ပြသည်။

ဤ ၁၁-ပါးသော ကောဋ္ဌာသ မရှိသောကြောင့် နိဗ္ဗာန်သည် ခန္ဓာဟူသော ရေတွက်ခြင်းမှ လွတ်၏၊

ဤနောက်နည်း၌ ခန္ဓသဒ္ဒါသည် အစုဟူသောအနက်ကိုဟောသော အနိပ္ဖန္န ပါဋိပဒိကပုဒ်ဟု ယူသည်။

ရှေ့ဝစနတ်ဖြင့် ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဉ်တို့သည် ဇာတိစသောသံသရာ ဆင်းရဲတို့သည် ခဲအပ်စားအပ်သောကြောင့် ခန္ဓာမည်၏ ဟုဆိုသဖြင့် ထိုဆင်းရဲတို့သည် မခဲမစားအပ်သော နိဗ္ဗာန်သည် ခန္ဓာဟူသော အရေအတွက်မှ လွတ်၏၊

တရားကိုယ်တပါး ဖြစ်သော်ငြားလည်း

ခန္ဓာမည်ပုံကို ပြခြင်း

အပေါင်းအစုဖြစ်သော အနက်ကြောင့် ခန္ဓာမည်၏ ဆိုသော် အပေါင်းမရှိသော ရူပါရုံတခုသည် ခန္ဓာမမည်ပြီလော ဟူငြားအံ့၊ ဤရူပါရုံသည် အတိတ်၌ လည်းဖြစ်ပြီ, ပစ္စုပ္ပန်လည်းဖြစ်ဆဲ, အနာဂတ်၌လည်း ဖြစ်လတ္တံ့ ဤသို့ဉာဏ်ဖြင့် ပိုင်းခြားသော် ၁၁-ပါးသော အစုရှိသည်သာ ဖြစ်ရကား ရူပါရုံတခုသည်ပင် ခန္ဓာမည်၏ ဟူပေ။ ဝေဒနာ, သညာ, စသည်တို့၌လည်း ဤနည်းတူ။

အချို့ဆရာတို့ကား အပေါင်း၏ အမည်ကို အစိတ်၌တင်စား၍ အဝယဝူပစာ အားဖြင့် ခန္ဓာမည်သည်ဟု ဆို၏၊ မသင့်ပေ။

ထိုခန္ဓာတို့၏ သရုပ်ကား-

၁။ဣန္ဒြိယဗဒ္ဓဖြစ်သော ရုပ်အဋ္ဌဝီသသည် ရူပက္ခန္ဓာ မည်၏၊

၂။စိတ်တခုယုတ် ၉၀-၌ရှိသော ဝေဒနာစေတသိက်သည် ဝေဒနာက္ခန္ဓာ မည်၏၊

၃။သညာစေတသိက်သည် သညာက္ခန္ဓာမည်၏၊

၄။ဝေဒနာ, သညာမှ ကြွင်းသော စေတသိက်ပညာသသည် သင်္ခါရက္ခန္ဓာ မည်၏၊

၅။အကျဉ်း တခုယုတ် ၉၀-အကျယ် ၁၂၁-ပါးသော စိတ်သည် ဝိညာဏက္ခန္ဓာမည်၏၊

ဤခန္ဓာငါးပါးကိုပင် ဥပါဒါန်၏ အာရုံဖြစ်ထိုက်သည်ကို သီးသန့်၍ ဥပါဒါနက္ခန္ဓာ ဟူသောအမည်ဖြင့် ဟောတော် မူပြန်သည်။

သရုပ်အားဖြင့်ကား-

၁။ရုပ် ၂၈-ခုသည် ရူပုပါဒါနက္ခန္ဓာ မည်၏
၂။လောကီစိတ် ၈၁-ခု၌ရှိသော ဝေဒနာသည် ဝေဒနုပါဒါနက္ခန္ဓာ မည်၏၊
၃။၎င်းစိတ် ၈၁-ခု၌ရှိသော သညာသည် သညုပါဒါနက္ခန္ဓာ မည်၏၊
၄။၎င်းစိတ် ၈၁-ခု၌ရှိသော စေတသိက်ပညာသသည် သင်္ခါရုပါဒါနက္ခန္ဓာ မည်၏၊
၅။လောကီစိတ်သည် ဝိညာဏုပါဒါနက္ခန္ဓာ မည်၏၊

ဤနှစ်ပါးအထူးကား ခပ်သိမ်းသော စတုဘူမက တရားတို့ကို လောကီလောကုတ်မခွဲပဲ ငါးစုပြု၍သာ ဟောတော်မူသည်ကား ခန္ဓာ မည်သည်၊ လောကီတရားကိုသာ ငါးစုပြု၍ ဟောသည်ကား ဥပါဒါနက္ခန္ဓာ မည်သည်။ ဤသို့ထူးကြ၏၊

ထို့ကြောင့် ရုပ်သည် လောကီစင်စစ်ဖြစ်ရကား ရုပ်အစုနှင့်တကွ လောကီနာမက္ခန္ဓာ လေးပါးသည်ကား ခန္ဓာလည်းမည်၏၊ ဥပါဒါနက္ခန္ဓာ လည်းမည်၏၊ လောကုတ္တရာ နာမက္ခန္ဓာ လေးပါးသည်ကား ခန္ဓာသာမည်၏၊ ဥပါဒါနက္ခန္ဓာ မမည်ဟု မှတ်ရမည်။

၃၆၄-ခန္ဓာငါးပါးကို ဥပမာအားဖြင့် ပြဆိုခြင်း

ဥပါဒါနာနံ ဂေါစရဘူတာနိ ခန္ဓာနီတိ ဥပါဒါနက္ခန္ဓာနိ

ဥပါဒါနာနံ၊ ဥပါဒါန် တရားလေးပါးတို့၏၊ ဂေါစရဘူတာနိ၊ ကျက်စားရာ အာရုံဖြစ်ကုန်သော။ ခန္ဓာနိ၊ ခန္ဓာတို့တည်း။ ဣတိတသ္မာ၊ ထို့ကြောင့်။ ဥပါဒါနက္ခန္ဓာနိ၊ ဥပါဒါနက္ခန္ဓာ မည်ကုန်၏၊

ထိုခန္ဓာငါးပါးတို့ကို ဥပမာအားဖြင့် ဘယ်သို့ သိအပ်သနည်း ဟူမူကား-

ဂိလာနသာလုပမော ရူပက္ခန္ဓော၊ ဂေလညုပမော ဝေဒနုပါဒါနက္ခန္ဓော၊ ဂေလည သမုဋ္ဌာနုပမော သညုပါဒါနက္ခန္ဓော၊ အသပ္ပါယ သေဝနုပမော သင်္ခါရုပါဒါနက္ခန္ဓော၊ ဂိလာနုပမော ဝိညာဏုပါဒါနက္ခန္ဓော-

ဟူသောပါဌ်နှင့်အညီ-ရူပက္ခန္ဓာသည် သူနာဇရပ်နှင့် တူ၏၊ ဘယ့်ကြောင့်နည်းဟူမူ ဝိညာဏုပါဒါနက္ခန္ဓာ တည်းဟူသော သူနာ၏မှီခိုရာ သွားလာထွက်ဝင်ရာ ဖြစ်သောကြောင့်တည်း။

ဝေဒနုပါဒါနက္ခန္ဓာသည် အနာရောဂါနှင့် တူ၏၊ ဘယ့်ကြောင့်နည်းဟူမူ ကျင်နာ ကိုက်ခဲတတ်သည်၏ အဖြစ်ကြောင့်တည်း။

သညုပါဒါနက္ခန္ဓာသည် အနာ၏ ဖြစ်ကြောင်းဖြစ်သော ဓာတ်မညီညွတ်ခြင်းနှင့် တူ၏၊ အဘယ်ကြောင့်နည်းဟူမူ- သုဘ, သုခ, နိစ္စဟူသော အမှတ်ရှိသောကြောင့်တည်း။

သင်္ခါရုပါဒါနက္ခန္ဓာသည် မလျောက်ပတ်သော ဆေးဝါး, အစာ အာဟာရနှင့် တူ၏၊ ဘယ့်ကြောင့်နည်းဟူမူ- ဝေဒနာတည်းဟူသော ရောဂါ၏ဖြစ်ကြောင်း ဖြစ်သောကြောင့်တည်း။

ဝိညာဏုပါဒါနက္ခန္ဓာသည် သူနာနှင့်တူ၏၊ ဘယ့်ကြောင့်နည်းဟူမူ-ဝေဒနာတည်းဟူသော ရောဂါဖြင့် မပြတ်နှိပ်စက် သောကြောင့်တည်း။

တနည်းကား-

ရူပုပါဒါနက္ခန္ဓာသည် ထမင်းထည့်ရာခွက်နှင့်တူ၏၊
ဝေဒနုပါဒါနက္ခန္ဓာသည် ဘောဇဉ်နှင့်တူ၏၊
သညုပါဒါနက္ခန္ဓာသည် ဟင်းလျာနှင့် တူ၏၊
သင်္ခါရုပါဒါနက္ခန္ဓာသည် ထိုဘောဇဉ် ဟင်းလျာတို့ကို ရှာမှီးရုံးစုသည်နှင့် တူ၏၊
ဝိညာဏုပါဒါနက္ခန္ဓာသည် ထိုဘောဇဉ်ဟင်းလျာ တို့ကို စားသောသူနှင့်တူ၏၊

တနည်းကား-

ရူပက္ခန္ဓာသည် ရေမြှုပ်စိုင်နှင့် တူ၏၊
ဝေဒနာက္ခန္ဓာသည် ရေပွက်နှင့် တူ၏၊
သညာက္ခန္ဓာသည် တံလှပ်နှင့် တူ၏၊
သင်္ခါရက္ခန္ဓာသည် ငှက်ပျောတုံးနှင့် တူ၏၊
ဝိညာဏက္ခန္ဓာသည် မျက်လှည့်သည်နှင့် တူ၏၊

ဤသို့ ဥပမာအားဖြင့် သိရာသည်။ (ဒီပနီ)

၃၆၅-အာယတန ၁၂-ပါးကို ပြဆိုခြင်း

အာယဘူတေ ဓမ္မေ တနေန္တိ ဝိတ္တာရေန္တီတိ အာယတနာနိ

အာယတံ သံသာရဒုက္ခံ နယန္တီတိ အာယတနာနိ

အာယဘူတေ၊ ထိုထိုသောဒွါရအာရုံ၌ဖြစ်ကုန်သော။ ဓမ္မေ၊ တရားတို့ကို။ တနေန္တိ ဝိတ္ထာရေန္တိ၊ ချဲ့တတ်ကုန်၏၊ ဣတိ၊ ထို့ကြောင့်။ အာယတနာနိ၊ အာယတနမည်ကုန်၏၊

ဝါ၊ တနည်းကား။ အာယတံ၊ ရှည်စွာသော။ သံသာရဒုက္ခံ၊ သံသရာ၌ဖြစ်သော ဆင်းရဲကို။ နယန္တိ၊ ဆောင်တတ်ကုန်၏၊ ဣတိ၊ ထို့ကြောင့်။ အာယတနာနိ၊ အာယတန မည်ကုန်၏၊

ဒွါရ, အာရုံအားဖြင့် ရှေ့ရှုဖြစ်ကြသော တာရားတို့ကို ရှေး၌ မထင်ရှားသည် တို့ကို ထင်ရှားအောင်ပြု၍ မတပ်မက်သည်ကို တပ်မက်အောင်ပြု၍ ချဲ့တတ်သောကြောင့်၎င်း, သံသရာဒုက္ခကို ရှည်အောင် ဆောင်တတ်သောကြောင့်၎င်း လောကီတရားတို့သည် အာယတနမည်ကုန်သည်။

လောကုတ္တရာတရားတို့မူကား အာရမ္မဏိကဖြစ်သော စိတ်, စေတသိက်တို့၏ အကြောင်းဖြစ်၍ အာယတနမည်သည်။

၃၆၆-အာယတန ၁၂-ပါးသရုပ်ကို ပြဆိုခြင်း

သရုပ်ပါအားဖြင့်ကား-

၁။စက္ခာယတန၊ ၁။ရူပါယတန
၂။သောတာယတန၊ ၂။သဒ္ဒါယတန
၃။ဃာနာယတန၊ ၃။ဂန္ဓာယတန
၄။ဇိဝှါယတန၊ ၄။ရသာယတန
၅။ကာယာယတန၊ ၅။ဖောဋ္ဌဗ္ဗာယတန
၆။မနာယနတ၊ ၆။ဓမ္မာယတန

ဟူ၍ ဒွါရအားဖြင့် ၆-ပါး။ ဟူ၍ အာရုံအားဖြင့် ၆-ပါးပြားသည် ဖြစ်၍၁၂-ပါးရှိသတည်း။

ထို ၁၂-ပါးတို့တွင် ကမ္မဇရုပ်ဖြစ်သော-

၁။စက္ခုပသာဒသည် စက္ခာယတနမည်၏၊
၂။သောတပသာဒသည် သောတာယနမည်၏၊
၃။ဃာနပသာဒသည် ဃာနာယတနမည်၏၊
၄။ဇိဝှါပသာဒသည် ဇိဝှါယတနမည်၏၊
၅။ကာယပသာဒသည် ကာယာယတနမည်၏၊
၆။စိတ်တခုယုတ် ၉၀-သည် မနာယတနမည်၏၊
၇။စတုသမုဋ္ဌာနိကရုပ်ဖြစ်သော ရူပါရုံ, ဥတုဇဖြစ်သော ရူပါရုံသည် ရူပါယတနမည်၏၊
၈။စိတ္တဇ, ဥတုဇအားဖြင့် ဒွိသမုဋ္ဌာနိကဖြစ်သော သဒ္ဒါရုံသည် သဒ္ဒါယတနမည်၏၊
၉။စတုသမုဋ္ဌာနိကဖြစ်သော ဂန္ဓာရုံ, ဥတုဇဖြစ်သော ဂန္ဓာရုံသည် ဂန္ဓာယတနမည်၏၊

ထို့အတူ-

၁၀။ရသာရုံသည် ရသာယတနမည်၏၊
၁၁။ဖောဋ္ဌဗ္ဗာရုံသည် ဖောဋ္ဌဗ္ဗာယတနမည်၏၊
၁၂။စေတသိက် ဒွေပညာသ သုခုမရုပ်သောဠသ နိဗ္ဗာန်အားဖြင့် ၆၉-ပါးသော ဓမ္မာရုံသည် ဓမ္မာယတနမည်၏၊

ဤသို့ သတ္တိအားဖြင့် ၁၂-ပါး ပြားသတည်း။

ဥပမာအားဖြင့်ကား - အဇ္ဈတ္တိကာယတန ၆-ပါးတို့သည် ငြိမ်သက်စွာနေသော ရွာသူရပ်သားတို့နှင့် တူ၏၊

ဗာဟိရာယတန ၆-ပါးတို့သည် ရွာကိုဖျက်ဆီးသော ခိုးသားတို့နှင့်တူ၏၊

တနည်းကား -အဇ္ဈတ္တိကာယတန ၆-ပါးတို့သည် ယောကျာ်းကိုတောင့်တကာနေသော သမီးလုလင်နှင့် တူ၏၊

ဗာဟိရာယတန ၆-ပါးတို့သည် ထိုမိန်းမငယ်တို့ကို သွေးဆောင်သော ယောကျာ်းနှင့် တူ၏၊ ဤသို့ သိရာသည်။

ဓာတ် ၁၈-ပါးကို ပြဆိုခြင်း

အနေကပ္ပကာရံ သံသာရဒုက္ခံ ဓိယန္တိ ဝိဓဟန္တိ ဥပ္ပါဒေန္တီတိ ဓာတုယော

ယေ ဓမ္မာ၊ အကြင်တရားတို့သည်။ အနေကပ္ပကာရံ၊ များသောအပြားရှိသော။ သံသာရဒုက္ခံ၊ သံသရာ၌ဖြစ်သော ဆင်းရဲကို။ ဓိယန္တိ ဝိဓဟန္တိ၊ စီရင်တတ်ကုန်၏၊ ဝါ-ဓိယန္တိ ဥပ္ပါဒေန္တိ၊ ဖြစ်စေတတ်ကုန်၏၊ ဣတိ၊ ထို့ကြောင့်။ ဓာတုယော၊ ဓာတ်မည်ကုန်၏၊

အတ္တနော သဘာဝံ ဓာရေန္တီတိ ဓာတုယော

ယေ ဓမ္မာ၊ အကြင်တရားတို့သည်။ အတ္တနော၊ မိမိ၏၊ သဘာဝံ၊ သဘောကို။ ဓာရေန္တိ၊ ဆောင်တတ်ကုန်၏၊ ဣတိ၊ ထို့ကြောင့်။ တေ ဓမ္မာ၊ ထိုတရားတို့သည်။ ဓာတုယော၊ ဓာတ်မည်ကုန်၏၊

ဝန်ထမ်းသော သူတို့သည် မိမိတို့၏ ထမ်းရန်ဝန်ကို ဆောင်ရဘိသကဲ့သို့ ခန္ဓာတည်းဟူသောဝန်ကို ဆောင်ရသော သတ္တဝါတို့သည် ခန္ဓာ၌အကျုံးဝင်သော ဤတရားတို့ကို ဆောင်တတ်သောကြောင့်၎င်း ဒဿနကိစ္စ, သဝနကိစ္စ အစရှိသော မိမိသဘောကို ဆောင်တတ်သောကြောင့်၎င်း ဓာတ်မည်၏ဟု ဆိုလိုသည်။

ဓာတ် ၁၈-ပါးသရုပ်ကိုပြခြင်း

ထိုဓာတ်တို့သည် သရုပ်အားဖြင့်

၁။စက္ခုဓာတ်
၂။သောတဓာတ်
၃။ဃာနဓာတ်
၄။ဇိဝှါဓာတ်
၅။ကာယဓာတ်
၆။မနောဓာတ်

ဟူ၍ဒွါရအားဖြင့် (၆) ပါး။

၁။ရူပဓာတ်
၂။သဒ္ဒဓာတ်
၃။ ဂန္ဓဓာတ်
၄။ ရသဓာတ်
၅။ ဖောဋ္ဌဗ္ဗဓာတ်
၆။ ဓမ္မဓာတ်

ဟူ၍ အာရုံအားဖြင့် (၆) ပါး

၁။ စက္ခုဝိညာဏဓာတ်
၂။သောတဝိညာဏဓာတ်
၃။ဃာနဝိညာဏဓာတ်
၄။ဇိဝှါဝိညာဏဓာတ်
၅။ကာယဝိညာဏဓာတ်
၆။မနောဝိညာဏဓာတ်

ဟူ၍ ဒွါရအာရုံ၌ ဖြစ်သော ဝိညာဉ် အားဖြင့် (၆)ပါးရှိသည် ဖြစ်၍ ၁၈-ပါးပြားသတည်း။

ထို၁၈-ပါးတို့တွင်-

၁။စက္ခုပသာဒသည်စက္ခုဓာတ်မည်၏၊
၂။သောတပသာဒသည်သောတဓာတ်မည်။
၃။ဃာနပသာဒသည်ဃာနဓာတ်မည်၏၊
၄။ဇိဝှါပသာဒသည်ဇိဝှါဓာတ်မည်၏၊
၅။ကာယပဿဒသည်ကာယဓာတ်မည်၏၊
၆။ပဉ္စဒွါရဝဇ္ဇန်းသမ္ပဋိစ္ဆိုင်းဒွေသည်မနောဓာတ်မည်၏၊
၇။ရူပါရုံသည်ရူပါဓာတ်မည်၏၊
၈။သဒ္ဒါရုံသည်သဒ္ဒဓာတ်မည်၏၊
၉။ဂန္ဓာရုံသည်ဂန္ဓဓာတ်မည်၏၊
၁၀။ရသာရုံသည်ရသဓာတ်မည်၏၊
၁၁။ဖောဋ္ဌဗ္ဗာရုံသည်ဖောဋ္ဌဗ္ဗဓာတ်မည်၏၊
၁၂။ဓမ္မာရုံသည်ဓမ္မဓာတ်မည်၏၊
၁၃။စက္ခုဝိညာဉ်ဒွေသည်စက္ခုဝိညာဏဓာတ်မည်၏၊
၁၄။သောတဝိညာဉ်ဒွေသည်သောတဝိညာဏဓာတ်မည်၏၊
၁၅။ဃာနဝိညာဉ်ဒွေသည်ဃာနဝိညာဏဓာတ်မည်၏၊
၁၆။ဇိဝါဝိညာဉ်ဒွေသည်ဇိဝှါဝိညာဏဓာတ် မည်၏၊
၁၇။ကာယဝိညာဉ်ဒွေသည်ကာယဝိညာဏဓာတ်မည်၏၊
၁၈။ဒွေပဉ္စဝိညာဉ် ၁၀-မနောဓာတ် ၃-ခု ကြွင်းသော ၇၆-ပါးသော စိတ်သည် မနောဝိညာဏဓာတ် မည်၏၊

၃၆၇-ဓာတ်တပါးသည် ဓာတ်တပါးသောကျေးဇူးပြုပုံ

ပဋ္ဌာန်းပစ္စည်းတပ်သော နည်းအားဖြင့်ကား-

စက္ခုဓာတ်သည် စက္ခုဝိညာဏဓာတ်အား ဝိပ္ပယုတ္တ, ပုရေဇာတ, အတ္ထိ, အဝိဂတ, နိဿယ, ဣ [န္ဒိယ တည်းဟူသော ၆-ပါးသော ပစ္စည်းတို့ဖြင့် ကျေးဇူးပြု၏၊

ရူပဓာတ်သည် စက္ခုဝိညာဏဓာတ်အား ပုရေဇာတ, အတ္ထိ, အဝိဂတ အာရမ္မဏ ဟူသော ၄- ပါးသော ပစ္စည်းတို့ဖြင့် ကျေးဇူးပြု၏၊

ဤအတူ သောတဝိညာဓာတ် စသည်တို့၌လည်း သိအပ်၏၊

ပဉ္စဒွါရာဝဇ္ဇန်းတည်းဟူသော မနောဓာတ်သည် ပဉ္စဝိညာဏဓာတ်တို့အား အနန္တရ, သမနန္တိရ,နတ္ထိ, ဝိဂတ, အနန္တရူပနိဿယ တည်းဟူသော ၅-ပစ္စည်းတို့ဖြင့် ကျေးဇူးပြု၏၊

ထိုပဉ္စဝိညာဏ ဓာတ်သည် သမ္ပဋိစ္ဆိုင်းဟူသောမနောဓာတ်အား,
သမ္ပဋိစ္ဆိုင်းဟူသော မနောဓာတ်သည် သန္တီရဏ ဟူသော မနောဝိညာဏ ဓာတ်အား,
သန္တီရဏသည် ဝုဋ္ဌောဟူသော မနောဝိညာဓာတ်အား၎င်း ၅-ပစ္စည်းတို့ဖြင့် ကျေးဇူးပြု၏၊

ပထမဇောသည် ဒုတိယဇောအား, ဒုတိယဇောသည် တတိယဇောစသည်အား ယခင် ၅- ပစ္စည်းတွင် အာသေဝနကို ထည့်၍ ၆-ပစ္စည်းတို့ဖြင့် ကျေးဇူးပြု၏၊

သတ္တမဇောသည် တဒါရုံအား၎င်း, ဘဝင်အား၎င်း ယခင် ၅-ပစ္စည်းတို့ဖြင့် ကျေးဇူးပြု၏၊ ဤသို့စသည်ဖြင့် သိရာသည်။

၃၆၈-ဓာတ်တရားတို့ကို ဥပမာအားဖြင့်ခြင်း

ဥပမာအားဖြင့်ကား-

စက္ခုဓာတ်ကိုစည်မျက်နှာပြင်ကဲ့သို့၊
ရူပဓာတ်ကိုစည်လက်ခတ်ကဲ့သို့၊
စက္ခုဝိညာဏဓာတ်ကိုစည်သံကဲ့သို့ မှတ်အပ်၏၊

တနည်းလည်း-
စက္ခုဓာတ်ကိုကြေးမုံပြင်ကဲ့သို့
ရူပဓာတ်ကိုမျက်နှာကဲ့သို့
စက္ခုဝိညာဏဓာတ်ကို ထင်သောမျက်နှာရိပ်ကဲ့သို့ မှတ်အပ်၏၊

တနည်းလည်း-
စက္ခုဓာတ်ကို ... ကြံ နှမ်း ကဲ့သို့၊
ရူပဓာတ်ကို ကြံညှစ် ဆီညှစ် ယန္တရားကဲ့သို့၊
စက္ခုဝိညာဏဓာတ်ကို ... ကြံရည်ဆီကြည်ကဲ့သို့ မှတ်အပ်၏၊ ကြွင်းသောဓာတ်တို့၌လည်း ဤနည်းကို မှီ၍သိရာသည်။

၃၆၉-သစ္စာလေးပါးကို ပြဆိုခြင်း

အရိယန္တိ ဉာယန္တိ ဗုဒ္ဓါဒီဟီတိ အရိယာနိ။
သတနံ သစ္စံ။ အရိယာနိ စ တာနိ သစ္စာနိစာတိ အရိယသစ္စာနိ။
အရိယေဟိ ဗုဇ္စျိတဗ္ဗာနိ သစ္စာနိ အရိယသစ္စာနိ။

ဗုဒ္ဓါဒီဟိ၊ ဘုရားအစရှိသော ပုဂ္ဂိုလ်တို့သည်။ အရိယန္တိ ဉာယန္တိ၊ သိအပ်ကုန်၏၊ ဣတိ၊ ထို့ကြောင့်။ အရိယာနိ၊ အရိယာမည်ကုန်၏၊

သတနံ၊ မဖောက်မပြန် ဟုတ်မှန်ခြင်းတည်း။ သစ္စံ၊ မဖောက်မပြန်ဟုတ်မှန်ခြင်း။

အရိယာနိစ၊ ဘုရားအစရှိသော ပုဂ္ဂိုလ်တို့သည် သိအပ်သည်လည်း။ ဟောန္တိ၊ ဖြစ်ကုန်၏၊ တာနိ၊ ထို သိအပ်သော တရားတို့သည်။ သစ္စာနိ စ၊ မဖောက်မပြန် မှန်ကန်သည်လည်း။ ဟောန္တိ၊ ဖြစ်ကုန်၏၊ ဣတိတသ္မာ၊ ထိုနှစ်ပါးသော သတ္တိကြောင့်။ အရိယသစ္စာနိ၊ အရိယသစ္စာမည်ကုန်၏၊

ဝါ၊ တနည်းကား။ အရိယေဟိ၊ မြတ်ကုန်သော ပုဂ္ဂိုလ်တို့သည်။ ဗုဇ္စျိတဗ္ဗာနိ၊ သိအပ်ကုန်သော။ သစ္စာနိ၊ သစ္စာတို့တည်း။ အရိယသစ္စာနိ၊ မြတ်ကုန်သော ပုဂ္ဂိုလ်တို့သည် သိအပ်ကုန်သော သစ္စာတို့။

ဤအရိယာသစ္စာမည်သော တရားတို့သည် သရုပ်အားဖြင့်-

၁။ဒုက္ခသစ္စာ၊ ၃။နိရောဓသစ္စာ
၂။သမုဒယသစ္စာ၊ ၄။မဂ္ဂသစ္စာ-

ဟူ၍ ၄-ပါးအပြားရှိကုန်သည်။

ထို ၄-ပါးတို့တွင် ဣ [န္ဒိယဗဒ္ဓဖြစ်သော ရုပ်အဋ္ဌဝီသ, လောကီစိတ် ဧကာသီတိ, လောဘ ကြဉ်သော စေတသိက် ဧကပညာသ ဤတေဘုမ္မက ဝဋ်တရားတို့သည် ဒုက္ခသစ္စာမည်၏၊

ထို ဒုက္ခသစ္စာ၏ အကြောင်းဖြစ်သော တဏှာဟူသော လောဘသည် သမုဒယသစ္စာ မည်၏၊

ထို ဒုက္ခသစ္စာသမုဒယ၏ ချုပ်ရာဖြစ်သော နိဗ္ဗာန်သည် နိရောဓသစ္စာ မည်၏၊

မဂ်စိတ် ၄-ခု၌ ရှိသော မဂ္ဂင်ရှစ်ပါးသည် မဂ္ဂသစ္စာမည်၏၊ ဤသို့ တရားကိုယ်အားဖြင့် ၄-ပါး ပြားကုန်သတည်း။

၃၇၀-သစ္စာအနက် ၁၆-ချက်ကို ပြဆိုခြင်း

မေး။ ။သစ္စာတချက်၊ အနက်ရှုဤ၊ လေးပါးစီ၊ လေးလီဘယ်သို့ ပြားသနည်း။

ဖြေ။ ။ထိုသစ္စာ ၄-ပါး၏ အနက် ၁၆-ချက် ဟူသည်ကား-

ဒုက္ခသစ္စာ၌-
၁။ပိဠနဋ္ဌ=နှိပ်စက်တတ်သော အနက်၊
၂။သင်္ခတဋ္ဌ=ပြုပြင်အပ်သော အနက်၊
၃။သန္တာပဋ္ဌ=ပူပန်စေတတ်သော အနက်၊
၄။ဝိပရိဏာမဋ္ဌ=ဖောက်ပြန်တတ်သော အနက်-
အားဖြင့် ၄-ပါးဖြစ်သတည်း။

ဤ ၄-ပါးတို့တွင် ပထမအနက်ကား မိမိ၏သဘောဖြစ်သော အနက်တည်း။
ဒုတိယကား အားထုတ်တတ်သော သမုဒယသစ္စာကို ထောက်သဖြင့် သိအပ်သေ အနက်တည်း။
တတိယကား ပူပန်ခြင်းကို ငြိမ်းစေသော မဂ္ဂသစ္စာကို ထောက်သဖြင့် သိအပ်သော အနက်တည်း။
စတုတ္ထကား မဖောက်ပြန်သော နိရောဓသစ္စာကို ထောက်သဖြင့် သိအပ်သော အနက်တည်း။ (သ,မ,နီ။)

သမုဒယသစ္စာ၌-
၁။အာယုဟနဋ္ဌ=ဝဋ်ဆင်းရဲကို ရခြင်းငှာ အားထုတ်တတ်သော အနက်၊
၂။နိဒါနဋ္ဌ=ဆင်းရဲ၏ အကြောင်းဖြစ်သော အနက်၊
၃။သံယောဂဋ္ဌ=ဝဋ်ဆင်းရဲ၌ ယှဉ်စေတတ်သော အနက်၊
၄။ပလိဗောဓဋ္ဌ=ဝဋ်၌ မပြတ်နှောင်ဖွဲ့တတ်သော အနက်- အားဖြင့် ၄ ပါးဖြစ်သတည်း။

ဤ ၄-ပါးတွင် ပထမအနက်ကား-မိမိ၏သဘောအားဖြင့် ထင်ရှားသော အနက်တည်း။
ဒုတိယအနက်ကား အကျိုးဖြစ်သော ဒုက္ခသစ္စာကို ထောက်သဖြင့် ထင်ရှားသော အနက်တည်း။
တတိယကား ဝဋ်၌ မယှဉ်သော နိရောဓသစ္စာကို ထောက်သဖြင့် ထင်ရှားသော အနက်တည်း။
စတုတ္ထကား ဝဋ်မှ ထွက်မြောက်ကြောင်း ဖြစ်သော မဂ္ဂသစ္စာကို ထောက်သဖြင့် သိအပ်သော အနက်တည်း။ (ဒူ,နိ,မာ။)

နိရောဓသစ္စာ၌-
၁။နိသာရဏဋ္ဌ=ဝဋ်မှ ထွက်မြောက်တတ်သော အနက်၊
၂။ဝိဝေကဋ္ဌ=ဆိတ်ငြိမ်တတ်သော အနက်၊
၃။အသင်္ခတဋ္ဌ=မပြုပြင်အပ်သော အနက်၊
၄။အမတဋ္ဌ=မသေရာဖြစ်သော အနက်အားဖြင့် ၄-ပါးဖြစ်သတည်း။

ဤလေးပါးတွင် ပထမအနက်ကား မိမိ၏သဘောလက္ခဏာဖြစ်သော အနက်တည်း။
ဒုတိယကား မဆိတ်ငြိမ်တတ်သော သမုဒယသစ္စာကို ထောက်သဖြင့် ထင်ရှားသော အနက်တည်း။
တတိယကား အကြောင်းဖြစ်၍ ပြုပြင်တတ်သော မဂ္ဂသစ္စာကို ထောက်သဖြင့် ထင်ရှားသော အနက်တည်း။
စတုတ္ထကား သေတတ်သော ဒုက္ခသစ္စာကို ထောက်သဖြင့် သိအပ်သော အနက်တည်း။ (သ,မ,ဒူ)

မဂ္ဂသစ္စာ၌
၁။နိယျာနိကဋ္ဌ=ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်သောအနက်၊
၂။ဟေတွတ္ထ=နိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်သော အနက်၊
၃။ဒဿနဋ္ဌ=နိဗ္ဗာန်ကို မြင်တတ်သော အနက်၊
၄။အဓိပတေယျဋ္ဌ=အကြီးအကဲဖြစ်သော အနက်အားဖြင့် ၄-ပါးဖြစ်သတည်း။

ဤ ၄-ပါးတွင် ပထမအနက်ကား မိမိ၏ သဘောလက္ခဏာဖြစ်သော အနက်တည်း။
ဒုတိယကား ဝဋ်၌နစ်မွန်းကြောင်းဖြစ်သော သမုဒယသစ္စာကို ထောက်သဖြင့် ထင်ရှားသော အနက်တည်း။
တတိယကား မြင်နိုင်ခဲသောနိရောဓသစ္စာကို ထောက်သဖြင့် ထင်ရှားသော အနက်တည်း။
စတုတ္ထကား နှိပ်စက်တတ်သောဒုက္ခသစ္စာကို ထောက်သဖြင့် ထင်ရှားသော အနက်တည်း။ (သ,နိ,ဒု။)

ဤသို့ သစ္စာ ၄-ပါးတွင် တပါး, တပါး၌ ၄-နက် ၄-နက်စီဖြစ်၍ ၁၆-နက်ဖြစ်သတည်း။

၃၇၁-ဋီကာအလာ အရာရာသိဒ္ဓိပေါက်

အဆောင်ဂါထာကို ပြခြင်း

ဤကိုရည်၍ ဋီကာဆရာတို့သည်-
ပဌမံ သကလက္ခဏမေကပဒံ။ ဒုတိယာဒိပဒဿနိဒဿနတော။
သ မ နီ ဒု နိ မာ သ မ ဒူ၊ သနိဒူ ကမတော ဝိဘဇေ ပထမေန ဝိနာ။ ဟူ၍ (သင်္ခေပဝဏ္ဏနာဋီကာ-၂၉၆) ဂါထာဆိုတော်မူသည်။

ပဌမံ၊ ရှေးဦးစွာသော။ ဧကပဒံ၊ တခုသောအနက်အဖို့သည်။ သကလက္ခဏံ၊ မိမိ၏သဘောလက္ခဏာ အနက်သည်။ ဟောတိ၊ ဖြစ်၏၊ ဒုတိယာဒိပဒဿ၊ ဒုတိယအစရှိသောအနက်ဖို့ကို။ သ မ နီ၊ သမုဒယ, မဂ္ဂ, နိရောဓသစ္စာကို၎င်း။ ဒု နိ မာ၊ ဒုက္ခ၊ နိရောဓ၊ မဂ္ဂသစ္စာကို၎င်း၊ သမဒူ၊ သမုဒယ၊ မဂ္ဂ၊ ဒုက္ခသစ္စာကို၎င်း သနိဒူ၊ သမုဒယ၊ နိရောဓ၊ ဒုက္ခသစ္စာကို၎င်း။ နိဒဿနတော၊ ထောက်ထား၍မြင်အပ်သောကြောင့်။ပဌမေန၊ ပထမအနက်နှင့်။ ဝိနာ၊ ကင်း၍။ ကမတော၊ အစဉ်အတိုင်း။ ဝိဘဇေ၊ ဝေဖန်ရာ၏၊

ဤဂါထာကား-တပါဒ, တပါဒ၌ သ ဂိုဏ်းလေးခုစီရှိသော ဋောဋက ဂါထာတည်း။ လေနတ် စောင့်သော သဂိုဏ်းချည်းဖြစ်၍၎င်း၊ သစ္စာအနက် ၁၆-ချက်အနက်သဘော မှန်ကန်သည်ဖြစ်၍၎င်း၊ အာနုဘော် ထက်မြက်လှသည်၊ အကျိုးများစွာပေးနိုင်သည်၊ ထို့ကြောင့် ရှေးသူဟောင်းတို့ အဆောင်အရွက် ပြုကြကုန်သည်။

မှတ်ချက်။ ။ဤဂါထာကို အမြဲမပြတ်ရွက်ဖတ်သရဇ္ဈာယ်က ထင်ထင်ရှားရှား အကျိုးထူးခံစားခွင့်များ ရနိုင်ပေသည်။

၃၇၂-သစ္စဝိမုတ် တရားများကို ပြခြင်း

မေး။ ။မဂ်စိတ္တုပ္ပါဒ်၊ ဖိုလ်စိတ္တုပ္ပါဒ်၊ သစ္စာလွတ်သည်၊ မချွတ်စင်စစ်မှန်၏လော။

ဖြေ။ ။တော၊ တောင်၊ ရေ၊ မြေ၊ သစ်ပင်စသော အဝိညာဏက ရုပ်သည် အနိ [န္ဒိယဗန္ဓဖြစ်၍ ဒုက္ခသစ္စာမမည်။ အသက်ရှိသော သတ္တဝါတို့၏ ဣ [န္ဒိယဗန္ဓဖြစ်သော ရုပ်သည်သာလျှင် ဒုက္ခသစ္စာမည်သည်။

လောကီစိတ်၌ရှိသော မဂ္ဂင်ရှစ်ပါးသည် မဂ္ဂသစ္စာမမည်။ မဂ်စိတ်လေးခု၌ ရှိသော မဂ္ဂင်ရှစ်ပါးသာလျှင် မဂ္ဂသစ္စာ မည်၏၊

မဂ်နှင့်ယှဉ်သော စေတသိက်ဆတ္တေိံသတို့တွင် မဂ္ဂင်ရှစ်ပါးမှ တပါးသောစေတသိက် ၂၈-ခု, မဂ်စိတ်အားဖြင့် ၂၉-ပါးသော မဂ်စိတ္တုပ္ပါဒ်တို့သည်၎င်း။ ဖိုလ်စိတ်လေးခု၊ စေတသိက်ဆတ္တိံသအားဖြင့် ၃၇-ပါးသော ဖိုလ်စိတ္တုပ္ပါဒ်တို့သည်၎င်း မုချအားဖြင့် သစ္စာမမည်၊ သစ္စာ ၄-ပါးမှ လွတ်ရကား သစ္စဝိမုတ်ဖြစ်ကုန်၏၊

သဒိသူပစာအားဖြင့်ကား သင်္ခါရဒုက္ခ၌ ဝင်သောကြောင့် ဒုက္ခသစ္စာအဖြစ်ဖြင့် ယူအပ်ကုန်၏၊

သဗ္ဗသင်္ဂ ပြီး၏၊

၃၇၃-ပုထုစဉ် နှစ်မျိုးကို ပြခြင်း

၁။ပုထုနံ ဇနနာဒီဟိ ကာရဏေဟိ ပုထုဇ္ဇနော။
ပုထုဇ္ဇနန္တောဂတတ္တာ ပုထုဝါယံ ဇနော ဣတိ။

၂။ဒုဝေ ပုထုဇ္ဇနာ ဝုတ္တာ၊ ဗုဒ္ဓေနာဒိစ္စဗန္ဓုနာ။
အန္ဓော ပုထုဇ္ဇနော ဧကော၊ ကလျာဏေကော ပုထုဇ္ဇနော။

တတ္ထ ယဿ ခန္ဓဓာတုအာယတနာဒီသု ဥဂ္ဂဟပရိပုစ္ဆာသဝနဓာရဏပစ္စဝေက္ခဏာနိ နတ္ထိ အယံ အန္ဓပုထုဇ္ဇနော။ ယဿ တာနိ အတ္ထိ သောကလျာဏပုထုဇ္ဇနော။

ပုထုနံ၊ များစွာသောကိလေသာတို့ကို။ ဇနနာဒီဟိ၊ ဖြစ်စေတတ်သည် အစရှိကုန်သော။ ကာရဏေဟိ၊ အကြောင်းတို့ကြောင့်။ ပုထုဇ္ဇနော၊ ပုထုဇဉ်မည်၏၊

ဝါ၊ တနည်းကား။ ပုထုဇ္ဇနန္တောဂတတ္တာ၊ အရိယာတို့၏တရားမှ မျက်ကွယ်ဖြစ်ကုန်သော သူတို့၏ အတွင်း၌ဝင်သည်၏အဖြစ်ကြောင့်။ ပုထုဇ္ဇနော၊ ပုထုဇဉ်မည်၏၊

ဝါ၊ တနည်းကား။ အယံ ဇနော၊ ဤသူသည်။ ပုထု၊ အရိယာတို့မှ အသီးအခြားဖြစ်၏၊ ဣတိ၊ ထို့ကြောင့်။ ပုထုဇ္ဇနော၊ ပုထုဇဉ်၏၊

အန္ဓော၊ ပညာမျက်စိကာဏ်းသော။ ပပုထုဇ္ဇနော၊ ပုထုဇဉ်လည်း။ ဧကော၊ တယောက်။ ကလျာဏော၊ ပညာမျက်စိကောင်းသော။ ပုထုဇ္ဇနော၊ ပုထုဇဉ်လည်း။ ဧကော၊ တယောက်။ ဣတိ၊ ဤသို့။ ပုထုဇ္ဇနော၊ ပုထုဇဉ်တို့ကို။ ဒုဝေ၊ နှစ်ယောက်ရှိ၏ဟူ၍။ အာဒိစ္စဗန္ဓုနာ၊ နေမင်း၏အဆွေဖြစ်တော်မူသော ဗုဒ္ဓေန၊ မြတ်စွာဘုရားသည်။ ဝုတ္တာ၊ ဟောတော်မူအပ်ကုန်၏၊

တတ္ထ၊ ထိုပုထုဇဉ်နှစ်ယောက်တို့တွင်။ ယဿ၊ အကြင်သူအား။ ခန္ဓ ဓာတုအာယ တနာဒီသု၊ ခန္ဓာ၊ ဓာတ်၊ အာယတန အစရှိသော ပရမတ်တရားတို့၌။ ဥဂ္ဂဟ ပရိပုစ္ဆာသဝနဓာရဏ ပစ္စဝေက္ခဏာနိ၊ သင်အံခြင်း၊ မေးမြန်းခြင်း၊ နာခံခြင်း၊ ဆောင်ရွက်ခြင်း၊ ဆင်ခြင်ခြင်းတို့သည်။ နတ္ထိ၊ မရှိကုန်။ အယံ၊ ဤပုထုဇဉ်သည်။ အန္ဓပုထုဇ္ဇနော၊ ပညာမျက်စိကာဏ်းသော ပုထုဇဉ်မည်၏၊ ယဿ၊ အကြင်ပုထုဇဉ်အား။ တာနိ၊ ထိုခန္ဓာ၊ အာယတနဓာတ်စသော ပရမတ်တရားတို့၌ သင်အံခြင်း၊ မေးမြန်းခြင်း၊ နာခံခြင်း၊ ဆောင်ရွက်ခြင်း၊ ဆင်ခြင်ခြင်းတို့သည်။ အတ္ထိ သန္တိ၊ ရှိကုန်၏၊ သော၊ ထိုပုထုဇဉ်သည်။ ကလျာဏပုထုဇ္ဇနော၊ ပညာမျက်စိအမြင်ရှိသော ပုထုဇဉ်ကောင်းမည်၏၊

ဤသို့ သုမင်္ဂလဝိလာသနီမည်သော သီလက္ခန်အဋ္ဌကထာ၌လာရကား သာ သနာတော်၌ ကြုံကြိုက်သော အမျိုးကောင်းသားတို့သည် ပညာကာဏ်းသော အန္ဓပုထုစဉ်အဖြစ်မှလွတ်၍ ကလျာဏပုထုဇဉ်အဖြစ်သို့ ရောက်စေခြင်းငှာ စိတ်စေတသိက်၊ ရုပ်၊ နိဗ္ဗာန် လေးတန်သော ပရမတ္တမမ္မတို့၏သရုပ်ကို ဝေဖန်ကာ ခန္ဓာ အာယတန ဓာတ်သစ္စာတရားတို့ကို မှတ်သားလေ့လာ၍ များစွာနှီးနှောခြင်း၊ ပြောဟောရာ နာခံခြင်းတို့ကို ပြုကုန်ရာသတည်း။

ဤတွင် သမုစ္စည်းပိုင်းဆိုင်ရာ ပုစ္ဆာဝိသဇ္ဇနာများ ပြီးပြီ။

ပစ္စည်းပိုင်းဆိုင်ရာ ပုစ္ဆာ

ပစ္စည်းပိုင်းဆိုင်ရာ ပုစ္ဆာ

ဝိသဇ္ဇနာများ

၃၇၄-ပစ္စည်း,ပစ္စယုပ္ပန်နှစ်ပါးထူးခြားပုံကို ပြခြင်း

မေး။ ။ပဋိစ္စသမုပ္ပါဒ်နည်း၊ ပဋ္ဌာန်းနည်း၌ ပစ္စည်း ပစ္စယုပ္ပန် အမှန်ဘယ်သို့ထားသနည်း။

ဖြေ။ ။ပဋိစ္စ ဖလံ ဧတသ္မာ ဧတိ ပဝတ္တတီတိ ပစ္စယော။

ဧတသ္မာ= ဤအကြောင်းတရားမှ၊ ပဋိစ္စ= စွဲ၍၊ ဖလံ= အကျိုးသည်၊ ဧတိ ပဝတ္တတိ= ဖြစ်တတ်၏၊ ဣတိတသ္မာ= ထိုသို့ အကျိုးတရားတို့၏ ဖြစ်ရာဖြစ်ကြောင်းဖြစ်သော သတ္တိကြောင့်၊ ပစ္စယော= ပစ္စယမည်၏၊

ဤသို့သော ဝစနတ္ထနှင့်ညီစွာ ဤအကြောင်းတရားသည် ထင်ရှားရှိလတ်သော် ဤမည်သောအကျိုးတရားသည် ဖြစ်၏ဟူ၍ သိအပ်သော မှီရာအကြောင်းအထောက်အပံ့ဖြစ်သော အကြောင်းသည် ပစ္စည်းမည်၏၊

ပစ္စယေန ဥပ္ပန္နံ ပစ္စယုပ္ပန္နံ

ပစ္စယေန= အကြောင်းကြောင့်၊ ဥပ္ပန္နံ= ဖြစ်သည်တည်း၊ ပစ္စယုပ္ပန္နံ= အကြောင်းကြောင့်ဖြစ်သည်။

ဤသို့သော ဝစနတ္ထနှင့်ညီစွာ အကြောင်းကို မှီကာဖြစ်သော အကျိုးတရားတို့သည် ပစ္စယုပ္ပန်မည်၏၊

၃၇၅-ပဋိစ္စသမုပ္ပါဒ်တရားတို့ကို ပြခြင်း

ဤအရာ၌ ပဋိစ္စသမုပ္ပါဒ်ဒေသနာသည် လွန်စွာ နက်နဲခက်ခဲ ဆန်းကြယ်သည် ဖြစ်ရကား ဝိဘင်းအဋ္ဌကထာ,၎င်းဋီကာအဖွင့်တို့ကိုမှီ၍ အမြွက်မျှ ပြလိုက်ဦးအံ့။

၃၇၆- အဝိဇ္ဇာကိုပြခြင်း

အဝိန္ဒိယံ ဝိန္ဒတိ, ဝိန္ဒိယံ နဝိန္ဒတီတိ အဝိဇ္ဇာ။

ယော မောဟော= အကြင်မောဟသည်၊ အဝိန္ဒိယံ= မရအပ်, မနှစ်သက်အပ်သော ကာယဒုစရိုက်စသည်ကို၊ ဝိန္ဒတိ= ရတတ်နှစ်သက်တတ်၏၊ ဝိန္ဒိယံ= ရအပ်, နှစ်သက်အပ်သော ကာယသုစရိုက်စသည်ကို၊ န ဝိန္ဒတိ= မရတတ် မနှစ်သက်တတ်၊ ဣတိ တသ္မာ= ထို့ကြောင့်၊ သော မောဟော= ထိုမောဟသည်၊ အဝိဇ္ဇာ= အဝိဇ္ဇာမည်၏၊

အဝိန္ဒိယဝိန္ဒာဆိုလိုလျှက် ဝဏ္ဏနာသ နိရုတ္တိနည်းအားဖြင့် ဝိန္ဒိယဟူသော အက္ခရာကိုချေ၍ အဝိဇ္ဇာဆိုသည် ဟူလို။

ဝေဒိတဗ္ဗံ စတုသစ္စာဒိကံ နဝိဒိတံ ကရောတီတိ ဝါ အဝိဇ္ဇာ

ဝါ= တစ်နည်းကား၊ ယော မောဟော= အကြင်မောဟသည်၊ ဝေဒိတဗ္ဗံ= သိအပ်သိထိုက်သော၊ စတုသစ္စာဒိကံ= သစ္စာလေးပါးအစရှိသော တရားကို၊ န ဝိဒိတံ ကရောတိ= မသိခြင်းကို ပြုတတ်၏၊ ဣတိ တသ္မာ= ထို့ကြောင့်၊ သော မောဟော= ထိုမောဟသည်၊ အဝိဇ္ဇာ= အဝိဇ္ဇာမည်၏၊ အဝိဒိတကလျာ ဟုဆိုလိုလျှက် သုတ်ကြီးဖြင့် အဝိဇ္ဇာပြု၍ ဆိုသည်ဟူလို။

သံသာရ ဝဋ္ဋေ သတ္တေ ဇဝါပေတီတိ အဝိဇ္ဇာ။

ယော မောဟော= အကြင်မောဟသည်၊ သံသာရဝဋ္ဋေ= သံသရာတည်းဟူသော ဝဋ်၌၊ သတ္တေ= သတ္တဝါတို့ကို၊ ဇဝါပေတိ= မျောစေတတ်၏၊ ဣတိ တသ္မာ= ထို့ကြောင့်၊ အဝိဇ္ဇာ= အဝိဇ္ဇာမည်၏၊

အဝိဇ္ဇာဧဝ ပစ္စယော အဝိဇ္ဇာပစ္စယော

အဝိဇ္ဇာဧဝ= အဝိဇ္ဇာသည်သာလျှင်၊ ပစ္စယော= အကြောင်းတည်း၊ အဝိဇ္ဇာပစ္စယော= အဝိဇ္ဇာသည်သာလျှင် အကြောင်းတည်း။

အဝိဇ္ဇာသည်-
အာရုံ၏ သဘောကို မသိခြင်း လက္ခဏာ
ပြင်းစွာတွေဝေခြင်း ကိစ္စ
ဖုံးလွှမ်းတတ်သော ပစ္စုပဋ္ဌာန်
အာသဝေါလေးပါးလျှင် ပဒဋ္ဌာန်ရှိ၏၊

အဝိဇ္ဇာပစ္စယာ သင်္ခါရဟူသောပုဒ်၌ တရားကိုယ်အားဖြင့်ကား ဒုက္ခ, သမုဒယ, နိရောဓ, မဂ္ဂဟူသော သစ္စာလေးပါး၊ ပုဗ္ဗန္တ, အပရန္တ, ဣဒပ္ပစ္စယတာ, ပဋိစ္စသမုပ္ပန္န ဤဌာနရှစ်တန်ကို ဟုတ်မှန်စွာမသိအောင် ဖုံးလွှမ်းတတ်သော အကုသိုလ်ဒွါဒသ၌ရှိသော မောဟ စေတသိက်သည် အဝိဇ္ဇာမည်၏၊

ဤအဝိဇ္ဇာသည် ကောင်းမြတ်သော အကျင့်ကို မကျင့်ခြင်း, ယုတ်သောအကျင့်ကို ကျင့်ခြင်းအားဖြင့် နှစ်ပါးအပြားရှိ၏၊

ဂတိငါးပါး၏ အဖြစ်ကို ဖုံးလွှမ်းသောအားဖြင့်ကား ငါးပါး။
အာရုံခြောက်ပါး၌ ဖုံးလွှမ်းသောအားဖြင့်ကား ခြောက်ပါးအပြားရှိ၏၊

၃၇၇-သင်္ခါရကို ပြခြင်း

သင်္ခတံ အဘိသင်္ခရောန္တီတိ သင်္ခါရာ။

ယေ ဓမ္မာ= အကြင်ကုသိုလ် အကုသိုလ် စေတနာတရားတို့သည်၊ သင်္ခတံ= ပြုပြင်အပ်သော ဝိပါက်ကဋတ္တာရုပ်ကို၊ အဘိသင်္ခရောန္တိ= ပြုပြင်စီရင်တတ်ကုန်၏၊ ဣတိတသ္မာ= ထိုသို့ ပြုပြင်စီရင်တတ်သောသတ္တိကြောင့်၊ တေ ဓမ္မာ= ထိုတရားတို့သည်၊ သင်္ခါရာ= သင်္ခါရမည်ကုန်၏၊

(ကတ္တုသာဓနကိတ်ဝိဂြိုဟ်၊ သံ ပုဗ္ဗ၊ ကရ-ဓာတ်၊ အပစ္စည်း) အရကား= လောကီကုသိုလ် အကုသိုလ်စေတနာ ၂၉-ခုရ၏၊

သင်္ခါရသည်
ပြုပြင်ခြင်းလက္ခဏာ
လွန်စွာအားထုတ်ခြင်းကိစ္စ
သမ္ပယုတ်တရားတို့ကို သိစေတတ်သော ပစ္စုပဋ္ဌာန်
အဝိဇ္ဇာလျှင် ပဒဋ္ဌာန်ရှိ၏၊

သင်္ခါရအပြားသုံးပါးကို ပြခြင်း

တရားကိုယ်အားဖြင့်
အကုသိုလ်ဒွါဒသ လောကီကုသိုလ်သတ္တရသ၌ရှိသော စေတနာ ၂၉-ခုသည် သင်္ခါရ မည်၏၊

ထိုသင်္ခါရသည်-
၁။ ပုညာဘိသင်္ခါရ
၂။ အပုညာဘိသင်္ခါရ
၃။ အာနေဉ္ဇာဘိသင်္ခါရ၊ ဟူ၍ သုံးပါးအပြားရှိ၏၊

ထိုသုံးပါးတို့တွင် မဟာကုသိုလ်စိတ် ၈-ခု၌ရှိသော စေတနာသည် ပဋိသန္ဓေအခါ ကာမသုဂတိဘုံ၌ ပဝတ္တိအခါ ကာမရူပဘုံတို့၌ ရူပကုသိုလ် ၅-ခု၌ရှိသော စေတနာသည် ပဋိသန္ဓေအခါ ပဝတ္တိအခါ ရူပ ၁၅ -ဘုံ၌ ဝိပါက် ကဋတ္တာရုပ်တို့ကို ပြုပြင်စီရင်တတ်သောကြောင့် ပုညာဘိသင်္ခါရမည်၏၊

အကုသိုလ်ဒွါဒသ၌ရှိသော စေတနာသည် ပဋိသန္ဓေအခါ အပါယ်လေးဘုံ၌ ပဝတ္တိအခါ ကာမ ၁၁ -ဘုံ ရူပ ၁၅-ဘုံ၌ ဝိပါက် ကဋတ္တာရုပ်တို့ကို ပြုပြင်စီရင်တတ်သောကြောင့် အပုညာဘိသင်္ခါရမည်၏၊

အရူပကုသိုလ်လေးခု၌ရှိသော စေတနာသည် အရူပဘုံ၌ ပဋိသန္ဓေ ပဝတ္တိ နာမက္ခန္ဓာ-တို့ကို ပြုပြင်စီရင်တတ်သောကြောင့် အာနဉ္ဇာဘိသင်္ခါရမည်၏၊

တစ်နည်း သင်္ခါရအပြားသုံးပါး
၁။ ကာယသင်္ခါရ
၂။ ဝစီသင်္ခါရ
၃။ စိတ္တသင်္ခါရအားဖြင့်လည်း သုံးပါးပြား၏၊

ထိုသုံးပါးတို့တွင်
ကာယဒွါရဖြင့် ပြီးစေအပ်သော ကာယဒုစရိုက်သုံးပါး သုစရိုက်သုံးပါး ပုညကြိယဝတ္ထု ၁၀-ပါးကို မှီသောစေတနာသည် ကာယသင်္ခါရမည်၏၊

ဝစီဒွါရဖြင့် ပြီးစေအပ်သော ဝစီဒုစရိုက်သုံးပါး ဝစီရိုက်သုံးပါး ပုညကြိယဝတ္ထု ၁၀-ပါးကို မှီသောစေတနာသည် ဝစီသင်္ခါရမည်၏၊

မနောဒွါရဖြင့် ပြီးစေအပ်သော မနောကံသုံးပါး ဘာဝနာမယ ပုညကြိယဝတ္ထု တို့သည် စိတ္တသင်္ခါရမည်၏၊ ထို့ကြောင့် ကာမကုသိုလ် အကုသိုလ် စေတနာကို ကာယဝစီ စိတ္တဟူသော သင်္ခါရသုံးပါးဖြင့် ရေတွက်အပ်၏၊

ရူပကုသိုလ် အရူပကုသိုလ် ၉-ခု၌ရှိသော စေတနာကို စိတ္တသင်္ခါရဖြင့်သာ ရေတွက်အပ်၏၊

ဤသင်္ခါရ ၉-ပါးကား အဝိဇ္ဇာကြောင့်ဖြစ်သော သင်္ခါရတို့ချည်းပေတည်း။

တစ်နည်း သင်္ခါရအပြား ၄-ပါး
ဤမှတပါး သင်္ခါရသဒ္ဒါဖြင့် ဟောအပ်သောသင်္ခါရတို့ကား
၁။ သင်္ခတသင်္ခါရ
၂။ အဘိသင်္ခတသင်္ခါရ
၃။ အဘိသင်္ခါရဏသင်္ခါရ
၄။ ပယောဂါဘိသင်္ခါရ ဟူ၍ ၄-ပါးအပြားရှိကုန်သည်။

ထို၄-ပါးတို့တွင် အနိစ္စာဝတ သင်္ခါရာဥပ္ပါဒဝယဓမ္မိနော-စသည်ဖြင့် ဟောတော်မူအပ်သော အကြောင်းရှိသော တရားအလုံးစုံတို့သည် သင်္ခတသင်္ခါရ မည်ကုန်၏၊

ကံကြောင့်ဖြစ်သော တေဘူမကရုပ် နာမ်အပေါင်းတို့သည် အဘိသင်္ခတ သင်္ခါရ မည်ကုန်၏၊

ဘုံသုံးပါး၌ဖြစ်သော ကုသိုလ်အကုသိုလ်စေတနာ ၃၃-ခုသည် အဘိသင်္ခါရဏ သင်္ခါရမည်ကုန်၏၊

ကိုယ်ကိုလည်းကောင်း စိတ်ကိုလည်းကောင်း အားထုတ် စသောဝီရိယသည် ပယောဂါဘိသင်္ခါရ မည်ကုန်၏၊

ဤလေးပါးသောသင်္ခါရတို့ကိုကား အဝိဇ္ဇာ၏ အကျိုးမဟုတ်သောကြောင့် ဤ၌ မယူအပ်ကုန်။

၃၇၈-ဝိညာဉ်ကိုပြခြင်း

ဝိဇာနာတီတိ ဝိညာဏံ။

ယံ စိတ္တံ= အကြင်စိတ်သည်၊ ဝိဇာနာတိ= အထူးထူးသောအာရုံကိုသိတတ်၏၊ ဣတိတသ္မာ= ထိုသို့ သိတတ်သောသတ္တိကြောင့်၊ တံ စိတ္တံ= ထိုစိတ်သည်၊ ဝိညာဏံ= ဝိညာဉ်မည်၏၊ (ဝိပုဗ္ဗ၊ ဉာ-ဓာတ်၊ ယု ပစ္စည်း) ပဋိသန္ဓေဝိညာဉ် ပဝတ္တိဝိညာဉ်နှစ်ပါးရ၏၊

ဝိညာဉ်သည်
သိခြင်းလက္ခဏာ
နာမက္ခန္ဓာတို့၏ ရှေ့သွားဖြစ်သောကိစ္စ
စေ့စပ်တတ်သော ပစ္စုပဋ္ဌာန်
သင်္ခါရလျှင် ပဒဋ္ဌာန်ရှိ၏၊

သင်္ခါရပစ္စယာ ဝိညာဏံ ဟူသောပုဒ်၌ ပဋိသန္ဓေ ဧကူနဝီသသည်၎င်း လောကီဝိပါက် ဗာတ္တိံသသည်၎င်း၊ စိတ်တခုယုတ် ၉၀-၎င်း ဝိညာဉ်မည်၏၊

၃၇၉-နာမ်ရုပ်ကို ပြခြင်း

အာရမ္မဏေ နမတီတိ နာမံ။
ရုပ္ပတီတိ ရူပံ။
နာမဉ္စ ရူပဉ္စ နာမရူပံ။

ယံ ဓမ္မဇာတံ= အကြင်စေတသိက်သဘောသည်၊ အာရမ္မဏေ= စိတ်ယူပြီးသော အာရုံ၌၊ နမတိ= ညွတ်တတ်၏၊ ဣတိတသ္မာ= ထို့ကြောင့်၊ တံ ဓမ္မဇာတံ= ထိုစေတသိက်သဘောသည်၊ နာမံ= နာမ် မည်၏၊

ယံ ဓမ္မဇာတံ= အကြင်တရားသဘောသည်၊ ရူပ္ပတိ၊ ဖောက်ပြန်တတ်၏၊ ဣတိ တသ္မာ= ထို့ကြောင့်၊ တံ ဓမ္မဇာတံ= ထိုတရားသဘောသည်၊ ရူပံ= ရုပ်မည်၏၊

နာမဉ္စ= နာမ်တရားလည်း၊ ရူပဉ္စ= ရုပ်တရားလည်း၊ နာမရူပံ= နာမ်တရားရုပ်တရား။

နာမ်တရားသည်-
အာရုံ၌ညွတ်သော လက္ခဏာ,
စိတ်နှင့် မကွာယှဉ်ခြင်း ကိစ္စ,
သီးခြား၍ မဖြစ်သော ပစ္စုပဋ္ဌာန်,
စိတ်လျှင် ပဒဋ္ဌာန်ရှိ၏၊

ရုပ်တရားသည်-
ဖောက်ပြန်တတ်သော လက္ခဏာ,
ဖရိုဖရဲ ကြဲခြင်း ကိစ္စ,
အဗျာကတဖြစ်သော ပစ္စုပဋ္ဌာန်,
ဝိညာဉ်လျှင် ပဒဋ္ဌာန်ရှိ၏၊

ဝိညာဏပစ္စယာ နာမရူပံ ဟူသောပုဒ်၌ စေတသိက်ဒွေပညာသ ရုပ်အဋ္ဌဝီသသည် နာမ်,ရုပ် မည်၏၊

၃၈၀-သဠာယတနကိုပြခြင်း

အာယံ တနတီတိ အာယတနံ။
အာယတံ ဝဋ္ဋံ နယတီတိ ဝါ အာယတနံ။

ယံ စက္ခာဒိကံ= အကြင်စက္ခုပသာဒ အစရှိသည်သည်။ အာယံ= စိတ်စေတသိက် အပေါင်းကို၊ တနတိ= ချဲ့တတ်၏၊ ဣတိတသ္မာ၊ ထိုကြောင့်၊ တံစက္ခာဒိကံ၊ ထိုစက္ခုပသာဒ အစရှိသည်သည်။ အာယတနံ= အာယတန မည်၏၊

ဝါ=တနည်းကား။ အာယတံ= ရှည်စွာသော၊ ဝဋ္ဋံ= ဝဋ်တရားကို၊ နယတိ= ဆောင်တတ်၏၊ ဣတိတသ္မာ၊ ထို့ကြောင့်၊ အာယတနံ= အာယတနမည်၏၊

ဆဧဝ အာယတနံ သဠာယတနံ။

ဆဧဝ= ခြောက်ပါးသာလျှင်ဖြစ်သော၊ အာယတနံ= အာယတနတည်း။ သဠာယတနံ= ခြောက်ပါးသာလျှင်ဖြစ်သော အာယတန (ဒိဂုမိဿကတပ္ပုရိသ်ဝိဂြိုဟ်၊ ဆကိုသပြု၊ ဠအက္ခရာလာ၍ သဠာယတနပြီးသည်။)

သဠာယတနသည်-
အာရုံသို့ဝင်ခြင်း လက္ခဏာ,
ထင်စွာမြင်ခြင်း ကြားခြင်းစသော ကိစ္စ
မှီရာဒွါရ၏ အဖြစ်တည်းဟူသော ပစ္စုပဋ္ဌာန်,
နာမ်,ရုပ်နှစ်ပါးလျှင် ပဋ္ဌာန်ရှိ၏၊

နာမရူပပစ္စယာ သဠာယတနံ ဟူသောပုဒ်၌
၁။ စက္ခာယတန
၂။ သောတာယတန
၃။ ဃာနာယတန
၄။ ဇိဝှါယတန
၅။ ကာယာယတန
၆။ မနာယတန ဟူသော အဇ္ဈတ္တိကာယတနခြောက်ပါးသည် သဠာယတန မည်၏၊

၃၈၁-ဖဿကိုပြခြင်း

အာရမ္မဏေ ဖုသတီတိ ဖသော။

ယော ဓမ္မော= အကြင်တရားသည်။ အာရမ္မဏေ၊ အာရုံ၌။ ဖုသတိ၊ သိတတ် တွေ့တတ်၏၊ ဣတိတသ္မာ၊ ထို့ကြောင့်၊ သော ဓမ္မော၊ ထိုတရားသည်။ ဖသော= ဖဿမည်၏၊

ဖဿသည်-
အာရုံ၌တွေ့ ခြင်းလက္ခဏာ
ထိခိုက်တတ်သောကိစ္စ
ပသာဒဝိညာဉ်အာရုံတို့၏ ပေါင်းဆုံခြင်း ပစ္စုပဋ္ဌာန်
သဠာယတနလျှင် ပဒဋ္ဌာန်ရှိ၏၊

စိတ်တစ်ခုယုတ် ကိုးဆယ်ရှိသောဖဿစေတသိက်သည် ဖဿမည်၏၊ ဖဿသည် ဒွါရ၏ အစွမ်းအားဖြင့်
၁။ စက္ခုသမ္ဖဿ
၂။ သောတသမ္ဖဿ
၃။ ဃာနသမ္ဖဿ
၄။ ဇိဝှါသမ္ဖဿ
၅။ ကာယသမ္ဖဿ
၆။ မနောသမ္ဖဿဟူ၍ ခြောက်ပါးအပြားရှိ၏၊

ထိုခြောက်ပါးတို့တွင် လက်ခုတ်နှစ်ခုကို ဆိုင်၍ခတ်သော အသံဖြစ်သကဲသို့ စက္ခုပသာဒနှင့် ရူပါရုံထိခိုက်သော် စက္ခုဝိညာဉ်စသော နာမ်တရားတို့၏ ဖြစ်ခြင်းသည် စက္ခုသမ္ဖဿမည်၏၊ ထို့ကြောင့် ထိုအနက်ကိုသိစေခြင်းငှာ မြတ်စွာဘုရားသည် စက္ခုံစ ရူပေစ ပဋိစ္စ ဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖေဿာ- ဟူ၍ ဟောတော်မူ၏၊

စက္ခုံစ= စက္ခုပသာဒကိုလည်းကောင်း၊ ရူပေစ= ရူပါရုံကိုလည်းကောင်း၊ ပဋိစ္စ= စွဲ၍၊ ဝိညာဏံ= ဝိညာဉ်သည်၊ ဥပ္ပဇ္ဇတိ=ဖြစ်၏၊ တိဏ္ဏံ= သုံးပါးကုန်သောတရားတို့၏၊ သင်္ဂတိ=ပေါင်းမိခြင်းသည်၊ ဖေဿာ= ဖဿမည်၏၊ (သောတစသည်တို့လည်း နည်းတူသိလေ)

၃၈၂-ဝေဒနာကို ပြခြင်း

ဝေဒယတီတိ ဝေဒနာ

ယာ ဓမ္မဇာတိ= အကြင်တရားသဘောသည်၊ အာရမ္မဏရသံ= အာရုံ၏ အရသာကို၊ ဝေဒယတိ= သိတတ်၏ (ဝါ) ခံစားတတ်၏၊ ဣတိတသ္မာ= ထို့ကြောင့်၊ သာဓမ္မဇာတိ= ထိုတရားသဘောသည်၊ ဝေဒနာ= ဝေဒနာမည်၏၊

ဝေဒနာသည်-
အာရုံကို ထင်စွာသိခြင်းလက္ခဏာ
ကောင်းစွာခံစားခြင်းကိစ္စ
သုခဒုက္ခဟူသော ပစ္စုပဋ္ဌာန်
ဖဿလျှင် ပဒဋ္ဌာန်ရှိ၏၊

စိတ်တစ်ခုယုတ်ကိုးဆယ်၌ရှိသော ဝေဒနာစေတသိက်သည် ဝေဒနာမည်၏၊ ထိုဝေဒနာသည်

၁။ စက္ခုသမ္ဖဿဇာဝေဒနာ
၂။ သောတသမ္ဖဿဇာဝေဒနာ
၃။ ဃာနသမ္ဖဿဇာဝေဒနာ
၄။ ဇိဝှါသမ္ဖဿဇာဝေဒနာ
၅။ ကာယသမ္ဖဿဇာဝေဒနာ
၆။ မနောသမ္ဖဿဇာဝေဒနာဟူ၍ ခြောက်ပါးအပြားရှိ၏၊

ထိုခြောက်ပါးတို့တွင် စက္ခုပသာဒဖြင့် ရူပါရုံထိခိုက်၍ နာမ်တရားတို့တွေ့သောအခါ ဣဋ္ဌ အနိဋ္ဌ သောမနဿ ဒေါမနဿအခြင်းအရာဖြင့် ဖြစ်ခြင်းသည် စက္ခုသမ္ဖဿဇာဝေဒနာ မည်၏၊ (သောတစသည်၌လည်း နည်းတူသိလေ)

၃၈၃-တဏှာကို ပြခြင်း

ပရိတသတီတိ တဏှာ

ယာ ဓမ္မဇာတိ= အကြင်တရားသဘောသည်၊ ပရိတသတိ= ပြင်းစွာတောင်းတတတ်၏ ဝါ= အဖန်ဖန်တတ်မက်တတ်၏ ဝါ= ပူပန်ခြောက်ခြားတတ်၏၊ ဣတိတသ္မာ= ထိုသို့တောင်းတတတ်မက်တတ်သောသတ္တိ ပူပန်ခြောက်ခြားတတ်သောသတ္တိကြောင့်၊ သာဓမ္မဇာတိ= ထိုတရားသဘောသည်၊ တဏှာ= တဏှာမည်၏၊

တဏှာသည်အကြောင်းရင်းဖြစ်သောလက္ခဏာ
လွန်စွာနှစ်လိုသောကိစ္စ
မရောင့်ရဲနိုင်သောပစ္စုပဋ္ဌာန်
ခံစားရခြင်းလျှင် ပဒဋ္ဌာန်ရှိ၏၊

လောဘမူစိတ်ရှစ်ခု၌ရှိသော လောဘစေတသိက်သည် တဏှာမည်၏၊ ထိုတဏှာသည်

၁။ ကာမတဏှာ
၂။ ဘဝတဏှာ
၃။ ဝိဘဝတဏှာအားဖြင့် သုံးပါးအပြားရှိ၏၊ ထိုသုံးပါးတို့တွင်

ကိလေသာကာမဂုဏ် ဝတ္ထုကာမဂုဏ်၌ တက်သောတဏှာသည် ကာမတဏှာမည်၏၊

နောင်တဖန်ဖြစ်ခြင်း၌ တက်သောတဏှာသည် ဘဝတဏှာမည်၏

သဿတဒိဋ္ဌိဥစ္ဆေဒဒိဋ္ဌိနှင့်တကွဖြစ်သောတဏှာသည် ဝိဘဝတဏှာမည်၏၊

တနည်းကား
၁။ ရူပတဏှာ
၂။ သဒ္ဒတဏှာ
၃။ ဂန္ဓတဏှာ
၄။ ရသတဏှာ
၅။ ဖောဋ္ဌဗ္ဗတဏှာ
၆။ ဓမ္မတဏှာဟူ၍ ခြောက်ပါးအပြားရှိ၏ ထိုခြောက်ပါးတို့တွင်

ရူပါရုံ၌တက်မက်ခြင်းသည် ရူပတဏှာမည်၏၊ သဒ္ဒါရုံစသည်၌ တက်မက်ခြင်းသည် သဒ္ဒတဏှာစသည်မည်၏၊

ပညတ်ဖြစ်သောဓမ္မာရုံ၌ တက်မက်ခြင်းသည် ဓမ္မတဏှာမည်၏၊

၃၈၄-ဥပါဒါန်ကိုပြခြင်း

ဥပသံဟစ္စ အာဒိယတီတိ ဥပါဒါနံ

ယံ ဓမ္မဇာတံ= အကြင်တရားသဘောသည်၊ ဥပသံဟစ္စ= အာရုံ၌ကပ်ငြိ၍၊ အာဒိယတိ= စွဲလန်းတတ်၏၊ ဣတိတသ္မာ= ထို့ကြောင့်၊ တံ ဓမ္မဇာတံ= ထိုတရားသဘောသည်၊ ဥပါဒါနံ= ဥပါဒါန်မည်၏၊

ဥပါဒါန်ဟူသည်
ယူမိသောအာရုံကို စွဲလန်းခြင်းလက္ခဏာ
မခွါမလွတ်လိုခြင်းကိစ္စ
မြဲမြန်စွာယူခြင်း ပစ္စုပဋ္ဌာန်
တဏှာလျှင် ပဒဋ္ဌာန်ရှိ၏

တဏှာပစ္စယာ ဥပါဒါနံဟူသောပုဒ်၌ လောဘမူစိတ်ရှစ်ခု၌ရှိသောလောဘ၊ ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ခု၌ရှိသော ဒိဋ္ဌိစေတသိက်သည် ဥပါဒါန်မည်၏၊ ထိုဥပါဒါန်သည်

၁။ ကာမုပါဒါန်
၂။ ဒိဋ္ဌုပါဒါန်
၃။ သီလဗ္ဗတုပါဒါန်
၄။ အတ္တဝါဒုပါဒါန် ဟူ၍ ၄-ပါးအပြားရှိ၏၊

ထိုလေးပါးတို့တွင်
ကိလေသာကာမဂုဏ်ဝတ္ထုကာမဂုဏ်တို့၌ ခုံမင်စွဲလမ်းခြင်းသည် ကာမုပါဒါန်မည်၏၊

၆၂-ပါးသော မိစ္ဆာအယူ၌ စွဲလမ်းခြင်းသည် ဒိဋ္ဌုပါဒါန်မည်၏၊

အမျိုးတို့၏ အလေ့အကျင့်ကို စွဲလမ်းခြင်းသည် သီလဗ္ဗတုပါဒါန်မည်၏၊

မိမိထင်ရာအယူ၌ စွဲလမ်းခြင်းသည် အတ္တဝါဒုပါဒါန်မည်၏၊

၃၈၅- ဘဝကိုပြခြင်း

ဘာဝယတီတိ ဘဝေါ

ယောဓမ္မော= အကြင်ကုသိုလ်အကုသိုလ်ကံတရားသည်၊ ဝိပါကကဋတ္တာရူပါနိ= ဝိပါက်ကဋတ္တာရုပ်တို့ကို၊ ဘာဝယတိ= ဖြစ်စေတတ်၏၊ ဣတိတသ္မာ= ထို့ကြောင့်၊ သော ဓမ္မော= ထိုကံတရားသည်။ ဘဝေါ= ဘဝမည်၏၊ (ကုသိုလ်အကုသိုလ်စေတနာတည်းဟူသော ကမ္မဘဝရ၏)

ဘဝတီတိ ဘဝေါ

ယော ဓမ္မော= အကြင်ဝိပါက်ကဋတ္တာရုပ်တရားသည်၊ ဘဝတိ= ဖြစ်တတ်၏၊ ဣတိတသ္မာ= ထို့ကြောင့်၊ သော ဓမ္မော= ထိုရုပ်တရားသည်၊ ဘဝေါ= ဘဝမည်၏၊ (ပဋိသန္ဓေဝိညာဉ် ထိုဝိညာဉ်နှင့်ယှဉ်သော နာမက္ခန္ဓာ ကဋတ္တာရုပ်တည်းဟူသော ဥပပတ္တိဘဝရ၏၊ )

ဘဝသည်
ဖြစ်ခြင်းလက္ခဏာ
ထင်ရှားသောကိစ္စ
ကုသိုလ်အကုသိုလ်အဗျာကတတည်းဟူသော ပစ္စုပဋ္ဌာန်
ဥပါဒါန်တရားလျှင် ပဒဋ္ဌာန်ရှိ၏

ဥပါဒါနပစ္စယာ ဘဝေါဟူသောပုဒ်၌ ဘဝသည်
၁။ ကမ္မဘဝ
၂။ ဥပပတ္တိဘဝအားဖြင့် နှစ်ပါးအပြားရှိ၏၊ ထိုနှစ်ပါးတို့တွင်

ပစ္စုပ္ပန်ဘဝ၌ဖြစ်သော ကုသိုလ်အကုသိုလ်စေတနာ ၂၉-ခုသည် ကမ္မဘဝမည်၏၊

ဝိပါက်ကဋတ္တာရုပ်တို့သည် ဥပပတ္တိဘဝမည်၏၊

ဘဝကြီး ၉-ပါးကို ပြခြင်း

ထိုဥပပတ္တိဘဝသည်လည်း
၁။ ကာမဘဝ
၂။ ရူပဘဝ
၃။ အရူပဘဝ
၄။ သညီဘဝ
၅။ အသညီဘဝ
၆။ နေဝသညီနာသညီဘဝ
၇။ ဧကဝေါကာရဘဝ
၈။ စတုဝေါကာရဘဝ
၉။ ပဉ္စဝေါကာရဘဝအားဖြင့် ကိုးပါးအပြားရှိ၏၊

ထိုကိုးပါးတို့တွင်
ကာမဝိပါက်တေဝီသ စေတသိက် တေတ္တိံသ ကမ္မဇရုပ်ဝီသတို့သည် ကာမဘဝမည်၏၊

ရူပဝိပါက် ၅-ခုစက္ခုဝိညာဉ်ဒွေး သောတဝိညာဉ်ဒွေး သမ္ပဋိစ္ဆိုင်းဒွေးသန္တီရဏသုံးခုအာဝဇ္ဇန်းဒွေး၊ စေတသိက် ပဉ္စတ္တိံသဣတ္ထိဘော ပုမ္ဘော ဃာနာဒိတ္တယကြဉ်သော ကမ္မဇရုပ်ပန္နရသတို့သည် ရူပဘဝမည်၏၊

အရူပဝိပါက် လေးခု၊ စေတသိက် တေတ္တိံသတို့သည် အရူပဘဝမည်၏၊

နေဝသညာနာသညာယတနဝိပါက်ကြဉ်သော လောကီဝိပါက်ဧကတ္တိံသ စေတသိက် ပဉ္စတ္တိံသ ကမ္မဇရုပ် ဝီသတို့သည် သညီဘဝမည်၏၊

ဇီဝိတဆက္က ဇီဝိတနဝကကလာပ်ရုပ်သည် အသညီဘဝမည်၏၊

နေဝသညာနာသညာယတနဝိပါက်စိတ်တစ်ခု စေတသိက်တေတ္တိံသသည် နေဝသညီနာသညီဘဝမည်၏၊

ရူပက္ခန္ဓာ တစ်ပါးသာရှိသော အသညသတ်ပဋိသန္ဓေသည် ဧကဝေါကာရဘဝမည်၏၊

နာမက္ခန္ဓာလေးပါးရှိသော အရူပပဋိသန္ဓေလေးခုသည် စတုဝေါကာရဘဝမည်၏၊

ခန္ဓာငါးပါးလုံးရှိသော ပဋိသန္ဓေသည် ပဉ္စဝေါကာရဘဝမည်၏၊

၃၈၆-ဇာတိဇရာမရဏတို့ကို ပြခြင်း

ဇနနံ ဇာတိ

ဇနနံ= အသစ်ဖြစ်ခြင်းသည်၊ ဇာတိ= ဇာတိမည်၏၊

ဇိရဏံ ဇရာ

ဇိရဏံ= ရင့်ရော်ခြင်းသည်၊ ဇရာ= ဇရာမည်၏၊

မရန္တီတိ မရဏံ

မရန္တိ= စုတေပျက်ကြွေ သေတတ်ကုန်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ မရဏံ= မရဏမည်၏၊

ဇာတိသည်
ဦးစွာဖြစ်ခြင်းလက္ခဏာ
ခန္ဓာတို့ကို ရခြင်းကိစ္စ

ဇရာသည်
ရင့်ရော်ခြင်းလက္ခဏာ
ခန္ဓာတို့၏ ယိုယွင်းခြင်းကိစ္စ

မရဏသည်
ပျက်စီးခြင်းလက္ခဏာ
ခန္ဓာတို့၏ ရွေ့ခြင်းကိစ္စ
အနိစ္စသဘော ပစ္စုပဋ္ဌာန်
ရုပ်နာမ်လျှင် ပဒဋ္ဌာန်ရှိ၏၊

ဘဝပစ္စယာ ဇာတိဟူသောပုဒ်၌ ဇာတိသည်-
၁။ ရုပ်၏ဇာတိ
၂။ နာမ်၏ဇာတိအားဖြင့် နှစ်ပါးအပြားရှိ၏၊

ထိုနှစ်ပါးတို့တွင် ရူပက္ခန္ဓာတို့၏ဖြစ်ခြင်းသည် ရုပ်၏ဇာတိမည်၏၊

ဇရာသည်လည်း
၁။ ရုပ်၏ဇရာ
၂။ နာမ်၏ဇရာအားဖြင့် နှစ်ပါးအပြားရှိ၏၊

ထိုနှစ်ပါးတို့တွင် ရူပက္ခန္ဓာတို့၏ ရင့်ခြင်းသည် ရုပ်၏ဇရာမည်၏၊

နာမက္ခန္ဓာ ၄-ပါးတို့၏ ရင့်ခြင်းသည် နာမ်၏ဇရာမည်၏၊

မရဏသည်လည်း-
၁။ ရုပ်၏မရဏ
၂။ နာမ်၏မရဏ အားဖြင့် နှစ်ပါးအပြားရှိ၏၊

ထိုနှစ်ပါးတို့တွင် ရူပက္ခန္ဓာ၏ ပျက်ခြင်းသည် ရုပ်၏မရဏမည်၏၊

နာမက္ခန္ဓာတို့၏ ပျက်ခြင်းသည် နာမ်၏မရဏမည်၏၊

၃၈၇-သောက၊ ပရိဒေဝ ဒုက္ခဒေါမနဿ ဥပါယာသကို ပြခြင်း

သောစနံ သောကော

သောစနံ= စိုးရိမ်ပူဆွေးခြင်းသည်၊ သောကော= သောကမည်၏၊

ပရိဒေဝနံ ပရိဒေဝေါ

ပရိဒေဝနံ= ငိုကြွေးမည်တမ်းခြင်းသည်၊ ပရိဒေဝေါ= ပရိဒေဝမည်၏၊

ဒုက္ခယတီတိ ဒုက္ခံ

ဒုက္ခယတိ= ဆင်းရဲတတ်၏၊ ဣတိ= ထို့ကြောင့်၊ ဒုက္ခံ= ဒုက္ခမည်၏၊

ဒုမနဿ ဘာဝေါ ဒေါမနဿံ

ဒုမနဿ= မကောင်းသောစိတ်၏၊ ဘာဝေါ= အဖြစ်တည်း။ ဒေါမနဿံ= မကောင်းသောစိတ်၏အဖြစ်။

ဥပဘုသော အာယာသော ဥပါယာသော

ဥပဘုသော= ပြင်းထန်စွာသော၊ အာယာသော= ပင်ပန်းခြင်းတည်း၊ ဥပါယာသော= ပြင်းထန်စွာသော ပင်ပန်းခြင်း။

ဒေါသမူဒွေ၌ရှိသော ဝေဒနာစေတသိက်သည် သောကမည်၏၊

ဆွေမျိုးသားချင်းစသည်တို့၏ ပျက်စီးရာ၌ ငိုကြွေးမြည်တမ်းခြင်ကြောင့်ဖြစ်သော ဝိပ္ပလ္လာသစိတ္တဇသဒ္ဒသည် ပရိဒေဝမည်၏

ဒုက္ခသဟဂုတ်ကာယဝိညာဉ်စိတ်၌ရှိသော ဝေဒနာ စေတသိက်သည် ဒုက္ခမည်၏၊

ဒေါသမူဒွေ၌ရှိသော ဝေဒနာစေတသိက်သည် ဒေါမနဿမည်၏၊

ဒေါသမူဒွေ၌ရှိသော ဒေါသ စေတသိက်သည် ဥပါယာသမည်၏၊

ဤသောကအစရှိသည်တို့ကား ဇာတိ၏ မုချမဟုတ်သော အကျိုးဆက်ဖြစ်သောကြောင့်၎င်း၊ ဇရာမရဏနှင့် အနိစ္စလက္ခဏာတူသောကြောင့်၎င်း ဇရာမရဏ၌ အကျုံးဝင်ရကား အင်္ဂါအားဖြင့် မရေတွက်အပ်ကုန်။

၃၈၈-အဝိဇ္ဇာ ကျေးဇူးပြုပုံ

အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်၏ဟု ဟောတော်မူရာ၌ အဝိဇ္ဇာသည် တရားကိုယ်အားဖြင့် မောဟဖြစ်သောကြောင့် အကုသိုလ်ဖြစ်သော အပုညာဘိသင်္ခါရကား ဖြစ်တန်စေ၊ ကုသိုလ်ဖြစ်သော ပုညာဘိသင်္ခါရ, အာနဉ္ဇာဘိသင်္ခါရတို့သည် ဘယ်သို့သောအကြောင့်ဖြင့် ဖြစ်ပါအံနည်း။ ဤသို့ စောဒနာကို နှလုံးထား၍ ထင်ရှားပြလိုသောဆရာသည် သမ္မောဟအဋ္ဌကထာ, ဝိသုဒ္ဓိမဂ်အဋ္ဌကထာတို့၌-
ပစ္စယော ဟောတိ ပုညာနံ၊ ဒုဝိဓာ နေကဓာ ပန။
ပရေသံ ပစ္ဆိမာနံ သာ၊ ဧကဓာ ပစ္စယော မတာ-
ဟူ၍ မိန့်တော်မူသည်။

သာ အဝိဇ္ဇာ= ထိုအဝိဇ္ဇာသည်၊ ပုညာနံ= ကာမ, ရူပ, ကုသိုလ်စေတနာဟုဆိုအပ်သော ပုညာဘိသင်္ခါရတို့အား၊ ဒုဝိဓာ= အာရမ္မဏ, ပကတူပနိဿယတည်းဟူသော နှစ်ပါးသော အပြားအားဖြင့်၊ ပစ္စယော= ကျေးဇူးပြုတတ်သည်၊ ဟောတိ= ဖြစ်၏၊ ပန= ထိုမှတစ်ပါး၊ သာအဝိဇ္ဇာ= ထိုအဝိဇ္ဇာသည်၊ ပရေသံ= တပါးကုန်သော အပုညာဘိသင်္ခါရတို့အား၊ အနေကဓာ= အာရမ္မဏသတ္တိစသော များစွားသော အပြားဖြင့်၊ ပစ္စယော= ကျေးဇူးပြုတတ်သည်၊ ဟောတိ= ဖြစ်၏၊ သအဝိဇ္ဇာ= ထိုအဝိဇ္ဇာသည်၊ ပစ္ဆိမာနံ= နောက်ဖြစ်သော အာနဉ္ဇာဘိသင်္ခါရတို့အား၊ ဧကဓာ= ပကတူပနိဿယတည်းဟူသော တပါးသောအဖို့အားဖြင့်၊ ပစ္စယော= ကျေးဇူးပြုတတ်သည်၊ ဟောတိ= ဖြစ်၏၊ ဣတိ= ဤသို့၊ မတာ= သိအပ်ကုန်၏၊

အဓိပ္ပါယ်ကား။ ။မောဟဟူသောအဝိဇ္ဇာသည် ကာမကုသိုလ်, ရူပကုသိုလ်စေတနာဟုဆိုအပ်သော ပုညာဘိသင်္ခါရ ၁-ခုခုတို့အား အာရမ္မဏပစ္စည်း, ပကတူပနိဿယပစ္စည်းတည်းဟူသော သတ္တိနှစ်ပါးဖြင့် ကျေးဇူးပြု၏၊ ထိုနှစ်ပစ္စည်းတို့တွင် အာရမ္မဏ ပစ္စည်းတတ်ဟန်ကား အဝိဇ္ဇာကို အာရုံပြု၍ အနိစ္စ ဒုက္ခစသည်ဖြင့် သုံးသပ်သောအခါ ကာမာဝစရ ပုညာဘိသင်္ခါရအား အဘိညဉ်စိတ်ဖြင့် မောဟနှင့်တကွသောစိတ်ကို သိသောအခါ ရူပါဝစရပုညာဘိသင်္ခါရတို့အား အာရမ္မဏသတ္တိဖြင့် ကျေးဇူးပြု၏၊

အဝိဇ္ဇာကို လွန်မြောက်ခြင်းငှါ ဒါန, သီလစသော ကုသိုလ်ပြုသောသူအား၎င်း။ ရူပစျာန်ကို ဖြစ်စေသောသူအား၎င်း ထိုအဝိဇ္ဇာသည် ကာမ, ရူပပုညာဘိသင်္ခါရတို့အား ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြု၏၊ ထိုမှတပါး အဝိဇ္ဇာရှိ၍ အပြစ်ကို မသိခြင်းကြောင့် လူ့ဘုံ, နတ်ဘုံ, ဗြဟ္မာဘုံ၌ပြည့်စုံသော သမ္ပတ္တိကို တောင့်တ၍ ဒါန,သီလစသော ကာမကုသိုလ်, ရူပကုသိုလ်တို့ကို ဖြစ်စေသောအခါ ထိုပုညာဘိသင်္ခါရတို့အား ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြု၏၊

အပုညာဘိသင်္ခါရအား ကျေးဇူးပြုဟန်ကား သူတပါးမိုက်သည်ကို အာရုံပြု၍၎င်း၊ မိမိ၏အဝိဇ္ဇာကို အာရုံပြု၍၎င်း၊ ရာဂစိတ်စသည် ဖြစ်သောအခါ၌၎င်း အာရမ္မဏသတ္တိဖြင့် ကျေးဇူးပြု၏၊

ကာမဂုဏ်ကို အလေးအမြတ်ပြု၍ သာယာသောအခါ၌ အာရမ္မဏာဓိပတိ, အာရမ္မဏူပနိဿယသတ္တိဖြင့် ကျေးဇူးပြု၏၊

အဝိဇ္ဇာဖြင့် တွေဝေခြင်း အားကြီးသောကြောင့် အပြစ်ကို ရှုလေ့မရှိသည်ဖြစ်၍ ပါဏာတိပါတ်စသည်ကို ပြုသောအခါ၌ ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြု၏၊

ပထမဇောစသည်သည် ဒုတိယဇောစသည်အား အနန္တရ, သမနန္တရ, အနန္တရူပနိဿယ, အာသေဝန, နတ္ထိ, ဝိဂတသတ္တိတို့ဖြင့် ကျေးဇူးပြု၏၊

တစုံတခုသော အကုသိုလ်ကိုပြုသောသူ၏ ပထမဇောစသည်၌ ဖြစ်သော အဝိဇ္ဇာသည် အတူယှဉ်လျက်ပါသော သင်္ခါရတို့အား ဟေတု, သဟဇာတ, အညမည, နိဿ, သမ္ပယုတ္တ, အတ္ထိ, အဝိဂတသတ္တိတိုဖြင့် ကျေးဇူးပြု၏၊

ဤသို့လျှင် အဝိဇ္ဇာသည် အပုညာဘိသင်္ခါရအား ၁၅-ပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏၊

ဥပနိဿယ ၃-ပါးကို အသီးယူသော် ၁၇-ပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏၊ ဥပနိဿယ ၃-ပါးကို အသီးယူသည်ကား ဝိသုဒ္ဓိမဂ်ဋီကာအလို၊ အသီးမယူသည်ကား သင်္ခေပဋီကာအလိုတည်း။

အာနဉ္ဇာဘိသင်္ခါရအား ကျေးဇူးပြုဟန်ကား ပကတူပနိဿယ ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေ၏၊ ပြုဟန်ကား အဝိဇ္ဇာဖြင့် တွေဝေခြင်းကြောင့် ရုပ်ကင်းလျက် နာမက္ခန္ဓာသက်သက်ဖြစ်ခြင်းကို ကောင်းမြတ်သည်ထင်၍ အာကာသာနဉ္စာယတနစျာန် စသည်ကို ဖြစ်စေရကား ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြုသည်ဟူ၍ သိအပ်၏၊

ဆောင်ပုဒ်။
ပုညအားသာ၊ အဝိဇ္ဇာ၊ တပ်ရာ နှစ်ပစ္စည်း။
အပုညမျာ၊ အဝိဇ္ဇာ၊ တပ်ရာ ဆယ့်ငါးတည်း။
အာနဉ္ဇမှာ၊ အဝိဇ္ဇာ၊ တပ်ရာတခုတည်း။

၃၈၉-သင်္ခါရအား ကျေးဇူးပြုပုံ

သင်္ခါရပစ္စယာ ဝိညာဏံ ဟူသောပုဒ်၌ ဝိညာဉ်၏အရကား ကုသိုလ် အကုသိုလ်ကံတည်းဟူသော သင်္ခါရ၏ အကျိုးဖြစ်သော လောကီဝိပါက်ဗာတ္တိံသ နာမက္ခန္ဓာရ၏၊

ပဋိစ္စသမုပ္ပါဒ် ဝိဘင်းပါဠိတော်, ဓာတုကထာပါဠိတော်တို့၌ကား စိတ်တခုယုတ် ၉၀-ကိုပင် ဟောတော်မူသည်။

ထိုသင်္ခါရကြောင့် ဝိပါက်ဝိညာဉ်ဖြစ်၏ ဟူသော် အဘယ်ပစ္စည်းတပ်၍ ဖြစ်ပါသနည်းဟူမူ သမ္မောအဋ္ဌကထာ, ဝိသုဒ္ဓိမဂ်အဋ္ဌကထာတို့၌-
ပဝတ္တမာနံ သန္ဓိမှိ၊ ဒွိဓာ ကမ္မေန ဝတ္တတိ၊
မိဿာဒီဟိ စ ဘေဒေဟိ၊ ဘေဒဿ ဒုဝိဓာဒိကော။
ဟူ၍ မိန့်သည်။

တံ ဝိပါကဝိညာဏံ= ထိုလောကီဝိပါက်ဟုဆိုအပ်သော ဝိညာဉ်သည်၊ သန္ဓိမှိ= ပဋိသန္ဓေအခါ၌၊ ပဝတ္တမာနံ= ဖြစ်သည်ရှိသော်၊ ကမ္မေန= ကံကြောင့်၊ ဒွိဓာ= နှစ်ပါးသော နာနက္ခဏိကကမ္မ, ပကတူပနိဿယပစ္စည်းအပြားအားဖြင့်၊ ဝတ္တတိ= ဖြစ်၏၊ ပဝတ္တိယမ္ပိ= ပဝတ္တိအခါ၌လည်း၊ ကမ္မေန= ကမ္မပစ္စည်းအားဖြင့်၊ ဝတ္တတိ= ဖြစ်၏၊ မိဿာဒီဟိ= ရုပ်နှင့်တကွ ရောခြင်းအစရှိကုန်သော၊ ဘေဒေဟိ= အပြားတို့ဖြင့် အဿ= ထိုဝိပါက်ဝိညာဉ်၏၊ ဒုဝိဓာဒိကော= နှစ်ပါးပြားခြင်းအစရှိသော၊ ဘေဒေါ= အပြားကို၊ ဝေဒိတဗ္ဗော= သိအပ်၏၊

အဓိပ္ပါယ်ကား-ဆိုခဲ့ပြီးသော သင်္ခါရသုံးပါးတို့တွင် ပဋိသန္ဓေအခါ ဥဒ္ဓစ္စစေတနာကြဉ်သော အပုညာဘိသင်္ခါရ။ ပဋိသန္ဓေ, ပဝတ္တိနှစ်ပါး၌ပင် အဘိညာဉ်စေတနာကြဉ်သော ပုညာဘိသင်္ခါရအာနဉ္ဇာဘိသင်္ခါရတို့သည် ပဋိသန္ဓေအခါ ပဋိသန္ဓေစိတ် ဧကူနဝီသအား နာနာက္ခဏိကကမ္မသတ္တိဖြင့်၊ ပဝတ္တိအခါ နာနက္ခဏိကကမ္မ ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေ၏၊

သင်္ခေပဝဏ္ဏနာ၌ကား-အချို့သော ကာမပဋိသန္ဓေသည် သင်္ခါရဖြစ်သော ကံကို အာရုံပြုသည်။ ထို့ကြောင့် အာရမ္မဏ, ဥပနိဿယ ပစ္စည်းနှစ်ပါးတပ်၏ဟူ၍-
တေသံ တယော သင်္ခါရာ ယထာရဟံ အာရမ္မဏူပနိဿဝသေန ဒုဝိဓာ ပစ္စယော ဟောတိ-
ဟူ၍ ဆိုတော်မူသည်။

ပေဋကောပဒေသ, ပဋ္ဌာနသာရ ဒီပနီ၌ကား-
နာနက္ခဏိကကမ္မပစ္စည်းကို ရထိုက်သော်လည်း ကံလျှင်အာရုံရှိသော ပဋိသန္ဓေစသည်တို့၏ ထိုကံသည် အာရမ္မဏပစ္စည်း၏ အဖြစ်ဖြင့် ဖြစ်ခြင်းငှာ မတတ်ကောင်း။ ဘယ့်ကြောင့်နည်းဟူမူ ကမ္မပစ္စည်း အာရမ္မဏပစ္စည်း နှစ်ပါးတို့၏ အချင်းချင်း ပယ်အပ်သည်၏အဖြစ်ကြောင့်တည်း။

မရဏာသန္နကာလေ နာနက္ခဏိကံ ကမ္မံ လဘတိ သဗ္ဗမ္ပိ သမာနံ ကမ္မာရမ္မဏာနံ ပဋိသန္ဓိယာဒီနံ ကမ္မာရမ္မဏပစ္စယဘာဝေန ဘဝိတုံ နာသက္ခိ၊ ကသ္မာ ဒွိန္နံ ပစ္စယဘာဝါနံ အညမညပဋိပက္ခေပတော-
ဟူ၍ မိန့်၏၊

ဤပုဒ်အရာ၌ အဋ္ဌကထာ, ဋီကာအလွန်ကျယ်၏၊

ဆောင်ပုဒ်
သင်္ခါရကား၊ ဝိညာဉ်အား၊ တပ်ငြား နှစ်ပစ္စည်း။
ကမ္မနာနူပကတူ၊ မှတ်ယူကျမ်းလာနည်း။

၃၉၀-ဝိညာဉ် ကျေးဇူးပြုပုံ

ဝိညာဉ်သည် နာမ်ရုပ်အား အကြောင်းပြုဟန်ကို သမ္မောအဋ္ဌကထာ, ဝိသုဒ္ဓိမဂ်တို့၌-
နာမဿ ပါကဝိညာဏံ၊ နဝဓာ ဟောတိ ပစ္စယော။
ဝတ္ထုရူပဿ နဝဓာ၊ အဋ္ဌဓာ သေသရူပဿ။
အဘိသင်္ခါရဝိညာဏံ၊ ဟောတိ ရူပဿ ဧကဓာ။
တဒညံ ပန ဝိညာဏံ၊ တဿ တဿ ယထာရဟံ။

ပါကဝိညာဏံ= ဝိပါက်ဝိညာဉ်သည်၊ နာမဿ= စိတ်စေတသိက်တည်းဟူသော နာမ်အား၊ နဝဓာ= ၉-ပါးအပြားအားဖြင့်၊ ပစ္စယော= ကျေးဇူးပြုသည်၊ ဟောတိ= ဖြစ်၏၊ ဝတ္ထရူပဿ= ဝတ္ထုရုပ်အား၊ နဝဓာ= ၉-ပါးအပြားအားဖြင့်၊ ပစ္စယော= ကျေးဇူးပြုသည်၊ ဟောတိ= ဖြစ်၏၊ သေသရပဿ= ဟဒယဝတ္ထုမှ ကြွင်းသော ကမ္မဇရုပ်အား၊ အဋ္ဌဓာ= ရှစ်ပါးအပြားအားဖြင့်၊ ပစ္စယော= ကျေးဇူးပြုသည်၊ ဟောတိ= ဖြစ်၏၊

အဘိသင်္ခါရဝိညာဏံ= ကုသိုလ်, အကုသိုလ်ဝိညာဉ်သည်၊ ရူပဿ= ကမ္မဇရုပ်အား၊ ဧကဓာ= ပကတူပနိဿယတစ်ပါးဖြင့်၊ ပစ္စယော= ကျေးဇူးပြုသည်၊ ဟောတိ= ဖြစ်၏၊ တဒညံ ပန ဝိညာဏံ= ထိုမှ တပါးသော ပထမဘဝင်အစရှီသော ဝိညာဉ်သည်ကား၊ တဿ တဿ= ထိုထိုနာမ်ရုပ်အား၊ ယထာရဟံ= ထိုက်သည်အားလျော်စွာ၊ ပစ္စယော= ကျေးဇူးပြုသည်၊ ဟောတိ= ဖြစ်၏၊

ပဋိသန္ဓေအခါ, ပဝတ္တိအခါ၌ ဝိပါက်ဝိညာဉ်သည် ဝေဒနာစသောနာမက္ခန္ဓာအား သဟဇာတ, အညမည, နိဿယ, ဝိပါက, အာဟာရ, ဣန္ဒြိယ, သမ္ပယုတ္တ, အတ္ထိ, အဝိဂတ ဟူသော ၉-ပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏၊

ပဋိသန္ဓေိအခါ ဝိပါက်ဝိညာဉ်သည် ဟဒယဝတ္ထုအား သဟဇာတ, အညမည, နိဿယ, ဝိပါက, အာဟာရ, ဣန္ဒြိယ, ဝိပ္ပယုတ္တ, အတ္ထိ, အဝိဂတ ဟူသော ၉-ပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏၊

ပဋိသန္ဓေအခါ ဝိပါက်ဝိညာဉ်သည် ဟဒယဝတ္ထုမှတပါးသော ကမ္မဇရုပ်အား ယခင် ၉-ပစ္စယတွင် အညမညကိုပယ်၍ ရှစ်ပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏၊

ကုသိုလ်, အကုသိုလ်ဟူသော အဘိသင်္ခါရဝိညာဉ်သည် အသညသတ်ကမ္မရုပ် ပဉ္စဝေါကာရကမ္မဇရုပ်အား ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြု၏၊

အဘိသင်္ခါရဝိညာဉ်သည် ကံကို အာရုံပြုသော ပဋိသန္ဓေအား၎င်း၊ နာမ်ကို အာရုံပြုသော လက္ခဏာရေးသုံးပါးဖြင့် သုံးသပ်သောအခါ နာမ်အား၎င်း အာရမ္မဏပစ္စည်းဖြင့်ကြောင်းကို ဋီကာ ဆို၏၊

ပဋိသန္ဓေဝိညာဉ် အဘိသင်္ခါရဝိညာဉ်မှ ကြွင်းသော ပထမဘဝင်မှ စ၍ ခပ်သိမ်းသော ဝိညာဉ်သည် ထိုထိုသော နာမ်ရုပ်အား ဟေတု, ပုရေဇာတ, ကမ္မ, စျာန, မဂ္ဂ ပစ္စည်းတို့မှတပါးသော ၁၉-ပစ္စည်းတို့ဖြင့် ယထာရဟ ကျေးဇူးပြု၏၊

ဆောင်ပုဒ်
ဝိပါက်ဝိညာဉ်၊ အားသာလျှင်၊ တပ်ချင် ၉-ပစ္စည်း။
ဝတ္ထုအားသာ၊ နဝဓာ၊ ကြွင်းမှာ ရှစ်ပစ္စည်း။
သန္ဓေအခါ၊ တပ်သည်သာ၊ မှတ်ပါ ယင်းသည်နည်း
ပဝတ္တိအခါ၊ ဖြစ်လျှင်မှာ၊ တပ်ရာ ဆယ့်ကိုးတည်း။

၃၉၁- နာမ်တရားကျေးဇူးပြုပုံ

နာမ်, ရုပ်တရားတို့သည် သဠာယတနအား ဘယ်သို့ အကြောင်းပြုအံနည်း။ စက္ခာယတနစသည်လည်း ရုပ်၌ ဝင်ပြီမဟုတ်လောဟု စောဒနာဖွယ်ရှိသောကြောင့် အကြောင်းပြုဟန်ကို ပြလိုသောဆရာသည် သမ္မောအဋ္ဌကထာ, ဝိသုဒ္ဓိမဂ်တို့၌-

နာမံ ခန္ဓတ္တယံ ရူပံ၊ ဘူတဝတ္ထာဒိကံ မတံ။
ကတေကသေသံ အန္တဿ၊ တာဒိသေဿဝ ပစ္စယော-

စသည်ဖြင့် မိန့်၏၊

ခန္ဓတ္တယံ= ဝေဒနာစသော ခန္ဓာသုံးပါး အပေါင်းကို၊ နာမံ= နာမ်ဟူ၍၊ မတံ= သိအပ်၏၊ ဘူတဝတ္ထာဒိကံ= ဘူတရလေးခု, ဝတ္ထုရုပ် ၆-ခု, ဇီဝိတရုပ် အာဟာရရုပ်ကို၊ ရူပံ= ရုပ်ဟူ၍၊ မတံ= သိအပ်၏၊ ကတေကသေသံ= နာမဉ္စ ရူပဉ္စ နာမရူပံ-ဟူ၍ ပြုအပ်သော တခုကြွင်းရှိသော၊ တံ နာမရူပံ= ထိုနာမ်ရုပ်သည်၊ တာဒိသေဿဝ= ထိုပြုအပ်သော တခုကြွင်းရှိသည်သာလျှင် ဖြစ်သော၊ တဿ= ထိုသဠာယတနအား၊ ပစ္စယော= အထောက်အပံ့သည်၊ ဟောတိ= ဖြစ်၏၊

နာမရူပံ- ဟူသောပုဒ်၌ ရူပသဒ္ဒါဖြင့် ရပ, သဒ္ဒ, ဂန္ဓ, ရသ, ဘာဝရုပ်တို့ကို သဟဇာတ နိဿယ အနုပါလနအဖြစ် မရှိသောကြောင့် မယူအပ်ဟူ၍ ဋီကာမိန့်၏၊

နာမမေဝ ဟိ အာရုပ္ပေ၊ ပဋိသန္ဓိပဝတ္တိသု။
ပစ္စယော သတ္တဓာ ဆဋ္ဌာ၊ ဟောတိ တံ အဝကံသတော။

ဟိ= အကျယ်ဆိုဦးအံ့၊ အာရုပ္ပေ= အရူပလေးဘုံ၌၊ ပဋိသန္ဓိပဝတ္တိသု= ပဋိသန္ဓေအခါ, ပဝတ္တိအခါတို့၌၊ တံ နာမမေဝ= ထိုခန္ဓာသုံးပါးတည်းဟူသော နာမ်သည်သာလျှင်၊ ခဋ္ဌာ= ခြောက်ခုမြောက်သော မနာယတနအား၊ အဝကံသတော= ယုတ်သောအဖို့အားဖြင့်၊ သတ္တဓာ= ၇- ပါးအပြားအားဖြင့်၊ ပစ္စယော= ကျေးဇူးပြုသည်၊ ဟောတိ= ဖြစ်၏၊

အရူပဘုံ၌ ပဋိသန္ဓေအခါ ခန္ဓာသုံးပါးတည်းဟူသော နာမ်သည် မနာယတနအား အယုတ်အားဖြင့် သဟဇာတ, အညမည, နိဿယ, သမ္ပယုတ္တ, ဝိပါက, အတ္ထိ, အဝိဂတ ဟူသော ၇-ပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏၊

ဤစကားဖြင့် နာမ်ဟူသမျှ၌ အညီရသင့်သောပစ္စည်းကို ပြသည်။ အလွန်အားဖြင့်ကား ပုရေဇာတ, ပစ္ဆာဇာတ, ဝိပ္ပယုတ္တမှတပါး ၂၁-ပစ္စည်းတို့၌ ယထာရဟ ယူရမည်။

ပဝတ္တိအခါ၌ ဝိပါက်ခန္ဓာသုံးပါးသည် ဆိုခဲ့ပြီးသော နည်းအားဖြင့် ကျေးဇူးပြု၏၊

ကုသိုလ်, အကုသိုလ်, ကြိယာ ခန္ဓာသုံးပါးသည် အယုတ်အားဖြင့် ယခင် ၇-ပစ္စည်းတွင် ဝိပါကကိုပယ်၍ ၇-ပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏၊ အလွန်အားဖြင့်ကား ၂၁-ပစ္စည်းတို့ဖြင့် ယထာရဟ ကျေးဇူးပြု၏၊

အညသ္မိံပိ ဘဝေ နာမံ၊ တထေဝ ပဋိသန္ဓိယံ။
ဆဋ္ဌဿ ဣတရေသဉ္စ၊ ဆဟာကာရေဟိ ပစ္စယော။

အညသ္မိံပိ ဘဝေ= အရူပဘဝမှတပါးသော ပဉ္စဝေါကာရဘုံ၌လည်း၊ ပဋိသန္ဓိယံ= ပဋိသန္ဓေအခါ၌၊ တံ နာမံ= ထိုဝိပါက်နာမ်သည်၊ ဆဋ္ဌဿ= မနာယတနအား၊ တထေဝ= ထို့အတူသာလျှင်၊ အဝကံသတော= ယုတ်သောအဖို့ဖြင့်၊ သတ္တဓာ= ၇-ပါးအပြားအားဖြင့်၊ ပစ္စယော= ကျေးဇူးပြုသည်၊ ဟောတိ= ဖြစ်၏၊ တံ နာမံ= ထိုဝိပါက်နာမ်သည်၊ ဣတရေသဉ္စ= မနာယတနမှ တပါးကုန်သော ရုပ်အာယတန ၅-ပါးတို့အား၊ ဆဟာကာရေဟိ= ခြောက်ပါးသော အခြင်းအရာတို့ဖြင့်၊ ပစ္စယော= ကျေးဇူးပြုသည်၊ ဟောတိ= ဖြစ်၏၊

ပဉ္စဝေါကာရ ပဋိသန္ဓေအခါ ဝေဒနာစသော ဝိပါက် နာမက္ခန္ဓာ ၃-ပါးသည် ဟဒယဝတ္ထုလျှင် အဖော်ရှိသော မနာယတနအား ၇-ပါးသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏၊

အလွန်အားဖြင့် ၂၄-ပစ္စည်းပင် ကျေးဇူးပြု၏၊

ထိုဝိပါက်နာမက္ခန္ဓာ ၃-ပါးသည် စက္ခာယတန စသော အာယတနငါးပါးအား သဟဇာတ, နိဿယ, ဝိပါက, ဝိပ္ပယုတ္တ, အတ္ထိ, အဝိဂတ ဟူသော ၆-ပစ္စယသတ္တထဖြင့် ကျေးဇူးပြု၏၊

ပဝတ္တေပိ တထာ ဟောတိ၊ ပါကံ ပါကဿ ပစ္စယော။
အပါကံ အပါကဿ၊ ဆဓာ ဆဋ္ဌဿ ပစ္စယော။

ပဝတ္တေပိ၊ ပဉ္စဝေါကာရပဝတ္တိအခါ၌လည်း။ ပါကံ၊ ဝိပါက်နာမက္ခန္ဓာသည်။ ပါကဿ၊ ဝိပါက်ဖြစ်သော မနာယတနအား။ တထာ၊ ထို့အတူ။ အဝကံသတော၊ ယုတ်သော အဖို့အားဖြင့်။ သတ္တဓာ၊ ၇-ပါးအပြားအားဖြင့်။ ပစ္စယော၊ ကျေးဇူးပြုသည်။ ဘဝေ၊ ဖြစ်၏၊
အဝိပါကံ၊ ဝိပါက်မှတပါးသော ကုသိုလ်,အကုသိုလ် နာမက္ခန္ဓာသည်။ အဝိပါကဿ၊ ဝိပါက်မှတပါးသော။ ဆဋ္ဌဿ၊ မနာယတနအား။ အဝကံသတော၊ ယုတ်သော အဖို့အားဖြင့်။
ဆဓာ၊ ၆-ပါးအပြားအားဖြင့်။ ပစ္စယော၊ ကျေးဇူးပြုသည်။ ဟောတိ၊ ဖြစ်၏၊ ။အဓိပ္ပါယ်မှာ သိသာပြီ။

တတ္ထေဝ သေသပဉ္စန္နံ၊ ဝိပါကံ ပစ္စယော ဘဝေ။
စတုဓာ အဝိပါကံပိ၊ ဧဝမေဝ ပကာသိတံ။

တတ္ထေဝ၊ ထိုပဉ္စဝေါကာရ ပဝတ္တိအခါ၌ပင်လျှင်။ ဝိပါကံ၊ ဝိပါက်နာမက္ခန္ဓာသည်။ သေသပဉ္စန္နံ၊ မနာယတနမှကြွင်းသော ပဉ္စာယတနတို့အား။ စတုဓာ၊ လေးပါးအပြားအားဖြင့်။ ပစ္စယော၊ ကျေးဇူးပြုသည်။ ဘဝေ၊ ဖြစ်၏၊ အဝိပါကံပိ၊ ဝိပါက်မှတပါးသော ကုသိုလ်, အကုသိုလ်, နာမ်ကိုလည်း။ ဧဝမေဝ၊ ဤဝိပါက်အတူသာလျှင်။ ပကာသိတံ၊ ပြအပ်၏၊

ပဉ္စဝေါကာရပဝတ္တိအခါ ဝိပါက်နာမက္ခန္ဓာ ၃-ပါးသည် စက္ခုစသော အာယတနငါးပါးအား ပစ္ဆာဇာတ, ဝိပ္ပယုတ္တ, အတ္ထိ, အဝိဂတဟူသော ၄-ပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏၊ ။ကုသိုလ်နာမက္ခာစသည်လည်း ၎င်းနည်း ကျေးဇူးပြု၏ ဟူလို။

နာမ်သည် သဠာယတနအား ပစ္စည်းတပ်ဟန် ပြီး၏၊

---

၃၉၂-ရုပ်တရားကျေးဇူးပြုပုံ

ရူပတော သန္ဓိယံ ဝတ္ထု၊ ဆဓာ ဆဋ္ဌဿ ပစ္စယော။
ဘူတာနိ စတုဓာ ဟောန္တိ၊ ပဉ္စန္နမဝိသေသတော။

ပဉ္စဝေါကာရဘဝေ၊ ပဉ္စဝေါကာရဘုံ၌။ သန္ဓိယံ၊ ပဋိသန္ဓေအခါ၌။ ရူပတော၊ ရုပ်တို့တွင်။ ဝတ္ထု၊ ဟဒယဝတ္ထုသည်။ ဆဋ္ဌဿ၊ မနာယတနအား။ ဆဓာ၊ သဟဇာတ, အညမည, နိဿယ, ဝိပ္ပယုတ္တ,အတ္ထိ,အဝိဂတဟူသော ၆-ပစ္စယသတ္တိဖြင့်။ ပစ္စယော၊ ကျေးဇူးပြုသည်။ ဟောတိ၊ ဖြစ်၏၊ ဘူတာနိ၊ ဘုတ် ၄-ပါးတို့သည်။ အဝိသေသတော၊ ပဋိသန္ဓေ, ပဝတ္တိဟု အထူးမပြုသောအားဖြင့်။ ပဉ္စန္နံ၊ စက္ခုစသောအာယတန ငါးပါးတို့အား။ စတုဓာ၊ သဟဇာတ, နိဿယ, အတ္ထိ, အဝိဂတဟူသော ၄-ပစ္စည်းဖြင့်။ ပစ္စယော၊ ကျေးဇူးပြုကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏၊။ အဓိပ္ပါယ်ထင်ပြီ။

တိဓာ ဇီဝိတမေတေသံ၊ အာဟာရော စ ပဝတ္တိယံ။
တာနေဝ ဆဓာ ဆဋ္ဌဿ၊ ဝတ္ထု တေဿဝ ပဉ္စဓာ။

ပဝတ္တိယံ= ပဉ္စဝေါကာရပဝတ္တိအခါ၌၎င်း၊ ပဋိသန္ဓိယံ= ပဋိသန္ဓေအခါ၌၎င်း၊ ဇီဝိတံ= ဇီဝိတိန္ဒြေသည်၊ ဧတေသံ= ထိုစက္ခာယတနစသည်တို့အား၊ တိဓာ= ဣန္ဒြိယ, အတ္ထိ, အဝိဂတဟူသော သုံးပါးအပြားအားဖြင့်၊ ပစ္စယော= ကျေးဇူးပြုသည်၊ ဟောတိ= ဖြစ်၏၊ အာဟာရောစ= ကဗဠီကာရာဟာရသည်ကား၊ ပဝတ္တိယံ= ပဝတ္တိအခါ၌၊ ဧတေသံ= ထိုပဉ္စာယတနတို့အား၊ တိဓာ= အာဟာရ, အတ္ထိ, အဝိဂတဟူသော သုံးပါးအပြားအားဖြင့်၊ ပစ္စယော= ကျေးဇူးပြုသည်၊ ဟောတိ= ဖြစ်၏၊ တာနေဝ= ထိုပဉ္စာယတနတို့သည်သာလျှင်၊ ပဝတ္တိယံ= ပဝတ္တိအခါ၌၊ ဆဋ္ဌဿ= စက္ခုသော တဃာနဇိဝှါ ကာယဝိညာဉ်ဟု ဆိုအပ်သော မနာယတနအား၊ ဆဓာ= နိဿယ, ပုရေဇာတ, ဣန္ဒြိယ, ဝိပ္ပယုတ္တ, အတ္ထိ, အဝိဂတဟူသော ခြောက်ပါးအပြားအားဖြင့်၊ ပစ္စယော= ကျေးဇူးပြုသည်၊ ဟောတိ= ဖြစ်၏၊ ပဝတ္တိယံ= ပဝတ္တိအခါ၌၊ ဝတ္ထု= ဟဒယဝတ္ထုသည်၊ တေဿဝ= ထိုပဉ္စဝိညာဉ်မှကြွင်းသော မနာယတနအားသာလျှင်၊ ပဉ္စဓာ= နိဿယ, ပုရေဇာတ, ဝိပ္ပယုတ္တ, အတ္ထိ, အဝိဂတဟူသော ငါးပစ္စည်းဖြင့်၊ ပစ္စယော= ကျေးဇူးပြုသည်၊ ဟောတိ= ဖြစ်၏၊။အဓိပ္ပါယ်ထင်ပြီ။

ရုပ်သည် သဠာယတနအား ပစ္စည်းတပ်ဟန်ပြီး၏၊

နာမရူပံ မနုဘယံ၊ ဟောတိ ယံ ယဿ ပစ္စယော။
ယထာ စ တမ္ပိ သဗ္ဗတ္ထ၊ ဝိညာတဗ္ဗံ ဝိဘာဝိနာ။

သဗ္ဗတ္ထ= အလုံးစုံသော ပဋိသန္ဓေ ပဝတ္တိအခါ၌၊ ဥဘယံ= နှစ်ပါးစုံသော၊ ယံ ပန နာမရူပံ= အကြင်နာမ်ရုပ်သည်၊ ယဿ= အကြင်သဠာယတနအား၊ ယထာ= အကြင်အခြင်းဖြင့်၊ ပစ္စယော= ကျေးဇူးပြုသည်၊ ဟောတိ= ဖြစ်၏၊ တမ္ပိ= ထိုကျေးဇူးပြုခြင်းသည်ကိုလည်း၊ ဝိဘာဝိနာ= ပညာရှိသည်၊ ဝိညာတဗ္ဗံ= သိအပ်၏၊

ပဋိသန္ဓေအခါ နာမက္ခန္ဓာသုံးပါး ဝတ္ထုဟုဆိုအပ်သော နာမ်ရုပ်သည် မနာယတနအား သဟဇာတ, အညမည, နိဿယ, သမ္ပယုတ္တ, ဝိပ္ပယုတ္တ္တ, ဝိပါက, အတ္ထိ, အဝိဂတစသော ပစ္စည်းတို့ဖြင့် ယထာရဟကျေးဇူးပြု၏၊ ဤကား အကျဉ်းတည်း၊ အကျယ်ကိုကား ဆိုအပ်ခဲ့ပြီးသောအတိုင်း ယူလေ။

ဆောင်ပုဒ်။

သုံးပါးခန္ဓာ၊ နာမ်မှတ်ပါ၊ သင်္ချာ ငါ့ဆယ့်နှစ်၊
ဝတ္ထုဘူတ၊ အာဟာရ၊ ဇီဝ ရုပ် ဆယ့်နှစ်၊
ဝိပါက်နာမ်ကား၊ မနအား၊ တပ်ငြား သတ္တဓာ၊
အဝိပါကာ၊ ၎င်းအား၊ တပ်ငြား ဆဗ္ဗိဓာ၊
အဝကံသ၊ တနည်းပြ၊ ကြံဆ ဥက္ကံသာ၊
(စတုဝေါကာရ, ပဉ္စဝေါကာရ ပဝတ္တိ ပဋိသန္ဓေနှစ်ပါး၌ပင် မှတ်။)
ဝိပါက်နာမ်းကား၊ စက္ခုအား၊ တစ်ပါးပစ္စယာ။
(သန္ဓေအခါကိုယူ၊ သောတစသည် နည်းတူမှတ်။)
ပဝတ္တိအခါ၊ ဖြစ်လျှင်မှာ၊ တပ်ရာ လေးပစ္စည်း၊
ဝတ္ထုရုပ်ကား၊ မနအား၊ တပ်ငြား ခြောက်ပစ္စည်း။
ပဝတ္တိအခါ၊ တပ်သည်မှာ၊ မှတ်ပါ ငါးပစ္စည်း၊
ဝတ္ထုငါးပါး၊ မနအား၊ မမှား ခြောက်ပစ္စည်း။
ဘူတရုပ်ကား၊ စက္ခုအား၊ လေးပါး ပစ္စယာ။
သဟဇာတ၊ နိဿယ၊ အတ္ထိ အဝိဂတာ။
(သောတစသည်လည်း နည်းတူ၊ )
ဇီဝိတကား၊ စက္ခုအား၊ သုံးပါးပစ္စယာ၊
အာဟာရလည်း၊ သုံးပစ္စည်း၊ တစ်နည်းတပ်သည်သာ။

---

၃၉၃-သဠာယတန ကျေးဇူးပြုပုံ

သဠာယတနပစ္စယာ ဖေဿာ-ဟူသောပုဒ်၌ သဠာယတနကြောင့် ဖဿ ဘယ်သို့ဖြစ်ပါသနည်း ဟူသော စောဒနာကို နှလုံးထား၍ သမ္မောအဋ္ဌကထာ, ဝိသုဒ္ဓိမဂ်တို့၌-

ဆဓာ ပဉ္စ တတော ဧကံ၊ နဝဓာ ဗာဟိရာနိစ။
ယထာသမ္ဘဝမေတဿ၊ ပစ္စယတ္တေ ဝိဘာဝယေ။
ဟူ၍မိန့်၏၊

ပဉ္စ= ငါးပါးကုန်သော စက္ခာယတနစသည်တို့သည်၊ ဖဿဿ= စက္ခုသမ္ဖဿစသော ငါးပါးအား၊ ဆဓာ= ခြောက်ပါးအပြားအားဖြင့်၊ ပစ္စယာ= ကျေးဇူးပြုတတ်ကုန်သည်၊ ဟောန္တိ= ဖြစ်ကုန်၏၊ တတော= ထိုနောက်မှ၊ ဧကံ= တခုသော မနာယတနသည်၊ မနောသမ္ဖဿဿ= မနောသမ္ဖဿအား၊ နဝဓာ= ကိုးပါးအပြားအားဖြင့်၊ ပစ္စယော= ကျေးဇူးပြုသည်၊ ဟောတိ= ဖြစ်၏၊ = ခြောက်ပါးကုန်သော၊ ဗာဟိရာနိ= ရူပစသော ဗာဟိရာယတနတို့သည်၊ ဧတဿ= ထိုခြောက်ပါးသော ဖဿအား၊ ယထာသမ္ဘဝံ= ဖြစ်သင့်သည်အားလျှော်စွာ၊ ပစ္စယတ္တေ= ကျေးဇူးပြုသည်၏ အဖြစ်၌၊ ဝိဘာဝယေ= ထင်စွာပြ၏၊

(ဤ၌ ဝိပါက်တွင်ယှဉ်သော ဖဿကိုသာ ယူ၊ ဝေဒနာလည်း နည်းတူ၊ )

အဓိပ္ပါယ်ကား။ ။စက္ခာယတနသည် စက္ခုသမ္ဖဿအား။ပ။ ကာယာယတနသည် ကာယသမ္ဖဿအား နိဿယ, ပုရေဇာတ, ဣန္ဒြိယ, ဝိပ္ပယုတ္တ, အတ္ထိ, အဝိဂတဟူသော ခြောက်ပစ္စည်းဖြင့် ကျေးဇူးပြု၏၊

မနာယတနသည် မနောသမ္ဖဿအား သဟဇာတ, အညမည, နိဿယ, ဝိပါက, အာဟာရ, ဣန္ဒြိယ, သမ္ပယုတ္တ, အတ္ထိ, အဝိဂတဟူသော ကိုးပစ္စည်းဖြင့် ကျေးဇူးပြု၏၊

ဗာဟိရာယတနခြောက်ပါးတွင် ရူပါရုံသည် စက္ခုသမ္ဖဿအား။ပ။ ဖောဋ္ဌဗ္ဗာရုံသည် ကာယသမ္ဖဿအား အာရမ္မဏ, ပုရေဇာတ, အတ္ထိ, အဝိဂတဟူသော လေးပစ္စည်းဖြင့် ကျေးဇူးပြု၏၊

ဗာဟိရာယတနခြောက်ပါးလုံးသည် မနောသမ္ဖဿအား အာရမ္မဏပစ္စည်းဖြင့် ကျေးဇူးပြု၏၊

ဆောင်ပုဒ်

စက္ခုသည်ကား၊ ဖဿအား၊ တပ်ငြား ခြောက်ပစ္စည်း။
သောတာယန၊ စသည်မှ၊ တပ်ကြ ဤနည်းချည်း။
မနသော်ကား၊ ဖဿအား၊ ကိုးပါး တပ်သတည်း။
ရူပါရုံကား၊ ဖဿအား၊ တပ်ငြား လေးပစ္စည်း၊
အာရုံခြောက်ပါး၊ မနအား၊ နည်းပါး တစ်ခုတည်း။

---

၃၉၄-ဖဿ ကျေးဇူးပြုပုံ

ဖဿပစ္စယာ ဝေဒနာဟူသောပုဒ်၌ ဝေဒနာနှင့် ဖဿသည် ဧကုပ္ပါဒဖြစ်လျှက် အကြောင်းအကျိုးအဖြစ်ဖြင့် ဟောပြန်ခဲ့၏၊ ဘယ်သို့ဖြစ်သနည်းဟူသော စောဒနာကို ဖြေလိုရကား သမ္မောအဋ္ဌကထာ, ဝိသုဒ္ဓိမဂ်တို့၌-

အဋ္ဌဓာ တတ္ထ ပဉ္စန္နံ၊ ပဉ္စဒွါရာနိ ပစ္စယော။
သေသာနံ ဧကဓာ ဖေဿာ၊ မနောဒွါရေပိ သော တထာ။
ဟူ၍မိန့်၏၊

တတ္ထ= ထိုဖဿပစ္စယာ ဝေဒနာဟူသော ပုဒ်၌၊ ပဉ္စဒွါရာနိ= ငါးပါးသော ပဉ္စဒွါရတို့၌၊ ဖေဿာ= စက္ခုသမ္ဖဿစသည်သည်၊ ပဉ္စန္နံ= ငါးပါးကုန်သော သမ္ဖဿဇာဝေဒနာစသည်တို့အား၊ အဋ္ဌဓာ= ရှစ်ပါးအပြားအားဖြင့်၊ ပစ္စယော= ကျေးဇူးပြုသည်၊ ဟောတိ= ဖြစ်၏၊ ဖေဿာ= စက္ခုသမ္ဖဿစသည်သည်၊ သေသာနံ= စက္ခုသမ္ဖဿဇာဝေဒနာမှ ကြွင်းကုန်သော သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံအစွမ်းဖြင့် ဖြစ်ကုန်သော မနောသမ္ဖဿဇာဝေဒနာတို့အား၊ ဧကဓာ= ပကတူပနိဿယပစ္စည်းဖြင့်၊ ပစ္စယော= ကျေးဇူးပြုသည်၊ ဟောတိ= ဖြစ်၏၊ မနောဒွါရေပိ= မနောဒွရ၌လည်း၊ သော= ထိုသဟဇာတ်ဖြစ်သော မနောသမ္ဖဿသည်၊ ကာမာဝစရဝိပါကဝေဒနာနံ= တဒါရုံ၏ အစွမ်းဖြင့် ဖြစ်သော ကာမဝိပါက်ဝေဒနာတို့အား၊ တထာ= ထို့အတူ၊ အဋ္ဌဓာ= ရှစ်ပါးအပြားအားဖြင့်၊ ပစ္စယော= ကျေးဇူးပြုသည်၊ ဟောတိ= ဖြစ်၏၊

စက္ခုဒွါရ၌ဖြစ်သော ဖဿသည် စက္ခုသမ္ဖဿဇာဝေဒနာအား သဟဇာတ, အညမည, နိဿယ, ဝိပါက, အာဟာရ, သမ္ပယုတ္တ, အတ္ထိ, အဝိဂတဟူသော ရှစ်ပစ္စည်းဖြင့် ကျေးဇူးပြု၏၊

ထိုစက္ခုသမ္ဖဿသည် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံဖြစ်သော မနောသမ္ဖဿဇာဝေဒနာအား ပကတူပနိဿယပစ္စည်းဖြင့် ကျေးဇူးပြု၏၊ (သောတစသည် နည်းတူ။)

မနောဒွါရ၌ တဒါရုံ၏အစွမ်းဖြင့်ဖြစ်သော ဝိပါက်ဝေဒနာတို့အား တကွဖြစ်သောမနောသမ္ဖဿသည် သဟဇာတစသော ရှစ်ပစ္စည်းဖြင့် ကျေးဇူးပြု၏၊

ပဋိသန္ဓေ ဘဝင်အစွမ်းဖြင့်ဖြစ်ကုန်သော တေဘူမကဝိပါက်ဝေဒနာတို့အားလည်း တကွဖြစ်သော မနောသမ္ဖဿသည် သဟဇာတစသော ရှစ်ပစ္စည်းဖြင့် ကျေးဇူးပြု၏၊

မနောဒွါရာဝဇ္ဇန်းနှင့်ယှဉ်သော မနောသမ္ဖဿသည် တဒါရုံ၏အစွမ်းဖြင့်ဖြစ်သော ဝေဒနာအား ပကတူပနိဿယ တစ်ပစ္စည်းဖြင့် ကျေးဇူးပြု၏၊

ဤနည်းဖြင့် ခပ်သိမ်းသော အနန္တရဖဿ၏ ထိုထိုဝိပါက်ဝေဒနာအား ပကတူပနိဿယအဖြစ်ကို ယှဉ်အပ်၏ ဟူ၍ မူလဋီကာမိန့်၏၊

ဆောင်ပုဒ်

ဝေဒနာအား၊ ဖဿကား၊ ရှစ်ပါး တပ်ပစ္စည်း။
ရှေ့ရှေ့ဖဿာ၊ နောက်အားသာ၊ တပ်ရာ တစ်ခုတည်း၊

---

၃၉၅- ဝေဒနာ ကျေးဇူးပြုပုံ

ဝေဒနာပစ္စယာ တဏှာ ဟူသောပုဒ်၌ ဝေဒနာကြောင့် တဏှာဖြစ်ဟန်ကို ဝေဖန်၍ ပြလိုရကား သမ္မောအဋ္ဌကထာ, ဝိသုဒ္ဓိမဂ်တို့၌-

ယသ္မာ စေတ္ထ အဓိပ္ပေတာ၊ ဝိပါကသုခဝေဒနာ။
ဧကာဝ ဧကဓဝေသာ၊ တသ္မာ တဏှာယ ပစ္စယော။
ယသ္မာ ဝါ-
ဒုက္ခီ သုခံ ပတ္ထယတိ၊ သုခီ ဘိယျောပိ ဣစ္ဆတိ။
ဥပေက္ခာ ပန သန္တတ္တာ၊ သုခမိစ္စေဝ ဘာသိတာ။
တဏှာယ ပစ္စယာ တသ္မာ၊ ဟောန္တိ တိဿောပိ ဝေဒနာ။
ဝေဒနာပစ္စယာ တဏှာ၊ ဣတိ ဝုတ္တာ မဟေသိနာ-
ဟူ၍ မိန့်၏၊

ဧတ္ထစ= ဤဝေဒနာပစ္စယာ တဏှာ ဟူသောပုဒ်၌၊ ယသ္မာ= အကြင်ကြောင့်။ ဝိပါက-သုခဝေဒနာ= ဝိပါက်စိတ်၌ယှဉ်သော သုခဝေဒနာကို၊ အဓိပ္ပေတာ= အလိုရှိအပ်၏၊ တသ္မာ= ထို့ကြောင့်၊ ဧကာဝ= ဝိပါက်ဇာတ်အားဖြင့် တစ်ပါးတည်းသာဖြစ်သော၊ ဧသာ ဝေဒနာ= ဤဝေဒနာသည်၊ ဧကဓာဝ= တစ်ခုသော ဥပနိဿယပစ္စည်းဖြင့်သာလျှင်၊ တဏှာယ= တဏှာအား၊ ပစ္စယော= ကျေးဇူးပြုသည်၊ ဟောတိ= ဖြစ်၏၊

ဝါ= တစ်နည်းကား၊ ယသ္မာ= အကြင်ကြောင့်၊ ဒုက္ခီ= ဆင်းရဲခြင်းရှိသောသူသည်၊ သုခံ= ချမ်းသာကို၊ ပတ္ထယတိ= တောင့်တ၏၊ သုခီပိ= ချမ်းသာခြင်းရှိသောသူသည်လည်း၊ ဘိယျော= လွန်စွသော၊ သုခံ= ချမ်းသာကို၊ ဣစ္ဆတိ= အလိုရှိ၏၊ ဥပေက္ခာ ပန= ဥပေက္ခာကိုကား၊ သန္တတ္တာ= ငြိမ်သက်သည်၏အဖြစ်ကြောင့်၊ သုခမိစ္စေဝ= သုခဟူ၍သာလျှင်၊ ဘာသိတာ= ဆိုအပ်၏၊

တသ္မာ= ထို့ကြောင့်၊ တိဿောပိ ဝေဒနာ= သုံးပါးကုန်သော ဝေဒနာတို့သည်လည်း၊ တဏှာယ= တဏှာအား၊ ပစ္စယာ= ကျေးဇူးပြုကုန်သည်။ ဟောန္တိ= ဖြစ်ကုန်၏၊ တသ္မာ= ထို့ကြောင့်၊ ဝေဒနာပစ္စယာ တဏှာ ဣတိ= ဝေဒနာပစ္စယာ တဏှာဟူ၍၊ မဟေသိနာ= မြတ်စွာဘုရားသည်၊ ဝုတ္တာ= ဟောတော်မူအပ်၏၊

ဧကဓာတိ ဥပနိဿယပစ္စယေနေဝ-ဟု အဋ္ဌကထာမိန့်ရကား ဝိပါကသုခဝေဒနာသည် တဏှာအား ပကတူပနိဿယတပစ္စည်းဖြင့် ကျေးဇူးပြု၏၊

ဤသုခဝေဒနာသာလျှင် တဏှာအား ပစ္စည်းတပ်သည်မဟုတ်၊ ဝိပါကဒုက္ခဥပေက္ခာဝေဒနာသည်လည်း တဏှာအား ပစ္စည်းတပ်သည်သာတည်းဟု ပြလို၍ ယသ္မာ- စသည်ကိုမိန့်၏၊

အဓိပ္ပါယ်ကား- ဆင်းရဲခြင်းရှိသောသူသည် သုခကို အလွန်တောင့်တ၏၊ ထိုသူအား ဒုက္ခသည် တောင့်တတတ်သော တဏှာအား ပကတူပနိဿယပစ္စည်းတပ်၏ ဟူလိုသည်။

သုခရှိသောသူသည် ထိုသုခကို ထောက်ထား၍ တပါးသောသုခကို တောင့်တသောအခါ ပကတူပနိဿယပစ္စည်းတပ်၏၊

ဥပေက္ခာသည်လည်း သန္တသဘောရှိသောကြောင့် သုခမည်၏၊ ထိုထိုဥပေက္ခာကို တောင့်တသောအခါ တဏှာအား ပကတူပနိဿယပစ္စည်းတပ်၏ ဟူလို။

ရဟန္တာတို့အားကား ထိုဝေဒနာသုံးပါးသည် တဏှာအား ပစ္စည်းမတပ်ပြီ။

ဋီကာ၌ကား- အကုသလဝိပါက်ဥပေက္ခာသည် အနိဋ္ဌဖြစ်၍ သုခ၌ ဝင်၏၊ ထိုဥပေက္ခာနှစ်ပါးသည် သုခ, ဒုက္ခကဲ့သို့ တဏှာအား ဥပနိဿယပစ္စည်းတပ်၏ဟု ဆို၏၊

ယင်းတဏှာ ၆-ပါးတို့ဖြစ်သော အခြင်းအရာကိုစွဲ၍-

၁။ ကာမတဏှာ
၂။ ဘဝတဏှာ
၃။ ဝိဘဝတဏှာ ဟူ၍ သုံးပါးပြားရကား ဤသုံးပါးဖြင့်မြှောက် ၁၈-ဖြစ်၏၊ ထို၁၈-ကို အဇ္ဈတ္တ, ဗဟိဒ္ဓ သန္တာန်နှစ်ပါးနှင့်မြှောက် ၃၆-ဖြစ်၏၊ ထို ၃၆-ကို အတိတ်, အနာဂတ်, ပစ္စုပ္ပန် ကာလသုံးပါးနှင့်မြှောက် တရာ့ရှစ်ဖြာ တဏှာဒုစရိုက်ဖြစ်၏၊

ဆောင်ပုဒ်

အာရုံ ၆-ပြန်၊ တဏှာကန်၊ မြှောက်ရန် သုံးတဏှာ၊
တွင်း, ပ, သန္တာန်၊ စုံနှစ်ရန်၊ မြှောက်ပြန် ဆတ္တိံသာ။
ကာလသုံးတန်၊ မြှောက်တုံပြန်၊ နိဋ္ဌာန် ဋ္ဌသတာ၊
ဝေဒနာကား၊ တဏှာအား၊ တပ်ငြား တစ်ပစ္စည်း။
ဋီကာကျမ်းကို၊ ထောက်၍ဆို၊ တပ်လို ၄-ပစ္စည်း၊
(အာရမ္မဏ, အာရမ္မဏာဓိပတိ, အာရမ္မဏူပ, ပကတူပနိဿယ ဤ ၄-ပစ္စည်းတပ်၏ ဟူပေ။)

---

၃၉၆- တဏှာကျေးဇူးပြုပုံ

တဏှာပစ္စယာ ဥပါဒါနံ-ဟူသောပုဒ်၌ တဏှာသည် ဘယ်သို့ ဥပါဒါန်၏ အကြောင်းဖြစ်သနည်းဟု စောဒနာဖွယ်ရှိသောကြောင့်-

တဏှာ စ ပုရိမေဿတ္ထ၊ ဧကဓာ ဟောတိ ပစ္စယော၊
သတ္တဓာ အဋ္ဌဓာ ဝါပိ၊ ဟောတိ သေသတ္တယဿ သာ၊

ဟူ၍မိန့်၏၊

ဧတ္ထစ= ဤဥပါဒါန် ၄-ပါးတို့တွင်လည်း၊ တဏှာစ= တဏှာသည်ကား၊ ပုရိမဿ= ရှေးဖြစ်သောကာမုပါဒါန်အား၊ ဧကဓာ= တစ်ခုသော ပကတူပပစ္စည်းဖြင့်၊ ပစ္စယော= ကျေးဇူးပြုသည်၊ ဟောတိ= ဖြစ်၏၊ သာတဏှာ= ထိုတဏှာသည်၊ သေသတ္တယဿ= ကာမုပါဒါန်မှကြွင်းသော ဥပါဒါန်သုံးပါးအား၊ သတ္တဓာ= ၇-ပါးအပြားဖြင့်၎င်း၊ အဋ္ဌဓာ ဝါပိ= ရှစ်ပါးအပြားဖြင့်၎င်း၊ ပစ္စယော= ကျေးဇူးပြုသည်၊ ဟောတိ= ဖြစ်၏၊

တဏှာဖြင့် လွန်စွာနှစ်သက်အပ်ကုန်သော အာရုံတို့၌ ကာမုပါဒါန်ဖြစ်ခြင်းကြောင့် တဏှာသည် ကာမုပါဒါန်အား ပကတူပပစ္စည်းတပ်၏၊

ဒိဋ္ဌိဂတသမ္ပယုတ်ဖြစ်သော တဏှာသည် ဒိဋ္ဌုပါဒါန်, သီလဗ္ဗတုပါဒါန်, အတ္တဝါဒုပါဒါန်အား ဟေတု, သဟဇာတ, အညမည, နိဿယ, သမ္ပယုတ္တ, အတ္ထိ, အဝိဂတဟူသော ၇-ပစ္စည်းဖြင့် ကျေးဇူးပြု၏၊ ဝါ= ဥပနိဿယကို ထည့်၍ ရှစ်ပစ္စည်းဖြင့် ကျေးဇူးပြု၏၊

ဥပနိဿယသဒ္ဒါဖြင့် အာရမ္မဏူပနိဿယ, ပကတူပနိဿယကို ဆိုအပ်သောကြောင့် အနန္တရ, သမနန္တရ, နတ္ထိ, ဝိဂတပစ္စည်းတို့ကိုလည်း သဂြုႋဟ်အပ်၏ဟူ၍ ဋီကာဆို၏၊

တဏှာနှင့် ဥပါဒါန်အထူး

တဏှာလည်း လောဘ, ဥပါဒါန်လည်း လောဘ စေတသိက်ဖြစ်သည်။ ဘယ်သို့ ထူးသနည်းဟူမူ ရှေးဦးဖြစ်သည်ကား တဏှာ၊ နောက်ဖြစ်သည်ကား ဥပါဒါန်၊ အားနည်းသော လောဘကား တဏှာ၊ အားကြီးသောလောဘကား ဥပါဒါန်

ဝါ= အမိုက်တိုက်ကိုဝင်၍ ရှာအံ့သောငှာ ခိုးသူ၏ လက်ဆန့်ခြင်းကဲ့သို့ မရောက်သေးသော အာရုံကို တောင့်တခြင်းသည် တဏှာ၊ ခိုးသူ၏ လက်သို့ ရောက်သောဥစ္စာကို သိမ်းပိုက်ခြင်းကဲ့သို့ ရောက်ပြီးသော အာရုံကို စွဲလမ်းခြင်းသည် ဥပါဒါန်

ဝါ= အလိုနည်းခြင်း၏ ဆန့်ကျင်ဘက်ကာ တဏှာ၊ ရောင့်ရဲလွယ်ခြင်း၏ ဆန့်ကျင်ဘက်ကား ဥပါဒါန်

ဝါ= ရှာမှီးခြင်း ဆင်းရဲ၏ အကြောင်းကား တဏှာ၊ စောင့်ရှောက်ခြင်း ဆင်းရဲ၏ အကြောင်းကား ဥပါဒါန် ဤသို့ ထူးကြ၏၊

ဆောင်ပုဒ်

ရှေးဖြစ်တဏှာ၊ နောက်ဖြစ်ခါ၊ ဥပါဒါန်မည်မြဲ၊
အားနည်းတဏှာ၊ အားကြီးခါ၊ ဥပါဒါန်ခေါ်မြဲ၊
မရောက်သေးပါ၊ တောင့်တရာ၊ တဏှာမှန်မလွဲ၊
အာရုံရောက်ခါ၊ စွဲလမ်းရာ၊ ဥပါဒါန်တပ်စွဲ
အပိစ္ဆတာ၊ သန္တောသာ၊ စဉ်ကာ ဆန့်ကျင်မြဲ။
ရှာမှီးဒုက္ခာ၊ မူလကာ၊ တဏှာဖြစ်စမြဲ၊
စောင့်ရှောက်ဒုက္ခာ၊ အရင်းမှာ၊ ဥပါဒါန်မလွဲ။
ပရိယေသန၊ အာရက္ခ၊ မူလလွန်ဆင်းရဲ။

---

၃၉၇- ဥပါဒါန် ကျေးဇူးပြုပုံ

ဥပါဒါနပစ္စယာ ဘဝေါ-ဟူသောပုဒ်၌ ဥပါဒါန်သည် ဘဝအား ဘယ်သို့ အကြောင်းပြုသနည်း ဟူသော စောဒနာကို ဖြေလို၍-

ရူပါရူပဘဝါနံ ဥပနိဿယပစ္စယော ဥပါဒါနံ။
သဟဇာတာဒီဟိပိ တံ၊ ကာမဘဝဿာတိ ဝိညေယျံ။
ဟူသော ပရိယာယ် ဂါထာကို မိန့်၏၊

ဥပါဒါနံ= ဥပါဒါန် ၄-ပါးသည်၊ ရူပါရူပဘဝါနံ= ရူပဘဝ, အရူပဘဝတို့အား၊ ဥပနိဿယပစ္စယော= ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုတတ်သည်၊ ဟောတိ= ဖြစ်၏၊ တံ ဥပါဒါနံ= ထိုဥပါဒါန်သည်၊ ကာမဘဝဿ= သမ္ပယုတ်ဖြစ်သော ကာမဘဝအား၊ သဟဇာတာဒီဟိပိ= သဟဇာတစသော ပစ္စည်းတို့ဖြင့်လည်း၊ ပစ္စယော= ကျေးဇူးပြုသည်၊ ဟောတိ= ဖြစ်၏၊ ဝိပ္ပယုတ္တဿ ပန= ဝိပ္ပယုတ်ဖြစ်သော ကာမဘဝအား၊ ဥပနိဿယေနေဝ= ဥပနိဿယပစ္စည်းဖြင့်လျှင်၊ ပစ္စယော= ကျေးဇူးပြုသည်၊ ဟောတိ= ဖြစ်၏၊

ဘဝသည် ကမ္မဘဝ, ဥပပတ္တိဘဝအားဖြင့် နှစ်ပါးတို့တွင် ကမ္မဘဝသည်-

၁။ စေတနာကမ္မဘဝ
၂။ စေတနာသမ္ပယုတ္တကမ္မဘဝ- အားဖြင့် နှစ်ပါးပြား၏၊

ထိုတွင် ပုညာ, ပုည, အာနဉ္ဇာဘိသင်္ခါရဖြစ်သော စေတနာသည် စေတနာကမ္မဘဝမည်၏၊

အပုညာဘိသင်္ခါရဖြစ်သော စေတနာနှင့်ယှဉ်သော အဘိဇ္ဈာ ဗျာပါဒ မိစ္ဆာဒိဋ္ဌိသည် စေတနာသမ္ပယုတ္တကမ္မဘဝမည်၏၊

ကံကြောင့်ဖြစ်သော ခန္ဓာသည် ဥပပတ္တိဘဝမည်၏၊ ထိုဥပပတ္တိဘဝသည်-

၁။ ကာမဘဝ
၂။ ရူပဘဝ
၃။ အရူပဘဝ
၄။ သညီဘဝ
၅။ အသညီဘဝ
၆။ နေဝသညီနာသညီဘဝ
၇။ ဧကဝေါကာရဘဝ
၈။ စတုဝေါကာရဘဝ
၉။ ပဉ္စဝေါကာရဘဝ

ဟူ၍ ၉-ပါးအပြားရှိ၏၊

ထိုတွင် ကမ္မဘဝသည်-

ဘဝတိ ဧတသ္မာတိ ဘဝေါ-ဟူသော အပါဒါနသာဓန။
ဘာဝေတီတိ ဝါ ဘဝေါ-ဟူသော ဟေတုကတ္တုသာဓန။
ဘဝတိ ဧတေနာတိ ဝါ ဘဝေါ-ဟူသော ကရဏသာဓန ဝစနတ္ထကြောင့် ဘဝမည်၏၊

ဥပပတ္တိဘဝသည်ကား-

ဘဝတီတိ ဘဝေါ ဟူသော ကတ္တုသာဓနကြောင့် ဘဝမည်၏၊

၄-ပါးသောဥပါဒါန်သည် ရူပ, အရူပဖြစ်သော ကမ္မဘဝ, ဥပပတ္တိဘဝအား၄င်း၊ ပုညာ ဘိသင်္ခါရဖြစ်သော ကာမကုသိုလ်တည်းဟူသော ကမ္မဘဝအား၄င်း ဥပနိဿယပစ္စည်းဖြင့် ကျေးဇူးပြု၏၊

အပုညာဘိသင်္ခါရတို့တွင် ဒိဋ္ဌိဂတဝိပ္ပယုတ်၌ရှိသော ကာမုပါဒါန်သည် သမ္ပယုတ်ဖြစ် သော စေတနာကမ္မဘဝအား ဟေတု, သဟဇာတ, အညမည, နိဿယ, သမ္ပယုတ္တ, အတ္ထိ, အဝိဂတဟူသော ၇ -ပစ္စည်းဖြင့် ကျေးဇူးပြု၏၊

ဝိပ္ပယုတ်ဖြစ်သော ကမ္မဘဝအားကား ပကတူပနိဿယပစ္စည်းဖြင့် ကျေးဇူးပြု၏၊

ဒိဋ္ဌိဂတဝိပ္ပယုတ်၌ရှိသော ကာမုပါဒါန်သည် စေတနာအား ဆိုအပ်ပြီးသော ၇-ပစ္စည်း ဖြင့် ကျေးဇူးပြု၏၊

ကြွင်းသောဥပါဒါန် ၃-ပါးသည်ကား ယခင် ၇-ပစ္စည်းတွင် ဟေတုနှင့် မဂ်ကိုလှယ်၍ ၇-ပစ္စည်းဖြင့် ကျေးဇူးပြု၏၊

စေတနာသမ္ပယုတ္တ ကမ္မဘဝဖြစ်သော အဘိဇ္ဈာအားလည်း ဤနည်းအတူ ၇-ပစ္စည်း ဖြင့် ကျေးဇူးပြု၏၊

ဋီကာ၌ကား-ဥပနိဿယသဒ္ဒါဖြင့် အာရမ္မဏ, အာရမ္မဏာဓိပတိ, အာရမ္မဏူပနိဿယ, အနန္တရစသော ပစ္စည်းတို့ကို ယူရမည်ဟုမိန့်၏၊ ရသင့်တိုင်းကိုပေါင်းသော် ၁၇-ပစ္စည်းဖြစ်၏၊

အဝိဇ္ဇာပစ္စယာ သင်္ခါရာပုဒ်၌ သင်္ခါရအရလည်း စေတနာ, ကမ္မဘဝအရလည်း စေတနာပင် ဖြစ်ရကား ဤနှစ်ပါး ဘယ်သို့ထူးသနည်းဟူမူ-

ဤပစ္စုပ္ပန်ဘဝ၏အကြောင်းဖြစ်သော အတိတ်ကာလ၌ဖြစ်သော စေတနာသည် သင်္ခါရမည်၏၊

အနာဂတ်ပဋိသန္ဓေ၏အကြောင်းဖြစ်သော ပစ္စုပ္ပန်ကာလ၌ဖြစ်သော စေတနာသည် ကမ္မဘဝမည်၏၊ ဤသို့ထူး၏ဟူပေ။

ဆောင်ပုဒ်-

ဥပါဒါန်ကား၊ ဘဝအား၊ တတ်ငြားသတ္တရသ်။
ယထာရဟ၊ ယှဉ်ပြီးမှ၊ ကြံဆခွဲဝေမှတ်။
ယူနည်းသွယ်သွယ်၊ အဓိပ္ပါယ်၊ သိလွယ်မခဲကပ်။

---

၃၉၈-ဘဝကျေးဇူးပြုပုံ

ဘဝပစ္စယာ ဇာတိ ဟူသောပုဒ်၌ ပစ္စည်းတပ်ဟန်ကို ဝေဖန်လိုရကား-

တတ္ထ တတ္ထ နိဗ္ဗတ္တမာနာနံ သတ္တာနံ ယေ ယေ ခန္ဓာ ပါတုဘဝန္တိ တေသံ ပထမပါတုဘာဝေါ ဇာတိ နာမ။ ဘဝေါတိ ပနေတ္ထ ကမ္မဘဝေါဝ အဓိပ္ပေတော၊ သော ဇာတိယာ ပစ္စယော၊ န ဥပပတ္တိဘဝေါ သော စ ပန ကမ္မပစ္စယ ဥပနိဿယ ပစ္စယဝသေန ဒွေဓာဝ ပစ္စယော ဟောတိ။
ယသ္မာ စ အသတိ ဇာတိယာ, ဇရာ, မရဏံ နာမ သောကာဒယော ဝါ ဓမ္မာ နဟောန္တိ၊ တသ္မာ အယံပိ ဇရာမရဏဿ စေဝ သောကာဒီနဉ္စ ပစ္စယော ဟောတီတိ ဝေဒိတဗ္ဗော။ သာ ပန ဥပနိဿယ ကောဋိယာ ဧကဓာဝ ပစ္စယော ဟောတီတိ။
။(သမ္မော, ဝိသုဒ္ဓိမဂ်)

တတ္ထ တတ္ထ-ထိုထိုဘဝ၌၊ နိဗ္ဗတ္တမာနာနံ-ဖြစ်ကုန်သော၊ သတ္တာနံ-သတ္တဝါတို့အား၊ ယေ ယေ ခန္ဓာ-အကြင်ကြင်ခန္ဓာတို့သည်၊ ပါတုဘဝန္တိ-ထင်ရှားဖြစ်ကုန်၏၊ တေသံ-ထိုခန္ဓာတို့၏၊ ပထမပါတုဘာဝေါ-ရှေးဦးစွာထင်ရှားဖြစ်ခြင်းသည်၊ ဇာတိနာမ- ဇာတိမည်၏၊ ပန-အထူးကား၊ ဧတ္ထ- ဤဘဝပစ္စယာဇာတိဟူသောပုဒ်၌၊ ဘဝေါတိ ပဒေန-ပဝေါဟူသောပုဒ်ဖြင့်၊ ကမ္မဘဝေါဝ- ကမ္မဘဝကိုသာလျှင်၊ အဓိပ္ပေတော-အလိုရှိအပ်၏၊ ဟိ သစ္စံ-မှန်၏၊ သော-ထိုကမ္မဘဝသည်၊ ဇာတိယာ- ဇာတိအား၊ ပစ္စယော-ကျေးဇူးပြုသည်၊ ဟောတိ-ဖြစ်၏၊ ဥပပတ္တိဘဝေါ-ဥပပတ္တိဘဝသည်၊ ဇာတိယာ- ဇာတိအား၊ ပစ္စယော-ကျေးဇူးပြုသည်၊ န ဟောတိ-မဖြစ်၊ သော စ ပန-ထိုဘဝသည်ကား၊ ကမ္မပစ္စ, ဥပနိဿယပစ္စယ ဝသေန-ကမ္မပစ္စည်း, ဥပနိဿယပစ္စည်း၏အစွမ်းဖြင့်၊ ဒွေဓာဝ-နှစ်ပါးအပြားဖြင့်သာလျှင်၊ ပစ္စယော-ကျေးဇူးပြုသည်၊ ဟောတိ-၏၊

ယသ္မာစ-အကြင်ကြောင့်လည်း၊ ဇာတိယာ-ဇာတိသည်၊ အသတိ-မရှိသော်၊ ဇရာမရဏံ နာမ- ဇာရာမရဏမည်သော၊ ဓမ္မာ ဝါ-တရားတို့သည်၄င်း၊ သောကာဒယော-သောကအစရှိ ကုန်သော၊ ဓမ္မာ ဝါ-တရားတို့သည်၄င်း၊ န ဟောန္တိ-မဖြစ်ကုန်။ တသ္မာ-တို့ကြောင့်၊ အယံပိ-ဤဇာတိသည်လည်း၊ ဇရာမရဏဿ စေဝ-ဇရာမရဏအား၄င်း၊ သောကာဒီနဉ္စ-သောကစသည်တို့အား၄င်း၊ ပစ္စယော- ကျေးဇူးပြုသည်၊ ဟောတိ-ဖြစ်၏၊ ဣတိ-ဤသို့၊ ဝေဒိတဗ္ဗော-သိအပ်၏၊ သာပန-ထိုဇာတိသည်ကား၊ ဥပနိဿယကောဋိယာ-ပကတူပနိဿယအစွမ်းဖြင့်၊ ဧကဓာဝ-တစ်ပါးဖြင့်သာလျှင်၊ ပစ္စယော- ကျေးဇူးပြုသည်၊ ဟောတိ-ဖြစ်၏၊

ဘဝပစ္စယာဇာတိ ဟူသောပုဒ်၌ ဘဝ၏အရတွင် ဥပပတ္တိဘဝကို မယူအပ်သော အဖြစ်ကို ဋီကာကျော်၌-

န စ တဒေဝ တဿ ကာရဏံ ယုတ္တံ - ဟူ၍မိန့်၏၊

တဒေဝ-ထိုရှးဦးစွာ ထင်ရှားဖြစ်သော ခန္ဓာတည်းဟူသော ဥပပတ္တိဘဝသည်ပင်လျှင်၊ တဿ- ထိုရှေးဦးစွာ ထင်ရှားဖြစ်သော ခန္ဓာတည်းဟူသော ဇာတိ၏၊ ကာရဏံ-ကြောင်း၏အဖြစ်သည်၊ န စ ယုတ္တံ-အသင့်သည်သာတည်း။

ကုသိုလ် အကုသိုလ် စေတနာတည်းဟူသော ကမ္မဘဝသည် ထိုထိုဘဝ၌ရှေးဦးစွာ ထင်ရှားဖြစ်သော ခန္ဓာဟူသောဇာတိအား ကမ္မပစ္စည်း, ပကတူပနိဿယပစ္စည်းဖြင့် ကျေးဇူးပြု၏၊

ဇာတိမရှိသော် ဇရာ, မရဏတို့သည်၄င်း၊ သောက, ပရိဒေဝစသည်တို့သည်၄င်း မဖြစ်ရကား ထိုဇာတိသည် ဇရာ မရဏ သောက ပရိဒေဝစသည်တို့အား သုတ္တန်နည်းအားဖြင့် ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြု၏၊ အဘိဓမ္မာနည်းအားဖြင့် တစုံတခုသော ပစ္စည်းကိုမျှ မရအပ်။

ဇာတိသည် သောကစသည်တို့၏ အကြောင်းသာ ဖြစ်သည်မဟုတ်။ အဝိဇ္ဇာအား ကျေးဇူးပြုတတ်ရကား အဝိဇ္ဇ၏အကြောင်းလည်းဖြစ်၏၊ အဘယ့်ကြောင့်နည်းဟူမူ အဝိဇ္ဇာနှင့် မကင်းသောကြောင့်တည်း။

ဤသို့လျှင် မသိအပ်သော အစရှိသော ပြုပြင်တတ်သောသူ ခံစားတတ်သောသူ မှကင်းသော ၁၂ -ပါးသော ဆိတ်ခြင်းတို့ဖြင့် ဆိတ်ငြိမ်သော ဤစက်သည် အမြဲပင် မပြတ်မလပ်ဖြစ်၏၊

ဆောင်ပုဒ်

ဘဝသည်ကား၊ ဇာတိအား၊ နှစ်ပါးတပ်ပစ္စည်း။
ဇာတိသော်ကား၊ ဇရာအား၊ နည်းပါးတခုနည်း။
ယင်းသည်ဇာတိ၊ သောကာဒိ၊ တပ်ဘိ ဤနည်းချည်း။
သောကဖြင့်သာ၊ အဝိဖ္ဇာ၊ တပ်ရာပြီးသတည်း။
ပစ္စယာကာရနည်းသည် ပြီး၏၊

၃၉၉-ပဋိစ္စသမုပ္ပါဒ်တရား၏ အဓွန့်၊ အင်္ဂါစသည်ကိုပြခြင်း။

မေး။
၁။ ဝဋ်လည်း ၃-ထပ်၊ အစပ် ၃-ဖြာ၊ အလွှာ ၄-ခု၊ စတုသင်္ခေ၊ တွက်ရေဝီသ၊ ဒွါဒသကို၊ အရဘယ်သို့ ကောက်သနည်း။
၂။ သုံးပါးဝဇ္ဇ၊ ဒွေမူလ၊ ဘဝဘယ်သို့ ကောက်သနည်း။
၃။ သညီဘဝ၊ စသည်အပြား၊ ကိုးပါးမည်ရှိ၊ ဥပပတ္တိ၊ ပဋိသန္ဓေ၊ ဘုံအနေမှာ၊ ခွဲဝေဘယ်သို့ ပြမည်နည်း။
၄။ စက်သံသရာ၊ ခေါ်သည်မှာ၊ ဘယ်သာမုချ ရသနည်း။

ဖြေ။
ဤသို့ဆိုအပ်ပြီးသော ပဋိစ္စသမုပ္ပါဒ်၌-

၁။ အဓွန့်-၃ပါး၊
၂။ အင်္ဂါ-၁၂ပါး၊
၃။ အခြင်းအရာ-၂၀၊
၄။ အစပ်-၄ပါး၊
၅။ အလွှာ-၄ပါး၊
၆။ ဝဋ်-၃ပါး၊
၇။ မူလ-၂ပါး- အပြားရှိ၏၊ ဤသို့ရှိသည်တွင်-

အဓွန့် ၃-ပါး

အဝိဇ္ဇာသင်္ခါရသည် အတိတ်ကာလ၌ ဖြစ်ရကား အတိတ်အဓွန့်မည်၏၊
ဇာတိဇရာမရဏသည် ပစ္စုပ္ပန်အကြောင်းကြောင့် အနာဂတ်၌ဖြစ်ရကား အနာဂတ်အဓွန့်မည်၏၊
ဝိညာဉ်နာမ်ရုပ်သဠာယတနဖဿဝေဒနာတို့သည်၄င်း၊ တဏှာဥပါဒါန်ဘဝသည်၄င်း ပစ္စုပ္ပန်အဓွန့်မည်၏၊

အင်္ဂါ ၁၂-ပါး

အင်္ဂါ ၁၂-ပါးဟူသော်ကား- အဝိဇ္ဇာသင်္ခါရဝိညာဉ်နာမ် ရုပ်သဠာယတနဖဿဝေဒနာတဏှာဥပါဒါန်ဘဝဇာတိဇရာမရဏ - ဟူ၍ ၁၂-ပါးပြားသတည်း။

ခြင်းရာနှစ်ဆယ်

အခြင်းအရာ ၂၀ ဟူသည်ကား အတိတ်အဓွန့်၌ အဝိဇ္ဇာသင်္ခါရတို့ကိုယူသဖြင့် အဝိဇ္ဇာဖြင့် မကွေမကွာဖြစ်လေ့ရှိသော တဏှာဥပါဒါန်ကိုလည်းယူအပ်၏၊ သင်္ခါရနှင့် စေတနာချင်းတူသော ကမ္မဘဝကိုလည်း ယူအပ်၏၊ ယင်းသို့ယူရသောကြောင့် အဝိဇ္ဇာသင်္ခါရတဏှာဘဝ ဟူ၍ အတိတ်၌ အကြောင်း ၅-ပါးရ၏၊

ထိုအတိတ်အကြောင်းကြောင့် ဝိညာဉ်နာမ်ရုပ်သဠာယတနဖဿဝေဒနာ ဟူသော ပစ္စုပ္ပန်အကျိုး ၅-ပါးသည်ဖြစ်၏၊

ပစ္စုပ္ပန်အဓွန့်ရှစ်ပါးတွင် တဏှာဥပါဒါန်ကို ယူသဖြင့် ထိုနှင့်မကွေမကွာဖြစ်လေ့ရှိသော အဝိဇ္ဇာကိုလည်းယူအပ်၏၊ ဘဝကိုယူသဖြင့် ကမ္မဘဝချင်း တူသော သင်္ခါရကိုလည်း ယူအပ်၏၊ ယင်းသို့ယူသောကြောင့် တဏှာဥပါဒါန်ဘဝအဝိဇ္ဇာသင်္ခါရဟူ၍ ပစ္စုပ္ပန်၌ အကြောင်း ၅-ပါးဖြစ်၏၊

အနာဂတ်အဓွန့်၌ ဇာတိဇရာမရဏကိုယူသဖြင့် ဝိညာဉ်နာမ်ရုပ်သဠာယတနဖဿဝေဒနာဟူသောအကျိုး ၅-ပါးကိုယူအပ်၏၊

ဘယ့်ကြောင့်နည်းဟူမူ ထိုဇာတိဇရာမရဏသည် တပါးသောတရား၏ ဇာတိဇရာမရဏမဟုတ်၊ ပစ္စုပ္ပန်အကြောင်းကြောင့် အနာဂတ်၌ဖြစ်လတ္တံ့သော ဝိညာဉ်နာမ်ရုပ် စသည်တို့၏ ဇာတိဇရာမရဏပင်ဖြစ်သောကြောင့်တည်း။ ဤသို့လျှင် အခြင်းအရာ ၂၀ ဖြစ်သတည်း။

ထို့ကြောင့်-
ပုရိမကမ္မဘဝသ္မိံ မောဟော အဝိဇ္ဇာအာယုဟနာ သင်္ခါရော တဏှာ ဥပါဒါနံ စေတနာ ဘဝေါတိ ဣမေ ပဉ္စ ဓမ္မာ ပုရိမကမ္မဘဝသ္မိံ ဣဓ ပဋိသန္ဓိဝိညာဏ ဩက္ကန္တိနာမရူပံ ပသာဒေါ အာယတနံဖေဿာဝေဒယိတံ ဝေဒနာဣတိ ဣမေ ပဉ္စ ဓမ္မာ ဣဓုပပတ္တိ ဘဝသ္မိံ ပုရေဇာတဿ ကမ္မဿ ပစ္စယာ- စသည်ဖြင့် ဟောတော်မူ၏၊

သင်္ခါရနှင့် ဘဝအထူးကား။ ။ဤဘဝ၌ ဝိညာဉ်စသော အကျိုးကိုပြုပြင်ပြီးသော အတိတ်ဘဝ၌ဖြစ်သော စေတနာသည် သင်္ခါရမည်၏၊ ဝိညာဉ်စသည်ကို မပြုပြင်သော စေတနာသည် ဘဝမည်၏၊

တနည်းကား။ ။ပုဗ္ဗစေတနာသည် သင်္ခါရမည်၏၊ မုဉ္စစေတနာသည် ဘဝမည်၏၊

ဝါ- တစ်ခုသောဝီထိ၌ ရှေ့ဇော ၆-ချက်စေတနာသည် သင်္ခါရမည်၏၊ သတ္တမဇော စေတနာသည် ဘဝမည်၏၊

ဝါ- တစ်ခုသောဝီထိ၌ စိတ်တိုင်းယှဉ်သော စေတနာသည်၊ ကမ္မဘဝမည်၏၊ သမ္ပယုတ်တရားတို့သည် သင်္ခရမည်၏၊

ဆောင်ပုဒ်-
ပုဗ္ဗစေတနာ၊ သင်္ခါရာ၊ မုဉ္စာဘဝမှတ်။
ဇော ၆-ချက်မှာ၊ သင်္ခါရာ၊ ဆုံးခါဘဝမှတ်။
သမ္ပယုတ္တာ၊ သင်္ခါရာ၊ ကံမှာဘဝမှတ်။

အစပ် ၃-ပါး

အစပ် ၃-ပါးဟူသော်ကား-

၁။ အတိတ်အကြောင်း ၅-ပါးနှင့် ပစ္စုပ္ပန်အကျိုး ၅-ပါး၏အကြားသည် တစ်ခုသော အစပ်မည်၏၊
၂။ ပစ္စုပ္ပန်အကျိုး ၅-ပါးနှင့် ပစ္စုပ္ပန်အကြောင်း ၅-ပါး၏အကြားသည် တစ်ခုသော အစပ်မည်၏၊
၃။ ပစ္စုပ္ပန်အကြောင်း ၅-ပါးနှင့် အနာဂတ်အကျိုး ၅-ပါး၏ အကြားသည် တစ်ခုသော အစပ်မည်၏၊ ဤသို့ အစပ် ၃-ပါးဖြစ်သတည်း။

အလွှာ ၄-ပါး

အလွှာ ၃-ပါးဟူသော်ကား-

၁။ အတိတ်အကြောင်း ၅-ပါး တစ်လွှာ၊
၂။ ပစ္စုပ္ပန်အကျိုး ၅-ပါး တစ်လွှာ၊
၃။ ပစ္စုပ္ပန်အကြောင်း ၅-ပါး တစ်လွှာ၊
၄။ အနာဂတ်အကျိုး ၅-ပါး တစ်လွှာ- ဤသို့ ၄-လွှာဖြစ်သတည်း။

ဝဋ် ၃-ပါး

ဝဋ် ၃-ပါးဟူသော်ကား အင်္ဂါ ၁၂-ပါးတွင် အဝိဇ္ဇာတဏှာဥပါဒါန်သည် ကိလေသဝဋ်မည်၏၊

သင်္ခါရ၏အရဖြစ်သော အတိတ်ကုသိုလ် အကုသိုလ်စေတနာ၊ ကမ္မဘဝ၏အရဖြစ်သော ပစ္စုပ္ပန်ကုသိုလ် အကုသိုလ်စေတနာသည် ကမ္မဝဋ်မည်၏၊

ဝိညာဉ်နာမ်ရုပ်သဠာယတနဖဿဝေဒနာဇာတိဇရာမရဏဟူသော အင်္ဂါ ၇-ပါး၊ အနာဂတ်၌ အကျုံးဝင်သော ဥပပတ္တိဘဝသည် ဝိပါကဝဋ်မည်၏၊ ဤသို့ ဝဋ် ၃-ပါးဖြစ်သတည်း။

မူလ ၂-ပါး

မူလ ၂-ပါးဟူသော်ကား- ၁။ အဝိဇ္ဇာသည် ပုဗ္ဗန္တ၏မူလ၊ ၂။ တဏှာသည် ပရန္တ၏မူလ၊ ဤသို့ မူလ ၂-ပါးဖြစ်သတည်း။

ဤကိုရည်၍ ရှင်ရဋ္ဌသာရအကျော် ဆရာတော်သည်-
ကာလသုံးစဉ်၊ ဝဲယဉ်သုံးထပ်၊ အစပ်သုံးခု၊ စတုသင်္ခေ၊ တွက်ရေဝီသ၊ အာကာရဖြင့်၊ ပဋိစ္စသမုပ္ပါဒ်၊ ဟောမှတ်လေတွဲ့၊ ဟိတ်ဖိုလ်ချဲ့လျက်၊ တဆယ့်နှစ်အင်၊ ဒွါဒသင်ဟု၊ ညွန့်ရှင်ကျိုးစက်၊ အဆက်ဆက်ကို၊ လွတ်ထွက်နိုင်ကြောင်း၊ ကောင်းသားလုံ့လ၊ အားထုတ်ကြလျက်၊ မြစ်မနှစ်မြွာ၊ နှုတ်ပစ်ခွါ၍၊ အညာနိဗ္ဗာန်၊ သူတော်ဌာန်သို့၊ ဆန်အံ့ရင်းတည်၊ စူးစူးရည်သည်၊ မလည်မသုန်၊ မဟာဂုဏ်တို့- ဟူ၍ သံဝရပျို့၌ စပ်တော်မူသည်။

---

၄၀၀-အဝိဇ္ဇာ၏ အကြောင်းမူလကိုပြခြင်း

အဝိဇ္ဇာကို မူလအရင်းဟု ဟောခဲ့သော် အဝိဇ္ဇာသည် ဖြစ်ကြောင်းမရှိဘဲ မိမိ၏သဘောအားဖြင့် လောက၏အရင်းဖြစ်သလောဟု စောဒနာငြားအံ့ အကြောင်းမရှိသည်ကားမဟုတ်၊ အာသဝသမုဒယာ အဝိဇ္ဇာသမုဒယော ဟူ၍ ဟောတော်မူသောကြောင့် အာဝဝေါတရားတို့သည် အဝိဇ္ဇာ၏ဖြစ်ကြောင်းတည်းဟူ၍ ဖြေအပ်၏၊

အာသဝေါတရားကြောင့် အဝိဇ္ဇာဖြစ်ခဲ့သော် အဝိဇ္ဇာကို မူလကာရဏ ဟူ၍ မဟောသင့်ပြီ ဘယ့်ကြောင့် ဟောပြန်သနည်းဟူငြားအံ့။ ဝဋ်စကား၏ အရင်းဖြစ်သောကြောင့်သာ ဟောတော်မူ၏၊ လောက၏ အရင်းဖြစ်သောကြောင့် ဟောတော်မူသည်မဟုတ်။

ထိုအနက်ကိုပြခြင်းငှါ သမ္မောအဋ္ဌကထာ၌-
အတ္ထိ ပန ပရိယာယော ယေန မူလကာရဏံ သိယာ။ ကော ပနေသောတိ၊ ဝဋ္ဋကထာယ သီသဘာဝေါ ဘဂဝါ ဟိ ဝဋ္ဋကထံ ကထေန္တော ဒွေ ဓမ္မေ သီသံ ကတွာ ကထေသိ၊ အဝိဇ္ဇံ ဝါ ဘဝတဏှံ ဝါ- ဟူ၍မိန့်တော်မူ၏၊

ယေန ပရိယာယေန-အကြင်ပရိယာယ်ဖြင့်၊ မူလကာရဏံ-အကြောင်းရင်းသည်၊ သိယာ-ဖြစ်ရာ၏၊ သော ပရိယာယော-ထိုအကြောင်းသည်၊ အတ္ထိ ပန-ရှိသလျှင်ကတည်း၊ ဧသော-ဤပရိယာယ်သည်၊ ကော ပန-အဘယ်နည်း၊ ဣတိပုစ္ဆာယံ-ဤသို့မေးသည်ရှိသော်၊ ဝဋ္ဋကထာယ-ဝဋ်စကား၏၊ သီသဘာဝေါ- အရင်း၏အဖြစ်တည်း၊ ဟုသစ္စံ-မှန်၏၊ ဘဂဝါ-မြတ်စွာဘုရားသည်၊ ဝဋ္ဋ ကထံ-ဝဋ်စကားကို၊ ကထေန္တော- ဟောတော်မူသည်ရှိသော်၊ အဝိဇ္ဇံ ဝါ-အဝိဇ္ဇာကို၄င်း၊ ဘဝတဏှံ ဝါ- ဘဝတဏှာကို၄င်း၊ ဒွေ ဓမ္မေ- နှစ်ပါးသောတရားတို့ကို၊ သီသံ ကတွာ-အရင်းပြု၍၊ ကထေသိ-ဟောတော်မူ၏၊

---

၄၀၁-အဝိဇ္ဇာ၊ တဏှာနှစ်ပါး ဝဋ်မြစ်ထားပုံ

တပါးပါးသော တရားကိုသာလျှင် အရင်းမထားဘဲ ဘယ့်ကြောင့် နှစ်ပါးသော တရားကို အရင်းထား၍ ဟောသနည်းဟူမူကား-
သုဂတိ ဒုဂ္ဂတိဂါမိနော ကမ္မဿ ဝိသေသဟေတုဘူတတ္တာ ဒုဂ္ဂတိဂါမိနော ဟိ ကမ္မဿ ဝိသေသဟေတု အဝိဇ္ဇာ သုဂတိဂါမိနော ပန ကမ္မဿ ဝိသေသဟေတု ဘဝတဏှာ။

ဟူသောအဋ္ဌကထာနှင့်ညီစွာ သုဂတိဘုံသို့လားစေတတ်သော ကံ၊ ဒုဂ္ဂတိဘုံသို့ လားစေတတ်သောကံ၏ ထူးသောအကြောင်း၏ အဖြစ်ကြောင့် နှစ်ပါးသောတရားကို အရင်းထားသည် ဟူပေ။

ထိုစကားကို ထင်စွာပြဦးအံ့။ ဒုဂ္ဂတိဘဝသို့ လားစေတတ်သော အကုသိုလ်ကံ၏ ထူးသောအကြောင်းကား အဝိဇ္ဇာဖြစ်သည်။

သုဂတိဘဝသို့ လားစေတတ်သော ကုသိုလ်ကံ၏ ထူးသောအကြောင်းကား တဏှာဖြစ်၏၊

ဘယ်သို့ဖြစ်သနည်းဟူမူ-သတ်အပ်သောနွားမကို ကိုယ်အလုံးကိုမီးကင်၍ ဆောက်ပုတ်တို့ဖြင့် ပုတ်ခတ်ပြီးလျှင် ရေပူကိုတိုက်သည်ရှိသော် ထိုနွားမသည် ပင်ပန်းလှရကား သာယာခြင်းမရှိဘဲလျက် မိမိ၏အကျိုးမဲ့အောင် ဆောင်မည်ကိုသိလျက် ရေပူကိုသောက်ရဘိသကဲ့သို့ ကိလေသာဟူသော ပူပန်ခြင်းဖြင့် နှိပ်စက်သော ပုထုဇဉ်မိုက်အား ဒုဂ္ဂတိသို့လားရအံ့သည်ကို သိလျက် မိမိ၏အကျိုးမဲ့အောင် ဆောင်မည်ကိုသိလျက် ပါဏာတိပါတ်အစရှိသော မကောင်းမှုကံကို အဖန်ဖန်အားထုတ်၏၊ ထိုအားထုတ်ခြင်း၏အကြောင်းကား အဝိဇ္ဇာပင်တည်း။

သုဂတိကံ၏အကြောင်းဖြစ်ဟန်ကား- ယခင်ထုခတ်ခြင်းကိုခံရသောနွားမသည် သက်သာရာရခြင်းကို အလွန်တောင့်တသည်ဖြစ်၍ ရေအေးကိုရှာလျက် ရလတ်သောအခါ ထပ်၍သာသောက်ချင်ဘိသကဲ့သို့ ဘဝတဏှာဖြင့် လွန်စွာနှိပ်စက်သော ပုထုဇဉ်သည် အလွန်ဒုက္ခကို မခံရစိမ့်သောငှါ ပါဏာတိပါတ်စသည်မှရှောင်ခြင်း၊ ပုညကြိယဝတ္ထုကိုပြုခြင်း အစရှိသော ကုသိုလ်ကံတို့ကို အားသစ်၏၊ ထိုကံ၏အကြောင်းရင်းကား ဘဝတဏှာတည်း။ ဤသို့ သိရာ၏ဟူပေ။

ပဋိစ္စသမုပ္ပါဒ်နည်း ပြီး၏၊

---

၄၀၂-ပဋ္ဌာန်းနည်း

ပဋ္ဌာန်းပစ္စည်းတို့၏ ပစ္စည်း၊ ပစ္စယုပ္ပန်၊ ပစ္စည်းတပ်ဟန်ကို ဉာဏ်နုသောသူတို့ ဆောင်လွယ် သိလွယ်ရုံ အကျဉ်းမျှပြလိုက်ဦးအံ့။

ဟေတုပစ္စည်းကိုပြခြင်း

ဟေတုပစ္စယော ဟူသော ပစ္စယုဒ္ဒေသ၌ သရုပ်တို့သည်-
၁။ ပစ္စည်း၊ ၂။ ပစ္စယုပ္ပန်၊ ၃။ ပစ္စနိက်-အားဖြင့် ၃-ပါးအပြားရှိ၏၊

ထို ၃-ပါးတို့တွင် လောဘဒေါသမောဟအလောဘအဒေါသအမောဟ ဤဟိတ် ၆-ပါးတို့သည် ဟေတုပစ္စည်းတပ်သောတရားမည်ကုန်၏၊

သဟိတ်ဟိတ် ဧကသတ္တတိမောဟမူဒွေ၌ မောဟကြဉ်သော စေတသိက် ဒွေပညာသ၊ သဟိတ်စိတ္တဇရုပ်၊ သဟိတ်ပဋိသန္ဓေကမ္မဇရုပ် ဤတရားတို့သည် ဟေတုပစ္စည်း၏ ပစ္စယုပ္ပန် ဖြစ်သော တရားမည်ကုန်၏၊

အဟိတ်စိတ်အဋ္ဌာရသ၊ ဆန္ဒကြဉ်သော အညသမာန်းစေတသိက် ဒွါဒသ၊ အဟိတ်စိတ္တဇရုပ်၊ အဟိတ်ပဋိသန္ဓေကမ္မဇရုပ်၊ ဗာဟိရရုပ်၊ အာဟာရရုပ်၊ ဥတုဇရုပ်၊ အသညသတ်ကမ္မဇရုပ်၊ ပဝတ္တိကမ္မဇရုပ် အားဖြင့် ၇-စွန်းသော မဟာဘုတ် ၄-ပါး ဤတရားတို့သည် ဟေတုပစ္စည်း၏ ပစ္စနိက်ဖြစ်သောတရားမည်ကုန်၏၊

ထိုပစ္စည်း၊ ပစ္စယုပ္ပန် ၂-ပါးတို့တွင် ဆိုအပ်ပြီးသောပစ္စည်းတရားတို့သည် ဆိုအပ်ပြီးသောပစ္စယုပ္ပန်တရားတို့အား ဟေတုသတ္တိဖြင့် ကျေးဇူးပြုပေ၏၊

၁။ အစိတ်၊ အစိတ်ကား- လောဘမူစိတ်ရှစ်ခု၌ရှိသော လောဘသည် မောဟသည် လောဘမောဟသည် ပဉ္စဝေါကာရ ၂၆-ဘုံ၌ဖြစ်သောအခါ သမ္ပယုတ္တခန္ဓာ၊ သဟိတ်စိတ္တဇရုပ်တို့အား စတုဝေါကာရဘုံ၌ကား သမ္ပယုတ္တခန္ခာအားသာ ဟေတုသတ္တိဖြင့် ကျေးဇူးပြုပေ၏၊

ပစ္စည်းတပ်ဟန်ကား- လောကစိတ် ဧကာသီတိစေတသိက် ဒွေပညာသ၊ ရုပ်အဋ္ဌဝီသ၊ ပညတ်ဟုဆိုအပ်သော အာရုံ ၆-ပါးတို့တွင် တပါးပါးကို အာရုံပြု၍ လောဘမူဇော ဝီထိ စိတ္တုပ္ပါဒ်ဖြစ်လတ်သော် မိမိပဋိသန္ဓေစိတ်နှင့်တူသောစိတ်သည် ဘဝင်္ဂစလနဘဝင်္ဂုပစ္ဆေဒဟု ဘဝင်ကိစ္စနှစ်ကြိမ်ဖြစ်၍ ချုပ်၏၊

ထို့နောင် အာရုံ ၆-ပါးတို့တွင် တစ်ပါးပါးကို အာရုံပြု၍ ဆင်ခြင်တတ်သော မနောဒွါရာဝဇ္ဇန်းစိတ်သည် အာဝဇ္ဇန်းကိစ္စတစ်ကြိမ်ဖြစ်၍ ချုပ်၏၊

ထို့နောင် ထိုအာရုံကို အာရုံပြု၍ လောဘမူစိတ် ၈-ခုတို့တွင် တစ်ခုခုသည် ဇော ၇-ကြိမ်ဖြစ်၍ ချုပ်၏၊

ထို့နောင် ဝိဘူတာရုံဝီထိဖြစ်အံ့ တဒါရုံ ဧကာဒသတို့တွင် တစ်ခုခုသည် သဒါရုံကိစ္စ ၂-ကြိမ်ဖြစ်၍ ချုပ်၏၊

ထို့နောင် ဘဝင်ကိစ္စဖြစ်ထိုက်သ၍ ဖြစ်၍ချုပ်၏၊

ထိုသို့ဖြစ်သောအခါ လောဘမူပထမဇော အစရှိသော စိတ္တက္ခဏတစ်ခုခု၌ရှိသော လောဘသည် မောဟသည် လောဘမောဟသည် ပဉ္စဝေါကာ ၂၆-ဘုံ၌ဖြစ်သောအခါ သမ္ပယုတ္တခန္ဓာအဟိတ်စိတ္တဇရုပ်တို့အား စတုဝေါကာရဘုံ၌ကား သမ္ပယုတ္တခန္ဓာအားသာ ဟေတုသတ္တိဖြင့် ကျေးဇူးပြု၏၊

မနောဒွါရဝီထိကိုသာ အရင်းတည်၍ပြလိုက်သည်။ ပဉ္စဒွါရဝီထိတို့ ကျရာ၌ ရှိလည်း ဤနည်းအတူ ပစ္စည်းသက်ဟန်ကိုသိလေ။

၂။ ဒေါသမူဒွေ၌ရှိသော ဒေါသသည် မောဟသည် ဒေါသမောဟသည် ကာမ ၁၁-ဘုံ၌သာ သမ္ပယုတ္တခန္ဓာ၊ သဟိတ်စိတ္တဇရုပ်တို့အား ဟေတုသတ္တိဖြင့် ကျေးဇူးပြု၏၊

ပစ္စည်းသက်ဟန်ကား- လောကီစိတ် ဧကသီတိစေတသိက်ဒွေပညာသ၊ ရုပ်အဋ္ဌဝီသ ပညတ်ဟုဆိုအပ်သော အာရုံ ၆-ပါးတို့တွင် တစ်ပါးပါးကို အာရုံပြု၍ ဒေါသမူဇော ဝီထိစိတ္တုပါဒ်ဖြင့် လိုလတ်သော် ဘဝင်္ဂစလနဘဝင်္ဂုပစ္ဆေဒ မနောဒွါရဝဇ္ဇန်း၊ ထို့နောင် ဒေါသမူဒွေတို့တွင် တစ်ခုခုသည် ဇောကိစ္စ ၇-ကြိမ်၊ ဝိဘူတာရုံဝီထိဖြစ်အံ့ ဥပေက္ခာတဒါရုံ ၆-ခုတို့တွင် တစ်ခုခုသည် တဒါရုံ ၂-ကြိမ် ထို့နောင် ဘဝင် အဝိဘူတာရုံဝီထိ ဥပေက္ခာပဋိသန္ဓေ နေသောသူဖြစ်အံ့ ဥပေက္ခာဘဝင် ၆-ခုတို့တွင် တစ်ခုခုသည် ဘဝင်ကိစ္စဖြစ်၍ချုပ်၏၊ သောမနဿပဋိသန္ဓေနေသောသူဖြစ်အံ့ ဥပေက္ခာသဟဂုတ်သန္တီရဏသည် အာဂန္တုကဘဝင် ထို့နောင် မိမိပဋိသန္ဓေနှင့်တူသော သောမနဿဘဝင်စိတ်တို့သည် ယထာရဟဖြစ်ကုန်၏၊ ထိုသို့ဖြစ်သောအခါ ဒေါသမူပထမဇောအစရှိသော စိတ္တက္ခဏတစ်ခုခု၌ရှိသော ဒေါသသည် မောဟသည် ဒေါသမောဟသည် ကာမ ၁၂-ဘုံ၌သာ သမ္ပယုတ္တခန္ဓာ၊ သဟိတ်စိတ္တဇရုပ်တို့ အား ဟေတုသတ္တိဖြင့် ကျေးဇူးပြုပေ၏၊

၃။မောဟမူဒွေ၌ရှိသော မောဟသည် ပဉ္စဝေါကာရ ၂၆-ဘုံ၌ဖြစ်သောအခါ သမ္ပယုတ္တခန္ဓာ၊ သဟိတ်စိတ္တဇရုပ်တို့အား စတုဝေါကာရဘုံ၌ကား သမ္ပယုတ္တခန္ဓာအားသာ ဟေတုသတ္တိဖြင့် ကျေးဇူးပြုပေ၏၊ လောဘမူကဲ့သို့ ဝီထိချ၍ ပစ္စည်းတပ်လေ။

၄။မဟာကုသိုလ်ဉာဏသမ္ပယုတ် ၄-ခု၌ရှိသော အလောဘသည် အဒေါသသည် အမောဟသည် အလောဘအဒေါသသည် အလောဘအမောဟသည် အလောဘအဒေါသအမောဟသည် ပဉ္စဝေါကာရ ၂၆-ဘုံ၌ ဖြစ်သောအခါ သမ္ပယုတ္တခန္ဓာ၊ သဟိတ်စိတ္တဇရုပ်တို့အား စတုဝေါကာရဘုံ၌ကား သမ္ပယုတ္တခန္ဓာအားသာ ဟေတုသတ္တိဖြင့် ကျေးဇူး ပြုပေ၏၊ ဝီထိချ၍ ပစ္စည်းသက်လေ။

၅။မဟာကုသိုလ် ဉာဏဝိပ္ပယုတ် ၄-ခု၌ရှိသော အလောဘသည် အဒေါသသည် အလောဘအဒေါသသည် ပဉ္စဝေါကာရ ၂၆-ဘုံ၌ဖြစ်သောအခါ သမ္ပယုတ္တခန္ဓာ၊ သဟိတ်စိတ္တဇရုပ်တို့အား ဟေတုသတ္တိဖြင့် ကျေးဇူးပြုပေ၏၊ ဝီထိချ၍ ပစ္စည်းသက်လေ။

၆။မဟာဝိပါက် ဉာဏသမ္ပယုတ် ၄-ခု၌ရှိသော ဟိတ် ၃-ပါးသည် ကာမသုဂတိ ၇-ဘုံ၌သာ ပဋိသန္ဓေအခါ သမ္ပယုတ္တခန္ဓာ၊ သဟိတ်ကမ္မဇရုပ်တို့အား၊ ပဝတ္တိအခါ သမ္ပယုတ္တခန္ဓာ၊ သဟိတ်စိတ္တဇရုပ်တို့အား ဟေတုသတ္တိဖြင့် ကျေးဇူးပြုပေ၏၊

ပစ္စည်းသက်ဟန်ကား သုဒ္ဓါဝါသကြဉ်သော ပဉ္စဝေါကာရ ၂၁-ဘုံ၌ အသညသတ်ဘုံ၊ အရူပ ၄- ဘုံတို့တွင် တစ်ဘုံဘုံမှ စုတေ၍ ကာမသုဂတိ ၇-ဘုံ၌ တိဟိတ်ပဋိသန္ဓေနေလိုလတ်သော် ပဋိသန္ဓေစိတ်နှင့်တူသော စိတ်သည် ဘဝင်္ဂစလနဘဝင်္ဂုပစ္ဆေဒ၊ နိမိတ် ၃-ပါးတွင် တစ်ပါးပါးကို အာရုံပြု၍ မနောဒွါရဝဇ္ဇန်း မဟာကုသိုလ် ၈-ခုတို့တွင် တစ်ခုခုသည် မရဏာသန္နဇောကိစ္စ ၅-ကြိမ် ထို့နောင် မိမိပဋိသန္ဓေစိတ်နှင့်တူသောစိတ်သည် စုတိကိစ္စတစ်ကြိမ်ဖြစ်၍ ချုပ်၏၊

ထို့နောင် မဟာဝိပါက်ဉာဏသမ္ပယုတ် ၄-ခုတို့တွင် တစ်ခုခုသည် မရဏာသန္နဇောသည် မနောဒွါရဖြင့်ယူအပ်သော နိမိတ် ၃-ပါးတို့တွင် တစ်ပါးပါးကို အာရုံပြု၍ ပဋိသန္ဓေကိစ္စတစ်ကြိမ် ထို့နောင် ပဋိသန္ဓေသစ်နှင့်တူသောစိတ်သည် ဘဝင်ကိစ္စ ၁၅-ကြိမ် ၁၆-ကြိမ် ထို့နောင် ပဋိသန္ဓေသစ်ကို အာရုံပြု၍ ဆင်ခြင်တတ်သော မနောဒွါရဝဇ္ဇန်း ထို့နောင် ပဋိသန္ဓေသစ်ကို အာရုံပြု၍ ပြင်းစွာတပ်တတ်သော လောဘမူစိတ် ၈-ခုတို့တွင် တစ်ခုခုသည် ဘဝနိကန္တိက လောဘဇော ၇-ကြိမ် ထို့နောင် ဘဝင်ကိစ္စဖြစ်၍ချုပ်၏၊

ထိုသို့ဖြစ်သောအခါ မဟာဝိပါက် ဉာဏသမ္ပယုတ် ပဋိသန္ဓေ နာမက္ခန္ဓာ၌ရှိသော တိဟိတ် ၃- ပါးသည် ကာမသုဂတိ ၇-ဘုံ၌သာ ပဋိသန္ဓေအခါ သမ္ပယုတ္တခန္ဓာ၊ သဟိတ်ကမ္မဇရုပ်တို့အား ပဝတ္တိအခါ သမ္ပယုတ္တခန္ဓာ၊ သဟိတ်စိတ္တဇရုပ်တို့အား ဟေတုသတ္တိဖြင့် ကျေးဇူးပြုပေ၏၊

၇။မဟာဝိပါက်ဉာဏဝိပ္ပယုတ် ၄-ခု၌ရှိသော ဟိတ် ၂-ပါးသည် ကာမသုဂတိ ၇-ဘုံ၌သာ ပဋိသန္ဓေအခါ သမ္ပယုတ္တခန္ဓာ၊ သဟိတ်ကမ္မဇရုပ်တို့အား ပဝတ္တိအခါ သမ္ပယုတ္တခန္ဓာ၊ သဟိတ်စိတ္တဇရုပ်တို့အား ဟေတုသတ္တိဖြင့် ကျေးဇူးပြုပေး၏၊ (ယခင်ကဲ့သို့ဝီထိချလေ။)

၈။မဟာကြိယာဉာဏသမ္ပယုတ် ၄-ခု၌ရှိသော ဟိတ် ၃-ပါးသည် အပါယ်ကြဉ်သော ပဉ္စဝေါကာရ ၂၂-ဘုံ၌ဖြစ်သောအခါ သမ္ပယုတ္တခန္ဓာ၊ သဟိတ်စိတ္တဇရုပ်တို့အား စတုဝေါကာရဘုံ၌ကား သမ္ပယုတ္တခန္ဓာအားသာ ဟေတုသတ္တိဖြင့် ကျေးဇူးပြုပေ၏၊ (ကုသိုလ်ကဲ့သို့ ဝီထိချလေ။) ဉာဏဝိပ္ပယုတ်လည်း ဤနည်းအတူ ဟိတ်နှစ်ပါးဆိုရသည်သာ ထူး၏၊

၉။ရူပကုသိုလ် ၅-ခု၌ရှိသော ဟိတ် ၃-ပါးသည် အပါယ်ကြဉ်သော ပဉ္စဝေါကာရ ၂၂-ဘုံ၌သာ သမ္ပယုတ္တခန္ဓာ၊ သဟိတ်စိတ္တဇရုပ်တို့အား ဟေတုသတ္တိဖြင့် ကျေးဇူးပြုပေ၏၊

ပစ္စည်းတပ်ဟန်ကား ပထမစျာန်ကိုရလိုသော ကာမတိဟိတ်ပုဂ္ဂိုလ်သည် ကသိုဏ်း ၁၀-ပါး၊ အသုဘ ၁၀-ပါး၊ ကာယဂတာသတိ၏ အာရုံဖြစ်သော ဆံအစရှိသော ကောဋ္ဌာသပညတ် အာနပါနဿတိ၏ အာရုံဖြစ်သော ထွက်သက်ဝင်သက်ပညတ်၊ မေတ္တာကရုဏာမုဒိတာဟူသော ဗြဟ္မဝိဟာရ တရား၃-ပါး၏ အာရုံဖြစ်သော အတိုင်းမသိသော သတ္တဝါပညတ် ဤ ၂၅-ပါးသော ပညတ်တို့တွင် တပါးပါးကို အာရုံပြု၍ ပထဝီပထဝီ စသည်ဖြင့် စီးဖြန်းဖန်းများ၍ ပထမစျာန်ကို ရလတ်လိုသော် မိမိပဋိသန္ဓေ စိတ်နှင့်တူသော စိတ်သည် ဘဝင်္ဂစလနဘဝင်္ဂုပစ္ဆေဒ၊ ထို့နောင် ထိုအာရုံကို အာရုံပြု၍ မဟာကုသိုလ် ပထမဒွေတို့တွင် တခုခုသည် မန္ဒပညာပုဂ္ဂိုလ်အား ပရိကံဥပစာအနုလုံဂေါတြဘူ ဟူ၍ ၃-ကြိမ် ဥပစာသမာဓိဇော ကိစ္စဖြစ်၍ ချုပ်၏၊

ထို့နောင် တိက္ခပညာပုဂ္ဂိုလ်အား ၄-ကြိမ်မြောက် မန္ဒပညာပုဂ္ဂိုလ်အား ၅-ကြိမ်မြောက် စျာန်အင်္ဂါငါးပါးနှင့် ပြည့်စုံသော ရူပါဝစရကုသိုလ် ပထမစျာန်စိတ်သည် အာဒိကမ္မိကဖြစ်အံ့-တကြိမ်သာ၊ သမာပဇ္ဇနဝီထိဖြစ်အံ့ - ဘဝင်အယဉ်ကဲ့သို့ အလိုရှိသော အတိုင်း အပ္ပနာ သမာဓိ ဇောကိစ္စဖြစ်၍ ချုပ်၏၊ ထို့နောင် ဘဝင်ဖြစ်ထိုက်သရွေ့ ဖြစ်၏၊

ထိုသို့ဖြစ်သောအခါ ရူပါဝစရ ပထမစျာန် ဇောစိတ္တက္ခဏ တခုခု၌ရှိသော ဟိတ်-၃ပါးသည် အပါယ်ကြဉ်သော ပဉ္စဝေါကာရ ၂၂-ဘုံ၌သာ သမ္ပယုတ္တခန္ဓာ၊ သဟိတ်စိတ္တဇရုပ်တို့အား ဟေတုသတ္တိဖြင့် ကျေးဇူးပြုပေ၏၊

၁၀။ ရူပဝါစရ ပထမစျာန် ဝိပါက်ရှိသော ဟိတ်၃-ပါးသည် ပထမစျာန် ၃-ဘုံ၌သာ ပဋိသန္ဓေအခါ သမ္ပယုတ္တခန္ဓာ၊ သဟိတ်ကမ္မဇရုပ်တို့အား၊ ပဝတ္တိအခါ သမ္ပယုတ္တခန္ဓာ၊ သဟိတ်စိတ္တဇရုပ်တို့အား ဟေတုသတ္တိဖြင့် ကျေးဇူးပြုပေ၏၊

ဒုတိယစျာန်ဝိပါက် တတိယစျာန်ဝိပါက်၌ရှိသော ဟိတ် ၃-ပါးသည် ဒုတိယစျာန်ဘုံ၌သာ စတုတ္ထစျာန်ဝိပါက်၌ရှိသော ဟိတ် ၃-ပါးသည် တတိယစျာန်ဘုံ၌သာ၊ ပဉ္စမစျာန်ဝိပါက်၌ရှသော ဟိတ် ၃ -ပါးသည် စတုတ္ထစျာန်ဘုံ၌သာ ပဋိသန္ဓေအခါ သမ္ပယုတ္တခန္ဓာ၊ သဟိတ်ကမ္မဇရုပ်တို့အား၊ ပဝတ္တိအခါ သမ္ပယုတ္တခန္ဓာအားသာ သဟိတ်စိတ္တဇရုပ်တို့အား ဟေတုသတ္တိဖြင့် ကျေးဇူးပြုပေ၏၊ (ဝီထိမှာ မဟာဝိပါက်၏ နည်းအတိုင်း ချရမည်၊ ကြိယာလည်း ကုသိုလ်နှင့် တူပြီ)

၁၁။ အရူပကုသိုလ် ၄-ခု၌ရှိသော ဟိတ် ၃-ပါးသည် အပါယ်ကြဉ်သော ပဉ္စဝေါကာရ ၂၂-ဘုံ၌ ဖြစ်သောအခါ သမ္ပယုတ္တခန္ဓာ၊ သဟိတ်စိတ္တဇရုပ်တို့အား စတုဝေါကာရဘုံ၌ကား သမ္ပယုတ္တခန္ဓာအားသာ ဟေတုသတ္တိဖြင့် ကျေးဇူးပြုပေ၏၊ (အာဒိကမ္မိကဝီထိသမာပဇ္ဇနဝီထိ၊ ချရိုးအတိုင်းချ၍ ပစ္စည်းတပ်လေ)

၁၂။ မဂ်စိတ် ၄-ခု ရှိသော ဟိတ် ၃-ပါးသည် အပါယ်ကြဉ်သော ပဉ္စဝေါကာရ ၂၂-ဘုံ၌ ဖြစ်သောအခါ သမ္ပယုတ္တခန္ဓာအားသာ ဟေတုသတ္တိဖြင့် ကျေးဇူးပြုပေ၏၊

ပစ္စည်းတပ်ဟန်ကား-သောတာပတ္တိမဂ် သောတာပတ္တိဖိုလ်ကို ရခြင်းဌာ အလိုရှိသော ဝိပဿနာယောဂီဖြစ်သော တိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်သည် တေဘုမ္မက သင်္ခါရတို့တွင် တပါးပါးကို အာရုံပြု၍ သဗ္ဗေ ဓမ္မာ အနတ္တာ ဟူ၍၄င်း အဖန်တလဲလဲ စီးဖြန်းဖန်များ၍ သောတာပတ္တိမဂ်ကို ရလိုလတ်သော် ဘဝင်္ဂစလနဘဝင်္ဂုပစ္ဆေဒ၊ ထို့နောင် တေဘုမ္မကသင်္ခါရတို့တွင် တပါးပါးကို အာရုံပြု၍ မနောဒွါရာဝဇ္ဇန်း၊ ထို့နောင် မဟာကုသိုလ်ပထမဒွေတို့တွင် တခုခုသည် မန္ဒပညာပုဂ္ဂိုလ်အား ပရိကံဥပစာအနုလုံ၊ နိဗ္ဗာန်ကိုအာရုံပြု၍ ဂေါတြဘူဟ ၄-ကြိမ်၊ တိက္ခပညာပုဂ္ဂိုလ်အား ဥပစာအနုလုံ၊ နိဗ္ဗာန်ကို အာရုံပြု၍ ဂေါတြဘူဟု ၃-ကြိမ်၊ ဝုဋ္ဌာနဂါမိနိဝိပဿနာဇော ကိစ္စဖြစ်၍ ချုပ်၏၊

ထို့နောင် တိက္ခပညာပုဂ္ဂိုလ်အား ၄-ကြိမ်မြောက်၊ မန္ဒပညာပုဂ္ဂိုလ်အား ၅-ကြိမ်မြောက်၊ စျာန်အင်္ဂါ ၅-ပါးနှင့် ပြည့်စုံသော သောတာပတ္တိမဂ် ပထမစျာန်စိတ်သည်၄င်း၊ စျာန်အင်္ဂါ ၄-ပါးနှင့် ပြည့်စုံသော ဒုတိယစျာန်စိတ်သည်၄င်း၊ စျာန်အင်္ဂါ ၃-ပါးနှင့် ပြည့်စုံသော တတိယစျာန်စိတ်သည်၄င်း၊ စျာန်အင်္ဂါနှစ်ပါးနှင့်ပြည့်စုံသော စတုတ္ထစျာန်စိတ်သည်၄င်း ဂေါတြဘူသည် မဟာကုသိုလ် တတိယဒွေ တို့တွင် တခုခုဖြစ်အံ့၊ စျာန်အင်္ဂါနှစ်ပါးနှင့် ပြည့်စုံသော ပဉ္စမစျာန်စိတ်သည်၄င်း၊ နိဗ္ဗာန်ကို အာရုံပြု၍ ဒုက္ခသစ္စာကို ပိုင်းခြား၍သိခြင်း သမုဒယသစ္စာကို ပယ်ခြင်း နိရောဓသစ္စာကို မျက်မှောက်ပြုခြင်း မဂ္ဂသစ္စာကို ပွားစေခြင်း တည်းဟူသော ကိစ္စလေးပါးကို တပြိုင်နက် တချက်တည်းပြီးစေလျက် မဂ်ကိစ္စတကြိမ်ဖြစ်၍ ချုပ်၏၊ ထို့နောင် သောတာပတ္တိမဂ်ဇောစေတနာသည် ဖြစ်စေအပ်သော သောတာပတ္တိမဂ်စိတ်နှင့် စျာန်အင်္ဂါ အာရုံ အစရှိသောအားဖြင့် တူသော သောတာပတ္တိဖိုလ်စိတ်သည် နိဗ္ဗာန်ကို အာရုံပြု၍ တိက္ခပညပုဂ္ဂိုလ်အား ဖိုလ် ဖိုလ် ဖိုလ် ဟု သ-ကြိမ်၊ မန္ဒပညာပုဂ္ဂိုလ်အား ဖိုလ် ဖိုလ် ဟု ၂-ကြိမ် ဖိုလ်ဇောကိစ္စဖြစ်၍ ချုပ်၏၊ ထို့နောင် ဘဝင်ကိစ္စ ဖြစ်ထိုက်သရွေ့ ဖြစ်၍ ချုပ်၏၊

ထိုသို့ဖြစ်သောအခါ သောတာပတ္တိမဂ် စိတ္တက္ခဏ တခု၌ရှိသော ဟိတ် ၃ ပါးသည် အပါယ်ကြဉ်သော ပဉ္စဝေါကာရ ၂၂ ဘုံ၌ ဖြစ်သောအခါ သမ္ပယုတ္တခန္ဓာ၊ သဟိတ်စိတ္တဇရုပ်တို့အား ဟေဟုသတ္တိဖြင့် ကျေးဇူးပြုပေ၏ (နောက်ဝီထိတို့၌လည်း ဤနည်းတ ပြည့်စုံစွာဆိုလေ)

၁၃။အကျဉ်းချုံး၍ ရေးလိုက်ပေအံ့။ သောတာပတ္တိမဂ် သောတာပတ္တိဖိုလ်ရပြီးသော သောတာပန် ဂ္ဂိုလ်သည် တေဘုမ္မကသင်္ခါရတို့တွင် တပါးပါးကို အာရုံပြု၍
သဗ္ဗေ သင်္ခါရာ အနိစ္စာ ဟူ၍၄င်း
သဗ္ဗေ သင်္ခါရာ ဒုက္ခာ ဟူ၍၄င်း
သဗ္ဗေ ဓမ္မာ အနတ္တာ ဟူ၍၄င်း
အဖန်တလဲလဲ စီးဖြန်းဖန်းများ၍ သကဒါဂါမိမဂ် သကဒါဂါမိဖိုလ်ကို ရလိုလတ်သော် ဘဝင်္ဂစလနဘဝင်္ဂုပစ္ဆေဒမနောဒွါရာဝဇ္ဇန်း၊ ထို့နောင် မဟာကုသိုလ် ပထမဒွေတို့တွင် အာရုံပြု၍ ဝေါဒါန်ဟု ၄ ကြိမ်၊ တိက္ခပညာ ပုဂ္ဂိုလ်အား ဥပစာအနုလုံ၊ နိဗ္ဗာန်ကို အာရုံပြု၍ ဝေါဒါန်ဟု ၃ ကြိမ် ဝုဌာနဂါမိနိဝိပဿနာဇော ကိစ္စဖြစ်၍ချုပ်၏ ထို့နောင် တက္ခပညာပုဂ္ဂိုလ်အား ၄ကြိမ်မြောက် မန္ဒပညာ ပုဂ္ဂိုလ်အား ၅ ကြိမ်မြောက် စျာန်အင်္ဂါ ၅ ပါးနှင့် ပြည့်စုံသော သကဒါဂါမိမဂ် ပထမစျာန်စိတ်သည်၄င်း စျာန်အင်္ဂါ ၃ ပါးနှင့် ပြည့်စုံသော တတိယစျာန်စိတ်သည်၄င်း စျာန်အင်္ဂါနှစ်ပါးနှင့် ပြည့်စုံသော စတုတ္ထစျာန်စိတ်သည်၄င်း ဝေါဒါန်သည် မဟာကုသိုလ် တတိယဒွေတို့တွင် တခုခုဖြစ်အံ့ စျာန်အင်္ဂါနှစ်ပါးနှင့် ပြည့်စုံသော သကဒါဂါမိမဂ် ပဉ္စစျာန်စိတ်သည်၄င်း၊

၁။ဒုက္ခသစ္စာကို ပိုင်းခြား၍သိခြင်း
၂။သမုဒယသစ္စာကို ပယ်ခြင်း
၃။နိရောဓသစ္စာကို မျက်မှောက်ပြုခြင်း
၄။မဂ္ဂသစ္စာကို ပွားစေခြင်း
ဟူသောကိစ္စ ၄ ပါးကို တပြိုင်နက် တချက်တည်းပြီးစေလျက် မဂ်ကိစ္စတစ်ကြိမ်ဖြစ်၍ ချုပ်၏ ထို့နောက် သကဒါဂါမိမဂ်ဇော စေတနာသည် ဖြစ်စေအပ်သေ သကဒါဂါမိမဂ်စိတ်နှင့် စျာန်အင်္ဂါ အာရုံအစရှိသော အားဖြင့် တူသော သကဒါဂါမိဖိုလ်စိတ်သည် နိဗ္ဗာန်ကို အာရုံပြု၍ တိက္ခပညာပုဂ္ဂိုလ်အား ဖိုလ်၊ ဖိုလ်၊ ဖိုလ်၊ ဟု ၃ကြိမ်၊ မန္ဒပညာပုဂ္ဂိုလ်အား ဖိုလ်၊ ဖိုလ်၊ ဟု နှစ်ကြိမ်ဖိုလ်ဇောကိစ္စဖြစ်၍ ချုပ်၏ ထို့နောင် ဘဝင်ကိစ္စ ဖြစ်ထိုက်သရွေ့ ဖြစ်၍ချုပ်၏

ထို့သိုဖြစ်သောအခါ သကဒါဂါမိမဂ် စိတ္တက္ခဏတခု၌ရှိသော ဟိတ် ၃ပါးသည် အပါယ်ကြဉ်သော ပဉ္စဝေါကာရ ၂၂ဘုံ၌ဖြစ်သောအခါ သမ္ပယုတ္တခန္ဓာ၊ သဟိတ်စိတ္တဇရုပ် တို့အား စတုဝေါကာရ ဘုံ၌ကား သမ္ပယုတ္တခန္ဓာအားသော ဟေတုသတ္တိဖြင့် ကျေးဇူးပြုပေ၏ အနာဂါမိမဂ် ဝီထိ၊ အရဟတ္တမဂ် ဝီထိတို့ကိုလည်း ဤနည်းအတူဆိုလေ

၁၄။သောတာပတ္တိမဂ် ၅ ပါး၏ ရှေ့၌ကျသော ဂေါတြဘူ ၅ ပါးသည် တိက္ခပညာမန္ဒပညာ ပုဂ္ဂိုလ်အားဖြင့် နှစ်ပါးပြားရကား ၂ ခုနှင့်မြှောက် ၁၁ ပါးဖြစ်၏

ထိ့ု ၁၀ပါးကို သုညတ အပ္ပဏိဟိတယ အနိမိတ္တတည်းဟူသော ဝိပဿနာ ၃ ပါးနှင့်မြောက် ဂေါတြဘူ ၃၀ ဖြစ်၏

အထက်မဂ် ၃ ခု၏ ရှေ့၌ကျသော ဝေါဒါန်စိတ်ကိုလည်း ဤနည်းအတူ မြှောက်သော် ၃၀ စီရ၏

ဂေါတြဘူ ၃၀ ဝေါဒါန် ၃၀ ၃ လီအားဖြင့် ၁၂၀ သော စိတ်တို့သည် မနောဒွါရာဝဇ္ဇန်းယူခဲ့သော အာရုံကို အာရုံမပြု၊ နိဗ္ဗာန်ကိုသာ အာရုံပြုကြသောကြောင့် အာဝဇ္ဇန်းကင်းသောစိတ် မည်ကုန်၏

၁၅။ဖလသမာပတ္တိ ဝီတိဖြစ်ဟန်ကား သောတာမတ္တိမဂ် သောတာပတ္တိဖိုလ်ကို ရပြီးသော သောတာပန် ပုဂ္ဂိုလ်သည် နိဗ္ဗာန်ကို အာရုံပြု၍ သောတာပတ္တိဖိုလ်ကို ဝင်စားလိုလတ်သော် ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ၊ နိဗ္ဗာန်ကို အာရုံပြု၍ မနောဒွါရာဝဇ္ဇန်း၊ ထို့နောင် မဟာကုသိုလ် ပထမဒွေတို့တွင် တခုခုသည် မန္ဒညာပုဂ္ဂိုလ်အား အနုလုံအနုလုံ ဟု ၄ ကြိမ် တိက္ခပညာ ပုဂ္ဂိုလ်အား အနုလုံအနုလုံ ဟု ၃ ကြိမ် ဝုဌာဂါမိနိဝိပဿနာဇောကိစ္စဖြစ်၍ ချုပ်၏ ထို့နောင် သောတာပတ္တိဖိုလ် ပထမ စျာန်စိတ်သည်၄င်း၊ ဒုတိယစျာန်စိတ်သည်၄င်း တတိယ စျာန်စိတ်သည်၄င်း စတုတ္ထစျာန်စိတ်သည်၄င်း စတုတ္ထအနုလုံသည် မဟာကုသိုလ် တတိယ ဒွေတို့တွင် တခုခုဖြစ်အံ့ ပဉ္စမစျာန်စိတ်သည်၄င်း၊ ဘဝင်အယဉ်ကဲ့သို့ အလိုရှိသော အတိုင်း ဖိုလ်ဇောကိစ္စ ဖြစ်၍ချုပ်၏ ထို့နောင် ဘဝင်ကိစ္စ ဖြစ်ထိုက်သရွေ့ဖြစ်၏

ထို့သို့ဖြစ်သောအခါ သောတာပတ္တိဖိုလ်စိတ္တက္ခဏတခု တခု၌ရှိသော ဟိတ် ၃ ပါးသည် အပါယ်ကြဉ်သော ပဉ္စဝေါကာရ ဘုံ၌ဖြစ်သောအခါ သမ္ပယုတ္တခန္ဓာ၊ သဟိတ်စိတ္တဇရုပ်တို့အား စတုဝေါကာရ ဘုံ၌ကား သမ္ပယုတ္တခန္ဓာအားဖြင့် ဟေတုသတ္တိဖြင့် ကျေးဇူးပြုပေ၏ (အထက်ဖိုလ် ၃ပါးကိုလည်း ဤနည်းအတူ ဝီထိချလေ။)

ဤမျှလောက်သော ဝီထိတို့ကို နှုတ်တတ်ဆောင်မှ အထက်ပစ္စည်း တပ်ဟန်များကိုလည်း သိနိုင်မည်ဖြစ်၍ ဝီထိကျဟန်တို့ကို အကျဉ်းရေးလိုက်သည်။

သဟိတ်စိတ် ဧကသတ္တတိတို့၏ ဝီထိချဟန်

ဟေတုပစ္စည်းတပ်ဟန် ပြီး၏၊

---

၄၀၃-အာရမ္မဏ ပစ္စည်းကို ပြခြင်း

အာရမ္မဏ ပစ္စယော ဟူသော ပစ္စယုဒ္ဒေသ၌ သရုပ်တို့သည်
၁။ပစ္စည်း၊ ၂။ ပစ္စယုပ္ပန်၊ ၃။ ပစ္စနိက်အားဖြင့် ၃ပါးအပြား ရှိကုန်၏ ထို ၃ပါးတို့တွင် စိတ်တခုယုတ် ၉၀ စေတသိက်ဒွေပညာသ၊ ရုပ်အဌဝီသ၊ နိဗ္ဗာန်၊ ပစ္စည်းထိုက်သော အချို့သော ပညတ် ဤတရားတို့သည် အာရမ္မဏပစ္စည်းတပ်သော တရားမည်ကုန်၏

စိတ်တခုယုတ် ၉၀ စေတသိက် ဒွေပညာသနာမက္ခန္ဓာ ဤတရားတို့သည် အာရမ္မဏပစ္စည်း၏ ပစ္စယုပ္ပန်ဖြစ်သော တရားမည်ကုန်၏၊ (ပစ္စနိက်ကား-မရှိ)

ထိုပစ္စည်း ပစ္စယုပ္ပန် နှစ်ပါးတို့တွင် ဆိုအပ်ပြီးသော ပစ္စည်းတရားတို့သည် ဆိုအပ်သော ပစ္စယုပ္ပန်တရားတို့အား အာရမ္မဏ သတ္တိဖြင့် ကျေးဇူးပြုပေ၏

၁။ တနည်းကား-
ပစ္စုပ္ပန် ရူပါရုံ သည် စက္ခုဝိညာဉ်ဒွေအားယ
ပစ္စုပ္ပန် သဒ္ဒါန်ရုံသည် သောတဝိညာဉ်ဒွေအားယ
ပစ္စုပ္ပန် ဂန္ဓာရုံသည် ဃာနဝိညာဉ်ဒွေအားယ
ပစ္စုပ္ပန် ရသာရုံသည် ဇိဝှါဝိညာဉ်ဒွေအားယ
ပစ္စုပ္ပန် ဖောဋ္ဌဗ္ဗာရုံသည် ကာယဝိညာဉ်ဒွေအားယ
ပစ္စုပ္ပန် ပဉ္စာရုံသည် ပဉ္စဒွါရာဝဇ္ဇာန်းသမ္ပဋိစ္ဆိုင်းဒွေဟု ဆိုအပ်သော မနောဓာတ် ၃- ခုအား
ကာမစိတ် စတုပညာသစေတသိက် ဒွေပညာသ ရုပ်အဋ္ဌဝီသဟုဆိုအပ်သော အာရုံ ၆-ပါးသည် တဒါရုံဧကာဒသဟသိတုပ္ပါဒ်အား-
လောကီစိတ်ကောသီတိစေတသိက် ဒွေပညာသ၊ ရုပ်အဋ္ဌဝီသ၊ ပညတ်ဟု ဆိုအပ်သော အာရုံ ၆-ပါးသည် အကုသိုလ်ဒွါဒသမဟာကုသိုလ် ဉာဏဝိပ္ပယုတ်စိတ် ၄-ခုမဟာကြိယာ ဉာဏဝိပ္ပယုတ်စိတ် ၄-ခု အား အာရမ္မဏသတ္တိဖြင့် ကျေးဇူးပြုပေ၏၊

၂။ အရဟတ္တမဂ်အရဟတ္တဖိုလ်ကြဉ်သော စိတ် ၈၇-ခု၊ စေတသိက်ဒွေပညာသ၊ ရုပ်အဋ္ဌဝီသ၊ ပညတ်ဟု ဆိုအပ်သော အာရုံ ၆-ပါးသည် မဟာကုသိုလ် ဉာဏသမ္ပယုတ်စိတ် ၄-ခုကုသိုလ်အဘိညာဉ်အား-
ထိုကုသိုလ် အဘိညာဉ်တို့တွင်လည်း ပစ္စုပ္ပန်ဖြစ်သော မိမိ၏ ရူပကာယ သတသဟဿ အစရှိသော နိမ္မိတရုပ် ပါဒကစျာန်ဆိုအပ်သော အာရုံ ၆-ပါးသည် ဣဒ္ဓိဝိဓ ကုသိုလ်အဘိညာဉ်အား-
ဒူရယ ပဋိစ္ဆန္န သဏှယ သုခုမဖြစ်သော ပစ္စုပ္ပန်ရူပါရုံသည် ဒိဗ္ဗစက္ခု ကုသိုလ် အဘိညာဉ်အား-
ဒူရယ ပဋိစ္ဆန္န သဏှယ သုခုမဖြစ်သော ပစ္စုပ္ပန်သဒ္ဒါရုံသည် ဒိဗ္ဗသောတကုသိုလ် အဘိညာဉ်အား-
လွန်လေပြီးသော ၇-ရက်မှစ၍ လာလတ္တံ့သော ၇-ရက်တိုင်အောင် ကာလ ၃-ပါး၌ တည်သော သူတပါးသန္တာန်၌ရှိသော အရဟတ္တဖိုလ်ကြည်သော စိတ် ၈၇-ခု၊ စေတသိက်ဒွေပညာသ ဟု ဆိုအပ်သော ဓမ္မာရုံသည် စေတောပရိယ ကုသိုလ် အဘိညာဉ်အား-
ပုဗ္ဗေနိဝုဋ္ဌဖြစ်သော စိတ် ၈၇-ခု စေတသိက် ဒွေပညာသ ရုပ်အဋ္ဌဝီသ ဟုဆိုအပ်သော ခန္ဓာငါးပါး ထိုခန္ဓာ ငါးပါးနှင့်စပ်သော အမည် အမျိုး အစရှိသော ပညတ် နိဗ္ဗာန်ဟု ဆိုအပ်သော အာရုံ ၆-ပါးသည် ပုဗ္ဗေနိဝါသာနုဿတိ ကုသိုလ်အဘိညာဉ်အား-
အတိတ်ဖြစ်သော ကုသိုလ်၊ အကုသိုလ် ဟုဆိုအပ်သော ဓမ္မာရုံသည် ယထာ-ကမ္မရုံသည် ယထာ-ကမ္မူပဂ ကုသိုလ်အဘိညာဉ်အား-
အနာဂတ်ဖြစ်သောစိတ် ၈၇-ခု စေတသိက်ဒွေပညာသ ရုပ်အဋ္ဌဝီသဟုဆိုအပ်သော ခန္ဓာငါးပါး ထိုခန္ဓာငါးပါး နှင့်စပ်သော အမည် အမျိုး အစရှိသော ပညတ် နိဗ္ဗာန် ဟုဆိုအပ်သော အာရုံ ၆-ပါးသည် အနာဂတံသကုသိုလ် အဘိညာဉ်အား အာရမ္မဏသတ္တိဖြင့် ကျေးဇူးပြုပေ၏၊

၃။ စိတ်တခုယုတ် ၉၀စေတသိက် ဒွေပညာသ ရုပ်အဋ္ဌဝီသ နိဗ္ဗာန်ပညတ်ဟု ဆိုအပ်သော အာရုံ ၆-ပါးသည် မဟာကြိယာ ဉာဏသမ္ပယုတ် ၄-ခုကြိယာ အဘိညာဉ်အား-
ထိုကြိယာ အဘိညာဉ်တို့တွင်လည်း ပစ္စုပ္ပန်ဖြစ်သော မိမိ၏ ရူပကာယ သတသဟဿ အစရှိသော နိမ္မိတရုပ် ပါဒကစျာန်ဟုဆိုအပ်သော အာရုံ၆ပါးသည် ဣဒ္ဓိဝိဓ ကြိယာအဘိညာဉ်အား
ဒူရ ပဋိစ္ဆန္န သဏှ သုခုမဖြစ်သော ပစ္စုပ္ပန်ရူပါရုံသည် ဒိဗ္ဗစက္ခုကြိယာ အဘိညာဉ်အား
ဒူရ ပဋိစ္ဆန္န သဏှ သုခုမဖြစ်သော ပစ္စုပ္ပန်ရူပါရုံသည် ဒိဗ္ဗသောတကြိယာ အဘိညာဉ်အား
လွန်လေပြီးသော ၇-ရက်မှစ၍ လာလတ္တံ့သော ၇-ရက်တိုင်အောင် ကာလ၃-ပါး၌တည်သော သူတစ်ပါး သန္တာန်၌ရှိသော စိတ်တခုယုတ် ၉၀စေတသိက်ဒွေးပညာသ ဟုဆိုအပ်သော ဓမ္မာရုံသည် စေတောပရိယကြိယာအဘိညာဉ်အား
ပုဗ္ဗေနိဝုဋ္ဌဖြစ်သော စိတ်ခုယုတ် ၉၀ စေတသိက် ဒွေပညာသ ရုပ်အဋ္ဌဝီသ ဟုဆိုအပ်သော ခန္ဓာငါးပါး ထိုခန္ဓာငါးပါးနှင့်စပ်သော အမည်အမျိုး အစရှိသော ပညတ် နိဗ္ဗာန်ဟု ဆိုအပ်သော အာရုံ ၆- ပါးသည် ပုဗ္ဗေနိဝါသာနုဿတိ ကြိယာအဘိညာဉ်အား-
အတိတ်ဖြစ်သော ကုသိုလ် အကုသိုလ် ကံဟုဆိုအပ်သော ဓမ္မာရုံသည် ယထာကမ္မူပဂ ကြိယာအဘိညာဉ်အား-
အနာဂတ်ဖြစ်သော စိတ်တခုယုတ် ၉၀စေတသိက် ဒွေပညာသ ရုပ်အဋ္ဌဝီသ ဟုဆိုအပ်သော ခန္ဓာငါးပါး ထိုခန္ဓာငါးပါးနှင့်စပ်သော အမည် အမျိုး အစရှိသော ပညတ် နိဗ္ဗာန် ဟုဆိုအပ်သော အာရုံ ၆- ပါးသည် အနာဂတံသ ကြိယာအဘိညာဉ်အား အာရမ္မဏ သတ္တိဖြင့် ကျေးဇူးပြုပေ၏

၄။ ကသိုဏ်းဆယ်ပါး အသုဘဆယ်ပါး ကာယဂတာသတိ၏ အာရုံဖြစ်သော ဆံအစရှိသော ကောဋ္ဌာသ ပညတ် အာနပါနဿတိ၏ အာရုံဖြစ်သော ထွက်သက် ဝင်သက် ပညတ် မေတ္တာ ကရုဏာ မုဒိတာဟု ဆိုအပ်သော ဗြဟ္မဝိဟာတရား ၃-ပါး၏ အာရုံဖြစ်သော အတိုင်းမသိသော သတ္တဝါ ပညတ် ဤ ၂၅-ပါးသော ပညတ်ဟု ဆိုအပ်သော ဓမ္မာရုံသည် ရူပပထမစျာန် စိတ် ၃-ခုအား
ကသိုဏ်းဆယ်ပါး အာနာပါနဿတိ၏ အာရုံဖြစ်သော ထွက်သက် ဝင်သက် ပညတ် မေတ္တာ ကရုဏာ မုဒိတာဟူသော ဗြဟ္မဝိဟာရတရား ၃-ပါး၏ အာရုံဖြစ်သော အတိုင်းမသိသော သတ္တဝါပညတ် ဤ ၁၄-ပါးသော ပညတ်ဟု ဆိုအပ်သော ဓမ္မာရုံသည် ရူပဒုတိယစျာန် ၃-ခု တတိယစျာန် ၃-ခု စတုတ္ထစျာန်၃-ခုအား
ကသိုဏ်းဆယ်ပါး အာနာပါနဿတိ၏ အာရုံဖြစ်သော ထွက်သက် ဝင်သက် ပညတ် ဥပေက္ခာဟူသော ဗြဟ္မဝိဟာရ တရားတပါး၏ အာရုံဖြစ်သော အတိုင်းမသိသော သတ္တဝါပညတ် ဤ ၁၂- ပါးသော ပညတ်ဟု ဆိုအပ်သော ဓမ္မာရုံသည် ရူပပဉ္စမစျာဉ်စိတ် ၃-ခုအား အာကာသ ကသိုဏ်းသည် ကြဉ်အပ်သော ကသိုဏ်း ၉-ပါးတို့တွင် တပါးပါးကို ခွါ၍ရအပ်သော ကောင်းကင်ပညတ်ဟု ဆိုအပ်သော ဓမ္မာရုံသည် အာကာသာနဉ္စာ ယတနစိတ် ၃-ခုအား
အာကာသာနဉ္စာယတနကုသိုလ် ကြိယာဟုဆိုအပ်သော ဓမ္မာရုံသည် ဝိညာဏဉ္စာယတနကြိယာအား
အာကာသာနဉ္စာယတနကုသိုလ်၏ မရှိခြင်းတည်းဟူသော နတ္ထိဘောပညတ်ဟု ဆိုအပ်သော ဓမ္မာရုံသည် အာကိဉ္စညာယတနကုသိုလ် ဝိပါက်အား
အာကာသာနဉ္စာယတန ကုသိုလ်ကြိယာ၏ မရှိခြင်းတည်းဟူသော နတ္ထိဘောပညတ်ဟု ဆိုအပ်သော ဓမ္မာရုံသည် အာကိဉ္စညာယတနကုသိုလ် ကြိယာအား
အာကာသာနဉ္စာယတန ကုသိုလ်ကြိယာဟု ဆိုအပ်သော ဓမ္မာရုံသည် နေဝသညာနာသညာယထန ကြိယာအား
နိဗ္ဗာန်ဟု ဆိုအပ်သော ဓမ္မာရုံသည် လောကုတ္တရာစိတ် ရှစ်ခုအား အားရမ္မဏသတ္တိဖြင့် ကျေးဇူးပြုပေ၏

ဤအကျဉ်းကို မှီ၍ ဝီထိဆုံးအောင် အကျယ်ချဲ့၍ ပစ္စည်းတပ်ရမည်

ဟေတုပစ္စည်းတပ်ဟန် ပြီး၏၊

၄၀၄ – အဓိပတိပစ္စည်းကို ပြခြင်း

အဓိပတိပစ္စယောဟုူသော ပစ္စယုဒ္ဒေသ၌ အဓိပတိသည်

၁။ အာရမ္မဏာဓိပတိ
၂။ သဟဇာတာဓိပတိ

အားဖြင့် နှစ်ပါးအပြားရှိ၏

ထိုနှစ်ပါးတို့တွင် အာရမ္မဏာဓိပတိဖြစ်အံ့ ပစ္စုပ္ပန် ဣဋ္ဌဖြစ်သော နိပ္ဖန္နရုပ် အဋ္ဌာရသ ဒေါသမူဒွေ မောဟမူဒွေ ဒုက္ခသဟဂုတ်ကာယဝိညာဉ် ကြဉ်သော စိတ် ၈၄ခု ဒေါသ ဣဿာ မစ္ဆရိယ ကုက္ကုစ္စ ဝိစိကိစ္ဆာ ကြဉ်စော စေတသိက် ၄၇-ခု နိဗ္ဗာန် ဤတရားတို့သည် အာရမ္မဏာဓိပတိပစ္စည်း တပ်စောတရားမည်ကုန်၏

အလေးအမြတ် ပြုတတ်စော လောဘမူစိတ် ရှစ်ခု မဟာကုသိုလ်စိတ် ရှစ်ခု မဟာကြိယာ ဉာဏသမ္ပယုတ်စိတ် ၄-ခု လောကုတ္တရာစိတ် ရှစ်ခု ဒေါသ ဣဿာ မစ္ဆရိယ ကုက္ကုစ္စ ဝိစိကိစ္ဆာ အပ္ပမညာ ကြဉ်စော စေတသိက် ၄၅-ခု နာမက္ခန္ဓာ ဤတရားတို့သည် အာရမ္မဏဓိပတိ ပစ္စည်း၏ ပစ္စယုပ္ပန် ဖြစ်သော တရားမည်ကုန်၏၊

ထိုနှစ်ပါးတို့တွင့် ဆိုအပ်ပြီးသော ပစ္စည်းတရားတို့သည် ဆိုအပ်ပြီးသော ပစ္စယုပ္ပန်တရားတို့အား အာရမ္မဏာဓိပတိသတ္တိဖြင့် ကျေးဇူးပြုပေ၏၊

၁။ ။ အစိတ်အားဖြင့်ကး အလေးအမြတ် ပြုအပ်သော လောဘမူစိတ် ရှစ်ခု လောကီကုသိုလ် သတ္တရသဒုက္ခ သဟဂုတ်ကာယဝိညာဉ်ကြဉ်သောလောကီဝိပါက်ဧကတိံသ ကြိယာစိတ်ဝီသ ဣဋ္ဌဖြစ်သော နိပ္ဖန္နရုပ်အဋ္ဌာရသဟု ဆိုအပ်သော အာရုံ၆-ပါးသည် အလေးအမြတ် ပြုတတ်သော လောဘမူစိတ် ရှစ်ခုအား

အလေးအမြတ်ပြုအပ်သော လောကီကုသိုလ်သတ္တရသဟု ဆိုအပ်သော ဓမ္မာရုံသည် အလေးအမြတ်ပြုတတ်သော မဟာကုသိုလ် ဉာဏဝိပ္ပယုတ် ၄-ခုအား

အလေးအမြတ်ပြုအပ်သော လောကီကုသိုလ်သတ္တရ အောက်မဂ်၃-ခု အောက်ဖိုလ်၃-ခု နိဗ္ဗာန်ဟု ဆိုအပ်စော ဓမ္မာရုံသည် အလေးအမြတ် ပြုတတ်သော မဟာကုသိုလ် ဉာဏသမ္ပယုတ် ၄-ခုအား

အလေးအမြတ်ပြုအပ်သော အရဟတ္တမဂ် အရဟတ္တဖိုလ် နိဗ္ဗာန်ဟု ဆိုအပ်သော ဓမ္မာရုံသည် အလေးအမြတ်ပြုတတ်သော မဟာကြိယာ ဉာဏသမ္ပယုတ် ၄-ခုအား

အလေးအမြတ်ပြုအပ်သော နိဗ္ဗာန်ဟု ဆိုအပ်သော ဓမ္မာရုံသည် အလေးအမြတ်ပြုတတ်သော လောကုတ္တရာစိတ် ရှစ်ခုအား အာရမ္မဏာဓိပတိ သတ္တိဖြင့် ကျေးဇူးပြုပေ၏

၂။ ။ သဟဇာတာဓိပတဖြစ်အံ့ – မောဟမူဒွေ ဟသိတုပ္ပါဒါကြဉ်သော သာဓိပတိဇော ၅၂ခု၌ ရှိသောဆန္ဒ ဝီရိယ သာဓိပတိဇော ၅၂-ခုဟု ဆိုအပ်သော သာဓိပတိ တိဟိတ်ဇော ၃၄-ခု၌ရှိသော ဝီမံသ ဤတရားတို့သည် သဟဇာတာဓိပတိ ပစ္စည်းတပ်သော တရားတို့မည်ကုန်၏

အဓိပတိတပ်ခိုက် အဓိပတိတရားကိုယ် ကြဉ်သော သာဓိပတိဇော ၅၂ခု ဝိစိကိစ္ဆာ ကြဉ်သော စေတသိက် ဧကပညာသ သာဓိပတိ စိတ္တဇရုပ် ဤတရားတို့သည် သာဓိပစ္စည်း၏ ပစ္စယုပ္ပန်ဖြစ်သော တရားတို့ မည်ကုန်၏

ထိုနှစ်ပါးတို့တွင် ဆိုအပ်ပြီးသော ပစ္စည်းတရားတို့သည် ဆိုအပ်ပြီးသော ပစ္စယုပ္ပန် တရားတို့အား သဟဇာတာဓိပတိ သတ္တိဖြင့် ကျေးဇူးပြုပေ၏၊

၃။ ။ တနည်းကား-သာဓိပတိဇော၅၂-ခု၌ရှိသော ဆန္ဒာဓိပတိသည် သာဓိပတိဇော ၅၂-ခု ဆန္ဒ ဝိစိကိစ္ဆာကြဉ်သော စေတသိက်ပညာသ သာဓိပတိ စိတ္တဇရုပ် တို့အား

သာဓိပတိဇော ၅၂-ခု၌ ရှိသော ဝီရိယာဓိပတိသည် သာဓိပတိဇော ၅၂-ခု ဝီရိယ ဝိစိကိစ္ဆာ ကြဉ်သော စေတသိက် ပညာသ သာဓိပတိ စိတ္တဇရုပ်တို့အား

သာဓိပတိတိဟိတ်ဇော ၃၄-ခု၌ ရှိသော ဝီမံသာဓိပတိသည် သာဓိပတိ တိဟိတ်ဇော ၃၄ခု ဝီမံသ ကြဉ်သော စေတသိက်သတ္တတိံသ သာဓိပတိ စိတ္တဇ ရုပ်တို့အား သဟဇာတာဓိပတိ သတ္တိဖြင့် ကျေးဇူးပြုပေ၏

၄။ ။ တနည်းကား-လောဘမူစိတ် ရှစ်ခု၌ရှိသော အဓိပတိတရားကိုယ် ၃-ပါးတို့တွင် တပါးပါးသည် ပဉ္စဝေါဟာရဘုံ၌ ဖြစ်သောအခါ သမ္ပယုတ္တခန္ဓာ သာဓိပတိ စိတ္တဇရုပ်တို့အား စတူဝေကာရဘုံ၌ကား သမ္ပယုတ္တခန္ဓာအားသာ

ဒေါသမူဒွေ၌ရှိသော အဓိပတိတရားကိုယ် ၃-ပါး တပါးပါးသည် ကာမ ၁၁-ဘုံ၌သာ သမ္ပယုတ္တခန္ဓာသာဓိပတိစိတ္တဇရုပ်တို့အား

မဟာကုသိုလ်ရှစ်ခု၌ရှိသော အဓိပတိတရားကို ၃-ပါး ၄-ပါး တို့တွင် တပါးပါးသည် ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ သမ္ပယုတ္တခန္ဓာ သာဓိပတိ စိတ္တဇရုပ်တို့အား စတုဝေကာရဘုံ၌ကား သမ္ပယုတ္တခန္ဓအားသာ-

မဟာကြိယာ ရှစ်ခု၌ရှိသော အဓိပတိတရားကို ၃-ပါး ၄-ပါးတို့တွင် တပါးပါးသည် အပါယ်ကြဉ်သော ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ သမ္ပယုတ္တခန္ဓာ သာဓိပတိစိတ္တ ဇရုပ်တို့အား စတုဝေါကာရဘုံ၌ကား သမ္ပယုတ္တခန္ဓာအားသာ သဟဇာတာဓိပတိ သတ္တိဖြင့် ကျေးဇူးပြုပေ၏ ဉာဏသသမ္ပ၌ ၄-ပါး ဉာဏဝိပ္ပယုတ် ၃-ပါးယှဉ်သည်။

၅။ ။ရူပကုသိုလ်၅-ခု ကြိယာ၅-ခု၌ ရှိသော အဓိပတိတရားကိုယ် ၄-ပါးတို့တွင် တပါးပါးသည် အပါယ်ကြဉ်သော ပဉ္စဝေါကာရဘုံ၌သာ သမ္ပယုတ္တခန္ဓာ သာဓိပတိစိတ္တဇရုပ်တို့အား-

အရူပကုသိုလ် ၄-ခု, ကြိယာ ၄-ခု, လောကုတ္တရာစိတ်ရှစ်ခု၌ရှိသော အဓိပတိတရားကိုယ် ၄- ပါးတို့တွင် တပါးပါးသည် အပါယ်ကြည်သော ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ သမ္ပယုတ္တခန္ဓာ, သာဓိပတိစိတ္တရုပ်တို့အား။ စတုဝေါကာရဘုံ၌ကား သမ္ပယုတ္တခန္ဓာအားသာ သဟဇာတာဓိပတိသတ္တိဖြင့် ကျေးဇူးပြုပေ၏၊

(သာဓိပတိဇောမှ ကြွင်းသော နိရောဓိပတိစိတ်တို့ကို ပစ္စနိက်ယူလေ)

---

၄၀၅-အနန္တရပစ္စည်းကို ပြခြင်း

အနန္တရ ပစ္စယောဟူသော ပစ္စယုဒ္ဒေသ၌ သရုပ်တို့သည်-

၁။ ပစ္စည်း၊ ၂။ ပစ္စယုပ္ပန်- အားဖြင့်နှစ်ပါးအပြားရှိကုန်၏၊

ထိုနှစ်ပါးတို့တွင် ရဟန္တာတို့၏စုတိကြဉ်သော ရှေးရှေးသော စိတ်တခုယုတ် ၉၀- စေတသိက်ဒွေပညာသနာမက္ခန္ဓာ ၄-ပါး ဤတရားတို့သည် အနန္တရပစ္စည်း တပ်သော တရားတို့မည်ကုန်၏၊

ရဟန္တာတို့၏ စုတိနှင့်တကွ နောက်နောက်သော နာမက္ခန္ဓာ ၄-ပါး ဤတရားတို့သည် အနန္တရပစ္စည်း၏ ပစ္စယုပ္ပန်ဖြစ်သော တရားတို့မည်ကုန်၏၊

ထိုနှစ်ပါးတို့တွင် ဆိုအပ်ပြီးသော ပစ္စည်းတရားတို့သည် ဆိုအပ်ပြီးသော ပစ္စယုပ္ပန်တရားတို့အား အနန္တရသတ္တိဖြင့် ကျေးဇူးပြုပေ၏၊

၁။ ။တနည်းကား-ပဋိသန္ဓေနာမက္ခန္ဓာသည် ပထမဘဝင်နာမက္ခန္ဓာအား။ ပထမဘဝင်အစရှိသော ရှေးရှေးသော နာမက္ခန္ဓာသည် ဒုတိယဘဝင် အစရှိသော နောက်နောက်သော နာမက္ခန္ဓာအား၊
ပဉ္စဝေါကာရဘဝင်္ဂုပစ္ဆေဒ ၁၅-ခုသည် အာဝဇ္ဇာန်းဒွေအား၊
စတုဝေါကာရဘဝင်္ဂုပစ္ဆေဒ ၄-ခုသည် မနောဒွါရာဝဇ္ဇန်းအား။ ပဉ္စဒွါရာဝဇ္ဇန်းသည် ပဉ္စဝိညာဉ်အား၊
ပဉ္စဝိညာဉ်သည် သမ္ပဋိစ္ဆိုင်းဒွေအား။ သမ္ပဋိစ္ဆိုင်းဒွေသည် ပဉ္စဝိညာဉ်အား၊
ပဉ္စဝိညာဉ်သည် သမ္ပဋိစ္ဆိုင်းဒွေအား။ သမ္ပဋိစ္ဆိုင်းဒွေသည် သန္တီရဏ ၃-ခုအား၊
သန္တီရဏ ၃-ခုသည် ဝုဋ္ဌောအား၊
ပရိတ္တာရုံဝီထိဖြစ်အံ့- ပထမဝုဋ္ဌောသည် ဒုတိယဝုဋ္ဌောအား၊
ဒုတိယဝုဋ္ဌောသည် ပဉ္စဝေါကာရဘဝင် ၁၅-ခုအား-

အတိမဟန္တာရုံ မဟန္တာရုံ ဝိဘူတာရုံ အဝိဘူတာရုံ ဝီထိဖြစ်အံ့—ဝုဋ္ဌော မနောဒွါရာဝဇ္ဇန်းသည် ပထမဇောအား၊
ပထမဇောသည် ဒုတိယဇောအာ ဒုတိယဇောသည် တတိယဇောသည် စတုတ္ထဇောအား၊
စတုတ္ထဇောသည် ပဉ္စမဇောအား၊
ပဉ္စမဇောသည် ဆဋ္ဌမဇောအား၊
ဆဋ္ဌမဇောသည် သတ္တမဇောအား-

လောဘမူ မောဟမူ မဟာကုသိုလ် ဇောနောင်တဒါရုံကျသည်ဖြစ်အံ့-အဆုံးဇောသည် တဒါရုံဧကာဒသအား၊
တဒါရုံမကျသည်ဖြစ်အံ့-ဘဝင်ဧကူ နဝီသအား၊
ဒေါသမူဇောနောင် တဒါကျသည်ဖြစ်အံ့--အဆုံးဇောသည် ဥပေက္ခာတဒါရုံ ၆-ခုအား၊
တဒါရုံမကျသည်ဖြစ်အံ့—- ကာမဥပေက္ခာဘဝင် ၆-ခုအား။ ဟသိတုပ္ပါဒ်ဇောနောင် တဒါရုံကျသည်ဖြစ်အံ့-အဆုံးဇောသည် သောမနဿ တဒါရုံ ၅-ခုအား။ တဒါရုံ မကျသည်ဖြစ်အံ့--—ပဉ္စဝေါကာရတိဟိတ်ဝင် ၆-ခုအား-

မဟာကြိယာ သောမနဿဇောနောင် တဒါရုံကျသည် ဖြစ်အံ့-အဆုံးဇောသည် သောမနဿတဒါရုံ ၅-ခုအား။ တဒါရုံမကျသည်ဖြစ်အံ့ တိဟိတ်ဘဝင်တေရသအား-

မဟာကြိယာ ဥပက္ခာဇောနောင် တဒါရုံကျသည်ဖြစ်အံ့-ဥပက္ခာတဒါရုံ ၆-ခုအား။ တဒါရုံမကျသည်ဖြစ်အံ့-တိဟိတ်ဘဝင်တေရသအား။ ပထမတဒါရုံသည် ဒုတိယ တဒါရုံအား။ ဒုတိယတဒါရုံသည် ကာမဘဝင် ၁၀-အားအနန္တရ သတ္တိဖြင့် ကျေးဇူးပြု၏၊
– ၂။ ။အပ္ပနာဝီထိ၌ ပရိကံသည် ဥပစာအား ဥပစာသည် အနုလုံအား အနုလုံသည် ဂေါတြဘူ ဝေါဒါန်အား ရှေးရှေး၌ဖြစ်သော အနုလုံသည် နောက်နောက်ဖြစ်သော ဇောတူအနုလုံအား-

ဂေါတြဘူ, ဝေါဒါန်, အနုလုံ ကိစ္စတပ်သော မဟာကုသိုလ် ပထမဒွေသည် မဟဂ္ဂုတ်ကုသိုလ် သောမနဿသဟဂုတ် ၄-ခု မဂ်သောမနဿသဟဂုတ် ၁၆ခု အောက်ဖိုလ်သော မနဿဂုတ် ၂၂- ခုအား

ဂေါတြဘူ, ဝေါဒါန်, အနုလုံ ကိစ္စတပ်သော မဟာကုသိုလ် တတိယဒွေသည် မဟဂ္ဂုတ်ကုသိုလ် ဥပက္ခာသဟဂုတ် ၅-ခု, မဂ်ဥပက္ခာသဟဂုတ် ၄-ခု အောက်ဖိုလ် ဥပက္ခာသဟဂုတ် ၃-ခုအား

ဂေါတြဘူ, အနုလုံ ကိစ္စတပ်သော မဟာကြိယာ ပထမဒွေသည် မဟဂ္ဂုတ်ကုသိုလ် ကြိယာ သောမဿ ၄-ခု, အရဟတ္တဖိုလ် သောမနဿ ၄-ခုအား-

ဂေါတြဘူ, အနုလုံ ကိစ္စတပ်သော မဟာကြိယာ တတိယဒွေသည် မဟဂ္ဂုတ်ကြိယာ ဥပေက္ခာ ၅ -ခု, အရဟတ္တဖိုလ် ဥပေက္ခာသဟဂုတ် တခုအား အနန္တရ သတ္တိဖြင့် ကျေးဇူးပြုပေ၏၊

၃။ ။သမာပဇ္ဇနဝီထိ၌ ရှေးရှေးသော မဟဂ္ဂုတ် ကုသိုလ် ကြိယာဇောသည် နောက်နောက်သော ဇောတူမဟဂ္ဂုတ်ကုသိုလ် ကြိယာအား-

ရူပါဝစရ ကုသိုလ်ကြိယာအဆုံးဇောသည် ပဉ္စဝေါကာရ တိဟိတ်ဘဝင် ၉-ခု အာကာသာနဉ္စာယတနဘဝင်အား-

ဝိညာဏဉ္စညာယတန ကုသိုလ်ကြိယာအဆုံးဇောသည် ပဉ္စဝေါကာရတိဟိတ် ဘဝင် ၉-ခု အာကာသာနဉ္စာယတန ဝိညာဏဉ္စယတန ဘဝင်အား-

အာကိဉ္စညာယတန ကုသိုလ်ကြိယာအဆုံးဇောသည် ပဉ္စဝေါကာရတိဟိတ် ဘဝင် ၉-ခု အာကာသာနဉ္စာယတန ဝိညာဏဉ္စယတန အာကိဉ္စညာယတန ဘဝင်အား-

နေဝသညာနာသညာယတနကုသိုလ် အဆုံးဇောသည် တိဟိတ်ဘဝင်တေရသ နိရောဓသမာပတ်မှထသောအခါ အနာဂါမိဖိုလ်အား-

သောတာပတ္တိမဂ်သည် သောတာပတ္တိဖိုလ်အား။ တကဒါဂါမိမဂ်သည် သကဒါဂါမိဖိုလ်အား။ အနာဂါမိမဂ်သည် အနာဂါမိဖိုလ်အား။ အနာဂါမိမဂ်သည် အနာဂါမိဖိုလ်အား။ အရဟတ္တမဂ်သည် အရဟတ္တဖိုလ်အား-

ရှေးရှေးသော ဖိုလ် ၄-ခုသည် နောက်နောက်ဖြစ်သော ဇောတူဖိုလ်လေးခုအား-

၄။ ။မရဏာသန္နဝီထိ၌ ဇောနောင် စုတိတို့တွင် အကုသိုလ် ဇောနောင် စုတိဖြစ်အံ့ အဆုံးဇောသည် ကာမစုတိ ၁၀-အား-

မဟာကုသိုလ်ဇောနောင် စုတိဖြစ်အံ့ အဆုံးဇောသည် စုတိဧကူနဝီထိအား ကြိယာဇောနောင် စုတိဖြစ်အံ့ အဆုံးဇောသည် တိဟိတ်စုတိ တေရသအား-

တဒါရုံနောင်စုတိဖြစ်အံ့ ဒုတိယတဒါရုံသည် ကာမစုတိ ၁၀-အား-

ဘဝင်နောင် စုတိဖြစ်အံ့ ဘဝင်ဧကူနဝီသသည် စုတိဧကူနဝီသအား-

ဒွိဟိတ် အဟိတ် စုတိသည် ကာမပဋိသန္ဓေ ၁၀-အား--

ကာမတိဟိတ်စုတိ ၄-ခုသည် ပဋိသန္ဓေဧကူနဝီသအား-

ရူပစုတိ ၅-ခုသည် သဟိတ် ပဋိသန္ဓေသတ္တရသအား--

အာကာသာနဉ္စာယတနစုတိသည် အရူပပဋိသန္ဓေ ၄-ခုကာမတိဟိတ်ပဋိသန္ဓေ ၄-ခု အား--

ဝိညာဥဏဉ္စာယတနစုတိသည် ဝိညာဏဉ္စယတန, အာကိဉ္စညာယတန, ပဋိသန္ဓေ ၃-ခု, ကာမတိဟိတ်ပဋိသန္ဓေ ၄-ခုအား။

အာကိဉ္စညာယတနစုတိသည် အာကိဉ္စညာယတန နေဝသညာနာသညာယတန, ပဋိသန္ဓေ ၂-ခု ကာမတိဟိတ်ပဋိသန္ဓေ ၄-ခုအား။

နေဝသညာနာသညာယတနစုတိသည် နေဝသညာနာသညာယတန ပဋိသန္ဓေ ၄-ခုအား အနန္တရသတ္တိဖြင့် ကျေးဇူးပြုပေ၏၊။ရုပ်အဋ္ဌဝီသကား ပစ္စနိက်။ (သမနန္တရလည်း တူပြီ)

အနန္တရပြီး၏၊

---

၄၀၆-သဟဇာတပစ္စည်းကိုပြခြင်း

သဟဇာတပစ္စယော ဟူသော ပစ္စယုဒ္ဒေ၌ သရုပ်တို့သည်-

၁။ပစ္စည်း၂။ ပစ္စပ္ပန်-အားဖြင့် နှစ်ပါးအပြားရှိကုန်၏၊

ထိုနှစ်ပါးတို့တွင် အလုံးစုံသော ပဝတ္တိပဋိသန္ဓေနာမက္ခန္ဓာ ၄-ပါး စိတ္တဇ ပဋိသန္ဓေကမ္မဇ ဗာဟိရ အာဟာရဇ ဥတုဇ အသညသတ်ကမ္မဇ ပဝတ္တိကမ္မဇအားဖြင့် ၇-စွန်းသော မဟာဘုန် ၄-ပါး ပဉ္စဝေါကာရပဋိသန္ဓေ နာမက္ခန္ဓာ ဟဒယဝတ္ထု ဤတရားတို့သည် သဟဇာတ ပစ္စည်းတပ်သော တရားတို့မည်ကုန်၏၊

အလုံးစုံသော ပဝတ္တိပဋိသန္ဓေနာမက္ခန္ဓာ ၄-ပါး စိတ္တဇ ပဋိသန္ဓေကမ္မဇ ဗာဟိရ အာဟာရဇ ဥတုဇ အသညသတ်ကမ္မဇ ပဝတ္တိဥပါဒါရုပ်နှင့်တကွ အလုံးစုံသောမဟာဘုတ် ၄-ပါး ပဉ္စဝေါကာရ ပဋိသန္ဓေနာမက္ခန္ဓာ ဟဒယဝတ္ထု ဤတရားတို့သည် သဟဇာတပစ္စည်း၏ ပစ္စယုပ္ပန် ဖြစ်သော တရားတို့မည်ကုန်၏၊

ထိုနှစ်ပါးတို့တွင် ဆိုအပ်ပြီးသော ပစ္စည်းတရားတို့သည် ဆိုအပ်ပြီးသော ပစ္စယုပ္ပန် တရားတို့အား သဟဇာတသတ္တိဖြင့် ကျေးဇူးပြုပေ၏၊

၁။ ။ တနည်းကား အလုံးစုံသော ပဝတ္တိပဋိသန္ဓေနာမက္ခန္ဓာ ၄-ပါးတို့တွင့် တပါးပါးသော နာမက္ခန္ဓာသည် ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ ၃-ပါး ၃-ပါးသော နာမက္ခန္ဓကမ္မဇရုပ်တို့အား စတုဝေါကာရဘုံ၌ကား ၃-ပါး ၃-ပါးသော နာမက္ခန္ခအားသာ။ ၃-ပါး ၃-ပါးသော နာမက္ခန္ဓာသည် ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ တပါး တပါးသော နာမက္ခန္ခ စိတ္တဇရုပ် ပဋိသန္ဓေကမ္မဇရုပ်တို့အား စတုဝေါကာရဘုံ၌ကား တပါးပါးသော နာမက္ခန္ဓာအားသာ နှစ်ပါးနှစ်ပါးသော နာမက္ခန္ဓာသည် ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ နှစ်ပါးနှစ်ပါးသော နာမက္ခန္ဓာစိတ်တ္တဇရုပ် ပဋိသန္ဓေကမ္မဇရုပ်တို့အား စတုဝေါကာရဘုံ၌ကား နှစ်ပါးနှစ်ပါးသော နာမက္ခန္ဓာအားသာ ၄-ပါးသော နာမက္ခန္ဓာသည် စိတ္တဇရုပ် ပဋိသန္ဓေကမ္မဇရုပ်တို့အား -

၇-စွန်းသောမဟာဘုတ် ၄-ပါးတို့တွင် တပါးတပါးသော မဟာဘုတ်သည် ၃-ပါး ၃-ပါးသော မဟာဘုတ် ဥပါဒါရုပ်တို့အား ၃-ပါး ၃-ပါးသော မဟာဘုတ်သည် တပါးတပါးသော မဟာဘုတ် ဥပါဒါရုပ်တို့အား နှစ်ပါး နှစ်ပါးသော မဟာဘုတ်သည် နှစ်ပါးနှစ်ပါးသော မဟာဘုတ် ဥပါဒါရုပ်တို့အား ၄- ပါးသောမဟာဘုတ်သည် ဥပါဒါရုပ်အား ပဉ္စဝေါကာရအား ပဋိသန္ဓေနာမက္ခန္ဓာ ဟဒယဝတ္ထုတို့တွင် တပါးတပါး ၃-ပါး၃-ပါး ၂-ပါး၂-ပါး ၄-ပါးသော နာမက္ခန္ဓာသည် ဟဒယဝတ္ထုအား ဟဒယဝတ္ထုသည် တပါးတပါး ၃-ပါး၃-ပါး ၂-ပါး ၂-ပါး ၄-ပါးသော နာမက္ခန္ဓာအား သဟဇတသတ္တိဖြင့် ကျေးဇူးပြုပေ၏၊

၂။ ။ တနည်းကား လောဘမူရှစ်ခု နာမက္ခန္ဓာ ၄-ပါးတို့တွင် တပါးပါးသော နာမက္ခန္ဓာသည် ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ ၃-ပါး၃-ပါးသော နာမက္ခန္ဓာ စိတ္တဇရုပ်တို့အား စတုဝေါကာရဘုံ၌ကား ၃- ပါး၃-ပါးသောနာမက္ခန္ဓာအားသာ ၃-ပါး၃-ပါးသော နာမက္ခန္ဓာသည် ပဉ္စဝေါကာရဘုံ၌ဖြစ်သောအခါ တပါးတပါးသော နာမက္ခန္ဓာ စိတ္တဇရုပ်တို့အား စတုဝေါကရဘုံ၌ကား တပါးတပါးသော နာမက္ခန္ဓာအားသာ-

နှစ်ပါးနှစ်ပါးသော နာမက္ခန္ဓာသည် ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ နှစ်ပါးနှစ်ပါးသော နာမက္ခန္ဓာ စိတ္တဇရုပ်တို့အား စတုဝေါကာရဘုံ၌ကား နှစ်ပါးနှစ်ပါးသော နာမက္ခန္ဓာအားသာ ၄-ပါးသောနာမက္ခန္ဓာသည် စိတ္တဇရုပ်တို့အား သဟဇာတသတ္တိဖြင့် ကျေးဇူးပြုပေ၏၊ ဤနည်းအတူ စိတ်တခုယုတ် ၉၀- ၌ဆိုလေသည်။ ။ပစ္စနိက်မရှိ။

သဟဇာတပစ္စည်းပြီး၏၊

---

၄၀၇-အညမညပစ္စည်းကိုပြခြင်း

အညမညပစ္စယောဟူသော ပစ္စယုဒ္ဒေသ၌ သရုပ်တို့သည်

၁။ပစ္စည်း၊ ၂။ ပစ္စယုပ္ပန် အားဖြင့် နှစ်ပါးအပြားရှိကုန်၏

ထိုနှစ်ပါးတို့တွင် အချင်းချင်းအားတတ်သော အလုံးစုံသော ပဝတ္တိ ပဋိသန္ဓေနာမက္ခန္ဓာ ၄- ပါးအချင်းချင်းအား ထောက်သောပဋိသန္ဓေကမ္မဇ ဗာဟိရ အာဟာရဇ ဥတုဇ အသညသတ်ကမ္မဇ ပဝတ္တိကမ္မဇ အားဖြင့် ၇-စွန်းသော မဟာဘုတ် ၄-ပါး ပဉ္စဝေါကာရ ပဋိသန္ဓေနာမက္ခန္ဓာ ဟဒယဝတ္ထု ဤတရားတို့သည် အညမညပစ္စည်းတပ်သော တရားတို့မည်ကုန်၏၊ ၎င်းတရားတို့သည်ပင် ပစ္စယုပ္ပန် တရားတို့မည်ကုန်၏

ထိုနှစ်ပါးတို့တွင်ဆိုအပ်ပြီးသော ပစ္စည်းတရားတို့သည် ဆိုအပ်ပြီးသော ပစ္စယုပ္ပန် တရားတို့အား အညမညသတ္တိဖြင့် ကျေးဇူးပြုပေ၏

(သဟဇာတအတိုင်းတွင် ဥပါဒါရုပ်ကိုသာ ချရမည်။ အကျယ်ကိုလည်း သဟဇာတပစ္စည်းကဲ့သို့ စိတ်ကုန်ဆိုလေ)

အညမညပစ္စည်းပြီး၏

---

၄၀၈-နိဿယပစ္စည်းကို ပြခြင်း

နိဿယပစ္စယော ဟူသော ပစ္စယုဒ္ဒေသ၌ နိဿယသည် –

၁။သဟဇာတနိဿယ၊ ၂။ ပုရေဇာတနိဿယ - အားဖြင့် နှစ်ပါးအပြား ရှိကုန်၏

ထိုနှစ်ပါးတို့တွင် သဟဇာတနိဿယဖြစ်အံ့ သဟဇာတနှင့်တူ၏၊ ပုရေဇာတ နိဿယသည်လည်း -

၁။ဝတ္ထုပုရေဇာတနိဿယ
၂။ဝတ္ထာရမ္မဏပုရေဇာတနိဿယ-

အားဖြင့် နှစ်ပါးအပြားရှိကုန်၏၊

ထိုနှစ်ပါးတို့တွင် ဝတ္ထုပုရေဇာတဖြစ်အံ့ ပဝတ္တိအခါ ဆဝတ္ထု ဤတရားတို့သည် ဝတ္ထုပုရေဇာတပစ္စည်း တပ်သောတရားတို့မည်ကုန်၏၊

ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ အရူပဝိပါက်၄ ခုကြဉ်သောစိတ်၈၅-ခု ဤတရားတို့သည် ဝတ္ထုပုရေဇာတာပစ္စည်း၏ ပစ္စယုပ္ပန်ဖြစ်သော တရားတို့မည်ကုန်၏၊

ထိုနှစ်ပါးတို့တွင် ဆိုအပ်ပြီးသော ပစ္စည်းတရားတို့သည် ဆိုအပ်ပြီးသော ပစ္စယုပ္ပန် တရားတို့အား နိဿယသတ္တိဖြင့် ကျေးဇူးပြုပေ၏

၁။ပစ္စည်းတပ်ဟန်ကား ပဋိသန္ဓေစိတ်နှင့်အတူ ဥပါဒ်ပြိုင်သော ဟဒယဝတ္ထုသည် ပထမဘဝင်အား ပထမဘဝင် အစရှိသော ရှေးရှေးသော စိတ်နှင့်အတူ ဥပါဒ်ပြိုင်သော ဟဒယဝတ္ထုသည် ဒုတိယဘဝင် အစရှိသော နောက်နောက်ဖြစ်သောစိတ်အား -

ပဉ္စဝေါကာရ ဘဝင်္ဂုပစ္ဆေဒ ၁၅-ခုနှင့် အတူဥပါဒ်သော ဟဒယဝတ္ထုသည် အာဝဇ္ဇန်းဒွေအား -

မန္ဒာ မန္ဒ မဇ္ဈိမာယုက အားဖြင့် ၃-ပါးတို့တွင် မဇ္ဈိမာယုကဖြစ်၍ အတီကဘဝင်နှင့် အတူဥပါဒ်သော စက္ခုဝတ္ထုသည် စက္ခုဝိညာဉ်ဒွေအား ၎င်းနည်း ဥပါဒ်သော သောတဝတ္ထုသည် သောတဝိညာဉ်ဒွေအား ဃာနဝတ္ထုသည် ဃာနဝိညာဉ်ဒွေအား ဇိဝှာဝတ္ထုသည် ဇိဝှာဝိညာဉ်ဒွေအား ကာယဝတ္ထုသည် ကာယဝိညာဉ်ဒွေအား-

ပဉ္စဝိညာဉ်နှင့် အတူဥပါဒ်သော ဟဒယဝတ္ထုသည် သမ္ပဋိစ္ဆိုင်းဒွေအား သမ္ပဋိစ္ဆိုင်းဒွေနှင့် အတူဥပါဒ်သော ဟဒယဝတ္ထုသည် သန္တီရဏ ၃-ခုအား သန္တီရဏ ၃-ခုနျင့် အတူဥပါဒ်သော ဟဒယဝတ္ထုသည် ဝုဋ္ဌောအား =

ပရိတ္တာရုံဝီထိဖြစ်အံ့ ပထမ ဝုဋ္ဌောနှင့် အတူဥပါဒ်သော ဟဒယဝတ္ထုသည် ဒုတိယဝုဋ္ဌောအား။ ဒုတိယဝုဋ္ဌောနှင့် အတူဥပါဒ်သော ဟဒယဝတ္ထုသည် ပဉ္စဝေါကာရ ဘဝင် ၁၅-ခုအား

အတိမဟန္တာရုံ မဟန္တာရုံ ဝိဘူတာရုံ အဝိဘူတာရုံ ဝီထိဖြစ်အံ့- ဝုဋ္ဌောမနောဒွါရာ ဝဇ္ဇန်းနှင့် အတူဥပါဒ်သော ဟဒယဝတ္ထုသည် ပထမဇောအား။ ပထမဇောနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုသည် ဒုတိယဇောအား။ ပ ဆဋ္ဌဇောနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုသည် သတ္တမဇောအား

လောဘမူ မောဟမူ မဟာကုသိုလ်ဇောနောင် တဒါရုံကျသည်ဖြစ်အံ့-အဆုံးဇောနှင့် အတူဥပါဒ်သော ဟဒယဝတ္ထုသည် တဒါရုံဧကဒသအား တဒါရုံမကျသည် ဖြစ်အံ့ ပဉ္စဝေါကာရ ဘဝင် ၁၅ခုအား-

ဒေါသမူဇောနောင် တဒါရုံကျသည်ဖြစ်အံ့ – အဆုံးဇောနှင့် အတူဥပါဒ်သော ဟဒယဝတ္ထုသည် ဥပေက္ခာတဒါရုံ ၆-ခုအား မကျသည်ဖြစ်အံ့- ကာမဥပေက္ခာဘဝင် ၆-ခုအား

ဟသိတုပ္ပါဒ် မဟာကြိယာ သောမနဿဇောနောင် တဒါရုံကျသည်ဖြစ်အံ့ – အဆုံးဇောနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုသည် သောမနဿတဒါရုံ ၅-ခုအား မကျသည်ဖြစ်အံ့- ပဉ္စဝေါကာရတိဟိတ်ဘဝင် ၉-ခုအား

မဟာကြိယာ ဥပေက္ခာသဟဂုတ်ဇောနောင် တဒါရုံကျသည်ဖြစ်အံ့ အဆုံးဇောနှင့် အတူဥပါဒ်သသော ဟဒယဝတ္ထုသည် ဥပေက္ခာတဒါရုံ ၆-ခုအား မကျသည်ဖြစ်အံ့- ပဉ္စဝေါကာရ တိဟိတ်ဘဝင် ၉-ခုအား ပထမတဒါရုံနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုသည် ဒုတိယတဒါရုံအား ဒုတိယတဒါရုံနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုသည် ကာမဘဝင် ၁၀-အား-

အပ္ပနာဝီထိ၌ ပရိကံနှင့်အတူဥပါဒ်သော ဟဒယဝတ္ထုသည် ဥပစာအား။ ဥပစာနှင့် အတူဥပါဒ်သော ဟဒယဝတ္ထုသည် အနုလုံအား။ အနုလုံနှင့် အတူ ဥပါဒ်သော ဟဒယဝတ္ထုသည် ဂေါတြဘူ ဝေါဒါန်အား။ ရှေးရှေးဖြစ်သော အနုလုံနှင့် အတူ ဥပါဒ်သော ဟဒယဝတ္ထုသည် နောက်နောက်ဖြစ်သော ဇောတူ အနုလုံအား-

ဂေါတြဘူ ဝေါဒါန် အနုလုံ ကိစ္စတပ်သော မဟာကုသိုလ် ပထမဒွေနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုသည် မဟဂ္ဂုတ်ကုသိုလ် သောမနဿ သဟဂုတ် ၄-ခု မဂ်သောမနဿ သဟဂုတ် ၁၆-ခု အောက်ဖိုလ်သောမနဿ သဟဂုတ် ၁၂-ခုအား

ဂေါတြဘူ ဝေါဒါန် အနုလုံ ကိစ္စတပ်သော မဟာကုသိုလ် တတိယဒွေနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုသည် မဟဂ္ဂုတ်ကုသိုလ် ဥပေက္ခာသဟဂုတ် ၅-ခု မဂ်ဥပေက္ခာ သဟဂုတ် ၄-ခု အောက်ဖိုလ်ဥပေက္ခာသဟဂုတ် ၃-ခုအား

ဂေါတြဘူ အနုလုံ ကိစ္စတပ်သော မဟာကြိယာပထမဒွေနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုသည် မဟဂ္ဂုတ်ကြိယာသောမနဿသဟဂုတ် ၄-ခု အရဟတ္တဖိုလ် သောမနဿသဟဂုတ် ၄-ခုအား

ဂေါတြဘူ အနုလုံ ကိစ္စတပ်သော မဟာကြိယာတတိယဒွေနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုသည် မဟဂ္ဂုတ်ကြိယာဥပေက္ခာသဟဂုတ် ၅-ခု အရဟတ္တဖိုလ် ဥပေက္ခာ တခုအား

သမာပဇ္ဇနဝီထိ၌ ရှေးရှေး၌ဖြစ်သော မဟာကုသိုလ်ကြိယာဇောနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုသည် နောက်နောက်၌ဖြစ်သော ဇောတူ မဟဂ္ဂုတ်ကုသိုလ် ကြိယာဇောအား-

မဟဂ္ဂုတ် ကုသိုလ်ကြိယာ ဇောနှင့်အတူ ဥပါဒ်သော ဟဒကဝတ္ထုသည် ပဉ္စဝေါကာရ တိဟိတ်ဘဝင် ၉-ခုအား-

နိရောဓသမာပတ်မှ ထသောအခါ ရှေးစိတ္တက္ခဏတချက်၏ ဥပါဒ်ခန့်ကာလမျှ၌ရှိသော ဟဒယဝတ္ထုသည် အနာဂါမိဖိုလ် အရဟတ္တဖိုလ်အား-

မဂ် ၄-ခုနှင့်အတူဥပါဒ်သော ဟဒကဝတ္ထုသည် ဖိုလ် ၄-ခုအား။ ရှေးရှေးဖြစ်သော ဖိုလ် ၄-ခုနှင့် အတူဥပါဒ်သော ဟဒယဝတ္ထုသည် နောက်နောက်ဖြစ်သော ဇောတူဖိုလ်လေးခုအား-

ဖိုလ် ၄-ခု အဆုံးဇောနှင့် အတူဥပါဒ်သော ဟဒယဝတ္ထုသည် ပဉ္စဝေါကာရ တိဟိတ်ဘဝင် ၉- ခုအား-

မရဏာသန္နအခါ စုတိစိတ်မှ ပြန်၍ရေသည်ရှိသော် ၁၇-ချက်မြောက်သော စိတ်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုသည် ပဉ္စဝေါကာရဘဝင် ၁၅-ချက် အာဝဇ္ဇန်းဒွေ သမ္ပဋိစ္ဆိုင်းဒွေ သန္တီရဏ ၃-ခု ဝုဋ္ဌော မရဏသန္နဇော ၅- ချက် တဒါရုံ ၂-ချက် စုတိအား ဝတ္ထုပုရေဇာတ သတ္တိဖြင့် ကျေးဇူးပြုပေ၏ ဟူလိုသော်။

၂။ ။ဝတ္ထာရမ္မဏပုရေဇာတဖြစ်အံ့ စုတိစိတ်မှ ပြန်၍ ရေသည်ရှိသော် ၁၇-ချက်မြောက်သော စိတ်နှင့်အတူ ဥပါဒ်သော ဟဒကဝတ္ထုသည် ဝတ္ထာရမ္မဏ ပုရေဇာတပစ္စည်း တပ်သောတရားမည်ကုန်၏၊

ပဉ္စဝေါကာရဘဝင် ၁၅-ချက် အာဝဇ္ဇန်းဒွေ သမ္ပဋိစ္ဆိုင်းဒွေ သန္တီရဏ ၃-ခု ဝုဋ္ဌော မရဏာသန္နဇော ၅ -ချက် တဒါရုံ နှစ်ချက် စုတိ ဤတရားတို့သည် ထိုပစ္စည်း၏ ပစ္စယုပ္ပန်ဖြစ်သော တရားမည်ကုန်၏၊

ထိုနှစ်ပါးတို့တွင် ဆိုအပ်ပြီးသော ပစ္စည်းတရားတို့သည် ဆိုအပ်ပြီးသော ပစ္စယုပ္ပန်တရားတို့အား ဝတ္ထာရမ္မဏပုရေဇာတနိဿယသတ္တိဖြင့် ကျေးဇူးပြုပေ၏၊ ဤပစ္စည်း ခက်ခဲဟန်အမြွက်ကား--

ဝတ္ထု စ တံ အာရမ္မဏဉ္စာတိ ဝတ္ထာရမ္မဏံ

ယံဓမ္မဇာတံ၊ အကြင်တရားသဘောသည်။ ဝတ္ထု စ၊ မှီရာလည်းဟုတ်၏၊ တံ၊ ထိုမှီရာသည်။ အာရမ္မဏဉ္စ၊ အာရုံလည်းဟုတ်၏၊ ဣတိ၊ ထိုနှစ်ပါးသော သတ္တိကြောင့် ဝတ္ထာရမ္မဏံ၊ ဝတ္ထာရမ္မဏ မည်၏၊ မှီရာလည်းဖြစ် အာရုံလည်းဖြစ်၍ ကျေးဇူးပြုတတ်သော တရားဟူလိုသည်။

၃။ ။မရဏာသန္နအခါ သတ္တဝါဟူသမျှသည် ကံ ကမ္မနိမိတ် ဂတိနိမိတ် ၃-ပါးတွင် တပါးပါးကို အာရုံပြုသည် မဟုတ်ပါလော ဟဒယဝတ္ထုကို ဘယ်သို့ အာရုံပြုနိုင်အံ့နည်းဟူငြားအံ့-

တံ ကမ္မကရဏကာလေ ရူပါဒိကမုပလဒ္ဓ ပုဗ္ဗမုပကရဏ ဘူတဉ္စ- ဟူ၍ အဋ္ဌကထာဆိုသည်နှင့်အညီ ရူပါဒိကံအာဒိဝန်ဖြင့် ဓမ္မာရုံကို ယူသင့်ရကား ဟဒယဝတ္ထုသည် ဓမ္မာရုံကမ္မနိမိတ်ဖြစ်သည် ဟူပေ။

ဟဒယဝတ္ထုသည် ဓမ္မာရုံဆိုသော် သင့်တန်စေ-ကမ္မနိမိတ်ဟူရာ၌ပဋိသန္ဓေကို ဖြစ်စေနိုင်သောကံ၏ အာရုံကိုသာ ကမ္မနိမိတ်ဆိုသည်။ ပဋိသန္ဓေကို မဖြစ်စေနိုင်သော အာရုံသာမန်ကို ကမ္မနိမိတ်မဆို။ ဤဟဒယဝတ္ထုသည် ဘယ်သို့ ကံ၏ အာရုံဖြစ်စေနိုင်အံ့နည်း။

စက္ခုံ အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿတိ။ပ။ ဝတ္ထုံ အနိစ္စတော ဒုက္ခတေယ အနတ္တတော ဝိပဿတိ-

ဟူ၍ ပဋ္ဌာန်း၌ ဟောတော်မူသည်နှင့်ညီစွာ ဟဒယဝတ္ထုကို လက္ခဏာရေးတင်၍ စီးဖြန်းသော ပုဂ္ဂိုလ်အား ဝိပဿနာဇော တည်းဟူသော ကံ၏အာရုံ ဖြစ်ကောင်း၏၊ ထို့ကြောင့် ကမ္မနိမိတ်ဖြစ်သည်ဟူ၍ မဏိသာရမဉ္ဇူ တတိယပိုင်း၌ ဆိုသည်။

ဟဒယဝတ္ထုကို ဓမ္မာရုံကမ္မနိမိတ်ဆိုသော် ဓမ္မာရုံကို မနောဒွါရဖြင့်သာ ယူသည်မဟုတ်လော ပဉ္စဒွါရိကစိတ်တို့သည် ဘယ့်ကြောင့် ပစ္စယုပ္ပန်ဖြစ်သနည်း။

ယံ ရူပံ နိဿယ မနောဓာတု စ မနောဝိညာဏ ဓာတု စ ဝတ္တန္တိ၊ တံရူပံ မနောဓာတုယာစ မနောဝိညာဏဓာတယာ စ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော

ဟူ၍ ဘုရားပင် ဟောတော်မူသောကြောင့် ပဉ္စဒွါရိက စိတ်တို့လည်း ပစ္စယုပ္ပန်ဖြစ်၏ ဟူပေ။

ဤပါဋ္ဌိ၌ မှီရာဖြစ်ကြောင်းကိုသာ ဟောသည်။ အာရုံဖြစ်ကြောင်းကို မဟောတကားဟူငြားအံ့။ ဤပါဋ္ဌိဖြင့် ဝတ္ထုပုရေဇာတ ဝတ္ထာရမ္မဏပုရေဇာတ ၂-ပါးကို ပြသည်ဟု အဋ္ဌကထာ ဆိုခြင်းကြောင့် မှီရာ အာရုံ နှစ်ပါးကို ယူသင့်၏ ဟူပေ။

မဏိသာရမဉ္ဇူဆရာကား မရဏာသန္နကာလ၌ ဓမ္မာရုံကမ္မနိမိတ်ကို ပဉ္စဒွါရိကစိတ်တို့ ယူ၏ဟု အာဘော်ရှိသည်။

ပဌာနသာရဒီဋီကာ၌ကား မောရုံကမ္မနိမိတကို မနောဒွါရိက စိတ်တို့သာ ဟူသည်။ ပဉ္စဒွရိကစိတ်ကို ပစ္စယုပ္ပန်အဖြစ်ဖြင့် ဟောတော်မူသည်မှာ ပဝတ္ထိအခါ အတိမဟန္တာရုံဖြင့် ယူသည်ကို ရည်၍ဟောသည်ဟု ဆိုသည်။ တိုဋီကာ၌ များစွာသော ဝါဒကို ပြလျက် ကျယ်ဝန်းစွာ ဆို၏

နိဿယပစ္စည်းပြီး၏

---

၄၀၉-ဥပနိဿပစ္စည်းကိုပြခြင်း

ဥပနိဿယပစ္စယောဟူသော ပစ္စယဒ္ဒေသ၌ ဥပနိဿယသည်-

၁။ အာရမ္မဏူပနိဿယ၊ ၂။ အနန္တရူနိဿယ

၃။ ပကတူပနိဿယအားဖြင့် ၃ ပါးအပြားရှိ၏

ထို ၃ ပါးတို့တွင် အာရမ္မဏူပနိဿယသည် အာရမ္မဏာ ဓိပတိနှင့် တူ၏ အနန္တရူပနိဿယသည် အနန္တရနှင့်တူ၏

ပကတူပနိဿယသည် ဖြစ်အံ့ ဗလဝဖြစ်သော စိတ်တခုယုတ် ၉၀ စေတသိက် ဒွေပညာသ၊ ရုပ်အဌဝီသ၊ ပညတ် ဤတရားတို့သည် ပကတူပနိဿယပစ္စည်း တပ်သော တရားတို့ မည်ကုန်၏၊

စိတ်တခုယုတ် ၉၀ စေတသိက် ဒွေပညာသ၊ နာမက္ခန္ဓာ ၄ ပါး ဤတရားတို့သည် ပစ္စယုပ္ပန် ဖြစ်သော တရားတို့မည်ကုန်၏

ထိုနှစ်ပါးတို့တွင် ဆိုအပ်ပြီးသော ပစ္စည်းတရားတို့သည် ဆိုအပ်ပြီးသော ပစ္စယုပ္ပန် တရားတို့အား ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေ၏

တနည်းကား ဗလဝဖြစ်သော စိတ်တခုယုတ် ၉၀ စေတသိက်ဒွေပညာသ၊ ရုပ်အဌဝီသ၊ ပညတ် ဤတရားတို့သည် ကုသိုလ်ဧကဝီသ၊ ဝိပါယ်ဆတ္တိံသ၊ ကြိယာဝီသ စေတသိက်အဌတိံသ နာမက္ခန္ဓာတို့အား

လောကီစိတ် ဧကာသီတိ၊ စေတသိက်ဒွေပညာသ၊ ရုပ်အဌဝီသ၊ ပညတ် ဤတရားတို့သည် အကုသိုလ်ဒွါဒသ၊ နာမက္ခန္ဓာတို့အား ပကတူနိဿယသတ္တိဖြင့် ကျေးဇူးပြုပေ၏

ဥပနိဿယပစ္စည်း ပြီး၏

---

၄၁၀- ပုရေဇာတ ပစ္စည်းကိုပြခြင်း

ပုရေဇာတ ပစ္စယောဟူသော ပစ္စယုဒ္ဒေသ၌ ပုရေဇာတသည်-

၁။ အာရမ္မဏပုရေဇာတ၊ ၂။ ဝတ္ထုပုရေဇာတ အားဖြင့် နှစ်ပါးအပြားရှိ၏

ထိုနှစ်ပါးတို့တွင် အာရမ္မဏ ပုရေဇာတဖြစ်အံ့ ပစ္စုပ္ပန်ဖြစ်သော နိပ္ဖန္နရုပ်အဌာရသ ဤတရားတို့သည် အာရမ္မဏ ပုရေဇာတပစ္စည်း တပ်သော တရားတို့မည်ကုန်၏

ကာမစိတ် စတုပညာသ၊ အဘိညာဉ်ဒွေ၊ အပ္ပမညာ ကြဉ်သော စေတသိက်ပညာသ ဤတရားတို့သည် ပစ္စယုပ္ပန် ဖြစ်သော တရားတို့မည်ကုန်၏

ထိုနှစ်ပါးတို့တွင် ဆိုအပ်ပြီးသော ပစ္စည်းတရားတို့သည် ဆိုအပ်ပြီးသော ပစ္စယုပ္ပန် တရားတို့အား အာရမ္မဏ ပုရေဇာတ သတ္တိဖြင့် ကျေးဇူးပြုပေ၏

တနည်းကား ပစ္စုပ္ပန်ရူပါရုံသည် စက္ခုဝိညာဉ်ဒွေအား။ ပ။ ပစ္စုပ္ပန်ဖောဌဗ္ဗာရုံသည် ကာယဝိညာဉ်ဒွေအား။ ပစ္စုပ္ပန်ပဉ္စာရုံသည် ပဉ္စဒွါရာဝဇ္ဇန်း၊ သမ္ပဋိစ္ဆိုင်းဒွေ ဟုဆိုအပ်သော မနောဓာတ် ၃ခုအား။ ပစ္စုပ္ပန်နိပ္ဖန္နရုပ် အဌာရသသည် ကာမဇောတခုယုတ် ၃၀၊ တဒါရုံဧကာဒသ၊ မနောဒွါရာဝဇ္ဇန်းအား။ ပစ္စုပ္ပန်ရူပါရုံသည် ဒိဗ္ဗသောတကုသိုလ်၊ ကြိယာ အဘိညာဉ်အား။ အာရမ္မဏ ပုရေဇာတ သတ္တိဖြင့် ကျေးဇူးပြုပေ၏ ဝတ္ထုပုရေဇာတ နိဿယနှင့် တူ၏

ပုရေဇာတ ပစ္စည်း ပြီး၏

---

၄၁၁-ပစ္ဆာဇာတ ပစ္စည်းကို ပြခြင်း

ပစ္ဆာဇာတ ပစ္စယောဟူသော ပစ္စယုဒ္ဒေသ၌ သရုပ်တို့သည်-

၁။ ပစ္စည်း၊ ၂။ ပစ္စယုပ္ပန်အားဖြင့် နှစ်ပါး အပြားရှိကုန်၏၊

ထိုနှစ်ပါးတို့တွင် ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ အရူပဝိပါက် ၄-ခုကြဉ်သော ပထမ ဘဝင်အစရှိသော နောက်နောက်သော စိတ် ၈၅-ခု နာမက္ခန္ဓာ ဤတရားတို့သည် ပစ္ဆာဇာတပစ္စည်းတပ်သော တရားတို့မည်ကုန်၏၊

ပဋိသန္ဓေအစရှိသော ရှေးရှေးသောစိတ်၏ ခဏ ၃-ပါး၌ပါသော ဧကဇ ဒွိဇ တိဇ စတုဇကာယ ဤ တရားသည် ပစ္စယုပ္ပန်ဖြစ်သော တရားတို့မည်ကုန်၏၊

ထိုနှစ်ပါးတို့တွင် ဆိုအပ်ပြီးသော ပစ္စည်းတရားတို့သည် ဆိုအပ်ပြီးသော ပစ္စယုပ္ပန် တရားတို့အားပစ္ဆာဇာတ သတ္တိဖြင့် ကျေးဇူးပြုပေ၏၊

၁။ ပစ္စည်းတပ်ဟန်ကား-ထင်ရှားရှိသော ဘဝမှ ရွေ့လျားသောအားဖြင့် ပစ္စုပ္ပန်ဘဝအဆုံး စုတိဖြစ်လိုလက်သော် မိမိပဋိသန္ဓေစိတ်နှင့် တူသောစိတ်သည် ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ ထို့နောင်နိမိတ် ၃-ပါးတွင် တပါးပါးကို အာရုံပြု၍ အာဝဇ္ဇန်းဒွေ သမ္ပဋိစ္ဆိုင်းဒွေ သန္တီရဏ ၃-ခု ဝုဠော မရဏာ သန္နဇော ၅- ချက် တဒါရုံ ၂-ချက် စုတိဖြစ်၍ ချုပ်၏၊

ထို့နောင် ပဋိသန္ဓေ ဘဝင် ၁၅-ကြိမ် ၁၆-ကြိမ် မနောဒွါရာဝဇ္ဇန်း ဘဝနိကန္တဇော ရကြိမ် ထို့နောင် ဘဝင်ကိစ္စဖြစ်၍ ချုပ်၏၊

ထိုသို့ဖြစ်သောအခါ သံသေဒဇ ဩပပါတိက ပုဂ္ဂိုလ်တို့အား စက္ခုဒသက သောတဒသက ဃာနဒသက ဇိဝှါဒသက ကာယဒသက ဘာဝဒသက ဝတ္ထုဒသက ဟုဆိုအပ်သော ကမ္မဇကလာပ် ၇- စည်းတို့သည် ပဋိသန္ဓေမှစ၍ စုတိစိတ်၏ ရှေးသတ္တရသမစိတ် ၏ဥပါဒ်တိုင်အောင် ခပ်သိမ်းသောစိတ်တို့၏ ဥပါဒ် ဌီ ဘင် ဟုဆိုအပ်သော ခဏ ၃-ပါး၌ ဖြစ်ကုန်၏၊

ဂဗ္ဘသေယျက ပုဂ္ဂိုလ်တို့အား ကာယဒသက ဘာဝဒသက ဝတ္ထုဒသက ဟုဆိုအပ်သော ကမ္မဇကလပ် ၃-စည်း တို့သည်ပဋိသန္ဓေ မှစ၍ စုတိစိတ၏ ရှေးသတ္တရသမစိတ်၏ ဥပါဒ်တိုင်အောင်။

စက္ခုဒသကသည် သတ္တမသတ္တာဟစ၍ သောတဒသကသည် အဠမသတ္တာဟစ၍ ဃာနဒသကသည် နဝမသတ္တာဟမှစ၍ ဇီဝှါဒသကသည် ဒသမသတ္တာ ဟမှစ၍ စုတိစိတ်၏ရှေး သတ္တရသမစိတ်၏ ဥပါဒ်တိုင်အောင် ခပ်သိမ်းသော စိတ်တို့၏ ဥပါဒ် ဌီ ဘင် ဟုဆိုအပ်သော ခဏ ၃-ပါး၌ ဖြစ်ကုန်၏၊

ရူပပုဂ္ဂိုလ်တို့အား စက္ခုဒသက သောတဒသက ဝတ္ထုဒသက ဇီဝိတနဝက ကလာပ်ဟု ဆိုအပ်သော ကမ္မဇကလာပ် ၄-စည်းတို့သည် ပဋိသန္ဓေမှစ၍ စုတိစိတ်၏ရှေး သတ္တရမစိတ်၏ဥပါဒ်တိုင်အောင် ခပ်သိမ်းသောစိတ်တို့၏ ဥပါဒ်ဌီ ဘင်ဟု ဆိုအပ်သော ခဏ ၃-ပါး၌ဖြစ်ကုန်၏၊

စက္ခုဒသက အစရှိသော ကမ္မဇရုပ်၌ပါသော တေဇောဓာတ်ဟု ဆိုအပ်သော ဥတုသည် ပဋိသန္ဓေစိတ်၏ ဌီကာလမှစ၍ ဥတုဇအဋ္ဌကလာပ်ရုပ်ကို ဖြစ်စေ၏၊ ထိုအခါမှစ၍ ဥတုဇကလာပ် ၄- စည်းတို့တွင် တစည်းစည်းသည် မတကဋ္ဌေဝရ ဖြစ်သည်ဟု ဆိုအပ်သည်တိုင်အောင် ခပ်သိမ်းသော စိတ်တို့၏ ခဏ ၃-ပါး၌ ဖြစ်ကုန်၏၊

ပဋိသန္ဓေနောင် ပထမဘဝင်ဟု ဆိုအပ်သော ဒုတိယစိတ်သည် မိမိဥပါဒ်သောအခါ စိတ္တဇအဋ္ဌကလာပ်ရုပ်ကို ဖြစ်စေ၏၊ ထိုအခါမှစ၍ စိတ္တဇကလာပ် ၆-စည်းတို့တွင် တစည်းစည်းသည် စုတိတိုင်အောင် အရူပဝိပါက် ၄-ခု ဒွေပဉ္စ ဝိညာဉ် ၁၀ ရဟန္တာတို့၏ စုတိကြဉ်သော စိတ် ၇၅ခုတို့၏ ဥပါဒ်ဆဲကာလ၌ ဖြစ်ကုန်၏၊

သံသေဒဇ ဥပပါတ်တို့အား တံတွေးမျိုခြင်း အစရှိသော အာဟာရကို သုံးဆောင်သောအခါ။

ဂဗ္ဘသေယျကပုဂ္ဂိုလ်တို့အား နှစ်သတ္တာဟလွန်၍ အမိမျိုသောအာဟာရ နှံ့သောအခါ ကဗဋ္ဌီကာရ အာဟာရဟု ဆိုအပ်သော ဩဇာသည် အာဟာရဇ အဋ္ဌကလာပ်ရုပ်ကို ဖြစ်စေ၏၊

ထိုအခါမှစ၍ အာဟာရဇကလာပ်နှစ်စည်းတို့တွင် တစည်းစည်းသည် စုတိတိုင်အောင် ခပ်သိမ်းသော စိတ်တို့၏ ဥပါဒ် ဌီ ဘင် ဟု ဆိုအပ်သော ခဏ၃-ပါး၌ ဖြစ်ကုန်၏၊

ထိုသို့ဖြစ်သောအခါ ပထမဘဝင်စိတ်သည် ပဋိသန္ဓေ စိတ်၏ ဥပါဒ်၌ပါသော ကမ္မဇရုပ်ဟု ဆိုအပ်သော ဧကဇကာယ ပဋိသန္ဓေစိတ်၏ ဌီ ဘင်၌ ပါသော ကမ္မဇ ဥတုဇ ဟုဆိုအပ်သော ဒွိဇကာယအား

ဒုတိယဘဝင် အစရှိသော နောက်နောက်သော စိတ်သည် ပထမဘဝင် အစရှိသော ရှေးရှေးသောစိတ်၏ ခဏ ၃-ပါး၌ပါသော ကမ္မဇ စိတ္တဇ ဥတုဇ ဟုဆိုအပ်သော တိဇကာယအား

အာဟာရဖြစ်၍နှံ့သောအခါ နောက်နောက်ဖြစ်သော စိတ်သည် ရှေးရှေးသောစိတ်၏ ခဏ ၃- ပါး၌ပါသော တိဇ ဥတုဇကာယအား -

အာဝဇ္ဇန်းဒွေသည် ပဉ္စဝေါကာရဘဝင် ၁၅-ခု၏ ခဏသုံးပါး၌ ပါသောတိဇ ဥတုဇကာယအား

ပဉ္စဝိညာဉ်သည် ပဉ္စဒွါရာဝဇ္ဇန်းစိတ်၏ ခဏ ၃-ပါး၌ပါသော တိဇ စတုဇကာယအား

သမ္ပဋိစ္ဆိုင်းဒွေသည် ပဉ္စဝိညာဉ်၏ ခဏ၃-ပါး၌ ပါသော ဒွိဇ တိဇ ကာယအား

သန္တီရဏ ၃-ခုသည် သမ္ပဋိစ္ဆိုင်း၏ ခဏ၃-ပါး၌ပါသော တိဇ စတုဇကာယအား -

ဝုဋ္ဌောသည် သန္တီရဏ ၃-ခု၏ ခဏသုံးပါး၌ ပါသော တိဇ စတုဇ ကာယအား -

အတိမဟန္တာရုံမဟန္တာရုံ ဝိဘူတာရုံ အဝိဘူတာရုံ ဝီထိဖြစ်အံ့ ပထမဇောသည် ဝုဋ္ဌော မနောဒွါရာဝဇ္ဇန်း၏ ခဏ ၃-ပါး၌ပါသော တိဇ စတုဇကာယအား -

ဒုတိယဇောသည် ပထမဇော၏ ခဏ ၃-ပါး၌ပါသော တိဇ စတုဇကာယအား။ ပ။ သတ္တမဇောသည် ဆဋ္ဌဇော၏ ခဏ ၃-ပါး၌ပါသော တိဇ စတုဇကာယအား -

လောဘမူ မောဟမူ မဟာကုသိုလ် ဇောနောင် တဒါရုံ ကျသည်ဖြစ်အံ့ တဒါရုံ ဧကာဒသ မကျသည်ဖြစ်အံ့ ပဉ္စဝေါကာရဘဝင် ၁၅-ခုသည် အဆုံးဇော၏ ခဏ ၃-ပါး၌ပါသော တိဇ စတုဇာကာယအား -

ဒေါသမူဇောနောင် တဒါရုံကျသည်ဖြစ်အံ့ ဥပေက္ခာ တဒါရုံ ၆-ခု မကျသည်ဖြစ်အံ့ ကာမဥပေက္ခာဘဝင် ၆-ခုသည် အဆုံးဇော၏ ခဏ၃-ပါး ၌ပါသော စတုဇကာယအား -

ဟသိတုပ္ပါဒ် မဟာကြိယာ သောမနဿသဟဂုတ်ဇောနောင် တဒါရုံကျသည်ဖြစ်အံ့ သောမနဿတဒါရုံ ၅-ခု မကျသည်ဖြစ်အံ့ ပဉ္စဝေါကာရတိဟိတ်ဘဝင် ၉-ခုသည် အဆုံးဇော၏ ခဏ ၃- ပါး၌ပါသော စတုဇကာယအား -

မဟာကြိယာဥပေက္ခာဇောနောင် တဒါရုံကျသည်ဖြစ်အံ့ ဥပေက္ခာတဒါရုံ ၆-ခု မကျသည်ဖြစ်အံ့ ပဉ္စဝေါကာရ တိဟိတ် ၉-သည် အဆုံးဇော၏ ခဏ ၃-ပါး၌ပါသော စတုဇကာယအား -

ဒုတိယတဒါရုံသည် ပထမတဒါရုံ၏ ခဏ၃-ပါး၌ပါသော စတုဇကာယအား -

ကာမဘဝင် ၁၀-သည် ဒုတိယတဒါရုံ၏ ခဏ ၃-ပါး၌ပါသော စတုဇကာယအား - အပ္ပနာဝီထိဖြစ်အံ့ မဟဂ္ဂုတ် ကုသိုလ်သောမနဿ ၄-ခု မဂသောမနဿ သဟဂုတ် ၁၆-ခု အောက်ဖိုလ်သောမနဿသဟဂုတ် ၁၂-ခုသည် ဂေါတြဘူ ဝေါဒါန် အနုလုံ ကိစ္စတပ်သော မဟာကုသိုလ် ပထမဒွေ၏ ခဏ သုံးပါး၌ပါသော တိဇ စတုဇကာယအား - မဟဂ္ဂိုတ် ကုသိုလ် ဥပေက္ခာ သဟဂုတ် ၅-ခု မဂ်ဥပေက္ခာသဟဂုတ် ၄-ခု အောက်ဖိုလ် ဥပေက္ခာသဟဂုတ် ၃-ခုသည် ဂေါတြဘူ ဝေါဒါန် အနုလုံ ကိစ္စတပ်သော မဟာကုသိုလ် တတိယဒွေ၏ ခဏ ၃-ပါး၌ပါသော တိဇ စတုဇ ကာယအား -

မဟဂ္ဂိုတ်ကြိယာ သောမနဿသဟဂုတ် ၄-ခု အရဟတ္တဖိုလ် သောမနဿ သဟဂုတ် ၄-ခုသည် ဂေါတြဘူ အနုလုံ ကိစ္စတပ်သော မဟာကြိယာပထမဒွေ၏ ခဏ ၃-ပါး၌ပါသော တိဇ စတုဇကာယအား -

မဟဂ္ဂိုတ်ကြိယာ ဥပေက္ခာသဟဂုတ် ၅-ခု အရဟတ္တဖိုလ် ဥပေက္ခာ တခုသည် ဂေါတြဘူ အနုလုံ ကိစ္စတပ်သော မဟာကြိယာတတိယဒွေ၏ ခဏ ၃-ပါး၌ပါသော တိဇ စတုဇကာယအား -

သမာပဇ္ဇနဝီထိ၌ နောက်နောက်သော ဇောတူ မဟဂ္ဂုတ် ကုသိုလ် ကြိယာ အဆုံးဇော၏ ရှေးရှေးသောဇောတူ မဟဂ္ဂုတ် ကုသိုလ်ကြိယာ၏ ခဏ၃-ပါး၌ပါသော တိဇ စတုဇကာယအား

ပဉ္စဝေါကာရ တိဟိတ်ဘဝင် ၉-ခုသည် မဟဂ္ဂုတ် ကုသိုလ် ကြိယာအဆုံးဇော၏ ခဏ ၃- ပါး၌ပါသော တိဇ စတုဇကာယအား -

နိရောဓသမာပတ်မှ ထသောအခါ အနာဂါမိဖိုလ် အရဟတ္တဖိုလ်သည် ရှေးတချက်သောစိတ်၏ ခဏ ၃-ပါး၌ပါသော ဒွိဇ စတုဇကာယအား -

သောတာပတ္တိဖိုလ်သည် သောတာပတ္တိမဂ်၏ ခဏ ၃-ပါး၌ပါသော တိဇ စတုဇကာယအား -

သကဒါဂါမိဖိုလ်သည် သကဒါဂါမိမဂ်၏ ခဏ၃-ပါး၌ပါသော တိဇ စတုဇကာယအား -

အနာဂါမိဖိုလ်သည် အနာဂါမိမဂ်၏ ခဏ ၃-ပါး၌ပါသော တိဇ စတုဇကာယအား - အရဟတ္တဖိုလ်သည် အရဟတ္တမဂ်၏ ခဏ ၃-ပါး၌ပါသော တိဇ စတုဇကာယအား -

နောက်နောက်ဖြစ်သော ဇောတူ ဖိုလ်လေးခုသည် ရှေးရှေးဖြစ်သော ဇောတူ ဖိုလ်လေးခု၏ ခဏ ၃-ပါး၌ပါသော တိဇ စတုဇကာယအား -

ပဉ္စဝေါကာရတိဟိတ်ဘဝင် ၉-ခုသည် ဖိုလ်လေးခုအဆုံးဇော၏ ခဏ ၃-ပါး၌ပါသော တိဇ စတုဇကာယအား -

မရဏာသန္နအခါ စုတိစိတ်မှပြန်၍ ရေသည်ရှိသော် ၁၆-ချက်မြောက်သော စိတ်သည် ၁၇- ချက်မြောက်သော စိတ်၏ ခဏ ၃ပါး၌ပါသော တိဇ စတုဇကာယအား-

၁၅-ချက်မြောက်သောစိတ်သည် ၁၆-ချက်မြောက်သောစိတ်၏ ခဏ ၃-ပါး၌ပါသော ဒွိဇ တိဇကာယအား။ပ။ တချက်မြောက်သောစိတ်သည် နှစ်ချက် မြောက်သောစိတ်၏ ခဏ ၃-ပါး၌ပါသော ဒွိဇ တိဇကာယအား။ ပစ္ဆာဇာတ သတ္တိဖြင့် ကျေးဇူးပြုပေ၏၊

ရူပဘုံ၌ အာဟာရဇရုပ်ကို မရသောကြောင့် ကမ္မဇ စိတ္တဇ ဥတုဇရုပ် ၃-ပါးကို ရည်၍ တိဇကာယဟု ဆိုသည်။

ကာမပုဂ္ဂိုလ်တို့အား ၄-ပါးစလုံး ရကောင်းသောကြောင့် စတုဇကာယ ဟု ဆိုအပ်သည်ဟူ၍ မှတ်။

မရဏာသန္နကာလ၌ကား-စုတိ၏အထက် ၁၇-ချက်မြောက်သော စိတ်၏ ဌီမှစ၍ ကမ္မဇရုပ် အသစ်မဖြစ်ရကား ရူပပုဂ္ဂိုလ်မှာ ဒွိဇကာယ ကာမပုဂ္ဂိုလ်မှာ တိဇကာယသာ ရှိတော့သည်။

ပစ္ဆာဇာတပစ္စည်း ပြီး၏၊

၄၁၂-အာသေဝန ပစ္စည်းကို ပြခြင်း

အာသေဝနပစ္စယော ဟူသော ပစ္စယုဒ္ဒေသ၌ သရုပ်တို့သည်-

၁။ ပစ္စည်း၊
၂။ ပစ္စယုပ္ပန် အားဖြင့် နှစ်ပါးအပြားရှိကုန်၏၊

ထိုနှစ်ပါးတို့တွင် အဆုံးဇော မဂ်ဇော ဖိုလ်ဇော ကြဉ်သော ဇောသတ္တစတ္တာလီသ ဤတရားတို့သည် အာသေဝနပစ္စည်း တပ်သော တရားတို့ မည်ကုန်၏၊

ပထမဇော ဖိုလ်ဇောကြဉ်သော ဇောဧကပညာသ ဤတရားတို့သည် ပစ္စယုပ္ပန် ဖြစ်သော တရားတို့မည်ကုန်၏၊

ထိုနှစ်ပါးတို့တွင် ဆိုအပ်ပြီးသော ပစ္စည်းတရားတို့သည် ဆိုအပ်ပြီးသော ပစ္စယုပ္ပန် တရားတို့အား အာသေဝနသတ္တိဖြင့် ကျေးဇူးပြုပေ၏၊

တနည်းကား- ကာမဇောဝါရ၌ ပထမဇောသည် ဒုတိယဇောအား၊ ဒုတိယဇောသည် တတိယဇောအား။ပ။ ဆဋ္ဌဇောသည် သတ္တမဇောအား-

အပ္ပနာဝီထိ၌ ပရိကံသည် ဥပစာအား၊ ဥပစာသည် အနုလုံအား၊ အနုလုံသည် ဂေါတြဘူ ဝေါဒါန်အား-

ဂေါတြဘူ ဝေါဒါန်ကိစ္စတပ်သော မဟာကုသိုလ် ပထမဒွေသည် မဟဂ္ဂုတ်ကုသိုလ် သောမနဿသဟဂုတ် ၁၆-ခုအား-

ဂေါတြဘူဝေါဒါန်ကိစ္စတပ်သော မဟာကုသိုလ် တတိယဒွေသ်သည် မဟဂ္ဂုတ် ကုသိုလ် ဥပေက္ခာ ၅-ခု မဂ်ဥပေက္ခာ ၄-ခုအား-

ဂေါတြဘူ အနုလုံကိစ္စတပ်သော မဟာကြိယာ ပထမဒွေသည် မဟဂ္ဂုတ်ကြိယာ သောမနဿ ၄- ခုအား-

ဂေါတြဘူ အနုလုံကိစ္စတပ်သော မဟာကြိယာတတိယဒွေသည် မဟဂ္ဂုတ်ကြိယာ ဥပေက္ခာ ၅- ခုအား-

သမာပဇ္ဇနဝီထိ၌ ရှေးရှေးဖြစ်သော မဟဂ္ဂုတ်ကုသိုလ် ကြိယာဇောသည် နောက်နောက်ဖြစ်သော ပဟဂ္ဂုတ်ကုသိုလ် ကြိယာဇောအား အာသေဝန သတ္တိဖြင့် ကျေးဇူးပြုပေ၏၊

အာသေဝနပစ္စည်း ပြီး၏၊

၄၁၃-ကမ္မပစ္စည်းကို ပြခြင်း

ကမ္မပစ္စယော ဟူသော ပစ္စယုဒ္ဒေသ၌ ကမ္မပစ္စည်းသည်-

၁။ သဟဇာတကမ္မ၊
၂။ နာနာက္ခဏိက ကမ္မအားဖြင့် နှစ်ပါးအပြားရှိ၏၊ ထိုနှစ်ပါးတို့တွင် သဟဇာတကမ္မ၌ စိတ်တခုယုတ် ၉၀-၌ရှိသော စေတနာသည် သဟဇာတကမ္မပစ္စည်းတပ်သော တရားမည်ကုန်၏၊

စိတ်တခုယုတ် ၉၀ စေတနာကြဉ်သော စေတသိက် ဧကပညာသ စိတ္တဇရုပ် ပဋိသန္ဓေကမ္မဇရုပ် ဤတရားတို့သည် ပစ္စယုပ္ပန် ဖြစ်သော တရားတို့ မည်ကုန်၏၊

ထိုနှစ်ပါးတို့တွင် ဆိုအပ်ပြီးသော ပစ္စည်းတရားတို့သည် ဆိုအပ်ပြီးသော ပစ္စယုပ္ပန်တရားတို့အား သဟဇာတ ကမ္မသတ္တိဖြင့် ကျေးဇူးပြုပေ၏၊

တနည်းကား-လောဘမူစိတ် ရှစ်ခု၌ရှိသော စေတနာသည် ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ သမ္ပယုတ္တခန္ဓာ သဟိတ်စိတ္တဇရုပ်တို့အား။ စတုဝေါကာရဘုံ၌ကား သမ္ပယုတ္တခန္ဓာအားသာ သဟဇာတကမ္မသတ္တိဖြင့် ကျေးဇူးပြုပေ၏၊

(စိတ်တခု ယုတ် ၉၀ ကုန်သော ဟေတုမှာကဲ့သို့ ဝီထိချရမည်)

နာနာက္ခဏိက ကမ္မ၌ အတီတာနန္တရ အစရှိသော အတိတ်ကာလ၌ တည်သော ကုသိုလ် အကုသိုလ် စေတနာ ၃၃-ခုသည် နာနာက္ခဏိကကမ္မ ပစ္စည်းတပ်သော တရားမည်ကုန်၏၊

ဝိပါက်စိတ်ဆတ္တိံသ စေတသိက်အဋ္ဌတိံသ ပဋိသန္ဓေကမ္မဇ အသညသတ် ကမ္မဇ ပဝတ္တိကမ္မဇ ဤတရားတို့သည် နာနာက္ခဏိကကမ္မပစ္စည်း၏ ပစ္စယုပ္ပန်ဖြစ်သော တရားမည်ကုန်၏၊

ထိုနှစ်ပါးတို့တွင် ဆိုအပ်ပြီးသော ပစ္စည်းတရားတို့သည် ဆိုအပ်ပြီးသော ပစ္စယုပ္ပန်တရားတို့အား နာနာက္ခဏိက ကမ္မသတ္တိဖြင့် ကျေးဇူးပြုပေ၏၊

၁။ တနည်းကား- အကုသိုလ်ဒွါဒသ၌ရှိသော စေတနာသည် အကုသလ ဝိပါက် ၇-ခု ပဋိသန္ဓေကမ္မဇ ပဝတ္တိကမ္မဇရုပ်တို့အား-

ကုသိုလ်ဧကဝီသ၌ရှိသော စေတနာသည် ကုသလဝိပါက် ဧကူနတိံသ ပဋိသန္ဓေကမ္မဇရုပ်တို့အား-

ထိုကုသိုလ်ဧကဝီသတို့တွင် မဟာကုသိုလ် ရှစ်ခု၌ရှိသော စေတနာသည် အဟိတ်ကုသလဝိပါက် ရှစ်ခု မဟာဝိပါက် ရှစ်ခု ပဋိသန္ဓေကမ္မဇရုပ် ပဝတ္တိကမ္မဇရုပ်တို့အား-

ရူပကုသိုလ် ၅-ခု၌ရှိသော စေတနာသည် ရူပဝိပါက် ၅-ခု ပဋိသန္ဓေ ကမ္မဇရုပ် ပဝတ္တိကမ္မဇရုပ် အသညသတ်ကမ္မရုပ်တို့အား-

အရူပကုသိုလ်လေးခု၌ ရှိသော စေတနာသည် အရူပဝိပါက် ၄-ခု သမ္ပယုတ္တ ခန္ဓာအား-

မဂ်စိတ် ၄-ခု၌ရှိသော စေတနာသည် ဖိုလ် ၄-ခုသမ္ပယုတ္တခန္ဓာအား နာနာက္ခဏိက ကမ္မသတ္တိဖြင့် ကျေးဇူးပြုပေ၏၊

၂။ ။ဝိသေသအားဖြင့်ကား တိဟိတ်ဥက္ကဋ္ဌဖြစ်သော မဟာကုသိုလ်ဉာဏ သမ္ပယုတ် ၄-ခု၌ရှိသော စေတနာသည် အဟိတ်ကုသလဝိပါက်ရှစ်ခု မဟာဝိပါက် ရှစ်ခု ပဋိသန္ဓေကမ္မဇရုပ် ပဝတ္တိကမ္မဇရုပ်တို့အား-

တိဟိတ်ဩမက ဒွိဟိတ်ဥက္ကဋ္ဌဖြစ်သော မဟာကုသိုလ် ဉာဏသမ္ပယုတ် ၄-ခု ဉာဏဝိပ္ပယုတ် ၄- ခု၌ရှိသော စေတနာသည် အဟိတ်ကုသလဝိပါက်ရှစ်ခု မဟာဝိပါက် ဉာဏဝိပ္ပယုတ် ၄-ခု ပဋိသန္ဓေကမ္မဇရုပ် ပဝတ္တိကမ္မဇရုပ်တို့အား -

ဒွိဟိတ်ဩမကဖြစ်သော မဟာကုသိုလ် ဉာဏဝိပ္ပယုတ် ၄-ခု၌ရှိသော စေတနာသည် အဟိတ်ကုသလဝိပါက် ရှစ်ခု ပဋိသန္ဓေကမ္မဇရုပ် ပဝတ္တိကမ္မဇရုပ်ုတို့အား နာနာက္ခဏိကမ္မသတ္တိဖြင့် ကျေးဇူးပြုပေ၏၊

၃။ ။ တနည်းကား - တိဟိတ်ဥက္ကဋ္ဌဖြစ်သော မဟာကုသိုလ် ဉာဏသမ္ပယုတ် အသင်္ခါရိက နှစ်ခု၌ရှိသော စေတနာသည် အဟိတ်ကုသလ ဝိပါက်ရှစ်ခု မဟာဝိပါက် အသင်္ခါရိက ၄-ခု ပဋိသန္ဓေကမ္မဇရုပ် ပဝတ္တိကမ္မဇရုပ်တို့အား-

တိဟိတ်ဥက္ကဋ္ဌဖြစ်သော မဟာကုသိုလ် ဉာဏသမ္ပယုတ် သသင်္ခါရိက နှစ်ခု၌ရှိသော စေတနာသည် အဟိတ်ကုသလ ဝိပါက်ရှစ်ခု မဟာဝိပါက် သသင်္ခါရိက ၄-ခု ပဋိသန္ဓေကမ္မဇရုပ် ပဝတ္တိကမ္မဇရုပ်တို့အား -

တိဟိတ် ဩမကဒွိဟိတ် ဥက္ကဋ္ဌဖြစ်သော မဟာကုသိုလ်ဉာဏသမ္ပယုတ် အသင်္ခါရိကနှစ်ခု ဉာဏဝိပ္ပယုတ် အသင်္ခါရနှစ်ခု၌ရှိသော စေတနာသည် အဟိတ်ကုသလ ဝိပါကရှစ်ခု မဟာဝိပါက် ဉာဏဝိပ္ပယုတ် အသင်္ခါရိကနှစ်ခု ပဋိသန္ဓေကမ္မဇရုပ် ပဝတ္တိကမ္မဇရုပ်တို့အား

တိဟိတ်ဩမက ဒွိဟိတ် ဥက္ကဋ္ဌဖြစ်သော မဟာကုသိုလ်ဉာဏသမ္ပယုတ် အသင်္ခါရိကနှစ်ခု ဉာဏဝိပ္ပယုတ် အသင်္ခါရနှစ်ခု၌ရှိသော စေတနာသည် အဟိတ်ကုသလ ဝိပါကရှစ်ခု မဟာဝိပါက် ဉာဏဝိပ္ပယုတ် အသင်္ခါရိကနှစ်ခု ပဋိသန္ဓေကမ္မဇရုပ် ပဝတ္တိကမ္မဇရုပ်တို့အား

ဒွိဟိတ် ဩမကဖြစ်သော မဟာကုသိုလ် မဟာကုသိုလ် ဉာဏဝိပ္ပယုတ် ၄-ခု၌ရှိသော စေတနာသည် အဟိတ်ကုသလ ဝိပါက်ရှစ်ခု ပဋိသန္ဓေကမ္မဇရုပ် ပဝတ္တိကမ္မဇရုပ်တို့အား နာနာက္ခဏိကမ္မသတ္တိဖြင့် ကျေးဇူးပြုပေ၏၊

၄။ ။ ရူပါဝစရပထမစျာန် ကုသိုလ်စေတနာသည် ပထမစျာန်ဝိပါက် ပဋိသန္ဓေကမ္မဇရုပ် ပဝတ္တိကမ္မဇရုပ်တို့အား။ ပ။ ရူပါဝစရစတုတ္ထစျာန် ကုသိုလ်စေတနာသည် စတုတ္ထစျာန်ဝိပါက် ပဋိသန္ဓေကမ္မဇရုပ် ပဝတ္တိကမ္မဇရုပ်တို့အား

ရုပဝစရပဉ္စမစျာန်ကုသိုလ်၌ရှီသော စေတနာသည် ပဉ္စမစျာန်ဝိပါက် ပဋိသန္ဓေ ကမ္မဇရုပ် ပဝတ္တိကမ္မဇရုပ် အသညသတ် ကမ္မဇရုပ်တို့အား

အာကာသာနဉ္စယတနကုသိုလ်၌ ရှိသော စေတနာသည် အာကာသာနဉ္စာ ယတနဝိပါက် သမ္ပယုတ္တခန္ဓာအား။ ပ။ နေဝသသာ နာသညာ ယတနကုသိုလ်၌ ရှိသော စေတနာသည် နေဝသညာ နာသညာ ယတနဝိပါက် သမ္ပယုတ္တခန္ဓာအား -

သောတာပတ္တိမဂ်စေတနာသည် သောတာပတ္တိဖိုလ်နာမက္ခန္ဓာအား။ပ။ အရတ္တမဂ် စေတနာသည် အရဟတ္တဖိုလ်နာမက္ခန္ဓာအား နာနာက္ခိကကမ္မသတ္တိဖြင့် ကျေးဇူးပြုပေ၏

၄၁၄- ဝိပါကပစ္စည်းကိုပြခြင်း

ဝိပါကပစ္စယော ဟူသော ပစ္စယုဒ္ဒေသ၌ သရုပ်တို့သည်

၁။ပစ္စည်း၊ ။ ၂။ ပစ္စယုပ္ပန်-အားဖြင့် နှစ်ပါးအပြားရှိကုန်၏

ထိုနှစ်ပါးတို့တွင် ဝိပါက်စိတ်ဆတ္တိံ သ စေတသိက် အဋ္ဌတိံသ ဤတရားတို့သည် ဝိပါကပစ္စည်း တပ်သော တရားတို့မည်ကုန်၏၊

ဝိပါက်စိတ်ဆတ္တိံ သ စေတသိက် အဋ္ဌတိံ သ နာမက္ခန္ဓာ ထိုနာမက္ခန္ဓာတို့သည် ယထာရဟ ပြုအပ်သော စိတ္တဇရုပ် ပဋိသန္ဓေကမ္မဇရုပ် ဤတရားတို့သည် ဝိပါကပစ္စည်း၏ ပစ္စယုပ္ပန်ဖြစ်သော တရားတို့မည်ကုန်၏၊

ထိုနှစ်ပါးတို့တွင် ဆိုအပ်ပြီးသော ပစ္စည်းတရားတို့သည် ဆိုအပ်ပြီးသော ပစ္စယုပ္ပန် တရားတို့အား ဝိပါကသတ္တိဖြင့် ကျေးဇူးပြုပေ၏၊ ဝိပါကပစ္စည်း ပြီး၏

၄၁၅- အာဟာရပစ္စည်းကို ပြခြင်း

အာဟာရပစ္စယော ဟူသော ပစ္စယုဒ္ဒေသ၌ အာဟာရပစ္စည်းသည်-

၁။ ။ နာမ်အာဟာရ
၂။ ရုပ်အာဟာရအားဖြင့် နှစ်ပါးအပြားရှိ၏

ထိုနှစ်ပါးတို့တွင် နာမ်အာဟာရဖြစ်အံ့ ဖဿ စေတနာ ဝိညာဉ် ဤတရားတို့သည် နာမ်အာဟာရပစ္စည်းတပ်သော တရားတို့မည်ကုန်၏၊

စိတ်တခု ယုတ်၉၀ စေတသိက်ဒွေပညာသ စိတ္တဇရုပ် ပဋိသန္ဓေကမ္မဇရုပ် ဤတရားတို့သည် ပစ္စယုပ္ပန်ဖြစ်သော တရားတို့မည်ကုန်၏

ရုပ်အာဟာရဖြစ်အံ့ အဇ္ဈတ္တသန္တာန်၌ရှိသော စတုသမုဋ္ဌာနိကဩဇာ ဗဟိဒ္ဇ သန္တာန်၌ရှိသော ဥတုဇဩဇာ ဤတရားတို့သည် ရုပ်အာဟာရပစ္စည်းတပ်သော တရားတို့မည်ကုန်၏၊

ကလာပ်တူ ဩဇာကြဉ်သော ကလာပ်တူ ကလာပ်ပြားဖြစ်သော စတုသမုဋ္ဌာနိကရုပ် ဤတရားတို့သည် ရုပ်အာဟာရပစ္စည်း၏ပစ္စယုပ္ပန်ဖြစ်သော တရားတို့မည်ကုန်၏၊

ထိုနှစ်ပါးတို့တွင် ဆိုအပ်ပြီးသော ပစ္စည်းတရားတို့သည် ဆိုအပ်ပြီးသော ပစ္စယုပ္ပန်တရားတို့အား အာဟာရသတ္တိဖြင့် ကျေးဇူးပြုပေ၏၊

၁။တနည်းကား - ကမ္မဇကလာပ် ၉-စည်းတို့တွင် စက္ခုဒသက၌ပါသော ဩဇာသည် ဩဇာကြဉ်သော ကလာပ်တူကမ္မဇရုပ် ၉-ခု သောတဒသက အစရှိသော ကလာပ်ပြားဖြစ်သော စတုသမုဋ္ဌာနိကရုပ်တို့အား -

သောတဒသက ဃာနဒသက ဇိဝှာဒသက ကာယဒသက ဘာဝဒသက ဝတ္ထုဒသက၌ပါသော ဩဇာသည်ကြဉ်သော ကလာပ်တူကမ္မဇရုပ် ၉-ခု စက္ခု ဒသက အစရှိသော ကလာပ်ပြားဖြစ်သော စတုသမုဋ္ဌာနိကရုပ်တို့အား -

ဇီဝိတနဝက ကလာပ်၌ပါသော ဩဇာသည် ဩဇာကြဉ်သော ကလပ်တူကမ္မဇရုပ် ရှစ်ခု စက္ခုဒသကအစရှိသော ကလာပ်ပြားဖြစ်သော စတုသမုဋ္ဌာနိက ရုပ်တို့အား အာဟာရရုပ်သတ္တိဖြင့် ကျေးဇူးပြုပေ၏၊

၂။စိတ္တဇကလာပ် ၆-စည်းတို့တွင် သုဒ္ဓဋ္ဌက ကလပ်၌ပါသော ဩဇာသည် ဩဇာကြဉ်သော ကလပ်တူ စိတဇရုပ် ရ-ခု စက္ခုဒသက အစရှိသော ကလပ်ပြားဖြစ်သော စတုသမုဋ္ဌာနိကရုပ်တို့အား။ပ။ ဥတုဇကလာပ် ၄-စည်းတို့တွင် သုဒ္ဓဋ္ဌကကလာပ်၌ပါသော ဩဇာသည် ဩဇာကြဉ်သော ကလာပ်တူ ဥတုဇရုပ် ရ-ခု၊ စက္ခုဒသက အစရှိသော ကလာပ်ပြားဖြစ်သော စတုသမုဋ္ဌာနိကရုပ်တို့အား။ပ။ ဥတုဇကလာပ် ၄-စည်းတို့တွင် သုဒ္ဓဋ္ဌကကလာပ်၌ပါသော ဩဇာသည် ဩဇာကြဉ်သော ကလာပ်တူ ဥတုဇရုပ် ၇-ခု, စက္ခုဒသက အစရှိသော ကလာပ်ပြားဖြစ်သော ဥတုသမုဋ္ဌာနိကရုပ်တို့အား။ ပ။ အာဟာရဇကလာပ်နှစ်ပါးတို့တွင် သုဒ္ဓဋ္ဌကကလာပ်၌ပါသော ဩဇာသည် ဩဇာကြဉ်သော ကလာပ်တူ အာဟာရဇရုပ် ၇-ပါး, စက္ခုဒသကအစရှိသော ကလာပ်ပြားဖြစ်သော စတုသမုဋ္ဌာနိကရုပ်တို့အား ရုပ်အာဟာရသတ္တိဖြင့် ကျေးဇူးပြုပေ၏၊

အာဟာရပစ္စည်း ပြီး၏၊

၄၁၆-ဣ[န္ဒိယပစ္စည်းကို ပြခြင်း

ဣ[န္ဒိယပစ္စယောဟူသော ပစ္စယုဒ္ဒေသ၌ ဣ[န္ဒိယသည်-

၁။သဟဇာတိ[န္ဒိယ၊
၂။ပုရေဇာတိ[န္ဒိယဖြစ်အံ့၊ ဇီဝိတ, စိတ်, ဝေဒနာ, သဒ္ဓါ, ဝီရိယ, သတိ, ဧကဂ္ဂတာ, ပညာ ဤနာမ်ဣေ[န္ဒိရှစ်ပါးတို့သည် သဟဇာတိ[န္ဒိယပစ္စည်းတပ်သောတရားတို့ မည်ကုန်၏၊

စိတ်တခု ယုတ် ၉၀, စေတသိက်ဒွေပညာသ, စိတ္တဇရုပ် ပဋိသန္ဓေ ကမ္မဇရုပ် ဤတရားတို့တွင် ပစ္စယုပ္ပန်ဖြစ်သော တရားတို့မည်ကုန်၏၊

ထိုနှစ်ပါးတို့တွင် ဆိုအပ်ပြီးသော ပစ္စည်းတရားတို့သည် ဆိုအပ်ပြီးသော ပစ္စယုပ္ပန်တရားတို့အား သဟဇာတိ[န္ဒိယသတ္တိဖြင့် ကျေးဇူးပြုပေ၏၊

၂။ပုရေဇာတိ[န္ဒိယ၌ အကျုံးဝင်သော ပသာဒရုပ် ၅-ခုသည် ပုရေဇာတ[န္ဒိယ ပစ္စည်းတပ်သောတရားတို့ မည်ကုန်၏၊

ဒွေပဉ္စဝိညာဉ် ၁၀, သဗ္ဗစိတ္တသာဓာရဏစေတသိက် ၇-ခု ဤတရားတို့သည် ပစ္စယုပ္ပန်ဖြစ်သောတရားတို့ မည်ကုန်၏၊

ထိုနှစ်ပါးတို့တွင် ဆိုအပ်ပြီးသော ပစ္စည်းတရားတို့သည် ဆိုအပ်ပြီးသော ပစ္စပ္ပန်တရားတို့အား ပုရေဇာတိ[န္ဒိယသတ္တိဖြင့် ကျေးဇူးပြုပေ၏၊

၃။ရုပ်ဇီဝိတိ[န္ဒိယ၌ ပဝတ္တိပဋိသန္ဓေအားဖြင့် ရုပ်ဇီဝိတိန္ဒြေတို့သည် ပစ္စည်း တပ်သော တရားမည်ကုန်၏၊

ရုပ်ဇီဝိတိန္ဒြေကြဉ်သော ကလာပ်တူကမ္မဇရုပ်တို့သည် ဆိုအပ်ပြီးသော ပစ္စယုပ္ပန် ဖြစ်သော တရားတို့မည်ကုန်၏၊

ထိုနှစ်ပါးတို့တွင် ဆိုအပ်ပြီးသော ပစ္စည်းတရားတို့သည် ဆိုအပ်ပြီးသော ပစ္စပ္ပန်တရားတို့အား ရုပ်ဇီဝိတိ[န္ဒိယသတ္တိဖြင့် ကျေးဇူးပြုပေ၏၊

၄။တနည်းကား-ကမ္မဇကလာပ် ၉-စည်းတို့တွင် စက္ခုဒသက၌ပါသော ရုပ်ဇီဝိတိန္ဒြေသည် ရုပ်ဇီဝိတိန္ဒြေကြည်သော ကလာပ်တူ ကမ္မဇရုပ်တို့အား။ သောတဒသက ၌ပါသော ရုပ်ဇီဝိတိန္ဒြေသည် ရုပ်ဇီဝိတိန္ဒြေကြည်သော ကလာပ်တူ ကမ္မဇရုပ်တို့အား။ပ။ ဇီဝိတနဝက ကလာပ်၌ပါသော ရုပ်ဇီဝိတိန္ဒြေ, သတ္တိဖြင့် ကျေးဇူးပြုပေ၏၊

ဣ[န္ဒိယပစ္စည်းပြီး၏၊

၄၁၇-စျာနပစ္စည်းကိုပြခြင်း

စျာနပစ္စယောဟူသော ပစ္စယုဒ္ဒေသ၌ သရုပ်တို့သည်-

၁။ ပစ္စည်း၊
၂။ ပစ္စယုပ္ပန် အားဖြင့် နှစ်ပါးအပြားရှိကုန်၏၊

ထိုနှစ်ပါးတို့တွင် ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ ဤတရားတို့သည် စျာနပစ္စည်းတပ်သောတရားတို့ မည်ကုန်၏၊

ဒွေပဉ္စဝိညာဉ် ၁၀-ကြဉ်သော စိတ်တခုယုတ် ၈၀၊ စေတသိက်ဒွေပညာသ, စိတ္တဇရုပ်, ပဋိသန္ဓေကမ္မဇရုပ် ဤတရားတို့သည် ပစ္စယုပ္ပန်ဖြစ်သောတရားတို့မည်ကုန်၏၊

ထိုနှစ်ပါးတို့တွင် ဆိုအပ်ပြီးသောပစ္စည်းတရားတို့သည် ဆိုအပ်ပြီးသော ပစ္စယုပ္ပန် တရားတို့အား စျာနသတ္တိဖြင့် ကျေးဇူးပြုပေ၏၊

စျာနသတ္တိပြီး၏၊

၄၁၈-မဂ္ဂသတ္တိကိုပြခြင်း

မဂ္ဂပစ္စယောဟူသော ပစ္စယုဒ္ဒေသ၌ သရုပ်တို့သည်-

၁။ ပစ္စည်း၊
၂။ ပစ္စယုပ္ပန် အားဖြင့် နှစ်ပါးအပြားရှိကုန်၏၊

ထိုနှစ်ပါးတို့တွင် ပညာ, ဝိတက်, ဝိရတီ-၃ခု, ဝီရိယ, သတိ, ဧကဂ္ဂတာ, ဒိဋ္ဌိ ဤတရားတို့သည် မဂ္ဂပစ္စည်း တပ်သောတရားတို့မည်ကုန်၏၊

သဟိတ်စိတ် ဧကသတ္တတိ, စေတသိက်ဒွေပညာသ, သဟိတ်စိတ္တဇရုပ်, သဟိတ် ပဋိသန္ဓေကမ္မဇရုပ် ဤတရားတို့ သည် မဂ္ဂပစ္စည်း၏ ပစ္စယုပ္ပန်ဖြစ်သောတရား တို့မည်ကုန်၏၊

ထိုနှစ်ပါးတို့တွင် ဆိုအပ်ပြီးသောပစ္စည်းတရားတို့သည် ဆိုအပ်ပြီးသော ပစ္စယုပ္ပန် တရားတို့အား မဂ္ဂသတ္တိဖြင့် ကျေးဇူးပြုပေ၏၊

မဂ္ဂပစ္စည်းပြီး၏၊

၄၁၉-သမ္ပယုတ္တပစ္စည်းကိုပြခြင်း

သမ္ပယုတ္တပစ္စယောဟူသော ပစ္စယုဒ္ဒေသ၌ သရုပ်တို့သည်-

၁။ ပစ္စည်း၊
၂။ ပစ္စယုပ္ပန် အားဖြင့် နှစ်ပါးအပြားရှိကုန်၏၊

ထိုနှစ်ပါးတို့တွင် စိတ်တခုယုတ် ၉၀, စေတသိက် ဒွေပညာသ ဤတရားတို့သည် သမ္ပယုတ္တပစ္စည်းတပ်သော တရားတို့မည်ကုန်၏၊ ၄င်းတရားတို့သည်ပင် ပစ္စယုပ္ပန် ဖြစ်သောတရားတို့မည်ကုန်၏၊

ထိုနှစ်ပါးတို့တွင် ဆိုအပ်ပြီးသောပစ္စည်းတရားတို့သည် ဆိုအပ်ပြီးသော ပစ္စယုပ္ပန် တရားတို့အား သမ္ပယုတ္တ သတ္တိဖြင့် ကျေးဇူးပြုပေ၏၊

သမ္ပယုတ္တပစ္စည်းပြီး၏၊

၄၂၀-ဝိပ္ပယုတ္တပစ္စည်းကိုပြခြင်း

ဝိပ္ပယုတ္တပစ္စယောဟူသော ပစ္စယုဒ္ဒေသ၌ ဝိပ္ပယုတ္တသည်-

၁။ သဟဇာတဝိပ္ပယုတ်၊
၂။ ပုရေဇာတဝိပ္ပယုတ်၊
၃။ ပစ္ဆာဇာတဝိပ္ပယုတ်အားဖြင့် ၃- ပါးအပြားရှိ၏၊

ထို၃-ပါးတို့တွင် သဟဇာတဝိပ္ပယုတ်ဖြစ်အံ့၊ ပဉ္စဝေါကာရဘုံဤဖြစ်သောအခါ အရူပဝိပါက် ၄-ခု, ဒွေပဉ္စဝိညာဉ် ၁၀-ကြဉ်သော စိတ် ၇၅-ခု, စေတသိက်ဒွေပညာသ, ပဉ္စဝေါကာရပဋိသန္ဓေနာမက္ခန္ဓာ, ဟဒယဝတ္ထု ဤတရားတို့သည် သဟဇာတဝိပ္ပယုတ္တ ပစ္စည်းတပ်သောတရားတို့မည်ကုန်၏၊

စိတ္တဇရုပ်, ပဋိသန္ဓေကမ္မဇရုပ်, ပဉ္စဝေါကာရပဋိသန္ဓေနာမက္ခန္ဓာ, ဟဒယဝတ္ထု ဤတရားတို့သည် ပစ္စယုပ္ပန်ဖြစ် သောတရားတို့မည်ကုန်၏၊

ထိုနှစ်ပါးတို့တွင် ဆိုအပ်ပြီးသောပစ္စည်းတရားတို့သည် ဆိုအပ်ပြီးသော ပစ္စယုပ္ပန် တရားတို့အား သဟဇာတ ဝိပ္ပယုတ္တသတ္တိဖြင့် ကျေးဇူးပြုပေ၏၊

တနည်းကား-နာမက္ခန္ဓာ ၄-ပါးသည် စိတ္တဇရုပ်, ပဋိသန္ဓေကမ္မဇရုပ်တို့အား-

တပါး တပါး ၃-ပါး ၃-ပါး၊ ၂-ပါး ၂-ပါးသော ပဋိသန္ဓေနာမက္ခန္ဓာသည် ဟဒယဝတ္ထုအား-

ဟဒယဝတ္ထုသည် တပါး တပါး ၃-ပါး ၃-ပါး၊ ၂-ပါး ၂-ပါးသော ပဋိသန္ဓေနာမက္ခန္ဓာအား သဟဇာတ ဝိပ္ပယုတ္တသတ္တိဖြင့် ကျေးဇူးပြုပေ၏၊

ပုရေဇာတဝိပ္ပယုတ်သည် ပုရေဇာတနှင့်တူ၏၊ ပစ္ဆာဇာတဝိပ္ပယုတ်သည် ပစ္ဆာဇာတ နှင့်တူ၏၊

ဝိပ္ပယုတ္တပစ္စည်းပြီး၏၊

၄၂၁-အတ္ထိပစ္စည်းကိုပြခြင်း

အတ္ထိပစ္စယောဟူသော ပစ္စယုဒ္ဒေသ၌ အတ္ထိပစ္စည်းသည်-

၁။ သဟဇာတတ္ထိ၊
၂။ ပုရေဇာတတ္ထိ၊
၃။ ပစ္ဆာဇာတတ္ထိ၊
၄။ အာဟာရတ္ထိ၊
၅။ ဣန္ဒြိယတ္ထိ အားဖြင့်ငါးပါးအပြားရှိ၏၊

ထိုငါးပါးတို့တါင် သဟဇာတတ္ထိသည် သဟဇာတနှင့်တူ၏၊ ပုရေဇာတတ္ထိသည် ပုရေဇာတနှင့်တူ၏၊ ပစ္ဆာဇာတတ္ထိသည် ပစ္ဆာဇာတနှင့်တူ၏၊ အာဟာရတ္ထိသည် အာဟာရနှင့်တူ၏၊ ဣန္ဒြိယတ္ထိသည် ရုပ်ဇီဝိတိန္ဒြေနှင့်တူ၏၊

နတ္ထိ, ဝိဂတသည် အနန္တရနှင့်တူ၏၊ အဝိဂတသည် အတ္ထိနှင့်တူ၏၊

ဤသို့လျှင် ၂၄-ပါးသောပစ္စည်းတရားတို့၏ သရုပ်ကို အကျဉ်းသိအပ်၏ ဟူလိုသောဝ်။

ဤကျှလောက်ဆောင်မှ ပစ္စည်း, ပစ္စယုပ္ပန်, ပစ္စည်းတပ်ဟန်ကို နားလည်း ရာသောကြောင့် စုံလင်စွာ သင်္ခေပဖြင့် ရေးလိုက်သည်။

၄၂၂-အနန္တရစသောပစ္စည်းတို့၌ ရဟန္တာစုတိကြဉ်ရပုံကိုပြခြင်း

မေး။ ။အနန္တရ၊ စသည်တပ်နည်း၊ ၄-ပစ္စည်းမှာ၊ ရဟန္တာစုတိ၊ မရှိကြဉ်သည်၊ ဖြစ်အင်ဘယ်အကြောင်း ကြောင့်နည်း။

ဖြေ။ ။ရဟန္တာတို့၏စုတိသည် အဆုံးစွန်စိတ်ဖြစ်၍ နောက်စိတ်ဖြစ်ခြင်းမရှိရကား ပစ္စည်းမတပ်နိုင် ပစ္စယုပ္ပန်ိသာ ဖြစ်၏ဟူပေ။

၄၂၃-သဟဇာတကမ္မနှင့် နာနာက္ခဏိကကမ္မ နှစ်ပါးအထူး

မေး။ ။သဟဇာတကမ္မနာနာက္ခဏိက၊ နှစ်ဝပစ္စယာ၊ တပ်ကြရာ၌၊ ကာလဘယ်သို့ ထူးသနည်း။

ဖြေ။ ။သဟဇာတကမ္မမှာ မိမိနှင့်တကွဖြစ်သော နာမက္ခန္ဓာ စိတ္တဇရုပ်, ပဝတ္တိကမ္မဇရုပ်တို့ကိုသာ ကျေးဇူးပြုသည်ဖြစ်၍ ပစ္စုပ္ပန်ကာလကိုမှီသည်။ နာနာက္ခဏိက ကမ္မပစ္စည်းမှာ ရှေးရှေးဘဝကပြုသောစေတနာသည် ဤဘဝ၌၄င်း, နောက်ဘဝ၌၄င်း ဝိပါက်ကဋတ္တာရုပ်တို့အား ကျေးဇူးပြုသည်ဖြစ်၍ ကာလ ၃-ပါးကို မှီသည်။ ဝါ၊ ဘဝခြား လျက်ပစ္စည်းတပ်သည်။ ဤသို့ထူး၏ ဟူပေ

၄၂၄-အာရမ္မဏစသော ၄-ပစ္စည်း၌ ပစ္စည်းအလုံးစုံဝင်ပုံကိုပြခြင်း

မေး။ ။အာရမ္မဏဥပနိဿယကမ္မ အတ္ထိ၊ ရှိသည်ရုံးစည်း၊ ၄-ပစ္စည်းမှာ၊ ပစ္စည်းတကာ၊ ပေါင်းရာဘယ်ကြောင်းကြောင့်နည်း။

ဖြေ။ ။န ဟိ ယော ကောစိ ပစ္စယော အတ္ထိ၊ သော စိတ္တစေတသိကာနံ အာရမ္မဏဘာဝံ န ဂစ္ဆေယျ၊ သကသကပစ္စယုပ္ပန္နဿ စ ဥပနိဿယဘာဝံ န ဂစ္ဆေတိ၊ ကမ္မဟေတုကတ္တာ စ လောကပ္ပဝတ္တိယာ ဖလဟေတူပစာရဝသေန သဗ္ဗေပိ တဿ သဘာဝံ နာတိဝတ္တန္တိ တေ စ ပရမတ္ထတော လောကသမုတိဝသေန စ ဝိဇ္ဇမာနယေဝါတိ သဗ္ဗေပိ စတူသု သမောဓာနံ ဂစ္ဆန္တိ- ဟူသောဋီကာနှင့်အညီ စိတ်, စေတသိက်တို့၏ အာရုံအဖြစ်သို့ မရောက်သောတစုံတခုသော တရားမည်သည်မရှိ။ ထို့ကြောင့် အလုံးစုံသောပစ္စည်းသည် အာရမ္မဏပစ္စည်း၌ ဝင်၏၊

မိမိတို့၏ ပစ္စယုပ္ပန်ကိုမမှီသောပစ္စည်းမည်သည်လည်းမရှိ။ ထို့ကြောင့် ဥပနိဿယ ပစ္စည်း၌လည်းဝင်၏၊

ခပ်သိမ်းသောသင်္ခါရလောက၏ ဖြစ်ခြင်းသည် ကံလျှင်အကြောင်ရှိသည်၏ အဖြစ်ကြောင့် အကျိုးအကြောင်းတင်စား သည်၏အစွမ်းဖြင့် ဖြစ်ရကား ခပ်သိမ်းသော ပစ္စည်းတို့သည်ူထိုသဘောကိုမလွန်နိုင်၊ ထို့ကြောင့် မက္မပစ္စည်း၌လည်းဝင်၏၊

ထို၂၄-ပါးသောပစ္စည်းတို့သည် ပရမတ္ထအားဖြင်၄င်း၊ သမ္မုတိပညတ်အားဖြင့်၄င်း၊ ထင်ရှားရှိသည်သာဖြစ်၏၊ ထို့ကြောင့် အတ္ထိပစ္စည်း၌လည်းဝင်၏၊

ယင်းသို့ အလုံးစုံသောပစ္စည်းတို့ကို အာရမ္မဏ, ဥပနိဿယ, ကမ္မအတ္ထိ ဟူသော၄- ပါးသောပစ္စည်းတို့၌ ပေါင်းအပ်ကုန်၏ ဟူလိုသည်။

ပဋ္ဌာန်းအဋ္ဌကထာ၌ကား-

အာရမ္မဏပစ္စယော ဝိသုံယေဝ ဧကော ဥပနိဿယော တိဝိဓော တေသု အာရမ္မဏောပနိဿယေ အာရမ္မဏာဓိပတိသမောဓာနံ ဂစ္ဆတိ-အစရှိသည်ဖြင့်လာ၏၊

အဓိပ္ပါယ်ကား-အာရမ္မဏပစ္စည်း အသီအခြားတပါးတည်းသာ ဖြစ်၏၊ ဥပနိဿယကား ၃- ပါးပြားသည်တွင် အာရမ္မဏူပနိဿယ၌ အာရမ္မဏာဓိပတိသည် ပေါင်း၏၊

အနန္တရူပနိဿယ၌ အနန္တရ, သမနန္တရ, အာသေဝန, နတ္ထိ, ဝိဂတပစ္စည်း တို့သည်၄င်း, ဖလာနန္တရ, မဂ်စေတနာ တို့သည်၄င်း ပေါင်း၏၊

ပကတူပနိဿယ၌ နာနာက္ခဏိကကမ္မသည် ပေါင်း၏၊

အတ္ထိ၌ ဟေတု, သဟဇာတာဓိပတိ, သဟဇာတ, အညမည, နိဿယ, ပုရေဇာတ, ပစ္ဆာတ, သဟဇာတကမ္မ, ဝိပါက, အာဟာရ, ဣန္ဒြိယ, စျာန, မဂ္ဂ, သမ္ပယုတ္တ, အတ္ထိ, အဝိဂတပစ္စည်းတို့သည် ပေါင်း၏၊

ကမ္မဇရုပ်၏ ပစ္စည်းဖြစ်သော နာနာက္ခဏိကကမ္မသည်ကား အာရမ္မဏ, ဥပနိဿယ, အတ္ထိဟုဆိုအပ်သော ၃-ပါး သောပစ္စည်းတို့၌ ပေါင်းခြင်းသို့ မရောက်၊ ထို့ကြောင့် ထိုကမ္မဇရုပ်တို့၏ ပစ္စည်းဖြစ်သော နာနာက္ခဏိကကမ္မကိုရည်၍ ကမ္မပစ္စည်းကို အသီးဆိုအပ်၏ ဟူ၍မိန့်လေသည်။

၄၂၅-၂၄-ပစ္စည်းကို ကာလ ၃-ပါးဖြင့် ပိုင်းခြား၍ပြခြင်း

မေး။ ။နှစ်ိဆယ့်လေးဖြာ၊ ပစ္စည်းမှာ၊ ကာလအားဖြင့်၊ ခြား၍ဘယ်သို့ ယူမည်နည်း။

ဖြေ။ ။အနန္တရ, သမနန္တရ, အာသေဝန, နတ္ထိ, ဝိဂတအားဖြင့် ငါးပစ္စည်းတို့သည် အတိတ်ကာလဖြစ်၏၊

ကမ္မပစ္စည်းသည် အတိတ်, ပစ္စုပ္ပန် ကာလနှစ်ပါး၌ဖြစ်၏၊

အာရမ္မဏာဓိပတိ, ဥပနိဿယဟူသော ပစ္စည်းနှစ်ပါးသည် အတိတ်, အနာဂတ်, ပစ္စုပ္ပန်ဟူသော ကာလသုံးပါး ၌ ဖြစ်၏၊

ဤမှတပါးသော ၁၅-ပစ္စည်းသည် ပစ္စုပ္ပန်ကာလ၌ဖြစ်၏၊ ဤသို့ယူမည် ဟူပေ။

၄၂၆-နိဗ္ဗာန်သည်ကား နာမ်တရားဖြစ်ပုံ

မေး။ ။အနုတ္တရံ၊ မြိုက်နိဗ္ဗာန်သည်၊ နာမ်လော, ရုပ်လော, ပညတ်လော။

ဖြေ။ ။အတ္ထ ရူပဓမ္မာ ရူပက္ခန္ဓောဝ စိတ္တစေတသိကသင်္ခါတာ စတ္တာရော အရူပိနော ခန္ဓာ နိဗ္ဗာနေဉ္စတိ ပဉ္စဝိဓမ္ပိ၊ အရူပန္တိ စ နာမန္တိ စ ပဝုစ္စတိ- ဟူသောအဋ္ဌကထာဖြင့်ပင် နာမ်ဖြစ်ကြောင်းကို သိသာလှ၏ ဟူပေ။

တတ္ထ-ထို ရုပ်, နာမ်, ပညတ် သုံးရပ်တို့တွင်၊ ရူပဓမ္မာဝ-ဣန္ဒြိယဗဒ္ဓဖြစ်သော ရုပ်တရားတို့သည်သာလျှင်၊ ရူပက္ခန္ဓော-ရူပခန္ဓာမည်၏၊ စိတ္တစေတသိကသင်္ခါတာ-စိတ် တခုယုတ်-၉၀၊ စေတသိက် ဒွေပညာသဟုဆိုအပ်သော၊ စတ္တာရော-လေးပါးကုန်သော၊ အရူပိနော-ရုပ်မရှိကုန်သော၊ ခန္ဓာ စ-ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ဟူသောခန္ဓာတို့ သည်၄င်း၊ နိဗ္ဗာနဉ္စ-နိဗ္ဗာန်သည်၄င်း၊ ဣတိ-ဤသို့၊ ပဉ္စဝိဓမ္ပိ-ငါးပါးအပြားရှိသော တရားကိုလည်း၊ အရူပန္တိ စ-အရူပဟူ၍ ၄င်း၊ နာမန္တိစ-နာမ်ဟူ၍၄င်း၊ ပဝုစ္စတိ-အပြားအားဖြင့်ဆိုအပ်၏၊

(ရူပခန္ဓောဝဧဝသဒ္ဒသည် အဋ္ဌာနပယုတ်ဖြစ်၍ ရူပဓမ္မာ ဟူသောပုဒ်နောင် ယှဉ်၍ ယောဇနာ)

ဧဝ သဒ္ဒါဖြင့်-

၁။ သန္နိဋ္ဌာနတ္ထ
၂။ နိဝတ္တနတ္ထ
၃။ အနုညာတတ္ထ ၃-ပါးကို ယူအပ်ရကား- သတ္တဝါတို့၏ သန္တာန်၌ရှိသော ဣန္ဒြိယဗဒ္ဓဖြစ်သော ရုပ်တရားတို့သည်သာလျှင် ရူပခန္ဓာမည်၏ ဟူသောအနက်သည် သန္နိဋ္ဌာနတ္ထဖြစ်၏၊

တော တောင် ရေ မြေ အစရှိသော ဗာဟိရရုပ်တို့သည် အတ္ထပညတ်မျှသာဖြစ်၍ ရူပက္ခန္ဓာ မမည်ဟူသော အနက် သည် နိဝတ္တနတ္ထဖြစ်၏၊

ထိုဗာဟိရရုပ်တို့သည် ရူပါရုံ, သဒ္ဒါရုံ ဖြစ်သောအခိုက်၌ ရူပက္ခန္ဓာသို့ဝင်သေး၏ ဟူသောအနက်သည် အနုညာတတ္ထဖြစ်၏၊

ထို့ကြောင့် နိယံဆရာတို့သည်-

ဧဝရှိရာ အကန့်ရှာ၊ ဧဝနောက်မှာ အနုညာ၊ သန္နိဋ္ဌာန်ကျ ဧဝတ္ထ၊ မုချယူလေပါ ဟူ၍မိန့်ကုန်၏၊

သန္နိဋ္ဌာနတ္ထကိုရည်၍ ပရမတ္ထဇောတိကာ အဋ္ဌကထာ၌-

သတ္တေသုယေဝ ဟိ ခန္ဓောပစာရော သိဒ္ဓေါ။

ကသ္မာ ခန္ဓေသုယေဝ သတ္တောတိ ပညာပေတဗ္ဗတော- ဟူ၍မိန့်ဆိုသည်။

ဟိ-သင့်စွ၊ သတ္တေသုယေဝ-သတ္တဝါသန္တာန်တို့၌သာလျှင်၊ ခန္ဓောပစာရော-ခန္ဓာဟူ၍ ခေါ်ဝေါ်ခြင်းသည်၊ သိဒ္ဓေါ-ပြီး၏၊ ကသ္မာ-အဘယ့်ကြောင့်နည်ဟူမူကား၊ ခန္ဓေသုယေဝ-ပရမတ်ဖြစ်သော ခန္ဓာတရားတို့၌သာလျှင်၊ သတ္တောတိ-သတ္တဝါဟူ၍၊ ပညာပေတဗ္ဗတော- ပညတ်အပ်သည်၏အဖြစ်ကြောင့်တည်း။

၄၂၇-ပညတ်နှစ်မျိုးကို ပြခြင်း

ထိုရုပ်နာမ်တရားတို့မှ ကြွင်းသောပညတ်တရားသည်-

၁။ အတ္ထပညတ်
၂။ နာမပညတ် ဟူ၍ နှစ်ပါးအပြားရှိသည်။

၁။ ထိုနှစ်ပါးတို့တွင် မြေ တောင် အစရှိသော အနက်၊ နေ လ ကြယ်တရာ စသော အနက်သည်-

အတ္ထံ ဟုတွာ တေန တေန ပကာရေန ဉာပေတဗ္ဗာတိ အတ္ထပညတ္တိ- ဟူသော ဟေတုကမ္မသာဓန၏ ဝစနတ်ကြောင့် အတ္ထပညတ်မည်၏၊

အတ္ထံ-ဒြပ်သည်၊ ဟုတွာ-ဖြစ်၍၊ တေန တေန ပကာရေန-ထိုထိုသောအပြားဖြင့်၊ ဉာပေတဗ္ဗာ- သိစေအပ်၏၊ ဣတိ တသ္မာ-ထိုသို့သိစေအပ်သောသတ္တိကြောင့်၊ အတ္ထပညတ္တိ-အတ္ထပညတ်မည်၏၊

အတ္ထပညတ်သည်ပင် အထူးထူးသော အမည်ဖြင့် ဆိုအပ်သောကြောင့် ဝိဝိဓေဟိ နာမေဟိ ဝတ္တဗ္ဗန္တိ ဝစ္စံ-ဟူသော ဝစနတ္ထနှင့်ညီစွာ ဝစ္စပညတ်လည်းမည်၏၊

၂။ အနက်ဒြပ်ကိုခေါ်ဆိုကြောင်းဖြစ်သော သဒ္ဒါပညတ်သည်-

အတ္ထပညတ္တိယာ ပကာရေဟိ ဉာပေတီတိ ပညတ္တိ။

နာမသင်္ခါတာ ပညတ္တိ နာမပညတ္တိ-

ဟူသော ဟေတုကတ္တုသာဓန၏ ဝစနတ်ကြောင့် နာမပညတ်မည်၏၊

အတ္ထပညတ္တိယာ-အတ္ထပညတ်ကို၊ ပကာရေဟိ-အထူးထူးသောအပြားတို့ဖြင့်၊ ဉာပေတိ- သိစေတတ်၏၊ ဣတိတသ္မာ-ထိုသို့သိစေတတ်သောသတ္တိကြောင့်၊ ပညတ္တိ-ပညတ်မည်၏၊ နာမသင်္ခါတာ-အမည်ဟူဆိုအပ်သော၊ ပညတ္တိ-ပညတ်တည်း၊ နာမပညတ္တိ- အမည်ဟုဆိုအပ်သောပညတ်။

နာမပညတ်သည် နှုတ်မြွက်၍ခေါ်ဆိုကြောင်းဖြစ်သောကြောင့် သဒ္ဒပညတ် လည်းမည်၏၊

၄၂၈-အတ္ထပညတ်အပြား ၆-ပါးကြိုပခြင်း

ဤနှစ်ပါးတို့တွင် အတ္ထပညတ်သည် အကျဉ်းအားဖြင့်

၁။ တဇ္ဇာပညတ်
၂။ ဥပါဒါပညတ်
၃။ သမူဟပည်
၄။ သန္တပညတ်
၅။ အဝတ္ထာဝိသေသပညတ်
၆။ ဝိကပ္ပပညတ်၊ ဟူ၍ ၆-ပါးအပြားရှိ၏၊

ထို ၆-ပါးတို့တွင် ပညတ်တရား ပရမတ်တရားတို့၏ မိမိသဘောအလျောက် ဖြစ်ခြင်းသည် တဇ္ဇာပညတ်မည်၏၊

တခုခုကိုစွဲ၍ အသီးအသီးထင်ရှားခြင်းသည် ဥပါဒါပညတ်မည်၏၊

ပေါင်းစု၍ဖြစ်ခြင်းသည် သမူဟပညတ်မည်၏၊

ပရမတ်တရားတို့၏အစဉ်အားဖြင့်ဖြစ်ခြင်းသည် သန္တတိပညတ်မည်၏၊

အခိုက်အတန့်ထူးသောအားဖြင့်ဖြစ်ခြင်းသည် အဝတ္ထာဝိသေသပညတ်မည်၏၊

ထင်ရှားမရှိဘဲ ကြံ၍သိအပ်သောအနက်သည် ဝိကပ္ပပညတ်မည်၏၊

တဇ္ဇောပါဒါ သမူဟဉ္စ၊ သန္တတိ ဝတ္ထာ ဝိသေသာ။

ဝိကပ္ပါတိ ဆဓာ ဉောယျာ၊ သင်္ခေပေါ အတ္ထပညတ္တိယော- ဟူ၍ ဂါထာဆိုအပ်၏၊

ထိုသရုပ်ကို ပြခြင်းငှါ သင်္ဂြိုဟ်အဋ္ဌကထာ၌-

ကထံ တံ တံ ဘူတ ဝိပရိဏာမာကာရ မုပါဒါယ၊ တထာ တထာ ပညတ္တာ ဘူမိပဗ္ဗတာဒိကာ-

စသည်ဖြင့် ပြဆိုသည်။

အဓိပ္ပါယ်ကား- ထိုထိုသောဘူတရုပ်တို့၏ ဖောက်ပြန်သောအခြင်းအရာကိုစွဲ၍ ထိုထိုသောအခြင်းအရာအားဖြင့် ပညတ်အပ်သော မြေ တောင် ကျောက်ဆောင် ကျောက်ပြား အစရှိသော တဇ္ဇာပညတ်

သစ်ဝါးတို့၏စုဝေးသောအခြင်းအရာကိုစွဲ၍ အိမ် ရထား လှည်း ဟူ၍၎င်း၊ မြေစိုင်တို့၏စုဝေးသောအခြင်းအရာကို စွဲ၍ အိုး အင် အုတ်ခဲဟူ၍၎င်း၊ ချည်မျှင်တို့၏စုဝေးသောအခြင်းအရာကိုစွဲ၍ ပုဆိုး အဝတ် ဟူ၍၎င်း ပညတ်အပ်သော သမူဟပညတ်

ပရမတ်ဖြစ်သော ခန္ဓာငါးပါးကိုစွဲ၍ ယောက်ျား ပုဂ္ဂိုလ် လူ နတ် ဗြဟ္မာ စသည်ဖြင့် သမုတ်အပ်သော ဇာတိပညတ်၊ ဝါ၊ သန္တတိပညတ်

နေ လတို့၏လည်းခြင်းစသည်ကိုစွဲ၍ သမုတ်အပ်သော အရှေ့ အနောက် တောင် မြောက် စသော ဒိသာပညတ်

နံနက် ညဉ့် ပက္ခ မာသ စသောကာလပညတ်၊ ဝါ၊ ဝိကပ္ပပညတ်

ထိုထိုသောရုပ်ကလာပ်တို့ဖြင့် မတွေ့အပ်သော အခြင်းအရာကိုစွဲ၍ ပညတ် အပ်သော တွင်း ဂူ လိုဏ်ခေါင်း အစရှိသော အာကာသပညတ်

ထိုထိုသောကသိုဏ်းဝန်းစသောအာရုံ ဘာဝနာအထူးကိုစွဲ၍ ပညတ်အပ်သော ကသိုဏ်းနိမိတ်စသော နိမိတ္တပညတ် ဤနှစ်ပါးကို အဝတ္ထာဝိသေသပညတ်ဟု ဆိုသည်။

ဤသို့စသည်ဖြင့် ပြားသောအနက်ဒြပ်တို့သည် ပရမတ္ထအားဖြင့် ထင်ရှား မရှိဘဲလျက် ပရမတ္ထဓမ္မ၏ အရိပ်အရောင် အတုဟူသော အခြင်းအရာဖြင့် စိတ် စေတသိက်တို့၏ အာရုံဖြစ်၍ ထင်ရှားသောကြောင့် အတ္ထပညတ်မည်၏ ဟူလိုသည်။

ဋီကာကျော်၌ကား-

သမူဟသန္တာနအဝတ္ထာဝိသေသာဒိဘေဒေါ-

ဟူ၍ အာဒိဝန်နှင့် ဆို၏၊

ပုဂ္ဂလပညတ် အနုဋီကာ၌ကား-

ဧတာ ဟိ ပညတ္တိယော သန္တာနပညတ္တိ, သမူဟပညတ္တိ, အဝတ္ထာဝိသေသ ပညတ္တီတိ တတ္ထ ပဗန္ဓော သန္တာနော သမုဒါယော, သမူဟော, ဥပါဒါဒိကော, ဒဟရဘာဝါဒိကော စ၊ အဝတ္ထာဝိသေသော- ဟူ၍ မိန့်၏၊

ဟိ-ထင်စွာဆိုအံ့၊ ဧတာ ပညတ္တိယော-ဤအတ္ထပညတ်တို့သည်၊ သန္တာန ပညတ္တိ-အစဉ်ဖြစ်သော ပညတ်၎င်း၊ သမူဟပညတ္တိ-အပေါင်းဖြစ်သော ပညတ်၎င်း၊ အဝတ္ထာဝိသေသပညတ္တိ- အခိုက်အတန့်အထူးကိုစွဲ၍ဖြစ်သောပညတ်၎င်း၊ ဣတိ-ဤ ၃-ပါးတို့တည်း။ တတ္ထ-ထို ၃-ပါးတို့တွင်၊ ပဗန္ဓော-မပြတ်ဖြစ်သောအစဉ်သည်၊ သန္တာနော-သန္တတိပညတ်မည် ၏၊ သမုဒါယော- အညီအညွတ်ဖြစ်ခြင်းသည်၊ သမူဟော-သမူဟပညတ်မည်၏၊ ဥပါဒါဒိကော စ-ဥပါဒ်အစရှိသည် သည်၎င်း၊ ဒဟရဘာဝါဒိကော စ-ငယ်သောအဖြစ် စသည်သည်၎င်း၊ အဝတ္ထာဝိသေသော- အခိုက်အတန့်အထူးဖြင့် ဖြစ်သော ပညတ် မည်၏၊

ဤဋီကာ၏အလိုသော် အတ္ထပညတ်ဟူသမျှကို ဤ ၃-ပါး၌သာ သင်္ဂြိုဟ်အပ်၏ ဟူလိုသည်။

၄၂၉-နာမပညတ်အပြား ၆-ပါးကိုပြခြင်း

ထိုအနက်ဒြပ်ကိုသိစေတတ်သော ဝါစကသဒ္ဒဖြစ်သော နာမပညတ်ကိုကား-
၁။ နာမည်၊ ၂။ နာမကမ္မ၊ ၃။ နာမဋ္ဌေယျ၊ ၄။ နိရုတ္တိ၊ ၅။ ဗျဉ္စန၊ ၆။ အဘိလာပ-
ဟူသော ၆-ပါးသောအခြင်းအရာအားဖြင့် ပြအပ်၏၊

ထို ၆-ပါးတို့တွင်-
အတ္ထေသု နာမေတီတိ နာမံ-
ဟူသောဝစနတ္ထနှင့်ညီစွာ မြေ တောင် စသောအနက်ဒြပ်တို့၌ ညွတ်တတ်သောကြောင်၎င်း၊

အတ္တနိ စတေေ္ထ နာမေတီတိ နာမံ-
ဟူသောဝစနတ္ထနှင့်ညီစွာ မိမိတို့အနက်ဒြပ်ကိုညွတ်စေတတ်သောကြောင့်၎င်း၊ ဘူမိ ပဗ္ဗတ စသောအမည်သည် နာမပညတ် မည်၏၊

ဌပနံ ဌေယျံ၊ နာမဿ ဌေယျံ နာမဌေယျံ။
ဌပနံ-ထားခြင်း၊ ဌေယျံ-ထားခြင်း၊ နာမဿ-အမည်ကို၊ ဌေယျံ-ထားခြင်းတည်း။ နာမဌေယျံ- အမည်ကိုထားခြင်း။
ဤဝစနတ္ထနှင့်ညီစွာ ပြုအပ်ပြီးသောအမည်ကို ဒြပ်ပေါ်၌ထားခြင်းသည် နာမဌေယျမည်၏၊

အတ္ထံ နီဟရိတွာ ဥတ္တိ နိရုတ္တိ။
အတ္ထံ-အနက်သဘောကို၊ နီဟရိတွာ-ထုတ်ဆောင်၍၊ ဥတ္တိ-ဆိုခြင်းတည်း၊ နိရုတ္တိ- အနက်ကိုထုတ်ဆောင်၍ဆိုခြင်း။
ဤဝစနတ္ထနှင့်ညီစွာ ထားပြီးသောနာမ၏အနက်ကို အက္ခရာကို အကြောင်းပြုသဖြင့် ထုတ်ဆောင်၍ဆိုခြင်းသည် နိရုတ္တိ မည်၏၊

အတ္ထံ ဝိဝရိတွာ ဗျဉ္ဇယတီတိ ဗျဉ္ဇနံ။
အတ္ထံ-အနက်ကို၊ ဝိဝရိတွာ-ဖွင့်လှစ်၍၊ ဗျဉ္ဇယတိ-ပြတတ်၏၊ ဣတိ-ထို့ကြောင့်၊ ဗျဉ္ဇနံ- ဗျဉ္ဇနမည်၏၊

အဘိမုခေါ ဟုတွာ လပတီတိ အဘိလာပေါ။
အဘိမုခေါ-အနက်သဘောသို့ ရှေ့ရှုသည်၊ ဟုတွာ-ဖြစ်၍၊ လပတိ-ခေါ်တတ်၏၊ ဣတိတသ္မာ- ထိုသို့အနက်ကို ရှေ့ရှုသည်ဖြစ်၍ ခေါ်ဆိုတတ်သော သတ္တိကြောင့်၊ အဘိလာပေါ-အဘိလာပမည်၏၊

ဧတ္ထ အဘိလပတီတိ အတ္ထာဘိမုခေါ ဟုတွာ တံ ဒေတီတိ အတ္ထော။(ဒီပနီ)
ထားအပ်သော အနက်သဘောကို သိစေခြင်းငှါ ဖွင်းပြအပ်သောဝါကျသည် ဗျဉ္ဇနမည်၏၊
ထိုအနက်သဘောကိုရှေ့ရှုလျက် ခေါ်ဆိုခြင်းသည် အဘိလာပမည်၏ ဟူလိုသည်။

ပညတ် ၆-ပါး၏သာဓကကိုပြခြင်း

ဤအမည် ၆-ပါးတို့ ထင်ရှားလောက်သော ဥဒါဟရုဏ်ကား ဆရာတပါးသည် တပည့်သူငယ်ကို ရှင်ပြုပြီးသော် ခေါ်ဆိုရုံ အမည်မှည့်အံ့ဟု ကြံ၍ ပဏ္ဍိတဟူသော အမည်ကိုပြု၏၊ ပြီးလျှင် ထိုအမည်ကို ထိုသာမဏေ၏ကိုယ်၌ထား၏၊

ဘယ့်ကြောင့် ဤသာမဏေကို ပဏ္ဍိတမည်သနည်းဟု သူတပါးမေးလျှင် သိမြင်တတ်သောဉာဏ်ရှိပေသည်။ ထို့ကြောင့်-
ပဏ္ဍန္တိ ဇာနန္တိီတိ ပဏ္ဍာ၊ ပဏ္ဍာယ ဣတာတိ ပဏ္ဍိတာ-
ဟူသောဝစနတ္ထရသင့်သည်နှင့်ညီစွာ သိမြင်လိမ္မာသောပညာဖြင့် ဖြစ်တတ်သောကြောင့် ပဏ္ဍိတမည်သည်ဟုဆိုသည်။ ဤသို့နှလုံးသွင်း၍ ပဏ္ဍိတ ဟူသောအမည်ဖြင့် သာမဏေကိုခေါ်ဆိုလေ၏၊

ဤ ဥဒါဏရုဏ်၌ အမည်မှည့်ရန် ကြံခြင်းသည် နာမ
ပ အက္ခရာ, ဏ္ဍိ အက္ခရာ, တ အက္ခရာတို့ကိုရုံးစု၍ ပဏ္ဍိတ ဟူသောအမည်ကို မှည့်ခြင်းသည် နာမကမ္မ
ထိုအမည်ကို သာမဏေ၏ကိုယ်၌ ထားခြင်းသည် နာမဋ္ဌေယျ
ကြောင်းဖြစ်သော သတ္တိဗျတ္တိကို ထုတ်ဆောင်ခြင်းသည် နိရုတ္တိ
ထုတ်ဆောင်သောအနက်ထင်ရှားအောင် ပဏ္ဍန္တိ ဇာနန္တိ စသောဝါကျကိုပြုခြင်းသည် ဗျဉ္ဇန
ထိုဝါကျအနက်ကိုရှေ့ရှု၍ ပဏ္ဍိတ ဟူသောအမည်ကို ခေါ်ဆိုခြင်းသည် အဘိလာပ မည်၏ဟု မှတ်ရမည်။

(သိမ်မွေ့၏၊ ကွဲအောင် စေ့စေ့ နှလုံးသွင်းလေ။)

ဤနာမည်ပညတ်သည်-
၁။ ပရမတ္ထအားဖြင့်ထင်ရှားရှိသည်ကို ခေါ်ဆိုသော ဝိဇ္ဇမာနပညတ်
၂။ ပရမတ္ထအားဖြင့်ထင်ရှားမရှိသည်ကို ခေါ်ဆိုသော အဝိဇ္ဇမာနပညတ်
၃။ ထင်ရှားရှိသည်ကိုစွဲ၍ မရှိသည်၌ ခေါ်ဆိုသော ဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ်
၄။ ထင်ရှားမရှိသည်ကိုစွဲ၍ ရှိသည်၌ ခေါ်ဆိုသော အဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ်
၅။ထင်ရှားရှိသည်ကိုစွဲ၍ ထင်ရှားရှိသည်၌ ခေါ်ဆိုသော ဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ်
၆။ ထင်ရှားမရှိသည်ကိုစွဲ၍ ထင်ရှားမရှိသည်၌ ခေါ်ဆိုသော အဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ်-
ဟူ၍ ၆-ပါးအပြားရှိ၏၊ ။ဥဒါဟရုဏ်နှင့်တကွ နောက်က ပြခဲ့ပြီ။

ဤတွင် ပစ္စည်းပိုင်းဆိုင်ရာ ပုစ္ဆာဝိသဇ္ဇနာများ ပြီးပြီ။

---

ကမ္မဋ္ဌာန်းပိုင်းဆိုင်ရာ ပုစ္ဆာဝိသဇ္ဇနာများ

၄၃၀-သမထ၊ ဝိပဿနာ၊ ဘာဝနာ ကမ္မဋ္ဌာန်း ခေါ်ဆိုရပုံကိုပြခြင်း

မေး။ ။ကမ္မဋ္ဌာန်းလေးဆယ်၊ ခေါ်ဘွယ်မည်ရ၊ သမထဘာဝနာ၊ လက္ခဏာ ၃-ပါး၊ တရားတို့မှာ၊ ဝိပဿနာ၊ သညာဘယ့်ကြောင့်ဆိုသနည်း။

ဖြေ။ဘာဝေတဗ္ဗာတိ ဘာဝနာ-ဟူသောဝစတ္ထနှင့်ညီစွာ နှုတ်ဖြင့်၎င်း၊ စိတ်ဖြင့်၎င်း ပွားစေအပ်သော သမ္မာဆန္ဒ၊ ဝီရိယသည် ဘာသနာမည်၏၊

ဤဘာဝနာသည်ပင်-
ဒုဝိဓာ ဘာဝနာ ကမ္မဿ ပဝတ္တိဋ္ဌာနတာယ ကမ္မဋ္ဌာနံ-
ဟူသောဋီကာနှင့်အညီစွာ နှစ်ဖြာသော ဘာဝနာကုသိုလ်ကံ၏၊ ဖြစ်ရာဖြစ်သောကြောင့် လည်း ကမ္မဋ္ဌာန်းမည်၏၊

ဤကမ္မဋ္ဌာန်း၂။ ဝိပဿနာကမ္မဋ္ဌာန်းဟူ၍ နှစ်ပါးအပြားရှိသည်။

ထိုနှစ်ပါးတို့တွင် ကသိုဏ်းစသော ကမ္မဋ္ဌာန်း ၄၀-သည်-
နီဝရဏာနိ သမေတိတီ သမထော-
ဟူသော ဝစနတ္ထကြောင့် သမထကမ္မဋ္ဌာန်းမည်သည်။

ယောဓမ္မော၊ အကြင်တရားသည်။ နီဝရဏာနိ၊ ကာမဆန္ဒစသောနီဝရဏတို့ကို။ သမေတိ၊ ငြိမ်းစေတတ်၏၊ ဣတိတသ္မာ၊ ထိုသို့ ငြိမ်းစေတတ်သော သတ္တိကြောင့်။ သမထော၊ သမထ မည်၏၊။ အရကား တခုတည်းသောအာရုံကို အာရုံပြု၍ တည်ကြည်ခြင်း ဟူသော သမာဓိတရားရ၏၊

အနိစ္စဒုက္ခအနတ္တဟူသော လက္ခဏာရေး၃-ပါးသည်-
ဝိဝိဓေန အာကာရေန သင်္ခါရေ ပဿတီတိ ဝိပဿနာ-
ဟူသောဝစနတ္ထကြောင့် ဝိပဿနာကမ္မဋ္ဌာန်းမည်၏၊

ယော ဓမ္မော၊ အကြင်ဉာဏ် တရားသည်။ ဝီဝိဓေန၊ အထူးထူးအပြားပြားသော။ အာကာရေန၊ အခြင်းအရာဖြင့်။ သင်္ခါရေ၊ သင်္ခါရတရားတို့ကို။ ပဿတိ၊ ရှုတတ်မြင်တတ်၏၊ ဣတိတသ္မာ၊ ထို့ကြောင့်။ ဝိပဿနာ၊ ဝိပဿနာမည်၏၊

အရကား-မှန်ကန်စွာသိတတ်သော ပညာတရားရ၏၊

၄၃၁- ကာမကုသိုလ် ရှုမကုသိုလ် ၂-ပါးလုံးပင် နီဝရဏ ငြိမ်းနိုင်ပုံကို ပြခြင်း

ကမ္မဋ္ဌာန်း ၄၀-သည် နီဝရဏကို ငြိမ်းစေတတ်၏ဟူသော ကာမကုသိုလ်စိတ်ဖြင့် စီးဖြန်းသော ဘာဝနာဖြင့် ငြိမ်းပါအံ့လော၊ ရူပစိတ်ဖြစ်မှ ငြိမ်းသလောဟူငြားအံ့-

ရံဖန်စီးဖြန်းသောပုဂ္ဂိုလ်၏ ကာမကုသိုလ်ဘာဝနာဖြင့်လည်း ငြိမ်း၏၊ ငြိမ်းသော်လည်း ကုသိုလ်စိတ်ဖြင့် အခိုက်အတန့်သာ ငြိမ်းသည်၊ စျာန်၏ ရှေ့အဖို့၌ဖြစ်သော ကာမကုသိုလ်စိတ်တို့၌ကား ရူပစျာန်မှာ ဝေးကွာသကဲ့သို့ ဝိက္ခမ္ဘနဖြင့်ပင် ငြိမ်း၏ ဟူပေ။

ဘာဝနာ ၃-ပါး နိမိတ် ၃-ပါးစျာန်တရား ဖြစ်ပုံတို့ကို ပြခြင်း

သရုပ်ကို ထင်စွာဆိုဦးအံ့ စျာန်ရလိုသော ပုဂ္ဂိုလ်သည် ပထဝီကသိုဏ်းဝန်း စသည်တို့တွင် တပါးပါးကို အာရုံပြု၍ပထဝီ ပထဝီဟု စီးဖြန်း၏ထိုသို့စီးဖြန်းခြင်းသည် ပရကမ္မဘာဝနာမည်၏၊

ထိုဘာဝနာ၏၊ အာရုံဖြစ်သော ကသိုဏ်းဝန်းသည် ပရိကမ္မနိမိတ် မည်၏၊

ထိုပရိကမ္မဘာဝနာဖြင့် လွန်စွာပွားစေသော ပုဂ္ဂိုလ်အား မျက်စိဖြင့်မြင်သကဲ့သို့ မနောဒွါရ၌ လွန်စွာထင်သော အာရုံသည် ဥဂ္ဂဟနိမိတ် မည်၏၊

ထိုဥဂ္ဂဟ နိမိတ်ဖြစ်သည်မှ နောက်၌ ထိုနိမိတ်ကို အာရုံပြု၍ တဖန်တလဲလဲပွားစေသော ပုဂ္ဂိုလ်အား ထိုနိမိတ်ထက် သန့်ရှင်းကြည်လင်စွာထင်သော မှီရာဒြပ်မှလွတ်သော ပညတ်သက်သက်ဖြစ်သော အာရုံသည် ပဋိဘာဂနိမိတ်မည်၏၊

ထိုအခါ ကာမာဝစရသမာဓိဟု ဆိုအပ်သော ဥပစာရဘာသနာသည် ပြီးပြည့်စုံ၏၊

ထိုပဋိဘာဂနိမိတ်ထင်သည်မှ နောက်၌ ထိုနိမိတ်ကို အာရုံပြု၍ ဥပစာရဘာဝနာဖြင့် မှီဝဲသောပုဂ္ဂိုလ်အား ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူဟူသော ကာမကုသိုလ်ဇောနောင် ရူပါဝစရကုသိုလ် ပထမစျာန်သည် အာဒိကမ္မိကအား တကြိမ်သာဖြစ်၍ ဘဝင်ကျ၏၊ ထိုအခါ ဘာဝနာအား အပ္ပနာဘာဝနာဖြစ်၏၊

ပရိကမ္မဘာဝနာ၌ ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ်နှစ်ပါးထင်သည် ဥပစာရဘာသနာ၌ ပဋိဘာဂနိမိတ်ထင်သည်။ အပ္ပနာဘာဝနာ၌လည်း ၎င်းပဋိဘာဂနိမိတ်ပင်ထင်သည်။

ယင်းသို့ ဥပစာရသမာဓိဖြစ်သော ကာမကုသိုလ်ဇောမှစ၍ ကသိုဏ်းဝန်းတည်း ဟူသော အာရုံ၌စိတ်ကို ရှေ့ရှုတင်ခြင်း, အာရုံကိုအဖန်တလဲလဲ သုံးသပ်ခြင်း အာရုံကို နှစ်သက်ခြင်း ဝမ်းမြောက်ခြင်း မပျ့လွင့်ပဲ တည်ကြည်ခြင်းဟူသော အင်္ဂါငါးပါးနှင့် ပြည့်စုံပြီးဖြစ်၍ ကာမဂုဏ်အာရုံတို့၌ ညွတ်တတ်သော ကာမဆန္ဒ အမျက်ထွက်တတ်သောဗျာပါဒ ငိုက်မျဉ်း ပျင်းရိတတ်သောထိန, မိဒ္ဓ, တုန်လှုပ်ပူပန်တတ်သော ဥဒ္ဓစ္စကုက္ကုစ္စ, ယုံမှားတတ်သောဝိစိကစ္ဆာ ဤနိဝရဏ ငါးပါးတို့သည် အနားမကပ်လာပဲ ငြိမ်းချမ်းလေကုန်သည်။

ထို့ကြောင့် ကသိုဏ်းဝန်းစသော ကမ္မဋ္ဌာန်း၄၀-တို့သည် နီဝရဏကိုငြိမ်းစေတတ်သည်ဖြစ်၍ သမသမည်၏ ဟူလေသည်။

၄၃၂-စရိုက် ၆ပါးကို ပြခြင်း

မေး။ ။သီးခြားအလိုက်၊ စရိုက်ပြားရာ၊ ပုဂ္ဂိုလ်မှာ၊ ထိုက်ရာကမ္မဋ္ဌာန်းဘယ်မျှနည်း။

ဖြေ။ ။စရိုက်သည် တရားကိုယ်အားဖြင့်
၁။ ရာဂစရိုက်၊
၂။ ဒေါသစရိုက်၊
၃။ မောဟစရိုက်၊
၄။ သဒ္ဓါစရိုက်၊
၅။ ဗုဒ္ဓိစရိုက်၊
၆။ ဝိတတ်စရိုက်၊
ဟူ၍ ၆-ပါးအပြားရှိသည်။

ပုဂ္ဂိုလ်အားဖြင့်ကား ၆၃-ပါး အပြားရှိ၏၊ ဘယ်သို့ပြားသနည်း ဟူမူကား- ရာဂါဒိတိက်၌၊
ရာဂစရိုက်, ဒေါသစရိုက်, မောဟစရိုက်၊ ရာဂဒေါသစရိုက်, ရာဂမောဟစရိုက်, ဒေါသမောဟစရိုက်, ရာဂ ဒေါသ မောဟစရိုက်ဟူ၍ ဧကက ၃-ပါး, ဒုက ၃-ပါးတိက တပါးအားဖြင့် ၇-ပါးပြားသည်။

သဒ္ဓါဒိတိက်၌လည်း-
သဒ္ဓါစရိုက်, ဗုဒ္ဓိစရိုက်၊ ဝိတက်စရိုက်၊ သဒ္ဓါဗုဒ္ဓိစရိုက်, သဒ္ဓါဝိတက်စရိုက်, ဗုဒ္ဓိဝိတက်စရိုက်, သဒ္ဓါ, ဗုဒ္ဓိ, ဝိတက် စရိုက်ဟူဧကက ၃-ပါး, ဒုက ၃ ပါး, တိကတပါးအားဖြင့်ရ-ပါးပြားသည်။

နှစ်ရပ်ကိုပေါင်းသော် ၁၄-ပါး ဖြစ်၏၊ ဤသတ္တက နှစ်ရပ်တို့တွင် ရှေ့သတ္တက၌ တပါးတပါးကို မူလတည်၍ နောက်သတ္တကဖြင့် စပ်လျက်ယူအပ်ရကား-
ရာဂသဒ္ဓါစရိုက်, ရာဂဗုဒ္ဓိစရိုက်, ရာဂဝိတက်စရိုက်, ရာဂသဒ္ဓါဗုဒ္ဓိစရိုက်, ရာဂ သဒ္ဓါဝိတက်စရိုက်, ရာဂဗုဒ္ဓိ ဝိတက်စရိုက်, ရာဂ သဒ္ဓါ ဗုဒ္ဓိ ဝိတက်စရိုက်ဟူ၍ ၇-ပါးဖြစ်၏၊

ဤအတူ ဒေါသကို မူတည်ရာ၌ ၇-ပါး။ မောဟကိုမူတည်ရာ၌ ၇-ပါး။ ရာဂ, ဒေါသ, ကိုမူတည်ရာ၌လည်း ၇-ပါး။ ရာဂမောဟကို မူတည်ရာ၌လည်း ၇-ပါး။ ဒေါသ, မောဟကို မူတည်ရာ၌လည်း ၇-ပါး။ ၃-ပါးလုံးကိုမူတည်ရာ၌လည်း ၇-ပါးစီဖြစ်၍ တေသဋ္ဌိ စရိုက် ၆၃-ပါး ဖြစ်သတည်း။ ထို့ကြောင့်-
ရာဂါဒိကေ တိကေ သတ္တ၊ သတ္တ သဒ္ဓါဒိကေ တိကေ။
ဧကဒွီတိကမူလမှိ၊ မိဿတော သတ္တသတ္တကံ-
ဟူ၍မိန့်သည်။

ရာဂါဒိကေတိကေ၊ ရာဂစသောတိက်၌။ သတ္တ၊ ၇-ပါးသော စရိုက်တို့၎င်း။ သဒ္ဓါဒိကေ တိကေ၊ သဒ္ဓါစသောတိက်၌။ သတ္တ၊ ၇-ပါးသော စရိုက်တို့၎င်း။ ဧကဒွိတိက မူလမှိ၊ ဧကမူ ၃-ပါး၊ ဒွိမူ ၃-ပါး တိမူတပါး၌။ မိဿတော၊ ရောနှောသောအားဖြင့်။ သတ္တသတ္တကံ၊ ၇-ပါးသောသတ္တက၎င်း။ ဣတိ၊ ဤသို့။ တေသဋ္ဌိ စရိတာ၊ ၆၃-ပါးသော စရိုက်တို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏၊

၄၃၃-စရိုက်နှင့် ကမ္မဋ္ဌာန်းကို ယှဉ်တွဲ၍ပြခြင်း

ဤစရိုက်နှင့် လျော်သော ကမ္မဋ္ဌာန်းကို သင်္ဂြိုဟ်ကျမ်း၌-
ဒသအသုဘာ ကာယဂတာသတိ သင်္ခါတာ ကောဋ္ဌာသဘာဝနာစ ရာဂစရိတဿ သပ္ပါယာ။
စတေဿာ အပ္ပမညာယော နီလာဒီနိ စ စတ္တာရိ ကသိဏာနိ ဒေါသစရိတဿ။
အာနာပါနံ မောဟစရိတဿ ဝိတက္ကစရိတဿ စ။
ဗုဒ္ဓါနုဿတိ အာဒယော ဆ သဒ္ဓါစရိတဿ။
မရဏဥပသမသညာ ဝဝတ္ထာနာနိ ဗုဒ္ဓိစရိတဿ။
သေသာနိ ပန သဗ္ဗာနိပိ ကမ္မဋ္ဌာနာနိ သဗ္ဗေသမ္ပိ သပ္ပါယာနိ-ဟူ၍ ပြဆိုသည်။

ဆောင်ပုဒ်။
အသုဘနှင့်၊ ကာယဂတာ၊ ဆယ့်တဖြာ၊ ရာဂကြီးသူအား။
အပ္ပမညာနီလာဒိက၊ ဤရှစ်ဝ၊ ဒေါသကြီးဖို့ထား။
အာနာပါန၊ ဤတဝ၊ မောဟ ဝိတက်များ။
ဗုဒ္ဓဓမ္မသံဃ သီ စာဒေဝတာသဒ္ဓါထက်သူအား။
ဥပသမာမရဏာ နှင့်၊ သညာဝဝတ္တာန်၊ ဤ-၄တန်၊ ဉာဏ်ခံကြီးသူများ။
စရိုက်ဝေငှ၊ သုံးဆယ်မျှ၊ သောသခပ်သိမ်းအား။
ဤသို့ ဖြေလေ။

၄၃၄-ကမ္မဋ္ဌာန်းနှစ်ပါး ပြားပုံကိုပြခြင်း

မေး။ ။စရိုက်ကိုရွေး၊ နည်းပေးစရာ၊ ပုဂ္ဂိုလ်မှာ၊ ထိုက်ရာကမ္မဋ္ဌာန်း၊ ဘယ်မျှနည်း။

ဖြေ။ ။ကမ္မဋ္ဌာန်းသည်-
၁။ သဗ္ဗတ္ထက ကမ္မဋ္ဌာန်း
၂။ ပါရီဟာရိယ ကမ္မဋ္ဌာန်း-
ဟူ၍ နှစ်ပါးအပြားရှိသည်။

ထိုနှစ်ပါးတို့တွင် ပထဝီ, အာပေါ, တေဇော, ဝါယော, အာလောက, အာကယသ ဟူသော ကသိုဏ်း ၆-ပါး အာရုပ္ပ ၄-ပါး ဤဃယ်ပါးသော ကမ္မဋ္ဌာန်း တို့သည် အလုံးစုံသော စရိုက်ရှိသော ပုဂ္ဂိုလ်နှင့် လျောက်ပတ်သောကြောင့် ပါရိဟာရိယ ကမ္မဋ္ဌာန်းမည်၏၊

၄၃၅။ ဗြဟ္မဝိဟာရတရား လေးပါး

မေး။ ။အပ္ပမညာ၊ လေးဖြာအမှန်၊ စီးဖြန်းရန်၊ ပ၊ ကံဘယ်သို့ ပြားသနည်း။

ဖြေ။ ။အပ္ပမညာလေးပါးကို စီးဖြန်း၍ စျာန်ရသော ပုဂ္ဂိုလ်တို့၏ စီးဖြန်းဟန် ပရိကံကို ဝိသုဒ္ဓိမဂ်၌ လာသောနည်းဖြင့် အကျဉ်းမျှ ပြလိုက်အံ့။

၄၃၆။ မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းပုံကို ပြခြင်း

အပ္ပမညာလေးပါးတွင် မေတ္တာဟူသော ဗြဟ္မဝိဟာရကို ပွား၍ ပထမစျာန်စသည်ကို ရခြင်းငှာ အလိုရှိသော ယောဂီပုဂ္ဂိုလ်သည် ကြောင့်ကြကြီးဆယ်ပါး၊ ကြောင့်ကြငယ်ခုနှစ်ပါးတို့ကို ဖြစ်ပြီးသော် ဆွမ်းစားခြင်းကိစ္စပြု၍ ထိုဆွမ်း၏ အဆိပ်ကို ငြိမ်းစေပြီးမှ ဆိတ်ငြိမ်ရာဌာနသို့ ကပ်၍ ခင်းအပ်သော နေရာ၍ ကောင်းစွာထိုင်နေပြီးလျှင် ရှေးဦးစွာ အမြတ်ထွက်ခြင်းဟူသော ဒေါသ၌ အပြစ်ကို၎င်း၊ သည်းခံခြင်းဟူသော ခန္တီ၌ အကျိုးကို၎င်း ဆင်ခြင်အောက်မေ့အပ်၏၊

အဘယ်ကြောင့်နည်းဟူမူ ဤမေတ္တဘာဝနာဖြင့် ဒေါသကို ပယ်အပ်၏၊ ခန္တီတရားသို့ ကပ်အပ်၏၊ ဒေါသ၏အပြစ်ကို မမြင်သော် ပယ်ခြင်းဌာ မတတ်ကောင်း။ ခန္တီ၏ အကျိုးကို မမြင်သော်ရခြင်းဌာ အလိုမရှိ။ ထို့ကြောင့် အမျက်ထွက်းခြင်း၌ အပြစ်ကို၎င်း သည်းခံခြင်း၌ အကျိုးကို၎င်း ရှေးဦးစွာ ဆင်ခြင်အပ်၏၊

အမျက်ထွက်ခြင်း၏အပြစ်

ဘယ်သို့ဆင်ခြင်အပ်နည်းဟူမူ ငါတို့ဆရာ မြတ်စွာဘုရားသည်-

ကောဓော အတ္ထံ န ဇာနာတိ၊ ကောဓော ဓမ္မံ နပဿတိ။
အန္ဓတမံ တဒါ ဟောတိ၊ ယံ ကောဓော သဟတေ နရံ-ဟူ၍ ဟောတော်မူသည်။

ကောဓော၊ အမျက်ထွက်သောသူသည်။ အတ္ထံ၊ အကျိုးကို။ န ဇာနာတိ၊ မသိနိုင်။ ကောဓော၊ အမျက်ထွက်သောသူသည်။ ဓမ္မံ၊ အကြောင်းကို။ န ပဿတိ၊ မမြင်နိုင်။ ယဒါ၊ အကြင်အခါ၌။ ယံ နရံ၊ အကြင်သူကို။ ကောဓော၊ အမျက်ဒေါသသည်။ သဟတေ၊ နှိပ်စက်၏၊ တဒါ၊ ထိုအခါ၌။ အန္ဓတမံ၊ အလွန်မိုက်မဲတွေဝေခြင်းသည်။ ဟောတိ၊ ဖြစ်၏၊

ဤ ဒေသနာအမြွက်ဖြင့် အမျက်ထွက်သောသူသည် အကျိုးကို၎င်း၊ အကြောင်းကို၎င်း ကောင်းစွာ မသိမမြင်နိုင်သည်သာ ဖြစ်၏၊ အကြင်သူ၏ အမျက်သည် အတွင်းမှထွက်၍ ကိုယ်အလုံးကို နှိပ်စက်သောအခါ လွန်စွာမိုက်မဲတွေဝေသည်သာ ဖြစ်၏၊ ထိုသို့ မိုက်မဲတွေဝေသောကြောင့် အပြုသင့်သော အမှု၊ မဆိုသင့်သောစကားကို ပြုမိဆိုမိသည်သာ ဖြစ်၏၊ ထို့ကြောင့် အမျက်ဒေါသကို မထွက်ရအောင် ငါသိမ်းဆည်းအံ့ဟု နှလုံးသွင်းရာသည်၊ နှလုံးသွင်းပြီးမှ သည်းခံခြင်း ခန္တီ၏အကျိုးကိုလည်း ဤသို့ ဆင်ခြင်အပ်၏၊

သည်းခံခြင်း၏အကျိုး

ခန္တီပရမံ တပေါ တိတိက္ခာ၊ နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ။
ခန္တီဗလံ ဗလာနီကံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

တိတိက္ခာ၊ သူတပါးပြစ်မှားသည်ကို အတုံ့မလှန် သည်းခံခြင်းလက္ခဏာ ရှိသော။ ခန္ဓီ၊ ခန္ဓီတရားသည်။ ပရမံ၊ မြတ်သော။ တပေါ၊ ခြိုးခြံသော အကျင့်တည်း။ နိဗ္ဗာနံ၊ ဒေါသမာန်စောင်၏ ငြိမ်းခြင်းကို။ ပရမံ၊ မြတ်လှ၏ ဟူ၍။ ဗုဒ္ဓေါ၊ ဘုရားသခင်တို့သည်။ ဝဒန္တိ၊ ဟောတော်မူကုန်၏၊ ခန္တီဗလံ၊ သည်းခံခြင်းတည်းဟူသော အားသည်။ ဗလာနိကံ၊ အားအပေါင်းတို့ထက် ကောင်းမွန်ကြီးမြတ်သောအားတည်း။ တံ၊ ထိုခန္ဓီဗလ ရှိသောသူကို။ ဗြာဟ္မဏံ၊ မကောင်းမှုကို အပပြုပြီးသောသူ ဟူ၍။ အဟံ၊ ငါဘုရားသည်။ ဗြူမိ၊ ဟောတော်မူ၏၊

ဤသို့သော ဒေသနာဖြင့် မြတ်စွာဘုရားသည် သူတပါးတို့ ပြစ်မှားသမှု ထောင်းထုညှဉ်းဆဲ စောင်းမဲရေးရွတ် ပေါက်လွှတ်နှိပ်စက်သော အမှုကိုလျက် အမျက်မရှ ဒေါသမပြန် သည်းခံသော အကျင့်သည် ခပ်သိမ်းသော အကျင့်ဟူသမျှထက် မြတ်ထွက်လှသော အကျင့်ဖြစ်သည် ဟူ၍ ပြတော်မူသောကြောင့် စင်ဖြူသော စာရိတ္တကို တောင့်တသော ငါသည်လည်း အားတကာတို့ထက် လွန်မြတ်သော ခန္ဓီဗလကို ပြည့်ရအံ့သည်တကားဟု ခန္တီတရား၏ အကျိုးကို ဆင်ခြင်အပ်၏၊

ယင်းသို့ ဆင်ခြင်၍ မြင်အပ်ပြီးသော အပြစ်ရှိသောဒေါသကို ခွာခြင်းဌာ သိအပ်ပြီးသော အကျိုးရှိသော ခန္ဓီဗလ၌ နိစ္စယှဉ်ခြင်းဌာ မေတ္တတရားကို ပွားလိုသော ပုဂ္ဂိုလ်သည် ရှေးဦးစွာ မေတ္တာမပွားသောပုဂ္ဂိုလ် ပွားရားသော ပုဂ္ဂိုလ် တို့ကိုလည်း ပိုင်းခြား၍ သိအပ်၏၊

ရှေးဦးစွာ မေတ္တာမပွားထိုက်သူ ၄-ဦး

ဘယ်သို့သိအပ်သနည်းဟူမူ-

  1. မစုံမက်လှ မုန်းကြသော အပ္ပိယပုဂ္ဂိုလ်
  2. အလွန်ချစ်လှသော အပ္ပိယပုဂ္ဂိုလ်
  3. မမုန်းမချစ် လျစ်လျူသာ တည်သော မဇ္ဈတ္တပုဂ္ဂိုလ်
  4. ရန်သူဖြစ်သော ဝေရီပုဂ္ဂိုလ်

ဤ ၄-ဦးသော ပုဂ္ဂိုလ်တို့သည် မေတ္တာကို မပွားစေအပ်။ အသွင် မတူသောသူ ဟူသည်ကား ယောကျ်ားသည် မိန်မ၌၊ မိန်မသည် ယောကျ်ား၌ မပွားစေအပ် ဟူလိုသည်။
သေလေပြီးသော ပုဂ္ဂိုလ်တို့၌လည်း မပွားစေအပ်။ အဘယ်ကြောင့်နည်း ဟူလျှင် မချစ်ခင်အပ်သော ပုဂ္ဂိုလ်တို့အား ချစ်သော အရာ၌ ထားရခြင်းသည်လည်း ပင်ပန်၏၊
အလွန်ချစ်သော ပုဂ္ဂိုလ်တို့အား လျစ်လျူသော အရာ၌ ထားရခြင်းသည် ပင်ပန်း၏
လျစ်လျူသော ပုဂ္ဂိုလ်တို့အား ဂရုအရာ၌ ထားရခြင်း ဝေရီပုဂ္ဂိုလ်တို့အား ချစ်ခင်သော အရာ၌ ထားရခြင်းသည်လည်း ပင်ပန်၏၊ သမာဓိကို ဖြစ်စေခြင်းဌာ စွမ်းနိုင်ခဲ၏၊ ထို့ကြောင့် ဤ ၄-ဦးသော ပုဂ္ဂိုလ်တို့၌ ရှေးဦးစွာ မေတ္တာမပွားရာသတည်း။
အသွင်မတူသော မိန်းမတို့အား ရှေးဦးစွာ မေတ္တာပွားမှု တပ်မက်သော ရာဂ တရား ဖြစ်ပေါ်တတ်၏၊
သေလွန်ပြီသော ပုဂ္ဂိုလ်တို့အား အာရုံပြုကာ မေတ္တာပွားမှု ပရိဒေဝ တရားဖြစ်တတ်၏၊ ထို့ကြောင့် ဤ ၂-ဦးသော ပုဂ္ဂိုလ်တို့အားလည်း ရှေးဦးစွာ မေတ္တာမပွားရသတည်း။

ရှေးဦးစွာ မေတ္တာပွားထိုက်သူနှင့် မေတ္တာပွားပုံ

အဘယ်ပုဂ္ဂိုလ်၌ ရှေးဦးစွာ မေတ္တာပွားရာသနည်းဟူမူကား မိမိကိုယ်၌ ရှေးဦးစွာ ပွားစေအပ်၏၊ ဘယ်သို့ပွားစေအပ်သနည်းဟူမူ-

အဟံ သုခီ ဟောမိ၊ အဟံ နိဒုက္ခော ဟောမိ၊ အဟံ အဝေရာ ဟောမိ၊ အဟံ အဗျာပဇ္ဇော ဟောမိ၊ အဟံ အနီဃော ဟောမိ၊ အဟံ သုခီ အတ္တာနီ ပရိဟရော ဟောမိ။

ဟူ၍ ပွားစေအပ်၏၊
မြန်မာဘာသာစကား- ငါသည် ကိုယ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံသတည်း။ ငါသည် ဆင်းရဲခြင်းမှ ကင်းစေသတည်း။ ငါသည် ရန်သူအပေါင်း မကောင်းမှုအပေါင်းမှ ကင်းစေသတည်း။ ငါသည် ပျက်စီးခြင်း၊ နှလုံးပင်ပန်းခြင်း၊ အမျက်ထွက်ခြင်းမှ ကင်းစေသတည်း။ ငါသည် ဥပဒ္ဒဝေါ အပေါင်းမှ ကင်းစေသတည်း။ ငါသည် ချမ်းသာဘိလျက် မိမိကိုယ်ကို ကောင်းစွာ ရွက်ဆောင်နိုင်စေသတည်း- ဟူလိုသည်။

ယင်းသို့ မိမိကိုယ်၌ အဖန်ဖန်တလဲလဲ ပွားစေအပ်သော မေတ္တာဖြင့် ဥပစာရသမာဓိအပ္ပနာ သမာဓိတို့ကို ဆောင်နိုင်ပါအံ့လောဟူမူ မိမိကိုယ်ကိုသာလျှင်အနှစ်တရာ၊ အနှစ်တထောင် ပတ်လုံး ပွားစေအပ်သော မေတ္တာဖြင့် သမာဓိနှစ်ပါးကို မဆောင်နိုင်ချေ။ ယင်းသို့ မဆောင်နိုင်လျက် ဘယ်အကျိုးရှိ၍ မိမိကိုယ်ကို ရှေးဦးစွာ ပွားရာသနည်းဟူမူ မိမိကိုယ်၌ ဆိုအပ်ပြီးသော နည်းအားဖြင့် မေတ္တာပွားပြီးသော ပုဂ္ဂိုလ်အား ငါသည် ချမ်းသာခြင်းကို အလိုရှိသည်။ ဆင်းရဲခြင်းကို စက်ဆုပ်သည် အသက်ရှင်ခြင်းကို အလိုရှိသည် သေခြင်းကို အလိုမရှိ။
ငါကဲ့သို့ပင် တပါးသော သတ္တဝါတို့သည်လည်း ချမ်းသာခြင်းကို အလိုရှိကုန်၏၊ ဆင်းရဲခြင်းမှ စက်ဆုပ်ကုန်၏ဟု မိမိကိုယ်ကို သက်သေထား၍ တပါးသော သတ္တဝါတို့၌ မေတ္တာစိတ် ဖြစ်လွယ်စိမ့်သောငှာ မိမိကိုယ်ကို ရှေးဦးစွာ မေတ္တာပွားရာသတည်း။
ယင်းသို့ ပွားပြီးသည်၏၊ အခြားမဲ့၌ တပါးသူတို့တွင် အဘယ်သူကို ရှေးဦးစွာ ပွားရာသနည်းဟူမူ မိမိအား သင်ကြားပြသသော ဆရာ၊ ဩဝါဒပေးသော ဥပဇ္ဈာယ်ဖြစ်စေ၊ ထိုဆရာဥပဇ္ဈာယ်မျှလောက်သော ပုဂ္ဂိုလ်ကို ဖြစ်စေ တဦးဦးသော ပုဂ္ဂိုလ်အား ရည်မှတ်သား၍ အလေးပြုအပ် ချီးမွမ်းအပ်သော ထိုဆရာ၏ သီလ၊ ပညာ၊ သမာဓိဂုဏ်ကို အဖန်တလဲလဲ အောက်မေ့၍-

ဧသ ဧသော သပ္ပုရိသော၊ ဤသူတော်ကောင်းသည်။ သုခီ၊ ချမ်းသာခြင်းရှိသည်။ ဟောတု၊ ဖြစ်စေသတည်း။ နိဒုက္ခော၊ ဆင်းရဲမရှိသည်။ ဟောတု ဖြစ်စေသတည်း။ အဝေရော၊ ရန်မရှိသည်။ ဟောတု၊ ဖြစ်စေသတည်း။ အနီဃော၊ ဘေးရန်မရှိသည်။ ဟောတု၊ ဖြစ်စေသတည်း။ ဟောတု၊ ဖြစ်စေသတည်း။ အတ္တာနံ၊ မိမိကိုယ်ကို၊ သုခီ၊ ချမ်းသာစွာ။ ပရိဟရတု၊ ရွက်ဆောင်နိုင်ပါစေသတည်း။

ဤသို့သော ပရိကံဖြင့် အဖန်တလဲလဲ ပွားစေအပ်၏၊
ယင်းသို့သော ပုဂ္ဂုလ်၌ ပွားစေသော မေတ္တာဖြင့် မကြာမြင့်မီပင် ဥပစာရသမာဓိ၊ အပ္ပနာသမာဓိ တရားသည် ပြည့်စုံသည်သာဖြစ်၏၊ ထိုသို့ ပြည့်စုံသော်လည်း ဤမျှဖြင့် ရောက်ရဲခြင်းကို မပြုမူ၍ မိမိကိုယ် ချစ်အပ်သော ပိယပုဂ္ဂိုလ်၊ မိမိကိုယ် မုန်းအပ်သော အပ္ပိယပုဂ္ဂိုလ်၊ မချစ်မမုန်း လျစ်လျူဖြစ်သော မဇ္ဈတ္တပုဂ္ဂိုလ်၊ ရန်သူဖြစ်သော ဝေရီပုဂ္ဂိုလ် ဤ ၄-ယောက်တို့သည် အထူးအပြားမရှိ ထပ်တူမေတ္တာမျှသဖြင့် အပိုင်းအခြား မရှိခြင်းတည်းဟူသော သီမာသမ္ဘေဒ ကို ပြုခြင်းငှာ ဥပဇ္ဈာယ်ဆရာတို့၌ ပွားအပ်သော မေတ္တာဖြင့် အပ္ပနာကို ရပြီးသည့်နောက်၌ အလွန်ချစ်ခင်အပ်သော ဆင်းရဲဖော်၊ ချမ်းသာဖက်ဖြစ်သော ပုဂ္ဂိုလ်၌ မေတ္တာကို ပွားစေအပ်၏၊
ထို့နောက်မှ လျစ်လျူဖြစ်သော ပုဂ္ဂိုလ်၌ မေတ္တာကို ပွားစေအပ်၏၊
ထို့နောက်မှ ဆန့်ကျင်ဘက် ရန်သူဖြစ်သော ပုဂ္ဂိုလ်၌ မေတ္တာကို ပွားစေအပ်၏၊

ရန်သူ၌ မေတ္တာ စိတ်ရောက်အောင် ဒေါသကို ပယ်ဖျောက်နည်းများ

(၁)ထိုပုဂ္ဂိုလ် ၃-ဦးတို့တွင် ဆန့်ကျင်ဘက်ဖြစ်သော ရန်သူပုဂ္ဂိုလ်အား မိမိကိုယ်၊ ပိယပုဂ္ဂိုလ်၊ မဇ္ဈတ္တပုဂ္ဂိုလ် တို့ကဲ့သို့ ကြည်ညိုစွာ မေတ္တာကို ပွားစေခြင်းငှာ ခဲယဉ်း၏၊ ထိုရန်သူသည် ပြုအပ်သော အပြစ်ကို အဖန်တလဲလဲ အောက်မေ့မိလျက် အမျက်ထွက်ခြင်း တည်းဟူသော ပဋိဃသာ လျင်စွာဖြစ်ပေါ်တတ်၏၊
ယင်းသို့ ပဋိဃဖြစ်လတ်သော် ယခင်ပိယ၊ မဇ္ဈတ္တ၊ ပုဂ္ဂိုလ်တို့၌ဖြစ်သော မေတ္တာစျာန်ကို အဖန်တလဲလဲ ဝင်စားပြီးလျှင် ရန်သူ၌ထင်လာသော အပြစ်အာဃာတ၊ ပဋိဃကို ဖျောက်အပ်၏၊

(၂)ယင်းသို့ ဖျောက်ပါလျှက် မငြိမ်းပဲဖြစ်ငြားအံ့။ ထိုသို့မငြိမ်းခဲ့သော် ဟယ်သူယုတ်-သင်သည် အပြစ်ဒေါသ ကြီးလှချေ၏တကား၊ သုံးလူဆရာ မြတ်စွာဘုရားသည် ဟောကြားဆုံးမခဲ့သည်မှာ-

ဘိက္ခဝေ၊ ရဟန်းတို့။ ဩစရကာ၊ အကျင့်ညစ်ညမ်း ဆိုးဆမ်းကုန်သော။ စောရာ၊ ခိုးသားတို့သည်။ ဥဘတော ဒဏ္ဍကေန၊ နှစ်ဘက်အရိုးတတ်သော။ ကကစေန၊ သုံလွှဖြင့်။ အင်္ဂမင်္ဂါနိ။ ခြေလက်စသော အင်္ဂါကြီးငယ် တို့ကို။စေပိ ဩက္ကန္တေယျု၊ အကယ်၍ တိုက်ဖြတ်ကုန်ငြားအံ့။ တတြာပိ၊ ထိုသို့တိုက်ဖြတ်သော သူတို့၌လည်း။ ယော၊ အကြင်သူသည်။ မနောပဒေါသေယျံ၊ ဒေါသစိတ်ဖြင့်ပြစ်မှားငြားအံ့။ တေန၊ ထိုသို့ပြစ်မှားသဖြင့်၊ သော၊ ထိုသူသည်။ န မေ သာသနကရော၊ ငါဘုရားဆုံမတိုင်းလိုက်နာ၍ ကျင့်သောသူ မမည်ချေ။

ယော၊ အကြင်သူသည်။ ကုဒ္ဓံ၊ အမျက်ထွက်တတ်သောသူကို။ ပဋိကုဇ္ဈတိ၊ အတုံ့တဖန် ပြန်၍အမျက်ထွက်၏၊ သော၊ ထိုသူသည်။ တေန၊ ထိုအမျက်ကြောင့်။ တေဿဝ၊ ထိုရှေးဦးစွာ အမျက်ထွက်သော သူ၏အောက်လည်း။ ပါပိယော၊ ယုတ်မာသည်မည်၏၊ ကုဒ္ဓံ၊ အမျက်ထွက်သောသူကို။ အပ္ပဋိကုစ္ဈန္တော၊ အမျက်တုံ့ မမူသော သူသည်သာလျှင်။ ဒုဇ္ဇယံ၊ အောင်နိုင်ခဲ့သော။ သဂ်ါမံ၊ ဒေါသတည်း ဟူသောစစ်မြေကို။ ဇေတိ၊ အောင်သည်သာမည်၏၊

ဤသို့သောစကားဖြင့် ဘုရားဆုံးမတော်မူသည်ဖြစ်လျင် အမျက်ကို မချုပ်မူ၍ ထိုသူ၌ ရန်ငြိုးထားခြင်းသည် ဘုရားဆုံးမတိုင်း မလိုက်နာသည်ဖြစ်ခဲ့ရာ၏၊ ရှေးဦးတင်စ, ဒေါသမူသော ထိုသူအောက်လည်း သင်ယုတ်မာသည်ဖြစ်ရာ၏၊ အောင်နိုင်ခဲ့သော စစ်မြေကို အောင်ပေနိုင်သော သူရဲကောင်းမမည်လေရာ စင်ကြယ်စွာကို ဖျောက်လော ဟူ၍ မိမိကိုယ်ကို ဆိုဆုံးမသဖြင့် ပဋိဃကို ဖျောက်အပ်၏၊

(၃) ယင်းသို့ဖျောက်ပါလျက် ထိုအမျက်ပဋိဃသည် မငြိမ်းနိုင်သည်ဖြစ်မူကား ထိုရန်သူဖြစ်သောသူ၏ ကိုယ်အကျင့်, နှုတ်အကျင့်, နှလုံးအကျင့်ကိုထောင့်ချင့်စဉ်းစား၍ တပါးပါးသောအကျင့်သည် ကြည်ညိုဖွယ်ရှိအံ့၊ ထိုအကျင့်ကို အဖန်ဖန်နှလုံးမူ၍ ဤသူသည် ဤအကျင့်၌ ကောင်းမွန်ကြည်ညိုဖွယ် ရှိပေစွတကား၊ အနည်းငယ်မျှ မကောင်းသည်ကို အပြစ်ယူ၍ ရန်မူခြင်းကို သင်မပြုအပ်ဟု နှလုံးထား၍ ဖြစ်ပွားသော ပဋိဃကို ဖျောက်အပ်၏၊
အကယ်၍ ရန်သူ၏အကျင့်သည် တခုခုမျှ ကြည်ညိုဖွယ်မရှိ ကြမ်းတမ်း ရုန်းရင်းသည်သာဖြစ်အံ့။ ထိုသူအား သနားသဖွယ် ရှိသည်၏အဖြစ်ကို စိစစ်၍ အောင့်မေ့အပ်၏၊
ဤသူသည် ယခုမူကား လူ့ပြည်၌ ကျင်လည်ပျော်ပါး၍ သူတထူးအား ပြစ်မှားရသေးသည်၊ စင်စစ်သော်ကား ဘဝလားလျှင် ရှစ်ပါးသောငရဲဘုံတွင် တစုံတခုသောငရဲဖြစ်၍ ဆင်းရဲကြီးစွာခံရလတ္တံ့။ ယင်းသို့ ငရဲခံရအံ့သောသူအား သနားထိုက်လှ၏ဟု ကရုဏာတရားကို ဖြစ်စေလျက် ထိုအမျက်ကို ဖျောက်အပ်၏၊

(၄) ယင်းသို့ ဖျောက်ပါလျက် ထိုအမျက်ရန်ငြိုးသည် မငြိမ်းနိုင်သည်ဖြစ်မူကား ဤသို့သော ပရမတ္ထဓမ္မအားဖြင့် ပိုင်းခြား၍ ဖျောက်အပ်၏၊

ဓမ္မာနံ၊ ပရမတ္ထဖြစ်သော ခန္ဓာ, အာယတန, ဓာတ်တို့၏၊ ခဏိတကတ္ထာ၊ ဥပါဒ်, ဌီ, ဘင် တည်းဟူသော ခဏနှင့်ယှဉ်သည်၏ အဖြစ်ကြောင့်။ ယေဟိ-ဓမ္မေဟိ၊ အကြင်မိုက်မဲသော ရုပ်တရားတို့သည်။ တေ၊ သင်၏၊ အမနာပံ၊ မနှစ်လိုဖွယ်သော အမှုကို။ ကတံ၊ ပြုအပ်၏၊ တေ၊ ထိုပြုသော ရုပ်နာမ်ခန္ဓာတို့သည်။ နိရုဒ္ဓါ၊ ချုပ်လေကုန်ပြီ။ ဒါနိ၊ ယခု။ ဣဓ၊ ဤရန်သူသဏ္ဌာန်၌။ ကဿ၊ အဘယ်မည်သောခန္ဓာကို။ ကုဇ္ဈသိ၊ အမျက်ထွက်ပါအံ့နည်း။

ဤဒေသနာဖြင့် သင် ရန်သူမှတ်သော သတ္တဝါသည် ရုပ်နာမ်ခန္ဓာတို့၏ ဖြစ်ခြင်း ပျက်ခြင်း ခဏနှင့်သာ ယှဉ်သည်။ အကြင်ရုပ်နာမ်ခန္ဓတို့သည် သင်၏အကျိုးမဲ့ကို ပြု၏၊ ထိုပြုသော ခန္ဓာတို့သည် ချုပ်လေကန်ပြီဖြစ် ယခုမရှိခဲ့တကား။ အဘယ်ခန္ဓာအား သင် အမျက်ထွက်ပါအံ့နည်း။ ယခုဖြစ်ဆဲသော ခန္ဓာသည် သင်၏အကျိုးမဲ့ကို ပြုသည်မဟုတ်ပေတကား။ အကျိုးမဲ့မပြုသော ခန္ဓာကို သင်အမျက်မထွက်သင့်ပေဟု ဆုံးမ၍ ထိုပဋိဃကို ဖျောက်အပ်၏

(၅)ယင်းသို့ဖျောက်ပါလျက် အမျက်မငြိမ်းခဲ့မူကား မိမိ၏၎င်း၊ ရန်သူ၏၎င်း၊ ကံသာလျှင် ဥစ္စာရှိသော အဖြစ်ကို ဆင်ခြင်အပ်၏၊ အဘယ်သို့ ဆင်ခြင်အပ်သနည်းဟူမူ အချင်းပညာရှိ၊ သင်သည် ရန်သူအား အမျက်ထွက်၍ ဘယ်အကျိုး ရှိအံ့နည်း။ သင်အမျက်ထွက်ခြင်းလျှင် အကြောင်းရှိသော မကောင်းမှု ကံသည် သင်၏ အကျိုးမဲ့ကိုသာ ဆောင်လတ္တံ့ မဟုတ်လော။ သင်သည် ကံလျှင်ဥစ္စာရှိ၏၊ ကံ၏ အမွေခံသာ ဖြစ်၏၊ ကံသာလျှင် ဖြစ်ကြောင်း ရှိ၏၊ ကံသာလျှင်ဆွေမျိုးရှိ၏၊ ကံသာလျှင် ကိုးကွယ်လည်းလျောင်းရာဖြစ်၏၊ အကြင်ကံကို သင်ပြုအံ့။ ထိုပြုအံ့သောကံ၏ အမွေခံသာဖြစ်လတ္တံ့။ ထို့ကြောင့် သူ့အား အမျက်ထွက်၍ဘယ်အမှု ပြီးစီးနိုင်လတ္တံ့နည်း။ သင်၏ အမျက်ထွက်သော မကောင်းမှုကံသည် သမ္မာသမ္ဗောဓိဆု၊ ပစ္စေကဗောဓိဆု၊ သာဝကဗောဓိဆုကို၎င်း၊ ဗြဟ္မာအဖြစ် သိကြားအဖြစ်၎င်း၊ ပဒေသရာဇ်၊ ဧကရာဇ်၊ စကြဝတေးစသည်တို့တွင် တပါးပါးသောစည်းစိမ်းကို၎င်း၊ ပြီးစေနိုင်သည်မဟုတ် စင်စစ်သောအခါ သင်၏ဒေါသတရားသည် ချမ်းသာမှ လျော့ပါး၍ စားကြွင်းစား၏အဖြစ် အဆင်းမလှသော အဖြစ်ကို၎င်း၊ ငရဲ၊ တရိစ္တာန်တို့၌ ကြီးစွာသော ဆင်းရဲကို၎င်း ဖြစ်စေဘိရာသည်။
ဤအမျက်ထွက်သော သင်သည် လက်နှစ်ဘက်ဖြစ် ရဲရဲညီးသော မီးကြီးခဲကို ကိုင်၍ သူတစ်ပါးအား ပစ်ခတ်သော ယောကျာ်းသည် မိမိကိုယ်ကိုသာ ရှေးဦးစွာ ထိုမီးလောင်သကဲ့ သို့၎င်း မစင်ဖြစ်ကိုင်၍ ပစ်ခတ်သောယောကျာ်းသည် မိမိကိုယ်၌သာ ရှေးဦးစွာ အနံ့မကောင်း လူးသကဲ့သို့၎င်း သင်၏ကိုယ်၌သာရှေးဦးစွာ မကောင်းမှုကံသည် ကပ်နွံလိမ်းမည် တကားဟု မိမိကိုယ်၏ကံသာလျှင် ဥစ္စာရှိသောအဖြစ်ကို ဆင်ခြင်အပ်သတည်း။ ဤသို့ ဆင်ခြင်ပြီးမှ ရန်သူ ဖြစ်သောသူ၏လည်း ကံသာလျှင် ဥစ္စာရှိသော အဖြစ်ကို ဤနည်းအတူ ကြံယူဆင်ခြင်လျက် အမျက်ထွက်ခြင်းဟူသော ဒေါသကို ငြိမ်းစေအပ်၏

(၆) ယင်းသို့ ဆင်ခြင်ပါလျက် အမျက်ထွက်ခြင်းသည် မငြိမ်းပြန်မူကား ဘုရားသခင်၏ ရှေးအကျင့်တော်ဟူသော ဂုဏ်ကို အာရုံစွဲ၍ အဖန်တလဲလဲ ဆင်ခြင်အပ်၏၊ အဘယ်သို့ဆင်ခြင်အပ်သနည်းဟူမူ၊ အချင်းပညာရှိသင်၏ ဆရာ မြတ်စွာဘုရားသည် ဘုရားဖြစ်ကြောင်း ကောင်းမှုပါရမီကို ဖြည့်သောအခါ လေးသင်္ချေနှင့် ကမ္ဘာတသိန်းကြာအောင် များစွာသော ဇာတ်ဘဝတို့၌ ကိုယ်တော်ကို သေကြေပျက်စီးအောင် သတ်ဖြတ်ညှင်းဆဲသော ရန်သူ၌သော်လည်း စိတ်မျှဖြစ့် ပြစ်မှားခြင်းကိုမပြု၊ သည်းခံတော် မူသည်တကား။ ဘယ်သို့ သည်းခံသနည်းဟူမူ-

သည်းခံပုံသာဓက-သီလဝမင်းသတ္ထု

သီလဇာတ်၌ ဗာရာဏသီမင်း ဖြစ်သောအခါ မိမိ၏ မိဖုရား၌မှားယွင်းသော အမတ်သည် ခေါ်ဆောင် အပ်သည်ဖြစ်၍ ယူဇနာသုံးရာ ကျယ်သော တိုင်းနိုင်ငံကို ယူအံ့သောငှာ စစ်ဆင်လာသော ဥဇ္ဇေနီမင်းကို တားမြစ်၍ စစ်ထိုးခြင်းငှာ အားထုတ်ပါသော အမတ်တို့အား အခွင့်မပေးမူ၍ ရန်သူမင်း၏ လက်တွင်းသို့ အရောက်ခံသဖြင့် နိုင်ငံ ထီးနန်းနှင့်တကွ အပ်သည်ကိုလျက် ငဲ့ကွက်သနားခြင်းမရှိ အမတ်တထောင်နှင့်တကွ သူကောင်ပြစ်သော တစပြင်၌လည်တိုင်အောင် မြှုပ်ထားသော်လည်း စိတ်ပြစ်မှားခြင်းကို မပြုပဲ သည်းခံတော်မူသည်။
သူကောင်ကို စားမည်လာသော ခွေးတို့၏ မြေယက်ခြင်းကို ကြံဖန်အမှီပြု၍ အားထုတ်သဖြင့် အသက်ကို ရသည်ရှိသော ဘီလူးနှစ်ဦး၏ အာနုဘော်ကြောင့် မိမိ၏ နန်းတောတိုက်ခန်းသို့ ရောက်လျှင် ကျက်သရေရှိသော မင်းအိပ်ရာ၌ အိပ်နေသော ရန်သူမင်းကို မြင်၍မျှလည်း အမျက်မထွက် အချင်းချင်းသစ္စာပြု၍ ထိုရန်သူကိုပင်လျှင် အဆွေခင်ပွန်းပြု၍ အညီအညွတ် ပေါင်းဖက်တော်မူသည်။

ခန္တီဝါဒီရသေ့ သတ္ထု

ထိုမှတပါး ခန္တီဝါဒီရသေ့ အဖြစ်၌လည်း ပညာမဲ့သော ကာသိကရာဇ်မင်းက သင်သည် ဘယ်အယူအကျင့် ရှိသနည်းဟု မေး၍ ခန္တီအယူရှိသည်ဟု ပြောလျှင် အဆူးရှိသော သံကြိမ်လုံးဖြင့် ရိုက်နှက်၍ ခြေလက်တို့ကို ဖြတ်လည်း မင်းအား အမျက်မထွက်ပဲ သည်းခံတော်မူလေသည်။

စူဋ္ဌဓမ္မပါလဝတ္ထု

ဤသီလဇာတ်, ခန္တီဝါဒီဇာတ်၌ သက်ရွယ်ရင့်ပြီး ပညာကြီးသည် ဖြစ်၍သူတပါးနှိပ်စက်သော အမှုကိုမခု ရန်ငြိုးစိတ်မဆိုးပဲ သည်းခံနိုင်ခြင်းသည် အံ့ဖွယ်သောမရှိသေး။ စူဠဓမ္မပါလဇာတ်၌ ပက်လက်အိပ်တတ်ကာမျှ ငယ်လှသော သတိုးသားဖြစ်လျက် ခမည်းတော် မဟာပတာပမင်းသည် ပြင်းစွာ အမျက်ဝင်၍ အရှင်လတ်လတ် သူသတ်တို့ကိုစေ၍ လက်ခြေကို လှီးသော်လည်း ကြက်သီးဝှန်တက် အမျက်မပြန် သည်းခံ၍သာ နေတော်မူသည်။
ယင်းသို့ ခြေလက်ဖြတ်ကာမျှဖြင့် စိတ်က မရောင့်ရဲသေး၊ အသွေးအသားကို သောက်စားလိုသော ဘီလူးကဲ့သို့ ဟူးဟူးအမျက်ထွက်လှသော ပတာပ ခမည်းတော်သည် မယ်တော်မိခင်က အရှင်မင်းကြီး မညီးချစ်ဖွယ် နုနယ်ဖွံ့ထွား သနားစရာ ဗာရာဏသီ မဟီတလ တိုင်းမရွှေနန်း စိုးမြန်းမည့်သူ သက်တူမပြား သားတော်ဓမ္မပါလ၏ မွှေလှကြိုင်မြူး စန္ဒကူးနံ့သာ ကောင်စွာလိမ်းကျံလျက် အလွန်နုထွက်သော လက်တို့ကို ဖြတ်လျက် ပစ်ခဲ့ကုန်ပြီ။ မအီမသာ သို့ကြင်နာလျက် ငိုရှာခြင်းမျှမပြုဝံ့၊ တလွန့်လွန့်သာ ခံရှာပါသည်၊ ချမ်းသာပေးသင့်လှပါ၏ဟု တောင်းပန်ငိုယို ဆိုမည်တမ်းစဉ် ဦးခေါင်းကို ဖြတ်လော့ဟု သူသတ်တို့ကို စေဆိုသောခဏ၌ အချင်းဓမ္မပါလ ယခုအခါကား သင်၏စိတ်ကို နှိပ်ကွပ်ဆုံးမရာသော ကာလတည်း။
ခေါင်းဖြတ်ချေစေသော ခမည်းတော်၌၎င်း၊ ဖြတ်သော သူသတ်တို့၌၎င်း၊ ငိုမည်တမ်းသော မယ်တော်၌၎င်း၊ သင်၏ကိုယ်၌၎င်း၊ ဤသူ ၄-ဦးကို မထူးမပြားမခြားနားပဲသာ၊ မေတ္တာစိတ်ကို ဖြစ်စေလောဟု မြဲမြန်စွာ ဓိဋ္ဌာန်ခြင်းကို ပြုလျက် အမျက်မရှိပဲ သည်းခံတော်မူသည်။

ဆဒ္ဒန်ဆင်မင်းဝတ္ထု

ဤဓမ္မပါလဇာတ်၌လည်း လူဖြစ်၍သာ ကောင်းစွာ သည်းခံနိုင်သည်ကား ထူးခြား၍အံ့ဖွယ်မရှိသေး။ တိရစ္ဆာန်အမျိုး တောင်ရိုးတောယံ ဆဒ္ဒန်ဆင်မင်း ဖြစ်တော်မူသော ဘုရားလောင်းသည် သောနုတ္ထိုရ်မုဆိုးက ဆိပ်လူးမြားဖြင့် ဝမ်းလယ်ချက်အောက်က ကျောပေါက်အောင် ပစ်သော်လည်း ထိုမုဆိုး၌ ရန်ငြိုးသိုထား ပြစ်မှားသော အာဃာတစိတ်ကို မဖြစ်စေမူ၍ တွင်း၌အောင်းသော မုဆိုးကို နှာမောင်းဖြင့် ဆွဲယူပြီးလျှင် သင်မုဆိုးသည် ဘယ်အလို့ငှာ ငါ့ကိုမြှားဖြင့် ပစ်ပါသနည်း ဘယ်သူစေခိုင်း၍ ပစ်သနည်းဟု မေး၏၊
မုဆိုးကြီးကလည်း ကာသိကရာမင်း၏ မိဖုရသားသုဘဒ္ဒါသည် ရောင်ခြောက်ဖြာ တောက်ပသော စွယ်တော်ကို ယူ၍ ပေးရမည် ဆိုသောကြောင့် လာရကြောင်းကို လျှောက်ဆိုလျှင် ထိုမိဖုရား၏ နှလုံးကိုပြည့်စေလျက် ရောင်ခြောက်ထွေထွက်သော စွယ်တော်မြတ်ကို လွှဖြင့်တိုက်ဖြတ်၍ မုဆိုးအား ပေးတော်မူလိုက်သည်။

မျောက်မင်းဝတ္ထု

ထိုမှတပါး တောဖျားမြိုင်တွင်း မျောက်မင်းအစစ် ဖြစ်တော်မူသော အခါ၌လည်း နက်စွာသော ချောက်ကြားမှ ထုတ်ဆောင်၍ တောင်ထိပ်သို့ တင်အပ်သော ပုဏ္ဏားယုတ်သည် မောပန်းလှ၍ တခဏအိပ်နေရာ၌ ဤမျောက်ကား လူစားကောင်းသော အစာဖြစ်သည်။ ငါလည်း ထမင်းမစားရ၍ မွတ်သိပ်လှ၏၊ ဤမျောက်ကို သတ်၍ စားရသော် ယခုလည်းဝင်၏၊ ကျန်သမျှအသားလည်း ခရီးသွားရာ၌ ရိက္ခာဖြစ်လတ္တံ့ဟု ကြံလျက်၊ အစွန်းထက်သော ကျောက်ခဲဖြင့် ဦးခေါင်းကို ထုသော်လည်း ထိုသူယုတ်၌ မျက်ကြုတ်မထွက်မူ၍ မျက်ရည်ပြည့်သော မျက်စိဖြင့် ထိုသူယုတ်ကို ကြည့်လျက် အရှင်ပုဏ္ဏား ငါ့အားဘယ့်ကြောင့် ကြမ်းကြုတ်သောအမှုကို ပြုရက်ဘိသနည်း၊ အချည်းသက်သက် မေတ္တာဆက်၍ သေကွက်မှ ကယ်ယူပါသော ငါသို့စဉ်၌ သင်ပြစ်မှားသည်ကား ထူးခြား၍ အံ့ဖွယ် ရှိလှ၏ဟု ဆိုပြီးလျှင် ထိုပုဏ္ဏားအား ခရီးမမှားအောင် ပို့ဆောင်တော် မူလိုက်သေးသည်။
ယင်းသို့ အံ့ဖွယ်သရဲ လွန်ကဲသော သည်းခံခြင်းကို ပြုတော်မူ၍ တဆူသော ဘုရားအဖြစ်သို့ ရောက်တော်မူသော ဘုရားမြတ်စွာကို ဆရာဟု ညွှန်ပြသော သင်အား အမျက်ဒေါသကို ပွားစေသဖြင့် မသင့်မလျောက်ပတ်ချေတကားဟု ဆင်ခြင်လျက် အမျက်ဒေါသကို ဖျောက်ရာသတည်း။

(၇) ယင်းသို့ဘုရားသခင်၏ ရှေးအကျင့်တော်ဂုဏ်ကို အာရုံပြု၍အောက်မေ့ ဆင်ခြင်သော်လည်း မြင့်ရှည်စွာ ကာလပတ်လုံးဖြစ်သော ရန်ငြိုးအမျက်သည် မငြိမ်းနိုင်သည်ဖြစ်အံ့၊ မြတ်စွာဘုရားသည် ဟောကြားတော်မူအပ်သော အနမတဂ္ဂသုတ္တန်ကို အဖန်တလဲလဲ ဆင်ခြင်အောက်မေ့အပ်၏၊ ဘယ်သို့အောက်မေ့အပ်သနည်း ဟူမူကား-
ချစ်သားရဟန်းတို့ အကြင်သတ္တဝါသည် အမိမဖြစ်ဘူး, အဖမဖြစ်ဘူး, အစ်ကို, အစ်မ, နှစ်မသားသ္မီးမဖြစ်ဘူး။ ထိုသို့သော သတ္တဝါသည် ရလွယ်သည်မဟုတ် အလွန်ရခဲသည်သာတည်းဟူ၍ ဘုရားက ဟောတော်မူသောကြောင့် ရန်သူဖြစ်သော ဤသူသည်ရှေးဘဝ ငါ့အမိဖြစ်၍ ဆယ်လပတ်လုံး ဝမ်းဖြင့်လွယ်လျက် ဖွားသောအခါလည်း လွန်စွာ စက်ဆုပ်ဖွယ်သော ကျင်ကြီးကျင်ငယ် အညစ်အကြေးတို့ကို စန္ဒကူးနံ့သာကဲ့သို့ မစက်ဆုပ်ပဲ သုတ်သင်ဆေးကြောလျက် ရင်ထက်ပိုက်ဖျား ခါးဖြင့်ချီပိုး မညှိုးမပန်းရအောင် ကြဉ်းဆောင်မွေးမြူဘူးသည်တကား။
အဖဖြစ်၍ ချစ်ငွေ့ကဲလျှံ ဝေးစွန်ရပ်ချား တပါးပြည်မှာ ဥစ္စာရကြောင်း ကုန်ရောင်းကုန်ဝယ် ယာလယ်ခုတ်ထွန် မှုဝန်မင်းရေး သေဘေးမုချ စစ်ဝရှေ့ဖျား သွား၍ထမ်းပေ လှိုင်းရေကျယ်ပြော ကျွဲနွား မြင်း,ဆင် ပုံယင် ကျွန်ကျေးသားဖြေးဖို့သာ ရှာမှီးသဖြင့် ကြီးမြင့်စည်းစိမ် ရိပ်ငြိမ်ကြွဝအောင် မွေးခဲ့လှလေပြီတကား။
အစ်ကိုအစ်မ စသည် ဖြစ်၍လည်း ချစ်ခင်လေးမြတ်စွာ မေတ္တာပိယ, သက်ဝင်ကြလျက် နှစ်သက်ရွှွင်မြူး ကျေးဇူးဥပကာရ ပြုကြဘူးပြီတကား။
ဤသို့ မြေကြီးမြင်းမိုရ် နှိုင်းမဆိုရ ကြီးလှကျေးဇူး အထူးတင်သည် မိခင် ဖခင်, အစ်ကိုအစ်မ, နှစ်မသားချင်း, ဆွေရင်းမျိုးချာ, ဖြစ်ဘူးသူ၌ ငြူစူအမျက် မထွက်သင့်ချေ မွေးမေဖခင် သားချင်းသွင်သို့ ကြင်နာထိုက်လှသည် တကားဟု အဖန်တလဲလဲ အောက်မေ့လျက် အမျက်ဒေါသကို ငြိမ်းစေအပ်၏၊

မေတ္တာအကျိုး ၁၁-မျိုး

(၈) ယင်းသို့ ဆင်ခြင်လျက် အမျက်မငြိမ်းသေးသည်ဖြစ်အံ့၊ မေတ္တာ၏ အကျိုးဆက်ကို ဆင်ခြင်အောက်မေ့အပ်၏၊ ဘယ်သို့အောက်မေ့ အပ်သနည်းဟူမူ အချင်းပညာရှိ ဘုရားမြတ်စွာသည် မေတ္တာ၏အကျိုးကို တဆယ့်တပါးဟု ဟောတော်မူသည် မဟုတ်လော ဤမေတ္တာကို ကောင်းစွာ ပွားသောသူသည်-

  1. ချမ်းသာစွာအိပ်ရခြင်း၊
  2. ချမ်းသာစွာ နိုင်းရခြင်း၊
  3. မကောင်းသော အိပ်မက်ကို မမြင်မက်ခြင်း၊
  4. လူတို့၏ ချစ်ခင်ခြင်း၊
  5. နတ်တို့၏ ချစ်ခင်ခြင်း၊
  6. နတ်တို့၏ စောင့်ရှောက်ခြင်း၊
  7. မီးတို့သည်၎င်း,အဆိပ်သည်၎င်း, ဓားလက်နက်သည်၎င်း, မထိမပါးနိုင်ခြင်း၊
  8. လျင်စွာ စိတ်၏တည်ကြည်ခြင်း၊
  9. မျက်နှာအဆင်း ကြည်ညိုဖွယ်ရှိခြင်း၊
  10. မတွေဝေပဲ သေရခြင်း၊
  11. သေသည်၏ အခြားမဲ့၌ ဗြဟ္မာပြည်သို့ ရောက်ခြင်း=

တည်းဟူသော အကျိုးတဆယ့်တပါးကို ခံစားရမည်ဟု ဟောတော်မူလျက် သင်မျက်မငြိမ်းရှာ၍ မေတ္တာ မပွားသည်ဖြစ်အံ့၊ ဤအကျိုးတဆယ့်တဝကို မရသည်သာ ဖြစ်ရာ၏ဟု ဆင်ခြင်အောက်မေ့လျက် အမျက်ဒေါသကို ငြိမ်းစေအပ်၏၊

(၉) ယင်းသို့ အောက်မ့လျက် အမျက် မငြိမ်းပြန်သည်ဖြစ်အံ့၊ ထိုပုဂ္ဂိုလ်သည် ဓာတ်ကိုဝေဖန်ခြင်းကို ပြုအပ်၏၊ ဘယ်သို့ဝေဖန်အပ်သနည်းဟူမူ အချင်းပညာရှိ သင်သည် ရန်သူဖြစ်သောသူအား အမျက်ထွက်၏၊ ထိုသူ၏ ဆံအစရှိသော ၃၂-ပါးသော အခြင်းအရာတို့သည် ရှိကုန်၏၊ ထို ၃၂- ပါးတို့တွင်ဆံကို တည်း အမျက်ထွက်သလော။ ထိုသို့မဟုတ် အမွေး, ခြေသည်း, လက်သည်း, စသည်တို့တွင် တပါးပါးကိုတည်း အမျက်ထွက်သလော။ ထိုမှတပါး ဆံစသည်၌ တည်သော ပထဝီဓာတ်ကိုတည်း အမျက်ထွက်သလော။ အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်တို့တွင် တပါးပါးကိုတည်း အမျက်ထွက်သလော။
ခန္ဓာငါးပါးတို့တွင် ရူပခန္ဓာကိုတည်း အမျက်ထွက်သလော၊ ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ, ဝိညာဏ္ခန္ဓာ, တို့တွင် တပါးပါးကိုတည်း အမျက်ထွက်သလော။
အာယတန ၁၂-ပါးတို့တွင် စက္ခာယတနကိုတည်း အမျက်ထွက်သလော။ သောတာယတနစသည်တို့တွင် တပါးပါးကိုတည်း အမျက်ထွက်သလော။
ဓာတ် ၁၈-ပါးတို့တွင် စက္ခုဓာတ်ကိုတည်း အမျက်ထွက်သလော။ ထိုသို့မဟုတ် သောတဓာတ်စသည်တို့တွင် တပါးပါးကိုတည်း အမျက်ထွက်သလောဟု ဓာတ်ကိုဝေဖန်ခြင်းကို ပြုအပ်၏၊
ထိုသို့ ဓာတ်ကို ဝေဖန်သည်ရှိသော် ပွတ်ဖောက်ဖျား၌ မုံညင်းသီးသည် တည်ရာကို မရသကဲ့သို့၎င်း၊ ကောင်းကင်၌ ပန်းချီဆေးသည် တည်ရာကို မရသကဲ့သို့၎င်း၊ အမျက်ဒေါသသည် တည်ရာကို မရနိုင်သည်ဖြစ်၍ ငြိမ်းရာ၏၊

(၁၀) ယင်းသို့ ဓာတ်ကို ဝေဖန်၍မျှ မငြိမ်းသေးမူကား ပေးကမ်းဝေဖန်ခြင်းကို ပြုအပ်၏၊ ဘယ်သို့ ပြုအပ်သနည်းဟူမူ မိမိ၏ပစ္စည်းကို ရန်သူဖြစ်သော သူအားပေးအပ်၏၊ ရန်သူ၏ ပစ္စည်းကိုမိမိမယူအပ်။ အကယ်၍ ပစ္စည်းတို့ကို ယူပေးမူကား ဤသူသည် ငါနှံထားသော အနုဂါမိကဒါနရွှေအိုးကို စောင့်ထိန်းပေသည်ဟု နူးညွတ်အပ်၏၊ ဤသို့ ပေးကမ်းဝေဖန်ခြင်းကို ပြုသည်ရှိသော ထိုရန်သူပုဂ္ဂိုလ်၌ မိမိ၏ရန်ငြိုးသည် ငြိမ်းရာ၏၊
ဤသို့ ဆိုအပ်ပြီးသော အခြင်းအရာဖြင့် ဆင်ခြင်အောက်မေ့လျက် အမျက်ဒေါသကို ငြိမ်းစေပြီးသော ယောဂီပုဂ္ဂိုလ်အား ချစ်ခင်လေးမြတ်အပ်သော ဆရာစသော ပုဂ္ဂိုလ် အလွန်ချစ်ခင်အပ်သော ပိယပုဂ္ဂိုလ် မချစ်မမုန်း လျစ်လျူဖြစ်သော မဇ္ဈတ္တပုဂ္ဂိုလ် ဤသုံးယောက်တို့၌ တူမျှစွာသော မေတ္တာစိတ် ဖြစ်သည်သာတည်း။

သီမာသမ္ဘေဒဖြစ်ပုံကို ပြခြင်း

ယင်းသို့ ညီမျှသော မေတ္တာကို များစွာ ပျံ့နှံ့စေသဖြင့် ဤပုဂ္ဂိုလ် ၄-ပါးတို့၌ အပိုင်းအခြားမရှိသော သီမာသမ္ဘေဒကို ပြုအပ်၏၊ ဘယ်သို့ပြုအပ်သနည်း ဟူမူ မေတ္တာကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂိပုဂ္ဂိုလ်သည် ချစ်သောပုဂ္ဂိုလ်, လျစ်လျူဖြစ်သောပုဂ္ဂိုလ်, ရန်သူဖြစ်သောပုဂ္ဂိုလ်တို့နှင့်တကွ နေကြစဉ် ခိုးသူတို့သည် လာ၍ ငါ့အား တယောက်တယောက်သောသူကို ပေးလော၊ ထိုသူ၏လည်ချောင်းသွေးကို ယူ၍ နတ်စာပြုလိုသည်ဟု အကယ်၍ ဆိုငြားအံ့။ ထိုသို့ဆိုမူ ဤသူကို ယူပါဟု ငါပေးမည်ဟူ၍ စိတ်အကြံဖြစ်ငြားအံ့။ သိမသမ္ဘေဒမဖြေစ်သေး။ အကယ်၍ ငါ့ကိုသာ ယူလော့၊ ဤသူသုံးယောက်ကို မယူလင့်ဟု စိတ်အကြံဖြစ်ငြားအံ့။ ထိုသို့ဖြစ်သော်လည်း သိမသမ္ဘေဒ မဖြစ်သေးပေ။
အကြင်အခါ၌ကား မိမိကိုယ်ချစ်သောသူ, လျစ်လျူဖြစ်သောသူ, ရန်သူဖြစ်သောသူတို့၌ မထူးမခြား မေတ္တာသည် ပွား၍ ခိုးသူအား တယောက်မျှ ပေးထိုက်သောသူကို မမြင်၊ ထိုအခါ၌လျှင် သိမသမ္ဘေဒသည် ဖြစ်၏၊
ထိုသို့ဖြစ်သောမေတ္တာစိတ်နှင့် တပြိုင်နက်ပင် နိမိတ်သည်၎င်း၊ ဥပစာရသမာဓိသည်၎င်း ဖြစ်၏၊ ထိုသို့ သိမသမ္ဘေဒကို ပြုပြီးသော် နိမိတ်ကို အဖန်တလဲလဲ မှီဝဲပွားစေသော ယောဂီပုဂ္ဂိုလ်အား မငြိုငြင်ဖြင့်သာ အပ္ပနာသမာဓိသို့ ရောက်သည်ဖြစ်၍ ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန်တို့ကို ရသည်သာလျှင်ဖြစ်၏၊
ထိုသို့ စျာန်ရသော ပုဂ္ဂိုလ်သည်သာလျှင် ငါးရာနှစ်ဆယ်ရှစ်ပါးသော မေတ္တာအပ္ပနာတို့တွင် တပါးပါး၏အစွမ်းဖြင့် သတ္တဝါပညတ်ကို အာရုံပြု၍ မေတ္တာပြန့်စေလျက် စျာန်ကို ဝင်စားအပ်၏၊
ငါးရာနှစ်ဆယ်ရှစ်ပါးဟူသော်ကား ပဋိသမ္ဘိဒါမဂ်၌ လာသောနည်းအားဖြင့် သဗ္ဗဖရဏမေတ္တာ ၄၈- ပါး၊ ဒိသာဖရဏမေတ္တာ ၄၈၀၊ ဤငါးရာနှစ်ဆယ် ရှစ်ပါးတို့တည်း။
ဤကသား မေတ္တာပွားရာသော နည်းတည်း။

၄၃၇။ ကရုဏာကမ္မဋ္ဌာန်း စီးဖြန်းပုံကို ပြခြင်း

ကရုဏာဟူသော ဗြဟ္မဝိဟာရတရားကို စီးဖြန်းအားထုတ်လိုသော ပုဂ္ဂိုလ်သည် သတ္တဝါတို့အား သနားကင်းခြင်း၌အပြစ်ကို၎င်း၊ သနားခြင်း၌ အကျိုးကို၎င်း အဖန်တလဲလဲ အောက်မေ့ဆင်ခြင်အပ်၏၊ ဘယ်သို့ ဆင်ခြင်အပ်သနည်း ဟူမူကား-

ယော သတ္တေ ဇီဝိတာဝေါရောပနေန ဝါ အင်္ဂပစ္စင်္ဂစ္ဆေဒနေန ဝါ ဓနဇာနိယာ ဝါ အလာဘာယ ဝါ အဝါသာယ ဝါ အနတ္ထာယ ဝါ အယသတ္ထာယ ဝါ ပရိသံသက္ကနေန ဝါ အန္တမသော ယထာဝဇ္ဇဒဿနေနပိ ဝိဟေဌေတိ၊ တဿ သော ပမာဒဝိဟာရော ဒိဋ္ဌေဝ ဓမ္မေ အလာဘာယပိ ဟောတိ၊ လဒ္ဓဿ ပရိဟာနာယပိ ဟောတိ၊ တန္နိမိတ္တံ ပါပကော ကိတ္တိသဒ္ဓေါ အဗ္ဘုဂ္ဂစ္ဆတိ၊ အဝိသာရဒေါ ပရိသံ ဥပသင်္ကမတိ မင်္ကုဘူတော၊ သမ္မူဠှော ကာလံ ကရောတိ၊ ကာယဿ၊ ဘေဒါ ဒုဂ္ဂတိ ပါဋိကင်္ခါ၊ သုကတိယမ္ပိ မနုဿဘူတော ဒုဇ္ဇစ္စောပိ ဟောတိ နီစကုလိကော၊ ဒုဗ္ဗဏ္ဏောပိ ဟောတိ ဒုဒ္ဒသိကော၊ ဗဟွာဗာဓောပိ ဟောတိ ရောဂဗဟုလော၊ ဒုဂ္ဂတောပိ ဟောတိ အပ္ပန္နပါနော၊ အပ္ပါယုကောပိ ဟောတိ ပရိတ္တဇီဝိတော။

(ဝိသုဒ္ဓိမဂ်ဋီကာ ၁- နှာ-၃၇၀.၁။)

ယော၊ အကြင်သူသည်။ သတ္တေ၊ သတ္တဝါတို့ကို။ ဇီဝိတာ၊ ဇီဝိတိေ[န္ဒမှ။ ဝေါရောပနေန ဝါ၊ ချခြင်းဖြင့်၎င်း။ အင်္ဂပစ္စည်းစိမ် ဆုံးရှုံးစေခြင်းငှာ၎င်း။ အလာဘာယ ဝါ၊ လာဘ်မရစိမ့်သောငှာ၎င်း။ အဝါသာယ ဝါ၊ နေမြဲနေရာ၌ မနေစိမ့်သောငှာ၎င်း။ အနတ္ထာယဝါ၊ အကျိုးမဲ့ဖြစ်စေခြင်းငှာ ၎င်း။ အယသတ္ထာယ ဝါ၊ အကျော်အစောမရှိ စိမ့်သောငှာ၎င်း။ ပရိသံသက္ကနေန ဝါ၊ လုံ့လပြုသဖြင့်၎င်း။ အန္တမသော၊ အယုတ်သဖြင့်။ ယထာဝဇ္ဇပဿနေနပိ၊ အပြစ်အားလျော်စွာ ဘေးကိုပြသဖြင့်လည်း။ ဝိဟေဌေတိ၊ နှိပ်စက်ညှဉ်းဆဲ၏၊ တဿ၊ ထိုပုဂ္ဂိုလ်၏သော ပမာဒဝိဟာရော၊ ထိုသို့မေ့လျော့သောအားဖြင့် နေခြင်းသည်။ ဒိဋ္ဌေဝဓမ္မေ၊ မျက်မှောက်သော ကိုယ်၏အဖြစ်၌သာလျှင်။ အလာဘာယ ဝါ၊ လာဘ်မရခြင်းငှာ၎င်း။ ဟောတိ၊ ဖြစ်၏၊ လဒ္ဓဿ၊ ရပြီးသောလာဘ်၏၊ ပရိဟာနာယပိ၊ ကုန်ခန်းခြင်းငှာလည်း။ ဟောတိ၊ ဖြစ်၏တန္နိမိတ္တံ၊ ထိုသတ္တဝါတို့ကို ညှင်းဆဲ နှိပ်စက်ခြင်းဟူသော အကြောင်းကြောင့်။ ပါကကော၊ ယုတ်မာသော။ ကိတ္တိသဒ္ဒေါ၊ ကျော်စောသောအသံသည်။ အဗ္ဘုဂ္ဂစ္ဆတိ၊ နှံ့၍တက်၏၊ အဝိသာရဒေါ၊ မရဲရင့်သည်ဖြစ်၍။ မင်္ကုဘူတော၊ မျက်နှာမလှသည်ဖြစ်၍ ပရိသံ၊ ပရိသတ် ၄-ပါးသို့။ ဥပသင်္ကမတိ၊ ကပ်ရ၏ သမ္မူဠှော၊ တွေဝေလျက်။ ကာလံ ကရောတိ၊ သေရ၏၊ ကာယဿ ဘေဒါ၊ ကိုယ်ခန္ဓာပျက်သည်မှနောက်၌ ဒုဂ္ဂတိ၊ မကောင်းသောဘဝကို။ ပါဋိကင်္ခါ၊ အလိုရှိအပ်၏၊ သုဂတိယံ၊ သုဂတိဘုံ၌။ မနုဿတောပိ၊ လူဖြစ်သော်လည်း။ ဒုဇ္ဇစ္စောပိ၊ မကောင်းသော အမျိုးရှိသည်၎င်း။ နီစကုလိကော၊ ယုတ်နိမ့်သော အမျိုးရှိသည်၎င်း။ ဟောတိ၊ ဖြစ်၏၊ ဒုဗ္ဗဏ္ဏောပိ၊ မကောင်းသောအဆင်းရှိသည်၎င်း။ ဒုဒ္ဒသိကော၊ ရှုဖွယ်မလှသည်၎င်း။ ဟောတိ၊ ဖြစ်၏၊ ဗဟွာဗာဓောပိ၊ များသောအနာရှိသည်လည်း။ ဟောတိ၊ ဖြစ်၏၊ ရောဂဗဟုလောပိ၊ ရောဂါများသည်လည်း၊ ဟောတိ၊ ဖြစ်၏၊ ဒုဂ္ဂတောပိ၊ ဆင်းရဲငြိုငြင်သည်၎င်း။ အပ္ပန္နပါနောပိ၊ နည်းသောအစာ အဟာရ ရှိသည်၎င်း။ ဟောတိ၊ ဖြစ်၏၊ အပ္ပါယုကောပိ၊ နည်းသောအသက်ရှိသည်၎င်း။ ပရိတ္တဇီဝိတောပိ၊ တိုသောအသက်ရှိသည်၎င်း။ ဟောတိ၊ ဖြစ်၏၊

ဤသို့ ဟောပြသော ဒေသနာဖြင့် ကရုဏာကင်းခြင်း၌ အပြစ်ကို ဆင်ခြင်အောက်မေ့လျက် သနားတတ်သောသူ၏ အကျိုးကို ဆိုအပ်ပြီးသည်မှ ပြန်သောအားဖြင့် ဆင်ခြင်အောက်မေ့အပ်၏၊

ရှေးဦးစွာ ကရုဏာမပွားထိုက်သူ ၆-ဦး

ယင်းသို့ အကျိုးအပြစ်ကို အောက်မေ့ပြီး ကရုဏာ တရားကို ပွားစေအပ်၏၊ ပွားရာသော ပုဂ္ဂိုလ်သည်လည်း ချစ်ခင်လေးမြတ်အပ်သော ဆရာမိဘစသော ပိယပုဂ္ဂိုလ် မုန်းထားအပ်သော အပ္ပိယပုဂ္ဂိုလ် ဆင်းရဲဖော် ချမ်းသာဖက်ဖြစ်သော အတိပိယပုဂ္ဂိုလ်၊ မမုန်းမချစ် လျစ်လျူရှုအပ်သော မဇ္ဈတ္တပုဂ္ဂိုလ်၊ ရန်သူဖြစ်သော ဝေရီပုဂ္ဂိုလ်၊ လိင်္ဂသဘာဂပုဂ္ဂိုလ်၊ ဤ ၆-ဦးသော ပုဂ္ဂိုလ်တို့၌ ရှေးဦးစွာကရုဏာကို မပွားစေအပ်။ ဘယ့်ကြောင့်နည်းဟူမူ ဤပုဂ္ဂိုလ် ၆-ယောက်တို့သည် သနားအပ်သောအရာ၌ မတည်လေသောကြောင့်တည်း။

ရှေးဦးစွာကရုဏာပွားထိုက်သူ

တစုံတယောက်သော သနားဖွယ်ရှိသော ဆင်းရဲပင်ပန်းစွာ စားရာမဲ့ ဝတ်ရာမဲ့ဖြစ်လျက် ခွက်လက်စွဲရသောသူကို၎င်း။ လက်ခြေပြတ်ပျက်သဖြင့် စက်ဆုပ်ရွံရှာဖွယ်သို့ ရောက်သောသူသည် ဇရပ်တန်ဆောင်း လမ်းကြောင်းအပါး၌ နေသည်ကို၎င်း မြင်လျှင် ဤသူကာ အလွန်ဆင်းရဲငြိုငြင်ခြင်းဖြင့် နှိပ်စက်လှ၏တကား၊ အကယ်၍ ဤသူသည် ဤဆင်းရဲမှ လွတ်ပါမူကား ကောင်းလေစွဟု နှစ်လုံးပြု၍-

ဣမိနာ ဒုက္ခာ ပမုဉ္စန္တု၊ ဣမိနာ ဒုက္ခာ ပမုဉ္စန္တု-ဟု အဖန်တလဲလဲ စီးဖြန်းခြင်းကို ပြုအပ်၏၊

ထိုသို့သဘောရှိသော ဒုက္ခိတကို မတွေ့မြင်မူကား ချမ်းသာသောသူပင် ဖြစ်သော်လည်း မကောင်းမှုကို ပြုလေ့ရှိသောသူအား ဤသို့ သနားအပ်၏၊ ခိုးထုပ်နှင့်တကွမိသော ခိုးသူကို စိုးမင်းသူသတ်တို့သည် သတ်ချေစေသည်ဖြင့်ကြိုးနှောင်ဖွဲ့၍ ဒဏ်ခတ်ခြင်းကိုပြုလျက် သတ်ရာသင်္ချိုင်းသို့ ဆောင်လေသော် ထိုသသူအား မြို့ရွာလူများတို့သည် သနားကြ၍ ဘောဇဉ်ခဲဖွယ်ကို ပေးကြကုန်၏၊ ထိုခိုးသူသည် လူတို့ပေးကြသော ဘောဇဉ်ခဲဖွယ်တို့ကို ရသော်လည်း သုခသမ္ပတ္တိရှိသည်ဟု မထင်၊ ဤသူ မကြာခင်သေရလတ္တံ့-ဖဝါးတလှမ်းထက် တလှမ်းသည် သေခန်းနှင့်နီးသည်သာဖြစ်၏ဟု ပြည်သူတကာ လွန်စွာသနားကြသကဲ့သို့ ထို့အတူ ဤမကောင်းမှုပြုသောသူသည် ယခုမူကား ချမ်းသာစွာ စည်းစိမ်ကိုခံစားရသေး၏၊ များမကြာမီပင် ဝိညာဉ်ကင်း၍ သေခြင်းသို့ရောက်သဖြင့် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ တို့၏ရွာ၌ ကြီးစွာသောဆင်းရဲကို ခံစားရလတ္တံ့ သတည်းဟု ထိုသူ၏ သနားခြင်းကရုဏာကို ဖြစ်စေအပ်၏၊
ထိုယောဂီသည် ဤသို့ပြခဲ့သော ဒုက္ခိတပုဂ္ဂိုလ်တို့၌ အဖန်တလဲလဲ ကရုဏာကို ပွားစေသဖြင့် ဥပစာရသမာ ဓိမှသည် အပ္ပနာသို့ ရောက်၏၊ ယင်းသို့ ရောက်သော်လည်း ဤမျှတည်းဖြင့် ရောင့်ရဲခြင်းကို မဖြစ်စေမူ၍ မေတ္တာဗြဟ္မဝိဟာရ၌ ပြအပ်ပြီးသည်နှင့်အတူ သီမာသမ္ဘေဒကိုပြုခြင်းငှာ ပိယ၊ အတိပိယ၊ မဇ္ဈတ္တ၊ ဝေရီပုဂ္ဂိုလ်တို့၌လည်း အစဉ်အတိုင်း ကရုဏာကို ပွားစေအပ်၏၊ ဤသို့ အဖန်တလဲလဲ ပွားစေသဖြင့် မိမိ၌၎င်း ချစ်အပ်သောသူ၊ လျစ်လျူဖြစ်သောသူ၊ ရန်သူဖြစ်သောသူ ဤသူ ၄-ဦးတို့၌ အထူးအပြားမရှိ သီမာသမ္ဘေဒ ဖြစ်၍နိမိတ်သည် ၎င်း ဥပစာရသမာဓိ၊ အပ္ပနာသမာဓိသည်၎င်း ဖြစ်လတ်သည်ရှိသော ထိုနိမိတ်ကို ပွားစေသဖြင့် အစဉ်အတိုင်း ပထမစျာန်၊ ဒုတိယစျာန်၊ တတိယစျာန်တို့ကို ရသည်သာလျှင် ဖြစ်ကုန်၏၊
ထိုကရုဏာဟူသော ဗြဟ္မဝိဟာရဖြင့် စျာန်ရပြီးသော ပုဂ္ဂိုလ်သည် ထိုစျာန်ကို ပွားစေသဖြင့် အနောဒိဿ ကရုဏာငါးပါး၊ ဩဒိရုဏာငါးပါး၊ ဩဒိဿ ကရုဏာ ၇-ပါး သဗ္ဗဖရဏကရုဏာ ၁၂-ပါး ဒိသာဖရဏကရုဏာ ၁၂၀-အားဖြင့် ၁၃၂-ပါးသော ကရုဏာတို့ကို ပျံ့စေလျက် စျာန်ကို ဝင်စား အပ်၏၊
အင်္ဂုတ္တိုရ် အဋ္ဌကထာ၌ကား ရှေးဦးစွာ ဝေရီပုဂ္ဂိုလ်အား သနားအပ်၏၊ ထို့နောက်မှ ဒုဂ္ဂတပုဂ္ဂိုလ်၊ ထို့နောက်မှ ပိယပုဂ္ဂိုလ်, ထို့နောက်မှ မိမိကိုယ်ကိုသနားအပ်၏ဟူ၍ ဆိုသည်။
ထိုစကားသည် သောဒုဂ္ဂံ ဒုရုပေတံ ဟူသော ဝိဘင်းပါဋ္ဌိတော်နှင့်မညီ။ ဤကား ကရုဏာပွားခြင်း၌ နည်းအမြွက်တည်း။

၄၃၈။ မုဒိတာ ကမ္မဋ္ဌာန်း စီးဖြန်းပုံကို ပြခြင်း

မုဒိတာကိုပွားစေသော ပုဂ္ဂိုလ်သည်လည်း ရှေးဦးစွာ အတိပိယပုဂ္ဂိုလ်, ပိယပဂ္ဂိုလ်, မဇ္ဈတ္တပုဂ္ဂိုလ်, ဝေရီပုဂ္ဂိုလ်တို့၌ မပွားအပ်။
သောဏ္ဍသဟာယ တို့၌သာ ပွားအပ်၏ဟူ၍ အဋ္ဌကထာ ဆိုသောကြောင့် အကြင်မိတ်ဆွေသည် တွေ့မြင်သောအခါ ရွှင်ပြသောမျက်နှာဖြင့် ကောင်းစွာမေးမြန်း နှုတ်ခွန်းဆက်ခြင်းကို ပြု၏၊ စည်းစိမ်ဥစ္စာဖြင့်လည်း ချမ်းသာခြင်းသို့ရောက်၏၊ ဒုစရိုက်မနားပဲ သုစရိုက်တရားတို့၌သာ ပျော်ပါးလေ့ရှိ၏၊ ထိုမိတ်ဆွေအား ရည်မှန်းသား၍-

အယံ သတ္တော၊ ဤသတ္တဝါသည်။ အဟော သာဓု၊ ဩော်ကောင်းစွာ၏၊
အဟော သုဋ္ဌု၊ ဩော်-ချမ်းသာစွာ၏-

ဟူ၍ ပရိကံပြုအပ်၏၊ ထို့နောက်မှ ပိယပုဂ္ဂိုလ်အား, ထို့နောက်မှ မဇ္ဈတ္တ, ဝေရီ စသောသတ္တဝါခပ်သိမ်းတို့အားလည်း မုဒိတာ တရားဖြင့် နှံ့စေရာ၏၊
ဤကိုရည်၍ ဝိဘင်းပါဋ္ဌိတော်၌-

သေယျထာပိနာမ ဧကံ ပုဂ္ဂလံ ပိယံမနာပံ ဒိသွာ, မုဒိတော အဿ၊ ဧဝမေဝ သဗ္ဗသတ္တေ မုဒိတာယ ပရတိ-

ဟူ၍ ဟောတော်မူသည်။ ဤသို့လျှင် သဟာယပုဂ္ဂိုလ်, ပိယ-ပုဂ္ဂိုလ်, ဝေရီပုဂ္ဂိုလ်, မိမိကိုယ် ဟူသော ပုဂ္ဂိုလ် ၄-ပါးတို့၌ တူမျှသောစိတ်ကို ထားသဖြင့် အပိုင်းအခြားမရှိပဲ အဖန်တလဲလဲ ဝမ်းမြောက်သောမုဒိတာသည် မေတ္တာဘာဝနာ၌ကဲ့သို့ ၄-ပါးသောစျာန်နှင့်ယှဉ်သော အပ္ပနာစိတ်တို့သည် အစဉ်အတိုင်း ဖြစ်ကုန်၏၊
ဤကား မုဒိတာပွားခြင်း၌ နည်းအမြွက်တည်း။

၄၃၉-ဥပေက္ခာကမ္မဋ္ဌာန်း စီးဖြန်းပုံကို ပြခြင်း

ဥပေက္ခာကို ပွားလိုသောပုဂ္ဂိုလ်သည် မေတ္တာအစရှိသော သမထ္တာအစရှိသော သမထ-ပါးတို့တွင် တပါးပါးဖြင့်ရအပ်သော စျာန် ၃-ရပ်ရှိပြီးသော် မိမိရပ်အပ်သော တတိယစျာန်မှထ၍ ငါရသော တတိယစျာန်သည်ချစ်ခြင်း, မုန်းခြင်း၏ အနီး၌ဖြစ်သော သောမနဿနှင့် ယှဉ်ခြင်းကြောင့် စျာန်အင်္ဂါသည် ရုန့်ရင်းလှ၏ဟု ရှေးစျာန်၌ အပြစ်ကို ရူ၍ ဥပေက္ခာ၏ အာနိသင်ကို ခင်မင်ပြီးလျှင် အကြင်မဇ္ဈတ္တပုဂ္ဂိုလ်တို့အား ခင်မင်ခြင်း, သနားခြင်း, ဝမ်းမြောက်ခြင်း မရှိသောအဖြစ်သည် အလွန်ငြိမ်သက်၏၊ ဤအတူသာ ပိယပုဂ္ဂိုလ်, ဝေရီပုဂ္ဂိုလ် စသောသတ္တဝါ ခပ်သိမ်းတို့အား လျစ်လျူရှုအံ့ဟု နှလုံးသွင်းရာ၏၊

ဤကို ရည်၍ဝိဘင်းပါဠိတော်၌-

သေယျထာပိနာမ ဏကံပုဂ္ဂလံ နေဝ မနာပံ န အမနာပံ ဒိသွာ ဥပေဟူ၍ ဟောတော်မူသည်။

ဤသို့လျှင် ဝေရီ, ပိယ, သဟာယပုဂ္ဂိုလ်, မိမိကိုယ်၌လည်း မဇ္ဈတ္တပုဂ္ဂိုလ်နှင့် ထပ်တူထားသဖြင့် အပိုင်းအခြားမရှိဟူ၍ လျစ်လျူရှုခြင်းဟူသော ဥပေက္ခာကို ဖန်လဲများစွာ ပွားသောပုဂ္ဂိုလ်အား စတုတ္ထစျာန်ဟူသော အပ္ပနာတရားသည် ဖြစ်လေသတည်း။ (ဤကား ဥပေက္ခာကို ပွားခြင်းကို ပွားခြင်း၌ နည်းအမြွက်တည်း။)

ဥပေက္ခာကမ္မဋ္ဌာန်းဖြင့် ပုဂ္ဂိုလ်တိုင်း စျာန်မရနိုင်

ပထဝီ ကသိုဏ်းစသည်ကို စီးဖြန်း၍ရအပ်သော တတိယစျာန်ရှိသောပုဂ္ဂိုလ်အား ဤဥပေက္ခာဝေဒနာဖြင့် စတုတ္ထစျာန် ဖြစ်ပါအံ့လော- ဟူငြားအံ့မဖြစ်။ ဘယ့်ကြောင့်နည်းဟူမူ အာရုံသဘောမတူသည်၏ အဖြစ်ကြောင့်တည်း။

မေတ္တာ အစရှိသော ဗြဟ္မဝိဟာရ ၃-ပါးရအပ်သော တတိယစျာန်ရှိသော သူအားသာလျှင် အာရုံသဘောတူသည်၏ အဖြစ်ကြောင့် ဖြစ်သတည်း။

ထို့ကြောင့် ဝိသုဒ္ဓိမဂ်၌-

မေတ္တာဒီသု ဥပ္ပန္နတတိယစျာန်နေဿ ဥပ္ပဇ္ဇတိ အာရမ္မဏသဘာဂတာယာတိ။

ဟူ၍ မိန့်သည်။ ပထဝီကသိုဏ်းစသော ကမ္မဋ္ဌာန်းတို့ကို စီးဖြန်းရန် ပရိကံနည်းကို ဝီထိလက်ရိုးတို့၌ပင် ထင်ရှားလှသောကြောင့် မထုတ်လိုက်ပြီ။

---

၄၄၀-စျာန်ကို မရနိုင်သော ကမ္မဋ္ဌာန်း ၁၀-ပါး

မေး။ ။ဗုဒ္ဓါနုဿတိ၊ အစရှိသား၊ ရှစ်ပါးတကွ၊ ဧကသညံ၊ ဝဝတ္ထာန်သည် စျာန်ရ၏လော, မရလော။

ဖြေ။ ။ဗုဒ္ဓါနုဿတိအာဒီသု အဋ္ဌသု သညာဝဝတ္ထာနေသု စာတိဒသသု ကမ္မဋ္ဌာနေသု ဥပစာရဘာဝနာဝ သမိဇ္ဈတိ။ နတ္ထိ အပ္ပနာ-

ဟူ၍ လက်သန်းအဋ္ဌကထာ၌ လာသောကြောင့် ဤဆယ်ပါးသော ကမ္မဋ္ဌာန်းကို စီးဖြန်းသဖြင့် အပ္ပနာစျာန်ကို မရ, ဥပစာရဘာဝနာမျှ၌သာ တည်၏ဟူပေ။

အဘယ့်ကြောင့် စျာန်ကို မရသနည်းဟူမူ-

ဗုဒ္ဓဂုဏာဒီနံ ပရမတ္ထဘာဝတော အနေကဝိဓတ္တာ အနေကဝိဓတ္တာ ဧကဿာပိ ဂမ္ဘီရဘာဝတော၊ ဗုဒ္ဓါနုဿတိအာဒီသု ဒသသု ကမ္မဋ္ဌာနေသု အပ္ပနာဝသေန ပတိဋ္ဌာတုံ အသက္ကုဏေယျတ္တာ၊ အပ္ပနာဘာဝံ အပတွာ၊ သမာဓိ ဥပစာရဘာဝေနေဝ ပတိဋ္ဌာတိ-

ဟူသော ဋီကာနှင့်အညီ ဘုရားဂုဏ်စသည်တို့၏ အရမတ္ထသဘောဖြစ်သည်၏ အဖြစ်ကြောင့်၎င်း, များသေားအပြားရှိသည်၏ အဖြစ်ကြောင့်၎င်း တခုခုသောဂုဏ်၏လည်း အဖြစ်ကြောင့်၎င်း ဗုဒ္ဓနုဿတိစသော ကမ္မဋ္ဌာန်းဆယ်ပါးတို့၏ အပ္ပနာ၏အစွမ်းဖြင့် သမာဓိတရြား၏တည်ရာ မဖြစ်နိုင်သောကြောင့် အပ္ပနာသို့ မရောက်မူ၍ ဥပစာရသမာဓိ၌သာ တည်၏ဟူပေ။

---

၄၄၁-ကသိုဏ်းကိုရှုရာစက္ခု, မနနှစ်ဒွါရဖြင့် ရှုခြင်း

မေး။ ။စျာန်ကိုရမှု၊ ကသိုဏ်းရှုသော်၊ ဖြစ်မှုအစ၊ ဘယ်ဒွါရဖြင့်ယူသနည်း။

ပရိကမ္မ၊ ရသည်အဟုတ်၊ ဥဂ္ဂဟနိမိတ်၊ အရိပ်ထင်ကာ၊ ဇောစိတ်မှာ ဘယ်ဒွါရသို့ ရောက်သနည်း။

ဖြေ။ ။ကသိုဏ်းဝန်းကိုရှု၍ ပထဝီ, ပထဝီစသည်ဖြင့် စီးဖြန်းစသော ပရိကမ္မဘာဝနာ၌ စက္ခုဒွရဖြင့်ရှု၍ ကဒနုဝတ္တက မနောဒွါရဖြင့် ယူသည်။ ရှုဖန်များ၍ မျက်စိဖြင့် မြင်သကဲ့သို့ မနောဒွါရ၌ ထင်သောအခါ မနောဒွါရဖြင့်သာ ယူသည်။ စိတ်လည်း မနောဒွါရိကဇောစိတ်ဖြစ်သည် ဟူပေ။

---

၄၄၂-ပဋိတာဂနိမိတ်ထင်ရာ ဥပစာရ ဘာဝနာသာဖြစ်ခြင်း

မေး။ ။ပညတ်မရှိ၊ ပဋိဘာဂ၊ နိမိတ်ရသော်၊ ဖြူဆွဘာဝနာ၊ သုံးပါးမှာ ဘယ်ဘာဝနာဖြစ်သနည်း။

ဖြေ။ ။ဘာဝနာယ ပဋိသင်္ခါရကမ္မဘူဘာ အာဒိကမ္မဘူတာ ဝါ ပုဗ္ဗဘာဂဘာဝနာ ပရိကမ္မဘာဝနာ နာမ။

နီဝရဏဝိက္ခမ္ဘနတော ပဋ္ဌာယ ဂေါတြဘုပရိယောသာနာ ကာမာဝစရဘာဝနာ ဥပစာရဘာဝနာ နာမ။

အပ္ပနာယ သမီပစာရိတ္တာ ဂါမူပစသာရာဒယော ဝိယ။ မဟဂ္ဂတဘာဝပ္ပတ္တာ အပ္ပနာဘာဝနာ နာမ။ အပ္ပနာ သင်္ခါတဝိတက္ကပမုခတ္တာ-

ဟူသော ဋီကာနှင့် အညီ အပ္ပနာဘာဝနာကို ပြုပြင်တတ်သော အစစွာဖြစ်သော ဝါ- ရှေးဦးစွာဖြစ်သာ ဘာဝနာသည် ပရိကမ္မဘာဝနာမည်၏၊

နီဝရဏငါးဖြာကို ခွာသည်မှစ၍ ဂေါတြဘူအဆုံးရှိသော ကာမာဝစရဘာဝနာသည် အပ္ပနာ၏အနီး၌ ဖြစ်သောအရပ်ကို ဂါမူပစာ, အိမ်၏အနီး၌ဖြစ်သောအရပ်ကို ဃရူပစာဟူသကဲ့သို့တည်း။

မဟ ဂ္ဂုတ်အဖြစ်သို့ ရောက်သော ဘာဝနာသည် အပ္ပနာဟုဆိုအပသော ဝိတက်၏ အဦးဖြစ်သကြောင့် အပ္ပာနဘာဝနာမည်၏ဟု မိန့်ဆိုရကား ဥဂ္ဂဟနိမိတ်ထင်သည်မှစ၍ ပဋိဘာဂ နိမိတ်ထင်ပြီးသော် ဂေါတြဘူတိုင်အောင်သော ဘာဝနာသည် ဥပစာရဘာဝနာသာ ဖြစ်သည်ဟုဖြေ။

---

၄၄၃-အာဒိကမ္မိကဝီထိ၌ အပ္ပနာစျာန်စိတ်

အရေအတွက်ကို ပြခြင်း

မေး။ ။ပထမစျာန်၊ အမှန်ရကာ၊ ဝီထိမှာ၊ အပ္ပနာစိတ်အစဉ်၊ ဘယ်မျှနည်း။

ဖြေ။ ။ပထမစျာန်ကို ရလိုလတ်သော် ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ, ထို့နောင် ပဋိဘာဂနိမိတ်ကို အာရုံပြု၍ မနောဒွါရာဝဇ္ဇန်း, ထို့နောင် မဟာကုသိုလ်ဉာဏသမ္ပယုတ် ပထမဒွေတို့တွင် အခုခုသည် ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘူဟု ၄-ကြိမ်, ထို့နောင် ရူပကုသိုလ်ပထမစျာန်စိတ်သည် အာဒိကမ္မိက ဖြစ်အံ့၊ တကြိမ်သာ, အပ္ပနာဇောကိစ္စဖြစ်၏၊ ထို့နောင် ဘဝင်ကျဟူ၏၍ဖြေ။

(ဝီထိလက်ရိုးမှာ အကျယ်ရှိပြီ)

---

၄၄၄-မထမချာန်စသည်တို့ကိုရစေနိုင်သော ကမ္မဋ္ဌာန်းတို့ကို ပြခြင်း

မေး။ ။ပထမစျာန်၊ ဧကန်ရလဘ်၊ စီးဖြန်းအပ်သည်၊ ပညတ်ဘယ်နှစ်ပါးတို့နည်း။

ဒုတိယနှင့်၊ တတိယဟုတ်၊ စတုတ္ထစျာန်၊ စီးဖြန်းရန်၊ ရန်ဟန်ပညတ် ဘယ်မျှနည်း။

ပဉ္စမစျာန်၊ ဧကန်ရကြောင်း၊ စီးဖြန်းကောင်းသည်၊ အပေါင်းဘယ်မျှ ပညတ်နည်း။

ဖြေ။ ။ကသိုစ်းဆယ်ပါး, အသုဘဆယ်ပါး, ကာုဂတာသတိ, အာနာပါနဿတိ, မေတ္တာ, ဂရုဏာ, မုဒိတာဤ၂၅-ပါးသော ပညတ်သည် ပထမစျာန်ကို ရစေတတ်သည်။

ကသိုဏ်းဆယ်ပါး, အာနာပါနဿတိ, မေတ္တာ, ဂရုဏာ, မုဒိတာဤ ၁၄-ပါးသောပညတ်သည် ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန်ကို ရစေတတ်သည်။

ကသိုဏ်း ၁၀-ပါး, အာနာပါနဿတိ, ဥပေက္ခာဟူသော ဗြဟ္မဝိဟာရ ဤ၁၂-ပါးသော ပညတ်သည် ပဉ္စမစျာန်ကို ရစေတတ်သည် ဟူပေ။

ဆောင်ပုဒ်။ပဉ္စဝီသ၊ ပထမစျာန်ရ၊ ဒု-တ-စမှာ၊ စုဒ္ဒသာ၊ ပဉ္စမာရ၊ ဒွါဒသ၊ ပေါင်းကြသောခါ၊ ဆဗ္ဗီသာ၊ ရူပါစျာန်လမ်း ကမ္မဋ္ဌာန်း။

---

၄၄၅-အရူပါစျာ်န် ၄-ပါး၏ အာရုံတို့ကို ပြခြင်း

မေး။ ။အရူပမှာ၊ စျာန်လေးဖြာ၊ အာရုံဘယ်သို့ ယူသနည်း။

ဖြေ။ ။အာကာသာနဉ္စာယတနစျာန်သည် အာကာသ ကသိုဏ်းသည်ကြဉ်အပသော ကသိုဏ်း ၉- ပါးတို့တွင် တပါးပါးကို ခွာ၍ ရအပ်သော ကောင်းကင်ပညတ်ကို အာရုံပြုသည်။

ဝိညာဏဉ္စာယတနစျာန်သည် ပထမာရုပ္ပဝိညာဉ်ကို အာရုံပြုသည်။

အာကိဉ္စညာယတနစျာန်သည် ပထမာရုပ္ပဝိညာဉ်၏ မရှိခြင်းတည်းဟူသော နတ္ထိဘောပညတ်ကို အာရုံပြုသည်။

နေဝသညာနာသညာယတနစျာန်သည် တတိယာရုပ္ပဝိညာဉ်ကို အာရုံပြုသည်။

---

၄၄၆-အဘိညာဉ် ၅-ပါး ထားခြင်း၏အကြောင်းကို ပြခြင်း

ဣဒ္ဓိဝိဓံ ဒိဗ္ဗသောတံ၊ ပရစိတ္တဝဇာနနာ။

ပုဗ္ဗေနိဝါသာနုဿတိ၊ ဒိဗ္ဗစက္ခူတိ ပဉ္စဓာ။

မေး။ ။အဘိညာဉ်ကား၊ ၇-ပါးဟု၊ ဘုရားဟောလျက်၊ သဘောကြီးထု၊ ကျမ်းပြုဆရာ၊ နုရုဒ္ဓါသည်၊ ငါးဖြာဘယ့်ကြောင့် မိန့်သနည်း။

ဖြေ။ ။ယထာကမ္မုပဂ အဘိညာဉ်, အနာဂတံသ အဘိညာဉ်သည် ဒိဗ္ဗစက္ခု၌ ဝင်သည်ဖြစ်၍ အန္တောဂဓနည်းအားဖြင့် ငါးပါးဟူ၍ မိန့်သတည်း။

---

၄၄၇-စျာန်ရပုဂ္ဂိုလ်တိုင်း အဘိညာဉ်ရ မရကို ပြခြင်း

မေး။ ။ ရူပ၊ အရူပ စသည့်အပြား၊ စျာန်တရားကို၊ ဝင်စားနိုင်လျှင်၊ အဘိညာဉ်ကို၊ အစဉ်ရလိမ့်မည်လော။

ဖြေ။ ။စျာန်ကိုးပါးကို ဝသီဘော်ငါးပါးဖြင့် ဝင်စားနိုင်ရုံနှင့် အဘိညာဉ်ကို မရသေး၊ ၁၄- ပါးသောအခြင်းအရာဖြင့် လေ့လာခြင်းကို ပြုပြီးမှ အဘိညာဉ်ကို ရနိုင်သည် ဟူပေ။

၁၄-ပါးသော အခြင်းအရာဟူသော်ကား-

(၁)ကသိဏာနုလောမ=ကသိုဏ်းတို့၏ အနုလုံအားဖြင့်၎င်း၊

(၂)ကသိဏပဋိလောမ=ကသိုဏ်းတို့၏ ပဋိလုံအားဖြင့်၎င်း၊

(၃)ကသိဏာနုလောမ ပဋိလောမ=ကသိုဏ်းတို့၏ အနုလုံ ပဋိလုံအားဖြင့်၎င်း၊

(၄)စျာနာနုလောမ=စျာန်တို့၏ အနုလုံအားဖြင့်၎င်း၊

(၅)စျာနပဋိလောမ=စျာန်တို့၏ ပဋိလုံအားဖြင့်၎င်း၊

(၆)စျာနာနုလောမ,ပဋိလောမ=စျာန်တို့၏ အနုလုံ,ပဋိအားဖြင့်၎င်း၊

(၇)စျာနုက္ကန္တိက=အစဉ်သောစျာန်ကို ခုန်သောအားဖြင့်၎င်း၊

(၈)ကသိဏုက္ကန္တိက=အစဉ်သော ကသိုဏ်းကို ခုန်သောအားဖြင့်၎င်း၊

(၉)စျာနကသိဏုက္ကန္တိက=စျာန်, ကသိုဏ်းကို ခုန်သောအားဖြင့်၎င်း၊

(၁၀)အင်္ဂသင်္ကန္တိက=အင်္ဂါကို လွန်သောအားဖြင့်၎င်း၊

(၁၁)အာရမ္မဏ သင်္ကန္တိက=အာရုံကို လွန်သောအားဖြင့်၎င်း၊

(၁၂)အင်္ဂါရမ္မဏ သင်္ကန္တိက=အင်္ဂါ အာရုံကိုလွန်သောအားဖြင့်၎င်း၊

(၁၃)အင်္ဂဝဝတ္ထာပန=အင်္ဂါကို မှတ်သောအားဖြင့်၎င်း၊

(၁၄)အာရမ္မဏာဝတ္ထာပန=အာရုံကို မှတ်သောအားဖြင့်၎င်း၊

ဤသို့ ၁၄-ပါးတည်း။

ထို ၁၄-ပါးတို့တွင် ပထဝီကသိုဏ်း၌ စျာန်ကိုဝင်စားပြီး၍ အာပေါကသိုဏ်း၌ ဝင်စားပြန်၏၊ ထို့နောင် တေဇောကသိုဏ်း, ထို့နောင် ဝါယောကသိုဏ်း၌ ဝင်စာ၏၊ ဤသို့ ဩဝါတ တိုင်အောင်သော ကသိုဏ်းရှစ်ပါးတို့၌ အစဉ်အားဖြင့် အကြိမ်တရာ၎င်း, အကြိမ်တထောင်၎င်း ဝင်စားခြင်းသည် ကသိဏာနုလောမ မည်၏၊

ဩဒါတကသိုဏ်းမှစ၍ ပထဝီကသိုဏ်းတိုင်အောင် ပြန်ကာပြန်ကာ ဝင်စားခြင်းသည် ကသိဏပဋိလောမမည်၏၊

အစဉ်အားဖြင့်၎င်း ပြန်ကာပြန်ကာ၎င်း ဝင်စားခြင်းသည် ကသိဏာနုလောမ, ပဋိလောမ မည်၏၊

ပထမစျာန်မှစ၍ နေဝသညာနာသညာယတနစျာန် တိုင်အောင် အစဉ်အတိုင်း ဝင်စားခြင်းသည် စျာနာနုလောမမည်၏၊

နေဝသညာနာသညာယတန စျာန်မှစ၍ ပထမစျာန်တိုင်အောင် ပြန်၍ဝင်စားခြင်းသည် စျာနပဋိလောမမည်၏၊

စျာန်ကိုးရပ်ကို အစဉ်အားဖြင့်၎င်း, ပြန်၍၎င်း ဝင်စားခြင်းသည် စျာနာနုလောမ, ပဋိလောမမည်၏၊

ပထဝီကသိုဏ်း၌ ပထမစျာန်ကို ဝင်စား၍ ဤကသိုဏ်း၌ တတိယစျာန်ကိုဝင်စား၏၊ ထို့နောက် အာကာသာနဉ္စာယတနစျာန်ကို၊ ထို့နောက် အာကိဉ္စညာယတနစျာန်ကို ဝင်စား၏၊ ဤသို့ ကသိုဏ်းကို မလွန်ပဲ စျာန်ကို တခုခြားလွန်၍ ဝင်စားခြင်းသည် စျာနုက္ကန္တိက မည်၏၊

ကသိုဏ်းကို တခုခြားကျော်၍ ဝင်စားခြင်းသည် ကသိဏုက္ကန္တိကမည်၏၊

ပထဝီကသိုဏ်း၌ ပထမစျာန်ကို ဝင်စား၍ တေဇောကသိုဏ်း၌ တတိယစျာန်ကို ဝင်စား၏၊ ထို့နောင် နီလကသိုဏ်းကို ခွာ၍ အာကာသာနဉ္စာယတနာစျာန်၊ ထို့နောင် ကာမဇောဖြင့် လောဟိတ ကသိုဏ်းကို အာရုံပြု၍ ထို့နောင် အာကိဉ္စညာယတနစျာန်ကို ဝင်စား၏၊ ဤသို့သော နည်းဖြင့် စျာန်ကို၎င်း၊ ကသိုဏ်းကို၎င်း ဧကန္တရိက တခုခြားလွန်ခြင်းသည် စျာနကသိဏုက္ကန္တိက မည်၏၊

ပထဝီကသိုဏ်း၌ ပထမစျာန်ကို အင်္ဂါအစဉ်အားဖြင့် ဝင်စား၍ ထိုကသိုဏ်း၌ ဒုတိယစျာန်စသည်ကို အင်္ဂါအစဉ်အားဖြင့် ဝင်စားခြင်းသည် အင်္ဂသင်္ကန္တိက မည်၏၊

ပထမစျာန်၌ အာရုံပြောင်းကာ, ပြောင်းကာ ဝင်စားခြင်းသည် အာရမ္မဏသင်္ကန္တိကမည်၏၊ (ဤနည်းကိုမှီ၍ နောက်ကျန်သည်များကို သိရမည်။)

ရှေး၌ ပွားစေအပ်ပြီးသော ဘာဝနာမရှိသော အာဒိကမ္မိကဖြစ်သော ယောဂီပုဂ္ဂိုလ်သည် ဆိုအပ်ပြီးသော ၁၄-ပါးသော အခြင်းအရာတို့ဖြင့် စိတ်ကိုမဆုံးမပဲ ဣဒ္ဓိဝိဓ အဘိညာဉ်ကို ဖြစ်စေနိုင်ရာသော အကြာင်းမရှိ။

ထို့ကြောင့် အဘိညာဉ်ကို ရလိုသောသူအား ဤ၁၄-ပါးသော အခြင်းအရာတို့ဖြင့် စိတ်ကို ဆုံးမရာ၏ဟု ပြခြင်းငှာ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ၌-

ဣမေဟိ ပန စုဒ္ဒသဟိ အာကာရေဟိ စိတ္တံ အပရိဒမေတွာ ပုဗ္ဗေအဘာဝိဘဘာဝနော အာဒိကမ္မိကော ယောဂါဝစရော ဣဒ္ဓိဝိကုဗ္ဗနံ သမ္ပဒေဿတီတိ နေတံ ဌာနံ ဝိဇ္ဇတိ-ဟူ၍ မိန့်တော်မူသည်။

ယင်းသို့ စိတ်ကိုဆုံးမ၍ မိန့်တော်မူသည်။

ယင်းသို့ စိတ်ကိုဆုံးမ၍ ကောင်းစွာ တည်ကြည်ခြင်းသို့ ရောက်သော နီဝရဏတို့မှ စင်ကြယ်သော ပြိုးပြိုးပြက်အရောင်ရှိသော သုခစသည်၌ တပ်သောရာဂတည်းဟူသော မြူကင်းပြီးသော ပီတိစသော အညစ်အကြေး ကင်းပြီးသော တုန်လှုပ်ခြင်းကင်းသော အဖြစ်သို့ရောက်သော အလိုရှိတိုင်းလိုက်သည် ဖြစ်၍ နူးညံ့သော ဦးပြီးသော ရွှေကဲ့သို့ အမှု၌ခံ့သော ဤအင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော စိတ်သည်သာလျှင် အဘိညာဉ်သို့ ရှေ့ရှုဆောင်ခြင်းငှာ စွမ်းနိုင်သတည်း။ ထိုအနက်ကို ပြတော်မူလိုသော မြတ်စွာဘုရားသည်-

ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ ပရိယောဒါတေ အနင်္ဂဏေဝိဂတုပက္ကိလေသေ မုဒုဘူတေ ကမ္မနိယေ အာနဉ္စပတ္တေ ဣဒ္ဓိဝိကုဗ္ဗနာယ စိတ္တံ အဘိနိန္နာမေသိ-

ဟူ၍ ဟောတော်မူသည်။

ဧဝံ၊ ဤသို့ ဆိုအပ်ပြီးသော အခြင်းအရာဖြင့်။ စိတ္တေ။ စိတ်သည်။ သမာဟိတေ၊ ကောင်းစွာ တည်ကြည်ပြီးသော်။ ပရိသုဒ္ဓေ၊ စင်ကြယ်ပြီးသည်ရှိသော်။ ပရိယောဒါတေ၊ ပြိုးပြိုးပြက်ရှိပြီးသော်။ အနင်္ဂဏေ၊ ရာဂစသော မြူကင်းပြီးသော်။ ဝိဂတုပက္ကိလေသေ၊ ညစ်ညူးခြင်းကင်းပြီးသော်။ မုဒုဘူတေ၊ နူးညံ့စွာဖြစ်ပြီးသော်။ ကမ္မနိယေ၊ တန်ခိုးဖန်ဆင်းခြင်းအမှု၌ခံ့ ပြီးသော်။ အာနုဉ္စပတ္တေ၊ တုန်လှုပ်ခြင်းကင်းသောအဖြစ်သို့ ရောက်ပြီးသော်။ ဣဒ္ဓိဝိကုဗ္ဗနာယ၊ တန်ခိုးဖန်ဆင်းခြင်းငှာ။ စိတ္တံ၊ စိတ်ကို၊ အဘိနန္နာမေသိ၊ ရှေ့ရှုညွှတ်စေပြီ။

ဤအင်္ဂါရှစ်ပါးတို့တွင် အာနဉ္စပတ္တ၏ အင်္ဂါ ၆-ပါးပြားဟန်ကို ဝိသုဒ္ဓိမဂ်၌မိန့်သည်ကား- သဒ္ဓါဖြင့်သိမ်းဆည်းအပ်သော။ စိတ္တံ၊ စိတ်သည်။ အသဒ္ဓိယေန၊ မသဒ္ဓါခြင်းဖြင့်။ န ဣဉ္စတိ၊ မတုန်လှုပ်။ ဝီရိယပရိဂ္ဂဟိတံ၊ ဝီရိယဖြင့် သိမ်းဆည်းအပ်သော။ စိတ္တံ၊ စိတ်သည်။ ကောသဇ္ဇေန၊ ပျင်းရိခြင်းဖြင့်။ န ဣဉ္ဇတိ၊ မတုန်လှုပ်။ သ တိရိဂ္ဂဟိတံ၊ ပညာဖြင့် သိမ်းဆည်းအပ်သော။ စိတ္တံ၊ စိတ်သည်။ အဝိဇ္ဇာယ၊ အဝိဇ္ဇာဖြင့်။ န ဣဉ္ဇတိ၊ မတုန်လှုပ်။ ဩဘာသဂတံ၊ ထွန်းလင်းခြင်းသို့ ရောက်သော။ စိတ္တံ၊ စိတ်သည်။ ကိလေသန္ဓကာရေန၊ ကိလေသာတည်းဟူသော အမိုက်တိုက်ဖြင့်။ န ဣဉ္ဇတိ၊ မတုန်လှုပ်။ ဣမေဟိ ဆဟိ ဓမ္မေဟိ၊ ဤသဒ္ဓါ, ဝီရိယ, သတိ, ပညာ, ဩဘာသ ဟူသောတရား ၆-ပါးတို့ဖြင့်။ ပရိဂ္ဂဟိတံ၊ သိမ်းဆည်းအပ်သော စိတ်သည်။ အာနဉ္ဇပတ္တံ၊ တုန်လှုပ်ခြင်း ကင်းသော အဖြစ်သို့ ရောက်သည်။ ဟောတိဖြစ်၏၊

(အဘိညာဉ် ဝီထိကျဟန်ကိုကား ဝီထိပိုင်းက ဆိုခဲ့ပြီ။)

---

၄၄၈-ဣဒ္ဓိအမျိုး, တန်ခိုးဆယ်ပါးကို ပြခြင်း

မေး။ ။ကိုယ်ခန္ခာ၊ အရာ, အထောင်၊ ဖြစ်အောင်ပြုပြင်၊ ကောင်းကင်ပျံလွှား၊ သွားသည်အမျိုး၊ တန်ခိုးဘယ်မျှ ပြားသနည်း။

ဖြေ။ ။ဒသ ဣဒ္ဓိယော အဓိဋ္ဌာန်နိဒ္ဓိ, ဝိကုဗ္ဗနိဒ္ဓ္ဓိ, မနောမယိဒ္ဓိ, ဉာဏဝိပ္ဖါရိဒ္ဓိ, သမာဓိဝိပ္ဖါရိဒ္ဓိ, အရိယိဒ္ဓိ, ကမ္မဝိပါကဇိဒ္ဓိ, ပုညဝတောဣဒ္ဓိ, ဝိဇ္ဇာမယိဒ္ဓိ, ဘာဝနာမယိဒ္ဓိတိ-

ဟူသည်နှင့်ညီစွာ တန်ခိုးဆယ်ပါး အပြားရှိ၏၊

၁။ ထိုဆယ်ပါးတို့တွင် ပြကတေ့သော ကိုယ်ခန္ဓာသည် အရာ၎င်းအထောင်၎င်း ဖြစ်စိမ့်သောငှာ နှလုံးသွင်း၍ ဘာဝနာဉာဏ်ဖြင့် အဓိဋ္ဌာန်ခြင်းကို ပြု၏၊ ဤအဓိဋ္ဌာန်၏ အတိုင်း အရာထောင်သော ကိုယ်၏ဖြစ်ခြင်းသည် အဓိဋ္ဌာနိဒ္ဓိ အဓိဋ္ဌာန်၏အစွမ်းဖြင်ပြီးသော တန်ခိုးမည်၏၊

၂။ ပြကတေ့ သောအသွင်ကို စွန့်၍ သူငယ်၏အသွင်, နဂါး ဂဠုန်၏အသွင်ဖြစ်အောင် ဓိဋ္ဌာန်၍ ဖြစ်စေခြင်းသည် ဝိကုဗ္ဗနိဒ္ဓိ အထူး ဖောက်ပြန်သည်၏အစွမ်းဖြင့် ပြီးသော တန်ခိုးမည်၏၊

၃။ ဤကိုယ်မှတပါး အသီးသီးပြုပြင်သော ကိုယ်များစွာကို ဖန်ဆင်းခြင်းသည် စိတ်ကြံတိုင်း ရုပ်, နာမ် ပွားသည်၏အစွမ်းဖြင့် ဖြစ်သောကြောင့် မနောမယိဒ္ဓိ စိတ်ကြံတိုင်းပြီးသော တန်ခိုးမည်၏၊

၄။ မဂ်ဉာဏ်ဖြစ်သည်မှ ရှေ့၌၎င်း, နောက်၌၎င်း, ထိုခဏ၌၎င်း ဉာဏ်အာနုဘော်ကြောင့် ဖြစ်သော အထူးသည် ဉာဏဝိပ္ဖါရိဒ္ဓိ ဉာဏ်ပြန့်ခြင်းကြောင့် ဖြစ်သော တန်ခိုးမည်၏၊

အရှင် ဗာကုလဝတ္ထု

ပြရန်သက်သေကား အရှင် ဗာကုလထေရ်၏ အလောင်းဖြစ်သော သူငယ်သည် ဖွား၍ ၇- ရက်လွန်သောအခါ မင်္ဂလာပြုခြင်း အကျိုးငှာ ဂင်္ဂါမြစ်ရေကို ချိုးစေရာတွင် အထိန်းတို့လက်မှ ငါးကြီးဟပ်မျို၍ သွားသဖြင့် ထိုငါးကြီးသည် ယူဇနာ ၃၀-ကွာဝေးသော ဗာရာဏသီပြည် ဆိပ်ကမ်းသို့ ရောက်၍ တံငါတို့မိသဖြင့် သဌေးကြီး၏ မယားကို ရောင်းလတ်သော် သဌေးမလည်း ချက်ပြုတ်ခြင်းငှာ ဝမ်းကိုဖောက်ခွဲစေရာတွင် ငါး၏ဝမ်းဝယ် အန္တရယ်မရှိပဲ ပါလာသော ရွှေဆင်းတုနှင့်တူသော သူငယ်ကိုမြင်၍ ငါ့အား သားကောင်း ရပြီဟု ဝမ်းမြောက်ဝမ်းသာယူ၍ မွေးမြူလေ၏၊ ဤသို့ ငါး၏ဝမ်းတွင်းသို့ ရောက်လျက်အနာ ကင်းသောအဖြစ်သည် ဤဘဝ၌ရလတ္တံ့သော အရဟတ္တမဂ် ဉာဏ်၏ အာနုဘော် ကြောင့်ဖြစ်ရကား ဉာဏဝိပ္ဖါရိဒ္ဓိ မည်၏၊

အရှင် သံကိစ္စ၏ အလောင်းဖြစ်သော သူငယ်သည်လည်း ဝမ်းမှ မဖွားမြင်မီမယ်တော် ကံကုန်၍ အလောင်းကို သုဿာန်ထင်းစင်၌ တင်၍မီးသင်္ဂြိုဟ်သော အခါ တံစူးဝါးနှင့် ထိုးရာတွင် သူငယ်၏ မျက်ထောင့်ကို ထိုးမိ၍ ငိုလေသဖြင့် ထိုငိုသံကို ကြားမှ သုဿာန်စောင့်တို့က အလောင်းကို မီးတွင်းမှဆယ်၍ သူငယ်ကိုယူပြီးလျှင် အဘွားမအား ပေးအပ်၍ မွေးစေရသည်။ ဤသို့ မီးပုံတွင်းသို့ ရောက်လျက် မသေနိုင်ခြင်းသည်လည်း ထိုဘဝ၌ ရလတ္တံ့သော မဂ်ဉာဏ်၏အာနုဘော်ပင် ဖြစ်ပေသည်။

ဘူတပါလ သူငယ်ဝတ္ထု

သူဆင်းရဲ လှည်းသမား၏ သားဖြစ်သော ဘူတပါလ သူငယ်သည်လည်း အဘသ်ည တောမှ လှည်းဖြင့်ထင်းတင်၍ လာသည်တွင် မြို့တံခါး၏ အနီးသို့ ရောက်သောကာလ နွားတို့သည် ထွက်ပြေးလေ၍ သူငယ်ကို လှည်းရင်း၌ ထားခဲ့ပြီး နွားကိုလိုက်လေသော် မြို့တွင်းက မထွက်မီ မြို့တံခါးကို ပိတ်ထားသည်နှင့် မထွက်ရပဲ တညဉ့်ပတ်လုံး နေရလေ၏၊ ဘိလူး သားရဲတို့၏ သွားလာရာခရီးဖြစ်သော မြို့၏အပ၌ ညဉ့်သုံးယာမ်လုံး သူငယ်ကို ပစ်ထားလျက် အန္တရယ်မရှိခြင်းသည်လည်း ဤဘဝ၌ ရလတ္တံ့သော မဂ်ဉာဏ်၏ အာနုဘော်ပင် ဖြစ်ရကား ဉာဏဝိပ္ဖါရိဒ္ဓိ မည်၏၊

သမာဓိဝိပ္ဖါရိဒ္ဓိနှင့်ရှင်သာရိပုတ္တရာ

၅။ သမထ ၄၀-တို့တွင် တပါးပါးကို နှလုံးသွင်း၍ ဥပစာရသမာဓိ, အပ္ပနာသမာဓိနှစ်ပါးတွင် တပါးပါးဖြစ်သည်မှ ရှေ့အဖို့၌၎င်း, နောက်အဖို့၌၎င်း, ထိုခဏ၌၎င်း သမထ၏ အာနုဘော်ကြောင့် ဖြစ်သောအထူးသည် သမာဓိဝိပ္ဖါရိဒ္ဓိ မည်၏၊

သက်သေပြရန်ကား- အရှင်သာရိပုတ္တရာသည် အရှင်မဟာမောဂ္ဂလာန်မထေရ်နှင့် တကွ ကပေါတမည်သော ချောက်၌ လွင်တီးခေါင်တွင် နေသောအခါ မိစ္ဆာဒိဋ္ဌိ ဘီလူး တယောက်သည် လည်ပတ်လာရာ ရှင်သာရိပုတ္တရာကို မြင်၍ ပုတ်ခတ်ချင်သော အမူအရာကို ပြုရကား အဖော်ဘီလူးတဦးက တားမြစ်သော်လည်း မနေ၊ ကြီးစွာသော လှံကန်ဖြင့် ဦးခေါင်းကို ရိုက်ခတ်သည်ရှိသော် မိုးကြိုးသံကဲ့သို့ ပြင်းထန်သော အသံသည် ဖြစ်၏၊ အရှင်မြတ်လည်း သမာပတ်ဝင်စားခိုက်ဖြစ်၍ ထိုသမာဓိ၏ အာနုဘော်ကြောင့် တစိုးတစိမျှသော နာကျင်ခြင်းသည် မဖြစ်လေ။

သဉ္ဇိဝထေရ် သည်လည်း နိရောဓသမာပတ် ဝင်စားနေသောအခါ များစွာ နွားကျောင်းသားတို့သည် ရဟန်းသေကောင်မှတ်၍ ထင်းအမှိုက်တို့ဖြင့် မီးတိုက်ကြလေကုန်သည်။ အရှင်မြတ်လည်း သမာပတ်၏ အာနုဘော်ကြောင့် သင်္ကန်းတော်၌ ချည်တမျှင်ကိုမျှ မလောင်ပဲ ပြကတေ့သာ တည်တော်မူ၏၊

၎င်း-ဥတ္တရာဝတ္ထု

ပုဏ္ဏသဌေး၏ သ္မီးဖြစ်သော ဥတ္တရာဥပါသိကာမသည်လည်း ဆွမ်းချက်၍ နေရာ၌ သီရိမာသည် ကြိုက်ကြိုက်ဆူသော ထောပတ်ပူဖြင့် လောင်းသည်ရှိသော် ဥတ္တရာလည်း မေတ္တာဘာဝနာ သမာဓိဖြင့်သာ နေရကား မွေးညင်းတပင်မျှမပူ ကြာတော၌ကျသော ရေပေါက်၏ အတူသာ ဖြစ်၏၊

၎င်း - သာမာဝတီ မိဖုရားဝတ္ထု

သာမာဝတီ မိဖုရားအား ဥတေနမင်းသည် မြားဖြင့် ပစ်သတ်ခြင်းငှာ လေးကိုတင်ပါသော်လည်း မတင်နိုင်၊ ပစ်လွတ်ပါသော်လည်း အပါး၌ မြားကျ၍ နေ၏၊ ဤသို့ အထူးဖြစ်ခြင်းတို့သည် သမာဓိဝိပ္ဖါရိဒ္ဓိ သမာဓိနှံ့ခြင်း ကြောင့်ဖြစ်သော တန်ခိုးမည်၏၊

၆။ စက်ဆုပ်ရွ့ရှာဖွယ်သော သူကောင်ပုပ်စသည်တို့၌လည်း မဆက်ဆုပ်ခြင့် တပ်နှစ်သက်ဖွယ်သော နတ်သ္မီး စသည်တို့၌လည်း မတပ်မက်, အလုံးစုံသော ဣဋ္ဌာရုံ, အနိဋ္ဌာရုံ တို့၌တုန်လှုပ်ခြင်းမဖြစ်မူ၍လျစ်လျူရှုနိုင်ခြင်းသည် စေတာဝသိပတ္တ ဖြစ်သော ရဟန္တာအရိယာတို့အားသာလျှင် ဖြစ်သော တန်ခိုးဖြစ်သောကြောင့် အရိယိဒ္ဓိ

၇။ ငှက်စသည်တို့အား ကောင်းကင်ဖြင့် သွားနိုင်ခြင်း, နတ်တို့အားကိုယ်ကို၎င်း ဗိမာန်ကို၎င်း ကွယ်ဝှက်နိုင်ခြင်း, မြင်စေလိုမှ ထင်စွာပြနိုင်ခြင်းကောင်းကင်၌ သွားနိုင်ခြင်း တို့သည် ကမ္မဝါပါကဇိဒ္ဓိ ကံ၏အကျိုးကြောင့် ဖြစ်သော တန်ခိုးမည်၏၊

၈။ စကြဝတေးမင်းသည် မိမိ၏အခြံအရံပရိသတ်နှင့်တကွ ကောင်းကင်ဖြင့်သွားနိုင်ခြင်း, ဇောတိကသဌေးအား မဟာပထဝီမှ ထွက်၍ ပြသာဒ်ပဒေသာပင်တို့ ပေါက်ရခြင်း, ဇဋိလသဌေးအား အတောင်ရှစ်ဆယ်မြင့်သော ရွှေတောင်ကြီး ပေါက်ရခြင်း, မေဏ္ဍကသဌေးအား ရွှေဆိတ်ရုပ် ပဒေသာပင်ပေါက်လာရခြင်း, ကောင်းကင်ကို မျှော်၍ ခေါ် တ-ငြားက သလေးစပါးမိုးရွာရခြင်းတို့သည် ရှေးကုသိုလ်ကြောင့်ပြီးသော တန်ခိုးဖြစ်ရကား ပုညဝတောဣဒ္ဓိမည်၏၊

၉။ ဝိဇ္ဇာဓိုရ်တို့အား မန္တာန်ကိုစုပ်၍၎င်း, ဆေးပယောဂတို့ဖြင့်၎င်း ကောင်းကင်သို့သွားခြင်း, မြေအပြင်၌ ဝေးစွာသောခရီးကို တခဏနှင့်ရောက်နိုင်ခြင်း, ဆင်, မြင်းဗိုလ်ပါကို ထင်စေနိုင်ခြင်း, ဩူသေကောင်ကို ထင်စေနိုင်ခြင်းတို့သည် အတတ်ဖြင့်ပြီးသော တန်ခိုးဖြစ်ရကား ဝိဇ္ဇာမယိဒ္ဓိ မည်၏၊

ဤဆယ်ပါးသော တန်ခိုးတို့တွင် ဣဒ္ဓိဝိဓအဘိညာဉ်သည် သတံ ဟောမိ, သဟဿံ ဟောမိ- စသည်ဖြင့် ဓိဋ္ဌာန်ခြင်းကြောင့် ဖြစ်ရကား အဓိဋ္ဌာန်နိဒ္ဓိမည်၏၊ ဝိကုဗ္ဗနိဒ္ဓိ, မနောမယိဒ္ဓိ ကိုလည်း ယူအပ်သတည်း။ (ပါဠိကို လိုမူ ဝိသုဒ္ဓိမဂ်၌ ယူလေ။)

သမထပိုင်း ပြီး၏၊

---

ဝိပဿနာပိုင်း

၄၄၉-သီလအစ မဂ်ဖိုလ်အလယ် နိဗ္ဗာန်အဆုံး

၃ပါးကို ပြခြင်း။

မေး။ ။သီလအစ၊ မဂ်ဖိုလ်အလယ်၊ နိဗ္ဗာန်အဆုံး သုံးပါးထင်ရှားသည်တရားကို ခြားအပ်အောင် ဘယ်သို့ခွဲမည်နည်း။

ဖြေ။ ။မဂ်ဖိုလ်ကိုရ၍ နိဗ္ဗာန်ကိုမြင်လိုသော ဝိပဿနာယောဂီဖြစ်သော ကာမတိဟိတ် ပုဂ္ဂိုလ်သည်-

၁။ သီလဝိသုဒ္ဓိ = လေးပါးသော ပါရီသုဒ္ဓိသီလ၏ စင်ကြယ်ခြင်း၊

၂။ စိတ္တဝိသုဒ္ဓိ = စိတ်၏ နီဝရဏကင်းသော အဖြစ်သို့ ရောက်သဖြင့် စင်ကြယ်ခြင်း။

၃။ ဒိဋ္ဌိဝိသုဒ္ဓိ = ဉာဏ်အမြင်၏ စင်ကြယ်ခြင်း။

၄။ ကင်္ခါဝိတရဏဝိသုဒ္ဓိ = ၁၆-ပါးသော ယုံမှားခြင်းကို လွန်နိုင်သော ဉာဏ်၏ စင်ကြယ်ခြင်း။

၅။ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ=မဂ် ဟုတ်သည်-မဟုတ်သည်ကို သိသောဉာဏ်အမြင်၏ စင်ကြယ်ခြင်း၊

၆။ ပဋိပဒါ ဉာဏဒဿနဝိသုဒ္ဓိ=မဂ်သို့ရောက်ကြောင်းဖြစ်သော အကျင့်ကိုသိတတ်သော ဉာဏ်အမြင်၏စင်ကြယ်ခြင်း။

၇။ဉာဏဒဿနဝိသုဒ္ဓိ=မဂ်ဟူသော ဉာဏ်အမြင်၏ စင်ကြယ်ခြင်း-

ဝိသုဒ္ဓိ ၇-ပါးတို့တွင် အစဉ်အတိုင်း ပြည့်စုံမှ မဂ်ဖိုလ်ကိုရသည်။ ရပြီးသည့် နောက်လည်း မဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်၏ အဖြစ်ဖြင့် တည်၍ ဆုံးသောကာလမှ နိဗ္ဗာန်သို့ ရောက်သည်ဖြစ်၍ သီလအစ, မဂ်အလယ်, နိဗ္ဗာန်အဆုံးဟု ဆိုလေသည်။

သီလဝိသုဒ္ဓိ၌ စတုပါရိသုဒ္ဓိသီလ ဟူသည်ကား-

၁။အာပတ် ၇-ပုံကို လုံခြုံစွာ စောင့်စည်းခြင်းသည် အပါယ်လာခြင်းစသည်မှ လွတ်ကင်းတတ်သောကြောင့် ပါတိမောက္ခသံဝရသီလမည်၏၊

၂။ စက္ခုန္ဒြေစသော ဣန္ဒြေ ၆-ပါးကို တားမြစ် စောင့်ရှောက်ခြင်းသည် ဣန္ဒြိယသံဝရသီလ မည်၏၊

၃။ ကုလဒူသကရှစ်ပါး, အနေသန နှစ်ဆယ့်တပါး, ကုဟန, လပနစသော မိစ္ဆာဇီဝမှ ရှောင်ကြဉ်၍ စင်ကြယ်စွာ အသက်မွေးသော သီလသည် အာဇီဝပါရိသုဒ္ဓိ သီလမည်၏၊

၄။ ပစ္စည်းလေးပါးတို့ကို ပစ္စဝေက္ခဏာသတိဖြင့် သုံးဆောင်ခြင်းသည် ပစ္စယသန္နိဿတသိလ မည်၏၊

---

၄၅၀-သီလ ၄-ဖြာ လူတို့မှာလည်း ရသင့်ပုံကို ပြခြင်း

မေး။ ။ရဟန်းတို့မှု၊ စတုပါရိ၊ သုဒ္ဓိသီလ၊ ဆွဆွဖြူသည်၊ လူမှာမရကောင်းဘူးလော။

ဖြေ။ ။ဤသီလလေးပါးကို ရဟန်းတို့၌ကား မုချအားဖြင့် ရသည်။ လူတို့၌ကား ဥပစာအားဖြင့်သာရသည်။

ဘယ်သိုရသနည်းဟူမူ လူတို့အား မလွန်ကျူးအပ်ဟု တားဖြစ်တော်မူသော ဒုစရိုက်ဆယ်ပါးမှ စောင့်စည်းခြင်းသည် ပါတမောက္ခသံဝရသီလ မည်၏၊

ဣန္ဒြေ ၆-ပါး စောင့်စည်းခြင်းသည် ဣန္ဒြိယသံဝရသီလ မည်၏၊

အဓမ္မိကဝါဏိဇ္ဇငါးပါးမှ ရှောင်ကြဉ်၍ အပြစ်ကင်းသောအမှုဖြင့် အသက်မွေးခြင်းသည် အာဇီဝပါရိသုဒ္ဓိသီလမည်၏၊

ပစ္စည်းလေးပါးကို ခံစားသုံးဆောင်သောအခါ ပဋိကူလသညာ စသည်ဖြင့် သုံးဆောင်ခြင်းသည် ပစ္စယသန္နိဿိတသီလ မည်၏၊

ဤ ၄-ပါးနှင့် ပြည့်စုံခြင်းသည် သီလဝိသုဒ္ဓိ မည်၏၊ ဘယ့်ကြောင့် ဤသို့ယူအပ်သနည်းဟူမူကား လူတို့သည် မဂ်ဉာဏ်, ဖိုလ်ဉာဏ်ကို ရကြသောကြောင့် ထိုမဂ်, ဖိုလ်ရသောအကျိုးကို ဆသဖြင့် သီလဝိသုဒ္ဓိဖြစ်၏ ဟူသော အကြောင်းရင်းကို သိရသတည်း။ ကျမ်းဂန်တို့၌ တိုက်ရိုက်လာသည်ကိုမူ မတွေ့မိချေ။

စိတ္တဝိသုဒ္ဓိကို ပြခြင်း

စိတ္တဝိသုဒ္ဓိ၌ စိတ်၏ နီဝရဏကင်းခြင်းသည် ဘယ်အခါ၌ ဖြစ်သနည်းဟူမူကား- ဘုရားဂုဏ်စသည်ကို အာရုံပြု၍ ဥပစာရသမာဓိဇော ဖြစ်သောအခါ၌၎င်း၊ ကသိုဏ်းဝန်း စသည်ကို အာရုံပြု၍ ဥပစာရသမာဓိဇော, အပ္ပနာဇောဖြစ်သောအခါ၌၎င်း နီဝရဏသည်။ ထိုသို့ကင်းသောစိတ်ကို စိတ္တဝိသုဒ္ဓိဆိုသည်။

ဒိဋ္ဌိဝိသုဒ္ဓိကို ပြခြင်း

မေး။ ။လက္ခဏ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်ဖြင့်၊ နာမ်, ရုပ်အပေါင်း၊ သိမ်းဆည်းကြောင်းကို၊ သုဒ္ဓိဆိုသည်၊ ကျမ်းလိုဘယ်သို့ ကောက်သနည်း။

ဖြေ။ ။နာမ်, ရုပ်တရားတို့ကို လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်ဖြင့်ဝေဖန်ပိုင်းခြား၍ သိသောပညာကို ဉာဏ်အမြင် စင်ကြယ်ခြင်းဖြစ်၍ ဒဋ္ဌိဝိသုဒ္ဓိ ဆိုသည်။

ရုပ်, နာမ်တရား ခန္ဓာငါးပါးတို့ကို သိမ်း ဆည်းပုံ

ထိုစကား၌ ခန္ဓာငါးပါးကို အဘယ်သို့ သိမ်းဆည်းရာသနည်းဟူမူကား-

၁။ ရုပ္ပနလက္ခဏံ ရူပံ, ဝိကီရဏ ရသံ, အဗျာကဘပစ္စုပဋ္ဌာနံ, ဝိညာဏပဒကာရဏံ။

၂။ ဝေဒယိတလက္ခဏာ ဝေဒနာ, ဝေဒနာ, ဝိသယသံဘောဂရသာ, သုခ ဒုက္ခ ပစ္စပဋ္ဌာနာ, ပဿဒ္ဓိ ပဒဋ္ဌာနာ။

၃။ သဉ္ဇာနနလက္ခဏာ သညာ၊ ပုန သညာဏပစ္စ နိမိတ္တကရဏ ရသာ၊ ယထာဂဟိတနိမိတ္တဝသေန ပစ္စုပဋ္ဌာနာ၊ ယထာဥပဋ္ဌိတဝိသယ ပဒဋ္ဌာနာ။

၄။ အဘိသင်္ခရဏလက္ခဏာ သင်္ခါရာ၊ အာယူဟန ရသာ၊ ဝိပ္ဖါရ ပစ္စုပဋ္ဌာနာ၊ သေသခန္ဓတ္တယပဒဋ္ဌာနာ။

၅။ ဝိဇာနနလက္ခဏံ ဝိညာဏံ၊ ပုဗ္ဗင်္ဂမရသံ၊ သန္ဓာန ပစ္စုပဋ္ဌာနံ၊ နမရူပပဒဋ္ဌာနံ။

၁။ ရူပံ၊ ရုပ်သည်၊ ရုပ္ပနလက္ခဏံ၊ ဖောက်ပြန်ခြင်းလက္ခဏာရှိ၏၊ ဝိကီရဏရသံ၊ ဖရိုဖရဲကြဲခြင်း ကိစ္စရှိ၏၊ အဗျာကတ ပစ္စုပဋ္ဌာနံ၊ အကျိုးမပေးတတ်သော အဖြစ်လျှင် ထင်သော အခြင်းအရာရှိ၏၊ ဝိညာဏပဒကာရဏံ၊ ဝိညာဉ်လျှင် နီးစွာသောအကြောင်း ရှိ၏၊

၂။ ဝေဒနာ၊ ဝေဒနာသည်။ ဝေဒယိတလက္ခဏာ၊ အာရုံကို ခံစားခြင်း လက္ခဏာရှိ၏၊ ဝိသယသံဘောဂရသာ၊ တွေ့တိုင်းသော အာရုံကို သုံးဆောင်ခြင်းကိစ္စရှိ၏၊ သုခ ဒုက္ခ ပစ္စုပဋ္ဌာနာ၊ သုခ၊ ဒုက္ခလျှင် ထင်သော အခြင်းအရာရှိ၏၊ ပဿဒ္ဓိပဒဌာနာ၊ ကိုယ်စိတ်၏ ပြဌာန်းခြင်းလျှင် နီးစွာသော အကြောင်းရှိ၏၊

၃။ သညာ၊ သညာသည်။ သဉ္ဇာနနလက္ခဏာ၊ အမှတ်ကိုပြု၍ သိခြင်း လက္ခဏာရှိ၏၊ ပုနသညာဏ ပစ္စယနိမိတ္တကရဏရသာ၊ တဖန်သိခြင်း၏ အကြောင်းဖြစ်သော အမှတ်ကို ပြုခြင်း ကိစ္စရှိ၏၊ ယထာဂဟိတနိနိတ္တဝသေန၊ အကြင်ယူဘူးသော အာရုံ၏အစွမ်းဖြင့်။ အဘိနိစေသပစ္စုပဋ္ဌာနာ၊ နှလုံးသွင်းခြင်းလျှင် ထင်သော အခြင်းအရာရှိ၏၊ ယထာဥပဋ္ဌိ တဝိသယပဒဋ္ဌာနာ၊ ထင်လာတိုင်းသော အာရုံလျှင် နီးစွာသော အကြောင်းရှိ၏၊

၄။ သင်္ခါရာ၊ သင်္ခါရတရားတို့သည်။ အဘိသင်္ခရဏ လက္ခဏာ၊ ပြုပြင်ခြင်း လက္ခဏာရှိကုန်၏၊ အာယူဟနရသာ၊ သမ္ပယုတ်တရားတို့ကို မိမိတို့၏ ကိစ္စတို့၌ ပေါင်းရုံခြင်းကိစ္စ ရှိကုန်၏၊ ဝိပ္ဖါရပစ္စုပဋ္ဌာနာ၊ ဗျာပါရရှိသည်၏ အဖြစ်လျှင် ထင်သော အခြင်းအရာ ရှိကုန်၏၊ သေသခန္ဓတ္တယပဒဌာနာ၊ ကြွင်းသော ခန္ဓာသုံးပါးသာလျှင် နီးစွာသော အကြောင်းရှိကုန်၏၊

၅။ ဝိညာဏံ၊ ဝိညာဉ်သည်။ ဝိဇာနနလက္ခဏံ၊ အာရုံကိုသိခြင်း လက္ခဏာရှိ၏၊ ပုဗ္ဗင်္ဂမရသံ၊ ပြဋ္ဌာန်းခြင်း, ရှေ့သွား ဖြစ်ခြင်းကိစဿရှိ၏၊ သန္ဓာနပစ္စုပဋ္ဌာနံ၊ ရှေးရှေးသောစိတ်နှင့် မပြတ်စပ်သော အဖြစ်လျှင် ထင်သောအခြင်းအရာရှိ၏၊ နာမ, ရူပ, ပဒဋ္ဌာနံ၊ နာမ်, ရုပ် အပေါင်းလျှင် ပဒဋ္ဌာန်ရှိ၏၊။

ကင်္ခါဝိတရဏဝိသုဒ္ဓိကို ပြခြင်း

သတ္တဝါတို့၏ သန္တာန်၌ နာမ်တရား၊ ရုပ် တရားတို့သည် ပဋိသန္ဓေအခါ၌ရှေးဘဝကဖြစ်သော အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, ကံ ဟူသော အကြောင်းကြောင့် ဖြစ်၏၊

ပဝတ္တိအခါ၌ကား ရုပ်သည် ကံ, စိတ်, ဥတု, အာဟာရတည်း ဟူသော အကြောင်းကြောင့်ဖြစ်၏၊ တစုံတယောက်သော ဗြဟ္မာ, သကြား, ဘုရားဖန်ဆင်း၍ဖြစ်သည် မဟုတ်ဟု နာမ်, ရုပ် တို့၏အကြောင်းကို သိမ်းဆည်းခြင်းသည် ၁၆-ပါးအပြားရှိသောယုံမှားခြင်းကို လွန်မြောက်ကြောင်းဖြစ်၍ ကင်္ခါဝိတရဏဝိသုဒ္ဓိမည်၏၊

---

၄၅၁--ယုံမှားခြင်း ၁၆-ပါး

မေး။ ။တဆယ့်ခြောက်ပါး၊ ယုံမှားခြင်းကိုပင်၊ လွန်နိုင်ခြင်းသည်၊ ကင်္ခါဝိတရဏ, သည်အရဝယ်၊ အဘယ်သို့ ယုံမှားဖြစ်သနည်း။

ဖြေ။ ။၁၆-ပါးသော ယုံမှားခြင်းဟူသည်ကား-

အဟောသိံ နု ခေါ အဟံ အတီတမဒ္ဒါနံ, န နု ခေါ အဟောသိံ အတီတမဒ္ဒါနံ, ကိံ နု ခေါ အဟောသိံ အတီတမဒ္ဓါနံ, ကထံ နု ခေါ အဟောသိံ အတီတမဒ္ဒါနံ, ကိံ ဟုတွာ ကိံ အဟောသိံ နု ခေါ အဟံ အတီတမဒ္ဓါနံ။ (အတိတ်၌ ၅-ပါး)

ဘဝိဿာမိ နု ခေါ အဟံ အနာဂတမဒ္ဓါနံ, န နု ခေါ ဘဝိဿာမိ အနာဂတမဒ္ဓါနံ, ကိံ နု ခေါ ဘဝိဿမိ အနာဂတမဒ္ဓါနံ, ကထံ နု ခေါ ဘဝိဿာမိ အနာဂတမဒ္ဓါနံ, ကိံ ဟုတွာ ကိံ ဘဝိဿာမိ နု ခေါ အဟံ အနာဂတမဒ္ဓါနံ။ (အနာဂတ် ၅-ပါး)

အဟံ နု ခေါသ္မိ, နော နု ခေါသ္မိ, ကိံ နု ခေါသ္မိ, ကထံ နု ခေါသ္မိ, အယံ နု ခေါ သတ္တော ကုတော အာဂတော, သော ကုဟိံဂါမီ ဘဝဿတိ။ (ပစ္စုပ္ပန် ၆-ပါး)

ဤသို့ အတိတ်၌ငါးပါး, အနာဂါတ်၌ငါးပါး, ပစ္စုပ္ပန်၌ခြောက်ပါး အားဖြင့် ၁၆-ပါး ပြားသည်။

အဓိပါယ်ကား-

၁။ငါသည် လွန်လေပြီးသော ကာလ၌ ဖြစ်ဘူးလေသလော၊

၂။ငါသည် လွန်လေပြီးသော ကာလ၌ မဖြစ်ဘူးလေသလော၊

၃။ငါသည် လွန်လေပြီးသော ကာလ၌ ဘယ်သို့ဖြစ်ဘူးသနည်း၊

၄။ငါသည် လွန်လေပြီးသော ကာလ၌ ဤကဲ့သို့ သဏ္ဌာန်ဖြင့် ဖြစ်ဘူးလေသလော၊

၅။ငါသည် လွန်လေပြီးသော ကာလ၌ အဘယ်သူဖြစ်၍ အဘယ်သူ ဖြစ်ဘူးလေသနည်း၊

၆။ငါသည် လာလတ္တံ့သော အဓွန့်၌ ဖြစ်ဦးအံ့လော၊

၇။ငါသည် လာလတ္တံ့သော အဓွန့်၌ မဖြစ်တော့လတ္တံ့လော၊

၈။ငါသည် လာလတ္တံ့သော အဓွန့်၌ ဘယ်သို့ဖြစ်လတ္တံ့နည်း၊

၉။ငါသည် လာလတ္တံ့သော အဓွန့်၌ အဘယ်သို့သော အခြင်းအရာဖြင့် ဖြစ်လတ္တံ့နည်း၊

၁၀။ငါသည် လာလတ္တံ့သော အဓွန့်၌ အဘယ်သူဖြစ်၍ အဘယ်သူဖြစ်လတ္တံ့နည်း၊

၁၁။ဤရုပ်နာမ်သည် ငါဖြစ်၏လော၊

၁၂။ငါမဖြစ်လော၊

၁၃။အဘယ်သို့ ငါဖြစ်သနည်း၊

၁၄။အဘယ်အခြင်းအရာဖြင့် ငါဖြစ်သနည်း၊

၁၅။ထိုငါသည် အဘယ်မှာလာခဲ့သနည်း၊

၁၆။ငါသည် အဘယ်သို့ လာရဦးအံ့နည်း-

ဟူ၍ ယုံမှားခြင်းရှိ၏ ဟူလိုသည်။

ယုံမှားခြင်း ၈-ပါး

ဤမှတပါး ရှစ်ပါးသောယုံမှားခြင်းဟူသည်ကား-

၁။ ဗုဒ္ဓေ ကင်္ခတိ

၂။ ဓမ္မေ ကင်္ခတိ

၃။ သံဃေ ကင်္ခတိ

၄။ သိက္ခာယ ကင်္ခတိ

၅။ ပုဗ္ဗန္တေ ကင်္ခတိ

၆။ အပရန္တေ ကင်္ခတိ

၇။ ပုဗ္ဗန္တာပရန္တေ ကင်္ခတိ

၈။ ဣဒပစ္စယတာ ပဋိစ္စသမုပ္ပန္နေသု ဓမ္မေသု င်္ကတိ-

ဟသည်တည်း။ ။ (အနက်လွယ်ပြီ)

၄၅၂။ မဂ္ဂါမဂ္ဂဉာဏဒဿန ဝိသုဒ္ဓိကိုပြခြင်း

ဥပက္ကိလေသတရား ၁၀-ပါး

မေး။ ။ မဂ္ဂါမဂ္ဂ ဉာဏဒဿန အရမှာလည်း, ဝိပဿနာ ညစ်ညူးရာမှန်ဆယ်ပါးရန်ကို ဧကန်သို့ကောက်သနည်း။

ဖြေ။ ။ဩဘာသော ပီတိ ပဿဒ္ဓိ၊ အဓိမောက္ခာ စ ပဂ္ဂဟော၊ သုခံ ဉာဏ မုပဋ္ဌာန၊ မုပေက္ခာ စ နိကန္တိ စေတိ။

ဟူ၍ အနုရုဒ္ဓါဆရာပင် ပြဆိုပြီ။

ဩဘာသောစ၊ ဝိပဿနာစိတ်ကြောင့်ဖြစ်သော ကိုယ်မှထွက်သော အလင်းဟုဆိုအပ်သော အရာင်ငြ်း။ ပီတိ စ၊ ဝိပဿနာစိတ်နှင့်ယှဉ်သော ခုဒ္ဒကာ, ခဏိကာ, ဩက္ကန္တိကာ, ဥဗ္ဗေဂါ, ဖရဏာဟုငါးဖြာသောနှစ်သက်ခြင်း၎င်း။ ပဿဒ္ဓိစ၊ ကိုယ်၏ပူပန်ခြင်း, စိတ်၏ပူပန်ခြင်းမှ ငြိမ်းချမ်းခြင်းသည်၎င်း။ အဓိမောက္ခာစ၊ အားကြီးသော သဒ္ဓိန္ဒြေဟုဆိုအပ်သော အဓိမောက္ခ၎င်း။ ပဂ္ဂဟော စ၊ သမ္မပ္ပဓာန်ကိစ္စကို ပြီးစေတတ်သော ဝိရိယသမ္ဗောဇ္ဈ၎င်း။ သုခဉ္စ၊ လွန်မြတ်သော ချမ်းသာ၎င်း။ ဉာဏဉ္စ၊ ဝရဇိန်လက်နက်ကဲ့သို့ ထက်မြက်စွာ၍ လက္ခဏာရေးသုံးပါးကို ပိုင်းခြားနိုင်သော ပညာသည်၎င်း။ ဥပဋ္ဌာနဉ္စ၊ အဖန်တလဲလဲ အောက်မေ့နိုင်သော ထင်သောသတိ၎င်း။ ဥပေက္ခာ စ၊ ထိုထိုအာရုံ၌ လျစ်လျူရှုတတ်သော ဥပေက္ခာသမ္ဗေဇ္ဈင်သို့ ရောက်တတ်သော မဇ္ဈတ္တုပေက္ခာ အာဝဇ္ဇန်းယှဉ်သော ဝေဒနုပေက္ခာ၎င်း။ နိကန္တိ စ၊ ဩဘာသစသော ဓမ္မကိုးပါး၌ တပ်သောသိမ်မွေ့သော တဏှာ၎င်း။ ဤဆယ်ပါးတို့သည် ဝိပဿနာ၏ ညစ်ညူးကြောင်း ဘေးရန်တို့တည်း။

ဝိပဿနာရှုဟန်ကား - မဂ် ရစိမ့်သောငှာ ဝိပဿနာကို အားထုတ်သော ပုဂ္ဂိုလ်သည် ဆိုအပ်ပြီးသော နည်းအားဖြင့် နာမ်, ရုပ်တရားတို့၏ လက္ခဏာကို၎င်း, ဖြစ်ကြောင်းတရားကို၎င်း, သိမ်းဆည်းပြီးသော် ထိုသို့သောအခြင်းအရာဖြင့် သိမ်းဆည်းအပ်ကုန်သော အကြောင်းနှင့်တကွ ဖြစ်ကုန်သော အတိတ်စသည်ဖြင့် ပြားကုန်သော တေဘူမက သင်္ခါရတရားတို့၌ ခန္ဓာကို ဝေဖန်သောနည်းအားဖြင့်၎င်းး, ဒွါရ ၆-ပါး, အာရုံပြု၍ အပေါင်းအစည်း၏ အစွမ်းဖြင့်ချုံး၍ အကြင်ရုပ်စုသည် အတိတ်၌ဖြစ်၏၊ ထိုရုပ်စုသည် အတိတ်၌ချုပ်လေပြီ။ အကြင်ရုပ်သည် အနာဂတ်၌ ဖြစ်လတ္တံ့၊ ထိုရုပ်လည်း အနာဂတ်၌ ချုပ်လတ္တံ့။ အကြင်ရုပ်သည် ဖြစ်ဆဲဖြစ်၏၊ ထိုရုပ်လည်း အနာဂတ်သို့ မရောက်ပဲ ဤပစ္စုပ္ပန်၌ပင် ချုပ်တတ်၏၊

ယင်းသို့ ကုန်ခန်းချုပ်ပျောက်တတ်သော အနက်ကြောင့် အနိစ္စသဘောသာတည်း။ ကြောက်မက်ဖွယ်ဖြစ်သော အနက်ကြောင့် ဒုက္ခသဘောသာတည်း။ အနှစ်မရှိသော အနက်ကြောင့် အနတ္တသဘောသာတည်း။ ဤသို့ကာလ၏ အစွမ်းဖြင့်၎င်း၊ သတ္တရသာယုကဖြစ်စဉ်၏ အစွမ်းဖြင့်၎င်း၊ ဥပါဒ်, ဌီ, ဘင် တည်းဟူသော ခဏ၏အစွမ်းဖြင့် ၎င်း၊ သုံးသပ်ခြင်တတ်သော ဉာဏ်ဖြင့် လက္ခဏာရေးသို့တင်၍ သုံးသပ်သောပုဂ္ဂိုလ်အား ထိုတေဘူမက တရားတို့၌သာလျှင် အကြောင်း၏ အစွမ်းဖြင့်၎င်း၊ ခဏ၏အစွမ်းဖြင့်၎င်း၊ ဖြစ်ခြင်း ပျက်ခြင်းကိုသိတတ်သောဉာဏ်ဖြင့် ဖြစ်ခြင်းပျက်ခြင်းကို အဖန်တလဲလဲ ရှုသောပုဂ္ဂိုလ်အား အလွန်အားကြီးသော ဝိပဿနာအဟုန်ကြောင့် အလုံးစုံသောကိုယ်မှ အရောင်အလင်းသည်၎င်း၊ နှစ်သက်ခြင်းပီတိ, ပဿဒ္ခိ စသည်တို့သည်၎င်း ဖြစ်၏၊

ထိုသို့ဖြစ်လတ်သော တရားဆယ်ပါးကို ဝိပဿနာ၏ ညစ်ညူးကြောင်း ဘေးရန်သာတည်း ဟုနှလုံးသွင်း၍ သိမ်းဆည်းသည်၏ အစွမ်းဖြင့် မဂ်ဟုတ်သည် မဟုတ်သည်၏ လက္ခဏာကို မှတ်ခြင်းသည် မဂ်ဟုတ်သည် မဟုတ်သည်ကို သိသော ဉာဏ်အမြင်၏ စင်ကြယ်ခြင်းဖြစ်၍ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ မည်၏၊

ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိကို ပြခြင်း

ယင်းသို့ ဆီးတားခြင်းဘေးရန်မှ လွတ်လျက်ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်းပျက်ခြင်းကို မြင်တတ်သော ဥဒယဗ္ဗယဉာဏ်ကို ရပြီးသော် ဖြစ်ခြင်းကို လွှတ်၍ပျက်ခြင်းကိုသာ အဖန်များစွာ ရှုသဖြင့် ပြိုလှုသော ကမ်းစွန်း၌တည်သော သစ်ပင်ကဲ့သို့ မိမိတွင်ရှိသောရုပ်နာမ် ခန္ဓာတို့ကို ပျက်ဆဲဆဲဟုဖြင်သော ဘင်္ဂဉာဏ်သည် ဖြစ်၏၊

ထိုဉာဏ်ဖြင့် ရှုပြန်သောကာလ ကျား, ခြင်္သေ့စသည်ကို တွေ့သောအခါ ကဲ့သို့ ကြောက်လန့်ဖွယ်ရှိသော အခြင်းအရာဖြင့် ထင်သောဘယဉာဏ်သည်ဖြစ်၏၊

ထိုဘယဉာဏ်ဖြင့် ရှုပြန်သောကာလ ငါးဝသောခန္ဓာ တို့သည် မီးလောင်၍ လာသောအိမ်ကဲ့သို့ ထိန်ထိန်လောင်သော အခြင်းအရာဖြင့် ထင်သည်ဖြစ်၍အပြစ်ဟု သိသော အာဒီနဝဉာဏ်သည် ဖြစ်၏၊

ထိုဉာဏ်ဖြင့် ရှုပြန်သောအခါ ဤခန္ဓာ၌ လွန်စွာငြီးငွေ့သော နိဗ္ဗိန္ဒဉာဏ်သည် ဖြစ်၏၊

ထိုဉာဏ်ဖြင့် အဖန်ဖန်ရှုသော ပုဂ္ဂိုလ်အား မီးလောင်သောအိမ်မှ ထွက်သွားလိုသကဲ့သို့ တေဘူမကဓမ္မတို့မှ လွတ်လိုသော မုစ္စိတုကမျတာဉာဏ်သည် ဖြစ်၏၊

ထိုဉာဏ်ဖြင့် အဖန်ဖန်ရှုသောပုဂ္ဂိုလ်အား စွန့်ပစ်ထိုက်၍ စွန့်ပစ်လိုက်သော မယားကို အရပ်တပါး၌ မြင်သော်လည်း ခင်မင်စိတ်မဖြစ်လာ၊ လျစ်လျူသာရှုဘိသကဲ့သို့ မိမိ၏ခန္ဓာ သင်္ခါရအစုတို့၌ လျစ်လျူရှုတတ်သော သင်္ခါရုပေက္ခာဉာဏ်သည်ဖြစ်၏၊

ထိုဉာဏ်ဖြင့် အဖန်တလဲလဲရှုပြန်သောကာလ ရလတ္တံ့သော မဂ်အားလျော်သော သစ္စာနုလောမဉဏ် သည်ဖြစ်၏၊

ရှေးပြခဲ့ပြီးသော ဥဒယဗ္ဗယဉာဏ်မှစ၍ သစ္စနုလောမဉာဏ်တိုင်အောင်ဝိပဿနာ အဆင့်ဆင့်ဖြင့် ကျင့်ပေသော ပုဂ္ဂိုလ်အား ကိုးပါးသောဝိပဿနာ ဉာဏ်တို့၏ ဖြစ်ခြင်းသည် ကျင့်စဉ်ဉာဏ်၏ စင်ကြယ်ခြင်းဖြစ်၍ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိမည်၏၊

ဉာဏဒဿန ဝိသုဒ္ဓိကို ပြခြင်း

ယင်းသို့ ဆိုအပ်ပြီးသော အစဉ်အားဖြင့် လက္ခဏာရေးသုံးပါးကို အားထုတ်လာ၍ ဝိပဿနာရင့်ခြင်းသို့ ရောက်သဖြင့် အပ္ပနာဇောဖြစ်လိုလတ်သော် မိမိပဋိသန္ဓေစိတ်နှင့် တူသောစိတ်သည် ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ, ထို့နောင်တေဘူမကဓမ္မတို့၏ အနိစ္စလက္ခဏာစသသည်ကို အာရုံပြု၍ ဆင်ခြင်တတ်သောမနောဒွါရာဝဇ္ဇန်း, ထို့နောင် ထိုအာရုံ အာရုံပြု၍ မဟာကုသိုလ် ပထမဒွေတို့တွင် တခုခုသည် မန္ဒပညာပုဂ္ဂိုလ်အား ပရိကံ, ဥပစာ, အနုလုံ, နိဗ္ဗာန်ကို အာရုံပြု၍ ဂေါတြဘူဟု ၄-ကြိမ်, တိက္ခပာပုဂ္ဂိုလ်အား ဥပစာ, အနုလုံ, နိဗ္ဗာန်ကို အာရုံပြု၍ ဂေါတြဘူ ဟု၃-ကြိမ် ဝုဋ္ဌာနဂါမိနိ ဝိပဿနာဇော ကိစ္စဖြစ်၍ ချုပ်၏၊

ထို့နောင် တိက္ခပညာပုဂ္ဂိုလ်အား ၄-ကြိမ်မြောက် မန္ဒပညာပုဂ္ဂိုလ်အား ၅-ကြိမ်မြောက် ဈာန်အင်္ဂါငါးပါးနှင့် ပြည့်စုံသော သောတာပတ္တိမဂ် ပထမစျာန်စိတ်သည်၎င်း ဈာန်အင်္ဂါ လေးပါးနှင့် ပြည့်စုံသော သောတာပတ္တိမဂ် ဒုတိယ ဈာန်စိတ်သည်၎င်း၊ ဈာန်အင်္ဂါ ၃-ပါးနှင့်ပြည့်စုံသော သောတာပတ္တိမဂ် တတိယစျာန်စိတ်သည်၎င်း၊ ဈာန်အင်္ဂါ ၂-ပါးနှင့်ပြည့်စုံသော သောတာပတ္တိမဂ် စတုတ္ထစျာန်စိတ်သည်၎င်း၊ ဂေါတြဘူသည် မဟာကုသိုလ် တတိယဒွေတို့တွင် တခုခုဖြစ်အံ့ ဈာန်အင်္ဂါနှစ်ပါးနှင့် ပြည့်စုံသော သောတာပတ္တိမဂ် ပဉ္စမစျာန်စိတ်သည်၎င်း၊ နိဗ္ဗာန်ကိုအာရုံပြု၍ ဒုက္ခသစ္စာကို ပိုင်းခြား၍ သိခြင်း, သမုဒယသစ္စာကို ပယ်ခြင်း, နိရောဓသစ္စာကို မျက်မှောက်ပြုခြင်း မဂ္ဂသစ္စာကို ပွားစေခြင်းတည်းဟူသော ကိစ္စလေးပါးကို တပြိုင်နက် တချက်တည်းပြီးစေလျက် မဂ်, ဇောကိစ္စ တကြိမ်ဖြစ်၍ ချုပ်၏၊

ထို့နောင် သောတာပတ္တိမဂ်ဇောစေတနာသည် ဖြစ်စေအပ်သော သောတာပတ္တိမဂ်နှင့် ဈာတ်အင်္ဂါ, အာရုံအစရှိသောအားဖြင့် တူသော သောတာပတ္တိဖိုလ်စိသည် နိဗ္ဗာန်ကိုအာရုံပြု၍ တိက္ခပညာပုဂ္ဂိုလ်အား ဖိုလ်,ဖိုလ်, ဖြစ်၍ ချုပ်၏၊ ထို့နောင် မိမိပဋိသန္ဓေစိတ်နှင့်တူသော စိတ်သည် ဘဝင်ကိစ္စဖြစ်ထိုက်သရွေ့ ဖြစ်၍ ချုပ်၏၊ ယင်းသို့ စိတ်အစဉ်ဖြင့် နိဗ္ဗာန်ကို မြင်သောမဂ်စိတ်၏ဖြစ်ခြင်းသည် ဉာဏဒဿနဝိသုဒ္ဓိမည်၏၊

ဤကို ရည်၍ ပုစ္ဆာဆရာသည်-

ပဋိပဒါဉာဏဒဿနအရ ခွဲခြား သိနိုင်စွမ်းလျှင် ငြင်းထိုထိုထက် ဟူ၍ဆိုလေသည်။

၄၅၃။ မဂ်၏နီးပါး ကာမဇောများပင်သမာဓိဇောဖြစ်ကြောင်း

မေး။ ။ မဂ်ဖြင့်နီးကာ ဘာဝနာဖြင့် သမာဓိဇော သဘောဘယ်သို့ပြုသနည်း။

ဖြေ။ ။ သမ္မသနဉာဏ်မှစ၍ ဝိပဿနာဉာဏ်ဆယ်ပါးဖြစ်အောင် ရှုသောကာမကုသိုလ်ဇောစိတ်သည် သမာဓိဇောပင် ဖြစ်သည်။

အနုလုံ ၄-ပါး စုံသောဝီထိကို ပြခြင်း

မေး။ ။အနုလုံ, အနုလုံ ၄-ချက်စုံနှင့်၊ ဉာဏ်ရုံကျယ်သည် ဘယ်ဝီထိမှာ၊ ဖြစ်သနည်း။

ဖြေ။ ။သောတာပတ္တိမဂ်ကို ရပြီးသော ပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်ကို ဝင်စားသော အခါ၌ ဖြစ်သည်။

မေး။ ။ မဂ်ဖြစ်သောအခါ၊ လက္ခဏာတရား၊ အစွမ်းအားဖြင့်၊ သုံးပါးအစုံ ဖြစ်သလော။

ဖြေ။ ။နိဗ္ဗာန်ပိုင်းက ပြခဲ့လေပြီ။

အနိစ္စာဒိ၊ ဝိပဿနာ၊ ရှုကာပြတ်ပြတ်၊ မှတ်အပ်မှတ်ကြောင်း၊ ခန္ဓာပေါင်းကို၊ မှတ်ကြောင်းအလို၊ သင့်အောင်ဆိုလျှင်၊ မဂ်,ဖိုလ် လေးကြိမ် ပေါက်လတ်မည်။

ဤတွင် ကမ္မဋ္ဌာန်းပိုင်းဆိုင်ရာ

ပုစ္ဆာဝိသဇ္ဇနာများ ပြီးပြီ။

---

ကျမ်းပြီး နိဂုံး

ကျမ်းပြီး နိဂုံး

စတုစက္ကသမ္ပုဏ္ဏဿ၊ ကဉ္စနာဂိရိနဂြဿ။
စက္ကဋ္ဌေ တိလကဗ္ဘူတေ၊ ကျီးသဲဣတျာဘိသမ္မတေ။
မဟာနိဂမေ ဇာတတ္တာ ဝယပတ္တေ စ တသ္မိံ ယေဝ ပဗ္ဗာဇေတွာ ဥပသမ္ပာဒေတွာဝ နာနာစေရာနံ သန္တိကေ ပရိယတ္တိယော ဥဂ္ဂဏှိတွာ ဆေကင်္ဂတေတဿ ပါစိနဘူမိဇေဋ္ဌေ မဟာမစ္စေန ကာရာပိတေ သာသနဒ္ဓရာယ ပုတ္တဒါရာနံ စတုဘူမကာဝါသေ ပထမံ ဝသိတတ္တာ စ, ကျီးသဲ ၄ -ထပ်တိ အာချာတေန စက္ကသန္ဓရစေရာနံ ဝံသာလင်္ကာရဘူတေန သဒ္ဓမ္မာဘိရမ္မန္တေန သီလာဒိဂုဏယုတ္တေန ဝေပုလ္လပညာဝေယျတ္တိကေန တိပေဋကဝေဒတ္တယဂန္ထန္တရဗဟုသုတဂုဏေဟိ ဝိသုတေန ဂဏဝါစကေန မုနိန္ဒာဘိဓဇသညိနာ မယာသာသနသံဝုဍ္ဎုနတ္ထံ ပဏိဓာယ ပန်းတောင်းနဂရေ ဝသန္တေ ဂန္ထဝံသ နိဿယဉ္စ ဇိနတ္ထပကာသနီနာမ ပကရစဉ္စ ရစိတွာ အုပ်ဖိုလ်ဒေသ သီလဘေဒပကာသနီ ဂပ္ဖါရယ ဝဿပဘုတိ ဥတ္တရတိတ္ထ့နာမ ဇနပဒမုပနိဿာယ နဝဝိဟာရဂဗ္ဘေဝသန္တေ မင်္ဂလတ္ထဒီပနီယာ နိဿယဉ္စ, ဝေယျာ ကရဏ ဂန္ထဉ္စ ဒိဋ္ဌိဒီပက ပဥှာဗျာကရဏ နိဗ္ဗာန်လမ်းပြ ဝိမတိစ္ဆေဒနီပကရဏနိ သင်္ဂဟနိဿယဉ္စ လိက္ခိတွာဣဒါနိ စ ပရမတ္ထဆေကိစ္ဆာနံ သဇ္ဇနသမ္မတာနံ ဥပါသကာနမာယာစနဉ္စ သာသနောဒယာဘိကာမဿ သာဓုမာနိတဂုဏဿ ပဉ္စာလထေရဿ အဇ္ဈေသနဉ္စမာရဗ္ဘ, ပေါရာဏုပဒေသံ သဇ္ဇန္တော, နဝပညုတ္တရာနိ, ပက္ခိပိတွာ သဒ္ဒနယံ ပမုဉ္စန္တော သာရဘူတံ အတ္တနယံ, ဝိဂ္ဂါဟေတွာ မနောရထပူရဏာယ သုရစိတမိဒံ ဂန္ထံ နိဋ္ဌင်္ဂတော သောနာယာသေန ဣသိ, နေရု, သိန္ဓု, ဓမ္မေ, ဇိနစက္ကေ, ပါဏဂ္ဂိ, နေတြ, ရူပေ သက္ကရာဇေ ဘဒြမာသကာလပက္ခေ ဒသမေစန္ဒြဒိနေကေ။
ဓမ္မစက္ကနုဘာဝေန' ခိလသတ္တာ သုခါရိဝ။
ယဿ တေဇေန သဇ္ဇနာ၊ သုခိတာ လောကလာဘကာ။
ဧဝရမဒ္ဒါဘိသမယာ၊ ဟောန္တု သဗ္ဗေပိ ဇန္တုနော။

စတုစက္ကသမ္ပုဏ္ဏဿ၊ ပဋိရူပစသည်အင်္ဂါ စက်လေးဖြာနှင့် လွန်စွာပြည့်စုံ ထသော။ ကဉ္စနာဂိရိနဂြဿ၊ ရွှေတောင်အမည်ရှိသောမြို့၏၊ တိလကဗ္ဘူတေ၊ မှန်ကင်းတဆူ မှန်ကူသဖွယ်လည်းဖြစ်ထသော။ စက္ကဋ္ဌေ၊ ဘုရားဩဝါ သာသနာ၏ တည်ရာခေတ်မြတ် လည်းဖြစ်ထသော။ ကျီးသဲဣတျာဘိသမ္မတေ၊ ကျီးသဲဟူ၍ ဗိုလ်လူသမိုက်အပ် ထသော။ ။မဟာနိဂမေ၊ မြစ်သာနီးတုံ စျေးမစုံသောကြောင့် နိဂုံးမည်သီး ရွာရပ်ကြီး၌။ ဇာတတ္တာ စ၊ သန္ဓေကျိန်းပျော် ဖွားမြော်ကြီးရင့်သည်၏ အဖြင့်ကြောင့်၎င်း။ ဝထပတ္တေ၊ အရွယ်သို့ ရောက်လတ်သော်။ တသ္မိံ ယေဝ ဂါမေ၊ ထိုရွာ၌သာလျှင်။ ပဗ္ဗာဇေတွာ၊ ရှင်ရဟန်းပြု၍။ ဥပသမ္ပာဒေတွာ၊ ပဉ္စင်းခံယူ၍။ နာနာစေရာနံ၊ အထူးထူးသော မြို့ရပ်ပြည်ရွာ ဆရာမွန် ဆရာမြတ်တို့၏၊ သန္တိကေ၊ အထံ၌။ ပရိယတ္တိယော၊ သင်အပ်သော အတတ်ပညာ နာနာဝါဒတို့ကို။ ဥဂ္ဂဏှိတွာ၊ ကောင်းစါာသင်ယူ၍။ ဆေကင်္ဂတေ၊ ပြွမ်းတီးလိမ္မာခြင်းသို့ ရောက်လတ်သော်။ တဿ နိဂမဿ၊ ထိုကျီးသဲအမည်ရှိသော နိဂုံး၏၊ ပါစိနဘူမိဇေဋ္ဌေ၊ အရှေ့မျက်နှာ တာသုံးရာခန့် မျှော်ရာဗွေဘုံမြေခုံညွှန့်မြိတ် ကုန်းဦးထိပ်၌။ မဟာမစ္စေန၊ ရွှေတောင်, ပန်းတောင် ကူးပြောင်းလှည့်ကာ ဟံသာဝတီ ဌာနီပိုက်ချုပ် ဝန်ကြီးလုပ်ရသော မင်းကြီး မဟာမင်းကျော် နော်ရထာ ကြော်ငြာတွင်ပြီး အမတ်ကြီးသည်။ သာသနဒ္ဓရာယ၊ သာသနာကို စည်ပင်စွာဆောင်ရွက်စေခြင်း အကျိုးငှာ။ ပုတ္တဒါရာနံ၊ ရင်နှစ်,နှစ်ဖော် ကြင်ဘော်ဇနီး မြောက်သားကြီးတို့ကို။ ကာရာပိတေ၊ မိ မွေ ဘငုတ် ကံကျွေး ထုတ်၍ ဆောက်လုပ်တည်ထောင်စေအပ်သော။ စတုဘူမကာဝါသ၊ လေးထပ်ကျောင်းကြီး၌။ ပထမံ၊ ရှေးဦးစွာ။ ဝသိတတ္တာ၊ ရာပိုထ်ပြည့်တင်း, သီတင်းသုံးနေသည်၏ အဖြစ်ကြောင့်။ ကျီးသဲ ၄-ထပ်တိအာချာတေန၊ ကျီးသဲ ၄-ထပ် ဆရာတော်ဟု ခေါ်ဝေါ်အပ်ထသော။ စက္ကသန္ဓရစေရာနံ၊ ပရိယတ် ပဋိပတ် နှစ်ရပ်သော သာသနာကို ကောင်းစွာဆောင်ကုန်သော ဆရာမွန်ဆရာမြတ်တို့၏၊ ဝံသာလင်္ကာရဘတေန၊ အဆက်အနွယ်ကို တင့်တယ်စွာ တန်ဆာဆင်သကဲ့သို့ ဖြစ်ထသော။ သဒ္ဓမ္မေ၊ သူတော်ကောင်းတို့၏တရား၌။ အဘိရမ္မန္တေန၊ အလွန်မွေ့လျော်စွာထသော။ သီလာဒိဂုဏယုတ္တေန၊ သံဝရဝိနည်း, အာစာရဝိနည်း စောင့်စည်းခြိုးခြံ မြူမရံသော သီလ သိက္ခာ သမာဓိ ဂုဏ်နှင့်လည်းယှဉ်ထသော။ ဝေပုလ္လပညာဝေယျတ္တိကေန၊ ပြန့်ပြောကျယ်ဝင်း ထိုးထွင်းနှိုက်နဲ ခွဲခြမ်းဝေဖန်နိုင်သော ဉာဏ်ပညာစွမ်းလည်းရှိထသော။ တိပေဋကဝေဒတ္တယ, ဂန္ထန္တရ ဗဟုဿုတ ဂုဏေဟိ၊ ပါဠိ, အဋ္ဌကထာ, ဋီကာ ဥဿုံကျမ်းသုံးပုံကို ချက်ကုန်ထုတ်ဖောက် လှံ, မ, စောက်ဖြင့် ပြန်ခေါက်များစွာ လေ့လာနိုင်ခြင်းတည်းဟူသော ပိဋကတ္တယ ဗဟုသုတ, ဆန်း, အလင်္ကာ သဒ္ဒါ, နေတ္တိ, ဝိဒဂ်, ဒဏ္ဍီ-ဗျဉ္ဇီ, ကလာပ် ဗြို့ဟဒ်, ရာဇမတ္တဏ်, ပူရာဏ်, သရေသာဒယ, ဇောတိသတ္ထ, သိဒ္ဓန္တဟု စသည်သုံးခန်း၊ ဝေဒလ်ကျမ်းတို့၌ ပြွမ်းတီးလေ့လာ လိမ္မာသိမြင်ခြင်း တည်းဟူသော ဗေဒတ္တယ ဗဟုသုတ, ထုံးရာဇဝင်ပုံပြင်လင်္ကာ ကဗျာအရပ်ရပ် ဓမ္မသတ်ဆေးကျမ်း ဓာတ်ကျမ်းစာမ လောကဝိဇ္ဇာကျမ်းအရာ တို့၌ကောင်းစွာသိမြင်ခြင်း တည်းဟူသော ဂန္ထန္တရ, ဗဟုသုတ ဂုဏ်တို့ကြောင့်။ ဝိသုတေန၊ နိုင်ငံအနှံ့ ပြန့်သောကျော်စောခြင်းလည်း ရှိထသော။ ဂဏဝါစကေန၊ ရှစ်ခွဒိသာ ရောက်ဝင်လာသော သံဃာတော်အပေါင်းတို့၏ စာပို့ဆရာလည်းဖြစ်ထသော။ မုနိန္ဒာ ဘိဓဇသညိနာ၊ မုနိန္ဒာဘိဓဇ အမည်ရှိသော။ မယာ၊ ငါသည်။ (သရစိတံ၌စပ်)

သာသနသံဝဍ္ဎုနတ္ထံ၊ ဘုရားသာသနာ၏ လွန်စွာရှည်လျား ပြန့်ပွားရာသောအကျိုးကို။ ပဏိဓာယ၊ တောင့်တမျှော်ခေါ် သဖြင့်။ ပန်းတောင်းနာဂရေ၊ ပန်းတောင်းမြို့၌။ ဝသန္တေ၊ သီတင်းသုံးနေစဉ်။ ဂန္ထဝံသနိဿယဉ္စ၊ ဂန္ထဝံသကျမ်း၏ မှီရာနိဿယကို၎င်း။ ဇိနတ္ထပကာသနီနာမ ပကရဏဉ္စ၊ ဇိနတ္ထပကာသနီ မည်သောကျမ်းကို၎င်း။ ရစိတွာ၊ ရေးသားစီရင်ပြီး၍။ အုပ်ဖိုလ်ဒေသေ၊ အုပ်ဖိုလ်အရပ်၌။ ဝသန္တေ၊ သီတင်းသုံးနေစဉ်။ သီလဘေဒပကာသနီ၊ သီလဘေဒပကာသနီကျမ်းကို။ ရစိတွာ၊ ရေးစီရင်ပြီး၍။ ဂပ္ဖါရယ ဝဿပဘုတိ၊ သက္ကရာဇ်တထောင့် နှစ်ရာ နှစ်ဆယ့် သုံးခုမှစ၍။ ဥတ္တရတိတ္ထံနာမ ဇနပဒံ၊ မြောက်ဆိပ်အမည်ရှိသော ဇနပုဒ်ကြီးကို။ ဥပနိဿာယ၊ အမှီပြု၍။ နဝဝိဟာရဂဗ္ဘေ၊ အသစ်တည်ထောင်အပ်သော ကျောင်းတိုက်၌။ ဝသန္တေ၊ သီသတင်းသုံးနေစဉ်၊ မင်္ဂလတ္ထဒီပနယာ၊ မင်္ဂလတ္ထဒီပနီဋီကာ ကျမ်းကြီး၏၊ နိဿယဉ္စ၊ မှီရာအတ္ထ နိဿယကို၎င်း။ ဝေယျာကရဏဂန္ထဉ္စ၊ စွယ်စုံကျော်ထင် ပုစ္ဆာကိုဖြေရာ ဝေယျာကရုဏ်းကျမ်းကြီးကို၎င်း။ ဒိဋ္ဌိဒီပက ပဥှာဗျာကရဏ, နိဗ္ဗာန်လမ်းပြကျမ်း, ဝိမတိစ္ဆေဒနီပကရဏာနိ စ၊ ဒိဋ္ဌိဒီပကကျမ်း, ပဥှာဗျာကရဏကျမ်း, နိဗ္ဗာန်လမ်းပြကျမ်း, ဝိမတိစ္ဆေဒနီကျမ်းတို့ကို၎င်း။ သင်္ဂဟနိဿယဉ္စ၊ သင်္ဂြိုဟ်နိဿယကို၎င်း။ လိက္ခိတွာ၊ ရေးသားပြုပြင်စီရင်ပြီး၍။ ဣဒါနိ စ၊ ယခုအခါ၌လည်း။ ပရမတ္ထဆေကိစ္ဆာနံ၊ ပရမတ်တရားမှတ်သားလေ့လာ လိမ္မာ ပြွမ်းတီးခြင်းကို အလိုရှိကုန်သော။ သဇ္ဇနသမ္မတာနံ၊ ဒုရာဇီဝ သုဇီဝဖြင့် ဓမ္မ မွေ့လျော် လူသေူတော်ဟု ခေါ်ဝေါ်သမုတ်အပ်ကုန်သော။ ဥပါသကာနံ၊ ပိဋကတ်ဒါယကာ ကြေငြာထင်ပေါ် မောင်မြတ်ကျော် အမှူးရှိကုန်သော ဥပါသကာတို့၏၊ အာယာစနဉ္စ၊ အဖန်ဖန် တောင်းပန်ခြင်းကို၎င်း။ သာသနောဒယာဘိကာမဿ၊ သာသနာတော်၏ ဖြောင့်မတ်စွာ တက်ထွန်းခြင်းကို အလွန်အလိုရှိထသော။ သာဓုမာနိတဂုဏဿ၊ သူတော်ကောင်းတို့သည် ညွတ်ပြောင်းခြင်းကို၎င်း။ အာရဗ္ဘ၊ အကြောင်းပြု၍။ ပေါရာဏုပဒေသံ၊ ရှေးဆရာတို့ နည်းနာရအောင် မေးပြသော ပရမတ္ထပုစ္ဆာကို။ သဇ္ဇန္တော၊ ဖြေသင့်လျက်။ နဝပညုတ္တရာနိ၊ အသစ်သော အမေးအဖြေတို့ကို။ ပက္ခိပိတွာ၊ ထည့်သွင်း၍။ သဒ္ဒနယံ၊ ကျမ်းလာကစ္စည်း သဒ္ဒါနည်းကို။ ပမုဉ္စန္တော၊ လွှတ်လျက်။ သာရဘူတံ၊ အနှစ်သဖွယ်ဖြစ်သော။ အတ္ထနယံ၊ သဘောအဓိပ္ပါယ်ဖြစ်သော အနက်နည်းကို။ ဝိဂ္ဂါဟတွော၊ အထူးထူးသော ကျမ်းဂန်မှယူ၍။ မနောရထပူရဏာယ၊ ဆန်းကြယ်ထူးကဲ နက်နဲစွာသိလိုသောသူတို့၏ နှလုံးအလိုကို ပြည့်စခြေင်းငှာ၊ ဣဒံ ဂန္တံ၊ ဤကျမ်းကို။ သုရစိတံ၊ ကောင်းစွာစီရင်အပ်ပြီ။

သော ဂန္တော၊ ထို "မနောရထပူရဏီ" မည်သောကျမ်းသည်။ ဇိနစက္ကေ၊ မြတ်စွာဘုရား သာသနာတော်သည်။ ဣသိ-နေရု-သိန္ဓု စမ္မေ၊ နှစ်ထောင့်လေးရာ တဆယ့်ခုနစ် ခုနှစ်ဖြစ်သော။ ဝေဿ၊ နှစ်၌။ ဘဒြမာသကာလကက္ခေ၊ တော်သလင်းလဆန်း ပက္ခဖြစ်သော။ ဒသမေစန္ဒြဒိနကေ၊ လဆန်းဆယ်ရက် တနလာင်္နေ့၌။ အနာယာသေန၊ ရောဂါဘေးဘျမ်း မငြိမသန်းခြင်းဖြင့်။ နိဋ္ဌင်္ဂတော၊ အပြီးသို့ရောက်၏၊

ဓမ္မစက္ကာနုဘာဝေန၊ ဓမ္မစကြာ ဟောသောအခါ၌ ဒေသနာနုဘော် မြတ်တေဇော်ကြောင့်။ အခိလသတ္ထာ၊ မြေပေးမိုးထက် ဘဝဂ်အထိ ဝီစိတိုင်ရောက် ထက်အောက်တပြင် ဝန်းကျင်ဥဿုံ ကြွင်းမဲ့ကုန်သော သတ္တဝါတို့သည်။ သုခါရိဝ၊ ဘေးမျိုးကွာ၍ ချမ်းသာရကုန်သကဲ့သို့။ ယဿ၊ အကြင် "မနောရထပူရဏီ" ဂုဏ်ဆီပြည့်လျှမ်း ဤသည့်ကျမ်း၏၊ တေဇေန။ တန်ခိုးရှိန်ဇော် အာနုဘော်ကြောင့်။ သဇ္ဇနာ၊ ဣဿ, မက္ခေ, ပလာသေနှင့် ရန်မွှေခြောက်သင်း စောင်းမာန်ကင်းသော သူတော်ကောင်းတို့သည်။ သုခိတာ၊ ပီတိငါးဖြာ ပြန်ပွားကာဖြင့် ချမ်းသာခြင်းသို့ ရောက်ကုန်သည်။ အာလောကလာဘကာ၊ ဉာဏ်တည်းဟူသော အလင်းကို ရကုန်သည်။ ဟောန္တု၊ ဖြစ်စေကုန်သတည်း။ ဝေရမဒ္ဒါ။ အဇ္ဈတ်ဗာဟီ နှစ်လီသောရန် မိစ္ဆာမာန်ကို ပယ်လှန်နှိပ်နင်းနိုင်ကုန်သည်။ အဘိသမယာ၊ ဆယ်တန်ဝိပတ် ဉာဏ်မြတ်ဖြင့် ပညတ်ပရမတ် ခဲကပ်သမျှ ဓမ္မခပင်း ထိုးထွင်းဥဿုံ သိကြကုန်သည်။ ဟောန္တု၊ ဖြစ်စေကုန်သတည်း။ သဗ္ဗေပိ ဇန္တုနော၊ အလုံးစုံသော သတ္တဝါတို့သည်လည်း သုခိတာ၊ လိုအင်ပြည့်ဝ ချမ်းသာကြကုန်သည်။ ဟောန္တု၊ ဖြစ်စေကန်သတည်း။

ဣဿ၊ ငြူစူခြင်း။ မက္ခေပ၊ သူ၏ဂုဏ်ကျက်သရေကို ချေဖျောက်ခြင်း။ ပလာသ၊ အဖျင်းမှုခြင်း။ ဥပါရမ္ဘ၊ စွမ်စွဲပြောဆိုခြင်း။ အတ္တုက္ကံသန၊ မိမိကိုယ်ကို ချီးမြှောက်ခြင်း။ ပရဝမ္ဘန၊ သူ့ကိုရှုတ်ချခြင်း။ အတွင်းရန် ၆-ပါးတည်း။

ဤရန်မွေ ၆-သင်း ကင်းလွတ်သောသူ နာယူသင်ကြားမှ ပီတိသုခနှင့်တကွ ဉာဏ်တည်းဟူသော အလင်းကို ရမည်ဖြစ်၍ ပတ္ထနာသည်။

ဤတွင် နိဂုံးခါးပတ် အပြီးသတ်တည်း။

တေသု ဣဒံ ဖလဿ အာဂတဋ္ဌာနံ၊ ထို မဂ္ဂအာဂမဋ္ဌာန ဖလအာဂမဋ္ဌာနတို့တွင်။ ဤဋ္ဌာနသည်၊ ဖိုလ်၏၊ ဖြစ်ပေါ်လာရာ ဋ္ဌာနတည်း။ တသ္မာ = ထိုကြောင့်။ ဣဓ = ဤဖိုလ်၏ ဖြစ်ပေါ်လာရာ ဋ္ဌာန၌။ မဂ္ဂါဂမနံ = မဂ္ဂါဂမနကို။ ဝါ။ ဖိုလ်၏ ဖြစ်ပေါ်လာကြောင်း မဂ်ကို။ ဓုရန္တိ = ပဓာနဟူ၍။ ဝေဒိတဗ္ဗံ = သိထိုက်၏၊ ပန = ဆက်ဦးအံ့။ သော ဧသ မဂ္ဂေါ = ထိုမဂ်ကို။ အာဂမနတော = မဂ်၏ ဖြစ်ပေါ်လာကြောင့် ဝိပဿနာအားဖြင့်။ 'သုညတ'န္တိ = သုညတဟူ၍။ နာမံ = အမည်နာမကို။ လဘိတွာ = ရပြီး၍။ သဂုဏတော စ = အားဖြင့်လည်းကောင်း။ အာရမ္မဏတော စ = အားဖြင့်လည်းကောင်း။ အနိမိတ္တောတိပိ = နိမိတ္တမဂ် ဟူ၍လည်းကောင်း။ အပ္ပဏိဟိတောတိပိ = အပ္ပဏိဟိတ ဟူ၍လည်း-ကောင်း။ ဝုစ္စတိ = ဆိုအပ်၏၊ တသ္မာ = ထိုကြောင့်။ သယံ = ကိုယ်တိုင်။ ဝါ။ မိမိဟူသော မဂ်ကိုယ်တိုင်။ အာဂမနီယဋ္ဌာနေ = ဖိုလ်၏ ဖြစ်ပေါ်လာကြောင်း အရာ၌။ ဌတွာ = တည်၍။ အတ္တနော = မိမိ၏၊ ဖလဿ = ဖိုလ်အား။ တီဏိ = သုံးပါးကုန်သော။ နာမာနိ = အမည်နာမတို့ကို။ ဒေတိ = ရ၏၊

ကထံ = အဘယ်သို့ ပေးသနည်း။ ဟိ = ချဲ့ဦးအံ့။ သုဒ္ဓါဂမနဝသေနေဝ = သဂုဏ အာရမ္မဏတို့နှင့် မရောသော အာဂမန၏ အစွမ်းဖြင့်သာလျှင်။ လဒ္ဓနာမော = ရအပ်သော အမည်ရှိသော။ အယံ သုညတမဂ္ဂေါ = ဤ သုညတမဂ်သည်။ သယံ = မိမိကိုယ်တိုင်။ အာဂမနီယဋ္ဌာနေ = ဖိုလ်၏ ဖြစ်ပေါ်လာ အကြောင်းအရာ၌။ ဌတွာ = ၍။ အတ္တနော = မိမိ၏၊ ဖလဿ = အား။ နာမံ = ကို။ ဒဒမာနော = ပေးလတ်သော်။ သုညတန္တိ နာမံ = သုညတဟူသော အမည်ကို။ အကာသိ = ပြုပြီး။ သုညတအနိမိတ္တ-မဂ္ဂေါ = သုညတ အနိမိတ္တ နှစ်မည်ရသော မဂ်သည်။ သယံ = ကိုယ်တိုင်။ အာဂမနီယဋ္ဌာနေ = ၌။ ဌတွာ = ၍။ အတ္တနော = မိမိ၏၊ ဖလဿ = အား။ နာမံ = ကို။ ဒဒမာနော = သော်။ အနိမိတ္တန္တိ နာမံ = ကို။ အကာသိ = ပြီ။ သုညတအပ္ပဏိဟိတမဂ္ဂေါ = သုညတ အပ္ပဏိဟိတ နှစ်မည်ရသော မဂ်သည်။ သယံ အာဂမနီယဋ္ဌာနေ ဌတွာ အတ္တနော ဖလဿ နာမံ ဒဒမာနောအပ္ပဏိဟိတန္တိ နာမံ = ကို။ အကာသိ = ပြီ။

ပန = ဆက်။ တီဏိ = သုံးပါးကုန်သော။ ဣမာနိ နာမာနိ = ဤအမည်တို့ကို။ မဂ္ဂါနန္တရေ = မဂ်၏ အခြားမဲ့ဖြစ်သော။ ဖလစိတ္တသ္မိံယေဝ = ဖိုလ်စိတ်၌ သာလျှင်။ ဝါ။ မဂ္ဂဝီထိ၌ ပါသော ဖိုလ်စိတ်၌ သာလျှင်။ ဣမိနာ နယေန = ဤဆိုအပ်ပြီးသော နည်းဖြင့်။ လဗ္ဘန္တိအပရဘာဂေ = နောက်အဖို့၌။ ဝါ။ မဂ္ဂဝီထိမှ နောက်အဖို့၌။ ဝဠဉ္ဇနကဖလသမာပတ္တိယာ = သုံးစွဲအပ်သော ဖလသမာပတ်၌။ ဝါ။ ဖလသမာပတ် ဝင်စားရာ၌။ နော လဗ္ဘန္တိအပရဘာဂေ ပန = ၌ကား။ အနိစ္စတာဒီဟိ = ကုန်သော။ တီဟိ = သော။ ဝိပဿနာဟိ = တို့ဖြင့်။ ဝိပဿိတုံ = အထူးထူး အပြားပြား ရှုခြင်းငှာ။ သက္ကောတိ = ၏၊ အထ = ထိုအခါ၌။ အဿ = ထိုပုဂ္ဂိုလ်၏၊ ဝုဋ္ဌိတဝုဋ္ဌိတဝိပဿနာဝသေန = သင်္ခါရနိမိတ်မှ ထသော ဝိပဿနာ၏ အစွမ်းဖြင့်။ (ဝုဋ္ဌာနဂါမိနိ ဝိပဿနာကို ဆိုသည်။) အနိမိတ္တအပ္ပဏိဟိတသုညတသင်္ခါတာနိ = အနိမိတ္တ အပ္ပဏီဟိတ သုညတဟု ဆိုအပ်ကုန်သော။ တီဏိ = သော။ ဖလာနိ = ဖိုလ်တို့သည်။ ဥပ္ပဇ္ဇန္တိ = ကုန်၏၊ တေသံ = ထိုဖိုလ်တို့၏၊ သင်္ခါရာရမ္မဏာနိ = သင်္ခါရတရားလျှင် အာရုံရှိကုန်သော။ အနိစ္စာနုပဿနာဒီနိ = အနိစ္စာနုပဿနာ အစရှိကုန်သော။ တာနေဝ ဉာဏာနိ = ထိုဉာဏ်တို့သည်ပင်။ ဝါ။ ဝုဋ္ဌာနဂါမိနိ ဝိပဿနာဉာဏ်တို့သည်ပင်။ အနုလောမဉာဏာနိ နာမ = အနုလောမဉာဏ်တို့ မည်သည်။ ဟောန္တိ

= ဆက်။ သုညတမဂ္ဂေ = ၌။ ယော အယံ နယော = အကြင်နည်းကို။ ဝုတ္တော = ပြီ။ အပ္ပဏိ-ဟိတမဂ္ဂေပိ = ၌လည်း။ ဧသေဝ = ဤဆိုအပ်ပြီးသော အစီအရင်သည်ပင်။ နယော = သိကြောင်း အစီအရင်တည်း။ ဟိ = မှန်။ သုဒ္ဓါဂမနဝသေန = ဖြင့်။ လဒ္ဓနာမော = သော။ အယံ ပိ အပ္ပဏိဟိတမဂ္ဂေါ = သည်လည်း။ သယံ အာဂမနီယဋ္ဌာနေ ဌတွာ အတ္တနော ဖလဿ နာမံ ဒဒမာနော အပ္ပဏိဟိ-တန္တိ နာမံ အကာသိအပ္ပဏိဟိတအနိမိတ္တမဂ္ဂေါ သယံ အာဂမနီယဋ္ဌာနေ ဌတွာ အတ္တနော ဖလဿ နာမံ ဒဒမာနော အနိမိတ္တန္တိ နာမံ = ကို။ အကာသိ = အပ္ပဏိဟိတ အနိမိတ္တမဂ္ဂေါ = အပ္ပဏိဟိတ အနိမိတ္တ နှစ်မည်ရသော မဂ်သည်။ အပ္ပဏိဟိတသုညတမဂ္ဂေါ သယံ အာဂမနီယဋ္ဌာနေ ဌတွာ အတ္တနော ဖလဿ နာမံ ဒဒမာနော သုညတန္တိ နာမံ အကာသိ

တီဏိ = သော။ ဣမာနိပိ နာမာနိ = ဤအမည်တို့ကိုလည်း။ မဂ္ဂါနန္တရေ ဖလစိတ္တသ္မိံ ယေဝ = မဂ်၏ အခြားမဲ့ဖြစ်သော ဖိုလ်စိတ်၌သာလျှင်။ ဣမိနာ နယေန = ဖြင့်။ အပရဘာဂေ = ၌။ ဝဠဉ္ဇနကဖလသမာပတ္တိယာတိ = ၌။ န လဗ္ဘန္တိ = ကုန်။ ဣတိ = ဤသို့ မှတ်အပ်၏၊ ဧဝံ = လျှင်။ ဣမသ္မိံ ဝိပါကနိဒ္ဒေသေ = ဤဝိပါကနိဒ္ဒေသ၌။ ကုသလစိတ္တေဟိ = တို့ထက်။ တိဂုဏာနိ = သုံးခုတို့ဖြင့် မြှောက်-အပ်ကုန်သော။ ဝါ။ သုံးဆတတ်ကုန်သော။ ဝိပါကစိတ္တာနိ = တို့ကို။ ဝေဒိတဗ္ဗာနိ။ (အဘိ၊ ၃၂၉။)