မာတိကာသို့ ခုန်သွားရန်

မဟာစည် ထေရဝုတ္တန္တဝိလာသိနီ-ပတွဲ-ဒု

ဝီကီရင်းမြစ် မှ
6062မဟာစည် ထေရဝုတ္တန္တဝိလာသိနီ-ပတွဲ-ဒု — မဟာစည်ဆရာတော်

ပဋိစ္စသမုပ္ပါဒ်တရားတော် ဆောင်ပုဒ်

▬▬▬▬▬▬▬▬▬

အမှန်မသွား, အမှားမြင်ကာ, အဝိဇ္ဇာကြောင့်, ချမ်းသာလိမ့်နိုး, ရည်မျှော်ကိုးလျက်, သုံးမျိုးမှုကံ, ပြုစီမံ၍, ဝိညာဏ်တွယ်စပ်, နာမ်ရုပ်ကပ်လျက်, ခြောက်ရပ်အာယတန, ဖဿခြေ ာက်ဖြာ, ဝေဒနာကြောင့်, တဏှာခြောက်တန်, ဥပါဒါန်နှင့်, ဖြစ်ရန် အကြောင်း, ကံဆင့်လောင်း၍, ဆိုးကောင်းဘဝ ဖြစ်ရပြန်ရာ, အိုကာ သေရေး, ပူအဆွေးနှင့်, ငိုကြွေးကိုယ်နွမ်း, စိတ်မချမ်းမြ ပူပန်ရသည်, လုံးဝဆင်းရဲစုသာတည်း။

အတိတ်အကြောင်းကြောင့်
ပစ္စုပ္ပန်အကျိုးပေါ်ပုံ

အမှန်မသွား, အမှားသိမြင်၊
အဝိဇ္ဇာဖုံး, ကောင်းလုံးမှတ်ထင်။
စိတ်ကိုယ်နှုတ်မှု, ကြံပြုပြောလျှင်၊
ဝိညာဏ်စပ်, နောက်ထပ်သန္ဓေရှင်

ပစ္စုပ္ပန်အကျိုးငါးပါး ပေါ်လာပုံ

ဝိညာဏ်မျိုးစေ့, စ၍ ဖြစ်လျှင်၊
နာမ်နှင့်ရုပ်လဲ, ပူးတွဲပါဝင်၊
အာယတန, ဖဿ, ဝေဒနာပေါ်ထင်၊
ကောင်းဆိုးများ, ခံစားမိရိုးပင်

ပစ္စုပ္ပန်အကျိုးမှ အကြောင်းသစ်ပေါ်၍
ထိုအကြောင်းကြောင့် အနာဂတ်အကျိုးပေါ်ပုံ

ခံစားသည့်တွက်, တပ်မက်ခင်မင်
မည်သို့ပြုငြား, ကောင်းစားမည်ထင်။
ဝင်စားစွဲလမ်း, ရော်ရမ်းပြုလျှင်
နောင်ဘဝ, ဖြစ်ရဇာတိပင်။

အနာဂတ်အကျိုးငါးပါး ပေါ်လာပုံ

ဘဝဇာတိ, သူရှိပြန်လျှင်၊
အို, သေ, ပူဆွေး, ငိုကြွေးထို့ပြင်။
ကိုယ်စိတ်ဆင်းရဲ, ထန်သဲပူပင်၊
သို့ဖြစ်ရ, လုံးဝဆင်းရဲပင်

ဝိပဿနာရှုနည်း မူသေစည်း

▬▬▬▬▬▬▬▬▬

မေး။ ။ဝိပဿနာ ဉာဏ်ဆိုတာ ဘယ်ဟာရှုသလဲ၊
ဖြေ။ ။မြဲတယ် ချမ်းသာ ငါစွဲရာ ခန္ဓာရှုရမြဲ

မေး။ ။ဘယ်အကျိုးငှါ ဘယ်ခိုက်မှာ ခန္ဓာရှုသလဲ၊
ဖြေ။ ။မစွဲဖို့ရာ ဖြစ်ဆဲမှာ မှန်စွာရှုရမြဲ

အကျိုး

ပေါ်ခိုက်မရှု ရုပ်နာမ်စု စွဲမှုဝင်ရောက်သည်
ပေါ်တိုင်းမှတ်ရှု ရုပ်နာမ်စု စွဲမှုကင်းပျောက်သည်
စွဲမှုကင်းလျှင် နိဗ္ဗာန်ခွင် ပြေးဝင်ဆိုက်ရောက်သည်
ဝိပဿနာရှုနည်း မူသေစည်း သိမ်းဆည်းထားရမည်။

ဝိပဿနာအခြေခံ
တရားတော် ဆောင်ပုဒ်

▬▬▬▬▬▬▬▬▬

၁။ ဝိပဿနာ, ဉာဏ်ဆိုတာ, ဘယ်ဟာရှု၍ဖြစ်သနည်း၊
၂။ စွဲလမ်းနိုင်ရာ, ငါးခန္ဓာ, မှန်စွာရှု၍ဖြစ်သတည်း
၃။ ဘယ်အကျိုးငှါ, ထိုခန္ဓာ, ဘယ်ခါရှုရပါသနည်း၊
၄။ မစွဲဖို့ရာ, ဖြစ်ဆဲမှာ, မှန်စွာရှုရပါတည်း
၅။ ဖြစ်ခိုက်မရှု, ရုပ်နာမ်စု, စွဲမှုဝင်ရောက်သည်
၆။ မြဲတယ်ကောင်းတယ်, ငါကောင်နှယ်, တကယ်ထင်တတ်သည်
၇။ ဖြစ်တိုင်းမှတ်ရှု, ရုပ်နာမ်စု, စွဲမှု ကင်းပျောက်သည်
၈။ မမြဲဆင်းရဲ, သဘောပဲ, ဉာဏ်ထဲ ရှင်းတော့သည်
၉။ စွဲမှုကင်းပျောက်, မဂ်လမ်းပေါက်, ဆိုက်ရောက် နိဗ္ဗာန်ပြည်
၁၀။ ဝိပဿနာရှုနည်း, မူသေစည်း, သိမ်းဆည်းထားရမည်၊

သမ္ပဇဉ်ခေါ်တဲ့
အသိဉာဏ်တရား ၄-ပါး

▬▬▬▬▬▬▬▬▬

၁။ သာတ္ထကသမ္ပဇဉ်
ကျိုးရှိသလား, မရှိလား စဉ်းစားတာက သာတ္ထက

၂။ သပ္ပာယသမ္ပဇဉ်
သင့်တော်ရဲ့လား, မတော်လား စဉ်းစားတာက သပ္ပာယ

၃။ ဂေါစရသမ္ပဇဉ်
ရုပ်ဓာတ် နာမ်ဓာတ်, စဉ်မပြတ် ရှုမှတ်တာက ဂေါစရ

၄။ အသမ္မောဟသမ္ပဇဉ်
မမြဲဆင်းရဲ, ရုပ်နာမ်ပဲ အသိကွဲတာက အသမ္မောဟ

စိတ္တာနုပဿနာ
တရားတော် ဆောင်ပုဒ်

▬▬▬▬▬▬▬▬▬

နှိပ်နိုင်ခဲစွ, လျင်မြန်လှ၍,
သူကျလိုရာ, ကျတတ်ပါသည့်,
ဝိညာဏသွမ်း, စိတ်သရမ်းကို,
စောင့်ဖမ်းရှုရေး, ဆုံးမပေး၍,
ယဉ်ကျေးလိမ္မာ, သူဖြစ်လာလျှင်,
ချမ်းသာဆောင်ပေးတတ်သတည်း။

ဒုန္နိဂ္ဂဟဿ လဟုနော, ယတ္ထ ကာမနိပါတိနော၊
စိတ္တဿ ဒမထော သာဓု, စိတ္တံ ဒန္တံ သုခါဝဟံ။ (ဓမ္မပဒ)

မူလပဏ္ဏာသပါဠိတော် ကောသမ္ဗိယသုတ်
သာရဏီယခေါ် အောက်မေ့ဖွယ်ရာ တရားတော်

▬▬▬▬▬▬▬▬▬

မေတ္တာရှေ့သွား, ကံသုံးပါးနှင့်,
တခြားသုံးဝ, စာဂ, သီလာ, မြတ်ပညာသည်,
မှတ်ပါ သာရဏီယတရားတည်း

၁။ မေတ္တာရှေ့ရှု, ကိုယ်မှုထင်လျှင်၊
သူ့ဂုဏ်အောက်မေ့, ညဉ့်နေ့အစဉ်။
ရိုသေလေးစား, သနားခင်မင်၊
ညီညွတ်ရေး, အားပေးထာဝစဉ်။

၂။ မေတ္တာရှေ့သွား, စကားချိုလျှင်၊
သူ့ဂုဏ်အောက်မေ့, ညဉ့်နေ့အစဉ်။
ရိုသေလေးစား, သနားခင်မင်၊
ညီညွတ်ရေး, အားပေးထာဝစဉ်။

၃။ မေတ္တာရှေ့သွား, စိတ်ထားဖြူလျှင်၊
သူ့ဂုဏ်အောက်မေ့, ညဉ့်နေ့အစဉ်။
ရိုသေလေးစား, သနားခင်မင်၊
ညီညွတ်ရေး, အားပေးထာဝစဉ်။

၄။ ဝေဖန်ပေးစွန့်, မတွန့်တိုလျှင်၊
သူ့ဂုဏ်အောက်မေ့, ညဉ့်နေ့အစဉ်။
ရိုသေလေးစား, သနားခင်မင်၊
ညီညွတ်ရေး, အားပေးထာဝစဉ်။

၅။ အရိယာနှင့်, ကိုယ်ကျင့်တူလျှင်၊
သူ့ဂုဏ်အောက်မေ့, ညဉ့်နေ့အစဉ်။
ရိုသေလေးစား, သနားခင်မင်၊
ညီညွတ်ရေး, အားပေးထာဝစဉ်။

၆။ အရိယာနှင့်, ဉာဏ်ဖြင့်တူလျှင်၊
သူ့ဂုဏ်အောက်မေ့, ညဉ့်နေ့အစဉ်။
ရိုသေလေးစား, သနားခင်မင်၊
ညီညွတ်ရေး, အားပေးထာဝစဉ်။

မူလပဏ္ဏာသပါဠိတော် ကောသမ္ဗိယသုတ်
သောတာပန်၏ မဟာပစ္စဝေက္ခဏာ ၇-ပါး

▬▬▬▬▬▬▬▬▬

၁။ ဆိတ်ငြိမ်ရာတွင်, ချဉ်းကပ်ဝင်၍,
ဆင်ခြင်ရှုကြည့်, ဖြစ်ပျက်မိ, အသိရှင်းသည်သာ
ယထာဘူတ, မသိရအောင်,
ထကြွလွှမ်းမိုး, ကိလေဆိုး, ဖြစ်ရိုး မရှိပါ
ဤသို့သိရ, ပထမ, ပစ္စဝေက္ခဏာ

၂။ မဂ်သိပြီးဟန်, ဝိပသ်ဉာဏ်, ဖန်ဖန်မှီဝဲကာ
အကြမ်းအနု, ကိလေစု, ငြိမ်းမှုထင်ရှားရာ၊
ဤသို့သိရ, ဒုတိယ, ပစ္စဝေက္ခဏာ

၃။ ရှုမှတ်သိရ, ဤလမ်းမှ, ပြင်ပတခြားမှာ၊
ကိလေငြိမ်းဘိ, မြတ်အရိ, မရှိဆုံးဖြတ်ရာ
ဤသို့သိရ, တတိယ, ပစ္စဝေက္ခဏာ

၄။ ကုစားနိုင်တောင်း, အာပတ်ပေါင်း,
တိမ်းစောင်းရောက်သေးရာ၊
မဖုံးကွယ်ပဲ, ကုစားမြဲ, နောင်လဲ စောင့်ရိုးပါ
ဤသို့သိရ, စတုတ္ထ, ပစ္စဝေက္ခဏာ

၅။ ရှောင်လွှဲမရ, မှုကိစ္စ, ပြုရလေသောအခါ၊
သိက္ခာသုံးပါး, ကျင့်ရန်ကား, စိတ်အားသန်မြဲသာ
ဤသို့သိရ, ပဉ္စမ, ပစ္စဝေက္ခဏာ

၆။ ဗုဒ္ဓဟောထား, မြတ်တရား, နာကြားရသောအခါ၊
လုံးစုံမကြွင်း, နှလုံးသွင်း, နာခြင်းအားကောင်းစွာ
ဤသို့သိရ, ဆဋ္ဌမ, ပစ္စဝေက္ခဏာ

၇။ ဗုဒ္ဓဟောထား, မြတ်တရား, နာကြားရသောအခါ၊
အနက်သိမြင်, စိတ်ကြည်ရွှင်, ကိုယ်တွင် သိမ့်သိမ့်ဖြာ
ဤသို့သိရ, သတ္တမ, ပစ္စဝေက္ခဏာ

နိဂုံး

▬▬

ပစ္စဝေက္ခဏာ, ခုနစ်ဖြာ, ညီစွာဖြစ်ပါမူ၊
အရိယာမှန်, သောတာပန်, ဧကန် ဆုံးဖြတ်ယူ။

ခန္ဓဝဂ္ဂသံယုတ် ပါဠိတော်
သီလသုတသုတ်တရားတော် ဆောင်ပုဒ်

▬▬▬▬▬▬▬▬▬

(က)
၁။ သီလသုတာ, စုံသူမှာ, ဘယ်ဟာ, ရှုအပ်ပါသနည်း၊
၂။ စွဲလမ်းနိုင်ရာ, ငါးခန္ဓာ, မှန်စွာ ရှုအပ်သည်၊
၃။ မမြဲဆင်းရဲ, ရောဂါစွဲ, ပေါက်ကွဲအိုင်းထူသည်၊ (၄+)
၄။ ငြောင့်, မကောင်းမှု, ဖျားနာဟု, မှတ်ရှု သူစိမ်းမည်၊ (၄+)
၅။ ပျက်စီး, သုည, အနတ္တ, ရှုရဆယ့်တစ်မည်၊ (+၃=၁၁)
၆။ သို့ရှုမြင်သန်, သောတာပန်, အမှန်ဖြစ်နိုင်သည်၊

(ခ)
၁။ သောတာပန်ကား, ဘယ်တရား, ရှုပွားအပ်သနည်း၊
၂။ သောတာပန်လဲ, ခန္ဓာပဲ ရှုမြဲ, နည်းတူသည်၊
၃။ သို့ရှုမြင်သန်, သကဒါဂါမ်, အမှန် ဖြစ်နိုင်သည်၊

(ဂ)
၁။ သကဒါဂါမ်ကား, ဘယ်တရား, ရှုပွားအပ်သနည်း၊
၂။ သကဒါဂါမ်လဲ, ခန္ဓာပဲ, ရှုမြဲ နည်းတူသည်၊
၃။ သို့ရှုမြင်သန်, အနာဂါမ်, အမှန်ဖြစ်နိုင်သည်၊

(ဃ)
၁။ အနာဂါမ်ကား, ဘယ်တရား ရှုပွားအပ်သနည်း၊
၂။ အနာဂါမ်လဲ, ခန္ဓာပဲ, ရှုမြဲနည်းတူသည်၊
၃။ သို့ရှုမြင်သန်, အရဟံ, အမှန်ဖြစ်နိုင်သည်၊

(င)
၁။ ရဟန္တာကား, ဘယ်တရား, ရှုပွားအပ်သနည်း၊
၂။ ရဟန္တာလဲ, ခန္ဓာပဲ, ရှုမြဲနည်းတူသည်၊
၃။ သို့ရှုသော်ငြား, သစ် ဟောင်းကား, တိုးပွားမရှိပြီ၊

အရှင်မဟာကဿပ ရရှိသော
ဩဝါဒတော် ၃-ပါး

▬▬▬▬▬▬▬▬

၁။ သက်ကြီး လတ် ငယ်, အားလုံးဝယ်, နှစ်သွယ်ရှက်ကြောက် ထင်ပါစေ၊
၂။ ကုသိုလ်ညွှန်ကြား, မြတ်တရား, လေးစားစူးစိုက်နာယူလေ၊
၃။ ကာယဂတာ, သတိဟာ, သင့်မှာမစွန့် မြဲပါစေ၊
၄။ အရှင်မဟာကဿပ, လက်ခံရ, ဆုံးမဩဝါ မြတ်သုံးထွေ၊

အကျဉ်းချုပ်ဩဝါဒ ဆောင်ပုဒ်

၁။ အပါယ်ဘေးငြိမ်းခွင့်, ဉာဏ်အဆင့်, အသင့်ရောက်ပါစေ၊
၂။ ထိုဉာဏ်ဖြင့်လဲ, မတော်ပဲ, ဆင်းရဲငြိမ်းပါစေ၊
၃။ ဖြစ်ပေါ်လာငြား, စိတ်ကြမ်းများ, ပယ်ရှားနိုင်ပါစေ။

အင်္ဂုတ္တရပါဠိတော်လာ
အရိယာဝါသသုတ် တရားတော်

▬▬▬▬▬▬▬▬▬

၁။ ငါးအင်ပယ်လေ, ဂုဏ်ခြောက်ထွေ, စုံစေစောင့်တပါး၊
၂။ လေးရပ်မှီကာ, ပယ်ရှင်းရာ, သစ္စာသီးသန့်များ၊
၃။ ရှာမှီးကင်းစင်, ကြံကြည်လင်, ထွက်ဝင်ငြိမ်းစေသား၊
၄။ စိတ်ကောင်းစွာလွတ်, ပညာလွတ်, မချွတ်ဂုဏ်ဆယ်ပါး၊
၅။ အရိယာဝါသ, ဟောဖော်ပြ, ဗုဒ္ဓမြတ်ဘုရား၊

အစောင့်တပါး

ဖြစ်တိုင်းမှတ်ရှု, သတိပြု, စောင့်မှုအစဉ်ထား၊

မှီရာလေးပါး

မှီဝဲ သည်းခံ, ရှောင် ပယ်လှန်, လေးတန်မှီရာများ၊

ပယ်ရန်အင်္ဂါငါးပါး

၁။ နှစ်သက်လိုချင်, ကြွေးမြီတင်, အလျင်ပယ်ဖျောက်လေ၊
၂။ စိတ်ပျက်စိတ်ဆိုး, ရောဂါးမျိုး, နှိမ်ချိုးပယ်ဖျောက်လေ၊
၃။ ထိုင်းမှိုင်းပျင်းရိ, ချုပ်နှောင်မီ, မှတ်သိပယ်ဖျောက်လေ၊
၄။ ပျံ့လွင့်ပူပန်, သူ့ကျွန်ခံ, အမြန်ပယ်ဖျောက်လေ၊
၅။ ယုံမှားဒွိဟ, လမ်းနှစ်ခွ, တွေ့ကပယ်ဖျောက်လေ၊

ဝါယောဓာတ်၏ လက္ခဏာ, ရသ, ပစ္စုပဋ္ဌာန်

ထောက်ကန်တောင့်တင်း, လျော့ခြင်းတမည်၊ (လက္ခဏာ)
ယိမ်းယိုင်လှုပ်ရှား, ရွှေ့သွားတတ်သည်။ (ရသ)
သူလိုရာဘက်, တွန်းလျက်ဆောင်သည်။ (ပစ္စုပဋ္ဌာန်)
ဝါယောဓာတ်, သိမှတ်မြတ်ယောဂီ။

ဒုက္ခဝေဒနာ၏ လက္ခဏာ, ရသ, ပစ္စုပဋ္ဌာန်

အတွေ့ဆိုးများ, သဘောရှိသည်၊ (လက္ခဏာ)
စိတ်အားကုန်ခန်း, ညှိုးနွမ်းစေသည်။ (ရသ)
ကိုယ်ထဲနှိပ်စက်, ခံခက်ထင်သည်၊ (ပစ္စုပဋ္ဌာန်)
ကိုယ်ဆင်းရဲ, သိမြဲမြတ်ယောဂီ။

စိတ်၏ လက္ခဏာ, ရသ, ပစ္စုပဋ္ဌာန်

အာရုံသိသော, သဘောရှိသည်၊ (လက္ခဏာ)
ခေါင်းဆောင်အလား, ရှေ့သွားတတ်သည်။ (ရသ)
ရှေ့စိတ်နှင့်စပ်, အထပ်ထပ်ဖြစ်သည်၊ (ပစ္စုပဋ္ဌာန်)
စိတ်တရား, မှတ်သားမြတ်ယောဂီ။

အနိစ္စာနုပဿနာ

၁။ အနိစ္စကိုသိရမည်၊ အနိစ္စလက္ခဏာကို သိရမည်၊ အနိစ္စာနုပဿနာကို သိရမည်။
၂။ ဖြစ်ပျက်သမျှ ရုပ်နာမ်ခန္ဓာက အနိစ္စတရား၊
၃။ ဖြစ်ပေါ်ပြီးနောက် ကွယ်ပျောက်သွားတာက အနိစ္စလက္ခဏာ၊
၄။ ရှုမှတ်ဆဲမှာ ကွယ်ပျောက်သွားတာကို တွေ့ရ၍ မမြဲဟု သိတာက အနိစ္စာ-နုပဿနာဉာဏ်။

ဝိပဿနာ၏ အကျိုးတရား

အနိစ္စမြင်လျှင် ဒုက္ခထင်သည်၊
ဒုက္ခထင်တော့ အနတ္တမြင်သည်။
အနတ္တမြင်, နိဗ္ဗာန်ခွင်, ပြေးဝင်ဆိုက်ရောက်သည်၊
နိဗ္ဗာန်မြင်က, အပါယ်မှ, မုချလွတ်မြောက်သည်။

ဂုဏ်ခြောက်ထွေအရ ဆဠင်္ဂုပေက္ခာ ၆-ပါး

၁။ အဆင်းမြင်ရာ, ရှုမှတ်ကာ, မှန်စွာသိပါစေ၊
ဝမ်းသာမဖက်, စိတ်မပျက်, ရှုလျက်လျစ်လျူနေ၊
ရဟန္တာအသွင်, ယောဂီရှင်, ရှုလျှင် ဖြစ်နိုင်ပေ၊

၂။ အသံကြားရာ, ရှုမှတ်ကာ, မှန်စွာသိပါစေ၊
၃။ အနံ့နံရာ, ရှုမှတ်ကာ, မှန်စွာသိပါစေ၊
၄။ အရသာသိရာ, ရှုမှတ်ကာ, မှန်စွာသိပါစေ၊
၅။ အတွေ့ထိရာ, ရှုမှတ်ကာ, မှန်စွာသိပါလေ၊

သီးသန့်သစ္စာများ

၁။ လောက အမြဲတည်နေသည်ဟု ယူဆခြင်း၊
၂။ လောက ပြတ်စဲသည်ဟု ယူဆခြင်း၊
၃။ လောက အဆုံးအပိုင်းအခြားရှိသည်ဟု ယူဆခြင်း၊
၄။ လောက အဆုံးအပိုင်းအခြားမရှိဟု ယူဆခြင်း၊
၅။ အသက်နှင့်ကိုယ် အတူတူဟု ယူဆခြင်း၊
၆။ အသက်တခြား ကိုယ်တခြားဟု ယူဆခြင်း၊
၇။ သေပြီးနောက် သတ္တဝါရှိမြဲသည်ဟု ယူဆခြင်း၊
၈။ သေပြီးနောက် သတ္တဝါမရှိတော့သည်ဟု ယူဆခြင်း၊
၉။ သေပြီးနောက် သတ္တဝါရှိသည်လည်း မဟုတ်, မရှိသည်လည်း မဟုတ်ဟု ယူဆခြင်း၊

မဓုပိဏ္ဍိကသုတ်
တရားတော် ဆောင်ပုဒ်

▬▬▬▬▬▬▬▬▬

မက်မောထောင်လွှား, အမြင်မှားလျက်,
ချဲ့ပွားတတ်စွာ, ပပဉ္စာဟု,
သညာသုံးမျိုး, တရားဆိုးတို့,
လွှမ်းမိုးတတ်ရာ, ခြောက်ဌာနာဝယ်,
မှန်စွာရှုလျက်, သိမြင်ချက်ကြောင့်,
နှစ်သက်ခင်တွယ်, ချီးမွမ်းဖွယ်တို့,
ပျောက်ကွယ်ကင်းရှင်း, မရှိခြင်းပင်,
မူရင်းမြစ်မ, နုသယနှင့်,
ပါပအားလုံး, ချုပ်ပြတ်သုဉ်းသည့်,
နယ်ဆုံး ကန့်သတ်, မိန့်တော်မှတ်သည်,
သုတ်မြတ် မဓုပိဏ္ဍိတည်း။

စက္ခုရူပ, တကွဆုံလျှင်, မြင်ကာတွေ့သွား, ခံစားမှုထင်၊
မြဲစွာမှတ်သား, ကြံမှားလေလျှင်, ပပဉ္စ မုချချဲ့ရိုးပင်။
စက္ခုရူပ, ဆုံကမြင်စဉ်, တွေ့လျက်ခံစား, ပိုင်းခြားသိလျှင်၊
မြဲစွာမှတ်သား, ကြံမှားကင်းစင်, ပပဉ္စ လုံးဝချုပ်ရိုးပင်။

ဘဝတန်ဖိုး တရားတော်

▬▬▬▬▬▬▬▬

ဖြစ်ပျက်နှစ်ဖြာ, မမြင်ပါပဲ,
တရာအသက်, ရှည်သည်ထက်လည်း,
ဖြစ်ပျက်နေဟန်, ရုပ်နှင့်နာမ်ကို,
အမှန်မြင်လျက်, ဉာဏ်စဉ်တက်၍,
တရက်တာမျှ, သက်ရှည်ရသော်,
လောကလူ့ရွာ, ကောင်းမြတ်သာသည်,
မြတ်စွာဗုဒ္ဓ မိန့်ခွန်းတည်း။

ဓမ္မပဒပါဠိတော်

▬▬▬▬▬

ယောစ ဝဿသတံ ဇီဝေ, အပဿံ ဥဒယဗ္ဗယံ၊
ဧကာဟံ ဇီဝိတံ သေယျော, ပဿတော ဥဒယဗ္ဗယံ။

ယောစ - အကြင်သူသည်ကား၊
ဥဒယဗ္ဗယံ - အဖြစ်အပျက်ကို၊
အပဿံ - မမြင်ပါပဲ၊
ဝဿသတံ - အနှစ်တရာ တသက်တာပတ်လုံး၊
ဇီဝေ - ပကတိအတိုင်းသာ အသက်ရှင်လျက် နေရာ၏၊
တဿ - ထိုသူ၏၊
တတော - ထို အနှစ်တရာပတ်လုံး အသက်ရှင်ရသည်ထက်၊
ဥဒယဗ္ဗယံ - အဖြစ်အပျက်ကို၊
ပဿတော - မြင်သောသူ၏၊
ဧကာဟံ ဇီဝိတံ - တနေ့တရက်မျှ အသက်ရှင်ရခြင်းသည်၊
သေယျော - သာ၍ ကောင်းမြတ်ပေ၏။

မဇ္ဈိမနိကာယ်မူလပဏ္ဏာသ
စူဠတဏှာသင်္ခယသုတ်
တရားတော် ဆောင်ပုဒ်

▬▬▬▬▬▬▬▬▬

၁။ လုံးစုံဓမ္မ, အနိစ္စ, ဒုက္ခအနတ္တာ၊
[ဣဓ ဘိက္ခုနော သုတံ ဟောတိ “သဗ္ဗေ ဓမ္မာ နာလံ အဘိနိဝေ သာယာ”တိ၊]

၂။ ဤရွှေ့ဤမျှ, ကြားဖူးက, သုတ လုံလောက်ပါ။

၃။ ဉာဏ်ဖြင့် ရှေးရှု, ရုပ်နာမ်စု, မှတ်ပြုသိလေရာ၊-
သော သဗ္ဗံ ဓမ္မံ အဘိဇာနာတိ၊

၄။ မမြဲဆင်းရဲ, သဘောပဲ, သိမြဲပိုင်းခြားကာ၊-
သဗ္ဗံ ဓမ္မံ ပရိဇာနာတိ၊

၅။ ကောင်းဆိုးလတ်စု, ခံစားမှု, မှတ်ရှုအနိစ္စာ၊-
တာသု ဝေဒနာသု အနိစ္စာနုပဿီ၊

၆။ ပျက်ပြယ်သွားမှု, ချုပ်ငြိမ်းမှု, မှတ်ရှုနေပြန်ရာ၊-
ဝိရာဂါနုပဿီ နိရောဓာနုပဿီ၊-

၇။ စွန့်လွှတ်တဖန်, စေလွှတ်ပြန်, ထပ်မံရှုမှတ်ရာ၊-
ပဋိနိဿဂ္ဂါနုပဿီ ဝိဟရတိ၊

၈။ သို့ရှုသူအား, လောကမှာ, စွဲဆာကင်းလေသည်၊-
န ဥပါဒိယတိ နပရိတဿတိ၊

၉။ ဆာလောင်ကင်းက, ကိုယ်တိုင်မျှ, လုံးဝငြိမ်းအေးသည်၊-
ပစ္စတ္တညေဝ ပရိနိဗ္ဗာယတိ၊

၁၀။ ဤမျှဖြင့်ပင်, တဏှာစင်, ကျင့်စဉ်ပြီးဆုံးသည်၊
[ဧတ္တဝတာ ခေါ တဏှာသင်္ခယ ဝိမုတ္တော ဟောတိ အစ္စန္တနိဋ္ဌော သေဋ္ဌော ဒေဝမနုဿာနံ။]

၁၁။ စူဠတဏှာ, သင်္ခယာ, မြတ်စွာမိန့်ဟောသည်၊
[ဧတ္တဝတာ ခေါ တဏှာသင်္ခယ ဝိမုတ္တော ဟောတိ အစ္စန္တနိဋ္ဌော သေဋ္ဌော ဒေဝမနုဿာနံ။]

ခက်ဆစ်မှတ်ဖွယ်

၅။ က-ဖြစ်ပျက်သမျှ ရုပ်နာမ်ခန္ဓာက အနိစ္စ၊

ခ-ပေါ်လာပြီးနောက် ကွယ်ပျောက်တာက အနိစ္စလက္ခဏာ၊

ဂ-ရှုမှတ်ဆဲမှာ ကွယ်ပျောက်သွားတာကိုတွေ့ရ၍ မမြဲဟုသိတာက အနိစ္စာနုပဿနာ၊

ဃ-မှတ်တိုင်းမှတ်တိုင်း မမြဲဟုသိသူသည် အနိစ္စာနုပဿီမည်၏။

၆။ က-အာရုံနှင့်မှတ်စိတ် ပျက်ပြယ်သွားတာက ခယဝိရာဂ၊

ခ-အလုံးစုံသော သင်္ခါရ လုံးဝ ပေါ်မလာပဲ ကင်းတာက အစ္စန္တဝိရာဂ၊

ဂ-ဤ ဝိရာဂ ၂-မျိုးကို မှတ်လျက်, ရောက်လျက် တွေ့မြင်တာက ဝိရာဂါနုပဿနာ၊

ဃ-အာရုံနှင့်မှတ်စိတ် ချုပ်ဆုံးသွားတာက ခယနိရောဓ၊

င-အလုံးစုံသော သင်္ခါရ လုံးဝ ပေါ်မလာပဲ ချုပ်ငြိမ်းတာက အစ္စန္တနိရောဓ၊

စ-ဤနိရောဓ ၂-မျိုးကို မှတ်လျက်, ရောက်လျက် တွေ့မြင်တာက နိရောဓာ-နုပဿနာ၊

၇။ က-မရှုမိတဲ့အာရုံ၌ ဖြစ်နိုင်သည့်ကိလေသာ ခန္ဓာတွေကို စွန့်လွှတ်တတ်သော ရှုမှတ်မှုက ပရိစ္စာဂပဋိနိဿဂ္ဂ၊

ခ-နိဗ္ဗာန်အာရုံထဲသို့ ပြေးဝင်သွားသလို ဖြစ်သောမဂ်က ပက္ခန္ဒနပဋိနိဿဂ္ဂ၊

ဂ-ဤ ပဋိနိဿဂ္ဂ ၂-ပါးကိုပင် ပဋိနိဿဂ္ဂါနုပဿနာဟု ခေါ်သည်။

၁။ ခန္တီ ပရမံ တပေါ တိတိက္ခာ,
နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ၊
န ဟိ ပဗ္ဗဇိတော ပရူပဃာတီ,
န သမဏော ဟောတိ ပရံ ဝိဟေဋ္ဌယန္တော။

သည်းခံကျင့်သုံး, အမြတ်ဆုံးပေ၊
နိဗ္ဗာန်မြတ်လှ, ဗုဒ္ဓမိန့်ပေ။
ရဟန်းမှန်လျှင်း, မညှဉ်းတတ်ပေ၊
ညှဉ်းဆဲက, သမဏ မဟုတ်ပေ။

၂။ သဗ္ဗပါပဿ အကရဏံ, ကုသလဿုပသမ္ပဒါ၊
သစိတ္တပရိယောဒါပနံ, ဧတံ ဗုဒ္ဓါန သာသနံ။

မကောင်းမှုများ, ရှောင်ရှားပယ်လေ၊
ကောင်းမှုတရား, ဖြစ်ပွားစုံစေ။
မိမိစိတ်ဓာတ်, ဆွတ်ဆွတ်ဖြူစေ၊
ဤသုံးပါး, ဘုရားဆုံးမပေ။

၃။ အနုပဝါဒေါ အနုပဃာတော,
ပါတိမောက္ခေစ သံဝရော၊
မတ္တညုတာ စ ဘတ္တသ္မိံ,
ပန္ထဉ္စ သယနာသနံ၊
အဓိစိတ္တေ စ အာယောဂေါ,
ဧတံ ဗုဒ္ဓါန သာသနံ။

သူ့ကိုစွပ်စွဲ, ညှဉ်းဆဲကင်းစေ၊
ကိုယ်ကျင့်သီလ, လုံးဝလုံစေ။
အစာ၌လဲ, သိမြဲတိုင်းရှေ၊
လူသူစိတ်ကောင်း, တောကျောင်းမှာနေ၊
စိတ်မြတ်လုပ်ငန်း, ကြိုးပမ်းပါလေ၊
ဤခြောက်ပါး, ဘုရားဆုံးမပေ။

ဓမ္မပဒဂါထာ

ကုမ္ဘူပမံ ကာယမိမံ ဝိဒိတွာ,
နဂရူပမံ စိတ္တမိဒံ ဌပေတွာ၊
ယောဓေထ မာရံ ပညာဝုဓေန,
ဇိတဉ္စ ရက္ခေ အနိဝေသနော သိယာ။

၁။ မြေးအိုးသဖွယ်, ရုပ်ကိုယ်ဝယ်, ပျက်လွယ်သိပါလေ၊
၂။ ရှုမှတ်စိတ်မှာ, မြို့ပမာ, ခိုင်စွာ တည်ရှိစေ၊
၃။ ဉာဏ်ဗုံးဖြင့်ခွင်း, မာရ်သေမင်း, နှိမ်နင်း တိုက်ဖျက်လေ၊
၄။ အောင်ပြီးစောင့်မြဲ, မရပ်ပဲ, တိုက်ပွဲ ပြီးဆုံးစေ၊

အကျဉ်းချုပ် ဩဝါဒ

၁။ အပါယ်ဘေးငြိမ်းခွင့်, ဉာဏ်အဆင့်, အသင့် ရောက်ပါစေ၊
၂။ ထိုဉာဏ်ဖြင့်လဲ, မတော်ပဲ, ဆင်းရဲ ငြိမ်းပါစေ၊
၃။ ဖြစ်ပေါ်လာငြား, စိတ်ကြမ်းများ, ပယ်ရှားနိုင်ပါစေ၊

ဟေမဝတသုတ္တန်
တရားတော်ကြီး ဆောင်ပုဒ်များ

▬▬▬▬▬▬▬▬▬

၁။ လပြည့်စက်ဝန်း, တက်ထွန်းစင်ကြယ်၊ (သာတာဂီရိ)
ပန်းစုံဖူးပွင့်, နတ်ညဉ့်ပျော်ဖွယ်။
အရှင်ဂေါတမ, မည်ရမျိုးနွယ်၊
ထိုဘုရား, ခုသွား ဖူးစို့ကွယ်။

၂။ ငါတို့ဘုရား, စိတ်ထားကောင်းစွာ၊ (သာ)
သူခပ်သိမ်းအား, သနားညီညာ။
အာရုံကောင်းဆိုး, ကြံမျိုးသုံးဖြာ၊
လိုရှိတိုင်း, မဆိုင်းပြုနိုင်ပါ။

၃။ မပေးဝတ္ထု, ယူမှုကင်းကွာ၊ (သာ)
ညှဉ်းဆဲသတ်မှု, မပြုသည်သာ။
မေ့လျော့ရေးမှ, ဝေးလှပေစွာ၊
တို့ဘုရား, ဈာန်ပွား မဆိတ်ပါ။

၄။ လိမ်လည်မပြော, ကုန်းချောကင်းသည်၊ (သာ)
ကြမ်းတမ်းရုန့်ရင်း, ဆိုခြင်း ပယ်သည်။
ကျိုးစီးပွားရှိ, မြင်သိ ဆိုသည်၊
တို့ဘုရား, စကား စင်ကြယ်သည်။

၅။ ကာမဂုဏ်ထဲ, တပ်စွဲကင်းသည်၊ (သာ)
ဒေါသပြတ်စဲ, အမြဲစိတ်ကြည်။
မောဟသိမှား, လွန်သွားလေပြီ၊
တို့ဘုရား, တရား ဉာဏ်လင်းကြည်။

၆။ ဝိဇ္ဇာဉာဏ်များ, သုံးပါးရှစ်သွယ်၊ (သာ)
စရဏဆယ့်ငါး, ကျင့်အားစုံတယ်။
အာသဝေါခပ်သိမ်း, ကုန်ငြိမ်းစင်ကြယ်၊
တရားမင်း, ကင်းရှင်းနောင်ဖြစ်ဖွယ်။

(က) သုံးပါးဝိဇ္ဇာ, ပု-ဒိ-အာ, ပညာဉာဏ်မျက်စိ၊

(ခ) ရှစ်ပါးအရ, ထည့်သွင်းကြ, ဝိ-မ-စေ-ဣ-ဒိ၊
(ဝိပဿနာ, မနောမယိဒ္ဓိ, စေတောပရိယ, ဣဒ္ဓိဝိဓ, ဒိဗ္ဗသောတ,
ပုဗ္ဗေနိဝါသ, ဒိဗ္ဗစက္ခု, အာသဝက္ခယ-ဝိဇ္ဇာ ၈-ပါး)။

(ဂ) သီ-ဣန်-ဘော-ဇာ, ဈာန်လေးဖြာ, သဒ္ဓါ ဝီရိယ၊

(ဃ) သတိ, ပညာ, ဟိ-ဩ-ဗာ, မှတ်ပါစရဏ၊
သီ-ပါတိမောက္ခသီလ၊ ဣန်-ဣနြ္ဒိယသံဝရ၊ ဘော-ဘောဇနေ
မတ္တညုတာ၊ ဇာ-ဇာဂရိယ၊ ဟိ-ဟိရီ၊ ဩ-ဩတ္တပ္ပ၊ ဗာဗာဟုဿစ္စ။

၇။ ကိုယ်ရောနှုတ်ရော, မနောစင်ကြယ်၊ (သာ)
ဝိဇ္ဇာ-စရဏ, စုံလှပေတယ်။
အရှင်ဂေါတမ, မည်ရ မျိုးနွယ်၊
တို့ဘုရား, ခုသွားဖူးစို့ကွယ်။

၈။ ခြောက်ပါးရှိက, လောကဖြစ်သည်၊ (ဘုရား)
ခြောက်ပါးမှာချဉ်း, ပေါင်းသင်းနေသည်။
ခြောက်ပါးကိုစွဲ, လူပဲခေါ်သည်၊
ခြောက်ပါး၌, အားစိုက် ပင်ပန်းသည်။

၉။ ငါးဖြာကာမ, ဆဋ္ဌမစိတ်တွင်၊ (ဘုရား)
ငါ့ဟာငါပဲ, ယူစွဲထင်မြင်။
ထိုမှာဖြစ်ထိုက်, နှစ်ြုခိက်ပယ်လျှင်၊
ဆင်းရဲမှ, လွတ်ရ ယောဂီရှင်။

၁၀။ သီလသန့်ရှင်း, အတွင်းမှာပင်၊ (ဘုရား)
ကြံရှုမှုရှိ, သတိထင်လျှင်။
စိတ်တည်ကြည်ယင်း, ဉာဏ်လင်းသိမြင်၊
ဩဃနက်, ကူးထွက် ယောဂီရှင်။

၁၁။ ကာမဂုဏ်ထဲ, တပ်စွဲ ရှောင်ကြဉ်၊ (ဘုရား)
သံယောဇဉ်များ, လွန်သွားလေလျှင်။
နန္ဒီရာဂ, ဘဝကုန်စင်၊
ပင်လယ်မြစ်, မနစ်ယောဂီရှင်။

၁၂။ ဘုရားတရား, ဂုဏ်များချီးကာ၊ (ဟေမဝတ)
တရွာမှသွား, တခြားမြို့ရွာ။
တောတောင်သစ်ဟောင်း, ရွှေ့ပြောင်းသွားလာ၊
ငါတို့များ, လှည့်သွားနေတော့မှာ။

(က) မူလပဏ္ဏာသပါဠိတော်
သလ္လေခသုတ်တရားတော် ဆောင်ပုဒ်

▬▬▬▬▬▬▬▬▬

ဝိဟိံသာပါဏ, အဒိန္နနှင့်,
အဗြဟ္မစရိယာ, မုသာပိသု,
ဖရုသမ္ဖာ, အဘိဇ်ဗျာနှင့်,
ဆယ်ဖြာမိစ္ဆတ္တ, စဉ်တိုင်းပြ၍,
ထိနဥဒ္ဓစ္စာ, ဝိစိကိစ္ဆာနှင့်,
ကောဓာပနာဟ, မက္ခပဠာ,
ဣဿာမစ္ဆေ, သာဌေမာယာ,
အတိမာထမ္ဘ, ဒုဗ္ဗစနှင့် ပါပမိတ္တော,
ပမာဒေါတဖြာ, သဒ္ဓါမရှိ,
အဟိရိက, နောတ္တပ္ပနှင့်,
သုတနည်းဘိ, ပျင်းရိတရပ်,
မုဋ္ဌဿစ္စ, ဒုပ္ပညတာ, ယူသည်းစွာဟု,
ကိလေသာဘေး, လေးဆယ့်လေးကို,
ဝေးဝေးစွန့်စေ, ညွှန်ပြပေသည်,
သလ္လေခသုတ် မိန့်ခွန်းတည်း။

ကိလေသာ ၄၄-ပါး ဖော်ပြချက်

▬▬▬▬▬▬▬▬▬

၁။ ဝိဟိံသာ=ညှဉ်းဆဲခြင်း၊
၂။ ပါဏာတိပါတ=သတ္တဝါကိုသတ်ခြင်း၊
၃။ အဒိန္နာဒါန=သူ့ဥစ္စာကို လုယက်ခိုးယူခြင်း၊
၄။ အဗြဟ္မစရိယ=မေထုန်မှုကိုပြုခြင်း၊
၅။ မုသာဝါဒ=လိမ်လည်ပြောခြင်း၊
၆။ ပိသုဏဝါစာ=ကုန်းတိုက်ခြင်း၊
၇။ ဖရုသဝါစာ=ဆဲဆိုခြင်း၊
၈။ သမ္ဖပလာပ=အနှစ်မဲ့စကားပြောခြင်း၊
၉။ အဘိဇ္ဈာ=သူတစ်ပါးဥစ္စာကိုရရန်ကြံစည်ခြင်း၊
၁၀။ ဗျာပါဒ=သူတပါးသေကြေပျက်စီးရန် ကြံစည်ခြင်း၊
၁၁။ မိစ္ဆာဒိဋ္ဌိ=မှားစွာယူခြင်း၊
၁၂။ မိစ္ဆာသင်္ကပ္ပ=မှားစွာကြံခြင်း၊
၁၃။ မိစ္ဆာဝါစာ=မှားစွာပြောခြင်း၊
၁၄။ မိစ္ဆာကမ္မန္တ=မှားစွာပြုခြင်း၊
၁၅။ မိစ္ဆာအာဇီဝ=မှားစွာအသက်မွေးခြင်း၊
၁၆။ မိစ္ဆာဝါယာမ=မှားစွာအားထုတ်ခြင်း၊
၁၇။ မိစ္ဆာသတိ=မှားစွာအမှတ်ရခြင်း၊
၁၈။ မိစ္ဆာသမာဓိ=မှားစွာတည်ကြည်ခြင်း၊
၁၉။ မိစ္ဆာဉာဏ=မှားစွာဆင်ခြင်ခြင်း၊
၂၀။ မိစ္ဆာဝိမုတ္တိ=မှားစွာလွတ်ခြင်း၊
၂၁။ ထိနမိဒ္ဓ=စိတ်ထိုင်းမှိုင်းခြင်း၊
၂၂။ ဥဒ္ဓစ္စ=စိတ်ပျံ့လွင့်ခြင်း၊
၂၃။ ဝိစိကိစ္ဆာ=ယုံမှားခြင်း၊
၂၄။ ကောဓ=အမျက်ထွက်ခြင်း၊
၂၅။ ဥပနာဟ=ရန်ငြိုးဖွဲ့ခြင်း၊
၂၆။ မက္ခ=သူ့ကျေးဇူးကို ချေဖျက်ခြင်း၊
၂၇။ ပဠာသ=သူ့ဂုဏ်ပျက်အောင် ဖက်ပြိုင်ပြောခြင်း၊
၂၈။ ဣဿာ=မနာလိုခြင်း၊
၂၉။ မစ္ဆရိယ=ဝန်တိုခြင်း၊
၃၀။ မာယာ=မိမိအပြစ်မပေါ်အောင် လှည့်ပတ်ခြင်း၊
၃၁။ သာဌေယျ=ဟန်ဆောင်ပလွှားခြင်း၊
၃၂။ အတိမာန=အလွန်အထင်ကြီးခြင်း၊
၃၃။ ဒုဗ္ဗစတာ=ဆိုဆုံးမခက်ခြင်း၊
၃၄။ ထမ္ဘ=အရိုအသေမပြုနိုင်ခြင်း၊
၃၅။ ပါပမိတ္တတာ=မိတ်ဆွေညံ့နှင့်ပေါင်းခြင်း၊
၃၆။ ပမာဒ=ကုသိုလ်ရေး၌ မေ့လျော့ခြင်း၊
၃၇။ အသဒ္ဓတာ=သဒ္ဓါတရားမရှိခြင်း၊
၃၈။ အဟိရိက=အကုသိုလ်မှမရှက်ခြင်း၊
၃၉။ အနောတ္တပ္ပ=အကုသိုလ်မှမကြောက်ခြင်း၊
၄၀။ အပ္ပဿုတတာ=အကြားအမြင်နည်းခြင်း၊
၄၁။ ကောသဇ္ဇ=ပျင်းရိခြင်း
၄၂။ မုဋ္ဌဿစ္စ=သတိလွတ်ခြင်း၊
၄၃။ ဒုပ္ပညတာ=ဝိပဿနာပညာမဲ့ခြင်း၊
၄၄။ သန္ဒိဋ္ဌိပရာမာသ=အယူသည်းခြင်း၊

(ခ) မူလပဏ္ဏာသပါဠိတော်
သလ္လေခသုတ်တရားတော်
အသေးစိတ်ဆောင်ပုဒ်

▬▬▬▬▬▬▬▬▬

ခေါင်းပါးကိလေ, စိတ်ဖြစ်စေ,
ရှောင်သွေ, ထက်ဆင့်, ငြိမ်းအောင့်ကျင့်။

၁။ သူများတွေက ညှဉ်းဆဲကြမည့်နေရာမှာ ငါတို့ကတော့ ညှဉ်းဆဲမှု ကင်းစေရမည်၊ ကိလေသာ ပါးစေတဲ့အကျင့်ကို ကျင့်မည်၊ ဒီလိုစိတ်မျိုးကို ဖြစ်စေမည်၊ ညှဉ်းဆဲမှုကို မညှဉ်းဆဲမှုနှင့် ရှောင်လွဲမည်၊ မညှဉ်းဆဲမှုနှင့် အဆင့်အတန်းတက်မည်၊ ညှဉ်းဆဲမှု ကိလေသာမီးကို မညှဉ်းဆဲမှုနှင့် ငြိမ်းသတ်မည်။

(က) ညှဉ်းဆဲသူကား, အနာများ, သနားကျန်းမာသည်၊ (မ၊ ၃၊ ၂၄၅)

၂။ သူများတွေက သတ်ကြ ဖြတ်ကြမည့်နေရာမှာ ငါတို့ကတော့ သတ်ဖြတ်မှု ကင်းစေမည်၊ ကိလေသာပါးစေတဲ့ အကျင့်ကို ကျင့်မည်၊ ဒီလိုစိတ်မျိုးကို ဖြစ်စေမည်၊ သတ်ဖြတ်မှုကို မသတ်မှုနှင့်ရှောင်လွဲမည် ်၊ မသတ်မှုနှင့် အဆင့်အတန်းတက်မည်၊ သတ်ဖြတ်မှု ကိလေသာမီးကို မသတ်မှုနှင့် ငြိမ်းသတ်မည်။

(ခိုးမှုစသော ကျန် ၄၂ -ပါးတို့၌လည်း နည်းတူပင် ငါးဝါရစီဆိုလေ။)

(က) သူ့ကိုသတ်ဖြတ်, သက်တိုတတ်, မသတ်အသက်ရှည်၊ (မ၊ ၃၊ ၂၄၄)

(ခ) လှပ, သက်ရှည်, ကျန်းမာသည်, ချစ်ကြည်, ခြွေရံများ၊
သောကကင်းလတ်, မကွဲတတ်, သက်သတ်ရှောင်ကျိုးများ၊ (ခု၊ ဋ္ဌ၊ ၂၃)

၃။ ခိုးလုသူမှာ, ပါယ်လားကာ, ဥစ္စာပျက်ဆုံးပါး၊ (အံ၊ ၃၊ ၇၇)

(ခ) ဥစ္စာပေါသည်, ရခိုင်တည်, ကင်းပြီရန်သူငါး။
ကြီးကဲဖြစ်ရ, အေးချမ်းစွ, အဒိန္နရှောင်ကျိုးများ၊ (ခု၊ ဋ္ဌ၊ ၂၃)

၄။ ကာမေသုမှာ, ပါယ်လားကာ, လူ့ရွာရန်သူများ၊ (အံ၊ ၃၊ ၇၇)

(ခ) ရန်, ဘေးကင်းပ, ချစ်ခင်ကြ, ပေါလှသုံးဖွယ်များ၊
ရုပ်အင်စုံစွာ, မကွဲကွာ, ချမ်းသာမရွံရှား၊
မိစ္ဆာရှောင်နှင့်, မြတ်သောကျင့်, ရသင့်အကျိုးများ၊ (ခု၊ ဋ္ဌ၊ ၂၄)

၅။ လိမ်လျှင်ပါယ်ကျ, လူဖြစ်က, ခံရစွပ်စွဲများ၊

(ခ) ခံတွင်းမွှေးစွာ, သွားညီညာ, လိုက်နာသူ့စကား၊
လုံးရပ်ညီညာ, ပြောချိုစွာ, မုသာရှောင်ကျိုးများ၊ (ခု၊ ဋ္ဌ၊ ၂၄)

၆။ ကုန်းချောပါယ်ကျ, လူဖြစ်က, ကွဲရမိတ်ဆွေများ၊ (မ၊ ၃၊ ၃၈)

၇။ ဆဲဆိုပါယ်ကျ, လူဖြစ်က, ကြားရသံဆိုးများ၊ (အံ၊ ၃၊ ၃၈)

၈။ နှစ်မဲ့ပြောမှာ, ပါယ်လားကာ, မနာသူ့စကား၊ (အံ၊ ၃၊ ၃၈)

၂၄။ ဒေါသမီးလျှံ, အကျည်းတန်, သည်းခံလှပသည်၊ (မ၊ ၃၊ ၂၅)

၂၈။ မနာလိုမှာ, ခြွေရံကွာ, ကြည်သာခြွေရံစည်၊ (မ၊ ၃၊ ၂၄၅)

၂၉။ မပေးလိုက, မွဲပြာကျ, လှူမှပေါကြွယ်သည်၊ (မ၊ ၃၊ ၂၄၅)

၃၃။ မရိုမသေ, မျိုးယုတ်ချေ, ရိုသေမျိုးမြတ်သည်၊ (မ၊ ၃၊ ၂၄၅)

၄၀။ မမေးမမြန်း, ဉာဏ်မြင်ကန်း, စုံစမ်းဉာဏ်ကြီးသည်၊ (မ၊ ၃၊ ၂၄၅)

သုတ္တနိပါတ်ပါဠိတော်
ပါရာယဏဝဂ် အဇိတသုတ်
တရားတော်ကြီး ဆောင်ပုဒ်များ

▬▬▬▬▬▬▬▬▬

(က) ဦးခေါင်းဆိုတာ, ဘယ်အရာ, ခေါင်းပြတ်တာကအဘယ်နည်း၊

(ခ) လေးပါသစ္စာ, မသိတာ, အဝိဇ္ဇာ ဦးခေါင်းမှတ်၊
သဒ္ဓါဆန္ဒ, ဝီရိယနှင့်, မှတ်ရသတိ, သမာဓိယှဉ်,
ဉာဏ်သိမြင်, ဝဋ်စဉ် ဦးခေါင်းပြတ်။

၁။ ဘယ်သင်းကဖုံး, လောကလုံး, ဉာဏ်တုံးရသနည်း၊

၂။ အဝိဇ္ဇာဖုံး, လောကလုံး, ဉာဏ်တုံးရသနည်း၊

၃။ ဘယ့်ကြောင့်လူရှင်, မပေါ်ထင်, ဂုဏ်အင်ညံ့သနည်း၊

၄။ ဝန်တိုမေ့လျှင်, မပေါ်ထင်, ဂုဏ်အင်ညံ့သတည်း၊

၅။ မျောက်နှဲစေးနှယ်, လောကဝယ်, ငြိတွယ်ဘယ်သင်းနည်း၊

၆။ မျောက်နှဲစေးနှယ်, လောကဝယ်, ငြိတွယ်တဏှာတည်း၊

၇။ ကြောက်ဖွယ်ကောင်းစွာ, ဘေးကြီးမှာ, ဘယ်ဟာခေါ်သနည်း၊

၈။ ကြောက်ဖွယ်ကောင်းစွာ, ဘေးကြီးမှာ မှတ်ပါဆင်းရဲတည်း၊

၉။ နေရာတိုင်းတွင်, စီးသွင်သွင်, ရေလျဉ်များလှသည်၊
ဘယ်ဖြင့်ဆီးတား, ရေလျဉ်းများ, ခေါင်းပါးပါသနည်း၊
ဘယ်ဖြင့်ပိတ်လျှင်, ထိုရေလျဉ်, အစဉ်ပြတ်သနည်း၊

၁၀။ ရေလျဉ်တူစွာ, ကိလေသာ, လူ့ရ ွာစီးနေသည်၊
သတိဖြင့်တား, ရေလျဉ်များ, ခေါင်းပါးလေတော့သည်။
ဉာဏ်ဖြင့်ပိတ်လျှင်, ထိုရေလျဉ် အစဉ်ပြတ်တော့သည်၊

၁၁။ သတိပညာ, နာမ်ရုပ်မှာ, ရှိရာသေးသတည်း၊
သူတို့အစုရုံး, အကုန်လုံး, ချုပ်ဆုံးဘယ်မှာနည်း၊

၁၂။ အကြင်နိဗ္ဗာန်, ရောက်ရိုးမှန်, ရုပ်နာမ်အကုန်ချုပ်၊
ကံဝိညာဏ်တုံး, စုတိဆုံး, အားလုံးထိုမှာချုပ်၊

၁၃။ ကျင့်ပြီးတဖြာ, ကျင့်ဆဲပါ, အရိယာနှစ်မျိုးကွဲ၊
သူတို့စိတ်ထား, အကျင့်ကား, အလားဘယ်သို့လဲ၊

၁၄။ ကာမဂုဏ်ထဲ, မတပ်စွဲ,
စိတ်လဲကြည်လတ်, ကျင့်ဆဲမှတ်၊
တရားတိုင်းတွင်, ဉာဏ်သက်ဝင်,
ကျွမ်းကျင်သိတတ် ကျင့်ပြီးမှတ်၊
အမှတ်ရမှု, သတိပြု,
ရှေးရှုသွားတတ်, ၂-ဦးလုံးမှတ်။

သုတ္တနိပါတ်ပါဠိတော်
ပါရာယဏဝဂ် ဟေမကသုတ်
တရားတော် ဆောင်ပုဒ်

▬▬▬▬▬▬▬▬▬

ဟေမကအမေး -

၁။ ဘုရားဆုံးမ, အပြင်မှ, ရှေးကဟောကြတာ၊
၂။ ဖြစ်ခဲ့ပြီတဲ့, ဖြစ်မည်တဲ့, တကဲ့နှင့်ချည်းသာ၊
၃။ ကြံဆတိုးပွား, ထိုတရား, ကျွန်ကားမကြိုက်ပါ၊
၄။ တဏှာပယ်ရှား, မြတ်တရား, ဟောကြားညွှန် ပြပါ၊
၅။ မှတ်ပြုကျင့်ငြား, အကြင်တရား, ထင်ရှားသိသူမှာ၊
၆။ လောကငြိစွဲ, ကျော်လွန်မြဲ, ထိုပဲဟောပြပါ၊

ဘုရားအဖြေ -

၁။ မြင် ကြား ရောက်တယ်, သိတာရယ်, ချစ်ဖွယ်လေးမျိုးမှာ၊
၂။ လိုလားနှစ်ြုခိက်, ပယ်ဖျောက်လိုက်, အမြိုက်နိဗ္ဗာန်ပါ၊
၃။ နိဗ္ဗာန်သိရွှေ့, တရားတွေ့, မှတ်လေ့ရှိသူမှာ၊
၄။ ငြိမ်းအေးအမြဲ, လောကထဲ, ငြိစွဲလွန်မြောက်ပါ၊

(မာလုကျပုတ္တသုတ်မှ စာမျက်နှာ ၁၃၊ ဂါထာဆောင်ပုဒ်များနှင့် တွဲ၍ဟောသည်)။

သုတ္တနိပါတ်ပါဠိတော်
ပုရာဘေဒသုတ်
တရားတော် ဆောင်ပုဒ်များ

▬▬▬▬▬▬▬▬▬

၁။ ဘယ်သို့သိမြင်, လေ့ကျင့်လျှင်, မည်တွင်သန္တခေါ်သနည်း၊ (၁-ဂါထာ)

၂။ မသေပျက်ချင်, တဏှာစင်၍,
ရှေ့တွင်မရှိ, နောက်ဆီမမျှော်,
မခေါ်ဝေါ်ရ, လယ်ဌာန သန္တပုဂ္ဂိုလ်မည်၊ (၂-ဂါထာ)

၃။ အမျက်မပွား, မလန့်ငြားတည့်,
အကြွားဝါခြင်း, ကုက္ကုစ်ကင်း၍,
ဆိုလျှင်းချိန်ချင့်, မပျံ့လွင့်,
ခြောက်ဆင့်သူ့ဂုဏ်ရည်၊(၃-ဂါထာ)

၄။ တွန့်ဆုတ်သယောင်, ဟန်ဆောင်မပြ,
မတောင့်တလျှင်း, ဝန်တိုကင်း၍,
ကြမ်းခြင်းရွံဖွယ်, အရှင်းပယ်လျက်,
ချစ်ပြယ်စကား,မပြောကြား,
ခုနစ်ပါးသူ့ဂုဏ်ရည်၊ (၅-ဂါထာ)

၅။ သာယာဖွယ်အတွင်း, မစီးဆင်းသည့်,
မာန်ကင်းသိမ်မွေ့, ထင်ဉာဏ်တွေ့လျက်,
ယုံလေ့ကင်းကာ, တပ်မက်ကွာ,
ခြောက်ဖြာ သူ့ဂုဏ်ရည်၊ (၆-ဂါထာ)

၆။ ရှုမှတ်အစဉ်, လျစ်လျူထင်၍,
သုံးအင်မာန, ပယ်နိုင်မှ,
သန္တပုဂ္ဂိုလ်မည်၊ (၈-ဂါထာ)

(၁၃၂၂-ခု၊ ဝါဆိုလကွယ်နေ့ ဟောသည်။)

အာဒိတ္တသုတ်
တရားတော် ဆောင်ပုဒ်

▬▬▬▬▬▬▬▬▬

ရာဂ ဒေါသ, မောဟတဖြာ၊
ဖြစ် အို သေရေး, ပူဆွေးငိုတာ။
ကိုယ် စိတ်ဒုက္ခ, ပူရပြင်းစွာ၊
ကိုယ်တွင်းမီး, ထိန်ညီးဆယ့်တဖြာ။

မြင်ကြားသိတိုင်း, မဆိုင်းမှတ်ပါ၊
ရုပ်နာမ်မမြဲ, ဆင်းရဲချည်းသာ။
ငါကောင်လဲပျောက်, မျက်မှောက်မြင်ကာ၊
ဆယ့်တစ်သီး, ဤမီးငြိမ်းစေရာ။

စူဠဝိဘင်္ဂသုတ်
တရားတော် ဆောင်ပုဒ်

▬▬▬▬▬▬▬▬▬

၁။ သူ့ကိုသတ်ဖြတ်, သက်တိုတတ်, မသတ်အသက်ရှည်၊
၂။ ညှဉ်းဆဲသူကား, အနာများ, သနားကျန်းမာသည်၊
၃။ ဒေါသမီးလျှံ, အကျည်းတန်, သည်းခံလှပသည်၊
၄။ မနာလိုမှာ, ခြွေရံကွာ, ကြည်သာခြွေရံစည်၊
၅။ မပေးလှူက, မွဲပြာကျ, လှူမှပေါကြွယ်မည်၊
၆။ မရိုမသေ, မျိုးယုတ်ချေ, ရိုသေမျိုးမြတ်သည်၊
၇။ မမေးမမြန်း, ဉာဏ်မြင်ကန်း, စုံစမ်းဉာဏ်ကြီးသည်၊
၈။ ဆိုးတာပြုက, ဆိုးတာရ, ကောင်းမှကောင်းစားသည်၊
၉။ ဆိုးကောင်းနှစ်တန်, ကံစီမံ, ခံစံကြရသည်၊

ကောင်းမြတ်ခြင်းလေးဖြာ
မင်္ဂလာ တရားတော်

▬▬▬▬▬▬▬▬

၁။ အိုသည်တိုင်အောင် ကောင်းတာ ဘယ်ဟာလဲ၊
အိုသည်တိုင်အောင် ကောင်းတာ ကိုယ်ကျင့်သီလပဲ၊

၂။ ခိုင်မြဲတည်တံ့လျှင် ကောင်းတာ ဘယ်ဟာလဲ၊
ခိုင်မြဲတည်တံ့လျှင် ကောင်းတာ သဒ္ဓါတရားပဲ၊

၃။ လူ့ရတနာ ဘယ်ဟာလဲ၊
လူ့ရတနာ အသိအလိမ္မာ ပညာပဲ၊

၄။ မခိုးနိုင်တာ ဘယ်ဟာလဲ၊
မခိုးနိုင်တာ ကုသိုလ်ကောင်းမှုပဲ၊

နတ်ပြည်မှမှာတမ်း စကားသုံးခွန်း

၁။ သုဂတိသို့ ရောက်ပါစေ၊
၂။ ကောင်းသောရခြင်းရပါစေ၊
၃။ ကောင်းကောင်းခိုင်မြဲတည်တံ့ပါစေ၊

သုမနာထေရီဖြစ်စဉ် ဆောင်ပုဒ်

▬▬▬▬▬▬▬▬▬

လူ ကြက်မကြီး, မင်းသမီးတဖြာ,
ဗြဟ္မာ သဌေး, ဝက်ကလေးဖြစ်ရ,
သုဝဏ္ဏ ဗာရာ, ဝနဝါနှင့်,
သုပါရက, ကာဝီရမှ,
သီဟဠနရာ, ဘောက္ကန်ရွာဟု ဖြစ်ရာပေါင်းစု,
ဆယ့်သုံးခုသည်, မယ်သုမနာဖြစ်စဉ်တည်း။

အနုပဒသုတ်မှ
ကောက်နုတ်ချက် ဆောင်ပုဒ်

▬▬▬▬▬▬▬▬▬

၁။ သမထယာဉ်, ဈာန်ပြီးလျှင်, ဈာန်ပင်ပြန်ရှုသည်၊
၂။ ဝိပဿနာ, ယာနိကာ, တူစွာရှုရသည်၊
၃။ မြင်ကြားတွေ့ရာ, ပေါ်တိုင်းသာ, လိုက်ကာရှုရသည်။

၁။ ဈာန်မှာထင်ရှား, ဆယ့်ခြောက်ပါး, ပိုင်းခြားရှုလေသည်၊
၂။ မထင်မရှား, ရုပ်နာမ်များ, စဉ်းစားမရှုပြီ၊
၃။ ထိုနည်းတူစွာ, ထင်ရှားရာ, မှတ်ကာရှုရသည်၊
၄။ မျက်မှောက်မမြင်, တွေးဆင်ခြင်, ရှုလျှင်အတုမည်။

၁။ နေဝသညာ, သိမ်မွေ့စွာ, ခွဲကာမရှုပြီ၊
၂။ ရှေးဈာန်နှင့်မှီး, ကလာပ်နည်း, ပေါင်းစည်းရှုလေသည်၊
၃။ မထင်ရှားရာ, ထိုနည်းသာ, နှိုင်းကာရှုရသည်။

၁။ ကိုယ်တွင်းထင်ရှား, ရုပ်နာမ်များ, ပိုင်းခြားရှုရသည်၊
၂။ အပြင်ပ၌, မခွဲထိုက်, ပေါင်းလိုက်ရှုရသည်၊
၃။ သာဝကမှာ, ဤမျှလာ, ရှုရာတရားမည်။

ဓမ္မပဒပါဠိတော်
အဆိုးဆုံးနှင့် အကောင်းဆုံး တရားတော်

▬▬▬▬▬▬▬▬▬

နတ္ထိ ရာဂသမော အဂ္ဂိ, နတ္ထိ ဒေါသသမော ကလိ၊
နတ္ထိ ခန္ဓသမာ ဒုက္ခာ, နတ္ထိ သန္တိ ဂရံ သုခံ။

ရာဂမီးအကြီးဆုံး, ဒေါသအပြစ် အညစ်ဆုံး၊
ခန္ဓာဆင်းရဲ အသဲဆုံး, ငြိမ်းအေးတာ အချမ်းသာဆုံး။

ရာဂမီး အပြီးငြိမ်းအောင်, ဒေါသအပြစ် မဖြစ်ပေါ်အောင်, ခန္ဓာဆင်းရဲ ပြတ်စဲ သွားအောင်, ငြိမ်းအေးတာ လျင်စွာရအောင် သတိထား၍ ကြိုးစား အားထုတ်ရမည်။

အတိုအထွာဆောင်ပုဒ်များ

▬▬▬▬▬▬▬▬▬

(က) ပဓာနိယင်္ဂငါးပါး

ယုံကြည်ကျန်းမာ, ဖြောင့်စွာစိတ်ထား, ကြိုးစားတွင်တွင်, ဖြစ်ပျက်မြင်, ငါးအင် အားထုတ်ကြောင်း၊

(ခ) ပကတိလူတို့အား မြင်ဆဲ၌ ဖြစ်ရိုးဖြစ်စဉ်

ထင်ဆဲဆင်းဓာတ်, မြင်လတ်စစွာ၊
မြင်ပြီးတရား, စဉ်းစားပြန်ရာ။
သဏ္ဌာန်ဒြဗ်, ပညတ်ပေါ်လာ၊
မည်နာမ, သိရနောက်ဆုံးမှာ။

(ဂ) ဝိပဿနာယောဂီတို့အား မြင်ဆဲ၌ ဖြစ်ရိုးဖြစ်စဉ်

မြင်လျှင်မြင်ချင်း, လက်ငင်းမှတ်လျှင်၊
မြင်ရုံတွင်ပဲ, ရပ်စဲစိတ်စဉ်။
ရုပ်နာမ်တွဲလျက်, ဖြစ်ပျက်သိမြင်၊
အနိစ္စ, ဒုက္ခသဘောထင်။

(ဃ) မြင်ဆဲ၌ ရုပ်နာမ် ဒုက္ခသစ္စာခွဲပုံ

မျက်စိ+မြင်ရ, ရုပ်ကနှစ်ဖြာ၊
မြင်+တွေ့+ခံစား, နာမ်ကားသုံးဖြာ။
မြင်စဉ်တွေ့ရ, ဒုက္ခသစ္စာ၊
မြင်တယ်ဟု, မှတ်ရှုသိရပါ။
[ကြားဆဲစသည်၌လည်း နည်းတူပင် သိပါ]။

(င) သစ္စာလေးပါး ဆောင်ပုဒ်

၁။ ထိမှု, သိမှု,မြင်မှု, ကြားမှုစသော ဖြစ်ပျက်သမျှ ရုပ်နာမ်အပေါင်းက ဒုက္ခသစ္စာ၊
၂။ နှစ်သက်သာယာ, တောင့်တလိုချင်တာက သမုဒယသစ္စာ၊
၃။ ဖြစ်ပျက်မှုဟူသမျှ ချုပ်ငြိမ်းကင်းပြတ်ရာသဘောက နိရောဓသစ္စာ၊
၄။ ထိုချုပ်ငြိမ်းရာကို ဆိုက်ရောက်၍ မျက်မှောက်သိမြင်တာက မဂ္ဂသစ္စာ၊

(စ) သစ္စာလေးပါးကို တပြိုင်နက် သိပုံ

၁။ မဂ်ခဏ၌ နိဗ္ဗာန်ကို မျက်မှောက်ပြု သိသဖြင့် ကြွင်းသော သစ္စာ ၃-ပါး၌လည်း သိခြင်းကိစ္စ ပြီးသည်၊

၂။ ဝိပဿနာရှုခိုက်၌ ဒုက္ခသစ္စာကို သိသဖြင့် ကြွင်းသော သစ္စာ ၃-ပါးကိုလည်း သိခြင်းကိစ္စ ပြီးသည်၊

(ဆ) အနုသယနှစ်မျိုး ဆောင်ပုဒ်

၁။ သတ္တဝါတဦး ၏သန္တာန်၌ အရိယမဂ်ဖြင့် မပယ်ရသေးသောကြောင့် အကြောင်း ညီညွတ်တိုင်းဖြစ်ပေါ်နိုင်သော ကိလေသာကို သန္တာနာနုသယဟု ခေါ်သည်။

ဣန္ဒြေထက်ကြောင်း ၉-ပါးဆောင်ပုဒ်

▬▬▬▬▬▬▬▬▬

၁။ ဣန္ဒြေငါးပါး, ထက်ကြောင်းများ, ၉-ပါးရှိလေသည်၊
၂။ ဖြစ်တိုင်းရုပ်နာမ်, ချုပ်ပျက်ဟန်, ဧကန်ရှုရမည်၊ (၁)
၃။ ရှုမှတ်မှုမှာ, ရိုသေကာ, ကောင်းစွာပြုရမည်၊ (၂)
၄။ မနားမရပ်, ခြားမပြတ်, ရှုမှတ်မြဲရမည်၊ (၃)
၅။ သင့်လျော်လှစွာ, ခုနစ်ဖြာ, ကောင်းစွာမှီရမည်၊ (၄)
၆။ စိတ်တည်ကြည်ကြောင်း, နိမိတ်ဟောင်း, ကောင်းကောင်း မှတ်ရမည်၊ (၅)
၇။ သင့်တော်လျောက်ပတ်, ဗောဇ္ဈမြတ်, မပြတ်ပွားရမည်၊ (၆)
၈။ ကိုယ်နှင့်အသက်, မငဲ့ကွက်, ရက်စက်နိုင်ရမည်၊ (၇)
၉။ ရှုစဉ်ပေါ်ရိုး, ဆင်းရဲမျိုး, လွှမ်းမိုးပယ်ရမည်၊ (၈)
၁၀။ လမ်းဆုံးမရောက်, လက်မမြှောက်, တောက်လျှောက်သွားရမည်၊ (၉)
၁၁။ ဉာဏ်နုံ့သောအခါ, ဤကိုးဖြာ, ဆိုင်ရာပွားရမည်၊

သမ္ပဇဉ်တရား ၄-ပါး ဆောင်ပုဒ်

သာတ္ထကသမ္ပဇဉ်
၁။ ကျိုးရှိသလား, မရှိလား, စဉ်းစားတာက သာတ္ထက

သပ္ပါယသမ္ပဇဉ်
၂။ သင့်တော်ရဲ့လား, မတော်လား, စဉ်းစားတာက သပ္ပါယ

ဂေါစရသမ္ပဇဉ်
၃။ ရုပ်ဓာတ်နာမ်ဓာတ်, စဉ်မပြတ်, ရှုမှတ်တာက ဂေါစရ

အသမ္မောဟသမ္ပဇဉ်
၄။ မမြဲဆင်းရဲ, ရုပ်နာမ်ပဲ, သိကွဲတာက အသမ္မောဟ

(ဓာတုမနသိကာရအတွက် ဆောင်ပုဒ်များကို ဝိပဿနာ အခြေခံ တရားတော် စာအုပ်၌ ကြည့်ပါ။)

မဟာသတိပဋ္ဌာနသုတ် နီဝရဏပိုင်း ဆောင်ပုဒ်များ

▬▬▬▬▬▬▬▬▬▬

၁-ကာမစ္ဆန္ဒ

▬▬▬▬

၁။ တင့်တယ်ဟန်အား, ရှုစဉ်းစား, ဖြစ်ပွားကာမစ္ဆန်၊
၂။ မတင့်တယ်အား, ရှုစဉ်းစား, ပယ်ရှားကာမစ္ဆန်၊
၃။ မမြဲတာကို မြဲသည်ဟု ရှုတာက အယောနိသောမနသိကာရ
၄။ မမြဲတာကို မမြဲဟုရှုတာက ယောနိသောမနသိကာရ
၅။ ဆင်းရဲကို ချမ်းသာဟု ရှုတာက အယောနိသောမနသိကာရ
၆။ ဆင်းရဲကို ဆင်းရဲဟုရှုတာက ယောနိသောမနသိကာရ
၇။ ငါကောင် မဟုတ်တာကို ငါကောင်ဟု ရှုတာက အယောနိသော မနသိကာရ
၈။ ငါကောင်မဟုတ်တာကို ငါကောင်မဟုတ်ဟု ရှုတာက ယောနိသော မနသိကာရ
၉။ မတင့်တယ်တာကို တင့်တယ်သည်ဟု ရှုတာက အယောနိသော မနသိကာရ
၁၀။ မတင့်တယ်တာကို မတင့်တယ်ဟု ရှုတာက ယောနိသော မနသိကာရ
၁၁။ ရွံဖွယ်ထင်စေ, ပွားလျက်နေ, ဣန္ဒြေစောင့်စည်းရာ၊
၁၂။ စားသောက်တိုင်းရှည်, မိတ်ကောင်းစေ, ပြောလေသင့်လျော်သာ၊
၁၃။ ကာမစ္ဆန္ဒ, ပယ်ကြောင်းပြ, ခြောက်ဝ အဋ္ဌကထာ၊

၂-ဗျာပါဒ

▬▬▬

၁။ စိတ်ဆိုးဖွယ်များ, ရှုစဉ်းစား, ဖြစ်ပွား ဗျာပါဒ
၂။ မေတ္တာတရား, ရှေးရှုပွား, ပယ်ရှား ဗျာပါဒ
၃။ မေတ္တာထင်စေ, ပွားလျက်နေ, ရှုလေ ကံဥစ္စာ၊
၄။ ဆင်ခြင်များစေ, မိတ်ကောင်းစေ, ပြောလေသင့်လျော်သာ၊
၅။ ဗျာပါဒေါသ, ပယ်ကြောင်းပြ, ခြောက်ဝ အဋ္ဌကထာ၊

၃-ထိနမိဒ္ဓ

▬▬▬▬

၁။ ပျင်းရိဖွယ်များ, ရှုစဉ်းစား, ဖြစ်ပွား ထိုင်းမှိုင်းမှု၊
၂။ လုံ့လသုံးပါး, နှလုံးထား, ပယ်ရှား ထိုင်းမှိုင်းမှု၊
၃။ အစားလွန်ကြဉ်, နေထိုင်ပြင်, ဆင်ခြင်ရောင်လင်းမှာ၊
၄။ လွင်ပြင်မှာနေ, မိတ်ကောင်းစေ, ပြောလေသင့်လျော်သာ၊
၅။ ထိနမိဒ္ဓ, ပယ်ကြောင်းပြ, ခြောက်ဝ အဋ္ဌကထာ၊

၄-ဥဒ္ဓစ္စကုက္ကုစ္စ

▬▬▬▬▬

၁။ ပူပန်ဖွယ်များ, ရှုစဉ်းစား, ဖြစ်ပွားပျံ့-ပူပန်၊
၂။ ငြိမ်းအေးတရား, ရှုပွားများ, ပယ်ရှားပျံ့-ပူပန်၊
၃။ များစွာကြားမြင်, မေးမြန်းလျှင်, ကျွမ်းကျင်ဝိနည်းမှာ၊
၄။ ကြီးသူမှီနေ, မိတ်ကောင်းစေ, ပြောလေသင့်လျော်သာ၊
၅။ ပျံ့လွင့်-ပူပန်, ပယ်ကြောင်းမှန်, ခြောက်တန် ဋ္ဌ-မိန့်မှာ၊

၅-ဝိစိကိစ္ဆာ

▬▬▬▬

၁။ မယုံဖွယ်များ, တွေးစဉ်းစား, ယုံမှားဖြစ်တတ်သည်၊
၂။ ကုသိုလ်စသား, ရှုပိုင်းခြား, ယုံမှားကင်းပျောက်သည်၊
၃။ များစွာကြားမြင်, မေးမြန်းလျှင်, ကျွမ်းကျင်ဝိနည်းမှာ၊
၄။ ဆုံးဖြတ်များပေ, မိတ်ကောင်းစေ, ပြောလေသင့်လျော်သာ၊
၅။ ယုံမှားပယ်ရန်, ကြောင်းခြောက်တန်, ထုတ်ပြန်အဋ္ဌကထာ၊

(ခန္ဓာဓမ္မာနုပဿနာအတွက် ဆောင်ပုဒ်များကို ဝိပဿနာ အခြေခံ တရားတော်၌ ကြည့်ပါ။)

အာယတနဓမ္မာနုပဿနာ ဆောင်ပုဒ်များ

▬▬▬▬▬▬

မျက်စိကိုလည်း သိရမည်၊ အဆင်းကိုလည်း သိရမည်၊ ထိုနှစ်မျိုးကိုမှီ၍ ဖြစ်ပေါ် လာသော သံယောဇဉ်ကိုလည်း သိရမည်၊ သံယောဇဉ် ဖြစ်ပေါ်ကြောင်း တရား ကိုလည်း သိရမည်၊ သံယောဇဉ်ပယ်ကြောင်း တရားကိုလည်း သိရမည်၊ သံယောဇဉ် ငြိမ်းကြောင်း တရားကိုလည်း သိရမည်။

၁။ အာရုံငါးဝ, တပ်စွဲက, ကာမသံယောဇဉ်
၂။ သုံးပါးဘဝ, တပ်စွဲက, ဘဝသံယောဇဉ်
၃။ အမျက်ဒေါသ, စိတ်ဆိုးက, ပဋိဃသံယောဇဉ်
၄။ ကိုယ်သာတော်လှ, ထင်မှတ်က, မာနသံယောဇဉ်
၅။ ရုပ်နာမ်ကိုပဲ, ငါကောင်စွဲ, ယူလွဲဒိဋ္ဌိပင်၊
၆။ တရားမှန်တွင်, မယုံချင်၍, ဆင်ခြင်နှိုင်းညှိ, ဝေဖန်ကြည့်, ဝိစိကိစ္ဆာပင်၊
၇။ နွားခွေးတူစွာ, ကျင့်တာကောင်းမြတ်, ယူစွဲမှတ်, သီလဗ္ဗတပင်၊
ပူဇော်ပသ, လေ့ကျင့်မျှဖြင့်, ဘဝနောင်ခါ, မြဲချမ်းသာ, ယူတာလဲပဲ, ၎င်းပင်၊
၈။ ကိုယ့်ထက်သူများ, ကောင်းစားသည်ကို, မနာလို, ခေါ်ဆိုဣဿာပင်၊
၉။ ကိုယ့်လိုသူများ, ကောင်းစားမည်မှ, ဝန်တိုက, မစ္ဆရိယပင်၊
၁၀။ သစ္စာလေးတန်, ကြောင်းပြန်ထင်တာ, မသိတာ, အဝိဇ္ဇာသံယောဇဉ်
၁၁။ ဝဋ်ဆင်းရဲမှ, မလွတ်ရအောင်, ချည်နှောင်တတ်စွာ, ဤဆယ်ဖြာ, အဘိဓမ္မာ သံယောဇဉ်

အရိယာအသီးသီးတို့မှာ ကင်းငြိမ်းသော သံယောဇဉ်များ

၁။ ဒိ-ဝိ-သိ-ဣ, မစ္ဆရိ, ကင်း၏ သောတာပန်၊
၂။ ကာမရာဂ, ပဋိဃ, ကင်းပအနာဂါမ်၊
၃။ ဘဝ-မာနာ, အဝိဇ္ဇာ, ကင်းကွာ အရဟံ၊

ဗောဇ္ဈင်္ဂဓမ္မာနုပဿနာ ဆောင်ပုဒ်များ

▬▬▬▬▬▬▬▬▬

(က) သစ္စာ ၄-ပါးသိသူ၏ အကြောင်းအင်္ဂါကို ဗောဇ္ဈင်ဟု ခေါ်သည်၊
(ခ) သစ္စာ ၄-ပါးသိမှု၏ အစိတ်အပိုင်းကိုလည်း ဗောဇ္ဈင်ဟု ခေါ်သည်။

၁။ အပိလာပန လက္ခဏာ သတိ, အသမ္မောဟရသာ၊ အာရက္ခ ပစ္စုပဋ္ဌာနာ, ဝိသယာဘိမုခဘာဝ ပစ္စုပဋ္ဌာနာဝါ။

မလွတ်စတမ်း, စောင့်ဖမ်းနေသည်၊ (လက္ခဏာ)
ဖြစ်ပျက်သရွှေ့, မမေ့စေပြီ။ (ရသ)
အာရုံရှေ့ရှု, စောင့်မှုထင်သည်၊ (ပစ္စုပဋ္ဌာန်)
မြတ်သတိ, မှတ်သိဗောဇ္ဈင်မည်။

(က) သတိသမ္ပဇဉ်, အမြဲယှဉ်, ထိုတွင် စိတ်လွတ်ရာ၊
(ခ) မေ့သူရှောင်လွှဲ, သတိမြဲ, မှီဝဲဆည်းကပ်ပါ၊
(ဂ) သတိပွားရေး, အကြောင်းလေး, ညွှန်းသေး အဋ္ဌကထာ၊

၁။ ပဝိစိနနလက္ခဏာ ဓမ္မဝိစယော၊ ဝိသယောဘာသန ရသော, အသမ္မောဟပစ္စုပဋ္ဌာနော။

၂။ ရုပ်နာမ်ခွဲခြင်း, စူးစမ်းသိသည်၊ (လက္ခဏာ)
သဘောမှန်များ, ထင်ရှားစေသည်။ (ရသ)
တွေဝေမှုကင်း, ရှင်းရှင်းသိသည်၊ (ပစ္စုပဋ္ဌာန်)
ဓမ္မဝိ, မှတ်သိ ဗောဇ္ဈင်မည်။

(က) မေးမြန်းသန့်စင်, ညီမျှယှဉ်, ထိုတွင်စိတ်ညွှတ်ရာ၊
(ခ) ဉာဏ်မဲ့ရှောင်ကြဉ်, ဉာဏ်ရှိယှဉ်, ဆင်ခြင်နက်နဲမှာ၊
(ဂ) ဉာဏ်ဖြစ်ကြောင်းများ, ခုနစ်ပါး, ညွှန်ကြားအဋ္ဌကထာ၊

၃။ ဥဿာဟလက္ခဏံ ဝီရိယံ, ဥပတ္ထမ္ဘနရသံ၊ အသံသီဒနဘာဝပစ္စုပဋ္ဌာနံ။

၃။ ကြောင့်ကြပြုလုပ်, အားထုတ်တတ်သည်၊ (လက္ခဏာ)
စိတ်အားတတ်ရေး, အားပေးတတ်သည်။ (ရသ)
မဆုတ်နစ်ပဲ, စိတ်ဇွဲသန်သည်၊ (ပစ္စုပဋ္ဌာန်)
ဝီရိယ, မှတ်ကြဗောဇ္ဈင်မည်။

(က) အပါယ်ဘေးဆင်ခြင်, အာနိသင်, လမ်းစဉ်ရိုသေပါ၊
(ခ) ဆွမ်းအကျိုးတုံ့ပြန်, မြတ်မွေခံ, ရှုရန်မြတ်ဆရာ၊
(ဂ) သာကီမျိုးတော်, ကျင့်သုံးတော်, ရှုမျှော်ဆင်ခြင်ပါ၊
(ဃ) ပျင်းသူကိုကြဉ်, ဇွဲကောင်းယှဉ်, ထိုတွင်စိတ်ညွတ်ရာ၊
(င) ဝီရိပွားရန်, ဆယ့်တစ်တန်, ထုတ်ပြန်အဋ္ဌကထာ၊

၄။ သမ္ပိယာယနလက္ခဏာ ပီတိ၊ ဖရဏရသာ၊ ဩဒဂျပစ္စုပဋ္ဌာနာ။

၄။ နှစ်သိမ့်ရောင့်ရဲ, ဝမ်းလဲမြောက်သည်၊ (လက္ခဏာ)
ရုပ်ကောင်းရုပ်သန့်, ပျံ့နှံ့စေသည်။ (ရသ)
ကိုယ်စိတ်ပေါ့လျက်, ကြွတက်ထင်သည်။ (ပစ္စုပဋ္ဌာန်)
မြတ်ပီတိ, မှတ်ဘိ ဗောဇ္ဈင်မည်။

(က) ရတနာသုံးပုံ, သီလဂုဏ်, စွန့်ပုံအောက်မေ့ပါ။
(ခ) နတ်ဖြစ်ဖွယ်စု, ငြိမ်းအေးမှု, တွေးရှုအောက်မေ့ပါ။
(ဂ) မွဲခြောက်သူကြဉ်, စိုပြည်ယှဉ်, ထိုတွင်စိတ်ညွတ်ရာ။
(ဃ) ကြည်ညိုဖွယ်ညွှန်ကြား, သုတ္တန်များ, စဉ်းစားဆင်ခြင်ပါ။
(င) ပီတိပွားရန်, ဆယ့်တစ်တန်, ထုတ်ပြန်အဋ္ဌကထာ။

၅။ ကာယစိတ္တ ဒရထဝူပသမလက္ခဏာ ပဿဒ္ဓိ၊ ကာယစိတ္တဒရထနိမ္မဒ္ဒနရသာ၊ ကာယစိတ္တာနံ အပရိပ္ဖန္ဒသီတိဘာဝ ပစ္စုပဋ္ဌာနာ၊

၅။ ကြောင့်ကြပူရေး, ငြိမ်းအေးနေသည်၊ (လက္ခဏာ)
ကြောင့်ကြပူခြင်း, နှိမ်နင်းပယ်သည်၊ (ရသ)
လှုပ်ရှားမှုကင်း, အေးခြင်းထင်သည်၊ (ပစ္စုပဋ္ဌာန်)
ပဿဒ္ဓိ, မှတ်သိသမ္ဗောဇ္ဈင်

(က) သောဇဉ် ဥတု, နေထိုင်မှု, မှီပြုသင့်မြတ်ရာ၊ (လက္ခဏာ)
(ခ) မလွန်မယုတ်, လုံ့လထုတ်, ကြမ်းကြုတ်သူရှောင်ပါ၊ (ရသ)
(ဂ) ငြိမ်းအေးသူတွင်, မှီဝဲယှဉ်, ထိုတွင်စိတ်ညွတ်ရာ၊ (ပစ္စုပဋ္ဌာန်)
(ဃ) ပဿဒ္ဓိပွား, ခုနစ်ပါး, ညွှန်ကြားအဋ္ဌကထာ။

၆။ အဝိက္ခေပလက္ခဏော သမာဓိ၊ သဟဇာတဓမ္မာနံ သမ္ပိဏ္ဍန ရသော၊ ဥပသမပစ္စုပဋ္ဌာနော။

၆။ ပျံ့လွင့်မထွက်, ကပ်လျက်တည်သည်။ (လက္ခဏာ)
တအာရုံတည်း, ပေါင်းစည်းစေသည်။ (ရသ)
ငြိမ်သက်သည်ဟု ရှေးရှုထင်သည်၊ (ပစ္စုပဋ္ဌာန်)
သမာဓိ, မှတ်သိဗောဇ္ဈင်မည်။

(က) ဝတ္ထုသန့်စင်, ညီမျှယှဉ်, ကျွမ်းကျင်နိမိတ်မှာ၊
(ခ) ကြွလျှင်နှိမ်လင့်, ကျလျှင်ပင့်, ရွှင်သင့်ရွှင်စေရာ၊
(ဂ) ညီမျှနေလျှင်, ရှုမြဲပင်, ထိုတွင်စိတ်ညွှတ်ရာ၊
(ဃ) ပျံ့လွင့်သူကြဉ်, တည်သူယှဉ်, ဆင်ခြင်ဈာန်မောက္ခာ၊
(င) သမာဓိပွား, ဆယ့်တစ်ပါး, ညွှန်ကြားအဋ္ဌကထာ။

၇။ သမဝါဟိတလက္ခဏာ ဥပေက္ခာ၊ ပက္ခပါတုပစ္ဆေဒရသာ၊ မဇ္ဈတ္တဘာဝပစ္စုပဋ္ဌာနာ၊ သမပဝတ္တာနံ အဇ္ဈုပေက္ခဏသာရထိ ဝိယ ဒဋ္ဌဗ္ဗာ။

၇။ ဥပေက္ခာက, ညီမျှစေသည်၊ (လက္ခဏာ)
တဘက်လိုက်ခြင်း, ပယ်ခွင်းတတ်သည်။ (ရသ)
လယ်ဗဟိုမျှ, ချိန်ကျနေသည်၊ (ပစ္စုပဋ္ဌာန်)
နွားစုံကောင်း, နှင်းမောင်းတူပေသည်။ (ဥပမာ)

(က) ပုဂ္ဂိုလ် ဝတ္ထု, လျစ်လျူရှု, ညွှတ်မှုထိုတွင်သာ၊
(ခ) ယုယသူအား, ပယ်ရှောင်ရှား, စိတ်ထားမျှသူမှီဝဲပါ၊
(ဂ) ဥပေက္ခာပွား, ကြောင်းငါးပါး, ညွန်ကြားအဋ္ဌကထာ၊

မဂ်ဝီထိစိတ်ဖြစ်စဉ် တရားတော် ဆောင်ပုဒ်များ

▬▬▬▬▬▬▬▬▬

၁။ ဝိပဿနာရှုဆဲ ယောဂီအား အရိယမဂ်ဉာဏ် ဖြစ်လိုလတ်သော် ထိုအခိုက်၌ ထင်ရှားသော အာရုံတခုခုကို နှလုံးသွင်းလျက် မနောဒွါရာဝဇ္ဇန်းစိတ် ရှေးဦးစွာ ဖြစ်ပေါ်လာသည်။

၂။ ထို့နောင် ထိုအာရုံကိုပင် မမြဲဟူ၍သော်လည်းကောင်း၊ ဆင်းရဲဟူ၍သော် လည်းကောင်း၊ သဘောတရားမျှ ဟူ၍သော်လည်းကောင်း သိလျက် ပရိကံ, ဥပစာ, အနုလုံ ဟုခေါ်သော ဇောစိတ် သုံးကြိမ် အစဉ်အတိုင်း ဖြစ်ပေါ်ကြသည်။

၃။ ထို့နောင် ဖြစ်ပျက်မှုသင်္ခါရ အားလုံးချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ကျရောက်သွားသော ဂေါတြဘူ ဇောစိတ် ဖြစ်ပေါ်သည်။

၄။ ထို့နောင် ထိုချုပ်ငြိမ်းရာ နိဗ္ဗာန်၌ပင် သက်ဝင်တည်နေလျက် မဂ်ဇောတကြိမ်, ဖိုလ်ဇောနှစ်ကြိမ်, အစဉ်အတိုင်း ဖြစ်ပေါ်ကြသည်။

၅။ ထို့နောင် ပဋိသန္ဓေက ရခဲ့သည့်အာရုံ၌ ဖြစ်နေကျဖြစ်သော ဘဝင်စိတ်များ ဖြစ်ပေါ်သွားကြသည်။

၆။ ထို့နောင် တွေ့သိပြီးခါစဖြစ်သော မဂ်ဖိုလ်နိဗ္ဗာန်တို့ကို ပြန်လှည့်၍ ဆင်ခြင်လျက် မနောဒွါရာ ဝဇ္ဇန်းတကြိမ်, ပစ္စဝေက္ခဏာဇော ၇-ကြိမ် အစဉ်အတိုင်း ဖြစ်ပေါ်ကြ ပြီးလျှင် ဘဝင်စိတ်များ ဖြစ်ပေါ်သွားသည်၊ ဤကား အရိယမဂ် ဝီထိအစဉ် ဖြစ်ပုံပေတည်း။

မဂ်ဝင်ပုံ ဥပမာ

၁။ မြောင်းခုန်လိုငြား, ယောက်ျားဇာနည်၊
ရှစ်လှမ်းပြေးသွား, ဟုန်အားယူပြီ။
နွယ်ကြိုးကိုင်စွဲ, ခုန်လွှဲလေသည်၊
ဟိုဘက်ကျ, လွှတ်ချကြံ့ကြံ့တည်။

မဂ်ဝင်ပုံဥပမေယျ

၂။ ဘဝဟိုကမ်း, မျှော်တမ်းယောဂီ၊
ဖြစ်ပျက်ဉာဏ်မှ, ပြေးစပြုသည်။
ရုပ်နာမ်ကိုင်စွဲ, သူလဲခုန်သည်၊
နိဗ္ဗာန်တွေ့, လွှတ်၍ပြေးဝင်သည်။

သောတာပတ္တိမဂ်၏ အကျိုးပြ ဆောင်ပုဒ်များ

▬▬▬▬▬▬▬▬▬

၁။ မပယ်ဖူးမြဲ, ကိလေခဲ, ဖောက်ခွဲပစ်ခွင်းသည်၊
၂။ အစမထင်, ဝဋ်ရေလျဉ်, ကင်းစင်ခြောက်စေသည်၊
၃။ အပါယ်လေးပါး, လမ်းပေါက်များ, တံခါးပိတ်စေသည်၊
၄။ အရိယဥစ္စာ, ခုနစ်ဖြာ, ကောင်းစွာရစေသည်၊
၅။ အင်္ဂါရှစ်ပါး, မဂ်လမ်းမှား, ပယ်ရှားသုတ်သင်သည်၊
၆။ ဘေးရန်ခပ်သိမ်း, ရှောင်ခွာတိမ်း, ကင်းငြိမ်းစေပါသည်၊
၇။ ဘုရားရင်နှစ်, သားတော်ဖြစ်, စင်စစ်ရောက်စေသည်၊
၈။ ရာပေါင်းများလှ, ကျိုးဖလ, မဂ်ကပေးပါသည်။

(၁၃၁၉-ခု၊ ကဆုန်လဆန်း ၈-ရက် စ၍ ဟောသည်။)

မဇ္ဈိမပဏ္ဏာသပါဠိတော် ရဋ္ဌပါလသုတ်လာ ဓမ္မုဒ္ဒေသ ၄-ပါး ဆောင်ပုဒ်

▬▬▬▬▬▬▬▬▬

၁။ ဥပနိယျတိ လောကော အဒ္ဒုဝေါ
အို နာ သေသို့, မောင်းနှင်ပို့, လူတို့မမြဲပါတကား။

၂။ အတာဏော လောကော အနဘိဿရော
စောင့်ရှောက်သူမဲ့, ကိုးရာမဲ့, အားနွဲ့လှချေပါတကား။

၃။ အဿကော လောကော သဗ္ဗံ ပဟာယ ဂမနီယံ
ကိုယ်ပိုင်ဥစ္စာ, မရှိပါ, စွန့်ကာသွားရမည်တကား။

၄။ ဦနော လောကော အတိတ္တော တဏှာဒါသော
လိုမပြည့်ဝ, အားမရ, တဏှာ့ကျွန်ချည်းပါတကား။
ဓမ္မုဒ္ဒေသ, ဤလေးဝ, ဗုဒ္ဓဟောကြား သတိထား။

ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် ဥပါဒါပရိတဿနသုတ် တရားတော် ဆောင်ပုဒ်များ

▬▬▬▬▬▬▬▬▬

၁။ စွဲလမ်းလျှင် ဆာလောင်ပူပန်ရသည်၊ မစွဲလမ်းလျှင် ဆာလောင် ပူပန်မှု ကင်းတော့သည်။

၂။ တစုံတခုသောရုပ်နာမ်ကို ဆင်းရဲမထင်လျှင် ချမ်းသာသုခ ထင်တော့သည်၊ ချမ်းသာသုခထင်လျှင် ငါ့ဥစ္စာအနေဖြင့် ထင်မြဲစွဲလမ်းလေတော့သည်။

၃။ တစုံတခုသော ရုပ်နာမ်ကို မမြဲဟုမထင်လျှင် မြဲသည်ဟုထင်တော့သည်၊ မြဲသည်ဟုထင်လျှင် မာန်တက်လေတော့သည်။

၄။ တစုံတခုသော ရုပ်နာမ်ကို သဘောတရားမျှဟု မထင်လျှင် အတ္တကောင်ဟု ထင်တော့သည်၊ အတ္တကောင်ဟု ထင်လျှင် ငါ၏အတ္တဟု ထင်မြင်စွဲလမ်း လေတော့သည်။

လက္ခဏာ ရသ ပစ္စုပဋ္ဌာန် ဆောင်ပုဒ်များ

▬▬▬▬▬▬▬▬▬

တေသံ တေသံ ဓမ္မာနံ သဘာဝေါ ဝါ သာမညံ ဝါ လက္ခဏံ နာမ၊ ကိစ္စံ ဝါ သမ္ပတ္တိံ ဝါ ရသော နာမ၊ ဥပဋ္ဌာနာ ကာရော ဝါ ဖလံ ဝါ ပစ္စုပဋ္ဌာနံ နာမ၊ အာသန္နကာရဏံ ပဒဋ္ဌာနံနာမ။ (အဋ္ဌသာလိနီ-၁၀၅)

(၆၃၃) သာမညံ ဝါ သဘာဝေါဝါ, ဓမ္မာနံ လက္ခဏံ မတံ၊ ကိစ္စံဝါ တဿ သမ္ပတ္တိ, ရသောတိ ပရိဒီပိတော။

(၆၃၄) ဖလံဝါ ပစ္စုပဋ္ဌာနံ, ဥပဋ္ဌာနနယောပိ ဝါ၊ အာသန္နကာရဏံ ယံ တု, တံ ပဒဋ္ဌာနသညိတံ။

(အဘိဓမ္မာဝတာရ)

(၆၇) သဘာဝေါ လက္ခဏံနာမ, ကိစ္စသမ္ပဇ္ဇနာရသော၊ ဂယှာကာရော ဥပဋ္ဌာနံ, ပဒဋ္ဌာနံ တု ပစ္စယော။ (နာမရူပ ပရိစ္ဆေဒ)

(က) သဘာဝလက္ခဏာ ဟူသည်မှာ ရုပ်နာမ်တရားတို့ ၏ အထည်ကိုယ်ဟု ခေါ်ထိုက်သော ပင်ကိုရင်းသဘောပေတည်း။

(ခ) (ကိစ္စ) ရသဟူသည်မှာ ၎င်းရုပ်နာမ်တို့၏ အစွမ်းသတ္တိ ကိစ္စပေတည်း။

(ဂ) ပစ္စုပဋ္ဌာန် ဟူသည်မှာ ရှုမှတ်သောသူ၏အသိဉာဏ်ထဲ၌ ၎င်းရုပ်နာမ်တို့၏ ထင်ပေါ်လာသောအမူအရာပေတည်း၊

၁။ ကက္ခဠတ္တလက္ခဏာ ပထဝီဓာတု, ပတိဋ္ဌာနရသာ၊ သမ္ပဋိစ္ဆနပစ္စုပဋ္ဌာနာ၊ (အဋ္ဌကထာ)

ကြမ်းတမ်းမာခက်, ချောညက်တမည်၊ (လက္ခဏာ)
တည်ရာကိစ္စ, သူကပြုသည်။ (ရသ)
ခံလင့်ဆောင်ရေး, ပေါ့လေးထင်သည်၊ (ပစ္စု)
ပထဝီဓာတ်, သိမှတ်မြမတ်ယောဂီ။

(ဓမ္မသင်္ဂဏီပါဠိနှင့် ၎င်း၏ အဋ္ဌကထာတို့၌ ပထဝီကို ဂရုကံ လဟုကံဟု ဝေဖန် ဖွင့်ပြသည်နှင့်အညီ ပေါ့ခြင်း, လေးခြင်းကို ၎င်း၏ ပစ္စုပဋ္ဌာန်၌ သွင်း၍ပြသည်။)

၂။ ပဂ္ဃရဏလက္ခဏာ အာပေါဓာတု၊ ဒြဝလက္ခဏာဝါ၊ ဗြူဟနရသာ၊ သင်္ဂဟပစ္စုပဋ္ဌာနာ။

အရည်တနည်း, ယိုစီးတမည်၊ (လက္ခဏာ)
စိုထိုင်းဖွံ့ထွား, တိုးပွားစေသည်။ (ရသ)
စေးကပ်ပူးတွဲ, လုံးခဲထင်သည်။ (ပစ္စုပဋ္ဌာန်)
အာပေါဓာတ်, သိမှတ်မြတ်ယောဂီ။

၃။ ဥဏှတ္တလက္ခဏာ တေဇောဓာတု၊ ပရိပါစနရသာ၊ မဒ္ဒဝါနုပ္ပဒါနပစ္စုပဋ္ဌာနာ။

အပူအနွေး, အအေးတမည်၊ (လက္ခဏာ)
ပူငွေ့ပေးလျက်, ရင့်ကျက်စေသည်။ (ရသ)
နူးညံ့ပျော့ပျောင်း, ဆင့်လောင်းပေးသည်၊ (ပစ္စုပဋ္ဌာန်)
တေဇောဓာတ်, သိမှတ်မြတ်ယောဂီ။

၄။ ဝိတ္တမ္ဘနလက္ခဏာ ဝါယောဓာတု၊ သမုဒိရဏရသာ၊ အဘိနိဟာရပစ္စုပဋ္ဌာနာ။

ထောက်ကန်တောင့်တင်း, လျော့ခြင်းတမည်၊ (လက္ခဏာ)
ယိမ်းယိုင်လှုပ်ရှား, ရွေ့သွားတတ်သည်။ (ရသ)
သူလိုရာဘက်, တွန်းလျက်ဆောင်သည်၊ (ပစ္စုပဋ္ဌာန်)
ဝါယောဓာတ်, သိမှတ်မြတ်ယောဂီ။

မှတ်ချက်

▬▬▬

နာမရူပပရိစ္ဆေဒကျမ်း၌ သမုဒီရဏရသာ အရာတွင် သမီရဏရသာဟု ဆို၏၊ အဘိဓမ္မာဝတာရ ဋီကာသစ်၌ သမုဒီရဏရ သာတိ ကမ္ပနရသာဟုဖွင့်၏၊ ထို့ကြောင့် သမုဒီရဏ, သမီရဏ, ကမ္ပနဟူသော သုံးပုဒ်တို့၌ သဒ္ဒါနက်အားဖြင့် လှုပ်ရှားခြင်း, လှုပ်ရှားစေခြင်းဟူသော အနက်တို့ကိုရ၏။ ထိုတွင် လှုပ်ရှားစေခြင်း အနက်ကိုယူ၍ မဟာဋီကာ၌ ပေလ္လန-တွန်းခြင်းဟု အဓိပ္ပါယ်ကဖွင့်ပြ၏၊ တွန်းခြင်းဟူသည်မှာ မိမိနှင့် တပေါင်းတည်းဖြစ်သော ရုပ်, တိုက်ခတ်မိသော ရုပ်တို့ကို အရပ်တပါး၌ဖြစ်စေရန် တွန်းကန်သော သတ္တိပေတည်း၊ ၎င်းမှာ လှုပ်ရှားမှုတိုင်း၌ ပါဝင်လျက် ရှိ၏၊

သို့သော်လည်း လက်ခြေစသည် လှုပ်ရှားရာ၌ တွန်းသည်ဟု ပြောဆိုလေ့မရှိကြ၊ လှုပ်ရှားသည်ဟူ၍သာ ပြောဆိုလေ့ရှိကြ၏၊ ထို့ပြင် အခြားရုပ်တို့ကို တွန်းကန်သော ဝါယောဓာတ်မှာ လှုပ်ရှားခြင်း သဘောလည်းရှိ၏၊ ဝါယောဓာတ်သည် မိမိက လှုပ်ရှားတတ်သောကြောင့်ပင် သူတပါးအား လှုပ်ရှားစေတတ်၊ တွန်းကန်တတ် ပေသည်၊

ဥပမာ ... လှုပ်ရှားတတ်သော နွားသည်လှည်းကို လှုပ်ရှားစေတတ် တွန်းတတ် သကဲ့သို့ပေတည်း၊ ထို့ကြောင့် တွန်းမှုသည် လှုပ်ရှားမှု ၌ အတွင်းဝင်လျက်ရှိ၏။ လှုပ်ရှားမှုကိုလည်း သိတော့သည်သာတည်း၊ သို့ဖြစ်ပါ၍ အထက်ပါဆောင်ပုဒ်၌ အများပြောဆိုလေ့ရှိ၍ နားလည်လွယ်သော လှုပ်ရှားမှုကိုသာ ပဓာနပြု၍ ဖော်ပြ ထားသည်၊ အကယ်၍ မဟာဋီကာအဖွင့်နှင့် တိုက်ရိုက် ညီအောင် ဆိုလိုလျှင် “ယိမ်းယိုင်လှုပ်ရှား ရွှေ့သွားစေသည်”ဟု ပြင်ဆိုရာ၏။

အထက်ပါ ဆောင်ပုဒ်တွင် “သူလိုရာဘက် တွန်းလျက်ဆောင်သည်” ဟူသော အပိုဒ်၌ သူ, ဟူသော နာမ်စားဖြင့် ဝါယောဓာတ်ကိုဆိုသည်၊ လိုရာဘက် ဟူသော စကားသည် တင်စား၍ဆိုသော စကားဖြစ်သည်၊ အဘိနိဟာရ -ရှေးရှုဆောင်သည် ဟူရာ၌ ရှေးရှု -ဟူသော စကားသည် သုတနည်း သူတို့ နားမလည်နိုင်သော အသိ ခက်သော စကားဖြစ်သည်၊

၎င်းဖြင့် ဦးတမ်းခြင်း, ဦးတည်ခြင်း အနက်ကိုပြ၏၊ ဦးတမ်းခြင်း, ဦးတည်ခြင်း အနက်ကိုလည်း သုတနည်းသူတို့ နားလည်ရန် မလွယ်လှသေး၊ ထို့ကြောင့် ယင်း ရှေးရှု, ဦးတမ်း, ဦးတည်ပုဒ်တို့ ၏အစား “သူလိုရာဘက်”ဟူ၍ ဆိုထားပါသည်၊

ဝါယောဓာတ် ဆောင်သွားလိုရာဘက် ရှေးရှုဦးတမ်းမိရာဘက် ဟူ၍ဆိုလို၏၊ ထိုသို့ဆိုရာ၌ ဝါယောဓာတ်မှာ အလိုဟူ၍ မရှိငြားသော်လည်း မြန်မာတို့၏ ပြောရိုး ဆိုစဉ် အားဖြင့် “မိုးသည် သူရွာလိုရာရွာ၏၊ လေသည် သူတိုက်လိုရာတိုက်၏” ဟူသော ဥပမာစကားကဲ့သို့ ဤ၌လည်း “သူလိုရာဘက်”ဟု တင်စား၍ ဆိုထားသည်။

ဤတင်စားချက်မှာမူ ကလေးသူငယ်များ ဂေါ်လီလုံးလှိမ့် ကစားရာ၌ပင် “ဒီ ဂေါ်လီလုံးက ဒီဘက်ကို မသွားချင်ဘူး၊ ဟိုဘက်ကို သွားချင်နေတယ်” စသည်ဖြင့် ပြောဆိုလေ့ရှိသောကြောင့် “ဝါယောဓာတ်သည် သူလိုရာဘက်ကို တွန်းဆောင် သွားသည်”ဟု ဆိုလျှင် ရှေးရှု ဦးတမ်းမိရာဘက်သို့ တွန်းဆောင်သွားသည်”ဟု ဆိုလိုကြောင်း လွယ်ကူစွာပင် သိနားလည်နိုင်၏။

ပါဠိ, အဋ္ဌကထာ, ဋီကာတို့၌လည်း “စက္ခု အာဝိဉ္ဆတိ မနာပိယေသု ရူပေသု (သံ၊ ၂၊ ၄၀၂)
စက္ခုပေတံ ဝိသမဇ္ဈာသယံ။ပ။ ရူပစိတ္တပုဂ္ဂလတာဒိ ဝိစိတ္တေသုယေဝ ပန အဘိရမတိ (သံ၊ ဋ္ဌ၊ ၂၊ ၁၁၁)
စက္ခံု ခေါ မာဂဏ္ဍိယ ရူပါရာမံ ရူပရတံ (မ၊ ၂၊ ၁၇၁)
ရူပေသု အာဝိဉ္ဆနရသံ (ဝိသုဒ္ဓိ၊ ၂၊ ၇၄)
စက္ခတီတိဝိညာဏာဓိဋ္ဌိတံ သမဝိသမံ အာစိက္ခန္တံဝိယ အဘိဗျတ္တံ ဝဒန္တံပိယ ဟောတီတိအတ္ထော။ (မဟာဋီ၊ ၂၊ ၈၇)
ဤသို့စသည်ဖြင့် တင်စား၍ ပြဆိုထားသော အရာတို့သည် ရာပေါင်းများစွာပင် ရှိကုန်၏။

ထို့ပြင် အဘိနိဟာရ - ရှေးရှုဆောင်ခြင်း ဟူသည်မှာ ဤအရာ၌ ရွေ့သွားရုံမျှကို ဆိုလိုသည် မဟုတ်ပေ၊ ဘူတသင်္ဃာဋဿ ဒေသန္တရုပ္ပတ္တိဟေတုဘာဝေါ ဟူသော မဟာဋီကာနှင့်အညီ ဘူတရုပ်အပေါင်း ၏ အရပ်တပါး၌ ဖြစ်ကြောင်းဖြစ်သော ဝါယောဓာတ်၏ တွန်းဆောင်မှုကိုသာ ဆိုလိုပေသည်၊ ထို့ကြောင့် “တွန်းလျက်” ဟူသော ပုဒ်ပါထည့်၍ “တွန်းလျက်ဆောင်သည်” ဟု ဆိုထားသည်။

အထူးမှတ်ရန်မှာ -

ဝါယောဓာတ်သည် ကမ္မဇ စိတ္တဇ ဥတုဇ အာဟာရဇ အားဖြင့် ၄-မျိုးရှိရာတွင် စိတ္တဇဝါယောဓာတ်၏ လိုရာဘက် ရှေးရှုဦးတမ်းမိရာဘက်သည် ၎င်းကို ဖြစ်စေသော ဇနကစိတ် ၏ အလိုရှိရာ ဘက်ပင် ဖြစ်သည်၊ ထို့ကြောင့် ကွေးခြင်း, ဆန့်ခြင်းစသော စိတ္တဇရုပ်၏ ပစ္စပဋ္ဌာန်ကို ပြောသောအခါ စိတ်၏ အလိုရှိရာဘက်သို့ ဆောင်သွားပုံဖြင့် ရှင်းလင်းပြောလျှင် သိလွယ်၏၊

ဝိပဿနာအရာ၌ ထိုဝါယောဓာတ် ၄-မျိုးတွင် ကွေးခြင်း, ဆန့်ခြင်း, လှုပ်ရှားခြင်း စသည်ဖြင့် ကိုယ်အမူအရာ စိတ္တဇဝါယောရုပ်ကို အများဆုံး ရှုရ၏၊ ထို့ကြောင့် ထိုစိတ္တဇဝါယော၏ ပစ္စုပဋ္ဌာန်ကို ရှင်းပြလိုက်လျှင် ဖောင်းမှု ပိန်မှုစသော အခြား ဝါယောဓာတ် ရုပ်များတို့၏ (အပြင်ဘက် အတွင်းဘက်စသော လိုရာဘက်ရှေး ရှေးရှု ဦးတမ်းမိရာဘက်သို့ ဆောင်သွားခြင်း ဟူသော) ပစ္စုပဋ္ဌာန်ကိုလည်း ထင်ရှား သိနိုင်တော့သည်သာ။

၅။ နမနလက္ခဏံ နာမံ, သမ္ပယောဂရသံ၊ အဝိနိဗ္ဘောဂပစ္စုပဋ္ဌာနံ။

အာရုံထံပါး, ညွတ်သွားရောက်သည်၊ (လက္ခဏာ)
နာမ်အချင်းချင်းလဲ, ပူးတွဲယှဉ်သည်။ (ရသ)
သူတို့ချင်းလဲ, မခွဲသာပြီ၊ (ပစ္စုပဋ္ဌာန်)
နာမ်တရား, ပိုင်းခြားမြတ်ယောဂီ။

၆။ ရုပ္ပနလက္ခဏံ ရူပံ၊ ဝိကိရဏရသံ၊ အဗျာကတပစ္စုပဋ္ဌာနံ။

ဖောက်ပြန်တနဲ, ပြန့်ကျဲတတ်သည်။(လက္ခဏာ)
ကြေမွပြိုကွဲ, ပြန့်ကျဲတတ်သည်။ (ရသ)
အာရုံမပြု, သိမှုကင်းသည်၊ (ပစ္စုပဋ္ဌာန်)
ရုပ်တရား, ပိုင်းခြားမြတ်ယောဂီ။

၇။ အနုဘဝနလက္ခဏာ ဝေဒနာ, ဝိသယရသသမ္ဘောဂရသာ၊ သုခဒုက္ခပစ္စုပဋ္ဌာနာ။

အာရုံခြောက်ပါး, ခံစားတတ်သည်၊(လက္ခဏာ)
သူ့ရသာလဲ, သုံးစွဲတတ်သည်။ (ရသ)
ချမ်းသာဆင်းရဲ, ဉာဏ်ထဲထင်သည်၊ (ပစ္စုပဋ္ဌာန်)
ခံစားမှု, မှတ်ရှုမြတ်ယောဂီ။

၈။ သဉ္ဇာနနလက္ခဏာသညာ၊ တဒေဝ တန္တိ ပုန သဉ္စာနနပစ္စယ နိမိတ္တကရဏရသာ၊ ယထာဂဟိတနိမိတ္တဝသေန အဘိနိဝေသကရဏ ပစ္စုပဋ္ဌာနာ။

မမေ့စေကြောင်း, ကောင်းကောင်းမှတ်သည်၊ (လက္ခဏာ)
မှတ်မိဖွယ်ဟိတ်, နိမိတ်ယူသည်။ (ရသ)
ယူထားတိုင်းပဲ, မှတ်စွဲနေသည်၊ (ပစ္စုပဋ္ဌာန်)
သညာဓာတ်, သိမှတ်မြတ်ယောဂီ။

၉။ အဘိသင်္ခရဏလက္ခဏာ သင်္ခါရာ, အာယူဟနရသာ၊ ဝိပ္ဖါရပစ္စုပဋ္ဌာနာ။

ကိုယ်နှုတ်စိတ်မှု, သူပြုတတ်သည်၊ (လက္ခဏာ)
လှုံ့ဆော်အုပ်ချုပ်, အားထုတ်တတ်သည်။ (ရသ)
လှုပ်လှုပ်ရွရွ, ကြောင့်ကြစိုက်သည်၊ (ပစ္စုပဋ္ဌာန်)
သင်္ခါရ, မှတ်ကြမြတ်ယောဂီ။

၁၀။ စေတယိတလက္ခဏာ စေတနာ၊ အာယူဟနရသာ၊ သံဝိဒဟနပစ္စုပဋ္ဌာနာ။

အာရုံ၌ကပ်, စေ့စပ်နှိုးသည်၊ (လက္ခဏာ)
လှုံ့ဆော်အုပ်ချုပ်, အားထုတ်တတ်သည်။ (ရသ)
စီမံခန့်ခွဲ, သူလဲလုပ်သည်၊ (ပစ္စုပဋ္ဌာန်)
စေ့ဆော်မှု, မှတ်ရှုမြတ်ယောဂီ။

၁၁။ ဝိဇာနနလက္ခဏံ ဝိညာဏံ၊ ပုဗ္ဗင်္ဂမရသံ၊ ပဋိသန္ဓိပစ္စုပဋ္ဌာနံ။

အာရုံသိသော, သဘောရှိသည်၊ (လက္ခဏာ)
ခေါင်းဆောင်အလား, ရှေ့သွားတတ်သည်။ (ရသ)
ရှေ့စိတ်နှင့်စပ်, အထပ်ထပ်ဖြစ်သည်၊ (ပစ္စုပဋ္ဌာန်)
ဝိညာဏ်ဓာတ်, သိမှတ်မြတ်ယောဂီ။

၁၂။ ရူပါဘိဃာတာရဟဘူတပသာဒ လက္ခဏံ စက္ခု၊ ရူပေသု အာဝိဉ္ဆနရသံ၊ စက္ခုဝိညာဏဿ အာဓာရဘာဝပစ္စုပဋ္ဌာနံ။

အဆင်းထင်ကြောင်း ကောင်းကောင်းကြည်သည်၊ (လက္ခဏာ)
အဆင်းဆီသို့, ဆောင်ပို့ပေးသည်။ (ရသ)
သူ့ကိုမှီပြု, မြင်မှုဖြစ်သည်၊ (ပစ္စုပဋ္ဌာန်)
မျက်စိ၌, သိထိုက်ဤသုံးမည်။

၁၃။ စက္ခုပဋိဟနနလက္ခဏံ ရူပံ၊ စက္ခုဝိညာဏဿ ဝိသယဘာဝ ရသံ၊ တဿေဝ ဂေါစရဘာဝပစ္စုပဋ္ဌာနံ။

မျက်စိထဲ၌, တိုက်ခိုက်ပေါ်သည်၊ (လက္ခဏာ)
မြင်သိခံရ, ကိစ္စရှိသည်။ (ရသ)
မြင်မှုရောက်သွား, ကျက်စားရာမည်၊ (ပစ္စုပဋ္ဌာန်)
အဆင်း၌, သိထိုက် ဤသုံးမည်။

၁၄။ စက္ခုသန္နိဿိတရူပဝိဇာနနလက္ခဏံ စက္ခုဝိညာဏံ၊ ရူပမတ္တာရမ္မဏ ရသံ၊ ရူပါဘိမုခဘာဝပစ္စုပဋ္ဌာနံ။

မျက်စိမှီယင်း, အဆင်းမြင်သည်၊ (လက္ခဏာ)
အဆင်းကိုမျှ, သူကသိသည်။ (ရသ)
အဆင်းဆီရှေးရှု, သူပြုနေသည်၊ (ပစ္စုပဋ္ဌာန်)
မြင်သိ၌, သိထိုက် ဤသုံးမည်။

၁၅။ ဖုသနလက္ခဏော ဖဿော၊ သင်္ဃဋ္ဋနရသော၊ သန္နိပါတပစ္စုပဋ္ဌာနော။

စိတ်နှင့်အဆင်း, ထင်လင်းတွေ့သည်၊ (လက္ခဏာ)
စိတ်ကို အဆင်း၌, ထိခိုက်စေသည်။ (ရသ)
မျက်စိအဆင်း, မြင်းခြင်းစုံညီ၊ (ပစ္စုပဋ္ဌာန်)
မြင်တွေ့၌, သိထိုက် ဤသုံးမည်။

၁၆။ ဣဋ္ဌဖောဋ္ဌဗ္ဗာနုဘဝန လက္ခဏံ သုခံ၊ သမ္ပယုတ္တာနံ ဥပဗြူဟနရသံ၊ ကာယိကအဿာဒပစ္စုပဋ္ဌာနံ။

အတွေ့ကောင်းများ, ခံစားတတ်သည်၊(လက္ခဏာ)
စိတ်အဖော်များ, ရွှင်ပွားစေသည်။(ရသ)
ကိုယ်ထဲကောင်းလျက်, နှစ်သက်ဖွယ်မည်၊ (ပစ္စုပဋ္ဌာန်)
ကာယိက, သုခ ထင်ရှားသည်။

၁၇။ အနိဋ္ဌဖောရဗ္ဗာနုဘဝန လက္ခဏံ ဒုက္ခံ၊ သမ္ပယုတ္တာနံ မိလာပနရသံ၊ ကာယိကာဗာဓပစ္စုပဋ္ဌာနံ။

အတွေ့ဆိုးများ, ခံစားတတ်သည်၊ (လက္ခဏာ)
စိတ်အားကုန်ခန်း, ညှိုးနွမ်းစေသည်။ (ရသ)
ကိုယ်ထဲနှိပ်စက်, ခံခက်ထင်သည်၊ (ပစ္စုပဋ္ဌာန်)
ကာယိက, ဒုက္ခ ထင်ရှားသည်။

၁၈။ ဣဋ္ဌာရမ္မဏာနုဘဝနလက္ခဏံ သောမနဿံ၊ ဣဋ္ဌာကာရသမ္ဘောဂရသံ၊ (သမ္ပယုတ္တာနံ ဥပဗြူဟနရသံ-မဟာဋီကာ) စေတသိကအဿာဒပစ္စုပဋ္ဌာနံ။

အာရုံကောင်းများ, ခံစားတတ်သည်၊ (လက္ခဏာ)
အကောင်းကိုပဲ, သုံးစွဲတတ်သည်။ (အဋ္ဌကထာ)
စိတ်အဖော်များ, ရွှင်ပွားစေသည်။ (ဋီကာ)
စိတ်ထဲကောင်းလျက်, နှစ်သက်ဖွယ်မည်၊ (ပစ္စုပဋ္ဌာန်)
စိတ်ထဲမှ, သုခ ထင်ရှားသည်။

၁၉။ အနိဋ္ဌာရမ္မဏာနုဘဝနလက္ခဏံ ဒေါမနဿံ၊ အနိဋ္ဌာကာရသမ္ဘောဂရသံ၊ (သမ္ပယုတ္တာနံ မိလာပနရသံ-မဟာဋီကာ) စေတသိကာဗာဓပစ္စုပဋ္ဌာနံ။

အာရုံဆိုးများ, ခံစားတတ်သည်၊ (လက္ခဏာ)
အဆိုးကိုပဲ, သုံးစွဲတတ်သည်။ (အဋ္ဌကထာ)
စိတ်အားကုန်ခန်း, ညှိုးနွမ်းစေသည်။ (ဋီကာ)
စိတ်ထဲနှိပ်စက်, ခံခက်တတ်သည်၊ (ပစ္စုပဋ္ဌာန်)
စိတ်ထဲမှ, ဒုက္ခထင်ရှားသည်၊

၂၀။ မဇ္ဈတ္တဝေဒယိတလက္ခဏာ ဥပေက္ခာ၊ သမ္ပယုတ္တာနံ နာတိဥပဗြူဟန မိလာပနရသာ၊ သန္တဘာဝပစ္စုပဋ္ဌာနာ။

အလယ်လတ်များ, ခံစားတတ်သည်၊ (လက္ခဏာ)
စိတ်ညှိုးရွှင်ပျ, ကင်းပစေသည်။ (ရသ)
ကောင်းဆိုးမဖက်, ငြိမ်သက်ပေသည်။ (ပစ္စုပဋ္ဌာန်)
ဥပေက်ဓာတ်, သိမှတ်မြတ်ယောဂီ။

၂၁။ သန္တိလက္ခဏံ နိရောဓသစ္စံ၊ အစ္စုတရသံ၊ အနိမိတ္တ ပစ္စုပဋ္ဌာနံ။

ရုပ်နာမ်ဖြစ်ပျက်, ပြတ်လျက်ငြိမ်းသည်၊ (လက္ခဏာ)
ရွှေ့လျောသေခြင်း, ကင်းရှင်းပေသည်။ (ရသ)
သဏ္ဌာန်နိမိတ်, ကင်းဆိတ်ထင်သည်၊ (ပစ္စုပဋ္ဌာန်)
နိရောဓ, ရောက်က သိမြင်သည်။

ဧကစတ္တာလီသတိမပိုင်း

ဝိပဿနာအလုပ်ပေး တရားတော်ကြီး

ဘုရားမြတ်စွာ သာသနာတော်ကြီးကို ထူးခြားစွာ ချီးမြှောက်နိုင်ရန်အလို့ငှါ သတိုးသီရိသုဓမ္မ ဆာဦးသွင်, မဟာသီရိသုဓမ္မဟင်္သာတဦးမြ, ထိုစဉ်က နိုင်ငံတော် ဝန်ကြီးချုပ်ဦးနု, ဘဏ္ဍာရေးဝန်ကြီးဦးတင်, သာသနာရေးဝန်ကြီး ဦးဝင်း, အမြတ်တော်မင်းကြီး ဦးစံသိမ်း, သတိုးမဟာစည်သူ ဦးဘဂျမ်း, မီးသတ် ညွှန်ကြားရေးဝန် သရေစည်သူ ဦးလှမောင်စသော လူကြီးမင်းအပေါင်းတို့သည် နိုင်ငံတော်သမ္မတကြီးကို နာယက တင်မြှောက်၍ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ကြီးကို ၁၃၀၉ -ခုနှစ်၊ နတ်တော်လဆန်း ၁-ရက်နေ့ (၁၃-၈-၁၉၄၈) နေ့က နိုင်ငံတော် ဝန်ကြီးချုပ်၏နေအိမ်၌ စတင် တည်ထောင်ခဲ့လေသည်။

အဖွဲ့၏ ရည်ရွယ်ချက် (၁) အရ ပဋိပတ္တိသာသနာတော်ကြီးကို ချီးမြှောက် ထောက်ပံ့ရန် အလို့ငှါ ကမ္မဋ္ဌာန်းဌာနကြီးတစ်ခု တည်ထောင်ရေးနှင့် ပရိယတ်ပဋိပတ် နှစ်ရပ်စွယ်စုံသော ကမ္မဋ္ဌာနာစရိယဆရာတော်တပါး ရှာဖွေပင့်ဆောင် ရရှိရေးတို့ကို စတင်ဆောင်ရွက်ကြသောအခါ ၁၃၁၀ -ခုနှစ် တော်သလင်းလပြည့်ကျော် ၉-ရက် (၂၆-၉-၁၉၄၈) နေ့၌ သတိုးသီရိသုဓမ္မ ဆာဦးသွင်၊ လေဒီသွင် သားသမီးတစုတို့က ဤသာသနာ့ရိပ်သာ ခြံမြေကို လှူဒါန်းကြသောကြောင့် ကမ္မဋ္ဌာန်းအဆောက်အအုံ များကို စတင်တည်ဆောက်ခဲ့ကြလေသည်။

ပရိယတ်, ပဋိပတ် ဓူရနှစ်ပါး၌ ကျွမ်းကျင်သော ကမ္မဋ္ဌာနာစရိယဆရာတော် ရရှိရေးအတွက် မြန်မာနိုင်ငံအထက်,အောက် အနှံ့အပြားစုံစမ်းသောအခါ ရွှေဘိုမြို့ ဆိပ်ခွန်ရွာ၌ သီတင်းသုံးတော်မူသော အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်အဖြစ် ထင်ရှားကျော်စောမည့် “သာသနဓဇ သိရီပဝရ ဓမ္မာစရိယ” ဘွဲ့တံဆိပ်တော်ရ ရဟန်းတော် အရှင်သောဘန ၏သတင်းကို ကြားသိကြရလေသည်၊

ထိုအခါ ဥက္ကဋ္ဌကြီး သတိုးသီရိသုဓမ္မ ဆာဦးသွင်ကိုယ်တိုင် သွားလေသည်၊ ထိုအခါ ဥက္ကဋ္ဌကြီး သတိုးသီရိသုဓမ္မ ဆာဦးသွင်ကိုယ်တိုင် သွားရောက်၍ အသေအချာ ထောက်လှမ်းစုံစမ်းပြီးမှ ကြားသိရသည့်အတိုင်း ခိုင်လုံသောအခါ နိုင်ငံတော် ဝန်ကြီးချုပ်ကိုယ်တိုင် ရွှေဘိုမြို့သို့ သွားရောက်၍ ရဟန်းတော် အရှင်သောဘနအား သာသနာပြုရန် ရန်ကုန်မြို့သို့ ကြွရောက်တော်မူပါဘုရားဟု လျှောက်ထားပြီးလျှင် ၁၃၁၁-ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၆-ရက် (၁၀-၁၁-၁၉၄၉) နေ့တွင် ရန်ကုန်မြို့ သာသနာ့ရိပ်သာသို့ အရောက်ပင့်ဆောင်၍ ကိုးကွယ်ခဲ့ကြလေသည်။

၁၃၁၁-ခုနှစ်နတ်တော်လပြည့်နေ့တွင် တရားအားထုတ်လိုကြသူ ဒေါ်စောခင်, ဦးဘိုးသင်း, ဒေါ်ဒေါ်ညွှန့် အစရှိသော ယောဂီပေါင်း ၂၅-ဦး ပေါ်ပေါက်ခဲ့သဖြင့် ဤဝိပဿနာအလုပ်ပေးတရားတော်ကြီးကို ဆရာတော်သည် စတင်ဟောကြားတော် မူခဲ့လေသည်၊ နောက်တွင် ယောဂီများ တစစ တိုးတက်များပြား တရားအားထုတ်ရန် ရောက်ရှိလာကြသော ယောဂီပုဂ္ဂိုလ်တို့အားလည်း ဤဝိပဿနာ အလုပ်ပေး တရားတော်ကြီးကိုပင် ဟောကြား၍ တရားပေးတော်မူခဲ့လေသည်၊

၁၃၁၃-ခုနှစ်တွင် ဆရာတော်သည် အဟောရ သက်သာလေအောင် တိတ် ရီကော်တာ အသံသွင်း၍ တဆင့် နာယူတော်မူခဲ့လေသည်၊ ၎င်းနောက်တွင် ကမ္မဋ္ဌာနာစရိယ ဆရာတော်များနှင့် ယောဂီများ၏ တောင့်တချက်အရ တိတ်ရီကော်တာမှကူး၍ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့က စာအုပ်အဖြစ် ရိုက်နှိပ် ထုတ်ဝေခဲ့ရာ အကြိမ်ပေါင်း ဆယ်ကြိမ်မက များလှလေပြီ၊ ယင်းကျမ်းမှာ ကရောင်း ၁၆-ချိုး ဆိုက်ဖြင့် စာမျက်နှာ ၆၈-မျက်နှာရှိလေသည်၊ ကမ္မဋ္ဌာန်းဆရာတိုင်းလိုလို လက်ကိုင်ပြုရမည့် တရား ကျမ်းစာကောင်း ဖြစ်လေသည်။

အလုပ်ပေးတရားတော် ဣတိ, ပသိဒ္ဓံ သုဓမ္မမ္ပိ စ၊
မဟာစည်ထေရသေခရော, ရစယာတ္ထ သုဓီတိမာ။

---

ဝိသုဒ္ဓိနှင့် ဉာဏ်စဉ် တရားတော်ကြီး

ဝိသုဒ္ဓိ ၇-ပါးအဓိပ္ပာယ်နှင့် ဉာဏ်စဉ်အဓိပ္ပါယ်ကို ဖော်ပြသည် ဝိသုဒ္ဓိနှင့် ဉာဏ်စဉ် တရားတော်ကြီးကိုလည်း ဟောပြော၍ စာအုပ်အဖြစ် စီစဉ်တော်မူခဲ့လေသည်။

---

ဝိသုဒ္ဓိဉာဏကထာပါဌ်

နိုင်ငံရပ်ခြားတိုင်းတပါးမှ လာကြသော ပါဠိစာပေ တတ်မြောက်ကျွမ်းကျင်သည့် ယောဂီများ အလွယ်တကူ ကြည့်ရှု လေ့လာနိုင်ရန် အကျိုးငှါ မြန်မာဘာသာဖြင့် ရေးသားအပ်သော ဝိသုဒ္ဓိနှင့် ဉာဏ်စဉ် တရားတော်ကြီးကို ပါဠိဘာသာပြန်ဆို၍ ဝိသုဒ္ဓိဉာဏကထာပါဌ်ကိုလည်း စီရင်တော်မူခဲ့လေသည်၊ ဆရာတော် ဘုရားကြီးသည် ကျမ်းဦး၌ -

သဒ္ဓမ္မရံသီဇာတိဿ, သဗ္ဗညုဿ မဟေသိနော၊
သဒ္ဓမ္မရံသီသင်္ခါတံ, စိရံဇောတေသု သာသနံ။

ဟူသော ဂါထာဖြင့် အာသီသ ပုဗ္ဗကဂန္ထာရမ္ဘ ပြုတော်မူခဲ့လေသည်၊ ကျမ်း၏ အဆုံး၌လည်း-

ယာ ဝိသုဒ္ဓိဉာဏကထာ, မြမ္မဘာသာယာ သင်္ခတာ၊
အပ္ပဿုတာနမတ္ထာယ, ဒိဋ္ဌဓမ္မာန ယောဂိနံ။

မဟာစည်နာမထေရေန, ဝိပဿနာနယညုနာ၊
သာ ယေဝ ပါဠိဘာသာယ, တေနေဝ ပရိဝတ္တိတာ။

ဟူသော ၂-ဂါထာဖြင့် နိဂုံးအုပ်တော်မူခဲ့လေသည်၊ ယင်းကျမ်းမှာ ကရောင်း ၁၆-ချိုး ဆိုက်ဖြင့် စာမျက်နှာ ၄၀-ရှိလေသည်၊ ယင်းကျမ်းကို ဂျာမန်ရဟန်းတော် ဉာဏပေါဏိကက အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့လေသည်။

---

ကမ္မဋ္ဌာန်းတရား အားထုတ်ရခြင်း၏အကြောင်း

နိုင်ငံတော် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့သည် ဂျပန်နိုင်ငံတွင် ဘုရားမြတ်စွာ သာသနာ တော်ထွန်းလင်းရန် ရည်ရွယ်၍ ထေရဝါဒ ဗုဒ္ဓသာသနာအကြောင်းအရာဆိုင်ရာ ကျမ်းစာအုပ်များကို အင်္ဂလိပ်ဘာသာ, ဂျပန်ဘာသာဖြင့် ပုံနှိပ်ဖြန့်ချီရန် ရည်ရွယ် သည့်အလျောက် ပထမဦးစွာ စာစောင်ဖြစ်မြောက်ရေးအတွက် ရန်ကုန်တက္ကသိုလ် အဂ္ဂမဟာပဏ္ဍိတ အရှင်သေဋ္ဌိလ စီစဉ်သော ကျမ်း၏ မာတိကာများကို ပါဝင် ရေးသားမည့် ဆရာတော်များထံ၌ ခွဲဝေရေးသားရန် နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့က ၁၃-၁၁-၅၆ခု နေ့စွဲဖြင့် လျှောက်ထားခဲ့လေသည်၊

လျှောက်ထားခံ ဆရာတော်များအနက် တပါးအပါအဝင် ဖြစ်တော်မူသော မဟာစည်ဆရာတော်ဘုရားကြီးသည် တာဝန်ကျသည့် မာတိကာစဉ် ၁၆, ၁၇, ၁၈ -တို့ကို အကျယ်ချဲ့၍ ပြုစီရင်တော်မူခဲ့လေသည်၊ ၎င်းတို့အနက် မာတိကာစဉ် ၁၆-ဖြစ်သည့် အဘယ့်ကြောင့် ကမ္မဋ္ဌာန်းတရား အားထုတ်ရသနည်း ဟူသော အမေး၏ အဖြေကို ရဟန်းရှင်လူ မည်သူမဆို ဖတ်ရှုလေ့လာနိုင်ရန် ဆရာတော် ဘုရားကြီး၏ ခွင့်ပြုချက်အရ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့က ၁၃၂၀-ခုနှစ်က ပုံနှိပ် ထုတ်ဝေခဲ့ရာ ဒီမိုင်းဆိုက်ဖြင့် စာမျက်နှာ ၄၂-ရှိလေသည်၊ ယင်းကျမ်းမှာလည်း အကြိမ်ကြိမ် ထုတ်ဝေခဲ့ရာ ယောဂီပုဂ္ဂိုလ်တို့ များစွာ နှစ်သက်သည့် ကျမ်းကောင်း ဖြစ်လေသည်။

ကမ္မဋ္ဌာနပရက္ကမ-ကာရဏမ္ပိ သုဓိတိမာ၊
သုသင်္ခေပဝိတ္ထာရေဟိ, သမ္ပာဒယိ သုဗုဒ္ဓိမာ။

---

ဓမ္မစကြာအသံလွှင့်တရားတော်

ဆရာတော်ဘုရားကြီးသည် ၁၃၁၉-ခုနှစ် ဝါဆိုလပြည့် နေ့ညတွင် မြန်မာ့အသံမှ ဓမ္မစကြာ တရားတော်ကြီးကို ဟောကြားတော်မူခဲ့လေသည်၊ ယင်းဟောကြားချက် ကို ဓမ္မစကြာအသံလွှင့် တရားတော်ကြီး (ဓမ္မစကြာတရားတော်ကြီး) အမည်ဖြင့် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့မှ ကျမ်းစာစီမံ ပုံနှိပ်ထုတ်ဝေခဲ့လေသည်၊ စေ့စေ့စပ်စပ် ကျစ်ကျစ်လျစ်လျစ်ရှိ၍ တန်ဖိုးမဖြတ်နိုင်သော ကျမ်းစာဖြစ်လေသည်၊ ကရောင်း ၁၆-ချိုးဆိုက်ဖြင့် စာမျက်နှာ ၂၀-ရှိလေသည်။

---

အနတ္တလက္ခဏသုတ် အသံလွှင့်တရားတော်

ဆရာတော်ဘုရားကြီးသည် ၁၃၁၉-ခုနှစ် ဝါတွင်းတွင် အနတ္တလက္ခဏသုတ် တရားတော်ကြီးကို ဟောကြားတော်မူခဲ့လေသည်၊ ဆရာတော်ဘုရားကြီးသည် ယင်း အနတ္တလက္ခဏသုတ်ကို မဟောကြားမီ အနတ္တလက္ခဏသုတ်ပါဠိ, အဋ္ဌကထာ စသည်တို့ကို ကျနစွာကြည့်ရှုတော်မူပြီး ကျနစွာရေးသား လက်နှိပ်စက်ဖြင့် မူချော ရိုက်ပြီး အထပ်ထပ် ကြည့်ရှုကာ ဟောကြားတော်မူခဲ့လေသည်၊

စာမူကို ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့အား ချီးမြှင့်သဖြင့် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့က အနတ္တလက္ခဏသုတ် အသံလွှင့်တရားတော်ကြီး (အနတ္တလက္ခဏသုတ် တရားတော်ကြီး) အမည်ဖြင့် ပုံနှိပ်ထုတ်ဝေခဲ့ရာ ကရောင်း ၁၆-ချိုးဆိုက်ဖြင့် စာမျက်နှာ ၃၀-ခန့်ရှိ ကျမ်းစာကောင်း ဖြစ်လသည်။

ဓမ္မစက္ကသုတ္တန္တဉ္စ, အနတ္တလက္ခဏမ္ပိစ၊
သဘာသံ အာရောပေတွာန, ရစယိတ္ထ သုဇာတိမာ။

---

ဘဝပြဿနာ

သက္ကရာဇ် ၁၃၁၉-ခုနှစ်က ရန်ကုန်မြို့ ဆင်းဒဝစ်လမ်းနေ ဝဏ္ဏကျော်ထင် ဆရာဝန်ကြီး ဦးမြင့်ဆွေသည် မဟာစည်ဆရာတော်ဘုရားကြီးအား .... သေသွားသော သတ္တဝါတဦးသည် ရုပ်ရောနာမ်ပါ ပျက်စီးသွားပြီ ဖြစ်ပါလျက် ထိုသတ္တဝါသည် နောက်ဘဝတခု၌ ဖြစ်ပြန်သည်ဆိုရာ မည်ကဲ့သို့ဖြစ်ပါသနည်း .... စသည်ဖြင့် မေးခွန်း ၃-ရပ်ကို လျှောက်ထားခဲ့လေသည်၊

တဖန် ၁၃၃၈-ခုနှစ်က သနားဖွယ်ရာ ဂိလာနများကို ကမ္ဘာအရပ်ရပ်ရှိ ဆရာဝန် အချို့သည် ကရုဏာတရားရှေ့ထားပြီး လူမမာ၏ ဘဝကို နိဂုံးချုပ်ပစ်လိုက်လျှင် ထိုသို့ ပြုလုပ်သော် ဆရာဝန်မှာ ပါဏာတိပါတကံ ထိုက်ပါမည်လား စသည်ဖြင့် ပါဏာတိပါတကံဆိုင်ရာ မေးခွန်း, အဒိန္နာဒါနကံဆိုင်ရာ မေးခွန်း, ကာမေသုမိစ္ဆာစာရ ကံဆိုင်ရာ မေးခွန်းတို့ကို မေးလျှောက်ခဲ့လေသည်၊

ဖော်ပြပါ ဝဏ္ဏကျော်ထင် ဆရာဝန်ကြီး ဦးမြင့်ဆွေ၏ အမေးတို့ကို ဆရာတော် ဘုရားကြီးသည် ကရုဏာရှေ့ထား ဖြေကြားတော်မူခဲ့လေသည်၊ ယင်းမေးခွန်းနှင့် အဖြေများကို “ဘဝပြဿနာ” အမည်ဖြင့် စာအုပ်ရိုက်နှိပ် ထုတ်ဝေခဲ့ရာ ၄-ကြိမ် ရှိလေပြီ၊ ဆရာတော်ဘုရားကြီးကား အဘက်ဘက်မှ ပြည့်စုံသည့် စွယ်စုံ ပညာရှင်ကြီး ဖြစ်တော်မူလေသည်၊ ယင်း ဘဝပြဿနာကျမ်းမှာ ကရောင်း ၁၆-ချိုး ဆိုက်ဖြင့် စာမျက်နှာ ၁၁၀-ကျော် ရှိလေသည်။

ပုစ္ဆာဝိဿဇ္ဇနာစေဝ, ဂမ္ဘီရတ္ထုပနိဿိတာ၊
ဟဒယင်္ဂမာကတ္တာ သုခါ, ပေမယာ လောမဟံသယာ။

---

ဒွိစတ္တာလီသတိမပိုင်း

အင်ဒိုနီးရှား သာသနာပြုမှတ်တမ်း

ဆရာတော်ဘုရားကြီးသည် ၁၃၂၁-ခုနှစ် ကဆုန်လဆန်း ၈-ရက်နေ့မှ ၁၃၂၁-ခုနှစ် နယုန် လပြည့်ကျော် ၁၀-ရက်နေ့အထိ အင်ဒိုနီးရှား နိုင်ငံသို့ သာသနာပြုကြွတော် မူခဲ့လေသည်၊ ယင်းသို့ကြွ၍ သာသနာပြုစဉ် အတွေ့အကြုံနှင့် ဆောင်ရွက်ချက် များကို ကျမ်းစာဖွဲ့ ရေးသားစီရင်တော်မူ၍ အဂ္ဂမဟာပဏ္ဍိတ မဟာစည် ဆရာတော် ၏ အင်ဒိုနီးရှား သာသနာပြုမှတ်တမ်းကျမ်း အမည်ဖြင့် ကျမ်းစာရိုက်နှိပ်ထုတ်ဝေ ခဲ့လေသည်၊ ယင်းကျမ်းစာကို ရန်ကုန်မြို့ ဣစ္ဆာသယ ပိဋကတ်ပုံနှိပ်တိုက်၌ ရိုက်နှိပ် ခဲ့ရာ ကရောင်း ၁၆-ချိုးဆိုက်ဖြင့် ၁၈၅-မျက်နှာရှိလေသည်။

အင်ဒိုနီးရှားသာသနာပြု-လက္ခိတပေါတ္ထကမ္ပိစ၊
ရစယိ မဟာစည်ထေရော, သတ္ထေသု ကောဝိဒေါ ဝိဒူ။

---

ဝိပဿနာ အခြေခံတရားတော်

သက္ကရာဇ် ၁၃၂၀-ပြည့်နှစ် သင်္ကြန်အခါတွင် မဟာစည်ဆရာတော် ဘုရားကြီးသည် ဝိပဿနာအခြေခံတရားတော်ကို ထပ်မံ၍ ယောဂီများ နားလည်သဘောပေါက် လောက်အောင် ကျနစွာ ဟောကြားတော်မူခဲ့လေသည်၊ ယင်းဟောကြားချက်များကို ဆရာတော် ဘုရားကြီး ၏တပည့်လက်ထောက် ကမ္မဋ္ဌာနာစရိယ နာယက ဆရာတော် အရှင်ပဏ္ဍိတက တိတ်ရီကော်တာမှ ကူးယူစေ၍ ၁၃၂၃-ခုနှစ်တွင် စတင်၍ စာအုပ်ဖြစ်အောင် စီမံတော်မူခဲ့လေသည်၊ ယင်းတရားကျမ်းစာသည်လည်း အခြေ နိဒါန်း, စကားပလ္လင်, သမထကမ္မဋ္ဌာန်း ၄၀, ဥပါဒါ နက္ခန္ဓာငါးပါး ရှုပုံမှစ၍ ပြည့်စုံကျနစွာ ဖော်ပြတော်မူခဲ့လေသည်။

ဆရာတော်ဘုရားကြီးသည် ဤကျမ်း၌ -

၁။ ဝိပဿနာ, ဉာဏ်ဆိုတာ, ဘယ်ဟာရှု၍ဖြစ်သနည်း၊
၂။ စွဲလမ်းနိုင်ရာ, ငါးခန္ဓာ, မှန်စွာရှု၍ဖြစ်သတည်း၊
၃။ ဘယ်အကျိုးငှါ, ဘယ်ခန္ဓာ, ဘယ်ဟာရှုရပါသနည်း၊
၄။ မစွဲဖို့ရာ, ဖြစ်ဆဲမှာ, မှန်စွာရှုရပါသတည်း၊
၅။ ဖြစ်ခိုက်မရှု, ရုပ်နာမ်စု, စွဲမှုဝင်ရောက်သည်၊
၆။ မြဲတယ်ကောင်းတယ်, ငါကောင်နှယ်, တကယ်ထင်တတ်သည်။
၇။ ဖြစ်တိုင်းမှတ်ရှု, ရုပ်နာမ်စု, စွဲမှုကင်းပျောက်သည်၊
၈။ မမြဲဆင်းရဲ, သဘောပဲ, ဉာဏ်ထဲရှင်းတော့သည်၊
၉။ စွဲမှုကင်းပျောက်, မဂ်လမ်းပေါက်, ဆိုက်ရောက်နိဗ္ဗာန်ပြည်၊
၁၀။ ဝိပဿနာရှုနည်း, မူသေစည်း, သိမ်းဆည်းထားရမည်၊

ဟူသော မူရင်းဆောင်ပုဒ်များကို ယောဂီများအား လိုက်ဆိုစေ၍ ကရုဏာ ကြီးမားစွာဖြင့် ဟောတော်မူချက်များကိုလည်း တွေ့ရှိရသည်။

၎င်းပြင် “ဝိပဿနာရှုနည်း မူသေစည်းမည်တဲ့ ဒီဝိပဿနာအခြေခံတရားတော်ကို ရိုသေစွာ နာယူ မှတ်သားကြရတဲ့ ဓမ္မဿဝနကုသိုလ် စေတနာတို့၏ အစွမ်း အာနုဘော်တော်ကြောင့် ဘေးရန်ကင်းကွာလျက် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြ၍ ဒွါရခြောက်ပါး၌ ထင်လာသော ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဉ်တည်း ဟူသော ဥပါဒါနက္ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို ဖြစ်တိုင်းဖြစ်တိုင်း ရှုနိုင် မှတ်နိုင်ကြ၍ အနိစ္စ, ဒုက္ခ, အနတ္တ အခြင်းအရာအားဖြင့် မှန်ကန်စွာသိမြင်နိုင်ကြ၍ ဝိပဿနာ ဉာဏ်စဉ်အတိုင်း တိုးတက်ကြပြီးလျှင် ရုပ်နာမ်သင်္ခါရ ဆင်းရဲဟူသမျှတို့၏ ချုပ်ငြိမ်းရာ ဖြစ်သော နိဗ္ဗာန်ချမ်းသာမြတ်ကို အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း” ဟူ၍ နိဂုံးဆုတောင်းကို တွေ့လေရာ ဆရာတော်ဘုရားကြီး၏ ကရုဏာတော် ကြီးမားလှကြောင်း ကြည်ညိုဖွယ် ကောင်းလှပေသည်၊ ယင်းကျမ်းကိုလည်း အကြိမ်ကြိမ် ရိုက်နှိပ် ထုတ်ဝေခဲ့ရာ ကရောင်း ၁၆-ချိုးဆိုက်ဖြင့် စာမျက်နှာ ၂၂၀-ရှိလေသည်။

ဝိပဿနာပါဒမူလ-သုဓမ္မမ္ပိ သုကောဝိဒေါ၊
မဟာစည်ထေရသေခရော, သမ္ပာဒယိ ဝိစက္ခဏော။

---

ဝိသုဒ္ဓိမဂ်မဟာဋီကာ သမယန္တရပိုင်း ဂဏ္ဌိနိဿယ

ဆရာတော်ဘုရားကြီးသည် ဝိသုဒ္ဓိမဂ်မဟာဋီကာနိဿယကို သမ္မာဆန္ဒ မဟုဿာဟ ဖြင့် ပြုစီရင်တော်မူခဲ့ရာ ယင်းဝိသုဒ္ဓိမဂ်မဟာဋီကာနိဿယမှ သမယန္တရပိုင်းကို ထုတ်နုတ်၍ စိတ်ဝင်စားသော ပါဠိပညာရှိတို့ ကြည့်ရှုသုံးသပ်နိုင်ရန်နှင့် လိုနေသော အချက်များ၌ ဖြည့်စွက်အကြံပေးနိုင်လျှင် အကြံပေးတော်မူကြရန် ရည်သန်၍ သီးခြားထုတ်နုတ် ကျမ်းစာအုပ် အဖြစ်ဖြင့် စီစဉ်တော်မူခဲ့လေသည်၊

ယင်း ဝိသုဒ္ဓိမဂ်မဟာဋီကာ သမယန္တရပိုင်း ဂဏ္ဌိနိဿယကို ၁၃၂၄-ခုနှစ်က နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့ ပုံနှိပ်တိုက်က အုပ်ရေတထောင်ရိုက်ရာ ကွယ်လွန်သူ ဒါယိကာမကြီး လေဒီမြဘူးက ဓမ္မဒါနပြုခဲ့လေသည်၊ ယင်းဝိသုဒ္ဓိမဂ် မဟာဋီကာ သမယန္တရပိုင်း ဂဏ္ဌိနိဿယ နောက်ဆက်တွဲတွင် သာဝိတ္တိဂါထာအကြောင်းကို ဖော်ပြထားလေရာ လွန်စွာ တန်ဖိုးရှိလှလွန်းသည်၊ ယင်းကျမ်းမှာ ရွိုင်ဆိုက် စာမျက်နှာ ၄၈-ရှိလေသည်။

ဝိသုဒ္ဓိမဂ္ဂဋီကာယ-သမယန္တရပဗုဿ ဝေ၊
ဂဏ္ဌိနိဿယံပိ သောကာသိ, မဟာစည်ယတိသေခရော။

---

ဝိသုဒ္ဓိမဂ်မြန်မာပြန် အခြေခံနှင့်တကွ ဝိပဿနာပိုင်း

ဆရာတော်ဘုရားကြီးသည် သာသနာတော်၌ လိုအပ်သည်ဟု ထင်မြင်ယူဆတော် မူသဖြင့် သီလ, သမာဓိ, ပညာပိုင်း အခြေခံများနှင့်တကွ ဒိဋ္ဌိဝိသုဒ္ဓိနိဒ္ဒေသ ဝိသုဒ္ဓိမဂ်ကျမ်း အဆုံးထိ ပြန်ဆိုရေးသား၍ ဝိသုဒ္ဓိမဂ် မြန်မာပြန် အခြေခံနှင့်တကွ ဝိပဿနာပိုင်းကိုလည်း ပြုစီရင်တော်မူခဲ့လေသည်၊ ဆရာတော်သည် ယင်းဝိသုဒ္ဓိမဂ် မြန်မာပြန်အခြေခံနှင့်တကွ ဝိပဿနာပိုင်းကျမ်းတွင် ဝိသုဒ္ဓိမဂ် နိဒါန်းကိုလည်း စာမျက်နှာ ၁၃၀-ရှိအောင် ကျယ်ဝန်းပြည့်စုံစွာ စီရင်တော်မူခဲ့လေသည်၊ ယင်းကျမ်း၌ ဂန္ထာရမ္ဘ သီးခြားမပါပဲ ကျမ်း၏အဆုံးတွင်မူ-

“ပါဠိဘာသာ၌ ကောင်းစွာမကျွမ်းကျင်သော မြန်မာပြည်ဖွား အမျိုးသား အမျိုးသမီးတို့အား ဝိသုဒ္ဓိမဂ်ကျမ်း၌ ပြဆိုထားသော သီလ, သမာဓိ, ပညာအကျင့် ပဋိပတ်နည်းနာနိဿယတို့ကို ပါဠိဘာသာ တတ်ကျွမ်းသူတို့ကဲ့သို့ပင် တိတိကျကျ ပြည့်ပြည့်စုံစုံ အလွယ်တကူ သိနားလည်ကြစေရန် ထက်သန်သော သမ္မာဆန္ဒဖြင့် ရန်ကုန်မြို့ သာသနာ့ရိပ်သာ၌ သီတင်းသုံးလျက်ရှိသော အဂ္ဂမဟာပဏ္ဍိတ မဟာစည် ဆရာတော် အရှင်သောဘနသည် ဤဝိသုဒ္ဓိမဂ် မြန်မာပြန်ကျမ်းကို ၁၃၂၃-ခုနှစ် တပေါင်းလဆန်း ၃-ရက်နေ့မှစ၍ အခွင့်သာသော အချိန်များ၌ တစတစနှင့် ရေးသားစီရင်ခဲ့ရာ ၁၃၂၄-ခုနှစ် ဝါခေါင်လဆန်း ၃-ရက်နေ့တွင် သီလ, သမာဓိ, ပညာပိုင်း အခြေခံများနှင့်တကွ ဒိဋ္ဌိဝိသုဒ္ဓိနိဒ္ဒေသမှ ဝိသုဒ္ဓိမဂ်ကျမ်းအဆုံး နိဂုံးအထိ မြန်မာပြန်ဆို ရေးသားစီရင်၍ အပြီးသတ်သတည်း၊

ဝိသုဒ္ဓိမဂ်မြန်မာပြန်ကျမ်းသည် ဘေးရန်အန္တရာယ်မရှိပဲ ပြီးမြောက်အောင်မြင် သကဲ့သို့ ပဋိပတ်ကို လိုက်စားသော ရဟန်းရှင် လူ အမျိုးသား အမျိုးသမီးအပေါင်း သူတော်ကောင်းတို့သည် ဤဝိသုဒ္ဓိမဂ် မြန်မာပြန်ကျမ်းကို ကြည့်ရှုပြီးလျှင် နည်းလမ်း မှန်အတိုင်း ကျင့်သုံးအားထုတ်ကြ၍ မဂ်ဖိုလ်နိဗ္ဗာန်ကို လျင်မြန်စွာ မျက်မှောက် ပြုနိုင်ကြပါစေကုန်သတည်း” ဟူ၍ စတင်ရေးသား ပြန်ဆိုရာကာလ, ပြီးရာကာလ စသည်တို့ကို ဖော်ပြ၍ နိဂုံးအုပ်တော်မူခဲ့လေသည်။

၎င်းကျမ်းကြီးကို ၁၃၂၄-ခုနှစ်က သာသနာ့ရိပ်သာ ဓမ္မဒေသနာဖြန့်ချီရေး အဖွဲ့က ဣစ္ဆာသယ ပိဋကတ်ပုံနှိပ်တိုက်တွင် ရိုက်နှိပ်၍ ထုတ်ဝေဖြန့်ချီခဲ့ရာ ရွိုက်ဆိုက် စာမျက်နှာ ၄၄၀-ရှိလေသည်၊ နောက်တွင် ဝိသုဒ္ဓိမဂ်မြန်မာပြန် ပထမတွဲ, ဒုတိယတွဲ, တတိယတွဲ စတုတ္ထတွဲကျမ်းများ ပေါ်ထွက်လေသည်။

---

ဝိသုဒ္ဓိမဂ်မြန်မာပြန် ပထမတွဲကျမ်း

ဆရာတော်ဘုရားကြီးသည် ပါဠိဘာသာ မတတ်ကျွမ်းသော ဗုဒ္ဓစာပေလိုက်စား သူများအတွက် ဝိသုဒ္ဓိမဂ် တစ်ကျမ်းလုံးကို မြန်မာပြန်ဆိုသင့်သည်ဟု သဘော ပေါက်တော်မူသဖြင့် ဝိသုဒ္ဓိမဂ်အဋ္ဌကထာအစမှ သေသကသိဏနိဒ္ဒေသ ကုန်သည် အထိ ဝိသုဒ္ဓိမဂ်မြန်မာပြန် ပထမတွဲအဖြစ် ပြုစီရင်တော်မူခဲ့လေသည်၊

ဆရာတော်သည် ကျမ်းဦး၌ -

၁။ ဘုရား, တရား, သံဃာအား, ညွတ်တွားရှိဦးတင်၊
၂။ ထိုခိုက်ဖြစ်လတ်, ရုပ်နာမ်ဓာတ်, ရှုမှတ်သိပြီးလျှင်၊
၃။ ဝိသုဒ်မဂ္ဂါ, မြတ်ကျမ်းစာ, မြန်မာပြန်စီရင်၊
၄။ ကျိုက်ထိုဆရာ, ပြုခဲ့ပါ, မြန်မာဝိသုဒ်ကျမ်း၊
၅။ မြန်စာတတ်က, ကြည့်ခွင့်ရ, ကောင်းစွထိုသည့်ကျမ်း၊
၆။ သို့သော်နိဿယ, အတိုင်းပြ, ဝါကျမဖြောင့်တန်း၊
၇။ နိဿယဆောင်နက်, ရောထွေးယှက်, သိခက်မူရင်းကျမ်း၊
၈။ ပါဠိမတတ်, ယင်းကျမ်းဖတ်, ခက်လတ်အခန်းခန်း၊
၉။ ထိုကျမ်းရှုသူ, အများလူ, ညည်းညူမရွှင်လန်း၊
၁၀။ ထို့ကြောင့် လွယ်စွာ, သိစိမ့်ငှါ, မြန်မာပြန်သစ်ကျမ်း၊
၁၁။ မူရင်းတိကျ, ဋီလည်းပြ, ရှင်းစွမရောပြွမ်း၊
၁၂။ ရေးစီရင်လတ်, လူတိုင်းဖတ်, စိတ်ဓာတ်ကြည်ရွှင်လန်း၊
၁၃။ သဘောဉာဏ်ပေါက်, လမ်းမှန်လျောက်, ဆိုက်ရောက်နိဗ္ဗာန်နန်း။

ဟူသော သံပေါက်ကဗျာ ၁၃-ပုဒ်ဖြင့် ဂန္ထာရမ္ဘပြုတော်မူခဲ့လေသည်။

ယင်းကျမ်းကို ၁၃၃၄-ခုနှစ်တွင် ကမ္ဘာအေး ဗုဒ္ဓသာသနာ ပုံနှိပ်တိုက်တွင် ရိုက်နှိပ်၍ မင်္ဂလာ ဦးအောင်မြင့်က ထုတ်ဝေခဲ့ရာ ဒီမိုင်းဆိုက် စာမျက်နှာ ၅၄၉-ရှိလေသည်၊ နောက်တွင်လည်း အကြိမ်များစွာ ထပ်မံရိုက်နှိပ်သည်ဟု သိရလေသည်။

---

ဝိသုဒ္ဓိမဂ်မြန်မာပြန် ဒုတိယတွဲကျမ်း

ဆရာတော်သည် ဝိသုဒ္ဓိမဂ်မြန်မာပြန် ပထမတွဲပြန်ဆိုစဉ် မျက်စိရောဂါ ခွဲစိတ် ကုသပြီးခါစဖြစ်၍ တပည့် ကမ္မဋ္ဌာနာစရိယ အရှင်ဇနကာဘိဝံသကို တချို့ နေရာပြန်ဆိုစေ၍ ကိုယ်တိုင်တည်းဖြတ်တော်မူသည်၊ ဆရာတော်ဘုရားကြီးသည် အသုဘကမ္မဋ္ဌာန်းနိဒ္ဒေသမှ သမာဓိနိဒ္ဒေသ ကုန်သည်အထိ ဒုတိယတွဲအဖြစ်ဖြင့် ပြန်ဆိုတော်မူခဲ့လေသည်၊ ယင်းဒုတိယတွဲမှာ ဒီမိုင်းဆိုက် စာမျက်နှာ ၆၄၇-ရှိလေသည်။

---

ဝိသုဒ္ဓိမဂ်မြန်မာပြန် တတိယတွဲကျမ်း

ဣဒ္ဓိဝိဓနိဒ္ဒေသမှ ဣနြ္ဒိယသစ္စနိဒ္ဒေသကုန်သည်အထိ တတိယတွဲအဖြစ်ဖြင့် ပြန်ဆို ရေးသားတော် မူခဲ့လေရာ ၁၃၃၆-ခုနှစ်တွင် စာအုပ်အဖြစ်သို့ ရောက်ခဲ့လေသည်၊ ဆရာတော်ဘုရားကြီးသည် ယင်းဝိသုဒ္ဓိမဂ် မြန်မာပြန် တတိယတွဲ၏ အဆုံး၌ သာသနာပြုပုံ, ကျမ်းပြီးရာကာလ, တောင့်တချက်စသည်တို့ကို အောက်ပါ သံပေါက် ၁၆-ပုဒ်ဖြင့် သမိုင်းကြောင်း ပြည့်စုံစွာ ဖော်ပြ၍ နိဂုံးအုပ်တော်မူခဲ့လေသည်။

၁။ မဟာစည်ခေါ်, ဆရာတော်, ထွန်းပေါ်ထင်ရှားသည်၊
၂။ သတိပဋ္ဌာန်, ကျင့်လမ်းမှန်, ထုတ်ပြန်ဟောကြားသည်၊
၃။ ကျမ်းပေါင်းများစွာ, စီရင်ကာ, သာသနာပြုနေသည်၊
၄။ ဆဋ္ဌသံဂါ, တင်စဉ်မှာ, ဩသာဝန်ဆောင်သည်၊
၅။ ပါဠိမေးကာ, ဋ္ဌကထာ, ဋီကာစိစစ်သည်၊
၆။ အရှင်သောဘန, ပဏ္ဍိတ, အဂ္ဂမဟာထေရ်
၇။ ဝိသုဒ်မြန်မာ, ကျမ်းရွှေစာ, ချောစွာရေးခဲ့သည်၊
၈။ တထောင့်သုံးရာ, သုံးခြောက်မှာ, ပဝါကွယ်တိထီ၊
၉။ ဘေးရန်ကင်းကွာ, ဤကျမ်းစာ, ကောင်းစွာပြီးမြောက်သည်၊
၁၀။ ထိုနည်းတူစွာ, များသတ္တာ, ဘေးကွာရန်ကင်းကြပါစေ၊
၁၁။ အပြစ်ကင်းပ, ကြံသမျှ, ပြည့်ဝအောင်မြင်ကြပါစေ၊
၁၂။ မေတ္တာကရုဏာ, မုဒိတာ, ပွားကာချမ်းသာကြပါစေ၊
၁၃။ ထူးသူတွေမှာ, ဤကျမ်းစာ, ဖတ်ကာနားလည်ကြပါစေ၊
၁၄။ နားလည်ပြီးပြန်, ကျင့်လမ်းမှန်, ကျင့်ကြံပေါက်ရောက်ကြပါစေ၊
၁၅။ မဂ်ဖိုလ်နိဗ္ဗာန်, ချမ်းသာမှန်, အမြန်သိမြင်ကြပါစေ၊
၁၆။ သို့ဖြင့်မြတ်စွာ, သာသနာ, ရောင်ဝါနေသို့ ထွန်းစေသော်၊

ယင်း ဝိသုဒ္ဓိမဂ်မြန်မာပြန်မှာ ဒုတိယအကြိမ် ပြန်လည်ရိုက်နှိပ်သောအခါ ပထမဆုံး ပြန်ဆိုခဲ့သော ဝိသုဒ္ဓိမဂ်မြန်မာပြန် ဝိပဿနာပိုင်းသည် စတုတ္ထတွဲဖြစ်လာ၍ ယင်း စတုတ္ထတွဲ ၏ အဆုံး၌ထားရှိ ရိုက်နှိပ်ခဲ့လေသည်၊ ယင်းစတုတ္ထတွဲမှာ ရွိုင်ဆိုက် စာမျက်နှာ ၅၄၄-မျက်နှာ ရှိလေသည်။

---

ဝိသုဒ္ဓိမဂ်နိဒါနကထာ

သက္ကရာဇ် ၁၃၁၉-ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၄-ရက်နေ့တွင် အဘိဓဇမဟာရဋ္ဌဂုရု မစိုးရိမ်ဆရာတော် ဘုရားကြီး အရှင်သူရိယာဘိဝံသနှင့်တကွ အဖွဲ့ဝင် ၁၃-ပါးတို့ ကြွရောက်ပါဝင်သော ဆဋ္ဌသင်္ဂါယနာဝန်ဆောင် အစည်းအဝေးမှ တာဝန်ပေးအပ်ချက်အရ မဟာစည်ဆရာတော်ဘုရားကြီးသည် ဝိသုဒ္ဓိမဂ်နိဒါန ကထာကိုလည်း အဋ္ဌကထာကျမ်းဂန်များ, မဟာဝံသ, ဒီပဝံသစသော ကျမ်းဂန်မျ ားနှင့် အခြားဂန္ထန္တရအဝဝတို့ကို လေ့လာကြည့်ရှု ပြုစီရင်တော်မူခဲ့လေသည်၊ ဆရာတော် တောင်းပန်သဖြင့် သပြေကန်ဆရာတော် အရှင်ဝါသေဋ္ဌာဘိဝံသက သင်္ဂဟဂါထာ ၃၄-ဂါထာတို့ကိုလည်း ယင်းနိဒါနကထာ၌ ထည့်သွင်းဖော်ပြ ခဲ့လေသည်။

ဝိသုဒ္ဓိမဂ် နိဒါနကထာကို “ဝိသုဒ္ဓိမဂ္ဂေါ အယံ ဂန္ထော ပိဋကတ္တယ သာရဘူတော သကလလောကေ ပဋိပတ္တိဒီပက ဂန္ထာနံ အဂ္ဂေါ ဟောတိ သေဋ္ဌော ပမုခေါ ပါမောက္ခော ဥတ္တမော ပဝရောစာတိ ဝိညူဟိ ပသတ္ထော” အစချီ၍ ပြုစီရင်တော် မူခဲ့လေသည်၊

ယင်းဝိသုဒ္ဓိမဂ္ဂ နိဒါနကထာ၏ အဆုံး၌ “ဆဋ္ဌသင်္ဂီတိဘာရနိတ္ထာရက သံဃသမိတိယာ ပကာသိတာယံ ဝိသုဒ္ဓိမဂ္ဂနိဒါနကထာ နိဋ္ဌိတာ” ဟု ဖော်ပြ ပါရှိလေသည်၊ ကျမ်းပြီး နှစ်ကို ၂၅၀၃-ဗုဒ္ဓဝဿေ၊ ၁၉၆၀-ခရိသ္တဝဿေ-ဟု ဖော်ပြထားသည်၊ ၎င်းကျမ်းသည် ရွိုင်ဆိုက်စာမျက်နှာ ၇၃-ရှိလေသည်။

---

အရိယာဝါသတရားတော်

အင်္ဂုတ္တရနိကာယ် ဒသကနိပါတ် စာမျက်နှာ ၂၇၉-၂၈၀-၂၈၁-၂၈၂-တို့၌ ပထမ အရိယာဝါသသုတ်နှင့် ဒုတိယအရိယာဝါသသုတ် နှစ်သုတ်လာရှိရာ ဤကျမ်းမှာ ဒုတိယအရိယာဝါသ သုတ်ဖြစ်လေသည်၊ ဆရာတော် ဘုရားကြီးသည် ၁၃၂၄-ခုနှစ် တန်ဆောင်မုန်းလဆန်း ၉-ရက်, ၁၀-ရက်နေ့ ညများတွင် သန်လျင်မြို့ သာသနဓဇဓမ္မာစရိယ အဂ္ဂမဟာအကျော် အရှင်ဝဏ္ဏသိရီ၏ မင်းကျောင်း ပထမပြန် စာသင်တိုက်၌ ဤအရိယာဝါသ တရားတော်ကြီးကို ဟောကြားတော်မူရာ တရားသူကြီး ဦးသိန်းဟန်သည် အသံဖမ်းယူခဲ့လေသည်၊

ဆရာတော်သည် ဤအရိယာဝါသသုတ်တရားတော်ကို ရွှေဘိုမြို့ ဆိပ်ခွန်ရွာ, ရန်ကုန်မြို့ ကမ္ဘာအေး မဟာဂန္ဓာရုံတိုက် သိမ်ကျောင်း ရေစက်ချပွဲ, ငါးသိုင်းချောင်းမြို့ မဟာစည်ရိပ်သာ သိမ်သမုတ်ပွဲ, ရန်ကုန်မြို့ ဘုရားလမ်း ကျားကူးဓမ္မာရုံ မန္တလေးမြို့ ဝင်းလိုက် ရုပ်ရှင်ရုံပိုင်ရှင် ဦးစိန်ဝင်း -ဒေါ်ယဉ်ယဉ်တို့၏ အိမ်ရှေ့တရားပွဲတို့၌လည်း ဟောကြားတော်မူသည့်ပြင် အိမ်မဲမြို့, ပျဉ်းမနားမြို့, ဗန်းမော်မြို့, မိုးတားမြို့, ရွှေဘို, ကျောက်မြောင်း, မင်းလှမြို့စသော မြို့များ၌လည်း ဟောကြားတော်မူခဲ့လေသည်၊

ယင်းတရားတော်ကြီးကို တိတ်ရီကော်တာမှ ကူးယူ၍ ဝဏ္ဏကျော်ထင် ဆရာဝန်ကြီး ဦးမြင့်ဆွေက ၁၃၂၅-ခုနှစ် လောက်တွင် ဓမ္မဒါနပြု ရိုက်နှိပ်ထုတ်ဝေခဲ့လေသည်၊ နောက်တွင် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့က အကြိမ်ကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ရာ ကရောင်း ၁၆-ချိုးဆိုက်ဖြင့် ၂၈၆-မျက်နှာ ရှိလေသည်။

---

မဟာစည်ဝတ်ရွတ်စဉ်

ဆရာတော်ဘုရားကြီးသည် ပင်မမိခင် ရန်ကုန် မဟာစည်သာသနာ့ရိပ်သာ၌ သီတင်းသုံးတော်မူကြသော ရဟန်း ရှင်သာမဏေများနှင့် ကမ္ဘာ့နိုင်ငံ အနှံ့အပြားရှိ ရဟန်းသာမဏေ ယောဂီများ ညစဉ်ရွတ်ဖတ်ပွားများရန် မဟာစည်ဝတ်ရွတ်စဉ် (မဟာစည် သာသနာ့ရိပ်သာဝတ်ရွတ်စဉ်) ကိုလည်း ပြုစီရင်တော်မူခဲ့လေသည်၊

ယင်းမဟာစည် သာသနာ့ရိပ်သာ ဝတ်ရွတ်စဉ်ကျမ်း၌ မဟာစည် ဩကာသ, မေတ္တာပို့, ဒွတ္တိံ သကာရပါဠိ, အဘိဏှသုတ်, ပဗ္ဗဇိတအဘိဏှသုတ်, ဥပသမ္ပဒ-ကမ္မဝါစာ, အနန္တရာယိကကမ္မဝါစာ, အနေကဇာတင်ပါဠိ, ပဋ္ဌာန ပစ္စယုဒ္ဒေသပါဠိ, ဓမ္မစက္ကပဝတ္တနသုတ်, အနတ္တလက္ခဏသုတ်, အာဒိတ္တပရိယာယသုတ်, ဂုဏ်တော် ၉-ပါး ဘုရားရှိခိုး, ဂုဏ်တော် ၆-ပါး တရားရှိခိုး, ဂုဏ်တော် ၉-ပါး သံဃာတော်ရှိခိုး, ဉာဏ်စဉ် ၁၆-ပါးဘုရားရှိခိုး, ပဋိပတ္တိပူဇနာကာရဘုရားရှိခိုး, ဓမ္မုဒ္ဒေသ ၄-ပါး ဆောင်ပုဒ်, ပရိတ္တပါဠိ, မဟာသတိပဋ္ဌာနသုတ်, ဘိက္ခုပါတိမောက် ပါဠိတော်တို့ ပါရှိလေသည်၊

ယင်းမဟာစည်ဝတ်ရွတ်စဉ်ကိုလည်း အကြိမ်ကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ရာ ကရောင်း ၁၆-ချိုးဆိုက်ဖြင့် စာမျက်နှာ ၁၆၈-ရှိလေသည်။

---

တေစတ္တာလီသတိမပိုင်း

ရက်လည်ဆွမ်း အနုမောဒနာကထာ

သက္ကရာဇ် ၁၃၂၂-ခုနှစ် သီတင်းကျွတ်လဆန်း ၂-ရက်နေ့တွင် ရန်ကုန်မြို့ ကျောက်မြောင်းရပ်၌ လှဝိဇ္ဇာ ဇာဘော်လီ ကုမ္ပဏီ ဦးကြည် ဒေါ်ကြွေတို့၏ မိခင်ကြီး ဒေါ်သဲ ကွယ်လွန်ခဲ့ ၏၊ မိခင်ကြီးဒေါ်သဲ ကွယ်လွန်၍ ၇-ရက်မြောက်ဖြစ်သော ၁၃၂၂-ခုနှစ် သီတင်းကျွတ်လဆန်း ၈-ရက်နေ့တွင် ဦးကြည် -ဒေါ်ကြွေတို့သည် မဟာစည် ဆရာတော်ဘုရားကြီးကို ပင့်၍ ဆွမ်းဘောဇဉ်ခဲဖွယ်စသည် လှူဒါန်း၍ ရက်လည်ဆွမ်း သွတ်ကြသည်၊ ဆရာတော် ဘုရားကြီးသည် ရက်လည်ဆွမ်း အနုမောဒနာတရား အမည်ရှိသော အောက်ပါတရားဒေသနာကို ဟောပြတော်မူခဲ့လေသည်။

ယခု ကွယ်လွန်သွားတဲ့ ဒကာမကြီး ဒေါ်သဲက ရှစ်ဆယ်နှင့် ငါးနှစ်လား, ခြောက်နှစ်လား, (ရှစ်ဆယ့်ခြောက်နှစ်ပါဘုရား)၊ ၈၆-နှစ်ဆိုတော့ ယခုကာလ အသက် တမ်းက ကျော်တောင် ကျော်နေပါပြီ။

အပ္ပံ ဝတ ဇီဝိတံ ဣဒံ, ဩရံ ဝဿသတာပိ မိယတိ၊
ယော စေပိ အတိစ္စ ဇီဝတိ, အထ သော ဇရသာပိ မီယတိ။

ဣဒံ ဇီဝိတံ - ယခုကာလ၌ လူတို့၏ အသက်ရှင်ရခြင်းသည်၊
အပ္ပံဝတ - နည်းလှ တိုးတောင်းလှလေစွတကား။

မြတ်စွာဘုရား လက်ထက်တော် အခါကာလတုန်းက လူတို့ ၏ အသက်တမ်းဟာ တရာတမ်းရှိတယ်၊ အဲဒီတုန်းက အသက် တစ်ရာကျော်နေရတဲ့ ပုဂ္ဂိုလ်တွေရှိတယ်၊ အသက်တရာ့နှစ်ဆယ်နေရတဲ့ ပုဂ္ဂိုလ်တွေ ကျမ်းဂန်များအရ တော်တော် များများ ထင်ရှားတွေ့ရတယ်၊ အသက်တရာတိုင်အောင် မနေရတဲ့သူတွေလဲ ရှိတာပဲ၊ သို့သော် အများစံချိန်အရ အသက်တမ်း အမှန်ကတော့ တရာတမ်းပေါ့၊ အဲဒီ အသက် တရာတမ်းကို ရည်ပြီးတော့ အသက်တမ်း တိုတယ်လို့ မြတ်စွာဘုရားက ဟောကြားတော်မူထားတဲ့ တရားတော်ပဲ။

ဣဒံဇီဝိတံ - ယခုကာလ လူတို့၏ အသက်ရှင်ရခြင်းသည်၊
အပ္ပံဝတ - နည်းလှ တိုတောင်းလှလေစွ တကား၊
ဩရံဝဿသတာပိ - အနှစ်တရာအတွင်း ဤမှာဘက်၌သော်လည်း၊
ဝါ - အနှစ်တရာ မပြည့်မီသော်လည်း၊
မီယတိ - သေဆုံးပျက်စီးရချေသေး၏။

အသက်တမ်းက တရာတမ်းရှိပေမယ်လို့ အသက်တရာ ပြည့်အောင်လဲ နေချင်မှ နေရတယ်၊ အသက်တရာ မပြည့်သေးမီ အတွင်းမှာလဲ သေဆုံး ပျက်စီးသွားကြ ရတာတွေလဲ ရှိတာပဲတဲ့။

ယော စေပိ အတိစ္စ ဇီဝတိ, အထ သော ဇရသာပိ မီယတိ။

ယော - အကြင်ပုဂ္ဂိုလ်သည်၊
ယော - ကံထူးချွန်၍ ထူးထူးခြားခြား အသက်ရှည်သော တစုံတယောက်သော ပုဂ္ဂိုလ်သည်၊
အတိစ္စ - အနှစ်တရာ အသက်တမ်းကို ကျော်လွန်၍၊
စေပိ ဇီဝတိ - အကယ်၍ ထူးထူးခြားခြား အသက်ရှည်စေကာမူ-

အချို့ပုဂ္ဂိုလ်တွေက အသက်ရှည်ကြောင်းဖြစ်တဲ့ ကုသိုလ်ကံတွေကို ရှေးရှေးဘဝက ဆည်းပူးခဲ့လို့ ကံကောင်းတဲ့အတွက် ပဋိသန္ဓေ ကတည်းက အသက်ရှည်ဖို့ရာ ထူးခြားတဲ့ ရုပ်တွေနဲ့ ပြည့်စုံလာခဲ့တယ်၊ ဒါကြောင့် အသက် တရာတမ်းကို ကျော်လွန်ပြီး အသက်ရှည်နေတဲ့သူလဲ ရှိပါသေးတယ်တဲ့၊ တဦးတလေ အနည်းငယ် ပေါ့၊ အဲဒီလို အသက်တရာတမ်းကို ကျော်လွန်ပြီးတော့ အသက်ရှည်နေတဲ့ ပုဂ္ဂိုလ်လဲပဲ အမြဲတမ်းတော့ တည်မနေနိုင်ရပါဘူးတဲ့။

အတိစ္စ - အသက်တရာတမ်းကိုကျော်လွန်၍၊
စေပိ ဇီဝတိ - အကယ်၍ ထူးထူးခြားခြား အသက်ရှည်စေကာမူ၊
အထ - ထိုသို့ အသက်တမ်းကို ကျော်လွန်နေသောအခါ၊
ဇရသာပိ - အိုမင်းခြင်းကြောင့်လည်း၊
သော - ထိုပုဂ္ဂိုလ်သည်၊
မီယတိ -သေကြေပျက်စီးရချေ၏။

အသက်တရာတမ်းကို ကျော်လွန်ပြီး အသက်ရှည်နေပေမယ့် ဇရာဆိုတဲ့ အိုမင်းခြင်း သဘောက နှိပ်စက်တဲ့အတွက် လူ့ခန္ဓာကိုယ် အတ္တတောကြီးဟာ အမြဲတော့ တည်တံ့ပြီး မနေနိုင်ဘူးတဲ့၊ နောက်ဆုံးကျတော့ အိုလို့လဲ သေရပြန်တာပဲတဲ့၊ အဲဒါဟာ လူတွေတွင်သာ မဟုတ်ဘူး တလောကလုံး သူအသက်တမ်းနှင့်သူ ဒီလိုချည်းပါပဲ။

ပိုးမွှားတိရစ္ဆာန် ကလေးတွေ ထဲမှာဆိုယင် ရက်ပိုင်း လပိုင်းလောက် အသက်ရှည်တဲ့ သတ္တဝါကလေးတွေ၊ တနှစ်, နှစ်နှစ်လောက်သာ အသက်ရှည်တဲ့ သတ္တဝါ ကလေးတွေ စသည်ဖြင့် အမျိုးမျိုးရှိကြတယ်၊ ဒီသတ္တဝါ ကလေးတွေ မှာ အသက် ရှည်ဖို့ရာ ရုပ်က ပဋိသန္ဓေကတည်းက ပြီးစီးလာခဲ့တယ်၊ ဒါကြောင့် သူတို့၏ အသက်တမ်း စေ့သွားတဲ့အခါမှာ သူတို့ ၏ ရုပ်တွေဟာ အိုမင်းပြီး ချွတ်ယွင်း ကုန်တာပဲ၊ ရက်ပိုင်းလောက် အသက်ရှည်မည့် သတ္တဝါတွေဟာ သူတို့ ၏ရက်ပိုင်း စေ့တဲ့အခါ အိုမင်းချွတ်ယွင်းကုန်တယ်၊ လပိုင်းလောက် အသက်ရှည်မည့် သတ္တဝါ တွေလဲ သူတို့ ၏ လပိုင်းစေ့တဲ့အခါ အိုမင်းချွတ်ယွင်းကုန်တယ်၊ တနှစ် နှစ်နှစ် စေ့တဲ့အခါ အိုမင်း ချွတ်ယွင်းကုန်တာပဲ။

ထို့အတူ လူတွေမှာလဲ အသက်တရာတမ်းမှာဆိုယင် အသက်ရှစ်ဆယ် ကိုးဆယ် လောက်ကစပြီး သိသိသာသာ အိုမင်းလာတယ်၊ အနှစ်တရာက ကျော်လာယင်တော့ ရုပ်တွေက သာပြီးအိုမင်းဆွေးမြည့် ကုန်တာပေါ့၊ ဒါကြောင့် အဲဒီလို အိုမင်း ဆွေးမြည့်လို့လဲ သေကြေပျက်စီးရပြန်တယ်တဲ့၊ အနှစ်နှစ်ရာထိအောင်တော့ အသက် မရှည်နိုင်ဘူးလို့ ဆိုလိုပါတယ်၊

မြတ်စွာဘုရား လက်ထက်တော်တုန်းက ထူးထူးခြားခြား အသက်ရှည်ကြတာ တွေဟာ အနှစ်တရာ့နှစ်ဆယ် (၁၂၀) လဲ ရှိတယ်၊ အနှစ်တရာ့လေးဆယ် (၁၄၀) လဲရှိတယ်၊ အရှည်ဆုံးကတော့ အနှစ်တရာ့ခြောက်ဆယ် (၁၆၀) အထိ ထင်ရှား ပါတယ်၊ ဒါထက် ပိုပြီး အသက်ရှည်တာကတော့ ပိဋကတ်ကျမ်းဂန်များအရ မထင်ရှားတော့ဘူး၊

ဒါကြောင့် အနှစ်နှစ်ရာ (၂၀ဝ) ထိအောင်တော့ အသက်မရှည်နိုင်ဘူးလို့ မှတ်ရတယ်၊ အဲဒီလို အနှစ်တရာ တရာကျော်လောက် သာ အသက်ရှည်နိုင်တာကို ရည်ပြီးတော့ မြတ်စွာဘုရားက လူတို့၏အသက်ဟာ အင်မတန် တိုတောင်းတယ်လို့ သတိသံဝေဂ ရကြဖို့ရာ ဟောကြားတော်မူပါတယ်။

အသက် ၇၅-နှစ်တမ်း

အဲဒီ အသက်တရာတမ်း ရှိတဲ့လူတွေဟာ အသက်တရာ အနီးအပါး မရောက် သေးခင်ကတော့ အသက် ရှည်ပြီး နေဖို့ရာတွေ အများကြီးပဲလို့ အောက်မေ့ နေကြတယ်၊ အသက်တရာပြည့်သွားတဲ့အခါမှာ ပြန်ပြီးစဉ်းစား လိုက်ယင်တော့ အဲဒီ အနှစ်တစ်ရာကို ဘာမျှမကြာဘူး၊ တိုတိုကလေးပဲလို့သာ ထင်ကြရတယ်၊ ယခု ကာလမှာတော့ အသက်တရာတမ်းလဲ မရှိတော့ဘူး၊

အများပြောရိုးအတိုင်းဆိုယင် အသက်တမ်းက အနှစ်တရာ တရာမှာ တနှစ် တနှစ် လျော့သွား လျော့သွားတယ်လို့ ဆိုကြတယ်၊ အဲဒီအဆိုအရ တွက်ကြည့်မယ်ဆိုယင် မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးတဲ့နောက်မှာ နှစ်ပေါင်း နှစ်ထောင့်ငါးရာ (၂၅၀ဝ) ရှိလာပြီ
ဒါကြောင့် ၂၅-နှစ်လျော့ရမှာပေါ့၊ အနှစ်တရာ (၁၀ဝ)ထဲက ၂၅-နှစ် လျှော့လိုက်ယင် ၇၅-နှစ်သာကျန်တယ်၊

ဒီတော့ ယခုလူတို့၏ အသက်တမ်းဟာ ၇၅-နှစ်လောက်သာ ရှိတယ်လို့ဆိုရမှာပေါ့၊ ယခုလက်ရှိ သက်တမ်းအရဆိုယင် အဲဒီတွက်နည်းဟာ ဟုတ်ပုံပေါ်နေတယ်၊ ယခုလူတွေ၏ အသက်တမ်းကို ၇၅-နှစ်တမ်းဆိုပေမယ်လို့ ၇၅-နှစ်ထက် ပိုပြီး အသက်ရှည်တဲ့ သူတွေလဲ နည်းနည်းပါးပါးတော့ ရှိနေသေးတာပါပဲ၊

အဲဒီလူတွေကတော့ မြတ်စွာဘုရားလက်ထက်တော်က အ သက် (၁၂၀) (၁၄၀) (၁၆၀) အသက်ရှည်နေကြတဲ့ ပုဂ္ဂိုလ်ထူးမျိုးတွေ ကံထူးချွန်တဲ့ ပုဂ္ဂိုလ်တွေပေါ့၊ အများအားဖြင့် ဆိုယင်တော့ ယခုနေအခါမှာ အသက် ၇၅-နှစ်ထိအောင် နေရတဲ့ ပုဂ္ဂိုလ်ကိုက ခပ်ရှားရှားပဲ။

ခုနကပြောခဲ့တဲ့ “အနှစ်တရာမှာ တနှစ်လျော့တယ်”ဆိုတဲ့ စကားကတော့ စာပေကျမ်းဂန်နဲ့ ခိုင်ခိုင်မာမာ စကားတော့ မဟုတ်ပါဘူး၊ ဒီလိုအစဉ်အဆက် ပြောလာကြတဲ့ ပြောရိုးဆိုစဉ်မျှပါပဲ၊ ဒါပေမယ့် ယခုလူတွေ၏ ယေဘုယျ အသက်တမ်းနှင့် နှိုင်းချိန်ကြည့်ယင်တော့ အသင့်ယုတ္တိရှိနေပါတယ်၊

ဒါကြောင့် ယခုထည့်သွင်းပြောရတာပဲ၊ ယခု ကွယ်လွန်သွားတဲ့ ဒကာမကြီး ဒေါ်သဲဟာ အသက်ရှစ်ဆယ်နှင့် ခြောက်နှစ်ဆိုတော့ ယခုကာလ အာယု သက်တမ်းက ကျော်နေပါပြီ၊ ဒါကြောင့် ခုနကပြောခဲ့တဲ့အတိုင်း အထူးကံကောင်းတဲ့ ပုဂ္ဂိုလ် ကံထူးချွန်တဲ့ ပုဂ္ဂိုလ်လို့ ဆိုရမှာပေါ့၊

ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ” စသည်ဖြင့် ဆောက်တည် ကျင့်သုံးရတဲ့ သီလမျိုးပေါ့လေ၊ သူတပါးကို ညှဉ်းဆဲသတ်ဖြတ်ခြင်း အစရှိတဲ့ အဲဒီလို မကောင်းမှုမျိုးတွေကို ကြဉ်ရှောင်ပြီးတော့ အသက်ရှည်ကြောင်းဖြစ်တဲ့ ကောင်းမှု တွေကို ဆည်းပူးစုဆောင်းပြီးလာခဲ့လို့ ယခုလို သက်တမ်းကို ကျော်လွန်ပြီးတော့ အသက်ရှည်သွားတာပဲ၊

အဲဒီလို အသက်ရှည်ကြောင်း ကောင်းမှုကုသိုလ်ကံ၏ အစွမ်းအာနုဘော်ကြောင့် အသက်တမ်းကို ကျော်လွန်ပြီးတော့ ထူးထူးချွန်ချွန် အသက်ရှည်နေရပေမယ်လို့ အမြဲတမ်းတော့လဲ အသက်မရှည်နိုင်ဘူး၊ ကိုယ်တွင်းရုပ်တွေက အိုမင်းဆွေးမြည့် ကုန်တဲ့ အတွက် နောက်ဆုံးကျတော့ သေဆုံးပျက်စီး သွားရပြန်တာပဲ၊ ဒါကြောင့် -

ယော - ကံထူးချွန်၍ ထူးထူးခြားခြား အသက်ရှည်သော အကြင် တစုံ တယောက်သော ပုဂ္ဂိုလ်သည်၊
အတိစ္စ - အသက်တမ်းကို ကျော်လွန်၍၊
စေပိဇီဝတိ - အကယ်၍ ထူးထူးခြားခြား အသက်ရှင်နေစေကာမူ၊
အထ - ထိုသို့ အသက်တမ်းကို ကျော်လွန်နေသောအခါ၌၊
ဇရသာပိ - အိုမင်းဆွေးမြည့်ခြင်းကြောင့်လည်း၊
သော - ထို ပုဂ္ဂိုလ်သည်၊
မီယတိ - ကိုယ်နှင့်အသက်မြဲလျက် မနေသေရချေသေး၏-တဲ့။

ခန္ဓာအိမ်ဟာ အိုမင်းဆွေးမြည့်လာတော့ ပျက်စီးရတော့တာပဲ၊ မပျက်စီးပဲ တည်မြဲ တည်နေနိုင်တာရယ်လို့တော့ ဘယ်မှာမျှ မရှိဘူး၊ အဲဒီလို ခန္ဓာအိမ်ကြီးက အိုမင်း ဆွေးမြည့်ပြီး ပျက်စီးလာတော့ အဲဒီခန္ဓာအိမ်မှာ မှီပြီးဖြစ်နေတဲ့ အသက်လို့ ခေါ်ရတဲ့ ရုပ်ရောနာမ်ပါ အဲဒါတွေကလဲ ဆက်လက်ပြီး မဖြစ်နိုင်တော့ဘူး၊ တည်ရာဌာန ခန္ဓာအိမ်ကိုက မကောင်းတော့ပဲဟာကိုး၊ အသက်ရုပ်နာမ်တွေကလဲ ဘယ်မှာ ဆက်လက်ပြီးဖြစ်နိုင်တော့မှာလဲ၊ အဲဒီ အသက်ရုပ်နာမ်တွေ ပျက်စီးသွားတော့ သေတယ် လို့ ခေါ်ရတော့တာပါပဲ။

သတ္တဝါတို့၏ သန္တာန်မှာ ပဋိသန္ဓေကတည်းက ကံကြောင့် ဖြစ်လာတဲ့ ကမ္မဇရုပ် ဆိုတာ ရှိတယ်၊ အဲဒီရုပ်က ပဋိသန္ဓေကတည်းက ရှေးဦးစွာ စပြီး ဖြစ်လာတယ်၊ ပြီးတော့ အဲဒီကမ္မဇရုပ်တွေကို မှီပြီးတော့ ဥတုကြောင့်ဖြစ်တဲ့ ဥတုဇရုပ်တွေကလဲ ဖြစ်လာကြတယ်၊ ပြီးတော့ စိတ်ကြောင့်ဖြစ်တဲ့ စိတ္တဇရုပ်တွေကလဲ ဖြစ်လာကြတယ်၊ နောက်ကာလကြာတော့ စားသောက်တဲ့ အစာအာဟာရကို မှီပြီးတော့ အာဟာရကြောင့်ဖြစ်တဲ့ အာဟာရဇရုပ်တွေလဲ ဖြစ်ပေါ်လာကြတယ်၊ ဒီရုပ်တွေဟာ သတ္တဝါတို့ ၏ သန္တာန်မှာ မပြတ်ဖြစ်နေကြတယ်၊ ဒီရုပ်တွေထဲမှာ ကံကြောင့်ဖြစ်တဲ့ ကမ္မဇရုပ် ဆိုတာကတော့ အပြဋ္ဌာန်းဆုံး အရင်းခံ အကျဆုံးပဲ။

အသက်ရှည်ဖို့ မျိုးစေ့ရုပ်

ရှေးကုသိုလ်ကံက အကျိုးပေးလိုက်တော့ ကံကြောင့်ဖြစ်တဲ့ အဲဒီရုပ်ဟာ လူ့ဘဝမှာ အသက်ရှည်အောင်, အဆင်းလှအောင်, အနာကင်းအောင်, ကျန်းမာအောင်, ခွန်အားဗလနှင့် ပြည့်စုံရအောင်, အစစအရာရာ ကောင်းတဲ့အခြေအနေနဲ့ ပြည့်စုံ ရအောင် ပဋိသန္ဓေကတည်းက မျိုးစေ့ကလေးအနေနဲ့ သူက ပါလာတယ်၊

အနာရောဂါလဲ ကင်းရှင်းရတယ်၊ ခွန်အားဗလလဲ ကြီးမားရတယ်၊ အဲဒါတွေဟာ ကံရဲ့အစွမ်းကြောင့် ဖြစ်လာတာတွေပဲ၊ ဒါပေမယ့် အခြားအထောက်အပံ့တွေကလဲ ရှိပေသေးတယ်၊ အစာအဟာရ မစားလောက်ပဲနေယင်လဲ သူဟာ အသက် မရှည် နိုင်ဘူး၊ ဒါကြောင့် စားသောက်တဲ့ အစာအဟာရ အထောက်အပံ့ဆိုတာလဲ ရှိရပါတယ်၊ ဘေးအန္တရာယ်တို့ ရှောင်တန်ရှောင် တိမ်းတန်တိမ်းလို့ ဒီလိုလဲ စောင့်ရှောက်ရပါတယ်၊ ဥတုအနေအထိုင်များနဲ့လဲ သင့်လျော်အောင် ကြည့်ပြီး ပြုပြင် စောင့်ရှောက်ရပါတယ်။

ဒါပေမယ့် ပဋိသန္ဓေကတည်းက ကံကြောင့်ဖြစ်လာခဲ့တဲ့ ကမ္မဇရုပ်ကတော့ ပြဋ္ဌာန်းပါတယ်၊ ပစ်လိုက်တဲ့ ခဲများဟာ ပစ်တဲ့သူရဲ့လက်က သန်စွမ်းသလောက်သာ ပြေးသွားပါတယ်၊ ခဲပစ်အလေ့အကျင့် မရှိတဲ့သူ ခဲပစ်ယင် သိပ်ပြီး ဝေးဝေး မပြေးဘူး၊ ယောက်ျားတွေနဲ့ မိန်းမတွေ ခဲပစ်တာချင်း မတူဘူး၊ မိန်းမတွေ ခဲပစ်ယင် သိပ်မပြေးဘူး၊ လက်က လေ့ကျင့်သား မရပဲဟာကိုး၊ ပစ်နေကျ မဟုတ်လေတော့ သိပ်မပြေးဘူးပေါ့၊ ခဲပစ်နေကျ ယောက်ျားများ ပစ်လိုက်ယင် ခဲဟာ အများကြီး ပြေးတယ်၊

အဲဒါလိုပါပဲ၊ ကံစွမ်းက အားနည်းနည်းဆိုတော့ ရုပ်ကလဲ အားနည်းနည်းဖြစ်တယ်၊ ကြာရှည်မဖြစ်နိုင်ဘူး၊ ကံစွမ်းက အားကောင်းကောင်းဆိုယင်တော့ ရုပ်ကလဲ အားကောင်းကောင်း ကြာရှည်စွာ ဖြစ်နိုင်တယ်၊ ဒါပေမယ့် ပစ်လိုက်တဲ့ခဲဟာ လမ်းမှာ နံရံတို့, သစ်ပင်တို့ တိုက်မိယင်တော့ ဝေးဝေးမပြေးနိုင်တော့ဘူး၊ ကျသွားတော့တာပဲ၊ အဲဒါလိုပါပဲ၊ အကြောင်း မညီညွတ်ယင်တော့ ဆန့်ကျင်ဘက်အကြောင်းတွေနဲ့ တွေ့ပြီးတော့ ကံက အကျိုးပေးသလောက် မတည်ပဲ ပျက်စီးသွားတာလဲ ရှိတတ်ပါတယ်။

ဒါကြောင့်မို့ အစာအာဟာရနဲ့လဲ သင့်လျော်အောင် စောင့်ရှောက်ကြရတယ်၊ ဥတုနဲ့ အနေအထိုင် အသွားအလာနဲ့လဲ သင့်လျော်အောင် စောင့်ရှောက်ကြရတယ်၊ ဘေးရန် အန္တရာယ်တွေနဲ့လဲ မတွေ့ရအောင် စောင့်ရှောက်ကြရတယ်၊ ယခု လူတွေ ဆေးဝါးကုသပြီး စောင့်ရှောက်ရတယ် ဆိုတာလဲ အဲဒါတွေအတွက်ပါပဲ၊

ကုသိုလ်ကံက အကျိုးပေးထားပေမယ်လို့ ကြားထဲမှာ ပျက်စီးစေနိုင်တဲ့ အကြောင်း တရားတွေကလဲ ပေါ်လာတတ်သေးတယ်၊ အဲဒီလို အကြောင်းတရားတွေကို ဖယ်ရှားနိုင်အောင်လို့ ဒီလို အဘက်ဘက်က စောင့်ရှောက်ပေးနေကြရတာပဲ။

ဒါပေမယ့် အသက်တမ်းကပြည့်ပြီး ကျော်လွန်လာပြီဆိုမှဖြင့် ဘယ်လိုပဲ စောင့်ရှောက်ပေမယ့် လူတွေဟာ ဇရာဆိုတဲ့ အိုခြင်းတရားကိုတော့ မကျော် လွန်နိုင်ဘူး၊ ပြီးတော့ မကျန်းမမာ ဖျားနာခြင်းဆို တာနဲ့လဲ တွေ့ကြရတော့တာပဲ။ အဲဒါကိုလဲ တို့လူတွေဟာ မကျော်လွန်နိုင်ဘူး၊ နောက်ဆုံးကျတော့ သေခြင်းတရားနဲ့ တွေ့ကြရတယ်၊ အဲဒါကတော့ ဘယ်သူမှ မကျော်လွန်နိုင်တဲ့တရားပဲ။

အာဂစ္ဆန္တဂ္ဂိက္ခန္ဓာဝ, မစ္စု ဗျာဓိ ဇရာ တယော၊
ပစ္စုဂ္ဂန္တုံ ဗလံ နတ္ထိ, ဇဝေါ နတ္ထိ ပလာယိတုံ။

မစ္စုစ - သေခြင်းတရားသည်လည်းကောင်း၊
ဗျာဓိစ - ဖျားနာခြင်းတရားသည်လည်းကောင်း၊
ဇရာစ - အိုခြင်းတရားသည်လည်းကောင်း၊
တယော - သုံးပါးသော တရားဆိုးကြီးတို့သည်၊
အဂ္ဂိက္ခန္ဓာဝ - မီးပုံကြီးများ တလိမ့်လိမ့်နှင့် လောင်၍လာကုန်ဘိသကဲ့သို့၊
အာဂစ္ဆန္တိ - ချဉ်းကပ်၍ လာကြကုန်၏-တဲ့။

ဘေးပတ်ဝန်းကျင်က ဝိုင်းပြီး တောမီးေ တွလောင်လာသလိုပေါ့၊ တောမီးတွေဆိုတာ လောင်စရာ ရှိတာတွေကို အစဉ်အတိုင်း တဆက်တည်း အကုန်လောင်တာပဲ၊ မငြိမ်းသတ်နိုင်ယင်တော့ သူက တောက်လျှောက် အကုန်လောင်လာတော့တာပဲ၊ တောင်ကမ်းပါးယံများမှာဆိုယင် တဟုန်ထိုးလောင်ပြီး တက်လာတတ်တယ်၊ မြေပြင်မှာလဲ လေပင့်ပေးတဲ့အခါ ဟုန်းဟုန်း ဟုန်းဟုန်းနဲ့ အမြန်ကြီး လောင်လာ တတ်တယ်၊
လေငြိမ်နေယင်တော့ ဖြည်းဖြည်းချင်းပဲ လောင်လာတတ်တယ်၊ အဲဒီလို ဘေးပတ်ဝန်းကျင်က မီးတွေဝိုင်းပြီး တဟုန်းဟုန်းနဲ့ လောင်လာယင် မီးဝိုင်းမိနေတဲ့ လူဟာ ဘယ်မှပြေးစရာမရှိတော့ဘူး၊ မိမိအနီး အဲဒီမီးတွေ ရောက်လာတဲ့အခါ အလောင်ခံရရုံ ရှိတော့တာပဲ။

အဲဒီလို သတ္တဝါတွေမှာ အိုခြင်းတရား, နာခြင်းတရား, သေခြင်းတရားဆိုတဲ့ ချဉ်းကပ် လာတဲ့ တရားဆိုးကြီးတွေက ၃-မျိုးရှိတယ်၊ ဒီတရားဆိုးကြီးတွေက ပဋိသန္ဓေကစပြီး တဖြည်းဖြည်းချင်း ချဉ်းကပ် လာတတ်တယ်၊ အဲဒီ ၃-မျိုးထဲမှာ အိုခြင်းတရားက ရှေးဦးစွာရောက်လာတတ်တယ်, ပြီးတော့ နာခြင်းတရား, ပြီးတော့ သေခြင်းတရား ဒီလို အစဉ်အတိုင်း ရောက်လာတတ်တယ်၊

ယခုခေတ်မှာ အသက်ငါးဆယ် ခြောက်ဆယ်ဆိုယင် အိုခြင်းတရားက တော်တော်ကို လွှမ်းမိုးနေပြီ၊ ကံညံ့တဲ့ အချို့ပုဂ္ဂိုလ်မှာတော့ မအိုသေးပေမယ့် နာခြင်းတရားက ရောက်လာပြီးတော့ သေကြေပျက်စီးသွားရရှာတယ်၊ ဒီ တရားဆိုးတွေကို ဘယ်သူမှမရှောင်နိုင်ဘူး, ဘယ်သူမှ မကျော်လွန်နိုင်ဘူး၊ ဘယ်သူမှ သူတို့ကို မနှိမ်နင်းနိုင်ဘူး၊ အင်မတန် ကြောက်စရာကောင်းတဲ့ တရားဆိုးကြီးတွေပါပဲ၊ ဒါကြောင့် -

မရနိုင်တာတွေ

လောကသ္မိံ - လောကထဲ၌၊
သမဏေနဝါ - ရဟန်းဖြစ်စေ၊
အလဗ္ဘနီယာ နိဋ္ဌာနာနိ - စီမံခန့်ခွဲ၍ တောင့်တ၍ မရနိုင်တဲ့ အရာဌာနကြီးတွေပဲတဲ့၊

အလဗ္ဘနီယဌာနကြီး ၅-ခုမှာ အပါအဝင်ဖြစ်တဲ့ ဒီတရားဆိုးကြီးတွေကို မဖြစ်ပါစေနဲ့လို့ ရဟန်းကလဲ မစီမံ မခန့်ခွဲနိုင် မကာကွယ်နိုင်ပါဘူးတဲ့။

ဗြာဟ္မဏေန ဝါ - ဗြာဟ္မဏပုဏ္ဏားဖြစ်စေကာမူ မတတ်နိုင်ပါဘူးတဲ့၊ အိန္ဒိယနိုင်ငံမှာ ဗြာဟ္မဏ လူမျိုးဆိုတာ ရှိတယ်၊ ဇာတ်မြင့် ဟိန္ဒူတွေပါပဲ၊ သူတို့ကို ရည်ပြီးဆိုတာ၊ သူတို့က အင်မတန် တွင်ကျယ်ချင်တဲ့ လူတွေပဲ၊ ရှေးကဆိုယင် နေရာတကာမှာ သူတို့ချည်းပဲ ချယ်လှယ် လာခဲ့တယ်၊ သူတို့ပဲ ကျမ်းတွေကိုရေးခဲ့ကြတယ်၊ သူတို့ ရေးတဲ့ ကျမ်းတွေအတိုင်း လူတွေက အဟုတ်မှတ်ပြီး လိုက်နာနေကြရတယ်၊

သူတို့က စားဝတ်နေရေးမှစပြီး လူတွေ လိုက်နာဖို့စည်းကမ်း နည်းလမ်းတွေကို ပညတ် သတ်မှတ်ပေးတယ်၊ အမျိုးလေးပါးသတ်မှတ်ပြီး လူတွေကို အဆင့်အတန်း ခွဲတာလဲ သူတို့အလုပ်ပဲ၊ အဲဒါတွေကို နောက်လူတွေက အဟုတ်မှတ်ပြီး ယုံကြည်ပြီးတော့ လိုက်ပြီး လုပ်နေကြရတယ်၊

မြန်မာပြည်မှာ ရက်ရာဇာ, ပြဿဒါး စသည်ဖြင့် ဗေဒင်အယူအဆ အစွဲအလမ်း တွေဟာ အဲဒီ ဗြာဟ္မဏတွေ တီထွင်ထားတာတွေပဲ၊ အဲဒီ ဗြာဟ္မဏတွေကို ဟိုခေတ်တုန်းက အထင်ကြီးကြတယ်၊ အဲဒီ ဗြာဟ္မဏဆိုတဲ့ လူတွင်ကျယ်တွေလဲ ဒီအိုခြင်း, နာခြင်း, သေခြင်းတရားတွေကျတော့ ဘာမျှ မတတ်နိုင်ကြပါဘူးတဲ့။

နတ်လဲ အထင်မကြီးသင့်

ဒေဝေန ဝါ -နတ်ပဲဖြစ်စေကာမူ မတတ်နိုင်ပါဘူးတဲ့၊ လူတွေက မိမိတို့ ကိုယ်တိုင်က အစွမ်းအင်အား မရှိတော့ သူတပါးကို အားကိုးကြတယ်၊ အားမရှိတဲ့လူဟာ အားရှိတဲ့လူကို အားကိုးမြဲပဲ၊ ကလေးတွေများ သူတို့ ကိုယ်တိုင်ကအားမရှိတော့ လူကြီးတွေကို အားကိုးကြတယ်၊ တစုံတခု ကြောက်စရာကိုတွေ့ယင် လူကြီးတွေကို အားကိုးတော့တာ ပဲ၊ ခွေးကပဲ ဟောင်ဦးတော့ လူကြီးနား ပြေးကပ်လာတာပဲ၊ သူတို့က အားမရှိပဲဟာကိုး၊ အားရှိတဲ့ လူကြီးတွေ အားကိုးရတာပေါ့၊

အဲ .... လူတွေက မိမိကိုမျက်မြင်မှာတော့ လူအချင်းချင်း ဘယ်သူကမှ ဘယ်သူ့ကို မကာကွယ်နိုင်ဘူး၊ ထူးထူးခြားခြား ကောင်းစားအောင် မကယ်နိုင်ဘူးဆိုတာကို သိနေကြတယ်၊ ဒါကြောင့် လူအချင်းချင်းတော့ တယ်ပြီးအထင်မကြီးကြဘူး၊ သူတို့က ထင်ရှားပြတဲ့အခါ တဦးတယောက်သာ တခါတရံ မြင်ကြရတယ်၊

ဒါကြောင့် အဲဒီနတ်တွေကို သိပ်တန်ခိုးကြီးတယ်လို့ ထင်နေကြတယ်၊ အစစ အရာရာမှာ နတ်တွေက ကာကွယ်နိုင်တယ်, ကယ်မနိုင်တယ်လို့ ယုံကြည်ပြီးတော့ နတ်တွေကို လူတွေက အားကိုးနေကြတယ်၊ တကယ် အရေးကြုံလာတဲ့ အခါ ကျတော့ တချို့က နတ်ကတော်တွေတောင် အားကိုးလိုက်ကြသေးတယ်၊

အမှန်မှာတော့ နတ်တွေလဲ လူတွေ ထင်သလောက် အစွမ်းကောင်းလှတာ အားရှိလှတာ မဟုတ်ကြပါဘူး၊ သူတို့လဲ အိုးခြင်း, နာခြင်း, သေခြင်း, တရားတွေကို ဘယ့်နှယ်မှ မတတ်နိုင်ကြပါဘူး၊ သူတို့လဲ သူတို့ရဲ့ ကံအကြောင်းက အကျိုး ပေးသလောက်သာ အခွင့်အရေးကလေး ရပြီးနေကြတာပဲ၊ ဒါကြောင့် ဒေဝေနဝါ -နတ်ဖြစ်စေကာမူ ဒီတရားဆိုးကြီးတွေကိုတော့ ဘာမှမတတ်နိုင်ကြပါဘူးတဲ့။

မာရေနဝါ - မာရ်နတ်ဖြစ်စေကာမူ ဘာမျှမတတ်နိုင်ပါဘူးတဲ့၊ မာရ်နတ်ဆိုတာဟာ နတ်ပြည် ၆-ထပ်မှာ အင်မတန် ကျော်စောထင်ရှားတဲ့ နတ်ကြီးတယောက်ပဲ၊ ဘုရားကိုတောင်မှ သူက ဆန့်ကျင်ဘက်ပြုပြီး အနှောင့်အယှက် ပေးနေသေးတယ်၊ အဲ-သူလဲ အိုခြင်း, နာခြင်း, သေခြင်းဆိုတဲ့ ဒီတရားတွေကျတော့ ဘာမျှ မတတ်နိုင်ဘူးတဲ့။

ဗြဟ္မာလဲမတတ်နိုင်

ဗြဟ္မုနာဝါ - ဗြဟ္မာမင်းကြီးဖြစ်စေကာမူ ဘာမျှမတတ်နိုင်ပါဘူးတဲ့၊ လောကမှာတော့ ဗြဟ္မာကို အယုံအကြည် ရှိတဲ့ လူတွေ, နတ်တွေ, အောက်လက်ဗြဟ္မာတွေက ကမ္ဘာလောကကြီးရော, သတ္တဝါတွေရော အားလုံးကို ဗြဟ္မာမင်းကြီးက ဖန်တီး ထားတယ်လို့ ယုံကြည်ယူဆထားကြတယ်။

အသက်ရှည်အောင်, ကျန်းမာချမ်းသာအောင်, အစစအရာရာ ကောင်းစားအောင် ဗြဟ္မာမင်းကြီးက ပြုလုပ်ပေးနိုင်တယ်လို့ ယုံကြည်နေကြတယ်၊ အဲဒီလို ယုံကြည် ထင်မှတ်ရတဲ့ ဗြဟ္မာမင်းကြီးလဲ ဒီအိုခြင်း, နာခြင်း, သေခြင်းဆိုတဲ့ တရားဆိုးကြီး တွေကိုတော့ ဘာမျှမတတ်နိုင်ပါဘူးတဲ့၊ သူများအတွက် မပြောနဲ့တော့ သူ့အတွက် တောင် အဲဒီဗြဟ္မာမင်းကြီးဟာ ဘာမျှမတတ်နိုင်ဘူး၊ အသက်တမ်းကုန်ယင် သူလဲ သေရတာပဲ ဘာမျှမတတ်နိုင်ဘူး။

ဘုရားလဲမတတ်နိုင်

လောကသ္မိံ - လောက၌၊ ကေနစိဝါ - ထူးချွန်သူ တစုံတယောက်ဖြစ်စေကာမူ ဘုရား ရဟန္တာပုဂ္ဂိုလ် ဖြစ်စေကာမူ ဘာမျှမတတ်နိုင်ပါဘူးတဲ့၊ တရားကျင့်သုံးလို့ တရားဉာဏ် အလင်းတွေကို ရပြီးတော့ တန်ခိုးဣဒ္ဓိပါဒ်တွေနဲ့ ပြည့်စုံနေတဲ့ ဘုရား ရဟန္တာ ပစ္စေကဗုဒ္ဓါပဲ ဖြစ်စေကာမူ ဘာမျှမတတ်နိုင်ဘူး၊

အိုခြင်းတရားနဲ့ တွေ့ပြီးတော့လဲ အိုရတာပဲ၊ နာခြင်းတရားနဲ့ တွေ့ပြီးတော့လဲ နာရတာပဲ၊ သေခြင်းတရားနဲ့ တွေ့ပြီးတော့လဲ သေရတာပဲ၊ အဲဒါကို ပရိနိဗ္ဗာန် ပြုတယ်လို့ ခေါ်ရတယ်၊ အမည် ဝေါဟာရလောက် ပြောင်းရတာပဲ၊ ပြီးတော့ နောင်ဘဝအသစ် မဖြစ်ရဘူး၊ အဲဒါလောက်ပဲထူးပါတယ်၊ လက်ရှိရုပ်နာမ်ခန္ဓာတွေ ပျက်စီးပြီးသေရတာကတော့ အတူတူပါပဲ။

အကြီးဆုံးရန်သူတွေ

ဒါကြောင့် ဒီတရားဆိုးကြီးတွေက တော်တော်ကို စိတ်နာစရာကောင်းတဲ့ တရားဆိုး ကြီးတွေပဲ၊ မုန်းစရာ, ရွံစရာ, ကြောက်စရာ ကောင်းတာတွေထဲမှာ အိုခြင်း, နာခြင်း, သေခြင်းဆိုတဲ့ ဒီတရား ၃-ခုဟာ မုန်းစရာအကောင်းဆုံး, ရွံ့စရာ အကောင်းဆုံး, ကြောက်စရာအကောင်းဆုံးပဲ၊ ရန်သူတွေထဲမှာ အကြီးဆုံး ရန်သူတွေပဲ၊

ဒိပြင် သက်ရှိပုဂ္ဂိုလ် သတ္တဝါ ရန်သူ ဆိုတာကတော့ ရှောင်တိမ်းလို့လဲရပါတယ်၊ ခုခံကာကွယ် တွန်းလှန်လို့လဲ ရပါတယ်၊ စုဆောင်းထားလို့ အင်အားတောင့်တင်းယင် အဲဒီပုဂ္ဂိုလ် သတ္တဝါတွေ ရန်သူ တွေ ကတော့ ကာကွယ်လို့လဲရပါတယ်၊ တွန်းလှန် ဖြိုဖျက်လို့လဲရပါတယ်၊ ဟောဒီ အိုခြင်း, နာခြင်း, သေခြင်း တရားဆိုးကြီးတွေ ကတော့ ဘာမျှလုပ်လို့ မရဘူး၊ ဘယ့်နှယ်မှ ခုလဲမခုခံနိုင်ဘူး၊ ကာလဲ မကာကွယ်နိုင်ဘူး၊ ငုံ့ပြီးတော့သာ ခံနေကြရတာပဲ။

မကျန်းမမာ ရောဂါဝေဒနာဖြစ်လာတဲ့အခါ အတော်အသင့် ဆိုယင်တော့ ဆေးဝါး ကုသလို့ ပျောက်ကင်းသွားတာလဲ ရှိပါသေးရဲ့၊ ဒါပေမယ့် တကယ်ပြင်းပြင်းထန်ထန် ဖြစ်လာယင်တော့ ဘာမှမတတ်နိုင်ဘူး၊ ငုံ့ခံနေရတော့တာပဲ။ အိုခြင်းတရားကတော့ ဆေးကုလို့ လုံးလုံးမရတဲ့တရားပဲ၊

အဲဒါလဲ သွားကျိုးယင် သွားစိုက်လိုက်၊ ဆံပင်ဖြူယင် ဆေးဆိုးလိုက်၊ မျက်စိမှုန်ယင် မျက်မှန်တပ်လိုက်နဲ့ အနည်းအကျဉ်းတော့ ပြုပြင်လို့ ရသေးတယ်ဆိုရမှာပဲ၊ ဒါပေမယ့် တကယ်အိုကြီး အိုလာတော့ သွားချင်တိုင်းလဲ မသွားနိုင်, စားချင်တိုင်းလဲ မစားနိုင်, အိပ်ချင်တိုင်းလဲ မအိပ်နိုင်နဲ့ အဲဒါတွေကို အစားထိုးလို့, ပြုပြင်လို့ မရနိုင်တော့ပါဘူး၊ နောက်ဆုံး သေခြင်းတရားဆိုတာကတော့ ဆေးကုလို့, ပြုပြင်လို့ ဘာမှမရဘူး, သူ့အချိန်ကျယင် သေသွားရတာချည်းပဲ။

ဒါကြောင့် မစ္စုစ - သေခြင်းတရားသည်လည်းကောင်း၊
ဗျာဓိစ - ဖျားနာခြင်းတရားသည် လည်းကောင်း၊
ဇရာစ - အိုခြင်းတရားသည်လည်းကောင်း၊
ဣမေ တယော ဓမ္မာ - ဤသုံးပါးသော တရားဆိုးကြီးတို့သည်၊
အဂ္ဂိခန္ဓာဣဝ - မီးပုံကြီးများ တလိမ့်လိမ့်နဲ့ လောင်၍ လာကုန်ဘိသကဲ့သို့၊
အာဂစ္ဆန္တိ - ချဉ်းကပ်လာကြကုန်၏၊
တေသံ - ထိုသုံးပါးသော တရားဆိုးကြီးတို့ကို၊
ပစ္စုဂ္ဂန္တုံ - ပြန်သွားအောင် တွန်းလှန်ဖြိုဖျက်ခြင်းငှါ၊
ဗလံ-ခွန်အားသည်၊
နတ္ထိ-မရှိချေ။

အဲဒီတရားတွေကို နောက်ပြန်သွားအောင် တွန်းလှန်ဖို့လဲ မတတ်နိုင်ပါဘူးတဲ့၊ လောကမှာ လူအချင်းချင်း ဆိုယင်တော့ လက်နက်နဲ့ အခြွေအရံ အပေါင်းအသင်း တွေနဲ့ အနိုင်အထက်လုပ်ပြီး တွန်းလှန်နိုင်ပါတယ်၊ တနိုင်ငံနဲ့ တနိုင်ငံလဲ ဘေး အန္တရာယ်တွေကို ကာကွယ်ရအောင်လို့ စစ်တပ်ကြီးတွေ ဖွဲ့စည်းပြီးထားကြတယ်၊

ဘေးရန်ပေါ်လာတဲ့အခါမှာ ဒီစစ်တပ်တွေနဲ့ ကာကွယ်ကြ တွန်းလှန်ကြတယ်၊ အဲဒီလို ကာကွယ်ကြ တွန်းလှန်ကြတဲ့ စစ်ဘုရင်ကြီးတွေ, စစ်သေနာပတိကြီးတွေ, စစ်ဗိုလ်ကြီး တွေလဲ အိုခြင်း, နာခြင်း, သေခြင်းတရား ဆိုတဲ့ ဒီတရားဆိုးကြီးတွေ ကျတော့ ဘာမျှမတတ်နိုင်ရှာကြဘူး၊ လက်မြှောက်ပြီး အရှုံးပေးလိုက်ကြရတော့တာပဲ၊

ဘယ်လို နောက်လိုက်အခြွေအရံတွေများပြီး တန်ခိုးဣဒ္ဓိပါဒ်ကြီးနေတဲ့ ပုဂ္ဂိုလ် ဖြစ်ပေမယ့် ဒီတရားဆိုးတွေကိုတော့ ဘာမှမတတ်နိုင်ကြဘူး၊ မခုခံ မတွန်းလှန် နိုင်ဘူး၊ ငုံ့ပြီးခံကြရတာချည်းပဲ။

ဒီလို အနှိပ်အစက်ခံကြရတာလဲ ဒီတဘဝတည်းမဟုတ်ဘူး၊ ဘဝတိုင်း ဘဝတိုင်း ဒီလိုပဲ အနှိပ်စက် ခံလာခဲ့ကြရတယ်၊ သက်ရှိပုဂ္ဂိုလ် သတ္တဝါ ရန်သူတွေဆိုတာ ကတော့ ဒီဘဝမှာ နှိပ်စက်နိုင်ယင် ဒီတဘဝတည်းသာ နှိပ်စက်နိုင်တယ်၊ နောက်ဘဝတွေမှာ လိုက်ပြီး မနှိပ်စက်နိုင်ဘူး၊ အိုခြင်း, နာခြင်း, သေခြင်းဆိုတဲ့ ဒီတရား ဆိုးတွေကတော့ ဘဝတိုင်းဘဝတိုင်း လိုက်ပြီး နှိပ်စက်နေတာပဲ၊

ကုသိုလ်ကံက အကျိုးပေးလို့ လူ့ချမ်းသာ, နတ်ချမ်းသာတွေနဲ့ ပြည့်စုံပြီး ကံကောင်း နေတဲ့အခါလဲ သူတို့က လိုက်ပြီး နှိပ်စက်ကြတာပဲ၊ ဘယ်သူ့ကိုမှ မရှောင်ဘူး၊ အလွန်ကြောက်စရာကောင်းတဲ့ တရားဆိုးကြီးတွေပဲ၊ ကံမကောင်းတဲ့အခါလဲ သနားညှာတာခြင်း မရှိဘူး၊ နှိပ်စက်တာပဲ၊ အင်မတန် ကြောက်စရာကောင်းပါတယ်၊ ဒါတွေကို လူတိုင်း လူတိုင်း, သတ္တဝါတိုင်း သတ္တဝါတိုင်း, ဘဝတိုင်း ဘဝတိုင်း, တွေ့လာရတာပဲ၊ ပြန်ပြီး စဉ်းစားကြည့်မယ်ဆိုယင် အင်မတန်ကို ကြောက်စရာ ကောင်းပါတယ်။

ဇဝေါ နတ္ထိ ပလာယိတုံ။

ပလာယိတုံ - လွတ်အောင်ပြေးခြင်းငှါ၊
ဇဝေါ - လျင်မြန်သောအဟုန်သည်၊
နတ္ထိ - မရှိချေတဲ့။

အဲဒီ အိုခြင်း, နာခြင်း, သေခြင်းတရားတွေက လွတ်အောင်ပြေးနိုင်တဲ့ အဟုန် အင်အားလဲ သတ္တဝါတွေမှာ မရှိကြဘူးတဲ့၊ လောကမှာတော့ ရန်သူတွေနဲ့ တွေ့တဲ့ အခါ အပြေးကောင်းယင်လဲ လွတ်တယ်၊ ဥပမာ -တောထဲက သမင်တို့, ယုန်တို့ ဒီလိုအင်အားမဲ့တဲ့ သတ္တဝါကလေးတွေဟာ ရန်သူလာယင် ပြေးကြတာပဲ၊

သူ့ခမျာတွေ ခုခံနိုင်တဲ့အင်အားက မရှိလေတော့ ပြေးဖို့ရာပဲ အားကိုးထားကြတယ်၊ အဲဒီသတ္တဝါလေးတွေကို စဉ်းစားကြည့်လိုက်ယင် သနားစရာ သိပ်ကောင်းတာပဲ၊ ဒါပေမယ့် သနားကရုဏာမရှိကြတဲ့ လူတွေက ဒီအကောင် ကလေးတွေကို သွားပြီး ညှဉ်းဆဲကြတယ်၊ တချို့လူတွေက ဘာရယ်လို့ မဟုတ်ပါဘူး၊ ပျော်စရာကောင်းတယ် ထင်ပြီးတော့ အဲဒီသတ္တဝါကလေးတွေကို အပျော်တမ်းလိုက်ပြီး ပစ်ခတ်ကြ သတ်ဖြတ်ကြတယ်၊

တယ်နေရာမကျတဲ့ လူတွေပဲ၊ ကိုယ်ချင်းစာတရား ကင်းမဲ့တဲ့လူတွေပဲ၊ သူတို့ကတော့ ပျော်နေကြတယ်၊ ဟိုသတ္တဝါကလေးတွေမှာဖြင့် သေပြေး ရှင်ပြေး သိပ်ပြေးနေကြ ရရှာတယ်၊ ဒီအထဲက မပြေးနိုင်ယင်လဲ သေရှာကြရေ တာ့တာပဲ၊ အင်မတန်ကို သနားစရာကောင်းပါတယ်၊ ပြေးနိုင်ယင်တော့ အဲဒီသတ္တဝါကလေးတွေဟာ ရန်သူ့လက်မှ လွတ်သွားကြတယ်၊

ဟောဒီ အိုခြင်း, နာခြင်း, သေခြင်းဆိုတဲ့ တရားတွေကတော့ ပြေးလို့လဲမလွတ်ဘူး, ဘယ်မှလဲမပြေးနိုင်ဘူး၊ ပြေးယင်လဲ ပြေးရာမှာလိုက်ပြီးတော့ အိုမှာ, နာမှာ,သေမှာပဲ၊ တယ်ကျပ်တဲ့ တရားတွေပါပဲ။

ဒီနေရာမှာ စိတ်သက်သာအောင် ဖြေစရာအကြောင်းတခုတော့ ရှိပါသေးရဲ့၊ ဘာလဲဆိုယင် “ဒီတရားဆိုးကြီးတွေနဲ့ တွေ့ရတာက ကိုယ်တဦးတည်းလဲမဟုတ်ဘူး၊ ကိုယ်နဲ့စပ်တဲ့ လူတဦးတည်းလဲ မဟုတ်ဘူး၊ တမြို့တရွာတည်း တွေ့ရတာလဲ မဟုတ်ဘူး၊ တနိုင်ငံတည်း တွေ့ရတာလဲ မဟုတ်ဘူး၊ လူ့ပြည်လောကတခုတည်း တွေ့ရတာလဲ မဟုတ်ဘူး၊

အမှန်အားဖြင့်တော့ မြို့တိုင်း, ရွာတိုင်း, တိုင်းပြည်တိုင်း, နိုင်ငံတိုင်း, လူ့ပြည်ရော, နတ်ပြည်ရော, ဗြာဟ္မာ့ပြည်ရော တလောကလုံးမှာ ရှိရှိသမျှ သတ္တဝါတိုင်း တွေ့ကြုံ နေရတဲ့ တရားတွေပဲ”လို့ ဒီလို ဆင်ခြင်လိုက်ယင်တော့ စိတ်သက်သာရာ ရဖို့ရှိပါတယ်။

အမြတ်ထုတ်ဖို့ အရေးကြီးသည်

အရေးကြီးတာကတော့ ဒီတရားဆိုးတွေနဲ့ မရှောင်မလွှဲသာ တွေ့ကြုံနေရပေမယ်လို့ အဲဒါတွေနဲ့ မတွေ့ရသေးခင် မအိုခင်, မနာခင်, မသေခင် စောစောကတည်းက မိမိတို့၏ ခန္ဓာထဲမှ အဖိုးတန်တရားတွေကို အမြတ်ထုတ်ပြီးယူဖို့ အရေးကြီးပါတယ်၊ ဥပမာ - အိမ်ကိုမီးလောင်ယင် အိမ်ထဲက အဖိုးတန်ပစ္စည်းကလေးတွေကို ရနိုင်သမျှ ထုတ်ပြီးယူဖို့ အရေးကြီးသလိုပါပဲ၊

မိမိခန္ဓာကိုယ်ကြီးဟာ တနေ့ကျယင် ဒီတရားဆိုးတွေနဲ့ တွေ့ရမယ်၊ ဘယ်နည်းနဲ့မှ မရှောင်တိမ်းနိုင်ဘူး၊ မကာကွယ်နိုင်ဘူး၊ ဒီတော့ ဒီတရားဆိုးတွေနဲ့ တွေ့ပြီး အလကားပျက်စီး သွားမယ့် ဒီခန္ဓာကိုယ ်ထဲက အဖိုးတန်တဲ့ ကုသိုလ်ကောင်းမှုတွေ, ဒါန သီလအစရှိသော ပါရမီကုသိုလ်တွေ, သူတော်ကောင်းတရားတွေ ဒီလိုအဖိုးတန် ဥစ္စာတွေကို ထုတ်ယူဖို့ရာ အရေးကြီးပါတယ်၊

ယခုနေအခါမှာ မြတ်စွာဘုရားသာသနာတော်ကြီးနဲ့ တွေ့ကြုံနေကြရတဲ့ တို့ဒကာ, ဒကာမတွေမှာ ဒီလိုအဖိုးတန်တရားတွေကို ထုတ်ယူဖို့ အခွင့်ကောင်းတွေကတော့ အများကြီးပဲ ရနေကြပါတယ်၊ သာသနာတော်နဲ့ တွေ့ကြုံရလို့ သဒ္ဓါတရားနဲ့ ပြည့်စုံပြီး နေကြတယ်၊ သဒ္ဓါတရားနဲ့ ပြည့်စုံကြတဲ့အတွက် ဘုရား, တရား, သံဃာနဲ့စပ်ပြီး ကုသိုလ်ကောင်းမှုတွေ အများကြီး ဖြစ်ပွားနေကြပါတယ်၊ အင်မတန် ကံကောင်း ကြပါတယ်၊ ဒီလို ကုသိုလ်ကောင်းမှု ပြုလုပ်နိုင်ကြတာတွေကို ဆင်ခြင်ကြည့် ယင်တော့ အင်မတန် ဝမ်းသာစရာ အားရစရာ ကောင်းကြပါတယ်။

ရုပ်ကိုယ်က အားမကိုးရဘူး

လူတို့၏ သန္တာန်မှာ ရှိနေတာက ရုပ်နဲ့နာမ် ဒီတရားနှစ်ပါးသာ ရှိတယ်၊ ဒီနှစ်ပါးထဲက ရုပ်တရားတွေက ဆိုတာဟာ အားမကိုးလောက်တဲ့ တရားတွေပဲ၊ ဒါပေမယ့် လူတွေက ဒီရုပ်ကိုယ်ကြီးကို အင်မတန်အားကိုးနေကြတယ်၊ ဒီရုပ်ကိုယ်ကြီးကို အမြဲတမ်း ပြုပြင်ပေးကြတယ်၊ နေ့စဉ်နေ့တိုင်း, ရေမိုးချိုးလို့, ပန်းနံ့သာတွေလိမ်းလို့ အဆင်တန်ဆာတွေနဲ့ အမျိုးမျိုးဆင်ယင်လို့ ပြုပြင်ပေးနေကြတယ်၊

ဒီလို ပြုပြင်ပေးနေသော်လဲ ဒီကိုယ်ကြီးကတော့ အညစ်အကြေးတွေ ရှိနေတာပဲ, မစင်ကြယ်နိုင်ဘူး၊ ကျန်းမာအောင်လို့ သင့်တော်တဲ့ အစာအာဟာရတွေနဲ့လဲ စားသောက်ပြီး ပြုပြင်ပေးနေကြတယ်၊ အညောင်းအညာပြေအောင် အသွားအလာ အနေအထိုင်နဲ့လဲ ပြုပြင်ပေးနေကြတယ်၊ နှိပ်နယ်ပြီးတော့လဲ ပြုပြင်ပေးနေကြတယ်၊ ဘယ်လိုပဲ ပြုပြင်ပေးနေပေမယ်လို့ ဒီရုပ်ကိုယ်ကြီးကတော့ အိုချိန်ကျယင် အိုလာမှာပဲ, မအိုရအောင် မတတ်နိုင်ဘူး၊

အကြောင်း မညီညွတ်တဲ့အခါ မကျန်းမမာ နာဖျားလာမှာပဲ, မနာမဖျားအောင်လဲ မတတ်နိုင်ဘူး၊ အသက်တမ်းကုန်လို့ဖြစ်စေ, ကံစွမ်းကုန်လို့ဖြစ်စေ တနေ့ကျတော့ သေကြေပျက်စီးမှာပဲ, မသေမပျက်အောင်လဲ မတတ်နိုင်ဘူး၊ သေပျက်သွားတဲ့ နောက်မှာ ဒီ ရုပ်ကိုယ်ကြီးက ဘာမှ အဖိုးမတန်တော့ဘူး။

ပထမကပြောခဲ့တဲ့အတိုင်း ဘုရားလက်ထက် အသက် တရာတမ်းမှာဆိုယင် အသက်တရာကကျော်ပြီး အသက်ရှည်နေသော်လဲ အိုမင်းပြီးတော့ တနေ့ကျယင် သေရတာပဲ၊ ယခုခေတ် ခုနစ်ဆယ်ကျော် ရှစ်ဆယ်တမ်းမှာလဲ ရှစ်ဆယ်ကကျော်ပြီး အသက်ရှည်နေပေမယ်လို့ အိုမင်းပြီးတော့ တနေ့ကျတော့ သေရမှာပဲ၊ အဲဒီလို သေသွားကြတာတွေဟာ ကိုယ့်မျက်စိနဲ့ထင်ရှား မြင်နေကြရတာပဲ၊ သေသွားတဲ့ အခါကျတော့ ဒီရုပ်ကိုယ်ကြီးဟာ ဘာမှအသုံးမကျတော့ဘူး၊ ပုပ်ပြီး ပျက်စီး သွားတော့တာပဲ၊

မသေခင်တုန်းကတော့ ကံကြောင့်ဖြစ်တဲ့ ကမ္မဇရုပ်တွေနဲ့ ပူးပေါင်းပြီးနေလို့ မပုပ်မပျက်ပဲ ကောင်းနေခဲ့တာ၊ သေသွားတဲ့ အခါကျတော့ ကမ္မဇရုပ်တွေဆိုတာက မရှိတော့ဘူး၊ အဲဒီ ကမ္မဇရုပ်တွေထဲက ဇီဝိတခေါ်တဲ့ အသက်ရုပ် အစောင့် အရှောက်က မရှိတော့ဘူး၊

ဒါကြောင့် ရုပ်ကိုယ်ထဲက အသားရုပ် အကြောရုပ်တွေဟာ ပုပ်ပြီးတော့ ပျက်စီး သွားကြတာပဲ၊ အရိုးရုပ်တွေကလဲ တဖြည်းဖြည်း ဆွေးမြည့်ပြီးတော့ ပျက်စီး ကုန်တယ်၊ တော်တော်ကြာတော့ အမှုန့်မှုန့်တွေဖြစ်ပြီး လုံးလုံးပျောက်သွားတော့ တာပဲ၊ ရှာလို့တောင် မတွေ့ရတော့ဘူး၊ အဲဒီလို ပျောက်သွားကြတာချည်းပဲ။

ပျောက်ပျက်မသွားတဲ့ သတ္တိ

ဒီလိုရုပ်ကိုယ်ကြီးက လုံးလုံး ပျောက်ပျက်သွားပေမယ်လို့ စိတ်နာမ်တရားနဲ့ဆိုင်တဲ့ သဘောသတ္တိတွေကတော့ ပျောက်ပျက်မသွားဘူး၊ အဲဒါတွေက ဘာလဲဆိုယင် မိမိတို့ပြုထားတဲ့ ဒါန သီလအစရှိသော ကောင်းမှုတွေပါပဲ၊ အဲဒါတွေကတော့ သံသရာဘဝအဆက်ဆက်မှာ အားထားရာ ကိုးကွယ်ရာ ထောက်တည်ရာတွေဖြစ်ပြီး အစဉ်လိုက်ပါနေပါတယ်၊ ဘဝတိုင်း ဘဝတိုင်းလိုက်ပြီးတော့ ဆွေမျိုးအရင်းအချာ လိုပဲ စောင့်ရှောက်နေပါတယ်၊

အဲဒီလို စောင့်ရှောက်နေတာကို သတ္တဝါတွေကတော့ မသိမမြင်နိုင်ကြဘူး၊ ကုသိုလ်ကံကတော့ လိုက်ပြီး စောင့်ရှောက်နေပါတယ်၊

ယခု လူတွေရဲ့ အခြေအနေကို အကဲခတ်ကြည့်ယင် ကံကစောင့်ရှောက်နေပုံကို သိနိုင်ပါတယ်၊ ကုသိုလ်ကံရှိတဲ့ သူတွေဟာ ဘာပဲလုပ်လုပ် ထမြောက် အောင်မြင် နေတာပဲ, ကြီးပွားတိုးတက်နေတာပဲ၊ မဆင်းရဲရဘူး၊ ချမ်းချမ်းသာသာနဲ့ လှုပ်ခါ ယက်ခါနဲ့ ပုံတော်သလိုနဲ့ပဲ ကောင်းကျိုးချမ်းသာတွေ ရနေတယ်၊ အဲဒါဟာ ရှေးဘဝက ပြုခဲ့တဲ့ ကုသိုလ်ကံကြောင့်ပဲ၊ ကံက လိုက်ပြီး စောင့်ရှောက်နေတာပဲ။

ဘုရားသခင်ကို ယုံကြည်တဲ့ လူတွေကတော့ ဘုရားသခင်က မ,တယ်လို့ ထင်ကြမှာပဲ၊ အဲဒါကတော့ ယုတ္တိမရှိပါဘူး၊ ဘာကြောင့်လဲဆိုတော့ ဒီလိုအကျိုး ပေးကောင်းနေတဲ့ လူတွေက ဘုရားသခင်ကို မယုံကြည်တဲ့ လူတွေလဲ ရှိတာပဲ၊ ဘုရားသခင်နဲ့ ဆန့်ကျင်ဘက် ပြုလုပ်ပြောဆိုနေတဲ့လူတွေလဲ ရှိတာပဲ၊

ဒီလိုလူတွေကို ဘုရားသခင်က မ,တယ်လို့ မဆိုနိုင်ပါဘူး၊ သူ့ကိုမှ မယုံကြည် မကိုးကွယ်ပဲနဲ့ ဘာ့ကြောင့် မ,မှာလဲ၊ ဒါကြောင့် ဘုရားသခင်က မ,လို့ ကောင်းစား ချမ်းသာတယ်ဆိုတာကတော့ ယုတ္တိမရှိပါဘူး။

“ဒါဖြင့် ကံကို မယုံကြည်တဲ့လူတွေလဲ ချမ်းသာ ကြီးပွားနေတာ ရှိတယ် မဟုတ်လား၊ ဒီတော့ ကံကြောင့်ချမ်းသာ ဆိုတာလဲ ယုတ္တိ ရှိပါ့မလား”လို့ ဒီလို မေးစရာရှိပါတယ်၊ ဒါကတော့ ယုတ္တိရှိပါတယ်၊ ဘာကြောင့်လဲဆိုတော့ ယခုဘဝမှာ ကံကို မယုံကြည် ပေမယ်လို့ ရှေးဘဝကပြုထားခဲ့တဲ့ ကုသိုလ်ကံကလဲ အကျိုးပေးနိုင်ပါတယ်၊

ပြီးတော့ ကံဆိုတာက သူ့ကို ယုံကြည်သည်ဖြစ်စေ, မယုံကြည်သည်ဖြစ်စေ “ကောင်းတာ ပြုယင် ကောင်းကျိုးပေးတာပဲ၊ မကောင်းတာ ပြုယင်လဲ မကောင်းကျိုး ပေးတာပဲ၊ ဥပမာ - အေးလိမ့်မယ် သိသည် ဖြစ်စေ, မသိသည်ဖြစ်စေ ရေခဲကို ကိုင်ယင် အေးမှာပဲ၊ ပူလိမ့်မယ် သိသည်ဖြစ်စေ, မသိသည်ဖြစ်စေ မီးခဲကို ကိုင်ယင် ပူမှာပဲ၊ အဲဒါလိုပါပဲ၊ ကံကို ယုံသည်ဖြစ်စေ, မယုံသည်ဖြစ်စေ ရှေးဘဝ ရှေးကာလက ပြုထားတဲ့ ကုသိုလ်ကံက မျက်နှာမရွေး ကောင်းကျိုးပေးနိုင်ပါတယ်၊ ဒါကြောင့် ကောင်းစားချမ်းသာမှု ဟူသမျှဟာ ကုသိုလ်ကံကြောင့် ဖြစ်တယ်” ဆိုတာကတော့ ယုတ္တိရှိပါတယ်။

အထူးအားဖြင့်တော့ မိမိတို့စိတ်ကို သဒ္ဓါတရားနဲ့ ထုံထားယင်, သီလနဲ့, သုတနဲ့, စာဂနဲ့, ပညာနဲ့ ထုံထားယင် အဲဒီလို သဒ္ဓါ, သီလ, သုတ, စာဂ, ပညာဆိုတဲ့ သူတော်ကောင်းတရားငါးပါးနဲ့ ထုံထားတဲ့ စိတ်ကလေးဟာ တစ်ဆင့်ထက် တစ်ဆင့် မြင့်တက်သွားပါတယ်တဲ့၊ ဒါကြောင့်-

ယဿ ကဿစိ မဟာနာမ ဒီဃရတ္တံ သဒ္ဓါပရိဘာဝိတံ စိတ္တံ, သီလံ ပရိဘာဝိတံ စိတ္တံ, သုတပရိဘာဝိတံ စိတ္တံ, စာဂပရိဘာဝိတံ စိတ္တံ, ပညာပရိဘာဝိတံ စိတ္တံ။ပ။ တံ ဥဒ္ဓံ ဂါမိ ဟောတိ ဝိသေသဂါမိ။

လို့ မြတ်စွာဘုရားက ဟောတော်မူပါတယ်၊

အဲဒီလို ဟောတော်မူရခြင်း၏ အကြောင်းကတော့-

မဟာနာမ်မင်းက လျှောက်ပုံ

အခါတပါးမှာ မဟာနာမ်မင်းက မြတ်စွာဘုရားကို ဒီလို လျှောက်ထားတယ်၊ မြတ်စွာဘုရား ... တဲ့၊ တပည့်တော်ဟာ မြတ်စွာဘုရားကျောင်းတော်ကို လာရောက်ပြီးတော့ မြတ်စွာဘုရားကို ဖူးမြော်ကန်တော့လို့, အရှင်သာရိပုတ္တရာ အစရှိတဲ့ ရဟန္တာမထေရ်မြတ်တွေကို ဖူးမြော်ကန်တော့လို့ တရားများကိုလဲ နာကြား ပြီးတော့ ညနေချမ်းအချိန် ကျောင်းတော်က ပြန်သွားတဲ့အခါ ကပိလဝတ်မြို့တော် အဝင်ဝ တံခါးပေါက်ကျတော့ တခါတရံ ဆင်ကြမ်း, မြင်းကြမ်း, ရထားကြမ်းတွေနဲ့ တွေ့ရပါတယ်ဘုရား ... တဲ့၊

ဟုတ်မယ်၊ ဟိုတုန်းက မြို့တော် တံခါးပေါက် ဆိုတာလဲ ကျယ်ကျယ် ဝန်းဝန်း ရှိချင်မှ ရှိမယ်၊ အဲဒီခေတ်တုန်းက အထက်တန်းစားပုဂ္ဂိုလ်တွေ အများသုံးစွဲနေတဲ့ ယာဉ်တွေဆိုတာက ဆင်တို့, မြင်းတို့, မြင်းရထားတို့ ဒီလိုဟာတွေလဲ ရှိတယ်၊ အဲဒီဆင်တို့, မြင်းတို့, မြင်းရထား တို့ဆိုတာတွေကလဲ တခါတရံလန့်ပြီး အတင်း ပြေးတတ်တာတွေပဲ၊

ယခုကာလ သက်မဲ့ မော်တော်ကားတွေလဲ စက်နေရာမကျယင် ဒီလို မဟုတ်ရာကို အရမ်းလိမ့်ပြေးတတ်တာပါပဲ၊ ဒါလဲကြောက်စရာ ကောင်းတာပါပဲ၊ မဟာနာမ်မင်းက ဆက်ပြီး လျှောက်ပြန်ပါတယ်၊ အဲဒီဆင်ကြမ်း, မြင်းကြမ်း, ရထားကြမ်းတွေက အတင်းလန့် ပြီးတော့ ပြေးလာကြပါတယ်၊ တိုက်သွားတော့မှာလား, နင်းသွားတော့ မှာလားလို့ ထင်ရပါတယ်တဲ့၊

အဲဒီလိုအခါမှာ ကြောက်လန့်နေတာနဲ့ ဘုရားကို အာရုံမပြုနိုင်ပါဘူးတဲ့၊ ဒါကြောင့် အဲဒီလိုအချိန်များသေသွားယင် ငါဟာ ဘာဖြစ်သွားမလဲ,ဘယ်လိုဂတိများ ရောက်သွား မလဲလို့ ဒီလို အောက်မေ့မိပါတယ် ဘုရားတဲ့၊ ဒီလို မဟာနာမ်မင်းက မြတ်စွာဘုရားကို လျှောက်ထားတယ်။

မဟာနာမ်မင်းဆိုတာ သာမန်ပုဂ္ဂိုလ်မဟုတ်ဘူး၊ သကဒါဂါမ်ပုဂ္ဂိုလ်ပဲ၊ ဒါပေမယ့် နောက်ဘဝ လားရောက်ရမယ့် ဂတိဆိုတာကတော့ အဘိညာဉ်ဉာဏ်အထူးမရှိလျှင် အရိယာပုဂ္ဂိုလ်ပေမယ့် အတတ်မသိနိုင်ဘူး၊ အဲဒါကို မဟာနာမ်မင်း လျှောက်ထားတဲ့ ဒီစကားကိုထောက်ဆပြီး ထင်ရှားသိနိုင်ပါတယ်၊

သောတာပန်, သကဒါဂါမ်တွေ မဂ်ဉာဏ်ဆိုတာကတော့ သစ္စာလေးပါး တရားလောက်သာ သိနိုင်တယ်, နောင်ဘဝ ဘယ်မှာဖြစ်မယ် ဆိုတာကိုတော့ မသိနိုင်ဘူး၊ ဒါကြောင့် သကဒါဂါမ်ဖြစ်တဲ့ မဟာနာမ်မင်းက ဆင်ကြမ်း, မြင်းကြမ်း, ရထားကြမ်း တွေနဲ့ တိုက်ပြီး သေသွားယင် ဘာဖြစ်သွားမလဲ, ဘယ်ဘဝ ဘယ်ဂတိ ရောက်သွားမလဲ မသိဘူးလို့ သူဆင်ခြင်မိတဲ့ အကြောင်းကို လျှောက်ထားတာပဲ၊

ဒီတော့ မြတ်စွာဘုရားက -

မြတ်စွာဘုရားက အားပေးပုံ

မာဘာယိ မဟာနာမ, မာဘာယိ မဟာနာမ

မဟာနာမ - မဟာနာမ်၊
တွံ - သင်သည်၊
မာဘာယိ - မစိုးရိမ်ပါလင့်၊
မာဘာယိ - မစိုးရိမ်ပါလင့်၊

မဟာနာမ်မင်း သင့်မှာ ဘာမှ စိုးရိမ်စရာမရှိပါဘူး၊ လားရမည့် ဘဝဂတိနဲ့စပ်ပြီး စိုးရိမ်မနေပါနဲ့တော့လို့ ဒီလို မြတ်စွာဘုရားက အားပေးတော်မူပါတယ်။

အပါပကံ တေ မရဏံ ဘဝိဿတိ,
အပါပိကာ တေ ကာလံ ကိရိယာ

တေ - သင်အား၊
အပါပကံ မရဏံ - မယုတ်ညံ့သော သေရခြင်းသည်၊
ဘဝိဿတိ - ဖြစ်ပါလိမ့်မည်၊
အပါပိကာ - မယုတ်ညံ့သော၊
ကာလံ ကိရိယာ - သေရာကာလကို ပြုရခြင်းသည်၊
ဘဝိဿတိ - ဖြစ်ပါလိမ့်မည်။

သင့်မှာ ယုတ်ညံ့သောသေခြင်း မဖြစ်ပါဘူး၊ ကောင်းမြတ်သော သေခြင်းသာ ဖြစ်ပါလိမ့်မည်တဲ့၊ ဘာကြောင့်လဲဆိုယင် -

မဟာနာမ - မဟာနာမ်မင်း၊
ယဿကဿစိ - အမှတ်မရှိ တစုံတယောက်သော သူအား၊
ဝါ - တစုံ တယော က်သောသူသည်၊
စိတ္တံ - မိမိ၏စိတ်ကို၊
ဒီဃရတ္တံ - ရှည်မြင့်စွာသော ကာလပတ်လုံး၊
သဒ္ဓါပရိဘာဝိတံ - ယုံကြည်မှု သဒ္ဓါတရားဖြင့် ထုံစေအပ်သည်၊
ဟောတိ - ဖြစ်၏။

တစုံတယောက်သောသူဆိုတာ မည်သူမည်ဝါရယ်လို့ အကန့်အသတ်မရှိဘူး၊ လူကြီးပဲဖြစ်ဖြစ်, လူငယ်ပဲဖြစ်ဖြစ်, ယောက်ျားပဲဖြစ်ဖြစ်, မိန်းမပဲဖြစ်ဖြစ်, လူပဲဖြစ်ဖြစ်, ရဟန်းပဲဖြစ်ဖြစ် တယောက်ယောက် တဦးဦးလို့ ဆိုလိုတယ်၊ အဲဒီ တစုံ တယောက် သော သူဟာ မိမိစိတ်ကို သဒ္ဓါတရားနဲ့ ရှည်မြင့်စွာသော ကာလပတ်လုံး ထုံထားလို့ ရှိယင်လဲ ထုံထားတယ် ဆိုတာက ပဝါကလေးများ, အဝတ်အထည်လေးများကို ပန်းတွေနဲ့ ရောထားယင် အဲဒီ ပဝါ အဝတ်အထည်က လေးတွေမှာ ပန်းနံ့တွေ မွှေးကြိုင်လို့ အထုံရနေတယ်၊

သေတ္တာထဲမှာ ရေမွှေးတို့, ပရုပ်လုံးတို့နဲ့ ရောထားယင်လဲ အဲဒီ သေတ္တာထဲက အဝတ်တွေဟာ ရေမွှေးနံ့ ပရုပ်လုံးနံ့တွေနဲ့ စွဲပြီး အထုံနေရတယ်၊ အဲဒါလိုပဲ သဒ္ဓါတရားနဲ့ ပူးပေါင်းပြီး ရောနှောပြီးဖြစ်နေတဲ့ စိတ်ကလေးဟာလဲ သဒ္ဓါတရား တည်း ဟူသော ပန်းနံ့ ရေမွှေးနံ့တွေနဲ့ အထုံရနေတယ်၊ စိတ်ထဲမှာ သဒ္ဓါဓာတ်တွေ ဝင်ရောက်ပြီးနေတယ်၊ ယုံကြည်စိတ် ကြည်ညိုစိတ်တွေ ဖြစ်နေတယ်၊ အဲဒါကို ထုံထားတယ်လို့ ဆိုတာပါပဲ။

သဒ္ဓါတရားဆိုတာ ယုံကြည်မှုပါပဲ၊ သို့ပေမယ့် တွေ့ကရာလျှောက်ပြီး ယုံကြည် တာကိုတော့ သဒ္ဓါတရားလို့ မဆိုရဘူး၊ ယုံကြည်သင့်တာကို ယုံကြည်မှ သဒ္ဓါတရားဆိုရတယ်၊ ဘုရားစစ် ဘုရားမှန်, တရားစစ် တရားမှန်, သံဃာစစ် သံဃာမှန်ကို ယုံကြည်တာရယ်, ကံနှင့်ကံ ၏အကျိုးကို ယုံကြည်တာရယ် အဲဒါတွေကို သဒ္ဓါတရားလို့ ခေါ်တယ်၊

အဲဒီ သဒ္ဓါတရားနှင့် မိမိစိတ်ကို ရှည်မြင့်စွာသော ကာလပတ်လုံး ထုံထားတယ်တဲ့၊ ရှည်မြင့်စွာလို့ ဆိုတာကတော့ ကြာကြာထုံးထားယင် ကောင်းလို့ပြောတာပဲ၊ အရိယ မဂ်ဖိုလ် တရားထူး တရားမြတ်တွေ ထဲမှာပါတဲ့ သဒ္ဓါတရားနဲ့ ထုံထားယင်တော့ တခဏကလေး ထုံရုံနဲ့လဲ လုံလောက်ပါတယ်၊ သေခါနီးမှာ ကပ်ပြီးတော့ မဂ်ဖိုလ်ကို ရောက်လို့ တခဏကလေး တခါတည်း ထုံသွားလို့ ရှိယင်ကို လုံလောက်ပါတယ်၊ သို့ပေမယ့် ကြာရှည် ထုံထားတာကတော့ ပိုပြီးကောင်းတာပေါ့၊ ဒါကြောင့် ရှည်မြင့်စွာသော ကာလပတ်လုံး ထုံထားတယ်လို့ ဆိုတာပါပဲ။

ဘဝဂတိ အနေအထားဖြင့် ယုတ်ညံ့တဲ့ဘဝ ယုတ်ညံ့တဲ့ဂတိမှာ မဖြစ်တော့ဘူး၊ မြင့်မြတ်တဲ့ဘဝ မြင့်မြတ်တဲ့ဂတိမှာသာ ဖြစ်သွားတော့တယ်၊ ဉာဏ်အဆင့်အနေ အားဖြင့် ဆိုယင်လဲ မူလရှိပြီး အဆင့်ထက် လျော့မသွားတော့ဘူး၊ တိုးတက်ပြီး တော့သာ သွားတော့တယ်၊ မူလက ရရှိထားပြီး အသိဉာဏ်မှ တဆင့်ထက် တဆင့် မြင့်မြတ်ပြီးတော့ အရဟတ္တမဂ်ဉာဏ်, အရဟတ္တဖိုလ်ဉာဏ် တိုင်အောင် တိုးတက် သွားနိုင်ပါတယ်၊ ဒါကြောင့် စိုးရိမ်စရာမရှိပါဘူးလို့ မဟာနာမ်မင်းကို မြတ်စွာဘုရားက အားပေးတရား ဟောတော်မူပါတယ်။

ဒကာမကြီး ဒေါ်သဲ၏ဂုဏ်တွေ

အဲဒီလိုပဲ အခုကွယ်လွန်သွားတဲ့ ဒကာမကြီး ဒေါ်သဲမှာလဲ အသက် ၈၆ -နှစ်ဆိုတော့ သဒ္ဓါသီလစသည်နဲ့ သူ့စိတ်ကို ထုံသွားတာ ကြာလှပါပြီ၊ ဒီဃရတ္တံ - ရှည်မြင့်စွာ သော ကာလပတ်လုံးလို့ ဆိုတဲ့အတိုင်း ရှည်မြင့်လှပါပြီ၊ ဒီဒကာမကြီး ဒေါ်သဲဟာ မိကောင်းဖကောင်း ဆရာသမားကောင်းတွေကို မှီဝဲဆည်းကပ် ရတဲ့အတွက် ငယ်ငယ် ကတည်းကစပြီးတော့ ဘုရား တရား သံဃာ ရတနာ သုံးပါးကို ကိုးကွယ် ဆည်းကပ် လာခဲ့တာပဲ၊

အသက် ၈၆ -နှစ်ထဲမှာ မသိတတ်တဲ့ ကလေးအရွယ် ၅-နှစ်လောက် နှုတ်လိုက်ပါ၊ သည်တော့ အနှစ် ၈၀-ကျော် ကျန်နေသေးတာပဲ၊ ယခုေ ခတ်မှာ ၅-နှစ် လောက်ဆိုယင် တော်တော်တောင် သိတတ်နေပါပြီ၊ ဒါပေမယ့် အဲဒီ ၅-နှစ်လောက် နုတ်လိုက်တောင်မှ ၈၁-နှစ် ကျန်ရှိနေသေးတာပဲ၊ ကြာလှပါပြီ။

အဲဒီ ၅-နှစ်အရွယ်လောက်ကစပြီးတော့ ဒီဒကာမကြီးမှာ ဘုရား, တရား, သံဃာ ရတနာသုံးပါးနဲ့ စပ်ပြီးတော့ သဒ္ဓါတရားတွေ ဖြစ်လာခဲ့ရတယ်၊ မြတ်စွာဘုရားဟာ လောဘ ကင်းတော်မူတယ်၊ ဒေါသကင်းတော်မူတယ်၊ မောဟကင်းတော်မူတယ်၊ တရားအလုံးစုံကို သိတော်မူတယ် စသည်ဖြင့် ဘုရားဂုဏ်တော်တွေကို ကြားရ သိရပြီးတော့ ကြည်ညိုတဲ့ သဒ္ဓါတရားတွေ ပွားလာခဲ့တယ်၊

မောဟကင်းတော်မူတယ်၊ တရားအလုံးစုံကို သိတော်မူတယ် စသည်ဖြင့် ဘုရား ဟောထားတဲ့ တရားတော်တွေကို ယုံကြည်တဲ့ သဒ္ဓါတရားတွေ ပွားလာခဲ့တယ်၊ ပြီးတော့ မြတ်စွာဘုရားဟောထားတဲ့တရားတွေကို ကြည်ညိုတဲ့ သဒ္ဓါတရားတွေ ဖြစ်ပွားလာခဲ့တယ်၊

ပြီးတော့ အဲဒီတရားတော်တွေအရ ကောင်းမွန်စွာကျင့်ကြံနေတဲ့ သံဃာတော်၏ သုပ္ပဋိပန္န အစရှိသော ဂုဏ်တော်တွေကို ကြားရ သိရပြီးတော့ သံဃာတော်ကို ကြည်ညိုတဲ့ သဒ္ဓါတရားတွေ ပွားလာခဲ့တယ်၊ ပြီးတော့ ကုသိုလ်ကောင်းမှု ပြုယင် ကုသိုလ်ရတယ်, ကောင်းကျိုးရတယ်လို့ ဒီလို ကံနဲ့ ကံ၏အကျိုးကို ယုံကြည်တဲ့ သဒ္ဓါတရားတွေ ပွားလာခဲ့တယ်။

အဲဒီ သဒ္ဓါတရားတွေနဲ့ သူ့စိတ်ကလေးဟာ ထုံပြီးနေလို့ ဒီဒကာမကြီးဟာ အမြဲမပြတ် ဘုရားကို အာရုံပြုနိုင်တယ်၊ ဘုရားကို ရှိခိုးနိုင်တယ်၊ တရားနာနိုင်တယ်၊ သံဃာတော်တွေကို ရှိခိုးပူဇော်နိုင်တယ်၊ အလှူဒါနတွေကို ပြုလုပ်နိုင်တယ်၊ ကုသိုလ်ကောင်းမှုတွေကို ပြုနိုင်တယ်၊ ငါးပါးသီလ ရှစ်ပါးသီလ စောင့်ထိန်းနိုင်တယ်၊ ကမ္မဋ္ဌာန်းဘာဝနာ တရားများကို ပွားများ အားထုတ်နိုင်တယ်၊ သာသနာ့ရိပ်သာမှာ တရားအားထုတ်တာ ဘယ်လောက် ကြာသွားပြီတုံး၊ (ရှစ်နှစ်ရှိပါပြီဘုရား)၊ အဲ ရှစ်နှစ်တောင်ကြာသွားပြီ၊ တရားအားထုတ်လာတာက ရှစ်နှစ်ဆိုတော့ ဘာဝနာနဲ့ ထုံလာတာတောင် အတော်ကြာသွားပြီ။

ဒီဒကာမကြီး ဒေါ်သဲဟာ တရားအားမထုတ်မီကတည်းက အနှစ်ပေါင်း ၇၀-ကျော် ကာလပတ်လုံး ကုသိုလ်ကောင်းမှုတွေကို ပြုပြီး သဒ္ဓါတရားတွေနဲ့ ထုံလာလိုက်တာ နည်းတာမဟုတ်ဘူး၊ ဒါန သီလအစရှိသော ကုသိုလ်တွေဟာ အများကြီးပဲ ပြည့်စုံ လာခဲ့ပါတယ်၊ သဒ္ဓါအစရှိသော သူတော်ကောင်းတရားတွေလဲ အများကြီးပဲ ပြည့်စုံ လာခဲ့ပါတယ်။

အဲဒီလို တရားအားမထုတ်မီကတည်းက ပြည့်စုံလာခဲ့တဲ့ သဒ္ဓါ, သီလ အစရှိသော သူတော်ကောင်း တရားတွေဟာ တရားအားထုတ်လိုက်တဲ့ အခါကျတော့ ပိုပြီး ခိုင်မြဲပြည့်စုံသွားတယ်၊ သဒ္ဓါတရားဆိုယင် တရားအားမထုတ်မီကတော့ မိဘတွေ ဆရာသမားတွေပြောလို့ ယုံကြည်နေရုံမျှပဲ ရှိသေးတယ်၊ တရားအားထုတ်လိုက်တဲ့ အခါကျတော့ ကိုယ်တိုင်တွေ, ကိုယ်တိုင်သိကလေးတွေပါ ပြည့်စုံလာတယ်၊ ဒါကြောင့် မယုံစရာကိုမရှိတော့ဘူး၊

ရုပ်တရားနဲ့ နာမ်တရားမျှရှိတယ်ဆိုတာကိုလဲ ကိုယ်တိုင် တွေ့ရတယ်၊ ရုပ်နာမ်တွေ ခဏမစဲ ဖြစ်ပျက်နေတယ်ဆိုတာလဲ ကိုယ်တိုင်တွေ့ရတယ်၊ အနိစ္စ, ဒုက္ခ, အနတ္တ သဘောတွေကိုလဲ ကိုယ်တိုင် တွေ့ရတယ်၊ ရုပ်နာမ် သင်္ခါရ ဒုက္ခငြိမ်းတဲ့ နိဗ္ဗာန် ဆိုတာကိုလဲ ကိုယ်တိုင် တွေ့နိုင်တယ်။

အဲဒီတော့ ဒါတွေဟာ သူကိုယ်တိုင် တွေ့သွားတဲ့ တရားတွေပဲ၊ အဲဒီလို ကိုယ်တိုင် တွေ့သွားတော့ မူလကတည်းက ယုံကြည်လာခဲ့တဲ့ သဒ္ဓါတရားဟာ မပျက် နိုင်တော့ဘူး၊ ခိုင်မြဲသွားတယ်၊ ဒါကြောင့် ဒီဒကာမကြီး ဒေါ်သဲဟာ မပျက်နိုင်တဲ့ သဒ္ဓါတရားနဲ့လဲ သူ့စိတ်ကို ထုံပြီး သွားတယ်။

သီလကလဲ သူ့မှာ စောစောကတည်းက စောင့်ထိန်းနေတာပဲ၊ တရား အားထုတ်ပြီးတဲ့ နောက်ပိုင်းမှာတော့ ခိုင်မြဲပြီး အထူးစင်ကြယ်တဲ့ သီလတွေနဲ့ ပြည့်စုံသွားတာပေါ့၊ ဒါကြောင့် အဲဒီ အထူးစင်ကြယ်ခိုင်မြဲတဲ့ သီလနဲ့လဲ သူ့စိတ်ကို ထုံသွားတယ်။

သုတ-အကြားအမြင်ဆိုတာလဲ စောစောကတည်းက ဆရာသမားတွေ ဟောပြောတဲ့ တရားတွေကို ကြားနာမှတ်သား ထားတာတွေ ရှိခဲ့တယ်၊ အဲဒါတွေက ကိုယ်တိုင် မတွေ့ရသေးဘူး၊ ကြားရုံသာ ကြားထားရကာမျှ ရှိသေးတယ်၊ ဒါကြောင့် အကြား လို့ခေါ်ရတယ်၊ တရားအားထုတ်တဲ့အခါကျတော့ ရုပ်, နာမ် အနိစ္စ, ဒုက္ခ, အနတ္တ စသည်ကို သိသင့် သိထိုက်သလောက် ပါရမီဉာဏ် အားလျော်စွာ ကိုယ်တိုင် တွေ့သိရမယ်၊ အဲဒါတွေကိုတော့ အမြင်လို့ခေါ်တယ်၊ ဒီတော့ ဒီဒကာမကြီးမှာ အကြားရော အမြင်ရော ဒီအကြားအမြင် ၂-ပါးလုံးနဲ့ သူ့စိတ်ကို ထုံသွားတယ်။

စာဂ-စွန့်ကြဲ ပေးကမ်းလှူဒါန်းမှုဆိုတာကတော့ အများက မြင်သိနေကြတဲ့အတိုင်းပဲ၊ အများကြီး ပြည့်စုံပါတယ်၊ ရဟန်းသံဃာတော်တွေနဲ့ စပ်ပြီးတော့လဲ လှူဒါန်းရ, မိတ်ဆွေသင်္ဂဟတွေနဲ့ စပ်ပြီးတော့လဲ လှူဒါန်းရ အဲဒါတွေကတော့ အများကြီးပဲ ဆိုတာ ထင်ရှားနေပါပြီ။

ပညာ-ဆိုတာကတော့ မြတ်စွာဘုရား၏ တရားတော်တွေကို ကြားနာပြီး သိရတဲ့ ပညာလဲရှိတယ်၊ တရားအားထုတ်လို့ ကိုယ်တိုင်တွေ့ပြီး သိရတဲ့ ဝိပဿနာပညာလဲ ရှိတယ်၊ ခုနကပြောခဲ့တဲ့အတိုင်း ဒီဒကာမကြီး ဒေါ်သဲဟာ အဲဒီပညာ နှစ်မျိုးလုံးနဲ့ သူ့စိတ်ကလေးကို ထုံသွားတယ်။

အဲဒီလို သဒ္ဓါ, သီလ, သုတ, စာဂ, ပညာတွေနဲ့ စိတ်ကို ထုံထားယင် ရုပ်ကိုယ်ကြီးက ဘယ်လိုပဲ ဖြစ်သွားပေမယ့် အဲဒီစိတ်ကတော့ မကျေမပျက်ပါဘူးတဲ့၊ ရုပ်ကိုယ်ကြီး ဆိုတာကတော့ ကောင်းမြဲကောင်းနေအောင်, မပျက်စီးအောင် ဘယ်လိုနည်းနဲ့မှ မတတ်နိုင်ဘူး၊ ဘယ်လိုပဲ ပြုပြင် စောင့်ရှောက်နေပေမယ်လဲ ရုပ်ကိုယ်ကြီးကတော့ အိုချိန်ကျယင် အိုမင်း ဆွေးမြည့်သွားမှာပဲ၊ နာချိန်ကျယင်လဲ နာမှာပဲ၊ နောက်ဆုံး တနေ့ကျတော့ လုံးလုံးပျက်စီးပြီး သေရမှာပဲ၊ သေပြီးတဲ့ နောက်ကျယင် ရှေးက ဘယ်လို စောင့်ရှောက် ပြုပြင်ထားပေမယ့် ဘာမှအသုံးမကျတော့ဘူး၊ ဘာမှ အနှစ်သာရရယ်လို့ မရနိုင်တော့ဘူး၊ စွန့်ပစ်လိုက်ကြရမှာချည်းပဲ၊

သို့သော် ခုနကပြောတဲ့အတိုင်း သဒ္ဓါ, သီလစသည်တို့နှင့် ထုံထားတဲ့ စိတ်ကလေး ကတော့ ဒီဘဝက ခန္ဓာကိုယ် ပျက်စီးလို့ သေသွားပေမယ့် လုံးလုံးပျက်စီးမသွားဘူး၊ သူ့အစွမ်းသတ္တိက လုံးလုံး ပျက်မသွားဘူး၊ နောက်ဘဝမှာ ပဋိသန္ဓေက စပြီး စိတ် အသစ်ဖြစ်လာတဲ့အခါ ရှေးဘဝက သဒ္ဓါစသည်နဲ့ ထုံလာခဲ့တဲ့ အစွမ်းသတ္တိကြောင့် ရှေးဘဝက စိတ်ထက် မညံ့ဘူး၊

တိုးတက်မြင့်မြတ်တဲ့စိတ်, အထက်တန်းကျတဲ့စိတ်သာ ဖြစ်သွားတယ်၊ ပဋိသန္ဓေ ကတည်းက ယခုဘဝမှာလိုပဲ အလောဘ, အဒေါသ, အမောဟဆိုတဲ့ ဟိတ်သုံးပါးနဲ့ ယှဉ်ပြီး တိဟိတ်ပဋိသန္ဓေဖြစ်လာတယ်၊ ဒါပေမယ့် ထူးခြားတာကတော့ သဒ္ဓါ, သီလ အစရှိသော သူတော်ကောင်းတရားတွေနဲ့ ထုံလာတဲ့စိတ်ကလေးမှ ဆင်းသက်လာတဲ့ အတွက် အဲဒီ ပဋိသန္ဓေစိတ်ကစပြီး စိတ်ဓာတ်တွေဟာ အထူးသဖြင့် သန့်ရှင်း စင်ကြယ်နေတယ်၊ အထူးသဖြင့် ထက်မြက် ကောင်းမြတ်နေတယ်၊

ဒါကြောင့် အဲဒီ ဖြစ်ရာဘဝမှာ တရား နှလုံးသွင်းအားထုတ်လိုက်ယင် မပင်မပန်း ချမ်းသာ လွယ်ကူစွာနှင့် တဆင့်ထက်တဆင့် မြင့်တက်သွားဖို့ပဲ ရှိပါတယ်တဲ့။

ဒါကြောင့် ယခုကွယ်လွန်သွားတဲ့ ဒကာမကြီး ဒေါ်သဲအတွက် အားရ ဝမ်းမြောက်စရာ အချက် တွေကတော့ အိုခြင်း, နာခြင်း, သေခြင်းတရားတွေကို မလွန်ဆန်နိုင်ပဲ ဘဝတပါး ပြောင်းသွားရသော်လဲ အိုခြင်း, နာခြင်း, သေခြင်းသဘောရှိတဲ့ ဒီ ခန္ဓာကိုယ်ထဲက အားကိုး အားထားရာ အမြင့်အမြတ်တရားတွေကို ဆည်းပူး ပွားများပြီးသွားတာပဲလို့ ဒါတွေကို စဉ်းစားကြည့်လိုက်ယင်တော့ အားရစရာ ဝမ်းမြောက်စရာချည်းပါပဲ။

အနုမောဒနာ တရား

စိတ္တံ - မိမိစိတ်ကို၊
ဒီဃရတ္တံ - ရှည်မြင့်စွာသော ကာလပတ်လုံး၊
သီလပရိဘာဝိတံ - သီလဖြင့် ထုံထားအပ်သည်ဖြစ်အံ့၊

ရှည်မြင့်စွာသော ကာလပတ်လုံး သီလစောင့်ထိန်းပြီး ကျင့်သုံးနေတာကို ဆိုတာပါပဲ၊

သုတပရိဘာဝိတံ - အကြားအမြင်နှင့် ထုံထားအပ်သည်ဖြစ်အံ့၊
စာဂပရိဘာဝိတံ - စွန့်ကြဲပေးလှူမှုနှင့် ထုံထားအပ်သည်ဖြစ်အံ့၊
ပညာပရိဘာဝိတံ - အဘိဉာဏ်ပညာဖြင့် ထုံထားအပ်သည် ဖြစ်အံ့။

အဲဒီလို သဒ္ဓါ, သီလ, သုတ, စာဂ, ပညာဆိုတဲ့ သူတော်ကောင်းတရား ငါးပါးနဲ့ မိမိစိတ်ကို ရှည်မြင့်စွာသော ကာလပတ်လုံး ထုံထားလို့ရှိယင် အဲဒီစိတ်ကလေးဟာ ဘယ်လိုဖြစ်မလဲလို့ဆိုတော့ -

တံ စိတ္တံ - သဒ္ဓါ, သီလ, သုတ, စာဂ, ပညာတို့ဖြင့် ရှည်မြင့်စွာ ထုံထားအပ်သော ထိုစိတ်သည်၊
ဥဒ္ဓံဂါမိ - မြင့်မြတ်ရာအထက်သို့ တက်သွားသည်၊
ဝိသေသဂါမိ - ထူးမြတ်ရာသို့ ရောက်သည်၊
ဟောတိ - ဖြစ်ပါတယ်တဲ့။

ဒီနေရာမှာ ကြာမြင့်စွာ ထုံထားတယ်ဆိုတာလဲ ဒီစိတ်ပဲ၊ ထူးခြားမြင့်မြတ်ရာ ရောက်သွားတယ် ဆိုတာလဲ ဒီစိတ်ပဲ၊ ဒီစိတ်ကလေးတခုတည်း မပျက်ပဲ တည်နေတယ်တဲ့၊ ဒီလိုတော့ မယူရဘူး၊ အမှန်အားဖြင့်တော့ ဒီစိတ်ကလေး ဆိုတာဟာ တစိတ်ပြီး တစိတ် မပြတ်ဖြစ်ပျက်နေတာပါပဲ၊ တခုတည်း တည်နေ တာတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် ပုဂ္ဂိုလ်တဦးတည်း သန္တာန်မှာ ရှေးစိတ်နဲ့ နောက်စိတ်ဆိုတာက ရှေးစိတ်ရယ်, နောက်စိတ်ရယ်လို့သာ ခေါ်ရတယ်၊ ဖြစ်ပုံချင်း ကတော့ တူနေပါတယ်၊ တစိတ်တည်းလို့ပဲ ဖြစ်နေပါတယ်၊ ထူးခြားခြင်းမရှိဘူး၊ ရှေ့စိတ်က ပျောက်သွားယင်လဲ နောက်စိတ်ကလဲ အလားတူ ဖြစ်ပေါ်လာတယ်၊

ဘာနဲ့တူသလဲဆိုတော့ မပြတ်စီးနေတဲ့ မြစ်ရေလျဉ်များနဲ့တူတယ်၊ မြစ်ရေတွေဟာ တနေရာရာကို ရောက်လာပြီးယင် အောက်ကိုစီးဆင်းသွားကြတာပဲ၊ အဲဒီ နေရာကို အထက်ကရေသစ်တွေက ရောက်လာကြပြန်တယ်၊ အပြတ်အခြားလဲ မရှိဘူး၊ ရေဟောင်းနဲ့ ရေသစ်ကလဲ မကွဲပြားဘူး၊ တူနေတယ်၊ ဒါကြောင့် သာမန်အနေ အားဖြင့်ဆိုယင် ဒီရေတွေပဲ အမြဲတည်နေသလို ထင်ရတယ်။

အဲဒါလိုပါပဲ၊ သဒ္ဓါတရားနဲ့ ထုံထားတဲ့စိတ်ဟာ ရှေ့ရှေ့စိတ်က ပျောက်သွားပေမယ့် နောက်နောက် စိတ်ကလဲ ရှေ့ရှေ့စိတ်လို သဒ္ဓါတရားနဲ့ ထုံလျက်ပဲ အလားတူ ဖြစ်နေတယ်၊ သီလနဲ့ထုံထားတဲ့စိတ်, သုတနဲ့ ထုံထားတဲ့စိတ်, စာဂပညာနဲ့ ထုံထားတဲ့ စိတ်တွေလဲ ရှေ့ရှေ့စိတ်များနဲ့အလားတူပဲ နောက်နောက်စိတ်တွေ ဖြစ်နေတယ်၊ ဒါကြောင့် အဲဒီ သဒ္ဓါ, သီလ, သုတ, စာဂ, ပညာနဲ့ ထုံထားတဲ့စိတ်ဟာ မြင့်မြတ်ရာသို့ တက်သွားတယ်လို့ ဆိုထားပါတယ်။

ဒါပေမယ့် သားသမီးဖြစ်တဲ့သူတွေက ကွယ်လွန်သူ မိခင်ကြီးအတွက် ရည်စူးပြီးတော့ ကုသိုလ်ကောင်းမှုတွေပြုပြီး အမျှပေးဝေကြတယ်ဆိုတော့ မိမိတို့၏ တာဝန်ဝတ္တရား အတိုင်း မချွတ်ယွင်းရအောင် ပြုရတာပေါ့၊ မိဘများဟာသားသမီးများရဲ့ ကိုးကွယ်ရာ ဗြဟ္မာကြီးနဲ့တူတယ်၊ မိဘများနဲ့အတူနေရတဲ့ သားသမီးများ ဗြဟ္မာကြီးနဲ့ အတူ နေရသလိုပါပဲတဲ့။

ဗြဟ္မာနှင့်တူသည်

ဗြဟ္မာတိ မာတာပိတရော၊ ပုဗ္ဗာစရိယာတိ ဝုစ္စရေ-တဲ့။

မာတာပိတရော-မိခင် ဖခင်တို့ကို၊
ဗြဟ္မာတိ - ဗြဟ္မာဟူ၍လည်းကောင်း၊
ပုဗ္ဗာစရိယာတိ - လက်ဦးဆရာ ဟူ၍လည်းကောင်း၊
ဝုစ္စရေ - ခေါ်ဆိုအပ်ကုန်၏ တဲ့။

မိဘဟာ ဗြဟ္မာမင်းနှင့်တူတယ်၊ တူပုံကတော့ ဗြဟ္မာများဟာ ရှေးဘဝကတည်းက မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာဆိုတဲ့ ဗြဟ္မဝိဟာရ တရားတွေကို ပွားများ လာခဲ့ကြတယ်၊ ဗြဟ္မာဖြစ်နေကြတဲ့ အခါမှာလဲ သူတို့မှာ ဒေါသမရှိဘူး၊ သတ္တဝါ များအား ချမ်းသာကြပါစေလို့ မေတ္တာတရားကို ပွားများနေကြတယ်၊

သနားစရာကောင်းတဲ့ သတ္တဝါတွေကို အာရုံပြုပြီးတော့ သနားခြင်း ကရုဏာ တရားကို ပွားများနေကြတယ်၊ ကြီးပွားချမ်းသာနေတဲ့ သတ္တဝါတွေကို အာရုံပြု ပြီးတော့ ကြီးပွားမြဲ ကြီးပွားချမ်းသာနေကြပါစေလို့ ဝမ်းမြောက်ကြည်ဖြူခြင်း မုဒိတာတရားကို ပွားများနေကြပါတယ်၊

သူတပါးကို မနာလိုခြင်း မရှိဘူး၊ ပြီးတော့ အားလုံးသောသတ္တဝါတွေနှင့် စပ်ပြီးတော့ ညီတူညီမျှ ရှုတဲ့ ဥပေက္ခာကိုလဲ ပွားများနေကြတယ်၊ ဘယ်သူက သာပါစေ, ဘယ်သူကတော့ နာပါစေလို့ ဒီလိုခွဲခြားတဲ့ စိတ်ထားမျိုး မရှိကြဘူး၊ သာတူညီမျှ နှလုံးသွင်းနေကြတယ်၊ အဲဒီလို မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာဆိုတဲ့ ဗြဟ္မဝိဟာရ တရားလေးပါးနှင့် ပြည့်စုံနေကြတဲ့အတွက် သူတို့ကို ဗြဟ္မာလို့ ခေါ်ရတယ်။

မိဘတွေကလဲ ဒီလိုပါပဲ၊ သားသမီးတွေအပေါ်မှာ အဲဒီ ဗြဟ္မဝိဟာရတရားတွေကို ပွားများနေကြတယ်၊ ဒီလို ပွားများနေကြတာကလဲ စာပေကျမ်းဂန်အရ ဗြဟ္မဝိဟာရ တရားတွေကို တတ်သိနားလည်လို့လဲ မဟုတ်ပါဘူး၊ တရားအားထုတ်တဲ့ အနေနဲ့ ပွားနေကြတာလဲ မဟုတ်ဘူး၊ လောကဓမ္မတာအတိုင်း သူ့အလိုလို ဖြစ်နေတဲ့ သဘောပါပဲ၊

ဒီလိုဖြစ်နေတာကလဲ လူတွေတွင်သာ မဟုတ်သေးဘူး၊ ခွေး, ကြက်, ငှက်မှစ၍ တိရစ္ဆာန်တွေရော အားလုံးသတ္တဝါ တွေဟာ ဒီအတိုင်းပဲ ဖြစ်နေတယ်၊ လူတွေ ဆိုတာကတော့ သူတော်ကောင်းတရားတွေ, အသိအလိမ္မာတွေနဲ့မို့ အထူးပြောစရာ မလိုပါဘူး၊ ဘာမျှမဟုတ်တဲ့ တိရစ္ဆာန်တွေ, သူတပါးအပေါ်မှာ အလွန်ရက်စက် ကြမ်းကြုတ်တဲ့ သတ္တဝါတွေတောင်မှ ကိုယ့်သားသမီးကျတော့ သူ့ဟာက မေတ္တာ, ကရုဏာတွေ ရှိနေတယ်၊ ကျီးဆိုတဲ့အကောင်ဟာ သူတပါးအပေါ်မှာ အင်မတန် ဆိုးတဲ့ အကောင်ပေါ့၊ ဒါပေမယ့် သူတို့ဥကလေးကျတော့ သိပ်ဂရုစိုက်တယ်၊ ဒီလို ကိုယ့်သားသမီး ကိုယ်ဂရုစိုက်တာဟာ လောကရဲ့ ဓမ္မတာပါပဲ။

ဒါကြောင့် မိဘတွေဟာ သားသမီးတွေအပေါ်မှာ ချမ်းသာပါစေဆိုတဲ့ မေတ္တာစိတ် တွေကို အများကြီး ပွားနေကြပါတယ်၊ မဖွားမြင်သေးခင် ပဋိသန္ဓေကတည်းက ဒီ ကလေးဟာ ချမ်းချမ်းသာသာနဲ့ ဖွားမြင်ပါစေလို့ မေတ္တာတွေ ပွားလာခဲ့ပါတယ်၊ အဲဒီလို ဝမ်းထဲမှာ လွယ်ထားရစဉ်ကတည်းက ကိုယ့်ကလေး မဆင်းရဲရအောင်, ချမ်းချမ်းသာသာနဲ့ နေရအောင် အစားအသောက်ကိုလဲ ဆင်ခြင်တယ်၊

အနေအထိုင် အသွားအလာကိုလဲ ဆင်ခြင်တယ်၊ အစစအရာရာမှာ စောင့်ရှောက် ပြီးတော့ နေထိုင်တယ်၊ မွေးဖွားပြီးတဲ့ အခါမှာလဲ မိမိကလေးကို ချမ်းသာအောင်လို့ အမြဲတမ်း စောင့်ရှောက်နေတယ်၊ ဒီလို စောင့်ရှောက်နေတဲ့အခါမှာ ချမ်းသာပါစေလို့ နှလုံးသွင်းတိုင်း မေတ္တာတရားတွေ ဖြစ်ပွားနေတယ်။

ကိုယ့်သားသမီးကလေး နေထိုင်မကောင်း ဖြစ်တဲ့အခါ, ခြင်, မှက် စသည် ကိုက်ခဲတဲ့ အခါ အဲဒီလို အခါများကျတော့ မိဘဖြစ်သူတွေမှာ အဲဒီ ဆင်းရဲမှု လွတ်စေချင်တဲ့, သနားတဲ့ ကရုဏာတရားတွေ ပွားများနေတယ်။

ကိုယ့်သားသမီးက တော်တော် ကြီးပြင်းပြီးတော့ ချမ်းချမ်းသာသာနဲ့ ကြီးပွား တိုးတက်နေတာ, ကောင်းစားနေတာကို မြင်ရတော့ မိဘဖြစ်သူမှာ ဝမ်းမြောက် ဝမ်းသာ ဖြစ်နေကြတယ်၊ သားသမီးတွေ ကြီးပွား ချမ်းသာလို့တော့ မိဘတွေမှာ ဘာမျှ မနာလိုခြင်းမရှိဘူး၊ ကြီးပွားလေလေ ဝမ်းမြောက်လေလေပဲ၊ အဲဒါဟာ မုဒိတာ တရားတွေ ပွားနေတာပါပဲ။

သားသမီးများ သူ့အိုး, သူ့အိမ်, သူ့အလုပ်အကိုင်, သူ့စီးပွားနဲ့ အချိုးတကျ ပြည့်စုံနေလို့ ဘာမျှကြောင့်ကြစိုက်စရာ မရှိတဲ့အခါကျတော့ သူ့ဟာသူ နေနိုင်ပြီ လို့သဘောထားပြီးတော့ မိဘတွေကလျစ်လျူရှုပြီးတော့ နေတယ်၊ အဲဒါဟာ ဥပေက္ခာတရားကို ပွားနေတာပဲ။

ဒီလို မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာဆိုတဲ့ ဗြဟ္မဝိဟာရ တရားတွေကို သားသမီးတွေအပေါ်မှာ ပွားများနေကြတဲ့အတွက် မိဘတွေဟာ ဗြဟ္မာနဲ့ တူပါတယ်တဲ့၊ မိဘနဲ့ အတူနေရတဲ့ သားသမီးတွေဟာ ဗြဟ္မာနဲ့ အတူနေရသလို ပါပဲတဲ့၊

မိဘကို ပြုစုလုပ်ကျွေးနေရတဲ့သူတွေဟာလဲ ဗြဟ္မာကို လုပ်ကျွေးပူဇော်နေရတာနဲ့ တူပါတယ်တဲ့၊ အင်မတန် ကံကောင်းတဲ့ လူတွေလို့ ဆိုရမှာပေါ့၊ ယခု ကွယ်လွန်သွားတဲ့ ဒကာမကြီး ဒေါ်သဲက အသက် ၈၆ -နှစ်တိုင်အောင် နေသွားတော့ သားသမီး ဖြစ်သူတွေမှာ မိခင်နှင့်အတူနေကြရတာ အကြာကြီးပဲ၊ မိခင်ကြီးက ကံကောင်းလို့ အသက်ရှည်နေတဲ့အတွက် သားသမီးတွေလဲ သိပ်ကံကောင်း ကြတာပဲ၊ ဗြဟ္မာနဲ့တူတဲ့ မိဘကို ပြုစုလုပ်ကျွေးရတာ, မိဘနဲ့ ကြာရှည်စွာ အတူ နေကြရတာတွေဟာ အင်မတန်ကို ကံကောင်းလို့ပါပဲ။

လက်ဦးဆရာလဲ ဖြစ်သည်

ပုဗ္ဗာစရိယာတိ ဝုစ္စရေ

မာတာပိတရော - မိခင် ဖခင်တို့ကို၊
ပုဗ္ဗာ စရိယာတိ - လက်ဦးဆရာ ဟူ၍လည်း၊
ဝုစ္စရေ - ခေါ်ဆိုအပ်ကုန်၏တဲ့။

အမိအဘဆိုတာ လက်ဦးဆရာလို့လဲ ခေါ်ရပါတယ်၊ တော်တော်ကြီးမှ စာသင်ပေးတဲ့ လူဆရာတွေ, ရဟန်းဆရာတွေ ဆိုတာကတော့ နောက်ဆရာတွေပဲ၊ လက်ဦး အကျဆုံးဆရာကတော့ အမိအဘပါပဲ၊ အဲဒီ အမိနဲ့အဘ နှစ်ဦးထဲမှာလဲ အမေက လက်ဦးဆရာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်၊

ဘာကြောင့်လဲ ဆိုတော့ အဖေဆိုတာက များသောအားဖြင့် သားသမီးနဲ့ ခပ်ဝေးဝေး နေတတ်တယ်၊ သူက သားသမီးနဲ့ ရောရောနှောနှော ပူးပူးကပ်ကပ် မနေတတ်ဘူး၊ ပူးပူးကပ်ကပ်နေပြန်လဲ သူက တယ်ပြီး မသွန်သင် မဆုံးမတတ်ဘူး၊ အမေကတော့ သားသမီးနဲ့ ပူးပူးကပ်ကပ်လဲ နေရတယ်၊ အကုန်လုံး သွန်သင် ဆုံးမလဲ ပေးတတ်တယ်၊

ကလေးငယ်ဘဝကစပြီးတော့ အမေလို့ ခေါ်တတ်ဖို့, အဖေလို့ ခေါ်တတ်ဖို့, စားတတ် သောက်တတ်ဖို့ အစစအရာရာ အကုန်လုံး အမေကသင်ပေးတတ်တယ်၊ ဒါကြောင့် အမေက ပထမဆုံးလက်ဦးဆရာဖြစ်ကြောင်း ထင်ရှားပါတယ်၊ ဒါကြောင့် မိဘနှင့် အတူ နေရတဲ့ သူတွေဟာ ဆရာသမားနှင့် အတူနေထိုင်ရသည် မည်တော့တာပါပဲ၊ ဆရာသမားနဲ့ အတူ နေထိုင်ရသလိုပဲ အကျိုးများနေပါတယ်၊ ဒါကြောင့်-

လက်ဦးဆရာ, မည်ထိုက်စွာ, ပုဗ္ဗာစရိယ, မိနှင့်ဘ” လို့ ရှေးဆရာတွေက သံပေါက် လင်္ကာကလေး စီထားကြတယ်။

လက်ဦးဆရာ, မည်ထိုက်စွာ, ပုဗ္ဗာစရိယ, မိ နှင့်ဘ - တဲ့။

ပုဗ္ဗာစရိယ ဆိုတာကတော့ ပါဠိစကားပဲ၊ လက်ဦးဆရာဆိုတာက အဲဒီပါဠိရဲ့ မြန်မာပြန်ပဲ၊ မိဘဟာ ဗြဟ္မာသာ မည်တာ မဟုတ်သေးဘူး၊ လက်ဦးဆရာလဲ မည်ပါတယ်တဲ့၊ ဒါကြောင့် လက်ဦးဆရာလဲမည်တဲ့, ဗြဟ္မာလဲမည်တဲ့ မိခင် ဒေါ်သဲဟာ အသက် ၈၆-နှစ်ကျမှ ကွယ်လွန်သွားတယ် ဆိုတော့ သားသမီးများ ဖြစ်ကြတဲ့ ဦးကြည်နှင့် မကြွေတို့မှာ အဲဒီ လက်ဦးဆရာကြီး ဗြဟ္မာကြီးမည်တဲ့ မိခင်ကြီးနဲ့ အကြာကြီးအတူနေကြရတာပေါ့၊

အဲဒီလို မိခင်ကြီး အသက်ရှိစဉ်အတွင်း သားသမီးကျင့်ဝတ်တွေ မချွတ် မယွင်း အောင် ပြုစုလုပ်ကျွေးလာခဲ့ ရတာတွေဟာလဲ ဝမ်းသာစရာတွေပါပဲ၊ အဲဒါတွေလဲ ကုသိုလ်ကောင်းမှုတွေပါပဲ၊ ယခု ကွယ်လွန်သွားတဲ့အခါမှာလဲ မိခင်ကြီးရဲ့ ဂုဏ် ကျေးဇူးတွေကို အာရုံပြုပြီးတော့ ကုသိုလ်ကောင်းမှုတွေ ပြုပြီး အမျှပေးဝေကြ ရပြန်တယ်၊ ဒါတွေဟာ သားသမီးတို့ မုချပြုရမယ့် ကျင့်ဝတ်တွေပါပဲ။

ဒါပေမယ့် ခုနကပြောခဲ့တဲ့အတိုင်း ဒကာမကြီးဒေါ်သဲမှာ သဒ္ဓါတရားနဲ့, သီလနဲ့, သုတနဲ့, စာဂနဲ့, ပညာ နဲ့ သူ့စိတ်ကလေးကို ကြာမြင့်စွာ ထုံသွားတဲ့အတွက် အဲဒီ စိတ်ကလေးရဲ့ အစွမ်းကြောင့် ဒုတိယဘဝမှာ ယခုဘဝထက်သာလွန် မြင့်မြတ်တဲ့ ဘဝကို ရောက်ပြီးတော့ ယခုနေအခါမှာ ကောင်းကျိုးချမ်းသာတွေနဲ့ ပြည့်စုံနေပြီ ဆိုတာကတော့ ယုံမှားဖွယ် မရှိပါဘူး၊ ကောင်းကောင်းကြီး လုံလောက်နေပါတယ်၊ ယခု သားသမီးဖြစ်သူတွေက ဒကာမကြီးဒေါ်သဲကို အကြောင်းပြုပြီး ဒါနကုသိုလ် ပြုကြရတာကတော့ မိမိတို့၏ တာဝန်ဝတ္တရားကျေရုံမျှပါပဲ။

လက်ဆောင်ပေးတာနှင့် တူသည်

သို့သော် ကျေးဇူးများတဲ့ အချက်တခုတော့ရှိပါတယ်၊ ဘာလဲဆိုယင် ဒီက သားသမီး ဖြစ်တဲ့သူတွေက ကုသိုလ်ပြုပြီး အမျှပေးဝေလိုက်လို့ရှိယင် ဟိုကလဲ ဒကာမကြီး ဒေါ်သဲက မိမိရောက်ရာကနေပြီး ဝမ်းမြောက် ဝမ်းသာနဲ့ သာဓုအနုမောဒနာ ခေါ်လိုက်လို့ရှိယင် သူ့မှာ မူလကရပြီး အခြေအနေထက် တိုးတက်ပြီးတော့လဲ နတ်၌ဖြစ်သော စည်းစိမ်ချမ်းသာတွေကို နောက်ထပ်ရရှိသွားနိုင်ပါတယ်၊ အဲဒီလို နောက်ထပ်ရတဲ့ဥစ္စာကတော့ သူ့မှာ အပိုလိုပဲ ဖြစ်ချင်ဖြစ်နေပေလိမ့်မယ်၊ ဒါပေမယ့် ဝမ်းမြောက်ဝမ်းသာကတော့ ဖြစ်ရမှာပါပဲ။

ဥပမာ-တခြားမြို့ တခြားနိုင်ငံ အရပ်ဝေးရောက်နေတဲ့ ဆွေမျိုးဖြစ်သူထံကို မိမိ၏ နေရင်း မြို့ရွာဒေသက ဆွေမျိုးမိတ်ဆွေများထံမှ လက်ဆောင်ပစ္စည်း တစုံတရာ ပေးပို့လိုက်လို့ ရလာတယ်ဆိုယင် အဲဒီပစ္စည်းဟာ အသုံးကျသည်ဖြစ်စေ, မကျသည် ဖြစ်စေ အရပ်ဝေးရောက်နေတဲ့လူကတော့ ဝမ်းသာတာပဲ၊ ကျန်းမာတဲ့အကြောင်း, မေတ္တာပို့တဲ့အကြောင်း, သတိရတဲ့အကြောင်း ဒီလိုစာကလေးရယင်ကို အရပ်တခြား ရောက်နေတဲ့လူကတော့ ဝမ်းသာတာပဲ၊ ငါ့ဆွေမျိုးတွေ, ငါ့မိတ်ဆွေတွေက ငါ့ကို သတိရကြပါပေတယ်လို့ အောက်မေ့ပြီး ဝမ်းမြောက်တာပဲ၊

အဲဒါလိုပါပဲ ဒီက သားသမီးဖြစ်တဲ့သူတွေက ကုသိုလ်ကောင်းမှုပြုပြီးတော့ အမျှ ပေးဝေလိုက်ယင် ဟိုကမိခင်ကြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်မှာကတော့ သေချာ နေတာပါပဲ၊ ဒါကြောင့် မိမိတို့မှာ တာဝန်ဝတ္တရားရှိတဲ့အတိုင်း မိခင်ကြီး၏ ဂုဏ်ကျေးဇူးတွေကို အောက်မေ့တသ သတိရနေကြပါတယ်ဆိုတာကိုလဲ ဖော်ပြတဲ့ အနေအားဖြင့် သံဃာတော် အရှင်မြတ်တို့အား ကျွေးမွေးလှူဒါန်းခြင်း ဒါနကုသိုလ် တွေကို ပြုပြီးတော့ အဲဒီကုသိုလ် အဖို့ကို အမျှပေးဝေ ကြရတာပါပဲလို့ အာရုံ ပြုကြရမယ်။

သူ့နယ်မှာနေလျှင်
သူ့အလို လိုက်ရမည်

ပြီးတော့ ခုနကပြောခဲ့တဲ့အတိုင်း အိုခြင်းတရား, နာခြင်းတရား, သေခြင်းတရား ဆိုတာတွေဟာ မကောင်းတဲ့ တရားတွေထဲမှာ မကောင်းဆုံး, အဆိုးဆုံး တရား တွေပဲ၊ အဲဒါတွေကို ဘယ်သူမှလဲမခုခံ မတိုက်ဖျက်နိုင်ကြဘူး၊ သူတို့၏ နယ်ပယ် ထဲက လွတ်မြောက်အောင် ထွက်ပြေးဖို့ရာလဲ အင်မတန်ခက်ပါတယ်။

သုဒုက္ကရံ - အလွန်ပင်ကျော်လွန်ရန် ခဲယဉ်းသော၊
မစ္စုဓေယျံ - သေမင်း၏ နယ်ပယ်ကြီး’ ‘

လို့ဆိုထားတဲ့အတိုင်း အိုမင်း, နာမင်း, သေမင်းကြီးတွေရဲ့ နယ်ပယ်ဆိုတာ တခြား မဟာမဟုတ်ဘူး၊ မိမိတို့သန္တာန်မှာရှိနေတဲ့ ခန္ဓာငါးပါး တရားတွေပဲ၊ ဒီခန္ဓာငါးပါးတွေ ရှိနေသမျှကာလပတ်လုံး အိုမင်း, နာမင်း, သေမင်းကြီးတွေရဲ့ နယ်ပယ်ထဲ ရောက်နေတယ်၊ သူတို့က ပိုင်ဆိုင်တဲ့ နယ်ပယ်ထဲမှာနေယင် သူတို့အလိုအတိုင်း လိုက်နေရမှာပဲ၊ အိုချိန်ကျယင် အိုရမယ်၊ နာချိန်ကျယင် နာရမယ်၊ သေချိန်ကျယင် သေရမယ်၊

သူတို့အလိုကို မလိုက်ချင်ယင် မအိုချင်, မနာချင်, မသေချင်ယင် သူတို့နယ်ပယ် ဖြစ်တဲ့ ခန္ဓာငါးပါးတရားတွေကို ကျော်လွန်သွားမှဖြစ်မယ်၊ ဒီတော့မှ မအို, မနာ, မသေပဲ အမြဲတမ်းချမ်းသာနိုင်မယ်၊ ဒါကြောင့် အိုမင်း, နာမင်း, သေမင်းကြီးတွေရဲ့ လက်မှလွတ်အောင် သူတို့ ၏နယ်ပယ်ဖြစ်တဲ့ အဲဒီခန္ဓာငါးပါး တရားတွေမှ လွတ်မြောက်သွားအောင် အားထုတ်ဖို့ အရေးကြီးပါတယ်၊

အဲဒီခန္ဓာငါးပါးတရားတွေမှ လွတ်မြောက်သွားတယ် ဆိုတာကလဲ ခန္ဓာငါးပါး ရုပ်နာမ်တရားတွေ လုံးဝချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ပဲ၊ အဲဒီနိဗ္ဗာန်ရောက်မှပဲ သေမင်းလက်မှ လွတ်မြောက်တယ်၊ ဒါကြောင့် နိဗ္ဗာန်သာလျှင် ထောက်ရာ တည်ရာ အားကိုးရာ ရှိပါတယ်တဲ့။

အကောင်းဆုံးကို ဆုတောင်းရန်

တေသံ ဝူပသမော သုခေါ

တေသံ - ဖြစ်ပေါ်ပြီးလျှင် ပျက်စီးတတ်သော သင်္ခါရတရားတို့၏၊
ဝူပသမော - ချုပ်ငြိမ်းရာဖြစ်သော နိဗ္ဗာန်သည် သာလျှင်၊
သုခေါ - သတ္တဝါအပေါင်းတို့၏ ခိုအောင်းမှီရာ ချမ်းသာ အစစ်ပါပေတည်းတဲ့။

ခန္ဓာငါးပါး သင်္ခါရတရားတွေဆိုတာ ဖြစ်ပြီးယင် ပျောက်သွားတာချည်းပဲ၊ ဘာမှ ခိုင်မြဲတည်တံ့တဲ့ တရားတွေ မဟုတ်ဘူး၊ ဒါပေမယ့် သူက အစဉ်အဆက်အားဖြင့် ဆိုယင်တော့ တော်တော်ကြာအောင် တည်နေတယ်လို့လဲ ဆိုရပါတယ်၊

အသက်တရာတမ်းမှာဆိုယင် အနှစ်တရာလောက်, အသက် ၇၀ -တမ်း, ၈၀-တမ်း မှာဆိုယင် အနှစ် ၇၀-လောက်, အနှစ် ၈၀-လောက်, ဒါလောက်တော့ အမျိုးတူတွေ ဆက်ခါဆက်ခါ ဖြစ်နေတဲ့အတွက် အစဉ်အဆက်အားဖြင့် တည်တံ့နေနိုင်ပါတယ်၊ ဒါပေမယ့် တနေ့ကျတော့ လုံးလုံး ပျက်စီးသွား တော့တာပဲ၊

ဒီလိုပျက်စီးတတ်တဲ့ သင်္ခါရတရားတွေကို မပျက်စီးအောင် ဘယ်ပုဂ္ဂိုလ်မှ မတတ် နိုင်ဘူး၊ ဘယ်နည်းနှင့်မှ မတတ်နိုင်ဘူး၊ ဒီတော့ ဒီလိုဖြစ်ပြီး ပျက်စီးသွားမည့် သင်္ခါရတရားတွေဟာ အစကတည်းက မဖြစ်ပေါ်လာပဲ ငြိမ်းနေမယ်ဆိုယင် အကောင်းဆုံးပဲ၊ အဲဒီမဖြစ်ပေါ်လာပဲ ငြိမ်းတယ်ဆိုတာ နိဗ္ဗာန်တရားပဲ၊ အဲဒီ နိဗ္ဗာန် တရားဟာ အကောင်းဆုံးပဲ။

ဒါကြောင့် အိုခြင်း, နာခြင်း, သေခြင်းဆိုတဲ့ တရားဆိုးကြီးတွေမှ လွတ်မြောက်ရာ ဖြစ်သော ဆင်းရဲခပ်သိမ်း ကင်းငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကို ကွယ်လွန်သူ မိခင်ကြီးဒေါ်သဲ အကြောင်းပြုပြီး ယနေ့ယခု ပြုကြရသော ကောင်းမှု၏ အစွမ်းကြောင့် လျင်မြန်စွာ မျက်မှောက်ပြုရပါစေလို့ ရည်ရွယ် ဆုတောင်းပြီးတော့ ရေစက်ချကြရမယ်။

သာဓု သာဓု သာဓု။

အသုဘအနုမောဒနာတရား ပြီး၏။

အပ္ပံ ဝတ ဇီဝိတံ ဣဒံ, ဩရံ ပဿသတာပိ မီယတိ၊
ယော စေပိ အတိစ္စ ဇီဝတိ, အထ သော ဇရသာပိ မီယတိ

ဝမ္မိကသုတ်တရားတော်

ဝမ္မိကသုတ်သည် မဇ္ဈိမနိကာယ် မူလပ ဏ္ဏာသ ဩပမ္မဝဂ်လာသုတ်ဖြစ်သည်၊ အရှင်ကုမာရကဿပမထေရ် သာဝတ္ထိမြို့တော် ဇေတဝန်ကျောင်းတိုက် မြောက်ဘက် အန္ဓဝန်တော၌ သီတင်းသုံးစဉ် ဗြဟ္မာကြီးတစ်ဦး ကိုယ်ရောင် ကိုယ်ဝါ ထွန်းလင်း တောက်ပစွာဖြင့် ပေါ်လာပြီး ပြဿနာ ၁၅-ချက်ကို မေးသွားခဲ့လေသည်၊

ယင်းပြဿနာ ၁၅-ချက်ကား “ဘိက္ခု ဘိက္ခု အယံ ဝမ္မိကော ရတ္တိံ ဓူမာယတိ” စသည်ဖြစ်လေသည်၊ ယင်းပြဿနာ ၁၅-ချက်တွင် ခန္ဓာကိုယ်၏ အမည်ဖြစ်သော ဝမ္မိကကိုစွဲ၍ ဤသုတ်ကို ဝမ္မိကသုတ်ဟူ၍ အမည်ပေးတော်မူခဲ့လေသည်၊

၎င်းပြဿနာ ၁၅-ချက်ကို ဘုရားမြတ်စွာအား အရှင်ကုမာရကဿပက လျှောက်ထားလေရာ ဘုရားမြတ်စွာက ရှင်းလင်းဟောကြားတော်မူခဲ့လေသည်၊ ဖော်ပြပါ ဝမ္မိကသုတ်မှာ ယောဂီများ ဝိပဿနာရှုရန် လွန်စွာ လျော်ကန် သင့်မြတ်သဖြင့် ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီးသည် ရန်ကုန်မြို့ သာသနာ့ရိပ်သာ နှင့်တကွ မော်လမြိုင်, ပဲခူး, အိမ်မဲ, ဝါးခယ်မ, ဘိုကလေး, ဒိုက်ဦး, အောင်လံ, ရေနံချောင်း, နတ်မောက်, မိတ္ထိလာ, တောင်ကြီး, လွိုင်ကော်, ရွှေဘို စသော မြို့များ၌ အကြိမ်ကြိမ် ဟောကြားတော်မူခဲ့လေသည်။

မုံရွာမြို့ စန်းမြရောင်ခြည် သာသနာ့ရိပ်သာ၌လည်း ၁၃၂၆-ခုနှစ် တန်ဆောင်မုန်း လဆုတ် ၆-ရက်, ၇-ရက်, ၈-ရက် နေ့ညများတွင် ဝမ္မိကသုတ်ကို ဟောတော်မူရာ တိတ်ရီကော်တာဖြင့် ဖမ်းယူခဲ့ရာ ယင်းတိတ်ခွေများမှ ကူးယူ၍ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့က ဝမ္မိကသုတ်တရားတော် အမည်ဖြင့် စာအုပ်ရိုက်နှိပ်ထုတ်ဝေခဲ့ရာ ကရောင်း ၁၆-ချိုး စာမျက်နှာ ၃၀ဝ-ရှိလေသည်။

ယင်း ဝမ္မိကသုတ်တရားတော်၌ လိုရင်းဖြစ်သော အမေးအဖြေ ၁၅-ချက်မှာ အောက်ပါ အတိုင်း ဖြစ်လေသည်။

၁။ တောင်ပို့ဆိုတာဘယ်ဟာလဲ, ဤရုပ်ကိုယ်ကြီးပဲ၊
၂။ မီးခိုးဆိုတာဘယ်ဟာလဲ, ညအခါမှာကြံတာပဲ၊
၃။ မီးလျှံဆိုတာဘယ်ဟာလဲ, နေ့အခါမှာပြုတာပဲ၊
၄။ ဆရာဆိုတာ ဘယ်သူလဲ, ငါတို့မြတ်စွာဘုရားပဲ၊
၅။ တပည့်ဆိုတာဘယ်သူလဲ, ရှုမှတ်နေတဲ့ယောဂီပဲ၊
၆။ ပေါက်တူးဆိုတာဘယ်ဟာလဲ, မှတ်သိနေတဲ့ပညာပဲ၊
၇။ တူးတယ်ဆိုတာဘယ်ဟာလဲ, ကြောင့်ကြစိုက်တဲ့လုံ့လပဲ၊
၈။ မင်းတုတ်ဆိုတာဘယ်ဟာလဲ, ရှုမှတ်နည်းကိုမသိတာပဲ၊
၉။ ဖားရုပ်ဆိုတာဘယ်ဟာလဲ, စိတ်ဆိုးတတ်တဲ့ဒေါသပဲ၊
၁၀။ လမ်းခွဆိုတာဘယ်ဟာလဲ, ဝေဖန်စဉ်းစားယုံမှားပဲ၊
၁၁။ ရေစစ်ဆိုတာဘယ်ဟာလဲ, နီဝရဏငါးပါးတရားပဲ၊
၁၂။ လိပ်ညစ်ဆိုတာဘယ်ဟာလဲ, ခန္ဓာငါးပါးတရားပဲ၊
၁၃။ စဉ်းနှီးဆိုတာဘယ်ဟာလဲ, ငါးပါးအာရုံကာမဂုဏ်ပဲ၊
၁၄။ သားတစ်ဆိုတာဘယ်ဟာလဲ, နှစ်သက်တပ်စွဲရာဂပဲ၊
၁၅။ နဂါးဆိုတာဘယ်ဟာလဲ, အာသဝေါကင်းကွာရဟန္တာပဲ။

ဝမ္မိကသုတ္တဓမ္မဉ္စ, သုတ္တဓမ္မေ သုကောဝိဒေါ၊
မဟာစည်ထေရကုဉ္ဇရော, ရစယီ ကဝိ ပုင်္ဂဝေါ

စတုစတ္တာလီသတိမပိုင်း

ဝိသုဒ္ဓိမဂ်မဟာဋီကာပါဌ်

အိန္ဒိယတောင်ပိုင်း ကဥ္စိပူရဒေသ၌ဖွားမြင်၍ ကျမ်းပြုလိမ္မာ အရှင်မဟာဗုဒ္ဓဃောသ ၏ နောက် အနှစ် ၂၀ဝ-ခန့်အကြာ သာသနာသက္ကရာဇ် ၁၁၀ဝ-အတွင်းလောက်က ပေါ်ထွန်းခဲ့သော အာစရိယဓမ္မပါလခေါ် အရှင်ဓမ္မပါလသည် ပါဠိ, သက္ကတ စွယ်စုံ ကျမ်းတတ် ပုဂ္ဂိုလ်မြတ်ဖြစ်တော်မူသည်၊ အရှင်ဓမ္မပါလသည် -

၁။ ဥဒါနအဋ္ဌကထာ၊
၂။ ဣတိဝုတ္တအဋ္ဌကထာ၊
၃။ ဝိမာနဝတ္ထုအဋ္ဌကထာ၊
၄။ ပေတဝတ္ထုအဋ္ဌကထာ၊
၅။ ထေရဂါထာအဋ္ဌကထာ၊
၆။ ထေရီဂါထာအဋ္ဌကထာ၊
၇။ စရိယာပိဋကအဋ္ဌကထာ၊
၈။ နေတ္တိအဋ္ဌကထာ၊
၉။ ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ၊
၁၀။ ဒီဃနိကာယဋီကာ၊
၁၁။ မဇ္ဈိမနိကာယဋီကာ၊
၁၂။ သံယုတ္တနိကာယဋီကာ၊
၁၃။ အင်္ဂုတ္တရနိကာယဋီကာ၊
၁၄။ နေတ္တိဋီကာ၊
၁၅။ အဘိဓမ္မာအနုဋီကာ၊
တို့ကို ပြုစီရင်တော်မူခဲ့လေသည်၊

ဖော်ပြပါ ကျမ်းများအနက် ဝိသုဒ္ဓိမဂ် မဟာဋီကာ ကျမ်းကြီးမှာ သမယ, သမယန္တရစကားလုံး အကြောင်းအရာ အချက်အလက်တို့နှင့် ပြည့်စုံသည်၊ ချဉ်းနင်းရန်, ကူးခတ်ရန် ခက်ခဲသည့် ကျမ်းကြီးဖြစ်လေသည်၊ အရှင်ဓမ္မပါလသည် ယင်းကျမ်းကြီးကို -

၁။ သဒ္ဓမ္မရံသီမာလိယော, ဝိနေယျကမလာ ကရေ၊
ဝိဗောဓေသိ မဟာမောဟ-တမံ ဟန္တွာန သဗ္ဗသော။

၂။ ဉာဏတိသယဗိမ္မံတံ, ဝိသုဒ္ဓကရုဏာဂုဏံ၊
ဝန္ဒိတွာ နိရုပတ္ထေသံ, ဗုဒ္ဓါဒိစ္စံ မဟောဒယံ။

၃။ လောကာလောကကရံ ဓမ္မံ, ဂုဏရသ္မိသမုဇ္ဇလံ၊
အရိယသံဃဉ္စ သံဖုလ္လံ, ဝိသုဒ္ဓကမလာ ကရံ။

၄။ ဝန္ဒနာ ဇနိတံ ပုညံ, ဣတိယံ ရတနတ္တယေ၊
ဟတန္တရာယော သဗ္ဗတ္ထ, ဟုတွာဟံ တဿ တေဇသာ။

၅။ သမ္ပန္နသီလာစာရေန, ဓီမတာ သုစိဝုတ္တိနာ၊
အဇ္ဈောသိတော ဒါဌာနာဂ-တ္ထေရေန ထိရစေတသော။

၆။ ဝိသုဒ္ဓစရိတော နာထော, ယံ ဝိသုဒ္ဓမနုတ္တရံ၊
ပတွာ ဒေသေသိ ကရုဏာ-သမုဿာဟိတမာနသော။

၇။ တဿာအဓိဂမုပါယော, ဝိသုဒ္ဓနယမဏ္ဍိတော၊
ဝိသုဒ္ဓိမဂ္ဂေါ ယော ဝုတ္တော, သုဝိသုဒ္ဓပဒက္ကမော။

၈။ သုဝိသုဒ္ဓံ အသံကိဏ္ဏံ, နိပုဏတ္ထဝိနိစ္ဆယံ၊
မဟာဝိဟာရဝါသီနံ, သမယံ အဓိကောမယံ။

၉။ တဿ နိဿာယ ပေါရာဏံ, ကထာမဂ္ဂံ အနာကုလံ၊
တန္တိနယာနုဂံသုဒ္ဓံ, ကရိဿာမတ္ထဝဏ္ဏနံ။

၁၀။ ဣတိ အာကင်္ခမာနဿ, သဒ္ဓမ္မဿ စိရဋ္ဌိတိံ၊
ဝိဘဇန္တဿ တဿတ္ထံ, နိသာမယထ သာစရေ။

ဟူသော ၁၀-ဂါထာဖြင့် ရတနတ္တယပဏာမ, အဘိယာစက, ပဋိညာဉ်စသည်တို့ကို ဖော်ပြ၍ ဂန္ထာရမ္ဘပြု၍ ပြုစီရင်တော်မူခဲ့လေသည်၊ ယင်းဋီကာကျမ်းကြီးမှာ ကမ္ဘာအေး နိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့ ပုံနှိပ်တိုက်ရိုက် ရွိုင်ဆိုက် စာမျက်နှာဖြင့် ပထမတွဲ-၄၆၀, ဒုတိယတွဲ-၅၃၅ မျက်နှာရှိ ကျမ်းကြီးဖြစ်လေသည်၊

အရှင်ဓမ္မပါလသည် ကျမ်း၏အဆုံး၌လည်း-

ဧတ္တာဝတာစ -

၁။ သုဝိသုဒ္ဓသမာစာရော, ဝိသုဒ္ဓနယမဏ္ဍိတံ၊
ဝိသုဒ္ဓိမဂ္ဂလောကဿ, ယဒစ္စန္တဝိသုဒ္ဓိယာ။

၂။ အကာသိ ကရုဏာဝေဂ-သမုဿာဟိတမာနသော၊
မဟေသီ ဝိပုလောဒါတ-ဝိသုဒ္ဓိမတိဋဝေါ။

၃။ တဿ အတ္ထံ ပကာသေတုံ, ကထာမဂ္ဂံ ပုရာတနံ၊
နိဿာယ ယာ သမာရဒ္ဓေါ, အတ္ထသံဝဏ္ဏနာ မယာ။

၄။ အာယာစိတော သိတ္ထဂါမ-ပရိဝေဏနိဝါသိနာ၊
ထေရေန ဒါဌာနာဂေန, သုဒ္ဓါစာရေန ဓီမတာ။

၅။ သာ ဧသာ ပရမတ္ထာနံ, တတ္ထ တတ္ထ ယထာရဟံ၊
နိဓာနတော ပရမတ္ထ, မဉ္ဇူသာ နာမ နာမတော။

၆။ သမ္ပတ္တာ ပရိနိဋ္ဌာနံ, အနာကုလ ဝိနိစ္ဆယာ၊
အဋ္ဌာသီတိ ပမာဏာယ, ပါဠိယာ ဘာဏဝါရတော။

၇။ ဣတိ တံ သင်္ခရောန္တေန, ယံ တံ အဓိဂတံ မယာ၊
ပုညံ တဿာနုဘာဝေန, လောကနာထဿ သာသနေ။

၈။ ဩဂါဟေတွာ ဝိသုဒ္ဓါယ, သီလာဒိ ပဋိပတ္တိယာ။
သဗ္ဗေပိ ဒေဟိနော ဟောန္တု, ဝိမုတ္တိရသ ဘာဂိနော။

၉။ စိရံ တိဋ္ဌတု လောကသ္မိံ, သမ္မာသမ္ဗုဒ္ဓသာသနံ၊
တသ္မိံ သဂါရဝါ နိစ္စံ, ဟောန္တု သဗ္ဗေပိ ပါဏိနော။

၁၀။ သမ္မာ ဝဿတု ကာလေန, ဒေဝေါရာဇာ မဟီပတိ၊
သဒ္ဓမ္မနိရတောကာသံ, ဓမ္မေနေဝ ပကာသတူတိ။

ဗဒရတိတ္ထဝိဟာရဝါသိနာ အာစရိယဓမ္မပါလေနကတာ ပရမတ္ထမဉ္ဇူသာနာမ ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ သမတ္တာ

ဟူသော ၁၀-ဂါထာ ပါဝင်သော စကားရပ်ဖြင့် ဝိသုဒ္ဓိမဂ်အဋ္ဌကထာကျမ်းကြီး၏ ဂုဏ်ပုဒ်, အရှင်ဒါဌာနာဂထေရ် တောင်းပန်သဖြင့် ရေးသားကြောင်း, ကျမ်းစာ ပမာဏ, ဆုတောင်းစသည်တို့ကို ဖော်ပြ၍ နိဂုံးချုပ်တော်မူခဲ့လေသည်။

ဝိသုဒ္ဓိမဂ် မဟာဋီကာ နိဿယ
ကျမ်းကြီး ရေးသားစီရင်ခြင်း

ဖော်ပြပါ ဝိသုဒ္ဓိမဂ်ဋီကာကျမ်းကြီးမှာ လုံလောက်သော, ပြည့်စုံလုံလောက်သော နိဿယမရှိပဲ နှစ်ပေါင်း ၁၅၀ဝ-ခန့် တည်ရှိခဲ့လေသည်၊ ဝိသုဒ္ဓိမဂ် မဟာဋီကာကို ချပို့ကြသော ဂဏဝါစက ပရိယတ္တိ ဝန်ဆောင်တို့ ခက်ခဲစွာ ချပို့တော်မူခဲ့ကြ ရလေသည်၊ စစ်ကိုင်း ဝက်ချက် (ဝချက်) မင်းကျောင်းဆရာတော် ပြုစုသည့် နိဿယတစောင် ရှိသော်လည်း ပေမူဖြင့် စောင်ရေ အနည်းငယ်သာ ရှိသဖြင့် မပျံ့နှံ့ခဲ့ချေ၊ ပြည့်စုံလုံလောက်သော နိဿယဟုဆိုရန် ခက်ခဲလှချေ၏၊

၎င်းပြင် ပိဋကတ်တော်သမိုင်း၌ သက္ကရာဇ် ၁၂၂၁-ခုနှစ် မန္တလေး ရတနာပုံ မြို့တည် နန်းတည် သိရီပဝဂဝိဇယာနန္တယသတြိဘာဝနာဒိတျာဓိပတိမဟာဓမ္မ ရာဇာဓိ ရာဇာ တံဆိပ်နာမံ ခံသော မဟာလောကမာရဇိန်စေတီ ဒါယကာမင်းလက်ထက် သိရီပဝရမဟာရာဇိန္ဒာဓိပတိ ရတနာဒေဝီ တံဆိပ်နာမံခံသော နန်းမတော်မိဖုရား ခေါင်ကြီး အမိန့်တော် သံတော်ဆင့် ခင်မမင်းဝန်, အတွင်းဝန်, စစ်ကိုင်းခရိုင်ဝန်, မိုင်းခိုင်မြို့စား, ပိဋကတ်တော်အုပ်, လက်ရွေးကြီး လှော်ကားတော်အုပ်, ရန်လွှင့် လှေတော်အုပ်မင်းကြီး မဟာသီရိဇေယျသူနှင့် စာတော်ပြန် နေမျိုးဓမ္မကျော်သူတို့ စီရင်သည်၊ ၎င်းနိဿယထုပ်ရေ နှစ်ထုတ်ရှိသည်ဟု လာရှိသည်၊ သို့ရာတွင် ယင်းနိဿယ ကိုလည်း တွေ့နိုင်ရန် ခက်ခဲလှလေသည်၊

၁၃၂၂-ခုနှစ် ဋီကာသင်္ဂါယနာ အပြီးတွင် အဂ္ဂမဟာပဏ္ဍိတ အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဆဋ္ဌသင်္ဂါယနာ မဟာနာယက မစိုးရိမ် ဆရာတော်ဘုရားကြီးက ပထမသင်္ဂါယနာ သင်္ဂီတိနာယက သင်္ဂီတိပါမောက္ခ အရှင်မဟာကဿပထုံး နှလုံးမူကာ ဆဋ္ဌသင်္ဂါယနာတွင် ပါဝင်သော မထေရ်မြတ်တို့အား နိကာယ်ကျမ်းများ အသီးသီး တာဝန်ယူချပို့တော်မူရန် တာဝန် ပေးအပ်တော်မူရာ မဟာစည်ဆရာတော်ဘုရားကြီးသည် -

(၁) ဝိသုဒ္ဓိမဂ်နှင့် မဟာဋီကာ,
(၂) ပဋိသမ္ဘိဒါမဂ် ပါဠိတော်နှင့် အဋ္ဌကထာ,
(၃) မိလိန္ဒပဥှာပါဠိတော်
များကို ချပို့ရန် တာဝန်ယူတော်မူခဲ့လေသည်၊

ယင်းသို့ တာဝန်ယူခဲ့ပြီး ၁၃၂၂-ခုနှစ် တပို့တွဲလပြည့်ကျော် ၃-ရက် ကြာသပတေးနေ့ မှစ၍ ဝိသုဒ္ဓိမဂ်အဋ္ဌကထာကို မဟာဋီကာနှင့်တွဲဖက်၍ နေ့စ ဉ် တနာရီခွဲ နှစ်နာရီခန့် မပြတ် ချပို့တော်မူခဲ့လေသည်၊ စာဆိုပုဂ္ဂိုလ် မထားပဲ အနက်အဓိပ္ပါယ် သဘော ပေါက်လောက်အောင် ရှင်းပြ ပြောကြားပြီး နိဿယအနက်သက်သက် ချပို့တော်မူလေသည်၊ ထိုအနက်များကို စာလိုက်သူ တပည့်များက လက်နှိပ်စက်ဖြင့် နေ့စဉ် မှန်မှန် ရိုက်သဖြင့် နိဿယစာမူကြမ်း ဖြစ်ပေါ်လာခဲ့လေသည်၊ ဆရာတော်ဘုရားကြီးသည် ထိုစာမူကြမ်းကို အထပ်ထပ် ကြည့်ရှုပြင်ဆင် အဆုံးအဖြတ် အမှာစကားများ ထည့်သွင်းပြီးလျှင် နိဿယ စာမူချောအဖြစ် လက်နှိပ်စက်ဖြင့် ပြန်လည် ရိုက်နှိပ် စေတော်ခဲ့လေသည်၊ ယင်းစာမူချောကို နိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့ ပုံနှိပ်တိုက်တွင် ရိုက်နှိပ်ရာ သက္ကရာဇ် ၁၃၃၀-ခုနှစ်လောက်တွင် သာသနာတွင် မပေါ်ဖူးသည့် ဝိသုဒ္ဓိမဂ်မဟာဋီကာ နိဿယကျမ်းကြီး ပေါ်ထွက်လာလေသည်။

နိဿယကျမ်းကြီး လေးတွဲ

ယင်း ဝိသုဒ္ဓိမဂ်မဟာဋီကာ နိဿယကျမ်းကြီးမှာ -

၁။ ပထမတွဲ၊
၂။ ဒုတိယတွဲ၊
၃။ တတိယတွဲ၊
၄။ စတုတ္ထတွဲ -
အားဖြင့် လေးတွဲရှိလေရာ -

သီလနိဒ္ဒေသ, ဓူတင်္ဂနိဒ္ဒေသ, ကမ္မဋ္ဌာနဂ္ဂဟဏနိဒ္ဒေသ, ပထဝီကသိဏနိဒ္ဒေသ, သေသကသိဏ နိဒ္ဒေသ, အသုဘကမ္မဋ္ဌာနနိဒ္ဒေသ ၆-ခု ဆုံးသည်အထိ ပထမအုပ် ဖြစ်၍ -

ဆအနုဿတိနိဒ္ဒေသ, အနုဿတိ ကမ္မဋ္ဌာနနိဒ္ဒေသ, ဗြဟ္မဝိဟာရနိဒ္ဒေသ, အာရုပ္ပနိဒ္ဒေသ, သမာဓိနိဒ္ဒေသ ၅-နိဒ္ဒေသ ပြီးဆုံးသည်အထိ ဒုတိယအုပ် ဖြစ်လေသည်၊

ဣဒ္ဓိဝိဓနိဒ္ဒေသ, အဘိညာနိဒ္ဒေသ, ခန္ဓနိဒ္ဒေသ, အာယတနဓာတုနိဒ္ဒေသ, ဣနြ္ဒိယသစ္စ နိဒ္ဒေသ, ပညာဘူမိနိဒ္ဒေသ, ပဋိစ္စသမုပ္ပါဒ်အဖွင့် ပြီးဆုံးသည်အထိ တတိယတွဲဖြစ်၍

ပညာဘူမိနိဒ္ဒေသ ပဋ္ဌာနပစ္စယ ကထာအဖွင့်မှစ၍ ဒိဋ္ဌိဝိသုဒ္ဓိနိဒ္ဒေသ, ကင်္ခါဝိတရဏ ဝိသုဒ္ဓိနိဒ္ဒေသ, မဂ္ဂါမဂ္ဂ ဉာဏဒဿနဝိသုဒ္ဓိနိဒ္ဒေသ, ပဋိပဒါ ဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ, ဉာဏဒဿန ဝိသုဒ္ဓိနိဒ္ဒေဿ, ပညာဘာဝနာနိသံသနိဒ္ဒေသ အဖွင့်ဋီကာ ဆုံးသည်အထိ စတုတ္ထတွဲဖြစ်လေသည်၊

စာမျက်နှာအားဖြင့် ရေတွက်ရလျှင် ရွိုင်ဆိုက်ဖြင့် ပထမတွဲ ၄၇၄-မျက်နှာ, ဒုတိယတွဲ ၅၄၄-မျက်နှာ, တတိယတွဲ ၆၂၉ မျက်နှာ, စတုတ္ထတွဲ ၆၃၆ -မျက်နှာ ရှိလေသည်။

ကောင်းခြင်းဖုံဖုံ လွန်ပြည့်စုံ

ဝိသုဒ္ဓိမဂ်မဟာဋီကာနိဿယကျမ်းကြီးသည် ကောင်းခြင်း အဖုံဖုံနှင့် လွန်စွာပြည့်စုံသည့် ကျမ်းကြီး ဖြစ်လေသည်၊ ၎င်းကောင်းခြင်း ဂုဏ်တို့ကား အနက်ယောဇနာပုံ၏ ကျစ်လျစ် ပေါ်လွင်ခြင်း, ချွတ်ယွင်း ပျက်စီးသော ပုဒ်ပါဌ်များကို သုတ်သင်ခြင်း, အဆုံးအဖြတ်များစွာပါရှိခြင်း, သမယန္တရပိုင်းဆိုင်ရာ စကားရပ်တို့ကို မူရင်းကျမ်းများနှင့် တိုက်ဆိုင် ရှင်းလင်း၍ ပြခြင်းစသည်တို့ ဖြစ်ကုန်၏။

ပညာရှင်တို့ အံ့ဩ ချီးကျူးရသည့်ကျမ်း

ဤကျမ်းကြီးကား ပရိယတ္တိသာသနာတွင် အလွန်ထင်ရှား ကျော်စောတော်မူသော စာချအကျော်, ကျမ်းပြုအကျော် ပုဂ္ဂိုလ်များ၏ ချီးကျူးခြင်းကို ခံရသည့် ကျမ်းကောင်းကြီး ဖြစ်လေသည်၊ ဤစာပြုသူသည် ဆရာတော်နှင့် အကြိမ်ကြိမ် တွေ့ဖူးရာ -

“ဆရာတော်ဘုရား .... ဆရာတော် ဝိသုဒ္ဓိမဂ် မဟာဋီကာနိဿယ ရေးစဉ်က အခြား ဝိသုဒ္ဓိမဂ် မဟာဋီကာနိဿယတွေ့ဖူး, ကြည့်ရှုဖူးပါသလား”ဟု မေးလျှောက်ရာ

“ဦးကေလာသရေ ... ရှိတယ်လို့တော့ ကြားဖူးပါတယ်၊ မတွေ့ မကြည့်ရဖူးပါ” ဟု မိန့်တော်မူသည်၊

ဆရာတော်ဘုရားကြီးသည် နိဿယကျမ်းကြီးအဆုံးတွင် အောက်ပါ ၂၅-ဂါထာ ပါဌ်နိဿယတို့ဖြင့် သမိုင်းကြောင်း စုံလင်စွာ ဖော်ပြ၍ နိဂုံးအုပ်တော်မူခဲ့လေသည်။

၁။ ဝိသုဒ္ဓိမဂ္ဂဂန္ထဿ, ဝိသုဒ္ဓနယဒဿိနော၊
ဒုဗ္ဗောဓတ္ထံ ပကာသေတုံ, ယာ ကထာ အတ္ထဝဏ္ဏနာ။

၂။ မဟာစရိယဓမ္မပါလ-တ္ထေရေန တိက္ခဉာဏိနော၊
ပရမတ္ထ မဉ္ဇူသာတိ, မဟာဋီကာတိ စေရိတာ။

၃။ ပါဠိကော သာ စ ဂမ္ဘီရာ, သုဒုဗ္ဗောဓာ စ အတ္ထတော၊
သမယန္တရ သံယုတ္တာ, ဒုဇ္ဇာနာ သမယန္တရေ။

၄။ အပေတ ပရိစယေန, သုဒ္ဓပါဠိဝိဘာဝနာ၊
ပေါရာဏ နိဿယေဟိပိ, သက္ကာ ဉာတုံ န သဗ္ဗသော။

၅။ တသ္မာဿ မြမ္မဘာသာယ, နုပဒံ ပရိဝတ္တိယ၊
ယံ အတ္ထ ဒဿနံ ဂန္ထံ, နိဿယံ ကာတုမာရဘိံ။

၆။ ဒွါဝီသတာဓိကေ သာကေ, ဝဿာနံ တေရသေသကေ၊
မာဃဿ ကဏှပက္ခမှိ, အာဒိံ ကတွာ တတိယကံ။

၇။ ဇာတော ဆိပ်ခွန်မဟာဂါမေ, ရွှေဘိုနဂရ ပစ္ဆိမေ၊
သာသနာ့ရိပ်သာအာရာမေ, ပုရေ ရန်ကုန်တိပါကဋေ။

၈။ ဝသန္တောဟံ အဂ္ဂမဟာ-ပဏ္ဍိတော ပါဓိ သောဘနော၊
မဟာစည်တိ ဝိဟာရေ စ, ဝုတ္တော တန္နာမဝိဿုတော။

၉။ ဆဋ္ဌသင်္ဂီတိ ကာလေ ယော, ပိဋကတ္တယပါဠိယော၊
တဒဋ္ဌကထာ စ တဋ္ဋီကာ, သဗ္ဗာ ဩသာနသောဓနေ၊

၁၀။ ဌတွာ ဌာနေ ဝိသောဓေသိံ, ပုစ္ဆနံ ထ ဝိစာရဏံ၊
ဝိနယေ စေဝ ဓမ္မေ စ, သာဓေသိံထိရ စေတသာ။

၁၁။ တထော စာပိ ပုရေကာလေ, ဂန္ထံ ဝိပဿနာနယံ၊
အကံ ကေဝလသမ္ပုဏ္ဏံ, သတိပဋ္ဌာန မူလကံ၊
တဒညသုတ္တသံသန္ဒံ, ဝိသုဒ္ဓိ မဂ္ဂနိဿိတံ။

၁၂။ ပဋ္ဌာယထ စတုဒ္ဒသ-ဝဿိတကာလတော အဟံ၊
ဒဿေမိ ဘာဝနာကမ္မံ, ယထာ လဒ္ဓေါပနိဿယံ။

၁၃။ တဿ မေ နယမာဒါယ, ပဋိပန္နာ ဇနာဗဟူ၊
တေသု နေကသဟဿာတု, သကာစေရပ္ပဝါဒိနော။

၁၄။ ဒေသနာ ဓမ္မဂန္ထော စ, ဒေသနာကာရသဏ္ဌိတာ၊
ဝိပဿနာပါဒကာဒိ-နာမာနေကာ ကထာ မယာ။

၁၅။ တထေဝ သတိပဋ္ဌာန-သုတ္တာဒီနဉ္စ နိဿယာ၊
ဝိသုဒ္ဓိမဂ္ဂနိဿယော, တမ္ဘာသာ ပရိဝတ္တနံ၊
ဝိသုဒ္ဓိ ဉာဏကထာတု, ပါဠိယာစာပိ သင်္ခတာ။

၁၆။ တံ ပနာဟံ မဟာဋီကာ-နိဿယံ ကာတုမာရဘံ၊
ဆဋ္ဌသင်္ဂီတိယာ ပစ္ဆာ-ဘာဂေ သင်္ဂီတိ သာမိနော။

၁၇။ အဘိဒ္ဓဇ မဟာရဋ္ဌ-ဂုရုပါဓိ သမင်္ဂီနော၊
မစိုးရိမ်အာရာမာဓိပ-တ္ထေရသောဝါဒမာဒိယ။

၁၈။ ဝါစယံ ဝိသုဒ္ဓိမဂ္ဂံ, သဝဏ္ဏနံ ဒိနေဒိနေ၊
ဋီကာ ယတ္ထံ လိခါပေန္တော, သပဒတ္ထဝိနိစ္ဆယံ။

၁၉။ ယုတ္ထဋ္ဌာနေ စ ဗာဟီရ-ဝစနမ္ပိ ပကာသယံ၊
သုတတ္ထယ သုတေသီနံ, တိရတ္ထံ နိစ္ဆယဿ စ။

၂၀။ တိံသာဓိကဋ္ဌသတေဟိ, ဒိဝသေဟိ ပုနပ္ပုနံ၊
သင်္ခရိတွာန နိဋ္ဌာနံ, ပါပေသိံ နိဿယံ ဣမံ။

၂၁။ ဣစ္စေဝမယမာကာရ-သမ္ပန္နော ဝိန္ဒု ဝဏ္ဏိတော၊
အဋ္ဌ ဝိသာဓိကေသာကေ, ဝဿာနံ တေရသေသကေ၊
စုဒ္ဒသေ မာဃဇုဏှဿ, အနာယာသေန နိဋ္ဌိတော။

၂၂။ ယထာ စာယံ ဂတော နိဋ္ဌံ, အနာယာသေန ကေဝလီ၊
တထာ ကလျာဏသင်္ကပ္ပေါ, နိဋ္ဌံ ဂစ္ဆန္တု ဇန္တုနံ။

၂၃။ ပရိမုဒ္ဒိတ ပေါတ္ထက-ဘာဝေန တွေသနိဿယော၊
သာကေ တိံသာဓိကေဝဿေ, နိဋ္ဌိတော တေရသေသကေ။

၂၄။ ယာဝ ဝိသုဒ္ဓိမဂ္ဂေါစ, မဟာဋီကာ စ တိဋ္ဌကေ၊
တာဝါယံ ဒဿယံ အတ္ထံ, တဿာ လောကမှိ တိဋ္ဌကံ။

၂၅။ ယေ စ သက္ကောန္တိ ပုရေတုံ, ဦနဋ္ဌာနာနိ ဧတ္ထတံ၊
တာနိ တေ ပရိပူရေန္တု, ဧသာ မေ အဘိယာစနာတိ။
နိဿယနိဂမနံ သမတ္တံ။

၁-၂။ ဝိသုဒ္ဓနယဒဿိနော - ဂိုဏ်းတပါးဝါဒ, ကင်းစင်ပလျက်, ဝိဟာရမဟာ, စဉ်ဆက်လာ၍, လွန်စွာသိပ်သည်း, စင်ကြယ်သောနည်းကို ပြတတ်သော၊ ဝိသုဒ္ဓိ-မဂ္ဂန္ထဿ - နိဗ္ဗာရောက်ကြောင်း, လမ်းကောင်းဖြစ်လတ်, ဂုဏ်သကတ်ကြောင့်, လျောက်ပတ်တင့်လျှမ်း, ဝိသုဒ္ဓိမဂ်မည်သော ကျမ်း၏၊ ဒုဗ္ဗောဓတ္ထံ - ကွယ်ဝှက် နက်နဲ သိနိုင်ခဲသော အနက်ကို၊ ပကာသေတုံ - လက်ပေါ်တင်ထား, ပတ္တမြားသို့, ထင်ရှားဖွင့်ပြခြင်းငှါ၊ တိက္ခဉာဏိနာ - အလွန်ထက်မြက်သော ဉာဏ်ပညာရှိတော်မူသော၊ (အတိသယ အနက်ရှိသော ဤ-ပစ္စည်းအတွက် အလွန်ဟူသော အနက်ကို ဖြည့်စွက်၍ ပြန်သည်။) မဟာစရိယဓမ္မပါလတ္ထေရေန - အရှင်ဓမ္မပါလ ဆရာတော် မထေရ်မြတ်သည်၊ ပရမတ္ထမဉ္ဇူသာတိစ - ဟူ၍ လည်းကောင်း၊ မဟာဋီကာတိ စ - ဟူ၍လည်းကောင်း၊ ဤရိတော - ခေါ်ဆိုအပ်သော၊ ယာ အတ္ထဝဏ္ဏနာ - အကြင် အနက်အဖွင့်ဋီကာကျမ်းကို၊ ကတာ - ရေးသားတီထွင် စီရင်တော်မူအပ်လေပြီ။

၃-၄။ -ဤနိဿယသစ် ရေးဖြစ်ခြင်း ၏အကြောင်းကား၊ သာ -ထိုမဟာဋီကာသည်၊ (ယသ္မာ - အကြင်ကြောင့်)၊ ပါဠိတော - ပါဠိစာသွား သဒ္ဒါရေးအလိုအားဖြင့်၊ ဂမ္ဘိရာ စ - နက်နဲသည် လည်းကောင်း၊ အတ္ထတော - အနက်အဓိပ္ပါယ် အလိုအားဖြင့်၊ သုဒုဗ္ဗောဓာ စ - အလွန် သိနိုင်ခဲသည်လည်းကောင်း၊ (ဟောတိ - ဖြစ်၏။) သမယန္တရ သံယုတ္တာ - အယူတပါး ဘာသာခြား အဆိုနှင့် စပ်ယှဉ်သည်ဖြစ်၍၊ ဝါ - စပ်ယှဉ်လျက် ဖော်ပြ ဆုံးဖြတ်ထားသောကြောင့်၊ သမယန္တရေ - အယူတပါး ဘာသာခြားကျမ်းဂန်၌၊ အပေတ ပရိစယေန - လေ့လာခြင်းကင်းသော၊ ဝါ - ကင်းသည်ဖြစ်၍၊ သုဒ္ဓပါဠိဝိဘာဝိနာ - ပါဠိဘာသာ သက်သက်သာ တတ်သိသော ပညာရှိသည်၊ ဒုဇ္ဇာနာ စ - သိနိုင်ခဲသည်လည်း၊ (ဟောတိ - ဖြစ်၏) ပေါရာဏနိဿယေဟိပိ - ရှေးကထင်ပေါ် ဆရာကျော်တို့ ဖွင့်ဖော် ရေးသား နိဿယဟောင်းများဖြင့်လည်း၊ သဗ္ဗသော - ကြွင်းမဲ့ဥဿုံ အလုံးစုံအားဖြင့်၊ ဉာတုံ - သိနားလည်ခြင်းငှါ၊ န သက္ကာ - မစွမ်းနိုင်ပေ။

၅-၈။ တသ္မာ -ထိုသို့ (ပါဠိအားဖြင့် နက်နဲခြင်း, အနက်အားဖြင့် အလွန်သိနိုင်ခဲခြင်း, သမယန္တရနှင့်စပ်၍ သိနိုင်ခဲခြင်း, နိဿယဟောင်းတို့ဖြင့် အပြည့်အစုံ မသိနိုင်ခြင်း) ကြောင့်၊ (ကာတုံ အာရဘိံ - ၌စပ်)

ရွှေဘိုနဂရပစ္ဆိမေ - ရန်ကြီးအောင်နှင့်, ကုန်းဘောင်ရွှေဘို, မုဆိုးတဖြာ, ရတနာသိင်္ခ, ငါးမည်ရသည့်, မြို့မှ အနောက်, ထွန်းတောက်သာယာ, ခုနစ်မိုင်ကွာသောအရပ်၌၊ ဆိပ်ခွန်မဟာဂါမေ - ဆိပ်ခွန်ရွာကြီး၌၊ ဝါ - ကာဘိုး ရေကာ, မူးမြစ်ညာမှ, သွယ်ဖြာလာရောက်, တူးမြောင်းဖောက်၍, မြားမြောက်လှစွာ, စိမ်းညိုသာသည့်, လယ်ယာ ဥယျာဉ်, ပတ်ဝန်းကျင်နှင့်, သစ်ပင် များစွာ, ရိပ်ဝေဖြာ၍, သာယာပေတောင်း, သူတော်ကောင်းတို့, စုပေါင်းနေရာ, ဆိပ်ခွန်ရွာဟု, သညာကျော်ဟည်း, ရွာမြတ်ကြီး၌၊ ဝါ - လယ်ယာစိုက်ပျိုး, ရောင်းဝယ်ရိုးနှင့်, ချည်ပိုးသစ်ဆန်း, အထည်ရက် လုပ်ငန်းဖြင့်, အေးချမ်းစည်သာ, ဆိပ်ခွန်ရွာဟု, သညာကျော်ဟည်း, ရွာမြတ်ကြီး၌၊ ဇာတော - ဦးကံတော်+ဒေါ်အုပ် သမုတ်ခေါ်ဝေါ်, ခမည်းတော်+မယ်တော်တို့မှ ထွန်းပေါ်ထူးခြား, မွေးဖွားလာခဲ့သော၊ (အဟံ -၌စပ်)

ရန်ကုန်တိပါကဋေ - နိုင်ငံတကာ, ကမ္ဘာအနှံ့အပြား, ရန်ကုန်ဟု ထင်ရှားသော၊ ပူရေ - မြို့တော်ကြီး၌၊ ဝါ - ခေတ်ကာလအလိုက်, သိုကမြိုက်စုံစွာ, မြို့အင်္ဂါညီလျော်, နေပြည်တော်ကြီး၌၊ သာသနာ့ရိပ်သာအာရာမေ - သာသနာ့ရိပ်သာ မည်သော ကမ္မဋ္ဌာန်းကျောင်းတိုက်၌၊ ဝါ - ဖလ်ယဉ်ဓမ္မာရုံကြီးက တဌာန, ပိဋကတ်တိုက်ကြီးက တဖုံ, ဆေးပေးရုံကတလီ, မဟာစည် ကျောင်းတော်ကတဝ, မော်ကွန်းရုံဌာနကတဖြာ, သီမာဝိဟာရနှင့် စံကျောင်းတော်စသည့် အမျိုးအမည်အစားစား,များပြားသော ကမ္မဋ္ဌာန်းကျောင်းနှင့် သစ်ပင်ပေါင်းများစွာ, ရိပ်ဝေဖြာ၍, သာယာသိုက်မြိုက်, သာသနာ့ရိပ်သာမည်သော ကျောင်းတိုက်၌၊ ဝါ - မြို့လယ်ရိပ်သာ, ဖြစ်နေပါလည်း, သွားလာမြည်ဟည်း, ကားလမ်းကြီးနှင့်, မနီးတုံလှ, ဆိတ်ငြိမ်ရ၍, တောကကျောင်းနှယ်, ရှုခင်းကျယ်လျက်, ပျော်ဖွယ်ရာ ကောင်း, သာသနာ့ရိပ်သာမည်သော ကျောင်း၌၊ ဝသန္တော - ဝိပဿနာ, ပညာမှီငြမ်း, နိဗ္ဗာန်လမ်းကို, တတ်စွမ်းသမျှ, ဟောညွှန် ပြလျက်, မျှတနေထိုင်ဆဲဖြစ်သော၊ (အဟံ-၌စပ်)

အဂ္ဂမဟာပဏ္ဍိတောပါဓိ - အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်ရရှိသော၊ သောဘနော - အရှင်သောဘနမည်သော၊ ဝါ - ဗုဒ္ဓမြတ်စွာ, သာသနာဝယ်, ကောင်းစွာ ဖြည့်ကျင့်, ဂုဏ်ပေါင်းဆင့်၍, တင့်တင့် တယ်တယ် ဖြစ်လိမ့်မယ်ဟု ရည်ရွယ်ချင့်တွေး, (ဥပဇ္ဈာယ်က) ဘွဲ့မည်ပေးသဖြင့်, ရှင်ငယ်ကလေး ဘဝ, ထိုအခါမှစ၍, ခေါ်ကြလေဘိ, သောဘနအမည်ရှိသော၊ မဟာစည်ဝိဟာရေ - မဟာစည်ကျောင်းတိုက်၌၊ ဝါ - ဆိပ်ခွန်ရွာ မှ, တာလေးရာလောက်, ကွာလှမ်းထောက်သည့်, အနောက်မြောက် အရပ်ဝယ်, ကြီးကျယ်လှစွာသော, စည်တော်သာကြောင့်, သညာသမိုက်, မဟာစည် မည်သောကျောင်းတိုက်၌၊ ဝုတ္တော - နေဖူးသည်ဖြစ်၍၊ ဝါ - ၁၃၀၃-ခုနှစ်မှ ၁၁-ခုနှစ်အထိ, ရှစ်နှစ်ပတ်လုံး, သီတင်းသုံးနေဖူးသောကြောင့်၊ တန္နာမဝိဿုတောစ - ထိုမဟာစည်ကျောင်း အမည်ဖြင့်လည်း ထင်ရှား ကျော်စောသော၊ ဝါ - မဟာစည်ဆရာတော် ဟူ၍လည်း, ခေါ်ဝေါ်ပညတ်, ကမ္ဘာအရပ်ရပ်၌, နှံ့စပ် ကျော်ကြား, ထင်ရှားလျက်ရှိသော၊ အဟံ - ငါသည်၊ အဿာ - ထိုမဟာဋီကာ၏၊ အနုပဒံ - ပုဒ်တိုင်း ပုဒ်တိုင်းကို၊ မြမ္မဘာသာယ - မြန်မာဘာသာဖြင့်၊ ပရိဝတ္တိယ - ပြန်ဆို၍၊ (အဿာ - ထိုမဟာဋီကာ၏၊) အတ္ထဒဿနံ - အနက်ကိုပြကြောင်းဖြစ်သော၊ ယံ နိဿယံဂန္ထံ - အကြင်နိဿယကျမ်းကို၊ ကာတုံ - ရေးသားပြုစုခြင်းငှါ၊ (အာရတိံ -၌စပ်၊) ဝဿာနံ - နှစ်တို့၏၊ ဒွါဝီသတာဓိကေ - ၂၂-ခုအလွန်ရှိသော၊ ထေရသေသကေ - တဆယ့်သုံးရာမြောက်ဖြစ်သော၊ သာကေ - သက္ကရာဇ်၌၊ ဝါ - သက္ကရာဇ် ၁၃၂၂-ခု၌၊ မာဃဿ - တပို့တွဲလ၏၊ တဏှပက္ခမှိ - လဆုတ်ပက္ခ၌၊ တတိယကံ - သုံးရက်မြောက်နေ့ကို၊ အာဒိံကတွာ - အစပြု၍၊ ဝါ - တပို့တွဲလဆုတ် သုံးရက်နေ့မှစ၍၊ အာရတိံ - ပရိယတ်နှင့် ပဋိပတ် နှစ်ရပ်တိုးပွားအောင် ကြိုးစားအားထုတ်ခဲ့ပါ သတည်း၊ ဝါ - ပရိယတ် ပဋိပတ် နှစ်ရပ်အကုန် အပြည့်အစုံ လိုလားသော အမျိုးသားတို့ အတွက် ကြိုးစားအားထုတ်ခဲ့ပါသတည်း၊ (နံပါတ် ၁၆-ဂါထာနှင့်စပ်။)

၉-၁၀။ ယော(အဟံ) - ယင်းသို့ ကြိုးစားအားထုတ်ခဲ့သော ငါသည်၊ ဆဋ္ဌသင်္ဂီတိကာလေ - ဆဋ္ဌသင်္ဂါယနာတင်ရာကာလ ကြုံခဲ့သောအခါသမယ၌၊ သဗ္ဗာ - အလုံးစုံကုန်သော၊ ပိဋကတ္တယပါဠိယောစ - အုပ်ရေ (၄၀)ရှိသော ပိဋကတ်သုံးပုံ ပါဠိတော်တို့ကို လည်းကောင်း၊ တဒဋ္ဌကထာစ - ထိုပါဠိတော်တို့၏ အဖွင့်အုပ်ရေ (၅၁)အုပ်ရှိသော အဋ္ဌကထာတို့ကို လည်းကောင်း၊ တဋီကာစ - ထိုအဋ္ဌကထာတို့၏အဖွင့် အုပ်ရေ (၂၆) အုပ်ရှိသော ဋီကာတို့ကို လည်းကောင်း၊ ဩသာနသောဓနေဌာနနေ - နောက်ဆုံးပရုကို ကြည့်ရှုသုတ်သင် အပြီးသတ် ပြင်ဆင်ရာ ဌာန၌၊ ဌတွာ - နာယကအဖြစ်ဖြင့် တည်၍၊ ဝိသောဒေသိံ - သုတ်သင်ပြင်ဆင်ခဲ့ပြီ၊ အထ - ထို့ပြင်၊ (ဆဋ္ဌသင်္ဂီတိ ကာလေ -ပြင်ဆင်၍ ပုံနှိပ်ပြီးသော ပါဠိအဋ္ဌကထာဋီကာတို့ကို အညီ အညွတ် ရွတ်ဆိုကြတော့မည်ရှိရာ သင်္ဂါယနာ တင်ဆဲကာလ၌) ဝိနယေစေဝ - ဝိနည်းပိဋက၌ လည်းကောင်း၊ ဓမ္မေစ - သုတ်, အဘိဓမ္မာ ၂-ဖြာသော ပိဋက၌ လည်းကောင်း ၊ ပုစ္ဆနံ - ပထမသင်္ဂါယနာတင်စဉ်အခါက အရှင်မဟာကဿပမေးတော်မူခဲ့သည့် နည်းအရဖြင့် မေးမြန်းခြင်း ကိစ္စကိုလည်းကောင်း၊ ဝိစာရဏံ - ဋ္ဌ, ဋီ, သင်္ဂါယနာတင်သောအခါ၌ ဦးစွာလမ်းခင်းလျက် စိစစ်ခြင်း ကိစ္စကို လည်းကောင်း၊ ထိရစေတသာ - ခိုင်ခံ့သောစိတ်နှလုံးဖြင့်၊ သာဓေသိံ - နှစ်ထောင့်ငါးရာ, ထေရ်သံဃာနှင့်, ဒကာ, ဒကာမ, သိန်းမကသည့်, များလှတုံလတ်, ပရိသတ်တို့, စိတ်ကြွလျက်, သဒ္ဓါထက်အောင်, ရွက်ဆောင်ပြီးစေ ခဲ့လေပြီ။

၁၁။ - သည်သာမကသေး၊ ဝါ - ကျမ်းပြုခဲ့ပုံကိုလည်း ပြဆိုဦးအံ့၊ တတော - ထိုသင်္ဂါယနာကာလမှ၊ ပုရေကာလေပိ - ရှေးကျသော ၁၃၀၄-ခုနှစ်နှင့် ၅-နှစ်ကာလအတွင်း၌လည်း၊ (ယောအဟံ - ယင်းသို့သော ငါသည်) သတိပဋ္ဌာနမူလကံ - မဟာသတိပဋ္ဌာနသုတ်လျှင် အရင်းခံရှိသော၊ တဒညသုတ္တသံသန္ဒံ - ထိုမှတပါးသော သုတ်တို့နှင့်လည်း နှီးနှောညီညွတ်သော၊ ဝိသုဒ္ဓိမဂ္ဂနိဿိတံ - ဝိသုဒ္ဓိမဂ်ကျမ်းကို မှီငြမ်းပြုသော၊ ကေဝလသမ္ပုဏ္ဏံ - ဝိပဿနာ စပ်ဆိုင်ရာဝယ်, နည်းနာအဖုံဖုံ, အကြွင်းမဲ့ ပြည့်စုံသော၊ ဝိပဿနာနယံဂန္ထံ - ဝိပဿနာရှုနည်းမည်သော ကျမ်းကို၊ အဟံ - ရေးသားတီထွင် စီရင်ပြုစုခဲ့လေပြီ။

၁၂။ အထ - ထိုမှတပါး၊ ဝါ - ပဋိပတ္တိသာသနာပြုပုံကို ပြဆိုဦးအံ့၊ (ယော) အဟံ - ယင်းသို့သော ငါသည်၊ စတုဒ္ဒသဝဿိကကာလတော - ရဟန်းဖြစ်သည်မှာ ၁၄-ဝါရသည့် ၁၃၀ဝ-ပြည့် နှစ်ကာလမှ၊ ပဋ္ဌဝယ - စ၍၊ ဘာဝနာကမ္မံ - ဝိပဿနာပညာစခန်း ဘာဝနာလုပ်ငန်းကို၊ ယထာ လဒ္ဓေါပ နိဿယံ - သထုံမြို့ မူလမင်းကွန်း ဇေတဝန်ဆရာတော် ဘုရားကြီး ထံမှ နည်းနိဿယ ရခဲ့သည့်အားလျော်စွာ (ဤပုဒ်ဖြင့် ဆရာမရှိပဲ မိမိထင်ရာ ဟောပြောခြင်း မဟုတ်ကြောင်း ပြသည်) ဒဿေမိ - ယုံကြည်သဒ္ဓါ ထက်သန်စွာဖြင့် နည်းနာခံသူ ရဟန်းရှင်လူအား ညွှန်ကြား ပြသလျက်ရှိ၏၊ (ယခုလည်း ပြသဆဲဖြစ်သောကြောင့် ဝတ္တမာန်ဝိဘတ်နှင့် ထားပါသည်။)

၁၃။ တဿ မေ - ထိုသို့ ညွှန်ကြားပြသသော ငါ၏၊ နယံ - ဝိပဿနာရှုနည်းကို၊ အာဒါယ - ခံယူ၍၊ ပဋိပန္နာ - ဖြစ်ခိုက်ရုပ်နာမ် သဘောမှန်ကို အဖန်ဖန် ရှုမှတ်လျက် မပြတ်ကျင့်သုံး ကုန်သော၊ ဇနာ - ရဟန်းရှင်လူ သူတော်စင် ပုဂ္ဂိုလ်တို့သည်၊ ဗဟူ - တသိန်းမက များလှလေကုန်ပြီ၊ တု - အထူးကို ဖော်ပြရလျှင်၊ တေသု - ထိုတသိန်းမက များလှသော ပုဂ္ဂိုလ်တို့တွင်၊ အနေကသဟဿာ - တထောင်မက များလှစွာသော ပုဂ္ဂိုလ်တို့သည်၊ သကာစေရပ္ပဝါဒိနော - မိမိဆရာ၏ အဆုံးအမ၌ မြဲမြံခိုင်ခံ့ တည်တံ့သောဝါဒ ရှိကြပေကုန်၏။

၁၄-၁၅။ - ထိုပြင်လည်း၊ ဝိပဿနာပါဒကာဒိနာမာ - ဝိပဿနာအခြေခံ တရားတော်စသည် အမည် ရှိကုန်သော၊ ဒေသနာကာရသဏ္ဌိတာ - ဟောစဉ်အခါက အသံဖမ်းကိရိယာဖြင့် ဖမ်းယူထားသော တရားသံကိုပင် ထုတ်ယူရေးသား ပြုစီရင်ထားသောကြောင့် ဟောကြားသည့် အခြင်းအရာအားဖြင့် တည်ရှိကုန်သော၊ အနေကာ - များစွာကုန်သော၊ ဒေသနာဓမ္မဂန္ထောစ - ဟောစဉ်တရားကျမ်းစာတို့ကိုလည်း၊ မယာ - ငါသည်၊ ကတာ - ပြုပြင်စီရင်အပ်ခဲ့ကုန်ပြီ၊ တထေဝ - ထို့အတူပင်လျှင်၊ (ဤပုဒ်ဖြင့် ကတာ-မယာတို့ကို ဝင်သည်၊) သတိပဋ္ဌာနသုတ္တာဒီနံ - မဟာသတိပဋ္ဌာနသုတ် စသည်တို့၏၊ နိဿယာစ - နိဿယတို့ကိုလည်းကောင်း၊ ဝိသုဒ္ဓိမဂ္ဂနိဿယောစ - ဝိသုဒ္ဓိမဂ္ဂနိဿယ တို့ကိုလည်းကောင်း၊ တမ္ဘာသာပရိဝတ္တနံ စ - ထိုဝိသုဒ္ဓိမဂ်၏ ဘာသာပြန်ကိုလည်းကောင်း၊ (မယာ-ငါသည်၊ ကတာ -ကုန်ပြီ၊) တု - အထူးကား ဝိသုဒ္ဓိဉာဏကထာကျမ်းကို၊ ပါဠိယာစာပိ - ပါဠိဘာသာဖြင့်လည်း၊ သင်္ခတာ - နိုင်ငံခြားသား ပါဠိပညာရှင်တို့အား အကျိုးများစေရန် ဘာသာပြန် အသွင်ဖြင့် စီရင်ပြုစုအပ်ခဲ့ပေပြီ။

၁၆-၂၀။ ပန - (ယံ ဂန္ထံ ကာတုမာရဘိံ -ဟူသော) အနိယမဝါကျ၏ ယှဉ်ဘက်ကို ဆက်၍ဆိုဦးအံ့၊ (အနိယမဝါကျနှင့် ဝေးကွာသောကြောင့် ဤပနကို ထည့်ပြသည်၊) တံ မဟာဋီကာ နိဿယံ - ထိုမဟာဋီကာ နိဿယကို၊ ကာတုံ - ငှါ၊ အာရဘံ - အာရဘန္တော-ကြိုးပမ်းအားထုတ်သော၊ အဟံ - ငါသည်၊ ဆဋ္ဌသင်္ဂီတိယာ - ဆဋ္ဌသင်္ဂါယနာ သဘင်၏၊ ပစ္ဆာဘာဂေ - နောက်ပိုင်းအဖို့ ကာလ၌၊ သင်္ဂီတိသာမိနော - သင်္ဂါယနာ သဘင်၏ အရှင်နာယက အကြီးအမှူး ဥက္ကဋ္ဌ ဖြစ်တော်မူသော၊ အဘိဓဇမဟာရဋ္ဌဂုရု ပါဓိသမင်္ဂိနော - အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် ခပ်နှိပ်ပူဇော် ရရှိ ပြည့်စုံတော်မူသော၊ မစိုးရိမ်အာရာမာဓိပတ္ထေရဿ - မန္တလေးမြို့ မစိုးရိမ်တိုက်ကြီး ၏ ဦးစီးပဓာန အကြီး အမှူး မဟာနာယကဖြစ်၍ မစိုးရိမ်ဆရာတော်ဟု ထင်ပေါ်ကျော်ကြား ဆရာတော် ဘုရားကြီး၏၊ ဩဝါဒံ - အရှင်မဟာကဿပ မြတ်ထေရသို့ ပိဋကသုံးသွယ် နိကာယ်ငါးဝ ပါဝစနကို အဋ္ဌကထာ ဋီကာပါတွဲ၍ အမြဲနိစ္စ, နိုင်သမျှဖြင့် ပို့ချကြရန် ထုတ်ပြညွှန်ကြားသည့် ဩဝါဒစကားကို၊ အာဒိယ - အာဒိယိတွာဝိသုဒ္ဓိမဂ်ကျမ်းအစ ကမ္မဋ္ဌာနဆိုင်ရာ ကျမ်းငါးဖြာကို ရိပ်သာ ဌာန အာရာမ၌ ပို့ချသွားရေး ပဋိညာဉ်ပေးခံယူခဲ့ပြီး၍၊ ဝိသုဒ္ဓိမဂ္ဂံ - နိကာယ်ငါးရပ်, ပိဋကတ်သုံးဖြာ, ဒေသနာမှာ, သူမပါလျှင် မပြီး၍, အရေးတကြီး လေ့လာသင့်သော ဝိသုဒ္ဓိမဂ်ကျမ်းကို၊ သံဝဏ္ဏနံ - အဖွင့်ဋီကာ ပရမတ္ထမဉ္ဇူသာကျမ်းနှင့်တကွ၊ ဝါစယံ - ဝါစယန္တော-ပို့ချစဉ်၊ ဋီကာယ - မဟာဋီကာကြီး၏၊ အတ္ထံ - ပို့ချအပ်ပြီးသော အနက်ကို၊ သပဒတ္ထ ဝိနိစ္ဆယံ - ပုဒ်အဆုံးအဖြတ်, အနက်အဆုံး အဖြတ်, ပုဒ်အနက် အဆုံးအဖြတ်နှင့်တကွ၊ ဒိနေ ဒိနေ - နေ့တိုင်း နေ့တိုင်း၊ လိခါပေန္တော - တိုက်ပရိုက်တာ, လက်နှိပ် ကိရိယာဖြင့်, ကောင်းစွာ ရိုက်နှိပ် ရေးသားစေလျက်၊ ယုတ္တဋ္ဌာနေ စ - ဆောင်ပြရန်အခွင့် သင့်တင့်လျော်ကန် ထိုက်တန်သော အခြင်းအရာ၌လည်း၊ ဗာဟိရဝစနမ္ပိ - သာသနာပြင်ပ ဗာဟိရ ကျမ်းစာကိုသော်လည်း၊ သုတေသီနံ - သုတကို ရှာမှီးလေ့ရှိသော ပညာရှိတို့၏၊ သုတတ္ထာယ စ - သုတတိုးပွား အကျိုးများရန် အလို့ငှါလည်းကောင်း၊ နိစ္ဆယဿ - မိမိပြအပ်သော အဆုံးအဖြတ်၏၊ ဝါ - စာကြည့်သူတို့အား, ဖြစ်ပွားလတ္တံ့သော အဆုံးအဖြတ်ဉာဏ်၏၊ ထိရတ္ထံစ - မြဲမြံခိုင်ခံ့တည်တံ့ခြင်း အကျိုးငှါလည်းကောင်း၊ ပကာသယံ - ပကာသယန္တော-အတိအကျ ပြည့်ဝစုံလင် အခြေအမြစ် ပေါ်လွင်အောင် ထုတ်ဆောင်ဖော်ပြလျက်၊ ပုနပ္ပုနံ - အဖန်ဖန်အထပ်ထပ်၊ သင်္ခရိတွာန - ကောင်းစွာပြုပြင် စီရင်ရေးသား၍၊ တိံသာဓိကဋ္ဌသတေဟိ ဒိဝသေဟိ - သုံးဆယ်အလွန်ရှိသော ရှစ်ရာသောရက်တို့ဖြင့်၊ ဝါ - ရက်ပေါင်း ရှစ်ရာ့သုံးဆယ် [၈၃၀] တို့ဖြင့်၊ ဣမံ နိဿယံ - ဤမဟာဋီကာနိဿယကျမ်းကို၊ နိဋ္ဌာနံ - စ,လယ်,အဆုံး, အကုန်လုံး ပြီးစီးခြင်းသို့၊ ပါပေသိံ - ရောက်စေခဲ့ပြီ။

၂၁။ ဣစ္စေဝံ - ဤဆိုအပ်ခဲ့ပြီးသော အခြင်းအရာအားဖြင့်၊ အာကာရ သမ္ပန္နော - နိဿယတံထွာ, အခြင်းအရာနှင့်, ကောင်းစွာပြည့်ဝ, စေ့င စုံလင်လျက်ရှိသော၊ ဝါ - ကောင်းမြတ် ပြည့်စုံသည့် ရေးသားပုံအခြင်းအရာရှိသော၊ ဝါ - ရှိသောကြောင့်၊ ဝိညူဝဏ္ဏိတော - ဤလိုနက်ဝှမ်း, အလားတူကျမ်းကို, ရေးစွမ်းနိုင်သည့် အရည် အချင်း ပြည့်သော ပညာရှိတို့သည် ချီးမွမ်းအပ်သော၊ အယံ(ဂန္ထော) - ဤနိဿယကျမ်းသည်၊ ဝဿာနံ - တို့၏၊ အဋ္ဌဝိသာဓိကေ -၂၈-ခု အလွန်ရှိသော၊ တေရသေသတေ - တဆယ့်သုံးရာမြောက်ဖြစ်သော၊ သာကေ - သက္ကရာဇ်၌၊ ဝါ - သက္ကရာဇ် ၁၃၂၈-ခုနှစ်၌၊ မာဃဇုဏှဿ - တပို့တွဲလဆန်းပက္ခ၏၊ စုဒ္ဒသေ - တဆယ့်လေးရာမြောက်သောနေ့၌၊ ဝါ - တပို့တွဲလဆန်း ၁၄-ရက်နေ့၌၊ အနာယာသေန - မပင်မပန်း, ရွှင်လန်းကြည်သာ, ချမ်းမြေ့စွာဖြင့်၊ (ကျမ်းပြုသူ၏ အနာယာသဘာဝကို ကျမ်း၌ တင်စား၍ ဆိုသည်၊) နိဋ္ဌိတော - အပြီးအဆုံးသို့ ရောက်သတည်း။

၂၂။ - ပတ္ထနာဆုတောင်း တောင်းဆိုလိုက်ဦးအံ့၊ အယံ(ဂန္ထော) - ဤနိဿယကျမ်းသည်၊ အနာယာသေန - မပင်မပန်း, ရွှင်လန်းကြည်သာဿ ချမ်းမြေ့စွာဖြင့်၊ ကေဝလီ - ဆိုဖွယ်လုံးစုံ, အကုန်စေ့င, ပြည့်ဝ ကြည်လင်သည်ဖြစ်၍၊ နိဋ္ဌံ - ပြီးဆုံးအောင်မြင်ခြင်းသို့၊ ဂတောယထာ - ရောက်လေသကဲ့သို့၊ တထာ - ထို့အတူ၊ ဇန္တုနံ - ခပ်သိမ်းသော သတ္တဝါတို့၏၊ ကလျာဏသင်္ကပ္ပေါ - အခြားသူအား, မထိပါပဲ, ကြီးပွားချမ်းသာ, ဖြစ်ရာ ဖြစ်ကြောင်း, အကြံအစည်ကောင်းတို့သည်၊ နိဋ္ဌံ - ပြီးဆုံးအောင်မြင်ခြင်းသို့၊ ဂစ္ဆန္တု - လျင်မြန် ထုတ်ချောက် ဆိုက်ရောက်ပါစေကုန်သတည်း။

၂၃။ တု - စာအုပ်ဖြစ်ရောက် ပြီးမြောက်သည်ကို ပြဆိုဦးအံ့၊ ဧသနိဿယော - ဤနိဿယကျမ်းသည်၊ တိံသာဓိကေတေရသေ သတေ သာကေဝဿေ - သုံးဆယ်အလွန်ရှိသော တဆယ့် သုံးရာမြောက်ဖြစ်သော သက္ကရာဇ်နှစ်၌၊ ဝါ - ၁၃၃၀-ပြည့်နှစ်၌၊ ပရိမုဒ္ဒိကပေါတ္ထက ဘာဝေန - ၄-တွဲလုံးအစုံ, အကုန်ပုံနှိပ်ပြီး စာအုပ်ကြီးများ အဖြစ်ဖြင့်၊ နိဋ္ဌိတော - ပြီးဆုံးခြင်းသို့ရောက်သတည်း။

၂၄။ - အာသီဝါစာ မင်္ဂလာစကား မြွက်ကြားလိုက်ဦးအံ့၊ ဝိသုဒ္ဓိမဂ္ဂေါ စ - သည်လည်းကောင်း၊ မဟာဋီကာ စ - သည်လည်းကောင်း၊ ယာဝ - အကြင်မျှလောက်ကာလပတ်လုံး၊ တိဋ္ဌတေ - မကွယ်ပပဲ တည်မြဲတည်လျက်ရှိ၏၊ တာဝ - ထိုမျှလောက်ကာလပတ်လုံး၊ အယံ(နိဿယော) - ဤနိဿယကျမ်းသည်၊ တဿ - ထို မဟာဋီကာ၏၊ အတ္ထံ - ကွယ်ဝှက်နက်နဲ သိနိုင်ခဲသောအနက်ကို၊ ဒဿယံ-ဒဿယန္တော - ပြလျက်၊ လောကမှိ - လောက၌၊ တိဋ္ဌတံ - မကွယ်ပပဲ တည်မြဲတည်တံ့နေပါစေသတည်း။

၂၅။ -တောင်းပန်စကား ပြောကြားဦးအံ့၊ ယေ -အကြင်ပညာရှိတို့သည်၊ ဧတ္ထ - ဤနိဿယကျမ်း၌၊ ဦနဋ္ဌာနာနိ - မှန်ကန်တိကျ ပြည့်ဝစေရေး လိုနေသေးသောအရာတို့ကို၊ ပုရေတုံ - မှန်ကန်တိကျ ပြည့်ဝစေလျက် ဖြည့်စွက်ခြင်းငှါ၊ စေသက္ကောန္တိ - အကယ်၍ တတ်စွမ်းနိုင်ကုန်ငြားအံ့၊ တေ - တတ်စွမ်းနိုင်ဘိ ထိုပညာရှိတို့သည်၊ တာနိ - လိုနေသေးသော ထိုအရာတို့ကို၊ ပရိပူရေန္တု - ကြွင်းမဲ့ဥဿုံ အချင်းခပ်သိမ်းပြည့်စုံအောင် ဉာဏ်တန်ဆောင် အလင်း ဖွင့်လျက် ဖြည့်စွက်ကြပါစေကုန်သတည်း၊ ဧသာ - ဤစကားသည်၊ မေ - ကျယ်ပြန့်နက်ဝှမ်း ဤနိဿယ ကျမ်းကို ကြိုးပမ်းတီထွင် စီရင်ပြုလုပ် အကျွန်ုပ် ၏၊ အဘိယာစနာ - သာသနာ့အကျိုး, တိုးထက်တိုးအောင်, မျှော်ကိုးထောက်ထား, နှိမ်ချသောအားဖြင့် , လေးစားဖြောင့်စင်း, တောင်းပန်ခြင်းပါပေတည်း၊ ဣတိ - ဤတွင် နိဂုံးစကားရပ် အပြီးသတ်ပါသတည်း။

မဟာသတိပဋ္ဌာန် ဝိပဿနာရှုနည်း အကျဉ်းချုပ်

မော်လမြိုင်မြို့ မဟာသတိပဋ္ဌာန်ဝိပဿနာကျောင်း ဆရာတော် အရှင်ပဏ္ဍဝနှင့် မင်္ဂလာဦးအောင်မြင့်တို့သည် ကမ္မဋ္ဌာနာစရိယများ, ယောဂီအများ အလွယ်တကူ လေ့လာကြည့်ရှု၍ တရားအရသာခံစားနိုင်ရန် သမ္မာဆန္ဒဖြင့် ဝိပဿနာရှုနည်း ကျမ်းကြီးမှ ဂန္ထာရမ္ဘ, သတိပေးစကား, စိတ်ကိုအားပေးရန်, သတိပဋ္ဌာန်၏ ဂုဏ်ကျေးဇူး, ဘုရားရှင်၏ ဝန်ခံတော်မူချက်, ဖောင်းမှု ပိန်မှုကိုရှုမှတ်အပ်ကြောင်း, အားထုတ်ပုံ, နိဂုံးတို့ကို ထုတ်နုတ်ကူးယူ တပေါင်းတည်းပြု၍လည်းကောင်း၊ သတိပဋ္ဌာန် ဝိပဿနာရှုနည်း သံပေါက်များ, ဝိသုဒ္ဓိနှင့် ဉာဏ်စဉ်ဆောင်ပုဒ်များ စသည်တို့ကို ထည့်သွင်းဖော်ပြ၍လည်းကောင်း
မဟာသတိပဋ္ဌာန်ဝိပဿနာရှုနည်း အကျဉ်းချုပ် အမည်ဖြင့် ပုံနှိပ်ထုတ်ဝေခဲ့ရာ အကြိမ်ပေါင်းများလှလေပြီ၊ ကရောင်း ၁၆-ချိုး ဆိုက်ဖြင့် စာမျက်နှာ ၂၇၅-ရှိလေသည်။

ပုရာဘေဒသုတ်တရားတော်

ပုရာဘေဒသုတ်သည် သုတ္တနိပါတ်ပါဠိတော်၌ လာရှိ၍ ပုရာဘေဒသုတ္တနိဒ္ဒေသသည် မဟာနိဒ္ဒေသ ပါဠိတော်၌ လာရှိလေသည်၊ မဟာစည်ဆရာတော်ဘုရားကြီးသည် ပုရာဘေဒသုတ်တော်ကို ၁၃၂၂-ခုနှစ် ဝါဆို လကွယ်နေ့မှစ၍ ၃-သီတင်း တိုင်တိုင် ဆက်လက်ဟောကြားတော်မူခဲ့လေသည်။

အနက်အဓိပ္ပါယ်အားဖြင့် လွန်စွာ ခက်ခဲသော်လည်း အများနားလည်သော စကား အသုံးအနှုန်း ပေါ်လွင်သိသာသော ဥပမာတို့ဖြင့် ဟောကြားတော်မူသော ကြားနာရသူတို့ နားလည်သဘောပေါက်ကြသည်၊ ယင်းတရားတော်ကို အသံဖမ်းစက်ဖြင့် ဖမ်းယူအသံသွင်းထားရာ တဖန်ကူးယူ၍ ဓမ္မဗျူဟာစာအုပ်တွင် ဖော်ပြခဲ့ရာ အများ၏ တောင့်တချက်ကြောင့် ၁၃၂၉-ခုနှစ်တွင် စာအုပ်အဖြစ် ရိုက်နှိပ်ထုတ်ဝေ ခဲ့လေသည်၊ ယင်းပုရာဘေဒသုတ်တရားတော်ကျမ်းမှာ ကရောင်း ၁၆-ချိုးဆိုက်ဖြင့် စာမျက်နှာ ၂၂၉-မျက်နှာ ရှိလေသည်။

ပုရာဘေဒသုတ္တန္တမ္ပိ, တမှိ သုတ္တေ သုကောဝိဒေါ
မဟာစည်ထေရပုင်္ဂဝေါ, ဒေသယိ ဒေသနာဝိဒူ

ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး

ဆရာတော်ဘုရားကြီးသည် ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီးကို ရန်ကုန်မြို့ သာသနာ့ရိပ်သာ ဖလ်ယဉ် ဓမ္မာရုံကြီး၌ များစွာသော ရဟန်း, ရှင်, လူ ပရိသတ်တို့အား ၁၃၂၄-ခုနှစ် နယုန်လပြည့်ကျော် ၈-ရက်နေ့မှစ၍ ၁၁-သီတင်းတိတိ ဟောကြား တော်မူခဲ့လေသည်၊ ယင်းတရားတော်ကြီးကို ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ အကျိုးတော်ဆောင် ဦးသိန်းအောင်နှင့် ဒုတိယ တရားမ တရားသူကြီး ဦးသိန်းဟန်တို့က အသံဖမ်းစက်ဖြင့် အသံဖမ်းယူခဲ့ကြသည်။

တဖန်နည်းပြ ကမ္မဋ္ဌာနာစရိယ အရှင်ဝဏ္ဏိတမထေရ်က တိတ်ခွေမှ ကူးယူကာ လက်ရေးစာမူကြမ်း အဖြစ်သို့ ရောက်စေခဲ့လေသည်၊ တဖန် ဦးသိန်းဟန်က တိုက်ရိုက် စာမူအဖြစ်သို့ ရောက်စေခဲ့လေသည်၊ ယင်းပဋိစ္စသမုပ္ပါဒ် တရားတော်ကြီး စာမူကို ဗုဒ္ဓဓမ္မလောကစာစောင်၌ ထည့်သွင်း ဖော်ပြလိုကြောင်း ဗုဒ္ဓဓမ္မလောက အယ်ဒီတာ မင်္ဂလာဦးအောင်မြင့်က ဆရာတော်ဘုရားကြီးအား လျှောက်ထားခဲ့လေသည်၊ ထိုအခါ ဆရာတော်ဘုရားကြီးက သုတ်သင်ပြင်ဆင်သင့်သည်များကို သုတ်သင်၍ မင်္ဂလာဦးအောင်မြင့်အား ပေးအပ်လေသည်၊ မင်္ဂလာဦးအောင်မြင့်သည် ဗုဒ္ဓဓမ္မ လောကစာစောင်တွင် တပိုဒ်ချင်း တင်ပြခဲ့လေသည်၊ ယင်းပဋိစ္စသမုပ္ပါဒ် တရားတော်ကြီးကို ဖတ်ရှုကြရသော စာဖတ်ပရိသတ်တို့က လွန်စွာသဘောကျကျေနပ်ကြသဖြင့် စာအုပ်အဖြစ်သို့ ရောက်ရှိအောင် ဆောင်ရွက်ရန် တိုက်တွန်းကြလေသည်။

ယင်းပရိသတ်၏ တောင်းဆိုချက်အရ ဆရာတော်ဘုရားကြီးလည်း ခွင့်ပြုသဖြင့် ဓမ္မဒေသနာဖြန့်ချီရေး စာပေတိုက်မှ ၁၃၃၀-ပြည့်နှစ်က ပဋိစ္စသမုပ္ပါဒ် တရားတော်ကြီး အမည်ဖြင့် ကျမ်းစာအဖြစ် ပုံနှိပ်ထုတ်ဝေခဲ့လေသည်၊ ယင်းပဋိစ္စသမုပ္ပါဒ် တရားတော်ကြီးမှာ အကြိမ်ကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ရလေသည်၊ ဒီမိုင်းဆိုက်ဖြင့် ပထမတွဲ, ဒုတိယတွဲ ၂-တွဲခွဲ၍ ရိုက်နှိပ်ထုတ်ဝေခဲ့ရာ ပထမတွဲ စာမျက်နှာ ၂၈၆, ဒုတိယတွဲ ၂၉၅-ရှိလေသည်။

သုပဋိစ္စသမုပ္ပါဒ-ဓမ္မဂန္ထံ အကာ သုဓီ
ဓမ္မေသု ကောဝိဒေါ ထေရော, မဟာစည်ယတိပုင်္ဂဝေါ

ဗြဟ္မစိုရ်တရားတော်

ဆရာတော်ကြီးသည် “မကောင်းမြစ်တာ, ကောင်းရာကိုလှစ်, အသစ်ဟောကျူး, နာဖူးထပ်မံ, နတ်ထံတင်ရာ, မေတ္တာလည်းပြု, ရဟန်းမှု, ခြောက်ခု လွန်သေချာ” ဟူသည်နှင့်အညီ ရဟန်းကျင့်ဝတ် ၆-ပါး လွန်စွာကျေပွန်တော်မူသည့် ပုဂ္ဂိုလ်မြတ် ဖြစ်တော်မူသည်။

ကမ္ဘာ့နိုင်ငံများစွာတို့၌လည်း အကြိမ်များစွာ တရားဟော သာသနာပြုတော်မူခဲ့သည်၊ မြန်မာနိုင်ငံ၌မူကား အလွန်အကြိမ်များစွာ တရားဟော သာသနာပြုခဲ့ရာ မြန်မာနိုင်ငံ အစိုးရမင်းတို့ လျှောက်ထားချက်အရ ဗြဟ္မစိုရ်တရားတော်ကြီးကိုလည်း ၁၃၂၇-ခုနှစ်က တပိုင်း, ၁၃၂၈-ခုနှစ် ဒုတိယ ဝါဆိုလပြည့်နေ့က တပိုင်း, ၁၃၂၉ -ခုနှစ် တော်သလင်းလပြည့်နေ့က တပိုင်း, ၁၃၃၀-ခုနှစ် ဝါခေါင်လကွယ်နေ့ကတပိုင်း အားဖြင့် ၄-ပိုင်းခွဲ၍ မြန်မာ့အသံမှ အသံလွှင့်ဟောကြားခဲ့ရာ ပြည့်စုံသည့် ဗြဟ္မစိုရ် တရားတော်ကြီး ဖြစ်လာလေသည်။

ယင်း ဗြဟ္မစိုရ်တရားတော်ကြီးကို ၁၃၃၀-ခုနှစ်ကုန်လောက်တွင် ဗြဟ္မစိုရ်တရားတော် အမည်ဖြင့် ကျမ်းစာအဖြစ် ပေါ်ထွက်ခဲ့လေသည်။

ယင်း ဗြဟ္မစိုရ်တရားတော်ကြီးကို အောက်ပါအတိုင်း ကြည့်ရှု လေ့လာကာ ပွားများ ရာ၏။

ယခု ဘုန်းကြီးဟောမည့် တရားတော်ကတော့ ဗြဟ္မစိုရ်တရားတော် ဖြစ်ပါတယ်၊ ဘုန်းကြီးက များသောအားဖြင့် ဝိပဿနာတရားကိုသာ ဟောကြားလေ့ရှိပါတယ်၊ ဝိပဿနာဆိုတာကတော့ လူတိုင်း လူတိုင်းလဲ မကျင့်နိုင်ဘူး၊ ပြီးတော့ ကျင့်တဲ့သူမှာသာ အကျိုးထူးကို ရနိုင်တဲ့အတွက် ပရဟိတနှင့် မဆိုင်သလိုလိုလဲ ဖြစ်နေတယ်၊ ဒါကြောင့် ဒီကနေ့တော့ လူတိုင်းလဲ ကျင့်နိုင်ပြီး ပရဟိတနှင့်လဲဆိုင်တဲ့ ဗြဟ္မစိုရ်တရားကို ဟောဖို့ စီစဉ်ထားပါတယ်။

ဗြဟ္မစိုရ်တရားဆိုတာ မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာဆိုတဲ့ ဒီတရား ၄-ပါးပါပဲ၊ ဒီ ၄-ပါးထဲက မေတ္တာဆိုတာ သူများတွေလဲ ကိုယ်လိုပဲချမ်းသာ ချင်ကြပေလိမ့်မယ်လို့ ကိုယ်ချင်းစာပြီးတော့ သူတပါးတွေကို ချမ်းသာစေလိုတဲ့ သဘောပါပဲ။

ကရုဏာဆိုတာ ကိုယ့်အောက်ကလူတွေ, ဒုက္ခရောက်နေရှာကြတဲ့လူတွေ ကိုယ်ချင်း စာတရားနဲ့ သနားကြင်နာတဲ့ သဘောပါပဲ။

မုဒိတာဆိုတာ ကိုယ့်အထက်ကလူတွေ, ကိုယ့်ထက် ပြည့်စုံတဲ့, ချမ်းသာတဲ့ လူတွေကို ချမ်းသာမြဲ ချမ်းသာကြပါစေလို့ ဝမ်းမြောက် ကြည်သာစွာနဲ့ နှလုံးသွင်းတဲ့ သဘောပါပဲ။

ဥပေက္ခာဆိုတာ သတ္တဝါတွေဟာ ကိုယ်တိုင် ပြုလုပ်ထားတဲ့ အမှုကံအားလျော်စွာ ဖြစ်နေကြတာပဲလို့ ဘက်မလိုက်ပဲ မျှမျှတတ နှလုံးသွင်းတဲ့ သဘောပါပဲ။

ဒီတရား ၄-ပါးကို အဘိဓမ္မာဒေသနာမှာ အပ္ပမညာဆိုတဲ့အမည်နဲ့ ဟောထား ပါတယ်၊ အားလုံးသော သတ္တဝါတွေ အပေါ်မှာ အကန့်အသတ်မရှိပဲ ပွားချင်သလောက် ပွားများကောင်းတဲ့တရား, ပွားများဖို့နယ်ပယ် အကန့်အသတ် မရှိတဲ့ တရားလို့ ဆိုလိုပါတယ်။

သုတ္တန်ဒေသနာတော်တွေမှာတော့ ဒီတရားတွေကို အများအားဖြင့် ဗြဟ္မဝိဟာရလို့ အမည်ပေးထားပါတယ်၊ မြတ်သော နေထိုင်ရေးတရားလို့ ဆိုလိုပါတယ်။

မဟာဂေါဝိန္ဒသုတ်မှာတော့ ဗြဟ္မစရိယတရားလို့ အမည်ပေးထားပါတယ်၊ ဒါကြောင့် ဗြဟ္မစိုရ်တရားလို့ ခေါ်ဝေါ် ပြောဆိုနေကြပါတယ်၊ အနက်အဓိပ္ပါယ်အားဖြင့်တော့ မြတ်သောအကျင့်လို့ ဆိုလိုပါတယ်။

ဒီဗြဟ္မစိုရ်တရားဟာ လူမျိုးမရွေး ဘာသာ မရွေး လူတိုင်းလူတိုင်း ကျင့်သုံးသင့်တဲ့ တရားဖြစ်ပါတယ်၊ စဉ်းစားကြည့်ကြပါ၊ မိမိ၏အကျိုးကိစ္စ ပြီးမြောက်အောင် စေတနာ့ဝန်ထမ်းသဘောဖြင့် ကူညီဆောင်ရွက် ပေးမည်ဆိုလျှင် ဘယ်သူက လက်မခံပဲ ငြင်းပယ်မှာလဲ၊ ဘယ်သူမှ ငြင်းပယ်မှာ မဟုတ်ပါဘူး၊ အားလုံး ဝမ်းမြောက်ဝမ်းသာနဲ့ လက်ခံကြမှာချည်းပါပဲ၊ အဲဒါ ဘာသဘောထင်သလဲ၊ ချမ်းသာစေလိုတဲ့ မေတ္တာကို လူတိုင်းက လက်ခံနိုင်တဲ့အတွက် အဲဒီမေတ္တာကို လူတိုင်း လူတိုင်း ကျင့်သင့်တယ်ဆိုတာ ဖော်ပြနေတဲ့ သဘောပါပဲ။

လက်တွေ့လဲ စမ်းကြည့်နိုင်ပါတယ်၊ လူတယောက်ကို ပြုံးရွှင်တဲ့ မျက်နှာနဲ့ ကြည့်လျှင် အဲဒီလူကလဲ ပြုံးရွှင်တဲ့ မျက်နှာနဲ့ပဲ ပြန်ပြီးကြည့်ပါလိမ့်မယ်၊ လူတယောက်ကို ချိုချိုသာသာနှုတ်ဆက်လျှင် အဲဒီလူကလဲ ချိုချိုသာသာနဲ့ပဲ ပြန်ပြီး နှုတ်ဆက်ပါလိမ့်မယ်၊ လမ်းမသိတဲ့လူကို လမ်းညွှန်ပြလျှင်ဖြစ်စေ, မီးရထား, သင်္ဘော စသည်ဖြင့် ခရီးသွားတဲ့အခါ နေရာမရတဲ့သူကို မိမိနေရာထဲက မျှပေးလျှင်ဖြစ်စေ, လေးလံတဲ့ ဝန်ထုပ်ဝန်ပိုး သယ်ဆောင်လာတဲ့သူကို ဖေးမကူညီပေးလျှင်ဖြစ်စေ ဒီလိုစေတနာ မေတ္တာဖြင့် ကူညီဆောင်ရွက်ပေးလျှင် တဘက်သားပုဂ္ဂိုလ်က ကျေးဇူးတင်မည့်ပြင် မိမိကိုယ်တိုင်လဲ လူ့ကျင့်ဝတ်တရား ကျေပွန်သည့်အတွက် ဝမ်းမြောက် ဝမ်းသာခြင်း အကျိုးကို ချက်ချင်းပဲရပါလိမ့်မယ်၊ မိမိမှာ အခက်အခဲရှိတဲ့အခါလဲ ကူညီမည့်သူများ ပေါ်လာတတ်ပါတယ်၊ ဒီနည်းဖြင့် လူတိုင်း လူတိုင်းက လူ့ကျင့်ဝတ်ကို သိပြီး မေတ္တာတရားနဲ့ အချင်းချင်း တတ်စွမ်းနိုင်သမျှ ကူညီဆောင်ရွက်သွားမယ်ဆိုလျှင် လူ့လောကကြီးဟာ အစဉ်ထာဝရ သာသာယာယာနဲ့ ဖြစ်သွားနိုင်ဖို့ရှိပါတယ်၊ ဒါကြောင့် မေတ္တာတရားကို လူတိုင်း လူတိုင်း ကျင့်သုံးသင့်ကြောင်း ထင်ရှားပါတယ်။

ထို့အတူပဲ ဆင်းရဲဒုက္ခရောက်နေတဲ့ လူတွေကို ကရုဏာနဲ့သနားပြီး ကူညီ စောင့်ရှောက်မယ်ဆိုလျှင် ငြင်းပယ်မည့်သူ ရှိပါမည်လား၊ မရှိနိုင်ပါဘူး၊ လက်ခံကြမှာ ချည်းပါပဲ၊ ပြီးတော့ ရရှိထားတဲ့ စီးပွားဥစ္စာနဲ့ ရာထူးဌာနန္တရ အလုပ်အကိုင်နဲ့ အခြွေအရံ ဂုဏ်သိန်ကျက်သရေတွေနဲ့ ခိုင်မြဲတည်တံ့ပြီး ချမ်းသာမြဲချမ်းသာ နေအောင် မုဒိတာနဲ့ ဝမ်းမြောက်ကြည်သာစွာ ထောက်ခံအားပေးမည် ဆိုလျှင်ကော ငြင်းပယ်မည့်သူ ရှိပါမည်လား၊ မရှိနိုင်ပါဘူး၊ လက်ခံကြမှာချည်းပါပဲ၊ ဒါကြောင့် ဒီကရုဏာနှင့် မုဒိတာကိုလဲ လူတိုင်းလူတိုင်း ကျင့်သုံးသင့်ကြောင်း ထင်ရှားပါတယ်။

ဥပေက္ခာဆိုတာလဲ မေတ္တာ, ကရုဏာ, မုဒိတာနဲ့ မဆောင်ရွက်နိုင်တဲ့ နေရာမှာ ကျင့်သုံးသင့်တဲ့တရားပါပဲ၊ ထင်ရှားတဲ့ သာဓကနဲ့ပြရလျှင် လူတယောက်မှာ ရာဇဝတ်မှု ရောက်နေတယ်ဆိုပါတော့၊ အဲဒီလူကို တတ်နိုင်တဲ့သူက မေတ္တာနဲ့ ကရုဏာနဲ့ အစွမ်းကုန် ကူညီပေးသင့်ပါတယ်၊ ဒါပေမယ့် ပြစ်မှုထင်ရှားတယ်ဆိုပြီး နောက်ဆုံးအနေနဲ့ အပြစ်ဒဏ်ပေးလိုက်တဲ့ အခါကျတော့ ကူညီနိုင်တဲ့ အခွင့်အရေး မရှိတော့ဘူး၊ အဲဒါဟာ ဒီဥပေက္ခာနဲ့သာ အညီအမျှ နှလုံးသွင်းသင့်တော့တယ်၊ အပြစ်ဒဏ်ခံရတဲ့သူ ဘက်ကလိုက်ပြီး တခြားသူတွေကို အပြစ်တင်မနေသင့်တော့ဘူး၊ သူ့ကံအတိုင်းပဲလို့သာ မျှတစွာ နှလုံးသွင်းသင့်တော့တယ်၊ ယခု လောလောဆယ်မှာ အပြစ်မရှိဘူးလို့ ထင်ပေမယ့် ရှေးကပြုထားတဲ့ အပြစ်ရှိလို့သာ ခံရတာပဲလို့ ဒီလို တရားမျှတစွာ နှလုံးသွင်းသင့်တော့တယ်၊ အဲဒါ ဥပေက္ခာပဲ၊ ဒါကြောင့် ဒီဥပေက္ခာ ကိုလဲ အခါအားလျော်စွာ ကျင့်သုံးသင့်ပါတယ်။

ဒီတော့ ဗြဟ္မစိုရ်တရား ၄-ပါးကို လူတိုင်း လူတိုင်း ကျင့်သုံးသင့်တယ် ဆိုတာကတော့ ထင်ရှားပါပြီ၊ ယခု ကျင့်သုံးပုံကို အကျဉ်းချုပ် ပြောပြမယ်။

ဒါပေမယ့် ဒီကနေ့တော့ မေတ္တာတရားလောက်ပဲ ပြောနိုင်မယ်၊ မေတ္တာဆိုတာ ကာယကံမေတ္တာ, ဝစီကံမေတ္တာ, မနောကံမေတ္တာလို့ ဒီလို ၃-မျိုးရှိပါတယ်၊ ခုနက ပြောခဲ့တဲ့အတိုင်း ကိုယ်ချင်းစာတရားနဲ့ သူတပါးအား ချမ်းသာအောင်လို့ သူ့အကျိုးကို ကိုယ်ထိလက်ရောက် ကူညီဆောင်ရွက်ပေးတာဟာ မေတ္တာကာယကံပါပဲ၊ သူများနားချမ်းသာအောင်ပြောဆိုတာ, ချမ်းသာပါစေလို့ ရွတ်ဆိုပြီး မေတ္တာပို့တာ, သူ့အကျိုးကိစ္စ ပြီးမြောက်အောင် ညွှန်ကြားတာ, နှုတ်နဲ့စီမံဆောင်ရွက်ပေးတာ ဒါတွေဟာ ဝစီကံမေတ္တာပါပဲ၊ သူတပါးတွေကို ချမ်းသာကြပါစေလို့ စိတ်သက်သက်နဲ့ နှလုံးသွင်းနေတာဟာ မနောကံမေတ္တာပါပဲ၊ ဒီမနောကံ မေတ္တာဆိုတာ အခါခပ်သိမ်း ပွားများနေနိုင်ပါတယ်။

ဒီမနောကံမေတ္တာကို ပွားများတာကလဲ ဈာန်ရအောင် ပွားများတာရယ်, ဘေးရန် ကင်း, ဘေးကင်း ရန်ကင်း ပါရမီကုသိုလ်ဖြစ် ပွားများတာရယ်, အဲဒီလို နှစ်မျိုး ရှိပါတယ်၊ ဈာန်ရအောင် ပွားများနည်းကိုတော့ ယခုလို တိုတောင်းတဲ့ အချိန်ကလေးမှာ ပြည့်စုံအောင် မပြောနိုင်ပါဘူး၊ ဒါကြောင့် ယခု ဘေးကင်း ရန်ကင်း ပါရမီဖြစ်, ကုသိုလ်ဖြစ် ပွားများပုံကိုပဲ ပြောပြပါမယ်။

တွေ့မြင်ရသမျှလူတွေကို အာရုံပြုပြီး ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေလို့ ဒီလိုလဲ ပွားများနိုင်ပါတယ်၊ အမိအဘ, ဆရာသမားစသည်ကို အာရုံပြုပြီးတော့ ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေလို့ ဒီလိုလဲ ပွားများနိုင်ပါတယ်၊ ကိုယ်မေတ္တာပို့ချင်တဲ့ လူတွေကို အာရုံပြုပြီးတော့ “တို့အိမ်က လူတွေ ချမ်းသာကြပါစေ, တို့အရပ်က လူတွေ ချမ်းသာကြပါစေ, တို့မြို့က, တို့ရွာကလူတွေ ချမ်းသာကြပါစေ” စသည်ဖြင့်လဲ ပွားများနိုင်ပါတယ်၊ တဦးတယောက်ကို ဖြစ်စေ, အများကိုဖြစ်စေ အာရုံပြုပြီး ဒီလို တကြိမ် နှလုံးသွင်းလျှင် ပါရမီကုသိုလ် တကြိမ်ဖြစ်တယ်၊ ဆယ်ကြိမ် နှလုံးသွင်းလျှင် ဆယ်ကြိမ် ဖြစ်တယ်၊ အကြိမ်တရာ နှလုံးသွင်းလျှင် အကြိမ်တရာ ဖြစ်တယ်၊ သွားယင်း လာယင်းလဲ မေတ္တာကိုပွားများနိုင်ပါတယ်။

ဒါပေမယ့် အထူးသတိပြုဖို့ကတော့ ချမ်းသာကြပါစေလို့ စိတ်နဲ့သာ မေတ္တာ ပွားပြီးတော့ သူတပါးတွေ နားမချမ်းသာအောင်, ဆင်းရဲဒုက္ခရောက်အောင် ပြောဆို ပြုလုပ်နေလျှင်တော့ အဲဒါဟာ မေတ္တာစစ် မဟုတ်ဘူး၊ စိတ်နဲ့ ချမ်းသာပါစေလို့ မေတ္တာပို့တဲ့အတိုင်း ကိုယ်နဲ့နှုတ်နဲ့ရော သူတပါး ချမ်းသာအောင် တတ်နိုင်သမျှ ဆောင်ရွက်နိုင်မှ မေတ္တာအစစ် အောင်အောင်မြင်မြင် ဖြစ်တယ်လို့လဲ မှတ်ရမယ်။

ယခု တို့ထက်ကျယ်ပြန့်တဲ့ ငါးရာ့နှစ်ဆယ် ရှစ်သွယ်မေတ္တာ ပို့ပုံကို အတိုချုံးပြီး ပြောဦးမယ်၊

သဗ္ဗေသတ္တာ - အားလုံးသော သတ္တဝါတွေ၊ အဝေရာဟောန္တု - ရန်ကင်းကြပါစေ”
ဒီလို နှလုံးသွင်းတာက မေတ္တာတပါး၊
အဗျာပဇ္ဇာဟောန္တု - စိတ်ဆင်းရဲ ကင်းကြပါစေ” ဒါကလဲ မေတ္တာတပါး၊
(စိတ်ဆင်းရဲဆိုတာ စိတ်ညစ်တာ, စိတ်ပူတာ, ဝမ်းနည်းတာ, ကြောက်လန့်တာ, ချစ်သူတွေနဲ့ ကွဲနေရလို့ စိုးရိမ်ပူဆွေးနေတာ, စီးပွားဥစ္စာတွေ ဆုံးရှုံးပျက်စီးလို့ စိတ်နှလုံး ထိခိုက်နေတာ ဒီလိုဟာတွေပါပဲ၊ အဲဒီလို စိတ်ဆင်းရဲခြင်းမှ ကင်းကြပါစေလို့ ဆိုလိုပါတယ်)
အနီဃာဟောန္တု - ကိုယ်ဆင်းရဲ ကင်းကြပါစေ” ဒါလဲမေတ္တာတပါး၊
သုခိအတ္တာနံ ပရိဟရန္တု - ချမ်းသာစွာနဲ့ မိမိတို့ခန္ဓာဝန်ကို ဆောင်ရွက်နိုင်ကြပါစေ” ဒါကလဲ မေတ္တာတပါး၊
(သတ္တဝါတွေမှာ မိမိတို့ ခန္ဓာဝန်ကို ဆောင်ရွက်နေကြတာဟာ အင်မတန် ဝန်လေးပါတယ်၊ ဒီခန္ဓာဝန်အတွက် စား, ဝတ်, နေရေး, ကျန်းမာရေး ပြည့်စုံအောင် ရှာကြံနေကြရတာဟာ အင်မတန် ဆင်းရဲပါတယ်၊ အဲဒီ ဆင်းရဲဒုက္ခတွေမှ ကင်းဝေးပြီး ချမ်းချမ်းသာသာနဲ့ မိမိတို့ခန္ဓာဝန်ကို ဆောင်ရွက်နိုင်ကြပါစေလို့ ဆိုလိုပါတယ်။)

အဲ ယခုပြောခဲ့တာတွေဟာ သတ္တဝါအားလုံးကို အာရုံပြုပြီး မေတ္တာပွားပုံ လေးပါးပဲ။

ထို့အတူပဲ -
သဗ္ဗေပါဏာ - အားလုံးသက်ရှိသူတွေ၊
သဗ္ဗေဘူတာ - အားလုံး ထင်ရှားဖြစ်သူတွေ၊
သဗ္ဗေပုဂ္ဂလာ - အားလုံး ပုဂ္ဂိုလ်တွေ၊
သဗ္ဗေအတ္တဘာဝပ ရိယာပန္နာ - အားလုံး ခန္ဓာကိုယ် အတ္တသဘောရှိသူတွေ”
ဆိုတဲ့ ဒီ ၄-ပုဒ်နဲ့လဲ ခုနက မေတ္တာပွားပုံ ၄-ပါးကို အသီးသီးတွဲပြီး မေတ္တာပို့ရပါတယ်၊ ဒါကြောင့် မူလပုဒ် ၅-ခုကို ခုနက မေတ္တာ ၄-လီနဲ့ မြှောက်လိုက်လျှင် မေတ္တာပေါင်း ၂၀-ရပါတယ်၊ အဲဒါဟာ သတ္တဝါအားလုံးကိုချည်း ရည်ညွှန်းတဲ့အတွက် အနောဒိသမေတ္တာလို့ ခေါ်ပါတယ်၊ အပိုင်းအခြား အကန့်အသတ် မရှိတဲ့ မေတ္တာလို့ ဆိုလိုပါတယ်။

နောက်ပြီးတော့ -
သဗ္ဗာ ဣတ္ထိယော - အားလုံးသော အမျိုးသမီးတွေ”
စသည်ဖြင့် ၂-ပိုင်းစီခွဲပြီး ပို့တာက ၄-ပုဒ်, ၃-ပိုင်းခွဲပို့တာက ၃-ပုဒ် ပေါင်း ၇-ပုဒ် ရှိသေးတယ်၊ အဲဒီ ၇-ပုဒ်ကိုလဲ အဝေရာဟောန္တု - ရန်ကင်းကြပါစေ အစရှိတဲ့ မေတ္တာ ပွားပုံ ၄-လီနဲ့ မြှောက်လိုက်တော့ ၂၈-ရရှိတယ်၊ အဲဒီ ၂၈-ပါးကတော့ အမျိုးသမီးသန့်သန့် အမျိုးသားသန့်သန့်စသည်ဖြင့် ပိုင်းခြား ကန့်သတ်ပြီး ပို့တဲ့အတွက် ဩဒိသမေတ္တာလို့ ခေါ်တယ်၊ အဲဒီ ဩဒိသ ၂၈-ပါးနဲ့ ခုနက အနောဒိသ ၂၀-ကို ပေါင်းလိုက်လျှင် မေတ္တာ ၄၈-ပါး ရတယ်။

ထို့အတူ အရှေ့အရပ်က အားလုံး သတ္တဝါတွေ ရန်ကင်းကြပါစေ စသည်ဖြင့် ပို့တာကလဲ ၄၈-ပါး၊ အနောက်အရပ်, မြောက်အရပ်, တောင်အရပ်, အရှေ့တောင် အရပ်, အနောက်တောင်အရပ်, အနောက်မြောက်အရပ်, အရှေ့မြောက်အရပ်, အောက်အရပ်, အထက်အရပ်တွေလဲ နည်းတူပါပဲ ၄၈-ပါးစီရပါတယ်၊ အဲဒါတွေက အရပ် ဆယ်မျက်နှာမှာ ၄၈၀-ရပါတယ်၊ အဲဒါတွေက အရပ်မျက်နှာနဲ့ ပိုင်းခြားပြီးဖြစ်တဲ့အတွက် ဒိသာဖရဏမေတ္တာလို့ ခေါ်တယ်၊ အဲဒီ ၄၈၀-ထဲမှာ ခုနက အနောဒိသ, ဩဒိသမေတ္တာ ၄၈-ပါးကို ပေါင်းထည့် လိုက်လျှင် ၅၂၈-သွယ် မေတ္တာ ဖြစ်လာပါတယ်၊

အဲဒီ ၅၂၈-သွယ် မေတ္တာအရ ဘုန်းကြီးက ယခုအသံလွှင့်ရုံကနေပြီး မေတ္တာပို့မယ်, တရားနာနေကြတဲ့ ဓမ္မမာမကပုဂ္ဂိုလ်တွေ အားလုံးကလဲ စိတ်နဲ့လိုက်ပြီး မေတ္တာပို့ကြပါ။

အားလုံးသတ္တဝါတွေ -
ဘေးရန်ကင်းကြပါစေ,
စိတ်ဆင်းရဲ ကင်းကြပါစေ,
ကိုယ်ဆင်းရဲ ကင်းကြပါစေ,
ချမ်းသာစွာနဲ့ မိမိတို့ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ။

အားလုံး သက်ရှိသူတွေ ဘေးရန်ကင်းကြပါစေ (လ) ဆောင်ရွက်နိုင်ကြပါစေ။
အားလုံး ကိုယ်ထင်ရှားဖြစ်သူတွေ ဘေးရန်ကင်းကြပါစေ (လ) ရွက်ဆောင်နိုင်ကြပါစေ။
အားလုံး ပုဂ္ဂိုလ်တွေ ဘေးရန် ကင်းကြပါစေ (လ) ရွက်ဆောင်နိုင်ကြပါစေ။
အားလုံး ခန္ဓာကိုယ် အတ္တဘော ရှိသူတွေ ဘေးရန် ကင်းကြပါစေ (လ) ရွက်ဆောင်နိုင်ကြပါစေ။

အားလုံး အမျိုးသမီးတွေ ဘေးရန် ကင်းကြပါစေ(လ) ရွက်ဆောင်နိုင်ကြပါစေ။
အားလုံး အမျိုးသားတွေ ဘေးရန် ကင်းကြပါစေ(လ) ရွက်ဆောင်နိုင်ကြပါစေ။
အားလုံး အရိယာတွေ ဘေးရန် ကင်းကြပါစေ(လ) ရွက်ဆောင်နိုင်ကြပါစေ။
အားလုံး ပုထုဇဉ်ပုဂ္ဂိုလ်တွေ ဘေးရန် ကင်းကြပါစေ(လ) ရွက်ဆောင်နိုင်ကြပါစေ။
အားလုံး နတ်ဗြဟ္မာတွေ ဘေးရန် ကင်းကြပါစေ(လ) ရွက်ဆောင်နိုင်ကြပါစေ။
အားလုံး လူသားတွေ ဘေးရန် ကင်းကြပါစေ(လ) ရွက်ဆောင်နိုင်ကြပါစေ။
အားလုံး အပါယ်ဘုံသူ အပါယ်ဘုံသားတွေ -
ဘေးရန် ကင်းကြပါစေ,
စိတ်ဆင်းရဲ ကင်းကြပါစေ,
ကိုယ်ဆင်းရဲကင်းကြပါစေ,
ချမ်းသာစွာနဲ့ မိမိတို့ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ။

ဒါတွေက ဩဒိသမေတ္တာ ၂၈-ပါးပဲ။

ယခု အရပ်မျက်နှာ ၁၀-ပါးနဲ့ မေတ္တာပို့ပုံကို အတိုချုံးပြီး ပြောပြပါမယ်။

အရှေ့အရပ်က အားလုံးသတ္တဝါတွေ -
ဘေးရန်ကင်းကြပါစေ,
စိတ်ဆင်းရဲ ကင်းကြပါစေ,
ကိုယ်ဆင်းရဲ ကင်းကြပါစေ,
ချမ်းသာစွာနဲ့ မိမိတို့ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ၊ ရှေးနည်းတူ ၄၈-ပါး အပြည့်အစုံ ပို့ရမယ်။

အနောက်အရပ်က အားလုံးသတ္တဝါတွေ ဘေးရန် ကင်းကြပါစေ နည်းတူ ၄၈-ပါးပဲ။
ထို့အတူ မြောက်အရပ်က, တောင်အရပ်က, အရှေ့တောင်အရပ်က, အနောက် မြောက်အရပ်က, အရှေ့မြောက်အရပ်က, အနောက်တောင်အရပ်က, အောက် အရပ်က, အထက်အရပ်က ၄၈-ပါးစီချည်းပါပဲ၊

အားလုံးပေါင်းသော် ၅၂၈-သွယ် မေတ္တာ ဖြစ်ပါတယ်၊ အချိန်မရှိလို့ နားလည်ရုံမျှ ချုံးပြီး ပြောလိုက်ရပါတယ်။

ယခု မြန်မာပြည်သူ ပြည်သားတွေကို အထူးမေတ္တာပို့ပြီး တရားသိမ်းတော့မယ်၊ အားလုံး စိတ်နဲ့လိုက်ပြီး မေတ္တာပို့ကြပါ။

“ပြည်ထောင်စု မြန်မာနိုင်ငံသူ နိုင်ငံသားတွေအားလုံး -
ဘေးရန် ကင်းကြပါစေ,
စိတ်ဆင်းရဲ ကင်းကြပါစေ,
ကိုယ်ဆင်းရဲ ကင်းကြပါစေ,
ချမ်းသာစွာနဲ့ မိမိတို့ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ”။

ဗြဟ္မစိုရ်တရားတော် ပထမပိုင်းပြီး၏။

မေတ္တာ ပွားကျိုး

တနေ့သုံးခါ, အိုးတရာဖြင့်,
ချက်ခါထမင်း, ကျွေးမွေးခြင်းထက်,
မယွင်းစင်စစ်, နို့တညှစ်စာ,
ကြိမ်သုံးခါမျှ, မေတ္တာပွားများ,
ကျိုးကြီးမားသည်, ဘုရားမြတ်စွာ မိန့်ခွန်းတည်း။ (သံ-၁၊ ၄၅၅)

မေတ္တာအကျိုး ၁၁-ပါး

အိပ်-နိုး ချမ်းသာ၊ ကောင်းစွာ အိပ်မက်၊
ချစ်လျက် လူနတ်၊ စောင့်လတ်နတ်များ၊
မီး-ဆိပ်-ဓားတို့၊ ရှောင်ရှားကိုယ်မှာ၊
လျင်စွာစိတ်တည်၊ ရွှင်ကြည် မျက်နှာ၊
သေကာမတွေ၊ လားလေ ဗြဟ္မာ၊
ဆယ့်တဖြာသည်၊ မေတ္တာပွားမှု အကျိုးတည်း။
(အံ-၃၊ ၅၄၂)

ဒီကနေ့ဟောမည့် တရားကတော့ လွန်ခဲ့တဲ့ ၁၃၂၇-ခုနှစ် ဝါခေါင်လပြည့်နေ့က ဟောခဲ့တဲ့ ဗြဟ္မစိုရ် တရားတော်ရဲ့ အဆက်ပါပဲ၊ အလျင်ဟောခဲ့တာက ပထမပိုင်း၊ ယခုဟောတာက ဒုတိယပိုင်းပေါ့၊ ပထမ ပိုင်းမှာ မေတ္တာပွားပုံကို ဟောခဲ့တယ်၊ ယခု ဒုတိယပိုင်းမှာ
ကရုဏာပွားပုံကို ဟောရမယ်။

ကရုဏာ၏ အဓိပ္ပာယ်နှင့် ပွားနည်းများ (ဒုတိယပိုင်း)

ကရုဏာဆိုတာ ကိုယ့်အောက်ကလူတွေ၊ ဒုက္ခရောက်နေရှာကြတဲ့ သူတွေကို ကိုယ်ချင်းစာတရားနဲ့ သနားကြင်နာတဲ့ သဘောပဲဆိုတာကို ပထမပိုင်းမှာ ပြောခဲ့ပြီ၊ ပါဠိနည်းနဲ့ပြောရယင်တော့ ဆင်းရဲဒုက္ခရောက်နေတဲ့ သူကို မြင်တွေ့ရ၊ ကြားသိရတဲ့ အခါမှာ သူတော်ကောင်းတွေရဲ့ စိတ်နှလုံးကို တုန်လှုပ်စေတတ်လို့ ကရုဏာ မည်ပါတယ်တဲ့။

ဟုတ်တယ်၊ သူတော်ကောင်းတွေမှာ ဆင်းရဲဒုက္ခရောက်နေတဲ့သူကို မြင်တွေ့ရယင်၊ ကြားသိရယင် ကိုယ်တိုင် ခံစားနေရသလိုပဲ စိတ်နှလုံးမှာ ထိခိုက်ပြီး တုန်လှုပ် တတ်ပါတယ်၊ နိုင်ရာနိုင်ရာ တိရစ္ဆာန်အချင်းချင်း ညှဉ်းဆဲ သတ်ဖြတ်နေတာပဲ ဖြစ်ဖြစ်၊ တိရစ္ဆာန်တွေကို ညှဉ်းဆဲသတ်ဖြတ်နေတာပဲ ဖြစ်ဖြစ်၊ လူလူချင်းနိုင်ရာ နိုင်ရာ ညှဉ်းဆဲ နှိပ်စက်နေတာပဲဖြစ်ဖြစ်၊ သူ့အလိုလို တနည်းနည်းနဲ့ အတိဒုက္ခ ရောက်နေတာပဲ ဖြစ်ဖြစ် မြင်တွေ့ရ၊ ကြားသိရယင် စိတ်နှလုံးမှာ ထိခိုက် တုန်လှုပ်တတ်ပါတယ်၊ ဒီလို စိတ်နှလုံးမှာ ထိခိုက်တုန်လှုပ်တတ်ယင်လဲ အဲဒီလူကို သူတော်ကောင်းပဲလို့ ဆုံးဖြတ်နိုင်ပါတယ်၊ ဒါကြောင့် ဝိသုဒ္ဓိမဂ်ကျမ်းမှာ -

ပရဒုက္ခေ - သူတပါး၏ဆင်းရဲသည်၊
သတိ - ရှိလတ်သော်၊
သာဓူနံ - သူတော်ကောင်းတို့၏၊
ဟဒယကမ္ပနံ - နှလုံး၏ တုန်လှုပ်ခြင်းကို၊
ကရောတီတိ - ပြုတတ်သောကြောင့်၊
ကရုဏာ - ကရုဏာ မည်၏

လို့-ဒီလို ပြန်ဆိုထားပါတယ်။

ကရုဏာရဲ့ သဘောလက္ခဏာကတော့ သူတပါးမှာ တွေ့ကြုံခံစားနေရတဲ့ ဆင်းရဲကို ပယ်ဖျောက်ချင်တဲ့ သဘောပါပဲ၊ တတ်နိုင်တဲ့ကိစ္စဆိုယင် အဲဒီ သူတပါးဆင်းရဲကို ပျောက်ကင်းအောင်လဲ သူက ကြောင့်ကြစိုက်တတ်တယ်၊ မတတ်နိုင်တဲ့ကိစ္စ ဖြစ်နေတောင်မှ အဲဒီ သူတပါးဆင်းရဲကို ပျောက်စေချင်နေတာပဲ၊ ဒါကြောင့် -
ပရဒုက္ခာ ပနယနာကာရပ္ပဝတ္တိလက္ခဏာ - သူတပါး၏ဆင်းရဲကို ပယ်ဖျောက်သော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော လက္ခဏာရှိတယ်” လို့ ပြထားပါတယ်၊

ဒီကရုဏာအရာမှာ မြတ်စွာဘုရားရဲ့ ကရုဏာတော်ကတော့ အကြီးမားဆုံးပါပဲ၊ မိမိ ၏အကျိုးမဲ့ကို ပြုရုံမျှမကပဲ မိမိအား သေရာသေကြောင်း ကြံစည်အားထုတ်နေတဲ့ အရှင်ဒေဝဒတ်ကိုတောင်မှ သားတော်ရာဟုလာနဲ့ ညီမျှညီတူ သနားတော်မူပါတယ်၊ တလောကလုံးမှာ ရှိသမျှ သတ္တဝါတွေအားလုံးကိုလဲ ယခုမျက်မှောက် ဆင်းရဲ လောက်သာ မဟုတ်ပဲ သံသရာတလျှောက်လုံးမှာ တွေ့ကြုံသွားရမယ့် ဆင်းရဲတွေပါ မြော်မြင်ပြီးတော့လဲ သနားတော်မူပါတယ်။

ပွားများပုံကတော့ ဒီကရုဏာမှာလဲ မေတ္တာလိုပဲ ကာယကံဝစီကံမနောကံအားဖြင့် ၃-မျိုး ရှိပါတယ်၊ ဒါကြောင့် သူ့အလိုလိုပဲ ဖြစ်ဖြစ်၊ သူတပါးက နှိပ်စက်လို့ပဲဖြစ်ဖြစ် ဆင်းရဲ ဒုက္ခ ရောက်နေတဲ့သူကို တွေ့လို့ရှိယင် တတ်နိုင်သမျှ အကူအညီပေးကြပါ၊ ဥပမာ - မတော်တဆ ခြေချော်ပြီးလဲကျသွားတဲ့ သူကိုတွေ့ယင် ဖေးမပြီး ထူပေးပါ၊ ဆေးရှိလျှင် လူးလိမ်းပေးပါ၊ မသွားနိုင်ပဲ ဖြစ်နေယင် ဖေးမပြီး လိုက်ပို့ပေးပါ၊... နိုင့်ထက်စီးနင်းပြုလုပ်နေတာကို တွေ့ရယင်လဲ တတ်နိုင်ယင် စောင့်ရှောက် ကာကွယ်ပေးပါ၊ ဒီနည်းဖြင့် တတ်နိုင်သမျှ ကိုယ်နဲ့ အကူအညီ ပေးတာကို ကာယကံ ကရုဏာပွားများတယ်လို့ ဆိုပါတယ်။

ပြီးတော့ ဆင်းရဲဒုက္ခရောက်နေတဲ့သူကို အဲဒီဆင်းရဲမှ လွတ်မြောက်အောင် သို့မဟုတ် သက်သာရာရအောင် တတ်နိုင်သမျှ နှုတ်နဲ့လဲ အကူအညီပေးရမယ်၊ အဲဒီလို နှုတ်နဲ့ ပြောပြီး စောင့်ရှောက်ကူညီတာကတော့ ဝစီကံကရုဏာကို ပွားများတာတဲ့။

ဒီနေရာမှာ ကရုဏာပွားပြီး သနားနေရာက ဒေါသဖြစ်မှန်းမသိဖြစ်ပြီး ပါဏာတိပါတကံအစရှိတဲ့ အပြစ်ကြီးများ ဖြစ်တတ်တယ်ဆိုတာကိုလဲ သတိပေး ပြောကြားချင် သေးတယ်၊... ရဟန်း၏ ညွှန်ကြားချက်အရနဲ့ လူသားဖြစ်တဲ့ပုဂ္ဂိုလ် သေသွားယင် အဲဒီရဟန်းမှာ ပါရာဇိကအာပတ် သင့်တယ် ဆိုတဲ့အကြောင်း ဝိနည်းပါဠိတော်မှာ ထင်ရှားရှိတယ်၊ အဲဒါဟာ အင်မတန်သတိပြုဖို့ကောင်းတယ်။

မနောကံကရုဏာ ပွားများပုံကတော့ ဈာန်ရအောင် ပွားများတာလဲ ရှိတယ်၊ လောက ဝတ္တရားအရ ပွားများတာလဲ ရှိတယ်၊ ပါရမီဖြစ်၊ ကုသိုလ်ဖြစ်ပွားများတာလဲ ရှိတယ်၊ ... ပါရမီဖြစ်၊ ကုသိုလ်ဖြစ် ပွားများပုံကတော့ ရောဂါဝေဒနာဖြစ်ပြီး ဆင်းရဲဒုက္ခ ရောက်နေတဲ့သူကိုပဲ ဖြစ်ဖြစ်၊ ဘေးရန်အန္တရာယ်ကြောင့် ဒုက္ခရောက်နေတဲ့သူကိုပဲ ဖြစ်ဖြစ်၊ ... အဲဒီလို ဒုက္ခရောက်နေတဲ့သူကို အာရုံပြုပြီး သူ့မှာတွေ့ကြုံနေရတဲ့ ဆင်းရဲမှ လွတ်မြောက်ပါစေ၊ ဆင်းရဲမှ လွတ်မြောက်ပါစေလို့ အဖန်ဖန် နှလုံးသွင်းပွားများ နေရတယ်၊ ...

ယခု ဝိသုဒ္ဓိမဂ်ကျမ်းမှာ ပြဆိုထားတဲ့ မေတ္တာပွားနည်းအရ “သဗ္ဗေသတ္တာ ဒုက္ခာမုစ္စန္တု” စသည်ဖြင့် အနောဒိသကရုဏာ၊ ဩဒိသကရုဏာ ပွားပုံတွေကို ... ကရုဏာပွားမယ်၊ တရားနာနေကြတဲ့ ဓမ္မမာမက ပုဂ္ဂိုလ် အားလုံးကလဲ စိတ်နဲ့လိုက်ပြီး ကရုဏာပွားများကြပါ။
အားလုံးသတ္တဝါတွေ ဆင်းရဲမှလွတ်မြောက်ကြပါစေ
... (ဤသည်တို့မှာ အနောဒိသကရုဏာ ၅-ပါးတည်း။)

အားလုံးအမျိုးသမီးတွေ ဆင်းရဲမှလွတ်မြောက်ကြပါစေ
... (ဤသည်တို့မှာ ဩဒိသ ကရုဏာ ၇-ပါး၊ ပေါင်း ၁၂-ပါးဖြစ်သည်။)

အရပ်ဆယ်မျက်နှာမှာလဲ ကရုဏာ ၁၂-ပါးစီ ဖြစ်ပါတယ်၊ အရပ်တမျက်နှာမှာ ၁၂-ပါးစီဆိုတော့ ကရုဏာပေါင်း ၁၂၀-ဖြစ်ပါတယ်၊ အဲဒီ ၁၂၀-ကတော့ အရပ်မျက်နှာနဲ့ ဖြစ်တာမို့ ဒိသာဖရဏကရုဏာလို့ ခေါ်ပါတယ်၊ ပထမပွားခဲ့တဲ့ အနောဒိသ၊ ဩဒိသကရုဏာ ၁၂-ပါးနဲ့ ပေါင်းလိုက်ယင် ကရုဏာပေါင်း ၁၃၂-ပါး ဖြစ်ပါတယ်။

ယခု ပရိတ်ကြီးထဲမှာပါတဲ့ ဂါထာနဲ့ ရွတ်ဆိုပြီး ကရုဏာပွားလိုက်ဦးမယ်၊ အားလုံးကလဲ စိတ်နဲ့လိုက်ပြီး ကရုဏာ ပွားကြပါ။

ဒုက္ခပတ္တာစ နိဒ္ဒုက္ခာ၊ ဘယပတ္တာစ နိဗ္ဘယာ၊
သောကပတ္တာစ နိဿောကာ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော။


ဒုက္ခပတ္တာ - ဆင်းရဲဒုက္ခရောက်၍ နေကြကုန်သော၊
သဗ္ဗေပိ - အလုံးစုံလည်း ဖြစ်ကုန်သော၊
ပါဏိနော - သတ္တဝါတို့သည်လည်း၊
နိဒ္ဒုက္ခာ - ဆင်းရဲကင်းပ ချမ်းသာကြကုန်သည်၊
ဟောန္တု - ဖြစ်ပါစေကုန်သတည်း၊

ဘယပတ္တာ - ဘေးဒဏ်သင့်၍ နေကြကုန်သော၊ ...
နိဗ္ဘယာ - ဘေးဒဏ်ကင်းပ ချမ်းသာကြကုန်သည်၊ ...

သောကပတ္တာ - စိုးရိမ်ပူဆွေးခြင်းသို့ ရောက်၍နေကြကုန်သော၊ ...
နိဿောကာ - စိုးရိမ်ကင်းပ ချမ်းသာကြကုန်သည်၊
ဟောန္တု - ဖြစ်ပါစေကုန်သတည်း။

ဗြဟ္မစိုရ်တရားတော် ဒုတိယပိုင်း ပြီး၏။

ဒီကနေ့ ဟောမယ့်တရားတော်ကတော့ လွန်ခဲ့တဲ့ ၁၃၂၈-ခုနှစ် ဒုတိယ ဝါဆို လပြည့်နေ့က ဟောခဲ့တဲ့ ဗြဟ္မစိုရ်တရားတော်ရဲ့ အဆက်ပါပဲ၊ အဲဒီနှစ်က ဟောခဲ့ တာက ဒုတိယပိုင်း၊ ယခုနှစ်ဟောမှာက တတိယပိုင်းပေါ့၊ ဒုတိယပိုင်းမှာ ကရုဏာပွားပုံကို ဟောခဲ့တယ်၊ ယခု တတိယပိုင်းမှာ မုဒိတာပွားပုံကို ဟောရမယ်။

မုဒိတာ၏ အဓိပ္ပာယ်၊ အကျိုးနှင့် ပွားနည်းများ (တတိယပိုင်း)

မုဒိတာဆိုတာ ကိုယ့်အထက်ကလူတွေ၊ ကိုယ့်ထက် ပြည့်စုံတဲ့၊ ချမ်းသာတဲ့ လူတွေကို ချမ်းသာမြဲ ချမ်းသာပါစေလို့ ဝမ်းမြောက်ဝမ်းသာနဲ့ နှလုံးသွင်းနိုင်တဲ့ သဘောပဲဆိုတာကို ပထမပိုင်းမှာ ပြောခဲ့ပါပြီ။

“ကိုယ့်ထက်သာ မနာလို”ဆိုတဲ့ စကားပုံအတိုင်း အများအားဖြင့် သတ္တဝါ တွေမှာ ကိုယ့်ထက်သာတာကို မြင်ရ၊ ကြားရ၊ သိရယင် မျက်မုန်းကျိုးမှု၊ မနာလိုမှုက ဖြစ်တတ်တယ်၊ အဲဒီ မနာလိုမှုဟာ မုဒိတာရဲ့ ဆန့်ကျင်ဘက်ရန်သူပဲ။

မနာလိုမှုရဲ့ မကောင်းကျိုးတွေကို ပုံစံထုတ်ပြရယင်-
(၁) မိဖုရားကြီးက မနာလိုမှုကြောင့် မောင်းမငယ်အား မီးကျီးဖြင့် လောင်းချခဲ့ရာ ငရဲမှ လွတ်ပြီးနောက် မီးကျီးဖြင့် အလောင်ခံနေရတဲ့ ပြိတ္တာမကြီး ဖြစ်နေရရှာတယ်။
(၂) ကဿပမြတ်စွာဘုရား လက်ထက်တော်က ရဟန္တာအား မနာလို ပြစ်မှားခဲ့သော ရဟန်းသည် လောသကတိဿ ဖြစ်လာပြီး တစ်ဘဝလုံး ဆွမ်းရေ အငတ်ဘေး စသည်ဖြင့် ဒုက္ခရောက်ရရှာတယ်။
(၃) ဃောသကသူငယ်ကို မလိုလားသော အဘ သဌေးကြီးသည် ဃောသကအား သတ်ရန် ကြံစည်ခဲ့ရာ နောက်ဆုံး မိမိသားအရင်းသာ သေဆုံးသွား၍ ဝေဒနာစွဲကပ်ပြီး သေဆုံးခဲ့ရရှာသည်။

သူတပါး ကြီးပွားချမ်းသာတာကို ဝမ်းမြောက်ကြည်သာနိုင်တဲ့ မုဒိတာတရားကတော့ အင်မတန် အေးချမ်းပါတယ်၊ ...
ပိုက်ဆံတပြားတချပ်မှ မကုန်ရပဲနဲ့ ကြီးပွားချမ်းသာကြောင်း ကုသိုလ်တွေ တသွင်သွင် ဖြစ်ပွားနေပါတယ်၊ သိပ်နေရာ ကျတာပဲ။

ဒီမုဒိတာကို ပွားစေတဲ့အတွက် ကောင်းကျိုးချမ်းသာကို မျက်မှောက်ဘဝမှာလဲ ရတတ်ပါတယ် (ဥပမာ- ဇုဏှအမတ်ကြီး အသဒိသအလှူကို အနုမောဒနာပြု၍ ၇-ရက် မင်းအဖြစ်ရပုံ)၊ နောင်တမလွန်မှာလဲ ရတတ်ပါတယ် (ဥပမာ- ဝိသာခါ၏ ကျောင်းအလှူကို ဝမ်းမြောက်၍ တာဝတိံသာနတ်ပြည်သို့ ရောက်ရသော အမျိုးသမီး)။

ပွားများပုံကတော့ ဒီမုဒိတာမှာလဲ မေတ္တာ၊ ကရုဏာတို့လိုပဲ ကာယကံဝစီကံမနောကံအားဖြင့် ၃-မျိုးရှိပါတယ်၊ ...
ကိုယ်နဲ့ အကူအညီပေးတာက ကာယကံမုဒိတာ၊ နှုတ်နဲ့ ကူညီပြောဆို ထောက်ခံပေးတာက ဝစီကံမုဒိတာတဲ့။

မနောကံမုဒိတာ ပွားများပုံကတော့ ပါရမီဖြစ်၊ ကုသိုလ်ဖြစ် ပွားများပုံကို ပြောမယ်၊ ကြီးပွားချမ်းသာတဲ့သူတွေကို မြင်တွေ့ရတိုင်း၊ ကြားသိရတိုင်း၊ ဆုတ်ယုတ်ခြင်း မရှိပဲ ဝမ်းမြောက်မြဲ ဝမ်းမြောက်နိုင်ကြပါစေ၊ ကြီးပွားချမ်းသာမြဲ ကြီးပွားချမ်းသာ နိုင်ကြပါစေ၊ ... လို့ နှလုံးသွင်း ပွားများနေရမယ်။

ယခု ပဋိသမ္ဘိဒါမဂ် ပါဠိတော်က မေတ္တာဘာဝနာအရာမှာ ပြထားတဲ့ အနောဒိသ ၅-ပါးဩဒိသ ၇-ပါးဒိသာဖရဏ ၁၂၀-တို့အရနဲ့ ဘုန်းကြီးက ရွတ်ဆိုပြီး မုဒိတာ ပွားမယ်၊ ...
အားလုံးသတ္တဝါတွေ ဆုတ်ယုတ်ခြင်းမရှိ ကြီးပွားမြဲ ကြီးပွားချမ်းသာကာ ဝမ်းမြောက်နိုင်ကြပါစေ။
... (ဤသည်တို့မှာ အနောဒိသမုဒိတာ ၅-ပါးတည်း။)

အားလုံးအမျိုးသမီးတွေ ဆုတ်ယုတ်ခြင်းမရှိ ကြီးပွားမြဲ ကြီးပွားချမ်းသာကာ ဝမ်းမြောက်နိုင်ကြပါစေ။
... (ဤသည်တို့မှာ ဩဒိသမုဒိတာ ၇-ပါး၊ ပေါင်း ၁၂-ပါးဖြစ်သည်။)

အရပ်ဆယ်မျက်နှာလုံးမှာဆိုတော့ မုဒိတာပေါင်း ၁၂၀-ဖြစ်ပါတယ်၊ အဲဒီ ၁၂၀-ကတော့ အရပ်ဆယ်မျက်နှာနဲ့ ဖြန့်တာမို့ ဒိသာဖရဏမုဒိတာလို့ ခေါ်ပါတယ်၊ ပထမပွားခဲ့တဲ့ အနောဒိသ၊ ဩဒိသမုဒိတာ ၁၂-ပါးနဲ့ ပေါင်းလိုက်ယင် မုဒိတာပေါင်း ၁၃၂-ပါး ဖြစ်ပါတယ်၊ ... ဈာန်မရပဲနဲ့ ယခုပြောခဲ့တဲ့အတိုင်း ပွားတာကတော့ ပါရမီဖြစ် ကုသိုလ်ဖြစ်မျှပါပဲ

ဗြဟ္မစိုရ်တရားတော် တတိယပိုင်း ပြီး၏။

ဒီနေ့ဟောမည့် တရားတော်ကတော့ လွန်ခဲ့တဲ့ ၃-နှစ်က ဟောခဲ့တဲ့ ဗြဟ္မစိုရ် တရားတော်ရဲ့အဆက်ပါပဲ၊ အဲဒီ ၃-နှစ်က ဟောခဲ့တာဟာ ပထမ, ဒုတိယ, တတိယ ပိုင်းရှိပြီ၊ ယခုဟောမှာက စတုတ္ထပိုင်းပေါ့၊ အလျင် ၃-ပိုင်းမှာတော့ မေတ္တာ, ကရုဏာ, မုဒိတာ, ပွားများပုံကို ဟောခဲ့တယ်၊ စတုတ္ထပိုင်းမှာတော့ နောက်ဆုံးဖြစ်တဲ့ ဥပေက္ခာပွားပုံကို ဟောရမယ်။

ဥပေက္ခာဆိုတာ ဘက်မလိုက်ပဲ အညီအမျှရှုတဲ့သဘောပါပဲ၊ ဒါကြောင့် -

“ဥပပတ္တိတော ယုတ္တိတော - အသင့်အလျော် အညီအမျှအားဖြင့်၊
ဣက္ခတီတိ - ရှုတတ်သောကြောင့်၊
ဥပေက္ခာ - ဥပေက္ခာမည်တယ်”

လို့ ပြဆိုထားကြတယ်။

အဲဒါကို လျစ်လျူရှုပုံကတော့ ၁၀-မျိုးတောင် ရှိပါတယ်၊ ဒါကြောင့် -အဋ္ဌကထာမှာ ဒီဥပေက္ခာကို ၁၀-မျိုးခွဲပြီး ပြထားပါတယ်။

အဲဒီ ၁၀-မျိုးက ဘာတွေလဲဆိုယင် ....

(၁) ဆဠင်္ဂုပေက္ခာ,
(၂) ဗြဟ္မဝိဟာရုပေက္ခာ,
(၃) ဗောဇ္ဈင်္ဂုပေက္ခာ,
(၄) ဝီရိယုပေက္ခာ,
(၅) သင်္ခါရုပေက္ခာ,
(၆) ဝေဒနုပေက္ခာ,
(၇) ဝိပဿနုပေက္ခာ,
(၈) တတြမဇ္ဈတ္တုပေက္ခာ,
(၉) ဈာနုပေက္ခာ,
(၁၀) ပါရိသုဒ္ဓုပေက္ခာဆိုတဲ့ ဒီ ၁၀-မျိုးပါပဲ။

ဒီ ၁၀-မျိုးထဲမှာ အမှတ် (၁) ဆဠင်္ဂုပေက္ခာဆိုတာ အာရုံ ၆-မျိုးအကောင်းနဲ့အဆိုးကို အညီအမျှ ရှုနိုင်တဲ့ သဘောပါပဲ၊ အဲဒါဟာ ရဟန္တာရဲ့ ဂုဏ်ထူးပါပဲ၊ ဒါပေမယ့် ဝိပဿနာယောဂီလဲ သင်္ခါရုပေက္ခာဉာဏ် ဖြစ်ခိုက်မှာ ဒီဆဠင်္ဂုပေက္ခာနဲ့ အညီအမျှ ရှုနေပုံကို ထင်ရှားစွာ တွေ့နိုင်ပါတယ်။

အမှတ်(၂) ဗြဟ္မဝိဟာရုပေက္ခာဆိုတာကတော့ ယခု ဟောမည့် ဥပေက္ခာပါပဲ၊ ဒါကြောင့် သူ့ကို တော်တော်ကြာမှ အကျယ်ချဲ့ပြီး ဟောရမယ်။

အမှတ် (၃) ဗောဇ္ဈင်္ဂုပေက္ခာ ဆိုတာကတော့ ဗောဇ္ဈင် ၇-ပါးထဲက နောက်ဆုံးဖြစ်တဲ့ ဥပေက္ခာ သမ္ဗောဇ္ဈင်ပါပဲ၊ တရားကိုယ်အားဖြင့်တော့ တတြမဇ္ဈတ္တတာစေတသိက်ပါပဲ၊ သူက သူနဲ့ အတူတကွဖြစ်တဲ့ ယှဉ်ဖော်ယှဉ်ဖက် တရားတွေကို မယုတ် မလွန် ညီမျှစေတယ်၊ ဒါကြောင့် သူ့ကို “သမဝါဟိတလက္ခဏာ - ယှဉ်ဖက် တရားတွေကို အညီအမျှ ဖြစ်စေခြင်း လက္ခဏာရှိတယ်” လို့ အဘိဓမ္မာ ကျမ်းဂန်တွေမှာ ပြဆိုထားပါတယ်၊

ဒါပေမယ့် ဒီဥပေက္ခာဗောဇ္ဈင်ရဲ့ ဖြစ်ပုံကို သုတမယ, စိန္တာမယမျှနဲ့တော့ ကောင်းကောင်း သဘောပေါက်ဖို့ မလွယ်ပါဘူး၊ ဝိပဿနာရှုကြည့်မှ ကိုယ်တွေ့ အားဖြင့် ကောင်းကောင်း သဘောပေါက်တတ်ပါတယ်၊ ဝိပဿနာ ယောဂီဟာ ဥဒယဗ္ဗယဉာဏ်ရောက်တဲ့အခါ ညီမျှစေတဲ့ ဒီဥပေက္ခာရဲ့သဘောကို “ရှဉ်းစုံ ကောင်းတဲ့ နွားလှည်း မောင်းနေ ရသလို” ပဲ ထင်ရှားတွေ့ရပါတယ်။

အမှတ် (၄) ဝီရိယုပေက္ခာဆိုတာကတော့ သမထဝိပဿနာဘာဝနာ အချိုးကျနေတဲ့ အခါမှာ မယုတ်မလွန် ညီမျှနေတဲ့ ဝီရိယုပေက္ခာပါပဲ၊ ဒါကလဲ ဘာဝနာအလုပ်ကို ကျကျနနအားထုတ်သူမှ ကောင်းကောင်း ထင်ရှားတတ်ပါတယ်။

အမှတ် (၅) သင်္ခါရုပေက္ခာဆိုတာကတော့ သင်္ခါရတရားတွေကို အညီအမျှရှုတဲ့ သဘောပါပဲ။

အမှတ် (၆) ဝေဒနုပေက္ခာ, အမှတ် (၇) ဝိပဿနုပေက္ခာဆိုတာကတော့ ဝိပဿနာ ရှုနေတဲ့ယောဂီမှာ အနိစ္စ, ဒုက္ခ, အနတ္တသဘောတွေကို ကောင်းကောင်းမြင်ပြီးတဲ့ အခါ အဲဒါကို မစူးစမ်း မဆင်ခြင်တော့ပဲ ရုပ်နာမ်တရားတို့၏ အဖြစ်အပျက်ကို သိရုံ သိရုံကလေး အညီအမျှရှုသွားတဲ့ ဝိပဿနာဉာဏ်ပါပဲ၊ ဒါကလဲ ဥဒယဗ္ဗယဉာဏ် ရောက်ဖူးတဲ့သူမှ ကိုယ်တွေ့အားဖြင့် ထင်ရှားသိနိုင်ပါတယ်။

အမှတ် (၈) တတြမဇ္ဈတ္တုပေက္ခာဆိုတာကတော့ အမှတ် (၃) တုန်းက ပြောခဲ့တဲ့ တတြမဇ္ဈတ္တတာ စေတသိက်ပါပဲ၊ သူက ဒါန, သီလစသော ကုသိုလ်အမှုကို ကြံတိုင်း, ပြောတိုင်း, ပြုတိုင်း ပါဝင်ပြီးဖြစ်နေပါတယ်၊ ဒါပေမယ့် သာမန်ကုသိုလ်တွေ ဖြစ်ခိုက်မှာတော့ မထင်ရှားဘူး၊ ထက်သန်တဲ့ ဘာဝနာ ကုသိုလ်စိတ်ဖြစ်ခိုက်မှာမှ သူကထင်ရှားတယ်။

အမှတ် (၉) ဈာနုပေက္ခာ ဆိုတာကတော့ တတိယဈာန်နဲ့ယှဉ်တဲ့ တတြမဇ္ဈတ္တတာ စေတသိက်ပါပဲ။

အမှတ် (၁၀) ပါရိသုဒ္ဓုပေက္ခာဆိုတာလဲ စတုတ္ထဈာန်နဲ့ယှဉ်တဲ့ အဲဒီ စေတသိက်ပါပဲ၊ ဈာန်နဲ့ယှဉ်တဲ့ ဒီဥပေက္ခာ ၂-မျိုးကတော့ အဲဒီဈာန်တွေရတဲ့သူမှ ထင်ရှားသိနိုင်မယ်၊ ဒါကြောင့် ဒါတွေကိုတော့ အကျယ်မပြောပါဘူး။

ယခု ပြောခဲ့တဲ့ ဥပေက္ခာ ၁၀-မျိုးထဲမှာ ယနေ့ဟောရမှာကတော့ အမှတ် (၂) မှာပါတဲ့ ပြခဲ့တဲ့ ဗြဟ္မဝိဟာရုပေက္ခာပါပဲ၊

ဒီဥပေက္ခာရဲ့သဘောကတော့ သတ္တဝါတွေဟာ ကိုယ်တိုင်ပြုလုပ်ထားတဲ့ ကံအား လျော်စွာ ဖြစ်နေကြတာပဲလို့ ဘက်မလိုက်ပဲ မျှမျှတတ နှလုံးသွင်းတဲ့သဘော ဖြစ်ကြောင်းကို ပထမပိုင်းတုန်းက ပြောခဲ့ပါပြီ၊ ဒါကြောင့် သူ့ကိုပွားတဲ့အခါမှာ မေတ္တာ, ကရုဏာ, မုဒိတာတို့လို သတ္တဝါတွေအား အကျိုးပြုတဲ့အနေနဲ့ ပွားရတာ မဟုတ်ဘူး၊

“သဗ္ဗေသတ္တာကမ္မသကာ” လို့ ဆိုတဲ့အတိုင်း သတ္တဝါတွေဟာ သူတို့ကိုယ်တိုင် ပြုထားတဲ့ အမှုကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိကြတာပဲ၊ ကောင်းတဲ့အမှုကံကို ပြုတဲ့ သူတွေဟာ ကောင်းစားချမ်းသာကြမှာပဲ၊ ဆိုးတဲ့အမှုကံကို ပြုသူတွေဟာ ဆင်းရဲဒုက္ခ ရောက်ကြမှာပဲ၊ သူ့ကံနဲ့သူ, သူ့အမှုနဲ့သူပဲလို့ ဒီလို လျစ်လျူရှုပြီး ပွားရပါတယ်။

ဒီလိုဆိုတော့ ဥပေက္ခာက “ဘယ်သူသေသေ ငတေမာယင်ပြီးရော့” ဆိုတာလို သူတပါး၏ အကျိုးစီးပွားကို ဆောင်ရွက်တဲ့သဘော မပါတဲ့အတွက် မကောင်းတဲ့ တရား, စိမ်းကားတဲ့တရားပဲလို့ အချို့က အပြစ်တင်ချင်လဲ တင်ကြပေလိမ့်မယ်၊ အမှန်ကတော့ ဒီလိုလဲ အပြစ်မတင်ထိုက်ပါဘူး၊ ဒီဥပေက္ခာက နေရာတိုင်းမှာ ပွားရတာ မဟုတ်ပါဘူး၊ အခြားနည်းနဲ့မဖြစ်တဲ့ သူ့နေရာမှာသာ ပွားရတဲ့တရား ဖြစ်ပါတယ်။

ဘယ်နေရာမှာလဲဆိုယင် ပထမပိုင်းတုန်းက ပြောခဲ့တဲ့အတိုင်း မေတ္တာ, ကရုဏာ, မုဒိတာတို့ဖြင့် မဆောင်ရွက်နိုင်တဲ့ နေရာမှာသာ ပွားရတယ်၊ ဘယ်လိုလဲဆိုယင် မေတ္တာ, ကရုဏာ, မုဒိတာတို့ကို ပွားပြီး တတိယဈာန်ကိုရပြီး ဖြစ်တဲ့သူဟာ စတုတ္ထဈာန်ကို တက်ချင်ယင် ဒီဥပေက္ခာကို ပွားမှသာ တက်နိုင်ပါတယ်၊ ဒါကြောင့် သမထဈာန်လမ်းအရဆိုလျှင် ဒီနေရာမှာသာ ပွားရပါတယ်။

လောကရေးဘက်က ဆိုယင်တော့ တတ်နိုင်လို့ရှိယင် အခြားသူတွေရဲ့ ချမ်းသာရေး အတွက် မေတ္တာ, ကရုဏာ, မုဒိတာနဲ့ အစွမ်းကုန် ကူညီဆောင်ရွက်ရပါတယ်၊ ဒါပေမယ့် ဘယ်နည်းနဲ့မှ ကူညီဆောင်ရွက်ခွင့် မရှိတော့တဲ့ အခြေအနေ ကျရောက်တော့ ဒီဥပေက္ခာနဲ့ပဲ အသင့်အတင့် နှလုံးသွင်းရတယ်၊ ဒါမှ စိတ်သက်သာရာ ရနိုင်တယ်၊

ဥပမာ - ဆွေမျိုးမိတ်ဆွေဖြစ်တဲ့ သူတယောက်ရာဇဝတ်မှုနဲ့ အရေးယူခံနေရတယ် ဆိုပါတော့၊ အဲဒီကိစ္စမှာ တတ်နိုင်မယ်ဆိုယင် အဲဒီလွတ်မြောက်ရေးအတွက် အစွမ်းကုန်ဆောင်ရွက်ရပါတယ်၊ ဒါပေမယ့် တရားရုံးတော်က ပြစ်မှုထင်ရှားတယ် ဆိုပြီး အဆုံးသတ်စီရင်ချက် ချလိုက်တဲ့ အခါကျတော့ မေတ္တာ, ကရုဏာ, မုဒိတာနဲ့ ဆောင်ရွက်ဖို့ အခွင့်အရေးမရှိတော့ဘူး၊

ယခုလောလောဆယ်ဆယ်မှာ အမှုအပြစ် မရှိဘူးလို့ ထင်ရပေမယ့် သူ့မှာ ရှေးဘဝ များက ပြုခဲ့တဲ့ မကောင်းမှုကံရှိနေလို့ ခံရတာပဲလို့ ဒီလို နှလုံးသွင်းပြီး ဖြေရတယ်၊ ဒီလိုဖြေမှပဲ စိတ်သက်သာရာ ရနိုင်ပါတယ်။

ဒီနေရာမှာ သက်သေသာဓက တခုကို ထုတ်ပြချင်တယ်၊

မြတ်စွာဘုရား လက်ထက်တော်တုန်းက သာဝတ္ထိပြည်မှာ မဟာကာလဆိုတဲ့ သောတာပန် ဥပါသကာတယောက် ရှိတယ်၊ အဲဒီဥပါသကာဟာ ဇေတဝန် ကျောင်းတော်မှာ ဥပုသ်စောင့် ညအိပ်ပြီး တရားနာနေရာက နံနက်စောစောထပြီး ဇေတဝန်ကျောင်းတိုက်အဝက ရေကန်မှာ မျက်နှာသစ်နေတယ်၊ အဲဒီအချိန်မှာ သူခိုး လိုက်ဖမ်းကြတဲ့ လူတစုက မဟာကာလရဲ့အနီးမှာ သုခိုးက ပစ်ချခဲ့တဲ့ ခိုးရာပါ ပစ္စည်းနှင့်တကွ တွေ့ရတဲ့အတွက် သူ့ကို သူခိုးထင်ပြီး ဝိုင်းရိုက်ကြလို့ မဟာကာလ ဥပါသကာဟာ သေဆုံးသွားရရှာတယ်။

အဲဒီအခါမှာ ရဟန်းတော်များက မဟာကာလဟာ ဥပုသ်စောင့်ပြီး ကျောင်းမှာပဲ ညအိပ်တရားနာနေတဲ့ သူတော်ကောင်းစစ်စစ် ဖြစ်ပါလျက်နဲ့ သူခိုးလို့အစွဲခံရ အသတ်ခံရတာဟာ မသင့်လျော်တဲ့အကြောင်း မြတ်စွာဘုရားကို လျှောက်ထား ကြတယ်။

ဒီတော့ မြတ်စွာဘုရားက ပစ္စုပ္ပန်အခြေအနေရအရ မသင့်လျော်သော်လဲ သူ၏ ရှေးကံအရ ဆိုလျှင်တော့ သင့်လျော်တဲ့အကြောင်း မိန့်တော်မူပါတယ်။

သင့်လျော်ပုံကတော့ ဒီလိုတဲ့၊ မဟာကာလဟာ တခုသောဘဝတုန်းက လမ်းဒမြတွေ ပေါများတဲ့ တောတခု၏အဝမှာ တောစခန်းစောင့် အရာရှိဖြစ်ခဲ့တယ်၊ အဲဒီ တောစခန်းကို ဖြတ်သန်းလိုတဲ့ ခရီးသည်တွေကို တဘက်မှ တဘက်အရောက် ဘေးရန်ကင်းအောင် သူက စောင့်ရှောက်ပြီး ပို့ဆောင်ပေးရတယ်၊

တနေ့သောအခါမှာ လူတယောက်ဟာ ရုပ်ရည်အဆင်း လှပတဲ့ ဇနီးနှင့်တကွ လှည်းယာဉ်ကလေးစီးပြီး အဲဒီတောစခန်းဝကို ရောက်လာတယ်၊ တောစခန်း စောင့်က အဲဒီလူရဲ့ ဇနီးချောကလေးကို လိုချင်တာနဲ့ သူ့အိမ်မှာ တညအိပ်စေပြီး နောက်တရက် ခရီးထွက်တဲ့အခါ ပတ္တမြားပျောက်တယ် မသင်္ကာဘူး ဆိုပြီး အဲဒီ လှည်းကို ရှာဖွေ စစ်ဆေးတယ်၊ စောစောက သူ့ဟာသူထည့်ထားတဲ့ ပတ္တမြားကို တွေ့တဲ့အခါမှာ သူက အဲဒီခရီးသည်ကို ပတ္တမြားသူခိုးလို့ စွဲချက်တင်ပြီး သတ်ခဲ့တယ်။

အဲဒီ မကောင်းမှုကံကြောင့် မဟာကာလအလောင်း တောစခန်းစောင့်ဟာ အဲဒီ ဘဝက နောက်ကာလပတ်လုံး ငရဲဒုက္ခတွေကို အကြီးအကျယ်ခံစားခဲ့ရတယ်၊ ငရဲမှလွတ်ပြန် တော့လဲ အဲဒီကံကြွင်းကြောင့် ဘဝတရာတိုင်တိုင် ဒီပုံဒီနည်းဖြင့် သူခိုး အစွဲခံရပြီး အသတ်ခံခဲ့ရတယ်၊ ဒါကြောင့် ရှေးဘဝက ရက်ရက်စက်စက် ပြုခဲ့တဲ့ သူ့မကောင်းမှုကံ အရဆိုလျှင်တော့ သူခိုးထင်ပြီး မဟာကာလ အသတ်ခံရတာဟာ သင့်လျော် ထိုက်ပါပေတယ်လို့ မြတ်စွာဘုရားက ရှင်းလင်းဟောကြားတော်မူပါတယ်။

ဒါဟာ အပြစ်မရှိပဲ ခံရတယ်လို့ ထင်ရသူအတွက် သူ့ကံနဲ့သူပဲလို့ နှလုံးသွင်း သင့်တယ်လို့ ဆိုရာမှာ သက်သေသာဓက တခုပါပဲ၊ ဒီလို သာဓကဝတ္ထုတွေကတော့ အများကြီးရှိပါတယ်။

ဒီနေရာမှာ ယခုပြောခဲ့တဲ့အတိုင်း သူ့ကံနဲ့သူပဲလို့ အသင့်အတင့် နှလုံးမသွင်းပဲ မျက်မြင်လောက်သာ ကြည့်ပြီး မည်သူ မည်ဝါတွေက မတရားလုပ်တယ်၊ မတရား နှိပ်စက်တယ်၊ အနိုင်ကျင့်တယ် စသည်ဖြင့် အပြစ်တင်မယ် ဆိုယင်တော့ သူတပါးကို ပြစ်မှားတဲ့ ဒေါသအကုသိုလ်တွေလဲ ဖြစ်ပွားမယ်၊ စိတ်ထဲမှာမခံသာတဲ့ စိတ်ဆင်းရဲ တွေလဲ များစွာဖြစ်မယ်၊ သူ့ကံနဲ့သူပဲလို့ ဥပေက္ခာဖြင့် လျစ်လျူရှု လိုက်ယင်တော့ အဲဒီအကုသိုလ်တွေ, စိတ်ဆင်းရဲတွေဟာ အကုန်လုံးငြိမ်းပြီး စိတ်အေးချမ်းခြင်းသုခကို ရနိုင်ပါတယ်။

နောက်ပြီးတော့ ဥပေက္ခာနဲ့ တရားမျှတစွာ နှလုံးသွင်းတာဟာ တရားသူကြီးများ အတွက်ဆိုယင်လဲ အံကျကိုက်ပြီး အလွန်ပင်သင့်လျော်ပါတယ်၊ တရားသူကြီး များဟာ တရားလိုနဲ့ တရားခံ မည်သူ့ကိုမျှကွက်ပြီး မေတ္တာ, ကရုဏာ, မုဒိတာဖြင့် အခွင့်အရေး မပေးသင့်ဘူး၊ ဒီလူကို ချမ်းသာစေချင်တယ်၊ ဟိုလူကိုသနားတယ်၊ ဟောဒီလူကိုတော့ ချမ်းသာမြဲ ချမ်းသာစေချင်တယ်ဆိုပြီး တဘက်သတ် အခွင့်အရေးပေးလိုက်ယင် ဆန္ဒာဂတိနှင့် မောဟာဂတိ တခုခုဖြစ်သွားလိမ့်မယ်၊

ဒါကြောင့် သူ့အမှုကံနဲ့သူပဲလို့ လျစ်လျူရှုပြီး အမှုမှန်အတိုင်း တရားမျှတစွာ ဖြစ်အောင်သာ ဘက်မလိုက်ပဲ စစ်ဆေးဆောင်ရွက်သင့်ပါတယ်၊ ဒီလိုပဲ ဆောင်ရွက် နေကြတယ်လို့လဲ ကြားသိရပါတယ်၊ ဒါကြောင့် ဒီဥပေက္ခာဟာ တရား စီရင်ရာမှာလဲ အလွန်သင့်လျော်တယ်လို့ မှတ်ယူသင့်ပါတယ်။

အမှန်စင်စစ်ကတော့ ဥပေက္ခာဘာဝနာဆိုတာ မေတ္တာ, ကရုဏာ, မုဒိတာတို့ဖြင့် တတိယဈာန်ကို ရပြီးမှ စတုတ္ထဈာန်ရဖို့ ပွားများတဲ့တရားဖြစ်ပါတယ်၊ ဒါပေမယ့် ဥပေက္ခာကို ပွားများယင် ခုနကပြောခဲ့တဲ့အတိုင်း အပြစ်ကင်းပြီး စိတ်သက်သာရာလဲ ရနိုင်ပါတယ်၊ ပါရမီကုသိုလ်ကိုလဲ ဖြစ်ပွားနိုင်ပါတယ်၊ ဒါကြောင့် -

(ကရုဏာ, မုဒိတာပွားပုံကို ဟောတုန်းကလိုပဲ)

ဩဒိသ, အနောဒိသ, ဒိသာဖရဏနည်းများဖြင့် ဥပေက္ခာကိုလဲပွားများ လိုက်ကြဦးစို့၊ ဘုန်းကြီးက အသံထုတ်ပြီးပွားများမယ်၊ တရားနာနေတဲ့ ဓမ္မမာမကပုဂ္ဂိုလ်တွေ အားလုံးကလဲ စိတ်နဲ့လိုက်ပြီး ဥပေက္ခာကို ပွားများကြပါ။

အားလုံးသတ္တဝါတွေ ကိုယ့်အမှုကံသာလျှင်ကိုယ်ပိုင် ဥစ္စာရှိကြပါတကား၊
အားလုံးအသက်ရှိသူတွေ ကိုယ့်အမှုကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြပါတကား၊
အားလုံးထင်ရှားရှိသူတွေ ကိုယ့်အမှုကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြပါတကား၊
အားလုံးပုဂ္ဂိုလ်တွေ ကိုယ့်အမှုကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြပါတကား၊
အားလုံးခန္ဓာကိုယ်အတ္တဘောရှိသူတွေ ကိုယ့်အမှုကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြပါ တကား၊

ဒါက အနောဒိသဥပေက္ခာ ၅-ပါးတဲ့။

အားလုံးအမျိုးသမီးတွေ ကိုယ့်အမှုကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြပါတကား၊
အားလုံးအမျိုးသားတွေ ကိုယ့်အမှုကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြပါတကား၊
အားလုံးအရိယာပုဂ္ဂိုလ်တွေ ကိုယ့်အမှုကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြပါတကား၊
အားလုံး ပုထုဇဉ်တွေ ကိုယ့်အမှုကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြပါတကား၊
အားလုံးနတ်ဗြဟ္မာတွေ ကိုယ့်အမှုကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြပါတကား၊
အားလုံးလူသားတွေ ကိုယ့်အမှုကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြပါတကား၊
အားလုံးအပါယ်ဘုံသူ အပါယ်ဘုံသားတွေ ကိုယ့်အမှုကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြပါတကား၊

ဒါက ဩဒိသဥပေက္ခာ ၇-ပါး၊ ခုနက ၅-ပါးနဲ့ ပေါင်းလိုက်ယင် ဥပေက္ခာပေါင်း ၁၂-ပါး ဖြစ်ပါတယ်။

ဒီနည်းအတိုင်းပဲ အရှေ့အရပ်က အားလုံးသတ္တဝါတွေ ကိုယ့်အမှုကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြပါတကားစသည်ဖြင့် တူရူအရပ်က ၄-မျက်နှာ, အထောင့် အရပ်က ၄-မျက်နှာ, အောက်အရပ်က တမျက်နှာ, အထက်အရပ်က တမျက်နှာ ဆိုတဲ့ အရပ်ဆယ်မျက်နှာမှာလဲ ဥပေက္ခာ ၁၂-ပါးစီ ပွားနိုင်ပါတယ်၊ အဲဒါတွေက တဆယ်_၁၂-လီဆိုတော့ ဥပေက္ခာ ၁၂၀-ဖြစ်ပါတယ်

အဲဒီ ၁၂၀-ကတော့ အရပ်မျက်နှာနဲ့ ဖြန့်တာမို့ ဒိသာဖရဏဥပေက္ခာလို့ ခေါ်တယ်၊ ပထမပွားခဲ့တဲ့ အနောဒိသ, ဩဒိသဥပေက္ခာ ၁၂-ပါးနဲ့ ပေါင်းလိုက်ယင် ဥပေက္ခာပေါင်း ၁၃၂-ပါး ဖြစ်ပါတယ်၊ အဲဒါတွေဟာ ဝိသုဒ္ဓိမဂ်ကျမ်းမှာ ပြထားတဲ့ မေတ္တာပွားပုံ နည်းမှီပြီးပြတဲ့ ဥပေက္ခာပွားပုံတွေပါပဲ။

ဥပေက္ခာ ၁၃၂-ပါး ပွားပုံတွေဟာ အမှန်စင်စစ်ကတော့ ဥပေက္ခာ ကမ္မဋ္ဌာန်းနဲ့ စတုတ္ထဈာန်ကို ရပြီးမှ ဈာန်ကစားတဲ့ အခြင်းအရာတွေသာဖြစ်ပါတယ်၊ ဒါပေမယ့် သတ္တဝါတွေဟာ ကိုယ့်အမှုကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြပါတကားလို့ အဖန်ဖန် နှလုံးသွင်းနေယင် မကောင်းမှုကိုရှောင်ကြဉ်လိုတဲ့ စိတ်တွေလဲဖြစ်မယ်၊ ကောင်းမှုကို ပြုလိုတဲ့စိတ်တွေလဲ ထက်သန်လာမယ်၊ ဒါကြောင့် ဈာန်မရပဲနဲ့ ဒီဥပေက္ခာကို ပွားတာလဲ အပြစ်ကင်းပြီး ကုသိုလ်တရားပွားများခြင်း အကျိုးရှိပါတယ်။

နောက်ပြီးတော့ အားလုံး ကံတရားအတိုင်းပဲလို့ နှလုံးသွင်းနေတဲ့အတွက် မရနိုင်တဲ့ အခွင့်အရေး မျှော်လင့်တောင့်တခြင်းလဲ ကင်းမယ်, အဆင်မပြေတာ ရှိယင်လဲ ကံတရားအတိုင်းပဲလို့ ဆင်ခြင်ပြီး စိတ်သက်သာရာရမယ်၊ နောက်ပြီးတော့ နတ်, သိကြား, ဗြဟ္မာ, ဂိုဏ်းဆရာစသော သူတပါးကို အားမကိုးပဲ ကြီးပွားချမ်းသာရန် နည်းလမ်းမှန်ဖြစ်တဲ့ အလုပ်အကိုင်ကိုသာ အားကိုးပြီးတော့လဲ လုပ်ကိုင်မယ်၊ ဒီလို လု ပ်ကိုင်တဲ့အတွက် မျက်မှောက်မှာလဲ စီးပွားဥစ္စာတွေကို ရသွားနိုင်ပါတယ်၊ ဒါကြောင့် အဘိဏှသုတ်မှာ မြတ်စွာဘုရားက ကိုယ့်ကိုယ်ကိုလဲ ဒီနည်းအတိုင်း ဆင်ခြင်ဖို့ ညွှန်ကြားတော်မူခဲ့တယ်။

ငါ့မှာ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိတယ်၊ ကံ ၏အမွေခံဖြစ်တယ်၊ ကံသာလျှင် ချမ်းသာဖို့, ဆင်းရဲဖို့ အကြောင်းရှိတယ်၊ ကံသာလျှင် ဆွေမျိုးအစစ်ရှိတယ်၊ ကံသာလျှင် အားကိုးရာရှိတယ်၊ ကောင်းမှုကံကိုပြုလျှင် ကောင်းကျိုးအမွေကို ခံစံရမယ်၊ မကောင်းကံကိုပြုလျှင် မကောင်းကျိုး အမွေဆိုးကို ခံစံရမယ်လို့ အဖန်တလဲလဲ ဆင်ခြင်ပါတဲ့၊ ဒါကြောင့် ယခု မိမိ ကိုယ်တိုင်ပါ တလောကလုံးက သတ္တဝါတွေကို အာရုံပြုပြီး ဥပေက္ခာကို ပွားများလိုက်ကြဦးစို့။

တလောကလုံးရှိ သတ္တဝါတွေအားလုံးဟာ ကိုယ့်အမှုကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြပါတကား။

ဒီဥပေက္ခာကို ပွားများခြင်းဖြင့် ကိုယ့်အမှုကံကိုသာ အားကိုးပြီး ကုသိုလ်ကံကို ပြုစုပွားများနိုင်ကြပါစေ။

စီးပွားချမ်းသာဖြစ်ကြောင်း အလုပ်အကိုင်တို့ကိုလဲ ကြိုးစား အားထုတ်ပြုလုပ် နိုင်ကြပါစေ။

ထိုသို့ ပြုလုပ်နိုင်ခြင်းကြောင့် မျက်မှောက်, တမလွန် သံသရာ နှစ်ဖြာလုံး၌ အလိုရှိအပ်သော လောကီ, လောကုတ္တရာ ကောင်းကျိုးချမ်းသာ မင်္ဂလာအပေါင်း တို့နှင့် ပြည့်စုံကြပါစေ။

သာဓု … သာဓု … သာဓု …

ဘာရသုတ္တန် တရားတော်

ဆရာတော်ဘုရားကြီးသည် သံယုတ္တနိကာယ် ခန္ဓဝဂ္ဂသံယုတ္တပါဠိတော်လာ ဘာရတ္တန်ကို အကျယ်တဝင့် ဖွင့်ချဲ့၍ သက္ကရာဇ် ၁၃၂၈-ခုနှစ် တန်ဆောင်မုန်း လပြည့်နေ့နှင့် တန်ဆောင်မုန်းလကွယ်နေ့တို့က ရန်ကုန်မြို့သာသနာ့ရိပ်သာ ဖလ်ယဉ်ဓမ္မာရုံ၌ ဟောတော်မူခဲ့လေသည်။

ယင်း ဘာရသုတ္တန်တရားတော်ကို ရဟန်း, ရှင်, လူများစွာတို့ နာယူကြလေသည်၊ ဆရာတော် ဘုရားကြီးသည် ခန္ဓာငါးပါးဟူသော ဝန်ထုပ်, ဝန်ပိုးကြီးဟု ပေါ်ထင် လာအောင် လည်းကောင်း၊ ယင်းခန္ဓာငါးပါးကို ငြီးငွေ့ စက်ဆုပ်လာအောင် လည်းကောင်း ထိမိ ပိုင်နိုင်စွာ ဟောတော်မူခဲ့လေသည်၊

ယင်းသို့ ဟောကြားစဉ် ဓမ္မမာမကပုဂ္ဂိုလ်တို့က တိပ်ကြိုးခွေဖြင့် ဖမ်းယူကြလေသည်၊ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် အတွင်းရေးမှူး ဦးသိန်းအောင်သည် ယင်း တရားတော်ကြီးကို တိပ်ခွေမှ ကူးယူပြီး တိုက်ပရိုက်တာဖြင့် ရိုက်နှိပ်ပြီး ဆရာတော် ဘုရားကြီးအား ဆက်ကပ်ခဲ့လေသည်၊ ဆရာတော်ဘုရားကြီးသည် ယင်းစာမူကို သုတ်သင်တည်းဖြတ်ပြီး ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် အား ပေးလေရာ ၁၃၃၁-ခုနှစ်က ကမ္ဘာအေးဗုဒ္ဓသာသနာအဖွဲ့ ပုံနှိပ်တိုက်တွင် စာအုပ်ရေ ၁၀ဝဝဝ (တသောင်း) ရိုက်နှိပ်၍ မင်္ဂလာဦးအောင်မြင့်က ထုတ်ဝေခဲ့လေသည်၊ ယင်း ဘာရသုတ္တန် တရားတော်၌ -

ဝန်ထုပ်ဆိုတာ, ငါးခန္ဓာ, လွန်စွာ လေးလှသည်၊
ဝန်ထမ်းခေါ်လတ်, ပုဂ္ဂိုလ်မှတ်, ပညတ်သာဖြစ်သည်၊
ဝန်ကိုယူက, ဆင်းရဲစွ, ပစ်ချ ချမ်းသာသည်၊
မြစ်ရင်းပါဖျက်, တပ်မက်ပယ်လျှင်၊
ဆာလောင်တောင့်တ, လုံးဝ ကင်းစင်၊
ဝန်ဟောင်း စွန့်ပစ်, ဝန်သစ်မတင်၊
ပူခပ်သိမ်း, အေးငြိမ်း နိဗ္ဗာန်ဝင်။

ဟူသော ဆောင်ပုဒ် သံပေါက် ရှစ်လုံးဖွဲ့ကဗျာများဖြင့် တရားတော်ကို သဘော ပေါက်အောင် ဖော်ပြတော်မူခဲ့လေသည်၊ ယင်း ဘာရသုတ္တန် တရားတော်ကြီးသည် ကရောင်း ၁၆-ချိုးစာအုပ် စာမျက်နှာ ၁၈၄-ရှိလေသည်။

ဂမ္ဘီရံ ဘာရသုတ္တမ္ပိ, ယတိသေဋ္ဌော မဟာကဝိ၊
ဒေသယီ မဟာစည်ဝှယေ, ယောဂီနံ သုဟိတာဝဟံ။

ပဉ္စစတ္တာလီသတိမပိုင်း

မဟာစည် သတိပဋ္ဌာန်
အဖွဲ့လုံးဆိုင်ရာ စည်းမျဉ်းများ

ဆရာတော်ဘုရားကြီးသည် ဘုရားမြတ်စွာ သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးကို အလွန်အလိုရှိ လွန်စွာ အလိုရှိတော်မူလေသည်၊ သာသနာ့ ဝန်ထမ်းများ ပရိယတ်, ပဋိပတ်ကို လုံးပမ်း ကြိုးကုတ် အားထုတ်တော်မူကြရာ မဂ်, ဖိုလ်, နိဗ္ဗာန်ဟူသော ပဋိဝေဓသို့ ဆိုက်ရောက်စေလိုသော သမ္မာဆန္ဒ အပြည့်အဝ ရှိတော်မူသည်၊ သို့ဖြစ်ရာ ဆရာတော်သည် ဖော်ပြပါ မဟာစည်သတိပဋ္ဌာန် အဖွဲ့လုံး ဆိုင်ရာ စည်းမျဉ်းများကို ကြီးမားသော ဆန္ဒတော်ဖြင့် ရေးဆွဲ ထုတ်ဖော်တော်မူခဲ့ လေသည်။

မဟာစည်ဆရာတော်ဘုရားကြီး၏ ဩဝါဒကထာ

ဆရာတော်သည် မဟာသတိပဋ္ဌာန် ဝိပဿနာ လုပ်ငန်းတရားကို ၁၃၀ဝ -ပြည့် နှစ်မှစ၍ အထင်အရှား ဟောကြားညွှန်ပြ လာခဲ့ပေသည်၊ ဤသို့ ညွှန်ပြဟောကြား ရာတွင် သက်ဝင်ယုံကြည်ကာ လိုက်နာ၍ အားထုတ်ကြသော သမ္မာဆန္ဒရှိသူ ရဟန်း ရှင် လူ အပေါင်း ထောင်သောင်း များစွာတို့မှာ အဖိုးမဖြတ်နိုင်အောင် ကောင်းမြတ်သော ဝိပဿနာ၏ အကျိုးကျေးဇူးကို လက်ငင်းပင် ခံစားနေရကြောင်း ကောင်းကောင်း အားထုတ်ဖူးသူတို့အား ထင်ရှားလျက် ရှိပေသည်။

ဤရဟန်းရှင်လူအပေါင်း ထောင်သောင်း များစွာထဲမှ ဟောပြောနိုင်သော စွမ်းရည် သတ္တိနှင့် သမ္မာဆန္ဒ ဝီရိယဓာတ်ခံ ထက်သန်စွာရှိကြသော ရဟန်းပုဂ္ဂိုလ်, လူပုဂ္ဂိုလ်တို့ကလည်း မိမိတို့ကဲ့သို့ပင် ဝိပဿနာ ၏ အကျိုးများကို ခံစားနိုင်စေရန် အလို့ငှါ ဆိုင်ရာဆိုင်ရာ အရပ်ဒေသများတွင် တဆင့်ဟောကြား ညွှန်ပြကြ သောကြောင့် တစတစနှင့် တိုးပွားလာသော မဟာစည် သတိပဋ္ဌာန်ဌာနခွဲများမှာ ယခု အချိန်အခါ၌ တရာခန့်အထိ ရှိနေလေသည်။

ဤမျှ များပြားသော တပည့်ယောဂီများနှင့် ဌာနခွဲများအတွက် ဟောကြား ညွှန်ပြ ဆုံးမရန် အလို့ငှါ ဆရာတော်ထံမှ မဟာသတိပဋ္ဌာနသုတ်စသော ဓမ္မလက်ဆောင် တို့ကိုသာ ပေးရသေးသည်၊ စည်းမျဉ်း ဥပဒေဟူသော ဝိနယလက်ဆောင်ကိုကား မပေးရသေးပေ။

ဤသို့ ဝိနယမဖက်ဓမ္မသက်သက်ဖြင့်သာ ဟောကြားညွှန်ပြ ဩဝါဒပေးနေ သော်လည်း ထိုမျှများပြားသော မဟာစည်သတိပဋ္ဌာန် ဌာနများတွင် ယခုထက် တိုင်အောင် ပြောပလောက်သော ချွတ်ယွင်းချက်များ မပေါ်ခဲ့ခြင်းမှာ ဆရာရော တပည့်ပါ ဝိပဿနာကို ရိုသေလေးစားခြင်းကြောင့်ပင် ဖြစ်သည်ဟု ယုံကြည် ရပေသည်၊ သို့ဖြစ်၍ ဤနည်းအတိုင်းသာ ဝိပဿနာဓမ္မကို ရိုသေလေးစား သွားကြမည်ဆိုလျှင် မဟာစည်သတိပဋ္ဌာန်ဌာနများတွင် မည်သည့်အခါမျှ ပြောပ လောက်သော ချွတ်ယွင်းချက်များ ပေါ်လာနိုင်ဖွယ် မရှိဟု ထင်ရလောက်ပေသည်။

သို့ရာတွင် သက်ဆိုင်ရာ ပုဂ္ဂိုလ်တို့ကိုယ်တိုင် မမြင်နိုင်သော အသေးအမွှား ချွတ်ယွင်းချက်ကလေး များမှာမူကား ရှိနိုင်သေးသည်၊ ထို့ပြင် အသစ်ဖြစ်သော ဌာနခွဲများသည်ကိုလည်း မကြာမီ ကာလအတွင်း၌ပင် ဆထက်ထမ်းပိုးများစွာ တိုးလာမည်မှာ သေချာလျက်ရှိပေသည်၊ ဤသို့ များပြားလှစွာသော ဌာနခွဲတွေ တိုးပွားလာသောအခါမှာ လိုက်နာစရာ စည်းမျဉ်းများ သတ်မှတ်၍ မထားပါက ဆရာများမှာလည်း ညွှန်ကြားရန် မလွယ်ကူမည့်အပြင် တပည့်များမှာလည်း လိုက်နာရန် ခက်ခဲလျက် ချွတ်ယွင်းချက်များ ဖြစ်ပွားနိုင်ဖွယ်ရာ အကြောင်းလည်း ရှိပေသေးသည်။

သို့ဖြစ်၍ အဆိုပါ မမြင်နိုင်သော ချွတ်ယွင်းချက်ကလေးမျ ားနှင့် ဖြစ်ပွားစေနိုင်သော အကြောင်း အချက်များကို စည်းမျဉ်းဖြင့် ကာကွယ်ထားရလျှင် သတိပဋ္ဌာန်ဘာဝနာ ဤဝိပဿနာလုပ်ငန်းကြီးသည် အပြစ်ကင်း၍ သန့်ရှင်းစွာအရှည်တည်တံ့ သွားနိုင် လိမ့်မည်ဟု မိမိစိတ်တွင် ထင်မြင်မျှော်လင့်မိပေသည်၊

ထို့ကြောင့် မဟာစည်သတိပဋ္ဌာန်အဖွဲ့ထဲတွင် ပဓာနဖြစ်သော ကမ္မဋ္ဌာန်း ဆရာတော်များနှင့် ဆွေးနွေးတိုင်ပင် ဆင်ခြင်စဉ်းစားပြီးလျှင် မဟာစည် သတိပဋ္ဌာန် တဖွဲ့လုံး စောင့်သုံးရန်အတွက် ဤစည်းမျဉ်းများကို ရေးသား၍ ထုတ်ပြန်ရပေသည်။

သို့ရာတွင် မိမိ၏သဘောအတိုင်း ကြံဖန်၍ ရေးသားထားသည်ကား မဟုတ်ပေ။ ယောဂီပုဂ္ဂိုလ်များနှင့် ကမ္မဋ္ဌာန်းဆရာများမှာ ရှိသင့်ရှိထိုက်သော ကျင့်ဝတ်ဂုဏ်ထူး များကိုပင် မြတ်စွာဘုရား ဟောကြား ပညတ်တော်မူအပ်သော ဓမ္မနှင့် ဝိနယတို့မှ ထုတ်ဖော်၍ ရေးသားခြင်းမျှသာ ဖြစ်ပေသည်။ သို့ဖြစ်၍ ဤစည်းမျဉ်းများကို အသေးစိတ်အားဖြင့် ခွဲခြားဝေဖန်ကြည့်လျှင်-

(၁) ဓမ္မဥပဒေသများ
(၂) ဓမ္မာနုလောမဥပဒေသများ
(၃) ဝိနယဥပဒေသများ
(၄) ဝိနယာနုလောမဥပဒေသများ
(၅) ဓမ္မဝိနယမိဿကဥပဒေသများ-

ဟူ၍ ငါးမျိုးကွဲပြားလျက် ရှိသည်ကို တွေ့ရပေလိမ့်မည်။

(၁) ထိုတွင် ဘုရားဟောတော်မူအပ်သော သုတ်တရားတော်များအရ တိုက်ရိုက် ညွှန်ပြထားသော စည်းမျဉ်းများကို ဓမ္မဥပဒေသများဟု မှတ်ရမည်။

ပုံစံမှာ-ကမ္မဋ္ဌာနာစရိယ ရဟန်းတော်များ စည်းမျဉ်းအပိုဒ်ကြီး (၃) အပိုဒ်လတ် (ခ) သွားလာရေး၊ အပိုဒ်ငယ် (၁) စည်းမျဉ်းသည်ပင်တည်း။

(၂) သုတ်တရားတော်များ၌ တိုက်ရိုက် မဟောအပ်သော်လည်း ထိုသုတ်တရားတော် များနှင့် လျော်ညီစွာ ညွှန်ပြထားသော ဥပဒေသများကို ဓမ္မာနုလောမဥပဒေသများဟု မှတ်ကြရမည်။

ပုံစံမှာ-ကမ္မဋ္ဌာနာစရိယ ရဟန်းတော်များ စည်းမျဉ်းအပိုဒ်ကြီး (၃) အပိုဒ်လတ် (က) နေထိုင်ရေး၊ အပိုဒ်ငယ် (၁) စည်းမျဉ်း စသည်ပင်တည်း။

(၃) မြတ်စွာဘုရား ပညတ်တော်မူအပ်သော ဝိနည်းသိက္ခာပုဒ် တော်များအရ တိုက်ရိုက်ပြထားသော စည်းမျဉ်းများကို ဝိနယ ဥပဒေသများဟု မှတ်ကြရမည်။

ပုံစံမှာ-ကမ္မဋ္ဌာနာစရိယ ရဟန်းတော်များ စည်းမျဉ်းအပိုဒ်ကြီး (၃) အပိုဒ်လတ် (ခ) သွားလာရေး၊ အပိုဒ်ငယ် (၃) စည်းမျဉ်းသည်ပင်တည်း၊ ဤအပိုဒ်ငယ် (၃)၌ သုပ္ပဋိစ္ဆန္န စသော သေခိယသိက္ခာပုဒ်နှင့်တကွ ရူပိယသိက္ခာပုဒ်, ရူပိယသံဝေါဟာရ သိက္ခာပုဒ်, စသည်တို့ကို စောင့်ရှောက်ရန် အကျဉ်းချုံး၍ ပြထားသည်။

(၄) ဝိနည်းသိက္ခာပုဒ်များ၌ တိုက်ရိုက်မဆိုအပ်သော်လည်း ထိုဝိနည်းသိက္ခာပုဒ် များနှင့် လျော်ညီစွာ ညွှန်ပြထားသော စည်းမျဉ်းများကို ဝိနယာနုလောမ ဥပဒေသ များဟု မှတ်ကြရမည်။

ပုံစံမှာ-ကမ္မဋ္ဌာနာစရိယ ရဟန်းတော်များ စည်းမျဉ်းအပိုဒ်ကြီး (၃) အပိုဒ်လတ် (ဃ) စားသောက်ရေး၊ အပိုဒ်ငယ် (၁) စည်းမျဉ်း စသည်ပင်တည်း။

(၅) သုတ်နှင့်ဝိနည်း ရော၍ပြထားသော ဥပဒေသများကို ဓမ္မဝိနယမိဿကဥပဒေသ များဟု မှတ်ကြရမည်။

ပုံစံမှာ-ကမ္မဋ္ဌာနာစရိယ ရဟန်းတော်များ စည်းမျဉ်းအပိုဒ်ကြီး (၃) အပိုဒ်လတ် (က) နေထိုင်ရေး၊ အပိုဒ်ငယ် (၂) စည်းမျဉ်းစသည်ပင်တည်း။

ဤငါးမျိုးသော စည်းမျဉ်းတို့တွင် ဝိနယဥပဒေသများမှာ မြတ်စွာဘုရား၏ အာဏာစက် ပညတ်တော်များဖြစ်၍ မချွတ်မယွင်း လိုက်နာရမည့် စည်းမျဉ်း ဖြစ်ပေသည်၊ ၎င်းတို့ကို လိုက်နာရသောအခါများ၌ “စည်းမျဉ်းက သတိပေးရုံမျှသာ ဖြစ်သည်၊

အမှန်အားဖြင့် မြတ်စွာဘုရား၏ အမိန့်အာဏာတော်ကိုသာ ရိုသေကာလိုက်နာ ရသည်” ဟု ယောနိသောမနသိကာရဖြင့် နည်းလမ်းမှန်ကန်စွာ နှလုံးသွင်းကြ စေလို၏။

ဓမ္မဥပဒေသများနှင့် အနုလောမဥပဒေသများမှာ သဒ္ဓါ, ဝီရိယစသော မိမိတို့၏ ခွန်အားဗလ ရှိသမျှသာ လိုက်နာရန် ဖြစ်သည်၊ ၎င်းတို့ကို လိုက်နာသောအခါ၌လည်း “မြတ်စွာဘုရား ဟောကြားညွှန်ပြ ဆုံးမတော်မူအပ်သည် သန္တုဋ္ဌိ, သလ္လေခ, အပ္ပကိစ္စ, ပါသာဒိက စသော ယောဂီပုဂ္ဂိုလ်တို့ ၏ ဂုဏ်အင်္ဂါမချွတ်ယွင်းစေရန် အလို့ငှါ ပဋိပတ္တိ သာသနာ့ဝန်ဆောင် ပုဂ္ဂိုလ် ဖြစ်နေသည့်အတွက် ပြည့်ပြည့်ဝဝကြီး ကျင့်သုံးရပေသည်” ဟူ၍သာ နှလုံးသွင်းကြစေလိုသည်။

အထူးသိနားလည်ထားရန်မှာ - ဤဓမ္မနှင့် အနုလောမဥပဒေသတို့၏ အရာ၌ အတိအကျ လိုက်နာရန် ခဲယဉ်းမည်ဟု ထင်ရသော အပိုဒ်များတွင် “သတိပြုရမည်, လုံ့လပြုရမည်, ပြောဆိုနိုင်ရမည်” စသည်ဖြင့် အတိအကျမဆိုပဲ သတိပေးစကား အနေအားဖြင့်သာ ညွှန်ကြားထားသည်ကိုလည်းကောင်း၊ အတိအကျလိုက်နာ သင့်သော အပိုဒ်များတွင်မူကား “ပြောဆိုရမည်, ပြုရမည်, ဖြစ်ရမည်, ရှိစေရမည်, မပြုရ, မဖြစ်စေရ” စသည်ဖြင့် အတိအကျပင် ဩဝါဒပေးထားသည်ကို လည်းကောင်း အထူး သိနားလည်ကြပြီးလျှင် အတိအကျ မလိုက်နာနိုင်သော အရာဌာနများ၌ စွမ်းနိုင်သမျှသာ လိုက်နာကြရန်ဖြစ်သည်၊ အတိအကျ လိုက်နာ နိုင်ကောင်းသော အရာဌာနများ၌ကား မြတ်စွာဘုရားနှင့် တရားတော်မြတ်တို့၏ ဂုဏ်ကျေးဇူးကိုလည်းကောင်း၊ ပဋိပတိသာသနာတော်မြတ်ကြီးနှင့် ဆရာသမား သီတင်းသုံးဖော်များကိုလည်းကောင်း ကြည်ညိုလေးစား ရိုသေသော အားဖြင့် ညွှန်ကြားထားသည့်အတိုင်း အပြည့်အစုံအတိအကျပင် လိုက်နာကျင့်သုံး သွားကြ စေလို၏။

အထူးသတိပြုရန်မှာ - ယခုအချိန်အခါမှစ၍ ရှေ့အဖို့၌ ဗုဒ္ဓသာသနာတော်မြတ်ကြီး ဆုတ်ယုတ်ရေး, တိုးတက်ရေးသည် ယခုလက်ရှိ ဗုဒ္ဓသာသနာဝင် လူ, ရှင်, ရဟန်း အားလုံးတို့နှင့် သက်ဆိုင်လျက်ရှိပေသည်၊ ယခုလက်ရှိ လူ, ရှင်, ရဟန်းတို့က မိမိတို့ ၏တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်မသွားလျှင် သာသနာတော်ကြီးသည် ရှေ့အဖို့တွင် တစတစနှင့် ဆုတ်ယုတ်သွားမည်မှာ မလွဲတော့ပေ၊ မိမိတို့၏ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်လျှင်ကား သာသနာတော်ကြီးသည် မတိုးတက်နိုင် စေကာမူ မဆုတ်ယုတ်ပဲ အရှည်တည်တံ့သွားမည်မှာ သေချာလှပေ၏။

သို့ဖြစ်၍ သာသနာတော်၏ မဆုတ်ယုတ်ရေး, တိုးတက်ရေးကို တကယ်တမ်း အလေးပြုတော်မူကြသော ပရိယတ္တိဝန်ဆောင် ပုဂ္ဂိုလ်မြတ်တို့သည် နိကာယ်ငါးရပ်, ပိဋကတ် သုံးသွယ် အလုံးစုံသော တရား စကားတော်တို့ကို သဘာဝကျကျ စေ့င စုံလင်စွာ တတ်သိလေ့လာခြင်း, သင်ကြားပေးခြင်း စသည်ဖြင့် မိမိတို့၏ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်တော်မူကြသကဲ့သို့ ထို့အတူပင် ပဋိပတ္တိဝန်ဆောင် ပုဂ္ဂိုလ်မြတ်တို့သည်လည်း မိမိတို့ ၏ တာဝန်ဖြစ်သော ပဋိပတ္တိဆိုင်ရာ ကျင့်ဝတ် ဟူသမျှကို ဆင်ခြေကန်၍ ငြင်းပယ်ရှောင်ရှားခြင်း, ခိုကပ်ခြင်း အလျဉ်းမရှိမူ၍ အင်အားရှိသမျှ ပြည့်ပြည့်ဝဝကြီး ကျင့်ဆောင်တော်မူသွားကြရန်နှင့် မိမိအတွက် သာသနာတော်၏ ဂုဏ်ကျက်သရေမှာ သိသိသာသာကြီး တိုးတက်စေမည်ဟု နှလုံးသွင်း ဆောက်တည်ကာ ပြည့်စုံစွာ ကျင့်ဆောင်ကြလျက် ပဋိပတ္တိသာသနာ တော်မြတ်ကြီးကို အစွမ်းကုန် မြှင့်တင်တော်မူကြရန် ဆရာတော်က ဤဩဝါဒ စကားဖြင့် လေးနက်စွာ မှာကြားအပ်ပါသတည်း။

အရှင်သောဘန
မဟာစည်ဆရာတော်
သာသနာ့ရိပ်သာ
ရန်ကုန်မြို့။
၁၃၁၄-ခု (၃-၉-၁၉၅၂) တော်သလင်းလဆန်း ၁၅-ရက်နေ့။

မဟာစည် သတိပဋ္ဌာန်အဖွဲ့လုံးဆိုင်ရာ စည်းမျဉ်း

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ပထမ ပလ္လင်ခံစကား

လောက၌ မည်သည့်အရပ်ဒေသတွင်မဆို လုပ်ငန်းရှိလျှင် ပုဂ္ဂိုလ်ရှိသည်၊ လုပ်ငန်းတူသော ပုဂ္ဂိုလ်အများရှိလျှင် သူ့အလိုလိုပင် အစုအဖွဲ့ ဖြစ်လေတော့သည်၊ လူများစုပါဝင်သော ဤအစုအဖွဲ့တိုင်းမှာ ခေါ်ဝေါ် လွယ်ကူစေရန် အကျိုးငှါ အမည် သညာ ဝိသေသရှိ ရိုးဓမ္မတာဖြစ်သည်၊ ထို့ပြင် ၎င်းအဖွဲ့နှင့် အဖွဲ့ ၏ လုပ်ငန်းစဉ်များ အပြစ်ကင်း၍ သန့်ရှင်းစင်ကြယ်စွာ အရှည်တည်တံ့သွားစေခြင်း အကျိုးငှါ စည်းမျဉ်း လည်း မချွတ်ဧကန် အမှန်ပင် ရှိရိုးဓမ္မတာ ဖြစ်ပေသည်။

ဤနည်းအတူပင် မဟာစည်ဆရာတော်သည် ဆရာမြတ်တို့၏ ဥပနိဿယများ နှင့်တကွ မဟာသတိပဋ္ဌာနသုတ် အစရှိသော ဘုရားဟော ဒေသနာတော်များကို အမှီပြုကာ ရှာကြံအားထုတ်တော်မူကြပြီးလျှင် မိမိ၏ဉာဏ်တွင် ထင်မြင် သဘော ကျသည့်အတိုင်း ဘုရားရှင် ၏ ကိုယ်စား ထုတ်ဖော်ကာ ဟောကြားသဖြင့် သတိပဋ္ဌာန်နည်းလမ်း ဝိပဿနာ လုပ်ငန်းတရားသည် ထင်ရှား ထွန်းပေါ်လျက် ရှိပေသည်၊

ဝိပဿနာလုပ်ငန်းကို အားထား ယုံကြည်ကာ လိုက်နာ ကျင့်သုံးလျက် ရှိသော ရဟန်း, ရှင်, လူအပေါင်းမှာလည်း ထောင်သောင်းများစွာ ရှိနေလေပြီ၊ သို့ရှိနေရာမှ ဝိပဿနာအလုပ်တရားဖြင့် စိတ်ထား တူမျှသော ဤရဟန်း, ရှင်, လူအပေါင်း ထောင်သောင်းများစွာ သည်လည်း သူ့အလိုလိုပင် အစုအဖွဲ့ကြီး ဖြစ်လျက် ရှိနေလေပြီ။

သို့ဖြစ်၍ ဤအစုအဖွဲ့ကြီးမှာလည်း ခေါ်ဝေါ် လွယ်ကူစေရန် အကျိုးငှါ အမည်သညာ ဝိသေသ ရှိသင့်ပါပေသည်၊ ထို့ပြင် ဤအဖွဲ့ ၏ လုပ်ငန်းစဉ်ဖြစ်သော သတိပဋ္ဌာန် ဘာဝနာ ဝိပဿနာ ပဋိပတ်သာသနာတော်မြတ်သည် အပြစ်ကင်း၍ သန့်ရှင်း စင်ကြယ်စွာ အရှည်တည်တံ့သွားစေခြင်း အကျိုးငှါ စည်းမျဉ်းဥပဒေသလည်း မလွဲ ဧကန် အမှန်ပင်ရှိသင့်လှပါပေသည်။

သို့ဖြစ်၍ မဟာသတိပဋ္ဌာနသုတ်အစရှိသော ဘုရားဟောဒေသနာတော်များနှင့်အညီ မဟာစည်ဆရာတော်ထုတ်ဖော်၍ ဟောကြားအပ်သော သတိပဋ္ဌာန်နည်းလမ်း ဝိပဿနာလုပ်ငန်းစဉ်ဖြင့် ကျင့်သုံးအားထုတ်လျက်ရှိသော ရဟန်းရှင်လူအပေါင်းကို မဟာစည် သတိပဋ္ဌာန်အဖွဲ့ ဟု ခေါ်တွင်စေရန် ဤအဖွဲ့ဝင် ပဓာန ကမ္မဋ္ဌာနာစရိယ အားလုံး တို့က တညီတညွတ်တည်း ဆုံးဖြတ်၍ အတည်ပြုကြပါသည်။

ထို့ပြင် ဤမဟာစည်သတိပဋ္ဌာန်အဖွဲ့ဝင် ရဟန်းရှင်လူတို့ နာယူကျင့်သုံးရန်အလို့ငှါ ဩဝါဒကထာ သဖွယ်ဖြစ်သော အောက်ပါ စည်းမျဉ်း ဥပဒေသ ၅-ရပ်တို့ကိုလည်း ၎င်းပဓာနကမ္မဋ္ဌာနာစရိယအားလုံးတို့က တညီတညွတ်တည်း ဆုံးဖြတ်၍ ပြဋ္ဌာန်း အတည်ပြုကြပါသည်။

၎င်းတို့မှာ -
၁။ ကမ္မဋ္ဌာနာစရိယရဟန်းတော်များအတွက် စည်မျဉ်း
၂။ ကမ္မဋ္ဌာနာစရိယဥပါသကာများအတွက် စည်းမျဉ်း
၃။ ယောဂီရဟန်းတော်များအတွက် စည်းမျဉ်း
၄။ ယောဂီဥပါသကာ, ဥပါသိကာမများအတွက် စည်းမျဉ်း
၅။ ကမ္မဋ္ဌာန်းဌာနဆိုင်ရာ စည်းမျဉ်း
ဤ ၅-ရပ်ပင်ဖြစ်သည်။

၁။ ကမ္မဋ္ဌာနာစရိယ ရဟန်းတော်များအတွက် စည်းမျဉ်း

(၁) ကမ္မဋ္ဌာနာစရိယ ရဟန်းတော်၏ အရည်အချင်း

(၁) ကမ္မဋ္ဌာနာစရိယ ရဟန်းတော် ဟူရာ၌ အောက်ပါ အရည်အချင်းများနှင့် ပြည့်စုံသော ရဟန်းတော်ကိုသာလျှင် မှတ်ယူရမည်။

(က) ပရိယတ္တိအရည်အချင်း

(၁) မဟာစည် သတိပဋ္ဌာန်အဖွဲ့ဝင် ကမ္မဋ္ဌာနာစရိယ ရဟန်းတော်သည် သဒ္ဒါ, သင်္ဂြိုဟ်, ဋီကာကျော် စသော ပရိယတ္တိအခြေခံကျမ်းများကို သင်ကြား လေ့လာ ဖူးသည့်အပြင် ပါဠိ, အဋ္ဌကထာ, ဋီကာတို့ကိုလည်း အထိုက်အလျောက် ကြည့်ရှု သုံးသပ်နိုင်သော အရည်အချင်း ရှိစေရမည်၊ အထူးအားဖြင့် ပရမတ္ထသရုပ်သဘော တို့၌ ပိုင်နိုင်သော အသိဉာဏ်ရှိသည့်အပြင် ဝိသုဒ္ဓိမဂ် အဋ္ဌကထာတို့၌လည်း လေ့လာပြီး ဖြစ်စေရမည်။

(၂) ဒွေမာတိကာ သို့မဟုတ် ဘိက္ခုပါတိမောက်နှင့်တကွ မဟာသတိပဋ္ဌာနသုတ်ကို အာဂုံဆောင်ထားရမည့်အပြင် မဇ္ဈိမနိကာယ်မှ ဝိပဿနာဆိုင်ရာ သုတ်ပေါင်း ၂၀-ထက်မနည်း လေ့လာပြီးဖြစ်စေရမည်။

(၃) ဝိပဿနာ ရှုနည်းကျမ်းနှင့် ကမ္မဋ္ဌာန်းဆရာတို့ ၏ မှတ်တမ်းတို့၌ ကျေပွန်စွာ ကြည့်ရှုလေ့လာပြီး ဖြစ်စေရမည်၊
(ဤစာပိုဒ်သည် ပရိယတ္တိ အရည်အချင်း၌ လိုရင်းဖြစ်သည်။)

(၄) သီလပေးခြင်း, ရေစက်ချခြင်း, ပရိတ်ရွတ်ခြင်း, အနုမောဒနာပြုခြင်း စသောကိစ္စတို့၌ ကျမ်းဂန်နှင့်အညီ မူမှန်ဖြစ်စေရန် ဟောပြောရေး သင်တန်းတက်ပြီး ဖြစ်စေရမည်၊ သို့ရာတွင် မူလကပင် အချိုးကျပြီးသော ပုဂ္ဂိုလ်များမှာ သင်တန်း တက်ရန် မလိုပါ။

(ခ) ပဋိပတ္တိအရည်အချင်း

(၁) မဟာစည်သတိပဋ္ဌာန်အဖွဲ့ဝင် ကမ္မဋ္ဌာနာစရိယ ရဟန်းတော်သည် အများသော ရဟန်း, ရှင်, လူတို့ ကြည်ညိုလေးစားထိုက်သော လဇ္ဇီပေသလ, သိက္ခာကာမ ဂုဏ်နှင့် ပြည့်စုံစေရမည်။

(၂) မဟာစည်ဆရာတော် ၏ နည်းနိဿယအတိုင်း ဝိပဿနာလုပ်ငန်းကို ပြီးဆုံးသည့်တိုင်အောင် အပြည့်အစုံ နိုင်နိုင်နင်းနင်း ကျင့်သုံးအားထုတ်ပြီး ဖြစ်ရမည့် အပြင် ကမ္မဋ္ဌာန်း စစ်မေးရေး၌လည်း လေ့လာ သင်ကြားပြီး ကျွမ်းကျင် နိုင်နင်းပြီး ဖြစ်စေရမည်။

(၃) သန္တုဋ္ဌိ, သလ္လေခ, အပ္ပကိစ္စ, သလ္လဟုကဝုတ္တိ စသော ယောဂါဝစရ ဂုဏ်အင်္ဂါတို့နှင့် ပြည့်စုံစေရမည်။

(၄) ခမာ, ဇာဂရိယ, ဥဋ္ဌာန, သံဝိဘာဂ, ဒယာ, ဣက္ခဏာ ဟူသော နာယက ဂုဏ်အင်္ဂါ ၆ -ပါးတို့နှင့်လည်း ပြည့်စုံစေရမည်။

(၅) စိတ်ရှည်ခြင်း, သဘောထားကြီးခြင်း, နူးညံ့ ပြေပြစ်သော စကားရှိခြင်း, ချိုသာသော စကားရှိခြင်း စသော ဝန်ဆောင်ပုဂ္ဂိုလ်တို့၏ ဂုဏ်အင်္ဂါများနှင့်လည်း ပြည့်စုံစေရမည်။

(၆) ရဟန်းသိက္ခာ၌ အသက်နှင့်မခြား လေးစား ခိုင်ခံ့တည်တံ့သော စိတ်နေစိတ်ထား ရှိစေရမည်။

အထက်ပါ ပရိယတ္တိ, ပဋိပတ္တိအရည်အချင်းတို့တွင် ပဋိပတ္တိအရည်အချင်းသည် ကမ္မဋ္ဌာန်းဆရာမှာသာ၍လိုပေသည်၊ သို့ဖြစ်၍ ပဋိပတ္တိအရည်အချင်းအပိုဒ်ငယ် [၁-၂] ဂုဏ်အင်္ဂါများနှင့် ကောင်းကောင်းပြည့်စုံလျှင်ပင် မဟာစည်သတိပဋ္ဌာန် အဖွဲ့ဝင် ကမ္မဋ္ဌာနာစရိယရဟန်းဟု အသိအမှတ်ပြုသော သာမန်ဆရာဖြစ် လက်မှတ်ကို ရရှိခွင့် ရှိသည်၊ ပရိယတ္တိ အရည်အချင်းပါ ပြည့်စုံလျှင်ကား ဂုဏ်ထူးဆောင် ဆရာဖြစ်လက်မှတ်ကို ရနိုင်ခွင့် ရှိသည်။

မှတ်ချက်

ဤသို့ အရည်အချင်းအလိုက် သာမန်လက်မှတ်, ဂုဏ်ထူးဆောင် လက်မှတ် တို့ဖြင့် အသိအမှတ်ပြုရန် စီမံချက်မှာ အရည်အချင်းရှိသော ဆရာတို့ကို ဂုဏ်တင်ရန်, ချီးမြှောက်ရန်အတွက် မဟုတ်ပေ၊ အမှန်အားဖြင့်သော်ကား တရားအားထုတ်မည့် ယောဂီတို့မှာ အရည်အချင်းလုံလောက်သော ဆရာများထံမှ လုံလောက်သော နည်းနိဿယဩဝါဒများကိုရရှိ၍ ချမ်းချမ်းသာသာနှင့် ရသင့်ရထိုက်သော ဉာဏ်ထူး တရားများကို အပြည့်အစုံ ရရှိသွားကြစေရန်အတွက်သာ ရည်ရွယ်၍ စီမံခြင်း ဖြစ်ပေသည်။

(၂) ဝိနည်းသိက္ခာပုဒ်တော်များကို လေးစားလုံခြုံစွာ လိုက်နာစောင့်ထိန်းခြင်း

(၂) မဟာစည်သတိပဋ္ဌာန်အဖွဲ့ဝင် ကမ္မဋ္ဌာနာစရိယရဟန်းတော်များသည် မြတ်စွာဘုရား ပညတ်တော်မူအပ်သော “ဝိနည်းသိက္ခာပုဒ်တော်များကို အသက်ပမာ ထား၍” လေးစားလုံခြုံစွာ လိုက်နာစောင့်ထိန်းရမည် ၊

(အထူး သတိရစေရန် ထပ်မံ၍ သတိပေးချက်သာ ဖြစ်သည်၊ နောက်နောက် အပိုဒ် များ၌လည်း ဤနည်းချည်း မှတ်လေ။)

(၃) အပြစ်ကင်း၍ သန့်ရှင်းစင်ကြယ်စေရန် လုံ့လပြုရမည့် ၇-ဌာန

(၃) အထူးအားဖြင့် -
(က) နေထိုင်ရေး
(ခ) သွားလာရေး
(ဂ) ဝတ်ရုံရေး
(ဃ) စားသောက်ရေး
(င) ဟောကြားရေး
(စ) ပြောဆိုရေး
(ဆ) ဆက်ဆံရေး-
ဟူသော ဤ ၇-ဌာနတို့၌ အပြစ်ကင်း၍ သန့်ရှင်းစင်ကြယ်စေရန် လုံ့လပြုရမည်၊ ထိုတွင်-

(က) နေထိုင်ရေးမှာ

(၁) တပည့်ဖြစ်သူတို့၏ ဣန္ဒြေသိက္ခာထက် ပိုမို၍ တည်ကြည်ခန့်ညားသော ဣန္ဒြေသိက္ခာနှင့် ပြည့်စုံစေရမည်။

(၂) မာတုဂါမတို့နှင့်စပ်လျဉ်း၍ ပရူပဝါဒ ကင်းရှင်းအောင် နေထိုင်ရမည်၊ အထူး အားဖြင့် အရေးကြီးသော အကြောင်းကိစ္စ မရှိပဲ မာတုဂါမတို့နှင့် ကြာရှည်စွာ လက်ခံ၍ စကားပြောဆို နေထိုင်ခြင်း မရှိစေရ၊ မလွှဲသာ မရှောင်သာသဖြင့် ပြောဆို နေထိုင်ရာ၌လည်း “ရဟောနိသဇ္ဇ” မဖြစ်အောင် သတိရှေ့ဆောင်လျက် နေထိုင် ရမည်။

(၃) မူရင်းနေမြဲဌာနမဟုတ်လျှင် မည်သည့်ကမ္မဋ္ဌာန်းဌာနကိုမျှ ကိုယ်ပိုင် အမြဲတမ်း နေရာအဖြစ်ဖြင့် အစွဲမထားမူ၍ ပဓာန နာယကဆရာတော်များက အကြောင်းအား လျော်စွာ စေလွှတ်ချထားသော ကမ္မဋ္ဌာန်းဌာနတွင်သာ နေထိုင်စောင့်ရှောက်သွားရန် ထက်သန်သော စိတ်ဆန္ဒရှိစေရမည်။

(ခ) သွားလာရေးမှာ

(၁) ပါသာဒိကေန အဘိက္ကန္တေန စသော ဒေသနာတော်နှင့်အညီ အမှတ်သတိ မကင်းသဖြင့် ကြည်ညိုဖွယ်ကောင်းသော သွားလာခြင်း စသည်နှင့် ပြည့်စုံစေရမည်။

(၂) ပရူပဝါဒ ဖြစ်နိုင်သော အချိန်အခါ၌လည်းကောင်း၊ ပရူပဝါဒ ဖြစ်နိုင်သော ဌာနနှင့် ပုဂ္ဂိုလ်များထံသို့လည်းကောင်း သွားလာခြင်းမရှိစေရ။

(၃) မြို့တွင်း ရွာတွင်းသို့ သွားသောအခါဖြစ်စေ၊ ခရီးရှည်သွားသော အခါဖြစ်စေ ဝိနည်းတော်နှင့်အညီ သွားလာရမည်။

(ဂ) ဝတ်ရုံရေးမှာ

(၁) ပိန္နဲရောင်, ညောင်ခေါက်ဆိုးရောင် သင်္ကန်းကိုသာ ဝတ်ရုံသုံးဆောင်ရမည်။

(၂) ဗုဒ္ဓစေတီများထံသို့ဖြစ်စေ, သံဃာ့အစည်းအဝေးသို့ဖြစ်စေ, မထေရ်ကြီးများ ထံသို့ဖြစ်စေဝင်ရောက်သော အခါ၌ လက်ဝဲလက်မောင်းကို လုံခြုံစေသော ပရိမဏ္ဍလဝတ်ရုံနည်းဖြင့် ဝတ်ရုံရမည်။

(၃) မြို့တွင်း ရွာတွင်းသို့ သွားသောအခါဖြစ်စေ, မြို့တွင်း ရွာတွင်းမှ ဖြတ်သန်း၍ သွားသောအခါ ဖြစ်စေ သုပ္ပဋိစ္ဆန္နသိက္ခာပုဒ်နှင့်အညီ သင်္ကန်းရုံ၍ သွားရမည်။

(၄) မိမိနေရာတွင် နေထိုင်သောအခါ၌လည်း ပါသာဒိက ဖြစ်အောင် ကောင်းစွာ ဝတ်ရုံလျက် ရှိစေရမည်။

(ဃ) စားသောက်ရေးမှာ

(၁) အကြောင်းထူး မရှိလျှင် ဆွမ်းဘောဇဉ်များကို သပိတ်ဖြင့်သာ ဘုဉ်းပေး သုံးဆောင်နိုင်ရန် လုံ့လပြုရမည်။

(၂) စားဖွယ်များကို ရပ်လျက်, သွားလျက်မစားမူ၍ ထိုင်လျက်သာလျှင် ဣန္ဒြေရရ စားသုံးရမည်

(၃) အကြောင်းထူးမရှိပဲ ဆေးလိပ်သောက်ခြင်း, ကွမ်းစားခြင်း, ဆေးဝါးခြင်းများကို (ပါသာဒိက, သန္တုဋ္ဌိ, သလ္လေခ, အပ္ပကိစ္စဂုဏ်စသည်နှင့် ပြည့်စုံစေခြင်းအကျိုးငှါ) ကြဉ်ရှောင်ရမည်

(င) ဟောကြားရေးမှာ

(၁) မိမိ၏ ကမ္မဋ္ဌာန်းဌာန၌ တလလျှင် ၄-ကြိမ်ဖြစ်စေ, ၂-ကြိမ်ဖြစ်စေ ဝိပဿနာ လုပ်ငန်းစဉ်တရားကို မဟာစည် ဆရာတော်၏ ယူဆ ဟောပြပုံအတိုင်း ဒေသနာတော်နှင့်အညီ ဟောပြောရမည်

မှတ်ချက်။ ။ ဤ၌ ဒေသနာတော်နှင့်အညီဟူသော အပိုဒ်ဖြင့် ဒေသနာတော်နှင့် မညီသည်ကို မဟောရန် တားမြစ်ထားသည်၊ ဟောပြောပုံဟူသည်မှာ အသံနေ အသံထား၌ အထူးပြုပြင်မှုမရှိပဲ ပကတိ စကားပြောသကဲ့သို့ ရိုးရိုးဟောပြောခြင်းကို ဆိုလိုသည်။

(၂) ပြင်ပတရားပွဲများ၌မူကား တရားနာပုဂ္ဂိုလ်တို့ ၏ အဇ္ဈာသယကို ထောက်ချင့်၍ သဒ္ဓါပသန္န ဖြစ်စေခြင်းငှါ သင့်လျော်သလို ဟောပြောနိုင်ခွင့်ရှိပေ၏၊ သို့သော် ဝိနည်းတော်နှင့်အညီ တည်ကြည်ခန့်ညားသော အသံဖြင့်သာ ဟောကြားရမည်

(၃) ကမ္မဋ္ဌာန်းစစ်မေးရာ၌ ယောဂီတို့၏ ဉာဏ်အဆင့်အတန်း အားလျော်စွာ တိုးတက်သည်ထက် တိုးတက်စေခြင်းငှါ သင့်လျော်သော တရားများကို ဟောကြားခြင်း, ယောဂီတို့ ၏ သန္တာန်၌ ဖြစ်ပေါ်နေသော သတိ, သမာဓိ ဉာဏ် များကို ထိုက်တန်သလောက် ချီးမြှောက်၍ အားပေးခြင်း, ရှုမှတ်မှုဖြင့်ပင် သီလ, သမာဓိ, ပညာ ဖြစ်လာပုံ, ဗောဓိပက္ခိယ တရားများ ပြီးစီးသွားပုံ စသည်တို့ကို ရှင်းလင်းဖော်ပြခြင်း စသော အားပေးတရားများကို ယောဂီတို့မှာ စိတ်တက်ကြွ လာသည့်တိုင်အောင် ဟောကြားရမည်။

(၄) တရားဟောရာ, ကမ္မဋ္ဌာန်းစစ်မေးရာတို့၌ မယဉ်ကျေးသော ဥပမာနှင့် ဟာသကထာတို့ကို ထည့်သွင်း၍ မပြောမိစေရန် အထူးသတိပြုရမည်၊ ဟာသကထာကိုကား ယဉ်ကျေးငြားသော်လည်း နည်းပါးနိုင်သမျှ နည်းပါးစေရန် သတိပြုစေရမည်။

(၅) ကမ္မဋ္ဌာန်းဆရာတဦး စစ်မေးနေသော ယောဂီအား ၎င်းဆရာက ခွင့်မပြုပဲ ဝင်ရောက်စွက်ဖက်၍ စစ်မေးခြင်း, ဆုံးဖြတ်ခြင်းများကို မပြုရ

(၆) မဟာစည်ဆရာတော်နည်းလမ်း ညွှန်ပြထားသည့်အတိုင်း တပည့်ယောဂီတို့အား ရသင့်ရထိုက်သော သမာဓိဉာဏ်အဆင့်များ အကြွင်းမဲ့ပြည့်စုံစေရန် တင်းတင်း ရင်းရင်း တိတိကျကျ ဆရာ့တာဝန် မလိုရအောင် ညွှန်ပြတိုက်တွန်းရမည်

၇) ယောဂီများကို ကမ္မဋ္ဌာန်းစစ်မေးရာဌာနမှာ အများမြင်သာသော ဌာနဖြစ်စေ ရမည့်အပြင် ၎င်းဌာနသို့ ထိုက်သင့်သလို အပေါင်းလိုက် အစုလိုက်ခေါ်ယူပြီးလျှင် နေ့ခင်းအချိန်တွင်သာ စစ်မေး ဟောပြောရမည်၊ ထို့ပြင် သိကြားလိမ္မာသော ယောက်ျားပုဂ္ဂိုလ်လည်း အနီး၌ရှိစေရမည်။

(၈) ယောဂီမတို့အား ကမ္မဋ္ဌာန်းပေးရာဌာနမှာ အများမြင်သာသော နေရာ ဖြစ်စေရမည့်အပြင် သိကြားလိမ္မာသော ပုဂ္ဂိုလ်လည်း အနီး၌ ရှိစေရမည်၊ ထို့ပြင် အကြောင်းအားလျော်စွာ ညဉ့်အခါ၌ ကမ္မဋ္ဌာန်းပေးရလျှင် ထိန်ထိန်လင်းသော မီးရောင်လည်း ရှိစေရဦးမည်။

(၉) စာရွက်စာတန်း ကျမ်းစာအုပ်များကို “ပုံနှိပ်ခွင့်ရှိသော မဟာစည်သတိပဋ္ဌာန် အဖွဲ့ဝင် ဆရာတော်တပါးပါးထံမှ ခွင့်ပြုချက်မရှိပဲ” မဟာစည်ဆရာတော်ဘုရား၏ နည်းနိဿယအဖြစ်ဖြင့် ရေးသား၍ ပုံနှိပ် ထုတ်ဝေခြင်း မပြုရ

(စ) ပြောဆိုရေးမှာ

(၁) တိရစ္ဆာနကထာကို ပယ်ရှား၍ ကထာဝတ္ထုဆယ်ပါး ကိုသာ ပြောဆိုနိုင်ရန် လုံ့လပြုရမည်။

(၂) ဒုဗ္ဘာသိတဝါစာ ဖြစ်သောပြက်ရယ်ပြောင်လှောင်မှုများကို မပြုရ

(၃) နက်နဲသောစကား, ဟုတ်မှန်၍ အကျိုးရှိသောစကား, အလေးပြုလောက်သော စကား, မှတ်ယူဖွယ်ကောင်းသော စကား, ဝမ်းမြောက်ဖွယ်ကောင်းသော စကား ဤသို့သော စကားမျိုးကိုသာ ပြောဆိုနိုင်ရန် လုံ့လပြုရမည်။

(၄) ကြမ်းတမ်းသောစကား, ကြိမ်းမောင်းချုပ်ချယ်သော စကားများကို မပြောမဆို မိစေရန် သတိပြုရမည်။

(၅) ကျုပ်, ကျွန်တော်, ခင်ဗျားစသော ဂိဟိဝေါဟာရ များကို မသုံးစွဲမိစေရန် သတိပြုစေရမည်။

(၆) ဘုန်းကြီး, ဆရာတော်, ဒါယကာကြီး, ဒါယိကာမကြီး စသော သမဏဝေါဟာရ များကိုသာ သုံးစွဲရန် သတိပြုရမည်။

(၇) ရဟန်း အချင်းချင်းပြောဆိုရာ၌လည်း ဘုရားတပည့်တော်, အရှင်ဘုရားစသော သမဏဝေါဟာရများကိုသာ သုံးစွဲရမည်။

(၈) မိမိကိုယ်ကို ချီးမြှောက်၍ ပြောဆိုခြင်း, သူတပါးကို နှိမ့်ချ၍ ပြောဆိုခြင်းများကို လုံးဝ ရှောင်ကြဉ်ရမည်

(၉) ဥတ္တရိမနုဿမ္မေ သိက္ခာပုဒ်, ဘူတာရောစန သိက္ခာပုဒ်တို့ဖြင့် ယုံမှားစေခြင်း အကျိုးငှါ အရိယဓမ္မကို မိမိနှင့်စပ်လျဉ်း၍ မပြောကြားမိစေရန် အထူးသတိထား ရမည်။

(၁၀) အရိယဓမ္မ နှင့်စပ်လျဉ်း၍ ပုဂ္ဂလဓိဋ္ဌာန် အားဖြင့် ဆုံးဖြတ် ပြောဆိုခြင်း မရှိစေရ

(၁၁) သဘာဂဖြစ်သော သီတင်းသုံးဖော်၏ ချွတ်ယွင်းချက်ကို ကြားသိ တွေ့မြင် ရလျှင် မေတ္တာကရုဏာ ရှေ့ထား၍ သတိပေး ပြောဆိုနိုင်ရမည်

(၁၂) သီတင်းသုံးဖော်များက မိမိ၏ ချွတ်ယွင်းချက်ကို ကြားသိတွေ့မြင်ရ၍ သတိပေးပြောဆိုလျှင် ဝမ်းမြောက်ကြည်သာစွာဖြင့် သည်းခံနိုင်, ပြင်ဆင်နိုင်ရမည်

(၁၃) သီတင်းသုံးဖော်များက ဓမ္မ, ဝိနယဖြင့် သတိပေးဆုံးမလျှင် ဝမ်းမြောက် ကြည်သာ ရိုသေစွာ နာခံနိုင်ရမည်

(၁၄) သမယန္တရပုဂ္ဂိုလ် များနှင့် တရားငြင်းခုံ ပြိုင်ဆိုင်ခြင်း အလျဉ်း မရှိစေရ

(ဆ) ဆက်ဆံရေးမှာ

(၁) လဇ္ဇီပေသလသိက္ခာကာမဖြစ်သည်ဟု ယုံကြည်ရသော ပုဂ္ဂိုလ်တိုင်းနှင့် ပစ္စယသမ္ဘောဂ, ဓမ္မသမ္ဘောဂအားဖြင့် ပေါင်းသင်းဆက်ဆံနိုင်ခွင့် ရှိသည်။

အဓိပ္ပါယ်ဖော်ပြချက်။ ။ ကိုယ့်ပစ္စည်းကို ပေးကမ်း ချီးမြှောက်ခြင်းနှင့် သူ့ထံမှ ပစ္စည်းကို ခံယူ၍ သုံးစွဲခြင်းသည် ပစ္စယသမ္ဘောဂ မည်၏၊ ထိုနည်းတူစွာပင် တရားဓမ္မ ဩဝါဒအပေးအယူဖြင့် ဓမ္မသမ္ဘောဂ ကို သိအပ်၏၊ ဤမျှကိုသာ ရည်ရွယ်သည်။

(၂) မထေရ်ကြီးများအား ဂါရဝ, နိဝါတ ရှေ့ထား၍ လည်းကောင်း၊ သမာန, နဝက ပုဂ္ဂိုလ်တို့အား မေတ္တာ, ကရုဏာ ရှေ့ထား၍လည်းကောင်း နူးညံ့ သိမ်မွေ့သော ကိုယ်အမူအရာ, နှုတ်အမူအရာတို့ဖြင့် ပဋိသန္ဓာရဝတ် မချွတ်ယွင်းစေရန် လုံ့လ ပြုရမည်။

(၃) ဒါယကာ, ဒါယိကာမတို့နှင့် ဆက်ဆံရာ၌ ကုလေသွနနုဂိဒ္ဓေါ ဟူသော ဒေသနာတော်နှင့်အညီ ကုလဒူသန, အနေသန တို့ကို ဝေးစွာရှောင်ကြဉ်၍ သဟနန္ဒိ, သဟသောတီတို့၏ အကြောင်းဖြစ်သော ဂေဟဿိတပေမဖြင့် ရင်းနှီးစွာ ဆက်ဆံမှုမရှိစေရန် အထူး သတိပြုရမည်။

(၄) ကမ္မဋ္ဌာန်းစစ်မေးရာ၌ တပည့်ယောဂီတို့သည် မိမိတို့ ၏ သမာဓိဉာဏ် အတွေ့များကို ဟုတ်မှန်သည့်အတိုင်း ရဲရဲဝံ့ဝံ့ မရွံ့မကြောက် ပြောကြားနိုင်စေရန် အလို့ငှါလည်းကောင်း၊ စိတ်အားတက် ကြွစေရန် အလို့ငှါလည်းကောင်း ကမ္မဋ္ဌာန်း ဆရာမှာ သင့်လျော်သလို လိုက်လျော၍ ဖော်ဖော်ရွေရွေပြောဆိုနိုင်ခွင့် ရှိသည်၊ အခြားကာလများ၌မူကား ထိုသို့သော ပြောဆိုဆက်ဆံမှုများ မရှိစေရတည်ကြည်ခန့်ညားသော ပြောဆိုခြင်းဖြင့်သာလျှင် ဣန္ဒြေရရ ပြောဆို ဆက်ဆံ ရမည်၊ အထူးအားဖြင့်မူကား ထိုအခြားကာလ ဆက်ဆံရေးတွင် ဥပါသိကာမများနှင့် ဆက်ဆံရာ၌သာ တည်ကြည် ခန့်ညားခြင်း ရှိစေရမည်။

(၅) တပည့်ဒါယကာ, ဒါယိကာမတို့ ၏ သဒ္ဓါတရားအလျောက် ပေးလှူခြင်းမှတပါး ဉာတိပဝါရိတ မဟုတ်သော ပုဂ္ဂိုလ်တို့ထံမှာ အလှူခံခြင်း အလျဉ်းမရှိစေရ

(၁) ကမ္မဋ္ဌာနာစရိယ ရဟန်းတော်များအတွက် စည်းမျဉ်းများ ဤတွင် ပြည့်စုံပြီ။

၂။ ကမ္မဋ္ဌာနာစရိယ ဥပါသကာများအတွက် စည်းမျဉ်းများ

(၁) ကမ္မဋ္ဌာနာစရိယ ဥပါသကာ၏ အရည်အချင်း

(၁) ကမ္မဋ္ဌာနာစရိယ ဥပါသကာဟူရာ၌ အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသော ဥပါသကာကိုသာလျှင် မှတ်ယူရမည်။

(က) ပရိယတ္တိအရည်အချင်း

(၁) မဟာစည် သတိပဋ္ဌာန်အဖွဲ့ဝင် ကမ္မဋ္ဌာနာစရိယ ဥပါသကာ အဖွဲ့ဝင်သည် ကျမ်းဂန် ဗဟုသုတ အတော်အတန်ရှိသည့်အပြင် ပရမတ္တ သရုပ်သဘောတို့၌ ပိုင်နိုင်သော အသိဉာဏ်လည်း ရှိစေရမည်။

(၂) မဟာသတိပဋ္ဌာနသုတ် ပါဌ်, နိဿယကို အာဂုံဆောင်ထားရမည်။

(၃) ဝိပဿနာရှုနည်းကျမ်းနှင့် ကမ္မဋ္ဌာန်း ဆရာတို့ ၏ မှတ်တမ်းတို့၌ ကျေပွန်စွာ ကြည့်ရှုလေ့လာပြီး ဖြစ်စေရမည်၊
(ဤအပိုဒ်သည် ပရိယတ္တိ အရည်အချင်း၌ လိုရင်းဖြစ်၏။)

(ခ) ပဋိပတ္တိ အရည်အချင်း

(၁) မဟာစည် သတိပဋ္ဌာန်အဖွဲ့ဝင် ကမ္မဋ္ဌာနာစရိယ ဥပါသကာသည် အများသော ရဟန်း, ရှင် လူတို့ ကြည်ညိုလေးစားထိုက်သော ကိုယ်ကျင့်သီလနှင့် ပြည့်စုံ စေရမည်။

(၂) မဟာစည် ဆရာတော်၏ နည်းနိဿယအတိုင်း ဝိပဿနာလုပ်ငန်းကို ပြီးဆုံးသည့်တိုင်အောင် အပြည့်အစုံ နိုင်နိုင်နင်းနင်း ကျင့်သုံးအားထုတ်ပြီး ဖြစ်စေ ရမည့်အပြင် ကမ္မဋ္ဌာန်းစစ်မေးရေး၌လည်း လေ့လာသင်ကြားပြီး ကျွမ်းကျင်နိုင်နင်းပြီး ဖြစ်စေရမည်။

(၃) ခမာ, ဇာဂရိယ, ဥဋ္ဌာန, သံဝိဘာဂ, ဒယာ, ဣက္ခဏာ ဟူသော နာယကဂုဏ် ၆-ပါး နှင့်လည်း ပြည့်စုံစေရမည်။

(၄) စိတ်ရှည်ခြင်း, သဘောထားကြီးခြင်း, နူးညံ့ပြေပြစ်သော စကားရှိခြင်း, ချိုသာသော စကားရှိခြင်း စသော ဝန်ဆောင် ပုဂ္ဂိုလ်တို့၏ ဂုဏ်အင်္ဂါများနှင့်လည်း ပြည့်စုံစေရမည်။

အထက်ပါ ပရိယတ္တိ, ပဋိပတ္တိအရည်အချင်းတို့တွင် ပဋိပတ္တိအရည်အချင်းသည် ကမ္မဋ္ဌာနာစရိယ - ကမ္မဋ္ဌာန်းဆရာမှာသာ၍လိုပေသည်၊ သို့ဖြစ်၍ ပဋိပတ္တိ အရည်အချင်း အပိုဒ်ငယ် (၁) (၂) ဂုဏ်အင်္ဂါများနှင့် ကောင်းကောင်းပြည့်စုံလျှင်ပင် မဟာစည် သတိပဋ္ဌာန်အဖွဲ့ဝင် ကမ္မဋ္ဌာနာစရိယ ဥပါသကာဟု အသိအမှတ်ပြုသော သာမန်ဆရာဖြစ်လက်မှတ်ကို ရနိုင်ခွင့်ရှိသည်၊ ပရိယတ္တိ အရည်အချင်းပါ ပြည့်စုံ လျှင်ကား ဂုဏ်ထူးဆောင် ဆရာဖြစ်လက်မှတ်ကို ရနိုင်ခွင့်ရှိသည်။

မှတ်ချက်။ ။ ဤ၌လည်း အရည်အချင်းအလိုက် လက်မှတ်ဖြင့် အသိအမှတ်ပြုရန် စီမံချက်မှာ ရဟန်းတော်များ၏အရည်အချင်းကို သတ်မှတ်ရာ၌ စီမံချက်အတိုင်းပင် ဖြစ်သည်။

(၂) လူတို့၏ဆိုင်ရာ အကျင့်သီလများကို လေးစားလုံခြုံစွာ ကျင့်သုံးစောင့်ထိန်းခြင်း

(၂) မဟာစည် သတိပဋ္ဌာန်အဖွဲ့ဝင် ကမ္မဋ္ဌာနာစရိယ ဥပါသကာသည် လူတို့၏ ဆိုင်ရာ အကျင့်သီလများကို အသက်ပမာထား၍ လေးစား လုံခြုံစွာ ကျင့်သုံး စောင့်ထိန်းရမည်။

(၃) အပြစ်ကင်း၍ သန့်ရှင်း စင်ကြယ်စေရန် လုံ့လပြုရမည့် ၆-ဌာန

(၃) အထူးအားဖြင့် -
(က) နေထိုင်ရေး
(ခ) သွားလာရေး
(ဂ) ဝတ်ရုံရေး
(ဃ) ဟောကြားရေး
(င) ပြောဆိုရေး
(စ) ဆက်ဆံရေး-
ဟူသော ဤ ၆-ဌာနတို့၌ အပြစ်ကင်း၍ သန့်ရှင်း စင်ကြယ်စေရန် လုံ့လပြုရမည်၊ ထိုတွင် -

(က) နေထိုင်ရေးမှာ

(၁) တပည့်ဖြစ်သူတို့၏ ဣန္ဒြေသိက္ခာထက် ပိုမို၍ တည်ကြည် ခန့်ညားသော ဣန္ဒြေသိက္ခာနှင့် ပြည့်စုံစေရမည်။

(၂) တပည့် ယောဂီမတို့နှင့် စပ်လျဉ်း၍ ပရူပဝါဒ ကင်းရှင်းအောင် နေထိုင်ရမည်၊ အထူးအားဖြင့် အရေးကြီးသော အကြောင်းကိစ္စမရှိပဲ တပည့်ယောဂီမတို့နှင့် ကြာရှည်စွာ လက်ခံ၍ စကားပြောဆို နေထိုင်ခြင်း မရှိစေရ၊ မလွှဲသာ မရှောင်သာ သဖြင့် ပြောဆိုနေထိုင်ရာ၌လည်း တယောက်ချင်းချင်း မဖြစ်စေရန် သတိပြုရမည်။

(ခ) သွားလာရေးမှာ

(၁) ပါသာဒိကေန အဘိက္ကန္တေန စသော ဒေသနာတော်နှင့် အမှတ်သတိ မကင်းသဖြင့် ကြည်ညိုဖွယ်ကောင်းသော သွားလာခြင်းစသည်နှင့် ပြည့်စုံစေရမည်။

(၂) ပရူပဝါဒ ဖြစ်နိုင်သော အချိန်အခါ၌လည်းကောင်း၊ ပရူပဝါဒ ဖြစ်နိုင်သော ဌာနနှင့် ပုဂ္ဂိုလ်များ ထံသို့လည်းကောင်း သွားလာခြင်း မရှိစေရ

(ဂ) ဝတ်ရုံရေးမှာ

(၁) ကမ္မဋ္ဌာန်းစစ်မေးသော အချိန်အခါ၌ လည်းကောင်း၊ တရားဟောပြောသော အခါ၌ လည်းကောင်း၊ ကမ္မဋ္ဌာန်းဆရာ၏ ဂုဏ်ကျက်သရေကို ဆောင်နိုင်သော အဝတ်အရုံများနှင့် ပြည့်စုံစေရမည်။

(ဃ) ဟောကြားရေးမှာ

(၁) မိမိကမ္မဋ္ဌာန်းဌာန၌ တလလျှင် ၄-ကြိမ်ဖြစ်စေ, ၂-ကြိမ်ဖြစ်စေ ဝိပဿနာ လုပ်ငန်းစဉ် တရားကို မဟာစည် ဆရာတော်၏ ယူဆဟောပြောပုံအတိုင်း ဒေသနာတော်နှင့်အညီ ဟောပြောရမည်

(၂) ပြင်ပတရားပွဲများ၌မူကား တရားနာပုဂ္ဂိုလ်တို့ ၏ အဇ္ဈာသယကို ထောက်ချင့်၍ သဒ္ဓါပသန္န ဖြစ်စေခြင်းငှါ သင့်လျော်သလို ဟောပြောနိုင်ခွင့် ရှိပေ၏၊ သို့သော် ကမ္မဋ္ဌာန်းဆရာ၏ ဂုဏ်သိက္ခာနှင့် လျော်စွာ တည်ကြည် ခန့်ညားသော အသံဖြင့်သာ ဟောကြားရမည်

(၃) ကမ္မဋ္ဌာန်းစစ်မေးရာ၌ ယောဂီတို့၏ ဉာဏ်အဆင့်အတန်း အားလျော်စွာ တိုးတက်သည်ထက် တိုးတက်စေခြင်းငှါ သင့်လျော်သော တရားကိုဟောကြားခြင်း, ယောဂီတို့ ၏ သန္တာန်၌ဖြစ်ပေါ်နေသော သတိ, သမာဓိ ဉာဏ်များကို ထိုက်တန် သလောက် ချီးမြှောက်၍ အားပေးခြင်း, ရှုမှတ်မှုဖြင့်ပင် သီလ, သမာဓိ, ပညာ ဖြစ်လာပုံ, ဗောဓိပက္ခိယ တရားများ ပြီးစီးသွားပုံ စသည်တို့ကို ရှင်းလင်းဖော်ပြခြင်း စသော အားပေးတရားများကို ယောဂီတို့မှာ စိတ်တက်ကြွလာသည့်တိုင်အောင် ဟောကြားရမည်။

(၄) တရားဟောရာ, ကမ္မဋ္ဌာန်းစစ်မေးရာတို့၌ မယဉ်ကျေးသော ဥပမာနှင့် ဟာသကထာတို့ကို ထည့်သွင်း၍ မပြောမိစေရန် အထူးသတိပြုရမည်၊ ဟာသ ကထာကိုကား ယဉ်ကျေးငြားသော်လည်း နည်းပါးနိုင်သမျှ နည်းပါးစေရန် သတိပြုရမည်။

(၅) ကမ္မဋ္ဌာန်းဆရာတဦး စစ်မေးနေသော ယောဂီအား ၎င်းဆရာက ခွင့်မပြုပဲ ဝင်ရောက်စွက်ဖက်၍ စစ်မေးခြင်း, ဆုံးဖြတ်ခြင်းများကို မပြုရ

(၆) မဟာစည်ဆရာတော် နည်းလမ်း ညွှန်ပြထားသည့်အတိုင်း တပည့်ယောဂီ တို့အား ရသင့် ရထိုက်သော သမာဓိဉာဏ် အဆင့်များ အကြွင်းမဲ့ ပြည့်စုံစေရန် တင်းတင်းရင်းရင်း တိတိကျကျ ဆရာ့တာဝန်ကို မလိုရအောင် ညွှန်ပြ တိုက်တွန်းရမည်

(၇) ယောဂီများကို ကမ္မဋ္ဌာန်းစစ်မေးရာဌာနမှာ အများမြင်သာသော ဌာနဖြစ်စေ ရမည့်အပြင် ၎င်းဌာနသို့ ထိုက်သင့်သလို အပေါင်းလိုက်, အစုလိုက်ခေါ်ယူပြီးလျှင် နေ့ခင်းအချိန်၌သာ စစ်မေးဟောပြောရမည်၊ အနီးအပါး၌ အခြားယောဂီအဖော် လည်း ရှိစေရဦးမည်။

(၈) ယောဂီမတို့အား ကမ္မဋ္ဌာန်းပေးရာဌာနမှာ အများမြင်သာသော နေရာ ဖြစ်စေရမည့်အပြင် အနီးအပါး၌ အခြား ယောဂီအဖော်လည်း ရှိစေရဦးမည်၊ ထို့ပြင် အကြောင်းအားလျော်စွာ ညဉ့်အခါ၌ ကမ္မဋ္ဌာန်းပေးရလျှင် ထိန်ထိန်လင်းသော မီးရောင်လည်း ရှိစေရဦးမည်။

(၉) စာရွက်စာတန်း ကျမ်း စာအုပ်များကို “ပုံနှိပ်ခွင့်ရှိသော မဟာစည် သတိပဋ္ဌာန်အဖွဲ့ဝင် ဆရာတော် တပါးပါးထံမှ ခွင့်ပြုချက်မရှိပဲ” မဟာစည် ဆရာတော်၏ ဝိပဿနာနည်းနိဿယအဖြစ်ဖြင့် ရေးသား၍ ပုံနှိပ် ထုတ်ဝေခြင်း မပြုရ

(င) ပြောဆိုရေးမှာ

(၁) တိရစ္ဆာနကထာကို ပယ်ရှား၍ ကထာဝတ္ထု ဆယ်ပါးကိုသာ ပြောဆိုနိုင်ရန် လုံ့လပြုရမည်။

(၂) ပြက်ရယ်ပြောင်လှောင်မှု စကားများကို မပြောဆိုမိစေရန် သတိပြုစေရမည်။

(၃) နက်နဲသောစကား, ဟုတ်မှန်၍ အကျိုးရှိသောစကား, အလေးပြု လောက်သော စကား, မှတ်ယူဖွယ်ကောင်းသော စကား, ဝမ်းမြောက်ဖွယ် ကောင်းသော စကား ဤသို့သော စကားမျိုးကိုသာ ပြောဆိုနိုင်ရန် လုံ့လပြုရမည်။

(၄) ကြမ်းတမ်းသောစကား, ကြိမ်းမောင်းချုပ်ချယ်သောစကား, ကဲ့ရဲ့ရှုတ်ချသော စကား ဤသို့သော စကားမျိုးကို မပြောမဆိုမိစေရန် သတိပြုရမည်။

(၅) မိမိကိုယ်ကို ချီးမြှောက်၍ ပြောဆိုခြင်း, သူတပါးကို နှိမ့်ချ၍ ပြောဆိုခြင်းများမှ လုံးဝရှောင်ကြဉ်ရမည်

(၆) အရိယဓမ္မနှင့် စပ်လျဉ်း၍ ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် ဆုံးဖြတ် ပြောဆိုခြင်း မရှိစေရ

(၇) သဘာဂဖြစ်သော သီတင်းသုံးဖော်များ၏ ချွတ်ယွင်းချက် ကြားသိတွေ့မြင် ရလျှင် မေတ္တာ ကရုဏာ ရှေ့ထား၍ သတိပေး ပြောဆိုနိုင်ရမည်

(၈) သီတင်းသုံးဖော်များက မိမိ၏ ချွတ်ယွင်းချက်ကို ကြားသိ တွေ့မြင်ရ၍ သတိပေး ပြောဆိုရလျှင် ဝမ်းမြောက်ကြည်သာစွာဖြင့် သည်းခံနိုင်, ပြင်ဆင်နိုင်ရမည်

(၉) ဝါဒ မတူသော ပုဂ္ဂိုလ်များနှင့် တရားငြင်းခုံပြိုင်ဆိုင်ခြင်း အလျဉ်းမပြုရ, မရှိစေရ

(စ) ဆက်ဆံရေးမှာ

(၁) ဂုဏဝုဒ္ဓိ, ဝယဝုဒ္ဓိ ရှိသော ပုဂ္ဂိုလ်တို့အား ဂါရဝ, နိဝါတ ရှေ့ထား၍ လည်းကောင်း၊ အခြားပုဂ္ဂိုလ်တို့အား မေတ္တာကရုဏာ ရှေ့ထား၍လည်းကောင်း၊ နူးညံ့သိမ်မွေ့သော ကိုယ်အမူအရာ, နှုတ်အမူအရာတို့ဖြင့် ပြေပြစ်စွာ ပေါင်းသင်း ဆက်ဆံနိုင်ရန် လုံ့လပြုရမည်။

(၂) တပည့်ယောဂီတို့နှင့် ဆက်ဆံရာ၌ ဂေဟသိတပေမဖြင့် ရင်းနှီးစွာဆက်ဆံခြင်း မရှိစေရန် အထူးသတိပြုရမည်။

(၃) ကမ္မဋ္ဌာန်းစစ်မေးရာ၌ တပည့်ယောဂီတို့သည် မိမိတို့၏ သမာဓိဉာဏ် အတွေ့ များကို ဟုတ်မှန်သည့်အတိုင်း ရဲရဲဝံ့ဝံ့ မရွံ့မကြောက် ပြောကြားနိုင်စေရန်အလို့ငှါ လည်းကောင်း၊ စိတ်အားတတ်ကြွလာစေရန် အလို့ငှါ လည်းကောင်း ကမ္မဋ္ဌာန်း ဆရာမှာ သင့်လျော်သလို လိုက်လျော၍ ဖော်ဖော်ရွေရွေ ပြောဆိုနိုင်ခွင့် ရှိသည်၊ အခြားကာလများ၌ မူကား ထိုသို့သော ပြောဆို ဆက်ဆံမှုများ မရှိစေရမူ၍ တည်ကြည်ခန့်ညားသော ပြောဆိုခြင်းဖြင့်သာလျှင် ဣန္ဒြေရရ ပြောဆို ဆက်ဆံရမည်၊ အထူးအားဖြင့်မူကား ထိုအခြားကာလ ဆက်ဆံရေးတွင် တပည့် ယောဂီမများနှင့် ဆက်ဆံရေး၌ သာ၍ တည်ကြည် ခန့်ညားခြင်း ရှိစေရမည်။

(၄) သဒ္ဓါတရားအလျောက် ပေးလှူသည် မှတပါး ကိုယ့်အကျိုး ကိုယ့်စီးပွားအတွက် အလှူခံခြင်း အလျဉ်း မရှိစေရ

၂-ကမ္မဋ္ဌာနာစရိယ ဥပါသကာများအတွက် စည်းမျဉ်းများ ဤတွင် ပြည့်စုံပြီ။

၃။ ယောဂီ ရဟန်းတော်များအတွက် စည်းမျဉ်းများ

(၁) ယောဂီ ရဟန်းတော်ဟူရာ၌ အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသော ရဟန်းတော်ကို သာလျှင် မဟာစည် သတိပဋ္ဌာန် ကမ္မဋ္ဌာန်းဌာနများ၌ ယောဂီ ရဟန်းတော်ဟု အသိအမှတ်ပြု၍ လက်ခံရမည်။

  • (က) ပါတိမောက်သိက္ခာပုဒ်များ၌ လေ့လာ သင်ကြား သိနားလည်ပြီး ဖြစ်ရမည်။
  • (ခ) ဂရုကအာပတ်၌ သံသယကင်း၍ သီလဝိသုဒ္ဓိ ပြည့်စုံပြီး ဖြစ်စေရမည်။
  • (ဂ) ဆရာသမား, သို့မဟုတ် လုံလောက်သော ပုဂ္ဂိုလ်တဦးဦး၏ ထောက်ခံချက် ရှိစေရမည်။
  • (ဃ) မဟာစည်ဆရာတော်၏ ဩဝါဒအရ သိက္ခာသင်တန်းကို တက်ရောက် သင်ကြားပြီး ဖြစ်စေရမည်၊ သို့ရာတွင် မူလကပင် အချိုးကျပြီးသော ပုဂ္ဂိုလ် များမှာ သင်တန်းတက်ရန် မလိုတော့ပါ။
  • (င) အနာကြီးငါးမျိုး စွဲကပ်ခြင်း, ခြေလက်အင်္ဂါ ချို့တဲ့ခြင်း စသော ပရိသဒူသန အပြစ်တို့မှ ယေဘုယျအားဖြင့် ကင်းရှင်းစေရမည်။

အထက်ပါ အရည်အချင်းများနှင့် ပြည့်စုံမှသာလျှင် မဟာစည်သတိပဋ္ဌာန် ကမ္မဋ္ဌာန်း ဌာနများ၌ ယောဂီရဟန်းတော်ဟု အသိအမှတ်ပြု၍ လက်ခံရမည်။

(၂) မဟာစည် သတိပဋ္ဌာန်အဖွဲ့ဝင် ယောဂီရဟန်းတော်သည် ဝိနည်း သိက္ခာပုဒ် တော်များကို အသက်ပမာထား၍ မချွတ်မယွင်း ကျင့်သုံး စောင့်ထိန်းရမည်။

(၃) အထူးအားဖြင့်-

  1. နေထိုင်ရေး၊
  2. သွားလာရေး၊
  3. ဝတ်ရုံရေး၊
  4. စားသောက်ရေး၊
  5. ဟောကြားရေး၊
  6. ပြောဆိုရေး၊
  7. ဆက်ဆံရေး-

ဟူသော ဤ ၇-ဌာနတို့၌ အပြစ်ကင်း၍ သန့်ရှင်း စင်ကြယ်စေရမည်။ ထိုတွင်-

(က) နေထိုင်ရေးမှာ

  1. အညော မေ အာကပ္ပေါ ကရဏီယော ဟူသော ဒေသနာတော်နှင့်အညီ လူဝတ်ကြောင်တို့ ၏ အသွင်အပြင် အမူအရာနှင့် မတူစေပဲ သမဏသာရုပ္ပဖြစ်သော ရဟန်းတော်တို့ ၏ အသွင်အပြင် အမူအရာ ဣန္ဒြေသိက္ခာတို့နှင့် ပြည့်စုံစေရမည်။
  2. မာတုဂါမတို့နှင့် စပ်လျဉ်း ပရူပဝါဒ ကင်းရှင်းအောင် နေထိုင်ရမည်။
  3. နိဿယမုစ္စကအင်္ဂါ မပြည့်စုံသေးလျှင် နိဿရည်းယူ၍ နေထိုင်ရမည်။

(ခ) သွားလာရေးမှာ

  1. ပါသာဒိကေန အဘိက္ကန္တေန စသော ဒေသနာတော်နှင့်အညီ အမှတ်သတိ မကင်းသဖြင့် ကြည်ညိုဖွယ်ကောင်းသော သွားလာခြင်းစသည်နှင့် ပြည့်စုံစေရမည်။
  2. ပရူပဝါဒ ဖြစ်နိုင်သော အချိန်အခါ၌လည်းကောင်း၊ ပရူပဝါဒ ဖြစ်နိုင်သော ဌာနနှင့် ပုဂ္ဂိုလ်များထံသို့ လည်းကောင်း သွားလာခြင်း မရှိစေရ။
  3. မြို့တွင်း ရွာတွင်းသို့ သွားသောအခါဖြစ်စေ, ခရီးရှည်သွားသော အခါဖြစ်စေ ဝိနည်းတော်နှင့်အညီ သွားလာရမည်။
  4. ကျန်းမာပါလျက် ဆိုက္ကား, မြင်းလှည်းစသည် စီးခြင်း မရှိစေရ။

(ဂ) ဝတ်ရုံရေးမှာ

ကမ္မဋ္ဌာနာစရိယ ရဟန်းတော်များ၏ ဝတ်ရုံရေး စည်မျဉ်းဥပဒေ ၄-ပိုဒ်လုံးအတိုင်း လိုက်နာကျင့်သုံးရမည်

(ဃ) စားသောက်ရေး

  1. ကမ္မဋ္ဌာနာစရိယ ရဟန်းတော်များ ၏ စားသောက်ရေး စည်းမျဉ်းဥပဒေ ၃-ပိုဒ် လုံးအတိုင်း လိုက်နာကျင့်သုံးရမည့်အပြင်-
  2. နိဿဂ္ဂိယပစ္စည်းများ, အကပ္ပိယပစ္စည်းများ လုံးဝကင်းရှင်းစေရမည်။

(င) ဟောကြားရေးမှာ

  1. စွမ်းရည်ရှိ၍ ကမ္မဋ္ဌာန်းဌာန၌ ဝိပဿနာတရားကို မဟာစည် ဆရာတော်၏ ယူဆ ဟောပြောပုံအတိုင်း ဒေသနာတော်နှင့်အညီ ဟောပြောရမည်။
  2. ပြင်ပတရားပွဲများ၌မူကား တရားနာပုဂ္ဂိုလ်တို့ ၏ အဇ္ဈာသယကို ထောက်ချင့်၍ သဒ္ဓါပသန္န ဖြစ်ကြစေခြင်းငှါ သင့်လျော်သလို ဟောပြောနိုင်စွမ်းရှိပေ၏၊ သို့သော် ဝိနည်းတော်နှင့်အညီ တည်ကြည်ခန့်ညားသော အသံဖြင့်သာ ဟောကြားရမည်။
  3. တရားဟောရာ၌ မယဉ်ကျေးသော ဥပမာနှင့် ဟာသကထာတို့ကို ထည့်သွင်း၍ မပြောမိစေရန် အထူးသတိပြုရမည်။ ဟာသကထာကိုကား ယဉ်ကျေးငြား သော်လည်း နည်းပါးနိုင်သမျှ နည်းပါးစေရန် သတိပြုရမည်။
  4. ကမ္မဋ္ဌာန်းဌာနတွင် အားထုတ်နေသော ယောဂီတို့အား တရား စစ်ဆေး မေးမြန်းခြင်း, အဆုံးအဖြတ် ပေးခြင်းများကို မပြုရ
  5. စာရွက်စာတန်း ကျမ်းစာအုပ်များကို “ပုံနှိပ်ခွင့်ရှိသော မဟာစည်သတိပဋ္ဌာန် အဖွဲ့ဝင် ဆရာတော် တပါးပါးထံမှ ခွင့်ပြုချက်မရှိပဲ” မဟာစည်ဆရာတော်၏ ဝိပဿနာနည်းနိဿယအဖြစ်ဖြင့် ရေးသား၍ ပုံနှိပ်ထုတ်ဝေခြင်း မပြုရ

(စ) ပြောဆိုရေးမှာ

ကမ္မဋ္ဌာနာစရိယရဟန်းတော်များ၏ ပြောဆိုရေး စည်းမျဉ်း ၁၄-ပိုဒ်လုံးအတိုင်း လိုက်နာ ကျင့်သုံးရမည်

(ဆ) ဆက်ဆံရေးမှာ

  1. လဇ္ဇီပေသလ သိက္ခာကာမ ဖြစ်သည်ဟု ယုံကြည်ရသော ပုဂ္ဂိုလ်တိုင်းနှင့် ပစ္စယသမ္ဘောဂ, ဓမ္မသမ္ဘောဂ အားဖြင့် ပေါင်းသင်းဆက်ဆံနိုင်ခွင့် ရှိသည်။
  2. မထေရ်ကြီးများအား ဂါရဝ, နိဝါတ ရှေ့ထား၍လည်းကောင်း၊ သမာန, နဝက ပုဂ္ဂိုလ်တို့အား မေတ္တာ ကရုဏာရှေ့ထား၍လည်းကောင်း နူးညံ့သိမ်မွေ့သော ကိုယ်အမူအရာ နှုတ်အမူအရာတို့ဖြင့် ပဋိသန္ဓာရဝတ် မချွတ်စေရန် လုံ့လပြုရမည်။
  3. ဒါယကာ, ဒါယကာမတို့နှင့် ဆက်ဆံရာ၌ ကုလေသွနနုဂိဒ္ဓေါ ဟူသော ဒေသနာတော်နှင့်အညီ ကုလ ဒူသန အနေသန တို့ကို ဝေးစွာရှောင်ကြဉ်၍ သဟနန္ဒိ, သဟသောကိ တို့၏ အကြောင်းဖြစ်သော ဂေဟဿိတပေမဖြင့် ရင်းနှီးစွာ ဆက်ဆံမှု မရှိစေရန် အထူးသတိပြုရမည်။
  4. ဒါယကာ, ဒါယိကာမတို့ ၏ သဒ္ဓါတရားအလျောက် ပေးလှူခြင်းမှ တပါး ဉာတိပဝါရိတ မဟုတ်သော ပုဂ္ဂိုလ်တို့ထံမှ အလှူခံခြင်း အလျဉ်းမရှိစေရ

၃-ယောဂီရဟန်းတော်များအတွက် စည်းမျဉ်းများ ဤတွင် ပြည့်စုံပြီ။

---

၄။ ယောဂီဥပါသကာ, ဥပါသိကာမများ အတွက် စည်းမျဉ်းများ

(၁) ကမ္မဋ္ဌာန်းဌာန၌ တရားအားထုတ်ဆဲ ယောဂီများသည် ကမ္မဋ္ဌာန်းဌာနဆိုင်ရာ စည်မျဉ်းများကို တသွေမသိမ်း လိုက်နာရမည်

(၂) တရားအားထုတ်ပြီးသော ယောဂီများသည်လည်း မည်သည့်နေရာဌာန၌ နေထိုင်သည်ဖြစ်စေ တရားတော်နှင့် ဆရာသမားတို့၏ဂုဏ်ကို ယုံကြည် လေးစား သောအားဖြင့် အောက်ပါဩဝါဒများကို ရိုသေစွာ လိုက်နာကျင့်သုံးရမည်

(က) နေထိုင်ရေးမှာ

လောဘ, ဒေါသ စသော ကိလေသာတို့ ၏ အလိုအားဖြင့် ရုန့်ရင်းကြမ်းတမ်းသော ကိုယ်အမူအရာ, နှုတ်အမူအရာများ ထင်ရှားမဖြစ်ပေါ်ရအောင် အမှတ်သတိဖြင့် စောင့်စည်းထိန်းသိမ်း၍ နေထိုင်ရမည်

(ခ) သွားလာရေးမှာ

သူတော်ကောင်းတို့၏ ကဲ့ရဲ့ စက်ဆုပ်အပ်သော နေရာဌာနများသို့ မသွားမလာ မိစေရန် အထူး သတိပြု၍ ရှောင်ကြဉ်ရမည်။

(ဂ) ဟောကြားရေးမှာ

  1. ဟောစွမ်းနိုင်သော ဗဟုသုတ လုံလောက်စွာမရှိပါပဲ လူများစုအား တရား ဟောပြောခြင်းကို မပြုရ
  2. ဟောစွမ်းနိုင်သော ဗဟုသုတရှိ၍ ဝိပဿနာတရားကို ဟောပြောခဲ့လျှင် မဟာစည်ဆရာတော်၏ ယူဆဟောပြောပုံအတိုင်း ဒေသနာတော်နှင့်အညီ ဟောပြောရမည်။
  3. အားထုတ်ဆဲယောဂီတို့အား တရားစစ်မေးခြင်း, အဆုံးအဖြတ်ပေးခြင်းများ မပြုရ
  4. စာရွက်စာတန်း, ကျမ်းစာအုပ်များကို “ပုံနှိပ်ခွင့်ရှိသော မဟာစည် သတိပဋ္ဌာန် အဖွဲ့ဝင် ဆရာတော်တပါးပါးထံမှ ခွင့်ပြုချက် မရှိပဲ” မဟာစည်ဆရာတော်ဘုရား၏ ဝိပဿနာ နည်းနိဿရည်း အဖြစ်ဖြင့် ရေးသား၍ ပုံနှိပ်ထုတ်ဝေခြင်း မပြုရ

(ဃ) ပြောဆိုရေးမှာ

  1. ကျောင်းကန် ဘုရားအတွင်း ဥပုသ်သီတင်းသီလ စောင့်သုံးနေသော အခါ၌ လည်းကောင်း၊ ကမ္မဋ္ဌာန်းဌာနတွင် ရောက်ရှိနေသော အခါ၌လည်းကောင်း လောက ရေးရာစကားများကို ပြောဆိုခြင်း နည်းပါးစေရန် အထူး သတိပြုရမည်။
  2. ကြမ်းတမ်းသော စကား, ကြိမ်းမောင်း ချုပ်ချယ်သော စကား, မျက်မှောက်, မျက်ကွယ်၌ ကဲ့ရဲ့ရှုတ်ချသော စကား ဤသို့သော စကားများကို မပြောဆိုမိစေရန် သတိပြုရမည်။
  3. မိမိကိုယ်ကို ချီးမြှောက်၍ ပြောဆိုခြင်း, သူတပါးတို့အား နှိမ့်ချ၍ ပြောဆိုခြင်း များမှ လုံးဝရှောင်ကြဉ်ရမည်၊ ရဟန်းတော်များအား ကဲ့ရဲ့ပြစ်တင်မိခြင်း မရှိစေရန် အထူးသတိပြု၍ စောင့်စည်းရမည်။
  4. ဝါဒမတူသော ပုဂ္ဂိုလ်များနှင့် တရားငြင်းခုံပြိုင်ဆိုင်ခြင်း အလျဉ်းမရှိစေရ
  5. တရားထူးတရားမြတ်ကို မိမိနှင့်စပ်လျဉ်း၍ အကျိုးမဲ့ ဖော်ပြပြောဆိုခြင်း မရှိစေရန် အထူးသတိပြုရမည်။

မှတ်ချက်

အကျိုးမဲ့ ဖော်ပြခြင်းဆိုခြင်းဟူသည်မှာ သူတပါး ၏အကျိုး, သာသနာတော်၏ အကျိုးများအတွက် မဟုတ်ပဲ မိမိဂုဏ် ထင်ပေါ်ရုံမျှအတွက်သာ ရည်ရွယ်၍ ပြောခြင်းမျိုးကို ဆိုလိုသည်၊ သို့ဖြစ်၍ ဝိသာခသဌေးကြီးက ဓမ္မဒိန္နာ ၏အကျိုးကို ငဲ့၍ တရားထူးကို ပြောကြားခြင်း၊ ထို့အတူ ဥပတိဿပရိဗိုဇ်က ကောလိတပရိဗိုဇ်အား ပြောကြားခြင်း၊ ခုဇ္ဇုတ္တရာက သာမာဝတီအား ပြောကြားခြင်း စသည်တို့မှာ အကျိုးရှိ သော ပြောကြားခြင်းများဖြစ်သောကြောင့် ထိုပြောဆိုမှုမျိုးကို အကျိုးမဲ့ဟူသော ဤစကားဖြင့် မတားမြစ်ဟု မှတ်ရမည်၊

တည့်တည့်ပြောရလျှင် သူတပါး၏ အကျိုးကိုငဲ့၍ ဟုတ်မှန်သောတရားထူးကို ပြောကြားခြင်း၊ သာသနာတော် တည်ထွန်းစေရန် သန္နိဋ္ဌိက နိယျာနိကဂုဏ် ထင်ရှား စေရန် ပြောကြားခြင်းများကို ဤဥပဒေသက မတားမြစ်ဟု ဆိုလို၏၊ ဤ ပြောဆိုခြင်းမျိုးကို တားမြစ်လျှင် သမ္မာဝိဟရေယျုံ ဟူသော ဘုရားစကားတော်ကို တားမြစ်ရာ ရောက်မည်၊ သတိပြုပါကုန်

(င) ဆက်ဆံရေးမှာ

  1. ရဟန်း, သံဃာတော်များနှင့် တွေ့ဆုံသောအခါ၌ သံဃာ့ဂုဏ်ကို အာရုံပြုလျက် ဥပါသကာဝတ် မချွတ်စေမူ၍ အထူးသဖြင့် ရိုသေလေးစားခြင်း ရှိစေရမည်။
  2. ရဟန်း, သံဃာ, ဆရာ သမားတို့ကို ဆည်းကပ်ကိုးကွယ်ရာ၌ ဂါဟအစွဲ မရှိစေမူ၍ ကြည်ညို အားကိုးထိုက်သော သီလ, သမာဓိ, ပညာ ဂုဏ်ကျေးဇူး များကိုသာ အာရုံပြုလျက် သဒ္ဓါတရား သက်သက်ဖြင့်သာလျှင် ဆည်းကပ် ကိုးကွယ်နိုင်ရန် သတိသမ္ပဇဉ်ဉာဏ် ယှဉ်စေရမည်။

၄။ ယောဂီဥပါသကာ, ဥပါသိကာမများအတွက် စည်းမျဉ်းများ ဤတွင် ပြည့်စုံပြီ။

---

၅။ (က) ကမ္မဋ္ဌာန်းဌာန ဆိုင်ရာ စည်မျဉ်းများ

(၁) အောက်ထစ်ဆုံး အားဖြင့် ရှစ်ပါးသီလနှင့်ပြည့်စုံ၍ ကြိုးကြိုးစားစား အားထုထ်သော ပုဂ္ဂိုလ်များသာလျှင် မဟာစည် သတိပဋ္ဌာန် ကမ္မဋ္ဌာန်းဌာနများ၌ အားထုတ် နေထိုင်ခွင့် ရှိသည်။

(၂) တာဝန်ဆောင်ပုဂ္ဂိုလ်က ညွှန်ပြချထားသော ကျောင်းခန်းနေရာ၌သာလျှင် နေထိုင်ရမည်။

(၃) သပ္ပါယမဖြစ်၍ နေရာပြောင်းလိုလျှင် တာဝန်ဆောင်ပုဂ္ဂိုလ်အား ပြောကြား၍ ၎င်းက ညွှန်ပြထားသော နေရာ၌သာ ရွှေ့ပြောင်းနေထိုင်ခွင့် ရှိသည်။

(၄) အကြောင်းထူးရှိ၍ နေရာ ရွှေ့ပြောင်းရန် တာဝန်ခံ ပုဂ္ဂိုလ်က ညွှန်ကြားလာလျှင် မည်သည့်ယောဂီမဆို အချိန်မရွေး ဝန်မလေးပဲ ရွှေ့ပြောင်းပေးနိုင်ရမည်

(၅) ယောဂီသစ်အဖြစ်ဖြင့် နေထိုင်ခွင့်ရသော ကာလအပိုင်းအခြားမှာ ဉာဏ်စဉ် တရား နာပြီးသည့် နောက် ၇-ရက်အထိ သို့မဟုတ် ကြိုးကြိုးစားစား အားထုတ် ပါလျက် တရားမပြည့်စုံသေးသော သူမှာ ၂-လ အထိ ဤမျှသာ ရှိသည်ဟု မှတ်ရမည်၊ ဤအခွင့်ကာလ ကုန်လွန်ပြီးသော ယောဂီများမှာအားလပ်သော နေရာရှိသေးလျှင် ၎င်းနေရာ၌ ယောဂီဟောင်းများ နည်းတူပင် ဆက်လက်၍ နေထိုင်ခွင့် ထပ်မံ တောင်းယူရမည်။

ခြွင်းချက်

တရားပြည့်စုံရန် နီးကပ်နေသော ယောဂီအား နေထိုင်ခွင့်ရက်ပိုများ ထပ်မံ၍ ရရှိစေရမည်၊ ဝါကပ်နေသော ရဟန်းတော်များမှာ ဝါကျွတ်သည့်တိုင်အောင် နေထိုင်ခွင့် ရှိစေရမည်၊ ကမ္မဋ္ဌာန်းဌာနအတွက် ကျေးဇူးများသော ပုဂ္ဂိုလ်များအား သင့်လျော်သောနေရာ၌ အထူးနေထိုင်ခွင့် ရရှိစေရမည်။

(၆) ထင်း, အိုး, ခွက်စသည်တို့ကို ရှုပ်ထွေးစွာ မထားရ၊ တိုက်ခန်းတွင်း၌ ချက်ပြုတ်ခြင်းကို မပြုရ၊ နေရာဌာန၏ သန့်ရှင်း စင်ကြယ်ရေးကို အလေးပြုရမည်

(၇) အရေးကြီးသော အကြောင်းထူး မရှိပဲ စကားပြောဆိုနေခြင်း မရှိစေရ၊ မပြောလျှင်မဖြစ်၍ ပြောရပါမူကား သူတပါး၏ သမာဓိ အန္တရာယ်မဖြစ်အောင် တိုးတိုးသာသာ ပြောရမည်။ သို့သော် ကြာရှည်စွာကား ပြောဆိုမနေရ၊ ကြာရှည်စွာ ပြောဆိုရန် ရှိလျှင် ကမ္မဋ္ဌန်းကျောင်းမှ ဝေးရာသို့ သွား၍ ပြောရမည်။

(၈) ဧည့်သည်များကို ကြာရှည်စွာ ဧည့်ခံစကားပြောခြင်းမှာ ဧည့်သည်များ ရောက်လာလျှင် နာယကဆရာတော်ထံမှာ လျှောက်ထားတောင်းပန် ပန်ကြားရမည်

(၉) သူတပါး၏ သမာဓိပျက်လောက်အောင် အသံမြည်စေသော အပြုအမူများကို မပြုမလုပ်ရ၊ အယုတ်ဆုံးအားဖြင့် အသံထုတ်လျက် တရားစာပေ ရွတ်ဆိုခြင်းကို သော်လည်း မပြုရ

(၁၀) သတင်းစာ ကြည့်ခြင်း, စာအုပ်စာတန်း, ကျမ်းစာအုပ်များကို ကြည့်ရှုခြင်း, ရွတ်ဖတ်သရဇ္ဈာယ်ခြင်းများကိုလည်း မပြုရ

(၁၁) အကြောင်းမဲ့ လှည့်လည်သွားလာနေခြင်း မရှိစေရ၊ အထူးအားဖြင့် ဝိသဘာဂ ဖြစ်သော ယောဂီ, ယောဂီမတို့၏ နေရာဌာနသို့ လုံလောက်သော အကြောင်းကိစ္စ မရှိပဲ သွားရောက်ခြင်းနှင့် ဝိုင်းဖွဲ့၍ စကားပြောဆိုနေခြင်းများကို အပြစ်အကြီးဆုံးဟု မှတ်ယူကြရမည်

(၁၂) အားထုတ်ဆဲ ယောဂီသစ်များသည် သတ်မှတ်ထားသော အချိန်တွင် ကမ္မဋ္ဌာန်းစစ်မေးရာဌာနသို့ လာရောက်ကြပြီးလျှင် မိမိ၏ အားထုတ်ပုံ, တွေ့သိပုံ များကို လျှောက်ကြားလျက် ဩဝါဒတရားကို နေ့စဉ် နာယူရမည်

(၁၃) အထူးလေးစားရမည့်အချိန်မှာ နေ့ ၁၂-နာရီမှ နံနက် ၅-နာရီအထိဖြစ်သည်၊ ဤအချိန်များမှာ စားသောက်မှု စသော ကိစ္စဗျာပါဒ မရှိသဖြင့် လွတ်လွတ်လပ်လပ် အားထုတ်ခွင့်ရသည့် အကောင်းဆုံး အချိန်များ ဖြစ်သည်၊ သို့ဖြစ်၍ ဤအချိန် အတွင်းမှာ အိပ်ပျော်နေသော လေး ငါး ခြောက်နာရီမှ တပါး မနေမနား အထူးသဖြင့် ကြိုးစားအားထုတ်မှု ပျက်လောင်အောင် မည်သည့် အပြုအမူမျိုးကိုမျှ မပြုမိစေရန် အထူး သတိထားရမည်။

---

၅။ (ခ) ရဟန်းတော်များအတွက် ဌာနဆိုင်ရာ သီးခြားစည်မျဉ်းများ

(၁) တခြားတပါးသို့သွားရန် ကိစ္စရှိနေလျှင် နာယက ဆရာတော်ထံ၌ ပန်ကြား၍ သွားရမည်

(၂) သေနာသန အသုံးအဆောင်များကို ကိုယ်ပိုင်ပစ္စည်းကဲ့သို့ပင် ရိုသေစွာ သုံးဆောင်ရမည်

(၃) သံဃာလုံလောက်လျှင် လပြည့်, လကွယ်နေ့တိုင်း သံဃာ့ဥပုသ် ပြုကြရမည်

(၄) ဝတ်ရုံ စားသောက်မှု, သွားလာနေထိုင်မှုများမှာ ပါသာဒိက ဖြစ်စေရမည်

(၅) ပိဏ္ဍပါတ်ကျင့်ဝတ်ဖြင့် မျှတနေထိုင်ရမည်၊ သို့သော် ဒါယကာရှိလျှင် ၎င်း ဒါယိကာ ၏ ဆွမ်းဖြင့်လည်း မျှတနေထိုင်ခွင့် ရှိသေး၏။

(၆) ယောဂီမတို့ထံ၌ ဆွမ်းခံခြင်းသည် ၎င်းတို့အား ပလိဗောဓဖြစ်စေလျက် အနှောင့်အယှက်ပေးရာရောက်သည်၊ သို့ဖြစ်၍ ၎င်းတို့၏ နေရာ ကမ္မဋ္ဌာန်း ကျောင်းသို့ သွားရောက်၍ ဆွမ်းခံခြင်း မရှိစေရ၊ ယောဂီမတို့က သင့်လျော်သော နေရာသို့ လာရောက်၍ လောင်းလှူသော ဆွမ်းကိုကား အလှူခံနိုင်ခွင့် ရှိသည်။

(၇) ယောဂီဟောင်းများနှင့် သင်တန်း ပုဂ္ဂိုလ်များမှာ နေ့စဉ် ညဉ့်ဦး ၇-နာရီ ခန့်အချိန်၌ တညီတညွတ်တည်း စည်းဝေး၍ ဘုရား ဝတ်တက်ခြင်း, ဩဝါဒ ဓမ္မက ထာများကို ပြောဟောခြင်း, နာကြားခြင်းများ ရှိစေရမည်၊ နံနက်ခင်း၌လည်း အရုဏ်မတက်မီ စောစောထ၍ ဘုရားဝတ်ပြုခြင်း, တရားနှလုံး သွင်းခြင်းများ မချွတ်ယွင်းစေရန် သတိပြုရမည်

မှတ်ချက်

ဌာနဆိုင်ရာစည်မျဉ်း ၂-ရပ်တွင် မိမိတို့၏ ဌာနအားလျော်စွာ ဖြည့်စွက် နုတ်ပယ် ငြင်းပယ်ပြင်ဆင်နိုင်ခွင့် ရှိသည်။

၅-ကမ္မဋ္ဌာန်းဌာနဆိုင်ရာ စည်းမျဉ်းများ ဤတွင် ပြည့်စုံပြီ။

မဟာစည်သတိပဋ္ဌာန်အဖွဲ့လုံးဆိုင်ရာ စည်းမျဉ်းများ ဤတွင် ပြည့်စုံပြီ။

မဟာစည်သတိပဋ္ဌာန်အဖွဲ့ဝင်
ပဓာန ကမ္မဋ္ဌာနာစရိယများနှင့်တကွ

အရှင်သောဘန
မဟာစည်ဆရာတော်
သာသနာ့ရိပ်သာ၊ ရန်ကုန်မြို့

၁၃၁၄-ခု၊ ဝါခေါင်လကွယ် ၂-ရက်နေ့။
(၇-၈-၁၉၅၂)

---

ကျောင်းအနုမောဒနာ

ရန်ကုန်မြို့ သာသနာ့ရိပ်သာ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်ကြီးက ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး သီတင်းသုံးတော်မူရန် သာသနာ့ရိပ်သာအတွင်း၌ ခမ်းနားလှစွာသော မဟာစည်ကျောင်းတော်ကို ၁၃၂၉-ခုနှစ်က ဆောက်လုပ်ခဲ့ရာ ၁၃၃၀-ခုနှစ်တွင် ပြီးဆုံး၍ ကျောင်းရေစက်ချပွဲကြီးကို ၁၃၃၀ -ပြည့်နှစ် ပြာသိုလဆန်း ၄-ရက် တနင်္ဂနွေနေ့တွင် ခမ်းနားစွာ ကျင်းပစဉ် ၁၉-ကြိမ်မြောက် ဩဝါဒ ခံယူ ပူဇော်ပွဲနှင့်လည်း ကြုံကြိုက်သဖြင့် အနယ်နယ် အစို့စို့ အမြို့မြို့ အရွာရွာမှ မဟာစည်ဩဝါဒခံ ကမ္မဋ္ဌာနာစရိယ ဆရာတော်များ ရဟန်း, ရှင်, လူ, ယောဂီ များစွာတို့လည်း ကြိုတင်ရောက်ရှိ လာကြလေသည်။

သို့ဖြစ်၍ ကျောင်းတော်ရေစက်ချပွဲ မတိုင်မီ ပြာသိုလဆန်း ၁-ရက်နေ့မှစ၍ ၃-ည တိုင်တိုင် တရားပွဲများကို ကျင်းပခဲ့ရာ ညစဉ် ညတိုင်း တရားနာ ပရိသတ်များစွာတို့ လာရောက်တရားနာကြလေသည်၊ ထိုစဉ်က ပထမည ပထမပိုင်း မန္တလေးမြို့ နန်းတော်ရှေ့ ရွှေစည်ရိပ်သာဆရာတော် အရှင်ကုလိသက လည်းကောင်း၊ ပထမည ဒုတိယပိုင်းတွင် မိုးကုတ်မြို့ လောကမာရဇိန် ရွှေဘိုဆရာတော် အရှင်မုနိန္ဒ ကလည်းကောင်း၊ ဒုတိယည ပထမပိုင်းတွင် ပဲခူးမြို့သာသနမဏ္ဍိုင် ဆရာတော် အရှင်ပညာဇောတက လည်းကောင်း၊ ဒုတိယည ဒုတိယပိုင်းတွင် စစ်ကိုင်းတောင်ရိုး အဂ္ဂမ ဟာပဏ္ဍိတ ရွှေစေတီဆရာတော်က လည်းကောင်း၊ တတိယည ပထမ ပိုင်းတွင် မိုးကုတ်မြို့ လောကမာရဇိန် ရွှေဘိုဆရာတော် အရှင်မုနိန္ဒကလည်းကောင်း အသီးသီး ဟောကြားတော်မူကြသည်။

တတိယည ဒုတိယပိုင်းတွင် ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးက ဟောကြားတော်မူသည်၊ ကျောင်းရေစက်ချပွဲ ကျင်းပသည့် ပြာသိုလဆန်း ၄-ရက် နေ့၌လည်း မဟာစည် ဆရာတော်ဘုရားကြီးကိုယ်တိုင် အနုမောဒနာတရားနှင့် ဩဝါဒတရား ဟောကြားတော်မူသည်၊ ကျောင်းတော် ရေစက်ချစာတန်းကိုလည်း ပါဠိ -မြန်မာ ၂-ဘာသာဖြင့်ရေး၍ ကိုယ်တိုင် ဒကာ, ဒကာမတို့ကို ဆိုစေ၍ ရေစက်ချ ပေးတော်မူသည်၊

ထိုစဉ်က မဟာစည်ဆရာတော်ဘုရားကြီး အပါအဝင် ဓမ္မကထိက ဆရာတော်များ ဟောကြားတော်မူသည့် တရားတော်များကို ကျောင်းအနုမောဒနာ အမည်ဖြင့် ၁၃၃၂-ခုနှစ်က စာအုပ် ရိုက်နှိပ် ထုတ်ဝေခဲ့ရာ ပြည့်စုံ ကောင်းမွန်သည့် တရားကျမ်းစာကြီး ဖြစ်လေသည်၊ ယင်းကျမ်းစာမှာ ကရောင်း ၁၆-ချိုးဆိုက်ဖြင့် ၃၂၇-မျက်နှာ ရှိလေသည်၊

ထိုစဉ်က ဆရာတော်ဘုရားကြီးကိုယ်တိုင် စီစဉ်တော်မူခဲ့သည့် ပါဠိရေစက်ချစာတန်း, မြန်မာရေစက်ချစာတန်း တို့ကို ရဟန်းသံဃာတော်များက အတုယူနိုင်ရန် အောက်ပါ အတိုင်း ဖော်ပြအပ်ပါသည်။

---

ပါဠိ ရေစက်ချစာတန်း

မယံ ဘန္တေ သမသဒ္ဓါ သမဆန္ဒာ သမစိတ္တာ သင်္ဂမ္မ သံသာရဝဋ္ဋဒုက္ခတော မောစနတ္ထာယ နိဗ္ဗာနဿ သစ္ဆိကရဏတ္ထာယ ဣမသ္မိံ သာသနာ့ရိပ်သာအာရာမေ ဒွိသတမတ္တေဟိ ကဟာပဏသဟ ဿေဟိ မဟာဘေရီ ဝိဟာရဝရနာမကံ ဝိဟာရံ အတိသောဘိတံ ဒဿနိယံ ပါသာဒိကံ မနောရမံ ကာရာပေတွာ ဣဒါနိ ဝိဟာရမဟံ နာမ မဟာဒါနသတံ ကရောမ၊ ဣမသ္မိံ စ ဘန္တေ ဝိဟာရမဟေ ကရိ ယမာနေ ပဌမံ ယော ဒိဝသေ ဘိက္ခုသံဃဿ ဘတ္တဒါနဉ္စ ဗဟုဇနဿ ဓမ္မဒါနဉ္စ တဒူပစာရ ဘာဝေန ကရိမှာ၊ အဇ္ဇ ပန သာဓိကသတ သင်္ချဿ ဘိက္ခုသံဃဿ အရုဏုဂ္ဂမနကာလေ စ မဇ္ဈဏှိကာသန္န ကာလေစာတိ ဒွီသု ကာလေသု ဒွိက္ခတ္တုံ ပဏီတာနိ ပိဏ္ဍပါတခါ ဒနီယ ဘောဇနီယ ဝိသေသ ပါနာနိ သက္ကစ္စံ အဒမှာ၊ အနေက သဟဿေ စ ဥပါသကော ပါသိကဇနေ ပဏီတေဟိ ခါဒနီယ ဘောဇနီယပါနဝိသေသေဟိ ဘောဇယိမှာ။

ဧဝဉ္စ ဘန္တေ ဒတွာ ဘောဇေတွာ စ ဒါနိ ဘိက္ခုသံဃဿ သမ္မုခေ သရဏသီလာနိ ပုန သမာဒိယိတွာ ဧတဿ ယထာဝုတ္တ ဝိဟာရဿ မဟာဘေရီ ဝိဟာရဝနာမကဿ ဥပရိမဘူမိသခင်္ခါတံ ဥပရိမဘာဂံ ယထုဒ္ဒိဋ္ဌပရိစ္ဆိန္နံ ဗုဒ္ဓဿ စ ဘိက္ခုသံဃဿ စ ဒက္ခိဏော ဒကံ ဩသိဉ္စိယ သက္ကစ္စံ ဒေမ၊ ဧတ္ထ ဘန္တေ ယထာပရိစ္ဆိန္နေ ဗုဒ္ဓပဋိမာ ဂဗ္ဘေ ဗုဒ္ဓပဋိမာ ဒေဝမနုဿာနံ ဝန္ဒနာမာန ပူဇာသက္က ာရေ သမ္ပဋိစ္ဆ မာနာ ပတိဋ္ဌာတု၊ တဒညဋ္ဌာနာနိ ပန သီလာဒိဂုဏသမ္ပန္နာ ဘိက္ခူ အဓောတေဟိ ဓောတေဟိ စ သောဒကေဟိ ပါဒေဟိ က္ကမိတွာ သဗ္ဗကာယင်္ဂေဟိ စ ဖုသိတွာ နဟာနကောဋ္ဌကဂဗ္ဘေ ပန သဥပါဟ နာပိ ဟုတွာ ယထာသုခံ ပရိဘုဉ္ဇန္တု လေဏတ္ထာယစ သုခတ္ထာယ စ ဈာယိတုဉ္စ ဝိပဿိတုဉ္စ

ဟေဋ္ဌိမဘူမိသင်္ခါတံ ပနဿ ဟေဋ္ဌိမဘာဂံ သဓမ္မေ ဒသနာ မဟာဂဗ္ဘံ မဟာစည် ထေရပ္ပမုခဿ ဂဟဋ္ဌပဗ္ဗဇိတ ယောဂါဝစရ ဂဏဿ သတိပဋ္ဌာန ဓမ္မပရိပူရကဿ ဒေမ အဓောတေဟိ ဓောတေဟိ စ သောဒကေဟိ ပါဒေဟိ အက္ကမိတွာ သဗ္ဗကာယင်္ဂေဟိ စ ဖုသိတွာ ယထာ သုခံ ပရိဘုဥ္ဇိတုံ၊ ဧတ္ထ ဘန္တေ သီလာဒိဂုဏသမ္ပန္နာ ဘိက္ခုသာမဏေရာ စ ဂဟဋ္ဌယောဂါဝစရာ စ ဓမ္မမာမကာ ဥပါသကာ ဥပါသိကာယော စ ယထာနိယမ ိတံ ယထာ သုခံ ဝသမာနာ ဓမ္မဒေသနာ ဓမ္မသဝနာဒိ သာသနကိစ္စာနိ ကရောန္တု၊ ဘာဝနဉ္စ အနုယုဉ္ဇန္တု၊ ဓမ္မံ သုဏိတွာ ဘာဝနဉ္စ အနုယုဥ္ဇိတွာ မဂ္ဂဖလနိဗ္ဗာနံ ခိပ္ပံ ပါပုဏန္တု

အထောပေတံ ဝိဟာရံ မဟာစည် ထေရောဝါဒ ပဋိဂ္ဂါဟကဿ သာသနာ့ရိပ်သာ အာရာမရက္ခကဂေါပကဘူတဿ ဗုဒ္ဓသာသနာနုဂ္ဂဟ သမဂ္ဂုက္ကဋ္ဌဿ စ နိယျာတေမ ယထာနိယမိတံ ရက္ခဏဂေါပနတ္ထာယ။

ဣမာနိ စ စီဝရာဒိနာနာဒေယျဓမ္မဝတ္ထုနိ သီလာဒိဂုဏသမ္ပန္နာနံ ပဉ္စသဋ္ဌိယာ ထေရာနံ ယထာဥဒ္ဒိဋ္ဌာနံ ဝိသုံဝိသုံ ပရိစ္ဆိဇ္ဇ သက္ကစ္စံ ဒေမ ပူဇေမ။

ဣဒံ နော ပုညံ အာသဝက္ခယာဝဟံ ဟောတု၊ ဣမဿ ပုညဿ ပတ္တံ သဗ္ဗေသံ သတ္တာနံ ဒေမ၊ သဗ္ဗေပိ တေ ဣမဿ ပုညဿ ပတ္တိံ လဒ္ဓါ သုခိတာ ဟောန္တု

ပါဠိရေစက်ချက ပြီးသွားပြီ၊ ယခု မြန်မာလို ရေစက်ချမယ်၊ ရေစက်ခွက်ကိုင်ကြ၊ အားလုံး လိုက်ဆိုကြရမယ်။

---

မြန်မာသက်သက် ရေစက်ချစာတန်း

သံဃာတော်အရှင်မြတ်တို့ဘုရား ... တူညီသော သဒ္ဓါ, တူညီသော ဆန္ဒ, တူညီသော စိတ်အကြံ ရှိကြသော ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ဝင်များ, မဟာစည် ဩဝါဒခံ ယောဂီများနှင့် အခြားစေတနာရှင်များ ဖြစ်ကြသော တပည့်တော်တို့သည် အညီ အညွတ် စုပေါင်းကြပြီးလျှင် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်၍ နိဗ္ဗာန်ကို လျင်မြင်စွာ မျက်မှောက် ပြုပါရခြင်းအကျိုးငှါ ရည်သန် တောင့်တ၍ ဤ သာသနာ့ ရိပ်သာ အာရာမ်ကျောင်းတိုက်၌ နှစ်သိန်းမျှသော ကျပ်ငွေတို့ဖြင့် ရှုချင်စဖွယ် အလွန်တင့်တယ်၍ ကြည်နူးဖွယ် နှလုံးမွေ့လျော်ဖွယ် ကောင်းလှစွာသော မဟာစည် ကျောင်းတော် မည်သော ကျောင်းကို ဆောက်လုပ်စေပြီးလျှင် ယခုအခါ၌ ကျောင်းရေစက်ချပွဲ ခေါ်သော မဟာဒါန အလှူပွဲကြီးကို ခမ်းနား သိုက်မြိုက်စွာ ဆင်ယင်ကျင်းပပါကုန်၏၊

အရှင်မြတ်တို့ ဘုရား ... ဤ ကျောင်းရေစက်ချ ပူဇော်ပွဲကို ကျင်းပသောအခါ ရှေးဦးစွာ သံဃာတော်အား ဆွမ်းကပ်လှူခြင်း, လာလာသမျှ အလုံးစုံသော ပုဂ္ဂိုလ်တို့အား တရားဟောလှူခြင်းတို့ကို ယင်းရေစက်ချပွဲ ၏ အကြိုပူဇော်ပွဲ အဖြစ်ဖြင့် သုံးရက် တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပါကုန်၏၊ ယနေ့ အဖို့၌မူကား တရာကျော် အရေအတွက် ရှိသော ရဟန်းသံဃာတော်အား အရုဏ်ဆွမ်း တကြိမ်, နေ့ဆွမ်းတကြိမ်အားဖြင့် ၂ -ကြိမ်တိုင်တိုင် မွန်မြတ်သော ဆွမ်း ခဲဖွယ်ဘောဇဉ်နှင့် သောက်ဖွယ်အထူးတို့ကို ရိုသေစွာ ဆက်ကပ်လှူဒါန်း ကျွေးမွေး ပူဇော်ခဲ့ပါကုန်ပြီ၊ ထောင်ပေါင်း များစွာသော ဥပါသကာ, ဥပါသကီ လူပရိသတ် တို့ကိုလည်း မွန်မြတ်သော ခဲဖွယ်ဘောဇဉ် သောက်ဖွယ်အထူးတို့ဖြင့် ကျွေးမွေးခဲ့ပါကုန်ပြီ။

အရှင်မြတ်တို့ဘုရား ... ဤသို့ ဆက်ကပ်လှူဒါန်း ကျွေးမွေးကြပြီးလျှင် ယခုအခါ ရဟန်းသံဃာတော်၏ မျက်မှောက်၌ သရဏဂုံ သုံးပါးနှင့်တကွ ငါးပါးသီလ, ရှစ်ပါးသီလတို့ကို ထပ်မံ ဆောက်တည်ကြပြီးလျှင် ယခုတွင်ပင် လျှောက်ထားအပ် ခဲ့ပြီးသော မဟာစည် ကျောင်းတော် ခေါ်သော ဤကျောင်း ၏ အထက်ထပ်ဟု ဆိုအပ်သော အထက်ပိုင်းအဖို့ကို ရည်ညွှန်း ပိုင်းခြားရင်း ရှိသည့်အတိုင်း မြတ်စွာဘုရားအား လည်းကောင်း၊ သံဃာတော်အားလည်းကောင်း မြတ်သော အလှူရေစက်ကို သွန်းချ၍ ကောင်းမွန်စွာ ရိုသေစွာ လှူဒါန်းပါကုန်၏ အရှင်မြတ်တို့ ဘုရား၊

ဤကျောင်း အထက်ထပ်၌ ရည်ညွှန်း ပိုင်းခြားထားအပ်သော ဘုရားခန်း၌ မြတ်စွာဘုရား၏ ကိုယ်တော်စားဖြစ်သော ဘုရား၏ရုပ်ပွား ဆင်းတုတော်သည် နတ်လူတို့ ၏ ရှိခိုးခြင်း, မြတ်နိုးခြင်း, ပူဇော်ခြင်း, အရိုအသေ ပြုခြင်းတို့ကို ခံတော်မူကာ ကိန်းအောင်း တည်နေပါစေသတည်း၊ ထိုဘုရားခန်းမှ တပါးသော ဌာနတို့ကိုမူ သီလအစရှိသော ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံတော်မူကြသော ရဟန်းတော်တို့သည် မဆေးအပ်သောခြေ, ဆေးပြီး၍ ရေစိုနေသော ခြေတို့ဖြင့် နင်း၍လည်းကောင်း၊ အလုံးစုံသော ကိုယ်အင်္ဂါတို့ဖြင့် ထိပါးသုံးသပ်၍လည်းကောင်း၊ ရေချိုးခန်း၌မူ ဖိနပ်စီး၍လည်းကောင်း၊ ကိန်းအောင်းရန် အလို့ငှါလည်းကောင်း၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာရန်အလို့ငှါ လည်းကောင်း၊ သမထအာရုံကို ရှုရန်အလို့ငှါ လည်းကောင်း၊ ဝိပဿနာရှုရန် အလို့ငှါလည်းကောင်း ချမ်းသာသည့်အလျောက် အလိုရှိတိုင်း သုံးဆောင်တော်မူကြပါစေကုန်သတည်း။

ထို့ပြင် တရားဟောရန် ဓမ္မာရုံခန်းမကြီးနှင့်တကွ ယင်းမ ဟာစည် ကျောင်းတော်၏ အောက်ထပ်ဟု ဆိုအပ်သော အောက်ပိုင်း အဖို့ကိုမူ မဟာစည်ဆရာတော် အမှူး ရှိသော သတိပဋ္ဌာန်တရား ပွားများဖြည့်ကျင့်သော ရဟန်း, ရှင်, လူယောဂီ အပေါင်းအား မဆေးအပ်သောခြေ, ဆေးပြီး၍ ရေစိုနေသောခြေတို့ဖြင့် နင်း၍ လည်းကောင်း၊ အလုံးစုံသောကိုယ်အင်္ဂါတို့ဖြင့် ထိပါးသုံးသပ်၍လည်းကောင်း၊ ချမ်းသာသည့်အလျောက် အလိုရှိတိုင်း သုံးဆောင်ရန် အလို့ငှါ မြတ်သော အလှူ ရေစက်ကို သွန်းချ၍ လှူဒါန်းပါကုန် ၏ အရှင်မြတ်တို့ဘုရား၊

ဤမဟာစည်ကျောင်းတော် အောက်ထပ်၌ သီလအစရှိသော ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံကုန်သော ရဟန်းသာမဏေတို့သည် လည်းကောင်း၊ လူဝတ်ကြောင် ယောဂီ တို့သည် လည်းကောင်း၊ တရားကို မြတ်နိုးသော ဥပါသကာ, ဥပါသိကာယော တို့သည် လည်းကောင်း ပိုင်းခြား သတ်မှတ် ထားသည့်အတိုင်း ချမ်းသာသည့် အလျောက် အလိုရှိတိုင်း သီတင်းသုံး နေထိုင်ကုန်လျက် တရားဟောခြင်း, တရား နာခြင်း အစရှိသော သာသနာနှင့်စပ်ဆိုင်သော ကိစ္စတို့ကို ပြုလုပ်ဆောင်ရွက် ကြပါစေ၊ ဘာဝနာအလုပ်ကိုလည်း အားထုတ်ကြပါစေ၊ တရားနာကာ ဘာဝနာကို အားထုတ်ကြ၍ မဂ်ဖိုလ်နိဗ္ဗာန်ကို လျင်မြန်စွာ ဆိုက်ရောက်ကြပါစေ

ထို့ပြင်လည်း ဤမဟာစည်ကျောင်းတော်ကို ထိန်းသိမ်းစောင့်ရှောက်ရန် အလို့ငှါ မဟာစည်ဩဝါဒခံ သာသနာ့ရိပ်သာ အာရာမ်၏ အစောင့်အရှောက် ဂေါပက ဖြစ်သော ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်အားလည်း အပ်နှင်းပါကုန်၏ အရှင်မြတ်တို့ ဘုရား။

ထို့ပြင် ဤသင်္ကန်း, ခြင်ထောင်အစရှိသော လှူဖွယ်ဝတ္ထု တို့ကိုလည်း သီလ အစ ရှိသော ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံတော်မူကြသော ရည်ရွယ်အပ်သော ၆၅-ပါးသော မထေရ်တို့အား အသီးသီး ပိုင်းခြား၍ ရိုသေစွာ လှူဒါန်းပူဇော်ပါကုန်၏ အရှင်မြတ်တို့ ဘုရား။

သံဃာတော်နှင့် လူပရိသတ်များစွာတို့အား ကောင်းစွာကျွေးမွေးခြင်း၊ ကျပ်ငွေ နှစ်သိန်းတန် မဟာစည် ကျောင်းတော်ကို ရေစက်သွန်းချ လှူဒါန်းခြင်း၊ ၆၅-ပါးသော အရှင်မြတ်တို့အား သင်္ကန်း, ခြင်ထောင် အစရှိသော အမျိုးမျိုးသော လှူဖွယ်ဝတ္ထု တို့ကို လှူဒါန်း ခြင်း အစရှိသော တပည့်တော်တို့၏ ဤကောင်းမှု အပေါင်းသည် အာသဝေါ တရား ၄-ပါးတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ရွက်ဆောင်နိုင်ပါစေကုန်သတည်း

မဟာစည်ကျောင်းတော်ကို ရေစက်ချ လှူဒါန်းခြင်း အစရှိသော ဤကောင်းမှု အပေါင်း ၏ အဖို့ဘာဂကို ကွယ်လွန်လေသော ဤမဟာစည်ကျောင်းတော်၏ အရင်းခံ မ, တည် ဒါယကာဖြစ်သူ ဆာဦးသွင်နှင့်တကွ ကျွနု်ပ်တို့၏ အသီးသီးသော အမိအဘ, အဆွေအမျိုး ဤအာရာမ်၌ ရောက်ရှိသော ပရိသတ်အပေါင်းတို့မှစ အလုံးစုံသော သတ္တဝါအပေါင်းတို့အား အမျှ - အမျှ - အမျှ ပေးဝေပါကုန်၏၊ အလုံးစုံသော ထို သတ္တဝါတို့သည် ဤကောင်းမှု၏ အဖို့ကို အညီအမျှ ရကြ၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေသော်

အမျှ-အမျှ-အမျှ ယူတော်မူကြပါကုန်လော့။

သာဓု … သာဓု … သာဓု …

လောကဓံတရားတော်

ဆရာတော်ဘုရားကြီးသည် ၁၃၂၆-ခုနှစ်မှ ၁၃၂၇-ခုနှစ်ထိ သင်္ကြန်အခါတော်တွင် အင်္ဂုတ္တရနိကာယ် အဋ္ဌကနိပါတ်လာ လောကဓံတရားတော်ကြီးကို ဟောကြားတော် မူခဲ့လေသည်၊ ယင်းဟောကြားတော်မူချက်တို့ကို အသံဖမ်းကြိုးခွေမှ တဆင့် ကူး၍ သုတ်သင်ပြင်ဆင်ပြီး လောကဓံတရားတော် အမည်ဖြင့် ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ်က ၁၃၃၂-ခုနှစ်တွင် စာအုပ်အဖြစ် ရိုက်နှိပ်ထုတ်ဝေခဲ့ရာ ရဟန်း, ရှင်, လူ တို့များစွာ အကျိုးရှိလေသည်၊ ယင်းကျမ်းကို ဆရာတော်ဘုရားကြီး ၏ ဓမ္မဒေသနာ ဆောင်ပုဒ်များကို ထည့်သွင်း၍ ပုံနှိပ်ထားရာ ကရောင်း ၁၆-ချိုး ဆိုက်ဖြင့် စာမျက်နှာ ၁၅၈-ရှိလေသည်၊ ယင်းကျမ်းလာ ဓမ္မဒေသနာ ဆောင်ပုဒ်များကား-

၁။ စိန်ပုလဲပါ, ကျောက်သန္တာ, တဖြာ ပတ္တမြား၊
၂။ လေးစလှယ်ဆယ့်တစ်, နှစ်ဆယ့်နှစ်, ထည့်လစ် သုံးသုံးများ၊
၃။ အခြားရတနာ, ရောယှက်ကာ, သင့်စွာ စီခြယ်ထား၊
၄။ မဟာလတာ, မြတ်တန်ဆာ, ကိုးရာ သိန်းထိုက်သား၊
၅။ သင်္ကန်းလှူလတ်, မိန်းမမြတ်, ရတတ်ကျိုးတရား၊
၆။ ဧဟိဘိက္ခု, ရဟန်းပြု, ဆုံးဆု ကျိုးတရား-

ဟူသော သင်္ကန်းလှူသူ၏ အကျိုးပြဆောင်ပုဒ်များ

၁။ တိသရဏ, ငါးသီလ, မဲချ စာရေးတံ၊
၂။ ဆယ့်ငါးရက်ဆွမ်း, ဝါသင်္ကန်း, လှူဒါန်းသောက်ရေကန်၊
၃။ ကျောင်းလှူတဝ, နိဗဒ္ဓ, ပုညရှိသူမှန်၊
၄။ သောတာလိုပဲ, ဂတိမြဲ, သူလဲ ပါယ်မပြန်-

ဟူသော ဝါဆိုသင်္ကန်းလှူကျိုး စသည် ဆောင်ပုဒ်များ

၁။ ကထိန်နိသင်, ငါးပါးတွင်, လေးအင် အကျိုးမှာ၊
၂။ သီတင်းကျွတ်က, တလမျှ, ရကြတော့သည်သာ၊
၃။ သုံးထည်သင်္ကန်း, ဆောင်ယူထမ်း, ပင်ပန်းဝန်လေးရာ၊
၄။ ဘဒ္ဒဝဂ္ဂီ, သုံးဆယ်ထေရ်, လာသည် ခဲယဉ်းစွာ၊
၅။ ဘုရားထံမှောက်, စုံညီရောက်, မေးလျှောက်ပြီးသောအခါ၊
၆။ ထို့ကြောင့် နှိုင်းချိန်, မြတ်ဘုန်းရှိန်, ကထိန်ခွင့်ပြုပါ၊

ကထိန်ခေါ်ခြင်း၏ အကြောင်း

၁။ ကထိန်ခေတ်ခါ, ခိုင်စေတာ, စွဲကာ ကထိန်မည်၊
၂။ ကထိန်ဘောင်ကြီး, ခင်းဟန်ပြီး, တနည်း ကထိန်မည်၊
၃။ ကထိန်ခင်းက, ကျိုးငါးဝ, ငါးလတိုင်ရသည်။

ရဟန်းများရနိုင်သော အကျိုးငါးပါး

၁။ မပန်မကြား, လိုရာသွား, ပြစ်များ မသင့်ပြီ၊
၂။ သုံးထည်ထဲမှာ, ထားလိုရာ, ထားကာ သွားနိုင်သည်၊
၃။ လေးပါးဟုပင်, ဂိုဏ်းဘောဇဉ်, စားလျှင် စားနိုင်သည်၊
၄။ သင်္ကန်းများစွာ, ငါးလမှာ, သိမ်းကာ ထားနိုင်သည်၊
၅။ သံဃာလှူငြား, သင်္ကန်းများ, သူ့အားသာဖြစ်သည်။

ကထိန်ဒကာမှာရသော အကျိုးငါးပါး

၁။ လှူသူမှာလဲ, နည်းတူပဲ, ရမြဲ ကျိုးငါးဖြာ၊
၂။ တားဆီးကင်းကွာ, လွတ်လပ်စွာ, လိုရာ သွားနိုင်သည်၊
၃။ တာဝန်ကိစ္စ, မလေးရ, ပေါ့ပါးလေတော့သည်၊
၄။ စားလိုသူများ, စားသော်ငြား, ဘေးကား မဖြစ်ပြီ၊
၅။ ပစ္စည်းအများ, သိမ်းပိုက်ထား, ဘေးကား မရှိပြီ၊
၆။ ကိုယ့်ပစ္စည်းများ, သူတပါး, ယူသွားကင်းပသည်၊
၇။ ကထိန်ဒကာ, ကျိုးငါးဖြာ, ကောင်းစွာ ရနိုင်သည်-

ဟူသော ကထိန်နှင့်စပ်သည့် ဆောင်ပုဒ်များစသည့် မှတ်သားအောင် ပါရှိလေသည်

၂၃-ကြိမ်မြောက် ပူဇော်ပွဲ ဩဝါဒကထာ

၂၃-ကြိမ်မြောက် ကျင်းပ ပြုလုပ်သည့် ဩဝါဒခံယူပူဇော်ပွဲတွင်လည်း သာသနာ ပြုပုံပြုနည်း ဩဝါဒကထာကို မိန့်ကြားတော်မူခဲ့လေသည်၊ ယင်းကိုလည်း စာအုပ် ရိုက်နှိပ်ထုတ်ဝေခဲ့ရာ ဆရာတော် ပြုစုသည့် ကျမ်းစာများတွင် ပါဝင်ထင်ရှား ခဲ့လေသည်။

သလ္လေခသုတ် တရားတော်ကြီး

သလ္လေခသုတ်တရားတော်သည် မဇ္ဈိမနိကာယ် မူလပဏ္ဏာသ ပါဠိတော် မူလပရိယာယဝဂ်၌ ပါရှိလေသည်၊ နက်နဲခက်ခဲသော သုတ္တန်အဖြစ် ထင်ရှား လေသည်၊ ယင်းသုတ္တန်အဆုံး၌ သင်္ဂီတိကာရက ရဟန္တာ သခင် အရှင်မြတ်များ သို့မဟုတ် သီဟိုဠ်ရဟန်းတော်များသည် -

စတ္တာလီသပဒါ ဝုတ္တာ, သန္ဓယော ပဉ္စ ဒေသိတာ၊
သလ္လေခေါ နာမ သုတ္တန္တော, ဂမ္ဘီရော သာဂရူပမော။

ဟူသော ဂါထာဖြင့် ပုဒ်ပေါင်း ၄၀, အစပ်ပေါင်း ၅-ခုပါရှိကြောင်း, သမုဒ္ဒရာထက် နက်နဲကြောင်း မိန့်ဆိုတော်မူခဲ့ကြသည်၊ ကျေးဇူးရှင် မဟာစည် ဆရာတော် ဘုရားကြီးသည် ၁၃၃၁-ခုနှစ် နှောင်းတန်ခူးလဆန်း ၈-ရက်နေ့က စ၍ အခွင့်ရသော ဥပုသ်နေ့များတွင် ဟောတော်မူခဲ့ရာ ၁၂-ပွဲတိတိ ဟောတော်မူခဲ့ရလေသည်

ဆရာတော်ဘုရားကြီး၏ ဝီရိယနှင့် ဉာဏ်တော်တို့ကား အံ့ဩဖွယ်ကောင်းလှ၏၊ ဆရာတော်ဟောစဉ်က ဖမ်းယူ ထားသောတရားသံကို တိပ်ကြိုးခွေများမှ ကူးယူ၍ လက်နှိပ်စက်ဖြင့်ရိုက်ပြီး ဆရာတော်ဘုရားကြီးကိုယ်တိုင် သုတ်သင် တည်းဖြတ်၍ ဗုဒ္ဓသာသနာနုဂ္ဂဟ ပဋိပတ္တိသာသနာပြု မဟာစည်ရန်ပုံငွေဖြင့် ပုံနှိပ်ထုတ်ဝေခဲ့ရာ ဒီမိုင်းဆိုက်ဖြင့် ပထမတွဲ, ဒုတိယတွဲ ၂-တွဲရှိလေရာ ပထမတွဲ စာမျက်နှာ ၂၉၆, ဒုတိယတွဲ ၂၈၇-ရှိလေသည်။

ဟေမဝတသုတ္တန်တရားတော်

ဟေမဝတသုတ္တန်တရားတော်သည် ခုဒ္ဒကနိကာယ် သုတ္တနိပါတ် ပါဠိတော် ဥရဂဝဂ် တွင် သင်္ဂါယနာတင် ရဟန္တာ အရှင်သူမြတ်တို့ ထည့်သွင်း စီစဉ်တော်မူခဲ့ကြသည်၊ ဓမ္မစကြာတရား ဟောအပြီး ဝါဆိုလပြည့်နေ့ညတွင် ဘုရားမြတ်စွာ ဟောတော်မူ ခဲ့လေသည်၊ ဂါထာပေါင်း ၃၀-ရှိ စိတ်ဝင်စားဖွယ်, ကြည်ညိုဖွယ်ကောင်းသည့် သုတ္တန်ဖြစ်သည်၊

ဆရာတော်ဘုရားကြီးသည် ၁၃၂၄-ခုနှစ် နှောင်းတန်းခူးလပြည့်ကျော် ၆-ရက်နေ့ မှစ၍ ၆-ကြိမ်တိုင် ဟောတော်မူခဲ့လေသည်၊ အမြော်အမြင်ရှိသော ဗုဒ္ဓသာသနာ့ နုဂ္ဂဟအဖွဲ့ချုပ် သူတော်စင် လူကြီးမင်းများသည် ယင်းတရားတော်ကို အသံဖမ်းယူ၍ ၎င်းမှ ကူးယူကာ ဆရာတော်ဘုရားကြီး ကိုယ်တိုင် တည်းဖြတ်တော်မူပြီး ၁၃၃၅-ခုနှစ်လောက်ကစ၍ ပုံနှိပ်ထုတ်ဝေခဲ့ရာ ထင်ရှားသည့် တရားကျမ်းကြီး ဖြစ်လာ လေသည်၊ ဟေမဝတသုတ္တန်တရားတော်ကျမ်းစာ၌ -

အဇ္ဇ ပန္နရသော ဥပေါသထော, ဒိဗ္ဗာ ရတ္တိ ဥပဋ္ဌိတာ၊
အနောမနာမံ သတ္ထာရံ, ဟန္ဒ ပဿာမိ ဂေါတမံ။

ဟူသော သာတာဂိရိနတ်က ဟေမဝတနတ် ဘုရားဖူးဖိတ်ဂါထာကို-

လပြည့်စက်ဝန်း, တက်ထွန်းစင်ကြယ်၊
ပန်းစုံဖူးပွင့်, နတ်ညဉ့်ပျော်ဖွယ်။
အရှင်ဂေါတမ, မည်ရ မျိုးနွယ်၊
တို့ဘုရား, ခုသွား ဖူးစို့ကွယ်။

ဟု စပ်ဆိုတော်မူချက်ကို တွေ့ရလေသည်၊ ဆရာတော်ဘုရားကြီးကား အပြော, အဟော, အရေး, ကျင့်, ဆောင် စသည် ဘာမျှလိုလေသည်မရှိပြည့်စုံသည့် ပုဂ္ဂိုလ်ထူး ဖြစ်ပါပေသည်။

မဟာစည်ထေရသေဋ္ဌောဟိ, အနုနော သမ္ပုဏ္ဏော သုဓီ၊
ဧဒိပုဂ္ဂလဝိသေသော, ဧကဒါ ဟိ ဥပ္ပဇ္ဇတိ။

ယင်း ဟေမဝတသုတ္တန် တရားတော်ကျမ်းမှာ ၁၉၇၆-ခု ဒုတိယအကြိမ် ရိုက်နှိပ် ကျမ်းမှာ ကရောင်း ၁၆-ချိုး မျက်နှာဖြင့် ၃၇၆-မျက်နှာရှိလေသည်။

၂၄-ကြိမ်မြောက် ပူဇော်ပွဲဩဝါဒနှင့်
၂၄-ကြိမ်မြောက် နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေးဩဝါဒ

၂၄-ကြိမ်မြောက် တနိုင်ငံလုံး တပည့်ရဟန်းရှင်လူတို့၏ ပူဇော်ပွဲတွင်လည်း အလွန်တရာ မှတ်သားဖွယ် ကောင်းသည့် ဩဝါဒ မိန့်ကြား လမ်းညွှန်တော်မူခဲ့ လေသည်၊ ၎င်းပြင် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ၂၄-ကြိမ်မြောက် နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေးကြီး၌လည်း ဆရာတော်သည် အောက်ပါအတိုင်း မိန့်ကြားတော်မူခဲ့လေသည်၊ ယင်းဩဝါဒကို ကြည်ညိုသဒ္ဓါ ဖတ်ကြားလိုက်နာရာ၏

ဩဝါဒကထာ

ဒီနေ့ဟာ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်ရဲ့ ၂၄-ကြိမ်မြောက် သင်းလုံးကျွတ် အစည်းအဝေးပွဲနေ့ ဖြစ်တယ်၊ ဒီကနေ့ ဘုန်းကြီးပြောဖို့ရာကတော့ အလျင်နှစ်က ပြောခဲ့တဲ့ စကားအချို့ကို ထပ်ပြီးတော့ ပြောဖို့ပါပဲ။

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ကြီး မူလစတင်ပြီးတော့ ဖွဲ့စည်းကတည်းက ဗုဒ္ဓသာသနာ တော်ကို အမြင့်မြတ်ဆုံး ချီးမြှောက်ခြင်းဖြင့် ချီးမြှောက်ရန် ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းပြီးတော့ လာခဲ့ကြတယ်၊ ဗုဒ္ဓသာသနာတော်ကို ချီးမြှောက်တဲ့အဖွဲ့တွေ မြန်မာပြည်မှာ အမြောက်အမြားရှိပါတယ်၊ ရန်ကုန်မြို့မှာလဲ ရှိတယ်၊ အခြားအခြား မြို့တွေမှာလဲ ရှိတယ်၊ တောရွာတွေမှာလဲ ရှိတယ်၊ အမည်တော့ဖြင့် အမျိုးမျိုး တပ်ထားကြတယ်၊ ဘယ်လိုပဲ တပ်ထားသည် ဖြစ်စေကာမူ ဗုဒ္ဓသာသနာတော်ကို ချီးမြှောက်ဖို့ ရည်ရွယ်ပြီးတော့ ဖွဲ့စည်းတဲ့ အဖွဲ့အစည်းတွေပါပဲ၊

အဲဒီအဖွဲ့အစည်းတွေက ဗုဒ္ဓသာသနာတော်ကို တတ်နိုင်သမျှ ချီးမြှောက်ကြပါတယ်၊ အများအာ းဖြင့်တော့ ချီးမြှောက်တာတွေများပါတယ်၊ ပရိယတ္တိဘက်က စာသင်တိုက် ချီးမြှောက်တဲ့အဖွဲ့တွေ အများကြီးရှိပါတယ်၊ ပဋိပတ်ဘက်ကလဲ အခုနေ အခါတော့ တော်တော်များများ ရှိနေပါတယ်၊ သူတို့အခွင့်အရေးရှိသည့် အားလျော်စွာ ပရိယတ္တိသာသနာတော် ဘက်ကလဲ တိုးတက်သင့်သမျှ တိုးတက်အောင်, ပဋိပတ် ဘက်ကလဲ တိုးတက်သင့်သမျှ တိုးတက်အောင် ချီးမြှောက် ထောက်ပံ့ပြီးတော့ နေကြပါတယ်၊

အကုန်လုံး အာရုံပြုပြီးတော့ ကြည့်မယ်ဆိုယင် ဝမ်းမြောက်စရာပါပဲ၊ ဗုဒ္ဓသာသနာတော်ကြီး ရှည်မြင့်အောင်, တည်တံ့အောင်လို့ ဆောင်ရွက်ပြီးတော့ နေကြတာပဲ၊ အင်မတန်ကောင်းတဲ့ လုပ်ငန်းပါပဲ၊ ဒီဗုဒ္ဓ သာသနာနုဂ္ဂဟ အဖွဲ့ချုပ်ကြီးရဲ့ ရည်ရွယ်ချက်ကတော့ အမြင့်အမြတ်ဆုံး ချီးမြှောက်ဖို့ ဆိုတဲ့အတိုင်း ပရိယတ္တိ ဘက်ကလဲ တိပိဋကဓရရွေးချယ်ပွဲကြီး ကျင်းပပြီးတော့ စတင် ချီးမြှောက် လာခဲ့ကြတယ်၊ အဲဒီ ပရိယတ္တိဘက်က စာမေးပွဲကြီးဟာလဲ အဆင့်အတန်း မြင့်ပါတယ်

အဆင့်အတန်းမြင့်လို့ တိပိဋကဓရထိအောင် အောင်နိုင်တဲ့ပုဂ္ဂိုလ်ကို အင်မတန် နည်းနေပါတယ်၊ အခု ပြီးခဲ့တဲ့နှစ် ၂၃-နှစ်လို့ ဆိုရမှာပေါ့လေ၊ နှစ်ဆယ့်သုံးနှစ် အတွင်းမှာ တိပိဋကဓရ အောင်တာ သုံးပါးပဲရှိသေးတယ်၊ နောင်တောင် ရည်ရွယ် ချက်ရှိသေးတယ်၊ ပိဋကတ် သုံးပုံ အကုန်လုံးအောင်လို့ရှိယင် မဟာတိပိဋကဓရ ဆိုတာ ဘွဲ့ပေးဖို့ရှိတယ်၊ အဲဒါတော့ ဝင်ဖို့ရာတောင် စိတ်ကူးမယ် မထင်ပါဘူး၊ ဟိုဥစ္စာ အင်မတန် ကျယ်ပြန့်ပါတယ်။

ပဋိပတ်ဘက်ကလဲ ချီးမြှောက်ပြီးတော့ လာကြတာ အဆင့်အတန်း အမြင့်ဆုံးလို့ ဆိုရမှာပဲ၊ တခြား တခြားဌာနတွေမှာလဲ ပဋိပတ်ဘက်က ဒီလို အလားတူ ချီးမြှောက် တာတွေတော့ ရှိပါတယ်၊ ဒါပေမယ်လို့ ပဋိပတ်ဘက် ဟောကြားညွှန်ပြရာမှာ ပရိယတ္တိ ဘုရားဟော ဒေသနာတော်နှင့် ညှိုနှိုင်းပြီး ကြည့်လိုက်လို့ရှိယင် အဆင့် အတန်းဟာ ဘယ်အဆင့်အတန်းရှိနေတယ်ဆိုတာ ပရိယတ္တိဘက်က ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေက သိမြင်ပါတယ်

ဒီသာသနာ့ရိပ်သာ ပဋိပတ္တိဘက်က ဟောကြားညွှန်ပြနေတာလဲ ပရိယတ္တိကျမ်းဂန် တွေနဲ့ နှီးနှောကြည့်လိုက်လို့ရှိယင် ပရိယတ္တိ စာပေကျမ်းဂန်တတ်တဲ့ပုဂ္ဂိုလ် ခိုင်လုံတယ်ဆိုတာ ထင်ရှားပါတယ်၊ ပြီးတော့ ဒီဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်ကြီးက ထောက်ပံ့တဲ့အတွက် ဒီသာသနာ့ရိပ်သာမှာ အားထုတ်ပြီးတော့ အရပ်ရပ် အနယ်နယ်မှာ ပဋိပတ္တိဌာနတွေ ဖွင့်ကြတယ်၊ ရိပ်သာတွေဖွင့်ကြတယ်၊

အဲဒီကိစ္စတွေလဲပဲ မြန်မာပြည်မှာတင် တနေ့က အစီရင်ခံစာမှာ ၁၇၀-ကျော်နဲ့ တူတယ် ရှိပါတယ်၊ ဒါလဲပဲ စာရင်းမပေါက်တဲ့ဟာတွေ ကျန်ပါသေးတယ်၊ အကုန်လုံး စစ်စစ်ပေါက်ပေါက် ဆိုယင်တော့ နှစ်ရာကျော်လောက် ရှိပါလိမ့်မယ်၊ နိုင်ငံခြား တွေမှာရှိတယ်၊ အဲဒီလို ပဋိပတ္တိဘက်က စွမ်းစွမ်း တမံ ဆောင်ရွက်နိုင်တာဟာ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ကြီးက ချီးမြှောက် ထောက်ပံ့နေတဲ့အတွက် ဒီလို ဆောင်ရွက် နိုင်တာပဲ၊ မြတ်စွာဘုရား သာသနာတော် ကျယ်ပြန့်ထွန်းကားပြီးတော့ သွားတာဟာ ဒီဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်ကြီးက ထောက်ပံ့အားပေးတဲ့အတွက် အခုလို ထွန်းကား ကျယ်ပြန့်ပြီးတော့ သွားတာပဲ၊

ဒီတော့ ဒီအဖွဲ့ကြီးဟာ စဉ်းစား ဆင်ခြင်ကြည့်မယ်ဆိုယင် အင်မတန် ဝမ်းမြောက်စရာ ဝမ်းသာစရာကောင်းပါတယ်၊ ဒီအဖွဲ့ကြီးထဲမှာ ဝင်ရောက်ပြီးတော့ သာသနာအကျိုး ဆောင်ရွက်နေရတဲ့ ပုဂ္ဂိုလ်တွေဟာလဲ အင်မတန် ဝမ်းမြောက်စရာ ကောင်းပါတယ်၊ ဒီတော့ ဒီအဖွဲ့ကြီးထဲမှာ ဆောင်ရွက်တဲ့ ပုဂ္ဂိုလ်တွေ လိုက်နာ ပြီးတော့ ကျင့်နိုင်တဲ့ ကျင့်ဝတ်တွေကို အလျင်တနှစ်က ဘုန်းကြီး ဟောခဲ့ပါတယ်။ နာယကဂုဏ် ခြောက်ပါးနဲ့ သင်္ဂဟဝတ္ထုလေးပါးလို့ ဟောခဲ့ပါတယ်၊

နာယကဂုဏ်ခြောက်ပါးမှာ ခမာ - သည်းခံရမယ်ဆိုတာ အရေးကြီးပါတယ်၊ အလွန် အရေးကြီးပါတယ်၊ အရာရာတိုင်းမှာပဲ အကြီးအကဲအဖြစ်နဲ့ ဆောင်ရွက်နေတဲ့ပုဂ္ဂိုလ် ဆိုတော့ သည်းခံမှပဲ ဖြစ်တယ်၊ အများနဲ့ဆက်ဆံနေရတာ သည်းမခံယင်တော့ မဖြစ်ဘူး၊ သည်းခံနိုင်အောင် ကြိုးစားပြီးတော့ ဆောင်ရွက်ရတယ်။

ဇာဂရိယ - နိုးကြားရမယ်၊ မိမိတို့ လုပ်ငန်းတာဝန်နဲ့ စပ်ပြီးတော့ လျစ်လျူရှုပြီး ပေါ့ပေါ့ဆဆ မထားပဲနဲ့ နိုးနိုးကြားကြား ဆောင်ရွက်ဖို့ရာ အားထုတ်ပြီးတော့ နေရမယ်။

ဥဋ္ဌာန - ထကြွလုံးလရှိရမယ်၊ စိတ်ထဲကတွင် နိုးကြားရုံမဟုတ်ပဲနဲ့ တကယ်လဲ အလုပ်လုပ်ရမယ်တဲ့။

သံဝိဘာဂ - ပေးကမ်းစွန့်ကြဲရမယ်တဲ့၊ ဒါကတော့ ပေးကမ်းစွန့်ကြဲဖို့ရာလိုတဲ့ နေရာဌာနမှာ ပေးကမ်းစွန့်ကြဲဖို့ပါပဲ၊ အခု ဒီမှာတော့ အဖွဲ့ကိစ္စနဲ့စပ်ပြီး ပေးသင့်တာ ပေး, ဆောင်ရွက်သင့်တာ ဆောင်ရွက်ဒီလောက်ပါပဲ။

ဒယာ - သနားရမယ်တဲ့၊ ကိုယ်နဲ့အတူတကွ ဆောင်ရွက်နေတဲ့ပုဂ္ဂိုလ်တွေ, ကိုယ့်အဖွဲ့နဲ့ စပ်တဲ့ ပုဂ္ဂိုလ်တွေ, ကိုယ်အောက်က ပုဂ္ဂိုလ်တွေသနားရမယ်။

ဣက္ခဏာ - မြော်မြင်နိုင်ရမယ်တဲ့၊ အကျိုးရှိရာရှိကြောင်း, ကြီးပွားရာ ကြီးပွားကြောင်း မြော်မြင်နိုင်ရမယ်တဲ့။

အဲဒီခြောက်ပါးထဲမှာ ခမာ - ဆိုတဲ့ သည်းခံခြင်းဂုဏ်နဲ့ ဣက္ခဏာ - ဆိုတဲ့ အဖွဲ့၏ လုပ်ငန်းစဉ် ကြီးပွားရာ ကြီးပွားကြောင်း, တိုးတက်ရာ တိုးတက်ကြောင်း မြော်မြင်ဖို့, စဉ်းစားဖို့, ကြံဆဖို့, အသစ်အသစ်လဲ တိုးတက်ပြီးသကာလ ဆောင်ရွက်ဖို့၊ ဒါလေးေ တွ မြော်မြင်ဆင်ခြင်ဖို့ရာ လိုပါလိ့မ်မယ်၊

အခုရှိတဲ့ အခြေအနေထက် တိုးသထက် တိုးအောင်, ကောင်းသထက် ကောင်းအောင်, အဖွဲ့ဝင် ပုဂ္ဂိုလ်တွေကလဲ များသထက်များအောင် ဆောင်ရွက်တဲ့ ကိစ္စတွေကလဲ တိုးတက်ပြီးသကာလ အောင်မြင်သထက် အောင်မြင်အောင် ဘာတွေလုပ်ရမယ်၊ ဘယ်လိုလုပ်သင့်တယ် ဆိုတာကလေးတွေ ဆင်ခြင်ဖို့ရာ အဲဒါတွေဟာ လိုပါလိ့မ်မယ်၊ ဒါကတော့ ပိုတယ်လို့ မရှိပါဘူး၊ ဆင်ခြင်တယ် ဆိုတာကတော့ လိုနေတာပဲရှိတယ်၊ ပိုတယ်လို့တော့ မရှိပါဘူး၊ အဲဒီ နာယကဂုဏ် ခြောက်ပါး အလျင်က ဩဝါဒထဲ ပါပြီးသားပဲ။

တခါ သင်္ဂဟဝတ္ထု လေးပါးတဲ့၊ အဲဒါကလဲ အရေးကြီးပါတယ်။

စတ္တာရိမာနိ ဘိက္ခ ဝေ သင်္ဂဟဝတ္ထူနိ၊ ကတမာနိ စတ္တာရိဒါနံ ပေယျဝဇ္ဇံ အတ္ထစရိယာ သမာနတ္တတာ။

လေးခုတည်းပဲ၊ ကျင့်ဝတ်ကလေး အင်မတန်ကောင်းပါတယ်။

ဘိက္ခဝေ - ရဟန်းတို့၊
စတ္တာရိ - လေးပါးကုန်သော၊
ဣမာနိသင်္ဂဟ ဝတ္ထူနိ - ဤစည်းလုံးညီညွတ်ကောင်းဖြစ်သော ဝတ္ထုတို့သည်၊
သန္တိ - ရှိကုန်၏။

စည်းလုံးညီညွတ်ကြောင်း, မကွဲပြားကြောင်းဝတ္ထုတွေ လေးပါးရှိပါတယ်၊ ဘာတွေတုံး ဆိုယင် ကတမာနိ-အဘယ်သည်တို့နည်းဟူမူကား၊

ဒါနံ - ပေးကမ်းခြင်း ဆိုတာက တပါးတဲ့၊ ဒါကတော့ကို လောကဘက်ဆိုင်ရာတွေမှာ ပိုပြီးတော့ အရေးကြီးပါတယ်၊ ဒီဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ အတွင်းမှာတော့ဖြင့် လိုမယ် မဟုတ်ပါဘူးနဲ့ တူတယ်၊ အဖွဲ့ဝင်တွေ အချင်းချင်း ပေးကမ်းနေဖို့ရာလိုမယ် မဟုတ်ပါဘူး၊ မျှော်လဲ မျှော်လင့်မယ် မဟုတ်ပါဘူး၊ ဒါကတော့ လိုလှမယ် မဟုတ်ပါဘူး၊ ဒါပေမယ်လို့ အခါအားလျော်စွာ စုဝေးတဲ့အခါကျတော့ ကျွေးနိုင်ကျွေး, ပေးနိုင်ပေး ဒါလေးတွေတော့ နည်းနည်းပါးပါးတော့ လိုချင်လိုမှာပေါ့၊ များများတော့ လိုဖို့ မရှိပါဘူး။

ပေယျဝဇ္ဇံ - ပီယဝါစာ ချစ်ဖွယ်စကား ပြောဆိုခြင်းကလဲ တပါးပဲ၊ အဲဒါကတော့ အရေးကြီးတယ်၊ ပြောစရာရှိတဲ့အခါကာလကျလို့ရှိယင် ချစ်ခင်ဖွယ်, ကြည်ညိုဖွယ်, လေးစားဖွယ်ဖြစ်တဲ့ စကားကို ပြောနိုင်ဖို့ရာ ဒါကို ကြိုးစားရမယ်၊ ပကတိနေပြီးတော့ အပြောအဆိုတွေ ဘာတွေ အဆင်မပြေလဲပဲ နည်းနည်းပါးပါး သတိပြုပြီးတော့ ပြင်ရတာ ပေါ့လေ၊ အဲဒီ ဥစ္စာကလေးက အရေးကြီးတယ်၊ အဲဒီ အပြောအဆို ကောင်းလို့ရှိယင် မကြည်ညိုသေးတဲ့ ပုဂ္ဂိုလ်ကလဲ ကြည်ညိုတယ်၊ မရိုသေသေးတဲ့ ပုဂ္ဂိုလ်ကလဲရိုသေတယ်၊ မလေးစားသေးတဲ့ ပုဂ္ဂိုလ်ကလဲ လေးစားတယ်၊

မူလက ရန်သူရန်ဘက် ဖြစ်နေစေကာမူ ချိုသာတဲ့စကား, ကြည်ညိုဖွယ်စကား ချစ်ခင်ဖွယ် စကားကောင်း ပြောလိုက်လို့ရှိယင် ပျော့ပျော့ပျောင်းပျောင်းဖြစ်ပြီးတော့ နားမခံသာတဲ့စကား, သူများမကြိုက်တဲ့စကား သွားပြောမိလို့ရှိယင် အဆင်မပြေ ဖြစ်တတ်တယ်၊ ကွဲပြားတတ်တယ်၊ ဒိပြင်ဟာ မပြောနဲ့ အိမ်သူအိမ်သား အချင်းချင်း တောင်မှ, အင်မတန် ချစ်ခင်နေတာတောင်မှ အပြောအဆို အဆင်မပြေလို့ရှိယင် ကွဲပြားတတ်တယ်၊ ရန်ဖြစ်တတ်တယ်၊

အဲဒီတော့ အပြောအဆိုကလေး ချိုချိုသာသာဖြစ်အောင် ပြောဆိုဖို့က အရေးကြီး ပါတယ်၊ အဲဒီတော့ ဒီဥစ္စာကတော့ ပိုတယ်လို့ မရှိပါဘူး၊ လိုနေတာပါပဲ၊ အဲ ချိုချို သာသာ ပြောဆိုမှုကတော့ ဒါ ပိုနေတယ်၊ နည် းနည်းပိုနေတယ်လို့ကတော့ မရှိဘူး၊ သူကတော့ လိုနေတာပါပဲ၊ အဲဒီလိုနေတာတွေ မလိုရအောင် ကြိုးစားဖို့, ဂရုစိုက်ဖို့ပါပဲ၊ ဘယ်နေရာမှာမဆိုပဲ ဒီပီယဝါစာဆိုတဲ့ ချစ်ခင်ကြည်ညိုဖွယ်စကားကို ပြောတာကတော့ အင်မတန် ခရီးရောက်ပါတယ်၊ အဲဒါကြောင့် ပြည့်စုံသထက် ပြည့်စုံအောင်, ကောင်းသထက် ကောင်းအောင် ပြောဆိုဖို့ရာ ဘုန်းကြီးက သတိပေး ပါတယ်။

အတ္ထစရိယာ - အကျိုးစီးပွားကို ကျင့်ခြင်း, ဆောင်ရွက်ခြင်း၊ အဖွဲ့ဝင်အချင်းချင်းလဲ တတ်နိုင်သမျှတော့ ကူညီဆောင်ရွက်ရတာကလေးတွေ, ကူညီဆောင်ရွက်ရမှာ ကလေးတွေ ပေါ်လာတဲ့အခါ ကူညီဆောင်ရွက်ရတာပေါ့၊ ဒါကတော့ သိပ်များများ ရှိမယ် မထင်ပါဘူး၊ ဆောင်လဲ ဆောင်ရွက်နေကြမှာပါ၊ ဒါကတော့ ချွတ်ယွင်းစရာ အကြောင်း မရှိပါဘူး၊ အဲ အဖွဲ့အနေနဲ့ ဆောင်ရွက်ရမယ့် ကိစ္စတွေဖြင့် ရှိပါလိမ့်မယ်၊ ဒါကတော့ ဆောင်လဲ ဆောင်ရွက်နေတာပါပဲ၊ ဒါပေမယ်လို့ အဲဒီ ဆောင်ရွက်နေတာ ဟာ ပြည့်စုံပြီလို့ မဆိုနိုင်သေးဘူး၊ ဆောင်ရွက်စရာလေးတွေ, အကြွင်းအကျန် ကလေးတွေ ရှိလဲရှိတတ်ပါတယ်၊ အဲဒီတော့ အဲဒီ ဥစ္စာလေးတွေ လိုတာလေးတွေလဲ ပြည့်စုံနိုင်သမျှ ပြည့်စုံအောင်, တိုးတက်နိုင်သမျှ တိုးတက်အောင် ဆောင်ရွက် ပြီးတော့ သွားဖို့ပါပဲ။

သမာနတ္တတာ - အဲဒါက အရေးကြီးတယ်၊ အဖွဲ့ဝင်အသင်းဝင် ပုဂ္ဂိုလ်အချင်းချင်း တန်းတူအနေအားဖြင့် ပေါင်းသင်းဆက်ဆံရမယ်၊ သမာနအတ္တ - တူသောကိုယ် ရှိစေရမယ်၊ တူစေရမယ်၊ တန်းတူထားရမယ်၊ ကိုယ်ကအမြင့်က သူကအနိမ့်က အဲဒီလို သူတပါးကို နှိမ့်ချပြီးသကာလ မပေါင်းသင်း မဆက်ဆံရဘူး၊ အရည်အချင်း အနေအားဖြင့် ကိုယ်က အရည်အချင်းတွေအများကြီး သာတယ်ဆိုတာ ရှိချင်လဲ ရှိမှာပေါ့၊ ရှိပေမယ့်လဲ အရည်အချင်း ကိုယ်ကသာနေပေမယ်လို့ အရည်အချင်းမရှိတဲ့ ပုဂ္ဂိုလ်တွေ အပေါ်မယ် တန်းတူအနေအားဖြင့် ဆက်ဆံရမယ်တဲ့၊ ဒီလို ဆက်ဆံလို့ ရှိယင် ပိုပြီး ခရီးရောက်ပါတယ်

လူတွေဟာ များသောအားဖြင့် မိမိကို အောက်တန်း နှိမ့်ချထားယင် များသော အားဖြင့် မကြိုက်ကြဘူး၊ အောက်ကျတဲ့ ပုဂ္ဂိုလ်ကလဲ အောက်ချထားယင် မကြိုက်ဘူး၊ အထက်ကျတဲ့ပုဂ္ဂိုလ်တော့ ပြောစရာမရှိဘူး၊ တန်းတူပုဂ္ဂိုလ်များ နှိမ့်ချတာသာ မကြိုက်သေး၊ ဒီတော့ သမာနတ္တတာ - အညီအမျှ ညီတူတန်းတူ ထားပြီးသကာလ ပေါင်းသင်းဆက်ဆံခြင်း, ပြောစရာရှိတဲ့အခါ တန်းတူအနေ အားဖြင့် ထားပြီးသကာလ ပြောဆိုပါတဲ့, ညွှန်ကြားပါတဲ့၊ အဲဒါက အရေးကြီးပါတယ်။

အဲဒီသင်္ဂဟတရား လေးပါး အလျင်ကလဲ ပြောပြီးသားပါပဲ၊ အခုလဲပဲ ထပ်ပြီး ပြောရတာ၊ ဒါကပိုတယ်လို့ မရှိဘူး၊ သူကတော့ အမြဲတမ်း သတိရပြီးတော့ ကျင့်ရမယ့် ကျင့်ဝတ်တွေပါပဲ၊ အဲဒီအတိုင်း သင်္ဂဟတရားလေးပါးနဲ့အညီ ဆောင်ရွက်ပြီးတော့ သွားလို့ရှိယင် အဖွဲ့အစည်းထဲမှာ ပါဝင်တဲ့ပုဂ္ဂိုလ် အချင်းချင်း ညီညွတ်နေတယ်၊ စိတ်ဝမ်းကွဲပြားစရာ မရှိဘူး၊ အမြဲတမ်း စည်းလုံး ညီညွတ်ပြီး သကာလနေတယ်၊ အမြဲတမ်း စည်းလုံးညီညွတ်ပြီးတော့ နေလို့ရှိယင် ကိစ္စတွေဟာ ဆောင်ရွက်လို့ ပြီးမြောက်တာပဲ၊

နောက်တခုကတော့ မေတ္တာကာယကံတဲ့, မေတ္တာဝစီကံတဲ့, မေတ္တာ မနောကံတဲ့၊ ဒါလေးကတော့ အရေးကြီးတယ်၊ သူက နေရာတိုင်း နေရာတိုင်းမှာ အရေးကြီး ပါတယ်၊ ဒါလဲ သင်္ဂဟတရားပါပဲ၊ ဒီ သင်္ဂဟတရားကတော့ ခြောက်မျိုး ရှိတယ်၊ ဒီ ခြောက်မျိုးထဲက ဒီသုံးခုပဲ ထုတ်ပြပါမယ်၊ ဒိပြင်ဥစ္စာတွေလဲ ရှိပါသေးတယ်။

မေတ္တာကာယကံ - မေတ္တာရှေ့သွားပြီးတော့ ပြုတဲ့ အမှုကိစ္စတွေကို မေတ္တာ ကာယ ကံလို့ခေါ်ပါတယ်၊ အသင်းဝင် အဖွဲ့ဝင်အချင်းချင်း မေတ္တာဖြင့် ဆောင်ရွက်စရာ ရှိတာကို အပင်ပန်းခံပြီး ဆောင်ရွက်ရမယ်တဲ့၊ သေးသေး ကြီးကြီးပေါ့လေ၊ ကိုယ်အပင်ပန်းခံပြီးဆိုပေမယ်လို့ တချို့ကလဲ သိပ်ပြီး မပင်ပန်းပါဘူး၊ လိုတဲ့ ကိစ္စလေးတွေ ဆောင်ရွက်ရမယ်တဲ့၊ ကြီးတဲ့ပုဂ္ဂိုလ်ကလဲပဲ ကြီးတဲ့ ပုဂ္ဂိုလ်အလိုက်၊ တန်းတူပုဂ္ဂိုလ်လဲ တန်းတူပုဂ္ဂိုလ်အလိုက်၊ ငယ်တဲ့ပုဂ္ဂိုလ် ဖြစ်စေကာမူ သူကိုယ်တိုင် တဦးတည်း မဆောင်ရွက်နိုင်တဲ့ ကိစ္စကို ကိုယ်က ဝိုင်းဝန်းပြီးသကာလ ဆောင်ရွက်လိုက်၊ အဲဒီလိုဟာပေါ့၊

ကိုယ်အမူအရာဖြင့် ပြုလုပ်ဆောင်ရွက်တာ၊ မိမိကိုယ်အမူအရာဖြင့် ပြုလုပ် ဆောင်ရွက်တဲ့အတွက် တပါးသောသူအား စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိပါစေလို့ အဲဒီလို မေတ္တာစိတ်ဖြင့် ဆောင်ရွက်တာ မေတ္တာကာယကံ ခေါ်ပါတယ်၊ အနီးအပါးပဲ ဖြတ်သွားဦးတော့ ခြေထောက်တို့ ဘာတို့ နင်းတာက စပြီးတော့ပေါ့လေ၊ ညင်ညင် သာသာ သိမ်သိမ်မွေ့မွေ့ နင်းပြီး သွားလို့ရှိယင် ဘေးကပုဂ္ဂိုလ်က ဘာမှ မဖြစ်ဘူး၊ အဲ -ဘေးနားကနေပြီး ကြမ်းကြမ်းတမ်းတမ်း နင်းပြီးတော့ သွားလို့ရှိယင် သူ့ကို မရိုသေ ရမလား, ဂရုမစိုက်ရမလားဆိုပြီးတော့ အဲဒါ စိတ်မချမ်းမသာ ဖြစ်တတ်ပါတယ်၊ အဲဒီလို ကိုယ်ဖြင့်ဆောင်ရွက်စရာတွေ ရှိပါတယ်၊

တံခါးပဲ ပိတ်ဦး, ဖွင့်ဦး, လုပ်ဦးတော့ အဲဒီလိုဟာလဲ ဒီလိုပဲ ကြမ်းကြမ်း တမ်းတမ်းလုပ်လို့ရှိယင် ဘေးက ပုဂ္ဂိုလ်မှာ စိတ်မချမ်းမသာ ဖြစ်တယ်၊ အမှိုက် လှည်းတာတို့ ဘာတို့ အစစအရာရာပါပဲ၊ အနီးအပါးရှိတဲ့ ပုဂ္ဂိုလ်တွေက စိတ်ဆင်းရဲမှု, ကိုယ်ဆင်းရဲမှုမဖြစ်အောင် ရည်ရွယ်ပြီးတော့ ဆောင်ရွက်သင့်တဲ့ အမှုကိစ္စတွေ ဆောင်ရွက်၊ အဲသူ့ ကိစ္စရှိယင်လဲ ဆောင်ရွက်၊ အဲဒီလို ချမ်းသာ စေလိုတဲ့ စိတ်ဓာတ်ဖြင့် ဆောင်ရွက်တဲ့ ကိုယ်အမူအရာတွေကို မေတ္တာကာယကံလို့ ခေါ်တယ်၊ အဲဒီ မေတ္တာ ကာယကံ ရှိတဲ့ ပုဂ္ဂိုလ်တွေဟာ အတူနေပုဂ္ဂိုလ်တွေက မမေ့နိုင်ဘူး၊ အတူနေကြတဲ့ အခါလဲ မမေ့နိုင်ဘူး၊ အတူမနေလို့ တခြားစီ တကွဲတပြား အဝေးရောက်နေတဲ့ အခါလဲ မမေ့နိုင်ဘူး၊ သူ့ဂုဏ်ကျေးဇူးတွေကို အမြဲတမ်း ချစ်ခင်ကြည်ညိုလေးစားမှု ရှိနေပါတယ်

မေတ္တာဝစီကံက ခုနက ပီယဝါစာနဲ့ သဘောအားဖြင့် အတူတူပါပဲ၊ မေတ္တာဝစီကံ ကိုယ်ပြောသောစကား ကြားသောအားဖြင့် တဘက်သားပုဂ္ဂိုလ်မှာ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ မဖြစ်ပါစေနဲ့၊ ကိုယ်ချမ်းသာ စိတ်ချမ်းသာ ဖြစ်ပါစေလို့၊ စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြစ်ဖို့ရာ ရည်ရွယ်ပြီးတော့ ပြောတဲ့စကားဟာ ဒါမေတ္တာဝစီကံပါပဲ၊ ချစ်ခင်ကြည်ညိုဖွယ်ဖြစ်တဲ့ စကား, ချိုသာတဲ့စကားတွေ ပြောရတယ်၊ အပြစ်ရှိလို့ ပြောဦးတော့ ချိုချိုသာသာနဲ့ အပြစ်ကို ဖော်ပြပြီး သာသာယာယာ ပြောလိုက် လို့ရှိယင် အင်မတန် ကျေးဇူးတင်ပါတယ်၊ သူ့အပြစ်ရှိမှန်းလဲ သိသွားတယ်၊ သူ့အပြစ်ရှိမှန်း သိရုံတွင် မဟုတ်ဘူး၊ ငါအပြစ်ရှိပေမယ်လို့ ချိုချိုသာသာ ပြောပါပေတယ်လို့ ဆိုပြီးတော့ ကျေးဇူးတင်တယ်, ရိုသေတယ်, လေးစားတယ်, အင်မတန် ကောင်းပါတယ်၊ အဲဒါ မေတ္တာဝစီကံတဲ့။

မေတ္တာမနောကံကတော့ စိတ်ထဲကပဲ၊ ဒါကတော့ မမြင်ရဘူး, မကြားရဘူး, အပြစ်မတွေ့ရဘူး၊ သို့သော်လဲ အချင်းချင်း ချမ်းသာပါစေဆိုတဲ့ မေတ္တာစိတ်ဓာတ် အခါအားလျော်စွာ နှလုံးသွင်းနိုင်ဖို့ပါပဲ။

အဲဒီတော့ အခုပြောခဲ့တဲ့ နာယကဂုဏ် ခြောက်ပါးသင်္ဂဟဝတ္ထုလေးပါးမေတ္တာ ကာယကံ, မေတ္တာဝစီကံ, မေတ္တာမနောကံဆိုတဲ့ အဲ ဒီ ကျင့်ဝတ်တွေအတွက် မိမိတို့ တတ်နိုင်သမျှ ကျင့်သုံးသွားပြီး သွားကြဖို့ပါပဲ၊ ခုနက ဣက္ခဏဆိုတဲ့အသင်းအဖွဲ့ တိုးတက်ရာ တိုးတက်ကြောင်း ကြီးပွားရာ ကြီးပွားကြောင်း, အကျိုးများရာ အကျိုးများကြောင်း စူးစမ်းဆင်ခြင်မှုတွေမှာ ကိုယ်တိုင်လဲ ဆင်ခြင်နိုင်ပါတယ်၊ သူတပါး အကြံဉာဏ်ရလို့ အကြံပေးလို့ရှိယင်လဲ အဲဒီဥစ္စာလေးတွေက စဉ်းစား ရတယ်၊ ဒါ တို့ပိုနေတာပဲ, တာဝန်လေးနေတာပဲဆိုပြီးတော့ မညည်းညူရဘူး၊

တယောက်တည်း တာဝန်လေးလို့ရှိယင် နှစ်ယောက် ဆောင်ရွက်ရုံပဲ၊ နှစ်ယောက် မနိုင်ယင် သုံးယောက်, သုံးယောက်မနိုင်ယင် လေးယောက် တိုးချဲ့ပြီးတော့ ဆောင်ရွက်သွားရုံပါပဲ၊ ပြီးတော့ ဆောင်ရွက်သင့်တဲ့ အမှုကိစ္စတွေကို ကိုယ်တိုင်လဲ စဉ်းစားရမယ်၊ တပါးသောပုဂ္ဂိုလ်က အကြံဉာဏ် ပေးလို့ ရှိယင်လဲပဲ စဉ်းစားပြီးတော့ တတ်နိုင်သမျှ ဆောင်ရွက်ပြီးတော့ သွားဖို့ပါပဲ

ဒွေ မေ ဘိက္ခဝေ ပဏ္ဍိတာ - ပညာရှိပုဂ္ဂိုလ်နှစ်ဦး ရှိတယ်တဲ့။

ယော စ အနာဂတံ ဘာရံ နဝဟတိ၊
ယော စ အာဂတံ ဘာရံ ဝဟတိ။

ယော စ - အကြင်ပုဂ္ဂိုလ်သည်လည်း၊
အနာဂတံဘာရံ - မရောက်သေးတဲ့ဝန်ကို၊
နဝဟတိ - မဆောင်ဘူး၊

ကိုယ့်တာဝန်မဟုတ်တဲ့ ဥစ္စာကို မဆောင်တာလဲ ပညာရှိ လိမ္မာတဲ့ ပုဂ္ဂိုလ်တဦးပဲ၊ ကိုယ့်တာဝန်မဟုတ်, ကိုယ်နဲ့မဆိုင်တဲ့ကိစ္စ မဆောင်ရွက်တာကလဲ အတူတူပဲတဲ့၊

ယော စ - အကြင် ပုဂ္ဂိုလ်သည်လည်း၊
အာဂတံ ဘာရံ - ရောက်လာသော တာဝန်ကို၊
ဝဟတိ - ဆောင်ရွက်၏၊

ရောက်လာတဲ့တာဝန် ကိုယ့်တာဝန် ဖြစ်တာကိုလည်း ကျေပွန်အောင် ဆောင်ရွက် တယ်တဲ့၊ အခုတော့ အဖွဲ့အသင်းဝင်ဖြစ်တဲ့ ပုဂ္ဂိုလ်တွေ ကျရာကျရာ တာဝန်ဖြစ်တဲ့ မိမိတို့ တာဝန်တွေ ဆောင်ရွက်ဖို့ရာ ဒါပဲ အရေးကြီးပါတယ်၊ အဲဒီ ရောက်လာတဲ့ တာဝန်, ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ကြီး ဆိုင်ရာ လုပ်သင့် လုပ်ထိုက်တဲ့ အဖွဲ့ကြီး ကြီးပွားရာ ကြီးပွားကြောင်း ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်တဲ့ တာဝန်လေး တွေရှိလဲ ရှိနေတာပါပဲ၊ အဲဒီဆောင်ရွက်သင့် ဆောင်ရွက်ထိုက်တဲ့ တာဝန်တွေကို မလစ်ဟင်းရအောင်, တိုးတက်သင့်သမျှ တိုးတက်ရအောင် မိမိတို့ အစွမ်းရှိသမျှ ကြိုးစားပြီးတော့ ဆောင်ရွက်သွားဖို့ပါပဲ

အဲဒီလို ဆောင်ရွက်သွားခြင်းအားဖြင့် မြတ်စွာဘုရား ဟောကြားတော်မူတဲ့ “ဒွေ မေ ဘိက္ခဝေ ပဏ္ဍိတာ” ဆိုတဲ့ ဒေသနာတော်နှင့်အညီ ပညာရှိပုဂ္ဂိုလ်စင်စစ် ထင်ရှား ဖြစ်ပြီးတော့ မိမိတို့ လိုလားအပ်တဲ့ မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်တရားတွေကို လျင်မြန်စွာ ဆိုက်ရောက်ပြီးတော့ မျက်မှောက်ပြုနိုင်ကြပါစေ

သာဓု … သာဓု … သာဓု …။

ဆစတ္တာလီသတိမပိုင်း
ကာမသုတ္တန်တရားတော်

ကျေးဇူးရှင် အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်ဘုရားကြီးသည် သုတ္တနိပါတ် ပါဠိတော် ကာမသုတ္တန်ကို သက္ကရာဇ် ၁၃၂၈-ခုနှစ် ပြာသိုလပြည့်ကျော် ၈-ရက် နေ့တွင် သာသနာ့ရိပ်သာ ဖလ်ယဉ် ဓမ္မာရုံကြီး၌ ငါးဖြာအာရုံ ကာမဂုဏ်တို့၌ တွယ်တာ တပ်မက်မှု မရှိ လျော့ပါးရန် ရည်သန်တော်မူ၍ များစွာသော ရဟန်း, ရှင်, လူ ပရိတ်သတ်အား ဟောကြားတော်မူခဲ့လေသည်၊

ယင်းကာမသုတ္တန် တရားတော်ကြီးကို -

၁။ ကာမဂုဏ်လိုချင်, ပြည့်စုံလျှင်, ကြည်ရွှင်ဝမ်းမြောက်လေတော့သည်။
၂။ နှစ်သက်နေတုန်း, ပျက်ဆုံးရှုံး, နှလုံး ဖောက်ပြန်တတ်လေသည်။
၃။ မြွေရှောင်သည့်နှယ်, ကာမပယ်, ငြိတွယ် လွန်မြောက်လေတော့သည်။
၄။ ကာမဂုဏ်မှာ, မြွေပမာ, ကြောက်ကာ ရှောင်ကြဉ်နေသူသည် လောဘ ပြတ်လတ်, တဏှာငတ်, ရှုမှတ် လွန်မြောက်နိုင်ပေသည်။
၅။ ကာမဂုဏ် တပ်မက်, နိုင်အထက်, နှိပ်စက် ခံရလေတော့သည်။
၆။ လှေကွဲရေငင်, ပုံအသွင်, အစဉ် ဒုက္ခလိုက်နေသည်။
၇။ ရိုးသားနှစ်နည်း, မြက်မီးစည်း, မီးကျီးအိပ်မက်တူပေသည်။
၈။ ငှါးရမ်း, သစ်သီး, ဓားစဉ်းနှီး, တနည်း, လှံတံကျင် တူသည်။
၉။ မြွေခေါင်းမီးလျှံ, ဆယ့်တစ်တန်, တူဟန်ရှု၍ ပယ်ရမည်။
၁၀။ ရှုမှတ်အစဉ်, ကာမကြဉ်, ရေလျဉ် လွန်မြောက်လေတော့သည်။
၁၁။ လှေမှရေပက်, ပေါ့ပါးလျက်, ဟိုဘက် နိဗ္ဗာန်ရောက်လေသည်။

ဟူသည့် ဘုရားမြတ်စွာဟောတော်မူသည့် ပါဠိဂါထာများနှင့် ကာမဂုဏ် ဥပမာ စာပိုဒ်များကို တရားနာသူများ သဘောပေါက်ရန် လွယ်ကူစွာ ဆောင်မှတ်၍ ချပို့ ဟောကြားတော်မူခဲ့လေသည်

“ဤ ကာမသုတ် တရားတော်ကြီး” ကို ရိုသေစွာ နာယူမှတ်သားကြရသော ဓမ္မသဝနကုသိုလ် စေတနာတို့ ၏ အစွမ်းအာနုဘော်ကြောင့် တရားနာ ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကာမဂုဏ်၏ အပြစ်ကို ရှုမြင်ပြီးလျှင် ကာယာနုပဿနာသတိပဋ္ဌာန်, ဝေဒနာနုပဿနာသတိပဋ္ဌာန်, စိတ္တာနုပဿနာ သတိပဋ္ဌာန်, ဓမ္မာနုပဿနာ, သတိပဋ္ဌာန်ဟူသော သတိတရားဖြင့် ရှုမှတ်ပွားများ နိုင်ကြ၍ ဝိပဿနာဉာဏ်အစဉ်, အရိယမဂ်အစဉ်ဖြင့် သံသရာ၏ ဟိုဘက်ကမ်း သဖွယ်ဖြစ်သော နိဗ္ဗာန်ချမ်းသာမြတ်ကို လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက် ပြုနိုင်ကြပါစေကုန်သတည်း” ဟု တရားသိမ်း နိဂုံးချုပ်တော်မူခဲ့လေသည်၊

ယင်း ကာမသုတ္တန် တရားတော်ကို ၁၃၃၅-ခုနှစ်က တကြိမ်, ၁၃၃၈-ခုနှစ်ကတကြိမ် စသည်ဖြင့် အကြိမ်ကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ရာ ကရောင်း ၁၆-ချိုးဆိုက် စာမျက်နှာ ၆၆-ရှိလေသည်။

ကာမသုတ္တန္တံ ဒေသေသိ, ဒေသနာသု သုကောဝိဒေါ၊
မဟာစည်ထေရကုဉ္ဇရော, သဗ္ဗတ္ထ အဘိပါကဋော။

ဒုလ္လဘဝိနည်းဩဝါဒကထာ

ဒုလ္လဘရဟန်းတော်များ လိုက်နာကျင့်သုံးဆောင်ရန် ရည်ရွယ်တော်မူ၍ ဒုလ္လဘ ဝိနည်း ဩဝါဒကထာကိုလည်း ဟောကြားတော်မူခဲ့လေသည်၊

ယင်းကိုလည်း အသံဖမ်းကြိုးခွေမှကူးယူ၍ ပုံနှိပ်ထုတ်ဝေခဲ့လေရာ ထင်ရှားသော ဆရာတော် ၏ လုပ်ဆောင်ချက် ဖြစ်လေသည်။

ဒုလ္လဘောဝါဒကထာပိ, ဒုလ္လဘာနံ ဟိတာဝဟာ၊
သမ္မာဒိတာထေရိန္ဒေန, မဟာစည်ကဝိကေတုနာ။

ငွေရတုတရားတော်

ဆရာတော်ဘုရားကြီးသည် ရန်ကုန်မြို့ သာသနာ့ရိပ်သာ၌ သီတင်းသုံးရာ ၁၃၁၁-ခုနှစ် နတ်တော် လပြည့်နေ့တွင် စတင်၍ ဓမ္မစကြာတရားတော်ကို အစပြု၍ တရား ဟောတော်မူခဲ့လေသည်၊ ၁၃၃၆-ခုနှစ်တွင် ၂၅-နှစ်တင်းတင်း ပြည့်ခဲ့လေသည်

ယင်းသည် ၁၃၃၆-ခုနှစ်တွင် ဩဝါဒခံယူပူဇော်ပွဲ ငွေရတုသဘင်အနေဖြင့် ကျင်းပ ပူဇော်ခဲ့ကြလေသည်၊ ယင်းပူဇော်ပွဲ ၁၃၃၆-နှစ် နတ်တော်လဆန်း ၉-ရက်နေ့တွင် ဆရာတော်ဘုရားကြီးသည် ဘုရားမြတ်စွာ၏ ဩဝါဒ ပါတိမောက် ဂါထာကို အစပြု၍ ဟောကြားတော်မူခဲ့လေသည်၊

ယင်းဟောကြားချက်များကို ပခုက္ကူမြို့ မဟာစည် သတိပဋ္ဌာန်ရိပ်သာ ကျောင်း ဒါယကာဦးဖေ, ဇနီး ကျောင်းဒါယိကာမ ဒေါ်မြင့်မြင့်ခင်၊ ဦးဖေ ၏ညီမ-ဒေါ်ထား၊ ဒေါ်ငွေကြိုင်တို့က စာအုပ်တစောင် စာအုပ် ဒါယကာ-ဒါယိကာမအဖြစ် ခံယူ၍ ဤ စာအုပ်များကို ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်က ဖြန့်ဝေခဲ့လေသည်၊ ယင်းကျမ်းမှာ ကရောင်း ၁၆-ချိုး စာမျက်နှာဖြင့် စာမျက်နှာ ၁၅၈-ရှိလေသည်။

ငွေရတုဓမ္မကထာပိ, မဟာထေရော ပဝတ္တယိ၊
ဓမ္မကထာသု ကောဝိဒေါ, မဟာစည်ယတိပုင်္ဂဝေါ။

နိဗ္ဗာန်ဆိုင်ရာ တရားတော်

▬▬▬▬▬▬▬▬▬▬

ဆရာတော်ဘုရားကြီးသည် နိဗ္ဗာန်တရားတော်ကြီးကို သက္ကရာဇ် ၁၃၂၆-ခုနှစ် တော်သလင်းလဆန်း ၈-ရက်နေ့မှစ၍ သီတင်းကျွတ်လပြည့်ကျော် ၈-ရက်နေ့အထိ ဥပုသ်နေ့တိုင်း ခုနစ်ပိုင်း ခုနစ်ပွဲဖြင့် အပြီးသတ် ဟောကြားတော်မူခဲ့လေသည်၊

ယင်းတရားတော်ကြီးကို အငြိမ်းစားတရားမတရားသူကြီး ဦးသိန်းဟန်က ရကော်ဒါ (အသံဖမ်းတိပ်ခွေ)ဖြင့် ဖမ်းယူပြီး ဖျာပုံသာသနာ့ရိပ်သာ ဆရာတော် ဆရာတော် အရှင်ဝဏ္ဏိတက ဝါယမစိုက်ရာ တပည့်များက လက်နှိပ်စက်ဖြင့် ကူးယူခဲ့လေသည်၊ နောက်တွင် ဆရာတော်ဘုရားကြီးက ကြည့်ရှုသုတ်သင် ပေးတော်မူသဖြင့် စာမူသန့် အဖြစ်သို့ ရောက်ခဲ့လေသည်၊

ယင်းစာမူကို ၁၃၃၆-ခုနှစ် ပြာသိုလက နိဗ္ဗာနပဋိသံယုတ္တကထာခေါ် နိဗ္ဗာန်ဆိုင်ရာ တရားတော်အမည်ဖြင့် စာအုပ် ရိုက်နှိပ် ထုတ်ဝေခဲ့လေရာ ကရောင်း ၁၆-ချိုး ဆိုက်ဖြင့် စာမျက်နှာ ၃၄၀-ရှိလေသည်၊ ယင်း နိဗ္ဗာန်ဆိုင်ရာတရားတော် နိဒါန်းကို ဝက်လက် မစိုးရိမ်ဆရာတော် ဦးတိဿက နိဒါန်းရေးသားခဲ့ရာ အလွန်လျှင် ပြည့်စုံ ကောင်းမွန်ပါသည်၊ ယင်း နိဗ္ဗာန်ဆိုင်ရာကျမ်းကြီးသည် ဆရာတော်ဘုရားကြီး၏ မဟာပည, တိက္ခပည, ဇဝနပည, ဂမ္ဘီရပည, ပါတုပည, နိဗ္ဗေဓိကပညပုဂ္ဂိုလ် အဖြစ်ကို ဖော်ပြရာ ရောက်လေသည်။

မဟာစည်ထေရသေဋ္ဌောဟိ, တိက္ခဂမ္ဘီရပညတု၊
နိဗ္ဗာနပဋိသံယုတ္တ, ကထာပိ ဧတ္ထ သာဓကံ။

ဓမ္မစကြာတရားတော်ကြီး

▬▬▬▬▬▬▬▬▬

ဆရာတော်ကြီးသည် ဓမ္မစကြာ တရားတော်ကျမ်းကြီးကို သာသနာတော်၌ ထွန်းပြောင်ထိန်ကြည် တည်ရစ်ရန် ရည်ရွယ်တော်မူ၍ ၁၃၂၄-ခုနှစ် တော်သလင်း လကွယ်နေ့မှစ အခွင့်သင့်သော သီတင်းနေ့များတွင် ဟောကြားတော်မူရာ တန်ခူး လပြည့်နေ့အထိ ရန်ကုန်မြို့ သာသနာ့ရိပ်သာ ဖလ်ယဉ်ဓမ္မာရုံကြီး၌ ရှစ်ကြိမ်တိုင် ဓမ္မစကြာတရားတော်ကြီးကို ဟောကြားတော်မူခဲ့လေသည်။

ယင်း ဟောကြားတော်မူချက်တို့ကို ကြိုးခွေဖြင့် ဖမ်းယူပြီး တဖန် ကြိုးခွေမှကူးစေရာ သုတ်သင်တည်းဖြတ်၍ ၁၃၃၇-ခုနှစ်က စာအုပ်အဖြစ် ရိုက်နှိပ်ထုတ်ဝေခဲ့ရာ လွန်စွာ ထင်ရှားသည့်ကျမ်းစာကြီး ဖြစ်လေသည်၊ ယင်းကျမ်းစာကြီးမှာ ကျယ်ဝန်း ပြည့်စုံသည့် ကျမ်းကြီးဖြစ်၏၊ ကရောင်း ၁၆-ချိုးဆိုက်ဖြင့် စာမျက်နှာ ၄၈၄-ရှိလေသည်။

ဓမ္မစကြာကထာ, ပသိဒ္ဓေါသာဓု မာနိတာ၊
မဟာစည်ထေရပါဒေန, ကာသိတာ ဥဓိတာ ဟိ ခေါ။

ဆရာတော်ဘုရားကြီး၏ ဓမ္မစကြာတရားတော်ကြီး၌ -

ဆောင်
ကာမချမ်းသာ, သုံးဆောင်တာ, ပယ်ခွါရှောင်ရမည်၊
မသုံးဆောင်ပဲ, ကိုယ်ဆင်းရဲ, ဒါလဲရှောင်ရမည်၊
စိတ်အလိုကျ, လွှတ်ထားက, ကာမသုခါနုယောဂါ
ပင်ပန်းရုံမျှ, အားထုတ်က, အတ္တကိလမထာနုယောဂါ
သစ္စာမမြင်, မဂ္ဂင်မပါ, လေ့ကျင့်ကာဖြင့်, ချမ်းသာမြဲမည်,
ယုံကြည်ဆုံးဖြတ်, ယူဆမှတ်, သီလဗ္ဗတပင်၊
အစွန်းနှစ်သွယ်, လမ်းမှားပယ်, အလယ်လမ်းမှန်ဖြစ်ပေသည်၊
လမ်းမှန်ကိုလျှောက်, ဉာဏ်မြင်ပေါက်, ဆိုက်ရောက်နိဗ္ဗာန်ပြည်၊
ကိုယ်အမူအရာ, ဖြစ်တိုင်းမှာ, မှန်စွာ သိရမည်၊
စိတ်အမူအရာ, ဖြစ်တိုင်းမှာ, မှန်စွာသိရမည်၊
ကောင်း, ဆိုး, လတ်ပါ, ဝေဒနာ, မှန်စွာ သိရမည်၊
သဘောတရား, ထင်ပေါ်ငြား, ပိုင်းခြား သိရမည်၊

စသည်ဖြင့် ဝိပဿနာဆိုင်ရာ ဆောင်ပုဒ်များ ကျက်မှတ်ဖွယ်ရာ တွေ့ရှိရလေသည်။

၂၆-ကြိမ်မြောက် ပူဇော်ပွဲ ဩဝါဒကထာ

▬▬▬▬▬▬▬▬

၁၃၃၇-ခုနှစ် နတ်တော်လပြည့်ကျော် ၄-ရက်နေ့တွင် ရန်ကုန်မြို့ သာသနာ့ရိပ်သာ၌ ၂၆-ကြိမ်မြောက် နှစ်ပတ်လည် အကြိုနေ့တွင် မဟာစည်ဆရာတော် ဘုရားကြီးသည် ဝိနည်းအလေးပြုရေး, တရားအလေးပြုရေး, အရှည်တည်တံ့ရေး, အညီအညွတ် ရွက်ဆောင်ရေး, ဟောပြောရေးစသည်အတွက် ညွှန်ကြားရေး စသည်တို့ဟူ၍ သည်ဩဝါဒကထာကို မြွက်ကြားတော်မူခဲ့လေသည်၊ ယင်းဩဝါဒကထာမှာ ထာဝစဉ် သက်ဆုံးတိုင် လိုက်နာရန် သင့်မြတ်သဖြင့် ဤ၌ မူရင်းအတိုင်း ဖော်ပြလိုက်ပါသည်။

အခြေခံစကား

နှစ်ပတ်လည် ဩဝါဒ ခံယူပူဇော်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက် အကြောင်းကို အလျင်နှစ်များကလဲ ပြောခဲ့ပါပြီ၊ ယောဂီအဟောင်း အသစ်တွေ အချင်းချင်း တွေ့ဆုံခွင့်ရအောင် ဒါကလဲ ရည်ရွယ်ချက်တခုပါပဲ၊ မိမိတို့အားထုတ်ခဲ့ဖူးတဲ့ နေရာ ဌာနသို့ ပြန်ရောက်လာပြီးတော့ အသစ်လိုပဲ စိတ်ဓာတ်ဖြစ်ပေါ်လာပြီး ရှုမှတ်နေကျ တရားကို တက်တက်ကြွကြွနဲ့ အားထုတ်နိုင်အောင် ဒါကလဲ ရည်ရွယ်ချက်တခုပါပဲ၊

အဲဒီ ရည်ရွယ်ချက်များဖြင့် နှစ်ပတ်လည် ဩဝါဒ ခံယူပူဇော်ပွဲကို ကျင်းပစေခဲ့ပါတယ်၊ ဟိုတုန်းကတော့ တပည့်ယောဂီတွေနဲ့ ကမ္မဋ္ဌာန်းဆရာတွေက အလွန်နည်းပါ သေးတယ်၊ ယခုတော့ တပည့်ယောဂီတွေရော ဆရာတွေရော ပရိသတ်က များလာတဲ့အတွက် အဲဒီမူလက ရည်ရွယ်ချက်လောက်တွင် မကဘူး ဩဝါဒခံယူပွဲ ဆိုတဲ့အတိုင်း ဩဝါဒပေးဖို့ရာ ကိစ္စလဲပေါ်လာပါတယ်။

မျှော်လင့် ယုံကြည်ခဲ့တဲ့အတိုင်း မဟုတ်ဘူး

▬▬▬▬▬▬▬▬▬▬

ပထမ တရားပြခါစဆီက ဆိုလို့ရှိယင် “တရားအားထုတ်ထားတဲ့ သူတွေဟာ တရားထူး, ဉာဏ်ထူး အဆင့်သို့ မရောက်သေးစေကာမူ သဒ္ဓါတရားဖြစ်လောက်တဲ့ ဝိပဿနာဉာဏ်အဆင့်လောက် ရောက်လာယင် အဲဒီ ပုဂ္ဂိုလ်တွေမှာ စိတ်ဓာတ်တွေ ပြောင်းလဲပြီး အစဉ်တစိုက် ကောင်းသွားကြလိမ့်မယ်”လို့ မျှော်လင့်ခဲ့ပါတယ်၊ ယုံကြည်ခဲ့ပါတယ်၊ “ပရိယတ္တိ စာသင်တိုက်ဌာန များမှာတော့ စိတ်ဓာတ်ပြုပြင်ရေးက မပါတဲ့အတွက် စာသင်သား တပည့်အချင်းချင်းလဲ မညီမညွတ် ဖြစ်တတ်တယ်၊ ဆရာနဲ့တပည့်လဲ မညီမညွတ်ဖြစ်တတ်တယ်၊ ဒါကတော့ အရပ်တိုင်း အရပ်တိုင်းမှာ မျက်မြင်တွေ့နေတာတွေပဲ၊ ပဋိပတ္တိဌာနများမှာလဲ သဘာဝကျကျ အားမထုတ်ယင် အဲဒီလို ဖြစ်ကြမှာပါပဲ၊ သတိပဋ္ဌာန်နည်းအရ ဝိပဿနာ ပြနေတဲ့ဌာနမှာတော့ သဘာဝကျကျ အားထုတ်ထားတဲ့ ယောဂီတွေမှာ လူဖြစ်ဖြစ်, ရဟန်းဖြစ်ဖြစ် မဂ်ဖိုလ်ဉာဏ်တရားထူးကို မရောက်သေးစေကာမူ (ရောက်ပြီး ဆိုယင်တော့ ပြောစရာ မလိုပါဘူး) သဒ္ဓါတရား ဖြစ်လောက်တဲ့ ဝိပဿနာဉာဏ်လောက် ရောက်ယင်ကို စိတ်ဓာတ်တွေ ပြောင်းလဲပြီးတော့ အရှုပ်အထွေးမရှိပဲ အစဉ်တစိုက် ညီညွတ်ပြီး ကောင်းသွားလိမ့်မယ်” လို့ ဘုရားတပည့်တော်ဟာ အစတုန်းက မျှော်လင့်ခဲ့ပါတယ်၊ အဲဒီတုန်းက တကယ့်ကို မျှော်လင့်ခဲ့တာပါပဲ

ဒါပေမယ့် ယခု ပရိသတ်တွေများလာတော့ အဲဒီ မျှော်လင့်ချက်အတိုင်း သိပ်မဟုတ် လှဘူး၊ ချွတ်ယွင်းသူတွေက ပေါ်ပေါ်လာတယ်၊ လွန်ခဲ့တဲ့ ၂-နှစ်လောက်က ဆိုပါတော့၊ အဲဒီလောက် အတွင်းကမှ ချွတ်ယွင်းတာတွေပိုပြီး ထင်ရှားလာတယ်။

အစကောင်းပေမယ့် အနှောင်းချွတ်ယွင်း

▬▬▬▬▬▬▬

ဗုဒ္ဓမြတ်စွာဘုရား ပွင့်တော်မူခါစ သာသနာတော် အဦးအစက ရဟန်းပြုကြတဲ့ ပုဂ္ဂိုလ်တွေဟာ သဒ္ဓါရော, တရားဂုဏ် အဆင့်ရော ပြည့်စုံကြပါတယ်၊ ရဟန္တာ ပုဂ္ဂိုလ်တွေပဲ များခဲ့ပါတယ်၊ အဲဒီတုန်းက ဝိနည်း သိက္ခာပုဒ်တော်ဟာ ပြောလောက် ဆိုလောက်အောင် မရှိခဲ့သေးဘူး၊ ဝိကာလဘောဇနသိက္ခာပုဒ် ဆိုတာကို ပထမ အစက မပညတ်ခဲ့သေးဘူး၊ ပညတ်တဲ့အခါကျတော့လဲ မွန်းလွဲတဲ့ ညနေပိုင်း မစားဖို့ ရှေးဦးစွာ ပညတ်ပြီးတော့ အတော်အတန်ကြာမှ ညပိုင်းမစားဖို့ ပညတ်တော် မူပါသတဲ့၊

အဲဒီသိက္ခာပုဒ် မရှိသေးမီကဆိုလျှင် သီလသိက္ခာ အလေးပြုတဲ့ ပုထုဇဉ်အရိယာ များက နေမွန်းလွဲတဲ့အခါ မစားပဲ ရှောင်ကြဉ် ကြပေမယ့် အချို့ကတော့ ညနေပိုင်းရော ညဉ့်ပိုင်းရော ဆွမ်းခံပြီး စားနေကြပါသတဲ့၊ မဇ္ဈိမပဏ္ဏာသပါဠိတော် လဋုကိကောပမသုတ် စသည်ဖြင့် ထင်ရှားပါတယ်၊ လဋုကိကောပမသုတ်မှာ (ကိုယ်ကာယ ကြီးမားတဲ့ မဟာဥဒါယီခေါ်တဲ့) အရှင်ဥဒါယီမထေရ်က မြတ်စွာ ဘုရားအား ဒီလိုလျှောက်ပါတယ်။

“မြတ်စွာဘုရားဟာ ငါတို့၏ များစွာသော ဆင်းရဲကြောင်းတို့ကို ပယ်ရှားတော်မူပါ ပေစွတကား၊ ငါတို့အား များစွာသော ချမ်းသာကြောင်းတို့ကို ဆောင်ပေးတော်မူပါ ပေစွတကား”စသည်ဖြင့် ကြည်ညိုသဒ္ဓါ ဖြစ်ပုံကို လျှောက်ထားပါတယ်၊ အဲဒီလို လျှောက်ပြီးတော့ ဆင်းရဲကြောင်းတွေကို ပယ်ပြီး ချမ်းသာကြောင်းတွေ ဆောင်ပေး ပုံကို ဒီလို ဆက်လျှောက်ပါတယ်။

ဝိကာလဘောဇန သိက္ခာပုဒ်

▬▬▬▬▬▬▬▬▬▬

မြတ်စွာဘုရား .... တပည့်တော်တို့ဟာ ရှေးအခါက -
ညချမ်းအချိန်၌လဲ စားကြပါတယ်၊
နံနက်အချိန်၌လဲ စားကြပါတယ်၊
နေ့ခင်းမွန်းလွဲ အချိန်၌လဲ စားကြပါတယ်၊

တခါက မြတ်စွာဘုရားဟာ နေ့ခင်းမွန်းလွဲ အချိန်၌ စားခြင်းကို ပယ်စွန့်ရန် မိန့်တော်မူပါတယ်၊ အဲဒီအခါ တပည့်တော်မှာ စိတ်မချမ်းသာပဲ တမျိုးတမည် ဖြစ်ခဲ့ပါတယ်၊ နေ့ခင်း မွန်းလွဲ အချိန်အခါမှာ သဒ္ဓါတရားရှိကြတဲ့ ဒကာတွေက မွန်မြတ်သော ခဲဖွယ် ဘောဇဉ်ကို လှူကြတယ်၊ အဲဒါကို မြတ်စွာဘုရားက ပယ်ဖို့ မိန့်တော်မူတယ်လို့ ဆင်ခြင်ပြီး နှလုံးမသာ ဖြစ်ခဲ့ပါတယ်၊

ဒါပေမယ့် တပည့်တော်တို့ဟာ မြတ်စွာဘုရား အပေါ်မှာ ခင်မင်ကြည်ညိုခြင်း, ရိုသေခြင်း, ရှက်ကြောက်ခြင်းကို ရှုမြင်ကာဖြစ်စေလျက် အဲဒီ နေမွန်းလွဲ နေ့ခင်း စားခြင်းကို ပယ်ခဲ့ကြပါတယ်၊ ညချမ်းနှင့် နံနက်အချိန်၌သာ စားနေကြပါတယ်၊ နောက်တချိန်ကျတော့ မြတ်စွာဘုရားက ညဉ့်အချိန်စားခြင်းကို ပယ်စွန့်ရန် မိန့်တော်မူပြန်ပါတယ်၊

အဲဒီအခါမှာလဲ တပည့်တော်မှာ စိတ်မချမ်းသာပဲ တမျိုးတမည် ဖြစ်ခဲ့ပါတယ်၊ ညဉ့်အချိန်မှာလှူတဲ့ ဆွမ်းနဲ့ ဟင်းကသာပြီး ကောင်းတယ်၊ အဲဒီ ဆွမ်း, ဟင်းကိုလဲ မြတ်စွာဘုရားက ပယ်ဖို့မိန့်တော်မူပြန်တယ်လို့ ဆင်ခြင်ပြီး နှလုံးမသာ ဖြစ်ခဲ့ပါတယ်၊ ညဉ့်အချိန်မှာ ချက်ပြုတ်စားကြတဲ့ ထမင်း, ဟင်းသာ အကောင်းဆုံး ဖြစ်ပါတယ်၊ အဲဒါကို မစားရဘူးလို့ မိန့်တော်မူတဲ့ အတွက် နေလို့ဖြစ်ပါ့မည်လားလို့ ဆင်ခြင် ကြံတွေးပြီး နှလုံးမသာဖြစ်ခဲ့ပါတယ်၊

ဒါပေမယ့် မြတ်စွာဘုရားအပေါ်မှာ ခင်မင်ကြည်ညိုခြင်း, ရိုသေလေးစားခြင်း, ရှက်ကြောက်ခြင်းကို ရှုမြင်ကာ ဖြစ်ပေါ်စေလျက် ညဉ့်အချိန် စားခြင်းကိုလဲ ပယ်ခဲ့ ပါတယ်လို့ လျှောက်ပြီးတော့ အဲဒီ ဝိကာလဘောဇန ၂-မျိုးကို ပယ်တဲ့အတွက် တွေ့ရတဲ့ အကျိုးအာနိသင်များကိုလဲ ဒီလိုဆက်လျှောက်ပြန်တယ်။

ညစာမစားခြင်းအကျိုး

▬▬▬▬▬▬▬▬

ညဉ့်မှောင်မိုက်ထဲမှာ ဆွမ်းခံသွားတဲ့ ရဟန်းများဟာ ရေပုပ်, ရေဆိုးတွင်းထဲ, ရွံ့ဗွက်ထဲလဲ ကျရောက်ကြတယ်၊ ဆူးစည်းရိုးကိုလဲ နင်းမိကြတယ်၊ အိပ်နေတဲ့ နွားကိုလဲ နင်းမိကြတယ် သူခိုး, ဒမြ လူဆိုးတို့နှင့်လဲ တွေ့ကြရတယ်၊

တခါကတော့ တပည့်တော် ညဉ့်မှောင်မိုက်ထဲ ဆွမ်းခံသွားစဉ်မှာ အိုးခွက်ဆေးနေတဲ့ မိန်းမက လျှပ်ရောင်ဖြင့် တွေ့မြင်ပြီး “တစ္ဆေကြီးပါတော့ သေပါပြီ”လို့ အလန့် တကြား ဟစ်အော်လိုက်ပါတယ်၊ အဲဒီတော့ တပည့်တော်က “ငါတစ္ဆေမဟုတ်ဘူး၊ ရဟန်းပါ၊ ဆွမ်းခံလာတာပါ”လို့ ပြောလိုက်တယ်၊ “ရဟန်းမှာ အမေ အဖေတွေ သေကုန်ရော့ သလား၊ ညဉ့်မှောင်မိုက်ထဲ ဝမ်းရေးအတွက် ဆွမ်းခံတာထက် ဝမ်းဗိုက်ကို သားလှီး ဓားဖြင့် လှီးလိုက်တာက ကောင်းသေးတယ်”လို့ အဲဒီမိန်းမက ဆိုပါတယ်။

အဲဒီလို ဒုက္ခရောက်ရတာတွေ, ရှုတ်ချပြီးအပြောအဆို ခံရတာတွေကို ပြန်လည် စဉ်းစားကြည့်လိုက်တော့ “မြတ်စွာဘုရားဟာ ငါတို့၏ များစွာသော ဆင်းရဲကြောင်း တို့ကို ပယ်ရှားတော်မူပါပေတယ်” စသည်ဖြင့် မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးတွေကို ဆပ်ခြင်မိကြောင်း ဥဒါယီမထေရ်က လျှောက်ပါတယ်၊

အဲဒါကို ထောက်ဆကြည့်ယင် သာသနာတော်အစပိုင်းတုန်းက အရှုပ်အထွေး မရှိသေးလို့ သိက္ခာပုဒ်တွေ များစွာမပညတ်ရသေးကြောင်း သိရပါတယ်။

နောက်ပြီးတော့ မြတ်စွာဘုရား တဆယ့်နှစ်ဝါမြောက်မှာ ဝေရဉ္ဇရာမြို့၌ ဝါကပ်စဉ်က သိက္ခာပုဒ် ပညတ်ဖို့ရာ အရှင်သာရိပုတ္တရာ မထေရ်မြတ်က လျှောက်ထား တောင်းပန်ပါတယ်၊ မြတ်စွာဘုရားက ပညတ်ရန် အချိန် မရောက်သေးကြောင်း မိန့်တော်မူတယ်၊ အဲဒါကို ထောက်ဆကြည့်ယင်လဲ သာသနာတော် အစပိုင်းတုန်းက သိက္ခာပုဒ်များများ မရှိခဲ့သေးကြောင်း သိရပါတယ်။

အဲဒါလိုပဲ ဝိပဿနာ ကမ္မဋ္ဌာန်းပြရာမှာလဲ အစပိုင်းတုန်းက တော်တော်ဟန်အကျ သားပါပဲ၊ အရှုပ်အထွေးမရှိခဲ့ပါဘူး၊ နောက်ပိုင်းကျတော့ အချို့အနည်းငယ်သော ပုဂ္ဂိုလ်တွေက ချွတ်ယွင်းလာတာကို တွေ့ရတယ်၊ အဲဒီချွတ်ယွင်းချက်များကို အကြောင်းပြုပြီးတော့ ဩဝါဒပေးဖို့ရာ လိုလာပါတယ်၊ အစကတော့ ဒီလို ရည်ရွယ်ချက် မရှိခဲ့ပါဘူး၊ ကိုယ့်တပည့် ကိုယ့်ပရိသတ်တွေ အပေါ်မှာ စိတ်ချ ယုံကြည်လာခဲ့တယ်၊ ဒီလို ချွတ်ယွင်းချက်တွေ မဖြစ်နိုင်ဘူးလို့ ထင်မြင်လာခဲ့တယ်၊ ယခုလိုချွတ်ယွင်းချက်တွေကို တွေ့ရတဲ့အခါကျတော့မှ ဟိုတုန်းက ယုံကြည် စိတ်ချပြီး ထင်မြင်ခဲ့တာဟာ ကိုယ့်တပည့်တွေ အထင်ကြီးရာ ရောက်နေကြောင်း ပေါ်လာပါတယ်။

၁။ ဝိနည်းအလေးပြုရေး

▬▬▬▬▬▬▬▬▬

ယခု ဩဝါဒပေးဖို့ကတော့ အလျင်ကပေးနေကျဩဝါဒခေါင်းစဉ် ခုနစ်ပါးဖြင့်ပင် ပြည့်စုံနေပါပြီ၊ အဲဒီ ခုနစ်ပါးထဲက အမှတ် ၁-အရ ဝိနည်းကို အလေးပြုရေးဆိုတာ အရေးကြီးပါတယ်၊ အရှင်ဘုရားတို့ဟာ ဝိနည်းကို တတ်သိကြပြီးချည်း ဖြစ်ပါတယ်၊ ဒါပေမယ့် ပြည့်စုံသည်ထက် ပြည့်စုံအောင် ထပ်ပြီးတော့ လေ့လာဖို့ လိုပါတယ်၊ ဘာကြောင့် ဒီလိုပြောရသလဲဆိုတော့ စာပေ ကျမ်းဂန်တတ် စာချဆရာတော်ကြီး တပါးက ဝိနည်း အဆုံးအဖြတ် စာအုပ်တအုပ် ရေးထုတ်တာကို တွေ့ရပါတယ်၊ အဲဒီ စာအုပ်ထဲမှာ မှတ်သားလောက်တဲ့ အဆုံးအဖြတ်တွေလဲ တော်တော်များများ ပါပါတယ်။

ဒါပေမယ့် မမှားသင့်ရာမှာ မှားပြီး ရေးသား ဆုံးဖြတ်ထားတာတွေကိုလဲ တွေ့ရတယ်၊ သာသနာတော်အတွက် ဝမ်းနည်းစရာပါပဲ၊ တွေ့ရတာတခုကတော့ ဝိကာလဘောဇန သိက္ခာပုဒ်နှင့်စပ်ပြီး သတ္တာဟကာလိကအကြောင်း မှားယွင်းစွာ ရေးသား ဆုံးဖြတ်ထားချက်ပါပဲ။

အဲဒီမှာ ရေးထားပုံက “သတ္တာဟကာလိကကို အာဟာရအတွက် အကပ်ခံပြီး ခုနစ်ရက်ပတ်လုံး သုံးဆောင်ကောင်းတယ်၊ ဆေးအတွက် ဆိုယင်တော့ တသက် ပတ်လုံး သုံးဆောင် ကောင်းတယ်”တဲ့၊ အဲဒီ ဆုံးဖြတ်ချက် မှားယွင်းကြောင်း ဝိနည်း တတ်သိ နားလည်ကြတဲ့ အရှင်ဘုရားတို့လဲ သိကြမှာပါပဲ၊

အမှန်ကတော့ သတ္တာဟကာလိကကို အကပ်ခံပြီး ခုနစ်ရက်အတွင်း သုံးဆောင် ရတယ်ဆိုတာဟာ ဆေးအဖြစ်ဖြင့် သုံးဆောင်ရတာကို ဆိုတာပါ၊ အာဟာရအတွက် မဟုတ်ပါဘူး၊ သတ္တာဟကာလိကကို နေမွန်းလွဲတဲ့အခါ အာဟာရအတွက် အကပ်ခံယင် ဒုက္ကဋ်အာပတ်သင့်တယ်၊ စားသောက်ယင်လဲ ဒုက္ကဋ်အာပတ် သင့်တယ်၊

အဲဒီ အနက်အဓိပ္ပါယ်ဟာ “ယာမကာလိကံ သတ္တာဟကာလိကံ ယာဝဇီဝိကံ အာဟာရတ္ထာယ ပဋိဂ္ဂဏှာတိ အာပတ္တိ ဒုက္ကဋဿ၊ အဇ္ဈောဟာရေ အဇ္ဈောဟာရေ အာပတ္တိဒုက္ကဋဿ” လို့ ဝေဖန်ပြထားတဲ့ ဝိကာလဘောဇန သိက္ခာပုဒ်၏ ပဒဘာဇနီပါဠိဖြင့်ပင် အလွန်ထင်ရှားနေပါတယ်။

နောက်ပြီးတော့ သတ္တာဟကာလိကကို ဆေးအတွက် အကပ်ခံပြီး ခုနစ်ရက် အတွင်းသာ သုံးဆောင် ကောင်းတယ်၊ ခုနစ်ရက်ထက် ပိုလွန်ပြီးထားလျှင် နိဿဂ္ဂိပါစိတ် အာပတ်သင့်တယ်ဆိုတာလဲ “ယာနိ ခေါ ပန တာနိ ဂိလာနာနံ ဘိက္ခူနံ ပဋိသာယနိယာနိ ဘေသဇ္ဇာနိ။ ပ။ တာနိ ပဋိဂ္ဂဟေတွာ သတ္တာဟပရမံ သန္နိဓိကာရကံ ပရိဘုဥ္ဇိတဗ္ဗာနိ၊ တံ အတိက္ကာမယတော နိဿဂ္ဂိယံ ပါစိတ္တိယံ” ဆိုတဲ့ ပါတိမောက် သိက္ခာပုဒ်ဖြင့်ပင် ထင်ရှား နေပါတယ်၊

ဒါလောက် ထင်ရှားနေပါလျက်နဲ့ အဲဒီစာအုပ်မှာ “သတ္တာဟကာလိကကို အာဟာရ အတွက်အကပ်ခံပြီး ခုနစ်ရက်ပတ်လုံး သုံးဆောင်ကောင်းကြောင်း၊ ဆေးအတွက် ဆိုလျှင်တော့ တသက်ပတ်လုံး သုံးဆောင်ကောင်းကြောင်း” မှားယွင်းစွာ ရေးသား ထားတာဟာ အလွန်ပင် အံ့ဩစရာကောင်းပါတယ်၊ အဲဒီ ကျမ်းဆရာ ကိုးကား ထားတာကတော့ သာရတ္ထဒီပနီ ဋီကာပါဌ်ပါပဲ၊ အဲဒီဋီကာကတော့ သူယူဆတဲ့ အတိုင်း ဆိုလိုတာ မဟုတ်ပါဘူး၊ ဝိနည်း ပါဠိ အဋ္ဌကထာများအတိုင်းပင် ထပ်ဆင့်၍ ဖွင့်ပြထားချက်မျှသာ ဖြစ်ပါတယ်။

ယခုပြောခဲ့တဲ့ မှားယွင်းသော အဆုံးအဖြတ်ကို ယုံကြည်ပြီးတော့ သတ္တာဟကာလိကကို အာဟာရအတွက် သုံးဆောင်ယင်, ဆေးအတွက် ခုနစ်ရက် ကျော်လွန်ပြီး သုံးဆောင်ယင် အာပတ်သင့်ရုံမျှမက ဝိနည်းကိုလဲ မရိုသေရာ ရောက်ပါလိမ့်မယ်။ ဒီလို ဝိနည်းကို မရိုမသေဆုံးဖြတ်ပြီး မရိုမသေ ပြုကျင့် သွားကြယင် ဝိနည်း ကျင့်ဝတ်တွေ ပျက်သွားဖို့ သေချာပါတယ်

ယခု ပြောခဲ့တာက ပုံစံတခုအနေနဲ့ ထုတ်ပြတာပါပဲ၊ ဝိနည်း သိက္ခာပုဒ်တွေနဲ့စပ်ပြီး အကျယ် ဝေဖန်ပြောဖို့တော့ အချိန်မရှိပါဘူး၊ မိမိတို့ လေ့လာတတ်သိပြီး ဖြစ်သည့်အတိုင်း ရိုသေစွာ ကျင့်သွားကြဖို့ပါပဲ၊ အချိန်ရပါလျှင် ဝိနည်းကို အထပ်ထပ် လေ့လာပြီး တတ်သိသည့်အတိုင်း ကျင့်သုံးသွားကြဖို့ပါပဲ၊ အရေးကြီး တာကလေး သုံး, လေးခု လောက်တော့ ပြောချင်ပါသေးတယ်။

အရုဏ်တက် သတိပြုရန်

▬▬▬▬▬▬▬▬▬

ယာဝကာလိကဆိုယင် နံနက် အရုဏ်တက်ပြီးမှ အကပ်ခံပြီး သုံးဆောင်ရတယ်၊ အရုဏ်မတက်ခင်က အကပ်ခံထားယင် အရုဏ်တက်တဲ့အခါ သန္နိဓိဖြစ်သွားတယ်၊ အဲဒါကို မစားကောင်းတော့ဘူး၊ စားယင် သန္နိဓိသိက္ခာပုဒ်အရ ပါစိတ်အာပတ် သင့်တယ်၊ အရုဏ် မတက်ခင် စားယင်တော့ ဝိကာလဘောဇနာသိက္ခာပုဒ်အရ ပါစိတ် အာပတ်သင့်တယ်၊ တနေ့လုံး တညဉ့်လုံး မစားပဲ ရှောင်ကြဉ်လာခဲ့ပြီးမှ အရုဏ်တက်ခါနီး တနာရီခန့် နာရီဝက်ခန့်အတွင်းမှာ စားသုံးမိလို့ အာပတ်သင့် ရတယ် ဆိုယင် တနေ့လုံး တညဉ့်လုံး ရှောင်ကြဉ်လာခဲ့တာ တွေဟာ အလကားလို ဖြစ်သွားတယ်၊ ဝမ်းနည်းစရာပဲ။

ဝိနယာလင်္ကာရဋီကာမှာ အရုဏ်ချိန်နှင့်စပ်ပြီး ဆုံးဖြတ်ထားတာ ရှိတယ်၊ သင့်လဲ သင့်ပါတယ်၊ နေမထွက်မီ ၁-နာရီ, ၂-နာရီခန့်ဖြင့် အရုဏ်တက်သည်ဟု သတ်မှတ်အပ် ကြောင်း ပြဆိုထားပါတယ်၊ အဲဒီမှာ ၁-နာရီ, ၂-နာရီဆိုတာက ဘာနာရီလဲ ဆိုယင် အဲဒီဋီကာရေးတဲ့ ခေတ်တုန်းက မြန်မာပြည်မှာ စက်နာရီ မပေါ်သေးဘူး၊ နေ့နာရီ ၃၀, ညဉ့်နာရီ ၃၀-ဆိုတဲ့ မြန်မာနာရီကို အသိအမှတ် ပြုနေကြတဲ့အခါဖြစ်တယ်၊

ဒါကြောင့် အဲဒီ ဋီကာမှာ ပြဆိုထားတဲ့နာရီဟာ မြန်မာနာရီ ဖြစ်ကြောင်း သိသာပါတယ်၊ အဲဒီ မြန်မာနာရီ ၁-နာရီမှာ ယခု စက်နာရီဖြင့် ၂၄-မိနစ် ရှိတယ်၊ ဒါကြောင့် မကြာမီက မင်းဘူးမှ ဆရာတော်တပါးက ရေးသားစီရင်တဲ့ အရုဏ်တက်ချိန် အဆုံးအဖြတ် စာအုပ်မှာ နေမထွက်မီ ၂၄-မိနစ်၌ အရုဏ် တက်ကြောင်း ဆုံးဖြတ်ထားပါတယ်။

ဒါပေမယ့် နေထွက်ပုံကို ထင်ရှားမြင်ရတဲ့အရပ်မှာဆိုယင် မိမိတို့၏ မျက်မြင်ဖြင့်ပင် နေမထွက်မီ မည်မျှလောက် အချိန်က အရုဏ်ရောင် ထွက်ပေါ်လာတယ်ဆိုတာကို ဆုံးဖြတ်နိုင်ပါတယ်။

အရုဏ်ရောင်ဆိုတာ နေမထွက်မီက ပေါ်လာတဲ့ နေ၏အရောင် ဖြစ်ကြောင်း စဉ်းငယ်နီတဲ့အရောင် ဖြစ်ကြောင်း အဘိဓာန်ကျမ်း စသည်မှာ (သူရဿောဒယတော ပုဗ္ဗုဋ္ဌိတရံသီ သိယာရုဏော) စသည်ဖြင့် လည်းကောင်း၊ (အရုဏော ကိဥ္စိ ရတ္တော) ဟူ၍လည်းကောင်း ပြဆိုထားပါတယ်၊

ဒါကြောင့် နံနက်လင်းစပြုတဲ့ အချိန်မှာ နေထွက်မည့် အရပ်ဆီက စောင့်မျှော် ကြည့်နေယင် နေမထွက်မီ မိနစ် ၅၀-ခန့် လောက်မှာ စဉ်းငယ်နီတဲ့ အရောင် ပေါ်လာတာကို တွေ့ရပါလိမ့်မယ်၊ အဲဒီ စဉ်းငယ်နီတဲ့ အရောင် ပီပီသသ ပေါ်လာတဲ့ အချိန်ကို အရုဏ်တက်ချိန်လို့ မှတ်ယူနိုင်ပါတယ်၊ စက်နာရီ အလိုအားဖြင့် နေမထွက်မီ မိနစ် ၅၀-ခန့်အချိန်မှာ အဲဒီ အရုဏ်ရောင်ကို တွေ့မြင်ရတတ်ပါတယ်၊

ဒါကြောင့် နေမထွက်မီ မိနစ် ၅၀-ခန့် အချိန်ကို အစောဆုံး အရုဏ်တက်ချိန်လို့ မှတ်ယူသင့်ပါတယ်၊ ဒါပေမယ့် ရှင်, ရဟန်းများ, ဥပုသ်သည်များမှာ အဲဒီအချိန်ထက် ၅-မိနစ်ခန့်, ၁၀-မိနစ်ခန့် နောက်ကျပြီး စားသုံးလျှင်သာပြီး သံသယကင်းဖွယ် ရှိပါတယ်။

နေထွက်ချိန်နာရီကိုတော့ မြန်မာလနှင့် ကိန်းသေ မှတ်ထားယင် အတိအကျ မဖြစ်နိုင်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ မြန်မာလက ဝါထပ်ပြီးခါစမှာ အချိန် မှန်ပေမယ့် တနှစ်တနှစ်မှာဆိုယင် ၁၁-ရက် သာသာလောက် စောစောလာပါတယ်၊ ၃-နှစ်ခန့်, ၂-နှစ်ကျော်ခန့်မှာ ရက် ၃၀-လောက် စောနေတဲ့အတွက် ပထမဝါဆို တလလုံးကိုပယ်ပြီး ဒုတိယဝါဆို တလထပ်ရတယ်၊

ဒါကြောင့် မြန်မာလနှင့်ဆိုယင် နေထွက်ချိန်ဟာ အတိအကျမှတ်ယူထားလို့ မဖြစ်ပါဘူး၊ ယခုနေအခါမှာ ကမ္ဘာသုံး လဖြင့် ရက်စဉ်အတိုင်း နေထွက်ချိန် နာရီ မိနစ်များကို အတိအကျ ပြထားတဲ့ စာရင်းဇယားတွေ ရှိပါတယ်၊ အဲဒီစာရင်း ဇယားအရက နေထွက်ချိန် ပိုပြီး တိကျပါတယ်၊

ဒါကြောင့် အဲဒီနေထွက်ချိန် စာရင်းဇယားဖြင့် နေမထွက်မီ ၄၅-မိနစ်ခန့်, ၄၀-ခန့်မှာ အရုဏ်တက်တယ်လို့ ယူယင်သင့်လျော်ပါလိမ့်မယ်၊ ဒါပေမယ့် ဆောင်းရာသီမှာ မြန်မာပြည်တောင်ပိုင်းက နေထွက်စော တတ်တယ်၊ နွေရာသီမှာ မြောက်ပိုင်းက စောတတ်တယ်၊ အဲဒီ နေထွက်အပြောင်းအလဲ သတိပြုသင့်ပါတယ်။

အဲဒီ အရုဏ်တက်ချိန်ဟာ ဝိကာလဘောဇန သိက္ခာပုဒ်အတွက် အရေးကြီးသည့်ပြင် ပရိဝတ်, မာနတ်ဆောက်တည်ရာမှာလဲ အရေးကြီးပါတယ်၊ အရုဏ်မတတ်သေးပဲ ပရိဝတ်, မာနတ်ကို ချမိယင် အဲဒီရက်ဟာ ရတ္တိစ္ဆေဒ ဖြစ်သွားပါတယ်၊ စာရင်း မဝင်တော့ပါဘူး၊ ဒါကြောင့် ပရိဝတ်, မာနတ်အတွက်ဆိုယင် နေမထွက်မီ စက်နာရီဖြင့် တနာရီခွဲခန့်က ဆောက်တည်ပြီးတော့ နေထွက်ခါနီးမိနစ် ၂၀-လောက် ကျမှ ဝတ်ကိုချယင် သာပြီး စိတ်ချရပါတယ်။

သင်္ကန်းရုံသွားဖို့


နောက်တခုကတော့ ကျောင်းဝင်းမှ ထွက်ခွါသွားယင် သင်္ကန်းရုံ သွားဖို့ပါပဲ၊ အဲဒါက အလွန်ကျေးဇူးများပါတယ်၊ ဒါကြောင့် မဟာစည် စည်းမျဉ်းဥပဒေထဲမှာ အဲဒါကို ထည့်သွင်းထားပြီး ရှိနေပါတယ်။

နောက်ပြီးတော့ ပရိမဏ္ဍလပါရုပနအရာ၌ ပါဠိကာရကရဟန်းကဲ့သို့ လက်ဝဲ လက်မောင်းကိုဖော်၍ ဧကသီကို မရုံမိစေရန် သတိပြုကြဖို့ပါပဲ၊ အဋ္ဌကထာမှာ အဝန်းညီစွာရုံပုံကို ဖွင့်ပြထားပုံကတော့ သုပ္ပဋိစ္ဆန္နသိက္ခာပုဒ်မှာလိုပဲ “ဥဘောကဏ္ဏေ သမံ ကတွာ ပါရုပနံ”လို့ ပြဆိုထားပါတယ်၊ ပဋိသင်္ဃရိတွာ - ခေါက်လိပ်၍ဆိုတဲ့ပုဒ် မပါတာလောက်ပဲထူးပါတယ်၊

ဒါကြောင့် အရိုအသေ ရုံသင့်ရာဌာနများအတွက် ရုံတဲ့အခါမှာ အထက်ပိုင်း သင်္ကန်း အစွန်း ၂-ခုကို အညီအညွတ်ပြုပြီး သုပ္ပဋိစ္ဆန္န ရုံတာလိုပင် လက်ဝဲလက်မောင်းကို ရစ်ပတ်ပြီး ရုံတာဟာ အဋ္ဌကထာအဆိုနှင့် ညီပါတယ်၊ ဧကံသံ စီဝရံ ကတွာ အရရုံရာမှာလဲ ဒီနည်းဖြင့် ရုံတာဟာ အလွန်သင့်လျော်ပါတယ်၊ ဒီလိုမဟုတ်ပဲ အများရုံနည်းဖြင့် ရုံယင်လဲ လက်ဝဲလက်မောင်းလုံခြုံနေယင် သင့်တော်တယ်လို့ ယူရမှာပါပဲ၊

အဲဒီ ဧကံသပါရုပနဟာ ဘုရားဆင်းတုတော်ရှေ့, စေတီတော်ရှေ့, မထေရ်ကြီးရှေ့၌ အရိုအသေပြုသောအားဖြင့် ရုံပုံ ရုံနည်းပါပဲ၊ မြို့ထဲ ရွာထဲမဟုတ်ယင် အရိုအသေ ပြုသင့်တဲ့ နေရာဌာနမှာ အဲဒီဧကံသပါရုပနဖြင့် အရိုအသေ ပြုရပါတယ်၊ ဥဘောအံသပါရုပနနည်း သင်္ကန်းရုံလျက် အရိုအသေ ပြုတာကတော့ မသင့်လျော် ပါဘူး၊

ဘာကြောင့်လဲဆိုယင် အရိုအသေပြုသင့်တဲ့ အရာတိုင်းမှာ ဧကံသံ စီဝရံ ကတွာ -လို့ချည်း ဟောတော်မူသောကြောင့်ပါပဲ၊ နောက်တခုကတော့ ဘုရားရှေ့, မထေရ်ကြီးများရှေ့နဲ့ သံဃာ့အလယ်တို့မှာ ဒူးတဘက်ကို ဖြစ်စေ, နှစ်ဘက်လုံးကို ဖြစ်စေ လက်နှစ်ဘက်ဖြင့် ပိုက်ပြီးထိုင်တဲ့ ပလ္လတ္ထိကထိုင်နည်းဖြင့် မထိုင်မိစေရန်လဲ သတိပြုကြစေလိုပါတယ်။

ရွှေငွေကို အပြစ်ကင်းအောင် အလှူခံဖို့

▬▬▬▬▬▬▬▬▬▬▬

နောက်တခုကတော့ ရွှေငွေကို နဝကမ္မဆိုပြီး ဒကာ, ဒကာမတွေက လှူရာမှာ အပြစ်ကင်းတဲ့ နည်းဖြင့် အလှူခံဖို့, သိမ်းထားဖို့နဲ့ သုံးစွဲဖို့ပါပဲ၊ အဲဒါကလဲ အလွန် အရေးကြီးပါတယ်၊ အဲဒီအကြောင်းကို အရှင်ဘုရားတို့လဲ လေ့လာပြီး ဖြစ်ပါလိမ့်မယ်၊ ဒါပေမယ့် ပြည့်စုံသည်ထက် ပြည့်စုံအောင် ထပ်ပြီးလေ့လာကြစေ လိုပါတယ်၊

ပါဠိတတ်တဲ့ ဆရာတွေဆိုယင် ပါဠိ, အဋ္ဌကထာ, ဋီကာများကို ထပ်မံကြည့်ရှုပြီး လေ့လာကြရုံပါပဲ၊ ပါဠိမှာ ကောင်းကောင်းမကျွမ်းကျင်ယင်လဲ ယခုနေအခါမှာ မြန်မာဘာသာဖြင့် ရေးထားတဲ့ ဝိနည်းဆိုင်ရာ ကျမ်းစာအုပ်တွေ ရှိပါတယ်၊ အမရပူရ တောင်မြို့က ဆရာတော် အရှင်ဇနကာဘိဝံသရေးထားတဲ့ ဝိနည်းဆိုင်ရာ ကျမ်းစာအုပ်တွေ ဆိုယင် သာပြီး သိလွယ်ပါလိမ့်မယ်။

အပြစ်ကင်းအောင် အလှူခံနည်း အကောင်းဆုံးကတော့ ဝိနည်း မဟာဝါ ၃၄၂-မှာ ပြထားတဲ့ -

(သန္တိ ဘိက္ခဝေမနုဿာသဒ္ဓါပသန္နာ၊ တေ ကပ္ပိယကာရကာနံ ဟတ္ထေ ဟိရညံ ဥပနိက္ခိပန္တိ “ဣမိနာအလျဿ ယံ ကပ္ပိယံ၊ တံ ဒေထာ”တိ၊ အနုဇာနာမိ ဘိက္ခဝေ ယံကတော ကပ္ပိယံ၊ တံ သာဒေတုံ)

ဆိုတဲ့ ခွင့်ပြုတော်မူချက် မေဏ္ဍကသိက္ခာပုဒ်အရ (ဤ ဝတ္ထုငွေကို ဖြစ်ပေါ် လတ္တံ့သော ရဟန်းတော်တို့အား အပ်စပ်သော ဆွမ်း, သင်္ကန်းစသော လိုရာရာ ပစ္စည်းတို့ကို အရှင်ဘုရားအား လှူပါ၏၊ ဝတ္ထုငွေတို့ကို အရှင်ဘုရား၏ ကပ္ပိယကာရကထံ၌ အပ်နှံ့၍ ထားပါမည်၊ အလိုရှိသော ဆွမ်း, သင်္ကန်းစသည်ကို ထို ကပ္ပိယကာရကထံမှ တောင်းယူ၍ သုံးဆောင်တော်မူပါ) လို့ဆိုပြီး လှူတာဟာ အကောင်းဆုံးပါပဲ။

အဲဒီလို ဆိုကာ လှူပြီးတော့ ကပ္ပိယကာရကထံမှာ အပ်နှံထားခဲ့ယင် အလိုရှိသော ပစ္စည်းကို အဲဒီ ကပ္ပိယကာရကထံမှ တောင်းယူ သုံးစွဲနိုင်ပါတယ်၊ အပြစ်မရှိ စင်ကြယ်ပါတယ်၊ နဝကမ္မအား လှူပါ၏လို့ဆိုပြီး လှူပေမယ့် သိမ်းမှု စွဲမှုနှင့်စပ်ပြီး အပ်စပ်ဖို့လိုပါသေးတယ်၊ ဟိုနားမှာ ထားလိုက်, ဘယ်သူ့ထံပေးလိုက်စသည်ဖြင့် ညွှန်ကြားပြီး၊ သိမ်းယင် အဲဒါမအပ်ဘူး၊

သုံးတဲ့အခါလဲ အရောင်းအဝယ်သဘော သက်ရောက်တဲ့ စကားဖြင့် ပြောဆို သုံးစွဲယင် အဲဒါ မအပ်ဘူး၊ အပ်စပ်တဲ့ပစ္စည်းကို ကပ္ပိယကာရကထံမှ တောင်းယူပါမှ အပ်တယ်၊ ဒါကြောင့် ခုတင်က ပြောခဲ့တဲ့ မေဏ္ဍက သိက္ခာပုဒ်အရ လှူနည်းသုံးနည်းဟာ အကောင်းဆုံးပါပဲ။

သာပြီး ဆိုးတာကတော့ ငွေတွေ, ငွေစက္ကူတွေကို ဒကာ, ဒကာမ တွေက လှူတဲ့အခါ ရဟန်းတော်တွေက မိမိတို့၏ လက်ဖြင့်ပင် ခံယူတာတွေရှိတယ်၊ မဟာစည်ဂိုဏ်း ထဲမှာတော့ အဲဒီလို ခံယူတာကို မတွေ့ဖူး, မကြားဖူးပါဘူး၊ ဒါပေမယ့် မဟာစည် ဂိုဏ်းဝင် အမည်နဲ့ ပုဂ္ဂိုလ်တွေက အများကြီးဆိုတော့ ဒီလို အလှူခံတာ မရှိဘူး လို့တော့ မဆိုနိုင်ပါဘူး၊

အဲဒီ မအပ်မရာ အလှူခံမှုမျိုး, ရွှေငွေကို ကိုင်တွယ်မှုမျိုးတွေဟာ အလွန်အမြင် မတော်တဲ့ အမှုမျိုးတွေ ဖြစ်တဲ့အတွက် လွတ်လွတ်ကင်းကင်း ရှောင်ကြဉ်ကြရန် အထူး သတိပေးပါတယ်

အကပ်ခံရေး

▬▬▬▬

နောက်ပြီးတော့ အကပ်ခံတဲ့နေရာမှာ ကပ်တဲ့ စားသောက်ဖွယ်၏ တည်ရာ ပန်းကန်, ခွက်, စားပွဲခုံ စသည်ကို လက်နဲ့သွားတို့တာ, မကပ်သေးခင်က ဆွဲယူတာ ဒီလို ကိုယ်က သွားကိုင်တာမျိုး မဖြစ်စေရဘူး၊ (အဘိဟာရ) - ရှေးရှုဆောင် ကပ်ပေးခြင်းဆိုတဲ့ အင်္ဂါနှင့်အညီ ပေးကပ်တဲ့သူက ရဟန်း၏ လက်ထဲသို့ ထည့်ပေးခြင်းသာ ဖြစ်စေရမယ်၊ ကပ်သူနှင့် အကပ်ခံသူ အကွာအဝေးကတော့ ၂-တောင့်ထွာ ဟတ္ထပါသ်အတွင်းမှာ တည်ရှိစေရမယ်တဲ့၊

အဲဒီ ၂-တောင့်ထွာ ပမာဏကိုလဲ အကပ်ခံသူက ထိုင်နေယင် အကပ်ခံသူ၏ နောက်ဘက်မှ စပြီး ယူရမယ်၊ ရပ်နေယင်လဲ ဖနောင့်အစွန်းမှစပြီး ယူရမယ်၊ ကပ်သူ၏ ဘက်မှာတော့ လှမ်းပြီးကပ်တဲ့လက်မှတပါး အနီးဆုံးကိုယ်အင်္ဂါ၏ အတွင်းဘက်မှာ ယူရမယ်တဲ့၊ ၂-ယောက် ၂-ယောက်ကပ်ယင် တယောက်ကတော့ အဲဒီ ဟတ္ထပါသ်အတွင်း ရောက်ဖို့လိုပါတယ်၊ အလေးချိန်ကတော့ အလယ် အလတ် အားရှိသူ ပင့်မ,နိုင်တဲ့ အရာဝတ္ထု ဖြစ်စေရမယ်တဲ့၊ ဒါကြောင့် အားအလယ် အလတ်ရှိသူ မပင့်မ,မနိုင်လောက်ဘူးထင်ယင် တချို့ကို ချထားစေပြီးမှ အကပ် ခံရတယ်၊ အဲဒါဟာ အကပ်ခံမှုနှင့်စပ်ပြီး သတိပြုဖို့ပါပဲ။

ကမ္မဋ္ဌာန်းဌာနနှင့် နစ္စ, ဂီတ

▬▬▬▬▬▬▬▬▬▬

နောက်တခုကတော့ ကမ္မဋ္ဌာန်းဌာနအတွင်း၌ နစ္စ, ဂီတ, ဝါဒိတများကို အခွင့် မပြုဖို့ပါပဲ၊ ရန်ကုန် သာသနာ့ရိပ်သာမှာတော့ ရှင်ပြုအလှူ အခမ်းအနားများ၌ အတီး, အမှုတ်, အဆိုများ မပါစေရန်တားမြစ်ထားပါတယ်၊ အထီး, အမှုတ်, အဆိုတွေ ထည့်ချင်ယင် အခြားဌာနများမှာ ကျင်းပကြဖို့လဲ ညွှန်ကြားထားပါတယ်၊

တိပိဋကပူဇော်ပွဲတော့ ဘုရားတပည့်တော် သာသနာ့ရိပ်သာ မရောက်ခင် ကတည်းက ကျင်းပတဲ့ပွဲ ဖြစ်သည့်ပြင် တားမြစ်ရန်လဲ မပိုင်တဲ့ကိစ္စ ဖြစ်တဲ့အတွက် အဲဒီပွဲမှာ စည်တော်ကြီး တီးတာကိုတော့ လျစ်လျူရှုထားရပါတယ်၊ အဲဒါကို အကြောင်း ပြုပြီးတော့ ဆင်ခြေမကန်ရန်လဲ သိနားလည်ထားကြစေလိုပါတယ်၊

ယခုနေအခါမှာ ရကော်ဒါ, ကက်ဆက်, ရေဒီယိုတွေက အလွန်ပေါများနေပါတယ်၊ အဲဒီရကော်ဒါ, ကက်ဆက်, ရေဒီယိုများဖြင့် သီးချင်းများ, အတီး, အမှုတ်အသံများကို ကမ္မဋ္ဌာန်းဌာန၌ ကိုယ်တိုင်လဲ မဖွင့်ကြရန်, သူတပါးအားလဲ ဖွင့်ခွင့်မပြုကြရန် အထူးသတိပြုကြစေလိုပါတယ်။

၂။ တရား အလေးပြုရေး

▬▬▬▬▬▬▬▬▬

အမှတ် (၂)က တရားအလေးပြုရေးပဲ၊ ယခုဘုရားတပည့်တော်တို့ ဟောပြောနေတဲ့ တရားက တကယ်ကိုယ်တွေ့ဖြစ်အောင် ကျင့်ဖို့ ဟောပြောနေတဲ့ တရားဖြစ်ပါတယ်၊ ကြည်ညိုဖွယ်ဖြစ်ရုံ ဟောတဲ့တရား မဟုတ်ဘူး၊ ကြည်ညိုဖွယ် ဖြစ်ရုံဟောတဲ့ တရားကတော့ နားထောင်ကောင်းရုံ ဟောလိုက်ယင် ပြီးတာပဲ၊ တကယ် ကိုယ်တွေ့ဖြစ်အောင် ဟောရတဲ့ တရားကတော့ မလွယ်ဘူး၊

ကိုယ်တိုင်ကျင့်သုံးမထားယင် သူများကိုလဲ ဟောပြောဖို့ မလွယ်ဘူး၊ ကိုယ်တိုင် ကျကျနန ကျင့်သုံးထားမှ သူများကိုလဲ ညွှန်ကြား လို့ဖြစ်တယ်၊ တချို့က ကိုယ်တိုင်တော့ ကျကျနန အားမထုတ်ပဲနဲ့ တရားအားထုတ်နည်းကို ဟောပြော ရေးသား နေကြတာ ရှိတယ်၊ အဲဒါဟာ ဒီကအမြင်နဲ့ ဆိုယင်တော့ အလွန် မသင့်တော်တဲ့ အလုပ်ပဲ၊

အဲဒါဟာ ကိုယ်မစားဖူးတဲ့ဆေး, မစားဝံ့တဲ့ ဆေးကို သူများအား ကျွေးတာနဲ့ တူကြောင်း ဓမ္မစကြာတရား စာအုပ်ထဲမှာတောင် ထည့်ပြီး ပြထားပါတယ်၊ မယုံလို့ပဲဖြစ်ဖြစ်, ပျင်းလို့ပဲ ဖြစ်ဖြစ်, ကြောက်လို့ပဲဖြစ်ဖြစ် ကိုယ်တိုင်ကို အားမထုတ် ပဲနဲ့သူများတွေ အားထုတ်ဖို့ ဟောပြောရေးသားနေကြတာဟာ ကိုယ်မစားဝံ့တဲ့ ဆေးကို သူများကျွေးတာနဲ့ မတူပေဘူးလား၊ အဲဒါ သင့်, မသင့် စဉ်းစားကြည့်ဖို့ပါပဲ။

ယခု ဒီမှာ ကြွရောက်လာကြတဲ့ ကမ္မဋ္ဌာန်းဆရာတွေကတော့ ကမ္မဋ္ဌာန်း တရားကို ကျကျနန အားထုတ်ထားကြပြီးချည်းပါပဲ၊ ဒါပေမယ့် အချိန်အခွင့် သင့်သည် အားလျော်စွာ ပြည့်စုံသည်ထက် ပြည့်စုံအောင် မပြတ်အားထုတ်သွားကြဖို့တော့ လိုပါတယ်၊ တချို့က ဝိပဿနာအလုပ်ကို ခတ်ပေါ့ပေါ့ ဟောပြောညွှန်ပြနေတာလဲ ရှိတယ်လို့ ကြားရတယ်၊ ပုဂ္ဂိုလ်ဦးရေကတော့ သိပ်မများပါဘူး၊ နည်းနည်း ပါးပါးပါပဲ၊ ဒီပရိသတ်ထဲမှာလဲ အဲဒီလို ပုဂ္ဂိုလ်ပါပုံ မရပါဘူး၊

ဒါပေမယ့် ခုလို ကမ္မဋ္ဌာန်းဆရာ အများ စုဝေးမိတဲ့အခါ အဲဒီလို ပေါ့လျော့မှု မဖြစ်စေရန် သတိပေးစကား ပြောကြားရမှာပဲ၊ ခပ်ပေါ့ပေါ့ ဟောပြောပုံကတော့ ယောဂီများကို ခုနစ်ရက်လောက်, ဆယ့်လေး ငါးရက်လောက် အားထုတ်စေပြီးလျှင် တရားပြည့်စုံတဲ့အနေဖြင့် အသိအမှတ်ပြုပြီး ဉာဏ်စဉ်တရားကို ဟောတယ်လို့ ဆိုပါတယ်၊ ခုနစ်ရက်လောက်အတွင်း ဉာဏ်စဉ်ပြည့်စုံတယ်ဆိုတဲ့ ပုဂ္ဂိုလ်ကတော့ တရာမှာ တယောက်လောက်တောင် ရှိခဲပါတယ်၊

ဆယ့်လေးငါးရက်အတွင်း တရားပြည့်စုံတဲ့ ပုဂ္ဂိုလ်လဲ နည်းတာပဲ၊ ဒါကြောင့် ၁၅-ရက် လောက် အတွင်းမှာ အားထုတ်တဲ့ ယောဂီအများကို ဉာဏ်စဉ်တရား ပြည့်စုံတဲ့ အနေဖြင့် အသိအမှတ်ပြုပြီး ဉာဏ်စဉ်တရား ဟောတာကတော့ တကယ်အစစ် အမှန်မဟုတ်ပဲ တပည့်ပရိသတ် စုတဲ့နည်းသာ ဖြစ်နေတတ်ပါတယ်

မဂ်ဖိုလ်ရအောင် ညွှန်ပြဖို့

အမှန်ကတော့ သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်ချင်လို့, မဂ်ဖိုလ် တရားစစ် တရားမှန်ကို ရချင်လို့ မိမိကိုယ်ကို ယုံကြည်အားကိုးပြီး လာရောက်အားထုတ်ကြတဲ့ သူများကို မဂ်ဖိုလ် တရားထူး အစစ်အမှန် ရသွားအောင် ညွှန်ပြပေးဖို့ရာဟာ အလွန်အရေးကြီးပါတယ်၊ အဲဒီလို ညွှန်ပြပေးတဲ့ နေရာမှာလဲ ကမ္မဋ္ဌာန်းဆရာ ဆိုတော့ နာယကဂုဏ်တွေနဲ့ ပြည့်စုံဖို့က လိုပါတယ်၊

အဲဒီဂုဏ်တွေထဲမှာ ခမာဆိုတဲ့ ဂုဏ်နဲ့ ပြည့်စုံဖို့ရာဟာ အလွန်အရေးကြီးပါတယ်၊ အစစအရာရာမှာ သည်းခံပြီး ပြောဟောဖို့ပါပဲ၊ အဲဒီလို သည်းမခံပဲ စိတ်ဆိုးတဲ့ အမူအရာကို ပြနေယင်တော့ နေရာမကျဘူး၊ ကမ္မဋ္ဌာန်းဆရာ၏ဂုဏ် ပျက်ပါတယ်၊ ဘုရားတပည့်တော် ကိုယ်တိုင် ကမ္မဋ္ဌာန်းပြနေတုန်းက ရဟန်းဖြစ်ဖြစ် လူဖြစ်ဖြစ် ယောဂီများအား စိတ်မချမ်းသာ ဖြစ်အောင် ပြောဖူးတာကို အမှတ်မရပါဘူး၊ အဲဒီလို ပြောဆိုမှုမရှိခဲ့ဘူးလို့သာ အမှတ်ရပါတယ်၊

တပည့်ယောဂီ မဟုတ်တာတွေ ပြောနေပေမယ်လို့ သည်းခံရတယ်၊ အမှားတွေကို ပြောနေပေမယ်လို့ နားမချမ်းမသာဖြစ်မည့် စကားကို မပြောရဘူး၊ သိမ်မွေ့နူးညံ့တဲ့ စကားဖြင့်သာ ဖြေရှင်း ပြောပြရတယ်။

ရဟန်းတော်နှင့်နတ်ကန်တော့ပွဲ

နောက်တခုကတော့ မဟာစည်ဆိုတဲ့အမည်နဲ့ ဟောပြောနေရာမှာ တခြား ကမ္မဋ္ဌာန်းနည်းကို အလေးအမြတ်ပြုပြီးတော့ ဟောပြောဖို့ မသင့်ဘူး၊ မဟာစည် ရှုမှတ်နည်း အတိုင်းသာ ဟောပြောညွှန်ပြ သင့်ပါတယ်၊ အကယ်၍ အခြားနည်းကို ကြိုက်ယင်တော့ မဟာစည်ဆိုတဲ့ အမည်ကို မခံပဲ အဲဒီကြိုက်နှစ်သက်တဲ့ အခြား နည်း ဆိုင်ရာ အမည်ဖြင့်သာ ဝန်ခံပြီး ဟောပြောရန် သင့်လျော်ပါတယ်၊

ဘုရားသာသနာတော်က ဘုရားနည်းကို ဟောပြောပြသနေရာမှာလဲ ထွက်ရပ်ဂိုဏ်း ယောင်ယောင်, နတ်ဂိုဏ်းယောင်ယောင် အသွင်ဆောင်နေယင် မသင့်မတော်ဘူး၊ မကြာမီကမှ ဖွင့်သစ်စဖြစ်တဲ့ ဌာနတခုမှာ နတ်ကန်တော့ပွဲ တင်ထားတာကို တွေ့ခဲ့ရကြောင်း ယုံကြည်လောက်တဲ့ ပုဂ္ဂိုလ်ထံမှ ကြားသိရတယ်၊

ရဟန်းက နတ်ကို အရိုအသေပြုတယ်ဆိုတာ သင့်တော်ပါ့မလား၊ ဘုရား တပည့်တော်ကတော့ ရှင်သာမဏေဘဝ, ရဟန်းငယ်ဘဝကတည်းက နတ်ကို ရှင်ရဟန်းက အရိုအသေ မပြုကောင်းဘူး၊ နတ်ကသာ ရှင်ရဟန်းကို အရိုအသေ ပြုသင့်တယ်လို့ အသိအမှတ်ပြုလာခဲ့တယ်၊ ရဟန်းကနတ်ကို အရိုအသေပြုတယ်၊ ကန်တော့ပွဲဖြင့် ပူဇော်တယ်ဆိုတာကတော့ အလွန်မသင့်မတော်တဲ့ အမှုပါပဲ၊

လူဒကာ, ဒကာမတွေရဲ့ အလိုသို့လိုက်ပြီး ကန်တော့ပွဲ တင်ထားတာကို လက်ခံ ထားတာများ ဖြစ်မလားတော့ မပြောတတ်ပါဘူး၊ တပည့်တော် အမြင်အားဖြင့်တော့ အဲဒီလို လူဒကာ, ဒကာမတွေကလာပြီး ကျောင်းမှာ တင်ထားတာကိုလဲ လက်မခံသင့်ဘူးလို့ပဲ မြင်ပါတယ်၊ ဖြစ်နိုင်လို့ရှိယင် အိမ်မှာ ကန်တော့ပွဲ တင်ထားတာ ကိုတောင် တားမြစ်သင့်တယ်လို့ပဲ မြင်ပါတယ်။

အကြောင်းကတော့ ရှင်ရဟန်းပြုတယ်ဆိုတာ “သံသာရ ဝဋ္ဋ ဒုက္ခတော မောစနတ္ထာယ” လို့ ဆိုတဲ့ အတိုင်း သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်ဖို့ပဲ၊ သူတပါးအား ဟောပြောယင်လဲ သဒ္ဓါ, ပညာစသော ကုသိုလ် တရားဖြစ်ပွားဖို့, သံသရာမှ လွတ်မြောက်ဖို့ ဟောပြောရတာပဲ အဲဒီလို ပြုကျင့်သင့်, ပြောဟောသင့်တဲ့ နေရာမှာ ဒကာ, ဒကာမတွေ ကြည်ညိုအောင်, အထင်ကြီးအောင် သူတို့အလို လိုက်ပြီး ထွက်ရပ်ဂိုဏ်း ယောင်ယောင်, နတ်ဂိုဏ်းယောင်ယောင် လုပ်တာကတော့ မတော်ဘူး၊ တချို့က အဲဒီဂိုဏ်းပုဂ္ဂိုလ်တွေ အသုံးပြုတဲ့ ပါရမီရှင်ဆိုတဲ့ အမည်မျိုးကိုလဲ ခံယူမိတတ်တယ်၊ အဲဒီအမည်မျိုးကိုလဲ မခံယူသင့်ဘူး။

ကမ္မဋ္ဌာန်းဆရာဆိုတဲ့ အမည်နှင့် ညီညွတ်တဲ့ ဝိပဿနာဓမ္မကထိက ဆိုတဲ့ အမည်မျိုးကိုသာ ခံယူပြီး ဝိပဿနာကမ္မဋ္ဌာန်းတရား သက်သက်ကိုသာ ဟောကြား သင့်ပါတယ်၊ ဒါကြောင့် အဲဒီလို ရိုးရိုးအမည်ဖြင့်သာ ရိုးရိုး ဟောပြောဖို့လဲ သတိပေးပါတယ်။

ယခုပြောခဲ့တာဟာ တရားကို အလေးပြုရေးပါပဲ၊ အဲဒီစကားတွေထဲမှာ အမှတ်(၃) အရ နည်းလမ်း မှန်ကန်ကျနရေးလဲ ပါသွားပါပြီ၊ ၁၃၃၅-ခုနှစ်က ထုတ်ဝေခဲ့တဲ့ ဩဝါဒကထာ စာအုပ်ကလေးကိုလဲ ထပ်မံ ကြည့်ရှုပြီး သတိပြုကြစေလိုပါတယ်။

၄။ အရှည်တည်တံ့ရေး

အမှတ် (၄) အရ အရှည်တည်တံ့ရေးကတော့ အလျင်နှစ်များက ပြောပြီးရှိခဲ့ပါပြီ၊ ကမ္မဋ္ဌာန်းဌာနဟာ ကမ္မဋ္ဌာန်းဌ ာန အဖြစ်ဖြင့် အရှည်တည်တံ့သွားဖို့ပါပဲ၊ စာသင်တိုက်ဖြစ်စေ, သာမန်ဘုန်းကြီးကျောင်းဖြစ်စေ ဖြစ်ပြီး ကမ္မဋ္ဌာန်းဌာန ပျက်မသွားဖို့ပါပဲ၊ ဒါကြောင့် ကမ္မဋ္ဌာန်းဌာနများမှာ ကမ္မဋ္ဌာန်းတရားအမွေကို ရိုရိုသေသေခံယူ စောင့်ရှောက်နိုင်မည့် အရည်အချင်း ပြည့်စုံတဲ့ တပည့်ရှိယင် အကောင်းဆုံးပါပဲ၊

ကျောင်းတိုက်ပစ္စည်း အမွေလောက်သာ ခံယူပြီးတော့ ကမ္မဋ္ဌာန်းကျောင်းကို ပျက်စေမည့် ပုဂ္ဂိုလ်များ မရှိစေဖို့, အဲဒီလိုပုဂ္ဂိုလ်များအား လွှဲအပ်မထားခဲ့ဖို့ အရေးကြီးပါတယ်၊ အဲဒါကလဲ မူလက သာမန်ကျောင်းမှ ကမ္မဋ္ဌာန်းဌာနဖြစ်လာတဲ့ ကျောင်းကိုတော့ မဆိုလိုပါဘူး၊ စပြီး တည်ထောင်ကတည်းက မဟာစည် ဩဝါဒခံအဖြစ်ဖြင့် အသစ် တည်ထောင်လာခဲ့တဲ့ ကမ္မဋ္ဌာန်း ကျောင်းများကိုသာ ရည်ရွယ်ပါတယ်။

ကမ္မဋ္ဌာန်းကျောင်းများ မူလရည်ရွယ်ချက် မပျက်အောင်

ဒကာ, ဒကာမတွေက ပဋိပတ္တိသာသနာတော်အတွက် ရည်စူးပြီးတော့ ငွေကြေး အမြောက်အမြား အကုန်အကျခံပြီး ကမ္မဋ္ဌာန်း ကျောင်းများကို တည်ဆောက် ခဲ့ကြတယ်။

အဲဒီလို ကမ္မဋ္ဌာန်းကျောင်းများကို ရဟန်းတော်များက မူလရည်ရွယ်ချက်အတိုင်း တည်တံ့သွားအောင် စောင့်ရှောက်သွားဖို့ အလွန်အရေးကြီးပါတယ်၊ ကိုယ်နဲ့နီးစပ်ရာ ပုဂ္ဂိုလ်အား ဒွိသန္တက, တိသန္တက ပြုပြီး လွှဲအပ်ဖို့ မသင့်ပါဘူး၊ ကိုယ့်မှာ တပြားတချပ်မျှ မကုန်ရပဲနဲ့ ရထားတဲ့ ပဋိပတ္တိသာသနာ့ပစ္စည်းကို ကိုယ်ပေးချင်ရာ အမွေပေးတာကတော့ မသင့်တော်ပါဘူး၊

ဘုရားတပည့်တော်ကတော့ မူလကတည်းက ကျောင်းအဆောက်အအုံများကို ပုဂ္ဂလိကအဖြစ် အလှူမခံခဲ့ပါဘူး၊ သံဃာအားဖြစ်စေ, ယောဂီအပေါင်း ဂိုဏ်းအား ဖြစ်စေ လှူစေခဲ့ပါတယ်၊ အဲဒါဟာ ငါ့ဥစ္စာဆိုတဲ့ အစွဲအလမ်းကင်းတဲ့အတွက် အင်မတန် ကောင်းပါတယ်၊ ဘယ်သူ့ကိုမျှ အမွေပေးစရာ မရှိတဲ့အတွက် စိတ်လဲ သန့်ရှင်း စင်ကြယ်ပါတယ်၊ ပုဂ္ဂလိက အလှူခံပုဂ္ဂိုလ်က ကမ္မဋ္ဌာန်းဌာနအဖြစ် တည်တံ့အောင်လဲ မဆောင်ရွက်လျှင် ကမ္မဋ္ဌာန်းဌာန ပျက်သွားတတ်ပါတယ်၊

ကမ္မဋ္ဌာန်းကျောင်း အလှူဒကာတွေမှာလဲ စိတ်မချမ်းမသာ ဖြစ်ပါတယ်၊ တရား အားထုတ်လိုတဲ့ သူများအတွက်လဲ များစွာအကျိုးယုတ်စေပါတယ်။ ဘုရား တပည့်တော်၏ မျက်မှောက်မှာပင် ကမ္မဋ္ဌာန်းဌာန ၂-ခု ၃-ခုဟာ အဲဒီလို ပစ္စည်း သက်သက် အမွေခံတဲ့ ပုဂ္ဂိုလ်များကြောင့် သာမန် ဘုန်းကြီးကျောင်းအနေ ဖြစ်သွား တာကို တွေ့ရပါတယ်။

ယခုလဲ မော်လမြိုင်ကျွန်းမြို့က ကမ္မဋ္ဌာန်းတိုက်ဟာ ပျက်တော့မည့် အသွင် ဆောင်နေပါပြီ၊ ပထမ ဆရာတော်ကြီးက သူ့တပည့်ကြီးတပါးနှင့် ဒွိသန္တက ပြုလုပ်ထားတယ်လို့ ဆိုပါတယ်၊ ပထမဆရာတော်ကြီး ပျံလွန်သွားတဲ့အခါ ဒွိသန္တက အမွေခံ တပည့်ဆရာတော်က သူကိုယ်တိုင်လဲ အဲဒီကျောင်းတိုက်မှာမနေ, ကမ္မဋ္ဌာန်း ဌာန တည်တံ့အောင်လဲ ကြောင့်ကြမစိုက်ပဲ ကမ္မဋ္ဌာန်းဘက်၌ စိတ်မဝင်စားတဲ့ အခြားရဟန်း တပါးနှင့် ဒွိသန္တကထပ်ပြီး ပြုထားပြန်တယ်လို့ ကြားသိရပါတယ်၊

ဘုရားတပည့်တော်က စာဖြင့် မေးမြန်းညွှန်ကြားတာကိုလဲ ယခုအထိ စာမပြန်ကြားပဲ ရှိနေပါတယ်၊ အဲဒီဆရာတော်ဟာ သူတစိမ်းလဲ မဟုတ်ပါဘူး၊ ဒီရန်ကုန်သာသနာ့ ရိပ်သာမှာ ဝါဆိုဦးက ၂-လလောက် တရားအ ားထုတ်သွားတဲ့ ယောဂီဟောင်း ဆရာတော်တစ်ပါးပါပဲ၊ အသက်လဲ မငယ်ပါဘူး၊ ၆၀-ကျော်နေပါပြီ၊ သူပြန်ခါနီးမှာ ဘုရားတပည့်တော်က အဲဒီ မော်လမြိုင်ကျွန်း ရိပ်သာဌာနကို ကမ္မဋ္ဌာန်းဌာနအဖြစ် တည်မြဲ တည်တံ့သွားအောင် ဆောင်ရွက်ဖို့ သတိပေးတိုက်တွန်းပါတယ်၊ သူကလဲ ဆောင်ရွက်ပါမယ်လို့ ဝန်ခံသွားပါတယ်။ ဒါပေမယ့် အခုအထိတော့ ကမ္မဋ္ဌာန်းဌာန ပျက်မည့်အနေမှာသာ ရှိနေပါတယ်၊ ဆိုင်ရာ ဒကာ, ဒကာမတွေမှာလဲ စိတ်မချမ်းသာ ဖြစ်နေကြပါတယ်။

ဒါကြောင့် မဟာစည်ရိပ်သာ အဖြစ်ဖြင့် အသစ်တည်ထောင်တဲ့ ကမ္မဋ္ဌာန်းဌာနများမှာ သတိပဋ္ဌာန် ကမ္မဋ္ဌာန်းကို တကယ်လိုလားသည့်ပြင် ကမ္မဋ္ဌာနာစရိယ အရည်အချင်း နှင့်လဲ ပြည့်စုံတဲ့ တပည့်က ဆရာမရှိသည့်နောက် အခြေမပျက် ဆက်လက်ပြီး ဆောင်ရွက်သွားနိုင်ယင် အဲဒါဟာ အကောင်းဆုံးပါပဲ၊ အဲဒီလို ဆောင်ရွက်နိုင်မည့်သူ မရှိယင်တော့ ဘုရားတပည့်တော်တို့ထံ အကြောင်းကြားပြီး ကမ္မဋ္ဌာန်းဆရာ တောင်းဆိုကြစေလိုပါတယ်၊

ဘုရားတပည့်တော်၏ အလိုကတော့ ကိုယ်တိုင်ဆောင်ရွက်နိုင်ယင် ဆောင်ရွက်မြဲ ဆောင်ရွက်နေဖို့, မဆောင်ရွက်နိုင်ယင် သို့မဟုတ် ကွယ်လွန်သွားယင်တော့ တည်တံ့တိုးတက်စေနိုင်တဲ့ ပုဂ္ဂိုလ်က ဆောင်ရွက်သွားဖို့ အလိုရှိပါတယ်၊ ကိုယ်နှင့် ရင်းနှီးတာ မရင်းနှီးတာက လိုရင်းမဟုတ်ပါဘူး၊ ပဋိပတ္တိသာသနာတော်တည်တံ့တာ, တိုးပွား တာကသာ လိုရင်းဖြစ်ပါတယ်၊ အထူးအားဖြင့်တော့ မဟာစည်ဆရာတော် အမှူးရှိသော မဟာစည်ဩဝါဒခံ ယောဂီအပေါင်းအား လှူထားတဲ့ရိပ်သာဆိုယင်တော့ တစုံတရာပြုပြင်ပြောင်းလဲချင်ယင်, ဘုရားတပည့်တော် အသက်ထင်ရှား ရှိခိုက်မှာ ဆိုယင် ဘုရားတပည့်တော်ထံက ဆန္ဒယူပြီးမှ ပြုပြင်ပြောင်းလဲသင့်ပါတယ်၊ အဲဒီလို မဟုတ်ယင် မဟာစည်ဩဝါဒခံ မဟုတ်ရာ ရောက်သွားပါတယ်။

သံယောဇဉ်မမွေးဖို့

နောက်တခု သတိပေး ပြောကြားချင်တာကတော့ သံယောဇဉ် မမွေးဖို့ပါပဲ၊ ရဟန်း ပြုတယ်ဆိုတာ စည်းစိမ်ဥစ္စာ သံယောဇဉ်, ဆွေမျိုး သံယောဇဉ်တွေကိုဖြတ်ပြီး ပြုကြရပါတယ်၊ ဒါကြောင့် ရဟန်းဆိုယင် ကိတ္တိမသား, ကိတ္တိမသမီး မွေးစား ထားခြင်း မရှိသင့်ပါဘူး၊ ဘယ့်နှယ်လဲ အရှင်ဘုရားတို့ ရှိသင့်ပါ့မလား (မရှိသင့်ကြောင်း ထင်ရှားပါတယ်)၊

ကမ္မဋ္ဌာနာစရိယဆိုတာ သံယောဇဉ်ကိုပယ်ဖြတ်ဖို့ ဟောနေတာပဲ၊ အဲဒီလိုဟော နေပါလျက် ကိတ္တိမသား, ကိတ္တိမသမီး မွေးစားထားတယ်ဆိုယင် အလွန်ကို မသင့်တော်တဲ့အလုပ်ပါပဲ၊ သနားလို့ ပေးကမ်း ထောက်ပံ့တာကတော့ ပြုသင့် ပါတယ်၊ ဒါပေမယ့် သာသနာတော်ကို ကြည်ညိုတဲ့ သဒ္ဓါတရားဖြင့် လှူထားတဲ့ ပစ္စည်းတွေကို အလဟဿ ပျက်စီးမသွားရန်ကိုတော့ အထူးသတိပြုသင့်ပါတယ်၊ ဒါကြောင့် ကမ္မဋ္ဌာန်းဆရာဖြစ်ကြတဲ့ အရှင်မြတ်များဟာ ကိတ္တိမသား, သမီး မမွေးစား ကြဖို့, သံယောဇဉ် မပွားစေကြဖို့ အထူးသတိပေးပါတယ်။

သိမ်ထပ်, ကံထပ်ခြင်း

နောက်တခုကတော့ ဥပသမ္ပဒကံထပ်ပြီး သံယောဇဉ်ပွားစေတဲ့ အလုပ်ကို မပြုလုပ်ကြဖို့ပါပဲ၊ မူလ ရဟန်းခံစဉ်က အသက် ၂၀-ပြည့် မပြည့်နှင့်စပ်ပြီးတော့ ဖြစ်စေ, သိမ်, ဉတ်, ကမ္မဝါ, ကမ္မကာရက သံဃာတို့နှင့် စပ်ပြီးတော့ဖြစ်စေ သံသယရှိလို့ သိမ်ထပ်တာ, ကံထပ်တာကတော့ အပြစ်မရှိပါဘူး၊

သို့ပေမယ့် မူလရဟန်းခံစဉ်က ကံဆောင်မှုနှင့်စပ်ပြီး သံသယမရှိပဲနဲ့ ရဟန်းဒကာ, ရဟန်းအမ ပွားရုံမျှအတွက် ကံထပ်တာကတော့ သံယောဇဉ် ပွားစေတဲ့ အလုပ်ပဲ၊ ဒါပေမယ့် စာသင်သား ရဟန်းငယ် ဘဝဆိုယင် စာသင်ရာမှာ အထောက်အပံ့ ရရေးအတွက်ဆိုတော့ တော်ပါသေးရဲ့၊ ကမ္မဋ္ဌာန်းဆရာ မထေရ်ကြီး ဘဝ ရောက်နေမှ ကံထပ်တာကတော့ မတော်ပါဘူး၊

မူလ ရဟန်းခံစဉ်ကပင် ရဟန်းဖြစ်နေယင် နောက်ထပ် ဥပသမ္ပဒ ကံဆောင်တာဟာ အပိုပါပဲ၊ ရဟန်းဒကာခံတဲ့ သူများမှာလဲ ရဟန်းဒကာ အစစ်မဖြစ်ပါဘူး၊ အမည်ခံမျှပါပဲ၊ သင်္ကန်း, သပိတ်လှူတဲ့ကုသိုလ်အပြင် အခြားကုသိုလ် အထူးကိုလဲ မရပါဘူး၊ အမည်ခံ ရဟန်းဒကာ, ဒကာမများမှာရော, အဲဒီကံထပ်တဲ့ ရဟန်းမှာရော သံယောဇဉ် ပွားရုံမျှပါပဲ၊

တခါက ရိပ်သာတခုမှာ ကမ္မဋ္ဌာန်းဆရာက တနာရီလောက် အတွင်းမှာပင် ရဟန်း ဒကာ, ဒကာမ သုံးဦးတို့ ၏ သင်္ကန်း, သပိတ်သုံးစုံကို အလှူခံပြီး သုံးကြိမ်တိုင်တိုင် ကံထပ်တာကို တွေ့ဖူးတယ်၊ အဲဒီတုန်းက ဘုရားတပည့်တော်မှာ များစွာ အရှက်ရခဲ့ပါတယ်၊ ဘာကြောင့်လဲဆိုတော့ မဟာစည် ၏တပည့် ကမ္မဋ္ဌာန်းဆရာတပါးက အဲဒီလို ပြုလုပ်တာကို မြင်တွေ့ကြားသိရတဲ့ မလိုလားသူများက “မဟာစည်ဩဝါဒခံ ကမ္မဋ္ဌာန်းဆရာက ဒီလိုလုပ်တယ်”လို့ ကဲ့ရဲ့ကြမှာကို မြော်တွေးပြီး မြင်မိလို့ပါပဲ၊ ဒါကြောင့် သံသယမရှိပဲ အကြောင်းမဲ့သိမ်ထပ်ခြင်း, ကံထပ်ခြင်းကို ရှောင်ကြဉ်ကြရန် အထူး သတိပေးပါတယ်။

ကံထပ်ပေးလို့တဲ့ ဒကာ, ဒကာမများ ပေါ်လာယင်လဲ “ကုသိုလ် အထူးမရကြောင်း, အပိုသက်သက် ဖြစ်ကြောင်း, ဒီလောက်အရွယ်ကြီးမှ ကံထပ်ယင် ရှက်ဖွယ် ကောင်းကြောင်း”စသည်ဖြင့် ပြောဟောပြီး လက်မခံပဲ ပယ်လိုက်ကြစေလိုပါတယ်၊ ဘုရားတပည့်တော် ကိုယ်တိုင်ကတော့ အဲဒီအတိုင်းပဲ နားလည်အောင် ပြောဟောပြီး ပယ်ခဲ့ပါတယ်၊ အမှန်ကတော့ ရဟန်းဒကာ, ဒကာမတွေရဲ့ သင်္ကန်းစသည်ကို ခံယူပြီး အကြောင်းမဲ့ သိမ်ထပ်တာ, ကံထပ်တာဟာ ကိတ္တိမသား မွေးသလိုပင် သံယောဇဉ်ပွားစေတဲ့ အလုပ်ပါပဲ။

၅။ အညီအညွတ် ဆောင်ရွက်ရေး

အမှတ် (၅) အညီအညွတ် ဆောင်ရွက်ရေး အကြောင်းကတော့ အလျင်နှစ်များကလဲ ပြောခဲ့ပါပြီ၊ အစစအရာရာမှာ အညီအညွတ် ဆောင်ရွက်ဖို့ပါပဲ၊ ယခု ဩဝါဒ ခံယူပူဇော်ပွဲကို လာရောက်ပြီး စွမ်းနိုင်ရာ တာဝန်ကို ဆောင်ရွက်ကြတာလဲ အညီအညွတ် ဆောင်ရွက်တာပါပဲ၊ အောက်ထစ်ဆုံးအားဖြင့် ယခုလို ဩဝါဒ စကားကို နာယူကြတာဟာလဲ အညီအညွတ် ဆောင်ရွက်တာပါပဲ၊

မဟာစည် ဓမ္မကထိကအဖွဲ့က နယ်လှည့်ပြီး တရားဟောတာ ရှိပါတယ်၊ အဲဒီလို ဟောဖို့ရာအတွက် ဒါယကာကြီးဦးညီပုက ဒီလို လျှောက်ထားပါတယ်၊ ထိုထို အရပ် ဒေသတွေမှာ သတိပဋ္ဌာန်ရှုနည်း တရားကို မနာကြားဖူးတဲ့သူတွေ နာကြားကြ ရအောင်, နာကြားဖူးတဲ့ သူတွေမှာလဲ ဓမ္မကထိကအသစ် ဟောတဲ့တရားကို နာကြားကြရအောင် ဓမ္မကထိကအဖွဲ့ဖွဲ့ပြီး နယ်လှည့် ဟောစေယင် ကျေးဇူး များမည် ထင်ကြောင်း လျှောက်ထားပါတယ်၊ အဲဒီတော့ ဘုရားတပည့်တော်ကလဲ ဆင်ခြင်ပြီး သင့်တော်တဲ့အလုပ် ဖြစ်တဲ့အတွက် ခွင့်ပြုထားပါတယ်။

သင့်တော်ပုံကတော့ မြတ် စွာဘုရား ကိုယ်တော်တိုင်ပင် ပထမဝါ ကျွတ်တဲ့အခါမှာ -

စရထ ဘိက္ခဝေ စာရိကံ - ရဟန်းတို့ ဒေသစာရီ လှည့်လည်ကြ၊
ဒေသေထ ဓမ္မံ - တရားကို ဟောကြ

စသည်ဖြင့် ရဟန္တာ ၆-ကျိပ်ကို တရားဟော စေလွှတ်တော်မူခဲ့ပါတယ်၊ ဒီလို ဘုရားကိုယ်တော်တိုင်က တရားဟောလှည့်လည်ခြင်းကို အလိုရှိပြီး စေလွှတ်တော်မူ တဲ့အတွက် သင့်တော်တဲ့ အလုပ်ပဲ ဖြစ်ကြောင်း ထင်ရှားသိရပါတယ်။

အဲဒီလို ဘုရားတပည့်တော်က ခွင့်ပြုထားတဲ့အတိုင်း မဟာစည် ဓမ္မကထိက အဖွဲ့တွေ အဖွဲ့မှ ညွှန်ကြားရာ နယ်ကိုလှည့်ပြီး တရားဟော ကြပါတယ်၊ အဲဒီလို ဟောရာမှာ တချို့ဌာနက မလိုလားတဲ့အနေနဲ့ အဆင်မပြေအောင် ပြောတာ, ပြုတာကလေးတွေ ရှိခဲ့ပါတယ်၊ အဲဒီအကြောင်းကို အလျင်နှစ်များကလဲ ပြောခဲ့ပါပြီ၊

အမှန်ကတော့ သတိပဋ္ဌာန်ဒေသနာတော်အရ နည်းမှန်လမ်းမှန် ဝိပဿနာတရားကို ဟောယင်, တရားနာပရိသတ် ကလဲ နှစ်သက် လက်ခံယင် ကမ္မဋ္ဌာန်း ဆရာများက ဝမ်းမြောက်ဝမ်းသာ သဘောတူစရာသာ ရှိပါတယ်၊

သို့သော်လဲ ဟောပုံက နေရာမကျလို့ ပရိသတ်က မနှစ်သက်ဘူး၊ တရားနာမည့်သူ နည်းလွန်းတယ် ဆိုယင်တော့ တာဝန်ခံပြီး တရားပွဲကျင်းပ ပေးဖို့ရာ တာဝန် လေးပေလိမ့်မယ်၊ တရားနာလိုတဲ့သူတွေ ရှိနေပါလျက် ဆရာတူ, နည်းချင်းလဲ တူတဲ့ ကမ္မဋ္ဌာန်းဆရာက ကန့်ကွတ်တဲ့ အနေနဲ့ပြောတာ, ပြုလုပ်တာကတော့ မညီညွတ်တဲ့ သဘောပြတာပဲ၊ မနာလိုဝန်တိုတဲ့ လက္ခဏာပဲ ပေါ်နေပါတယ်။

တမြို့တည်း ကမ္မဋ္ဌာန်းဌာနခွဲတူ

နောက်တခုက တမြို့တည်းမှာ ကမ္မဋ္ဌာန်းဌာန ကွဲနေယင် တရားတူဌာနချင်း အညီအညွတ် ဆောင်ရွက်သွားဖို့ လိုပါတယ်၊ ပုံစံထုတ်ပြရယင် မန္တလေးမြို့မှာ မဟာစည်ဌာနခွဲငါးခုရှိပါတယ်၊ အဲဒီငါးခုဟာ အချင်းချင်း ဆန့်ကျင်ခြင်းမရှိပါဘူး၊ စွမ်းနိုင်သမျှ အကူအညီသာ ပေးကြပါတယ်၊ အဲဒီအတိုင်းပဲ အညီအညွတ် ဆောင်ရွက်သင့်ပါတယ်၊

အကောင်းဆုံးကတော့ မြို့ရွာက မကျယ်လှတဲ့ အရပ်မှာဆိုယင် တဌာနတည်း ရှိတာဟာ အကောင်းဆုံးပါပဲ၊ ဒါပေမယ့် အကြောင်းအားလျော်စွာ ဌာနအသစ်တခု ပေါ်လာယင်, နည်းမှန်လမ်းမှန်အတိုင်းလဲ ဟောပြော ပြသနေယင်အချင်းချင်း ဆန့်ကျင်ဖွယ် မရှိပါဘူး၊ ဘယ်သူက ဟောလို့ ပဋိပတ္တိသာသနာတော် တိုးပွားသည် ဖြစ်စေ, ပဋိပတ်ကို အလေးပြုသူတိုင်း နှစ်သက်ကြည်ဖြူစွာနဲ့ ဝမ်းမြောက်ရမှာ ချည်းပါပဲ၊

ဒီစကားကို ထည့်ပြောရတာကတော့ အထက်အရပ်က မြို့ငယ်တခုနဲ့ အောက် အရပ်က မြို့ငယ်တခုမှာ မထင်ရှားတဲ့ ရိပ်သာ ကွဲကလေးများ အတွက်ပါပဲ၊ တရားနည်းလမ်းချင်း တူပါလျက် အခြားဌာန၏ အပြစ်ကို ပြောဆိုခြင်း, ဆန့်ကျင်ဘက် ပြုခြင်းများဟာ မိမိတို့သန္တာန်မှာ ကိလေသာငြိမ်းကြောင်း တရားကောင်း မရှိသေးဘူးဆိုတာ တာဝန်ခံရာ ရောက်ပါတယ်၊

ဒါကြောင့် ဌာနချင်း ကွဲနေပေမယ်လို့ တရားနည်းမှန်ချင်း တူယင် စွမ်းနိုင်ပါက အကူအညီပေးဖို့, မစွမ်းနိုင်ယင်လဲ မဆန့်ကျင်ပဲ အညီအညွတ် ဟောပြော ဆောင်ရွက်သွားဖို့ အထူးသတိပေးပါတယ်။

၆။ နောက်နှစ်အတွက် အစီအစဉ်

နောက်နှစ်အတွက် အစီအစဉ်ကတော့ ယခုနှစ်အတိုင်းပါပဲ၊ နတ်တော်လပြည့်နေ့မှာ ဩဝါဒခံယူ ပူဇော်ပွဲ ကျင်းပဖို့ သတ်မှတ်ထားပါတယ်၊ အကြိုတရား ပူဇော်ပွဲ ညတရားပွဲများကို နတ်တော်လဆန်း ၁၂-ရက် နေ့က စပြီး ကျင်းပသွားဖို့ပါပဲ၊ ဒါကြောင့် တရားပူဇော်ပွဲတွင် ပါဝင်ဆောင်ရွက်ကြမည့် အရှင်မြတ်များဟာ နတ်တော်လဆန်း ၁၁ -ရက်နေ့အရောက် ကြွလာကြဖို့ သင့်ပါတယ်၊

ညတရားဟောနိုင် စွမ်းရည်ရှိတဲ့ ပုဂ္ဂိုလ်များဟာ ကြွလာနိုင်မည်ဆိုလျှင် ခပ်စောစော ကတည်းက စာဖြင့် အကြောင်းကြားကြစေလိုပါတယ်၊ အခြားဆရာတော် များလဲ မလာမီ ရက်တပတ်, နှစ်ပတ်လောက်က ကြိုတင်ပြီး အကြောင်းကြားကြ စေလိုပါတယ်၊ ကမ္မဋ္ဌာန်းနှင့် မပတ်သက်တဲ့ အာဂန္တု ကိုယ်တော်များကိုတော့ ပင့်ခေါ် မလာကြဖို့ တောင်းပန်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ နေရာအခက်အခဲ ရှိတတ် သောကြောင့်ပါပဲ။

ဝါငယ်တဲ့ အရှင်မြတ်များနှင့် ကပ္ပိယဒကာများကတော့ အိပ်ရာလိပ် ပါလာယင် ကောင်းပါတယ်၊ ယောဂီအမျိုးသား, အမျိုးသမီးများ လာရောက်ကြမည်ဆိုယင်လဲ အရေအတွက်စာရင်းကို စောစောက ပို့ထားယင် နေရာအတွက် အဆင်သင့် စီစဉ်ထားဖို့ အခွင့်ရတဲ့အတွက် ကျေးဇူးများပါတယ်။

နောက်တခုကတော့ ယောဂီစာရင်းကို သီတင်းကျွတ်လပြည့်အတွင်း ပို့ကြစေလို ပါတယ်၊ ပို့တာ နောက်ကျယင် အစီရင်ခံစာ စာအုပ်ထဲမှာ မပါပဲ ကျန်နေပါလိမ့်မယ်

နောက်တခုကတော့ တရားဆွေးနွေးပွဲကျင်းပဖို့ စဉ်းစားထားပါတယ်၊ ဆွေးနွေးပွဲ ပုံကတော့ မိမိတို့မှာ ယောဂီတို့ ပြောကြားတဲ့ အတွေ့ထူး မှတ်ယူဖွယ်များကို တင်ပြဖို့ပါပဲ၊ ကမ္မဋ္ဌာန်း စစ်မေးပြုပြင် ပေးရာ၌ အခက်အခဲ ကလေးများရှိယင်လဲ အဲဒီ အခက်အခဲများအတွက် မေးမြန်းဖို့၊ အဲဒီအမေးကို စွမ်းနိုင်တဲ့ ကမ္မဋ္ဌာနာစရိယက ဖြေရှင်းပေးဖို့ပါပဲ၊ အဲဒီဆွေးနွေးပွဲဟာ အလွန်ကျေးဇူးများပါလိမ့်မယ်၊

ဒီနှစ်မှာတော့ နက်ဖြန်တရက်ပဲ ရှိတော့တယ်၊ နက်ဖြန်နံနက် ၇-နာရီ လောက်ကစပြီး တနာရီခွဲလောက် ဆွေးနွေးပွဲကျင်းပရန် ဖြစ်ပါတယ်၊ နောက်နှစ်များမှာတော့ အကြို တရားပူဇော်ပွဲများတွင် နေ့ခင်းပူဇော်ပွဲကို နေ့ ၁၀-နာရီ မှစပြီး ၃-နာရီမှာ အပြီးသတ်ဖို့ပါပဲ၊ ညနေ ၄-နာရီခွဲမှ စပြီး ၆-နာရီ အထိလဲ ဆွေးနွေးပွဲကျင်းပဖို့ စဉ်းစားထားပါတယ်၊ အဲဒီ ဆွေးနွေးပွဲက တင်ပြဆွေးနွေးကြတဲ့ မှတ်သားဖွယ်များကို စာအုပ်အဖြစ် မှတ်တမ်းတင်ထားဖို့လဲ ရည်ရွယ်ထားပါတယ်၊

ယခုလက်ရှိ ကမ္မဋ္ဌာန်းဆရာတို့၏ မှတ်တမ်းစာအုပ်ဟာ ကမ္မဋ္ဌာန်းဆရာများဖြစ်ကြတဲ့ ဆရာကြွက်နဲ့ ဆရာကြံတို့၏ အတွေ့များကို စုပေါင်းပြီး ပြုထားတဲ့စာအုပ် ဖြစ်ပါတယ်၊ ယခုဆွေးနွေးပွဲက မှတ်တမ်းဟာလဲ အဲဒီစာအုပ်လိုပင် အကျိုးကျေးဇူး များပါလိမ့်မယ်။

နောက်တခုကတော့ ဝိနည်းပူဇော်ပွဲနှင့် စပ်ပြီး နံနက်တိုင်း ပါတိမောက်ကို ရွတ်ဆို ပူဇော်ကြရာမှာ တရက်, တရက်၌ ၁၀-ပါး, ၁၂-ပါး အထူးကျေပွန်စွာ ကျက်မှတ်ပြီး ရွက်ဆိုပူဇော် ကြဖို့ပါပဲ၊ ၄-ရက်ရှိရာမှာ မိမိတို့ အလိုရှိတဲ့ရက်မှာ အထူး ပူဇော်ကြဖို့ပါပဲ။

၇။ ဟောပြောရေး စသည်အတွက် ညွှန်ကြားရေး

ဟောပြောရေး စသည်အတွက် ညွှန်ကြားရေးဆိုတာကို ၁၃၃၅-ခုနှစ်က ထုတ်ဝေတဲ့ ဩဝါဒကထာ စာအုပ်ထဲမှာ ပြထားတာတော်တော် ပြည့်စုံပါတယ်၊ အဲဒါတွေထဲက နောက်ဆုံး ညွှန်ကြား ချက်ကလေးကိုတော့ ထပ်ပြီး ပြောပါဦးမယ်၊ တခြားဌာန ကပဲဖြစ်ဖြစ်, တဌာနတည်းမှာပင် ပထမ ဆရာလက်ထက်ကပဲဖြစ်ဖြစ် ဉာဏ်စဉ် တရား နာဖူးတဲ့ ယောဂီဟောင်းဆိုယင် ဉာဏ်စဉ်တရားဟောတဲ့အခါ နာချင်ယင် နာခွင့်ပြုရမယ်၊

အကြောင်းကတော့ ပထမအားထုတ်စဉ်က အတွေ့အသိ ရှင်းပေမယ့် နောက်ထပ် အားထုတ်တဲ့အခါ မှာအကြောင်း မညီညွတ်ယင် အတွေ့အသိ မရှင်းတာလဲ ရှိတတ်ပါတယ်၊ နောက်ပြီးတော့ ယောဂီဟောင်းက ဉာဏ်စဉ်တရားကို နာချင် ပါလျက် ကမ္မဋ္ဌာန်းဆရာက ခွင့်မပြုယင် ပထမ(ဆရာ) ကမ္မဋ္ဌာန်း ဆရာကို နှိမ့်ချသလိုလဲ အထင်ရောက်တတ်ပါတယ်၊

ယခင်က ဉာဏ်စဉ်တရားကို နာထိုက်တဲ့အဆင့် ရောက်လို့ နာခဲ့ရပြီး ဖြစ်ပါလျက် နောက်တကြိမ် ထပ်ပြီး အားထုတ်လိုက်မှ ဉာဏ်အဆင့်က လျော့ကျသွားတယ်လို့လဲ ယောဂီဟောင်းအား နာခွင့်ပြုသင့်ပါတယ်။

ဉာဏ်စဉ်တရားနာခွင့်

နောက်တခုက အရပ်ဝေးမှလာပြီးတော့ နှစ်လ, သုံးလလောက် ရိုရိုသေသေ အားထုတ်ပါလျက် ဉာဏ်စဉ်နာနိုင်လောက်တဲ့ အဆင့်ကို မရောက်သေးပေမယ့် နောက်တကြိမ်လာဖို့ရာလဲ မလွယ်ကူဘူး၊ မသေချာဘူး၊ ဉာဏ်စဉ်တရားလဲ နာသွား ချင်တယ် ဆိုယင် အဲဒီလို ယောဂီအား ကမ္မဋ္ဌာန်းဆရာက မိမိထင်မြင်တဲ့ ဉာဏ်အဆင့်ကို ပြောပြပြီးတော့ နာခွင့်ပြုနိုင်ပါတယ်၊

“ယောဂီပြောပြသလောက်ကတော့ ဒီဉာဏ်အဆင့်လောက်ပဲ ရှိသေးတယ်၊ ဉာဏ်စဉ် ပြည့်စုံတဲ့အနေနဲ့ အခွင့်ပြုတာတော့ မဟုတ်သေးဘူး၊ ကိုယ်တွေ့ရသိရ သလောက်ကို အသိအမှတ် ပြုရအောင် နာခွင့်ပြုတယ်”လို့ ပြောပြီး နာခွင့်ပြုရုံပါပဲ၊ ဉာဏ်စဉ် တရားနာခွင့် မပြုတာက လျှို့ဝှက်တဲ့သဘော မဟုတ်ပါဘူး၊ တရား မပြည့်စုံသေးပဲနဲ့ ဉာဏ်စဉ်တရားကိုနာလျှင် နောက်တကြိမ် အားထုတ်တဲ့ အခါကျတော့ စိတ်ကူးတွေဝင်ပြီးတော့လဲ အနှောင့်အယှက် ဖြစ်တတ်ပါတယ်၊

မဟုတ်သေးပဲနဲ့ အဟုတ်ထင်ပြီး ပြောတဲ့အတွက် အရှုပ်အထွေးလဲ ဖြစ်တတ်ပါတယ်၊ ဒီလို အန္တရယ်တွေကြောင့်ပါပဲ၊ ဒါကြောင့် မျှော်လင့်ဖွယ် မရှိတဲ့ ယောဂီအား သူက နာချင်တယ်ဆိုယင် ပြောသင့်တာကို ပြောပြီး နာခွင့်ပြုနိုင်ပါတယ်။

လိုရင်းကတော့ ဝိနည်းဆိုင် ရာ သီလအကျင့် ပဋိပတ်ရော, သုတ္တန်ဆိုင်ရာ သီလ, သမာဓိ, ပညာပဋိပတ်ရော အဲဒီ ပဋိပတ္တိသာသနာတော် တည်တံ့ရေး, ပြန့်ပွားရေးကို အလေးပြုပြီး ဆောင်ရွက်သွားကြဖို့ပါပဲ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးလေးဆယ် လောက်က ရွှေကျင်ဂိုဏ်း မဟာနာယကချုပ် ရွှေကျင်သာသနာပိုင် ဆရာတော် ဘုရားကြီးက (သာသနာတော်ကို ကိုယ့်အတွက်မသုံးဖို့, ကိုယ့်ကိုယ်ကိုသာ သာသနာတော်အတွက် အသုံးချဖို့)လို့ မိန့်တော်မူတဲ့စကားဟာ အင်မတန် ကောင်းပါတယ်၊

ဘုရားသာသနာတော်ကိုမှီပြီး လာဘ်ပေါ များအောင်, ဘုန်းကြီးအောင် ပြောဟော ပြုလုပ်တာတွေဟာ သာသနာတော်ကို ကိုယ့်အတွက် အသုံးချတာပဲ၊ ဒကာ, ဒကာမတွေက ကျောင်းအဆောက်အအုံကို သာသနာတော်အတွက် အကျိုး များအောင် သံဃိက လှူဒါန်းချင်ပါလျက် သာသနာ့ဝန်ထမ်း ရဟန်းတော်က ပုဂ္ဂလိက အလှူခံပြီး ကိုယ့်သဘောအတိုင်း သုံးစွဲတာ, အမွေပေးတာတွေလဲ သာသနာ တော်ကို ကိုယ့်အတွက် အသုံးချတာပဲ၊

အဲဒီလို သာသနာတော်ကို ကိုယ့်အတွက် အသုံးမချပဲ ကိုယ့်ကိုယ်ကိုသာ သာသနာတော် အကျိုးများစေရန်အတွက် အသုံးချပါတဲ့၊ အဲဒီလို ကိုယ့်ကိုယ်ကို သာသနာတော်အတွက် အသုံးချတာဟာ အင်မတန်ကောင်းတဲ့ စိတ်သဘောထားပဲ၊ သာသနာဝင် ပုဂ္ဂိုလ်တိုင်းက အဲဒီလို ကောင်းမြတ် စင်ကြယ်တဲ့ စိတ်သဘော ထားဖြင့် ဆောင်ရွက်သွားကြမယ်ဆိုယင် သိပ်ကောင်းမှာပါပဲ။

ဒါကြောင့် ကမ္မဋ္ဌာန်းဆရာမထေရ်ကြီးဖြစ်ဖြစ်, သာမန် ယောဂီ ရဟန်းဖြစ်ဖြစ် သာသနာတော်ကို ကိုယ်ကျိုးအတွက်မသုံးပဲ မိမိကိုယ်ကိုသာ သာသနာတော် အတွက် အသုံးပြုပြီး ဆောင်ရွက်သောအားဖြင့် မြတ်စွာ ဘုရားအလိုတော်အတိုင်း သီလ, သမာဓိ, ပညာတို့ကို ပြည့်စုံသည်ထက် ပြည့်စုံအောင် ကိုယ်တိုင်လဲကျင့်ပြီး သူတပါးတွေလဲ ကျင့်နိုင်အောင် ဟောပြောတိုက်တွန်းပေးလျက် သာသနာတော် အကျိုးကို တိုး၍ တိုး၍ ဆောင်ရွက်နိုင်ကြပါစေ၊ အဲဒီလို ဆောင်ရွက်ခြင်းဖြင့် ဗုဒ္ဓ သာသနာတော်ကိုလဲ တိုးတက် ပြန့်ပွားစေနိုင်သည့်အပြင် မိမိတို့ အလိုရှိအပ်သော တရားထူး တရားမြတ်တွေကိုလဲ အပြည့်အစုံ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင် ကြပါစေ

သာဓု … သာဓု … သာဓု …။

သီလဝန္တသုတ္တန်တရားတော်

မဟာစည် ဆရာတော်ဘုရားကြီးသည် သီလဝန္တသုတ္တန် တရားတော်ကြီးကို ၁၃၂၈-ခုနှစ် တပို့တွဲ လကွယ်နေ့မှစ၍ သင့်လျော်သည့် သီတင်းနေ့များတွင် ဟောတော်မူရာ ၁၃၂၉ -ခုနှစ် တန်ဆောင်မုန်း လပြည့်နေ့တွင် အပြီးသတ်သည်၊ ဟောကြား တော်မူသည့် အကြိမ်ပေါင်း ၁၆-ကြိမ်ရှိသည်ဟု သိရသည်၊

ယင်းသို့ ဟောကြားတော်မူစဉ် ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးသိန်းအောင်သည် တိပ်ရကော်ဒါဖြင့် အသံဖမ်းယူခဲ့ပြီး တိပ်ခွေမှကူး၍ စာမူကြမ်း ပြုကာ ၁၃၃၇-ခုနှစ် ဝါခေါင်လတွင် ဆရာတော်ဘုရားကြီးအား ဆက်ကပ် ခဲ့လေသည်၊ ဆရာတော်ဘုရားကြီးသည် ကြည့်ရှုသုတ်သင် တည်းဖြတ်တော်မူခဲ့ရာ ၁၃၃၇-ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁၂-ရက်နေ့တွင် စာမူချောဖြစ်၍ ပြီးဆုံးခဲ့လေသည်၊ ယင်း သုတ်သင်တည်းဖြတ်ပြီး ကျမ်းစာအုပ်အဖြစ် ရိုက်နှိပ် ထုတ်ဝေခဲ့ရာ ၁၃၃၈ -ခုနှစ်တွင် ပြီးစီးရာ ကရောင်း ၁၆-ချိုးဆိုက်ဖြင့် စာမျက်နှာ ၄၇၆-မျက်နှာရှိ ကျမ်းစာကြီး ဖြစ်လေသည်။

ယင်းသီလဝန္တသုတ္တန်တရားတော်ကြီး၌-

(က) ၁။ သိလသုတာ, စုံသူမှာ, ဘယ်ဟာ ရှုအပ်ပါသနည်း၊
၂။ စွဲလမ်းနိုင်ရာ, ငါးခန္ဓာ, မှန်စွာ ရှုအပ်သည်၊
၃။ မမြဲဆင်းရဲ, ရောဂါစွဲ, ပေါက်ကွဲ အိုင်းတူတည်း၊
၄။ ငြောင့်မကောင်းမှု, ဖျားနာဟု, မှတ်ရှုသူစိမ်းမည်၊
၅။ ပျက်စီးသုည, အနတ္တ, ရှုရ ဆယ့်တစ်မည်၊
၆။ သို့ရှုမြင်သန်, သောတာပန်, အမှန် ဖြစ်နိုင်သည်။

(ခ) ၁။ သောတာပန်ကား, ဘယ်တရား, ရှုပွားအပ်သနည်း၊
၂။ သောတာပန်လဲ, ခန္ဓာပဲ, ရှုမြဲနည်းတူသည်၊
၃။ သို့ရှုမြင်သန်, သကဒါဂါမ်, အမှန် ဖြစ်နိုင်သည်။

(ဂ) ၁။ သကဒါဂါမ်ကား, ဘယ်တရား, ရှုပွါးအပ်သနည်း၊
၂။ သကဒါဂါမ်လဲ, ခန္ဓာပဲ, ရှုမြဲနည်းတူသည်၊
၃။ သို့ရှုမြင်သန်, အနာဂါမ်, အမှန် ဖြစ်နိုင်သည်။

(ဃ) ၁။ အနာဂါမ်ကား, ဘယ်တရား, ရှုပွားအပ်သနည်း၊
၂။ အနာဂါမ်လဲ, ခန္ဓာပဲ, ရှုမြဲ နည်းတူသည်၊
၃။ သို့ရှုမြင်သန်, အရဟံ, အမှန် ဖြစ်နိုင်သည်။

(င) ၁။ ရဟန္တာကား, ဘယ်တရား ရှုပွားအပ်သနည်း၊
၂။ ရဟန္တာလဲ, ခန္ဓာပဲ, ရှုမြဲ နည်းတူသည်၊
၃။ သို့ရှုသော်ငြား, သစ်ဟောင်းကား, တိုးပွားမရှိပြီ၊
၄။ သတိသမ္ပဇဉ်, ရှုတိုင်းယှဉ်, မျက်မြင် ချမ်းသာသည်။

စင်စစ်ကား ဤသီလဝန္တသုတ္တန်တရားတော် ကျမ်းကြီးသည် သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာဖြစ်နည်းညွှန်ကျမ်းကြီး ဖြစ်ရုံသာမက ယင်းပုဂ္ဂိုလ်တို့ ၏ အကြောင်းကိုလည်း ဖော်ပြရာ ကျမ်းကြီးလည်း ဖြစ်လေသည်၊ ကျမ်း၏ နိဒါန်း လက်ဦးရှုဖွယ်ကိုမူ အဂ္ဂမဟာပဏ္ဍိတ ရွှေစေတီဆရာတော်ဘုရားကြီးက ရေးသား ထားရာ ရွှေပေါ်မြတင် ဆိုဘိသကဲ့သို့ ပိုမို၍ ပြည့်စုံပြန်လေရာ ပဋိပတ္တိဝန်ဆောင် ပုဂ္ဂိုလ်တိုင်း ကြည့်ရှုလေ့လာ အားထုတ်ရန် သင့်လှပေသည်

သီလဝန္တသုသုတ္တန္တ-ဒေသနာပိ သုဒေသိတာ၊
မဟာစည်ထေရသေဋ္ဌေန, ဂမ္ဘီရတိက္ခဉာဏိနာ။

ရှစ်ဖြာမဂ္ဂင်နိဗ္ဗာန်ဝင် တရားတော်

ဆရာတော်ဘုရားကြီးသည် ရှစ်ဖြာမဂ္ဂင် နိဗ္ဗာန်ဝင် တရားတော်ကြီးကို ၁၃၃၃-ခုနှစ် တော်သလင်း လဆန်း ၂-ရက် တနင်္ဂနွေနေ့ နေ့လယ် ၂-နာရီခန့် အချိန်တွင် ရန်ကုန်မြို့ မိုးကောင်းဘုရားအနီး ဓမ္မာရုံကြီး၌ စတင် ဟောတော်မူခဲ့လေသည်၊ ၎င်းနောက် ရန်ကုန်မြို့ သာသနာ့ရိပ်သာဖလ်ယဉ်ဓမ္မာရုံ, ခြောက်ထပ်ကြီး ဘုရားကြီးတိုက် သိမ်တော်ကြီး, ဖဆပလရပ်ကွက် စသော ဌာနများ, မန္တလေး, စစ်ကိုင်း, ရွှေဘို, ချောက်, ရေနံချောင်း, မကွေး, မင်းလှ, သရက်, အောင်လံ, ပြည် -စသော အနယ်နယ်အစို့စို့ အမြို့မြို့အရွာရွာ တို့၌လည်း ဟောကြားတော် မူခဲ့လေသည်၊

ယင်းသို့ ဟောကြားတော်မူခဲ့ပြီးမှ ဆရာ, ဒကာ နှစ်ဦးလုံး ကြိုးပမ်းမှုကြောင့် မန္တလေးမြို့ ပြည်ညွှန့်ပုံနှိပ်တိုက်မှ ရိုက်နှိပ်သဖြင့် ၁၃၃၉-ခုနှစ်တွင် “ရှစ်ဖြာမဂ္ဂင် နိဗ္ဗာန်ဝင်တရားတော်” ကျမ်းစာကြီးအဖြစ်သို့ ရောက်ခဲ့လေသည်၊ ယင်းရှစ်ဖြာမဂ္ဂင် နိဗ္ဗာန်ဝင်တရားတော်ကျမ်းစာ၌-

“မဂ္ဂင်ရှစ်ဖြာ, မရှိရာ, ကိလေသာငြိမ်းသူ မရှိချေ၊
မဂ္ဂင်ရှစ်ဖြာ, ရှိရာမှာ, ကိလေသာငြိမ်းသူ ရှိနိုင်ပေ၊
မူလ, ပုဗ္ဗ, အရိယ, သုံးဝ မဂ္ဂင်မြတ်၊
ဖြစ်ပွားစေလျှင်, ဤမဂ္ဂင်, ပြေးဝင် နိဗ္ဗာန်ဓာတ်၊
ဖြစ်ပျက်မြင်မှ, အနိစ္စ, ဒိဋ္ဌသိနိုင်သည်”

စသည် အကျဉ်းချုပ် မှတ်ဖွယ်, ကျင့်ဖွယ် ဆောင်ပုဒ်များ ပါရှိလေသည်၊ ယင်း ရှစ်ဖြာမဂ္ဂင်နိဗ္ဗာန်ဝင်တရားကျမ်းစာမှာ ကရောင်း ၁၆-ချိုး စာမျက်နှာ ၁၁၄-ရှိလေသည်။

ရှစ်ဖြာမဂ္ဂင် နိဗ္ဗာန်ဝင်တိ, သမညာယ သုပါကဋာ၊
ဒေသိတာ ဒေသနာထေရ-မဟာစည်ကဝိ ကေတုနာ။

တုဝဋ္ဋကသုတ်တရားတော်

ဆရာတော်ဘုရားကြီးသည် သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင် နောင်တွင် နိုင်ငံတော်ကောင်စီဝင် အငြိမ်းစား နိုင်ငံတော်ကောင်စီဝင် စသည်ဖြင့် ထင်ရှားသော ဦးလှမောင် လျှောက်ထားသဖြင့် မဟာသမယခြောက်သုတ် အပါအဝင် တုဝဋ္ဋကသုတ်ကို ၁၃၃၇-ခုနှစ် ပြာသိုလပြည့် နေ့ကစ၍ တပို့တွဲ လပြည့်နေ့အထိ ဥပုသ်နေ့ ၅-နေ့ ၅-ပိုင်းဟော၍ ပြီးဆုံးခဲ့လေသည်၊

ဟောကြားပြီး အပိုင်းများကို စာမူအဖြစ် ဆရာတော်ဘုရားကြီး ကိုယ်တိုင် လက်နှိပ်စက်ဖြင့် ရိုက်နှိပ်တော်မူခဲ့ပြီး ၁၃၃၈-ခုနှစ်တွင် ရန်ကုန်မြို့ ကမ္ဘာအေး သာသနာရေးဦးစီးဌာန ပုံနှိပ်တိုက်၌ ရိုက်နှိပ်ရာ ကရောင်း ၁၆-ချိုးဆိုက် စာမျက်နှာ ၂၃၂-ရှိ ကျမ်းစာ ဖြစ်လာခဲ့လေသည်၊

ယင်းကျမ်းစာ၏ နိဂုံးကို ဆရာတော်ဘုရားကြီး ၏အမိန့်အရ ကမ္ဘာအေး ဇမ္ဗူဒီပကျောင်း၌ သီတင်းသုံးသည့် သာသနဓဇ သိရီပဝရဓမ္မာစရိယ ဆရာတော် အရှင်ပညောဘာသက ရေးသားခဲ့လေသည်။

တုဝဋ္ဋကဝဏ္ဏနံပိ, သံဝဏ္ဏနာ သုကောဝိဒေါ၊
ရစယီ မြန်မာဘာသာယ, ရစယိတ္ထ သုဓီတိမာ။

သာရဏီယတရားတော်

မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော် ကောသမ္ဗီယသုတ်လာ, သာရဏီယ သုတ္တန်လာ သာရဏီယသုတ် တရားတော်ကြီးကို ရန်ကုန်မြို့ ကမာရွတ် မရမ်းတပင်ရပ်ကွက်၌ ၁၃၁၄-ခုနှစ် ဦးတန်ခူး လပြည့်ကျော် ၁၂-ရက် ၁၃-ရက်နေ့ ညများက ဟောကြားတော်မူခဲ့သည်၊ နောက်တွင် ယင်းတရားတော်သည် သာရဏီယ တရားတော် အမည်ဖြင့် ကရောင်း ၁၆-ချိုး စာမျက်နှာ ၆၀-ခန့်ရှိ ကျမ်းစာအုပ် ဖြစ်ပေါ်လာလေသည်။

ယင်းသာရဏီယတရားတော်၌ -

မေတ္တာရှေ့သွား, ကံသုံးပါးနှင့်, တခြားသုံးဝ, စာဂသီလာ,
မြတ်ပညာသည်, မှတ်ပါ သာရဏီယတရားတည်း။

မေတ္တာရှေးရှု, ကိုယ်မှုထင်လျှင်၊
သူ့ဂုဏ်အောက်မေ့, ညဉ့်နေ့အစဉ်။
ရိုသေလေးစား, သနားခင်မင်၊
ညီညွတ်ရေး, အားပေးထာဝစဉ်။

မေတ္တာရှေ့သွား, စကားချိုလျှင်၊
သူ့ဂုဏ်အောက်မေ့, ညဉ့်နေ့အစဉ်။
ရိုသေလေးစား, သနားခင်မင်၊
ညီညွတ်ရေး, အားပေးထာဝစဉ်။

မေတ္တာရှေ့ထား, စိတ်ထားဖြူလျှင်၊
သူ့ဂုဏ်အောက်မေ့, ညဉ့်နေ့အစဉ်။
ရိုသေလေးစား, သနားခင်မင်၊
ညီညွတ်ရေး, အားပေးထာဝစဉ်။

အစရှိသော ကျင့်ကြံ လိုက်နာဖွယ် ဆောင်ပုဒ်ကဗျာများ ပါရှိလေသည်။

မဟာပစ္စဝေက္ခဏာ တရားတော်

▬▬▬▬▬▬▬▬▬▬▬

မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော် ကောသမ္ဗိယသုတ္တန်လာ မဟာပစ္စဝေက္ခဏာ တရားတော်ကိုလည်း သာရဏီယတရားတော် ဟောအပြီး ၃-လဆက်တိုက် ဟောတော်မူခဲ့လေသည်၊ ဆရာတော်ဘုရားကြီး ဟောတော်မူသည့်အတိုင်း စာအုပ် ရိုက်နှိပ်ထုတ်ဝေခဲ့ရာ ကရောင်း ၁၆-ချိုး စာမျက်နှာ ၆၀ ကျော်ရှိလေသည်၊ ယင်း မဟာပစ္စဝေက္ခဏာတရားတော်၌ -

ဆိတ်ငြိမ်ရာတွင်, ချဉ်းကပ်ဝင်၍, ဆင်ခြင်ရှုကြည့်,
ဖြစ်ပျက်မိ, အသိ ရှင်းသည်သာ၊
ယထာဘူတ, မသိရအောင်, ထကြွလွှမ်းမိုး, ကိလေအိုး, ဖြစ်ရိုးမရှိပါ၊
ဤသို့သိရ, ပထမ, ပစ္စဝေက္ခဏာ။

မဂ်သိပြီးဟန်, ဝိပဿ်ဉာဏ်, ဖန်ဖန်မှီဝဲကာ၊
အကြမ်းအနု, ကိလေစု, ငြိမ်းမှု ထင်ရှားရာ၊
ဤသို့သိရ, ဒုတိယ, ပစ္စဝေက္ခဏာ။

ရှုမှတ်သိရ, ဤလမ်းမှ, ပြင်ပတခြားမှာ၊
ကိလေငြိမ်းဘိ, မြတ်အရိ, မရှိဆုံးဖြတ်ရာ၊
ဤသို့သိရ, တတိယ, ပစ္စဝေက္ခဏာ။

ကုစားနိုင်ကောင်း, အာပတ်ပေါင်း,
တိမ်းစောင်းရောက်သေးရာ၊
မဖုံးကွယ်ပဲ, ကုစားမြဲ, နောင်လဲ စောင့်ရိုးပါ၊
ဤသို့သိရ, စတုတ္ထ, ပစ္စဝေက္ခဏာ။

ရှောင်လွှဲမရ, မှုကိစ္စ, ပြုရလေသောခါ၊
သိက္ခာသုံးပါး, ကျင့်ရန်ကား, စိတ်အား သန်မြဲသာ၊
ဤသို့သိရ, ပဉ္စမ ပစ္စဝေက္ခဏာ။

ဗုဒ္ဓဟောကြား, မြတ်တရား, ဟောကြားရသောခါ၊
လုံးစုံမကြွင်း, နှလုံးသွင်း, နာခြင်း အားကောင်းစွာ၊
ဤသို့သိရ, ဆဋ္ဌမ, ပစ္စဝေက္ခဏာ။

ဗုဒ္ဓဟောထား, မြတ်တရား, နာကြားရသောခါ၊
အနက်သိမြင်, စိတ်ကြည်ရွှင်, ကိုယ်တွင် သိမ့်သိမ့်ဖြာ၊
ဤသို့သိရ, သတ္တမ, ပစ္စဝေက္ခဏာ။

ပစ္စဝေက္ခဏာ, ခုနစ်ဖြာ, ညီစွာဖြစ်ပါမူ၊
အရိယာမှန်, သောတာပန်, ဧကန် ဆုံးဖြတ်ယူ။

ဟူသော သောတာပန် ပြည့်စုံရမည့် မဟာပစ္စဝေက္ခဏာကို ဘုရားမြတ်စွာ အလိုတော်ကျ ဖော်ကျူးတော်မူခဲ့လေသည်၊ ယင်း မဟာပစ္စဝေက္ခဏာ တရားတော် ကိုလည်း စာအုပ်အဖြစ် ရိုက်နှိပ်ထုတ်ဝေခဲ့ရာ ကရောင်း ၁၆-ချိုး ၆၂-မျက်နှာ ရှိလေသည်။

မဟာပစ္စဝေက္ခဏာဓမ္မ-ဒေသနာပိ သုဒေသိတာ၊
မဟာစည်ထေရပါဒေန, သာသနဋ္ဌိတိကာမိနာ။

---

အနတ္တလက္ခဏသုတ် တရားတော်

▬▬▬▬▬▬▬▬▬▬▬

ခန္ဓဝဂ္ဂသံယုတ် ပါဠိတော်လာ အနတ္တလက္ခဏသုတ်ကို ၁၃၂၅-ခုနှစ် နယုန်လဆန်း ၈-ရက်နေ့မှစ၍ အခွင့်သင့်သော ဥပုသ်နေ့များတွင် ဟောတော်မူရာ တော်သလင်း လပြည့်ကျော် ၈-ရက်နေ့တွင် ပြီးဆုံးလေသည်၊ ၁၂-ဥပုသ် (၁၂-သီတင်း) ၁၂-ကြိမ် ဟောတော်မူခဲ့လေသည်၊

ယင်းသို့ ဟောကြားစဉ်က အငြိမ်းစား တရားမ တရားသူကြီး ဦးသိန်းဟန်သည် တလုံးတပိုဒ် မကျန် ဖမ်းယူထားသော တိပ်ခွေများမှ လက်နှိပ်စက်ဖြင့် တဖန် ကူးလိုက်သောအခါ စာမျက်နှာ ၄၂ ဝ-ရှိ ရှည်လျား ကျယ်ဝန်းခဲ့လေသည်၊ ယင်းစာမူကြီးကို ဆရာတော်ဘုရားကြီးအား ဆက်ကပ်၍ စိတ်ကြိုက် ပြင်ဆင်တော်မူ၍ ပုံနှိပ်ရန်အတွက် ပြန်လည် ချီးမြှင့်တော်မူပါဟု လျှောက်ထားသဖြင့် ဆရာတော်သည် စာမျက်နှာ ၁၅၂-သို့ရောက်အောင် ချုံးတော်မူပြီး ဦးသိန်းဟန်အား ပြန်လည်ပေးအပ် ပုံနှိပ်ခွင့် ပြုတော်မူခဲ့လေသည်၊

ဦးသိန်းဟန်သည် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် တွဲဖက်အကျိုးဆောင် ဦးညိုမောင် အား ရိုက်နှိပ်ရန် ပေးအပ်လှူဒါန်းလိုက်လေသည်၊ သို့နှင့် ဦးညိုမောင်သည် ရန်ကုန်မြို့၊ ကမ္ဘာအေး သာသနာရေး ဦးစီးဌာန ပုံနှိပ်တိုက်တွင် ၁၃၂၉-ခုနှစ်တွင် ရိုက်နှိပ်ထုတ်ဝေခဲ့ရာ ဒီမိုင်းဆိုက်ဖြင့် စာမျက်နှာ ၂၉၆-ရှိလေသည်၊ ကျမ်းဦးရှုဖွယ် နိဒါန်းကို ဝက်လက် မစိုးရိမ်ဆရာတော် ဦးတိဿက ပြည့်စုံစွာ ပြုစီရင်တော် မူခဲ့လေသည်။

အနတ္တလက္ခဏသုတ္တမ္ပိ, မဟာဉာဏီ မဟာမတီ၊
ဒေသယီ ရစယီမြန်မ-ဘာသာယ ဘာသိတေ ဝိဒူ။

---

သမ္မာပရိဗ္ဗာဇနီယသုတ် တရားတော်

▬▬▬▬▬▬▬▬▬▬▬

ဆရာတော်ဘုရားကြီးသည် ၁၃၃၈-ခုနှစ် သီတင်းကျွတ်လကွယ် နေ့မှစ၍ နံနက် ၈-နာရီခွဲအချိန်တွင် ရှစ်ပါးသီလ ပေးပြီးသောအခါ ဥပုသ်သည်များအား ဤ သမ္မာပရိဗ္ဗာဇနီယသုတ်မှ အဖြေဂါထာ တဂါထာချင်း သီတင်းနေ့တိုင်း ထုတ်ဖော် ဖွင့်ပြ ဟောကြားတော်မူခဲ့လေသည်၊

ယင်းသို့ ဟောကြားတော်မူသည့် တရားတော်ကို ရန်ကုန်မြို့ ရွှေတောင်ကြားလမ်း အမှတ် ၄၆-နေ ဘီအေ, ဘီအယ်လ် ဒါယကာ ဦးလှကြိုင်က ကက်ဆက်ဖြင့် ဖမ်းယူ၍ တဖန် ကက်ဆက်မှ လက်ရေးမူအဖြစ် ကူးယူရေးသားခဲ့လေသည်၊ ၎င်းနောက် ဆရာတော်ဘုရားကြီးအား ဆက်ကပ်ရာ ဆရာတော်ဘုရားကြီး ချက်ချင်း တည်းဖြတ်ပြီးသောအခါ သာသနဓဇသိရီပဝရဓမ္မာစရိယကမ္မဋ္ဌာနာစရိယ ဆရာတော် အရှင်ဝါယမကို နိဒါန်းရေးစေ၍ ၁၃၃၉ -ခုနှစ်က ရန်ကုန်မြို့ ကမ္ဘာအေး သာသနာရေးဦးစီးဌာန ပုံနှိပ်တိုက်တွင် ရိုက်နှိပ်ခဲ့ရာ ကရောင်း ၁၆-ချိုးဆိုက်ဖြင့် ၁၆၇-မျက်နှာ ရှိလေသည်။

သမ္မာပရိဗ္ဗာဇနီယ-သုတ္တန္တမ္ပိ သုဓီတိမာ၊
မဟာစည်ထေရ သေခရော, သံဝဏ္ဏယီ သုဇာတိမာ။

---

တက္ကသိုလ် ဝိပဿနာတရားတော်

▬▬▬▬▬▬▬▬▬▬▬

ဆရာတော် ဘုရားကြီးသည် ၁၃၃၆-ခုနှစ် ကဆုန်လဆန်း ၄-ရက်နေ့ညတွင် ရန်ကုန်မြို့ တက္ကသိုလ် ဓမ္မာရုံ၌ သက္ကာယဒိဋ္ဌိပယ်ရန်နှင့် သတိပဋ္ဌာန် ပွားများ ရှုမှတ်ရန် နည်းနာနယတို့ကို ကျနစွာ ဟောကြားတော်မူခဲ့လေသည်၊

ဆရာတော် ဘုရားကြီး ဟောပြောသည့်တရားတော်ကို ရကော်ဒါဖြင့်ဖမ်းယူခဲ့ရာ ယင်းမှတဆင့် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ အမှုဆောင် တဦးဖြစ်သူ ဦးခိုင်က ရေးကူး၍ ဆရာတော်ဘုရားကြီးအား ဆက်ကပ်ရာ ဆရာတော်ဘုရားကြီးက ပြင်ဆင်ဖြည့်စွက် တည်းဖြတ်မူသန့်ပြီး တက္ကသိုလ် ဝိပဿနာတရားတော် အမည်ဖြင့် ၁၃၃၉-ခုနှစ်က ပုံနှိပ်ထုတ်ဝေခဲ့လေသည်၊ ယင်းတက္ကသိုလ် တရားကျမ်းစာ၌ -

၁။ မူလပုဗ္ဗ, အရိယ, သုံးဝမဂ္ဂင်မြတ်၊
၂။ ဖြစ်ပွားစေလျှင်, ဤမဂ္ဂင်, ပြေးဝင်နိဗ္ဗာန်ဓာတ်၊
၃။ စိတ်အညစ်အကြေးကို, ကင်းစေလို, သတိပဋ္ဌာန်လမ်းစဉ်ကို လိုက်ရမည်၊
၄။ စိုးရိမ်မှုကို, လွန်မြောက်လို, သတိပဋ္ဌာန်လမ်းစဉ်ကို လိုက်ရမည်၊
၅။ ငိုကြွေးမှုကို, လွန်မြောက်လို, သတိပဋ္ဌာန်လမ်းစဉ်ကို လိုက်ရမည်၊
၆။ ကိုယ်ဆင်းရဲကို, ငြိမ်းစေလို, သတိပဋ္ဌာန်လမ်းစဉ်ကိုလိုက်ရမည်၊
၇။ စိတ်ဆင်းရဲကို, ငြိမ်းစေလို, သတိပဋ္ဌာန်လမ်းစဉ်ကို လိုက်ရမည်၊
၈။ နိဗ္ဗာန်မဂ်ဖိုလ်, ရရောက်လို, သတိပဋ္ဌာန်လမ်းစဉ်ကို လိုက်ရမည်၊

အစရှိသော ဆောင်ပုဒ်များဖြင့်လည်း နည်းပေး လမ်းညွှန်တော်မူခဲ့လေသည်၊ ယင်း တက္ကသိုလ် ဝိပဿနာတရားတော်မှာ မူရင်းကရောင်း ၁၆-ချိုး စာမျက်နှာဖြင့် ၁၀၂-ရှိ၍ နောက်ဆက်တွဲဝိပဿနာဖြင့် ရောဂါပျောက်ကြောင်း သာဓကဝတ္ထုများနှင့်တကွ ၁၇၈-ရှိလေသည်။

တက္ကသိုလ် ဝိပဿနာတိ, ဝိချာတာ ဓမ္မဒေသနာ၊
ဘာသိတာ ထေရသေဋ္ဌေန, မဟာစည်တိက္ခဉာဏိနာ။

---

မာလုကျပုတ္တသုတ် တရားတော်

▬▬▬▬▬▬▬▬▬▬▬

ကျေးဇူးရှင် ဆရာတော်ဘုရားကြီးသည် မာလုကျပုတ္တသုတ် တရားတော်ကို ရှေးက အကြိမ်များစွာ ဟောတော်မူခဲ့သည်၊ ၁၃၃၈-ခုနှစ်ကစပြီး စာအုပ် ရိုက်နှိပ်စေရန် ဟူသော ရည်ရွယ်ချက်, နာယူလိုသူများ တိပ်ကြိုးခွေဖွင့် နာယူနိုင်ရန် ဟူသော ရည်ရွယ်ချက်ဖြင့် ၁၃၃၈-ခုနှစ် ဝါခေါင်လပြည့်ကျော် ၈-ရက်နေ့ကစ၍ သင့်လျော်သော သီတင်းနေ့များ၌ ဟောတော်မူခဲ့လေသည်၊

ယင်းဟောကြားချက်များကိုလည်း တိပ်ကြိုးခွေဖြင့် ဖမ်းယူတော်မူခဲ့လေသည်၊ ယင်းတိပ်ကြိုးခွေမှ ကူးယူစေကာ မူသန့်ပြီး စာအုပ်ရိုက်နှိပ်စေခဲ့ရာ ၁၃၃၉-ခုနှစ်တွင် စာအုပ်အဖြစ်သို့ ရောက်ရှိခဲ့လေသည်၊ ယင်းကျမ်းမှာ ကရောင်း ၁၆-ချိုးဆိုက်ဖြင့် စာမျက်နှာ ၂၁၂-ရှိလေသည်၊ ယင်းမာလုကျပုတ္တသုတ်တရားတော်၌ -

၁။ မမြင်ရရာ, ကိလေသာ, သူ့ဟာသူ ငြိမ်းသည်၊
၂။ မြင်ရရာမှာ, ကိလေသာ, ကိန်းကာ ဖြစ်နိုင်သည်၊
၃။ မြင်တိုင်းမှတ်ရှု, ကိလေစု, ကိန်းမှု ပယ်သင့်သည်၊
၄။ မေးခွန်းဖြင့်ပင်, လုပ်ငန်းစဉ်, ပေါ်လွင်စေခဲ့သည်၊
၅။ အဆင်းမြင်လျှင်, ချစ်ဖွယ်ထင်, ထိုတွင် မေ့လေသည်၊
၆။ သာယာတပ်စွဲ, ခံစားမြဲ, စိတ်ထဲ သိမ်းလျက်တည်၊
၇။ အဆင်းဆိုင်ရာ, ဝေဒနာ, များစွာ ပွားတော့သည်၊
၈။ လောဘစည်ကား, ဒေါသပွား, ဗျာများ စိတ်ပန်းသည်၊
၉။ ဤနည်းဖြင့်ပဲ, မပြောင်းလဲ, ဆင်းရဲရှာသူမည်၊
၁၀။ ဆင်းရဲကိုသာ, ရှာသူမှာ, ဝေးစွာ နိဗ္ဗာန်ပြည်၊
၁၁။ အဆင်းမြင်က, အမှတ်ရ, ရာဂ ကင်းတော့သည်၊
၁၂။ မတပ်မက်ပဲ, ခံစားမြဲ, စိတ်ထဲ မသိမ်းပြီ၊
၁၃။ မှတ်သိလျက်ပင်, မြင်လဲမြင်, ထို့ပြင် ခံစားသည်၊
၁၄။ သို့ပါသော်လဲ, ဝဋ်ဆင်းရဲ, ကုန်မြဲ ကုန်ခန်းသည်၊
၁၅။ ဤနည်းဖြင့်သာ, ယောဂီမှာ, မှတ်ကာ ကျင့်ရသည်၊
၁၆။ မြင်တိုင်းရှုမှတ်, ဆင်းရဲသတ်, နီးကပ် နိဗ္ဗာန်ပြည်။

ဟူသော လိုရင်းအချုပ်ဆောင်ပုဒ်များ ပါရှိလေသည်။

မာလုကျပုတ္တသုတ္တမ္ပိ, ဒေသယီ ဝဏ္ဏယီ သုဓီ၊
မဟာစည်ထေရကုဉ္ဇရော, နာနာဂန္ထေသု ကောဝိဒေါ။

---

သက္ကပဥှသုတ်တရားတော်

▬▬▬▬▬▬▬▬▬▬

ဆရာတော်ဘုရားကြီးသည် သက္ကပဥှသုတ်တရားတော်ကိုလည်း သက္ကရာဇ် ၁၃၂၆-ခုနှစ် ပြာသို လကွယ်နေ့ကစ၍ သင့်လျော်သော ဥပုသ်နေ့များတွင် ကရုဏာရှေးရှု ဟောတော်မူခဲ့လေသည်၊ ယင်းစာမူကို အထပ်ထပ်အခါခါ ကိုယ်တော်တိုင် ကြည့်ရှု သုတ်သင် ပြင်ဆင်တော်မူပြီး ပုံနှိပ်ထုတ်ဝေတော်မူခဲ့ရာ သက္ကပဥှသုတ် တရား ကျမ်းတော်ကြီးအဖြစ် ထင်ရှားလေသည်၊ ယင်း တရားကျမ်းတော်ကြီး၌ -

ကာမဘုံသား, နတ်လူများတို့,
ကောင်းစားပြည့်ဝ, ဘေးရန်ပလျက်,
အေးမြချမ်းသာ, နေထိုင်ပါလဲ,
ဣဿာမစ္ဆေ, သူရှုပ်ပွေ၍,
ဆင်ခြေမကျ, ဆင်းရဲရတည့်,
မူလဇာစ်မြစ်, သူ့ကြောင်းစစ်သော်,
မုန်းချစ်အပ်သား, အာရုံများနှင့်,
လိုလားတလီ, ကြံစည်တတန်,
ချဲ့ရန်မှတ်စွဲ, ခြေသည် လွဲ၍,
ဆင့်ကဲဆင့်ကာ, ဖြစ်ရိုးပါတည့်,
ခြောက်ဖြာဒွါရ, ထင်သမျှကို,
မှတ်ကြသဖြင့်, မမှီသင့်ရှောင်,
မှီသင့်ဆောင်၍, မှန်အောင်မြင်က,
လမ်းမှန်ရသည်, မုချချမ်းသာရေး ပေတည်း

၁။ ဣဿာခေါ်ဆို, မနာလို, ဝန်တိုမစ္ဆေရ
၂။ ရှာရသုံးအင်, သိမ်းပေးချင်, ငါးအင်လိုဆန္ဒ၊
၃။ ဒိဋ္ဌိတဏှာ, မာနပါ, သုံးဖြာ ပပဉ္စ

၄။ ချဲ့နိုင်အောင် မှတ်စွဲထားမိ၍ ကြံစည်နိုင်သည်၊ ကြံစည်မိ၍ လိုလား နှစ်သက်သည်၊ လိုးလားနှစ်သက်၍ ချစ်စရာ မုန်းတီးစရာ ရှိသည်၊ ချစ်စရာ မုန်းစရာ တွေရှိနေ၍ မနာလိုမှု, ဝန်တိုမှုဖြစ်သည်၊ မနာလိုမှု, ဝန်တိုမှုများရှိနေ၍ ဘေးရန် မကင်းပဲ ဆင်းရဲဒုက္ခ ရောက်နေကြရသည်၊ သို့ဖြစ်၍ ဆင်းရဲဒုက္ခ မုချကင်းလိုလျှင် ချဲ့နိုင် အောင်စွဲမှု (ပပဉ္စသညာ) ချုပ်ငြိမ်းသွားအောင် ကျင့်ရမည်။

၅။ ဘယ်သို့ကျင့်က, ပပဉ္စ, လုံးဝချုပ်သနည်း၊
၆။ မှီဝဲသင့်တာ, မသင့်တာ, ဝမ်းသာ နှစ်မျိုးတည်း၊
၇။ နှလုံးမသာ, ဥပေက္ခာ, စွဲပါနည်းတူတည်း၊
၈။ အကုသိုလ်ပွား, ပယ်ရှောင်ရှား, ကုပွားမှီဖို့တည်း၊
၉။ ဤသို့ကျင့်က, ပပဉ္စ, လုံးဝချုပ်သတည်း၊
၁၀။ ပါတိမောက္ခ, သံဝရ, ကျင့်ရ ဘယ်သို့နည်း၊
၁၁။ မှီသင့်တခု, မသင့်ဟု, ကိုယ်မှုနှစ်မျိုးတည်း၊
၁၂။ နှုတ်မှုထို့တူ, သက်မွေးမြူ, နည်းတူ နှစ်မျိုးတည်း၊
၁၃။ မမှီသင့်ပယ်, သီလနှယ်, စင်ကြယ်ပါသတည်း၊
၁၄။ ဣနြ္ဒိယ-သံဝရ, သူက ဘယ်သို့နည်း၊
၁၅။ အာရုံခြောက်ရပ်, မှီဝဲအပ်, မအပ်ကွဲသတည်း၊
၁၆။ အကုသိုလ်ပွား, ပယ်ရှောင်ရှား, ကုပွားမှီဖို့တည်း၊
၁၇။ သင့်ရာမှီတွယ်, မသင့်ပယ်, စောင့်ကွယ်ကိစ္စပြီး၊

ဟူသော မူလဆောင်ပုဒ်နှင့် ခက်ဆစ်မှတ်ဖွယ်ဆောင်ပုဒ်များ၊ ဝိပဿနာမဂ်, အရိယမဂ်အကျင့် အမေးအဖြေ ဆောင်ပုဒ်များ၊ ပါတိမောက္ခသံဝရအမေးအဖြေ ဆောင်ပုဒ်များ၊ ဣနြ္ဒိယသံဝရ အမေးအဖြေ ဆောင်ပုဒ်များ ပါရှိလေသည်၊

ယင်းကျမ်းကို သက္ကရာဇ် ၁၃၄၀-ခုနှစ်က ရိုက်နှိပ်ခဲ့လေသည်၊ နိဒါန်းကို ဆရာတော်ဘုရားကြီး ၏ အမိန့်အရ ညောင်ကန်အရှင်ဣန္ဒက ရေးသားခဲ့လေသည်၊ ကရောင်း ၁၆-ချိုးဆိုက် စာမျက်နှာ ၃၀၃ ရှိလေသည်။

သက္ကပဥှသုသုတ္တန္တ-ဓမ္မဝရမ္ပိ ဒေသယီ၊
မဟာစည်ထေရကေသရော, ဆေကော တိပိဋကေ သုဓီ။

---

အဘိဓမ္မာတရားတော်

▬▬▬▬▬▬▬▬

ဆရာတော်သည် ကြည့်ရှုလေ့လာသူတို့ ရုပ်နာမ်ကွဲ၍ အနည်းဆုံး ကလျာဏ ပုထုဇဉ်ဖြစ်ရန် ရည်ရွယ်တော်မူ၍ ထက်မြက်စူးရှလှသော ဉာဏ်ဖြင့် အဘိဓမ္မာ တရားတော်ကြီးကိုလည်း ဟောကြားတော် မူခဲ့လေသည်။

အဘိဓမ္မဓမ္မကထံ, ကထာမဂ္ဂေသု ကောဝိဒေါ၊
မဟာစည်ထေရကုဉ္ဇရော, ဝစီ ဂမ္ဘီရဉာဏိကော။

---

ဩဝါဒဓမ္မအမွေ

▬▬▬▬▬

ဆရာတော်ဘုရားကြီးသည် မိမိ သက်တော် ထင်ရှားရှိစဉ်တွင် လည်းကောင်း၊ မိမိ မရှိသည့်နောက်တွင် လည်းကောင်း ရဟန်း, ရှင်, လူ မည်သူမဆို လိုက်နာ ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ရန် ကြီးမားသော ရည်ရွယ်ချက်ဖြင့် ဩဝါဒ ကထာများကို မိန့်ကြားတော်မူခဲ့လေသည်၊ ၎င်းတို့မှာ နံနက် ဘုရားဝတ်တက်အပြီး ဟောကြားသည့် ဩဝါဒကထာဒေသနာ, သီတင်းကျွတ် ပူဇော်ပွဲ၌ ဟောကြားသော ဩဝါဒကထာဒေသနာ, ပူဇော်ရာကာလ၌ မြွက်ကြားသည့် ဩဝါဒကထာဒေသနာ, သံဃာ့ဥပုသ်, ပဝါရဏာ, ကထိန်နှင့်စပ်သည့် ဩဝါဒကထာ, ကထိန်ခင်းမည့်နေ့ ကထိန်ခင်းရာ ဩဝါဒကထာ စသည်ဖြင့် ဩဝါဒကထာပေါင်း ၂၆-ပုဒ်တို့ကို စုပေါင်း၍ ပထမပိုင်း, ဒုတိယပိုင်းအားဖြင့် ၂-ပိုင်းခွဲ၍ စီစဉ်ပြီးလျှင် ဆရာတော် မရှိသည့်နောက် ၁၃၄၅-ခုနှစ် ဩဝါဒဓမ္မအမွေအမည်ဖြင့် ရိုက်နှိပ်ထုတ်ဝေခဲ့ရာ ဒီမိုင်းဆိုက် စာမျက်နှာ ၁၇၀ ရှိလေသည်၊

ဆရာတော် အရှင်ပဏ္ဍိတာဘိဝံသနှင့် ဝက်လက်မစိုးရိမ်ဆရာတော် ဦးတိဿတို့က နိဒါန်းရေးခဲ့ကြလေသည်၊ ယင်းဩဝါဒ ဓမ္မအမွေ ရှေ့မျက်နှာဖုံးတွင် “ဆဋ္ဌသင်္ဂီတိ ပုစ္ဆက အဂ္ဂမဟာပဏ္ဍိတ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ပေးအပ်တော်မူခဲ့သော ဩဝါဒဓမ္မအမွေ” ဟု ပါရှိ၍ ကျောမျက်နှာဖုံးတွင် -

၁။ မနာလိုကင်း, ဝန်တိုရှင်း,
လက်ငင်းချမ်းသာကြရမည်၊

၂။ အကုသိုလ်များ, ရှောင်ရှားပယ်လေ၊
ကုသိုလ်တရား, ဖြစ်ပွားစုံစေ။
မိမိစိတ်ဓာတ်, ဆွတ်ဆွတ်ဖြူစေ၊
ဤသုံးပါး, ဘုရားဆုံးမပေ။

၃။ အပါယ်ငြိမ်းခွင့်, ဉာဏ်အဆင့်, အသင့်ရောက်ပါစေ၊
ထိုဉာဏ်ဖြင့်လဲ, မတော်ပဲ, ဆင်းရဲ ငြိမ်းပါစေ၊
ဖြစ်ပေါ်လာငြား, စိတ်ကြမ်းများ, ပယ်ရှားနိုင်ပါစေ။

၄။ ရာဂဒေါသ, မောဟ တဖြာ၊
ဖြစ်အိုသေရေး, ပူဆွေးငိုကာ။
ကိုယ်စိတ်ဒုက္ခ, ပူရပြင်းစွာ၊
မြင်ကြားသိတိုင်း, မဆိုင်းမှတ်ပါ။
ရုပ်နာမ်မမြဲ, ဆင်းရဲချမ်းသာ၊
ငါကောင်လဲပျောက်, မျက်မှောက်မြင်ကာ၊
ဆယ့်တသီး, ဤမီး ငြိမ်းစေရာ။

ဟူသော ဩဝါဒတော်များ ပါရှိလေသည်။

ဩဝါဒဓမ္မအမွေတိ, သမညာ သာဓုမာနိတာ၊
ဓမ္မကထာပိ ထေရေန, ဒိန္နာ ကာရုညမာနသာ။

---

မဟာသမယ သုံးသုတ် တရားတော်

▬▬▬▬▬▬▬▬▬▬▬

မဟာသမယသုံးသုတ် တရားတော်ဟူသည် -

(၁) ကလဟဝိဝါဒသုတ် တရားတော်,
(၂) စူဠဗျူဟ သုတ်တရားတော်,
(၃) မဟာဗျူဟသုတ် တရားတော်တို့ဖြစ်လေသည်၊

ဆရာတော်ဘုရားကြီးသည် ပုရာဘေဒသုတ်, တုဝဋ္ဋကသုတ်, သမ္မာပရိဗ္ဗာဇနိယသုတ် တို့ကို ဟောပြီး ကျန်မဟာသမယသုတ်များဖြစ်သော (၁) ကလဟဝိဝါဒသုတ်, (၂) စူဠဗျူဟသုတ်, (၃) မဟာဗျူဟသုတ်တို့ကို ၁၃၃၉-ခုနှစ် ဝါခေါင်လပြည့်နေ့ ကစ၍ အခွင့်သင့်သော သီတင်းနေ့တိုင်း ရှစ်ပါးသီလပေးပြီးသောအခါ မိနစ် ၃၀-ခန့် ၄၀-ခန့် ရည်မှန်းပြီး ဖွင့်ပြဟောပြတော်မူခဲ့လေသည်၊

ဟောပြီး တရားများကို ဟောသည့်နေ့မှစ၍ လက်နှိပ်စက်ဖြင့် ရိုက်ပြီး စာမူအဖြစ် ပြုလုပ်ထားပါသည်၊ ၁၃၃၉-ခုနှစ် တပို့တွဲလပြည့်ကျော် ၈-ရက်နေ့တွင် ယင်း သုံးသုတ်တရားတော်များကို ဖွင့်ပြဟောကြား၍ ပြီးသည့်ပြင် တရားစာမူ အဖြစ် ဖြင့်လည်း လက်နှိပ်စက်ရိုက်၍ အပြီးသတ်ခဲ့လေသည်၊

ဆရာတော်ဘုရားကြီးက လက်နှိပ်စက်ရိုက် ပြင်ဆင်တည်းဖြတ်ပြီး စာမူကို ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်အား ပေးအပ်ရာ ယင်းအဖွဲ့က ၁၃၄၀-ပြည့်နှစ်တွင် မဟာသမယသုံးသုတ်တရားတော်ဟူသော အမည်ဖြင့် ပုံနှိပ်ထုတ်ဝေခဲ့ရာ ကရောင်း ၁၆-ချိုး ဆိုက်ဖြင့် ၂၄၀-မျက်နှာ ရှိလေသည်၊

ယင်းမဟာသမယသုံးသုတ် တရားတော်သည်လည်း ဆောင်ပုဒ် လင်္ကာကဗျာများ ဝေဝေဆာဆာဖြင့် ကြည့်ရှုလေ့လာဖွယ် ကောင်းလှပေသည်၊ ဆရာတော်ဘုရားကြီး သည် ဤမဟာသမယသုံးသုတ်တရားတော် ကျမ်းဦးတွင် ကိုယ်တိုင် နိဒါန်းရေးတော် မူခဲ့လေသည်၊ ဆရာတော်ဘုရားကြီးကား သဒ္ဓါ, ပညာ ထာဝစဉ်မကွာ မလွှတ်သည့် ပုဂ္ဂိုလ်မြတ်ဖြစ်တော်မူသည်။

မဟာသမယသုတ္တာနံ, တိဏ္ဏန္နမ္ပိ သုဓီတိမာ၊
သံဝဏ္ဏနမ္ပိ, သောကာသိ, မဟာစည်ယတိ သုဓိမာ။

---

စူဠဝေဒလ္လသုတ် တရားတော်

▬▬▬▬▬▬▬▬▬▬

မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော်လာ စူဠဝေဒလ္လသုတ် တရားတော်ကို ၁၃၂၆ -ခုနှစ် ပထမဝါဆို လဆန်း ၈-ရက်နေ့ကစ၍ အခွင့်သင့်သော သီတင်းနေ့များတွင် ဟောတော်မူခဲ့ရာ ဝါခေါင်လကွယ်နေ့တွင် ၁၁-ကြိမ်မြောက်ဟော၍ လက်စ သတ်ခဲ့လေသည်၊

ဟောစဉ်အတိုင်း ရေးကူး၍ လက်နှိပ်စက်ရိုက်ရာ စာမျက်နှာ ၄၀ဝ-ကျော်ရှိသည်၊ သို့ရာတွင် စာအုပ်အဖြစ် ရိုက်ရန်စီစဉ်သောအခါ တိုက်ပရိုက်တာစာမူ ၁၀၇-ထိ ချုံး၍ တည်းဖြတ်တော်မူခဲ့လေသည်၊ ယင်းစာမူကို ၁၃၄၁-ခုနှစ်က ရန်ကုန်မြို့ စာပေပေါင်းကူး ပုံနှိပ်တိုက်တွင် ပုံနှိပ်၍ မဟာစည်သာသနာ့ရိပ်သာ ဆိပ်ခွန်ရွာ ရွှေဘိုက ထုတ်ဝေရာ ကရောင်း ၁၆-ချိုးဆိုက် စာမျက်နှာ ၂၇၂ ရှိလေသည်၊ ဖော်ပြပါ စူဠဝေဒလ္လသုတ်တရားတော်ကြီး၌ -

ကာမတဏှာ, ကောင်းနိုးရာ, သာယာနှစ်သက်မှု၊
ဘဝတဏှာ, သဿတာ, ထင်ကာနှစ်သက်မှု၊
ဝိဘဝမှာ, ဥစ္ဆေဒါ, ထင်ကာနှစ်သက်မှု၊
သက္ကာယဖြစ်ရန်, အကြောင်းမှန်, သုံးတန်တဏှာစု၊
တဏှာချုပ်က, သက္ကာယ, ဒုက္ခအငြိမ်းမှန်၊
မူလပုဗ္ဗ, အရိယ, သုံးဝမဂ္ဂင်မြတ်၊
ဖြစ်ပွားစေလျှင်, ဤမဂ္ဂင်, ပြေးဝင်နိဗ္ဗာန်ဓာတ်၊
ဖြစ်ပျက်သမျှ, သင်္ခါရ, ဒုက္ခသစ္စာတည်း၊
သင်္ခါရတွင်, အကောင်းထင်, ခင်မင်သမုတည်း၊
ရုပ်နာမ်အားလုံး, ဖြစ်ပျက်သုဉ်း, ချုပ်ဆုံးနိဗ္ဗာန်တည်း၊
ဆင်းရဲငြိမ်းရာ, ဆိုက်ရောက်တာ, သစ္စာမဂ္ဂင်တည်း၊
ကြံစည်စဉ်းစား, နှစ်သိမ့်ပွား, ကောင်းစားချမ်းသာတည်း၊
ရှုရာရာတွင်, စူးစိုက်ဝင်, ငါးအင်ပဈာန်မည်၊
နှစ်သိမ့်ချမ်းသာ, စူးစိုက်ကာ, သုံးဖြာဒုဈာန်မည်၊
ချမ်းသာမှုနှင့်, စူးစိုက်လင့်, သုံးဆင့်ဈာန်ခေါ်သည်၊
ဥပေက္ခာနှင့်, စူးစိုက်လင့်, လေးဆင့်ဈာန်ခေါ်သည်၊

စသည့် တရားအနှစ်ချုပ် ဆောင်ပုဒ်လင်္ကာများဖြင့်လည်း ပြည့်စုံကောင်းမွန်လှပေ၏။

စူဠဝေဒလ္လသုတ္တမ္ပိ, မဟာစည်ထေရပုင်္ဂဝေါ၊
ဝဏ္ဏယိတွာန ဒေသယီ, ဇနာနံ သုဟိတာဝဟံ။

---

ဓမ္မဒါယာဒသုတ်တရားတော်

▬▬▬▬▬▬▬▬▬▬

ဆရာတော်ဘုရားကြီးသည် ၁၃၃၂-ခုနှစ် ၂၁-ကြိမ်မြောက် ဩဝါဒခံယူပူဇော်ပွဲ ကြီးတွင် များလှစွာသော ရဟန်းရှင်လူ ပရိသတ်ကြီးအား မဇ္ဈိမနိကာယ် မူလ ပဏ္ဏာသပါဠိတော်လာ ဓမ္မဒါယာဒသုတ် တရားတော်ကြီးကို နိဒါနဝဂ္ဂပါပဘိက္ခု သုတ်နှင့် သုတ္တနိပါတ်အဋ္ဌကထာ ဒုတိယအုပ် စာမျက်နှာ ၄၂-လာ ကပိလဝတ္ထု သွင်းညှပ်၍ ဟောတော်မူခဲ့ရာ ထင်ရှားသည့် မြန်မာစကားပြေ တရားတော် စာပေကြီး ဖြစ်လာခဲ့လေသည်၊ နားလည်ရန် ခက်ခဲသော တရားတော်သည် ဆရာတော် ၏ ဖွင့်ဆိုမှုကြောင့် လွယ်ကူခဲ့လေသည်၊ ယင်း တရားအမွေခံ ဓမ္မဒါယာဒသုတ် တရားတော်၌ -

ဓမ္မဒါယာ, သုတ်မြတ်မှာ, မြတ်စွာဟောမိန့်သည်၊
ငါ့တပည့်တွေ, တရားမွေ, ခံစေချင်လှသည်၊
အာမိသအမွေ, ပစ္စည်းတွေ, ပယ်စေချင်လှသည်၊
တရားအမွေ, အစစ်ပေ, ကိုးထွေလောကုတ်ပါ၊
စစ်တုနှစ်ထွေ, တရားမွေ, ခံစေလိုလှသည်၊
အာမိသအမွေ, အစစ်ပေ, ၄-ထွေပစ္စည်းပါ၊
လူနတ်သုခ, ရည်သန်က, ဒါနသီလ, ဘာ၊
အာမိသအမွေ, အတုတွေ, မှတ်လေမွေညံ့သာ၊
ပစ္စည်းမွေမျှ, ခံယူက, ဒုက္ခမကင်းပါ၊
အိုနာမစဲ, သေမစဲ, ဆင်းရဲနေကြမှာ၊
အပါယ်မှာလဲ, မလွတ်ပဲ, ကျမြဲကျနေမှာ၊
သို့ဖြစ်မည်များ, ငါမြင်ထား, သနားနေပါသည်၊
ငါ့တပည့်တွေ, တရားမွေ, ခံစေချင်လှသည်၊
အာမိသအမွေ, ပစ္စည်းတွေ, ပယ်စေချင်လှသည်၊

ဟူသော ဓမ္မဒါယာဒသုတ် အနှစ်ချုပ် သံပေါက်လင်္ကာများ ပါရှိလေသည်၊

ဓမ္မဒါယာဒသုတ္တမ္ပိ, ဒေသနာသု သုကောဝိဒေါ၊
ဒေသယီ ထေရကုဉ္ဇရော, ပဏ္ဍိတသေခရော ဝိဒွါ။

---

ဗုဒ္ဓသာသနာ့အန္တရာယ် ကာကွယ်ရေးတရားတော်

▬▬▬▬▬▬▬▬▬

ဆရာတော်ဘုရားကြီးသည် ရန်ကုန်မြို့ ဘုရားကြီးတိုက် ခြောက်ထပ်ကြီး ဗုဒ္ဓ ရုပ်ပွားတော်ကြီးကို အကြောင်းပြုပြီး ကျင်းပပြုလုပ်သည့် ပဋ္ဌာန်းပူဇော်ပွဲတွင် ၁၀-ကြိမ်မက တရားတော် ဟောတော်မူခဲ့လေသည်၊ ၁၃၃၉-ခုနှစ် ၁၁-ကြိမ်မြောက်တွင် ဆရာတော်သည် ဗုဒ္ဓသာသနာ့အန္တရာယ် ကာကွယ်ရေးတရားတော်ကို ဟောတော် မူခဲ့လေသည်၊

ယင်းတရားတော်၌ တရားပလ္လင်ခံပြီး ဩဝါဒပါတိမောက် ဂါထာကို အစချီ၍ ဒါနပယ်ဝါဒများကို ချေဖျက်ရှင်းလင်း၍ ကံနှင့် ကံ၏အကျိုးသိပြီး လှူဒါန်းလျှင် တရားထူးရနိုင်ကြောင်း, ဥပါဒါနက္ခန္ဓာ ငါးပါး၏ အဖြစ်အပျက်ရှုပြီး ဘုရားရဟန္တာ စသည် ဖြစ်နိုင်ကြောင်း စသည်ဖော်ပြ၍ ဟောကြားတော်မူခဲ့လေသည်။

ယင်း ဗုဒ္ဓသာသနာ့အန္တရာယ်ကာကွယ်ရေးတရားတော်ကြီး၌ -

အကုသိုလ်များ, ရှောင်ရှားပယ်လေ၊
ကုသိုလ်တရား, ဖြစ်ပွားစုံစေ။
မိမိစိတ်ဓာတ်, ဆွတ်ဆွတ်ဖြူစေ၊
ဤသုံးပါး, ဘုရားဆုံးမပေ။

ပေါ်တိုင်းမပြတ်, ရှုမှတ်နေလျှင်၊
ရုပ်, နာမ်နှစ်မျိုး, ကြောင်းကျိုးသိမြင်။

မမြဲ, ဆင်းရဲ, ဉာဏ်ထဲပေါ်လွင်၊
အနတ္တ, သိရနိဗ္ဗာန်ဝင်။

အစရှိသော တရားဆောင်ပုဒ်များ ပါရှိလေသည်၊ ယင်းတရားတော်ကို တိပ်ခွေမှကူး၍ ၁၃၄၀-ခုနှစ်က စတင်ရိုက်နှိပ်ခဲ့ရာ သာသနာတွင် အလွန်ကျေးဇူးများသော ကျမ်းစာ ဖြစ်လေသည်၊ ရဟန်း, ရှင်, လူ ပုဂ္ဂိုလ်မရွေး ကြည့်ရှုထိုက်သည့် ကျမ်းစာကျော် ဖြစ်လေသည်၊ ကရောင်း ၁၆-ချိုး စာမျက်နှာ ၈၇-ရှိလေသည်။

ဗုဒ္ဓသာသနတာဏာယ, ဓမ္မဂန္ထော သုနိမ္မိတော၊
မဟာစည်ထေရပါဒေန, မြန်မာ့သာသနကေတုနာ။

---

ကမ္ဘာ့သာသနာပြုတရားတော်

▬▬▬▬▬▬▬▬▬▬▬

ဆရာတော်ဘုရားကြီးသည် အာရှတိုက်, အာဖရိကတိုက်, ဥရောပတိုက်နှင့် အမေရိက တိုက်များ၌ သာသနာပြုရန်ဟု ကြီးမားသော ရည်ရွယ်ချက်ဖြင့် -

(၁) အမြတ်ဆုံးတရားတော်,
(၂) ဗုဒ္ဓသာသနာတရားတော်,
(၃) သတိပဋ္ဌာန်တရားတော်,
(၄) ချမ်းသာရေးတရားတော်များ,
(၅) ဗုဒ္ဓဩဝါဒတရားတော်,
(၆) ဘုရားကိုယ်တိုင် ရှုနည်းတရားတော်,
(၇) သစ္စာလေးပါးတရားတော်

ကို ပါဝင်စေလျက် ကမ္ဘာ့သာသနာပြုတရားတော် ပထမပိုင်းနှင့် ဒုတိယပိုင်းကိုလည်း ပြုစီရင်တော်မူခဲ့လေသည်။

နိခိလလောကေသမ္ဗုဒ္ဓ-သာသနဿာဘိဝုဒ္ဓိယာ၊
သန္ဓာယ ဓမ္မဂန္ထမ္ပိ, ရစယီ ယတိကုဉ္ဇရော။

---

မဟာစည်ဝိနိစ္ဆယသင်္ဂဟ

▬▬▬▬▬▬▬▬▬▬

ဝက်လက် မစိုးရိမ်ဆရာတော် အရှင်တိဿမဟာထေရ်သည် မဟာစည်ဆရာတော် ဘုရားကြီး ဆုံးဖြတ်ခဲ့သော အဆုံးအဖြတ်များ, ဩဝါဒများ, စည်းမျဉ်းများ စသည် တို့ကို တပေါင်းတည်းပြု၍ မဟာစည် ဝိနိစ္ဆယသင်္ဂဟ အမည်ဖြင့် စုဆောင်း ရိုက်နှိပ်ခဲ့ရာ ဒီမိုင်းဆိုက်ဖြင့် စာမျက်နှာ ၂၉၀-ရှိလေသည်၊ ဆရာတော် အရှင်တိဿ သည် ချီးမွမ်းဖွယ်ကောင်းသည့် ပုဂ္ဂိုလ်မြတ်ဖြစ်တော်မူသည်။

ဝိနိစ္ဆယသင်္ဂဟောပိ, ပါတုဘူတော ဟိ သာသနေ၊
မဟာစည်ထေရတေဇေန, သမ္ဗုဏ္ဏော သာဓုမာနိတော။

၃၁-ကြိမ်မြောက် သင်းလုံးကျွတ်
အစည်းအဝေး ဩဝါဒမိန့်ခွန်းတော်

▬▬▬▬▬▬▬▬▬▬▬

ဤ “၃၁-ကြိမ်မြောက် သင်းလုံးကျွတ် အစည်းအဝေး ဩဝါဒ မိန့်ခွန်းတော်”ဟူသော နာမည် အပြည့်အစုံမှာ “ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ် ၃၁-ကြိမ်မြောက် သင်းလုံးကျွတ် နှစ်ပတ်လည် အစည်းအဝေးတွင် ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော ဩဝါဒမိန့်ခွန်းတော်” ဟူ၍ ဖြစ်လေသည်၊

ဖော်ပြပါ မိန့်ခွန်းတော်သည် ထူးခြားသော ဝိသေသလက္ခဏာကို ဆောင်နေပါသည်၊ ဆရာတော်ဘုရားကြီးသည် အပူရှိန်ပြင်းစွာ အဖျားရောဂါ စွဲကပ်ရာမှ သက်သာစ အင်အားနွမ်းနယ်လျက်ပင်ရှိစဉ် ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ်၏ ၁၉၈၁-ခုနှစ် နှစ်ပတ်လည်အစည်းအဝေးသို့ ကိုယ်တိုင် ပင်ပန်းကြီးစွာ ကြွတော်မူပြီး ဤဩဝါဒ မိန့်ခွန်းတော်ကို မြွက်ကြားတော်မူခဲ့လေသည်၊ ယင်းဩဝါဒ မိန့်ခွန်းတော်သည် သာသနာ့ရိပ်သာသမိုင်း အစိတ်အဝက်ကို ပြောနေသည့်ပြင် ဥပါသကာ, ဥပါသိကာမများ လိုက်နာရန်လည်း များစွာပါရှိလေသည်၊ ၎င်းပြင် ယင်းဩဝါဒ မိန့်ခွန်းတော် ကျောဘက်မျက်နှာဖုံးတွင် -

ချမ်းသာအပေါင်း, ရကြောင်းမှန်စွာ၊
စည်းစိမ်ဘောဂ, မြစ်မတည်ရာ။
အောက်တန်းမကျ, ကယ်မသူမှာ၊
မြတ်ဒါန, စိတ်ချကိုးကွယ်ရာ။

ကောင်းမြတ်လှစွာ, လူ့ဥစ္စာ, ဘယ်အရာပေနည်း၊
ကောင်းမြတ်လှစွာ, လူ့ဥစ္စာ, သဒ္ဓါတရားတည်း၊
ဤလောကမှ, ပြောင်းသွားရ, ကင်းပစိုးရိမ်ဘယ်သို့နည်း၊
လုံ့လသစ္စာ, ပေးလှူတာ, ပညာဤလေးမည်၊
ပြည့်စုံပါလျှင်, သဒ္ဓါရှင်, နောင်တွင်စိုးရိမ်ကင်းဝေးသည်၊

ဟူသည့် ဒါန, သဒ္ဓါနှင့် ပြည့်စုံရမည့် တရားလေးပါး အချုပ်ပြ ဆောင်ပုဒ်များ ပါရှိလေသည်၊ ယင်းဩဝါဒကို သောင်းပေါင်းများစွာ အကြိမ်ကြိမ်ရိုက်နှိပ်ခဲ့ရာ စာရှုသူတို့ လွယ်ကူစွာသိရှိနိုင်ရန် အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် (၃၁) ကြိမ်မြောက် သင်းလုံးကျွတ် နှစ်ပတ်လည် အစည်းအဝေးတွင်
ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ဟောကြား တော်မူအပ်သော ဩဝါဒမိန့်ခွန်းတော်

အခု ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့က ဘုန်းကြီးတို့ရောက်ပြီးမှ နှစ်စဉ် နှစ်တိုင်း နှစ်ပတ်လည် အစည်းအဝေးကြီး ကျင်းပနေတာပါပဲ၊ အဲဒီလို ကျင်းပတဲ့အခါတိုင်း ဘုန်းကြီးက ဒီမှာရှိနေတဲ့အခါဆိုယင် ဩဝါဒစကား ရှေးဦးစွာ ပြောရပါတယ်၊ တနှစ်ထက်တနှစ် ထူးပြီးတော့ ပြောဖို့ဟာလဲ မရှိပါဘူး၊ ဗုဒ္ဓသာသနာ နုဂ္ဂဟအဖွဲ့မှ ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်တာကလေးတွေလောက်သာ ပြောရမှာဆိုတော့ နှစ်စဉ်နှစ်တိုင်းလဲ ဒီလိုပဲ ပြောစရာရှိတာလေးတွေဟာ တယ်ပြီးမထူးပါဘူး။

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ထဲမှာ ဝင်ရောက်ပြီးတော့ ဗုဒ္ဓသာသနာ၏ အကျိုးကို ဆောင်ရွက်နေကြတဲ့ ပုဂ္ဂိုလ်တွေဟာ မိမိတို့တတ်နိုင်သမျှ ကူညီအားပေးဖို့, အထူးသတိပြုဖို့ရာပါပဲ၊ တချို့ တချို့မှာ ဒီလို ဘာသာရေး အဖွဲ့တွေ ရှိနေပေမယ်လို့ အဖွဲ့တော်ကို စည်းဝေးခြင်း, အဖွဲ့တွေအား အကြံဉာဏ်ပေးခြင်း စသော အလုပ်တွေကို ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းက မလုပ်ကြဘူး၊ ဒီလိုမလုပ်ကြပဲ ခပ်အေးအေး နေကြတယ်၊ လုပ်တဲ့ပုဂ္ဂိုလ်တွေက အနည်းငယ်ပဲရှိတယ်၊

ဒါပေမယ့် ဒီကဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ကြီးမှာတော့ အဖွဲ့ဝင်ပုဂ္ဂိုလ်တွေမှာ အခြား အဖွဲ့ဝင်မျိုးလို အစစအရာရာ စားရေး သောက်ရေးမှစပြီးတော့ စီးပွားရေးအလုပ် အားကိုးစရာ ရှိတာမဟုတ်ဘူး၊ ဒါကြောင့် သာသနာရေး သက်သက်ကိုသာ ကိုယ်တတ်နိုင်သမျှ နေ့စဉ်လာရောက်ပြီးတော့ ဆောင်ရွက်နေကြတယ်။

အခုဒီမှာတော့ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ဝင် ပုဂ္ဂိုလ်တွေဟာ အင်မတန် ကောင်းပါတယ်၊ အရေးကြီးတဲ့ ကိစ္စတွေ တတ်နိုင်သမျှ ဆောင်ရွက်ပြီးတော့ နေကြတယ်၊ ရှေးတုန်းကဆိုလို့ရှိယင် ဩဝါဒါစရိယ ကမ္မဋ္ဌာန်း ဆရာတွေ နေရေး ထိုင်ရေးအတွက် နေဖို့ရာ ထိုင်ဖို့ရာ ကျောင်းအဆောက်အအုံတွေဟာ သိပ်မပြည့်စုံဘူး၊ အမျိုးသမီးတွေ နေထိုင်ဖို့ကလဲပဲ သိပ်မပြည့်စုံဘူး၊ အခုနေ အခါတော့ အတော်တော့ ပြည့်စုံနေပါပြီ၊ မျက်စိနဲ့ ကြည့်လိုက်ယင်ကိုပဲ အဆောက်အအုံကြီးတွေ ကြည့်ရသောအားဖြင့် အားရစရာ ဝမ်းသာစရာ အင်မတန်ကောင်းပါတယ်။

ဒီကဝင်ဝင်ချင်း ဒီဖလ်ယဉ်ဓမ္မာရုံကြီးကို ပထမစပြီးတော့ တည်ထောင်တယ်၊ အဲဒီနောက် လွန်ခဲ့တဲ့ ၁၃၃၁-ခုနှစ်လောက်က ဘုန်းကြီးကိုယ်တိုင်နေရာ မဟာစည် ကျောင်းလဲ ပြီးတာ ကြာပါပြီ၊ နောက်ပြီးတော့ မော်ကွန်းရုံရဲ့ အရှေ့တောင်က ကမ္မဋ္ဌာန်း ဆရာတွေ နေဖို့ဆိုပြီးတော့ ကျောင်းအဆောက်အအုံတွေ (၃) ကျောင်း ဖြစ်ပေါ်လာခဲ့တယ်၊

ပထမတုန်းကတော့ အဲဒီ အဆောက်အအုံတွေ ဆောက်မယ့်ပုဂ္ဂိုလ်တွေဟာ မရှိသလောက်ပါပဲ၊ နောက်တော့ အဆောက်အအုံ ဆောက်မည့် ပုဂ္ဂိုလ်တွေ ပေါ်လာပါတယ်၊ အစတုန်းကဆိုယင် သိပ်ပြီး ထူးထူးခြားခြား ရှိမယ်မထင်ရဘူး၊ တော်ရုံသင့်ရုံပဲ အောက်မေ့တယ်၊ ဒါကြောင့် ပထမဆုံးဆောက်တဲ့ အလယ်ပိုင်း အဆောက်အအုံက နောက်ထပ်ဆောက်တဲ့ အဆောက်အအုံ ၂-ခုလောက် မကောင်းလှဘူး၊ အဲဒီအဆောက်အအုံတွေ တွေ့ရယင်ကိုပဲ အင်မတန် ဝမ်းသာစရာ ကောင်းပါတယ်၊ အမြင်အားဖြင့် ကြည်ညိုစရာ ဝမ်းသာစရာတွေပါပဲ။

အမျိုးသမီးတွေအတွက် ဆိုလို့ရှိယင်တော့ ဒီဘက်ပိုင်းကရော, တောင်ဘက် အရှေ့ဘက်ပိုင်းမှာရော အဆောက်အအုံတွေ အင်မတန် များတာပါပဲ၊ အခုနေထိုင် စရာတွေ အင်မတန်ကောင်းတာပဲ၊ နေစရာ ထိုင်စရာတွေအပြင် ရေတို့ မီးတို့ဆိုတာ ကလဲပဲ အရေးကြီးပါတယ်၊ ရေကလဲပဲ အခုနေကာလမှာ ရေကကန်ကြီးတွေနဲ့ ထည့်ထား လှောင်ထားပြီး အဲဒီကန်က ထုတ်ပြီးသုံးရတယ်၊

အခြားအခြား နေရာတွေမှာ ရေအသုံးလိုနေပေမယ်လို့ ဒီဗုဒ္ဓသာသနာနုဂ္ဂဟဌာန မှာတော့ ရေသုံးစရာ ပြည့်စုံပါတယ်၊ ဒီကိုလာပြီး တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေလဲပဲ တော်တော် သဘောကျကြပါတယ်၊ ရေတွေလဲပေါတယ်ဆိုပြီး ဒါလဲ အင်မတန် ကောင်းပါတယ်။

နောက်ပြီးတော့ အမျိုးသမီးတွေ နေဖို့ရာဆိုတာလဲ အရေးကြီးပါတယ်၊ အမျိုးသား လူဝတ်ကြောင် ယောဂီဆိုတာကတော့ အရပ်ရပ်မှာ သိပ်မများဘူး၊ ဒီဌာနမှာတော့ တော်တော်များတယ်၊ ဒါပေမယ်လို့ အမျိုးသမီး ယောဂီတွေကပဲ ပိုပြီးတော့ များတယ်၊ သူတို့ နေစရာ ထိုင်စရာများ ရှိဖို့လဲ လိုတယ်၊ အဲဒါလဲပဲ ဒီဌာနမှာ ပထမ အဆောက်အအုံ အဟောင်းတွေကလဲ ဆောက်ထားပြီး ရှိနေပါတယ်၊ အသစ်လဲပဲ ဆောက်ကြပါတယ်၊ အဟောင်းတွေကို သင့်တင့်လျောက်ပတ်အောင် ပြင်ဖို့ လိုတာ လေးတွေလဲ ပြင်ပြီး ပေးကြတယ်၊ အင်မတန် အဆင်ပြေပါတယ်၊ ဝမ်းသာစရာပါပဲ။

အဲဒီလို ဆောင်ရွက်ကြရတယ်ဆိုတာဟာလဲ သာမန်ပုဂ္ဂိုလ်တွေမှာ မဖြစ်နိုင်ပါဘူး၊ ဆောင်ရွက်ပုံ ဆောင်ရွက်နည်း စနစ်ကို နားမလည်မှု ဖြစ်နိုင်ပါတယ်၊ မြော်မြင် ကြည့်လို့ရှိယင်ဖြင့် “ဒီလိုလုပ်ရမယ်၊ ဒီလို လုပ်သင့်တယ်” ဆိုတာလေးတွေကို သဘောပေါက်မှ အဲဒါမှ ဆောင်ရွက်လို့ ပြီးတယ်၊ အချို့က စေတနာကောင်းနဲ့ ဆောင်ရွက်ချင်ပါတယ်၊ ဒါပေမယ်လို့ ဘယ်လို ဆောင်ရွက်ရမယ်ဆိုတာ မသိယင် ဆောင်ရွက်လို့ မဖြစ်ဘူး၊ အခု ဒီမှာဆောင်ရွက်ကြတာဟာ အင်မတန် အဆင်ပြေပါတယ်

အဲဒါကြောင့် ဟိုတုန်းကတည်းက ဘုန်းကြီးက ဩဝါဒစကားတော့ ရိုးရိုးပဲ ပေးခဲ့တာပါပဲ၊ “ဥဋ္ဌာနသမ္ပဒါ, အာရက္ခ သမ္ပဒါ, ကလျာဏမိတ္တ, ဇီဝိတ” ဆိုတာ အဲဒီဟာတွေနဲ့ ပြည့်စုံယင် ကောင်းတယ်လို့ ရိုးရိုး မှတ်သိရတာပါပဲ၊ အဲဒီတုန်းက ဘုန်းကြီးက ဩဝါဒ စာရွက်ကလေးတခုနဲ့ ဟိုတုန်းက ရိုက်ထားတယ်၊ အဆင်ပြေသွားတယ်။

အခုနေအခါ ဘုန်းကြီးတို့က ထပ်ပြီးတော့ အကြံဉာဏ်ပေးချင်တာလဲ ရှိနေပါတယ်၊ ဒီကအဖွဲ့ဝင် ဒကာကြီးတွေရော, ဒိပြင်ပုဂ္ဂိုလ်တွေရော, စေတနာကောင်းနဲ့ ဆောင်ရွက်နေကြတာကိုရော, ဆောင်ရွက်လိုတဲ့ စေတနာကောင်း ရှိနေကြတာ ကိုရော သိနေပါတယ်၊ ခုနေအခါ လိုနေတာကတော့ အမျိုးသားယောဂီနဲ့ ရဟန်းတော်တွေအတွက် နေရာထိုင်ခင်း ပြည့်စုံသင့်သလောက် မပြည့်စုံသေးပဲ ဖြစ်နေတာပါပဲ။

ဘုန်းကြီးတို့ အမေရိကန် ရောက်နေစဉ် အတွင်းက ဘုန်းကြီးတို့ ရောက်ရာတိုက် တွေမှာ အဆင့်ဆင့် ရှိနေကြတာ တွေ့ရတယ်၊ ဆယ်ဆင့်ဆိုတာ အနည်းကလေးပဲ၊ ဆယ်ဆင့်ကျော်နေတာကပဲ များပါတယ်၊ မြန်မာပြည်မှာ မဟာစည် သာသနာ့ရိပ်သာ ထဲမှာလဲ နေရာထိုင်ခင်းကလဲ ယောဂီများသလောက် ကျယ်ကျယ်ပြန့်ပြန့် မရှိသေးဘူး

ဒါကြောင့် ဒီက အဆောက်အုံအကလေးတွေကိုလဲ အနည်းဆုံး ၂-ထပ်လောက် လုပ်ပေးယင်ဖြင့် တော်တော်နေလို့ ဟန်ကျမှာပဲလို့ ဟိုတုန်းကတည်းက ဘုန်းကြီးက ဒီမလာခင်ကတည်းက စိတ်ကူးရပါတယ်၊ အဲဒီလို စိတ်ကူးရပြီးတော့ ဒီလိုပဲ အမှတ်တမဲ့ နေခဲ့ပါတယ်၊ ဒီလို နေနေယင်းနဲ့ အခု အကြောင်းမညီညွတ်တော့ နေမကောင်းတာနဲ့ လာပြီးတော့ တွေ့ရပါတယ်၊ နေမကောင်းတော့ ခါတိုင်း ခါတိုင်း ဒီလောက် နေမကောင်းတာမျိုး တယ်မတွေ့ရဘူး၊ ယခု အတော်ပင်ပန်းနေတာပါပဲ။

အဖျားဆိုပေမယ်လို့ အပူရှိန်တွေက များနေတာကိုး၊ အအေးက မရှိပါဘူး၊ အဲဒီ ရောဂါတွေ့မှုနဲ့စပ်ပြီး အဆောက်အအုံ ကုသိုလ်ပြုချင်တဲ့ စိတ်ကူး ပေါ်လာပါတယ်၊ အဲဒီ စိတ်ကူးရဲ့ အထောက်အထားကလေးကစပြီး ပြောချင်ပါတယ်၊ ဘယ်လိုဟာလဲ ဆိုတော့ကာ ယခု ဘုန်းကြီးတို့နေတဲ့ ကျောင်းရဲ့ဘေးကပေါ့လေ တိုးချဲ့ပြီးတော့ အဆောက်အအုံ ဆောက်ဖို့ ဒါက စောစောကတည်းက ဘုန်းကြီးက ညွှန်ကြားခဲ့တာ ကြာပါပြီ

အဲဒါကဘုန်းကြီး၏ ရုပ်တုတော်ထားဖို့, အခြားယောဂီပရိသတ်တွေလဲ တရား အားထုတ်ဖို့ စသည်အတွက် မဟာစည်ကျောင်းတော်ကို တိုးချဲ့ဆောက်လုပ်ဖို့ပါပဲ၊ အဲဒီလိုပြောပြီးတော့ ညွှန်ကြားထားခဲ့ပါတယ်၊ ဘုန်းကြီးတို့ နိုင်ငံခြားသွားနေတုန်း ပြီးအောင်ဆိုပြီး ပြုလုပ်ခဲ့ကြတာပါပဲ၊ ဘုန်းကြီးတို့ ပြန်လာသည့် တိုင်အောင် ကောင်းကောင်းတော့ မပြီးသေးဘူး၊ ခုတော့ ပြီးသလောက် ရှိနေပါပြီ။

ဒါပေမယ့် ဒီအထဲကနေပြီးတော့ စင်္ကြံဆောက်ဖို့ ဆိုပြီးတော့ တခါဆောက်ကြ ပြန်ပါတယ်၊ အဲဒါတော့ ဘုန်းကြီးက တားမြစ်လို့လဲ မကောင်း, အားပေးဖို့ဟာလဲပဲ သိပ်ပြီးမလိုဘူး၊ ခုနေအခါကာလမှာ ယောဂီပုဂ္ဂိုလ်တွေ နေထိုင်ဖို့ရာက ပိုပြီး အရေးကြီးပါတယ်၊ စင်္ကြံအဆောက်အအုံ လုပ်နေယင်ဖြင့် အဲဒီ အတွင်းမှာတော့ အခြား အဆောက်အအုံတွေ ဆောက်ဖို့ဟာ အချိန်မရှိဘူး၊ ဒါကြောင့် ဒီဥစ္စာတော့ တယ်မလိုဘူးလို့ အောက်မေ့ပါတယ်၊

ဒါပေမယ့် သူ့စေတနာနဲ့သူတို့ စေတနာကောင်းတဲ့ ပုဂ္ဂိုလ်တွေကလဲ စင်္ကြံ ဆောက်လုပ်လှူချင်ကြတာကိုး၊ အဲ ပထမစပြီးတော့ ဦးစိန်ဖေက ဆောက်ချင်တယ် လို့ ပြောပါတယ်၊ အဲဒါကို မလိုလှပေမယ့်လဲ ကိုယ့်သဘောနဲ့ ကိုယ်ဆောက်ချင် ဆောက်ပါ့လေလို့ ပြောထားရပါတယ်။

ဘုန်းကြီးက အခုနေမကောင်း ထိုင်မသာဖြစ်လာတော့ တနေ့ တချိန်ကျလို့ရှိယင် ဒီလို နေမကောင်း ထိုင်မသာ ဖြစ်ပြီးတော့ သေချင်လဲ သေနိုင်တာပဲ၊ သေသွား လို့ရှိယင် ဘုန်းကြီးတို့ ပိုင်ဆိုင်ပြီးတော့နေတဲ့ ပစ္စည်းဥစ္စာတွေလဲပဲ ဘာမှ အသုံး မကျပဲနဲ့ အလဟဿ ဖြစ်ကုန်မယ်၊ ဒီတော့ ဘုန်းကြီးတို့ ပိုင်ဆိုင်ပြီးတော့နေတဲ့ ပစ္စည်းဥစ္စာ တွေလဲပဲ ဘာမှ အသုံးမကျပဲနဲ့ အလဟဿဖြစ်ကုန်မယ်၊ ဒီတော့ ဘုန်းကြီးက တတ်နိုင်သမျှ အဆောက်အအုံ ရအောင်လို့ အခြေခံ ရှေ့သွားအနေနဲ့ အလှူ ပါဝင်ထားယင် ကောင်းမယ်လို့ ဘုန်းကြီးက ဒီလို စဉ်းစားထားမိပါတယ်။

ဟိုက ၁-၂-၃-၄-၅ အဲဒီ တိုက်တန်းတွေကို ကျောင်းသုံးခုနဲ့ နှစ်ခုကို တဆောင်စီ ဆောက်လုပ်ချင်လုပ်၊ ဒါမှမဟုတ်ယင်လဲ တခုနဲ့ တခုခြားထား ဒီလိုပဲ ရမှာပါပဲ၊ အဲဒီလို ဆောက်ရာမှာ အဆင့်ကလဲပဲ မူလအတိုင်း မဟုတ်ပဲနဲ့ နှစ်ဆင့် နှစ်ထပ်စီ လုပ်ထားဖို့ပါပဲ၊ အဲဒါလဲ သိပ်တော့ ကြာမယ်မထင်ပါဘူး၊ လုပ်ရကိုင်ရတာလဲ လွယ်လိမ့်မယ်လို့ ထင်တာပါပဲ၊ လုပ်ရ ကိုင်ရတာလဲ လွယ်ပါလိမ့်မယ်။

ဒီမှာအထူးအရေးကြီးတာက တိပိဋကစာပြန်ပွဲကျလို့ရှိယင် တိပိဋကစာပြန်ပွဲဆိုင်ရာ တွေကို နေထိုင်ဖို့ရာ နေရာအခွင့်အရေးတွေ ပေးရပါတယ်၊ မပေးလို့လဲမဖြစ်ပါဘူး၊ ပထမတုန်းကဆိုယင် ဆွမ်းစားကျောင်းမှာ ကျွေးမွေးရေးအတွက် နေရာ ပေးရပါတယ်၊ အခုတော့ စာဖြေသံဃာ များလာလို့ ဒေါ်ကြွေဓမ္မာရုံကြီးကို ကျွေးမွေး ဆက်ကပ်ရေးအတွက် နေရာ ပေးရပါတယ်၊ စာဖြေသံဃာတော်တွေ နေဖို့ နေရာလဲ ပေးရပါသေးတယ်၊

ဒါကြောင့် ရဟန်းယောဂီတွေနဲ့ အမျိုးသား ယောဂီတွေ နေရေး ထိုင်ရေးကတော့ သိပ်အဆင်မပြေလှပါဘူး၊ ဘုန်းကြီးတို့ ကျောင်းက တိုးချဲ့အဆောင်တွေနဲ့ဆိုတော့ ရဟန်းယောဂီ, လူယောဂီတွေဟာ အဲဒီ ပြင်ဆင်ဆောက်လုပ်မယ့် ဌာနမှာ အားထုတ်မယ်ဆိုယင် သင့်သလောက်တော့ ဖြစ်နိုင်ပါတယ်။

ယခုလို ယောဂီတွေအလွန်များတဲ့ ဒီလို ရက်အတွင်းမှာတော့ နေရာခပ်ကျပ်ကျပ်ပါပဲ၊ နောက်ဓမ္မရုံ အသစ်ကြီး ဆောက်လုပ်ပြီးတဲ့အခါ ကျယင်တော့ ပိုပြီး ကောင်းပါလိမ့်မယ်၊ အဲဒါထက် ဒီက ရဟန်းသံဃာတွေနဲ့ အမျိုးသားယောဂီတွေ နေရာထိုင်ခင်းဖြစ်တဲ့ အဆောက်အအုံ ကလေးတွေကို ပြင်လိုက်လို့ရှိယင် တော်တော် ဟန်ကျ သွားမယ်၊ အဲဒါလို ဘုန်းကြီးက ဘုန်းကြီးမှာရှိသမျှ တတ်နိုင်သမျှ အခြေခံဥစ္စာတွေကို ဘုန်းကြီးက ခေါင်းဆောင်အဖြစ်နဲ့ ဝတ္ထုငွေ လှူမယ်လို့ ကြေငြာထားပြီးတော့ အခြားသောပုဂ္ဂိုလ်တွေလဲ တတ်နိုင်သမျှ အတူ လိုက်ပြီး လှူဖို့ရာ တိုက်တွန်းရမှာပဲ။

ဘုန်းကြီးကနေပြီးတော့ အဲဒီလို အဆောက်အအုံလုပ်ဖို့ရာ ညွှန်ကြားတိုက်တွန်း ပေးလို့ရှိယင် ဒိပြင် ပုဂ္ဂိုလ်တွေလဲပဲ အားပါးတရ ဝမ်းမြောက် ဝမ်းသာနဲ့ ဖြစ်ပေါ်လာ ကြမှာပါပဲ၊ ဒီအဆောက်အအုံတွေလဲ မကြာခင် ပြီးပါလိမ့်မယ်၊ တနှစ်အတွင်း မပြီးယင် နှစ်နှစ်အတွင်းတော့ ပြီးမှာပါ၊ နှစ်နှစ်တော့ ကြာမယ် မထင်ပါဘူး၊ မကြာခင်ပဲ ပြီးဖွယ်ရာရှိပါတယ်၊ နောက်ပြီးတော့ တတ်သိနားလည်တဲ့ အဖွဲ့ဝင်ပုဂ္ဂိုလ်များကို နည်းနည်းပါးပါး မေးကြည့်တော့ “သိပ်ကြာစရာ အကြောင်း မရှိပါဘူး” လို့ သိရတယ်၊ ဒီလိုဆို ကောင်းတာပေါ့လို့ ပြောရတယ်။

“ဘယ်လောက်ကုန်စရာရှိသတုံး၊ ကုန်စရာတွေလဲ ဘယ်နှစ်သိန်း ကုန်မှာလဲ” အဲဒါကိုလဲ မေးရတယ်၊ အဆောက်အအုံ နှစ်ခုတွဲလုပ်ယင် အခုနေ အနည်းဆုံး အခြေခံ နှစ်သိန်းလောက်တော့ ဘုန်းကြီးက လှူထားလိုက်မယ်၊ နောက်တော့ တတ်နိုင်တဲ့ ပုဂ္ဂိုလ်တွေက လိုက်ပြီးတော့ လှူဖို့ပါပဲ၊ ၄-၅-၆-သိန်း လောက်ဆိုယင် ပြည့်စုံလောက်မှာပဲ၊ ၄-၅-၆ သိန်း ၇-သိန်းထက် များယင် ၈-သိန်းပေါ့လေ အဲဒီလို အစီအစဉ် ရှိပါတယ်။

အဲဒီအဆောက်အအုံတွေ ပြီးတယ်ဆိုတဲ့ အခါကျယင်တော့ ဒီမှာ အရေးအကြီးဆုံး ဖြစ်တဲ့ တရားဓမ္မာရုံကြီးကို ဆောက်လုပ်ဖို့ရာ ကောင်းပါတယ်၊ တရားဓမ္မာရုံကြီးကို ဆောက်နေရယင် အခုပြောတဲ့ အဆောက်အအုံမျိုး တွေကို ဆောက်ဖြစ်မှာ မဟုတ်ဘူး၊ ဘယ်တော့မှ ပြီးမှန်းလဲ မမှန်းနိုင်ဘူး၊ အဲဒီလို စဉ်းစားမိပါတယ်၊ ဒါကြောင့် ဘုန်းကြီးတို့ကလဲပဲ အဲဒီရဟန်း ယောဂီ, အမျိုးသားယောဂီတွေ ပြည့်ပြည့်စုံစုံ ချမ်းချမ်းသာသာနှင့် နေဖို့ရာ နေရာထိုင်ခင်းအတွက် အဆောက်အအုံ ကလေး စပြီးပြင်ပေးဖို့ ညွှန်ကြားရပါတယ်။

အဲဒါတွေပြုပြင်ရာမှာ ကုန်ကျဖို့ဟာလဲပဲ ဘုန်းကြီးက တတ်နိုင်သလောက် အကူအညီပေးရမှာပဲ၊ ဘုန်းကြီး ဒီလိုမှ မလုပ်လဲပဲ တနေ့ကျတော့ သေသွားလို့ ရှိယင်ဖြင့် ယူတော့မသွားနိုင်ဘူး၊ မိမိပိုင်တဲ့ ပစ္စည်းတွေဟာ အကျိုးမဲ့ဖြစ်နေမှာပဲ၊ အခုလို ဆောက်ပြီးတော့ လှူတာဟာလဲပဲ သေတဲ့အခါ ယူသွားရအောင်တော့ မရည်ရွယ်ပါဘူး၊ လောလောဆယ်မှာ တရားအားထုတ်ချင်တဲ့ ပုဂ္ဂိုလ်တွေ ချမ်းချမ်း သာသာနေရအောင်, ပြီးတော့ ဘေးကပုဂ္ဂိုလ်တွေ အမြင်အားဖြင့်လဲ သာသနာ ရေးလဲ ကြည်ညိုဖွယ်ဖြစ်အောင် အဲဒါတွေ ရည်စူးပြီးတော့ ဘုန်းကြီးက စိတ်ကူး ရှိပါတယ်၊ အခုလို နေမကောင်းတဲ့အခါမှာ ဒီစိတ်ကူးက ဖြစ်လာတယ်၊ အဲဒါပါပဲ။

အဲဒီလိုပဲ စေတနာကောင်းနဲ့ ဒီမှာဆောင်ရွက်ကြတဲ့ ပုဂ္ဂိုလ်တွေက ဆောင်ရွက်သင့် ဆောင်ရွက် ထိုက်တာတွေကို အများသဘောတူ အသိအမှတ်ပြုပြီးတော့ ဆောင်ရွက်သွားကြဖို့ပါပဲ၊ အဲဒီလို အများသဘောတူ ပြုသင့်တဲ့ အမှုတွေကို ကြောင့်ကြစိုက်ပြီးတော့ ပြုနေကြတာဟာ အင်မတန် ကောင်းပါတယ်

သဒ္ဓါသမ္ပဒါသီလသမ္ပဒါစာဂသမ္ပဒါပညာသမ္ပဒါ”တဲ့၊ “သဒ္ဓါသမ္ပဒါ”ဆိုတာက သဒ္ဓါတရားနှင့် ပြည့်စုံခြင်း၊ ဒါက ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ဝင်ပုဂ္ဂိုလ်တွေဟာ သဒ္ဓါတရားကတော့ ပြည့်စုံနေပြီးပါပဲ၊ မပြည့်စုံတာ မရှိပါဘူး၊ သဒ္ဓါတရားရှိလို့ပဲ ဒီလို ကုသိုလ် အလုပ်တွေ လုပ်ကြတာပါ၊

သီလသမ္ပဒါ”ဆိုတာကတော့ ဗုဒ္ဓသာသနာဝင်တွေဆိုတာ သီလနဲ့ ပြည့်စုံနေ တာပါပဲ၊ ဒါပေမယ့် တခုတော့ရှိတယ်၊ ငါးပါးသီလက ပြည့်စုံနေပေမယ်လို့ ၈-ပါး သီလမျိုးကို မစောင့်ရှောက် မဆောက်တည်ပဲ နေတာရှိတတ်တယ်၊ မဆောက် တည်ပဲနေတော့ ဘေးက ပုဂ္ဂိုလ်တွေအမြင်အားဖြင့် အထင် အမြင် သေးတတ်တယ်

အဲဒီတော့ ဒီလို အထင်အမြင် မသေးရအောင် အခါခပ်သိမ်း မဟုတ်သော်လဲ ထူးခြားတဲ့ တရက်တလေတော့ (၈) ပါးသီလ ဆောက်တည်ယင် ကောင်းပါတယ်၊ သူများတွေ သီလသာမကဘူး သမာဓိ, ပညာ ကျင့်ရအောင် ဆိုပြီးတော့ တိုက်တွန်း နေတဲ့ ပုဂ္ဂိုလ်တွေဟာ ကိုယ်ကိုယ်တိုင်က သီလကို မစောင့်ရှောက်ပဲနေယင် တယ်မကောင်းဘူးပေါ့။

အကြောင်းကတော့ သူ့ဟာနဲ့သူ ရှိမှာပေါ့၊ “ကျန်းမာရေးအတွက် အစာမကြာ မကြာစားမှ ကျန်းမာရေး ပြည့်စုံမှာ” လို့ ခုကာလ ဆရာဝန်တွေက ဒီလိုဆိုတာ ရှိပါတယ်၊ ရှေးတုန်းကတော့ ဒီလိုဟာ မရှိပါဘူး၊ ဘုန်းကြီးတွေ ဆိုလို့ရှိယင် အဲဒီလို ဟာတွေ ရှောင်ကြဉ်ဖို့ ခက်တာပဲ၊ မလွယ်ဘူး၊ ဘုန်းကြီးဆိုလို့ရှိယင် ဘုန်းကြီး အဖြစ်နဲ့နေပြီးတော့ ညနေခင်း စားရမယ်ဆိုယင် ခက်တာပဲ၊ ဘုန်းကြီးအဖြစ်နဲ့ နေလို့ကို ဖြစ်တော့မှာ မဟုတ်ဘူး

အဲဒီတော့ တတ်နိုင်သမျှ ကျင့်သုံးဖို့ လိုပါလိမ့်မယ်၊ (သဒ္ဓါသမ္ပဒါ, သီလသမ္ပဒါ, စာဂသမ္ပဒါ) စာဂသမ္ပဒါဆိုတာကတော့ တတ်နိုင်သမျှ ပေးလှူတဲ့ ကုသိုလ်နဲ့ ပြည့်စုံဖို့ပါပဲ၊ အဲဒီမှာ ပညာသမ္ပဒါ ဆိုတာက အင်မတန် အကြောင်းညီညွတ်လို့ ဗုဒ္ဓသာသနာမှာ ရောက်ပြီးတော့ နေရတယ်၊ ဒီလို ရောက်နေရာမှာလဲပဲ အဲဒီလို အချိုးကျကျ ပညာအကျင့်ကို ကျင့်ဖို့ ပြုဖို့ရာပါပဲ၊ ဒီဌာနမှာ ဝိပဿနာပညာ တရားအထိ ရနေကြတယ်၊ အင်မတန် ဝမ်းသာစရာ ကောင်းပါတယ်။

အချို့ ပုဂ္ဂိုလ်တွေက ဗုဒ္ဓဘာသာတွေ ပေမယ်လို့ ဘုန်းကြီးတို့လို စနစ်တကျ ဟောနေတဲ့ တရားတွေကို ပြစ်တင်ပြီး ပြောဆိုတာ ရှိတယ်၊ ဘုန်းကြီးကတော့ သူတို့ကိုလဲ မကဲ့ရဲ့ပါဘူး၊ သူတို့အကုသိုလ်တွေ အလကား များနေတာပဲ၊ ဘယ့်နှယ်ကြောင့် တရားမှန်ကို ကဲ့ရဲ့နေတာလဲ၊ ကဲ့ရဲ့သူတို့မှာ အကျိုးယုတ်တာပဲ၊ အဲ သူတို့မှာ အကျိုးယုတ်တာ ကိစ္စမရှိဘူး၊ သူတို့ရဲ့ တပည့်တပန်း ပရိသတ်တွေ အဆက်ဆက်တွေရော ဒုက္ခတွေ ရောက်နေကြတာပဲ၊

မြန်မာပြည်မှာ တယ် မကြာခင်ကပဲ ဒီလို ဝါဒကလေးတွေ ပြန့်ပွားလာတယ်၊ “ကျောက်သင်္ဘော” ဝါဒ ဆရာဆိုတာလဲ ဒီလိုဟာပါပဲ၊ နောက်ပြီးတော့ ဟို “သမ္မာဒိဋ္ဌိသုတေသန” တီထွင်ခဲ့တဲ့ ဦးဥက္ကဋ္ဌ ဆိုတာကလဲ ဒီလိုဟာတွေ ဟောပြော ခဲ့တာပဲ၊ ဒီလိုမတော်မသင့်တာတွေကို မြောင်းမြမှ ဒကာတဦးက စာရေးပြီး ပို့ထားတယ်။

အဲဒီ သမ္မာဒိဋ္ဌိ သုတေသနအဖွဲ့က ကက်ဆက်နဲ့ တိပ်ခွေဖွင့်ပြီးတော့လဲပဲ ပို့ထားခဲ့ သတဲ့၊ အဲဒါတွေ နားထောင်ပြီးတော့ စာနဲ့ရေးပြီး သိပ်မတော်တဲ့ ဥစ္စာတွေကို သာသနာ့ညွှန်ကြားရေးအတွက် အုပ်ချုပ်ရေးက ဆောင်ရွက်သင့်တယ်ဆိုပြီး ဘုန်းကြီးဆီ သူက ပို့ထားတယ်၊ သာသနာ အုပ်ချုပ်ရေးကို ဘုန်းကြီးကတော့ မလုပ်နိုင်ပါဘူး၊ သင့်တော်တဲ့ ပုဂ္ဂိုလ်တွေ ဆောင်ရွက်နေယင် ပြီးတာပါပဲလို့သာ မျှော်လင့်ပါတယ်။

အဲဒီတော့ သဒ္ဓါသမ္ပဒါ, သီလသမ္ပဒါ, စာဂသမ္ပဒါ, ပညာသမ္ပဒါ ဒီသမ္ပဒါ ၄-ပါးနဲ့ ပြည့်စုံဖို့ပါပဲ၊ အဲဒီလို ပြည့်စုံခြင်းဖြင့် ပြည့်စုံထိုက်တာတွေကို ဒီနှစ် ဒီအသင်းအဖွဲ့ အတွင်း ဝင်ရောက်ပြီး ဆောင်ရွက်မယ့် ပုဂ္ဂိုလ်တွေဟာ ပြည့်စုံသည်ထက် ပြည့်စုံအောင် ကြိုးစားပြီး ဆောင်ရွက်ကြဖို့ပါပဲ၊ အခု ဆောင်ရွက်နေတာတွေကို ဘုန်းကြီး မြင်ရတာ တွေ့ရတာဟာ အင်မတန် ကြိုးကြိုးစားစား ဆောင်ရွက်နေ ကြတယ်လို့ပဲ သိရပါတယ်၊ အင်မတန် ဝမ်းသာစရာပါပဲ။

မိမိတို့အိမ်က နေ့စဉ်ပင် ကျောင်းလာပြီးတော့ တနေ့လုံး အလုပ်လုပ်နေကြတာဟာ တော်တော် တာဝန်လေးတာပါပဲ၊ သာမန်ပုဂ္ဂိုလ်ဆိုယင် နေ့စဉ်နေ့တိုင်း လာနေဖို့ မလွယ်ဘူး၊ နေ့စဉ် နေ့တိုင်းလာပြီး အခုလို ဆောင်ရွက်နေကြတာဟာ အင်မတန် အားရစရာ ဝမ်းသာစရာ ကောင်းပါတယ်

နောက်ထပ် အသစ်တိုးလာတဲ့ ပုဂ္ဂိုလ်တွေလဲ အဲဒီအတိုင်းပဲ ရွပ်ရွပ်ချွန်ချွန် ဆောင်ရွက်သွားကြဖို့ပါပဲ၊ အဲဒီလို ရွပ်ရွပ်ချွန်ချွန် ဆောင်ရွက်ခြင်းဖြင့် ဗုဒ္ဓသာသနာ တော်ဟာ တိုးတက်သည်ထက် တိုးတက်ကြပါစေ

ဘုရားသာသနာတော် တိုးတက်စသောအားဖြင့် မိမိတို့ အလိုရှိအပ်သော ကုသိုလ် ကောင်းမှု အရပ်ရပ် တိုးပွား၍ မိမိတို့ အလိုရှိအပ်သော အရိယ မဂ်ဉာဏ်, ဖိုလ်ဉာဏ်သို့ လျင်မြန်စွာ ဆိုက်ရောက်၍ နိဗ္ဗာန်သို့ ဆိုက်ရောက်ကြပါစေ။

သာဓု … သာဓု … သာဓု …။

၁၃၄၁-ခု၊ နှောင်းတန်ခူးလဆန်း (၁၂)ရက်၊
၁၉၈၀-ခု၊ မတ်လ (၂၇) ရက်။

ပသာဒနီယဩဝါဒ-ဒေသနံ ဒေသနာဝိဒူ
မဟာစည် ထေရသုဝိညူ, ကထယီ ဝိဒူ ပုင်္ဂဝေါ

သတ္တစတ္တာလီသတိမပိုင်း

နောက်ဆုံးဩဝါဒခံယူ ပူဇော်ပွဲ ဩဝါဒတရားတော်

ဤ”နောက်ဆုံး ဩဝါဒခံယူပူဇော်ပွဲ ဩဝါဒခံယူပူဇော်ပွဲ ဩဝါဒတရားတော်” ဟူသော အမည်သည် အပြည့်အစုံမှာ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် မဟာစည် သာသနာ့ရိပ်သာ ကျေးဇူးရှင်မဟာစည်ဆရာတော် ဘုရားကြီး ၏ ၃၂-ကြိမ်မြောက် ဩဝါဒခံယူပူဇော်ပွဲ၌ ၁၃၄၃ -ခုနှစ် နတ်တော်လပြည့်ကျော် ၁-ရက်နေ့ (၁၂-၁၂-၈၁) တွင် မဟာစည် ဩဝါဒခံ သံဃာတော်များအား ပေးသနားတော်မူသည့် ဩဝါဒ တရားတော် ဖြစ်လေသည်၊

ဆရာတော်ဘုရားကြီးမှာ ၁၃၄၄-ခုနှစ် ဒုတိယဝါဆိုလဆုတ် ၁၀-ရက်နေ့ မွန်းလွဲ ၁-နာရီ ၃၆-မိနစ်အချိန်တွင် စုတိကမ္မဇရုပ် ချုပ်တော်မူရာ ဤဩဝါဒတရားတော်သည် ဩဝါဒခံယူပူဇော်ပွဲအတွက် နောက်ဆုံး ဩဝါဒတော် ဖြစ်လေသည်။

ဆရာတော်ဘုရားကြီးသည် နောက်တဖန် ဤကဲ့သို့ ဩဝါဒပေးခွင့် မကြုံတော့မည် ကို သိတော်မူသကဲ့သို့ ဤဩဝါဒ ခံယူပူဇော်ပွဲတွင် နောက်ထပ်မြွက်ကြားစရာ မလိုလောက်အောင် သီလ, သမာဓိ, ပညာ, သိက္ခာနှင့် ပြည့်စုံဖို့, သတိပဋ္ဌာန် ပွားများဖို့, သိက္ခာပုဒ်တော်များကို လေးစားကြဖို့အပြင် အရုဏ်တက်ချိန် အဆုံးအဖြတ် စသည် တို့ကို ထည့်သွင်း၍ ပြည့်စုံစွာ မိန့်ကြားတော်မူခဲ့လေသည်။

အမြော်အမြင်ရှိသော မိဘသည် ကွယ်လွန်ခါနီးတွင် ကျန်ရစ်ခဲ့မည်ဖြစ်သော သားသမီးများအား မှာစရာရှိသမျှ ပြောစရာ ရှိသမျှတို့ကို မှာကြား ပြောကြားသည်နှင့် တူလေသည်။

တကယ်တော့ မဟာစည်ဆရာတော်ဘုရားကြီးသည် ဒီဃဒဿီ ဒူရဒဿီ, အရှည် မြော်မြင်, အဝေးလည်း မြော်မြင်သည့် ဆရာတော်ကြီး ဖြစ်တော်မူလေသည်။

သို့ဖြစ်ရာ ဆရာတော်ဘုရားကြီး၏ နောက်ဆုံး ဩဝါဒခံယူပူဇော်ပွဲ ဩဝါဒ တရားတော်များကို အောက်ဖော်ပြပါအတိုင်း လေးစားကြည်ဖြူ ဖတ်ရှုနာယူရာ၏။

မဟာစည်ဆရာတော်ဘုရားကြီး၏

နောက်ဆုံးဩဝါဒခံယူ ပူဇော်ပွဲ ဩဝါဒတရားတော်

နှစ်စဉ်နှစ်တိုင်း နှစ်ပတ်လည်ပူဇော်ပွဲမှာ ကြွလာတော်မူကြတဲ့ ဆရာတော် သံဃာတော်တို့အား မိမိတို့တတ်နိုင်သမျှ, သင့်လျော်သမျှ ညွှန်ကြားချက်ကလေး များကို ညွှန်ကြားရပါတယ်၊ တပည့်တော်တို့ ညွှန်ကြားထားတဲ့အတိုင်း သတိပဋ္ဌာန် တရားကို ကျကျနန အားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေမှာတော့ ချွတ်ယွင်းစရာ မရှိပါဘူး၊ ပြည့်စုံနေမှာ ချည်းပါပဲ၊ မြတ်စွာဘုရား ဟောထားတာတွေကိုလဲ အားလုံး သိနေကြမှာချည်းပါပဲ။

သံဃာတော်၏ သုပ္ပဋိပန္နဂုဏ်ကိုတော့ အထူးသတိပြုဖို့ ထပ်မံပြီး ညွှန်ကြားချင် ပါတယ်၊ အဲဒီဂုဏ်ကို မြတ်စွာဘုရားက

သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော” လို့ ဟောထားပါတယ်၊

ဘဂဝတော - မြတ်စွာဘုရား၏၊
သာဝကသံဃော - တပည့်အပေါင်း သံဃာတော်သည်၊
သုပ္ပဋိပန္နော - ကောင်းစွာကျင့်သုံးတော်မူပါတယ်၊

ကောင်းမြတ်သည့် အကျင့်ရှိတော်မူပါတယ်တဲ့၊ အဲဒါကို ဗုဒ္ဓသာသနာဝင် ရဟန်းတော်တိုင်း သိနားလည်ပြီး ဖြစ်သင့်ကြတာချည်းပါပဲ၊ သုပ္ပဋိပန္န -ဂုဏ်ပုဒ်ထဲမှာ

သု-က ကောင်းစွာတဲ့၊
ပဋိပန္န-က ကျင့်တာတဲ့၊
ဒါကြောင့် သုပ္ပဋိပန္နော - က ကောင်းစွာ ကျင့်တယ်၊
ကောင်းကောင်းကျင့်တယ်လို့ ဆိုပါတယ်။

နောက်ပြီးတော့ ဥဇုပ္ပဋိပန္နော စသည်တို့ကလဲ အလားတူပါပဲ၊ အမည်မျှသာကွဲတာပါ၊ ကျင့်ပုံကျင့်နည်းကတော့ ကောင်းကောင်းကျင့်တာချည်းပါပဲ၊

ဥဇုပ္ပဋိပန္နော - က ဖြောင့်မတ်စွာကျင့်တာတဲ့၊
ဉာယ ပ္ပဋိပန္နော - က သင့်လျော်စွာကျင့်တာတဲ့၊
သာမိစိပ္ပဋိပန္နော - က သင့်တင့် ထိုက်တန်အောင် ကျင့်တာတဲ့။

အဲဒီလေးပုဒ်ထဲမှာ သုပ္ပဋိပန္နော - က မြတ်စွာဘုရား ညွှန်ကြားထားတဲ့ သီလ, သမာဓိ, ပညာ အကျင့်တွေကို အပြည့်အစုံ ရိုရိုသေသေ ကျင့်ဖို့ပါပဲ၊ သီလအကျင့်ကို ကောင်းကောင်းကျင့်နေလို့ ရှိယင် ကိုယ်အမှု, နှုတ်အမှု ချွတ်ယွင်းစေတဲ့ လောဘ, ဒေါသ, မောဟစသော ကိလေသာတွေ အကုန်လုံးကင်းငြိမ်း ပြီးတော့ သန့်ရှင်း စင်ကြယ်နေတာပါပဲ၊

မဂ်ဖိုလ်နိဗ္ဗာန် မရောက်သေးနဲ့အုံးတော့ လူ့ဘဝ, နတ်ဘဝ ကောင်းမြတ်တဲ့ ဘဝတွေရောက်ပြီး ကောင်းစားချမ်းသာသွားဖို့ပါပဲ၊ မြတ်စွာဘုရား၏ အဆုံးအမ ဩဝါဒကို ရိုရိုသေသေ လေးလေးစားစား လိုက်နာနေတဲ့ ပုဂ္ဂိုလ်ဟာ သီလကို ရိုရိုသေသေ ကျင့်ရတယ်၊ ဒါက အရေးကြီးတယ်။

ဒါပေမယ့် ယခုနေ ခေတ်ကာလမှာ သီလအကျင့်မပြည့်စုံတဲ့ သူတွေကလဲ တော်တော်များများ ရှိနေတတ်ပါတယ်၊ ဒါပေမယ့် သီလအကျင့် မပြည့်စုံသူတွေကို ဖော်ပြပြောရန်တော့ မသင့်ပါဘူး၊ ပြောလို့ရှိယင် အပြောခံရတဲ့ ပုဂ္ဂိုလ်တွေက စိတ် မချမ်းသာဖြစ်ပြီး ဆန့်ကျင်ဘက်လဲ ပြုလုပ်တတ်ကြပါတယ်။

အရေးကြီးတာကတော့ သီလပြည့်စုံရုံနဲ့လဲ မပြီးသေးဘူး၊ ဘုရားအလိုတော်ကျ သမာဓိလဲပြည့်စုံ ရမယ်တဲ့၊ သမာဓိ ပြည့်စုံယင်တော့ ဈာန်ရနိုင်ပါတယ်၊ ဈာန်ရယင်တော့ နောက်ဘဝမှာ ဗြဟ္မာလောက ရောက်လျက် ပိုပြီး ချမ်းသာ နိုင်ပါတယ်၊ ဒါပေမယ့် အဲဒါလောက်နဲ့လဲ မပြီးသေးဘူး၊ ပညာနဲ့ပြည့်စုံဖို့လဲ လိုပါသေးတယ်၊ ပညာအကျင့်ကို ပြည့်စုံသင့်သမျှ ပြည့်စုံအောင်ကျင့်ဖို့က သာပြီး လိုပါတယ်၊

ပညာအကျင့်ကို ပြည့်စုံအောင် ကျင့်နိုင်ယင်တော့ ယခု မျက်မှောက်ဘဝမှာ မဂ်, ဖိုလ်, နိဗ္ဗာန်ရောက်ပြီး အကောင်းဆုံးပေါ့လေ၊ ယခုဘဝမှာ မဂ်, ဖိုလ်, နိဗ္ဗာန် မရောက်တောင်မှ ပညာအကျင့် ပြည့်စုံသင့်သမျှ ပြည့်စုံနေယင်တော့ နောက်နောက် ဘဝတွေ ရောက်တဲ့အခါမှာ အဲဒီပညာအကျင့်ကိုမှီပြီး မဂ်, ဖိုလ်, နိဗ္ဗာန်တရားတွေကို ရသွားနိုင်ပါတယ်၊ ဒီလို ပြည့်ဝဖို့ဟာ အင်မတန် အရေးကြီးပါတယ်

ယခု ဘုန်းကြီးတို့က ညွှန်ကြားတဲ့အတိုင်း လိုက်နာပြီးတော့ ကမ္မဋ္ဌာန်းတရားကို ဟောပြောနေကြတဲ့ ရဟန်းတော် အရှင်မြတ်တွေဟာ ဒီအတိုင်း ဟောပြောနေကြ တာပါပဲ၊ သီလလဲ ပြည့်စုံအောင် ကျင့်ဖို့ သမာဓိလဲ ပြည့်စုံသင့်သမျှ ပြည့်စုံအောင် ကျင့်ဖို့ ဟောပြောနေကြတာပါပဲ၊ ဒါပေမယ့် အဲဒီ သီလနှင့် သမာဓိ ပြည့်စုံရုံမျှသာ ဟောနေကြတာတော့ မဟုတ်ပါဘူး၊ ဝိပဿနာပညာလဲ ပြည့်စုံသင့်သမျှ ပြည့်စုံအောင် ဟောပြောနေကြတာပါပဲ။

ဘုန်းကြီးတို့နှင့် မစပ်ဆိုင်တဲ့ အချို့ ဆရာများကတော့ သူတို့နည်းနဲ့ သူတို့ သဘောကျပြီး ဟောပြောနေကြတာလဲ ရှိပါတယ်၊ သူတို့ကတော့ ဘုန်းကြီးတို့ ဟောချက်နဲ့ ဆန့်ကျင်ပြီး အပြစ်တင်ပြီး ဟောနေတာလဲ ရှိကြပါတယ်၊ ဘုန်းကြီးတို့ ကတော့ သူတို့အပြစ်တင်တာကို ဂရုမစိုက်ပါဘူး၊ သူတို့ပြောနေပုံကို ဘုန်းကြီးတို့က သဘောမကျပေမယ့် ဘုန်းကြီးတို့ကတော့ သူတို့ကို အပြစ်မပြောပါဘူး၊ လျစ်လျူရှုထားပါတယ်၊

အရေးကြီးတာကတော့ မြတ်စွာဘုရား၏ သာသနာတော်တွင်းမှာ သီလသမာဓိ အကျင့်များကို ကျင့်ပြီးတော့ ဝိပဿနာပညာအကျင့်ကို ပြည့်စုံသင့်သမျှ ပြည့်စုံအောင် ကျင့်ဖို့ရာက သာပြီးလိုပါတယ်။

ဒါကြောင့် ဘုန်းကြီးတို့က ဘုရားအလိုတော်နှင့်အညီ သုပ္ပဋိပန္နဂုဏ်ပြည့်စုံအောင်, သီလ သမာဓိ ပညာ သုံးပါးလုံးနှင့် ပြည့်စုံအောင် ကျင့်ဖို့ ဟောပြောနေပါတယ်၊ ဝိသုဒ္ဓိမဂ်မှာ -

သုပ္ပဋိပန္နောပုဒ်ကို “သုဋ္ဌုပဋိပန္နော - ကောင်းစွာကျင့်သည်” လို့ ဖွင့်ပြီးတော့

သမ္မာပဋိပဒံ - မှန်ကန်သောအကျင့်ကို၊
အနိဝတ္တိ ပဋိပဒံ - မဆုတ်မနစ်သော အကျင့်ကို၊
အနုလောမ ပဋိပဒံ - လျော်သောအကျင့်ကို၊
ဓမ္မာနုဓမ္မပဋိပဒံ -လောကုတ္တရာတရားအား လျော်သောအကျင့်ကို၊
ပဋိပန္နောတိ ဝုတ္တံ ဟောတိ - ကျင့်ပေ၏ ဟူ၍ ဆိုလိုပါသည်”

လို့ အကျယ် ဖွင့်ပြထားပါတယ်၊ အဲဒီ ဖွင့်ပြချက်ဖြင့် သီလအကျင့်, သမာဓိအကျင့်, ပညာအကျင့်များကိုလဲ “အကျင့်မှန်လို့” မဆုတ်မနစ်သော အကျင့်လို့, သင့်လျော်တဲ့ အကျင့်လို့, မဆန့်ကျင်တဲ့အကျင့်ကို ကျင့်မှု ဖြစ်ကြောင်း ဖော်ပြတာပါပဲ၊

မဂ်, ဖိုလ်, နိဗ္ဗာန် ရောက်ဖို့ရန်ဟာ သီလလဲ စင်ကြယ်ဖို့ လိုပါတယ်၊ သမာဓိလဲ ပြည့်စုံသင့်သမျှ ပြည့်စုံဖို့ လိုပါတယ်၊ ဝိပဿနာ ပညာကတော့ နာမ်ရုပ်ကိုခွဲခြားပြီး ကိုယ်တိုင်သိတဲ့ နာမရူပပရိစ္ဆေဒဉာဏ်, အကြောင်းအကျိုးကို ကိုယ်တိုင်သိတဲ့ ပစ္စယပရိဂ္ဂဟဉာဏ်, မမြဲဘူး, ဆင်းရဲပဲ, ငါကောင် သူကောင် အတ္တမဟုတ်ဘူး, ခဏမစဲ ဖြစ်ပျက်နေတဲ့ သဘောတရားမျှပဲလို့ ကိုယ်တိုင်သိတဲ့ဉာဏ်, ခဏမစဲ ဖြစ်ပျက်နေတာကို ကိုယ်တိုင်တွေ့ပြီး သိတဲ့ ဥဒယဗ္ဗယဉာဏ်, ခဏမစဲ ပျက်ပျက် သွားတာကို ကိုယ်တိုင်တွေ့ပြီး သိတဲ့ ဘင်္ဂဉာဏ်စသည်ပါပဲ၊

မဂ်ဉာဏ်ရောက်ဖို့ အနီးဆုံး ဝိပဿနာကတော့ သင်္ခါရုပေက္ခာဉာဏ်ပါပဲ၊ အဲဒီ သင်္ခါရုပေက္ခာဉာဏ်က ရင့်သန်ပြည့်စုံယင် အနုလောမဉာဏ်ဖြစ်ပြီး အရိယမဂ်ဉာဏ် ချက်ချင်း ဖြစ်တော့တာပါပဲ၊ အဲဒီလို ဖြစ်ပုံကိုတော့ ဝိသုဒ္ဓိမဂ် ဒုတိယ စာအုပ် စာမျက်နှာ နံပါတ် ၃၀၈-စသည်မှာ အထင်အရှား ဖော်ပြထားပါတယ်၊

အင်္ဂုတ္တရပါဠိတိကနိပါတ် စာမျက်နှာ နံပါတ် (၂၁၈) စသည်မှာလဲ အရှင်အာနန္ဒာ မထေရ်က သုပ္ပဋိပန္နဉာဏ်အကြောင်း ထင်ရှား ဟောပြထားပုံကို ထင်ရှားစွာ တွေ့ရပါတယ်။

အဲဒီ ထင်ရှားပြထားပုံ အကျဉ်းချုပ်ကတော့ ဒါယကာတယောက်က အရှင်အာနန္ဒာကို သွာက္ခာတ, သုပ္ပဋိပန္န, သုကတ ဖြစ်သူများအကြောင်း မေးလျှောက်တဲ့အခါမှာ -

ရာဂ , ဒေါသ, မောဟကို ပယ်ရန်ဟောတဲ့ တရားကို သွာက္ခာတ - ကောင်းစွာ ဟောတဲ့ တရားမည်ကြောင်း၊
ရာဂ, ဒေါသ, မောဟကို ပယ်ရန်ကျင့်တဲ့ ပုဂ္ဂိုလ်များကို သုပ္ပဋိပန္န - ကောင်းစွာ ကျင့်သူများ မည်ကြောင်း၊
ရာဂ, ဒေါသ, မောဟတို့ကို ပယ်ပြီးဖြစ်တဲ့ ပုဂ္ဂိုလ်များက သုကတ - ကောင်းစွာ ပြုပြီးကျင့်ပြီး ဖြစ်ကြသူများ မည်ကြောင်း

ကို အရှင်အာနန္ဒာ မထေရ်က မေးမြန်းစိစစ်ပြီး ဟောပြထားပါတယ်။

အဲဒီ ဒေသနာမှာ ပြထားတဲ့အတိုင်း ရာဂစသော ကိလေသာတို့ကို ပယ်နိုင်အောင် ကျင့်တာဟာ သုပ္ပဋိပန္နအကျင့်ပါပဲ၊ သီလကျင့်တာလဲ သုပ္ပဋိပန္နပဲ၊ သမာဓိ ဘာဝနာ, ပညာ ဘာဝနာ ကျင့်တာလဲ သုပ္ပဋိပန္နပါပဲ၊ ဒါပေမယ့် သီလအကျင့်, သမာဓိ အကျင့်မျှလောက်နဲ့တော့ ရာဂစသော ကိလေသာတို့ကို လုံးဝကင်းအောင် မပယ်နိုင်သေးဘူး၊

ဝိပဿနာအကျင့်ကို အပြည့်အစုံ ကျင့်မှသာ ရာဂစသော ကိလေသာတွေကို အကြွင်းမဲ့ ပယ်နိုင်တာပဲ၊ သီလနှင့် သမာဓိ အရင်းခံပြီး သင်္ခါရုပေက္ခာဉာဏ် ရင့်သန် ပြည့်စုံအောင် ရှုမှတ် အားထုတ်ပါမှ ဝိပဿနာဉာဏ် အဆုံးဖြစ်တဲ့ အနုလောမ ဉာဏ်နှင့် အရိယမဂ်ဉာဏ်သို့ ရောက်ပြီး ကိလေသာကို ကောင်းကောင်း ပယ်နိုင်တာပဲ၊ အဲဒီလို အရိယမဂ်ဉာဏ် ရောက်အောင်ကျင့်ပါမှ သုပ္ပဋိပန္န မည်ပါတယ်။

ဝိပဿနာဉာဏ်ရင့်လို့ သင်္ခါရုပေက္ခာဉာဏ် ရင့်သန်ပြည့်စုံသွားယင် သောတာပတ္တိ မဂ်ဖိုလ် ရောက်ပြီးတော့ သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ, သီလဗ္ဗတပရာမာသ, အပါယ်သို့ ကျရောက်စေတတ်သော ကာမရာဂနှင့် ပဋိဃဆိုတဲ့ သံယောဇဉ် ၅-ပါးဟာ လုံးဝ ကင်းရှင်းသွားပါတယ်၊ သောတာပန်က ဝိပဿနာဆက်ရှုယင် သကဒါဂါမိ မဂ်ဖိုလ်ရောက်ပြီးတော့ (အပါယ်သို့မရောက်စေနိုင်သော်လဲ) ရုန့်ရင်းသည့် ကာမရာဂနှင့် ပဋိဃတို့လဲ ထပ်မံ ကင်းရှင်းသွားပြန်ပါတယ်၊

သကဒါဂါမ်က ဝိပဿနာ ဆက်ရှုလို့ရှိယင် ဝိပဿနာဉာဏ် ရင့်သန်ပြည့်စုံ သွားပြန်ယင်လဲ အနာဂါမိ မဂ်ဖိုလ်ရောက်ပြီးတော့ သိမ်မွေ့သည့် ကာမရာဂနှင့် ပဋိဃတို့လဲ ထပ်မံကင်းရှင်းသွားပြန်တယ်၊ ယခု ဖော်ပြခဲ့တဲ့အတိုင်း ကင်းရှင်းသွားတဲ့ သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ, သီလဗ္ဗတပရာမာသ, ကာမရာဂ, ပဋိဃ-ဆိုတဲ့ သံယောဇဉ်တွေကို အောက်ကာမဘုံ၌ ဖြစ်စေတတ်သော အဓောဘာဂိယ သံယောဇဉ်လို့ ခေါ်ပါတယ်၊

အနာဂါမ် ပုဂ္ဂိုလ်ကဆက်ပြီး ဝိပဿနာရှုလို့ ဝိပဿနာဉာဏ် ထပ်ပြီး တိုးတက် ပြည့်စုံတဲ့အခါမှာ အရဟတ္တဖိုလ်ကိုရောက်ပြီး ရဟန္တာဖြစ်သွားတယ်၊ အထက်ရူပဘုံ သို့ ရောက်စေတတ်သော ဥဒ္ဓံဘာဂိယ ခေါ်တဲ့ ရူပရာဂ, အရူပရာဂ, မာန, ဥဒ္ဓစ္စ, အဝိဇ္ဇာ ဆိုတဲ့ သံယောဇဉ် ၅-ပါးကိုလဲ ပယ်ပြီး ဖြစ်ကာ ကိလေသာအားလုံး ကင်းပြီး သန့်ရှင်းစင်ကြယ်သွားပါတယ်

ဒါကြောင့် ကိလေသာဟူသမျှ ကင်းသင့်သလောက် ကင်းရှင်းစင်ကြယ်သွားအောင် ဝိပဿနာကို စွမ်းနိုင်သမျှ အားထုတ်လျက် သုပ္ပဋိပန္နအကျင့်ကို ရိုရိုသေသေ ကျင့်သွားကြဖို့ပါပဲ၊ ယခု ပြောခဲ့တဲ့အတိုင်း ကိလေသာဟူသမျှကို ပယ်နိုင်အောင် ကိလေသာကင်းအောင် သီလကိုလဲ ကျင့်သင့်သမျှ ကျင့်ရမယ်၊ သမာဓိအကျင့် ပညာအကျင့်ကိုလဲ စွမ်းနိုင်သမျှ ပြည့်စုံအောင် ကျင့်ရမယ်ဆိုတာ ထင်ရှားနေပါပြီ။

ဒါကြောင့် ဘုရားတပည့်တော်က သံဃာတွေကျင့်ရတဲ့ အကျင့်နဲ့ စပ်ပြီးတော့ သီလအကျင့်မှစပြီး ပညာအကျင့်တိုင်အောင် ကျင့်ဖို့ရာ မကြာခဏ ဟောပြောလာ ခဲ့ပါတယ်၊ တတ်နိုင်လို့ရှိယင်တော့ သမာဓိဘာဝနာ အကျင့်ကိုလဲ ကျင့်သင့်တာပါပဲ၊ သမာဓိ ကမ္မဋ္ဌာန်းတွေထဲက ကသိုဏ်း ၁၀-ပါးကိုရှုယင်, အာနာပါနကို ရှုယင် ရူပဈာန် ၅-ပါးလုံးကို ရနိုင်ပါတယ်၊

အသုဘ ၁၀ -ပါးနဲ့ ကာယဂတာသတိကို ရှုယင် ပထမဈာန်ကို ရနိုင်ပါတယ်၊ မေတ္တာ, ကရုဏာ မုဒိတာ ဘာဝနာတွေကို ဖြစ်စေလျှင် စတုတ္ထဈာန်အထိ ရနိုင်ပါတယ်၊ ဥပေက္ခာ ဘာဝနာကိုတော့ (မေတ္တာစသည်ဖြင့် ဈာန် ၄ -ပါးကိုရပြီးမှ) ရှုခြင်းဖြင့် ပဉ္စမဈာန်ကို ရနိုင်ကြောင်းလဲ ကျမ်းဂန်များမှာ ပြထားပါတယ်၊ အရူပကမ္မဋ္ဌာန်း ၄-ပါး ကိုတော့ ရူပဈာန်တွေ အပြည့်အစုံ ရပြီးမှ ဖြစ်ပွားစေခြင်းဖြင့် အရူပဈာန် ၄-ပါးကို ရကြောင်းလဲ ပြထားပါတယ်။

အဲဒီ သမထ ကမ္မဋ္ဌာန်းတွေထဲမှာ အနုဿတိ ကမ္မဋ္ဌာန်းအချို့နဲ့ မေတ္တာ ဘာဝနာကို ပွားစေရန် မကြာမကြာ ဘုရားတပည့်တော်က ဟောပြ တိုက်တွန်းနေပါတယ်၊ ဗုဒ္ဓါနုဿတိ စသည်ကို ကျင့်ဖို့ကတော့ လွယ်ပါတယ်၊ ဘုရားဂုဏ်, တရားဂုဏ်, သံဃာ့ဂုဏ်ကို ရိုရိုသေသေ အာရုံပြုနေတဲ့အခါ, အာရုံပြုပြီး ရှိခိုးနေတဲ့ အခါမှာ သမာဓိ ဘာဝနာ ဖြစ်တန်သမျှတော့ ဖြစ်နိုင်ပါတယ်၊

လူတယောက်ကိုဖြစ်စေ, နှစ်ယောက်သုံးယောက် စသည် အများကို ဖြစ်စေ ချမ်းသာစေလိုတဲ့ စေတနာဖြင့် “ချမ်းသာပါစေ၊ ချမ်းသာကြပါစေ”လို့ နှလုံး သွင်းနေယင် မေတ္တာဘာဝနာ သမာဓိ ဖြစ်သင့်သမျှ ဖြစ်နေတာပါပဲ၊ အဲဒီလို မေတ္တာဘာဝနာကို ဖြစ်ပွားစေတဲ့ လူဟာ ချမ်းသာပါစေလို့ အာရုံပြုထားတဲ့ သူတွေအား စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်အောင် မပြောသင့်ပါဘူး၊

အဲဒီလို မတော်သင့်ပြောတာ ပြုတာကိုလဲ ကြဉ်ရှောင်နေမှ ဘာဝနာကုသိုလ် ကောင်းကောင်းဖြစ်နိုင်ပါတယ်၊ တချို့ ပုဂ္ဂိုလ်တွေကတော့ သူတို့က မလိုလားကြ သူတွေကို အပြစ်ပြောခြင်း, အနှောင့်အယှက် ပြုခြင်းများကို ဖြစ်ပွားစေကြတယ်။

အဲဒါဟာ ဘုရားအလိုတော်နဲ့အညီ မေတ္တာဘာဝနာကုသိုလ်ကို မဖြစ်စေပဲ မတော် မသင့်ပြုနေရာ ရောက်တာပါပဲ၊ တချို့က မြတ်စွာဘုရား အလိုတော်နှင့်အညီ ဝိပဿနာရှုနေကြတာကိုတောင် အပြစ်လဲ ပြောနေကြတယ်၊ တရားအားမထုတ် နိုင်အောင် အနှောင့်အယှက်လဲ ပေးနေကြတယ်၊ ပမ္မဋ္ဌာန်းဌာနပျက်အောင်တောင် ပြုလုပ်နေကြသေးတယ်၊ အဲဒီလို အပြောအပြုမျိုးတွေကတော့ အလွန်ပင် မသင့်မတော်တဲ့ အပြောအလုပ်တွေပါပဲ။

ဘုရားတပည့်တော်တို့၏ ဩဝါဒအတိုင်း လိုက်နာပြီး သာသနာပြု ဟောပြော နေကြတဲ့ ဓမ္မာစရိယ ကမ္မဋ္ဌာနာစရိယ ပုဂ္ဂိုလ်တွေကတော့ မတော်မသင့်တာတွေကို မပြောပဲ မပြုပဲ သင့်လျော်သမျှကိုသာ ပြောဟော ညွှန်ပြနေကြဖို့ လိုပါတယ်၊ အဲဒီလို သင့်လျော်စွာ ပြောဟော ဆောင်ရွက်နေတာကိုလဲ ကြားရ သိရပါတယ်၊ ယခု ကျင့်ပနေတဲ့ နှစ်ပတ်လည် ပူဇော်ပွဲ အတွင်းမှာလဲ နံနက်ပိုင်း ၄-ပါး, နေ့ပိုင်း ၄-ပါး, တနေ့တနေ့မှာ ၈-ပါး, ၈-ပါး သုံးရက်အတွင်း၌ ၂၄-ပါးက သာသနာပြု တရား ဟောနေတာကို ဘုန်းကြီးကိုယ်တိုင်လဲ ကြားသိရပါတယ်၊ သူတို့ ဟောပြော နေတာဟာ အသင့်အတော်သားပါပဲ၊

သူတို့က မကောင်းမှုအကုသိုလ်တွေ မဖြစ်အောင် ကျင့်ကြဖို့, အားထုတ်ကြဖို့ ဟောပြနေကြတာပါပဲ၊ မြတ်စွာဘုရား ညွှန်ကြားထားသည့်အတိုင်း ဟောနေကြ တာပါပဲ၊ ဒီက ဟောပြေထားတဲ့ သတိပဋ္ဌာန်နည်းအတိုင်း ရှုမှတ်ပြီး သမာဓိ ဉာဏ်ထူးတွေ ဖြစ်သင့်သမျှ ဖြစ်နေကြကြောင်း ထင်ရှားပေါ်လွင်နေပါတယ်။ မေတ္တာဘာ ဝနာတွေလဲ ပြည့်စုံနေကြတာ များဟန်ရှိကြပါတယ်၊ အင်မတန် ကောင်းပါတယ်။

ဒါကြောင့် သုပ္ပဋိပန္နဂုဏ်နဲ့ ပြည့်စုံအောင် သီလကိုလဲ ရိုရိုသေသေကျင့်ဖို့, သမာဓိ ကိုလဲ ဖြစ်သင့်သမျှဖြစ်အောင် အားထုတ်ဖို့, ဝိပဿနာကိုလဲ ရှုမှတ်ပွားများဖို့ ဟောပြောပြသနေကြတာပါပဲ။

ဒါပေမယ့် တချို့ရိပ်သာ ဌာနတွေမှာ ချွတ်ယွင်းပျက်ပြားတာတွေဟာ ၃-၄-၅-ဦးလောက် ကြားသိရတာလဲ ရှိနေပါတယ်၊ လူထွက်သွားကြတယ်လို့လဲ ကြားရတယ်၊ ဒကာမတွေနဲ့ နီးကပ်ဆက်ဆံတယ် ဆိုတာက ကြည်ညိုဖွယ် မကောင်းတဲ့အတွက် အဆင်မပြေပဲ ရှိနေကြောင်းလဲ ကြားသိရတယ်၊ အဲဒီလိုဟာတွေက ကမ္မဋ္ဌာန်းပြ ဆရာတွေအတွက် အလွန်ပင် မသင့်လျော်တာပါပဲ။

ဘုန်းကြီးတို့ကတော့ ရဟန်းဖြစ်ပါစေ ငယ်ငယ်အရွယ်ကပင် အမျိုးသမီးများနှင့် နီးကပ်ဆက်ဆံ နေခဲ့ဖူးတာရယ်လို့ တခါမျှပင် မရှိခဲ့ပါဘူး၊ တရားဟောနေတဲ့ အခါတွေမှာလဲ အမျိုးသမီးတယောက်တည်း ဘုန်းကြီးထံလာရောက်တာကို တခါမျှ လက်မခံခဲ့ပါဘူး၊ တယောက်တည်း လာရောက်သူကိုလဲ ပြန်သွားဖို့, တယောက် တည်းမလာဖို့ ပြောပြီး ပယ်လိုက်ရတာ ၂-ကြိမ်လောက်သာ ကြုံဖူးပါတယ်၊

အဲဒါဟာ အထူးစိတ်ဝင် စားစရာပါပဲ၊ ဒါကြောင့် ကမ္မဋ္ဌာန်းတရား ဟောပြနေကြတဲ့ အရှင်မြတ်တို့လဲ ဒကာမ တယောက်တည်း လာယင် လက်မခံပဲ ပယ်လွတ် လိုက်ကြပါ၊ ဒကာမတွေနဲ့စပ်ပြီး သူများအထင် မသေးရအောင် အထူးဂရုစိုက်ပြီး ကျင့်သုံး နေထိုင်ကြပါစေလိုပါတယ်၊

ဒီရိပ်သာဌာနသို့ လာရောက်ကြတဲ့ အရှင်မြတ်တွေအတွက်လဲ သတိပေးချင်တာ ရှိပါတယ်၊ ဘာတွေလဲဆိုယင် ဒီသာသနာ့ရိပ်သာသို့ နှစ်ပတ်လည်ပူဇော်ပွဲအတွက် ဖြစ်စေ, အခြားကိစ္စအတွက် ဖြစ်စေ ကြွလာကြတဲ့အခါမှာလဲ ဘုရားလက်ထက်တော် ကာလက ရဟန်းမြတ်များလိုပင် သင်္ကန်းအပြင် သပိတ်လဲ ပါလာကြစေလိုပါတယ်

တခြားအရပ်ဒေသများ သွားတဲ့အခါလဲ ဝိနည်း စည်းကမ်းနှင့်အညီ သပိတ် သင်္ကန်းများ အပြည့်အစုံ ယူဆောင်သွားကြစေလိုပါတယ်၊ ဘုရားတပည့်တော်ဟာ ဘယ်ဌာနကိုပဲသွားသွား သပိတ်ပါ အပြည့်အစုံ ဆောင်ယူသွားတာချည်းပါပဲ၊ မြတ်စွာဘုရား ကိုယ်တော်တိုင်လဲ ဘယ်ဌာနကိုပဲသွားသွား သပိတ်ကို ဆောင်ယူ သွားတာချည်းပါပဲ၊ ရဟန္တာ အရှင်မြတ်တွေလဲ အရပ်တပါးသွားရာမှာ သပိတ် ပါသွားတာချည်းပါပဲ၊

ဘုရားတပည့်တော်ဟာလဲ အမေရိကန်, အင်္ဂလန်စသော အဝေးနိုင်ငံတွေ သွားတဲ့အခါလဲ သပိတ်ကို ယူဆောင်သွားခဲ့တာချည်းပါပဲ၊ ဒါဟာ ဝိနည်းတော်နှင့် အညီပါပဲ၊ ဒါကြောင့် အရှင်မြတ်ဘုရားတို့လဲ ဒီနည်းအတိုင်း ကျင့်ကြံဖို့ရာ ဘုရား တပည့်တော်က သတိပေးညွှန်ကြားပါတယ်။

နေ့ဆွမ်းဘုဉ်းပေးတဲ့အခါမှာလဲ အများအားဖြင့် သပိတ်နဲ့ဘုဉ်းပေးသင့်ပါတယ်၊ ဆွမ်းဘုဉ်း ပေးယင်လဲ စွမ်းနိုင်သမျှ ရှုမှတ်ပြီး စားသောက်သင့်ပါတယ်၊ အကြောင်းအထူးမရှိယင် စကား မပြောပဲ ရှုမှတ်မှုဖြစ်သင့်သမျှ ဖြစ်အောင် အထူး သတိပြုစေလိုပါတယ်

မြတ်စွာဘုရားက သတိပဋ္ဌာန်ဒေသနာတော်မှာ - “ဂစ္ဆန္တောဝါ ဂစ္ဆာမီတိ ပဇာနာတိ” စသည်ဖြင့် ကိုယ် အမူအရာကို ပြုတိုင်း ပြုတိုင်း မှန်စွာသိအောင်ရှုဖို့ ညွှန်ကြားပါတယ်၊ အဲဒီဒေသနာတော်အတိုင်း အရှင်ဘုရားတို့ကလဲ ဟောကြား ညွှန်ပြနေကြတာပဲ။

နောက်ပြီးတော့ “အဘိက္ကန္တေ ပဋိက္ကန္တေ သမ္ပဇာနကာရီ ဟောတိ” စသည်ဖြင့် လည်းကောင်း၊
အသိတေ ပိတေခါယိတေ သာယိတေ သမ္ပဇာနကာရီ ဟောတိ” စသည်ဖြင့်လည်းကောင်း၊
ဂတေ ဌိတေ နိသိန္နေသုတ္တေ ဇာဂရိတေ ဘာသိတေ တုဏှိဘာဝေ သမ္ပဇာနကာရီ ဟောတိ” စသည်ဖြင့်လည်းကောင်း
မြတ်စွာဘုရားက ညွှန်ကြားထားသည့်အတိုင်း အရှင်ဘုရားတို့ကလဲ ရှုမှတ်ပြီးသိဖို့ ဟောကြားနေတာ ချည်းပါပဲ၊

ဒါကြောင့် မိမိတို့ကိုယ်တိုင်လဲ ကိုယ်အမူအရာ စိတ်အမူအရာ စသည်တွေကို အခွင့်သာတိုင်း စွမ်းနိုင်သမျှ ရှုမှတ်နေရန် သင့်ပါတယ်၊ သတိပဋ္ဌာန်ဒေသနာတော်မှာ မြတ်စွာဘုရားက ညွှန်ကြားထားသည့်အတိုင်း ရှုပုံ ရှုနည်းကို သဘောမကျတဲ့ ပုဂ္ဂိုလ် အချို့ကတော့ ဘုရားတပည့်တော်တို့, အရှင်မြတ်တို့ ဟောပြနေတဲ့အတိုင်း ရှုမှတ်ကြပုံကို အပြစ်ပြောနေကြတာလဲ ရှိပါတယ်၊

အဲဒီလို အပြစ်ပြောကြတာကတော့ ဘုရားဟောထားသည့်အတိုင်း သူတို့က မရှုကြ မသိကြလို့ ဖြစ်မှာပါပဲ၊ ဒီလို သူတပါးက အပြစ်တင်တာကိုတော့ ဘုရားတပည့်တော် တို့က ဘာမျှစဉ်းစားစရာ ပြောဆိုစရာ မလိုပါဘူး၊ မြတ်စွာဘုရား၏ အဆုံးအမတော် နှင့်အညီ စွမ်းနိုင်သမျှ တရားကို အားထုတ်သွားကြရုံပဲ လိုပါတယ်။ ဆွမ်းခဲဖွယ်များကို စားသောက်နေခိုက်မှာလဲ အလွတ်စကားတွေကို မပြောကြပဲ စွမ်းနိုင်သမျှ ရှုမှတ်နေကျအတိုင်း ရှုမှတ်သွားကြရုံပါပဲ

ဝိနည်းသိက္ခာပုဒ်များနဲ့ အပြစ်တင်စရာမရှိအောင် သန့်သန့်ရှင်းရှင်း စင်စင် ကြယ်ကြယ် စောင့်ထိန်းနေဖို့လဲ လိုပါတယ်၊ ဘယ်လိုအရာမှာလဲဆိုတော့ ဝိပဿနာ ရှုနည်းကို ဟောကြားနေတဲ့ ရဟန်းတော်များထံမှာ ဒကာမကလေးများ နီးနီးကပ်ကပ် လာရောက်ပြီး ဩဝါဒခံယူနေတတ်ကြပါတယ်၊ အဲဒီလို လာရောက်ကြတဲ့ ဒကာမ များနဲ့ နီးနီးကပ်ကပ်လက်မခံပဲ စင်ကြယ်စွာနေကြဖို့ လိုပါတယ်၊

အမျိုးသမီး တယောက်တည်း ဆိုယင်တော့ တခဏလောက်တောင် လက်မခံပဲ ပြန်လွှတ်လိုက်ရန် သင့်ပါတယ်၊ အရေးတကြီး ပြောပြစရာရှိယင်တော့ မိမိထံမှာ ရဟန်းတပါးဖြစ်စေ လူတယောက်ဖြစ်စေ အသင့်ရှိနေပါမှ ခေတ္တခဏလောက်သာ လက်ခံပြီး ပြောသင့်ပါတယ်၊ အရေးကြီးတာကတော့ သူတပါး အပြစ်တင်နိုင်ခွင့် မရှိရအောင် အထူးသတိပြုသင့်ပါတယ်

ကမ္မဋ္ဌာန်းတရား ဟောပြောရေးမှာ အလွန်အဆင်သင့်တဲ့ ဓမ္မကထိက ရဟန်းငယ် တပါးဟာ ဒကာမလေး တယောက်နှင့် ရင်းနှီးဆက်စပ်ပြီး လူထွက်သွားတာ ရှိပါတယ်၊ အဲဒီရဟန်း လူထွက်တာကို အကြောင်းပြုပြီးတော့ ဘုန်းကြီးထံ သတိပေး စကား ရေးလိုက်တဲ့သူကလဲ ရှိပါတယ်၊ အဲဒီပုဂ္ဂိုလ်က သတိပေးတာဟာ သင့်လျော်တဲ့ သတိပေးခြင်းပါပဲ၊ အဲဒီ သတိပေးစကားကို အခြေပြုပြီး ယခု ဩဝါဒ ပေးသင့်သည့်အတိုင်း ဩဝါဒပေးရတာပါပဲ၊

တရားကိုဟောပြောနေသည့် ရဟန်းထူး ဖြစ်နေပါလျက် ဒကာမများနှင့် ဆက်သွယ်ပြီး မတော်မသင့်မဖြစ်အောင် သတိပေးရတာပါပဲ၊ သူတပါးကဲ့ရဲ့ဖွယ် အထင်မှားဖွယ်မရှိပဲ သန့်ရှင်းစင်ကြယ်အောင် အထူး သတိပြုလျက် ကျင့်သုံး နိုင်ကြပါစေ

နောက်တခုကတော့ ကျောင်းတိုက်မှ တခြားသွားတဲ့အခါ သင်္ကန်းရုံသွားကြရန် သတိပေးလိုပါတယ်၊ တခြားကျောင်းသို့ဖြစ်စေ, ဘုရားဝင်းသို့ဖြစ်စေ သွားယင် သင်္ကန်းမရုံပဲလဲ သွားနိုင်ပါတယ်၊ ဝိနည်းသိက္ခာပုဒ်အရ အပြစ်မရှိပါဘူး၊ ဒါပေမယ့် လူအများနေရာ မြို့ထဲရွာထဲမှာ ဖြတ်သွားရတာဆိုယင်တော့ ကြည်ညိုဖွယ် ပါသာဒိကမဖြစ်ပဲ အပြစ်တင်ဖွယ်, အကြည်ညိုကင်းဖွယ် ဖြစ်နေတတ်ပါတယ်၊ ဒါကြောင့် ဘုန်းကြီးဖြစ်စေ, မဟာစည်ဩဝါဒခံ အရှင်မြတ်တို့ဖြစ်စေ ကျောင်းတိုက် အပြင်သို့ ထွက်သွားယင် ပါသာဒိကဂုဏ် ပြည့်စုံအောင် သင်္ကန်းရုံပြီး သွားကြတာ ချည်းပါပဲ။

အဲဒီလိုဆိုတော့ တွေ့မြင်ရတဲ့လူတွေမှာ ကြည်ညိုရိုသေပြီး ကုသိုလ်အထူး ဖြစ်ကြပါတယ်၊ တချို့ရဟန်းတော်များကတော့ မြို့ထဲ ရွာထဲဖြတ်သွားတဲ့အခါ သင်္ကန်းမရုံပဲ သွားကြတာလဲ ရှိပါတယ်၊ အဲဒီလိုဟာကို မြင်တွေ့ရတဲ့သူတွေမှာ မြို့ထဲရွာထဲ၌ ဝိနည်းသိက္ခာပုဒ်နှင့်အညီ သင်္ကန်းမရုံပဲ သွားလာနေကြတယ်လို့ ထင်မြင်ပြီး အကြည်ညိုပျက်ကြတယ်၊

ဒါကြောင့် ကျောင်းဝင်းထဲမှ ထွက်သွားယင် ဘယ်အရပ်ကိုပဲ သွားသွား သင်္ကန်းရုံပြီး သွားမှ အပြစ်ကင်းပြီး ပါသာဒိကဂုဏ်နှင့် ပြည့်စုံပါတယ်၊ ဒါကြောင့် ခြေကျင် လမ်းလျှောက်သွားတဲ့အခါ ဖြစ်စေ, မီးရထားစသည်ကို စီးသွားတဲ့အခါဖြစ်စေ, သင်္ကန်းရုံပြီးသာ သွားကြစေလိုပါတယ်၊ ဒါကတော့ သာသနာရေး, ဘာသာရေး ကိစ္စနှင့်စပ်၍ အပြစ်တင်ဖွယ်ကင်းပြီး ကြည်ညိုဖွယ် ပါသာဒိကဂုဏ်နှင့် ပြည့်စုံအောင် သတိပေးတာပါပဲ။

နောက်ပြီးတော့ နိဿဂ္ဂိယသိက္ခာပုဒ်များနဲ့ အပြစ်ကင်းအောင်လဲ သတိ ပေးလိုက်ပါတယ်၊ နိဿဂ္ဂိယ သိက္ခာပုဒ်တွေက (၃၀)တောင်ရှိပါတယ်၊ အဲဒီ (၃၀)ထဲက သိက္ခာပုဒ် (၃)ခုထဲမှာ ရွှေငွေကို ကိုယ်တိုင် လက်ခံမှု, အရောင်းအဝယ် ပြုမှု, သုံးဆောင်မှုများနှင့်စပ်ပြီး နိဿဂ္ဂိပါစိတ်အာပတ်သင့်ကြောင်း ပြထားတယ်၊ ဒါကြောင့် အာပတ်မသင့်အောင် သတိပြုဖို့ ဘုန်းကြီးက သတိပေးလိုပါတယ်။

ရွှေစစ် ငွေစစ်ဖြစ်စေ, ငွေစက္ကူကိုဖြစ်စေ ဒကာ, ဒကာမများက ဆက်ကပ် လှူဒါန်းတဲ့အခါမှာ အဲဒါတွေကိုလက်ခံယင် နိဿဂ္ဂိပါစိတ် အာပတ်သင့်ပါတယ်၊ လက်ဖြင့်ကိုင်ယူတဲ့အခါ, သိမ်းပိုက်သုံးဆောင်တဲ့အခါမှာ ဒုက္ကဋ်အာပတ် သင့်တတ် ပါတယ်၊ ကိုယ်တိုင်အရောင်းအဝယ် ပြုလုပ်တဲ့အခါမှာလဲ နိဿဂ္ဂိပါစိတ်အာပတ်, ဒုက္ကဋ်အာပတ်တွေ သင့်တတ်ပါတယ်၊ ယခုအခါမှာ ငွေကိုလက်မခံပဲ မသုံးပဲနေဖို့က ခဲယဉ်းပါတယ်၊ ဒါကြောင့် ဒကာ, ဒကာမတွေက လှူတဲ့အခါမှာ ကိုယ်တိုင် လက်ခံပြီး, အရောင်းအဝယ်ပြုပြီး သုံးနေကြတာကများပါတယ်၊ သို့သော် မဟာစည်ဩဝါဒခံ ရဟန်းတော်များကတော့ ကင်းသင့်သမျှ ကင်းအောင် အထူးသတိပြု ကျင့်နေ ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ ဒါကြောင့် ယခုထပ်ပြီး သတိပေးတာပါပဲ။

ငွေများကိုလှူတဲ့အခါမှာ လက်မခံပဲ ဝိနည်းတော်နှင့်အညီ ညွှန်ကြားသင့်ပါတယ်၊ ဘယ်လိုလဲဆိုတော့ ငွေကိုလက်မခံပဲ အဲဒီငွေမှ ဖြစ်ပေါ်လတ္တံ့သော အပ်စပ်တဲ့ ပစ္စည်းများကိုသာလှူဖို့ ညွှန်ပြပေးရတယ်၊ သူတို့က လှူချင်တဲ့ငွေကိုတော့ မိမိ၏ ကပ္ပိယထံမှာသာ အပ်နှံထားဖို့, ထိုကပ္ပိယထံမှ လိုအပ်သော သင့်လျော်သည့် ပစ္စည်းများကို တောင်းယူပြီး သုံးစွဲရန်လဲ ညွှန်ကြားပေးဖို့ ပြောပြပေးရတယ်၊

အဲဒီလို အပ်နှံပြီး ညွှန်ကြားပေးတော့ အဲဒီကပ္ပိယထံမှ အပ်စပ်သော ပစ္စည်းများကို တောင်းယူပြီး သုံးဆောင်ဖို့ရာ (၁၀) ခုမြောက် နိဿဂ္ဂိယပါစိတ် သိက္ခာပုဒ်မှာ မြတ်စွာဘုရားက ညွှန်ပြထားပါတယ်၊ အဲဒီလို ညွှန်ပြထားတဲ့အတိုင်း လက်ခံပြီး သုံးသင့်တဲ့အတိုင်း သုံးဖို့ပါပဲ၊ ဒီ လိုဆိုတော့ အပြစ်ကင်းပါတယ်၊ အပြစ်ကင်းအောင် အဲဒီနည်းအတိုင်း ကျင့်သုံးကြဖို့ သတိပေးညွှန်ပြပါတယ်၊ မဟာစည်ဩဝါဒခံ အရှင် များဟာ ဒီနည်းအတိုင်းပင် အပြစ်ကင်းအောင် ကျင့်နေကြလိမ့်မယ် လို့ ယုံကြည်ပါတယ်။

နောက်ပြီးတော့ တချို့က မိမိတို့ဌာန၌ ကျောင်းဆောင်စသည်အတွက် ကိုယ်တိုင် အလှူခံပြီးတော့ ဖြစ်စေ, ကပ္ပိယဒကာများကို အလှူခံစေပြီးတော့ဖြစ်စေ, ကျောင်း စသည်ကို ပြုလုပ်ကြ, ပြည့်စုံစေကြတာလဲ ရှိတတ်ကြပါတယ်၊ အဲဒီလို အလှူခံ တောင်းခံတာမျိုးလဲ ပြုလုပ်ရန် ညွှန်ကြားတိုက်တွန်းပေးရန် ရဟန်းများမှာ မသင့်ပါဘူး၊ အဲဒါမျိုးလဲ ကင်းအောင် အထူးသတိပြုသင့်ပါတယ်

ဒီရန်ကုန်မြို့က မဟာစည်သာသနာ့ရိပ်သာမှာ ကျောင်းအဆောက်အအုံစသည် အသစ်အသစ် တိုးတက်ဖြစ်ပေါ်အောင် ဘုန်းကြီးတို့က ကိုယ်တိုင်လဲ အလှူခံခြင်း, တိုက်တွန်းခြင်းကို မပြုခဲ့ပါဘူး၊ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ဝင် ပုဂ္ဂိုလ်တို့အားလဲ အကြံပေးခြင်း, တိုက်တွန်းခြင်းကို မပြုခဲ့ပါဘူး၊ နုဂ္ဂဟအဖွဲ့ဝင်ပုဂ္ဂိုလ်တွေကလဲ အလှူခံတိုက်တွန်းခြင်းကို အထူးတလည် မပြုခဲ့ကြပါဘူး၊ အဆောက်အအုံ စသည် အတွက် လှူဒါန်းနိုင်ကြကြောင်း ဖော်ပြရုံသာ ဖော်ပြခဲ့ကြပါတယ်၊

အဲဒီလို ဖော်ပြ တာကိုပင် သဘောကျပြီး သူတို့အလိုလို စွမ်းနိုင်သမျှ လှူဒါန်း ကြတာပါပဲ၊ တချို့ဌာနများမှာတော့ ခေါင်းဆောင်ဘုန်းကြီးက တာဝန်ဆောင် ပုဂ္ဂိုလ်များအား တောင်းဖို့, အလှူခံကြဖို့ ညွှန်ကြားပါတယ်၊ တာဝန်ဆောင် ပုဂ္ဂိုလ်များကလဲ ဆရာရဟန်းတော်က ညွှန်ကြားသည့်အတိုင်း ထိုထိုဌာန ထိုထို ပုဂ္ဂိုလ်များထံမှာ အလှူခံစာများ ပေးပို့ပြီး အလှူခံကြတယ်၊

အဲဒီလိုတောင်းတာ, အလှူခံတာကို သဘောမကျလို့ ဘုန်းကြီးထံသို့ စာဖြင့် လျှောက်ထားပြီး ခွင့်တောင်းတာကို တွေ့ရတယ်၊ ဒါကြောင့် အဲဒီလို အပြစ်မတင် ကြရအောင် တောင်းရန်, အလှူခံရန် မညွှန်ကြားပဲ အပြစ်ကင်းအောင်သာ ဟောပြ ဆောင်ရွက်တော်မူကြရန် ဘုရားတပည့်တော်က သတိပေးပါတယ်၊ အပြစ်ကင်း အောင်သာ ဆောင်ရွက်ကြစေလိုပါတယ်။

အဲဒီလို အပြစ်ကင်းအောင် ဆောင်ရွက်ရမှာက ဘယ်လိုပါလဲဆိုယင် ဘုရား တပည့်တော် ဆောင်ရွက်ခဲ့တာကို ဖော်ပြပါမယ်၊ ဘုရားတပည့်တော်ဟာ လွန်ခဲ့သော တနှစ်လောက်က ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ နှစ်ပတ်လည် အစည်းအဝေး ပွဲသို့ သွားရောက်ပြီး သင့်လျော်တဲ့ သတိပေးစကား ပြောကြားခဲ့ပါတယ်၊

ဘယ်လိုလဲဆိုတော့ -သာသနာ့ရိပ်သာမှာ ယောဂီများနေရန် မပြည့်စုံသေးတဲ့ အတွက် သုံးထပ်ကမ္မဋ္ဌာန်းကျောင်း ဆောက်လုပ်ရန် ဘုန်းကြီး ၏ ကပ္ပိယဒကာထံမှ ဝတ္ထုငွေ ၂-သိန်းကို အဖွဲ့ဝင် ဒကာကြီးများက လက်ခံပြီး သုံးထပ်ကျောင်း အဆောက်အအုံ ဆောက်လုပ်ဖို့ ညွှန်ကြားခဲ့ပါတယ်၊ အခြားပုဂ္ဂိုလ်များထံမှ တောင်းဖို့, အလှူခံဖို့တော့ မတိုက်တွန်းခဲ့ပါဘူး၊

အခြား ပုဂ္ဂိုလ်များကလဲ သူတို့ ၏ သဒ္ဓါနှင့် စေတနာအလျောက် လိုသမျှကို လှူဒါန်းကြလိမ့်မယ်လို့တော့ မိမိက မျှော်လင့်ပါတယ်၊ အဖွဲ့ကလဲ မည်သူ့ကိုမျှ အလှူပါဝင်ဖို့ရာ တင်းတင်းရင်းရင်း မတိုက်တွန်းခဲ့ပါဘူး၊ အဲဒီအဆောက်အအုံထဲမှာ တခန်းအတွက် ငွေ ၁၂၀ဝဝိ-မျှ ကုန်ကျမည်ဖြစ်ကြောင်း, မိမိတို့ သဘောအတိုင်း လှူလိုသမျှ လှူဒါန်းနိုင်တဲ့ အကြောင်းမျှကိုသာ ဖော်ပြကြေငြာခဲ့ပါတယ်။

မည်သူက မည်မျှလှူပါလို့တော့ အလှူမခံခဲ့, မတိုက်တွန်းခဲ့ပါဘူး၊ ဒါပေမယ့် သဒ္ဓါ စေတနာ ကောင်းသူတွေက လှူလိုက်ကြတာ ကျောင်းတဆောင်မကဘူး ၂-ဆောင် အတွက်တောင် ပြည့်စုံသွားတယ်၊ အဲဒီကိစ္စနှင့်စပ်၍ ဘုန်းကြီးကိုယ်တိုင်က အလှူခံဖို့ မညွှန်ကြားခဲ့ မတိုက်တွန်းခဲ့ပါဘူး၊ အဖွဲ့ဝင် တာဝန်ဆောင် ပုဂ္ဂိုလ်တွေကလဲ မည်သူ့ကိုမျှ လှူဖို့ အထူး မတိုက်တွန်းခဲ့ပါဘူး

ဒါဟာ မိမိကိုယ်တိုင်က ဝိနည်းနှင့် ဆန့်ကျင်ပြီး အလှူခံဖို့ မတိုက်တွန်းခဲ့ကြောင်း ဖော်ပြတာပါပဲ၊ ယခု ပြောခဲ့တဲ့အတိုင်း မိမိကိုယ်တိုင် အလှူခံရန်မညွှန်ကြားသလို အရှင်ဘုရားတို့ကလဲ ကိုယ်တိုင်အလှူမခံခြင်း, သူတပါးအား အလှူခံဖို့ မတိုက်တွန်းပဲ သန့်ရှင်းစင်ကြယ်စွာ ကျင့်ခြင်းများနှင့် ပြည့်စုံကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

နံနက်ပိုင်းဖြစ်စေ, မွန်းလွဲပိုင်းဖြစ်စေ, မစားသင့်တာ မစားမသုံးဖို့လဲ သတိပေးချင် ပါတယ်၊ နံနက်ပိုင်း ဆိုတာက ဘယ်လိုအချိန်ပိုင်းလဲ ဆိုလို့ရှိယင် အရုဏ်မတက်မီ အချိန်မှာ ဆွမ်းစားခြင်းကင်းအောင် သတိပြုဖို့ပါပဲ၊ အရုဏ်တက်ချိန် ဆိုတာက နေမထွက်မီ နံနက်ပိုင်းမှာ နေရောင် ၏အရှိန်ဖြင့် စဉ်းငယ်အနီရောင် ထင်ပေါ်သည့် အချိန်ကို အရုဏ်တက်ချိန်ဟု အသိအမှတ် ပြုပါတယ်၊

ထိုအရုဏ်တက်ချိန်အရောင်ကို (အဘိဓာန် ၆၅-ဂါထာ၌) “သူရဿောဒယတော ပုဗ္ဗုဋ္ဌိတရံသိ သိယာရုဏော” ထွက်ပေါ်သော နေ၏ ထွက်ခါနီး ရှေးဦးစွာ ထင်ပေါ်သော အရောင်ဖြစ်သည်ဟု ပြဆိုထားသည်၊

ထို့ပြင် (အဘိဓာန် ၉၇-ဂါထာ၌) “အရုဏော ကိဥ္စိရတ္တောထ” အနည်း ငယ်နီသော အရောင်အဆင်းသည် အရုဏ်မည်သည် ဟူ၍လည်း ပြဆိုထားပါသည်။

အဲဒီ စဉ်းငယ်နီသော အရုဏ်ရောင်ဟာ နေမထွက်ခင် ဘယ်အချိန်တွင် ပေါ်သလဲ ဆိုတော့ ဂဂ္ဂသံဟိတာ - ဆိုတဲ့ သက္ကတကျမ်းမှာ “ဒွိနာဋီကာ” မြန်မာပြည်မှာ ရှေးက အသိအမှတ်ပြုလာခဲ့သည့် သက္ကတနာရီအားဖြင့် ၂-နာရီခန့်မှစပြီး ပေါ်တယ်လို့ သိရပါတယ်၊

ရှေးက မြန်မာပြည်မှာ အသိအမှတ်ပြုခဲ့တဲ့ အဲဒီ သက္ကတနာရီတွေဟာ နေ့ပိုင်း ၃၀၊ ညပိုင်း ၃၀- ရှိတယ်၊ ယခု မြန်မာပြည်မှာ အသိအအမှတ်ပြုနေကြတဲ့ အင်္ဂလန် နာရီတွေကတော့ နေ့ပိုင်း ၁၂-နာရီ၊ ညပိုင်း ၁၂-နာရီ ရှိတယ်၊ ဒါကြောင့် ရှေးက မြန်မာ ၂-နာရီ အချိန်ဟာ ယခု နာရီအရအား ဖြင့် ၄၈-မိနစ် ဖြစ်ပါတယ်၊

ဒါကြောင့် နေမထွက်ခင် အရုဏ်စတက်သည့်အချိန်ကို ရှေးက မြန်မာ နာရီ ၂-နာရီ ဆိုတော့ ယခု မြန်မာနာရီအားဖြင့် ၄၈-မိနစ် ဖြစ်ပါတယ်၊ ဒါပေမယ့် အရုဏ်တက်ချိန်ကို ၄၈-မိနစ်မှ ၄၅-မိနစ် အချိန်ကို အရုဏ်တက်ချိန် အနေဖြင့် အတည်ပြု၍ ဆွမ်း စသည်ကို အကပ်ခံပြီး စားသုံးယင် အာပတ် အပြစ် မသင့်မှာ ပိုပြီး သေချာပါတယ်၊ မိနစ် ၄၈-ခန့်မှာ ဆွမ်းစသည် အကပ်ခံပြီး စားသုံးယင်တော့ သာပြီး သင့်လျော်တယ်လို့ ဘုရား တပည့်တော်က အသိအမှတ် ပြုထားပါတယ်။

နေ့စဉ် နေထွက်တဲ့အချိန်ကိုတော့ အင်္ဂလိပ် ဇန်နဝါရီလမှ ဒီဇင်္ဘာလတိုင်အောင် လ-ရက်များမှာ ဖော်ပြ ထားတာ ရှိပါတယ်၊ အဲဒီလတွေ, ရက်တွေကတော့ နှစ်စဉ် နှစ်တိုင်း ရက်တွေမှာ နေထွက်ချိန်ဟာ တူညီတာကပဲ များပါတယ်၊ နှစ်ဟောင်း ရက်နှင့် နှစ်သစ်ရက်မှာ တခါတရံ ကွဲပြားသော်လဲ တမိနစ် နှစ်မိနစ် လောက်သာ ကွဲပြားပါတယ်၊ ဒါကြောင့် အဲဒီ အင်္ဂလိပ်ရက်များ နေထွက်ချိန်ကိုသာ အလေးပြုပြီး အရုဏ်တက်ချိန် ကို အသိအမှတ်ပြုရန် သင့်လျော်ပါတယ်

မြန်မာ လ, ရက် တွေကတော့ တနှစ်မှာ ၁၁-ရက်လောက် လျော့လျော့နေတဲ့ အတွက် ၃ -နှစ်ဆိုယင် တလ လျော့နေသောကြောင့် ဝါထပ်ထား ရပါတယ်၊ ဒါကြောင့် ၃-နှစ်အတွင်းမှာ ပထမနှစ်က လများနှင့် ဒုတိယ တတိယနှစ်က လများ ရက်တွေမှာ နေထွက်ပုံချင်း ကွဲပြားနေပါတယ်၊

ဒုတိယနှစ်က လ, ရက်များနှင့် တတိယ နှစ်က လ, ရက်များမှာလဲ နေထွက်ချိန် မတူပဲ ကွဲပြားနေပါတယ်၊ ၃-ကြိမ်လောက် ဝါထပ်ပြီးတဲ့အခါ ၂-နှစ် လောက်မျှဖြင့် ရက် ၃၀-မျှ လျော့နေသောကြောင့် ဝါထပ်ရတာလဲ ရှိတယ်၊ ဒီလို ဝါထပ်ရတာကို ဆင်ခြင်ကြည့်လျှင် ဝါထပ်ပြီး နောက် ၂-လ, ၃-လ စသည်မှာ နေထွက်ချိန် ၁-ရက်, ၂-ရက်, စသည် နောက်ကျနေကြောင်း ထင်ရှားသိနိုင်ပါတယ်၊

သို့ဖြစ်၍ ရက်အပြောင်းအလဲ အလွန်နည်းသော အင်္ဂလိပ် လရက်များ၌ ပြထားတဲ့ နေထွက်ချိန် နာရီ မိနစ်များကိုသာ အထူးသတိပြုပြီးတော့ နေမထွက်မီ ၄၈-မိနစ်ထက် စော၍ အရုဏ်မတက်ဟု သိမှတ်သင့်ပါတယ်၊ နေမထွက်မီ ၄၅-မိနစ် စသည်ကျမှ အရုဏ်တက်သည်ဟု မှတ်ယူ၍ စားသုံးလျှင် သာ၍ သင့်လျော်ပါသည်မိနစ် ၄၈-ကျမှဆိုလျှင် အသင့်လျော်ဆုံးပါပဲ

ယခုအခါမြန်မာပြည် ဒိုင်ယာရီမှတ်တမ်းတွင် နေထွက်ချိန်ကို ဖော်ပြထားသည်မှာ မြန်မာပြည် အလယ်ပိုင်းနှင့်သာ အတိအကျဖြစ်တယ်၊ မြန်မာပြည်အလယ်မှ အရှေ့ ဘက်ဖျားမှာ မိုင်တရာ, နှစ်ရာစသည် ကွာခြားတယ်၊ အနောက်ပိုင်းမှာ အလယ်ပိုင်း ထက် ငါးမိနစ်, ဆယ်မိနစ် စသည် နောက်ကျပါတယ်၊

အလယ်ပိုင်းနှင့် မြောက်ပိုင်းမှာ နွေရာသီ၌ နေထွက်ချိန် အနည်းငယ် စောတတ်သည်၊ တောင်ပိုင်းမှာ အနည်းငယ် နောက်ကျတတ်သည်၊ ဆောင်းရာသီ မှာတော့ တောင်ပိုင်းမှာ နေထွက်ချိန် အနည်းငယ်စော၍ မြောက်ပိုင်းမှာ အနည်းငယ် နောက်ကျတတ်ပါတယ်၊ အဲဒါလဲ အထူးသတိပြု၍ စဉ်းစားသင့်ပါတယ်

ဘုရားတပည့်တော်ဟာ တရားအားထုတ်ရန်အတွက် ၁၂၉၃-ခုနှစ် ပြာသို လပြည့်ကျော် ၇-ရက်က မော်လမြိုင် တောင်ဝိုင်းကလေးမှ ထွက်လာခဲ့ပါတယ်၊ မြို့ရွာ ဌာနပေါင်း ၁၀-လောက်မှာ နေထိုင်စုံစမ်းခဲ့ပြီးတော့မှ သထုံမြို့ ဇေတဝန် ဆရာတော်ဘုရားကြီး ထံမှာစပြီး တရားအားထုတ်လာခဲ့ပါတယ်၊

အဲဒီဌာန မရောက်သေးခင်က ပြာသိုလထဲမှာ ကျိုက်ထိုမြို့မှ ကျိုက်ထီးရိုးစေတီကို တညလောက်နေပြီး ပူဇော်ကန်တော့ခဲ့ပါတယ်၊ အဲဒီအခါတုန်းက နံနက် ၃-နာရီ အချိန်မှာ အဲဒီဌာန၌ တာဝန်ဆောင်နေတဲ့ ရဟန်းတော်က “အရုဏ်တက်ပြီ ဆွမ်းခံကြွကြပါ” လို့ ကြေငြာပါတယ်၊

အဲဒီတုန်းက အင်္ဂလိပ်လအားဖြင့် ဖေဖော်ဝါရီလအတွင်းဖြစ်၍ နေထွက်ချိန်ဟာ ၆-နာရီနဲ့ ၃၆-မိနစ်နှင့် ၂၁-မိနစ်အတွင်းလောက်သာ ဖြစ်ပါလိမ့်မယ်၊ အဲဒီတော့ အရုဏ်တက်ချိန်ကလဲ အစောဆုံးမှာ ၅-နာရီနဲ့ ၄၉-မိနစ်အချိန်သာ အစောဆုံး အရုဏ်တက်ချိန် ဖြစ်သင့်ပါတယ်

ဒါကြောင့် ဘုရားတပည့်တော်ကတော့ အဲဒီတုန်းက နံနက် ၃-နာရီအချိန်မှာ အရုဏ်တက်တယ်လို့ မယုံကြည်ခဲ့ဘူး၊ ဒါပေမယ့် အဲဒီအချိန်မှာ ဆွမ်းခံ မသွား ယင်တော့ စားစရာရှိမှာ မဟုတ်ဘူးလို့ ဆင်ခြင်ပြီးတော့ အခြားရဟန်းတော်များက ဆွမ်းခံကြွသလိုပဲ တပည့်တော်ကလဲ မလွှဲသာလို့ ဆွမ်းခံကြွရပါတယ်၊ ဆွမ်းခံပြီး ရလာတဲ့ ဆွမ်းကိုတော့ အရုဏ် မတက်သေးခင် အကပ်ခံပြီးထားတာ ဖြစ်သောကြောင့် အရုဏ်မတက်ခင်သာ မဟုတ်ဘူး၊ အရုဏ်တက်ပြီးတော့လဲ ရဟန်းမှာ မစား မသုံးသင့်ဘူးလို့ ယူဆပြီးတော့ မိမိအနီးမှာရှိတဲ့ ဒကာတဦးထံမှာ စွန့်လိုက်ပါတယ်။

အဲဒီဒကာကလဲ အရုဏ်တက်တဲ့အခါမှာ စေတနာကောင်းကောင်းနဲ့ မိမိထံ ရိုသေစွာ ပြန်ကပ်လှူပါတယ်၊ အဲဒါကိုတော့ ဒကာကလှူတဲ့ ပစ္စည်းအဖြစ်နဲ့ ယူဆပြီးတော့ စားသုံးခဲ့ရပါတယ်၊ အဲဒါမျိုးကတော့ အပြစ်မရှိဘူးလို့ ဘုရားတပည့်တော်က ယုံကြည်ယူဆပါတယ်၊

အရုဏ်မတက်ခင်က အကပ်ခံထားတဲ့စားသုံးဖွယ်ကို မစွန့်ပဲနဲ့ အရုဏ်တက်တဲ့ အခါ သုံးဆောင်ယင်တော့ မအပ်စပ်ဘူးအာပတ် သင့်တယ်လို့ ယုံကြည်ယူဆပါတယ်၊ သို့ဖြစ်သောကြောင့် အဲဒီလို အရုဏ် မတက်ခင်က အကပ်ခံပြီး မစားမသုံးသင့်ဘူး ဆိုတာလဲ အသိအမှတ် ပြုထားသင့်ကြပါတယ်

အင်္ဂလိပ်ရက်ထဲမှာ ဇန်နဝါရီလ ၁၀-ရက်မှ ၂၄-ရက်အထိ ၁၅-ရက်အတွင်း၌ နေထွက်ချိန်ကို ဖော်ပြထားတာဟာ ၆-နာရီနှင့် ၃၈-မိနစ်လို့ အများအားဖြင့် တွေ့ရပါတယ်၊ အဲဒီမှာ အရုဏ်တက်ချိန်၄၈-မိနစ် စောယူလျှင် အဲဒီ ၁၅-ရက် အတွင်းမှာ ၆-နာရီမတိုင်မီက ၁၀-မိနစ်ကစပြီး အရုဏ်တက်တယ်လို့ ယူရုံပဲ၊ ၃-မိနစ် လောက်တော့ လျှော့ပြီးယူယင်တော့ သာပြီး သင့်လျော်ပ ါတယ်၊

အဲဒါဟာ နေထွက်ချိန် နောက်အကျဆုံး ရက်များ၌ အရုဏ်တက်ချိန် ယူပုံပါပဲ၊ နေထွက်ချိန် အစောဆုံးကတော့ မေလ ၂၇-ရက်မှ ဇွန်လ ၁၆-ရက်အထိ ရက်ပေါင်း ၂၁-ရက်၌ ၅-နာရီနဲ့ မိနစ် ၂၀-မှာ ဖြစ်ပါတယ်၊ အဲဒီ မေလနှင့် ဇွန်လ ၂၁-ရက်မှာ အာရုဏ်တက်ချိန် ကတော့ နေမထွက်မီ ၄၈-မိနစ်ဆိုတော့ ၅-နာရီ မတီးမီ ၂၈-မိနစ် (၄-နာရီ ၃၃-မိနစ်)အချိန် ဖြစ်ပါတယ်၊ အဲဒါကတော့ အရုဏ်တက်ချိန် အစောဆုံးပါပဲ

အဲဒီရက်များမှာလဲ ၄-နာရီ ၃၅ -မိနစ်မှာ စားသုံးဖွယ်ကို အကပ်ခံပြီး စားသုံးယင် သာပြီး သင့်လျော်ပါတယ်၊ မတ်လ ၂၅ -၂၆-၂၇-ရက်များမှာတော့ နေထွက်ချိန်ကို ၅-နာရီ ၅၉ -မိနစ်လို့ ပြထားပါတယ်၊ အောက်တိုဘာလ ၂၄-၂၅-၂၆-ရက်များမှာလဲ နေထွက်ချိန်ကို ၅-နာရီ ၅၈-မိနစ်လို့ ပြထားပါတယ်၊ အဲဒီ ၂-လမှာ အဲဒီ ရက်တွေ ကတော့ နေထွက်ချိန် အလယ်အလတ်ဖြစ်၍ အရုဏ်တက်ချိန်လဲ အလယ်အလတ် ဖြစ်တယ်လို့ အသိအမှတ် ပြုထားသင့်ပါတယ်

တခြားလတွေမှာလဲ နေထွက်နေဝင်ပုံကို သိရအောင်ဆို ပြီး ၁၉၈၁-ခုနှစ် ဒီနှစ်အတွင်း အင်္ဂလိပ် လ, ရက်များမှာ ဖော်ပြထားတဲ့ နေထွက်ချိန်, နေဝင်ချိန်ကိုလဲ အသိအမှတ်ပြုကြရအောင် စာရွက် ၂-ခုနှင့် ဖော်ပြထားစေပါတယ်

တချို့က နေမွန်းလွဲနေတဲ့ ညနေခင်း ညခင်းအချိန်မှာ လက်ဖက်ရည်တို့ မုန့်တို့ စသည်ပါဝင်သော ဖျော်ရည်တို့, လီမွန်ဘာလီရည်တို့ ဒီလို မတော်မသင့်တာတွေကို ဘေသဇ္ဇလို့ သဘောထားပြီး စားသုံးနေကြတာလဲ ရှိတတ်ပါတယ်၊ အဲဒီလို ဘေသဇ္ဇသတ္တာဟကာလိကမျိုး မဟုတ်တာတွေကို မသုံးဆောင်ပဲ ကြဉ်သင့်ပါတယ်၊ သတိပဋ္ဌာန် ကမ္မဋ္ဌာနာစရိယတွေ, သတိပဋ္ဌာန် ရှုနည်းကို အလေးပြုနေတဲ့ ရဟန်း တွေမှာတော့ အဲဒီလို မတော်မသင့်တာတွေ ကင်းနေတယ်လို့ ယုံကြည်ပါတယ်။

အသုဘဈာပနကိစ္စများနှင့်စပ်၍ အတီးအမှုတ် အကအဆို ပွဲလမ်းကျင်းပတာတွေက တော်တော်များများပင် ရှိတတ်ကြပါတယ်၊ အဲဒီလို ဟာကို ရဟန်းများမှာ မကျင်းပသင့်, မပြုသင့်, မကြည့်ရှုသင့်, နားမထောင်သင့်ပါဘူး၊ ဒါပေမယ့် ဘုန်းကြီးတဲ့ ရဟန်းတော်များ ကွယ်လွန်သွားတဲ့အခါ တပည့်ရဟန်းတော်များ ကရော, ဒကာတွေ ကရော ပွဲလမ်းသဘင်တွေ ကျင်းပပြီး ပူဇော်ပွဲတွေ ပြုလုပ်တတ်ကြပါတယ်၊

ဝိနည်းသိက္ခာပုဒ်ကို ရိုသေတဲ့သူတွေ, ဘာဝနာကို အလေးအမြတ်ပြုတဲ့ သူတွေ ကတော့ ဒီပွဲလမ်းမျိုးကို မပြုသင့်ပါဘူး၊ ကြည့်ရှု နားထောင်ရန်လဲ မသင့်ပါဘူး၊ ဒါကြောင့် အဲဒီလို ပွဲလမ်းမျိုးကို ကိုယ်တိုင်လဲ မပြုဖို့, သူများကပြုလုပ်နေရာမှာလဲ သွားမကြည့်ဖို့, အားမပေးဖို့ သတိပေးလိုက်ပါတယ်

နောက်ပြီးတော့ တခြားဌာနများက အဆင်း အသံဖမ်းယူလာတဲ့ တိပ်ခွေစသည် များဖြင့်လဲ ကမ္မဋ္ဌာန်း ရိပ်သာ ဌာနအတွင်းမှာ ဖွင့်ပြခြင်း, ကြည့်ရှုနားထောင်ခြင်း များကို မပြုမလု ပ်ကြသင့်ကြောင်း သတိပေးပါတယ်၊ မဟာစည်သတိပဋ္ဌာန် နည်းအရ အားထုတ်ထားတဲ့ ရဟန်းများကတော့ အဲဒါမျိုးတွေ မပြုလုပ်ပေဘူးလို့လဲ ယုံကြည်ပါတယ်။

နောက်တခုကတော့ သူတပါးကို ကဲ့ရဲ့အပြစ်တင်ပြီးပြောယင် အပြစ်တင် ခံရတဲ့ သူမှာ စိတ်မချမ်းမသာ ဖြစ်ပြီး ပင်ပန်းဆင်းရဲတတ်ပါတယ်၊ ဒါကြောင့် အပြစ်တင်ခြင်း မျိုးကိုလဲ မပြုလုပ်ပဲ ကြဉ်ရှောင်သင့်ပါတယ်၊ မတော်မသင့် ပြုလုပ်နေသူကို သတိပေးသင့်ယင်တော့ သူတပါးအား မပြောပြပဲ ပြောပြသင့်သူအား သာလျှင် ချိုသာစွာ ပြောပြပြီး စောင့်ရှောက်သည့် အနေဖြင့် သာသာယာယာ သတိပေးရုံ မျှသာ သတိပေးသင့်ပါတယ်၊ တရားဟောတဲ့အခါမှာလဲ အပြစ်ရှိသူ တွေကို မဖော်ပြပဲ မတော်မသင့်ပြုမှု, ပြောမှုများကိုသာ ပြောပြသင့်ပါတယ်၊ ဒါလောက် ဆိုယင် ဩဝါဒပေးရန်မှာ ပြည့်စုံလောက်ပါပြီ။

နောက်နှစ်အတွက် နှစ်ပတ်လည် ပူဇော်ပွဲကတော့ ၁၃၄၄-ခု၊ နတ်တော်လဆန်း၄-ရက် တနင်္ဂနွေနေ့ ဖြစ်ပါတယ်၊ နတ်တော်လမပြည့်မီ အစောကြီး အသိအမှတ် ပြုထားရတာက ဘာကြော င့်လဲဆိုတော့ တိပိဋကစာပြန်ပွဲ စာမေးပွဲ စပြီးကျင်းပမည့် နေ့ရက်က ဒီဇင်ဘာလ ၂၆-ရက် တနင်္ဂနွေနေ့ (နတ်တော်လဆန်း ၁၁-ရက်နေ့) ဖြစ်မှာကြောင့် အဲဒီရက်မတိုင်မီ ပြီးစီးရအောင်လို့ လမပြည့်ခင် စောစော ရက်သတ်မှတ် ထားရခြင်း ဖြစ်ပါတယ်

တိပိဋက စာပြန်ပွဲ စာမေးပွဲစပြီး ကျင်းပနေကျရက်က နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလ နောက်ဆုံး တနင်္ဂနွေနေ့ ဖြစ်ပါတယ်၊ ယခုသတ်မှတ်တဲ့ ၁၉၈၂-ခုနှစ်မှာတော့ အဲဒီ ဒီဇင်ဘာလ နောက်ဆုံး တနင်္ဂနွေနေ့က နတ်တော်လဆန်း ၁၁-ရက်နေ့ ဖြစ်သောကြောင့် အဲဒီရက်မှ ၇-ရက် ရှေ့ကျတဲ့ တနင်္ဂနွေဟာ နတ်တော်လဆန်း ၄-ရက်နေ့ ဖြစ်သောကြောင့် အဲဒီရက်ကို နှစ်ပတ်လည် ပူဇော်ပွဲနေ့အဖြစ် ကျင်းပရန် ယခုသတ်မှတ်ထားတဲ့အတိုင်း ပြောပြထားခြင်း ဖြစ်ပါတယ်

ဒါကြောင့် ၁၃၄၄-ခုနှစ်၌ အဲဒီ နှစ်ပတ်လည် ပူဇော်ပွဲအတွက် ကြွရောက်လာကြပြီး သာသနာပြုကိစ္စဆောင်ရွက်ကြမည့် အရှင်မြတ်တို့ဟာ ယခုကပင် သိမှတ်ထားပြီး ထိုရက်မတိုင်မီ စောစောပိုင်း ကတည်းက အဆင်သင့်ပြုစု စီစဉ်ထားကြဖို့ပါပဲ

ယခု ရှေ့နားပိုင်းက ပြောပြခဲ့တဲ့ ဩဝါဒ စကားတွေကတော့ သာသနာရေးနှင့် ပတ်သက်ပြီး အရှင်ဘုရားတို့ ရှေးက ဆောင်ရွက်လာကြသလို နောင်လဲ အလားတူပင် စောင့်ရှောက်ဆောင်ရွက်သွားကြဖို့ပါပဲ

သို့ဖြစ်၍ ဘုရားတပည့်တော် ယခုထပ်မံ၍ သတိပေး ပြောပြခဲ့သည့်အတိုင်း လိုက်နာကျင့်သုံး ပြုစုနိုင်ကြသဖြင့် မြတ်စွာဘုရား၏ သာသနာတော် တိုးတက် ကြီးပွားပါစေ၊ မိမိတို့လဲ ဘေးရန်အန္တရာယ် ဟူသမျှမှ ကင်းပြီးတော့ ကိုယ်စိတ်နှစ်ဖြာ အလိုရှိတိုင်း တိုးတက်ချမ်းသာကြပါစေ

သာဓု သာဓု သာဓု

ဩဝါဒဂ္ဂဟ သုပူဇ-မဟုဿဝေ မဟာယတိ၊
အန္တိမေ နိစ္ဆရိသောတိ, ဧသာ အန္တိမေ ဒေသနာ

၁၃၃၅-ခုနှစ် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် နှစ်ပတ်လည် ဩဝါဒတရားတော်

ဤဩဝါဒကထာသည် ၁၃၃၅-ခုနှစ် နတ်တော်လဆန်း ၈-ရက် (၂-၁၂-၇၃) တနင်္ဂနွေနေ့၌ ကျင်းပပြုလုပ်သော ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ် ၂၆-ကြိမ်မြောက် နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေး၌ မိန့်ကြားတော်မူ သည့် ဩဝါဒတော် ဖြစ်သည်၊ အနှစ်သာရနှင့် ပြည့်ပသည့် ဩဝါဒတော်ကို ကြည့်ရှုလိုက်နာ ကျင့်ကြံရာ၏

၁၃၃၅-ခုနှစ် နတ်တော်လဆန်း ၈-ရက် (၂-၁၂-၇၃) တနင်္ဂနွေနေ့၌ ကျင်းပ ပြုလုပ်သော ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ်၏ ၂၆-ကြိမ်မြောက် နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေးကြီး၌ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော် ဘုရားကြီး မိန့်ကြားတော်မူသည့် ဩဝါဒကထာ

ဒီကနေ့ဟာ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်ရဲ့ ၂၆-ကြိမ်မြောက် သင်းလုံးကျွတ် အစည်းအဝေးကျင်းပတဲ့ နေ့ဖြစ်တယ်၊ ဒီအစည်းအဝေးပွဲမှာ ဘုန်းကြီးက တာဝန် ဝတ္တရားအတိုင်း ဩဝါဒစကား အနည်းငယ်တော့ပြောရမှာပဲ၊ အလျင်နှစ်တွေကလဲ ဩဝါဒစကား ပြောကြားခဲ့တာ အကြိမ်ပေါင်း များပါပြီ၊

အဲဒါတွေကို ပုံနှိပ်ထားပြီးတောင် ရှိနေပါပြီ၊ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေက အဲဒီ ပြောပြီးသားဖြစ်တဲ့ ဩဝါဒစကားတွေကို ပြန်လည်ကြည့်ရှုပြီး သင့်လျော် ညီညွတ်အောင် ကျင့်သုံး ဆောင်ရွက်ကြစေလိုပါတယ်၊ ယခု တကြိမ်တော့ လိုရင်း အတိုချုပ်ပြောရမှာပဲ

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်ဟာ ဗုဒ္ဓသာသနာတော်ကို ချီးမြှောက်ထောက်ပံ့ရတာ တွေထဲမှာ ဗုဒ္ဓသာသနာတော်ကို ချီးမြှောက် ထောက်ပံ့ရတာတွေထဲမှာ ဗုဒ္ဓ သာသနာတော်ကို ချီးမြှောက်ထောက်ပံ့ရတာဟာ အကောင်းဆုံးပဲ၊ အမြတ်ဆုံးပဲ၊ ဗုဒ္ဓသာသနာတော်ဆိုတာ မြတ်စွာဘုရား၏ ဆုံးမညွှန်ကြားချက် စကားတော်, တရားတော်ပါပဲ၊

အဲဒီ ဗုဒ္ဓတရားတော်တွေကို ကြာရှည်စွာတည်တံ့အောင်, ထွန်းကားအောင်, ကြီးပွားအောင် တတ်နိုင်တဲ့ဘက်ကနေပြီး ချီးမြှောက်ရတယ်၊ ထောက်ပံ့ရတယ်၊ ပူဇော်ရတယ်၊ အဲဒါဟာ အမြတ်ဆုံး ချီးမြှောက်ထောက်ပံ့ခြင်း ပူဇော်ခြင်းပဲ။ အဲဒီလို အမြတ်ဆုံးအနေဖြင့် ချီးမြှောက် ထောက်ပံ့ရ, ပူဇော်ရအောင် ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ်က တာဝန်ယူပြီး ဆောင်ရွက်နေတယ်။

အဲဒီလို ဆောင်ရွက်နေရာမှာ ရည်ရွယ်ချက်အတိုင်း ထိထိရောက်ရောက် ချီးမြှောက် ထောက်ပံ့နိုင်အောင် သဒ္ဓါတရားရှိတဲ့ ပုဂ္ဂိုလ်တွေက မိမိတို့ အင်အားရှိသလောက် ပါဝင်လှူဒါန်းကြတယ်၊ ကူညီထောက်ပံ့ ကြတယ်၊ အဲဒီအများက ပါဝင်လှူဒါန်းကြတဲ့ ကြေးငွေဝတ္ထုများဖြင့် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ဝင် တာဝန်ဆောင် ပုဂ္ဂိုလ်များက သင့်တော်သလိုကြည့်ပြီး သုံးစွဲထောက်ပံ့ကြရတယ်၊ အဲဒီလို အများနဲ့ဆိုင်တဲ့ အလုပ်ကို လုပ်ကြရ, ဆောင်ရွက်ကြရတယ်ဆိုတာ အင်မတန် တာဝန်ကြီးပါတယ်

ပုဂ္ဂလိက ကိုယ်ပိုင်ပစ္စည်းဖြင့် လှူဒန်းထောက်ပံ့တယ်၊ သုံးစွဲတယ်ဆိုတာကတော့ ကိုယ့်သဘောအတိုင်း သုံးစွဲနိုင်, ဆောင်ရွက်နိုင်ပါတယ်၊ အကုန်အကျများတယ်၊ မကုန်သင့်ပဲနဲ့ ကုန်တယ် စသည်ဖြင့် ဘယ်သူကမှ အပြစ်တင်စရာမရှိပါဘူး၊ တာဝန်ပေါ့ပါတယ်၊ အများက လှူဒါန်းထားတဲ့ ပစ္စည်းတွေကို ကိုင်တယ် သုံးစွဲပြီးတော့ ဗုဒ္ဓသာသနာတော်ကို ထောက်ပံ့ရတာ, ဆောင်ရွက်ရတာကတော့ အင်မတန်တာဝန်ကြီးပါတယ်

အဖွဲ့ဝင် ပုဂ္ဂိုလ်တွေထဲမှာ အချိန်ကုန် လူပန်းခံပြီး ဆောင်ရွက်နေကြတဲ့ တာဝန်ဆောင် ပုဂ္ဂိုလ်တွေကို ကြည့်လိုက်ယင် သူတို့မှာ ဘာမှအခလဲ ရတာမဟုတ်ဘူး၊ ကျော်စော ကိတ္တိဖြစ်ပြီး ဘယ်လိုအကျိုးရလိမ့်မယ်လို့ လောက ဘက်ကလဲ မျှော်လင့်စရာမရှိဘူး၊ သဒ္ဓါတရား သက်သက်နဲ့ ဆောင်ရွက်နေ ကြရတယ်

“ပဋိပတ္တိ သာသနာတော်အတွက် လှူဒါန်းသူတို့မှာလဲ ကုသိုလ်ပွားကြပါစေ၊ ပဋိပတ္တိ သာသနာတော်လဲ ကြီးပွားသင့်သမျှ တိုးတက်ကြီးပွားပါစေ”လို့ ရည်ရွယ်မျှော်လင့်ပြီး အင်မတန် သန့်ရှင်းတဲ့ စေတနာတွေနဲ့ ဆောင်ရွက်နေကြရတယ်

ရဟန်းတော်များက သာသနာပြုတယ် ဆိုတာကတော့ ကိုယ့်အကျိုးလဲ ပါတန် သလောက် ပါနေပါတယ်၊ ပရိယတ္တိဘက်က စာပေကျမ်းဂန် ပို့ချနေတဲ့ ဆရာတော်တွေဆိုယင် ပရိယတ္တိသာသနာတော် အရှည်တည်တံ့ပါစေ၊ စာပေ ကျမ်းဂန်တွေကို တတ်သိနားလည်ပြီး ပဋိပတ် အကျင့်လမ်းမှန်ကိုလဲ ကျင့်နိုင်ကြ ပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ စိတ်စေတနာ သန့်ရှင်းစွာနဲ့ စာပေကျမ်းဂန်တွေကို ပို့ချပေးနေကြတယ်၊

အဲဒီလို ပို့ချပေးနေကြတဲ့အတွက် တပည့်အဆက်ဆက်တွေ စာပေကျမ်းဂန် တတ်သိပြီး ပရိယတ္တိသာသနာတော် အရှည်တည်တံ့ခြင်းအကျိုး ပြီးစီးနေတယ်၊ နောက်ပြီးတော့ အဲဒီလို စာပေကျမ်းဂန် ပို့ ချနေတဲ့အတွက် ဒကာ, ဒကာမတွေက ကြည်ညိုပြီး အဲဒီလို စာချဆရာတော်အား လှူဒါန်းပူဇော်ကြတယ်၊ ဒါကြောင့် သာသနာတော် ကြီးပွားရေးအတွက် ဆောင်ရွက်ရာ၌ ရဟန်းတော်များမှာ မိမိတို့၏ အကျိုးလဲ ဖြစ်တန်သမျှဖြစ်သွားတယ်

ပဋိပတ္တိဘက်က ဘာဝနာလုပ်ငန်းစဉ်တွေကို ဟောကြားညွှန်ပြနေတဲ့ ဆရာတော် တွေမှာဆိုယင်လဲ -

အဟော မေ ဝတ ဓမ္မံ သုနေယျံ၊
သုတွာစ ပန ဓမ္မံ အာဇာနေယျံ၊
အာဇာနိတွာစ ပန တထတ္ထာယ ပဋိပဇ္ဇေယျန္တိ

မေ - ငါ၏၊
ဓမ္မံ - ဟောသည့်တရားကို၊
သုဏေယျံ - နာကြပါကုန်မူကား၊
အဟောဝတ - ဪသာ် ကောင်းလေစွ၊
သုတွာစ - နာကြပြီး၍လည်း၊
ဓမ္မံ - တရားကို၊
အာဇာနေယျံ - သိနားလည်ကြပါကုန်မူကား၊
အဟောဝတ - ဪ ကောင်းလေစွ၊
အာဇာနိတွာစ - သိနားလည်ကြကုန်ပြီး၍လည်း၊
တထတ္ထာယ - ထိုတရားတော်၌ ပြဆိုထားသည့်အတိုင်းဖြစ်၍ ပြည့်စုံအောင်၊
ပဋိပဇ္ဇေယျံ - ကျင့်ကြံအားထုတ်ကြပါကုန်မူ၊
အဟောဝတ - ဪသာ်ကောင်းလေစွ၊
ဣတိ - ဤသို့ရည်ရွယ်၍ ဟောရမယ်-လို့

မြတ်စွာဘုရား ဟောကြားတော် မူသည့်အတိုင်း မိမိဟောတဲ့တရားကို နာကြားပြီး သိနားလည်ကြပါစေ၊ သိနားလည်ပြီးတော့ မြတ်စွာဘုရား ၏ အလိုတော်အတိုင်း ဓမ္မာနုဓမ္မပဋိပတ်ဆိုတဲ့ သမထဝိပဿနာအကျင့်ကို ကျင့်နိုင်ကြပါစေ၊ အဲဒီလို ထက်ထက်သန်သန် ကျင့်ပြီးတော့ ပဋိဝေဓခေါ်တဲ့ မဂ်, ဖိုလ်, နိဗ္ဗာန်တရားထူး တရားမြတ်တွေကို ရကြပါစေလို့ ရည်ရွယ်ပြီး သန့်ရှင်းစင်ကြယ်တဲ့ စေတနာနဲ့ ဟောကြားနေ, ပြနေယင် အဲဒီလို ဟောကြားညွှန်ပြနေတဲ့ အတွက် ရဟန်း, ရှင်, လူများစွာတွေဟာ ဗုဒ္ဓသာသနာဆိုတဲ့ အကျင့်လမ်းမှန်တွေကို ကျင့်ကြရတာပဲ၊

အဲဒီလို ကျင့်ပြီးတော့ သမာဓိ, ပညာတရားထူးတွေကို ပါရမီရှိသလောက် ကိုယ်တိုင် တွေ့သိမြင်ပြီး တရားအရ သာတွေကို ခံစားကြရတယ်၊ အဲဒီလို ကိုယ်တိုင် တွေ့သိမြင်ပြီးဖြစ်တဲ့ ပုဂ္ဂိုလ်ကတဆင့် ဟောပြော တိုက်တွန်းပေးခြင်းအားဖြင့် ပဋိပတ္တိ သာသနာတော်ဟာ တိုးတက်ကြီးပွားသွားတယ်၊ အဲဒါဟာ တခြားမှာ ရှာကြည့်နေစရာ မလိုဘူး၊ ဒီသာသနာ့ရိပ်သာကိုပဲ ကြည့်ပါ၊

ဒီသာသနာ့ရိပ်သာက တရားအားထုတ်ပြီး တော့ တိုးပွားသွားတဲ့ မဟာစည်ဌာနခွဲ တွေဟာ မြန်မာပြည်မှာပဲ စာရင်းရတဲ့ဌာနမတွေ နှစ်ရာ (၂၀ဝ) ကျော်ရှိတယ်၊ စာရင်းမပို့လို့ မထင်ရှားတဲ့ ဌာနတွေလဲ ဟိုအရပ် ဒီအရပ်တွေမှာ တရားဟော သွားယင် တွေ့ရတာတွေ တော်တော်များများ ရှိပါသေးတယ်၊

ယိုးဒယား, သီဟိုဠ် အစရှိတဲ့ နိုင်ငံခြားတွေမှာလဲ မဟာစည်ဩဝါဒခံဌာနတွေ များစွာရှိနေပါသေးတယ်၊ အဲဒါဟာ ပဋိပတ္တိဘက်က သာသနာတော်ကို တိုးတက် ကြီးပွားသွားတာပါပဲ၊ အဲဒီလို ကြီးပွားတိုးတက်သွားတာဟာ ဘုန်းကြီးနှင့်တကွ ကမ္မဋ္ဌာနာစရိယ ဆရာတော်တွေက ဟောကြားညွှန်ပြပေးနေလို့ပါပဲ၊

နောက်ပြီးတော့ ယခု စည်းဝေးနေကြတဲ့ ဗုဒ္ဓသာသနာနုဂ္ဂ ဟအဖွဲ့ဆိုင်ရာ ဒကာ, ဒကာမအများက ချီးမြှောက်ထောက်ပံ့ အားပေးနေတဲ့ အကြောင်းကြောင့်လဲ ဖြစ်တယ်၊ ဒါကြောင့် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ဆိုင်ရာ ဒကာ, ဒကာမတွေမှာ ဒီလို ပဋိပတ္တိ သာသနာတော် တိုးတက်ကြီးပွားတာကို အကြောင်းပြုပြီး ဝမ်းမြောက်စရာ ဂုဏ်ယူစရာလဲဖြစ်တယ်

နောက်ပြီးတော့ ကမ္မဋ္ဌာ န်းဆရာတော်များမှာ ဒကာ, ဒကာမများစွာတို့၏ ရိုသေ လေးစားခြင်းကို, လှူဒါန်းပူဇော်ခြင်းကိုလဲများစွာပင် ရရှိနေကြပါတယ်၊ ဒါကြောင့် ပဋိပတ္တိသာသနာပြုရာမှာ ရဟန်းတော်များဟာ မိမိတို့၏ လောကီအကျိုးတွေကိုလဲ ရရှိနေကြပါတယ်၊ သာသနာတော် အကျိုးရော ပြီးတယ်ဆိုတော့ အားထုတ်စရာ ကောင်းတာပေါ့။

လူဒကာ, ဒကာမများမှာတော့ ဒီလို သာသနာပြုအဖွဲ့အသင်းတွေထဲ ဝင်ပြီး ဆောင်ရွက်ရတာဟာ သာသနာတော်အကျိုးနဲ့ ကုသိုလ်ရရုံလောက်ပဲ၊ လောက ဘက်ကတော့ ယခုနေအချိန်မှာ အကျိုးကျေးဇူး သိပ်မရှိပါဘူး၊ ဥက္ကဋ္ဌ, အတွင်းရေးမှူး စသည်ဖြင့် နာမည်ရရုံလောက်ပဲ ရှိပါတယ်၊ ဆောင်ရွက်ရတဲ့ တာဝန်ကတော့ မသေးလှပါဘူး

စားဝတ်နေရေးအတွက် ဆောင်ရွက်စရာ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကလဲ ရှိနေတယ်၊ ရပ်ရေးရွာရေး အစရှိတဲ့ မလွှဲမကင်းသာ ဆောင်ရွက်စရာတွေလဲ ရှိနေတယ်၊ အဲဒီလို ကိစ္စတွေ များစွာရှိနေတဲ့အထဲမှ တချို့က နေ့စဉ်ပင် ဒီ ရိပ်သာလာပြီး ဆောင်ရွက်နေကြတယ်၊ တချို့က နေ့စဉ်လိုလိုပင် လာပြီး ဆောင်ရွက်နေကြတယ်၊ အဲဒီလို ဆောင်ရွက်ရတာဟာ အင်မတန် ဝန်လေးပါတယ်

ဆောင်ရွက်ရာမှာလဲ အများနဲ့စပ်ဆိုင်တဲ့ပစ္စည်းကို ကိုင်တွယ်သုံးစွဲ ရတာဟာ ဝန်လေးပါတယ်၊ မိမိအမြင်အားဖြင့် အကောင်းဆုံးအနေနဲ့ ဆောင်ရွက်ပေမယ့် အများသဘောကျဖြစ်ဖို့ ခဲယဉ်းပါတယ်၊ အများသဘောကျ မဖြစ် ယင် အပြစ်ဆိုတာ ပြောတတ်ကြတာပဲ၊ ပြောသင့်လို့ ပြောတာလဲရှိမယ်၊

မပြောသင့်ပဲနဲ့ ပြောတာလဲရှိမယ်၊ အဲဒီလို အပြောခံရတာလဲ တနည်းအားဖြင့် ဂုဏ်ယူစရာပါပဲ၊ ဘာကြောင့်လဲဆိုယင် တကယ် အလုပ်လုပ်တဲ့သူဟာ အပြော ခံရတယ်၊ ဘာမှမလုပ်ပဲ အလကား နေတဲ့သူမှာ အဲဒီလို အပြောကိုမခံရဘူး၊ ဒါကြောင့်ပါပဲ၊ ဒါပေမယ့် အနဝဇ္ဇာနိ ကမ္မာနိ - အပြစ်ကင်းတဲ့ လုပ်ကိုင်မှု ရှိစေရမယ် ဆိုတဲ့ မင်္ဂလာတရားတော်နှင့်အညီ အပြစ်ကင်းအောင် အထူးသတိပြုပြီး ဆောင်ရွက်ကြဖို့တော့ လိုပါတယ်

အပြစ်ကင်းအောင် ဆောင်ရွက်တာကိုတော့ အားလုံးသိကြပြီး ဖြစ်ပါလိမ့်မယ်၊ အဖွဲ့၏ စည်းမျဉ်း ဥပဒေနှင့်အညီ ဆောင်ရွက်ကြဖို့ပါပဲ၊ မည်ရွေ့ မည်မျှအထိ တဦးတယောက် ၏ သဘောနဲ့ ဆောင်ရွက်နိုင်တယ် စသည်ဖြင့် တဦးတယောက် တည်းအတွက် ခွင့်ပြုထားတာလဲ ရှိပါလိမ့်မယ်၊ အဲဒီလို ခွင့်ပြုထားတဲ့ကိစ္စကိုတော့ တဦးတယောက် သဘောနဲ့ ဆောင်ရွက်ယင်လဲ အပြစ်ကင်းမှာပါပဲ၊

အဲဒီလို တဦးတယောက်ကို ခွင့်ပြုမထားတဲ့ ကိစ္စများကိုတော့ အစည်းအဝေး ကျင်းပပြီး အများဆန္ဒကို ယူပြီးမှ အများသဘောအရ ဆောင်ရွက်သင့်ပါတယ်၊ အဲဒါကတော့ မှားသွားတောင် ဘယ်သူကမှ အပြစ်မပြောနိုင်ပါဘူး၊ အဲဒါဟာ အများက သိထားပြီး ဖြစ်တဲ့အတိုင်း အနဝဇ္ဇာနိ ကမ္မာနိ - ဆိုတဲ့ မင်္ဂလသုတ်နှင့်အညီ အပြစ်ကင်းအောင် ဆောင်ရွက်ပုံပါပဲ

စေတနာကောင်းနဲ့ အပြစ်ကင်းအောင် ဆောင်ရွက်နေရာမှာလဲ အပြစ်ပြောတဲ့သူ ကတော့ ရှိတတ်သေးတာပဲ၊ အဲဒီလို အပြောခံရယင် နာယကဂုဏ် ၆-ပါးထဲက ခမာ - သည်းခံခြင်းဆိုတဲ့ ဂုဏ်နှင့်အညီ သည်းခံပြီးတော့ ရှင်းတန်တာ ရှင်းလင်းပြရမယ်၊ ဆောင်လဲဆောင်ရွက်ရသေးရဲ့, အပြစ်တင်လဲ ခံရသေးရဲ့လို့ဆိုပြီး စိတ်ပျက်နေ လို့တော့ မဖြစ်ဘူး၊ စိတ်ပျက်ပြီး ဆောင်ရွက်နေကျ ပုဂ္ဂိုလ်က မဆောင်ရွက်ယင် အပြစ်ပြောတဲ့ ပုဂ္ဂိုလ်ကလဲ ဆောင်ရွက်ရန် စွမ်းနိုင်ချင်မှ စွမ်းနိုင်မယ်၊

ကိုယ်ကမစွမ်းနိုင်ပဲနဲ့ သူများဆောင်ရွက်နေတာကို အပြစ်ပြောရုံ ပြောနေတာကလဲ မသင့်တော်ဘူး၊ အကယ်၍ ပြောစရာ ရှိယင်လဲ သတိပေးတဲ့အနေနဲ့ နူးနူးညံ့ညံ့ ချိုချိုသာသာ ပြောဆိုတတ်ဖို့ လိုပါတယ်၊ သာသနာရေးဆိုတာ စီးပွားရေးလဲ မဟုတ်ဘူး၊ နိုင်ငံရေးလဲ မဟုတ်ဘူး၊ ဒါကြောင့် ပြောတဲ့အခါ ချိုချိုသာသာ ပြောဖို့လိုပါတယ်၊

မိမိပြောလိုက်တဲ့အတိုင်း မဖြစ်ရမည်လားဆိုပြီး ဒေါသ ထွက်နေရန်လဲ မသင့်ပါဘူး၊ ပြောသင့်တာကို သတိပေးပြောခြင်းဖြင့် မိမိတာဝန် ကျေပွန်ပြီးလို့ သဘောထားပြီး စိတ်ကြည်ကြည်လင်လင်ရှိဖို့ လိုပါတယ်၊ သတိပေးခံရတဲ့ ပုဂ္ဂိုလ်ကလဲ စဉ်းစား ဆင်ခြင်ပြီး ပြုပြင်သင့်တာကို ပြုပြင်ပြီး ဆောင်ရွက်သွားဖို့ လိုပါတယ်၊ အဲဒီလို သတိပေးတဲ့ ပုဂ္ဂိုလ်ရော, ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်ရော နှစ်ဦးလုံးက တာဝန်ဝတ္တရား ကျေပွန်စွာ ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်သွားကြဖို့ လိုပါတယ်၊ အဲဒီလို ဆောင်ရွက်သွားယင် သာသနာတော်အတွက် အကျိုးများသွားပါလိမ့်မယ်

နောက်ပြီးတော့ ဇာဂရိယ - နိုးကြားခြင်းတဲ့၊ ကိုယ့်တာဝန် ကျေပွန်အောင် ဆောင်ရွက်ဖို့ရာ နိုးနိုး ကြားကြား ရှိဖို့ပါပဲ၊ နောက်ပြီးတော့ မိမိတာဝန်ကို တက်တက်ကြွကြွနဲ့ ပြီးစီးပြည့်စုံအောင်ဆောင်ရွက်သွားဖို့ပါပဲသံဝိဘာဂ -ပေးကမ်းခြင်း ဆိုတာကတော့ သိပ်မလိုလှပါဘူး၊

အလုပ်ကိစ္စကို ဆောင်ရွက်ကြတဲ့သူတွေအား ပေးသင့်တာ ပြည့်ပြည့်စုံစုံပေးဖို့ လောက်ပဲလိုပါတယ်ဒယာ -သနားကြင်နာ မေတ္တာပြုခြင်းတဲ့၊ ဒါကတော့လိုပါတယ်၊ အဖွဲ့ကိစ္စကို ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်အချင်းချင်း ချမ်းသာကြပါစေဆိုတဲ့ မေတ္တာ မနောကံ ရှိနေဖို့လိုပါတယ်၊ ဘယ်သူ့အပြစ်ကို ဘယ်သူ့ထံ သွားပြောမယ်ဆိုတဲ့ ဒေါသစိတ်ကူးမျိုး ကင်းရှင်းစေရမယ်

ပြောစရာရှိတဲ့အခါလဲ ခုတင်က ညွှန်ကြားခဲ့တဲ့အတိုင်း မေတ္တာဝစီကံဖြင့် ချိုချို သာသာနဲ့ ပြောရမယ်။ ကူညီပြီး ဆောင်ရွက်စရာရှိယင်လဲ မေတ္တာကာယကံဖြင့် စွမ်းနိုင်သမျှ ကူညီဆောင်ရွက်ရမယ်၊ သာသနာ့ရိပ်သာရှိ ရဟန်း, ရှင်, လူ ယောဂီ တွေအတွက် ဆောင်ရွက်နေကြရတာကတော့ မေတ္တာကာယကံ, မေတ္တာဝစီကံ, မေတ္တာ မနောကံတွေချည်းပါပဲ

နောက်ပြီးတော့ ဣက္ခဏာ - အမြော်အမြင် ဉာဏ်ပညာရှိရမယ်တဲ့၊ ဒါကလဲ အရေးကြီးတာပဲ၊ ဘယ်လို ဆောင်ရွက်သင့်တယ်၊ ဘယ်လိုဆောင်ရွက်ယင် ဘယ်လိုအကျိုးများမယ် စသည်ဖြင့် ဉာဏ်ဖြင့် မြော်မြင်ပြီး ဆောင်ရွက်သွားကြဖို့ပါပဲ
ယခုပြောခဲ့တာတွေဟာ နာယကဂုဏ် ၆-ပါးပဲ၊ အဲဒါတွေကို အလျင်နှစ်များကလဲ ပြောခဲ့ပြီးပါပြီ။

အခု အပရိဟာနိယတရား ၇-ပါးထဲက သက်ဆိုင်တဲ့ အပရိဟာနိယ မဆုတ်ယုတ် ရေးတရားများကို ပြောရဦးမယ်၊ လိစ္ဆဝီမင်းတွေ အကြောင်းပြုပြီး ဟောထားတဲ့ အပရိဟာနိယတရားထဲကပါပဲ၊ အဘိဏှ သန္နိပါတာ သန္နိပါတဗဟုလာ - မကြာမကြာ စည်းဝေးတိုင်ပင်ရမယ်စည်းဝေးတိုင်ပင်ခြင်း များစေရမယ်တဲ့၊ အဲဒီလို မကြာမကြာ စည်းဝေးတိုင်ပင်ယင် ဆောင်ရွက်စရာတွေလဲ ပေါ်လာမယ်၊

အချင်းချင်း အကြံဉာဏ်ပေးတာတွေလဲ ရှိမယ်၊ အများသဘောတူ ဆုံးဖြတ်တာ ဝန်ပေးနိုင်တယ်၊ တာဝန်ကျတဲ့ ပုဂ္ဂိုလ်ကလဲ ပေးတဲ့တာဝန်ကိုယူပြီး ဆောင်ရွက် နိုင်တယ်၊ အဲဒီလို ဆောင်ရွက်ခြင်းဖြင့် ဝုဍ္ဎိယေဝ ပါဋိကင်္ခါ နောပရိဟာနိ-ဆုတ်ယုတ်ခြင်း မရှိပဲ ကြီးပွားတိုးတက်ခြင်းသာ ရှိမယ်လို့ ဧကန် မျှော်လင့်ရ ပါပါတယ်တဲ့။

အဲဒီလို စည်းဝေးတဲ့အခါ သမဂ္ဂါ သန္နိပတန္တိ - အညီအညွတ် စည်းဝေးကြရမယ်သမဂ္ဂါ ဝုဋ္ဌဟန္တိ -အညီအညွတ် အစည်းအဝေးမှ ထကြရမယ်တဲ့၊ တချို့က စောစောရောက်ပြီး ဆွေးနွေးနေယင် နောက်မှရောက်လာတဲ့ သူတွေက သံသယ ရှိနေမယ်၊ သူများထသွားကြပြီးတဲ့နောက် ဆွေးနွေးနေကြယင်လဲ ထသွားတဲ့ သူတွေက သံသယ ရှိနေမယ်၊

ဒါကြောင့် အညီအညွတ်စည်းဝေးဖို့, အစည်းအဝေးမှ အညီအညွတ်အဖို့ ညွှန်ကြား ထားခြင်းဖြစ်ပါတယ်၊ ယခု သာသနာရေး ကိစ္စအရာမှာတော့ ဒါက သိပ်အရေး မကြီးလှပါဘူး၊ အစည်းအဝေး ရှိတဲ့အခါ အချိန်မီ မပျက်မကွက်ပဲ လာရောက်ဖို့ လောက်သာ လိုပါတယ်၊ နောက်ပြီးတော့ သမဂ္ဂါဝဇ္ဇိကရဏီယာနိ ကရောန္တိ -ဝဇ္ဇိမင်းတို့ ပြုသင့်တဲ့ကိစ္စတွေတဲ့၊ ယခုဒီမှာတော့ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ဝင်တွေ ပြုသင့်တဲ့ ကိစ္စတွေလို့ ဆိုရမှာပေါ့၊

အဲဒီကိစ္စတွေကို အညီအညွတ်ဆောင်ရွက်ကြရမယ်တဲ့၊ အမှုဆောင် အဖွဲ့ဝင်တွေက ၁၅-ယောက်ရှိတယ်၊ သုံးလေးယောက်လောက်သာ ဆောင်ရွက်နေတယ်ဆိုယင် ထောင့်မစေ့နိုင်ဘူး၊ ဒါကြောင့် ၁၅-ယောက်လုံး အသီးအသီး ကိုယ်နိုင်ရာ တာဝန်ယူပြီး ဆောင်ရွက်ကြဖို့ပါပဲ၊ အဖွဲ့ဝင်ဆိုတဲ့ အမည်ယူထားယင် အဖွဲ့၏တာဝန်ကို ဆောင်ရွက်ဖို့ တာဝန်ရှိနေပါတယ်၊ အဲဒီတာဝန်ကို ဆောင်ရွက်ဖို့ပါပဲ၊

အာဂတော ဘာရော အဝဿံ ဝဟိတဗ္ဗောရောက်လာတဲ့ တာဝန်ကို မချွတ်ဧကန် ဆောင်ရွက်ရလိမ့်မယ်လို့ ဆိုထားပါတယ်၊ ဒါကြောင့် မိမိနဲ့ထိုက်တန်တဲ့ မိမိ ဆောင်ရွက်နိုင်တဲ့ တာဝန်ကို အသီးအသီးယူပြီး ကျေပွန်အောင် ဆောင်ရွက်သွား ကြဖို့ပါပဲ၊ လူစေ့တက်စေ့ ဆိုသလို အဖွဲ့ဝင်တိုင်း ကိုယ်စီကိုယ်င ဆောင်ရွက် သွားကြဖို့ ထပ်မံသတိပေးပါတယ်

အဲဒီလို အညီအညွတ် ဆောင်ရွက်သွားကြလို့ ရှိယင် ဆုတ်ယုတ်ဖွယ်မရှိဘူးတိုးတက်ကြီးပွားဖွယ်သာ ရှိပါတယ်၊ မေတ္တာဝစီကံဖြင့် ချိုသာစွာ သတိပေးစကား ပြောကြားရမယ်၊ ဆရာလုပ်သည့်အနေနဲ့, မာန်မဲသည့်အနေနဲ့ ပြောရန်တော့ မသင့်ဘူး၊ အပြောခံရတဲ့ ပုဂ္ဂိုလ်ကလဲ စဉ်းစားဆင်ခြင်ပြီး လစ်လပ် နေတဲ့ ကိစ္စတွေကို ပြည့်စုံအောင် အထူးသတိပြုပြီး ဆောင်ရွက်သွားရမယ်

အဲဒီအတိုင်း ဆောင်ရွက်သွားကြယင် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ကြီးဟာ တိုးတက် သည်ထက် တိုးတက်သွားမှာ ဧကန်ပါပဲ၊ ယခုလဲ တိုးတက်နေပါတယ်၊ တနှစ်ထက်တနှစ် ထူးထူးခြားခြား တိုးတက်နေပါတယ်၊ ယခုပြောခဲ့တဲ့ ဩဝါဒ အတိုင်း ပြည့်ပြည့်စုံစုံ ဆောင်ရွက် သွားနိုင်ကြယင်တော့ တိုင်းထက်အလွန် တိုးတက် သွားပါလိမ့်မယ်

ဘုန်းကြီးတို့ ဟောပြောညွှန်ပြနေတဲ့ ပဋိပတ္တိသာသနာတော်ဟာလဲ ယခုတိုးတက် နေတာထက် ထူးထူးခြားခြားကြီး တိုးတက်လာပါလိမ့်မယ်

အဲဒီလို ဗုဒ္ဓသာသန ာနုဂ္ဂဟအဖွဲ့ရော, ပဋိပတ္တိသာသနာတော်ရော တိုးတက် သည်ထက် အထူးတိုးတက် ကြီးပွားသွားအောင် အဖွဲ့ဝင်တိုင်း အသီးအသီး တာဝန်ယူ၍ ကိုယ်စီကိုယ်င ရွက်ဆောင်နိုင်ကြပါစေအပြစ်ကင်းအောင်လဲ ရွက်ဆောင်နိုင်ကြပါစေ၊ အချင်းချင်း ချိုချိုသာသာ သတိပေးစကား ပြောကြားလျက် အကြံဉာဏ်ပေး၍ ပြုပြင် သင့်တာကိုလဲ ပြုပြင်ကြ၍ အညီအညွတ် ဆောင်ရွက်နိုင် ကြပါစေ၊ ဤသို့ ဆောင်ရွက်ခြင်းဖြင့် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ရော, မြတ်စွာဘုရား၏ သာသနာတော်ရော တိုးတက်သည်ထက် တိုးတက်ကြီးပွားပါစေ သတည်း

မဟာစည် ထေရပုင်္ဂဝေါ, မဟာဉာဏိ မဟာသုဓီ၊
မဟေသိစက္ကဝုဒ္ဓိယာ, သတတံ ကိစ္စကာရကော

၁၃၃၇-ခုနှစ် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် နှစ်ပတ်လည် ဩဝါဒတရားတော်

ဤဩဝါဒတရားတော်ကို ၁၃၃၇-ခုနှစ် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် နှစ်ပတ်လည် အစည်းအဝေး၌ ဆရာတော်ဘုရားကြီး ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ဝင်များ လိုက်နာရန် မိန့်ကြားတော်မူခြင်း ဖြစ်သည်၊ တကယ်တော့ ကျောင်းဂေါပကဝင်တိုင်း, စေတီပုထိုး ဂေါပကဝင်တိုင်း, ရပ်ရွာနယ်ပယ် အကြီးအကဲတိုင်း လိုက်နာရမည်ဖြစ်ရာ လွန်စွာ တန်ဖိုးကြီးလှ၏၊ သို့ဖြစ်၍ အပြည့်အစုံ မူရင်းအတိုင်း ဖော်ပြအပ်ပါသည်

၁၃၃၇-ခုနှစ် ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ် နှစ်ပတ်လည် အစည်းအဝေးပွဲ၌ အဂ္ဂမဟာပဏ္ဍိတ ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော ဩဝါဒတရားတော်

ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရိံ
ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ
ဧသာနိသံသော ဓမ္မေ သုစိဏ္ဏေ,
န ဒုဂ္ဂတိံ ဂစ္ဆတိ ဓမ္မစာရီ

ဓမ္မော - ကိုယ်ကျင့်တရားသည်၊
ဓမ္မစာရိံ - တရားကို ကျင့်သောသူကို၊
ဟဝေ - စင်စစ်၊
ရက္ခတိ - စောင့်ရှောက်တတ်၏၊

ကိုယ်ကျင့်တရားက မိမိကိုကျင့်နေတဲ့ ပုဂ္ဂိုလ်ကို စောင့်ရှောက်တယ်၊ မကျင့်တဲ့ ပုဂ္ဂိုလ်ကိုတော့ မစောင့်ရှောက်ဘူး၊ ကျင့်တဲ့ပုဂ္ဂိုလ်မှ စောင့်ရှောက်တယ်။

သုစိဏ္ဏော - ကောင်းစွာကျင့်အပ်သော၊
ဓမ္မော - တရားသည်၊
သုခံ - ချမ်းသာကို၊
အာဝဟတိ - ဆောင်ပေးတတ်၏၊

အဲဒီကိုယ်ကျင့်တရားဟာ ကောင်းကောင်းကျင့်လို့ရှိယင် အဲဒီကောင်းကောင်းကျင့်တဲ့ ပုဂ္ဂိုလ်အား ချမ်းသာကို ဆောင်ပေးတတ်တယ်။

ဓမ္မစာရီ - တရားကိုကျင့်သုံးသောပုဂ္ဂိုလ်သည်၊
ဒုဂ္ဂတိံ - မကောင်းသောဂတိ ဆင်းရဲသောဂတိသို့၊
န ဂစ္ဆတိ - မရောက်ရ၊

တရားကျင့်တဲ့ ပုဂ္ဂိုလ်ဟာ ဒုဂ္ဂတိ မကောင်းသောဂတိ မကောင်းသော ဘဝများ မရောက်ရဘူးတဲ့၊

ဧသ - ဤအကျိုးသည်၊
ဓမ္မေသုစိဏ္ဏေ - ကောင်းစွာကျင့်အပ်သော ကိုယ်ကျင့်တရား၌၊
ဝါ - ကိုယ်ကျင့်တရား၏၊
အာနိသံသော - အကျိုးပေတည်း။

ကိုယ်ကျင့်တရားဆိုတာ သီလ, သမာဓိ, ပညာ ဒါတွေပါပဲ၊ ကောင်းသောအမှုတွေ ပြုကျင့်တာဟာ ကိုယ်ကျင့်တရားတွေပါပဲ၊ ကောင်းသောအမှုတွေ ပြုကျင့်နေလို့ ရှိယင် အဲဒီ ကောင်းသောအမှု ကိုယ်ကျင့်တရားက ကျင့်တဲ့ပုဂ္ဂိုလ်ကို စောင့်ရှောက်တယ်၊ ကျင့်တဲ့ ပုဂ္ဂိုလ်အား အလိုရှိအပ်တဲ့ ချမ်းသာကို ရစေတယ်၊ ဒုဂ္ဂတိ ဘဝများသို့ မကျရောက်စေတတ်ဘူး၊ ဒုဂ္ဂတိဘဝများတွေမှာ မကျရောက် အောင်လဲ ကာကွယ်ပေးတယ်၊ အဲဒါဟာ ကောင်းစွာကျင့်အပ်တဲ့ ကိုယ်ကျင့်တရားရဲ့ အကျိုးပဲ၊

အဲ ကောင်းသောကိုယ်ကျင့်တရားဟာ အရေးကြီး ပါတယ်၊ အခါတိုင်းမှာတော့ ဒီမှာ သီလယူတဲ့ပရိသတ် နည်းနည်းပါပဲ၊ ကနေ့တော့ ဒီမှာ အဖွဲ့ရဲ့ နှစ်ပတ်လည် အစည်းအဝေးလဲလုပ်တော့ ပရိသတ်က အခါတိုင်းထက်များတယ်။ နှစ်ပတ်လည် အစည်းအဝေးဖြစ်တဲ့အတွက် ဘုန်းကြီးက အခါတိုင်း အခါတိုင်း ပြောနေကျစကားကို ပြောရလိမ့်မယ်၊

အခါတိုင်းလဲ ပြောနေကျပါပဲ၊ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ဆိုတာ ဗုဒ္ဓသာသနာကို ချီးမြှောက်ဖို့ရာ ဖွဲ့စည်းထားတဲ့ အဖွဲ့ပါပဲ၊ ပထမအစတုန်းကတော့ ဆာဦးသွင်က စပြီးတော့ ဆောင်ရွက်ပါတယ်။

ဆာဦးသွင် မရှိတဲ့နောက်ပိုင်းမှာတော့ ဆိုင်ရာ ဆိုင်ရာ စပ်ရာစပ်ရာ ပုဂ္ဂိုလ်တွေ ဆောင်ရွက်ပြီးတော့ လာကြတယ်၊ အရေးကြီးတာကတော့ အညီအညွတ် ဆောင်ရွက်ဖို့ရာ ကိုယ်ကျင့်တရား အရေးကြီးတယ်၊ အညီအညွတ် ဆောင်ရွက်ဖို့ သင်္ဂဟတရားဆိုတာ “ဒါန, ပီယဝါစာ, အတ္ထစရိယ, သမာနတ္တတာ” ရယ်လို့ ၄ -ပါး ရှိတယ်၊

ဒါန - ပေးကမ်းရမယ်တဲ့၊ ဒါကတော့ ဒီအဖွဲ့အတွင်းမှာ မလိုပါဘူး၊ ဒိပြင်နေရာ အပြင်ပမှာ ဆိုယင်တော့ နီးစပ်ရာ ပုဂ္ဂိုလ်တွေ ပေးကမ်းလို့ရှိယင် ရင်းနှီးပြီးတော့ စည်းလုံးညီညွတ်ရေး ဖြစ်တာပေါ့၊ ဒီအဖွဲ့အတွင်းမှာတော့ ပေးကမ်းဖို့ရာ ဒါကတော့ မလိုလှပါဘူး။

ပီယဝါစာ-တဲ့၊ အဲဒါတော့ လိုတယ်၊ ပီယဝါစာ - ချစ်ဖွယ် သာယာနာပျော်ဖွယ်ဖြစ်တဲ့ စကား ပြောတတ်ရမယ်၊ အဲဒါက အရေးကြီးတယ်၊ ဒါကတော့ နေရာတိုင်း ဘယ်မှာ မဆို အရေးကြီးတာပဲ၊ သူများ နားမခံသာတဲ့စကား ပြောလို့ရှိယင် မူလက ခင်မင်ရင်းနှီးတဲ့ ပုဂ္ဂိုလ်တောင်မှ မေတ္တာတွေပျက်ကုန်တာပဲ၊ ဒါက အင်မတန် အရေးကြီးပါတယ်၊ ငယ်တဲ့ပုဂ္ဂိုလ်ဖြစ်ဖြစ်, ကြီးတဲ့ပုဂ္ဂိုလ်ဖြစ်ဖြစ် ကိုယ်ပြောတဲ့ စကားဟာ ပီယဝါစာ ဖြစ်ရဲ့လား, မဖြစ်ဘူးလားဆိုတ ာ စဉ်းစားပြီးတော့ ပီယဝါစာ ဖြစ်အောင် ပြောဖို့ရာ အရေးကြီးပါတယ်၊ ကိုယ်ပြောချင်တိုင်း ပြောနိုင်တာပဲ အရေးမကြီးဘူးဆိုပြီးတော့ အဲဒီလိုပြောယင် စည်းရုံးရေးတွေ ပျက်တတ်တယ်၊ သင်္ဂဟတရားပျက်တယ်၊

အတ္ထစရိယာ - အကျိုးစီးပွားကို ကျင့်ရမယ်၊ အခြားသော ပုဂ္ဂိုလ်တွေမှာ ဆောင်ရွက်စရာ ရှိတဲ့အခါ ကိုယ်တတ်နိုင်လို့ရှိယင် ကိုယ်နှင့်ဖြစ်စေ, နှုတ်နှင့်ဖြစ်စေ ဆောင်ရွက်ရမယ်၊ အကူအညီ ပေးရမယ်၊ အတ္ထစရိယာ - အကျိုးစီးပွား ဆောင်ပေး ရမယ်၊ အခု ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ဆိုတာကတော့ သာသနာရေးကိစ္စ ကြီးငယ်တွေ ဆောင်ရွက်ဖို့ရာ အရေးကြီးတာပဲ၊

အဖွဲ့ထဲမှာ အမည်စာရင်းလောက်သာပါပြီး အလုပ်မလုပ်ပဲ ဒီအတိုင်းနေယင်လဲ ဒါက ဟန်မကျသေးဘူး၊ ကိုယ်တတ်နိုင်တဲ့ဘက်က နေပြီး ဆောင်ရွက်အုံးမှ ဆောင်ရွက် မှပဲ ကောင်းတယ်၊ မဆောင်ရွက်နိုင်ယင် နေရာမကျဘူး၊ သူက အရေးကြီးပါတယ်၊ အဲဒါ အခါတိုင်းလဲ ဘုန်းကြီးက ပြောနေကျပါ၊

အတ္ထစရိယ -အကျိုးစီးပွားဖြစ်တဲ့ ကိစ္စဆောင်ရွက်ရမယ်၊ ဥပမာပြုပြီး ပြောလို့ရှိယင် ဒီရိပ်သာထဲမှာ ဟိတေသီ ဆိုတာရှိတယ်၊ အများလဲ သိနေကြတာပဲ၊ အဲဒီ အဖွဲ့ခေါင်းဆောင်တွေ ဖြစ်တဲ့ ပုဂ္ဂိုလ်တွေက ညီညီညွတ်ညွတ်နဲ့ သူတို့ ဆောင်ရွက်ကြတယ်၊ လူတိုင်း လူစေ့တက်စေ့ ဆိုသလိုပဲ ဆောင်ရွက်ကြတယ်၊ ဆောင်ရွက်တာကတော့ ကောင်းပါတယ်၊ သူတို့အဖွဲ့ မှာ တိုးတက်ကြီးပွားမှုရှိတယ်

အဲဒီလို အဖွဲ့ဝင် အသင်းဝင်တွေဟာ လူတိုင်း လူတိုင်း ကိုယ့်ဆိုင်ရာ ဆိုင်ရာ တာဝန်ကို ဆောင်ရွက်ပြီးသွားလို့ရှိယင် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ရဲ့ သာသနာ ချီးမြှောက်မှု ကိစ္စဟာ တိုးတက်ကြီးပွားဖို့ ရှိပါတယ်၊ ဒီအဖွဲ့ထဲမှာ အဖွဲ့ဝင်အဖြစ်နှင့် ဝင်ရမယ် ဆိုယင်လဲ ဆောင်ရွက်နိုင်သလား, မဆောင်ရွက်နိုင်ဘူးလား ဆိုတာ စဉ်းစားပြီး ဆောင်ရွက်နိုင်မှ ကောင်းတယ်၊ ဝင်ပြီး မိမိအဖွဲ့ဝင်ဖြစ်သွားလို့ ရှိယင်လဲ တာဝန်ဝတ္တရား ကျေပွန်အောင် ဆောင်ရွက်သွားဖို့ရာ အရေးကြီးပါတယ်

သမာနတ္တတာ-တဲ့၊ သမာနတ္တတာဆိုတာ မိမိနဲ့ တန်းတူထားပြီး ဆက်ဆံရမယ်၊ ဒီပုဂ္ဂိုလ်တွေကတော့ ဘာမှအရာရောက်တဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ဘူးဆိုပြီး ကိုယ်အထက်တန်းကနေ ဆောင်ရွက်လို့ရှိယင် ဒါကလဲ သင်္ဂဟတရားတွေ ပျက်ပါ တယ်၊ ကိုယ်ကဘယ်လိုပဲ မြင့်နေနေ အခြားပုဂ္ဂိုလ်တွေနှင့် တန်းတူထားပြီး ဆောင်ရွက်ရမယ်၊ အဲဒါကလဲ အရေးကြီးပါတယ်၊

ဘုန်းကြီးတို့ သာသနာတော် မှာလဲပဲ မထေရ်ကြီးတွေက မထေရ်ကြီးတွေ ဆိုပြီး အခြားသော ရဟန်းတွေကို မရိုမသေနှင့် ပြောလို့ရှိယင် အဲဒါမရိုမသေအပြောခံရတဲ့ ပုဂ္ဂိုလ်တွေနှင့် စည်းလုံးမှုပျက်ပါတယ်၊ အဲဒီဥစ္စာက အရေးကြီးပါတယ်၊ ဒါကြောင့် အခြားပုဂ္ဂိုလ်တွေ ပြောတဲ့အခါ ရိုရိုသေသေ ကောင်းကောင်းမွန်မွန် ပြောရမယ်

ဘာမှအရာမရောက်သေးတဲ့ ဦးပဉ္စင်းကလေးတွေကိုလဲ ကောင်းကောင်းမွန်မွန်ပဲ အရှင်ဘုရား ဘယ်ကကြွလာသလဲ စသဖြင့်ပေါ့လေ၊ အဲဒီလို ကောင်းကောင်း မွန်မွန်ပဲ ပြောရတယ်၊ ဟေ့ - ဦးပဉ္စင်း ကလေး မင်းဘယ်ကလာသတုံး စသည်ဖြင့် ဒီလိုမလုပ်ရဘူး၊ ဒီလိုမလုပ်ကောင်းဘူး၊ မင်းတို့, ငါတို့မသုံးပဲနှင့် ရိုရိုသေသေ ပြောရဆိုရတယ်၊ ငယ်ယင်ငယ်သည့်အလျောက်, ကြီးယင်ကြီးသည့်အလျောက် ရိုရိုသေသေ ပြောရဆိုရတယ်

အဲဒါ သမာနတ္တတာ ဆိုတဲ့ သင်္ဂဟတရား ၄ -ပါးပဲ၊ အဲဒီသင်္ဂဟတရား ၄ -ပါးနှင့် ပြည့်စုံပြီးတော့ ဆောင်ရွက်သွားဖို့ အရေးကြီးပါတယ်

ပြီးတော့ သာသနာရေးဆောင်ရွက်တဲ့ အဖွဲ့အသင်းဆိုတာ နိုင်ငံရေးသဘော မသက်ရောက်စေရဘူး၊ မသက်ရောက်ဖို့ရာလဲ အရေးကြီးပါတယ်၊ သာသနာရေး ဆိုတာ သူက စီးပွားရေးလဲ မဟုတ်တော့ သာသနာရေးကို တကယ် ဆောင်ရွက်လိုတဲ့ ပုဂ္ဂိုလ်တွေ, ဆောင်ရွက်နိုင်တဲ့ ပုဂ္ဂိုလ်တွေ အချင်းချင်း အညီအညွတ်ပြောဆိုပြီး ဆောင်ရွက်ဖို့ရာလိုပါတယ်၊

နိုင်ငံရေးဆိုတာကတော့ စီးပွားရေးတွေလဲပါတယ်၊ နိုင်ငံရေးဆိုတာ သူ့ဆိုင်ရာ ဆိုင်ရာ ရာထူးတွေ အခွင့်အရေးတွေ ရသွားလို့ရှိယင် မိမိတို့ စီးပွားရေးတွေမှာလဲ လုပ်ဖို့ရာ အဆင်သင့်ပါပဲ၊ အဲဒီမှာတော့ လောက အစဉ်အလာအတိုင်း အခွင့်အရေးတွေ မရရအောင် အကြိတ်အနယ်ယူရတယ်၊ မိမိအားပေးတဲ့ ပုဂ္ဂိုလ်တွေ, အင်အ ားတွေ စုဆောင်းရတယ်၊ အဲဒီလိုလုပ်ရတယ်၊

သာသနာရေး ဘက်မှာတော့ ဒီလိုဟာတွေ လုပ်တာကတော့ မတော်ဘူး၊ ဒါတွေဟာ တော်ကြာယင် ဗုဒ္ဓသာသနာနုဂ္ဂအဖွဲ့ကြီး ကိုယ့်လူစုနှင့် ကိုယ်စုပြီး အဲဒီလို အကြိတ် အနယ် အနိုင်ယူတဲ့စခန်းတွေ ရောက်သွားယင်တော့ မကောင်းဘူး၊ ပြီးတော့ သာသနာ့အမြင်နဲ့လဲ မကောင်းဘူး၊ လောကဘက်ကတော့ ကိုယ့်အင်အားရှိယင် ရှိသလောက် သူကတော့လုပ်နိုင်ပါတယ်၊ သာသနာဘက်က အမြင်နဲ့ဆိုတော့ လူစု စည်းရုံးပြီးတော့ အနိုင်ရအောင်လုပ်တယ်ဆိုတဲ့ သဘောမျိုးဟာ မကောင်းပါဘူး၊ ကောင်းတယ်လို့ မဆိုနိုင်ပါဘူး၊ အဲဒီသဘောမျိုးတွေ သက်ဝင်ဖို့ရာ ဘုန်းကြီးက သတိပေးစကား ပြောကြားပါတယ်

ဒါကြောင့် အလျင်ကပြောဖူးတဲ့ နာယကဂုဏ် ၆-ပါးထဲက ခမာ - သည်းခံနိုင်ရမယ်တဲ့၊ သည်းခံရေး ရှိရတယ်၊ အရေးကြီးဆုံးပဲ၊ သည်းမခံနိုင်လို့ရှိယင် နေရာမကျဘူး၊ သည်းခံရမယ်၊ သည်းခံနိုင်မှနေရာကျမယ်၊

ဇာဂရိယ - နိုးကြားမှုရှိရမယ်၊ သံဝိဘာဂ - ဝေဖန်ပေးကမ်းမှု ရှိရမယ်၊ ခုတင်ကလိုပဲ အဖွဲ့တွင်းမှာတော့ ဒီလောက် မလိုပါဘူး၊ ဒယာမေတ္တာ, ကရုဏာသက်ဝင်ရမယ်၊ ငယ်တဲ့ ပုဂ္ဂိုလ်တွေ, အောက်တန်းပုဂ္ဂိုလ်တွေကို ကရုဏာနှင့် သနားပြီးတော့ စောင့်ရှောက်ရမယ်၊ ဆောင်ရွက်ရမယ်၊ တန်းတူ ပုဂ္ဂိုလ်တွေ, အထက်တန်း ပုဂ္ဂိုလ်တွေ, အထက်တန်းကျတဲ့ ပုဂ္ဂိုလ်တွေ, မေတ္တာနဲ့ ချမ်းသာပါစေ ဆိုတဲ့ သဘောထားပြီးသကာလ ဆောင်ရွက်ရမယ်၊

ဣက္ခဏာ - အမြော်အမြင်ရှိရမယ်၊ ဘာလုပ်လို့ရှိယင် ဘာဖြစ်နိုင်တယ်၊ ဘယ်လို ဆောင်ရွက်လို့ရှိယင် အကျိုးရှိနိုင်တယ်ဆိုတာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်က အမြော်အမြင် ရှိနိုင်ရမယ်၊ တာဝန်မရှိတဲ့ ပုဂ္ဂိုလ်ကတော့ အကြံဉာဏ်လောက် ပေးရုံပါပဲ၊ အဲဒီ အကြံဉာဏ်ပေးတဲ့ဥစ္စာလဲ ဆိုင်ရာပုဂ္ဂိုလ်တွေက စဉ်းစားပြီးတော့ လက်ခံရတယ်၊ သူများအကြံဉာဏ်ပေးတာတွေကို လုံးလုံးလက်မခံပဲနှင့် ပယ်ပယ်ပြီး ပစ်နေယင်လဲ အဲဒါက နေရာမကျဘူး။

အဲဒါ နာယကဂုဏ် ၆-ပါး, သင်္ဂဟတရား ၄-ပါးနှင့်အညီ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ကြီးမှာ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ဆောင်ရွက်မယ့် ပုဂ္ဂိုလ်တွေ လေးလေး နက်နက် သဘောထားပြီး ဆောင်ရွက်သွားဖို့ရာ ဘုန်းကြီးက သတိပေးပါတယ်

သာသနာတော်ကြီး၏ အကျိုး တကယ်ဖြစ်ထွန်းအောင် ဆောင်ရွက်ရမယ် ဆိုတဲ့ အနေနဲ့ ဆောင်ရွက်သွားဖို့ရာ အရေးကြီးပါတယ်၊ အဖွဲ့ဝင်အမည်ခံရုံမျှသာ ဖြစ်ပြီးတော့ ဘာမျှ ဆောင်ရွက်မှု ထင်ရှားအောင် ပြစရာမရှိပဲနဲ့ဆိုယင် ဒါကတော့ နေရာမကျဘူး၊ ပြစရာရှိမှပဲ နေရာကျတယ်၊ ဒါကြောင့် ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ဝင်ဟောင်း ပုဂ္ဂိုလ်တွေရော, နောက်ထပ် အသစ်ဝင်မယ့် ပုဂ္ဂိုလ်တွေရော သာသနာရေး သာသနာဘက်ကအမြင်နဲ့ နိုင်ငံရေး သဘောတရားလို မသက်ရောက် စေပဲနဲ့ ညီညီညွတ်ညွတ် ဆောင်ရွက်သွားခြင်းဖြင့် ဗုဒ္ဓသာသနာတော်ကြီး တိုးတက် ကြီးပွားသွားပါစေလို့ ဆုတောင်းပါတယ်၊ ဆုတောင်းသည့်အတိုင်းလဲ တိုးတက် ကြီးပွားအောင် ဆောင်ရွက်နိုင်ကြပါစေ

မဟာစည်ထေရကုဉ္ဇရောဩဝါဒေသု သုကောဝိဒေါ
ဩဝါဒံ ဒဿယိတွာပိ, သာသနံ ဇောတယီ သုဓီ

အဋ္ဌစတ္တာလီသတိမပိုင်း

၁၃၃၈-ခုနှစ် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ဩဝါဒတရားတော်

ဤတရားတော် နာမည်အပြည့်အစုံမှာ ၁၃၃၈-ခုနှစ် ပြာသိုလဆန်း ၆-ရက် တနင်္ဂနွေနေ့ (၂၅-၁၂-၇၆)၌ ကျင်းပသော ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်၏ နှစ်ပတ်လည် အစည်းအဝေးတွင် မိန့်ကြားတော်မူသော ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီး၏ ဩဝါဒတော်ဖြစ်သည်၊

ဆရာတော်ဘုရာ းကြီးကား မရှိတော့ပြီ၊ စုတိကမ္မဇရုပ် ချုပ်တော်မူခဲ့လေပြီ၊ ဆရာတော်ဘုရားကြီး မိန့်ကြားချက်တို့ကား အပြစ်ကင်းလွတ် ဝဋ်မှထွက်ကြောင်း အကောင်းချည်းဖြစ်လေသည်၊ ဤဩဝါဒတော်သည်လည်း အပြစ်ကင်းလွတ် ဝဋ်မှ ထွက်ကြောင်း ကောင်းမြတ်သော ဩဝါဒတော်ဖြစ်လေရာ အောက်ပါအတိုင်း ဖော်ပြ အပ်ပါသည်။

၁၃၃၈-ခုနှစ် ပြာသိုလဆန်း ၆-ရက် တနင်္ဂနွေနေ့ (၂၅-၁၂-၇၆)၌ ကျင်းပသော ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် နှစ်ပတ်လည် အစည်းအဝေးတွင် မိန့်ကြားတော်မူသော ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဩဝါဒတရားတော်

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်၏ သင်းလုံးကျွတ် နှစ်ပတ်လည်အစည်းအဝေးကို ယနေ့ ကျင်းပတယ်၊ ရှေးဦးစွာ သရဏဂုံ သုံးပါးနှင့်တကွ ရှစ်ပါးသီလကို ကောင်းမှု မင်္ဂလာ ဖြစ်စေရန် ဆောက်တည်ကြတယ်၊ အဲဒီ ရှစ်ပါးသီလကို မိမိတို့ရည်ရွယ်ရင်း အပိုင်းအခြားရှိသည့်အတိုင်း စောင့်ရှောက်သွားကြရုံပါပဲ၊ အဲဒီသီလ ဆောက်တည် ပြီးတော့ ဘုန်းကြီးတို့က အဖွဲ့ချုပ်၏ ဩဝါဒါစရိယဖြစ်တဲ့အတိုင်း ဩဝါဒပေးဖို့ပါပဲ။

ဒါပေမယ့် ဩဝါဒက အထူးတော့ ပေးစရာမရှိပါဘူး၊ နှစ်စဉ် နှစ်တိုင်း ပေးနေကျ အတိုင်း ပေးရမှာပဲ၊ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ဆိုတဲ့ အမည်က ဗုဒ္ဓသာသနာတော်ကို ချီးမြှောက်တဲ့အဖွဲ့လို အနက်အဓိပ္ပါယ် ရှိပါတယ်၊ ဗုဒ္ဓသာသနာတော်ကို မဆုတ် မယုတ်ရအောင်, တိုးတက်အောင် အဘက်ဘက်ကနေပြီး ချီးမြှောက်ထောက်ပံ့ရန် ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားတဲ့ အဖွဲ့ပါပဲ၊ အဲဒီအဖွဲ့မှာ ယခု နှစ်ပတ်လည် အစည်းအဝေးကတော့ (၁၁) ကြိမ်မြောက် ဖြစ်ကြောင်း ဖိတ်စာမှာ ဖော်ပြထား ပါတယ်။

ဗုဒ္ဓသာသနာတော်ကို ထောက်ပံ့ရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတဲ့ သာသနာပြုအဖွဲ့တွေဟာ မြန်မာပြည် အရပ်ရပ်မှာ ရှိနေကြပါတယ်၊ အမည်ချင်း မတူပေမယ့် ရည်ရွယ်ချက်ချင်းကတော့ အတူတူပါပဲ၊ ဒါကြောင့် အခြားအဲဒီအဖွဲ့ တွေကလဲ သာသနာတော်အတွက် သူတို့ အင်အားရှိသလောက် ဆောင်ရွက် နေကြတယ်၊ သာသနာတော် အကျိုးများဖို့, တိုးတက်ဖို့ချည်းပါပဲ

အဲဒီအထဲမှာ ဒီသာ သနာ့ရိပ်သာက ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ကတော့ ဆောင်ရွက် ရာမှာ ထူးထူးခြားခြား အောင်မြင်တာတွေ အင်မတန်များပါတယ်၊ ဒီအဖွဲ့က ဆောင်ရွက်လို့ အောင်မြင်တာတွေကို လိုက်ပြီး စဉ်းစားကြည့်ယင် အင်မတန် ဝမ်းမြောက်စရာ အားတက်စရာပါပဲ

သာသနာရေး အဖွဲ့အစည်းတွေ ပြုလုပ်ပြီး ဆောင်ရွက်ကြရတယ် ဆိုတာ မိမိတို့လဲ ကုသိုလ်ပွားဖို့, သာသနာတော်လဲ အကျိုးများဖို့ ဖြစ်တယ်၊ ဒါကြောင့် မိမိတို့မှာလဲ ကုသိုလ်ပွားများသည်ထက် ပွားများအောင်, သာသနာတော်လဲ တိုးတက်သည်ထက် တိုးတက်အောင် အစွမ်းကုန် ဆောင်ရွက်သွားကြဖို့ပါပဲ၊ ဒီသာသနာ့ ရိပ်သာမှာတော့ အဖွဲ့က ဆောင်ရွက်တဲ့အတွက် နှစ်စဉ် ပဋိပတ္တိသာသနာတော် တိုးတက်နေတာကို ထင်ရှားတွေ့မြင်နေကြရပါတယ်

၁၃၁၁-ခုနှစ် ပဋိပတ္တိ ဌာနစပြီး ဖွင့်လှစ်လိုက်သည်မှစ၍ နှစ်စဉ်နှစ်တိုင်း တိုးတက် နေပါတယ်၊ ဆုတ်ယုတ်တာ လျော့သွားတာရယ်လို့ မရှိပါဘူး၊ တန့်ရပ်နေတယ် လို့တောင် မရှိပါဘူး၊ တိုးတက်နေတာသာ ရှိပါတယ်၊ အားလုံး ဝမ်းမြောက် စရာပါပဲ၊ ဒီရိပ်သာမှာသာ မဟုတ်ပါဘူး၊ ဒီရိပ်သာမှာ အခြေခံပြီး ဖွင့်လှစ်ထားတဲ့ အခြား သာသနာ့ရိပ်သာတွေမှာလဲ ပဋိပတ္တိ သာသနာဘက်က တိုးတက်နေတာပါပဲ၊ အဲဒါဟာ ဆောင်ရွက်တဲ့ ပုဂ္ဂိုလ်များအတွက် အားတက်စရာပါပဲ

ဒါကြောင့် “အာဂတော ဘာရော အဝဿံ ဝဟိတဗ္ဗော

အာဂတော - ဆိုက်ရောက်လာသော၊
ဘာရော - တာဝန်ကို၊
အဝဿံ - မချွတ်ဧကန်၊
ဝဟိတဗ္ဗော - ဆောင်ရွက်ရမည်

လို့ ကျမ်းဂန်များမှာ မိန့်ဆိုထားတဲ့အတိုင်း ဒီသာသနာ့ရိပ်သာနှင့် ပတ်သက်တဲ့ ဆောင်ရွက်ဖွယ် တာဝန်တွေဟာ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ဝင် လူကြီးတွေအပေါ်မှာ ကျရောက်နေသောကြောင့် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ကြတဲ့ ပုဂ္ဂိုလ်တွေဟာ သာသနာ့ရိပ်သာ ဆိုင်ရာ ကျရောက်နေတဲ့ မိမိတို့ တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်ကြဖို့ပါပဲ

အဲဒီလို ဆောင်ရွက်ရာမှာ အရေးကြီးတာကတော့ မေတ္တာ ကာယကံ, မေတ္တာ ဝစီကံ, မေတ္တာမနောကံ ဒီသုံးခုက အရေးကြီးပါတယ်၊ ကိုယ်ဖြင့် ပြုလုပ်ဆောင်ရွက်တဲ့ အခါမှာ အဖွဲ့ဝင် ပုဂ္ဂိုလ်အချင်းချ င်း အပေါ်မှာရော, ရိပ်သာအတွင်းရှိ ပုဂ္ဂိုလ်တွေ အပေါ်မှာရော, ရိပ်သာကို ကူညီထောက်ပံ့တဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာရော ချမ်းသာ ကြပါစေဆိုတဲ့ စိတ်ဓာတ်ဖြင့် ပြုလုပ်ဆောင်ရွက် သွားကြဖို့ပါပဲ

နှုတ်ဖြင့် ပြောဆိုတဲ့ အခါမှာလဲ အဲဒီ စပ်ဆိုင်ရာ ပုဂ္ဂိုလ်တွေအပေါ်မှာ ချမ်းသာကြပါစေ ဆိုတဲ့ မေတ္တာဓာတ်ဖြင့် ပြောဆိုဆောင်ရွက် သွားကြဖို့ပါပဲ၊ အဲဒီမေတ္တာ ဝစီကံက အလွန်အရေးကြီးပါတယ်၊ ပြောတဲ့အခါမှာ ချိုချိုသာသာ ပြောဖို့, တန်းတူအနေဖြင့် ပြောဖို့လိုပါတယ်၊ မေတ္တာ မနောကံကတော့ ကိုယ်နှုတ်အမူအရာ ပြုလုပ်ပြောဆို တော့မယ်ဆိုယင် မပြုမီ မပြောမီကတည်းက ချမ်းသာပါစေ ချမ်းသာကြပါစေလို့ စိတ်ဖြင့် မေတ္တာပွားဖို့၊ အဲဒီလို မေတ္တာပွားပြီးမှ ပြုလုပ်ပြောဆိုဖို့ပါပဲ။

အဖွဲ့ဝင်ပုဂ္ဂိုလ်တွေ, အဖွဲ့နှင့်ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေ, အဖွဲ့မှာ လာရောက်ပြီး ကူညီအားပေးတဲ့ ပုဂ္ဂိုလ်တွေ, အဲဒီ ပုဂ္ဂိုလ်တွေ, အဲဒီ ပုဂ္ဂိုလ်တွေနဲ့စပ်ပြီး မေတ္တာ မနောကံကတော့ ချမ်းသာ ပါစေ ချမ်းသာကြပါစေလို့ စိတ်ထဲတွင် ပွားများရုံပါပဲ၊ အဲဒီ မနောကံကို အရင်းခံပြီး မေတ္တာဝစီကံ မေတ္တာ ကာယကံတို့ဖြင့် အဖွဲ့က ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေကို အချိုးတကျ ဆောင်ရွက်သွားကြဖို့ပါပဲ

ယခုလောလောဆယ်မှာဆိုယင် အဖွဲ့ကဆောင်ရွက်ချက်တွေကို အင်မတန်အားရ စရာ ကောင်းပါတယ်၊ ယခုနှစ် နှစ်ပတ်လည် ဩဝါဒခံယူပူဇော်ပွဲမှာ အဖွဲ့က ဆောင်ရွက် တာဟာ အင်မတန် ပြည့်စုံပါတယ်၊ တွေ့မြင်ရတဲ့ လူ, ရှင်များက အင်မတန် ချီးကျူး ဝမ်းသာဖြစ်ကြပါတယ်၊ နောက်လဲ ဒီအတိုင်းပင် ထောင့်စေ့အောင် ဆောင်ရွက်သွားနိုင် ကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်၊ ဒါထက် တိုးတက်ပြည့်စုံ သွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

မေတ္တာကာယကံ, မေတ္တာဝစီကံ, မေတ္တာမနောကံတို့ဖြင့် ယခုနှစ်လိုပင် ညီညီ ညွတ်ညွတ် ဆောင်ရွက်သွားနိုင်ကြသဖြင့် မိမိတို့လဲ အားရစရာ, ရဟန်း သံဃာတော်တွေ ဘက်ကနေ ကြည့်ယင်လဲ အားရစရာ, လူဒါယကာ ဒါယိကာမများ ဘက်ကနေ ကြည့်ယင်လဲ အားရစရာ, ဝမ်းသာဝမ်းမြောက်စရာ ဖြစ်သွားလိမ့်မယ်လို့ ဘုန်းကြီးတို့က ယုံကြည်စိတ်ချပြီး မျှော်လင့်ပါတယ်၊ အဲဒီလို မျှော်လင့်သည့်အတိုင်း ပြည့်စုံသည်ထက် ပြည့်စုံအောင် ဆောင်ရွက်သွားနိုင်ကြပါစေ

ဤသို့ ဆောင်ရွက်သွားခြင်းဖြင့် မိမိတို့မှာလဲ ကုသိုလ် ပွားများသည့်ပြင် မြတ်စွာဘုရား ၏ ပဋိပတ္တိသာသနာတော်ကြီးလဲ တနေ့တခြား တနှစ်တခြား တိုးတက်ကြီးပွားပါစေ

ဆောင်ရွက်သူတို့မှာလဲ ဘေးရန်အန္တရာယ်ကင်း၍ မိမိတို့လိုလားအပ်သော မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကိုလျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေ

မဟာစည် ထေရပါမောက္ခာ, ဌာနာ ဌာနေသု ကောဝိဒေါ
ဌာနံ ဌာနံ ဒဿေတွာ, ဇိနစက္ကဿ ဘာရဓော

(၂၉) ကြိမ်မြောက် သင်းလုံးကျွတ် ဩဝါဒ မိန့်ခွန်းတော်

နာမည်အပြည့်အစုံကား “ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ၂၉-နှစ်မြောက် သင်းလုံးကျွတ် အစည်းအဝေးတွင် ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဟောကြားတော် မူသော ဩဝါဒမိန့်ခွန်းတော် ဖြစ်လေသည်၊

ယင်းဩဝါဒ၌ လိုက်နာစရာတွေ, ကျင့်ကြံစရာတွေ များစွာ ပါရှိလေသည်၊ သို့ဖြစ်ရာ ထေရုပ္ပတ္တိ စာတော်ဖက်တို့ ဖတ်ရှုလိုက်နာရန် ဤ၌ ဖော်ပြအပ်ပါသည်။

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ၂၉-နှစ်မြောက် သင်းလုံးကျွတ် အစည်းအဝေးတွင် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော ဩဝါဒ မိန့်ခွန်းတော်

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် မဟာစည်သာသနာ့ရိပ်သာ သင်းလုံးကျွတ် နှစ်ပတ်လည် အစည်းအဝေး ၁၉၇၇-ခုနှစ် ဖိတ်ကြားစာ ဆိုသည့်အတိုင်း, ယခုအချိန်ကစပြီးတော့ နှစ်ပတ်လည်အစည်းအဝေး ကျင်းပဖို့ပဲ၊ ဘုန်းကြီးတို့က ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်၏ ဩဝါဒါစရိယ ဖြစ်နေတော့ နှစ်ပတ်လည် အစည်းအဝေး ကျင်းပတိုင်း ကျင်းပတိုင်း ဩဝါဒပေးရတယ်၊

ဩဝါဒ ပေးတယ်ဆိုလဲပဲ ပထမအစသာ အသစ်အဆန်း ဩဝါဒပေးရတာပါပဲ၊ နောက်နှစ်တွေကျတော့ ဩဝါဒတွေက ထပ်တူတွေပဲ ဖြစ်နေတာပါပဲ၊ အခြား တပါးသော တရားတွေကို ဟောမယ်ဆိုယင်တော့ ဟောစရာတွေတော့ ရှိပါတယ်၊ ဒါပေမယ့် အဲဒါတွေကတော့ အခုလို အစည်းအဝေးနှင့် ပတ်သက်ပြီးတော့ ဟောနေဖို့ အချိန်ကုန်နေဖို့ရာ မလိုပါဘူး၊ ဒါကြောင့် အစည်းအဝေးနှင့် ပတ်သက်ပြီးတော့ သတိပြုသင့်တာကလေးတွေကို ရှေးကပြောပြီးသားအတိုင်းပင် ထပ်ပြီးတော့ ဖော်ပြရ ပြောရမှာပါပဲ

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ ဆိုတဲ့အထဲမှာ ဗုဒ္ဓ-က မြတ်စွာဘုရားတဲ့၊ သာသနာက အဆုံးအမတဲ့၊ အနုဂ္ဂဟက ချီးမြှောက်တာတဲ့။ မြတ်စွာဘုရား၏အဆုံးအမ သာသနာတော်ကို ချီးမြှောက်တဲ့အဖွဲ့၊ ဒီလိုအဓိပ္ပါယ် ရှိပါတယ်၊ မြတ်စွာဘုရား၏ သာသနာတော်ကို ချီးမြှောက်ဖို့ရာပါပဲ၊ သဒ္ဓါတရားအားလျော်စွာ မိမိတကိုယ်တည်း တကိုယ်တည်းလဲ မြတ်စွာဘုရား၏ သာသနာတော်ကို ချီးမြှောက်နိုင်တာပါပဲ၊

တကိုယ်ချင်းဆိုလို့ရှိယင်တော့ မြတ်စွာဘုရား၏ အဆုံးအမတွေကိုယ်တိုင် ကျင့်ပြီးတော့လဲ သာသနာတော်ကို ချီးမြှောက်ရတယ်၊ ဒီလို ကိုယ်တိုင်ကျင့်ပြီး ချီးမြှောက်တာကိုတော့ မြတ်စွာဘုရားက အင်မတန်နှစ်သက် သဘောကျပါတယ်ဓမ္မပူဇာ တရားဖြင့် ပူဇော်တာ အမြတ်ဆုံးလို့ မြတ်စွာဘုရားက ဒီလို ချီးမွမ်း ထားပါတယ်၊

ပြီးတော့ တပါးသော ပုဂ္ဂိုလ်တွေကလဲပဲ ဘုရားအဆုံးအမ သာသနာတော်ကို ကျင့်နိုင်အောင် ဟောပြောစွမ်းရှိတဲ့ ပုဂ္ဂိုလ်တွေကတော့ ပြောပြီးတော့ ချီးမြှောက် ရတယ်၊ ပစ္စည်းဥစ္စာ ဘောဂဗလနှင့် ပြည့်စုံတဲ့ ပုဂ္ဂိုလ်တွေကတော့ ပစ္စည်းနှင့် ထောက်ပံ့ပြီးတော့လဲ မြတ်စွာဘုရား၏ သာသနာတော်ကြီးကို ချီးမြှောက်ရတယ်၊ ဒါဟာ တဦးချင်း ကိုယ့်သဘော အတိုင်း သာသနာတော်ကို ချီးမြှောက်ပုံပဲ။

အခု အဖွဲ့ဆိုတာကတော့ အများစုဖွဲ့စည်းပြီးတော့ အသီးအသီးဆိုင်ရာဆိုင်ရာ တာဝန်တွေကိုယူပြီး ဆောင်ရွက်ကြရတယ်၊ အဖွဲ့ဝင် ပုဂ္ဂိုလ်တွေမှာ မိမိတို့ကျတဲ့ တာဝန်တွေကို ဆောင်ရွက်သွားကြဖို့ပါပဲ။ အခါတိုင်းလဲ ဘုန်းကြီး ပြောနေကျပါပဲ၊

အာဂတော ဘာရောအဝဿံ ဝဟိတဗ္ဗော

အာဂတော - ရောက်လာသော၊
ဘာရော - တာဝန်ကို၊
အဝဿံ - မချွတ်မယွင်း၊
ဝဟိတဗ္ဗော - ဆောင်ရွက်ရမယ်၊

ကိုယ့်အတွက် ကျရောက်တဲ့တာဝန်ကို မချွတ်မယွင်းစေပဲ မလိုစေပဲနှင့် အပြည့်အစုံ ဆောင်ရွက်ရမယ်တဲ့၊ အဲဒီလို ဆောင်ရွက်ဖို့ပါပဲ။

အခု ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်က ပြီးခဲ့တဲ့ တနှစ်အတွင်းမှာ ဆိုယင်တော့ ကိုယ့် တာဝန်နှင့်ကိုယ် အသီးအသီးယူပြီး ဆောင်ရွက်ကြတာဟာ ရှေးနှစ်များကထက် ထူးကဲပြည့်စုံတယ်လို့ ဆိုနိုင်ပါတယ်။ အလျင့်အလျင်ကတော့ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ဝင်ဆိုပြီးတော့ အဖွဲ့ထဲ ဝင်ပေမယ့် တချို့မှာ အလုပ်က သိပ်မရှိဘူး၊ ဆောင်ရွက် စရာတာဝန်က သိပ်ပြီးမရှိဘူး၊ မဆောင်ရွက်ပဲနဲ့ နေတာတွေလဲ ရှိနေခဲ့တယ်၊

အခုပြီးခဲ့တဲ့ နှစ်ကတော့ တာဝန်အသီးသီး ဆောင်ရွက်ကြပါတယ်၊ တာဝန်တွေ အသီးသီး ပေးထားထယ်၊ ပေးထားတဲ့အတိုင်းလဲ ဆောင်ရွက်ကြတယ်၊ ဆောင်ရွက် ကြတဲ့အတိုင်းလဲ အစစအရာရာ ပြည့်စုံသည်ထက် ပိုပြီးပြည့်စုံပါတယ်

အဲဒီလို ဆောင်ရွက်ရာမှာ “ခမာ ဇာဂရိယုဋ္ဌာနံ” စသည်ဖြင့် အကြီးအကဲဖြစ်တဲ့ ပုဂ္ဂိုလ်များ ပြည့်စုံရမယ့် ကျင့်ဝတ်တွေ ရှိပါတယ်၊ အဲဒါတွေ ရှေးတုန်းကတော့ အသစ်အနေနှင့် ဟောခဲ့ပါတယ်၊ ခမာ - သည်းခံနိုင်ရမယ်၊ အများနဲ့စုပြီးတော့ အလုပ်လုပ်တဲ့နေရာမှာ ဘေးက အမြင်အားဖြင့် မကျေနပ်စရာဆိုတာ ရှိတတ်တာပဲ၊ ရှိတော့ မကျေနပ်တဲ့ပုဂ္ဂိုလ်က မကျေနပ်တဲ့အတိုင်း ပြောလို့ရှိယင် အဲဒါကလဲ နည်းမှန် လမ်းမှန်ပဲဆိုယင် သည်းခံရတယ်၊ အကယ်၍ ဘေးကပုဂ္ဂိုလ်တွေ မြင်တဲ့ အတိုင်းပဲ လိုနေသေးတယ်ဆိုယင်လဲ ကိုယ်ဆောင်ရွက်တဲ့ ကိစ္စ ပြည့်စုံသည်ထက် ပြည့်စုံအောင် ဆောင်ရွက်သွားရုံပါပဲ

ဇာဂရိယ-နိုးကြားရမယ်၊ ပေါ့ပေါ့ဆဆမဟုတ်ပဲနှင့် နိုးနိုးကြားကြား ဆောင်ရွက်ရမယ်၊ ယခုပြီးခဲ့တဲ့ ဒီတနှစ်အတွင်းမှာတော့ နိုးနိုးကြားကြား ဆောင်ရွက်တာတွေ အင်မတန်ကို ပြည့်စုံပါတယ်၊ မနိုင်ဝန် ထမ်းရသလိုပဲ ဆောင်ရွက်စရာတာဝန်တွေ အများကြီး ဆောင်ရွက်သွားကြတယ်။

ဥဋ္ဌာန-ထထကြွကြွ တက်တက်ကြွကြွ ဆောင်ရွက်ရမယ်၊ ဒါလဲပဲ ဒီတနှစ်အတွင်းမှာ တက်တက်ကြွကြွလဲ ဆောင်ရွက်ကြပါတယ်သံဝိဘာဂေါ - ဝေဖန်ပေးကမ်းခြင်း ဆိုတာကတော့ ဒီမှာ သိပ်မလိုပါဘူး၊ ဒယာ - သနားခြင်း ဆိုတာကတော့ လိုပါတယ်၊ သနားရမယ်တဲ့၊ အဖွဲ့အတွင်းကဖြစ်ဖြစ်, အဖွဲ့အပြင်ကဖြစ်ဖြစ်, သနားသင့်တဲ့ ပုဂ္ဂိုလ်ကို သနားပြီးတော့ ကရုဏာနှင့် ဆောင်ရွက်ရတယ်

ဣက္ခဏာ-ဉာဏ်ဖြင့် မြော်မြင်ကြည့်ရှုခြင်း၊ ဒါဘယ်လိုလုပ်သင့်တယ်၊ ဘယ်လို လုပ်ရမယ်ဆိုတာကို ဉာဏ်ဖြင့် မြော်မြင်ဆင်ခြင်ရမယ်၊ အဲဒါလဲ အခုတနှစ်အတွင်းမှာ စောစောကတည်းက ဘာလုပ်သင့်တယ်, ဘာလုပ်ရမယ် စသည်ဖြင့် အဖွဲ့က ဆုံးဖြတ်ပြီး ဆောင်ရွက်သွားတာဟာ အင်မတန် ပြည့်စုံပါတယ်

အဲဒီလို ဆောင်ရွက်တဲ့နေရာမှာ ဗုဒ္ဓသာသနာတော်ကြီး ကြီးပွားရာ ကြီးပွားကြောင်း အလုပ်ကို တို့ဆောင်ရွက်တယ်လို့ ဒီလိုနှလုံးသွင်းပြီးတော့ ဆောင်ရွက်ကြရတာပဲ၊ ဗုဒ္ဓသာသနာတော် ကြီးပွားကြောင်းအလုပ် ဆောင်ရွက်တယ်ဆိုရာမှာ ဟောပြော နိုင်တဲ့ ပုဂ္ဂိုလ်ဆိုယင် ဟောပြောပြီး ဆောင်ရွက်ရမှာပဲ၊ အခုဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ကတော့ ဟောပြောဖို့မလိုပါဘူး၊

ဟောပြောဖို့ရာက ဘုန်းကြီးတို့မှာ တာဝန်ရှိတယ်၊ ဘုန်းကြီးတို့က တတ်နိုင်သမျှ သာသနာရေးကိစ္စကို ဟောပြောရတယ်၊ ဘုန်းကြီးတို့ကိုယ်တိုင် မဟောနိုင်တာ ကိုတော့ ကမ္မဋ္ဌာနာစရိယ တာဝန်ခံပုဂ္ဂိုလ်တွေလွှဲပြီးတော့ ခိုင်းရတယ်၊ တဦး တည်းတော့ ဆောင်ရွက်နိုင်ဖို့ရာ မလွယ်ဘူး၊

ကမ္မဋ္ဌာနာစရိယတွေက ရဟန်းတော်တွေကို သွန်သင်ဆုံးမဖို့, အမျိုးသားယောဂီတွေ သွန်သင်ဆုံးမဖို့, အမျိုးသမီးယောဂီတွေ သွန်သင်ဆုံးမဖို့လာတာ၊ သူ့တာဝန်နှင့်သူ ဆောင်ရွက်ရမှာပဲ ပြေလည်တယ်၊ ဒီသာသနာ့ရိပ်သာဌာနက ရဟန်း ယောဂီတွေ ဆိုယင်လဲ နည်းတာမဟုတ်ဘူး၊ အခုကို ခုနစ်ဆယ် ရှစ်ဆယ်လောက် ရှိမယ် ထင်တယ်၊

တခါတရံ ကျတော့ အများကြီးပါပဲ၊ အခါတိုင်း အခါတိုင်းဆိုယင် ဒီနှစ်လောက် မများဘူး၊ ဒီနှစ်ဆိုယင် အတော်ကို များပါတယ်၊ အမျိုးသားယောဂီသစ်တွေ ဒီနှစ်မှာ လေးဆယ် ငါးဆယ်လောက် ရှိနေပါတယ်၊ အခါတိုင်း အခါတိုင်းတော့ နှစ်ဆယ်ကျော် သုံးဆယ် ဒီလောက်ပဲရှိတယ်၊ အမျိုးသမီးတွေကတော့ ရှေးကလဲ များခဲ့ပါတယ်၊ အခုတော့ ပိုပြီးတော့ များလာတာပါပဲ၊ အဲဒါတွေအတွက် ကမ္မဋ္ဌာန်းဆရာတွေက သူတို့ဟာသူတို့ ဆောင်ရွက်ကြရတယ်၊ ဘုန်းကြီး တပါးတည်း မဆောင်ရွက်နိုင်ပါဘူး။

ကမ္မဋ္ဌာန်းဆရာတော်သာ မဟုတ်ဘူး၊ သာသနာ့ရိပ်သာမှာ အစစအရာရာ ထိန်းသိမ်း စောင့်ရှောက်ဖို့ရာ ယောဂီဟောင်း ရဟန်းတွေ ဆိုတာလဲ ရှိပါသေးတယ်၊ သူတို့ကလဲ ဆောင်ရွက်မှ သူတို့မရှိယင် မဖြစ်ဘူး၊ ကမ္မဋ္ဌာန်းဆရာတွေက မိမိတို့ တပည့်များကို သူတို့ပြောတဲ့အတိုင်း ကြားနာပြီး ဟောပြောရုံ ဟောပြောနိုင်တယ်၊ ကိုယ်မမြင်ရတဲ့ နေရာမှာ ရဟန်းတော် ယောဂီတွေ, အမျိုးသားယောဂီတွေ, အမျိုးသမီးယောဂီတွေ, ဘယ်လိုနေတယ်ဆိုတာလဲ သိဖို့လိုပါတယ်၊ ဒီတော့ ယောဂီဟောင်းထဲကနေပြီး ကြည့်ရှုစောင့်ရှောက်ပြီး ဆောင်ရွက်ဖို့လဲ လိုပါတယ်

ဒါကြောင့် သာသနာ့ရိပ်သာမှာ အဆောက်အအုံတခုခုကို ရဟန်းယောဂီဟောင်းများ တပါး တပါးစီ ထားရတယ်၊ အဖျင်းဆုံး နေရေး ထိုင်ရေးကစပြီးတော့ နေတတ်ထိုင်တတ်အောင် ညွှန်ကြားဖို့ရာ လိုပါတယ်၊ ဒါတွေကလဲ တကယ်လိုတဲ့ ဥစ္စာတွေပဲ၊ မရှိမဖြစ်ဘူး၊ မရှိမဖြစ်ဘူး၊ အမျိုးသမီးတွေ ဘက်ကလဲ အမျိုးသမီး ယောဂီဟောင်းတွေဆိုတာ ရှိသင့်သမျှတော့ ရှိရတယ်

အမျိုးသမီး ယောဂီဟောင်းတွေ မရှိယင် အဆက်အသွယ် မရှိတော့ တရား အားထုတ်တဲ့ ပုဂ္ဂိုလ်လဲ နည်းသွားတတ်တယ်၊ အမျိုးသမီး ယောဂီဟောင်းတွေကလဲ နည်းစနစ်ကျကျ စေတနာ ကောင်းကောင်းနဲ့ ဆောင်ရွက်မည့် ပုဂ္ဂိုလ်တွေ ဆိုတာ လိုပါတယ်

ဆွမ်းစားကျောင်းလဲ ဆွမ်းစားကျောင်းမို့, နေ့ခင်း ထိုင်ခင်း နေရာဌာနတွေမှာလဲ သူ့နေရာနှင့်သူ ဆောင်ရွက်ဖို့ လိုပါတယ်၊ အဲဒါတွေလဲပဲ ဆောင်ရွက်သင့်တဲ့ ပုဂ္ဂိုလ်တွေ ဆောင်ရွက်နိုင်အောင် ဗုဒ္ဓသာသနာ နုဂ္ဂဟအဖွဲ့က နေပြီးတော့ ထောက်ပံ့ အားပေးရတယ်၊ ထောက်ပံ့အားပေးဖို့ရာ တာဝန်ဝတ္တရား ရှိပါတယ်

ရဟန်းတော်များအလိုက်, အမျိုးသား, အမျိုးသမီးများလဲ အမျိုးသား, အမျိုးသမီး အလိုက် အဖွဲ့က တတ်နိုင်သမျှ ဆောင်ရွက်ဖို့ပါပဲ၊ အခု ဆောင်ရွက် နေရာတွင်လဲပဲ ဒကာ, ဒကာမတွေ, ဆိုင်ရာတွေ လှူဒါန်းတဲ့ ဝတ္ထုငွေတို့ဖြင့် လိုရာလိုရာဘက်အတွက် သုံးစွဲပြီးတော့ ထောက်ပံ့လှူဒါန်းနေကြရတယ်

မီးမလိုရအောင်, ရေမလိုရအောင်, နေရာထိုင်ခင်းမလိုရအောင်, သွားရေးလာရေး မလိုရအောင်, လမ်းလဲမလိုရအောင် ဒါတွေ ထောက်ပံ့ပြီးနေကြတယ်၊ ရဟန်းသံဃာ တွေအတွက်တော့ စားရေးသောက်ရေးရော ထောက်ပံ့ရတယ်။

အဲဒီလို အထောက်အပံ့တွေ ရှိနေလို့ ယောဂီအသစ်တွေလဲ ချမ်းချမ်းသာသာနဲ့ နေနိုင်ကြတယ်၊ အားထုတ်နိုင်ကြတယ်၊ အဲဒါတွေဟာ အင်မတန် ကျေးဇူးများ တာပါပဲ

အဲဒီယောဂီတွေရဲ့ နေရေး, ထိုင်ရေး, ကျင့်ရေးဆိုတာတွေကတော့ ဘုန်းကြီးတို့ ကမ္မဋ္ဌာန်းဆရာတွေနဲ့ သက်ဆိုင်ပါတယ်၊ ကမ္မဋ္ဌာန်းဆရာတွေက ပြုပြင်ပေးသင့် သမျှတော့ ပြုပြင်ပေးရတယ်၊ ပြောတန်သမျှတော့ ပြောပေးရတယ်၊ ဒါဟာ ဘုန်းကြီးတို့ရဲ့ တာဝန်ဝတ္တရားပဲ၊ ကမ္မဋ္ဌာန်းဆရာတွေရော, အထောက်အပံ့ ပုဂ္ဂိုလ် တွေရော, အမျိုးသား အမျိုးသမီးယောဂီအဟောင်း အသစ်တွေရော ထိုက်သည့် အားလျော်စွာ သာသနာ့ရိပ်သာမှာ နေပြီးတော့ တရားကျင့်သုံးနိုင်အောင်, သာသနာတော် အားပေးနိုင်အောင် လိုတဲ့ဘက်ကနေပြီး တော့ ထောက်ပံ့ဖို့ရာ ကျတော့ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့၏ တာဝန်ပဲ

အဲဒီအဖွဲ့က လိုတဲ့ဘက်ကနေပြီးတော့ ထောက်ပံ့နေလို့ အခုသာသနာ့ ရိပ်သာမှာ ယောဂီတွေဟာ အင်မတန်များပြားပြီးတော့ ပြည့်စုံနေတာပဲ၊ အင်မတန် အားရစရာ ကောင်းပါတယ်။

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ဆိုတဲ့ အမည်မခံပေမယ်လို့ နေရာဌာနတိုင်းမှာလိုပဲ သာသနာတော် ထောက်ပံ့နေတဲ့ အဖွဲ့တွေဆိုတာ အသီးအသီး ရှိကြတာပဲ၊ သူတို့လဲ သူတို့အလိုက် ထောက်ပံ့ကြ အားပေးကြပါတယ်၊ ဒါပေမယ်လို့ ဒီသာသနာ့ ရိပ်သာလောက် အားရဖွယ်ကောင်းတာတော့ ဘုန်းကြီးအမြင်အားဖြင့် မရှိဘူးလို့ ထင်ပါတယ်၊ ရဟန်းတော်များ ဘက်ကရော, အမျိုးသား အမျိုးသမီး ယောဂီတွေ ဘက်ကရော များလဲများတယ်၊ တရားတွေလဲ တကယ်အားထုတ် ကြတယ်၊ အင်မတန် အားရစရာ ကောင်းပါတယ်။

မြတ်စွာဘုရား၏ သာသနာတော်ဆိုတာ ဒီလိုကျင့်တဲ့ပုဂ္ဂိုလ်တွေရှိမှ သာသနာတော် တက်တာပဲ၊ မကျင့်ယင် မတက်ဘူး၊ ကျင့်တဲ့ပုဂ္ဂိုလ်တွေများမှ သာသနာ ကြီးပွားတယ်လို့ ဆိုရတယ်၊ ကျင့်တဲ့ပုဂ္ဂိုလ်များလေလေ သာသနာ ကြီးပွား လေလေပဲ၊ အခု ပဋိပတ္တိသာသနာဘက် တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေများသလိုပဲ ဒီဝိပဿနာ လုပ်ငန်း တရားတွေကို ရိုရိုသေသေ နာတဲ့ပုဂ္ဂိုလ်တွေလဲ အတော်တိုးပွား လာတယ်၊ အင်မတန် ဟန်ကျတယ်၊

ဒါဟာ သာသနာပြုတဲ့ပုဂ္ဂိုလ်တွေရဲ့ ပြုမှုကြောင့်ပဲ၊ ဘုန်းကြီးတို့ရဲ့ ဟောပြောမှုလဲ ရှိပါတယ်၊ ဒီဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ကြီးကနေပြီး ထောက်ပံ့မှုလဲပါတယ်၊ အဲဒါတွေ အာရုံပြုပြီးတော့ အဖွဲ့ဝင်ပုဂ္ဂိုလ်တွေဟာ မိမိတို့အတွက် ကျတဲ့တာဝန်ကို ဆောင်ရွက်တိုင်း ဆောင်ရွက်တိုင်း တို့သာသနာပြုနေရတာပဲ၊ ဗုဒ္ဓသာသနာ တော်ကြီး တိုးတက်အောင် ဆောင်ရွက်နေရတာပဲ

ဆောင်ရွက်တဲ့အတိုင်းလဲ တနှစ်ထက်တနှစ် တိုးတက်လာတာ အင်မတန် ထင်ရှား ပါတယ်၊ မနှစ်ကလဲ အလျင်နှစ်တွေထက် အများကြီး တိုးတက်လာတယ်၊ နောက်နှစ်တွေလဲ ဒီလို တိုးတက်ပြီးတော့ သွားမှာပါပဲ၊ အဲဒါဟာ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့က သာသနာပြု ထောက်ပံ့လို့ ကြီးပွားလာတာပဲလို့ အာရုံပြုပြီးတော့ မိမိတို့တာဝန်တွေကို ဝမ်းမြောက်ဝမ်းသာ တက်တက်ကြွကြွနဲ့ ဆောင်ရွက်သွား ကြဖို့ပါပဲ

အဲဒီလို ဆောင်ရွက်ရာမှာ ခုနက ပြောခဲ့တဲ့အတိုင်း သည်းခံခြင်း အစရှိသော ဂုဏ်တို့နှင့် ပြည့်စုံဖို့ ဘုန်းကြီးက အခါတိုင်းညွှန်ကြားနေကျဖြစ်တဲ့ မေတ္တာကာယကံ, မေတ္တာ ဝစီကံ, မေတ္တာ မနောကံဆိုတာတွေနှင့်လဲ ပြည့်စုံဖို့အရေးကြီးတယ်၊ ကိုယ်ပြုလုပ်ဆောင်ရွက်တဲ့ ဥစ္စာဟာ သူတပါးတွေအတွက် အကျိုးများပါစေလို့ ရည်ရွယ်ပြီးပြုတာက မေတ္တာကာယကံပဲ၊ ဒါလဲ တတ်နိုင်သလောက် ပြည့်စုံစေရမယ်၊

မေတ္တာဝစီကံကတော့ ပြောတိုင်း ပြောတိုင်းဟာ သူတပါးတွေမှာ အကျိုးများအောင်, သူတပါးတွေမှာ စိတ်ဆင်း ရဲမဖြစ်ရအောင်, စိတ်ချမ်းသာရအောင် နူးနူးညံ့ညံ့ ယဉ်ယဉ်ကျေးကျေး ဖော်ဖော်ရွှေရွှေနဲ့ ပြောဆိုဆက်ဆံဖို့ပါပဲ၊ ဒါကလဲ အရေးကြီး ပါတယ်၊ ဘာကြောင့်လဲဆိုယင် သင်္ဂဟတရား လေးပါးထဲမှာ ပေါင်းသင်းဆက်ဆံ ရာတွင် မိမိနဲ့တန်းတူ ထားပြီး သကာလ ဆက်ဆံရမယ်တဲ့၊ ကိုယ်က အရည်အချင်း မြင့်နေပေမယ်လို့အရည်အချင်းနိမ့်တဲ့ ပုဂ္ဂိုလ်ကို တန်းတူထားပြီး ဆက်ဆံရမယ်

အဲဒါလဲ အရေးကြီးတယ်၊ ကိုယ်နဲ့တန်းတူထားပြီးတော့ ဆက်ဆံလို့ရှိယင် အောက်တန်းကျတဲ့ ပုဂ္ဂိုလ်တွေကလဲ ကျေနပ်တယ်၊ ထိုအဖွဲ့လူကြီးတွေက တို့လို ပုဂ္ဂိုလ်တွေတောင်မှ တန်းတူ ထားပြီးတော့ ဆောင်ရွက်တယ်၊ အင်မတန် စေတနာကောင်းတယ်ဆိုပြီးတော့ အင်မတန် အားရပါးရ ရှိပါတယ်၊

ဒါကြောင့် မေတ္တာဝစီကံဖြင့် တန်းတူ သဘောထားပြီးတော့ ပြောတဲ့စကားတွေလဲ ချိုချိုသာသာနှင့်, သာသာယာယာနှင့် ပြောဖို့ အရေးကြီးပါတယ်၊ အဲဒါကတော့ အစည်းအဝေးတွေ စည်းဝေးတဲ့အခါမှာ ပိုပြီးတော့ အရေးကြီးတယ်၊ စည်းဝေးတဲ့ အခါကာလမှာ သူတပါး၏ ချွတ်ယွင်းချက်ကို ပြောစရာရှိပေမယ်လို့ ချိုချိုသာသာ ပြောနိုင်ဖို့ အရေးကြီးတယ်၊ အခြားသူက ဒီလို ပြောသင့် ပြောထိုက်တဲ့ စကားတွေ ပြောတဲ့ အခါမှာလဲ ရုတ်တရက် စိတ်က ထိခိုက်သွားလို့ ရှိယင်ဖြင့် စကားကြမ်း ကလေးတွေ ထွက်သွားတတ်တယ်။

ရှေးတုန်းကဆိုယင် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ထဲမှာ အပြောကြမ်းတာတွေ မကြာမကြာ ကြားရတယ်၊ ဘုန်းကြီးစိတ်ထဲလဲ တယ်ပြီးတော့ သဘောမကျဘူး၊ ဘာပြုလို့လဲဆိုတော့ ဘယ့်နှယ် အကြမ်းအတမ်းတွေ ပြောနေပါလိမ့်မလဲလို့ ဒီလို ဘုန်းကြီး စိတ်ထဲမှာ အားမရတာတွေ ဖြစ်တယ်၊ အခုတော့ အဲဒီလို ပြောတာ ဆိုတာတွေ မရှိသလောက်နည်းသွားပါပြီ၊ ခေါင်းဆောင်ပုဂ္ဂိုလ်က အဆင်ပြေအောင် ဆောင်ရွက်နေတဲ့အတွက် အားလုံး ညီညီညွတ်ညွတ်နဲ့ အစည်းအဝေးတွေ, ဆုံးဖြတ်တာတွေ ပြီးသွားတာပဲ များပါတယ်

ဒါပေမယ်လို့ တခါတရံတော့ အကြောင်းမညီညွတ်လို့ ပြောဆိုမိတာ ရှိတတ် သေးတယ်၊ အဲဒီလို အခါကာလမှာ ကိုယ့်စိတ်ထဲ မနှစ်ခြိုက် သဘောမကျပေမယ်လို့ ကြမ်းတမ်းတဲ့စကား မပြောဖို့ အရေးကြီးပါတယ်၊ ပြောချင်တဲ့ ပြောချင်တဲ့ စိတ်ကလေးကို ရှုမှတ်ရမယ်၊ ရှုမှတ်ပြီးတော့မှ အေးအေးဆေးဆေးနှင့် ဒါက ဒီလို မတော်ဘူး၊ ဘယ်လိုမှ တော်တယ်လို့ ဆိုတာကလေးကို ပြေပြေလည်လည်ပြောဖို့ အရေးကြီးပါတယ်၊ အဲဒါကလေး တွေကို ဘုန်းကြီး ခဏခဏ သတိပေးနေတာပဲ

ဘုန်းကြီးတို့လဲ ပြောတဲ့အခါကာလ သတိပြုရပါတယ်၊ ကိုယ်မနှစ်သက်တဲ့ စကားလုံး မကြားရပေမယ်လို့ အဲဒါကို အကြောင်းပြုပြီး တဘက်သားပုဂ္ဂိုလ် ထိခိုက်သွား အောင်တော့ မပြောမိဖို့ အထူးသတိပြုပါတယ်၊ ပြောလဲ မပြောခဲ့ပါဘူး၊ ချိုချိုသာသာ ရှင်းရှင်းလင်းလင်း ပြောပြီးတော့ ဖြေရှင်းပြပါတယ်မေတ္တာဝစီကံဆိုတာက အများစုနဲ့ အလုပ်လုပ်တဲ့အခါ အရေးကြီးပါတယ်၊ အဲဒါကလေးကိုလဲ အထူး သတိပြုဖို့ပါပဲ

မေတ္တာမနောကံဆိုတာကတော့ ချမ်းသာပါစေ ချမ်းသာပါစေလို့ မေတ္တာပွားဖို့ပဲ၊ ဒါကတော့ မြင်ရတာလဲမဟုတ်, ကြားရတာလဲမဟုတ်, စိတ်နှလုံး သွင်းရုံမျှပါပဲ၊ သူများသိလောက်အောင် မတော်တာပြုမိတဲ့ ကာယကံဆိုတာကတော့ အင်မတန် နည်းပါတယ်၊ ဒါကတော့ နည်းလဲနည်းရမှာပဲ။

အဲဒါကြောင့် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်က ဆောင်ရွက်ပြီးစီးတာတွေဟာ အခု ဆိုယင် အခါတိုင်းထက် ပြည့်စုံပြီး တိုးတက်နေပါပြီ၊ အဲဒီ တိုးတက်သည်ထက် တိုးတက်အောင် တို့ဆောင်ရွက်နေရတယ်

တို့ ဆောင်ရွက်တဲ့အတိုင်းလဲ မြတ်စွာဘုရား၏ သာသနာတော်မှာ ပဋိပတ္တိ သာသနာတော်ဟာ တနှစ်ထက်တနှစ် တိုးတက်ပြီးတော့ လာမယ်၊ တိုးတက် လာအောင် ဆောင်ရွက်ရလို့ အာရုံပြုပြီး ဝမ်းမြောက်ဝမ်းသာ တက်တက်ကြွကြွနဲ့ ဆောင်ရွက်သွားကြဖို့ပါပဲ၊ ဆောင်ရွက်တဲ့ အခါကာလမှာလဲ မေတ္တာကာယကံ မေတ္တာ ဝစီကံတို့ဖြင့် ပြေေ ပြပြစ်ပြစ် ဖြစ်အောင် ဆောင်ရွက်သွားကြဖို့ရာ ဘုန်းကြီးက ထပ်မံပြီး သတိပေးတဲ့အနေနဲ့ ဩဝါဒစကား ပြောကြားပါတယ်

အဲဒီဩဝါဒအတိုင်း မေတ္တာကာယကံ, မေတ္တာဝစီကံ, မေတ္တာမနောကံဖြင့် ဆောင်ရွက်နိုင်ကြသည်ဖြစ်၍ မိမိတို့ အလိုရှိအပ်သော ဗုဒ္ဓသာသနာ နုဂ္ဂဟအဖွဲ့ကြီး ၏ တိုးတက်ကြီးပွားခြင်း, သာသနာတော်၏ တိုးတက်ကြီးပွားခြင်းကိုလဲ မျက်မြင် တွေ့ကြပြီးလျှင် မိမိတို့ကိုယ်တိုင်လဲပဲ ကျင့်သင့်တဲ့တရားကို ကျင့်သုံး အားထုတ် ကြ၍ အလိုရှိအပ်သော မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို လျင်မြန်စွာ မျက်မှောက် ပြုနိုင်ကြပါစေ

မဟာစည် ထေရသေထရော, နာနာဂန္ထေသုကောဝိဒေါ
နာနာဂန္ထာနုရုပံသော, ဩဝါဒံ နိစ္ဆရီ သုဓီ

၃၀-ကြိမ်မြောက် သင်းလုံးကျွတ် ဩဝါဒမိန့်ခွန်းတော်

ဤဩဝါဒမိန့်ခွန်းတော် နာမည်အပြည့်အစုံမှာ “ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ၃၀-နှစ်မြောက် သင်းလုံးကျွတ် နှစ်ပတ်လည် အစည်းအဝေးတွင် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော ဩဝါဒမိန့်ခွန်းတော်” ဟူ၍ ဖြစ်သည်၊

ယင်းဩဝါဒ မိန့်ခွန်းတော်သည် ဗုဒ္ဓသာသနာနုဂ္ဂဟသမိုင်း တစိတ်တဒေသကိုလည်း ပြောနေသည်၊ စည်းလုံးညီညွတ်ရန်ကိုလည်း ညွှန်ပြနေသည်၊ သို့ဖြစ်ရာ သိရှိရန်, လိုက်နာရန် လိုအပ်သဖြင့် ဤ ၃၀ -နှစ်မြောက် သင်းလုံးကျွတ် ဩဝါဒ မိန့်ခွန်းတော်ကိုလည်း အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ၃၀-နှစ်မြောက် သင်းလုံးကျွတ် နှစ်ပတ်လည် အစည်း အဝေးတွင် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော ဩဝါဒမိန့်ခွန်းတော်

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်ကြီး စပြီး ဖွဲ့စည်းတည်ထောင်ခဲ့တာဟာ ၁၃၀၉-ခုနှစ်၊ နတ်တော်လဆန်း (၁)ရက် (၁၃-၁၁-၄၇) နေ့ကလို့ သိရပါတယ်၊ အဲဒီအခါတုန်း ကတော့ ဘုန်းကြီးတို့က ဒီဌာနကို မရောက်သေးပါဘူး၊ ဒီဌာနကိုလဲ အဲဒီတုန်းက ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ၏ တည်ရာအဖြစ်ဖြင့် အသိအမှတ် မပြုရသေးပါဘူးလို့ ဆိုပါတယ်၊ အဲဒီကနောက် (၂၆-၉-၄၈) ရက်နေ့ကမှ ဆယ်ကြိမ်မြောက် အမှုဆောင်အဖွဲ့ ကျင်းပတဲ့အခါမှာ အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သည့် ဒါယကာကြီး ဆာဦးသွင်က ဒီနေရာဌာနကို အဖွဲ့ချုပ်အား လှူဒါန်းပေးအပ်သဖြင့် အဲဒီအခါကမှ ဒီဌာနဟာ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်၏ တည်ရာဌာန ဖြစ်လာခဲ့ပါတယ်၊

၁၃၁၀-ခုနှစ် တပို့တွဲလက ဒီဌာနမှာ တိပိဋကဓရ ရွေးချယ်ပွဲကြီးကိုလဲ စ၍ ကျင်းပခဲ့ပါတယ်၊ အဲဒီအချိန်မှ စပြီးတော့ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ်က ပရိယတ္တိသာသနာ ပြုစုတဲ့ဘက်ကလဲ အင်မတန် ထူးထူးခြားခြား အောင်မြင်အောင် ဆောင်ရွက်လာခဲ့ပါတယ်၊ ယခုတော့ အဲဒီ တိပိဋကဓရ ရွေးချယ်ပွဲကိစ္စကို အစိုးရက တာဝန်ယူပြီး အပြည့်အစုံ ဆောင်ရွက်နေသောကြောင့် ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ်ကြီးက အထူးဆောင်ရွက်ဖို့ မလိုတော့သဖြင့် နေရာဌာနများ အသင့် ပြင်ဆင် ပေးခြင်းစသော လိုရာရာဘက်မှသာ တတ်နိုင်သမျှ ကူညီဆောင်ရွက်နေရ ပါတော့တယ်။

ဘုန်းကြီးတို့ ဒီဌာနကို ရောက်လာခဲ့တဲ့ ၁၃၁၁ -ခုနှစ်ကတော့ ဒီအဖွဲ့ချုပ်ကြီး ၏ ၂-နှစ်မြောက် ဖြစ်ပါတယ်၊ အဲဒီတုန်းက နတ်တော်လပြည့်နေ့မှာ ဘုန်းကြီးတို့၏ ညွှန်ကြားချက်အရ ဝိပဿနာကမ္မဋ္ဌာန်း ရိပ်သာအဖြစ် စတင်ဖွင့်လှစ်ပြီးတော့ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်ကြီးက ပဋိပတ္တိသာသနာတော်ကို ထူးထူးခြားခြား ပြုစုဆောင်ရွက်လာခဲ့ပါတယ်၊

ဒီဌာနမှာ ရိပ်သာဖွင့်လှစ်ပြီးခါစ တုန်းကတော့ တရားအားထုတ်ကြတဲ့ ယောဂီ တွေဟာ သိပ်မများလှသေးပါဘူး၊ အစိတ် သုံးဆယ် ဒီလောက်ပဲ ရှိခဲ့ပါတယ်၊ ဒါပေမယ့် နောက်နောက်နှစ်များကျတော့ တနှစ်ထက်တနှစ် တရားအားထုတ် ကြသည့် ယောဂီတွေဟာ များစွာ တိုးတက်လာခဲ့ပါတယ်၊

၁၃၄၀-ခု ဒီနှစ် အတွင်းမှာတော့ သာပြီးတိုးတက် များပြားလာပါတယ်၊ နှစ်ပတ်လည် ပူဇော်ပွဲမှာ လာရောက်ကြတဲ့ ပရိသတ်တွေလဲ အလွန်ပင်များပါတယ်၊ အဲဒီလို အလွန်ပင်များပြားပါလျက် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်က စီစဉ်ဆောင်ရွက် ပေးသောကြောင့် အစစအရာရာ အဆင်ပြေနေတာဟာ အလွန်ပင်အားရ နှစ်သက် စရာ ဝမ်းမြောက်စရာ ကောင်းပါတယ်။

လွန်ခဲ့တဲ့တနှစ်လောက်မှ ရှေးကာလများကဆိုလျှင် ဒီသာသနာ့ရိပ်သာနယ် မြေဟာ အဖွဲ့ပိုင်နယ်မြေ ဖြစ်သော်လဲ အကာအရံတွေက မပြည့်စုံသေးသောကြောင့် အနှောင့်အယှက်ဘေးရန် အန္တရာယ်မကင်းပဲ ရှိခဲ့ပါတယ်၊ ရိပ်သာနှင့် မဆိုင်တဲ့ လူတွေက ဒီရိပ်သာထဲကို ဝင်လိုက်ထွက်လိုက်နဲ့ သူတို့အလိုအတိုင်း ပြုလုပ် နေကြတယ်၊ ဖြတ်သန်းသွားလာတဲ့ လမ်းအဖြစ်နဲ့လဲ အသုံးပြုနေကြတယ်၊

ဒါကြောင့် တရားအားထုတ်နေတဲ့ ယောဂီတွေမှာ အနှောင့်အယှက် အန္တရာယ်တွေကို မကြာခဏ တွေ့နေရတယ်၊ ယခုတော့ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ်က အုတ်တံတိုင်း အရံအတားကို အပြည့်အစုံပြုလုပ်ထားပြီး ဖြစ်သောကြောင့် အစစအရာရာ လုံခြုံနေပါပြီ၊ ဒါပေမယ်လို့ ယောဂီတွေက အင်မတန် များများလာ သောကြောင့် နေရာထိုင်ခင်းစသည် တိုးတက်ပြည့်စုံအောင် ရှေ့ဆက်ပြီး တိုးတက်ကြိုးစားကြရ, ဆောင်ရွက်ကြရပါလိမ့်ဦးမယ်၊

အဲဒီလို ဆောင်ရွက်ရာမှာ ဘေးကလဲ သဒ္ဓါတရားနဲ့ အားပေးတဲ့ပုဂ္ဂိုလ်တွေ တိုးတက် များပြားလာတာကိုလဲ တွေ့ရပါတယ်၊ အဲဒါဟာ အဖွဲ့ဝင် ပုဂ္ဂိုလ်တွေ၏ ဆောင်ရွက်ချက် အပေါ်မှာ တည်တာပါပဲ၊ အဖွဲ့ဝင်ပုဂ္ဂိုလ်တွေဟာ မိမိတို့၏ တာဝန် ဝတ္တရားကို သိတဲ့အတိုင်း အများပုဂ္ဂိုလ်တွေရဲ့ သဒ္ဓါဆန္ဒအပြည့်အစုံ ဖြစ်ရအောင် ဆောင်ရွက်နိုင်တာဟာ အင်မတန် အရေးကြီးပါတယ်၊

ဘုန်းကြီးတို့ကလဲ နှစ်စဉ်နှစ်တိုင်း ဒီလိုဩဝါဒကို ပေးနေတာပါပဲ၊ ဒီနှစ်လဲ ဩဝါဒ ပေးစရာ အထူးတော့မရှိပါဘူး၊ အခါတိုင်းလိုပင် ထပ်ပြီး ပြောကြားရမှာပါပဲ။

သုခါ သံဃဿ သာမဂ္ဂီသမဂ္ဂါနံ တပေါ သုခေါ -
လို့ မြတ်စွာဘုရားက ဟောကြားထားတာ ရှိပါတယ်၊

သံဃဿ - သံဃာတော်၏၊
သာမဂ္ဂီ - ညီညွတ်ခြင်းသည်၊
သုခါ - ချမ်းသာပဲ၊ ချမ်းသာဖို့ အကြောင်းပါပဲ တဲ့၊

အဲဒါဟာ သံဃာတော် ၏ ညီညွတ်ခြင်းကို ခေါ င်းတပ်ပြီး ဟောပြထားတာပါပဲ၊ သိနားလည်ဖို့ လိုတာကတော့ သံဃာသာ မဟုတ်ပါဘူး၊ လူပုဂ္ဂိုလ်တွေရော အားလုံးဟာ ညီညွတ်နေယင် ချမ်းသာကြမှာချည်းပါပဲ၊ အရပ်ထဲမှာ ရှိတဲ့လူတွေ ညီညွတ်နေယင် အဲဒီတရပ်လုံး ချမ်းသာဖို့ပဲ၊ တရွာလုံးညီညွတ်နေယင်လဲ တရွာလုံး ချမ်းသာဖို့ပဲ၊ တမြို့လုံး ညီညွတ် နေယင်လဲ တမြို့လုံးချမ်းသာဖို့ပဲ၊ တနိုင်ငံလုံး ညီညွတ်နေယင်လဲ တနိုင်ငံလုံး ချမ်းသာဖို့ပါပဲ၊ တကမ္ဘာလုံး ညီညွတ်နေယင်လဲ တကမ္ဘာလုံး ချမ်းသာဖို့ပါပဲ၊

မညီညွတ်ယင်တော့ ဆင်းရဲနေကြကြောင်း ထင်ရှားသိရပါတယ်၊ ဒါပေမယ့် တကမ္ဘာလုံးကို ညီညွတ်အောင် ဆောင်ရွက်ဖို့ဆိုတာကတော့ မလွယ်ပါဘူး၊ ခက်ပါတယ်၊ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ ဆိုတာကတော့ မြတ်စွာဘုရား၏ သာသနာတော်ကို ချီးမြှောက်ရန် အဖွဲ့ဖြစ်သောကြောင့် သာသနာတော်ကို တိုးတက်ကြီးပွားအောင် အညီအညွတ် ဆောင်ရွက်ဖို့ပါပဲ၊

အဲဒီလိုဆောင်ရွက်နေရာမှာ ပဋိပတ္တိသာသနာတော်ဘက်က အချိုးကျကျ အညီ အညွတ် ဆောင်ရွက် ဟောပြော ညွှန်ကြားနိုင်သည့် ပုဂ္ဂိုလ်တွေ အဆင်သင့် အပြည့်အစုံ ရှိနေဖို့လိုပါတယ်၊ အခုနေမှာတော့ ဒီရိပ်သာထဲမှာ အဲဒီလို ဟောပြော နိုင်တဲ့ ပုဂ္ဂိုလ်တွေက ပြည့်စုံနေတာဟာ အင်မတန်ကောင်းပါတယ်၊ အရပ်ရပ် အနယ် နယ်လှည့်ပြီး ဟောပြောနိုင်တဲ့ ပုဂ္ဂိုလ်တွေကလဲ အတော်များများ ရှိနေပါတယ်၊

ပဋိပတ္တိသ ာသနာတော် တိုးတက်ခြင်း၏ အကြောင်းပါပဲ၊ အဲဒီလို သာသနာပြု ပုဂ္ဂိုလ်တွေ ပြည့်စုံနေတာဟာ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်၏ အညီအညွတ် အားပေး ထောက်ပံ့ခြင်းနဲ့လဲ ဆိုင်ပါတယ်၊ “သုခါ သံဃဿ သာမဂ္ဂီ”လို့ ညွှန်ကြားထားတဲ့ အတိုင်း အဖွဲ့ဝင်ပုဂ္ဂိုလ်တွေအားလုံး အညီအညွတ်ဖြစ်နေလို့ ဒီလို ပြည့်စုံနေတာပါပဲ။

ဒါကြောင့် တာဝန်ဆောင် အဖွဲ့ဝင်တွေအချင်းချင်း အားလုံးညီညွတ်နေကြသလိုပင် တာဝန်ဆောင် မဟုတ်တဲ့ သာမန်အဖွဲ့ဝင်တွေနဲ့လဲ ညီညွတ်အောင်, အဖွဲ့သို့ လာရောက်ကြတဲ့ အခြားပုဂ္ဂိုလ်တွေနဲ့လဲ ညီညွတ်အောင် အထူးသတိပြုကြ စေလိုပါတယ်၊ ဒီလို ညီညွတ်ဖို့ရာကလဲ မေတ္တာကာယကံ, မေတ္တာဝစီကံ, မေတ္တာမနောကံ ဆိုတဲ့ ဒီကံ ၃-ပါးနဲ့ ပြည့်စုံနေကြဖို့ပါပဲ။

မေတ္တာကာယကံဆိုတာ သူတပါးအား ကိုယ်စိတ် ဆင်းရဲစေတဲ့ အမှုကိုမပြုပဲ ကိုယ်စိတ် ချမ်းသာစေတဲ့ အမှုကိုသာ ပြုလုပ်၍ ကူညီအားပေးမှုပါပဲ၊ အဖွဲ့ဝင် ပုဂ္ဂိုလ်တွေ ဖြစ်စေ, အခြားကပုဂ္ဂိုလ်တွေဖြစ်စေ မိမိတို့ထံလာရောက်ယင် တတ်နိုင်သမျှ အကူအညီပေးဖို့ပါပဲ၊ မေတ္တာဝစီကံဆိုတာ သူတပါးအား အကျိုးမဲ့ ဖြစ်စေမည့် စကား, နားမချမ်းသာ ဖြစ်စေမည့်စကားမျိုးကို မပြောပဲ နားဝင်ချိုပြီး အကျိုးများစေမည့် စကားမျိုးကိုသာ ပြောဆိုဖို့ပါပဲ၊

မေတ္တာမနောကံဆိုတာကတော့ သူတပါးအား ချမ်းသာပါစေလို့ ကြံစည်မှု, နှလုံးသွင်းမှု မေတ္တာပွားစေမှုပါပဲ၊ အဲဒါကတော့ သူများက မမြင်နိုင်, မကြားနိုင်, မတွေ့နိုင်တာမို့ သိပ်အရေးမကြီးဘူးလို့ ထင်စရာပါပဲ၊ ဒါပေမယ့် စိတ်ဆိုးပြစ်မှားပြီး ရန်ငြိုးဖြစ်ပွား စေမိလျှင် မေတ္တာကာယကံ, မေတ္တာဝစီကံ တွေလဲမဖြစ်ပဲ ဆုတ်ယုတ်ဆုံးရှုံး သွားတတ်တယ်၊

ဒါကြောင့် သူတပါးက မတော်မသင့်တာကို ပြုသော်လဲ, ပြောဆိုသော်လဲ စိတ်ဆိုး ပြစ်မှားမှု မဖြစ်စေပဲ သည်းခံပြီး မေတ္တာမနောကံကို ဖြစ်ပွားစေဖို့ပါပဲ၊ အဲဒီလို ဖြစ်ပွားစေလျှင် အစစအရာရာ ညီညွတ်ပြီး အကျိုးများတတ်ပါတယ်၊ ဘုန်းကြီး တို့ကတော့ အဲဒီအတိုင်းပဲ နှလုံးသွင်းနေပါတယ်၊ သူများတွေက ဘုန်းကြီးတို့ ဟောပြော ဆောင်ရွက်နေတာကို သဘောမကျလို့ ဘယ်လိုပင် ပြစ်မှား ပြောဆိုကြပေမယ့် ဘုန်းကြီးတို့က သူတို့ကို မပြစ်မှားပါဘူး၊ ရန်ငြိုးလဲ မထားပါဘူး၊

သူတို့မသိလို့, နားမလည်လို့ မှားပြီး ပြောနေကြတာပဲလို့ ဒီလို နှလုံးသွင်းပြီး သည်းခံ နေတာပါပဲ၊ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ဝင် ဒါယကာတွေလဲ အဲဒီနည်းအတိုင်းပဲ နှလုံးသွင်းပြီး မေတ္တာမနောကံပွားစေကာ မေတ္တာကာယကံ, မေတ္တာဝစီကံတို့ဖြင့် ဗုဒ္ဓသာသနာတော်၏ အကျိုးများရာ များကြောင်းကိုသာ အညီအညွတ် ဆောင်ရွက် သွားကြဖို့ပါပဲ။

ဘုန်းကြီး ယခုပြောပြတာဟာ အတိုချုပ်အားဖြင့် ပြည့်စုံပါပြီ၊ ဒါကြောင့် နိဂုံးချုပ် အဆုံးသတ် ဩဝါဒ စကားကို ပြောကြားပါတော့မယ်၊ ဗုဒ္ဓမြတ်စွာဘုရား၏ ပဋိပတ္တိသာသနာတော်ကို တိုးတက်ရေးနှင့် စပ်ပြီးတော့ မေတ္တာကာယကံ, မေတ္တာ ဝစီကံ, မေတ္တာမနောကံတို့နှင့် ပြည့်စုံစေလျက် ဆောင်ရွက်သမျှကို စွမ်းနိုင်သလောက် တိုးတက်ဆောင်ရွက် ကြသည်ဖြစ်၍ မိမိတို့အလိုရှိအပ်သော ကောင်းကျိုးချမ်းသာ မင်္ဂလာ အပေါင်းတို့နှင့် ပြည့်စုံကြပါစေ။

မဟာစည် ထေရသေဋ္ဌောဟိ, ဩဝါဒေသု သုကောဝိဒေါ
ဩဝါဒံ နိရန္တရံ ဒတွာ, ဗုဒ္ဓသာသနာဘာရဓော

၁၃၄၁-ခုနှစ် နှစ်ပတ်လည် ဩဝါဒ မိန့်ခွန်းတော်

ဆရာတော်ဘုရားကြီးသည် ၁၃၄၁-ခုနှစ် ဗုဒ္ဓသာသနာနုဂ္ဂဟအသင်း နှစ်ပတ်လည် အစည်းအဝေးတွင် မှတ်သားစရာ ပြည့်ဝစုံလင်သည့် ဩဝါဒတော်ကို မိန့်ကြားတော် မူခဲ့လေသည်၊ ယင်းဩဝါဒတော်ကို အောက်ပါအတိုင်း ဖတ်ရှုရာ၏။

၁၉၇၉-၈၀ ခုနှစ်တွင် မိန့်ကြားတော်မူသော ဩဝါဒမိန့်ခွန်းတော်

အခု ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့က ဘုန်းကြီးတို့ရောက်ပြီးမှ နှစ်စဉ် နှစ်တိုင်း နှစ်ပတ်လည် အစည်းအဝေးကြီး ကျင်းပနေတာပါပဲ၊ အဲဒီလို ကျင်းပတဲ့အခါတိုင်း ဘုန်းကြီးက ဒီမှာရှိနေတဲ့အခါဆိုယင် ဩဝါဒစကား ရှေးဦးစွာ ပြောရပါတယ်၊ တနှစ်ထက်တနှစ် ထူးပြီးတော့ ပြောဖို့ဟာလဲ မရှိပါဘူး၊ ဗုဒ္ဓသာသနာ နုဂ္ဂဟအဖွဲ့မှ ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်တာကလေးတွေလောက်သာ ပြောရမှာဆိုတော့ နှစ်စဉ်နှစ်တိုင်းလဲ ဒီလိုပဲ ပြောစရာရှိတာလေးတွေဟာ တယ်ပြီးမထူးပါဘူး။

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ထဲမှာ ဝင်ရောက်ပြီးတော့ ဗုဒ္ဓသာသနာ၏ အကျိုးကို ဆောင်ရွက်နေကြတဲ့ ပုဂ္ဂိုလ်တွေဟာ မိမိတို့တတ်နိုင်သမျှ ကူညီအားပေးဖို့, အထူးသတိပြုဖို့ရာပါပဲ၊ တချို့ တချို့မှာ ဒီလို ဘာသာရေး အဖွဲ့တွေ ရှိနေပေမယ်လို့ အဖွဲ့တော်ကို စည်းဝေးခြင်း, အဖွဲ့တွေအား အကြံဉာဏ်ပေးခြင်း စသော အလုပ် တွေကို ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းက မလုပ်ကြဘူး၊ ဒီလိုမလုပ်ကြပဲ ခပ်အေးအေး နေကြတယ်၊ လုပ်တဲ့ပုဂ္ဂိုလ်တွေက အနည်းငယ်ပဲရှိတယ်၊

ဒါပေမယ့် ဒီကဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ကြီးမှာတော့ အဖွဲ့ဝင်ပုဂ္ဂိုလ်တွေမှာ အခြား အဖွဲ့ဝင်မျိုးလို အစစအရာရာ စားရေး သောက်ရေးမှစပြီးတော့ စီးပွားရေးအလုပ် အားကိုးစရာ ရှိတာမဟုတ်ဘူး၊ ဒါကြောင့် သာသနာရေး သက်သက်ကိုသာ ကိုယ်တတ်နိုင်သမျှ နေ့စဉ်လာရောက်ပြီးတော့ ဆောင်ရွက်နေကြတယ်

အခုဒီမှာတော့ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ဝင် ပုဂ္ဂိုလ်တွေဟာ အင်မတန် ကောင်းပါတယ်၊ အရေးကြီးတဲ့ ကိစ္စတွေ တတ်နိုင်သမျှ ဆောင်ရွက်ပြီးတော့ နေကြတယ်၊ ရှေးတုန်းကဆိုလို့ရှိယင် ဩဝါဒါစရိယ ကမ္မဋ္ဌာန်း ဆရာတွေ နေရေး ထိုင်ရေးအတွက် နေဖို့ရာ ထိုင်ဖို့ရာ ကျောင်းအဆောက်အအုံတွေဟာ သိပ်မပြည့်စုံဘူး၊ အမျိုးသမီးတွေ နေထိုင်ဖို့ကလဲပဲ သိပ်မပြည့်စုံဘူး၊ အခုနေ အခါတော့ အတော်တော့ ပြည့်စုံနေပါပြီ၊ မျက်စိနဲ့ ကြည့်လိုက်ယင်ကိုပဲ အဆောက်အအုံကြီးတွေ ကြည့်ရသောအားဖြင့် အားရစရာ ဝမ်းသာစရာ အင်မတန်ကောင်းပါတယ်

ဒီကဝင်ဝင်ချင်း ဒီဖလ်ယဉ်ဓမ္မာရုံကြီးကို ပထမစပြီးတော့ တည်ထောင်တယ်၊ အဲဒီနောက် လွန်ခဲ့တဲ့ ၁၃၃၁-ခုနှစ်လောက်က ဘုန်းကြီးကိုယ်တိုင်နေရာ မဟာစည် ကျောင်းလဲ ပြီးတာ ကြာပါပြီ၊ နောက်ပြီးတော့ မော်ကွန်းရုံရဲ့ အရှေ့တောင်က ကမ္မဋ္ဌာန်း ဆရာတွေ နေဖို့ဆိုပြီးတော့ ကျောင်းအဆောက်အအုံတွေ (၃) ကျောင်း ဖြစ်ပေါ်လာခဲ့တယ်၊

ပထမတုန်းကတော့ အဲဒီ အဆောက်အအုံတွေ ဆောက်မယ့်ပုဂ္ဂိုလ်တွေဟာ မရှိသလောက်ပါပဲ၊ နောက်တော့ အဆောက်အအုံ ဆောက်မည့် ပုဂ္ဂိုလ်တွေ ပေါ်လာပါတယ်၊ အစတုန်းကဆိုယင် သိပ်ပြီး ထူးထူးခြားခြား ရှိမယ်မထင်ရဘူး၊ တော်ရုံသင့်ရုံပဲ အောက်မေ့တယ်၊ ဒါကြောင့် ပထမဆုံးဆောက်တဲ့ အလယ်ပိုင်း အဆောက်အအုံက နောက်ထပ်ဆောက်တဲ့ အဆောက်အအုံ ၂-ခုလောက် မကောင်းလှဘူး၊ အဲဒီအဆောက်အအုံတွေ တွေ့ရယင်ကိုပဲ အင်မတန် ဝမ်းသာစရာ ကောင်းပါတယ်၊ အမြင်အားဖြင့် ကြည်ညိုစရာ ဝမ်းသာစရာတွေပါပဲ။

အမျိုးသမီးတွေအတွက် ဆိုလို့ရှိယင်တော့ ဒီဘက်ပိုင်းကရော, တောင်ဘက် အရှေ့ဘက်ပိုင်းမှာရော အဆောက်အအုံတွေ အင်မတန် များတာပါပဲ၊ အခုနေထိုင် စရာတွေ အင်မတန်ကောင်းတာပဲ၊ နေစရာ ထိုင်စရာတွေအပြင် ရေတို့ မီးတို့ဆိုတာ ကလဲပဲ အရေးကြီးပါတယ်၊ ရေကလဲပဲ အခုနေကာလမှာ ရေကကန်ကြီးတွေနဲ့ ထည့်ထား လှောင်ထားပြီး အဲဒီကန်က ထုတ်ပြီးသုံးရတယ်၊

အခြားအခြား နေရာတွေမှာ ရေအသုံးလိုနေပေမယ်လို့ ဒီဗုဒ္ဓသာသနာနုဂ္ဂဟဌာန မှာတော့ ရေသုံးစရာ ပြည့်စုံပါတယ်၊ ဒီကိုလာပြီး တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေလဲပဲ တော်တော် သဘောကျကြပါတယ်၊ ရေတွေလဲပေါတယ်ဆိုပြီး ဒါလဲ အင်မတန် ကောင်းပါတယ်

နောက်ပြီးတော့ အမျိုးသမီးတွေ နေဖို့ရာဆိုတာလဲ အရေးကြီးပါတယ်၊ အမျိုးသား လူဝတ်ကြောင် ယောဂီဆိုတာကတော့ အရပ်ရပ်မှာ သိပ်မများဘူး၊ ဒီဌာနမှာတော့ တော်တော်များတယ်၊ ဒါပေမယ်လို့ အမျိုးသမီး ယောဂီတွေကပဲ ပိုပြီးတော့ များတယ်၊ သူတို့ နေစရာ ထိုင်စရာများ ရှိဖို့လဲ လိုတယ်၊ အဲဒါလဲပဲ ဒီဌာနမှာ ပထမအဆောက်အအုံ အဟောင်းတွေကလဲ ဆောက်ထားပြီး ရှိနေပါတယ်၊ အသစ်လဲပဲ ဆောက်ကြပါတယ်၊ အဟောင်းတွေကို သင့်တင့်လျောက်ပတ်အောင် ပြင်ဖို့ လိုတာလေးတွေလဲ ပြင်ပြီး ပေးကြတယ်၊ အင်မတန် အဆင်ပြေပါတယ်၊ ဝမ်းသာစရာပါပဲ။

အဲဒီလို ဆောင်ရွက်ကြရတယ်ဆိုတာဟာလဲ သာမန်ပုဂ္ဂိုလ်တွေမှာ မဖြစ်နိုင်ပါဘူး၊ ဆောင်ရွက်ပုံ ဆောင်ရွက်နည်း စနစ်ကို နားမလည်မှု ဖြစ်နိုင်ပါတယ်၊ မြော်မြင် ကြည့်လို့ရှိယင်ဖြင့် “ဒီလိုလုပ်ရမယ်၊ ဒီလို လုပ်သင့်တယ်” ဆိုတာလေးတွေကို သဘောပေါက်မှ အဲဒါမှ ဆောင်ရွက်လို့ ပြီးတယ်၊ အချို့က စေတနာကောင်းနဲ့ ဆောင်ရွက်ချင်ပါတယ်၊ ဒါပေမယ်လို့ ဘယ်လို ဆောင်ရွက်ရမယ်ဆိုတာ မသိယင် ဆောင်ရွက်လို့ မဖြစ်ဘူး၊ အခု ဒီမှာဆောင်ရွက်ကြတာဟာ အင်မတန် အဆင်ပြေပါတယ်

အဲဒါကြောင့် ဟိုတုန်းကတည်းက ဘုန်းကြီးက ဩဝါဒစကားတော့ ရိုးရိုးပဲ ပေးခဲ့တာပါပဲ၊ “ဥဋ္ဌာနသမ္ပဒါ, အာရက္ခ သမ္ပဒါ, ကလျာဏမိတ္တ, ဇီဝိတ” ဆိုတာ အဲဒီဟာတွေနဲ့ ပြည့်စုံယင် ကောင်းတယ်လို့ ရိုးရိုး မှတ်သိရတာပါပဲ၊ အဲဒီတုန်းက ဘုန်းကြီးက ဩဝါဒ စာရွက်ကလေးတခုနဲ့ ဟိုတုန်းက ရိုက်ထားတယ်၊ အဆင်ပြေသွားတယ်။

အခုနေအခါ ဘုန်းကြီးတို့က ထပ်ပြီးတော့ အကြံဉာဏ်ပေးချင်တာလဲ ရှိနေပါတယ်၊ ဒီကအဖွဲ့ဝင် ဒကာကြီးတွေရော, ဒိပြင်ပုဂ္ဂိုလ်တွေရော, စေတနာကောင်းနဲ့ ဆောင်ရွက်နေကြတာကိုရော, ဆောင်ရွက်လိုတဲ့ စေတနာကောင်း ရှိနေကြတာ ကိုရော သိနေပါတယ်၊ ခုနေအခါ လိုနေတာကတော့ အမျိုးသားယောဂီနဲ့ ရဟန်းတော်တွေအတွက် နေရာထိုင်ခင်း ပြည့်စုံသင့်သလောက် မပြည့်စုံသေးပဲ ဖြစ်နေတာပါပဲ

ဘုန်းကြီးတို့ အမေရိကန် ရောက်နေစဉ် အတွင်းက ဘုန်းကြီးတို့ ရောက်ရာတိုက် တွေမှာ အဆင့်ဆင့် ရှိနေကြတာ တွေ့ရတယ်၊ ဆယ်ဆင့်ဆိုတာ အနည်းကလေးပဲ၊ ဆယ်ဆင့်ကျော်နေတာကပဲ များပါတယ်၊ မြန်မာပြည်မှာ မဟာစည် သာသနာ့ရိပ်သာ ထဲမှာလဲ နေရာထိုင်ခင်းကလဲ ယောဂီများသလောက် ကျယ်ကျယ်ပြန့်ပြန့် မရှိသေးဘူး။

ဒါကြောင့် ဒီက အဆောက်အုံအကလေးတွေကိုလဲ အနည်းဆုံး ၂-ထပ်လောက် လုပ်ပေးယင်ဖြင့် တော်တော်နေလို့ ဟန်ကျမှာပဲလို့ ဟိုတုန်းကတည်းက ဘုန်းကြီးက ဒီမလာခင်ကတည်းက စိတ်ကူးရပါတယ်၊ အဲဒီလို စိတ်ကူးရပြီးတော့ ဒီလိုပဲ အမှတ်တမဲ့ နေခဲ့ပါတယ်၊ ဒီလို နေနေယင်းနဲ့ အခု အကြောင်းမညီညွတ်တော့ နေမကောင်းတာနဲ့ လာပြီးတော့ တွေ့ရပါတယ်၊ နေမကောင်းတော့ ခါတိုင်း ခါတိုင်း ဒီလောက် နေမကောင်းတာမျိုး တယ်မတွေ့ရဘူး၊ ယခု အတော်ပင်ပန်းနေတာပါပဲ

အဖျားဆိုပေမယ်လို့ အပူရှိန်တွေက များနေတာကိုး၊ အအေးက မရှိပါဘူး၊ အဲဒီ ရောဂါတွေ့မှုနဲ့စပ်ပြီး အဆောက်အအုံ ကုသိုလ်ပြုချင်တဲ့ စိတ်ကူး ပေါ်လာပါတယ်၊ အဲဒီ စိတ်ကူးရဲ့ အထောက်အထားကလေးကစပြီး ပြောချင်ပါတယ်၊ ဘယ်လိုဟာလဲ ဆိုတော့ကာ ယခု ဘုန်းကြီးတို့နေတဲ့ ကျောင်းရဲ့ဘေးကပေါ့လေ တိုးချဲ့ပြီးတော့ အဆောက်အအုံ ဆောက်ဖို့ ဒါက စောစောကတည်းက ဘုန်းကြီးက ညွှန်ကြားခဲ့တာ ကြာပါပြီ၊

အဲဒါကဘုန်းကြီး၏ ရုပ်တုတော်ထားဖို့, အခြားယောဂီပရိသတ်တွေလဲ တရား အားထုတ်ဖို့ စသည်အတွက် မဟာစည်ကျောင်းတော်ကို တိုးချဲ့ဆောက်လုပ်ဖို့ပါပဲ၊ အဲဒီလိုပြောပြီးတော့ ညွှန်ကြားထားခဲ့ပါတယ်၊ ဘုန်းကြီးတို့ နိုင်ငံခြားသွားနေတုန်း ပြီးအောင်ဆိုပြီး ပြုလုပ်ခဲ့ကြတာပါပဲ၊ ဘုန်းကြီးတို့ ပြန်လာသည့် တိုင်အောင် ကောင်းကောင်းတော့ မပြီးသေးဘူး၊ ခုတော့ ပြီးသလောက် ရှိနေပါပြီ။

ဒါပေမယ့် ဒီအထဲကနေပြီးတော့ စင်္ကြံဆောက်ဖို့ ဆိုပြီးတော့ တခါဆောက်ကြ ပြန်ပါတယ်၊ အဲဒါတော့ ဘုန်းကြီးက တားမြစ်လို့လဲ မကောင်း, အားပေးဖို့ဟာလဲပဲ သိပ်ပြီးမလိုဘူး၊ ခုနေအခါကာလမှာ ယောဂီပုဂ္ဂိုလ်တွေ နေထိုင်ဖို့ရာက ပိုပြီး အရေးကြီးပါတယ်၊ စင်္ကြံအဆောက်အအုံ လုပ်နေယင်ဖြင့် အဲဒီ အတွင်းမှာတော့ အခြား အဆောက်အအုံတွေ ဆောက်ဖို့ဟာ အချိန်မရှိဘူး၊ ဒါကြောင့် ဒီဥစ္စာတော့ တယ်မလိုဘူးလို့ အောက်မေ့ပါတယ်၊

ဒါပေမယ့် သူ့စေတနာနဲ့သူတို့ စေတနာကောင်းတဲ့ ပုဂ္ဂိုလ်တွေကလဲ စင်္ကြံ ဆောက်လုပ်လှူချင်ကြတာကိုး၊ အဲ ပထမစပြီးတော့ ဦးစိန်ဖေက ဆောက်ချင်တယ် လို့ ပြောပါတယ်၊ အဲဒါကို မလိုလှပေမယ့်လဲ ကိုယ့်သဘောနဲ့ ကိုယ်ဆောက်ချင် ဆောက်ပါ့လေလို့ ပြောထားရပါတယ်။

ဘုန်းကြီးက အခုနေမကောင်း ထိုင်မသာဖြစ်လာတော့ တနေ့ တချိန်ကျလို့ရှိယင် ဒီလို နေမကောင်း ထိုင်မသာ ဖြစ်ပြီးတော့ သေချင်လဲ သေနိုင်တာပဲ၊ သေသွား လို့ရှိယင် ဘုန်းကြီးတို့ ပိုင်ဆိုင်ပြီးတော့နေတဲ့ ပစ္စည်းဥစ္စာတွေလဲပဲ ဘာမှ အသုံး မကျပဲနဲ့ အလဟဿ ဖြစ်ကုန်မယ်၊ ဒီတော့ ဘုန်းကြီးတို့ ပိုင်ဆိုင်ပြီးတော့နေတဲ့ ပစ္စည်းဥစ္စာ တွေလဲပဲ ဘာမှ အသုံးမကျပဲနဲ့ အလဟဿဖြစ်ကုန်မယ်၊ ဒီတော့ ဘုန်းကြီးက တတ်နိုင်သမျှ အဆောက်အအုံ ရအောင်လို့ အခြေခံ ရှေ့သွားအနေနဲ့ အလှူပါဝင် ထားယင် ကောင်းမယ်လို့ ဘုန်းကြီးက ဒီလို စဉ်းစားထားမိပါတယ်။

ဟိုက ၁-၂-၃-၄-၅ အဲဒီ တိုက်တန်းတွေကို ကျောင်းသုံးခုနဲ့ နှစ်ခုကို တဆောင်စီ ဆောက်လုပ်ချင်လုပ်၊ ဒါမှမဟုတ်ယင်လဲ တခုနဲ့ တခုခြားထား ဒီလိုပဲ ရမှာပါပဲ၊ အဲဒီလို ဆောက်ရာမှာ အဆင့်ကလဲပဲ မူလအတိုင်း မဟုတ်ပဲနဲ့ နှစ်ဆင့် နှစ်ထပ်စီ လုပ်ထားဖို့ပါပဲ၊ အဲဒါလဲ သိပ်တော့ ကြာမယ်မထင်ပါဘူး၊ လုပ်ရကိုင်ရတာလဲ လွယ်လိမ့်မယ်လို့ ထင်တာပါပဲ၊ လုပ်ရ ကိုင်ရတာလဲ လွယ်ပါလိမ့်မယ်။

ဒီမှာအထူးအရေးကြီးတာက တိပိဋကစာပြန်ပွဲကျလို့ရှိယင် တိပိဋကစာပြန်ပွဲဆိုင်ရာ တွေကို နေထိုင်ဖို့ရာ နေရာအခွင့်အရေးတွေ ပေးရပါတယ်၊ မပေးလို့လဲမဖြစ်ပါဘူး၊ ပထမတုန်းကဆိုယင် ဆွမ်းစားကျောင်းမှာ ကျွေးမွေးရေးအတွက် နေရာ ပေးရပါတယ်၊ အခုတော့ စာဖြေသံဃာ များလာလို့ ဒေါ်ကြွေဓမ္မာရုံကြီးကို ကျွေးမွေး ဆက်ကပ်ရေးအတွက် နေရာ ပေးရပါတယ်၊ စာဖြေသံဃာတော်တွေ နေဖို့ နေရာလဲ ပေးရပါသေးတယ်၊

ဒါကြောင့် ရဟန်းယောဂီတွေနဲ့ အမျိုးသား ယောဂီတွေ နေရေး ထိုင်ရေးကတော့ သိပ်အဆင်မပြေလှပါဘူး၊ ဘုန်းကြီးတို့ ကျောင်းက တိုးချဲ့အဆောင်တွေနဲ့ဆိုတော့ ရဟန်းယောဂီ, လူယောဂီတွေဟာ အဲဒီ ပြင်ဆင်ဆောက်လုပ်မယ့် ဌာနမှာ အားထုတ်မယ်ဆိုယင် သင့်သလောက်တော့ ဖြစ်နိုင်ပါတယ်။

ယခုလို ယောဂီတွေအလွန်များတဲ့ ဒီလို ရက်အတွင်းမှာတော့ နေရာခပ်ကျပ်ကျပ်ပါပဲ၊ နောက်ဓမ္မရုံ အသစ်ကြီး ဆောက်လုပ်ပြီးတဲ့အခါ ကျယင်တော့ ပိုပြီး ကောင်းပါလိမ့်မယ်၊ အဲဒါထက် ဒီက ရဟန်းသံဃာတွေနဲ့ အမျိုးသားယောဂီတွေ နေရာထိုင်ခင်းဖြစ်တဲ့ အဆောက်အအုံ ကလေးတွေကို ပြင်လိုက်လို့ရှိယင် တော်တော် ဟန်ကျ သွားမယ်၊ အဲဒါလို ဘုန်းကြီးက ဘုန်းကြီးမှာရှိသမျှ တတ်နိုင်သမျှ အခြေခံဥစ္စာတွေကို ဘုန်းကြီးက ခေါင်းဆောင်အဖြစ်နဲ့ ဝတ္ထုငွေ လှူမယ်လို့ ကြေငြာထားပြီးတော့ အခြားသောပုဂ္ဂိုလ်တွေလဲ တတ်နိုင်သမျှ အတူ လိုက်ပြီး လှူဖို့ရာ တိုက်တွန်းရမှာပဲ။

ဘုန်းကြီးကနေပြီးတော့ အဲဒီလို အဆောက်အအုံလုပ်ဖို့ရာ ညွှန်ကြားတိုက်တွန်း ပေးလို့ရှိယင် ဒိပြင် ပုဂ္ဂိုလ်တွေလဲပဲ အားပါးတရ ဝမ်းမြောက် ဝမ်းသာနဲ့ ဖြစ်ပေါ်လာကြမှာပါပဲ၊ ဒီအဆောက်အအုံတွေလဲ မကြာခင် ပြီးပါလိမ့်မယ်၊ တနှစ်အတွင်း မပြီးယင် နှစ်နှစ်အတွင်းတော့ ပြီးမှာပါ၊ နှစ်နှစ်တော့ ကြာမယ် မထင်ပါဘူး၊ မကြာခင်ပဲ ပြီးဖွယ်ရာရှိပါတယ်၊ နောက်ပြီးတော့ တတ်သိနားလည်တဲ့ အဖွဲ့ဝင်ပုဂ္ဂိုလ်များကို နည်းနည်းပါးပါး မေးကြည့်တော့ “သိပ်ကြာစရာ အကြောင်း မရှိပါဘူး” လို့ သိရတယ်၊ ဒီလိုဆို ကောင်းတာပေါ့လို့ ပြောရတယ်။

“ဘယ်လောက်ကုန်စရာရှိသတုံး၊ ကုန်စရာတွေလဲ ဘယ်နှစ်သိန်း ကုန်မှာလဲ” အဲဒါကိုလဲ မေးရတယ်၊ အဆောက်အအုံ နှစ်ခုတွဲလုပ်ယင် အခုနေ အနည်းဆုံး အခြေခံ နှစ်သိန်းလောက်တော့ ဘုန်းကြီးက လှူထားလိုက်မယ်၊ နောက်တော့ တတ်နိုင်တဲ့ ပုဂ္ဂိုလ်တွေက လိုက်ပြီးတော့ လှူဖို့ပါပဲ၊ ၄-၅-၆-သိန်းလောက်ဆိုယင် ပြည့်စုံလောက်မှာပဲ၊ ၄-၅-၆ သိန်း ၇-သိန်းထက် များယင် ၈-သိန်းပေါ့လေ အဲဒီလို အစီအစဉ် ရှိပါတယ်။

အဲဒီအဆောက်အအုံတွေ ပြီးတယ်ဆိုတဲ့ အခါကျယင်တော့ ဒီမှာ အရေးအကြီးဆုံး ဖြစ်တဲ့ တရားဓမ္မာရုံကြီးကို ဆောက်လုပ်ဖို့ရာ ကောင်းပါတယ်၊ တရားဓမ္မာရုံကြီးကို ဆောက်နေရယင် အခုပြောတဲ့ အဆောက်အအုံမျိုး တွေကို ဆောက်ဖြစ်မှာ မဟုတ်ဘူး၊ ဘယ်တော့မှ ပြီးမှန်းလဲ မမှန်းနိုင်ဘူး၊ အဲဒီလို စဉ်းစားမိပါတယ်၊ ဒါကြောင့် ဘုန်းကြီးတို့ကလဲပဲ အဲဒီရဟန်း ယောဂီ, အမျိုးသားယောဂီတွေ ပြည့်ပြည့်စုံစုံ ချမ်းချမ်းသာသာနှင့် နေဖို့ရာ နေရာထိုင်ခင်းအတွက် အဆောက်အအုံ ကလေး စပြီးပြင်ပေးဖို့ ညွှန်ကြားရပါတယ်။

အဲဒါတွေပြုပြင်ရာမှာ ကုန်ကျဖို့ဟာလဲပဲ ဘုန်းကြီးက တတ်နိုင်သလောက် အကူအညီပေးရမှာပဲ၊ ဘုန်းကြီး ဒီလိုမှ မလုပ်လဲပဲ တနေ့ကျတော့ သေသွားလို့ ရှိယင်ဖြင့် ယူတော့မသွားနိုင်ဘူး၊ မိမိပိုင်တဲ့ ပစ္စည်းတွေဟာ အကျိုးမဲ့ဖြစ်နေမှာပဲ၊ အခုလို ဆောက်ပြီးတော့ လှူတာဟာလဲပဲ သေတဲ့အခါ ယူသွားရအောင်တော့ မရည်ရွယ်ပါဘူး၊ လောလောဆယ်မှာ တရားအားထုတ်ချင်တဲ့ ပုဂ္ဂိုလ်တွေ ချမ်းချမ်း သာသာနေရအောင်, ပြီးတော့ ဘေးကပုဂ္ဂိုလ်တွေ အမြင်အားဖြင့်လဲ သာသနာ ရေးလဲ ကြည်ညိုဖွယ်ဖြစ်အောင် အဲဒါတွေ ရည်စူးပြီးတော့ ဘုန်းကြီးက စိတ်ကူး ရှိပါတယ်၊ အခုလို နေမကောင်းတဲ့အခါမှာ ဒီစိတ်ကူးက ဖြစ်လာတယ်၊ အဲဒါပါပဲ။

အဲဒီလိုပဲ စေတနာကောင်းနဲ့ ဒီမှာဆောင်ရွက်ကြတဲ့ ပုဂ္ဂိုလ်တွေက ဆောင်ရွက်သင့် ဆောင်ရွက် ထိုက်တာတွေကို အများသဘောတူ အသိအမှတ်ပြုပြီးတော့ ဆောင်ရွက် သွားကြဖို့ပါပဲ၊ အဲဒီလို အများသဘောတူ ပြုသင့်တဲ့ အမှုတွေကို ကြောင့်ကြ စိုက်ပြီးတော့ ပြုနေကြတာဟာ အင်မတန် ကောင်းပါတယ်။

သဒ္ဓါသမ္ပဒါ၊ သီလသမ္ပဒါ၊ စာဂသမ္ပဒါ၊ ပညာသမ္ပဒါ”တဲ့၊ “သဒ္ဓါသမ္ပဒါ”ဆိုတာက သဒ္ဓါတရားနှင့် ပြည့်စုံခြင်း၊ ဒါက ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ဝင်ပုဂ္ဂိုလ်တွေဟာ သဒ္ဓါတရားကတော့ ပြည့်စုံနေပြီးပါပဲ၊ မပြည့်စုံတာ မရှိပါဘူး၊ သဒ္ဓါတရားရှိလို့ပဲ ဒီလို ကုသိုလ် အလုပ်တွေ လုပ်ကြတာပါ၊

သီလသမ္ပဒါ”ဆိုတာကတော့ ဗုဒ္ဓသာသနာဝင်တွေဆိုတာ သီလနဲ့ ပြည့်စုံနေ တာပါပဲ၊ ဒါပေမယ့် တခုတော့ရှိတယ်၊ ငါးပါးသီလက ပြည့်စုံနေပေမယ်လို့ ၈-ပါး သီလမျိုးကို မစောင့်ရှောက် မဆောက်တည်ပဲ နေတာရှိတတ်တယ်၊ မဆောက် တည်ပဲနေတော့ ဘေးက ပုဂ္ဂိုလ်တွေအမြင်အားဖြင့် အထင်အမြင် သေးတတ်တယ်၊

အဲဒီတော့ ဒီလို အထင်အမြင် မသေးရအောင် အခါခပ်သိမ်း မဟုတ်သော်လဲ ထူးခြားတဲ့ တရက်တလေတော့ () ပါးသီလ ဆောက်တည်ယင် ကောင်းပါတယ်၊ သူများတွေ သီလသာမကဘူး သမာဓိ, ပညာ ကျင့်ရအောင် ဆိုပြီးတော့ တိုက်တွန်း နေတဲ့ ပုဂ္ဂိုလ်တွေဟာ ကိုယ်ကိုယ်တိုင်က သီလကို မစောင့်ရှောက်ပဲနေယင် တယ်မကောင်းဘူးပေါ့။

အကြောင်းကတော့ သူ့ဟာနဲ့သူ ရှိမှာပေါ့၊ “ကျန်းမာရေးအတွက် အစာမကြာ မကြာစားမှ ကျန်းမာရေး ပြည့်စုံမှာ” လို့ ခုကာလ ဆရာဝန်တွေက ဒီလိုဆိုတာ ရှိပါတယ်၊ ရှေးတုန်းကတော့ ဒီလိုဟာ မရှိပါဘူး၊ ဘုန်းကြီးတွေ ဆိုလို့ရှိယင် အဲဒီလိုဟာတွေ ရှောင်ကြဉ်ဖို့ ခက်တာပဲ၊ မလွယ်ဘူး၊ ဘုန်းကြီးဆိုလို့ရှိယင် ဘုန်းကြီး အဖြစ်နဲ့နေပြီးတော့ ညနေခင်း စားရမယ်ဆိုယင် ခက်တာပဲ၊ ဘုန်းကြီးအဖြစ်နဲ့ နေလို့ကို ဖြစ်တော့မှာ မဟုတ်ဘူး၊

အဲဒီတော့ တတ်နိုင်သမျှ ကျင့်သုံးဖို့ လိုပါလိမ့်မယ်၊ (သဒ္ဓါသမ္ပဒါ, သီလသမ္ပဒါ, စာဂသမ္ပဒါ) စာဂသမ္ပဒါဆိုတာကတော့ တတ်နိုင်သမျှ ပေးလှူတဲ့ ကုသိုလ်နဲ့ ပြည့်စုံဖို့ပါပဲ၊ အဲဒီမှာ ပညာသမ္ပဒါ ဆိုတာက အင်မတန် အကြောင်းညီညွတ်လို့ ဗုဒ္ဓသာသနာမှာ ရောက်ပြီးတော့ နေရတယ်၊ ဒီလို ရောက်နေရာမှာလဲပဲ အဲဒီလို အချိုးကျကျ ပညာအကျင့်ကို ကျင့်ဖို့ ပြုဖို့ရာပါပဲ၊ ဒီဌာနမှာ ဝိပဿနာပညာ တရားအထိ ရနေကြတယ်၊ အင်မတန် ဝမ်းသာစရာ ကောင်းပါတယ်။

အချို့ ပုဂ္ဂိုလ်တွေက ဗုဒ္ဓဘာသာတွေ ပေမယ်လို့ ဘုန်းကြီးတို့လို စနစ်တကျ ဟောနေတဲ့ တရားတွေကို ပြစ်တင်ပြီး ပြောဆိုတာ ရှိတယ်၊ ဘုန်းကြီးကတော့ သူတို့ကိုလဲ မကဲ့ရဲ့ပါဘူး၊ သူတို့အကုသိုလ်တွေ အလကား များနေတာပဲ၊ ဘယ့်နှယ်ကြောင့် တရားမှန်ကို ကဲ့ရဲ့နေတာလဲ၊ ကဲ့ရဲ့သူတို့မှာ အကျိုးယုတ်တာပဲ၊ အဲ သူတို့မှာ အကျိုးယုတ်တာ ကိစ္စမရှိဘူး၊ သူတို့ရဲ့ တပည့်တပန်း ပရိသတ်တွေ အဆက်ဆက်တွေရော ဒုက္ခတွေ ရောက်နေကြတာပဲ၊

မြန်မာပြည်မှာ တယ် မကြာခင်ကပဲ ဒီလို ဝါဒကလေးတွေ ပြန့်ပွားလာတယ်၊ “ကျောက်သင်္ဘော” ဝါဒ ဆရာဆိုတာလဲ ဒီလိုဟာပါပဲ၊ နောက်ပြီးတော့ ဟို “သမ္မာဒိဋ္ဌိသုတေသန” တီထွင်ခဲ့တဲ့ ဦးဥက္ကဋ္ဌ ဆိုတာကလဲ ဒီလိုဟာတွေ ဟောပြော ခဲ့တာပဲ၊ ဒီလိုမတော်မသင့်တာတွေကို မြောင်းမြမှ ဒကာတဦးက စာရေးပြီး ပို့ထားတယ်။

အဲဒီ သမ္မာဒိဋ္ဌိ သုတေသနအဖွဲ့က ကက်ဆက်နဲ့ တိပ်ခွေဖွင့်ပြီးတော့လဲပဲ ပို့ထားခဲ့ သတဲ့၊ အဲဒါတွေ နားထောင်ပြီးတော့ စာနဲ့ရေးပြီး သိပ်မတော်တဲ့ ဥစ္စာတွေကို သာသနာ့ညွှန်ကြားရေးအတွက် အုပ်ချုပ်ရေးက ဆောင်ရွက်သင့်တယ် ဆိုပြီး ဘုန်းကြီးဆီ သူက ပို့ထားတယ်၊ သာသနာ အုပ်ချုပ်ရေးကို ဘုန်းကြီးကတော့ မလုပ်နိုင်ပါဘူး၊ သင့်တော်တဲ့ ပုဂ္ဂိုလ်တွေ ဆောင်ရွက်နေယင် ပြီးတာပါပဲလို့သာ မျှော်လင့်ပါတယ်။

အဲဒီတော့ သဒ္ဓါသမ္ပဒါ, သီလသမ္ပဒါ, စာဂသမ္ပဒါ, ပညာသမ္ပဒါ ဒီသမ္ပဒါ ၄-ပါးနဲ့ ပြည့်စုံဖို့ပါပဲ၊ အဲဒီလို ပြည့်စုံခြင်းဖြင့် ပြည့်စုံထိုက်တာတွေကို ဒီနှစ် ဒီအသင်းအဖွဲ့ အတွင်း ဝင်ရောက်ပြီး ဆောင်ရွက်မယ့် ပုဂ္ဂိုလ်တွေဟာ ပြည့်စုံသည်ထက် ပြည့်စုံအောင် ကြိုးစားပြီး ဆောင်ရွက်ကြဖို့ပါပဲ၊ အခု ဆောင်ရွက်နေတာတွေကို ဘုန်းကြီး မြင်ရတာ တွေ့ရတာဟာ အင်မတန် ကြိုးကြိုးစားစား ဆောင်ရွက်နေ ကြတယ်လို့ပဲ သိရပါတယ်၊ အင်မတန် ဝမ်းသာစရာပါပဲ။

မိမိတို့အိမ်က နေ့စဉ်ပင် ကျောင်းလာပြီးတော့ တနေ့လုံး အလုပ်လုပ်နေကြတာဟာ တော်တော် တာဝန်လေးတာပါပဲ၊ သာမန်ပုဂ္ဂိုလ်ဆိုယင် နေ့စဉ်နေ့တိုင်း လာနေဖို့ မလွယ်ဘူး၊ နေ့စဉ် နေ့တိုင်းလာပြီး အခုလို ဆောင်ရွက်နေကြတာဟာ အင်မတန် အားရစရာ ဝမ်းသာစရာ ကောင်းပါတယ်

နောက်ထပ် အသစ်တိုးလာတဲ့ ပုဂ္ဂိုလ်တွေလဲ အဲဒီအတိုင်းပဲ ရွပ်ရွပ်ချွန်ချွန် ဆောင်ရွက်သွားကြဖို့ပါပဲ၊ အဲဒီလို ရွပ်ရွပ်ချွန်ချွန် ဆောင်ရွက်ခြင်းဖြင့် ဗုဒ္ဓသာသနာ တော်ဟာ တိုးတက်သည်ထက် တိုးတက်ကြပါစေ။

ဘုရားသာသနာတော် တိုးတက်စသောအားဖြင့် မိမိတို့ အလိုရှိအပ်သော ကုသိုလ် ကောင်းမှု အရပ်ရပ် တိုးပွား၍ မိမိတို့ အလိုရှိအပ်သော အရိယ မဂ်ဉာဏ်, ဖိုလ်ဉာဏ်သို့ လျင်မြန်စွာ ဆိုက်ရောက်၍ နိဗ္ဗာန်သို့ ဆိုက်ရောက်ကြပါစေ။

သာဓု … သာဓု … သာဓု …။

မဟာစည်တိပသိဒ္ဓေန, ကဝိန္ဒေန သုဓီမဟာ
ဒိန္နာ သုသာရသမ္ပုဏ္ဏာ, ဩဝါဒ သုဂိရာဟိ ခေါ

ဧကူန ပညာသတိမပိုင်း

၁၃၄၂-ခုနှစ် နှစ်ပတ်လည် ဩဝါဒတော်

ဆရာတော်ဘုရားကြီးသည် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ကြီး ၏ ဩဝါဒါစရိယ ဖြစ်သည် အားလျော်စွာ ၁၃၄၂-ခုနှစ် နှစ်ပတ်လည် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေး၌ အောက်ဖော်ပြပါ ဩဝါဒတော်ကိုမြွက်ကြားတော် မူခဲ့လေသည်။ ကြည့်ရှုလိုက်နာရာ၏။

၁၉၈၀-၈၁-ခုနှစ်တွင် မိန့်ကြားတော်မူသော ဩဝါဒမိန့်ခွန်းတော်

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ကြီးက မြတ်စွာဘုရား၏ သာသနာတော်ကို ချီးမြှောက် ရအောင်လို့ ဆောင်ရွက်လာကြပါတယ်၊ ပထမ အစပိုင်းက ဆိုလို့ရှိယင် ပရိယတ္တိ သာသနာတော်ကို ချီးမြှောက်ဖို့ရာ တိပိဋကဓရ စာမေးပွဲတွေ ကျင်းပပြီး ဆောင်ရွက် လာခဲ့ကြပါတယ်၊ နောက်ပိုင်းကျတော့ အဲဒီ တိပိဋကဓရ စာမေးပွဲကိစ္စကို အစိုးရက တာဝန်ယူသွားတာနဲ့ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့က လိုအပ်သမျှ အကူအညီကိုသာ ပေးနိုင်သမျှပေးလာတာပဲ ရှိပါတယ်၊

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ကြီး တည်ထောင်ပြီး ၂-နှစ်လောက် ကြာတဲ့အခါကျတော့ ပဋိပတ္တိ သာသနာတော်ကို ချီးမြှောက်ရအောင်လို့ ဘုန်းကြီးတို့ကိုပင့်ပြီး ဆောင်ရွက်တဲ့အခါမှာ ဘုန်းကြီးတို့က ဒီသာသနာ့ရိပ်သာ လာရောက်ပြီးတော့ ပဋိပတ္တိသာသနာတော် ပဋိဝေဓသာသနာတော် ထွန်းကားရအောင်, ပြည့်စုံရအောင် ဆောင်ရွက်ကြရပါတယ်။

ပထမစပြီး ဆောင်ရွက်ခါစတုန်းကတော့ ဝိပဿနာအကျင့် ပဋိပတ်ကို ကျင့်ဖို့ ပရိသတ်ဟာ တယ်မများလှသေးပါဘူး၊ အင်မတန်နည်းပါသေးတယ်၊ ဒါပေမယ်လို့ နောက်ပိုင်းကျတော့ ဝိပဿနာ ပဋိပတ် အကျင့်ကို ကျင့်တဲ့ပုဂ္ဂိုလ်တွေဟာ များသထက် များလာပါတယ်၊ ယခုဆိုယင် အဲဒီပဋိပတ်ကျင့်တဲ့ ပုဂ္ဂိုလ်တွေ များလာတဲ့နှစ်ပေါင်းက တော်တော်ကို ကြာလာပါပြီ။

ပဋိပတ္တိသာသနာတော်ကို ဒီလို များများကြိုးစားကျင့်ကြတဲ့ ဌာနတွေဟာ အခြား နေရာမှာတော့ သိပ်မထင်ရှားလှပါဘူး၊ ဒီဌာနမှာတော့ ထင်ရှားပါတယ်၊ ဒီဌာနမှာ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ကြီးက အထူး ကြောင့်ကြစိုက်ပြီး ဆောင်ရွက်လို့ အဘက်ဘက်က ပြည့်စုံနေသောကြောင့် အင်မတန် ထင်ရှားပါတယ်

ဗုဒ္ဓသာသနာနုဂ္ဂဟဆိုတာ ဗုဒ္ဓ - မြတ်စွာဘုရားရှင်၏၊ သာသနအဆုံးအမ သာသနာတော်ကို၊ အနုဂ္ဂဟ - ချီးမြှောက်သည့် အဖွဲ့ပါပဲ၊ အဲဒီအမည်နှင့် ဆောင်ရွက်ပုံဟာ အင်မတန် ညီညွတ် သင့်လျော်ပါတယ်

ဗုဒ္ဓေါ လောကေ သမုပ္ပန္နော ဟိတာယ သဗ္ဗပါဏိနံ

ဗုဒ္ဓေါ - မြတ်စွာဘုရားသည်၊
သဗ္ဗပါဏိနံ - အလုံးစုံသော သတ္တဝါတို့၏၊
ဟိတာယ - အကျိုးစီးပွား အလို့ငှါ
လောကေ - လောက၌၊
သမုပန္နော - ပွင့်ထွန်းတော်မူလာလေသည် တဲ့၊

ဘုရားပွင့်တော်မူတယ် ဆိုတာဟာ လောကမှာ သတ္တဝါတွေ အကျိုးများဖို့, လူတွေရော, နတ်တွေရော, ဗြဟ္မာတွေရော, အကျိုးများဖို့ပါပဲ၊ နတ်တွေ, ဗြဟ္မာတွေ ဆိုတာက လေ ာကအနေအားဖြင့် ကြည့်ယင် အင်မတန် ချမ်းသာနေကြတယ်လို့ ချီးမွမ်းစရာရှိပါတယ်၊ ဒါပေမယ့် အိုခြင်း, သေခြင်း အစရှိသော ဆင်းရဲတွေကတော့ မလွတ်ကင်းကြသေးပါဘူး၊

အဲဒီ ဆင်းရဲတွေက နတ်တွေ ဗြဟ္မာတွေမှာ ရှိနေသေးတာပါပဲ၊ သည့်ပြင်လဲ သူတို့မှာ နောက်နောက်သော ဘဝတွေမှာ ကိုယ်ဆင်းရဲ အမျိုးမျိုးတွေနဲ့လဲ တွေ့ရ ကြုံရ ဦးမှာပဲ၊ ဒါကြောင့် “နတ်တွေ ဗြဟ္မာတွေ ချမ်းသာတယ်” ဆိုပေမယ်လို့လဲပဲ လုံးဝ ချမ်းသာတာတော့ မဟုတ်သေးပါဘူး

“လူတွေဆင်းရဲတယ်” ဆိုတာကတော့ အထူးပြောစရာမလိုပါဘူး၊ ဒီလူတွေမှာ အိုခြင်း, နာခြင်း, သေခြင်းစသော ဆင်းရဲတွေနဲ့ ထင်ရှားတွေ့တွေ့ပြီး အင်မတန်ကို ဆင်းရဲနေကြပါတယ်၊ အဲဒီဆင်းရဲတွေ ကင်းငြိမ်းပြီး အကျိုးများရ ချမ်းသာ ကြရအောင်လို့ မြတ်စွာဘုရား ပွင့်တော်မူခဲ့တာပါပဲ၊

အရေးကြီးဆုံးကတော့ မြတ်စွာဘုရားပွင့်တာဟာ သတ္တဝါတွေ ဆင်းရဲ ခပ်သိမ်း ငြိမ်းတဲ့ နိဗ္ဗာန်ရောက်ဖို့ပါပဲ၊ နိဗ္ဗာန်မရောက်သေးယင်လဲ သံသရာထဲမှာ ဘဝတွေ ရာ ထောင် စသည် မကြာအောင် ကိုယ်, စိတ်ဆင်းရဲတွေ သက်သာသင့်သမျှ သက်သာအောင်, ချမ်းသာသင့်သမျှ ချမ်းသာအောင် သက်သာစရာ ချမ်းသာစရာ တွေကို ဟောကြားတော်မူတာ ဖြစ်ပါတယ်၊

ဒါန သီလအစရှိတဲ့ ကုသိုလ်တရားတော်ကို ကျင့်ပွားစေရန် ဟောကြားတော် မူခဲ့ပါတယ်၊ သမထဘာဝနာကုသိုလ်ကိုလဲ ဟောကြားတော်မူခဲ့ပါတယ်၊ အဲဒါတွေက သတ္တဝါတွေမှာ လောကထဲ၌ပင် အကျိုး များသင့်သမျှ များအောင် ဟောတော် မူခဲ့တာပါပဲ။

ဒါပေမယ်လို့ မြတ်စွာဘုရား ဟောတော်မူခဲ့တဲ့အတိုင်း အဲဒီတရားတွေကို ရိုသေစွာ လိုက်နာပြီး ကျင့်သုံးဆောင်ရွက်တဲ့ သတ္တဝါတွေမှာသာ အကျိုးများသင့်သလောက် များနိုင်ပါတယ်၊ ဒါကြောင့်မြတ်စွာဘုရား၏ အဆုံးအမတော်အတိုင်း ဟောကြား ပေးကြဖို့လဲ လိုပါတယ်၊ ဘုန်းကြီးတို့ကတော့ မြတ်စွာဘုရား ဟောကြား ထားတော်မူသည့်အတိုင်း ဒါန, သီလ, သမထဘာဝနာအပြင် ဝိပဿနာဘာဝနာ ကုသိုလ်အကျင့်ကိုလဲ အထူးကျင့်ဖို့ရာ ဟောကြားနေကြပါတယ်၊

ဒါန သီလအကျင့်တွေကိုတော့ အများက ဟောကြားနေကြပါတယ်၊ သမထ အကျင့်ကိုလဲ တချို့ပုဂ္ဂိုလ်တွေ ဟောကြားနေကြပါတယ်၊ ဝိပဿနာအကျင့်ကိုတော့ ကျကျနန ပြည့်ပြည့်စုံစုံ ဟောတာကတော့ သိပ်ပြီး မထင်ရှားလှပါဘူး၊ များလဲ မများလှပါဘူး၊ တချို့ တချို့ နေရာတွေမှာဆိုယင် လုံးလုံးမရှိပဲတောင် ဖြစ်နေ ပါသေးတယ်၊

မြန်မာပြည်ထဲမှာတောင် တချို့ တချို့နေရာဌာနမှာဆိုယင် ဘုန်းကြီးတို့က သွားရောက်ပြီး ဝိပဿနာတရားကို ကျကျနန ဟောပေမယ်လို့ တရားအားထုတ်မည့် ပုဂ္ဂိုလ်က ရှိသင့်သလောက် မရှိပဲဖြစ်နေတယ်။ အင်မတန်ကို နည်းနေပါတယ်။

ယခု ဒီမဟာစည်ရိပ်သာဌာနမှာတော့ ဘုန်းကြီးကစပြီး ဟောလာကတည်းက တဖြည်းဖြည်း တိုးတက်လာတယ်၊ ယခုဆိုယင် ဒီဌာနမှာ ဝိပဿနာအလုပ်ကို အားထုတ်နေကြတဲ့ ရဟန်း, ရှင်, လူတွေဟာ အင်မတန်ကိုများနေပါပြီ၊ နည်းတဲ့ ရာသီမှာတောင်မှ ယောဂီဦးရေဟာ သုံးရာလောက်ရှိနေပါတယ်၊ များတဲ့ရာသီဥတု အခါမှာတော့ တထောင်မကလဲ ရှိနေပါတယ်

အားရစရာ, ဝမ်းသာစရာ အင်မတန်ကောင်းပါတယ်၊ အဲဒီလို ယောဂီတွေ များအောင်လို့ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ဝင်တွေကလဲ သာသနာတော်ကို ချီးမြှောက် ထောက်ပံ့နေကြတာပါပဲ၊ ယောဂီများ နေရေးထိုင်ရေးရော, စားရေး သောက်ရေး ရော, ဆက်ဆံရေးရော, ကျင့်ကြံအားထုတ်ရေးရော, အစစအရာရာ အဆင် ပြေအောင်, သင့်တင့်လျောက်ပတ်အောင် ဒီဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့က တတ်နိုင်သမျှ ဆောင်ရွက် နေကြတာ တွေ့ရပါတယ်။

အဲဒီလို ဆောင်ရွက်နေတဲ့အခါမှာလဲ အခွင့်အရေး ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေမှသာ ဆောင်ရွက်နိုင်တာပါ၊ မိမိကိုယ်ရဲ့နေရေး, ထိုင်ရေး, စားသောက်ရေးအတွက် လုပ်ငန်းတွေများနေလို့ရှိယင် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့အနေနဲ့ ဆောင်ရွက်ဖို့ မလွယ်ပါဘူး၊ ကိုယ့်စားရေး သောက်ရေးတွေ, နေရေးထိုင်ရေးတွေစတဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ကြောင့်ကြစိုက်ဖို့ မလိုပဲနဲ့ ဗုဒ္ဓသာသနာတော် တိုးတက်အောင် စိတ်စေတနာ အထူးထက်သန်စွာနဲ့ ဆောင်ရွက်နိုင်တဲ့ သူတွေကသာ အထူးကြောင့်ကြစိုက်ပြီး ဆောင်ရွက်ကြလို့သာ အခုလို အကျိုး များလာတာ ဖြစ်ပါတယ်

အဲဒီလို ဆောင်ရွက်တဲ့အခါမှာလဲ ခန္တီတို့, မေတ္တာတို့, ကရုဏာတို့, ပညာတို့ ပြည့်စုံဖို့ဆိုတာတွေကလဲ အရေးကြီးပါတယ်၊ အဲဒီ လေးပါးထဲက ခန္တီဆိုတာက သည်းခံသင့်တာကို သည်းခံမူပါပဲ၊ ကိုယ်ဆောင်ရွက်နေတာက မူမှန်မှန် တိုးတက်ပြီး ဆောင်ရွက်ပေမယ်လို့ ဘေးက ပုဂ္ဂိုလ်တွေက အထင်အမြင် သေးပြီး အပြစ် ပြောတာလဲ ရှိတတ်ပါတယ်၊

အချို့အချို့ ကိစ္စမှာ ဆောင်ရွက်သင့်ပေမယ်လို့ ဘေးကပုဂ္ဂိုလ်တွေက အထင် အမြင်သေးပြီး အပြစ်ပြောတာလဲ ရှိတတ်ပါတယ်၊ အချို့ အချို့ ကိစ္စမှာ ဆောင်ရွက် သင့်ပေမယ်လို့ သတိမပြုမိတဲ့အတွက် ကိုယ်က ချွတ်ယွင်းသွားတာလဲ ရှိတတ် ပါတယ်၊ အဲဒီလိုဟာနဲ့စပ်ပြီး သူတပါးက အပြစ်ပြောလို့ရှိယင်လဲ အဲဒီလိုဟာကို သည်းခံဖို့ အရေးကြီးပါတယ်။

မေတ္တာဆိုတာကတော့ ဒီကမ္မဋ္ဌာန်းဌာနမှာ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေရော၊ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ထဲမှာ ဝင်ရောက်ပြီး ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေရော၊ ဒီကမ္မဋ္ဌာန်းဌာနကို ထောက်ပံ့လှူဒါန်းလျက် အားပေးနေတဲ့ ပုဂ္ဂိုလ်တွေရော အဲဒီ ပုဂ္ဂိုလ်တွေနဲ့ စပ်ပြီးတော့ မေတ္တာဘာဝနာကို အထူးပွားများဖို့ လိုပါတယ်၊
မေတ္တာဆိုတာက လောကမှာ ရှိရှိသမျှ သတ္တဝါတွေ အကုန်လုံးအတွက် ချမ်းသာ ကြပါစေ ချမ်းသာကြပါစေလို့ နှလုံးသွင်းပွားများရတာပါပဲ၊ ဒါပေမယ့် အထူးအရေးကြီး တာကတော့ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့နဲ့ ပတ်သက်တဲ့ လူတွေကို ချမ်းသာစေ လိုတဲ့စိတ်နဲ့ ပွားများပြီး ဆောင်ရွက်ဖို့က အရေးကြီးပါတယ်၊
အဲဒါတွေလဲ စပ်ဆိုင်ရာ ပုဂ္ဂိုလ်တွေက တတ်နိုင်သမျှ ဆောင်ရွက်လာကြလို့ ဒီဌာနဟာ တိုးတက်သင့်သမျှ တိုးတက်လာခဲ့ပါတယ်၊ နောက်လဲ တိုးတက်သင့်သမျှ ထပ်တိုးတက်အောင် မေတ္တာဘာဝနာ အရင်းခံပြီး စွမ်းနိုင်သမျှ ဆက်လက်ပြီး ဆောင်ရွက် သွားကြဖို့ပါပဲ။

ကရုဏာ-ဆိုတာကတော့ သနားတာပါပဲ၊ အဆင်မပြေဖြစ်နေတဲ့ အခြားသူတွေကို သနားတဲ့အနေဖြင့် တတ်နိုင်သမျှ ကူညီအားပေးဖို့ပါပဲ၊ အဆင်မပြေ ဖြစ်နေတဲ့ သူတွေကို အပြစ်မြင်ပြီး ကိုယ်က ပြောဆိုနေဖို့တော့ မလိုပါဘူး၊ သနားပြီးတော့ တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးဖို့သာ လိုပါတယ်၊ အဲဒါကလဲ အရေးကြီးပါတယ်
ဒါကြောင့် ဒီဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ဝင်တွေကလဲ ချွတ်ယွင်းနေတဲ့သူကိုတော့ ချွတ်ယွင်းနေပေမယ်လို့ အဲဒီ ချွတ်ယွင်းတဲ့သူရဲ့ အပြစ်ကို ထုတ်ဖော်မပြောပဲ သနားသောအားဖြင့် သည်းခံပြီး စောင့်ရှောက်သွားဖို့ရာ အရေးကြီးပါတယ်၊ မလွှဲ မကင်းသာလို့ ပြောရယင်လဲ သည်းမခံနိုင်ခြင်း, ဆင်းရဲခြင်းများ မဖြစ်ရလေအောင် သနားငဲ့ညှာသောအားဖြင့် ပြောသင့်သမျှ ပြောပြီး ဆောင်ရွက်သင့်သမျှဆောင်ရွက် သွားဖို့ပါပဲ၊ ဒါပဲ အရေးကြီးပါတယ်

ပညာကတော့ လောကီပညာ, လောကုတ္တရာပညာ အားဖြင့် နှစ်မျိုးရှိပါတယ်၊
လောကုတ္တရာပညာ ဆိုတာကတော့ ဒီလိုအရာမှာ ဆောင်ရွက်ရန် မလိုသေးတဲ့ အတွက် မဖော်ပြပဲ ချန်ထားလိုက်ပါတော့၊ လောကီပညာ ဆိုတာကတော့ လောက ရေးရာနဲ့စပ်ပြီး သင့်တော်တာ မသင့်တော်တာ ဆင်ခြင်ပြီး သိနားလည်ရမယ့် ဉာဏ်ပါပဲ၊ အဲဒါကတော့ ပြည့်စုံဖို့ အလွန် အရေးကြီးပါတယ်
အထူးအားဖြင့်ဆိုယင် မိမိကိုယ် တိုင် မိမိတို့အလိုအတိုင်း ဆောင်ရွက်နေသော ကိစ္စ, သူတပါးကညွှန်ကြားလို့ မိမိတို့ တာဝန်ယူပြီး ဆောင်ရွက်နေသောကိစ္စ, သူတပါးက ညွှန်ကြားလို့ မိမိတို့ တာဝန်ယူပြီး ဆောင်ရွက်ရတဲ့ကိစ္စ အဲဒီလို ကိစ္စများကို ဆောင်ရွက်ရာမှာ ချွတ်ယွင်းချက် မရှိပဲ ပြည့်ပြည့်စုံစုံ မှန်မှန်ကန်ကန် ဖြစ်အောင် အထူးသတိပြုဖို့ အရေးကြီးပါတယ်
အဲဒါဟာ လောကရေးရာနဲ့စပ်ပြီး ပြည့်စုံသင့်တဲ့ပညာပဲ၊ တရားနဲ့စပ်ပြီး မှန်ကန်စွာ ဖြစ်ရမယ့် ပညာကိုတော့ အထူးဆင်ခြင်စရာ မလိုပါဘူး၊ အဲဒီတရားနဲ့စပ်တဲ့ ပညာကိုတော့ ဘုန်းကြီးတို့ သာသနာပြု ရဟန်းတော်များက ဘုရားဟောထားသည့် တရားတော်နဲ့ အညီ ပြောဟောနေတဲ့အတွက် ပြည့်စုံနေပါပြီ။

အဲဒီလို ဗုဒ္ဓသာသနာနုဂ္ဂအဖွဲ့ဝင်တွေက ဆောင်ရွက်နိုင်သမျှ ဆောင်ရွက်ကြဖို့နဲ့ အဲဒီလို အချိုးတကျ ဆောင်ရွက်နိုင်မယ့် ပုဂ္ဂိုလ်တွေကိုသာ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ထဲမှာ အသိအမှတ်ပြုပြီး ဆောင်ရွက်သွားကြစေဖို့ပါပဲ။

အဲဒီလို အချိုးကျကျ ဆောင်ရွက်ခြင်းဖြင့် မြတ်စွာဘုရား၏ သာသနာတော်ကို တိုးတက်စေနိုင်သည့်အပြင် မိမိတို့ ကိုယ်တိုင်မှာလဲ ကုသိုလ်ထူးတွေ ပွားများ ပြီးတော့ ဝိပဿနာဉာဏ်စဉ်လဲ တိုးတက်ပွားများ၍ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် မိမိတို့ အလိုရှိသည့်အတိုင်း ဆင်းရဲခပ်သိမ်း ငြိမ်းရာဖြစ်သော နိဗ္ဗာန်ကို လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေ

မဟာစည် ထေရသေဋ္ဌေန, သုဝိစိတြဉာဏိနာ၊
ဇနာနံ သုဟိတတ္ထာယ, ဒိန္နာ ဩဝါဒဒေသနာ။

သင်းလုံးကျွတ်အစည်းအဝေး
နောက်ဆုံးဩဝါဒတော်

ဤဩဝါဒတော်သည် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ၃၃-နှစ်မြောက် (၂၇-၃-၈၂) နေ့က ကျင်းပ ပြုလုပ်သော သင်းလုံးကျွတ် နှစ်ပတ်လည် အစည်းအဝေးတွင် ဆရာတော် ဘုရားကြီး ဟောကြားတော်မူသည့် ဩဝါဒတော် ဖြစ်လေသည်၊
ယင်း ဩဝါဒတော်ကား သင်းလုံးကျွတ် အစည်းအဝေးအနေဖြင့် နောက်ဆုံး မြွက်ကြားသည့် ဩဝါဒတော် ဖြစ်လေသည်၊ ဤ ဩဝါဒဖြင့် ဆရာတော် ဘုရားကြီး၏ မေတ္တာတော်, ကရုဏာတော်တို့ကို ကြည်ညိုမဆုံး ဖြစ်စေပါသည်၊ လေးလေးနက်နက် ဖတ်ရှု ကျက်ဆောင်ရာ၏

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ၃၃-ကြိမ်မြောက် (၂၇-၃-၁၉၈၂) နေ့က ကျင်းပသော သင်းလုံးကျွတ် နှစ်ပတ်လည် အစည်းအဝေးတွင် ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော ဩဝါဒမိန့်ခွန်းတော်

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ နှစ်ပတ်လည်အစည်းအဝေး ဆိုတာကတော့ သာသနာ့ ရိပ်သာနဲ့ ပတ်သက်ပြီးတော့ အကျိုးများရာများကြောင်း သိသင့်သိထိုက်တာ သိရအောင်လို့ အစည်းအဝေးကျင်းပကြရတာပါပဲ၊ ဘုန်းကြီးကတော့ အထူးပြောစရာ လိုမယ် မဟုတ်ပါဘူး၊ အတိုချုပ်အားဖြင့်ဆိုတော့ ဒီသာသနာ့ရိပ်သာနဲ့ ပတ်သက် ပြီးတော့ အကျိုးများအောင် မေတ္တာကာယကံ အရင်းခံပြီးတော့ ဆောင်ရွက်ဖို့ ဆိုတာလေး ပြောဖို့ပဲ ရှိပါတယ်၊
ဒါလဲပဲ အထူးတလည် မဟုတ်ပါဘူး၊ ပြောသင့်ပြောထိုက်လို့ ပြောရတာပါပဲ၊ ဒီသာသနာ့ရိပ်သာမှာ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့အနေနဲ့ ဆောင်ရွက်ပြီးနေကြတာက ဒီသာသနာ့ရိပ်သာမှာ တရားအားထုတ်မှုတွေ စွမ်းနိုင်ဖို့ပဲ၊ တရားအားထုတ်ချင်တဲ့ ပုဂ္ဂိုလ် တွေ အားထုတ်ရအောင်, ချမ်းချမ်းသာသာ ပြည့်ပြည့်စုံစုံ အားထုတ် နိုင်အောင် ဆောင်ရွက်ကြရတာပါပဲ။

အင်မတန် အရေးကြီးပါတယ်၊ မြတ်စွာဘုရား၏ သာသနာတော်အတွင်းမှာ ဘုရားအလိုတော်နှင့်အညီ သီလအကျင့်, သမာဓိအကျင့်, ပညာအကျင့်ဆိုတာ ကျင့်သင့်ကျင့်ထိုက်တဲ့ တရားတွေပါပဲ၊ အဲဒါတွေကို ပြည့်ပြည့်စုံစုံ ကျင့်နိုင်အောင်လို့ အားထုတ်ကြတဲ့ ပုဂ္ဂိုလ်တွေဟာ အင်မတန် ကျေးဇူးများပါတယ်၊ သီလအကျင့် ဆိုတာကတော့ ငါးပါးသီလလောက်နဲ့ ပြည့်စုံနေလို့ သူကတော့ သိပ်ပြီးတော့ မများလှသေးဘူး၊ သမာဓိပညာ ဖြစ်အောင်ကတော့ ဘာဝနာကမ္မဋ္ဌာန်း တခုခု အားထုတ်မှ ဖြစ်တယ်၊ သမာဓိဝိပဿနာနှစ်ခုလုံး ပြည့်စုံအောင်ကတော့ ဝိပဿနာ ကမ္မဋ္ဌာန်းအားထုတ်မှ သမာဓိရော, ပညာရော ပြည့်စုံတယ်။

ဒီဌာနမှာတော့ ဘုန်းကြီးတို့က ဝိပဿနာအားထုတ်ဖို့ပဲ ဟောနေတာပါပဲ၊ ပထမရောက်လာစ ကတည်းက ဝိပဿနာ တရားအားထုတ်ဖို့ ဘုန်းကြီးတို့က ဒီလိုပဲ ဟောခဲ့ပါတယ်၊ ဟိုတုန်းကတော့ ဒီမှာအဖွဲ့ကလဲ စ, ကာစမို့ ပရိသတ်တွေ မကျယ်ပြန့်သေးပါဘူး၊ နည်းပါသေးတယ်၊ ယခုတော့ ပရိသတ်တွေလဲ အင်မတန် များပါပြီ၊ အဲဒီတော့ ဒီသာသနာ့ရိပ်သာမှာ လာရောက်ပြီး အားထုတ်ကြတဲ့ ရဟန်းတွေကလဲ မနည်းပါဘူး၊ အတော်များနေ ပါတယ်၊
အမျိုးသား အမျိုးသမီးတွေလဲပဲ များနေတာပါပဲ၊ အမျိုးသမီးတွေက ပိုများပါတယ်၊ အမျိုးသားတွေကတော့ အမျိုးသမီးတွေလောက်တော့ မများသေးဘူး၊ စီးပွားရေး အလုပ်တွေက အရေးကြီးတာနဲ့ စီးပွားရေးအလုပ်တွေ လုပ်နေတာနဲ့တယ် မလာနိုင်ကြတာနဲ့ တူပါတယ်၊
အဲဒီတော့ ဒီမှာလာပြီး တရားအားထုတ်လို့ ရအောင်ဆိုပြီး ဗုဒ္ဓသာသနာနုဂ္ဂဟ အအဖွဲ့က တတ်နိုင်သမျှ ကူညီစောင့်ရှောက်ပေးလို့ ပရိသတ်တွေ အင်မတန် များလာပါတယ်၊ အားထုတ်ကြတာ အင်မတန် အားရစရာ ကောင်းပါတယ်၊ နောင်လဲပဲ လိုရာဘက်ကနေပြီးတော့ ဒီကအဖွဲ့ခေါင်းဆောင် ပုဂ္ဂိုလ်များက ညွှန်ကြားပြီးတော့ အဖွဲ့ထဲပါဝင်တဲ့ ပုဂ္ဂိုလ်တွေကလဲ မိမိတို့ တတ်နိုင်သမျှ ဆောင်ရွက်ကြရမှာပါပဲ။

ဒီအဖွဲ့ထဲမှာ အမြဲတမ်းလို ဒီမှာလာပြီး ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေလဲ ရှိပါတယ်၊ တယ်တော်တာပဲ၊ သူတို့မှာ လောကရေးရာ ကြောင့်ကြ စိုက်စရာတွေကလဲ မရှိသလောက်ဖြစ်နေပြီးတော့ ဒီမှာ လာဆောင်ရွက်နေတာ ဝမ်းသာစရာ ကောင်းပါတယ်
အဲဒီလို အမြဲတမ်းမဆောင်ရွက်နိုင်တော့ ဆောင်ရွက်သင့်တဲ့အခါ လာရောက်ပြီး ဆောင်ရွက်ကြတဲ့ ပုဂ္ဂိုလ်တွေလဲ ရှိပါတယ်၊ အဲဒါတွေလဲ ကောင်းပါတယ်၊ အဲဒီလို ဆောင်ရွက်ကြတဲ့ ပုဂ္ဂိုလ်တွေကို မေတ္တာနဲ့ ချမ်းသာပါစေလို့ အာရုံပြု မေတ္တာ ပို့ရတယ်၊ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းကိုလဲ အာရုံပြု မေတ္တာပို့ရတာပဲ၊ တရားလာပြီး အားထုတ်နိုင်အောင် မေတ္တာဘာဝနာ ပို့ရမယ်၊ တရားလာအားထုတ်တဲ့ ပုဂ္ဂိုလ်တွေလဲ ချမ်းချမ်းသာသာနဲ့ အားထုတ်နိုင်ကြပါစေ, အားထုတ်နိုင်ကြပါစေလို့ မေတ္တာဘာဝနာ ပွားရမယ်

အလျင်လာပြီး အားထုတ်ကြတဲ့ ပုဂ္ဂိုလ်တွေလဲ နေရေးထိုင်ရေး အစစအရာရာ အဆင်ပြေအောင်လို့ ဒါကိုလဲ စွမ်းနိုင်သမျှ ကြောင့်ကြစိုက်ပြီးတော့ ပေးကြရတယ်၊ အခုတော့ နေရာထိုင် ခင်းတွေလဲ အတော်ဟန်ကျ သွားပြီ၊ နေဖို့ထိုင်ဖို့တွေ အတော်နေရာကျပါတယ်၊ စားသောက်ရေး ဘက်ကလဲ တတ်နိုင်သမျှ အကူအညီ ပေးပြီး ဆောင်ရွက်ကြတယ်
အဲဒါတွေဟာ ချမ်းသာပါစေဆိုတဲ့ မေတ္တာကမ္မဋ္ဌာန်းနဲ့ မိမိတို့ တာဝန်ရှိသမျှ ဆောင်ရွက်ပြီးတော့ နေထိုင်ကြရတာပါပဲ၊ အင်မတန် ကောင်းပါတယ်၊ ဝမ်းမြောက် ဝမ်းသာ စရာပါပဲ၊ ဘာတွေ လိုနေသေးတယ်လို့ ဘုန်းကြီးတို့ ပြောစရာတော့ မရှိပါဘူး၊ ပြည့်စုံနေတာတွေပဲ ဘုန်းကြီးတို့ တွေ့နေရပါတယ်၊
ရှေးက မရှိဖူးတဲ့ ဆောင်ရွက်မှုတွေ ယခု ဆောင်ရွက်မှုတွေ ပြည့်စုံနေတယ်ဆိုတာ အာရုံပြုပြီးတော့ ဝမ်းမြောက်ရပါတယ်၊ အဲဒီလို တတ်နိုင်သမျှ ကူညီဆောင်ရွက် ပေးခြင်းဖြင့် မြတ်စွာဘုရား၏ သာသနာတော်ဟာ တိုးတက်ကြဖို့ပါပဲ၊ ဘုရား သာသနာတော်မှာ ဝိပဿနာအကျင့်ကို ကျင့်ကြတဲ့ပုဂ္ဂိုလ်ဟာ သိပ်မများသေးဘူး, နည်းနေသေးတယ်

ရှေးက ဘုရားလက်ထက်တုန်းက ဆိုလို့ရှိယင် သာသနာ့ဘောင်မှာဝင်ပြီး ရဟန်းပြုတဲ့ ပုဂ္ဂိုလ်တွေဟာ တခါတည်း အားထုတ်ရပါတယ်၊ သာသနာ့ဘောင်မှာ ရဟန်းပြုပြီး ရဟန္တာဖြစ်အောင် အားထုတ်ကြတာပါပဲ၊ ရဟန္တာဖြစ်တာတွေကလဲ များပါတယ်၊ အဲဒီတုန်းက ရဟန္တာမဖြစ်တောင်မျ သောတာပန်, သကဒါဂါမ်, အနာဂါမ်တွေတော့ ဖြစ်နေကြတာပဲ၊ အင်မတန် အဆင်ပြေကြပါတယ်၊ ခုနေကာလကတော့ ရဟန်းပြုပြီးတော့ မဂ်ဖိုလ်တရား ချက်ချင်းရောက်အောင် အားထုတ်တဲ့ ပုဂ္ဂိုလ်တွေက နည်းပါတယ်

ယခု ဒီမှာဆိုလို့ရှိယင်တော့ ရဟန်းတွေလဲ အတော်များပါတယ်၊ အားထုတ်ကြတာ ဟန်ကျပါတယ်၊ လူပုဂ္ဂိုလ်တွေက အတော်များနေတာ နေရာကျပါတယ်၊ အချို့ ဝမ်းမြောက်စရာပါပဲ၊ အဲဒီပုဂ္ဂိုလ်တွေ ဒီမှာ နေရေး ထိုင်ရေးလဲ ချမ်းသာရအောင် အစစအရာရာ အဘက်ဘက်မှနေ ပြည့်စုံရအောင်လို့ အဖွဲ့ကနေ အကူအညီ ပေးနေတယ်၊ အဖွဲ့ထဲမှာလည်း သူ့အပိုင်းနဲ့သူ ဆောင်ရွက်နေကြတာတွေလဲ အားရစရာကောင်းပါတယ်၊ ညွှန်ကြားတဲ့ ဆရာများကို အကြောင်းပြုပြီး ဆောင်ရွက် နေကြတာ ဖြစ်လို့ နေရာကျပါတယ်။

အဲဒီလို သင့်တင့် လျောက်ပတ်တာတွေ ဆောင်ရွက်သွားခြင်းအားဖြင့် မြတ်စွာဘုရား၏ သာသနာတော် တိုးတက်ကြီးပွားဖို့ ဖြစ်ပါတယ်၊ အဲဒီလို သာသနာတော် တိုးတက်ကြီးပွားခြင်းဖြင့် အများသောပုဂ္ဂိုလ်တွေ အကျိုးများဖို့ ဖြစ်ပါတယ်၊ သို့ဖြစ်သောကြောင့် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့က ယခင်က စီစဉ်လာ ခဲ့တဲ့အတိုင်း ယခုလဲ ထပ်မံပြီး တိုးတက်ပြီး ဆောင်ရွက်သွားကြဖို့ပါပဲ

လာရောက်ပြီး တရားအားထုတ်ကြတဲ့ ပုဂ္ဂိုလ်တွေလဲ ချမ်းချမ်းသာသာ နေထိုင်ဖို့လဲ လိုပါတယ်၊ တရားအားထုတ်ပြီးလို့ တရားပြည့်စုံတဲ့ အခြေအနေရောက်ပြန်တော့လဲ တချို့လဲ ဆက်ပြီးတော့ တရားအားထုတ် နေချင်တဲ့ ပုဂ္ဂိုလ်ရှိယင် ဒီလို ပုဂ္ဂိုလ်တွေလဲပဲ တကယ့်စေတနာကောင်းနဲ့ ဆိုလို့ရှိယင် ချီးမြှောက်ဖို့ လိုပါတယ်
အဲဒီလို သာသနာရေးဘက်က စွမ်းနိုင်သမျှ အားပေးကြဖို့ရန် ဘုန်းကြီးက ဒါလေး အတိုချုပ်ပဲ ညွှန်ကြားပါတယ်၊ ဤသို့ ညွှန်ကြားတဲ့အတိုင်း ဆောင်ရွက်ကြခြင်းဖြင့် မိမိတို့ အလိုရှိအပ်သော ကောင်းကျိုးချမ်းသာတွေကို ရနိုင်မည်ဖြစ်သောကြောင့် ဘေးရန်အန္တရာယ် ဟူသမျှတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းကြ၍ မိမိတို့ အလိုရှိအပ်သော လောကီလောကုတ္တရာ ကောင်းကျိုးချမ်းသာ မင်္ဂလာအပေါင်း တို့နှင့် တိုးတက်၍ ပြည့်စုံကြပါစေ

ဗုဒ္ဓသာသနာနုဂ္ဂဟ, သန္နိပါတေ ပဝတ္တိတေ၊
ထေရေန ဒေသိတာ ကထာ, ဧသာ အန္တိမဒေသနာ။

ကမ္မဝါစာများ

ဆရာတော်ဘုရားကြီးသည် ဘုရားမြတ်စွာ သာသနာတော် အရှည်တည်တံ့ရေး အတွက် အလေးအနက် ထားတော်မူကာ ကမ္မဝါစာများကို ဆိုင်ရာ ကျမ်းဂန်များနှင့် အညီ စိစစ်တော်မူခဲ့လေသည်၊ ယင်းကမ္မဝါစာများမှာ -

၁။ ဥပသမ္ပဒကမ္မဝါစာ,
၂။ အဘယာနန္တရာယိကကမ္မဝါစာ တို့ဖြစ်ကုန်၏။

၎င်းပြင် ဥပသမ္ပဒကမ္မဝါနိဿယအကျဉ်း, ဩဝါဒကထာနိဿယတို့ကို စီရင်တော် မူခဲ့လေသည်၊ ဆရာတော်ကား သာသနဝုဒ္ဓိကာမိ, သာသနစိရဋ္ဌိတိကာမိ ပုဂ္ဂိုလ်မြတ်ကြီး ဖြစ်တော်မူပါသည်။

ကမ္မဝါစာပိထေရေန, မဟုဿာဟေန ဉာဏိနာ၊
ဝိစာရိတာ သံသောဓိကာ, သာသနဿာဘိဝုဒ္ဓိယာ။

ကမ္ဘာတခွင် အသိဉာဏ်ပေးနေသော
မဟာစည်ဆရာတော်ဘုရားကြီး၏
အင်္ဂလိပ် ဘာသာပြန် ဝိပဿနာကျမ်းစာများ

ထိုထိုပညာရှင်တို့က ဆရာတော်ဘုရားကြီး၏ ဝိပဿနာကျမ်းစာ စသည်များကို အင်္ဂလိပ်ဘာသာ ပြန်ဆို၍ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်က ရိုက်နှိပ်ပြီးလျှင် ကမ္ဘာ့နိုင်ငံ အရပ်ရပ်သို့ ပျံ့နှံ့ရောက်ရှိစေသဖြင့် ယင်းကျမ်းစာများစွာတို့သည် ကမ္ဘာသူ ကမ္ဘာသား သန်းပေါင်းများစွာတို့အား အသိပညာ အရပ်ရပ်ကို ပေးလျက်ရှိရာ လွန်စွာအားတက် ဝမ်းမြောက်ဖွယ် ကောင်းလှပါသည်၊ ၎င်းကျမ်းစာတို့ကား-

  1. Discourse on SAKKAPANHA SUTTA (The questions of Sakka)
  2. THE WHEEL OF DHAMMA (Dhammacakkappavattana sutta)
  3. The Great Discourse on THE ANATTA-LAKKHANA SUTTA
  4. A Discourse on SAMMAPARIBBAJANIYA SUTTA
  5. CULAVEDALLA SUTTA or Discourse on Various speaks of Buddha's Dhamma
  6. The Satipatthana Vipassana Meditation.
    ယင်းကျမ်းကို ၁၉၇၉-ခုနှစ်တွင် ရန်ကုန်မြို့ သာသနာရေးဦးစီးဌာန ပုံနှိပ်တိုက်မှ ရိုက်နှိပ်ထုတ်ဝေခဲ့ရာ ဒီမိုင်းဆိုက် စာမျက်နှာ ၃၄-ရှိလေသည်။
  7. Practical Insight Meditation
    ယင်းကျမ်းကိုလည်း ရန်ကုန်မြို့ သာသနာရေးဦးစီးဌာန ပုံနှိပ်တိုက်က ရိုက်နှိပ် ထုတ်ဝေခဲ့ရာ ဒီမိုင်းဆိုက် စာမျက်နှာ ၆၄-ရှိလေသည်။
  8. A discourse on SALLEKHA SUTTA
    ဆရာတော်ဘုရားကြီး ဟောတော်မူသည့်အတိုင်း ဦးအေးမောင်က ပြန်ဆို ခဲ့လေသည်၊ ယင်းကျမ်းကို ရန်ကုန်မြို့ တောင်ဥက္ကလာပ စာပေပေါင်းကူးပုံနှိပ် တိုက်တွင် ရိုက်နှိပ်၍ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် အကျိုးဆောင် ဦးသိန်းအောင်က ထုတ်ဝေခဲ့ရာ ကရောင်း ၁၆-ချိုး စာမျက်နှာ ၄၅၄-ရှိလေသည်။
  9. Nibbanapatisamyuttakatha or on the Nature of NIBBANA
    ယင်းကျမ်းကို ဦးထင်ဖတ် (မောင်ထင်)က အင်္ဂလိပ်ဘာသာပြန်ခဲ့ရာ ကမ္ဘာသိ တရားကျမ်းစာ ဖြစ်လေသည်၊ ယင်းကျမ်းကို ရန်ကုန်မြို့ တောင်ဥက္ကလာပ စာပေ ပေါင်းကူး စာပုံနှိပ်တိုက်တွင် ရိုက်နှိပ်၍ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ဦးမင်းဆွေက ထုတ်ဝေခဲ့ရာ ကရောင်း ၁၆-ချိုး စာမျက်နှာ ၂၀၈-ရှိလေသည်။
  10. A Discourse on HEMAVATA SUTTA
    ယင်းကျမ်းကို ဆရာတက်တိုး (ဦးအုံးဖေ)က ပြန်ဆိုခဲ့လေသည်၊ ရန်ကုန်မြို့ ဇွဲပုံနှိပ်တိုက်တွင် ရိုက်နှိပ်၍ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးပွင့်ကောင်းက ထုတ်ဝေခဲ့ရာ ကရောင်း ၁၆ -ချိုး စာမျက်နှာ ၂၁၈-ရှိလေသည်။
  11. Satipatthana Vipassana Meditation Criticisms and Replies.
    ယင်းကျမ်းမှာ သတိပဋ္ဌာန်ရှုနည်းနှင့် ပတ်သက်၍ စွပ်စွဲပြစ်တင်ချက်များကို ဖြေရှင်းသည့် ကျမ်းစာ ဖြစ်လေသည်၊ ဆရာတော် အရှင်ဉာဏုတ္တရ၊ မြန်အောင် ဦးတင်စသော ပုဂ္ဂိုလ်တို့သည် ဆရာတော်ဘုရားကြီး၏ အာဘော်အတိုင်း ဖြေရှင်းကြ သည်၊ ယင်းကျမ်းစာကို ၁၉၇၉-ခုနှစ်တွင် ရန်ကုန်မြို့ စာပေပေါင်းကူး ပုံနှိပ်တိုက်တွင် ရိုက်နှိပ်၍ ဦးညိုမောင် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်က ထုတ်ဝေခဲ့လေသည်၊ ကရောင်း ၁၆-ချိုး စာမျက်နှာ ၃၄၉-ရှိသည်။
  12. BHARA SUTTA or Discourse on THE BURDEN OF KHANDHA
    ယင်းကျမ်းကို ၁၉၈၀ -ခုနှစ်တွင် ရန်ကုန်မြို့ စာပေပေါင်းကူးပုံနှိပ်တိုက်တွင် ပုံနှိပ်၍ ဗုဒ္ဓသာသနာ နုဂ္ဂဟအဖွဲ့ချုပ် ဦးမင်းဆွေက ထုတ်ဝေခဲ့ရာ ကရောင်း ၁၆-ချိုး ဆိုက်ဖြင့် စာမျက်နှာ ၁၃၄-ရှိလေသည်။
  13. Fundamentals of VIPASSANA MEDITATION
    ယင်းကျမ်းကို ဆရာတော်ဟောကြားသည့်အတိုင်း မောင်သာနိုးက ဘာသာပြန်၍ ၁၉၈၁ -ခုနှစ်တွင် ရန်ကုန်မြို့ ဇွဲပုံနှိပ်တိုက်တွင် ရိုက်နှိပ်၍ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ် ဦးမင်းဆွေက ထုတ်ဝေခဲ့လေသည်၊ ကရောင်း ၁၆-ချိုးဆိုက်ဖြင့် စာမျက်နှာ ၁၁၃-ရှိလေသည်။
  14. A Discourse on LOKADHAMMA
    ယင်းကျမ်းကို ဆရာတတ်တိုး (ဦးအုံးဖေ) က အင်္ဂလိပ်ဘာသာပြန်ဆိုသည်၊ ရန်ကုန်မြို့တောင်ဥက္ကလာပ စာပေပေါင်းကူး ပုံနှိပ်တိုက်တွင် ရိုက်နှိပ်၍ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ် ဦးမင်းဆွေက ထုတ်ဝေခဲ့လေသည်။ ကရောင်း ၁၆-ချိုး ဆိုက်ဖြင့် စာမျက်နှာ ၇၁-ရှိလေသည်။
  15. A Discourse on MALUKYAPUTTA SUTTA
    ယင်းကျမ်းကို ဆရာတော်ဘုရားကြီး ဟောတော်မူသည့်အတိုင်း ဦးထင်ဖတ် (မောင်ထင်)က အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့လေသည်၊ ယင်းကျမ်းကို ရန်ကုန်မြို့ တောင်ဥက္ကလာပ စာပေပေါင်းကူးပုံနှိပ်တိုက်၌ ပုံနှိပ်၍ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ဒေါက်တာဦးဘကလေးက ထုတ်ဝေခဲ့လေသည်၊ ယင်းကျမ်းမှာ ကရောင်း ၁၆-ချိုး ဆိုက်ဖြင့် စာမျက်နှာ ၈၅-ရှိလေသည်။
  16. VAMMIKA SUTTA or Discourse on THE ANT HILL, THE MATERIAL BODY
    ယင်းကျမ်းကို ဆရာတော်ဘုရားကြီး ဟောတော်မူသည့်အတိုင်း ဦးမင်းဆွေ (မင်းကျော်သူ) က အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့လေသည်၊ ရန်ကုန်မြို့ တောင်ဥက္ကလာပ စာပေပေါင်းကူးပုံနှိပ်တိုက်တွင် ပုံနှိပ်၍ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ် ဦးမင်းဆွေက ထုတ်ဝေခဲ့လေသည်၊ ကရောင်း ၁၆-ချိုး၊ စာမျက်နှာ ၂၀၆-ရှိလေသည်။
  17. A Discourse on SILAVANTA SUTTA
    ယင်းကျမ်းကိုလည်း ဆရာတော်ဘုရားကြီး ဟောကြားတော်မူသည့်အတိုင်း ဦးထင်ဖတ်(မောင်ထင်)က အင်္ဂလိပ်ဘာသာပြန်ဆို၍ ရန်ကုန်မြို့ တောင်ဥက္ကလာ စာပေပေါင်းကူး ပုံနှိပ်တိုက်တွင် ရိုက်နှိပ်၍ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ဦးညိုမောင်က ထုတ်ဝေခဲ့ရာ ၁၆-ချိုး၊ စာမျက်နှာ ၂၀၂-ရှိလေသည်။
  18. A Discourse on DHAMMADAYADA SUTTA
    ဆရာတော်ဘုရားကြီး ဟောကြားတော်မူ၍ ရိုက်နှိပ်ထားသည့်မူရင်းအတိုင်း ဦးအေးမောင်က အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့လေသည်၊ ၁၉၈၂-ခုနှစ်တွင် ရန်ကုန်မြို့ တောင်ဥက္ကလာပ စာပေပေါင်းကူး ပုံနှိပ်တိုက်တွင် ရိုက်နှိပ်၍ ရန်ကုန်မြို့ ဘောက်ထော် ဝေဒစာပေမှ ထုတ်ဝေခဲ့လေသည်။ ကရောင်း ၁၆-ချိုး စာမျက်နှာ ၈၄-မျက်နှာ ရှိလေသည်။
  19. A Discourse on ARIYAVASA SUTTA
    ယင်းကျမ်းကို ဦးအေးမောင်က ပြန်ဆိုခဲ့လေသည်၊ ၁၉၈၀-ခုနှစ်တွင် ရန်ကုန်မြို့ ဇွဲပုံနှိပ်တိုက်တွင် ရိုက်နှိပ်၍ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ဦးလေးမောင်က ထုတ်ဝေခဲ့လေသည်၊ ကရောင်း ၁၆-ချိုး စာမျက်နှာ ၄၄-ရှိလေသည်။
  20. A Discourse on PATICCASAMUPPADA
    ယင်းကျမ်းကို ဦ းအေးမောင်က ဆရာတော်ဘုရားကြီး ပဋိစ္စသမုပ္ပါဒ် တရားတော်ကြီး မူရင်းကျမ်းအတိုင်း အင်္ဂလိပ်ဘာသာပြန်ခဲ့လေသည်၊ ၁၉၈၂-ခုနှစ်တွင် ရန်ကုန်မြို့ တောင်ဥက္ကလာပ စာပေပေါင်းကူး ပုံနှိပ်တိုက်က ရိုက်နှိပ်၍ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ် ဦးမင်းဆွေက ထုတ်ဝေခဲ့လေသည်။
  21. A Discourse on TO NIBBANA VIA THE NOBLE EIGHTFOLD PATH and Saraniya Dhamma and Mahapaccavekkhana
    ယင်းကျမ်းများကို ဦးထင်ဖတ် (မောင်ထင်)က ဆရာတော်ဘုရားကြီး၏ မူရင်းအတိုင်း အင်္ဂလိပ်ဘာသာ ပြန်ခဲ့လေသည်၊ ယင်းကျမ်းများကို တပေါင်းတည်းပြု၍ ၁၉၈၀-ခုနှစ်တွင် ရန်ကုန်မြို့ တောင်ဥက္ကလာပ စာပေပေါင်းကူး ပုံနှိပ်တိုက်တွင် ရိုက်နှိပ်၍ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ဦးဘကလေးက ထုတ်ဝေခဲ့လေသည်၊ ကရောင်း ၁၆ -ချိုး စာမျက်နှာ ၁၂၂-ရှိလေသည်။
  22. A Discourse on VIPASSANA (Practical Insight) Delivered at the Rangoon University Dhamma by the Venerable Mahasi Sayadaw
    ယင်းကျမ်းများကို ဒေါက်တာကိုကြီးက အင်္ဂလိပ်ဘာသာပြန်၍ ၁၉၈၂-ခုနှစ်တွင် ရန်ကုန်မြို့ တောင်ဥက္ကလာပ စာပေပေါင်းကူး ပုံနှိပ်တိုက်၌ ပုံနှိပ်၍ ရန်ကုန်မြို့ ဘောက်တော် မာလာမြိုင်လမ်း ဝေဒစာပေက ထုတ်ဝေခဲ့လေသည်၊ ကရောင်း ၁၆- ချိုး စာမျက်နှာ ၉၆-ရှိလေသည်။
  23. Purpose of Practising Kammatthana Meditation
    ယင်းကျမ်းကို ဦးမင်းဆွေ (မင်းကျော်သူ)က ဆရာတော်ဘုရားကြီး၏ မူရင်း ကျမ်းစာအတိုင်း အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့လေသည်၊ ၁၉၈၀-ခုနှစ်တွင် ရန်ကုန်မြို့ တောင်ဥက္ကလာပ စာပေပေါင်းကူးပုံနှိပ်တိုက်၌ ရိုက်နှိပ်၍ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ် ဦးမင်းဆွေက ထုတ်ဝေခဲ့လေသည်၊ ကရောင်း ၁၆-ချိုးဆိုက်ဖြင့် စာမျက်နှာ ၅၄-ရှိလေသည်။
  24. PURABHEDA SUTTA DHAMMA or The Dhamma one should accomplish before death.
    ယင်းကျမ်းစာကို ဦးမင်းဆွေ (မင်းကျော်သူ) မူရင်းအတိုင်း အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့လေသည်၊ ရန်ကုန်မြို့ တောင်ဥက္ကလာပ စာပေပေါင်းကူးပုံနှိပ်တိုက်တွင် ရိုက်နှိပ်၍ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ဦးမင်းဆွေက ပုံနှိပ်ထုတ်ဝေခဲ့ရာ ဒီမိုင်း ဆိုက်ဖြင့် စာမျက်နှာ ၁၇၇-ရှိလေသည်။
  25. TUVATAKA SUTTA
    ယင်းတရားကျမ်းစာကို ဆရာတော်ဘုရားကြီး ၏ ကျမ်းစာမူရင်းအတိုင်း B.A (Hons.) B.Ed, M.Sc, Ph.d (Chicago) ဒေါ်ကေမြရီက အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့လေသည်၊ ၁၉၈၂-ခုနှစ်တွင် ရန်ကုန်မြို့ တောင်ဥက္ကလာပ စာပေပေါင်းကူး ပုံနှိပ်တိုက်တွင် ပုံနှိပ်၍ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ဦးညိုမောင်က ထုတ်ဝေ ခဲ့လေသည်၊ ကရောင်း ၁၆-ချိုးဆိုက်ဖြင့် စာမျက်နှာ ၁၂၈-ရှိလေသည်။
  26. Practical Vipassana Meditational Exercises
    ယင်းကျမ်းမှာ ကရောင်း ၁၆-ချိုးဆိုက်ဖြင့် စာမျက်နှာ ၂၀-ခန့်ရှိ ကျမ်းငယ် ဖြစ်လေသည်၊ ဦးညီပုက ဘာသာပြန်၍ ၁၉၇၈-ခုနှစ်တွင် ရန်ကုန်မြို့ ဇွဲပုံနှိပ်တိုက်၌ ပုံနှိပ်ထုတ်ဝေခဲ့လေသည်။
  27. Practical Basic Exercise in Satipatthana Vipassana Meditation.
    ယင်းကျမ်းငယ်မှာ ၁၉၅၆-ခုနှစ်က နိုင်ငံတော် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့မှ ရိုက်နှိပ် ထုတ်ဝေခဲ့ရာ စာမျက်နှာ ၁၄-ရှိ ကျမ်းငယ်ဖြစ်လေသည်။
  28. MAHASI ABROAD
    ဆရာတော်ဘုရားကြီးသည် မည်သော ကမ္ဘာ့သာသနာပြုတရားတော်ကို အာရှ, ဥရောပတိုက် အနှံ့အပြား လှည့်လည်ကြွချီ တရားဟောစဉ်က စီစဉ်တော်မူသည့် တရားကျမ်းစာ ဖြစ်လေသည်၊ ယင်းကျမ်းသည် ပထမပိုင်း, ဒုတိယပိုင်းအားဖြင့် နှစ်ပိုင်းရှိရာ ပထမပိုင်းတွင်
    • The Noble Teaching
    • The Teaching of the Buddha Sanana
    • Satipatthana the only Way
    • The Way to Happiness

    တို့ ပါရှိလေသည်။ ဒုတိယပိုင်းတွင်

    • The Teaching of the Buddha
    • The Method of the Buddha’s Practice of Meditation
    • The Four Noble Truths

    တို့ ပါရှိလေသည်။

မြန်မာနှင့်ကမ္ဘာ
ဝိပဿနာရှုနည်းပေးနေ

ဖော်ပြခဲ့သည့် မြန်မာ, ပါဠိ, အင်္ဂလိပ်ဘာသာတို့ဖြင့် ပေါ်ထွက်ခဲ့သော ဆရာတော် ဘုရားကြီး ၏ ဓမ္မကျမ်းစာတို့ကား ဆရာတော်ဘုရားကြီး မရှိသော်လည်း မြန်မာနှင့် ကမ္ဘာကို ဝိပဿနာရှုနည်း ပေးလျက်ရှိရာ များစွာ ဝမ်းမြောက်ဖွယ်, ဂုဏ်ယူဖွယ် ကောင်းပါသတည်း။

မဟာစည် ထေရရစိတ-ပေါတ္ထကာနိ အနေကဓာ၊
လောကံ ဝိပဿနာ နယံ, ဒတွာန ကိစ္စကာရကာ။

ပညာသတိမပိုင်း
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့
ပူဇော်ပွဲသုံးရပ်သို့ ကြွတော်မူခြင်း

လူမျိုးစုလွှတ်တော်နာယကကြီး အဂ္ဂမဟာသီရိသုဓမ္မ အဂ္ဂမဟာသရေစည်သူ ညောင်ရွှေစော်ဘွားကြီး စပ်ရွှေသိုက်သည်-

(၁) ညောင်ရွှေမြို့နယ်လုံးဆိုင်ရာ စာပြန်ပွဲကြီး၏ ၂၅-နှစ်မြောက် ဆုနှင်းသဘင် ပူဇော်ပွဲ,
(၂) သာသနာတော် ၂၅၀ဝ-ပြည့် အထိမ်းအမှတ် ပူဇော်ပွဲ,
(၃) အင်းလေးနယ် ဖောင်တော်ဦး ရုပ်ပွားတော်များ သီတင်းသုံးတော်မူရန် ၃-သိန်းကုန် ဆောက်လုပ်ထားသည့် တန်ဆောင်းတော်ကြီး ရေစက်သွန်းချ ဘုရားပင့်တင်ပူဇော်ပွဲ -

အားဖြင့် ပူဇော်ပွဲ ၃ -ရပ်ကို ၁၃၁၈ -ခုနှစ်၊ နယုန်လပြည့်ကျော် ၄-ရက်၊ ၅-ရက်၊ ၆-ရက်နေ့များတွင် ခမ်းနား သိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သဖြင့် ရန်ကုန်, မန္တလေး, စစ်ကိုင်း, ဟင်္သာတနှင့် ပခုက္ကူမြို့တို့မှ ဆရာတော် ဘုရားကြီး အပါး ၄၀ -ကို... ညောင်ရွှေမြို့သို့ ပင့်လေရာ သာသနာ ခေါင်းဆောင် ဆရာတော်ကြီး ၃၈-ပါးတို့ ကြွတော်မူကြသည်၊ ထိုဆရာတော်ဘုရား ကြီး ၃၈-ပါးတွင် ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး ပါဝင်လေသည်၊ ဆရာတော်များမှာ နယုန်လပြည့်ကျော် ၂-ရက်နေ့ တချို့ ရောက်၍ ၃-ရက် နေ့ညတွင် အစုံရောက်တော်မူကြသည်။

ဆုနှင်းသဘင် အခမ်းအနားကို ညောင်ရွှေမြို့ ရတနာမာရ်အောင် စေတီတော်ကြီး ပရိဝုဏ်အတွင်းရှိ တန်ဆောင်းတော်ကြီးအတွင်း၌ ကျင်းပရာ လွန်စွာ စည်းကား လှသည်ဟု သိရပါသည်၊
အခမ်းအနားကို ၁-နာရီ အချိန်တွင် စတင်ကျင်းပ၍ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက် အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဆရာတော်ဘုရားကြီး အရှင်သုန္ဒရမဟာထေရ်နှင့် မန္တလေးမြို့ ဒက္ခိဏာရာမ ဘုရားကြီးတိုက် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဟံသာဝတီ ဆရာတော် ဘုရားကြီးက ဩဝါဒကို ရှေးဦးစွာ ကိုယ်တိုင် မိန့်ကြားတော်မူ၍ ပခုက္ကူမြို့ ဆရာတော်ဘုရားကြီး အရှင်သုန္ဒရမဟာထေရ်၏ ဩဝါဒ မိန့်ခွန်းတော်ကို အဂ္ဂမဟာပဏ္ဍိတ အနီးစခန်းဆရာတော်က ဖတ်ကြားလေသည်၊
၎င်းနောက် လူမျိုးစုလွှတ်တော် နာယကကြီး စပ်ရွှေသိုက်က သာသနာ့ဒါယကာ အဖြစ် ခံယူကြောင်း လျှောက်ထား၍ စာပြန်ပွဲကြီးသမိုင်းကို ဆက်လက် လျှောက်ထားလေသည်၊ ၎င်းနောက် အနီးစခန်းဆရာတော်က တရားဟောပြီး ညနေ ၅-နာရီ အချိန်တွင် အခမ်းအနားကို ရုပ်သိမ်းလိုက်လေသည်။

သာသနာ ၂၅၀ဝ-ပြည့် အထိမ်းအမှတ်ပွဲတွင်
ဝိဿဇ္ဇကတာဝန် ထမ်းဆောင်တော်မူခြင်း

နောက်တနေ့ဖြစ်သည့် ၁၃၁၈-ခုနှစ်၊ နယုန်လပြည့်ကျော် ၅-ရက်၊ နံနက် ၇-နာရီက စတင်၍ သာသနာ ၂၅၀ဝ-ပြည့်ပွဲ သဘင်ကြီး စတင်ကျင်းပရာ -

  • ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက် ... ဆရာတော်ဘုရားကြီး အရှင်သုန္ဒရမဟာထေရ်က မဟာနာယက အဖြစ် ဆောင်ရွက်တော်မူခဲ့လေသည်၊
  • အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဗားကရာဆရာတော် အရှင်နာဂဝံသာဘိဝံသ က ပုစ္ဆကတာဝန်ဆောင်ရွက်၍
  • ကျေးဇူးရှင် အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော် ဘုရားကြီးက ဝိဿဇ္ဇကတာဝန် ဆောင်ရွက်တော်မူခဲ့လေသည်
  • ညောင်ရွှေမြို့ ကံကြီးပရိယတ္တိစာသင်တိုက် ဆရာတော် အရှင်ဝိမလာဘိဝံသက အခမ်းအနားမှူး အဖြစ်ဖြင့်လည်းကောင်း၊
  • သားလေးတောင်ကျောင်းဆရာတော် အရှင်နေမိန္ဒာဘိဝံသက ဂိုဏ်းချုပ် ဆရာတော်ကြီး ကိုယ်စား သမ္မုတိပေးတာဝန်ကိုလည်းကောင်း ဆောင်ရွက်တော်မူခဲ့လေသည်၊

၎င်းနောက် သံဃာတော် တထောင်ကျော်တို့က ဝိနည်း, သုတ္တန်, အဘိဓမ္မာများကို အကျဉ်းချုပ် ရွတ်ဖတ် သင်္ဂါယနာတင်တော်မူကြသည်၊ ၎င်းနောက် ညောင်ရွှေ စော်ဘွားကြီးက သာသနာ့ကိစ္စများ လျှောက်ထား၍ ... နိုင်ငံတော် ဗုဒ္ဓသာသနာ့အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးသိမ်းမောင်က သာသနာရေးနှင့်စပ်သည့် လေးနက်သည့် အကြောင်းအရာများကို လျှောက်ထားလေသည်၊
မဟာစည် ဆရာတော်ဘုရားကြီးက တာဝန်ကျ ဝိဿဇ္ဇက (အဖြေပုဂ္ဂိုလ်) တာဝန်ကို တည်ကြည်ခန့်ညား ရဲရင့်စွာ ဆောင်ရွက်တော်မူခဲ့လေသည်အဟောအစ္ဆရိယ ပုဂ္ဂိုလ်မြတ်ပါတကား

ရှာမဒေသေသု မေဓာဝီ, မဟာမတီ မဟာယတီ၊
မဟာစည် ထေရဓီတိမာ, ဝိဿဇ္ဇကော သုဇာတိမာ။

ဖောင်တော်ဦး တန်ဆောင်းတော်
ရေစက်ချ အခမ်းအနားတွင်လည်း
ဝိဿဇ္ဇက တာဝန်ထမ်းဆောင်တော်မူခြင်း

၃-သိန်းတန် တန်ဆောင်းတော် ရေစက်ချပွဲကြီးကို ၁၃၁၈-ခုနှစ် နယုန်လပြည့်ကျော် ၆-ရက်နေ့ နံနက် ၈-နာရီ အချိန်တွင် စတင်ကျင်းပရာ -

  • ပခုက္ကူဆရာတော်ဘုရားကြီး အရှင်သုန္ဒရကပင် မဟာနာယက (သဘာပတိ) အဖြစ် ဆောင်ရွက်တော်မူ၍
  • ရန်ကုန်မြို့ ဗားကရာတောရ ဆရာတော် အရှင်နာဂဝံသက အမေးပုစ္ဆကတာဝန် ဆောင်ရွက်၍
  • ကျေးဇူးရှင် မဟာစည်ဆရာတော် ဘုရားကြီးက အဖြေ ဝိဿဇ္ဇကတာဝန် ဆောင်ရွက်တော်မူပြန်လေသည်
  • သားလေးတောင်ကျောင်းဆရာတော် အရှင်နေမိန္ဒာဘိဝံသက ဂိုဏ်းချုပ် ဆရာတော်ကြီး ကိုယ်စား သမ္မုတိဉတ်ထားတော်မူသည်
  • သံဃာတော်များက သုတ်, ဝိနည်း, အဘိဓမ္မာ ပါဠိတော်များကို အကျဉ်းချုံး၍ ရွတ်ဖတ်တော်မူကြသည်

ရန်ကုန်မြို့ အဂ္ဂမဟာပဏ္ဍိတ အလယ်တောရ ဆရာတော်ဘုရားကြီး အရှင် ရေဝတက ပြည်မမှ ကြွရောက်တော်မူကြသည့် ဆရာတာ်ဘုရားကြီးများ ကိုယ်စား သမ္မောဒနိယကထာစကား လျှောက်ထား မြွက်ဆိုတော်မူသည်
ယင်းအခမ်းအနားမှာ လူပရိသတ် ၅၀ဝဝဝ-ကျော် တက်ရောက်သည်ဟု ဆိုလေသည်၊ မဟာစည် ဆရာတော်ဘုရားကြီးသည် ခန့်ညား တည်ကြည်သော အသံတော်ဖြင့် ဖြေဆိုတော်မူခဲ့လေသည်

ဖောင်တော်ဦး မာဠကေသောတိ, မဟာစည် ကဝိပုင်္ဂဝေါ၊
ဝိဿဇ္ဇကဘာရံ သော ဟိ, အာဝဟိ ထိရစေတသာ။

တောင်ပိုင်း ရှမ်းပြည်နယ်၌
လှည့်လည်ကြွချီ တရားဟောခြင်း

ဆရာတော်ဘုရားကြီးသည် ကရုဏာတော်ကြီးမားစွာဖြင့် ရှမ်းပြည်နယ်တခွင်သို့ အခါအားလျော်စွာ ကြွရောက်၍ တရားဟောတော်မူပါသည်၊ တဖန် ၁၃၄၀-ပြည့်နှစ် ကဆုန်လတွင်လည်း တောင်ပိုင်းရှမ်းပြည်နယ် ညောင်ရွှေ, ကလော စသည့် မြို့များ သို့လည်း ပင့်လျှောက်သဖြင့် ကြွချီလှည့်လည် တရားဟောတော် မူခဲ့လေသည်

မဟာစည် ယတိပုင်္ဂဝေါ, မဟာဒယော သန္တောသုဓီ၊
သုဓီဟိ ကတ္တဗ္ဗံ သောဟိ, အကာ ဒဠှပရက္ကမော။

ပထမတွဲပြီး၏။