မာတိကာသို့ ခုန်သွားရန်

မဟာစည် ထေရဝုတ္တန္တဝိလာသိနီ-ဒုတွဲ-ဒု

ဝီကီရင်းမြစ် မှ
0မဟာစည် ထေရဝုတ္တန္တဝိလာသိနီ-ဒုတွဲ-ဒု — မဟာစည်ဆရာတော်

ကတ္တရဂါမစေတီဖူးမြော်

တိဿမဟာရာမမြို့မှ ၁၂-မိုင်ခန့်သွားလျှင် ကတ္တရဂါမစေတီသို့ရောက်၏၊ ဘုရားရှင် ရှစ်ဝါမြောက် ကြွတော်မူစဉ် ကတ္တရဂါမ၌ သမာပတ် ဝင်စားတော်မူသည်၊ ထိုစဉ်က ကတ္တရဂါမအရပ်၌ မဟာသေနမည်သော ပဒေသရာဇ်မင်း မင်းပြုလျက်ရှိ၏၊ ယင်း မဟာသေနမင်းသည် ဘုရားရှင်၏ဆံတော်, ရွှေသလွန်တော်တို့ကို ဌာပနာ၍ စေတီ တည်ထား ကိုးကွယ်ခဲ့လေသည်၊ စေတီကြီးမှာ ပြင်ဆဲဖြစ်၍ လုံးပတ်သာ ပေ ၃၀ဝ-ခန့်ရှိကြောင်းသိရ၏၊ ပြီးလျှင် အမြင့်ပေ ၁၆၀- ခန့်ရှိနိုင်၏။

ယင်း ကတ္တရဂါမ စေတီကြီးကို သီဟိုဠ်တို့က-

ယတိံ သမာဓိ ဘဂဝါ တဟိံ မုနိ,
သိနိန္နသောဏ္ဏသန ကေသဓာတုတံ၊
လဒ္ဓါ မဟာသေန နရိန္ဒကာရိတ့,
နမာမဟံ ကတ္တရဂါမ စေတိယံ။

ဟူသောဂါထာဖြင့် ရှိခိုးဦးတင် ဖူးမြင်ကြကုန်၏၊ ဆရာတော်သည် ဖော်ပြပါ ကတ္တရဂါမ စေတီတော်ကြီးကိုလည်း ဖူးမြော် လက်ယာရစ်လှည့်လည် ပူဇော်တော် မူခဲ့လေသည်။

နမဿန္တော နမဿန္တော, ကတွာ ကတွာ ပဒက္ခိဏံ၊
ကတ္တရဂါမသညိတံ, စေတိယံ ဝန္ဒနံ အကာ။

သမန္တကုဋတောင်မှ ဘုရားရှင်ခြေတော်ရာ အာရုံပြုကြည်ညို

ကိုလံဘိုမြို့မှ ၃၃-မိုင်ခန့် အကွာတွင် ဘုရားရှင်ခြေတော်ရာ ချတော်မူခဲ့ရာ သမန္တကုဋတောင် တည်ရှိ၏၊ သုမနကုဋတောင်ဟုလည်း ခေါ်ကြသည်၊ သမုဒ္ဒရာ မြေပြင်မှတိုင်းလျှင် ပေပေါင်း ၇၆၃၀-မြင့်ကြောင်း သီဟိုဠ်သမိုင်း၌ ဆို၏။

“မြတ်စွာဗုဒ္ဓ, ပွင့်တော်စက,
ကိုးလတခါ, ငါးဝါတခေါက်,
ရှစ်ဝါမြောက်၌, ကြွရောက်သုံးကြိမ်,
မွေ့သိမ်ဖလ, ဖန်ဖန်မျှလျက်,
၎င်းရတနာ, ရွှေစက်ရာနှင့်,
လင်္ကာဒီပ, သီဟဠဗွေ,
တကျွန်းမြေသို့ .....”

ဟူသည်နှင့်အညီ ဘုရားရှင် သီဟိုဠ်ကျွန်းသို့ ၈-ဝါမြောက် တတိယအခေါက် အကြွတွင် ဖော်ပြပါ သမန္တကုဋ (သုမန) တောင်ထိပ် လက်ဝဲခြေတော်ရာကို ချတော်မူခဲ့လေသည်၊ ယင်းတောင်ခြေ လိုဏ်ဂူတခု၌ ရဟန္တာ ၅၀ဝ-နှင့်တကွ နေ့သန့်တော်မူခဲ့လေသည်။

တတ္ထ ဓမ္မံ ဒေသယိတွာ, သတ္ထာ လောကာနုကမ္ပကော၊
ဥဂန္တွာ သုမနေ ကူဋေ, ပဒံ ဒဿေသိ နာယကော။

တသ္မိံ ပဗ္ဗတပါဒမှိ, သဟသံဃော ယထာသုခံ၊
ဒိဝါဝိဟာရံ ကန္တွာန, ဒီဃဝါပီ မုပါဂမိ။

ယင်း ခြေတော်ရာကို သီဟိုဠ်တို့က-

လံကာမဟီဝရမဓုမကုဋာယ မာနကေ,
အသ္မိံ သမန္တဂိရိမုဒ္ဓနိ ဓမ္မဿာမိနာ၊

အဇ္ဇေသနာယ သုမနဝှဒေရာဇိနော,
ဝန္ဒာမိ ဒဿိတမဟံ သိရိပါဒလဉ္ဆနံ။

ဟူသောဂါထာဖြင့် ရှိခိုးဦးတင် ဖူးမြင်ကြကုန်၏။

ဆရာတော် အာရုံပြုကြည်ညို

မဟာစည်ဆရာတော်ဘုရားကြီးသည် ဖော်ပြပါ စေတီပါဒတောင်တော်ကို တက်ရောက်ရန် အချိန်မရသည့်အပြင် ခန္ဓာကိုယ်ကို ရေရှည်အလုပ်လုပ်နိုင်ရန် ရည်ရွယ်၍ ကြွတော်မမူပဲ အာရုံပြု ကြည်ညိုတော်မူခဲ့လေသည်။

ပါဒင်္ကံ မုနိသေဋ္ဌဿ, အာရမ္မဏံ ကရီ သုဓီ၊
ပသာဒံ ဇနယိသော ဟိ, မဟာစည် ကဝိသေခရော။

ကလျာဏီစေတီတော်

ကလျာဏီစေတီတော်သည် ကိုလံဘိုမြို့ အရှေ့မြောက် ဘက် ၆- မိုင်ခွဲအကွာတွင် တည်ရှိလေသည်၊ စေတီတော်ကြီးနှင့် အာရုံခံ အုတ်တိုက်တန်ဆောင်းကြီးကို ခမ်းနားစွာ တွေ့မြင်နိုင်၏၊ ယင်းအာရုံခံ အတွင်း၌ လျောင်းတော်မူ ၁၈-တောင်ခန့်ရှိ ဆင်းတုတော်ကြီး, မတ်ရပ်တော်ဆင်းတု, တင်ပလ္လင်ခွေ သမာပတ်ဝင်စားတော်မူပုံ ဆင်းတုတော်များနှင့် အရှင်မဟာဗုဒ္ဓဃောသ ဝိသုဒ္ဓိမဂ်ကျမ်းကြီး ရေးပြီး၍ မဟာဝိဟာရကျောင်းတိုက် သံဃာတော်များအား ပြသနေပုံ ပန်းချီစသည်တို့ကို စိတ်ဝင်စားဖွယ်ရာ ဖူးမြော်တွေ့ရှိနိုင်လေသည်၊ စေတီတော်အနီး၌ ဗောဓိပင်, သိမ်, ကလျာဏီကျောင်းတိုက် စသည်တို့ကိုလည်း တွေ့ရှိလေသည်။

ဗောဓိတော် အဋ္ဌမေဝဿေ, ဝသံ ဇေတဝနေ ဇိနော၊
နာထော ပဉ္စဟိ ဘိက္ခုနံ, သတေဟိ ပရိဝါရိတော။

ဟူသည်နှင့်အညီ ဘုရားရှင်သည် ဘုရားဖြစ်ပြီး၍ ရှစ်ဝါအရတွင် သီဟိုဠ်ကျွန်း ကလျာဏီအရပ်၌ နေထိုင်သော မဏိအက္ခိကနဂါးမင်း လာရောက်ပင့်သဖြင့် ရဟန်း ၅၀ဝ-နှင့် သီဟိုဠ်ကျွန်းသို့ကြွတော်မူ၍ ကလျာဏီမြစ်ကမ်းအနီး မဏိအက္ခိကမင်း၏ ပဏ္ဍပ်ရှိ ပလ္လင်ပေါ်၌ သီတင်းသုံးတော်မူ၍ ဆွမ်းဘုဉ်းပေးပြီး တရားဟောတော် မူသည်၊

၎င်းနောက် သုမန (သမန္တကူဋ) တောင်ခြေ ခြေတော်ရာ ချတော်မူပြီး ယင်း တောင်ခြေလိုဏ် တခု၌ နေ့သန့်တော်မူသည်၊ ၎င်းနောက် ဒီဃဝါပိစေတီ တည်မည့် နေရာ, သံဃမိတ္တာ ဗောဓိပင် တည်မည့်နေရာ, မဟာစေတီ တည်မည့်နေရာ, ထူပါရာမနေရာ, သေလစေတီတည်ရာ စသည်တို့၌ သမာပတ်ဝင်စားတော် မူခဲ့လေသည်။

မဏိအက္ခိကနဂါးမင်းသည် ဘုရားရှင် သီတင်းသုံးတော်မူသည့် ပလ္လင်ကို ဌာပနာ၍ ဘုရားရှင်သီတင်းသုံးရာမဏ္ဍပ်၌ စေတီတည်ထားကိုးကွယ်ခဲ့လေသည်၊ နောက် သီဟိုဠ်တချို့မင်းများ, ဒါယကာ, ဒါယိကာမများ ပြင်ဆင်ကြကုန် ၏၊ ယင်းကလျာဏီ စေတီတော်ကို သီဟိုဠ်တို့က-

အာယာစနာယ မဏိအက္ခိမဟောရဂဿ,
ယသ္မိံ နိသိဒိ ဘဂဝါ မဏိမဏ္ဍပသ္မိံ။

တဿော ပရိဋ္ဌိတ မဏ်ပီဌယုတ္တံ,
ကလျာဏီစေတိယမဟံ သိရသော နမာမိ။

ဟူသော ဝန္ဒနာဂါထာဖြင့် ရှိခိုးဖူးမြော်ကြကုန်၏။

မဟာစည်ဆရာတော် ကလျာဏီစေတီတော်ဖူးမြော်

မဟာစည်ဆရာတော်ဘုရားကြီးသည် ဖော်ပြပါထင်ရှားသည့် ကလျာဏီစေတီတော် ကြီးကိုလည်း တနေ့တွင်ကြွတော်မူ၍ သဒ္ဓါဇောရွှင်ရွှင်ဖြင့် ဖူးမြော်တော်မူခဲ့လေသည်၊ ဆရာတော်ကား စေတီပုထိုးရှိခိုးဖူးမြော်မှု၌ ရောင့်ရဲခြင်း အလျဉ်းရှိတော်မမူပါချေ။

ကလျာဏီဝှစေတိယဿ, ကလျာဏဂုဏသံယုတော၊
နမော ကတွာ ကတဉ္ဇလိ, သဉ္စယိ ကုသလံ ဗဟုံ။

နာဂဒီပကျွန်း နာဂဒီပစေတီ

ယခုနာဂဒီပဟုတွင်သောကျွန်းကို ကိုလံဘိုမှ မိုင် ၂၀ဝ-ကျော်ဝေးသော ဂျပ္ဖနား (ယာပန) မြို့သို့ မီးရထားဖြင့်သော်လည်းကောင်း၊ ကားဖြင့်သော် လည်းကောင်း၊ ၎င်းမှ ကာရေတိဝုကျွန်းသို့ ကားဖြင့်သွားနိုင်၏၊ တဖန်၎င်းမှ ကုတို့ဖြင့်ဖြတ်ကူးလျှင် တိုက်ကျွန်းသို့ရောက်သည်၊

၎င်းမှတဖန် ဖောင်တော်စီးသွားလျှင် နာဂဒီပကျွန်းသို့ရောက်၏၊ ယင်း နာဂဒီပကျွန်း၌ လူဦးရေ ၅၀ဝဝ-ပတ်ဝန်းကျင်ရှိ၏၊ ဟိန္ဒူလူမျိုးတို့ များကုန်၏၊ ယင်းနာဂဒီပ၌ ဟိန္ဒူနတ်ကွန်း, ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း, နာဂဒီပစေတီ စသည်တို့သည် ရှိကုန်၏၊ ယခုစေတီကား နောက်တည်စေတီသစ်ဖြစ်၏။

မဟာကရုဏိကော သတ္ထာ, သဗ္ဗာလောကဟိတေသကော၊
ဗောဓိတော ပစ္စမေဝဿေ, ဝသံ ဇေတဝနေ ဇိနော။

မဟောဒရဿ နာဂဿ, တထာ စူဠောဒရဿစ၊
မာတုလဘာဂိနေယျာနံ, မဏိပလ္လင်္က ဟေတုကံ။

ဒိသွာ သပါရိသဇ္ဇာနံ, သင်္ဂါမံ ပစ္စုပဋ္ဌိတံ၊
သမ္ဗုဒ္ဓေါ စိတ္တမာသဿ, ကာဠပက္ခေ ဥပေါသထေ။

ပါတောယေဝ သမာဒါယ, ပဝရံ ပတ္တစီဝရံ၊
အနုကမ္ပာယ နာဂါနံ, နာဂဒီပမုပါဂမိ။

ဟူသည်နှင့်အညီ ဘုရားရှင်သည် ၅-ဝါမြောက် တန်ခူးလကွယ်နေ့တွင် နာဂဒိပ၌ ပတ္တမြားပလ္လင် အကြောင်းပြု၍ စစ်တိုက်ကြမည့် ဦးရီးနှင့်တူများ ဖြစ်ကြသော မဟောဒရနဂါးမင်းနှင့် စူဠောဒရနဂါး မင်း အခြံအရံပရိသတ်တို့အား စစ်မတိုက်ရေး တရားဟောရန် ကြွတော်မူသည်၊

တရားဟောအပြီး ပတ္တမြားပလ္လင်ကို ဘုရားရှင်အား လှူကြကုန်၏၊ ဘုရားရှင်သည် ပတ္တမြားပလ္လင်ထက် သီတင်းသုံးတော်မူပြီး ပရိဘောဂစေတီ တည်ထားကိုးကွယ်ရန် ပေးအပ်ပြီး သာဝတ္ထိပြည် ဇေတဝန်ကျောင်းတိုက်သို့ ပြန်ကြွတော်မူသည်၊ နဂါးတို့သည် ပတ္တမြားပလ္လင်ကို ဌာပနာ၍ စေတီတည်ထား ကိုးကွယ်ကြကုန်၏၊ ယင်း နာဂဒီပကျွန်းရှိစေတီကို သီဟိုဠ်တို့က-

ဘဂိနိသုတမာတုလေဟိ ဒိန္နေ, မဏိပလ္လင်္ကဝရေ ယတိံ နိသိန္နော၊
မုနိ ဓမ္မမဒေသယိ မုနိနံ, သိရသာ တံ ပဏမာ မိ နာဂဒီပံ။

ဟူသောဂါထာဖြင့် ရှိခိုးဖူးမြော်ကြကုန်၏။

သေရုဝါဝီလမင်္ဂလာမဟာစေတီ

ယင်း စေတီတော်သည် လုံးပတ်ပေ ၂၀ဝ, အမြင့်ပေ ၁၀ဝ-ခန့်ရှိ၏၊ သာသနာ သက္ကရာဇ် ၃၇၅-ခုနှစ် ခန့်တွင် ဒုဋ္ဌဂါမဏိနှင့် သဒ္ဓါတိဿတို့၏ ဖခင် ကာကဝဏ္ဏတိဿမင်း သည် ဘုရားရှင်၏ နဖူးသင်းကျစ်တော်ဓာတ် ကို ဌာပနာ၍ တည်ထားခဲ့လေသည်၊ ယင်းစေတီသည် ပုလတ္ထိမြို့မှ ၇၂-မိုင်, တရိန်ကော်မာလီမှ ၂၈-မိုင်အကွာတွင် တည်ရှိသည်၊ သီဟိုဠ်တို့သည် ယင်းမင်္ဂလာ မဟာစေတီကို-

သေရုနာမဝါပိယော သမီပဘူမိယံ,
ကာကဝဏ္ဏတိဿဘူဘုဇေန ကာရိတံ
သတ္ထုနော လလာဋဓာတုသန္နိဓာပိတံ,
တံ နမာမိ မင်္ဂလာဝှသုစေတိယံ

ဟူသောဂါထာဖြင့် ရှိခိုးဖူးမြော်ကြကုန်၏။

သောမာဝတီစေတီ

ယင်းစေတီသည် လုံးပတ် ၂၂၅-ပေ, အမြင့်ပေ ၁၅၀-ရှိ၏၊ သာသနာသက္ကရာဇ် ၃၃၉-ခုနှစ်တွင် သီဟိုဠ်ကျွန်း နိုင်ငံငယ်စိတ်၏ ပဒေသရာဇ်ဘုရင် ဖြစ်သော ဂိရိအဗာ (သေလာဘယ) မင်း သည် မဟိန္ဒထေရ်ထံမှ ရရှိသော ဘုရားရှင်၏ လက်ယာ စွယ်တော် ကို ဌာပနာ၍ မိမိ၏မိဖုရား “သောမာဝတီ” ၏ အမည်ကိုယူ၍ သောမာဝတီစေတီဟု မှည့်ခေါ်သည်၊ ယင်းစေတီသည် ပုလတ္ထီမြို့မြောက် ၁၄- မိုင်ခန့်အကွာတွင် တည်ရှိသည်၊ ယင်းစေတီကို သီဟိုဠ်တို့က-

သေလာဘယဝှယေန ပဒေသရညာ
သဗ္ဗညုနော ဒက္ခိဏဒါဌာဓာတုံ
အန္တော ဌပေတွာ ကတဗုဗ္ဗုဠံဝ
သောမာဝတီစေတိယမဟံ ဝန္ဒာမိ

ဟူသောဂါထာဖြင့် ရှိခိုးဖူးမြော် ကြကုန်၏။

မုတိယင်္ဂဏစေတီ

မုတိယင်္ဂဏစေတီသည် ကိုလံဘိုမြို့မှ ၁၃၆-မိုင်ကွာလှမ်းသည့် ဘဒ္ဒုလမြို့ ၌ တည်ရှိသည်၊ ဘုရားရှင် ၈-ဝါမြောက် တတိယအခေါက် ကြွတော်မူစဉ် ယင်း မုတိယင်္ဂဏစေတီတော် တည်မည့်နေရာ၌ နိရောဓသမာပတ် ဝင်စားတော်မူသည်၊ B.E ၂၃၆-ဒေဝါနံပိယတိဿမင်းသည် ဘုရားရှင် သမာပတ်ဝင်စားတော်မူရာ မြေမြတ်၌ စေတီတည်တော်မူခဲ့လေသည်၊ ယင်းစေတီသည် မုတိယင်္ဂဏစေတီဟု ယခုတိုင်ထင်ရှားသည်၊ ဇေဋ္ဌတိဿစသော မင်းများ ပြင်ဆင်မွမ်းမံတည်ဆောက် ခဲ့ကြသည် ၊ စေတီတော်အနီး ကြီးမားသော ဗောဓိပင်ပွား တပင်လည်း တည်ရှိ၏။

ယင်း စေတီကို သီဟိုဠ်တို့က-

သတ္ထုနာမိဝုသိတမှိသမာဓိနာ, မာတုယုတ္တမိဟ ဗောဓိဝိရာဇိတံ
ဇေဋ္ဌတိဿ နရဝါရအကာရိယံ, တံ နမာမိ မုတိယင်္ဂဏစေတိယံ

ဟူသောဂါထာဖြင့် ရှိခိုးကြကုန်၏။

မတိယင်္ဂဏစေတီ

မတိယင်္ဂဏစေတီသည် ကန္ဒီမြို့မှ ၄၄-မိုင်အကွာတွင် တည်ရှိ၏၊ ထပ်မံပြင်ဆင် တည်ဆောက်ထားရာ ကြည်ညိုစဖွယ် ဖူးမြင်နိုင်လေသည်။

ဗောဓိတော နဝမေ မာသေ, ဖုဿ ပုဏ္ဏမိယာ ဇိနော
လံကာဒီပံ ဝိသောဓေတုံ, လံကာဒီပ မုပါဂမိ

ဟူသည်နှင့်အညီ ဘုရားရှင် ကိုးဝါမြောက်ကြွတော်မူစဉ် ဘီလူးတို့အား ဆုံးမတော် မူပြီး သောတာပန် သုမနနတ်မင်း လျှောက်ထား တောင်းပန်သဖြင့် ဆံတော်တဆုပ် ချီးမြှင့်တော်မူခဲ့လေသည်၊ ယင်း ဆံတော်များ ဌာပနာ၍ စေတီတည်ထားခဲ့ကြ ကုန်၏၊ ဘုရားရှင် ပရိနိဗ္ဗာန်စံ၍ အလောင်းတော်ကို မီးသင်္ဂြိုဟ်စဉ် သရဘူမထေရ် သည် လည်ရိုးဓာတ်တော် ကို တန်ခိုးဖြင့်ပင့်ယူ၍ ဤမတိယင်္ဂဏစေတီ၌ ဌာပနာ တော်မူခဲ့သည်၊ ၎င်းစေတီကို ဥဒ္ဓစူဠဘယ, ဒုဋ္ဌဂါမဏိ အစရှိသောမင်းများ, ဒါယကာများ အခါအားလျော်စွာ ပြုပြင်ခဲ့ကြကုန်၏၊ ယင်းစေတီကို သီဟိုဠ်တို့က-

လံကာယ ယတ္ထ ပဌမံ ဘဂဝါ နိသဇ္ဇ
ယက္ခေ ဒမေသိ ကတမိဒ္ဓိဗလေန တသ္မိံ
ဂီဝါယ ဓာတုနိဟိတံ စတုဝါရဗဒ္ဓံ
ဝန္ဒာမိ သာဓု မတိယင်္ဂဏထူပရာဇံ

ဟူသောဂါထာဖြင့် ရှိခိုးဖူးမြော်ကြကုန်၏။

ဒီဃဝါပိစေတီ

သီဟိုဠ်ကျွန်း ပေါတုဝိလမြို့မှ ၄၈-မိုင်အကွာတွင် ဒီဃဝါပိစေတီတော်ကြီး တည်ရှိသည်၊ သာသနာသက္ကရာဇ် ၄၀၇-၄၂၅-တွင် မင်းပြုသော သဒ္ဓါတိဿမင်း သည် ဘုရားရှင် ရဟန်း ၅၀ဝ-နှင့်တကွ သမာပတ် ဝင်စားတော်မူရာ မြေမြတ်၌ တည်ထားကိုးကွယ်ခဲ့သည်၊ ယင်းစေတီတော်ကို သီဟိုဠ်တို့က-

နိသဇ္ဇ ယသ္မိံ ဘဂဝါ သသာဝကော
ခဏံ သမာပတ္တိသုခံ သမပ္ပယိ
တဟိံ မုနိဓာတုနိဓာယကာရိသံ
နမာမဟံ စေတိယဒီဃဝါပိတံ

ဟူသောဂါထာဖြင့် ရှိခိုးဖူးမြော်ကြကုန်၏၊

စေတီတော်များ ကြည်ညိုအာရုံပြု

ဆရာတော်သည် -
ဖော်ပြပါနာဂဒီပစေတီ,
သေရုဝါဝိလမင်္ဂလာစေတီ,
သောမာဝတီစေတီ,
မုတိယင်္ဂဏစေတီ,
မတိယင်္ဂဏစေတီ တို့ကိုလည်း မှန်းဆရည်မြော် ပူဇော်တော်မူခဲ့လေသည်။

နာဂဒီပါဒိကေနေကေ, စေတိယေ ထေရသေခရော
ဒူရတော နမဿိတွာ, ပုညံ, အနပ္ပကံ အကာ

ထိုထိုဒေသတို့၌ တရားဟောခြင်း

ဆရာတော်သည် ၁၃၂၀-ခုနှစ် တပို့တွဲလဆန်း ၁၁-ရက်နေ့ ၇-နာရီခန့်တွင် စိတ္တလ, ကတ္တရဂါမ, တိဿမဟာရာမတို့မှ ပြန်ကြွတော်မူ၍ ဂေါလ်မြို့အနီး ဒိသာနာယက ဒါယကာကြီး ဆောက်လုပ်လှူဒါန်းသည့် တောကျောင်း၌ တည ကျိန်းတော်မူခဲ့သည်၊ နောက်တနေ့ ၈-နာရီခန့်တွင် ရောက်တော်မူခဲ့လေသည်၊ နေ့ ၂-နာရီခွဲတွင် မြို့တော်ခန်းမ၌ ဩဝါဒကထာများ ဟောကြားတော်မူခဲ့လေသည်၊

၃-နာရီခွဲတွင် ထိုမြို့မှထွက်ခဲ့၍ ၄-နာရီကျော် အချိန်တွင် ကိုလံဘိုမက်ကာသီ ကမ္မဋ္ဌာန်းဌာနသို့ ပြန်လည် ရောက်ရှိတော်မူခဲ့လေသည်၊ မဟာစည်ဆရာတော် ဘုရားသည် နေ့စဉ် မက်ကာသီဌာနနှင့် ထိုထိုဒေသများစွာတို့ကို ကြွရောက်၍ တရားဓမ္မဖြင့် သီဟိုဠ်ကျွန်းသူ ကျွန်းသားတို့အား များစွာ ချီးမြှောက်တော်မူခဲ့ လေသည်။

လင်္ကာဒီပေ အနေကေသု, ဌာနေသု ယတိ ကုဉ္ဇရော
ဓမ္မာမတေန တောသေတိ, ဓမ္မကာမေ အနေကဓာ

ဗဠန်ဂေါဓမြို့ကြွ တရားဟောခြင်း

ဗဠန်ဂေါဓမြို့သည် ကိုလံဘိုမြို့ အရှေ့တောင်ဘက် ၈၄-မိုင်ခန့် ကွာလှမ်းသည့် အရပ်၌ တည်ရှိသည့် တောင်ပေါ်မြို့ကလေးဖြစ်လေသည်၊ ဆဋ္ဌသင်္ဂါယနာဖွင့်ပွဲတွင် မြန်မာနိုင်ငံသာသနာကို ချီးကျူးမြွက်ကြားတော် မူခဲ့သည့် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့ တံဆိပ်တော်ရ ဆရာတော် အရှင်အာနန္ဒာမေတ္တေယျ၏ ဇာတိမြို့ သီတင်းသုံးရာ မြို့ဖြစ်သည်၊ ဆရာတော်ကြီးသည် မဟာစည် ဆရာတော်ဘုရား၏ ဥပနိဿယ အတိုင်း ကိုယ်တိုင် တရားအားထုတ်၍ မိမိသီတင်းသုံးရာ ကျောင်းတိုက်မှာပင် ကမ္မဋ္ဌာန်းဌာနတခု တည်ထောင်ထားခဲ့လေသည်၊

မဟာစည်ဆရာတော်ဘုရားသည် တပို့တွဲလပြည့်ကျော် ၃- ရက်နေ့တွင် ဖော်ပြပါ ဗဠန်ဂေါဓမြို့သို့ ကြွတော်မူ၍ ဆရာတော် အရှင်အာနန္ဒာမေတ္တေယျကျောင်း၌ မဂ္ဂင်ရှစ်ပါး တရားတော် ကို ဟောကြားတော်မူခဲ့လေသည်၊ ည ၉-နာရာခွဲတွင် ပြန်ထွက်ခဲ့ရာ ည ၁-နာရီခွဲတွင် ကိုလံဘို မက်ကာသီကမ္မဋ္ဌာန်းဌာနသို့ ပြန်ရောက် တော်မူခဲ့လေသည်၊ အလွန်လျှင် အပင်ပန်းခံ၍ သာသနာပြုတော်မူခဲ့လေသည်၊ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ပါတကား။

ဗဠန်ဂေါဓသုပူရေပိ, ဓမ္မကာမေ အနေကဓာ
ဓမ္မာမတေန တောသေတိ, ဓမ္မဋ္ဌော ပဏ္ဍိတော ဝိဒွါ

ဂျာမန်ဓမ္မဒုတဌာန၌ တရားဟောခြင်း

ဆရာတော်သည် ကိုလံဘို၌ရှိစဉ်အတောအတွင်း တနေ့တွင် ပင့်လျှောက်ချက်အရ ကိုလံဘိုမြို့ရှိ ဂျာမန်ဓမ္မဒူတဌာန၌လည်း တရားဓမ္မ ဟောပြတော်မူခဲ့လေသည်၊ တရားနာသူ ဒကာ, ဒကာမအပေါင်းတို့သည် ဆရာတော် ဟောကြားသည့် တရားတော်ကို ဝမ်းမြောက်နှစ်သက် လက်ခံကြကုန်၏။

ဂျာမန်ဓမ္မဒတဌာန-ဝရေသု ထေရသေခရော
ဗဟဝေါ ဓမ္မမေဃေန, ဝဿာပေသိ သုဓီတိမာ

မက်ကာသီဌာန၌ မပြန်မီအတွင်း နေ့စဉ်တရားဟောခြင်း

မက်ကာသီကမ္မဋ္ဌာန်းဌာန၌မူ မပြန်ခင်အတောအတွင်း နေ့စဉ် တရားဟောတော် မူခဲ့လေသည်၊ တပို့တွဲ လပြည့်ကျော် ၁၁-ရက်နေ့တွင်ကား နောက်ဆုံးနေ့အနေဖြင့် လံကာဝိပဿနာ ဘာဝနာ အသင်းသူ အသင်းသားတို့အား ပဋိပတ်သာသနာပြု လုပ်ငန်း နှင့်စပ်သော ဩဝါဒကထာ ဒေသနာကို ဟောကြားတော်မူခဲ့လေသည်။

စရိမေ မဏ္ဍလိကာနံ, မဏ္ဍလဝစနသာသုခီ
အတ္ထာယ သုခါယ ဉာဏီ, ကတယီ မဟာစည် ဝိဒူ

မြန်မာပြည်ပြန်ကြွတော်မူခြင်း သီဟိုဠ်ကျွန်းသို့ မေတ္တာပို့ ဆုတောင်းခြင်း

နောက်တနေ့ သက္ကရာဇ် ၁၃၂၀-ခုနှစ် တပို့တွဲလပြည့်ကျော် ၁၂-ရက်နေ့ ၂-နာရီ အချိန်တွင် မြန်မာနိုင်ငံသို့ ပြန်လိုက်ကြမည့် တပည့်များနှင့်အတူ ဆရာတော်သည် သီဟိုဠ်ကျွန်းမှ ထွက်ခွာတော် မူခဲ့လေသည်၊ မဟာစည်ဆရာတော်နှင့်အတူ ကြွလာသော တပည့်များထဲမှ ဆရာတော်အရှင်သုဇာတ, အရှင်အာလောက, အရှင်ပဏ္ဍိတ ဟူသော ကမ္မဋ္ဌာနာစရိယ ဆရာတော် ၃-ပါးတို့သည် သီဟိုဠ်ကျွန်းမှ ဆက်လက်၍ ဝိပဿနာသာသနာပြုရန် ဆရာတော် ၏အစီအစဉ်အရ နေရစ်သီတင်း သုံးတော်မူကြသည်၊

ဆရာတော် သင်္ဘောဆိပ် ဆင်းတော်မူသောအခါ ယင်းဆရာတော် ၃-ပါးနှင့် လံကာဝိပဿနာ အသင်းသူ အသင်းသားများစွာတို့ လိုက်ပါပို့ဆောင်ကြသည်၊ လိုက်ပါပို့ဆောင်သူတို့၏ ကန်တော့နှုတ်ဆက်မှုကို ခံယူတော်မူပြီး ဘီဘီလိုင်း သင်္ဘောကြီး ရှိရာသို့ သင်္ဘောငယ်တစီးဖြင့် ကြွတော်မူသည်၊ ဘီဘီလိုင်း သင်္ဘောကြီးပေါ်သို့ ရောက်ပြီးနောက် ညနေ ၆-နာရီအချိန်တွင် သင်္ဘောကြီး ထွက်လေသည်၊

သင်္ဘောစတင်ထွက်ချိန်သည် မှောင်စပျိုးသောအချိန်ဖြစ်၍ ကိုလံဘိုမြို့ပေါ်မှ မီးများကိုမြင်ရသည်၊ ကိုလံဘိုမြို့သည် သီဟိုဠ်ကျွန်း၏ အနောက်ဘက်ကမ်း၌ တည်ရှိသောမြို့ဖြစ်သည်။ သို့ဖြစ်၍ မြန်မာပြည်ဘက်သို့လာသော သင်္ဘောသည် ကိုလံဘိုမှ အနောက်ဘက်ကမ်းတလျှောက် ခုတ်မောင်း၍ ဂေါလ်မြို့နှင့် တူရူ အရပ်သို့ရောက်သောအခါ အရှေ့ဘက်သို့ ဦးတည်လှည့်ကာ မာတရမြို့နှင့်တူရူ ရောက်သောအခါ အရှေ့မြောက်ဆီသို့ ဦးတည်ခုတ်မောင်းလေသည်၊

တညလုံး ကျွန်းကိုပတ်၍ ခုတ်မောင်းနေရသဖြင့် နောက်တနေ့ နံနက် ၈-နာရီ လောက်တိုင်အောင် ကမ်းကိုမြင်နေရသေးသည်၊ ၉-နာရီလောက်ကျမှ လှပတင့်ဆန်း ကမ်းနှင့် သာယာလှသော ဝေးမြင့်သည်းခေါင်သည့် တောင်များ ကွယ်ရစ်လေ တော့သည်။ မဟာစည်ဆရာတော်သည် သင်္ဘောထွက်ပြီးနောက် ကမ်းပေါ်တွင် မှိတ်တုတ် မှိတ်တုတ်မြင်နေရသည့် မီးများကို ကြည့်ရှုတော်မူကာ “လံကာဒီပိကာ အဝေရာ ဟောန္တု-သီဟိုဠ်ကျွန်းသူကျွန်းသားတို့ ရန်ကင်းကြပါစေ” စသည်ဖြင့် မေတ္တာပို့တော်မူခဲ့လေသည်၊

အထူးသဖြင့် မိမိသီဟိုဠ်ကျွန်း၌ သီတင်းသုံးနေစဉ် အစစအရာရာ လိုလေသေး မရှိအောင် ပြုစု လှူဒါန်းကြသော နိစံကာ ဥပါသိကာမကြီးနှင့်တကွ လံကာဝိပဿနာ အသင်းသူ အသင်းသားတို့အား “သဟနိစံကာဥပါသိကာယ လံကာဝိပဿနာ-မဏ္ဍလိကာ အဝေရာ ဟောန္တု - နိစံကာဥပါသိကာမကြီးနှင့်တကွ လံကာဝိပဿနာ အသင်းသူ အသင်းသားတွေ ဘေးရန်အေးကြပါစေ” စသည်ဖြင့် မေတ္တာပို့ ဆုတောင်းတော် မူခဲ့လေသည်၊

၎င်းပြင် ဝိပဿနာသာသနာပြုရန် ထားခဲ့သည့် ဆရာတော်များ အောင်မြင်မှု ရစေရန်လည်း အထူးအာရုံ ပြုတော်မူခဲ့လေသည်၊ ဆရာတော်သည် သီဟိုဠ်ကျွန်း၏ ဒုတိယအရှင်မဟိန္ဒထေရ် ဟုခေါ်ထိုက်သည့် မထေရ်မြတ် ဖြစ်တော်မူသည်။

မဟာစည်ထေရသေဋ္ဌောတိ, ဒုတိယော မဟိန္ဒော ယထာ
လင်္ကာယံ ဗုဒ္ဓသာသန-ဇောတကော ထေရကုဉ္ဇရော

သင်္ဘောပေါ် ပါရိသုဒ္ဓိဥပုသ်ပြုခြင်း

ကိုလံဘိုမြို့တော်နှင့် ရန်ကုန်မြို့တော်သည် မိုင်ပေါင်း ၁၂၃၄-မိုင် ကွာလှမ်းသည်၊ ဘီဘီလိုင်းသင်္ဘောကြီး ၄-ည, ၅-ရက်ခုတ်မောင်းရသည်၊ ကိုလံဘိုမှထွက်ခဲ့၍ ၂-ရက်မြောက်နေ့ကား တပို့တွဲလကွယ်နေ့ ဖြစ်သည်၊ ထိုနေ့တွင် ရဟန်းတော်များ ဥပုသ်ပြုရမည့်နေ့ဖြစ်ရာ မဟာစည်ဆရာတော်သည် အတူပါလာသော ပဲခူး သာသနာ့ရိပ်သာ ဆရာတော် အရှင်ပညဝါနှင့် သင်္ဘောကြီး ဦးဘက်တွင် ညနေ ၆-နာရီ အချိန်၌ ရေသိမ် ကို ရည်ရွယ်ပြီး အချင်းချင်း ပါရိသုဒ္ဓိပြောကာ ပါရိသုဒ္ဓိဥပုသ်ပြုတော်မူ ခဲ့လေသည်။

ဘီဘီလိုင်း မဟာနာဝါယ, ဝိဒွါပဏ္ဍိတကုဉ္ဇရော
မဟာစည်သံဃပါမောက္ခော, ဥပေါသထံ ကရီ ဟိ ခေါ

ရန်ကုန်မြို့သို့ ရောက်ရှိခြင်း

ထို့နေ့မှနောက် ၂-ရက်မြောက်ဖြစ်သော ၁၃၂၀-ခုနှစ် တပေါင်းလဆန်း ၂-ရက်နေ့ တွင် မဟာစည် ဆရာတော်သည် နောက်ပါ ရဟန်း, ရှင်, လူ ပရိသတ်နှင့် အတူတကွ ဘေးမခရန်မသန်း အေးချမ်းစွာ မြန်မာနိုင်ငံ မြို့တော် ရန်ကုန်သို့ ဆိုက် ရောက်တော်မူခဲ့လေသည်။

နိဗ္ဗေရေန နိဗ္ဘယေန, မဟာစည် နိဗ္ဘယော ဝိဒွါ
နိဗ္ဗေရပုရံ သမ္ပတ္တော, မုနိသောဋ္ဌော သုဓိတိမာ

အောင်မြင်သည့် သာသနာပြုခရီး

လာရောက်ကြိုဆိုနေသော ကားများဖြင့် သာသနာ့ရိပ်သာ စံကျောင်းတော်သို့ ရောက်သောအခါ ဆရာတော်သည် လာရောက် ဆီးကြိုနှုတ်ဆက်သည့် တပည့် ရဟန်း, ရှင်, လူများနှင့် စကားမပြောသေးပဲ ဘုရားဆင်းတုတော် ရှိရာသို့ ကြွတော်မူ၍ ရတနာသုံးပါး၏ ဂုဏ်တော်ကို အာရုံပြုကာ ဦးသုံးကြိမ်ချ၍ ဝတ်ပြုတော်မူသည်၊ ထို့နောက်မှ ရောက်လာသည့် ပရိသတ်အား စကားအနည်းငယ် ပြောတော် မူသည်၊

ထိုနေ့ညတွင် သီဟိုဠ်ကျွန်းကို အာရုံပြု၍ အထူးမေတ္တာ ပို့တော်မူခဲ့လေသည်၊ ဆရာတော်သည် ဘုရားမြတ်စွာ၏ ဆန္ဒတော်အတိုင်း ခရီးကြွ၍ သာသနာပြု တော်မူခဲ့လေသည်၊ ဆရာတော်၏ခရီးကား အောင်မြင်သည့် သာသနာပြုခရီး ဖြစ်လေသည်။

ဩဇဒီပံ မနံ ကတွာ, ဘာဝယိ မေတ္တာဘာဝနံ
မေတ္တာယတိဇယေ ဟောတိသမ္မာသမ္ဗုဒ္ဓသာသနေ

အင်ဒိုနီးရှားနိုင်ငံ

အင်ဒိုနီးရှား (Indonesia) နိုင်ငံသည် အာရှတိုက် အရှေ့တောင်ဘက်စွန်းတွင် တည်ရှိလေသည်၊ ကျွန်း၏ ကျွန်းငယ်ပေါင်း ၃၀ဝဝ-ကျော်တို့ စုဝေးပါရှိသော နိုင်ငံဖြစ်လေသည်၊ ဘောနီယို, စုမတြာ ဂျာဝါး, မဒူရာ, ဆီလီဘီးစ်, ဘာလီ, အနောက်အီရီယန်ခေါ် နယူးဂိနီကျွန်း အနောက်ပိုင်းနှင့် မိုလူးကပ်စ်ကျွန်းများသည် အဓိကကျွန်းကြီးများဖြစ်လေသည်၊

အင်ဒိုနီးရှားနိုင်ငံ၏ မြောက်ဘက်တွင် မလေးရှား ပြည်ထောင်စုနှင့် တောင်ပိုင်း ဗီယက်နမ်နှင့် ဖိလစ်ပိုင်ကျွန်းစုတို့တည်ရှိ၍ အရှေ့ဘက်တွင် ပစိဖိတ်သမုဒ္ဒရာ, ပစိဖိတ်ကျွန်းစုများ, တောင်ဘက်တွင် ဩစတြေးလျားတိုက် တည်ရှိ၍ အနောက် ဘက်တွင် အိန္ဒိယသမုဒ္ဒရာကြီး တည်ရှိခဲ့လေသည်၊ မြေဩဇာကောင်းသဖြင့် ကောက်ပဲသီးနှံ အစားအစာနှင့် ပြည့်စုံလျောက်ပတ် တင့်တယ်သည့် နိုင်ငံ ဖြစ်လေသည်။

အင်ဒိုနီးရှားသုပုရံဟိ, ရမဏီယံ မနောရမ္မံ
ပုဗ္ဗဏ္ဏအပရဏ္ဏေဟိ, သမ္ပဏ္ဏံ ဇနမာနိတံ

ရှေးယခင်က ဗုဒ္ဓသာသနာ ထွန်းကားရာနိုင်ငံကြီး

ယခုအခါ လူဦးရေသန်း ၁၀ဝ-ခန့် ရှိသည်ဟုသိရ ၏၊ မူဆလင် (၈၅%) ရှိ၍ ခရစ်ယန်, ဟိန္ဒူနှင့် မဟာယာန ဗုဒ္ဓဘာသာ (၁၅%) ရှိကြောင်း သိရလေသည်၊ ယခင်က ဗုဒ္ဓသာသနာထွန်းကားရာ နိုင်ငံတော်ကြီး ဖြစ်ခဲ့လေသည်၊ ယင်း အင်ဒိုနီးရှားနိုင်ငံ၏ ကျွန်းကြီးတကျွန်းဖြစ်သော ဂျာဝါးကျွန်းတွင် ဗောရောဗုဒူး ခေါ် ကမ္ဘာကျော်စေတီကြီး တဆူရှိသည်၊ အမြင့်ဉာဏ်တော် ၁၃၈-ပေရှိ၍ ဖိနပ်တော် အကျယ်မှာ အလျားအနံ ၃၉၄-ပေစီ ရှိလေသည်၊

ဖိနပ်တော်မှာ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဖိနပ်တော်လောက်ပင်ရှိ၍ ဉာဏ်တော် မှာမူ ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ သပိတ်မှောက်ရင်းစီးခန့် ရှိလေသည်၊ ဖိနပ်တော်မှာ ၄-ထောင့်ဖြစ်၍ ထိုမှအထက်ပစ္စယံ ၄-ဆင့် တက်ထား၍ တဖန်ပစ္စယံ ၃-ဆင့်တခါ တက်ထားပြန်လေသည်၊ တတိယပိုင်း ပစ္စယံ အလယ်တွင် ခေါင်းလောင်းပုံ စေတီတော်တည်ရှိလေသည်၊

ပစ္စယံခုနစ်ဆင့်တွင် စေတီတော်ငယ်ပေါင် ၅၀၄-ဆူရှိလေသည်၊ ထိုစေတီတော်ငယ် တဆူတဆူအတွင်း၌ တကိုယ်လောက်နီးပါးရှိသော ကျောက်ဆင်းတု တဆူစီ တည်ရှိလေသည်၊ ပစ္စယံများမှစ၍ အားလုံးကျောက်ဖြင့် တည်ဆောက်ထား လေသည်၊

အောက်ပစ္စယံ ၄-ဆင့်၏အတွင်းအပြင် နံရံများ၌ ငါးရာ့ငါးဆယ် ဇာတ်ဝတ္ထု ရုပ်လုံးများ, နောက်ဆုံးဘဝမှ ဘုရားအလောင်း အကြောင်းအရာ ရုပ်ပုံများ, ဘုရားဖြစ်ပြီးနောက ်ရုပ်ပုံများကို ရုပ်လုံးများအဖြစ် ထွင်းထုထားသည်၊ ဤ စေတီတော်ကြီးကို ကြည့်လျှင်ပင် အင်ဒိုနီးရှားနိုင်ငံ၌ ရှေးယခင်က ဘုရားသဗ္ဗညု သာသနာ မည်မျှထွန်းကားခဲ့ကြောင်း ခန့်မှန်းနိုင်လေသည်၊ မဟာစည်ဆရာတော် ဘုရားကြီးကလည်း မိမိ၏အင်ဒိုနီးရှား သာသနာပြုမှတ်တမ်းတွင် အောက်ပါအတိုင်း ဖော်ပြတော်မူခဲ့လေသည်။

“၎င်းစေတီတော်ကြီးကို ခရစ်နှစ် ၈-ရာစုနှစ်က တည်ထားခဲ့သည် ဟူ၍ လည်းကောင်း၊ ၇၇၅-ခုနှစ်မှာ ပြီးစီးသည်ဟူ၍ လည်းကောင်း၊ မင်းဗောရောဗုဒူး အတ္ထုပ္ပတ္တိမှတ်တမ်းစာများ၌ ပြဆိုထားသည်၊ ဤမျှများပြားသော ကျောက်တုံးများကို ပြုပြင်သယ်ဆောင်၍လည်းကောင်း၊ ဤမျှများပြားသော ဆင်းတုတော်များနှင့် ဇာတ်ကားရုပ်လုံးမျာ းကို ထုထွင်း၍ လည်းကောင်း ဤမျှကြီးကျယ် ခမ်းနားလှ စွာသော ဗုဒ္ဓစေတီတော်ကြီးကို တည်ဆောက်ခဲ့သူ ဒါယကာမည်သူဟူ၍ ယခုအခါ ထင်ရှား မသိရသော်လည်း ထိုရာစုနှစ်ခေတ်ကာလက ဘုန်းတန်ခိုးကြီးမားသော ပြည့်ရှင်မင်းပင်ဖြစ်မည်မှာ ယုံမှားဖွယ်မရှိပေ၊

မင်းပင်ဖြစ်သော်လည်း တိုင်းသူပြည်သားများက အားမပေးလျှင် ဤမျှကြီးကျယ် ခမ်းနားသော စေတီတော်ကြီးကို အပြီးတိုင် တည်ဆောက်နိုင်မည် မဟုတ်သော ကြောင့် ထိုစဉ်ကာလ ဂျာဝါးတကျွန်းလုံးမှာ ဗုဒ္ဓသာသနာဝင်တွေချည်း လိုလိုပင် ဖြစ်ခဲ့မည်မှာလည်း ယုံမှားဖွယ်မရှိပေ။

ဤဗောရောဗုဒူး စေတီတော်ကြီးကို ထောက်၍လည်းကောင်း၊ အခြား ဂျန္ဒီမင်ဒွတ် ဘုရား ကျောင်းတော်စသည်တို့ကို ထောက်၍ လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံ၌ ခရစ်နှစ် ၇-ရာစုလောက်မှ ၉-ရာစုတိုင်အောင် ဗုဒ္ဓသာသနာထွန်းကားခဲ့သည်ဟု မှတ်ယူနိုင်လေသည်။

သုဝဏ္ဏဘူမိ အပါအဝင်ဖြစ်သည်ဟုဆိုကြ

အိန္ဒိယနိုင်ငံ ရာဇဂြိုဟ်နှင့် ၈-မိုင်ခန့် ကွာလှမ်းသည့် နာလန္ဒတက္ကသိုလ်ဟောင်းကြီး မှ တူးဖော်ရရှိသော ကြေးပုရပိုက်၌ သုဝဏ္ဏဒီပခေါ် စုမတြာကျွန်းဘုရင် သီရိဗလပုတ္တ-ဒေဝကရာဇဂြိုဟ်ခရိုင် ဂယာစီရင်စုမှ ရွာငါးရွာကို မိမိပိုင် စုမတြာမှ ရွာငါးရွာနှင့် လဲလှယ်၍ နာလန္ဒတက္ကသိုလ်ကျောင်းတော်ကြီးအား လှူဒါန်းကြောင်းတွေ့ရှိရသည်၊

၎င်းသုဝဏ္ဏဒီပအမည်ကို အမှီပြု၍ သုဝဏ္ဏဘူမိသည် သုဝဏ္ဏဒီပခေါ် စုမတြာကျွန်း ဖြစ်သင့်သည်ဟု ပညာရှင်အချို့တို့ ယူဆကြသည်၊ အမှန်မှာ သုဝဏ္ဏဘူမိသည် သထုံအပါအဝင် မြန်မာပြည်အောက်ပိုင်းနှင့် ယိုးဒယား(ထိုင်း) ကမ္ဗောဒီးယား (ကမ်ပူးချား), လာအို, စုမတြာ စသည်တို့ကို မြေဩဇာကောင်းမွန်၍ ဆန်ရေစပါး ပေါများရကား ရွှေမြေ, ရွှေတိုင်းပြည်, ရွှေဖြင့်ပြီးသော မြေဟု တင်စား၍ ခေါ်ဝေါ် ကြခြင်း ဖြစ်လေသည်။

ဟေဋ္ဌိမမြန်မာဒေသေန, အယောဇ္ဈကမ္ဗောဇာဒယော
သမ္မတာ သောဏ္ဏဘူမီတိ, ဣတိ သံလက္ခယေ ဝိဒွါ

မူဆလင်နိုင်ငံဖြစ်ခြင်း

အင်ဒိုနီးရှားနိုင်ငံတွင် ဗောရောဗုဒူးစသော ဗုဒ္ဓသာသနာဝင်တို့ ကိုးကွယ်ရာစေတီများ သာမက, ဟိန္ဒူဆိုင်ရာ ရှေးဟောင်း အဆောက်အအုံများလည်း ရှိပေသည်။ အထူး အားဖြင့် ဗာလီကျွန်းတွင် ဟိန္ဒူဘာသာဝင်များ ရှိနေသေးသည်၊ ထို့ကြောင့် ဟိန္ဒူဘာသာလည်း အင်ဒိုနီးရှား၌ ထွန်းကားခဲ့ကြောင်း သိသာလေသည်။

ဟိန္ဒူဘာသာထွန်းကားသော ၁၃-ရာစုနှစ် အတွင်းမှာပင် အာရေဗျ, ပါရှား အိန္ဒိယ အနောက်ဘက် ကမ်းခြေတို့မှ မူဆလင်ကုန်သည်များ အင်ဒိုနီးရှားသို့ရောက်လာရာ အစုပြုကာ မူဆလင်တို့ တစတစကြီးထွား၍ မူဆလင်နိုင်ငံဖြစ်လာခဲ့လေသည်၊ သို့ရာတွင် မဟာယာန ဗုဒ္ဓသာသနာဝင်များ ၂၁-သန်း ခန့်ရှိကြောင်း ဆဋ္ဌသင်္ဂါယနာ ဖွင့်ပွဲသို့ အရှင်ဇိနရက္ဓိတ ၏ သန္ဒေသကထာဖြင့် သိနိုင်လေသည်။

လောကကြီးပြောင်းလဲပုံ သံဝေဂယူကြ

ဤသည်ကိုထောက်၍ အသင်မဟာစည် ထေရုပ္ပတ္တိစာတော်ဖတ်သည် ရေ, မြေ, တော, တောင် ဘုံနန်းဗိမာန်စသော ဩကာသလောကနှင့် သက်ရှိသတ္တဝါဟူသမျှ သတ္တလောက ဖြစ်မှု, ပျက်မှု, အိုမှု, နာမှု, သေမှု စသော အမျိုးမျိုး အဖုံဖုံတို့ဖြင့် စီမံပြုပြင်ပေးနေသော သဘောဟူသော သင်္ခါရလောက၏ အတည်မမြဲ ပြောင်းလဲ ပုံကို ဉာဏ်ဝယ်ပေါ်လွင် သံဝေဂထင်အောင် ရှုဆင်ခြင်ရာသတည်း။

ဧဝံ ဟိ အနိစ္စော လောကော, အဓုဝေါ အသယံ ဝသီ
ဤတီဟိ ပဿိတွာန, သံဝေဂ ဇနယေ သုဓီ

မဟာစည်ဆရာတော်ဘုရားကြီး၏တပည့် အင်ဒိုနီးရှား သာသနာပြု ဆရာတော် အရှင်ဇိနရက္ခိတ

မဟာစည်ဆရာတော် အင်ဒိုနီးရှားသာသနာပြုကြွခန်းကို မဖတ်ရှုမီ မဟာစည် ဆရာတော်ဘုရားကြီး အင်ဒိုနီးရှား သာသနာပြုကြွခြင်း၏ အကြောင်းပို၍ပေါ်လွင် ရှင်းလင်းလေအောင် မဟာစည် ဆရာတော်ဘုရားကြီး၏ တပည့် အင်ဒိုနီးရှား သာသနာပြု ဆရာတော် အရှင်ဇိနရက္ခိတ၏ အကြောင်းကို အောက်ပါအတိုင်း ကြည့်ရှု လေ့လာရာ၏။

မဟာစည်ဆရာတော်ထံ ဩဝါဒခံယူ တရားအားထုတ်ခြင်း

အင်ဒိုနီးရှားနိုင်ငံ ဂျာဝါးကျွန်းမှ မစ္စတာဘွန်အန် အမည်ရှိသော အသက် ၃၀-ရှိ ဘီ-အေ (ဝိဇ္ဇာဘွဲ့) ကျောင်းဆရာ တယောက်သည် ၁၃၁၅-ခုနှစ် နတ်တော်လဆန်း ၁၁-ရက်နေ့တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့ သာသနာ့ရိပ်သာသို့ ရောက်ကာ ဤကျေးဇူးရှင် အဂ္ဂမဟာပဏ္ဍိတ မဟာစည် ဆရာတော်ဘုရားကြီးထံတော်၌ ဩဝါဒခံယူ၍ ဝိပဿနာ ဘာဝနာတရားကို ကျင့်သုံးအားထုတ်လေသည်။

မစ္စတာဘွန်အန်သည် မဟာစည်ဆရာတော်နှင့် အဂ္ဂမဟာပဏ္ဍိတဆရာတော် အရှင်ဉာဏုတ္တရ၏ သွန်သင် ညွှန်ကြားသည့်အတိုင်း ရိုသေစွာလိုက်နာ၍ အားထုတ် လေရာ ဝိပဿနာ ဉာဏ်စဉ်တရားကို သူ့ကိုယ်တွေ့နှင့် တိုက်ဆိုင်၍ နားလည် သဘောပေါက် ဆုံးဖြတ်နိုင်သည့်အခြေသို့ ရောက်ခဲ့လေသည်၊

သို့ဖြစ်၍ မဟာစည် ဆရာတော်ဘုရားကြီးက ၁၃၁၅-ခုနှစ် တပေါင်းလဆန်း ၃-ရက် နေ့တွင် မစ္စတာဘွန်အန်အား ဝိပဿနာဉာဏ်စဉ်တရားကို အပြည့်အစုံရှင်းလင်း ဟောပြတော်မူလေသည်၊ ပဲခူးတိုင်းမင်းကြီး၏ အပါးတော်မြဲ အငြိမ်းစား ဒကာကြီး ဦးဖေသင် က အင်္ဂလိပ်ဘာသာပြန်လေသည်။

ရဟန်းဘဝဒုလ္လဘသို့ ရောက်ခြင်း

မစ္စတာဘွန်အန်သည် ဘုရားမြတ်စွာ သာသနာတော်ကို သံသရာဝဋ် ဘဝညွတ်မှ မုချဧကန် လွတ်မြောက်ရာ စစ်မှန်သည့် သာသနာဟု သဘောပေါက် ယုံကြည် သဖြင့် မဟာစည်ဆရာတော်ဘုရားကြီးထံ ရှင်, ရဟန်းအဖြစ် ရလိုကြောင်း လျှောက်ထား တောင်းပန်ခဲ့လေသည်၊

သို့နှင့် မစ္စတာဘွန်အန်သည် ရှေးဦးစွာ ရှင်သာမဏေ အဖြစ်ကိုရ၍ ၁၃၁၅-ခုနှစ် တပေါင်းလပြည့်ကျော် ၁၅-ရက် စနေနေ့တွင် ရန်ကုန်မြို့ သာသနာ့ရိပ်သာ သိမ်တော်၌ အဂ္ဂမဟာပဏ္ဍိတ ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီးကို ဥပဇ္ဈာယ်ပြု၍ ရဟန်းဘဝဒုလ္လဘသို့ ရောက်တော်မူခဲ့လေသည်။

အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ စစ်ကိုင်းတောင်ရိုး မဟာအောင်မြေ ဘုံစံချောင် ဆရာတော် အရှင်ဉာဏုတ္တရ,
အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီဟိုဠ်ကျွန်း ဗဠန်ဂေါဓမြို့မှ ဆရာတော် အရှင်အာနန္ဒာမေတ္တေယျ,
တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်ရ (နောက်တွင် အဂ္ဂမဟာပဏ္ဍိတ, အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ) ဆရာတော် အရှင်ဝိစိတ္တသာရာဘိဝံသ,
သာသနာရီပ်သာနည်းပြ ကမ္မဋ္ဌာနာစရိယ အရှင်ဝဏ္ဏိတ,
သာသနာ့ရိပ်သာနည်းပြ ကမ္မဋ္ဌာနာစရိယအရှင်သုဇာတ
စသူတို့က ကမ္မဝါရွတ်ဖတ် ချီးမြှောက်တော်မူကြသည်၊

မဟာစည်ဆရာတော်ဘုရားကြီးက အရှင်ဇိနရက္ခိတ ဟူသော ဘွဲ့မည်ကို မှည့်ခေါ် တော်မူခဲ့လေသည်။

ဥပဇ္ဈာယံ ကရိတွာန, မဟာစည်ထေရပုင်္ဂဝံ
ဇိနရက္ခိတော ဒုလ္လဘံ, ပါပုဏိ ဇိနသာသနေ

အရှင်ဇိနရက္ခိတသည် ရဟန်းဖြစ်ပြီးနောက် တနှစ်ကျော်ကျော် သီတင်းသုံး၍ သာသနဗဟုသုတ အဝ၀ ကို ဆည်းပူးပြီးနောက် မိမိ၏ ဇာတိဌာနသို့ ပြန်ကြွသွား တော်မူလေသည်။

မာလာယုနှင့် စင်္ကာပူနိုင်ငံတို့၌ သီတင်းသုံးခြင်း

ရဟန်းတော် အရှင်ဇိနရက္ခိတသည် အင်ဒိုနီးရှားနိုင်ငံသို့ ပြန်ကြွခဲ့သော်လည်း မူဆလင်နိုင်ငံဖြစ်သည့်ပြင် မဟာယာနအဆက်အနွယ် ဗုဒ္ဓဘာသာဝင်တို့မှာလည်း ထေရဝါဒ ဗုဒ္ဓသာသနာ့အကြောင်း လေးလေးနက်နက် မသိကြသည့်အလျောက် အားမပေးရုံမျှမက နေထိုင်ရန်ပင် မလွယ်ကူသောကြောင့် မာလာယုနှင့် စင်္ကာပူတို့ရှိ သီဟိုဠ်ဘုန်းကြီးကျောင်းများ၌ သီတင်းသုံးခဲ့လေသည်။

ထေရဝါဒ ဗုဒ္ဓသာသနာတော် အဆောက်အအုံ ကျောင်းပေါင်း ၂၀- ကျော် ပေါ်ပေါက်ပြီ

မာလာယု, စင်္ကာပူတို့မှ ရံခါအင်ဒိုနီးရှားသို့ကြွ၍ နီးစပ်ရာပုဂ္ဂိုလ်များအား ထေရဝါဒ ဗုဒ္ဓသာသနာ့အကြောင်းကို တစတစသိမ်းသွင်း ဟောပြောလေရာ ဗုဒ္ဓသာသနာ ကြည်ညိုသူများ ပေါ်လာကာ အားပေးကူညီထောက်ပံ့လှူဒါန်း ဆောက်လုပ်ကြသဖြင့် -၅-နှစ်အတွင်းတွင် အင်ဒိုနီးရှား၌ ဗုဒ္ဓဝိဟာရ ခေါ် ဗုဒ္ဓသာသနာ့ အဆောက်အအုံ ကျောင်းပေါင်း ၂-ကျောင်းမျှ ပေါ်ထွန်းခဲ့လေသည်၊ သရဏဂုံတည် ငါးပါးသီလခံယူ ကျင့်သုံးသူ ဥပါသကာ, ဥပါသိကာမပေါင်း ၆၀ဝ-ကျော်ရှိသောဟူ၏။

ရှင်ရဟန်းပြုလိုသူများ ပေါ်ထွက်ခြင်း

ယင်းပုဂ္ဂိုလ်များမှ အဋ္ဌင်္ဂဥပုသ်, ရှစ်ပါးသီလ အမြဲဆောက်တည်ကျင့်သုံးသည့် ပုဂ္ဂိုလ်များလည်းရှိသည်၊ သမထဝိပဿနာအလုပ်ကို အားပေးသူလည်း ရှိလေသည်၊ သရဏဂုံသီလမခံယူသော်လည်း ဗုဒ္ဓသာသနာတော်ကို ညွတ်ကိုင်းနေသူများလည်း တော်တော်များများ ရှိလေသည်၊ ဗုဒ္ဓသာသနာတော်ကို အားပေးထောက်ပံ့ကူညီရန် အသင်းအဖွဲ့များလည်း အဆင်သင့်ရှိသည့်ပြင် ဗုဒ္ဓသာသနာတော်၌ ရှင်ရဟန်း အဖြစ်ဖြင့် ဝင်ရောက်လျက် သာသနာ့ဝန်ကို ထမ်းဆောင်လိုသော ပုဂ္ဂိုလ်များလည်း ပေါ်ထွက်ခဲ့လေသည်။

သာသနာပြုလုပ်ငန်း အောင်မြင်ခြင်း

ဆရာတော် အရှင်ဇိနရက္ခိတ၏ သာသနာပြုလုပ်ငန်းသည် ကြိုးစားသည့်အလျောက် အောင်မြင်ခဲ့လေသည်၊ သဲကန္တာရထဲ ရေတခွက်လောက် သောက်ရခြင်းသည် အတိုင်းမသိ အကျိုးရှိသကဲ့သို့တည်း၊ လောက၌ ကြိုးစားလျှင် မဖြစ်သောကိစ္စဟူ၍ မရှိပါချေ၊ ထို့ကြောင့် မဖြစ်မနေ နေ့နေ့ညည ကြိုးပမ်းရာ၏။

လောကေ ဥဿာဟဝန္တာနံ, ဇနာနံ ကိမသာဓိယံ၊
တသ္မာ ဥဿာဟော ကာတဗ္ဗော, ဝိဍ္ဎုနာသာရဒဿိနာ။

၅- နိုင်ငံမှ သာသနာပြု မထေရ်များ ပင့်ရန်စီစဉ်ခြင်း

သို့ဖြစ်၍ ရဟန်းတော် အရှင်ဇိနရက္ခိတ အမှူးရှိသော အင်ဒိုနီးရှား ဗုဒ္ဓသာသနာ အသင်းအဖွဲ့များက သီဟိုဠ် (သီရိလင်္ကာ), မြန်မာ, ယိုးဒယား(ထိုင်း), လာအို (လော), ကမ္ဗောဒီးယား (ကမ်ပူးချား) ဟူသော ထေရဝါဒ သာသနာထွန်းကားသည့် နိုင်ငံများက စီစဉ်ခဲ့လေသည်၊ ထိုအဖွဲ့များကပင် အင်ဒိုနီးရှားနိုင်ငံသို့ သာသနာပြု မထေရ် တပါး လွှတ်ပါရန်မေတ္တာရပ်ခံစာကို အင်ဒိုနီးရှားရှိ မြန်မာသံရုံးမှတဆင့် နိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့သို့ ပို့လိုက်လေသည်၊

ဗုဒ္ဓသာသနာအဖွဲ့ကလည်း ထိုကိစ္စနှင့်စပ်၍ စဉ်းစားကြရာတွင် အင်ဒိုနီးရှားသို့ ကြွရန်မှာ အရှင်ဇိနရက္ခိတ ၏ ဥပဇ္ဈာယ်ဆရာဖြစ်သော မဟာစည်ဆရာတော်ပင် သင့်လျော်သည်ဟု သဘောတူ ရွေးချယ်ကြပြီး မဟာစည် ဆရာတော်အား လျှောက်ထားကြလေသည်။

အင်ဒိုနီးရှားနိုင်ငံသို့ ဗုဒ္ဓသာသနာပြုကြွတော်မူခြင်း

မဟာစည်ဆရာတော်ဘုရားအတွက် အင်ဒိုနီးရှားသို့ အသွားအပြန် လေယာဉ် လက်မှတ်မှစ၍ လိုအပ်သမျှဥဿုံအလုံးစုံကို နိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့က သာသနာပြုကိစ္စတရပ် အဖြစ်ဖြင့် ထောက်ပံ့လှူဒါန်း လေသည်၊ စင်္ကာပူနှင့် အင်ဒိုနီးရှား နိုင်ငံများသို့ ရောက်သောအခါ လိုအပ်သမျှ ထောက်ပံ့လှူဒါန်း ဆောင်ရွက်ရန် အတွက်လည်း ထိုနိုင်ငံများရှိ သံရုံးအရာရှိများအား ဗုဒ္ဓသာသနာ အဖွဲ့ကပင် တာဝန်ယူ၍ မေတ္တာရပ်ခံကာ အပြည့်အစုံဆောင်ရွက်ပေးလေသည်။

ဗုဒ္ဓသာသနမဏ္ဍလဥှိ, သဗ္ဗံ ကတ္တဗ္ဗကံ ကရီ၊
အင်ဒိုနီးရှားသုဂမန-ကာလေ ထေရသုဓီမတော။

၁၃၂၁-ခုနှစ် ကဆုန်လဆန်း ၈-ရက်နေ့ ည ၈-နာရီ ၂၅-မိနစ်တွင် ရန်ကုန်လေဆိပ်မှ ထွက်ခွာ၍ ည ၁၂-နာရီ မိနစ် ၅၀-တွင် စင်္ကာပူလေဆိပ်သို့ ရောက်တော်မူသည်၊ ထိုနေ့ညတွင် စင်္ကာပူတရုတ်သဌေး ဦးဂေါ်တုံ၏အိမ် သီးသန့်အဆောင်၌ တည်းခိုတော်မူသည်၊ ၉-ရက်န့ နံနက် ၁၀-နာရီတွင် စင်္ကာပူတွင် မလေးယန်း အဲယားဝေး လေယာဉ်ဖြင့် အင်ဒိုနီးရှားသို့ကြွတော်မူရာ နေ့ ၁-နာရီအချိန်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာဝါးကျွန်း ဂျာကာတာလေဆိပ်သို့ ဆိုက်ရောက်တော်မူခဲ့ လေသည်၊ ဆရာတော်ရောက်သည့်နေ့တွင် ဂျာကာတာ၌ မိုးအကြီးအကျယ် ရွာလေသည်။

ထေရသမ္ပတ္တဒိနမှိ, မဟာမေဃော ပဝဿတိ၊
ဧတဥှိ သုဘနိမိတ္တံ, ဗုဒ္ဓသာသနဝုဒ္ဓိယာ။

ထိုနေ့မှာပင် ယိုးဒယား (ထိုင်း) နှင့် ကမ္ဗောဒီးယားနိုင်ငံ(ကမ်ပူးချား) မှ ဆရာတော် များလည်း ရောက်ရှိကြလေသည်၊ သီဟိုဠ်ကျွန်း (သီရိလင်္ကာ) မှ ဆရာတော်များမှာ ကြိုတင်၍ရောက်ရှိနှင့်ကြလေသည်၊ သို့နှင့် ထိုအခါ -

(၁)ကမ္ဗောဒီးယား သာသနာပိုင် ဆရာတော်,
(၂) သာသနာပိုင် ဆရာတော် ၏ ပစ္ဆာသမဏ အရှင်စန္ဒဝံသ,
(၃) ယိုးဒယားနိုင်ငံမှ အရှင်ဖရဝိသာဏ,
(၄၊ ၅) အရှင်ဖရဝိသာဏ၏ ပစ္ဆာသမဏ ရဟန်းတော် ၂-ပါး,
(၆) သီဟိုဠ်ကျွန်းမှ အရှင်နာရဒ,
(၇) အရှင်သေဋ္ဌိဿရ,
(၈) အရှင်မဟာနာမ,
(၉) အရှင်ပိယဒဿီ,
(၁၀) အရှင်နာရဒ ၏ ပစ္ဆာသမဏ ယိုးဒယားရဟန်းတော်တပါး,
(၁၁) အရှင်အရိယဝံသ,
(၁၂) အရှင်သရဏပါလ,
(၁၃) မြန်မာနိုင်ငံမှ မဟာစည်ဆရာတော်,
(၁၄) အင်ဒိုနီးရှားနိုင်ငံမှ အရှင်ဇိနရက္ခိတ

အားဖြင့် ထေရဝါဒ ရဟန်းတော် ၁၄-ပါး အင်ဒိုနီးရှားနိုင်ငံ ဂျာဝါးကျွန်း၌ စုဝေး မိကြလေသည်၊ ဤကဲ့သို့ ထေရဝါဒရဟန်းတော် များများ မစုဝေးခဲ့သည်မှာ အနှစ် တထောင်ခန့် ရှိပြီဟူ၏။

စုဒ္ဒသန္နံ ဟိ ထေရာနံ, သန္နိပါတော သမုဗ္ဘဝိ၊
ဧတမ္ပိ တသ္မိံ ရဋ္ဌေ, ကာမံ အစ္ဆရိယံ ဘဝိ။

ဘန်ဒေါင်းမြို့၌ တရားဟော ပရိတ်ရွတ် ချီးမြှောက်ခြင်း

ဆရာတော်သည် သီဟိုဠ်, ယိုးဒယား, ကမ္ဗေဒီးယား, လာအိုမှ ဆရာတော်များနှင့် အတူ ဂျာကာတာမြို့ သာရိပုတ္တစကူးလ်ခေါ် စာသင်ကျောင်း၌ ကဆုန်လဆန်း ၁၁-ရက်နေ့တွင် ယင်း သာရိပုတ္တစကူးလ်ကျောင်းအုပ်ကြီး မစ္စတာအောင် ရှင်ပြုပွဲတွင် ပါဝင်ချီးမြှောက်တော်မူခဲ့လေသည်၊ မစ္စတာအောင်ကို အရှင်ဇိနပုတ္တဘွဲ့ဖြင့် သာမဏေ ပြုပေးတော်မူကြသည်၊

သံဃာတော် ၁၄-ပါးလုံး စုဝေးမိသည့် ထိုနေ့ ၁၂-နာရီခွဲတွင် သာသနာပြု ဆရာတော်များ တဖွဲ့လုံး ဂျာကာတာမှ မိုင် ၁၁၂-မိုင်ဝေးသော ဘန်ဒေါင်းမြို့သို့ ကြွတော်မူသည်၊ ညနေ ၄-နာရီ မိနစ် ၃၀-အချိန်တွင် ဘန်ဒေါင်းမြို့ ဝိမလဓမ္မဝိဟာရသို့ ရောက်တော်မူသည်၊ ယင်း ဝိမလဓမ္မဝိဟာရ၌ မြန်မာနိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့မှ လှူဒါန်းပူဇော်ထားသည့် ဉာဏ်တော် ၂-တောင်ခန့်ရှိ ကြေး ဆင်းတုကြီးတဆူ ကိန်းဝပ်စံပယ်လျက်ရှိ၏၊

အရှင်ဇိနရက္ခိတ၏ တပည့်များ ယင်း ဆင်းတုတော်ကြီးရှေ့တော်၌ သရဏဂုံ သီလဆောက်တည်ကြ, ပရိတ်တော်နှင့် တရားဂါထာများ ရွတ်ဖတ်ကြသည်၊ ည ၈-နာရီခန့်တွင် သံဃာတော်များက မေတ္တာသုတ် ရွတ်ဖတ် ချီးမြှောက်ကြသည်၊ သီဟိုဠ်ဆရာတော် အရှင်နာရဒ,က တရားဟောသည်၊ အရှင်ဇိနရက္ခိတက ဘာသာပြန်သည်။

ဘန်ဒေါင်းဝှ နာဂရေစာပိ, ထေရေန သဟ ဘိက္ခဝေါ၊
ပရိတ္တဓမ္မဝါရိနာ, ဘိသိဉ္စိံသု အနေကဓာ။

ဆမာရမ်မြို့သို့ ကြွတော်မူခြင်း

ဆရာတော်တို့သည် ကဆုန်လဆန်း ၁၂-ရက် ၇-နာရီခွဲတွင် ဘန်ဒေါင်းမှ ဆမာရမ်သို့ မော်တော်ကားများဖြင့် ကြွတော်မူသည်၊ ၁၁-နာရီ အချိန်တွင် ကျိရေဘွန်း (Ttireboon) မြို့သို့ရောက်၍ တရုတ်ဘုရားကျောင်းကြီး၌ ဝင်ရောက်ပြီး ယူဆောင် လာသော ဆွမ်းထုပ်များကို ဘုဉ်းပေးတော်မူကြသည်။ ၁၁-နာရီ မိနစ် ၅၀-တွင် ၎င်းမှ ဆက်လက်ထွက်ခွာရာ ၁-နာရီ ၁၅-မိနစ်တွင် တေဂယ် (Tese) မြို့သို့ ရောက်တော်မူသည်၊ ယင်းမြို့၌လည်း တရုတ်ဘုရားကျောင်း၌ ခေတ္တဝင်၍ ယင်း ဌာနမှကပ်သော အဖျော်ယမကာများ ဘုဉ်းပေးတော်မူကြသည်၊

၂-နာရီအချိန်တွင် ယင်းဌာနမှ ထွက်ခွာကြပြန်ရာ ၃-နာရီ အချိန်တွင် ပေကလုံဂန် (Pekalonsan) မြို့သို့ရောက်တော်မူကြသည်၊ ထိုမြို့၌ အရှင်နာရဒက တရား ဟောတော်မူ၍ အခြားဆရာတော်များက ပရိတ်ရွတ်တော်မူကြသည်၊ ၎င်းဌာနမှ ၃-နာရီ ၄၅-မိနစ်တွင် ထွက်ခွာတော်မူကြရာ ဘန်ဒေါင်းမှမိုင်ပေါင်း ၂၂၀-ဝေးကွာသည့် ဆမာရမ် (Semarans) မြို့တောင်ဘက် ၁၀-မိုင်ကွာ ဝါတုဂုံရွာ ဝိဟာရဗုဒ္ဓဂယာ ကျောင်းသို့ ၆-နာရီ 15-မိနစ်အချိန်တွင် ရောက်တော်မူကြသည်။

သိမ်နေရာ ကြည့်ရှုခြင်း

ဆရာတော်တို့သည် ကဆုန်လဆန်း ၁၃-ရက်နေ့ နံနက်ဆွမ်းဘုဉ်းပေးတော် မူပြီးနောက် သိမ်သမုတ်မည့်နေရာကို သွားရောက် ကြည့်ရှုကြသည်၊ ဝိဟာရ-ဗုဒ္ဓဂယာမှ တမိုင်ခန့်ဝေးကွာလေသည်၊ ပေ ၁၀ဝ-ခန့်နိမ့်သော ချိုင့်ထဲ သို့လည်း ဆင်းသွားရလေသည်၊ ၎င်းဌာနကို ဗုဒ္ဓဇယန္တိ ဝိဟာရဟု အမည် ပေးထားသည်။

ကျောင်းအဆောက်အအုံများမှာ အကြီးတခု, အငယ်တခုရှိရာ အကြီးမှာ အလျားပေ ၄၀, အနံပေ ၃၀-ခန့် ရှိလေသည်၊ ၎င်းကျောင်းနေရာကိုပင် သိမ်သမုတ်ရန် သဘောတူကြသည်၊ ထိုသိမ်နေရာမှာ အောက်ပေ ၁၀ဝ-ကျော်လောက် အနိမ့်တွင် ရေမပြတ် စီးဆင်းနေသော စမ်းချောင်းရှိသည်၊ ကျောင်းမြေအကျယ်အဝန်းမှာ ဧက ၂၀ဝ-ခန့် ရှိသောဟူ၏၊ ၎င်းမြေကွက်လပ်ကို ကျောင်းတိုက်ဖြစ်စေရန် တရုတ်ဒကာ တဦးက လှူဒါန်းလေသည်။

သီမာသမ္မနနတ္ထာယ, ထေရာ သဟိတမာနသာ၊
ဩလောကေသုံ သီမာဌာနံ, သီမာကိစ္စေသု ကောဝိဒါ။

ဒုတိယအကြိမ် ရှင်ပြုပေးကြခြင်း

ကဆုန်လဆန်း ၁၅-ရက်နေ့ နံနက် ၉-နာရီအချိန်တွင် ရှင်လောင်းနှစ်ပါးကို ရှင်ပြုပေးတော်မူကြသည်၊ ၎င်း ၂-ပါးတို့မှာ ဆမာရမ်မှတပါး, ဗာလီကျွန်းမှ တပါး ဖြစ်လေသည်၊ ဆမာရမ်မှရှင်လောင်းကို ရှင်ဇိနာနန္ဒအမည်ဖြင့် သာမဏေ ဝတ်ပေးတော်မူကြသည်၊ ဗာလီကျွန်းမှ ရှင်လောင်းကို ရှင်ဇိနပ္ပိယအမည်ဖြင့် သာမဏေဝတ်ပေးကြသည်၊

ရှင်ဇိနပ္ပိယကို ဗာလီကျွန်းသို့ရောက်သော် ရဟန်းပြုပေးတော်မူကြသည်၊ ရှင်ပြုပွဲသို့ လူပရိသတ်ပေါင်း ၂၀ဝ-ကျော် တက်ရောက်ကြသည်၊ ဆရာတော်များ၏ ဆောင်ရွက် မှုကြောင့် ယခင် မတွေ့မမြင်ဖူးသော ရှင်သာမဏေပြုပွဲကို မြင်ကြရသည်၊ ဆရာတော်များ၏ ကြိုးပမ်းချက်သည် များစွာအကျိုးရှိပေသည်။

ထေရာနံ သမုဿာဟေန၊ သာသနဥဿဝေါ မဟာ၊
ထေရိန္ဒာနံ ဟိ ဥဿာဟော, အတိဝ သဖလော ဟိ ခေါ။

သိမ်ရှိရာကျောင်းတိုက် ကြာရှည်တည်

န ခေါရာဇ ဧတ္တာဝတာ, သံဃာရာမော ပတိဋ္ဌိတော၊
သီမာသမ္မန္နနံ နာမ, အနုဇာနိ တထာဂတော။

ဒကာတော် ဒေဝါနံ ပိယတိဿမင်းမြတ် ကျောင်းတိုက်စသည် တည်ဆောက် လှူဒါန်းရုံမျှဖြင့် သံဃာ့အာရာမ် ကျောင်းတိုက်ကြီး ကြာရှည်လေးမြင့် မတည်တံ့ နိုင်သေး၊ သိမ်သမုတ်ရန် ဘုရားဇိနော် ခွင့်ပြုတော်မူခဲ့သည် စသည်ဖြင့် သီဟိုဠ် သာသနာပြုခေါင်းဆောင် အရှင်မဟိန္ဒထေရ်က သီဟိုဠ်ကျွန်း မဟာဝိဟာရ ကျောင်းတိုက်ကြီး၏ ဒါယကာ ဒေဝါနံ ပိယတိဿမင်းကြီးအား မိန့်ကြားတော် မူခဲ့လေသည်၊ သို့ဖြစ်၍ သိမ်ရှိမှ ကျောင်းတိုက်များ ကြာရှည်လေးမြင့် တည်နိုင်ကြောင်း သိသာလေသည်။

သိမ်သမုတ်တော်မူကြခြင်း

ဆရာတော်တို့သည် ၎င်းနေ့မွန်းလွဲ ၂-နာရီအချိန်တွင် ကဆုန်လဆန်း ၁၃-ရက်နေ့က ကြည့်ရှုခဲ့သည့် ဗုဒ္ဓဇယန္တိဝိဟာရသို့ တဖန်ကြွရောက်တော်မူ၍ သိမ်သမုတ်တော် မူကြသည်၊ ရှေးဦးစွာ အရပ်ရှစ်မျက်နှာနှင့် အလယ်ဗဟိုအားဖြင့် ၉-ဌာနတို့၌ သိမ်နုတ်ခြင်း ကိစ္စကိုပြုတော်မူကြသည်။

ထို့နောက် သီဟိုဠ်ဆရာတော် အရှင်နာရဒမထေရ်က သိမ်နိမိတ်များရိရာသို့ ကြွရောက်လှည့်လည်၍ လည်းကောင်း၊ မဟာစည်ဆရာတော်ဘုရားက အလယ် ဗဟို၌တည်၍ လည်းကောင်း သိမ်နိမိတ် ကြားတော်မူကြသည်၊ ၎င်းနောက် အရှင်နာရဒ, အရှင်အရိယဝံသ, မဟာစည်ဆရာတော်တို့က သီမာသမ္မုတိ ကမ္မဝါစာရွတ်ဖတ်၍ သိမ်သမုတ်တော်မူကြသည်၊

ကဆုန်လပြည့်နေ့ဖြစ်သဖြင့် ယင်းသိမ်သစ်၌ သံဃဥပုသ်ကိုလည်း ပြုတော်မူ ကြသည်၊ အင်ဒိုနီးရှားနိုင်ငံ၌ ထူးခြားသော သာသနာ့ပွဲကြီး ဖြစ်လေသည်၊ ကြည်ညိုသူ ပရိသတ်ပေါင်း ၃၀ဝ ခန့်ရှိရာ မြန်မာ, သီဟိုဠ် (သီရိလင်္ကာ), ယိုးဒယား (ထိုင်း) သံမှူးများလည်း ပါဝင်ကြသည်။

အင်ဒိုနီးရှား ဝိသယေဟိ, ပိသိဋ္ဌော ဥဿဝေါ ဘဝိ၊
ဝိသိဋ္ဌာနံ ပါယာမေန, သာသနံ ဟိ သူဇောတယိ။

ဗုဒ္ဓဂယာကျောင်း၌ ဝေသာခပွဲတော် ကျင်းပခြင်း

ကဆုန်လပြည့်နေ့ ညနေ ၅-နာရီအချိန်တွင် ဆမာရမ်မြို့အနီး ဝါတုံဂုံရွာရှိ ဝိဟာရ ဗုဒ္ဓဂယာကျောင်းဝေသာခပွဲတော် ကျင်းပပူဇော်ကြသည်၊ ထိုပွဲတော် အခမ်း အနား၌ ယိုးဒယား (ထိုင်း), ကမ္ဗောဒီးယား (ကမ်ပူးချား), သီဟိုဠ် (သီရိလင်္ကာ) နိုင်ငံတို့မှ အင်ဒိုနီးရှား ရှင်ပြုရဟန်းခံများအတွက် လှူဒါန်းလိုက်သော သပိတ် သင်္ကန်းများကို သက်ဆိုင်ရာ ပုဂ္ဂိုလ်များကတဆင့် လှူဒါန်းကြသည်၊

မြန်မာနိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့မှလည်း ရှင်လောင်း, ရဟန်းလောင်း ၆-ပါး အတွက် ရည်စူးလှူ ဒါန်းလိုက်သော သင်္ကန်း, သပိတ်စသော ပရိက္ခရာများကို မြန်မာ သံမှူး ဦးတင်လတ်က တဆင့် လှူဒါန်းလေသည်၊ ဗုဒ္ဓသာသနာအဖွဲ့မှ လှူဒါန်း လိုက်သော ပစ္စည်းများမှာ-

၁။ ၂- ထပ်သင်္ကန်းကြီး ၃-ထည်၊
၂။ ဒွိစုံသင်္ကန်း ၁၂-စုံ၊
၃။ သပိတ်နှင့် သပိတ်အိတ် ၆-စုံ၊
၄။ သင်တုံးဓား, ခါးပတ်ကြိုး, ရေစစ်, အပ်ထုပ်နှင့် အပ်ချည်, ယပ် ၆-ခုစီ၊
၅။ တရားအားထုတ်ရခြင်း အကြောင်း အင်္ဂလိပ် ဘာသာပြန် စာအုပ်များ၊
၆။ သတိုးမဟာသရေစည်သူ တရားဝန်ကြီး ဦးချန်ထွန်း၏ အမေရိကန်တွင် ဘာသာရေး အစည်းအဝေးများ၌ ဟောပြောခဲ့သော မိန့်ခွန်း စာအုပ်များဖြစ်သည်။

သီဟိုဠ်ဆရာတော် အရှင်နာရဒက ဝေသာခပူဇော်ပွဲတွင် တရားဓမ္မများကို ဟောကြားတော်မူခဲ့လေသည်။

မဟာစည်ဆရာတော် တရားဟောတော်မူခြင်း

၎င်းနောက် ခေတ္တရပ်နားပြီး ၇-နာရီ မိနစ် ၂၀-တွင် မဟာစည် ဆရာတော်က ဝိပဿနာတရားတော်ကို အကျဉ်းချုပ် ဟောကြားတော်မူသည်၊ သံမှူး ဦးတင်လတ်က အင်္ဂလိပ်ဘာသာပြန်သည်၊ အရှင်ဇိနရက္ခိတက အင်ဒိုနီးရှား ဘာသာ ပြန်သည်၊ ပရိသတ်မှာ ၂၀ဝ-ကျော်ခန့် ရှိသောဟူ၏။

ဝေသာခ ဥဿဝေ ထေရော, မဟာစည်ယတိ ကုဉ္ဇရော၊
ဓမ္မောဒကေန ဩသိဉ္ဇိ, သမ္ပတ္တေ ဗဟုလေ ဇနေ။

ထူးခြားသော ရဟန်းခံပွဲ

ကဆုန်လပြည့်ကျော် ၁-ရက်နေ့ နံနက် ၈-နာရီအချိန်တွင် ယခင်နေ့က သမုတ်ခဲ့ သော ဗုဒ္ဓဇယန္တိသိမ်၌ သာမဏေ ရှင်ဇိနပုတ္တကို ရဟန်းခံပေးကြသည်၊ ဥပဇ္ဈာယ် ဆရာတော်မှာ ကမ္ဗောဒီးယားသာသနာပိုင် ဆရာတော်ဖြစ်၍ ကမ္မဝါစာ ဆရာတော်များမှာ သီဟိုဠ်ဆရာတော် အရှင်နာရဒ, သီဟိုဠ်ဆရာတော် အရှင် အရိယဝံသနှင့် မဟာစည်ဆရာတော်တို့ ဖြစ်တော်မူကြသည်၊

လာရောက်ကြည်ညိုကြသော ဒကာ, ဒကာမများကို အရှင်နာရဒက တရား ဟောတော်မူသည်၊ အင်ဒိုနီးရှားနိုင်ငံ ဂျာဝါးကျွန်း၌ တခါမှမကြားခဲ့ မတွေ့ခဲ့ဖူးသော ရဟန်းခံပွဲကို ဒကာ, ဒကာမတို့ ပုဗ္ဗေစကတပုည ထောက်မသဖြင့် ဖူးရမြင်ကြ ရလေသည်၊ ထူးခြားသောရဟန်းခံပွဲပါတကား။

အရှင်နာရဒ ဟောကြားသည့်တရားအမြွက်

ဆရာတော် အရှင်နာရဒသည် သမိုင်းကြောင်း ဆန်ဆန် အောက်ပါအတိုင်း ဟောကြားတော်မူခဲ့လေသည်။

အင်ဒိုနီးရှားနိုင်ငံ ဂျာဝါးကျွန်း၌ ရှေးယခင်ကမကြားဖူးခဲ့သော ထေရဝါဒရဟန်းခံ ကိစ္စကို ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ လွန်ခဲ့သော ၂၅-နှစ်က ဂျာဝါးကျွန်းသို့ ရောက်ခဲ့ဖူးရာ ထိုစဉ်က ဗုဒ္ဓဘာသာဝင် အစစ်ဆိုလျှင် တဦးတယောက်မျှ မတွေ့ခဲ့ ရကြောင်း၊ လွန်ခဲ့သော ငါးနှစ်အတွင်းက အင်ဒိုနီးရှားမှာ ဗုဒ္ဓဘာသာရဟန်းဆိုလျှင် ဇိနရက္ခိတ တပါးတည်းသာရှိခဲ့ကြောင်း၊

၎င်းမှာ သာသနာ တည်ထွန်းရန်အတွက် တပါးတည်းပင် ငါးနှစ်ပတ်လုံး ကြိုးစား ခဲ့ကြောင်း၊ ထိုသို့ ကြိုးစားသဖြင့် ယခုအခါမှာ ဗုဒ္ဓဘာသာဝင် အစစ်ဖြစ်သော အင်ဒိုနီးရှား ပြည်သူပြည်သား ဥပါသကာ, ဥပါသိကာမများကို များစွာ တွေ့ရကြောင်း၊ ဝိဟာရခေါ် ကျောင်းများလဲ တည်ရှိနေပြီးဖြစ်ကြောင်း၊ သာသနာ့ အခြေ သိမ်လည်း ဖြစ်ပေါ်လာသည့်ပြင် အင်ဒိုနီးရှားနိုင်ငံသား ရဟန်းတပါးလည်း တိုးလာပြီ ဖြစ်ကြောင်း၊

ယမန်နေ့ကပင် သာမဏေ ၂-ပါးကိုလည်း ထပ်မံပြုပေးထားသဖြင့် ယခုအခါမှာ အင်ဒိုနီးရှားနိုင်ငံသား ရဟန်း, သာမဏေ ၄-ပါး ရှိနေပြီဖြစ်ကြောင်း၊ သို့ဖြစ်၍ ဒီကနေ့မှာ အကူအညီတပည့်ရဟန်း, သာမဏေများနှင့်တကွ ဇိနရက္ခိတက သာသနာတော်ကို တိုး၍ပြုစုနိုင်မည်ဟု မျှော်လင့်ရကြောင်း၊

ယခုလာရောက် ကြည်ညို အားပေးကြသော ပုဂ္ဂိုလ်တွေမှာ သာသနာတော်ကို ဝိုင်းဝန်း၍ အားပေး ထောက်ပံ့ကြသော သာသနာ့ဒါယကာများဖြစ်၍ လွန်ကဲ ထူးမြတ်သော ကုသိုလ်အထူးကို ရကြကြောင်း၊ ထိုကုသိုလ်၏ အစွမ်းကြောင့် လူ, နတ်, နိဗ္ဗာန်သုံးတန်သော ချမ်းသာကို မိမိတို့အလိုဆန္ဒအတိုင်း ရကြမည်မှာ ဧကန်မုချဖြစ်ကြောင်း၊ နောင်လဲ ဒီလိုသာသနာပြုကိစ္စကို စွမ်းနိုင်သည့်ဘက်က အားပေးကူညီကြ စေလိုကြောင်း စသည်ဖြင့် ဟောကြားလေသည်၊

ဆရာတော်အရှင်နာရဒသည် ကမ္ဘာသိ ဓမ္မကထိကပုဂ္ဂိုလ် ဖြစ်လေသည်၊ အဘိဓမ္မတ္ထသင်္ဂဟ, ဓမ္မပဒစသည့် ကျမ်းများစွာကိုလည်း အင်္ဂလိပ်ဘာသာဖြင့် ပြုစီရင်ခဲ့သည့် ပုဂ္ဂိုလ်မြတ်ဖြစ်လေသည်၊ သူ၏ ဟောကြားချက်ကား အမှန်အတိုင်း ဟောကြားချက်ဖြစ်လေသည်။

ဘဒ္ဒန္တနာရဒေါ ထေရော, ပသိဒ္ဓဓမ္မဝါစကော၊
ဧတဿ ဓမ္မဝစနံ, သစ္စံ သစ္စန္တိ နောမတိ။

ဂျန္ဒီမင်ဒွတ်ဆင်းတုတော်ဖူးမြင်

၁၃၂၀-ခုနှစ် ကဆန်လပြည့်ကျော် ၁-ရက်နေ့မှာ စန်းယှဉ်နက္ခတ် အလိုအားဖြင့် ထိထိရက်စေ့သည့် ကဆုန်လပြည့်နေ့ဖြစ်သည်၊ ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံပေါင်း ၄၀-ကျော်မှ ဗုဒ္ဓဘာသာဝင်တို့က ထိုနေ့မှာပင် ဝေသာခ ဗုဒ္ဓနေ့အဖြစ်ဖြင့် ကျင်းပ ကြသည်၊ ထို့ကြောင့် ထိုနေ့မှာပင် ဗောရောဗုဒူးစေတီတော်၌ ဗုဒ္ဓနေ့အခမ်းအနား ကျင်းပ ရန် စီစဉ်ထားသည့်အတိုင်း သာသနာပြု ဆရာတော်များသည် နေ့ ၁၂-နာရီတွင် နောက်ပါတပည့် ပရိသတ်နှင့်တကွ ဗောရောဗုဒူးသို့ ကားဖြင့် ထွက်ခဲ့ကြသည်၊

ခရီးမှာ မိုင် ၆၀-ခန့် ဝေးကွာသည်၊ ၁-နာရီ ၄၅-မိနစ်တွင် ဗောရောဗုဒူးနှင့် ၂-မိုင်ခန့် အကွာရှိ ဂျန္ဒီမင်ဒွတ် (Tjandimendut) ဘုရားကျောင်းသို့ ရောက်တော်မူကြသည်၊ ဂျန္ဒီမင်ဒွတ်အရပ်ရှိ ဘုရားကျောင်းဟု ဆိုလိုသည်၊ ထိုဒေသ၌ ဗောရောဗုဒူးသို့ ဖုးမြော်ရန်သွားလျှင် ဂျန္ဒီမင်ဒွတ်ကို ဦးစွာပထမဖူးမြော်ပြီးမှ သွားရသော အလေ့အထရှိသည်ဟု သိရသည်၊

ထိုနေ့က ဂျန္ဒီမင်ဒွတ်၌ စည်းဝေးရောက်ရှိနေသော ပရိသတ်မှာ သုံ းထောင် (၃၀ဝဝ) ခန့်ရှိလေသည်၊ ဘုရားကျောင်းဆောင်မှာ ကျောက်တုံးများဖြင့်စီ၍ တည်ဆောက် ထားသော အဆောက်အအုံဖြစ်လေသည်၊ အောက်ခြေခုံမှာ ၈-ပေလောက်မြင့်သည်၊ အပေါ်ကျောင်းဆောင်မှာ ပေ ၂၀-လောက် မြင့်သောဟူ၏၊

အခန်းထဲ၌ အလယ်ပလ္လင်ထက်၌ ခြေထောက်တော်တွဲလဲချလျက် ထိုင်နေပုံ ဘုရားဆင်းတုတော်ကြီး တဆူရှိသည်၊ မော်လမြိုင်မြို့ ကျိုက်မရောဘုရားကြီးမှ ဆင်းတုတော်နှင့် ခပ်ဆင်ဆင်ဖြစ်လေသည်၊ လက်ဝဲ လက်ယာ ၂-ဘက်၌ ထိုင်နေပုံ ဗောဓိသတ္တရုပ်တုနှစ်ဆူ ရှိလေသည်၊ ဆရာတော်သည် ဖော်ပြပါ ဂျန္ဒီမင်ဒွတ် ဆင်းတုတော်ကြီးကိုလည်း ဖူးမြော်တော်မူခဲ့သည်။

ဂျန္ဒီမင်ဒွတ်ပဋိမမ္ပိ, သမ္ဗုဒ္ဓေ နိန္နမာနသော၊
မဟာစည် ထေရပါမောက္ခော, သာဒရံ အဝန္ဒီ ဟိ ခေါ။

ဗောရောဗုဒူး စေတီတော်ရင်ပြင် ဝေသာခပူဇော်ပွဲ

၎င်းနောက် ဗောရောဗုဒူးသို့ ဆက်လက်ထွက်ခွာတော်မူကြရာ ၃-နာရီခွဲ စေတီကြီးအနီး မဏ္ဍပ်သို့ရောက် တော်မူကြသည်၊ လာရောက်ကြည့်ရှုကြသော ပရိသတ်ကြီးမှာ စေတီတော်ကြီး ခြေရင်းရှိ ပေ ၆၀ဝ-၃၀ဝလောက်ကျယ်သော ကွင်းကြီးတခုလုံး ပြည့်လျက်ရှိသည်၊ ညနေ ၅-နာရီအချိန်တွင် အခမ်းအနား စဖွင့်သည်။ ဆရာတော် အရှင်နာရဒက ဝေသာခပူဇော်ပွဲ ကျင်းပရခြင်း၏အကြောင်း ဗောရောဗုဒူးစေ တီတော်ကြီးအကြောင်း, ထေရဝါဒနိုင်ငံများမှ သာသနာပြု မထေရ်များ ကြွလာခြင်း၏အကြောင်း စသည်တို့ကို ဟောပြောတော်မူသည်၊

ကမ္ဗောဒီးယား သာသနာပိုင် ဆရာတော်ကြီးကလည်း အနည်းငယ် ဟောပြော တော်မူသည်၊ မဟာစည်ဆရာတော် ဘုရားကလည်း ဟောပြောတော်မူသည်၊ ယိုးဒယားဆရာတော်ကလည်း အနည်းငယ် ဟောပြောသည်၊ ထို့နောက် ဂျပန် ဘုန်းတော်ကြီး တပါးကလည်း အနည်းငယ်ဟောပြောသည်၊ သီဟိုဠ်, ယိုးဒယား သံမှူးများ ဟောပြောပြီးနောက် မြန်မာသံမှူး ဦးတင်လတ်က ဟောပြောသည်၊ ယင်းသို့ဖြင့် ဝေသာခပူဇော်ပွဲသည် သိုက်သိုက်မြိုက်မြိုက် ခမ်းခမ်းနားနား ကျင်းပ ပြီးဆုံးခဲ့လေသည်။

ဝေသာခဒိနပူဇာစ, မဟာထေရေဟိ ကာရိတာ၊
အင်ဒိုနီးရှား သုရဋ္ဌောဟိ, ဒုလ္လဘာ သာဝုနန္ဒိတာ။

ဗောရောဗုဒူးစေတီကြီး ပူဇော်ကြခြင်း

ဗောရောဗုဒူး (Borobudur) ဟူသောအမည်မှာ ဝိဟာရ ဗုဒူးမှဖြစ်လာသည်၊ ဗုဒူးမည်သော ရွာအနီး၌ တည်ထား ကိုးကွယ်ခဲ့သည့် ဘုရားကျောင်းတော်ဟု ဆိုလိုသည်၊ စေတီတော်ကြီးမှာ ပတ်လည်လှည့်နိုင်သော အဆင့် ၉-ဆင့်ရှိသည်၊ ကမ္ဗောဒီးယား သာသနာပိုင် ဆရာတော်ကြီးက မီးတိုင်ကိုကိုင်လျက် ရှေ့ဆုံးမှ လှည့်လည်တော် မူသည်၊ ထိုဆရာတော်ကြီး နောက်မှ ကျန်ဆရာတော်များ အစဉ်အတိုင်း လှည့်လည်ကြသည်၊ ၎င်းနောက်မှ ဒကာ, ဒကာမတို့ လှည့်လည် လိုက်ပါကြသည်။

မဟာစည်ဆရာတော်ဘုရားသည်-

ဗုဒ္ဓေါ သော ဘဂဝါ ဗောဓာယ ဓမ္မံ ဒေသေတိ” ငါတို့မြတ်စွာဘုရားသည် ကိုယ်တော်တိုင် အမှန်တရားကို သိတော်မူပြီးမှ ငါတို့အားလည်း အလားတူပင် သိမြင်စေရန် အမှန်တရားကို ဟောကြားတော်မူခဲ့ပါပေသည်။

ဒန္တော သော ဘဂဝါ ဒမထာယ ဓမ္မံ ဒေသေတိ” ငါတို့မြတ်စွာဘုရားသည် ကိုယ်တော်တိုင် ယဉ်ကျေးတော်မူပြီးမှ ငါတို့အားလည်း အလားတူပင် ယဉ်ကျေး စေရန် အမှန်တရားကို ဟောကြားတော် မူခဲ့ပါပေသည်။

သန္တော သော ဘဂဝါ သမထာယ ဓမ္မံ ဒေသေတိ” ငါတို့မြတ်စွာဘုရားသည် ကိုယ်တော်တိုင်ငြိမ်သက် သိမ်မွေ့တော်မူပြီးမှ ငါတို့အားလည်း အလားတူ ငြိမ်သက် သိမ်မွေ့စေရန် အမှန်တရားကို ဟောကြားတော်မူခဲ့ပါပေသည်။

တိဏ္ဏော သော ဘဂဝါ တရဏာယ ဓမ္မံ ဒေသေတိ” ငါတို့မြတ်စွာဘုရားသည် ကိုယ်တော်တိုင် သံသရာရေလျဉ်ကို ကူးမြောက်တော်မူပြီးမှ ငါတို့အားလည်း အလားတူ ကူးမြောက်စေရန် အမှန်တရားကို ဟောကြားတော်မူခဲ့ပါပေသည်။

ပရိနိဗ္ဗူတော သော ဘဂဝါ ပရိနိဗ္ဗာနာယ ဓမ္မံ ဒေသေတိ” ငါတို့ မြတ်စွာဘုရားသည် ကိုယ်တော်တိုင် ကိလေသာ အပူမီး အလုံးစုံငြိမ်းအေးတော်မူပြီးမှ ငါတို့အားလည်း အလားတူငြိမ်းအေးစေရန် အမှန်တရားကို ဟောကြားတော် မူခဲ့ပါပေသည်၊

ဤသို့ စသည်ဖြင့် ဘုရားဂုဏ်တော်များကို နှလုံးသွင်း ရွတ်ဆိုလျက် လှည့်လည် ပူဇော်ခဲ့လေသည်၊ ဆရာတော်သည် ယင်းသို့ဖူးမြော်ယင်း ပီတိတွေ ဖြစ်ခဲ့လေသည်၊ ယင်းပီတိများ ခယ, ဝယအားဖြင့်ဆင်ခြင် နှလုံးသွင်းတော်မူခဲ့လေသည်။

ဝိစရန္တဿ ထေရဿ, ပီတိ ဥပ္ပဇ္ဇိ တာဝဒေ၊
သမ္မသိ ခယဝယတော, ဗုဒ္ဓါရမ္မဏပီတိကံ။

အခြား ဆရာတော်များသည်လည်း မိမိတို့လေ့ကျင့်ပြီး ဂုဏ်တော်များကို ရွတ်ဆို ပွားများ လှည့်လည်တော်မူကြသည်။

စေတီကြီးပေါ် ဘာဝနာပွားများကြ

ရာပေါင်းသင်္ချာ မြားမြောက်စွာသော ဥပါသကာ, ဥပါသိကာမများနှင့် သာသနာပြု ဆရာတော်များသည် စေတီတော်မြတ်ကြီးကို လှည့်လည် ပူဇော်ပြီးနောက် အရှေ့ဘက်မျက်နှာရှိ လေဟာပြင်ဆင်းတုတော်ကြီး ၏၊ ရှေ့၌စုရုံးကြကာ ဘုရား မြတ်စွာ၏ဂုဏ်တော်များကို အာရုံပြုကြ၍ ဆီမီး, ပန်း, အမွှေးတိုင် စသည်ဖြင့် ပူဇော်ကြသည်၊

ပရိတ် မေတ္တာ ဘာဝနာများကိုလည်း ရွတ်ဖတ်ပွားများ, ထို့နောက် အထက်ဆုံး အဆင့်သို့တက်၍ အလယ်ဗဟို စေတီတော်မြတ်ကြီးကို ဝန်းရံကာ ဗုဒ္ဓါနုဿတိ မေတ္တာနှင့်, ဝိပဿနာ ဘာဝနာများကို ၁-နာရီခန့် ငြိမ်သက်စွာ ပွားများ အားထုတ်ကြသည်။

တသ္မိံ စေတီယ သေဋ္ဌမှိ, ဂဟဋ္ဌာ ပဗ္ဗဇ္ဇိတာ ဥဘော၊
ဘာဝေသုံ ဗုဒ္ဓါနုဿတိ-အာဒိဘာဝနမုတ္တမေ။

လူဦးရေ ၆- သောင်းခန့်

ဝေသာခပူဇော်ပွဲကြီးသို့ တက်ရောက်သောလူထုမှာ ၆-သောင်းခန့်ရှိသည် ဟု ဆိုကြသည်၊ ယင်းလူထုထဲတွင် ဗုဒ္ဓသာသနာ ယုံကြည်သူဦးရေမှာ အနည်းငယ်သာ ပါရှိ၍ ဗုဒ္ဓသာသနာ မယုံကြည်သူတို့သာ များသောဟူ၏။

ဝေသာခပွဲတော်မိန့်ခွန်း

▬▬▬▬▬▬▬▬

ဖော်ပြပါ ဝေသာခပူဇော်ပွဲ၌ မြွက်ကြားသည့် ထေရဝါဒ ငါးနိုင်ငံမှ ဆရာတော်များ၏ မိန့်ခွန်းများ အနက် မဟာစည်ဆရာတော်ဘုရားကြီး၏ မိန့်ခွန်းကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။

အင်ဒိုနီးရှား အမျိုးသားအပေါင်းတို့ (၂၂-၅-၁၉၅၉) ယနေ့ဟာ စန်းယှဉ်နက္ခတ် အလိုအားဖြင့် တိထီရက်စေ့ ကဆုန်လပြည့်နေ့ ဖြစ်ပေတယ်၊ လွန်ခဲ့သော ၂၅၈၃-နှစ်က ဝိသာခါနက္ခတ်နှင့် ယှဉ်လျက် ဝိုင်းဝိုင်းတိတိ လဝန်းပြည့်တဲ့ ဒီလိုနေ့မျိုးမှာပဲ ငါတို့ ဘုရားအလောင်း ဖွားမြင်တော်မူခဲ့တယ်၊ လွန်ခဲ့သော ၂၅၄၈-နှစ်က ဒီလိုနေ့မျိုးမှာပဲ တရားအလုံးစုံကို မှန်စွာသိလျက် ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့တယ်

လွန်ခဲ့သော ၂၅၀၃-နှစ်က ဒီနေ့မျိုးမှာပဲ ငါတို့မြတ်စွာဘုရားဟာ ဒုက္ခခပ်သိမ်းငြိမ်းရာ နိဗ္ဗာန်စခန်းသို့ ကြွမြန်းတော်မူခဲ့တယ်၊ ဒါကြောင့် ဒီကနေ့ဟာ ပကတိအားဖြင့်ပင် အလေးအမြတ်ပြုပြီး မှတ်သားထိုက်တဲ့နေ့, ကျက်သရေမင်္ဂလာ အပေါင်းနှင့် ပြည့်စုံတဲ့နေ့ ဖြစ်ပေတယ်။

အင်ဒိုနီးရှားနိုင်ငံအတွက် ထူးခြားတာကတော့ အင်ဒိုနီးရှားရဟန်း ဇိနရက္ခိတနှင့် တကွ သီဟိုဠ်, ယိုးဒယား, ကမ္ဗောဒီးယား, မြန်မာပြည်ဆိုတဲ့ ထေရဝါဒ ၄-နိုင်ငံ ရဟန်းတော်အပေါင်း သံဃာတော်က ဒီနိုင်ငံမှာ ဘယ်တော့ကမှ မရှိဖူးတဲ့ သိမ် ဆိုတာကို သမုတ်တယ်၊ အင်ဒိုနီးရှား တိုင်းရင်းသားတဦးကိုလဲ ဗုဒ္ဓသာသနာတော်မှာ ရဟန်းအဖြစ်ဖြင့် တင်သွင်းပေးတယ်၊

ဒါကြောင့် ဒီနေ့ဟာ ဒီနိုင်ငံအတွက် ပိုပြီးကျက်သရေမင်္ဂလာရှိတဲ့ နေ့ထူး နေ့မြတ်ကြီး ဖြစ်ပေတယ်၊ ဒီမင်္ဂလာနေ့ထူး နေ့မြတ်ကစပြီး ဒီနိုင်ငံမှာ သာသနာတော်ဟာ တနေ့တခြား တိုးတက်ပြီးတော့ ရှေးရှေးတုန်းကလိုပဲ ဗုဒ္ဓသာသနာတော် အလင်းရောင်ဖြင့် တပြောင်ပြောင် တောက်ပပါစေလို့ ဆုတောင်းပါတယ်။

ဒီလိုဆုတောင်းရခြင်း၏ အကြောင်းကတော့ ဒီဗောရောဗုဒူး စေတီတော်ကြီးကို တည်ဆောက်တဲ့ ရှစ်ရာစုနှစ်ဆီကဆိုလျှင် ဒီဂျာဝါကျွန်းက လူတွေဟာ အများ အားဖြင့် ဗုဒ္ဓဘာသာဝင်တွေချည်း ဖြစ်ပါတယ်၊ ဒီကျွန်းတွင် မကသေးဘူး၊ အဲဒီ ခေတ်တုန်းကဆိုလျှင် စုမတြာကျွန်းမှာရော, မာလာယုနိုင်ငံမှာရော များသော အားဖြင့် ဗုဒ္ဓဘာသာဝင်တွေချည်း ဖြစ်ကြတယ်ဆိုတာ သီရိဝိဇယနိုင်ငံတော်ကြီး ဖြစ်ခဲ့ပုံနှင့် အိန္ဒိယနိုင်ငံ နာလန္ဒကျောင်းတော်ရာမှ တူးဖော်ရရှိတဲ့ ကြေးပြားမှတ်တမ်း စာတို့ အရအားဖြင့် ထင်ရှားပါတယ်၊ ဒါကြောင့် ထိုစဉ်ကာလတုန်းကဆိုလျှင် အိန္ဒိယနိုင်ငံမှ စပြီး စင်္ကာပူအထိ ပင်လယ်ကမ်းရိုးတန်း တလျှောက်လုံးမှာရော, ဒီ အင်ဒိုနီးရှားနိုင်ငံ ကျွန်းစုတွေမှာရော ဗုဒ္ဓသာသနာ အလင်းရောင်ဖြင့် တပြောင်ပြောင် တောက်ပလျက် အလွန်ပင် ကျက်သရေမင်္ဂလာ ရှိခဲ့တယ်၊ တင့်တယ်ခဲ့တယ် ဆိုတာကို မြော်တွေးပြီကြည့်နိုင်ပါတယ်။

ပြီးတော့ ဗုဒ္ဓသာသနာဆိုတာကလဲ သားငှက် တိရစ္ဆာန်ကလေး တွေမှစပြီး ဘယ်သူ့ကိုမှ အကျိုးမဲ့မပြုဖို့ရန် ညွှန်ကြားဆုံးမထားတယ်၊ သည်းခံခြင်း, ချစ်ခင်ခြင်း, သနားငဲ့ညှာခြင်းတို့ဖြင့် သူတပါးကို စောင့်ရှောက်ကူညီဖို့ရန် ညွှန်ကြားဆုံးမ ထားတယ်၊ ဒါကြောင့် အဲဒီ ရှစ်ရာစုနှစ်ဆီကဆိုလျှင် အင်ဒိုနီးရှားနိုင်ငံက လူတွေဟာ ခန္တီ, မေတ္တာ, ကရုဏာတရားတွေကို လက်ကိုင်ထားပြီးတော့ ဗုဒ္ဓသာသနာ ဓမ္မ သူတော်ကောင်းတရားတွေကို ပွားများနေခဲ့မှာပဲလို့ တွေးဆပြီး သိနိုင်ပါတယ်။

အဲဒီသူတော်ကောင်း တရားတွေကို ပွားများနေခဲ့တဲ့ သူတွေဟာ တခြားက လူတွေ မဟုတ်ဘူး၊ ယခုလက်ရှိ အင်ဒိုနီးရှား ပြည်သူ ပြည်သားတွေ၏ ဘိုးဘွားဟောင်း တွေပဲဖြစ်ပါတယ်၊ မိဘအဆက်နှင့် ဆိုလျှင် သိပ်မဝေးလှသေးပါဘူး၊ အဆက်ပေါင်း သုံးလေးဆယ်လောက်ပဲ ရှိပါဦးမယ်၊ ဒါပေမယ့် အဲဒီဘိုးဘွားမိဘဟောင်းတွေ၏ သား, မြေး အဆက် အနွယ်ဖြစ်ကြတဲ့ ယခုခေတ် အချို့လူတွေမှာ အဖိုး အတန်ဆုံးဖြစ်တဲ့ ဘိုးဘွားပိုင် ရတနာ အမွေအနှစ်တွေမှ ဆုံးရှုံးနေကြရှာတယ်၊

အဲဒီအမွေအနှစ်တွေက ဘာတွေလဲဆိုလျှင် ဘုရား ရတနာ, တရားရတနာ, သံဃာ ရတနာတွေပါပဲ၊ လွန်ခဲ့တဲ့ ငါးနှစ်ရဲ့ ရှေးဟိုဘက်ကာလတုန်းက ဆိုလျှင် ဒီနိုင်ငံမှာ ဗုဒ္ဓဒေသနာတော်အရ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” စသည်ဖြင့် ရွတ်ဆိုပြီး သရဏဂုံ တည်တဲ့ ဥပါသကာ ဥပါသိကာမဆိုတာ တဦးတယောက်လောက်တောင် တွေ့ရဖို့ ခဲယဉ်းလျက်ရှိခဲ့ပါတယ်။

ဒါပေမယ့် ယခုတော့ မခဲယဉ်းပါဘူး၊ အကြောင်းကတော့ ၁၉၅၃-ခုနှစ်က ဒီ အင်ဒိုနီးရှားနိုင်ငံ ဂျာဝါးကျွန်းက မစ္စတာဘွန်အန်ဆိုတဲ့ အမျိုးသားတဦးဟာ တရားစစ်တရားမှန်ကို စုံစမ်းရှာဖွေယင်း မြန်မာပြည်သို့ရောက်လာခဲ့ပါတယ်၊ အဲဒီ ဘွန်အန်ဟာ ရန်ကုန်မြို့ သာသနာ့ရိပ်သာမှာ ဆရာတော်၏ ဩဝါဒကိုခံယူပြီး ဝိပဿနာဘာဝနာ အလုပ်ကို အားထုတ် ကျင့်သုံးခဲ့ပါတယ်၊ ဒီလိုကျင့်သုံးလို့ ဗုဒ္ဓ သာသနာတော်၏ အနှစ်သာရဖြစ်တဲ့ သီလ, သမာဓိ, ပညာတရားထူးတွေကို သူကိုယ်တိုင်ပဲ ထင်ရှားသိသွားခဲ့ပါတယ်၊

ဒီလိုတရားစစ် တရားမှန်ကို ကိုယ်တိုင်သိရတဲ့အတွက် ဘွန်အန်ဟာ ဗုဒ္ဓသာသနာ တော်မှာ ရဟန်ပြုခဲ့ပါတယ်။ သာသနာပြုနိုင်လိမ့်မယ်လို့ မြော်တွေးပြီးတော့ ဆရာတော်က အဲဒီရဟန်းသစ်ကလေးကို ဇိနရက္ခိတလို့ ဘွဲ့အမည်ပေးလိုက်ပါတယ်။

အဲဒီ အင်ဒိုနီးရှားရဟန်း ဇိနရက္ခိတဟာ ဆရာတော် ၏ထံမှာ သာသနဓမ္မကို တနှစ် ကျော်ကျော်သင်ကြား လေ့လာပြီးတော့ သူ၏ဇာတိဌာန အင်ဒိုနီးရှားကိုပဲ ပြန်သွား ခဲ့တယ်၊ ပြန်သွားပြီးတော့ သူကိုယ်တိုင် တွေ့သိလာတဲ့ ဗုဒ္ဓသာသနာ ဓမ္မတရား အရသာတွေကို သူ၏တိုင်းရင်းသားများလဲ သိစေလိုတဲ့အတွက် ခဲခဲယဉ်းယဉ်းနဲ့ ကြိုးစားအားထုတ်ခဲ့ပါတယ်၊ ဒီလို ဇိနရက္ခိတရဲ့ အားထုတ်မှုကြောင့် လွန်ခဲ့တဲ့ ငါးနှစ် အတွင်းမှာ ဗုဒ္ဓသာသနဓမ္မကို သိနားလည်ပြီးတော့ လူပေါင်း ၆၀ဝ-လောက် ဥပါသကာအဖြစ် ခံယူကြပါတယ်။

[၎င်းမှာ ဝေသာခပွဲ မကျင်းပမီက ရထားသော စာရင်းဖြစ်သည်၊ ဝေသာခပွဲတော်မှ စ၍ နောက်ထပ်လည်း တိုးတက်လာသောကြောင့် ယခုအခါမှာ ဥပါသကာအဖြစ် ခံယူသူပေါင်း ၇၀ဝ-ကျော် ရှိလေပြီ၊ ဂျူလိုင်လထဲမှာ အိမ်ခြေ ခုနစ်ရာ လောက်ရှိသော ရွာမှ ရွာလုံးကျွတ် ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူမည် ဟူ၍လည်း သတင်းကောင်း စကား ကြားခဲ့ရသေးသည်။]

ယခုအခါ၌ ဥပါသကာအစစ် ဥပါသိကာမအစစ် ဖြစ်နေကြတဲ့ ဒီပုဂ္ဂိုလ်များ၏ သရဏဂုံသီလ ဆောက်တည်ကြတဲ့ အသံ, တရားဓမ္မ ရွတ်ဆိုကြတဲ့အသံများကို ကြားရသဖြင့် ငါတို့သာသနာပြု ဆရာတော်များမှာ ဝမ်းမြောက် ဝမ်းသာခြင်း ပီတိသောမနဿတွေ များစွာဖြစ်ရပါတယ်၊ ဘုရားလက်ထက်တော်က ဥပါသကာ ဥပါသိကာမများလိုပင် ကြည်ညိုဖွယ် ကောင်းကြပါပေတယ် လို့လဲ အောက်မေ့မိ ကြပါတယ်။

ဒါကြောင့် ဇိနရက္ခိတ၏ သာသနာပြုလုပ်ငန်းဟာ ရှည်မြင့်စွာသော ကာလက ပျောက်ဆုံးနေခဲ့တဲ့ ဘိုးဘွားဟောင်းတွေရဲ့ အမွေအနှစ်ဖြစ်တဲ့ ရွှေငွေစသော အဖိုးတန်ရတနာတွေကို ထုတ်ဖော်ပြီးညွှန်ပြတာနဲ့ တူပါပေတယ်၊ လောကမှာရှိတဲ့ အဖိုးတန် ရတနာတွေထဲမှာ ဘုရား, တရား, သံဃာဆိုတဲ့ ရတနာလောက် အဖိုးတန်တဲ့ဟာမရှိပါဘူး၊

လောကီရတနာဆိုတာဟာ ဘယ်လောက်ပဲ အဖိုးတန်ပေမယ့် ယခုဘဝ လောက်သာ အသုံးကျတယ်၊ နောက်ဘဝတွေကိုတော့ ယူမသွားနိုင်ဘူး၊ ဘုရား, တရား, သံဃာ ဆိုတဲ့ ရတနာတွေကတော့ ယခုဘဝ ကြည်ညို ကိုးကွယ်လျှင် အဲဒီပုဂ္ဂိုလ်ဟာ ဘဝပေါင်း မရေမတွက်နိုင်အောင် ကောင်းစား ချမ်းသာသွားနိုင်ပါတယ်၊

အင်ဒိုနီးရှား အမျိုးသားအပေါင်းတို့ အဲဒီလိုအဖိုးအတန်ဆုံးဖြစ်တဲ့ ရတနာသုံးပါး အမွေအနှစ်တွေဟာ သင်တို့ ၏ ဘိုးဘွားဟောင်းတွေရဲ့ အမွေအနှစ်ဖြစ်တယ်၊ အဲတာတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ခုနစ်ရာလောက်ကစပြီး ပျောက်ဆုံးလာခဲ့ပါတယ်၊ အဲဒီအဖိုးတန် ရတနာအမွေအနှစ်တွေဟာ ဇိနရက္ခိတရဟန်း၏ ကြိုးပမ်းမှုကြောင့် သင်တို့ရဲ့ မျက်မှောက်မှာ ရောက်နေပါပြီ၊ သဒ္ဓါယုံကြည်မှုရှိပြီး အလိုရှိကြမယ် ဆိုလျှင် အလွယ်ကလေးနဲ့ပဲ လက်ခံ သိမ်းယူနိုင်ကြပါတယ်။

ပြီးတော့ ဇိနရက္ခိတ ၏ ကြိုးပမ်းမှုကြောင့် ဒီအင်ဒိုနီးရှားမှာ သာသနာတော်၏ အခြေအမြစ် ဖြစ်တဲ့သိမ်ကိုလဲ သမုတ်ပြီးပြီ၊ အင်ဒိုနီးရှား အမျိုးသားတဦးကိုလည်း ရဟန်းပြုပေးပြီးပြီ၊ ဒီလို သိမ်သမုတ်ရဟန်းခံပေးရာမှာ သီဟိုဠ်, ယိုးဒယား, ကမ္ဗောဒီးယား, မြန်မာပြည်ဆိုတဲ့ ထေရဝါဒ ၄-နိုင်ငံက ရဟန်းတော်များပါဝင်ပြီး ဆောင်ရွက်ကြတယ်၊

ဒါကြောင့် ယခုအင်ဒိုနီးရှားမှာ တည်ရှိနေတဲ့ သာသနာတော်ဟာ အဲဒီ ထေရဝါဒ ၄-နိုင်ငံလုံးနှင့် စပ်ဆိုင်နေတယ်၊ အဲဒီ ၄-နိုင်ငံလုံးက ငါတို့ပြုစုထားတဲ့ သာသနာတော်ပဲ လို့ နှလုံးသွင်းပြီးတော့ ပရိယတ္တိသဒ္ဓမ္မ, ပဋိပတ္တိသဒ္ဓမ [ဆိုတဲ့ ခွန်အားဗလကို] ထပ်ခါ ထပ်ခါ ပေးပြီး ချီးမြှောက်ဖို့ တာဝန်ဝတ္တရား ရှိနေပါတယ်၊ ဒါကြောင့် အင်ဒိုနီးရှားက ဗုဒ္ဓသာသနာတော်ဟာ တိုးတက်ဖို့ ရှိနေပါတယ်။

ဒါတွင်မကသေးဘူး၊ ဒီနိုင်ငံမှာ သာသနာကိုစပြီးပြုတဲ့ ဇိနရက္ခိတရဟန်းဟာ စာတွေ့ ပရိယတ်သက်သက်နှင့် သာသနာပြုတာမဟုတ်ဘူး၊ မဂ်, ဖိုလ် ပဋိဝေဓတိုင်အောင် ဆိုက်ရောက်စေနိုင်တဲ့ လက်တွေ့ ပဋိပတ်နှင့်လည်း သာသနာပြုနေပါတယ်၊ အရှင် မဟာမဟိန္ဒမထေရ် သီဟိုဠ်မှာ သာသနာပြုတာမျိုးပါပဲ၊

ဒါကြောင့်လည်း အင်ဒိုနီးရှားက ဗုဒ္ဓသာသနာတော်ဟာ အတိုင်းထက် အလွန် တိုးတက်သွားဖို့ ရှိပါတယ်၊ ဗုဒ္ဓသာသနာတော် တိုးတက်လာလျှင် လူအများတွေမှာ အကျိုးများဖို့, ချမ်းသာဖို့ပဲ ဖြစ်ပါတယ်၊ ဒါကြောင့် ဆရာတော်က အောက်ပါ ဆုတောင်း ပတ္ထနာများနှင့် နိဂုံးချုပ်လိုပါတယ်။

- အင်ဒိုနီးရှားနိုင်ငံမှာ ဗုဒ္ဓသာသနာတော် တနေ့တခြားတိုးပွားပါစေ။
- အင်ဒိုနီးရှားနိုင်ငံဟာ ဘေးရန်ကင်းကွာလျက် ချမ်းသာကြွယ်ဝပါစေ။
- တကမ္ဘာလုံးက သတ္တဝါအပေါင်းလည်း ဘေးရန်ကင်းကွာ လျက် ချမ်းသာကြပါစေ။

(ပုံ) အရှင်သောဘန
အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်

မဟာစည်ဆရာတော်၏ အထက်ပါမိန့်ခွန်းကို မြန်မာသံမှူး ဦးတင်လတ်က အင်္ဂလိပ် ဘာသာ ပြန်ဆိုပေးသည်၊ ၎င်းကို အရှင်ဇိနရက္ခိတက အင်ဒိုနီးရှားဘာသာပြန်ဆို၍ ဝေသာခအစည်းအဝေးပွဲ၌ ဟောကြားသည်။

နှစ်ဖွဲ့ခွဲ၍ လှည့်လည်တရားဟောခြင်း

▬▬▬▬▬▬▬▬▬▬▬▬

အင်ဒိုနီးရှားနိုင်ငံ၌ အရှင်နာရဒအဖွဲ့က ဂျာဝါး အရှေ့တောင်ပိုင်းသို့ လှည့်လည် တရားဟောတော်မူ၍ မဟာစည်ဆရာတော်အဖွဲ့က ဂျာဝါးအရှေ့မြောက်ပိုင်းသို့ လှည့်လည် တရားဟောတော်မူခဲ့လေသည်၊ မဟာစည် ဆရာတော်သည် ဗောရောဗုဒူး စေတီမှ ထွက်ခွာခဲ့၍ ၁၅-မိုင်ခန့်ဝေးကွာသည့် မဝလန်မြို့သို့ ၁၂-နာရီ အချိန်တွင် ရောက်တော်မူသည်၊

တရုတ်အိမ်တအိမ်တွင် ကျိန်းစက်တော်မူကြသည်၊ ကဆုန်လပြည့်ကျော် ၂-ရက် (၂၃-၅-၁၉၅၉) နေ့ နံနက် ၆-နာရီခွဲတွင် မဝလန်မြို့မှ ထွက်ခဲ့ကြသည်၊ ၇-နာရီခွဲတွင် ဝါတုဂုံဗုဒ္ဓဂယာ ကျောင်းသို့ပြန်ရောက်ကြသည်၊ ၎င်းနေ့ ည ၈-နာရီအချိန်တွင် ဆမာရမ်မြို့၌ တရားပွဲကျင်းပသည်၊ သီဟိုဠ်ဆရာတော် အရှင်ပိယဒဿီက အင်္ဂလိပ် ဘာသာဖြင့် ဗုဒ္ဓဓမ္မအကြောင်းကို ဟောတော်မူသည်၊ အာနန္ဒခေါ် ဒကာက အင်ဒိုနီးရှား ဘာသာပြန်သည်၊

ပရိသတ်မှာ ၂၀ဝ-ကျော်ခန့်ရှိလေသည်၊ မေးခွန်းများကို ပြန်ရှင်းပြီး ၁၀-နာရီခွဲတွင် သံဃာတော်များက “ဘဝတု သဗ္ဗမင်္ဂလံ” စသော ဂါထာဖြင့် မေတ္တာအာသီသ ပြုတော်မူကြကာ တရားပွဲကို ရုပ်သိမ်းတော်မူကြသည်၊ ထိုအခါ ပရိသတ်များ မတ်တတ်ရပ် အရိုအသေပြုကြသည်။

ဆမရမ်နဂရေစာပိ, ဓမ္မသဘာ ပဝတ္တယိ၊
ထေရာနံ မဟုဿဟေန, နာနံ သာတ္ထကံ ဟိခေါ။

ပတိမြို့ တရားပွဲ

▬▬▬▬▬▬

မဟာစည်ဆရာတော်သည် အရှင်ပိယဒဿီမထေရ်, အရှင်အရိယဝံသမထေရ်, အရှင်မဟာနာမမထေရ်, အရှင်ဖရဝိသာလသမဏဂုဏမထေရ်, ၎င်း၏ပစ္ဆာသမဏ ၂-ပါး, အရှင်ဇိနရက္ခိတနှင့် ဗာလီသာမဏေ ရှင်ဇိနပ္ပိယ တို့နှင့်အတူ ကဆုန်လပြည့် ကျော် ၃-ရက် (၂၄-၅- ၅၉) နေ့တွင် နေ့ ၁၂-နာရီခွဲတွင် ဆမာရမ်မြို့ ဝိဟာရ ဗုဒ္ဓဂယာမှ မော်တော်ကားများဖြင့် ဆက်လက်ထွက်ခွာရာ ၂-နာရီခွဲတွင် ပတိမြို့ တရုတ်ဘုရားကျောင်းသို့ ရောက်သည်၊

ထိုတရုတ်ဘုရားကျောင်း ဗုဒ္ဓဝိဟာရ အခန်း၌ တရားဟောတော်မူရာ ပရိသတ် ၁၅၀-ခန့် တက်ရောက်သည်၊ ပရိသတ်မှာ မူဆလင်ဘာသာဝင်တွေ များသည်၊ ယင်း တရားပွဲတွင် မဟာစည် ဆရာတော်က ၅-ပါးသီလပေးရာ ဗုဒ္ဓဘာသာဝင်တွေက ကျယ်စွာဆို၍ ၅-ပါးသီလ ခံယူကြသည်၊

မူဆလင်ဘာသာဝင်တွေက မတ်တတ်ရပ်လျက် အရိုအသေ ပေးကြသည်၊ အရှင်ပိယဒဿိက တရားဟောသည်၊ အာနန္ဒာက ဘာသာပြန်သည်၊ ထို့နောက် မေးခွန်းများဖြေသည်၊ “ဘဝတုသဗ္ဗမင်္ဂလံ” စသည်ဖြင့် မေတ္တာအာသီသပြု၍ တရားပွဲ သိမ်းတော်မူကြသည်။

ပတိဝှယ နဂရေပိ, ဓမ္မုဿဝေါ ပဝတ္တတိ၊
ထေရာနံ ဧသော ဝါယောမော, အတိဝ သဗလာ ဘဝိ။

ဂျူဝါနာမြို့တရားပွဲ

▬▬▬▬▬▬▬

ညနေ ၆-နာရီအချိန်တွင် ၎င်းဌာနမှထွက်ခွာ၍ ၆-နာရီခွဲတွင် ဂျူဝါနာ (Djuawana) မြို့ ဥပါသကာ တဦးအိမ်သို့ ရောက်လေသည်၊ ည ၈-နာရီအချိန်တွင် ၎င်းမြို့ တရုတ်ဘုရားကျောင်း၌ တရားပွဲကျင်းပသည်၊ ပရိသတ် ၅၀ဝ-ခန့်ရှိလေသည်၊ အများအားဖြင့် တရုတ်အမျိုးသား အမျိုးသမီးတွေဖြစ်ကြသည်၊ မဟာစည် ဆရာတော်က ၅-ပါးသီလပေးတော်မူသည်၊

အရှင်ပိယဒဿီက အင်္ဂလိပ်ဘာသာဖြင့် တရားဟောတော်မူသည်၊ အထူး တောင်းပန်သဖြင့် မဟာစည်ဆရာတော်သည် “ဓမ္မကာမော ဘဝံ ဟောတိ” တရား လိုလားလျှင် မျက်မှောက် ဘဝမှာရော, တမလွန်ဘဝမှာရော ကြီးပွား ချမ်းသာ နိုင်သည် စသည်ဖြင့် ပါဠိဘာသာဖြင့် နာရီဝက်ခန့် ဟောတော်မူခဲ့လေသည်၊

မဟာစည် ဆရာတော် ဟောပြောချက်ကို အရှင်ပိယဒဿီက အင်္ဂလိပ် ဘာသာ ပြန်၍ အာနန္ဒာက အင်ဒိုနီးရှားဘာသာပြန်သည်၊ ၎င်းနောက်တရားပွဲသိမ်း၍ ၉-နာရီ ၄၅-မိနစ်တွင် ဂျူဝါနာမြို့မှ ထွက်ခွာခဲ့ကြလေသည်။

ဂျုဝါနာနဂရေစာပိ, ဓမ္မဆဒေါ ပဝတ္တတိ၊
သတ္တာနံ ဥဒ္ဓမ္မသဒ္ဒေါ, အတိဝ ဒုလ္လဘော ဟိ ခေါ။

ရင်ဘန်းမြို့ တရားပွဲ

▬▬▬▬▬▬▬▬

ည ၁၀-နာရီ ၁၅-မိနစ်အချိန်တွင် ရင်ဘန်း (Renbams) မြို့ မစ္စတာညှိုခေါ် တရုတ်အမျိုးသား ဥပါသကာ၏ အိမ်သို့ရောက်သည်၊ ထိုအိမ်မှာကား ကျယ်ဝန်း လှသည်၊ နောက်ပါဒါယကာ ၃-ယောက်နှင့် သံဃာတော် ၉-ပါးအတွက် အိပ်ရာ, ခုတင်, ခြင်ထောင်များ အပြည့်အစုံ အသင့်ပြင်ထားသည်၊ အိမ်သူအိမ်သားများ အခြား အိမ်၌ ရွှေ့နေကြသည်၊ ဆရာတော်တို့သည် ထိုအိမ်၌ ၂-ညဉ့် တည်းခို သီတင်းသုံးတော်မူခဲ့ကြသည်၊

၂-ရက်လုံး သက်သက်လွတ်ဟင်းစုံဖြင့် ဆွမ်းကပ်ကြသည်၊ ကဆုန်လပြည့်ကျော် ၄-ရက်နေ့ (၂၅-၅-၁၉၅၉) ည ရ-နာရီတွင် ထိုအိမ်အနီးရှိ တရုတ်ဘုရားကျောင်း၌ တရားပွဲ ကျင်းပသည်၊ ပရိသတ် ၃၀ဝ-ကျော်ရှိသည်၊ မဟာစည်ဆရာတော်က သီလ ပေးတော်မူသည်၊ အရှင်ပိယဒဿီက တရားဟောတော်မူသည်၊

အထူးတောင်းပန်သဖြင့် မဟာစည် ဆရာတော်က ၄၅-မိနစ်ခန့် မင်္ဂလာတရား ဟောတော်မူသည်၊ ၎င်းနောက် မေးခွန်းများဖြေသည်၊ ၁၀-နာရီခွဲတွင် တရားပွဲ သိမ်းသည်။

ရင်ဘန်းဝှသုပုရေစာပိ, ဓမ္မသဘာ ပဝတ္တတိ၊
ထေရာနံ ပရက္ကမော ဟိ, အဟော အစ္ဆရိယော ဟိ ခေါ။

လာ့ဆန်းမြို့သို့ရောက်ခြင်း

▬▬▬▬▬▬▬▬▬▬

ကဆုန်လပြည့်ကျော် ၅-ရက်နေ့ ၁၂-နာရီခွဲတွင် ရင်ဘန်းမြို့မှ ထွက်ခွာခဲ့ကြသည်၊ ၁-နာရီတွင် လာ့ဆန်း (Lasen) မြို့တည်းခိုရာ တရုတ်အိမ်သို့ ရောက်တော် မူကြသည်၊ ၎င်းမှ အိမ်ခြေ ၂၀ဝ-ကျော်ခန့်ရှိ ရှင်ဒန်အဿရိခေါ် တောရွာကလေးသို့ ကြွတော်မူကြသည်၊ ထိုရွာကလေးထိပ်မှ တမိုင်ခန့် ခြေကျင် ဆင်းလျှောက်တော် မူကြသည်၊

ယင်းရှင်ဒန်အဿဂိရွာတွင်းရှိ အလျား ၁၅-ပေ, အနံ ၁၀-ပေခန့်ရှိသော ဝိဟာရ၌ ခေတ္တထိုင်၍ မေတ္တာကရုဏာပွား ပရိတ်ရွတ်ဖတ်တော်မူကြသည်၊ ၎င်းရွာကလေးမှ ပြန်ကြွတော်မူ၍ လာ့ဆန်းမြို့ မဟာကရုဏာဝိဟာရ၌ ညနေ ၄-နာရီခွဲအချိန်တွင် တရားဟောတော်မူခဲ့လေသည်၊ ပရိသတ် အနည်းငယ်သာရှိသည်။

လာ့ဆန်းဝှယနဂရေပိ, ထေရာသဒ္ဓမ္မမာမကာ၊
ဒေသေသုံ သဒ္ဓမ္မံ သေဋ္ဌံ, သဒ္ဓမ္မဿာဘိဝုဒ္ဓိယာ။

ဘလိုရာမြို့သို့ရောက်ခြင်း, တရားဓမ္မ ဟောပြောခြင်း

▬▬▬▬▬▬▬▬▬

ကဆုန်လပြည့်ကျော် ၆-ရက် (၂၇-၅-၁၉၅၉) နေ့ မွန်းလွဲ ၁-နာရီအချိန်တွင် လာ့ဆန်းမြို့မှ ထွက်ခဲ့၍ ၂-နာရီမိနစ် ၄၀-အချိန်တွင် ဘလိုရာ (Blora) မြို့သို့ ရောက်သည်၊ ည ၈-နာရီအချိန်တွင် တည်းခိုရာဌာနမှ ၄-ဖါလုံခန့်ဝေးသော တရုတ် ဘုရားကျောင်းသို့ ခြေကျင်ကြွရောက် တရားဟောတော်မူကြသည်၊

ရှေးဦးစွာ ဗုဒ္ဓဘာသာအမျိုးသမီးများက အင်ဒိုနီးရှား တရားဂါထာလင်္ကာများဖြင့် ရွတ်ဆိုပူဇော်ကြသည်၊ မဟာစည်ဆရာတော်က ၅-ပါးသီလပေး, အရှင်ပိယဒဿီက တရားဟောသည်၊ တဖန် မဟာစည်ဆရာတော်က “မကောင်းမှုဟူသရွေ့ကို မပြုရ, ကောင်းမှုကို ပြုပါ, စိတ်ကိုစင်ကြယ်ပါစေ” ဟူသော ဘုရားမြတ်စွာအဆုံးအမ ၃-ပါး ကို အကျဉ်းချုပ်၍ ဟောတော်မူသည်၊ လူပရိသတ် ၃၀ဝ-ကျော်ခန့်ရှိသည်။

ဘလိုရာနဂရေစာပိ, ထေရာ ထိရေသု သဏ္ဌိတာ၊
ဓမ္မံ တေ ဒေသယိတွာန, မနုဿေ အဘိတောသိသုံ။

စုရာဘဂျာမြို့ကြွရောက်ခြင်း

▬▬▬▬▬▬▬▬▬▬

ကဆုန်လဆုတ် ၇-ရက် (၂၈-၅-၅၉) နေ့ နံနက် ၇-နာရီ အချိန်တွင် ဘလိုရာမြို့မှ ကားနှင့်လိုက်ပို့ကြသည်၊ ၈-နာရီတွင် ဂျေပူမြို့ မီးရထားဘူတာသို့ ရောက်တော် မူကြသည်၊ ၈-နာရီ ၄၅-မိနစ်တွင် မီးရထားထွက်သည်၊ ဘလိုရာမှ ယူဆောင်ခဲ့သော ဆွမ်းအုပ်များကို ရထားပေါ်တွင် ဘုဉ်းပေးကြသည်၊ ၁၁-နာရီ မိနစ် ၂၀-တွင် စုရာဘဂျာမြို့ ဘူတာရုံကြီးသို့ ရောက်သည်၊

၁၁-နာရီ မိနစ် ၄၀-တွင် မစ္စတာအန်ဂျင်ဆွာန်၏အိမ်သို့ ရောက်တော်မူကြသည်၊ ညနေ ၃-နာရီတွင် အရှင်နာရဒတို့အဖွဲ့လည်း ထိုအိမ်သို့ ရောက်တော်မူလာ ကြသည်၊ အရှင်နာရဒတို့သည် ဗောရောဗုဒူးမှခွဲခွာခဲ့ကြပြီး၍ မြို့ပေါင်း ၆-မြို့တို့၌ တရား ဟောပြီး၍ ရောက်လာခြင်း ဖြစ်လေသည်၊ သံဃာတော် ၁၃-ပါး တပေါင်းတည်း ဆုံမိကြသည်။

သတင်းစာကွန်ဖရင့်ပြုလုပ်ခြင်း

▬▬▬▬▬▬▬▬▬▬▬▬

ကဆုန်လပြည့်ကျော် ၈-ရက် (၂၉-၅-၅၉) နေ့ ၈-နာရီ အချိန်တွင် ဆရာတော်များ သတင်းစာကွန်ဖရင့်သို့ ကြွတော်မူကြသည်၊ အရှင်နာရဒမထေရ်က ထေရဝါဒ ၄-နိုင်ငံမှ သာသနာရေး ကိစ္စအတွက် အင်ဒိုနီးရှားသို့ ကြွရောက်လာကြပုံ, သိမ်သမုတ် ကိစ္စ, ရဟန်းခံကိစ္စများ ဆောင်ရွက်ပုံ, ဗောရောဗုဒူး၌ ဝေသာခ ပွဲတော်ကြီး ကျင်းပပုံ, နယ်လှည့်တရား ဟောခဲ့ပုံ စသည်များကို ရှင်းလင်းပြောပြတော်မူသည်။

ထို့နောက် သိလိုသော အချက်အလက်များကို သတင်းစာဆရာများက မေး၍ အရှင်နာရဒကပင် ဖြေကြားတော်မူသည်၊ အရှင်နာရဒကား အင်္ဂလိပ်စကားကို စာပေ ဝေါဟာရ, နိုင်ငံရေးဝေါဟာရ စသည်နှင့်တကွ ကျွမ်းကျင် တတ်မြောက်သည့် ပုဂ္ဂိုလ်မြတ်ဖြစ်တော်မူသည်၊ အင်္ဂလိပ်စာအုပ်စာတမ်းပေါင်း များစွာကို ပြုစုရေးသား ခဲ့သည့်ပြင် ကမ္ဘာအရပ်ရပ် လှည့်လည်၍ အင်္ဂလိပ်လို ဟောနေသည့် ပုဂ္ဂိုလ် ဖြစ်သည်။

ဝုတ္တန္တပတ္တသမာဂမ-သဘာပိ သံပဝတ္တတိ၊
တမှိ နာရဒထေရော သော, ပကာသယိ သုဓီတိမာ။

ဥပါသကာ, ဥပါသိကာမအဖြစ် ခံယူကြခြင်း

▬▬▬▬▬▬▬▬▬▬▬▬

ညနေ ၃-နာရီတွင် အိမ်ရှင်ဒကာ, ဒကာမများ ဥပါသကာ, ဥပါသိကာမ အဖြစ် ခံယူကြသည်၊ ဆရာတော်အရှင်နာရဒက ဥပါသကာ ကျင့်ဝတ်များကို ဟောကြားတော်မူသည်၊ မဟာစည်ဆရာတော်က သရဏဂုံသီလ ပေးတော်မူသည်၊ ဆရာတော် အရှင်နာရဒက အိမ်ရှင်ဒါယကာကို အသောကဟူ၍ လည်းကောင်း၊ အိမ်ရှင်မကို ဝိသာခါဟူ၍ လည်းကောင်း၊ ၎င်းတို့၏ တဦးတည်းသောသားကို ရာဟုလာ ဟူ၍လည်းကောင်း၊ အခြားဒကာတဦးကို သန္တဟူ၍ လည်းကောင်း အမည်ပေးတော်မူသည်၊

ညနေ ၅-နာရီတွင်လည်း အခြား ပုဂ္ဂိုလ် ၅-ဦးတို့ သရဏဂုံသီလယူ၍ ဥပါသကာ အဖြစ် ခံယူကြသည်၊ ၎င်းတို့အဖို့ အရတော်လှချေ၏၊ မထေရ်မြတ်တို့ အင်ဒိုနီးရှား နိုင်ငံသို့ ကြွတော်မူခြင်းသည် အကျိုးရှိလှပါပေသည်၊ ည ၇-နာရီ မိနစ် ၃၀-တွင် မြို့တော်ရုံ၌ တရား ဟောကြားသည်၊ ပရိသတ် ၅၀ဝ-ခန့်ရှိသောဟူ၏။

ဗုဒ္ဓံ ဓမ္မဉ္စ သံဃဉ္စ, အနေကေ သရဏံ ဂတာ၊
ထေရာနံ တတ္ထ ဂမနံ, အတီဝ သဖလံ ဘဝိ။

ဗာလီကျွန်းသို့ ကြွတော်မူခြင်း

▬▬▬▬▬▬▬▬▬▬▬

ကဆုန်လပြည့်ကျော် ၉-ရက်နေ့ နံနက် ၆-နာရီတွင် စုဘရာမြို့က ဒါယကာများက ကားကလေး ၆-စီးဖြင့် ဝမ်းမြောက်ဝမ်းသာ ဘန်ဂျူဝင်္ဂီသို့ လိုက်ပို့ကြသည်၊ ၎င်းမှာ ဂျာဝါးကျွန်း ၏ အရှေ့ဘက်ထိပ်၌ တည်ရှိသည်၊ စုရာဘယာမှ မိုင် ၁၆၇-မိုင် ကွာလှမ်းလေသည်၊ နံနက် ၈-နာရီ မိနစ် ၄၀-တွင် အရှေ့မြောက်ဘက် ပင်လယ် ကမ်းခြေရှိ ပဆာပုတိ (Pasirputih) သို့ ရောက်တော်မူကြသည်၊ ပဆာပုတိရှိ တည်းခိုခန်း၌ ဆွမ်းကပ်ကြသည်၊

ဆွမ်းဘုဉ်းပေးတော်မူကြပြီး ဆက်လက် ထွက်ခွာတော်မူကြရာ မွန်းလွဲ ၁-နာရီ အချိန်တွင် ဘန်ဂျူဝင်္ဂီသို့ ရောက်တော်မူကြသည်၊ ဘန်ဂျူဝင်္ဂီကမ်းခြေမှ ၂-နာရီ သင်္ဘောငယ်ဖြင့် ကြွရောက်တော်မူရာ ၂-နာရီ ၄၅-မိနစ်အချိန်တွင် ဗာလီကျွန်းဘက် ဂိလီမနုတ်ဆိပ်ကမ်းသို့ ရောက်တော်မူကြသည်၊ ၎င်းမှတဖန် ကားဖြင့်ထွက်ခွာ တော်မူရာ ညနေ ၆-နာရီအချိန်တွင် ဘန်ဂျာမြို့ကလေးသို့ ရောက်တော်မူကြသည်၊

ဆရာတော်များသည် ဖော်ပြပါဘန်ဂျာမြို့စွန်ရှိ အရှင်ဇိနာရက္ခိတ၏ စံကျောင်းငယ်၌ ဖြစ်သလို ခေတ္တသီတင်းသုံးတော်မူကြသည်၊ ကဆုန်လပြည့်ကျော် ၁၀-ရက်နေ့ နံနက် ၈-နာရီတွင် တည်းခိုရာ စံကျောင်းကလေးမှ လမ်းလျှောက်၍ ဘန်ဂျာမြို့ တွင်းသို့ လမ်းလျှောက်လာကြသည်၊ ဘတ်စ်ကား ၂-စီးဖြင့် ဆက်လက် ထွက်ခွာ တော်မူကြရာ မွန်ဒွတ်ခေါ် တောင်ပေါ်မြို့ကလေးသို့ ရောက်တော်မူကြသည်။

နတ်ကွန်းတွေပေါသည့် ဗာလီကျွန်း

▬▬▬▬▬▬▬▬▬▬▬▬

မြန်မာနိုင်ငံတွင် စေတီပုထိုးများ ပေါသလို ဗာလီကျွန်း၌ ဟိန္ဒူဘုရားရှိခိုးကျောင်း, နတ်ကွန်းတွေ အလွန်ပေါများလှသည်ဟူ၏၊ ထိုနတ်စင်, နတ်ကွန်းများ၌ ဗာလိနတ်စာ ပူဇော်မှုများသောကြောင့် ဗာလီကျွန်း မည်ကြောင်း ဆိုကြသည်။ အိမ်တိုင်းမှာပင် ဟိန္ဒူဘုရားရှိခိုးကျောင်း ၃-ခုစီ ရှိကြောင်းလည်း ဆိုကြသည်။

ဗဟူဒေဝါယတနာနိ, ဗာလီဒီပေ မနောရမေ၊
မြန်မာ့ရဋ္ဌေ စေတိယာနိ, ယထာ ဒိဿန္တိ ပါယသော။

ယင်းမွန်ဒွတ်မြို့၌ သရဏဂုံတည် ဥပါသကာ ၂-ယောက်သာရှိသည် ဟူ၏၊ တရား ဟောရာ တရားနာသူ ၁၀ဝ-ခန့်ရှိသောဟူ၏၊ လူများမှာ လက်အုပ်ချီရန်ပင် မသိရှာကြပေ၊ သနားစရာဖြစ်လေသည်၊ အရှင်နာရဒက တရားဟောတော်မူသည်။

ဘန်ဂျူအဒစ်မြို့၌ တရားဟော ပရိတ်ရွတ်

▬▬▬▬▬▬▬▬▬

ဆရာတော်တို့သည် ၁၂-နာရီအချိန်တွင် ဘန်ဂျူအဒစ်ခေါ် မြို့ကလေးသို့ ရောက်တော်မူကြသည်၊ ထိုမြို့တွင် တရားဟောတော်မူကြရာ ပရိသတ် ၈၀-လောက်ရှိသည်၊ သရဏဂုံတည်သူ ဥပါသကာ တယောက်သာရှိလေသည်၊ တရားဟောပြီး ပရိတ်ရွတ်တော်မူကြသည်၊ ဆရာတော်အရှင်နာရဒက ပရိတ်ရေ တဇွန်းစီပေးရာ လက်ဝါးနှင့်ခံ၍သောက်ကြသည်၊ ယင်းသို့ ပရိတ်ရေသောက်စဉ် သံဃာတော်များက “သဗ္ဗေဗုဒ္ဓါ ဗလပတ္တာ” ဂါထာကိုရွတ်ဆို ချီးမြှောက်တော် မူကြသည်။

ဘန်ဂျာမြို့၌ တရားဟောခြင်း

▬▬▬▬▬▬▬▬▬▬▬

နေ့ ၂- နာရီအချိန်တွင် ထိုဌာနမှထွက်ခဲ့ရာ ဘန်ဂျာမြို့ဟိုက်စကူးကျောင်းသို့ ၂-နာရီခွဲတွင် ရောက်တော်မူကြသည်၊ မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် ပရိသတ် အလာနည်းသည်၊ ၆၀-လောက်သာ လာသည်၊ ပုဂ္ဂိုလ် ၆-ဦး သရဏဂုံ သီလတို့၌ တည်ကြသည်။

ဒင်ပဆာမြို့၌ တရားဟောခြင်းစသည်

▬▬▬▬▬▬▬▬▬▬▬▬

ကဆုန်လဆန်း ၁၁-ရက်(၁-၉-၅၉) နေ့နံနက် ၇-နာရီခွဲတွင် ဘန်ဂျာမှ ကားဖြင့် ပေပေါင်း ၆၀ဝဝ-ကျော်မြင့်သော တောင်တန်းကြီးပေါ်မှဖြတ်၍ သွားတော်မူကြရာ ၁၁-နာရီအချိန်တွင် ဒင်ပဆာ (Dempasar) မြို့သို့ရောက်ကြသည်၊ ၎င်းကား ဗာလီကျွန်း၏မြို့တော်ဖြစ်သည်၊ ညနေ ၅-နာရီခွဲတွင် မြို့တော်ရုံ၌ တရားပွဲကျင်းပ ကြသည်၊

ဗာလီပုဏ္ဏားများက မန္တန်မန်းမှုတ်၍ အခမ်းအနားဖွင့်ကြသည်၊ ပန်းပွင့်အဖတ် ငယ်များကို တခုချင်း ဖဲ့ကာဖဲ့ကာ ပစ်ချလျက် လက်နှစ်ဘက် အမျိုးမျိုးလှည့်ပတ် ကွေးကောက်၍ မန်းမှုတ်ကြသည်၊ ဗာလီပုဏ္ဏားများ မူလတွင် ဗုဒ္ဓဘာသာ တရားတော်ကို လေးစားသည့် လက္ခဏာမရှိချေ၊ သို့ရာတွင် ဆရာတော်အရှင် နာရဒက အင်္ဂလိပ်လို လည်လည်ပတ်ပတ် ဗုဒ္ဓတရားတော်သာလျှင် ခိုင်လုံကြောင်း ပြောဟောရာ လေးစားသည့် လက္ခဏာကို ပြကြသည်၊

ကဆုန်လပြည့်ကျော် ၁၂-ရက်နေ့ နံနက် ၈-နာရီအချိန်တွင် ဒင်ပဆာမြို့မှ ထွက်ခဲ့ကြရာ ၉-နာရီ အချိန်တွင် ကလုံကုံမြို့သို့ရောက်ရှိရာ ယင်းမြို့၌ ခေတ္တ နားတော်မူကြသည်၊ ၉-နာရီခွဲတွင် ဂုဝလဝခေါ် တောင်စောင်း လင်းနို့ဂူကြီးသို့ ကြွရောက်ကြည့်ရှုတော်မူကြသည်၊

ယင်းတောင်စောင်း လင်းနို့ လိုဏ်ဂူကြီး၌ လင်းနို့တွေ ထောင်သောင်းများစွာ ကျပ်ခဲ နေကြသည်ကို တွေ့ရှိတော်မူခဲ့ကြသည်၊ ထိုစဉ်က သီဟိုဠ်ဆရာတော် တပါး ဖြစ်သော အရှင်အရိယဝံသမထေရ်က လင်းနို့ဖြစ်ဖူးသော ရဟန်းငါးရာကို နှလုံးသွင်းတော်မူကာ “ကုသလာဓမ္မာ အကုသလာဓမ္မာ” စသည်ဖြင့် အဘိဓမ္မာ တရားကို ရွတ်ဆို ဟောကြားတော်မူခဲ့လေသည်၊ ဆရာတော်ကြီးများသည် ကရုဏာ ကြီးမားတော်မူကြကုန်၏၊ မဟာစည်ဆရာတော်မှာ များစွာသံဝေဂ ဖြစ်တော်မူခဲ့ လေသည်။

သာသနဇောတကာထေရာ, သဗ္ဗဒါ ကရုဏာယုကာ၊
အင်ဒိုနီးရှားသုရဋ္ဌေတေ, ဖရိံသု ဓမ္မမီဒိတိံ။

ကရင်အဆန်မြို့တော်သို့ ရောက်ရှိဆောင်ရွက်ခြင်း

▬▬▬▬▬▬▬▬▬

၁၀-နာရီခွဲအချိန်တွင် ကရင်အဆန်မြို့တော် “တမံတိရိယဂင်္ဂါ” ခေါ်ဌာနသို့ ရောက်တော်မူကြသည်၊ ၎င်းမှာ ကရင်အဆန်ဘုရင်ဟောင် ဒါယကာကြီး၏ ဆောင်းရာသီ စံနန်းတော်ဖြစ်လေသည်၊ ထိုဌာန၌ ရေပန်းတွေ အမျိုးမျိုးဖြင့် ရေကန်ကြီးတွေ အဆန်းတကြယ် ပြုလုပ်ထားသောဟူ၏၊ ဆရာတော်များအား ထို ဘုရင်ဟောင်း ဒါယကာကြီးက နေ့ဆွမ်းဆက်ကပ် လှူဒါန်းလေသည်၊

၁၂-နာရီတွင် ထိုဌာနမှထွက်ခဲ့၍ ၁၂-နာရီ ၄၅-မိနစ်တွင် ထိုဘုရင်ဟောင်းကြီး၏ နွေရာသီစံနန်းသို့ ရောက်တော်မူကြသည်၊ ရေကန်ကြီးအလယ် ခမ်းနားသော တိုက်အိမ်ကြီးဖြစ်လေသည်၊ ပင်လယ်ကမ်းနှင့် ကိုက် ၃၀ဝ-လောက်ကွာ၍ လေကောင်း လေသန့်ရသည့် နေရာဖြစ်လေသည်၊

ဆရာတော်များ တည်းခိုရန် ခုတင်, အိပ်ရာ ခြင်ထောင် စသည် ပြည့်စုံစွာ စီစဉ်ထားနှင့်လေသည်၊ ညနေ ၄-နာရီတွင် ကရင်အဆန် (Karangasam) မြို့တွင် စာသင်ကျောင်း၌ တရားပွဲကျင်းပရာ ဘုရင်ဟောင်းကြီး ကိုယ်တိုင် သားတော် သမီးတော်များနှင့်တကွ လာရောက်တရားနာကြသည်၊ ပရိသတ် ၃၀ဝ-ကျော်ခန့် ရှိလေသည်၊

မဟာစည်ဆရာတော်က သီလပေး၍ ဆရာတော် အရှင်နာရဒက တရားဟော လေသည်၊ ဘုရင်ဟောင်းကြီးက များစွာသဘောကျလေသည်၊ ၇-နာရီခွဲအချိန် တည်းခိုရာ ရေကန်အလယ် တည်းခိုရာစံနန်းသို့ ပြန်ကြွတော်မူခဲ့လေသည်။

ဘုရင်ဟောင်းကြီးအား ပရိတ်တရားဖြင့် ချီးမြှောက်

▬▬▬▬▬▬▬▬▬▬

ကဆုန်လပြည့်ကျော် ၁၃-ရက် (၃-၆-၅၉) နေ့ နံနက် ၅-နာရီခွဲတွင် တည်းခိုရာ စံနန်းမှ ထွက်ခွါတော်မူကြရာ ၅-နာရီ ၄၅-မိနစ်တွင် ဘုရင်ဟောင်းကြီး၏ အိမ်တော်သို့ ရောက်တော်မူကြသည်၊ ထိုအိမ်တော်၌ ဆွမ်းဘုဉ်းပေးတော်မူပြီးလျှင် မေတ္တာသုတ် ပရိတ်တော်များ ရွတ်ဖတ်ပေးတော်မူကြသည်၊ ဘုရင်ဟောင်းကြီး အလွန် ဝမ်းသာနေလေသည်။

ပုဗ္ဗေ သုရာဇဘူတဿ, ဥပါသကဿ ပဂ္ဂတုံ၊
ပရိတ္တံ တေ လဘိတွာန, ထေရာ သာသနကာရိနော။

ကြီးကျယ်လှသည့် ဗေသာခီနတ်ကွန်း

▬▬▬▬▬▬▬▬▬▬▬▬

၎င်းနောက် ၇-နာရီ ၁၀-မိနစ်တွင် ကားဖြင့် ဗေသာခီနတ်ကွန်းသို့ ဆက်လက် ထွက်ခွာတော်မူခဲ့ကြသည်၊ ၈-နာရီခွဲ အချိန်တွင် ဗေသာခီနတ်ကွန်းသို့ ရောက်တော်မူကြသည်၊ အလွန်လျှင် ကြီးကျယ်သည့်နတ်ကွန်းကြီး ဖြစ်လေသည်၊ အဆောက်အအုံကြီးငယ်တို့ဖြင့်လည်း စိမ်းလန်းစိုပြည်သော သစ်ပင်ကြီးငယ်တို့ဖြင့် စိတ်ဓာတ်ရွှင်ပျော် မွေ့လျော်ဖွယ် ကောင်းလှပေသည်။

ဗေသာခီဒေဝါလယံတိ, နေတ္တဒါယရသာယနံ၊
သဒ္ဒလေဟိ ဟရိတေဟိ, တရုပန္တိဟိ သော ဘဝိ။

ဗာလီသာမဏေရဟန်းခံပေးခြင်း

ထိုဗေသာဓီနတ်ကွန်းတွင် ပေ ၃၀-ခန့်ကျယ်ပြန့်သော အဆောက်အအုံတခုပေါ်၌ ၉- နာရီ, ၁၀-နာရီအချိန်တွင် သီဟိုဠ် ရဟန်းတော် ၅-ပါး, မြန်မာ ၁-ပါး, ယိုးဒယား ၄-ပါး, အင်ဒိုနီးရှား ၂-ပါး စုစုပေါင်း ရဟန်းတော် ၁၂-ပါး အရေအတွက်ရှိသော သံဃာတော်များက ဗာလီသာမဏေ ရှင်ဇိနပ္ပိယအား ရဟန်းခံလေသည်၊ ဥပဇ္ဈာယ် ဆရာမှာ အရှင်နာဒရမထေရ် ဖြစ်သည်၊ ကမ္မဝါဆရာများမှာ -

(၁) သီဟိုဠ်ဆရာတော် အရှင်အရိယဝံသ,
(၂) မဟာစည်ဆရာတော် အရှင်သောဘန,
(၃) ယိုးဒယားဆရာတော် အရှင်ဝိသာလသမဏဂုဏထေရ်

တို့ ဖြစ်ကြသည်၊ သိမ်မှာ ဂါမသိမ်ဖြစ်လေသည်၊ ထိုအချိန်တွင် ထိုရွာ နယ်ပယ်၌လည်းကောင်း၊ ဗာလီကျွန်းလုံး၌လည်းကောင်း ကမ္မကာရက သံဃာတော် ၁၂-ပါးအပြင် အခြားရဟန်းများ မရှိသောကြောင့် ထိုဂါမသိမ်၌ ဥပသမ္ပဒ ကံဆောင်ခြင်းသည် ဝိနည်းတော်နှင့်အညီပင် ဖြစ်လေသည်။

ဗေသာခီဒေဝါလယမှိ, ဥပသမ္ပဒမကရုံ၊
ဇိနပ္ပိယံ သာမဏေရံ, သာသနဗာကရယတိ။

ဘင်္ဂလီမြို့ တရားပွဲ

၁၀-နာရီခွဲတွင် ဗေသာခီနတ်ကွန်းမှ ကားဖြင့် ထွက်ခဲ့ရာ ၁၁-နာရီ ၄၅-မိနစ်တွင် ဘဂ်လီမြို့ တည်းခိုအိမ်သို့ ရောက်တော်မူကြသည်၊ အသင့်ပြင်ထားသော ဆွမ်းကိုခပ်မြန်မြန် ဘုဉ်းပေးတော်မူကြရသည်၊ ၃-နာရီခွဲတွင် ဘင်္ဂလီမြို့၌ တရားပွဲ ကျင်းပရာ ပုဏ္ဏားများက မန္တန်မန်းမှုတ်၍ အခမ်းအနားဖွင့်ကြသည်၊ ပရိသတ် ၂၀ဝ-လောက်ရှိသည်၊ ည ၈-နာရီတွင် ပြီးလေသည်။

ဘင်္ဂလီ နဂရေစာပိ, ဓမ္မဝရမဒေသိသုံ၊
ဇနာနံ သုဟိတတ္ထာယ, ထေရာ သာသနဇောတကာ။

သင်္ဃရာဇာမြို့၌ တရားဟောခြင်း

ကဆုန်လပြည့်ကျော် ၁၄-ရက် (၄-၆-၅၉) နေ့ နံနက် ၇-နာရီအချိန်တွင် ဘတ်စ်ကားဖြင့် ဘင်္ဂလီမှထွက်ခဲ့ရာ ၈-နာရီခွဲအချိန်တွင် ကင်ကာမဏိတောင်ထိပ်၌ ခေတ္တရပ်နားတော်မူပြီး ဆက်လက်ထွက်ခွါ တော်မူကြရာ ၁၀-နာရီခွဲအချိန်တွင် သင်္ဃရာဇာ (Sangaradja) မြို့သို့ ရောက်တော်မူကြသည်၊

တည်းခိုသည့်အိမ်မှ တဖာလုံခန့် ဝေးသောအရပ်၌ အရှင်ဇိနရက္ခိတ၏ ကျောင်းကလေးတခု ရှိသည်၊ ၂-နာရီခွဲတွင် ထိုကျောင်းကလေးသို့ ကြွတော်မူ၍ ဥပါသကာ, ဥပါသိကာမအဖြစ် ခံယူကြသော ယောက်ျား မိန်းမ ၆-ဦးတို့အား သရဏဂုံသီလ ပေးခဲ့ကြသည်၊

ညနေ ၄-နာရီတွင် မြို့တော်ရုံ၌တရားပွဲကျင်းပရာ ည၈-နာရီတွင် ပြီးသည်၊ ပရိသတ် ၄၀ဝ-ကျော်ခန့် တရားနာကြသည်၊ အထူးအားဖြင့် ဗာလီကျွန်း၌ တရုတ်လူမျိုးများ မတွေ့ရ ဟုဆိုသည်၊ တည်းခိုအိမ်များမှာ ဗာလီတိုင်းရင်း ဟိန္ဒူဘာသာဝင်များ ဖြစ်ကြသည်။

သင်္ဃရာဇာ သုပုရေပိ, သံဃသေဋ္ဌာ တပေါမနာ၊
ဓမ္မံ ဒေသယိတွာန, သာသနံ ဇောတကံ ကရုံ။

သရဏဂုံသီလပေးခြင်း တရားထိုင်စေခြင်း

ကဆုန်လပြည့်ကျော် ၁၅-ရက် (၅-၆-၅၉) နေ့ ၅-နာရီခွဲအချိန်တွင် သင်္ဃရာဇာမှ ထွက်ခွာတော်မူကြ သည်၊ ၈-နာရီမိနစ် ၂၀-တွင် ဂိလီမနုတ်ကမ်းခြေရောက်သည်၊ ၁၀-နာရီ ၁၅-မိန်စ်တွင် ဘန်ဂျုဝင်္ဂီရောက်သည်၊ စုရာဘယာမှ လာ၍ကြိုနေကြသော ကားငယ်များဖြင့် ထွက်ခဲ့ကြရာ ညနေ ၆-နာရီတွင် စုရာဘယာတည်းခိုအိမ်သို့ ပြန်ရောက်သည်၊

နယုန်လဆန်း ၁-ရက် (၆-၆-၅၉) နေ့တွင် အရှင်အရိယဝံသ, အရှင်သရဥပါလ, အရှင်မဟာနာမနှင့် ယိုးဒယား ရဟန်းတော် တပါးတို့ ဂျကာတာပြန်ကြသည်၊ သို့ဖြစ်၍ သာသနာပြု သံဃာတော် ၉-ပါးသာရှိတော့သည်၊ ၉-နာရီအချိန်တွင် ခေတ်ပညာတတ် အမျိုးသမီးတဦး ဥပါသိကာမအဖြစ် ခံယူသည်၊

မဟာစည်ဆရာတော်က သရဏဂုံသီလပေးတော်မူသည်၊ အရှင်နာရဒက ၎င်းအား သန္တာဟု အမည်ပေးသည်၊ ဂျိန်ဘာသာဝင် အိန္ဒိယကုန်သည်တဦးက အိမ်ပင့် နေ့ဆွမ်းကပ်သည်၊ ထိုနေ့ညနေပိုင်းတွင် တည်းခိုအိမ်ရှင်က ယိုးဒယားပရိတ်, သီဟိုဠ်ပရိတ်, မြန်မာပရိတ်များကို အသီးသီး ရီကော်ဒါဖြင့် အသံဖမ်းယူသည်၊

ည ၈-နာရီအချိန်တွင် အရှင်နာရဒက မေတ္တာကမ္မဋ္ဌာန်း, အာနာပါန ကမ္မဋ္ဌာန်း များကိုပေး၍ တထိုင်အတွင်း မိနစ်ပိုင်းဖြင့် အားထုတ်စေသည်၊ ထင်မြင်ပုံကိုလည်း မေးစိစစ်၍ ရှင်းလင်းပြောပြသည်၊ အားထုတ်သူများ ၄၀-ကျော်ရှိသည်၊ စိတ်ဝင်စားကြသည်၊

အိုသူတော်စင်ထေရုပ္ပတ္တိစာတော်ဖတ်တို့ သင်တို့သည်လည်း အမှတ်တမဲ့မနေပါနှင့် ဒါန, သီလ, ဘာဝနာတို့ဖြင့် သံသရာမှ ကူးမြောက်ရန် ဖောင်ကို ခိုင်ခိုင်ဖွဲ့ကြ ပါကုန်လော့။

သံသာရတရဏတ္ထာယ, မတောဠုမ္ဗာနိ ဗန္ဓထ၊
ဘာဝနာဒါနသီလေဟိ, တိဝိတ္တိဏ္ဏော ဘဝဏ္ဏဝေါ။

မဓရာကျွန်းသို့ကြွတော်မူခြင်း

ဆရာတော်တို့အဖွဲ့သည် နယုန်လဆန်း ၂-ရက် (၇-၆-၅၉) နေ့ နံနက် ၈-နာရီတွင် မဓုရာကျွန်းသို့ ကြွတော်မူကြသည်၊ ပဲ့ချိတ်မော်တော် သမ္ဗန်ဖြင့် ကြွတော်မူရာ ၁၀-နာရီ မိနစ် ၂၀-တွင် မဓုရာကျွန်းသို့ရောက်သည်၊ ၁၁-နာရီတွင် ဘံကာလန်မြို့ တရုတ်အိမ် တအိမ်တွင် ဆွမ်းဘုဉ်းပေးတော်မူကြသည်၊ ၁၂-နာရီတွင် တဖန် ပြန်ထွက်ရာ၂-နာရီတွင် ထူးဆန်းသော မီးတွင်းဌာနသို့ ရောက်သည်။

ပါမီကဆန်မြို့၌ တရားဟောခြင်း

၂-နာရီ ၃၅-မိနစ်အချိန်တွင် ထိုမီးတွင်းဌာနမှ ထွက်လာရာ ပါမီကဆန် (Pamekasan) မြို့ကိုဖြတ်ကျော်၍ ၃-နာရီ အချိန်တွင် ပင်လယ်ကမ်းခြေအနီး တရုတ်ဘုရား ရှိခိုးကျောင်းသို့ ရောက်တော်မူကြသည်၊ ထိုကျောင်းမှာ တည်းခို ကြသည်၊ ည ၈-နာရီ အချိန်တွင် ပါမီကဆန်မြို့တွင်းသို့ ကြွတော်မူ၍ တရား ဟောတော်မူကြသည်၊ ပရိသတ် ၆၀-လောက်သာရှိသည်၊ ည ၁၂-နာရီလောက်တွင် တည်းခိုရာကျောင်းသို့ ရောက်တော်မူကြသည်။

ပါမီကဆန်နရရေပိ, ထေရာ ကေသရသာဒိသာ၊
ဇနာနံ သုတမ္ပယန္တာ, ဝဿိံ သုဓမ္မအမ္ဗုနာ။

မဟာစည်ဆရာတော် စုရဘယာမြို့၌ တရားဟောခြင်း

နယုန်လဆန်း ၃-ရက် (၈-၆-၅၉) နေ့ နံနက် ၇-နာရီတွင် ထိုဌာနမှ ပြန်လာတော် မူကြသည်၊ ၁ဝ နာရီအချိန်တွင် မဓုရာဆိပ်ကမ်းမှ သင်္ဘောထွက်သည်၊ ၁၀-နာရီ ခွဲတွင် စုရဘယာမြို့သို့ ရောက်သည်၊ ထိုနေ့ည ၇-နာရီအချိန်တွင် အထူး တောင်းပန်သဖြင့် စုရဘယာမြို့တော်ရုံ၌ ည ၇-နာရီတွင် မဟာစည်ဆရာတော်က ပါဠိဘာသာသဖြင့် ဝိပဿနာတရား ဟောကြားတော်မူသည်၊

သီဟိုဠ် ဆရာတော်အရှင်ပိယဒဿီက အင်္ဂလိပ်ဘာသာ ပြန်ကြားတော်မူသည်၊ အရှင် ဇိနရက္ခိတက အင်ဒိုနီးရှား ဘာသာပြန်သည်၊ ၂-နာရီခန့်ကြာသော ဟူ၏၊ ထို့နောက် အမေးများကိုလည်း ဖြေရှင်းတော်မူသည်။ ပရိသတ် ၅၀ဝ-ကျော် နာယူကြသည်၊ ၁၁-နာရီအချိန်တွင် “ဘဝတုသဗ္ဗမင်္ဂလံ” စသော ဂါထာကို သံဃာတော် များက ရွတ်ဆို၍ တရားပွဲကို သိမ်းလိုက်လေသည်။

စုရဘယာသုပုရေ သော, မဟာစည်ထေရပဏ္ဍိတော၊
ဓမ္မဝါရီနာကေမေသိ, ဇနေ သဒ္ဓမ္မမာမကေ။

ထိုဆာရီဒေသ၌ ဗုဒ္ဓဘာသာဝင် တသန်းခွဲရှိ

နယုန်လဆန်း ၄-ရက် (၉-၆-၅၉) နေ့ နံနက် ၇-နာရီခွဲ အချိန်တွင် စုရဘယာမှ ကား ၃-စီးဖြင့် တိုဆာရီတောင်စခန်းသို့ ကြွတော်မူ ကြသည်၊ ၉-နာရီတွင် ကားမှဆင်း၍ တမိုင်ခန့် လမ်းလျှောက်ကြရသည်၊ ထို တိုဆာရီတောင်မှ ပေ ၇၀ဝဝ-ကျော် မြင့်သည်ဟု သိရသည်၊ ထိုတောင်တဝိုက်လူများ အားလုံး ဗုဒ္ဓဘာသာဝင် တွေချည်း ဖြစ်ကြသည်၊

ထိုတောင်တဝိုက်၌ လူဦးရေ တသန်းခွဲရှိလေသည်၊ ဝမ်းမြောက်ဖွယ် ဖြစ်သည်၊ သို့ရာတွင် ထိုဒေသက လူများ ရဟန်းသံဃာများကို တွေ့မြင်ဖူးသည့် လက္ခဏာ မရှိကြချေ၊ ရှိခိုးရမှန်း လက်အုပ်ချီရမှန်းလည်း မသိကြချေ၊ မိနစ် ၃၀-လောက် လျှောက်သွားလေလျှင် ဝေါနောကိတြိ (ဝနကိတ္တိ) ခေါ် တောင်ပေါ်ရွာ စာသင်ကျောင်း သို့ရောက်လေသည်၊

ရွာလူကြီးနှင့် ကျောင်းဆရာများက သာသနာ့အလံများဖြင့် ကြိုဆိုနေကြသည်၊ ရောက်၍ မကြာမီ ဆရာတော်အရှင်နာရဒက ကျောင်းသားများကိုခေါ်၍ ဗုဒ္ဓဘာသာ အကြောင်း မေးကြည့်ရာ မသိရှာကြချေ၊ သို့နှင့်ဆရာတော် အရှင်နာရဒက “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ, နမောတဿ ဘုရားရှိခိုး, နမောဗုဒ္ဓါယ” စသည်တို့ကို ချပို့သင်ပြ ပေးတော်မူခဲ့လေသည်၊

ဆရာတော် အရှင်နာရဒသည် အောက်သက် ကျေသည့် ပုဂ္ဂိုလ်မြတ်ဖြစ်သည်၊ ၁ နာရီလောက် သင်ပြပေးလျှင် ကျောင်းသား ကလေးများ သိနားလည်မှု တော်တော် ရရှိသွားကြသည်၊ ဝမ်းမြောက်ဖွယ်ပါတကား၊ ဆရာတော်များသည် ဝေါနောကိတြိ (ဝနကိတ္တိ) တောင်ပေါ်ရွာ စာသင်ကျောင်း၌ ပရိတ်ရွတ်ဖတ် ချီးမြှောက်တော် မူခဲ့ကြလေသည်၊ ဆရာတော်တို့ကား ကရုဏာကြီးမားတော်မူကြပါပေစွ။

ဝနိကိတ္တိဂါမကေပိ, ထေရာ သာသနဘာကရာ၊
ပရိတ္တသာသနောသမေန, နုဂ္ဂတိံသု အနေကဓာ။

မဟာစည်ဆရာတော် မာလံမြို့၌ တရားဆွေးနွေးပွဲကျင်းပ

၎င်းနောက် တောင်ပေါ်မှ ဆင်းတော်မူခဲ့ကြသည်၊ မွန်းလွဲ ၂-နာရီတွင် ပစုရုဂမ်ခေါ် ပင်လယ်ကမ်းစပ်မြို့သို့ ရောက်တော်မူကြသည်၊ ထိုမြို့၌ အနည်းငယ် ဟောပြော တော်မူကြပြီးလျှင် ဆရာတော်အရှင်နာရဒသည် နောက်ပါ ရဟန်းတော် ၄-ပါးနှင့် စုရာဘယာသို့ ပြန်ကြွတော်မူသည်၊

ယိုးဒယားဆရာတော် အရှင်ဝိသာလသမဏဂုဏ, သီဟိုဠ်အရှင် ပိယဒဿီ, အင်ဒိုနီးရှား ရဟန်းတော် အရှင်ဇိနရက္ခိတနှင့် မဟာစည်ဆရာတော်တို့သည် မာလံမြို့သို့ ကြွတော်မူကြသည်၊ ၄-နာရီ, မိနစ် ၂၀-တွင် မာလံမြို့သို့ ရောက်တော် မူကြသည်၊ ယင်းမာလံမြို့၌ မဟာစည်ဆရာတော် ဦးဆောင်၍ တရားဆွေးနွေးပွဲ ကျင်းပပြုလုပ်တော်မူခဲ့လေသည်၊ တည်းခိုအိမ်ရှင် ဒကာ, ဒကာမတို့အားလည်း အလိုရှိသဖြင့် ပရိတ်များ အသံသွင်းပေးတော်မူခဲ့ကြသည်။

မာလံဝှသုပုရေစာပိ, ဓမ္မသာကစ္ဆမကရုံ၊
သမ္ဗုဒ္ဓဇိနစက္ကဿ, ဝုဒ္ဓိယာ ဝိပုလာ ဟိ ခေါ။

မိုဂျိုကာရီတိုမြို့၌ တရားဟောခြင်း

နယုန်လဆန်း ၆-ရက်(၁၁-၆-၅၉) နေ့မွန်းလွဲ ၁-နာရီတွင် ထိုမြို့မှ ထွက်ခဲ့ကြသည်၊ ၃-နာရီတွင် ကေဒီရီမြို့သို့ ရောက်တော်မူခဲ့လေသည်၊ ကေဒီရီမြို့၌ ခေတ္တနားပြီး တရားဟောရာ ညနေ ၅-နာရီအချိန်တွင် တရားပြီးလေသည်၊ ဒကာ, ဒကာမများ ဝမ်းမြောက်ရွှင်လန်းစွာ တရားနာယူကြလေသည်၊ မကြားဖူးသော ဘုရားမြတ်စွာ အဆုံးအမ ဒေသနာကို ကြားနာရလေရာ အဘယ်မှာလျှင် ဝမ်းမမြောက်ပဲ ရှိပါအံ့နည်း။

ကေဒီရိသုပဋ္ဋနေပိ, ဓမ္မဝဿံ ပဝဿိ သော၊
မဟာစည်ထေရကုဉ္ဇရော, ကာရုညသံယုတော ဟိ ခေါ။

ဆရာရမ်မြို့ တရားပွဲ

နယုန်လဆန်း ၇-ရက် (၁၂-၆-၅၉) နေ့ နံနက် ၈-နာရီတွင် ထိုမြို့မှ ထွက်ခဲ့ရာ ၁၁-နာရီတွင် မဒီယန်မြို့သို့ ရောက်သည်၊ တရုတ်ဥပါသကာတဦးက မြန်မာဟင်းနှင့် ဆင်တူသည့် ဟင်းလျာများဖြင့် ဆွမ်းကပ်သည်၊ ၁၂-နာရီခွဲတွင် ဆက်လက် ထွက်ခွာခဲ့ရာ ၂-နာရီခွဲအချိန်တွင် ဆိုလိုဟုလည်းခေါ်သော ဆုရ်ကာရ်ကာမြို့ အာနန္ဒ အိမ်သို့ရောက်သည်၊

ထိုအိမ်မှ ၃-နာရီခွဲတွင် ဆက်လက်ထွက်ခွာတော်မူခဲ့ရာ ၅-နာရီတွင် ဆမာရမ်မြို့ ဝါတုဂုံအရပ် ဝိဟာရ ဗုဒ္ဓဂယာသို့ရောက်သည်၊ ဆရာတော် အရှင်နာရဒတို့ သည်လည်း စုရဘယာ, ဘလိုရာ, ရင်ဘန်းမြို့များ၌ တရားဟောတော်မူခဲ့ပြီး ပြန်ကြွလာရာ ထိုဆမာရမ်မြို့ ဝါတုဂုံအရပ် ဝိဟာရဗုဒ္ဓဂယာ၌ ရောက်နှင့်တော် မူကြသည်၊ ည ၇-နာရီခွဲတွင် ဆမာရမ်မြို့တွင် တရားပွဲကျင်းပသည်၊ မဟာစည် ဆရာတော်က သီလပေး၍ ဆရာတော်အရှင်နာရဒက တရားဟောတော်မူသည်၊ ၁၁-နာရီခွဲတွင် တရားပွဲပြီးသည်။

ဆမာရမ် အဓိဋ္ဌာနေပိ, ဓမ္မသဘာ ပဝတ္တတိ၊
သမ္ပတ္တာ သာဓဝေါဇနာ, သဖလာဟိ အနေကဓာ။

အသင်းတိုက်၌ တရားဟောခြင်း

နယုန်လဆန်း ၈-ရက်(၁၃-၆-၅၉) နေ့ည ၇-နာရီတွင် သီယိုဆိုဖီအသင်းတိုက်၌ မဟာစည်ဆရာတော်က သီလပေး၍ ဆရာတော်အရှင်နာရဒက အဘိဓမ္မာတရားကို ဟောတော်မူသည်၊ ၉-နာရီတွင် တရားပွဲပြီးသည်၊ သဘောတူကြသည့် လက္ခဏာကို တွေ့ကြရသည်။

သီယိုဆိုဖီ မဏ္ဍလေပိ, ဓမ္မကထာ ပဝတ္တတိ၊
အဓမ္မော နိရယံ နေတိ, ဓမ္မော ပါပေတိ သုဂ္ဂတိံ။

နယ်လှည့်အဖွဲ့ ၂- ဖွဲ့ခွဲ၍ လှည့်လည်တရားဟောပြန်ခြင်း

နယုန်လဆန်း ၉-ရက် (၁၄-၆-၅၉) နေ့တွင် ဆရာတော် အရှင်နာရဒတို့ အဖွဲ့က အနောက်မြောက်ပိုင်းသို့ တရားဟော လှည့်လည်ရန် ထွက်ခွာတော်မူကြသည်၊ မဟာစည်ဆရာတော်တို့အဖွဲ့က အနောက်တောင်ပိုင်းသို့ လှည့်လည်ရန် နေ့ ၁၂-နာရီတွင် ထွက်ခွာတော်မူကြသည်၊ သာသနာပြု ဆရာတော်များ ညီညီညွတ်ညွတ် တိုင်တိုင်ပင်ပင် ကြည်ညိုဖွယ်ရာ ကောင်းလှချေ၏၊ ညီညွတ်လျှင်ကား လုပ်ငန်း အောင်မြင်၍ အားလုံးနှလုံးစိတ်ဝမ်း ချမ်းသာကြသည်။

သာသနဇောတကာ ထေရာ, မောဒမာနာ သမေတိကာ၊
သမဂ္ဂါ သယိတာစေဝ, ယထာကိစ္စံ အကံသု တေ။

မဟာစည်ဆရာတော် မုတိလန်မြို့၌ တရားဟောခြင်း

ဖော်ပြခဲ့သည့်အတိုင်း နယုန်လဆန်း ၉-ရက်နေ့ ၁၂-နာရီတွင် ဆမာရမ်မြို့မှ ထွက်ခွာခဲ့ရာ ၂-နာရီခွဲအချိန်တွင် မုတိလန်မြို့ကလေးသို့ ရောက်တော်မူသည်၊ ထိုမြို့ကလေး၌ ည ၈-နာရီမှ ၁၀-နာရီအထိ တရားဟောတော် မူခဲ့လေသည်၊ ပရိသတ် ၁၅၀-ရှိသော ဟူ၏။

မုတိလန် အဓိဋ္ဌာနေပိ, ဓမ္မမ္ဗုနာဘိသဉ္စယိ၊
ယတိသေဋ္ဌော ဝိစက္ခဏော, မဟာစည်ထေရသေခရော။

ဗောရောဗုဒူးစေတီကြီး ဒုတိယအကြိမ် ဖူးမြော်ခြင်း

ဆရာတော်တို့သည် နယုန်လဆန်း ၁၀-ရက် (၁၅-၆-၅၉) နေ့ နံနက် ၈-နာရီ အချိန်တွင် ဗောရောဗုဒူး စေတီတော်မြတ်ကြီးကို ဒုတိယအကြိမ် ကြွရောက်ဖူးမြော် တော်မူကြသည်၊ စေတီတော်ကြီး၏ အရှေ့မြောက်ထောင့် အရပ်တွင် သီဟိုဠ် ဆရာတော် အရှင်နာရဒထေရ် ၁၂၉၅-ခုနှစ်လောက်က စိုက်ပျိုးခဲ့သည့် ဗောဓိ ညောင်ပင် ရှိလေသည်၊

ဆရာတော်တို့သည် ထိုဗောဓိညောင်ပင်အောက်၌ မုတိလန်မြို့မှ ယူဆောင်လာ သော ဆွမ်းထုပ်များကို နေ့ဆွမ်းအဖြစ် ဘုဉ်းပေးတော်မူကြသည်၊ ၎င်းနောက် စေတီတော်ကြီးကို သဒ္ဓါဇောဝင် ဖူးမြင်တော်မူခဲ့ကြလေသည်၊ စေတီတော်ကြီးကို အင်ဒိုနီးရှားအစိုးရက ရှေးဟောင်းပစ္စည်း အဖြစ်ဖြင့် သိမ်းပိုက်ထားသည်၊

ကြည့်ရှုလေ့လာဖွယ် အဖြစ်ဖြင့် ကြည့်ရှုလေ့လာကြသည်မှာ နေ့စဉ်ပရိသတ်မစဲဟု သိရသည်၊ စေတီအနီး၌ ဈေးဆိုင်များလည်းရှိသည်၊ ဗောရောဗုဒူး စေတီတော်ကြီး သည် မြန်မာပြည်မှ ရွှေတိဂုံစေတီတော်ကြီးကဲ့သို့ လည်းကောင်း၊ သီဟိုဠ်ကျွန်းမှ မဟာစေတီကြီးကဲ့သို့ လည်းကောင်း၊ ယိုးဒယားမှ နခွန်ပထုံစေတီတော်ကြီး ကဲ့သို့ လည်းကောင်း၊ ဂျပန်မှ ကမာကုရဆင်းတုတော်ကြီး ကဲ့သို့ လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံ၏ အဖိုးမဖြတ်နိုင်သော အမွေအနှစ် စင်စစ်ဖြစ်လေသည်။

ဗောရောဗုဒူးစေတိယံတိ, တဗျာသေကံ အသေစနံ၊
အင်ဒိုနီးရှားဝိသယမှိ, အဂ္ဂံ ပေါရာဏသန္တကံ။

မဂလန်မြို့၌ တရားဟောခြင်း

နေ့ ၁၂-နာရီခွဲ အချိန်တွင် ဗောရောဗုဒူးစေတီကြီးမှ ထွက်တော်မူကြရာ ၁-နာရီ အချိန်တွင် မဂလန် (Magelang) မြို့သို့ ရောက်တော်မူကြသည်၊ ထိုမြို့၌ သီဟိုဠ်ဆရာတော် အရှင်ပိယဒဿီက ၅-နာရီမှ ၆-နာရီအထိ မေတ္တာကမ္မဋ္ဌာန်း ပေးသည်၊ လာရောက်သူ ၁၅-ယောက်ရှိသည်၊ ည ၈-နာရီမှ ၁၀-နာရီအထိ တရားဟောရာ လူပေါင်း ၂၀ဝ-ခန့်ရှိလေသည်။

မဂလန်သုပုရေစာပိ, ပဝတ္တိံ သု သုသီတလံ၊
ဓမ္မမေဃံ အဂ္ဂတေဇံ, ထေရာ ထိရေသု သဏ္ဌိတာ။

အသောကဝိဟာရ၌ တရားဟောခြင်း

နယုန်လဆန်း ၁၁-ရက်နေ့ နံနက် ၇-နာရီခွဲတွင် တည်းခိုအိမ်မှ ခြေကျင်လျှောက်၍ အရှင်ဇိနရက္ခိတ ၏ ကမ္မဋ္ဌာန်းပြ တရားပေးရာ အသောကဝိဟာရသို့ ကြွတော်မူ၍ သီလပေး, ပရိတ်ရွတ်, အနုမောဒနာတရား ဟောတော်မူကြသည်၊ အထူးသဖြင့် မဟာစည်ဆရာတော်က နတ်ပြည်က မှာလိုက်သောစကား ၃-ခွန်းကို ဖော်ပြ၍ သုဂတိသို့ ရောက်ခြင်း, ကောင်းသောရခြင်း ဟူသော ပထမ ၂-မျိုး ပြည့်စုံနေပြီး ဖြစ်ကြောင်း, ထိုဝိဟာရမှာ မှန်မှန်လာရောက်၍ တရားအားထုတ်သွားမည် ဆိုလျှင် ကောင်းစွာ တည်တံ့ခြင်းဆိုတဲ့ ကျန်တမျိုးလည်း ပြည့်စုံသွားနိုင်ကြောင်း, သို့ဖြစ်၍ ထိုဝိဟာရကို တည်ထောင်ထားသည်မှာ အကျိုးများကြောင်း စသည်ဖြင့် အားပေး စကား ဟောကြားတော်မူခဲ့လေသည်၊

ဆရာတော်ကား “မကောင်းမြစ်တာ, ကောင်းရာကိုလှစ်, အသစ်ဟောကျူး, နာဖူး ထပ်မံ, နတ်ထံတင်ရာ, မေတ္တာလည်းပြု, ရဟန်မှု, ခြောက်ခုလွန်သေချာ” ဟူသည်နှင့်အညီ ကျင့်ဝတ် ခြောက်ပါးနှင့် ကုံလုံလောက်င ပြည့်ဝသည့် ပုဂ္ဂိုလ်မြတ်ကြီး ဖြစ်တော်မူပါပေသတည်း။

ယတီတိ သိက္ခိတဗ္ဗေဟိ, ဓမ္မေဟိ အနုနော သုဓီ၊
မဟာစည်ထေရပုင်္ဂဝေါ, လောကမှိ အဘိပါကဋော။

တမန်းဂုံးမြို့ တရားဟော ကောင်းရာညွှန်း

နယုန်လဆန်း ၁၁-ရက် (၁၆-၆-၅၉) နေ့မွန်းလွဲ ၁-နာရီခွဲတွင် မဂလန်မှ တမန်ဂုံးသို့ ကားဖြင့် လိုက်ပို့ကြသည်၊ ၂-နာရီအချိန်တွင် တမန်ဂုံး (Temang Gung) မြို့သို့ ရောက်တော်မူကြသည်၊ အင်ဒိုနီးရှား အမျိုးသားတဦးအိမ်၌ ခေတ္တ သီတင်းသုံး တော်မူကြသည်၊ ည ၈-နာရီ အချိန်တွင် တရားဟောတော်မူရာ ပရိသတ် ၂၀ဝ-ကျော် ခန့်လာရောက်၍ ရိုသေစွာ တရားနာကြသည်၊ ဗုဒ္ဓ ဓမ္မကို လက်ခံမည့် အခြေအနေ ရှိသည်ဟု ဆရာတော်များ မှတ်ထင်ခဲ့ကြသည်။

တမန်ဂုံး နရရေစာပိ, ဗုဒ္ဓဓမ္မော ပဝတ္တတိ၊
ဗုဒ္ဓဓမ္မောဝ သံသာရ-နိယျာနာယ ပဝတ္တတိ။

ဝေါနောဆိုဘို (ဝနသောဘ) မြို့၌ ဗုဒ္ဓဓမ္မဖြန့်ချီခြင်း

နယုန်လဆန်း ၁၂-ရက် (၁၇-၆-၅၉) နေ့ ၁၂-နာရီတွင် တမန်ဂုံးမှထွက်ခဲ့ကြရာ ၁- နာရီတွင် ဝေါနောဆိုဘို (Wonosobo) ခေါ် တောင်ပေါ်မြို့သို့ ရောက်တော်မူ ကြသည်၊ ဝေါနောဆိုဘိုမှာ ပါဠိလို ဝနသောဘဖြစ်သည်၊ တင့်တယ်သောဟူ၏၊ မြန်မာပြည် မေမြို့ကဲ့သို့ ရာသီဥတု အေးချမ်းသာယာသော မြို့ဖြစ်လေသည်၊ ဆရာတော်တို့သည် အစိုးရဧည့်ဂေဟာ၌ ခေတ္တသီတင်းသုံးတော်မူကြသည်၊ ညနေ ၅-နာရီ မေတ္တာကမ္မဋ္ဌာန်းပေးသည်၊ အားထုတ်သူ ၁၃-ယောက်ရှိသည်။

မေတ္တာဖြင့်နေနိုင်လျှင် နိဗ္ဗာန်ရနိုင်

မေတ္တာကမ္မဋ္ဌာန်းကိုလည်း ပွားများသင့်ပါသည်၊ မေတ္တာဖြင့် ထာဝစဉ်နေလျှင် သင်္ခါရခပင်း ငြိမ်းစဲချုပ်ငြိမ်းရာ နိဗ္ဗာန်ကို ရနိုင်ကြောင်း-

မေတ္တာဝိဟာရိ ယော ဘိက္ခု, ပသန္နော ဗုဒ္ဓသာသနေ၊
အဓိဂစ္ဆေ ပဒံ သန္တံ, သင်္ခါရူပသမံ သုခံ။

မေတ္တာဝိဟာရီ - နေ့ညမကွာ မေတ္တာဖြင့် နေလေ့ရှိသော၊
ယောဘိက္ခု - အကြင်ရဟန်းသည်၊
ဗုဒ္ဓသာသနေ - ဘုရားမြတ်စွာ သာသနာတော်၌၊
ပသန္နော - သဒ္ဓါရွှန်းစိုကြည်ညို၏၊
သောဘိက္ခု - မေတ္တာဖြင့်ပျော် ထိုရဟန်းတော်သည်၊
သင်္ခါရူပသမံ - ရုပ်နာမ်နှစ်ဝ သင်္ခါရဟူ အပူမသန်း ငြိမ်း ချမ်းရာ ဖြစ်သော၊
သုခံ - ချမ်းသာအစစ် ဧကန်ဖြစ်ပေသော၊
သန္တံပဒံ - သန္တိသုခ ငြိမ်းချမ်းသည့် အမတသမိုက် အမြိုက်ဓာတ်ကို၊
အဓိဂစ္ဆေ - မျက်မှောက်ကိုယ်တိုင် သိမြင်နိုင်၏

ဟူ၍ ဘုရားသဗ္ဗညူ ဟောတော်မူလေသည်၊ ည ၈-နာရီတွင် တရားဟောတော်မူကြရာ ၁၀-နာရီတွင် ပြီးသည်။

ဝနသောဘသုပုရေပိ, မေဓာဝီ ယတိသေခရာ၊
ဓမ္မောသဓံ တေ ပါယေသုံ, ဓမ္မကာမေ အနေကဓာ။

မဟာစည်ဆရာတော် သီးခြား တရားဟောခြင်း

နယုန်လဆန်း ၁၃-ရက်နေ့တွင် ဝေါနောဆိုဘိုမှ ၁၈-မိုင်ခန့် ဝေးသော ပေ ၆၀ဝဝ-ကျော်မြင့်သော ဒီရင်(Dieng) တောင်ပေါ်သို့ တက်ရောက်ကြည့်ရှု လေ့လာတော် မူကြရာ ယင်းတောင်ပေါ်၌ ဟိန္ဒူအဆောက်အအုံ ကြွင်းအကျန်များ တွေ့ရကြောင်း မှတ်တမ်း၌ ဖော်ပြထားသည်၊ မဟာစည်ဆရာတော်သည် တည်းခိုရာ အစိုးရ ဂေဟာ၌ ည ၈-နာရီအချိန်တွင် ဘုရားမြတ်စွာအကြောင်းနှင့် ဘုရားအဆုံးအမ ၃-ပါးကို အကျဉ်းချုပ် ဟောတော်မူသည်၊ ပရိသတ် ၃၀-ကျော် တရားနာယူကြသည်၊

ထို့နောက် ဥပါသကာကျင့်ဝတ်များကို ဟောပြတော်မူသည်၊ ဥပါသကာအဖြစ် ခံယူမည့် ပုဂ္ဂိုလ် ၂-ဦးအား သရဏဂုံသီလ ပေးတော်မူသည်၊ တဦးကို ဓမ္မကာမ ဟူ၍လည်းကောင်း၊ အခြားတဦးကို ဓမ္မဒိန္န ဟူ၍လည်းကောင်း အမည် ပေးတော်မူသည်။

မဟာစည်ထေရသေဋ္ဌော ဟိ, ဓမ္မကာမေ မဟာသုဓီ၊
ဓမ္မကာမေ သော ဓမ္ေန, ပဂ္ဂဟီ ဓမ္မညူ ဝိဒူ။

ငိုဘိုလ်ရွာ၌ တရားဟောခြင်း

နယုန်လဆန်း ၁၄-ရက် (၁၉-၆-၅၉) နေ့ နံနက် ၈-နာရီခွဲ အချိန်တွင် ဝေါနောဆိုဘိုမှ မိုင် ၄၀-ဝေးကွာသော ပုရ်ဝေါရဂျိုမြို့သို့ ကားနှင့် လိုက်ပို့ကြသည်၊ ၁၀-နာရီ ၁၅-မိနစ်တွင် ရောက်သည်၊ ညနေ ၆-နာရီခွဲတွင် ထိုမြို့မှ ၁၂-မိုင်ဝေးသော ငိုဘိုလ်ခေါ် တောရွာကလေးသို့ တရားဟော ကြွကြသည်၊ ထိုရွာ၌ တရားဟောပြီး ထိုရွာရှိ ဗုဒ္ဓဘာသာအဖွဲ့အား ဗုဒ္ဓဆင်းတုတော်တဆူ ပေးအပ်သည်၊

ဘုရားမြတ်စွာမှာ အလုံးစုံ စင်ကြယ်တော်မူ၍ ထို ဘုရားမြတ်စွာကိုယ်စား ဆင်းတုတော်ရှေ့မှာ တရားအားထုတ်လျှင် စိတ်စင်ကြယ်နိုင်ကြောင်း စသည်ဖြင့် သီဟိုဠ်အရှင်ပိယဒဿီက မိန့်ကြားတော်မူလေသည်၊ တရားနာသူပေါင်း ၃၀ဝ-ကျော် လောက်ရှိသည်၊ ည ၁၁-နာရီတွင် ပူရ်ဝေါရဂျိုမြို့ တည်းခိုအိမ်သို့ ပြန်ရောက် ကြသည်။

ငိုဘိုလ်ဂါမကေစာပိ, ဓမ္မသဘာ ပဝတ္တတိ၊
ထေရိန္ဒာ မဟုဿာဟေန, ဓမ္မကထံ ပဝတ္တယုံ။

မေတ္တာကမ္မဋ္ဌာန်းပေးခြင်း

နယုန်လပြည့်နေ့ ည ၅-နာရီတွင် မေတ္တာကမ္မဋ္ဌာန်း ပေးတော်မူသည်၊ အားထုတ်သူ ၁၄-ယောက် ရှိလေသည်၊ မေတ္တာအကျိုး ၁၁-မျိုးကိုလည်း ဟောကြားတော် မူခဲ့လေသည်၊ မေတ္တာအကျိုး ၁၁- မျိုးကို အောက်ပါလင်္ကာဖြင့် သိရာ၏။

မေတ္တာအကျိုး, ဆယ့်တမျိုးကား, မှတ်သားဖွယ်ရာ, ကောင်းလှပါ၏, ချမ်းသာအိပ်နိုး, အိပ်မက်ဆိုးလည်း, တစိုးတစိ, မမက်ဘိတောင်း, လူပေါင်းချစ်ခင်, ထက်ခွင်ဒေဝါ, နတ်များစွာလည်း, လေးစားချစ်ခင်, မြတ်နိုးကြင်ပြီး, မီးဆိပ်စသား, ရှောင်ရှားကင်းကွာ, စိတ်မှာတည်ကြည်, မျက်နှာကြည်ပေ, သေခါနီးဝယ်, ကင်းကွယ်တွေဝေ, သေရမုချ, ဈာနမေတ္တာ, မကွာလှလှ, ရကိုရလျက်, ထက်ရပ်ဗြဟ္မေ, စံရနေသည်, မှတ်လေ မေတ္တာပွားကျိုးတည်း။

ကုတောအာရ်ဂျိုမြို့၌ တရားဟောခြင်း

နယုန်လပြည့်ကျော် ၁-ရက် (၂၁-၆-၅၉) နေ့ နံနက် ၈-နာရီတွင် ၈- မိုင်ခန့် ဝေးကွာသော ကုတောအာရ်ဂျို (Kuteardjo) မြို့သို့ ကားနှင့်လိုက်ပို့ကြသည်။ အရှင်ပိယဒဿီ၏ ဘာသာပြန် လူငယ်ဒါယကာ တဦးဖြစ်သည့် အာနန္ဒ ဒါယကာ အိမ်၌ တည်းခိုကြသည်၊ ထိုအိမ်၌ အရှင်ဇိနရက္ခိတ၏ ဝိဟာရကလေး တခုရှိသည်၊ ည ၇-နာရီခွဲတွင် တရားဟောတော်မူကြသည်၊ လူပရိသတ် ၄၀ဝ-ခန့် တရား နာကြသည်။

တဒ္ဒေသိကေ မနုဿေပိ, ဓမ္မတောယေန တောသယုံ၊
ပုင်္ဂဝါ ထေရကုဉ္ဇရာ, သဒ္ဓမ္မေသု သဒါ ရတာ။

ဘန်ဒေါင်းမြို့၌ တရားဟောခြင်း

နယုန်လပြည့်ကျော် ၂-ရက် (၂၂-၆-၅၉) နေ့ နံနက် ၈-နာရီ ၄၅-မိနစ်တွင် ကုတောအာရ်ဂျိုမှ မီးရထားဖြင့် ထွက်ခွာတော်မူခဲ့ရာ မီးရထားခေါင်းတွဲပြုတ် ခရီး ဖင့်သဖြင့် ည ၇-နာရီတွင် ဘန်ဒေါင်းမြို့သို့ ရောက်တော်မူကြသည်၊ ကြိုနေသော ဒါယကာများက ဝိမလဓမ္မဝိဟာရသို့ ပင့်ဆောင်သွားကြသည်၊ ထိုဝိမလဓမ္မဝိဟာရ၌ ကမကထပြု ဆောင်ရွက်နေသည့် ဒါယိကာမတယောက် ဥပါသိကာအဖြစ်ခံယူ၍ အခြားဒကာကလေး တယောက် ဥပါသကာ အဖြစ်ခံယူသည်၊

မဟာစည်ဆရာတော်က ဥပါသကာ ကျင့်ဝတ်များဟောပြော၍ သရဏဂုံသီလ ပေးတော်မူသည်၊ ည ၈-နာရီတွင် မဟာစည်ဆရာတော်နှင့် အရှင်ပိယဒဿီတို့ တရားဟောတော်မူကြသည်၊ ပရိသတ်များစွာ တရားနာကြသည်။

ဓမ္မမေဃံ ပဝဿိံသု, ဝိဿုတာ ထေရကုဉ္ဇရာ၊
ဘန်ဒေါင်းဝှနဂရေသေဋ္ဌေ, ဓမ္မဝိဟာရမန္ဒိရေ။

အရှင်ဇိနရက္ခိတ၏ ဇာတိဌာန ကြွတော်မူခြင်း

နယုန်လပြည့်ကျော် ၇-ရက် (၂၇-၆-၅၉) နေ့တွင် နိုင်ငံတော်ဗုဒ္ဓသာသနာ အဖွဲ့သို့ ပေးလှူရန် အင်ဒိုနီးရှားဖြစ် ဆင်းတုတော်တဆူကို အင်ဒိုနီးရှား ဗုဒ္ဓသာသနာအဖွဲ့ ၏ကိုယ်စား အရှင်ဇိနရက္ခိတက မြန်မာသံရုံးသို့ ပေးအပ်သည်၊ ထို့နောက် ဘိုဂျိုမြို့ အရှင်ဇိနရက္ခိတ၏ ဇာတိဌာနသို့ ကြွတော်မူကြသည်၊ ညနေပိုင်းတွင် ဂျာကာတာသို့ ပြန်ကြွတော်မူကြလေသည်။

လူပေါင်းများစွာ သရဏဂုံသီလ တည်စေခြင်းစသည်

ဆရာတော်သည် မိတ်ဆွေကောင်းများ ဖြစ်ကြသော သီဟိုဠ်ဆရာတော် အရှင် နာရဒ, အရှင်ပိယဒဿီ စသည်တို့နှင့်အတူ လူပုဂ္ဂိုလ် များစွာတို့အား သရဏဂုံသီလ စသည်၌ တည်စေခြင်း, ရဟန်းခံပေးခြင်း, ရှင်ပြုပေးခြင်း, တရားဓမ္မဟောပြခြင်း စသည်ဖြင့် အင်ဒိုနီးရှား၌ သာသနာပြုခဲ့ရာ သာသနာ့ သမိုင်းတွင် သုဝဏ္ဏဘူမိ သာသနာပြု အရှင်သောဏထေရ်, အရှင်ဥတ္တရထေရ် တို့အလား အလွန်ထင်ရှားခဲ့ လေသည်။

သရဏဂမနေ ကဉ္စိ, နိဝေသေတိ သုဗုဒ္ဓိမာ၊
ကဉ္စိ ပဉ္စိသု သီလေသု, သီလေ အဋ္ဌဝိဓေ ပရံ။

ဥပသမ္ပဒ ပဗ္ဗဇ္ဇ-ကိစ္စာနိစ သုဇာတိမာ၊
ကတွာ် သာသနဝုဒ္ဓတ္ထံ, ဇိနသာသနဘာရဓော။

မြန်မာပြည် ပြန်ကြွတော်မူခြင်း

နယုန်လပြည့်ကျော် ၈-ရက်, ၉-ရက်နေ့များတွင် မဟာစည်ဆရာတော်သည် အခြား သံဃာတော် ၃-ပါးနှင့်တကွ မြန်မာသံရုံး၌ သံမှူးဦးတင်လတ် ဇနီးဒေါ်ခင်ခင်ရီနှင့် အတွင်းဝန်ဦးဖေသန်း ဇနီး ဒေါ်အေးရီတို့ လှူဒါန်းသည့် ဆွမ်းကို ဘုဉ်းပေးတော် မူကြသည်၊ ဦးဖေသန်း ၏သား မောင်ကံမြင့်ကလည်း မဟာစည်ဆရာတော် အလိုရှိသော အင်ဒိုနီးရှားအကြောင်း ဗာလီကျွန်းအကြောင်း စာအုပ်ငယ်များ ဆက်ကပ် လှူဒါန်းလေသည်၊

မဟာစည်ဆရာတော်ဘုရားသည် အင်ဒိုနီးရှားနိုင်ငံ၌ ၁၃၂၁-ခုနှစ် ကဆုန်လဆန်း ၈- ရက် (၁၄-၅-၅၉)နေ့မှ နယုန်လပြည့်ကျော် ၉-ရက် (၂၉-၆-၅၉) နေ့အထိ ၁၈- ရက်ကြာ သာသနာပြုတော်မူပြီး နယုန်လဆုတ် ၉- ရက်နေ့ည ၁၀- နာရီခွဲအချိန်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့လေဆိပ်မှ ဘီအိုအေစီ လေယာဉ်ဖြင့် ထွက်ခွာ တော်မူခဲ့လေသည်၊ မြန်မာသံရုံးမှသံမှူး ဦးတင်လတ်, အတွင်းဝန် ဦးဖေသန်း, ဦးထွန်းလွန်, ဦးထွန်းရွှေတို့ လေဆိပ်သို့ လိုက်ပို့ကြသည်၊

ရဟန်းသစ် အရှင်ဇိနပုတ္တနှင့် ရှစ်ပါးသီလစောင့်ထိန်းသူ ဥပါသိကာမ သုသီလာ တို့လည်း လိုက်ပါပို့ဆောင်ကြသည်၊ ည ၁၂-နာရီ ၁၅-မိနစ် အချိန်တွင် စင်္ကာပူ လေဆိပ်သို့ရောက်လေသည်၊ တဖန် ၁-နာရီ ၁၅-မိနစ်တွင် လေယာဉ်ပြန်ထွက်ရာ ၁၃၂၁-ခုနှစ် နယုန်လပြည့်ကျော် ၁၀-ရက် (၃၀-၆-၅၉) နေ့ နံနက် ၅-နာရီ မိနစ် ၂၀ (ဂျာကာတာစံချိန်) မြန်မာစံတော်ချိန် အားဖြင့် ၄-နာရီ မိနစ် ၂၀-တွင် မြန်မာပြည် ရန်ကုန်လေဆိပ်သို့ ချောမောစွာ ရောက်တော်မူခဲ့လေသည်၊

အသင့်ကြိုဆိုနေသော တပည့်တပန်း ပရိသတ်နှင့်အတူ ၅-နာရီ အချိန်တွင် သာသနာ့ရိပ်သာသို့ ချောမောစွာ ရောက်ရှိတော်မူခဲ့လေသည်။

ကိုယ်ချမ်းသာမှုကိုမငဲ့ပဲ သာသနာအတွက် အပင်ပန်းခံခြင်း

မဟာစည်ဆရာတော်သည် မိမိကိုယ်ကို ချမ်းသာမှုကိုမငဲ့ပဲ သတ္တဝါများချမ်းသာရေး, သံသရာဘေး အေးငြိမ်းရေးအတွက် များစွာ အပင်ပန်းခံ၍ ဆောင်ရွက်တော် မူခဲ့လေသည်၊ အသင် ထေရုပ္ပတ္တိစာတော်ဖတ် သူတော်ကောင်းသည်လည်း မိမိ တကိုယ်တည်း ချမ်းသာမှုအတွက် မငဲ့ကွက်ပဲ သတ္တဝါအများ ချမ်းသာရေးအတွက် ကြိုးပမ်းပါလော့။

အတ္တသုခါယ ဝါယာမော, ထေရဿ န ကဒါစိပိ၊
သတ္တာနံ သုခတ္ထာယေဝ, ဝါယာမော တဿ သဗ္ဗဒါ၊
တထေဝ တွမ္ပိ ပဂ္ဂဏှ, ဝီရိယံ ဝီရာနံ ဣဒံ။

အဋ္ဌသတ္တတိမပိုင်း

တဆယ့်ရှစ်နိုင်ငံ သာသနာပြုကြွတော်မူခြင်း

ဆရာတော်ဘုရားကြီးသည် ကရုဏာတော်ကြီးမားတော်မူလှ၏၊ သတ္တဝါတွေ အိုနာသေရေးဒုက္ခဘေးတို့မှ လွတ်မြောက်တော်မူစေချင်လှသည်၊ တကမ္ဘာလုံး ဘုရားမြတ်စွာအဆုံးအမ တရားဒေသနာတော်များကို သိစေချင်သော ဇောစေတနာ တွေ ပိုလှသည်၊ သို့ဖြစ်၍ ကမ္ဘာ့နိုင်ငံ အနှံ့အပြား အပင်ပန်းခံ၍ ကိုယ်တိုင် သာသနာပြုကြွရန် မပြတ်စဉ်းစား ဆင်ခြင်တော်မူခဲ့လေသည်။

ကေနနုခေါ ဥပါယေန, လောကေ သမ္ဗုဒ္ဓသာသနံ၊
ဝိတ္ထာရိကံ ဗာဟုဇညံ, ဣဒ္ဓံ ဖီတံ သုပတ္တဋံ။

ပင့်လျှောက်ကြခြင်း

ယင်းသို့ စဉ်းစားကြံစည်စဉ်အတွင်းမှာပင် ၁၃၃၉-ခု နှစ်ဦးလောက်ကတည်းကပင် အင်္ဂလန်မှ အရှင်ရေဝတဓမ္မနှင့် အမေရိကန်ပြည်မှ မစ္စတာ ဂျိုးဇက်ဂိုးလ်စတိန်း တို့သည် ဆရာတော်ဘုရားကြီးထံ အမေရိကန်, အင်္ဂလန်အပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးတို့၌ သာသနာပြုရန် အချိန်ကျရောက်ပြီဖြစ်ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီး၌ လှည့်လည် သာသနာပြုတော်မူပါရန် ပင့်လျှောက်ကြလေသည်၊ သို့နှင့် ဆရာတော် ဘုရားကြီးသည် ကမ္ဘာ့နိုင်ငံ အသီးသီးတို့၌ သာသနာပြုကြွရန် ဆုံးဖြတ်တော်မူခဲ့ လေသည်။

ရေဝတာဒီဟိ သာဓူဟိ, ယာစိတော ဓမ္မကာမိဘိ၊
လောကေနေကေသု ရဋ္ဌေသု, စရိတုံ ကတနိစ္ဆယော။

တရားဒေသနာငါးပုဒ် ပြုစီရင်တော်မူခြင်း

ဤသို့ ဆုံးဖြတ်တော်မူသည့်အချိန်မှစ၍ မဟာစည်ဆရာတော်ဘုရားကြီးသည် ကမ္ဘာနိုင်ငံသူ နိုင်ငံသားများအနေဖြင့် ဘုရားမြတ်စွာ၏ တရားဓမ္မ အမွေအနှစ်တို့ကို ကမ္ဘာသုံး အင်္ဂလိပ်ဘာသာစကားဖြင့် ကောင်းစွာ နာကြားရ, အလွယ်တကူ ဆည်းပူး လေ့လာနိုင်ပါက သာသနာပြုရာတွင် ပိုမို ထိရောက်ပေလိမ့်မည်ဟု ကြိုတင်ဆင်ခြင် မြော်မြင်တော်မူသဖြင့်-

၁။ ဗုဒ္ဓဘုရားရှင်၏ အမြတ်ဆုံးတရားတော်,
၂။ ဗုဒ္ဓသာသနာတရားတော်,
၃။ သတိပဋ္ဌာန်တရားတော် (ပထမတွဲ),
၄။ သတိပဋ္ဌာန်တရားတော် (ဒုတိယတွဲ),
၅။ ချမ်းသာရေးတရားတော်,

ဟူသော တရားတော် ငါးပုဒ်ကို အလျင်အမြန် ပြုစီရင်တော်မူခဲ့လေသည်။

မဟာည်ထေရသေဋ္ဌော ဟိ, ဒီဃဒဿီ မဟာယတိ၊
လောကိကာနံ ဟိတတ္ထာယ, ရစယိ ဓမ္မပေါတ္ထကေ။

အင်္ဂလိပ်ဘာသာပြန်ဆိုစေခြင်း

ယင်းတရားတော်ငါးပုဒ် မြန်မာ ဘာသာမူရင်းကို အချိန်မီ တိုတောင်းသည့် ကာလ အတွင်း ဗုဒ္ဓသာသနာနုဂ္ဂဟ အမှုဆောင်အဖွဲ့ဝင် ဦးညီညီနှင့် တက္ကသိုလ် ဦးသာနိုး တို့အား အင်္ဂလိပ်ဘာသာ ပြန်ဆိုစေ၍ ကိုယ်တော်တိုင် တည်းဖြတ်စိစစ်ပြီးနောက် သာသနာပြု ခရီးတလျှောက် ရောက်ရှိမည့် နိုင်ငံရပ်ခြား အရပ်ဒေသသို့၌ အင်္ဂလိပ် ဘာသာစကား ဖြင့် ဖတ်ကြား ဟောပြောရန် မဆုတ်မနစ် ထက်သန်သော လုံ့လ ဝီရိယဖြင့် ကြိုတင်ပြင်ဆင်တော် မူခဲ့လေသည်။

ပရိဝတ္တေတွာ အင်္ဂလိသ-ဘာသာယ ယတိသေခရော၊
လောကိကာနံ ဟိတတ္ထာယ, သုန္ဒရေ ဓမ္မပေါတ္ထကေ။

ကြိုတင်ဆောင်ရွက်ခြင်း

ယင်းတရားတော် ၅-ပုဒ်ကို မြန်မာဘာသာပြန်တအုပ်, အင်္ဂလိပ်ဘာသာဖြင့် တအုပ် ကမ္ဘာ့သာသနာပြု တရားတော် ဟူသောအမည်ဖြင့် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့မှ ထုတ်ဝေဖြန့်ဖြူးခဲ့လေသည်၊ ဆရာတော်ကြွစဉ် တပါးတည်းယူနိုင်ရန် နိုင်ငံခြား၌ သာမဏေပြုလိုသူ ရဟန်းခံလိုသူတို့ အလွယ်တကူ သာမဏေဝတ်, ရဟန်းခံနိုင်ရန် ပရိက္ခရာ ရှစ်ပါး စသည်တို့ကိုလည်း စီစဉ်လေသည်၊

၎င်းပြင် ပြည်ပရှိတာဝန်ခံပင့်ဖိတ်သော အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ် ကမ္မဋ္ဌာန်းဌာန ဦးဆောင်ဒါရိုက်တာ မစ္စတာ ဂိုင်းအမ်(စ်)ထရောင်း (Mr. Guy Amstrong) နှင့် ကမ္မဋ္ဌာန်းနည်းပြ ဆရာများ ဖြစ်ကြသော ဒေါက်တာ ဂျက်ကွန်ဖီးလ်(ဒ်) (Dr. Jack Cornfield ), မစ္စတာ ဂျိုးဇက်ဂိုးလ်စတိန်း (Mr. Joseph Goldstein) တို့နှင့် လည်းကောင်း၊ အင်္ဂလန်ပြည်ဘာမင်ဂန်မြို့ ဝက်(စ်) မစ်(ဒ်)(လန်)(စ်) ဗုဒ္ဓဘာသာ ကမ္မဋ္ဌာန်းဌာန (West Midlands Buddhist Centre)မှ ဆရာတော် ဒေါက်တာ အရှင်ရေဝတဓမ္မနှင့်လည်းကောင်း၊ အမေရိကန်ပြည် ဝါရှင်တန်နှင့် နယူးယောက်မြို့များရှိ မဟာစည် ယောဂီဟောင်းများ ဖြစ်ကြသော ဦးချစ်မြိုင်, ဦးလှဖေတို့ အမှူးပြုသည့် မြန်မာဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ် များနှင့်လည်းကောင်း ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့သည် ဆက်သွယ်ကာ အစီအစဉ်များ ပြုလုပ်ခဲ့လေသည်။

ပဋိကစ္စေဝ ကာရိယံ, ကရုံ မဏ္ဍလိကာ ဇနာ၊
နိရာကုလကာဝတ္ထာယ, ထေရဿ ဂမနေ တဒါ။

ကမ္ဘာ့သာသနာပြုကြွခါနီး မိန့်ကြားသည့် တရားတော်

၁၃၄၀-ပြည့်နှစ် နှောင်တန်ခူးလဆန်း ၅-ရက် (၁-၄-၇၉) နေ့တွင် ဆရာတော် ဘုရားကြီး ကမ္ဘာ့သာသနာပြုခရီး စတင်တော်မူမည် ဖြစ်သဖြင့် တပည့် ရဟန်း, ရှင်, လူ ယောဂီများ ထောင်နှင့်ချီ၍ ဆရာတော် ဘုရားကြီး ၏ လစန်းသော်တာ မျက်နှာတော်ကိုဖူးမြော်, ချိုမြိန်သာယာ တရား ဒေသနာတော်ကို ကြားနာရန် ရည်သန်၍ လာရောက်ကြသည်၊ မွန်းလွဲ ၁-နာရီ အချိန်တွင် တပည့်တပန်း ရဟန်း, ရှင်, လူ ယောဂီတို့၏ လက်အုပ်ချီမိုး ရှိခိုးပူဇော် ဖူးမြော် ကန်တော့မှုကို ခံယူတော်မူပြီး အောက်ပါအတိုင်း တရားဒေသနာ ဟောကြားတော်မူခဲ့လေသည်။

“တပည့် ရဟန်းသံဃာတော်များနှင့် တပည့် ယောဂီအပေါင်းတို့ အပ္ပမာဒေန သမ္ပာဒေထ, ဟူ၍ ဘုရားမြတ်စွာ ဟောတော်မူသည့်အတိုင်း မမေ့မလျော့မပေါ့ မဆသော သတိတရားဖြင့် သီလ, သမာဓိ, ပညာတို့ကို ပြီးစီးပြည့်စုံစေကြရမယ်၊ အကြမ်းအားဖြင့် ဆိုရယင် ဒါနကုသိုလ် ပွားများရန်နှင့် သီလ လုံခြုံအောင် ဆောက်တည် ဘာဝနာအားထုတ်ဖို့အတွက် အခြေခံပါပဲ၊ မိမိတို့ရဲ့ သန္တာန်မှာ ဖြစ်ပျက်နေတာကို မမေ့ဖို့ပါပဲ၊ မြင်ခိုက် ကြားခိုက် နံခိုက် ထိတွေ့ခိုက် ကြံစည်ခိုက်စတဲ့ ဒွါရခြောက်ပါးက ဖြစ်ပေါ်လာတိုင်း ရှုမှတ်ဖို့ပဲ စသည်ဖြင့်မိန့်ကြားတော် မူသည့်ပြင် ယောဂီတဦးနှင့်တဦး ရဟန်းတပါးနှင့် တပါး ဆက်ဆံခြင်း သတိပေးညွှန်ကြားပြသခြင်းပြုသည့်အခါ ရိုရိုသေသေ ချိုချိုသာသာ ညွှန်ကြား ဆက်ဆံကြရန် မိမိအကျိုး ဖြစ်ထွန်းစေရေးအတွက် ကျကျနန အားထုတ်ရန် မမေ့မလျော့ မပေါ့မဆသော သတိတရားနှင့် ပြည့်စုံဖို့ ကမ္ဘာ့ သာသနာပြု ခရီးစမည့်ဆဲဆဲ ဘုန်းကြီးက အဆုံးအမ ပေးခဲ့ပါတယ်” စသည်ဖြင့် မိန့်ကြားတော်မူခဲ့လေသည်၊ ဆရာတော်သည် ဘုရားမြတ်စွာ၏ သားတော်ကြီး ပီသစွာ ဘုရားမိန့်ကြားတော်မူသည့်အတိုင်း အတုလိုက်မိန့်ကြားတော်မူခဲ့လေသည်။

ပုရေ ဂစ္ဆတိ သော ထေရော, ဝိဝိဓေ ဝိသယေ ဗဟူ၊
ယောဂီနံ သုဂတောဝါဒံ, အဒါ ကာရုညမာနသော။

ယိုးဒယား(ထိုင်း)နိုင်ငံ ဘန်ကောက်မြို့သို့ ကြွတော်မူပြီ

ဆရာတော်သည် မိမိနိုင်ငံရပ်ခြား တိုင်းတပါးများသို့ကြွသော်လည်း တပည့်တပန်း ရဟန်, ရှင်, လူ ယောဂီတို့အား မိမိရှိသကဲ့သို့ပင် မမေ့မလျော့နေကြရန် ယင်းသို့ ဩဝါဒပေးတော်မူပြီး အဖွဲ့ဝင်များဖြစ်သည့် -

ပရိယတ္တိသာသနဟိတ ဓမ္မစရိယ (သီးခြားစာချ)နှင့် သာသနဓဇ သိရီပဝရ ဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ရ အရှင်သီလာနန္ဒာဘိဝံသ,
ပရိယတ္တိသာသနဟိတဓမ္မာစရိယ (သီးခြားစာချ)နှင့် သာသနာဓဇသိရီပဝရ-ဓမ္မာစရိယ အရှင်ဇနကာဘိဝံသ,
ဒီဃဘာဏက ဒီဃနိကာယကောဝိဒ အရှင်ကေလာသ,
အရှင်အဂ္ဂဓမ္မ,
ကပ္ပိယ ကျောင်းဆရာကြီးဟောင်း ဦးမြသိန်း (မော်လမြိုင်)

တို့နှင့်အတူ ရန်ကုန်မြို့ မင်္ဂလာဒုံ လေဆိပ်သို့ မွန်လွဲ ၂-နာရီ မိနစ် ၃၀-အချိန်တွင် ကြွတော်မူခဲ့လေသည်၊ တပည့်တပန်း ရဟန်း, ရှင်, လူယောဂီများစွာတို့ လိုက်ပါ ပို့ဆောင်ကြသည်၊ ၃-နာရီ မိနစ် ၃၀ တွင် မဟာစည် ဆရာတော်ဘုရားကြီးနှင့် အဖွဲ့သည် ဘီအေစီ လေယာဉ်ဖြင့် လိုက်ပါလျက် ယိုးဒယား (ထိုင်း)နိုင်ငံ ဘန်ကောက်မြို့သို့ ဒေသစာရီ စတင်ကြွချီတော်မူခဲ့လေသည်။

နာနာနေကေသု ဒေသေသု, မုနိစက္ကာဘိဝုဍ္ဎိယာ၊
မဟာစည်ဂဏာစရိယော, သိဿေဟိ နိက္ခမိ ဟိ ခေါ။

ဘန်ကောက်လေဆိပ်မှကြိုဆိုကြ

ဆရာတော်ဘုရားကြီးတို့ စီးနင်း လိုက်ပါလာသော ဘီအေစီလေယာဉ်သည် ဘန်ကောက်လေဆိပ်၌ မြန်မာစံတော်ချိန် ၄-နာရီတွင် ချောမောစွာ ဆိုက်ရောက်ခဲ့ လေသည်၊ လေဆိပ်၌ အမေရိကန်နိုင်ငံ ဘာရီကမ္မဋ္ဌာန်းဌာနမှ မစ္စတာ ဂျက်ထွန်းဖီလ်(ဒ်)၊ ချွန်ပူရီမြို့မှ ဆရာတော်အရှင်အာသဘ, ဆရာတော်အရှင် ပညာဝံသ, ဆရာတော် အရှင်ဓမ္မာနန္ဒ, ဆရာတော် အရှင်ဓမ္မာနန္ဒ၏ ကျောင်း ဒါယကာကြီး ခွံယမနွံဂါရဖာနစ်, ဦးထွန်းသိန်း, ဒေါ်မေမေပု, သမီးဆယ်လီ စသူတို့သည် ကြိုဆိုကြလေသည်။

အာကာသယာနတိတ္ထမှိ, သမဏာ ဂဟဋ္ဌာ ဥဘော၊
ပစ္စုဂ္ဂမနံ အကံသု, မဟာစည် ထေရပုင်္ဂဝံ။

ချွန်ဘူရီမြို့ကြွ ဩဝါဒပေးခြင်း

ဆရာတော်ဘုရားကြီးသည် အဖွဲ့ဝင်များနှင့်အတူ လေဆိပ်မှတဖန် ဘန်ကောက် မြို့ကိုဖြတ်၍ မိုင် ၅၀-ခန့်ကွာလှမ်းသော ချွန်ဘူရီမြို့ရှိ ဆရာတော်အရှင်အာသဘ ဦးစီး ဦးဆောင်တရားပြသရာ ကမ္မဋ္ဌာန်းဌာန သာသနာ့ရိပ်သာခွဲ ဝိဝေကအရပ်သို့ ကြွတော်မူသည်၊ ဆရာတော်အရှင်အာသဘ၏ ချွန်ဘူရီရိပ်သာ၌ ယိုးဒယား ရဟန်း, ရှင်, လူ ယောဂီများ ဆရာတော်ဘုရားကြီးအား လာရောက် ဖူးမြော်ကန်တော့ ကြသည်၊ ဆရာတော်သည် ရောက်ရှိ ခညောင်း ပရိသတ်အပေါင်းတို့အား မမေ့ မလျော့ မပေါ့မဆပဲ တရားအလုပ် ပြုလုပ်ရှုမှတ်ကြရန် ဩဝါဒ ပေးတော်မူခဲ့လေသည်။

ချွန်ဘူရီတပေါဝနေပိ, မဟာစည် ကဝိသေခရော၊
ဓမ္မောဒကေန တေမေသိ, သမ္ပတ္တေ ဗဟုကေ ဇနေ။

ဂျပန်နိုင်ငံ

ဂျပန်နိုင်ငံသည် ရာသီဥတု အအေးလွန်ကဲသည့် တိုင်းပြည်ဖြစ်သည်၊ အာရှတိုက် အရှေ့ဘက် ပစ္စပိတ်သမုဒ္ဒရာအတွင်း၌ တည်ရှိလေသည်၊ ကိုရီးယားနိုင်ငံ၏ အရှေ့ဘက်တွင် ကျူရှူ, ဟွန်ရှုး, ရှိကိုးကူးနှင့် ဟိုကေဒို ကျွန်းကြီးလေးကျွန်း ပါဝင်ခဲ့ လေသည်၊ ဂျပန်နိုင်ငံ၏ အကျယ်အဝန်းမှာ ၁၄၂၇၂၆- စတုရန်းမိုင်ဖြစ်လေသည်။

ဂျပန်နိုင်ငံသည် စီးပွားရေး အလွန်ကောင်းသော နိုင်ငံဖြစ်သည်၊ ဆန်စပါး, ဂျုံ, ဘာလီ, အာလူးဖြူ, အာလူးချို, လက်ဖက်ခြောက်, ဆေးရွက်ကြီး, စပျစ်သီး, သစ်တော်သီး, ပန်းသီး, ကျောက်မီးသွေး, ရွှေ, ငွေ, ခဲ, သွပ်, သံရိုင်း, သတ္တု, ခနောက်စိမ်း, ကြေးနီ, ကန့်, ထုံး, ကျောက်, မော်တော်ကား အမျိုးမျိုး, စက်ပစ္စည်းအမျိုးမျိုး, ဓာတုဗေဒဆေး အမျိုးမျိုး, အထည်အလိပ်, ဘိလပ်မြေ, ကြွေထည်, အိုးခွက်ပန်းကန်, ဖန်ထည်, မှန်ထည်, ရာဘာပစ္စည်းအမျိုးမျိုး, စက္ကူ အမျိုးမျိုး, မီးရထား အမျိုးမျိုး, သင်္ဘော မျိုးစုံ, ရေဒီယို, ကက်ဆက်, ရုပ်မြင်သံကြား, လျှပ်စစ်ပစ္စည်းမျိုးစုံ စသည်တို့ ထွက်ရှိသည်။

ဂျပန်ဝှဝိသယောနာမ, ဝိသာလော ဓနဝါ ဘဝိ၊
ဩဇဝါ သုဘိက္ခောစေဝ, အနုနော ရတနေဟိ ခေါ။

ကိုးကွယ်မှု ဘာသာအားဖြင့် ရှင်တို, မဟာယာနဗုဒ္ဓဘာသာ, ခရစ်ယာန်တို့ ဖြစ်ကုန်၏။

ထေရဝါဒသာသနာရောက်ရှိခြင်း

သက္ကရာဇ် ၁၃၁၆-ခုနှစ် နတ်တော်လတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ၌ ကျင်းပခဲ့သော တတိယအကြိမ်မြောက် ကမ္ဘာ့ဗုဒ္ဓဘာသာသာမဂ္ဂီ ညီလာခံကြီးသို့ တိုင်းပြည်အသီးသီးမှ ကိုယ်စားလှယ်တော်များနှင့် လေ့လာသူများ တက်ရောက်ကြ ရာတွင် ထိုစဉ်ကျင်းပလျက်ရှိသော ဆဋ္ဌသင်္ဂါယနာ မဟာဓမ္မသဘင်ကြီးကို ကိုယ်တိုင် ကိုယ်ကြပ် တွေ့မြင်ကြရ၍ ထေရဝါဒ ဗုဒ္ဓဘာသာကို အထူးစိတ်ဝင်စား သွားကြလေသည်၊ အထူးသဖြင့် ဂျပန်မဟာယာန ဗုဒ္ဓဘာသာဝင် ကိုယ်စားလှယ် များက ဘုရားမြတ်စွာ သာသနာအစစ်အမှန်ကို မြင်တွေ့သွားရပြီး ထေရဝါဒ ဗုဒ္ဓဘာသာကို လေ့လာလိုစိတ် ပြင်းပြသွားကြလေသည်။

သို့ဖြစ်၍ ၁၃၁၇-ခုနှစ် ကဆုန်လတွင် ဂျပန်ပြည် တိုကျိုမြို့ ဟိုဇင်ဂျီ ဘုန်းတော်ကြီး ကျောင်းမှ မဟာယာန ဘုန်းတော်ကြီး ရိရိနာကာယာမက, ဂျပန်အမျိုးသားလူငယ် ၁၂-ဦးနှင့် အမျိုးသမီးတဦးတို့ကို ထေရဝါဒဗုဒ္ဓဘာသာကို လေ့လာသင်ကြားရန် စေလွှတ်လိုကြောင်း မေတ္တာရပ်ခံချက်အရ မြန်မာနိုင်ငံ ဗုဒ္ဓသာသနာအဖွဲ့က သဘောတူပြီးလက်ခံခဲ့လေသည်၊

၎င်းတို့ရောက်ရှိလာသောအခါ ဗုဒ္ဓသာသနာအဖွဲ့က ထေရဝါဒ ရဟန်းသာမဏေ သီလရှင်များအဖြစ် ချီးမြှင်သွတ်သွင်းပြီးလျှင် ကမ္ဘာအေး အပရဂေါယာန ကျောင်းဆောင်၌ပင် ထားရှိကာ ပရိယတ်, ပဋိပတ်တို့ကို သင်ကြား အားထုတ်စေ ခဲ့လေသည်၊ ယင်း ဂျပန်ရဟန်းတော်များအနက် ဘိက္ခုဝိသုဒ္ဓါသယ, ဘိက္ခုကု မာရသုမန တို့သည် ထေရဝါဒဗုဒ္ဓဘာသာကို လေ့လာယင်း ဂျပန်ပြည်၌ ထေရဝါဒ ဗုဒ္ဓသာသနာပြုရန် စိတ်အားထက်သန်ကြသဖြင့် ဂျပန်ပြည်ရှိ ပုဂ္ဂိုလ်ကြီးများနှင့် တိုင်ပင်ကာ ဂျပန်ဗုဒ္ဓသာသနာအဖွဲ့ (Japan Buddhist Sasana Society) ကို တည်ထောင်ကြပြီး ဂျပန်ပြည်၌ မည်ကဲ့သို့ထေရဝါဒ သာသနာပြု သင့်သည်တို့ကို မြန်မာနိုင်ငံ ဗုဒ္ဓသာသနာအဖွဲ့နှင့် တိုင်ပင်ပြီးလျှင်-

၁။ ဂျပန်ပြည်တွင် အရေးကြီးသော မြို့ကြီး နှစ်မြို့ဖြစ်သည့် မိုဂျီမြို့နှင့် ယာဝတမြို့တို့၌ ဓမ္မဒူတဌာနတခုစီ တည်ထောင်ရန်၊ ထိုသို့ တည်ထောင်ရန်အတွက် မြေနေရာနှင့် သိမ်, သံဃာရာမစသော အဆောက်အအုံ များကို ဂျပန်ဗုဒ္ဓသာသနာအဖွဲ့က ရယူတည်ထောင်ရန်နှင့် မြန်မာနိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့က ၎င်းဌာနများတွင် ကမ္ဘာအေးစေတီတော် ပုံသဏ္ဌာန် အတိုင်း စေတီတဆူတည်ရန်။

၂။ ကမ္ဘာအေးကုန်မြေပေါ်၌ ဂျပန်ဓမ္မဒူတဝိဇ္ဇာလယ သင်တန်းကျောင်း တခုကို မြန်မာနိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့က တည်ထောင်ရန်နှင့် ဂျပန်ဗုဒ္ဓသာသနာ အဖွဲ့က ဂျပန်ပြည်မှပညာတတ် လူငယ်စာသင်သားများကို ရွေးချယ်၍ ၎င်းတို့အဖွဲ့ စရိတ်ဖြင့် ဤကျောင်းသို့ ပို့ဆောင်ပညာသက်ကြားစေရန်။

၃။ ဂျပန်ပြည်ရှိ ဓမ္မဒူတဌာနများတွင် သံဃာရာမနှင့် သိမ်အဆောက်အအုံ ပြည့်စုံသောအခါ မြန်မာနိုင်ငံမှ သာသနာပြုဆရာတော် အနည်းဆုံး တဌာနလျှင် ၅-ပါးစီ မြန်မာနိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့စရိတ်ဖြင့် ပို့ဆောင် သာသနာပြုစေရန်နှင့် ဆွမ်း, သင်္ကန်း, ကျောင်း, ဆေး ပစ္စည်းလေးပါးစရိတ် တို့ကို ဂျပန်ဗုဒ္ဓသာသနာ အဖွဲ့က ကျခံရန်၊ ထိုသို့ကြွရောက်မည့် ဆရာတော်များကို မြန်မာနိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့က ရွေးချယ်ပြီး သင်တန်းများ ပေးရန်ဟူသော စီမံကိန်းများကို ပြုလုပ်ရန် သဘောတူကြသည်။

ဂျပန်ဓမ္မဒူတဝိဇ္ဇာလယကျောင်း

ပထမအသုတ် ရောက်ရှိလာသော ဂျပန်ရဟန်းတော်များနှင့် သီလရှင်များသည် တနှစ်ကြာမျှ ထေရဝါဒပရိယတ္တိနှင့် ပဋိပတ္တိများကို သင်ကြားပြီးနောက် အသီးသီး ပြန်ကြွကြပြီးလျှင် ဒုတိယအသုတ်တွင်ကား ဂျပန်ဗုဒ္ဓသာသနာအဖွဲ့က အထက်ပါ သဘောတူညီချက်အရ စေလွှတ်လိုက်သော ဂျပန်လူငယ် ပညာတတ် ၁၇-ဦး တို့သည် ၁၃၁၉-ခုနှစ် နယုန်လဆန်း ၁၁-ရက် (၈-၆-၅၇) နေ့တွင် ရောက်ရှိလာ ကြသည်၊

၎င်းဂျပန်အမျိုးသားများကို သာမဏေအဖြစ်, ရဟန်းအဖြစ်တို့ဖြင့် မြန်မာနိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့က သွတ်သွင်း ချီးမြှင့်ပေးခဲ့လေသည်၊ ၎င်းပြင် ဂျပန်ဓမ္မဒူတ ဝိဇ္ဇာလယပညာသင်ကြားရေးအဖွဲ့က သတ်မှတ်ပေးထားသော သင်ရိုးညွှန်းတမ်းပါ ပရိယတ္တိစာပေများကို သင်ကြားစေခဲ့လေသည်၊

၎င်းအဖွဲ့ကို အုပ်ချုပ်ရေး အဖွဲ့ငယ် ပညာရေးအဖွဲ့ငယ်နှင့် စီစဉ်ရေးအဖွဲ့ငယ်တို့ဖြင့် အုပ်ချုပ်သင်ကြားပေးခဲ့ရာ ၁၃၁၉-ခုနှစ်အတွင်း တပါးပြန်ကြွသွားပြီး ၁၃၂၀-ခုနှစ် တွင် ၅-ပါး, ၁၃၂၁-ခုနှစ်တွင် ၃-ပါး, ၁၃၂၂-ခုနှစ်တွင် ၆-ပါး, ၁၃၂၃- ခုနှစ်တွင် တပါး အသီးသီး ပြန်ကြွသွားကြလေသည်၊ ၎င်းတို့မှာ ပရိယတ္တိအခြေခံ သဘောတရား လည်းရှိကြပြီး ပဋိပတ္တိ အလုပ်ကိုပါ အားထုတ်သွားကြလေသည်၊

၎င်းပြင် မန္တလေး, စစ်ကိုင်းစသော မြို့ကြီးများရှိ စာသင်တိုက်များသို့ မြန်မာ ရဟန်းတော်များနှင့် အတူသွားရောက် နေထိုင်ကြရသဖြင့် ထေရဝါဒဗုဒ္ဓဘာသာ အကြောင်းကို အတော်အသင့်တတ်သိနားလည် သွားကြသဖြင့် ဤကျောင်းကို တည်ထောင်ရာ၌ နိုင်ငံခြားသာသနာပြု လုပ်ငန်းအတွက် အတော်ပင် အထောက်အပံ့ ရရှိခဲ့လေသည်။

မိုဂျီဓမ္မဒူတဋ္ဌာန

ဖော်ပြခဲ့သည့်အတိုင်း ဂျပန် ဗုဒ္ဓသာသနာအဖွဲ့နှင့် မြန်မာနိုင်ငံတော် ဗုဒ္ဓသာသနာ အဖွဲ့တို့ သဘောတူညီကြသည့် ကိစ္စတွင် မိုဂျီမြို့၌ ဓမ္မဒူတဌာနတခု တည်ထောင် ရန်ပါရှိခဲ့ လေရာ ၎င်းသဘောတူညီချက်အရ ဂျပန်ပြည်တွင် အလားအလာများ အကဲခတ်ရန် အဂ္ဂမဟာပဏ္ဍိတ ဆရာတော် အရှင်သေဋ္ဌိလနှင့် အဂ္ဂမဟာပဏ္ဍိတ ဆရာတော်အရှင်ဉာဏုတ္တရတို့သည် ၁၃၁၇-ခုနှစ် တန်ခူးလတွင် ဂျပန်ပြည်သို့ ကြွတော်မူကြသည်၊

၎င်းပြင် ၁၃၁၈-ခုနှစ် နယုန်လတွင် -
ခေါင်းဆောင် အဂ္ဂမဟာပဏ္ဍိတ ဝေဠုန်ဝန် ဆရာတော်နှင့်တကွ
အဂ္ဂမဟာပဏ္ဍိတ အနီးစခန်းဆရာတော် အရှင်ပဏ္ဍိတ,
အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော် အရှင်သောဘန,
အဂ္ဂမဟာပဏ္ဍိတ ဝိဇ္ဇာလင်္ကာရဆရာတော် အရှင်ဝိသုဒ္ဓ,
အဂ္ဂမဟာပဏ္ဍိတ မြင်းခြံ ကိုးဆောင်ဆရာတော် အရှင်သောဘိတ

ဟူသော ဆရာတော် ၅-ပါး, ဗုဒ္ဓသာသနာအဖွဲ့အကျိုးဆောင် စာချီတရားဝန်ကြီး သတိုးမဟာသရေစည်သူ ဦးချန်ထွန်း ခေါင်းဆောင်သော လူပုဂ္ဂိုလ်များအဖွဲ့တို့ သိမ်သမုတ်ရန်နှင့် သာသနာရေးကိစ္စ အဝ၀ ဆွေးနွေးရန် ဂျပန်ပြည်သို့ ကြွရောက် တော်မူခဲ့ကြလေသည်၊

၎င်းပြင် သံဃာရာမကျောင်းလည်း ဆောက်လုပ်၍ပြီးစီးသဖြင့် ၁၃၁၉-ခုနှစ် ဝါခေါင်လဆန်းတွင် ဒုတိယဝါမီ အဂ္ဂမဟာပဏ္ဍိတ ဆရာတော် အရှင်ဉာဏုတ္တရ ခေါင်းဆောင်သော သာသနာပြု ဆရာတော် ၆-ပါးတို့ ဂျပန်ပြည် မိုဂျီမြို့ သံဃာရာမ သို့ ကြွရောက်သီတင်းသုံးတော်မူခဲ့ကြလေသည်။

သာဂါရအနဂါရာနံ, ဝါယာမေန ပတိဋ္ဌိတံ၊
သမ္မာသမ္ဗုဒ္ဓသာသနံ, ဂျပန်ရဋ္ဌေ မနောရမေ။

မိုဂျီမြို့၌ ကမ္ဘာအေးစေတီတည်ခြင်း

မိုဂျီမြို့ရှိ မကာရီဥယျာဉ်အတွင်း၌ မြေတနေရာကို ဂျပန်တို့ဘက်မှ ရယူပြီး ကမ္ဘာအေးစေတီတော်ကို မိုဂျီမြို့တော်ဝန် ခေါင်းဆောင်သော မိုဂျီကမ္ဘာအေးစေတီ တည်ဆောက်ရေးအဖွဲ့က တည်ဆောက်ခဲ့လေသည်၊ သံဃာရာမမှာ ရှေးဦးစွာပြီးစီး သဖြင့် ၁၃၁၉-ခုနှစ် ဝါခေါင်လတွင် ကမ္ဘာအေးစေတီတော်အတွက် မြန်မာနိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့က မြန်မာငွေ ၂- သိန်းခွဲနှင့် ညီမျှသော ဂျပန်ယန်း ၁၇-သန်းကို မြန်မာနိုင်ငံတော် သံရုံးမှတဆင့် ဘုရားတည်ဆောက်ရေး အဖွဲ့သို့ ၁၃၁၉-ခုနှစ် တော်သလင်းလက လွှဲအပ်ပေးခဲ့ရာ ၁၃၂၀-ခုနှစ် တပေါင်းလလောက်တွင် စေတီ တည်ဆောက်ခြင်းကိစ္စ ပြီးခဲ့လေသည်၊

မိုးကုတ်မြို့မှ ဦးဝခေါင်းဆောင်သော စိန်ဖူးတော်လှူဒါန်းရေးအဖွဲ့မှ လှူဒါန်းသော စိန်ဖူးတော်ကို မြန်မာနိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့ဥက္ကဋ္ဌဟောင်း သတိုးသီရိသုဓမ္မ ဆာဦးသွင်က ကျပ်တသောင်းခန့် အကုန်ခံမွမ်းမံပြီးလျှင် ၎င်းနှစ် တန်ဆောင်မုန်း လတွင် နိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့ ဘဏ္ဍာရေး အဖွဲ့ငယ် သဘာပတိ မဟာ သရေစည်သူ ဦးအုန်းဖေနှင့် မြန်မာသံအမတ်ကြီး ဦးထွန်းရှိန်တို့က မိုဂျီမြို့တော်ဝန်နှင့် တိုင်ပင်၍ ထီးတော်နှင့် စိန်ဖူးတော်တင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့လေသည်။

မိုဂျီမြို့တော်ဝန် ခေါင်းဆောင်သော တည်ဆောက်ရေးအဖွဲ့က စေတီတော်ကုန်း ပေါ်သို့ တက်ရောက်ရာလမ်း၌ အုတ်တံတိုင်းခတ်ခြင်း, စေတီတော်တွင် မာကျူရီ လျှပ်စစ်မီးများ တပ်ဆင်ထွန်းညှိ ပူဇော်ခြင်း ပြီးမြောက်သည့်ပြင် ကျောင်းဆောင်မှ စေတီတော်သို့တက်ရာ လမ်းကြားတွင် သိမ်တလုံးကို တည်ဆောက်ပြီးစီးသဖြင့် ၁၃၂၃-ခုနှစ် တန်ဆောင်မုန်း လဆန်း ၁၃-ရက်နေ့တွင် သိမ်ဖွင့်ပွဲနှင့် ဘုရား အနေကဇာတင်ပွဲကို တပြိုင်တည်း ကျင်းပပြီးစီးခဲ့လေသည်။

ကျိုတို (ယာဝတ) ဓမ္မဒူတဌာန

ကျိုတို (ယာဝတ) ဓမ္မဒူတဌာနတွင် ကမ္ဘာအေးစေတီတော် တည်ဆောက်ရန် မြန်မာနိုင်ငံ ဗုဒ္ဓသာသနာအဖွဲ့က မြန်မာကျပ်ငွေ ၁-သိန်းခွဲနှင့် ညီမျှသော ဂျပန်ယန်း ၁၃-သန်းကို ဂျပန်ဗုဒ္ဓသာသနာအဖွဲ့သို့ မြန်မာသံရုံးမှ တဆင့်လှူဒါန်းခဲ့ရာ ကျောင်းဆောင်နှစ်ခုနှင့် စေတီတော်ကို တည်ဆောက်ခဲ့ကြောင်း သိရလေသည်၊ ဤသို့ဖြင့် မြန်မာဂျပန် နှစ်ဦးနှစ်ဝ ကြိုးပမ်းမှုဖြင့် ဂျပန်နိုင်ငံ၌ ထေရဝါဒ သာသနာ မျိုးစေ့ကျခဲ့ပြီးဖြစ်လေသည်။

ဂျပန်မြန်မာ ရဋ္ဌိကာနံ, ဝါယာမေန ပတိဋ္ဌိတံ၊
ထေရဝါဒသာသနံ ဟိ, ဂျပန်ဘူမိဝရုတ္တမေ။

ဂျပန်ပြည်ကြွရောက်ရန်လက်ခံခြင်း

မူလပထမတွင် ဆရာတော်သည် ဂျပန်ပြည်နှင့်ဟိုနိုလူလူသို့ ကြွရောက်ရန် ရည်ရွယ်တော်မမူပါချေ၊ သို့ရာတွင် ဒေသစာရီမထွက်ခွာမီ လပိုင်းအတွင်း ဂျပန်နိုင်ငံ ယိုကိုဆူကားမြို့ မျိုဇိုဂျီဘုန်းတော်ကြီး “ကင်ယူဂီဇားကီ” (Rev: Kenyu Sugizaki) အမှူးပြုသော ဂျပန်ဘုန်းတော်ကြီးများ, တိုကျိုမြို့ရှိ မြန်မာသံရုံးဝန်ထမ်း မိသားစု များနှင့် အခြားမြန်မာအမျိုးသား ဗုဒ္ဓဘာသာဝင်များက ဆရာတော်ဘုရားကြီးအား အမေရိကန်ပြည်သို့ ကြွရောက်မည့် ခရီးစဉ်တွင် တိုကျိုသို့ ခရီးတထောက် ဝင်ရောက် ရပ်နားတော်မူပြီးလျှင် မေတ္တာ, ကရုဏာရှေ့ထား၍ ဖူးမြော်ခွင့်ပြုပါရန်နှင့် တရားဓမ္မ ဟောပြတော်မူပါရန် စာဖြင့်လျှောက်ထား တောင်းပန်သည်ကို နှစ်သက် ကြည်ဖြူ လက်ခံတော်မူလျက် ဂျပန်ပြည်သို့ဝင်ရောက်မည်ဟု လိုက်လျောတော်မူခဲ့ လေသည်။

နိသိဇ်ဓူတင်ဆောက်တည်, ထိုင်လျက် သီတင်းသုံးခြင်း

၁၃၄၀-ခုနှစ် နှောင်းတန်ခူးလဆန်း ၆-ရက်နေ့ နံနက်တွင် တည်းခိုရာ ချွန်ဘူရိ သာသနာ့ရိပ်သာခွဲ (ဝိဝေကအာစုမ်)၌ ဆွမ်းဘုဉ်းပေးတော်မူပြီး ဘန်ကောက် လေယာဉ်ကွင်းသို့ ကြွတော်မူသည်၊ နေ့လယ် ၂-နာရီ ၁၅-မိနစ်တွင် လေယာဉ် ထွက်ခွာရာ ညနေ ၅-နာရီ ၆-မိနစ်တွင် ဟောင်ကောင်သို့ ရောက်တော်မူသည်၊ ၆- နာရီ ၃၀-မိနစ်တွင် ဟောင်ကောင်မှ ထွက်ခဲ့ရာ ထိုင်းစံတော်ချိန် ၈-နာရီ ၃၀-မိနစ်တွင် ထိုင်ဝမ်လေယာဉ်ဌာနသို့ ရောက်လေသည်၊

ဂျပန်သို့ ည ၁၁-နာရီအတွင်း ရောက်နိုင်မည် မဟုတ်သဖြင့် လေယာဉ်သည် ထိုဌာန၌ ရပ်တန့်၍ ဖော်မိုဆာကျွန်း “မန်ဒရင်း” ဟိုတယ် (Mandrian Hotel) တွင် လေကြောင်း ကုမ္ပဏီစရိတ်ဖြင့် တညတည်းခိုတော် မူခဲ့လေသည်၊ ထိုဟိုတယ်၌ အမျိုးသမီးများရှိ နေသဖြင့် သဟသေယျအာပတ်မှ လွတ်ကင်းစေရန် ဆရာတော် သည် နိသိဇ်ဓူတင် ဆောက်တည်၍ အိပ်ခြင်းအလျဉ်းမပြုပဲ ထိုင်လျက် သီတင်းသုံးတော်မူခဲ့လေသည်၊

နိုင်ငံခြားခရီး လှည့်လည်စဉ် အိပ်လျောင်းခြင်း မပြုရသည်မှာ တခါမကများလှ၏၊

တိုကျိုမြို့ပစ္စိဖိတ်ဟိုတယ်၌ တည,
ဆွစ်ဇာလန်ပြည် ဇူးရဏ်ဟိုတယ်၌ တည,
အီတလီပြည် ဂျိုမြို့ငယ်ရှိဂါမိုဂလီဟိုခေါ် ခရစ်ဌာနဟောင်း၌ ၃-ည,
အနောက်ဂျာမနီဘွန်းမြို့ တည်းခိုရာဌာန၌ တည,
ပြင်သစ်ပြည်ပါရီမြို့ တည်းခိုရာဌာန၌ ၃-ည,
အင်္ဂလန် နောက်ဆုံးညအားဖြင့် ၁၀-ညထက် မနည်းရှိခဲ့၏၊

ဆရာတော်ကား ဝိနယဂရုက, သိက္ခာကာမ ချီးမွမ်းဖွယ် ကောင်းလှသည့် ကမ္ဘာ့ သာသနာပြု ပုဂ္ဂိုလ်ထူး ဖြစ်တော်မူပါပေသည်။

မဟာည်ထေရသေဋ္ဌောဟိ, ဝိနယဂရုကော သုဓီ၊
သုဓီသာသနဇောတကော, သေဋ္ဌော သာသနဘာရဓော။

ဂျပန်ပြည်သို့ရောက်လေပြီ

နှောင်းတန်ခူးလဆန်း ၇-ရက်နေ့ နံနက် ၆-နာရီ ၃၀-မိနစ် အချိန်တွင် တိုင်ပေမှ ထိုင်းလေကြောင်း ကုမ္ပဏီလေယာဉ်ဖြင့် ခရီးဆက်ရာ တိုကျိုစံတော်ချိန် နံနက် ၉-နာရီ ၄၅-မိနစ်အချိန်တွင် ဂျပန်ပြည် နာရီတာ (Narita) လေဆိပ်သို့ ရောက်တော် မူခဲ့လေသည်၊ လေဆိပ်တွင် မြန်မာသံရုံးမှ ဦးတင်မောင်, ဂျပန်ဘုန်းတော်ကြီး ဆူဂီဇာ ကီး, မစ္စတာအီရှိဂါးမီ စသည့် ပုဂ္ဂိုလ်များ လာရောက်ကြိုဆိုကြလေသည်၊ လေယာဉ်ကွင်း၌ပင် မျိုဇိုဂျိုကျောင်း ဂျပန်ဘုန်းတော်ကြီး ဆက်ကပ် လှူဒါန်းသည့် ဆွမ်းကိုဘုဉ်းပေးတော်မူခဲ့လေသည်။

သမ္ပတ္တော ဂျပန်ရဋ္ဌံတိ, မဟာစည်ထေရကုဉ္ဇရော၊
လောကဂ္ဂသာသနံ သော ဟိ, ဇောတေတုံ ကတနိစ္ဆယော။

မိုဂျီမြို့ရောက်ခြင်း, သံဃာရာမ၌ ဩဝါဒပေး တရားဟောခြင်း

လေယာဉ်ကွင်း၌ ဆွမ်းဘုဉ်းပေးတော်မူပြီးနောက် မီးရထားဖြင့် တိုကျိုမြို့တွင်းကို ကျော်ဖြတ်၍ ကားဖြင့်တတန် ဟနေဒါ (Haneda) လေယာဉ်ကွင်း ကြွရောက် တော်မူခဲ့လေသည်၊ ခရီးမှာ ဝေးကွာလှလေသည်၊ ထိုမှတဖန် ညနေ ၄-နာရီ အချိန်တွင် ဖူကျူဟိုကာ (Fukuoka) သို့ လေယာဉ်ဖြင့်ကြွရောက်ပြီး ကားဖြင့်တဆင့် မိုဂျီမြို့သို့ကြွတော်မူခဲ့လေသည်၊ ဖူကျူယိုကာ လေယာဉ်ကွင်း၌ ဆရာတော် အရှင်ဓမ္မာစာရနှင့် အခြားဒကာများပါ လာရောက် ကြိုဆိုကြလေသည်၊ မိုဂျီမြို့ သံဃာရာမကျောင်းတိုက်၌ ဂျပန် ဘုန်းတော်ကြီးများနှင့် မြန်မာရဟန်းတော် အရှင်ဝေပုလ္လတို့က ဦးဆောင်၍ အဖျော်ယမကာတို့ကို လိုလေသည်မရှိအောင် ဆက်ကပ်ကြကုန်၏၊

ဆရာတော်သည် မိုဂျီမြို့ သံဃာရာမ၌ သီတင်းသုံးတော်မူကြသော ဆရာတော် အရှင်ဝေပုလ္လ, အရှင်ဓမ္မာစာရ, အရှင်ခေမိန္ဒတို့အား ဩဝါဒပေးတော်မူသည်၊ ရောက်ရှိလာသော ဒကာ, ဒကာမတို့အား သင့်လျော်သော တရားဓမ္မကို ဟောပြ ချီးမြှောက် တော်မူခဲ့လေသည်။

မိုဂျီပုရေ သံဃာရာမေ, ထေရိန္ဒော မဟာည်ဝှယော၊
ဓမ္မောဒကေန သိေဉ္ဇသိ, ဇနာနံ ဟိတတ္ထာယ ခေါ။

တိုကျိုမြန်မာသံရုံး၌ ဆွမ်းအနုမောဒနာတရားဟောခြင်း

ဆရာတော်တို့သည် နှောင်း တန်ခူးလဆန်း ၈-ရက်နေ့တွင် မိုဂျီကမ္ဘာအေး စေတီတော်ကို ဖူးမြော်တော်မူခဲ့ကြလေသည်၊ ၎င်းနောက် ကားနှင့် စီးနင်းလိုက်ပါ တော်မူခဲ့ရာ နေ့လယ် ၁၂-နာရီ ၄၅-မိနစ် အချိန်တွင် ကိုကုရာမြို့ ဘူတာသို့ ဆိုက်ရောက်တော်မူခဲ့လေသည်၊ ထိုမှတဆင့် ရှင်တန်စင်စကိုင်းလိုင်းရထားဖြင့် ဖူကျူယိုတာသို့ ကြွတော်မူကြသည်၊

ဖုကျူယိုတာမှ လေယာဉ်ဖြင့် တိုကျိုမြို့သို့ ကြွတော်မူကြသည်၊ တိုကျို ပစ္စိဖိတ် ဟိုတယ် အထူးခန်းတွင် တည်းခို သီတင်းသုံးတော်မူခဲ့ကြသည်၊ နှောင်းတန်ခူး လဆန်း ၉-ရက်နေ့ နံနက်အရုဏ်တက်တွင် တိုကျို မြန်မာသံရုံးမှ ဦးတိုးလုံနှင့် ဇနီး, ဦးချစ်ထွေး, ဦးကျော်, ဦးတင်မောင်, မစပယ်, ဒေါ်ကြည်တင် စသည့်ပုဂ္ဂိုလ် များကဆရာတော်ကြီး နှင့်အဖွဲ့အား မွန်မြတ်သော ဆွမ်းခဲဖွယ် ဘောဇဉ် ချိုချဉ် အရသာအဖြာ ဖြာတို့ကို ဆက်ကပ် လုပ်ကျွေးလှူဒါန်းကြသည်၊ ဆရာတော်သည် ဆွမ်းဘုဉ်းပေးပြီး အနုမောဒနာ တရားဟောပြီး ဆရာတော် အားလုံး ညီညီညာညာ ပရိတ်ရွတ် ချီးမြှောက်တော်မူကြသည်။

ရာဇဒူတနိကေတမှိ, ဓမ္မမ္ဗုနာဘိသေစယိ၊
မဟာစည်ယတိပုင်္ဂဝေါ, ဓမ္မေသု သဿတာဒရော။

ကမာကုရုဆင်းတုတော်ကြီး

ကမာကုရ ဆင်းတုတော်ကြီးသည် အံ့ဩဖွယ်, ကြည်ညိုဖွယ် ကောင်းသည့် ကြေးဆင်းတုရုပ်ပွားတော်ကြီး ဖြစ်တော်မူသည်၊ ကမ္ဘာအရပ်ရပ်မှ ဂျပန်ပြည်သို့ ရောက်ရှိလာကြသော ဗုဒ္ဓသာသနာ ကြည်ညိုကြသည့် ရဟန်းရှင်လူ သူတော် ကောင်းတို့ ယင်းဆင်းတုတော်ကြီးသို့ အရောက်သွား၍ ဖူးမြော်ကြသည်သာ များလေသည်၊ ဂျပန်ပြည်သူပြည်သားတို့လည်း လာရောက်ဖူးမြော်ကြရာ ပရိသတ် စဲသည်မရှိဟူ၏။

ယင်းရုပ်ပွားတော်ကြီးသည် တိုကျိုမြို့ တောင်ဘက် ယိုကိုဟားမားမြို့အနီးတွင် တည်ရှိလေသည်၊ ယင်းဆင်းတုတော်ကြီးမှာ မျက်ခုံးတော် လ, ခြမ်းပုံသဏ္ဌာန်ရှိ၍ မျက်လွှာတော်ချတော်မူလျက် မျက်လုံးတော်မှာ ရေပြင်ညီ ဖြစ်လေသည်၊ မျက်နှာတော်မှာလည်း ကြည်လင်သပ္ပာယ်ပြီး နားရွက်တော်မှာ ၂-မီတာခန့် ရှိလေသည်၊ ဖူးမြော်ရသူတိုင်း ရွှင်ပျော်နှစ်မြို့ စိတ်ကို ညှို့သကဲ့သို့ဖြစ်ကာ ဆင်းတုတော်ကြီး အနားမှ မခွဲခွာချင်အောင် ရှိလေသည်။

ကမာကုရုသုပဋိမာ, သောဘနာစာရုဒဿနာ၊
ပဿန္တာနံ မနုဿာနံ, မနံ တောသေတိ သဗ္ဗဒါ။

သမိုင်းအကျဉ်း

မူလကမာကုရု ရုပ်ပွားတော်ကြီးမှာ သစ်သားဖြင့် ပြုလုပ်ထားသည်ဟူ ၏၊ သက္ကရာဇ် ၁၂၃၈-ခုနှစ်တွင် စတင်ထုလုပ်ခဲ့ရာ ၆-နှစ်အကြာတွင် ပြီးစီးခဲ့လေသည်၊ ၁၂၅၂-ခုနှစ်တွင် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့ရာ တဖန်အလှူငွေများ ကောက်ခံ၍ ၁၂၅၂-ခုနှစ်တွင် ကြေးဆင်းတုတော်ကြီးကို သွန်းလုပ်ရာ အောင်မြင်ပြီးမြောက်ခဲ့လေသည်။

ကျောင်းတော်ကိုလည်း တချိန်တည်းဆောက်ခဲ့ကြလေသည်၊ မုန်တိုင်းထန်သည့် ဒေသဖြစ်လေရာ မကြာခဏကျောင်းတော်ကို ပြုပြင်ကြလေသည်၊ ၁၄၉၅- ခုနှစ်တွင် ကျောင်းတော် ပြိုကျပျက်စီး၍ ပင်လယ်ထဲ မျောပါသွားခဲ့ရာ ကျောင်းတော် ထပ်မံ ဆောက်လုပ်ခြင်းမပြုပဲ စံကျောင်းမဲ့ ရုပ်ပွားတော်ကြီးအဖြစ် ကမ္ဘာက သိခဲ့လေသည်။

တဖန် ၁၉၂၃-ခုတွင် မြေငလျင်ဒဏ်ကြောင့် ရုပ်ပွားတော်ကြီး ရှေ့သို့ အနည်းငယ် ငိုက်ကျသွားလေရာ ၁၉၂၆-ခုနှစ်တွင် ပလ္လင်နှင့် အခိုင်အမာ ဆက်ပေးလိုက် လေသည်၊ ၁၉၆၀-၆၁ ခုနှစ်တွင် ထပ်မံ၍ ခေတ်မီ ပလတ်စတာဖြင့် အခိုင်အမာ ပြန်လည်မွမ်းမံခဲ့ကြကုန်၏။

ကမာကုရဆင်းတုတော်ကြီး ဖူးမြင်ခြင်း

မဟာစည်ဆရာတော်ဘုရားကြီးသည် အဖွဲ့ဝင်များနှင့်အတူ အထူးမီးရထားတွဲဖြင့် ယိုကိုဟာမားသို့ စီးနင်းလိုက်ပါတော်မူခဲ့လေသည်၊ ထိုနေ့ ၁၀-နာရီ ၂၅-မိနစ်တွင် ဆိုက်ရောက်တော်မူခဲ့လေသည်၊ ဘုန်းတော်ကြီး ဆူဂီဇာကီးက ကြိုဆို ပင့်ဆောင် သဖြင့် ကမာကုရာရှိ ဒိုင်ကတ်ဆုသို့ ကြွရောက်တော်မူခဲ့လေသည်၊ ဆူဂီဇာကီးသည် အစစအရာရာ ဝတ္တရား ကျေပွန်အောင် ပြုခဲ့လေသည်။

ဆရာတော်ကြီးက ယင်း ဆူဂီဇာကီးအား အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် ဝိပဿနာ အလုပ်ပေးတရားကျမ်းစာကို ချီးမြှင့်တော်မူရာ ဆူဂီဇာကီးသည် လွန်စွာ ဝမ်းမြောက်ခဲ့လေသည်၊ ၎င်းနောက် ဆရာတော်သည် ဂျပန်တွင် အလွန် ထင်ရှားသည့် ကမာကုရ ဆင်းတုတော်ကြီးကိုလည်း ဖူးမြင်တော်မူခဲ့လေသည်၊ ၎င်းနောက်တွင် တိုကျိုသို့ ပြန်ကြွတော်မူခဲ့လေသည်။

ကမာကုရပဋိမမ္ပိ, ဇိနဂုဏေသု ကောဝိဒေါ၊
ထေရော မဟာစည်ကုဉ္ဇရော, အဘိဝန္ဒိ သုဇာတိမာ။

အမေရိကန်ပြည်ထောင်စု ဟိုနိုလူလူသို့ ကြွတော်မူခြင်း

ဆရာတော်ဘုရားကြီးသည် ဘုရားမြတ်စွာ အဆုံးအမ ဒေသနာတော်များ ပြန့်ပွား ရေးအတွက် ကိုယ်ပင်ပန်းမှုကို ဂရုပြုတော်မမူပါချေ၊ သို့နှင့် ယင်းသည့် တန်ဆောင်မုန်းလဆန်း ၉- ရက်, ၁၉၇၉-ခုနှစ်၊ ဧပြီလ ၅-ရက်နေ့ ည ၉-နာရီ အချိန်တွင် တိုကျိုမြို့မှ ဟိုနိုလူလူ (Honolulu) သို့ (PAN-AM) လေယာဉ်ဖြင့် ထွက်ခွာတော်မူခဲ့လေရာ အပြည်ပြည်ဆိုင်ရာ နေ့ရက်မျဉ်းလိုင်း ဒေသ (International Date Line) ကို ဖြတ်ကျော်ခဲ့သည့်အတွက် နောက်တနေ့ (ဧပြီလ ၅-ရက်နေ့ပင် ဖြစ်သွား) နံနက် ၈-နာရီ ၃၅-မိနစ်အချိန်တွင် ဆိုက်ရောက်တော် မူခဲ့လေသည်။

လေယာဉ်ပေါ်မှာပင် ဆရာတော်ဘုရားကြီးသည် သက်သက်လွတ် အရုဏ်ဆွမ်း ဘုဉ်းပေးတော်မူသည်၊ ဆရာတော်သည် ကပ်သမျှကို ဘုဉ်းပေးတော်မူသည်၊ ပေါ့သည်, ငန်သည်, ချဉ်သည်, စပ်သည်ဟု မိန့်ကြားတော်မမူပါချေ။

ဆရာတော်သည်-

ဥပ္ပဇ္ဇေ တေ သစေ ကောဓော, အာဝဇ္ဇကကစူပမံ၊
ဥပ္ပဇ္ဇေ စေ ရသေ တဏှာ, ပုတ္တမံသူပမံ သရ။

ဟူသော ယောဂီဆောင်ပုဒ်နှင့်အညီ ကျင့်ဆောင်တော်မူခဲ့လေသည်။

ဟာဝိုင်ယီကျွန်း ဟိုနိုလူလူတွင် ဝိပဿနာမျိုးစေ့ချ

ဆရာတော်ဘုရားကြီးသည် ဟိုနိုလူလူသို့ ဝင်ရောက်တော်မူခြင်းမှာ ဘာရီကမ္မဋ္ဌာန်း ဌာနမှ ဒကာများနှင့် ဟိုနိုလူလူမြို့နေ မြန်မာ ဒါယကာ, ဒါယိကာမများ ၏ ဆန္ဒပြင်းပြ လိုလိုလားလား ပင့်ဖိတ်ခြင်းကြောင့် ဖြစ်လေသည်၊ ဟဝိုင်ယီကျွန်း ဟိုနိုလူလူမြို့ လေဆိပ်တွင် အမေရိကန်ပြည် ဘာရီမြို့ ဝိပဿနာ ကမ္မဋ္ဌာန်းဌာနမှ မစ္စတာ ဂိုလ်စတိန်နှင့် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူ အမေရိကန်လူမျိုးများ, ဟဝိုင်ယီ ကျွန်း၌ ရောက်ရှိနေကြသော ဦးကြည်လွင်, ဦးတင်အေး, ဦးကျော်မြင့်, မစ္စကာ လိယောင်း စသည့် ဗုဒ္ဓဘာသာဝင်များက ဝါယမစိုက်၍ ဆရာတော်ဘုရားကြီးနှင့် အဖွဲ့အား ကြိုဆိုကြပြီးလျှင် သီတင်းသုံးရန် အထူးပြင်ဆင်ထားသော အဆောက် အအုံသို့ ကျောင်းအမှတ် သီတင်းသုံးရန် ပင့်လျှောက်ခဲ့ကြလေသည်။

ယာယီစံကျောင်းတော်မှာပင် နေ့ဆွမ်းကပ်ပြီး ညနေပိုင်းတွင် အမေရိကန်ပြည်မှ လာခဲ့ကြသည့် ဂျိုးဇက်ဂိုလ်းစတိန်း, ရော်ဂျာမီလ်ကင်း (Roger Miliken), ဂျက်ကလင်ဆကွမ်စ် (Jacqueline Schwartz), မာဂရက်ဝေါလက်စ် (Magret Wallch), ကက်သလင်းအင်းဂရမ်း (Catherine Ingram) နှင့် ဗုဒ္ဓဘာသာတွင် စိတ်ပါဝင်စားသူများပါ လာရောက် ဖူးမြော်ကန်တော့ကြ၍ ဆရာတော်ဘုရားကြီးက ဘုရားမြတ်စွာ၏ အမြတ်ဆုံးတရားတော်ကို တိတ်ခွေဖြင့် ဖွင့်ပြခြင်းနှင့် ကိုယ်တော်တိုင် အင်္ဂလိပ်လို ဟောပြောတော်မူခဲ့လေသည်။

ဤသည်လျှင် ဟဝိုင်ယီကျွန်း ဟိုနိုလူလူ၌ ပထမဦးစွာ ဝိပဿနာတရား မျိုးစေ့မြတ်ကို ချတော်မူခြင်းဖြစ်လေသည်။

ဝပ္ပနံ ဝိပဿနာ ဗီဇ-သေဋ္ဌဿ ထေရဉာဏိနော
ဟိုနိုလူလူ သုဒေသမှိ, ဟဝိုင်ယီ ဒီပမဏ္ဍလေ။

ဝိပဿနာအားထုတ်ခြင်း အကြောင်းနှင့် အားထုတ်ပုံဟောကြားခြင်း

နှောင်းတန်ခူးလဆန်း ၁၁-ရက် (၆-၄-၇၉) နေ့နံနက်ခင်းတွင် ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီးက ဝိပဿနာတရား အားထုတ်ရခြင်း၏ အကြောင်း အားထုတ်ပုံ အကျဉ်းချုပ်ကို ဟောပြောတော်မူ၍ ဆရာတော် အရှင်ဇနကာဘိဝံသ (ချမ်းမြေ့ရိပ်သာ) က အင်္ဂလိပ်လို ပြန်တော်မူသည်၊ ယောဂီပုဂ္ဂိုလ်များစွာ တရားနာ တရားထိုင်ကြကာ ဘုရားမြတ်စွာ၏ ရွှေစိတ်တော်ကို နှစ်သက်စေကြကုန်၏။

သုတွာ ဝိပဿိတွာန, ယောဂီသပ္ပုရိသာ ဇနာ၊
အာရာဓယန္တိ, ဗုဒ္ဓဿ, မာနသံ လောကကေကုနော။

ဟိုနိုလူလူ၌ အပူအအေးမျှတခြင်း

ဆရာတော်ဘုရားကြီးနှင့် အဖွဲ့အား ထိုင်း (THAI) သံရုံးမှ အမျိုးသမီး တဦးက ယိုးဒယား (ထိုင်း) စားဖွယ်သောက်ဖွယ်တို့ဖြင့် သက္ကစ္စမြောက် ဆက်ကပ်လှူဒါန်း လေသည်၊ ယင်းသို့ ဆက်ကပ်လှူဒါန်းလေရာ -

ဒီဃာယက, သုဝဏ္ဏနှင့်, ဗလကြီးမား, ချမ်းသာများလျက်,
ထင်ရှားပညာ, ငါးဖြာမယုတ်, ဆွမ်းကျိုးထုတ်၍,
အင်္ဂုတ္တရ, ပဉ္စကနိပါတ်, မိန့်လတ်တဝ, ပိလိန္ဒဟု,
ဝစ္ဆပဒါန်, အလိုပြန်သော်, နှစ်တန်ပါန, ဆွမ်းလှူရမူ,
ပုဗ္ဗာနိသင်, ကျိုးငါးအင်ဝယ်, ဖြူစင်သန့်ရှင်း,
ထမင်းအဖျော်, ပူဇော်များလှ, လုံ့လရံချွေ, ဣန္ဒြေနှင့်,
ငါးထွေထည့်ငြား, ကျိုးဆယ်ပါး ဟု ပိုင်းခြား မိန့်ဆိုလေသတည်း။

ဟူသည့်အတိုင်း ဆွမ်းလှူရခြင်း၏ အကျိုးတရား ဆယ်ပါးတို့ရမည် ဖြစ်ပေသည်၊ ဟိုနိုလူလူသည် ဂျပန်ကဲ့သို့ အအေးမပိုပဲ ရာသီဥတုညီညီမျှမျှ ရှိသည်ဟု သိရသည်။

ဟိုနိုလူလူ မဏ္ဍလံဟိ, သုဒေသံ ရာမဏီယကံ၊
ဥဓိရံ ဥတုသမ္ပန္နံ, သမ္ပတ္တာနံ မနောဟရံ။

တိဗက်ကျောင်းကြွ ဘုရားအဆုံးအမမိန့်ကြား

ဟိုနိုလူလူ၌ တိဗက်ကျောင်း ရှိသည်၊ တိဗက်ဘုန်းကြီးများသည် နိုးကြားစွာ ဟိုနိုလူလူ၌ ကျောင်းတိုက် တည်ဆောက်၍ မိမိတို့ယုံကြည်ချက်အတိုင်း မဟာယာန ဝါဒကိုကျင့်သုံး၍ သာသနာပြုကြသည်၊ ထိုကျောင်းမှ ကျောင်းထိုင် တိဗက် ဘုန်းကြီးသည် မဟာစည်ဆရာတော်ဘုရားကြီးကို မိမိကျောင်းသို့ ရောက်စေလို သော ဆန္ဒလွန်စွာ ပြင်းပြလေသည်၊ သို့ဖြစ်၍ ဆရာတော်ဘုရားကြီးသည် ကြွရောက်တော် မူ၍ အလ္လာပ သလ္လာပ စကားပြောပြီး ဘုရားမြတ်စွာ၏ အဆုံးအမ အနှစ်သာရ စကားများကို သက်ဆုံးတိုင် မှတ်သားနိုင်လောက်အောင် မိန့်ကြားတော်မူခဲ့ လေသည်။

ဂန္တွာ တိဗက်ဝိဟာရမ္ပိ, ယတိသေဋ္ဌော မဟာဝိဒွါ၊
ကာရုညံ သော ဟိ ပဋိစ္စ, ဓမ္မေနာနုဂ္ဂဟံ အကာ။

ဈင်တရားဌာနကြွ ဝိပဿနာတရားဟော

ဆရာတော်ဘုရားကြီးသည် ကရုဏာတော် အလွန် ကြီးမားတော်မူသည်၊ တဘက်သား အယူမှန်ရလေအောင်, အမှန်လမ်းစဉ် ကျင့်သုံးနိုင်လေအောင် စိတ်ရှည်စွာသည်းခံပြီး တရားဟောတော်မူလေ့ရှိသည်၊ မေးလာသမျှ ပြဿနာ အရပ်ရပ်ကိုလည်း စိတ်ရှည်ရှည်နှင့် သာယာဖြည်းညင်းစွာ ဖြေဆိုတော်မူလေ့ ရှိသည်၊ တိဗက်ကျောင်းမှ ဖဲခွာတော်မူခဲ့ပြီးနောက် ဈင်တရားဌာန (Zen Centre) သို့ ကြွတော်မူ၍ ဝိပဿနာတရား အကျဉ်းချုပ် ဟောကြားတော်မူခဲ့လေသည်၊ ဆရာတော် အရှင်ဇနကာဘိဝံသ (ချမ်းမြေ့ရိပ်သာ) က အင်္ဂလိပ် ဘာသာပြန်ဆို ပေးတော်မူသည်၊ ပြဿနာများကိုလည်း ဖြေဆိုတော်မူသည်၊ ၎င်းနောက် ဒကာ, ဒကာမတို့ကို နာရီဝက်ခန့် တရားထိုင်စေတော်မူခဲ့လေသည်။

ဓမ္မာရာမော ဓမ္မရတော, ဓမ္မံ အနုဝိစိန္တယံ၊
ဓမ္မံ အနုဿရံ ဘိက္ခု, သဒ္ဓမ္မာ နပရိဟာယတိ။

ဆွမ်းအနုမောဒနာတရားဟောခြင်း

နှောင်းတန်ခူးလဆန်း ၁၁-ရက် (၇-၄-၇၉) နေ့ အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းကို ဒကာ ဦးတင်အေးနှင့် မိသားစုတို့က သဒ္ဓါတရားထက်သန်စွာ တာဝန်ယူ ဆက်ကပ် လှူဒါန်းကြသည်၊ ဆရာတော်ဘုရားကြီးသည် ဆွမ်းဒကာ, ဆွမ်းအစ်မများနှင့် ပရိသတ်အား ၅-ပါးသီလပေး၍ ဆွမ်းအနုမောဒနာတရားကို ဟောကြားတော်မူခဲ့ လေသည်၊ ဒကာ, ဒကာမအပေါင်းတို့ ဆရာတော်များကို ဆွမ်းကပ်လှူရသည့် ကောင်းမှုကြောင့် သံသရာ ဝဋ်ဒုက္ခကြီး အပြီးတိုင် ငြိမ်းစဲရာ နိဗ္ဗာန်ကို အာရုံပြု လှူရမယ်၊ ဝဋ်ကိုမမျှော်မှန်း မတောင့်တကြနှင့် မြော်မြင်တတ်သိကြတဲ့ ပညာရှိများ ဝဋ္ဋနိဿိတဒါနကိုမပြုကြပဲ ဝိဝဋ္ဋနိဿိတ ဒါနကို ပြုကြကြောင်း စသည်ဖြင့် ဟောကြားတော်မူခဲ့လေသည်။

န ပဏ္ဍိတော ဥပဓိသုခဿ ဟေတု, ဒဒန္တိ ဒါနာနိ ပုနဗ္ဘဝါယ၊
ကာမဉ္စ တေ ဥပဓိ ပရိက္ခယာယ, ဒဒန္တိ ဒါနံ အပုနဗ္ဘဝါယ။

တရားအားထုတ်စေခြင်း

ဒကာ, ဒကာမအပေါင်း သူတော်ကောင်းတို့ တရားအားမထုတ်ပဲ အသက်တရာ ရှည်၍ နေရစေကာမူ တရားအားထုတ်ပြီး တနေ့တရက်မျှ နေရတာက ပိုမြတ်တယ်၊ တရားအားထုတ်လျှင် လူဖြစ်ကျိုးနပ်ပါတယ်၊ သို့ဖြစ်၍ တရားအားထုတ်ကြရမယ် စသည်ဖြင့် မိန့်ကြားတော်မူပြီး စနစ်တကျ နည်းပေး၍ ယောဂီပရိသတ်အား တနာရီခန့် ဝိပဿနာတရား ပွားများ အားထုတ်စေတော်မူခဲ့လေသည်။

သမ္မတ္တံ ဇနကာယမ္ပိ, ကာရာပယိ ဝိပဿနံ၊
ဧကန္တံ မဟာစည်ထေရော, ကလျာဏေ နိယောဇကော။

ရှစ်ပါးသီလပေး ချမ်းသာရေးတရားဟော

ယင်းသည့် ဧပြီလ ၇-ရက်နေ့ ညနေပိုင်းတွင် ဟိုနိုလူလူ ကမ္ဘာ့ဗုဒ္ဓဘာသာအသင်း (World Buddhist Fellowship) ၏ ဒုတိယဥက္ကဋ္ဌ ဟိုနိုလူလူ အမျိုးသား မစ္စတာ ဆူနာယိုနိုယာဘာရ (Mr. Sunabara)နှင့် ကမ္မဋ္ဌာန်း နည်းပြဆရာ အက်ကင်ရိုရှိ (Aitken Roshi) တို့က ဆရာတော်ဘုရားကြီးအား လာရောက်ဖူးမြော် ကန်တော့ ကြလေသည်၊ ဆရာတော်ဘုရားကြီးက ရှစ်ပါးသီလပေးပြီး ချမ်းသာရေးတရားကို ဟောကြားတော်မူသည်၊ ၎င်းနောက် ၎င်းတို့အား တရားထိုင်စေတော်မူခဲ့လေသည်။

မဟာသယာနံ ဒွိန္နမ္ပိ, ဓမ္မမ္ဗုနာ သုတောသယီ၊
မေဓာဝီ ယတိ ပုင်္ဂဝေါ, မဟာစည်အနွတ္ထာဝှယော။

ဟိုနိုလူလူရှိမြန်မာတို့ ဆွမ်းဒါနပြု

တန်ခူးလဆန်း ၁၂ (ဧပြီလ ၈) ရက်နေ့ နံနက်တွင် ဟိုနိုလူလူရှိ မြန်မာအမျိုးသား အမျိုးသမီးတို့သည် ဆရာတော်ဘုရားကြီးအား ဆွမ်းကပ်ပြီး သီလခံယူ၍ ရေစက်ချ အမျှပေးဝေကြသည်၊ ဟိုနိုလူလူရှိ မြန်မာအမျိုးသား အမျိုးသမီးတို့ အရတော်ကြ သည်ဟု ဆိုရမည်ဖြစ်၏၊ တရားသဖြင့် ရှာဖွေရအပ်သော ဓမ္မိယလဒ္ဓပစ္စည်းကို ကံ, ကံ ၏အကျိုး ယုံကြည်၍ ကြည်ကြည်ညိုညို သီလ၌တည်ပြီး သီလဝန္တ ပုဂ္ဂိုလ် လှူဒါန်းခြင်းသည် ကြီးကျယ်ဖွံ့ဖြိုး အကျိုးများလှ၏ဟု ဘုရားမြတ်စွာ ဟောတော် မူခဲ့လေသည်။

ယော သီလဝါ သီလဝန္တေသု ဒဒါတိ ဒါနံ,
ဓမ္မေန လဒ္ဓံ သုပသန္နစိတ္တော
အဘိသဒ္ဒဟံ ကမ္မဖလံ ဥဠာရံ,
တံ ဝေ ဒါနံ ဝိပုလပ္ဖလန္တိ ဗြူမိ

လော့စ်အိန်ဂျယ်လ်လိစ်သို့ ခရီးဆက်ခြင်း

ထိုနေ့တွင် အမေရိကန်ပြည်ပသို့ပျံသန်းမည့် လေယာဉ်မှာ နောက်ကျသဖြင့် ဟိုနိုလူလူမှာပင် နေ့ဆွမ်း ဘုဉ်းပေးတော်မူကြကာ လော့စ်အိန်ဂျယ်လ်လိစ် (Los Angeles) သို့ မွန်းလွဲအချိန်တွင်မှ ခရီးဆက်တော်မူကြလေသည်။

ဆရာတော်သည် “ချစ်သားရဟန်းတို့ လူအများ အကျိုးစီးပွား ရှိရေးအတွက်, လူအများ ချမ်းသာရေးအတွက်, လောကကို စောင့်ရှောက်ရေးအတွက်, နတ်လူတို့ အကျိူးစီးပွား ချမ်းသာရေးအတွက် ဒေသစာရီ လှည့်လည်ကြ၊ အစကောင်းခြင်း, အလယ်ကောင်းခြင်း, အဆုံးကောင်းခြင်း ရှိသည့်အနက် အဓိပ္ပာယ် သဒ္ဒါပါ ပြည့်စုံသည့် တရားတော်ကိုဟောကြ, လုံးဝပြည့်စုံသည့် စင်ကြယ် မြင့်မြတ်သော အကျင့်ကို ကျင့်ကြ” ဟူသော ဒေသနာနှင့်ညီစွာ ကျင့်တော်မူသည့် ပုဂ္ဂိုလ်မြတ် ဖြစ်တော်မူပါပေသည်။

မဟာစည်ထေရသေဋ္ဌော သော, ဗုဒ္ဓဝါဏိနုဝတ္တကော၊
သမ္ဗုဒ္ဓစက္ကအာကာသေ, နိသာကရောဝသောဘတိ။

ကာလီဖိုးနီးယားပြည်နယ်၌ သာသနာပြုခြင်း

အမေရိကန်ပြည်ထောင်စု (The United States of America) သည် ကျယ်ဝန်းသည်၊ စတုရန်းမိုင် ၃,၅၅၄,ဝဝဝ-ကျယ်ဝန်းလေသည်၊ အမေရိကန် ပြည်ထောင်စုသည် အမေရိကတိုက် အလယ်ပိုင်းတွင် တည်ရှိသည်၊ မြောက်ဘက်တွင် ကနေဒါနိုင်ငံတည်ရှိ၍ အရှေ့ဘက်တွင် အတ္တလန္တိတ် သမုဒ္ဒရာ, တောင်ဘက်တွင် မက္ကဆီကို နိုင်ငံနှင့် အလယ်ပိုင်း အမေရိကတို့တည်ရှိပြီး အနောက်ဘက်တွင် ပစ္စိဖိတ်သမုဒ္ဒရာတို့ ဝန်းရံတည်ရှိလေသည်။

ယင်းအမေရိကန်ပြည်ထောင်စု၌ ကာလီဖိုးနီးယား ပြည်နယ် အပါအဝင် ပြည်နယ် ပေါင်း ၅၀-ရှိလေသည်၊ ကာလီဖိုးနီးယား ပြည်နယ်သည် စတုရန်း မိုင် ၁၅၈၆၉၃-မိုင် ကျယ်ဝန်း၍ ပြည်နယ်မြို့တော်မှာ စကရာမင်းတိုးမြို့ ဖြစ်လေသည်၊ ဆရာတော်နှင့် အဖွဲ့ရောက်ရှိချိန် ၁၃၄၀-ပြည့်နှစ် နှောင်းတန်ခူးလဆန်း ၁၂-ရက် (၈-၄-၇၉) နေ့ ညနေ ၅-နာရီကျော်တွင် ဆန်ဖရန်စစ္စကို, နယူးယောက်, လူဝီဇီယန္နားမြို့များမှ ဒေါ်တင်လှိုင်, ဒေါ်ခင်စု, ဦးချစ်မြိုင် တို့နှင့် အမေရိကန်လူမျိုးများ မြန်မာအများအပြား ခရီးဦးကြိုဆိုခဲ့ကြလေသည်၊ ထိုနေ့ညနေတွင် လော့စ်အိန်ဂျယ်(လ်)လိ(စ်) ရှိ ဈင် သာသနာပြုစခန်းတွင် တည်းခိုတော်မူခဲ့ကြလေသည်။

ကာလီဖိုးနီးယားဒေသံပိ, မဟာထေရော သုဇာတိမာ၊
ဇိနသာသနံ ဇောတေသုံ, ပတ္တော သိဿေဟိ ဉာတိဘိ။

သတိပဋ္ဌာန်တရား ဟောကြားတော်မူခြင်း

နှောင်းတန်ခူးလဆန်း ၁၃-ရက် (၉-၄-၇၉) နေ့တွင် ဒေါ်တင်လှိုင် အမှူးပြုသည့် အမျိုးသား အမျိုးသမီးများနှင့် ဈင်ဌာနမှ အရုဏ်ဆွမ်းကပ်ကြ၍ ယိုးဒယား(ထိုင်း), ကမ္ဗောဒီးယား(ကမ်ပူးချား)နှင့် မြန်မာတိုင်းရင်းသားများက ဆရာတော်ဘုရားကြီး တည်ခိုရာသို့ လာရောက်၍ နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်၊ မွန်းလွဲ ၁-နာရီအချိန်တွင် ဈင်ကျောင်းမှ ဘုန်းကြီးများ, အမေရိကန် ဒါယကာ, ဒါယိကာမများ, မြန်မာဒါယကာ, ဒါယိကာမ ၁၅၀-ခန့်တို့အား ဆရာတော်ဘုရားကြီး က သတိပဋ္ဌာန်တရား ဟောကြားတော်မူသည်၊ ဆရာတော် အရှင်ဇနကာဘိဝံသ (ချမ်းမြေ့ရိပ်သာ) က အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့လေသည်။

တမှိဈင်ဌာနမန္ဒိရေ, မဟာစည်ထေရသောခရော၊
ဓမ္မောဒကေန တေမေသိ, သမ္ပတ္တေ ဗဟုကေ ဇနေ။

ယပ်ကာဗဲလီသို့ ကြွတော်မူခြင်း

ထိုနေ့ ၂-နာရီမိနစ် ၃၀-ခန့်အချိန်တွင် မော်တော်ကားများဖြင့် ယပ်ကာဗဲလီ (Yucca Valley) သို့ကြွတော်မူသည်၊ ညနေ ၆-နာရီခန့်တွင် ယပ်ကာဗဲလီသို့ ရောက်တော် မူခဲ့လေသည်။

သရဏဂုံသီလပေး တရားဟောခြင်း

ယပ်ကာဗဲလီမြို့သည် ရာသီဥတု သာယာကောင်းမွန်နေသည်၊ နောက်တနေ့ ဖြစ်သော နှောင်းတန်ခူး လဆန်း ၁၄-ရက် (၁၀-၄-၇၉) နေ့တွင် ဘာရီမြို့ ကမ္မဋ္ဌာန်း ဌာနမှ ရောက်ရှိနေသူ မိုက်ကယ်လ် (Michael) ဆက်ကပ် လှူဒါန်းသည့် အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းကို ဘုဉ်းပေးတော်မူသည်၊ နေ့လယ်ပိုင်းတွင် ဝိပဿနာကမ္မဋ္ဌာန်း နှင့်စပ်၍ မေးလျှောက်သည့် ပြဿနာ အရပ်ရပ်ကို ဖြေဆိုတော်မူ၍ ည ၈-နာရီအချိန်မှစ၍ ရောက်ရှိခညောင်း ၁၄၀-ခန့်ရှိ ပရိသတ်အပေါင်းအား သရဏဂုံသီလ ပေးသနား ချီးမြှင့်တော်မူပြီး တရားဟောတော် မူခဲ့လေသည်။

ယပ်ကာဗဲလီသုပုရေပိ, မဟာစည်ထေရကုဉ္စရော၊
လောကဂ္ဂဓမ္မသေဋ္ဌေန, နုဂ္ဂဟေသိ အနေကဓာ။

ပြဿနာအရပ်ရပ် ဖြေဆိုခြင်း

တန်ခူးလပြည့် (၁၁-၄-၇၉) နေ့တွင် ဆရာတော် အရှင်ဇနကာဘိဝံသက ယောဂီပေါင်း ၈၀-ခန့်တို့အား တရားစစ်တော်မူ၍ အရှင်အဂ္ဂဓမ္မက ယောဂီ ၆၀-ခန့် တို့အား တရားစစ်လေသည်၊ ဆရာတော်ဘုရားကြီးသည် တနေ့လုံးလိုလို လာရောက်ဖူးမြော် မေးမြန်းကြသော ပုဂ္ဂိုလ်တို့၏ ပြဿနာအရပ်ရပ် မေးခွန်း အများအပြားကို စိတ်ရှည်ရှည် ဖြေဆိုတော်မူခဲ့လေသည်၊ အရှင် ရေဝတဓမ္မနှင့် အရှင်သီလာနန္ဒတို့က အင်္ဂလိပ်ဘာသာ စကားပြန်အဖြစ် ဆောင်ရွက်တော်မူကြသည်။

တသ္မိံ ဟိ ဝသန္တော ထေရော, မဟာစည်ထေရပဏ္ဍိတော၊
ပုဋ္ဌော ပုဋ္ဌော ဝိယာကာသိ, ကာရုညသဟိတော သုဓီ။

ဒေါက်တာလှတင်ငွေအား ရဟန်းခံပေးခြင်း

ဆရာတော်ဘုရားကြီးသည် ညနေပိုင်းတွင် ဒုလ္လဘရဟန်းအဖြစ် ခေတ္တရဟန်း ပြုလိုသော ရန်ကုန်မြို့ အင်းလျားလမ်းနေ ဒေါ်မြကျင်၏သား ဒေါက်တာလှတင်ငွေ အား ဥပဇ္ဈာယ်ပြု၍ ရဟန်းခံပေးတော်မူသည်၊ ခေတ္တအ ခိုက်အတန့် ရဟန်းပြုသော် လည်း ကျေးဇူးများကြောင်း သိက္ခာသီလများကို မကျိုးမပေါက် မပြောက်မကြား အောင် စောင့်ရှောက်ရမည် ဖြစ်ကြောင်း ဩဝါဒပေးတော်မူခဲ့လေသည်။

မဟာစည်ထေရသေဋ္ဌော ဟိ, နေကေသံ အာစေရော ဝိဒွါ၊
အနေကေသံ ဟိ အတ္ထာယ, သမ္ဘူတော ထေရသေခရော။

အမြတ်ဆုံးတရားတော်ကို ဟောကြားခြင်း

အမေရိကန် ပြည်ထောင်စုရှိ ဧပြီလအတွင်းတွင် ရာသီဥတု အခြေအနေ ကောင်းမွန် ၏၊ စပရင်းတိုင်းခေါ် ရာသီပန်းများ ဖူးပွင့်ဝေဆာလျက်ရှိသည့်ပြင် စံတော်ချိန် ည ၈-နာရီအထိ မှောင်ရိပ်မထိုး အ လင်းရောင်ဖြိုးလျက် ရှိပေသည်။ ည ၇-နာရီအချိန်မှ ည ၈-နာရီ အချိန်ခန့်အထိ ဆရာတော်ဘုရားကြီးသည် အမြတ်ဆုံးတရားတော် (The Noble Teaching of Buddha) ကို အင်္ဂလိပ်လို ဟောတော်မူခဲ့လေသည်။

ဓမ္မကထံ ဝရတမံ, ပဝရော, ထေရသေခရော၊
သဂ္ဂမောက္ခာဒိအတ္ထာယ, နိစ္ဆာရယိ သုဓီတိမာ။

တစ်နေ့လုံး တရားဖြင့် ချီးမြှောက်

နှောင်းတန်ခူးလပြည့်ကျော် ၁-ရက် (၁၂-၄-၇၉) နေ့တွင်လည်း ဆရာတော် ဘုရားကြီးနှင့်တကွ သာသနာပြု အဖွဲ့ဝင်များသည် တရားစစ်ခြင်း တရားဟောခြင်း များကို ပြုတော်မူခဲ့လေသည်၊ မဟာစည်ဆရာတော်ကြီး သည်လည်း အချိန်အား မထားပဲ တရားဟောခြင်း, တရားစစ်ခြင်းများကို ပြုတော်မူခဲ့လေသည်၊ သာသနာတော် စည်ပင်ရေးတွက် များစွာ အလုပ်လုပ်တော်မူသည့် ပုဂ္ဂိုလ်မြတ် ဖြစ်တော်မူသည်။

မဟာစည်ထေရသေဋ္ဌော ဟိ, ဥုယျုတ္တော ဗုဒ္ဓသာသနေ၊
သာသနဇောတနတ္ထာယ, သဒါ ဒဠှပရက္ကမော။

သတိပဋ္ဌာန်တရားတော် ပထမပိုင်း ဟောကြားတော်မူခြင်း

နှောင်းတန်ခူးလပြည့်ကျော် ၂-ရက် (၁၃-၄-၇၉) နေ့တွင် ကမ္ဗောဒီးယန်း အမျိုးသား အမျိုးသမီး တစုတို့က ငါးပါးသီလခံယူကာ နေ့ဆွမ်းဆက်ကပ်၍ ပရိတ်တရားတော် များကို နာယူကြပါသည်၊ ဆရာတော် ဘုရားကြီးသည် သရဏဂုံ တည်စေခြင်း, သီလပေးခြင်း, တရားဓမ္မဟောပြခြင်းဖြင့် များစွာချီးမြှောက် တော်မူခဲ့လေသည်၊ ညပိုင်းတွင်လည်း ကိုယ်တိုင် သတိပဋ္ဌာန် တရားတော်ကြီး ပထမပိုင်းကို ကရုဏာ ရှေ့ထား ဟောကြားတော် မူခဲ့လေသည်။

သုသမ္ပတ္တဇနာနမ္ပိ, မဟာထေရော သုဓီတိမာ၊
သတိပဋ္ဌာနဓမ္မေန, ပဂ္ဂဟိ ယတိ သေခရော။

သတိပဋ္ဌာန်တရားတော် ဒုတိယပိုင်း ဆက်လက်ဟောခြင်း

တဖန် နှောင်းတန်ခူးလပြည့်ကျော် ၃-ရက် (၁၄-၄-၇၉) နေ့တွင်လည်း တရား အားထုတ်စေခြင်း, တရားစစ်ခြင်းများကို ပြုတော်မူပြီး ကောင်းကင်မြစ်ကို ဆွဲချသည်ပမာ သတိပဋ္ဌာန်တရားတော် ဒုတိယပိုင်းကို ဆက်လက်ဟောကြား တော်မူခဲ့လေသည်။

အာကာသဂင်္ဂံ ထေရောဟိ, ဩတာရေန္တောဝ ဒေသယိ၊
သတိပဋ္ဌာနဓမ္မေန, နုဂ္ဂဟေသိ အနေကဓာ။

ဩဝါဒပေး, အနုမောဒနာတရားဟောခြင်း

သင်္ကြန်ရက်ဖြစ်သော နှောင်းတန်ခူးလပြည့်ကျော် ၁၄-ရက် (၁၅-၄-၇၉) နေ့တွင် ယပ်ကာဗဲလီအရပ် ဆရာတော်ဘုရားကြီးနှင့် သာသနာပြုအဖွဲ့ သီတင်းသုံးရာသို့ မြန်မာမိသားစုတို့ ဆက်ကပ်လှူဒါန်းသည့် ဆွမ်းကို ဘုဉ်းပေးတော်မူကြပြီးလျှင် ဆွမ်းဒကာ, ဆွမ်းဒကာမများနှင့် ရောက်ရှိလာကြသော ဒကာ, ဒကာမ အပေါင်း တို့အား သရဏဂုံသီလ ဆောက်တည်စေပြီး အနုမောဒနာ တရားချီးမြှင့်တော် မူသည်၊ မွန်းလွဲ ၂-နာရီအချိန်တွင် ချမ်းမြေ့ရိပ်သာဆရာတော်က နာရီဝက်ခန့် တရား ဟောတော်မူသည်။

မဟာစည်ထေရသမေတာ, ထေရာထိရေသု သဏ္ဌိတာ၊
ဇနာနံ အနုဂ္ဂဟေသုံ, သဒါ ဥယျုတ္တမာနသာ။

သဘာဝရှုခင်းများရှုစားခြင်း, ပုစ္ဆာများဖြေဆိုခြင်း

နှောင်းတန်ခူး လပြည့်ကျော် ၁၅-ရက် (၁၆-၄-၇၉) နေ့ နံနက်ပိုင်း ကာလ၌ ဆရာတော်ဘုရားကြီးနှင့် အဖွဲ့သည် လှည့်လည်ရှုစားတော်မူခဲ့လေသည်၊ ညနေ ၃-နာရီမှ ၃-နာရီခွဲအထိ အရှင်အဂ္ဂဓမ္မက တရားဟောသည်၊ ညဉ့်ဦးယံ အချိန် ၇-နာရီမှ ၈-နာရီအထိ ဆရာတော် ဘုရားကြီးသည် မေးလျှောက်သမျှ ပြဿနာအရပ်ရပ်ကို ဖြေဆိုတော်မူခဲ့လေသည်။

သဘာဝဒဿနိယာနိ, ဒက္ခိံသု ယတိကုဉ္ဇရာ၊
ပုစ္ဆိတံ နေကပဥှမ္ပိ, ဝိဿဇ္ဇိ ယတိကုဉ္ဇရော။

ဘုရားမြတ်စွာကျင့်ဝတ်ကိုပြသခြင်း

၁၃၄၁-ခုနှစ် တန်ခူးလပြည့်ကျော် ၆-ရက် (၁၇-၄-၇၉) နေ့တွင် အရုဏ်ဆွမ်း ဘုဉ်းပေးတော်မူပြီး ဆရာတော်ဘုရားကြီးနှင့် အဖွဲ့ဝင်များသည် ယပ်ကာဗဲလီရိပ် သာနယ်မြေအတွင်း ပဏ္ဍိပတ်ဆွမ်းခံတော်မူကြသည်၊ ယောဂီများက ဆွမ်းနှင့် သင့်လျော်သော ဟင်းလျာများ လောင်းလှူကြသည်၊ ဆရာတော် ဘုရားကြီးသည် နိုင်ငံရပ်ခြား၌ နိုင်ငံခြားသားတို့ အလွန်လျှင် အတွေ့အမြင် နည်းသော ဘုရားရှင်၏ ကျင့်ဝတ်ကို ပြသတော်မူခြင်းဖြစ်လေသည်။

စရိတံ သဗ္ဗဗုဒ္ဓေဟိ, သုဒဿယိ သုဇာတိမာ၊
ဝိဒေသေ ယတိ သေခရော, သာသနာဋ္ဌိတိမာနသော။

ယပ်ကာဗဲလီ၌ ၇-ရက်စခန်း လက်စသတ်ခြင်း

ဆရာတော်ဘုရားကြီးသည် ယပ်ကာဗဲလီ၌ ၇-ရက်ပတ်လုံး သီတင်းသုံးတော်မူ၍ ဒါယကာ, ဒါယိကာမတို့အား သရဏဂုံသီလ၌တည်စေခြင်း, တရားဓမ္မဟောပြခြင်း, ပြဿနာအရပ်ရပ်ကို ဖြေဆိုခြင်းဖြင့် သာသနာတော်ကိစ္စ အဝဝကိုပြုလုပ်ရာ ၇-ရက် စခန်းကို လက်စသတ်တော်မူခဲ့လေသည်၊ ယင်းသို့ ဆရာတော်ဘုရားကြီး ၇-ရက် ပတ်လုံး သီတင်းသုံး၍ ကျင့်ဆောင်တော်မူခြင်းကား အတိုင်းမသိ ကျေးဇူး ရှိလေသည်။

ယပ်ကာဗဲလီသုဒေသမှိ, သတ္တာဟံ သော ဝသိ ဝသိ၊
မဟာစည်ယတိပုင်္ဂဝေါ, ဉာဏီ ပဏ္ဍိတသေခရော။

ဆန်ဖရန်စစ္စကို၌ သာသနာပြုတော်မူခြင်း

မဟာစည်ဆရာတော်ဘုရားကြီးနှင့်အဖွဲ့သည် (၁၇-၄-၇၉) နေ့ နံနက် ၉- နာရီ အချိန်တွင် လေယာဉ်ကွင်းရှိရာ ပမ်စပရင်း(ဂ်) (Palm Spring)သို့ ကြွတော်မူသည်၊ လေယာဉ်ကွင်း၌ ဆွမ်းဘုဉ်းပေးတော်မူပြီး ဆန်ဖရန်စစ္စကို (San Francisco)သို့ ထွက်ခွာခဲ့လေသည်၊ မွန်းလွဲ ၁-နာရီကျော် အချိန်တွင် လေယာဉ်သည် မြေပြင်သို့ ညင်သာစွာ ဆင်းသက်ခဲ့လေသည်၊

ဆရာတော်ဘုရားကြီးသည် ဘုရားမြတ်စွာ၏ဂုဏ်တော်, အရှင်သောဏ, အရှင် ဥတ္တရ အစရှိသော ရှေးရှေးသာသနာပြု ပုဂ္ဂိုလ်ကြီးများ၏ ဂုဏ်တော်ကို အောက်မေ့ ဆင်ခြင်၍ လေယာဉ်စီနင်းလိုက်ပါတော်မူခဲ့လေသည်။

သမ္မာသမ္ဗုဒ္ဓဂုဏံစ, သောဏဒိယတီနံ ဂုဏံ၊
အနုဿရန္တော ဟုတွာန, ယာနေ ရုဠှောသုဗုဒ္ဓိမာ။

ပန်းခင်းကြိုဆိုကြ

ဆန်ဖရန်စစ္စကို လေဆိပ်၌ ဒေါက်တာရီနာဆာကား, ဦးချစ်ထွန်းနှင့် မြန်မာ အမျိုးသား, အမျိုးသမီး များစွာတို့သည် ပန်းမွေ့ရာခင်း ခရုသင်းမှုတ်ကာ-

ဇယတု မဟာစည်ယတိကုဉ္ဇရော, ဒိပ္ပတု ခေါ သဗ္ဗညုသုသာသနံ၊
ဇာနန္တု ဝိဒေသိကဇနာ ဓမ္မံ, မောဒန္တု လောကိကာ ဇနာ အစ္စန္တံ။


မဟာစည်ထေရ်ဘုန်းဆွေ အောင်ပါစေ၊ ဘုရားမြတ်စွာ သာသနာရောင် ထွန်းပြောင် ပါစေ၊ နိုင်ငံရပ်ခြား တိုင်းတပါးသားတို့ တရားသိကြပါစေ၊ ကမ္ဘာတခွင်များလူရှင် စင်စစ်ပျော်ရွှင်ကြပါ စေစသည် အဓိပ္ပာယ်ပါရှိသော စကားတို့ကို နှလုံးသွင်း ဆင်ခြင်၍ ကြိုဆိုကြလေသည်။

ဆန်ဖရန်စစ္စကိုပုရေ, အာကာသတိတ္ထဘူတလေ၊
အနေကေ ဇနာ သမ္ပတွာ, ပစ္စုဂ္ဂမနမကရုံ။

နှုတ်ခွန်းဆက် တရားဟော ပရိတ်ရွတ် ချီးမြှောက်ခြင်း

ဆရာတော်ဘုရားကြီးနှင့်အဖွဲ့သည် နေ့ ၁-နာရီကျော်တွင် ရောက်ရှိတော်မူရာ ဆန်ဖရန်စစ္စကိုတွင် လီတာလီဖက် (Lita Lipat) အမည်ရှိ ဖီလိပိနို (Phillipino) ဒကာမကြီးက ၎င်းပိုင်အိမ်တလုံးကို ကျောင်းအမှတ် သီတင်းသုံးတော်မူရန် ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးအား လျှောက်ထား လွှဲအပ်ခဲ့လေသည်၊ ည ၇-နာရီ (Cultural Integration Fellowship) တည်ရာဌာနသို့ ကြွတော်မူပြီးလျှင် နှုတ်ခွန်းဆက်တရား ဟောကြားတော်မူခဲ့လေသည်၊ ၎င်းနောက် ပရိတ်ရွတ်ဆို သရဇ္ဈာယ် ချီးမြှင့်တော်မူခဲ့လေသည်။

သဒ္ဓမ္မသလိလေနာပ်, ပရိတ္တဓမ္မဝါရိနာ၊
သုဇာတိမာ ထေရကဝိ, နုဂ္ဂဟေသိ အနေကဓာ။

ထူးခြားသောပရိသတ်

ဆရာတော်ဘုရားကြီး ဟောကြားသည့်တရားကို နာကြားသည့်ပရိသတ်ပေါင်း ၁၀ဝ-ကျော်ခန့်တွင် မျက်နှာဖြူ ဗုဒ္ဓဘာသာဝင်ပရိသတ်များက မြန်မာများထက် ပိုမို များပြားလေသည်၊ ယင်းပရိသတ်ထဲတွင် အမေရိကန်အသားမဲ မိသားစုများလည်း ပါဝင်ခဲ့လေသည်၊ ဆရာတော်ဘုရားကြီး၏ သီလတန်ခိုးတော်ကြောင့် ရောက်ရှိ ပါဝင်သည့် ထူးခြားသည့် ပရိသတ်ပါတကား။

ထေရဿ သီလတေဇေန, ဗဟူအမေရိကန် ဇနာ၊
သမ္ပတ္တာ ထေရပါဒမှိ, အဟော ထေရသုဂုဏတာ။

သာယာရှုမောဖွယ်မြို့တော်

ဆန်ဖရန်စစ္စကို၏ နံနက်ခင်း သူရိယနေမင်းပြူစ အချိန်ကာလ ခါသမယသည်ကား ၄-နာရီ မိနစ် ၃၀-ဖြစ်လေသည်၊ နှင်းမှုန်များဖြင့် မလုံတလုံ ဖုံးလွှမ်းထားပေသည်၊ နေသူရိယ ဂေါယာကျွန်း ထွန်းချိန်ကား ၇-နာရီ ၁၅-မိနစ် ဖြစ်လေသည်၊ ဆန်ဖရန်စစ္စကို မြို့တော်ကား သာယာရှုမောဖွယ်ပါတကား။

ဆန်ဖရန်စစ္စကိုပုရံ, ရုစိရံ သုမနောဟရံ၊
သုဒက္ခိယံရာမဏေယျံ, နေတ္တဒွယရသာယနံ။

သတိပဋ္ဌာန်တရားဟောခြင်း, ယောဂီများ တရားထိုင်စေခြင်း

၁၃၄၁-ခုနှစ် တန်ခူးလပြည့်ကျော် ၇-ရက် (၁၈-၄-၇၉) နေ့တွင် အရုဏ်ဆွမ်း ဘုဉ်းပေးတော်မူပြီးနောက် မဟာစည်ဆရာတော်ဘုရားနှင့် အဖွဲ့သည် (Space Centre) သို့ ခေတ္တကြွရောက်ကြည့်ရှုတော်မူပြီးလျှင် အမေရိကန်အမျိုးသား တောင်ပုလု ဆရာတော်ကြီး၏တပည့် မစ္စတာဘရစ် (Mr. Bruce) ဆက်ကပ် လှူဒါန်းသည့် ဆွမ်းကို ဘုဉ်းပေးတော်မူသည်၊ ထိုနေ့တွင် တနေ့လုံးလိုလိုပင် အနယ်နယ် အစို့စို့မှ လာရောက်ကြသော ဒကာ, ဒကာမတို့ ၏ ဖူးမြော်ခြင်းကို ခံတော်မူခဲ့လေသည်၊ မေးသမျှသော မေးခွန်းများကိုလည်း ဖြေကြားတော် မူခဲ့လေသည်၊ ည ၇-နာရီ အချိန်တွင် (Cultural Integration Fellowship) စခန်းဌာနတွင် ဆရာတော်ဘုရားကြီးသည် အင်္ဂလိပ်ဘာသာဖြင့် သတိပဋ္ဌာန် ပထမပိုင်းကို ဟောကြားတော်မူခဲ့လေသည်၊ ၎င်းနောက် ယောဂီ ပရိသတ် ၁၂၀-ကျော်တို့ကို နာရီဝက်ခန့် တရားထိုင်စေတော်မူခဲ့ လေသည်။

ဒေသယိသတိပဋ္ဌာန-ဓမ္မုတ္တမံ မဟာယတိ၊
ဝိပဿနံ ကာရာပေသိ, ဝိပဿနာသုကောဝိဒေါ။


တဖန် တန်ခူးလပြည့်ကျော် ၈-ရက် (၁၉-၄-၇၉) နေ့တွင်လည်း ဒကာ, ဒကာမတို့ အဖူးအမြော်ခံ, ပြဿနာ အရပ်ရပ်ကို ဖြေကြားတော်မူပြီး ညပိုင်းတွင် သတိပဋ္ဌာန် တရားတော် ဒုတိယပိုင်းကို အင်္ဂလိပ် မြန်မာ ၂-ဘာသာဖြင့် ဟောကြားတော်မူပြီး ယခင်နေ့ကနည်းတူ တရားအထိုင်ခိုင်းတော်မူလေသည်။

မဟာစည်ထေရသေဋ္ဌော သော, ဝိပဿနာကထိကော ဝိဒွါ။
ဇနာနံ သဂ္ဂမောက္ခာယ, နိသောဇကော သုဇာတိမာ။

ဝါရှင်တန်၌ သာသနာပြုတော်မူခြင်း

တန်ခူးလပြည့်ကျော် ၉-ရက် (၂၀-၄-၇၉) နေ့ နံနက်အရုဏ်ဆွမ်း ဘုဉ်းပေးတော် မူပြီးနောက် အမေရိကန် အရှေ့ပိုင်း ဝါရှင်တန် ဒီ-စီ (Washington D.C) မြို့တော်သို့ ၈-နာရီ ၄၅-မိနစ်တွင် ထွက်ခွာတော်မူရာ ညနေ ၄-နာရီ မိနစ် ၃၀- အချိန် (ဝါရှင်တန်စံတော်ချိန်) တွင် ဆိုက်ရောက်တော်မူလေသည်၊ ဝါရှင်တန်မြို့ပြင် ဒါလ်လဲစ် (Dallas) လေဆိပ်၌ မဟာစည်ယောဂီဟောင်း ဦးချစ်မြိုင်, ဦးဆွေတင်, ဦးထွန်းဝေ, ဒေါ်မြစိန်, မြန်မာသံရုံး ပထမအတွင်းဝန် ဒေါက်တာ တင့်လွင်နှင့် အခြားမြန်မာ အမျိုးသား အမျိုးသမီးများစွာတို့ ကြိုဆိုကြသည့်ပြင် ဝါရှင်တန် ဗုဒ္ဓ ဘာသာအသင်းဥက္ကဋ္ဌ အရှင်ဒေါက်တာပဏ္ဍိတ်ဒစ် လေဝလပညာနန္ဒ မဟာထေရ်နှင့် ဝါရှင်တန်ဗုဒ္ဓဝိဟာရမှ ကိုယ်စားလှယ်များ, မြန်မာသံရုံး အမှုထမ်းများနှင့် ဗုဒ္ဓ ဘာသာဝင် အမေရိကန် မြန်မာမိသားစုများတို့ လှိုက်လှဲဝမ်းသာစွာ ကြိုဆိုကြ လေသည်။

ဝါရှင်တန်အာကာသယာန-တိတ္တမှိ အနေကေ ဇနာ၊
ပစ္စုဂ္ဂမနံ အကံသု, မဟာစည်ထေရပုင်္ဂဝံ။

ကြိုတင်အစီအစဉ်ပြုလုပ်ခဲ့ကြ

မဟာစည်ဆရာတော်ဘုရားကြီးသည် ယောဂီဟောင်း ဦးချစ်မြိုင် အမှူးပြုသည့် မြန်မာတို့သည် ဝါရှင်တန် ဗုဒ္ဓဝိဟာရ (Washington Buddhist) ၌ နေ့စဉ် ဝိပဿနာအလုပ်ပေး အားထုတ်ရေးနှင့် အဖွဲ့ဝင်များအား တရားဓမ္မဟောကြားရေး အတွက် ဆရာတော်မရောက်မီ ၂-လကျော်ကပင် အစီအစဉ်ရေးဆွဲ ပြုလုပ်ထားရှိ ခဲ့ကြကုန်၏၊ စီစဉ်သည့်အတိုင်း ရှေးဦးစွာ ဆရာတော်ဘုရားကြီး ရောက်ရှိလာသည့် အတွက် လွန်စွာဝမ်းမြောက်ကြကုန်၏။

ကဋိစ္စ ထေရသမ္ပတ္တံ, ဧကန္တံ အနုမောဒိသုံ၊
ဝါရှင်တန်သုပုရေဇနာ, သောဂတာ ဗုဒ္ဓမာမကာ။

နှစ်ဖွဲ့ခွဲ၍ တည်းခိုတော်မူကြခြင်း

ဆရာတော်ဘုရားကြီးနှင့်အဖွဲ့သည် ဝါရှင်တန်၌ ၂-ဖွဲ့ခွဲ၍ တည်းခိုတော်မူကြသည်၊ တချို့က သီဟိုဠ်ကျောင်း (Buddhist Vihara of Washington) နှင့် တချို့က ဂျပန်ကျောင်း (Japan Buddhist Temple) ၌ တည်းခိုကြလေသည်၊

သီဟိုဠ် (သီရိလင်္ကာ) ဘုန်းကြီးကျောင်းများမှာ နိုင်ငံတော်တော်များများတွင် ရှိလေသည်၊ သီဟိုဠ်ဒကာများနှင့် ရဟန်းတော်များ၏ ဇွဲသတ္တိကား ချီးကျူးအတုယူ စရာဖြစ်သည်၊ ယိုးဒယား (ထိုင်း), လာအို (လော), ကမ္ဗောဒီးယား (ကမ်ပူးချား) ကျောင်းများလည်း ကမ္ဘာအနှံ့အပြား ရှိသည်ဟု သိရသည်၊ မဟာစည်ဆရာတော် ဘုရားနှင့် အဖွဲ့ဝင်များသည် မိမိတို့ တည်းခို သီတင်းသုံးရာ ကျောင်းများ၌ ချမ်းသာစွာ သီတင်းသုံးတော်မူခဲ့ကြလေသည်။

ဝသိတနိကေတနေသု, ထေရာ ထိရယုတာယတိ၊
သုခေန အရောဂေနေဝ, သကိစ္စံ အနုယုဉ္ဇိသုံ။

အမေရိကန်အသံလွှင့်ဌာနမှ အကြိမ်ကြိမ် အသံလွှင့်ကြေငြာပေးခြင်း

အမေရိကန်ပြည်ထောင်စုသို့ ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး သာသနာပြုအဖွဲ့ လှည့်လည် ကြွမြန်းတော်မူသည့် သတင်း အစုံအလင်ကို အမေရိကန် အသံလွှင့်ဌာန (V.O.A) မှ အကြိမ်ကြိမ် သတင်းလွှင့် ကြေငြာပေးခဲ့ လေသည်၊ ၎င်းပြင် သတင်းစာများ၌လည်း ဖော်ပြရေးသားကြသည်၊ ဆရာတော် ဘုရားကြီး၏ ဘုန်းတော်, ကံတော်, ဘုရားမြတ်စွာ သာသနာ တန်ခိုးတော်ကား ကြီးမားလှပါပေသည်။

ဝုတ္တန္တဌာနတောစာပိ, အမေရိကန်ပုရုတ္တမေ၊
ထေရဝုတ္တန္တံ ကိတ္တေန္တိ, ဗဟူနံ ဇာနနာယဝေ။

တရားဦးသတိပဋ္ဌာန်

မဟာစည်ဆရာတော်ဘုရားကြီးသည် ၁၃၄၁-ခုနှစ် တန်ခူးလပြည့်ကျော် ၉-ရက် (၂၀-၄-၇၉) နေ့တွင် ဆင်းရဲဒုက္ခ အဝဝတို့မှ လွတ်မြောက်ရာမှန် သတိပဋ္ဌာန်သည် ဖြောင့်တန်းစစ်မှန်သည့် တခုတည်းသော လမ်းဖြစ်ကြောင်း ဤသတိပဋ္ဌာန် လမ်းစဉ်ဖြင့် မီးတဆယ့်တတန် ငြိမ်းရာမှန်သည့် နိဗ္ဗာန်ဝင်ခဲ့ကြသူတွေမှာ ဂဏန်း မပြနိုင်အောင် များလှပြီး နောက်လည်း ဤသတိပဋ္ဌာန် လမ်းစဉ်ဖြင့်ပင် အသင်္ချေ အနန္တများလှစွာသော ဝေနေယျတို့ နိဗ္ဗာန်ဝင်ကြမည်၊ သံသရာမှ ကူးမြောက်ကြမည်၊ သို့ဖြစ်၍ သင်ဒကာ, ဒကာမတို့ မဆုတ်မနစ် အားထုတ်ကြကုန်လော့ စသည်ဖြင့် ရဲရင့်စွာအစချီ၍ သတိပဋ္ဌာန်တရားတော်ကို ဟောတော်မူခဲ့လေသည်။

ဒေသေတွာ သတိပဋ္ဌာန- သုတ္တန္တံ ယတိသေခရော၊
လောကိကာနံ ဟိတတ္ထာယ, အနုဂ္ဂဟိ သုဓိတိမာ။

တရားဟော, တရားအားထုတ်စေခြင်း

ဆရာတော်ဘုရားကြီးသည် ၇-ရက်တိုင်တိုင် ဝါရှင်တန်၌ သီတင်းသုံးတော်မူမည် ဖြစ်ရာ ဝါရှင်တန်ဗုဒ္ဓဝိဟာရ၌ တန်ခူးလပြည့်ကျော် ၁၀-ရက် (၂၁-၄-၇၉) နေ့မှစ၍ ရောက်ရှိလာကြသော အမေရိကန်, ယိုဒယား(ထိုင်း), မြန်မာစသော လူမျိုးပေါင်းစုံ ယောဂီများကို သရဏဂုံသီလတို့၌ တည်စေပြီး တရားပြတော်မူသည်၊ ၎င်းနောက် တရားထိုင်စေတော်မူသည်၊

အဖွဲ့ဝင်ဆရာတော်များကလည်း တရားစစ်ခြင်း စသည်တို့ကို ပြုတော်မူသည်၊ ဆရာတော်ဘုရားကြီးကား လွန်စွာ အပင်ပန်းခံတော်မူ၍ ဒကာ, ဒကာမတို့ တရား ဓမ္မသက်ဝင်ရေးကို ကြိုးပမ်းတော်မူခဲ့လေသည်။

မဟာစည်ထေရသေဋ္ဌော ဟိ, မဟာပရက္ကမော ဝိဒွါ၊
ဇနာနံ သုဟိတတ္ထာယ, အနုယဉ္ဇိ သုဗုဒ္ဓိမာ။


နောက်တနေ့ဖြစ်သော (၂၂-၄-၇၉) နေ့တွင်လည်း သတိပဋ္ဌာန်တရားတော်ကိုပင် အင်္ဂလိပ်, မြန်မာ ၂-ဘာသာဖြင့် ကိုယ်တိုင် ဆက်လက် ဟောကြားတော် မူခဲ့လေသည်၊ သတိပဋ္ဌာန်သည် နိဗ္ဗာန်ဝင်ရန် တခုတည်းသော လမ်းဖြစ်ကြောင်း, အင်္ဂလိပ် ဘာသာအားဖြင့် (The Only Way) သာဖြစ်ကြောင်း, သတ္တဝါတွေမှာ စိတ်အညစ်အကြေးတွေနှင့် ကိလေသာတွေ စင်ကြယ်အောင် ကျင့်ဖို့လိုအပ်ကြောင်း စသည်ဖြင့် ထပ်မံဟောကြားတော်မူပြီး စနစ်တကျ တရားပြ, တရားထိုင်စေတော်မူခဲ့ လေသည်။

ဓမ္မမေဃံ ဝဿာပေသိ, အမေရိကန် ပုရုတ္တမေ၊
ဝါရှင်တန် အဂ္ဂနဂရေ, ခေရထိရေသု သဏ္ဌိတော။

ဦးစီးသိမ်သမုတ်တော်မူခြင်း

ဆရာတော်ဘုရားကြီးသည် ဝါရှင်တန်မြို့ ဗုဒ္ဓဝိဟာရ၌ ဥပုသ်ပဝါရဏာစသော ကံကြီး ကံငယ် လွယ်ကူစွာ ဆောင်ရွက်နိုင်ရန်အလို့ငှာ အိန္ဒိယ, သီဟိုဠ်, (သီရိလင်္ကာ), ယိုးဒယား (ထိုင်း), ကမ္ဗောဒီးယား (ကမ်ပူးချား), မြန်မာ ၅-နိုင်ငံမှ ထေရဝါဒဆရာတော် သံဃာတော် ၁၃-ပါးတို့နှင့်တကွ ဦးစီးဦးကိုင်ပြု၍ ခဏ္ဍသိမ်ကို သမုတ်တော်မူခဲ့လေသည်။

ဥပေါသထာဒိကမ္မတ္ထံ, ဇိနာဏာယ သုဗုဒ္ဓိမာ၊
အဗန္ဓိ ခဏ္ဍသီမမ္ပိ, သီမာကမ္မေ သုကောဝိဒေါ။

ရဟန်းခံ ရှင်ပြုပေးခြင်း

ထိုနေ့ နေ့လယ်ပိုင်းတွင် ဖော်ပြပါသိမ်သစ်၌ ဒု လ္လဘရဟန်းတပါးကို ဥပဇ္ဈာယ်ပြု၍ ရဟန်းခံပေးတော်မူခဲ့လေသည်၊ သာမဏေ ၄-ပါးကို သာသနာ့ဘောင်သို့ သွတ်သွင်း ချီးမြှင့်တော်မူခဲ့လေသည်၊ ရဟန်းခံရှင်ပြုအခမ်းအနားတွင် ပရိသတ်ပေါင်း ၂၀ဝ-ကျော်ခန့် လာရောက် ကြည်ညိုကြသည်၊ ဆရာတော်၏ ကြိုးပမ်းမှုကြောင့် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်၌ နှစ်ပေါင်း ရာထောင်နှင့်ချီ၍ မကြုံနိုင် သည့် သာသနာ့ပွဲကြီးနှင့် ကြုံကြရလေသည်။

သာသနမဟုဿဝေါတိ, ဝါရှင်တန်သုပုရေ ဘဝိ၊
ထေရဿ မဟုဿာဟေန, ဒုလ္လဘော သမ္ဘုတော ဟိဝေ။

ကိုယ်တိုင်ဟောပြော, တပည့်များကိုလည်း ဟောပြောစေခြင်း

(၂၃-၄-၇၉၊ ၂၄-၄-၇၉) နေ့များတွင် ဆရာတော်ဘုရားကြီးသည် ကိုယ်တိုင်လည်း တရားဟော, တရားပြတော်မူသည့်ပြင် တပည့်များဖြစ်ကြသော အရှင်သီလာနန္ဒ, အရှင်ဇနက, အရှင်ကေလာသ, အရှင်အဂ္ဂဓမ္မ တို့ကိုလည်း တရားပြ, တရားစစ် စေတော်မူခဲ့လေသည်၊ ဆရာတော်သည် ကိုယ်တိုင် ဆရာကောင်း ဆရာမြတ်ဖြစ်၍ တပည့်ကောင်း တပည့်မြတ်တို့ဖြင့် တင့်တယ်တော်မူခဲ့လေသည်။

သယေဉ္စဝ သုသာရောဝ, သာရေဟိ ပရိဝါရိတော၊
ဟုတွာ သုသောဘိတော ဝိညု, ဝိညူနော သာသနမ္ဗရေ။

ကျေနပ်အားရကြောင်း မိန့်ကြားခြင်း

ဝါရှင်တန်၌ ကျေးဇူးရှင်မဟာစည် ဆရာတော်ဘုရားကြီးနှင့် သံဃာတော်များ သီတင်းသုံးနေစဉ်အတွင်း နေ့စဉ်နေ့တိုင်း ဆွမ်းခဲဖွယ်ဘောဇဉ် ဆက်ကပ်လှူဒါန်း သူများ ပေါများလှသည်၊ မြန်မာသံအမတ်ကြီး ဦးလှရွှေနှင့်ဇနီး တို့ကလည်း ဆရာတော်ဘုရားကြီး သီတင်းသုံးရာ ဝိဟာရသို့သွားရောက်၍ ဆွမ်းဘောဇဉ် ဆက်ကပ်လှူဒါန်းကြသည်။

(ဗွီ-အို-အေ) အမေရိကန် အသံလွှင့်ဌာန မြန်မာဗုဒ္ဓဘာသာဝင်များနှင့် အကြီးအမှူး တို့သည်လည်း ဆရာတော်ဘုရားထံ လာရောက်၍ ဖူးမြော်ကန်တော့ကြကာ သိလိုသောအချက်များကိုမေးကြသည်၊ ဆရာတော်ဘုရားကြီးကလည်း မဆိုင်းမတွ ဖြေကြားတော်မူခဲ့လေသည်၊ ဆရာတော်ဘုရားကြီးက ပြဿနာအရပ်ရပ်ဖြေကြားပြီး မိမိသည် အမေရိကန်မရောက်မီက ဗုဒ္ဓဘာသာ တရားတော် ပြန့်ပွားမှု နည်းသေးသည်ဟု ထင်မိသော်လည်း ယခုရောက်ပြီးနောက် ဗုဒ္ဓ၏ မေတ္တာ တရားတော်နှင့် ဝိပဿနာ တရားတော်ကို လေးလေးနက်နက် လိုက်နာကျင့်သုံး နေခြင်းကို ထင်တာထက်ပို၍ တွေ့မြင်ရသဖြင့် ကျေနပ်အားရကြောင်း မိန့်ကြားတော်မူလေသည်၊

၎င်းနောက် (ဗွီ-အို-အေ) အမေရိကန်အသံလွှင့်ဌာန မြန်မာဗုဒ္ဓဘာသာဝင်များနှင့် အကြီးအမှူးတို့က ဆရာတော်ဘုရား ... ဆရာတော်သည် အမေရိကန်ပရိသတ် အပေါ်တွင် မည်သို့ယူဆကြောင်း မေးမြန်းလျှောက်ထားလေရာ အမေရိကန်ယောဂီ ပရိသတ်အနေနှင့် အိုခြင်း, နာခြင်း, သေခြင်းကင်းစေမည့် သတိပဋ္ဌာန် တရား လေးပါးကို ပွားများအားထုတ်လျှင် အကျိုးများလိမ့်မည်ဟု မျှော်လင့်ယူဆကြောင်း မိန့်ကြားတော်မူလေသည်။

သတိပဋ္ဌာနဘာဝနာယ, သေဋ္ဌတ္တံ ထေရကုဉ္ဇရော၊
ဝါရှင်တန်ပုရေ ဇနာနံ, ပကာသယိ သုဓီတိမာ။

ကမ္ဗောဒီးယားကျောင်း၌ ပရိတ်ရွတ် တရားဟောခြင်း

၁၃၄၁-ခုနှစ် တန်ခူးလကွယ် (၂၅-၄-၇၉) နေ့တွင် မဟာစည်ဆရာတော် ဘုရားကြီးနှင့်အဖွဲ့သည် ကမ္ဗောဒီးယားကျောင်း (Cambodian Buddhist Temple) မှ ပင့်သဖြင့် မွန်းလွဲချိန်တွင် ကြွရောက် ၍ ပရိသတ်အား သရဏဂုံသီလတို့၌ တည်စေပြီးလျှင် ပရိတ်ရွတ်ဖတ်ချီးမြှောက်၍ ဆရာတော်ဘုရားကြီးက တရား ဒေသနာချီးမြှင့် ဟောကြားတော်မူခဲ့လေသည်။

ကမ္ဗောဒီးယား ဝိဟာရေပိ, မဟာစည်ယတိပုင်္ဂဝေါ၊
ဓမ္မမေဃေန တောသေတိ, သမ္ပတ္ေ ဗဟုကေ ဇနေ။

အာကာသပြတိုက်စသည် လှည့်လည်ကြည့်ရှုခြင်း

ကဆုန်လဆန်း ၁-ရက် (၂၆-၄-၇၉) နေ့တွင် မဟာစည် ယောဂီဟောင်းတဦးဖြစ်သူ ဦးချစ်မြိုင်မိသားစုတို့က ပင့်လျှောက်သဖြင့် ၎င်း၏နေအိမ်သို့ ကြွရောက်၍ ဓမ္မ ရေစင်ဖြင့် ချီးမြှောက်တော်မူခဲ့လေသည်၊ ဝါရှင်တန်ရှိစဉ် ဆရာတော်ဘုရားကြီးသည် ဒေသန္တရဗဟုသုတအဖြစ် လကမ္ဘာခရီးစဉ် ဆောင်ရွက်သော အာကာသပြတိုက် အစရှိသည့် ထင်ရှားကျော်စောသော အဆောက်အအုံများကို လေ့လာကြည့်ရှုတော် မူခဲ့လေသည်။

အာကာသဒဿနာဂါရ-ပဘုတိ မန္ဒိရာဒယော၊
ဩလောကယိ ယတိသေဋ္ဌော, မဟာစည် ကဝိကေသရီ။

မက်ဆာချူးဆက်ပြည်နယ် ဘာရီကမ္မဋ္ဌာန်းဌာန ၁၄- ရက်စခန်း

ဆရာတော်ဘုရားကြီးသည် ဝါရှင်တန်၌ သီတင်းသုံးပြီးနောက် မက်ဆာချူးဆက် ပြည်နယ် ဘာရီကမ္မဋ္ဌာန်းဌာန၌ ၁၄-ရက်စခန်းဖွင့် တရားပြ တရားဟောကြား တော်မူခဲ့လေသည်၊ သို့နှင့် ဆရာတော်ဘုရားကြီးနှင့်အဖွဲ့သည် ၁၃၄၁-ခုနှစ် ကဆုန်လဆန်း ၂-ရက် (၂၃-၄-၇၉) နေ့ နံနက် ၉-နာရီခန့်တွင် နေရှင်နယ် လေဆိပ်သို့ ကြွတော်မူ၍ မက်ဆာချူးဆက်ပြည်နယ် ဘော့စ်တွန် (Boston) သို့ နံနက် ၁၁-နာရီ ၁၅-မိနစ်အချိန်တွင် လေယာဉ်ဖြင့် ထွက်ခွာတော်မူခဲ့လေသည်၊

ဘော့စ်တွန်သို့ ၁-နာရီ မိနစ် ၃၀-တွင် ဆိုက်ရောက်လေရာ စစ္စတာဂိုးလ်စတိန်း အမှူးပြုသည့် ဘာရီဝိပဿနာ ကမ္မဋ္ဌာန်းဌာနမှ အဖွဲ့သားများက ကားကြီး ကားငယ် အသွယ်သွယ်ဖြင့် ကြိုဆိုခဲ့ကြလေသည်၊ ထို့နောက် ဘော့စ်တွန်မှတဆင့် ဘာရီ (Barre) မြို့သို့ ခရီးဆက်တော်မူခဲ့လေသည်။

စိတ်ဓာတ်ကြည်ပျော် မွေ့လျော်ဖွယ်ကောင်းသည့် ဘာရီကမ္မဋ္ဌာန်းဌာနာ

ဘာရီ ကမ္မဋ္ဌာန်းဌာနမှာ အမေရိကန်ပြည် အရှေ့ပိုင်းဒေသရှိ မက်ဆာချူးဆက် (Massachusett) ပြည်နယ် အလယ်ပိုင်းတွင် တည်ရှိလေသည်၊ ဘော်စ်တွန်မြို့ အနောက်ယွန်းယွန်းဆီသို့ မော်တော်ယာဉ်ခရီး ဖြင့် တနာရီခွဲကြာမျှ သွားလေရာ ဘာရီမြို့သို့ရောက်လေသည်၊ ထိုမြို့မှာ (Insight Meditation Society) ခေါ် ဝိပဿနာ ကမ္မဋ္ဌာန်းရိပ်သာ အဖွဲ့တည်ရာ ဒေသဖြစ်လေသည်၊

ယင်းဝိပဿနာ ကမ္မဋ္ဌာန်းဌာနကို ၁၉၇၅-ခုနှစ်က ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ထေရဝါဒ ဗုဒ္ဓဘာသာဝိပဿနာတရား ပွားများ အားထုတ်လိုသူများအတွက် အမြတ်အစွန်း မယူပဲ သာသနာပြုလုပ်ငန်း သက်သက်ကိုသာဦးတည်၍ ဆောင်ရွက်လျက် ရှိပေသည်၊ အမေရိကန် ပြည်ထောင်စုတဝန်းလုံး, အင်္ဂလန်, ဂျာမနီနှင့် အရှေ့အာရှ မှလာသော ဝိပဿနာတရား နည်းပြဆရာများက အခကြေးငွေ တောင်းခံခြင်းမရှိပဲ စေတနာထား၍ ကူညီကြလေသည်၊

ယင်းရိပ်သာမှာ အရိပ်ရေနှင့် ပြည့်စုံသဖြင့် အေးချမ်းသာယာသော ဧက ၈၀-ရှိ ယာမြေပေါ်၌ တည်ဆောက်ထားလေသည်၊ ပုံမှန်အားဖြင့် ၁၀-ရက်မှ ရက်သတ္တ ၂-ပတ်ကြာ တရားထိုင်မည့်ယောဂီ ၁၁၀-အတွက် နေရာအလုံအလောက် ရှိလေသည်၊ ရိပ်သာ၌ တရားအားထုတ်စဉ်အတွင်း ယောဂီများသည် ငါးပါးသီလ စောင့်ထိန်း လျက် တရားနှလုံး သွင်းကြသဖြင့် လွန်စွာသိပ်သည်း တည်ငြိမ်ကြလေသည်၊ သက်သတ်လွတ်စားသုံးကြသည်။

ဘာရီကမ္မဋ္ဌာနဌာနံ, ရုစိရံ သုမနောဟရံ၊
ဝိတ္ထိန္နံ ဒကဆာယာဟိ, သမ္ပန္နံ သုခသီတလံ။

အစစအရာရာ ကုံလုံပြည့်ဝခြင်း

ဘာရီကမ္မဋ္ဌာန်းဌာန၌ အဆောက်အအုံများလည်း မြားမြောက်စွာရှိပြီး မားမားစွင့်စွင့် တင့်တယ်လှပ ကျက်သရေရှိလှသည်၊ အကောင်းဆုံး အတင့်တယ်ဆုံး အဆောက် အအုံတခုကို ဆရာတော်ဘုရားကြီး သီတင်းသုံးရန် ထားရှိလေသည်၊ မဟာစည် ဆရာတော်ဘုရားကြီးနှင့်အဖွဲ့ ဘာရီရောက်ချိန်မှာ ဆည်းဆာရောင်သမ်း ညနေချမ်း ဖြစ်လေရာ တောရိပ်တော်ရိပ်တို့ဖြင့် သဘာဝဆိတ်ငြိမ်မှုကို ပေးဆောင်စွမ်း ရှိပေသည်၊

သစ်ပင်ပန်းမန် ရေကန်မျိုးစုံတို့ဖြင့် ခြယ်ထားသကဲ့သို့ရှိပြီးလျှင် တောင်ပူစာများဖြင့် ဝန်းရံလျက်ရှိသည့်အတွက် သာယာ ကြည်နူးဖွယ်ရာ လည်းဖြစ်၏၊ လမ်းပန်း ဆက်သွယ်ရေးလည်း ကောင်းသဖြင့် ကျေနပ်စရာဖြစ်သည်၊ စင်စစ်တမူကား အစစအရာရာ ပြည့်စုံသည့်ဌာနဖြစ်လေသည်။

ဘာရီကမ္မဋ္ဌာနဌာနံ, အနုနံ သုပရိပူရံ၊
သဗ္ဗာကာရေန သမ္ပန္နံ, နေတ္တဒွယရသာယနံ။

မေးခွန်းများဖြေကြားခြင်း

ကဆနု်လဆန်း ၃-ရက် (၂၈-၄-၇၉) နေ့တွင် ဘာရီကမ္မဋ္ဌာန်းရိပ်သာ အဖွဲ့ဝင် များသည် ဆရာတော် ဘုရားကြီးနှင့်အဖွဲ့ဝင် သံဃာတော်များအား လာရောက် ကန်တော့ ဖူးမြော်ကြသည်၊ သိလိုသည့်အချက်များကိုလည်း ဆရာတော်ဘုရားကြီး အား မေးလျှောက်ကြသည်၊ ဆရာတော်ဘုရားကြီးသည် မေးသမျှကို ဖြေဆိုတော် မူခဲ့လေသည်၊ အဖွဲ့ဝင်လူကြီးများ များစွာဝမ်းမြောက်ကြ။

ဘာရီဝှကမ္မဋ္ဌာနိက-သာမာဇိကာ ဗဟုဇ္ဇနာ၊
ထေရဿ ဥတ္တရံ သုတွာ, အဘိနန္ဒုံ ပမောဒိတာ။

ရှစ်ဖြာမဂ္ဂင်နိဗ္ဗာန်ဝင် တရားတော် ဟောကြားခြင်း

ကဆုန်လဆန်း ၄-ရက် (၂၉-၄-၇၉) နေ့တွင် ဘာရီကမ္မဋ္ဌာန်းဌာနတွင် ဆရာတော်ဘုရားကြီးနှင့် အဖွဲ့တို့သည် ဘုရားဝတ်တက်ခြင်း ပြုတော်မူကြသည်၊ ဘာရီရိပ်သာအဖွဲ့ဝင်များက ရုပ်မြင်သံကြား ဓာတ်ပုံရိုက်ကူး ကြသည်၊ မွန်းလွဲ ၃- နာရီခန့်အချိန်တွင် ဆရာတော်ဘုရားကြီးက ယောဂီပရိသတ် ၁၀ဝ-ကျော်တို့အား ရှစ်ဖြာမဂ္ဂင် နိဗ္ဗာန်ဝင်တရားတော်ကို ဟောကြားတော်မူသည်၊ ထိုပရိသတ်ထဲတွင် ရိပ်သာပြင်ပမှ တရားနာရန် လာရောက်သည့် အမေရိကန် တိုင်းရင်းသားများလည်း ပါရှိကြလေသည်။

ရှစ်ဖြာမဂ္ဂင်နိဗ္ဗာန်ဝင်တိ, သမညံ ဓမ္မဒေသနံ၊
ဒေသယီဒေသနာဓမ္မ-ကုသလော ယတိပုင်္ဂဝေါ။

အမေရိကန် ၄- ဦးနှင့် အီတလီ ၁- ဦးအား ဩဝါဒပေးခြင်း

ကဆုန်လဆန်း ၅-ရက် (၃၀-၄-၇၉) နေ့တွင် နံနက် ၁၀-နာရီမှ ၁၁-နာရီ ၁၅- မိနစ် အထိ တရားအားထုတ်သူများထဲတွင်ပါဝင်သည့် ဝါရင့်အမေရိကန်အမျိုးသား ၄-ဦး တို့နှင့် အီတလီအမျိုး သားတဦး, ပေါင်း ၅-ဦးတို့သည် မိမိတို့တွေ့ထားသည့် တရားများကို လျှောက်ထားကြရာ ဆရာတော်ဘုရားကြီးက ၎င်းတို့အားဆက်လက်၍ တရားအားထုတ် နည်းနာနယဩဝါဒကို မိန့်ကြားတော်မူခဲ့လေသည်၊ ယင်းသို့ ဆက်ကာ ဆက်ကာ တရားရေအေး တိုက်ကျွေးတော်မူယင်းဖြင့်ပင် တနေဝင် တမိုးသောက် မေလသို့ ကူးပြောင်းရောက်ရှိခဲ့လေသည်။

အမေရိကန် အီတလီဇာတိ-မနုဿာနံ သုမာနသော၊
ဩဝါဒံ သော ဟိ အဒါသိ, ကလျာဏံ သာဓုဝဏ္ဏိတံ။

ဘာရီရိပ်သာအဖွဲ့ ဥက္ကဋ္ဌအား ချီးမြှောက်ခြင်း

ကဆုန်လဆန်း ၆-ရက် (၁-၅-၇၉) နေ့တွင် ဘာရီမြို့ ဝိပဿနာကမ္မဋ္ဌာန်း ရိပ်သာအဖွဲ့ (Insight Meditation Society) ၏ ဥက္ကဋ္ဌ မစ္စတာစတီဗင်ဆွာပစ် (Mr. Steven Schwarp) ၏ နေအိမ်၌ ဆရာတော်ဘုရားကြီးနှင့် အဖွဲ့ဝင် သံဃာ တော်များသည် နေ့ဆွမ်း ဘုဉ်းပေးတော်မူကြသည်၊ ဆရာတော်ကြီးနှင့် သံဃာတော်များ ပရိတ်ရွတ်ဖတ်၍ ဆရာတော်ကြီး ကိုယ်တိုင် ဆွမ်းအနုမောဒနာ တရား ဟောကြားတော်မူသည်၊

အဆိုပါ ဥက္ကဋ္ဌ၏အိမ်မှ ရိပ်သာအဖွဲ့ရုံးကားဖြင့် ၁-နာရီခွဲခန့် သွားရသည်၊ ဝေးကွာသော တောလမ်းစခန်းကို ဖြတ်၍သွားရသည်ဟု သိရသည်၊ အပြန်တွင် မက်ဆာချူးဆက်၏ နာမည်ကျော် တက္ကသိုလ်ရိပ်သာရှိရာ ခရီးလမ်းမှ ပြန်ကြွတော် မူခဲ့လေသည်။

ဥက္ကဋ္ဌဥပါသကဿ, အနုဂ္ဂဟီ သုဓီတိမာ၊
ဝိဒွါ ပဏ္ဍိတကုဉ္ဇရော, မဟာစည် ထေရပုင်္ဂဝေါ။

ကမ္မဋ္ဌာန်းအားထုတ်ရခြင်း၏ အကြောင်းရင်းကို အကျဉ်း ဟောတော်မူခြင်း

ကဆုန်လဆန်း ၇-ရက် (၂-၅-၇၉) နေ့တွင် ယောဂီပုဂ္ဂိုလ် ၁၀ဝ-ကျော် အား ညနေ ၃-နာရီမှ ၄-နာရီ မိနစ် ၃၀-အထိ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား တောထွက်တော်မူ၍ တရားအားထုတ်ပုံ, ဉာဏ်အဆင့်ဆင့် ရရှိ၍ တရားထူးတွေ့ပုံ အကျဉ်းချုပ်ကို ဟောကြားတော်မူပြီး ထိုနည်းအတိုင်း မဆုတ်မနစ် အားထုတ်ကြရန် ကိုလည်း ညွှန်ကြားတော်မူခဲ့လေသည်၊ ည ၈-နာရီအချိန်တွင် ကမ္မဋ္ဌာန်း အားထုတ်ရခြင်း၏ အကြောင်း အတိုချုပ်ကိုလည်း ယောဂီများအား ဟောကြားတော် မူခဲ့လေသည်၊ ဤနေ့ရက်မှစ၍ ၁၄-ရက်စခန်းကို စခန်းဖွင့်လှစ်တော်မူခဲ့လေသည်။

ကမ္မဋ္ဌာနအနုယောဂ-ကာရဏမ္ပိ သုဓီတိမာ၊
ဓိတိယာ အနုနော ထေရော, သမာစိတ္တ သုကောဝိဒေါ။

အခြေခံတရား ဟောကြားတော်မူခြင်း

၁၄-ရက်စခန်း ဖွင့်လှစ်တော်မူပြီးနောက် ကျေးဇူးရှင် မဟာစည်ဆရာတော် ဘုရားကြီးသည် ဗုဒ္ဓသာသနာယုံကြည်သူတို့ သို့မဟုတ် တရားအားထုတ်သူတို့၏ အခြေခံ ကျင့်ဝတ်တရားများကို ဟောကြားတော်မူသည်၊ ငါးပါးသီလ, ရှစ်ပါးသီလ လုံခြုံစွာစောင့်ထိန်းရန် ရတနာသုံးပါးဂုဏ် အကျဉ်းချုပ်ပွားများနည်း, မေတ္တာဘာဝနာ အကျဉ်းပွားများနည်း စသည်တို့ကို ဟောကြားတော်မူပြီး သတိပဋ္ဌာန်တရားတော် အကျဉ်းချုပ်တို့ကို ဟောကြားတော်မူခဲ့လေသည်။

မူလိကဗုဒ္ဓေ ဓမ္မေ သော, မဟာစည်ကဝိသေခရော၊
ယောဂီနံ သုဟိတတ္ထာယ, ဒေသယီ ယတိပုင်္ဂဝေါ။

အနုမောဒနာ တရားဟော, ပြဿနာဖြေ

ကဆုန်လဆန်း ၈-ရက် (၃-၅-၇၉) နေ့တွင် ဆရာတော် အရှင်ဇနကာ ဘိဝံသနှင့် အရှင်အဂ္ဂဓမ္မတို့က ယောဂီများအား တရားစစ်တော်မူကြသည်၊ ဘာရီကမ္မဋ္ဌာန်း ဆရာများ ဖြစ်ကြသော ဂျိုးဇက်ဂိုးလ်စတိန်း, ဂျက်ကွန်ဖီးလ်(ဒ်), ဂျက်ကလင်နှင့် ရှာရွန် တို့သည်လည်း ကူညီ တရားစစ်ကြသည်၊ ဆရာတော်ဘုရားကြီးသည် အနုမောဒနာတရားဟောခြင်း, မေးလာသမျှသော ပြဿနာအရပ်ရပ်ကို ဖြေဆိုခြင်း ကို ပြုတော်မူခဲ့လေသည်။

သုဓမ္မပဏ္ဏာကာရေ, မောဒေန္တော ဗဟုကေဇနေ၊
ဝိဿဇ္ဇေန္တောပိ ပေဥှစ, ကတ္တဗ္ဗေ အကရီ ဟိ ဝေ။

ဘာရီရိပ်သာအနီး ဘုရင်ဂျီကျောင်းကြွခြင်း

ကဆုန်လဆန်း ၉-ရက် (၄-၅-၇၉) နေ့တွင် လွန်ခဲ့သည့် နေ့များနည်းတူ တရား စစ်ခြင်းကို ပြုတော်မူကြသည်၊ မွန်းလွဲ ၂-နာရီ မိနစ် ၃၀-တွင် ဆရာတော်ဘုရားကြီး နှင့်အဖွဲ့သည် ဘာရီရိပ်သာအနီးရှိ ဘုရင်ဂျီကျောင် (Chalic Abbay) ဘုန်းတော်ကြီး များ၏ ဖိတ်ကြားချက်အရ ကြွရောက်တော်မူ၍ ဗုဒ္ဓသာသနာအကြောင်း စသည်တို့ကို မိန့်ကြားတော်မူခဲ့လေသည်၊

အဆိုပါ ဘုရင်ဂျီဂိုဏ်းမှာ လွန်စွာစည်ကမ်းကြီးပြီး သက်သတ်လွတ် အစားအစာ များကို စားသုံးသည်ဟုသိရသည်၊ ယင်း ဂိုဏ်းဝင်များသည် အပြင်ပသို့လည်း အချည်းနှီး သွားရောက်ခြင်းမပြုကြဟု သိရသည်၊ နေ့စဉ် ၄- ကြိမ်မျှ ဘုရားရှိခိုးခြင်း, အားလပ်ချိန်တွင် တရားထိုင်ခြင်းများကို ပြုကြသည်ဟူ၏၊ ဘုရင်ဂျီနည်း, ဈင်နည်း, ယောဂခေါ် ဟိန္ဒူနည်း,သတိနည်း စသည်တို့တွင် အလိုရှိရာ ထိုင်နိုင်ကြသည်ဟု သိရလေသည်၊ ထိုကျောင်းမှ (Father Theosoplyane) ပင်လျှင် ဘာရီဝိပဿနာ ကမ္မဋ္ဌာန်းဌာန၌ ၃-လ တဆက်တည်း အားထုတ်ခဲ့သည်ဟူ၏၊

ဆရာတော်ဘုရားကြီးသည် ၎င်းဘုရင်ဂျီဘုန်းတော်ကြီးများ ဗုဒ္ဓသာသနာတော် အကြောင်း တလုံးသွင်း, နှလုံးသွင်း စသည်ဖြင့် ၎င်းတို့အား ငဲ့ညှာသနား ဟောကြားတော်မူခဲ့လေသည်၊ ဘုရားမြတ်စွာ သာသနာတော်၌ ယုံကြည်သူ ဖြစ်ရခြင်းသည် အလွန်လျှင် မွန်မြတ်လှပါပေသည်။

သာသနေန ဝိရုဒ္ဓါနံ, ဝိသံ ဟလာဟလံ ယထာ၊
အာသီဝိသော ဒိဋ္ဌဝိသော, ဧဝံ ဈာပေတိ တံ နရံ။

သီလရှင်ပြုပေးခြင်း, သာမဏေဝတ်ပေးခြင်း, ပြဿနာဖြေခြင်း

ကဆုန်လဆန်း ၁၀-ရက် (၅-၅-၇၉) နေ့တွင် အရှင်ဇနကာဘိဝံသနှင့် အရှင် အဂ္ဂဓမ္မတို့က အခါတိုင်းနေ့များ နည်းတူ တရားစစ် ကြသည်၊ ဆရာတော် ဘုရားကြီးသည် အမေရိကန် အမျိုးသမီး ၂- ဦးအား သရဏဂုံသီလပေး၍ သီလရှင် ဝတ်ပေးတော်မူသည်၊ ၎င်းပြင် ညနေပိုင်းတွင် ပင်ဆယ်ဗေးနီးယား (Pansylvania) မြို့နေ ဦးဝင်းလှိုင်၏သား မောင်ဌေးလှိုင်အား သာမဏေ ဝတ်ပေးတော်မူသည်

သိလို၍ မေးလျှောက်အပ်သော ဗုဒ္ဓဘာသာဆိုင်ရာ မေးခွန်းများကို ဖြေဆိုတော် မူသည်၊ အရှင်သီလာနန္ဒနှင့် အရှင်ရေဝတဓမ္မတို့က စကားပြန်အဖြစ် ဆောင်ရွက် ကြသည်။

နေကေသံ ဓမ္မဒါနေန, ပဂ္ဂဟိ ပဂ္ဂဟေ ဝိဒူ၊
သဗ္ဗညုဇိနစက္ကဿ, ဝုဒ္ဓိယာ ဝိပုလာယ ခေါ။

ဆေးစစ်အနားယူ

ကဆုန်လဆန်း ၁၁-ရက် (၆-၅-၇၉) နေ့တွင် အရှင်ဇနကာဘိဝံသ, အရှင် အဂ္ဂဓမ္မတို့က ယောဂီများအား တရားစစ်တော်မူကြသည်၊ ဆရာတော် ဘုရားကြီး သည်ကား ဘော့စတွန်မြို့ မက်ဆာချူးဆက် တက္ကသိုလ်ဆေးကုဌာန (Medical Centre) သို့ကြွတော်မူ၍ ကျန်းမာရေး စစ်ဆေးမှုပြုတော်မူ၍ ဘာရီသို့ပြန်ကြွ အနားယူတော်မူခဲ့လေသည်။

ဝိစာရေတွာန သော ကာယေ, ရောဂါဝါသေ ကဠေဝရေ၊
ကာယဿ အရောဂတ္ထာယ, ဝိဿမနံ ကရီ ဟိ ဝေ။

သတိပဋ္ဌာန်တရားဟော, ပြဿနာဖြေ

ကဆုန်လဆန်း ၁၂-ရက် (၇-၅-၇၉) နေ့တွင် ဘာရီကမ္မဋ္ဌာန်းဌာန၌ အရှင်ဇနကာ-ဘိဝံသနှင့် အရှင်အဂ္ဂဓမ္မတို့ ယခင်နေ့များနည်းတူ ယောဂီများ တရားစစ်ကြသည် အရှင်သီလာနန္ဒာဘိဝံသက ၂-နာရီမှ ၃-နာရီအထိ တရား ဟောတော်မူသည်၊ ဆရာတော်ဘုရားကြီးက သတိပဋ္ဌာန်တရားဟောခြင်း, အမေးပုစ္ဆာပြဿနာများကို ဖြေဆိုခြင်း ပြုတော်မူသည်။

သတိပဋ္ဌာနံ ဒေသေသိ, အနုယောဂံ ဝိဿဇ္ဇယိ၊
မဟာစည်ကဝိကေသရော, လောကဂ္ဂသာသနန္ဓရော။

သတိပဋ္ဌာန်တရားတော် အပြီးသတ် ဟောခြင်း

ကဆုန်လဆန်း ၁၃-ရက် (၈-၅-၇၉) နေ့တွင် အရှင်ဇနကာဘိဝံသနှင့် အရှင် အဂ္ဂဓမ္မတို့ တရားစစ်ကြသည်၊ ဆရာတော်ဘုရားကြီးသည် သတိပဋ္ဌာန်တရားကို အပြီးသတ် ဟောကြားတော်မူသည်၊ တရားနာသူ ယောဂီ အပေါင်းတို့သည် ဝမ်းမြောက် နှစ်သက် ရွှင်အားတက်ကာ လက်ခံသိမ်းပိုက်ကြကုန်၏။

ထေရသေဋ္ဌေန ဒေသိတံ, ဒေသိတံ ဓမ္မမုတ္တမံ၊
သာဓဝေါ အနုမောဒိတွာ, သမ္ပဋိစ္ဆိံ သု သိရသာ။

ဘော့စတွန်မြို့ ကမ္ဘာ့ဘာသာစုံ သင်ကြားရာဌာန၌ တရားဟော

ကဆုန်လဆန်း ၁၄-ရက် (၉-၅-၇၉) နေ့တွင် ဘော့စတွန်မြို့ မိုင်ကယ်ကလီးမင့်စ် (Michael Clement) ၏ ပင့်ဖိတ်ချက်အရ ကြွရောက်တော်မူ၍ အဖျော်ယမကာများ ဘုဉ်းပေးတော်မူပါသည်၊ ည ၇-နာရီ အချိန်တွင် ကမ္ဘာ့ဘာသာပေါင်းစုံ သင်ကြား ပေးရေးဌာန (Common Hall of Harvard Centre for the state of world Religions) ၌ ၄၅-မိနစ်ခန့် တရားဟောကြားတော်မူခဲ့လေသည်၊ ယင်းတရားပွဲ၌ ဟားဗတ်တက္ကသိုလ် ပါမောက္ခ ဒေါက်တာဒမ်ဘရောင်းက ဦးစွာပူဇော်မိတ်ဆက် စကားပြောကြားခဲ့လေသည်၊ ခေတ်ပညာတတ်အလွှာမှ ပုဂ္ဂိုလ်များစွာတို့ တရား နာယူကြသည်။

သမ္ပုဏ္ဏဝိဇ္ဇဌာနေပိ, သမ္ပုဏ္ဏော အနုနော ဝိဒွါ၊
ဓမ္မံ သော ကထယီ ထေရော, သဇနာနံ သုဟိတာယဝါ။

ဟားဗတ်တက္ကသိုလ်၌ သတိပဋ္ဌာန်တရားဟောခြင်း

၎င်းပြင် ဟားဗတ်တက္ကသိုလ်၌လည်း သတိပဋ္ဌာန်တရားတော်ကို ၄၅-မိနစ်ကြာမျှ ဟောကြားတော်မူခဲ့လေသည်၊ ဆရာတော်ဘုရားကြီးက မြန်မာလိုဟောပြော၍ အရှင်ဇနကာဘိဝံသက အင်္ဂလိပ်ဘာသာ ပြန်ခဲ့လေသည်၊ ဆရာတော်ဘုရား စိတ်ပါ လက်ပါအားရပါးရ ကရုဏာရှေ့ထား ဟောကြားတော်မူခဲ့လေသည်၊ နာကြား ကြသော ကမ္ဘာ့ခေတ်ပညာရှင် များစွာတို့သည်လည်း စိတ်ပါဝင်စားစွာ နာယူ ကြသည်၊ ဆရာတော်ဟောပြောချက်တို့ကို ဝါရှင်တန် အမေရိကန်အသံလွှင့်ဌာနမှ အဆက်မပြတ် ကြိုးစားရယူ အသံလွှင့်ပေးတော်မူခဲ့လေသည်။

ဟားဗတ်ဝှဝိဇ္ဇာလယေပိ, ယတိသေဋ္ဌော သုဓီတိမာ၊
ဓမ္မံ သော ဒေသယိတွာန, တောသယိ သမ္ပတ္တေ ဇနေ။

ကဆုန်လပြည့်ဗုဒ္ဓနေ့ တရားဟောကြ, ဥပုသ်ပြုကြ

ကဆုန်လပြည့် ထူးမြတ်သည့် (၁၀-၅-၇၉) နေ့တွင် ယောဂီများအား ရှစ်ပါးသီလ ပေးတော်မူပြီး အဖွဲ့ဝင် သံဃာတော်များနှင့်အတူ အနေကဇာတင်ခြင်းကို ပြုတော်မူခဲ့လေသည်၊ နံနက် ၉-နာရီအချိန်တွင် ဆရာတော်ဘုရားကြီး အမှူးရှိသော သံဃာတော်အားလုံးတို့ အဖွဲ့ရုံးရှေ့ လမ်းမတလျှောက် ဆွမ်းခံတော်မူကြသည်၊ ယောဂီအားလုံးတို့ ဆွမ်းသစ်သီး ရသာစုံ, မုန့်ပဲရသာစုံ သံဃာ့ဒါန လောင်းလှူ ကြသည်၊ ယောဂီတို့သည် အမြတ်ဆုံးသံဃိကဒါနကို ပြုကြရလေသည်။

အဂ္ဂိဟုတ္တမုခါ ယညာ, သာဝိတ္တိ ဆန္ဒသော မုခံ၊
ရာဇာ မုခံ မနုဿာနံ, နဒီနံ သာဂရော မုခံ။

နက္ခတ္တာနံ မုခံ စန္ဒော, အာဒိစ္စော တပတံ မုခံ၊
ပုညံ အာကင်္ခမာနာနံ, သံဃော ဝေ ယဇတံ မုခံ။

ကေဏိယ - ကေဏိယရသေ့၊
ယညာ - ယဇ်ပူဇော်ခြင်းတို့သည်၊
အဂ္ဂိဟုတ္တမုခါ - မီးပူဇော်ခြင်းလျှင် အဦးပဓာနရှိကုန် ၏၊
သာဝိတ္တိ - သာဝတ္တိဂါထာသည်၊
ဆန္ဒသော - ဝေဒကျမ်း၏၊
မုခံ - အဦးအစပဓာနတည်း၊
ရာဇာ - မင်းသည်၊
မနုဿာနံ - လူတို့၏၊
မုခံ - အမြတ်ပဓာနတည်း၊
သာဂရော - သမုဒ္ဒရာသည်၊
နဒီနံ - မြစ်တို့၏၊
မုခံ - အဦးပဓာနအမြတ်တည်း၊
စန္ဒော - လမင်းသည်၊
နက္ခတ္တာနံ - နက္ခတ်တို့၏၊
မုခံ - အဦးပဓာနအမြတ်တည်း၊
သံဃော - ရှစ်ပါး အရိယာသံဃာတော်သည်၊
ပုညံ - ကောင်းမှုကို၊
အာကင်္ခမာနာနံ - အလိုရှိကြကုန်သော၊
ယဇတံ - ပူဇော်လှူဒါန်းသူတို့၏၊
မုခံ - ကောင်းမှုဖြစ်ကြောင်း အမြတ်ဆုံး အကောင်းဆုံးတည်း။

ဆရာတော်ဘုရားကြီးသည် ထိုနေ့ ည ၇- နာရီအချိန်တွင် ချမ်းသာရေးတရားတော် (The Way to Happiness) ကို ဟောကြားတော်မူခဲ့လေသည်၊ ဆရာတော် ဘုရားကြီး တရားဟောတော်မူပြီး သံဃာတော်အားလုံး ထိုတရားဟောရာ ဓမ္မရုံ၌ပင် ဥပုသ်ပြုတော်မူကြသည်၊ အမေရိကန်မြေ ပထဗျာ၌ ဗုဒ္ဓဒေသနာတော်များ စိမ့်ဝင် လေပြီတကား။

ချမ်းသာရေးတရား ဆက်လက်ဟောခြင်း

ကဆုန်လပြည့်ကျော် ၁-ရက် (၁၁-၅-၇၉) နေ့တွင် အရှင်ဇနကာဘိဝံသနှင့် အရှင်အဂ္ဂဓမ္မတို့က ယောဂီများအား တရားစစ်ကြသည်၊ ယောဂီများက ဆရာတော် ဘုရားကြီးအား သိလိုသည့်အချက် လျှောက်ထားကြသည်၊ ဆရာတော်ဘုရားကြီးက တာဝန်ပေါ့စွာ ဖြေကြားတော်မူသည်၊ ညဉ့်ဦးယံတွင် ငြိမ်းချမ်းရေးတရားတော်ကို ဆက်လက် ဟောကြားတော်မူခဲ့လေသည်။

သန္တိသုခ သုဓမ္မမ္ပိ, ဓမ္မော ဓမ္မေ သုကောဝိဒေါ၊
မဟာစည်ထေရပုင်္ဂဝေါ, ယောဂီနံ ကထယီ ဟိ ခေါ။

ဒါနရှင်များအား အနုမောဒနာ တရားဟောခြင်း, ပရိတ်ရွတ်ခြင်း

ကဆုန်လပြည့်ကျော် ၃-ရက် (၁၂-၅-၇၉) နေ့တွင် ဘာရီဝိပဿနာ ကမ္မဋ္ဌာန်း အဖွဲ့ဝင်များနှင့် ယောဂီတို့သည် ဆရာတော်ဘုရားကြီးနှင့် အဖွဲ့ဝင်ဆရာတော်များ, ကပ္ပိယများကို တရားထိုင်သည့် ခန်းမဆောင်သို့ ပင့်ဖိတ်၍ လှူဖွယ်ဝတ္ထု မျိုးစုံတို့ဖြင့် လှူဒါန်းပူဇော်ကြသည်၊ ဆရာတော်ဘုရားကြီးက အနုမောဒနာ တရားတော်ကို ပါဠိ ဘာသာဖြင့် တိုင်ပေး၍အမျှပေးဝေတော်မူသည်၊ ၎င်းနောက် သံဃာတော်အားလုံး ပရိတ်ရွတ်ဖတ်ကြသည်၊ ညပိုင်းတွင် ဗုဒ္ဓသာသနာတရားတော်ကို ဟောကြားတော် မူခဲ့လေသည်။

ဘာရီဝိပဿနာဌာန-ဇနာနံ ဇနပုင်္ဂဝေါ၊
အနုမောဒနံ သောကာသိ, ပရိတ္တံ သာသနောဂမံ။

မဟာစည်ဆရာတော်ဘုရားကြီးထံ ဩဝါဒခံယူကြခြင်း

ကဆုန်လပြည့်ကျော် ၃-ရက်, ၄-ရက်နေ့များတွင် အခြားနေ့များ နည်းတူ အရှင်ဇနကာဘိဝံသ, အရှင်အဂ္ဂဓမ္မတို့ တရားစစ်ကြသည်၊ ၎င်းနောက် အရှင် ဇနကာဘိဝံသက ဉာဏ်စဉ်တရား ဟောကြားသည်၊ မဟာစည်သာသနာပြုအဖွဲ့ အပြန်တွင် ရန်ကုန်သို့လိုက်ပါ၍ ရဟန်းအဖြစ် ခံယူလိုသူများလည်း ၃-ယောက်ခန့် ရှိခဲ့လေသည်၊ ၎င်းပြင် ရန်ကုန်သာသနာ့ရိပ်သာ၌နေ၍ တရားအားထုတ်လို သူများလည်း ရှိခဲ့လေသည်၊

ကဆုန်လပြည့်ကျော် ၄-ရက်နေ့တွင် ဘာရီကမ္မဋ္ဌာန်းနည်းပြ ဆရာများ ဆရာတော် ဘုရားကြီးထံ ဩဝါဒခံယူကြသည်၊ ဆရာတော်ဘုရားကြီးက တရားအားထုတ်ရေး ဝိပဿနာတရားတော် ပြန့်ပွားအောင် ဆောင်ရွက်ရေး စသည်တို့ကို ဩဝါဒပေး တော်မူခဲ့လေသည်။

ကမ္မဋ္ဌာနာစရိယာနံ, ဘာရိဌာနေ တပေါဝနေ၊
ဩဝါဒံ အဒဒိ ထေရော, မဟာပရက္ကမော ဝိဒွါ။

၎င်းပြင် ကမ္မဋ္ဌာန်းဆရာများ အနေဖြင့် ချစ်ခင်ဖွယ်, ကြည်ညိုဖွယ်ဂုဏ်များ ရှိအပ်ကြောင်း, ရဟန်းမဟုတ်ပဲ လူဝတ်ကြောင်များ ဖြစ်လျှင်လည်း လူ့ကျင့်ဝတ်နှင့် ပြည့်စုံရန်လိုအပ်ကြောင်း, ငါးပါးသီလ မြဲရမည်ဖြစ်ကြောင်း, တတ်နိုင်သလောက် ရှစ်ပါးသီလ ထိန်းသိမ်းလျှင် ကောင်းကြောင်း, ဆက်ဆံရေးတွင်လည်း မေတ္တာ, ကရုဏာရှေ့ထား၍ ဆက်ဆံရန် လိုအပ်ကြောင်း၊

ထိုသို့ လမ်းပြညွှန်ကြားရာ၌ ပြောသင့် ပြောထိုက်သော ပုဂ္ဂိုလ်ကို ပြောကြားခြင်း ကိုလည်း ပြုရမည်ဖြစ်ကြောင်း ကမ္မဋ္ဌာန်းတရားအားထုတ်ရသည်မှာ ကိလေသာ ငြိမ်းစေရန် အားထုတ်ခြင်းဖြစ်၍ ကိလေသာ ဖြစ်စေနိုင်သော အကြောင်းအရာ များနှင့် ကင်းနိုင်သမျှကင်းအောင် ညွှန်ကြားရန်လိုကြောင်း၊

မြတ်စွာဘုရား အလိုတော်ကျ ကမ္မဋ္ဌာန်းထိုင်ရန် အခန်းနှင့် စင်္ကြံသွားသင့်ပုံနည်း, သည်းခံခြင်း, တရားပြည့်စုံရေး, တရားစစ်ရာတွင် မည်သို့မည်ပုံ ဆောင်ရွက်သင့် ကြောင်းနှင့် ယခုလည်း ပြည့်ပြည့်စုံစုံရှိ၍ ဝမ်းမြောက်ပါကြောင်း စသည်တို့ပင် ဖြစ်လေသည်၊

ဆရာတော်ဘုရားကြီးကား ဩဝါဒပေးလည်း အလွန်ကောင်းသည့် ပိယ, ဂရု, ဘာဝနီယ စသော ဂုဏ်ပေါင်းစုံသည့် ဆရာတော်ကြီး ဖြစ်တော်မူပါပေသည်။

ဩဝါဒဒါနေ ဆေကောဝ, ပိယာဒိဂုဏသံယုတော၊
သာသနေ ဓောရယှော ဓီရော, သမ္ဗုဒ္ဓစက္ကဘာရဓော။

တရားဟော မေးခွန်းများဖြေ

ညပိုင်းတွင် ဆရာတော်ဘုရားကြီးက ဗုဒ္ဓသာသနာ တရားတော် ပထမပိုင်းကို ဟောကြားတော်မူခဲ့လေသည်၊ မေးမြန်းသမျှ ပြဿနာ အရပ်ရပ်တို့ကိုလည်း ဖြေကြားတော်မူသည်၊ အရှင်ဇနကာဘိဝံသကလည်း ဖြေဆိုသည်။

ဗုဒ္ဓသာသနသံယုတ္တ-ဓမ္မမ္ပိ ဓမ္မဘာဏကော၊
ဘဏိတွာ တေ တောသေသိ, ဓမ္မကာမေ ဇနေ ဗဟူ။

မဟာစည်ကမ္မဋ္ဌာန်းဆရာအဖြစ် အသိအမှတ်ပြုလက်မှတ် ချီးမြှင့်ခြင်း

၁၃၄၁- ခုနှစ် ကဆုန်လပြည့်ကျော် ၅-ရက် (၁၅-၄-၇၉) နေ့ နံနက်ပိုင်းတွင် ဘာရီ ကမ္မဋ္ဌာန်းဌာနရုံး အဖွဲ့ဝင် ဝေယျာဝစ္စဆောင်ရွက်သူ ၁၈-ယောက်တို့အား ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးနှင့်အဖွဲ့က အလှူရှင်များ လှူဒါန်းသည့် မျက်နှာသုတ် ပုဝါ, ဆပ်ပြာမှအစ ပစ္စည်းများကို ပြန်လည်ပေးစွန့်တော်မူလေသည်၊ နံနက် ၈-နာရီ မိနစ် ၃၀-တွင် (Insight Meditation Society) အဖွဲ့ ဝင်များနှင့် ယောဂီအားလုံး တို့က ဆရာတော်ဘုရားကြီးအား ကန်တော့ကြသည့်အခါ ဆရာတော်ဘုရားကြီးက ၎င်းတို့၏ သာသနာမြှင့်တင်ရေးလုပ်ငန်းနှင့် ရိပ်သာစခန်း ကြီးပွားရာ ကြီးပွား ကြောင်းကို အပတ်တကုတ် အားထုတ်ဆောင်ရွက်ကြသည့်အတွက် ချီးကျူးစကား မိန့်ကြားတော်မူခဲ့လေသည်။

ထို့နောက် ဘာရီစခန်း ဝိပဿနာကမ္မဋ္ဌာန်း နည်းပြဆရာများအား မဟာစည်နည်း နိဿရည်းနှင့်အညီ လိုက်နာသော ကမ္မဋ္ဌာန်း ဆရာများအဖြစ် အသိအမှတ် ပြုသင့်ပါကြောင်း ဆရာတော်အရှင်ရေဝတဓမ္မ လျှောက်ထားသဖြင့် ဆရာတော် ဘုရားကြီးသည် ဂျိုးဇက်, ဂျက်, ဂျက်ကလင်းနှင့် ရှာရွန်တို့အား မဟာစည်ကမ္မဋ္ဌာန်း ဆရာ များအဖြစ် အသိအမှတ်ပြုကြောင်း လက်မှတ်တစောင် ပေးတော်မူခဲ့ လေသည်။

မဟာစည်ကမ္မဋ္ဌာနိက-ဂုရုဘိညာဏပတ္တကံ၊
မဟာစည်ထေရကုဉ္ဇရော, နိယျာတယိ သုဓီတိမာ။

ဘာရီကမ္မဋ္ဌာန်းဌာန၌ ပြုဖွယ်ကိစ္စအဝဝ လက်စသတ်ခြင်း

ဆရာတော်ဘုရားကြီးသည် မိမိနှင့်တကွ သာသနာပြုအဖွဲ့ တဖွဲ့လုံးအတွက် ရန်ကုန်မြို့မှ အမေရိကန်, လန်ဒန်အထိ သွားလာရာ ကုန်ကျစရိတ်များ လှူဒါန်းခြင်း ကောင်းမှုကုသိုလ်များကို ရေစက်ချ အမျှဝေလျက် အနုမောဒနာတရား ဟောကြား တော်မူခဲ့လေသည်၊ ၎င်းပြင် ဤသို့ဟောပြောကြရာတွင် ကိုယ်ရေးကိုယ်တာအတွက် မည်သို့မျှ ကြောင့်ကြမစိုက်ပဲ ဆောင်ရွက်နေသည့် အတွက်ကြောင့်လည်း, အစစ အရာရာတွင် သူတပါးကြည်ညိုဖွယ်ရာ ဖြစ်စေရန် ဆောင်ရွက်လျက်ရှိသဖြင့် အလွန် ချီးကျူးဖွယ်ရာ ကောင်းကြောင်းကိုပါ ချီးကျူးမိန့်ကြားတော်မူခဲ့လေသည်၊ ယင်းသို့ စသည်ဖြင့် မိန့်ကြားပြီး ဘာရီဝိပဿနာကမ္မဋ္ဌာန်းဌာန၌ သာသနာပြုကိစ္စရပ်များကို လက်စသတ်တော်မူလိုက်လေသည်။

မဟာစည်မဟာထေရော ဟိ, ဂဏာစေရော မဟာယတိ၊
သုဓီ မုနိန္ဒစက္ကဿ, ဝုဒ္ဓိယာ ကိစ္စကာရကော။

နယူးယောက်တွင် သာသနာပြုတော်မူခြင်း

ဆရာတော်ဘုရားကြီးသည် မေလ ၁၅-ရက် (၁၅-၅-၇၉) နေ့တွင် ဘာရီ ကမ္မဋ္ဌာန်း ဌာန၌ နံနက်ဆွမ်းဘုဉ်းပေးတော်မူပြီး၊ ဝုစတား (Wasce Star) လေဆိပ်သို့ ကြွတော်မူသည်၊ ၁၂-နာရီ ၄၅-မိနစ်တွင် နယူးယောက်မြို့သို့ လိုက်ပါထွက်ခွာတော် မူခဲ့ရာ ၁-နာရီ ၃၀-မိနစ်အချိန်တွင် နယူးယောက်မြို့သို့ ရောက်တော်မူခဲ့လေသည်၊

ဘာရီကမ္မဋ္ဌာန်းဌာနမှ မစ္စတာဂယ်ရီဘတ်(ဘ်) (Mr. Garay Buck) ဆိုသူအဖွဲ့ဝင် တဦးလည်း စောင့်ရှောက်ရန်လိုက်ပါခဲ့လေသည်၊ နယူးယောက်လေဆိပ်၌ ဦးလှဖေ, ကုလသမဂ္ဂမှ ဦးပေါ်ဦး, ဦးစောလွင်နှင့် ဦးသန်းတူ မိသားစု စသည်တို့က ဝမ်းမြောက်စွာ ကြိုဆိုကြလေသည်။

နယူးယောက်အာကာသယာန-တိတ္ထမှိ ဗဟုကေ ဇနာ၊
ပစ္စုဂ္ဂစ္ဆံ ထေရသေဋ္ဌံ, မဟာစည်ထေရသဝှယံ။

တရားစကားမိန့်ကြား

နယူးယောက်ရှိ ဦးလှဖေ-ဒေါ်တင်လှိုင်တို့သည် ဆရာတော်ဘုရားကြီးအား မိမိ၏ နေအိမ်ကို ကျောင်းအဖြစ်လှူဒါန်းကြ၍ ၎င်းတို့မူ အခြားသို့ပြောင်းရွှေ့နေကြသည်၊ သို့ဖြစ်၍၎င်းတို့ ၏နေအိမ်၌ ခေတ္တ သီတင်းသုံးတော်မူရာ ညနေပိုင်းတွင် ရောက်ရှိ လာသော ကုလသမဂ္ဂဆိုင်ရာအမြဲတမ်း သံအမတ်ကြီး ဦးမောင်မောင်ကြီး မိသားစုနှင့်ရုံးသားများ, အခြားရောက်ရှိလာသော ပုဂ္ဂိုလ်အသီးသီးတို့အား သာသနာ ပြုခရီးတွင် အဆင်ပြေအကြောင်းညီညွတ်ကြောင်း စသည်တို့ကို မိန့်ကြားပြီး တရား နှင့်စပ်သော စကားများကို မိန့်ကြားတော် မူခဲ့လေသည်၊ ဆရာတော်ဘုရားကြီးသည် ရောက်လေရာရာဌာနများ၌ အချည်းအနှီး စကားမမြွက်ကြားပဲ တရားနှင့်စပ်သော စကားကိုသာ မိန့်ကြားတော်မူလေ့ရှိသည်။

မဟာစည်မဟာထေရဿ, ဓမ္မီကထာ သဒါ ဟိ ဝေ၊
န ကဒါစိ နိရတ္ထက, ကထာ ဟိ န သုတပုဗ္ဗာ။

ဆွမ်းအနုမောဒနာဒေသနာဟောကြားခြင်း, မေးခွန်းများဖြေကြားခြင်း

ကဆုန်လဆုတ် ၇-ရက် (၁၇-၅-၇၉) နေ့တွင် ဦးလှဖေ-ဒေါ်တင်လှိုင်တို့ ဆက်ကပ် လှူဒါန်းသည့် အရုဏ်ဆွမ်းကို ဘုဉ်းပေးတော်မူသည်၊ နံနက် ၉-နာရီ အချိန်၌ အရှင်အဂ္ဂဓမ္မက အလုပ်ပေးတရားတော် အကျဉ်းချုပ်ဟောကြားတော် မူခဲ့လေသည်၊ ၎င်းပြင် အမေရိကန်လူမျိုး ၅-ယောက်နှင့် မြန်မာ ၂-ယောက်တို့ ၁- နာရီခန့်ကြာမျှ တရားထိုင်ကြသည်၊

၁၀-နာရီ ၃၀-မိနစ်ခန့်တွင် ဦးသန်းတူမိသားစုတို့ ၏နေအိမ်၌ ဆရာတော် ဘုရားကြီးနှင့်အဖွဲ့ နေ့ဆွမ်းဘုဉ်းပေးတော်မူကြသည်၊ ဆွမ်းဘုဉ်းပေးတော်မူပြီး ပရိသတ်အားလုံးအား ဆွမ်းအနုမောဒနာတရား ဟောကြားတော်မူလေသည်၊ သံဃာ တော်များက ပရိတ်ရွတ်ဖတ်ချီးမြှောက်ကြသည်၊ နယူးယောက်မြို့၌ ဘုရားမြတ်စွာ ဒေသနာတန်ခိုးတော်များ ပျံ့နှံ့လေပြီတကား။

ပိဏ္ဍပါတဒါယကဿ, မန္ဒိရမှိ မနောဟရေ၊
အနုမောဒနံ သောကာသိ, မဟာစည် ပုင်္ဂဝေါ ဟိ ဝေ။

အပြည်ပြည်ဆိုင်ရာ ဈင်ဌာန၌ တရားဟောခြင်း

ပင့်လျှောက်ချက်အရ နယူးယောက်မှ ၇၅-မိုင်ကွာလှမ်းသည့် (Long Island) လောန်အိုင်လန်သို့ ကြွတော်မူသည်၊ ၎င်းမှအပြန် ပင့်လျှောက်သဖြင့် ည ၈-နာရီ အချိန်တွင် (International Zen Centre of New York) အမည်ရှိ အပြည်ပြည် ဆိုင်ရာ ဈင်ဌာနစခန်းသို့ ကြွရောက်၍ ဝိပဿနာအလုပ်ပေး တရားတော် အကျဉ်းချုပ်ကို ဟောကြားတော်မူခဲ့လေသည်၊

ထိုဌာနတွင် တရားနာပရိသတ် ၆၀-ခန့်ရှိ၍ အမေရိကန်, တရုတ်, မြန်မာလူမျိုး စသည်တို့ ပါဝင်ကြလေသည်၊ အရှင်ဇနကာဘိဝံသ ဘာသာပြန်သည်၊ ၁-နာရီခန့် တရားထိုင်ကြသည်၊ ည ၁၁-နာရီခန့်တွင် ပြီးလေသည်၊ ဆရာတော်ဘုရားကြီးသည် မေးမြန်းသမျှကိုလည်း ဖြေဆိုတော်မူခဲ့လေသည်၊ များစွာ အလုပ်လုပ်သော ဆရာတော်ပါတကား။

နိခိလလောကသမ္ဗန္ဓ-ဈင်ဌာနေပိယကုတ္တမော၊
ဗဟူနံ သော ဟိ ဒေသေတွာ, အနုဂ္ဂဟိ သုဇာတိမာ။

ကိုလံဘီရာတက္ကသိုလ်၌ တရားဟောခြင်း

ကဆုန်လပြည့်ကျော် ၈-ရက် (၁၈-၅-၇၉) နေ့တွင် ဆရာတော်ဘုရားကြီးနှင့် အဖွဲ့သည် ဒေါ်ခင်စု၏သား ဒေါက်တာကျော်မြင့်, ဒေါ်ရင်ရင်အေးနှင့် ဆွေမျိုးတစုတို့ ၏ နေအိမ်သို့ကြွရောက်၍ အရုဏ်ဆွမ်း ဘုဉ်းပေးတော်မူခဲ့လေသည်၊ ထို့နောက် နံနက် ၈-နာရီမှ ၉-နာရီအထိ ပရိသတ်များ တရားထိုင်ကြသည်၊ ထိုနေ့နေ့ဆွမ်းကို ဦးဘလဝမ်းဆင်း (Mr. Balcean Singh) နေအိမ်၌ ဘုဉ်းပေးတော်မူသည်၊

ထိုမှတဖန် ခေတ္တယာယီကျောင်း (ဦးလှဖေနေအိမ်) သို့ ပြန်လည် ကြွတော်မူသည်၊ ညနေ ၆-နာရီ မိနစ် ၃၀-တွင် ကိုလံဘီရာတက္ကသိုလ် (Columbia University) စိန်ပေါ(လ်) ဘုရားရှိခိုးကျောင်းသို့ ကြွရောက်တော်မူပြီးလျှင် ဆရာတော်ဘုရားကြီး သည် “ဗုဒ္ဓသာသနာ တရားတော်” ကို အင်္ဂလိပ်လို ဟောတော်မူခဲ့လေသည်၊ ပရိသတ် လူမျိုးပေါင်းစုံ ၁၀ဝ-ခန့်ရှိသောဟူ၏၊ ည ၁၀-နာရီ အချိန်ခန့်တွင် တရားပွဲ ပြီးဆုံးလေသည်။

ကိုလံဘီရာတိနာမေန, ဝိဿဝိဇ္ဇာလယေ သုတေ၊
ပသိဒ္ဓေ ထေရသေခရော, ဓမ္မမ္ဗုနာဘိသိဉ္စိသော။

ကုလသမဂ္ဂသံရုံးအဖွဲ့သားများ၏ ဆွမ်းကိုဘုဉ်းပေးခြင်း

ကဆုန်လပြည့်ကျော် ၉-ရက် (၁၉-၅-၇၉) နေ့ အရုဏ်တက်တွင် မြန်မာကုလသမဂ္ဂ သံအမတ်ရုံး အဖွဲ့သားများက စုပေါင်း၍ သံအမတ်ကြီး ဦးမောင်မောင်ကြီးနေအိမ်၌ အဖွဲ့ဝင်သံဃာတော်များနှင့်အတူ ကြွရောက် ဆွမ်းဘုဉ်းပေးတော်မူသည်၊ ဆွမ်း အနုမောဒနာ တရားဟော, ပရိတ်ရွတ်ချီးမြှောက်တော်မူကြသည်။

ရာဇဒူတာလယေ ထေရော, ဓမ္မောဒကေန သိဉ္စတိ၊
ပရိတ္တံ ဇိနအာဏမ္ပိ, ဘဏိံသု ထေရကုဉ္ဇရာ။

အနုမောဒနာတရားဟော, ပြဿနာဖြေဆိုခြင်း

ထိုနေ့နေ့ဆွမ်းကို ဦးလှမောင်-ဒေါ်တင်လှိုင် တို့၏နေအိမ်၌ အများစုပေါင်း ဆက်ကပ် ကြရာ ဘုဉ်းပေးတော်မူကြသည်၊ ထိုနေ့တွင်ပင် အရှင်သီလာနန္ဒာဘိဝံသနှင့် အရှင် ကေလာသတို့သည် ဆရာတော်ကြီးနှင့် ခွဲခွာ၍ နယူးယောက်မြို့မှ အမေရိကန်ပြည် အနောက်ပိုင်း ဆန်ဖရန်စစ္စကိုမြို့သို့ လေယာဉ်ဖြင့် ထွက်ခွာတော်မူကြသည်၊

ညနေပိုင်းတွင် နယူးယောက်၌ ဘာရီမှ အလန်ကလီးမင့်စ် (Alan Clements) ၏ ရှင်ပြုပွဲနေ့ဖြစ်သည်၊ အလန်ကလီးမင့်စ်ကို အရှင်ဇနကာဘိဝံသက သာမဏေ ပြုပေးသည်၊ ဆရာတော်ဘုရားကြီးက အနုမောဒနာ တရားဟောပြီး မေးခွန်းများ ဖြေဆိုတော်မူသည်။

တသ္မိံဒိဝသဘာဂေ ဟိ, ဓမ္မကထာ ပဝတ္တတိ၊
ထေရေန ဘာသိတော ဓမ္မော, အစ္စန္တံ အတ္ထသံယုတော။

တရုတ်သီလရှင်ကျောင်း သတိပဋ္ဌာန်အကျဉ်းချုပ်ဟောခြင်း

ဆရာတော်ဘုရားကြီးသည် ဦးစောလွင်-ဒေါ်ခင်သန်းမြင့်တို့ နေအိမ်၌ ဆွမ်းဘုဉ်းပေး ဆွမ်းအနုမောဒနာပြုပြီး အများကောင်းမှု နေ့ဆွမ်းကို ဦးလှဖေ-ဒေါ်တင်လှိုင်တို့အိမ်၌ ဘုဉ်းပေးတော်မူသည်၊ ထိုနေ့ မွန်းလွဲ ၁-နာရီ ၃၀-မိနစ် အချိန်တွင် တရုတ် သီလရှင်ကျောင်း (Temple of Enlightenment) သို့ကြွရောက်၍ သတိပဋ္ဌာန် အကျဉ်းချုပ်ကို ဟောကြားတော်မူခဲ့လေသည်၊ မေးမြန်းချက် များကိုလည်း ဖြေဆိုတော်မူခဲ့လေသည်။

စိနုပါသိကာ မန္ဒိရေ, ဝိဒူသစ္စ ပရက္ကမော၊
သတိပဋ္ဌာနံ ဒေသေသိ, သတိယာ သံယုတော သုဓီ။

အမေရိကန်သာသနာပြုခရီး အပြီးသတ်ခြင်း

နယူးယောက်မြို့၌ ခရီးတထောက်ဝင်ကြွ သီတင်းသုံး၍ သာသနာပြုတော်မူခြင်း သည် အမေရိကန်သာသနာပြု နောက်ဆုံးခရီးဖြစ်လေသည်၊ ဆရာတော်သည် ဘုရားမြတ်စွာ သာသနာတော်တည်ရေးအတွက် ကိုယ်ပင်ပန်းမှုကို ဂရုပြုတော်မမူပဲ တလခွဲကာလခန့် အမေရိကန်နိုင်ငံ၌ သဗ္ဗညုမြတ်စွာ သာသနာ တည်တံ့ပြန့်ပွားရန် အတွက် ဤမျှ ကြိုးပမ်းတော်မူခဲ့လေသည်၊

ထို ထေရုပ္ပတ္တိ စာတော်ဖတ် ... အသင် ထေရုပ္ပတ္တိစာတော်ဖတ် သည်လည်း ဆရာတော်ဘုရားကြီး နည်းကိုယူ၍ ကြိုးပမ်းရာ၏။

မဟာစည်ထေရနာမော ယတိသရော,
ကာယိကဒုက္ခံ အနပေက္ခန္တော သော၊

သုသာသနစိရဋ္ဌိတိံ ပေက္ခန္တော,
ဝါယာမံ အကာ တထာ ကရောန္တု ဘော။

ဧကူနာသီတိမပိုင်း - ဂရိတ်ဗြိတိန် (ယူနိုက်တက်ကင်းဒန်း)

ဂရိတ်ဗြိတိန် (ယူနိုက်တက်ကင်းဒန်း) နိုင်ငံသည် ဥရောပတိုက် အနောက်ဘက် ပြင်သစ်ပင်လယ်ကမ်းခြေမှ ဒိုဗာရေလက်ကြား ခြားလျက် ၂၁-မိုင် အကွာတွင် တည်ရှိလေသည်၊ အင်္ဂလန်ကျွန်းပေါ်၌ တည်ရှိသဖြင့် အင်္ဂလန်နိုင်ငံ ဟုလည်း ခေါ်ကြသည်၊ ယင်းအင်္ဂလန်ကျွန်းပေါ်တွင် ဝေလ်နယ်နှင့် စကော့တလန်နယ်တို့ ပါဝင်လျက်ရှိပြီး အိုင်ယာလန်ကျွန်းသည် အင်္ဂလန်ကျွန်း၏ အနောက်ဘက်တွင် တည်ရှိလေသည်၊ မြောက်ဘက်၌ အတ္တလန္တိတ် သမုဒ္ဒရာနှင့် မြောက်ပင်လယ်ရှိလေ သည်၊ အရှေ့ဘက်၌လည်း မြောက်ပင်လယ်ခြားလျက် နယ်သာလင်, ဘဲလ်ဂျီယံ, ဒိုဗာရေလက်ကြားနှင့် ပြင်သစ်ပင်လယ်ကမ်းခြေ တည်ရှိသည်၊

တောင်ဘက်၌ အင်္ဂလန်ရေလက်ကြား ခြားလျက် ပြင်သစ် ပင်လယ်ကမ်းခြေတည်ရှိ ၏၊ အနောက်ဘက်တွင် အိုင်ယာလန်ကျွန်းနှင့် အတ္တလန္တိတ်သမုဒ္ဒရာတို့ ဝိုင်းရံလျက် တည်ရှိသည်၊ ယင်းနိုင်ငံသည် စတုရန်း မိုင် ၄၉၂၀၉-မိုင် ကျယ်ဝန်းသည်၊ ဂရိတ်ဗြိတိန် (ယူနိုက်တက်ကင်းဒန်း) အင်္ဂလန်နိုင်ငံ၏ မြို့တော်မှာ လန်ဒန် ဖြစ်လေသည်၊ အင်္ဂလန်ကျွန်းပေါ်၌ အလျားမိုင် ၂၁၀-ခန့် ရှည်လျားသော သိမ်းမြစ်သည် အဓိကမြစ်ကြီး ဖြစ်လေသည်၊ လန်ဒန်မြို့သည် သိမ်းမြစ်ကမ်းခြေ ပေါ်၌ တည်ရှိပြီး အရေးကြီးသော သင်္ဘောဆိပ်ကမ်းမြို့ကြီးဖြစ်လေသည်။

ဂရိတ် ဗြိတိန် (အင်္ဂလန်)သို့ ကြွတော်မူခြင်း

ယင်း ကဆုန်လပြည့်ကျော် ၁၀-ရက် (၂၀-၅-၇၉) နေ့ ညနေ ၄-နာရီ အချိန်တွင် မဟာစည် သာသနာပြုအဖွဲ့သည် ဂရိတ်ဗြိတိန်နှင့် ဥရောပခရီးစဉ်အတိုင်း ဆက်လက် ဒေသစာရီ ဖြန့်ချီရန်အတွက် ကနေဒီလေဆိပ်သို့ ကြွတော်မူခဲ့လေသည်၊ နယူးယောက်မြို့ ကနေဒီလေဆိပ်မှ အမေရိကန်လေကြောင်း ကုမ္ပဏီ (PAN.AM) လေယာဉ်ဖြင့် ည ၇-နာရီ မိနစ် ၄၀-အချိန်တွင် ဂရိတ် ဗြိတိန်, အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်သို့ ထွက်ခွာတော်မူခဲ့လေသည်။

ဂရိတ်ဗြိတိန်ဝိသယမ္ပိ, မဟာစည် ယတိပုင်္ဂဝေါ၊
ဇိနသာသနံ ဇောတေတုံ, အဂဉ္ဆိ ဝီရိယဝါသုဓီ။

သံဃာတော်များ, လူပုဂ္ဂိုလ်များစွာတို့က ကြိုဆိုကြခြင်း

ကဆုန်လဆုတ် ၁၁-ရက် (၂၁-၅-၇၉) နေ့ နံနက် ၇-နာရီအချိန်တွင် ဆရာတော် ဘုရားကြီးနှင့်အဖွဲ့သည် အင်္ဂလန်နိုင်ငံ လန်ဒန်လေဆိပ်သို့ ရောက်တော်မူခဲ့ လေသည်၊ လေဆိပ်မှ ဆရာတော် အရှင်ရေဝတဓမ္မ ဦးဆောင်၍ မြန်မာ သံရုံးမှ ဒုတိယအတွင်းဝန် ဦးတင်မောင်ဦး, ကမ္ဘာ့ရေကြောင်း ဌာနချုပ် (ကုလသမဂ္ဂ) မှ ဦးစိန်ထွန်းအောင်, ဆွစ်ဇာလန်မှ မစ္စတာ မိရ်ကိုဖရီဗာ (Mr. Mirkofryba) နှင့်အင်္ဂလိပ်, ယိုးဒယား, သီဟိုဠ် သံဃာတော်ပေါင်း ၈-ပါးခန့်တို့က ဝမ်းမြောက် ဝမ်းသာ ကြိုဆိုကြသည်၊

အရှင်ရေဝတဓမ္မသည် အမေရိကန်နိုင်ငံ ဘော့စ်တွန် (Boston) မှ မေလ ၁၂-ရက် နေ့ကပင် ဆရာတော်ဘုရားကြီးထံမှ ခွဲခွာခဲ့ပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထား ရှိရန် အင်္ဂလန်သို့ ထွက်ခွာခဲ့ကာ လန်ဒန်သို့ရောက်ရှိခြင်း ဖြစ်လေသည်။

လန်ဒန်ပတ္တနေအာကာသ-ယာနတိတ္ထေ ဗဟူ ဇနာ၊
ပစ္စုဂ္ဂဏှိံသု ထေရိန္ဒံ, မဟာစည် ယတိပုင်္ဂဝံ။

ယိုးဒယားကျောင်း၌ သီတင်းသုံး, တရားဒေသနာ ဖြန့်ချီခြင်း

ဆရာတော်ဘုရားကြီးနှင့် အဖွဲ့သည် လန်ဒန်မြို့ပေါ်ရှိ ယိုးဒယားကျောင်း ဗုဒ္ဓပဒီပ (Buddha Padipa) သို့ ကြွတော်မူလေရာ နံနက် ၉-နာရီ မိနစ် ၃၀-အချိန်တွင် ရောက်ရှိတော်မူခဲ့လေသည်၊ ဦးစိန်ထွန်းအောင်နှင့် ဒေါ်လှလှတို့က ဆရာတော် ဘုရားကြီးနှင့်တကွ ယိုးဒယားကျောင်း သံဃာကုန် ၃၀-ကျော်ခန့်တို့အား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်၊ ဆရာတော်ဘုရားကြီးကို အမှီပြု၍ ကုသိုလ်ပွားကြသည်၊

မွန်းလွဲပိုင်းတွင် မြန်မာ အမြောက်အမြား ဆရာတော်ဘုရားကြီးအား လာရောက် ဖူးမြော် ကန်တော့ကြသည်၊ ညပိုင်း ၈-နာရီခန့်တွင် အင်္ဂလိပ် မြန်မာဧည့်သည် ပရိသတ် ၆၀-ခန့်တို့အား ဆရာတော်ဘုရားကြီးက ဝိပဿနာတရားအကျဉ်းချုပ်နှင့် အလုပ်ပေး တရားတော်ကို ဟောကြား ချီးမြှင့်တော်မူခဲ့လေသည်၊ အရှင် ဇနကာဘိဝံသက အင်္ဂလိပ်လို ပြန်ဆိုခဲ့လေသည်။

သုဝိပဿနာဓမ္မမ္ပိ, သင်္ခေပေန အဒေသယိ၊
မဟာစည် ထေရပုင်္ဂဝေါ, ကရုဏာသံယုတော သုဓီ။

ဆွမ်းအနုမောဒနာ ဒေသနာချီးမြှင့်, ပရိတ်ရွတ်ချီးမြှင့်

အရုဏ်ဆွမ်းကို ကျောင်းမှာပင် ဘုဉ်းပေးတော်မူ၍ ဒကာ ဦးသိန်းထွန်းနှင့် ဇနီး ဒေါ်မြမြတို့၏ နေအိမ်တွင် နေ့ဆွမ်း ဘုဉ်းပေးတော်မူသည်၊ ဆွမ်းဘုဉ်းပေးပြီး အနုမောဒနာတရား ချီးမြှင့်တော်မူသည်၊ ၎င်းပြင် ပရိတ်ရွတ်ဆို ချီးမြှောက်တော် မူခဲ့လေသည်၊ ညအခါတွင် မြန်မာများပါဝင်သော တရားနာပရိသတ် ၃၀-ကျော် တို့အား နာရီဝက်ခန့် တရားထိုင်စေတော်မူခဲ့လေသည်၊ တရားမထိုင်မီ နာရီဝက်ခန့် ဆရာတော်ဦးဇနကာဘိဝံသက တရားပေးတော်မူသည်။

မဟာစည်ထေရသေဋ္ဌောဟိ, ဓမ္မကထာ သုကောဝိဒေါ၊
အနုမောဒနံ သောကာသိ, ပရိတ္တံ သာသနောဂဓံ။

စကော့တလန်သို့ ကြွရောက်တော်မူခြင်း

▬▬▬▬▬▬▬▬
ကဆုန်လပြည့်ကျော် ၁၃-ရက်နေ့တွင် အရုဏ်ဆွမ်း ဘုဉ်းပေးတော်မူပြီးနောက် ဦးအေင်မြင့်ထွန်း-ဒေါ်ချိုချိုတို့၏ နေအိမ်တွင် နေ့ဆွမ်းဘုဉ်းပေးတော်မူသည်၊ မွန်းလွဲ ၁-နာရီတွင် လန်ဒန်မြို့ ယူစတန် (Euston) ဘူတာသို့ ကြွရောက်တော်မူ၍ မီးရထားဖြင့် စကော့တလန် (Scotland) ရှိ လော့ကာဘီ (Lockerbie) သို့ ညနေ ၆-နာရီအချိန်တွင် ရောက်ရှိတော်မူခဲ့လေသည်၊ ထိုခရီးကား မိုင် ၄၀ဝ-ခန့်ရှိသောဟူ၏၊

ဆရာတော်ဘုရားကြီး နှင့်အတူ အရှင်အဂ္ဂဓမ္မ, ဦးမြသိန်း, အမေရိကန်ပြည်မှ လိုက်ပါလာသည့် ဦးလှဖေနှင့် ဒေါ်တင်လှိုင်, ဒေါ်မြမြမြိုင်တို့လည်း မီးရထားဖြင့် လိုက်ပါခဲ့ကြသည်၊ အရှင်ဇနကဘိဝံသသည် ဒကာ, ဒကာမများနှင့်အတူ ကား ၂-စီးဖြင့်ထွက်ခွာခဲ့လေသည်၊ အရှင်ရေဝတနှင့် အဖော်ဒကာများကမူ တရက်ကြိုတင်၍ ဘာမင်ဂန်(မ်) (Birmingham) မြို့မှ ကားဖြင့် ထွက်ခွာခွဲပြီး စကော့တလန်သို့ ရောက်ရှိ၍ လော့ကားဘိဘူတာရုံမှ ကြိုဆိုလျက်ရှိလေသည်၊

ဒါယကာ မောင်မောင်ထွန်းနှင့် ဒေါက်တာ ချိုချိုထွန်းတို့လည်း ရောက်နှင့်၍ ဆရာတော်ဘုရားကြီးအား နှုတ်ခွန်းဆက်သကြသည်၊ ဆရာတော်ဘုရားကြီးက သီလ, သမာဓိ, ပညာနှင့် ပြည့်စုံသဖြင့် ရောက်ရာဌာနတိုင်းတွင် ပျားပန်းခပ်မျှ လာရောက်ချဉ်းကပ် ဖူးမြော်ကြည်ညိုကြသည်။

မဟာထေရော မဟာတေဇော, မဟာပညော မဟာသုဓီ၊
တသ္မာ ထေရိန္ဒပါဒမှိ, သမ္ဘတ္တာ ဗဟုနော ဇနာ။

စကော့တလန်တိဗက်တန်ဆမြေလင်း၌ ၆- ရက်စခန်းဖွင့်
သရဏဂုံသီလတို့၌ တည်စေခြင်း

▬▬▬▬▬▬▬▬▬▬▬
ဆရာတော်ဘုရားကြီးနှင့်အဖွဲ့သည် တိဗက် ဘုန်းတော်ကြီးကျောင်း၌ တည်းခို သီတင်းသုံးတော်မူသည်၊ ကဆုန်လပြည့်ကျော် ၁၄-ရက် (၂၄-၅-၇၉) နေ့တွင် ဦးစိန်ထွန်းအောင်နှင့် အဖွဲ့တို့က မဟာစည်ဆရာတော်နှင့်အဖွဲ့အား အရုဏ်ဆွမ်း နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြလေသည်၊ နံနက် ၈-နာရီ မိနစ် ၃၀-အချိန်တွင် ဆရာတော်ဘုရားကြီးနှင့်အဖွဲ့ တည်းခိုသီတင်းသုံးတော်မူသော တိဗက်ဘုန်းကြီး ကျောင်း ဆမြေလင်း (Samyeling) ၏ ခန်းမဆောင်တွင် ဆရာတော်ဘုရားကြီးက သရဏဂုံ ၃-ပါးနှင့်တကွ ၁၀-ပါးသီလ, ၈-ပါးသီလ, ၅-ပါးသီလတို့ကို ပရိသတ် အသီးသီးအား ပေးတော်မူခဲ့လေသည်။

အနေကေသံပိ ဇနာနံ, မဟာထေရော သုဗုဒ္ဓိမာ၊
ဒသအဋ္ဌသု သီလေသု, ပဉ္စသု ပတိဋ္ဌာပယီ။

သီလရှင်ဝတ်ပေးခြင်း,
သတိပဋ္ဌာန်တရားဟောခြင်း

▬▬▬▬▬▬▬▬▬▬▬
လန်ဒန်မှလိုက်ပါလာခဲ့သော ဒေါ်မြမြမြိုင် သီလရှင်ဝတ်လိုသဖြင့် သရဏဂုံ ၃-ပါးနှင့် ရှစ်ပါးသီလ ပေး၍ သီလရှင် ဝတ်စေတော်မူခဲ့လေသည်၊ ဒေါ်ပညာဏစာရီ ဟူသောဘွဲ့မည်ကို မှည့်ခေါ်တော်မူသည်၊ ထို့နောက် သတိပဋ္ဌာန် တရားတော်နှင့် အလုပ်ပေးတရားတော် အကျဉ်းချုပ်ကို ဟောကြားတော်မူခဲ့လေသည်၊ ဆရာတော် ကား သာသနာတော်အတွက် များစွာအလုပ်လုပ်တော်မူခဲ့လေသည်။

မဟာစည်ထေရသေဋ္ဌော ဟိ, မဟုယျမော မဟာသုဓီ၊
မဟာသုဓီနော စက္ကဿ, သသတံ ကိစ္စကာရကော။

သာမဏေဝတ်ပေး,
ရဟန်းခံပေးခြင်း, တရားဟောခြင်း

▬▬▬▬▬▬▬▬▬▬▬
၎င်းနောက် မွန်းလွဲ ၂-နာရီ မိနစ် ၃၀-အချိန်တွင် ဦးစိန်ထွန်းအောင်, ဦးအောင်ချစ်နှင့် မောင်ရွှေထွန်းကျော် တို့အား သာမဏေအဖြစ် သာသနာ့ဘောင် အရောက် ချီးမြှောက်တော်မူသည်၊ ၎င်းနောက် ၎င်းသာမဏေ ၃-ပါးတို့အား ဒုလ္လဘရဟန်းခံပေး တော်မူသည်၊ ထိုနေ့ ည ၇-နာရီ မိနစ် ၃၀-မှ ၈-နာရီမိနစ် ၃၀-အထိ ဗုဒ္ဓသာသနာ တရားတော် (The Noble teaching of the Buddha) ကို အင်္ဂလိပ်လို ဟောကြားတော်မူသည်။

စကော့တလန်ပတ္ထနေပိ, မဟာထေရော သုဇာတိမာ၊
ကတ္တဗ္ဗကာနိ ကရိတွာ, သမ္ဗုဒ္ဓသာသနန္ဓရော။

အဏုမြူလက်နက် ကန့်ကွက်ဆန္ဒပြခေါင်းဆောင်
ဂျပန်ဘုန်းကြီးနှင့် ပုဂ္ဂိုလ် ၁၃- ဦး
ဆရာတော်ကြီးအား ကန်တော့ခြင်း

▬▬▬▬▬▬▬▬▬▬▬
ကဆုန်လကွယ် (၂၅-၅-၇၉) နေ့ မွန်းလွဲ ၂-နာရီခန့်တွင် လန်ဒန်မြို့အနီး မီလတန်ကိန်း(စ်) (Milton Kemes) မှ စကော့တလန်ပြည်ကလာပ်(စ်)ဝို (Glasgow) မြို့ မိုင် ၆၀ဝ-ခန့်ဝေးကွာသော အရပ်အထိ ခြေကျင်လျှောက်၍ အဏုမြူလက်နက် ကန့်ကွက်ရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆန္ဒပြသည့် ဂျပန်ဘုန်းကြီး ခေါင်းဆောင်သော အဖွဲ့ဝင် ၁၃-ဦးတို့သည် ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီးထံ လာရောက်၍ ကန်တော့ကြသည်၊

တိုက်တိုက်ဆိုင်ဆိုင်ထူးခြားသော ဖြစ်ရပ်ဖြစ်လေသည်၊ ဆရာတော်ဘုရားကြီး၏ ကရုဏာတော်ကား စန္ဒကူး နှင်းခဲပေါင်း ထောင်သောင်းမက အေးမြလှချေ၏ တကား၊ ထိုနေ့ည ၇-နာရီမိနစ် ၃၀-မှ ၈-နာရီမိနစ် ၃၀-အထိ သတိပဋ္ဌာန် ပထမပိုင်းကို အင်္ဂလိပ်ဘာသာဖြင့် ဟောကြားတော်မူခဲ့လေသည်၊ ၎င်းနောက် ဥပုသ်ပြု ကြသည်။

သုခါဘိကာမာ မာနုဇာ, အတိဝ သုခကာမိနော၊
ထေရဿ ပါဒမူလမှိ, သမ္ဘတ္တာ နီစ ဝုတ္တိနော။

ကန်တော့ခံခြင်း,
ပြဿနာအရပ်ရပ် ဖြေဆိုခြင်း

▬▬▬▬▬▬▬▬▬▬▬
နယုန်လဆန်း ၁-ရက် (၂၆-၅-၇၉) နေ့၌လည်း ဆရာတော်ဘုရားကြီးသည် တိဗက်ဆမြေလင်းကျောင်း၌ပင် သီတင်းသုံးလျက် အရုဏ်ဆွမ်း နေ့ဆွမ်းဘုဉ်းပေး တော်မူသည်၊ မွန်းလွဲ ၂-နာရီအချိန်တွင် ဦးဟုတ်စိန် ၏သမီး ဒေါက်တာ ခင်မေစိန်, ၎င်း ၏ခင်ပွန်း ဒေါက်တာဦးမြသောင်းနှင့် သမီးများ၏ ဖူးမြော်ကန်တော့မှုကို ခံယူတော်မူသည်၊

ညနေ ၄-နာရီ အချိန်တွင် ယောဂီများ၏ အမေးကို ဖြေကြားတော်မူသည်၊ ထိုနေ့ စကော့တလန်ပြည် ဆရာတော်ဘုရားကြီး ခေတ္တသီတင်းသုံးရာ ဒေသ၌ နံနက် ၄-နာရီ မိနစ် ၅၀-တွင် အရုဏ်လာ၍ ည ၉-နာရီအချိန်တွင် နေဝင်သည်၊ ရာသီဥတု သာယာလှချေ၏။

မဟာစည်နာမဓေယျော သာဓု ဘိက္ခုစန္ဒော,
စကော့တလန်နာဂရမှိ သီတလိကရော။

ဗဟဝေါ မနုဿာ သုခသီတလာ ခေါ,
တဿ ပါတုဘာဝေါ ဇာတု အစ္ဆရိယော။

အင်္ဂလိပ်လူမျိုးယောဂီများအား ချီးမြှောက်ခြင်း,
သတိပဋ္ဌာန်တရားဟောခြင်း

▬▬▬▬▬▬▬▬▬▬▬
နယုန်လဆန်း ၂-ရက် (၂၇-၅-၇၉) နေ့တွင် ယောဂီများ ဆက်ကပ်သည့် ဆွမ်းကို ဘုဉ်းပေးတော်မူသည်၊ မနက်ပိုင်း တရားနှင့်စပ်သော ပုစ္ဆာများကို မေးမြန်းကြလေရာ ဆရာတော်ဘုရားကြီးသည် ကြာရိုးများကို ဓားပြတ်ပြတ်ဖြင့် လှီးသကဲ့သို့ ရဲရင့်စွာ လျင်လျင်မြန်မြန် ဖြေဆိုတော်မူခဲ့လေသည်၊

မွန်းလွဲ ၂-နာရီတွင် အရှင်ဇနကာဘိဝံသက တရားစစ်သည်၊ ညနေ ၃- နာရီခန့်တွင် အင်္ဂလိပ်ယောဂီ ၃-ဦးလာရောက်ဝတ်ပြု၍ တရားနှင့်စပ်သည့် ပြဿနာများကို မေးကြသည်၊ ဆရာတော်ကြီးက လွယ်ကူစွာဖြေတော်မူသည်၊ ည ၈-နာရီ ၁၅-မိနစ် မှစ၍ ၉-နာရီ ၁၅-မိနစ်တိုင်အောင် သတိပဋ္ဌာန် ပထမပိုင်းအပြီး ဟောတော်မူပြီး ဒုတိယပိုင်း တဝက်ကိုလည်း ဆက်လက် ဟောကြားတော်မူသည်။

ဆရာတော်ဘုရားကြီးသည် နိုင်ငံရပ်ခြားတိုင်းတပါး၌ ရဲရင့်တည်ကြည်စွာ သာသနာ ပြုတော်မူခဲ့လေသည်၊ မဟာစည်ဆရာတော် နေမင်းကား ယခုအခါ အတ္တ တောင်စွယ် ယွန်းကွယ်ခဲ့လေပြီ။

မဟာစည်ဘိက္ခုသူရိယော, ဝီရော သမ္ဗုဒ္ဓသာသနေ၊
အဓုနာသော အတ္ထင်္ဂတော, အဟော သင်္ခါရဓမ္မတာ။

ထူးဆန်းသောရာသီဥတု

▬▬▬▬▬▬▬▬▬
ထိုနေ့တွင် ထူးဆန်းလှစွာ နံနက် ၂-နာရီမိနစ် ၃၀-အချိန်တွင် အလင်းရောင်ခြည် ယှက်သန်းဖြာလျက် ည ၁၁-နာရီ အချိန်တွင် မှောင်စပျိုးခဲ့လေသည်၊ ဥတုရာသီ အခြေအနေမှာ မိုးရွာတလှည့် နေပူတလှည့် ဖြစ်လေသည်၊ ကမ္ဘာလောက အခြေ အနေကား တပြည့်နှင့်တပြည် တနေရာနှင့် တနေရာမတူပဲ ဆန်းကြယ်လှချေ၏ တကား။

အယံလောကော ဝိစိတ္တောစ, အနိစ္ဆော အသယံဝသီ၊
ဒေသေန ဒေသော အတုလျော, အလံတမှိ နိဗ္ဗိန္ဒိတုံ။

အင်္ဂလိပ်ယောဂီများ၏ အမေးကိုဖြေ
သတိပဋ္ဌာန်ဟော

▬▬▬▬▬▬▬▬
နယုန်လဆန်း ၃-ရက် (၂၈-၅-၇၉) နေ့ နံနက် ၉-နာရီအချိန်တွင် အင်္ဂလိပ် ယောဂီ ၄-ဦး ဆရာတော်ဘုရားကြီးအား ရှိခိုးကန်တော့ပြီး ပုစ္ဆာများ မေးလျှောက်သည်၊ ဆရာတော်ဘုရားကြီးက မဆိုင်းမတွ ဖြေကြားတော်မူသည်၊ ထိုနေ့ နေ့ဆွမ်း ဘုဉ်းပေးတော်မူပြီးနောက် အီဒင်ဘာရာ (Edinberra) မြို့သို့ ကြွတော်မူ၍ ဒေသန္တရ ဗဟုသုတကို ဆည်းပူးတော်မူသည်၊

ညပိုင်းပြန်လည်ရောက်ရှိသဖြင့် ည ၇-နာရီ ၁၅-မိနစ်အချိန်မှစ၍ ၈-နာရီ ၁၅-မိနစ် တိုင်အောင် သတိပဋ္ဌာန်တရား ဒုတိယပိုင်းကို အပြီးသတ် ဟောကြားတော်မူခဲ့ လေသည်၊ ဆရာတော်ဘုရားကြီးကား ဗဟုသုတလည်း များလှ၏၊ ဆန်းဆန်း ကြယ်ကြယ်လည်း ဟောတော်မူနိုင်၏၊ သိမ်မွေ့သောပညာရှင်ကြီးလည်း ဖြစ်တော်မူ ၏၊ ရဲရင့်လည်း ရဲရင့်တော်မူ၏၊ အယူဝါဒ များစွာတို့၌လည်း လိမ္မာကျွမ်းကျင်တော် မူပါပေ၏။

ဗဟုဿုတောစိတြကထီ, နိပုဏော စ ဝိသာရဒေါ၊
သာမယိကောစ ကုသလော, မဟာစည်ထေရကုဉ္ဇရော။

တရားစခန်းသိမ်းပွဲ ပြီးစီးခြင်း

▬▬▬▬▬▬▬▬▬▬▬
နယုန်လဆန်း ၄-ရက် (၂၉-၅-၇၉) နေ့ နံနက် ၉-နာရီ အချိန်တွင် အင်္ဂလိပ်ယောဂီ ၂-ယောက်လာ ရောက်၍ ဆရာတော်ဘုရားကြီးအား ဖူးတွေ့ပြီး တရားဓမ္မနှင့်စပ်၍ မိမိတို့စိတ်ဝယ် မရှင်းမလင်းသည်များကို မေးလျှောက်ကြသည်၊ ဆရာတော်ကြီးက လွယ်ကူစွာ ဖြေဆိုတော်မူခဲ့လေသည်၊ ယောဂီများအား အရှင်ဇနကာဘိဝံသကို ဉာဏ်စဉ်တရားဟောစေတော်မူသည်၊

ည ၇-နာရီအချိန်တွင် ဆရာတော်ဘုရားကြီးသည် ချမ်းသာရေးတရားတော် (The Way to Happiness) ကို ဟောကြားတော်မူသည်၊ ယင်းသို့ ဟောကြားတော် မူပြီးနောက် တိဗက်ကျောင်း အကြီးအကဲဖြစ်သူ အကုန်ရင်ပို့ချီ (Akoung Rim Pouche) က အခမ်း အနားတရပ်ကျင်းပပြီး တရားစခန်းသိမ်းပွဲ နှုတ်ဆက်စကား ပြောကြားလေသည်၊

ဆက်လက်၍ မြန်မာအင်္ဂလိပ် ယောဂီများက လှူဖွယ်ဝတ္ထု အသီးသီး ဆက်ကပ် လှူဒါန်းကြလေသည်၊ ဆရာတော်ဘုရားကြီးက ကောင်းမှုကုသိုလ်အရပ်ရပ်ကို ရေစက်ချပေးတော်မူသည်၊ ဒေါ်လှလှ, ဒေါ်လီ, ဒေါ်မြခင်နှင့် တိဗက်ကျောင်းမှ တိဗက်သီလရှင် အင်္ဂလိပ် အမျိုးသမီး ဟီလာရီတို့က မဟာစည်ဆရာတော်အဖွဲ့ ရောက်သည့်နေ့ကစ၍ နောက်ဆုံးနေ့အထိ ဆွမ်းကွမ်း ဝေယျာဝစ္စပြုလုပ်ကြသည်၊

၎င်းတို့၏ ဝေယျာဝစ္စ ကုသိုလ်များကိုပါ ထည့်သွင်း ရေစက်ချ အမျှပေးဝေပါသည်၊ စခန်းသိမ်းပွဲမှာ ည ၉-နာရီ အချိန်တွင် ပြီးစီးခဲ့လေသည်၊ ဆရာတော်ဘုရားကြီးက နေ့ရောညပါ တရားပေးခြင်း, တရားဟောခြင်း, ပြဿနာ ဖြေဆိုခြင်းဖြင့်သာ အချိန်ကို လွန်စေတော်မူခဲ့လေသည်၊ အနည်းငယ်သာ ကျိန်းစက်တော်မူသည်။

မဟာစည်ထေရပုင်္ဂဝေါ, မဟုယျာမော မဟာယတိ၊
ရတ္တိန္ဒိဝံ ကိစ္စကာရီ, ထေရော သုသီလသံဝရီ။

ဘာမင်ဂန်(မ်)မြို့တော်ခန်းမ၌
သတိပဋ္ဌာန်တရား ဟောခြင်း

▬▬▬▬▬▬▬▬▬▬▬
၁၃၄၁-ခုနှစ် နယုန်လဆန်း ၅-ရက် (၃၀-၅-၇၉) နေ့တွင် ဆမြေလင်း တိဗက်စခန်း၌ အရုဏ်ဆွမ်း ဘုဉ်းပေးတော်မူပြီး နံနက် ၇-နာရီ မိနစ် ၃၀-အချိန်တွင် မော်တော်ယာဉ်များဖြင့် ထွက်ခွာတော်မူခဲ့ရာ ၁၂၅-မိုင် ကွာလှမ်းသည့် ဘလက်ပူးလ် (Blackpool) မြို့သို့ နံနက် ၁၀-နာရီ မိနစ် ၃၀-အချိန်တွင် ရောက်ရှိတော်မူခဲ့ လေသည်၊ ထိုမြို့တွင် ဒေါက်တာ ဦးအောင်မြင့်နှင့် ဒေါ်သိန်းသိန်းတို့က ၎င်းတို့ ၏နေအိမ်၌ နေ့ဆွမ်းဆက်ကပ်ကြသည်၊

ထိုမှတဖန် မွန်လွဲ ၂-နာရီမိနစ် ၃၀-တွင် ထွက်ခွာတော်မူခဲ့ရာ မိုင် ၁၀ဝ-ခန့် ကွာလှမ်းသည့် ဆရာတော် အရှင်ရေဝတဓမ္မ သီတင်းသုံးရာ အင်္ဂလန်နိုင်ငံ ဘာမင်ဂန်(မ်) (Burmingham) မြို့သို့ ညနေ ၅-နာရီအချိန်တွင် ဆိုက်ရောက် တော်မူခဲ့လေသည်၊ ည ၈-နာရီအချိန်တွင် ဘာမင်ဂန်(မ်) မြို့တော်ခန်းမသို့ ကြွရောက်၍ သတိပဋ္ဌာန် တရားတော်ကို အကျဉ်းချုပ် ဟောတော်မူခဲ့လေသည်၊

ဆရာတော်အရှင်ဇနကက ဘာသာပြန်သည်၊ တရားနာဧည့်ပရိသတ် ၁၀ဝ-ခန့်ရှိရာ မြန်မာ, အိန္ဒိယ, အင်္ဂလိပ်များ ဖြစ်ကြသည်၊ ည ၁၀-နာရီ မိနစ် ၃၀-ခန့်တွင် ဘာမင်ဂန်(မ်) မြို့ပတ်ဝန်းကျင်တွင် နေထိုင်ကြသော မြန်မာများ လာရောက်၍ ဆရာတော်ဘုရားကြီးအား ဖူးမြော်ကြသည်။

ဘာမင်ဂန်နာဂရေစာပိ, နဂရသာလမန္ဒိရေ၊
သတိပဋ္ဌာနံ ဘာသိတ္ထ, မဟာစည် ပဏ္ဍိတော ဟိ ဝေ။

လန်ဒန်ပြန်ရောက်
ဥရောပခရီးစဉ်များ ဆွေးနွေးခြင်း

▬▬▬▬▬▬▬▬▬▬▬
နယုန်လဆန်း ၆-ရက် (၃၁-၅-၇၉) နေ့တွင် ဘာမင်ဂန်(မ်)ဝိဟာရ၌ အရုဏ်ဆွမ်း ဘုဉ်းပေးတော်မူပြီးလျှင် ဘူးတ်(စ်) (Boots) ဆေးဝါး ထုတ်လုပ်ရေးကုမ္ပဏီမှ အရာရှိ ဦးမောင်မောင်သန်းနှင့်ဇနီး ဒေါ်အေးသန်းတို့က ဆက်ကပ် လှူဒါန်းသည့် နေ့ဆွမ်းကို ဘုဉ်းပေးတော်မူခဲ့လေသည်၊ မွန်းလွဲ ၂-နာရီ ၄၅-မိနစ် အချိန်တွင် ဘာမင်ဂန်(မ်)မှ လန်ဒန်မြို့သို့ ထွက်ခွာတော်မူခဲ့ကြရာ ညနေ ၄-နာရီ ၄၅-မိနစ်ခန့်တွင် လန်ဒန်မြို့ ဗုဒ္ဓပ္ပဒီပယိုးဒယား ကျောင်းသို့ ရောက်ရှိကြလေသည်၊

ထိုနေ့ည ညဉ့်ဦးယံ အခါသမယတွင် စတင်ထွက်ခွာမည့် ဥရောပ ဒေသာစာရီ ခရီးစဉ်နှင့် စပ်လျဉ်း၍ အစီအစဉ်များ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

သာသနဇောတနတ္ထာယ, ဥရောပပဒေသ သုဘေ၊
မန္တိယိံသု မဟာထေရာ, မဟာစည် ပမုခါ ဟိ ဝေ။

အသီတိမပိုင်း

ပြင်သစ် (French) နိုင်ငံ

▬▬▬▬▬▬▬▬▬
ပြင်သစ်နိုင်ငံသည် အလယ်ပိုင်း ဥရောပတိုက် ၏ အနောက်ဘက်၌ တည်ရှိ လေသည်၊ အနောက်မြောက်ဘက်တွင် ဒိုဇာရေလက်ကြားနှင့် အင်္ဂလိပ် (ကဲနယ်လ်) ရေကြောင်းခြား၍ အင်္ဂလန်နိုင်ငံ (ကျွန်း) တည်ရှိသည်၊ မြောက်ဘက်တွင် ဘယ်လ်ဂျီယံနှင့် လူဇင်ဘက်နိုင်ငံတို့ တည်ရှိလေသည်၊

အရှေ့မြောက်ဘက်တွင် အနောက်ဂျာမနီ, အရှေ့ဘက်တွင် ဆွစ်ဇာန်နိုင်ငံနှင့် အီတလီနိုင်ငံ, တောင်ဘက်တွင် မြေထဲပင်လယ်, အင်ဒိုရာပြည်နှင့် စပိန်ပြည်, အနောက်ဘက်တွင် ဘစ္စကေး ပင်လယ်ကွေ့နှင့် အတ္တလန္တိတ်သမုဒ္ဒရာတို့ ဝန်းရံလျက် တည်ရှိသည်၊ ယင်း ပြင်သစ်နိုင်ငံသည် စတုရန်း မိုင် ၂၁၂၆၅၉-မိုင် ကျယ်ဝန်းသည်ဟုသိရသည်၊ မြို့တော်မှာ ပဲရစ်မြို့ ဖြစ်လေသည်။

ပြင်သစ်နိုင်ငံ သာသနာပြုကြွခြင်း,
တူနွန်မြို့သို့ ရောက်ရှိခြင်း

▬▬▬▬▬▬▬▬▬▬
၁၃၄၁- ခုနှစ် နယုန်လဆန်း ၇- ရက် ၁၉၇၉-ခုနှစ် ဇွန်လ ၁- ရက်နေ့တွင် လန်ဒန်မြို့ ခေတ္တ သီတင်းသုံးတော်မူရာ ဗုဒ္ဓပ္ပဒီပ ယိုးဒယားကျောင်း၌ နံနက်ဆွမ်းဘုဉ်းပေး တော်မူပြီးနောက် လန်ဒန်ဟိသ်ရိုး (Heath Row) လေဆိပ်သို့ ကြွရောက်တော်မူခဲ့ လေသည်၊ လေဆိပ်မှ နံနက် ၁၀-နာရီမိနစ် ၃၀-တွင် ပြင်သစ် (French) နိုင်ငံသို့ ထွက်ခွာသည့် လေယာဉ်ဖြင့် လိုက်ပါတော်မူခဲ့ရာ လီယွန် (Lyon) မြို့အနီးရှိ လေယာဉ်ကွင်းသို့ မွန်းလွဲ ၁-နာရီ မိနစ် ၃၀-အချိန်တွင် ဆိုက်ရောက်တော်မူ ခဲ့လေသည်၊

အဆိုပါလေဆိပ်သို့ တူနွန်(Tournon) မြို့ ရှိ ဗောဓိဉာဏရာမကျောင်း (Wat Bodhi Nyarnarema) မှ ဒါယကာ ဒါယိကာမများက အသင့်လာရောက်ကြိုဆို ကြပြီးလျှင် မော်တော်ယာဉ်များဖြင့် ဆရာတော်ဘုရားကြီးနှင့်အဖွဲ့ကို တူနွန်ကျောင်းသို့ ပင့်ဆောင်ကြလေသည်၊

တူနွန်မြို့မှာ လေဆိပ်နှင့် မိုင် ၇၀-ခန့် ကွာလှမ်းသည့်ပြင် ကားလမ်းလည်း ကျဉ်းမြောင်းသဖြင့် ညနေ ၄-နာရီ မိနစ် ၂၀-တွင်မှ တူနွန်မြို့သို့ ရောက်ရှိတော် မူခဲ့လေသည်၊ ရောက်လျှင်ရောက်ချင်း ဓမ္မပဋိသန္ထာရ- တရားဖြင့် အစေ့အစပ် ဟောပြောခြင်း, တရားဖြင့် နှုတ်ဆက်ခြင်းကို ပြုတော်မူသည်။

သမ္ပတ္တက္ခဏေဝ ထေရိန္ဒော, မဟာစည်ကဝိပုင်္ဂဝေါ။
ဓမ္မပဋိသန္ထာရံ သော ဟိ, ကရိ သီတလမာနသော။

ပြင်သစ်အမျိုးသား ၁၃- ဦး
ဖိုးသူတော်ဝတ်ပေးခြင်း

▬▬▬▬▬▬▬▬▬
နယုန်လဆန်း ၈-ရက် (၂-၆-၇၉) နေ့ နံနက် ၉-နာရီ မိနစ် ၃၀-အချိန်တွင် ပြင်သစ် လူမျိုး ၁၃-ဦး တို့ကို သရဏဂုံနှင့် ရှစ်ပါးသီလပေး၍ ဖိုးသူတော်ဝတ်ပေးတော်မူသည်၊ သရဏဂုံသီလ၏ အကျိုးကြီးကြောင်းကိုလည်း အကျဉ်းချုပ်၍ ဟောတော်မူသည်၊ ပြင်သစ်အမျိုးသား ၁၃-ဦးသည် ငမောက်ပတ္တမြား ရသူတို့ကဲ့သို့ ဝမ်းမြောက်နှစ်သက် ရွှင်လန်း အားတက်လျက် ဆရာတော်ဘုရားကြီး၏ စကားကို လက်ခံသိမ်းပိုက်ကြ လေသည်။

ဘာသိတံ ထေရသေဋ္ဌေန, ပဏ္ဍရဝတ္ထသံယုတာ၊
ကုလပုတ္တာဘိနန္ဒိံသု, မဏိံ ဝ သမ္ပဋိစ္ဆိသုံ။

ဆွမ်းခံကြွတော်မူခြင်း

▬▬▬▬▬▬▬▬
မဟာစည်ဆရာတော်ဘုရားကြီးသည်-

ဥတ္တိဋ္ဌေ နပ္ပမဇ္ဇေယျ, ဓမ္မံသုစရိတံ စရေ၊
ဓမ္မစာရီ သုခံ သေတိ, အသ္မိံလောကေ ပရမှိစ။

ဆွမ်းခံဝတ်၌ မမေ့မလျော့ရာ, ကောင်းစွာကျင့်အပ်သော အကျင့်တရားကို ကျင့်ကြံကြိုးကုတ် အားထုတ်ရာ၏၊ တရားကျင့်သူသည် ဤလောက, ထိုလောကမှာ ချမ်းသာစွာနေရ၏- ဟူသော ဘုရားသဗ္ဗညုသခင်က ဖခင်ဘုရင် သုဒ္ဓေါဒန မင်းတရားအား ဟောတော်မူသည့် ဒေသနာကို နှလုံးသို့တင် ဆင်ခြင်တော်မူ၍ ကျောင်းပရိဝုဏ် အတွင်း၌ နောက်ပါအဖွဲ့ဝင် ရဟန်းတော်များခြံရံ၍ ဣန္ဒြေတော် အထု လေးတောင်မျှကြည့်ကာ ဆွမ်းခံလှည့်လည်တော် မူခဲ့လေသည်။

ယင်းဆွမ်းခံရာမှရသော အမျိုးမျိုးသော ဆွမ်းဘောဇဉ်တို့ကို အာဟာရေပဋိကူလ သညာနှင့်တကွ မဟာပစ္စဝေက္ခဏာတို့ကို ဆင်ခြင်ကာ ဘုဉ်းပေးတော်မူခဲ့ လေသည်။

မဟာစည်ထေရသေဋ္ဌောတိ, လောကဂ္ဂါနုဂတော သုဓီ၊
လောကဂ္ဂသာသနဿေဝ, ဝုဒ္ဓိယာ ကိစ္စကာရကော။

အင်္ဂလိပ်ဘာသာဖြင့်
အလုပ်ပေးတရားတော် ဟောကြားခြင်း

▬▬▬▬▬▬▬▬▬▬▬
ထိုနေ့ညနေ ၃-နာရီ ၃၀-မိနစ်တွင် မဟာစည်ဆရာတော် ဘုရားကြီးသည် အင်္ဂလိပ် ဘာသာဖြင့် ဝိပဿနာ အလုပ်ပေးတရားတော်ကို ဟောကြားတော်မူခဲ့လေသည်၊ တရားပွဲတွင် ပရိသတ် ၆၀-ခန့်ရှိပြီး ပြင်သစ်နှင့်လာအို လူမျိုးများ ဖြစ်ကြသည်၊ ဆရာတော် ဟောကြားအပ်သော တရားတော်ကို ဗောဓိဉာဏာ ရာမကျောင်းမှ လာအိုဘုန်းတော်ကြီး အရှင်ဉာဏာစာရောက ပြင်သစ်ဘာသာ ပြန်ဆိုတော်မူခဲ့ လေသည်၊ တရားနာကြရသော ဥပါသကာ ဥပါသိကာတို့ စိတ်ဓာတ်ရွှင်လန်း ချမ်းသာအေးမြကြကုန်၏။

တဒါ ဗဟဝေါ မောဒန္တိ, သီတာယန္တိ သုခန္တိစ၊
ပြင်သစ်ဇနာ လာအိုဇနာ, ရတနတ္တယမာမကာ။

သာယာဆိတ်ငြိမ်သည့်ကျောင်း

▬▬▬▬▬▬▬▬▬▬▬
ထိုဗောဓိဉာဏာရာမကျောင်းတိုက်မှာ သာယာလှသည်၊ အရိပ်ရေနှင့်လည်း ပြည့်စုံ ၏၊ မြို့စွန်တောင်ကုန်းပေါ်မှာ တည်ရှိခြင်းဖြစ်၍ လေကောင်း လေသန့်လည်းရရှိ၏၊ သစ်ပင်ကြီးငယ်တို့ဖြင့် အုံ့အုံ့ဆိုင်းဆိုင်း တောရကျောင်းသဖွယ် ဆိတ်ငြိမ်လှပေသည်၊ ပြင်သစ်လူမျိုးတို့ ကုသိုလ်ပြုရာ ပုညတိတ္ထ, ပုညပတ္တ, ပုညဘူမိ ဖြစ်လေသည်၊ အနည်းငယ်သော ဗုဒ္ဓဘာသာဝင်တို့အဖို့ အရတော်လှပေသည်၊ ယင်း ကျောင်းသို့ ပြင်သစ်လူမျိုး လာအိုလူမျိုးတို့ လာရောက်တရား အားထုတ်လေ့ရှိသည် ဟူ၏။

သင်ပြစ်ပုရေ ဗောဓိဉာဏ-အာရောမော ဟိ မနောဟရော၊
သမန္တာ ဒူမပန္တိ ဟိ, မဏ္ဍိတော သောဘနော ဟိ ခေါ။

လာအို ဗီယက်နမ်အမျိုးသား ၈၀- ခန့်
လာရောက် လှူဒါန်းကြ

▬▬▬▬▬▬▬▬▬▬▬
ဆရာတော်ဘုရားကြီး၏ သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ် သတင်းတို့မှာ ကမ္ဘာ အရပ်ရပ်တွင် သင်းပျံ့ကြိုင်လှိုင်၍နေ၏၊ သို့ဖြစ်၍ ဆရာတော်ဘုရားကြီး ရောက်ရာ ဒေသတိုင်း၌ ပူဇော်သူ, ပြဿနာမေးသူ, တရားနာသူတို့မှာ ပျားပန်းခပ်မျှ မြားမြောင်လှကုန်၏၊ ဆရာတော်ဘုရားကြီး ပြင်သစ်နိုင်ငံ တူနွန်မြို့ ဗောဓိဉာဏရာမ ကျောင်းတိုက်သို့လည်း လာအိုနှင့် ဗီယက်နမ် အမျိုးသား ၈၀-ခန့်တို့ လာရောက်၍ ဆရာတော်ဘုရားကြီးအား လှူဖွယ်ဝတ္ထု အမျိုးမျိုးတို့ဖြင့် ကပ်လှူပူဇော် နေ့ဆွမ်း ဆက်ကပ်ကြသည်။

မဟာစည်ထေရသေဋ္ဌော ဟိ, သီလတေဇေနကာသုရော၊
သမာဓိပညာတေဇောဟိ, ပဇ္ဇလန္တော ဒိဝါနိသံ။
ကေနေဝ ဇနာ သမ္ဘတ္တာ, ထေရပါဒမ္ဗုဇေ ဒွယေ။

ချမ်းသာရေးတရား ဟောကြားခြင်း

▬▬▬▬▬▬▬▬▬▬▬
ဗောဓိဉာဏာရာမကျောင်းမှာ ပင်လယ်ရေပြင်မှ မီတာ ၃၀ဝ-ခန့်မြင့်သည့် ကုန်းမြေ ပေါ်၌ တည်ရှိခြင်းကြောင့် ရာသီဥတုမျှတသည်၊ ထိုနေ့ညနေ ၃-နာရီ မိနစ် ၃၀-တွင် ဆရာတော်ဘုရားကြီးက ယောဂီပရိသတ်အား ချမ်းသာရေး တရားတော် (The Way to Happiness) ကို ဟောကြား၍ လာအိုဘုန်းကြီးက ပြင်သစ်စကားဖြင့် ပြန်ဆိုတော် မူခဲ့လေသည်။

တူနွန်ပုရေဗေဓိဉာဏ-အာရာမေပိ မနောရမေ၊
သုခမဂ္ဂသုဓမ္မမ္ပိ, ဒေသယိ ယတိသေခရော။

ဆွစ်ဇာလန်နိုင်ငံ

▬▬▬▬▬▬▬
ဆွစ်ဇာလန်နိုင်ငံသည် ဥရောပတိုက် ၏ အလယ်ဗဟိုတွင် တောင်တန်းများ ပတ်လည် ဝိုင်းရံလျက် ရှိလေသည်၊ မြောက်ဘက်တွင် ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့ တည်ရှိ၍ အရှေ့ဘက်တွင် ဩစတြီးယား, လစ်ချီတန်စတိန်းနှင့် အီတလီနိုင်ငံ တို့တည်ရှိသည်၊ တောင်ဘက်တွင် အီတလီနိုင်ငံတည်ရှိ၍ အနောက်ဘက်တွင် ပြင်သစ်နိုင်ငံ တည်ရှိလေသည်၊ စတုရန်းမိုင် ၁၅၉၄၄-မိုင် ကျယ်ဝန်းလေသည်၊ မြို့တော်မှာ ဂျနီဗာမြို့ ဖြစ်လေသည်။

ဆွစ်ဇာလန်သို့ ကြွတော်မူခြင်း

▬▬▬▬▬▬▬▬▬▬▬
နယုန်လဆန်း ၁၀-ရက် (၄-၆-၇၉) နေ့ နံနက် ၆- နာရီ မိနစ် ၃၀-အချိန်တွင် အရုဏ်ဆွမ်းဘုဉ်းပေးတော်မူပြီးနောက် တူနွန်မှ ဆွစ်ဇာလန်ပြည်သို့ ရှေ့ရှုလျက် ကီလိုမီတာ ၂၀-ခန့်ဝေးကွာသော ဗားလင့်စ် (Valance) မြို့သို့ နံနက် ၈-နာရီ မိနစ် ၂၀-ခန့်တွင် မော်တော်ယာဉ်ဖြင့် ထွက်ခွာတော်မူခဲ့လေသည်၊ ထိုမြို့သို့ နံနက် ၉- နာရီခန့်တွင် ရောက်တော်မူသည်၊

တဆင့်မီးရထားဖြင့် ကင်ဗာရီမြို့သို့ ဆက်လက်ကြွတော်မူသည်၊ တဖန် ကင်ဗာရီမှ နေ့ ၁၂-နာရီ ၄၅-မိနစ်တွင် ဆက်လက်၍ စီးနင်းလိုက်ပါခဲ့ရာ ရထားမှာ ကွေ့ကောက် လှည့်ပတ်လျက် နှင်းမြူဆောင်းသည့် တောင်တန်းအသွယ်သွယ်ကို ပတ်လျက် ဂျီနီဗာ (Geneva) မြို့သို့ နေ့ ၁-နာရီ ၃၅-မိနစ် အချိန်တွင် ဆိုက်ရောက်ခဲ့လေသည်၊ ဘူတာရုံမှ တနာရီခန့် အတွင်းတွင် ရထားပြောင်းစီးကာ ခရီးဆက်ပြန်ရာ “တိယန်” မြို့သို့ ညနေ ၄-နာရီ ၁၅-မိနစ်အချိန်တွင် ရောက်ရှိလေသည်၊

တဖန် ထိုမှတဆင့် ရထားပြောင်းစီး၍ ကြွတော်မူရာ “စိန့်အီမီယာ” သို့ ၄-နာရီမိနစ် ၅၀-အချိန်တွင် ဆိုက်ရောက်လေသည်၊ ယင်းဘူတာရုံ၌ ဒေါက်တာ မီရ်ကိုဖရီဗာ (Dr. Mirko Freba) နှင့် ဦးသိန်းအောင်နှင့် မိသားစု (မြန်မာသံမှူး) နှင့် မြန်မာ မိသားစုများလာရောက် ကြိုဆိုလျက် ရှိကြလေသည်၊ ဆရာတော်သည် ပင်ပန်းမှုကို ပမာဏမပြုပဲ ဘုရားသဗ္ဗညု သာသနာပြုရေးအတွက် ဤမျှ ကြိုးပမ်းတော်မူခဲ့ လေသည်။

ကာယခေဒံ အနပေက္ခော သပညော,
သာသနကရေ ဒဠှစ္ဆန္ဒော ဧသော၊

အဘိယုဉ္ဇိ သတ္တာနံ ဟိတာယခေါ,
တသ္မာ စက္ကဝုဍ္ဎိယာ အာရမ္ဘဝေါ။

ဟိုတယ်ငယ်တခု၌
သီတင်းသုံး သာသနာပြု

▬▬▬▬▬▬▬▬▬
ထိုဒေသ၌ ဆွစ်ဇာလန်ပြည် ၏ သဘာဝ ရှုမျှော်ခင်းဖြစ်သည့် တောင်အဆင့်ဆင့်နှင့် ကုန်းမြင့်မြင့်များ ပေါကြွယ်လှသည်၊ စိန့်အီမီယာဘူတာနှင့်မနီးမဝေး မီတာ (၁၂၀ဝ) မြင့်မားသည့် “မောင့်တ်ဆိုလေး” (Mount Soleid) အရပ်ရှိ ဟိုတယ်တခုတွင် ဆရာတော်ဘုရားကြီးနှင့်အဖွဲ့ တည်းခိုကြလေသည်၊ ထိုဟိုတယ်မှာ ငယ်သည်ဟု ဆိုသော်လည်း သုံးထပ် အဆောက်အအုံဖြစ်ပြီး ဟိုတယ်တခုလုံး မဟာစည် သာသနာပြု အဖွဲ့အတွက် ဒကာများက ကြိုတင်ငှားရမ်းထားခဲ့ကြသည်၊

ဆရာတော်ဘုရားကြီးနှင့်အဖွဲ့သည် အပေါ်ဆုံးထပ်၌ သီတင်းသုံး၍ အလယ်ထပ်၌ အမျိုးသားယောဂီများကို နေရာချထားခဲ့လေသည်၊ အောက်ဆုံးထပ်ကိုမူ တရား ထိုင်ခြင်း တရားဟောခြင်းအတွက် သတ်မှတ်ထားလေသည်၊ အမျိုးသမီးယောဂီများ အတွက် မူလက ဤဟိုတယ်၌ပင် စီစဉ်ထားသော်လည်း ဒေါက်တာအရှင်ရေဝတဓမ္မ ၏ မိန့်ကြားချက်အရ ဆရာတော်များမှာ သဟသေယျ အာပတ်လွတ်ရန် လဲလျောင်း၍ ချမ်းသာစွာ ကျိန်းစက်စေနိုင်ရန် တာဝန်ခံပုဂ္ဂိုလ်များက အမျိူးသမီး ယောဂီများကို အနီးရှိ အခြားဟိုတယ်သို့ ရွေ့ပြောင်းပေးသည်၊ ထို့ကြောင့် ထိုဌာန၌ ၇-ပတ်လုံး ချမ်းသာစွာ သီတင်းသုံးတော်မူကြသည်။

ဧဝံ ဟိ ပထိကာဂါရေ, ဝသိတွာ ထေရကုဉ္ဇရော၊
ဓမ္မံ သော ဟိ အကာသိတ္ထ, ကရုဏာ ပုဏ္ဏမာနသော။

ယောဂီပေါင်း ၃၀- တရားအားထုတ်ကြ

▬▬▬▬▬▬▬▬▬▬▬
ဤ “မောင့်တ်ဆိုလေး” အရပ်၌ ၁၀-ရက်စခန်းဖွင့်၍ တရားဓမ္မဟောကြားပြသခြင်း, ဘာဝနာစီးဖြန်းခြင်း, အားထုတ်ခြင်းများ ပြုခဲ့ကြရာ အမျိုးသား အမျိုးသမီးယောဂီ စုစုပေါင်း ၃၀-တရားဝင် ကြလေသည်၊ ၎င်းတို့အားလုံး ဥရောပတိုက်သားချည်း ဖြစ်ကြ၍ သရဏဂုံ ၃-ပါး၌ ယုံမှားမဲ့တည်သူများ ဖြစ်ကြလေသည်၊ ထိုစခန်း၌ အမေရိကန်မှလိုက်ပါလာကြသူ ဦးလှဖေနှင့် ဒေါ်တင်လှိုင်တို့လည်း အခါမလပ် တရားရှုမှတ်ကြသည်။

မောင့်တ်ဆိုလေး ပဒေသမှိ, တိံသမတ္တာဟိ ယောဂိနော၊
ဝိပဿိံ သု သုပသန္နာ, သဒ္ဒဟန္တာဝ သာသနေ။

တရားထိုင် တရားစစ်
ဆရာတော်ကြီး သတိပဋ္ဌာန်ဟောခြင်း

▬▬▬▬▬▬▬▬▬▬▬
နယုန်လဆန်း ၁၁-ရက် (၅-၆-၇၉) နေ့ မိုးသောက်အချိန် သယမမှစ၍ နံနက်ခင်း တလျှောက်လုံး နှင်းများဖြင့် ညိုမှိုင်းရီပြာ ဝေဖြာလျက်ရှိသဖြင့် တမျိုးကြည်နူးစရာ ဖြစ်သည်၊ တကယ်တော့ ရာသီဥတုက ဆရာတော်ဘုရားကြီး၏ သာသနာပြု လုပ်ငန်းကို ကြိုဆိုသကဲ့သို့ရှိလေသည်၊ နံနက် ၇-နာရီ မိနစ် ၃၀-အချိန်မှ ၉-နာရီ အထိ အရှင်အဂ္ဂဓမ္မသည် ယောဂီများနှင့်အတူ တရားထိုင်ခဲ့လေသည်၊

မွန်းလွဲအချိန်တွင် ယောဂီအပေါင်းသည် ဆက်လက်၍ ကိုယ်စီကိုယ်င ဘာဝနာ ကမ္မဋ္ဌာန်း ဆက်လက်စီးဖြန်းကြသည်၊ နေ့လယ်တွင် အရှင်ဇနကာဘိဝံသက တရားစစ်သည်၊ မိုးဒေဝါလည်း ရွာလေမစဲရှိလေ၏၊ ည ၇-နာရီ မိနစ် ၃၀-အချိန် မိုးစဲသော်လည်း တရားသံက မစဲသေးချေ၊ ဆရာတော်ဘုရားကြီးသည် သတိပဋ္ဌာန် တရားတော် ပထမပိုင်းကို အင်္ဂလိပ်လိုဟောပြောတော်မူရာ ၈-နာရီ မိနစ် ၃၀- အချိန်တွင် တရားပွဲ ရုပ်သိမ်းခဲ့လေသည်။

သတိပဋ္ဌာနဘေရိမ္ပိ, အဟနီယတိ သေခရော၊
သောကာ အပဂမာယ, သဒါ ဒဠှပရက္ကမော။

တရားထိုင်, တရားဟော, တရားစစ်
ဆရာတော်ကြီး သတိပဋ္ဌာန်ဟောခြင်း

▬▬▬▬▬▬▬▬▬▬▬
နယုန်လဆန်း ၁၂-ရက် (၆-၆-၇၉) နေ့ ၅-နာရီအချိန်တွင် အရုဏ်ဆွမ်းဘုဉ်းပေး တော်မူပြီး အရှင်အဂ္ဂဓမ္မ ယောဂီများနှင့်အတူ ၅-နာရီ ၄၅-မိနစ်မှ ၆-နာရီ ၁၅-မိနစ်အထိ တကြိမ်, နံနက်ပိုင်း ၇- နာရီမှ ၈-နာရီ ၁၅-မိနစ်အထိ တရားထိုင် လေသည်၊ မွန်းလွဲတွင် ယောဂီများ ဆက်လက်တရားအားထုတ်ကြသည်၊ နေ့လယ် ၂-နာရီတွင် အရှင်ဇနကာဘိဝံသက ဝိပဿနာတရားချီးမြှင့်သည်၊ ညနေ ၄-နာရီတွင် အရှင်ဇနကာဘိဝံသ တရားစစ်သည်၊ ညပိုင်းတွင် ၇-နာရီမိနစ် ၃၀-မှစ၍ ၈-နာရီ မိနစ် ၃၀-အထိ ဆရာတော် ဘုရားကြီးက သတိပဋ္ဌာန် ဒုတိယပိုင်းကို အင်္ဂလိပ်လို ဟောကြားတော်မူသည်။

ဘုရားမြတ်စွာ ကုရုတိုင်းသားတို့အား
ဟောတော်မူသည့်နည်းတူ ဟောတော်မူခြင်း

▬▬▬▬▬▬▬▬▬▬▬
ဥစ္စာပေါများသောအမျိုးသားသည် ရွှေသေတ္တာကိုရ၍ ရွှေသေတ္တာ၌ ရတနာ ၇- ပါး တို့ကို ထည့်သွင်းသိုမှီးသကဲ့သို့ ဘုရားမြတ်စွာသည် ရွှေသေတ္တာနှင့်တူသော ကုရုတိုင်းသား ပရိသတ်လေးပါးကိုရ၍ ကမ္ဗလာကုန်သည် သည်ကမ္ဗလာ၏ ဖြစ်ရာ ဇာတိစသော ဂုဏ်ကိုပြသကဲ့သို့ သတ္တာနံ ဝိသုဒ္ဓိယာ စသော ၇-ပါးသော ဂုဏ်ကို ပြတော်မူလျက် အာနာပါနပဗ္ဗစသော ၂၁-ပါးသောအရာတို့၌ ဘာဝနာကံ ၏တည်ရာ အာနာပါနစသော ကမ္မဋ္ဌာန်းကို အရဟတ္တဖိုလ်၌ ကောင်းစွာ ထည့်ကာ စိုးရိမ် ပူဆွေးခြင်း, မြည်တမ်းခြင်း, ကိုယ်ဆင်းရဲခြင်း, စိတ်ဆင်းရဲခြင်း, စိတ်နှလုံး မသာယာခြင်း ဟူသော လေးပါးသော ဥပဒ္ဒဝေါကို ပယ်ဖျောက်တတ်သော ကိလေသာဘင် စင်ကြယ်ခြင်း, အရိယာမဂ်ကိုရခြင်း, နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း ဟူသောအကျိုး ၃-ပါးကို ဆောင်တတ်သော နက်နက်နဲနဲ ခက်ခဲသော ရတနာ ၇-ပါး အဟန် သုတ္တန်ကို ဘုရားမြတ်စွာ ဟောတော်မူသကဲ့သို့ မဟာစည်ထေရ်ကျော် မြတ်ဘုန်းမော်သည် ဆွစ်ဇာလန် ပရိသတ်အား မဟာသတိပဋ္ဌာန် သုတ္တန်ကို အင်္ဂလိပ်ဘာသာဖြင့် ဟောတော်မူခဲ့ပါလေသတည်း။

လဒ္ဓါပေါသော သုမဉ္ဇူသံ, ရတနာနိစ နိဒ္ဒဟေ၊
ဧဝံ ဒေသေတိ ဂမ္ဘီရံ, ဘဂဝါ ကုရုဝါသီနံ။

ဧကဝီသတိဌာနေသု, အရဟတ္တေ သုခေပိယ,
သောကာဒူပဒ္ဒဝဂ္ဃါတံ, ဝိသုဒ္ဓဒိဋ္ဌမာဝဟံ။

ပဏ္ဍုကမ္ဗလဝဿောဝ, သတ္တဝဏ္ဏံ ပကာသယံ,
ဧဝံ မဟာစည်ထေရောပိ, ဆွစ်ဇာလံ ပသိဒ္ဓေ ပုရေ။

တိဗက်ဘုန်းကြီးနှင့် ဗုဒ္ဓသာသနာ ပြန့်ပွားရေးဆွေးနွေး

နယုန်လဆန်း ၁၃-ရက် (၇-၆-၇၉) နေ့တွင် ယမန်နေ့ကကဲ့သို့ပင် အလင်းအဝန်း မှစ၍ ယောဂီများတရားထိုင်ကြသည်၊ ဆရာတော်ဘုရားကြီးနှင့် အဖွဲ့ဝင် ရဟန်းတော်များသည် ၇-နာရီ ၁၅-မိနစ်တွင် ဦးလှဖေ, ဦးစိန်နှင့် မစ္စတာဖရီဗားတို့ လိုက်ပါလျက် ဂျီနီဗာမြို့သို့ ကြွတော်မူသည်၊ ဂျီနီဗာသို့ နံနက် ၁၀-နာရီအချိန်တွင် ရောက်တော်မူသည်၊ မြန်မာသံမှူး ဦးသိန်းအောင်အိမ်၌ နေ့ဆွမ်း ဘုဉ်းပေး တော်မူသည်၊

ထိုအချိန်တွင် ဂျီနီဗာသို့ ရန်ကုန်မှ ရောက်ရှိနေသော အလုပ်သမားရေးရာ ဝန်ကြီးနှင့် အဖွဲ့သည် ဆရာတော်ဘုရားကြီးအား ကန်တော့ကြသည်၊ မွန်းလွဲ ၁- နာရီ ၁၅-မိနစ်တွင် ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂဆိုင်ရာ အဆောက်အအုံများနှင့် အခြားရှုခင်း များကို ကားဖြင့်လှည့်လည်ကြည့်ရှုတော်မူသည်၊ ၎င်းနောက် ပြန်လည်ထွက်ခွာခဲ့ပြီး လမ်းခရီးအကြား မောင့်ပလဲရင်းမြို့ရှိ တိဗက်ဘုန်းကြီးကျောင်းသို့ ခေတ္တဝင်ရောက် တော်မူသည်၊

တိဗက်ဘုန်းကြီးနှင့် ဆရာတော်ဘုရားကြီးသည် ဗုဒ္ဓသာသနာ ပြန့်ပွားရေး လုပ်ငန်းကို ဆွေးနွေးတော်မူသည်၊ ၎င်းကျောင်း၌ တိဗက်လာမား (Lama) ၂-ဦး, ဥရောပတိုက်သား လာမား ၁၆-ဦးနှင့် တရားအားထုတ်ဆဲ ဥရောပတိုက်သား ယောဂီ ၆၀-ခန့် ရှိသောဟူ၏၊ ဆက်လက်ထွက်ခွာတော်မူခဲ့ရာ မောင့်တ်ဆိုလေးသို့ ည ၈-နာရီ ၁၅-မိနစ်တွင် ဆိုက်ရောက်တော်မူသည်။

တိဗက်လာမား နာမကေန, မဟာသယေနဓီတိမာ၊
သာကစ္ဆံ သော ဟိ အကာသိ, မဟာစည်ပစ္ဆိတော ဝိဒွါ။

ချမ်းသာရေးတရားဟောကြား, မေးခွန်းများ ဖြေဆိုခြင်း

နယုန်လဆန်း ၁၄-ရက် (၈-၆-၇၉) နေ့တွင် မောင့်တ်ဆိုလေး ခါတိုင်းကဲ့သို့ပင် နံနက်စောစောအချိန်မှစ၍ ညနေတိုင် အချိန် သတ်မှတ်ချက်နှင့်အညီ ယောဂီများ တရားထိုင်ကြသည်၊ တရားပွားများကြသည်၊ ညပိုင်း ၇-နာရီ ၃၀-မိနစ်မှ ၈-နာရီ ၃၀-မိနစ်အထိ ဆရာတော်ဘုရားကြီးက ချမ်းသာရေးတရားတော်ကို အင်္ဂလိပ်လို ဟောကြားတော်မူသည်၊ ယောဂီများ မေးသမျှကို ဖြေကြားတော်မူသည်၊ အရှင် ဇနကာဘိဝံသကလည်း တရားဟော တရားစစ်သည်။

သုခမဂ္ဂသုဓမ္မမ္ပိ, အဒေသယိ သုဓီတိမာ၊
အနုယောဂမ္ပိ ဝိဿဇ္ဇိ, မဟာစည် ယတိဘာဏုမာ။

ဒီကင်မြို့၌တရားပြခြင်း, တရားဟောခြင်း စသည်

နယုန်လပြည့်နေ့ (၉-၆-၇၉) နေ့ နံနက်စောစောပိုင်းတွင် အရှင်အဂ္ဂဓမ္မသည် အခါတိုင်းကဲ့သို့ ယောဂီများနှင့်အတူ တရားထိုင်ခဲ့လေသည်၊ ထိုနေ့တွင် စခန်းသိမ်းနေ့ ဖြစ်သဖြင့် ယောဂီများစုပေါင်း သန့်ရှင်းရေးလုပ်ငန်း အဝဝကို တက်ကြွစွာ လုပ်ဆောင်ကြသည်၊ ထို့နောက် နံနက် ၉-နာရီ အချိန်တွင် သံဃာတော် များနှင့်တကွ ယောဂီများ တပေါင်းတည်းစု၍ အမှတ်တရ ဓာတ်ပုံရိုက်ကြသည်၊

၎င်းနောက် အနီးရှိ စပို့ဟိုတယ်သို့ ရွှေ့ပြောင်းကြသည်၊ စပို့ဟိုတယ်၌ ဘန်း (Beme) မြို့မှရောက်လာသည့် ဓမ္မအဖွဲ့က သံဃာကုန် ယောဂီကုန် ဆွမ်းကပ်ကျွေးမွေး လှူဒါန်းကြသည်၊ မွန်းလွဲ ၂-နာရီ မိနစ် ၃၀-အချိန်တွင် စိန့်အီမီယန်ဘူတာရုံသို့ ထွက်ခွာတော်မူခဲ့ကြရာ အမေရိကန်မှ လာရောက်သူ ဦးစိန့်နှင့် ဂျီနီဗာမှ ဦးသိန်းဖေ တို့လည်း အတူလိုက်ပါကြသည်၊ မစ္စတာမီရ်ကိုဖရီးဗားလည်း လိုက်ပါခဲ့သည်၊

စိန့်အီမီယန်ဘူတာမှ မွန်းလွဲ ၂-နာရီ မိနစ် ၃၀-ထွက် ရထားဖြင့် စီးနင်းလိုက်ပါ တော်မူခဲ့ကြလေရာ “ဘီယန်” ဘူတာသို့ ၃-နာရီ ၁၅-မိနစ်တွင် ဆိုက်ရောက်ခဲ့ လေသည်၊ ထိုဘူတာ၌ ရထားတဆင့်ပြောင်းစီးတော်မူကြပြီး ဇူးရစ် (Zurich) သို့ ၄-နာရီ ၄၅-မိနစ် အချိန်တွင် ဆိုက်ရောက်လေသည်၊

ထိုမှတဖန် ရထားပြောင်းစီး၍ ထွက်ခွာခဲ့ပြန်ရာ ဂိုသန်ဘူတာသို့ ၆-နာရီ ၅-မိနစ် အချိန်တွင် ရောက်ရှိခဲ့လေသည်၊ ထိုဘူတာမှ အသင့်ကြိုဆိုနေကြသည်၊ မစ္စတာ ကွေအိုအွန်တင်နှင့် ဇနီးတို့ ကားဖြင့် တဆင့်ပင့်ဆောင်၍ ၁၂-ကီလိုမီတာ ဝေးကွာသော ဒီကင်မြို့ငယ်ကလေးသို့ ညနေ ၆-နာရီ မိနစ် ၃၀-တွင် ရောက်ရှိခဲ့ လေသည်၊ ထိုမြို့ကလေးမှာ တောင်ပေါ်၌ တည်ရှိပြီး နွားတိရစ္ဆာန်မွေးမြူရေးဖြင့် အသက်မွေးဝမ်းကျောင်းပြုသူအများ နေထိုင်ကြသည်၊

ထိုဒေသရှိ ကမ္မဋ္ဌာန်း ရိပ်သာမှာ လွန်စွာသပ်ရပ် ကောင်းမွန်သော သုံးထပ် အဆောက်အအုံဖြစ်ပြီး ဆရာတော်ကြီးနှင့် ရဟန်းတော်များက အပေါ်ဆုံးထပ်၌ သီတင်းသုံးတော်မူ၍ အလယ်ခန်းတခန်း၌ ကပ္ပိယဦးမြသိန်းအား နေရာချထားခဲ့ လေသည်၊ ထိုအလယ်ထပ်၌ ထမင်းစားခန်း, စာကြည့်ခန်း စသည်တို့ရှိလေသည်၊ မြေညီထပ်၌လည်း အခန်းတော်တော်များများ ရှိရာအခြား ဒါယကာများ ချမ်းသာစွာ နေနိုင်ကြလေသည်၊

နယုန်လပြည့်ကျော် ၁-ရက် (၁၀-၆-၇၉) နေ့တွင် အရုဏ်ဆွမ်းဘုဉ်းပေးပြီး ရောက်ရှိ လာကြသော ဒကာ, ဒကာမ ၂၀-ခန့်တို့အား သရဏဂုံ ငါးပါးသီလပေး၍ တရားအနည်းငယ် ဟောတော်မူလေသည်၊ နောက်တွင် သတိပဋ္ဌာန်အလုပ်ပေး တရားတော်ကို ဟောတော်မူခဲ့လေသည်၊ ၁၅-မိနစ်ခန့် တရားထိုင်စေတော်မူသည်။

ဒီကင်ဝှခုဒ္ဒနဂရေ, ထေရော ထိရေသုသဏ္ဌိတော၊
ဗဟဝေါ ဓမ္မမေဃေန, ဝဿာပယိ အနေကဓာ။

စင်တီတောင်ထိပ် ကြွတော်မူခြင်း

နယုန်လပြည့်ကျော် ၂-ရက် (၁၁-၆-၇၉) နေ့ နံနက် ၅-နာရီ မိနစ် ၃၀-တွင် ဒေသ ဓလေ့အလိုက် လက်ဖက်ရည်, ကိတ်မုန့်, ထောပတ်, အုတ်စ် (Oats) နှင့် ပေါင်မုန့် များဖြင့် အထွတ်အမြတ် ဆက်ကပ်လှူဒါန်းကြသည်ကို ဘုဉ်းပေးတော်မူကြသည်၊ ဆရာတော်ဘုရားကြီးက ယထာလာဘ သန္တောသဂုဏ်နှင့် ပြည့်စုံတော်မူသည်၊ နံနက် ၇-နာရီမိနစ် ၃၀-တွင် ဆရာတော်ဘုရားကြီးသည် စင်တီတောင်ထိပ်သို့ ဓာတ်ရထားဖြင့် ကြွတော်မူခဲ့လေသည်၊ ထိုနေရာသို့ရောက်အောင် တည်းခိုရာ ကျောင်းမှ ကီလိုမီတာ ၃၀-ကားဖြင့် သွားရလေသည်၊ ၁၁-နာရီမိနစ် ၃၀-တွင် သက်သတ်လွတ်ဆွမ်းကို ဘုဉ်းပေးတော်မူခဲ့လေသည်။

အဂဉ္ဆိ စင်တီသေလမ္ပိ, ဓာတုရထေန ဓာတုသု၊
ကောဝိဒေါ ထေရပါမောက္ခော, ဣက္ခန္တော ဓာတုပုဉ္ဇကံ။

ဇူးရစ်တက္ကသိုလ်၌ သတိပဋ္ဌာန်တရားဟောခြင်း

နယုန်လပြည့်ကျော် ၃-ရက် (၁၂-၆-၇၉) နေ့ ၈-နာရီ ၅၅-မိနစ်တွင် ဒီကင်မြို့ ကလေးမှ ဇူးရစ်မြို့သို့ မော်တော်ယာဉ်များဖြင့် ထွက်ခွာတော်မူခဲ့ကြရာ နံနက် ၉-နာရီ မိနစ် ၅၀-အချိန်တွင် ဇူးရစ် (Zurich) မြို့သို့ ဆိုက်ရောက်တော်မူခဲ့လေသည်၊ ဆရာတော်ဘုရားကြီးနှင့်အဖွဲ့သည် ဇူးရစ်မြို့ ဇူးရစ်ဘတ်ဟိုတယ်၌ ခေတ္တတည်းခို တော်မူခဲ့လေသည်၊

ဆရာတော်တို့အဖွဲ့ရောက်၍ မကြာမီ ဇူးရစ် တက္ကသိုလ်မှ ပါမောက္ခဟန်ကင် ဆရာတော်ကြီးအား လာရောက်ဖူးမြော်လေသည်၊ မွန်းလွဲ ၂-နာရီအချိန်တွင် မြို့တွင်းကြွ၍ ဒေသန္တရဗဟုသုတ အဝဝကို ဆည်းပူတော်မူ၍ ညနေ ၅-နာရီ အချိန်တွင် ပြန်လည်ရောက်ရှိ တော်မူခဲ့လေသည်၊

ည ၇-နာရီတွင် ပါမောက္ခဟန်တင် ထပ်မံရောက်ရှိ လာပြန်၍ တက္ကသိုလ် ကြွရောက်၍ တရားဒေသနာ ဟောတော်မူရန် လျှောက်ထားလေသည်၊ သို့နှင့် ဆရာတော် ဘုရားကြီးသည် ဇူးရစ်တက္ကသိုလ်သို့ ကြွရောက်၍ တရားနာပရိသတ် ၁၅၀-ခန့်တို့အား သရဏဂုံနှင့် ငါးပါးသီလပေး၍ သတိပဋ္ဌာန်တရား အကျဉ်းချုပ်ကို ဟောတော်မူခဲ့လေသည်၊ အရှင်ဇနကာဘိဝံသက အင်္ဂလိပ်လိုပြန်၍ မစ္စတာမိရိကိုက ဂျာမန်ဘာသာ ပြန်ကြားပေးသည်၊ ၁၅-မိနစ်ခန့် ဆရာတော်ဘုရားကြီး ကိုယ်တိုင် ဟော၍ အရှင်ဇနကာဘိဝံသကို ဆက်လက်ဟောစေတော်မူခဲ့လေသည်၊ ည ၉-နာရီ မိနစ် ၃၀-ခန့်တွင် တရားပွဲ ပြီးဆုံးသည်။

ဇူးရစ်ဝိဇ္ဇာလယေစာပိ, မဟာစည်ထေရကုဉ္ဇရော၊
ဓမ္မံ သော ဒေသယိတွာန, အနုဂ္ဂဟီ သုဗုဒ္ဓိမာ။

အီတလီသမ္မတနိုင်ငံ

အီတလီသမ္မတနိုင်ငံသည် မြေထဲပင်လယ်ဒေသတွင် တည်ရှိသောကျွန်းဆွယ်နိုင်ငံ တနိုင်ငံဖြစ်သည်၊ မြေထဲပင်လယ်တွင်းရှိ ဆားဒီးနီးယားကျွန်းနှင့် စီဆီလီကျွန်းတို့ သည်လည်း အီတလီနိုင်ငံတနိုင်ငံဖြစ်ကုန်၏၊ စတုရန်းမိုင် ၁၁၆၄၀၃-မိုင် ကျယ်ဝန်း လေသည်၊ မြို့တော်မှာ ရောမမြို့ ဖြစ်လေသည်။

အီတလီ (Italy) နိုင်ငံသို့ကြွတော်မူခြင်း

၁၃၄၁-ခုနှစ် နယုန်လပြည့်ကျော် ၄-ရက် (၁၃-၆-၇၉) နေ့ နံနက် အရုဏ်ဆွမ်း ဘုဉ်းပေးတော်မူပြီးနောက် ဆရာတော်ဘုရားကြီးနှင့် အဖွဲ့သည် လေဆိပ်သို့ ဆင်းတော်မူသည်၊ မိရ်ကို, မာကင်နှင့် မိုက်ကယ်တို့ လိုက်ပါပို့ဆောင်ကြသည်၊ လေဆိပ်တွင် စစ်တောင်းစက္ကူစက်မှ ဦးသိန်းဝင်းနှင့် ဦးထွန်းအောင်တို့ တိုက်တိုက် ဆိုင်ဆိုင် ဆရာတော်ကြီးအား ဖူးမြော်ခွင့်ရခဲ့ကြသည်၊ နံနက် ၇-နာရီ မိနစ် ၃၀-တွင် ရောမ (Rome) မြို့အနီး “ဖြူမီချီးနိုး” လေဆိပ်သို့ လေယာဉ်ဖြင့် လိုက်ပါခဲ့ရာ ထိုလေဆိပ်သို့ ၈-နာရီ မိနစ် ၄၀-တွင် ဆိုက်ရောက်ခဲ့လေသည်၊

လေဆိပ်တွင် အီတလီပြည်ဆိုင်ရာ သံအမတ်ကြီး ဦးခင်အောင်လေး, ဒုတိယ အတွင်းဝန် ဦးဉာဏ်လင်းနှင့် အီတလီမှ ယောဂီမော်ရိုတို့က လာရောက်ကြိုဆိုလျက် ရှိကြသည်၊ ထိုမှတဆင့် ဂျိုမြို့နယ်ရှိ “ဂါမိုဂလီယို” ခေါ် ကမ္မဋ္ဌာန်းဌာနသို့ ကားဖြင့် လိုက်ပါခဲ့ကြရာ နံနက် ၁၀-နာရီ ၄၅-မိနစ် အချိန်တွင် ရောက်ခဲ့လေသည်၊

၁၁-နာရီ ၁၅-မိနစ်တွင် ချိုချဉ်ရသာမုန့်စုံစွာဖြင့် ဆက်ကပ်သောဆွမ်းကို ဘုဉ်းပေး တော်မူခဲ့လေသည်၊ နေ့ပိုင်း သာသာယာယာ ရှိ၍ ညတွင် မိုးအနည်းငယ် ရွာသွန်း လေသည်၊ ဆရာတော်ဘုရားကြီး ခန္ဓာကိုယ်သည် တရားဟော, တရားပြရန် လျောက်ပတ် ကျန်းမာလျက် ရှိလေသည်။

ဣတလီပုရိသေဋ္ဌမ္ပိ, သေဋ္ဌတ္တံ ဣစ္ဆန္တော သုဓီ၊
မုနိနော သေဋ္ဌစက္ကဿ, ဝုဒ္ဓိယာ အဝမီယတိ။

သတိပဋ္ဌာန်ပထမပိုင်း ဟောတော်မူခြင်း

ည ၇-နာရီအချိန်တွင် ဆရာတော်ဘုရားကြီးက သတိပဋ္ဌာန်ပထမပိုင်းကို အင်္ဂလိပ် ဘာသာဖြင့် ဟောကြားတော်မူ၍ မစ္စတာမော်ရိုက အီတလီ ဘာသာပြန်အဖြစ် ဆောင်ရွက်ခဲ့လေသည်၊ ပြင်သစ်နှင့် အီတလီလူမျိုး ပရိသတ် ၂၀-ခန့်ရှိပြီး အမေရိကန်မှ ဦးစိန်လည်း တရားနာရန် လာရောက်လျက်ရှိလေသည်၊ ည ၈- နာရီ တွင် တရားပွဲရုပ်သိမ်းလေသည်။

အီတလီဝိသယေစာပိ, ဂျိုဣတိ ခုဒ္ဒကေ ပုရေ၊
မဟာထေရော သုဒေသေသိ, သတိပဋ္ဌာနမုတ္တမံ။

သရဏဂုံ ငါးပါးသီလပေး သတိပဋ္ဌာန် ဒုတိယပိုင်း ဟောခြင်း

နယုန်လပြည့်ကျော် ၅-ရက် (၁၄-၆-၇၉) နေ့တွင်လည်း အရုဏ်ဆွမ်းကပ်သူတွေ များလှ၏၊ ၉- နာရီမှ ၁၁-နာရီ အတွင်း တရားအားထုတ်သူ ယောဂီများအား အရှင်ဇနကာဘိဝံသက တရားပေးခြင်း, တရားစစ်ခြင်းများကိုပြုသည်၊ သံအမတ်ကြီး ဦးခင်မောင်လေးနှင့် အိမ်သူအိမ်သားများ, သံရုံးအဖွဲ့ဝင် ဇနီးမောင်နှံများ, (F.A.O) စားနပ်ရိက္ခာအဖွဲ့မှ ဦးထွန်းရင်နှင့်ဇနီး, ဦးထွန်းမြတ်နှင့်ဇနီးတို့က ဆရာတော် ဘုရားကြီးနှင့်အဖွဲ့အား နေ့ဆွမ်းကပ်ကြသည်၊

ဆရာတော်ဘုရားကြီးက သရဏဂုံနှင့် ငါးပါးသီလပေးတော်မူပြီး ဆွမ်းအနုမောဒနာ တရား ဟောကြားတော်မူသည်၊ ည ၇-နာရီ မိနစ် ၃၀-အချိန်တွင် သတိပဋ္ဌာန် ဒုတိယပိုင်းကို အင်္ဂလိပ်လို ဟောကြားတော်မူသည်၊ မစ္စတာမော်ရိုက အီတလီ ဘာသာ ပြန်ဆိုခဲ့လေသည်၊ ည ၈-နာရီ မိနစ် ၃၀-တွင် တရားပွဲသိမ်းသည်။

သတိပဋ္ဌာနဒုတိယ-ကောဋ္ဌာသမ္ပိ သုကောဝိဒေါ၊
လောကဂ္ဂသာသနဿေဝ, ဝုဒ္ဓိယာ ကထယီ ဟိ ခေါ။

ချမ်းသာရေးတရား ဟောကြားတော်မူခြင်း

နယုန်လပြည့်ကျော် ၆-ရက် (၁၅-၆-၇၉) နေ့တွင် နေ့ဆွမ်းဘုဉ်းပေးတော်မူပြီး နေ့ ၁-နာရီအချိန်တွင် မြန်မာသံရုံး ဝန်ထမ်းအချို့နှင့် မစ္စတာ မော်ရိုတို့နှင့်တကွ မော်တော်ယာဉ်များဖြင့် ၉-ကီလိုမီတာခန့် ဝေးကွာသော မြန်မာနိုင်ငံတော်သံရုံးသို့ ကြွတော်မူသည်၊ နေ့ ၂-နာရီကျော်တွင်ရောက်လေသည်၊

ထိုနေ့မွန်းလွဲ ၃-နာရီတွင် ပုပ်ရဟန်းမင်းကြီးကျောင်းနှင့် အခြား ကြည့်ရှုဖွယ်နေရာ များကို ကြွရောက် ကြည့်ရှုတော်မူပြီးလျှင် ညနေ ၅-နာရီ အချိန်တွင် “ရိပိရာဇကပိလိုရီ” ရှိ မြန်မာအီတလီ ယဉ်ကျေးမှုသဘင်သို့ ကြွတော်မူ၍ ပါမောက္ခ ရင်ဇိုကာမစိနာရီက ပရိသတ်များနှင့် မိတ်ဆက်ပေးပြီးလျှင် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော် သမိုင်းကို စလိုက် (Slide) ကားများဖြင့် ထိုးပြကာ ရှင်းလင်း ပြောကြားခဲ့လေသည်၊

ထို့နောက် ဆရာတော်ဘုရားကြီးက ချမ်းသာရေး တရားတော်ကို အင်္ဂလိပ်ဘာသာ စကားဖြင့် ဟောကြား၍ ဒီဂျီပနယ်လီက အီတလီဘာသာ ပြန်ဆိုခဲ့လေသည်၊ တရားသိမ်းပြီး ည ၇-နာရီ အချိန်တွင် တည်းခိုရာ မွန်တီကာလိုဟိုတယ်သို့ ပြန်လည် ကြွရောက်တော်မူခဲ့လေသည်။

သုခမဂ္ဂဒေသနမ္ပိ, ဒေသနာသု သုကောဝိဒေါ၊
ဇနာနံ သုဗောဓတ္ထာယ, ထေရိန္ဒော ဒေသယိ ဟိ ခေါ။

ဤသည်လျှင် မဟာစည်ဆရာတော်ဘုရားကြီး အီတလီနိုင်ငံ သာသနာပြုခန်း အပြီးတည်း။

အင်္ဂလန်နောက်တကြိမ် ထပ်မံသာသနာပြုခြင်း

နယုန်လပြည့်ကျော် ၇-ရက် (၁၆-၆-၇၉) နေ့ မွန်တီကာလို ဟိုတယ်မှ နံနက် ၅-နာရီ တွင် ကားများဖြင့် စီရမ်ပီနို (Ciampino) လေဆိပ်သို့ ပို့ဆောင်ကြသဖြင့် ကြွတော်မူသည်၊ မိနစ် ၄၀-အတွင်း လေဆိပ်ရောက်တော်မူသည်၊ ၇-နာရီ ၄၅-မိနစ်တွင် လေယာဉ်ထွက်၍ ၉-နာရီ မိနစ် ၅၀-အချိန်တွင် လန်ဒန်လေဆိပ် (Gatwick) သို့ရောက်သည်၊

လေဆိပ်တွင် လန်ဒန်တိုင်း သတင်းစာတိုက်မှ ဦးစိန်ထွန်းအောင် နေအိမ်သို့ ၁၁-နာရီ မိနစ် ၅၀-တွင် ရောက်တော်မူသည်၊ ဦးစိန်ထွန်းအောင်နှင့် ဇနီးတို့က ဆရာတော်ဘုရားကြီး ၏ နဝကမ္မအား ဝတ္ထုငွေလှူကြသည်၊ ဆရာတော်ဘုရားကြီးက ရေစက်ချ အနုမောဒနာ ပြုတော်မူသည်၊ မွန်းလွဲပိုင်းတွင် ယိုးဒယားကျောင်း၌ ရောက်ရှိ သီတင်းသုံးတော်မူသည်။

နောက်တကြိမ် လန်ဒန်၌ ဆောင်ရွက်ချက် အမျိုးမျိုး

ဆရာတော်ဘုရားကြီးသည် နယုန်လပြည့်ကျော် ၈-ရက် (၁၇-၆-၇၉) နေ့တွင် ဒုလ္လဘရဟန်းလောင်း ၄-ပါးကို ဥပဇ္ဈာယ်ပြု ရဟန်းခံပေးတော်မူသည်၊ ည ၇-နာရီ အချိန် လန်ဒန်မဟာဗောဓိအသင်း၌ ဗုဒ္ဓတရားတော်ကို ဟောကြားတော် မူခဲ့လေသည်၊ နယုန်လပြည့်ကျော် ၉-ရက် (၁၈-၆-၇၉) နေ့ ည ၈-နာရီမှ ၁၀-နာရီ အထိ (St. Zohn Baptist Church Surrey) တွင် သတိပဋ္ဌာန် တရားတော်ကို ကြွရောက် ဟောတော်မူခဲ့လေသည်၊

နယုန် လပြည့်ကျော် ၁၀-ရက် (၁၉-၆-၇၉) နေ့တွင် ဗြိတိသျှပြတိုက် စသည်တို့ကို လှည့်လည်ကြည့်ရှု လေ့လာတော်မူခဲ့ လေသည်၊ ညပိုင်းတွင် တည်းခိုရာ ယိုးဒယား ကျောင်း၌ ယောဂီများအား သတိပဋ္ဌာန်တရားကို ဟောကြားတော်မူခဲ့လေသည်၊

နယုန်လပြည့်ကျော် ၁၁-ရက် (၂၀-၆-၇၉) နေ့တွင် (ဘီ-ဘီ-စီ)မှ ဆွမ်းဒါယကာ ဦးခင်အိမ်၌ တရားဟောတော်မူသည်၊ ညပိုင်းတွင် တည်းခိုရာ ကျောင်း၌ ယောဂီ များအား တရားဟောတော်မူခဲ့လေသည်၊ နယုန်လပြည့်ကျော် ၁၂-ရက် (၂၁-၆-၇၉) နေ့ ၆-နာရီ မိနစ် ၃၀-ခန့်တွင် ၈၆-မိုင် ကွာလှမ်းသော ဆောက်သမ်တန် (Southampton) သို့ ကြွတော်မူသည်၊

၎င်းမှတဆင့် (Dsle of wight) သို့ ရေယာဉ်ဖြင့် ကြွတော်မူသည်၊ ယင်းဒေသသို့ နံနက် ၉-နာရီ မိနစ် ၃၀-ခန့်တွင် ရောက်ရှိရာ (Little Dartmoor Vihara) မှ အင်္ဂလိပ်ဘိက္ခု ခေမဓမ္မော လာရောက်ကြိုဆိုလေသည်၊ ထိုနေ့ညတွင် အဆိုပါ ဝိဟာရ၌ သီတင်းသုံးတော်မူ၍ ညဦး မြို့မခန်းမကြွ သတိပဋ္ဌာန် တရား ဟောကြားတော်မူသည်၊

နယုန်လပြည့်ကျော် ၁၃-ရက် (၂၃-၆-၇၉) နေ့တွင် ထိုဒေသမှ လန်ဒန်ပြန်ကြွတော် မူခဲ့သည်၊ ညပိုင်း၌ လန်ဒန်ဝိဟာရ၌ သတိပဋ္ဌာန်တရား ဟောကြားတော် မူခဲ့လေသည်။

နယုန်လကွယ် (၂၃-၆-၇၉) နေ့ ဦးစိန်ထွန်းအောင်နှင့် ဦးသိန်းထွန်းတို့၏ ဘုရားဆင်းတုများ အနေကဇာ တင်တော်မူသည်၊ နေ့ဆွမ်း မြန်မာသံရုံး၌ ဘုဉ်းပေး၍ မြန်မာပရိသတ် ၁၀ဝ-ခန့်တို့အား တရားဟောတော် မူသည်၊ ၁-နာရီ မိနစ် ၃၀-အချိန်တွင် ၄၇-မိုင်ဝေးကွာသည့် (Maid Stone Kent) ရှိ (Friendship Society) အသင်းသို့ ကြွရောက်၍ သတိပဋ္ဌာန်တရား ဟောပြောတော်မူခဲ့လေသည်၊

ထိုနေ့ည ၉-နာရီအချိန်တွင် (Oakenhyobut) သို့ကြွရာ ညသန်းခေါင် အချိန်တွင် ရောက်ရှိတော်မူသည်၊ မဟာစည်ဆရာတော် ဘုရားကြီးသည် မြန်မာနိုင်ငံသား ဦးမြတ်စော ဦးစီးတည်ထောင်သော “အုတ်ကင်ဟိုလ်ဘတ်” ဗုဒ္ဓဘာသာ ကမ္မဋ္ဌာန်း ဌာန၌ ၁၀-ရက် စခန်းဖွင့်၍ ဇွန်လ ၂၄-ရက်နေ့မှစ၍ ဇူလိုင်လ ၃-ရက်နေ့တိုင် နေ့စဉ်တရားပြ ပြဿနာဖြေခြင်းများပြုတော် မူခဲ့လေသည်၊

အဖွဲ့ဝင်ဆရာတော်များလည်း တရားဟော, တရားစစ်ကြသည်၊ ဤကမ္မဋ္ဌာန်းဌာန၌ ရဟန်းတော် ၃၀-ဦးဆောင်၍ အမျိုးသား ၁၃-ဦးကိုလည်း ဒုလ္လဘရဟန်း ခံပေး တော်မူသည်၊ ဆရာတော်ဘုရားကြီးသည် ဖော်ပြပါ (Oakenhyobut) ကမ္မဋ္ဌာန်း ဌာနကို မဟာစည်သာသနာ့ ရိပ်သာခွဲအဖြစ် အသိအမှတ်ပြုတော်မူခဲ့လေသည်၊

ဤသို့ စသည်ဖြင့် ဤနောက်အကြိမ်တွင်လည်း တရားဟောခြင်း, တရားပြခြင်း, ဥပဇ္ဈာယ်ပြု၍ ရဟန်းခံရှင်ပြုပွဲများ ပြုလုပ်ပေးခြင်း စသည်ဖြင့် များစွာအလုပ် လုပ်တော်မူခဲ့လေသည်။

အင်္ဂလန်ဘူမိသေဋ္ဌမှိ, နာနာဒေသေ မနောဟရေ၊
ဗုဒ္ဓသာသနကိစ္စာနိ, အကာ ဒဠှပရက္ကမော။

ဟော်လန်နိုင်ငံ

နယ်သာလင်နိုင်ငံဟု ထင်ရှားသော ဟော်လန်နိုင်ငံသည် ဥရောပတိုက် အနောက် မြောက် ပင်လယ်ကမ်းခြေပေါ်၌ တည်ရှိလေသည်၊ မြောက်ဘက်တွင် အတ္တလန္တိတ် သမုဒ္ဒရာအတွင်းရှိ မြောက်ပင်လယ်, တောင်ဘက်တွင် ဘယ်လ်ဂျီယံနိုင်ငံ, အရှေ့ဘက်တွင် အနောက်ဂျာမနီ, အနောက်ဘက်တွင် မြောက်ပင်လယ်ခြားလျက် အင်္ဂလန်ကျွန်းတို့ ဝန်းရံတည်ရှိလေသည်၊ စတုရန်း မိုင် ၁၂၉၇၈-မိုင်ကျယ်ဝန်း၍ လူဦးရေ ၁၂၅၉၇၀ဝဝ-ခန့် ရှိလေသည်၊ အစိုးရရုံးစိုက်ရာ မြို့တော်မှာ ဟိဂ်မြို့ ဖြစ်လေသည်။

ဟော်လန်နိုင်ငံသို့ သာသနာပြု ကြွတော်မူခြင်း

ဝါဆိုလဆန်း ၁၁-ရက် (၄-၇-၇၉) နေ့တွင် အရုဏ်ဆွမ်း ဘုဉ်းပေးတော်မူပြီး နံနက် ၇-နာရီ မိနစ် ၃၀-တွင် အရုဏ်ဆွမ်းဒကာ ဦးမြတ်စော မိသားစုတို့အား သီလပေး ရေစက်ချ, အနုမောဒနာတရား ဟောတော်မူပြီး နေ့ဆွမ်းဘုဉ်းပေးပြီး ၁-နာရီ ၁၅-မိနစ် အချိန်တွင် ပျံသန်းထွက်ခွာသည့် ဗြိတိသျှလေကြောင်းကုမ္ပဏီ လေယာဉ်ဖြင့် ဟော်လန် (Holland) နိုင်ငံ အမ်စတာဒမ် (Amstardam) မြို့သို့ လိုက်ပါတော် မူခဲ့ကြရာ ၅-နာရီ ၁၅-မိနစ်တွင် ဆိုက်ရောက်တော်မူခဲ့လေသည်၊

အမ်စတာဒမ်လေဆိပ်၌ ဗုဒ္ဓယာနအဖွဲ့မှ ပုဂ္ဂိုလ်များ လာရောက် ကြိုဆိုကြသည်၊ ဟော်လန်အချိန်မှာ တနာရီခြားနား၍ ည ၇-နာရီတွင် လေဆိပ်မှထွက်ခွာ၍ ကီလိုမီတာ ၆၀-ဝေးကွာသော (Grauen Hauge) ခေါ် ဒေသသို့ ၇-နာရီ ၄၅-မိနစ်အချိန်တွင် ဆိုက်ရောက်တော်မူခဲ့လေသည်၊ ထိုနေ့ည တရားနာပရိသတ် ၂၅-ဦးခန့် ရှိလေသည်၊ ဆရာတော်ဘုရားကြီးက သရဏဂုံနှင့် ငါးပါးသီလပေး၍ နှုတ်ဆက်မိန့်ခွန်း သမ္မောဒနီယကထာ မြွက်ကြားတော်မူခဲ့လေသည်။

သရဏေသုစ သီလေသု, ပတိဋ္ဌာပေသိ ဗုဒ္ဓိမာ၊
သာရဏီယကထဉ္စာပိ, နိစ္ဆာရယိ သုဇာတိမာ။

အလုပ်ပေးတရား အနှစ်သာရ ဟောကြားခြင်းစသည်

ဝါဆိုလဆန်း ၁၂-ရက် (၅-၇-၇၉) နေ့တွင် အရုဏ်ဆွမ်း ဘုဉ်းပေးတော်မူပြီးနောက် နံနက် ၈-နာရီအချိန်တွင် မဟာစည်ဆရာတော်ဘုရားကြီးသည် ယောဂီပုဂ္ဂိုလ် တို့အား သရဏဂုံနှင့် ၈-ပါးသီလ ပေးတော်မူပြီး အလုပ်ပေးတရားတော်၏ အနှစ်သာရကို အမြွက်မျှ ဟောတော်မူသည်၊ အရှင်ဇနကာဘိဝံသက ဆက်လက် ဟောသည်၊ ည ၈-နာရီအချိန်တွင် ပရိသတ် ၃၀-ခန့်အား သတိပဋ္ဌာန်တရားကို ဟောကြားတော် မူလေသည်။

သတိပဋ္ဌာနဓမ္မဉ္စ, သဗ္ဗဗုဒ္ဓေဟိ သေဝိတံ၊
ဒေသယိ ဒေသနာဆေကော, မဟာစည်ထေရအဝှယော။

ပြတိုက်ကြည့်ရှုခြင်း, သတိပဋ္ဌာန်တရား ဟောခြင်းစသည်

ဝါဆိုလဆန်း ၁၃-ရက် (၆-၇-၇၉) နေ့တွင် ရိပ်သာကောင်းမှု အရုဏ်ဆွမ်းကို ဘုဉ်းပေးတော်မူပြီး ၈-နာရီတွင် ယောဂီများ အဖူးမြော်ခံတော်မူသည်၊ နံနက် ၉-နာရီ ၄၅-မိနစ်တွင် (Panorama Mesdag Museum) ခေါ် ပြတိုက်သို့ ပင့်လျှောက်သဖြင့် ဗဟုသုတအလို့ငှာ ကြွရောက်ကြည့်ရှုတော်မူခဲ့လေသည်၊ နံနက် ၁၁-နာရီတွင် အရှင် ဓမ္မဝီရနာထ၏ မယ်တော်အိမ်တွင် အဖွဲ့ဝင် သံဃာတော်များနှင့်အတူ ဆွမ်းဘုဉ်း တော်မူသည်၊

ထိုအရပ်မှ (Dykes) ခေါ် ရေကာတာ ရှုခင်းကို ကြည့်တော်မူပြီး ကျောင်းသို့ ကြွရောက် တော်မူသည်၊ ည ၈-နာရီတွင် အရှင်ဓမ္မဝီရနာထ၏ကျောင်း၌ သတိပဋ္ဌာန်တရားကို ဟောကြားတော်မူခဲ့လေသည်၊ ထို တရားစခန်းတွင် အရှင် ဇနကာဘိဝံသ နေ့စဉ် တရားစစ်လေသည်၊ ဤသို့လျှင် ဆရာတော်ဘုရားကြီးသည် ဟော်လန်ဒေသ၌လည်း သာသနာပြုတော်မူခဲ့လေသည်။

ဧဝဥှိဟော်လန်ဒေသေပိ, မဟာစည်ယတိပုင်္ဂဝေါ၊
လောကနာထဿ သတ္ထုနော, သာသနံ သောဘနံ အကာ။

အနောက်ဂျာမနီနိုင်ငံ

အနောက်ဂျာမနီနိုင်ငံသည် ဥရောပတိုက် အလယ်ပိုင်း၌ တည်ရှိလေသည်၊ မြောက်ဘက်တွင် မြောက်ပင်လယ်နှင့် ဒိန်းမတ်နိုင်ငံ, တောင်ဘက်တွင် လူဇင်ဘတ် နိုင်ငံ, အနောက်ဘက်တွင် နယ်သာလင်နိုင်ငံနှင့် ဘယ်လ်ဂျီယံနိုင်ငံတို့ တည်ရှိ လေသည်၊ အရှေ့ဘက်တွင် အရှေ့ဂျာမနီရှိ၍ ၁၉၆၀-ခုနှစ် ဩဂုတ်လမှစ၍ အရှေ့ဘာလင်အာဏာပိုင်များ အုတ်တံတိုင်း ဆောက်လုပ်ခဲ့လေသည်၊ အနောက် ဂျာမနီ ၏မြို့တော်မှာ ဘွန်း (Bonn) မြို့ဖြစ်သည်၊ အနောက်ဂျာမနီ၌ လူဦးရေ ကုဋေ ၆၀-ခန့် ရှိလေသည်။

ဂျာမနီနိုင်ငံသို့ကြွတော်မူခြင်း

ဝါဆိုလဆန်း ၁၄-ရက် (၇-၇-၇၉) နေ့တွင် ဗုဒ္ဓယာနအဖွဲ့မှလှူဒါန်းသော အရုဏ် ဆွမ်းကို ဘုန်းပေးတော်မူပြီးလျှင် ယောဂီများ၏ ကန်တော့ဖူးမြော်ခြင်းကို ခံယူတော် မူခဲ့လေသည်၊ ထို့နောက် ဗုဒ္ဓယာနစင်တာကျောင်း ဆရာတော် အရှင်ဓမ္မဝီရနာထ အား ဩဝါဒ ပေးတော်မူခဲ့လေသည်၊ ၎င်းနောက် ထိုဌာနမှ ဆက်ကပ်သော ဆွမ်းကို ဘုဉ်းပေးတော်မူခဲ့လေသည်၊

နေ့ ၂-နာရီအချိန်တွင် ဆရာတော်ဘုရားကြီးက တရားနာပရိသတ်အား ချမ်းသာရေး တရားတော်ကို ချီးမြှင့်တော်မူသည်၊ ၎င်းနောက်အဆိုပါကျောင်းဘုန်းကြီးက ယောဂီ အားလုံးကိုယ်စား ဆရာတော်ဘုရားကြီးအား ဝမ်းမြောက်ဝမ်းသာ နှုတ်ခွန်းဆက်ပြီး နောက် ဆရာတော်ဘုရားကြီးနှင့် အဖွဲ့သည် ဝါစစ်ကျောင်းသို့ မော်တော်ယာဉ် များဖြင့် ၄-နာရီ အချိန်တွင် ထွက်ခွာတော်မူခဲ့ရာ ညနေ ၆-နာရီအချိန်တွင် ဆိုက်ရောက်တော်မူခဲ့လေသည်၊ ထိုကျောင်းမှ ဆရာတော် အရှင်မေတ္တာဝိဟာရီနှင့် သံဃာတော်များ ဥပါသကာများ ကြိုဆိုကြလေသည်။

၎င်းကျောင်း တည်ရာဌာနသို့ ဂျာမနီပြည်ဘွန်းမြို့မှ မြန်မာနိုင်ငံစီးပွားရေးသံမှူး ဦးကိုကိုကြီးက လာရောက် ကြိုဆိုခဲ့လေသည်၊ အဆိုပါ ဝါစစ်ကျောင်းမှ အရှင် မေတ္တာဝိဟာရီနှင့် အရှင်သုမင်္ဂလတို့ပါ အတူလိုက်ပါလျက် ဆရာတော် ဘုရားကြီး နှင့်အဖွဲ့သည် ၆- နာရီ မိနစ် ၃၀-တွင် ကားများဖြင့် ထွက်ခွာခဲ့ရာ ည ၈-နာရီ မိနစ် ၃၀-တွင် (Kampstroat) မြို့ရှိ မစ္စတာနှင့် မစ္စစ်ဖရန်ဆင်တို့၏ နေအိမ်၌ ခေတ္တနားကြသည်၊ ထိုမှတဆင့် ဆက်လက်ကြွတော် မူရာ ည ၁၁-နာရီအချိန်တွင် အနောက်ဂျာမနီနိုင်ငံ ဘွန်းမြို့ရှိ ဦးကိုကိုကြီးအိမ်သို့ ရောက်တော်မူခဲ့လေသည်၊ ဝါစစ်နှင့်ဘွန်းမြို့ ၂၆၇-ကီလိုမီတာ ကွာလှမ်းသောဟူ၏။

ဂျာမန်ရဋ္ဌမ္ပိ သော ဂဉ္ဆိ, မဟာစည်ယတိပုင်္ဂဝေါ၊
လောကဂ္ဂသာသနံ သော ဟိ, ဇောတေတုံ ဣစ္ဆန္တော ဟိ ခေါ။

သရဏဂုံသီလပေးခြင်း, တရားဟောခြင်း, ပုစ္ဆာများဖြေခြင်း

ဝါဆိုလဆန်း ၁၅-ရက် (၈-၇-၇၉)နေ့တွင် ဦးကိုကိုကြီးနှင့် မိသားစုတို့ ဆက်ကပ် သော အရုဏ်ဆွမ်းကို ဘုဉ်းပေးတော်မူသည်၊ နံနက် ၈-နာရီအချိန်တွင် အနောက် ဂျာမနီဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်မောင်ညွန့်နှင့်ဇနီးတို့ အမှူးထားလျက် မြန်မာသံရုံး အရာရှိများနှင့်တကွ မြန်မာများကပါ စုပေါင်း၍ နဝကမ္မအတွက် ဝတ္ထုငွေများကို လည်းကောင်း၊ အခြားဝတ္ထု ပစ္စည်းများကိုလည်းကောင်း ဆက်ကပ် လှူဒါန်းကြလေသည်၊

ဆရာတော်ဘုရားကြီးသည် ဖော်ပြပါကောင်းမှု အစုစုတို့အတွက် သရဏဂုံသီလ ပေးခြင်းနှင့် ရေစက်ချ အမျှဝေတော်မူခဲ့လေသည်၊ ၎င်းနောက် နေ့ဆွမ်းဘုဉ်းပေး တော်မူခဲ့လေသည်၊ ၂-နာရီအချိန်တွင် မြန်မာသံအမတ်ကြီးအိမ်သို့ ကြွတော်မူခဲ့ လေသည်၊ ဂျာမန်ဗုဒ္ဓဘာသာဝင်တို့ လျှောက်ထားသည့် ပုစ္ဆာအရပ်ရပ်ကို ဖြေကြားတော်မူခဲ့လေသည်။

ဤသို့စသည်ဖြင့် ဆရာတော်ဘုရားကြီးသည် အနောက်ဂျာမနီ နိုင်ငံ၌လည်း ဘုရားမြတ်စွာ ဒေသနာ မျိုးစေ့ကို ချတော်မူခဲ့လေသည်။

ပစ္ဆိမေဂျာမန်ဒေသေပိ, ထေရိန္ဒော ကဝိန္ဒော ဝိဒွါ၊
ဇိနသာသနဝုဒ္ဓိယာ, အစ္စန္တံ ဝါယာမံ အကာ။

ဟော်လန်ပြည် တီးဒိုးစခန်းသို့ ကြွတော်မူခြင်း

ဂျာမန်စံတော်ချိန် ၄-နာရီ ၁၅-မိနစ်အချိန်တွင် ဘွန်းမြို့မှ ထွက်ခွာခဲ့ပြီး ဘယ်လ်ဂျီယံ (Belgium) ကို ဖြတ်၍ ဒတ်ချ် (Dutch) ဆရာတော် အရှင်ပုညဓမ္မော သီတင်း သုံးရာရိပ်သာ တီးဒိုး (Tidorp Hoge Zoo 79 Burgh Holland) သို့ ည ၁၂-နာရီ အချိန်တွင် ဆိုက်ရောက်ခဲ့လေသည်၊

ယင်းသို့ ညဉ့်သန်းခေါင်းအချိန်ကျမှ ရောက်ခဲ့ခြင်းမှာ ခရီးဝေး ကီလိုမီတာ ၃၇၀-ခန့် သာဖြစ်သော်လည်း လမ်းခွဲများ များသဖြင့် လမ်းလွဲသွားခြင်းကြောင့် ဖြစ်လေသည်၊ အဆိုပါ (Tidorp) စခန်းအရောက် ဘိက္ခုအရှင်မေတ္တာဝိဟာရီနှင့် အရှင်သုမင်္ဂလာတို့ အပြင် ဦးကိုကိုကြီးတို့ပါ လိုက်ပါပို့ဆောင်ခဲ့ကြလေသည်။

တီးဒိုး (Tidorp) စခန်း သာသနာပြု မှတ်တမ်း အကျဉ်းချုပ်

တီးဒိုးကမ္မဋ္ဌာန်းရိပ်သာစခန်းမှ ဆက်ကပ်သည့် အရုဏ်ဆွမ်းကို ဘုဉ်းပေးတော်မူပြီး နံနက် ၆-နာရီတွင် ဆရာတော်ဘုရားကြီးက သတိပဋ္ဌာန်တရားတော်ကို အတိုချုံး၍ လည်းကောင်း၊ အလုပ်ပေးတရားတော်၌ လိုရင်းအနည်းငယ်ကို လည်းကောင်း ဟောကြားတော်မူသည်၊ အရှင်ဇနကဘိဝံသက ဆက်လက်အပြီးသတ်ဟောသည်၊

အဆိုပါစခန်း၌ တောတောင် အရိပ်အာဝါသကိုမှီ၍ တောရကျောင်းသဖွယ် သဘာဝ ဖန်တီးလျက် အဆောက်အအုံ ဟူ၍မရှိပဲ ရွှေ့ပြောင်းနိုင်သော ဖျင်ကြမ်းတဲများ စခန်း ပေါ်၌ ယောဂီများ နေထိုင်ကြသည်၊ လျှပ်စစ်မီးမရှိ ဖယောင်းတိုင်မီးကို အသုံးပြု ကြသည်၊ သုံးရေ သောက်ရေကိုလည်း ရေတွင်းမှ ခပ်ယူသောက်သုံးကြရသည်၊

ဆရာတော်ဘုရားကြီးနှင့်အဖွဲ့ဝင် သံဃာတော်များသည် ညနေ ၆-နာရီတွင် ဥပုသ် ပြုပြီးနောက် ည ၈-နာရီအချိန်တွင် ယောဂီပေါင်း ၂၀-ခန့်တို့အား ဆရာတော် ဘုရားကြီး သတိပဋ္ဌာန်တရား ချီးမြှင့်တော်မူခဲ့လေသည်၊ ဆရာတော် ဘုရားကြီးနှင့် အဖွဲ့သည် ဇူလိုင်လ ၁၂-ရက်နေ့ တိုင်အောင်ပင် ဟော်လန်ပြည် တီးဒိုးစခန်း၌ တရားပြခြင်း, တရားဟောခြင်း, ပြဿနာဖြေခြင်း စသည် သာသနာ့အလုပ်ကို မဟုဿဟ ဇွဲလုံ့လဖြင့် ပြုတော်မူခဲ့ကြလေသည်။

မဟာစည်ပမုခါ ထေရာ, သဒါ သံသုဒ္ဓမာနသာ၊
ဟော်လန်ပုရေ တီးဒိုးဒေသေ, သာသနကိစ္စမကရုံ။

ဟော်လန်မှတဖန် ပြင်သစ်သို့ကြွတော်မူခြင်း

ဝါဆိုလပြည့်ကျော် ၄-ရက် (၁၂-၇-၇၉) နေ့တွင် ရာသီဥတု သာယာသည်၊ အပူအအေး မျှတ၏၊ ထိုနေ့နံနက် အရုဏ်ဆွမ်း ဘုဉ်းပေးတော်မူပြီးလျှင် ၈-နာရီ အချိန်တွင် ဆရာတော် အရှင်မေတ္တာဝိဟာရီနှင့် တီးဒိုးမှ ဒတ်ချ်ဘုန်းတော်ကြီး အရှင်ပုညဓမ္မောတို့ ကားကိုယ်စီဖြင့် လိုက်ပါလျက် ဆရာတော်ဘုရားကြီးကို ပင့်ဆောင်၍ ၁၂-ကီလိုမီတာဝေးကွာသော ဝါလ်ဝစ် (က်) (Waal Wigk) သို့ ထွက်ခွာတော် မူခဲ့ကြရာ နံနက် ၁၁-နာရီ ၁၅-မိနစ်အချိန်တွင် ဆိုက်ရောက်ခဲ့လေသည်၊

မေတ္တာဝိဟာရီကျောင်း၌ နေ့ဆွမ်းဘုဉ်းပေး၍ မွန်းလွဲ ၁-နာရီ မိနစ် ၅၀-အချိန်တွင် အမ်စတားဒမ် (Amstardam) သို့ ဆက်လက် ကြွချီတော်မူခဲ့လေသည်၊ ညနေ ၃-နာရီ အချိန်၌ (Holland International Road Wearnt) ၏ စီစဉ်ထားချက်အတိုင်း အမ်စတားဒမ် နာမည်ကျော်မြို့လယ် ရေကာတာ တူးမြောင်းခရီး တဝက်ကို မော်တော်စက်ရေယာဉ် (Launch) ဖြင့် လှည့်လည်ကြည့်ရှုတော်မူခဲ့လေသည်၊ ညနေ ၅-နာရီအချိန်တွင် (Schiphal) လေဆိပ်သို့ ဆင်း၍ ပြင်သစ်နိုင်ငံပါရီမြို့သို့ လေယာဉ်ဖြင့် ထွက်ခွာရာ ည ၇-နာရီအချိန်တွင် ပါရီမြို့သို့ ရောက်ရှိလေသည်။

ပါရီလေဆိပ်၌ မြန်မာသံအမတ်ကြီး ဦးစောလှိုင်နှင့် ဦးသန်းထွန်း စသည့် မြန်မာသံရုံး အဖွဲ့ဝင်များက (Ky-Vien-Tu) ကျောင်းမှ ဗီယက်နာမ် ဘုန်းတော်ကြီး ဒေါက်တာ ခန္တီဓမ္မော (Dr. Khanti Dhammo) နှင့် တပည့်ရဟန်း, ဒကာ, ဒကာမများတို့ လာရောက်ကြိုဆိုကြလေသည်၊ လေဆိပ်မှ ၇-နာရီ ၅၀-တွင် ထွက်ခွာခဲ့ရာ သံအမတ်ကြီး ဦးစောလှိုင်အိမ်သို့ ရောက်လေသည်၊ ဆရာတော်နှင့်အဖွဲ့သည် သံအမတ်ကြီး ဦးစောလှိုင်၏အိမ်၌ ကျောင်းအဖြစ် သီတင်းသုံးရန် လျှောက်ထား သဖြင့် တည်းခို သီတင်းသုံးတော်မူခဲ့လေသည်။

ပါရီတွင် လုပ်ဆောင်ချက်အမျိုးမျိုး

ဝါဆိုလပြည့်ကျော် ၅-ရက် (၁၃-၇-၇၉) နေ့တွင် သံအမတ်ကြီး ဦးစောလှိုင်ဇနီး ဒေါ်မြင့်မြင့် မိသားစုတို့၏ အရုဏ်ဆွမ်းကို ဘုဉ်းပေးတော်မူသည်၊ မွန်းလွဲ ၂-နာရီတွင် ပြင်သစ်နိုင်ငံ မြို့တော်ပါရီရှုခင်းများကို ကြည့်ရှုတော်မူခဲ့လေသည်၊ ည ၉- နာရီ အချိန်တွင် မြန်မာသံအမတ်ကြီး မိသားစုနှင့် သံရုံးအဖွဲ့ဝင်တို့အား သရဏဂုံနှင့် ငါးပါးသီလပေးပြီးနောက် သတိပဋ္ဌာန်တရားကို ၁၀-မိနစ်ခန့် ဟောကြားတော် မူခဲ့လေသည်၊ ၎င်းနောက် မိနစ် ၅၀-ခန့် တရားထိုင်စေခဲ့လေသည်၊

ဝါဆိုလပြည့်ကျော် ၆-ရက် (၁၄-၇-၇၉) နေ့ အရုဏ်ဆွမ်း ဘုဉ်းပေးပြီးနောက် နံနက် ၈-နာရီ ၁၅-မိနစ်အချိန်တွင် မဟာယာနကျောင်း (Mahayana Temple of Mona Stroke Boudhque) သို့ ကြွတော်မူသည်၊ ၎င်းကျောင်းမှ အမျိုးသားအချို့ ဆရာတော်ဘုရားကြီးထံတွင် ငါးပါးသီလခံယူကြသည်၊ ၎င်းကျောင်းမှ နံနက် ၉- နာရီ မိနစ် ၅၀-တွင် ထွက်ခွာ၍ (Ky-Vien-Tu) ဗီယက်နမ်ကျောင်းသို့ ဆက်လက် ကြွတော်မူခဲ့သည်၊ ကားဖြင့် နာရီဝက်ခန့်သွားရသောဟူ၏၊

ယင်းဗီယက်နမ်ကျောင်း၌ ဆွမ်းဘုဉ်းပေးတော်မူခဲ့လေသည်၊ အရှေ့တောင်အာရှ စားဖွယ်စုံလင်လှ၏၊ ၂-နာရီ ၁၅-မိနစ်တွင် ဗီယက်နမ် ဆရာတော် ဒေါက်တာ အရှင်ခန္တီဓမ္မောက မိတ်ဆက်စကား ပြောကြားသည်၊ ၎င်းနောက် ဆရာတော် ဘုရားကြီးက အလုပ်ပေးတရားတော် အနည်းငယ်ကို အင်္ဂလိပ်လို အနည်းငယ် ဟောကြားတော်မူသည်၊

တဖန် အရှင်ဇနကာဘိဝံသက ဆက်လက် ဟောကြားခဲ့လေသည်၊ ဗီယက်နမ် အမျိုးသား အမျိုးသမီးပရိသတ် ၅၀-ခန့်ရှိသော ဟူ၏၊ ၎င်းပရိသတ်ထဲတွင် မြင်ကွန်း မင်းသားကြီး၏ သမီးတော် ဒေါ်ဖြူ၏သမီး ဒေါ်စိန်မြိုင် ဆိုသူလည်း ပါဝင်ခဲ့လေသည်၊ ဒေါ်စိန်မြိုင်သည် မူလက ဗီယက်နမ်တွင် နေထိုင်ခဲ့ပြီး ဗီယက်နမ်အမျိုးသား ခင်ပွန်း သည်နှင့် သမီးများနှင့်အတူ ပါရီ (Paris) တွင် အခြေစိုက် နေထိုင်သည်ဟုသိရ၏၊

ဆရာတော်ဘုရားကြီး ဟောသောတရားကို အမျိုးသားတဦးက အင်္ဂလိပ်ဘာသာမှ ဗီယက်နမ်ဘာသာဖြင့် ပြန်ဆိုပေးခဲ့လေသည်၊ ညနေ ၅-နာရီတွင် သံရုံးဂေဟာသို့ ပြန်ကြွတော်မူခဲ့လေသည်၊ ည ၉-နာရီအချိန်တွင် သံရုံးအဖွဲ့ဝင် မိသားစုတို့အား တရားဒေသနာ ချီးမြှင့်တော်မူသည်၊

၎င်းပြင် သံရုံးအဖွဲ့ဝင်များက ပစ္စည်းမျိုးစုံ လှူဒါန်း၍ ရေစက်ချ, အနုမောဒနာ တရားဟော, အလှူခံတော်မူခဲ့လေသည်၊ ဤသို့စသည်ဖြင့် ပြင်သစ်နိုင်ငံ ပါရီမြို့ ၌လည်း ဘုရားမြတ်စွာ ဒေသနာများ ဖြန့်ချီတော်မူခဲ့လေသည်။

ပါရီအဂ္ဂနဂရေပိ, မဟာထေရော သုဗုဒ္ဓိမာ၊
ဝိတ္ထာရိကံ ဟိ သော ကာသိ, ဒေသနံ ဗုဒ္ဓဘာသိတံ။

ပါရီမှ လန်ဒန်သို့

ဝါဆိုလဆုန် ၇-ရက် (၁၅-၇-၇၉) နေ့ နံနက် ၄-နာရီ အချိ န်တွင် သံအမတ်ကြီး ဦးစိုးလှိုင် မိသားစုတို့ ဆက်ကပ်သည့် အရုဏ်ဆွမ်းကို ဘုဉ်းပေးတော်မူပြီး နံနက် ၅-နာရီ ၁၀-မိနစ် အချိန်တွင် ပါရီမှ မော်တော်ကားဖြင့် ပြင်သစ် မြောက်ဘက် ကမ်းရိုးစွန်းရှိ ကယ်လေ (Callais) မြို့သို့ ထွက်ခွာတော်မူခဲ့လေသည်၊

ပါရီနှင့်ကယ်လေ ကီလိုမီတာ ၂၉၉-ကွာဝေးသဖြင့် နံနက် ၈-နာရီ ၂၅-မိနစ်တွင်မှ ဆိုက်ရောက်တော်မူသည်၊ ၎င်းဆိပ်ကမ်းမှ သမ္ဗန်ရေယာဉ် (Hovercraft) ဖြင့် နံနက် ၉-နာရီ မိနစ် ဥ၂၀-တွင် ထွက်ခွာတော်မူရာ (English Channel) ခေါ် ပင်လယ် ရေလက်ကြားကို ဖြတ်သန်း၍ အင်္ဂလန်ပြည်ရှိ ဒိုဗာ (Dover) တဘက်ဆိပ်ကမ်း မြို့သို့ မိနစ်အနည်းငယ် အတွင်းရောက်လေသည်၊ ဒိုဗာတွင် ဦးစိန်ထွန်းအောင်, ဒေါက်တာ ဦးဝင်းမောင်, ဒေါက်တာ ရွှေထွန်းကျော်နှင့် ဦးသိန်းထွန်းတို့က လာရောက် ကြိုဆိုကြသည်၊

ထိုမှတဆင့် ကားလမ်းခရီးဖြင့် လန်ဒန်သို့ခရီးဆက်ရာ ဦးမောင်မောင်အိမ်သို့ မွန်းလွဲ ၁၀-နာရီ မိနစ် ၃၀-တွင် ရောက်လေသည်၊ ရောက်လျှင်ရောက်ချင်း ဆွမ်းဘုဉ်းပေး တော်မူကြသည်၊ ၎င်းနောက် ဒေါ်အုန်းမြင့်နေအိမ်သို့ ကြွတော်မူ၍ ကျောင်းအဖြစ် သီတင်းသုံးတော် မူခဲ့လေသည်၊ ဒေါ်အုန်းမြင့်နေအိမ်၌ (Oxford) မှ ရောက်လာ ကြသော ဦးမြတ်စောအပါအဝင် မြန်မာပရိသတ် ၅၀-ခန့်တို့အား အကျိုးရှိသည့် စကားများ မိန့်ကြားတော်မူ၍ ညကျိန်းစက် အနားယူတော်မူသည်။

အင်္ဂလန်ဝိသယေ လန်ဒန်-မနုညေ နာဂရေ သုဘေ၊
မဟေသိ စက္ကကိစ္စံပိ, အကာ သံသုဒ္ဓမာနသော။

ဧကာသီတိမပိုင်း

ဘန်ကောက်ပြန် သာသနာဖြန့်ချီတော်မူခြင်း

ဝါဆိုလပြည့်ကျော် ၈-ရက် (၁၆-၇-၇၉) နေ့ မိုးသောက်ယံ အချိန်သမယတွင် ဒေါ်အုန်းမြင့် မိသားစုတို့ သဒ္ဓါရွှင်လန်း လှူဒါန်း ဆက်ကပ်သည့် အရုဏ်ဆွမ်းကို ဘုဉ်းပေးတော်မူပြီး နံနက် ၇-နာရီအချိန် ကျေးဇူးရှင် ဆရာတော်ဘုရားကြီး အဖွဲ့သည် ဟိသ်ရိုး (Heath Row) လေယာဉ်ကွင်းသို့ ကြွတော်မူ၍ လန်ဒန်မှ လေယာဉ်စီးနင်းလိုက်ပါကာ ထွက်ခွာတော်မူခဲ့လေသည်၊

အချိန်ကား နံနက် ၈-နာရီ ၅၇-မိနစ် ရှိလေပြီ၊ လေယာဉ်သည် ရောမ (Rome) မြို့မှ ကိုင်ရို (Cairo) မြို့၊ ကိုင်ရိုမှ အဘူဒဗေ့ (Abu Dhabi) ထိုမှတဆင့် အိန္ဒိယနိုင်ငံ နယူးဒေလီ (New Delhi) မြို့သို့ ပျံသန်းခဲ့လေသည်၊ နယူးဒေလီတွင် ခေတ္တနားပြီး နောက်တနေ့တွင် အာရှ အရှေ့တောင်ဆီသို့ ဦးတည် ပျံသန်းခဲ့လေသည်၊

လေယာဉ်ပေါ်တွင်ပင် ဝါဆိုလပြည့်ကျော် ၉-ရက် (၁၇-၇-၇၉)ရက်နေ့ အရုဏ်ဆွမ်း နေ့ဆွမ်း ဘုဉ်းပေးတော်မူခဲ့လေသည်၊ စီးနင်းလိုက်ပါလာခဲ့သော လေယာဉ်သည် ယိုးဒယား (ထိုင်း) နိုင်ငံ ဘန်ကောက်မြို့သို့ ယင်းသည့် ဝါဆိုလပြည့်ကျော် ၉-ရက် (၁၇-၇-၇၉) နေ့လယ် ၁၂-နာရီ မိနစ် ၃၀-အချိန်တွင် ဆင်းသက်ခဲ့လေသည်၊ ခရီးရှည်ကြွရသဖြင့် ပင်ပန်းမှုကို တရားဖြင့် ဖြေတော်မူခဲ့လေသည်။

မဟတာ ပရိဿမေန, သာသနကိစ္စကာရယိ၊
ဓမ္မေနကိလမထံ သော ဟိ, ဝိနောဒေသိ မဟာမတီ။

ချွန်ဘူရီရောက်ပြီ

ဘန်ကောက်လေယာဉ်ကွင်း၌ ဆရာတော်အရှင်အာသဘ, မြန်မာသံရုံးမှဦးသိန်းနှင့် အခြားအရာရှိများ ဦးထွန်းသိန်းနှင့်ဇနီး ဒေါ်မေမေပု, ဦးကျော်စိုး စသည့် ပုဂ္ဂိုလ် များက လာရောက်ကြိုဆိုကြလေသည်၊ လေဆိပ်မှတဆင့် ထွက်ခွာရာ (Chonburi) သို့ ညနေ ၄-နာရီအချိန်တွင် ရောက်တော်မူခဲ့လေသည်။

တရားဓမ္မ မိန့်ဟဟောမြွက်တော်မူခြင်း

ညဉ့်ဦးယံ ၇-နာရီအချိန်တွင် ဆရာတော်ဘုရားကြီးသည် ယောဂီပရိသတ်အား သတိပဋ္ဌာန်တရားကို ဟောကြားတော်မူသည်၊ ၎င်းပြင် ဘုရားမြတ်စွာ အဆုံးအမ တော်ဖြစ်သည့်-

သဗ္ဗပါပဿ အကရဏံ, ကုသလဿုပသမ္ပဒါ
သစိတ္တပရိယောဒပနံ, ဧတံ ဗုဒ္ဓါနသာသနံ

ဟူသော ဂါထာတော်ကိုလည်း ထည့်သွင်းဟောကြားတော်မူသည့်ပြင်-

(၁) မကောင်းမှုအကုသိုလ်ဟူသမျှ မပြုကြပါနှင့်၊
(၂) ကုသိုလ်ဟူသမျှကို ပြုကြပါ၊
(၃) မိမိစိတ်ကို အညစ်အကြေးမရှိအောင် စင်ကြယ်ပါစေ၊

ဟူသော တိတိကျကျ ဘာသာပြန်သက်သက်ကို လည်းကောင်း-

အကုသိုလ်များ ရှောင်ရှားပယ်လေ,
ကုသိုလ်တရား ဖြစ်ပွားစုံစေ၊
မိမိစိတ်ဓာတ် ဆွတ်ဆွတ်ဖြူစေ,
ဤသုံးပါး ဘုရားဆုံးမပေ။

ဟူသော ကဗျာကိုလည်းကောင်း မိန့်ကြားတော်မူခဲ့လေသည်။

ဤသို့စသည်ဖြင့် ဟောကြားချက်အစုံအလင်ကို ဆရာတော် အရှင်အာသဘက ယိုးဒယားဘာသာစကားဖြင့် ပြန်ဆို ဟောပြောခဲ့လေသည်။

ဘန်ကောက်မြို့ ဝပ်မဟာထပ်ကျောင်းတိုက်၌ သတိပဋ္ဌာန် တရားဟောခြင်း

ဝါဆိုလဆုတ် ၁၀-ရက် (၁၀-၇-၇၉) နေ့ အရုဏ်ဆွမ်း ဘုဉ်းပေးတော်မူပြီး ၈-နာရီ မိနစ် ၃၀-တွင် ချွန်ဘူရီမှ ဘန်ကောက်မြို့ (Wat Mahadart) ဝပ်မဟာထပ် ကျောင်းသို့ ကြွတော်မူရာ နံနက် ၁၀-နာရီ မိ နစ် ၃၀-အချိန်တွင် ရောက်ရှိ၍ နေ့ဆွမ်း ဘုဉ်းပေးတော်မူသည်၊

နေ့လယ် ၁-နာရီ မိနစ် ၃၀-အချိန်တွင် ရောက်ရှိလာသော ရဟန်း, ရှင်, လူ ပရိသတ် ၅၀ဝ-ခန့်တို့အား သတိပဋ္ဌာန်တရားတော်ကို ၃-နာရီ မိနစ် ၃၀-တိုင်အောင် ဟောကြားတော်မူခဲ့လေသည်၊ ပရိသတ်အပေါင်း နှစ်ထောင်းဝမ်းသာ ရှိလှပေသည်။

မဟတိယာ ပရိသာယ, သတိပဋ္ဌာနဒေသယီ
သတိပဋ္ဌာနဓမ္မေသု, ကောဝိဒေါ ထေရကုဉ္ဇရော

မဟာမကုတ် သံဃတက္ကသိုလ်၌ သတိပဋ္ဌာန်တရားဟောခြင်း

ဆရာတော်ဘုရားကြီးသည် တရားပွဲအပြီး ခေတ္တအနားယူပြီးနောက် မဟာမကုတ် (Mahamakut) သံဃာ့တက္ကသိုလ်သို့ ကြွတော်မူ၍ ပရိသတ် ၂၀ဝ-ခန့်အား သတိပဋ္ဌာန်တရားကို အတိုချုပ်ဟောကြားတော်မူခဲ့ လေသည်၊ အဆိုပါ တက္ကသိုလ်၌ သံဃာတော်များ သီတင်းသုံးရန် အထပ် ၅-ထပ်ရှိ ကျောင်းတကျောင်းရှိ၍ ၅-ထပ်အနက် တထပ်တွင် တရားထိုင်ရန် သတ်မှတ်ထားရှိလေသည်၊ ၆-နာရီတွင် တရားပွဲသိမ်း၍ ၇- နာရီအချိန်တွင် ယိုးဒယားသာသနာပိုင် ဆရာတော်နှင့် တွေ့ဆုံ၍ သာသနာရေးရာများကို ဆွေးနွေးတော်မူခဲ့လေသည်။

သံဃပိဿဝိဇ္ဇာလယ-မန္ဒိရေ ထေရကေသရော
သတိပဋ္ဌာနံ ဧသောဟိ, အဘာသိ ကရုဏာယုတော

လမ်းပန်းကြွဝပ်တမအိုကျောင်း၌ တရားဟောခြင်း

ဝါဆိုလဆုတ် ၁၁-ရက် (၁၉-၇-၇၉)နေ့ နံနက်တွင် ဝပ်မဟာထပ်ကျောင်းတိုက်တွင် အရုဏ်ဆွမ်း ဘုဉ်းပေးတော်မူပြီး နံနက် ၆-နာရီ မိနစ် ၃၀-တွင် လမ်းပန်း (Lanpang) သို့ ကြွရန် လေဆိပ်သို့ကြွတော်မူသည်၊ နံနက် ၈- နာရီတွင် လေယာဉ် ထွက်ခွာရာ ၁၀-နာရီ ၄၅-မိနစ်တွင် လမ်းပန်းသို့ ဆိုက်ရောက်လေသည်၊

လမ်းပန်းလေဆိပ်မှ ဆရာတော် အရှင်ဓမ္မာနန္ဒ, ဆရာတော် အရှင်ပညာဝံသ, ဆရာတော် အရှင်သာသနနှင့် ဒကာ, ဒကာမများစွာတို့ လာရောက်ကြိုဆိုကြသည်၊ ၁၁- နာရီအချိန်တွင် ဝပ်တမအို (ဆရာတော် အရှင်ဓမ္မာနန္ဒ) ကျောင်းသို့ ရောက်တော်မူသည်။ ထိုကျောင်းမှာပင် ဆွမ်းဘုဉ်းပေးတော်မူသည်။ ညနေ ၄-နာရီ အချိန်တွင် ဆရာတော်ဘုရားကြီးက ကျောင်းရှိသံဃာတော်များ, သီလရှင်များ, ဒကာ, ဒကာမများအား ဝိပဿနာအလုပ်ပေး တရားကြီး နိဒါန်းစတင် ဟောကြား တော်မူသည်၊ ဆရာတော်ဘုရားကြီး ဟောကြားပြီးနောက် အရှင်ဇနကာဘိဝံသက ဆက်လက်ဟောကြားခဲ့လေသည်၊ ည ၆-နာရီ ၃၀-မိနစ်တွင် တရားပွဲပြီးသည်၊ တရားပွဲအပြီး ဒကာ, ဒကာမ အပေါင်းတို့က ဆရာတော်ကြီးအား လှူဖွယ်ဝတ္ထု ပစ္စည်းများလှူဒါန်းကြသည်။

ဝပ်တမအိုဝိဟာရေပိ, မဟာစည်ယတိသေခရော
ဝိပဿနာဓမ္မဂိရံ, အဒေသယိ သုပဏ္ဍိတော

လမ်းပန်းဝပ်စီချွန်ကျောင်း၌ သတိပဋ္ဌာန် တရားဟောခြင်း

ဝါဆိုလပြည့်ကျော် ၁၂-ရက် (၂၀-၇-၇၉) နေ့တွင် လမ်းပန်းဝပ်တမအိုကျောင်း၌ပင် အရုဏ်ဆွမ်း ဘုဉ်းပေးတော်မူပြီး ၈-နာရီ ၁၅-မိနစ်မှစ၍ လမ်းပန်းရှိ မြန်မာ ဘုန်းကြီးကျောင်းများသို့ ကြွရောက်ကြည့်ရှုတော်မူခဲ့လေသည်၊

ရှေးဦးစွာ ဆရာတော် အရှင်ပညာဝံသ သီတင်းသုံးရာ ဝပ်စီချွန်ကျောင်းသို့ ကြွတော် မူသည်၊ ဝပ်စီချွန်ကျောင်း၌ နေ့ဆွမ်းဘုဉ်းပေးတော်မူသည်၊ နေ့လယ် ၂-နာရီ ၁၅-မိနစ်အချိန်တွင် သတိပဋ္ဌာန်တရားကို အတိုချုပ် ဟောကြားတော်မူခဲ့လေသည်၊ ထို့နောက် ရဟန်းယောဂီ, လူယောဂီ ၆၀-ကျော်တို့က ဆရာတော်ဘုရားကြီးအား ဖူးမြော်ကန်တော့၍ လှူဖွယ်ပစ္စည်းများ လှူဒါန်းကြသည်၊ အနုမောဒနာ တရားဟော ရေစက်သွန်းချ အမျှဝေပြီး ညနေ ၃-နာရီ မိနစ် ၄၀-တွင် ပြီးဆုံးသည်။

ယောဂီဇနာနံ စိတ္တဿ, ဝိသုဒ္ဓါယ သုဓီတိမာ
သတိပဋ္ဌာနသုတ္တန္တံ, အဒေသယိ သုဇာတိမာ

ဇင်းမယ်ဝပ်မောင်းမင်းကျောင်း ယောဂီများ သရဏဂုံသီလပေး

ညနေ ၄- နာရီအချိန်တွင် ကျောင်းမှ ထွက်ခွာတော်မူပြီးနောက် ဝါတော် ၆၀-ကျော်ရှိ လမ်းပန်းဂိုဏ်းချုပ် ဆရာတော်ကြီးကျောင်းသို့ ကြွရောက် ကန်တော့ခဲ့လေသည်၊ ထိုမှတဖန် ဆရာတော်ဘုရားကြီးနှင့်အဖွဲ့သည် လမ်းပန်းမှဇင်းမယ် (Chiengmai) သို့ကြွတော်မူရာ ၉၆-ကီလိုမီတာ ခရီးကိုဖြတ်၍ ညနေစောင်းအချိန် ၆- နာရီတွင် ဆိုက်ရောက်တော်မူခဲ့လေသည်၊ ဇင်းမယ်တွင် ဝပ်မောင်းမင်း (Wat Maung Mang) ကျောင်း၌ တည်းခိုတော်မူခဲ့လေသည်။

ထိုကျောင်းဆရာတော် အရှင်သီရိမင်္ဂလာ (Acam Thong) က အလေးအနက် ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်မိန့်ခွန်းမြွက်ကြားခဲ့လေသည်၊ အဆိုပါကျောင်း၌ ရဟန်း ၂၉-ပါး, သာမဏေ ၁၃-ပါးနှင့် သီလရှင် ၄၀-ခန့်ရှိ၍ ဒကာ, ဒကာမများဖြင့် စည်ပင်လှလေသည်၊ ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးက ပြန်လည် မိန့်ခွန်း မြွက်ကြားရာ လမ်းပန်းဝပ်ပါဖန်ကျောင်း ဆရာတော်အရှင် သာသနက ယိုးဒယား ဘာသာ ပြန်ဆိုခဲ့လေသည်၊

ည ၈-နာရီ မိနစ် ၃၀-အချိန်တွင် ယောဂီ ရဟန်း ပရိသတ် ၅၀-ခန့်နှင့် အမျိုးသား အမျိုးသမီး ၁၂၀-ခန့်တို့အား သရဏဂုံ ၃-ပါးနှင့်တကွ ၅- ပါးသီလ ချီးမြှင့်တော် မူသည်၊ အရှင်ဇနကာဘိဝံသက ချမ်းသာရေး တရားတော် (The Way to Happiness) ကို အင်္ဂလိပ်လို ဟောကြားတော်မူရာ ထိုင်းအမျိုးသမီးတဦးက ယိုးဒယားဘာသာ ပြန်ဆိုခဲ့လေသည်။

သရဏဂမနဉ္စာပိ, ပဉ္စသီလံ မဟာဝိဒူ
ဥပါသကုပါသိကတ္ထံ, အကာ ကာရုညမာနသော

ဝပ်တပေါတာရာမ၌ သတိပဋ္ဌာန်တရားဟောခြင်း

ဝါဆိုလပြည့်ကျော် ၁၃-ရက် (၂၁-၇-၇၉) နေ့တွင် ဝပ်သောင်မန်းကျောင်း၌ အရုဏ်ဆွမ်း ဘုဉ်းပေးတော်မူပြီး နံနက် ၈-နာရီ အချိန်တွင် ဇင်းမယ်ဌာနခွဲဖြစ်သည့် ဝပ်တပေါတာရာမ တောရွာ ကမ္မဋ္ဌာန်းကျောင်းသို့ ကြွတော်မူခဲ့လေသည်၊ ထိုကျောင်း၌ ရဟန်းယောဂီ ၂၈-ပါး, သီလရှင် ၂၀-ဦးနှင့် လူယောဂီ ၂၆-ယောက်ခန့် ရှိလေသည်၊ ဆရာတော်ဘုရားကြီးသည် ယောဂီတရာခန့်တို့အား သတိပဋ္ဌာန် တရားတော်ကို အတိုချုပ်၍ ဟောကြားတော်မူခဲ့လေသည်၊

မော်လမြိုင်တွင် ကြီးပြင်းလာခဲ့သော ယိုးဒယားအမျိုးသား ယောဂီ ဦးသာဆိုသူက ယိုးဒယားဘာသာ ပြန်ဆိုခဲ့လေသည်၊ ၁၀-နာရီ မိနစ် ၃၀-တွင် တရားပွဲသိမ်း၍ ထိုကျောင်းမှာပင် နေ့ဆွမ်းဘုဉ်းပေးတော်မူခဲ့လေသည်။

ရမ္မေဝပ်တပေါတာရာမေ, ထေရော သံသုဒ္ဓမာနသော
သတိပဋ္ဌာနံ ဒေသေသိ, မုနိပုင်္ဂဝဝဏ္ဏိတံ

ဝပ်ဖဆင်ကျောင်း၌ ညီညွတ်ရေးတရား ဟောခြင်း

နေ့မွန်းလွဲ ၁-နာရီ ၁၅-မိနစ်အချိန်တွင် ဝပ်တပေါတာရာမမှ ထွက်ခွာခဲ့ပြီး ဝပ်ကျစ်ဝပ် (Wat Kyit Vut) ကျောင်းသို့ ကြွတော်မူသည်၊ ထိုမှတဖန် ဝပ်ဖဆင် (Wat Phasin) သို့ ဆက်လက်ကြွတော်မူရာ ညနေ ၃-နာရီတွင် ရောက်လေသည်၊ အဆိုပါ ဝပ်ဖဆင်ကျောင်း၌ “သမဂ္ဂါနံ တပေါ သုခေါ” အစချီ၍ ညီညွတ်ရေးတရားကို ဟောကြားတော်မူခဲ့လေသည်၊ အရှင်ဇနကာဘိဝံသက မြန်မာဘုန်းတော်ကြီးများ စာချပုံကို ဟောကြားခဲ့လေသည်။

ဝပ်ဖဆင်ပရိဝေဏေပိ, ဝိနယေ ပါရမိံ ဂတော
သာမဂ္ဂီ ဓမ္မံ ဧသော ဟိ, ဒေသယီ ဒေသနာဝိဒူ

၎င်းနောက် ဝပ်မောင်းမင်းကျောင်းသို့ ပြန်ကြွတော်မူခဲ့လေသည်။

မြသပိတ်တောင်ကျောင်း၌ သတိပဋ္ဌာန်တရား ဟောခြင်း

ဝါဆိုလပြည့်ကျော် ၁၄-ရက် (၂၂-၇-၇၉) နေ့တွင် အရုဏ်ဆွမ်း ဘုဉ်းပေးပြီး နံနက် ၈-နာရီ မိနစ် ၃၀-တွင် ဆရာတော်ဘုရားကြီးနှင့် တပည့်သံဃာများသည် ဇင်းမယ်မှ ၁၀-ကီလိုမီတာ ကွာဝေးသည့် ယိုးဒယား မြသပိတ်တောင် စေတီသို့ ကြွရောက် ဖူးမြော်တော်မူခဲ့လေသည်၊

ယင်းမြသပိတ်တောင် စေတီအနီး၌ မြသပိတ်တောင်ကျောင်းရှိသည်၊ ထိုကျောင်း သို့လည်း ကြွတော်မူရာ ရဟန်းတော် ၂ဝ-ခန့်နှင့် သီလရှင်အပါအဝင် လူယောဂီ ၄၀-ခန့်တို့က ကြိုဆိုလျက်ရှိကြလေသည်၊ ၁၁-နာရီတွင် ဆွမ်းဘုဉ်းပေးတော်မူပြီး မွန်းလွဲ ၁-နာရီ မိနစ် ၃၀-တွင် ရဟန်း, ရှင်, လူယောဂီ ပရိသတ် ၁၀ဝ-ကျော်တို့အား သတိပဋ္ဌာန် တရားတော်ကို အကျဉ်းချုပ် ဟောကြားတော်မူခဲ့လေသည်၊ ဒကာ ဦးသာက ယိုးဒယား ဘာသာပြန်သည်။

မဏိပတ္တသေလနာမေ, ဝိဟာရေ သုမနောဟရေ
သတိပဋ္ဌာနံ ဒေသယိ, ဒေသနာ ကုသလော ဝိဒွါ

၎င်းနောက် ဇင်းမယ် ဝပ်မောင်းမင်းကျောင်းသို့ ပြန်ကြွတော်မူခဲ့လေသည်၊ ဝပ်မောင်းမင်းကျောင်း၌လည်း ညအချိန် တရားဓမ္မဖြင့် ယောဂီတို့အား ချီးမြှောက်တော် မူခဲ့လေသည်၊ ဤသို့စသည်ဖြင့် ဇင်းမယ်၌လည်း တရားဒေသနာ များ ဖြန့်ချီတော်မူခဲ့လေသည်။

ဝိတ္တာရိကံ ဗာဟုဇညံ, ဝိသိဋ္ဌံ သတိပဋ္ဌာနံ
ကာမံ သော ဇင်းမယ်ဒေသေပိ, အကာ မဟာစည်အဝှယော

ဝပ်ဖာထကျောင်း၌ သတိပဋ္ဌာန်တရားဟောခြင်း

ဝါဆိုလကွယ် (၂၃-၇-၇၉) နေ့ အရုဏ်ဆွမ်းဘုဉ်းပေးတော်မူပြီး နံနက် ၈-နာရီ မိနစ် ၃၀-တွင် ဇင်းမယ်မြို့အနီးရှိ ဝပ်ဖာထကျောင်းသို့ ကြွတော်မူသည်၊ ပစ္ဆာသမဏ များစွာပါရှိလေသည်၊ ဝပ်ဇာထကျောင်း၌ ရဟန်း, ရှင်, လူ ယောဂီ ၈၅-ဦးတို့အား သတိပဋ္ဌာန်တရားတော် အကျဉ်းကို ဟောကြားတော်မူခဲ့လေသည်၊ မယ်ဆိုင်းမြို့ မြို့ပိုင်ဘုန်းကြီး အရှင်ဝိလာသက ယိုးဒယားဘာသာ ပြန်လေသည်၊ ၎င်းနောက် ၁၀-မိနစ်ခန့် တရားထိုင်စေခဲ့လေသည်။

ဝပ်ဖာထပရိဝေဏေပိ, သတိပဋ္ဌာနကောဝိဒေါ
သတိပဋ္ဌာနံ ဒေသေသိ, ယောဂီနံ သန္တဂုတ္တိယာ

ဖရဗုဒ္ဓပတဖကျောင်းတိုက်၌ ဗုဒ္ဓသာသနာတရားတော်ဟောခြင်း

ဆရာတော်ဘုရားကြီးနှင့်အဖွဲ့သည် ဝပ်ဖာထကျောင်း၌ နေ့ဆွမ်း ဘုဉ်းပေးတော် မူခဲ့လေသည်၊ မွန်းလွဲ ၁-နာရီ ၁၅-မိနစ် အချိန်တွင် (Phra Buddha Patapha) အမည်ရှိ ကျောင်းတိုက်သို့ ကြွတော်မူရာ နာရီဝက်ခန့်အကြာတွင် ရောက်တော် မူခဲ့လေသည်၊ ဘုရားမြတ်စွာ ထိုဒေသသို့ဒေသစာရီ လှည့်လည်တော်မူစဉ် ရေသနုပ်တော် လှမ်းသည့်နေရာဟု အဆိုရှိလေသည်၊

ထိုဖရဗုဒ္ဓပတဖ ကျောင်းတိုက်၌ ရဟန်းတော် ၉၂-ပါး, သာမဏေ ၉၁-ပါးရှိလေသည်၊ ကျောင်းတိုက်ကြီးဖြစ်လေသည်၊ ဆရာတော်ဘုရားကြီးသည် ထိုကျောင်းတိုက်၌ ရဟန်း, ရှင်, လူပရိသတ် ၄၀ဝ-ခန့်တို့အား ဗုဒ္ဓသာသနာ တရားတော်ကို ဟောတော် မူခဲ့လေသည်။

ဖရဗုဒ္ဓ ပတဖဝှေ, အာရာမေ ယတိနန္ဒနေ,
ဗုဒ္ဓသာသနဘိဓေယျံ, ဓမ္မမ္ပိ ကထယီ သုဓီ

ဇင်းမယ်ပဏ္ဏာသရေးရာကျောင်းရောက်ခြင်း

ဆရာတော်ဘုရားကြီးသည် စာပေသမိုင်းတွင်ထင်ရှားသည့် ဇင်းမယ်ပဏ္ဏာသ, မင်္ဂလတ္ထဒီပနီ စသော ကျမ်းဂန်များရေးသားပြုစုရာ ကျောင်းသို့လည်း ကြွရောက် တော်မူခဲ့လေသည်။ ယင်းကျောင်း၌ အလ္လန်လောန်ဖော (Allan Louph) နှင့် သံဃာတော် ၅-ပါး သီတင်းသုံးလျက် ရှိလေသည်၊

၎င်းနောက် ဝပ်မောင်းမင်းကျောင်းသို့ ပြန်ကြွတော်မူရာ ညနေ ၆-နာရီ မိနစ် ၂၀-ခန့်တွင် ပြန်လည် ရောက်ရှိတော်မူခဲ့လေသည်၊ ည ၈-နာရီအချိန်တွင် တကျောင်း လုံးရှိ ရဟန်း, ရှင်, လူ အပေါင်းတို့က ဆရာတော်ဘုရားကြီးအား ကန်တော့ ပူဇော် လှူဒါန်းကြသည်၊

ဤသို့စသည်ဖြင့် မြန်မာပြည် မန္တလေးမြို့ကြီးတမျှ သာသနာ ထွန်းကားသည့် ဇင်းမယ်မြို့ကြီး၌ ဆရာတော်ဘုရားကြီးသည် အားရရွှင်လန်းစွာ တရားဓမ္မဟောပြ၍ သာသနာ့သမိုင်းအရပ်ရပ်ကို လေ့လာတော်မူခဲ့လေသည်။

ဇင်မယ်ဒေသေမနုညမှိ, အနုညဓမ္မဒေသနံ
ပကာသေတွာ ဝိစရိတွာ, အကာ သာသနကာရိယံ

ဘန်ကောက်သို့ပြန်ကြွခြင်း

ည ၈-နာရီ မိနစ် ၃၀-အချိန်ခန့်တွင် တည်းခိုရာကျောင်းမှ ထွက်ခွာတော်မူကြပြီး အဝေးပြေးခရီးသည် တင်ဆောင်သော မော်တော်ယာဉ် (Deluxe Coach) ဖြင့် ည ၉-နာရီတွင် ဘန်ကောက်သို့ စီးနင်းလိုက်ပါခဲ့ရာ နောက်တနေ့ နံနက် ၅-နာရီ ၄၅-မိနစ်အချိန်တွင် ဘန်ကောက်မြို့သို့ ရောက်တော်မူခဲ့လေသည်၊ ဇင်းမယ်နှင့် ဘန်ကောက် ကီလိုမီတာ ၇၂၀-ဝေးကွာသည်ဟု သိရလေသည်။

မဟာစည်မဏီသိ ယတိပုင်္ဂဝေါ
ဘာရတီ ကဝီဟိ အတိသုန္ဒရော
ကာရယီ မာရဇီ ယတိပုဗ္ဗကော
သာသနံ ဇောတနံ အဘိသုဗ္ဗတော

ရဟန်း, ရှင်, လူ ၁၅၀ဝ- ခန့်အား သတိပဋ္ဌာန်တရားဟောခြင်း

ဝါခေါင်လဆန်း ၁-ရက် (၂၄-၇-၇၉) နေ့ နံနက် ဝပ်မဟာထပ်ကျောင်းသို့ ရောက်ရှိပြီး နောက် အရုဏ်ဆွမ်း, နေ့ဆွမ်းဘုဉ်းပေးတော်မူခဲ့လေသည်၊ မွန်းလွဲ ၂-နာရီ ၁၅-မိနစ်တွင် ဆရာတော်ဘုရားကြီးသည် ရဟန်း, ရှင်, လူပရိသတ် ၁၅၀ဝ-ခန့်တို့အား တရားဟောကြားတော်မူရာ ဆရာတော် အရှင်ဝိလာသက ယိုးဒယားဘာသာ ပြန်ဆို ခဲ့လေသည်၊ ညနေ ၄-နာရီ ၄၅-မိနစ်တွင် တရားပွဲ ရုပ်သိမ်းခဲ့လေသည်၊ ရဟန်း, ရှင်, လူယောဂီအပေါင်းတို့ များစွာနှစ်ထောင်း ဝမ်းသာရှိကြလေသည်။

သုတွာန ထေရသေဋ္ဌေန, ဘာသိတံ ဓမ္မမုတ္တမံ
သမ္ပတ္တာ သမ္ပမောဒန္တိ, ဟိတာဒေန္တိ သုခန္တိစ

ချွန်ဘူရီဝိဝေကအစုမ်၌ သီလပေးတရားဟောခြင်း

ဝါခေါင်လဆန်း ၂-ရက် (၂၅-၇-၇၉) နေ့တွင် နံနက် အရုဏ်ဆွမ်း ဘုဉ်းပေးတော်မူပြီး နံနက် ၈-နာရီတွင် ချွန်ဘူရီသို့ ကြွတော်မူသည်၊ ဆရာတော် အရှင်အာသဘ၏ ကျောင်းဒကာအိမ်၌ ဆွမ်းဘုဉ်းပေးတော်မူပြီး ဝိဝေကအစုမ် (Vikeka Asom) ကျောင်းသို့ ညနေ ၃-နာရီ ၃၀-မိနစ် ပြန်လည်ရောက်ရှိတော်မူခဲ့လေသည်၊ ၆-နာရီ မိနစ် ၃၀-တွင် ပရိသတ်အား ၅-ပါးသီလ, ၈-ပါးသီလ အသီးသီးပေးတော်မူပြီး သတိပဋ္ဌာန် တရားတော်ကို ဟောကြားတော်မူခဲ့လေသည်၊ အရှင်သာသနက ယိုးဒယားဘာသာ ပြန်ဆိုလေသည်။

ဝိဝေကအစုမ်ဝိဟာရေ, ပုင်္ဂဝေါ ယတိပုဗ္ဗကော
ဓမ္မံ သော ဒေသယိတွာန, ယောဂီနော တောသယိ ဟိ ခေါ

ချမ်းသာရေးတရားဟောအပြီး ပင်လယ်ကမ်းခြေ အပန်းဖြေကြွ

ဝါခေါင်လဆန်း ၃-ရက်နေ့ (၂၆-၇-၇၉) နေ့တွင် ဒေါ်မေမေပု စသူတို့လှူဒါန်းသည့် အရုဏ်ဆွမ်း, နေ့ဆွမ်းဘုဉ်းပေးတော်မူပြီး မွန်းလွဲ ၂-နာရီအချိန်တွင် ချမ်းသာရေးတရားတော်ကို ဟောကြားတော်မူခဲ့လေသည်၊ အရှင်သာသနက ယိုးဒယား ဘာသာပြန်သည်၊ ညနေ ၃-နာရီ ၃၀-တွင် တရားသိမ်းပြီးနောက် ၄- နာရီအချိန်ခန့်တွင် ပင်လယ် ကမ်းခြေသို့ အပန်းဖြေစခန်းကြွ၍ ခေတ္တ အပန်းဖြေတော်မူပြီး ချွန်ဘူရီသို့ ပြန်ကြွလာရာ ၇-နာရီ မိနစ် ၃၀-တွင် ရောက်ရှိလေသည်။

ခေဒံ သော ဝိနောဒနာယ, သမုဒ္ဒတီရမဂမိ
မုဟုတ္တံ သော ဝသိတွာန, ပစ္စာဂမိ ယတိဿရော

ရန်ကုန်ပြန်ကြွတော်မူခြင်း

ဝါခေါင်လဆန်း ၄-ရက် (၂၇-၇-၇၉) နေ့တွင် ချွန်ဘူရီဝိဝေကအစုမ်ကျောင်း၌ အရုဏ်ဆွမ်း ဘုဉ်းပေးတော်မူပြီး နံနက် ၇-နာရီ မိနစ် ၅၀-တွင် ဘန်ကောက်သို့ ထွက်ခွာတော်မူသည်၊ နံနက် ၁၀-နာရီတွင် ဘန်ကောက်ဝပ် မဟာထပ် ကျောင်းသို့ ရောက်တော်မူသည်၊ ဦးခင်မောင်စိန်နှင့် ဒေါ်အမာရီတို့က နေ့ဆွမ်းကပ်လှူကြပြီး မတ်ရပ်နာရီကြီးစသည့် လှူဖွယ်ဝတ္ထုများစွာတို့ကို လှူဒါန်းကြသည်၊

ထိုမှတဖန် ပင့်လျှောက်သဖြင့် ဒကာ ဦးသိန်းထွန်း-ဒေါ်မေမေပု တို့အိမ် ကြွရောက် ချီးမြှောက်ပြီး ညနေ ၃-နာရီတွင် ရန်ကုန်ပြန်ကြွရန် ဘန်ကောက် လေဆိပ်သို့ ကြွတော်မူသည်၊ ရဟန်းသံဃာတော်များစွာနှင့် သံရုံးမိသားစုနှင့်တကွ များစွာသော ဒကာ, ဒကာမများစွာတို့က လိုက်ပါ ပို့ဆောင်ကြသည်၊

ဆရာတော်ဘုရားကြီးနှင့်အဖွဲ့သည် ညနေ ၆-နာရီ မိနစ် ၅၅-အချိန်တွင် ဘန်ကောက်မှ ထွက်ခွာသည့် ဘီအေစီမြန်မာ့ လေကြောင်းကော်ပိုရေးရှင်း လေယာဉ်ဖြင့်လိုက်ပါတော်မူခဲ့ရာ ရန်ကုန် မင်္ဂလာဒုံလေဆိပ်သို့ ည ၇-နာရီ မိနစ် ၃၀-ခန့်တွင် ချောမောစွာ ဆိုက်ရောက်တော်မူခဲ့လေသည်၊ ဆရာတော်ဘုရားကြီး၏ ကမ္ဘာ့သာသနာပြု လုပ်ငန်းသည် များစွာအောင်မြင်ခဲ့လေသည်။

အနေကေသု ဝိသယေသု, သာသနံ ဇောတနံ ကရီ
ပဏ္ဍိတော နိပုဏော ဉာဏီ, မဟာစည် ကဝိကေသရီ

ရန်ကုန်သာသနာ့ရိပ်သာသို့ ရောက်ရှိတော်မူခြင်း

ဆရာတော်ဘုရားကြီးနှင့်အဖွဲ့ကို တပည့်တပန်း ရဟန်း သံဃာတော်များ, ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်, ဟိတေသီအဖွဲ့, အမျိုးသမီးယောဂီစောင့်ရှောက်ရေး အဖွဲ့များနှင့် ချမ်းမြေ့ရိပ်သာ အမှုဆောင်အဖွဲ့နှင့် အခြားပုဂ္ဂိုလ်များစွာတို့ မင်္ဂလာဒုံ လေယာဉ်ကွင်းသို့ သွားရောက်ကြိုဆိုကြသည်။

၈- ပါးသီလပေး, နှုတ်ခွန်းဆက်ဩဝါဒ မြွက်ကြားခြင်း

ည ၈-နာရီအချိန်တွင် ကျေးဇူးရှင်မဟာစည် ဆရာတော်ဘုရားကြီးနှင့်အဖွဲ့သည် သာသနာ့ရိပ်သာသို့ အစီအရီ ကားများဖြင့် ဆိုက်ရောက်လာတော်မူခဲ့ရာ ယောဂီ ပရိသတ်တို့သည် တည်ငြိမ်စွာ လက်အုပ်ချီမိုး ရှိခိုးကန်တော့ကြသည်၊ ရိပ်သာ ပရိဝုဏ် တခုလုံးကိုလည်း မီးရောင်စုံများ ညှိထွန်းထားရှိသဖြင့် ကြည်နူးဖွယ် ကောင်းလှသောဟူ၏၊

ဆရာတော်ဘုရားကြီးသည် ခရီးရောက်မဆိုက် ပင်ပန်းမှုကို ပဓာနမထားပဲ မိနစ် ၂၀-ခန့် အသင့်ကြိုဆို စောင့်ဆိုင်းနေသော ယောဂီပရိသတ်အား ၈-ပါးသီလ ပေးတော် မူပြီးလျှင် အောက်ပါအတိုင်း နှုတ်ခွန်းဆက်ဩဝါဒကို မိန့်မြွက်တော်မူခဲ့လေသည်။

ဆရာတော်ဘုရားကြီး၏ နှုတ်ခွန်းဆက် ဩဝါဒမိန့်ခွန်း

ဘုန်းကြီးတို့ ပြန်လာတာကို ဒီကစိတ်ပါလက်ပါနဲ့ ကြိုဆိုနေကြတာတွေ အများကြီး တွေ့ရတယ်၊ လေယာဉ်ပျံဌာနမှာ ဒီလောက်များများ ရှိလိမ့်မယ်လို့ မထင်ဘူး၊ ရိပ်သာမှာတော့ တော်တော်များများ ရှိလိမ့်မယ်လို့ထင်ပါတယ်၊ ခုတော့ လေယာဉ်ပျံ ဌာနကို အများကြီးလာနေကြတာကိုး၊ လေယာဉ်ပျံဌာနမှာကို အများကြီး တွေ့ရ တာကိုး။

ကမ္ဘာ့သာသနာပြုတရားတော် ဆိုပြီးတော့ ဘုန်းကြီးတို့လျှောက်ပြီး ဟောလာ ခဲ့ကြတာ ဧပြီ ၁-ရက်နေ့ကစပြီး ယနေ့ဇူလိုင် ၂၇-ရက်နေ့အထိ လေးလနီးပါး ရှိသွားပြီ၊ သာသနာပြု သွားကြတာ, အစစအရာရာ အကြောင်းညီညွတ်ပါတယ်၊ ဒီက ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ဝင် ပုဂ္ဂိုလ်တွေကလဲ သင့်လျော်အောင် ဆောင်ရွက်ပေး ကြလို့ ဗုဒ္ဓသာသနာတော်ကို ရိုသေလေးစားတဲ့ ဆိုင်ရာပုဂ္ဂိုလ်တွေကလဲ အားပေး ကူညီကြလို့ ချမ်းချမ်းသာသာနဲ့ သွားကြရပါတယ်၊ (အဆင်ပြေပါတယ်)

ရောက်ရာ ရောက်ရာမှာလဲ ဗုဒ္ဓသာသနာတော်ကို ရိုသေလေးစားတဲ့ ပုဂ္ဂိုလ်တွေ အတော်အသင့်တော့ တွေ့ရပါတယ်၊ တချို့နေရာတွေမှာဆိုယင် ဘုန်းကြီးတို့က အဲဒီလောက်တောင် မမျှော်လင့်ပါဘူး၊ တော်တော် များများတွေ့ရပါတယ်၊ အဲဒီ ရောက်ရာဌာနမှာ သင့်တော်တဲ့တရားလဲပဲ ဟောကြရပါတယ်၊

ဒီက ဦးညီညီနဲ့ ဦးသာနိုးတို့ ဘာသာပြန်တဲ့ တရားကလေးတွေက ပါတာနဲ့ အင်္ဂလိပ်လိုဖတ်ပြပြီးတော့လဲ ဟောရပါတယ်၊ တချို့ကလဲ မြန်မာလိုပဲ နာချင်တယ်၊ ဒါနဲ့ မြန်မာလိုလဲ နည်းနည်းပါးပါး ဟောရပါတယ်၊ တခါတရံကျတော့ ဘုန်းကြီးက နည်းနည်းဟောပြီးတော့ ဦးဇနကကို များများဟောခိုင်းရပါတယ်၊

သူကလဲပဲ အင်္ဂလိပ်လိုဟောတာ ပြောတာတွေ တော်တော် ကျွမ်းကျင်ပါတယ်၊ အစကတော့ ဘုန်းကြီးက ဒီလောက် မကျေပွန်ဘူးလို့ အောက်မေ့တယ်၊ ဟိုကျတော့မှ သူက ပြောပုံဆိုပုံရော တာဝန်ကျေပွန်ပါတယ်၊ တချို့ မေးမြန်းတာ တွေရှိတယ်၊ တချို့က အသံကလေး နည်းနည်းကလေးပဲ ကြားရတယ်၊ အဲဒါလဲ ဖြေကြား နိုင်ပါတယ်၊ တော်တော်ဟန်ကျတာပဲ၊ ရောက်ရာ ဌာနတွေမှာ စိတ်ဝင်စားတဲ့ ပုဂ္ဂိုလ်တွေ တော်တော် များများရှိကြပါတယ်၊ တရားလဲ ရိုရိုသေသေ လေးလေး စားစား အားထုတ်တဲ့သူတွေ အတော်အသင့်တော့ရှိပါတယ်။

ဒါပေမယ့်လို့ ဗုဒ္ဓဘာသာ နိုင်ငံတွေနဲ့ နှိုင်းစာကြည့်ယင်တော့ အင်မတန် အားနည်း ပါသေးတယ်၊ အဲဒီနိုင်ငံတွေမှာ သာသနာပြုရောက်နေတဲ့ ထေရဝါဒရဟန်းတွေလဲပဲ တချို့တွေ့ရပါတယ်၊ ယိုးဒယား (ထိုင်း) နိုင်ငံက, ကမ္ဗောဒီးယား (ကမ်ပူးချား) နိုင်ငံက, သီဟိုဠ် (သီရိလင်္ကာ)က အဲဒီလိုနိုင်ငံက ပုဂ္ဂိုလ်တွေ တွေ့ရပါတယ်၊

မြန်မာပြည်ကတော့ အင်္ဂလန်မှ ဦးရေဝတဓမ္မတပါးပဲ တွေ့ရပါတယ်၊ အဲဒီလို ရောက်ရာ ရောက်ရာတွေမှာ ဗုဒ္ဓသာသနာကို ပြုစုနေကြတဲ့ ပုဂ္ဂိုလ်တွေ တွေ့ရတဲ့အတွက် ဝမ်းမြောက်ဝမ်းသာပါတယ်၊ ဘုန်းကြီးတို့ ဟောတဲ့ တရားတွေကို လေးစားတဲ့ပုဂ္ဂိုလ်တွေများပါတယ်၊

ယိုးဒယားက ဆိုလို့ရှိယင် “ဝပ်မဟာထပ်” ဆရာတော်ဘုရားကြီးက နေပြီး ပဋိပတ္တိသာသနာပြုဖို့ရာ ညွှန်ကြားခဲ့လို့ ဒီက ဦးအာသဘကို ဟိုမှာလွှတ်ထားရတယ်၊ မြန်မာလို ၁၃၁၄-ခုနှစ်ကပါပဲ၊ အဲဒီကတည်းက ယိုးဒယားကို ရောက်နေတယ်၊ ဝပ်မဟာထပ်ကျောင်းက အားထုတ်တာ တော်တော်အဆင့်အတန်း မြင့်တယ်၊

သူတို့ဆီက ဒီမှာလာပြီးအားထုတ်တဲ့ မဟာဇောထုတ်ဆိုတဲ့ ကိုယ်တော်ကလဲ တော်တော် အဆင့်အတန်းမြင့်နေပါတယ်၊ ဒါပေမယ့် သူကအခြား အကြောင်းရှိလို့ အခြားသွားနေလို့ ဘုန်းကြီးနဲ့မတွေ့ခဲ့ရဘူး၊ သူတို့ဆီက အားထုတ်တဲ့ ပုဂ္ဂိုလ်တွေက အမေရိကန်တို့ အင်္ဂလန်တို့ ဥရောပတို့ရောက်ပြီး ဟောပြောနေကြတယ်၊ အင်မတန် ဝမ်းသာပါတယ်၊

သူတို့က ဒီနည်းနိသျတွေ ဟောပြောနေကြတယ်၊ အချို့ကလဲ အခြားနည်းနိသျတွေ ဟောပြောနေတာရှိတာပေါ့လေ၊ အဲဒါတွေ ဘုန်းကြီးတို့က တတ်နိုင်သမျှ ဟိုမှာ ဟောခဲ့ရပါတယ်၊ နေရာဌာနပေါင်းလဲ တော်တော်များပါတယ်၊ တော်တော် နှံ့နှံ့ စပ်စပ်လဲ သွားရတယ်၊ ဟိုက ပုဂ္ဂိုလ်တွေကလဲ ဘုန်းကြီးတို့ ချမ်းချမ်းသာသာ သွားရအောင် သင့်လျော်သလို အစစအရာရာစီစဉ်ပေးကြတယ်၊

လေယာဉ်ပျံနဲ့ သင့်လျော်ယင် လေယာဉ်ပျံနဲ့, ကားနဲ့ သင့်လျော်ယင် ကားနဲ့ ပို့ပေးကြလို့ ချမ်းချမ်းသာသာနဲ့ ဘုန်းကြီးတို့ သွားရပါတယ်၊ အဲဒီအမေရိကန်မှာလဲ ဌာနပေါင်း တော်တော်များပါတယ်၊ ဥရောပနဲ့ စကော့တလန်ဘက်မှာ ဌာနပေါင်း ပိုပြီးများပါတယ်၊ အဲဒီဌာနတွေ အကြောင်းကတော့ မှတ်တမ်းရေးလာတဲ့ ပုဂ္ဂိုလ် တွေရဲ့ ဆန္ဒအရဖော်ပြမှ စေ့စေ့စပ်စပ် နားလည်နိုင်မှာပါ။

အခုတော့ နှုတ်ဆက်အနေနဲ့ပြောရတာပဲ၊ ဟိုနိုင်ငံကဘုန်းကြီးတို့ ဟောပြောတဲ့ တရားတွေ ကြားနာကြရလို့ အားရဝမ်းသာကြတယ်၊ ဒါပေမယ့် အခြားနိုင်ငံများ မှာတော့ ဒီမှာလို ပရိသတ်က မများဘူး၊ အခုမြန်မာနိုင်ငံမှာတော့ အားထုတ်တဲ့ ပုဂ္ဂိုလ်တွေ အင်မတန်များတာပဲ၊ အင်မတန်ဝမ်းသာစရာ ကောင်းပါတယ်၊

ဒီမှာဘုန်းကြီးတို့ ဟိုဟိုဒီဒီ လိုက်ဟောတဲ့အခါမှာလဲ ပရိသတ် နှစ်ထောင် သုံးထောင်ရှိတယ်၊ ဟိုတနေ့က ဝပ်မဟာထပ် ကျောင်းတိုက်က ဥပုသ်နေ့ ဖြစ်တဲ့အတွက် လကွယ်နေ့ပေါ့, ဘုန်းကြီးတို့ ရက်နဲ့ဆိုယင် ဝါခေါင်လဆန်း ၁-ရက် နေ့ပေါ့၊

အဲဒီမှာ ဥပုသ်သည်တွေရော အခြားသူတွေရော တရားနာကြတာ တော်တော်များ ပါတယ်၊ (၂၀ဝဝ) နီးပါးလောက် ရှိပုံရတယ်၊ ဟိုဇင်မယ်နယ်ထဲက တောင်ပေါ်ဌာန တခုမှာလဲ ပရိသတ်တွေ အတော်များပါတယ်၊ အဲဒီမှာလဲ တရားအားထုတ်တဲ့ ကမ္မဋ္ဌာန်းကျောင်းတွေလဲပဲ ၁၅၀-လောက်ရှိတယ်လို့ သိရတယ်၊ ကျောင်းကြီးတွေ တော့ မဟုတ်ပါဘူး၊ ကျောင်းကလေးတွေပါပဲ၊

မြန်မာပြည်လောက်တော့ အားထုတ်တဲ့ပုဂ္ဂိုလ်များတယ်လို့မဆိုနိုင်ပါဘူး၊ မြန်မာပြည် ကတော့ အင်မတန်များတာပါပဲ၊ ဒီက ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ကနေပြီး သတင်းတွေ ပို့ထားလို့ ဟိုကမေးတဲ့ အခါကာလမှာဘုန်းကြီးတို့က ပြောရတယ်၊ မြန်မာပြည် သာသနာ့ရိပ်သာမှာ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ ဘယ်လောက်ရှိတုံးလို့ တချို့က မေးတယ်၊

ဒီကဘုန်းကြီးတို့ ဟိုရောက်နေတုန်း စာတွေ ပို့ထားတာရှိပါတယ်၊ ယောဂီ ၄၀ဝ-ကျော်လောက်ရှိပါတယ်၊ နည်းတဲ့အခါမှာ ၄၀ဝ၊ ၄၀ဝ-ကျော်ရှိတာ သိရတယ်လို့ ပြောခဲ့တယ်၊ များတဲ့အခါမှာတော့ မနှစ်ကသင်္ကြန်ရက်အတွင်းက ယောဂီ ၁၆၀ဝ-ရှိတယ်၊ ဒီနှစ်တော့ ဟိုကစာတွေ ပို့ပေးလိုက်တာနဲ့ ယောဂီ ၂၀ဝဝ-ကျော် ရှိတယ်ဆိုတာ ပြောတော့ ဟိုကပုဂ္ဂိုလ်တွေက အင်မတန် အံ့ဩကြပါတယ်၊ ဗုဒ္ဓ သာသနာတော်အတွက် အားရဝမ်းသာဖြစ်ကြပါတယ်။

အဲဒီတော့ ဒီမှာတရားအားထုတ်နေကြတဲ့ သူတွေ အင်မတန် ဝမ်းသာစရာ ကောင်းတယ်၊ အကြောင်းညီညွတ်လို့ အားထုတ်ကြရတာဟာ ကိုယ့်အတွက်လဲ ဝမ်းသာစရာကောင်းတယ်၊ သာသနာတော် အတွက်လဲဝမ်းသာစရာ ကောင်းပါတယ်၊ အဲဒါ နောက်ရက် နောက်ရက်တွေကျမှ အကြောင်းအားလျော်စွာ ဖော်ပြဟောရဦး မှာပဲ၊ ယခုတော့ နှုတ်ဆက်အနေနဲ့ပဲ ကြာကြာချည်းဟောလို့ မတော်ပါဘူး၊ ဒီလောက်ဆိုပြည့်စုံပါပြီ၊

ဟိုမှာတာ့ ည ၈-နာရီလောက်က စဟောယင် တနာရီ တနာရီကျော်လောက် ဟောပါတယ်၊ ၉-နာရီကျော်မှ ပြီးပါတယ်၊ ဒါပေမယ့် အနောက်နိုင်ငံတွေမှာတော့ တော်တော်နဲ့ နေမဝင်သေးဘူး၊ ၁၀-နာရီလောက်မှ နေဝင်တာကိုး၊ နံနက် ၄-နာရီ လောက်ဆိုယင် လင်းတာပဲ၊ ၂-နာရီ ၃- နာရီလောက်ပဲ မှောင်လိုက်တယ်၊

တနေရာမှာက “နော်ဝေး” လား၊ အဲဒီမှာတော့ မေလ ၁၄-ရက်ကနေပြီး ဇူလိုင်လ ၃၀-ရက်အထိ နေမဝင်ဘူးလို့ ဆိုပါတယ်၊ အဲဒီ နေရာ ဘုန်းကြီးတို့က သွားကြည့်ဖို့ ဗဟုသုတနေနဲ့ သွားဖို့စိတ်ကူးတယ်၊ ဒါပေမယ့် မရောက်ခဲ့ပါဘူး၊

အင်္ဂလန် ရောက်သွားတော့ တရားဟောပြီး ည ၉-နာရီကျော်အောင်တောင် နေကို မြင်နေရတာလဲ ရှိတယ်၊ ဒါပေမယ့် မိုးမှုန်တွေက မပြတ်ဖြစ်နေတာ များပါတယ်။ တိမ်တွေဖုံးနေတော့ ဟိုနော်ဝေးမှာ နေလဲမြင်မှာ မဟုတ်ဘူး၊ ဒါကြောင့် အဲဒီ နော်ဝေးကို မသွားခဲ့ပါဘူး၊

နေပွင့်နေတဲ့အခါမှာတော့ ဟိုမှာ ည ၉-နာရီကျော်သော်လဲ နေမဝင်သေးဘူး၊ ည ၁၀-နာရီကျော်လောက် ၁၁-နာရီလောက်မှာ အိပ်ရပါတယ်၊ အဲဒါဟာ နေ့စဉ်လိုလို ဖြစ်နေပါတယ်၊ဒါပေမယ့် နေလို့ထိုင်လို့ကတော့ အဆင်ပြေပါတယ်၊ ဒီတော့ အခုည ၈-နာရီခွဲဆိုတာဟာ ဟိုကအနေနဲ့တော့ စောပါသေးတယ်၊ ဒါပေမယ့် ဒီက အမြင်နဲ့ဆိုတော့ မှောင်နေပြီ၊ ဒါကြောင့် ဒီကနေ့ နှုတ်ခွန်းဆက်တရား ဒါလောက်နဲ့ တော်ပါပြီ။

ဘုန်းကြီးတို့ ဟောပြောခဲ့တာတွေ အာရုံပြုကြခြင်း, ရိုရိုသေသေနဲ့ လာရောက်ဖူးမြော် ကန်တော့ကြခြင်း အစရှိသော ဤကောင်းမှု ကုသိုလ်ကံတွေကြောင့် ဘေးရန် အန္တရာယ်ဟူသမျှတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းကြ ဝေးကွာကြ၍ မိမိတို့စွမ်းနိုင် သမျှ အားထုတ်ကြသဖြင့် ဆင်းရဲခပ်သိမ်း ငြိမ်းရာဖြစ်သော နိဗ္ဗာန်တရားကို လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေ။

သာဓု … သာဓု… သာဓု …။

ထိုင်း, ပြင်သစ်, အင်္ဂလန်, သီရိလင်္ကာ, စင်္ကာပူ ၅- နိုင်ငံ သာသနာပြု ခရီးကြွပြန်ခြင်း

ဆရာတော်ဘုရားကြီးသည် ဘုရားမြတ်စွာ သာသနာတော်ကြီး ကမ္ဘာ့အနှံ့အပြား တည်တံ့ရန် ဆန္ဒပြင်းပြတော်မူသည်၊ သို့နှင့် ၁၃၄၁-ခုနှစ် နယုန်လပြည့်ကျော် ၅-ရက် (၂၉-၅-၈၀) နေ့မှ ဒုတိယဝါဆိုလဆန်း ၁-ရက် (၂၃-ရ-၈၀) နေ့အထိ ထိုင်းနိုင်ငံ (ယိုးဒယားနိုင်ငံ) ပြင်သစ်နိုင်ငံ, အင်္ဂလန်နိုင်ငံ, သီရိလင်္ကာနိုင်ငံ, စင်္ကာပူနိုင်ငံ ဟူသော ငါးနိုင်ငံတို့ကို ကရုဏာရှေးရှု ကြွတော်မူ၍ ဝိပဿနာတရားတော်များ ဟောပြောပြသ သာသနာပြု ကြွတော်မူခဲ့လေသည်။

ဒွါသီတိမပိုင်း

နီပေါနိုင်ငံ

နီပေါ (Nepal) နိုင်ငံသည် ဟိမဝန္တာတောင်ခြေရင်းတွင် တည်ရှိသည်၊ မြောက်ဘက်တွင် တိဗက်ပြည်နှင့် ဟိမဝန္တာတောင်တန်း တည်ရှိသည်၊ အရှေ့ဘက် တွင် အိန္ဒိယနိုင်ငံနှင့် ဘူတန်နိုင်ငံရှိသည်၊ တောင်ဘက်နှင့် အနောက်ဘက်သည် အိန္ဒိယနိုင်ငံ မြောက်ဘက်နယ်နိမိတ်နှင့် ဆက်စပ်လျက်ရှိလေသည်၊
ကမ္ဘာပေါ်တွင် အမြင့်ဆုံးတောင်ထိပ်အဖြစ် ထင်ရှားသော ပေပေါင်း (၂၉၀ဝ၂) မြင့်သော ဧဝရတ်တောင်ထိပ်သည် နီပေါနိုင်ငံ နယ်နိမိတ် အတွင်း၌ တည်ရှိ လေသည်၊ နီပေါနိုင်ငံ၏ မြို့တော်သည် ခတ္တမန္ဒုဖြစ်၍ ဟိမဝန္တာတောင်စောင်းရှိ အလျား မိုင် ၁၅-မိုင် အနံ ၂၀-မိုင် ကျယ်သော ဆင်ခြေလျော မြေပြန့်ပေါ်တွင် တည်ရှိသည်၊
နီပေါနိုင်ငံသည် စတုရန်းမိုင် ၅၄၃၆၂-မိုင် ကျယ်ဝန်းလေသည်၊ ဟိန္ဒူဘာသာဝင် များစွာရှိပြီး မဟာယာန ဗုဒ္ဓဘာသာဝင်များ, ထေရဝါဒဗုဒ္ဓဘာသာဝင်များလည်း ရှိလေသည်၊ ယင်းထေရဝါဒဗုဒ္ဓဘာသာဝင်များထဲတွင် ရန်ကုန်မြို့ မဟာစည် သာသနာ့ရိပ်သာ၌ တရားအားထုတ်သွားသော ရဟန်း, ရှင်, လူများစွာ ပါဝင် လေသည်။

နီပေါဝှသုရဋ္ဌံ နာမ, ဟိမာလယ သမီပကေ၊
သဏ္ဌိတံ နာနာဝါဒီဟိ, သံကိဏ္ဏံ သောဘနံ ဟိ ဝေ။

သတိပဋ္ဌာန်တရား ဟောပြောကြခြင်း

သက္ကရာဇ် ၁၃၂၂-ခုနှစ်တွင် နီပေါနိုင်ငံမှ နီပေါသီလရှင် ဒေါ်သုဓမ္မဝတီနှင့် မြန်မာ သီလရှင် ဒေါ်ဂုဏဝတီတို့သည် ရန်ကုန်မြို့ မဟာစည် သာသနာ့ရိပ်သာသို့ လာရောက်ကြပြီး တရားအားထုတ်ကြကာ နီပေါနိုင်ငံသို့ ပြန်ရောက်သောအခါ မဟာစည် ဆရာတော်ဘုရားကြီး၏ ဥပနိဿယ နည်းနာနယအတိုင်း သတိပဋ္ဌာန် တရားတော်ကို ဟောကြား ပြသကြလေသည်၊
၎င်းပြင် နီပေါရဟန်းတော် အရှင်သုမင်္ဂလနှင့် အရှင်ဉာဏပုဏ္ဏိကတို့သည်လည်း မြန်မာနိုင်ငံ မဟာစည်သာသနာ့ရိပ်သာ ကြွရောက်၍ တရားအားထုတ်ကြပြီး နီပေါနိုင်ငံ၌ တရားဓမ္မ ဟောပြကြလေသည်၊ ၎င်းပြင် ၁၃၄၁-ခုနှစ် တပို့တွဲလ တွင်လည်း နီပေါသီလရှင် ဒေါ်သုဓမ္မဝတီနှင့် နီပေါရဟန်းတော် အရှင်အဿဃောသ တို့ ဦးဆောင်သော နီပေါအမျိုးသား, အမျိုးသမီး သုံးဆယ့်ငါးဦး တို့သည်လည်း ရန်ကုန်မြို့ မဟာစည် သာသနာ့ရိပ်သာ၌ တလကျော်ခန့် ဝိပဿနာတရား အားထုတ်သွားကြလေသည်၊
၎င်းတို့သည်လည်း နီပေါနိုင်ငံ၌ ဝိပဿနာတရားတော်များ ဟောပြောကြလေရာ မဟာစည်ဆရာတော်ကြီး၏ နည်းနာနယ ဝိပဿနာဓမ္မသည် နီပေါနိုင်ငံ၌ လွန်စွာ ပျံ့နှံ့ခဲ့လေသည်။

အကြိမ်ကြိမ်ပင့်လျှောက်ကြခြင်း

ဖော်ပြပါ ပုဂ္ဂိုလ်များသည် ရန်ကုန် သာသနာ့ရိပ်သာ၌ တရားအားထုတ်ပြီး၍ အပြန်တွင် ဆရာတော်ဘုရားကြီးအား သင့်လျော်သော အချိန်အခါတွင် နီပေါ နိုင်ငံသို့ ကိုယ်တော်တိုင် ကြွရောက်ချီးမြှောက် တရားဓမ္မ ဟောပြတော်မူရန် လျှောက်ထားခဲ့ကြလေသည်၊
၎င်းတို့နောက် များမကြာမီ နီပေါနိုင်ငံ လုမ္ဗိနီစီမံကိန်းဥက္ကဋ္ဌ မစ္စတာလုဒါးဆန် သည်လည်း ရန်ကုန်မြို့သို့ နီပေါဘုရင်၏ ပဏ္ဏာတော်များ ဌာပနာမည့် စေတီတော် အုတ်မြစ်ချပွဲတွင် ရောက်လာရာ မဟာစည်ဆရာတော်ဘုရားကြီးထံ ရောက်လာပြီး နီပေါနိုင်ငံသို့ ကြွရောက်ပါရန် ထပ်မံ လျှောက်ထားခဲ့လေသည်။

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်အား တာဝန်ပေးခြင်း

ဆရာတော်ဘုရားကြီးသည် ယင်းတို့ အကြိမ်ကြိမ် လျှောက်ထားချက်ကို နှစ်သက် ကြည်ဖြူ လက်ခံတော်မူကာ ၁၃၄၂-ခု ပြာသိုလလောက်တွင် ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ်အား နီပေါနိုင်ငံ သာသနာပြုကြွရာ၌ လိုအပ်သည့် ကိစ္စအဝဝကို ဆောင်ရွက်ရန် တာဝန်ပေးအပ်တော်မူလေသည်။

တရားတော်များ ကြိုတင်စီစဉ်ခြင်း

ဆရာတော်ဘုရားကြီးသည် အမေရိကန်နိုင်ငံ ကြွစဉ်က ကမ္ဘာ့သာသနာပြု တရားတော် ပထမပိုင်းကို ကြိုတင်ရေးသား စီစဉ်တော်မူသကဲ့သို့ နီပေါနိုင်ငံ ရောက်လျှင် ဟောတော်မူရန်-
၁။ ဗုဒ္ဓဩဝါဒတရားတော်,
၂။ ဘုရားကိုယ်တိုင်ရှုနည်းတရားတော်,
၃။ သစ္စာလေးပါးတရားတော်,
များပါဝင်သော ကမ္ဘာ့သာသနာပြုတရားတော် ဒုတိယပိုင်းကို စီရင်တော်မူခဲ့ လေသည် ၊ ယင်းတရားတော်များကို မြန်မာနိုင်ငံသို့ ရောက်ရှိလာသော အစိုးရ ဓမ္မစရိယဘွဲ့ရ နီပေါရဟန်းတော် အရှင်ဉာဏပုဏ္ဏိကအား နီပေါဘာသာပြန်ဆို၍ စာအုပ်အဖြစ် ရိုက်နှိပ်ရန် တာဝန်ပေးအပ်တော်မူခဲ့လေသည်။

မဟာစည်ဆရာတော်ဘုရားကြီး၏ သာသနာပြုအဖွဲ့

မဟာစည်ဆရာတော်ဘုရားကြီး ဦးဆောင်သော နီပေါသာသနာပြုအဖွဲ့တွင် -
၁။ ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး,
၂။ ကမ္မဋ္ဌာနစရိယ နာယကဆရာတော် အရှင်သံဝရ,
၃။ သာသနဓဇသိရီပဝရဓမ္မာစရိယ ရန်ကုန်မြို့ ပုဇွန်တောင် မြသိန်းတန် ကျောင်းတိုက်မှ ဆရာတော် အရှင်သောဘန,
၄။ သာသနဓဇဓမ္မာစရိယ နီပေါရဟန်းတော် အရှင်ဉာဏပုဏ္ဏိက,
၅။ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ (၁) ဒေါက်တာ ဦးဘကလေး,
၆။ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ ဂုဏ်ထူးဆောင် အမှုဆောင် လူကြီးမင်း မင်္ဂလာ ဦးအောင်မြင့်,
၇။ မဟာစည်ဆရာတော်ဘုရားကြီး၏ ကပ္ပိယကာရက ဦးမြသိန်း,
၈။ ပန်းသာရုပ်ရှင် ဒါရိုက်တာ မှတ်တမ်းတင်ရုပ်ရှင်အဖွဲ့ တာဝန်ခံ ဦးထွန်းရီ,
၉။ မှတ်တမ်းတင်ရုပ်ရှင်အဖွဲ့ ကင်မရာမင်း အကယ်ဒမီ ဦးစမ်းမောင်,
အားဖြင့် အဖွဲ့ဝင် ၉-ဦးတို့ ပါဝင်ခဲ့လေသည်။

မဟာစည်ဆရာတော်ဘုရားကြီး နီပေါနိုင်ငံသို့ ကြွတော်မူပြီ

မဟာစည်ဆရာတော်ဘုရားကြီးနှင့် အဖွဲ့သည် သက္ကရာဇ် ၁၃၄၂-ခုနှစ် တပို့တွဲ လပြည့်ကျော် ၅-ရက် နံနက် ၇-နာရီကျော်တွင် ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်မှ ဘီအေစီလေယာဉ်ဖြင့် ထွက်ခွာတော်မူရာ ၈-နာရီ ကျော်ကျော်တွင် ကာလကတ္တားမြို့ ကာလကတ္တားလေဆိပ်သို့ ရောက်သော်လည်း ဆီးနှင်းများ ပိတ်နေသဖြင့် ဒက္ကားလေဆိပ်သို့ ဆက်လက်လိုက်ပါကာ ခေတ္တနားရန် ဆင်းရလေသည်၊
ဒက္ကားလေဆိပ်တွင် ဘင်္ဂလားဒေ့ရှ် မြန်မာသံအမတ်ကြီး ဦးသိန်းဝင်းမိသားစုတို့က ဆရာတော်ဘုရားကြီးအား ဒက္ကားလေဆိပ် အထူးဧည့်သည်တော် စခန်းသို့ လာရောက် ပင့်ဆောင်ပြီး ကန်တော့ဝတ်ပြုကြလေသည်၊ ဒက္ကားလေဆိပ်မှ ပြန်လည်ထွက်ခွာရာ ကာလကတ္တား လေဆိပ်သို့ နေ့လယ် ၁၂- နာရီကျော်လောက် တွင် ရောက်ရှိခဲ့လေသည်။

နီပေါနိုင်ငံ ခတ္တမန္ဒု လေဆိပ်သို့ ရောက်ရှိခြင်း

ရန်ကုန်မှထွက်ခွာလာခဲ့သော ဘီအေစီလေယာဉ်မှာ အကြောင်းမညီညွတ်သဖြင့် ခတ္တမန္ဒုလေဆိပ်သို့ ဆက်လက် မထွက်ခွာနိုင်သည့်အတွက် နီပေါဘုရင့် လေကြောင်း ကုမ္ပဏီပိုင် လေယာဉ်တစင်းဖြင့် အရေးပေါ်စီစဉ်ပြီး ကာလကတ္တား လေဆိပ်မှ မွန်းလွဲ ၁-နာရီ မိနစ် ၃၀-တွင် ထွက်ခွာလေရာ ညနေ ၃-နာရီ မိနစ် ၃၀-တွင် နီပေါနိုင်ငံ ခတ္တမန္ဒုလေဆိပ်သို့ ရောက်ရှိခဲ့လေသည်။

လေယာဉ်ကွင်းပြည့်မျှကြိုဆိုကြ

ခတ္တမန္ဒုလေဆိပ်တွင် လုမ္ဗိဏီစီမံကိန်းဥက္ကဋ္ဌ မစ္စတာလုတ်ဒါးဆန်း, နီပေါနိုင်ငံ မြန်မာသံအမတ်ကြီး ဦးခင်မောင်ဝင်းနှင့် သံရုံးအဖွဲ့ဝင်များ, ဆရာတော် ဘုရားကြီး ၏တပည့် နီပေါသီလရှင် ဒေါ်သုဓမ္မဝတီ, မြန်မာသီလရှင် ဒေါ်ဂုဏဝတီ, ဓမ္မကိတ္တိ အဖွဲ့ဝင်များ, ဘီအေစီမန်နေဂျာ ဦးမရထွန်းအောင်, ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ ဗိုလ်မှူးဟန်ထွန်း, ဦးခင်မောင်လွင်တို့နှင့်တကွ နီပေါဗုဒ္ဓဘာသာဝင် ထောင်ပေါင်း များစွာတို့ ပါဝင်ကြပြီး လေယာဉ်ကွင်းပြည့်မျှ ကြိုဆိုကြလေသည်။

ယာနတိတ္ထံ ပူရေတွာန, အနကာမော ပစ္စုဂ္ဂမိ၊
မဟာစည်ထေရကုဉ္ဇနံ, ဗုဒ္ဓသာသနကာရဓံ။

ခတ္တမန္ဒုနှင့် အနီးအနားတဝိုက် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ခြင်း

ဆရာတော်ဘုရားကြီးသည် လေဆိပ်တွင် ခေတ္တအနားယူတော်မူပြီး လုမ္ဗိနီဥက္ကဋ္ဌက ဦးဆောင်၍ လေယာဉ်ကွင်းမှ ခတ္တမန္ဒုမြို့တွင်းရှိ ၎င်း၏အိမ်သို့ ပင့်ဆောင်ခဲ့ လေသည်၊ ဆရာတော်ဘုရားကြီးသည် သာသနာပြု အဖွဲ့ဝင်များနှင့်အတူ ကျယ်ဝန်း သန့်ရှင်းလှသော ၎င်း၏နေအိမ်သစ်၌ ၁၃၄၂-ခုနှစ် တပို့တွဲ လပြည့်ကျော် ၅-ရက်နေ့ မှစ၍ တပို့တွဲလပြည့်ကျော် ၇-ရက်နေ့အထိ ၃-ရက်ပတ်လုံး သီတင်းသုံးတော်မူ၍ ဗုဒ္ဓဝါဒတရားတော်များ, ဘုရားကိုယ်တိုင် ရှုနည်း တရားတော်များ, သစ္စာလေးပါး တရားတော်များကို ဟောကြားလျက် သာသနာပြုတော်မူခဲ့လေသည်၊
ဆရာတော်ဘုရားကြီး ၏ ဟောပြောမှုကြောင့် ဗုဒ္ဓသာသနာတော် မကြည်ညိုသေး သည့် ပုဂ္ဂိုလ်အချို့တို့သည်လည်း ဗုဒ္ဓသာသနာတော်ကို ကြည်ညိုကြလေသည်၊ ကြည်ညိုပြီးပုဂ္ဂိုလ်များလည်း ခိုင်မြဲစွာကြည်ညိုကြလေသည်။

ခတ္တမန္ဒုပဒေသေပိ, မဟာစည်ကထိတော မဟာ၊
ဇနာနံ ဓမ္မတောယေန, တောသာပေသိ အနေကဓာ။

လုမ္ဗိနီဥယျာဉ်ကြွ ၉- ရက်စခန်းဖွင့်ရန် စီစဉ်

ဆရာတော်ဘုရားကြီးသည် ဘုရားမြတ်စွာ နှစ်သက်တော်မူသည့် ဓမ္မဖြင့် ဘုရား မြတ်စွာအား ပူဇော်ရန် ဆန္ဒပြင်းပြတော်မူသည်၊ သို့နှင့် ၁၃၄၂-ခုနှစ် တပို့တွဲ လပြည့်ကျော် ၉-ရက်နေ့တွင် ဘုရားဇိနော် ဖွားမြင်တော်မူရာ လုမ္ဗိနီဥယျာဉ်တော်၌ ၉-ရက်စခန်းဖွင့်ရန် ကြွရောက် စီစဉ်တော်မူခဲ့လေသည်။

လုမ္ဗိနီမဟုယျာနမ္ပိ, မဟုယျာမော မဟာမတိ၊
ဓမ္မဌာနဝိမာနာယ, အဂဉ္ဆိ ယတိသေခရော။

သယမ္ဘူစေတီတော်ဖူးမြော်ခြင်း, တရားဟောတော်မူခြင်း

ဆရာတော်ဘုရားကြီးသည် ခတ္တမန္ဒုရောက် နောက်တနေ့ဖြစ်သော ၁၃၄၂-ခုနှစ် တပို့တွဲ လပြည့်ကျော် ၆-ရက်နေ့တွင် လုမ္ဗနီဥက္ကဋ္ဌ စီစဉ်ချက်အရ သယမ္ဘူ စေတီ တော်ကြီးကို ကြွရောက်ဖူးမြော်တော်မူခဲ့လေသည်၊ သယမ္ဘူစေတီတော်ကြီးကား ပေပေါင်း ၂၅၀-ကျော်မြင့်သည့် ကုန်းတော်ပေါ်တွင် တည်ရှိလေသည်၊
ယင်း သယမ္ဘူစေတီတော်ကြီးသည် သာသနာ ၃-ရာစုခန့်တွင် သီရိဓမ္မာသောက မင်းကြီး၏ သားမက်တော် ဒေဝပါလနှင့် သမီးတော် စာရုမတီတို့၏ ကောင်းမှု ဖြစ်ကြောင်း သိရလေသည်၊ ဆရာတော်ဘုရားကြီး စေတီတော်သို့အရောက်တွင် ဂေါပကအဖွဲ့ဝင်များ, တိဗက်ဘုန်းတော်ကြီးများနှင့် များလှစွာသော ပရိသတ်ကြီးက ကြိုဆိုကန်တော့ကြသည်၊
ဆရာတော်သည် ပရိသတ်အပေါင်း၏ ကန်တော့ပူဇော်မှုကို ခံယူတော်မူပြီး စေတီတော်ကြီး၏ အနောက်တောင်ဘက်တွင်ရှိသော အာနန္ဒာကုဋိ အထက်တန်း ဗုဒ္ဓဘာသာကျောင်းတွင် ကျောင်းသား ကျောင်းသူများအား သရဏဂုံသီလတို့၌ တည်စေတော်မူခဲ့လေသည်၊
၎င်းနောက် သယမ္ဘူစေတီတော် တောင်ခြေမြောက်ဘက်ရှိ အာနန္ဒာကုဋိဝိဟာရ ဘုန်းတော်ကြီးကျောင်းသို့ ကြွတော်မူ၍ မဂ်လာတရား, ဝိပဿနာတရားများကို ဟောကြားတော်မူခဲ့လေသည်၊
တောင်ခြေရှိသော အာနန္ဒာယကုဋီ ဝိဟာရအကြွတွင် ပရိသတ်အပေါင်းက သာဓု, သာဓု, သာဓု ၃-ကြိမ်ညီညာစွာခေါ်၍ ပူဇော်ကြသည်၊ အာနန္ဒာကုဋိဝိဟာရ တရားပွဲအပြီးတွင် ဒါယကာ, ဒါယိကာမများက ပဝါ, ဖောင်တိန်, ခဲတန်, စာအုပ် စသော ပစ္စည်းမျိုးစုံကို လှူဒါန်းကြလေသည်။

သယမ္ဘူစေတီယာသန္နေ, မဟာထေရော သုဓီတိမာ၊
ဓမ္မတောယေန တောသေနိ, ဓမ္မကာမေ ဗဟုဇနေ။

မြန်မာသံအမတ်ကြီးအား ချီးမြှောက်ခြင်း

ထိုနေ့ ၁၀-နာရီခန့်တွင် နီပေါနိုင်ငံ မြန်မာသံအမတ်ကြီး ဦးခင်မောင်ဝင်းအိမ်တွင် ဆရာတော်ဘုရားကြီးနှင့် တပည့် သံဃာများ နေ့ဆွမ်း ဘုဉ်းပေးတော်မူသည်၊ ရောက်ရှိလာကြသော ပရိသတ်အားလည်း ဆွမ်းအနုမောဒနာ တရားဟော, ပရိတ် ရွတ်၍ ချီးမြှောက်တော်မူခဲ့လေသည်။

ဘတ္တာနုမောဒနဓမ္မဉ္စ, ပရိတ္တံ သာသနောဂဓံ၊
ရာဇဒူတံ နုဂ္ဂဟေသိ, မဟာစည်ထေရပုင်္ဂဝေါ။

ဓမ္မကိတ္တိဝိဟာရ၌ တရားဟောခြင်း

ဆရာတော်ဘုရားကြီးသည် မွန်းလွဲ ၁-နာရီအချိန်တွင် သီလရှင်များ ထိုင်နေရာ ဓမ္မကိတ္တိဝိဟာရသို့ ကြွရောက်တော်မူ၍ အပူဇော်ခံတော်မူသည်၊ ပရိသတ်မှာ ကျောင်းဝန်းမဆန့်အောင် များလှလေသည်၊
ဆရာတော် ဘုရားကြီးက “ဗုဒ္ဓေါ လောကေ သမုပ္ပန္နော, ဟိတာယ သဗ္ဗပါဏိနံ” ဗုဒ္ဓမြတ်စွာသည် လူ, နတ်, ဗြဟ္မာ သတ္တဝါအားလုံးတို့ ၏ အကျိုးစီးပွားပေါများ ပြည့်စုံရန်အတွက် လောက၌ ပွင့်တော်မူကြောင်း အခြေခံပြီးနောက် -
ဗုဒ္ဓေါ သောဘဂဝါ ဗောဓာယ ဓမ္မံ ဒေသေတိ” ဗုဒ္ဓ ရှင်တော်မြတ်ဘုရားသည် ကိုယ်တော်တိုင်ကျင့်ခဲ့၍ သိပြီးဖြစ်သော တရားတော်ကို မိမိလိုပင်ကိုယ်တိုင်ရှုကြ ကျင့်ကြပြီး သိသင့်သမျှကိုသိကြရအောင် မည်ကဲ့သို့ကျင့်ရမည်ကို -
အကျယ်ချဲ့၍ ၂-နာရီခန့် ကရုဏာ ကြီးမားစွာဖြင့် ဟောကြားတော်မူခဲ့ရာ နီပေါဆရာတော် အရှင်ဉာဏပုဏ္ဏိကက တပိုဒ်စီ နီပေါ ဘာသာဖြင့် ပြန်လည် ဟောကြားတော်မူသည်။

အရှင်သုမင်္ဂလကျောင်း သတိပဋ္ဌာန်တရားဟောခြင်း

၁၃၄၂-ခုနှစ် တပို့တွဲလပြည့်ကျော် ၇-ရက်နေ့တွင် လုမ္ဗနီဥက္ကဋ္ဌ နေအိမ်၌ အရုဏ် ဆွမ်းဘုဉ်းပေးတော်မူပြီး ရှေးက ရန်ကုန်မြို့ သာသနာ့ရိပ်သာ၌ တရားအားထုတ်ခဲ့၍ ဆဋ္ဌသင်္ဂါယနာတွင် သံဂီတိကာရက ဆရာတော်အဖြစ် ပါဝင် ဆောင်ရွက်တော်မူခဲ့ ဖူးသည့် နီပေါဆရာတော် အရှင်သုမင်္ဂလကျောင်းသို့ ကြွရောက် အပူဇော်ခံတော် မူခဲ့လေသည်၊ ရာထောင်များစွာသော နီပေါ ဗုဒ္ဓဘာသာဝင်တို့ ဆရာတော် ဘုရားကြီးအား လာရောက်ပူဇော်ကြသည်၊
ဆရာတော်ဘုရားကြီးသည် သတိပဋ္ဌာန် တရားတော်ကို ပြည့်စုံစွာ ဟောကြား တော်မူပြီး ၃-မိနစ်ခန့် တရားထိုင်စေတော်မူခဲ့လေသည်။

ဘဒ္ဒန္တသုမင်္ဂလဿ, ပရိဝေဏေ မနောရမေ၊
သတိပဋ္ဌာနံ ဒေသေတိ, ဒေသနာ ကုသလော ဝိဒွါ။

ဗနေပါးရွာကမ္မဋ္ဌာန်း ကျောင်းတိုက်၌ တရားဟောခြင်း

ထိုနေ့တွင် သီလရှင်များ ကျောင်းတွင် နေ့ဆွမ်းဘုဉ်းပေးတော်မူပြီး ညနေတွင် ခတ္တမန္ဒုမြို့နှင့် ၁၄-မိုင်ကွာ ဗနေပါးရွာ ကမ္မဋ္ဌာန်းကျောင်းတိုက်သို့ကြွ၍ ၄-ထောင် ကျော် ၅-ထောင်ခန့်ရှိ ပရိသတ်အား တရားဓမ္မ ဟောပြတော်မူခဲ့လေသည်၊
ဗနေပါးရွာ ကမ္မဋ္ဌာန်းကျောင်း ဆရာတော်သည် သက္ကရာဇ် ၁၃၄၁-ခုနှစ်က နီပေါ အမျိုးသား အမျိုးသမီး ၃၅-ယောက်နှင့်အတူ ရန်ကုန်မြို့ မဟာစည်သာသနာ့ ရိပ်သာ၌ သီတင်းသုံး တရားအားထုတ်တော်မူသည့် ပုဂ္ဂိုလ်မြတ်ဖြစ်လေသည်၊
၎င်းဗနေပါးရွာကြီးတွင် ထေရဝါဒဗုဒ္ဓ ကျောင်းတော်ပေါင်းများစွာ ရှိလေသည်၊ ဆရာတော်ဘုရားကြီးသည် သီလပေး ဩဝါဒတရား ဝိပဿနာရှုနည်းဟောပြီး ၃-မိနစ်ခန့် တရားထိုင်စေတော်မူခဲ့လေသည်။

ဗနေပါး ဂါမသေဋ္ဌေပိ, သေဋ္ဌော ပဏ္ဍိတကုဉ္ဇရော၊
ဗဟဝေါ ဓမ္မကထာယ, သန္တပ္ပေသိ အနေကဓာ။

အရှင်သုဗောဓာနန္ဒကျောင်းကြွ တရားဟောခြင်း

သက္ကရာဇ် ၁၃၄၂-ခုနှစ် တပို့တွဲလပြည့်ကျော် ၈-ရက်နေ့ နံနက် ၈-နာရီအချိန်တွင် ခတ္တမန္ဒုမြို့ ဆရာတော် အရှင်သုဗောဓာနန္ဒ၏ ကျောင်းတိုက်သို့ ကြွ၍ အပူဇော်ခံ တော်မူသည်၊ ယင်းပူဇော်ပွဲတွင် ရှေးဦးစွာ လုမ္ဗနီစီမံကိန်း ဥက္ကဋ္ဌက မဟာစည် ဆရာတော်ဘုရားကြီး ၏ထေရုပ္ပတ္တိကို အကျယ်တဝင့်ချီးကျူးမြွက်ကြားခဲ့လေသည်၊ ၎င်းနောက် ဆရာတော်ဘုရားကြီးက ချမ်းသာရေးတရားတော်နှင့် မေတ္တာကမ္မဋ္ဌာန်း, ဝိပဿနာဘာဝနာများကို အကျယ်တဝင့် ဟောကြားတော်မူခဲ့လေသည်။

သုဗောဓာနန္ဒထေရဿ, အာရာမေ ယတိနန္ဒနေ၊
ဓမ္မောဒကေန တောသေသိ, ဓမ္မကာမေ အနေကဓာ။

ခတ္တမန္ဒုမြို့နောက်ဆုံးတရားပွဲ

ထိုနေ့နေ့ဆွမ်းကို ဓမ္မကိတ္တိဝိဟာရတွင် နီပေါရှိ မြန်မာမိသားစုများက စုပေါင်း ဆက်ကပ်သဖြင့် ဆွမ်းဘုဉ်းပေးတော်မူခဲ့လေသည်၊ မွန်လွဲပိုင်းတွင် မဟာဗောဓိ ဘုရားကျောင်း, သကျသီဟ ဘုရားကျောင်းများသို့ ကြွရောက်၍ ဖူးမြော်တော် မူခဲ့လေသည်၊
၎င်းနောက် အရှင်သုမင်္ဂလ ကျောင်းတွင် နီပေါလူငယ် ဗုဒ္ဓဘာသာအသင်းဝင် များအား ဩဝါဒတရား ချီးမြှင့်တော်မူခဲ့လေသည်၊ ညနေဘက်တွင် ခတ္တမန္ဒုမြို့ ပါတမာရှိ နာဂတာကွင်းပြင်ကြီးတွင် အထူးစီမံဆောက်လုပ်ထားသည့် တရားပလ္လင် တော်ပေါ်၌ ထိုင်တော်မူ၍ ရောက်ရှိလာသော တသောင်း ငါးထောင်ခန့်ရှိသော ပရိသတ်ကြီးအား ဝိပဿနာရှုနည်းစသော တရားများကို ပြည့်စုံစွာ ဟောကြား တော်မူ၍ ၅-မိနစ်ခန့် တရားထိုင်စေတော်မူခဲ့လေသည်၊ ဤတရားပွဲကား ခတ္တမန္ဒုတွင် နောက်ဆုံးပွဲဖြစ်လေသည်။

မဟတိယာ ပရိသာယ, မဟာထေရော သုဇာတိမာ၊
ဓမ္မံ သော ပရိပုဏ္ဏံ ကတွာ, ကထေသိ ကထိတော မဟာ။

လုမ္ဗိနီဥယျာဉ်ကြွ, ပိုခရာမြို့ဟိုတယ်၌ တညတာ သီတင်းသုံးတော်မူခြင်း

ဆရာတော်ဘုရားကြီးသည် ၁၃၄၂-ခုနှစ် တပို့တွဲလပြည့်ကျော် ၉-ရက်နေ့ နံနက်တွင် လုမ္ဗိနီစီမံကိန်း ဥက္ကဋ္ဌအိမ်တွင် အရုဏ်ဆွမ်း ဘုဉ်းပေးတော်မူသည်၊ ၁၁-နာရီ မိနစ် ၃၀-အချိန်တွင် ခရစ်စတယ်ဟိုတယ်ပိုင်ရှင် ဦးသာနုရတ္တန၏ အထူးဘက်စ်ကား အသေးတစီးဖြင့် ရဟန်းတပည့်, လူတပည့်များစွာတို့နှင့်အတူ လုမ္ဗိနီဥယျာဉ်တော်သို့ ကြွတော်မူခဲ့လေသည်၊
ညနေ ၃-နာရီတွင် မူဂလင်ပန့်ခေါ်မြို့သို့ရောက်၍ ၎င်းမြို့၌ ခေတ္တရပ်နား ကားပေါ်မှ ဆင်း၍ အညောင်းအညာပြေရန် လမ်းအနည်းငယ် လျှောက်တော်မူသည်၊ ၎င်း နေရာတွင် လုမ္ဗိနီသို့ မြေပြင်လမ်းခွဲတခု ဖောက်နေပြီး ၎င်းလမ်းပြီးစီးပါက ခတ္တမန္ဒုမှလုမ္ဗနီ ၆-နာရီအတွင်း ရောက်နိုင်မည်ဖြစ်သည်၊
၎င်းမှဆက်လက်၍ ခရီးထွက်တော်မူရာ ညနေပိုင်းအချိန်တွင် လုမ္ဗနီခရီးတဝက်မိုင် ၂၀ဝ-ခန့်အကွာ ပိုခရာမြို့သို့ ရောက်တော်မူသည်၊ ဆက်လက်ခရီးမထွက်တော့ပဲ ပိုခရာမြို့ရှိ ခရစ်စတယ်ဟိုတယ် သီးသန့်အဆောင်တွင် သီတင်းသုံးတော်မူခဲ့ လေသည်၊ အဖွဲ့ဝင်များသည်ကား အခြားအဆောင်များ၌ တည်းခိုနေထိုင်ကြ လေသည်။

ပိုခရာ၌ တရားဟောတော်မူခြင်း

တပို့တွဲလပြည့်ကျော် ၁၁-ရက်နေ့ နံနက်တွင် အရုဏ်ဆွမ်းဘုဉ်းပေးတော်မူပြီး ပိုခရာမြို့၌ နီပေါဗုဒ္ဓဘာသာ သီလရှင်ကျောင်းသို့ ကြွတော်မူ၍ ဥပါသကာ, ဥပါသိကာများစွာတို့အား သရဏဂုံသီလတို့၌ တည်စေတော်မူပြီး တရားအနည်းငယ် ဟောကြားတော်မူခဲ့လေသည်။

ပိုခရာနဂရေစာပိ, မဟာစည်ထေရပုင်္ဂဝေါ၊
ဗဟဝေါ ဓမ္မရသေန, တောသာပယိ သုဓီတိမာ။

လုမ္ဗိနီဥယျာဉ်သို့ရောက်ပြီ

ခရစ်စတယ်ဟိုတယ်၌ နေ့ဆွမ်းဘုဉ်းပေးတော်မူပြီး နံနက် ၁၁-နာရီ မိနစ် ၃၀-အချိန်တွင် ပိုခရာမှ လုမ္ဗိနီဥယျာဉ်တော်သို့ ခရီးဆက်တော်မူခဲ့လေသည်၊ ပိုခရာနှင့် လုမ္ဗိနီဥယျာဉ်သည် မိုင် ၂၀ဝ-ကွာလှမ်းပြီး တောင်ကြား မြစ်ကြောင်းအတိုင်း ဖောက်လုပ်ထားသော အကွေ့အကောက်များသောလမ်းများလေသည်၊ ညနေ ၅-နာရီကျော် အချိန်တွင် “ဘားရဂါး” ခေါ် လုမ္ဗိနီနှင့် ၁၄-မိုင်ခန့်ဝေးပြီး ခတ္တမန္ဒုမှ လုမ္ဗိနီသို့ တဆင့်ကူးရလေသည်၊ ၎င်းမှဆက်၍ ထွက်တော်မူရာ ညနေ ၆-နာရီ ကျော်ခန့်တွင် လုမ္ဗိနီသို့ ရောက်တော်မူခဲ့လေသည်။

လုမ္ဗိနီမဟုယျာနမ္ပိ, မဟုယျာမောမဟာသုဓီ၊
မဟာစည်ထေရသေခရော, သမ္ပတ္တောသန္တမာနသော။

ဝိပဿနာတရားဟောခြင်းနှင့် တရားထိုင်စေခြင်း

ဆရာတော်ဘုရားကြီးနှင့်အဖွဲ့သည် လုမ္ဗိနီစီမံကိန်းရုံး အဆောက်အအုံ၌ တည်းခို တတော်မူကြသည်၊ ဆရာတော်ဘုရားကြီးသည် လုမ္ဗိနီစီမံကိန်းဥက္ကဋ္ဌဇနီး ဦးဆောင်သည့် ၁၁၉-ယောက်သော နီပေါယောဂီများအား သတိပဋ္ဌာန် တရားများဟောခြင်း, တရားထိုင်စေခြင်းတို့ကို ပြုလုပ်တော်မူခဲ့လေသည်၊ ကမ္မဋ္ဌာနာ စရိယဆရာတော် အရှင်သံဝရ, မြသိန်းတန်ဆရာတော် အရှင်သောဘန နီပေါဆရာတော် အရှင်ဉာဏပုဏ္ဏိက တို့ကလည်း ကူညီ၍ တရားစစ်တော် မူကြသည်။

ဥပသမ္ပဒကံ ဆောင်ရွက်ချီးမြှောက်ခြင်း

ဆရာတော်ဘုရားကြီး ရန်ကုန်မှထွက်ကြွစဉ်က မဟာစည်ယောဂီဟောင်း အဖွဲ့ တဖွဲ့လည်း ပါရှိလေသည်၊ ယင်း ယောဂီဟောင်းအဖွဲ့သည် ကာလကတ္တား လေဆိပ်တွင် ဆင်းခဲ့၍ လှည့်လည်ဘုရားဖူးခဲ့ရာ လုမ္ဗိနီတွင် ဆရာတော်ဘုရားကြီး နှင့် ဆုံမိလေသည်၊ ၎င်းအဖွဲ့တွင်ပါသည့် ရဟန်းလောင်းများ ဖြစ်ကြသည့် မန္တလေးဝင်းလိုက် ဦးစိန်ဝင်း, ဦးညိုမောင်, ဦးညွန့်မောင်, ဦးစိန်တင်တို့အား ဆရာတော်ဘုရားကြီးနှင့်တကွ သံဃာတော် ၁၂-ပါးတို့က လုမ္ဗိနီသိမ်တွင် ရဟန်း အဖြစ်သို့ရောက်အောင် ဥပသမ္ပဒကံဆောင် ချီးမြှောက်တော်မူကြသည်။

လုမ္ဗိနီသီမာတလေပိ, မဟာထေရော သုဂုဏဝါ၊
အနုဂ္ဂဟေဘိ ဇနာနံ, ဥပသမ္မဒကမ္မုနာ။

ကပိလဝတ်မြို့တော်ဟောင်းသို့ ကြွရောက်ကြည့်ရှု သံဝေဂယူ

တပို့တွဲလပြည့်ကျော် ၁၂-ရက်နေ့ နံနက်တွင် လုမ္ဗိနီစီမံကိန်းဥက္ကဋ္ဌစီစဉ်ပေးချက်အရ လုမ္ဗိနီဥယျာဉ်တော်မှ ၁၄-မိုင် ဝေးကွာသော ဘုရားဇိနော်၏ ခမည်းတော် သုဒ္ဓေါဒနမင်းကြီး နန်းတော် စသည်တို့ တည်ရှိခဲ့ရာ ကိပလဝတ် မြို့တော်ဟောင်းသို့ ကားနှစ်စီးဖြင့် သာသနာပြုအဖွဲ့ဝင်များနှင့် အတူကြွတော်မူ၍ ရှေ့ဖြစ်ဟောင်း အောက်မေ့ဖွယ်တို့ကို အောက်မေ့ကြည့်ရှု လေ့လာသံဝေဂ ယူတော်မူခဲ့လေသည်၊ ယခင်က အလွန်တရာခမ်းနားသည့် နန်းတော်ကြီးများမှာ အုဌ်ရိုးမျှသာ ကျန်ရှိတော့ သတတ်။

ဪသာ်သင်္ခါရ, မြော်မြင်ပါကြ၊
ပျော်ရွှင်လာသမျှ, တနေ့တခါမှာ၊
မမွေ့မသာ ဖြစ်ဦးမှပလေး။

ဆရာတော်ဘုရားကြီးနှင့် အဖွဲ့သည် မွန်းလွဲပိုင်းတွင် လုမ္ဗိနီဥယျာဉ်သို့ ပြန်ရောက်၍ ညနေဘက်တွင် ယောဂီများအား တရားစစ်ပြီး ဝိပဿနာ တရားတော်များ ဟောကြားပြသတော်မူခဲ့လေသည်။

ပေါရာဏံ ပုရံ ကပိလ-ဝတ္ထုမ္ပိ ယတိသေခရော၊
ဂန္တွာန သံဝေဂဉာဏံ, ပဝတ္တယီ သုဇာတိမာ။

တရားစစ်တရားဟောမှု ဆက်လက်ပြု

၁၃၄၂- ခုနှစ် တပို့တွဲလပြည့်ကျော် ၁၃-ရက်နေ့မှ တပေါင်းလဆန်း ၁-ရက်နေ့အထိ လုမ္ဗိနီယောဂီများအား တရားထိုင် ရှုမှတ်နည်းများကို စစ်ဆေးတော်မူ၍ ဆရာတော် ဘုရားကြီးက ညဘက်တွင် တရားဟောကြားတော်မူသည်၊ နီပေါဆရာတော် အရှင်ဉာဏပုဏ္ဏိကက နီပေါဘာသာဖြင့် ပြန်လည်ရှင်းပြတော်မူသည်။

တန်ဆင်းမြို့၌ တရားဟောခြင်း

မဟာစည်ဆရာတော်ဘုရားကြီးသည် တပေါင်းလဆန်း ၂-ရက်နေ့တွင် အရှင် ဉာဏပုဏ္ဏိက ၏ ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်သည့် တန်ဆင်းမြို့ (တောင်ပေါ်မြို့) သို့ ကြွတော်မူ၍ ဆရာတော် အရှင်သကျာနန္ဒကျောင်း ဗုဒ္ဓဝိဟာရကျောင်းနှင့် မြို့တော်ခန်းမတို့၌ ဗုဒ္ဓဩဝါဒတရားတော်ကို ဟောကြားတော်မူခဲ့လေသည်၊ တန်ဆင်းမြို့၌ ဗုဒ္ဓဘာသာဝင်များ များစွာရှိလေရာ ဆရာတော် ဘုရားကြီး၏ တရားပွဲများတွင် တရားနာသူ တထောင်ကျော်ခန့်ရှိသည်ဟု သိရသည်။

တန်ဆင်းတိပသိဒ္ဓေ ပုရေ, မဟာထေရော ဝိစက္ခဏော၊
ဗဟဝေါ ဓမ္မောဒကေန, အဘိသဉ္စိ ယတိသရော။

တရားစခန်းသိမ်း အခမ်းအနား ဩဝါဒပေးခြင်း

တပေါင်းလဆန်း ၃-ရက်နေ့တွင် လုမ္ဗိနီစီမံကိန်းဥက္ကဋ္ဌက လုမ္ဗိနီစီမံကိန်း လုပ်ငန်း များနှင့် ပတ်သတ်၍ သက်ဆိုင်ရာ တာဝန်ခံ အင်ဂျင်နီယာများနှင့် ကုလသမဂ္ဂမှ ဂျပန်အကြံပေးအရာရှိ တို့ကိုပါခေါ်၍ စီမံကိန်းဝင် ၃-မိုင် ပတ်လည်အတွင်းရှိ ဓမ္မသာလာ အဆောက်အအုံများ, အပန်းဖြေရိပ်သာ, စာကြည့်တိုက်များ, လူမှုရေးဌာနများ ပါဝင်သည့် ရုပ်လုံးဖော်ပုံစံများနှင့် စာရင်းဇယားများကိုရှင်းပြ လျှောက်ထားလေရာ ၎င်းအချက်အလက်များကို မှတ်တမ်းတင်သည့်အနေဖြင့် ရုပ်မြင်သံကြား ဗီဒီယိုကတ်ဆက်ဖြင့် မှတ်တမ်းတင်အဖွဲ့ကရိုက်ကူးခဲ့လေသည်၊
ဆရာတော်ဘုရားကြီးသည် ညနေဘက်တွင် လုမ္မနီ၌ တရားအားထုတ်လျက် ရှိကြသော နီပေါရဟန်းတော်များ, သီလရှင်များ, အမျိုးသား အမျိုးသမီး ယောဂီ များအား တရာစခန်းသိမ်း အခမ်းအနား ကျင်းပရာ ဩဝါဒ ပေးသနားတော် မူခဲ့လေသည်။

ဓမ္မဝါရနိဋ္ဌာနမှိ, မဟာစည်ကဝိကုဉ္ဇရော။
ဩဝါဒံ သော ဟိ အဒါယိ, ဩဝါဒေသု သုကောဝိဒေါ။

နီပေါနိုင်ငံမှ အိန္ဒိယနိုင်ငံသို့

▬▬▬▬▬▬▬▬▬▬

တပေါင်းလဆန်း ၄-ရက်နေ့တွင် မဟာစည်ဆရာတော်ဘုရားကြီး နီပေါနိုင်ငံ ကြွတော်မူသည့် အထိမ်းအမှတ်အနေဖြင့် လုမ္ဗနိဥယျာဉ် အသောကကျောက်စာတိုင် အရှေ့မြောက်ဘက် ၅-ဖာလုံအကွာတွင် ဆရာတော်ဘုရားကြီး၏ အမည်ဖြင့် သရက်ပင်တပင်စိုက် လုမ္ဗနီစီမံကိန်းဥက္ကဋ္ဌက စီစဉ်ခဲ့လေသည်၊ ထိုနေ့ညနေတွင် နီပေါနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ကြွတော်မူခဲ့လေသည်။

အိန္ဒိယနိုင်ငံ၌ လှည့်လည်ပူဇော် သံဝေဂယူခြင်း

▬▬▬▬▬▬▬▬▬▬▬▬

ဆရာတော်ဘုရားကြီးသည် သာသနာပြု အဖွဲ့ဝင်များနှင့်အတူ ကုဿိန္နာရုံ, သာဝတ္ထိ, ဗာရာဏသီ, ဗုဒ္ဓဂယာ, ရာဇဂြိုဟ် စသည်တို့၌ တည်ရှိသော ပူဇနီယ သံဝေဇနိယ ဌာနများကို လှည့်လည်ပူဇော် သံဝေဂယူတော်မူခဲ့ပြီး ရာဇဂြိုဟ်မှ ဖြတ်လမ်းဖြင့် ကာလကတ္တားသို့ ကြွတော်မူခဲ့လေသည်။

ဘာရတေ ပူဇနိယေပိ, သံဝေဇနိယသတ္တမေ၊
ပူဇေတွာ သံဝေဇေတွာ, ပုညံ အနပ္ပကံ အကာ။

ဆရာတော်ဘုရားကြီးသည် သာသနာပြုအဖွဲ့ဝင်များနှင့်အတူ ၁၃၄၂-ခုနှစ် တပေါင်းလဆန်း ၁၄-ရက်နေ့တွင် ဘီအေစီ လေယာဉ်ဖြင့် ကာလကတ္တားမှ ဒက္ကား, ဒက္ကားမှ မြန်မာပြည်သို့ ပြန်ကြွတော်မူခဲ့ရာ ရန်ကုန် မင်္ဂလာဒုံ လေဆိပ်သို့ ၇-နာရီ ခန့်တွင် ချောမောစွာ ရောက်ရှိတော်မူခဲ့လေသည်။

ဝမ်းမြောက်ရွှင်ပျ ကြိုဆိုကြခြင်း

▬▬▬▬▬▬▬▬▬▬▬▬

နီပေါနိုင်ငံ, အိန္ဒိယနိုင်ငံတို့၌ ၂၄-ရက်ကြာ သာသနာပြု တော်မူခဲ့ပြီး ပြန်လည် ကြွရောက်တော်မူလာသော ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီးကို ရန်ကုန် မင်္ဂလာဒုံ လေဆိပ်တွင် ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးမင်းဆွေနှင့် အမှုဆောင်များ, ဟိတေသီအဖွဲ့ဝင်များ, အမျိုးသမီးယောဂီ စောင့်ရှောက်ရေး အဖွဲ့ဝင်များနှင့် မဟာစည်ယောဂီများက ဝမ်းမြောက်ရွှင်ပျစွာ ကြိုဆိုကြလေသည်။

ဝိဇမ္ဘိတော ပဘာကရော, လောကဂ္ဂစက္ကခေတလေ၊
သုရာဇိတော သုထေရဣန္ဒု, သဗ္ဗညုသာသနမ္ဗရေ။

ဘုရားမြတ်စွာ သာသနာ့ထက်ဝေဟင်ဝယ် မဟာစည်နေမင်း တင့်တယ်ထွန်းလင်း ခဲ့လေပြီ။
ဘုန်းစည်မြတ်စွာ သာသနာ့ ကောင်းကင်ပြင်ဝယ် မဟာစည် လမင်းတင့်တယ် ထွန်းပခဲ့လေပြီ။

တိယာသီတိမပိုင်း

မွေးချင်းအားလုံးနှင့် မယ်တော် ခမည်းတော် ကွယ်လွန်ကြခြင်း

▬▬▬▬▬▬▬▬▬▬▬▬

ဆရာတောဘုရားကြီး၏ မယ်တော်, ခမည်းတော်တို့မှာ ဆရာတော်အပြင် သား ၃-ယောက်, သමီး ၃-ယောက် ထွန်းကားခဲ့သည်၊ ဆရာတော်ပါ ၇-ယောက်ဖြစ်သည်၊ သားသမီးများအနက် အကြီးဆုံးမှာ ဦးတင်ဖြစ် ၏၊ ဦးတင်သည် အသက် ၂၈-နှစ်တွင် ကွယ်လွန်ခဲ့လေသည်၊ ဦးတင်၏အောက် မဟာစည် ဆရာတော်ဘုရားကြီး ဖြစ်လေသည်၊

ဆရာတော်ဘုရားကြီးအောက် ဒေါ်ခင်ဖြစ်လေသည်၊ ဒေါ်ခင်သည် အသက် ၁၆-နှစ် အရွယ်တွင် ကွယ်လွန်ခဲ့လေသည်၊ ဒေါ်ခင်အောက်က ဦးမှင်, ဦးဘရင်, ဒေါ်သင်ဟု ၃-ယောက်ရှိသည်၊ ၎င်း ၃-ယောက် အသက် ၂၀-ကျော်မှ ကွယ်လွန်ကြသည်၊ အငယ်ဆုံးမှာ ဒေါ်စပ် ဖြစ်သည်၊ ဒေါ်စပ်သည် ၁၃၃၃-ခုနှစ် အသက် ၅၀-ခန့်တွင် ကွယ်လွန်ခဲ့လေသည်။

ဧရာ, ဗျာဒိ, မရဏတို့မှ လွတ်အောင်ကျင့်ကြပါ

▬▬▬▬▬▬▬▬▬

အိုစာရှုသူတို့ .... အပေါ်က ဖော်ပြခဲ့သည်များကို ဂရုစိုက်ကြည့်ရှုသံဝေဂ ယူစမ်းပါ၊ ကြောက်စရာ ကောင်းလိုက်တာ, လောကကြီးမှာ ဇရာ, ဗျာဓိ, မရဏတို့ကား ကြောက်ဖွယ်ဘေးကြီးတို့ဖြစ်ကုန်၏၊ ယင်းဘေးတို့မှ လွတ်မြောက်အောင် သတိ သမ္ပဇဉ် အမြဲယှဉ်၍ ရုပ်နာမ်နှစ်ပါး ရှုပွားကြိုးစားရာ၏။

ဇရာဗျာဓိစ မစ္စုစ, လောကဿ ဝေ မဟဗ္ဘယံ၊
ဧတေဟိ ပမောစနာယ, သမ္ပဇညော သတောစရေ။

သံဝေဂဖြစ်ခြင်း

▬▬▬▬▬

ယင်းသို့ မွေးချင်းတွေ ငယ်ငယ်နှင့် ကွယ်လွန်ကြသဖြင့် ဆရာတော် အကြိမ်ကြိမ် သံဝေဂ ဖြစ်တော်မူသည်။

ဥဋ္ဌာယောဋ္ဌာယ ဗောဓေယျံ, မဟဗ္ဘယမုပဋ္ဌိတံ၊
မရဏဗျာဓိသောကာနံ, ကိမဇ္ဇနိပတိဿတိ။

ဥဋ္ဌာယောဋ္ဌာယ - မိမိစိတ်ဓာတ်ကို ဖန်ခါမပြတ် နှိုးဆော်လတ်၍၊
မရဏဗျာဓိ သောကာနံ - သေခြင်း, ဖျားနာခြင်း, စိုရိမ်ခြင်းတို့တွင်၊
အဇ္ဇ - ယနေ့၊
ကိံ - အဘယ်တရားသည်၊
နိပတိဿတိ - ကျရောက်လိမ့်မည်နည်း၊
ဣတိ - ဤသို့၊
ဥပဋ္ဌိတံ - ကျရောက်ဖို့ရန် ရှေးရှုလျက်ရှိသော၊
မဟဗ္ဘယံ - ကြောက်ဖွယ်မအေး ဘေးကြီးကို၊
သန္တေန - သူတော်စင် သူတော်ကောင်းသည်၊
ဗောဓေယျံ - ကြည့်ရှုဆင်ခြင် ထင်မြင်အောင်စဉ်းစားအပ်၏

ဟူသည်နှင့်အညီ ဆရာတော်ဘုရားကြီးသည် သေဘေးကို တရား ရှုမှတ်ယင်း စောင့်တော်မူလေသည်၊ တနေ့တွင် ငါသေရလိမ့်မည်၊ အသေရဲအောင် ငါလုပ်မည်၊ ငါလုပ်နေသည်၊ လုပ်ခဲ့လေပြီ .... ဟူ၍ သံဝေဂဖြစ်တော်မူခဲ့လေသည်၊

ဆရာတော်သည်-

သံဝေဇနိယဋ္ဌာနေသု, သံဝေဇေထေဝ ပဏ္ဍိတော၊
အာတာပီ နိပကောဘိက္ခု, ပညာယ သမဝေက္ခိယ။

ဟူသော ဒေသနာတော်နှင့်အညီ ကျင့်ဆောင်တော်မူခဲ့လေသည်။

မိခင်ဒေါ်အုပ် ကွယ်လွန်၍ သံဝေဂဖြစ်ခဲ့ရ

▬▬▬▬▬▬▬▬▬▬▬▬

မြင်းမိုရ်ဆယ်ပြန် ကျေးဇူးလွန်သည့် ချစ်ဝှန်ကဲအင် မိခင်ကြီး (မယ်တော်ကြီး) ဒေါ်အုပ်သည် အသက် ၄၄-နှစ်ရှိရာ ၁၂၈၆-ခုနှစ်က ကွယ်လွန်ခဲ့သည်၊ ထိုစဉ်က ဆရာတော်ဘုရားကြီးမှာ ရဟန်းဖြစ်၍ သိက္ခာတော် ၁-ဝါမျှသာရသေးသည်၊ သို့နှင့် ဆရာတော်သည် ငါ့နှယ် အရမတော်လိုက်လေခြင်း၊ အမေမရှိတော့ဘူး၊ မိခင်ကြီး မရှိတော့ဘူး၊ မယ်တော်ကြီးမရှိတော့ဘူး၊ မိတဆိုးဖြစ်ရပြီ .... စသည်ဖြင့် သောကဖြစ်ခဲ့သော်လည်း ယင်း သောကကို-

“မိုးဝကောင်းကင်, ပင်လယ်ပြင်နှင့်,
တောခွင်တောင်ကြား, ရောက်လေငြားလည်း,
သနားခြင်းကင်း, ရှင်သေမင်းရန်,
ဧကန်မလွတ်, မချွတ်ဓမ္မတာ,
ပါရမှန်သည်, သုံးတန်ဓမ္မကြိုးစားသော်”

စသည်ဒေသနာတော်ကို နှလုံးတင်ဆင်ခြင်ရှုကြံ သတိတမန် ဉာဏ်မြေကတုတ် ပညာစွမ်း ချွန်းနှင့်အုပ်၍ သောကကို ထိန်းနိုင်ခဲ့လေသည်။

မာတုယာကာလင်္ကတာယ, သောဘနော ဒဟရော ယုဝါ၊
မနသာ ဓမ္မံ ပဿိတွာ, သောစနံ အပဂတံ အကာ။

ဖခင်ကြီးဦးကံပေါ် ကွယ်လွန် သင်္ဂြိုဟ် မရဏသတိရှုဆင်ခြင်

▬▬▬▬▬▬▬▬▬▬▬

ဆရာတော်ဘုရားကြီး၏ ဖခင်ကြီး (ခမည်းတော်ကြီး) ဦးကံပေါ်သည် အသက် ၇၈-နှစ်တွင် ကွယ်လွန်ခဲ့လေသည်၊ ထိုအခါဆရာတော်မှာ ရန်ကုန်သာသနာ့ရိပ်သာတွင် သီတင်းသုံး သာသနာ့ဝန်ထမ်းဆောင်၍ ကမ္ဘာသိကျော်ဇောနေပြီ ဖြစ်လေသည်၊ ဆရာတော်ဘုရားကြီးသည် ရွှေဘိုသို့ကြွတော်မူ၍ သက်စေ့ သံဃာတော်တို့အား သင်္ကန်း, ထီး, ဖိနပ်, ခြင်ထောင် စသည်တို့ကို လှူဒါန်း၍ ဒါယကာကြီးအလောင်းကို သင်္ဂြိုဟ်တော်မူခဲ့လေသည်၊ မရဏဿတိ ဘာဝနာကို ပွားများဆင်ခြင်တော်မူခဲ့ လေသည်။

ရှုဆင်ခြင်စမ်းပါ

▬▬▬▬▬▬

အို- မဟာစည်ထေရ ဝုတ္တန္တဝိလာသိနီ စာတော်ဖတ် .... သင် စာတော်ဖတ်သည် အမှတ်တမဲ့မနေလေနှင့် အောက်ပါ ဝိဇ္ဇောဒယဆရာတော်၏ ဧကပိုဒ်လင်္ကာကြီးကို တဖြည်းဖြည်းဖတ်ကာ ရှုဆင်ခြင်ပါလော့။

ဆိုပိမ့်မှတ်ရာ, စဉ်းစားပါလော့,
ခန္ဓာဘာရ, ဒွတ္တိံသကား,
ယုယခင်မင်, စိန်ရွှေဆင်၍,
ပြုပြင်ပိုက်ထွေး, နင်ကျွေးမွေးလည်း,
အရေးမရောက်, သဲရေမှောက်သို့,
နင့်နောက်မပါ, နင်လိုရာကို,
ဘယ်ခါမလိုက်, နင့်အကြိုက်နှင့်,
တိုက်ရိုက်ဖီလာ, ဆန့်ကျင်ပါခဲ့,
ရုပ်ဝါနုနယ်, ရှုစဖွယ်ဖြင့်,
တင့်တယ်ရွှမ်းစို, နင်လှလိုလည်း,
အအိုစာရင်း, သူကသွင်း၏,
နင့်ကိုမညှာ, ဘေးရောဂါနှင့်,
ခါခါမငဲ့, မိတ်ဆွေဖွဲ့၏။

နင်နဲ့ကူညီ, ချစ်ကြိုးသီသား,
ပလီပလာ, အပြစ်ကွာသည့်,
ချစ်စွာမယား, သမီးသားနှင့်,
စီးပွားဥစ္စာ, ညာတကာကို,
ဘယ်ခါမခွဲ, အတူတွဲ၍,
အမြဲပြုံးချို, နေရလိုလည်း,
နင့်ကိုမထောက်, နင့်နောက်မလိုက်,
အပူတိုက်၍, နင်မိုက်နင်ခွေ,
နင့်ကိုသေအောင်, ကျားမြွေခံတွင်း,
အစာသွင်းသို့, သေမင်းသူ့လက်,
ပဏ္ဏာဆက်၏။

လရက်နှစ်တွေ, အသင်္ချေနှင့်,
လွန်လေဘဝ, အနန္တက,
ဆုံးစမပိုင်, ယခုတိုင်အောင်,
နိုင်နိုင်နင်းနင်း, ဉာဏ်မသွင်း၍,
သေမင်းသူလျှို, ခန္ဓာကိုယ်ကို,
မငြိုငြင်ရက်, စွဲလမ်းချက်ဖြင့်,
စုံနက်မြိုင်ဖျား, တောသစ်ကျားကို,
မယ်ဖွားမိခင်, နွားငယ်ထင်သို့,
အမြင်အဖြောင့်, ဝိပ္ပလ်မှောင့်၍,
ကြောင့်ကြောင့်ကြကြ, ပြုခဲ့လှပြီ,
ဘုရားသာသနာ, ခုအခါ၌,
ပညာစက္ခု, ဉာဏ်ဖြင့်ရှုလော့။

ဥတုဂိမှန်, အချိန်တန်သော်,
သူရကန်ဝှေ့, အပူငွေ့ကြောင့်,
ရေသွေ့ခမ်းငြား, အိုင်ပက္ကားဝယ်,
ကျက်စားနေရ, ငါးမစ္ဆတို့,
ရေကလဲနဲ, သိန်းစွန်ဝဲ၍,
ပျော်ပွဲမြူမျှ, ရှာမရပဲ,
သေကြဖို့သာ, နီးကပ်လာသို့,
သူငယ်ကစ, ရှိသမျှလည်း,
နေ့ညမလပ်, အစဉ်စပ်လျက်,
ဥပါဒ်ဌီဘင်, မပြတ်နှင်၍,
ပျော်ရွှင်စရာ, မရှိပါပဲ,
ဖျားနာကိုက်ခဲ, ရောဂါစွဲလျက်,
သေပွဲသေတမ်း, သေစပန်းနှင့်,
သေလမ်းသို့သာ, နီးကပ်လာ၏။

ငါငါတက်ကြွ, မာန်မာနနှင့်,
လောဘဒေါသာ, အစဖြာသား,
ယုတ်မာလှစွာ, အဓမ္မကို,
ဝေးကမလာ, ကင်းစင်ကွာအောင်,
ခါခါမပွား, အပြစ်များမူ,
လေးပါးပါယ်ရွာ, နင့်အိမ်သာဟု,
စိတ်မှာစွဲကပ်, သတိချပ်လော့,
လူ့ရပ်နတ်ရွာ,ထက်ဗြဟ္မာနှင့်,
မဟာသုခ, နိဗ္ဗာနသို့,
ရှစ်ဝမဂ္ဂင်, သင်္ဘောယာဉ်ဖြင့်,
ဆောလျင်ကပ်ခို, ရောက်ရလိုမူ,
ထိုထိုပုည, ကုသလကို ,
နေ့ညမစဲ, လုံ့လသဲလော့။

ကြုံခဲကြုံစွာ, သာသနာနှင့်,
နင်မှာမရွေ့, ယခုတွေ့ပြီ,
မေ့မေ့မူးမူး, နင်မရူးနှင့်,
ဆီဦးထောပတ်, ရသာဓာတ်ကို,
အမြတ်တခု, မှတ်မရှုပဲ,
ရွာသူ့ဝက်မိုက်, မစင်ကြိုက်သို့,
အမြိုက်တရား, နင်ရှောင်ရှား၍,
ငါးပါးအာရုံ, မစင်ပုံကို,
စုံစုံမက်မက်, မနှစ်သက်နှင့်,
ထက်မြက်အများ, သင်ဓုန်းဓားဝယ်, ပျားသဖွယ်ဟု,
ဉာဏ်ကျယ်သလောက်, အပြစ်ကောက်၍,
ထောင်ချောက်မြိုင်ဖျား, သမင်များကို,
သစ်ကျားပုန်းအောင်း, အရချောင်းသို့,
တောင်စောင်းရိပ်မှောင်, သင်္ခမ်းချောင်ဝယ်
တိမ်းရှောင်တကိုယ်, တောတောဆို၍,
မဂ်ဖိုလ်မနှောင်း, အရချောင်းမှ,
အပေါင်းဒုက္ခ, လွတ်ကင်းရဟု,
ဗုဒ္ဓရွှေနှုတ်, ကြာကမုခ်က,
လှစ်ထုတ်မြွက်ကြား, မိန့်တော်ထားသည်,
နင်ကားနင့်တွက် ကျန်တော့သည်။

မိဘမွေးချင်းတို့ထက် အသက်ရှည်

▬▬▬▬▬▬▬▬▬▬▬▬

ဆရာတော်ဘုရားကြီးသည် မိဘသားချင်းတို့ထက် အသက်ရှည်တော်မူသည်၊ မိဘတို့ထက် အဆရာထောင်မကအောင် သီလ, သမာဓိ, ပညာရှိသည့် ထိပ်တန်း အတိဇာတသားကြီးဖြစ်လေသည်။

အတိအနု, ခေါ်ပြုအဝ,
ဇာတသုံးဖြာ, ကျမ်း၌လာသား,
မာတာပိတ, မိနှင့်ဖထက်,
သီလသမာ, ပညာကျင့်မူ,
လွန်တူယုတ်ထ, သားသုံးဝတည်း,
အဂ္ဂမဟာ, စည်ဆရာကား,
နှစ်ဖြာမိဘ, အဆရာထောင်,
မကသာအောင်, သုံးဖြာအရောင်,
လွန်တောက်ပြောင်ခဲ့။

ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး ထာဝစဉ်ရှိခိုးတော်မူလေ့ရှိသော ဘုရားရှိခိုးများ

▬▬▬▬▬▬▬▬▬▬▬▬

ဘုရားမြတ်စွာသာသနာခေတ်နှင့်ကြုံကြိုက်ပြီး ဘုရားရတနာ, တရားရတနာ, သံဃာ ရတနာတို့ကို ကြည်ညိုရ ဖူးမြော်ရသည့် အတုမဲ့လာဘ်ကြီးဖြစ်လေသည်၊ ဘုရားမြတ်စွာ သာသနာနှင့် ဆန့်ကျင်လျှင်ကား အဆိပ်မျိုသည်နှင့်တူလေသည်၊ သို့ဖြစ်၍ အသင်သူတော်ကောင်း သူတော်စင်သည် သာသနာတော်ကို ယုံကြည်ပါ, လေးစားပါ, လေးမြတ်ပါ၊ ရတနာသုံးပါး၏ ဂုဏ်ကို ထာဝစဉ်နှလုံးသွင်းပါ၊ ကျေးဇူးရှင် မဟာစည်ဆရာတော် ဘုရားကြီးသည် သာသနာတော် ၏တန်ဖိုးကို လွန်စွာ သိတော်မူသဖြင့် သာသနာတော်အလုပ်ကို စုတိကမ္မဇရုပ် ချုပ်သည်အထိ ပြုလုပ်ဆောင်ရွက်တော်မူခဲ့လေသည်။

နေ့စဉ်လုပ်ငန်းတော်

▬▬▬▬▬▬▬▬

ဆရာတော်ဘုရားကြီးသည် သာသနာ့ရိပ်သာ၌ ဥပုသ်နေ့တိုင်း နံနက် ၈-နာရီ ၃၀-မိနစ်အချိန်တွင် ဥပါသကာ, ဥပါသိကာ ယောဂီတို့အား ရှစ်ပါးသီလကို ပေးတော် မူလေ့ရှိသည်၊ ဝါတွင်း ဥပုသ်နေ့များ, ဝါဆိုလပြည့်, သီတင်းကျွတ်လပြည့် ဥပုသ်နေ့ များတွင် သင်္ကြန်အကြိုရက်, နှစ်ဆန်း ၁-ရက် အပါအဝင် သင်္ကြန်တွင်းရက်များ၌ ဖလ်ယဉ်ဓမ္မာရုံ၌ပင် ၈-ပါးသီလ ပေးတော်မူလေ့ရှိသည်။ ကျန်သောဥပုသ်နေ့ များတွင်မူ မဟာစည်ကျောင်းတော် အောက်ထပ်၌ ၈- ပါးသီလ ပေးတော်မူလေ့ ရှိသည်။

၎င်းပြင် အခါကြီးရက်ကြီး ဥပုသ်နေ့များ၌ နမောတဿ, သရဏဂုံသုံးပါး, ၈-ပါး သီလကိုပါ ပါဠိရောအနက်ပါ ပို့ချတော်မူသည့်ပြင် သရဏဂုံအဓိပ္ပာယ်ဖွင့်, သီလ အဓိပ္ပာယ်ဖွင့်တို့ကိုပါ ဟောကြားတော်မူလေ့ရှိသည်။

၁၃၄၃-ခုနှစ် ဝါဆိုလပြည့်ကျော် ၈-ရက်နေ့ညတွင် အစိန္တေယျစသော ဘုရားရှိခိုး အရင်းခံသည့် ဂုဏ်တော်ဖွင့် ဘုရားရှိခိုးကို ရွတ်ဆိုတော်မူ၍ အရဟံဂုဏ်တော် အဖွင့်ကို စတင်ဟောကြားတော်မူပြီးနောက် ဂုဏ်တော်ဖွင့်တို့ကို ဥပါသကာ, ဥပါသိကာ ယောဂီပုဂ္ဂိုလ်တိုင်းအား ရွတ်ဆို ရှိခိုးတတ်အောင် မိန့်ကြားတော်မူသည်။

အကြိမ်များစွာဘုရားရှိခိုး

▬▬▬▬▬▬▬▬▬▬

ဆရာတော်ဘုရားကြီး သီတင်းသုံးရာ မဟာစည်ကျောင်းတော် အပေါ်ထပ်တွင် ဆရာတော်ဘုရားကြီး သီတင်းသုံးရာ အခန်းနှင့် တဆက်တည်း ဘုရားခန်း၌ ဥဒ္ဒိဿစေတီတော် မြတ်ဘုရားဆင်းတု ကိန်းဝပ်တော်မူလျက်ရှိသည်၊ ဆရာတော် ဘုရားကြီးသည် ဖော်ပြပါ ဥဒ္ဒိဿစေတီတော်မြတ် ဘုရားဆင်းတုတော်ကို နေ့စဉ်အကြိမ်များစွာ ဖော်ပြပါ -

ဘုရားဂုဏ်တော် ၂-ပါးရှိခိုး အကျဉ်း,
ဂုဏ်တော် ၉-ပါးရှိခိုး အကျယ်,
တရားဂုဏ်တော် ၆-ပါးရှိခိုး,
သံဃာ့ဂုဏ်တော် ၉-ပါးရှိခိုး,
ဉာဏ်စဉ် ၁၆-ပါးဘုရားရှိခိုး,
ပဋိပတ္တိပူဇနာကာရ ဘုရားရှိခိုး

တို့ကို ကြည်လင်ပြတ်သားစွာ ရွတ်ဆိုပူဇော် ရှိခိုးတော်မူလေ့ ရှိလေသည်၊ အို သူတော်စင် ထေရုပ္ပတ္တိစာတော်ဖတ် .... သင်သည်လည်း ဆရာတော်ဘုရားကြီး ရှိခိုးပူဇော်သည့် ဘုရားရှိခိုးများကို ကျက်မှတ်၍ ရှိခိုးပူဇော်ပါလော့။

မဟာစည်ဆရာတော်ဘုရားကြီး ရှိခိုးပူဇော်သည့် ဘုရားဂုဏ်တော် ၉- ပါးရှိခိုးအကျဉ်း

▬▬▬▬▬▬▬▬▬▬▬▬

အစိန္တေယျ အစိန္တေယျ အစိန္တေယျ၊
အပ္ပမေယျ အပ္ပမေယျ အပ္ပမေယျ
မကြံဆ မနှိုင်းယှဉ်နိုင်ကောင်းသော
ဂုဏ်တော်ပေါင်း အနန္တနှင့် လုံးဝဥဿုံ
ပြည့်စုံတော်မူသော မြတ်စွာဘုရား။

၁။ (က) အရဟံ - လွန်ကဲ ထူးမြတ်သော သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်, ဝိမုတ္တိဂုဏ်, ဝိမုတ္တိ ဉာဏဒဿနဂုဏ်တို့နှင့် ပြည့်စုံတော်မူသောကြောင့် လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်အထူးကို ခံတော်မူထိုက်ပေသော မြတ်စွာဘုရား။

(ခ) အရဟံ - ဝါသနာနှင့်တကွ တထောင့်ငါးရာ ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်တော်မူသော မြတ်စွာဘုရား။

(ဂ) အရဟံ - လောဘ, ဒေါသ, မောဟအစရှိသော ကိလေသာ ရန်သူတို့ကို ပယ်သတ်တော်မူပြီးသော မြတ်စွာဘုရား။

(ဃ) အရဟံ - သံသရာစက်၏ အထောက်အကန့်ကို ချိုးဖျက်တော်မူပြီးသော မြတ်စွာဘုရား။

(င) အရဟံ - မျက်မှောက်မျက်ကွယ် အချင်းခပ်သိမ်း စင်ကြယ်၍ ဆိတ်ကွယ်ရာ မရှိ
တော်မူသော မြတ်စွာဘုရား။

၂။ သမ္မာသမ္ဗုဒ္ဓေါ - သစ္စာလေးပါး ခပ်သိမ်းသောတရားတို့ကို သူတပါးထံ နည်းမခံပဲ ကိုယ်ပိုင်ဉာဏ် အဟုန်အစွမ်းဖြင့် စူးစမ်းရှာဖွေကာ မှန်ကန်စွာ သိတော်မူပေသော မြတ်စွာဘုရား။

၃။ ဝိဇ္ဇာစရဏသမ္ပန္နော - ဝိဇ္ဇာမည်သော ဉာဏ်ထူး ၃-ပါး, ဉာဏ်ထူး ၈-ပါး, စရဏမည်သော အခြေခံအကျင့်တရား ၁၅-ပါးတို့နှင့် ပြည့်စုံတော်မူပေသော မြတ်စွာဘုရား။

၄။ (က) သုဂတော - သတ္တဝါတို့အား အကျိုးများကြောင်း ဟုတ်မှန်သော စကားကောင်းကိုသာ မြွက်ဆိုတော် မူတတ်ပေသော မြတ်စွာဘုရား။

(ခ) သုဂတော - မဂ္ဂင်ရှစ်ဖြာ တင့်တယ်သော အမူအရာဖြင့် ကောင်းစွာသွားခြင်း, ကောင်းစွာဖြစ်ခြင်း ရှိတော်မူပေသော မြတ်စွာဘုရား။

၅။ လောကဝိဒူ - လောက၏ အကြောင်းအရာအလုံးစုံကို အကုန်အစင် သိမြင်တော်မူပေသော မြတ်စွာဘုရား။

၆။ (က) အနုတ္တရော - အမြင့်မြတ်ဆုံးဖြစ်သော သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်, ဝိမုတ္တိဂုဏ်, ဝိမုတ္တိဉာဏဒဿနဂုဏ်တို့နှင့် ပြည့်စုံတော်မူသောကြောင့် လောကဓာတ် အလုံး၌ အမြတ်ဆုံး ဖြစ်တော်မူပေသော မြတ်စွာဘုရား။

(ခ) ပုရိသဒမ္မသာရထိ - ယဉ်ကျေးလိမ္မာ ပညာအသိ မရှိကြသေး မပြည့်ဝသေး၍ ဆုံးမပေးထိုက်သော ပုဂ္ဂိုလ်တို့အား ဆုံးမသွန်သင်တော်မူပေ တတ်သော မြတ်စွာဘုရား။

(ဂ) အနုတ္တရောပုရိသဒမ္မသာရထိ - ဆုံးမထိုက်သော ပုဂ္ဂိုလ်တို့အား ညွှန်ကြား သွန်သင် ပဲ့ပြင်ဆုံးမမှု၌ အတုမရှိအမြတ်ဆုံး ဖြစ်တော်မူသော မြတ်စွာဘုရား။

၇။ သတ္ထာဒေဝမနုဿာနံ - ချမ်းသာရကြောင်း လမ်းကောင်း ညွှန်ပြဆုံးမတော်မူ တတ်၍ လူနတ်တို့၏ ဆရာမြတ် ဖြစ်တော်မူပေသော မြတ်စွာဘုရား။

၈။ ဗုဒ္ဓေါ - တရားအလုံးစုံကို အကုန်သိတော်မူပေသော မြတ်စွာဘုရား။

၉။ ဘဂဝါ - ဘုန်းတော်အနန္တ, ကံတော်အနန္တ, ဉာဏ်တော်အနန္တ, တန်ခိုးတော်အနန္တ တို့နှင့် လုံးဝဥဿုံ ပြည့်စုံတော်မူပေသော မြတ်စွာဘုရား။

အရဟံအစရှိသော
ကိုးပါးသောဂုဏ်တော်,
ဆယ်ပါးသောဂုဏ်တော်,
အနန္တဂုဏ်တော် ကျေးဇူးတော် အပေါင်းတို့နှင့်
ပြည့်စုံတော်မူသော သက်တော်ထင်ရှား သဗ္ဗညုမြတ်စွာဘုရားကို ဘုရား တပည့်တော်သည် ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ မြတ်စွာဘုရား။

ဘုရားဂုဏ်တော် ၉-ပါးရှိခိုးပြီး၏။

မဟာစည်ဆရာတော်ဘုရားကြီး ရှိခိုးပူဇော်သည့် ဂုဏ်တော် ၉-ပါး ဘုရားရှိခိုးအကျယ်

▬▬▬▬▬▬▬▬▬▬▬▬

အစိန္တေယျ အစိန္တေယျ အစိန္တေယျ,
အပ္ပမေယျ အပ္ပမေယျ အပ္ပမေယျ
မကြံဆမနှိုင်းယှဉ်နိုင်ကောင်းသော
ဂုဏ်တော်ပေါင်း အနန္တနှင့် လုံးဝဥဿုံ
ပြည့်စုံတော်မူပေသော မြတ်စွာဘုရား။

၁- အရဟံဂုဏ်တော် ၅- ပုဒ်

▬▬▬▬▬▬▬▬▬▬

၁။ လွန်ကဲထူးမြတ်သော သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်, ဝိမုတ္တိဂုဏ်, ဝိမုတ္တိဉာဏဒဿနဂုဏ် ကျေးဇူးတို့နှင့် ပြည့်စုံတော်မူသည်ဖြစ်၍ လူမင်း, နတ်မင်း, ဗြဟ္မာမင်းဟု ကမ္ဘာအတွင်း၌ သမ္ဘာရင်းတု ဂုဏ်လင်းသူတို့မှစ၍ အနန္တမဆုံး လောကကြီးတခုလုံး၏ ညွတ်ရုံးဖူးမြော် ပူဇော်ခြင်းဝိသေသ ထူးမြတ်သော သက္ကာရတို့ကို တောင့်တသည့်ချမ်းသာ လိုရာရာ အကျိုးများဖြင့် တိုးပွားမသွေ ချမ်းသာစေ ရည်မြော်လျက် ခံယူတော်မူထိုက်သောကြောင့် ရတော်မူသော အရဟံ ဟူသော အမည်တော်နာမ ဝိသေသဂုဏ်တံခွန်ဖြင့် မိုးစွန်ဘဝဂ် မဆန့်တက်အောင် နှံ့လျက်ကျော်စောတော်မူပေသော မြတ်စွာဘုရား။

၂။ ဘဝအဆက်ဆက် အနမတဂ္ဂသံသရာက အစဉ်တစိုက် လိုက်ပါခဲ့သော ကိလေသာအလေ့အလာ အထုံဝါသနာနှင့်တကွ ကိလေသာအညစ်အကြေးတို့မှ ကင်းဝေး စင်ကြယ်တော်မူသောကြောင့် ရတော်မူသော အရဟံဟူသော အမည်တော်နာမ ဝိသေသဂုဏ်တံခွန်ဖြင့် စိုးမိုးဘဝဂ် မဆန့်တက်အောင် နှံ့လျက်ကျော်စောတော်မူပေသော မြတ်စွာဘုရား။

၃။ လောဘ ကိလေသာ,
ဒေါသ ကိလေသာ,
မောဟ ကိလေသာ,
မာနကိလေသာ,
ဒိဋ္ဌိကိလေသာ,
ဝိစိကိစ္ဆာကိလေသာ,
ထိနကိလေသာ,
ဥဒ္ဓစ္စ ကိလေသာ,
အဟိရိကကိလေသာ,
အနောတ္တပ္ပကိလေသာ

တည်းဟူသော သရုပ်အားဖြင့် ကိလေသာ ၁၀-ပါး အကျယ်ပွားလျှင် တထောင့်ငါးရာ များလှစွာသော ကိလေသာ ရန်သူတို့ကို အရဟတ္တမဂ် ဓားလက်နက်ဖြင့် အကြွင်းမဲ့ ခုတ်ဖြတ်ပယ်သတ်တော်မူပြီးသောကြောင့် ရတော်မူသော အရဟံဟူသော အမည်တော် နာမ။ပ။မြတ်စွာဘုရား။

၄။ ပုံတောင်းတူစွာ အဝိဇ္ဇာတရပ် အကွပ်ပမာ ဇရာမရဏ ပတ်လည် ခသည့် ပဋိစ္စသမုပ္ပာဒ် ရဟတ်သံသရာ ဘီးစကြာဝယ် သင်္ခါရမှ ဇာတိကျအောင် အလယ်က ဆယ်တန့် ထောက်အကန့်တို့ကို အရဟတ္တမဂ် ဉာဏ်သန်လျက်ဖြင့် မဆက်မစပ် အကုန်လုံးပြတ်အောင် ခုတ်ဖြတ် ဖျက်ဆီး စွန့်ပယ်တော်မူပြီးသောကြောင့် ရတော် မူသော အရဟံဟူသောနာမ။ပ။ မြတ်စွာဘုရား။

၅။ မျက်မှောက်မျက်ကွယ် အချင်းခပ်သိမ်း စင်ကြယ်၍ ဆိတ်ကွယ်ရာ မရှိတော် မူသောကြောင့် ရတော်မူသော အရဟံဟူသော အမည်တော်နာမ။ပ။မြတ်စွာဘုရား။

၂- သမ္မာသမ္ဗုဒ္ဓဂုဏ်တော် ၂-ပုဒ်

▬▬▬▬▬▬▬▬▬▬▬▬

၁။ ထူးသောဂုဏ်ဖြင့် သိသင့်သိထိုက်တဲ့ သစ္စာလေးပါးတည်း ဟူသော အဘိညေယျ တရား, ပိုင်းခြား၍ သိသင့် သိထိုက်တဲ့ ဒုက္ခသစ္စာတည်း ဟူသော ပရိညေယျတရား, ပယ်သင့်ပယ်ထိုက်တဲ့ သမုဒယသစ္စာတည်း ဟူသော ပဟာတဗ္ဗတရား, မျက်မှောက် ထင်ထင် ဆိုက်ရောက်၍ သိမြင်သင့် သိမြင်ထိုက်တဲ့ နိရောဓသစ္စာတည်းဟူသော သစ္ဆိကာတဗ္ဗတရား, ပွားများထိုက်တဲ့ မဂ္ဂသစ္စာတည်းဟူသော ဘာဝေတဗ္ဗတရား အားဖြင့် သစ္စာ ၄-ပါး ခပ်သိမ်းသော တရားတို့ကို သူတပါးထံ နည်းမခံပဲ ကိုယ်ပိုင် ဉာဏ်အဟုန်စွမ်းဖြင့် စူးစမ်းရှာဖွေကာ မှန်ကန်စွာ သိတော်မူသောကြောင့် ရတော် မူသော သမ္မာသမ္ဗုဒ္ဓ ဟူသောအမည်တော်နာမ။ပ။ မြတ်စွာဘုရား။

၂။ ပီဠနဋ္ဌ - ညှဉ်းဆဲတတ် ညှဉ်းဆဲအပ်သော အနက်သဘော၊
သင်္ခတဋ္ဌ - ပြုပြင်အပ်သော အနက်သဘော၊
သန္တာပဋ္ဌ - ပူလောင်စေတတ်သော အနက်သဘော၊
ဝိပရိဏာမဋ္ဌ - ဖောက်ပြန်ပြောင်းလဲ မတည်မြဲသော အနက်သဘော၊

ဤသို့အားဖြင့် ဒုက္ခသစ္စာ၏ မဖောက်မပြန် မှန်ကန်သောအချက် သဘောအနက် ၄-ပါး၊

အာယူဟနဋ္ဌ - နှစ်သက်လိုချင် ခင်မင်တွယ်တာသောအားဖြင့် ဆင်းရဲပွားအောင် အားထုတ်ခြင်းအနက်သဘော၊
နိဒါနဋ္ဌ - ဆင်းရဲကို အပ်နှင်းသကဲ့သို့ ဆင်းရဲဖြစ်ခြင်း၏ အကြောင်းရင်းဖြစ်သော အနက်သဘော၊
သံယောဂဋ္ဌ - နှစ်သက်သာယာ တွယ်တာသောအားဖြင့် သံသရာဆင်းရဲနှင့် ယှဉ်တွဲစေတတ်သော အနက်သဘော၊
ပလိဗောဓဋ္ဌ - ဆင်းရဲဒုက္ခဝဋ်ဘဝမှ မလွတ်ရအောင်ချည်နှောင် တွယ်တာ ကပ်လျက် နှောက်ယှက်ပိတ်ပင်တတ်သော အနက်သဘော၊

ဤသို့အားဖြင့် သမုဒယသစ္စာ၏ မဖောက်မပြန် မှန်ကန်သော အချက်သဘော အနက် ၄-ပါး၊

နိဿရဏဋ္ဌ - ဆင်းရဲဒုက္ခ သင်္ခါရတို့မှ ကင်းလွတ်ထွက်မြောက်သော အနက်သဘော၊
ဝိဝေကဋ္ဌ - သင်္ခါရဒုက္ခ လုံးဝကင်းရှင်း ဆိတ်ငြိမ်ခြင်းအနက်သဘော၊
အသင်္ခတဋ္ဌ - အကြောင်းတစုံတခုက မပြုရသော အနက်သဘော၊
အမတဋ္ဌ - မသေမပျက်ပဲ အမြဲတည်ရှိနေသောအနက်သဘော၊

ဤသို့အားဖြင့် နိရောဓသစ္စာ၏ မဖောက်မပြန် မှန်ကန်သောအချက် သဘောအနက် ၄-ပါး၊

နိယျာနဋ္ဌ - ဝဋ်ဆင်းရဲမှ ထွက်သွားတတ် ထုတ်ဆောင်တတ်သော အနက်သဘော၊
ဟေတုဋ္ဌ - နိရောဓသစ္စာခေါ် နိဗ္ဗာန်အငြိမ်းဓာတ်သို့ ဆိုက်ကပ်ဝင်ရောက်ခြင်း၏ အကြောင်းရင်းဖြစ်သော အနက်သဘော၊
ဒဿနဋ္ဌ - နိရောဓသစ္စာခေါ် နိဗ္ဗာန်အလင်းကို ဖောက်ထွင်းမြင်ကာ လေးသစ္စာကို ပိုင်နိုင်စွာ သိမြင်ခြင်းအနက်သဘော၊
အာဓိပတေယျဋ္ဌ - ဒုက္ခနှင့် နှိုင်းစာလျှင် လွန်စွာအထူး အကြီးအမှူးဖြစ်ခြင်းသဘော၊

ဤသို့အားဖြင့် မဂ္ဂသစ္စာ၏ မဖောက်မပြန် မှန်ကန်သောအချက် သဘောအနက် လေးပါး၊

ဤသို့လျှင် သစ္စာအနက် တဆယ့်ခြောက်ချက်သော သဘောအမှန်တို့ဖြင့် ဆင်းရဲစစ် ဆင်းရဲမှန်ဖြစ်သော ဒုက္ခသစ္စာ, ဆင်းရဲဖြစ်ပေါ်ခြင်း၏ အကြောင်းရင်း အစစ်အမှန် ဖြစ်သော သမုဒယသစ္စာ, ဆင်းရဲချုပ်ငြိမ်း ချမ်းသာအစစ်အမှန်ဖြစ်သော နိရောဓ သစ္စာ, ထိုချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအကျင့် လမ်းကောင်းအစစ် အမှန်ဖြစ်သော မဂ္ဂသစ္စာတည်း ဟူသော သစ္စာ ၄-ပါး ခပ်သိမ်းသော တရားတို့ကို သူတပါးထံ နည်းမခံပဲ ကိုယ်ပိုင်ဉာဏ်ဟုန် အစွမ်းဖြင့် စူးစမ်းရှာဖွေကာ မှန်ကန်စွာ သိတော် မူသောကြောင့် ရတော်မူသော သမ္မာသမ္ဗုဒ္ဓဟူသော အမည်နာမ။ပ။ မြတ်စွာဘုရား။

(ဤ ၂-ပုဒ်တို့၌ အကျဉ်းအကျယ်မျှသာထူးသည်။)

၃- ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော် ၃- ပါး

၁။ ဝိဇ္ဇာမည်သော ဉာဏ်ထူး ၃-ပါး၊
ဉာဏ်ထူး ၈-ပါး၊
စရဏမည်သော အခြေခံအကျင့်တရား ၁၅-ပါး
တို့နှင့် ပြည့်စုံတော်မူသောကြောင့် ရတော်မူသော အမည်နာမ။ပ။ မြတ်စွာဘုရား။

၂။ သုံးပါးဝိဇ္ဇာ ပုဒိအာနှင့် တဖြာထိုမှ ဝိ-မ-ဣ-ဒိ-စေ-ပု-ဒိ-အာ ဝိဇ္ဇာရှစ်မျိုး ပြည့်ဖြိုးလျှံ ထိန် သီ-ဣန်-ဘောဇာ သဒ္ဓါ သတိ ဟိရောတ္တပ္ပ ဗဟုသစ္စဝီရိယပညာ တတန်ရှုပဈာန်စု လေးခုအားဖြင့် ဆယ့်ငါးပါးရ စရဏတို့နှင့် လုံးဝဥဿုံ ပြည့်စုံတော်မူသောကြောင့် ရတော်မူသော ဝိဇ္ဇာစရဏသမ္ပန္န ဟူသော အမည်နာမ ။ပ။ မြတ်စွာဘုရား။

၃။ ရှေးရှေးဘဝဟောင်း အဆက်ဆက် ခန္ဓာဟောင်းအစဉ်ကို သိမြင်နိုင်သော ပုဗ္ဗေနိဝါသဉာဏ်, သတ္တဝါတို့ ၏ စုတိပဋိသန္ဓေနှင့်တကွ အလုံးစုံသော အဆင်း ဓာတ်ရူပါရုံဟူသမျှကို သိမြင်နိုင်သော ဒိဗ္ဗစက္ခုဉာဏ်, အာသဝေါ လေးဖြာ ကိလေသာခပင်းကို အကြွင်းမဲ့ ကုန်ပျက်စေတတ်သော အရဟတ္တမဂ်ပညာတည်း ဟူသော အာသဝက္ခယဉာဏ် ဤသို့အားဖြင့် ဝိဇ္ဇာ ၃-ပါး

အနိစ္စာနုပဿနာ, ဒုက္ခာနုပဿနာ, အနတ္တာနုပဿနာ အစရှိသော ဝိပဿနာ ဉာဏ်
မိမိကိုယ်နှင့်ထပ်တူပြု၍ ဖန်ဆင်းနိုင်သော မနောမယိဒ္ဓိဉာဏ်
အထွေအထွေ အမျိုးမျိုး တန်ခိုးဖန်ဆင်းနိုင်သော ဣဒ္ဓိဝိဓဉာဏ်
အလုံးစုံသော အသံဓာတ် သဒ္ဒါရုံ ဟူသမျှကို ကြားသိနိုင်သော ဒိဗ္ဗသောတဉာဏ်
ခပ်သိမ်းသော သတ္တဝါတို့၏ စိတ်အလိုအကြံကိုသိနိုင်သော စေတောပရိယဉာဏ်
ရှေးရှေးဘဝဟောင်း အဆက်ဆက် ခန္ဓာဟောင်းအစဉ်ကို သိမြင်နိုင်သော ပုဗ္ဗေနိဝါသဉာဏ်
သတ္တဝါတို့၏ စုတိပဋိသန္ဓေနှင့်တကွ အလုံးစုံသော အဆင်းဓာတ်ရူပါရုံ ဟူသမျှကို သိမြင်နိုင်သော ဒိဗ္ဗစက္ခုဉာဏ်
အာသဝေါလေးဖြာ ပညာတည်းဟူသော အာသဝက္ခယဉာဏ်
ဤသို့အားဖြင့် ဝိဇ္ဇာ ၈-ပါး

ကိုယ်နှုတ်နှစ်ရပ်ကို ငြိမ်ဝပ်အောင် စောင့်စည်းခြင်းတည်းဟူသော ပါတိမောက္ခသံဝရ သီလ
ဣန္ဒြေ ၆-ပါး တံခါး ၆- ရပ်ကို ငြိမ်ဝပ်လုံခြုံအောင် စောင့်စည်းခြင်းတည်း ဟူသော ဣန္ဒြိယသံဝရသီလ
အစာ၌အတိုင်းအရှည်ကိုသိခြင်းဟူသော ဘောဇနမတ္တညုတာ
ကျိန်းစက်ချိန်နည်းပါး၍ ဘာဝနာဖြင့် နိုးကြားခြင်းဟူသော ဇာဂရိယ
ယုံကြည်မှု, ကြည်လင်မှုဟူသော သဒ္ဓါတရား
အောက်မေ့သင့်ရာ၌ အောက်မေ့မှု, အမှတ်ရမှုဟူသော သတိတရား
မကောင်းမှုမှ ရှက်တတ်သော ဟိရီတရား
မကောင်းမှုမှ ကြောက်တတ်သော ဩတ္တပ္ပတရား
အကြားအမြင်များခြင်း ဟူသော ဗာဟုသစ္စာတရား
မနစ်မဆုတ် အားထုတ်မှုဟူသော ဝီရိယတရား
မှန်ကန်စွာ သိတတ်သော ပညာတရား
ရူပါဝစရပထမဈာန်တရား၊
ဒုတိယဈာန်တရား၊
တတိယဈာန်တရား၊
စတုတ္ထဈာန်တရား
ဤသို့အားဖြင့် စရဏတဆယ့်ငါးပါး

ဤသို့လျှင် သတ္တဝါတို့၏ မျက်စိပမာ ဝိဇ္ဇာ ၃-ပါး, ဝိဇ္ဇာ ၈-ပါး, သတ္တဝါတို့၏ အတောင်နှစ်ဘက် ခြေလက်အလား တဆယ့်ငါးပါးသော စရဏတို့နှင့် လုံးဝဥဿုံ ပြည့်စုံတော်မူသောကြောင့် ဝိဇ္ဇာစရဏသမ္ပန္န ဟူသော အမည်တော်နာမ ။ပ။ မြတ်စွာဘုရား။

(ဤသုံးပုဒ်တို့၌ အကျဉ်း,အလတ်,အကျယ်အမြွက်မျှသာ ထူးသည်)

၄- သုဂတဂုဏ်တော် ၄-ပုဒ်

၁။ မမှန်အကျိုးမရှိ သူနာလို မနာလို, မှန်သော်လည်း အကျိုးရှိ သူနာလို မနာလိုအားဖြင့် ပြားသော စကား ၄-ခွန်းကိုပယ်၍ ဟုတ်မှန်ကျိုးများ သူတပါး နာလို မနာလိုအားဖြင့် ပြားသော စကားကောင်း ၂-ခွန်းကိုသာ သင့်လျော်သောအခါ၌ မိန့်ဆိုတော်မူတတ်သောကြောင့် ရတော်မူသော သုဂတဟူသော အမည်တော်နာမ ။ပ။မြတ်စွာဘုရား။

၂။ ဘေးမဲ့ရပ်ခွင် နိဗ္ဗာန်ဝင်ဖို့ မဂ္ဂင်ရှစ်စင်း တင့်တယ်သော ကြွသွားခြင်း ရှိတော်မူသောကြောင့် ရတော်မူသော သုဂတဟူသော အမည်တော်နာမ ။ပ။ မြတ်စွာဘုရား။

၃။ မကောင်းညစ်ညမ်း အလွန်ဆိုးသွမ်းသည့် ဘေးဘျမ်းအနန္တဝဋ်ဆင်းရဲ သင်္ခါရတို့မှ ကောင်းလှတဲ့စခန်း မြတ်နိဗ္ဗာန်မြနန်းသို့ ကြွလှမ်းဆိုက်ရောက်တော်မူသောကြောင့် ရတော်မူသော သုဂတဟူသော အမည်တော်နာမ။ပ။ မြတ်စွာဘုရား။

၄။ ဒီပင်္ကရာ မြတ်စွာခြေနင်း တံတားခင်း၍ ဝပ်စင်းဦးခ နိယတဗျာဒိတ် အောင်ဘိသိက်ပန်း ဆင်းမြန်းသည်မှ အဦးစ၍ ဗောဓိမဏ္ဍိုင်ကျအောင် အန္တနှစ်ပါး အယုတ်တရားသို့ မလားမသီ ပါရမီစာဂစရိယအနှစ် ဘုရားဖြစ်ကြောင်း အကျင့် ကောင်းတို့ကို ဆင့်လောင်းဖြည့်စွက် အလယ်လမ်းဖြင့် ဖြောင့်တန်းဧကန် သဗ္ဗဉာဏ်ကို ရည်သန်လျက်သာ ကြွလာတော်မူသောကြောင့် ရတော်မူသော သုဂတဟူသော အမည်တော်နာမ။ပ။ မြတ်စွာဘုရား။

၅- လောကဝိဒူဂုဏ်တော် ၂- ပုဒ်

၁။ သတ္တလောက သင်္ခါရလောက ဩကာသလောကတည်း ဟူသော လောက သုံးပါးကို ပိုင်းခြားဝေဖန် ကြွင်းကျန်မရှိ ခပ်သိမ်းသော အခြင်းအရာအားဖြင့် သိမြင်တော်မူသောကြောင့် ရတော်မူသော လောကဝိဒူဟူသော အမည်တော်နာမ ။ပ။ မြတ်စွာဘုရား။

၂။ အနန္တများစွာ သတ္တဝါအပေါင်း တည်းဟူသော သတ္တလောက သတ္တဝါတို့ တည်နေရာ ၃၁-ဘုံဌာန အနန္တစကြဝဠာ ဂြိုဟ်တာရာနှင့် သမုဒ္ဒရာရေမြေ တောတောင်လေမှ အဦးစ၍ ဗဟိဒ္ဓရုပ်ပေါင်း တည်းဟူသော ဩကာသ လောက, သတ္တဝါနှင့် ဩကာသ နှစ်ဝသန္တာန် ရုပ်နာမ်ဟူသမျှ သင်္ခါရတရား အပေါင်း တည်းဟူသော သင်္ခါရလောကအားဖြင့် လောကသုံးပါးကို ပိုင်းခြားဝေဖန် ကြွင်းကျန် မရှိ ခပ်သိမ်းသောအခြင်းအရာအားဖြင့် မြင်သိတော်မူသောကြောင့် ရတော်မူသော လောကဝိဒူဟူသော အမည်တော်နာမ။ပ။ မြတ်စွာဘုရား။

(ဤနှစ်ပုဒ်၌ အကျဉ်းအကျယ်မျှသာထူးသည်)

၆- အနုတ္တရဂုဏ်တော် ၁-ပုဒ်

အတုမရှိ မြင့်မြတ်သော -
သီလဂုဏ်ကျေးဇူးတော် တည်းဟူသော သီလက္ခန္ဓာ
သမာဓိဂုဏ်ကျေးဇူးတော် တည်းဟူသော သမာဓိက္ခန္ဓာ
ပညာဂုဏ်ကျေးဇူးတော်တည်းဟူသော ပညာက္ခန္ဓ
အရဟတ္တဖိုလ်ဂုဏ်ကျေးဇူးတော် တည်းဟူသော ဝိမုတ္တိခန္ဓာ
ပစ္စဝေက္ခဏာဉာဏ် ပညာဂုဏ်ကျေးဇူးတော် တည်းဟူသော ဝိမုတ္တိဉာဏဒဿနက္ခန္ဓာ

ဤသို့အားဖြင့် ငါးပါးသော ဂုဏ်ကျေးဇူး အထူးအမြတ်ဆုံး တို့နှင့်ပြည့်စုံတော် မူသည်ဖြစ်၍ သုံးပါးသောလောက၌ တူမျှသူမရှိပဲ အလွန်အကဲ အမြင့်အမြတ်ဆုံးဖြစ် တော်မူသောကြောင့် ရတော်မူသော အနုတ္တရဟူသော အမည်တော်နာမ ။ပ။ မြတ်စွာဘုရား။

၇- ပုရိသဒမ္မသာရထိဂုဏ်တော် ၁- ပုဒ်

မယဉ်ကျေးမလိမ္မာ ပညာဉာဏ်ကင်း အလွန်အမင်း ရိုင်းပျ၍ ဆုံးမတော်မူထိုက်သည့် ပရိဗိုဇ်သစ္စက အာဠာဝက နတ်ဘီလူး တဦးထိုမှ ဗကဗြဟ္မာနာဠာဂီရိအစရှိသော လူယောက်ျား, နတ်ယောက်ျား, တိရစ္ဆာန်ယောက်ျားတို့ကို တရားမြတ် ဆေးအစဉ် ကျွေး၍ ယဉ်ကျေးလိမ္မာ ဖြစ်စေကာဖြင့် သုံးဖြာသရဏဂုံ ငါးစုံသီလ တည်ကြစေလျက် ဈာန်မဂ်ဖိုလ်တိုင် ရရှိနိုင်အောင် ပိုင်ပိုင်လှလှ နေရာကျဖြင့် ဆုံးမတော်မူတတ်သောကြောင့် ပုရိသဒမ္မသာရထိဟူသော အမည်တော်နာမ။ပ။ မြတ်စွာဘုရား။

လက်သည်းကွင်းဖြင့် ပြထားသော အထက်ပါ (၆-၇) ၂-ပုဒ်တို့မှာ ခွဲ၍ ယူလျှင်ရသော ဂုဏ်ပုဒ်တို့ဖြစ်သည်။

၆- (၆-၇) အနုတ္တရောပုရိသဒမ္မသာရထိဂုဏ်တော် ၁-ပုဒ်

မယဉ်ကျေးမလိမ္မာ ပညာအသိ မရှိကြသေး မပြည့်ဝသေး၍ ဆုံးမပေးထိုက်သော ပုဂ္ဂိုလ်တို့အား ယဉ်ကျေးလိမ္မာပညာဖြင့်ပြည့်ဝ အချိုးကျအောင် ဆုံးမညွှန်ကြားမှု၌ အတုမရှိ အမြင့်အမြတ်ဆုံး ဖြစ်တော်မူသောကြောင့် ရတော်မူသော အနုတ္တရော ပုရိသဒမ္မသာရထိ ဟူသော အမည်တော်နာမ။ပ။ မြတ်စွာဘုရား။

၇ (၈) သတ္တာဒေဝမနုဿနံဂုဏ်တော် ၂- ပုဒ်

၁။ လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့ကို မကောင်းဆိုးရွား အကျိုးမဲ့အမှုများမှ ပိတ်ဆို့ မြစ်တားလျက် ကောင်းကျိုး ချမ်းသာဖြစ်ဖွယ်ရာ အကြောင်းတို့ဖြင့် ကောင်းကောင်း ညွှန်ပြ ကြီးကျယ်သောလုံ့လဖြင့် ဆုံးမတော်မူတတ်သည့် ဆရာမြတ်အစစ် တပါးတည်း ဖြစ်တော်မူသောကြောင့် ရတော်မူသော သတ္တာဒေဝမနုဿာနံဟူသော အမည်တော်နာမ။ပ။ မြတ်စွာဘုရား။

၂။ ဒမြ, ခိုးသူ, တောပုန်းဟူသော ခရီးခဲတည်းဟူသော စောရကန္တာရ, ခြင်္သေ့, ဝံ, ကျား သားရဲများသော ခရီးခဲ တည်းဟူသော ဝါဠကန္တာရ, သောက်ရေသုံးရေ ရှားပါးလှသော ခရီးခဲတည်းဟူသော နိရုဒကကန္တာရ, သစ်သီး သစ်ရွက်မှစ၍ အစာ အာဟာရ ရှားပါးလှသော ခရီးခဲတည်းဟူသော အပ္ပဘက္ခကန္တာရ, လူသားစားကြူး ဘီလူး သဘက်ပေါများသည့် ခရီးခဲ တည်းဟူသော အမနုဿကန္တာရအားဖြင့် ငါးပါးသော ခရီးခဲခရီးခက်တို့မှ မလွတ်ထွက်နိုင်ပဲ ဆင်းရဲညစ်နွမ်း ပင်ပန်းနေသော လှည်းကုန်သည်တို့ကို ထိုခရီးခဲ ခရီးခက်တို့မှ လွတ်ထွက်နိုင်အောင် ထုတ်ဆောင် မနှေး ရန်ဘေးကင်းပ အေးမြသာယာမြို့ ပြည်ရွာသို့ ကောင်းစွာဆောင်ပို့သည့် ကူတို့ဦးစီးလှည်းမှူး ခေါင်းဆောင်ကြီးပမာ အသစ်အသစ် အဖန်အဖန် ဖြစ်ရမှု မစဲသည့် ခရီးခဲမှန်စွာ သံသရာတည်း ဟူသော ဇာတိကန္တာရ, အဖန်ဖန်ယိုယွင်း၍ အိုမင်းဆွေးမြည့်ရမှု မစဲသည့် ခရီးခဲမှန်စွာ သံသရာ တည်းဟူသော ဇရာကန္တာရ, အဖန်ဖန်မကျန်းမမာဖျားနာ ရမှုမစဲသည့် ခရီးခဲမှန်စွာ သံသရာတည်းဟူသော ဗျာဓိကန္တာရ, အဖန်ဖန် ခန္ဓာကိုယ်ပျက်ပြုန်း၍ သေဆုံးရမှုမစဲသည့် ခရီးခဲမှန်စွာ သံသရာတည်းဟူသော မရဏကန္တာရအားဖြင့် လေးပါးသော သံသရာရေဝဲ ခရီးခက် ခရီးခဲတို့၌ ဆင်းရဲနစ်မွန်းလျက် ပင်ပန်းနေသော ဗြဟ္မာနတ်လူ သုံးဘုံသူတို့ကို ကြည်ဖြူအေးမြ ဘေးကင်းပသည့် အမတစခန်း ပြည်နိဗ္ဗာန်မြနန်းသို့ တက်လှမ်းဝင်ဖို့ ထုတ်ဆောင်ပို့သဖြင့် နတ်လူတို့ ၏ဆရာ သတ္တဝါတို့၏ နာထ မဟာနာယက ဦးစီး အမှူးကြီး ဖြစ်တော်မူသောကြောင့် ရတော်မူသော သတ္ထာဒေဝမနုဿာနံ ဟူသော အမည်တော်နာမ။ပ။ မြတ်စွာဘုရား။

၈- (၉) ဗုဒ္ဓဂုဏ်တော် ၅-ပုဒ်

၁။ သစ္စာလေးပါး ခပ်သိမ်းသောတရားတို့ကို ပိုင်းခြားကျန ကိုယ်တော်တိုင်သိရ၍ ဝေနေယျများစွာ သတ္တဝါတို့အား၏ ဟောကြား သိစေတော်မူသောကြောင့် ရတော်မူသော ဗုဒ္ဓဟူသောအမည်တော်နာမ။ပ။ မြတ်စွာဘုရား။

၂။ သင်္ခါရ, ဝိကာရ, လက္ခဏ, နိဗ္ဗာန်, ပညတ်အားဖြင့် ဉေယျဓံတရား ငါးပါး သိသင့်သိထိုက်သော တရားတို့ကို ပိုင်းခြားဝေဖန် ကြွင်းကျန်မရှိ ခပ်သိမ်းသော အခြင်းအရာအားဖြင့် သိတော်မူသောကြောင့် ရတော်မူသော ဗုဒ္ဓဟူသော အမည်တော်နာမ။ပ။ မြတ်စွာဘုရား။

၃။ စိတ်တခုယုတ်ကိုးဆယ်, စေတသိတ် ၅၂-ပါး, နိပ္ဖန္နရုပ် ၁၈-ပါးဟူသော သင်္ခါရတရား, ဝိကာရရုပ်ငါးပါးဟူသော ဝိကာရတရား, သင်္ခတလက္ခဏာ သာမည လက္ခဏာဟူသော လက္ခဏာတရား, နိဗ္ဗာန်တရား, အမျိုးမျိုးသော ပညတ်တရား, ဤသို့အားဖြင့် ပိုင်းခြား၍သိသင့်သိထိုက်သော ဉေယျဓံ ငါးပါး သင်္ခတ, အသင်္ခတ စသည်ပြားသော တရားအလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် သိမြင်တော်မူ သောကြောင့် ရတော်မူသော ဗုဒ္ဓဟူသော အမည်တော်နာမ။ပ။ မြတ်စွာဘုရား။

၄။ သဗ္ဗညုတဉာဏ်တော် အစရှိသော ဝိမောက္ခန္တိက ဉာဏ်တော်ပေါင်း အနန္တတို့နှင့် လုံးဝဥဿုံ ပြည့်စုံတော်မူသည်ဖြစ်၍ သစ္စာလေးတန် ဉေယျဓံငါးပါး ခပ်သိမ်းသော တရားတို့ကို ပိုင်းခြားဝေဖန် ကြွင်းကျန်မရှိ ခပ်သိမ်းသော အခြင်းအရာအားဖြင့် သိတော်မူသောကြောင့် ရတော်မူသော ဗုဒ္ဓဟူသော အမည်တော်နာမ ။ပ။ မြတ်စွာဘုရား။

၅။ သစ္စာလေးပါးကို ပိုင်းခြား၍သိသော စတုသစ္စ ဉာဏ်တော် ၄-ပါး
အကျိုးအနက်တို့ကို ဖောက်ထွက်ဖွင့်လှန် ဝေဖန်ခွဲခြား အပြား အားဖြင့် သိသော အတ္ထပဋိသမ္ဘိဒါဉာဏ်
အကြောင်းပါဠိတို့ကို ဖောက်ထွင်း ဖွင့်လှန် ဝေဖန်ခွဲခြား အပြားအားဖြင့်သိသော ဓမ္မပဋိသမ္ဘိဒါဉာဏ်
ပါဠိသဒ္ဒါ အမှား အမှန်ကို ဝေဖန်ပိုင်းခြား အပြားအားဖြင့်သိသော နိရုတ္တိပဋိသမ္ဘိဒါဉာဏ်
စဉ်းစားဆင်ခြင်က အမှန်ရအောင် ဉာဏ်ဟူသမျှကို သိသော ပဋိဘာနပဋိသမ္ဘိဒါဉာဏ်
သတ္တဝါတို့၏ သဒ္ဓါအစရှိသော ဣန္ဒြေအနုအရင့် အဆင့်ဆင့်ကို ထောက်ဆင့် သိစွမ်းနိုင်သော ဣန္ဒြိယပရောယပရိယတ္တမည်သော အသာဓာရဏဉာဏ်တော်၊
သတ္တဝါတို့၏ အလိုအကြိုက်ဖြစ်သော အယူမှားများနှင့် အသိဉာဏ်ဟူသော စိတ်တော်၏ ကိန်းဝပ်တည်နေရာ အာသယနှင့် အကြောင်းညီညွတ်လျှင်ဖြစ်နိုင်သော ကိလေသာဟူသော အနုသယတို့ကို သိစွမ်းနိုင်သော အာသယာနုသယမည်သော ။ပ။ အသာဓာရဏ ဉာဏ်တော်၊
ရေအယဏဉ် မီးအလျှံ အဖန်ဖန်ဖြင့် ပြန်လှန်ဖုံဖုံ အစုံစုံတန်ခိုးပြာဋိဟာအမျိုးမျိုးကို စိုးမိုးနိုင်နင်း တခဏချင်းဖြင့် ဖန်ဆင်းစီရင်တော်မူနိုင်သော ယမကပါဋိဟာရီယ မည်သော ။ပ။ အသာဓာရဏဉာဏ်တော်၊
အလုံးစုံများစွာ သတွာအပေါင်းတို့အား ရင်ဝယ်သားကဲ့သို့ သနားခြင်းကြီးစွာ မဟာကရုဏာနှင့်ယှဉ်သော မဟာကရုဏာ သမာပတ္တိမည်သော ။ပ။ အသာဓာရဏ ဉာဏ်တော်၊
ရှိရှိသမျှတရားအလုံးစုံကို အကုန်အစင်သိမြင်နိုင်သော သဗ္ဗညူတမည်သော။ပ။ အသာဓာရဏဉာဏ်တော်၊
ကြည့်ရှုဆင်ခြင်လျှင် ပိတ်ပင်ကွယ်ခြား ဆီးတားမရှိ ထုတ်ချင်းပေါက်သိမြင်နိုင်သော အနာဝရဏမည်သော အသာဓာရဏဉာဏ်တော်
ဤသို့အားဖြင့် ဗုဒ္ဓဉာဏ်တော် ၁၄-ပါး

(၁) အကြောင်းဟုတ်, မဟုတ်, မှန်, မမှန်ကို ဧကန်သိနိုင်သော ဌာနာ ဌာန ကောသလ္လဉာဏ်တော်
(၂) ကုသိုလ်ကံ, အကုသိုလ်ကံတို့ ၏ အကျိုးပေးဝိပါက်ကို ပိုင်းခြား၍ သိနိုင်သော ကမ္မဝိပါကဉာဏ်တော်
(၃) နိဗ္ဗာန်အငြိမ်းဓာတ်သို့ ဆိုက်ရောက်စေတတ်သည့် ပဋိပတ်အကျင့်လမ်းကို ဖြောင့်တန်းစွာ သိနိုင်သော သဗ္ဗတ္ထဂါမိနီပဋိပဒါဉာဏ်တော်
(၄) ခန္ဓာလောက, အာယတနလောက, ဓာတ်လောကတို့ကို ခွဲခြားဝေဖန်၍ ဧကန်သိနိုင်သော အနေကဓာတု နာနာဓာတုလောကဉာဏ်တော်
(၅) သတ္တဝါတို့၏ စိတ်နေစိတ်ထား နှလုံးသွင်းပုံ အစားအစား ပိုင်းခြား၍ သိသော နာနာဓိမုတ္တိကဉာဏ်တော်
(၆) သတ္တဝါတို့၏ သဒ္ဓါအစရှိသော ဣန္ဒြေအနုအရင့် အဆင့်ဆင့်ကို ထောက်ချင့် သိစွမ်းနိုင်သော ဣန္ဒြေိယပရောပရိယတ္တဉာဏ်တော်
(၇) ဈာန်၊ ဝိမောက္ခ၊ သမာဓိ၊ သမာပတ်တို့၏ ညစ်နွမ်းခြင်း၊ ဖြူစင်ခြင်းတို့ကို မုချသိစွမ်းနိုင်သော ဈာန ဝိမောက္ခ သမာဓိ သမာပတ္တိ သံကိလေသ ဝေါဒါန ဝုဋ္ဌာနဉာဏ်တော်
(၈) ပုဗ္ဗေနိဝါသဉာဏ်တော် - ရှေးကနေခဲ့ဖူးသော ခန္ဓာအစဉ်ကို သိတော်မူခြင်း။
(၉) ဒိဗ္ဗစက္ခုဉာဏ်တော် - နတ်မျက်စိကဲ့သို့ ပကတိ သိမြင်တော်မူခြင်း။
(၁၀) အာသဝက္ခယဉာဏ်တော် - အာသဝေါတရားတို့၏ ကုန်ရာ နိဗ္ဗာန်ကို သိတော်မူခြင်း။
ဤသို့အားဖြင့် ဒသဗလဉာဏ်တော် ၁၀-ပါး

ခပ်သိမ်းသောအရာတို့ကို မဖောက်မပြန် ကိုယ်ပိုင်ဉာဏ်ဖြင့် ဧကန်သိသော သမ္မာသမ္ဗုဒ္ဓဟု ဝန်ခံတော်မူရာ၌လည်းကောင်း၊ အာသဝကိလေသာခပ်သိမ်း အကုန် ငြိမ်းပြီးသော ခီဏာသဝဟု ဝန်ခံတော်မူရာ၌ လည်းကောင်း၊ အန္တရာယိကဓမ္မတို့ကို ဟောကြားတော် မူရာ၌ လည်းကောင်း၊ နိယျာနိကဓမ္မဟု ဟောကြားတော် မူရာ၌လည်းကောင်း၊ ဤ ၄-ပါးသော ဌာနတို့၌ မကြောက်မရွံ့ ရဲရင့်တော်မူခြင်းကို ဆင်ခြင်တော်မူသောအခါဝယ် ဝမ်းသာ ရွှင်လန်းမှု သောမနဿနှင့်ယှဉ်သော စတုဝေသာရဇ္ဇဉာဏ်တော် ၄-ပါး

ရှစ်ပါးသော ပရိသတ်တို့၏ ကြောက်ရွံ့ခြင်းမရှိပဲ ရဲရင့်စွာ ဝင်ရောက် ဟောပြောနိုင်ခြင်းကို ဆင်ခြင်တော်မူသော အခါဝယ် ဝမ်းသာရွှင်လန်းမှု သောမနဿနှင့် ယှဉ်သော အဋ္ဌပရိသာဝေသာရဇ္ဇ ဉာဏ်တော် ၈- ပါး

လေးပါးသော ယောနိတို့ကို ပိုငိးခြား၍သိသော စတုယောနိပရိစ္ဆေဒ ဉာဏ်တော် ၄-ပါး

နတ်, လူ တိရစ္ဆာန်, ပြိတ္တာ, ငရဲ တည်းဟူသော ဂတိငါးပါးကို ပိုင်းခြား၍ သိသော ပဉ္စဂတိပရိစ္ဆေဒဉာဏ်တော် ၅-ပါး

ဤသို့အားဖြင့် ၄၄-ပါးသောဉာဏ်တော်

ဤသို့အားဖြင့် ၇၇-ပါးသော ဉာဏ်တော်

ဤသို့စသည်ဖြင့် အရဟတ္တမဂ်ဟူသော ဝိမောက္ခ၏အဆုံး၌ဖြစ်၍ ဝိမောက္ခန္တ မည်သော အရဟတ္တဖိုလ်ကို ရသည်နှင့် တပြိုင်နက် ရအပ်သော ဉာဏ်တော်များ ဖြစ်၍ ဝိမောက္ခန္တိကမည်သော ဉာဏ်တော်ပေါင်း အနန္တတို့နှင့် လုံးဝဥဿုံ ပြည့်စုံတော် မူသည်ဖြစ်၍ သစ္စာလေးတန် ဉေယျဓံ ငါးပါး ခပ်သိမ်းသော အခြင်းအရာ အားဖြင့် သိတော်မူသောကြောင့် ရတော်မူသော ဗုဒ္ဓဟူသော အမည်တော်နာမ-ဝိသေသဂုဏ် တံခွန်ဖြင့် မိုးစက်ဘဝဂ် မဆန့်တက်အောင် နှံ့လျက်ကျော်စောတော်မူ ပေသော မြတ်စွာဘုရား။

(ဤဗုဒ္ဓဂုဏ်တော် ၅-ပုဒ်တို့တွင် ၂-နှင့် ၃၊၄-နှင့် ၅-တို့သည် အကျဉ်းနှင့်အကျယ် အဖြစ်မျှသာ ထူးကြသည်။)

၉- (၁၀) ဘဂဝါဂုဏ်တော် ၉-ပုဒ်

၁။ လွန်ကဲထူးမြတ်သော သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်, ဝိမုတ္တိဂုဏ်, ဝိမုတ္တိဉာဏဒဿန ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံတော်မူသည်ဖြစ်၍ လူ, နတ်, ဗြဟ္မာ သတ္တဝါအပေါင်းတို့ထက် လွန်ကဲမြင့်မြတ်သော ပုဂ္ဂိုလ်ထူးအဖြစ်ဖြင့် အလေးပြု အပ်သော ပြုထိုက်သောကြောင့်ရတော်မူသော ဘဂဝါဟူသော အမည်တော် နာမ ။ပ။ မြတ်စွာဘုရား။

၂။ လောကီလောကုတ္တရာ ချမ်းသာတို့ကို ဖြစ်စေနိုင်သော ဒါန, သီလ, စသည် အလီလီအဆင့်ဆင့် အမြင့်မြတ်ဆုံး ဘုန်းကံတော်အနန္တတို့နှင့် လုံးဝဥဿုံ ပြည့်စုံတော်မူသောကြောင့် ရတော်မူသော ဘဂဝါဟူသော အမည်တော်နာမ။ပ။ မြတ်စွာဘုရား။

၃။ လောဘ, ဒေါသ, မောဟအစရှိသော တသိန်းမက များစွာသော ကိလေသာ တို့ကိုလည်းကောင်း၊ အကျဉ်းချုပ်အားဖြင့် ကိလေသာမာရ်, အဘိသင်္ခါရမာရ်, ခန္ဓမာရ်, မစ္စုမရ်, ဒေဝပုတ္တမာရ်ဟူသော မရ်ငါးပါးကိုလည်းကောင်း ချိုးဖျက်ပယ်ရှင်းတော်မူပြီး သောကြောင့် ရတော်မူသော ဘဂဝါဟူသော အမည်တော်နာမ ။ပ။ မြတ်စွာဘုရား။

၄။ ဣဿရိယ, ဓမ္မ, ယသ, သိရီ, ကာမ, ပယတ္တတည်းဟူသော ဘဂဝါခေါ်ဝေါ် ၆-ပါးသော ဘုန်းတော်တို့နှင့် ပြည့်စုံတော်မူသောကြောင့် ရတော်မူသော ဘဂဝါဟူသော အမည်တော်နာမ ။ပ။ မြတ်စွာဘုရား။

၅။ ကိုယ်တော်နှင့် စိတ်တော်ကို အလိုရှိတိုင်းနိုင်နင်း၍ အစိုးရတော်မူခြင်း တည်းဟူသော ဣဿရိယ ဘုန်းတော်
ဈာန်အဘိညာဉ် မဂ်ဖိုလ်တရားတည်းဟူသော ဓမ္မဘုန်းတော်
ဟုတ်မှန်သည့်အတိုင်း ကျော်ကြားတော် မူခြင်းတည်းဟူသော ယသဘုန်းတော်
ရူပကာယတော်၏ ပြည့်စုံတော်မူခြင်း ကျက်သရေတော်တည်းဟူသော သိရီဘုန်းတော်
အတ္တဟိတ, ပရဟိတ ၂-ပါးတို့ကို အလိုဆန္ဒတော်အတိုင်း ပြီးစီးပြည့်စုံစေနိုင်သော ကာမဘုန်းတော်
ကောင်းမြတ်သော လုံ့လသမ္မပ္ပဓာန်ဝီရိယတည်း ဟူသော ပယတ္တဘုန်းတော်
ဤသို့အားဖြင့် ဘဂဝါ ခေါ်ဝေါ် ၆-ပါးသော ဘုန်းတော်တို့နှင့် ပြည့်စုံတော်မူသော ကြောင့် ရတော်မူသော ဘဂဝါ ဟူသော အမည်တော် နာမ။ပ။ မြတ်စွာဘုရား။

၆။ အလုံးစုံသော သဘောတရားတို့ကို ကုသိုလ်စသည် ခန္ဓာစသည် တို့ဖြင့်လည်းကောင်း၊ သစ္စာလေးပါးကို တဆယ့်ခြောက်ချက်သော သဘောအနက် တို့ဖြင့်လည်းကောင်း၊ ဝေဖန်ဖွင့်လှစ် ဟောပြတော်မူသောကြောင့် ရတော်မူသော ဘဂဝါဟူသော အမည်တော်နာမ။ပ။ မြတ်စွာဘုရား။

၇။ ဝိဟာရ ၃-ပါး, ဝိဝေက ၃-ပါး, ဝိမောက္ခ ၃-ပါးတို့ကိုလည်းကောင်း၊ ထို့ပြင် လောကီ, လောကုတ္တရာ တရားထူးတို့ကို လည်းကောင်းမှီဝဲ ဆည်းကပ်တော်မူပြီး သောကြောင့် ရတော်မူသော ဘဂဝါဟူသော အမည်တော်နာမ။ပ။ မြတ်စွာဘုရား။

၈။ ဒိဗ္ဗဝိဟာရ, ဗြဟ္မဝိဟာရ, အရိယဝိဟာရ အားဖြင့် ၃-ပါးသော ဝိဟာရတို့ကိုလည်းကောင်း၊
ကာယဝိဝေက, စိတ္တဝိဝေက, ဥပဓိဝိဝေက အားဖြင့် ၃-ပါးသော ဝိဝေကတို့ကို လည်းကောင်း၊
သုညတဝိမောက္ခ, အပ္ပဏိဟိတဝိမောက္ခ, အနိမိတ္တဝိမောက္ခ အားဖြင့် ၃- ပါးသော ဝိမောက္ခတို့ကို လည်းကောင်း၊
မှီဝဲဆည်းကပ်တော်မူပြီး သောကြောင့် ရတော်မူသော ဘဂဝါဟူသော အမည်တော်နာမ။ပ။ မြတ်စွာဘုရား။

၉။ ကာမ, ရူပ, အရူပ ဟူသော ဘဝသုံးပါး၌ အစဉ်မနား ပြေးသွားနေသော ဘဝတဏှာကို ထွေးအန် စွန့်ပယ်တော် မူပြီးသောကြောင့် ရတော်မူသော ဘဂဝါ ဟူသော အမည်တော်နာမ ဝိသေသဂုဏ်တံခွန်ဖြင့် မိုးစွန်ဘဝဂ် မဆန့်တက်အောင် နှံ့လျက်ကျော်စောတော်မူပေသော မြတ်စွာဘုရား။

(ဤ ဘဂဝါဂုဏ်တော် ၉-ပါးတို့တွင် ၄-နှင့် ၅, ၇-နှင့် ၈-တို့သည် အကျဉ်းနှင့် အကျယ်အဖြစ်မျှသာ ထူးသည်။)

ဤသို့လျှင် အရဟံအစရှိသော ၉-ပါးသောဂုဏ်တော်, ၁၀-ပါးသော ဂုဏ်တော်, အနန္တဂုဏ်တော် ကျေးဇူးတော်တို့နှင့် ပြည့်စုံတော်မူသော သက်တော်ထင်ရှား သဗ္ဗညုမြတ်စွာဘုရားကို ဘုရားတပည့်တော်သည် ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပါ၏ မြတ်စွာဘုရား။

မဟာစည်ဆရာတော်ဘုရားကြီး ရှိခိုးပူဇော်သည့် တရားဂုဏ်တော် ၆-ပါးရှိခိုး

ဘဂဝါ - မြတ်စွာဘုရားသည်၊
အက္ခာတော - ဟောကြားတော်မူအပ်သော၊
ဓမ္မော - တရားတော်သည်၊

၁။ သွာက္ခာတော - ကိလေသာငြိမ်းကြောင်း ကောင်းမွန် မှန်ကန်စွာ ဟောအပ်သော တရားတော် မြတ်ပါပေတကား၊

၂။ သန္ဒိဋ္ဌိကော - ကျင့်ကြံအားထုတ်လျှင်၊ မျက်မှောက်ကိုယ်တိုင် တွေ့မြင်နိုင်သော တရားတော် မြတ်ပါပေတကား၊

၃။ အကာလိကော - အချိန်အခွင့် မဆိုင်းလင့်ပဲ အသင့်လက်ငင်း ချက်ချင်း အကျိုးပေးတတ်သော တရားတော်မြတ်ပါပေတကား၊

၄။ ဧဟိပဿိကော - လာပါ, ကြည့်လှည့်ပါဟု ကျင့်ကြံအားထုတ်ရန် ဖိတ်မန် တိုက်တွန်းထိုက်သော တရားတော်မြတ်ပါပေတကား၊

၅။ ဩပနေယျိကော - မိမိသန္တာန်၌ တည်အောင် ကျင့်ဆောင်ထိုက်သော တရားတော်မြတ်ပါပေတကား၊

၆။ ပစ္စတ္တံဝေဒိတဗ္ဗော ဝိညူဟိ - တရားမြင်သိသည့် ပညာရှိရှစ်ပါး အရိယာများ သာလျှင် ကိုယ့်တရားနှင့်ကိုယ် အသီးသီး သိမြင်ခံစားရသော တရားတော်မြတ်ပါ ပေတကား။

သွာက္ခာတအစရှိသော ဤဂုဏ်တော် ၆-ပါးနှင့် ပြည့်စုံတော်မူသော မဂ် ၄-ပါး, ဖိုလ် ၄-ပါး, နိဗ္ဗာန်, ပရိယတ်အားဖြင့် ဆယ်ပါးသော တရားတော်မြတ်ကို ဘုရား တပည့်တော်သည် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ဘုရား။

တရားဂုဏ်တော် ၆- ပါးဘုရားရှိခိုးပြီး၏။

မဟာစည်ဆရာတော်ဘုရားကြီး ရှိခိုးပူဇော်သည့် သံဃာ့ဂုဏ်တော် ၉-ပါးရှိခိုး

ဘဂဝတော - မြတ်စွာဘုရား၏၊
သာဝကသံဃော - တပည့်သားအပေါင်း သံဃာတော်သည်။

၁။ သုပ္ပဋိပန္နော - လောဘ, ဒေါသ, မောဟကင်းကြောင်း (သီလ, သမာဓိ, ပညာ အကျင့်ကောင်းကို) ကောင်းစွာကျင့်တော်မူသော သံဃာတော်မြတ်ပါပေတကား၊

၂။ ဥဇုပ္ပဋိပန္နော - ကိုယ်,နှုတ်, စိတ်ထား အကောက်သုံးပါးကင်းရန် ဖြောင့်မှန်စွာ ကျင့်တော်မူသော သံဃာတော်မြတ်ပါပေတကား၊

၃။ ဉာယပ္ပဋိပန္နော - ဆင်းရဲငြိမ်းရန် နိဗ္ဗာန်အလို့ငှာ သင့်လျော်စွာ ကျင့်တော်မူသော သံဃာတော်မြတ် ပါပေတကား၊

၄။ သာမိစိပ္ပဋိပန္နော - သူများကပြုသည့် ရိုသေမှုနှင့် သင့်တင့်ထိုက်တန်အောင် ကျင့်ကြံတော်မူသော သံဃာတော်မြတ်ပါပေတကား၊

၅။ အာဟုနေယျော - အရပ်ဝေးမှသော်လည်း ဆောင်လာ၍ ပေးလှူပူဇော်ထိုက်, ပေးလှူသည်ကို ခံယူတော်မူထိုက်သော သံဃာတော်မြတ်ပါပေတကား၊

၆။ ပါဟုနေယျော - ချစ်မြတ်နိုးအပ်သည့် ဧည့်သည်များအတွက် အထူးပြုပြင် ထားသော စားကောင်း သောက်ဖွယ်ကိုသော်လည်း ပေးလှူ ပူဇော်ထိုက်, ခံယူတော်မူထိုက်သော သံဃာတော်မြတ် ပါပေတကား၊

၇။ ဒက္ခိဏေယျော - နောင်တမလွန် လောက၌ ကောင်းကျိုးရမည်ဟု ယုံကြည်၍ ပေးလှူသည်ကို ခံယူတော်မူထိုက်သော သံဃာတော်မြတ်ပါပေတကား၊

၈။ အဉ္ဇလီကရဏီယော - ကောင်းကျိုးချမ်းသာ မှန်စွာရမည်ဟု ယုံကြည်မျှော်ကိုး လျက် လက်အုပ်ချီမိုး၍ ရှိခိုးထိုက်သော သံဃာတော်မြတ်ပါပေတကား။

၉။ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ - ကောင်းမှုမျိုးကို စိုက်ပျိုးရန်အလို့ငှာ သတ္တဝါ အပေါင်း၏ အကောင်းဆုံး လယ်ယာမြေ ဖြစ်တော်မူသော သံဃာတော်မြတ်ပါ ပေတကား။

သုပ္ပဋိပန္နအစရှိသော ဤ ၉-ပါးသော ဂုဏ်တော်တို့နှင့် ပြည့်တော်မူသော မဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်လေးပါး, ဖလဋ္ဌာန်ပုဂ္ဂိုလ် လေးပါးအားဖြင့် ရှစ်ပါးသော အရိယာပုဂ္ဂိုလ် အပေါင်း သံဃာတော်မြတ်ကို ဘုရားတပည့်တော်သည် ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ဘုရား။

သံဃာဂုဏ်တော် ၉-ပါးရှိခိုးပြီး၏။

မဟာစည်ဆရာတော်ဘုရားကြီး ရှိခိုးသည့် ဉာဏ်စဉ် ၁၆-ပါးဘုရားရှိခိုး

▬▬▬▬▬▬▬▬▬▬

၁။ နာမရူပ ပရိစ္ဆေဒံ, တပ္ပစ္စယပရိဂ္ဂတံ
တံသမ္မသနံ ဥဒယ-ဗ္ဗယဉာဏဉ္စ ဘင်္ဂဂံ

၂။ ဘယဉာဏံ အာဒိနဝံ-ဉာဏဉ္စ နိဗ္ဗိဒံ အထ၊
မုစ္စိတုကမျတံ ပဋိ- သင်္ခါ သင်္ခါရုပေက္ခကံ

၃။ အနုလောမဉ္စ ဂေါတြဘုံ, မဂ္ဂဉာဏံ ဖလံ တထာ၊
ပစ္စဝေက္ခဏာ ဉာဏန္တိ, တိလောကမှိပိ ကေနစိ။

၄။ အဒေသိယေ သာသနိကေ, ဉာဏိမေ သောဠသုတ္တရေ
ဒေသေတာရံ ပဝတ္တာရံ, ဗုဒ္ဓံ တီဟာဒရံ နမေ

(၁) နာမရူပပရိစ္ဆေဒံ - နာမ်ရုပ်တရားတို့ကို ပိုင်းခြား၍သိသော နာမရူပ- ပရိစ္ဆေဒဉာဏ်လည်းကောင်း၊

(၂) တပ္ပပစ္စယပရိဂ္ဂဟံ - ထိုနာမ်ရုပ်တို့၏ အကြောင်းတရားတို့ကို ပိုင်းခြား၍သိသော ပစ္စယပရိဂ္ဂဟဉာဏ်လည်းကောင်း၊

(၃) တံ သမ္မသနံ - ထိုနာမ်ရုပ်တို့ကို အနိစ္စ, ဒုက္ခ, အနတ္တအားဖြင့် သုံးသပ်ဆင်ခြင်၍ သိမြင်သော သမ္မသနဉာဏ်လည်းကောင်း၊

(၄) ဥဒယဗ္ဗယဉာဏဉ္စ - နာမ်ရုပ်တို့၏ အသစ်အသစ် ဖြစ်ပေါ်လာခြင်း ဖြစ်ပေါ်ပြီးလျှင် တခဏခြင်းပျက်စီးသွားခြင်းကို ရှုမှတ်ထင်ထင် သိမြင်သော ဥဒယဗ္ဗယဉာဏ်လည်းကောင်း၊

(၅) ဘင်္ဂဂံ - နာမ်ရုပ်တို့၏ ပျက်စီးခြင်းကိုသာ ရှုမှတ်ထင်ထင် သိမြင်သော ဘင်္ဂဉာဏ်လည်းကောင်း၊

(၆) ဘယဉာဏဉ္စ - နာမ်ရုပ်တို့၏ ပျက်စီးခြင်းကိုသိမြင်ရသဖြင့် ကြောက်လန့်ဖွယ် ဘေးကြီးအဖြစ်ဖြင့် ထင်မြင်သော ဘယဉာဏ်လည်းကောင်း၊

(၇) အာဒီနဝဉာဏဉ္စ - နာမ်ရုပ်သင်္ခါရတို့ ၏ ကိုးကွယ်ရာမထင် အပြစ်မြင်သော အာဒီနဝဉာဏ်လည်းကောင်း၊

(၈) နိဗ္ဗိဒံ - နာမ်ရုပ်သင်္ခါရတို့၌ မပျော်မမွေ့ ငြီးငွေ့သောနိဗ္ဗိဒါဉာဏ်လည်းကောင်း၊ အထ- အနက်သဘောတူသော ရှေ့ဉာဏ်သုံးခုမှတပါး အနက်သဘောတူသော နောက်ဉာဏ် ၃- ခုကား-

(၉) မုစ္စိတုကမျတံ - နာမ်ရုပ် သင်္ခါရတို့မှ အလွန်အမင်း လွတ်ကင်းထွက်မြောက် လိုသော မုစ္စိတုကမျတာဉာဏ်လည်းကောင်း၊

(၁၀) ပဋိသင်္ခံ - အလွန်အမင်း လွတ်ကင်းထွက်မြောက်လိုသဖြင့် ထိုနာမ်ရုပ်နှစ်ပါး ကိုပင် အနိစ္စအစရှိသော လေးဆယ်သော အခြင်းအရာတို့ဖြင့် တွင်တွင်အားထုတ်၍ အနိစ္စ, ဒုက္ခ, အနတ္တ အနေအားဖြင့် ကောင်းကောင်းကြီး ထင်မြင်သော ပဋိသင်္ခါဉာဏ်လည်းကောင်း၊

(၁၁) သင်္ခါရုပေက္ခကံ - အနိစ္စ, ဒုက္ခ, အနတ္တ အနေအားဖြင့်ကောင်းကောင်း ထင်မြင်၍ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းကိုရသဖြင့် အလွန်ပြင်းထန်သော လုံ့လကိုလည်းမပြု ထိုနာမ်ရုပ် သင်္ခါရတို့၌ ကြောက်လန့်ခြင်း, နှစ်သက်ခြင်း နှစ်ပါး ကိုလည်း စွန့်ပယ်၍ သိရုံသိရုံသာ အညီအမျှရှုသော သင်္ခါရူပေက္ခာဉာဏ် လည်းကောင်း၊

(၁၂) အနုလောမဉ္စ - အနိစ္စ, ဒုက္ခ, အနတ္တတို့တွင် တပါးပါးကိုသာ အာရုံပြု၍ ဥဒယဗ္ဗယစသော ရှေးဉာဏ်နှစ်ပါးနှင့် နောက်မဂ္ဂသစ္စာ အားလျော်သော (ဂေါတြဘူ ၏ရှေ့အခြားမဲ့၌ နှစ်ကြိမ် သုံးကြိမ် ဖြစ်သော) အနုလောမဉာဏ်လည်းကောင်း၊

(၁၃) ဂေါတြဘုံ - ပုထုဇဉ် အနွယ်ကိုဖြတ်၍ အရိယာ အနွယ်ဇာတ်သို့ ရောက်စေ လျက် နိဗ္ဗာန်ကိုအာရုံပြု၍ မဂ်၏ ရှေ့အဖို့၌ တကြိမ်မျှသာ ဖြစ်သော ဂေါတြဘူဉာဏ် လည်းကောင်း၊

(၁၄) မဂ္ဂဉာဏံ - နိဗ္ဗာန်ကိုမျက်မှောက်ပြုလျက် သစ္စာလေးပါးကိုတပြိုင်နက်သိသော မဂ်ဉာဏ်လည်းကောင်း၊

(၁၅) ဖလံ - မဂ်ဉာဏ်ကဲ့သို့ပင် နိဗ္ဗာန်ကို အာရုံပြုလျက်ဖြစ်သော ဖိုလ်ဉာဏ် လည်းကောင်း၊

(၁၆) တထာ - ထိုမှတပါး
ပစ္စဝေက္ခဏာဉာဏံ - မဂ်, ဖိုလ်, နိဗ္ဗာန်နှင့် ပယ်ပြီးသော ကိလေသာ, မပယ်ရသေးသော ကိလေသာအားဖြင့် ဤငါးပါးသော တရားအစုတို့ကို ပြန်လှည့်၍ ဆင်ခြင်သော ပစ္စဝေက္ခဏာဉာဏ်လည်းကောင်း၊

ဣတိ- ဤသို့၊
တိလောကမှိ - ကာမ, ရူပ, အရူပဟု လောကသုံးဖြာ စကြာဝဠာ ရှိသမျှ အနန္တမဆုံး လောကကြီးတခုလုံး၌၊
ကေနစိပိ - နတ်, လူ, ဗြဟ္မာ သတ္တဝါ တဦးတယောက်မျှသော်လည်း၊
အဒေသိယေ - မကြားမနာ ကြံစည်ကာဖြင့် ယထာဘူတအမှန်အကန်ကျအောင် ဟောပြခြင်းငှာ မစွမ်းနိုင်ရာကောင်းကုန်သော၊
သာသနိကေ - ဗုဒ္ဓ မြတ်စွာ သာသနာတော်ကြီး အတွင်း၌သာလျှင် ပေါ်လင်း ဖြစ်ထွန်းနိုင်ကောင်းကုန်သော၊
ဣမေ သောဠသဉာဏေ - ဤ ၁၆-ပါးသော ဉာဏ်တို့ကို၊
ဒေသေတာရံ - မိမိကိုယ်တိုင် ပိုင်ပိုင်လှလှ အမှန်အကန် သိရ၍ လှစ်ဟထုတ်ဖော် ဟောကြားတော် မူတတ်ပေသော၊
ပဝတ္တာရံ - မိမိကိုယ်တော်တိုင် ပိုင်နိုင်ပြီးစီးဖြစ်စေပြီးမှ ခိုမှီးကပ်လာ ဗြဟ္မာ, နတ်, လူ ကျွတ်ထိုက်သူမှန်သမျှ ကလျာဏပုထုဇဉ် အရိယာသခင်တို့၏ ကြည်လင်သော စိတ်သန္တာန်ဝယ် အဖန်ဖန်အားဖြင့် ဖြစ်ပွားစေတော်မူတတ်ပေသော၊
ဗုဒ္ဓံ - သဗ္ဗညုတဉာဏ်တော်ရှင် မြတ်စွာဘုရားသခင်ကို၊
အဟံ - ဘုရားတပည့်တော်သည်၊
တီဟိ - ကာယညွတ်ချီ ဝစီမန သုံးဒွါရတို့ဖြင့်၊
နမေ-နမာမိ - ကြည်ညိုမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပါ၏ မြတ်စွာဘုရား။

မဟာစည်ဆရာတော်ဘုရားကြီး ရှိခိုးပူဇော်သည့် ပဋိပတ္တိပူဇနာကာရဘုရားရှိခိုး

▬▬▬▬▬▬▬▬▬▬▬

၁။ ဗုဒ္ဓေါ သောဘဂဝါ ဗောဓာယ ဓမ္မံ ဒေသေတိ

သောဘဂဝါ - ကျွနု်ပ်တို့အများ၏ အားထားကိုးကွယ်ရာအစစ် ဖြစ်တော်မူသော ထိုမြတ်စွာဘုရားသည်၊
ဗုဒ္ဓေါ - သစ္စာလေးပါး အမှန်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူပြီးသည်ဖြစ်၍၊
ဗောဓာယ - သတ္တဝါအများ ကျွနု်ပ်တို့အားလည်း အလားတူပင် သိမြင်ကြပါစေခြင်း အကျိုးငှာ၊
ဓမ္မံ - သစ္စာလေးတန် တရားမှန်ကို၊
ဒေသေတိ - ကရုဏာရှေ့သွား ပညာအားဖြင့် ဟောကြားတော်မူခဲ့ပါပေ၏၊
တံ ဘဂဝန္တံ - သက်တော်ထင်ရှား ထိုမြတ်စွာဘုရားသခင်ကို၊
အဟံ - အကျွန်ုပ်သည်၊
ဝန္ဒာမိ - ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူဇော်ပါ၏ အရှင်ဘုရား။

၂။ ဒန္တော ဘောဘဂဝါ ဒမထာယ ဓမ္မံ ဒေသေတိ

သောဘဂဝါ - ကျွနု်ပ်တို့အများ၏ အားထားကိုးကွယ်ရာ အစစ်ဖြစ်တော်မူသော ထိုမြတ်စွာဘုရားသည်၊
ဒန္တော - မြင်ကြားတွေ့ရာကြံသိရာမှ ကိလေသာအညစ်အကြေး ကင်းစင်ဝေးလျက် ယဉ်ကျေးတော်မူပြီးသည်ဖြစ်၍၊
မဒထာယ - သတ္တဝါအများ ကျွနု်ပ်တို့အားလည်း အလားတူစွာ ကိလေသာအညစ်အကြေး ကင်းစင်ဝေးလျက် ယဉ်ကျေး ကြပါစေခြင်း အကျိုးငှာ၊
ဓမ္မံ - ယဉ်ကျေးစေရန် တရားမှန်ကို၊
ဒေသေတိ - ကရုဏာရှေ့သွား ပညာအားဖြင့် ဟောကြားတော်မူခဲ့ပါပေ၏၊
တံဘဂဝန္တံ - သက်တော်ထင်ရှား ထိုမြတ်စွာ ဘုရားသခင်ကို၊
အဟံ - အကျွန်ုပ်သည်၊
ဝန္ဒာမိ - ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူဇော်ပါ၏ အရှင်ဘုရား။

၃။ သန္တော သော ဘဂဝါ သမထာယ ဓမ္မံ ဒေသေတိ

သောဘဂဝါ - ကျွနု်ပ်တို့အများ၏ အားထားကိုးကွယ်ရာအစစ် ဖြစ်တော်မူသော ထိုမြတ်စွာဘုရားသည်၊
သန္တော - ရာဂစသား အလှုပ်အရှားကင်းလျက် ငြိမ်သက်ငြိမ်းအေးတော်မူပြီး သည်ဖြစ်၍၊
သမထာယ - သတ္တဝါအများ ကျွနု်ပ်တို့အားလည်း အလားတူစွာ ငြိမ်သက် ငြိမ်းအေးကြပါစေခြင်းအကျိုးငှာ၊
ဓမ္မံ - ငြိမ်သက်စေရန် တရားအမှန်ကို၊
ဒေသေတိ - ကရုဏာရှေ့သွား ပညာအားဖြင့် ဟောကြားတော်မူခဲ့ပါပေ၏၊
တံ ဘဂဝန္တံ - သက်တော်ထင်ရှား ထိုမြတ်စွာဘုရားသခင်ကို၊
အဟံ - အကျွန်ုပ်သည်၊
ဝန္ဒာမိ - ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူဇော်ပါ၏ အရှင်ဘုရား။

၄။ တိဏ္ဏော သောဘဂဝါ တရဏာယ ဓမ္မံ ဒေသေတိ

သောဘဂဝါ - ကျွနု်ပ်တို့အများ၏ အားထားကိုးကွယ်ရာအစစ် ဖြစ်တော်မူသော ထိုမြတ်စွာဘုရားသည်၊
တိဏ္ဏော - ဩဃလေးဖြာ သံသရာ၏ ဟိုမှာကမ်းရောက် နိဗ္ဗာန်ပေါက်အောင် ကူးမြောက်တော်မူပြီးသည်ဖြစ်၍၊
တရဏာယ - သတ္တဝါအများ ကျွနု်ပ်တို့အားလည်း အလားတူစွာ ကူမြောက်ကြပါစေခြင်း အကျိုးငှာ၊
ဓမ္မံ - ကူးမြောက်စေရန် တရားမှန်ကို၊
ဒေသေတိ - ကရုဏာရှေ့သွား ပညာအားဖြင့် ဟောကြားတော်မူခဲ့ပါပေ၏၊
တံ ဘဂဝန္တံ - သက်တော်ထင်ရှား ထိုမြတ်စွာဘုရားသခင်ကို၊
အဟံ - အကျွန်ုပ်သည်၊
ဝန္ဒာမိ - ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူဇော်ပါ၏ အရှင်ဘုရား။

၅။ ပရိနိဗ္ဗုတော သော ဘဂဝါ ပရိနိဗ္ဗာနာယ ဓမ္မံ ဒေသေတိ

သောဘဂဝါ - ကျွနု်ပ်တို့အများ၏ အားထားကိုးကွယ်ရာအစစ် ဖြစ်တော်မူသော ထိုမြတ်စွာဘုရားသည်၊
ပရိနိဗ္ဗုတော - ကိလေသာခပ်သိမ်းအလုံးစုံငြိမ်းပြီးသည်ဖြစ်၍၊
ပရိနိဗ္ဗာနာယ - သတ္တဝါအများ အကျွန်ုပ်တို့အားလည်း အလားတူစွာ ကိလေသာ ခပ်သိမ်း ငြိမ်းကြပါစေခြင်းအကျိုးငှာ၊
ဓမ္မံ - ကိလေသာငြိမ်းရန် တရားအမှန်ကို၊
ဒေသေတိ - ကရုဏာရှေ့သွား ပညာအားဖြင့် ဟောကြားတော်မူခဲ့ပါပေ၏၊
တံ ဘဂဝန္တံ - သက်တော်ထင်ရှား ထိုမြတ်စွာဘုရားသခင်ကို၊
အဟံ - အကျွန်ုပ်သည်၊
ဝန္ဒာမိ - ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူဇော်ပါ၏ အရှင်ဘုရား။

စတုရာသီတိမပိုင်း

ဇရာဒဏ်ခံရပြီ

ဇရာယ မဒ္ဒိတံ ဧတံ, မိလာတစမ္မနိဿိတံ
မရဏေန ဘိဇ္ဇတိ ဧတံ, မစ္စုဿ ဃသမာမိသံ

ဧတံ - ဤခန္ဓာကိုယ်ရုပ် အကောင်ပုပ်ကို၊
ဇရာယ - သွားကျိုး ဆံဖြူ ငယ်မူယိုယွင်း အိုမင်းရင့်ရော် မှည့်ပျော်ခြင်း ဇရာသည်၊
မဒ္ဒိတံ - အစဉ်မပြတ် နှိပ်စက်အပ်၏၊
ဧတံ - ဤခန္ဓာကိုယ်ရုပ် အကောင်ပုပ်သည်၊
မိလာတစမ္မနိဿိတံ - ဇရာဗျာဓိ တရွေ့ရွေ့ ဖိစီးနှိပ်စက် ညှဉ်းပန်းသဖြင့် ညှိုးနွမ်းသော အရေကို မှီနေ၏၊
ဧတံ - ဤခန္ဓာကိုယ်ရုပ် အကောင်ပုပ်သည်၊
မရဏေန - ဇရာဗျာဓိ ဖိစီးနှိပ်စက် ညှဉ်းပန်းသဖြင့် သေဆုံးရခြင်းကြောင့်၊
ဘိဇ္ဇတိ - ဖရိုဖရဲ ပြိုကွဲပျက်စီးရ၏၊
မစ္စုဿ - သေမင်းခေါ်ငြားသေခြင်းတရား၏၊
ဃသမာမိသံ - ဝါးမျိုကိုက်စားရာ အာမိသပေတည်း

ဟူသည်နှင့်အညီ ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီးသည် အာယုတော် တွက်စစ်လျှင် ၇၉-နှစ်ရှိ၍ ဝါတော်တွက်စစ်ပါက ၅၈-ဝါရရှိတော်မူခဲ့လေပြီ၊ ဘုရားဇိနော် သက်တော်မီရန် တနှစ်သာလိုတော့သည်၊ အပင်ပန်းခံ၍ သာသနာ အလုပ်တွေ လုပ်ခဲ့သည့်ဒဏ်ချက်, ဇရာဒဏ်ချက်, သွေးတိုး ရောဂါဝေဒနာစသော ဗျာဓိဒဏ်ချက်နှိပ်စက်မှုကို ခံရသဖြင့် မြေ, ရေ, လေ, မီး ဘုတ်ကြီးလေးခု တိုင်ခြေပြု သည့် ရိုးစုတပ်ဆင် ဒိုင်းမြှားတင်သည့် ကိုယ်တွင်ဖြစ်လာ ညီညာစပ်နှော ခန္ဓာကိုယ် အတ္တဘောကြီးကား ရော့ရဲရဲနှင့်ရှိနေလေ၏။

ဧကူနာသီတိ သဿိကော, ဇရာယ အဘိမဒ္ဒိတော
ဗျာဓိဓမ္မောနတီတတ္တာ, ဗျာဓိနာ အဘိပီဠိတော

သရက်ဖြူပင်ကြီးလဲကျ အတိတ်နိမိတ်ပြ

▬▬▬▬▬▬▬

ဥတုရာသီအားဖြင့် နွေရာသီလွန်ပါပြီ မိုးလရာသီရောက်လေပြီ, လအားဖြင့်ဆိုလျှင် “ဝါဆိုငယ်မှဝါခေါင် ရေဖောင်ဖောင်နှင့် ရွာ့တောင်ကချောင်း” ဟူသော အိုင်ချင်းနှင့် အညီ မိုးသီးထန်စွာရွာသွန်းသဖြင့် မြစ်ချောင်း အင်းအိုင်များ၌ ရေပြည့်လျှံရာလ ဖြစ်၏၊

ထို့ပြင် တပါး “သန္ဓေတောထွက် ဓမ္မစက် တချက်ပြာဋိဟာ” ဟူသည်နှင့်အညီ ဘုရားမြတ်စွာ ပဋိသန္ဓေနေရာ, တောထွက်ရာ, ဓမ္မစက်မြွက်ကျူးရာ, တန်ခိုး ပြာဋိဟာ ပြတော်မူရာ လမြတ်မဟာလည်း ဖြစ်လေသည်၊ ၎င်းပြင် ဘုရားသားကျော် သံဃာတော် အရှင်မြတ်တို့ ဟိုဟိုသည်သည် ခရီးမကြွချီပဲ ပရိယတ်, ပဋိပတ် ဓူရ နှစ်ရပ်ကို မပြတ်ကြိုးကုတ် အားထုတ်ရာလလည်း ဖြစ်လေသည်၊

ဝါဆိုလပြည့်ကျော်စက ဖလ်ယဉ်ဓမ္မာရုံ, အထက်ဆွမ်းစားကျောင်း, အောက်ဆွမ်းစားကျောင်းဟူသော သုံးပွင့်ဆိုင် အဆောက်အအုံဘေးရှိ သရက်ဖြူပင်ကြီးသည် ပြိုလဲခဲ့လေသည်၊ သို့ရာတွင် ပုဂ္ဂိုလ်တစုံတယောက်မျှ ထိုခိုက်မိခြင်း မရှိပါချေ၊ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးပွင့်ကောင်းက “ကျွန်တော်တို့တော့ ကုသိုလ် ကောင်းမှုတွေ ပြုလုပ်နေကြလို့ နတ်ကောင်း နတ်မြတ်တွေ မ,နေလို့ထင်ပါရဲ့ သည်သစ်ပင်ကြီးဟာ လူတွေကလှဲယင် ယခုလိုအန္တရာယ်မရှိ ပဲလဲဖို့ အလွန် ခက်တယ်” ဟု ပြောဆိုခဲ့လေသည်၊ စင်စစ်တမူကား သစ်ပင်ကြီးလဲခြင်းကား ဆရာတော်ဘုရားကြီး စုတိကမ္မဇရုပ် ချုပ်မည့်လက္ခဏာဖြစ်ကြောင်း မှန်းဆသိရှိနိုင် လေသည်။

သေတမ္ဗရုက္ခပတနံ, ဝိသေသလက္ခဏံ ဘဝေ
မဟာထေရိန္ဒဒုမဿ, အစ္စယနိမိတ္တံ တဝေ

၁၃၄၄-ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့

▬▬▬▬▬▬▬▬▬▬▬▬

၁၃၄၄-ခုနှစ် ဒုတိယဝါဆိုလပြည့်နေ့ သာသနာ့ရိပ်သာ ဖလ်ယဉ်ဓမ္မာရုံကြီး၌ ဥပါသကာ, ဥပါသိကာ ယောဂီတို့ အပြည့်လာရောက်၍ ရှစ်ပါးသီလယူရန် တရားနာရန် ရည်ရွယ်ချက်ဖြင့် စုဝေးနေကြသည်၊ ဆရာတော်ဘုရားကြီးသည် ထိုနေ့ နံနက်တွင် ရှစ်ပါးသီလ ၂-ကြိမ်ပေး၍ တနာရီတိတိ သမုဒ္ဒရာ ပင်လယ်ကို ချောက်ချားသည့်ပမာ စိတ်ပါဝင်စားစွာ တရားဟောပြချီးမြှောက်တော်မူခဲ့လေသည်၊

မွန်းလွဲပိုင်းတွင် သီလတကြိမ်ပေး၍ အကြိမ် ၃၀-မြောက် ဝါဆိုသင်္ကန်း ကပ်ပွဲ၌လည်း အနုမောဒနာတရား အကျဉ်း ဟောကြား၍ ဓမ္မစကြာဒေသနာတော်ကြီးကို ၂-နာရီ တိတိ ဟောကြားတော်မူခဲ့လေသည်။

မဟာစည်ထေရသေဌော သော, ဓမ္မကာမော မဟာယတိ
ဓမ္မကာမေ သုဓမ္မေန, ပဂ္ဂဟေသိ အနေကဓာ

ဝါဆိုလပြည့်ကျော် ၁-ရက်နေ့

▬▬▬▬▬▬▬▬▬▬▬

ဝါဆိုလပြည့်ကျော် ၁-ရက်နေ့တွင် ခါတိုင်းကဲ့သို့ပင် အရုဏ်မတက်ခင် နံနက် စောစောထ၍ မျက်နှာတော်သစ်, ကိုယ်လက်သုတ်သင်ပြီး ဘုရားဝတ်တက်, အနန္တ သတ္တဝါတွေ မေတ္တာပို့တရားရှုမှတ်, ရတနာသုံးပါး ဂုဏ်တော်များဆင်ခြင်, အရုဏ်ဆွမ်း ဘုဉ်းပေးပြီးနောက် ရောက်ရှိလာသော ရဟန်းသာမဏေ ဒကာ, ဒကာမတို့အား ဥပနိသိန္နကထာခေါ် တထိုင်တခဏ တရားဟောကြားသွန်သင် ဆုံးမတော်မူသည်၊

ရံခါ ဓမ္မက္ခန္ဓာစာပေများ ကြည့်ရှုတော်မူသည်၊ နေ့ဆွမ်းဘုဉ်းပေးပြီး ဘုရားဝတ်ပြု, အနားယူ, စင်္ကြံလျှောက်, ရောက်ရှိလာသော ရဟန်း, ရှင်, လူ ယောဂီတို့အား တရားဖြင့် ချီးမြှောက်တော်မူသည်၊ ညတွင် ဝါဆိုပြီးသံဃာတော်များအား ဩဝါဒ ပေးခြင်း, ဘုရားဝတ်ပြုခြင်း, တရားရှုမှတ်ခြင်းစသည့် ကောင်းမြတ်သော လုပ်ငန်း တို့ဖြင့် အချိန်ကုန်စေတော်မူခဲ့လေသည်။

သဗ္ဗဒါ ထေရကုဉ္ဇရော, သုကိစ္စေန အနေကဓာ
သာသနေ သမယံ သော ဟိ, ခေပေသိ ယတိပုင်္ဂဝေါ

ဒုတိယဝါဆိုလပြည့်ကျော် ၂-ရက်နေ့

▬▬▬▬▬▬▬▬▬▬▬▬

ဝါဆိုလပြည့်ကျော် ၂-ရက်နေ့တွင် ဝါဆိုပြီးခါစဖြစ်၍ ဖူးမြော်ကြည်ညို လှူဒါန်းသူများ မစဲသကဲ့သို့ ရှိနေ၏၊ ဆရာတော်ဘုရားကြီးသည် ထာဝစဉ် တိုးတိုးကလေးဖြင့် ရွတ်ဆိုပူဇော်မြဲဖြစ်သော -

ဧကာယနော ယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာ သောကပရိဒေဝါနံ သမတိက္ကမာယ ဒုက္ခ ဒေါမနဿာနံ အတ္ထင်္ဂမာယ ဉာယဿ အဓိ ဂမာယ နိဗ္ဗာနာယ သစ္ဆိကိရိ ယာယ ယဒိဒံ စတ္တာရာ သတိပဋ္ဌာနာ

အစရှိသည့် သတိပဋ္ဌာန်သုတ် ဥဒ္ဒေသကို တိုးတိုးသာသာ ရွတ်ဆို၍ ဘုရား ဇိနော်အား ပူဇော်ခဲ့လေသည်၊ ယောဂီပုဂ္ဂိုလ်တို့အားလည်း သင့်လျော်သော ဓမ္မ ဒေသနာဖြင့် ချီးမြှောက်ခြင်း စသည်ကို ပြုတော်မူခဲ့လေသည်။

အာသဠှီကာဠပက္ခဿ, ဒုတိယေပိ သုဓီတိမာ
ယထာဓမ္မံ ယထာဉာယံ, ကာရိယံ ကာသိဇာတိမာ

ဒုတိယဝါဆိုလပြည့်ကျော် ၃-ရက်နေ့

ဒုတိယဝါဆိုလပြည့်ကျော် ၃-ရက်နေ့တွင် ပြုလုပ်မြဲဝတ်များ ကိစ္စများပြုလုပ်၍ သာသနာအကျိုး သည်ပိုးတော်မူခဲ့လေသည်။

ဒုတိယဝါဆိုလပြည့်ကျော် ၃-ရက်နေ့

သက္ကရာဇ် ၁၃၄၄-ခုနှစ် ဒုတိယဝါဆို လပြည့်ကျော် ၃-ရက်နေ့ကား သက္ကရာဇ် ပြက္ခဒိန် နှိုင်းချိန်တွက်စစ်၍ရေသော် ဆရာတော်ဘုရားကြီး သက်တော် ၇၈-နှစ် ပြည့်နေ့ဖြစ်၍ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ်က ဦးဆောင်ပြီးလျှင် မွေးနေ့အလှူပွဲ ကျင်းပလေသည်၊ ယင်း မွေးနေ့အလှူပွဲတွင် နံနက်အရုဏ် မတက်မီ ၃-နာရီ အချိန်တွင် ဖလ်ယဉ်ဓမ္မာရုံသို့ ကြွတော်မူ၍ သံဃာတော်များနှင့်အတူ ဘုရား ဝတ်ပြုတော်မူသည်၊

၎င်းပြင် ၁-နာရီ တရားရှုမှတ် တော်မူသည်၊ ၅-နာရီထိုးသောအခါ ဖလ်ယဉ်ဓမ္မာရုံ အပြည့်ရှိ ပရိသတ်အား ဂုဏ်တော်ဖွင့်နှင့် မေတ္တာပို့များကို ရှေ့မှချပို့တော် မူခဲ့လေသည်၊ ၅-နာရီခွဲအချိန်တွင် ပရိသတ်အား ရှစ်ပါးသီလချီးမြှင့်၍ ဆွမ်း, သစ်သီး, ပန်း, အမွှေးတိုင် ဆီမီးစသော တင့်တယ်ဖွယ်ရာ ခမ်းနားစွာ ပြင်ဆင် ထားသည့် ဆွမ်းတော်ကြီးပွဲများကို ကိုယ်တော်တိုင် ဘုရားမြတ်စွာအား ဆက်ကပ် တော်မူခဲ့လေသည်၊

ထိုနေ့နံနက် ၉-နာရီ အချိန်တွင် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့က သံဃာတော်အရှင်မြတ် ၁၂၀-ပါးတို့အား လှူဒါန်းသည့် သင်္ကန်းစသော လှူဖွယ်ဝတ္ထုများနှင့် ဆရာတော်ဘုရား ကြီးကိုယ်တိုင် သံဃာတော် ၇၈-ပါးတို့အား လှူဒါန်းသည့် သင်္ကန်းစသော လှူဖွယ် ဝတ္ထုများကို ရေစက်သွန်းချ အမျှပေးဝေတော်မူခဲ့လေသည်၊

သံဃာတော်များ ယောဂီများနှင့် ဧည့်ပရိသတ်အား ဆက်ကပ် ကျွေးမွေး၍ ကိုယ်တော် ရည်ညွှန်းလျက် သံဃာတော်အရှင်မြတ် အပေါင်းအားလှူဖွယ်ပစ္စည်း ဝတ္ထုများကို တပါးစီပင့်ခေါ်၍ လှူဒါန်းတော်မူခဲ့လေသည်၊ ထိုနေ့က တနင်္ဂနွေနေ့ဖြစ်၍ တနင်္ဂနွေနေ့တိုင်း ဟောနေကျဖြစ်သော ဓမ္မစကြာ တရားတော်ကို ၂-နာရီခန့် ဟောတော်မူခဲ့လေသည်။

အဘိဇာတဒီဝသေပိ, နာနာဒါတဗ္ဗကံ အဒါ
ဒါနဝီရောစ သော အာသိ, မဟာစည်ဝိဘာဝိ ဝိဒွါ

ရွှေတိဂုံစေတီတော်ကြီးသို့ကြွ နောက်ဆုံးဖူးမြော်ပူဇော်

▬▬▬▬▬▬▬▬▬

ထိုနေ့ညနေ ၆-နာရီခွဲ အချိန်တွင် တပည့်ဒကာများနှင့်အတူ လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီတော်ကြီးသို့ ကြွတော်မူ၍ ရာဟုထောင့် သံတန်ဆောင်းကြီးကနေ၍ ပန်း, ဖယောင်းတိုင်, အမွှေးတိုင်များဖြင့် လေးမြတ်ကော်ရော် ပူဇော်တော်မူခဲ့လေသည်၊ ဤသည်ကား နောက်ဆုံးပူဇော်ခြင်း ဖြစ်လေသည်။

ပုပ္ဖပဒီပဂန္ဓေဟိ, ပူဇာ သက္ကာရဘာဇနံ
ရွှေတိဂုံသောဏ္ဏထူပံ သော, ပူဇယိတ္ထ အနေကဓာ

ရွှေတိဂုံစေတီတော်ကြီးကို လက်ျာရစ်လှည့်လည်ပူဇော်

▬▬▬▬▬▬▬▬▬▬

ဝတ်ပြုပူဇော်ပြီးနောက် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးကို လက်ျာရစ် လှည့်လည်တော် မူ၍ ပူဇော်တော်မူခဲ့လေသည်၊ ရံခါ လက်ဖူးပဒုံ ပန်းကြာငုံဖြင့် ပူဇော်တော်မူသည်၊ ရံခါလက်အုပ်မဟုတ်ပဲ မျက်လွှာတော် အောက်ချ သမ္မာသမ္ဗုဒ္ဓ မြတ်စွာဘုရား၏ ဘုန်းတော်, ကံတော်, သမ္ဘာတော်, ဉာဏ်တော်, ကရုဏာတော် တို့ကို ဆင်ခြင်စဉ်းစား ကြည်ညိုတော်မူခဲ့လေသည်။

နမဿန္တောနုဿရန္တော, ကတွာ ကတွာ ပဒက္ခိဏံ
ရွှေတိဂုံပူဇိယံ ထူပံ, ပူဇယိတ္ထ မဟာယတိ

ဒုတိယဝါဆိုလပြည့်ကျော် ၅-ရက်

▬▬▬▬▬▬▬▬▬▬▬▬

ဆရာတော်ဘုရားကြီးသည် ထာဝစဉ် သတိရှိတော်မူသည်၊ မရဏဘေးနှင့် ရင်ဆိုင် ရဲအောင် ကြိုတင်စီမံခဲ့လေသည်၊ ပြုလုပ်နေကျ ဘုရားဝတ်ပြုခြင်း, စာကြည့်ခြင်း, တရားရှုမှတ်ခြင်းတို့ကို ပြုတော်မူသည်၊ ၎င်းပြင်

ဒသဟိမေ ဘိက္ခဝေ ဓမ္မာ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗာ

အစချီသော ပဗ္ဗဇိတ အဘိဏှသုတ်တော်ကိုလည်း နှလုံးသို့တင် ဆင်ခြင်တော်မူဟန် ရှိလေသည်၊ ရောက်ရှိလာသော ရဟန်း, ရှင်, လူ ယောဂီတို့အား တရားအလုပ် လုပ်ကြဖို့ အပ္ပမာဒတရား လက်ကိုင်ထားကြဖို့ မိန့်ကြားတော်မူသည်။

အာသဠှီကာဠပက္ခဿ, ပဉ္စမေပိ မဟာဝိဒူ
ဝိဒူတိ ကတ္တဗ္ဗံ သော ဟိ, အကရိ သော ဟိ ဝိဒ္ဒသူ

ဒုတိယဝါဆိုလပြည့်ကျော် ၆-ရက်

▬▬▬▬▬▬▬▬▬▬▬▬

ဆရာတော်ဘုရားကြီးသည် ပြုနေကျဖြစ်သည့် လုပ်ဆောင်ဖွယ်ရာများကို ဝတ္တရား မပျက် ပြုတော်မူသည်၊ ဆရာတော်ဘုရားကြီး မြတ်နိုးတော်မူသည့်-

နသီလဗ္ဗတမတ္တေန, ဗာဟုဿစ္စေန ဝါပန
အထ ဝါ သမာဓိလာဘေန, ဝိဝိတ္တသယနေန ဝါ

ဖုသာမိ နေက္ခမ္မံ သုခံ, အပုထုဇ္ဇနသေဝိတံ
ဘိက္ခုဝိဿာသမာပါဒိ, အပ္ပတ္တော အာသဝက္ခယံ

ဘိက္ခု - ရဟန်း၊
တွံ - သင်သည်၊
အာသဝက္ခယံအပ္ပတ္တော - အရဟတ္တဖိုလ်သို့ မရောက်သေးပါပဲလျက်၊
သီလဗ္ဗတမတ္တေန - သီလစင်ကြယ်ရုံမျှ ဓုတင်ဆောင်နိုင်ရုံမျှဖြင့်၊
ဝိဿာသံ န အာပါဒိ - စိတ်ချလက်ချ သက်သာရာရခြင်းသို့ မရောက်လေလင့်၊
ဗာဟုဿစ္စေနဝါပန - ပိဋကသုံးပုံကို ဆောင်နိုင်သည် တိုင်အောင် အကြားအမြင် များရုံမျှ ဖြင့်လည်း၊
ဝိဿာသံနအာပါဒိ - စိတ်ချမနေလေလင့်၊
အထဝါ သမာဓိလာဘေန - ဈာန်သမာပတ် ရှစ်ပါးကို ရရှိရုံမျှဖြင့်လည်း၊
ဝိ ဿာသံ န အာပါဒိ - စိတ်ချ၍မနေလေလင့်၊
ဝိဝိတ္တသယနေနဝါ - ဆိတ်ငြိမ်သော တောကျောင်း၌ နေနိုင်ရုံမျှဖြင့်လည်း၊
ဝိဿာသံန အာပါဒိ - စိတ်ချ၍ မနေလေလင့်၊
အပုထုဇ္ဇန သေဝိတံ - ပုထုဇဉ်တို့ မမှီဝဲနိုင်သော၊
နေက္ခမ္မံသုခံ - အနာဂါမိဖိုလ်ချမ်းသာကို၊
ဖုဿာမိ - တွေ့နိုင်ရောက်နိုင်သည်ဟူ၍လည်း၊
ဝိဿာသံန အာပါဒိ - စိတ်ချ လက်ချ သက်သာရာရခြင်းသို့ မရောက်လေလင့်

ဟု ဘုရားမြတ်စွာက အရှင်ပေါဋ္ဌိလ ရဟန်းအား ဆုံးမပုံ ဂါထာကို ကိုယ်တိုင် အနက်ပေးကာ တိုးတိုးသာသာ ရွတ်ဆိုတော်မူလေ့ရှိသည်။

ဒုတိယဝါဆိုလပြည့်ကျော် ၇-ရက်နေ့

▬▬▬▬▬▬▬▬▬▬▬▬

ဆရာတော်ဘုရားကြီး၏ ကျန်းမာရေးကို ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်က အထူး အလေးထား၍ ပြုစုခဲ့သည် အားလျော်စွာ အဖွဲ့၏ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဦးဘကလေးသည် မကြာမကြာအိမ်မပြန်မီ ဆရာတော်ဘုရားကြီးထံ လာရောက် ကြည့်ရှုလေ့ရှိသည်၊

ဆရာတော်ဘုရားကြီး နေ့စဉ်ဝတ္တရားများ ပြုလုပ်ကျင့်ဆောင်ပြီး နေ့ခင်းရံခါ ကျိန်းစက်တော်မူသည်၊ နေကောင်းကျန်းမာ၍ ကျိန်းစက်သည်ဟု ထင်မှတ်ကြသည်၊ ခန္ဓာကိုယ် အလေးချိန် ပေါင် ၁၃၀-ရှိသည် ဟုလည်း သိရသည်၊ ရုပ်ရည်ရူပကာယ ကြည်ကြည်လင်လင် ရှိသည်ဟူ၏။

ကာရိယနိယာမေနေဝ, အကာ ဒဠှပရက္ကမော
မဟာစည်ယတိပုင်္ဂဝေါ, ဝိစက္ခဏော ဝိသာရဒေါ

ဒုတိယဝါဆိုလပြည့်ကျော် ၈-ရက်နေ့

▬▬▬▬▬▬▬▬▬▬▬▬

သာသနာ့ရိပ်သာတွင်းရှိ ကမ္မဋ္ဌာနာစရိယ ဆရာတော်များ, ယောဂီဟောင်း သံဃာတော်များသည် ဥပုသ်နေ့တိုင်း ဘုရားဝတ်ပြုပြီးလျှင် ဆရာတော်ဘုရားကြီး အခန်းသို့ဝင်၍ ဝတ်ပြုမြဲဖြစ်သည်၊ သို့ဖြစ်၍ ဒုတိယဝါဆို လပြည့်ကျော် ၈-ရက် နေ့ တွင်လည်း သံဃာတော်အချို့ ဆရာတော် ဘုရားကြီးအား ဝတ်ပြုရန် ရောက်လာကြသည်၊ ဆရာတော်ဘုရားကြီးသည် သန့်ရှင်းကြည်လင်သော မျက်နှာ တော်ဖြင့် တပါးချင်း ဘွဲ့တော်များကို ခေါ်၍ စစ်ဆေးတော်မူသည်။

ထိုအခါ ဆရာတော် ၏ အလုပ်အကျွေး ဦးသောဘန ကိုယ်တော်ကလေးက “ပါပါတယ်ဘုရား, ဘယ်ပုဂ္ဂိုလ် တရားဟောသွားပါတယ်ဘုရား” စသည်ဖြင့် ဖြေကြားလေသည်၊ ရဟန်းတော်များ မှန်မှန်လာရန် ဆရာတော်ဘုရားကြီး ဆန္ဒ ရှိတော်မူသည်၊ ယခုလို ဥပုသ်နေ့တိုင်းမှာတော့ အားလုံး စုံစုံညီညီလာဖို့ သင့်ကြတယ်၊ စုံစုံညီညီစုဝေးမိတာဟာ ညီညွတ်ခြင်းကိုပြတာပဲ, ညီညွတ်မှလဲပဲ ချမ်းသာသုခ ဖြစ်တယ်၊ ညီညွတ်ခြင်းဟာ သာသနာတော်ကြီးကြီးပွားကြောင်းပဲ၊ ဥပုသ်နေ့တိုင်း အားလုံး ညီညွတ်လာကြဖို့ကောင်းပါတယ်” စသည်ဖြင့် မိန့်ကြား တော်မူခဲ့လေသည်၊

ဤသည်လျှင် နောက်ဆုံးမိန့်ကြားချက် နောက်ဆုံး ဩဝါဒ ဖြစ်လေသည်။

သာရဏိယဩဝါဒမ္ပိ, အဒါသိ ယတိကုဉ္ဇရော
သော ဟိ အန္တိမဩဝါဒေါ, သတတံ သရိတဗ္ဗကော

ဒုတိယဝါဆိုလပြည့်ကျော် ၉-ရက်နေ့

▬▬▬▬▬▬▬▬▬▬▬▬

၁၃၄၄-ခုနှစ် ဒုတိယဝါဆိုလပြည့်ကျော် ၉-ရက်နေ့တွင် ဆရာတော်ဘုရားကြီးသည် လွန်ခဲ့သောနေ့များထက် ဆွမ်းပိုမို ဘုဉ်းပေးတော်မူသည်၊ ညနေ ၅-နာရီအချိန် ခေါင်းလောင်းထိုးလေလျှင် အလုပ်ပေး တရားတော်ကြီးကို ဟောနေကျအတိုင်း သန့်ရှင်း ကြည်လင်သောအသံဖြင့် ဟောတော်မူလေသည်၊

၎င်းနောက် မဟာစည်ကျောင်းတော် အပေါ်ထပ်ပြန်တက်၍ နေ့စဉ် စင်္ကြံလျှောက် နေကျအတိုင်း ပါတိမောက်ရွတ်ဆိုကာ စင်္ကြံခန်း၌ စင်္ကြံလျှောက်တော်မူသည်၊ ၎င်းနောက် သီတင်းသုံးနေကျ ခုတင်၌ လျောင်းစက် အနားယူတော်မူလေသည်၊

အလုပ်ပေးတရားတော်ကြီး ဟောကြားတိုင်း ဆောင်ရွက်နေကျဖြစ်သည့် ရဟန်းတော် ဦးသောဘန ကိုယ်တော်လေးသည် တာဝန်ကျ ဆောင်ရွက်ပြီးနောက် ပြုမြဲ အတိုင်းဝတ်ပြုရန် အပေါ်ထပ်တက်သွားရာ ဆရာတော်ဘုရားကြီးက ခေါင်းထောင်၍ “ဘယ်သူတုံး” ဟု မေးလေရာ ဦးသောဘန ကိုယ်တော်ကလေးက “တပည့်တော်ပါ ဘုရား” ဟု လျှောက်ထားလေရာ “နည်းနည်းအေးသည်” ဟု မိန့်တော်မူကာ သင်္ကန်းကိုပြင်၍ ခြုံလိုက်လေသည်။

မင်းကွန်းတိပိဋကနိကာယသာသနာပြုအဖွဲ့ ပထမသုံးနှစ်ခရီးစာအုပ်ဖတ်ပြ

▬▬▬▬▬▬▬▬▬▬▬▬

ရဟန်းတော် ဦးသောဘန ကိုယ်တော်ကလေးသည် ရောက်ခါစဖြစ်သော မင်းကွန်း တိပိဋကနိကာယ သာသနာပြုအဖွဲ့ ပထမသုံးနှစ်ခရီး စာအုပ်ကိုယူ၍ သည် စာအုပ်ထဲမှာ ဆရာတော်ဘုရားကြီး ဩဝါဒ ပါ, ပါတယ် ဘုရားဟု လျှောက်ထားရာ ဆရာတော်ဘုရားကြီးက ဘာစာအုပ်တုံးဟု မိန့်သဖြင့် -

“ဦးဝိစိတ္တသာရ၏ သုံးနှစ်ခရီးပါ ဘုရား” ဟု လျှောက်ထားလေသည်၊ ထိုအခါ ဆရာတော်ဘုရားကြီးက “ဦးဝိစိတ္တသာရက ပရိယတ္တိသာသနာကို ကျယ်ကျယ် ပြန့်ပြန့် ပြုနိုင်တယ် ဝမ်းသာစရာပဲ” ဟု အမိန့်ရှိတော်မူလေသည်၊ အချိန်ကား ၇-နာရီ ၄၈-မိနစ်ရှိလေပြီ။

ဘဒ္ဒန္တဝိစိတ္တဿ ဟိ, ဝိသိဋ္ဌပေါတ္ထကံ သုဘံ
ဝါစယိတွာန ထေရဿ, တောသေတိ သောဘနောယတိ

ဒီအဖြစ်မျိုး တခါမှမဖြစ်ဘူး

▬▬▬▬▬▬▬▬▬▬

ဦးသောဘနကလေးသည် စာအုပ်ပါ ခေါင်းစီးများကို ဖတ်မြဲ ဖတ်ပြသည်၊ ရွှေစေတီ ဆရာတော် ဘုရားကြီး၏ ဩဝါဒကိုတွေ့ပြန်သဖြင့် ရွှေစေတီဆရာတော် ဘုရားရဲ့ ဩဝါဒလဲပါတယ်ဘုရားဟု လျှောက်ပြန်လေသည်၊ သို့ရာတွင် ဘာမျှ ပြန်လည် အမိန့်မရှိ တုဏှိဘာဝေ ဆိတ်ဆိတ်နေသဖြင့် လှမ်းကြည့်လိုက်ရာ မျက်နှာတော် အနေအထား ပြောင်းလဲနေသဖြင့် အနားကပ် ခြေထောက်များကို စမ်းကြည့် လေသည်၊

ဆရာတော်ဘုရားကြီးသည် ဦးခေါင်းကိုကိုင်၍ “အင်း-အင်း” ဟု ညည်းပြီးလျှင် “ဘယ်လိုဖြစ် တယ်မသိဘူး၊ ဒီလိုအဖြစ်မျိုး တခါမှမဖြစ်စဖူး” ဟု မိန့်တော်မူ လေသည်၊ ထိုအခါ ဦးသောဘနကလေးက “ဆရာတော် အန်ချင်သလား, အန်ချင်ယင် အန်လိုက်ပါ” ဟု လျှောက်ထားလေသည်၊ ၎င်းနောက် အားမရသဖြင့် အောက်ထပ်ဆင်းပြီး ကမ္မဋ္ဌာနာစရိယ ဦးသံဝရအား လျှောက်ထားလေသည်။

အထက်သွေး ၂၃၀, အောက်သွေး ၁၃၀-ရှိ

▬▬▬▬▬▬▬▬

ဦးသံဝရနှင့် ရဟန်းငယ်များ တက်လာကြသည်၊ ဦးသံဝရက ဘယ်လိုနေပါသလဲ ဘုရားဟု လျှောက်ထားရာ မူးတယ်ဟု တခွန်းသာ မိန့်ကြားတော်မူသည်၊ ဦးသောဘနက ရင်အုပ်ကို နှိပ်ပေးရာ အကိုင်မခံပါချေ၊ ဦးပဏ္ဍိတ, ဦးပညာသာမိ, ဦးသုန္ဒရစသော ကမ္မဋ္ဌာနာစရိယဆရာတော်များလည်း ရောက်လာကြသည်၊

သို့ဖြစ်၍ ဆရာတော်ဘုရားကြီးအနီး အသင့်ဆင်ထားသော တယ်လီဖုန်းဖြင့် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်လူကြီးများ, ဆရာဝန်များအား အကြောင်းကြားလိုက်လေသည်၊ မကြာမီပင် ဥက္ကဋ္ဌ ဦးပွင့်ကောင်း, ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဦးဘကလေးနှင့် အခြား အမှုဆောင်လူကြီးများအပြင် ဒေါက်တာ တင်အောင်, ဒေါက်တာရဲမြင့်, ဒေါက်တာသန်းနောင်, ဒေါက်တာ ဒေါ်မြမြအေး, ဒေါက်တာ ပိုပို, စစ္စတာ ဒေါ်လှမြင့်စသော ဆေးဘက်ဆိုင်ရာ ပုဂ္ဂိုလ်များ ရောက်လာ ကြသည်၊ ဆရာတော်ဘုရားကြီး ၏ ရောဂါအခြေအနေကို စမ်းသပ်ကြည့်ရှုရာ အထက်သွေး ၂၃၀, အောက်သွေး ၁၃၀-ရှိသောဟူ၏။

ဆေးရုံကြီး အထူးခန်းတင်စမ်းသပ်

သို့ဖြစ်၍ ဦးဏှောက် အာရုံကြောဆိုင်ရာပါရဂူ ဒေါက်တာ ညွန့်ဝင်းကို အဆော တလျင်ခေါ်၍ စမ်းသပ်စေပြီး အခြေအနေအရ ထိုည ၁၀-နာရီ မိနစ် ၃၀-တွင် ဆေးရုံကြီးသို့ တင်ရလေသည်၊ ဆေးရုံကြီး အထူးခန်း (Intensive Care Unit) ၌ တင်၍ ဆေးဘက်ဆိုင်ရာပါရဂူများ, အကြီးဆုံး သမားတော်ကြီးများ, ဒေါက်တာ ဦးလှမြင့်, ဒုဗိုလ်မှူးကြီး ကျော်ဝင်း, ဦးရယ်ဂျီဘဖေ စသော ပုဂ္ဂိုလ်ကြီးတို့ကိုယ်တိုင် အစွမ်းကုန် ကုသကြလေသည်၊ သမားတော်ကြီးများ, ဆေးဘက်ဆိုင်ရာ စက် ကိရိယာမျိုးစုံတို့ဖြင့် စမ်းသပ်နေစဉ် အနည်းငယ် လှုပ်ရှားလာသည်၊ လက်ဖြင့် သင်းပိုင်ကို ပြင်ဝတ်ရန် ကြိုးစားသဖြင့် ဦးသောဘန ကိုယ်တော်ကလေးက ဝတ်ပေးရလေသည်၊ တချက်သာ ညည်းသောဟူ၏။

ဒုတိယဝါဆိုလပြည့်ကျော် ၁၀-ရက်

ဆရာတော်ဘုရားကြီးသည် ဘာမျှမိန့်ကြားတော် မမူတော့ချေ၊ တုဏှိဘာဝေ ဆိတ်ဆိတ်သာ နေတော့သည်၊ တကယ်တော့ ဆရာတော်ဘုရားကြီးသည်-

အာဗာဓေ မေ သမုပ္ပန္နေ, သတိ မေ ဥဒပဇ္ဇ ထ၊
အာဗာဓော မေ သမုပ္ပန္နော, ကာလော မေ နပ္ပမဇ္ဇိတုံ။


မေ - ဥတ္တိယမည် ငါမထေရ်အား၊
အာဗာဓေ - အနာရောဂါဝေဒနာသည်၊
သမုပန္နေ - မြေ, ရေ, လေ, မီး ဘုတ်ကြီးလေးတန် ဖောက်ပြန်တုံလစ် ဖြစ်ပေါ်လာ သည်ရှိသော်၊
မေ - ငါ့အား၊
ဝါ - ငါ၏၊
သတိ - သတိသည်၊
ဥဒပဇ္ဇထ - ဖြစ်ရာပြီ၊
မေ - ငါ့အား၊
ဝါ - ငါ့မှာ၊
အာဗာဓော - အနာရောဂါဝေဒနာသည်၊
သမုပ္ပန္နော - စွဲကပ်တုံလစ် ဖြစ်ခဲ့လေပြီ၊
မေ - ငါ့အား၊
ပမဇ္ဇိတုံ နကာလော - မေ့လျော့ရန်အခါအဟုတ်ပါချေ။

ဟူသော အရှင်ဥတ္တိယထေရ်၏ ဥဒါန်းဂါထာ အားလျော်စွာ ဝေဒနာနုပဿနာကို စိုက်စိုက်စူးစူး ရှုဆင်ခြင်တော်မူလေသည်၊ ဆိုင်ရာဆရာဝန်များ၏ ခွင့်ပြုချက်အရ ဆရာတော်ဘုရားကြီးကို ဒုတိယ ဝါဆိုလပြည့်ကျော် ၁၀-ရက်နေ့ မွန်းတည့် ၁၂-နာရီ အချိန်တွင် သာသနာ့ရိပ်သာသို့ ပြန်လည်ပင့်ဆောင်လာခဲ့ကြလေသည်။

ဓမ္မာနုဓမ္မပဋိပတ်ဖြင့်ပူဇော်ကြပြီ

ဆရာတော်ဘုရားကြီးသည် မဟာစည်ကျောင်းတော်သို့ ရောက်ရှိတော်မူလာလေပြီ၊ ရဟန်း, ရှင်, လူ ပရိသတ်လည်း များစွာရောက်လာလေပြီ၊ ထိုအခါ ဦးပဏ္ဍိတက ဆရာတော်ဘုရားကြီး သက်တော်ထင်ရှား ရှိပါသေးသည်၊ ဓမ္မာနု ဓမ္မပဋိပတ်ဖြင့် ပူဇော်ကြစို့ ဟု မိန့်တော်မူကာ-

ဣမာယ ဓမ္မာနု ဓမ္မပဋိပတ္တိယာ ဗုဒ္ဓံ ပူဇေမိ၊
ဣမာယ ဓမ္မာနု ဓမ္မပဋိပတ္တိယာ ဓမ္မံ ပူဇေမိ၊
ဣမာယ ဓမ္မာနု ဓမ္မပဋိပတ္တိယာ သံဃံ ပူဇေမိ၊
ဣမာယ ဓမ္မာနု ဓမ္မပဋိပတ္တိယာ အာစရိယံ ပူဇေမိ၊


ဟူသော ဝါကျ ၄-ပိုဒ်ကိုတိုင်ပေး၍ ပူဇော်စေလေသည်။

ပဉ္စာသီတိမပိုင်း

စုတိကမ္မဇရုပ် ချုပ်တော်မူပြီ

၁၃၄၄-ခုနှစ် ဒုတိယ ဝါဆိုလပြည့်ကျော် ၁၀-ရက်နေ့ မွန်းလွဲ ၁-နာရီ ၃၆-မိနစ် အချိန်တွင် သာသနာတော်တွင် ထူးခြားစွာ ပေါ်ပေါက်ခဲ့သော ကမ္ဘာကသိသည့် ထူးခြားသော သာသနာ့ဝန်ဆောင် ပုဂ္ဂိုလ်မြတ်ကြီး ဖြစ်တော်မူသော အဂ္ဂမဟာပဏ္ဍိတ မဟာစည် ဆရာတော်ဘုရားကြီးသည် စုတိကမ္မဇရုပ် ချုပ်တော် မူခဲ့လေသည်။

သံဝေဂယူရန်

အနန္တရံ ဟိ ဇာတဿ၊ ဇီဝိတာ မရဏံ ဓုဝံ၊
ဇာတာ ဇာတာ မရန္တိစ၊ ဧဝံဓမ္မာ ဟိ ပါဏိနော။


ဟူ၍ မဟာကပ္ပိနထေရဂါထာပါဠိ လာရှိသည်နှင့်အညီ -

လူ နတ် ဗြဟ္မာ, ခွဲရာမရှိ, မရွေးဘိပဲ
ဇာတိလက်နက်, စူးရှမြက်သော်,
နှစ်သက်လောက်စွာ, လက်ဆောင်ရှာလျက်,
ပဏ္ဏာဆက်သွင်း, တံစိုးနှင်းလည်း,
ငြင်းသော်မရ, ချော့မကျတည့်,
လေးဝသေနင်, စတုရင်ဖြင့်,
စစ်ဆင်ကျင်းပ, တင်းမကြလည်း,
ယမမင်းပင်, သူအောင်မြင်လိမ့်,
ရှေးတွင်ရှည်ကြာ, ကမ္ဘာဆက်ဆက်,
သေမင်းလက်မှ, လွတ်ထွက်သောသူ, မရှိဟူ၏၊
မြိုင်ဂူတောင်စောင်း, ခိုမှီအောင်းသည့်,
ရှစ်သောင်းဇော်ဂျီ,တပဿီနှင့်, လေးလီကျွန်းရှင်,
လူတွင်တမွတ်, စက္ကဝတ်လည်း,
မလွတ်မကင်း, သူ့လက်တွင်းသို့,
ရောက်ခြင်းမလှ, ရောက်လေကြ၏
ထိုမှတဖန်, ဈာနဝိသိဌ် ဣဒ္ဓိဝိဓ်ဖြင့်,
မဟိဒ်တေဇ, ပြွမ်းပြွမ်းထသည့်,
ဗုဒ္ဓပစ္စေကာ, ခီဏာသဝေါ်, ရှင်တို့သော်လည်း,
ခုန်ကျော်လွတ်ကင်း, သေဘေးရှင်းဟု,
ထင်လင်းခုထိ, ဘယ်မရှိခဲ့,
ဇာတိလက္ခဏာ, ခြင်းအရာဖြင့်,
ဇာတာဇာတ, ဖြစ်တိုင်းမျှတို့,
ဘဝထိုထို, ဘုံအလိုဖြင့်,
ငိုယိုတမ်းတ, ဟစ်အော်ကြလည်း,
ဓုဝသဘော, လွန်သောမရှိ, သေကုန်ဘိ၏,
ဘူရိမြေကြီး, လက်ဖြင့်တီးသို့, လွှဲလည်းမရ,
ဧကန္တဖြင့်, ကမ္ဘာ့တံထွာ ဓမ္မတာဟု,
မဟာကပ္ပိန, ထေရဂါထာ, ကျမ်းရွှေစာ၌,
သေချာတင်းကြပ်, တပ်အပ်အဆို, မိန့်သံချိုဖြင့်
မြင်းမိုရ်အထု, သိနေရုသို့, နှိုင်းတုခိုင်မာ,
ငြိမ်သက်စွာတည့်, သမ္မာသမာဓိ, သိက္ခာရှိလျက်,
လိခိတသင်္ခ, မြတ်သီလဖြင့်,
ဝရဇိန်စက်သွား, ပညာအားကို,
ပွားများဆင့်ဆင့်, သိက္ခာတင့်သည့်,
ဂုဏ်အင့်ထူးလည်, မဟာစည်ခေါ်,
ဆရာတော်ဟု, ကမ္ဘာကျော်သည့်,
တိဝိသိဋ္ဌ, အဂ္ဂမဟာ, ပဏ္ဍိတနှင့်,
ဆဋ္ဌသံဂီတိပုစ္ဆက, ဩဝါဒါစရိယ,
စသည်သီးသီး, ချီးကျူးမကုန်,
ဂုဏ်တော်အနန္တ, ကျော်ပေါက်ပြသည့်,
ထေရမဟာ, တို့ဆရာကား,
လူ့ရွာဌာန, အန္တိမဟု, ဘဝတပါး, ပြောင်းကြွသွား၍,
နတ်များထံမှောက်, ပင့်လျှောက်တောင်းပန်,
ငြင်းဆန်မရှိ, သတိသမ္ပဇဉ်, ကပ်ကာယှဉ်၍,
ဝိညာဉ်ရွေ့လျော့ မိန်းမောကင်းကွေ, မတွေဝေပဲ,
သန္ဓေဥပတ်, ယောနိမြတ်ဖြင့်,
လူဇာတ်ခွာရှဲ, နတ်ထီးဝှဲလျက်,
နတ်ပွဲသဘင် ဝင်တော်မူသတည်း။

သံဝေဂယူရန်

လူ၌ကြီးဘိ, သားအမိပင်,
မချိကယ်ရေး, ကိုယ်လွတ်ပြေးသည့်,
မီးဘေးရေဘေး, ပြည်ပျက်ဘေးလည်း,
ဆယ်ရေးတရေး, ကယ်နိုင်သေး၏၊
အိုဘေးနာဘေး, သေခြင်းဘေးဟု,
ဤဘေးသုံးပါး, လွန်ကြီးမားကား၊
သားနှစ်အမိ ဖြစ်တုံဘိလည်း,
မျက်စိအောက်တွင်, ရင်ခွင့်တင်လျက်,
သက်သက်ရေးပိုင် မကယ်နိုင်ဘူး,
လက်မှိုင်ချကာ, နေရစွာရှင့်။

တာဝန်အသီးသီး ခွဲဝေဆောင်ရွက်ကြခြင်း

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်သည် အဖွဲ့ဝင်လူကြီးများကို-

၁။ ရုပ်ကလာပ်တော်ပြင်ဆင်ရေး၊
၂။ အန္တိမအဂ္ဂိဈာပနတော် ပင့်ဆောင်သဂြိုဟ်ရေး၊
၃။ ဧည့်ခံရေး၊
၄။ ကြိုဆိုနေရာချထားရေး၊
၅။ ဆွမ်းကွမ်းဝေယျာဝစ္စဆောင်ရွက်ရေး၊
၆။ ပြန်ကြားရေး၊
၇။ လုံခြုံရေး၊
၈။ သံဃာတော်များပင့်ရေးနှင့်လှူဒါန်းရေး၊
၉။ အန္တိမဈာပနပို့ဆောင်ရေးအတွက် မော်တော်ယာဉ် စီစဉ်ရေး-

တို့ကို ခွဲဝေပြီးသည်နှင့် တပြိုင်နက် ဆောင်ရွက်ဖွယ် ကိစ္စများကို ဆက်လက် ဆောင်ရွက်ကြရာ ရုပ်ကလာပ်တော် ဈာပနအခမ်းအနား ပြင်ဆင်ခြင်းလုပ်ငန်း များသည် ည ၉-နာရီတွင် ပြီးစီးလေသည်။

ဗုဒ္ဓသာသနာနုဂ္ဂဟ-မဏ္ဍလိကာ ဗဟူဇနာ၊
သမဂ္ဂါ ဧကိဘူတာဝ, ကိစ္စာနိ အကရုံ တဒါ။

၇- ရက်ထား သင်္ဂြိုဟ်ရန်ဆုံးဖြတ်ခြင်း

ဆရာတော်ဘုရားကြီး၏ တပည့်သံဃာတော်များနှင့် ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ်၏ ဆုံးဖြတ်ချက်အရ ၇-ရက်ထား၍ ဓမ္မာနုဓမ္မပဋိပတ္တိဖြင့် ပူဇော်၍ သင်္ဂြိုဟ်ကြရန် ဖြစ်လေသည်။

ပြည်တွင်းပြည်ပသို့ သတင်းပို့ခြင်း

ဆရာတော်ဘုရားကြီး စုတိကမ္မဇရုပ် ချုပ်သည်ဟူသော သတင်းသည် တမုဟုတ် အတွင်း ပျံ့နှံ့သွားသည်၊ ရန်ကုန်မြို့တွင်း စသည်မှ တချို့ပုဂ္ဂိုလ်များကလည်း မသေမချာ သိရသဖြင့် ကွဲကွဲပြားပြားသိရန် တယ်လီဖုန်းဆက်၍ မေးမြန်းကြသည်၊

အဖြေကား “ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး ဒီနေ့ နေ့လယ် ၁-နာရီ ၃၆-မိနစ် အချိန်တွင် ပျံလွန်တော်မူသွားပါပြီ” ဟူ၍ပင် ဖြစ်လေသည်၊ ၎င်းပြင် -

ပုသိမ်မြို့ သဒ္ဓမ္မသိတဂူဆရာတော်နှင့်
ဘုံကျော်ဆရာတော်ထံသို့ လည်းကောင်း၊
မြန်အောင် သာသနာ့ရိပ်သာ,
မြောင်းမြသာသနာ့ရိပ်သာ,
မန္တလေး စိန်ပန်းသာသနာ့ရိပ်သာ,
မုံရွာစမ်းမြရောင်ခြည် သာသနာ့ရိပ်သာ,
ပျဉ်းမနားသာသနာ့ရိပ်သာ,
ပဲခူးသာသနာ့ရိပ်သာ,
ရွှေဘိုသာသနာ့ရိပ်သာ,
မော်လမြိုင်သာသနာ့ရိပ်သာ-

စသည်တို့သို့လည်း ချက်ချင်း တယ်လီဖုန်း ဆက်၍ “ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရား ဒီနေ့ နေ့လယ် ၁-နာရီ ၃၆-မိနစ် အချိန်တွင် ပျံလွန်တော်မူပါပြီ” ဟု ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့က အကြောင်းကြားလိုက်လေသည်၊ ၎င်းပြင် ကမ္ဘာ အရပ်ရပ်ရှိ သာသနာ့ရိပ်သာ အဖွဲ့များသို့လည်း သက်ဆိုင်ရာ ပုဂ္ဂိုလ်များက သတင်း ပို့ကြသဖြင့် မကြာမီ ဝမ်းနည်းကြောင်း တယ်လီဖုန်းဖြင့် ပေးပို့သောသတင်းများ ရောက်လာလေသည်။

အစ္စယဘာဝံ ထေရဿ, သဒေသေ ဝိဒေသေပိစ၊
ဉာပေသုံ သုမဏ္ဍလိကာ, သံဝေဂသမ္ပတ္တာဝ တေ။

မြန်မာ့အသံမှ ကြေငြာခြင်း

ထိုနေ့ည ၈-နာရီခန့်တွင် မြန်မာ့အသံမှ “ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာ မဟာနာယက အဂ္ဂမဟာပဏ္ဍိတ ဆဋ္ဌသံဂီတိပုစ္ဆက နိုင်ငံတော် သံဃာနာယကအဖွဲ့ ဩဝါဒစရိယ ဖြစ်တော်မူသော သက်တော် ၇၉-နှစ်၊ ဝါတော် ၅၈-ဝါရ ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တသောဘနသည် ယနေ့ ၁၃၄၄-ခုနှစ် ဒုတိယ ဝါဆိုလပြည့်ကျော် ၁၀-ရက် ၁-နာရီ ၃၆-မိနစ်အချိန်တွင် ရန်ကုန်မြို့ သာသနာ့ ရိပ်သာ မဟာစည် ကျောင်းတော်တွင် ပျံလွန်တော်မူသည်ဟု သာသနာရေး ဦးစီးဌာနမှ ပေးပို့သည်” ဟု ကြေငြာလေသည်။

မြန်မာဝုတ္တန္တတောစာပိ, ထေရဿစ္စယကာရဏံ၊
သညာပေသုံ တဋ္ဌာနိကာ, ဇနာ သာသနမာမကာ။

ဘီဘီစီ စသည်မှ ကြေငြာခြင်း

၎င်းပြင် ဘီဘီစီ (ဗြိတိသျှအသံလွှင့်ကော်ပိုရေးရှင်း) အင်္ဂလိပ် မြန်မာ ၂- ပိုင်းလုံး မှလည်း မဟာစည်ဆရာတော်ဘုရားကြီး ပျံလွန်တော်မူပြီး ဖြစ်ကြောင်း ကြေငြာခဲ့ လေသည်၊ ၎င်းပြင် ကမ္ဘာအရပ်ရပ် ရေဒီယိုများ သတင်းစာများမှလည်း ကြေငြာမည် ဖြစ်ကြောင်း သိနိုင်လေသည်။

လောကေဟိ နာနာဝုတ္တန္တ-ဋ္ဌာနတော ပဝတ္တိံပိစ၊
သညာပေသုံ ဘဒ္ဒေသိကာ-ဇနာ ထေရမှိ မာမကာ။

မြန်မာ-အင်္ဂလိပ်သတင်းစာများမှ ကြေငြာခြင်း

မြန်မာနိုင်ငံထုတ် လုပ်သားနေ့စဉ်, ကြေးမုံ, ဗိုလ်တထောင်, မြန်မာ့အလင်း သတင်းစာ များမှလည်း အစိုးရက သတင်းအဖြစ်ထည့်သွင်း ဖော်ပြစေခဲ့လေသည်၊ ၎င်းပြင် လုပ်သား, ဂါးဒီယန် အင်္ဂလိပ်သတင်းစာ များမှလည်း-

၎င်းပြင် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်မှ မြန်မာသတင်းစာများ၌ -

ကျေးဇူးရှင်မဟာစည်ဆရာတော်ဘုရားကြီး ပျံလွန်တော်မူခြင်း

ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာ ပဓာနမဟာနာယက အဂ္ဂမဟာပဏ္ဍိတ ဆဋ္ဌ-
သံဂီပုစ္ဆက နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဩဝါဒစရိယ ဖြစ်တော်မူသော သက်တော် ၇၉-နှစ် ဝါတော် ၅၈-ဝါရ ကျေးဇူးတော်ရှင် မဟာစည် ဆရာတော် ဘုရားကြီး ဦးသောဘနသည် ၁၃၄၄-ခု ဒုတိယဝါဆို လပြည့်ကျော် ၁၀-ရက် ၁၉၈၂-ခု ဩဂုတ်လ ၁၄-ရက်နေ့ မွန်းလွဲ ၁-နာရီ ၃၆-မိနစ်အချိန်၌ သာသနာ့ရိပ်သာ မဟာစည်ကျောင်းတော်တွင် ပျံလွန်တော် မူသည်ဖြစ်ပါ၍ ၁၃၄၄-ခု ဝါခေါင်လဆန်း ၁-ရက် ၁၉၈၂-ခု ဩဂုတ်လ ၂၀-ရက် (သောကြာနေ့) မွန်းလွဲ ၃-နာရီအချိန်တွင် အထက်ပါ မဟာစည် စံကျောင်းတော်မှ ကြံတော သုသာန်သို့ ပို့ဆောင်ပြီး အန္တိမ ဈာပနအဖြစ် မီးသင်္ဂြိုဟ်ပူဇော်မည်ဖြစ်ပါကြောင်း ရပ်နီးရပ်ဝေးရှိ မဟာစည် သာသနာ့ ရိပ်သာခွဲများနှင့် တပည့် ရဟန်း, ရှင်, လူ ဒါယကာ, ဒါယိကာမ အပေါင်းတို့အား အကြောင်းကြားအပ်ပါသည်။

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်
မဟာစည်သာသနာ့ရိပ်သာ၊ ရန်ကုန်မြို့

ဟူ၍ ကြေငြာခဲ့လေသည်၊ ၎င်းပြင် ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိ အကျဉ်းချုပ် ကိုလည်း အောက်ပါအတိုင်း မြန်မာ သတင်းစာများ၌ ဖော်ပြခဲ့လေသည်။

မဟာစည်ဆရာတော်၏ ထေရုပ္ပတ္တိ

ရန်ကုန် ဩဂုတ် ၁၈

၁၉၈၂-ခုနှစ် ဩဂုတ်လ ၁၄-ရက် စနေနေ့တွင် ဘဝနတ်ထံ ပျံလွန်တော်မူသွားသည့် နိုင်ငံတော် ဩဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသောဘန မဟာစည်ဆရာတော် ၏ ထေရုပ္ပတ္တိမှာ အောက်ပါအတိုင်းဖြစ်၏။

နိုင်ငံတော် ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသောဘန မဟာစည်ဆရာတော် သည် ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာ ခမည်းတော် ဦးကံတော် မယ်တော် ဒေါ်ရွှေအုပ်တို့မှ ၁၂၆၆- ခုနှစ် ဒုတိယ ဝါဆိုလပြည့်ကျော် ၃-ရက် သောကြာနေ့တွင် ဖွားမြင်တော် မူခဲ့ပြီး သက်တော် ၁၂-နှစ်တွင် သာမဏေပြု၍ ၁၂၈၅-ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၆-ရက်တွင် ဆိပ်ခွန်ရွာ ပျဉ်းမနားကျောင်း ဆရာတော် ဦးအာဒိစ္စကို ဥပဇ္ဈာယ်ပြုပြီး ရဟန်းဖြစ်တော်မူခဲ့၏။

ဆရာတော်သည် ဥပဇ္ဈာယ်ဆရာတော်ထံ၌ လည်းကောင်း၊ မန္တလေးမြို့ ခင်မကန် တိုက် ဆရာတော်အစရှိသည့် လေးပြင်လေးရပ် ဆရာတော်ကြီး များထံ၌ လည်းကောင်း ပိဋကတ် ကျမ်းဂန်များကို ဆည်းပူးလေ့လာခဲ့၍ အစိုးရဓမ္မာစရိယ စာချတန်းကို အောင်မြင်တော်မူခဲ့သည့်အပြင် သက္ကတနှင့် အင်္ဂလိပ်ဘာသာတို့ကို လည်း လေ့လာ တတ်ကျွမ်းတော်မူခဲ့၏။

၁၉၅၂-ခုနှစ်တွင် ဆရာတော်သည် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို ဆက်ကပ် ခြင်းခံခဲ့ရပြီး ဆဋ္ဌသင်္ဂါယနာ၌ ပုစ္ဆကဆရာတော်အဖြစ် လည်းကောင်း၊ ဆဋ္ဌသင်္ဂါယနာဝန်ဆောင် ဆရာတော်အဖြစ် လည်းကောင်း၊ ဩသာနသောဓေယျ ဆရာတော်အဖြစ်လည်းကောင်း ဆောင်ရွက်တော်မူခဲ့ပြီး ကမ္မဋ္ဌာနာစရိယ ဆရာတော် အဖြစ် ပြည်တွင်းပြည်ပတို့တွင် ရိပ်သာခွဲ ၂၅၀-ခန့်ကိုဖွင့်လှစ်ကာ ဝိပဿနာ တရားများ ဟောကြားပြသခဲ့၏။

ဆရာတော်သည် ၁၉၈၀-ပြည့်နှစ် သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေး ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီးတွင် နိုင်ငံတော် ဩဝါဒစရိယ ဆရာတော် အဖြစ် ရွေးချယ်တင်မြှောက် ခြင်းခံခဲ့ရ၏၊ ဆရာတော်သည် ဝိသုဒ္ဓိမဂ်မဟာဋီကာ နိဿယ စသည့် ကျမ်းစာပေါင်း ၆၀-ကျော်ကို ရေးသားပြုစုတော်မူခဲ့၏၊

ဆရာတော် ၏ ရုပ်ကလာပ်ကို ဩဂုတ်လ ၂၀-ရက် မွန်းလွဲ ၃-နာရီတွင် မဟာစည် သာသနာ့ရိပ်သာ စံကျောင်းတော်မှ ကြံတောသုသာန်သို့ ပို့ဆောင်၍ အန္တိမအဂ္ဂိ ဈာပန ပူဇော်ပွဲ ကျင်းပမည်ဟုသိရ၏။

ဆာသီတိမပိုင်း

ဈာပနအစီအစဉ် ကြေငြာခြင်း

၎င်းပြင် အန္တိမအဂ္ဂိဈာပနအစီအစဉ်ကိုလည်း သတင်းစားများမှ အောက်ပါအတိုင်း ကြေငြာခဲ့လေသည်။

ကျေးဇူးရှင်မဟာစည်ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇော်ပွဲအစီအစဉ်

၁။ ၁၈-၈-၈၂ ဗုဒ္ဓဟူးနေ့ ည ၉-နာရီအချိန်တွင် ရန်ကုန်မဟာစည် သာသနာ့ ရိပ်သာခွဲများမှ ပူဇော်ကြမည်။
၂။ ၁၉-၈-၈၂ ကြာသပတေးနေ့ ည ၉-နာရီအချိန်တွင် နယ်ရိပ်သာခွဲများက အလားတူ ပူဇော်ကြမည်။
၃။ အထက်ဖော်ပြပါနေ့များတွင် နံနက် ၇-နာရီမှ ည ၉-နာရီအထိ အများပြည်သူ သူတော်စင်များက လာရောက် ပူဇော်နိုင်ရန် စီစဉ်ထားပါသည်။
၄။ ၂၀-၈-၈၂ သောကြာနေ့ နံနက် ၈-နာရီမှ ၁၀-နာရီအတွင်း သံဃာတော် အရှင်မြတ်များက ပြုလုပ်ဖွယ် ကိစ္စအဝ၀ ဆေင်ရွက်ပြီး အလားတူ ပူဇော်ကြမည်။
၅။ ၂၀-၈-၈၂ သောကြာနေ့ မွန်းလွဲ ၂း၃၀-နာရီတွင် ရုပ်ကလာပ်တော်ကို အထူး စီစဉ်ထားသော မော်တော်ယာဉ်ပေါ်သို့ သတ်မှတ်ထားသော အစီအစဉ်အတိုင်း တင်ဆောင်မည်။
၆။ ၎င်းနေ့ မွန်းလွဲ ၃-နာရီတိတိ ရုပ်ကလာပ်တော်ကို မဟာစည် သာသနာ့ရိပ်သာ စံကျောင်းတော်ရှေ့မှ စတင်ပင့်ဆောင်မည်။
၇။ ၎င်းနေ့ မွန်းလွဲ ၃-နာရီ ၄၅-မိနစ်ခန့်တွင် အဂ္ဂိဈာပနပြုလုပ်မည့် နေရာသို့ ရောက်ရှိမည်။
၈။ ၎င်းနေ့ ၄-နာရီ ၄၅-မိနစ်အထိ သတ်မှတ်ထားသော အစီအစဉ်အတိုင်း နောက်ဆုံးပူဇော်ကြမည် ဖြစ်ပါသည်။
၉။ ၎င်းနေ့ ၅-နာရီ ၄၅-မိနစ်တွင် အရိုးနှင့်ပြာများ ကောက်ယူသိမ်းဆည်းပြီး သတ်မှတ်ထားသော အစီအစဉ်အတိုင်း စံကျောင်းတော်သို့ ပြန်လည်ပင့်ဆောင် လာမည်။
၁၀။ ဈာပနကိစ္စ ရုပ်ကလာပ်ပင့်ဆောင်ရန် လမ်းအစီအစဉ်မှာ သာသနာ့ရိပ်သာ လမ်းမှ ကမ္ဘာအေးဘုရားလမ်း ဂွတ္တလစ်လမ်းဆုံမှ စတင်ထွက်၊ ထိုမှ တက္ကသိုလ် ရိပ်သာလမ်း ကမာရွတ်, လှည်းတန်းလမ်းဆုံ၊ ပြည်လမ်း ဟံသာဝတီအဝိုင်းမှ ကြံတော်သုသာန်။

(အထက်ဖော်ပြပါ အန္တိမအဂ္ဂိဈာပနပို့ဆောင်ရာ အစီအစဉ်များကို သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများ ပါဝင်ကူညီဆောင်ရွက်မှုဖြင့် ပြုလုပ်ခြင်းဖြစ်ပါသည်)။

မေတ္တာရပ်ခံချက်

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဩဝါဒတော်အတိုင်း အန္တိမအဂ္ဂိ ဈာပနကို ကျင်းပပြုလုပ်ခြင်းဖြစ်၍ မော်တော်ယာဉ်များဖြင့် လိုက်ပါပို့ဆောင်ကြသော အဖွဲ့အစည်းများနှင့် လမ်းတလျှောက်မှ စောင့်ဆိုင်းပူဇော်ကြမည့် သူတော်စင် အပေါင်းတို့သည် တည်ငြိမ်စွာတရားရှုမှတ်ခြင်းဖြင့် ပူဇော်ကြပါရန် အလေးအမြတ် မေတ္တာရပ်ခံပါသည်။

၂၀-၈-၈၂ နေ့ နံနက် ၇-နာရီမှစတင်၍ ပြင်ပကားများကို ကမ္ဘာအေး စေတီလမ်း ပေါ်အထိသာ ဝင်ခွင့်ပြုပါမည်။

၎င်းနေ့ ၁၂-နာရီတိတိတွင် ရိပ်သာတွင် မော်တော်ယာဉ်များ အထွက်အဝင် အားလုံး ပိတ်ပါမည်၊ သို့ရာတွင် ခြေလျင် ဝင်နိုင်ထွက်နိုင်ခွင့် ရှိပါသည်။

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်
မဟာစည်သာသနာ့ရိပ်သာ၊ ရန်ကုန်မြို့။

ဒုတိယဝါဆိုလပြည့်ကျော် ၁၁-ရက်နေ့

ဆရာတော်ဘုရားကြီး ပျံလွန်တော်မူသည့် ၂-ရက်မြောက်ဖြစ်သော ဒုတိယဝါဆို လပြည့်ကျော် ၁၁-ရက်နေ့ကား တနေ့လုံးလိုလို ရန်ကုန်မြို့တော် ကောင်းကင် တခွင်လုံး အုံ့မှိုင်းနေသည်၊ ရာသီဥတုလည်း အေးမြနေသည်၊ အေးမြသော စိတ်နှလုံးပိုင်ရှင် ဆရာတော်ဘုရားကြီး ပျံလွန်တော်မူသည်ကို အထိမ်းအမှတ် ပြုသည်နှင့် တူလှသည်၊ ယောဂိဥပါသကာ,ဥပါသိကာများ အချို့တရားဖြင့် မထိန်း ချုပ်နိုင် တဖြိုင်ဖြိုင် မျက်ရည်ကျကာ ပူဆွေးကြသည်၊ ရာသီဥတုသည် လူသာမန်တို့ ပူပန်ရန် ဆွပေးသည်နှင့်လည်း တူလေ၏။

အာသဠှီကာဠပက္ခဿ, ဧကဒသမှိ ဒိဝသေ၊
မဟာမေဃစ္ဆန္နော အာသိ, အရိက္ခယပုရုတ္တမေ။

သတ္တာသီတိမပိုင်း

ရုပ်ကလာပ်တော်ပတ်ဝန်းကျင်တခုလုံး ပန်းအိုး, ပန်းဖလားတွေ တင်းကြမ်းပြည့်နေ

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်က ပန်းခွေများမပို့ကြဖို့ မေတ္တာရပ်ခံစာတစောင် ထုတ်ပြန်သဖြင့် ပန်းခွေများ မပို့ကြ, မပူဇော်ကြပဲ ပန်းအိုး, ပန်းဖလား, ပန်းခြင်းများ ပို့လှူပူဇော်ကြလေရာ ရုပ်ကလာပ်ပတ်ဝန်းကျင်တခုလုံး တင်းကြမ်း ပြည့်နေသည်၊

ည ၇-နာရီခန့်တွင် ရန်ကုန်မြို့ ပုသိမ်လမ်းနေ ဦးဆန်နီအိမ်တွင် ကုမုဒြာကြာဖြူ ပန်းများ ထူးဆန်းစွာပွင့်သဖြင့် လာရောက်ပူဇော်ရာ ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်သည် လွန်စွာ တင့်တယ်ခဲ့လေသည်၊ မီးရောင်စုံဖြင့်လည်း ရုပ်ကလာပ်တော်သည် ရွှေအဆင်းကဲ့သို့ ဝါဝင်းနေလေသည်။

ကုဝလယာဒိပုပ္ဖေဟိ, အတိဝသောဘနံ ဘဝိ၊
မဟာထေရကဠေဝရံ, သောဏ္ဏရူပံဝ ဒိဿတိ။


ထိုဒုတိယဝါဆိုလပြည့်ကျော် ၁၁-ရက်နေ့မှာ ရုံးပိတ်ရက် တနင်္ဂနွေနေ့ဖြစ်လေရာ ရိပ်သာအတွင်း အပြင်တွင် ပရိသတ်ကြီး တိုးမပေါက်ရှိနေလေသည်၊ ဘုရားဘုန်းလျှံ နိဗ္ဗာန်ဝင်စံစဉ်က ကုဿိန္နာရုံ ရဂုံသာမော ဥယျာဉ်တောနှင့် တူသင့်သလောက် တူသည် ဟု ဆိုချင်ပါသည်။

တဒါ သာသနာ့ရိပ်သာဌာနံ, ဇနေဟိ သမ္ဗာဒံ ဘဝါ၊
သမ္ဗုဒ္ဓ ပရိနိဗ္ဗာနေ, ဝနံ ကုသိနာရုံ ယထာ။

ဒုတိယဝါဆိုလပြည့်ကျော် ၁၂- ရက်နေ့

ဆရာတော်ဘုရားကြီး စုတိကမ္မဇရုပ်ချုပ်၍ ၃-ရက်မြောက် ဖြစ်သော ၁၃၄၄-ခုနှစ် ဒုတိယဝါဆို လပြည့်ကျော် ၁၂-ရက်နေ့တွင် ကောင်းကင်တခွင်လုံး ညိုမဲ အုံ့မှိုင်း၍ နေသည်၊ ရွာတော့မလို တညိုညိုနှင့် ထိုထိုဤမှ ဆရာတော်ဘုရားကြီး ရုပ်ကလာပ်တော် ကိန်းဝပ်ရာ သာသနာ့ရိပ်သာ မဟာစည်ကျောင်းတော်သို့ ခညောင်းရောက်ရှိလာကြသော ဒါယကာ, ဒါယိကာမတို့၏ စိတ်ကို ဆွပေးသကဲ့သို့ ရှိလေသည်၊ တချို့က သင်္ခါရတရားတို့ ၏ မမြဲအင်ကို ဆင်ခြင်၍စိတ်ကို ထိန်းနိုင်ကြ သော်လည်း တချို့ကား မထိန်းနိုင်ကြပဲ မျက်ရည်စိုရွှဲ ငိုပွဲဆင်ကြသည်။

ထေရဿ အစ္စယေ ကေစိ, သင်္ခါရာ ဝယဓမ္မာတိ ဝေါ၊
ဣတွေဝ ဘာဝယိတွာန, ဓမ္မံ သမနုပဿိသုံ။
အဿုမုခါ ဇနာ ကေစိ, ရောဒိသုံ ကလူနံ တဒါ။


တချို့ဒကာမတွေ ပြောပြောဆိုဆို လှိုက်လှိုက်ဖိုဖို ရှိုက်ငိုကြသည်၊ ဆရာတော်ဘုရား ဆရာတော်ဘုရား အပျံလွန်စော၍နှမြောလှချေရဲ့၊ နောက်ထပ် ၅-နှစ်လောက် ဆိုင်းဖို့ ကောင်းလိုက်တာဘုရား, ပျံလွန်တော်မူတာ စောလွန်း လျင်မြန်လွန်းပါတယ် ဘုရား- စသည်ဖြင့် တီတီတာတာ ပြောဆို ငိုကြွေးသူတို့လည်း ရှိသည်၊ မငိုဖို့ လူကြီးများက တားကြရသည်။

အတိခိပ္ပံ ဟိ နော ထေရော, မဟာစည်ထေရကုဉ္ဇရော၊
ဣတိပိ ဧကစ္စေ ဝတွာ, အဿူနိ သံပဝတ္တယုံ။


နေ့ပိုင်းတွင် မိုးသည်ရွာလိုက် စဲလိုက်နှင့် လူများကို ကလိပေးနေသည်နှင့် တူသည်၊ တကယ်တော့ မိုးနတ်ကား ဆရာတော်ဘုရားကြီးကို ပူဇော်နေသည်၊ မိုးရွာ သော်လည်း ပရိသတ်မှာလာမြဲလာနေသည်၊ တချို့မှာ မိုးရေနှင့် မျက်ရည်ရော နေလေသည်။

ဧကဒါ မေ ဃစ္ဆန္နောစ, ဧကဒါ ပါဝဿီ ဟိ ခေါ၊
ဒေဝေါ ဟိ นာနာကာရေန, မဟာထေရံဘိပူဇယိ။

ဒုတိယဝါဆိုလပြည့်ကျော် ၁၃-ရက်နေ့

ရက်ရလာလေ ပရိသတ်မှာ များလေလေ ဖြစ်လေသည်၊ အဝေးကလည်း တော်တော် လာကြပြီမဟုတ်လော၊ နယ်ရိပ်သာခွဲများမှ တပည့်ကြီးတွေလည်း များစွာ ရောက်လာကြလေပြီ၊ ယင်းသည့် ဒုတိယဝါဆိုလပြည့်ကျော် ၁၃-ရက်နေ့မှာလည်း မိုးကောင်းကင်သည် လွန်ခဲ့သောနေ့များနှင့် ထူးမခြားနားပင် ဖြစ်လေသည်၊ အုံ့မှိုင်း၍ နေရာမှ ရွာလိုက်စဲလိုက်ဖြစ်နေသည်၊ တကယ်တော့ မထေရ်မြတ်ကြီး၏ ကရုဏာဖြင့် အေးမြသောစိတ်နှလုံးကို ဖော်ပြနေသည်။

ဧကဒါ ဒေဝေါ ပဝဿိ, ဧကဒါ ဟိ နိဝတ္တတိ၊
ထေရကရုဏာသီတလေ-မာနသံ သမ္ပကာသယိ။

ယင်းသည့် ဒုတိယဝါဆိုလပြည့်ကျော် ၁၃-ရက်နေ့ ည ၉-နာရီအချိန်တွင် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်မှ ဦးဆောင်၍ ဟိတေသီနှင့် အမျိုးသမီးယောဂီ စောင့်ရှောက်ရေးအဖွဲ့တို့က ဓမ္မပူဇာဖြင့် ဆိတ်ငြိမ်စွာ ရှုမှတ်ပူဇော်ကြလေသည်။

ဒုတိယဝါဆိုလပြည့်ကျော် ၁၄- ရက်နေ့

ရာသီဥတုမှာ မထူးခြားလှချေ၊ မိုးအုံ့လိုက်ရွာလိုက်ပင်ဖြစ်၏၊ ဗုဒ္ဓသာသနာ နုဂ္ဂဟ အဖွဲ့, ဟိတေသီအဖွဲ့, အမျိုးသမီးအဖွဲ့အပါအဝင် အဖွဲ့ကြီးမှ အမှုဆောင် လူကြီးများ အားလုံး အလုပ်များကြသည်၊ ၇- ရက်ထားသည်ကို မကျေနပ်ကြ၊ ကြံတောသုသာန် သင်္ဂြိုဟ်သည်ကို မကျေနပ်ကြနှင့် မကျေနပ်သူတွေလည်း ရှိကြသည်၊ အများနှင့် လုပ်ရသည်မှာ ဓမ္မတာပင်ဖြစ်သည်၊ လူတွေမှာလည်း များလွန်းလှသည်။ သို့နှင့်-

၁။ မော်တော်ယာဉ်ထိန်းသိမ်းရေး
၂။ ပရိသတ်များ ရှောင်တခင်ကျန်းမာရေး
၃။ မသမာသူတို့၏ ဘေးအန္တရာယ်ကာကွယ်ရေး
၄။ ကောလာဟလသတင်းများအတွက် လိုအပ်သလို ဆောင်ရွက်ရေး

စသည်တို့ကို ရန်ကုန်တိုင်း ပြည်သူ့ကောင်စီ၏ ခေါင်းဆောင် ကူညီမှုဖြင့် ထောင့်စေ့ အောင် ကြပ်မတ်လုပ်ဆောင်ကြရလေသည်။

ဗဟန်းမြို့နယ်ကောင်စီနှင့် လက်အောက်ရှိ အဖွဲ့အစည်းများ, ရွှေဘုံသာလူငယ် အဖွဲ့, ကျိုက္ကစံဆံတော်ရှင် သန့်ရှင်းရေးအဖွဲ့ စသည်တို့ကလည်း ပါဝင်ကူညီ ဆောင်ရွက်ကြသည်။

နာနာမဏ္ဍာတောစာပိ, တဒါဟိ သောဂတာ ဇနာ၊
ဗဟုကိစ္စာ ကမ္မကရာ, ထေရေ ပသန္နမာနသာ။

ဆရာတော်အရှင်ဝိစိတ္တသာရာဘိဝံသ စသည်ဆရာတော်ကြီးများ ကြွလာပူဇော်ခြင်း

ယင်းသည့် ဝါဆိုလပြည့်ကျော် ၁၄-ရက်နေ့တွင် တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု ဆရာတော်အရှင် ဝိစိတ္တသာရာဘိဝံသသည် ဆရာတော်ဘုရားကြီး ရုပ်ကလာပ်တော်ကိန်းဝပ်ရာ မဟာစည်ကျောင်းတော်သို့ ကြွလာတော်မူပါသည်၊

ထိုအခါ နာယကဆရာတော်များက ဆရာတော် အရှင်ဝိစိတ္တသာရာဘိဝံသအား “၇-ရက်ထား၍ သင်္ဂြိုဟ်ခြင်း, ကြံတောသုသာန်၌ သင်္ဂြိုဟ်ခြင်း စသော ပကာသနမပါ, အတီးအမှုတ် အကအခုန်မပါ ဓမ္မပူဇာဖြင့် ပူဇော်၍ သင်္ဂြိုဟ်ခြင်းစသော ယခု ဆောင်ရွက်ချက်များ အားလုံးသင့်-မသင့်, တော်-မတော် ဘုရားမြတ်စွာ အလိုတော်နှင့် ကိုက်ညီခြင်း ရှိ-မရှိ” အများကြားသိအောင် လျှောက်ထားကြရာ -

အရှင်ဝိစိတ္တသာရာဘိဝံသက သင့်လျော်ကြောင်း, ဘုရားမြတ်စွာအလိုနှင့် မဆန့်ကျင် ပါကြောင်း မိန့်ကြားတော် မူခဲ့လေသည်၊ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့သည် ယင်းမိန့်ကြားချက်တို့ကို အသံဖမ်းယူ ရိုက်နှိပ် ဖြန့်ဝေခဲ့လေသည်။

၎င်းပြင် -
မန္တလေးမြို့အရှေ့ပြင် ဝါခင်းကုန်းဆရာတော် အရှင်ဇောတိက,
မန္တလေးမြို့ တောင်ပြင်ဘူတာကြီးအနီး မြေနီကျင်းဆရာတော် အရှင်ဥက္ကံသ
တို့က အရှင်ဝိစိတ္တသာရာဘိဝံသအား မဟာစည်ဆရာတော်ကြီး၏ ရုပ်ကလာပ် အလောင်းတော်ကို ရှိခိုးပူဇော်ကောင်းပါသလားဟု လျှောက်ထားရာ ရှိခိုးပူဇော် ကောင်းပါသည် ဟု အရှင်ဝိစိတ္တသာရာဘိဝံသက ဖြေကြားတော်မူလေသည်။

ထိုမှတပါး ဆရာတော် အရှင်ပဏ္ဍိတက ရုပ်ကလာပ်တော် အကောင်းဆုံး ပူဇော်နည်းကို မေးလျှောက်ရာ အရှင်ဝိစိတ္တသာရာဘိဝံသက ဓမ္မာနုဓမ္မပဋိပတ်ဖြင့် ပူဇော်ခြင်း, အတီးအမှုတ်ဖြင့် ပူဇော်ခြင်းဟု ၂-မျိုးရှိရာ သံဃာတော်များနှင့် ယောဂီ များကတော့ ဓမ္မာနုဓမ္မပဋိပတ်ဖြင့် ပူဇော်ခြင်းသည် အကောင်းဆုံး ဖြစ်ပေသည်ဟု မိန့်ကြားတော်မူသည်။

ဆက်လက်၍ အရှင်ပဏ္ဍိတက ဓမ္မာနုဓမ္မပဋိပတ် ဖြင့်ပူဇော်မှုသည် အကောင်းဆုံး ဖြစ်သော်လည်း ဘုရားဇိနော် ပရိနိဗ္ဗာန်စံတော်မူစဉ်က မလ္လာမင်းတို့ အတီးအမှုတ် အစရှိသော ပူဇော်မှုတို့ဖြင့် ပူဇော်ရာ ယင်းပူဇော်မှုသည် ဘုရားမြတ်စွာ အလိုတော်ကျ, မကျ ဆက်လက်၍လျှောက်ထားရာ ပူဇော်လိုသော စိတ်ထားဖြင့် ပူဇော်ပါက ပူဇော်မှုဖြစ်နိုင်ကြောင်း ဖြေကြားတော်မူခဲ့လေသည်၊

ယခုအခါ မြန်မာပြည်တွင် ထင်ရှားသော ဆရာတော်ဘုရားကြီးများ ပျံလွန်တော် မူရာဝယ် အငြိမ့်ပွဲ, ဇာတ်ပွဲစသော ပွဲမျိုးစုံတို့ဖြင့် ခင်းကျင်းပြသ ပူဇော်မှုမျိုးကို ပူဇော်မှုဖြစ်, မဖြစ် လျှောက်ထားရာ ရှေးနည်းအတူ ဖြေကြားတော်မူခဲ့လေသည်။

ဘုရားမြတ်စွာ တိတ်ဆိတ်ငြိမ်သက်မှုကို လိုလားတော်မူသလို မဟာစည်ဆရာတော် ဘုရားကြီးသည် တိတ်ဆိတ်ငြိမ်သက်မှုကို လိုလားတော်မူပါသည်၊ သို့ဖြစ်၍ ယခု အန္တိမဈာပနပွဲကိုလည်း ဘုရားဇိနော် အလိုတော်ကျ ရိုးရိုး ရှင်းရှင်းနှင့် တိတ်ဆိတ် ငြိမ်သက်စွာ တပည့်တော်များ ဆောင်ရွက်ထားပါသည် ဟုလျှောက်ထားရာ ကောင်းမြတ်လှကြောင်း ချီးကျူးမိန့်ကြားတော်မူရာ ပရိသတ်က သာဓုသုံးကြိမ် ခေါ်လေသည်။

အရှင်ပဏ္ဍိတသည် ဤမျှဖြင့်မရပ်သေး ဆက်လက်၍ မေးမြန်းလေသည်၊

“ဆရာတော်ဘုရား ... ဘုရားမြတ်စွာ လက်ထက်တော်က သာဝကကြီးများ ပျံလွန်တော်မူစဉ် မည်မျှရက်ထား၍ အဂ္ဂိဈာပန ပြုလုပ်ကြပါသနည်း” ဟု လျှောက်ထားပြန်ရာ အရှင်ဝိစိတ္တသာရဘိဝံသက အရှင်သာရိပုတ္တရာ ပရိနိဗ္ဗာန် စံတော်မူစဉ်က ၇- ရက် ထား၍ အဂ္ဂိဈာပန ပြုလုပ်ကြပါသည်၊

ယခု မဟာစည် ဆရာတော်ဘုရားကြီး စုတိကမ္မဇရုပ် ချုပ်ငြိမ်းတော်မူရာ၌လည်း အရှင်ဘုရားတို့သည် ၇- ရက်ထား၍ အဂ္ဂိဈာပနပြုလုပ်ရန် စီစဉ်သည်မှာ အလွန် သင့်မြတ်ပါသည်ဟု အမိန့်ရှိပြီး သင်္ကန်းအစုံ ၅၀ လှူ၍ ပြန်ကြွသွားတော်မူသည်။

ဝိစိတ္တသာရာဘိဝံသော, အဘိဝံသော မဟာမတိ၊
မဟာစည်ထေရသေဋ္ဌမှိ, အတိဝ ပသန္နော ယတိ။

ပရိသတ်များလွန်းလှ

ထိုအချိန်တွင် ရုပ်ကလာပ်တော်ကို ပူဇော်ဖူးမြော်ရန်လာကြသော ပရိသတ်ကြီးမှာ ရိပ်သာဝန်းအတွင်း တင်းကြမ်း ပြည့်နေသည်၊ ကမ္ဘာအေးစေတီ လမ်းပေါ်တွင်လည်း ပြည့်ကျပ်နေသည်၊ အရေးကြီးသောကား သာသနာ့ ရိပ်သာတွင်းဝင်ရန် မလွယ်ကူ ပါချေ၊ ပရိသတ်များ တန်းစီစနစ်ဖြင့် တရွေ့ရွေ့ လှည့်လည် ပူဇော်ကြသည်၊ ရုပ်ကလာပ်တော်ကို ပူဇော်ရသည်ထက် တန်းစီစောင့်ဆိုင်း ရသည်မှာ ၃-နာရီ, ၄-နာရီခန့်ကြာမည်ဟု မှန်းဆပြောဆို ကြသည်။

အာသဠှီကာဠပက္ခဿ, စုဒ္ဒသမေ ဒိနေပိစ၊
ဇနကာယော တုမူလောဟိ, ထေရဒေဟံ ဥပါဂမိ။

ဆောင်ပုဒ်များနှင့် ဩဝါဒများ ပေါ်ထွက်လာ

ယင်းသို့ ကြီးမားများပြားသော ပရိသတ်ကြီးကို ဆရာတော်ဘုရားကြီး၏ တရားတော် များ, ဩဝါဒတော်များကို ဖွင့်ပြ၍နာကြားစေရာ များစွာသံဝေဂရကြပါသတည်း၊ အောက်ပါဆောင်ပုဒ်များနှင့် ဩဝါဒတော်သည် စာရွက်ဖြင့်လည်းကောင်း၊ အသံဖမ်း ကြိုးခွေမှလည်းကောင်း ပေါ်ထွက်လာခဲ့လေသည်။

ဆောင်ပုဒ်များ

ကိုယ်အမူအရာ, ဖြစ်တိုင်းမှာ, မှန်စွာသိရမည်၊
စိတ်အမူအရာ, ဖြစ်တိုင်းမှာ, မှန်စွာသိရမည်၊
ကောင်းဆိုးလတ်ပါ, ဝေဒနာ, ပေါ်ကာသိရမည်၊
သဘောတရား, ထင်ပေါ်ငြား, ပိုင်းခြားသိရမည်၊
အဆင်းမြင်က, အမှတ်ရ, ရာဂကင်းတော့သည်၊
မတပ်မက်ပဲ, ခံစားမြဲ, စိတ်ထဲမသိမ်းပြီ၊
မှတ်သိလျက်ပင်, မြင်လဲမြင်, ထို့ပြင်ခံစားသည်၊
သို့ပါသော်လဲ, ဝဋ်ဆင်းရဲ, ကုန်မြဲကုန်ခန်းသည်၊
ဤနည်းဖြင့်သာ, ယောဂီမှာ, မှတ်ကာကျင့်ရသည်၊
မြင်တိုင်းရှုမှတ်, ဆင်းရဲသတ်, နီးကပ်နိဗ္ဗာန်ပြည်၊
ထင်လွဲသာယာ, စွဲလမ်းတာ, နှစ်ဖြာဥပါဒါန်၊
ငါ ငါ့ဥစ္စာ, စွဲနိုင်တာ, ဥပါဒါနက္ခန်၊
ရုပ်, ဝေ, သညာ, သင်္ခါရာ, ဝိညာဤငါးတန်၊
ဘာဝတဏှာ, သဿတာ, ထင်ကာနှစ်သက်မှု၊
ဝိဘဝမှာ, ဥစ္ဆေဒါ, ထင်ကာနှစ်သက်မှု၊
မနာလိုမှာ, ခြွေရံကွာ, ကြည်သာ ခြွေရံစည်၊
ဣဿာခေါ်ဆို, မနာလို, ဝန်တိုမစ္ဆေရ၊
ကာမဘုံသား, နတ်လူများတို့, ကောင်းစားပြည့်ဝ၊
ဘေးရန်ပလျက်, အေးမြချမ်းသာ, နေလိုပါလည်း၊
ဣဿာမစ္ဆေ, သူရှုပ်ပွေ၍, ထင်ခြေမကျ, ဆင်းရဲရသည်၊
သောကနောက်ဆုံးပါတကား။

အကုသိုလ်များ, ရှောင်ရှားပယ်လေ၊
ကုသိုလ်တရား, ဖြစ်ပွားစုံစေ။
မိမိစိတ်ဓာတ်, ဆွတ်ဆွတ်ဖြူစေ၊
ဤသုံးပါး, ဘုရားဆုံးမပေ။

ဝန်ထုတ်ဆိုတာ, ငါးခန္ဓာ, လွန်စွာလေးလှသည်၊
ဝန်ထမ်းခေါ်လတ်, ပုဂ္ဂိုလ်မှတ်, ပညတ်သာဖြစ်သည်၊
ဝန်ကိုယူက, ဆင်းရဲစွာ, ပစ်ချချမ်းသာသည်။

မဟာစည်ဩဝါဒတော်

အသုဘဈာပန ကိစ္စများနှင့်စပ်၍ အတီး, အမှုတ်, အက, အဆို ပွဲလမ်းကျင်းပတာ တွေက တော်တော်များများပင် ရှိတတ်ကြပါတယ်၊ အဲဒီလိုဟာကို ရဟန်းများမှာ မကျင်းပသင့်, မပြုသင့်, မကြည့်ရှုသင့်, နားမထောင်သင့်ပါဘူး၊ ဒါပေမယ့် ဘုန်းကြီးတဲ့ ရဟန်းတော်များ ကွယ်လွန်သွားတဲ့အခါမှာ တပည့်ရဟန်းများကရော, ဒကာတွေ ကရော ပွဲလမ်းသဘင်တွေ ကျင်းပပြီး ပူဇော်ပွဲတွေ ပြုလုပ်တတ်ကြ ပါတယ်၊

ဝိနည်းသိက္ခာပုဒ်ကို ရိုသေတဲ့သူတွေ ဘာဝနာကို အလေးအမြတ်ပြုတဲ့ သူတွေ ကတော့ ဒီပွဲလမ်းမျိုးကို မပြုသင့်ပါဘူး၊ ဒါကြောင့် အဲဒီ ပွဲလမ်းမျိုးကို ကိုယ်တိုင်လဲ မပြုဖို့ သူများက ပြုလုပ်နေရာမှာလဲ သွားမကြည့်ဖို့, အားမပေးဖို့ သတိပေးလိုက် ပါတယ်။

(၃၂-ကြိမ်မြောက် ဩဝါဒခံယူပူဇော်ပွဲမိန့်ခွန်းမှ)

အဋ္ဌာသီတိမပိုင်း - တပည့်ရဟန်းတော်တွေ ဓမ္မပူဇော်ဖြင့် ပူဇော်ကြခြင်း

ယင်းသည့် ၁၃၄၄-ခုနှစ် ဒုတိယဝါဆိုလပြည့်ကျော် ၁၄-ရက်နေ့ ၉-နာရီအချိန်မှစ၍ တပည့်ရဟန်းတော်များ ဂါထာဗန္ဓတို့ဖြင့် လည်းကောင်း၊ သံပေါက်ကဗျာ စသည် တို့ဖြင့် လည်းကောင်း ရွတ်ဆို ဖတ်လျှောက်ပူဇော် ကြလေသည်၊ ၎င်းနောက် ရန်ကုန်မြို့ မဟာစည်ရိပ်သာခွဲများက ငြိမ်သက်စွာ ဓမ္မပူဇာဖြင့် ပူဇော်ကြသည်။

ဒုတိယဝါဆိုလကွယ်နေ့

ဒုတိယဝါဆိုလကွယ်နေ့သည်ကား ဆရာတော်ဘုရားကြီး စုတိကမ္မဇရုပ်ချုပ်တော်မူ၍ ၆-ရက်မြောက်နေ့ ဖြစ်လေသည်၊ လကွယ် ဥပုသ်နေ့ဖြစ်ရာ ယခင်နေ့များကထက် လူတွေများလှသည်၊ နောက်တရက်သာ ကျန်ရှိတော့ သည်မဟုတ်ပါလော၊ ထက်ကောင်းကင် ဝေဟင်တပြင်လုံးလည်း အုံ့မှိုင်းလျက်ပင် ရှိနေသည်၊

သက်မဲ့မိုးကောင်းကင်သည်ပင် မကျေမနပ်သကဲ့သို့ မှုန်မှုန်သုန်သုန် ဖြစ်ဟန်ရှိသည်၊ သူရိယနေမင်းသည်လည်း အလျဉ်းပင် ထွက်ပေါ်၍ မလာချေ၊ နံနက်စောစောကပင် ပရိသတ်ပြည့်ကျပ်၍ နေတော့သည်၊ တစတစ ပိုမိုများပြားလာလေရာ လူလှိုင်း ကြီးများ ကြောက်ခမန်းလိလိ လိမ့်ကာလိမ့်ကာ တက်လာလေသည်၊ တကယ်တော့ လူများစွာတို့ ပျော်ပွဲရွှင်ပွဲတွေ မျက်နှာလွှဲကာ မဟာစည်သာသနာ့ရိပ်သာဆီသို့ ချီတက်လာကြခြင်းဖြစ်လေသည်။

သမ္ပဿန္တာ ထေရဒေဟံ, သောဝဏ္ဏခန္ဓသန္နိဘံ၊
အတ္ထင်္ဂတေ ထေရသေဋ္ဌေ, ဇနာ ကေဠိံပရမ္မုခါ။

ခက်ခက်ခဲခဲ ပရိသတ်ထိန်းသိမ်းရ

လုံခြုံရေးရဲများသည် လာရောက်ကြပြီး လုံခြုံရေးကို ဤမျှအင်အားဖြင့် မထိန်းနိုင် တော့ကြောင်း ပြောဆိုသဖြင့် ရန်ကုန်တိုင်း ပြည်သူ့ရဲတပ်ဖွဲ့မှူးထံ တယ်လီဖုန်းဆက် အကူအညီတောင်းရသည်၊ မကြာမီပင် ရန်ကုန်တိုင်း ပြည်သူရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိရဲအရာရှိများ ရောက်ရှိလာကြပြီး ထပ်မံအင်အားဖြည့်ပေးကြသည်၊

ဗိုလ်ကြီးတင်, ဦးကျော်သောင်း, ဦးတိုက်စိုးနှင့် တာဝန်ရှိ အမှုဆောင်များမှာ စံကျောင်းတော်အောက်ထပ်၌ ပရိသတ်များ ၏အခက်အခဲကို ဖြေရှင်းနေကြသလို ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ကြီး၏ ဥက္ကဋ္ဌ ဦးပွင့်ကောင်းနှင့် အမှုဆောင်များမှာလည်း ပရိသတ်ကိုမေတ္တာရပ်ခံ ထိန်းသိမ်းနေကြသည်။

ပုဂ္ဂိုလ်တယောက် မိမိပစ္စည်းတခုကျသွားလေရာ ငုံ့၍ကောက်ရာမှ နောက် ပရိသတ်က အမှတ်မထင် နင်းသဖြင့် လူ၁၉-ယောက်ခန့် ထိုခိုက်မိသဖြင့် ရိပ်သာ ဆေးခန်းအတွင်း၌ စောင့်ရှောက်ကုသကြရသလို ဒဏ်ရာအနည်းငယ် ရရှိသဖြင့် ၃-ယောက် ၄- ယောက်ခန့် ဆေးရုံသို့ ပို့ရသည်ဟူ၏၊

မူးမော်ကာ လဲကျသူများလည်း တရုံးရုံးဖြစ်နေ၍ တာဝန်ရှိ ခေါင်းဆောင်များချက်ချင်း စည်းဝေးတိုင်ပင်ကြပြီး တောင်ဘက်ဝန်းတံခါးကို ဖွင့်ပေးခြင်း, ရုပ်ကလာပ်တော် ရှိရာသို့ မရောက်နိုင်သေးသော ပရိသတ်များကို ရိပ်သာအတွင်း၌ ကြည်ညိုသဒ္ဓါ ပွားများကြရန် မေတ္တာရပ်ခံခြင်း စသည်များကို အပူတပြင်းပြုလုပ် ဆောင်ရွက် ကြရလေသည်။

သက်ကြီးရွယ်အို ပုဂ္ဂိုလ်တို့မှာလည်း သဒ္ဓါတရားပြင်းထန်လှသည်၊ လူတွေများ လွန်းလို့ အနင်းခံရလို့ သေချင်သေပါစေ, ဆရာတော်ဘုရားကြီး ရုပ်ကလာပ်တော်ကို ဖူးမြော်ရန်လာရောက်၍ သေသွားပါက ကောင်းသော သေခြင်းဖြစ်သည်ဟူ၍ သဒ္ဓါတရား လျော့ပါးခြင်းမရှိပဲ ရုပ်ကလာပ်တော်အရောက် ဖူးမြော်ကြသည်ဟုလည်း သိရလေသည်၊

မိုးရွာချသေ်လည်း မိုးရေထဲ ဇွဲကောင်းကောင်းနှင့် တန်းစီနေကြသည်၊ ပရိသတ်ကို ရေတွက်လျှင် သိန်းပေါင်းများစွာရှိမည်ဖြစ်လေသည်၊ သို့စဉ်ကလောက် ပရိသတ် များလှသည်။

မဟတီပရိသာ အာသိ, မဟာစည်ဈာပနုဿဝေ၊
အနေကလက္ခသင်္ချာတိ, လက္ခိတဗ္ဗာ သုတေသီဘိ။

အနယ်နယ်အစို့စို့ အမြို့မြို့အရွာရွာ ရိပ်သာများ ပူဇော်ကြ

မြန်မာနိုင်ငံ တနိုင်ငံလုံးအနှံ့အပြားရှိ အနယ်နယ်အစို့စို့ အမြို့မြို့အရွာရွာ သာသနာ့ ရိပ်သာများ၌ ယောဂီဒါယကာ, ဒါယိကာမတို့သည် သီလခံယူ တရားရှုမှတ်၍ ဆရာတော်ဘုရားကြီးအား ဓမ္မပူဇာဖြင့် ပူဇော်ကြလေသည်၊ ကမ္ဘာ့နိုင်ငံများရှိ ရိပ်သာ အချို့တို့၌လည်း တရားရှုမှတ် ပူဇော်ကြလိမ့်မည်ဟု မှန်းဆ သိရှိနိုင်လေသည်။

အထူးသဖြင့် မုံရွာမြို့မိဂဒါဝုန် ရိပ်သာကျောင်းတိုက် မိဂဒါဝုန်ဓမ္မာရုံကြီး၌ သံဃာတော်များနှင့် ယောဂီဒါယကာ, ဒါယိကာမ များစွာတို့သည် ၁၃၄၄-ခုနှစ် ဒုတိယဝါဆိုလကွယ်နေ့တွင် ၉- ပါးသီလခံယူကြပြီး ဆရာတော်ဘုရားကြီး၏ ဝိပဿနာအလုပ်ပေး တရားတော်ကြီးကြိုးခွေကို နာယူကြလျက် ၁-နာရီတရား ရှုမှတ်၍ ဆရာတော်ဘုရားကြီးအား ဓမ္မပူဇာဖြင့် ပူဇော်ကြလေသည်၊

၎င်းပြင် မုံရွာမြို့ မိဂါဝုန်ဓမ္မာရုံ၌ ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် ဟောကြား တော်မူခဲ့သော အောက်ပါ ဓမ္မဒါယာဒသုတ် ဆောင်ပုဒ်များကို ဆရာတော် ဘုရားကြီး၏ အန္တိမဈာပနပွဲတော်၌ ရိုက်နှိပ်ပူဇော် ဝေငှခဲ့လေသည်။

၁။ ဓမ္မဒါယာ, သုတ်မြတ်မှာ, မြတ်စွာဟောမိန့်သည်၊
၂။ ငါ့တပည့်တွေ တရားမွေ ခံစေချင်လှသည်၊
၃။ အာမိသမွေ ပစ္စည်းတွေ ပယ်စေချင်လှသည်၊
၄။ တရားအမွေ, အစစ်ပေ, ၉ထွေလောကုတ်ပါ၊
၅။ နိဗ္ဗာန်ရည်ငြား, ကုသိုလ်များ, တရားမွေပြုပါ၊
၆။ စစ်တုနှစ်ထွေ, တရားမွေ, ခံစေလိုလှပါ၊
၇။ အာမိသမွေ, အစစ်ပေ, လေးထွေပစ္စည်းပါ၊
၈။ လူနတ်သုခ ရည်သန်က, ဒါနသီလသာ၊
၉။ အာမိသမွေ, အတုတွေ, မှတ်လေမွေညံ့ပါ၊
၁၀။ ပစ္စည်း, မွေမျှ, ခံယူက, ဒုက္ခမကင်းပါ၊
၁၁။ အိုနာတွေ့မြဲ, သေမစဲ, ဆင်းရဲနေရမှာ၊
၁၂။ အပါယ်မှာလဲ, မလွတ်ပဲ, ကျမြဲကျနေမှာ၊
၁၃။ သို့ဖြစ်မည်များ, မြတ်ဘုရား, မြင်ထားသနားသည်။

စာရွက်စာတမ်းများဖြင့် ရိုက်နှိပ်ရွတ်ဖတ်ပူဇော်ကြခြင်း

ရန်ကုန်မြို့ စမ်းချောင်း ဝင်ဆာလမ်း ဓမ္မစေတီ ဆရာတော်အရှင်ပညာဝရကလည်း အောက်ဖော်ပြပါ ဘဝဖြစ်တော်စဉ် အကျဉ်းချုပ် စာတန်းကို ရိုက်နှိပ်၍ ပူဇော် ခဲ့လေသည်။

ကမ္ဘာ့သာသနာပြု ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီး၏ ဘဝဖြစ်တော်စဉ် အကျဉ်းချုပ်

၁။ ကောဇာသက္ကရာဇ် ၁၂၆၆-ခု ဒုတိယဝါဆိုလပြည့်ကျော် ၃-ရက် (၂၉-၇-၁၉၀၄) သောကြာနေ့ နံနက် ၃-နာရီ ခန့်အချိန် ရွှေဘိုမြို့ ဆိပ်ခွန်ရွာ ခမည်းတော် ဦးကံတော်, မယ်တော် ဒေါ်ဒေါ်အုပ် တို့မှ မောင်သွင်ကို ဖွားမြင်လာခဲ့သည်။
၂။ အသက် ၁၉-နှစ် ၄-လရှိ ရှင်သောဘန(ခေါ်) မောင်သွင်သည် ၁၂၈၅-ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၄-ရက် တနင်္ဂနွေနေ့ ရဟန်း အဖြစ်သို့ ရောက်တော်မူသည်။
၃။ သက်တော် ၂၆, သိက္ခာတော် ၇-ဝါအရ, ၁၂၉၃-ခုနှစ်တွင် သထုံမြို့ ဇေတဝန် ဆရာတော်ဘုရားကြီးထံ ဆည်းကပ်၍ သတိပဋ္ဌာန်တရားကို အားထုတ်တော် မူသည်။
၄။ သက်တော် ၃၆, သိက္ခာဝါတော် ၁၇-ဝါ, ၁၃၀၃-ခုနှစ်တွင် အစိုးရစာချတန်း အောင်မြင်၍ “သာသနဓဇသိရီပဝရဓမ္မာစရိယ” ဘွဲ့ကို ရရှိတော်မူသည်။
၅။ သက်တော် ၃၇, သိက္ခာတော် ၁၈-ဝါ, ၁၃၀၄-ခုနှစ် ဝိပဿနာရှုနည်းကျမ်း နှစ်တွဲကို ရေးသားခဲ့ရာ သက်တော် ၇၈-နှစ်အထိ ဝိသုဒ္ဓိမဂ် မဟာဋီကာနိဿယ စသည့် ကျမ်းပေါင်း ၈၀-ကျော် ရေးသားပြုစုတော်မူခဲ့သည်။
၆။ ဆိပ်ခွန်ရွာ၌ လုံးပတ် ၁၂၆-လက်မ, အလျား ၁၀၅-လက်မရှိသော စည်ကြီးကို အစွဲပြု၍ မဟာစည်ကျောင်း, မဟာစည်ဆရာတော်ဟု အမည်တွင်ခဲ့လေသည်။
၇။ သက်တော် ၄၅, သိက္ခာတော် ၂၆-ဝါ, ၁၃၁၁-ခုနှစ် ဗုဒ္ဓသာသနာ နုဂ္ဂဟအဖွဲ့ချုပ် ၏ ပင့်လျှောက်ချက်အရ ရန်ကုန်မြို့ သာသနာ့ရိပ်သာသို့ကြွရောက် သီတင်းသုံး တော်မူသည်။
၈။ သက်တော် ၄၇, သိက္ခာတော် ၂၈-ဝါ, ၁၃၁၄-ခုနှစ်တွင် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်ကို အလှူခံရရှိတော်မူသည်။
၉။ သက်တော် ၄၇, သိက္ခာတော် ၂၈-ဝါ, ၁၃၁၄-ခုနှစ်တွင် ဆဋ္ဌသင်္ဂါယနာ စည်းလုံးရေး သာသနာ့မစ်ရှင် အဖွဲ့ဖြင့် ထိုင်းနှင့် ကမ်ပူးချားနိုင်ငံသို့ ကြွရောက်တော်မူသည်။
၁၀။ သက်တော် ၄၉, သိက္ခာတော် ၃၀-ဝါ, ၁၃၁၆-ခုနှစ်တွင် ပထမသင်္ဂါယနာတင် စဉ်က အရှင်မဟာကဿပ မထေရ်ကြီးကဲ့သို့ ဆဋ္ဌသင်္ဂါယနာတင်ပွဲတွင် ဆဋ္ဌသင်္ဂီတိပုစ္ဆကအဖြစ်ဆောင်ရွက်တော်မူသည်။
၁၁။ သတိပဋ္ဌာန်ဝိပဿနာတရားဖြင့် ပဋိပတ္တိသာသနာတော်ကို ပြုစုတော်မူလာခဲ့ရာ (၁၉၈၁/၈၂) မြန်မာပြည်တွင်းတွင် တရားရိပ်သာပေါင်း ၃၀၉-ကျော်မျှရှိသည်၊ ပြည်တွင်းပြည်ပယောဂီပေါင်း ခုနစ်သိန်းကျော်ရှိ လေသည်။
၁၂။ ဆရာတော်ဘုရားကြီးသည် ခရစ်နှစ် ၁၉၅၂-ခုနှစ်ကစ၍ အိန္ဒိယ, သီဟိုဠ် (သီရိလင်္ကာ), ဗီယက်နမ်, လာအို (လော), ကမ္ဗောဒီယား(ကမ်ပူချား), ဂျပန်, ယိုးဒယား (ထိုင်း), အင်ဒိုနီးရှား စသည့် အာရှနိုင်ငံများသို့ကြွရောက်၍ သာသနာ ပြုတော်မူခဲ့သည်။
၁၃။ သက်တော် ၇၄, သိက္ခာတော် ၄၅-ဝါအရ, ၁၃၄၀-ခု (၁-၄-၇၉) နှစ်တွင် အနောက်ကမ္ဘာဥရောပနှင့် အမေရိကတိုက် နိုင်ငံများသို့ ကြွရောက်၍ ဗုဒ္ဓသာသနာပြုတော်မူခဲ့သည်။
၁၄။ ဧပြီလ ၁-ရက် ၁၉၇၉-ခုနှစ် ညနေ ၃း၃၀-အချိန်တွင် ဆရာတော်ဘုရားကြီး နှင့်အဖွဲ့သည် ဘီအေစီ လေယာဉ်ဖြင့် ဘန်ကောက်မြို့သို့ စတင်၍ ဒေသစာရီ ကြွချီတော်မူလေသည်။
၁၅။ ဧပြီလ ၅-ရက်နေ့တွင် ဂျပန်ပြည်တိုကျိုမှ ဟာဝိုင်ယီကျွန်း ဟိုနိုလူလူမြို့ သို့ရောက်၍ ဗုဒ္ဓ ၏အမြတ်ဆုံးတရားတော်ကို ဟောကြားတော်မူခဲ့သည်။

အမေရိကန်တွင် တရားဟောပြသခဲ့သောနေရာများ

၁။ လော့စ်အိန်ဂျယ်(လ်)လိ(စ်)မြို့၊
၂။ ယက်ကာဗဲလ်လိ ၇-ရက်စခန်း ယောဂီ ၁၄၀-ရှိ
၃။ ဆန်ဖရန်စစ္စကို တရားနာသူ ၁၀ဝ၊
၄။ ဝါရှင်တန်ဒီစီမြို့တော် တရားနာသူ ၂၀ဝ၊
၅။ ၎င်းမြို့ ဗုဒ္ဓဝိဟာရတွင် သိမ်သမုတ်တော်မူခဲ့သည်၊
၆။ မက်ဆာချူးဆက်ပြည်နယ် ဘာရီမြို့တွင် ၁၄-ရက်စခန်း ယောဂီ ၁၀ဝ၊
၇။ နယူးယောက်မြို့တွင် ယောဂီ ၁၀၊

၁၇။ မေလ ၂၁-ရက်နေ့တွင် အင်္ဂလန်နှင့် စကော့(တ်)လန်သို့ရောက်တော်မူခဲ့သည်။

၁။ လန်ဒန်မြို့ တရားနာသူ စုစုပေါင်း ၉၀-ကျော်၊
၂။ စကော့(တ်)လန် တရားနာသူ ၃၀-ကျော်၊
၃။ ဘာမင်ဂန်(မ်)မြို့ တရားနာသူ ၁၈၀၊
၄။ ဆောက်သမ်တန်ရှိ ဝိဟာရတွင် တရားနာသူ ၄၀-ကျော်၊
၅။ အောက်(စ်)ဖို့ဒ် ဦးမြတ်စော၏ ရိပ်သာတွင် ၁၈- ရက် စခန်း လူ ၃၀-ရဟန်းခံ၊

၁၈။ ဇွန်လ ၁-ရက်နေ့ ပြင်သစ်ပြည်သို့-

၁။ တူနွန်မြို့ ဗောဓိဉာဏကျောင်း တရားနာသူ ၁၄၀-ကျော်၊
၂။ ပါရီမြို့ မဟာယာနကျောင်း တရားနာသူ ၅၀-ကျော်၊

၁၉။ ဇွန်လ ၄-ရက်နေ့ ဆွစ်ဇာလန်ပြည်သို့-

၁။ ဂျနီဗာ၊
၂။ မောင့်(တ်)ဆိုလေးတွင် ၁၀-ရက်စခန်း၊
၃။ ဒီကင်မြို့ ဇူးရစ်မြို့ တရားနာသူ ၁၅၀၊

၂၀။ ဇွန်လ ၁၃-ရက် အီတလီနိုင်ငံသို့-

၁။ ရောမမြို့၊
၂။ ဂျိုမြို့ရှိ “ဂါမိုပလီယို” ကမ္မဋ္ဌာန်းဌာနတွင် တရားနာသူ ၂၀-ကျော်၊

၂၁။ ဇူလိုင် ၄-ရက်နေ့ ဟော်လန်နိုင်ငံသို့ ရောက်တော်မူသည်။
၁။ ဂရာဗမ်ဟတ်(ဂျီ) တရားနာသူ ၅၀၊
၂။ ဗုဒ္ဓယာနဆင်တာ၊
၃။ ဝါစစ်ကျောင်း၊
၄။ ဟီးဒေါ့ပ်ရိပ်သာ ယောဂီ ၂၀-ကျော်ရှိ၊

ဇူလိုင် ၇-ရက်နေ့ ဂျာမနီနိုင်ငံ ဘွန်းမြို့သို့ရောက်တော်မူသည်။

၂၂။ ဇူလိုင်လ ၁၅-ရက်နေ့တွင် ပါရီမှ လန်ဒန်သို့, လန်ဒန်မှ ရောမ, ရောမမှ ကိုင်ရို, ကိုင်ရိုမှ နယူးဒေလီမြို့, ထိုမှ ဘန်ကောက်သို့ ဇူလိုင်လ ၁၇-ရက်နေ့ ရောက်တော်မူသည်၊ ထိုင်းနိုင်ငံတွင် ဘန် ကောက် လမ်းပန်း, ဇင်းမယ်ဒေသများသို့ လှည့်လည်၍ ဟောကြားပြသတော်မူသည်။

၂၃။ ဇူလိုင်လ ၂၇-ရက်နေ့ ညနေ ၆း၅၅-နာရီအချိန် ဘန်ကောက်မှ လေယာဉ် ခရီးဖြင့် ထွက်ခွာလာခဲ့ရာ မြန်မာပြည် ရန်ကုန် မင်္ဂလာဒုံလေဆိပ်သို့ ည ရး၃၀-နာရီခန့်တွင် ချောမောစွာ ဆိုက်ရောက်တော်မူလာခဲ့သည်။

၂၄။ သက်တော် ၇၆, သိက္ခာတော် ၄၇-ဝါ, ၁၃၄၂-ခုတွင် (၂၉-၅-၈၀) ဒုတိယ အကြိမ်မြောက် အနောက်ကမ္ဘာသို့ တပတ် ဗုဒ္ဓသာသနာပြု ကြွရောက်တော် မူခဲ့လေသည်။

၂၅။ သက်တော် ၇၈, သိက္ခာတော် ၅၈-ဝါ, ၁၃၄၄-ခုနှစ် ဒုတိယဝါဆိုလပြည့်ကျော် ၁၀-ရက် (၁၄-၈-၈၂) နေ့ ၁း၃၆-နာရီအချိန် ရန်ကုန်မြို့ မဟာစည်စံကျောင်းတော်၌ စုတိကမ္မဇရုပ်ချုပ်၍ ပျံလွန်တော်မူသည်။

၂၆။ ၁၃၄၄-ခု ဝါခေါင်လဆန်း ၁-ရက် (၂၀-၈-၈၂) ရက်နေ့ ညနေ ၃-နာရီအချိန် အဂ္ဂိဈာပနလျှပ်စစ်မီးဖြင့် ရုပ်ကလာပ်တော်ကို ပူဇော်သင်္ဂြိုဟ်ကြသည်။

၁။ ဆရာတော်ဘုရားကြီး၏ ရုပ်, နာမ်ခန္ဓာကိုယ်က အနိစ္စတရား၊
၂။ ဤကဲ့သို့ ချုပ်ပျက်သွားတာက အနိစ္စလက္ခဏာ၊
၃။ ဤကဲ့သို့ ချုပ်ပျက်သွားတာကို ဉာဏ်ဖြင့်ထင်ထင် သိမြင်တာက အနိစ္စာနုပဿနာဉာဏ်၊
၄။ အနိစ္စမြင်လျှင် ဒုက္ခထင်သည်, ဒုက္ခထင်တော့, အနတ္တမြင်သည်၊
၅။ အနတ္တမြင်, နိဗ္ာန်ခွင်, ပြေးဝင်ဆိုက်ရောက်သည်။

ပညာဝရထေရေနပိ, ပူဇိတော ထေရကုဉ္ဇရော၊
ဓမ္မပူဇာယ ဧကဿ, ပူဇာဟိ ပဝရာ ဟိ ခေါ။

၎င်းပြင် ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်သာသနဇောတိပါလကျောင်းနေ ဆရာတော်ဘုရားကြီး၏ တပည့် အရှင်ဝိဝေကာနန္ဒကလည်း အောက်ပါ ဓမ္မသံဝေဂ သံပေါက်ကဗျာ ၁၇-ပုဒ်ရိုက်နှိပ်ဖြန့်ဝေ ပူဇော်ခဲ့လေသည်။

သံဝေဂဓမ္မလင်္ကာ - အရှင်ဝိဝေကာနန္ဒ

၁။ မဟာစည်ဆရာတော်, ထေရ်ဘုန်းမော်, ကမ္ဘာကျော်ခဲ့သည်၊
၂။ ထေရဝါဒ, ကျင့်ဓမ္မ, လင်းပကမ္ဘာပြည်၊
၃။ ပဋိပတ်တွင်, တို့အရှင်, ထိပ်တန်းဝင်ခဲ့သည်၊
၄။ ပရိယတ်လဲ, လွန်ထူးကဲ, ရှေ့တန်းစွဲခဲ့သည်၊
၅။ သင်္ဂါယနာ, ဆဋ္ဌမှာ, ပုစ္ဆာမေးရသည်၊
၆။ အဂ္ဂမဟာ, ပဏ္ဍိတာ, ဘွဲ့မှာလွန်ထူးသည်၊
၇။ နိုင်ငံ သံဃာ, ဩဝါဒါ, မြတ်ဆရာဖြစ်လေသည်၊
၈။ ဓူရနှစ်ဖြာ, တို့ဆရာ, ထူးစွာဖြည့်ဆည်းသည်၊
၉။ သီလသမာဓိ, လွန်ထူးဘိ, ပညာသတိရှိလေသည်၊
၁၀။ မဟာ့မဟာ, စည်မဟာ, လွန်စွာဟည်း၍မြည်လေပြီ၊
၁၁။ ယခုချိန်နော်, တို့ဆရာတော်, ပွဲတော်မရဏနွှဲလေပြီ၊
၁၂။ ဤဘဝချုပ်, နာမ်နှင့်ရုပ်, အဟုတ်ပြတ်လေပြီ၊
၁၃။ ချမ်းသာရရန်, ရုပ်နှင့်နာမ်, အမှန်မြင်ရမည်၊
၁၄။ နာမ်ရုပ်မြင်မှ, ဆင်းရဲက, လွတ်ရချမ်းသာမည်၊
၁၅။ နာမ်ရုပ်မြင်ရန်, အကျင့်မှန်, ဧကန်ဝိပသ်ပွားရမည်၊
၁၆။ ဝိပသ်ပွားလျှင်, ဒုက္ခစင်, စံဝင်နိဗ္ဗုပြည်၊
၁၇။ နိဗ္ဗာန်ဝင်မှ, စဉ်ချမ်းမြ, အေးရငြိမ်းရပေလိမ့်မည်။

ဝိဝေကနန္ဒာဝှယေန, ယတိနာပိ သုပူဇိတော၊
မဟာစည်ထေရကုဉ္ဇရော, ဧသာ ဓမ္မပူဇာ ဟိ ခေါ။

အရှင်ဇဋိလပူဇော်ခြင်း

ထိုမှတပါး ဆရာတော်ဘုရားကြီး၏တပည့် ကမ္မဋ္ဌာနာစရိယ ဓမ္မာစရိယ ပါဠိပါရဂူ ဆရာတော် အရှင်ဇဋိလကလည်း အောက်ပါ ငွေဝန်းစန္ဒာအစချီသော အချီညီ အချညီ ရတုပိုဒ်စုံရတုကို ကိုယ်တိုင်ရေးသား၍ စာရွက်ရေ တသောင်းကျော်ကို ဖြန့်ဝေ လှူဒါန်း၍ ပူဇော်ခဲ့လေသည်။

ငွေဝန်းစန္ဒာ (ရတုပိုဒ်စုံ)

ပုံပမာသို့, လွန်စွာပေါ်ထင်, တို့ထေရ်ရှင်ကား, ဖြူစင်အေးမြ, အာစာရနှင့်, ဉာဏတဖုံ, ဂုဏ်ပေါင်းခြုံလျက်, စေ့စုံပြည့်မီ, အင်္ဂါညီ၍, လဇ္ဇီပေသလ, ခေါ်ထိုက်လှရှင်, သာသနာ့နယ်တွင်, ထိပ်ခေါင်တင်မို့, ကျင့်စဉ်မူမှန်, သတိပဋ္ဌာန်ဖြင့် ရှုရန်သိပ်သည်း, ပြသနည်းကြောင့်, မြင်လည်းထင်ပေါ်, ကမ္ဘာကျော်၏, မြဲနော်ဂန္ထ, ကာရကဟု, အဂ္ဂဂုဏ်ရိုး, ပြောင်းမညှိုးဘူး, ဘေးမျိုးအေးသည်, မဟာစည်စု, နာမည်ပညတ်, ရိပ်သာမြတ်၌, နေလတ်ရွှင်စွာ, ပေါင်းသိဿာအား, ဩဝါခွန်ကြူ, ပေးတော်မူလျက်, သင်ယူဝပ်စင်း, ထံတော်ရင်း၌, မပျင်းခစား, တပည့်အားလည်း, မြတ်ဖျားဗုဒ္ဓ, ဟောဖော်ပြသည့်, များလှဖုံဖုံ, ကျမ်းပေါင်းစုံကို ကုံလုံစေ့စွာ ပို့ချကာနှင့်, ဟောတာသူ့ကျိုး, ဆောင်သည်ပိုးသို့, မျှော်ကိုးမြဲပင် ကြောင့်ကြဝင်သည်။ ။ ထေရ်ရှင် ခုဖြင့် ဝေးပြီဘုရား။

နေဝန်းဖလ်ဝါ

ရှေ့ပြုဗ္ဗာက, ထွက်လာပြီးနောက်, ယွင်းမဖောက်လျှင်, တောက်လျှောက်ဂေါယာ, ယွန်းသည်သာသို့, မဟာစည်ခေါ်, တို့ဘုန်းမော်လည်း, ရွယ်တော်ကြီးရင့်, ဇရာသင့်၍, ထပ်ဆင့်ထို့ပြင်, ဗျာဓိဝင်သော်, ထေရ်ရှင်ဘုရား, တပည့်များနှင့်, သမားဉာဏ်ချွန်, ဆရာဝန်တို့, အလွန်စွမ်းစေ့, ဆေးလက်တွေ့နှင့်, ကိုက်၍ထိုးသုတ်, စက်ခလုတ်ဖြင့်, ကြိုးကုတ်ယုယ, ပြုစုကြလည်း, လူ့ဘထွဋ်တင်, ဘုရားပင်လျှင်, ရှောင်ကြဉ်မရ, အနိစ္စမို့, သက်ရခုနစ်ဆယ်, ရှစ်နှစ်ကယ်ပို, ဒုဝါဆိုဘက်, ဆုတ်ဆယ်ရက်၏, နေ့ဘက်ခါမှီ, တနာရီနောက်, သုံးဆယ့်ခြောက်တွင်, လွတ်မြောက်ကင်းစဲ, ငြိမ်းပွဲသဘင်, ကြွစံဝင်၍, လူရှင်စစွာ, များသိဿာတို့, ဖြေရာမရ, အပူကြွလျက်, ဓမ္မသံဝေ, ယူသင့်လေလည်း, စိတ်နေပင် ပန်း,သောကသန်း၍, မလန်းမရွှင်, ငိုပွဲဆင်သည်။ ။ နေသွင်ခုဖြင့် ဝေးပြီဘုရား။

ချွေခွန်းသံသာ

မြတ်ဩဝါကို, ကြားနာနေကြ, များသိဿတို့, ထေရဘုန်းမော်, ထက်နန်း ပျော်ကြောင့်, ခုနော်ဆုံးမ, နည်းညွှန်ပြမည့်, မရဆရာ, ဖြစ်ကြပါ၍, အာသာကင်းဘိ, ဖြေမချိခဲ့, အ မိမဲ့သား, ရေနည်းငါးသို့, မခြားပုံသေ, ဖြစ်ရချေပေါ့, ခုနေခါကား, နောက်ဆုံးအားဖြင့်, ကျန်ငြားဘုန်းမော်, အလောင်းတော်ကို, ပူဇော်ပသ, ဦးခိုက်ကြလျက်, များလှစုံစွာ, ပေါင်းသိဿာလဲ, ရောက်လာမစဲ, ပူဇော်ပွဲတွင်, ထူးကဲဖူးမြော်, ရှိကော်ရော်ကြ, ထေရ်မော်ဘုရား, ခုထငြား၍, မိန့်ကြားထွေထူး, ဆုံးမဦးလော့, သူရူးပမာ, ပေါင်းသိဿာတို့, ဖြစ်လာပျက်မြဲ, မှန်မလွဲကွဲ့, သင်လဲဒိဋ္ဌ, တနေ့ကျလျှင်, မုချပျက်ရန်, သေဖို့မှန်၏, ဖန်ဖန်ပွားဘိ, တရားသတိဖြင့်, ရှုဘိသံဝေ, ယူရစ်လေဟု, ထက်ပြေနန်းရှင်, မြွက်စေချင်သည်။ ။ ရွှေရင်ခုဖြင့် ဆွေးပြီဘုရား။

ကာဗျသတ္ထသုဝိရေန, ဇဋိလေနာပိ ဓိမတာ၊
ပူဇိတော ထေရကုဉ္ဇရော, ဧသာ ဓမ္မပူဇာမတာ။

မဟာစည်ဓမ္မကထိကအဖွဲ့က ပူဇော်ခြင်း

▬▬▬▬▬▬▬▬▬▬▬▬

မဟာစည်နယ်လှည့်ဓမ္မကထိကအဖွဲ့ကလည်း အောက်ပါ ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော တရားအမွေခံ ဓမ္မဒါယာဒသုတ် တရားတော်ကျမ်းစာ ပထမအကြိမ် စာမျက်နှာ ၉-မှ ၁၃-အထိ စကားရပ်များကို ထုတ်နုတ်၍ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ဈာပနကော်မတီကို စာရွက်ရေ ၅၀ဝဝ-ရိုက်နှိပ်စေကာ ဖြန့်ဝေပူဇော်ခဲ့လေသည်။

တရားအမွေခံ
လောကအမွေခံယူပုံနှင့်နှိုင်းယှဉ်ပြချက်

▬▬▬▬▬▬▬▬▬▬▬▬

အမွေခံယူတယ်ဆိုတာ လောကအမွေ ခံယူကြတာကတော့ အင်မတန် အားတက် သရောပါပဲ၊ မိဘများ ကွယ်လွန်သွား သည့်နောက် ပစ္စည်းအမွေကို ခံယူကြပုံ ကတော့ သက်ဆိုင်တဲ့ သားသမီးတွေဟာ ဘယ်သူမျှ နောက်ကျ နေတာမရှိဘူး၊ လက်နှေး နေတာမရှိဘူး၊ ဘယ်သူကမျှ လျှော့ပြီးယူတယ်လို့မရှိဘူး၊

ညီအစ်ကို မောင်နှမတွေအချင်းချင်း ချစ်ခင်ငဲ့ညှာပြီးတော့ ငါတို့ဟာ မရချင်နေပါစေ ငါ့ညီတွေ, နှမတွေ, အစ်ကိုတွေ, အစ်မတွေရယင် တော်ပါပြီ ဆိုပြီးတော့ ကိုယ်ကဖြင့် လျှော့ပြီးယူမယ်လို့ ဒီလိုနှလုံးသွင်းတဲ့လူက အရှားသားပဲ၊ တဦးတလေ တော့ ရှိချင်ရှိမှာပေါ့လေ၊ အဲဒါဟာ ရှားပါလိမ့်မယ်၊

ကိုယ်က အကောင်းချည်းလိုချင်တယ်၊ ပိုပြီးများများရချင်တယ်၊ သူများ ရသွားတာက ကိုယ်ရတာထက် ကောင်းတယ်လို့တောင်ထင်ပြီး မကျေနပ် ဖြစ်တတ်သေးတယ်၊ ကိုယ်ကပိုပြီး များများရချင်တယ်၊ ကောင်းတာကိုရချင်တယ်၊ ဒါကြောင့် မူလက အင်မတန် ချစ်ခင်နေကြတဲ့ ညီအစ်ကိုမောင်နှမ အချင်းချင်း မခေါ်နိုင် မပြောနိုင် အောင်တောင် တကွဲတပြားစီ ဖြစ်သွာကြသေးတယ်၊

ဒီလိုဖြစ်ပုံတွေဟာ အများပင် ကိုယ်တွေ့ ဖြစ်နေကြပါတယ်၊ ဒါဟာ လောကဘက်က ပစ္စည်းအမွေခံယူရာမှာ အားတက်သရောဖြစ်ကြပုံပါပဲ၊ အဲဒါ လူဝတ်ကြောင်တွေမှာ ဖြစ်ပုံပဲ။

ရဟန်းတွေ ဘက်ကလဲ ဒီနည်းအတိုင်းပါပဲ၊ ပစ္စည်းအမွေခံယူကြရာမှာ အလွန် တက်ကက်ကြွကြွရှိကြပါတယ်၊ ဘုန်းကြီးတဲ့ ဆရာတော်ကြီးတပါး ပျံလွန်တော်မူ သွားယင် အဲဒီ ဆရာတော်ကြီးပိုင်တဲ့ ကျောင်းစသော ပစ္စည်းအမွေတွေကို ဆိုင်ရာ တပည့်တွေက အမွေခံယူတယ်။

ကျောင်းတိုက်ဆိုယင် ကွယ်လွန်သွားတဲ့ ဆရာတော်ကြီးက သူ့ကိုပေးခဲ့ပါတယ်ဆိုပြီး အမွေခံကြတာလဲရှိတယ်၊ ဝိဿာသဂ္ဂါဟ (အကျွန်းဝင်သူအဖြစ်နဲ့ ယူထားခြင်း)ဖြင့် စောစောကတည်းက ယူထားပါတယ်ဆိုပြီး အမွေခံကြတာလဲရှိတယ်၊ ဂိုဏ်းက ပိုင်တယ် ဆိုပြီး အမွေခံကြတာတွေလဲရှိတယ်၊

အဲဒီလို အမွေခံကြတာတွေထဲမှာ ဝိနည်းတော်နှင့်အညီ တရားသဖြင့် အမွေခံတာလဲ ရှိပါလိမ့်မယ်၊ မတရားအမွေခံတာလဲ ရှိမှာပါပဲ၊ ဗြိတိသျှအစိုးရ လက်ထက်ကဆိုယင် အဲဒီလိုအမွေခံပြီး ကျောင်းလုမှုတွေအများကြီးဖြစ်ခဲ့ပါတယ်၊ အစိုးရရုံးတော်ရောက်ပြီး ငွေကုန်ကျတဲ့အတွက် ကျောင်းဆိုင်ရာအချို့ ဒကာတွေမှာ ကိုယ်ပိုင်လယ်ယာ တွေတောင် ဆုံးရှုံးပြီး ဆင်းရဲနွမ်းပါး သွားကြရတာတွေလဲ တော်တော်များများ ကြားသိရထူးပါတယ်။

အခုခေတ်မှာလဲ ဒီလိုအမွေခံပြီး ကျောင်းလုကြတာတွေ ရှိနေတာပါပဲ၊ တချိန်က ဒါယကာတယောက်က သူပိုင်တဲ့ကျောင်းမှာ ဘုန်းကြီးမရှိလို့ ဒါန, သီလစသည် ကုသိုလ်ဖြစ်ပွားစေဖို့ ဘုန်းကြီးတပါးလာပြီး လျှောက်တောင်းပါတယ်၊ သင့်တော်တဲ့ ရဟန်းတပါးကို ဘုန်းကြီးက ပေးလိုက်ပါတယ်၊ ကျောင်းကိုလက်ခံဖို့တော့ မဟုတ် ပါဘူး၊ တတ်နိုင်သမျှ ဟောပြောညွန်ကြားပေးဖို့ပါပဲ။

အဲဒါကို အကြောင်းပြုပြီးတော့ အဲဒီအရပ်မှ ဘုန်းကြီးတပါးက အဲဒီကျောင်းဟာ သူ့ဆရာဘုန်းတော်ကြီး လက်ထက်က စတုသန္တကပြုထားတဲ့ ကျောင်းဖြစ်လို့ ထိုရဟန်းကို ပြန်ခေါ်ဖို့ ဘုန်းကြီးထံ စာရေးလိုက်တယ်၊ ဘုန်းကြီးက ကျောင်းကို အလှူခံဖို့လွှတ်တာမဟုတ်ပါဘူး၊ အဲဒီဒါယကာ၏ လျှောက်ထားချက်အရ အဲဒီက ဒကာ, ဒကာမများမှာ ကုသိုလ်ဖြစ်ပွားရေးအတွက် တတ်နိုင်သမျှဆောင်ရွက်ဖို့ စေလွှတ်ခြင်းသာဖြစ်ပါတယ်၊

ဘုန်းကြီးတို့က ဓမ္မဒါယာဒသုတ်အရ တရားအမွေခံဖို့သာ တိုက်တွန်း ဟောပြော နေပါတယ်၊ ကျောင်းရဖို့တော့ မရည်ရွယ်ပါဘူး၊ အဲဒီကျောင်းကိစ္စနှင့် ပတ်သတ်ပြီး ပြောစရာရှိယင်အဲဒီက ဆိုင်ရာဒကာကိုသာ ပြောပါလို့” စာပြန်ကြားလိုက်ရပါတယ်။

အခုတော့ ဘုန်းကြီးထံမှ လွှတ်လိုက်တဲ့ရဟန်းဟာ သူ့အခြေအနေအရ သင့်လျော်တဲ့ တခြားတနေရာမှာ ရောက်နေပါတယ်၊ မူလကျောင်းထိုင်ရာ ဒကာက ပြန်ပင့် လို့တောင်မရပါဘူး၊ အဲဒီမှာ တခြားရဟန်းလဲမရှိပဲ လစ်လပ်နေပါတယ်။

ဒီပြင်လဲ အလားတူပင် ဒကာများ၏ ပင့်လျှောက်ချက်အရ တရားဟောပြော ပြသနေတဲ့ ရဟန်းကို ဂိုဏ်းဆိုင်ရာ အခြားကျောင်းမှ ဘုန်းကြီးကပြန်ခေါ်ဖို့ စာဖြင့်အကြောင်းကြားတာလဲရှိပါတယ်၊ အဲဒါလဲ ကျောင်းဒကာတွေနှင့် သာဆိုင်ပါ တယ်၊ ဘုန်းကြီးတို့နှင့်တော့ မဆိုင်ပါဘူး၊ အဲဒီမှာ မူလကကျောင်းပိုင် ဘုန်းကြီးလဲ ရှိနေတာပါပဲ၊

အဲဒီ ဘုန်းကြီးလဲ တရားပြသနေတဲ့ ရဟန်းကို သဘောတူ လက်ခံထားတာပါပဲ၊ နောက်ပြီးတော့ အချို့ ကမ္မဋ္ဌာန်းဌာနတွေမှာ ကမ္မဋ္ဌာန်းပြနိုင်သူ မဟုတ်ပဲနဲ့ အပိုင်စီး ယူလို့ ဘုန်းကြီးတို့က လျစ်လျူရှုထားရတာတွေလဲ ရှိပါတယ်၊ အဲဒါတွေနဲ့စပ်ပြီး ဘုန်းကြီးတို့က ကြောင့်ကြမစိုက်ပါဘူး၊ သူ့ဌာနဆိုင်ရာ ဒကာ, ဒကာမတွေ၏ ကံ အတိုင်းပဲလို့သာ သဘောထားပါတယ်၊ ဒါတွေက ဘုန်းကြီးတို့ကိုယ်တိုင် တွေ့ရတဲ့ ပစ္စည်းအမွေ အလေးပြုကြပုံတွေပါပဲ။

အရပ်ရပ်အနယ်နယ်မှာ သူပိုင်ကိုယ်ပိုင် ကျောင်းလုမှုတွေများစွာ ရှိနေကြပါတယ်၊ အဲဒါတွေဟာ ဒီဓမ္မဒါယာဒသုတ်အရ စဉ်းစားကြည့်ယင် သံဝေဂဖြစ်စရာတွေပါပဲ၊ အချို့ဥပါသကာများမျာ အဲဒီလို အရှုပ်အထွေးတွေကို မြင်ရကြားရသိရတဲ့အတွက် သံဃာတော်ကို ကြည်ညိုမှုတောင် လျော့မလိုလိုဖြစ်တဲ့ အကြောင်းလဲ ကြားသိ ရပါတယ်။

ဒိပြင်လဲ ဆွမ်း, သင်္ကန်းစသော လာဘ်လာဘတွေ များများရဖို့ အလေးပြု နေကြတာတွေလဲရှိပါတယ်၊ ရနိုင်တဲ့နည်းဖြင့် ဝိနည်းနှင့်ဆန့်ကျင်ပြီး ရှာကြံနေကြ တာတွေလဲရှိတယ်၊ နာမည်ကြီးဖို့ ဘုန်းကြီးဖို့ အားထုတ်နေ ကြတာတွေလဲ ရှိတယ်၊

အဲဒါတွေဟာ ပစ္စည်းလာဘ်လာဘအတွက် အလေးပြုမှုတွေပဲ၊ ပစ္စည်းကိုအလေး ပြုယင် တရားကျင့်ရေးဘက်က လစ်ဟင်းသွားတတ်တာပဲ၊ ဒါကြောင့် အဲဒီလို ပစ္စည်းအလေးပြုတာတွေဟာ မြတ်စွာဘုရား အလိုတော်နှင့်ပြောင်းပြန် ဆန့်ကျင်တာ တွေပဲ၊ မြတ်စွာဘုရားက တရားအမွေကို အမြတ်တနိုးထားပြီ ขံယူကြ၊ ပစ္စည်း အမွေကိုခံယူရုံမျှဖြင့် အားရမနေကြနဲ့တဲ့၊

အရေးကြီးပါတယ်၊ ပစ္စည်းအမွေကိုသာခံယူပြီး ဆရာသမား ၏အဆုံးအမ ဩဝါဒကို မလိုက်နာဘူး၊ သီလ, သမာဓိ, ပညာအကျင့်ကို မကျင့်ဘူးဆိုယင် နေရာမကျဘူးပေါ့၊ ဒါကြောင့် မြတ်စွာဘုရားက -

ဘိက္ခဝေ - ရဟန်းတို့၊
တုမှေ - သင်တို့သည်၊
မေ - ငါဘုရား၏၊
ဓမ္မဒါယာဒါ - တရားအမွေကို ခံယူကြကုန်သည်၊
ဘဝထ - ဖြစ်ကြပါကုန်လော့၊
အာမိသဒါယာဒါ - ပစ္စည်းအမွေကို ခံယူရုံမျှဖြင့် အားရနေသော အမွေခံ အညံ့စား တို့သည်၊
မာဘဝထ- မဖြစ်ကြပါကုန်လင့်လို့ မိန့်တော်မူတာပါပဲ။

ဆောင်ပုဒ်


၁။ ဓမ္မဒါယာ, သုတ်မြတ်မှာ, မြတ်စွာဟောခဲ့သည်၊
၂။ ငါ့တပည့်တွေ, တရားမွေ, ခံစေချင်လှသည်၊
၃။ အာမိသမွေ, ပစ္စည်းတွေ, ပယ်စေချင်လှသည်၊

မဟာစည်ဒေသိကဓမ္မ-ကထိကမဏ္ဍလေနဝါ၊
ထေရသောဋ္ဌော သုရုဇိတော, ဧသာ အန္တိမ ပူဇနာ။

အရှင်ကုဏ္ဍလာဘိဝံသ ပူဇော်ခြင်း

▬▬▬▬▬▬▬▬▬▬▬▬

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ဉာဏစာဂီကျောင်းလမ်း သဒ္ဓမ္မရံသီရိပ်သာ ဆရာတော် အရှင်ကုဏ္ဍလာဘိဝံသကလည်း ဒုတိယဝါဆိုလဆုတ် ၁၃-ရက်နေ့ ည ၇-နာရီမှ ၈-နာရီအထိ ရန်ကုန်မြို့ သာသနာ့ရိပ်သာ ဖလ်ယဉ်ဓမ္မာရုံကြီး၌ အောက်ပါ ဓမ္မပူဇာကဗျာများ သွင်းညှပ် ဟောကြား ပူဇော်ခဲ့လေသည်။

သီလရှိငြား, မမှားဉာဏ်မြင်၊
တည်ရှိတရား, စကားမှန်လျှင်၊
ပြုသင့်သည်များ, ပြုထားထာဝစဉ်၊
ဤငါးခု, များစုလွန်ချစ်ခင်။

စတုသီလ, မဂ်ဖလဉာဏ်မြင်၊
လောကုတ်ကိုးပါး, တည်ငြားထင်ထင်။
သစ္စာလေးပါး, ဟောကြားပါလျှင်၊
ကိုယ်တိုင်ပြု, သုံးခုသိက္ခာပင်။

ဤသို့ဂုဏ်ငါး, ပြည့်ငြားထေရ်ရှင်၊
မြင်သူအများ, စိတ်ထားကြည်လင်။
ကြည်ညိုအားကိုး, မြတ်နိုးချစ်ခင်၊
ပူဇော်ကြ, များလှအကျိုးပင်။

၁။ ပြည့်စုံထိုက်ပေ, သီလတွေ, ပြည့်နေမဟာစည်၊
၂။ မြော်မြင်ကြီးပေ, ဉာဏ်ထူးတွေ, ပြည့်နေမဟာစည်၊
၃။ တရားတည်ပေ, ဂုဏ်ထူးတွေ, ပြည့်နေမဟာစည်၊
၄။ သစ္စာမှန်စေ, တရားတွေ, ဟောနေမဟာစည်၊
၅။ ပြုသင့်ထိုက်ပေ, ကိစ္စတွေ, ပြုနေမဟာစည်၊
ကဿပထေရ်မဟာ, တူညီစွာ, ပြုတာမဟာစည်၊

ကုဏ္ဍလာဘိဝံသာဝှ-ယတိနာ ကထိကေနဝါ၊
မဟာထေရော သုပူဇိတော, ဧသာပိ ဓမ္မပူဇနာ။

နတ်မောက်အရှင်သုစိတ္တသာရ ပူဇော်ခြင်း

▬▬▬▬▬▬▬▬▬▬▬▬

နတ်မောက် အရှင်သုစိတ္တသာရကလည်း “ကျေးဇူးတော်ရှင် ထေရ်မြတ်မဟာစည်” ဟူသော ကျမ်းငယ်တစောင် ဉာဏ်မီသမျှ အမြန်ရေး၍ ပူဇော်ခဲ့လေသည်၊ ယင်း ကျမ်းငယ်၌ ဆရာတော်ဘုရားကြီး၏ ဩဝါဒအချို့ ပါရှိလေသည်။

အင်းစိန် ညောင်ကန်အေးရိပ်သာမှ ဆရာတော်နှင့် တပည့်ယောဂီများ စုပေါင်း၍ လည်း ဆရာတော်ဘုရားကြီး ရုပ်ကလာပ်တော်အား နောက်ဆုံးပူဇော်ကြသည်၊ ပူဇော်ပြီး အဆုံးတွင် -

ဤသို့ပြုရ မြတ်ပုညကြောင့် ချမ်းမြအေးကြည် ဘေးမဲ့မည်သည့် ရွှေပြည် ထုတ်ချောက် လမ်းမကောက်ပဲ ရောက်ရပါလို ထိုထိုဘဝ ကျင်လည်ရလည်း ဒုက္ခဘေးဒဏ် ရန်မာန်အပေါင်း မကောင်းဟူသမျှ မတွေ့ရပဲ သဗ္ဗဣစ္ဆာ မင်္ဂလာကို ရွယ်ကာတတိုင်း ရစေသော်။

ယနေ့ယခု ပြုပြုသမျှ မြတ်ဘာဂကို မိဘဆရာ မျိုးသဟာနှင့် ကိုယ်မှာစောင့်ကြပ် ကိုယ်စောင့်နတ်က အရင်းစ၍ ရှိသမျှလုံးစုံ ဘုံသုံးဆယ့်တစ် ဖြစ်ဖြစ်သမျှ ဝေနေယျတို့ ရကြပါစေ ပေးငှဝေသည် များထွေသာဓု ခေါ်စေသော်-

ဟူ၍ ဆုတောင်းအမျှဝေကြလေသည်။

ညောင်ကန်အေးရိပ်သာအာရာမ-ဋ္ဌာနတော သာဓဝေါပိစ၊
ပူဇေသုံ ဝိသိဋ္ဌံ ထေရံ, မဟာစည် ကဝိပုင်္ဂဝံ။

ဧကူနနဝုတိမပိုင်း

ဝါခေါင်လဆန်း ၁-ရက် နောက်ဆုံးနေ့

▬▬▬▬▬▬▬▬▬▬▬▬

ကျေးဇူးရှင်မဟာစည် ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်ကို မဟာစည် ကျောင်းတော် အောက်ထပ်၌ ၂-ပေခန့်မြင့်သည့် ကွပ်ပျစ်ကျယ်ကြီးပေါ် ခုတင်ထပ်မံတင်၍ ယင်းခုတင်ပေါ်၌ ခမ်းနားတင့်တယ်စွာ ပြင်ဆင်ပူဇော်ထားကြလေသည်၊ ကွပ်ပျစ်နှင့်ခုတင်ကြား ပတ်လည်တလျှောက်တွင် ဇာပန်းအဖြူရောင်ကို တွန့်လျက် ပြင်ဆင်ကြသည်၊

အလောင်းတော်အောက်က ကောင်းမွန်ချောမွတ်သော ငွေတဆုပ်အရောင်ကို ပိတ်ခင်း ထားသည်ဟုသိရ၏၊ သင်္ကန်းရစ်ပတ်ထားသော အလောင်းတော်၏ အပေါ် တွင် ၂-ထပ်သင်္ကန်းကြီးကို ခြုံလျက် မျက်နှာတော်, ခေါင်းတော်တခုလုံး ဖော်ထား ကြသည်၊ ဘေးပတ်ပတ်လည်မှ လှပတင့်ဆန်းသော ပန်းတို့ဖြင့် ပူဇော်ထားကြသည်၊

ကွပ်ပျစ်ပေါ်တွင် ထီးဖြူတော်လေးလက်ဖြင့် ရုပ်ကလာပ်တော်ကို မိုးထားကြသည်၊ ခေါင်းရင်းရှိ စားပွဲငယ်အရှည်ပေါ်တွင် ဖန်ပန်းအိုးကြီးထားရှိကြသည်၊ ၎င်းပြင် ထီးဖြူ ကြီး ၄-လက်ကိုရံ၍ ထီးဖြူငယ်လေးလက်ကိုလည်း ဘေးမှရံ၍ စိုက်ထူထားကြသည်။

ရေစက်ချပွဲကျင်းပခြင်း

▬▬▬▬▬▬▬▬

နံနက် ၈-နာရီအချိန်တွင် ရေစက်ချပွဲအခမ်းအနား စတင်ကျင်းပသည်၊ ရေစက်မချမီ အချိန်တွင် မဟာစည် နယ်လှည့်ဓမ္မကထိကအဖွဲ့ချုပ် ဥက္ကဋ္ဌဆရာတော် အရှင်ဇဋိလက အောက်ပါ သံဝေဇနိယကထာ လျှောက်လွှာကို လျှောက်ထား ရွတ်ဖတ်ပူဇော်ခဲ့လေသည်။

၁၂၆၆-ခု၊ ဝါဆိုလဆုတ် ၃- ရက် သောကြာနေ့ နံနက် ၃-နာရီတွင် စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာ၌ ဖွားမြင်တော်မူ၍ ၁၃၄၄-ခု၊ ဒုတိယဝါဆိုလဆုတ် ၁၀- ရက် စနေနေ့ မွန်လွဲ ၁း၃၆-နာရီတွင် ပျံလွန်တော်မူသော ဆဋ္ဌသိင်္ဂီတိပုစ္ဆက အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော်ဩဝါဒါစရိယ ကမ္ဘာ့သာသနာပြု ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနသာဓုကီဠန အခါတော်၌ ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံလုံးဆိုင်ရာ မဟာစည် နယ်လှည့် ဓမ္မကထိက အဖွဲ့ချုပ်၏ သံဝေဇနိယကထာ လျှောက်ထားလွှာပါဘုရား

လေးမြတ်ရိုသေစွာပါဘုရား ....

ရှေးအခါ ကာလရှည်ကြာက တိမ်မြုပ်ဖုံးကွယ် သာသနာ့ပွဲလယ်မှာ တင့်ထွန်းခွင့်မရ နက်နဲလှသည့် ကြီးငယ်သတ္တဝါ အလွှာအသီးသီးတို့၏ ငြိမ်းချမ်းနယ်မြေ နိဗ္ဗာန်ပြည်သို့ မသွေရောက်ကြောင်း နည်းကောင်းမှန်သိ မဟာသတိပဋ္ဌာန် ကျင့်နည်းမှန်ကို ဧကန်မသွေ ထွန်းလင်းအောင် ဖော်ထုတ်တော်မူပေသည့် အနန္တဂုဏ်အင် ကျေးဇူးရှင် ဆရာတော်ဘုရားကြီး။

ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးသည် လွန်ခဲ့သော နှစ်လေးဆယ်ကျော် ကာလ အခါကစ၍ သိမ်မွေ့နက်နဲခက်ခဲလှသည့် မဟာသတိပဋ္ဌာန် ကျင့်နည်းမှန်ကို စူးရှထက်မြက်သော အသိဉာဏ်တော်ဖြင့် အကျပ်အတည်းပေါင်းများစွာကို ခန္တီ မေတ္တာအခြေခံလျက် သာသနာ့စင်ထက်သို့ ပေါ်လွင်ထင်ရှားအောင် ဖော်ဆောင် တင်ခဲ့သဖြင့် (သစ်တပင်ကောင်း ငှက်တသောင်း ခိုနားရသည့်ပမာ) သန်းပေါင်း များစွာသော ရဟန်း, ရှင်, လူ ယောဂီဖြူတို့ မဟာသတိပဋ္ဌာန် တရားရိပ်တွင် အေးကြည်ချမ်းမြစွာ ချွေးသိပ်ခိုနား ရှုပွားရသဖြင့် သတိပဋ္ဌာန် အကျိုးသွားအရ ပါရမီ မျိုးစေ့မှစ၍ ထိုက်တန်သော ဓမ္မအဆီများ ကိုယ်စီကိုယ်ငှရကြသဖြင့် ကျေးဇူးတော် ဂုဏ်ရည်သည် အဟုန်မြင့်မားစွာ အနှစ်သာရအပြည့်အဝဖြင့် ခန့်ထည်တော်မူလှ ကြောင်းကို နှစ်ထောင်းအားရ မှတ်တမ်းတင် ဂုဏ်ပြုပါသည်ဘုရား။

ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီး၏ ဖော်ထုတ်ညွှန်ပြသည့် မဟာသတိပဋ္ဌာန် ရှုနည်းမှန်ဖြင့် အခြေခံပရိယတ္တိ အရည်ပြည့်ကြသော ဘက်စုံတပည့်ပေါင်းများစွာကို (မဟာစည်နယ်လှည့်ဓမ္မကထိကအဖွဲ့) ဟူသော ခန့်ညားထည်ဝါသည့် အမည် သညာဖြင့် မွေးဖွားပေးတော်မူခဲ့ပါသည်။

၁၃၃၂-ခုနှစ်မှစ၍ ခိုင်မာရဲရင့်စွာ တည်ထောင်ခဲ့သည့် ထိုမဟာစည်နယ်လှည့် ဓမ္မကထိက အဖွဲ့ကြီးသည် တဆယ့်သုံးနှစ်တာ ခရီးကြာအောင် မဟာစည် ဆရာတော်ဘုရားကြီး၏ သက်တော်ထင်ရှား ကာလတွင် တိုင်းနယ်, ပြည်နယ် ၂၁-ဌာနပြု၍ အဖွဲ့စိတ် ၂၁-ဖွဲ့ ဖွဲ့စည်းကာ အနီးအဝေး ခရီးမရွေးပဲ သာသနာ့ရဲသွေး ဇာနည်စိတ်ဖြင့် ခက်ခဲပင်ပန်းလှသည့် အသွားအလာ အစားအသောက်တို့ကို ခန္တီ စိတ်ထားဖြင့် ကျော်လွှားနင်းနယ်ကာ မဟာသတိပဋ္ဌာန် သာသနာအရောင် လက်အောင် ဆောင်ရွက်ခြင်းဖြင့် ကျေးဇူးရှင် ဂုဏ်ရည်ကို ယုံကြည်စွာ ဆပ်ပေးခဲ့ကြ ပါသည်ဘုရား။

ထိုကဲ့သို့ ဂုဏ်ရည်မြင့်မား စွမ်းပကားကြီးတဲ့ မဟာသတိပဋ္ဌာန် ရှုနည်းမှန်ကို ကမ္ဘာ့လူထုက လက်ခံနားလည်အောင် ရှင်းလင်းပြတ်သားစွာ ဖော်ဆောင်တော် မူသည့် သာသနာ့အာဇာနည် မြတ်မထေရ်သော်မှ ငဲ့ညှာမထား သနားမဖက် လွန်ထက်မြက်သည့် လက်နက်စုံဗျာဓိဒဏ်ကြောင့် သမားဆရာ ပါရဂူများစွာတို့ ခေတ်မီကိရိယာ စွမ်းအားထက်ဆေးများစွာတို့ဖြင့် ခုခံကာကွယ်ငြားလည်း ဘုရား ရဟန္တာသော်မှ ရှောင်ရှားမရသည့် သဘာဝဓမ္မ မရဏလက်တွင်းသို့ ခန္ဓာဝန် ဆက်သွင်းကာ ရှင်းလင်းသွားတော်မူသည်ကို ဘုရားတပည့်တော်များ မဟာစည် နယ်လှည့် ဓမ္မကထိကအဖွဲ့က များစွာမှသံဝေဂစိတ်ဖြင့် ဖြေသိပ်ကြရပါတော့သည် ဘုရား။

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဉာဏ်ရည်တော်ဖြင့် ဘုရားရှင် အလိုကျ ထုတ်ဖော်ပြသ၍ ကိုယ်တိုင်လည်း သက်ဆုံးတိုင်ကျင့်ပွား ရဟန်း, ရှင်, လူ တပါးသူတို့အားလည်း ဆင့်ပွားဟောကြားသည့် အမြုတေဓမ္မရတနာမွန် သတိပဋ္ဌာန် ရှုနည်းကို သန်းပေါင်းများစွာသော ရဟန်း, ရှင်, လူ ယောဂီသူတော်စင် အပေါင်း တို့က သွေးစည်းညီညွတ်လျက် လေးစားမြတ်နိုးစွာ ထိန်းသိမ်း ပွားများ၍ ကျေးဇူးတော်အနန္တကို ဆပ်ပေးကြမည်ဖြစ်ကြောင်း ကတိပြုလျှောက်ထားပါသည် အနန္တဂုဏ်အင် ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးဘုရား။

သံဝေဂဂါထာ ပါဠိအနက်

▬▬▬▬▬▬▬▬▬

ဟာ သံယောဂါ ဝိယောဂန္တာ, ဟာ အနိစ္စာဝ သင်္ခတာ၊
ဟာ ဥပ္ပန္နာစ ဘင်္ဂန္တာ, ဟာ ဟာ သင်္ခါရဓမ္မတာ။

သံယောဂါ - ဆရာဒကာ မိတ်သဟာနှင့် ဆွေညာရင်းနှီး သားသမီးက ဇနီးမောင်နှံ ဆက်ဆံကြိုက်ကြုံ ပေါင်းဆုံရခြင်း ဟူသမျှတို့သည်၊
ဝိယောဂန္တာ - ဒေသဝေးခြား ရပ်တပါးသို့ ပြောင်းသွား ကွေကွင်းရခြင်း, ဘဝခြားကာ ကွဲကွာကွေကွင်းရခြင်း တည်းဟူသော သေကွဲ ရှင်ကွဲ ဤနှစ်ကွဲလျှင် မလွဲနိုင်ဘိ အဆုံးရှိကုန်ရကား၊
ဟာ - သောကပရိဒေဝ စရှိထွေထွေ ဒုက္ခပေါင်း ပင်လယ်ဝေ၊
ဟင် - ကြောက်လန့်ဖွယ်တို့ပါပေ၊
သင်္ခတာ - ကံ, စိတ်, ဥ, ဟာ ကြောင်းလေးဖြာတို့ ပေါင်းကာပြုပြင် စီရင်သမျှ သင်္ခတ တရားအစုံတို့သည်၊
အနိစ္စာဝ - အစိုင်အခဲ အမြဲမတည် အဓွန့်မရှ ည်ကြကုန်သည်ဖြစ်၍သာလျှင်၊
ဟာ - သောက, ပရိဒေဝစရှိထွေထွေ ဒုက္ခပေါင်း ပင်လယ်ဝေဟင် - ကြောက်လန့်ဖွယ် တို့ပါပေ၊
ဥပ္ပန္နာစ - ဥပဒ်မကင်း ဖြစ်ပေါ်ခြင်းရှိကြသည့် မြင်သမျှအလုံးစုံ သင်္ခါရအဖုံဖုံ တို့သည်လည်း၊
ဘင်္ဂန္တာ - ပြိုခြင်း ပျက်ခြင်း ချုပ်ပျောက်ခြင်းလျှင် မငြင်းနိုင်ဘိ အဆုံးရှိကုန်ရကား၊
ဟာ - သောက, ပရိဒေဝ စရှိထွေထွေ ဒုက္ခပေါင်း ပင်လယ်ဝေ၊
ဟင် - ကြောက်လန့်ဖွယ်တို့ပါပေ၊
သင်္ခါရဓမ္မတာ - ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ အနိစ္စအခြင်းအရာ, ဒုက္ခအခြင်းအရာ, အနတ္တအခြင်းအရာ သဘောတံထွာ ဓမ္မတာလမ်းရိုးကြီးသည်၊
ဟာဟာ - ဒုက္ခသမုဒ် ဝဲဇလုပ်ဝယ် နစ်မြုပ်စေတတ် အကြောင်းရင်း ဧကန် အခြေမှန်လှသဖြင့် ဆတ်ဆတ်ပုံသေ၊
ဟင်-ဟင် - ကြောက်ရွံ့ထိတ်လန့်ဖွယ် တို့ပေတကား။

ထေရောဝါဒ သုဏိတွာန, ဖရိမှ ဓမ္မဒေသနံ၊
သမ္ဖုဋ္ဌာ သုခဒုက္ခေဟိ, ဇိနေရိတံ ယထာဘယံ။

(ဘန္တေ - ကျေးဇူးတော်ရှင် ဂုဏ်အင်ကြီးမား မဟာစည်ဆရာတော်အရှင်မြတ်ကြီး ဘုရား။)
ထေရောဝါဒံ သုဏိတွာန - သာသနာပြန့်ရေး ရည်မြော်တွေးလျက် အားပေးသွန်သင် ထေရ်ရှင်မြတ်ဖျား မဟာစည်ဆရာတော် ဘုရားကြီး ၏ ညွှန်ကြားပြသ ဩဝါဒတော်ကို ရိုသေလေးစား နာကြားကြပါကုန်၍၊
သမ္ဖုဋ္ဌာသုခဒုက္ခေဟိ - ချမ်းသာ ဆင်းရဲ အနည်းနည်းတို့ မလွဲမှန်စွာ တွေ့ကြုံကြပါကုန်သော်လည်း၊
ဇိနေရိတံ - ဒေဝပုတ္တ ကိလေသနှင့် ခန္ဓသင်္ခံ မစ္စုမာရ်ကို လေးတန်မဂ်ရောက် စက်အမြောက်ဖြင့် ဖျက်ဖျောက်နှိမ်နင်း အောင်ပွဲကျင်းပတော်မူပြီး ဘုရားရှင် ကိုတော်မြတ်ကြီးသည် ထွတ်ထီးဗိမာန် နေရဗာန်ရည်ရော် ဟောပြတော် မူအပ်သည့်အတွက် မပျက်ထင်စွာ မှန်ကန်ပါသော၊
ဓမ္မဒေသနံ - ဒါနပြုပုံ အဖုံဖုံ, သီလဆောက်တည်ကျင့်သုံးပုံ အဖုံဖုံ, တရားရှုမှတ် ပွားများပုံ အဖုံဖုံဝင်ပါ ဓမ္မကထာဒေသနာကို၊
(မယံ - မဟာစည် ဓမ္မကထိကမည်နာမဖြင့် ခေါ်ကြထင်ရှား ဘုရားတပည့်တော် များသည်၊)
ဖရိမှ - နိုင်ငံအနှံ့နယ်စုံဆန့်လျက် ဖြန့်ခဲ့ကြပါကုန်သည်အရှင်ဘုရား၊
ဖရိမှ - နိုင်ငံအနှံ့ နယ် စုံဆန့်လျက် ဖြန့်အောင်ထင်ရှား ဟောကြားခဲ့ကြပါကုန်သည် အရှင်ဘုရား။

နာနာဂုဏံ ပဝတ္တေတွာ, ဒဿယိတွာ အနိစ္စတံ၊
မဟာထေရေ နိရုဇ္ဈတိ, သင်္ခါရာ န ဟိ သဿတာ။

မဟာထေရော - မဟာစည် မဟာစည်ဟု ကမ္ဘာတည်ကျော်ကြားကျေးဇူးရှင် ဆရာတော်ဘုရားကြီးသည်၊
နာနာဂုဏံ - ပရိယတ်ဂုဏ်, ပဋိပတ်ဂုဏ်, သန်းပေါင်းများဖြင့် ယောဂီရှင်တို့၏ ကမ္မဋ္ဌာနာစရိယဂုဏ်, ဆဋ္ဌသံဂီတိပုစ္ဆကဂုဏ်, နာနာဂန္တကာရကခေါ်ဆိုရပါသည့် ဝိပဿနာဆိုင်ရာ ကျမ်းဂန်များစွာကို ပြုစုသည့်ဂုဏ်, မြန်မာနိုင်ငံတော်အစိုးရမင်းတို့က မှီတင်းဖွယ်ရာ ပညာရှင်တဆူအရေးယူလျက် ကြည်ဖြူစွာ ပူဇော်ရပါသည့် ‘အဂ္ဂမဟာပဏ္ဍိတ’ ဂုဏ်, မြန်မာနိုင်ငံတော်သူ နိုင်ငံတော်သား ရှင်, လူများတို့ မှတ်သားလိုက်နာ ကျင့်ဖွယ်ရာကို သေချာဟောပြ ဆုံးမတော်မူသည့် ‘နိုင်ငံတော်ဩဝါဒါစရိယ’ဂုဏ်, ထိုမှတဖြာများစွာဖုံဖုံ ကျေးဇူးတော်ဂုဏ်အစုစုကို၊
ပဝတ္တေတွာ - ပုညဉာဏ သမ္ဘာရဟု နှစ်ဝပေါင်းစု ကောင်းမှုအနေဖြင့် ဖြစ်စေတော်မူပြီးလျှင်၊
အနိစ္စတံ - ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ ၏ မမြဲသည် ၏အဖြစ်ကို၊
အနိစ္စတံ - ခန္ဓာငါးပါးရုပ်နာမ်တရားတို့၏ မမြဲပုံ, ဆင်းရဲပုံ, အစိုးမရပုံ, မတင့်တယ်ပုံကို၊
ဒဿယိတွာ - ပညာကာယ နှစ်ဌာနဖြင့် ညီမျှသီးသီးပြသတော်မူပြီး၍၊
နိရုဇ္ဈတိ - ဖြစ်ပေါ်သမျှ သင်္ခါရတို့ ပျက်ရသည့်ကိန်း ရှောင်မတိမ်းနိုင်ဘူး ဘဝသံသရာ ခန္ဓာဇာတ်သိမ်းလျက် ချုပ်ငြိမ်းတော်မူပါပေ၏၊
ဟိ - အပိုမထား ထိုစကားသည် မမှားဧကန် စင်စစ်မှန်လှပါပေ၏၊
သင်္ခါရာ - ကံစိတ်ဥတု အစုစုနှင့် ရောရုသဘာဝ အာဟာရတို့ ကျနပုံသေ ပေါင်းစုလေမှ မသွေဖြစ် က သင်္ခါရတရားတို့သည်၊
နသဿတာ - ပုံသေသဘာဝ ဧကန္တမို့ မုချမှန်စွာ မမြဲကြပါကုန် အရှင်ဘုရား၊
တသ္မာ - ထိုသို့စုပေါင်း ယင်းအကြောင်းကြောင့် သာလျှင်၊
သာဓဝေါ - သိက္ခာ သုံးတန် အကျင့်မှန်ကို အားသန်လိုလား သူတော်စင်အများတို့သည်၊
ဇရာမရဏမောက္ခာယ - အိုနာသေရေး ဒုက္ခဘေးတို့မှ ကင်းဝေး လွတ်မြောက်ရလေအောင်၊
အာရဘေယျုံ - တပွဲတလမ်း အကဲစမ်းကာ ကြိုးပမ်းကြ ကုန်ရာသတည်း၊
အာရဘေယျုံ - သဒ္ဓါနှင့်ပညာ ဝီရိယနှင့်သမာဓိ အသာမရှိရလေအောင် မဟာသတိကြိမ်တံဖျာတင်လို့မို့ ချိန်မကြာခင်တွင်တွင်ကြီး ကြိုးကုတ်အားထုတ်ကြကုန်ရာသတည်း။

နိဝတ္တိဿာမ တုမှာကံ, ပါဒတော သကဋ္ဌာနိယံ၊
သစေ ဒေါသော ခမာပေထ, အယံ ပစ္ဆိမဝန္ဒနာ။

ဘန္တေ - သတိပဋ္ဌာန်တရားမြတ်ကို ရှုတတ်အောင် စေတနာဖြင့် သေချာစွာ ဟောပြတော်မူသည့် ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးဘုရား၊
မယံ - သတိပဋ္ဌာန်နို့ရည် ကျင့်နည်းတွေကို သေချာဃနသောက် သုံးကြ၍ မိဘထံမှောက် ခိုရောက်လာငြား တပည့်အများတို့သည်၊
တုမှာကံ - ဝေရိက္ခယ ပြည်ဗဟိုနဂရတွင်ဖြင့် ကြည်ညိုစရာ ပြေမဟီကျော်သည့် မဟာစည်ထေရ်မော် ရုပ်ကလာပ်အရှင်မြတ်တို့၏
ပါဒတော - ကြည်လင်သန့်ရှင်း ခြေတော်ရင်းမှ၊
သကဋ္ဌာနိယံ - ဝေမှောင်မှိုင်းညို့ ဆိုင်းဆိုင်းဆို့သည့် တိုင်းမြို့ရွှေပြည် ကိုယ့်ဌာနီသို့၊
နိဝတ္တိဿာမ - ဆရာတော်ကိုကြည်ညို လှသော်လဲ မှီခိုရာမရ အသည်းပွက်လောက်အောင် ခွဲထွက်ကာချန်ထား၍ ပြန်သွားရပါကုန်တော့မည်ဘုရား။

ဘန္တေ - လူ, ရှင်, ရဟန်း ဖြည့်ကျင့်စွမ်းဖို့ နည်းလမ်းဖြာဖြာ စေတနာဖြင့် သေချာဃန ညွှန်ပြတော်မူသည့် ကျေးဇူးတော်ရှင် အရှင်မြတ်ဘုရား၊
အမှာကံ - အလိုက်ကဏ္ဍ ဖွဲ့စည်းကြသည့် ဓမ္မကထိက, ဗုဒ္ဓသာသနာနုဂ္ဂဟ, ဟိတေသီ,အမျိုးသမီးစောင့်ရှောက်ရေးအဖွဲ့ အလီလီနှင့် ထက်အောက်ကြေညာ မြေပထဗျာ၌ လေးဖြာသတိပဋ္ဌာန် ရှုအားသန်ကြသည့် တပည့်အများတို့၏၊
ဒေါသော - အတီတကာလ ခါသမယမှ စ၍ဖြစ်ပွား အပြစ်တရားသည်၊
သစေအတ္ထိ - သီလသမာဓိပညာနှင့် ကောင်းစွာရင့်ငြား အရှင်ဘုရားအပေါ်ဝယ် အကယ်၍များ ရှိခဲ့သည်ဖြစ်ငြားအံ့၊
တံ ဒေါသံ - အဖြူပေါ်အမည်းထင်သလို အမြဲပင်ညိုညစ်စေသည့် ထိုအပြစ်ဒေါသကို၊
တုမှေ - တပါးသူကို ကြည်ဖြူသနား အရှင်ဘုရားတို့သည်၊
ခမာပေထ - တပည့်အများ သနားဖွယ်ကို အားငယ်ကာ ပူမှုမပွားရအောင် ကြည် ဖြူသနား ခွင့်ပြုတော်မူပါဘုရား၊
အမှာကံ - ပြည်တော်ပြန်ရ ကံမလှသဖြင့် လွမ်းစကိုဖော် တပည့်တော်တို့၏၊
အယံဝန္ဒနာ - ကာယဝစီ မနသီဖြင့် တင်ချီဝပ်စင်း ဤယခုကဲ့သို့ကန်တော့ရခြင်းသည်၊
ပစ္ဆိမဝန္ဒနာ - ခုဘဝပစ္စုပ္ပန်တွင် အာစေရံ ခြေတော်ရင်း၌ ဝပ်စင်းကာဆည်းကပ်၍ အပြီးသတ် ကန်တော့ရခြင်းပါ အနန္တဂုဏ်အင် ကျေးဇူးရှင်ဘုရား။

အရှင်ဇဋိလ
(ဥက္ကဋ္ဌ)
မဟာစည်နယ်လှည့် ဓမ္မကထိကအဖွဲ့ချုပ်
မဟာစည်သာသနာ့ရိပ်သာ၊ ရန်ကုန်။

၎င်းနောက် သာသနာရေးဦးစီးဌာနမှ ပေးပို့ဆက်ကပ်သည့် သဝဏ်လွှာကို ဖတ်ကြားလေသည်၊ ၎င်းနောက် တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု ဆရာတော်ဘုရားကြီး အရှင်ဝိစိတ္တသာရာဘ比ဝံသက ကိသာ ဂေါတမီဝတ္ထု အခြေခံ၍ မရဏဿတိဘာဝနာတရားတော် ဟောကြားတော်မူသည်၊

၎င်းနောက် သံဃာတော်များအား ဆွမ်းကပ်သည်၊ သံဃာတော်များမှာ အထက် အောက် ဆွမ်းစားကျောင်းကြီး ၂-ဆောင်လုံးပြည့်ကျပ်ပြီး မှန်းထားသည်ထက် များလေသည်၊ စာရင်းပေးထားသော လူပရိသတ်များအား ထမင်းထုပ်များ ဝေငှ ကျွေးမွေးဧည့်ခံသည်။

နေ့လည် ၁-နာရီအချိန်တွင် လူထုပရိသတ် မဟာစည်ကျောင်းတော်သို့ အဝင် မခံတော့ပဲ တာဝန်ရှိ ရဟန်းပုဂ္ဂိုလ်, လူပုဂ္ဂိုလ်များသာ ဝင်ခွင့်ရလေသည်၊ ယင်းဝင်ခွင့်ရသော ရဟန်းပုဂ္ဂိုလ်များကား နာယကဆရာတော်ကြီးများ, ဆရာတော်ကြီးများ၏ ဆွေတော် မျိုးတော် ၁၆-ဦး, ဗုဒ္ခသာသနာနုဂ္ဂဟ အဖွဲ့ဝင်လူကြီးများ, ဟိတေသီအဖွဲ့ဝင်လူကြီးများ, အမျိုးသမီးအဖွဲ့မှ တာဝန်ရှိ အမျိုးသမီးများတို့ ဖြစ်ကုန်၏၊ ထိုအချိန်တွင် မဟာစည်ကျောင်းတော် အောက်ထပ် ၄- ပုံ, ပုံ တပုံသာ ပရိသတ်ရှိသည်၊ ကျောင်းတော်ရှေ့ ၎င်းရိပ်သာတွင်းပြင် ကမ္ဘာအေးဘုရား လမ်းတလျှောက်ကား ပရိသတ်ပြည့်ကျပ်နေလေပြီ။

ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်တို့ ပူဇော်ကြခြင်း

▬▬▬▬▬▬▬▬▬▬▬▬

မကြာမီ ခေါင်းသွင်းတော့မည်ဖြစ်ရာ ခေါင်းမသွင်းမီ ပထမနာယက ဆရာတော် များနှင့် စံကျောင်းတော် အောက်ထပ်ကို သံဃာတော် ၁၅-ပါးတို့က သင်္ကန်းကို လက်ကန်တော့ထိုး စံပယ်တင်ကာ လက်အုပ်ချီ၍ ဖြည်းညင်းစွာ တပတ်လျှောက်၍ ပူဇော်ကြလေသည်၊

၎င်းနောက် အမျိုးသား ယောဂီများက ရေမွှေးမျိုးစုံတို့ဖြင့် လည်းကောင်း၊ ၎င်းနောက် အမျိုးသမီးယောဂီအဖွဲ့က ရေမွှေးမျိုးစုံတို့ဖြင့်လည်းကောင်း၊ ၎င်းနောက် နောက်ဆုံး အမျိုးသမီး ယောဂီအဖွဲ့က ရေမွှေးမျိုးစုံတို့ဖြင့်လည်းကောင်း ပူဇော်ကြလေသည်၊ လူပရိသတ်များမှာ အင်္ကျီဖြူလက်ရှည် အဝတ်နှင့် လက်ကတော့ အညိုရောင်တို့ ဝတ်ဆင်ထားကြသည်ဟူ၏။

ဧဝံ ပဗ္ဗဇ္ဇိတာစေဝ, ဂဟဋ္ဌာ သာဓဝေါ ဇနာ၊
ထေရဒေဟံ ဘိပူဇေသုံ, ထေရမှိ နိန္နမာနသာ။

ခေါင်းသွင်း ခေါင်းပိတ်ခြင်း

▬▬▬▬▬▬▬▬▬▬

၁-နာရီ ၁၀-မိနစ်အချိန်တွင် ဆရာတော်ဘုရားကြီး၏ ဆွေတော်မျိုးတော် ၄- ယောက်, ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့မှ အမျိုးသား ၄-ယေက်, ဟိတေသီအဖွဲ့မှ ၄-ယောက်, အခြားအမျိုးသားအဖွဲ့မှ ၄- ယောက် စုစုပေါင်း ၁၆-ယောက်တို့က ဆရာတော်ဘုရားကြီး၏ အလောင်းတော်ကို သစ်သားအနည်းငယ်ဖြင့် ပြုလုပ် ထားသော မှန်ခေါင်းတွင်းသို့ သွင်းကြသည်၊ ၁-နာရီ ၂၅-မိနစ်အချိန်တွင် မှန်ခေါင်းတော်ကို ပိတ်လိုက်သည်၊ မှန်ခေါင်းတော်ကို ပိတ်လိုက်သော်လည်း အလောင်းတော်ကို အထင်းသားဖူးမြင်ရလေသည်၊ ခေါင်းပိတ်လိုက်သောအခါ ပရိသတ်များ မျက်ရည်မဆည်နိုင်သူသာ များလေသည်။

ဒေါဏိယာ ပိဒဟိတာယ, သမ္ပတ္တာ ပရိသာဇနာ၊
အဿုမုခါ အဘဝိသုံ, သောကသလ္လသမပ္ပိတာ။

ထီးဖြူမိုး ပန်းမော်တော်ယာဉ်ပေါ် ပင့်တင်ပြီ

▬▬▬▬▬▬▬▬▬▬▬▬

စံကျောင်းတော်မှ မော်တော်ယာဉ်အထိ တက်ထရွန် အစိမ်းရောင်အခင်းကြီး ခင်းထား၏၊ ၎င်းအခင်းကြီးပေါ်တွင် ပန်းမျိုးစုံတို့ဖြင့် ပန်းမို့ရာ, ပန်းမွေ့ရာခင်းလိုက် ၏၊ ထို့နောက် အလောင်းတော်ကို ထီးဖြူ ၄- လက်, ပန်းတို့ဖြင့် ခမ်းနားစွာ စီမံထားသော မော်တော်ယာဉ်သို့ ဖြည်းဖြည်းညင်စွာ ပင့်ဆောင်ကြလေသည်၊ ယောဂီပရိသတ်များ ရုပ် နာမ်ဓမ္မသင်္ခါရတို့၏ မမြဲအင် ဆင်ခြင်၍ ပူဇော်ကြလေသည်။

သင်္ခါရာနံ သဘာဝတ္တံ, ပဿိတွာန ယောဂီနော၊
မဟာထေရံ ဘိပူဇေသုံ, ဇိနသာသနတာရကံ။

နဝုတိမပိုင်း


အနိမ့်အမြင့် ချင့်ချိန်တိုင်းတာစီစဉ်ကြ

▬▬▬▬▬▬▬▬▬▬▬▬

အန္တိမဈာပန ပင့်ဆောင်လာရာ လမ်းတလျှောက်၌ ပရိသတ်များ လွယ်လင့်တကူ မတ်တတ်ရပ်ဖူးမြော်နိုင်ရန်အတွက် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် အမှုဆောင်လူကြီး ဦးတင့်ဝမ်၏ ကိုယ်ပိုင်ကားကို အလောင်းတော်တင် ယာဉ်အဖြစ် အသုံးပြုပြီး အနိမ့် အမြင့်တို့ကို ချင့်ချိန်တိုင်းတာကာ ပို့ဆောင်မည့်ယာဉ်ကို စီမံကြလေသည်။

ကြံတောသုသာန်၌ စင်တော်အထူးစီမံခြင်း

▬▬▬▬▬▬▬▬

စံကျောင်းတော်နှင့် ပို့ဆောင်သင်္ဂြိုဟ်မည့် လမ်းတလျှောက်တွင် မဖူးမြင်နိုင်ကြပဲ ကြံတောသုသာန်မှ စောင့်မျှော်၍ ဖူးမြော်ကြမည့် ပရိသတ်များအတွက်လည်း ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် လူကြီး ဦးဝင်းထိန်နှင့် ဦးတင့်ဝမ်တို့က အဝေးမှမြင်၍ ဖူးမြော်ကန်တော့နိုင်ရန်အတွက် ဖူးမြော်ခံစင်တော်ကို အနိမ့်အမြင့် အတိုင်းအတာတို့ အထူးစီမံ ပြုလုပ်ထားကြသည်၊ ယင်းစင်ကို ရုပ်ကလာပ်တော်ထားရှိမည့် နေရာ၌ သဲဖြူခင်းခြင်း, ရာဇမတ်ကာခြင်း, ငှက်ပျောပင်စိုက်ခြင်း, ပိတ်ဖြူဗိတာန်ကြက်ခြင်း (ငှက်ချေးခံ) စသည်တို့ဖြင့် လုပ်ထားကြသည်။

စနစ်တကျပြုစီမံခြင်း

▬▬▬▬▬▬▬▬

ရုပ်ကလာပ်တော်သင်္ဂြိုဟ်မည့် မီးပြာခံခွက်ကို မြို့တော်စည်ပင်သာယာရေးအဖွဲ့က အသစ်ထပ်မံပြုလုပ် ပေးသည့်ပြင် မီးသင်္ဂြိုဟ်သည့် အခန်းကိုလည်း ထပ်မံ၍ အသစ် ပြုပြင်ပေးလေသည်။

နံ့သာထင်း ရေမွှေးတို့ဖြင့် ပူဇော်လိုကြသော ပရိသတ်များ အတွက်လည်း နံ့သာ ထင်းများကို စနစ်တကျလက်ခံ သိမ်းဆည်းပြီး မီးသင်္ဂြိုဟ်မည့်ခန်းဆောင်အတွင်း၌ လိုအပ်သလို အသုံးပြုရန် စနစ်တကျစီမံထားကြလေသည်။

အားလုံးအဆင်သင့်ဆောင်ရွက်ကြခြင်း

▬▬▬▬▬▬▬▬▬▬▬▬

မြို့တော်စည်ပင်သာယာရေးအဖွဲ့သည် ရုပ်ကလာပ်တော် မီးသင်္ဂြိုဟ်ရာ၌ အကြောင်း မညီညွတ်ပဲ အခက်အခဲများရှိနေပြီး မှန်းထားသည့် အချိန်ထက်ပို၍ ကြာခဲ့သော် အလင်းရောင်များ လုံလောက်စွာရရှိနိုင်ရန် သင်္ဂြိုဟ်မည့်နေရာတဝိုက်၌ မီးလုံးများကို ထပ်မံအသစ်တပ်ဆင်ထားခြင်း, လျှပ်စစ်ဓာတ်အား ပျက်ခဲ့သော် မီးစက်ဖြင့် ဆက်သွယ်၍ ထွန်းညှိရန် အသစ်ပြုလုပ်ထားခြင်း စသည်ဖြင့် အားလုံးအဆင်သင့် ဆောင်ရွက်ခဲ့လေသည်။

ဒုတိယဝန်ကြီး, ရန်ကုန်တိုင်းကောင်စီ ဥက္ကဋ္ဌ, ညွှန်ချုပ် အသင့်ရောက်ရှိခြင်း

▬▬▬▬▬▬▬▬▬▬▬

အန္တိမဈာပနပြုလုပ်မည့် နံနက်ပိုင်းကပင် -
ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပေါ်သိမ်း,
ရန်ကုန်တိုင်း ပြည်သူ့ကောင်စီ ဥက္ကဋ္ဌ ဦးကျော်မြင့်,
သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကြည်ညွှန့်

တို့လည်း လိုအပ်သည်များကို ကူညီဆောင်ရွက် နိုင်ရန်အတွက် ဗဟန်းမြို့နယ် ကောင်စီရုံးတွင် ရောက်ရှိနေကြသည်။

အချိန်ဇယားကိုက်ထားခဲ့ကြ

▬▬▬▬▬▬▬▬▬▬

မိုးကောင်းကင်တခုလုံးသည် မှိုင်းညိုပြာရီလျက် အထူးတလည် ဝမ်းနည်းကြေကွဲ ဖွယ်ကောင်းသည့် အသွင်ကိုဆောင်နေလေသည်၊ မိုးသည် လုံးဝမရွာတော့ချေ၊ မိုးဖွဲမျှပင် လုံးဝမကျပါတော့ချေ၊ သိကြားမင်းနှင့် မိုးနတ်သားတို့ ဆရာတော် ဘုရားကြီး၏ ရုပ်ကလာပ်တော်ကို ချမ်းသာငြိမ်သက်စွာ ဖူးမြင်နိုင်ရန် စီမံကြဟန် တူလေသည်၊ မူလအစီအစဉ်အရ ညနေ ၃-နာရီတိတိတွင် စံကျောင်းတော်ရှေ့မှ ရုပ်ကလာပ်တော်ကို စတင် ပင့်ဆောင်ရန် သတ်မှတ်ထားကြပြီး ၄-နာရီတိတိတွင် ကြံတောသုသာန်သို့ ရောက်ရှိကာ နောက်ထပ် တနာရီတိတိ ပရိသတ်များ အပူဇော်ခံပြီး ၅-နာရီတိတိတွင် အန္တိမဈာပနပြုလုပ်ရန် စီစဉ်ထားကြသည်။

သို့ရာတွင် စထွက်သည့်အချိန်မှာ ၁၀-မိနစ်ခန့် အနည်းငယ်စော၍ ထွက်ခဲ့လေသည်၊ မူလအစီ အစဉ်အတိုင်းဆိုလျှင် စံကျောင်းရှေ့မှထွက်ပြီး ကမ္ဘာအေးဘုရားလမ်းနှင့် ဂွတ္တလစ်လမ်းဆုံအရောက်တွင် ရုပ်ကလာပ်တော် ပင့်ဆောင်မည့်ယာဉ်ကို စက်နှိုး၍ ပင့်ဆောင်ရန် စီစဉ်ထားလေသည်၊ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့မှလည်း စောစောကပင် လမ်းတလျှောက်လုံးကို လိုအပ် သည်နှုန်းဖြင့် စမ်းသပ်မောင်းနှင်ပြီး အချိန်ဇယား ကိုက်ထားကြသည်။

ပရိသတ်မကြုံစဖူး များလွန်းလှ

▬▬▬▬▬▬▬▬▬▬▬▬

ရုပ်ကလာပ်တော် စတင်ပင်ဆောင်သည့် လမ်းတလျှောက် ဖြစ်သော ကမ္ဘာအေး စေတီလမ်း, တက္ကသိုလ်ရိပ်သာလမ်း, ပြည်လမ်း, ကြံတောသုသာန် အဝင်ဝလမ်း စသည်မှ ထူထပ်များပြားလှသော ပရိသတ်ကြီးသည် ငြိမ်သက်စွာ မရွှေ့မသွား စောင့်ဆိုင်း ပူဇော်နေ၏၊

သို့ဖြစ်၍ ပြည်လမ်းပေါ်ရှိ မော်တော်ယာဉ်များ အားလုံးတို့သည် ၃-နာရီခန့် ရပ်တန့်ပိတ်ဆို့၍ သွားသည်ဟူ၏၊ ဤသို့ရပ်တန့်ပိတ်ဆို့ရာ၌လည်း တယောက်မျှ ရပ်တန့် ပိတ်ဆို့ခိုင်ခြင်း မဟုတ်ပါချေ၊ တခဲနက်မြားမြောက်လှသော လူလှိုင်းကြီးကို ထိုးဖောက်၍ မသွားနိုင်ခြင်းကြောင့် ဖြစ်လေသည်၊ ပရိသတ်ကား မကြုံစဖူး များလွန်လှလေသည်။

ရုပ်ကလာပ်ယာဉ် စက်မနှိုးရပဲနှင့် ကြံတောသုသာန်ရောက်

▬▬▬▬▬▬▬▬▬▬

ရုပ်ကလာပ်တော် စတင်တင်ဆောင်သည့် အချိန်ကာလကစပြီး ကမ္ဘာအေးဘုရား လမ်းပေါ်သို့ ရောက်သည်နှင့်တပြိုင်နက် ဝဲယာ ၂-ဘက်ရှိ ပရိသတ်များသည် အရှေ့အနောက်စုံညီ စုရုံးပြုံကျလာပြီး ရုပ်ကလာပ်တော် တင်ထားသည့်ယာဉ်ကို ဝိုင်းဝန်း၍ လက်ဖြင့်ကိုင်တွယ်ဖေးမကာ ပူဇော်ကြသည်၊

သို့နှင့် ရုပ်ကလာပ်တော် မော်တော်ယာဉ်သည် မူလအစီအစဉ်အရ စက်နှိုး၍ သွားရန်ရှိသော်လည်း ရှေ့နောက်ဝဲယာ ပိတ်ဆို့လျက်ရှိသော လူထုလှိုင်းကြီးကို ထိုးဖောက်ရန် မသက်သာသဖြင့် သူ့သဘာဝ သူဆောင်ကာ ကြံတောသုသာန် အရောက် စက်မနှိုးရပဲ လူအင်အားနှင့် ဝိုင်းဝန်းပူဇော်ခြင်းဖြင့် အဆုံးသတ်ရ လေသည်၊ လူထုသည် သို့ကလောက် ဆရာတော်ဘုရားကြီးအား ကြည်ညို လေသည်။

ဧဝဥှိ ဇနာ ဗဟဝေါ, ထေရမှိ ပသန္နာ ဟိ ခေါ၊
ထေရနိန္နာ ထေရပေါဏာ, ထေရမှိ ပဗ္ဘာရာ ဟိ ခေါ။

အလွှာမျိုးစုံလူဗိုလ်ပုံ

▬▬▬▬▬▬▬▬

ဆရာတော်ဘုရားကြီး၏ အလောင်းတော်ကို ကြံတောသုသာန်အထိ လိုက်ပို့ကြသူ တို့အား ပစ္စည်းရှိသူ, မရှိသူ, အသက်အရွယ်ကြီးသူ, ငယ်သူ, လူရွယ် လူလတ် စသည်ဖြင့် အလွှာမျိုးစုံ လူဗိုလ်ပုံတို့ဖြစ်ကုန်၏၊ လမ်းတလျှောက်ဝယ် ပရိသတ် အားလုံးတို့သည်လည်း စို့သောမျက်ရည် စီးကျသော မျက်ရည်တို့ဖြင့် မထေရ်မြတ် ဘုန်းအား နောက်ဆုံးပူဇော်ကြကုန်၏။

ကေစိ အဿုမုခါ အာသုံ, ပဂ္ဃရိတမုခါပိစ၊
ပစ္ဆိမံ ထေရံ ပဿိံသု, ထိရဂုဏောဒယံ ဝိဒုံ။

မြန်မာ့သမိုင်းဝယ် ဤမျှများပြားသည့် ပရိသတ်ရှိသည့် ဈာပန မရှိဟုဆိုကြ

▬▬▬▬▬▬▬▬▬▬▬▬

ဆရာတော်ဘုရားကြီးအား နောက်ဆုံးလိုက်ပို့ကြသူ လူထုလူလှိုင်းကြီးနှင့် ကားတန်း ကြီးမှာ ကြံတောသုသာန် ရောက်သည်တိုင်အောင် မဆုံးနိုင်ပဲရှိလေသည်၊ မြန်မာ့ သမိုင်းတွင် ဤမျှများပြား၍ ဤမျှငြိမ်သက်သော ပရိသတ်နှင့် ပြည့်လျှံသည့် ဈာပန မရှိဟူ၍ ဆိုကြသည်။

ထေရဈာပနုဿဝမှိ, ပရိသာသု မဟာ ဟိ ခေါ၊
ဣတိဟာသေ ဤဒိသော ဟိ, နတ္ထီတိ မနုဇာ ဗြဝုံ။

ကြံတောသုသာန်၌ ပရိသတ်ကြီးအား မေတ္တာရပ်ခံရ

▬▬▬▬▬▬▬▬▬▬▬▬

ကြံတောသုသာန်သို့ မူလစီစဉ်ထားသည်ထက် ၅၃-မိနစ် နောက်ကျပြီး ၅-နာရီ ထိုးရန် ၇-မိနစ်အလိုတွင်မှ ရောက်ရှိလေသည်၊ ရောက်ရှိပြီး မူလစီဉ်ထားသည့် အတိုင်း ပူဇော်ရန်ပြုလုပ်ထားသည့် စင်ပေါ်သို့တင်ပြီး အပူဇော်ခံရန် ဗုဒ္ဓသာသနာ နုဂ္ဂဟအဖွဲ့ချုပ် လူကြီးများက စီမံကြသည်၊

သို့သော် သုသာန်အတွင်း ကြက်ပျံမကျ (ကြက်ပျံတကျ) စည်ကားသော ပရိသတ်ကြီးသည် အတင်းတိုးဝှေ့ ဝင်ရောက်လာသဖြင့် ထိုသို့တိုးဝှေ့ခြင်း မပြုရန် ဆရာတော်သံဃာတော်များနှင့် တာဝန်ရှိအဖွဲ့ဝင်လူကြီးများက အသံချဲ့စက်ဖြင့် မေတ္တာရပ်ရလေသည်၊ ပရိသတ်လူအစု အဝေးကြီးကား များလွန်း၍ ကြောက်စရာပင် ဖြစ်လာလေသည်။

မဟာဇနသမူဟောပိ, သုမူလော ဘေရဝေါမဟာ၊
ထေရဒေသမှိ သမ္ပတ္တေ, ကြံတောသုသာနဘူတလေ။

အလောင်းတော် မီးသင်္ဂြိုဟ်ပူဇော်ကြပြီ

▬▬▬▬▬▬▬▬▬▬▬▬

လူများစွာတို့သည် နံနက် ၇-နာရီခန့်မှစ၍ စားသောက်စရာ ယူဆောင်ကြကာ နေရာကောင်းရရန် ကြံတောသု သာန်အတွင်း၌ တစတစရောက်ရှိနေကြရာ ရုပ်ကလာပ်တော် ရောက်လာမည့် အချိန်နီးကပ်လာသောအခါ တချို့ရွှံနွံပေါ်၌ မတ်တတ်ရပ်၍နေကြရသည်၊ အလောင်းတော်နှင့် တပါတည်း ပါလာကြသော လူများနှင့် ပေါင်းဆုံမိသောအခါ ကြံတောသုသာန်မြေ အရပ်သည် တင်းကျမ်း ပြည့်ကျပ်ပြီး မဆန့်တော့ချေ၊ သို့နှင့်အပူဇော်ခံမှု အစီအစဉ်ကို ဖျက်သိမ်း၍ ၅-နာရီ ၁၀-မိနစ်အချိန်တွင် မီးသင်္ဂြိုဟ်မည့် အခန်းတွင်းသို့ပင့်၍ စတင် မီးသင်္ဂြိုဟ်ကြ လေသည်။

စောင့်ကြပ်ပူဇော်ကြ

▬▬▬▬▬▬▬▬

မီးသင်္ဂြိုဟ်သည့် ခန်းဆောင်အတွင်း၌ -

အရိုးကောက် အဖွဲ့ခေါင်းဆောင် အမှုဆောင် လူကြီးဦးလှထွန်း,
ဥက္ကဋ္ဌဦးပွင့်ကောင်း, ဒုတိယဥက္ကဋ္ဌ ဦးဘကလေး,
အမှုဆောင်လူကြီး ဦးဝင်းထိန်,
ရန်ကုန်တိုင်း ပြည်သူ့ကောင်စီမှ ဦးသက်ထွန်း,
ကမာရွတ်မြို့နယ် ပြည်သူ့ကောင်စီဥက္ကဋ္ဌနှင့် အမှုဆောင်လူကြီး ဦးတိုက်စိုး, ဦးချိန်ဆိုင်,
အဖွဲ့နာယက ဦးစိုးရ
ဆရာတော် ဘုရားကြီး၏ ဆွေတော်မျိုးတော်များနှင့်
ရဟန်းတော် ဦးသောဘန, ဦးနိပုဏ

စသော တပည့်ဒါယကာတို့ စောင့်ကြပ်လျက် မီးပူဇော်ကြသည်။

အရိုးတော်များ မဟာစည်ကျောင်းတော်၌ ပင့်ဆောင်အပူဇော်ခံ

▬▬▬▬▬▬▬▬

ညဉ့် ၈-နာရီကျော်ခန့်တွင် အရိုးတော်များ မီးပူဇော်ပြီးသောအခါ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးပွင့်ကောင်းနှင့် ဒုတိယဥက္ကဋ္ဌ ဦးဘကလေးတို့သည် အရိုးတော် များကို ငွေဖလားနှင့်ကောက်ယူပြီး အသင့်ယူဆောင်လာသော သံသေတ္တာအတွင်း သော့ခတ်ပြီးလျှင် သာသနာ့ရိပ်သာ မဟာစည် ကျောင်းတော်၌ ခေတ္တအပူဇော်ခံ ထားခဲ့ကြကုန်၏။

အနယ်နယ်အစို့စို့ အမြို့မြို့အရွာရွာရှိ ရိပ်သာခွဲများက ပင့်ဆောင်ပူဇော်ကြ

▬▬▬▬▬▬▬▬▬▬▬▬

နောက်တွင် ဆရာတော်ဘုရားကြီး၏ အရိုးဓာတ်မျာကို အနယ်နယ်အစို့စို့ အမြို့မြို့ အရွာရွာရှိ ရိပ်သာခွဲများမှပင့်ဆောင် ပူဇော်ကြလေကုန်၏၊ ရန်ကုန်သာသနာ့ရိပ်သာ ၌မူ တချို့တဝက် အရိုးဓာတ်များသာ ကျန်ရှိလေသည်။

သံဝေဂပွားများရန်

▬▬▬▬▬▬▬

အို ရှင်, လူအပေါင်း သူတော်ကောင်းတို့ မဟာစည်ဆရာတော်ဘုရားကြီးသည် ကျမ်းပေါင်း ၁၀ဝ-နီးပါးကို ပြုစုတော်မူခဲ့သည်၊ ဆဋ္ဌသင်္ဂါယနာ မဟာဓမ္မသဘင် ကြီးတွင် ရွပ်ရွပ်ချွံချွံ ဆောင်ွက်တော်မူခဲ့သည်၊ ပြည်တွင်းပြည်ပ တရားတော်မိုး သွန်းဖြိုးရွာချတော်မူခဲ့သည်၊

ယောဂီပေါင်း (၇၉၉၉၅၇) ဦးကို တရားပြတော်မူခဲ့သည်၊ တကယ်တော့ ကမ္ဘာ ကျေသော်လည်း ဥဒါန်းမကျေသည့် သာသနာ့အာဇာနည် ပုဂ္ဂိုလ်မြတ်ကြီး မှန်လှပေ၏၊ ယင်းသို့ ထူးချွန်ဥက္ကဋ္ဌ သာသနာ့အာဇာနည် ပုဂ္ဂိုလ်မြတ်ကြီးသော်မှ ဘုရားပစ္စေကဗုဒ္ဓါ ရဟန္တာသခင်တို့ပင် မလွန်ဆန်နိုင်သော သေခြင်းတရားနှင့် ရင်ဆိုင်ရပါသေးတကား သံဝေဂပွားများ ရှုဆင်ခြင်ကြကုန်ရာသတည်း။

ဧဒိသော မဟာထေရောပိ, နာတီတော လောကဓမ္မတံ၊
သိဿေ ဟိတွာ ပလုဇ္ဇိတ္ထ, ဟာ နိစ္စာ လောကဓမ္မတာ။

ဆက်လက်သံဝေဂပွားများရန်

▬▬▬▬▬▬▬▬▬▬▬

အိုကျေးဇူးရှင် မဟာစည်ထေရုပ္ပတ္တိ စာတော်ဖတ် သူတော်စင်...သင်သည် မဟာစည် ဆရာတော်ဘုရားကြီး ပျံလွန်တော်မူခြင်းကို အကြောင်းပြုပြီး အောက်ပါ ဆယ်စုစီ ခွဲထားသည့်သံဝေဂ ဂါထာပါဌ် နိဿယလင်္ကာကဗျာပိုဒ် ၁၀ဝ-ကို ဖတ်ရှု၍ ဆက်လက်သံဝေဂ ပွားရာသတည်း။

ဧကနဝုတိမပိုင်း


သံဝေဂပွားများဆင်ခြင်ရန် ပထမသံဝေဂဆယ်ဂါထာ ပါဌ်- နိဿယနှင့် သံဝေဂလင်္ကာ

▬▬▬▬▬▬▬▬▬▬▬▬

သံဝေဂ ပွားများရန်

▬▬▬▬▬▬▬

၁။ သဗ္ဗေ ခယန္တာ နိစယာ, ပတနန္တာ သမုဿယာ၊
သဗ္ဗေသံ မရဏမာဂမ္မ, သဗ္ဗေသံ ဇီဝိတမဒ္ဓုဝံ။

သဗ္ဗေနိစယာ - သိုမှီးအပ်သမျှ ဓနဥစ္စာအားလုံးတို့သည်၊
ခယန္တာ - တနေ့နေ့တွင် ကုန်ဆုံးပျက်စီးခြင်းလျှင် အဆုံးရှိကုန်၏၊
သမုဿယာ - စပ်ကာချုပ်ထား ခန္ဓာငါးပါးတို့သည်၊
ပတနန္တာ - တနေ့နေ့ကျ ကြေမွပျက်စီးခြင်းလျှင် အဆုံးရှိကုန်၏၊
သဗ္ဗေသံ - စွဲလာသန္ဓေ တည်နေဖြစ်လာ သတ္တဝါအားလုံးတို့၏၊
မရဏံ - စုတိပြတ်ကြွေ သေလွန်ရခြင်းကို၊
အာဂမ္မ - စွဲ၍၊
သဗ္ဗေသံ - စွဲလာသန္ဓေ တည်နေဖြစ်လာ သတ္တဝါအားလုံးတို့၏၊
ဇီဝိတံ - အသက်ဇီဝိန်သည်၊
အဓုဝံ - မုချပုံသေ မမြဲလေစွတကား။

သိုမှီးသိမ်းထား, ဥစ္စာများ, ပျက်ပြားနောက်ဆုံးရှိချေ၏၊
ရုပ်နာမ်နှစ်ဖြာ, ငါးခန္ဓာ, သေရာနောက်ဆုံးရှိချေ၏၊
သတ္တဝါမှန်သမျှ, ဇီဝိတ, မုချမမြဲပါတကား။

တနည်းသံဝေဂပွားများရန်

▬▬▬▬▬▬▬▬▬▬

၂။ ယမေကရတ္တိံ ပဌမံ, ဂဗ္ဘေ ဝသတိ မာဏဝေါ၊
အဗ္ဘုဋ္ဌိတောဝ သော ယာတိ, သဂစ္ဆံ နနိဝတ္တတိ။

ယံ သောမာဏဝေါ - အကြင်ကြုံလာဖြစ်လာ သတ္တဝါသည်၊
ဧကရတ္တိံ - တညဉ့်၌၊
ဝါ - တညဉ့်က၊
ပဌမံ - ရှေးဦးအစ ပဋိသန္ဓေခဏ၌၊
ဂဗ္ဘေ - အမိဝမ်းတိုက်၌၊
ဝသတိ - စွဲပိုက်သန္ဓေ တည်နေရ၏၊
သောမာဏဝေါ - ထိုသတ္တဝါသည်၊
အဗ္ဘုဋ္ဌိတောဝ - သေဘေးသို့ ရှေးရှုသည် ၏အဖြစ်ဖြင့် ဆက်လက်မျှော်ရည် တည်လျက်သာလျှင်၊
ဝါ - ခဏပေါ်လာ တိမ်တိုက်ပမာသာလျှင်၊
ယာတိ - သွားရ၏၊
ဂစ္ဆံ - သေဘေးဆီသို့ ရင်ဆိုင်တိုက်ရိုက် လှည့်လည်ကာ တသွားတည်းသွားသော၊
သောမာဏဝေါ - ထိုသတ္တဝါသည်၊
နနိဝတ္တတိ - တအောင့်, တခဏ, တနာရီ, တဆံချည်မျှမဆုတ်မနစ်ပါချေ။

အမိဝမ်းဝယ်, တွယ်လာသန္ဓေ, ထွေထွေများစွာ, သတ္တဝါကား, ဘယ်မှာဆတ်ဆတ်,
ရပ်တည်မနား, တသွားတည်းသွား ၏, လေးပါးသေမှု, တခုခုဖြင့်, ပုပုရွရွ, မှန်သမျှ သည်, မုချသေရမည်သာတကား။

တနည်း သံဝေဂပွားများရန်

▬▬▬▬▬▬▬▬▬▬

၃။ အစ္စယန္တိ အဟောရတ္တာ, ဇီဝိတံ ဥပရုဇ္ဈတိ၊
အာယုခီယတိ မစ္စာနံ, ကုန္နဒိနံဝ ဩဒကံ။

ကုန္နဒိနံ - ကျဉ်းငယ်တုံလစ်မြစ်ချောင်းတို့၏၊
ဩဒကံ - ရေသည်၊
ခီယတိဣဝ - ကာလကြာရှည် မတည်ပုံသေ ကုန်ခန်းလေသကဲ့သို့၊
တထာ - ထို့အတူ၊
အဟောရတ္တာ - နေ့ညဉ့်တို့သည်၊
အစ္စယန္တိ - မုချပုံသေ ကုန်လွန်ချေကုန်၏၊
မစ္စာနံ - ကြုံလာဖြစ်လာသတ္တဝါတို့၏၊
ဇီဝိတံ - အသက်ဇီဝိန်သည်၊
ဝါ - အသက်သမုတ် နာမ်နှင့်ရုပ်သည်၊
ဥပရုဇ္ဈတိ - ချုပ်၏၊
မစ္စာနံ - ကြုံလာဖြစ်လာ သတ္တဝါတို့၏၊
အာယု - အသက်သည်၊
ခီယတိ - မုချဆတ်ဆတ် ကုန်ဆုံးပျက်စီး၏။

မြစ်ချောင်းငယ်တွင်, ရေအလျဉ်, လျင်စွာကုန်သည့်နှယ်၊
နေ့နှင့်ညည, သမယ, မုချကုန်လွန်လွယ်၊
သတ္တဝါမှန်သမျှ, ဇီဝိတ, မုချချုပ်ပျောက်ကွယ်၊
သတ္တဝါအနန္တ, ဇီဝိတ, မုချချုပ်ဆုံးကွယ်။

တနည်း သံဝေဂပွားများရန်

▬▬▬▬▬▬▬▬▬▬

၄။ အနိမိတ္တ မနညာတံ, မစ္စာနံ ဣဓ ဇီဝိတံ၊
ကသိရဉ္စ ပရိတ္တဉ္စ, တဉ္စ ဒက္ခေန သံယုတံ။

ဣဓ - ဤလောက၌၊
မစ္စာနံ - ကြုံလာဖြစ်လာ သတ္တဝါတို့၏၊
ဇီဝိတံ - အသက်ဇီဝိန်သည်၊
ဝါ - အသက်ဇီဝိန်ကို၊
အနိမိတ္တံ - ဧကန်ဆက်ဆက် ချိန်းချက်သတ်မှတ်မှု မရှိပါချေ၊
အနုညာ တံ - ဤမျှကြာလျက် အသက်ရှည်အံ့ဟု မည်သူမည်ဝါမျှ ပိုင်ပိုင်မိမိ မသိအပ်နိုင်ပါချေ၊
ကသိရဉ္စ - အကြောင်းအရပ်ရပ် ဆက်စပ်နေသဖြင့် ကာလာကြာတည် ရှည်ရန် ခဲယဉ်းလည်း ခဲယဉ်းလှချေ၏၊
ပရိတ္တဉ္စ - မြက်ပေါ်ဆီးနှင်း, အပ်ပေါ်မုံညင်းတမျှ နည်းငယ်လည်း နည်းငယ်လှချေ၏၊
တဉ္စဇီဝိတံ - ထိုအသက်သမုတ် နာမ်နှင့်ရုပ်သည်လည်း၊
ဒုက္ခေန - ပြောထူများလှ ဆင်းရဲဒုက္ခနှင့်၊
သံယုတံ - မပြတ်ထာဝစဉ်ယှဉ်၏။

သက်ရှည်ရန်တွက်, ချိန်းအချက်, ဆက်ဆက်မရှိပြီ၊
အသက်ရှည်ရန်, ချိန်ကာလံ, ဧကန်မသိပြီ၊
ဝင်သက်ထွက်သက်, လေးချက်မဟာဘုတ်, ထုတ်လေဥသ္မာ,
တဖြာဝိညာဉ်, အစဉ်စပ်လျက်, ဤအသက်, ခက်ခဲလှစွာ, စောင့်ရသည်။
မြက်ပေါ်သို့ရောက်, ဆီးနှင်းပေါက်ပမာ, လွန်စွာသာ, ကာလတိုလှသည်၊
အပ်ပေါ်မုံညင်း, ပမာသွင်း, လွန်မင်းကာလတိုလှသည်၊
ဆင်းရဲဒုက္ခ, အဝဝ, များလှစပ်သွယ်နေရသည်။

တနည်း သံဝေဂပွားများရန်

▬▬▬▬▬▬▬▬▬▬

၅။ န ဟိ သော ပက္ကမော အတ္ထိ, ယေန ဇာတာ န မီယရေ၊
ဇရမ္ပိ ပတွာ မရဏံ, ဧဝံ ဓမ္မာဟိ ပါဏိနော။

ယေနဥပက္ကမေန - အကြင် လုံးပန်းကြိုးကုတ် အားထုတ်မှု လုံ့လဝီရိယဖြင့်၊
ဇာတာ - ကမ္မဘဝ အကြောင်းဆုံကာ ဖြစ်လာကုန်ကြ သတ္တဝါအနန္တတို့သည်၊
နမီယရေ - မသေလွန်ကြကုန်၊
သောဥပက္ကမော - ထိုမသေလွန်နိုင်ကြောင်း လုံ့လဝီရိယကောင်းသည်၊
နဟိအတ္ထိ - ဧကန်တိတိ မရှိသည်သာ၊
ဇရံ - သွားကျိုးဆံဖြူ ငယ်မူယိုယွင်း အိုမင်းရင့်ရော် မှည့်ပျော်ခြင်းသို့၊
ပတွာပိ - ရောက်သော်လည်းကောင်း၊
အပတွာပိ - မရောက်မူ၍ သော်လည်းကောင်း၊
မရဏံ - စုတိပြတ်ကြွေ သေလွန်ခြင်းသည်၊
ဟောတိ - မြေလက်ခတ်နဲ မြှောက်သည့်ခဲသို့ မလွဲစင်စစ် ဖြစ်ရ၏၊
ပါဏိနော - လောကမှီတင်း သတ္တဝါခပင်းတို့သည်၊
ဧဝံဓမ္မာဟိ - ဤသို့ပုံသေ မုချသေဆုံးရခြင်းသဘော ရှိချေကုန်သည်သာ။

မသေရန်ပ, ဝီရိယ, မုချမရှိပြီ၊
မအိုသေးခင်, ပျိုနုစဉ်, လျင်စွာသေနိုင်သည်၊
အရွယ်ယွင်းယို, အိုမင်းကာ, မှန်စွာသေနိုင်သည်၊
သတ္တတသင်း များခပင်း သေခြင်းမြဲလေသည်။

တနည်း သံဝေဂပွားများရန်

▬▬▬▬▬▬▬▬▬▬

၆။ ဖလာနမိဝ ပက္ကာနံ, ပါတော ပတနတော ဘယံ၊
ဧဝံ ဇာတာနမစ္စာနံ, နိစ္စံ မရဏတော ဘယံ။

ပါတော - နံနက်စောစောကာလခါသမယ၌၊
ပက္ကာနံဖလာနံ - မှည့်ရင့်ကုန်ပြီး သစ်သီးတို့ ၏၊
ပတနတော - အညှာမခိုင်သဖြင့် ကြွေကျခြင်းမှ၊
ဘယံ - စိုးရိမ်ပူပန် ဧကန်ကြောက်ဖွယ်သည်၊
ဇာယတေဣဝ - ဖြစ်သကဲ့သို့၊
ဧဝံ - ဤအတူ၊
ဇာတာနံမစ္စာနံ - ကမ္မဘဝအကြောင်းဆုံလစ် ဖြစ်လာကြုံလာ သတ္တဝါတို့အား၊
နိစ္စံ - အမြဲနိစ္စ ထာဝရ၊
မရဏတော - စုတိပြတ်ကြွေသေလွန်ခြင်းမှ၊
ဘယံ - ပူပန်ညှိုးမှိန် စိုးရိမ်ခြင်းသည်၊
ဝါ - ကြောက်ဖွယ်သည်၊
ဇာယတေ - ဖြစ်၏။

စည်ပင်ခိုင်ဖြီး, သစ်ပင်ကြီးမှ, သစ်သီးကြွေကျ,
ကြောက်ကုန်ကြသို့, သံသရဘုံ, ဆုံလာတုံလျှင်း,
သတ္တဝါခပင်းတို့, သေမင်းမည်လျှင်း, သေသေခြင်းမှ,
လွန်မင်းကြောက်ကြပါသတည်း။

တ တနည်း သံဝေဂပွားများရန်

▬▬▬▬▬▬▬▬▬▬

၇။ ယထာပိ ကုမ္ဘကာရဿ, ကတာ မတ္တိကဘာဇနာ၊
သဗ္ဗေ ဘေဒနပရိယန္တာ, ဧဝံ မစ္စာန ဇီဝိတံ။

ကုမ္ဘကာရဿ - အိုးကိုလုပ်လျက် အသက်ကျောင်းထိန်း အိုးထိန်းသည်သည်၊
ကတာ - ပြုလုပ်အပ် ဖုတ ်အပ်ကုန်သော၊
သဗ္ဗေ - အလုံးစုံကုန်သော၊
မတ္တိကဘာဇနာ - မြေအိုး မြေခွက်တို့သည်၊
ဘေဒနပရိယန္တာယထာပိ - တနေ့နေ့တွင် ကွဲပျက်ခြင်းလျှင် အဆုံးရှိကုန်သကဲ့သို့ သာလျှင်၊
ဧဝံတထာ - ထို့အထူ၊
မစ္စာနံ - ကြုံလာဖြစ်လာ သတ္တဝါတို့၏၊
ဇီဝိတံ - အသက်သည်၊
ဘေဒနပရိယန္တံ - မုချဧကန် အမှန်ပျက်စီး သေလွန်ခြင်းလျှင် အဆုံးရှိချေ၏။

ဖုတ်လုပ်ကုန်ပြီး, အိုးကြီးအိုးငယ်, သွယ်သွယ်ခပင်း,
ကွဲပျက်ခြင်းသို့, မယွင်းဧကန်, ရောက်ရမှန်သို့,
သံသရာတွင်, ကျင်လည်သမျှ, အနန္တသတ္တဝါ, မှန်စွာမုချ,
သေသေရ, သံဝေဂ, ရဖွယ်ကောင်းပါသတည်း။

တနည်း သံဝေဂပွားများရန်

▬▬▬▬▬▬▬▬▬▬

၈။ ဒဟရာစ မဟန္တာစ, ယေဗာလာ ယေစ ပဏ္ဍိတာ၊
သဗ္ဗေ မစ္စုဝသံ ယန္တိ၊ သဗ္ဗေ မစ္စုပရာယဏာ။

ယေဒဟရာစ - အကြင် အသက်အရွယ် နုနယ်သူတို့သည် လည်းကောင်း၊
ယေမဟန္တာစ - အကြင် ဇရာထန်သီး ကြီးရင့် အိုမင်းသူတို့သည် လည်းကောင်း၊
ယေဗာလာစ - အကြင် အသိပညာမလိုက် သူမိုက်တို့သည် လည်းကောင်း၊
ယေပဏ္ဍိတာစ - အကြင်ပညာရှိကဝိတို့သည်လည်းကောင်း၊
သန္တိ - ပညတ်အနေရှိနေကြပေကုန်၏၊
တေ - ထိုငယ်သူ, ကြီးသူ, မိုက်သူ, ပညာရှိသူတို့သည်၊
မစ္စုဝသံ - သေမင်းမည်ငြား သေခြင်းတရား ၏ အလိုနိုင်ငံသို့၊
ယန္တိ - မလိုက်ချင်ပဲ လွှဲမရပါ လိုက်ပါကြရကုန် ၏၊
သဗ္ဗေ - သတ္တဝါဥဿုံအလုံးစုံတို့သည်၊
မစ္စုပရာယနာ - သေမင်းလျှင် လဲလျောင်းရာရှိကြကုန်၏။

ကိုယ့်အောက်ငယ်သူ, များဗိုလ်လူ, သေသူများလှပြီ၊
ကိုယ့်ထက်ကြီးသူ, များဗိုလ်လူ, သေသူများလှပြီ၊
ပညာမဲ့သူ, များဗိုလ်လူ, သေသူများလှပြီ၊
ပညာရှိသူ, များဗိုလ်လူ, သေသူများလှပြီ၊
ဖြစ်သမျှဥဿုံ, အလုံးစုံ, အကုန်သေကြရပေသည်။

တနည်း သံဝေဂပွားများရန်

▬▬▬▬▬▬▬▬▬▬

၉။ တေသံ မစ္စုပရေတာနံ, ဂစ္ဆတံ ပရလောကတော၊
န ပိတာ တာယတေ ပုတ္တံ, ဉာတိ ဝါ ပန ဉာတကေ။

မစ္စုပရေတာနံ - သေမင်းမည်လျှင်း သေခြင်းတရားသည် နှိပ်စက်အပ်ကုန်သည်ဖြစ်၍၊
ပရလောကတော - တမလွန်လောက နောက်ဘဝသို့၊
ဂစ္ဆတံ - သွားကုန်သော၊
တေသံ - ထိုသတ္တဝါတို့အား၊
ပိတာ - အမိအဘသည်၊
ပုတ္တံ - သားသမီးကို၊
နတာယတေ - မစောင့်ရှောက်မကယ်ဆယ်နိုင်၊
ဉာတိဝါပန - ဆွေမျိုးသားချင်းသည်လည်း၊
ဉာတကေ - တပါးသော ဆွေမျိုးသားချင်းတို့ကို၊
နတာယတေ - မစောင့်ရှောက် မကယ်ဆယ်နိုင်ပါချေ။

ကြောက်ဖွယ်မအေး, သေဘေးတွေ့က,
ချစ်လှစွာငြား, သမီးသားကို, နှစ်ပါးမိဘ,
ထောက်ထားဆက်သွယ်, မကယ်နိုင်ခဲ့,
မဏ္ဍိုင်ဗဟို, မြင်းမိုရ်မက, ကြီးလှကျေးဇူး,
ဂုဏ်ထူးရှိသည့်, မိဘကိုလည်း,
ပုတ္တမည်ငြား, သမီးသားတို့,
ထောက်ထားဆက်သွယ်, မကယ်နိုင်ဘူး,
လက်မှိုင်ချကာ, နေရစွာရှင့်။

တနည်း သံဝေဂပွားများရန်

▬▬▬▬▬▬▬▬▬▬

၁၀။ ပေက္ခတညေဝ ဉာတီနံ, ပဿ လာလပ္ပတံ ပုထူ၊
ဧကမေကောဝ မစ္စာနံ, ဂေါဝဇ္ဈော ဝိယ နီယတိ။

ပုထူ - ပင်ပန်းကြီးစွာ၊
ဉာတီနံ - ထောင်သောင်းများစွာ ဆွေမျိုးဉာတကာတို့သည်၊
လာလပ္ပတံ - ငါ့သား, ငါ့သမီး, ငါ့ဇနီး, ငါ့မယား, ငါ့လင်သား စသည်ဖြင့် ပြောကြားယုယ ချစ်ခင်ကြကုန်သည်သာလျှင်၊
ပေက္ခတညေဝ - အရေးတယူ အလေးမူ၍ ကြည့်ရှုကြကုန်သည်သာလျှင်၊
ဧကမေကော - တယောက်စီ တယောက်စီချည်း ကိုသာလျှင်၊
ဂေါဝဇ္ဈောဝိယ - သတ်မည့်နွားကဲ့သို့၊
နီယတိ - ညှာတာကင်းလတ်သေမင်းယူဆောင် အပ်သည်ကို၊
ပဿ - သေချာစေ့ငှ ကြည့်ရှုစမ်းပါလော့။

နှလုံးသို့တင်, ရှုဆင်ခြင်လော့,
များဖြင်သောင်းသောင်း, မျိုးဆွေပေါင်းတို့,
နှစ်ထောင်းဝမ်းသာ, ငါ့ဟာ, ငါ့သား,
ငါကားစင်စစ်, ချစ်၍မငြီး, သမီးပေတည်း,
ထွေထွေထူးထူး, ပျော်မြူးချစ်ဖက်,
သက်နှံကြင်ရာ, ဇနီးပါတည်း,
ငါ့မှာစားဝတ်, မလွတ်ရအောင်,
ကြံဆောင်စီစဉ်, ချစ်လင်ပေတည်း,
မကွေနိစ္စ, ငါ့အားစောင်မ, မိဘပေတည်း, သီးသီးစစွာ,
ဆိုမြည်ကာပင်, အရှင်သေမင်း, ခေါ်ဆောင်လျှင်းခဲ့,
ကင်းမဲ့သနား, သတ်မည့်နွားသို့,
မမှားပုံသေ, ဆောင် ကြဉ်းလေသည်,
သံဝေဖြစ်ဖွယ် စင်စစ်တည်း။

ဒွါနဝုတိမပိုင်း

ဒုတိယသံဝေဂ ဆယ်ဂါထာ ပါဌ်နိဿယနှင့် သံဝေဂလင်္ကာ

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၁။ ဧဝမဗ္ဘာဟတော လောကော, မစ္စုနာစ ဇရာယစ၊
တသ္မာ ဓီရာ န သောစန္တိ, ဝိဒိတွာ လောကပရိယာယံ။

မစ္စုနာစ - သေမင်းခေါ်ငြား သေခြင်းတရားသည်လည်းကောင်း၊
ဇရာယစ - သွားကျိုး, ဆံဖြူ ငယ်မူယိုယွင်း အိုမင်းရင့်ရော် မှည့်ပျော်ခြင်းသည် လည်းကောင်း၊
လောကော - တလောကလုံးကို,
ဧဝံအဗ္ဘာဟတော - သို့ကလောက် ရက်ရက်စက်စက် မညှာမတာ နှိပ်စက်ချေမှုန်း အပ်လေပြီ၊
တသ္မာ - ထို့ကြောင့်၊
ဓီရာ - ဆောင်မှတ်ဆင်ခြင် ပညာရှင်တို့သည်၊
လောကပရိယာယံ - လောက၏ ဖောက်ပြန်ခြင်း သဘောကို၊
ဝိဒိတွာ - ပိုင်ပိုင်မိမိသိကြကုန်၍၊
နသောစန္တိ - မပူပန်မစိုးရိမ်ကြကုန်။

သေခြင်းတရား, လွန်ဆိုးရွား, များစွာနှိပ်စက်သည်၊
အိုခြင်းတရား, လွန်ဆိုးရွာ, များစွာနှိပ်စက်သည်။
ဖြစ်လျှင်မုချ, ဧကန္တ, မုချနှိပ်စက်ခံရမည်၊
မဖြစ်ရပဲ, အမြဲချမ်းသာ,အမတာပြည်ခွင်၊
ဝင်စံရန်, ဧကန်ကြိုးပမ်းသင့်လှပြီ။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၂။ အညေပိ ပဿ ဂမနေ, ယထာကမ္မုပဂေ နရေ၊
မစ္စုနော ဝသမာဂမ္မ, ဖန္ဒန္တေဝိဓ ပါဏိနော။

ယထာကမ္မုပဂေ - ကံတရား၏ စွမ်းအင်အလျောက် ကပ်ရောက်ကုန်လျက်၊
ဂမနေ - ဘဝတပါး ပြောင်းသွားကြကုန်သော၊
အညေပိနရေ - တပါးသော ပုဂ္ဂိုလ်တို့ကိုလည်း၊
ပဿ - နှလုံးသို့တင် ရှုဆင်ခြင်စမ်းပါလော့၊
ဣဓ - ဤလောက၌၊
မစ္စုနော - သေမင်းခေါ်ငြား သေခြင်းတရား ၏၊
ဝသံ - အလိုအကြိုက်သို့၊
အာဂမ္မ - မလိုက်ချင်ပဲ လွှဲမရပါ လိုက်ပါရ၍၊
ပါဏိနော - သတ္တဝါ တို့သည်၊
ဖန္ဒန္တေဝ - ကျီးလန့်စာစား ပုံအလားသို့ မခြားပုံသေ ကြောက်ရွံ့ တုန်လှုပ်ကြရ ကုန်သည်သာ။

ကိုယ်နှင့်ရွယ်တူ, ကိုယ့်အောက်လူ, ကြီးသူသေကြများလှပြီ၊
ခဏမစဲ, အိုစမြဲ, ကိုယ်လဲ သေဘက်နီးလှပြီ။
နေ့ညမခြား, သေသူများ, စဉ်းစားဆင်ခြင်သင့်လေပြီ၊
ငါလဲမခြား, ထိုသူများလို, ဧကန်ကို သေကို သေရမည်။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၃။ ယေန ယေနဟိ မညန္တိ, တတော တံ ဟောတိ အညထာ၊
ဧတာဒိသော ဝိနာဘာဝေါ, ပဿ လောကဿ ပရိယာယံ။

ယေနယေနဟိ - အကြင်အကြင် သက်ရှည် ကျန်းမာချမ်းသာသော အခြင်းအရာ အားဖြင့်သာလျှင် ၊
မညန္တိ - မဆင်မခြင်မှတ်ထင်ကြကုန်၏၊
တတော တဒါ - ထိုအခါ၌၊
တံ - ထို အသက်ရှည် ကျန်းမာချမ်းသာသော အခြင်းအရာအားဖြင့် မှတ်ထင် ခြင်းသည်၊
အညထာပိ - တပါးတခြား မကျန်းမမာ မချမ်းသာခြင်း ကွေကွင်း ကွဲကွာသော အခြင်းအရာအားဖြင့်သာလျှင်၊
ဟောတိ - မုချစင်စစ် ဖြစ်ရ၏၊
ဧတာဒိသော - ဤသို့သဘောရှိသော၊
ဝိနာဘာဝေါ - ကွေကွင်းရခြင်းသည်၊
ဟောတိ - ဖြစ်၏၊
လောကဿ - သတ္တလောက၏၊
ပရိယာယံ - အတည်မမြဲ ဖောက်လွဲဖောက်ပြန်ဖြစ်ခြင်းကို၊
ပဿ - သေချာစေ့ငု ရှုစမ်းပါလော့။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၄။ သကလံ မေဒနိံ ဘုတွာ, ဒတွာ ကောဋိသတံ သုဓီ၊
အဍ္ဎာမလကမတ္တဿ, အန္တေ ဣဿရတံ ဂတော။

၅။ တေနေဝ ဒေဟဗန္ဓေန, ပုညမှိ ခယမာဂတေ၊
မရဏာဘိမုခေါသောပိ, အသောကော သောကမာဂတော။

သုခီ - နတ်စည်းစိမ်ပမာ ချမ်းသာသုခနှင့် ပြည့်စုံသော၊
အသောကော - စိုးရိမ်သောက ကင်းစင်ပသဖြင့် အသောက ဟူသည့်အမည်ရှိသော မင်းဧကရာဇ်သည်၊
သကလံမေဒနိံ - ဇမ္ဗူကျွန်းခွင် မြေပြင်အလုံးကို၊
ဘုတွာ - အခွန်အတုပ် ကောက်ယူသုံးဆောင် ခံစားတော်မူ၍၊
ကောဋိသတံ - ကုဋတရာ ဥစ္စာအစုကို၊
ဒတွာ - သဒ္ဓါကြည်ဖြူပေးလှူပြီး၍၊
အန္တေ - စုတိပြတ်ကြွေ သေလွန်နီးကျရာ အဆုံးကာလ၌၊
အဍ္ဎာမလကမတ္တဿ - သမားတော်ပေး ဆီးဖြူသီး (သျှိသျှား သီး) ဆေးတခြမ်းမျှ ကိုသာလျှင်၊
ဣဿရံ - အစိုးရပိုင်သည်၏အဖြစ်သို့၊
ဂတော - ရောက်ရရှာလေ၏။

အသောကော - အသောကအမည်ဘွဲ့ထူးချီသော၊
သောပိ - ထိုမင်းဧကရာဇ်သော်မှလည်း၊
တေနေဝဒေဟဗန္ဓေန - ထိုကိုယ်ကာယ ဘဝဖြင့်ပင်လျှင်၊
ပုညမှိ - ကောင်းမှုကုသိုလ်သည်၊
ခယံ - ကုန်ခြင်းသို့၊
အာဂတေ - ရောက်သည်ရှိသော်၊
မရဏာဘိမုခေါ - စုတိပြတ်ကြွေ သေလွန်ခြင်းသို့ ရှေးရှုသည်ဖြစ်၍၊
သောကံ - စိုးရိမ်ပူဆွေးခြင်းသို့၊
ဂတော - ရောက်ရရှာလေ၏။

တန်ခိုးအာဏာ, လွန်စွာကြီးလှ,
အသောက, သောကရောက်ရသည်၊
တန်ခိုးကြီးလဲ, လွှဲမရ, မုချသေရသည်၊
အာဏာကြီးလဲ, လွှဲမရ, မုချသေရသည်၊
စည်းစိမ်ကြီးလဲ, လွှဲမရ, မုချသေရသည်၊
ဓမ္မာသောက, နောက်ဆုံးကျ, ပိုင်ရဆီးဖြူခြမ်းမျှတည်း။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၆။ ယထာပိ သေလာ ဝိပုလာ, နဘံ အာဟစ္စ ပဗ္ဗတာ၊
သမန္တာ အနုပရိယေယျံ, နိပ္ပောထေန္တာ စတုဒ္ဒိသာ။

၇။ ဧဝံဇရာ စ မစ္စုစ, အဓိဝတ္တန္တိ ပါဏိနေ၊
ခတ္တိယေ ဗြာဟ္မဏေ ဝဿေ, သုဒ္ဓေ စဏ္ဍာလပုက္ကုသေ။

၈။ န ကဉ္စိ ပရိဝဇ္ဇေတိ, သဗ္ဗမေဝါဘိမဒ္ဒတိ၊
န တတ္ထ ဟတ္ထီနံ ဘူမိ, န ရသာနံ န ပတ္တိယာ၊
နစာပိ မန္တယုဒ္ဓေန, သက္ကာဇေတုံ ဓနေန ဝါ။

နဘံအာဟစ္စ - မိုးထိပေါက်မြောက် ဆိုက်ရောက်အောင်၊
ဝိပုလာ - ကြီးမားကုန်သော၊
သေလာ - ကျောက် အတိပြီးကုန်သော၊
ပဗ္ဗတာ - ဝေးမြင့်သီခေါင် တောင်လေးလုံးတို့သည်၊
သမန္တာ စတုဒ္ဒိသ ာ - ထက်ဝန်းကျင် အရပ်လေးမျက်နှာမှ၊
နိပ္ပောထေန္တာ - သတ္တဝါတို့ကို မုန့်မုန့်ညက်ညက် ကြိတ်ချေကုန်လျက်၊
အနုပရိယေယျံယထာပိ - လှည့်လည်သွားလာကုန်ရာ သကဲ့သို့လဲပဲ၊
ဧဝံ - ဤအတူ၊
ဇရာစ - သွာကျိုး, ဆံဖြူ ငယ်မူ ယိုယွင်း အိုမင်းရင့်ရော် မှည့်ပျော်ခြင်းဇရာသည် လည်းကောင်း၊
မစ္စုစ - သေမင်းခေါ်ငြား သေခြင်းတရားသည် လည်းကောင်း၊
ခတ္တိယေ - ရေမြေပိုင်စိုး မင်းမျိုးတို့ကိုလည်းကောင်း၊
ဗြာဟ္မဏေ - ဗြာဟ္မဏဇာတ်ရှိသူတို့ကို လည်းကောင်း၊
ဝါ - ပုဏ္ဏားမျိုးတို့ကိုလည်းကောင်း၊
ဝေဿေစ - သူကြွယ်တို့ကိုလည်းကောင်း၊
သုဒ္ဓေ - သူဆင်းရဲမျိုး တို့ကိုလည်းကောင်း၊
စဏ္ဍာလ ပုက္ကုသေ - ဒွန်းစဏ္ဍား ပန် းမှိုက်သွန်မျိုးတို့ကိုလည်းကောင်း၊
ပါဏိနေ - ဖော်ပြထုတ်ဆို ပုဂ္ဂိုလ်သတ္တဝါတို့မှကြွင်းသော လောကမှီတင်း သတ္တဝါ ခပင်းတို့ကို လည်းကောင်း၊
အဓိဝတ္တန္တိ - လွှမ်းမိုးကြိတ်ဖျက် နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်ကုန်၏။

ကဉ္စိ - တစုံတယောက်သောသူကိုမျှ၊
နပရိဝဇ္ဇေတိ - မရှောင်ကြဉ်၊
သဗ္ဗမေဝ - တယောက်မကြွင်း ခပင်းဥဿုံ အလုံးစုံသော သတ္တဝါကိုသာလျှင်၊
အဘိမဒ္ဒတိ - ကြိတ်ချေနှိပ်စက် ဖျက်ဆီးညှဉ်းဆဲ၏၊
တတ္ထ - ထိုသေခြင်းတရား နှိပ်စက်ဖျက်ဆီးရာ၌၊
ဟတ္တီနံ - ဆင်တို့၏၊
ဝါ - ဆင်တပ်တို့၏၊
ဝါ - ဆင်းစီးသူရဲတို့၏၊
ဘူမိ - အောင်နိုင်ရာသည်၊
ဝါ - အောင်ရာမှန်ပေသည့်အောင်မြေသည်၊
နအတ္ထိ - မရှိပါချေ၊
ရထာနံ - ရထားတို့၏၊
ဝါ - ရထားတပ်တို့၏၊
ဝါ - ရထားစီး သူရဲတို့၏၊
ဘူမိ - အောင်နိုင်ရာသည်၊
ဝါ - အောင်ရာမှန်ပေသည့် အောင်မြေသည်၊
နအတ္ထိ - မရှိပါချေ၊
ပတ္တိယာ - ခြေသည်သူရဲ တပ်သားများသည်၊
ဘူမိ - အောင်နိုင်ရာသည်၊
ဝါ - အောင်ရာမှန်ပေသည့် အောင်မြေသည်၊
နအတ္ထိ - မရှိပါချေ၊
မန္တယုဒ္ဓေနစာပိ - အာထဗ္ဗဏဗေဒင် စီရင် ဆောင်ရွက်ချက်ဖြင့်လည်း၊
ဇေတုံ - အောင်နိုင်ခြင်းငှာ၊
နသက္ကာ - မတတ်ကောင်းချေ၊
ဝါ - မစွမ်းနိုင်ပါချေ၊
ဓနေနဝါ - ပစ္စည်းဥစ္စာပေး၍သော်လည်း၊
ဇေတုံ - အောင်နိုင်ခြင်းငှာ၊
နသက္ကာ - မတတ်ကောင်းပါချေ၊
ဝါ - မစွမ်းနိုင်ပါချေ။

မြင့်စောက် ကြီးမား, ကျောက်တောင်များတို့,
အများသတ္တေ, ကြိတ်ချေသောလား,
မခြားတူစွာ, ဇရာဓမ္မ, မရဏကား,
များလှတွက်ရေ, ဗိုလ်ခြေတသင်း, သတ္တဝါခပင်းကို,
သတ်ညှဉ်းကြိတ်ဖျက်, သူနှိပ်စက်၏,
မိုက်တွင်းနက်လှ, ယင်းဓမ္မတို့,
ခတ္တိယနှင့်, ဗြာဟ္မဏစသား, တပါးပါးမျှ,
သုခချမ်းသာ, မရရာဘူး, လွန်စွာထက်လှ,
အာထဗ္ဗဏဗေဒင်, စီအရင်ဖြင့်,
စင်စစ်မုချ, နိုင်မရဘူး,
ဓမ္မနှစ်ဖြာ, ဇရာမရဏ, ယုတ်မာလှ၏,
ယုဒ္ဓခေါ်လစ်, စင်ပြိုင်၍လည်း,
ဘယ်နည်းနှင့်မျှ, နှိုင်းမရရှင့်,
ဓနဥစ္စာ, ပေးလေပါလည်း,
မှန်စွာပိုင်ပိုင်, မနိုင်လေဘူး,
လေးထွေသစ္စာ, သိမြင်ကာဖြင့်,
အမတာပြည်ခွင်, ဝင်စံလေမှ,
အနိုင်ရမည်, မုချ မှတ်ဖွယ် ကဗျာတည်း။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၉။ မဟာယသာ ရာဇဝရာ, မဟာသမ္မတအာဒယော၊
တေပိ မစ္စုဝသံ ပတ္တာ, မာဒိသေသု ကထာဝ ကာ။

မဟာယသာ - များသောအခြံအရံ စည်းစိမ် အကျော်အစောရှိကြကုန်သော၊
ရာဇဝရာ - ရာဇဓမ်ဆယ်ဝ နိစ္စကျင့်တတ် မင်းမြတ်မင်းကောင်း ဖြစ်ကြကုန်သော၊
မဟာသမ္မတအာဒယော - မဟာသမ္မတမင်းအစရှိကုန်သော၊
တေပိ - တန်ခိုးအာဏာ တေဇာကြီးလျှင် ထိုမင်းတို့သည်လည်း၊
မစ္စုဝသံ - သေမင်း၏ အလိုနိုင်ငံသို့၊
ပတ္တာ - လွှဲမရပါ လိုက်ပါကြရလေကုန်၏၊
မာဒိသေသု - မဟာသမ္မ ရာဇသနင်း မင်းတို့ပုံနှယ် ဂုဏ်မကြွယ်သည့် ငါ့နှယ် ပုဂ္ဂိုလ်တို့၌၊
ကာ ကထာဝ - သေရမည်မှာ အဘယ်ဆိုဖွယ်ရာရှိပါအံ့နည်း။

မဟာသမ္မ, စသည်များပြား, တရားမင်းတို့,
မယွင်းမုချ, သေလေကြ၏,
လောကဖြစ်လာ,သတ္တဝါမှန်သမျှ, ငါကစ၍,
မုချသေရမည်သာတည်း။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၁၀။ ဇောတိကော ဇဋိလော ဥဂ္ဂေါ, မေဏ္ဍကော အထပုဏ္ဏကော၊
ဧတေစညေစ ယေ လောကေ, မဟာပုညာတိ ဝိဿုတာ။
သဗ္ဗေ, မရဏမာပန္နာ, မာဒိသေသု ကထာဝ ကာ။

ဇောတိကော - ဥစ္စာစည်းစိမ် ဂုဏ်သိန်ပြည့်ဝ ဇောတိကသဌေးကြီးလည်းကောင်း၊
ဇဋိလော - ဥစ္စာစည်းစိမ် ဂုဏ်သိန်များလှ ဇဋိလသဌေးကြီးလည်းကောင်း၊
အထ - ထိုမှတပါး၊
ပုဏ္ဏကော - ဥစ္စာစည်းစိမ် ဂုဏ်သိန်များလှ ပုဏ္ဏကသဌေးလည်းကောင်း၊
ဣတိ - ဤသို့၊ ဧတေစ - ဖော်ပြထုတ်ဆို ဤပုဂ္ဂိုလ်တို့သည်လည်းကောင်း၊
အညေ - တပါးတခြားကုန်သော၊
လောကေ - လောကကြီးအတွင်း၌၊
မဟာပုညာတိ - ဘုန်းကံကြီးမားသူတို့ဟူ၍၊
ဝိဿုတာ - ကျော်စောထင်ရှားကြကုန်သော၊
ယေစ - အကြင်ပုဂ္ဂိုလ်တို့သည်လည်းကောင်း၊
သန္တိ - ရှိကြပေကုန်၏၊
သဗ္ဗေ - အလုံးစုံကုန်သော၊
- ဘုန်းကံကြီးမား ထိုပုဂ္ဂိုလ်များတို့သည်၊
မရဏံ - စုတိပြတ်ကြွေ သေလွန်ခြင်းသို့၊
အာပန္နာ - လှည်းလွှဲမရ ရောက်ကြရကုန်တုံသေး၏၊
မာဒိသေသု - ဘုန်းကံမကြွယ် ငါ့နှယ်ပုဂ္ဂိုလ်တို့၌၊
ကာ ကထာဝ - အဘယ်မှာလျှင် ဆိုဖွယ်ရှိပါအံ့နည်း။

စည်းစိမ်ကြီးလှ, ဇောတိက, မုချသေရသည်၊
စည်းစိမ်ကြီးလှ, ဇဋိလ, မုချသေရသည်၊
စည်းစိမ်းကြီးကျယ်, သူကြွယ်ဥဂ္ဂ, သေလွန်ရ, မုချမှန်လေသည်၊
စည်းစိမ်ကြီးလှ, မေဏ္ဍက, မုချသေရသည်၊
စည်းစိမ်ကြီးလှ, ပုဏ္ဏက, မုချသေရသည်၊
စည်းစိမ်မကြွယ်, ငါတို့ဝယ်, အဘယ်ဆိုဖွယ်ရှိအံ့နည်း။

တိနဝုတိမပိုင်း

တတိယသံဝေဂ ဆယ်ဂါထာ ပါဌ်နိဿယနှင့် သံဝေဂလင်္ကာ

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၁။ ဝါသုဒေဝေါ ဗလဒေဝေါ, ဘီမသေနော ယုဓိဋ္ဌိကော၊
စာနုရောဓော မဟာမလ္လေ, အန္တကဿ ဝသံဂတော။

၂။ ဧဝံ ထာမဗလူပေတာ, ဣတိလောကမှိ ဝိဿုတာ၊
ဧတေပိ မရဏံ ယာတာ, မာဒိသေသု ကထာဝ ကာ။

ဝါသုဒေဝေါ - အားခွန်ဗလ လွန်ကြီးလှသည့် နောင်တော်ဝါသုဒေဝ မင်းသည် လည်းကောင်း၊
ဗလဒေဝေါ - အားခွန်ဗလ လွန်ကြီးလှသည့် ညီတော် ဗလဒေဝမင်းသည် လည်းကောင်း၊
ဘီမသေနော - အားခွန်ဗလ လွန်ကြီးလှသည့် ဘီမသေနမင်းသည် လည်းကောင်း၊
ယုဓိဋ္ဌိကော - အားခွန်ဗလ လွန်ကြီးလှသည့် ယုဓိဋ္ဌလမင်းသည် လည်းကောင်း၊
စာနုရောဓော - စာနုရောဓအမည်ရှိသော၊
မဟာမလ္လေ - လက်ပန်းသည်ကြီးသည် လည်းကောင်း၊
အန္တကဿ - သေမင်း၏၊
ဝါ - သေမင်းခေါ်ငြား သေခြင်းတရား၏၊
ဝသံ - အလိုနိုင်ငံသို့၊
ဂတာ - လိုက်ပါကြရကုန်၏။

ဧဝံထာမဗလူပေတာ - သို့စဉ်ထူးလှ ဝီရိယအားခွန်ဗလနှင့် ပြည့်စုံသူတို့ဟူ၍၊
လောကမှိ - လောကအတွင်း၌၊
ဝိဿုတာ - ကျော်စောထင်ရှားကုန်သော၊
ဧတေပိ - ဖော်ပြထုတ်ဆို ဝါသုဒေဝစသော ပုဂ္ဂိုလ်တို့သော်မှလည်း၊
မရဏံ - စုတိပြတ်ကြွေသေလွန်ခြင်းသို့၊
ယာတာ - ရောက်ကြရကုန်သေး၏၊
မာဒိသေသု - ထိုသူတို့အလား အားခွန် မပြည့်ကြွယ် ငါ့နှယ်ပုဂ္ဂိုလ်တို့၌၊
ကထာ - သေရမည် မသေရမည် ကြံစည်ပြောဆိုဖွယ်သည်၊
ကာဝ ကာဧဝ - အဘယ်မှာလျှင်ရှိပါအံ့နည်း။

ခွန်အားကြီးသူ, များဗိုလ်လူ, သေသူများလှပြီ၊
ဝါသုဒေဝ, စသည်များလှ, ဗလအားအင်,
လွန်လျှင်ကြီးသူ, ဗိုလ်လူတို့လည်း,
ခေါ်ယူသေမင်း, ငြင်းဆန်မရ, လိုက်ကုန်ကြ၏,
ဗလမကြွယ်, ငါတို့ဝယ်, အဘယ်ဆိုဖွယ်ရှိအံ့နည်း။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၃။ ပါဒင်္ဂုဋ္ဌကမတ္တေန, ဝေဇယန္တမကမ္ပယိ၊
ယောနာမိဒ္ဓိမတံ သေဋ္ဌော, ဒုတိယော အဂ္ဂသာဝကော။

၄။ သောပိ မစ္စုမုခံ ဃောရံ, မိဂေါ သီဟမုခံ ဝိယ၊
ပဝိဋ္ဌော သဟ ဣဒ္ဓိဟိ, မာဒိသေသု ကထာဝ ကာ။

ဣဒ္ဓိမတံ - မိုးပျံမြေလျှိုး တန်ခိုးအဘိညာဉ် ကြီးမားသော ပုဂ္ဂိုလ်တို့တွင်၊
သေဋ္ဌော - ထူးခြားတုံလတ် ချီးမွမ်းအပ်မြတ်တော်မူသော၊
ဒုတိယော - အရှင်သာရိပုတ္တရာကိုထောက်၍ နှစ်ယောက်မြောက်ရာထူးခံ လက်ဝဲရံ ဖြစ်တော်မူသော၊
ယောအဂ္ဂသာဝကော - အကြင်အရှင်မဟာမောဂ္ဂလ္လာန် ဂုဏ်လျှံကဲလတ် တပည့်မြတ်သည်၊
ပါဒင်္ဂုဋ္ဌကမတ္တေန - ခြေမတော်မျှဖြင့်၊
ဝေဇယန္တံ - သိကြားမင်းပျော်စံ ဝေဇယန္တာနန်း ဗိမာန်ဘုံဆောင်ကြီးကို၊
အကမ္ပယိ - သွက်သွက်ခါ တုန်လှုပ်စေခဲ့လေပြီ၊
သောပိနာမ - ထိုသို့ထူးအင် တန်ခိုးပိုင်ရှင် အရှင်မောဂ္ဂလာန် အမည်ရှိသော ထေရ်မဟာ ပုဂ္ဂိုလ်မြတ်ကြီးသည်သော်မှလည်း၊
မိဂေါ - သားကောင်သည် (သားသမင်သည်)၊
သီဟမုခံ - ခြင်္သေ့ခံတွင်းသို့ (ခြင်္သေ့မင်းပါးစပ်တွင်းသို့)၊
ပဝိသတိယထာ - ဝင်ရောက်ရရှာသကဲ့သို့၊
ဣဒ္ဓိဟိ - တန်ခိုးတော်တို့နှင့်၊
သဟ - အတူတကွ၊
ဃောရံ - အလွန်အမင်း ထန်ပြင်းကြမ်းကြုတ်လှစွာသော၊
မစ္စုမုခံ - ယုတ်မာစင်းစင်း သေမင်း၏ခံတွင်းသို့၊
ပဝိဋ္ဌော - ဝင်တော်မူရချေသေး၏၊
မာဒိသေသု - တန်ခိုးဣဒ္ဓိ မရှိပါငြား ငါ့နှယ်ပုဂ္ဂိုလ်များတို့၌၊
ကထာ - သေရမည် မသေရမည် ကြံတွေးတော ပြောဆိုဖွယ်သည်၊
ကာဝကာဧဝ - အဘယ်မှာလျှင်ရှိပါအံ့နည်း။

သိကြားပျော်စံ, ဝေဇယန်ကို,
ဖန်ဖန်ယိမ်းခုန်, သိမ့်သိမ့်တုန်အောင်,
လှုပ်ဆောင်နိုင်ငြား, စွမ်းရည်ကြွားသည့်,
မြတ်ဖျားသားတော်, အရှင်မောဂ္ဂလ္လာန်သော်မှ,
မရဏမင်း, သူ့လက်တွင်းသို့,
သက်ဆင်းသောထွေ, ရောက်ရချေ၏၊
ဖြစ်လေသမျှ, အနိစ္စသည်, ဪ ...
သံဝေဂရဖွယ်ပါတကား။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၅။ လောကနာထံ ဌပေတွာန, ယေစညေ အတ္ထိပါဏိနော၊
ပညာယ သာရိပုတ္တဿ, ကလံ နာဂ္ဃန္တိ သောဠသိံ။

၆။ ဧဝံနာမ မဟာပညော, ပဌမော အဂ္ဂသာဝကော၊
မရဏဿ ဝသံ ပတ္တော, မာဒိသေသု ကထာဝကာ။

လောကနာထံ - လူသုံးပါးတို့၏ အားထားကိုးကွယ်ရာအစစ် ဓမ္မရာဇ်မှန်ကူ သယမ္ဘူထွတ်ထား သဗ္ဗညုမြတ်စွာဘုရားရှင်ကို၊
ဌပေတွာန - ချန်ထား၍၊
အညေ - ဘုရားမြတ်စွာမှတပါးကုန်သော၊
ယေစပါဏိနော - အကြင် သတ္တဝါတို့သည်လည်း၊
သန္တိ - ရှိကြပေကုန်၏၊
တေသံပါဏိနံ - ထိုဘုရားရှင်ကြဉ်ထား သတ္တဝါအားလုံးတို့သည်၊
ပညာ - ရှိရှိသမျှပညာသည်၊
သာရိပုတ္တဿ - သာရိပုတ္တရာ ကြေငြာထင်ပေါ် မထေရ်ကျော်၏၊
ဝါ - ဘုရားကို ကြဉ် ပညာခေါင်ထိ တုမရှိသော အရှင်သာရိပုတ္တရာမဟာထေရ်၏၊
ပညာယ - ပညာ၏၊
သောဠသိံ ကလံ - တဆယ့်ခြောက်စိတ်တစိတ်ကို၊
ဝါ - နှစ်ရာ့ငါးဆယ့်ခြောက်စိတ် တစိတ်ကို၊
နာဂ္ဃန္တိ - မမီနိုင်ကုန်။

ဧဝံနာမ မဟာပညော - သို့ကလောက်ပင်အလွန်လျှင်ပညာကြီးတော်မူသော၊
ပဌမော - ရှေးဦးမဆွ ပထမလက်မွန် ရာထူးခံ၍ လက်ျာရံဖြစ်တောမူသော၊
အဂ္ဂသာဝကော - အရှင်သာရိပုတ္တရာ ကြေငြာထင်ပေါ် အဂ္ဂသာဝကမထေရ်မြတ်ကြီး သော်မှလည်း၊
မရဏဿ - ယုတ်မာစင်းစင်းသေမင်း၏၊
ဝသံ - အလိုနိုင်ငံသို့၊
ပတ္တော - မသွေမဖောက် ရောက်တော်မူရချေသေး၏၊
မာဒိသေသု - ပညာမကြွယ် ငါ့နှယ်ပုဂ္ဂိုလ်တို့၌၊
ကထာ - သေရလိမ့်မည် မသေရမည် ကြံစည်တွေးတော ပြောဆိုဖွယ်သည်၊
ကာဝ - ကာဧဝ - အဘယ်မှာရှိပါအံ့နည်း၊
နတ္ထိဧဝ - မရှိပါချေသည်သာ။

ဘုရားကိုကြဉ်, မည်တော်တွင်, အရှင်သာရိပုတ္တရာ၊
သိဖွယ်များဖြင့်, အလွန်လျှင်, ပညာကြီးလှစွာ၊
ပညာကြီးလဲ, အမှန်ပဲ, ရှောင်လွှဲမရပါ၊
သေမင်းခံတွင်း, သူသက်ဆင်း, ခပင်းများသတ္တာ၊
သေချိန်ကျက, တနေ့ကျ, မုချသေရမှာ။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၇။ တံ တံ နိမိတ္တမာဂမ္မ, ဝီမံသန္တာ မဟေသယော၊
သယမ္ဘူဉာဏတေဇေန, ယေ ပတ္တာ အာသဝက္ခယံ။

၈။ ဧကစရိယနိဝါသေန, ခဂ္ဂသိင်္ဂသမူပမာ၊
တေပိ နာတိဂတာ မစ္စုံ, မာဒိသေသု ကထာဝ ကာ။

တံတံနိမိတ္တံ - ထိုထိုအကြောင်းအရိပ်အမှတ် နိမိတ်ကို၊
အာဂမ္မ - အကြောင်းပြု၍၊
ဝီမံသန္တာ - စုံစမ်းရှာဖွေ ကြကုန်လျက်၊
မဟေသိနော - မြတ်သော သီလက္ခန္ဓစသည် ကျေးဇူးဂုဏ်အထူးကို ရွှင်မြူးဝမ်းသာ ရှာမှီးတော်မူကြကုန်သော၊
သယမ္ဘူဉာဏတေဇေန - ပရတောဃောသနှင့်ကင်း၍ အလိုလိုဖြစ်သော အရဟတ္တမဂ်ဉာဏ်တော် စွမ်းပကားအာနုဘော်ဖြင့်၊
အာသဝက္ခယံ - အာသဝေါတရားတို့၏ ကုန်ခြင်းသို့၊
ပတ္တာ - မသွေမဖောက် ရောက်တော် မူကြကုန်သော၊
ဧကစရိယနိဝါသေန - အဖော်မမှီး တယောက်ထီးတည်း နေခြင်းဖြင့်၊
ခဂ္ဂသိင်္ဂသမူပမာ - ကြံ့ချိုတမူ အလားတူဥပမာ ရှိကြကုန်သော၊
ယေ - အကြင် ပစ္စေကဗုဒ္ဓါဘုရားရှင်တို့သည်၊
သန္တိ - ရှိတော်မူကြကုန်၏၊
တေပိ - ထို ပစ္စေက ဗုဒ္ဓါဘုရားရှင်တို့သည်၊
မစ္စုံ - သေမင်းခေါ်ငြား သေခြင်းတရားကို၊
နာတိဂတာ - မုချဧကန် မတော်လှန် မပုန်ကန်နိုင်ပါချေ၊
မာဒိသေသု - ပစ္စေကဗုဒ္ဓါ မြတ်စွာတို့နှယ် ဂုဏ်မကြွယ်သည့် ငါ့နှယ်ပုဂ္ဂိုလ်တို့၌၊
ကထာ - သေရမည် မသေရမည် ကြံစည်ပြောဆိုဖွယ်သည်၊
ကာဝ ကာဧဝ - အဘယ်မှာလျှင် ရှိပါအံ့နည်း၊
နတ္ထိ ဧဝ - တစိုးတစိ မရှိပါချေသည်သာ။

ရှေ့သွားနောက်လိုက်, သိုက်မြိုက်မပါ, ပမာကြံ့ချို,
ထိုထိုပစ္စေက, ဗုဒ္ဓသခင်, ရှင်တော်တို့လည်း,
ရှစ်ဖော်မဂ္ဂင်, ဖောင်တော်ယာဉ်ဖြင့်,
ပြည်ခွင်အမတ, ဝင်စံကြွကာ,
မရဏမင်း, သူ့လက်တွင်းသို့,
သက်ဆင်းပါရ, လိုက်ကုန်ကြ၏,
ငါ့နှယ်သတ္တဝါ, ပုဂ္ဂိုလ်မှာကား,
မှန်စွာမုချ, သေရမည်မှာ မလွဲပါတကား။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၉။ ဧဝံ မဟာနုဘာဝဿ, ယံ နာမတံ မဟေသိနော၊
န ဘယေန န လဇ္ဇာယ, မရဏံ ဝသမာဂတံ။

၁၀။ နိလ္လဇ္ဇံ ဝီတသာရဇ္ဇံ, သဗ္ဗသတ္တာဘိမဒ္ဒနံ၊
တယိဒံ မာဒိသံ သတ္တံ, ကထံ နာဘိ ဘဝိဿတိ။

ဧဝံ မဟာနုဘာဝဿနာမ - သို့စဉ်ရှုမော အံ့ဩဖွယ်ရာ ရောင်ခြည်တော် ခြောက်ဖြာနှင့် လက္ခဏာတော် ကြီးငယ် ကေတုမာလာ ရောင်လျှံတော်တို့ဖြင့် တင့်တယ်သော ရွှေတောင်နှုန်းလျော် ကိုယ်တော်နှင့် ပြည့်စုံခြင်း, သီလ, သမာဓိ, ပညာဂုဏ်တော်တို့နှင့် ပြည့်စုံခြင်းတို့ဖြင့် ကြီးကျယ်သော အာနုဘော်ရှိတော်မူသော၊
မဟေသိနော - မြတ်သော သီလက္ခန္ဓ စသည့်ကျေးဇူး ဂုဏ်အထူးကို ရွှင်မြူးဝမ်းသာ ရှာမှီးတော်မူတတ်သော မြတ်စွာဘုရား၏၊
ဝသံ - အမိန့်အာဏာတော်သို့၊
ယံဧတံ မရဏံ - အကြင်စုတိပြတ်ကြွေ သေလွန်ခြင်းသဘောသည်၊
ဘယေန - ကြောက်သဖြင့်၊
န အာဂတံ - မလာမလိုက်၊
ဝါ - မလိုက်နာ၊
လဇ္ဇာယ - ရှက်သဖြင့်၊
န အာဂတံ - မလာမလိုက်၊
ဝါ - မလိုက်နာ။
နိလ္လဇ္ဇံ - အရှက်မဲ့သော၊
ဝီတသာရဇ္ဇံ - ရွံရှာခြင်းကင်း ရဲတင်းသော၊
တယိဒံမရဏံ - ထိုစုတိပြတ်ကြွေ သေလွန်ခြင်း သဘောသည်၊
မာဒိသံ သတ္တံ - ငါ့နှယ်သတ္တဝါကို၊
ကထံ နာဘိဘဝိဿတိ - အဘယ်ကြောင့် မလွှမ်းမိုးမနှိပ်စက်ပဲရှိပါအံ့နည်း၊
အဘိဘဝိဿတိဧဝ - လွှမ်းမိုးနှိပ်စက်လိမ့်မည်သာတည်း။

ရောင်တော်ခြောက်ဖြာ, လက္ခဏာကြီးငယ်,
လွန်တင့်တယ်သား, များပြားထူးလည်,
သီလသမာ, ပညာဂုဏ်တင့်,
ရှင်ပင့်မြတ်စွာ, မိန့်အာဏာကို,
လွန်စွာရဲတင်း, ရှင်သေမင်းကား,
လျှင်းပင်မရှက်, ရက်စက်ရုန့်ကြမ်း,
လွန်ဆိုးသွမ်း၏, အရမ်းပြုကာ,
ငါ့အားဘယ်မှာ ချမ်းသာပေးအံ့နည်း။

စတုနဝုတိမပိုင်း

စတုတ္ထသံဝေဂ ဆယ်ဂါထာ ပါဌိနိဿယနှင့် သံဝေဂလင်္ကာ

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၁။ ဘာရာ ဟဝေ ပဉ္စက္ခန္ဓာ, ဘာရာဟာရောစ ပုဂ္ဂလော၊
ဘာရာ ဒါနံ ဒုခံ လောကေ, ဘာရနိက္ခေပနံ သုခံ။

ပဉ္စက္ခန္ဓာ - ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည်၊
ဟဝေ ဘာရာ - စင်စစ်ဧကန် လေးလံလှစွာ ဝန်ထုပ်ဝန်ပိုးကြီးတို့ပါတည်း၊
ဘာရာဟာရောစ - ဝန်ထုပ်ဝန်ပိုးကို ထမ်းဆောင်သောသူသည်လည်း၊
ပုဂ္ဂလော - ခန္ဓာငါးပါးရှိသော ပုဂ္ဂိုလ်ပါတည်း၊
လောကေ - လောက၌၊
ဘာရာဒါနံ - နှစ်သက်သာယာ တဏှာဖြစ်လျက် အသစ်ခန္ဓာဝန်ကို ယူရခြင်းသည်၊
ဒုခံ - အလွန်အမင်း ဆင်းရဲလှချေ၏၊
ဘာရနိက္ခေပနံ - ဝိပဿနာဉာဏ်, မဂ်ဉာဏ်တို့ဖြင့် တဏှာကိုပယ်အပ်သောအားဖြင့် ခန္ဓာဝန်ကို ပစ်ချလိုက်ခြင်းသည်၊
သုခံ - ကြည်သာအေးမြ ဘေးမခပဲ ချမ်းသာလှပါပေ၏။

ဝန်ထုပ်ဆိုတာ, ငါးခန္ဓာ, လွန်စွာလေးလှပါသတည်း၊
ဝန်ထမ်းခေါ်လတ်, ပုဂ္ဂိုလ်မှတ်, ပညတ်သာဖြစ်သည်၊
ဝန်ကိုယူက, ဆင်းရဲစွ, ပစ်ချချမ်းသာပါသတည်း။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၂။ အသီတိကိမိကုလာနံ, ရောဂါနန္တရဗာဟိယံ၊
သာဓာရဏော ဝသာ တေသံ, ကာယော မစ္စုံ နိဂစ္ဆတိ။

၃။ ယထာပိ သာရာဒယော လက္ခေ, ကာယေပိ သဗ္ဗုပဒ္ဒဝါ၊
သွာယ့ တေသမ္ပိ ပါတေန, ကာယော မစ္စုံ နိဂစ္ဆတိ။

ကာယော - ခန္ဓကိုယ်ရုပ် အကောင်ပုပ်သည်၊
အသီတိကိမိကုလာနံ - ရေသားကျောရိုး ရိုးတွင်းခြင်ဆီ မှီနေစားသောက် သေပျောက် မွေးဖွား နာဖျားကြီးငယ် လျင်စွန့်ပယ်သည့် ရှစ်ဆယ်ခေါ်ရိုး ပိုးမျိုးအပေါင်း တို့နှင့်လည်း၊
သာဓာရဏော - ပိုင်ဆိုင်ဆက်ဆံချေ၏၊
တေသံ - ထိုပိုးမျိုးရှစ်ဆယ်တို့၏၊
ဝသာ - အစွမ်းကြောင့်၊
ကာယော - နာမ် ဝိညာဉ်မှီ ခန္ဓာကိုယ်ရုပ်သည်၊
မစ္စုံ - သေဆုံးပျက်စီးခြင်းသို့၊
နိဂစ္ဆတိ - ဧကန်မဖောက် ရောက်ရချေ၏၊
အန္တရဗာဟိယံ အန္တရဗာဟိယာနံ - ကိုယ်တွင်း ကိုယ်ပ၌ဖြစ်ကုန်သော၊
ရောဂါနံ - ကိုးဆယ့်ခြောက်ဖြာ ဘေးရောဂါတို့နှင့်လည်း၊
သာဓာရဏော - ဆက်ဆံ၍နေချေ၏၊
တေသံ - ထိုကိုးဆယ်ခြောက်ဖြာ ဘေးရောဂါတို့၏၊
ဝသာ - အစွမ်းကြောင့်၊
ကာယော - နာမ်ဝိညာဉ်မှီ ခန္ဓာကိုယ်ရုပ်သည်၊
မစ္စုံ - သေဆုံးပျက်စီးခြင်းသို့၊
နိဂစ္ဆတိ - ပုံသေမဖောက် ရောက်ရ၏။

ဟိ - နှိုင်းခိုင်းဖွယ်ရာ လောကူပမာကား၊
လက္ခေ - မှတ်တိုင်စက်၌၊
သရာဒယာ - မြား, လှံစသား လက်နက်များတို့သည်၊
ပပတန္တိယထာ - ကျရောက်ကုန်သကဲ့သို့၊
တထာ - ထို့အထူ၊
ကာယေပိ - ခန္ဓာကိုယ်ရုပ် အကောင်ပုပ်၌လည်း၊
သဗ္ဗုပဒ္ဒဝါ - အလုံးစုံသော ဥပဒ္ဒဝေါ ဘေးရန်တို့သည်၊
ပတန္တိ - ကျရောက်ကုန်၏၊
သွာယံသော အယံ ကာယော - ထိုလေးပါးဓာတ် ကိုယ်ခန္ဓာကိုယ်သည်၊
တေသမ္ပိ - ထိုဘေးဥပဒ်ဒဏ်ချက်တို့၏လည်း၊
ပါတေန - ပေါ်ပေါက်ကျရောက်ခြင်းကြောင့်၊
မစ္စုံ - ပျက်စီးသေဆုံးခြင်းသို့၊
နိဂစ္ဆတိ - ပုံသေမဖောက်ရောက်ရ၏။

ပိုးမျိုးရှစ်ဆယ်, မှီတွယ်နေကြ, ဤကာယ,
မုချစက်ဆုပ်ဖွယ်ပါတကား၊
ယင်းပိုးမျိုးများ,အစွမ်းအားကြောင့်,
ဓာတ်သား ဓာတ်ရုပ်, အကောင်ပုပ်,
မုချသေဆုံးတတ်သည်တကား၊
ဤကိုယ်ခန္ဓာ, နာရောဂါ, များစွာဆက်ဆံချေ၏တကား၊
ကိုးဆယ့်ခြောက်ဖြာ, နာရောဂါကြောင့်, ခန္ဓာဤကိုယ်, အမှန်ကို,
ယွင်းယိုပျက်စီးနိုင်သည်တကား၊
မှတ်တိုင်စက်ဝယ်, မြားသွယ်သွယ်,
တကယ်ကျရောက် ပျက်စီးလေသည်တကား၊
ရောဂါသွယ်သွယ်, ဤကိုယ်ဝယ်,
တကယ်ကျရောက် ပျက်စီးတတ်သည် တကား။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၄။ အဗလံ ဒုဗ္ဗလံ အာယု, ဗဟူဟိ သမ္ဗန္ဓံ ဘဝေ၊
တသ္မာ မုဟုတ္တန္တရေပိ, ဘဝေယျ မရဏံ ဟိ ဝေ။

ယသ္မာ - အကြင်ကြောင့်၊
အာယု - အသက်သည်၊
ဝါ - အသက်သမုတ် နာမ်နှင့်ရုပ်သည်၊
အဗလံ - အားခွန်ဗလ မရှိသည်လည်းကောင်း၊
ဒုဗ္ဗလံ - အားနည်းလှသည်လည်းကောင်း၊
ဗဟူဟိ - ထွက်သက်, ဝင်သက် လေးချက်ဣရိယာ တဖြာပူအေး လေးထွေ ဘုတ်မဟာ အစာအာဟာရ စသည်စုပေါင်း များစွာသော အကြောင်းရပ်တို့နှင့်၊
သမ္ဗန္ဓံ - ဆက်စပ်သည်လည်းကောင်း၊
ဘဝေ - ဖြစ်၏၊
တသ္မာ - ထို့ကြောင့်၊
မုဟုတ္တန္တရေပိ - တမုဟုတ် ချက်တဖြုတ် တိုတောင်းသော ကာလအတွင်း၌လည်း၊ မရဏံ - စုတိပြတ်ကြွေ သေလွန်ခြင်းသည်၊
ဝေ ဘဝေယျတိ - ဧကန်စင်စစ် ဖြစ်နိုင်ပေသည်သာ။

ရုပ်နာမ်နှစ်ဖြာ, သက်ခန္ဓာ, မှန်စွာအားမရှိပါချေတကား၊
ရုပ်နာမ်နှစ်ဖြာ, သက်ခန္ဓာ, လွန်စွာအားနည်းလှချေ၏တကား၊
ထွက်သက် ဝင်သက်, လေးချက်ဣရိယာ, အစဖြာ, မှန်စွာစပ်၍နေ၏ တကား၊
ခဏချက်ချင်း, ကာလတွင်း, ရုတ်ချင်းသေနိုင်ပေသည်တကား။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၅။ ဇီဝိတံ ဗျာဓိ ကာလော စ, ဒေဟနိက္ခေပနံ ဂတိ၊
ပေဉ္စတေ ဇီဝလောကသ္မိံ, အနိမိတ္တာ န နာယရေ။

ဇီဝိတံ - အသက်ဝိညာဉ် ရှင်ခြင်းလည်းကောင်း၊
ဗျာဓိ - နှိပ်စက်ပြင်းစွာ မခံသာအောင် ဖျားနာရခြင်းလည်းကောင်း၊
ကာလောစ - စုတိပြတ်ကြွေ သေလွန်ရာအခါလည်းကောင်း၊
ဒေဟနိက္ခေပနံ - ခန္ဓာကောင်ရုပ် အပုပ်ကာယ စွန့်ပစ်ရာအရပ်လည်းကောင်း၊
ဂတိ - လားရောက်ရမည့်ဂတိလည်းကောင်း၊
ဣတိ - ဤသို့၊
ဧတေပဉ္စ - ဤ ငါးမျိုးတို့ကို၊
ဇီဝလောကသ္မိံ - အသက်ဝိညာဉ် ရှင်ဆဲဖြစ်သော ဤလောက၌၊
အနိ မိတ္တာ - အပိုင်းအခြား အမှတ်အသား မရှိ ကုန်သည်ဖြစ်၍၊
န နာယရေ - ဧကန်ပိုင်ပိုင် မသိအပ်နိုင်ကုန်။

လောကဇာတ်ခုံ, ကြုံလာဖြစ်လာ, သတ္တဝါကား,
နာဖျားရောဂါ, တဖြာသက်ရှင်, ထို့ပြင်တပါး,
ကင်းငြားဇီဝေ, သေရာကာလ, ပစ်ချခန္ဓာ,
လားရာဌာန, ဘဝဟူသည်, ဤငါးလီကား,
မှတ်သား မရှိ, မသိနိုင်ပါ,
ခန္ဓာငါးဝ, အနိစ္စပါတကား,
ခန္ဓာငါးဝ, ဒုက္ခပါတကား,
ခန္ဓာငါးဝ, အနတ္တပါတကား။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၆။ အပ္ပမာယုမနုဿာနံ, ဟီဠေယျနံ သုပေါရိသော၊
စရေယျာဒိတ္တသီသောဝ, နတ္ထိ မစ္စုဿ နာဂမော။

မနုဿာနံ - ခုခေတ်ပေါက်ဖွား လူပုဂ္ဂိုလ်များတို့၏၊
အာယု - အသက်သည်၊
ဝါ - အသက်ရှည်ရာ ကာလသည်၊
အပ္ပံ - လွန်စွာကာလ တိုတောင်းလှချေ၏၊
သုပေါရိသော - တရားသက်ဝင် သူတော်စင် သူတော်ကောင်းသည်၊
နံ - ထိုအသက်ကို၊
ဝါ - ထိုအသက်ရှင်ရာကာလကို၊
ဟီဠေယျ - ကဲ့ရဲ့ရှုတ်ချရာ၏၊
အာဒိတ္တသီသော - ရဲရဲပြောင်ပြောင် ခေါင်းမီးလောင်ခံရသူကဲ့သို့၊
စရေယျ - မနားမနေ တရားဖွေ၍ ကျင့်ကြံပေရာ၏၊
မစ္စုဿ - သေမင်းခေါ်ငြား သေခြင်းတရား၏၊
နာဂမော - မလာမရောက်ရာသည်၊
နတ္ထိ - တကွက်ကမှ မရှိပါချေ။

ခုခေတ်ကြုံရ, လူ့လောက, တိုလှသက်ဇီဝါ၊
အသက်ဝိညာဉ်, သူတော်စင်, မှန်ပင်ရှုတ်ချပါ၊
ခေါင်းမီးလောင်ငြား, ပုဂ္ဂိုလ်လား, တရားကျင့်လေပါ၊
သေမင်းမလာရာ, ရပ်ဒေသာ, မှန်စွာမရှိပါ။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၇။ အတ္တာ ဂေဟေ နိဝတ္တန္တေ, သုသာနေ မိတ္တဗန္ဓဝါ၊
သုကတံ ဒုက္ကဋံ ကမ္မံ, ဂစ္ဆန္တံ အနုဂစ္ဆတိ။

အတ္တာ - ရတနာရွှေငွေ ထွေထွေစသား ဥစ္စာများတို့သည်၊
ဂေဟေ ဂေဟေဧဝ - နေမြဲနေရာ အိမ်ဂေဟာ၌သာလျှင်၊
နိဝတ္တန္တေ - သေသူနောက်သို့ မရောက်မပါလစ် နေရစ်လေကုန်၏၊
မိတ္တဗန္ဓဝါ - မိဘနှစ်ပါး သားနှင့်သမီးဇနီးမိခင် ချစ်ကျွန်းဝင်သူတို့သည်၊
သုသာနေ သုသာနေဧဝ - သုသာန်သင်္ချိုင်း၌သာလျှင်၊
ဝါ သုသာနေ သုသာနတော - သုသာန်သင်္ချိုင်း မြေလုပ်တိုင်းမှ၊
ဂေဟံ - အိမ်သို့၊
နိဝတ္တန္တေ - ပြန်သွားကြကုန်၏၊
သုကတံ - ကောင်းစွာပြုအပ်သော၊
ကမ္မံ - ကုသိုလ်ကံ သုစရိုက် ကံသည်လည်းကောင်း၊
ဒုက္ကဋံ - မကောင်းသဖြင့် ပြုအပ်သော အကုသိုလ်ကံ ဒုစရိုက်ကံသည်လည်းကောင်း၊
ဂစ္ဆန္တံ - အတည်မကျ ဘဝတပါး ပြောင်းသွားရသူသို့၊
အနုဂစ္ဆတိ - အရိပ်ပမာ မကွာစဉ်စိုက် လိုက်လေ၏။

ရွှေငွေရတနာ, ဥစ္စာမြားမြောင်,
သုံးဆောင်ဖွယ်ရာ, ဖြာဖြာစည်းစိမ်,
အိမ်မှာနေရစ်, စင်စစ်တံထွာ, ဓမ္မတာတည်း,
ကြင်နာလှစွာ, လွန်ချစ်စွာငြား, သမီးသားနှင့်,
ဇနီးချစ်ခင်, အကြင်လင်လည်း, မှန်ပင်မုချ,
နောက်ကမပါ, ဧကန်သာတည်း, ဖန်ခါဆည်းစု ,
မိမိပြုသည့်, ကောင်းမှု မကောင်းမှု,
အလုပ်စုသာ နောက်ကပါသည်,
ကံသာ ကိုယ်ပိုင်ဥစ္စာတည်း။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၈။ သရီရဿ ဂုဏာနဉ္စ, ဒုရမစ္စန္တမန္တရံ၊
သရီရံ ခဏဝိဒ္ဓံသိ, ကပ္ပန္တဋ္ဌာယီနော ဂုဏာ။

သရီရဿ - ခန္ဓာကိုယ်၏လည်းကောင်း၊
ဂုဏာနဉ္စ - ကိုယ်၌တည်ရှိသော သီလ, သမာဓိ, ပညာအစရှိသော ဂုဏ်ကျေးဇူးတို့၏ လည်းကောင်း၊
အစ္စန္တံ - စင်စစ်ဧကန် အမှန်မုချ၊
အန္တရံ - အထူးအပြား ခြားနားခြင်းသည်၊
ဒုရံ - ဝေးကွာလှချေ၏၊
သရီရံ - ခန္ဓာကိုယ်သည်၊
ခဏဝိဒ္ဓံသိ - ခဏမကြာ ပျက်လွယ်လှသော သဘောရှိ၏၊
ဂုဏာ - ဇီဝတိန္ဒြေ တည်နေအခိုက် ကိုယ်၌တည်သော ဂုဏ်ကျေးဇူးတို့သည်မူကား၊
ကပ္ပန္တဋ္ဌာယိနော - ကမ္ဘာဆုံးသည်တိုင်အောင် တည်တတ်ကုန်၏။

အရှည်မကြာ, ကိုယ်ခန္ဓာကား,
တရာအနှစ်, ကိုယ်၌ဖြစ်သား,
ပြန်စစ်နှိုင်းလျော်, ကျေးဇူးသော်မူ,
ကျူးကျော်ကုန်ခန်း, ကမ္ဘာကျွမ်းသည်,
ဥဒါန်းမကျေ, လူပြည်နတ်ရပ်, ပဲ့တင်ထပ်လိမ့်။
(ဝိဓူရပျို့)

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၉။ ဟာ ယောဂါ ဝိပ္ပယောဂန္တာ, ဟာ နိစ္စံ သဗ္ဗသင်္ခတံ၊
ဟာ ဇီဝိတံ ဝိနာသန္တံ, ဣစ္စာသိ ပရိဒေဝနာ။

ယေဝါ - ဆရာတပည့် မိဘနှင့်သား အစထား၍ များလှဖုံဖုံ လောကဓာတ် တိုက်ဘုံ ဝယ် ကြုံကြိုက်ပေါင်းဖော် တော်စပ် ယှဉ်တွဲခြင်း ဟူသမျှတို့သည်၊
ဝိပ္ပယောဂန္တာ - တနေ့နေ့တွင် ကွဲကွာခြင်းလျှင် အဆုံးရှိကုန်၏၊
သဗ္ဗသင်္ခတံ - သင်္ခါရဥဿုံအလုံးစုံသည်၊
ဟာ နိစ္စံ ဟာ အနိစ္စံ - ဪ အရှည်အစွဲ အမြဲမရှိလေတကား၊
ဇီဝိတံ - အသက်ဝိညာဉ် ရှင်ရခြင်းသည်၊
ဟာဝိနာသန္တံ - ဪ ပျက်စီးခြင်းလျှင် အဆုံးရှိချေ၏ တကား၊
ဣတိ - ဤသို့ဆို၍၊
ပရိဒေဝနာ - မျက်ရည်လွှာစို ငိုယိုမြည်တမ်းခြင်းသည်၊
အာသိ - ဖြစ်ပြီ။

ပေါင်းဆုံကြရ, တနေ့ကျ, ကွဲရခြင်းအဆုံးရှိစွတကား၊
သင်္ခါရဥဿုံ, အလုံးစုံ, အကုန်မမြဲပါတကား၊
ဝိညာဉ်တင်းလင်း, သက်ရှင်ခြင်းကား,
သေခြင်းနောက်ဆုံးရှိ၏တကား။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၁၀။ ဇာတဿ မရဏံ ဟောတိ, ဇာတော ဒုက္ခာနိ ဖုသတိ၊
ဗန္ဓံ ဝမံ ပရိက္လေသံ, တသ္မာ ဇာတိံ န ရောစယေ။

ဇာတဿ - စွဲလာသန္ဓေ တည်နေတုံလစ် ဖြစ်ပေါ်လာသောသတ္တဝါအား၊
မရဏံ - စုတိပြတ်ကြွေ သေလွန်ရခြင်းသည်၊
ဟောတိ - မလွဲပုံသေဖြစ်ရချေ၏၊
ဇာတော - စွဲလာသန္ဓေ တည်နေတုံလစ် ဖြစ်ရသောသတ္တဝါသည်၊
ဒုက္ခာနိ - ထွေထွေများလှဆင်းရဲဒုက္ခတို့ကို၊
ဖုသတိ - မကြုံချင်လဲ လွှဲမရချေ ကြုံတွေ့ရပေ ၏၊
ဗန္ဓံ - တုပ်နှောင်ချည်တည်း ဖမ်းဆီးခြင်းကိုလည်း ကောင်း၊
ဝဓံ - ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခြင်းကို လည်းကောင်း၊
ပရိက္လေသံ - အထူးထူး အပြားပြား များစွာသော ဘေးဥပဒ္ဒဝေါကိုလည်းကောင်း၊
ဖုသတိ - ကြုံတွေ့ရ၏၊
တသ္မာ - ထို့ကြောင့်၊
ဇာတိံ - စွဲလာသန္ဓေတည်နေခြင်းကို၊
န ရောစယေ - မကြိုက်မနှစ်သက်ရာ။

စွဲလာသန္ဓေ, နေလေတုံက, မရဏနှင့်,
မုချဧကန်, ကြုံရမှန်၏, ဖန်ဖန်နဲနဲ,
ဆင်းရဲဒုက္ခ, မုချမလွဲ, ကြုံရမြဲတည်း,
ဖွဲ့စည်းခံရ, သတ်ခံရနှင့်, များပြားစွာလှ,
ဥပဒ္ဒဝလည်း,မုချပုံသေ, ကြုံရလေသည်၊
သန္ဓေဇာတိ, ကြောက်ဖွယ်တည်း။

ပဉ္စနဝုတိမပိုင်း

ပဉ္စမသံဝေဂဆယ်ဂါထာ ပါဠိနိဿယနှင့်သံဝေဂလင်္ကာ

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၁။ ဇီဝိတံ ဥပနီယတိ, အပ္ပံ အာယု ပရိတ္တကံ၊
ဇရူပနီတဿ န သန္တိ, တာဏာ လောဏာ ပရာယဏာ။

သတ္တာနံ - စွဲလာသန္ဓေ တည်နေဖြစ်လာ သတ္တဝါတို့၏၊
ဇီဝိတံ - အသက်ဇီဝိန်ကို၊
ဥပနီယတိ - ဇရာတရားသည် သေခြင်းသို့ရောက်အောင် ဆောင်ယူအပ်၏၊
အာယု - အသက်သည်၊
ဝါ - အသက်သမုတ် နာမ်နှင့်ရုပ်သည်၊
အပ္ပံ - အပ်ပေါ်မုံညင်း မြက်ပေါ်ဆီးနှင်းသို့ နည်းကျဉ်းတိုတောင်းလှ၏၊
ပရိတ္တကံ - ကာလမရှည် နည်းလှချေ၏၊
ဇရူပနီတဿ - အိုမင်းရင့်ရော် မှည့်ပျော်ခြင်း ဇရာတရားသည် သေခြင်းသို့ ဆောင်ယူအပ်သော သတ္တဝါအား၊
တာဏာ - စောင့်ရှောက်တားမြစ်နိုင်သော မြေး, မြစ်, သား, သမီး, ဇနီး, လင်သား, မိဘ စသည်တို့သည်လည်းကောင်း၊
လေဏာ - ပုန်းအောင်းရာ အရပ်တို့သည်လည်းကောင်း၊
ပရာယဏာ - လဲလျောင်းမှီခိုအားကိုးရာ မိတ်ဆွေတို့သည် လည်းကောင်း၊
န သန္တိ - မုချပုံသေ မရှိပါချေကုန်။

ဇရာမီးရောင်, လွန်တောက်ပြောင်, သေအောင်ဆောင်ပို့သည်၊
အသက်ရှင်ရာ, ချိန်အခါ, လွန်စွာနည်းလှပါသတည်း၊
မသေဖို့ရာ, အားကိုးစရာ, ဘယ်မှာမရှိပြီ၊
တရားကျင့်ကာ, အားကိုးရာ, မှန်စွာပြုရမည်။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၂။ ပုဗ္ဗဏှာဒိကာလာ အစ္စေန္တိ, တရယန္တိစ ရတ္တိယော၊
ဝယောဂုဏာ ပဇဟန္တိ, အနုပုဗ္ဗံ ခဏေ ခဏေ။

ပုဗ္ဗဏှာဒိကာလာ - နံနက်စသား အချိန်ကာလများတို့သည်၊
အစ္စေန္တိ - တရွှေ့ရွှေ့စား လွန်သွားကုန် ၏၊
ရတ္တိယော - သုံးယံပိုင်းခြား ညဉ့်များတို့သည်၊
တရယန္တိစ - တညဉ့်ပြီး တညဉ့် ဆင့်ကာဆင့်ကာ လွန်သွားကုန်သည်သာ၊
ဝယောဂုဏာ - ပထမ, မဇ္ဈိမ, ပစ္ဆိမဟုအရွယ်အစုတို့သည်၊
အနုပုဗ္ဗံ - အစဉ်အတိုင်း၊
ခဏေခဏေ - ခဏတိုင်းခဏတိုင်း၊
ပဇဟန္တိ - စွန့်ကုန်၏။

နံနက်စသား, ကာလများ, လွန်သွားခဲ့လေပြီ၊
သုံးယံပိုင်းခြား, ညဉ့်အများ, လွန်သွားခဲ့လေပြီ၊
နောက်နောက်အရွယ်, ရှေ့အရွယ်, စွန့်ပယ်ခဲ့လေပြီ၊
သေရန်ချိန်ခါ, လွန်များစွာ, နီးလာခဲ့လေပြီ။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၃။ သဗ္ဗေ သတ္တာ မရိဿန္တိ, မရဏန္တံ ဟိ ဇီဝိတံ၊
ယထာ ကမ္မံ ဂမိဿန္တိ, ပုညပါပဖလူပဂါ၊
နိရယံ ပါပကမ္မန္တာ, ပုညကမ္မာစ သုဂ္ဂတိံ။

သဗ္ဗေ - ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော၊
သတ္တာ - သတ္တဝါတို့သည်၊
မရိဿန္တိ - စုတိပြတ်ကြွေ သေလွန်ကုန်လိမ့်လတ္တံ့၊
ဇီဝိတံ - အသက်ဝိညာဉ် ရှင်ရခြင်းသည်၊
မရဏန္တံဟိ - စုတိပြတ်ကြွေ သေလွန်ခြင်းလျှင် အဆုံးရှိချေသည်သာ၊
ပုညပါပဖလူပဂါ - ကောင်းကျိုး ဆိုးကျိုးသို့ ကပ်ရောက်ကြကုန်သည်ဖြစ်၍၊
ယထာကမ္မံ - မိမိတို့ပြုလုပ်စီမံ ကံအားလျော်စွာ၊
ဂမိဿန္တိ - ဆိုင်ရာဘဝ လားရောက်ကြရ ကုန်လိမ့်လတ္တံ၊
ပါပကမ္မန္တာ - ယုတ်မာညစ်ကျူ မကောင်းမှုရှိသူတို့သည်၊
နိရယံ - ငရဲသို့၊
ဂမိဿန္တိ - လားရောက်ကြရကုန်လိမ့်လတ္တံ၊
ပုညကမ္မာစ - ကောင်းမှုရှိသူတို့သည်ကား၊
သုဂတိံ - လူ့ရပ်နတ်ထံ ကောင်းမှုကံပြုသူတို့၏ ဘုံဘဝသို့၊
ဂမိဿန္တိ - လားရောက်ကြရကုန်လိမ့်လတ္တံ။

သတ္တဝါဥဿုံ, အလုံးစုံ, အကုန်သေခြင်းသဘော ရှိချေ၏၊
ဝိညာဉ်ထင်လင်း, သက်ရှင်ခြင်း, သေခြင်းနောက်ဆုံး ရှိချေ၏၊
မိမိပြုဖန်, ကံအလျောက်, လာရောက်ရခြင်း ရှိချေ၏၊
မကောင်းပြုက, နိရယ, လားရသဘော ရှိချေ၏၊
ကောင်းမှုပြုမူ, လူ့ရပ်နတ်ထံ, စုန်ကာဆန်, ဖြစ်ရပ်မှန်လှပါပေ၏။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၄။ သဗ္ဗေဝ နိက္ခိပိဿန္တိ, ဘူတာ လောကေ သမုဿယံ၊
ယတ္ထ ဧတာဒိသော သတ္တာ, လောကေ အပ္ပဋိပုဂ္ဂလော၊
တထာဂတော ဗလပ္ပတ္တော, သမ္ဗုဒ္ဓေါ ပရိနိဗ္ဗုတော။

ဘောန္တော - ပရိနိဗ္ဗာန် ဝင်စံကြွသွား ဘုရားရှင်ထံပါး၌ ညွတ်တွားခညောင်း အို ပရိသတ်အပေါင်းတို့၊
ယတ္ထ ယသ္မိံလောကေ - အကြင် သတ္တလောကကြီးအတွင်း၌၊
ဧတာဒိသော - ဤသို့ လာဘာ, လာဘ စသည်အတန်တန် လောကဓံကြောင့် ဖောက်ပြန်မရှိ တာဒိဂုဏ်နှင့် ပြည့်စုံခြင်းသဘောရှိသော၊
သတ္တာ - လူနတ်တို့၏ ဆရာ ဗြဟ္မာတို့၏မကိုဋ် သုံးတိုက်ထိပ်တင် ဆရာသခင် ဖြစ်တောမူသော၊
တထာဂတော - ရှေးနောင်တော် သယမ္ဘူတို့ အတူကြွလာခြင်း ကောင်းတော်မူသော၊
ဗလပ္ပတ္တော - ကာယဉာဏ အားဆယ်ဝသို့ ရောက်တော်မူသော၊
သမ္ဗုဒ္ဓေါ - မြတ်စွာ ဘုရားရှင်သည်သော်မှလည်း၊
ပရိနိဗ္ဗုတော - ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်းတော်မူရတုံသေး၏၊
တတ္ထ တသ္မိံ လောကေ - ထိုသတ္တ လောကကြီးအတွင်း၌၊
သဗ္ဗေဝ - တယောက်မကြွင်း ခပင်းဥဿုံအလုံးစုံသာလျှင် ဖြစ်ကုန်သော၊
ဘူတာ - ဖြစ်လာထင်ရှား သတ္တဝါများတို့သည်၊
သမုဿယံ - ငါးဖြာငါးရပ် အထပ်ထပ်ဖြင့် စပ်၍စုချုပ် ခန္ဓာကိုယ်ရုပ်ကို၊
နိက္ခိပိဿန္တိ - သူသေမြှုပ်နှံ မြေသုသာန်၌ ဧကန်မုချ စွန့်ပစ်ကြရကုန်လိမ့်လတ္တံ့။

အများသူငါ, ရှုမှတ်ပါလော့, ရှစ်ဖြာလောကဓံ, မုန်တိုင်းဒဏ်ကြောင့်,
ဖောက်ပြန်မရှိ,တာဒိဂုဏ်ပိုင်, သုံးဆိုင်လောကဓာတ်,
ဆရာမြတ်တဆူ, သယမ္ဘူတိ, စံတူမရှိ, တိဝိသိဋ္ဌ, ဂုဏ်ပေါင်းခသည့်,
တထာဂတမည်, ဘွဲ့တော်ချီသား, ဆယ်ပါးအားသန်,
လောက်ငံပြည့်ဝ, သမ္ဗုဒ္ဓလည်း၊ မုချဧကန်, နိဗ္ဗာန်ပြည်ခွင်, ဝင်ရတုံ၏၊
တေဘုမ္မက, သင်္ခါရသည်, မုချဆတ်ဆတ်,
ပျက်ခြင်းသဘော ရှိချေသည်တကား။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၅။ အနိစ္စာ ဝတ သင်္ခါရာ, ဥပ္ပါဒဝယဓမ္မိနော၊
ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ, တေသံ ဝူပသမော သုခေါ။

သင်္ခါရာ - ရုပ်နာမ်ဓမ္မ သင်္ခါရဟူသမျှတို့သည်၊
အနိစ္စာဝတ - ပြုကွဲပျက်စဲ မှုန့်မှုန့်ကြဲ၍ မမြဲကုန်စွတကား၊
ဥပ္ပါဒဝယဓမ္မိနော - ဖြစ်ရုံမှာ တည်မနေပဲ ဧကန်မုချ ဘင်သို့ကျလျက် ပျက်တတ်သော သဘောရှိကုန်၏၊
ဥပ္ပဇ္ဇိတွာ - အကြောင်းစုံစုံ ပေါင်းကာဆုံ၍ ဖြစ်ကုန်ပြီးသည်ရှိသော်၊
နိရုဇ္ဈန္တိ - ပျက်စီးကွယ်ပ ချုပ်ပျောက်ကြကုန်၏၊
တေသံ - ထို အစိုးမရ သင်္ခါရတရားတို့၏၊
ဝူပသမော - ငြိမ်းရာဧကန် နိဗ္ဗာန်သည်သာလျှင်၊
သုခေါ - ကြည်သာအေးမြ ဘေးမခပဲ ချမ်းသာလှချေ၏။

သင်္ခါရဥဿုံ, အလုံးစုံ, အကုန်မမြဲပါတကား၊
ဖြစ်လာသမျှ, သင်္ခါရ, မုချပျက်ခြင်းရှိချေစွတကား၊
ရုပ်နာမ်နှစ်ဝ, ဖြစ်သမျှ, မုချချုပ်ခြင်းရှိစွတကား၊
ရုပ်နာမ်ချုပ်ရာ, နိဗ္ဗာန်သာ, မှန်စွာချမ်းသာပေစွတကား။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၆။ ဒုက္ခာ ဝတ သင်္ခါရာ, ဥပ္ပါဒဝယဓမ္မိနော၊
ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ, တေသံ ဝူပသမော သုခေါ။

သင်္ခါရာ - ရုပ်နာမ်ဓမ္မ သင်္ခါရတို့သည်၊
ဒုက္ခာဝတ - ဆင်းရဲခြင်းသဘောရှိကုန်စွတကား၊
ဥပ္ပါဒဝယဓမ္မိနော - ဖြစ်ခြင်း, ပျက်ခြင်းသဘောရှိကုန်၏၊
ဥပ္ပဇ္ဇိတွာ - အကြောင်းစုံစုံ ပေါင်းကာစုံလျက် ဖြစ်ကုန်ပြီး၍၊
နိရုဇ္ဈန္တိ - ပျက်စီးကွယ်ပ ချုပ်ပျောက်ကြကုန်၏၊
တေသံ - ထိုရုပ်နာမ်ဓမ္မ သင်္ခါရတို့၏၊
ဝူပသမော - ငြိမ်းရာဧကန် နိဗ္ဗာန်သည်သာလျှင်၊
သုခေါ - ကြည်သာအေးမြ ဘေးမခပဲ ချမ်းသာလှပေ၏။

သင်္ခါရဥဿုံ, အလုံးစုံ, အကုန်ဆင်းရဲပေစွတကား၊
ဖြစ်ဖြစ်သမျှ, သင်္ခါရ, မုချပျက်ခြင်းသဘောရှိစွတကား၊
ရုပ်နာမ်နှစ်ဝ, ဖြစ်သမျှ, မုချချုပ်ခြင်းရှိစွတကား၊
ရုပ်နာမ်ချုပ်ရာ, နိဗ္ဗာန်သာ, မှန်စွာချမ်းသာပေစွတကား။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၇။ အနတ္တာ ဝတ သင်္ခါရာ, ဥပ္ပါဒဝယဓမ္မိနော၊
ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ, တေသံ ဝူပသမောသုခေါ။

သင်္ခါရာ - ရုပ်နာမ်ဓမ္မ သင်္ခါရတို့သည်၊
အနတ္တာဝတ - အလိုသို့မလိုက် အကြိုက်သို့ မလိုက်ပါကုန်စွတကား၊
ဥပ္ပါဒဝယဓမ္မိနော - ဖြစ်ခြင်း ပျက်ခြင်းသဘောရှိကုန်၏၊
ဥပ္ပဇ္ဇိတွာ - ဖြစ်ကုန်ပြီး၍၊
နိရုဇ္ဈန္တိ - ချုပ်ပျောက်ကြလေကုန်၏၊
တေသံ - ထိုရုပ်နာမ်ဓမ္မ သင်္ခါရတို့၏၊
ဝူပသမော - ငြိမ်းရာဧကန် နိဗ္ဗာန်သည်သာလျှင်၊
သုခေါ - ကြည်သာအေးမြ ဘေးမခပဲ ချမ်းသာလှချေ၏။

သင်္ခါရဆို, များထိုထို, အလိုမလိုက်, အကြိုက်မပါကုန်စွတကား၊
ဖြစ်လေသမျှ, သင်္ခါရ, မုချပျက်ခြင်းသဘောရှိစွတကား၊
ဖြစ်လေသမျှ, သင်္ခါရ, မုချချုပ်ခြင်းသဘောရှိစွတကား၊
သင်္ခါရချုပ်ရာ, နိဗ္ဗာန်သာ, လွန်စွာချမ်းသာပေစွတကား။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၈။ သဗ္ဗေ သင်္ခါရာ အနိစ္စာတိ, ယဒါ ပညာယ ပဿတိ၊
အထ နိဗ္ဗိန္ဒတိ ဒုက္ခေ, ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ။

သဗ္ဗေ - ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော၊
သင်္ါရာ - ကံ စိတ် ဥ ဟာ ကြောင်းလေးဖြာတို့ ပေါင်းကာပြုပြင် စီရင်အပ်သား ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည်၊
အနိစ္စာ - ဖြစ်ပြီး၍ ထင်ရှားမရှိခြင်းကြောင့် မမြဲကုန်၊
ဣတိ - ဤသို့၊
ယဒါ - အကြင်အခါ၌၊
ပညာယ - ဝိပဿနာပညာဖြင့်၊
ပဿတိ - ရှုမှတ်ဆင်ခြင်၏၊
အထ - ခန္ဓာငါးဝ ရုပ်နာမ်ဓမ္မတို့ ၏ အနိစ္စဖြစ်အင် ရှုမြင်လေရာ ထိုအခါ၌,
ဒုက္ခေ - သံသရာဝဋ်ဆင်းရဲ၌၊
နိဗ္ဗိန္ဒတိ - ငြီးငွေ့၏၊
ဧသ ဧသော - ဤသို့သံသရာဝဋ်ကြီး၌ ငြီးငွေ့ခြင်းသည်၊
ဝိသုဒ္ဓိယာ - ကိလေသာဘင် စင်ကြယ်ခြင်း၏၊
မဂ္ဂေါ - အကြောင်းပေတည်း။

သင်္ခါရခပဲ, မမြဲအင်ကို,
ပညာဖြင့်ဆင်, ရှုမြင်လေက,
ဝဋ်ဒုက္ခကြီး, ငြီးငွေ့မုန်းကာ,
မပျော်တာ, မှန်စွာကိလေသာ,
စင်ကြယ်ကြောင်းပေတည်း။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၉။ သဗ္ဗေ သင်္ခါရာ ဒုက္ခာတိ, ယဒါ ပညာယ ပဿတိ၊
အထ နိဗ္ဗိန္ဒတိ ဒုက္ခေ, ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ။

သဗ္ဗေ - ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော၊
သင်္ခါရာ - ကံ စိတ် ဥ ဟာ ကြောင်းလေးဖြာတို့ ပေါင်းကာပြုပြင် စီရင်အပ်ငြား ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည်၊
ဒုက္ခာ - အလွန်အမင်း ဆင်းရဲခြင်းသဘောရှိကုန်၏၊
ဣတိ - ဤသို့၊
ယဒါ - အကြင်အခါ၌၊
ပညာယ - ဝိပဿနာပညာဖြင့်၊
ပဿတိ - ရှုဆင်ခြင်၏၊
အထ - ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို ဆင်းရဲ၏ဟု ရှုဆင်ခြင်ရာ ထိုအခါ၌၊
ဒုက္ခေ - သံသရာဝဋ်ဆင်းရဲ၌၊
နိဗ္ဗိန္ဒတိ - ငြီးငွေ့၏၊
ဧသ ဧသော - ဤသို့ သံသရာဝဋ်ဆင်းရဲ၌ငြီးငွေ့ခြင်း မပျော်မွေ့ခြင်းသည်၊
ဝိသုဒ္ဓိယာ - ကိလေသာဘင် စင်ကြယ်ခြင်း၏၊
မဂ္ဂေါ - အကြောင်းပေတည်း။

သင်္ခါရခပင်း, ဆင်းရဲအင်ကို,
ပညာဖြင့်ဆင်, ရှုမြင်လေက,
ဝဋ်ဒုက္ခကြီး, ငြီးငွေ့မုန်းတာ,
စိတ်ပျက်တာ, မှန်စွာကိလေသာ
စင်ကြယ်ကြောင်းပေတည်း။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၁၀။ သဗ္ဗေ ဓမ္မာ အနတ္တာတိ, ယဒါ ပညာယ ပဿတိ၊
အထ နိဗ္ဗိန္ဒတိ ဒုက္ခေ, ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ။

သဗ္ဗေ - ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော၊
ဓမ္မာ - ခန္ဓာငါးပါး တရားတို့သည်၊
အနတ္တာ - မိမိတို့က အစိုးမရခြင်းကြောင့် မိမိအလိုသို့လိုက်၍ မိမိသဘောကျ စီမံပေးတတ်သော အစိုးရအတ္တမဟုတ်ပါကုန်၊
ဣတိ - ဤသို့၊
ယဒါ - အကြင်အခါ၌,
ပညာယ - ဝိပဿနာပညာဖြင့်၊
ပဿတိ - ရှုမြင်၏၊
အထ - ခန္ဓာငါးဝ ရုပ်နာမ်ဓမ္မတို့ ၏ အနတ္တဖြစ်အင် ရှုမြင်လေရာ ထိုအခါ၌၊
ဒုက္ခေ - ထန်သည်းပြင်းပြ သံသရာဝဋ်ဒုက္ခ၌၊
နိဗ္ဗိန္ဒတိ - ငြီးငွေ့၏၊
ဧသ ဧသော - ဤသံသရာဝဋ်ကြီး၌ ငြီးငွေ့ခြင်းသည်၊
ဝိသုဒ္ဓိယာ - ကိလေသာဘင် စင်ကြယ်ခြင်း၏၊
မဂ္ဂေါ - အကြောင်းပေတည်း။

ခန္ဓာငါးဝ, အနတ္တဖြစ်အင်,
ပညာဖြင့်ဆင်, ရှုမြင်လေက,
ဝဋ်ဒုက္ခကြီး, ငြီးငွေ့မုန်းတာ, မပျော်တာ,
မှန်စွာကိလေသာ စင်ကြယ်ကြောင်းပေတည်း။

ဆန္နဝုတိမပိုင်း

ဆဋ္ဌသံဝေဂဆယ်ဂါထာ ပါဌ်အနက်နှင့် သံဝေဂလင်္ကာ

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၁။ အဇ္ဇေဝ ကိစ္စမာတပ္ပံ, ကော ဇညာ မရဏံ သုဝေ၊
န ဟိ နော သင်္ဂရံ တေန, မဟာသေနေန မစ္စုနာ။

အဇ္ဇေဝ - နက်ဖြန်သန်ဘက်မရွေ့ ယနေ့ကပင်လျှင်၊
အာတပ္ပံ - တထောင့်ငါးရာ ကိလေသာမှန် သူပုန်ရန်ကို ပြင်းစွာပူပန်စေတတ်သော လုံ့လဝီရိယကို၊
ကိစ္စံ - မဆိုင်းမတွ မုချဆတ်ဆတ် ပြုအပ်, ပြုသင့်, ပြုထိုက်၏၊
သုဝေ - နက်ဖြန်၌၊
မရဏံ - စုတိပြတ်ကြွေ သေလွန်ခြင်းကို၊
ကော - အဘယ်ပုဂ္ဂိုလ်သည်၊
ဇညာ - ဂနသေချာ သိရာအံ့နည်း၊
မဟာသေနေန - ရေ, မီး, အဆိပ်, လက်နက်, ရောဂါ စသည်ဖြင့် သေစေနိုင်ကြောင်း စစ်သည်ပေါင်းများစွာရှိသော၊
တေန မစ္စုနာ - သေမင်းခေါ်ငြားထိုသေခြင်းတရားနှင့်၊
သင်္ဂရံ - ရက်ချိန်းပေးထားခြင်း, တံစိုးလက်ဆောင်ပေးထားခြင်း, ခုခံနိုင်အောင် စစ်သည်ဗိုလ်ပါ စုဆောင်းထားခြင်းသည်၊
န ဟိ အတ္ထိ - မုချပုံသေ မရှိပါချေသည်သာ။

သူတော်စင်များ, စဉ်းစားပါလော့,
မှန်စွာဧကန်, သေရန်ကာလ,
မုချပိုင်ပိုင်, မသိနိုင်ဘူး,
ယခုကနေ, ကိလေသာဆိုး,
ပယ်နှိပ်ချိုးဖို့, မျိုးမျိုးထွေပြား,
လုံ့လအားကို, ကြိုးစားမယုတ်,
ပြုလုပ်ပါလော့, လောကအတွင်း,
ရှင်သေမင်းနှင့်, မိတ်သင်းဖွဲ့ထွေ,
မသေနိုင်ရေး, ရက်ချိန်းပေးခြင်း,
တံစိုးနှင်းမှု, ခုခံမှုဟု, အစုစုမှာ,
မှန်စွာ မရှိနိုင်ပါချေတကား။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၂။ ဧကဿေကေန ကပ္ပေန, ပုဂ္ဂလဿဋ္ဌိသဉ္စယော၊
သိယာ ပဗ္ဗတသမော ရာသိ, ဣတိ ဝုတ္တံ မဟေသိနာ။

ဧကဿပုဂ္ဂလဿ - တယောက်သောပုဂ္ဂိုလ်၏၊
ဝါ - ပုဂ္ဂိုလ်တယောက်၏၊
ဧကကပ္ပေန - တကပ်တည်း( တကမ္ဘာတည်း)၌၊
အဋ္ဌိသဉ္စယော - အရိုးအပေါင်းသည်၊
ပဗ္ဗတသမော - ဝေပုလ္လတောင်နှင့်တူသော၊
ရာသိ - အစုအပုံသည်၊
သိယာ - ဖြစ်ရာ၏၊
ဣတိ - ဤသို့၊
မဟသိနာ မဟာဣသိနာ - မုနိထွတ်တင် ဘုရားရှင်သည်၊
ဝုတ္တံ - ဟောတော်မူအပ်ပြီ။

အိုသူတော်စင်, နားဝယ်ဆင်လော့,
အပြောကျယ်စွာ, သံသရာကား,
ဘယ်ခါဘယ်က,ဘယ်သမယက,
စ၍ဖြစ်အင်, စတင်သည်ဟု,
မည်သူတဦး, မသိဘူးတည်း,
အထူးကြပ်မတ်, သတိချပ်လော့,
တကပ်တကမ္ဘာ, ဤမှာမှာလျှင်,
ဆက်ကာပြတ်ကြွေ, သေရဖန်ခါ,
သတ္တဝါ၏, များစွာမျိုးမျိုး အရိုးတွေကား,
တောင်ဝေပုလ်မျှ, ကြီးများလှ၏,
ဇာတိရှိက, ဇရာဓမ္မ, မရဏသို့, မုချစင်စစ်,
ဆက်၍ဖြစ်ရာ, ဇာတိပြတ်မှ, ငြိမ်းမည်တည်း။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၃။ အာယု ဥသ္မာစ ဝိညာဏံ, ယဒါ ကာယံ ဇဟန္တိမံ၊
အပ - ဝိဒ္ဓေါ တဒါ သေတိ, ပရဘတ္တံ အစေတနံ။

၄။ ဧတာဒိသာယံ သန္တာနော, မာယာယံ ဗာလလာဝိနီ၊
ဝဓကော ဧသ အက္ခာတော, သာရော ဧတ္ထ န ဝိဇ္ဇတိ။

အာယုစ - အသက်ခေါ်ကြ ဇီဝိတသည်လည်းကောင်း၊
ဥသ္မာစ - အငွေ့ခေါ်မှတ် တေဇော ဓာတ်သည်လည်းကောင်း၊
ဝိညာဏံစ - ဝိညာဉ်သည်လည်းကောင်း၊
ယဒါ - အကြင်အခါ၌၊
ဣမံကာယံ - ဤခန္ဓာကိုယ် ရူပကာယကို၊
ဇဟန္တိ - စွန့်ခွာကုန်၏၊
တဒါ - ထိုအခါ၌၊
အပဝိဒ္ဓေါ - သုသာန်တစ သင်္ချိုင်းဝ၌ စွန့်ပစ်အပ်သည်ဖြစ်၍၊
သေတိ - စင်းစင်းလဲနေ အိပ်လျောင်းရချေ၏၊
တံသရီရံ - စွန့်ပစ်ချထား ထိုအသေကောင်ကိုယ်ကာယသည်၊
ပရဘတ္တံ - ပိုးလောက်စသား တပါးသော သတ္တဝါတို့ ၏ အစာသည်၊
ဟုတွာ - ဖြစ်၍၊
အစေတနံ - စိတ်စေတနာမရှိ တော့သည်၊
ဟောတိ - ဖြစ်၏။
အယံသန္တာနော - စွန့်ပစ်ခြင်းဟူသော ဤသဘောအစဉ်သည်၊
ဧတာဒိသော - ဤအတိုင်းရှုအပ်သော သဘောရှိ၏၊
အယံ - ဤဝိညာဏက္ခန္ဓာသည်၊
ဗာလလာဝိနီ - မိုက်ကန်းအန္ဓ ပုထုဇဉ်လူ့ဗာ လတို့ကို ငါငါဟုစွဲလမ်း ပြောဆိုစေ တတ်သော၊
မာယာ - မျက်လှည့်တမူတူလှချေ၏၊
ဧသော - ဤခန္ဓာငါးပါးကို၊
ဝဓကော - ရက်စက်ရမ်းကား သူသတ်သမားဟူ၍၊
အက္ခာတော - သမုတ်ပညတ် ပြောဆိုအပ်၏၊
ဧတ္ထ - ဤခန္ဓာငါးပါး၌၊
သာရော - အနှစ်သာရသည်၊
နဝိဇ္ဇတိ - တစိုးတစိ မရှိပါချေ။

အများသူငါ, ရှုဖွယ်ရာကား,
လေးဖြာဓာတ်ခို, ကိုယ်ကာယကား,
ဇီဝိတနှင့်, ဥသ္မဝိညာဉ်, စွန့်သည်တွင်မှ,
များဖြင်သောင်းသောင်း, ဆွေမျိုးပေါင်းတို့,
အလောင်းကောင်ကို, ဆောင်ယူချီမ, ထမ်းကုန်ကြ၍,
သုသာန်တစ, စွန့်ပစ်ကြသဖြင့်, များလှထွေပြား,
ပိုးလောက်များနှင့်, ခွေးများကျီးများ, လင်းတများတို့,
စားကြဆွဲကြ, ကိုက်ဆွဲကြ၏, မုချမှန်လှ,
ဤကာယကား, သာရအနှစ်, ကင်းတုံလစ်၏,
စင်စစ်မုချ, လူ့ဗာလတို့, ခင်ကြမင်ကြ, ခင်မင်ကြ၏,
ရခဲစွာလှ, လူ့ဘဝကို, ကောင်းစွာရခိုက်, လုံ့လစိုက်၍,
အားတိုက်ကြိုးကုတ်, တရားအလုပ်ကို,
မယုတ်တိုးပွား, ကြိုးစားစေချင်, စာတန်းတင်သည်,
အစဉ်နောက်နောင်ရှုဖွယ်တည်း။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၅။ ဗျာဓိဓမ္မာ ဇရာဓမ္မာ, အထော မရဏဓမ္မိနော၊
ဣတိ နိစ္စံ အဝေက္ခေယျ, ဝိစက္ခဏော ဒိဝါနိသံ။

သတ္တာ - ကြုံလာဖြစ်လာ သတ္တဝါတို့သည်၊
ဗျာဓိဓမ္မာ - ကိုးဆယ့်ခြောက်ဖြာ ဘေးရောဂါတို့ဖြင့် မမာမကျန်း ပင်ပန်းကြီးစွာ နာကျင်ခြင်း ဖျားနာခြင်း သဘောရှိကုန်၏၊
ဇရာဓမ္မာ - သွားကျိုးဆံဖြူ ငယ်မူယိုယွင်း အိုမင်းရင့်ရော် မှည့်ပျော်ခြင်း သဘော ရှိကုန်၏၊
အထော - ထိုမှတပါး၊
မရဏဓမ္မိနော - စုတိပြတ်ကြွေ သေလွန်ခြင်း သဘောရှိကုန်၏၊
ဣတိ - ဤသို့၊
နိစ္စံ - အမြဲနိစ္စ ထာဝရ၊
ဒိဝါနိသံ - နေ့ညဉ့်ပတ်လုံး၊
ဝိစက္ခဏော - တွေးခေါ်နှိုင်းညှိ ပညာရှိ သူတော်ကောင်းသည်၊
အဝေက္ခေယျ - ရှုဆင်ခြင်ရာ၏။

ဇာတိဆက်ကာ, ဖြစ်လာကြုံလာ, သတ္တဝါကား,
ရောဂါမျိုးစုံ, ကြုံတွေ့ရခြင်း, အိုရခြင်းနှင့်,
လွန်စွာဆင်းရဲ, မလွဲပုံသေ, သေရခြင်းလျှင်, အဆုံးထင်၏,
ရှင်ပင်ဘုရား, ပုဂ္ဂိုလ်များနှင့်, ထူးခြားတုံလစ်,
ပစ္စေကဗုဒ္ဓါ, ရဟန္တာများလဲ, မလွဲနိစ္စ, သေကုန်ကြ၏,
တွေးဆမြော်မြင်, ပညာရှင်သည်, အစဉ်ထာဝရ,
အပ္ပမာဒတရား, ပွားများဆင်ခြင်ရာသတည်း။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၆။ ဇရာဓမ္မောစ ဗျာဓိစ, အထောပိ မရဏဓမ္မော၊
ကမ္မန္တိ နေသံ စတုန္နံ, ပါဋိဘောဂေါ န ဝိဇ္ဇတိ။

ဇရာဓမ္မောစ - ဆံဖြူသွားကြွေ အရေလျော့ပါး ခါးကိုင်း၍ မျက်စိမှုန် အစုံစုံအဖုံဖုံ အိုရခြင်းသဘော တရားလည်းကောင်း၊
ဗျာဓိစ - မကျန်းမမာ ဖျားနာရခြင်းသဘောလည်းကောင်း၊
အထောပိ မရဏဓမ္မောစ - ထို့ပြင်တပါး သေဆုံးရခြင်း သဘောတရားလည်းကောင်း၊
ကမ္မံစ - မိမိပြုဖန် အကုသိုလ်ကံလည်းကောင်း၊
ဣတိ - ဤသို့၊
နေသံ စတုန္နံ - ထိုသို့ဖော်ပြ အိုနာသေရ ကံအကုသိုလ် ဓမ္မတို့အား၊
ပါဋိဘောဂေါ - မအိုပါရန်မနာရန်နှင့် တဖန်မသေရေး အကျိူးမပေးရန် အာမဝန်တာ ခံနိုင်သူသည်၊
နဝိဇ္ဇတိ - မုချပုံသေမရှိပါချေ။

မအိုပါရန်, အာမခံ, ဧကန်မရှိပြီ၊
မဖျားနာရန်, အာမခံ, ဧကန်မရှိပြီ၊
မိမိပြုစု, အကုသိုလ်ကံ, ကျိုးမသန်အောင်,
ကြံဆောင်ပြုမူ, စွမ်းနိုင်သူ, ဘယ်သူမရှိပြီ၊
ဒါနသီလာ, ဘာဝနာဟု, အစုစု, ပြုလုပ်ကျင့်ရမည်။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၇။ သဗ္ဗေဟေဝ နာနာဘာဝေါ, ပိယေဟိ မနာပေဟိစ၊
ဝိနာဘာဝေါ အညထာဘာဝေါ, ဧသာ လောကဿ ဓမ္မတာ။

ပိယေဟိ - မခွဲရက်မခွာချင်အောင် ချစ်ခင်မြတ်နိုးအပ်ကုန်သော၊
မနာပေဟိ - စိတ်နှလုံးကို တိုးပွားစေတတ်ကုန်သော၊
သဗ္ဗေဟေဝ - တယောက်မကြွင်း ခပင်းဥဿုံ အလုံးစုံသော မိဘသားချင်း ဆွေရင်း မိတ်ကောင်း မိတ်ဆွေအပေါင်းတို့နှင့်သာလျှင်၊
ဝါ - အမိအဘ မောင်ကြီး မောင်ငယ် နှမငယ်နှင့် ချစ်ဖွယ်မယား လင်သားတဖုံ သားသမီး မိတ်ဆွေအစရှိသော အလုံးစုံတို့နှင့်သာလျှင်၊
နာနာဘာဝေါ - ဖြစ်သည့် အလျောက် ဟိုရောက်သည်သွား အသီးအခြား ဖြစ်ရခြင်း သည်လည်းကောင်း၊
ဝါ - မခွဲချင်ပါ မခွာရက်ပဲ ရှင်ကွဲကွဲရခြင်းသည်လည်းကောင်း၊
ဝိနာဘာဝေါ - စုတိပြတ်ကြွေ သေလွန်ခြင်းအားဖြင့် ကွေကွင်းလျက် ဖြစ်ရခြင်းသည် လည်းကောင်း၊
ဝါ - သေကွဲကွဲရခြင်းသည်လည်းကောင်း၊
ဟောတိ - မဖြစ်ချင်ပဲ လွှဲမရပါ ဧကန်မုချ ဖြစ်ရချေ၏၊
ဧသာ - ဤသို့ရှင်ကွဲသေကွဲ ကွဲရခြင်းသည်၊
လောကဿ - လောကကြီး၏၊
ဓမ္မတာ - ဖြစ်မြဲမှန်စွာ ဓမ္မတာပေတည်း။

မခွဲချင်အောင်, လွန်လျှင်နှစ်သက်,
စိတ်စက်စွဲဘိ, ချစ်ကြိုးငြိသည့်,
မိဘသားချင်း, ဆွေရင်းမျိုးချာ, ဉာတကာက,
များစွာပွားစီး, သားသမီးနှင့်, ဖွဲ့စည်းရှက်မြှေး,
မြေးမြစ်စသည်,လီလီဖုံဖုံ, ဥဿုံသင်္ချာ, ပေါင်းများစွာနှင့်,
ခွဲခွာတုံလျှင်း, သေရခြင်းကား, မယွင်းမုချ လွန်မြဲလှသည်,
လောကဓမ္မတာ လမ်းစဉ်တည်း။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၈။ မရဏဿတိ ပစ္စယာ, အတိဝ ဗဟုကာ ဘဝေ၊
အဟိဒဋ္ဌေန ဝိစ္ဆိက - သတပဒီ ဍံသနေန ဝါ။

၉။ ဥပက္ခလိတွာ မရေယျုံ, ဘတ္တံ ဘုတ္တံ ဗျာပဇ္ဇေယျံ၊
ပိတ္တံ သေမှံဝါ ကုပ္ပေယျ, သတ္ထကာ ဝါတာဝါပိစ။

မရဏဿ - စုတိပြတ်ကြွေ သေလွန်ခြင်း၏၊
ပစ္စယာ - အကြောင်းတို့သည်၊
အတိဝဗဟုကာ - မရေနိုင်အောင် လွန်စွာများလှချေကုန်သည်၊
ဘဝေ - ဘဝေယျုံဟိ - ဖြစ်ကုန်သည်သာ၊
အဟိဒဋ္ဌေန - မြွေကိုက်သဖြင့်လည်းကောင်း၊
ဝိစ္ဆိကသတိပဒီဍံသနေနဝါ - ကင်းမြီးကောက် ကင်းခြေများကိုက်သဖြင့်လည်းကောင်း၊
မရေယျံ - သေကြကုန်ရာ၏၊
ဘုတ္တံ - စားအပ်သော၊
ဘတ္တံဝါ - ထမင်းသည်လည်း၊
ဗျာပဇ္ဇေယျ - အစာမကြေကျက်ခြင်းစသည်ဖြင့် ဖောက်ပြန်သေဆုံးကုန်ရာ၏၊
ပိတ္တံ - သည်းခြေသည်လည်းကောင်း၊
သေမှံဝါ - သလိပ်သည်လည်းကောင်း၊
ကုပ္ပေယျ - ပျက်စီး၍သေရာ၏၊
သတ္ထကာ - အသက်ကိုညှဉ်းဆဲသတ်ဖြတ်တတ် ဖျက်ဆီးတတ်ကုန်သော၊
ဝါတာဝါပိ - လေတို့သည်လည်း၊
ကုပ္ပေယျံ - ပျက်စီးကုန်ရာ၏၊
ဝါ - ပျက်စီး၍သေနိုင်ကုန်ရာ၏။

သေရန်အန္တရာယ်, အသွယ်သွယ်, တကယ်များလှသည်၊
မြွေကင်းကိုက်တာ, မြန်မကြာ, မှန်စွာသေနိုင်သည်၊
ချော်လဲ၍လဲ, ရုတ်ခနဲ, မလွဲသေနိုင်သည်၊
သည်းခြေပျက်ကာ, မြန်မကြာ, မှန်စွာသေနိုင်သည်၊
သလိပ်ရောဂါ, စွဲကပ်လာ, မှန်စွာသေနိုင်သည်၊
လေဖြတ်၍လဲ, ရုတ်ခနဲ, မလွဲသေနိုင်သည်၊
မနာမီက, မြတ်ဓမ္မ, ကျင့်မှသင့်တော်မည်၊
မအိုမီက, မြတ်ဓမ္မ, ကျင့်မှသင့်တော်မည်၊
မသေမီက, မြတ်ဓမ္မ, ကျင့်မှသင့်တော်မည်။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၁၀။ အစိရံ ဝတယံ ကာယော, ပထဝိံအဓိသေဿတိ၊
ဆုဒ္ဓေါ အပေတဝိညာဏော, နိရတ္ထံဝ ကလိင်္ဂရံ။

အယံကာယော - တလံပမာဏ တိုင်းတာရသည့် ဒွတ္တိံသကောဋ္ဌာသ အစုမျှသာ ဖြစ်သော ဤခန္ဓာကိုယ်ရူပကာယသည်၊
ဆုဒ္ဓေါ - ထုတ်ဆောင် စွန့်ပစ်အပ်သည်ဖြစ်၍၊
အပေတဝိညာဏော - ချုပ်ပြတ်ကင်းစင် ဘိညာဉ်ရှိသည်ဖြစ်၍၊
နိရတ္ထံ - အကျိုးမပြီး အချည်းနှီးအသုံးမကျသော၊
ကလိင်္ဂရံဣဝ - ထင်းနုပ်ထင်းဖွဲ ထင်းဆွေးကဲ့သို့၊
အစိရံ - မကြာမြင့်မီ၊
အဓိသေဿတိ - သုသာန်တစ၌ အိပ်ရလိမ့်လတ္တံ့။

ရေ, မြေ, လေ, မီး ဘုတ်ကြီးလေးခု, တိုင်ခြေပြုက,
ရိုးစုသားစု သွေးစုတပ်ဆင်, ဒိုင်း မြှားတင်လျက်,
ပြုပြင်စီမံ, တလံပမာဏ, ဤကာယကား,
ခဏသာတည်, တာမရှည်ဘူး,
ဘယ်ဆီဘယ်မှ, နှစ်မရသည့်,
သာရနှစ်ကင်း, ထင်းတုံးတမူ, အလားတူ၏,
ကုန်းမူဆိတ်ညံ, မြေသုသာန်၌, ဧကန်စင်စစ်,
စွန့်ပစ်ရသည်, အနိစ္စာဝတ, သင်္ခါရာပါတည်း။

သတ္တနဝုတိမပိုင်း

သတ္တမသံဝေဂဆယ်ဂါထာ ပါဌ်နိဿယနှင့်သံဝေဂလင်္ကာ

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၁။ ပုပ္ဖါနိ ဟေဝ ပစိနန္တံ, ဗျာသတ္တမာနသံ နရံ၊
သုတ္တံဂါမံ မဟောဃောဝ, မစ္စု အာဒါယ ဂစ္ဆတိ။

ပုပ္ဖါနိ - မျိုးစုံလှဆန်း ပန်းတို့ကို၊
ပစိနန္တောဣဝ - ကောင်းနိုးရာရာ အာသာမပြတ် ရွေးချယ်သောသူကဲ့သို့၊
ပစိနန္တံ - ရူပသဒ္ဒစသည်ဆန်းစွာ ကာမဂုဏ်ချမ်းသာကို အာသာမပြယ် ရွေးချယ်သော၊
ဗျာသတ္တမာနသံ - လွန်မင်းပြင်းစွာ တွယ်တာကပ်ငြိသော စိတ်ရှိသော၊
နရံ - ကာမမှိုင်းမိ ထုံထိုင်း၍နေသော သတ္တဝါကို၊
မဟောဃော - အလျဉ်း ဒီးဒီး ကြီးစွာသော ရေအလျဉ်သည်၊
သုတ္တံဂါမံ - သတိမေ့လျော့ ပေါ့ပေါ့ဆဆ အိပ်ပျော် အိပ်မောကျ၍နေသော ရွာသူ ရွာသား အပေါင်းကို၊
အာဒါယ - တအိမ်မကျန် တိုက်လှန်မျှောယူ၍၊
ဂစ္ဆတိဣဝ - သွားသကဲ့သို့၊
မစ္စု - သေမင်းခေါ်ငြား သေခြင်းတရားသည်၊
အာဒါယ - ယူဆောင်၍၊
ဂစ္ဆတိ - သွား၏။

မျိုးစုံထူးဆန်း, ပန်းများသွယ်သွယ်, ရွေးချယ်သူသွင်,
ငါးအင်အာရုံ, ကာမဂုဏ်၌, ခုံမင်တပ်လျှင်း,
သတ္တဝါခပင်းကို, သေမင်းရာဇာ, ညှဉ်းပန်းကာဖြင့်,
ညှာတာမထား, ခေါ်ယူသွားသည်, တရားသံဝေရဖွယ်တည်း။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၂။ န အန္တလိက္ခေ န သမုဒ္ဒမဇ္ဈေ, န ပဗ္ဗတာနံ ဝိဝရံ ပဝိဿ၊
န ဝိဇ္ဇတိ သော ဇဂတိပ္ပဒေသော, ယတ္ထ ဌိတံ နပ္ပသဟေ ယျ မစ္စု။

အန္တလက္ခေ - အာကာထက်ခွင် မိုးကောင်းကင်၌၊
ဌိတောပိ - တည်နေပါသော်လည်း၊
မစ္စုနာ - သေမင်းခေါ်ငြား သေခြင်းတရားမှ၊
နမုစ္စေယျ - မလွတ်မြောက်နိုင်ရာ၊
သမုဒ္ဒမဇ္ဈေ - သမုဒ္ဒရာပြင်ကျယ် အလယ်အရပ်၌၊
ဌိတောပိ - တည်နေပါသော်လည်း၊
မစ္စုနာ - သေမင်းခေါ်ငြား သေခြင်းတရားမှ၊
နမုစ္စေယျ - မလွတ်မြောက်နိုင်ရာ၊
ပဗ္ဗတာနံ ဝိဝရံ - ဝေးမြင့်သီးခေါင် တောင်ခေါင်းထဲ၌၊
ပဝိဿ - ခိုမှီအောင်းဝင်နေ၍ လည်း၊
မစ္စုနာ - သေမင်းခေါ်ငြား သေခြင်းတရားမှ၊
နမုစ္စေယျ - မလွတ်မြောက်နိုင်ရာ၊
ယတ္ထဇဂတိပ္ပဒေသေ - အကြင် အရပ်၌၊
ဌိတံ - တည်နေသောသူကို၊
မစ္စု - သေမင်းခေါ်ငြား သေခြင်းသဘောတရားသည်၊
နပ္ပသဟေယျ - မညှည်းဆဲ မနှိပ်စက်ရာ၊
သော ဇဂတိပ္ပဒေသော - ထိုအရပ်သည်၊
န ဝိဇ္ဇတိ - မုချပုံသေ မရှိပါချေသည်သာ။

အိုသူတော်စင်, ဆင်ခြင်ပါလော့,
ဤခါကာလ, သမယကား, ဘုရားမြတ်စွာ,
သာသနာအရောင်,တောက်ပြောင်ထိန်ဝင်း, လင်းလက်နေ၏၊
သံဝေတရား, ပွားများရှုရန်, ချိန်ကောင်းမှန်၏,
သေရန်အရေး, တွေးတောသက်ဝင်, ရှုစေချင်၏,
ကောင်းကင်ရောက်လည်း, မဖောက်မှန်စွာ,မလွတ်ရာတည်း,
ဘယ်မှာနေနေ, မသေသသူ, မရှိဟူ၏,
လိုဏ်ဂူတောင်ခေါင်း, ခိုမှီအောင်းလည်း, လွတ်ကြောင်းမရှိ,
ဂမ္ဘိနက်ကျယ်, ပင်လယ်မဇ္ဈေ, နေပြန်ပါလည်း,
မှန်စွဆက်ဆက်,လွတ်ထွက်မရှိ သေကုန်ဘိ၏,
လိလိကြောက်စရာ, စဉ်းစားကာဖြင့်, ဘာဝနာအလုပ်,
မဟုဿဟ, ဇွဲလုံ့လဖြင့်, မုချအားသစ်ကုန်ရာသတည်း။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၃။ ပရိဇိဏ္ဏမိဒံ ရူပံ, ရောဂနီဠံ ပဘင်္ဂုရံ၊
ဘိဇ္ဇတိ ပူတိ သန္ဒေဟော, မရဏန္တံ ဟိ ဇီဝိတံ။

ဣဒံရူပံ - မြေရေလေမီး ဘုတ်ကြီးလေးခု တိုင်ခြေပြုက ဤရူပကာယ ခန္ဓာကိုယ်သည်၊ ပရိဇိဏ္ဏံ - ဆွေးမြည့်ယိုယွင်း အိုမင်းဟောင်းမြင်းတတ်၏၊
ရောဂနိဠံ - ကိုးဆယ့်ခြောက်ဖြာ ဘေးရောဂါတို့တည်ရာနေရာ စုဝေးရာဌာနချုပ်လည်း ဖြစ်၏၊
ပဘင်္ဂုရံ - ယိုယွင်းပျက်စီးတတ်၏၊
ပူတိသန္ဒေဟော - ပုပ်နံညှီဟောင်း အနံ့မကောင်းသည်ဖြစ်၍,
ဝါ - ကိုးပေါက်ဒွါရ အမာဝမှ လွန်စွာဆိုးယုတ် အပုပ်ရည်တသွင်သွင် တဒီးဒီး ယိုစီး နေသည်ဖြစ်၍၊
ဘိဇ္ဇတိ - တနေ့နေ့ကျ ပျက်စီးရလိမ့်လတ္တံ့၊
ဇီဝိတံ - အသက်ဝိညာဉ် ရှင်နေရခြင်းသည်၊
မရဏန္တံ - စုတိပြတ်ကြွေ သေလွန်ခြင်းလျှင် အဆုံးရှိချေ၏။

လေးပါးဓာတ်ခို, ဤသည့်ကိုယ်, အိုခြင်းသဘောရှိချေ၏၊
ကိုးဆယ့်ခြောက်ဖြာ, ဘေးရောဂါ, စုဝေးရာလည်းဖြစ်ချေ၏၊
ဖရိုဖရဲ, အနဲနဲ, ပျက်စဲတတ်ချေ၏၊
ဒွါရကိုးဖြာ, ပုပ်ရည်ဖြာ, စက်ဆုပ်စရာဖြစ်ချေ၏၊
အသက်ရှင်ရ, ဧကန္တ, သေရနောက်ဆုံးရှိချေ၏။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၄။ အာဂစ္ဆန္တဂ္ဂိက္ခန္ဓာဝ, မစ္စုဗျာဓိ ဇရာ တယော၊
ပစ္စုဂ္ဂန္တုံ ဗလံ နတ္ထိ, ဇဝေါ နတ္ထိ ပလာယိတုံ။

အဂ္ဂိက္ခန္ဓာဝ အဂ္ဂိက္ခန္ဓာဣဝ - အလျှံညီးညီး မီးပုံကြီးတို့ကဲ့သို့၊
မစ္စုဗျာဓိဇရာတယော - သေခြင်း, နာခြင်း,အိုခြင်းဟူငြားဘေးသုံးပါးတို့သည်၊
အာဂစ္ဆန္တိ - မညှာမထောက် ရှေးရှုရောက်လာကြကုန်၏၊
ပစ္စုဂ္ဂန္တုံ - ယင်းမရဏရန်, ဗျာဓိရန်, ဇရာရန်တို့ကို တန်ပြန်တော်လှန် တိုက်ထုတ်ခြင်းငှာ၊
ဗလံ - စွမ်းအင်ဗလ သတ္တိထာမသည်၊
နတ္ထိ - မုချပုံသေမရှိပါချေ၊
ပလာယိတုံ - မရဏဗျာဓိဇရာ ဘေးမှလွတ်ရန်အရေး ထွက်ပြေးခြင်းငှာ၊
ဇဝေါ - လျင်စွာကျော်ခုန် အဟုန်သည်၊
နတ္ထိ - မုချပုံသေမရှိပါချေ။

ဝန်းကျင်ပတ်ခြံ, အလျှံညီးညီး, မီးပုံကြီးနှယ်,
ကြောက်ဖွယ်ကောင်းလှ, မရဏနှင့်, ဇရာဓမ္မ,
ထိုမှတချက်, ဗျာဓိစက်တို့, ဆက်ဆက်ရောက်က,
မုချဧကန်, တွန်းလှန်ဖို့ရန်, အားခွန်မရှိ,
အတိဒုက္ခ, ကြီးမားလှ၏, ဒေသရပ်ဝေး,
ပြေး၍လွတ်ကြောင်း, ထုံးဟောင်းတစိ, မရှိဧကန်,
စင်စစ်မှန်သည်, နိဗ္ဗာန်ရောက်မှ လွတ်မည်တည်း။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၅။ ဓီရတ္ထု သင်္ခတံ လောလံ, အသာရံ ကဒလူပမံ၊
မာယာမရိစိသာဒိသံ, ဣတ္တရံ အနဝဋ္ဌိတံ။

သင်္ခတံ - ကံ စိတ် ဥ ဟာ ကြောင်းလေးဖြာတို့ ပေါင်းကာပြုပြင် စီရင်အပ်သမျှ သင်္ခါရတရား အပေါင်းသည်၊
ဓီရတ္ထု - အော့နှလုံးဝယ် ရွံစဖွယ်ဖြစ်ချေ၏၊
လောလံ - ဖြစ်ချည်ပျက်ချည် မတည်ကြည်ပဲ လော်လည်လျှပ်ပေါ်လှချေ ၏၊
အသာရံ - အနှစ်သာရ ဘာမျှမရှိပါချေ၊
ကဒလူပမံ - ငှက်ပျောတုံးအသွင် ပမာထင်၏၊
မာယာမရိစိသာဒိသံ - မျက်လှည့်ရုပ် တံလျှပ် (တံလှပ်) တမူအလားတူ၏၊
ဣတ္တရံ - အချိန်ကာလ ဘာမျှမကြာ တိုတောင်းလှ ချေ၏၊
အနဝဋ္ဌိတံ - ဖြစ်ချည်ပျက်ချည် ချာချာလည်၍နေ၏။

စက်ဆုပ်စဖွယ်, ရွံစဖွယ်, ဟယ်ဟယ်သင်္ခါရ၊
ဖြစ်ချည်ပျက်ချည်, မတည်ကြည်, လော်လီသင်္ခါရ၊
အနှစ်သာရ, ရှာမရ, ညံ့လှသင်္ခါရ၊
ငှက်ပျောတုံးသွင်, ပမာထင်, ဟင်ဟင်သင်္ခါရ၊
မျက်လှည့် ရုပ်တမူ, အလားတူ, သုံးယူမရသင်္ခါရ၊
တံလျှပ်တမူ, အလားတူ, သုံးယူမရသင်္ခါရ၊
အချိန်ကာလ, တိုတောင်းလှ, ခဏသင်္ခါရ၊
ဖြစ်ချည်ပျက်ချည်, မြဲမတည်, ချာလည်သင်္ခါရ၊
သင်္ခါရကင်းရာ, အမတာ, မှန်စွာမြတ်သုခ။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၆။ ဇရာဝသာနံ ယောဗ္ဗညံ, ရူပံ အသုစိသမ္မတံ၊
ရောဂန္တမပိစာရောဂျံ, ဇီဝိတံ မရဏန္တိကံ။

ယောဗ္ဗညံ - အရွယ်ရုပ်ဆင်း တင့်တယ်ပျိုနုခြင်းသည်၊
ဇရာဝသာနံ - ရှုံ့တွသားရေ သွားတွေကြွေ၍ ဆံပင်တွေဖြူ နားထွေအူလာ ခန္ဓာကိုယ်ကုန်း အိုရခြင်း အဆုံးရှိချေ၏၊
ရူပံ - ဝတ်စားတန်ဆာ များစွာဆင်ယင် အမွှမ်းတင်၍ ပြုပြင်မငြီး ဤခန္ဓာကိုယ်ရုပ်ကြီးကို၊
အသုစိသမ္မတံ - ရွံစဖွယ်အလေး အညစ်အကြေးတွေလွန်ပေါ မစင်တောဟူ၍ သမုတ်အပ်၏၊
အာရောဂျံစာပိ - ကာယအားခွန် သန်သန်မာမာ ရောဂါကင်းရှင်း ကျန်းမာခြင်းသည်လည်း၊
ရောဂန္တံ - လဲတခွေခွေ တုံးလုံးနေ၍ မှိုင်တွေချကာ ရောဂါစွဲငြိ မချိတရိ ပင်ပန်းရခြင်းလျှင် အဆုံးရှိချေ ၏၊
ဇီဝိတံ - ဟိုကိုင်သည်လုပ် လှုပ်လှုပ်ရှားရှား လာသွားကျင်လည် အသက်ရှင်၍ နေရခြင်းသည်၊
မရဏန္တိကံ - မုချပုံသေ သေရခြင်းလျှင် အဆုံးရှိချေ၏။

ရှုချင်စဖွယ်, တင့်တယ်လှပ, ပျိုနုကြ, အိုရနောက်ဆုံးရှိချေ၏၊
ပြုပြင်ယုယ, ဤကာယ, ရွံစရာမုချဖြစ်ချေ၏၊
ကျန်းမာရွှင်ပျ, ဤကာယ, နာရနောက်ဆုံးရှိချေ၏၊
လှုပ်လှုပ်ရွရွ, သက်ရှင်ကြ, သေရနောက်ဆုံးရှိချေ၏။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၇။ ယုဇ္ဈမာနာ ဗလသန္တာ, မာနိနော သုဝိရာ နေရာ၊
တေပီ ဇီရန္တိ မီယန္တိ, ဇာတိ ဇရာယုပဒ္ဒုတံ။

ယုဇ္ဈမာနာ - ထိုပစ်ရန်ခိုက် စစ်တိုက်ကြကုန်သော၊
ဗလဝန္တာ - စစ်သည်တော် ရဲမက်ဗိုလ်ပါများစွာ ရှိကြကုန်သော၊
မာနိနော - လွန်စွာခက်ထန် မာန်ရှိကြကုန်သော၊
တေပိ သုဝီရာ နရာ - ထိုအလွန်လျှင် ရဲရင့်သော သူတို့သည်လည်း၊
ဇီရန္တိ - ပုံသေမုချ သေကြရကုန်၏၊
တံသ ဗ္ဗံ - ထိုအလုံးစုံသော စစ်သည်အာလုံးကိုသာလျှင်၊
ဝါ - ထိုသတ္တဝါ အားလုံးကိုသာလျှင်၊
ဇာတိဇရာယ - ဇိတိဘေး ဇရာဘေးသည်၊
ဥပဒ္ဒုတံ - လွှမ်းမိုးဖိကြိတ် နှိပ်စက်အပ်၏။

သူနိုင်ငါနိုင်, အပြိုင်ပြုကြ, တိုက်ခိုက်ကြသည့်,
ဗလအားအင်, စုံလင်ပြည့်ငား, ထိုသူများလည်း,
မမှားပုံသေ, အိုကြပေ၏, မမှားပုံသေ, နာကြပေ၏,
ထွေထွေများပြား, အားလုံးရှိကြ,
အနန္တသတ္တဝါ, ပေါင်းများစွာတို့,
ဇာတိဘယ, ဇရာဘယ, အနိစ္စဆတ်ဆတ်,
နှိပ်စက်မှုဒဏ်, ဧကန်မုချ, ခံကြရကုန်၏တကား။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၈။ စတုရင်္ဂိနိံ သေနံ စ, ဘိံ သရူပံ ရဋ္ဌာဓိပံ၊
ဇယန္တိ ဧကစ္စေဘူပါ, မစ္စုနော န ဇယန္တိ တေ။

ဧကစ္စေဘူပါ - အချို့ကုန်သော နိုင်ငံသနင်း မင်းတို့သည်၊
စတုရင်္ဂိနိံ - ဆင်, မြင်း, ရထား ခြေသည်အားဖြင့် အင်္ဂါလေးပါးရှိသော၊
သေနံ စ - စစ်သည်အပေါင်းကိုလည်းကောင်း၊
ဘိံ သရူပံ - ကြောက်ဖွယ် ကောင်းလှသောသဘောရှိသော၊
ရဋ္ဌဓိပံ - နိုင်ငံအကြီးအကဲ နိုင်ငံဦးသျှောင်အပေါင်းကိုလည်းကောင်း၊
ပသယှ - လွှမ်းမိုးနှိပ်စက်ကြကုန်၍၊
ဇယန္တိ - အောင်နိုင်ကြကုန်၏၊
တေ - ထိုတိုက်လေသမျှ အောင်ပွဲရသော မင်းတို့သည်၊
မစ္စုနော - သေမင်း၏၊
သေနံ - ဇရာဗျာဓိ ရန်သူစစ်သည် အပေါင်းကို၊
ဝါ - ကိုးဆယ့်ခြောက်ဖြာ ဘေးရောဂါ စစ်သည်အပေါင်းကို၊
နဇယန္တိ - နိုင်အောင် မတိုက်နိုင်ကြလေကုန်။

ဆင်မြင်းရထား, ခြေသည်အားဖြင့်,
လေးပါးဥဿုံ, ပြည့်စုံတုံလစ် စစ်သည်များနှင့်,
အားစွမ်းကြီးမြောက်, ကြောက်ဖွယ်ကြီးများ, မင်းအများကို,
ထွားထွားညက်ညက်, တိုက်ဖျက်ခွင်းဖြို, အစွမ်းပိုလည်း,
ကြမ်းတမ်းလွန်းလျှင်, သေမင်းကိုကား,
မညှဉ်းပန်းနိုင်, မတိုက်နိုင်ပဲ,
လက်မှိုင်ချကာ, ရှုံးကြရှာ၏။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၉။ ဟတ္ထီဟိ စေဝ အဿေဟိ, ရထေဟိ စ ပတ္တီဟိ စ၊
ဧကစ္စေ ပရိဝါရိတာ, မုစ္စရေ န ဟိ မစ္စုနော။

ဟတ္ထိဟိစေဝ - ခွန်အားကြီးအင် ဆင်တို့ဖြင့်လည်းကောင်း၊
ဝါ - အားအင်ကြီးမား ဆင်တပ်များတို့ဖြင့်လည်းကောင်း၊
အဿေဟိ - အားအင်ကြီးလျှင်း မြင်းတို့ဖြင့်လည်းကောင်း၊
ဝါ - အားအင်ကြီးမား မြင်းတပ်များဖြင့်လည်းကောင်း၊
ပတ္တီဟိစ - အားခွန်ဗလ စွမ်းထာမနှင့် ပြည့်စုံကြသည့် ခြေသည်သူရဲတို့ဖြင့် လည်းကောင်း၊
ပရိဝါရိတာ - ခြံရံအပ်ကုန်သော၊
ဧကစ္စေ - အချို့ကုန်သော မင်းတို့သည်၊
ပစ္စာမိတ္တာနံ ဟတ္တတော - ရန်သူမင်းတို့၏ လက်မှ၊
မုစ္စရေ - လွတ်မြောက်နိုင်ကြကုန်၏၊
မစ္စုနော - သေမင်း၏၊
ဟတ္ထတော - လက်မှ၊
န ဟိ မုစ္စရေ - မလွတ်မြောက်နိုင်ကြကုန်သည်သာ။

ခွန်အားကြီးများ, ဆင်တပ်များနှင့်,
အားအင်စုံလျှင်း, မြင်းတပ်များတည့်,
ရထားတပ်ပြင်, ခြေလျင်တပ်များ,
ဝိုင်းထားသည့်ကြား, ကံအားအလျောက်,
လွတ်မြောက်လေလည်း, သေမင်းလက်မှ,
လွတ်မြောက်ခြင်းငှာ, မတတ်သာသည်,
များစွာသံဝေဖြစ်ဖွယ်တည်း။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၁၀။ ဟတ္ထီဟိ အဿေဟိ စေဝ, ရထေဟိ စ ပတ္တီဟိ စ၊
သူရာ ဝီရာ ပဘဉ္ဇန္တိ, ဓံသယန္တိ န မစ္စုနော။

ဧကစ္စေဘူပါ - အချို့သောမင်းတို့သည်၊
ဟတ္ထီဟိ - အားခွန်ကြီးအင်ဆင်တို့ဖြင့်လည်းကောင်း၊
အဿေဟိ စေဝ - အားအင်ကြီးလျှင်း မြင်းတို့ဖြင့်လည်းကောင်း၊
ရထေဟိ စ - လွန်စွာများပြား ရထားတို့ဖြင့်လည်းကောင်း၊
ပတ္တီဟိ စ - အားအင်ဗလစွမ်းထာမနှင့် ပြည့်စုံကြသည့် ခြေသည်သူရဲ တို့ဖြင့်လည်းကောင်း၊
သူရာ - ကြောက်ရွံ့ခြင်းကင်း ရဲတင်းကြကုန်သည်ဖြစ်၍၊
ဝီရာ - ရဲရင့်စွန့်စားကြကုန်သည်ဖြစ်၍၊
ပဘဉ္ဇန္တိ - တိုက်ခိုက်ချေမှုန်းနိုင်ကြကုန်၏၊
ဓံသယန္တိ - ဖျက်ဆီးနိုင်ကြကုန်၏၊
တေ - ထိုတဘက်စစ်သည် ဘာမထီသည့် အာဇာနည်မင်းတို့သည်၊
မစ္စုနော မစ္စုံ - ကြီးကြီး ငယ်ငယ် ရွယ်ရွယ်လတ်လတ် မြတ်မြတ် ယုတ်ယုတ် အဟုတ်မချွင်း မကုန်ခွင်းမည့် သေမင်းကိုကား၊
နဘဉ္ဇန္တိ - မတိုက်ခိုက်မချေမှုန်းနိုင်ကြကုန်၊
နဟိဓံသယန္တိ - မဖျက်နိုင်ကြကုန်။

ခွန်အားကြီးမား, ဆင်တပ်များနှင့်,
အင်အားစုံလျှင်း, မြင်းတပ်များတည်း,
ရထားတပ်ပြင်, ခြေလျင်တပ်များ, များအပြားဖြင့်,
တပါးတိုင်းခွင်, အောင်မြင်ရရန်, သိမ်းနိုင်ရန်ဟု,
ဧကန်မမှား, စွမ်းနိုင်ငြားလည်း, သနားမဲ့ကင်း,
သေမင်းမိုက်ကို တိုက်ခိုက်နိုင်ရန်, အောင်နိုင်ရန်,
ဧကန်မိမိ, ဘယ်မရှိသည်, သတိပညာပြည့်စေသော်။

အဋ္ဌနဝုတိမပိုင်း

အဋ္ဌမသံဝေဂဆယ်ဂါထာ ပါဠိနိဿယနှင့်သံဝေဂလင်္ကာ

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၁။ မတ္တာဂဇာ ဘိန္နဂဠာ, ပဘိန္နာ အဘိဒါရုဏာ၊
နဂရာ နိစ္စမဒ္ဒန္တိ, ဟနန္တိ န ဟိ မစ္စုနော။

ပဘိန္နာ - မျက်စိသိုနား သုံးပါးသော အရပ်တို့၌ ပေါက်ထွက်ကုန်သည် ဖြစ်၍၊
ဝါ - ခါးရပ် သိုနာ း သုံးပါးသောအရပ်တို့၌ ပေါက်ထွက်ကုန်သည်ဖြစ်၍၊
ဘိန္နဂဠာ - ယိုစီးသောမုန်ရည်ရှိကြကုန်သော၊
အဘိဒါရုဏာ - အလွန်ကြမ်းတမ်းကုန်သော၊
မတ္တဂဇာ - အမုန်ယစ်သောဆင်တို့သည်၊
နဂရာနိစ - မြို့ငယ်မြို့ကြီး အသီးသီးတို့ကိုလည်း၊
မဒ္ဒန္တိ - နင်းခြေဖျက်ဆီးကြကုန်၏၊
ဇနံစ - လူအပေါင်းကိုလည်း၊
ဝါ - သတ္တဝါအပေါင်းကိုလည်း၊
ဟနန္တိ - သတ်ဖြတ်ကြကုန်၏၊
မစ္စုနော မစ္စုံ - ယုတ်မာစင်းစင်း သေမင်းကိုကား၊
န ဟိ မဒ္ဒန္တိ - မနင်းခြေနိုင်ကြကုန်သည်သာ၊
န ဟိ ဟနန္တိ - မသတ်ဖြတ်နိုင်ကြကုန်သည်သာ။

မျက်စိသိုနား, ရပ်သုံးပါးက, ထွက်ကျသွင်သွင်, မုန်ယိုဆင်ကား,
လွန်လျှင်ကြီးမား, မြို့ရွာများနှင့်, သနားစရာ, သတ္တဝါကို,
ညှာတမဲ့လျှင်း, သတ်ဖြတ်ညှဉ်း၏, သေမင်းကိုမူ, မညှဉ်းဆဲနိုင်,
မသတ်နိုင်သည်, လက်မှိုင်ချ၍, ရှုံးရသတည်း။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၂။ ဣဿာသိနော ကထဟတ္ထာ, ဒူရေပါတီဟိ သုဝီရာ၊
အက္ခဏဝေဓီ ဝိဇ္ဇိတုံ, ဥဿဟန္တိ န မစ္စုနော။

သုဝီရာ - အလွန်လျှင် ရဲရင့်ကြကုန်သော၊
ကတဟတ္ထာ - ဆရာလက်ထပ်ကောင်းစွာ သင်အပ်ပြီးသော လေးအတတ် ရှိကြကုန်သော၊
ဒူရေပါတီဟိ - ဝေးလံစွာလှ ရပ်ဒေသ၌ မြားကိုကျစေခြင်းငှာ စွမ်းနိုင်သည် သာလျှင်ဖြစ်ကုန်သော၊
ဣဿာသိနော - လေးသည်တော် လေးပါရဂူတို့သည်လည်းကောင်း၊
အက္ခဏဝေဓီ - မချွတ်ဧကန် မှန်အောင်ပစ်တတ်ကုန်သော၊
ဣဿာသိနော - လေးသမားပါရဂူတို့သည် လည်းကောင်း၊
မစ္စုနော မစ္စုံ - သတ္တဝါမှန်သမျှ မကျန်ရအောင် ရက်စက်လှစွာ အကုန်သတ်ညှဉ်း သည့် သေမင်းကို၊
ဝိဇ္ဇိတုံ - မှန်အောင်ပစ်ခြင်းငှာ၊
န ဥဿဟန္တိ - မစွမ်းနိုင်ကြကုန်သာ။

ဆရာလက်ထပ်, တတ်မြောက်လေပြီး,
လေးသမားကြီးနှင့် မမှားမချွတ်,
သတ်မှတ်သည့်တိုင်း,မဆိုင်းပစ်နိုင်,
လေးတတ်ပိုင်သည့်, ပြိုင်ဘက်ကင်းပြီး, လေးဆရာကြီးတို့,
ထန်သည်းအားအင်, လွန်လျှင်စုံလျှင်း, သေမင်းကိုကား,
မြားစွမ်းမပြ, လက်လျှော့ရသည်, ဧရာ့ကြောက်ဖွယ်,သေမင်းတည်း။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၃။ သရာ သမုဒ္ဒါ ခီယန္တီ, သသေလကာနနာမဟီ၊
သဗ္ဗံ ခီယတိ ဒိသေန, ဘဉ္ဇတိ ကာလပရိယာယံ။

သရာ - အနဝတတ် စသည်သီးသီး အိုင်ကြီးတို့သည်လည်းကောင်း၊
သမုဒ္ဒါစ - သမုဒ္ဒရာကြီး လေးစင်းတို့သည်လည်းကောင်း၊
ခီယန္တိ - တနေ့နေ့ကျ ခန်းခြောက်ရကုန်၏၊
သသေလ ကာနနာမဟီ - တောင်တောဂနိုင် မြိုင်အပေါင်းနှင့်တကွ ဖြစ်သော မဟာပထဝီ မြေကြီးသည် လည်းကောင်း၊
ခီယတိ - တနေ့နေ့ကျ မုချပုံသေပျက်စီးရချေ၏၊
သဗ္ဗံ - အလုံးစုံသောအနဝတတ်စသော အိုင်, သမုဒ္ဒရာ, တောတောင်နှင့်တကွဖြစ်သော မြေကြီးဟူသော ဓမ္မသင်္ခတတရားသည်၊
ဒိသေန - ကြာမြင့်စွာသောကာလ၌၊
ခီယတိ - ပုံသေမုချ ပျက်စီးရချေ၏၊
သဗ္ဗံ - လုံးစုံများဖြင့် မြင်မြင်သမျှ သင်္ခါရ တရားတပေါင်းသည်၊
ကာလပရိယာယံ - ပျက်စီးဖို့ရာ ကာလအလှည့်သို့၊
ပတွာ - ရောက်သည်ရှိသော်၊
ဘဉ္ဇတိ - မုချဆတ်ဆတ် ပျက်စီးတတ်သည်သာ။

အနဝတတ္တ, စသည့်သင်္ချာ, အိုင်များစွာနှင့်,
သမုဒ္ဒရာပင်လယ်, အသွယ်သွယ်လည်း,
ပျက်စီးချိန်ရောက်, မဖောက်ဧကန်,
အမှန်မုချ, ပျက်စီးရ၏,
တင့်လှသာမော, တောတောင်ထိုထို,
မြိုင်ညိုစိမ့်စမ်း, ဆန်းလှကျက်သရေ, ဤမြေသည်လည်း,
ဧကန်မုချ, ပြိုကွဲလေရ ပျက်စီးရ၏,
သင်္ခါရဥဿုံ, အလုံးစုံလည်း,
ကုန်ဆုံးပျက်စီး အချည်းနှီးသဘောရှိစွတကား။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၄။ ပဏ္ဏဖလာနိ ပတန္တိ, မာဏဝါ ဒဟရာ ယထာ၊
တနုဘေဒါ ဝုဒ္ဓါ နာရီ, နရာ မဇ္ဈိမပေါရိသာ။

ပဏ္ဏဖလာနိ - အနုအရင့် အကြီးအငယ် သစ်ရွက်သစ်သီးတို့သည်၊
ပတန္တိယထာ - အညှာမခိုင် ကြွေကျလေကုန်သကဲ့သို့၊
ဧဝံ - ဤအတူ၊
ဒဟရာ - အသက်အရွယ် နုနယ်ငယ်သူသည်လည်း ဖြစ်ကုန်သော၊
ဝုဒ္ဓါ - အရွယ်လွန်ပြီး ကြီးသည်လည်းဖြစ်ကုန်သော၊
မာဏဝါ - အရွယ်အလယ်အလတ် သတ္တဝါလည်းဖြစ်ကြကုန်သော၊
နာရီ နာရီယော - မိန်းမတို့သည်လည်းကောင်း၊
နရာ - ယောက်ျားတို့သည်လည်းကောင်း၊
မဇ္ဈိမပေါရိသာ - မိန်းမယောက်ျားတို့၏ကြား အလယ်သမုတ် ဥဘတောဗျည်း နပုံး ပဏ္ဍုက်တို့သည် လည်းကောင်း၊
တနုဘေဒါ - လေးပါးဓာတ်ခို ခန္ဓာကိုယ် ယိုယွင်းပျက်စီးကြကုန်ခြင်းကြောင့်၊
ပတန္တိ - ဇီဝိတိန္ဒြေ ကြွေကျပျက်စီးကြရကုန်၏။

ငယ်ငယ်ကြီးကြီး, ရွယ်အသီးတို့, အပြီးနွမ်းလျ, ကြွေကျသောနှယ်,
အရွယ်ငယ်သူ, ကြီးသူဖြစ်ကြ, မိန်းမများနှင့်, ယောက်ျားများဟူ,
ဥဘတောပဏ္ဍုက် , သမုတ်ခေါ်ရိုး, ပုဂ္ဂိုလ်မျိုးတို့,
အရိုးမြေကျ, သေဆုံးရ၏,
လောကအလယ်, ဘယ်ပုဂ္ဂိုလ်မှ, မနေရဘူး,
မုချဧကန်, သေရမှန်သည်, သံဝေပွားရှု, ဆင်ခြင်လော့။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၅။ ပါဏဘူတာနံ နရာနံ, နာရီနံ ဣဓ ဇီဝိတံ၊
စလာစလံ ဟိ ဓုတ္တဿ, ပဋောဝ ကူလဇေ ဒူမော။

ဣဓ - ပွေလိမ်ရှုပ်လှ ဤလောက၌၊
ပါဏဘူတာနံ - သတ္တဝါဖြစ်ကြကုန်သော၊
နရာနံ - ယောက်ျားတို့၏လည်းကောင်း၊
နာရီနံ - မိန်းမတို့၏လည်းကောင်း၊
ဇီဝိတံ - ရုပ်နာမ်နှစ်တွေ ဇီဝိတိန္ဒြေသည်၊
ဝါ - အသက်သမုတ် နာမ်နှင့်ရုပ်သည်၊
စလာစလံ - အရှည်အစွဲ အမြဲမဟုတ် တုန်လှုပ် အလွန်တုန်လှုပ်သည်သာ၊
ဓုတ္တဿ - သေရည် သေရက် ရက်ဆက်နေ့စဉ် လွန်လျှင် သောက်မူး သေသောက်ကြူး၏၊
ပဋောဝ ပဋောဣဝ - ပုဆိုးကဲ့သို့ လည်းကောင်း၊
ကူလဇော - မြစ်အနီးဝယ်ပေါက်ရောက်သော၊
ဒူမောဣဝ - သစ်ပင်ကဲ့သို့လည်းကောင်း၊
စလာစလံ - တုန်လှုပ်အလွန် တုန်လှုပ်သည်သာ။

အိုသူတော်စွာ, စဉ်းစာပါလော့, သတ္တဝါအနန္တ, ဇီဝိတကား,
ငြိမ်စွတာရှည်, တည်မနေခဲ့, သေသောက်ကြူးတွင်,
သူဝတ်ဆင်ရိုး, ပုဆိုးကဲ့ပုံ, လွန်လှုပ်တုန်၏,
တဖုံဖန်ဆန်း, ကမ်းနား၌တွင်, သစ်ပင်တရထည်,
ဤဇီဝိတ, လှုပ်ရှားလှ၏, ကာလမကြာ, ဤခန္ဓာကား,
မှန်စွာ အနိစ္စပါတကား,
မှန်စွာဒုက္ခပါတကား,
မှန်စွာအနတ္တပါတကား။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၆။ တာရကရာဇသန္နိဘော, န ဟောတီဟိ အယံ ဝယော၊
ယံ အတီတံ ဂတံ ဇိဏ္ဏံ, နတ္ထိ ရတိ ကုတော သုခံ။

အယံဝယော - ဤအပေါင်းများစွာ သတ္တဝါတို့၏ အရွယ်သည်၊
တာရက ရာဇသန္နိဘော - နက္ခတ်တာရာ ကြယ်တကာတို့၏သနင်း လမင်းနှင့် တူသည်ဖြစ်၍ လဆုတ်ပက္ခ ခါသမယတွင် ယုတ်လျော့၍ လဆန်းပက္ခ ခါသမယတွင် ပြည့်ဖြိုးတိုးပွားသည်၊
န ဟောတီဟိ - မဖြစ်သည်သာ၊
သတ္တာနံ - သတ္တဝါတို့၏၊
ယံ - အကြင်အရွယ်သည်၊
အတီတံ - နေ့နေ့ညည လနှစ်တွေစား တရွေ့ရွေ့သွားသည်သာ၊
တံ - ထိုအရွယ်သည်၊
ဂတံ - နေ့နေ့ညည လနှစ်တွေစား အပြီးတိုင် တရွေ့ရွေ့သွားသည်သာ၊
ဇိဏ္ဏဿ - အရွယ်ယုတ်ယွင်း အိုမင်းသူအား၊
ရတိ - ရူပသဒ္ဒစသည်ဥဿုံ ကာမဂုဏ်၌မွေ့လျော်ခြင်းသည်၊
နတ္ထိ - မရှိပါချေ၊
သုခံ - ကာမဂုဏ် ချမ်းသာသည်၊
ကုတောအတ္ထိ - အဘယ်မှာရှိပါအံ့နည်း။

ဇရာတရား, ကြောက်ဖွယ်များကို, စဉ်းစားသက်ဝင်, ရှုဆင်ခြင်လော့,
ကောင်းကင်ပြင်သွား,ရထားယဉ်သာ, လပမာသို့,
ဤကာယကိုယ်, မှန်ကိုမဟုတ်, သတိချုပ်၍, အဟုတ်ထင်ရန်,
ဆင်ခြင်ဉာဏ်ဖြင့်, ဖန်ဖန်ရှုကြည့်, သတိပိုလော့,
အိုခဲ့ယွင်းယို, ဤကိုယ်ကိုယ်ကား, ပျိုရိုးတစိ, ကြောင်းမရှိခဲ့,
ကဲ့ရဲ့ဖွယ်ရာ, ဧကန်သာတည်း,
ဇရာကဲပို, ထိုပုဂ္ဂိုလ်မှာ, ကာမဂုဏ်ငါး, အာရုံများ၌,
ခံစားပျော်မှု, သုခဟူသည်, မြူမျှမရှိ, အားအင်ချိသည်,
လိလိကြောက်ဖွယ်ပါတကား။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၇။ ယက္ခာ ပိသာစာ ပေတာစ, ကုပိတာ အသဿန္တိ ဝေ၊
မနုဿေ န အသဿန္တိ, အန္တကံ ဒါရုဏံ မစ္စုံ။

ယက္ခာ - တန်ခိုးကြီးမား ဘီလူးများတို့သည် လည်းကောင်း၊
ပိသာစာ - ဆိုးရွားကြမ်းကြုတ် မြေဘုတ်ဘီလူးတို့သည်လည်းကောင်း၊
ပေတာစ - ပြိတ္တာတို့သည်လည်းကောင်း၊
ကုပိတာ - အမျက်ထွက်ကြကုန်သည် ဖြစ်၍,
ဝေ - စင်စစ်ဧကန်အမှန်အားဖြင့်၊
မနုဿေ - လူတို့ကို၊
အသဿန္တိ - ညှဉ်းဆဲပူးဝင်ကြကုန်၏၊
ဒါရုဏံ - ညှာတာမဖက် ကြမ်းကြုတ်ရက်စက်သော၊
အန္တကံ - သတ္တဝါအားလုံးကို ချေမှုန်းဖျက်ဆီးတတ်သော၊
မစ္စုံ - ယုတ်မာစင်းစင်း သေမင်းကိုမူကား၊
န အသဿန္တိ - မညှဉ်းဆဲမပူးဝင်နိုင်ကြကုန်။

မရဏတရား, လွန်ဆိုးရွားကို, မှတ်သားဆင်ခြင်, ဉာဏ်သက်ဝင်လော့,
ဤတွင်လောက, ယက္ခတွင်ကျူး, ဘီလူးသတ္တဝါ, ပိသာစာနှင့်,
တဖြာမှတ်ပါ, ဘုတ်ပြိတ္တာတို့, များစွာ ပြောထူ, လူ့ခန္ဓာတွင်,
ယုတ်မာစူးစူး, ပူးဝင်ကုန်တတ်, ညှဉ်းပန်းတတ်၏,
မှတ်သားပါလေ, သေမင်းကိုလျှင်, ပူးဝင်ညှဉ်းမှု,
လျှင်းမပြုသည်, မစ္စုသေမင်း, ကြောက်ဖွယ်တည်း။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၈။ ယက္ခေ ပိသာစေ ပေတေ စ, ကုပိတေတီဝကက္ခလေ၊
နိဇ္ဈာပနံ အကံသု တေ, မစ္စုနော န နိဇ္ဈာပနံ။

ကုပိတေ - ဒေါသအမျက် ခြောင်းခြောင်းထွက်ကုန်သော၊
အတိဝကက္ခလေ - အလွန်လျှင်ကြမ်းတမ်းကုန်သော၊
ယက္ခေ - ဘီလူးတို့ကိုလည်းကောင်း၊
ပိသာစေ - မြေဘုတ်ဘီလူးတို့ကို လည်းကောင်း၊
ပေတေစ - ပြိတ္တာတို့ကို လည်းကောင်း၊
တေ - ထိုမင်းတို့သည်၊
ဝါ - ထိုလူတို့သည်၊
နိဇ္ဈာပနံ - ပူဇော်ပသ၍ သည်းခံစေခြင်း, ကျေအေးစေခြင်းကို၊
အကံသု - ပြုနိုင်ကြလေကုန်၏၊
မစ္စုနော - သေမင်းကိုမူကား၊
နိဇ္ဈာပနံ - ပူဇော်ပသ သည်းခံစေခြင်း ကျေအေးစေခြင်းကို၊
န အကံသု - မပြုနိုင်ကြလေကုန်။

လွန်စွာကြမ်းလှ, ယက္ခစွယ်ပြူး, ဘီလူးတွေနှင့်,
မြေဘုတ်သတ္တဝါ, ပြိတ္တာများအား, ပြစ်မှားမှုတွေ,
ကျေရာကျေကြောင်း, ခွင့်ပန်တောင်းမှု, ပြုလေသော်ကား,
မမှားပုံသေ, စွမ်းနိုင်ပေ၏, သေမင်းသတ္တဝါ, လွန်ဆိုးစွာကို,
မည်ဝါမည်သူ, စွမ်းနိုင်သူဟု, သုံးဆူလောက, ဘယ်သမယမှ,
မုချဧကန်, မရှိမှန်သည်, ဧကန်သံဝေ, ရဖွယ်ပါတကား။

တနည်း သံဝေဂပွားများရန်

၉။ အပရာဓကေစ ဒူသကေ, ဟေဋ္ဌကေ ရာဇာနော ဟိ ဝေ၊
ဒဏ္ဍေန္တိ ဒိသွာ ဒေါသံ, မစ္စုနော န ဒဏ္ဍေန္တိ တေ။

ရာဇာနော - နိုင်ငံသနင်းမင်းတို့သည်၊
အပရာဓကေစ - ပြစ်မှုကျူးလွန်သူတို့ကိုလည်းကောင်း၊
ဒူသကေ - တိုင်ပြည်ဖျက်ဆီး အသီးသီးသော ပြည်လှေးပြည်မွှားတို့ကိုလည်းကောင်း၊
ဟေဋ္ဌကေ - လူအများအား တရားလွတ်ကင်း ညှဉ်းပန်းနှိပ်စက်တတ်သူတို့ကို လည်းကောင်း၊
ဒေါသံ - မင်းပြစ်စိုးဒဏ်ကို၊
ဒိသွာ - တွေ့မြင် ကြကုန်သည်ရှိသော်၊
ဝေ - စင်စစ်ဧကန် အမှန်အားဖြင့်၊
ဒဏ္ဍေန္တိ - ထောင်ဒဏ်သေဒဏ် ပြည်နှင်ဒဏ်က စသည်စားစား ဒဏ်ထားကြ ဒဏ်တပ်ကြကုန်၏၊
တေ - ထိုနိုင်ငံသနင်းမင်းတို့သည်၊
မစ္စုနော - သေမင်းကိုမူကား၊
န ဒဏ္ဍေန္တိ - ထောင်ဒဏ်, သေဒဏ် ပြည်နှင်ဒဏ်က စသည်စားစား ဒဏ်မထား ဒဏ်မတပ်နိုင်ကြလေကုန်။

နည်းအမျိုးမျိုးဖြင့်, ခိုးဆိုးတိုက်ဖျက်, နှိပ်စက်ညှဉ်းကား, သတ်ဖြတ်ကာဖြင့်,
ရာဇအာဏာ, မင်းအာဏာကို, လွန်စွာဖျက်ချိုး,
လူဆိုးလူသွမ်း, လူသရမ်းကို, ဖမ်းစေဆီးစေ, ဖမ်းကြစေလျှင်း,
အမင်းမင်းတို့, ထန်ပြင်းကြပ်ကြပ်, ဒဏ်တပ်ကြ၏,
မရဏခေါ်လျှင်း, သေမင်းကိုကား, ဘယ်လိုအာဏာ,
ထက်လှစွာငြား, မင်းတပါးမျှ, ဒဏ်ထားခြင်းငှာ,
မတတ်သာသည်, လွန်စွာ ကြောက်ဖွယ်သေမင်းတည်း။

တနည်း သံဝေဂပွားများရန်

၁၀။ အပရာဓကာ ဒူသကာစ, ဟေဌာကာ ဒါရုဏာ နရာ၊
နိဇ္ဈာပယိတုံ ရာဇာနံ, မစ္စုနော န လဘန္တိ ခေါ။

အပရာဓကာ - မင်းပြစ်စိုးဒဏ် သင့်သူတို့သည်လည်းကောင်း၊
ဒူသကာစ - တိုင်ဖျက်ပြည်ဖျက် သူခိုးသူဝှက် သူပုန်ဒမြတို့သည်လည်းကောင်း၊
ဟေဌာကာ - လူထုခပင်း ညှဉ်းဆဲနှိပ်စက်တတ်သူတို့သည် လည်းကောင်း၊
ဒါရုဏာ - ကြမ်းတမ်းကုန်သော၊
နရာ - လူတို့သည် လည်းကောင်း၊
ရာဇာနံ - နိုင်ငံသနင်းမင်းကို၊
နိဇ္ဈာပယိတုံ - တောင်းပန်တိုးလျှိုးဝန်ချကာ အမျက်ပြေစေခြင်းငှာ၊
လဘန္တိ - ရနိုင်ကြလေကုန်၏၊
မစ္စုနော - သေမင်းအား၊
နိဇ္ဈာပယိတုံ - မသေပါရန် တောင်းပန်ကျေအေးခြင်းငှာ၊
နခေါ လဘန္တိ - ပုံသေမုချ မရနိုင်ကြ ကုန်သည်သာ။

မင်းဒဏ်သင့်ငြား, လူဆိုးများတို့, မင်းအားအမှန်, ခွင့်တောင်းပန်၍,
ကျေရန်ကျေကြောင်း, စွမ်းနိုင်ကောင်း၏,
သောင်းသိန်းမက, လောကအတွင်း, မှီတင်းကြသား,
သတ္တများအား ချန်ထားမရှိ, ညှဉ်းသတ်ဘိလျှင်း,
သေမင်းကိုမူ, မည်သူမည်ဝါ, မသေပါရန်, မသတ်ပါ
ကြောင်း, ခွင့်တောင်းခြင်းငှာ, မတတ်သာခဲ့,
သုံးဖြာဓမ္မ, အဝဝကို, နိစ္စမမှား, ကြိုးစားကြရန်,
တိုက်တွန်းပန်သည်, ဧကန်ကိုယ့်တွက် ကိုယ့်တာတည်း။

ဧကူနသတိမပိုင်း

နဝမသံဝေဂဆယ်ဂါထာ ပါဌ်အနက်နှင့် သံဝေဂလင်္ကာ

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၁။ ဧသောဟိ ခတ္တိယော ဣတိ, အယဥှိ ဗြာဟ္မဏောတိ ဝါ၊
အဍ္ဎော ဗလဝါ တေဇဝါ, အပေက္ခာ နတ္ထိ မစ္စုနော။

ဧသောဟိ - ဤသူသည်ကား၊
ခတ္တိယော - မင်းဇာတ်ရှိသူပေတည်း၊
ဝါ - ရေမြေပိုင်စိုး မင်းမျိုးပေတည်း၊
ဣတိ - ဤသို့လည်းကောင်း၊
အယဥှိ - ဤသူသည်ကား၊
ဗြာဟ္မဏော - ပုဏ္ဏားဇာတ်ရှိသူပေတည်း၊
ဣတိဝါ - ဤသို့ လည်းကောင်း၊
အယဥှိ - ဤသူသည်ကား၊
အဍ္ဎော - ကြွယ်ဝချမ်းသာသူပေတည်း၊
ဣတိဝါ - ဤသို့လည်းကောင်း၊
အယဥှိ - ဤသူသည်ကား၊
ဗလဝါ - အားရှိသူ အားကောင်းသူပေတည်း၊
ဣတိဝါ - ဤသို့လည်းကောင်း၊
အယဥှိ - ဤသူသည်ကား,
တေဇဝါ - တန်ခိုးရှိသူတန်ခိုးကြီးသူပေတည်း၊
ဣတိဝါ - ဤသို့လည်းကောင်း၊
မစ္စုနော - သေမင်းအား၊
အပေက္ခာ - ထောက်ထားငဲ့ညှာခြင်းသည်၊
နတ္ထိ - တစိုးတစိမရှိပါချေ။

ထောက်ထားငဲ့ညှာ, ကရုဏာ, လွန်စွာကင်းလှသည်၊
မစ္စုရာဇာ, လွန်ယုတ်မာ, ကြောက်စရာကောင်းလှသည်၊
မင်းမျိုးလဲပဲ, မရှောင်လွှဲ, သူပဲခေါ်ခဲ့သည်၊
ပုဏ္ဏားမျိုးလဲ, မသနားပဲ, သေပွဲဆောင်ခဲ့သည်၊
ချမ်းသာသူအား, မထောက်ထား, သူကားညှဉ်းဆဲသည်၊
အားရှိသူလဲ, မရှောင်လွှဲ, သူပဲခေါ်ခဲ့သည်၊
တန်ခိုးကြီးလဲ, မသနားပဲ, သေပွဲရောက်အောင်ဆောင်ခဲ့သည်။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၂။ ဝိပ္ဖန္ဒမာနံ ခါဒန္တိ, သီဟာ ဗျဂ္ဃါစ ဒီပိယော၊
ခါဒါတုံ န ဥဿဟန္တိ, အန္တကံ ဒါရုဏံ မစ္စုံ။

သီဟာ - ခြင်္သေ့တို့သည် လည်းကောင်း၊
ဗျဂ္ဃါစ - ကျားတို့သည်လည်းကောင်း၊
ဒီပိယော - သစ်တို့သည်လည်းကောင်း၊
ဝိပ္ဖန္ဒမာနံ - ကြောက်ရွံ့တုန်လှုပ်၍နေသော သတ္တဝါအပေါင်းကို၊
ခါဒန္တိ - မညှာမသနား သတ်စားကြကုန်၏၊
အန္တကံ - ညှဉ်းဆဲနှိပ်စက်ဖျက်ဆီးတတ်သော၊
ဒါရုဏံ - ကြမ်းတမ်းသော၊
မစ္စုံ - သေမင်းကိုကား၊
ခါဒိတုံ - သတ်စားခြင်းငှာ၊
န ဥဿဟန္တိ - မစွမ်းနိုင်ကုန်။

ခြင်္သေ့သစ်ကျား, သတ္တဝါများကား,
ကြောက်အားပိုမို, ထိုထိုသတ္တဝါ, များလှစွာကို,
ညှာတာကင်းလတ်, ကိုက်သတ်စား၏,
ဆိုးရွားလွန်မင်း, သေမင်းကိုကား,
မသတ်စားနိုင်, မကိုက်နိုင်သည်,
လက်မှိုင်ချရစင်စစ်တည်း။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၃။ ဒေဝါနရာ စတုပ္ပဒါ၊ ပက္ခိနော ဥရဂါပိစ။
အနိဿရာ ရမမာနာ၊ ပရုဟန္တိ သဇီဝိတံ။

ဒေဝါ - နတ်ပြည်ပျော်အောင်း နတ်အပေါင်းတို့သည် လည်းကောင်း၊
နရာ - လူ့ပြည်ပျော်အောင်း လူအပေါင်းတို့သည်လည်းကောင်း၊
စတုပ္ပဒါ - အခြေလေးချောင်း သားကောင်အပေါင်းတို့သည်လည်းကောင်း၊
ပက္ခိနော - ငှက်တို့သည်လည်းကောင်း၊
ဥရဂါပိစ - မြွေတို့သည်လည်းကောင်း၊
အနိဿရာ - မိမိကိုယ်ကို အစိုးမရကြလေကုန်၊
ရမမာန - သားသမီး မယားအစုံဆွေမျိုးဗိုလ်ပုံတို့ဖြင့် ပျော်ပါးကြကုန်လျက်သာလျှင်၊
သဇီဝိတံ - လွန်စွာနှစ်သက် မိမိအသက်ကို၊
ပဇယန္တိ - စွန့်ကြရလေကုန်၏။

နတ်နတ်များစွာ, သတ္တဝါဟိန္ဒဂူ, ဗိုလ်လူများနှင့်,
သားငှက်မြွေအား, သတ္တဝါများကား, ပျော်ပါးစဉ်မှာ,
ရာဇာသေမင်း ခေါ်ဆောင်လျှင်းသဖြင့်,
ကွေကွင်းကြရ, သေဆုံးရသည်,
ဓမ္မနာမ်ရုပ်, အနိစ္စပါတကား။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၄။ ဒဟရာ ပိ ဟိ မီယန္တိ, နရာ စ အထ နာရီယော၊
တတ္ထ ကော ဝိဿသော ပေါသော, ဒဟရောမှိတိ ဇီဝိတေ။

ဒဟရာပိ - အသက်အရွယ် ငယ်သူတို့သည်လည်း၊
မီယန္တိဟိ - စုတိပြတ်ကြွေ သေလွန်ကြရကုန်သည်သာ၊
နရာစ - အမျိုးသားတို့သည်လည်းကောင်း၊
အထ - ထိုမှတပါး,
နာရီယော - အမျိုးသမီးတို့သည် လည်းကောင်း၊
မီယန္တိ - စုတိပြတ်ကြွေသေလွန်ကြရကုန်သည်သာ၊
အဟံ - ငါကား၊
ဒဟရောမှိ - ငယ်ပါသေး၏၊
ဣတိ - ဤသို့စိုက်စိုက် နှလုံးပိုက်၍၊
တတ္ထ ဇီဝိတေ - ထိုအသက်သမုတ် နာမ်နှင့်ရုပ်၌၊
ဝိဿာသော - အကျွမ်းဝင် ထိုက်သော၊
ဝါ - မသေရအံ့ဟုယုံကြည် စိတ်ချ အကျွမ်းဝင်ရသော၊
ပေါသော - ပုဂ္ဂိုလ်သတ္တဝါသည်၊
ကော အတ္ထိ - အဘယ်မှာရှိပါအံ့နည်း၊
နတ္ထိ ဧဝ - မုချပုံသေ မရှိပါချေသည်သာ။

အသက်အရွယ်, ပျိုနုနယ်လည်း,
ရှောင်ဖယ်မရ, သေကုန်ကြ,
မုချအနိစ္စပါတကား။
ယောက်ျား မိန်းမ, အနန္တသတ္တဝါ, သေကြရာ,
သင်္ချာဂဏန်, မရှိပြီတကား။
အသက်ခေါ်ကြ, ဇီဝိတ,
မုချအကျွမ်းမဝင်သင့်ပြီတကား။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၅။ မစ္စုနာ သင်္ဂရော နတ္ထိ, လဉ္ဇဂ္ဂါဟော န ဝိဇ္ဇတိ၊
ယုဒ္ဓံ နတ္ထိ ဇယော နတ္ထိ, သဗ္ဗေ မစ္စုပရာယဏာ။

မစ္စုနာ - သေမင်းနှင့်၊
သင်္ဂရော - မိတ်ဆွေဖွဲ့၍ မသေအောင် ပြုလုပ်ခြင်းသည်၊
နတ္ထိ - မုချပုံသေ မရှိပါချေ၊
လဉ္ဇဂ္ဂါဟော - တန်စိုးလက်ဆောင်ကို ယူစေ၍ မသေအောင် လုပ်နိုင်ခြင်းသည်၊
န ဝိဇ္ဇတိ - မုချပုံသေမရှိပါချေ၊
ယုဒ္ဓံ - ထိုးပစ်တိုက်ခိုက်အနိုင်ယူခြင်းသည်၊
နတ္ထိ - မရှိပါချေ၊
ဇယော - အောင်နိုင်အောင်ပြုလုပ်ခြင်းသည်၊
နတ္ထိ - မရှိပါချေ၊
သဗ္ဗေ - ကြီးကြီးငယ်ငယ်ရွယ်ရွယ်လတ်လတ် မြတ်မြတ်ယုတ်ယုတ် ဥဿုံများစွာ သတ္တဝါတို့သည်၊
မစ္စုပရာယဏာ - သေမင်းလျှင် လဲလျောင်းရာရှိကြကုန်၏။

မစ္စုခေါ်လျှင်း, ရှင်သေမင်းနှင့်, မိတ်သင်းဖွဲ့၍မရပြီ၊
လက်ဆောင်ပေးကာ, မသေပါ, မှန်စွာမရှိပြီ၊
မစ္စုမည်လျှင်း, ရှင်သေမင်းနှင့်, စစ်ခင်းနိုင်ရိုးမရှိပြီ၊
သေမင်းကိုမူ, အောင်နိုင်သူ, ဘယ်သူမရှိပြီ။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၆။ အာသီဝိသာ ဥဂ္ဂတေဇာ, ကုပိကာ ပါဏကေ နရေ၊
ဍံသန္တိ မာရေန္တိစာပိ, ဥဿဟန္တိ န မစ္စုနော။

ဥဂ္ဂတေဇာ - စွမ်းပကား ထက်မြက်သည့် အဆိပ်ဟူသော တန်ခိုးရှိကြကုန်သော၊
အာသီဝိသာ - မြွေပွေးမြွေဟောက်ကြောက်စရာစားစား မြွေများတို့သည်၊
ကုပိတာ - အမျက်ထွက်ကြကုန်သည်ဖြစ်၍၊
ပါဏကေ - ကျွဲနွားစသော သတ္တဝါများတို့ကိုလည်းကောင်း၊
နရေ - လူတို့ကိုလည်းကောင်း၊
ဍံသန္တိ - ညှာတာကင်းပ ကိုက်လည်းကိုက်ကုန်၏၊
မာရေန္တိစ - ညှာတာကင်းလတ်သတ်လည်းသတ်ကြကုန်၏၊
မစ္စုနော - သေမင်းကိုမူကား၊
ဍံသိတုံ - ကိုက်သတ်ခြင်းငှာ၊
နဥဿဟန္တိ - မစွမ်းနိုင်ကြကုန်။

အဆိပ်စွမ်းအား, လွန်များလှသည့်,
အာသီဝိသ, ခေါ်တွင်ကြသား,
မြွေဆိုးများတို့, အများသတ္တဝါ, လူများစွာကို,
ညှာတာကင်းလတ်, ကိုက်သတ်ကြ၏,
ယမခေါ်လျှင်း, မစ္စုမင်းကို,
မညှဉ်းဆဲနိုင်, မသတ်နိုင်သည်,
ယှဉ်ပြိုင်မရ သေမင်းတည်း။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၇။ အာသီဝိသဒဋ္ဌဝိသံ, ဟနန္တိဟိ တိကိစ္ဆကာ၊
မစ္စုရညာ ဒဋ္ဌဝိသံ, န ဟနန္တိ တိကိစ္ဆကာ။

တိကိစ္ဆကာ - မြွေဆိပ်ကိုပယ်ရှားနိုင်ကုန်သော မြွေဆေးဆရာသမားကျော်တို့သည်၊ အာသီဝိသဒဋ္ဌဝိသံ - မြွေပွေး မြွေဟောက် ကိုက်ပေါက်အပ်သော အဆိပ်ကို၊
ဟနန္တိဟိ - လုံးဝအရှင်း ကင်းပျောက်အောင်ကုသနိုင်ကုန်၏၊
တိကိစ္ဆကာ - မြွေဆေးသမားအကျော်တို့သည်၊
မစ္စုရညာဒဋ္ဌဝိသံ - သေမင်းသည် ကိုက်အပ်သော အဆိပ်နာကိုမူကား၊
န ဟနန္တိ - မပယ်ရှားနိုင်ပျောက်အောင်မကုသနိုင်ကုန်သည်သာ။

မြွေဆေးကုကျော်, သမားတော်တို့, မြွေခေါ်မန္တန်, အတန်တန်နှင့်,
ဖန်ဖန်မန်းမှု, ဆေးကုမှုဖြင့်,တစ်ခုမကျန်, အဆိပ်ဒဏ်ကို,
ပယ်လှန်ပျောက်ရှင်း, ကင်းအောင်ပြုနိုင်, ကုသနိုင်၏,
သုံးဆိုင်ဘုံကို, အကုန်ညှဉ်းသည့်, သေမင်းဆိပ်ကို,
ဘယ်လိုဘယ့်နှယ်, မပယ်ဖျောက်နိုင်, မကုနိုင်သည်,
လက်မှိုင်ချရ သေမင်းတည်း။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၈။ ရင်္ဂမဇ္ဈေ မာယာကာရာ, ဇနာနံ စက္ခုနိပိ စ၊
တာဝဒေဝ မောဟယန္တိ, န ဥဿဟန္တိ မစ္စုနော။

မာယာကာရာ - လိမ်လည်အတတ် ဖက်ကမ်းခပ်သည့် မျက်လှည့်သမား မျက်လှည့် သည်တို့သည်၊
ရင်္ဂမဇ္ဈေ - လူများပေါရယ် ပွဲခွင်လယ်၌၊
တာဝဒေဝ - ထိုခဏ၌ပင်လျှင်၊
မာယံကရောန္တာ - မာယာအတတ်ပြုကြ ကုန်လျက်၊
ဇနာနံ - ရောက်ရှိညီမှု လူအပေါင်းတို့ ၏၊
စက္ခုနိပိ - မျက်စိတို့ကိုလည်း၊
မောဟယန္တိ - မဟုတ်အမှန် လုပ်ကြံကာပေ တွေဝေစေကြကုန်၏၊
မစ္စုနော - သေမင်းအား၊
မောဟယိတုံ - တွေဝေခြေင်းငှာ၊
န ဥဿဟန္တိ - မစွန်းနိုင်ကြကုန်။

မာယာကာရ, ခေါ်တွင်ကြသည့်, မျက်လှည့် အတတ်,
ဖက်ကမ်းခပ်သား, မျက်လှည့်သမားတို့,
လောကသားပေါင်း, များထောင်သောင်းကို,
မကောင်းဆိုးစွာ, တတ်လိမ်ညာဖြင့်,
လှည့်ကာပတ်ကာ, လှည့်ပတ်ကာပြု,
တွေဝေမှုကို, ဂရုမမူ, သူပြုရက်၏,
ရက်စက်ကြမ်းကြုတ်,သေမင်းယုတ်ကို,
ဘယ်လိုဘယ့်နှယ်, ပြုမရသည်,
ကြောက်စရာ့ဧကန် သေမင်းတည်း။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၉။ ဓမ္မန္တရိ ဝေတ္တရဏီ, ဘောဇော ဝိသတိကိစ္ဆကော၊
အာသီဝိသာနံ ဝိသာနိ, ဟန္တွာ ကာလကတာ ဟိ ခေါ။

ဝိသတိကိစ္ဆကော - မြွေဆိပ်ကုဆရာကြီးဖြစ်သော၊
ဓမ္မန္တရိ - ဓမ္မန္တရိမည်ငြား သမားတော်သည်လည်းကောင်း၊
ဝေတ္တရဏီ - ဝေတ္တရဏီမည်ငြား သမားအကျော်သည်လည်းကောင်း၊
ဘောဇော - ဘောဇ သမားတော်ကြီးသည်လည်းကောင်း၊
အာသီဝိသာနံဝိသာနိ - မြွေဆိပ်တို့ကို၊
ဟန္တွာ - ပယ်ဖျောက်ကြကုန်၍၊
ကာလကတာ ဟိ ခေါ - သေမင်းအဆိပ်ကို မပယ်နိုင်ပဲ လွှဲမရပါ သေလွန်ခဲ့ကြ လေကုန်ပြီတကား။

ဓမ္မန္တရီ, ဝေတ္တရဏီနှင့်, တလီဘောဇ, ကျော်ဇောကြသား,
စွမ်းအားထက်လှ, မရဏမင်း, အဆိပ်ရင်းကို,
ပယ်ရှင်းသုတ်သင်, စွမ်းမထင်ပဲ,
သေပွဲသို့လျှင်, သူတို့ဝင်ခဲ့,
ရှေးတွင်ရှည်ကြာ, ကမ္ဘာဆက်ဆက်,
အထက်ကပင် အားအင်စွမ်းပကား, လွန်ကြီးမားလှ,
မရဏ၏, ဝိသထန်ပြင်း, အဆိပ်ရင်းကို,
ပယ်ခွင်းနိုင်သည်, မရှိဟူသည်,
နိဗ္ဗူရောက်မှ, ရှင်းနိုင်မည်တည်း။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၁၀။ အဓိယမာနာ သုဃောရံ, ဝိဇ္ဇာဓရာ ဗဟုဿုတာ၊
အဒဿနံ ဩသဓေဟိ, ဝဇန္တိ န ဟိ မစ္စုနော။

ဗဟုဿုတာ - အတွေ့အကြုံ အကြားအမြင်များကြကုန်သော၊
ဝိဇ္ဇာဓရာ - ဝိဇ္ဇာဓရမည်ရခေါ်ဆို ဝိဇ္ဇာဓိုရ်ပုဂ္ဂိုလ်တို့သည်၊
သုဃောရံ - အစွမ်းထက်လတ် ဂန္ဓာရီအတတ်ကို၊
အဓိယမာနာ - ရွတ်ဖတ်နေ့စဉ် သင်ယူစုတ်မန်း ကြကုန်ခြင်းကြောင့်၊
မောစေန္တိ - ရန်သူ့လက်မှ လွတ်မြောက်နိုင်ကြကုန်၏၊
ဩသဓေဟိ - ဆေးဝါးမန္တရားတို့ဖြင့်၊
အဒဿနံ - ရန်သူတို့မမြင်ရာအရပ်သို့၊
ဝဇန္တိ - သွားရောက်နိုင်ကြကုန်၏၊
မစ္စုနော - သေမင်း၏၊
အဒဿနံ - မမြင်ရာအရပ်သို့၊
န ဟိ ဝဇန္တိ - မသွားရောက်နိုင်ကြကုန်သည်သာ။

မိုးပျံမြေလျှိုး, တန်ခိုးကဲပို, ဝိဇ္ဇာဓိုရ်တို့,
ထိုထိုစွမ်းရည်, ထက်လှသည်ဟု, သုတိသညီ,
ဂန္ဓာရီဖြင့်, ကိုယ်နှင့်မတူ, မဖြူသဘော,
မနောမကောင်း, ရန်သူပေါင်းမှ, လွတ်ကြောင်းပိုင်ပိုင်,
စွမ်းနိုင်သော်လည်း, သုံးဖော်လောက, မကျန်ရအောင်,
မှန်စွာ့သတ်ညှဉ်း, သေမင်းကိုလျှင်, မမြင်နိုင်အောင်,
စွမ်းဆောင်နိုင်ခြင်း, လျှင်းမရှိသည်,
စိစိဆင်ခြင်, ကြောက်ဖွယ်တည်း။

သတိမပိုင်း

ဒသမသံဝေဂဆယ်ဂါထာ ပါဌ်အနက်နှင့် သံဝေဂလင်္ကာ

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၁။ အနုပ္ပန္နာ ဥပ္ပန္နာစ နိရုဇ္ဈရေ၊
နိစ္စံ နဝါဝ သင်္ခါရာ, ဝီဏာ သဒ္ဒသမူပမာ။

သင်္ခါရာ - ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့သည်၊
အနုပ္ပန္နာစ - စုဆောင်းသိမ်းဆည်းဖြစ်ပြီး မဟုတ်ကုန်ပဲသာလျှင်၊
ဥပ္ပဇ္ဇန္တိ - အကြောင်းကိုစွဲကာ ရုတ်ခနဲ ဖြစ်ပေါ်လာကြလေကုန်၏၊
ဥပ္ပန္နာစ - အကြောင်းဆုံကာ ဖြစ်ပေါ်လာကုန်ပြီး၍လည်း၊
နိရုဇ္ဈရေ - ရုတ်တရက် ချက်တဖြုတ် ချုပ်ပျက်ကြလေကုန်၏၊
နိစ္စံ နဝါဝ - ခဏမစဲ အမြဲဖြစ်ကာ အသစ်စက်စက်တို့သာတည်း၊
ဝီဏာသဒ္ဒသမူပမာ - စောင်းကြိုး စောင်းခွက် တီးမှုတ်တွက်ကြောင့် ပေါ်ထွက် ပျောက်ဟန် စောင်းသံနှင့်တူကုန်၏။

ရုပ်နာမ်နှစ်ဝ, သင်္ခါရကား,
ရှေးကသိမ်းဆည်း, ဖြစ်ပြီးမဟုတ်ပဲ,
အကြောင်းစွဲကာ, ပေါ်လာလေ၏,
လျော်စွာအကြောင်း, အပေါင်းကြောင့်သာ, ဖြစ်ဖြစ်လာသည်,
မှန်စွာရုတ်တရက်, ချုပ်ပျောက်ပျက်၏, စက်စက်အသစ်,
အမှန်ဖြစ်သည်, ဝီဏာစောင်းသံတမူတည်း။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၂။ ဇီဝိတံ အတ္တဘာဝေါ စ - သုခဒုက္ခာစ ကေဝလာ၊
ဧကစိတ္တသမာယုတာ, လဟုသော ဝတ္တတေ ခဏော။

ဇီဝိတံ - အသက်ခေါ်ကြ ဇီဝိတသည် လည်းကောင်း၊
အတ္တဘာဝေါစ - အတ္တဘောသည်လည်းကောင်း၊
ဝါ - ကိုယ်ကောင်ထင်ရ ဆိုရလောက်အောင် ပေါင်းစုဖြစ်ပေါ်နေသော ရုပ်နာမ်အပေါင်းသည်လည်းကောင်း၊
သုခဒုက္ခာစ - ချမ်းသာခြင်းဆင်းရဲခြင်းတို့သည်လည်းကောင်း၊
ကေဝလာ - ငါကောင်မဖက် မြဲသည်အဖြစ်မဖက် သက်သက်သီးခြား သဘောတရားတို့တည်း၊
ဧကစိတ္တသမာ ယုတာ - စိတ်တစ်ချက်တစ်ချက်နှင့်သာ ယှဉ်ပြိုင်ကာ ဖြစ်ပေါ်လာကုန်၏၊
ခဏော - အသက်ရှည်ခိုက်ခဏသည်၊
လဟုသော - လျင်မြန်တိုတောင်းစွာ၊
ဝတ္တတေ - ဖြစ်၏။

အသက်ခေါ်ကြ, ဇီဝိတနှင့်, အတ္တဘာဝ, သုခဒုက္ခ,
ဤလေးဝကား, အတ္တနိစ္စ, လုံးဝမဖက်,
သီးခြားသက်သက်ပါတကား။
စိတ်တစ်ချက် တစ်ချက်နှင့်သာ, ယှဉ်ပြိုင်ကာ,
မှန်စွာဖြစ်ပေါ်လာ၏ တကား၊
သက်ရှည်ရာခဏ, လျင်မြန်စွ,
တိုတောင်းလှပေစွတကား။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၃။ စုလ္လာသီတိသဟဿာနိ, ကပ္ပါ တိဋ္ဌန္တိ ယေ မရူ၊
န တွေဝ တေပိ တိဋ္ဌန္တိ, ဒွီဟိ စိတ္တေဟိ သမောဟိကာ။

ယေ မရူ - အကြင် နေဝသညာနာသညာ ဗြဟ္မာတို့သည်၊
စုလ္လာသီတိ သဟဿနိကပ္ပါ - ကမ္ဘာပေါင်း ရှစ်သောင်းလေးထောင်ပတ်လုံး၊
တိဋ္ဌန္တိ - အသက်ရှင်ကာတည်နေကြကုန်၏၊
တေ ပိ - ထိုဗြဟ္မာတို့သည်လည်း၊
ဒွီဟိ စိတ္တေဟိ သမောဟိတာ - စိတ်နှစ်ချက်ခန့် တည်တံ့ကုန်၍၊
န တွေဝ တိဋ္ဌန္တိ - အသက်ရှင်ကာ မတည်နိုင်ကြကုန်သည် သာတည်း။

ကမ္ဘာကပ်ပေါင်း, ရှစ်သောင်း, လေးထောင်,
မြင့်ညောင်းကြာတည်, သက်ရှည်ကြသည့်,
နေဝသညာနာသညာ, ဗြဟ္မာတို့လည်း,
လူများနည်းဟန့်, တချက်ခန့်မျှ,
စိတ္တက္ခဏ, သက်ရှည်ကြသည်,
မှတ်ကြစိတ်ဝယ်အမြဲတည်း။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၄။ ယေ နိရုဒ္ဓါ မရန္တဿ, တိဋ္ဌမာနဿ ဝါ ဣဓ၊
သဗ္ဗေပိ သဒိသာ ခန္ဓာ, ဂတာ အပ္ပဋိသန္ဓိကာ။

မရန္တဿ - သေဆဲဖြစ်သောသူ၏၊
ယေခန္ဓာ - အကြင် နောက်ဆုံးခန္ဓာတို့သည်၊
နိရုဒ္ဓါ - ချုပ်ပျက်လေကုန်၏၊
ဣဓ တိဋ္ဌမာနဿဝါ - ယခုဘဝဝယ် အသက်ရှင်လျက် တည်ဆဲဖြစ်သော သူ ၏လည်းကောင်း၊
ယေ ခန္ဓာ - မြင်မှု, ကြားမှု, ကွေးမှု,ဆန့်မှုစသောခန္ဓာတို့သည်၊
နိရုဒ္ဓါ - မှတ်ခိုက်မှတ်ခိုက်မှာပင် ချုပ်ပျက်လေကုန်၏၊
သဗ္ဗေပိ - အလုံးစုံလည်း ဖြစ်ကုန်သော၊
တေခန္ဓာ - သေသူ ရှင်သူ နှစ်ဦးသူတို့၏ ချုပ်ပျက်သွားသော ထိုခန္ဓာ တို့သည်၊
သဒိသာ - ချုပ်ပျက်ပုံအားဖြင့် တူကုန်၏၊
အပ္ပဋိသန္ဓိကာ - တဖန်ပြန်လာကာ မစပ်ကုန်မဖြစ်ကုန်ပဲ၊
ဂတာ - အပြီးတိုင် ကင်းပျောက်သွားနိုင်ကုန်သည်သာ။

မသေခင်က, ချုပ်ပျက်ကြသည့်,
နှစ်ဝရုပ်နာမ်, သေပြန်ကချုပ်,
နာမ်ရုပ်နှင့်ကား, ခြားနားမရှိ,
အပြီးတိုင်ပင်, ချုပ်ပျောက်စင်သည်,
အစဉ်ရှုဖွယ်ဆောင်ပုဒ်တည်း။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၆။ အနန္တရာ စ ယေ ဘဂ္ဂါ, ယေ စ ဘဂ္ဂါ အနာဂတေ၊
တဒန္တရာ နိရုဒ္ဓါနံ, ဝေ သမံ နတ္ထိ လက္ခဏာ။

ယေ စ - အကြင်ခန္ဓာတို့သည်လည်း၊
အနန္တရာ - ရှေးအခြားမဲ့၌,
ဘဂ္ဂါ - ချုပ်ပျက်လေကုန်ပြီ၊
ယေ စ - အကြင်ခန္ဓာတို့သည်လည်း၊
အနာဂတေ - အခြားမဲ့မှစ၍ နောက်ကာလ၌၊
ဘဂ္ဂါ - ချုပ်ပျက်ကုန်လတ္တံ၊
တေသံ စ - ထိုပျက်ပြီး ပျက်လတ္တံ့ခန္ဓာတို့၏လည်းကောင်း၊
တဒန္တရာနိရုဒ္ဓါနံ စ - ထိုအတိတ်အနာဂတ် ခန္ဓာတို့ ၏ အလယ်ကြားတွင် မှတ်ဆဲခဏ၌ ချုပ်ပျက်သော ခန္ဓာတို့၏လည်းကောင်း၊
လက္ခဏာဝေသမံ - ပျက်ပုံလက္ခဏာ အကြောင်းထူးခြားခြင်းသည်၊
နတ္ထိ - မရှိပါချေ။

ပျက်ပြီးပျက်မည်, နှစ်လည်ရုပ်နာမ်,
ပျက်ပုံဟန်နှင့်, ထို့ပြင်တစ်ရပ်,
မှတ်ဆဲရုပ်နာမ်, ပျက်ပုံဟန်တို့,
ဧကန်လက္ခဏာ, မထူးပါသည်,
ကျမ်းလာအချုပ်ရှုဖွယ်တည်း။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၇။ အနိဓာနဂတာ ဘဂ္ဂါ, ပုေဉ္ဇာ နတ္ထိ အနာဂတာ၊
နိဗ္ဗတ္တာ ယေပိ တိဋ္ဌန္တိ, အာရဂ္ဂေ သာသပူပမာ။

ဘဂ္ဂါ - ပျက်ပြီးသောတရားတို့သည်၊
အနိဓာနဂတာ - ဘယ်နေရာမှမျှမစုဝေး မတည်နေကြကုန်၊
ဝါ - အလျှင်းမရှိ ကွယ်ပျောက်သွားလေကုန်၏၊
အနာဂတေ - မဖြစ်သေးမီ အနာဂတ်အခိုက်အတန့်၌၊
ဌိတာနံ - တည်ကုန်သော တရားတို့၏၊
ပုေဉ္ဇာ - အစုအပုံသည်၊
နတ္ထိ - မရှိပါချေ၊
ယေပိ - အကြင်တရားတို့သည်လည်း၊
နိဗ္ဗတ္တာ - ဖြစ်ပေါ်ဆဲဖြစ်ကုန်၏၊
တေပိ - ထိုဖြစ်ပေါ်ဆဲတရားတို့သည်လည်း၊
အာရဂ္ဂေ သာသပူပမာ - စူးဖျား အပ်ဖျားတွင် တင်ထားသော မုန်ညင်းစေ့သဖွယ် ချုပ်ကွယ်လုနီးဖြစ်ကုန်လျက်၊
တိဋ္ဌန္တိ - တစ်ခဏမျှသာ တည်တံ့ကုန်၏။

ရုပ်နာမ်နှစ်လည်, ပျက်လေပြီ တည်ရာမရှိပြီ၊
မဖြစ်သေးမီ, တည်ကုန်ရုပ်နာမ်, ဤနှစ်တန် ဧကန်အစုအပုံမရှိပြီ၊
ဖြစ်ဆဲတရား, ရုပ်နာမ်များ, အပ်ဖျားမုန်ညင်းသဖွယ်တည်း၊
တစ်ခဏသာတည်, ကြာမတည်, နှစ်လည်နာမ်ရုပ်မှတ်ဖွယ်တည်း။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၈။ နိဗ္ဗတ္တာနဉ္စ ဓမ္မာနံ, ဘင်္ဂေါ နေသံ ပုရက္ခတော၊
ပလောကဓမ္မာ တိဋ္ဌန္တိ, ပုရာဏေဟိ အမိဿိတာ။

- ထိုမှတပါး၊
နေသံ နိဗ္ဗတ္တာနံ ဓမ္မာနံ - ထိုဖြစ်ဆဲတရားတို့သည်၊
ဘင်္ဂေါ - ပျက်ခြင်းကို၊
ပုရက္ခတော - ရှေးရှုပြုအပ်၏၊
တေ - ထိုဖြစ်ဆဲတရားတို့သည်၊
ပုရာဏေဟိ အမိဿိတာ - အဟောင်းအတိတ် တရားတို့နှင့် မရောနှောကုန်ပဲ၊
ပလောကဓမ္မာ - ပျက်ခြင်းသဘော ရှိကုန်လျက်၊
တိဋ္ဌန္တိ - တစ်ခဏမျှသာ တည်ကုန်၏။

ဖြစ်ဆဲရုပ်နာမ်, ဤနှစ်တန်ကား,
ဧကန်ပျက်မှု, ရှေးရှုပြု၏၊
တိတ်တရားစု, မရှုမနှော,
ပျက်သဘောသည့်, ဧကန်ရှိသည်,
သိသင့်သိဖွယ်ကဗျာတည်း။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၉။ အဒဿနတော အာယန္တိ, ဘင်္ဂါ ဂစ္ဆန္တုဒဿနံ၊
ဝိဇ္ဇုပ္ပါဒေါဝ အာကာသေ, ဥပ္ပဇ္ဇန္တိ ဝယန္တိ စ။

သင်္ခါရာ - ရုပ်နာမ်နှစ်ပါး သင်္ခါရတရားတို့သည်၊
အဒဿနတော - မမြင်ရာအရပ်မှ၊
ဝါ - မမြင်မတွေ့ ရသောအဖို့မှ၊
အာယန္တိ - လာကုန်၏၊
ဝါ - ဖြစ်ပေါ်၍လာကုန်၏၊
ဘင်္ဂါ - ပျက်စီးပြီးကြ သင်္ခါရတို့သည်၊
အဒဿနံ - မမြင်ရသောအရပ်ဒေသသို့၊
ဝါ - မတွေ့မမြင်ရခြင်းသို့၊
ဂစ္ဆန္တိ - ပုံသေမဖောက်ရောက်ကြ လေကုန်၏၊
အာကာသေ - မိုးဝကောင်းကင်၌၊
ဝိဇ္ဇုပ္ပါဒေါဝ - လျှပ်စစ်ပြက်သကဲ့သို့၊
ဥပ္ပဇ္ဇန္တိစ - နဂိုကဘာမျှမရှိပါပဲလျက် အသစ်အသစ်ဖြစ်ပေါ်လေကုန်၏၊
ဝယန္တိစ - ဘာမျှမကျန်ပဲ ကွယ်ပျောက်လည်း ကွယ်ပျောက်ကြကုန်၏။

ရုပ်နာမ်ဓမ္မ, သင်္ခါရကို, မမြင်ရရာ, ရပ်ဌာနာမှ,
ဖြစ်လာပေါ်လာ, ဖြစ်လာကြ၍, ပျက်စီးပြီးထ, သင်္ခါရလဲ,
လုံးဝမှန်ပင်, မမြင်ရရာ, ဒေသရပ်ဝယ်,
ချုပ်ကွယ်ပျောက်ကြ, ရောက်ကုန်ကြ၏၊
အာကာသလယ်, လျှပ်စစ်နှယ်သို့,
ဘယ်ဝယ်ဘယ်ဒေသ, ပင်ကိုကပင်,
ဘာမျှမရှိ, မှန်တုံဘိလျက်,
ဖြစ်ကြပျက်ကြ, ဖြစ်ပျက်ကြသည်,
မြန်ကိုမြန်လှ, သင်္ခါရပါတကား။

တနည်း သံဝေဂပွားများရန်
▬▬▬▬▬▬▬▬▬▬

၁၀။ အပ္ပံ ဝတ ဇီဝိတံ ဣဒံ, ဩရံ ဝဿသတာပိ မီယျတိ၊
ယော စေပိ အတိစ္စ ဇီဝတိ, အထ ခေါ သော ဇရသာပိ မီယျတိ။

ဣဒံ ဇီဝိတံ - သတ္တဝါများ လောကသားတို့၏ ဤအသက်သည်၊
အပ္ပံဝတ - ကာလမကြာ တိုတောင်းစွ နည်းစွတကား၊
ဩရံဝဿသတာပိ - အနှစ်တရာ မတိုင်မီ ကလလရေကြည် တည်ရာအခါသည် များ၌လည်း၊
မီယျတိ - ပျက်စီးသေဆုံးတတ်၏၊
ယော - အကြင်သူသည်၊
စေပိ အတိဇီဝတိ - အကယ်၍ အသက်ရာကျော် အနှစ်ရာကျော်ရှည်စေဦးတော့၊
အထခေါ - ထိုသို့ပင်အသက်ရာကျော်ရှည်ပါသော်လည်း၊
သော - ထိုသူသည်၊
ဇရသာပိ - ဆံဖြူသွားကြွေ အရေတွန့်လိပ် ပြင်းထန်စွာဇရာနှိပ်စက်ခံရလျက်၊
မီယျတိ - မုချပုံသေ သေရ၏။

သတ္တဝါအနန္တ, ဇီဝိတကား, လွန်စွာလွန်စွာ, တိုနည်းလှ၏၊
ဝဿသတာ, နှစ်တစ်ရာတွင်း, လွန်မင်းနုနယ်, ငယ်ကလလ,
စသည့်ချိန်က, သေဆုံးကြ၏, ကာလချိန်ခါ, နှစ်တစ်ရာထက်,
လွန်လျက်စွန်းကာ, သက်ရှည်ပါလည်း, ဇရာထောင်းလှ, များကမကြည်ဖြူ,
ဆံဖြူသွားကြွေ, အရေတွန့်လိပ်, နှိပ်စက်ပြီးမှ, သေဆုံးရသည်,
လက်စဇာတိမူရင်းတည်း။

ဤပြဆိုခဲ့ပြီးသည့်အတိုင်း သံဝေဂဂါထာတစ်ရာ ပါဌ် နိဿယ သံဝေဂ လင်္ကာတို့ဖြင့် သံဝေဂတရား ပွားများဆင်ခြင်ရှုမှတ်ရာ၏။

မဟာစည်ထေရဝုတ္တန္တဝိလာသိနီကျမ်း
အပြီးသတ်ခြင်း

▬▬▬▬▬▬▬

စုတိကမ္မဇရုပ်ချုပ်တော်မူပြီးသော ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ အဖြစ်တော်စဉ်ကိုပြဆိုရာ မဟာစည်ထေရဝုတ္တန္တဝိလာသိနီ ကျမ်းကြီးကို အပိုင်း ကဏ္ဍပေါင်း ၁၀ဝ-ဖြင့် တန်ဆာဆင်၍ အဘိဓမ္မာ ပိဋကအပါအဝင် ကထာဝတ္ထု ပါဠိတော်ကို အဋ္ဌကထာတွဲဖက်၍ ချပို့ခြင်း, သက္ကတအခြေပြုစာဝါများချပို့ခြင်းစသော ဂန္ထဓုရတာဝန်များအကြားတွင် ရေးသားပြုစုရာ ယနေ့ ၁၃၄၆-ခုနှစ် ဝါခေါင် လပြည့်ကျော် ၆-ရက် ၄-နာရီ မိနစ် ၃၀-အချိန်တွင် အောင်လံစိုက်ဆောက် ပြီးမြောက်ပါသဖြင့် အောက်ပါဂါထာ ပါဠိမြန်မာ စကားပြေတို့ကို အထွတ်တပ်ကာ လက်စသတ်လိုက်ပါပြီ။

မဟာစည်ထေရဝုတ္တန္တဝိလာသိနီ နိဂုံး

▬▬▬▬▬▬▬▬▬▬▬▬

၁။ ပခုက္ကူပုရသေဋ္ဌဿ, ပစ္ဆိမေ အာသိဝိဿုတော
စတုဂါဝုတဒေသမှိ, ကန်ရပ်ဂါမော သုသောဘနော

ဘုရားမြတ်စွာ သာသနာရောင် တောက်ပြောင်ထိန်ဝင်း လင်းလက်ရာ ဖြစ်သဖြင့် မြို့မွန်မြို့မြတ်ဖြစ်သော ပခုက္ကူမြို့၏ အနောက်ဘက် ၄-ဂါဝတ် ပမာဏဝေးကွာ သောအရပ်၌ ပခုက္ကူခရိုင်အတွင်း ကျော်စောခြင်းရှိသော ရွာ၏လေးဘက်လေးတန်၌ ကျောင်း ကန် ဘုရား စေတီ ပုထိုး အမျိုးမျိုးတို့ဖြင့် တင့်တယ်သာယာသည့် ကန်ရပ်ရွာကြီး တည်ရှိလေသည်။

၂။ ဒွိနော ဒွိဝေကသာကမှိ, တမှိဇာတေန ဇာတိယာ
လင်္ကာဘာရတအာဒိသု, ဝုဋ္ဌပုဗ္ဗ သုတေသိနာ

ထိုကန်ရပ်ရွာကြီး၌ မူလချက်မြှုပ် အနေအားဖြင့် သက္ကရာဇ် ၁၂၉၂-ခုနှစ်၌ မွေးဖွားသော သီဟိုဠ်နိုင်ငံ (သီရိလင်္ကာနိုင်ငံ), အာရတခေါ်သည့် အိန္ဒိယနိုင်ငံ အစရှိသော နိုင်ငံရပ်ခြား တိုင်းတပါးတို့၌ ကြာမြင့်စွာနေခဲ့ဖူး၍ သက္ကတ, ပရာကရိတ်, အင်္ဂလိပ်, သီဟိုဠ်-အစရှိသော ထိုထို ဘာသန္တရစာပေ ဗဟုဿုတ, သမိုင်း, ရာဇဝင် ဗဟုဿုတအမျိုးမျိုးတို့ကို ရှာမှီးလေ့လာ သင်ယူလေ့ရှိသော။

၃။ ဝိဿုတာရာမသီဟာနံ, သိက္ခိတေန တိပေဋကံ
သန္တိကေ နဝဝဿနိ, သင်္ဂီတိကိစ္စကာရိနာ

ပခုက္ကူမြို့ မဟာဝိသုတာရာမ ဝိဇ္ဇာယတနကြီး၌ တိုက်အုပ်ဆရာတော်အရှင် နန္ဒိယ မဟာထေရ်အစရှိသော မဟာဝိသုတာရာမဝါသီပညာရှင် မထေရ်မြတ်တို့၏အထံ၌ ကိုးနှစ်တိုင် ပိဋကသုံးပုံကို သင်ယူခဲ့သော ဆဋ္ဌသင်္ဂါယနာ မဟာဓမ္မသဘင်ကြီး၌ ဝိသောဓက, ဩသာနသောဓကဖြစ်၍ စာပေလုပ်ငန်း အဝဝကို ပြုလုပ်လေ့ရှိသော။

၄။ ဒက္ခိဏာရာမဝါသီနံ, သန္တိကေပိ သုဝိညုနံ
သိက္ခိတေန စတုတ္တိံ သ-ဝဿိတေန ယဿိနာ

ရတနာပုံဘွဲ့မည်စုံသော မန္တလေးမြို့တောင်ပြင် ဒက္ခိဏရာမ ဘုရားကြီးတိုက် အမရပူရကျောင်းဆရာတော် အရှင်ဥက္ကံသာဘိဝံသ အစရှိသော ပညာရှင် မထေရ်မြတ်တို့၏ အထံ၌လည်း သင်ယူအပ်သော နည်းနာနယ အတတ်ပညာ အဝဝရှိသော ရဟန်းသိက္ခာ ၃၄-ဝါရပြီး တပည့်တပန်း အခြံအရံနှင့်လည်း ပြည့်စုံသော။

၅။ သုန္ဒရေ ပုရသေဋ္ဌမှိ, သုန္ဒရေ ဝိသုတေ သုတေ
သုန္ဒရေ ဇောတိပါလမှိ, ဝသတာ ဂဏဝါစိနာ

ကောင်းမြတ် နေချင်စဖွယ်ကောင်းလှသော ပခုက္ကူပိဋကတ်အတတ် မြို့တော်မြတ်၌ မဟာဝိသုတာရာမ ဝိဇ္ဇာယတနကြီးအတွင်းရှိ တင့်တယ်သာမော ကျော်စောထင်ရှား လှသော သာသနဇောတိပါလကျောင်းကြီး၌ -

တိပိဋက ပါရမီကျေးဇူးရှင် ဒီဃဒဿီ ရေစကြိုဆရာတော်ဘုရားကြီး အရှင်ဂန္ထသာရမဟာထေရ်,
အဂ္ဂမဟာပဏ္ဍိတ အရှင် ပညာမဟာထေရ်,
အဂ္ဂမဟာပဏ္ဍိတအရှင် နန္ဒဝံသမဟာထေရ်

တို့ သီတင်းသုံး၍ ဓုရနှစ်ပါး ပွားများအားသစ်ရာဌာန၌ဖြစ်သဖြင့် တင့်တယ်သာယာ နေချင်စရာကောင်းလှသော သာသနဇောတိပါလ ကျောင်းကြီး၌ နေထိုင်၍ -

သဒ္ဒါ, သင်္ဂြိုဟ်, ဒွေမာတိကာ, ရူပသိဒ္ဓိ, ဋီကာကျော်, ကင်္ခါဝိတရဏီအဋ္ဌကထာ, ဝိသုဒ္ဓိမဂ် အဋ္ဌကထာ, ဒီဃနိကာယ်ပါဠိအဋ္ဌကထာ, မဇ္ဈိမနိကာယ်ပါဠိအဋ္ဌကထာ, သံယုတ္တနိကာယ် ပါဠိအဋ္ဌကထာ, အင်္ဂုတ္တရနိကာယ် ပါဠိအဋ္ဌကထာ, ခုဒ္ဒကနိကာယ်အပါအဝင် ဝိနည်းငါးကျမ်း ပါဠိအဋ္ဌကထာ, အဘိဓမ္မာခုနစ်ကျမ်း ပါဠိအဋ္ဌကထာ, နေတ္တိပါဠိအဋ္ဌကထာ-

ဟူသော မာဂဓနှင့်မုဒ္ဓဗောဓ, အမရကောသ, စာဏကျနီတိ အစရှိသော သက္ကတ စသည့် ဘာသန္တရ ကျမ်းဂန်တို့ကို ချပို့လေ့ရှိသော အကျွန်ုပ်သည်။

၆။ နိဿာယ ဣတိဟာသေ စ, မဟာထေရေန သင်္ခတေ
တဒညေ ဗဟုလေ ဂန္တေ, တတောယံ ဝိဒူမာနိတော

သီဟိုဠ်သမိုင်း, မြန်မာ့သမိုင်းအစရှိသော သမိုင်းရာဇဝင် သာသနာဝင် ကျမ်းဂန် အမျိုးမျိုး, ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး ပြုစုစီရင်တော်မူခဲ့သော ကျမ်းဂန်များ, ထိုမှတပါး များပြားလှစွာသော ဆဋ္ဌသင်္ဂါယနာ မှတ်တမ်း အမျိုးမျိုး, ဗုဒ္ဓဓမ္မစာစောင်စသော စာစောင်များ စသည်တို့ကိုမှီငြမ်းပြု၍ ပညာရှိတို့ နှစ်သက် မြတ်နိုးအပ်သော ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ အဖြစ်တော်စဉ် မဟာစည်ထေရဝုတ္တန္တဝိလာသိနီကျမ်းကြီးကို ကြိုးပမ်းရေးသားအပ်ပါသတည်း။

၇။ တိဋ္ဌတံ အယံ မေ ဂန္ထော, သုသာရော ယာဝ သာသနံ
တိဋ္ဌတေဝ သုတေသီနံ, သုသာရံ သုပကာသယံ

အကျွန်ုပ်များလှထွေပြား ဝိုင်းဝိုင်းလည်နေသော စာချစာရေး စာပေအလုပ် ကိစ္စတွေ ကြားမှ စိတ်အားထက်သန်စွာ မကြာမတင် ပြုစုစီရင်အပ်သော ဤ မဟာစည် ထေရဝုတ္တန္တဝိလာသိနီကျမ်းကြီးသည် ဘုရားမြတ်စွာ သာသနာတည်သရွေ့ ကာလ ပတ်လုံး ထေရုပ္ပတ္တိသမိုင်း သုတေသီတို့အား ကောင်းမြတ်သော သာသနာပြုနည်း, သာသနာ့ဝန်ဆောင်နည်းတို့ကို ပြုလျက် တည်ထွန်းပါစေသတည်း။

၈။ အနေန သုဝိသိဋ္ဌေန, ပုညေနညေန ကမ္မုနာ
မနိသိဘိဂုရုတေဝ, ဂစ္ဆေယျံ အမတံ သီဝံ

ဤမဟာစည်ထေရဝုတ္တန္တဝိလာသိနီကျမ်းကြီးကို ကြိုးပမ်းရသော ကောင်းမှုထူးနှင့် အခြားကျမ်းဂန်များစွာတို့ကို ရေးသားရသော ကောင်းမှု, နိကာယ်ငါးရပ် ပါဠိ အဋ္ဌကထာ ကျမ်းဂန်စသည့် ကျမ်းဂန်များစွာတို့ကို ချပို့ရသော ကောင်းမှုစသော ကောင်းမှုအစုစုကြောင့် ပညာရှင်ချည်းများသာ ဖြစ်တော်မူကြသော ကျေးဇူးရှင် မဟာစည်ထေရ်မြတ်ကြီးတို့နှင့်အတူ အမတကျွန်းငူ သီဝနန်းသို့ စံမြန်းရပါစေ သတည်း။

မဟာစည်ထေရဝုတ္တန္တဝိလာသိနီကျမ်း အလုံးစုံပြီးပြီ။