မာတိကာသို့ ခုန်သွားရန်

မဟာဓမ္မစကြာအရသာ

ဝီကီရင်းမြစ် မှ
5806မဟာဓမ္မစကြာအရသာ — မဟာဓမ္မစကြာအရသာညောင်လေးပင်တောရဆရာတော်

မဟာဓမ္မစကြာအရသာ

ဗုဒ္ဓေါ ဓမ္မောစ သံဃောစ၊ အဟော ဝန္ဒီယတေ မမ။
ဝန္ဒိတဗ္ဗာ နုဘာဝေန၊ ဇီယန္တု ဝေရ လာမကာ။

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဓမ္မစကြာသုတ် နိဒါန်း

အတ္ထုပ္ပတ္တိ မှတ်သားဖွယ်

ဓမ္မစကြာအဓိပ္ပါယ်

ဓမ္မစကြာသုတ်ဟူသည် ကျမ်းဂန်တို့၌ ဓမ္မစက္ကပဝတ္တနသုတ် မည်၏။
(ဓမ္မ-ဉာဏ်တော် + စက္က-စက်ဝန်း + ပဝတ္တန-လည်သောတရား) ဖြစ်၏။
ချဲ့ဦးအံ့၊ ပဋ္ဋိဝေဓဉာဏ်၊ ဒေသနာဉာဏ် နှစ်ပါးသည် ဓမ္မစက္က-ဉာဏ်တော် စက်ဝန်း မည်၏။

၁။ ပဋိဝေဓဉာဏ်ဟူသည် ဗောဓိပလ္လင်၌ နေတော်မူစဉ် သစ္စာလေးပါးတို့၌ဖြစ်သော ၁၂-ပါးသော အခြင်းအရာတို့ကို ထိုးတွင်း၍ သိသောဉာဏ် ဖြစ်၏။
၂။ ဒေသနာဉာဏ်ဟူသည် ဣသိပတနမည်သော မိဂဒါဝုန်တော၌ နေတော်မူစဉ် ၁၂-ပါးသော အခြင်းအရာ ရှိသော သစ္စာလေးပါး ဟောကြားခြင်းကို ဖြစ်စေသောဉာဏ် ဖြစ်၏။
[ဤကား ဘုရားရှင်၏ဉာဏ်တော် အကျဉ်းနှစ်ပါးတည်း။]

ဤဒေသနာကို ဟောခြင်းသည် ဉာဏ်စက်ဝန်းကို လှည့်သည် မည်၏။ နတ်ဗြဟ္မာ ၁၈-ကုဋေနှင့် တကွ အရှင် ကောဏ္ဍည သောတာဝန်တည်အောင် ဟောခြင်းသည် ဉာဏ်တော်စက်ဝန်း လှည့်ဆဲ၊ သောတာပန် တည်ပြီးသောအခါ လှည့်ပြီး မည်၏။

ဤ၌ ဣသိပတန ဟူသည်ကား-ဘုရား၊ ပစ္စေကဗုဒ္ဓါတို့သည် ဣသိမည်ကုန်၏။ ဣသိတို့၏ သက်ရာ၊ တက်ရာ အရပ်ဖြစ်၍ “ဣသိ+ ပတန” မည်၏။ မိဂဒါဝုန်ဟူသည်ကား-မိဂ-သားသမင် တို့အား + ဒါယ-ဘေးမဲ့ပေးရာ အရပ်ဖြစ်၍“မိဂ+ဒါယ” မည်၏။ မိဂဒါဝုန်ဟု မြန်မာပြန် ဆိုကြသည်။ ဣသိပတန အမည်ရသော မိဂဒါဝုန်တော-ဟု ဆိုလိုသည်။ ဤတော၌ ဘုရားရှင်တိုင်း ဓမ္မစကြာ ဟောခြင်းငှာ ကောင်းကင်မှ သက်ဆင်း၍ နေထိုင်ကုန်၏။

ပစ္စေကဗုဒ္ဓါတို့သည်လည်း နန္ဒမူလိုဏ်မှ ကောင်းကင် ခရီးဖြင့်ကြွလာ၍ ဤတောအုပ်၌ သက်ဆင်း၍ စည်းဝေးကုန်၏။ ဂန္ဓမာဒနတောင်သို့ ပြန်ကြွလိုသောအခါ ဤတောအုပ်မှ ကောင်းကင်သို့ ပျံတက် ကုန်၏။ တနည်း-ဂန္ဓမာဒနတောင်၌နေသော ပစ္စေကဗုဒ္ဓါတို့သည် နိရောဓ သမာပတ်မှ ထပြီးသော အခါ ကောင်းကင်ခရီးဖြင့် ကြွလာ၍ ဤတောအုပ်၌ သက်ဆင်း၍ ဗာရာဏသီမြို့တွင်းသို့ ဆွမ်းခံ ဝင်ကုန်၏။ ဆွမ်းကိစ္စ ပြီးသောအခါလည်း ဤတောအုပ်မှသာလျှင် ကောင်းကင်သို့ပျံတက်၍ ကြွကုန်၏။

အတ္ထုပ္ပတ်ကျဉ်း

ဤဓမ္မစကြာသုတ်ကို ဘုရားရှင်တို့သည် တရားဦးအဖြစ်ဖြင့် ဟောကြားကုန်၏။ ငါတို့ဘုရား ကြွလာ၍ ဟောကြားပုံ အမြွက်ကို ဆိုဦးအံ့။ ဘုရားလောင်းသည် ဝေဿန္တရာဘဝမှ တုသိတာ နတ်ပြည်သို့ရောက်၍ နှစ်ပေါင်း ၅၇၆-သန်းတို့ပတ်လုံး နတ်စည်းစိမ်ခံစား၍ စုတိ နိမိတ်ငါးပါး ထင်သောအခါ သောင်းလောကဓာတ်မှ နတ်ဗြဟ္မာအားလုံး စုရုံး၍ အရှင်သန္တုဿိတ နတ်သား. အရှင်အား ဘုရားဖြစ်ချိန် တန်ပါပြီ။ လူ့ပြည်၌ ဘုရားဖြစ်တော်မူပါ။ သတ္တဝါအပေါင်းကို သံသရာမှ ကယ်တင်တော်မူပါ-ဟု တောင်းပန်ကုန်၏။ ထိုအခါ ကြည့်ခြင်းကြီး ငါးပါးတို့ကို ကြည့်ရှုပြီးလျှင်–

၁။ မဟာသက္ကရာဇ် ၆၇-ခု၊ ဝါဆိုလပြည့် ကြာသပတေးနေ့တွင် နတ်ပြည်မှ ရွှေ့လျော၍ သာကီဝင် မင်းမျိုး မယ်တော်မာယာ မိဖုရားကြီးဝမ်းတိုက်၌ ပဋိသန္ဓေ တည်နေလေသည်။
၂။ ၆၈-ခု၊ ကဆုန်လပြည့် သောကြာနေ့တွင် ဖွားမြင်လေသည်။
(သံသရာနယ်ချဲ့သော လောကာယတ ဆရာတို့ကား ငါတို့ဘုရား ဖွားမြင်သောနေ့ကို ပြဿဒါးနေ့- ဟု ဆိုကုန်၏။)
၃။ မင်းသားစည်းစိမ် ၁၆-နှစ်၊ မင်းစည်းစိမ် ၁၃-နှစ် စံစား၍ သက်တော် ၂၉-နှစ် ရှိသောအခါ နိမိတ်ကြီး လေးပါးမြင်၍ ၉၇-ခု ဝါဆိုလပြည့် တနင်းလာနေ့တွင် မြင်းယာဉ်စီး၍ တောထွက် တော်မူလေသည်။
၄။ တော၌ အာဠာရရသေ့၊ ဥဒကရသေ့တို့ထံမှ ဈာန်တရားများ ရသော်လည်း ငါအလိုရှိသောတရား မဟုတ်သေးဟု ပယ်စွန့်၍ ပဉ္စဝဂ္ဂီငါးဦးတို့၏ အလုပ်အကျွေးခံလျက် ဒုက္ကရစရိယာ ၆-နှစ်ကျင့်စဉ် ပဉ္စဝဂ္ဂီတို့သည် ခြောက်နှစ် ရှိသောအခါ ဘုရားဖြစ်အံ့သော အကြောင်း မရှိပြီဟု ရှောင်တိမ်းကာ ဖဲခွာ၍သွားကုန်၏။ ထိုအခိုက်တွင် ဗောဓိမဏ္ဍိုင်သို့ကြွ၍ ၁၀၃-ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် ဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။
၅။ ၁၀၃-ခု ဝါဆိုလပြည့် စနေနေ့တွင် ဓမ္မစကြာ ဟောတော်မူလေသည်။
၆။ ထိုနောက် ၄၅-ဝါပတ်လုံး သတ္တဝါတို့အား တရား အမြိုက်ဆေး တိုက်ကျွေးကယ်တင်၍ ၁၄၈-ခု ကဆုန်လပြည့် အင်္ဂါနေ့တွင် ပရိနိဗ္ဗာန် စံတော်မူလေသည်။
၇။ ကဆုန်လပြည့်ကျော် ၁၂-ရက် တနင်္ဂနွေနေ့တွင် တေဇောဓာတ်မီး အပူဇော် ခံယူတော်မူ လေသည်။

ထို့ကြောင့် ရှေးပညာရှိတို့သည်-
“ မ၊ သိ၊ ကြ၊ လျှင်၊ တွေး၊ ဆ၊ ဦး”ဟု အကျဉ်းဆောင်ပုဒ် ဆိုကုန်၏။
၁။ မ-ကြာသပတေးနေ့ သန္ဓေယူသည်။
၂။ သိ-သောကြာနေ့ ဖွားမြင်သည်။
၃။ ကြ-တနင်းလာနေ့ တောထွက်သည်။
၄။ လျှင်-ဗုဒ္ဓဟူးနေ့ ဘုရားဖြစ်သည်။
၅။ တွေး-စနေနေ့ ဓမ္မစကြာတရားဦး ဟောသည်။
၆။ ဆ-အင်္ဂါနေ့ နိဗ္ဗာန်စံသည်။
၇။ ဦး-တနင်္ဂနွေနေ့ မီးပူဇော်ခံသည်။

ဤ၌ စုတိနိမိတ် ငါးပါးကား -
၁။ နတ်အဝတ် နွမ်းခြင်း၊
၂။ ဆင်မြန်းသော နတ်ပန်း ညှိုးခြင်း၊
၃။ ချိုင်းကြား ချွေးယိုခြင်း၊
၄။ နတ်အဆင်း ပျက်ခြင်း၊
၅။ နတ်ပြည်၌ မမွေ့လျော်ခြင်း၊
ဤငါးပါးတည်း။

ကြည့်ခြင်းကြီး ငါးပါးကား -
၁။ ကာလ - တသိန်းတမ်းနှင့် တရာတမ်း အတွင်းဟူသော ဘုရားဖြစ်ချိန်ကာလကို ကြည့်ခြင်း၊
၂။ ဒီပ - ဇမ္ဗူဒီပါတောင်ကျွန်းကို ကြည့်ခြင်း၊
၃။ ဒေသ - မဇ္ဈိမဒေသကို ကြည့်ခြင်း၊
၄။ ကုလ - မင်းမျိုး၊ ပုဏ္ဏားမျိုးတို့တွင် လူတို့ အလေးပြုသော အမျိုးကို ကြည့်ခြင်း၊
၅။ ဇနေတ္တိယာအာယု - မယ်တော်၏ အသက်ကို ကြည့်ခြင်း၊
ဤငါးပါးတည်း။

နိမိတ်ကြီး လေးပါးကား -
ဥယျာဉ်၌ သူအို၊ သူနာ၊သူသေ- ဟူသော နတ်တို့ဖန်ဆင်းပြသော နိမိတ်သုံးခုတို့ကို အစဉ် အတိုင်း မြင်၍ သံဝေဂဉာဏ် ဖြစ်၏။ စတုတ္ထအကြိမ် ရဟန်း နိမိတ်ကို မြင်သောအခါ ရဟန်းအဖြစ်သည် ကောင်း၏-ဟု အလိုဆန္ဒဖြစ်၏။ ထိုနေ့၌ပင် ဥယျာဉ်မှ မပြန်သေးမီ သားတော် ဖွားမြင်ကြောင်း သတင်းကြားရ၍ “ရာဟုလာတိ၊ ငါ့ကို လငပုပ်ဖမ်း၏”ဟု မြွက်ဆိုလိုက်၏။ ထိုနောက် ဤသား သံယောဇဉ်ကို ယနေ့ပင် ဖြတ်ပေအံ့ဟု ကြံစည်လေ၏။

ဗောဓိမဏ္ဍိုင် ဟူသည်ကား-
ဗောဓိ - သဗ္ဗညုတဉာဏ်၏၊
မဏ္ဍ - ကြည်ကြည်လင်လင်ဖြစ်ရာ ပလ္လင်တော်၊
ဗောဓိမဏ္ဍပုဒ်ရင်းမှ ဗောဓိမဏ္ဍိုင် ဖြစ်လာသည်။

တရားဟောကြွခြင်း

ဗောဓိမဏ္ဍိုင်၌ ဘုရားဖြစ်၍ ၄၉-ရက် လွန်ပြီးသောအခါ ဘုရားရှင်အား ဤသို့ အကြံဖြစ်၏။ သတ္တဝါတို့ကား စရိုက်ကြမ်းလှ၏။ တရားတော်ကား နူးညံ့လှ၏၊ ဟောကြားခြင်းငှာ မသင့်တော် လေစွတကား။ ဤသို့ အကြံ ဖြစ်သည်ကို သဟံပတိ ဗြဟ္မာကြီးသိ၍ နတ်ဗြဟ္မာအပေါင်းနှင့် တကူ လာ၍ တရားကို ဟောသာဟောတော်မူပါ-ဟု သုံးကြိမ် တိုင်အောင် တောင်းပန်၏။ တရားဟောရန် သင့်တော်သူကို ကြည့်ရှုလတ်သော်–

“အာဠာရ ရသေ့၊ ဥဒကရသေ့ တို့သည် ဉာဏ်ကြီးကုန်၏။ သို့ရာတွင် ကွယ်လွန်ကုန်ပြီ။ ကျေးဇူး များသော ပဉ္စဝဂ္ဂီတို့အား တရားဦးဟောပေအံ့”
ဟု ဗောဓိမဏ္ဍိုင်မှ ၁၈-ယူဇနာ ဝေးကွာသော ဗာရာဏသီသို့ ခြေဖြင့်ကြွသွား၏။ ဂယာသို့ မရောက်မီ ခရီးအကြား၌ ဥပကနှင့် တွေ့၏။ ထိုနောက် ဗာရာဏသီ ဣသိပတန မိဂဒါဝုန်၌ နေသော ပဉ္စဝဂ္ဂီတို့ထံ ရောက်တော်မူ၏။ ဤခရီးကို ရှေးဘုရားတို့ကား ကောင်းကင်ဖြင့် ကြွကုန်၏။ ငါတို့ ဘုရားရှင်ကား မဂ်၊ ဖိုလ် မျိုးစေ့ရှိသော ဥပကနှင့် တွေ့လို၍ ခြေဖြင့်သာ ကြွသည်။ အချို့ကား ဗောဓိမဏ္ဍိုင်မှ ဂယာအထိ သုံးဂါဝုတ်မျှသာ ခြေဖြင့် ကြွသည်။ ဥပကနှင့် တွေ့ပြီးနောက် ကောင်းကင်ခရီးဖြင့် ကြွသည်-ဟူ၍လည်း ဆိုကုန်၏။

မယုံကြည်ကြခြင်း

ပဉ္စဝဂ္ဂီတို့သည် ဘုရားရှင် ကြွလာသည်ကို မြင်လတ်သော် ရှင်ကြီးဂေါတမသည် ငါတို့ထံ ကြွလာ၏။ ကမ္မဋ္ဌာန်းခွင်မှထွက်၍ လာဘ်ပေါများခြင်းငှာ လှည့်လည်၏။ ရှိခိုးခြင်း၊ ခရီးဦးကြိုဆိုခြင်း စသည်ကို မပြုအပ်၊ အမျိုး မြတ်သူဖြစ်၍ ထိုင်လိုလျှင် ထိုင်စရာနေရာမျှသာ ခင်းအပ်၏-ဟု ကတိကဝတ် ပြုကုန်၏။

အနီးသို့ ရောက်သောအခါ ကတိကဝတ်၌ မထည်နိုင်ကုန်။ ငါးဦးလုံးထ၍ ခရီးဦးကြိုဆိုကြပြီးလျှင် တဦးက သပိတ်သင်္ကန်း လှမ်းယူ၏။ တဦးက နေရာ ခင်း၏။ ခြေဆေးရေ တဦး၊ ခြေဆေး အင်းပျဉ် တဦး၊ ခြေပွတ်အိုးခြမ်း တဦး ယူလာကြ၍ ခြေဆေးပေးကြ၏။ ဆုပ်နယ်ပေးကြ၏။ သို့ရာတွင် ဘုရားရှင်ကို “ငါ့ရှင်”ဟူ၍၎င်း၊ အမည်ဖြင့် “ရဟန်းဂေါတမ”ဟူ၍၎င်း ခေါ်ဝေါ်ကုန်၏။

ချစ်သားတို့ ငါဘုရားကို ဤသို့မခေါ်ဝေါ်ကြနှင့်၊ ယခု ငါသည် ဘုရား ဖြစ်ပြီ။ သေခြင်းကင်းသော အမြိုက်နိဗ္ဗာန် ရစေနိုင်သောတရားကို ဟောကြားအံ့။ နာကြားကြလော့-ဟု မိန့်ဆိုတော်မူ၏။ ငါ့ရှင် ဂေါတမ ... သင်သည် ဒုက္ကရစရိယာ အကျင့်ဖြင့်သော်မှလည်း ဘုရားမဖြစ်၊ ယခု ကမ္မဋ္ဌာန်းခွင်မှ ထွက်ခွာ၍ လာဘ်ပေါများခြင်းငှာ လှည့်လည်ခြင်းဖြင့် အဘယ်မှာ ဘုရားဖြစ်နိုင်အံ့နည်း-ဟု ဆိုကုန်၏။ ငါသည် ကမ္မဋ္ဌာန်း ခွင်မှ ထွက်ခွာသည် မဟုတ်။ ယခု ဘုရားဖြစ်ပြီ-ဟု သုံးကြိမ်တိုင် ပြောကြားသော်လည်း မယုံကြည်နိုင်ကြကုန်။

ယုံကြည်ခြင်း

ချစ်သားတို့ ... ငါသည် ရှေးအခါက ဤသို့ ဘုရားဖြစ်ပြီ-ဟု ပြောကြားဘူးသလော-ဟု မိန့်လတ် သော် မပြောကြားစဘူးပါ-ဟု လျှောက်ကုန်၏။ ယခုကား ငါ ဘုရားဖြစ်ပြီ။ အမြိုက်နိဗ္ဗာန်တရားကို ဟောကြားမည်။ နာကြားကြဟု မိန့်ဆို၏။ ထိုအခါမှ ယုံကြည်၍ ရိုသေစွာ တရားနာကြကုန်၏။

ဒွေ မေ ဘိက္ခဝေ အန္တာ”ဟု အစချီ၍ ဟောလတ်သော် ဘုရားရှင်၏ အာနုဘော်အားဖြင့် အောက်ကို အဝီစိ၊ အထက် ဘဝဂ်တိုင်အောငံ သောင်းလောကဓာတ် အသံတော် နှံ့၍တည်၏။ နတ်ဗြဟ္မာတို့လည်း ၁၈-ကုဋေ တရားနာ ရောက်လာကြကုန်၏။ အနောက်၌ နေဝင်၍ အရှေ့၌ အာသဠီနက္ခတ်နှင့်ယှဉ်လျက် လပြည့်ဝန်း ပေါ်ထွက်လာ၏။ ဤအချိန်တွင် ဤဓမ္မစကြာသုတ်ကို ဟောတော်မူလေသည်။

၁။ ဓမ္မစကြာသုတ်အဆုံး၌ နတ်ဗြဟ္မာ ၁၈-ကုဋေနှင့်တကွ အရှင်ကောဏ္ဍည သောတာပန် တည်သည်။
၂။ ဝါဆိုလပြည့်ကျော်တရက်၌ ရှင်ဝပ္ပ၊
၃။ နှစ်ရက်၌ ရှင်ဘဒ္ဒိယ၊
၄။ သုံးရက်၌ ရှင်မဟာနာမ်၊
၅။ လေးရက်၌ ရှင်အဿဇိ သောတာပန်တည်သည်။
၆။ ငါးရက်နေ့၌ အနတ္တလက္ခဏသုတ်ဟောသဖြင့် ငါးပါး လုံး ရဟန္တာဖြစ်ကြသည်း
[ဤဓမ္မစကြာသုတ်ကို နောင်အခါ သင်္ဂါယနာတင်သော မထေရ်မြတ်တို့သည် ဝိနည်းမဟာဝါ ပါဠိတော် ၁-မဟာခန္ဓက၊ ပဌမဘာဏဝါရ၌၎င်း၊ မဟာဝဂ္ဂသံယုတ် ပါဠိတော်၊ ၁၂-သစ္စသံယုတ်၊ ၂-ဓမ္မစက္ကပဝတ္တနဝဂ်၌ ပဌမသုတ် အဖြစ်ဖြင့်၎င်း သင်္ဂါယနာတင်ကုန်၏။]
ဤကား အမြွက်တည်း။

ဥယျောဇဉ်

ယခုဆိုပြီးသော ဓမ္မစကြာ ဒေသနာသည် ဘုရားရှင် အနန္တတို့၏ တရားဦး ဖြစ်၏။
အဘိဓမ္မာ ခုနစ်ကျမ်း၏ သည်းခြေ ဖြစ်၏။
ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင်၏ မိခင်ပမာ မာတိကာ ဖြစ်၏။
လေးဆဲ့ငါးဝါပတ်လုံး ဟောသမျှသည် သစ္စာလေးပါးမှ လွတ်သည် မရှိ၊
နတ်ဗြဟ္မာတို့ ရှေ၊ဦးစွာ မြိန်မြိန်ရှက်ရှက် ခံစားရသော ကန္နားဦးတရား ဖြစ်၏။ နှုတ်ဖတ်သံ ကြားတိုင်း နတ်ဘို့နား၌ မရိုး၊ ဝမ်းမြောက်စွာ မြတ်နိုးကုန်၏။ (နတ်လိုမှ ဂြိုဟ်မသည်ကို သိသူ များပြီ။)
တနင်္ဂနွေစသော အခါခုနစ်နေ့တို့တွင် စနေနေ့ကို မြေတုန်အောင် ထင်ရှားစေ၏။ စနေနေ့ကို ရိုသေစွာ အလေးပြုသူတို့ အားကောင်းကျိုး များစေ၏။
လောက၊ ဓမ္မ နှစ်ဌာန၌ လိုအပ်သော ကောင်းကျိုး တိုးစေသော ဓမ္မစကြာသည် အလွန်ရခဲ၏။
ဘုရားရှင်တဆူပွင့်မှ တကြိမ်သာပေါ်လာ၏။
ထို့ကြောင့် ဤဓမ္မစကြာကို အဘယ်သို့သောသူ မရွတ်ဖတ်ချင်ဘဲ ရှိအံ့နည်း။ နေ့စဉ် ရွတ်ဖတ်ချင်မည် သာတည်း။

[အလွတ်မရသေးမီ ညဉ့်၊ နံနက် တချိန်ချိန် ဘုရားရှိခိုးရာ၌သော်လည်း စာအုပ်၌ ကျကျနန ကြည့်ရှုလျက် နိုင်သမျှပိုင်း၍ ပိုင်း၍ နှုတ်ဖတ်ရာ၏။ ဤကား အကျိုးများလှ၍ တိုက်တွန်းရခြင်း တည်း။]
နိဒါန်း ပြီး၏။

ဆရာတော် ဦးဗုဓ်၏ ဓမ္မစကြာ အမွှန်း

(က) ဘိက္ခူနံ ပဉ္စဝဂ္ဂီနံ၊
ဣသိပတန နာမကေ။
မိဂဒါယေ ဓမ္မဝရံ၊
ယံ တံ နိဗ္ဗာနပါပကံ။

(ခ) သဟံပတိ နာမကေန၊
မဟာဗြဟ္မေန ယာစိတော။
စတုသစ္စံ ပကာသေန္တော၊
လောကနာထော အဒေသယိ။

(ဂ) နန္ဒိတံ သဗ္ဗဒေဝေဟိ၊
သဗ္ဗသမ္ပတ္တိ သာဓကံ။
သဗ္ဗလောကဟိတတ္ထာယ၊
ဓမ္မစက္ကံ ဘဏာမ ဟေ။

(က-ခ) စတုသစ္စံ၊ သစ္စာလေးပါးကို။
ပကာသေန္တော၊ ပြတော်မူသော။
လောကနာထော၊ လူတို့၏ ကိုးကွယ်ရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည်။
သဟံပတိနာမကေန၊ သဟံပတိအမည်ရှိသော။
မဟာဗြဟ္မေန၊ မြတ်သော ဗြဟ္မာမင်းသည်။
ယာစိတော၊ တရားဟောစိမ့်သောငှါ တောင်းပန်အပ်သည်ဖြစ်၍။
(နောက်၌ အဒေသယိနှင့် စပ်လတ္တံ့။)

ဣသိပတန နာမကေ၊ ဘုရား ပစ္စေကဗုဒ္ဓါ, အရိယာတို့၏ ကောင်းကင်မှ သက်ရာ ကောင်းကင်သို့ တက်ရာဖြစ်၍ ဣသိပတန အမည်ရှိသော။
မိဂဒါယေ၊ သားတို့အား ဘေးမဲ့ပေးရာ မိဂဒါဝုန် သားပေါင်းစုံသည့် တောရဂုံ၌။
ပဉ္စဝဂ္ဂီနံ၊ ငါးယောက်အစု ရှိခြင်းကြောင့် ပဉ္စဝဂ္ဂီ အမည်ရှိကုန်သော။
ဘိက္ခူနံ၊ ကောဏ္ဍည ဝပ္ပ ဘဒ္ဒိယ မဟာနာမ် အဿဇိ ရဟန်းတို့အား။
နိဗ္ဗာနပါပကံ၊ နိဗ္ဗာန်သို့ရောက်စေတတ်သော။
ဓမ္မဝရံ၊ မြတ်သောတရားဖြစ်သော။
ယံဓမ္မစက္ကံ၊ အကြင် ဓမ္မစကြာ ဒေသနာတော်ကို။
အဒေသယိ၊ ဟောတော်မူပြီ။
(နောက်၌ တံဓမ္မစက္ကံနှင့် စပ်လတ္တံ့။)

(ဂ) သဗ္ဗဒေဝေဟိ၊ ခပ်သိမ်းကုန်သော သမ္မုတိနတ်, ဥပပတ္တိနတ်, ဝိသုဒ္ဓိနတ် တို့သည်။
ဝါ၊ ခပ်သိမ်းကုန်သော နတ်, ဗြဟ္မာတို့သည်။
နန္ဒိတံ၊ နှစ်လိုအပ်သော။
သဗ္ဗသမ္ပတ္တိ သာဓကံ၊ ခပ်သိမ်းသော လောကီ လောကုတ္တရာ ပစ္စုပ္ပန် သံသရာ စည်းစိမ်ကို ပြီးစေတတ်သော။
တံဓမ္မစက္ကံ၊ ထိုဓမ္မစကြာ ဒေသနာတော်ကို။
သဗ္ဗလောကဟိတတ္ထာယ၊ ခပ်သိမ်းသော လောက၏ အစီးအပွားအကျိုးငှါ။
ဟေ၊ အို-အရှင် သူတော်ကောင်းတို့။
မယံ၊ ငါတို့သည်။
ဘဏာမ၊ ရွတ်ကြကုန်အံ့။

မှတ်ချက်
ဤသို့သောအမွှန်းမျိုးကို အချိန်ကုန်ကျိုးမနပ် ဟု သုတမယဉာဏ် ရင့်သန်သူတို့ အသုံးပြုခြင်း နည်းပါး၏။ ဉာဏ်နုသူတို့အတွက်ကား ရွှင်လန်းထက်သန်ခြင်းကို ဖြစ်စေနိုင်၏။ ခွဲခြမ်းနိုင်စေလော့။

ဆရာတော်ဦးဗုဓ်၏ ဓမ္မစကြာအမွှန်း ပြီး၏။

(၁) ဓမ္မစကြာသုတ် ပါဠိတော်ပါဌ်

နမောတဿ ဘဂဝတော အနုဟတော သမ္မာသမ္ဗုဒ္ဓဿ

အတွင်းနိဒါန်း

၁။ ဧဝံ မေ သုတံ -
ဧကံ သမယံ ဘဂဝါ ဗာရာဏသိယံ ဝိဟရတိ ဣသိပတနေ မိဂဒါယေ။
တတြ ခေါ ဘဂဝါ ပဉ္စဝဂ္ဂိယေ ဘိက္ခူ အာမန္တေသိ -

မမှီဝဲအပ်သောအဖို့အစုနှစ်ပါး

၂။ ဒွေ မေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေဝိတဗ္ဗာ။
ကတမေ ဒွေ -
ယော စာယံ ကာမေသု ကာမသုခလ္လိကာနုယောဂေါ ဟီနော ဂမ္မော ပေါထုဇ္ဇနိကော အနရိယော အနတ္ထသံဟိတော (၁)။
ယော စာယံ အတ္ထကိလမထာနုယောဂေါ ဒုက္ခော အနရိယော အနတ္ထသံဟိတော (၂)။

ဘုရားရှင်၏ မဇ္ဈိမပဋိပဒါ

၃။ ဧတေ ခေါ ဘိက္ခဝေ ဥဘော အန္တေ အနုပဂမ္မ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။

မဇ္ဈိမပဋိပဒါသရုပ်

၄။ ကတမာ စ သာ ဘိက္ခဝေ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။
အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ။
သေယျထိဒံ -
သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ (၂)၊
သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ (၃)၊
သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ (၃)။
အယံ ခေါသာ ဘိက္ခဝေ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။

ဒုက္ခသစ္စာ

၅။ ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ။
ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ ဗျာဓိပိ ဒုက္ခော၊ မရဏမ္ပိ ဒုက္ခံ၊ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊ ယံပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ၊ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။

သမုဒယသစ္စာ

၆။ ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ။
ယာယံ တဏှာ ပေါနောဗ္ဘဝိကာ နန္ဒီရာဂသဟဂတာ တတြာတတြာဘိနန္ဒိနီ၊
သေယျထိဒံ -
ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ။

နိရောဓသစ္စာ

၇။ ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ။
ယော တဿာ ယေ ဝ တဏှာယ အသေသဝိရာဂနိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော။

မဂ္ဂသစ္စာ

၈။ ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓ ဂါမိနီ ပဋိပဒါ အရိယသစ္စံ။
အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ။
သေယျထိဒံ -
သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ (၂)၊
သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ (၃)၊
သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ (၃)။

ဒုက္ခ၌ သစ္စဉာဏ်

၉။“ဣဒံ ဒုက္ခံ အရိယသစ္စ”န္တိမေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥ-ဒပါဒိ၊ ဉာဏံ ဥ-ဒပါဒိ၊ ပညာ ဥ-ဒပါဒိ၊ ဝိဇ္ဇာ ဥ-ဒပါဒိ၊ အာလောကော ဥ-ဒပါဒိ။
(ဥဒ+ပါဒိ ဟု မဖတ်နှင့်၊ ဥ+ဒပါဒိ ဟုဖတ်)

ဒုက္ခ၌ ကိစ္စဉာဏ်

၁၀။“တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ ပရိညေယျ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥ-ဒပါဒိ၊ ဉာဏံ ဥ-ဒပါဒိ၊ ပညာ ဥ-ဒပါဒိ၊ ဝိဇ္ဇာ ဥ-ဒပါဒိ၊ အာလောကော ဥ-ဒပါဒိ။

ဒုက္ခ၌ ကတဉာဏ်

၁၁။“တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ ပရိညာတ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥ-ဒပါဒိ၊ ဉာဏံ ဥ-ဒပါဒိ၊ ပညာ ဥ-ဒပါဒိ၊ ဝိဇ္ဇာ ဥ-ဒပါဒိ၊ အာလောကော ဥ-ဒပါဒိ။

သမုဒယ၌ သစ္စဉာဏ်

၁၂။“ဣဒံ ဒုက္ခသမုဒယံ အရိယသစ္စ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥ-ဒပါဒိ၊ ဉာဏံ ဥ-ဒပါဒိ၊ ပညာ ဥ-ဒပါဒိ၊ ဝိဇ္ဇာ ဥ-ဒပါဒိ၊ အာလောကော ဥ-ဒပါဒိ။

သမုဒယ၌ ကိစ္စဉာဏ်

၁၃။“တံ ခေါ ပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ ပဟာတဗ္ဗ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥ-ဒပါဒိ၊ ဉာဏံ ဥ-ဒပါဒိ၊ ပညာ ဥ-ဒပါဒိ၊ ဝိဇ္ဇာ ဥ-ဒပါဒိ၊ အာလောကော ဥ-ဒပါဒိ။

သမုဒယ၌ ကတဉာဏ်

၁၄။“တံ ခေါ ပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ ပဟီန”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥ-ဒပါဒိ၊ ဉာဏံ ဥ-ဒပါဒိ၊ ပညာ ဥ-ဒပါဒိ၊ ဝိဇ္ဇာ ဥ-ဒပါဒိ၊ အာလောကော ဥ-ဒပါဒိ။

နိရောဓ၌ သစ္စဉာဏ်

၁၅။“ဣဒံ ဒုက္ခ နိရောဓံ အရိယသစ္စ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥ-ဒပါဒိ၊ ဉာဏံ ဥ-ဒပါဒိ၊ ပညာ ဥ-ဒပါဒိ၊ ဝိဇ္ဇာ ဥ-ဒပါဒိ၊ အာလောကော ဥ-ဒပါဒိ။

နိရောဓ၌ ကိစ္စဉာဏ်

၁၆။“တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ သစ္ဆိကာတဗ္ဗ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥ-ဒပါဒိ၊ ဉာဏံ ဥ-ဒပါဒိ၊ ပညာ ဥ-ဒပါဒိ၊ ဝိဇ္ဇာ ဥ-ဒပါဒိ၊ အာလောကော ဥ-ဒပါဒိ။

နိရောဓ၌ ကတဉာဏ်

၁၇။“တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ သစ္ဆိကတ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿု တေသုဓမ္မေသု စက္ခုံ ဥ-ဒပါဒိ၊ ဉာဏံ ဥ-ဒပါဒိ၊ ပညာ ဥ-ဒပါဒိ၊ ဝိဇ္ဇာ ဥ-ဒပါဒိ၊ အာလောကော ဥ-ဒပါဒိ။

မဂ္ဂ၌ သစ္စဉာဏ်

၁၈။“ဣဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥ-ဒပါဒိ၊ ဉာဏံ ဥ-ဒပါဒိ၊ ပညာ ဥ-ဒပါဒိ၊ ဝိဇ္ဇာ ဥ-ဒပါဒိ၊ အာလောကော ဥ-ဒပါဒိ။

မဂ္ဂ၌ ကိစ္စဉာဏ်

၁၉။“တံ ခေါ ပနိဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝေတဗ္ဗ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥ-ဒပါဒိ၊ ဉာဏံ ဥ-ဒပါဒိ၊ ပညာ ဥ-ဒပါဒိ၊ ဝိဇ္ဇာ ဥ-ဒပါဒိ၊ အာလောကော ဥ-ဒပါဒိ။

မဂ္ဂ၌ ကတဉာဏ်

၂၀။“တံ ခေါ ပနိဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝိတ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥ-ဒပါဒိ၊ ဉာဏံ ဥ-ဒပါဒိ၊ ပညာ ဥ-ဒပါဒိ၊ ဝိဇ္ဇာ ဥ-ဒပါဒိ၊ အာလောကော ဥ-ဒပါဒိ။

မသိမီ ဝန်မခံခြင်း

၂၁။ ယာဝကီဝဉ္စ မေ ဘိက္ခဝေ ဣမေသု စတူသု အရိယသစ္စေသု ဧဝံ တိပရိဝဋ္ဋံ ဒွါဒသာကာရံ ယထာဘူတံ ဉာဏဒဿနံ န သုဝိသုဒ္ဓံ အဟောသိ။
နေဝ တာဝါဟံ ဘိက္ခဝေ သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏ- ဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ “အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါ”တိ ပစ္စညာသိံ။
(ပစ်စင်ဉာသိံ ဟုဖတ်၊ ပြစ်စင်ဉာသိံ ဟု မဖတ်နှင့်။)

သိမှ ဝန်ခံခြင်း

၂၂။ ယတော စ ခေါ မေ ဘိက္ခဝေ ဣမေသု စတူသု အရိယသစ္စေသု ဧဝံ တိပရိဝဋ္ဋံ ဒွါဒသာကာရံ ယထာဘူတံ ဉာဏဒဿနံ သုဝိသုဒ္ဓံ အဟောသိ။
အထာဟံ ဘိက္ခေ၀ သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏ- ဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ “အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါ”တိ ပစ္စညာသိံ။

ပစ္စဝေက္ခဏာဉာဏ်

၂၃။ ဉာဏဉ္စ ပန မေ ဒဿနံ ဥဒပါဒိ "အကုပ္ပါ မေ ဝိမုတ္တိ၊ အယမန္တိမာ ဇာတိ၊ နတ္ထိ ဒါနိ ပုနဗ္ဘဝေါ" တိ။

ပဉ္စဝဂ္ဂီတို့ ဝမ်းမြောက်ခြင်း

၂၄။ ဣဒမဝေါစ ဘဂဝါ၊
အတ္တမနာ ပဉ္စဝဂ္ဂီယာ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။

အရှင်ကောဏ္ဍညရဟန်း သောတာပန်တည်ခြင်း

၂၅။ ဣမသ္မိံ စ ပန ဝေယျာကရဏသ္မိံ ဘညမာနေ အာယသ္မတော ကောဏ္ဍညဿ ဝိရဇံ ဝီတမလံ ဓမ္မစက္ခုံ ဥဒပါဒိ "ယံကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓ ဓမ္မ"န္တိ။

ဘုမ္မစိုးနတ်တို့ ကြွေးကြော်ခြင်း

၂၆။ ပဝတ္တိတေ စ ပန ဘဂဝတာ ဓမ္မစက္ကေ ဘုမ္မာ ဒေဝါ သဒ္ဒမနုဿာဝေသုံ "ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိံ" တိ။

အထက်နတ်တို့ ကြွေးကြော်ခြင်း

၂၇။ ဘုမ္မာနံ ဒေဝါနံ သဒ္ဒံ သုတွာ စာတုမဟာရာဇိကာ ဒေဝါ သဒ္ဒမနုဿာဝေသုံ “ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိံ” တိ။
စာတုမဟာရာဇိကာနံ ဒေဝါနံ သဒ္ဒံ သုတွာ တာဝတိံသာ ဒေဝါ သဒ္ဒမနုဿာဝေသုံ "ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေနဝါ ဗြဟ္မဏေနဝါ ဒေဝေနဝါ မာရေနဝါ ဗြဟ္မုနာဝါ ကေနစိဝါ လောကသ္မိံ" တိ။
တာဝတိံသာနံ ဒေဝါနံ သဒ္ဒံ သုတွာ ယာမာ ဒေဝါ သဒ္ဒမနုဿာဝေသုံ "ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေနဝါ ဗြဟ္မဏေနဝါ ဒေဝေနဝါ မာရေနဝါ ဗြဟ္မုနာဝါ ကေနစိဝါ လောကသ္မိံ" တိ။
ယာမာနံ ဒေဝါနံ သဒ္ဒံ သုတွာ တုသိတာ ဒေဝါ သဒ္ဒမနုဿာဝေသုံ "ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေနဝါ ဗြဟ္မဏေနဝါ ဒေဝေနဝါ မာရေနဝါ ဗြဟ္မုနာဝါ ကေနစိဝါ လောကသ္မိံ" တိ။
တုသိတာနံ ဒေဝါနံ သဒ္ဒံ သုတွာ နိမ္မာနရတီ ဒေဝါ သဒ္ဒမနုဿာဝေသုံ "ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေနဝါ ဗြဟ္မဏေနဝါ ဒေဝေနဝါ မာရေနဝါ ဗြဟ္မုနာဝါ ကေနစိဝါ လောကသ္မိံ" တိ။
နိမ္မာနရတီနံ ဒေဝါနံ သဒ္ဒံ သုတွာ ပရနိမ္မိတဝသဝတ္တီ ဒေဝါ သဒ္ဒမနုဿာဝေသုံ "ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေနဝါ ဗြဟ္မဏေနဝါ ဒေဝေနဝါ မာရေနဝါ ဗြဟ္မုနာဝါ ကေနစိဝါ လောကသ္မိံ" တိ။
ပရနိမ္မိတဝသဝတ္တီနံ ဒေဝါနံ သဒ္ဒံ သုတွာ ဗြဟ္မကာယိကာ ဒေဝါ သဒ္ဒမနုဿာဝေသုံ "ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိ ဝတ္တိယံ သမဏေနဝါ ဗြဟ္မဏေနဝါ ဒေဝေနဝါ မာရေနဝါ ဗြဟ္မုနာဝါ ကေနစိဝါ လောကသ္မိံ" တိ။

မြေလှုပ်ခြင်း

၂၈။ ဣတိဟ တေန ခဏေန တေန လယေန တေန မုဟုတ္တေန ယာဝ ဗြဟ္မလောကာ သဒ္ဒေါ အဗ္ဘုဂ္ဂစ္ဆိ။ အယဉ္စ ဒသသဟဿိလောကဓာတု သံကမ္ပိ သမ္ပကမ္ပိ သမ္ပဝေဓိ။ အပ္ပမာဏော စ ဥဠာရော ဩဘာသော လောကေ ပါတုရဟောသိ အတိက္ကမ္မ ဒေဝါနံ ဒေဝါနုဘာဝန္တိ။

ဘုရားရှင် ဥဒါန်းကျူးခြင်း

၂၉။ အထခေါ ဘဂဝါ ဣမံ ဥဒါနံ ဥဒါနေသိ "အညာသိ ဝတ ဘော ကောဏ္ဍညော၊ အညာသိ ဝတ ဘော ကောဏ္ဍညော"တိ။
ဣတိ ဟိဒံ အာယသ္မတော ကောဏ္ဍညဿ အညာသိကောဏ္ဍညောတွေဝ နာမံ အဟောသိ။

ရဟန်းအဖြစ် တောင်းခြင်း

၃၀။ အထ ခေါ အာယသ္မာ အညာသိကောဏ္ဍညော ဒိဋ္ဌဓမ္မော ပတ္တဓမ္မော ဝိဒိတဓမ္မော ပရိယောဂါဠှဓမ္မော တိဏ္ဏဝိစိကိစ္ဆော ဝိဂတကထံကထော ဝေသာရဇ္ဇပ္ပတ္တော အပရပ္ပစ္စယော သတ္ထုသာသနေ ဘဂဝန္တံ ဧတဒဝေါစ -
"လဘေယျာဟံ ဘန္တေ ဘဂဝတောသန္တိကေ ပဗ္ဗဇ္ဇံ၊ လဘေယံ ဥပသမ္ပဒန္တိ။"

ဧဟိဘိက္ခု ခေါ်ခြင်း

၃၁။ "ဧဟိ ဘိက္ခူ" တိ ဘဂဝါ အဝေါစ၊ သွာက္ခာတော ဓမ္မော၊ စရဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တကိရိယာယာတိသာဝ တဿ အာယသ္မတော ဥပသမ္ပဒါ အဟောသီတိ
ဓမ္မစကြာသုတ်ပါဠိတော်ပါဌ် ပြီး၏။

ဓမ္မစကြာသုတ် ပါဠိတော်နိဿယ

အရဟတော၊ ပူဇော်အထူးကို ခံတော်မူထိုက်သော။
သမ္မာသမ္ဗုဒ္ဓဿ၊ အလုံးစုံသောတရားတို့ကို မဖောက်မပြန် ကိုယ်တော်တိုင် သိတော်မူသော။
တဿ ဘဂဝတော၊ ထိုဘုန်းတော် အလွန်ကြီးတော်မူသော မြတ်စွာဘုရားအား။
နမော၊ ရိုသေ ညွှတ်ကျိုး ရှိခိုးပါ၏ဘုရား။

အတွင်းနိဒါန်း

၁။ ဘန္တေ ကဿ၊ အို-အရှင်မဟာကဿပ။
ဣဒံ သုတ္တံ၊ ဤ ဓမ္မစက္ကပ္ပဝတ္တန သုတ်ကို။
မေ-မယာ အာနန္ဒေန၊ အကျွန်ုပ် အာနန္ဒာသည်။
ဘဂဝတော၊ မြတ်စွာဘုရား၏။
သံမုခါ၊ မျက်မှောက်တော်မှ၊
ဧဝံ၊ ဤသို့။
သုတံ၊ ကြားလိုက်ရ၏။
ဧကံ၊ တပါးသော။
သမယံ၊ အခါ၌။
ဘဝဝါ၊ မြတ်စွာဘုရားသည်။
ဗာရာဏသိယံ၊ ဗာရာဏသီပြည်၌။
ဣသိပတနေ၊ ဣသိပတနအမည်ရှိသော။
မိဂဒါယေ၊ မိဂဒါဝုန်တော၌။
ဝိဟရတိ၊ နေတော်မူ၏။
တတြခေါ၊ ထိုသို့နေတော်မူသော အခါ၌။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
ပဉ္စဝဂ္ဂိယေ၊ ပဉ္စဝဂ္ဂီ အမည်ရှိကုန်သော။
ဘိက္ခူ၊ ရဟန်းတို့ကို။
အာမန္တေသိ၊ မိန့်တော်မူ၏။

(ရဟန္တာငါးရာ ပဌမ သင်္ဂါယနာ တင်သောအခါ ဤ ဓမ္မစကြာသုတ်ကို အဘယ်အရပ်၌ ဘုရား ဟောသနည်း- စသည်ဖြင့် မေးခွန်းများစွာ ရှင်မဟာကဿပ မေး၍ ရှင်အာနန္ဒာသည် မေးတိုင်း ဖြေ၏။ ဖြေဆိုပြီးသောအခါ ရဟန္တာ ငါးရာလုံး ညှိ၍ ဤသုတ်ကို ရွတ်ဆိုကြ၏။ ထို့ကြောင့် ရှေး ဦးစွာ “ဘန္တေကဿပ”ဟု အနွယ်အားဖြင့် အာလုပ်ပုဒ် ထည့်သည်။ ဘန္တေပိပ္ပလိ-ဟု အမည်၎င်း အာလုပ်မထည့် သင့်-ဟူလို၊)

ဤသုတ်ဟောစဉ် ရှင်အာနန္တာ တရားနာ မပါသော်လည်း အလုပ်အကျွေးရာထူး လက်ခံသောအခါ တောင်းဆုရှစ်ပါးတွင်“မျက်ကွယ်ဟောသော တရားများ ပြန်ဟောပြတော်မူပါ။ အလုပ်အကျွေး ဖြစ်လျက် ဤမည်သောသုတ်ကို အဘယ်၌ ဟောသည် မသိ-ဟူ၍ မဖြစ်လိုပါ”ဟူသော ဆုတခု ပါသည်။ ထို့ကြောင့် ဘုရားရှင်၏ မျက်မှောက်တော်၌ ရှင်အာနန္ဒာ တိုက်ရိုက်မကြားရခြင်းကို သိသာ၏၊ မထေကြီး-ရှင်မဟာကဿပ အထံ၌ “မေမယာ အာနန္ဒတ္ထေရေန”“အကျွန်ုပ် အာနန္ဒာ မထေရ်သည်”ဟု မိမိကိုယ်ကို ထေရသဒ္ဒါဖြင့် မဖြည့်စွက်အပ်၊ ထို့ကြောင့် “မေမယာ အာနန္ဒေန-အကျွန်ုပ် အာနန္ဒာသည်” ဟူ၍မျှ ဆို၏။ ဤနေရာမျိုး၌ ထေရသဒ္ဒါ ဖြည့်စွက်ဆိုလျှင် ကြီးသည် ငယ်သည် ဟု အမှတ် မထား။ အတန်းအစား မသိတတ်ရာ ကျနိုင်သည်။

ပဉ္စဝဂ္ဂီတို့သည် ဝိနည်းအရ ဘိက္ခု မဖြစ်ကြသေး။
ဘယံ ဣက္ခတီတိ ဘိက္ခု
ဘယံ၊ သံသရာဘေးကို။
ဣက္ခတိ၊ ရှုတတ်၏။
ဣတိ၊ ထို့ကြောင့်။
ဘိက္ခု၊ ဘိက္ခု မည်၏။

ဤအလိုဖြင့် သံသရာဘေးကို ရှုသူတိုင်း ဘိက္ခု မည်၏၊ ပဗ္ဗဇိတတို့လည်း မည်ကုန်၏။ လူတို့ သံယောဇဉ်ကို ဖြတ်၍ ရှောင်ကြဉ်ခြင်းသို့ ရောက်သူသည် ပဗ္ဗဇိတ မည်၏။ သုတ္တန်နည်းဖြင့် ဘိက္ခု ဖြစ်ကုန်ပြီ။ ထို့ကြောင့် “ပဉ္စဝဂ္ဂိယေ ဘိက္ခူ”ဟု အဆိုပြုသည်။

မမှီဝဲအပ်သောအဖို့ အစု နှစ်ပါး

၂။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။
ပဗ္ဗဇိတေန၊ ရဟန်းဖြစ်သောသူသည်။
ဒွေ၊ နှစ်ပါးကုန်သော။
ဣမေအန္တာ၊ ဤအဖို့အစုတို့ကို။

(အယုတ်တရားတို့ကိုဟု အဓိပ္ပါယ် အားလျော်စွာ ပေးခြင်းလည်း သင့်၏။)

နသေဝိတဗ္ဗာ၊ မမှီဝဲအပ်ကုန်။
ဒွေ၊ နှစ်ပါးတို့သည်။
ကတမေ၊ အဘယ်သည်တို့နည်း။
ကာမေသု၊ ရူပါရုံစသော ဝတ္ထုကာမတို့၌
ကာမသုခလ္လိကာနုယောဂေါ၊ ကိလေသာ ကာမ ချမ်းသာကို ကပ်ငြိ၍ အဖန်ဖန် အားထုတ်ခြင်း ဟုဆိုအပ်သော။
ယောစာယံ၊ အကြင် အဖို့အစုသည်လည်း။
ဟီနော၊ ယုတ်ညံ့၏။
ဂမ္မော၊ ရွာသူတို့၏ဥစ္စာဖြစ်၏။
ပေါထုဇ္ဇနိကော၊ ပုထုဇ္ဇန်တို့၏ အလေ့အကျက် ဖြစ်၏။
အနရိယော၊ အရိယာတို့၏ ဥစ္စာမဟုတ်။
အနတ္ထသံဟိတော၊ အကျိုးစီးပွားနှင့်မစပ်။ (၁)
အတ္တကိလမထာနုယောဂေါ၊ မိမိကိုယ် ပင်ပန်းခြင်းကို အဖန်ဖန် အားထုတ်ခြင်း ဟုဆိုအပ်သော။
ယောစာယံ၊ အကြင် အဖို့အစုသည်လည်း။
ဒုက္ခော၊ ကိုယ် ဆင်းရဲ၏။
အနရိယော၊ အရိယာမဟုတ်သော တိတ္တိတို့၏ အကျင့်ဖြစ်၏။
အနတ္ထသံဟိတော၊ အကျိုးစီးပွားနှင့် မစပ်။ (၂)
ဣမေဒွေ၊ ဤနှစ်ပါးတို့တည်း။

(ကာမဂုဏ် ခံစားခြင်းသည်၎င်း၊ ဆူးငြောင့်ပေါ်၌ မှီခြင်း၊ အိပ်ခြင်းစသော ကိုယ်ပင်ပန်းကြောင်း အကျင့်သည်၎င်း၊ ရဟန်းတို့ မမှီဝဲအပ်သော အဖို့အစုနှစ်ခု ဖြစ်၏။ ဤ၌ အန္တသဒ္ဒါသည် အဖို့အစု ဟောသော ကောဋ္ဌာသအနက် ဘာဂအနက်၌ ဖြစ်သည်ဟု ဖွင့်သည်။ အယုတ်တရားဟု မဖွင့်။ အဓိပ္ပာယ်ကား သင့်ပေ၏။)

ဘုရားရှင်၏ မဇ္ဈိမပဋိပဒါ

၃။ ဘိက္ခဝေ၊ ရဟန်းတို့။
ဧတေခေါ ဥဘောအန္တေ၊ ဤနှစ်ပါးသော အဖို့အစုတို့ကို။
အနုပဂမ္မ၊ မကပ်မူ၍။
မဇ္ဈိမာ၊ အလယ်အလတ် ဖြစ်သော။
ပဋိပဒါ၊ အကျင့်ကို။
တထာဂတေန၊ မြတ်စွာဘုရားသည်။
အဘိသမ္ဗုဒ္ဓါ၊ ထိုးတွင်း၍သိတော်မူအပ်၏။
သာ၊ မဇ္ဈိမပဋိပဒါသည်။
စက္ခုကရဏီ၊ သစ္စာလေးပါးကို မြင်သော ပညာမျက်စိကို ပြုတတ်၏။
ဉာဏကရဏီ၊ သစ္စာလေးပါးကို သိသောဉာဏ်ကို ပြုတတ်၏။
ဥပသမာယ၊ ကိလေသာ ငြိမ်းခြင်းငှါ။
ဝါ၊ သဥပါဒိသေသနိဗ္ဗာန်အကျိုးငှာ။
အဘိညာယ၊ သစ္စာလေးပါးကို ထူးသောဉာဏ်ဖြင့် သိခြင်းငှါ။
သမ္ဗောဓာယ၊ သစ္စာလေးပါးကို ကောင်းစွာသိခြင်းငှါ။
နိဗ္ဗာနာယ၊ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါ။
ဝါ၊ အနုပါဒိသေသနိဗ္ဗာန်အကျိုးငှာ။
သံဝတ္တတိ၊ ဖြစ်၏။

မဇ္ဈိမပဋိပဒါသရုပ်

၄။ ဘိက္ခဝေ၊ ရဟန်းတို့။
တထာဂတေန၊ မြတ်စွာဘုရားသည်။
အဘိသမ္ဗုဒ္ဓါ၊ ထိုးတွင်း၍သိတော်မူအပ်သော။
စက္ခုကရဏီ၊ သစ္စာလေးပါးကို မြင်သော ပညာမျက်စိကို ပြုတတ်သော။
ဉာဏကရဏီ၊ သစ္စာလေးပါးကို သိသောဉာဏ်ကို ပြုတတ်သော။
ဥပသမာယ၊ ကိလေသာ ငြိမ်းခြင်းငှါ။
အဘိညာယ၊ သစ္စာလေးပါးကို ထူးသောဉာဏ်ဖြင့် သိခြင်းငှါ။
သမ္ဗောဓာယ၊ သစ္စာလေးပါးကို ကောင်းစွာသိခြင်းငှါ။
နိဗ္ဗာနာယ၊ အနုပါဒိသေသနိဗ္ဗာန် အကျိုးငှါ။
သံဝတ္တတိ၊ ဖြစ်၏-ဟု ဆိုအပ်သော။
သာ မဇ္ဈိမပဋိပဒါ၊ ထိုမဇ္ဈိမပဋိပဒါသည်။
ကတမာ၊ အဘယ်နည်း။
အရိယော၊ မြတ်သော။
အဋ္ဌင်္ဂိကော၊ အင်္ဂါရှစ်ပါးရှိသော။
အယမေဝ မဂ္ဂေါ၊ ဤမဂ်သည်သာလျှင်တည်း။
သေယျထိဒံ၊ အင်္ဂါ ရှစ်ပါးကား။
သမ္မာဒိဋ္ဌိ၊ ကောင်းစွာမြင်ခြင်း။
သမ္မာသင်္ကပ္ပေါ၊ ကောင်းစွာကြံခြင်း။

(ဤကား အဓိပညာမဂ္ဂင် နှစ်ပါးတည်း။)
သမ္မာဝါစာ၊ ကောင်းစွာဆိုခြင်း၊
သမ္မာကမ္မန္တော၊ ကောင်းစွာပြုခြင်း။
သမ္မာအာဇီဝေါ၊ ကောင်းစွာ အသက်မွေးခြင်း။

(ဤကား အဓိသီလမဂ္ဂင် သုံးပါးတည်း။)
သမ္မာဝါယာမော၊ ကောင်းစွာအားထုတ်ခြင်း။
သမ္မာသတိ၊ ကောင်းစွာ အောက်မေ့ခြင်း။
သမ္မာသမာဓိ၊ ကောင်းစွာ တည်ကြည်ခြင်း။

(ဤကား အဓိစိတ္တမဂ္ဂင် သုံးပါးတည်း။)
ဣတိ၊ ဤရှစ်ပါးတည်း။
ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။
အယံခေါ သာ မဇ္ဈိမာပဋိပဒါ၊ ဤမဇ္ဈိမာပဋိပဒါကို။
တထာဂတေန၊ မြတ်စွာဘုရားသည်။
အဘိသမ္ဗုဒ္ဓါ၊ ထိုးတွင်း၍သိတော်မူအပ်၏။
သာ၊ ထိုမဇ္ဈိမပဋိပဒါသည်။
စက္ခုကရဏီ၊ သစ္စာလေးပါးကို မြင်သော ပညာမျက်စိကို ပြုတတ်၏။
ဉာဏကရဏီ၊ သစ္စာလေးပါးကို သိခြင်းကို ပြုတတ်၏။
ဥပသမာယ၊ ကိလေသာ ငြိမ်းခြင်းငှါ။
အဘိညာယ၊ သစ္စာလေးပါးကို ထူးသောဉာဏ်ဖြင့်သိခြင်းငှါ။
သမ္ဗောဓာယ၊ သစ္စာလေးပါးကို ကောင်းစွာသိခြင်းငှါ။
နိဗ္ဗာနာယ၊ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါ။
သံဝတ္တတိ၊ ဖြစ်၏။

[ကာမသုခလ္လိကအကျင့်သည် ဟီနဖြစ်၏။ လျော့လွန်းသည်။

အတ္တကိလမထအကျင့်သည် ကိုယ်ဒုက္ခ ဖြစ်၏။ တင်းလွန်းသည်။

နှစ်ခုလုံး နိဗ္ဗာန်ရောက်ကြောင်းလမ်း မဟုတ်၊

လမ်းသို့မရောက် တခု။ လမ်းကိုလွန် တခု၊

ဤမဂ္ဂင်ရှစ်ပါးကား မလျော့လွန်း မတင်းလွန်း လမ်းကျ၏။

အလယ်အလတ်၌ ဖြစ်သည်။ ထို့ကြောင့် မဇ္ဈိမပဋိပဒါ မည်သည်။]

ဒုက္ခသစ္စာ

၅။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။
ဣဒံခေါပန၊ ဤ ဆိုလတ္တံ့သည်ကား။
ဒုက္ခံ၊ ဒုက္ခဖြစ်သော။
အရိယသစ္စံ၊ အရိယသစ္စာ မည်၏။
ဇာတိပိ၊ ပဋိသန္ဓေ နေရခြင်းသည်လည်း။
ဒုက္ခာ၊ ဆင်းရဲ၏။
ဇရာပိ၊ အိုရခြင်းသည်လည်း။
ဒုက္ခော၊ ဆင်းရဲ၏။
ဗျာဓိပိ၊ နာရခြင်းသည်လည်း။
ဒုက္ခော၊ ဆင်းရဲ၏။
မရဏံပိ၊ သေရခြင်းသည်လည်း။
ဒုက္ခံ၊ ဆင်းရဲ၏။
အပ္ပိယေဟိ၊ မနှစ်သက်အပ်သော သတ္တဝါ သင်္ခါရ တို့နှင့်။
သမ္ပယောဂေါ၊ အတူယှဉ်တွဲ၍ နေရခြင်းသည်း။
ဒုက္ခော၊ ဆင်းရဲ၏။
ပိယေဟိ၊ နှစ်သက်အပ်သော သတ္တဝါ (ဝါ) သင်္ခါရတို့နှင့်။
ဝိပ္ပယောဂေ၊ ကွေကွင်းရခြင်းသည်။
ဒုက္ခော၊ ဆင်းရဲ၏။
ယံပိစ္ဆံ၊ အကြင် တောင့်တခြင်းကို။
နလဘတိ၊ မရ။
တံပိ၊ ထိုတောင့်တခြင်းကို မရခြင်းသည်လည်း။

(ဝါ၊ ထိုမရစကောင်းကို တောင့်တခြင်းသည်လည်း၊)
ဒုက္ခံ၊ ဆင်းရဲ၏။
သံခိတ္တေန၊ အကျဉ်းအားဖြင့်။
ပဉ္စ၊ ငါးပါးကုန်သော။
ဥပါဒါနက္ခန္ဓာ၊ ဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာတို့သည်။
ဒုက္ခာ၊ ဆင်းရဲကုန်၏။
ဣဒံ၊ ဤဇာတိစသော တရားသည်။
ဒုက္ခံ၊ ဒုက္ခဖြစ်သော။
အရိယသစ္စံ၊ အရိယသစ္စာ မည်၏။

(အရိယ + သစ္စာ ဟူသည် – အရိယာတို့ + သိအပ်သော သစ္စာ ဖြစ်၏။
ဝါ၊ အရိယာ ဖြစ်အောင် + ပြုတတ်သော သစ္စာ ဖြစ်၏။
ဝါ၊ မဖောက်မပြန် + မှန်ကန်သော သစ္စာ ဖြစ်၏။

ဤသစ္စာကိုသိလျှင် အရိယာဖြစ်၏။ အပါယ်တံခါး ပိတ်၏။)

သမုဒယသစ္စာ

၆။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။
ဣဒံခေါပန၊ ဤဆိုလတ္တံ့သည်ကား။
ဒုက္ခသမုဒယံ၊ ဒုက္ခ၏ အကြောင်းဖြစ်သော။
အရိယသစ္စံ၊ အရိယသစ္စာ မည်၏။
ယာယံတဏှာ၊ အကြင်တဏှာသည်။
ပေါနောဗ္ဘဝိကာ၊ တဖန် ဘဝသစ်ကို ပြုလေ့ရှိ၏။
နန္ဒီရာဂ သဟဂတာ၊ နှစ်သက်ခြင်း တပ်ခြင်းနှင့် တကွဖြစ်၏။
တတြတတြ၊ ထိုထိုအတ္တဘောဖြစ်ရာ ထိုထို ဘဝ၌။
အဘိနန္ဒိနီ၊ လွန်စွာနှစ်သက်တတ်၏။
ဣဒံ- အယံ တဏှာ၊ ဤတဏှာသည်။
သေယျထာ-ကတမာ၊ အဘယ်နည်း။
ကာမတဏှာ၊ ကာမအာရုံ၌ တပ်တတ်သော တဏှာ၎င်း။
ဘဝတဏှာ၊ ရူပဘ၀ အရူပဘဝ၌ တပ်တတ်သော တဏှာ၎င်း။
ဝါ၊ သဿတဒိဋ္ဌိနှင့် တကွဖြစ်သော တဏှာ၎င်း။
ဝိဘဝတဏှာ၊ ဥစ္ဆေဒ ဒိဋ္ဌိနှင့်တကွ ဖြစ်သော တဏှာ၎င်း။
ဣတိ၊ ဤသုံးပါးတည်း။
ဣဒံ၊ ဤတဏှာသည်။
ဒုက္ခသမုဒယံ၊ ဒုက္ခ၏အကြောင်းဖြစ်သော။
အရိယသစ္စံ၊ အရိယသစ္စာ မည်၏။

နိရောဓသစ္စာ

၇။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။
ဣဒံခေါပန၊ ဤဆိုလတ္တံ့သည်ကား။
ဒုက္ခနိရောဓံ၊ ဒုက္ခ၏ ချုပ်ရာဖြစ်သော။
အရိယသစ္စံ၊ အရိယသစ္စာ မည်၏။
တဿာယေဝ တဏှာယ၊ ထိုဘဏှာသုံးပါး၏သာလျှင်။
ယော အသေသ- ဝိရာဂ- နိရောဓော၊ အကြင်အကြွင်းမဲ့ ကင်းချုပ်ရာ နိဗ္ဗာန်သည်။
ယောစာဂေါ၊ အကြင်စွန့်ရာ နိဗ္ဗာန်သည်။
ယောပဋိနိဿဂ္ဂေါ၊ အကြင် လွတ်လွတ်စွန့်ရာ နိဗ္ဗာန်သည်။
ယာမုတ္တိ၊ အကြင် လှုတ်ရာ နိဗ္ဗာန်သည်။
ယောအနာလယော၊ အကြငါ ကပ်ငြိခြင်းကင်းရာ နိဗ္ဗာန်သည်။
အတ္ထိ၊ ရှိ၏၊
ဣဒံ၊ ဤနိဗ္ဗာန်သည်။
ဒုက္ခနိရောဓံ၊ ဒုက္ခ၏ချုပ်ရာဖြစ်သော။
အရိယသစ္စံ၊ အရိယသစ္စာ မည်၏။

မဂ္ဂသစ္စာ

၈။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။
ဣဒံခေါပန၊ ဤဆိုလတ္တံ့သည်ကား။
ဒုက္ခ နိရောဓဂါမိနီ ပဋိပဒါ၊ ဒုက္ခ၏ ချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ဖြစ်သော။
အရိယသစ္စံ၊ အရိယသစ္စာ မည်၏။
အရိယော၊မြတ်သော။
အယမေဝ မဂ္ဂေါ၊ ဤမဂ်သည်သာလျှင်။
အဋ္ဌင်္ဂိကော၊ အင်္ဂါရှစ်ပါး ရှိ၏။
သေယျထိဒံ၊ အင်္ဂါရှစ်ပါးကား။
သမ္မာဒိဋ္ဌိ၊ ကောင်းစွာမြင်ခြင်း။
သမ္မာသင်္ကပ္ပေါ၊ ကောင်းစွာကြံခြင်း။(နှစ်ပါး)။
သမ္မာဝါစာ၊ ကောင်းစွာဆိုခြင်း။
သမ္မာကမ္မန္တော၊ ကောင်းစ္စာပြုခြင်း။
သမ္မာအာဇီဝေ၊ ကောင်းစွာ အသက်မွေးခြင်း။ (သုံးပါး)၊
သမ္မာဝါယာမော၊ ကောင်းစွာအားထုတ်ခြင်း။
သမ္မာသတိ၊ ကောင်းစွာ အောက်မေ့ခြင်း၊
သမ္မာသမာဓိ၊ ကောင်းစွာ တည်ကြည်ခြင်း၊ (သုံးပါး)။
ဣတိ၊ ဤရှစ်ပါးတည်း။
ဣဒံ၊ ဤမဂ္ဂင်ရှစ်ပါးသည်။
ဒုက္ခနိရောဓဂါမနီပဋိပဒါ၊ ဒုက္ခ၏ ချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့် ဖြစ်သော။
အရိယသစ္စံ၊ အရိယသစ္စာ မည်၏။

ဒုက္ခ၌သစ္စဉာဏ်

၉။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။
ဣဒံ၊ ဤဘုံသုံးပါး၌ ကျင်လည်သော တရားအပေါင်းသည်။
ဒုက္ခံ အရိယသစ္စန္တိ၊ ဒုက္ခသစ္စာ မည်၏-ဟူ၍။
မေ၊ ငါသည်။
ဝါ၊ ငါအား။
ပုဗ္ဗေ၊ (ဘုရားဖြစ်သည်မှ) ရှေး၌။
အနနုဿုတေသု၊ မကြားအပ် စဘူးကုန်သော။
ဓမ္မေသု၊ သစ္စာလေးပါးတို့၌။
စက္ခု၊ ပညာမျက်စိသည်။
ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ။
ဉာဏံ၊ သိခြင်းသည်။
ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ။
ပညာ၊ အပြားအားဖြင့် သိခြင်းသည်။
ဥ-ဒပါဒိ၊ ထင်စွာဖြစ်ပြီ။
ဝိဇ္ဇာ၊ ထိုးထွင်း၍သိခြင်းသည်။
ဥ-ဒပါဒိ၊ ထင်စွာဖြစ်ပြီ။
အာလောကော၊ မောဟမှောင် ပယ်ခွင်းသော ပညာရောင်အလင်းသည်။
ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီး

ဒုက္ခ၌ကိစ္စဉာဏ်

၁၀။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။
တံခေါပနိဒံ ဒုက္ခံ အရိယသစ္စံ၊ ထိုဒုက္ခသစ္စာကို။
ပရိညေယျန္တိ၊ ဤရွေ့ ဤမျှဟု ပိုင်းခြား၍ သိအပ်၏-ဟူ၍။
မေ၊ ငါသည်။
ဝါ၊ ငါအား။
ပုဗ္ဗေ၊ ရှေး၌။
အနနုဿုတေသု၊ မကြားအပ်စဘူးကုန်သော။
ဓမ္မေသု၊ သစ္စာလေးပါးတို့၌။
စက္ခုံ၊ ပညာမျက်စိသည်။
ဥ-ဒပါဒိ၊ ထင်စွာဖြစ်ပြီ။
ဉာဏံ၊ သိခြင်းသည်။
ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ။
ပညာ၊ အပြားအားဖြင့် သိခြင်းသည်။
ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ။
ဝိဇ္ဇာ၊ ထိုးထွင်း၍ သိခြင်းသည်။
ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ။
အာလောကော၊ မောဟမှောင် ပယ်ခွင်းသော ပညာရောင်အလင်းသည်။
ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ၊

ဒုက္ခ၌ ကတဉာဏ်

၁၁။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။
တံခေါပနိဒံ ဒုက္ခအရိယသစ္စံ၊ ထို ဒုက္ခသစ္စာကို။
ပရိညာတန္တိ၊ ဤရွေ့ ဤမျှဟု ပိုင်းခြား၍ပြီးပြီ ဟူ၍။
မေ၊ ငါသည်။
ဝါ၊ ငါအား။
ပုဗ္ဗေ၊ ရှေး၌။
အနနုဿုတေသု၊ မကြားအပ်စဘူးကုန်သော။
ဓမ္မေသု၊ သစ္စာ လေးပါးတို့၌။
စက္ခုံ၊ ပညာမျက်စိသည်။
ဥ-ဒပါဒိ၊ ထင်စွာဖြစ်ပြီ။
ဉာဏံ၊ သိခြင်းသည်။
ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ။
ပညာ၊ အပြားအားဖြင့် သိခြင်းသည်။
ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ။
ဝိဇ္ဇာ၊ ထိုးထွင်း၍ သိခြင်းသည်။
ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ။
အာလောကော၊ မောဟမှောင် ပယ်ခွင်းသော ပညာရောင်အလင်းသည်။
ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ၊

[သစ္စာလေးပါးတို့၌ ဤကား ဒုက္ခ၊ ဤကား သမုဒယ- စသည်ဖြင့် ဟုတ်တိုင်းမှန်စွာ သိခြင်းသည် သစ္စဉာဏ်မည်၏။ ပြုသင့်သောကိစ္စကို သိခြင်းသည် ကိစ္စဉာဏ်မည်၏၊(သိကိစ္စ၊ ပယ်ကိစ္စ၊ မျက်မှောက်ပြုကိစ္စ၊ ပွားစေခြင်းကိစ္စ-ဟူသော ကိစ္စလေးပါးကို သိခြင်းဟု ဆိုလိုသည်။) ဤ ပြုသင့်သောကိစ္စကို ပြုပြီးပြီဟု သိခြင်းသည် ကတဉာဏ် မည်၏။ ဤကား ဉာဏ် သုံးပြန်တည်း၊ ဝါ၊ ဉာဏ်သုံးပါးတည်း။

ဤဒုက္ခသစ္စာ၌ ဉာဏ်သုံးပြန် ဖြစ်ပုံသိအပ်၏၊

လောကီစိတ် ၈၁-ခု၊ လောဘကြဉ်သော စေတသိက် ၅၁-ခု၊ ရုပ် ၂၈-ခု သည် ဒုက္ခသစ္စာ မည်၏။ ဤသို့ သိခြင်းသည် သစ္စဉာဏ် မည်၏။ (ကာမ၊ ရူပ၊ အရူပ-ဟူသော ဘုံသုံးပါး၌သာ ဖြစ်သောကြောင့် တေဘူမက တရားဟူ၍လည်း ထိုဒုက္ခသစ္စာကို ခေါ်သည်။)

ဒုက္ခသစ္စာကား ဤတေဘူမက တရားစုသာတည်း။ ဤထက် အယုတ်အလွန် မရှိဟု ပိုင်းခြား၍ သိအပ် သောတရား ဖြစ်၏၊ ဤသို့ သိခြင်းသည် ကိစ္စဉာဏ် မည်၏။

ဤတေဘူမက ဒုက္ခတရားစုကို ငါ ပိုင်းခြား၍ သိပြီးပြီ။ဤသို့ သိခြင်းသည် ကတဉာဏ် မည်၏။ သစ္စကိစ္စကတ-ဟု ဉာဏ်သုံးပါး၊]

သမုဒယ သစ္စဉာဏ်

၁၂။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။
ဣဒံ၊ ဤတဏှာဟူသော လောဘသည်။
ဒုက္ခသမုဒယံ အရိယသစ္စန္တိ၊ သမုဒယသစ္စာမည်၏ ဟူ၍။
မေ၊ ငါသည်။
ဝါ၊ ငါအား။
ပုဗ္ဗေ၊ ရှေး၌။
အနနုဿုတေသု၊ မကြားအပ်စဘူးကုန်သော။
ဓမ္မေသု၊ သစ္စာ လေးပါးတို့၌။
စက္ခုံ၊ ပညာမျက်စိသည်။
ဥ-ဒပါဒိ၊ ထင်စွာဖြစ်ပြီ။
ဉာဏံ၊ သိခြင်းသည်။
ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ။
ပညာ၊ အပြားအားဖြင့် သိခြင်းသည်။
ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ။
ဝိဇ္ဇာ၊ ထိုးထွင်း၍ သိခြင်းသည်။
ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ။
အာလောကော၊ မောဟမှောင် ပယ်ခွင်းသော ပညာရောင်အလင်းသည်။
ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ၊

သမုဒယ၌ ကိစ္စဉာဏ်

၁၃။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။
တံခေါပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ၊ ထိုသမုဒယသစ္စာကို။
ပဟာတဗ္ဗန္တိ၊ ထိုထိုမဂ်ဖြင့် ပယ်အပ်၏ဟူ၍။
မေ၊ ငါသည်။
ဝါ၊ ငါအား။
ပုဗ္ဗေ၊ ရှေး၌။
အနနုဿုတေသု၊ မကြားအပ်စဘူးကုန်သော။
ဓမ္မေသု၊ သစ္စာ လေးပါးတို့၌။
စက္ခုံ၊ ပညာမျက်စိသည်။
ဥ-ဒပါဒိ၊ ထင်စွာဖြစ်ပြီ။
ဉာဏံ၊ သိခြင်းသည်။
ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ။
ပညာ၊ အပြားအားဖြင့် သိခြင်းသည်။
ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ။
ဝိဇ္ဇာ၊ ထိုးထွင်း၍ သိခြင်းသည်။
ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ။
အာလောကော၊ မောဟမှောင် ပယ်ခွင်းသော ပညာရောင်အလင်းသည်။
ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ၊

သမုဒယ၌ ကတဉာဏ်

၁၄။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။
တံခါပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ၊ ထိုသမုဒယသစ္စာကို။
ပဟီနန္တိ၊ ထိုထိုမဂ်ဖြင့် ပယ်ပြီးပြီဟူ၍။
မေ၊ ငါသည်။
ဝါ၊ ငါအား။
ပုဗ္ဗေ၊ ရှေး၌။
အနနုဿုတေသု၊ မကြားအပ်စဘူးကုန်သော။
ဓမ္မေသု၊ သစ္စာ လေးပါးတို့၌။
စက္ခုံ၊ ပညာမျက်စိသည်။
ဥ-ဒပါဒိ၊ ထင်စွာဖြစ်ပြီ။
ဉာဏံ၊ သိခြင်းသည်။
ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ။
ပညာ၊ အပြားအားဖြင့် သိခြင်းသည်။
ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ။
ဝိဇ္ဇာ၊ ထိုးထွင်း၍ သိခြင်းသည်။
ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ။
အာလောကော၊ မောဟမှောင် ပယ်ခွင်းသော ပညာရောင်အလင်းသည်။
ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ၊

[ဤသမုဒယသစ္စာ၌ ဉာဏ်သုံးပြန်ဖြစ်ပုံကား -

လောဘသည် သမုဒယသစ္စာမည်၏ဟု သိခြင်းသည် သစ္စဉာဏ် မည်၏။

သမုဒယသစ္စာကား ပယ်အပ်သောတရား ဖြစ်၏ဟု သိခြင်းသည် ကိစ္စဉာဏ် မည်၏။

သမုဒယသစ္စာကို ငါပယ်ပြီးပြီဟု သိခြင်းသည် ကတဉာဏ်မည်၏။

ဒိဋ္ဌိဝိကိစ္ဆာနှင့် အပါယ် လားကြောင်းကို သောတာပတ္တိ မဂ်ဖြင့် ပယ်သည်။

ရုန့်ရင်းသော ကိလေသာကို သကဒါဂါမိမဂ်၊

ကာမ ရာဂနှင့် ဒေါသကို အနာဂါမိမဂ်ဖြင့်၊

ရူပရာဂ အရူပရာဂ နှင့် ဥဒ္ဓစ္စကို အရဟတ္တမဂ်ဖြင့် ပယ်သည်။]

နိရောဓ၌ သစ္စဉာဏ်

၁၅။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။
ဣဒံ၊ ဤနိဗ္ဗာန်သည်။
ဒုက္ခနိရောဓံ အရိယသစ္စန္တိ၊ နိရောဓသစ္စာ မည်၏ဟူ၍။
မေ၊ ငါသည်။
ဝါ၊ ငါအား။
ပုဗ္ဗေ၊ ရှေး၌။
အနနုဿုတေသု၊ မကြားအပ်စဘူးကုန်သော။
ဓမ္မေသု၊ သစ္စာ လေးပါးတို့၌။
စက္ခုံ၊ ပညာမျက်စိသည်။
ဥ-ဒပါဒိ၊ ထင်စွာဖြစ်ပြီ။
ဉာဏံ၊ သိခြင်းသည်။
ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ။
ပညာ၊ အပြားအားဖြင့် သိခြင်းသည်။
ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ။
ဝိဇ္ဇာ၊ ထိုးထွင်း၍ သိခြင်းသည်။
ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ။
အာလောကော၊ မောဟမှောင် ပယ်ခွင်းသော ပညာရောင်အလင်းသည်။
ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ၊

နိရောဓ၌ ကိစ္စဉာဏ်

၁၆။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။
တံခေါပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ၊ ထိုနိရောဓသစ္စာကို။
သစ္ဆိကာတဗ္ဗန္တိ၊ မဂ်ဉာဏ် ဖိုလ် ဉာဏ်ဖြင့် မျက်မှောက် ပြုအပ်၏ ဟူ၍။
မေ၊ ငါသည်။
ဝါ၊ ငါအား။
ပုဗ္ဗေ၊ ရှေး၌။
အနနုဿုတေသု၊ မကြားအပ်စဘူးကုန်သော။
ဓမ္မေသု၊ သစ္စာ လေးပါးတို့၌။
စက္ခုံ၊ ပညာမျက်စိသည်။
ဥ-ဒပါဒိ၊ ထင်စွာဖြစ်ပြီ။
ဉာဏံ၊ သိခြင်းသည်။
ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ။
ပညာ၊ အပြားအားဖြင့် သိခြင်းသည်။
ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ။
ဝိဇ္ဇာ၊ ထိုးထွင်း၍ သိခြင်းသည်။
ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ။
အာလောကော၊ မောဟမှောင် ပယ်ခွင်းသော ပညာရောင်အလင်းသည်။
ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ၊

နိရောဓ၌ ကတဉာဏ်

၁၇။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။
တံခေါပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ၊ ထိုနိရောသေစ္စာကို။
သစ္ဆိကတန္တိ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် မျက်မှောက် ပြုပြီးပြီဟူ၍။
မေ၊ ငါသည်။
ဝါ၊ ငါ့အား။
ပုဗ္ဗေ၊ ရှေး၌။
အနနုဿုတေသု၊ မကြားအပ်စဘူးကုန်သော။
ဓမ္မေသု၊ သစ္စာ လေးပါးတို့၌။
စက္ခုံ၊ ပညာမျက်စိသည်။
ဥ-ဒပါဒိ၊ ထင်စွာဖြစ်ပြီ။
ဉာဏံ၊ သိခြင်းသည်။
ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ။
ပညာ၊ အပြားအားဖြင့် သိခြင်းသည်။
ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ။
ဝိဇ္ဇာ၊ ထိုးထွင်း၍ သိခြင်းသည်။
ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ။
အာလောကော၊ မောဟမှောင် ပယ်ခွင်းသော ပညာရောင်အလင်းသည်။
ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ၊

[ဤနိရောဓသစ္စာ၌ ဉာဏ်သုံးပြန် ဖြစ်ပုံကား-

နိဗ္ဗာန်သည် နိရောဓသစ္စာမည်၏ဟု သိခြင်းသည် သစ္စဉာဏ်မည်၏။

နိရောဓသစ္စာကား မျက်မှောက်ပြုအပ်သောတရားဟု သိခြင်းသည် ကိစ္စဉာဏ် မည်၏။

နိရောဓသစ္စာကို ငါမျက်မှောက် ပြုပြီးပြီဟု သိခြင်းသည် ကတဉာဏ် မည်၏။]

မဂ္ဂ၌ သစ္စဉာဏ်

၁၈။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။
ဣဒံ၊ ဤမဂ္ဂင်ရှစ်ပါးသည်။
ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စန္တိ၊ မဂ္ဂသစ္စာမည်၏ ဟူ၍။
မေ၊ ငါသည်။
ဝါ၊ ငါအား။
ပုဗ္ဗေ၊ ရှေး၌။
အနနုဿုတေသု၊ မကြားအပ်စဘူးကုန်သော။
ဓမ္မေသု၊ သစ္စာ လေးပါးတို့၌။
စက္ခုံ၊ ပညာမျက်စိသည်။
ဥ-ဒပါဒိ၊ ထင်စွာဖြစ်ပြီ။
ဉာဏံ၊ သိခြင်းသည်။
ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ။
ပညာ၊ အပြားအားဖြင့် သိခြင်းသည်။
ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ။
ဝိဇ္ဇာ၊ ထိုးထွင်း၍ သိခြင်းသည်။
ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ။
အာလောကော၊ မောဟမှောင် ပယ်ခွင်းသော ပညာရောင်အလင်းသည်။
ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ၊

မဂ္ဂ၌ ကိစ္စဉာဏ်

၁၉။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။
တံခေါပနိဒံ ဒုက္ခနိရောဓ ဂါနီပဋိပဒါ အရိယသစ္စံ၊ ထိုမဂ္ဂသစ္စာကို။
ဘာဝေတဗ္ဗန္တိ၊ ပွားစေအပ်၏ဟူ၍။
မေ၊ ငါသည်။
ဝါ၊ ငါအား။
ပုဗ္ဗေ၊ ရှေး၌။
အနနုဿုတေသု၊ မကြားအပ်စဘူးကုန်သော။
ဓမ္မေသု၊ သစ္စာ လေးပါးတို့၌။
စက္ခုံ၊ ပညာမျက်စိသည်။
ဥ-ဒပါဒိ၊ ထင်စွာဖြစ်ပြီ။
ဉာဏံ၊ သိခြင်းသည်။
ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ။
ပညာ၊ အပြားအားဖြင့် သိခြင်းသည်။
ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ။
ဝိဇ္ဇာ၊ ထိုးထွင်း၍ သိခြင်းသည်။
ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ။
အာလောကော၊ မောဟမှောင် ပယ်ခွင်းသော ပညာရောင်အလင်းသည်။
ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ၊

မဂ္ဂ၌ ကတဉာဏ်

၂၀။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။
တံခေါပနိဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ၊ ထိုမဂ္ဂသစ္စာကို။
ဘာဝိတန္တိ၊ ပွားစေအပ်ပြီးပြီဟူ၍။
မေ၊ ငါသည်။
ဝါ၊ ငါအား။
ပုဗ္ဗေ၊ (ဘုရားမဖြစ်မီ) ရှေး၌။
အနနုဿုတေသု၊ မကြားအပ် စဘူးကုန်သော။
ဓမ္မေသု၊ သစ္စာလေးပါးတို့၌။
စက္ခုံ၊ ပညာမျက်စိသည်။
ဥ-ဒပါဒိ၊ ထင်စွာဖြစ်ပြီ။
ဉာဏံ၊ သိခြင်းသည်။
ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ။
ပညာ၊ အပြားအားဖြင့် သိခြင်းသည်။
ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ။
ဝိဇ္ဇာ၊ ထိုးထွင်း၍ သိခြင်းသည်။
ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ။
အာလောကော၊ မောဟမှောင် ပယ်ခွင်းသော ပညာရောင်အလင်းသည်။
ဥ-ဒပါဒိ၊ ထင်စွာ ဖြစ်ပြီ၊

(ဤမဂ္ဂသစ္စာ၌ ဉာဏ်သုံးပြန်ဖြစ်ပုံကား-
သမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပ-စသော မဂ္ဂင်ရှစ်ပါးသည် မဂ္ဂသစ္စာမည်၏ဟု သိခြင်းသည် သစ္စဉာဏ် မည်၏။

မဂ္ဂသစ္စာကား ပွားစေအပ်သော တရားဖြစ်၏ဟု သိခြင်းသည် ကိစ္စဉာဏ် မည်၏။

မဂ္ဂသစ္စာကို ငါပွားစေပြီးပြီဟု သိခြင်းသည် ကတဉာဏ် မည်၏။

သစ္စာ လေးပါးတို့၌ ဉာဏ်သုံးပြန်စီပြန်သော် ၁၂-ပါးသောအခြင်း အရာ ဖြစ်၏။)

မသိမီ ဝန်ခံခြင်း

၂၁။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။
ယာဝကီဝဉ္စ၊ အကြင်မျှလောက်သော ကာလပတ်လုံး၊
မေ၊ ငါအား။
ဣမေသု စတူသု အရိယ သစ္စေသု၊ ဤသစ္စာလေးပါးတို့၌။
ဧဝံ၊ ဤသို့။
တိပရိဝဋ္ဋံ၊ သုံးပါးသောအပြန်ရှိသော။
ဒွါဒသာကာရံ၊ ၁၂-ပါးသော အခြင်းအရာရှိသော။
ယထာဘူတံ၊ ဟုတ်မှန်တိုင်းဖြစ်သော။
ဉာဏဒဿနံ၊ ဉာဏ်အမြင်သည်။
သုဝိသုဒ္ဓံ၊ အထူးစင်ကြယ်သည်။
နအဟောသိ၊ မဖြစ်သေး။
ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။
တာဝ၊ ထိုမျှလောက်သော ကာလပတ်လုံး။
အဟံ၊ ငါဘုရားသည်။
သဒေဝကေ၊ နတ်ပြည်ငါးထပ်နှင့် တကွဖြစ်သော။
သမာရကေ၊ ဝသဝတ္တီနတ်ပြည်နှင့် တကွဖြစ်သော။
သဗြဟ္မကေ၊ ဗြဟ္မာပြည်နှင့်တကွဖြစ်သော။
လောကေ၊ ဩကာသလောက၌။
သဿမဏဗြာဟ္မဏိယာ၊ ရဟန်းပုဏ္ဏားတို့နှင့်တကွဖြစ်သော။
မနုဿာယ၊ သမ္မုတိနတ်မင်း၊ ကြွင်းသောလူတို့နှင့် တကွ ဖြစ်သော။
ပဇာယ၊ သတ္တလောက၌။
အနုတ္တရံ၊ အတုမရှိသော။
သမ္မာသမ္ဗောဓိံ၊ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုညုတဉာဏ်ကို။
အဘိသမ္ဗုဒ္ဓေါတိ၊ ထိုးထွင်း၍ သိပြီဟူ၍။
နေဝပစ္စညာသိံ၊ ဝန်မခံပြီ။

[လူမင်းသည် သမ္မုတိနတ် မည်၏။

ခြောက်ထပ်နတ်တို့သည် ဥပပတ္တိနတ်၊

ဘုရားရဟန္တာတို့သည် ဝိသုဒ္ဓိနတ် - နတ်သုံးမျိုး။]

သိမှ ဝန်ခံခြင်း

၂၂။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။
ယတောစခေါ၊ အကြင်အခါမှစ၍။
မေ၊ ငါအား။
ဣမေသု စတူသု အရိယသစ္စေသု၊ ဤသစ္စာလေးပါးတို့၌။
ဧဝံ၊ ဤသို့။
တိပရိဝဋ္ဋံ၊ သုံးပါးသောအပြန်ရှိသော။
ဒွါရသာကာရံ၊ ၁၂-ပါးသော အခြင်းအရာရှိသော။
ယထာဘူတံ၊ ဟုတ်မှန်တိုင်းဖြစ်သော။
ဉာဏဒဿနံ၊ ဉာဏ်အမြင်သည်။
သုဝိသုဒ္ဓံ၊ အလွန်စင်ကြယ်သည်။
အဟောသိ၊ ဖြစ်ပြီ။
ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။
အထ၊ ထိုအခါမှစ၍။
အဟံ၊ ငါဘုရားသည်။
သဒေဝကေ၊ နတ်ပြည်ငါးထပ်နှင့်တကွဖြစ်သော။
သမာရကေ၊ ဝသဝတ္တီ နတ်ပြည်နှင့်တကွဖြစ်သော။
သဗြဟ္မကေ၊ ဗြဟ္မာပြည်နှင့် တကွဖြစ်သော။
လောကေ၊ ဩကာသလောက၌။
သဿမဏ ဗြာဟ္မဏိယာ၊ ရဟန်းပုဏ္ဏားတို့နှင့်တကွဖြစ်သော။
သဒေဝမနုဿာယ၊ သမ္မုတိနတ်မင်း၊ ကြွင်းသော လူတို့နှင့်တကွဖြစ်သော။
ပဇာယ၊ သတ္တလောက၌။
အနုတ္တရံ၊ အတုမရှိသော။
သမ္မာသမ္ဗောဓိံ၊ အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်ကို။
အဘိသမ္ဗုဒ္ဓေါတိ၊ ထိုးထွင်း၍ သိပြီဟူ၍။
ပစ္စညာသိံ၊ ဝန်ခံတော်မူပြီ။

(သတ္တဝါအပေါင်းသည် လောက။

၃၁-ဘုံသည် ဩကာသလောက။

စိတ်၊ စေတသိက်၊ ရုပ်သည် သင်္ခါရ လောက။ ။ လောကသုံးပါး။)

ပစ္စဝေက္ခဏာဉာဏ်

၂၃။ ဉာဏဉ္ဇနဒဿနံ၊ ပစ္စဝေက္ခ ဏာဉာဏ် အမြင်သည်လည်း။
မေ၊ ငါ့အား။
ဥ-ဒပါဒိ၊ ထင်ရှား ဖြစ်ပြီ။ (ဖြစ်ပုံကား-)

မေ၊ ငါ၏။
ဝိမုတ္တိ၊ ကိလေသာမှ လွတ်သော စိတ်ကို။
ဝါ၊ အရဟတ္တဖိုလ်ကို။
အကုပ္ပါ၊ ဆန့်ကျင်ဘက်တရားတို့သည် မဖျက်ဆီးအပ်။
ဣတိ၊ ဤသို့ ဖြစ်ပြီ။
အယံ၊ ဤကိုယ်၏ အဖြစ်သည်။
အန္တိမာ၊ အဆုံး၌ ဖြစ်သော။
ဇာတိ၊ ဖြစ်ခြင်းတည်း။
ဣဒါနိ၊ ယခုအခါ၌။
ပုနဗ္ဘဝေါ၊ တဖန်ဘဝသစ်သည်။
နတ္ထိ၊ မရှိ။”
ဣတိ၊ ဤသို့လည်း ဉာဏ်အမြင် ဖြစ်ပြီ။

(ပစ္စဝေက္ခဏာဉာဏ် ဟူသည် ပြီးသော ဂုဏ်တို့ကို ဟုတ်မှန်စွာမြင်သိသော မဟာကြိယာဉာဏ် တည်း၊ တနည်း -

မဂ်ကို ဤခရီးဖြင့် ငါလာခဲ့သည်ဟု....၊

ဖိုလ်ကို ဤအကျိုး ရသည်ဟု ...၊

နိဗ္ဗာန်ကို ဤတရားကို အာရုံပြုသည်ဟု ..

ပယ်ကိလေသာကို ဤမျှကို ပယ်ပြီးပြီဟု....၊

ကြွင်းကိလေသာကို ဤမျှ ကြွင်းသေးသည်ဟု ဆင်ခြင်သည်။

ဓမ္မစကြာတရား ဟောကြားခြင်းလည်း ဤတွင် ပြီးလေပြီ။)

ပဉ္စဝဂ္ဂီတို့ ဝမ်းမြောက်ခြင်း

၂၄။ ဘဂဝါ၊ မြတ်စွာဘုရားသည်။
ဣဒံ၊ ဤ ဒွေ မေ ဘိက္ခဝေ-အစချီသော ဓမ္မစကြာတရားကို။
အဝေါစ၊ မိန့်တော်မူ၏။
ပဉ္စဝဂ္ဂီယာ ဘိက္ခူ၊ ပဉ္စဝဂ္ဂီရဟန်းတို့သည်။
အတ္တမနာ၊ ဝမ်းမြောက်ကုန်သည်ဖြစ်၍။
ဘဂဝတော၊ မြတ်စွာဘုရား၏။
ဘာသိတံ၊ ဟောအပ်သော ဓမ္မစကြာ တရားတော်ကို။
အဘိနန္ဒုံ၊ သာဓုနှုတ်မြွက် လွန်စွာ နှစ်သက်ကုန်ပြီ။
ဣတိ၊ ဤသို့ မျက်မှောက်တော်မှ ကြားလိုက်ရ၏ဟု ရှင်အာနန္ဒာ လျှောက်ကြား၏။

အရှင်ကောဏ္ဍည သောတာပန်တည်ခြင်း

၂၅။ ဣမသ္မိံ စ ပန ဝေယျာကရဏသ္မိံ၊ ဤဂါထာ မစွက်မသုံး ဗျာကရုဏ်းတရားကို။
ဘညမာနေ၊ ဟောတော်မူသည်ရှိသော်။
အာယသ္မတော ကောဏ္ဍညဿ၊ အရှင်ကောဏ္ဍညအား။
ဝိရဇံ၊ ရာဂစသော မြူမရှိသော။
ဝီတမလံ၊ ဒိဋ္ဌိစသော အညစ်အကြေးကင်းသော။
ဓမ္မစက္ခုံ၊ သောတာပတ္တိမဂ်ဉာဏ်မျက်စိသည်။
ဥ-ဒပါဒိ၊ ထင်စွာဖြစ်ပြီ။

(ဖြစ်ပုံကား-)

ယံကိဉ္စိ၊ အလုံးစုံသော သင်္ခတတရားသည်။
(ဝါ၊ တေဘူမက သင်္ခါရတရားသည်၊)
သမုဒယဓမ္မံ၊ အကြောင်းမကင်း ဖြစ်ခြင်းသဘော ရှိ၏။
သဗ္ဗန္တံ၊ ထိုအလုံးစုံသည်။
နိရောဓဓမ္မံ၊ ချုပ်ခြင်းသဘော ရှိ၏။”
ဣတိ၊ ဤသို့ ဉာဏ်မျက်စိ ဖြစ်၏။

(မဂ်သည် နိဗ္ဗာန်ကိုသာ အမြဲအာရုံပြုသည်။ သင်္ခါရကို ဘယ်အခါမျှ အာရုံမပြု။

သင်္ခါရကို ကိစ္စစွမ်းဖြင့်သာ သိသည်၊ အာရုံစွမ်းဖြင့် မသိ။

ဒုက္ခသစ္စာကို ပိုင်းခြား၍သိခြင်း ဟူသော ကိစ္စစွမ်းဖြင့် သင်္ခါရတို့၏ ဖြစ်ခြင်း၊ ချုပ်ခြင်းကို မတွေမဝေ သိသည်ဟု အာရုံပြု၍ မဟုတ်။)

ဘုမ္မစိုးနတ်တို့ ကြွေးကြော်ခြင်း

၂၆။ ဘဂဝတာ၊ မြတ်စွာဘုရားသည်။
ဓမ္မစက္ကေ၊ ဓမ္မစကြာတရားကို။
ပဝတ္တိတေစပန၊ ဟောတော်မူအပ်သည် ရှိသော်။
ဘုမ္မာဒေဝါ၊ ဘုမ္မစိုးနတ်တို့သည်။
သဒ္ဒံ၊ ကောင်းချီး ပေးသံကို။
အနုဿာဝေသုံ၊ တပြိုင်နက် ကြွေးကြော်ကုန်၏။

(ကြွေးကြော်ပုံကား-)
ဘဂဝတော၊ မြတ်စွာဘုရားသည်။
ဗာရာဏသိယံ၊ ဗာရာဏသီပြည်၌။
ဣသိပတနေ မိဂဒါယေ၊ ဣသိပတန မိဂဒါဝုန်တော၌။
သမဏေန ဝါ၊ ရဟန်းသည်၎င်း။
ဗြာဟ္မဏေ န ဝါ၊ ပုဏ္ဏားသည်၎င်း။
ဒေဝေနဝါ၊ နတ်သည်၎င်း။
မာရေန ဝါ၊ မာရ်နတ်သည်၎င်း။
ဗြဟ္မုနာ ဝါ၊ ဗြဟ္မာသည်၎င်း။
လောကသ္မိံ၊ လောက၌။
ကေနစိ၊ ဝါ၊ တစုံတယောက်သော သူသည်၎င်း။
အပ္ပဋိဝတ္တိယံ၊ မဟောနိုင်သော။
အနုတ္တရံ၊ အတုမရှိသော။
ဧတံ ဓမ္မစက္ကံ၊ ဤ ဓမ္မစကြာ တရားတော်ကို။
ပဝတ္တိတံ၊ ဟောတော်မူအပ်ပြီ။
ဝါ၊ ဉာဏ်တော်စက်ဝန်း လှည့်အပ်ပြီ။”
ဣတိ၊ ဤသို့ တပြိုင်နက် ကြွေးကြော်ကုန်၏။

အထက်နတ်တို့ ကြွေးကြော်ခြင်း

၂၇။ ဘုမ္မာနံဒေဝါနံ၊ ဘုမ္မစိုးနတ်တို့၏။
သဒ္ဒံ၊ ကောင်းချီးပေးသံကို။
သုတွာ၊ ကြား၍။
စာတုမဟာရာဇိကာ၊ စတုမဟာရာဇ်နတ်တို့သည်။
သဒ္ဒံ၊ ကောင်းချီးပေးသံကို။
အနုဿာဝေသုံ၊ အဆင့်ကြွေးကြော်ကုန်၏။

စာတုမဟာရာဇိကာနံ၊ စာတုမဟာရာဇ်နတ်တို့၏။
သဒ္ဒံ၊ကောင်းချီးပေးသံကို။
သုတွာ၊ ကြား၍။
တာဝတိံသာဒေဝါ၊ တာဝတိံသာနတ်တို့သည်။
ယာမာဒေဝါ၊ ယာမာနတ်တို့သည်။
တုသိဘာဒေဝါ၊ တုသိတာနတ်တို့သည်။
နိမ္မာနရတီဒေဝါ၊ နိမ္မာနရတီနတ်တို့သည်။
ပရနိမ္မိတဝသဝတ္တီဒေဝါ၊ ပရနိမ္မိတ ဝသဝတ္တိနတ်တို့သည်။
ဗြဟ္မကာယိကာ ဒေဝါ၊ ဗြဟ္မာတို့သည်။
သဒ္ဒံ၊ ကောင်းချီးပေးသံကို။
အနုဿာဝေသုံ၊ အဆင့်ကြွေးကြော်ကုန်၏။

ကြွေးကြော်ပုံကား-
ဘဂဝတော၊ မြတ်စွာဘုရားသည်။
ဗာရာဏသိယံ၊ ဗာရာဏသီပြည်၌။
ဣသိပတနေ မိဂဒါယေ၊ ဣသိပတန မိဂဒါဝုန်တော၌။
သမဏေန ဝါ၊ ရဟန်းသည်၎င်း။
ဗြာဟ္မဏေ န ဝါ၊ ပုဏ္ဏားသည်၎င်း။
ဒေဝေနဝါ၊ နတ်သည်၎င်း။
မာရေန ဝါ၊ မာရ်နတ်သည်၎င်း။
ဗြဟ္မုနာ ဝါ၊ ဗြဟ္မာသည်၎င်း။
လောကသ္မိံ၊ လောက၌။
ကေနစိ၊ ဝါ၊ တစုံတယောက်သော သူသည်၎င်း။
အပ္ပဋိဝတ္တိယံ၊ မဟောနိုင်သော။
အနုတ္တရံ၊ အတုမရှိသော။
ဧတံ ဓမ္မစက္ကံ၊ ဤ ဓမ္မစကြာ တရားတော်ကို။
ပဝတ္တိတံ၊ ဟောတော်မူအပ်ပြီ။
ဝါ၊ ဉာဏ်တော်စက်ဝန်း လှည့်အပ်ပြီ။”
ဣတိ၊ ဤသို့ အဆင့် ကြွေးကြော်ကုန်၏။

မြေလှုပ်ခြင်း

၂၈။ ဣတိဟ၊ ဤသို့လျှင်။
တေနခဏေန-တေနလယေန-တေနမုဟုတ္တေန၊ ထိုခဏဖြင့်။
ယာဝဗြဟ္မလောကာ၊ အကနိဋ္ဌဗြဟ္မာပြည်တိုင်အောင်။
သဒ္ဒေါ၊ ကျော်စောသံသည်။
အဗ္ဗုဂ္ဂစ္ဆိ၊ ပြန့်နှံ့၍တက်၏။
အယဉ္ဇ ဒသသဟဿီ လောက ဓာတု၊ ဤသောင်းလောကဓာတ် စကြဝဠာသည်လည်း။
သံကမ္ပိ၊ နိမ့်တုံမြင့်တုံ ခုန်၍လှုပ်၏။
သမ္ပကမ္ပိ၊ အိုးထိန်းစက် ကဲ့သို့ လည်၍ လုပ်၏။
သမ္မဝေဓိ၊ ဧယာဉ် ပုခက်ကဲ့သို့ ထိုမှ ဤမှ လွဲ၍ လှုပ်၏။
အပ္ပမာဏော၊ အတိုင်းအရှည် မရှိသော။
ဥဠာရော၊ ပြန့်ပြောသော။
ဩဘာသောစ၊ သဗ္ဗညုတ ဉာဏ်ရောင်သည်လည်း။
ဝါ၊ စိတ်ကြောင့် ဖြစ်သော ဥတုဇ အရောင်သည်လည်း။
လောကေ၊ လောက၌။
ဒေဝါနံ၊ နတ် ဗြဟ္မာတို့၏။
ဒေဝါနုဘာဝံ၊ နတ်ဗြဟ္မာ အာနုဘော်ကို။
အတိက္ကမ္မ၊ လွန်၍။
ပါတုရဟောသိ၊ ထင်ရှားစွာ ဖြစ်၏။

ဘုရားရှင် ဥဒါန်းကျူးခြင်း

၂၉။ အထခေါ၊ ထိုအခါ၌။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
ဣမံ ဥဒါနံ၊ ဤဥဒါန်းကို။
ဥဒါနေသိ၊ ဝမ်းမြောက်စွာ မြွက်ဆိုတော်မူ၏။

(မြွက်ဆိုပုံကား)

ဘော၊ အို-အချင်းတို့၊
ကောဏ္ဍညော၊ ကောဏ္ဍညသည်။
တေ၊ စင်စစ်။
အညာသိ၊ သစ္စာလေးပါးကို သိလေပြီ။
ဘော၊ အို-အချင်းတို့။
ကောဏ္ဍညော၊ ကောဏ္ဍညသည်။
တေ၊ စင်စစ်။
အညာသိ၊ သစ္စာလေးပါးကို သိလေပြီ။”
ဣတိ၊ ဤသို့မြွက်ဆိုတော်မူ၏။
ဣတိဟိ၊ ဤသို့ဥဒါန်းကျူးသောကြောင့်သာလျှင်။
အာယသသ္မတော ဧကာဏ္ဍညဿ၊ အရှင်ကောဏ္ဍညအား။
အညာသိ ကောဏ္ဍညော တွေဝ၊ အညာသိကောဏ္ဍည ဟူ၍သာလျှင်။
ဣဒံနာမံ၊ ဤအမည်သည်။
အဟောသိ၊ ဖြစ်ပြီ။

[ရေကန်၌ ရေဝေလျှံသကဲ့သို့၊ ဆီအိုး၌ ဆီဝေသကဲ့ သို့၊ နှလုံးအိမ်၌ ဝမ်းမြောက်ခြင်း ဝေလျှံသဖြင့် မြည်ထွက်သောအသံသည် ဥဒါန်းကျူးသည် မည်၏။ နားထောင်သူ ရှိခြင်း မရှိခြင်းကို ငဲ့သော အသံမဟုတ်။ ဤဥဒါန်းကျူးသံသည် သောင်းလောကဓာတ်၍ တည်၏။]

ရဟန်းအဖြစ် တောင်းခြင်း

၃၀။ အထခေါ၊ ထိုအခါ၌။
အာယသ္မာအညာသိ ကောဏ္ဍညော၊ အရှင်အညာသိကောဏ္ဍညသည်။
ဒိဋ္ဌဓမ္မော၊ သစ္စာလေးပါးကို မြင်ပြီးပြီဖြစ်၍။
ပတ္တဓမ္မော၊ သစ္စာလေးပါး ကို ရပြီးပြီးဖြစ်၍။
ဝိဒိတဓမ္မော၊ သစ္စာလေးပါးကို သိပြီးပြီ ဖြစ်၍။
ပရိယောဂေါဠှဓမ္မော၊ သစ္စာလေးပါးသို့ ဉာဏ်ဖြင့် သက်ဝင်ပြီးပြီဖြစ်၍။
တိဏ္ဏဝိစိကိစ္ဆော၊ ယုံမှားခြင်း ရှစ်ပါး၊ ယုံမှားခြင်း ၁၆-ပါးတို့ကို လွန်မြောက်ပြီးပြီဖြစ်၍။
ဝိဂတကထံ-ကထော၊ သို့လော သို့လောဟု တွေးတောခြင်းမှ ကင်းလွတ်ပြီ ဖြစ်၍။
သတ္ထုသာသနေ၊ မြတ်စွာဘုရား၏ သာသနာတော်၌။
ဝေသာရဇ္ဇပ္ပတ္တော၊ ရဲရင့်ခြင်းသို့ရောက်ပြီ ဖြစ်၍။
အပ္ပရပစ္စယော၊ ဘုရားမှတပါး ယုံကြည်အပ်သောသူ မရှိပြီ ဖြစ်၍။
ဝါ၊သူတပါးဟူသော အကြောင်းကင်းသူ ဖြစ်၍။
ဘဂဝန္တံ၊ မြတ်စွာဘုရားကို။
ဧတံ၊ ဤစကားကို။
အဝေါစ၊ လျှောက်ကြားလေ၏။

(လျှောက်ကြားပုံကား–)

ဘန္တေ၊ မြတ်စွာဘုရား။
အဟံ၊ အကျွန်ုပ်သည်။
ဘဂဝတော၊ မြတ်စွာဘုရား၏။
သန္တိကေ၊ အထံတော်၌။
ပဗ္ဗဇ္ဇံ၊ ရှင်အဖြစ်ကို။
လဘေယျံ၊ ရလိုပါ၏။
ဥပသမ္ပဒံ၊ ပဉ္စင်းအဖြစ်ကို။
လဘေယျံ၊ ရလိုပါ၏။”
ဣတိ၊ ဤသို့ လျှောက်ကြားလေ၏။

(ယုံမှားရှစ်ပါးကား - ဘုရား၌၊ တရား၌၊ သံဃာ၌၊ သိက္ခာ၌၊ သံသရာရှေးအစွန်း၌၊ နောက်အစွန်း၌၊ ရှေးနောက် အစ္စန်း၌၊ ပဋိစ္စသမုပ္ပါဒ်၌၊ ဤရှစ်ဌာန၌ ဟုတ်သလော၊ မဟုတ်သလောဟု ယုံမှား၏၊ သောတာပတ္တိမဂ်ဉာဏ် ရလျှင် ထိုရှစ်ပါး ပျောက်ကင်း၏။

ယုံမှား ၁၆-ပါးကား - ငါသည် ရှေးဘဝ၌ ဖြစ်ဘူးပြီလော၊ မဖြစ်ဘူးပြီလော။ အဘယ်သို့သောသူ ဖြစ်ဘူးပြီနည်း။ အဘယ်ခြင်းရာဖြင့် ဖြစ်ဘူးပြီနည်း။ အဘယ်သူဖြစ်ပြီး၍ အဘယ်သူ ဖြစ်ခဲ့ပြန် သနည်း-ဟု အတိတ်ဘဝ၌ ငါးပါး ယုံမှား၏။

ငါသည် နောက်ဘဝ၌ ဖြစ်လတ္တံ့လော။ မဖြစ်လတ္တံ့လော၊ အဘယ်သို့သောသူ ဖြစ်မည်နည်း။ အဘယ်ခြင်းရာဖြင့် ဖြစ်မည်နည်း၊ အဘယ်သူဖြစ်၍ အဘယ်သူ ဖြစ်ဦးမည်နည်း-ဟု အနာဂတ် ဘဝ၌ ငါးပါးယုံမှား၏။

ငါသည် ယခုငါ ဟုတ်၏လော၊ မဟုဘ်သလော၊ အဘယ်သို့သောသူ ဖြစ်သနည်း၊ အဘယ်ခြင်းရာနှင့် ဖြစ်သနည်း၊ ဤငါသည် အဘယ်ဘဝမှ လာခဲ့သနည်း၊ အဘယ်ဘဝသို့ သွားဦးမည်နည်း-ဟု ပစ္စုပ္ပန်၌ ခြောက်ပါး ယုံမှား၏။

အတ္တဒိဋ္ဌိစွဲ၍ ယုံမှားသည်။ အကြောင်းကြောင့် ဖြစ်သော နာမ်ရုပ်သာဖြစ်၍ ရှိသည်။ ငါဟူ၍ မရှိဟုလျှင် ယုံမှား ၁၉-ပါး ပျောက်ကင်း၏။)

ဧဟိဘိက္ခု ခေါ်ခြင်း

၃၁။ “ဘိက္ခု၊ ချစ်သားရဟန်း။
ဧဟိ၊ လာလော့။
ဓမ္မော၊ တရားကို။
မယာ၊ ငါဘုရားသည်။
သွာက္ခာတော၊ ကောင်းစွာ ဟောအပ်၏။
ဒုက္ခဿ၊ ဝဋ်ဆင်းရဲ၏။
အန္တကိရိယာယ၊ အဆုံးကို ပြခြင်းငှာ။
သမ္မာ၊ ကောင်းစွာ။
ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို။
စရ၊ ကျင့်လော့။”
ဣတိ၊ ဤသို့။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
အဝေါစ၊ မိန့်တော်မူပြီ။
တဿအာယသ္မတော၊ ထိုအရှင် ကောဏ္ဍညအား။
သာဝဥပသမ္ပဒါ၊ ထိုဧဟိဘိက္ခု ပဉ္စင်းဖြစ်သည် သာလျှင်။
အဟောသိ၊ ဖြစ်ပြီ၊

(အရှင်ယသကဲ့သို့ ရဟန္တာဖြစ်သူကို ဧဟိဘိက္ခု ခေါ်ရာ၌ကား သမ္မာဒုက္ခဿ အန္တကိရိယာယ-ဟု မထည့်ဘဲ ဧဟိဘိက္ခုသွာခါတောဓမ္မောစရဗြဟ္မစရယံ နဲ့ ခေါ်သည်။ ဧဟိဘိက္ခု ခေါ်လျှင် သပိတ် သင်္ကန်း လွယ်ချီဆင်မြန်း ပြီးဖြစ်လျက် ရဟန်း ဖြစ်၏။ သပိတ်သင်္ကန်း အထူးရှာဖွယ် မရှိ။ ရှေးဘဝ၌ သပိတ်သင်္ကန်း ပရိက္ခရာ လှူဒါန်းဖူးသူကိုသာ ဧဟိဘိက္ခု ခေါ်တော်မူသည်။)

ဓမ္မစကြာသုတ်ပါဠိတော်နိဿယ ပြီး၏။

သစ္စာလေးပါးအရသာ

အရိယသစ္စာမည်ပုံ

ဤဓမ္မစကြာ၌ဟောသော သစ္စာလေးပါးသည် အရိယာတို့ သိအပ်သောသစ္စာ ဖြစ်၏။
ထို့ကြောင့် “အရိယ + သစ္စာ” မည်၏။ (ဤ + လက္ခဏာဖြင့် အနက်မိအောင် ခွဲသိနိုင်ရမည်။)

တနည်း -
မြတ်စွာဘုရားတို့၏ + ဟောအပ်သော သစ္စာ ဖြစ်၏။
ဝါ၊ အရိယာပုဂ္ဂိုလ်ဖြစ်အောင် + ပြုတတ်သော သစ္စာဖြစ်၏။
ဝါ၊ မချွတ်မယွင်း + မှန်ကန်၏။
ထို့ကြောင့် “အရိယသစ္စာ”မည်၏။ (လေးနည်း။)

သဒ္ဒါအနက်

ဒု-စက်ဆုပ်စရာ + -အချည်းနှီး စက်ဆုပ်စရာ + အချည်းနှီးဖြစ်သောတရားသည် ဒုက္ခမည်၏၊ (တေဘူမက တရားစု၏။ ရွံစရာ + အလကားဥစ္စာဟု ဆိုလို သည်။)
သံ-ပေါင်းဆုံမိလျှင် + -ပြစ်ခြင်း၏ + အယ-အကြောင်း၊ အဝိဇ္ဇာစသော အကြောင်းနှင့် ပေါင်းဆုံ မိလျှင် + ဒုက္ခဖြစ်ခြင်း၏ +အကြောင်းဖြစ်သောတရားသည် သမုဒယ မည်၏။
(လောဘတဏှာ ရ၏။)
နိ-မရှိ + ရောဓ-ဒုက္ခ၊ သံသရာ ဒုက္ခ၏ + မရှိရာအရပ်သည် နိရောဓ မည်၏။
ဝါ၊ ဒုက္ခ၏ + ချုပ်ကြောင်း တရားသည် နိရောဓ မည်၏။ (နိဗ္ဗာန် ရ၏။)
မရ - သတ်သည် + ဂမု-သွားသည်။ ကိလေသာတို့ကို သတ်၍ + နိဗ္ဗာန်သို့ သွားသောတရားသည် မဂ္ဂ မည်၏။ (မဂ္ဂင်ရှစ်ပါး ရ၏။မရဂမုကို သဒ္ဒါနည်းဖြင့် မဂ္ဂပြုထားသည်။)

သစ္စာအနက် ၁၆-ချက်

၁။ ဒုက္ခသစ္စာသည် နှိပ်စက်တတ်၏။ ပြုပြင်တိုင်းခံရ၏။
ပူပန်စေ၏။ ဖောက်ပြန်တတ်၏။ (လေးနက်။)
၂။ သမုဒယသစ္စာသည် အားထုဘ်ဖတ်၏။ အကြောင်း ဖြစ်၏။
ယှဉ်တွဲစေ၏။နှောင့်ယှက်တတ်၏။(လေးနက်၊ ဒုက္ခ၏ အကြောင်း။)
၃။ နိရောဓသစ္စာသည် ထွက်မြောက်ဖတ်၏။
ဆိတ်ငြိမ်၏။ မပြုပြင်အပ်။ မသေတတ်။ (လေးနက်၊)
၄။ မဂ္ဂသစ္စာသည် ထုဘ်ဆောင်တတ်၏။ အကြောင်း ဖြစ်၏။
မြင်တတ်၏။ အကြီးအကဲဖြစ်၏။ (လေးနက်၊ နိရောဓ၏ အကြောင်း၊)

လက္ခဏ

ဒုက္ခသည် နှိပ်စက်ခြင်းလက္ခဏာရှိ၏၊
သမုဒယသည် ဖြစ်ကြောင်း လက္ခဏာ ရှိ၏။ ဝါ၊ ဖြစ်စေတတ်ခြင်း လက္ခဏာ ရှိ၏။
နိရောဓသည် ငြိမ်သက်ခြင်းလက္ခဏာ ရှိ၏။
မဂ္ဂသည် ထုတ်ဆောင်ခြင်းလက္ခဏာ ရှိ၏။

တနည်း။
ဒုက္ခသည် ဖြစ်ခြင်း လက္ခဏာ ရှိ၏။
သမုဒယသည် ဖြစ်စေခြင်း လက္ခဏာ ရှိ၏။
နိရောဓသည် နစ်ခြင်း လက္ခဏာ ရှိ၏။
မဂ္ဂသည် နှစ်စေခြင်းလက္ခဏာ ရှိ၏၊

တနည်း
ဒုက္ခသည် ပြုပြင်တိုင်း ခံရခြင်းလက္ခဏာ ရှိ၏။
သမုဒယသည် ပူပန်မက်မောခြင်း လက္ခဏာ ရှိ၏။
နိရောဓသည် မပြုပြင်အပ်ခြင်း လက္ခဏာ ရှိ၏။
မဂ္ဂသည် နိဗ္ဗာန်ကို မြင်ခြင်း လက္ခဏာ ရှိ၏။

ရသ

ဒုက္ခသည် ပြင်းစွာပူပန်စေခြင်း အလုပ်ကိစ္စ၊
သမုဒယသည် ဒုက္ခမပြတ်ဖြစ်အောင်ပြုခြင်း အလုပ်ကိစ္စ၊
နိရောဓသည် မသေမပျောက်ခြင်းမျှသာကိစ္စ၊
မဂ္ဂသည် ကိလေသာပယ်ခြင်း အလုပ်ကိစ္စ ရှိ၏။

ပစ္စုပဋ္ဌာန်

ဒုက္ခသည် ဖြစ်သော တရားဟူ၍ ရှုသူ၏ ဉာဏ်အား ထင်ရှား၏။
သမုဒယသည် နှောက်ယှက်သောတရား ဟူ၍ ရှုသူ၏ ဉာဏ်အား ထင်ရှား၏။
နိရောဓသည် သင်္ခါရနိမိတ်ကင်းဆိတ်သော တရား ဟူ၍ ရှုသူ၏ ဉာဏ်အား ထင်ရှား၏။
မဂ္ဂသည် အဇ္ဈတ္တ ဗဟိဒ္ဓ ခန္ဓာမှထသော တရား ဟူ၍ ရှုသူ၏ဉာဏ်အား ထင်ရှား၏။

သစ္စာမည်ပုံ

မနှိပ်စက်သော ဒုက္ခဟူ၍ မရှိ၊ ဒုက္ခမှတပါး နှိပ်စက်တတ်သော တရားဟူ၍ မရှိ။
ဤသို့ အမြဲအစွဲ မှန်ကန်ခြင်းကြောင့်၊ ဝါ-ထင်ရှားခြင်းကြောင့် ဒုက္ခသည် သစ္စာ မည်၏။
ဒုက္ခမဖြစ်စေသော တဏှာဟူ၍ မရှိ။ တဏှာမှတပါး ဒုက္ခ ဖြစ်စေသော တရားဟူ၍ မရှိ။
ဤသို့ အမြဲမှန် မဖောက်ပြန် ထင်ရှားသောကြောင့် သမုဒယသည် သစ္စာမည်၏။
မငြိမ်သက်သော နိဗ္ဗာန်ဟူ၍ မရှိ။ နိဗ္ဗာန်မှတပါး ငြိမ်သက်သော တရားဟူ၍ မရှိ၊
ဤသို့ အမြဲမှန် မဖောက်ပြန် ထင်ရှားသောကြောင့် နိရောဓသည် သစ္စာ မည်၏။
မထုတ်ဆောင်တတ်သော မဂ်ဟူ၍ မရှိ။ မဂ်မှတပါး ထုတ်ဆောင်တတ်သော တရားဟူ၍ မရှိ၊
ဤသို့ မှန် မဖောက်ပြန် ထင်ရှားသောကြောင့် မဂ္ဂသည် သစ္စာ မည်၏။

ဒုက္ခသစ္စာ၌မှတ်ဖွယ်

ဒုက္ခ ၁၂-မျိုး

ဒုက္ခသစ္စာသည် --
၁-ဇာတိ ပဋိသန္ဓေ နေခြင်း၊
၂-ဇရာ အိုခြင်း၊
၃-မရဏ သေခြင်း၊
၄-သောက စိုးရိမ်ခြင်း၊
၅-ပရိဒေဝ ငိုကြွေးခြင်း၊
၆-ဒုက္ခ ကိုယ်နာခြင်း၊
၇-ဒေါမနဿ စိတ်နာခြင်း၊
၈-ဥပါယာသ ပြင်းစွာ ပင်ပန်း ခြင်း၊
၉-အပ္ပိယ သမ္ပယောဂ မချစ်သူနှင့် တွေ့ဆုံခြင်း၊
၁၀-ပိယဝိပ္ပယောဂ ချစ်သူနှင့် ကွေကွင်းခြင်း၊
၁၁-ဣစ္ဆိတာလာဘ လိုတိုင်းမရခြင်း၊ ဝါ-မရကောင်းသည်ကို တောင့်တခြင်း၊
၁၂-သံခိတ္တေန ပါဒါနက္ခန္ဓာ အကျဉ်းအားဖြင့် ဥပါဒါနက္ခန္ဓာငါးပါး
ဤသို့ ၁၂-ပါး ပြား၏၊

ဒုက္ခအခွဲ

ကိုယ်နာ၊ စိတ်နာသည် ဒုက္ခစစ် ဖြစ်၏။ ဒုက္ခဒုက္ခမည်၏။
သုခသည် ဖောက်ပြန်လျှင် ဆင်းရဲကြောင်းဖြစ်၏။ ဝိပရိဏာမဒုက္ခ မည်၏။
ဥပေက္ခာနှင့် ကြွင်း တေဘူမကတရားတို့သည် ဖြစ်ခြင်း၊ ပျက်ခြင်း၏ အနှိပ်စက် အမြဲ ခံရကုန်၏၊ သင်္ခါရဒုက္ခ မည်၏။ (ဒုက္ခ၊ ဝိပရိ၊ သင်္ခါရ-သုံးမျိုး။)

တနည်း
နားနာ၊ သွားနာ၊ ရာဂကြောင့် ပူပန်ခြင်း၊ ဒေါသကြောင့် ပူပန်ခြင်း စသည် မထင်ရှား၊ မသိသာ။ ပဋိစ္ဆန္နဒုက္ခမည်၏။ အရိုက်အနှက်ခံရခြင်းကြောင့် ဒဏ်ရာရခြင်း စသည်သည် ထင်ရှား၏။ သိသာ၏။ အပ္ပဋိစ္ဆန္နဒုက္ခ မည်၏။ (ပဋိစ္ဆန္န၊ အပ္ပဋိစ္ဆန္န-နှစ်မျိုး၊)

တနည်း
ကိုယ်နာ၊ စိတ်နာသည် ဧကန် ဆင်းရဲ၏။ နိပ္ပရိယာယဒုက္ခ မည်၏။ ကြွင်းသော ဒုက္ခဟူသမျှသည် ကိုယ်နာခြင်း၊ စိတ်နာခြင်းတို့၏ တည်ရာအကြောင်းမှ ဖြစ်၏။ ပရိယာယဒုက္ခ မည်၏။ ဒုက္ခဒုက္ခနှင့် နိပ္ပရိယာယဒုက္ခသည် တူ၏။ (နိပ္ပရိယာယ၊ ပရိယာယ-နှစ်မျိုး။)

ဇာတိဒုက္ခ

ပဋိသန္ဓေသည် အဘယ် ဒုက္ခမျိုးနည်း၊- ပဋိသန္ဓေသည် ဥပါဒ်၊ ဌီ၊ ဘင်-ခဏသုံးခုမျှသာ ဖြစ်၏။ ရုပ်ခန္ဓာနှင့် သုခဝေဒနာ၊ ဥပေက္ခာဝေဒနာ ရှိသော နာမ်ခန္ဓာ ဖြစ်၏၊ ကိုယ်နာ၊ စိတ်နာ မပါ။ ပဋိသန္ဓေကို အကြောင်းပြု၍ ဝမ်း၌ ကြာရှည်နေခြင်း၊ ဖွားမြင်ခြင်း စသည်တို့ကြောင့် ကိုယ်နာ၊ စိတ်နာကား များစွာဖြစ်၏။ ကိုယ်နာ၊ စိတ်နာ၏ တည်ရာ အကြောင်းမျှဖြစ်၏။ ထို့ကြောင့် ဇာတိသည် ဒုက္ခ အစစ်မဟုတ်။ ဒုက္ခဒုက္ခ မဟုတ်။ နိပ္ပရိယာယ မဟုတ်၊ ဝိပရိဏာမဒုက္ခ၊ သင်္ခါရဒုက္ခမျိုး၊ ပရိစ္ဆန္နဒုက္ခမျိုး၊ ပရိယာယဒုက္ခ မျိုးဖြစ်၏။
၁။ ငရဲဘုံ စသည်တို့၌ သတ္တဝါတို့ ပဋိသန္ဓေ မနေလျှင် ငရဲမီး ဘယ်သူကို လောင်မည်နည်း။
၂။ လှည်းရုန်း၊ မြက်ဝါး၊ ကြိမ်ရိုက်ခံရသော နွား အဘယ် မှာ ရှိမည်နည်း၊
၃။ ငတ်မွတ်သောပြီ၊ လောကန္တရိုက်ငရဲ၌ ကျသော အသုရကာယ် အဘယ်မှာရှိမည်နည်း။
၄။ ဘင်ပုပ်ငရဲအတိ အမိဝမ်းခေါင်း၌ ဆယ်လ ဘယ်သူ အောင်းမည်နည်း။
အကျယ်ဆိုခြင်းဖြင့် အကျိုး ရှာ၍ မရ။ လောက၌ရှိသမျှ ဒုက္ခသည် ဇာတိကြောင့်သာတည်း။ ဇာတိကင်းလျှင် ဒုက္ခမဖြစ် ပြီ။ ထို့ကြောင့် ဇာတိကို ဒုက္ခဟု ရှေးဦးစွာ ဘုရားဟောသည်။

ဇရာဒုက္ခ

ဥပါဒ် အခြားမဲ့၌ ဌီ ဖြစ်ခြင်းသည် သင်္ခတ လက္ခဏာ ဧရာမည်၏။
ဆံဖြူခြင်း၊ သွားကျိုးခြင်း စသော သဘောသည် ခန္ဓာကိုယ်ရင့်သော ဧရာမည်၏။
ဆံဖြူခြင်း၊ သွားကျိုးခြင်းစသည်သည် ဇရာမဟုတ်၊ ဇရာရောက်ရာ လမ်းခရီးသာတည်း။
မီးလောင်သောလယ်ပြင်၌ ပြာကိုမြင်ရုံဖြင့် မမြင်ရသော မီးကို ဤနေရာ ရောက်သည်-ဟု သိရသကဲ့သို့ ဆံဖြူ၊သွားကျိုးကို မြင်ရုံဖြင့် ဤကား ဇရာခြေရာ ကျသော လမ်းခရီး-ဟု သိအပ်၏။ ဇရာကို မျက်စိဖြင့် မမြင်ကောင်း။
အင်္ဂါကြီးငယ် လျော့ခြင်း၊ မျက်စိမွဲခြင်း၊ နားထိုင်းခြင်း၊ အရွယ်ယုတ်ခြင်း၊ အားနည်းခြင်း၊ သတိမေ့ခြင်း၊ သားသမီး စက်ဆုပ်ခြင်း၊ သူငယ်ပြန်ခြင်း- စသည်ဖြင့် ဧရာကြောင့် ကိုယ်နာ၊ စိတ်နာသည် များစွာဖြစ်၏။ ထိုသို့ ကိုယ်နာ၊ စိတ်နာ ဒုက္ခတို့၏ တည်ရာအကြောင်း ဖြစ်သောကြောင့် ဇရာကို ဒုက္ခဟု ဟောသည်။ နိပ္ပရိယာယ မဟုတ်။ ဒုက္ခစစ် မဟုတ်။

မရဏဒုက္ခ

ဌီ အခြားမဲ့၌ ဘင် ဖြစ်ခြင်းသည် သင်္ခတ လက္ခဏာ မရဏမည်၏။
တဘဝတခါ သေခြင်းသည် သမ္မုတိမရဏ မည်၏။
သေချိန်နီးသူအား မကောင်းသောနိမိတ် ထင်လျှင် စိတ်ဆင်းရဲလှ၏။
ကောင်းသောနိမိတ် ထင်လျှင် လည်း ချစ်သူတို့နှင့် ခွဲရတော့မည်ကို တွေးမိတိုင်း စိတ်ဆင်းရဲလှ၏။
အထူးအားဖြင့် သည်းမခံနိုင်အောင် နာကျင်ခြင်း၊ ပူလောင် ခြင်းစသည်ဖြင့် ကိုယ်ဆင်းရဲလှ၏။ ထိုသို့ ဒုက္ခအစစ်၏တည်ရာ အကြောင်း ဖြစ်သောကြောင့် မရဏသည် ဒုက္ခမည်၏။ ပရိယာယ ပင်တည်း။

ဗျာဓိ

ဗျာဓိကို ၁၂-မျိုး၌ မရေတွက်သော်လည်းကြီးသည် ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ဗျာဓိဟူသမျှသည် မရဏကို ဖြစ်စေနိုင်သည်သာတည်း။ ထို့ကြောင့် မရဏ၌ထည့်၍ရေတွက် အပ်၏၊ ကိုယ်နာခြင်း ဒုက္ခစစ်၊ နိပ္ပရိယာယ ဖြစ်၏။ စိတ်နာခြင်း၏ တည်ရာ အကြောင်းလည်း ဖြစ်၏။ ကိုယ်နာခြင်းကြောင့် ဒုက္ခစစ်-ဟု မှတ်အပ်၏။

ရန်သူသုံးဦး

သတ္တဝါတိုင်း ရန်သူသုံးယောက်ပမာ ရှုသင့်၏။ ဇာတိရန်သူသည် ငါ့ကို တဘဝသို့ ရောက်အောင် ချော့ခေါ်ပြီ။ ဧရာရန်သူသည် ငါ့ကို ရောက်ရာတဝ၌ မထနိုင်အောင် ရိုက်ပုတ်ဆဲဖြစ်၏။ မရဏရန်သူသည် မထနိုင်သောအခါ ငါ၏ လည်ပင်းကို ပြတ်တော့လတ္တံ့ဟု ရှုသင့်၏။

သောကစသော ငါးပါး

သောက - စိုးရိမ်ခြင်း ဟူသည် စိတ်နာခြင်းသာ ဖြစ်၏၊ ဒုက္ခစစ် ဖြစ်၏။ တပါးသော ကိုယ်နာ၊ စိတ်နာတို့ကိုလည်း ဖြစ်စေနိုင်သေးသည်။
ပရိဒေဝ - ငိုကြွေးခြင်းသည် အသံ-သဒ္ဒရုပ် ဖြစ်၏။ အလွန်အကဲ ငိုသူအား ကိုယ်နာ၊ စိတ်နာကို ထင်ရှားစွာ ဖြစ်စေနိုင်၏။ ဒုက္ခစစ် မဟုတ်။
ဒုက္ခ - ကိုယ်နာခြင်းသည်၎င်း၊ ဒေါမနဿ - စိတ်နာခြင်းသည်၎င်း ဒုက္ခအစစ် နိပ္ပရိယာယ ဖြစ်၏။ တိုက်မိ၍ ထပ်တိုက်သူ၊ စိတ်ညစ်၍ အဆိပ်သောက်သူတို့အား တပါးသော ကိုယ်နာ၊ စိတ်နာတို့ကို ဖြစ်စေသေး၏။
ဥပါယာသ - ပြင်းစွာ ပင်ပန်းခြင်းသည် ဒေါသ စေတသိက် ဖြစ်၏၊ ဒေါသသည် တပါးသော ကိုယ်နာခြင်း၊ စိတ်နာခြင်းတို့ကို လွယ်ကူစွာ ဖြစ်စေနိုင်၏။ ဒေါသကြီးသူ၌ ထင်ရှား၏။ ဒုက္ခစစ် မဟုတ်။

အပ္ပိယသမ္ပယောဂါဒိ
မချစ်အပ်၊ မနှစ်သက်အပ်သော သတ္တဝါသင်္ခါရတို့နှင့် ပေါင်းဆုံမိလျှင် ရှေးဦးစွာ စိတ်နာခြင်းကို ဖြစ်စေ၏၊ မဆင်ခြင်နိုင်၍ တိုင်၌ ဦးခေါင်း ဆောင့်ခြင်း- စသည်ဖြင့် အရမ်းပြုလျှင် ကိုယ်နာခြင်းကို ဖြစ်စေနိုင်၏၊ ဒုက္ခ အစစ် မဟုတ်။
ချစ်အပ်၊ နှစ်သက်အပ်သော သတ္တဝါ သင်္ခါရတို့နှင့် ကွေကွင်းလျှင် ရှေးအတူ စိတ်နာခြင်းကို ဖြစ်စေ၏။ ကိုယ်နာခြင်း ကိုလည်း ဖြစ်စေ၏၊ ဒုက္ခအစစ် မဟုတ်။
ဇာတိ ကင်းသူ၊ ဇရာမရဏ ကင်းသူ ဖြစ်မူ ကောင်းလေစွ စသည်ဖြင့် မရစကောင်းသော တောင့်တခြင်း၊ တောင့်တတိုင်း အလိုမပြည့်ခြင်းသည် ဣစ္ဆိတာလာဘ ဒုက္ခမည်၏။ မင်းစည်းစိမ် တောင့်တသော ဒွန်းစဏ္ဍားကဲ့သို့၎င်း၊“ကျောင်းထိုင်ခင်ကြီး အကြံကြီး ဘုရင့်သမီး ရနိုးနိုး” ဟူသကဲ့သို့၎င်း၊ တောင့်တတိုင်း မရနိုင်သဖြင့် စိတ်ပန်း၊ကိုယ်နာဖြစ်စေရရှာသည်။ ထို့ကြောင့် ဒုက္ခ မည်၏၊ ဒုက္ခစစ်ကား မဟုတ်။

သံခိတ္တေန

မှက်၊ ခြင်အပေါင်းသည် နွားကိုယ်ကို ခဲကုန်သကဲ့သို့ ဇာတိစသော ဒုက္ခ အပေါင်းသည် ဥပါဒါနက္ခန္ဓာ ငါးပါးကိုသာ ကိုက်ခဲ ညှဉ်းဆဲ ကုန်၏။ မြက်နွယ်အပေါင်းသည် မြေ၌ တည်သကဲ့သို့ ဇာတိစသော ဒုက္ခ အပေါင်းသည် ဥပါဒါနက္ခန္ဓာငါးပါး၌သာ တည်ကုန်၏။ ဥပါဒါနက္ခခန္ဓာငါးပါး၏ အစ၌ ဇာတိဒုက္ခ၊ အလယ်၌ ဇရာဒုက္ခ၊ အဆုံး၌မရဏဒုက္ခ အမြဲ ရှိ၏။ လိုတိုင်းမရသောအခါ ဒုက္ခများစွာရှိသေး၏၊ ဥပါဒါနက္ခန္ဓာ ငါးပါးသည် ဒုက္ခမျိုးစုံပေါင်းစုရာ ဒုက္ခ အစည်းအရုံး ချည်းသာ၏၊ ဒုက္ခတခုစီ ထုတ်ပြော၍ မကုန်နိုင်ရာ။
သမုဒြာရေသည် ပိုင်းခြားမရှိ များလှသော်လည်း ထိုရေ အားလုံး၏ အရသာကား ရေတပေါက်၌ တည်၏။ ထို့အတူ ပိုင်းခြားရှိ များလှသော ဒုက္ခဟူသမျှအရသာသည် ဥပါဒါနက္ခန္ဓာငါးပါး၌သာ တည်၏။ ဤသို့ ချုံး၍ပြခြင်းငှာ သံခိတ္တေန ပစ္စုပါဒါနက္ခန္ဓာဟု အဆုံးသတ်ဒုက္ခကို ဟောတော် မူသည်။ ဤ၌ -
၁။ ရုပ် ၂၈-ခုသည် ရူပုပါဒါနက္ခန္ဓာ- မည်၏။
၂။ လောကီ ဝေဒနာသည် ဝေဒနုပါဒါနက္ခန္ဓာ-
၃။ လောကီသညာသည် သညုဒါနက္ခန္ဓာ-
၄။ ကြွင်းသော လောကီစေတသိက် ၅၀-သည်သင်္ခါရူပါဒါနက္ခန္ဓာ-
၅။ လောကီစိတ် ၈၁-ခုသည် ဝိညာဏုပါဒါနက္ခန္ဓာ မည်၏။
လောကုတ္တရာစိတ် ၈-ခု၊ စေတသိက် ၃၆-ခု၊ နိဗ္ဗာန်သည် ဥပါဒါနက္ခန္ဓာငါးပါးမှ လွတ်၏။
တဏှာ၊ ဒိဋ္ဌိဟူသော ဥပါဒါန် နှစ်ပါးတို့၏ လက်အောက်ခံ စွဲလမ်းတိုင်း မဖယ်မလှန်နိုင် သောကြောင့် လောကီတရားအစုသည် ဥပါဒါနက္ခန္ဓာမည်၏။ ခန္ဓာ ငါးပါးလောက် မကျယ်။ ခန္ဓာငါးပါးနိဗ္ဗာန်တခုသာလွတ် သည်။
(ဤဒုက္ခ ၁၂-မျိုးတို့တွင် သောက၊ ဒုက္ခ၊ ဒေါမနဿသည် ဒုက္ခစစ် ဒုက္ခဒုက္ခမည်၏၊ နိပ္ပရိယာယ မည်၏။ ကြွင်းကိုးပါးသည် ဒုက္ခစစ်၏တည်ရာအကြောင်း ဖြစ်သောကြောင့်သာ ဒုက္ခမည်၏။ ပရိယာယဒုက္ခ မည်၏။)

တိုက်တွန်းခြင်း

ဝဋ်ဒုက္ခမှ လွတ်လိုသော ကုလပုတ္တသည် အထူးအားဖြင့် ဒါန၊ သီလစသည် ပြုသောအခါ ဤဒုက္ခ တို့ကို ပိုင်းခြားကုန်စင် သိမြင်အောင် ဖန်ဖန်ရှုလော့။ ဒါန၊ သီလ မပြုသော အခါလည်း ဖန်ဖန် ရှုလော့၊ ထိုနောက်မှ လိုရာဆု တောင်းသင့်ရာကို တောင်းလေလော့။

သမုဒယသစ္စာ၌ မှတ်ဖွယ်

တဏှာနယ်

တဏှာသည် ဥပါဒါနက္ခန္ဓာ ငါးပါး၌သာ အာရုံပြုခြင်းဖြင့် တည်၏။ လောကီ ဒုက္ခသစ္စာ နယ်ကုန်ကို လွှမ်းခြုံ၍ တည်၏။

တဏှာအစစ် ၁၀၈

တဏှာသည် ဖြစ်ပုံ ခြင်းရာ အားဖြင့် ကာမတဏှာ၊ ဘဝတဏှာ ဝိဘဝတဏှာဟု သုံးမျိုး ပြား၏။
၁။ အာရုံ ခြောက်ပါးကို ကိလေသာ ကာမဖြင့် သာယာခြင်းသည် ကာမတဏှာ မည်၏၊
၂။ ဤအာရုံသည် ခိုင်၏၊ မြဲ၏ဟု သဿတဒိဋ္ဌိ ယှဉ်တွဲ၍ သာယာခြင်းသည် ဘဝတဏှာ မည်၏။ ရူပဘဝ၊ အရူပဘဝကို သာယာခြင်းသည်လည်း ဘဝတဏှာ မည်၏။
၃။ ဤအာရုံသည် အလိုလို ပြတ်လတ္တံ့ဟု ဥစ္ဆေဒဒိဋ္ဌိ ယှဉ်တွဲ၍ သာယာခြင်းသည် ဝိဘဝတဏှာ မည်၏။
အာရုံအားဖြင့် ရူပတဏှာ၊ သဒ္ဒတဏှာ၊ ဂန္ဓတဏှာ၊ ရသတဏှာ၊ ဖောဋ္ဌဗ္ဗတဏှာ၊ ဓမ္မတဏှာဟု ခြောက်မျိုး ပြား၏။
တဏှာသုံးမျိုးသည် အာရုံခြောက်ပါးဖြင့် နယ်ချဲ့သော အခါ ၁၈-မျိုး၊
အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ကာလသုံးမျိုး ဖြင့် နယ်ချဲ့သော အခါ ၅၄-မျိုး၊
အဇ္ဈတ္တ၊ ဗဟိဒ္ဓသန္တာန် နှစ်ပါးဖြင့် နယ်ချဲ့သောအခါ ၁၀၈-မျိုးဖြစ်၏။

ဆောင်
၁၊ တဏှာသုံးတန်၊ တည်၍ခံ၊ အာ, ကာ, သံဖြင့် မြှောက်၊
၂။ တဏှာအစစ်၊ တရာ့ရှစ်၊ ဖြစ်၏ ထိုမျှလောက်။

တဏှသာ သမုဒယ

ဒုက္ခသစ္စာ၏ အကြောင်းသည် များစွာရှိလျက် အဘယ့်ကြောင့် တဏှာသာ သမုဒယ မည်သနည်း။ ထူးသောအကြောင်း ဖြစ်သောကြောင့်တည်း။
အကြောင်းများစွာတို့တွင် အဝိဇ္ဇာသည် ဘ၁ အပြစ် မမြင်အောင် ဖုံးရုံသာဖုံး၏။
ဒိဋ္ဌိစသည်သည် တဏှာတိုးပွားကြောင်း မျှဖြစ်၏။
ဒေါသစသည်သည် စေတနာကံ၏ အကြောင်းမျှသာ ဖြစ်၏။
တဏှာကား ထိုထိုဘဝ၊ ဂတိစသည်တို့၏ ဆန်းကြယ်ခြင်းကို တောင့်တ၏။ စီမံ၏။ ဆန်းကြယ်သော ကံ၏ မှီရာ ဖြစ်၏။ အဖော်ပြု၍ အားပေး၏။ ဆန်းကြယ်သောဘဝ စသည် တို့ကို မှတ်သား၏။ အမြင်ကျယ်၏။ ဤသို့ တဏှာသာလျှင် ဒုက္ခ၏ ထူးသောအကြောင်း ဖြစ်သောကြောင့် သမုဒယ မည်သတည်း။
ယခု လူ့ဘဝသည် ရှေးနှစ်များစွာနှင့်မတူ အမြန် သွားနိုင်၏။ အမြန် ကြားနိုင်၏။ အထက် အထပ်ထပ်မှ အောက်မဆင်းဘဲ ရေချိုးနိုင်၏။ အိမ်သာ တက်နိုင်၏။ အခါမရွေး မီးလင်းစေနိုင်၏။ ယပ်လေ ရစေနိုင်၏။ လူတို့ကံ ထူးပေ၏။ ဤသို့ စသည်ဖြင့် ဘဝ ဆန်းကြယ်အောင် ဆန်းကြယ်သော ကံလက်သမားသည် ပြုပေး၏။
ဆန်းကြယ်သော တဏှာ နယ်ချဲ့သမားသည် ဆန်းကြယ်သော ကံလက်သမားကို စေခိုင်း၏။ လူတို့ ကံထူးသမျှသည် ဆန်းကြယ်သော တဏှာနယ်ချဲ့ဖြင့် ဖြူးထားခြင်းသာ ဖြစ်လေတော့၏။

တိုက်တွန်းခြင်း

ဒါန၊ သီလ ကုသိုလ်ပြုတိုင်း တဏှာကို သတ်နိုင်သော်လည်း ဒုက္ခသစ္စာ အမြင်နည်းလျှင် ကုသိုလ် ပြုရာ၌ တဏှာတပဲသားသာ သေ၍ တပိဿာ တိုးလာတတ်၏။ အကုသိုလ်ပြုရာ၌ သာ၍ တိုးသေး၏။ ထို့ကြောင့် တဏှာသစ် အတိုးနည်းအောင် တဏှာကြောင့်ဖြစ်သော ဒုက္ခ ၁၂-မျိုးကို ဖန်ဖန်ရှုလေလော့။

နိရောဓသစ္စာ၌ မှတ်ဖွယ်

နိဗ္ဗာနဓာတ်

နိရောဓသစ္စာသည် ထိုတဏှာ၏ အကြွင်းမဲ့ ချုပ်ရာချုပ်ကြောင်း နိဗ္ဗာနဓာတ် ဖြစ်၏။ ဝိရာဂ၊ နိရောဓ၊ စသည်လည်း မည်၏။ ဒုက္ခ ၁၂-မျိုး ချုပ်ရာအရပ် စင်စစ် ဖြစ်၏။

ဒုက္ခသတ်နည်း

ဒုက္ခ ချုပ်အောင် ဒုက္ခကို သတ်လျှင် အတ္တကိလမထ အကျင့် ဖြစ်၏။ အကြောင်း သမုဒယကို ဖြစ်ခွင့် မပေးခြင်းဖြင့် သတ်ရသည်။ သစ်ပင် သေအောင် သစ်ကိုင်းကိုခုတ်လျှင် ကိုယ်ပင်ပန်း၏။ အမြစ်ရင်း ဖြတ်ရသည်။ သမုဒယ အမြစ်ရင်း ဖြတ်ခြင်း၌ မဂ်သည် နိဗ္ဗာန်ကို အာရုံ ပြုခြင်းကြောင့် သမုဒယသည် နောင် မဖြစ်နိုင်ခြင်းသို့ ရောက်၏။ ဤကား- သမုဒယကို သတ်နည်းတည်း။
တောအုပ်၌ ထကြွနေကျ ခိုးသူကို ဖမ်း၍ မြို့အနီး၌ သတ်သော်လည်း ထကြွနေကျ တောအုပ်၌ ခိုးသူ သေပြီဟု ဆိုရသကဲ့သို့ နိဗ္ဗာန်အာရုံပြု၍ တဏှာ ချုပ်သော်လည်း ထကြွနေကျ ဥပါဒါနက္ခန္ဓာငါးပါး၌၊ ဝါ-ဒုက္ခနယ်တဏှာ သေပြီဟု ဆိုရ၏။ ထကြွနေကျအရပ်၌ မထကြွနိုင်သော ကြောင့်တည်း။

သစ်ပင်သတ်ဥပမာ

အတိတ်အသီး ကြွေကျပြီး၍ အနာဂတ်အသီး မသီးရသေးသော သစ်ပင်ကို အမြစ်ပြတ်လျှင် အတိတ်သီးလည်း မပျက်၊ အနာဂတ်သီးလည်း မပျက်၊ ပစ္စုပ္ပန်သီးလည်း မရှိဆဲဖြစ်၍ မပျက်။ နောင်သီးနိုင်သော အသီးသာ မသီးနိုင်သဖြင့် ချုပ်၏။
ထို့အတူ တဏှာကို မဂ်ဖြင့် အမြစ်ပြတ်ရာ၌လည်း အတိတ်တဏှာ မသေ၊ အနာဂတ်တဏှာ မသေ၊ ပစ္စုပ္ပန်တဏှာလည်း မဂ်နှင့် အတူ ဖြစ်ဆဲမဟုတ်၍ မသေ။ (ကာလသုံးပါး တဏှာကို မသတ်နိုင်။)
နောင် အကြောင်းအားလျော်စွာ ဖြစ်နိုင်သော တဏှာ သာလျှင် မဖြစ်နိုင်တော့သဖြင့် ချုပ်၏။ (ကာလဝိမုတ် နဝတ္တဗ္ဗတဏှာကိုသာ မဖြစ်စေခြင်းဖြင့် သတ်သည်။ ထို ချုပ်ခြင်းသည် အနုပ္ပါဒ + နိရောဓ-မဖြစ်ခြင်းဖြင့် + ချုပ်သည် မည်၏။ ထို နိရောဓသည် နိဗ္ဗာန်အစစ် မဟုတ်သေး။ ထိုနိရောဓ ၏ အကြောင်း ဥပနိဿယသတ္တိရှိသော အာရုံသည်သာလျှင် နိဗ္ဗာန်အစစ် ဖြစ်၏။ မဂ်၊ ဖိုလ်တို့၏ အာရုံ ဖြစ်၏။

တိုက်တွန်းခြင်း

နိဗ္ဗာန်အစစ်ကို အာရုံပြုလျှင် တဏှာ သမုဒယ ချုပ်၏။ သမုဒယချုပ်လျှင် ဒုက္ခချုပ်၏။ ထို့ကြောင့် နိဗ္ဗာန်အစစ်ကို တွေးဆခြင်းဖြင့်၎င်း၊ မျက်မှောက် ပြုခြင်းဖြင့်၎င်း အာရုံပြုနိုင်အောင် ဒုက္ခ ၁၂-မျိုးကို ဖန်ဖန်ရှုလေလော့။ ရေများများငတ်မှ ရေကို မြိန်ရှက်စွာ သောက်နိုင်သည်။ ဒုက္ခများများမြင်မှ ဒုက္ခကင်းရာ နိဗ္ဗာန်အစစ်ကို မြိန်ရှက်စွာ အာရုံပြုနိုင်သည်။

မဂ္ဂသစ္စာ၌ မှတ်ဖွယ်

မဂ္ဂင်ရှစ်ပါး

သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ- စသော ရှစ်ပါးသည် တရားကိုယ်အားဖြင့် --
ပညာ၊ ဝိတက် (၂-ပါး)
သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ (၃-ပါး)
ဝီရိယ၊ သတိ၊ ဧကဂ္ဂတာ (၃-ပါး) ဤသို့ ရှစ်ပါး ဖြစ်၏။
မဂ်စိတ် ဖြစ်သောအခါ စေတသိက် ၃၆-ခု ယှဉ်၏။ ထိုတွင် ပညာ၊ ဝိတက်စသော စေတသိက် နှစ်ခုသည် မဂ္ဂင် ရှစ်ပါး ဖြစ်၏။ မဂ္ဂသစ္စာ မည်၏။

သစ္စဝိမုတ်

ကြွင်းသောစေတသိက် ၂၈-ခုနှင့် မဂ်စိတ် သည်၎င်း၊ ဖိုလ်စိတ်နှင့် စေတသိက် ၃၆-ခု တို့သည်၎င်း၊ သစ္စာလေးပါးမှ လွတ်ကုန်၏။ ဝါ-မဂ်စိတ္တုပ္ပါဒ် ၂၉-ခု၊ ဖိုလ်စိတ္တုပ္ပါဒ် ၃၇-ခုတို့သည် သစ္စာလေးပါးမှ လွတ်ကုန်၏။

ပညာမဂ္ဂင်နှစ်

သမ္မာဒိဋ္ဌိ-ကောင်းစွာ မြင်ခြင်း၊
သမ္မာသင်္ကပ္ပေါ-ကောင်းစွာကြံစည်ခြင်း၊
ဤနှစ်ပါးသည် အဓိ ပညာသိက္ခာ မည်၏၊
သမ္မာသင်္ကပ္ပသည် သမ္မာဒိဋ္ဌိ၏ လက်ညှိုးသဖွယ် ဖြစ်၏။ ဝိတက်ပင် ဖြစ်၏။ ပညာမျက်စိသည် ကောင်းစွာ မြင်တတ်သော်လည်း ဝိတက် လက်ညိုး ကြံစည်၍ လှည့်ပေးခြင်းကို များစွာ လိုအပ်သည်။ ထို့ကြောင့် ထိုနှစ်ပါးကို ပညာ၌ ပေါင်းသည်။

သီလသုံး

သမ္မာဝါစာ-ကောင်းစွာ ဆိုခြင်း၊ ဝါ၊ ဝစီ ဒုစရိုက်လေးပါးမှ ကြဉ်သည်။
သမ္မာကမ္မန္တော- ကောင်းစွာ ပြုခြင်း၊ ဝါ-ကာယဒုစရိုက်သုံးပါးမှ ကြဉ်သည်။
သမ္မာအာဇီဝေါ-ကောင်းစွာ အသက်မွေးခြင်း၊ ဝါ-ကာယဒုစရိုက်၊ ဝစီဒုစရိုက်ဖြင့် အသက်မမွေးဘဲ မိစ္ဆာဇီဝ ဒုစရိုက် ခုနစ်ပါးမှ ကြဉ်သည်။
ဤသုံးပါးသည် ကိုယ်၊ နှုတ်ကို စောင့်ထိန်း၏။
ထို့ကြောင့် အဓိသီလသိက္ခာ မည်၏။ သီလ၌ သုံးပါး ပေါင်းသည်၊

သမာဓိသုံး

သမ္မာဝါယာမော - ကောင်းစွာ အားထုတ် ခြင်း၊ မဖြစ်သေးသော အကုသိုလ်ကို မဖြစ်ရအောင်၊ ဖြစ်ပြီးကို ပျောက်အောင်၊ မဖြစ်သေးသောကုသိုလ်ကို ဖြစ်အောင်၊ ဖြစ်ပြီးကို တိုးပွားအောင် လုံ့လပြုခြင်း လေးပါး ပြားသည်။
သမ္မာသတိ - ကောင်းစွာ အောက်မေ့ခြင်း၊ ၃၂-ကောဋ္ဌာသ ကာယကို အသုဘဟု၊ ဝေဒနာကို ဒုက္ခဟု၊ စိတ်ကို အနိစ္စဟု၊ ထိုထိုဓမ္မကို အနတ္တဟု အောက်မေ့ခြင်း လေးပါး ပြားသည်၊
သမ္မာသမာဓိ - ကောင်းစွာတည်ကြည်ခြင်း ပဌမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမ အားဖြင့် ဈာန်ငါးပါး သမာဓိ ပြားသည်၊
ဤသုံးပါးသည် စိတ်ကို နိုင်နင်းစွာ အစိုးရသာကြောင့် အဓိစိတ္တ သိက္ခာ မည်၏။ သမာဓိ၌ သုံးပါး ပေါင်းသည်။

မဂ္ဂသစ္စာပွားစေခြင်း

မဂ်စိတ် ဖြစ်သောအခါ ဤမဂ္ဂင်ရှစ်ပါး တပေါင်းတည်း ဖြစ်ပေါ်လာခြင်းသည် မဂ္ဂသစ္စာကို တိုးပွားစေသည် မည်၏။ နိဗ္ဗာန်ကို အမြဲ အာရုံပြုခြင်းကြောင့်- တဏှာ သမုဒယ အသေကြီး သေ၏။ တသံသရာလုံး မဂ်လေးကြိမ်ဖြစ်လျှင် တဏှာသမုဒယ သတ်ခြင်းကိစ္စသည် အပြီးသို့ ရောက်လေ၏။

လောကီမဂ္ဂင်

ကာမကုသိုလ်စိတ်ဖြင့် ကုသိုလ် ပြုသောအခါ ပညာ၊ ဝိတက်၊ ဝီရိယ၊ သတိ၊ ဧကဂ္ဂတာ-မဂ္ဂင်ငါးပါး အမြဲ ဖြစ်၏။ ရံခါ သမ္မာဝါစာနှင့် ၆-ပါး၊ ရံခါ သမ္မာကမ္မန္တ နှင့် ၆-ပါး၊ ရံခါ သမ္မာအာဇီဝနှင့် ၆-ပါး ဖြစ်၏။ တဏှာကို တဒင်္ဂပဟာန်ဖြင့် ထိုထိုအခိုက်တွင် သတ်၏။ ဉာဏဝိပ္ပယုတ် ကုသိုလ် ဖြစ်လျှင်ကား ပညာတခု မဖြစ်။

တိုက်တွန်းခြင်း

မဂ္ဂသစ္စာကို တိုးပွားစိမ့်သောငှာ ဒုက္ခ ၁၂-မျိုးကို ဖန်ဖန်ရှုလေလော့။ ကုန်စင်အောင် ရှုလေလော့။ အားနာသောအား သနားလေဟန်ဖြင့် ဘယ်သူကိုမျှ မချန်နှင့်။ ချစ်လှစွာသော သားသမီးကို သော်လည်း ဒုက္ခ ၁၂-မျိုး မလွတ်ဟန်ကို ဖန့်ဖန်ရှုလော့။

ပကိဏ်း မှတ်ဖွယ်

အကျိုး

ဒုက္ခသစ္စာကို သိလျှင် ခန္ဓာငါးပါးသုဘ၊ နိစ္စ၊ သုခ၊ အတ္တ-ဟု စွဲယူသော မိစ္ဆာအကျင့်ကို ပယ်နိုင်၏၊
သမုဒယကိုသိလျှင် ဤလောကကို ဗြဟ္မာ၊ ဗိဿဏိုး ဖန်ဆင်း၏-ဟု စွဲယူသော အကြောင်း လွဲသော မိစ္ဆာအကျင့်ကို ပယ်နိုင်၏။
နိရောဓကို သိလျှင် အရူပဘုံကို နိဗ္ဗာန်-ဟု စွဲယူသော မိစ္ဆာအကျင့်ကို ပယ်နိုင်၏။
မဂ္ဂကို သိလျှင် ကာမသုခလ္လိက စသည်ဖြင့် နိဗ္ဗာန် ရ၏-ဟု စွဲယူသော မိစ္ဆာအကျင့်ကို ပယ်နိုင်၏။
သစ္စာလေးပါးကို မသိလျှင် ဖြစ်ခြင်း၊ ဖြစ်ကြောင်း၊ ချုပ်ခြင်း၊ ချုပ်ကြောင်း- လေးဌာန၌ တွေဝေနစ်မွန်း၏။

ဥပမာ

သစ္စာလေးပါးတို့တွင် ဒုက္ခသည် ဝန်ထုပ်၊
သမုဒယသည် ဝန်ထုပ်ထမ်းယူသူ၊
နိရောဓသည် ဝန်ထုပ်ချခြင်း၊
မဂ္ဂသည် ဝန်ထုပ် ချနိုင်ကြောင်း လုံ့လနှင့် အစဉ် အတိုင်း တူ၏။
ထို့အတူ အနာ၊ အနာဖြစ်ကြောင်း၊ အနာ ပျောက်ခြင်း၊ ဆေးကောင်းနှင့် အစဉ်အတိုင်း တူ၏။
တနည်း- ငတ်မှုတ်ခြင်း၊ မိုးခေါင်ခြင်း၊ ဝပြောခြင်း၊ မိုဃ်းကောင်းခြင်းနှင့်၎င်း၊
ဤမှာဘက်ကမ်း၊ ရေအယဉ်၊ ထိုမှာဘက်ကမ်း၊ ကူးခြင်းလုံ့လနှင့်၎င်း၊
ရန်သူ၊ ဒေါသ၊ မေတ္တာ၊ စောင်မခြင်းနှင့်၎င်း အစဉ်အတိုင်း တူ၏။

သုည

ဒုက္ခသာ ရှိသည်၊ ဒုက္ခရောက်သူ ပုဂ္ဂိုလ် သတ္တဝါ မရှိ။
တဏှာသာ ရှိသည်၊ နှစ်သက်စုံမက်သူ ပုဂ္ဂိုလ်၊ သတ္တဝါ မရှိ၊
နိဗ္ဗာန်သာ ရှိသည်၊ ချုပ်ငြိမ်းသူ ပုဂ္ဂိုလ် သတ္တဝါမရှိ။
မဂ္ဂသာရှိသည်၊ သွားသူ၊ကျင့်သူပုဂ္ဂိုလ်၊ သတ္တဝါ မရှိ။
နိဗ္ဗာန်သည် အတ္တတခုမှ ဆိတ်၏၊
မဂ္ဂသည် ဓုဝ၊ သုခ၊ အတ္တ-သုံးခုလုံးမှ ဆိတ်၏။
ဒုက္ခနှင့် သမုဒယသည်၊ သုဘ-ဓုဝ- သုခ အတ္တ လေးခုမှ ဆိတ်၏။
နိရောဓသည် ကြွင်းသုံးပါးမှ ဆိတ်၏။ ကြွင်းသုံးပါးသည် နိရောဓမှ ဆိတ်၏။
သမုဒယ၊ မဂ္ဂသည် အကျိုးမှ ဆိတ်၏။ ကြွင်းနှစ်ပါးသည် အကြောင်းမှ ဆိတ်၏။

အသိခဲယဉ်းပုံ

အဝေးမှ သံကောက် ပေါက်ငယ်ဖြင့် အဆင့်ဆင့် မချွတ်မယွင်း မြှားပစ်သွင်းခြင်းသည် ခဲယဉ်းလှ ၏။ အစိတ်တရာ စိတ်သော သားမြီး၏ အစွန်းတခုကို အစွန်းတခုဖြင့် ထိအောင် ထိုးခြင်းသည် သာ၍ ခဲယဉ်း၏။ သစ္စာလေးပါးကို သိခြင်းကား ထိုထက်လွန်၍ အခဲယဉ်းဆုံး အခဲယဉ်းကြီး ဖြစ်၏။

သဘောတူ-မတူ

သစ္စာလေးပါးလုံးသည် မှန်ကန်ခြင်း၊ အတ္တမှ ဆိတ်ခြင်း၊ သိနိုင်ခဲခြင်း အားဖြင့် တူ၏။ လက္ခဏာ အားဖြင့်ကား အသီးအသီးမတူ။
ရှေးနှစ်ပါး ဒု၊သ-သည် သိနိုင်ခဲသဖြင့် နက်နဲခြင်း၊ လောကီ ဖြစ်ခြင်း၊ အာသဝ၏ အာရုံ ဖြစ်ခြင်း အားဖြင့် တူ၏၊ ကျိုး၊ ကြောင်းမတူ။ သိအပ်နှင့် ပယ်အပ်ဖြစ်၍ မတူ။
နောက်နှစ်ပါး နိ၊မ-သည် နက်နဲသဖြင့် သိနိုင်ခဲခြင်း၊ လောကုတ္တရာ ဖြစ်ခြင်း၊ အာသဝ၏ အာရုံ မဟုတ်ခြင်းအားဖြင့် တူ၏။ အာရုံ၊ အာရမ္မဏိက မတူ၊ မျက်မှောက် ပြုအပ်နှင့် ပွားစေအပ်ဖြစ်၍ မတူ။
ဒုနှင့်နိသည် အကျိုးအားဖြင့် တူ၏။ သင်္ခတ၊ အသင်္ခတ ဖြစ်၍ မတူ။
နှင့်သည်အကြောင်းအားဖြင့်တူ၏။ အကုသိုလ်၊ ကုသိုလ်ဖြစ်၍ မတူ။
ဒုနှင့်သည် သင်္ခတအားဖြင့် တူ၏။ လောကီ၊ လောကုတ္တရာ ဖြစ်၍ မတူ။
နှင့်နိသည် နေဝသေက္ခ နာသေက္ခဓမ္မ အားဖြင့် တူ၏။ အာရုံပြုတတ်နှင့် မပြု တတ်ဖြစ်၍ မတူ။

တိုက်တွန်းခြင်း

သစ္စာလေးပါးကို သိရခြင်းသည် သံကောက်ပေါက် ပစ်သွင်းခြင်း၊ သားမြီးဖျား ထိုးခြင်းတို့ထက် ခဲယဉ်း၏-ဟု ဆိုသော်လည်း စိတ်အား မလျော့သင့်ပေ။ သမုဒြာ နက်၏-ဟု ဆိုသော်လည်း ယုန်ငယ်အတွက်သာ နက်သည်။ အသုရိန်နတ်မှာကား ဒူးဆစ်မျှ ဖြစ်သည်ဟု ဆိုသကဲ့သို့ ပါရမီ ဆည်းပူးခြင်း ကင်းဝေးသူတို့အားသာ ခဲယဉ်းပေသည်။ ပါရမီရှိသော သူတို့မှာ ခုနစ်နှစ်သမီး၊ ခုနစ်နှစ်သားတို့ပင် ဘုရားရှင်ဉာဏ်တော် မှီး၍ လွယ်ကူစွာ သိကုန်ပြီ။
ထို့ကြောင့် သစ္စာလေးပါးကို သိလိုသော အမျိုးကောင်းသား၊ အမျိုးကောင်းသမီးသည် မဆုတ်နစ်သော စိတ်ဖြင့် “သင်၊ မှတ်၊ ကြံ၊ မေး” ဆွေးနွေးဟောကြား ပွားများရာ၏။ ဝါ-ဒုက္ခ ၁၂-မျိုးကို ဖန်ဖန်ရရာ၏။

သစ္စာလေးပါးအရသာ ပြီး၏။
ညောင်လေးပင်တောရဆရာတော်