မဟာပစ္စဝေက္ခဏာ တရားတော်
မဟာပစ္စဝေက္ခဏာ တရားတော်
▬▬▬▬▬▬▬▬▬▬▬▬
မဟာစည်ဆရာတော်
မာတိကာ
တရားအနုသန္ဓေ
မေးခွန်းတော်
(၁) ပထမ မဟာပစ္စဝေက္ခဏာ
ပရီယုဋ္ဌာန ကိလေသာ သရုပ်ပြ
(၁) ကာမစ္ဆန္ဒနီဝရဏ
(၂) ဗျာပါဒနီဝရဏ
(၃) ထိနမိဒ္ဓနီဝရဏ
(၄) ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ
(၅) ဝိစိကိစ္ဆာနီဝရဏ
သောတာပန်မှာတော့ မနိုင်တာမရှိ
ပထမပစ္စဝေက္ခဏာဆောင်ပုဒ်
(၂) ဒုတိယပစ္စဝေက္ခဏာ
ဒုတိယပစ္စဝေက္ခဏာ ဆောင်ပုဒ်
(၃) တတိယပစ္စဝေက္ခဏာ
တတိယပစ္စဝေက္ခဏာ ဆောင်ပုဒ်
(၄) စတုတ္ထ ပစ္စဝေက္ခဏာ
စတုတ္ထ ပစ္စဝေက္ခဏာ ဆောင်ပုဒ်
(၅) ပဉ္စမပစ္စဝေက္ခဏာ
ပဉ္စမ ပစ္စဝေက္ခဏာ ဆောင်ပုဒ်
(၆) ဆဋ္ဌမပစ္စဝေက္ခဏာ
ဆဋ္ဌမ ပစ္စဝေက္ခဏာ ဆောင်ပုဒ်
(၇) သတ္တမ ပစ္စဝေက္ခဏာ
သတ္တမ ပစ္စဝေက္ခဏာ ဆောင်ပုဒ်
နိဂုံးချုပ်
မဟာပစ္စဝေက္ခဏာတရားတော် မာတိကာ ပြီး၏။
…
မူလပဏ္ဏာသပါဠိတော် ကောသမ္ဗိယ သုတ္တန်လာ
မဟာပစ္စဝေက္ခဏာ တရားတော်
▬▬▬▬▬▬▬▬▬▬▬
တန်ခူးလကွယ်နေ့ ညမှစ၍ ၃ - ည ဆက်၍ ဟောသည်။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
တရားအနုသန္ဓေ
▬▬▬▬▬▬
ဒကာကြွယ်ရေ မနေ့ညက သာရဏီယတရားတော် ပြီးသွားပြီ၊ ဒီကနေ့ညမှာ အဲဒီ ကောသမ္ဗိယ သုတ္တန်လာ မဟာပစ္စဝေက္ခဏာ တရားတော်ကို ဟောရမယ်၊
မဟာပစ္စဝေက္ခဏာ ဆိုတာလဲ တစ်ခြားမဟုတ်ဘူး၊ သာရဏီယ တရားတော်၏ အစိတ်အပိုင်းပဲဖြစ်တယ် ဒကာကြွယ်ရ၊ သာရဏီယတရား ၆-ပါးထဲက နောက်ဆုံး ဖြစ်တဲ့ အရိယပညာက ဆင်းရဲခပ်သိမ်း ကုန်ငြိမ်းအောင် ထုတ်ဆောင်ပုံကို ဝေဖန် ဖွင့်ပြတဲ့ တရားပဲဖြစ်တယ်၊ ဒါကြောင့် အဲဒါကို ဝေဖန်ဖွင့်ပြရအောင် ဒီလို စပြီး မေးခွန်း ထုတ်တော်မူပါတယ်။
မဟာပစ္စဝေက္ခဏာ တရားတော်
▬▬▬▬▬▬▬▬▬▬▬▬
ကထဉ္စ ဘိက္ခဝေ ယာယံ ဒိဋ္ဌိ အရိယာ နိယျာနိကာ နိယျာတိ တက္ကရဿ သမ္မာ ဒုက္ခက္ခကာယ။
ဘိက္ခဝေ - ရဟန်းတို့၊
နိယျာနိကာ - ထုတ်ဆောင်တတ်သော၊
ဝါ - သူ့ကိစ္စတာဝန်ကို ကျေပွန်ပြီးမြောက်စေတတ်သော၊
အရိယာ - ဖြူစင်မြင့်မြတ်သော၊
ဝါ - အရိယာတို့၏ ဥစ္စာဖြစ်သော၊
ယာ အယံ ဒိဋ္ဌိ - အကြင်သောပတ္တိ မဂ်ဉာဏ်ဟူသော အသိပညာသည်၊
အတ္ထိ - ရှိပေ၏၊
သာ - ထိုသောတာပတ္တိ မဂ်ဉာဏ်ပညာသည်၊
တက္ကရဿ - ထိုအသိအမြင် ဉာဏ်ပညာ ဖြစ်အောင် ပြုကျင့်သောသူအား၊
သမ္မာ - မှန်ကန်စွာ ဒုက္ခက္ခကာယ - ဆင်းရဲခပ်သိမ်း ကုန်ငြိမ်းရန်အတွက်၊
ကထဉ္စ - အဘယ်သို့လျှင်၊
နိယျာယတိ - ထွက်သွားတတ် ထုတ်ဆောင်တတ်ပါသနည်း၊
ဝါ - ပြီးမြောက်စေတတ်ပါသနည်း။
ဒါက ထုတ်ဆောင်ပုံကို အကျယ် ဝေဖန်ပြရန်အတွက် ထုတ်ပြတဲ့မေးခွန်းပဲ၊ ဒီမေးခွန်းကို မေးလဲမေးသင့်ပါတယ်။ သောတာပတ္တိမဂ်ဉာဏ်ပညာက သောတာပတ္တိ ပုဂ္ဂိုလ်အား ဆင်းရဲခပ်သိမ်း ကုန်ငြိမ်းသွားအောင် ဆောင်တယ် ဆိုတာ ဘယ်လို ဆောင်တာလဲ၊ ဆင်းရဲခပ်သိမ်း ကုန်ငြိမ်းသွားအောင် ဘယ်လိုပြီးမြောက်စေပါသလဲ လို့ မေးစရာပဲ၊
သောတာပန်မှာ အထက်မဂ်ဉာဏ် အဆင့်ဆင့်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုပြီး ဆင်းရဲခပ်သိမ်း ကုန်ငြိမ်းသွားတယ်၊ အဲဒီလို ကုန်ငြိမ်းသွားအောင် သောတာပတ္တိ မဂ်ဉာဏ် ဘယ်လိုကျေးဇူးပြုသလဲ ဆိုတာ ယခုဆက်လက်ပြီး ဖွင့်ပြသွားမည့် မဟာပစ္စဝေက္ခဏာနည်း ၇ - ပါးနဲ့ ကျေးဇူးပြု ဆောင်ရွက်သွားတာပဲ၊
ဒါကြောင့် အဲဒီ မေးခွန်းကို ဒီလိုဖြေပြီး ဝေဖန် ဖွင့်ပြသွားတော်မူပါတယ်၊ အဲဒါကို ဒကာကြွယ်တို့ ရိုရိုသေသေ စူးစူးစိုက်စိုက် နာကြရမယ်။ တရားက တော်တော် နက်နဲပါတယ်၊ ဘုန်းကြီးက စွမ်းနိုင်သမျှ ပေါ်လွင်အောင် ဟောသွားမယ်။
၁။ ပထမ မဟာပစ္စဝေက္ခဏာ
▬▬▬▬▬▬▬▬▬▬▬
ဣဓ ဘိက္ခဝေ ဘိက္ခု အရညဂတောဝါ ရုက္ခမူလ ဂတောဝါ သုညာဂါရဂတောဝါ ဣတိ ပဋိသဥ္စိက္ခတိ “အတ္ထိနု ခေါပေတံ ပရိယုဋ္ဌာနံ အဇ္ဈတ္တံ အပ္ပဟီနံ ယေနာဟံ ပရိယုဋ္ဌာနေန ပရိယုဋ္ဌိတ စိတ္တော ယထာဘူတံ နပ္ပဇာနေယျံ န ပဿေ”န္တိ။
ဘိက္ခဝေ - ရဟန်းတို့၊
ဣဓ - ဤသာသနာတော်၌၊
ဘိက္ခု - သောတာပန် ရဟန်းသည်၊
ဝါ - သောတာပန် ပုဂ္ဂိုလ်သည်၊
အရညဂတော ဝါ - တောအရပ်ကို ကပ်ရောက်လျက်ဖြစ်စေ၊
ရုက္ခမူလဂတော ဝါ - သစ်ပင်ရင်း သစ်ပင်အောက်ကို ကပ်ရောက်လျက်ဖြစ်စေ၊
သုညာဂါရဂတောဝါ - လူသူ ဆိတ်သော ကမ္မဋ္ဌာန်းကျောင်းသို့ ကပ်ရောက်စေလျက် ဖြစ်စေ၊
ဣတိ ပဋိသဥ္စိက္ခတိ - ဤပုံ ဤနည်းဖြင့် ရှုဆင်ခြင်ကြည့်လေသည်၊
(ရှုဆင်ခြင်ကြည့်ပုံကတော့)
အဟံ - ငါသည်၊
ယေန ပရိယုဋ္ဌာနေန - အကြင် ပရိယုဋ္ဌာန် ကိလေသာဖြင့်၊
ပရိယုဋ္ဌိတစိတ္တော - ထကြွဖြစ်ပေါ်ကာ လွှမ်းမိုးနှိပ်စက်ခံရသော စိတ်ရှိသည် ဖြစ်၍၊
ယထာဘူတံ - ဟုတ်တိုင်းမှန်စွာ၊
ဝါ - တကယ်ဖြစ်ပေါ်နေသော ရုပ်နာမ်သဘောကို၊
နပ္ပဇာနေယျံ န ပဿေယျံ - မသိနိုင် မမြင်နိုင်ဘဲ ရှိရာ၏၊
မေ - ငါ၏၊
အဇ္ဈတ္တံ - ကိုယ်ထဲ၌၊
အပ္ပဟီနံ - မပယ်ရသေးသော မကင်းသေးသော၊
တံပရိယုဋ္ဌာနံ - ထိုသို့သော ပရိယုဋ္ဌာန် ကိလေသာသည်၊
အတ္တိ ခေါ - ရှိသေးသလော၊
ဣတိ - ဤသို့၊
ပဋိသဥ္စိက္ခတိ - ရှုဆင်ခြင်ကြည့်၏။
တရားထူးကို မရသေးတဲ့ ပုထုဇဉ်ပုဂ္ဂိုလ်မှာ ဒွါရ ၆-ပါးက ဖြစ်ပေါ်လာသမျှ ရုပ်နာမ်တွေ ရှုမှတ်ကြည့်ရင် ကာမရာဂ အစရှိတဲ့ ပရိယုဋ္ဌာန် ကိလေသာတွေက လွှမ်းမိုးပြီးဖြစ်နေတဲ့ အတွက် ရုပ်နာမ်အဖြစ်အပျက်ကို အမှန်အတိုင်း မသိမမြင် နိုင်တဲ့ အခါလဲ ရှိတယ်၊
သောတာပတ္တိမဂ်ဖိုလ်တရားထူးကို ရပြီးဖြစ်တဲ့ သောတာပန် ပုဂ္ဂိုလ်မှာတော့ တောအရပ်မှာ ဖြစ်စေ၊ သစ်ပင်အောက်မှာ ဖြစ်စေ၊ လူသူဆိတ်တဲ့ ကျောင်း အိမ် အဆောက်အအုံမှာဖြစ်စေ၊ ပလိဗောဓ - အေးချမ်းစွာ ဖြစ်ပေါ်လာသမျှ ရုပ်နာမ်များကို ရှုမှတ်ကြည့်လျှင် ရုပ်နာမ် အဖြစ် အပျက်သဘောမှန်ကို မသိ မမြင်နိုင်လောက်အောင် လွှမ်းမိုးတဲ့ ကာမရာဂ စသော ပရိယုဋ္ဌာန်ကို မတွေ့ရဘဲ ဟုတ်တိုင်း မှန်စွာ သိမြင်မြဲဖြစ်တယ်၊
ဒါကြောင့် သောတာပန်ရဟန်း သောတာပန်ပုဂ္ဂိုလ်က တောအရပ် သစ်ပင်အောက် ဆိတ်ငြိမ်သော ကျောင်းဆိုတဲ့ ဒီ ၃-ခုထဲက တစ်ခုခုသောအရပ်မှာ ကပ်ရောက် ပြီးတော့ ရှုမှတ်ဆင်ခြင်ကြည့်ပါတယ်တဲ့၊ ဒကာကြွယ်ရ၊ ကိုယ့်အခြေအနေကို အမှန် အတိုင်း သိရအောင် စုံစမ်းဆင်ခြင်တဲ့ သဘောပါပဲ၊ အဲဒီစကားတွေထဲမှာ ပရိယုဋ္ဌာန် ကိလေသာ ဆိုတာ ကာမရာဂဗျာပါဒ စသည်ဖြင့် ခေါ်ဆိုရတဲ့ အကုသိုလ် စိတ်ကူးတွေပါပဲ၊
တရားအားထုတ်ကာစ ပုဂ္ဂိုလ်မှာ ဝင်သက် ထွက်သက် စသည်ဖြင့် ရှုမှတ်နေတဲ့အခါ သို့မဟုတ် ဖောင်းတယ်၊ ပိန်တယ်၊ ထိုင်တယ် စသည်ဖြင့် ရှုမှတ်နေတဲ့အခါ လိုချင်စရာတွေကို ကြံစည်တဲ့စိတ်လဲ ဖြစ်တတ်တယ် စိတ်ဆိုးစရာတွေ ကြံစည်တဲ့ စိတ်လဲ ဖြစ်တတ်တယ်၊
အဲဒီလို စိတ်ကူးတွေကို ပရိယုဋ္ဌာန် ကိလေသာတွေလို့ ခေါ်တယ်၊ စိတ်သန္တာန်မှာ ထကြွဖြစ်ပေါ်ပြီး လွှမ်းမိုးနှိပ်စက်တတ်တဲ့ အကုသိုလ် တရားတွေပါပဲ၊ အဲဒါတွေကို ဆက်ပြီး ဖော်ပြသွားပါလိမ့်မယ်၊ ယခု ပြောခဲ့တဲ့အတိုင်း ရှုမှတ် ဆင်ခြင်ကြည့်တဲ့ အခါမှာ အဲဒီ ပရိယုဋ္ဌာန ကိလေသာတွေ မကင်းသေးရင် အဲဒါတွေဟာ ဖြစ်ပါလိမ့်မယ်၊
သို့သော် သောတာပန် ဆိုရင်တော့ ဖြစ်ပေါ်လာပေမယ့် အဲဒါတွေကို ရှုမှတ်ပြီး ပယ်နိုင်တယ်၊ ဒါကြောင့် ရုပ်နာမ်အဖြစ်အပျက် သဘောမှန်ကို မသိနိုင်အောင် လွှမ်းမိုးတတ်တဲ့ ပရိယုဋ္ဌာန် ကိလေသာအကြမ်းတွေကိုတော့ မတွေ့ရဘဲ ရှိတယ်၊ အဲဒီလို ဖြစ်ပုံကို သဘောပေါက်အောင် ရှေးဦးစွာ ပရိယုဋ္ဌာန် ကိလေသာတွေကို ဒီလို သရုပ်ဖော်ပြသွားတော်မူပါတယ်။ ပါဠိနှင့် အနက် တစ်ပေါင်းတည်း ရွတ်ပြသွားမယ်။
ပရိယုဋ္ဌာန် ကိလေသာ သရုပ်ပြ
▬▬▬▬▬▬▬▬▬▬▬
ဘိက္ခဝေ - ရဟန်းတို့၊
ဘိက္ခု - ရဟန်းသည်၊
ဝါ - တစ်စုံတစ်ယောက်သော သူသည်၊
ကာမရာဂပရိယုဋ္ဌိတောဝ - ကာမရာဂ ထကြွဖြစ်ပေါ်လျက် လွှမ်းမိုးနှိပ်စက်ခံရသည်၊
သစေဟောတိ - အကယ်၍ ဖြစ်ငြားအံ့၊
ပရိယုဋ္ဌိတစိတ္တောဝ - ပရိယုဋ္ဌာန် ကိလေသာ၏ လွှမ်းမိုးနှိပ်စက်ခြင်းကို ခံရသော စိတ်ရှိသည်သာလျှင်၊
ဟောတိ - ဖြစ်၏၊
ဖောင်းတယ် ပိန်တယ် ထိုင်တယ် ထိတယ် စသည်ဖြင့် ရှုမှတ်နေရင်း ကာမဂုဏ် အာရုံကို ကြံစည်လျက် သာယာတပ်မက်မှု ဖြစ်ပေါ်လာလျှင် ပရိယုဋ္ဌာန် ကိလေသာ နှိပ်စက်သည် မည်တယ်၊ အဲဒီ သာယာ တပ်မက်မှုကို ရှုမှတ်ပြီး ပယ်ရမယ်၊ မပယ်နိုင်လျှင် ရုပ်နာမ် အဖြစ်အပျက် သဘောမှန်ကို မသိမြင်နိုင်ဘဲ ရှိလိမ့်မယ်၊ ထို့အတူပင် -
ဘိက္ခဝေ - ရဟန်းတို့၊
ဘိက္ခု - ရဟန်းသည်၊
ဝါ - တစ်စုံတစ်ယောက်သော သူသည်၊
ဗျာပါဒပရိယုဋ္ဌိတော - စိတ်ဆိုး ပြစ်မှားမှု ဗျာပါဒ ထကြွဖြစ်ပေါ်လျက်၊
လွှမ်းမိုး နှိပ်စက်ခံရသည်။
သစေ ဟောတိ - အကယ်၍ ဖြစ်ငြားအံ့၊
ပရိယုဋ္ဌိတ စိတ္တောဝ - ပရိယုဋ္ဌာန်ကိလေသာ၏ လွှမ်းမိုးနှိပ်စက်ခြင်းကို ခံရသော စိတ်ရှိသည်သာလျှင်၊
ဟောတိ - ဖြစ်၏၊
(ဖောင်းတယ် ပိန်တယ် စသည်ဖြင့် ရှုမှတ်နေရင်း စိတ်ပျက် စိတ်ဆိုးမှု ဒေါသ ဖြစ်ပေါ်လာလျှင်လဲ ပရိယုဋ္ဌာန် ကိလေသာ၏ အနှိပ်အစက် ခံရတာပဲ၊ ဒါကြောင့် အဲဒီစိတ်ပျက်စိတ်ဆိုးမှုကို ရှုမှတ်ပြီး ပယ်ရတယ်၊ မပယ်နိုင်လျှင် သဘောမှန်ကို မသိနိုင်ဘဲ ရှိလိမ့်မယ်၊
ထို့အတူပင် ထိနမိဒ္ဓခေါ်တဲ့ ထိုင်းမှိုင်းပျင်းရိမှု စိတ်အားလျှော့မှု ဖြစ်ပေါ်လာလျှင်လဲ အဲဒီ ထိနမိဒ္ဓပရိယုဋ္ဌာန် ကိလေသာ၏ အနှိပ်အစက် ခံရတာပဲ၊ စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စ, စိတ်ပူပန်မှု ကုက္ကုစ္စဖြစ်ပေါ် လာလျှင်လဲ အဲဒီ ဥဒ္ဓစ္စ, ကုက္ကုစ္စ ပရိယုဋ္ဌာန် ကိလေသာ၏ အနှိပ်အစက်ခံရတာပဲ၊ ဒါကြောင့် အဲဒီ ထိုင်းမှိုင်းပျင်းရိမှု စိတ်ပျံ့လွင့်မှု စိတ်ပူပန်မှု တွေကိုရှုမှတ်ပြီး ပယ်ရမယ်၊ မပယ်နိုင်လျှင် သဘောမှန်ကို မသိနိုင်ဘဲ ရှိလိမ့်မယ်၊ ထို့အတူပင်။)
ဘိက္ခဝေ - ရဟန်းတို့၊
ဘိက္ခု - ရဟန်းသည်၊
ဝါ - တစ်စုံတစ်ယောက်သော သူသည်၊
ဝိစိကိစ္ဆာပရိယုဋ္ဌိတော - ယုံမှားမှု ဒီ ဝိစိကိစ္ဆာ ထကြွဖြစ်ပေါ်လျက် လွှမ်းမိုးနှိပ်စက် ခံရသည်။
သစေ ဟောတိ - အကယ်၍ ဖြစ်ငြားအံ့၊
ပရိယုဋ္ဌိတစိတ္တောဝ - ပရိယုဋ္ဌာန် ကိလေသာ၏ လွှမ်းမိုးနှိပ်စက်ခြင်းကို ခံရသော စိတ်ရှိသည်သာလျှင်၊
ဟောတိ - ဖြစ်၏၊
(ရှုမှတ်နေရင်း “ဒီလို ရှုမှတ်နေရုံနဲ့ ဝိပဿနာဉာဏ်ဖြစ်တယ်, တရားထူးရတယ် ဆိုတာ ဟုတ်မှဟုတ်ပါ့မလား” စသည်ဖြင့် ယုံမှားတွေးတောမှု ဖြစ်လာလျှင်လဲ ပရိယုဋ္ဌာန် ကိလေသာ၏ အနှိပ်အစက်ခံရတာပဲ ဒါကြောင့် အဲဒီယုံမှား တွေးတော မှုကို ရှုမှတ်ပြီး ပယ်ရတယ်၊၏ မပယ်နိုင်လျှင် သဘောမှန်ကို မသိနိုင်ဘဲ ရှိလိ့မ်မယ်၊ ဒါကတော့ ပုထုဇဉ်ပုဂ္ဂိုလ်နှင့်သာ ဆိုင်ပါတယ်၊
သောတာပန်မှာတော့ ဒီဝိစိကိစ္ဆာဟာ သူ့အလိုလိုပဲ ကင်းနေပါတယ်၊ ရှုမှတ်ပြီး ပယ်ဖို့ မလိုတော့ပါဘူး၊ ဒါပေမယ့် နီဝရဏကိလေသာ ငါးပါးလုံး စုံအောင်လို့ ဒီနေရာမှာ ဒီဝိစိကိစ္ဆာကိုလဲ ဖော်ပြထားခြင်း ဖြစ်ပါတယ်၊ နောက်ပြီးတော့။)
ဘိက္ခဝေ - ရဟန်းတို့၊
ဘိက္ခု - ရဟန်းသည်၊
ဝါ - တစ်စုံတစ်ယောက်သော သူသည်၊
ဣဓလောကစိန္တာယ ပသုတော - ဤမျက်မှောက်လောက အကြောင်းကို ကြံစည် စဉ်းစားခြင်း၌ လေ့ကျက်လျက်၊
ပရလောကစိန္တာယ ပသုတော - တစ်ပါးသော မျက်ကွယ် လောကအကြောင်းကို ကြံစည် စဉ်းစားခြင်း၌ လေ့ကျက်သည်၊
သစေဟောတိ - အကယ်၍ ဖြစ်ငြားအံ့၊
ပရိယုဋ္ဌိတစိတ္တောဝ - ပရိယုဋ္ဌာန် ကိလေသာ၏ လွှမ်းမိုးနှိပ်စက်ခြင်းကို ခံရသော စိတ် ရှိသည်သာလျှင်၊
ဟောတိ - ဖြစ်၏၊
(ယခု မျက်မြင်ဖြစ်တဲ့ လူ့လောက လူသတ္တဝါတွေကို ဘယ်သူက ဖန်ဆင်းပါလိမ့်မလဲ၊ အကြောင်းမဲ့ ဖြစ်နေတာလေလား၊ အသက်ကောင် အတ္တဆိုတာ ရှိလေသလား, မရှိဘူးလေလား၊ ဘယ်လို ဟာပါလိမ့်မလဲ စသည်ဖြင့် မျက်မှောက်လောက အကြောင်း ကြံစည်စဉ်းစားနေရင် အဲဒါဟာ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာပဲ၊ ပုထုဇဉ်မှာသာ ဖြစ်တတ်တဲ့ ပရိယုဋ္ဌာန်ကိလေသာပဲ၊
ဒီဘဝက သေပြီးတဲ့ နောက်မှာ ငါဆိုတာ ရှိဦးမှာလေလား၊ ရှိရင် ဘာကြောင့် ဘယ်လိုများ ရှိနေပါလိမ့်မလဲ စသည်ဖြင့် မျက်ကွယ် လောကအကြောင်းကို ကြံစည် စဉ်းစားနေရင် အဲဒါလဲ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာပဲ၊ ပုထုဇဉ်နှင့်သာ ဆိုင်ပါတယ်၊ သောတာပန် မှာတော့ အဲဒီလို ကြံစည်စဉ်းစားမှုမျိုး မဖြစ်နိုင်ပါဘူး၊ သူ့အလိုလို ကင်းနေပါတယ်၊
လူ့ပြည်က နိုင်ငံတွေ မြို့ရွာတွေရဲ့ အကြောင်း နတ်ပြည် ငရဲပြည် စသည် အကြောင်းများကို ကြံစည်တာမျိုးကတော့ တရားအားထုတ်နေစဉ်မှာ ဥဒ္ဓစ္စခေါ်တဲ့ စိတ်ပျံ့လွင့်မှု သဘောရှိပါတယ်၊ အဲဒါလဲ ပရိယုဋ္ဌာန်ပဲ၊ အဲဒါတွေကိုလဲ ရှုမှတ်ပြီး ပယ်ရတယ်၊ မပယ်နိုင်လျှင် သဘောမှန်ကို မသိနိုင်ဘဲ ရှိလိမ့်မယ်၊ နောက်ပြီးတော့။)
ဘိက္ခဝေ - ရဟန်းတို့၊
ဘိက္ခု - ရဟန်းသည်၊
ဝါ - တစ်စုံတစ်ယောက်သော သူသည်၊
ဘဏ္ဍနဇာတော - ဖြစ်သော ငြင်းခုံခြင်းရှိလျက်၊
ဝါ - ငြင်းခုံလျက်၊
ကလဟဇာတော - ရန်ဖြစ်လျက်၊
ဝိဝါဒါပန္နော - ဆန့်ကျင်ဘက်ပြောလျက်၊
အညမညံမုခသတ္ထီဟိ ဝိတုဒန္တော - အချင်းချင်း နှုတ်လှံထိုးလျက်၊
သစေဝိဟရတိ - အကယ် နေငြားအံ့၊
ပရိယုဋ္ဌိတဝိတ္တောဝ - ပရိယုဋ္ဌာန် ကိလေသာ၏ လွှမ်းမိုးနှိပ်စက်ခြင်းကို ခံရသော စိတ်ရှိသည်သာလျှင်၊
ဟောတိ - ဖြစ်၏၊
ရှုမှတ်နေရင်း စိတ်ကူးမျှဖြင့် ငြင်းခုံ ရန်ဖြစ်နေသည် ဖြစ်စေ၊ ကိုယ်ထိ လက်ရောက် တကယ် ငြင်းခုံ ဖြစ်နေသည်ဖြစ်စေ ပရိယုဋ္ဌာန် ကိလေသာ၏ အနှိပ်စက်ခံရတာပဲ၊ ဒါကြောင့် စိတ်ကူးမျှဖြင့် ငြင်းခုံရန်ဖြစ်မှ ရှုမှတ်ပြီး ပယ်ရတယ်၊ မပယ်နိုင်လျှင် သဘောမှန်ကို မသိနိုင်ပဲ ရှိလိမ့်မယ်၊ တကယ်ကို ငြင်းခုံရန် ဖြစ်နေရင်တော့ သဘောမှန်ကို မသိနိုင်သည်မှာ အထူးပြောစရာ မလိုတော့ပါဘူး၊ နှုတ်လှံထိုးလျှင်၊ ပုတ်ခတ် ရိုက်နှက်လျှင် ရဟန်းမှာ ပါစိတ်အာပတ် သင့်ခြင်းစသည်ဖြင့် သီလတောင် မပြည့်စုံမစင်ကြယ်ဘဲ ဖြစ်သွားတယ်၊
ဒီလို သီလဝိသုဒ္ဓိမဖြစ်လျှင် စိတ္တဝိသုဒ္ဓိတောင် မဖြစ်တော့ဘူး၊ ဒိဋ္ဌိဝိသုဒ္ဓိစသည်နှင့် ဆိုင်တဲ့ ယထာဘူတဉာဏ်ဆိုတာ ဘယ်မှာ ဖြစ်နိုင်တော့မလဲ မဖြစ်နိုင်တော့ဘူး၊ ဒါကြောင့် အဲဒီ ငြင်းခုံရန်ဖြစ်မှုဆိုတာကတော့ တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်မှာ လုံးဝမရှိသင့်ပါဘူး၊ မရှိအောင်လဲ အထူးသဖြင့် ရှောင်သင့်ပါတယ်။
ကာမရာဂ ပရိယုဋ္ဌာန်မှစပြီး နှုတ်လှံထိုးလျက် နေသည်ဆိုတဲ့ စကားရပ်တိုင်အောင် ပြဆိုထားတာကတော့ သဘောမှန် မသိရအောင် တားမြစ်တတ်တဲ့ နီဝရဏ တရားတွေကို သရုပ်ထုတ်ပြတဲ့ စကားပါပဲ၊ ပုထုဇဉ် ပုဂ္ဂိုလ်မှာဆိုရင် ဒီနီဝရဏ တရားတွေ မကင်းမချင်း သမာဓိမရတော့ဘူး၊ စိတ္တဝိသုဒ္ဓိမဖြစ်သေးဘူး၊ ဒါကြောင့် ပုထုဇဉ်ပုဂ္ဂိုလ်အစစ် တရားအားထုတ်ခါစမှာ ဒီနီဝရဏတရားတွေကို ရှေးဦးစွာ ပယ်ရတယ်၊ အဲဒီပယ်ရပုံကို ယခု ရှင်းပြောဦးမယ်။
၁။ ကာမစ္ဆန္ဒနီဝရဏ
▬▬▬▬▬▬▬
ပထဝီ ပထဝီ - မြေ မြေ စသည်ဖြင့် ကသိုဏ်းတစ်ခုခုကို ရှုနေတဲ့သူမှာဖြစ်ဖြစ်၊ နှာသီးဖျားက ရှူရှိုက်လေကို ရှူနေတဲ့ သူမှာဖြစ်ဖြစ်၊ သတိပဋ္ဌာန်ပါဠိတော်နည်းအရ သွားတယ်, ရပ်တယ် ထိုင်တယ် ကွေးတယ်, ဆန့်တယ်, ဖောင်းတယ်, ပိန်တယ် စသည်ဖြင့် ဖြစ်ခိုက်ရုပ်နာမ်ကို ရှုနေတဲ့သူမှာ ဖြစ်ဖြစ် အားထုတ်ကာစမှာ အဲဒီလို မပြတ်ရှုနေရင်းက စိတ်ဟာ တစ်ခြားကို လွတ်ထွက်သွားတတ်တယ်၊
ကိုယ်လုပ်နေကျ ကိုင်နေကျအလုပ် အကိုင်ဆီကိုလဲ ရောက်သွားတတ်တယ်၊ ကိုယ် တွေ့ချင်တဲ့ လူနှင့် တွေ့ပြီးတော့လဲ စကားပြောနေတတ်တယ်၊ အလိုရှိတာတွေ ကိုလဲ လျှောက်ပြီး ကြံနေတတ်တယ်၊ အဲဒီလို လိုချင်စရာနှင့် စပ်ပြီး ကြံစည် နေတာကို ကာမစ္ဆန္ဒ ခေါ်တယ်၊ ယခု ဒီသုတ်မှာတော့ ကာမရာဂပရိယုဋ္ဌာန်ဆိုတဲ့ အမည်နဲ့ ဟောထားတယ်၊ အဲဒီလို အလိုရှိရာရာ လျှောက်နေတဲ့အချိန်မှာ မူလက ရှုနေတဲ့ ပထဝီ ပထဝီ - မြေ မြေစသည်ဖြင့် ရှုမှုဖြစ်ပါဦးမလား ဒကာကြွယ်၊
(မဖြစ်ပါဘုရား)
ရှူရှိုက်လေကို ရှုမှုကောဖြစ်နေပါဦးမလား၊
(ဖြစ်မနေတော့ပါဘုရား)
သွားတယ်, ရပ်တယ်, ထိုင်တယ် စသည်ဖြင့် ရှုမှုကော ဖြစ်နေပါဦးမလား၊
(ဖြစ်မနေပါဘုရား)၊
အဲဒီအခိုက်မှာ အလိုရှိရာရာ စိတ်ကူးကြံစည်မှုသာ အဆက်မပြတ် ဖြစ်နေမယ် မဟုတ်လား၊
(မှန်ပါဘုရား)
အဲဒါဟာ သမထဝိပဿနာကုသိုလ်တွေ ဖြစ်ခွင့်မရအောင် တားမြစ်နေတာ ဒကာကြွယ်ရ၊ ဒါကြောင့် အလိုရှိရာရာ ကြံစည်နေ၍ အဲဒီကာမစ္ဆန္ဒကို နီဝရဏ လို့ဆိုရတာပဲ၊ အဲဒီ နီဝရဏကို ပယ်ရတယ်၊ ဝိပဿနာယောဂီမှာတော့ အဲဒီ ကာမစ္ဆန္ဒစိတ်ကူးကို ကြံတယ် လိုချင်တယ် စသည်ဖြင့် မှတ်လိုက်ရုံပါပဲ၊
အဲဒီလို မှတ်လိုက်ရင် အဲဒီ လိုချင်မှုက ပျောက်သွားတယ် တစ်ကြိမ်မှတ်ရုံနဲ့ မပျောက်သေးရင်လဲ နှစ်ကြိမ် မှတ်ရတယ်၊ နှစ်ကြိမ်နဲ့ မပျောက်သေးရင် သုံးကြိမ် မှတ်ရတယ်၊ မပျောက်သေးရင် လေးကြိမ်, ငါးကြိမ် စသည်ဖြင့် မပျောက်မချင်း မှတ်ရတယ်၊ အဲဒါ ပျောက်သွားတဲ့အခါ မူလက ရှုနေကျ အာရုံကို ပြန်ပြီး ရှုသွား ရတယ်၊ မူလက ဝမ်းဗိုက်ဖောင်းမှု, ပိန်မှုကို ရှုမှတ်နေတဲ့သူ ဆိုရင် ဖောင်းတယ်, ပိန်တယ်လို့ မပြတ်ဆက်မှတ်သွားရုံပါပဲ။
နီဝရဏတွေ ပယ်ပုံပြတဲ့ အခြား သုတ်များမှာ မြတ်စွာဘုရားက ကာမစ္ဆန္ဒကို ကြွေးမြီနှင့်တူတယ်လို့ ဥပမာတင်ပြ ဟောထားပါတယ်၊ ဟောတော်မူပုံကတော့ - ကြွေးတင်နေတဲ့ သူဟာ ကြွေးရှင်ကို ရိုသေရသလိုပဲ၊ ကာမစ္ဆန္ဒရှိသူဟာ လိုချင် နှစ်သက်တဲ့ အာရုံကို ရိုသေနေရပါတယ်တဲ့၊
ရှေးခေတ်တုန်းက ကြွေးတင်တဲ့ သူများဟာ အကြွေးကို မဆပ်နိုင်သေးရင် ကြွေးရှင်ကို တယ်ရိုသေရတယ် ဆိုကိုး၊ ဒကာကြွယ်ရ၊
(ယခုခေတ်မှာလဲ ရိုသေရပါတယ်ဘုရား)၊
အဲဒီကြွေးရှင်က ပြောဆိုသမျှ ငုံ့ခံနေရတာပဲတဲ့၊ ကြွေးရှင်က ခိုင်းသမျှကိုလဲ လုပ်ကိုင်ပေးရတာပဲတဲ့၊ အဲဒါလိုပဲ တစ်စုံတစ်ခုကို နှစ်သက်ခင်မင်နေရင် အဲဒီပစ္စည်းကို ရိုသေရတယ်၊ မကွဲအောင်, မပျက်ရအောင်, မပျောက်ရအောင် ရိုသေရတယ်၊ သက်ရှိပုဂ္ဂိုလ်ဆိုရင် သာပြီး ရိုသေရသေးတယ်၊
အလွန်မြတ်နိုးနေတဲ့ သမီး ခင်းပွန်း ၂ - ဦးဆိုရင် အချင်းချင်း အင်မတန် ရိုသေနေ ရသတဲ့၊ အပြောအဆို ပေမယ့် တစ်ဘက်သား စိတ်ခု မသွားရအောင် အလွန် လိုက်ရောပြီး ပြောဆိုရတယ် ဆိုပဲ ဒကာကြွယ်ရ၊ ဒါကြောင့် တရားနှလုံးသွင်း နေဆဲမှာ လိုချင်နှစ်သက်စရာတွေ ကြံစည်တဲ့ စိတ်ကူးဖြစ်လာရင် ကြွေးမြီးထင်တယ် လို့ သဘောထားပြီး မြန်မြန်ရှုမှတ် ပယ်လိုက်ရတယ်၊
အဲဒီအနက်ကို ဘုန်းကြီးက “နှစ်သက်လိုချင်၊ ကြွေးမြီးတင်၊ အလျင်ပယ်ဖျောက်လေ” လို့ ဆောင်ပုဒ် စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။
နှစ်သက်လိုချင်၊ ကြွေးမြီးတင်၊ အလျင်ပယ်ဖျောက်လေ။
၂။ ဗျာပါဒနီဝရဏ
▬▬▬▬▬▬
ကာမစ္ဆန္ဒပြီးတော့ ဗျာပါဒ နီဝရဏပဲ၊ ဗျာပါဒဆိုတာ စိတ်ပျက် စိတ်ဆိုးတဲ့ ဒေါသပါပဲ၊ အဲဒီ စိတ်ပျက် စိတ်ဆိုးမှု ဗျာပါဒ ဒေါသဟာ ရောဂါ စွဲကပ်တာနဲ့ တူပါတယ်တဲ့၊ တူပုံကတော့ ရောဂါအကြီးအကျယ် စွဲကပ်နေတဲ့သူဟာ ဘယ်လို စည်းစိမ်ဥစ္စာတွေနဲ့ ပြည့်စုံနေပေမယ်လို့ မခံစားနိုင်ဘူး၊
ရောဂါအပြင်းအထန် ဖြစ်နေတဲ့ သူဟာ အာရုံကောင်း, အရသာကောင်းတွေကို သုံးဆောင်ခံစားနိုင်ပါ့မလား၊ နာလိုက်တာ, ကိုက်လိုက်တာ, မောလိုက်တာနဲ့ ညဉ်းနေရတဲ့ သူ့အနားမှာ အက, အဆိုကောင်းတွေက ကပြသီဆိုနေပေမယ်လို့ သာယာခံစားနိုင်ပါ့မလား၊
(မခံစားနိုင်ပါဘုရား)
အဖျားထက်ပြီး ခံတွင်းပျက်နေတဲ့ သူဟာ အစာကောင်း, အရသာကောင်းတွေ ရှိပေမယ်လို့ မြိန်မြိန်ရှက်ရှက် စားနိုင်ပါ့မလား၊ အဲဒီလို ဖျားနာပြီး ခံတွင်းပျက် နေတဲ့သူမှာ ချိုတဲ့အရသာပေမယ့် ခါးနေတတ်တယ်၊ အဲဒီလိုပဲ ဒေါသမဖြစ်မီက ပြုံးပြုံးရွှင်ရွှင်နဲ့ ချမ်းသာနေတဲ့ သူပေမယ့် ဒေါသဖြစ်လာတဲ့အခါမှာ စိတ်ဟာ မချမ်းသာတော့ဘူး၊
ပျော်ရွှင်စရာအာရုံတွေ ရှိနေပေမယ်လို့ စိတ်ဆိုးနေတဲ့အခါမှာ မပျော်ရွှင်နိုင်ဘူး၊ ဘယ်လိုအကျိုးရှိတဲ့ စကားကောင်းကို ပြောလာပေမယ်လို့ အဲဒီ အဖိုးတန် စကားကိုလဲ လက်မခံနိုင်ဘူး၊ လူနှစ်ယောက် ရန်ဖြစ်နေတဲ့အခါ ဘေးက ဖြန်ဖြေပြီး ပြောရင် အဲဒါကို လက်မခံနိုင်ဘူး၊ ဟိုဘက်က လိုက်သလိုလို ထင်ပြီး မုန်းတတ်တယ်၊ အဲဒါဟာ ရောဂါကပ်တဲ့ သဘောပါပဲ၊
နောက်ပြီးတော့ ကူးစက်တတ်တဲ့ ရောဂါ, နူနာရောဂါတို့ စွဲကပ်နေတဲ့ လူအနီး အပါးကို မကပ်ချင်ကြသလိုပဲ၊ ဒေါသဖြစ်နေတဲ့သူ၊ ဒေါသကြီးတဲ့သူရဲ့ အနီးအပါးလဲ မကပ်ချင်ကြဘူး၊ ဒါကြောင့် စိတ်ပျက် စိတ်ဆိုးတဲ့ ဗျာပါဒ ဒေါသဟာ အနာ ရောဂါစွဲကပ်တာနှင့် တူပါတယ်တဲ့၊ ဒေါသကိုတော့ တရားအားမထုတ်ဘဲ အလွတ် နေတဲ့သူတွေလဲ ပယ်နိုင်ရင် အကျိုးများပါတယ်၊
ယခု လောကမှာ မိတ်ဆွေ အချင်းချင်း, အိမ်သူအိမ်သား အချင်းချင်း မိတ်ပျက်ကြ, ကွဲပြားကြတာတွေဟာ ဒီဒေါသကို မထိန်းသိမ်းနိုင် လို့ပဲ၊ ဒါကြောင့် ဒီဒေါသကိုတော့ ဖြစ်ပေါ်လာရင် ဆင်ခြင်ပြီးတော့ဖြစ်စေ, ရှုမှတ်ပြီးတော့ဖြစ်စေ အမြန်ဖယ်လိုက် ကြရမယ် သတိပဋ္ဌာန် ရှုမှတ်နည်း ရထားတဲ့သူတွေမှာတော့ ပယ်ဖို့ရာ လွယ်ပါတယ်၊ စိတ်ဆိုးတယ်, စိတ်ဆိုးတယ်စသည်ဖြင့် ရှုမှတ်ပြီး ပယ်လိုက်ရုံပဲ၊
ခေါင်းကိုက်ပျောက်ဆေးကို ဆောင်ထားတဲ့ သူမှာ ခေါင်းကိုက်တဲ့အခါ အိတ်ထဲက ဆေးကလေးကို ထုတ်ပြီးစားလိုက်ရင် ချက်ခြင်း သက်သာပျောက်ကင်း သွားသလိုပဲ ရှုမှတ်လိုက်ရင် ချက်ခြင်း ပျောက်ကင်းသွားတာကို တွေ့ရပါလိမ့်မယ်၊ အဲဒီလို စိတ်ဆိုးပြေသွားတဲ့ အခါကျမှ ပြောသင့်တာကို ချိုချိုသာသာ ပြောရတယ်၊ အဲဒီလို ဒေါသပယ်ပြီးမှ ပြောသင့်တာကို ပြောရင် မိတ်မပျက်ခြင်း, မကွဲမပြားခြင်း အစ ရှိသော အကျိုးကျေးဇူးတွေကို လက်ငင်းပဲ ခံစားရပါလိမ့်မယ်၊ ဒါကြောင့် အဲဒီလို ရှုမှတ်ပြီး၊ ဒေါသကိုပယ်ဖို့ရာ ဘုန်းကြီးက အထူးသတိပေးပါတယ်၊
အဲဒီ အနက်အဓိပ္ပယ်ကိုလဲ “စိတ်ပျက် စိတ်ဆိုး ရောဂါမျိုး၊ နှိမ်ချိုးပယ်ဖျောက်လေ” လို့ ဆောင်ပုဒ်စီ ထားတယ်၊ အဲဒါကို ဆိုကြရမယ်။
စိတ်ပျက်စိတ်ဆိုး၊ ရောဂါမျိုး၊ နှိမ်ချိုးပယ်ဖျောက်လေ။
၃။ ထိနမိဒ္ဓ နီဝရဏ
▬▬▬▬▬▬▬
ထိနမိဒ္ဓဆိုတာ ထိုင်းမှိုင်း ပျင်းရိမှုပဲ၊ ဒါနမှု ဝေယျာဝစ္စအမှု အစရှိတဲ့ ကုသိုလ်ကောင်းမှု တရားမှာပျင်းတာ ထိနမိဒ္ဓပဲ၊ ဘုရား မရှိခိုးချင်တာ တရား မနာချင်တာ ထိနမိဒ္ဓပဲ၊ တရားအားထုတ်ရမှာ ပျင်းတာ ထိနမိဒ္ဓပဲ၊ ဒီထိုင်းမှိုင်းပျင်းရိမှုက အချုပ်ကျနေတာနဲ့ တူပါတယ်တဲ့၊
တူပုံကတော့ အကြောင်းတစ်ခုခုကြောင့် အချုပ်ခံနေရတဲ့သူ, ထောင်ကျနေတဲ့ သူဟာ အပြင်ဘက်က ပျော်ပွဲ ရွှင်ပွဲတွေကို ကြည့်ခွင့်မရဘူး၊ သူများက ပျော်ပွဲ ရွှင်ပွဲ ကောင်းကြောင်းကို ပြောပေမယ့် သူကိုယ်တိုင် မကြည့်ရတဲ့အတွက် ပွဲအရသာကို မခံစားရဘူး၊ အဲဒါလိုပဲ ပျင်းတဲ့သူက တရားအားမထုတ်ဘူး တရားကိုလဲ မနာဘူး၊ ဒါကြောင့် တရားနာရတဲ့ သူက တရားကောင်းကြောင်း ပြောပေမယ့် သူ့မှာ တရားအရသာမပေးဘူး၊
တရားအားထုတ်ပြီး တရားအရသာ တွေ့လာတဲ့သူက ဝမ်းမြောက်စရာ တရား အရသာတွေကို ပြောပေမယ့် သူ့မှာ တရားအရသာမပေါ်ဘူး၊ ဘာကြောင့်လဲ ဆိုလျှင် သူက ပျင်းလို့ တရားမနာဘဲ တရားအားမထုတ်ဘဲ နေတဲ့အတွက်ကြောင့်ပါပဲ၊ အချုပ်ထဲ ရောက်နေတာနဲ့ တကယ့်ကို တူပါတယ်၊ ဒါကြောင့် တရားနာရမှာ ပျင်းရင်, တရားအားထုတ်ရမှာ ပျင်းရင်, အားထုတ်နေရင်း ပျင်းလာရင် အချုပ်အနှောင် မိတာပဲလို့ နှလုံးသွင်းပြီး အဲဒီပျင်းရိမှု ထိနိမိဒ္ဓကို ပယ်ရမယ်၊
အဲဒါကို “ထိုင်းမှိုင်းပျင်းရိ ချုပ်နှောင်မီး မှတ်သိပယ်ဖျောက်လေ” လို့ ဆောင်ပုဒ် စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။
ထိုင်းမှိုင်းပျင်းရိ၊ ချုပ်နှောင်မိ၊ မှတ်သိပယ်ဖျောက်လေ။
၄။ ဥဒ္ဓစ္စ, ကုက္ကုစ္စ နီဝရဏ
▬▬▬▬▬▬▬▬▬
ဥဒ္ဓစ္စဆိုတာ - စိတ်ပျံ့လွင့်တာပဲ၊ ကုက္ကုစ္စဆိုတာ စိတ်ပူပန်တာပဲ၊ ပြောမှား ပြုမှား မိခဲ့တာကို အကြောင်းပြုပြီးတော့ နောင်တ ပူပန်နေတဲ့ သဘောပေါ့၊ အဲဒီ ဥဒ္ဓစ္စ - ကုက္ကုစ္စဟာ သူ့ကျွန်ခံနေရတာနဲ့ တူပါတယ်တဲ့၊
တူပုံကတော့ ရှေးခေတ်တုန်းက ကျွန်ဆိုတာရှိခဲ့တယ်၊ တချို့မှာဆိုရင် ငွေ သုံးလေးဆယ်လောက်ကို အကြွေးမဆပ်နိုင်တာနဲ့ ကြွေးရှင်က အဲဒီလူကို ကျွန် အဖြစ်နဲ့ သိမ်းယူတယ်၊ ကျွန်ဆိုတာ အရှင်ခိုင်းတာကို လုပ်ရတယ်၊ ထားရာမှာ နေရတယ်၊ ပေးသမျှကိုသာ စားသုံးရတယ်၊ ကိုယ့်သဘောနဲ့ သွားလိုရာ မသွား နိုင်ဘူး၊ အကျိုးစီးပွား ဖြစ်အောင်လဲ လုပ်ခွင့်မရှိဘူး၊ အဲဒီကျွန်ကမွေးတဲ့ သားသမီး တွေလဲ အိမ်ပေါက်ကျွန် ဖြစ်ရတယ်၊ အလွန် နစ်နာပါတယ်၊
အဲဒီကျွန်မှာ သူ့အခွင့်အရေး ဘာမှမရှိသလိုပဲ တရားအားထုတ်နေတဲ့ သူမှာလဲ စိတ်ပျံ့လွင့်နေရင် စိတ်ပူပန်နေရင် သမာဓိကို မရနိုင်ဘူး၊ ဉာဏ်ပညာဖြစ်ဖို့ကတော့ သာပြီးဝေးတာပဲ၊ ဒါကြောင့် ရှုမှတ်နေရင်း စိတ်ပျံ့လွင့်ရင် စိတ်ပူပန်မှု ဖြစ်ပေါ်လာရင် ကျွန်ခံတာနဲ့တူတယ်လို့ နှလုံးသွင်းပြီးတော့ ရှုမှတ်ပယ်ရမယ်၊
အဲဒါကို “ပျံ့လွင့်ပူပန်၊ သူ့ကျွန်ခံ၊ အမြန်ပယ်ဖျောက်လေ”လို့ ဆောင်ပုဒ်စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။
ပျံ့လွင့်ပူပန်၊ သူ့ကျွန်ခံ၊ အမြန်ပယ်ဖျောက်လေ။
၅။ ဝိစိကိစ္ဆာ နီဝရဏ
▬▬▬▬▬▬▬▬
ယခုဝိစိကိစ္ဆာ နီဝရဏကို ပြောရမယ်၊ ဝိစိကိစ္ဆာဆိုတာ ယုံမှားမှုပဲ၊ ဒါပေမယ့် လောကရေးရာနဲ့စပ်ပြီး ယုံမှားတာကိုတော့ နီဝရဏလို့ မဆိုရဘူး၊ ဒီလမ်းကသွားရင် ဈေးရောက်မလား၊ ဒီအမည်ဟာ ဒီလူရဲ့အမည် ဟုတ်ရဲ့လေလား စသည်ဖြင့် ဒီလို လောကရေးရာ ယုံမှားမှုကတော့ နီဝရဏ ဝိစိကိစ္ဆာမဟုတ်ဘူး၊ အကုသိုလ်လို့လဲ မုချအားဖြင့် မဆိုနိုင်ဘူး၊
သမထ ဝိပဿနာ တရားနဲ့စပ်တဲ့ ယုံမှားမှုက နီဝရဏ ဝိစိကိစ္ဆာ မည်တယ်၊ ပထဝီ ပထဝီ - မြေ မြေလို့ ရှုနေရုံနဲ့ ဈာန်ရတယ် ဆိုတာ ဟုတ်မှဟုတ်ပါ့မလား၊ အသက်ရှူလေကို ရှူနေရုံနဲ့ ဈာန်ရတယ်ဆိုတာ ဟုတ်မှ ဟုတ်ပါ့မလား စသည်ဖြင့် သမထကမ္မဋ္ဌာန်းနှင့်စပ်ပြီး ယုံမှားတွေးတောတာဟာ နီဝရဏ ဝိစိကိစ္ဆာပဲ၊
သမထကမ္မဋ္ဌာန်း အားထုတ်နေတဲ့ ပုဂ္ဂိုလ်မှာ အဲဒီလို ယုံမှား တွေးတောနေရင် သမာဓိမဖြစ်နိုင်ဘူး၊ သွားရင် သွားတယ်၊ ရပ်ရင် ရပ်တယ်၊ ထိုင်ရင် ထိုင်တယ်၊ စသည်ဖြင့် ရှုနေရုံနဲ့ ဝိပဿနာဉာဏ် ဖြစ်တယ်ဆိုတာ ဟုတ်မှ ဟုတ်ပါ့မလား စသည်ဖြင့် ယုံမှားတွေးတောတာဟာ ဝိပဿနာကမ္မဋ္ဌာန်းနှင့် စပ်ပြီးဖြစ်တဲ့ နီဝရဏ ဝိစိကိစ္ဆာပဲ၊ အဲဒီလို တွေးတောဝေဖန်နေရင် ဝိပဿနာ သမာဓိတောင် မဖြစ်နိုင်ဘူး၊ ဝိပဿနာဉာဏ်ဖြစ်ဖို့ကတော့ သာပြီးဝေးတာပဲ၊
ဖြစ်ခိုက် ရုပ်နာမ်ကို ရှုမှတ်နေရင်း “ဒီလိုရှုနေရုံနဲ့ ဝိပဿနာဉာဏ်ဖြစ်တယ်ဆိုတာ ဟုတ်မှ ဟုတ်ပါ့မလား၊ ဆရာပြောတာက မှန်မှ မှန်ပါ့မလား၊ ဒီအတိုင်း အားထုတ်ပြီးတော့ မဂ်ဖိုလ်တရားထူးကို ရကြရတယ် ဆိုတာလဲ မှန်မှမှန်ပါ့မလား” စသည်ဖြင့် စဉ်းစားမိရင် “စဉ်းစားတယ် ယုံမှားတယ်” စသည်ဖြင့် ရှုမှတ်ပြီး ပယ်မယ်၊
မပယ်ရင် ခရီးသွားတဲ့လူ လမ်းနှစ်ခွ ရောက်နေတာနဲ့ တူပါတယ်တဲ့၊ တူပုံကတော့ လူတစ်ယောက်ဟာ ကုန်ပစ္စည်း ဝယ်ရန်အတွက် ငွေထုပ်နှင့်တကွ ခရီးထွက် သွားတယ် ဆိုပါတော့၊ လုယက်ချင်တဲ့ လူဆိုးတွေကလဲ လက်နက်စွဲကိုင်ပြီး အဲဒီ လူနောက် လိုက်လာကြတယ်၊ ရဲအစောင့်အရှောက်တွေ ဝေးတဲ့နေရာမှာ လုယက် ကြဖို့ပဲ၊ အဲဒီလို နောက်မှ လူဆိုးတွေ လိုက်လာတာကို သိရရင်ရှေ့က သွားနေတဲ့ ငွေထုပ်နဲ့ လူဟာမကြောက်ပေဘူးလား၊ ဒကာကြွယ်၊
(အလွန်ကြောက်မှာပါ ဘုရား၊)
ကြောက်တော့ ခပ်မြန်မြန် သွားရလိမ့်မယ်၊ ပြေးတန်ရင် ပြေးရလိမ့်မယ်၊ အဲဒီလို အရေးတကြီး မြန်မြန်သွားနေတုန်းမှာ ကံမကောင်း အကြောင်း မသင့်ချင်တော့ လမ်းနှစ်ခုကို တွေ့ပါရောတဲ့၊ အဲဒီလို လမ်းနှစ်ခွကို တွေ့ရတဲ့ အခါမှာ လက်ယာဘက်လမ်း လိုက်ရရင် ကောင်းမလား၊ လက်ဝဲဘက် လမ်းလိုက်ရရင် ကောင်းမလားလို့ ချီတုံချတုံ စဉ်းစားနေပါသတဲ့၊ အဲဒီလို စဉ်းစားပြီး ရပ်တန့်နေတာနဲ့ နောက်ကလိုက်လာတဲ့ လူဆိုးတွေက မီလာတယ်၊ ပစ္စည်းကိုလဲယူ လူကိုလဲ သတ်ကြပါတယ်တဲ့ ဒကာကြွယ်ရ၊
အဲဒီဥပမာလိုပဲ ရှုမှတ်နေရင်း ရှုမှတ်မှုကို ရပ်နားပြီး ဟုတ်မှ ဟုတ်ပါ့မလားလို့ စဉ်းစားဝေဖန်နေတဲ့ ယောဂီမှာ အဲဒီအခိုက်၌ မောဟအစရှိသော အကုသိုလ် တရားတွေ ဖြစ်တယ်၊ အဲဒီ အကုသိုလ်မှဆက်ပြီး အကုသိုလ်ကံ ကုသိုလ်ကံတွေ ဖြစ်တယ်၊ အဲဒီကံတွေကြောင့် ဘဝအသစ်တွေဖြစ်ရမယ်၊ ဖြစ်ရာဘဝတိုင်းမှာ အိုရ နာရ သေရမယ်၊ အဲဒါတွေဟာ စဉ်းစား ဝေဖန်ပြီး ယုံမှားမှုဖြစ်နေတဲ့ အတွက်ကြောင့်ပဲ၊ ဒါကြောင့် မြတ်စွာဘုရားက အဲဒီ စဉ်းစားဝေဖန်မှုဆိုတဲ့ ယုံမှားကို လမ်းနှစ်ခွနှင့် တူတယ်လို့ ဟောတော်မူတာပဲ။
အဲဒီ အနက်ကို ဘုန်းကြီးက “ယုံမှားဒွိဟ၊ လမ်းနှစ်ခွတွေ့က ပယ်ပျောက်လေ” လို့ ဆောင်ပုဒ် စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။
ယုံမှားဒွိဟ၊ လမ်းနှစ်ခွ၊ တွေ့ကပယ်ဖျောက်လေ။
ယခု ပြောခဲ့တာဟာ နီဝရဏ ငါးပါးစုံသွားပြီ၊ အဲဒီ နီဝရဏ ငါးပါးကို ပယ်လို့ အဲဒီ နီဝရဏတွေ ကင်းစင်တဲ့ အခါကျတော့ ရှုမှတ်တဲ့ စိတ်ချည်း စင်ကြယ်နေတယ်၊ ရှေ့စိတ်လဲ မှတ်စိတ်၊ နောက်စိတ်လဲ မှတ်စိတ်၊ သူ့နောက်က စိတ်လဲ မှတ်စိတ် - ဒီလို မှတ်စိတ်ချည်း စင်ကြယ်နေတယ်၊ အဲဒီလို နီဝရဏ ကင်းပြီး စိတ်စင်ကြယ် နေတာကို စိတ္တဝိသုဒ္ဓိခေါ်တယ် ဒကာကြွယ်ရ၊
အဲဒီလို စိတ်စင်ကြယ်နေတဲ့ အခိုက်မှာ ရှုမှတ်တိုင်း ရှုမှတ်တိုင်း မှတ်သိရတဲ့ အာရုံရုပ်နဲ့ မှတ်သိတဲ့ စိတ်နာမ်ကို ပိုင်းခြားပြီး သိတယ်၊ အကြောင်းနှင့်အကျိုးကိုလဲ ပိုင်းခြားပြီး သိတယ်၊ အဖြစ်အပျက်ကိုလဲ ရှင်းရှင်းလင်းလင်း သိတယ်၊ ဒါက ပုထုဇဉ်ပုဂ္ဂိုလ်မှာ အမှတ်ကောင်းနေတဲ့အခါ သိပုံပဲ၊
ဒါပေမယ့် အမှတ်မကောင်းတဲ့ အခါမှာတော့ အဲဒီလို သဘောမှန်ကို မသိနိုင်ဘဲ ရှိနေ တတ်တယ်၊ ကာမစ္ဆန္ဒအစရှိတဲ့ နီဝရဏတွေက အားကောင်းနေလို့ အဲဒီ နီဝရဏ တွေကိုနိုင်အောင် မမှတ်နိုင်တဲ့ အတွက် အမှတ်အသိ မကောင်းဘဲ ဖြစ်နေတာပါပဲ။
သောတာပန်မှာတော့ မနိုင်တာမရှိ
သောတာပန် အရိယာတော့ မဂ်ဉာဏ်ဖြင့် ဝိစီကိစ္ဆာဆိုတဲ့ နီဝရဏာကို အကြွင်းမဲ့ ပယ်ပြီး ဖြစ်နေတယ်၊ ကျန်တဲ့ နီဝရဏတွေကိုလဲ တစ်စိတ်တစ်ဒေသအားဖြင့် ပယ်ပြီး ဖြစ်နေတယ်၊ ဒါကြောင့် ပလိဗောဓ - ကြောင့်ကြစရာမရှိဘဲ ဆိတ်ငြိမ်ရာ ဝင်ပြီး ရှုမှတ်နေရင်း ကာမစ္ဆန္ဒ အစရှိတဲ့ အဲဒီကျန်တဲ့ နီဝရဏတွေလဲ မကြာခင်ဘဲ ဝိက္ခမ္ဘနပဟာန်အလိုအားဖြင့် ကွာကင်းသွားတယ်၊
ဒါကြောင့် ဖြစ်တိုင်း ပျက်တိုင်းသော ရုပ်နာမ်တွေကို အကုန်လုံးလိုက်ပြီး ရှုမှတ်နိုင်တယ်၊ အဖြစ်အပျက် အနိစ္စ, ဒုက္ခ, အနတ္တ သဘောမှန်ကို ရှင်းရှင်း လင်းလင်း သိရတယ်၊ မသိနိုင်အောင် လွှမ်းမိုးနှိပ်စက်တဲ့ နီဝရဏ ပရိယုဋ္ဌာန် ကိလေသာရယ်လို့ မရှိ၊ ဒါကြောင့် ဒီလိုဆက်ပြီး ဟောတော်မူပါတယ်။
သော - ထိုသို့ ဆိတ်ငြိမ်ရာကပ်၍ ရှုဆင်ခြင်ကြည့်သော ထိုသောတာပန်ရဟန်း သောတာပန်ပုဂ္ဂိုလ်သည်၊
ဧဝံ ပဇာနာတိ - ဤသို့ သိမြင် ဆုံးဖြတ်နိုင်ပေသည်၊
ယေန - အကြင် နီဝရဏပရိယုဋ္ဌာန်ဖြင့်၊
ပရိယုဋ္ဌိတစိတ္တော - ရှေ့နောက် ထက်ဝန်းကျင်မှ ထကြွဖြစ်ပေါ်ကာ လွှမ်းမိုးနှိပ်စက် ခံရသည့်စိတ် ရှိသည်ဖြစ်၍၊
ဝါ - လွှမ်းမိုးနှိပ်စက်ခံရသောကြောင့်၊
အဟံငါသည်၊
ယထာဘူတံ နပ္ပဇာနေယျံ နပဿေယျံ - ဟုတ်တိုင်း မှန်စွာ မသိမမြင်နိုင်ဘဲ ရှိရာ၏၊
တံ ပရိယုဋ္ဌာနံ - ထိုသို့သော ပရိယုဋ္ဌာန် ကိလေသာသည်၊
မေ - ငါ၏၊
အဇ္ဈတ္တံ - ကိုယ်ထဲ၌၊
အပ္ပဟီနံ - မပယ်ရသေးဘဲ မကင်းသေးဘဲ၊
နတ္ထိ - မရှိတော့ပြီ၊
သစ္စာနံ ဗောဓာယ - သစ္စာလေးပါး အမှန်တရားတို့ကို ထိုးထွင်း၍ သိရန်အတွက်၊
မေ မာနသံ - ငါ၏စိတ်ကို၊
သုပ္ပဏိဟိ တံ - ကောင်းစွာထားအပ်ပေပြီ၊ ကောင်းစွာထားပြီး ဖြစ်ပေပြီ၊
ဣသိ ပဇာနာတိ - ဤသို့ သိမြင်ဆုံးဖြတ်နိုင်ပေ၏ -
လို့ ဟောတော်မူပါတယ်။
ဆိုလိုရင်း အတိုချုပ်ကတော့ တောအရပ် သစ်ပင်အောက် လူဆိတ်သော ကျောင်း ဆိုတဲ့ ဆိတ်ငြိမ်ရာ အရပ်သုံးခုထဲက တစ်ခုခုသော အရပ်သို့ ဝင်ရောက်ပြီး ရှုမြဲရှုမှတ် ဆင်ခြင်ကြည့်လျှင် ရုပ်နာမ် အဖြစ်အပျက် သဘောမှန်ကို မသိနိုင်အောင် ပြင်းထန်စွာ ဖြစ်တဲ့ နီဝရဏပရိယုဋ္ဌာန် ကိလေသာကို မတွေ့ရဘူး၊ ဖြစ်ပေါ်လာတဲ့ ပရိယုဋ္ဌာန် ဟူသမျှကို ရှုမှတ်ပြီး ပယ်နိုင်တယ်၊
ဒါကြောင့် စိတ်စင်ကြယ်ပြီး အဖြစ်အပျက် သဘောမှန်ကို သိလျက် သိလျက် အမှတ်ကောင်းနေတယ်၊ ဒါကြောင့် သဘောမှန်ကို မသိနိုင်အောင် လွှမ်းမိုးနှိပ်စက် တတ်တဲ့ ပရိသဘောမှန်ကို မသိနိုင်အောင် လွှမ်းမိုး နှိပ်စက်တတ်တဲ့ ပရိယုဋ္ဌာန် ကိလေသာဟာ ငါ့သန္တာန်မှာ မရှိတော့ဘူးလို့ သိမြင် ဆုံးဖြတ်နိုင်တယ်လို့ ဆိုလိုပါတယ်၊
အဲဒါကို ဘုန်းကြီးက အတိုချုပ်မှတ်ဖို့ ဆောင်ပုဒ်စီထားတယ်၊
“ဆိတ်ငြိမ်ရာတွင်၊ ချဉ်းကပ်စင်၍၊ ဆင်ခြင်ရှုကြည့်၊ ဖြစ်ပျက်မိ၊ အသိရှင်းသည်သာ။
ယထာဘူတ၊ မသိရအောင်၊ ထကြွလွှမ်းမိုး ကိလေဆိုး ဖြစ်ရိုးမရှိပါ”တဲ့၊
အဲဒါကို ဆိုကြရမယ်။ .
ပထမပစ္စဝေက္ခဏာ ဆောင်ပုဒ်
ဆိတ်ငြိမ်ရာတွင်၊ ချဉ်းကပ်ဝင်၍၊ ဆင်ခြင်ရှုကြည့်၊
ဖြစ်ပျက်မိ၊ အသိရှင်းသည်သာ။
ယထာဘူတ၊ မသိရအောင်၊ ထကြွလွှမ်းမိုး၊
ကိလေဆိုး ဖြစ်ရိုးမရှိပါ။
ဤသို့သိရ - ပထမ - ပစ္စဝေက္ခဏာ။
ဆိတ်ငြိမ်ရာ ချဉ်းကပ်ပြီး ဒွါရ ၆-ပါးက ဖြစ်ခိုက် ရုပ်နာမ်တွေကို ရှုမှတ်ကြည့်လျှင် အဖြစ်အပျက် သဘောမှန်ကို ရှင်းလင်းစွာ သိရပါလိမ့်မယ်၊ အမှန်အတိုင်း မသိရအောင် ဖြစ်ပေါ်ပြီး နှောင့်ယှက်တဲ့ ပရိယုဋ္ဌာန်ကိလေသာကို မတွေ့ရဘဲ ရှိပါလိမ့်မယ်တဲ့၊ အဲဒီလို ဆင်ခြင်ပြီး သိမြင် ဆုံးဖြတ်နိုင်တာကို ပထမ ပဟာပစ္စဝေက္ခဏာဉာဏ်လို့ ခေါ်တယ်၊ ဒါကြောင့် -
ဣဒံ - ဤဆင်ခြင်ဉာဏ်သည်၊
အဿ အဓိကတံ - ထိုသောတာပန်ပုဂ္ဂိုလ်ရသော၊
ပဌမံဉာဏံ - ပဌမ ပစ္စဝေက္ခဏာဉာဏ်သည်၊
ဟောတိ - ဖြစ်ပေ၏၊
အရိယံ လောကုတ္တရံ - လောကုတ္တရာ အရိယမဂ်ကို မှီ၍ဖြစ်သော ဉာဏ်ပေတည်း၊
အသာဓာ ရဏံ ပုထုဇ္ဇနေဟိ - ပုထုဇဉ်တို့နှင့် မဆိုင်သော ဉာဏ်ပေတည်း -
လို့ ဟောတော်မူပါတယ်၊ ဒီဉာဏ်ဟာ လောကုတ္တရာ အရိယမဂ် ရပြီးဖြစ်တဲ့ အရိယာသန္တာန်မှာ ဖြစ်တယ်၊ ပုထုဇဉ်သန္တာန်မှာ ဖြစ်ရိုးမရှိဘူး၊ ဒါကြောင့် ဒီဉာဏ်ကို ရရင် အောက်ထစ်ဆုံးအားဖြင့် သောတာပန်ဖြစ်ပြီလို့ ဆုံးဖြတ်နိုင်ပါတယ်၊
အဲဒီနောက်ဆုံးအပိုဒ်အတွက် “ဤသို့သိရ၊ ပထမ၊ ပစ္စဝေက္ခကာ”လို့ ဆောင်ပုဒ် စီထားပါတယ်၊ အဲဒါကို ရှေး ၂ - ပုဒ်နှင့် ပေါင်းပြီး ဆိုရမယ်။
ဆိတ်ငြိမ်ရာတွင်၊ ချဉ်းကပ်ဝင်၍၊ ဆင်ခြင် ရှုကြည့် ဖြစ်ပျက်မိ၊ အသိရှင်းသည်သာ။
ယထာဘူတ၊ မသိရအောင်၊ ထကြွလွှမ်းမိုး၊ ကိလေဆိုး ဖြစ်ရိုးမရှိပါ။
အဲဒါဟာ မိမိကိုယ်ကို သောတာပန် ဖြစ်ပြီလို့ ယူဆထားတဲ့ ပုဂ္ဂိုလ်တွေ စုံစမ်း စမ်းသပ်ကြည့်ဖို့ ပထမပစ္စဝေက္ခဏာနည်းပဲ၊
အဲဒီနည်းအတိုင်း ဆိတ်ငြိမ်ရာကပ်ပြီး ဒွါရ ၆-ပါးက ဖြစ်ပေါ်နေတဲ့ ရုပ်နာမ်တွေကို ရှုမှတ်ပြီး စမ်းသပ်ကြည့်နိုင်ပါတယ်၊ တကယ် သောတာပန် ဟုတ်ရင်တော့ ရှုမှတ်ပြီး မပယ်နိုင်တဲ့ နီဝရဏပရိယုဋ္ဌာန် ကိလေသာကို မတွေ့ရဘဲ ရှုမှတ်တဲ့ စိတ်ချည်း သန့်ရှင်း စင်ကြယ်နေတာကို တွေ့ရပေလိမ့်မယ်၊ အဲဒီအခါမှာ
“သမာဟိတော - စိတ်တည်ကြည်သော သူသည်၊
ယထာ ဘူတံ - ဟုတ်တိုင်းမှန်စွာ၊
ပဇာနာတိ - သိ၏”
လို့ ဟောထားတဲ့ စကားတော်နှင့်အညီ ရှုမိတဲ့ ရုပ်နာမ် သဘောတရားတွေကို ပိုင်းပိုင်းခြားခြား ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း သိရပါလိမ့်မယ်၊ ဥပမာ အားဖြင့် အဝေးကအာရုံကို ပကတိ မျက်စိဖြင့် ကောင်းကောင်း မမြင်ရပေမယ့် မှန်ပြောင်းနဲ့ ကြည့်လိုက်ရင် ပီပီသသကြီး မြင်ရသလိုပင် သမာဓိ မှန်ပြောင်း၏ အစွမ်းကြောင့် ရှင်းလင်းပြတ်သားစွာ သိရပါလိမ့်မယ်၊
ရှုမှတ်ဆဲမှာပဲ ရှုမိတဲ့အာရုံရော ရှုသိတဲ့စိတ်ရော ပျက်ပျက် သွားတာကို တွေ့ပြီး အနိစ္စ ဒုက္ခ အနတ္တသဘောကို မှန်ကန်စွာ သိရပါလိမ့်မယ်၊ မရှုမသိနိုင်အောင် တားမြစ်တဲ့ ပရိယုဋ္ဌာန် စိတ်ကူးကို မတွေ့ရဘဲ ရှိပါလိမ့်မယ်၊ အဲဒီလို သိမြင်ရရင် သောတာပန် အစစ်ဖြစ်ပြီလို့ ဆုံးဖြတ်နိုင်ပါတယ်၊ အကယ်၍ စိတ်အေး လက်အေးနဲ့ ရှုမှတ်ကြည့်တဲ့အခါမှာ စိတ်ကူးတွေက များလွန်းလို့ မရနိုင်ဘူး၊ အဖြစ်အပျက်ကို မသိရဘူးဆိုရင်တော့ ဒီပထမပစ္စဝေက္ခဏာနှင့် မညီသေးဘူးလို့ မှတ်ရမှာပဲ ဒကာကြွယ်ရ၊ ကဲ … ဒုတိယပစ္စဝေက္ခဏာကို ဟောကြစို့။ .
၂။ ဒုတိယ ပစ္စဝေက္ခဏာ
ပုနစ ပရံ ဘိက္ခဝေ အရိယသာဝကော ဣတိပဋိ သဥ္စိက္ခတိ ဣမံ နုခေါ အဟံ ဒိဋ္ဌိံ အာသေဝန္တော ဘာဝန္တော ဗဟုလီကရောန္တော လာဘာမိ ပစ္စတ္တံ သမထံ လဘာမိ ပစ္စတ္တံ နိဗ္ဗုတိ”န္တိ။
ဘိက္ခဝေ - ရဟန်းတို့၊
ပုန စ - တစ်ဖန်လည်း၊
အပရံ - တစ်ပါးသော ဆင်ခြင်ပုံကား၊
အရိယသာဝကော - အရိယာတပည့်ဖြစ်သော ပုဂ္ဂိုလ်သည်၊
ဝါ - သောတာပန်ပုဂ္ဂိုလ်သည်၊
ဣတိပိ ပဋိသဥ္စိက္ခတိ - ဤပုံ ဤနည်းဖြင့် ရှုဆင်ခြင် ကြည့်လေသည်၊
(ရှုဆင်ခြင်ပုံကတော့)
ဣမံ ဒိဋ္ဌိ - ဤအသိအမြင်ကို၊
အာသေဝန္တော ဘာဝန္တော - မှီဝဲလျက် ပွားစေလျက်၊
ဗဟုလီ ကရောန္တော - အကြိမ်များစွာ ပြုနေသော၊
အဟံ - ငါသည်၊
ပစ္စတ္တံ သမထံ - မိမိ၏ စိတ်၌ နီဝရဏကို ငြိမ်းစေတတ်သော သမာဓိကို၊
လဘာမိ နုခေါ - ရပါ၏လော၊
ပစ္စတ္တံနိဗ္ဗူတိံ - မိမိ၏စိတ်၌ ကိလေသာ ငြိမ်းခြင်းကို၊
လဘာမိ နုခေါ - ရပါ၏လော၊
ဣတိ - ဤသို့ ရှုဆင်ခြင်ကြည့်လေသည်။
သောတာပန် အရိယာပုဂ္ဂိုလ်မှာ မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို တွေ့မြင်ပြီးတော့ ရုပ်နာမ်တရားတွေကို အနိစ္စ ဒုက္ခ အနတ္တ သဘောမျှပဲလို့ သိတဲ့ အသိအမြင်ဟာ ခိုင်မြဲသွားတယ်၊ ထပ်ခါ ထပ်ခါ ရှုမှတ်နေတိုင်း အဲဒီ မဂ်အသိအမြင်ကို မှီဝဲပွားများ နေသည် မည်ပါတယ်၊ ဒါကြောင့် အဲဒီလို ရှုမှတ်ပြီး မှီဝဲပွားများနေတဲ့အတွက် ကိလေသာ ငြိမ်းမှု ရ - မရ ဆင်ခြင်ကြည့်ပါတယ်၊
အဲဒီ ဆင်ခြင်ပုံထဲမှာ မိမိစိတ်၌ နီဝရဏကိလေသာကို ငြိမ်းစေတတ်တဲ့ သမာဓိကို ရပါရဲ့လားလို့ ဆင်ခြင်တာက ရှုမှတ်နေစဉ်မှာ စိတ်ကူးကြံစည်မှု ပရိယုဋ္ဌာန် ကိလေသာတွေကို ငြိမ်းစေနိုင်အောင် သမာဓိ ကောင်းပါရဲ့လားလို့ ဆင်ခြင်တာပဲ၊ အရိယမဂ် မရခင်ကဆိုရင် အဲဒီလို အပြင်ထွက်တဲ့ စိတ်ကူးတွေကို မပယ်နိုင်တဲ့ အခါလဲ ရှိခဲ့တယ်၊ ယခု အဲဒီလို ပရိယုဋ္ဌာန် စိတ်ကူးတွေကို ဝေးကွာနေအောင် ပယ်နိုင်ရဲ့လား၊ အဲဒီလို ခွါနိုင်တဲ့ သမာဓိကို ရရဲ့လားလို့ ဆင်ခြင်တာပါပဲ၊
နောက်ပြီးတော့ မိမိစိတ်၌ ကိလေသာ ငြိမ်းခြင်းကို ရပါရဲ့လားလို့ ဆင်ခြင်တာ ကတော့ သက္ကာယဒိဋ္ဌိ အစရှိသော ကင်းငြိမ်သင့်တဲ့ ကိလေသာတွေ ကင်းငြိမ်း ပါရဲ့လားလို့ ဆင်ခြင်တာပါပဲ၊ အဲဒီလို ဆင်ခြင်ကြည့်တဲ့အခါမှာ ပရိယုဋ္ဌာန် အကြမ်းစား ကိလေသာတွေလဲ ရှုမှတ်မှုသမာဓိ၏ အစွမ်းဖြင့် ဝေးကွာပြီး ငြိမ်းနေ တာကို တွေ့ရတယ်၊ အနုသယဆိုတဲ့ အနုစားကိလေသာတွေလဲ ငြိမ်းတန်သမျှ ငြိမ်းနေတာကို တွေ့ရတယ်၊
အဲဒီလို တွေ့ရပုံကို မြတ်စွာဘုရားက ဒီလိုဟောထားပါတယ်။
သော ဧဝံ ပဇာနာတိ “ဣမံခေါ အဟံ ဒိဋ္ဌိံ အာသေဝန္တော ဘာဝန္တော ဗဟုလီ ကရောန္တော လဘာမိ ပစ္စတ္တံ သမထံ၊ လဘာမိ ပစ္စတ္တံ နိဗ္ဗုတိ”န္တိ။
သော - ထိုသို့ ဆင်ခြင်ကြည့်သော ပုဂ္ဂိုလ်သည်၊
ဧဝံ - ပဇာနာတိ - ဤသို့ သိမြင် ဆုံးဖြတ်နိုင်လေသည်၊
ဣမံ ဒိဋ္ဌိံ - ဤအသိအမြင်ကို၊
အာသေဝန္တော ဘာဝန္တော - မှီဝဲလျက် ပွားစေလျက်၊
ဗဟုလီ ကရောန္တော - အကြိမ်များစွာ ပြုနေသော၊
အဟံ - ငါသည်၊
ပစ္စတ္တံ သမထံ - မိမိစိတ်၌ နီဝရဏကို ငြိမ်းစေနိုင်သော သမာဓိကို၊
လဘာမိ - ရပါပေ၏၊
ပစ္စတ္တံ နိဗ္ဗုတိံ - မိမိစိတ်၌ ကိလေသာ ငြိမ်းခြင်းကို၊
လဘာမိ - ရပါပေ၏၊
ဣတိ - ဤသို့ သိမြင် ဆုံးဖြတ်နိုင်ပေ၏။
ဗလိဗောဓ မရှိဘဲ စိတ်အေးချမ်းသာစွာဖြင့် ရှုမြဲ ရှုမှတ်ကြည့်သောအခါ ကာမ အလိုဆန္ဒ အစရှိသော ပရိယုဋ္ဌာန် ကိလေသာတွေ, အပြင်ထွက်တဲ့ စိတ်ကူးတွေ ငြိမ်းနေတာ, ကင်းကွာနေတာကို တွေ့ရတဲ့အတွက် မိမိစိတ်၌ နီဝရဏကို ငြိမ်းစေ တတ်သော သမာဓိကို ရပါပေတယ်လို့ သိရတယ်၊
ဆိုလိုရင်းကတော့ အပြင်ကိုထွက်သွားတတ်တဲ့ စိတ်ကူးတွေ ကင်းကွာနေအောင် ရှုမှု သမာဓိကောင်းနေတယ်လို့ ဆိုလိုပါတယ်၊ ဒါကြောင့် သောတာပန်အစစ်အမှန် ဖြစ်ရင် ပလိဗောဓ မပြတ်စွဲနေတဲ့အခါ ရှုမှတ်ကြည့်ရင် အများအားဖြင့် အပြင် ထွက်တဲ့ စိတ်ကူးတွေနည်းပါးပြီး အမှတ်ကောင်းနေတယ်၊ ဒါပါပဲ၊
နိဗ္ဗုတိ-အရ အနုသယကိလေသာ ငြိမ်းပုံကတော့ ပုထုဇဉ်ပုဂ္ဂိုလ်များမှာ ရုပ်နာမ် သဘောတရား အကြောင်း လုံးဝမသိရင် ကိုယ်ထဲမှာ အသက် ရှင်နေတဲ့ အကောင်ဟာ ရှိသလိုလို ထင်နေတတ်တယ်၊ စဉ်းစားနေတာကိုပင် ငါပဲလို့ ထင်နေတတ်တယ်၊
သောတာပန်မှာ နှလုံးသွင်း ဆင်ခြင်ကြည့်လိုက်ရင် မပြတ်ဖြစ်ပျက်နေတဲ့ ရုပ်နာမ် သဘောမျှလို့သာ သိရတယ်၊ အသက်ရှင်နေတဲ့ အကောင်ဆိုတာ မရှိဘူးလို့သာ သိရတယ်၊ ရှုမှတ်ကြည့်တဲ့အခါမှာတော့ ရုပ်နာမ်သဘောမျှသာ ဖြစ်ကြောင်း အသက်ကောင်ရယ်လို့ မရှိကြောင်း သာပြီးတောင် ထင်ရှားသေးတယ်၊
အဲဒီလိုသိပုံကို ရည်ပြီးတော့ “ရုပ်နာမ်အစု၊ ငါကောင်ဟု၊ ထင်မှုမရှိပါ”လို့ ဆောင်ပုဒ်၌ စီထားတယ်၊
သောတာပန်မှာ ပုထုဇဉ်များလို “ရုပ်နာမ်အစုဆို ငါကောင်”လို့ ထင်မှတ်စွဲလမ်းမှု မရှိဘူး၊ ဒါကြောင့် ငါကောင်လို့ ထင်မှတ်တဲ့ သက္ကာယ ဒိဋ္ဌိကင်းနေကြောင်း ထင်ရှား သိရတယ်၊ ဘုရား, တရား သံဃာ အကျင့်သိက္ခာနှင့် စပ်ပြီးတော့ ယုံမှားမှု ကင်းနေကြောင်းလဲ ထင်ရှားသိရတယ်။ အလေ့အကျင့် တစ်စုံတစ်ခုပြုရုံနဲ့ သံသရာ ဝဋ်ဆင်းရဲ လွတ်မြောက်နိုင်တယ်လို့ ယုံကြည်ယူဆတဲ့ သီလဗ္ဗတပရာမာသလဲ ကင်းနေကြောင်း ထင်ရှား သိရတယ်၊
အဲဒါကို ရည်ပြီးတော့ “သစ္စာမမြင်၊ မဂ္ဂင်မပါ၊ လေ့ကျင့်ခါဖြင့်၊ ချမ်းသာမြဲမည် မယုံကြည်၊ ကုန်ပြီ သီလဗ္ဗတာ”လို့ ဆောင်ပုဒ်စီထားတယ်၊ သစ္စာလေးပါးကို သိမြင်အောင်လဲ အားမထုတ်ရဘဲ၊ သစ္စာလေးပါးကို သိမြင်ခြင်းလဲ မရှိပဲ၊ မဂ္ဂင် ရှစ်ပါးကို ပွားစေခြင်းလဲ မရှိပါပဲ၊ အလေ့အကျင့် တစ်ကို ပြုရုံမျှဖြင့် ဆင်းရဲမှ လွတ်မြောက်တယ်၊ အမြဲတမ်း ချမ်းသာသွားတယ်လို့ ယုံကြည် ယူဆတာကို သီလဗ္ဗတပရာမာသ ခေါ်တယ်၊
အဲဒါက ဘယ်လိုဟာလဲဆိုရင် ဂင်္ဂါမြစ်ရေ ချိုးရုံနဲ့ မကောင်းမှုတွေ ကင်းပျောက် သွားတယ်လို့ ယူဆတာ၊ သတ္တဝါတွေကို သတ်ပြီး ယဇ်ပူဇော်ရုံခဲ့ မကောင်းမှုတွေ ကင်းပျောက် သွားတယ်လို့ ယူဆတာ မိမိကိုယ်ကို ပင်ပန်းအောင် လုပ်လို့ အကုသိုလ်ကံတွေ ကုန်သွားတယ်လို့ ယူဆတာ၊ နတ်, သိကြား, ဗြဟ္မာ ကောင်းကင်ဘုံက ဘုရားများကို ကိုးကွယ်နေရုံ အရိုအသေပြုနေရုံနဲ့ သေပြီး တဲ့နောက် ကောင်းကင်ဘုံရောက်ပြီး အမြဲတမ်း ချမ်းသာသွားတယ်လို့ ယူဆတာ၊ ဘာမျှ မလုပ်ဘဲ မိမိစိတ်ကို အငြိမ်းအာရုံနဲ့ နိဗ္ဗာန်ရောက်တယ်လို့ ယုံကြည် ယူဆတာ၊ ဒီလို ယုံကြည် ယူဆတာတွေဟာ သီလဗ္ဗတပရာမာသတွေပါပဲ၊
သောတာပန်မှာတော့ “ဖြစ်ခိုက်ဖြစ်ခိုက် ရုပ်နာမ်တွေကို ရှုမှ ရုပ်နာမ်အဖြစ်အပျက် အနိစ္စ, ဒုက္ခ, အနတ္တ သဘောမှန်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် သိနိုင်တယ်၊ အဲဒီလိုသိပြီးမှ အရိယမဂ်ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မြင်တွေ့ရတယ်၊ အဲဒီလို နိဗ္ဗာန်ကို တွေ့ရမှ ဆင်းရဲမှ လွတ်မြောက် နိုင်တယ်” ဆိုတာကို ကိုယ်တိုင်တွေ့အားဖြင့် သိပြီး ဖြစ်နေတယ်၊ ဒါကြောင့် ရှုမှတ်မှု မဂ္ဂသစ္စာကို မပွားဘဲ အငြိမ်းဓာတ်နိဗ္ဗာန်ကို မဂ်ဖိုလ်ဉာဏ်ဖြင့် မတွေ့ရဘဲ တစ်စုံတစ်ခုသော အလေ့အကျင့်မျှဖြင့် ဆင်းရဲမှ လွတ်မြောက်တယ်ဆိုတာကို လက်မခံနိုင်တော့ဘူး၊ မယုံကြည်နိုင်တော့ဘူး၊ အဲဒါဟာ သီလဗ္ဗတပရာမာသဒိဋ္ဌိ ကင်းတာပါပဲ။
ဒါကြောင့် သောတာပန်ဟာ ဆင်ခြင်ကြည့်ရင် မိမိသန္တာန်မှာ သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ, သီလဗ္ဗတပရာမာသ ဆိုတဲ့ ကိလေသာ သုံးပါး လုံးဝကင်းနေတာကို ထင်ရှားတွေ့ရတယ်၊ သူတစ်ပါးအသက်ကို သတ်ခြင်း, ခိုးယူခြင်း အစရှိသော အပါယ် ကျလောက်တဲ့ မကောင်းမှု အကြမ်းတွေကို မပြုနိုင်အောင် လောဘ, ဒေါသ, အကြမ်းတွေ လုံးဝကင်းစင်နေတာကိုလဲ တွေ့ရတယ်၊
ရှုမှတ်ကြည့်တဲ့အခါ အနိစ္စ, ဒုက္ခ, အနတ္တသဘောမှန်ကို ထင်ရှား သိရတဲ့အတွက် မြဲတယ်, ချမ်းသာတယ် ငါကောင်ပဲလို့ စွဲလမ်းနိုင်တဲ့ မောဟ အစရှိသော အနုသယ ကိလေသာတွေ ကင်းကင်းသွားတာကိုလဲ တွေ့ရတယ်၊ အနုသယဆိုတာ အနိစ္စ, ဒုက္ခ, အနတ္တမျှပဲလို့ မသိရတဲ့ မြင်မှု, ကြားမှု စသည်ဆိုင်ရာ တရားတွေကို နိစ္စ, သုခ, အတ္တလို့ ထင်ပြီး ဖြစ်နိုင်တဲ့ ကိလေသာတွေပါ၊
အဲဒီ အနုသယ ကိလေသာတွေဟာ ရှုပြီး “အနိစ္စ, ဒုက္ခ, အနတ္တမျှပဲလို့” သိရတဲ့ အာရုံတိုင်းမှာ ဖြစ်ခွင့်မရဘဲ ကင်းငြိမ်း ကင်းငြိမ်းသွားတယ်၊ အဲဒီ ကင်းငြိမ်းတာကို တဒင်္ဂအားဖြင့် နိဗ္ဗုတိ - ငြိမ်းမှုကို ဆိုရတယ်၊ ဒါကြောင့် ရှုဆင်ခြင်ကြည့်တဲ့ သောတာပန်ပုဂ္ဂိုလ်က “ပစ္စတ္တံနိဗ္ဗုတိ - မိမိစိတ်၌ ကိလေသာ ငြိမ်းခြင်းကို၊ လဘာမိ - ရပါပေသည်”လို့ မြင်သိ ဆုံးဖြတ်ကြောင်း ဟောတော်မူတာပဲ၊ အဲဒီ အနက် အဓိပ္ပါယ်ကို ဘုန်းကြီးက -
မဂ်သိပြီးဟန်၊ ဝိပသ်ဉာဏ် ဖန်ဖန်မှီဝဲကာ။
“အကြမ်း, အနု၊ ကိလေစု၊ ငြိမ်းမှုထင်ရှားရာ”
လို့ ဆောင်ပုဒ်စီထားတယ်။
မဂ်ဉာဏ်ဖြင့် ပြီးစီးခဲ့တဲ့ အနိစ္စ, ဒုက္ခ, အနတ္တ အသိအမြင် ဝိပဿနာဉာဏ်ကို အဖန်ဖန်မှီဝဲ လေ့ကျင့်ပြီး ရှုဆင်ခြင်ကြည့်တဲ့အခါ အကြမ်းစား ပရိယုဋ္ဌာန် ကိလေသာဆိုတဲ့ စိတ်ကူးကြံစည်မှုတွေ ကင်းငြိမ်းနေအောင် အမှတ်ကောင်းတဲ့ သမာဓိကိုလဲ တွေ့ရတယ်၊ အနုသယဆိုတဲ့ အနုစား ကိလေသာတွေ ကင်းငြိမ်း တာကိုလဲ ထင်ရှား တွေ့ရတယ်လို့ ဆိုလိုပါတယ်၊ အဲဒီလို ရှုဆင်ခြင်ပြီး သိမြင် ဆုံးဖြတ်တဲ့ ဉာဏ်ကို ဒုတိယပစ္စဝေက္ခဏာလို့ ဟောတော်မူပါတယ်၊
ကဲ အဲဒီ ဆောင်ပုဒ်များကို ဆိုကြရမယ်။ .
ဒုတိယပစ္စဝေက္ခဏာ ဆောင်ပုဒ်
မဂ်သိပြီးဟန်၊ ဝိပသ်ဉာဏ်။ ဖန်ဖန်မှီဝဲကာ။
အကြမ်းအနု၊ ကိလေစု၊ ငြိမ်းမှုထင်ရှားရာ။
ဤသို့သိရ၊ ဒုတိယ၊ ပစ္စဝေက္ခဏာ။ .
၃။ တတိယ ပစ္စဝေက္ခဏာ
ယခု တတိယ ပစ္စဝေက္ခဏာကို ဟောတော့မယ်၊
မြတ်စွာဘုရား ဟောတော်မူပုံကတော့ -
ပုနစ ပရံ ဘိက္ခဝေ အရိယာ သာဝကော ဣတိ ပဋိသဥ္စိက္ခတိ “ယထာရူပါယာဟံ ဒိဋ္ဌိယာ သမန္နာဂတော၊ အတ္ထိနုခေါ ဣတော ဗဟိဒ္ဓါအညော သမဏော ဝါ ဗြဟ္မဏော ဝါ တထာရူပါယ ဒိဋ္ဌိယာ သမန္နာဂတော”တိ။
ဘိက္ခဝေ - ရဟန်းတို့၊
ပုန စ - တစ်ဖန်လည်း၊
အပရံ - တစ်ပါးသော ဆင်ခြင်ပုံကား၊
အရိယသာဝကော - အရိယာတပည့်ဖြစ်သော ပုဂ္ဂိုလ်သည်၊
ဝါ - သောတာပန်ပုဂ္ဂိုလ်သည်၊
ဣတိ ပဋိပဋိက္ခတိ - ဤပုံ ဤနည်းဖြင့် ရှုဆင်ခြင်ကြည့်လေသည်။
(ရှုဆင်ခြင်ပုံကတော့)
အဟံ - ငါသည်၊
ယထာရူပါယ - အကြင်သို့သဘောရှိသော၊
ဒိဋ္ဌိယာ - အသိအမြင်ဉာဏ်ပညာနှင့်၊
သမန္နာဂတော - ပြည့်စုံပေ၏၊
ဣတော - ၆ ဒွါရ၌ဖြစ်ခိုက် ရုပ်နာမ်ကို ရှု၍ သိရသော ဤဘုရားသာသနာတော်မှ၊
ဗဟိဒ္ဓါ - အပြင်ပ၌၊
တထာရူပါယဒိဋ္ဌိယာ - ထိုသို့သော အသိအမြင် ဉာဏ်ပညာနှင့်၊
သမန္နာဂတော - ပြည့်စုံသော၊
သမဏော ဝါ - ရဟန်းသည်လည်းကောင်း၊
ဗြာဟ္မဏော ဝါ - သူမြတ်သည်လည်းကောင်း၊
အတ္ထိ နုခေါ ဣတိ - ရှိလေသလောဟူ၍ ရှုဆင်ခြင်ကြည့်၏။
ဆိုလိုတာကတော့ သောတာပန် အရိယာ ပုဂ္ဂိုလ်ဟာ ဒွါရ ၆-ပါးက ဖြစ်ပေါ်တဲ့ ရုပ်နာမ်သဘောတရားတွေကို ရှုပြီး ရုပ်နာမ်ကိုလဲ ပိုင်းခြား သိခဲ့တယ်၊ အကြောင်း အကျိုးမျှ ဆက်စပ်ဖြစ်နေပုံကိုလဲ သိခဲ့တယ်၊ အဲဒီလို သိပြီးတော့ ဖြစ်ပျက်နေတဲ့ ရုပ်နာမ်သင်္ခါရတွေ လုံးဝချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ကိုလဲ မဂ်ဉာဏ်, ဖိုလ်ဉာဏ်ဖြင့် သိတယ်၊ အဲဒီလို အသိမျိုးဟာ ဗုဒ္ဓ သာသနာတော်မှ အပြင်ဘက်က ရသေ့ရဟန်းများမှာ ရှိလေသလားလို့ ဆင်ခြင်ကြည့်ပါတယ်တဲ့၊ အဲဒီလို ဆင်ခြင်ကြည့်တဲ့အခါ -
သော - ထိုသို့ဆင်ခြင်ကြည့်သော သောတာပန်ပုဂ္ဂိုလ်သည်၊
ဧဝံ ပဇာနာတိ - ထိုသို့ သိမြင် ဆုံးဖြတ်နိုင်ပေသည်၊
ယထာရူပါယဟံ ဒိဋ္ဌိယာ သမန္နာဂတော - အကြင်သို့ သဘောရှိသော အသိအမြင် ဉာဏ်ပညာနှင့် ငါ့မှာ ပြည့်စုံပေ၏၊
တထာ ရူပါယဒိဋ္ဌိယာ - ထိုသို့သော အသိအမြင် ဉာဏ်ပညာနှင့်၊
သမန္နာဂတော - ပြည့်စုံသော၊
သမဏော ဝါဗြာဟ္မဏော ဝါ - ရဟန်းဖြစ်စေ, သူမြတ်ဖြစ်စေ၊
ဣတော ဗဟိဒ္ဓါ - ဤသာသနာတော်မှ အပြင်ဘက်၌၊
နတ္ထိ ဣတိ - မရှိဟူ၍ သိမြင် ဆုံးဖြတ်နိုင်ပေတယ်။
ငါသိမြင်သလို သိမြင်တဲ့ ရသေ့ ရဟန်း သူမြတ်ဆိုတာ ဗုဒ္ဓသာသနာ အပြင်ဘက်၌ မရှိဘူးလို့ သိမြင် ဆုံးဖြတ်နိုင်ပါသတဲ့ ဒကာကြွယ်ရ၊ အဲဒီလို ဆုံးဖြတ်နိုင်ခြင်း၏ အကြောင်းကတော့ - ဗုဒ္ဓသာသနာမှ အပြင်ဘက်က ဘာသာ သာသနာတွေမှာ မိမိသန္တာန်က ဖြစ်ပျက်နေတဲ့ ရုပ်နာမ်တွေကို ရှုရတယ်ဆိုတဲ့ ရှုပုံရှုနည်းကိုလဲ မရှိဘူး၊
“အတ္တဆိုတဲ့ အသက်ကောင် ငါကောင်မရှိ၊ အနတ္တရုပ်နာမ် သဘောမျှသာ ရှိတယ်” လို့ သိအောင် ရှုဖို့ ညွှန်ပြ ဟောပြောခြင်းလဲ မရှိဘူး၊ ကိလေသာနှင့် ရုပ်နာမ်သင်္ခါရ ဆင်းရဲတွေ လုံးဝချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ဆိုတာလဲ အခြားဘာသာ သာသနာတွေမှာ မရှိဘူး၊ ဒါကြောင့်ပါပဲ။
ဗုဒ္ဓသာသနာတော်မှာတော့ သတိပဋ္ဌာနသုတ် ဒေသနာတော် စသည်ဖြင့် ညွှန်ပြ ထားတဲ့အတိုင်း ရှုပုံ ရှုနည်းက ရှိနေတယ်၊ အဲဒီရှုနည်းက ဘယ်လိုဟာလဲ ဆိုရင် ၆-နံပါတ် သာရဏီယတရားကို ဟောစဉ်က အကျဉ်းချုပ် ထုတ်ပြခဲ့တဲ့ အတိုင်းပါပဲ။
ဂစ္ဆန္တော ဝါ - သွားသည်ရှိသော်မူလည်း၊
ဂစ္ဆာမီတိ - သွားသည်ဟူ၍၊
ပဇာနာတိ - သိ၏၊
စသည်ဖြင့် ဟောတော်မူတဲ့အတိုင်း သွားရင် သွားတယ်လို့ ရှုမှတ်ပြီးသိရတယ်၊ ရပ်ရင် ထိုင်ရင် လျောင်းရင်လဲ ရပ်တယ် ထိုင်တယ် လျောင်းတယ်လို့ ရှုမှတ်ပြီး သိရတယ်၊ ကွေးရင် ဆန့်ရင်လဲ ကွေးတယ် ဆန့်တယ်လို့ ရှုမှတ်ပြီး သိရတယ်၊ အတိုချုပ်အားဖြင့် ဆိုရင် ကိုယ်အမူအရာ ပြုတိုင်း စိတ်အမူအရာ ဖြစ်ပေါ်တိုင်း ဝေဒနာ ဖြစ်ပေါ်တိုင်း မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း ရှုမှတ်ပြီးသိရတယ်၊
အဲဒီလို အကုန်လုံးကို စေ့ငအောင် လိုက်ပြီး မရှုနိုင်သေးခင် အားထုတ်ကာစမှာ တော့ဝမ်းဗိုက် လှုပ်ရှားမှုကို စပြီး ဖောင်းတယ် ပိန်တယ် စသည်ဖြင့် ရှုရကြောင်း ပြောခဲ့ပါပြီ၊ အဲဒီလို ရှုတော့ ဘာကိုသိသလဲဆိုရင် ဥပါဒါနက္ခန္ဓာလို့ ခေါ်တဲ့ လောကီ ရုပ်နာမ်တရားတွေ သိရတယ်၊ မြင်တယ်လို့ ရှုတဲ့အခါ မြင်ဆဲခဏမှာ ထင်ရှားတဲ့ ရုပ်နာမ်တွေကို သိရတယ်၊
မြင်ဆဲခဏမှာ မျက်စိနဲ့မြင်ရတဲ့ အဆင်းက ရုပ်ခန္ဓာပဲ၊ မြင်သိတာက နာမ်ခန္ဓာပဲ။ အဲဒီမှာ မြင်သိရုံမျှက ဝိညာဏက္ခန္ဓာပဲ၊ မြင်လို့ ကောင်းတာ မကောင်းတာက ဝေဒနာက္ခန္ဓာ၊ ဖူးမြင်ရတဲ့ အဆင်းကို မှတ်သားတာက သညာက္ခန္ဓာပဲ၊ မြင်အောင်လို့ ကြောင့်ကြစိုက်တာ နှလုံးသွင်းတာက သင်္ခါရက္ခန္ဓာပဲ၊ ဒါကြောင့် မြင်ဆဲခဏမှာ ဒီနာမ်ခန္ဓာလေးပါးနဲ့ ရုပ်ခန္ဓာ ဆိုတဲ့ ဒီခန္ဓာငါးပါးထဲက တစ်ပါးပါးကို အရင်းခံပြုပြီး သိသွားတာပဲ၊ ကြားဆဲခဏ နံဆဲခဏ စားသိဆဲခဏ ထိသိဆဲခဏ ကြံသိဆဲ ခဏတွေမှာလဲ နည်းတူပဲ သိပါတယ်၊
ထူးတာကတော့ ကြံသိဆဲခဏမှာ နှလုံးရုပ်ခန္ဓာ ကြံသိမှုက နာမ်ခန္ဓာလေးပါး ကြံသိရတဲ့ အာရုံကတော့ ရုပ်အာရုံလဲရှိတယ်၊ နာမ်အာရုံလဲ ရှိတယ်၊ ဒါလောက်ပဲ ထူးပါတယ်၊ ဒါကြောင့် သံယုတ်ပါဠိတော် သီလဝန္တသုတ်မှာ -
သီလဝတာ - သီလနှင့် ပြည့်စုံသော၊
ဘိက္ခုနာ - ရဟန်းသည်၊
ပဉ္စဥပါဒါနက္ခန္ဓာ - ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ကို၊
အနိစ္စတော - မမြဲဟု၊
ဒုက္ခတော - ဆင်းရဲဟု၊
အနတ္တတော - အတ္တကောင် မဟုတ်သော တရားမျှဟု၊
ယောနိသောမနသိကာတဗ္ဗာ - နည်းလမ်းမှန်စွာ နှလုံးသွင်းရမည်, ရှုရမည်၊
စသည်ဖြင့် ဟောထားပါတယ်၊ အဲဒီလို ရှုတော့ ဘာအကျိုးကို ရသလဲဆိုရင် -
သီလဝါ - သီလနှင့် ပြည့်စုံသော၊
ဘိက္ခု - ရဟန်းသည်၊
ဣမေ ပဉ္စ ဥပါဒါနက္ခန္ဓေ - ဤဥပါနက္ခန္ဓာ ငါးပါးတို့ကို၊
အနိစ္စတော - မမြဲဟု ဒုက္ခတော - ဆင်းရဲဟု၊
အနတ္တတော - အတ္တမဟုတ်ဟု၊
ယောနိသော မနသိကာရောန္တော - နည်းလမ်းမှန်စွာ နှလုံးသွင်းနေစဉ်၊
သောတာပတ္တိဖလံ သောတာပတ္တိဖိုလ်ကို ယံသစ္ဆိကရေယျ - အကြင် မျက်မှောက် ပြုရာ၏၊
ဧတံ ဌာနံ - ဤသို့ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရခြင်း၏ အကြောင်းသည်၊
ဝိဇ္ဇတိ - ရှိပေ၏
စသည်ဖြင့်လဲ ဟောထားပါတယ်။
မြင်ဆဲ, ကြားဆဲစသည်မှာ ထင်ရှားဖြစ်ပေါ်နေတဲ့ ခန္ဓာငါးပါးကို အနိစ္စ, ဒုက္ခ, အနတ္တမြင်အောင် ရှုနေတဲ့ ပုဂ္ဂိုလ်ဟာ သောတာပတ္တိမဂ်ဖိုလ်သို့ ရောက်ပြီး သောတာပန် ဖြစ်နိုင်ပါတယ်တဲ့ ဒကာကြွယ်ရ၊ ဒီတော့ မဂ်ဖိုလ်ကို ရောက်ချင်ရင်, ရချင်ရင် အဲဒီသုတ်အရဖြင့် မြင်ဆဲစသည်မှာ ထင်ရှားတဲ့ ခန္ဓာငါးပါးကို ရှုရမယ်ဆိုတာ မရှင်းဘူးလား၊
(ရှင်းပါတယ်ဘုရား၊)
နောက်ပြီးတော့ သောတာပန်က ခန္ဓာငါးပါးကို အနိစ္စ, ဒုက္ခ, အနတ္တ မြင်အောင် ရှုနေရင် သကဒါဂါမိမဂ်ဖိုလ်ရောက်ပြီး သကဒါဂါမ် ဖြစ်နိုင်တဲ့အကြောင်းလဲ အဲဒီ သုတ်ထဲမှာ ဟောထားတယ် ဒကာကြွယ်ရ၊ အဲဒီနည်းအတိုင်းရှုရင် သကဒါဂါမ်က အနာဂါမ် ဖြစ်နိုင်ကြောင်းလဲ ဟောထားတယ်၊ အနာဂါမ်က ရဟန္တာ ဖြစ်နိုင် ကြောင်းလဲ ဟောထားတယ်၊
ရဟန္တာဖြစ်ပြီးတော့လဲ ဒီဥပါဒါနက္ခန္ဓာ ငါးပါးကို အနိစ္စ, ဒုက္ခ, အနတ္တဟု ရှုအပ် သေးကြောင်း အဲဒီလို ရှုခြင်းဖြင့် မျက်မှောက်မှာ ချမ်းသာစွာ နေရကြောင်း သတိသမ္ပဇဉ်နှင့် ပြည့်စုံနေကြောင်းလဲ ဟောထားတယ်။ ဒကာကြွယ်ရ၊
ဒီတော့ ဥပါဒါနက္ခန္ဓာငါးပါး ရုပ်နာမ်တရားတွေ ဆိုတာ ပုထုဇဉ် အဖြစ်ကတည်းက စပြီး ရှုရတယ်၊ ရဟန္တာဖြစ်သည် အထိလဲ ရှုရတယ်၊ ရဟန္တာ ဖြစ်ပြီးတော့လဲ မျက်မှောက်ချမ်းသာရေး သမ္ပဇဉ်ဖြစ်ရေးအတွက် ရှုရတယ်ဆိုတာ အလွန်ထင်ရှား နေတယ်မဟုတ်လား၊ ဒကာကြွယ်ရ၊
ဒါကြောင့် သောတာပန် ဖြစ်ချင်ရင် ဒီရှုနည်းအတိုင်းပဲ ရှုရတယ်၊ ဒီရှုနည်းအတိုင်း ရှုလာခဲ့လို့ ဒွါရ ၆-ပါးက ဖြစ်ပေါ်လာသမျှ ထင်ပေါ်လာသမျှ ရုပ်နာမ်တွေကို အနိစ္စ, ဒုက္ခ, အနတ္တဟု ပိုင်ပိုင်နိုင်နိုင်ကြီး သိရတယ်၊ အဲဒီလို သိပြီးတော့ အရိယ မဂ်ဖိုလ် ဉာဏ်ဖြင့် နိဗ္ဗာန်ကို တွေ့ရတယ်၊ ဒီလို ထင်ရှားတွေ့ထားတဲ့ သောတာပန်ပုဂ္ဂိုလ်က ယခု ပြောခဲ့တဲ့အတိုင်း မိမိကိုယ်တိုင် သိသလို အခြားဘာသာ သာသနာမှာ သိသူရှိသေးသလားလို့ ဆင်ခြင်ကြည့်တဲ့အခါမှာ မရှိဘူးဆိုတဲ့ အဆုံးအဖြတ် အသိအမြင်ကို ရတာပေါ့၊
တစ်ခြားမှာသာ မဟုတ်သေးဘူး။ ဒီဘုရားသာသနာ အတွင်းမှာတောင်မှ ယခု ပြောခဲ့တဲ့ သတိပဋ္ဌာန်းနည်းအရ မရှုတဲ့ ဂိုဏ်းဂဏဌာနတွေမှာ ဒီလို ရုပ်နာမ် အဖြစ်အပျက် အနိစ္စ, ဒုက္ခ, အနတ္တ သဘောမှန်ကို သိတဲ့ ကိုယ်ပိုင်ဉာဏ် မဖြစ်နိုင်ဘူး၊ ရုပ်နာမ်သင်္ခါရ ဆင်းရဲတွေ လုံးဝချုပ်ငြိမ်းတဲ့ နိဗ္ဗာန်သိတဲ့ဉာဏ် မဖြစ်နိုင်ဘူးလို့လဲ သိမြင် ဆုံးဖြတ်နိုင်ပါတယ်၊
ဒါကြောင့် ဟိုဆရာ, ဒီဆရာ, ဟိုနည်း, ဒီနည်းတွေကို မော်ကြည့်ရတဲ့ အနေမျိုး မရှိတော့ဘူး၊ အခြားက ပြောဟောတာတွေကို ကိုယ့်အသိနှင့် တိုက်ဆိုင်ကြည့် လိုက်ရင် သူတို့ ဟောပြောချက်များကို ငုံ့ကြည့်ရတဲ့ အနေမျိုး ရောက်နေတယ်၊ ဒီလို ဆင်ခြင်ပြီး ဆုံးဖြတ်ပုံဟာ တတိယ မဟာပေစ္စဝေက္ခဏာဉာဏ်တဲ့ ဒကာကြွယ်ရ၊
အဲဒါကို ဘုန်းကြီးက -
“ရှုမှတ်သိရ၊ ဤလမ်းမှ၊ ပြင်ပတခြားမှာ၊ ကိလေငြိမ်းဘိ၊ မြတ်အရိ မရှိဆုံးဖြတ်ရာ၊ ဤသို့ သိရ၊ တတိယ၊ ပစ္စဝေက္ခဏာ” လို့ ဆောင်ပုဒ်စီထားပါတယ်၊
မိမိသိသလို သိတဲ့ ပုဂ္ဂိုလ်ဟာ တခြားဘာသာ, သာသနာ ဌာနများမှာ ရှိပါသေး သလားလို့ ဆင်ခြင်ကြည့်တဲ့အခါ မိမိလိုသိတဲ့ အရိယာပုဂ္ဂိုလ်ဟာ တခြားမှာ မရှိဘူး၊ ဒီဘုရား သာသနာမှာ ရှိတယ်လို့ ဆုံးဖြတ်နိုင်ပါတယ်တဲ့၊ အဲဒီ ဆောင်ပုဒ်များကို ဆိုကြရမယ်။ .
တတိယ ပစ္စဝေက္ခဏာဆောင်ပုဒ်
ရှုမှတ်သိရ၊ ဤလမ်းမှ၊ ပြင်ပတခြားမှာ။
ကိလေငြိမ်းဘိ၊ မြတ်အရိ၊ မရှိဆုံးဖြတ်ရာ။
ဤသို့သိရ၊ တတိယ၊ ပစ္စဝေက္ခဏာ။ .
၄။ စတုတ္ထ ပစ္စဝေက္ခဏာ
စတုတ္ထ ပစ္စဝေက္ခဏာကို မြတ်စွာဘုရား ဟောတော်မူပုံကတော့ -
ပုန စ ပရံ ဘိက္ခဝေအရိယာသာဝကော ဣတိပဋိသဥ္စိက္ခတိ “ယထာရူပါယဓမ္မတာယ ဒိဋ္ဌိ သမ္ပန္နော ပုဂ္ဂလော သမန္နာဂတော၊ အဟမ္ပိ တထာရူပါယ ဓမ္မတာယ သမန္နာဂတော”တိ။
ဘိက္ခဝေ - ရဟန်းတို့၊
ပုန စ - တစ်ဖန်လည်း၊
အပရံ - တစ်ပါးသော ဆင်ခြင်ပုံကား၊
အရိယ သာဝကော - အရိယာတပည့်ဖြစ်သော ပုဂ္ဂိုလ်သည်၊
ဝါ - သောတာပန် ပုဂ္ဂိုလ်သည်၊
ဣတိ ပဋိသဥ္စိက္ခတိ - ဤပုံ, ဤနည်းဖြင့် ရှုဆင်ခြင်ကြည့်လေသည်၊
(ရှုဆင်ခြင်ပုံကတော့)
ဒိဋ္ဌိသမ္ပန္နောပုဂ္ဂလော - အရိယာဉာဏ်အမြင်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည်၊
ယထာရူပါယ ဓမ္မတာယ - အကြင်သို့သော ဖြစ်မြဲရိုးရာ ဓမ္မတာ သဘောနှင့်၊
သမန္နာဂတော - ပြည့်စုံပေ၏၊
အဟမ္ပိ - ငါသည်လည်း၊
တထာ ရူပါယ ဓမ္မတာယ - ထိုသို့သော ဖြစ်မြဲရိုးရာ ဓမ္မတာသဘောနှင့်၊
သမန္နာဂတော - ပြည့်စုံပါ၏လော၊
ဣတိ - ဤသို့ ရှုဆင်ခြင် ကြည့်လေသည်။
ဒိဋ္ဌိသမ္ပန္န - အရိယာဉာဏ် အမြင်နှင့် ပြည့်စုံတဲ့ ပုဂ္ဂိုလ်ဆိုတာ သောတာပန် ပုဂ္ဂိုလ်ပဲ၊ ဒါကြောင့် သောတာပန်ပုဂ္ဂိုလ်မှာ ပြည့်စုံမြဲဖြစ်တဲ့ ဓမ္မတာသဘောနှင့် ငါ့မှာလဲ ပြည့်စုံပါရဲ့လားလို့ ဆင်ခြင်ကြည့်တယ်လို့ ဆိုလိုပါတယ်။
သောတာပန်ပုဂ္ဂိုလ်မှာ ပြည့်စုံမြဲဖြစ်တဲ့ ဓမ္မတာ သဘောက ဘယ်ဟာလဲဆိုလျှင် အရိယာ ရဟန်းတော်များမှာ ကုစားလို့ ရနိုင်တဲ့ အပြစ်အာပတ်ထဲက စိတ်မပါဘဲ သင့်တတ်တဲ့ အာပတ်မျိုး သင့်တတ်ပါတယ်တဲ့၊ ဘယ်လိုအာပတ်လဲ ဆိုရင် တစ်မိုး တစ်ရံတည်းသော ကျောင်းမှာ လူသာမဏေနှင့် သုံးညထက်ပိုလွန်ပြီး လျောင်းအိပ် နေရင် သင့်တတ်တဲ့ အာပတ်မျိုးပဲလို့ အဋ္ဌကထာက ဖွင့်ပြထားပါတယ်၊
ရတနသုတ် ပရိတ်ကြီးမှာ ကိဉ္စာပိ သော ကမ္မံ ကရောတိ ပါပကံ - ဆိုတဲ့ ဂါထာက အဆိုနှင့် အတူတူပါပဲ၊ လွန်ကျူးလိုတဲ့စိတ် မရှိဘဲ အဲဒီလို အာပတ်သင့်ပေမယ့် သောတာပန် ရဟန်းဟာ အာပတ်သင့်မှန်း သိတဲ့အခါ အလျင်အမြန် ကုစားတယ်၊
ဥပမာအားဖြင့် ပက်လက်အိပ်တတ်ကာမျှ ကလေးသူငယ်ဟာ မတော်တဆ မီးခဲကို ထိမိရင် လျင်မြန်စွာ သူ့လက်ခြေကို ပြန်ရုပ်သိမ်းသလို ပါပဲတဲ့၊ အဲဒီဥပမာထဲမှာ ကလေးသူငယ်နဲ့ ပြရတာကတော့ ကလေးသူငယ်မှာ အသားက နုတဲ့အတွက် မြန်မြန် ပူလွယ်တယ်၊ မြန်မြန် ပူတော့ မြန်မြန် ရုပ်သိမ်းတယ်ဆိုတာ သိရအောင် ပြတာပါပဲ၊
အဲဒီလိုပဲ သောတာပန် ရဟန်းဟာ အာပတ်သင့်မှန်းသိလျှင် သိချင်း အလျင်အမြန် ကုစားတယ်၊ ကုစားပြီးတော့ နောင်အခါမှာ အဲဒီ အာပတ်မျိုးလဲ မသင့်ရအောင်လဲ စောင့်ရှောက် သွားပါတယ်တဲ့၊ အဲဒါဟာ သောတာပန်ရဟန်းမှာ ပြည့်စုံမြဲ ဓမ္မတာပါပဲ၊ လူပုဂ္ဂိုလ်ဆိုရင်တော့ အပါယ် ကျစေနိုင်လောက်တဲ့ ဒုစရိုက် အကုသိုလ်မဟုတ်တဲ့ ပြောမှားပြုမှား ကြံမှားတဲ့မကောင်းမှု အကုသိုလ် အသေးအမွှားကလေးများကို ယူသင့်ပါတယ်၊
သတ်မှု, ခိုးမှု, မပိုင်တဲ့ ကာမဂုဏ်တို့၌ မှားယွင်းမှု, သူတစ်ပါး အကျိုးပျက်အောင် လိမ်မှု, မူးမေ့စေတတ်တဲ့ သေရည်သေရက် ဘိန်းစသည်တို့ကို စားသုံးမှုဆိုတဲ့ အပါယ်ကျစေနိုင်တဲ့ အကုသိုလ်မျိုးကိုတော့ သောတာပန် အစစ်ဆိုရင် ဘယ် သောတာပန်မှ မပြုဘူး၊
ဒါပေမယ့် လောဘ ဒေါသက လုံးဝ ကင်းသေးတာ မဟုတ်တဲ့အတွက် အဲဒီ လောဘဒေါသ အလိုလိုက်ပြီး ပြုမှားမိ ပြောမှားမိတဲ့ အကုသိုလ် အသေးအမွှား ကလေးများကတော့ ဖြစ်နိုင်သေးတယ်၊ ဒါပေမယ့် ပညာရှိ သူတော်ကောင်းတွေ ဆိုဆုံးမရင် မိမိ အမှားကို ဝန်ခံနိုင်ရမယ်၊ တစ်ဖန် ထပ်ပြီး ထိုအမှားမျိုး မဖြစ်အောင်လဲ စောင့်ရှောက်လိုတဲ့ စိတ်ရှိရမယ်၊ ဒါကြောင့် -
နံ - မှားမိသော ထိုအပြစ်ကို၊
ဝိညူသု သဗြဟ္မာစာရီသု - တရားကျင့်ဖက် ပညာရှိထံ၌၊
ဒေသေတိ - ပြောကြားဝန်ခံ၏၊
ဒေသေတွာ - ပြောကြား ဝန်ခံပြီး၍၊
အာယတိံ စ သံဝရံ - နောင်ကာလ၌ စောင့်စည်းခြင်းသို့လည်း၊
အာပဇ္ဇတိ - ရောက်သည်
လို့ ဟောတော်မူပါတယ်၊ အဲဒါဟာ သောတာပန်မှာ ပြည့်စုံမြဲဖြစ်တဲ့ ဓမ္မတာ သဘောပါပဲ၊ ဒါကြောင့် သောတာပန် အစစ်ဖြစ်တဲ့ ပုဂ္ဂိုလ်ဟာ အဲဒီလို ဆင်ခြင် ကြည့်တဲ့အခါ -
သော - ထိုသို့ ဆင်ခြင်ကြည့်သော သောတာပန် ပုဂ္ဂိုလ်သည်၊
ဧဝံ ပဇာနာတိ - ဤသို့ သိမြင် ဆုံးဖြတ်နိုင်ပေသည်၊
ဒိဋ္ဌိသမ္ပန္နော ပုဂ္ဂလော - အရိယာဉာဏ်အမြင်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည်၊
ယထာရူပါယဓမ္မတာယ - အကြင်သို့သော ဖြစ်မြဲ ရိုးရာ ဓမ္မတာသဘောနှင့်၊
သမန္နာဂတော - ပြည့်စုံပေ၏၊
အဟမ္ပိ - ငါသည်လည်း၊
တထာရူပါယ ဓမ္မတာယ - ထိုသို့သော ဖြစ်မြဲရိုးရာ ဓမ္မတာသဘောနှင့်၊
သမန္နာဂတော - ပြည့်စုံပါပေသည်၊
ဣတိ ဤသို့၊ သိမြင် ဆုံးဖြတ်နိုင်ပေသည်
လို့ ဟောတော်မူပါတယ်၊ အဲဒါကို ဘုန်းကြီးက -
“ကုစားနိုင်ကောင်း အာပတ်ပေါင်း၊ တိမ်းစောင်း ရောက်သေးရာ။ မဖုံးကွယ်ဘဲ၊ ကုစားမြဲ၊ နောင်လဲ စောင့်ရိုးပါ။ ဤသို့ သိရ၊ စတုတ္ထ၊ ပစ္စဝေက္ခဏာ”
လို့ ဆောင်ပုဒ်စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။ .
စတုတ္ထပစ္စဝေက္ခဏာ ဆောင်ပုဒ်
ကုစားနိုင်ကောင်း၊ အာပတ်ပေါင်း၊ တိမ်းစောင်း ရောက်သေးရာ။
မဖုံးကွယ်ဘဲ၊ ကုစားမြဲ၊ နောင်လဲ စောင့်ရိုးပါ။
ဤသို့ သိရ၊ စတုတ္ထ ပစ္စဝေက္ခဏာ။
အဲဒီ ဆင်ခြင်ပုံထဲမှာ ကုစားနိုင်ကောင်းတဲ့ အပြစ်ငယ်များသာ သင့်ရောက်တယ်။ အဲဒါကိုလဲ အပြစ်မှန်း သိတဲ့အခါ ဖုံးကွယ်မထားဘူး၊ အလျင်အမြန် ကုစားတယ်၊ နောင်အခါလဲ အဲဒီအဖြစ်မျိုး မဖြစ်ရအောင် စောင့်ရှောက်တယ် ဆိုတာတွေဟာ ပုထုဇဉ် ထူးခြားချက်တွေပဲ၊ ပုထုဇဉ်ကတော့ ကုစားလို့ မရနိုင်ကောင်းတဲ့ အပြစ်ကြီးတွေကိုလဲ မထိန်းသိမ်းနိုင်ဘူး၊
ကျူးလွန်တယ်၊ ကိုယ့်အပြစ်ကို သီတင်းသုံးဖော်များက ပြောပေမယ့် အပြစ်မှန်း မသိဘူး၊ အပြစ်မရှိဘူးလို့လဲ ထင်နေတတ်တယ်၊ အပြစ်ရှိမှန်းသိပေမယ့် ဝန်မခံဘူး၊ မကုစားဘဲလဲ နေတတ်တယ်၊ နောင်အခါလဲ, မကြဉ်ရှောင်ဘဲ ရှိတတ်တယ်၊ နောက်ပြီးတော့ သောတာပန်မှာ ကာမရာဂ ဗျာပါဒ မကင်းသေးတဲ့အတွက် ကာမဂုဏ် အာရုံတွေကို ခံစားနေပေမယ်လို့ အပြစ်ရှိတဲ့ အကုသိုလ်ပဲလို့လဲ သိတယ်၊ ပယ်သင့်တဲ့ အကုသိုလ်ပဲလို့လဲ သိတယ်၊
ပုထုဇဉ်ကတော့ အဲဒီလို အမှုတွေကို အကုသိုလ်မှန်းလဲ မသိဘူး၊ ပယ်ဖို့ရန်လဲ အားမထုတ်ဘူး၊ အမျက်ဒေါသ ထွက်ရာမှာလဲ ထူးခြားပုံဟာ နည်းတူပါပဲ၊ သောတာပန်က အကုသိုလ်အမှုကို မရှောင်နိုင်လို့ ပြုရပေမယ့် ပယ်သင့်တဲ့ အကုသိုလ်မှန်းသိတယ်၊ ပုထုဇဉ်က အဲဒီလို မသိဘဲ ရှိနေတတ်တယ်၊ ဒါလောက် ဆိုရင် ဒီစတုတ္ထ ပစ္စဝေက္ခဏာကတော့ တော်လောက်ပါပြီ၊
ယခု ပဉ္စမ ပစ္စဝေက္ခဏာကို ဟောတော့မယ်။ .
၅။ ပဉ္စမ ပစ္စဝေက္ခဏာ
ဒီပဉ္စမ ပစ္စဝေက္ခဏာအရာမှာ ဆင်ခြင်ပုံ ပါဠိကတော့ စတုတ္ထကနဲ့ အတူတူပါပဲ၊ အရိယာဉာဏ် အမြင်နှင့် ပြည့်စုံတဲ့ သောတာပန်မှာ ပြည့်စုံမြဲဖြစ်တဲ့ ဓမ္မတာသဘော ငါ့မှာလဲ ပြည့်စုံပါရဲ့လားလို့ ဆင်ခြင်ကြည့်ပါသတဲ့၊ ဒီတော့ ခုတင်က ပစ္စဝေက္ခဏာ ထဲမှာလဲ ဓမ္မတာသဘောပဲ၊ ယခုလဲ ဓမ္မတာသဘောပဲ၊ ဘယ်လိုထူးပါသလဲလို့ မေးစရာရှိပါတယ်၊
ခုတင်က ဓမ္မတာသဘောကတော့ အာပတ်အပြစ်ကို မြန်မြန်ကုစားပြီး စောင့်ရှောက် သွားတာကို ဆိုပါတယ်၊ ယခု ဓမ္မတာသဘောကတော့ သိက္ခာသုံးပါးကျင့်ဖို့ အလိုဆန္ဒထက်သန် အားကောင်းတာကို ဆိုပါတယ်၊ ဒါကြောင့် ဒီနေရာမှာ ဓမ္မတာ သဘောကို ဒီလို ပြတော်မူပါတယ်။
ကိံ ကရဏီယာနိ - ဘာလုပ်ပေးရမလဲ ဟု မေး၍ ပြုလုပ်ပေးသင့် ကုန်သော၊
သဗြဟ္မစာရီနံ - သီတင်းသုံးဖော်တို့၏၊
ယာနိ တာနိ ဥစ္စာဝစာနိ - အကြင် အမြတ်အယုတ် အမှုကိစ္စတို့သည်၊
ဝါ - အကြင်ကိစ္စကြီးငယ်တို့သည်၊
သန္တိ - ရှိကုန်၏၊
တတ္ထ - ထိုကိစ္စ ကြီးငယ်တို့၌၊
ဥဿုက္ကံအာပန္နော - မလွှဲမရှောင်သာသဖြင့် ကြောင့်ကြစိုက်ခြင်းသို့ ရောက်ရသည်၊
ကိဉ္စာပိ ဟောတိ - အကယ်၍ကား ဖြစ်ပေ၏၊
အထခေါ - ထိုသို့ပင် ကြောင့်ကြစိုက်ထုတ် ပြုလုပ်နေရသော်လည်း၊
အဓိသီလ သိက္ခာယ - မြတ်သော သီလ အကျင့်ကို ကျင့်ရန်၊
အဓိစိတ္တ သိက္ခာယ - မြတ်သော သမာဓိအကျင့်ကို ကျင့်ရန်၊
အဓိပညာ သိက္ခာယ - မြတ်သော ပညာအကျင့်ကို ကျင့်ရန်၊
အဿ - ထိုသောတာပန် ပုဂ္ဂိုလ်အား၊
တိဗ္ဗာပေက္ခော - ထက်သန်သောငဲ့ခြင်း, လိုလားခြင်းရှိသည်၊
ဟောတိ - ဖြစ်ပေ၏။
တရား ကျင့်ဖက် သီတင်းသုံးဖော်များ၏ သင်္ကန်းကို ချုပ်ပေးရခြင်း, ဆိုးပေးရခြင်း အစရှိသော မလွှဲသာသည့် ကိစ္စများကို ဆောင်ရွက်နေရပေမယ့် သောတာပန် ပုဂ္ဂိုလ်မှာ မြတ်သော သီလ, သမာဓိ, ပညာဆိုတဲ့ သိက္ခာသုံးပါးကို ကျင့်ရန်အတွက် စိတ်ဆန္ဒ အလွန်ထက်သန်နေပါတယ်။ အထူးအားဖြင့် ဝိပဿနာရှုမှတ်ရန်အတွက် အလွန်ထက်သန်သော လိုလားခြင်း ရှိနေပါတယ်တဲ့၊
ဥပမာအားဖြင့် အမိ - နွားမကြီးဟာ မလွှဲသာလို့ မြက်ကို စားနေရပေမယ့် မွေးပြီးကာစ သူ့သားငယ်ကလေးကိုလဲ တစိတစောင်း ကြည့်ရှုနေရသလိုပါပဲတဲ့ ဒကာကြွယ်ရ၊ ကိစ္စကြီးငယ်ကို မလွှဲသာလို့ ဆောင်ရွက်ရပေမယ့် အဲဒီ နွားမကြီးက နွားငယ်ကလေးကို ကြည့်ခဲ့သလိုပင် သိက္ခာသုံးပါးကို ကျင့်ဖို့ရန် လိုလားမှုဆန္ဒက အလွန် ထက်သန်နေပါတယ်တဲ့၊ ဒီနေရာမှာ အဋ္ဌကထာက ဝတ္ထုတစ်ခုကို ထုတ်ပြထားပါတယ်။
အဲဒီ ဝတ္ထုကတော့ တစ်ချိန်က သီဟိုဠ်ကျွန်း အနုရာဓမြို့က မဟာစေတီတော်ကြီး ရင်ပြင်တော်ပေါ်မှာ အင်္ဂတေဖြင့် ပြုပြင်ကြတယ်၊ အရိယာ မထေရ်တစ်ပါးက လက်တစ်ဘက်ဖြင့် အင်္ဂတေခွက်ကို ကိုင်ပြီးတော့ တခြားလက်ဖြင့် သံလက်ကို ကိုင်ကာ စေတီတော်ရင်ပြင် တစ်နေရာမှာ တက်ရောက်နေတယ်၊ တစ်ပါးတည်း ဆိတ်ငြိမ်စွာနဲ့ ရှုမှတ်မှုမပျက်စေဘဲ ပြုပြင်ဖို့ ရည်ရွယ်ပြီးတော့ နေရာယူတာပါပဲ၊
ကိုယ်လက်ကြံ့ခိုင်ရေးလောက်သာ အားထုတ်ပြီး တရားနှလုံးသွင်းခြင်း မရှိတဲ့ ရဟန်း တစ်ပါးက စကားပြောဖော်ရအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အဲဒီမထေရ်ထံသို့ သွားတယ်၊ အရိယာမထေရ်က တခြားတစ်နေရာ ရွှေ့သွားတယ်၊ ထိုရဟန်းက အဲဒီ မထေရ်ထံသို့ လိုက်လာတယ်၊ အရိယမထေရ်က တစ်ခြားနေရာကို ရွှေ့သွား ပြန်တယ်၊ အဲဒီရွှေ့ရာသို့ ထိုရဟန်းက လိုက်လာပြန်တယ်၊
အဲဒီအခါ အရိယာ မထေရ်က “သူတော်ကောင်း, စေတီတော် ရင်ပြင်ဟာ ကျယ်ပါတယ်၊ တစ်ခြားနေရာမှာ ပြုပြင်ရန် အခွင့်မရပါဘူးလား”လို့ ပြောလိုက်တယ်၊ ဒီတော့မှ တရားနှလုံးသွင်းမှု မရှိတဲ့ ရဟန်းက တခြားသို့ ခွါသွားပါသတဲ့၊ အဲဒါဟာ အရိယာမထေရ်က စကားပြောနေရင် ရှုမှတ်မှု လွတ်သွားမှာစိုးလို့ အဖော်မရှိတဲ့ အရပ်ကို ရွေးချယ်တာပါပဲ၊ တစ်ပါးတည်းဆိုတော့ ရှုမှတ်မှု မပျက်စေဘဲ ပြုလုပ် ဆောင်ရွက်နိုင်တာပေါ့။
လူဝတ်ကြောင်များမှာတော့ ဃရာဝါသော ဗဟုကိစ္စောလို့ အဆိုရှိတဲ့အတိုင်း ကိစ္စတွေက အလွန်များပါတယ်၊ စားဝတ်နေရေးအတွက်လဲ မပြတ်ကြောင့်ကြ စိုက်နေကြရတယ်၊ ရပ်ရေး, ရွာရေး, မင်းရေး, စိုးရေး, လှူဒါန်းရေးတွေ အတွက်လဲ ကြောင့်ကြ စိုက်နေကြရတယ်၊ အဲဒီလိုများပြားလှတဲ့ လူမှုကိစ္စတွေ ဆောင်ရွက် နေကြရပေမယ့် သောတာပန် အရိယာဆိုလျှင် သီလသမာဓိ ပညာအကျင့်ကိုတော့ မေ့ပစ်မထားဘူး၊
အထူးအားဖြင့် ရှုမှတ်မှု ဝိပဿနာအလုပ်ကိုတော့ အခွင့်ရသမျှ အားထုတ် နေတတ်တယ်၊ လုပ်ကိုင်နေရင်လဲ ရံခါရံခါ အမှတ်သတိက အလိုလို ပါနေတတ်တယ်၊ လွတ်လွတ်လပ်လပ် အားထုတ်လိုတဲ့ စိတ်လဲ ရှိနေတတ်တယ်၊ အဲဒီလို သိက္ခာသုံးပါးကို ကျင့်ရန် စိတ်အလိုဆန္ဒ ထက်သန်နေတာဟာ အရိယာ ပုဂ္ဂိုလ်မှာ ဖြစ်မြဲရိုးရာ ဓမ္မတာသဘောပါပဲ၊
ဒါကြောင့် အဲဒီ ဓမ္မတာသဘောနဲ့ ပြည့်စုံပါရဲ့လားလို့ ဆင်ခြင်ကြည့်တဲ့အခါမှာ သောတာပန်အစစ်ဆိုရင် ပြည့်စုံနေကြောင်း သိမြင် ဆုံးဖြတ်နိုင်ပါတယ်၊ အဲဒီလို သိမြင်ဆုံးဖြတ်နိုင်ပုံကို မြတ်စွာဘုရားက -
အဟမ္ပိ - ငါသည်လည်း၊
တထာရူပါယ ဓမ္မတာယ - ကိစ္စကြီးငယ်ကို မလွှဲသာ၍ ပြုလုပ် ဆောင်ရွက်နေရ သော်လည်း သိက္ခာသုံးပါးကို ကျင့်ရန် စိတ်အလိုဆန္ဒ ထက်သန်လျက် ရှိသည် ဟုဆိုသော အရိယာတို့မှာ ပြည့်စုံတဲ့ ထိုဓမ္မတာသဘောနှင့်၊
သမန္နာဂတောတိ - ပြည့်စုံပါပေသည်ဟူ၍၊
ဧဝံ ပဇာနာတိ - ဤသို့ သိပေသည်၊
လို့ ဟောတော်မူပါတယ်၊ အဲဒါကို ဘုန်းကြီးတို့က -
“ရှောင်လွှဲမရ၊ မှုကိစ္စ၊ ပြုရလေသောအခါ။
သိက္ခာသုံးပါး၊ ကျင့်ရန်ကား စိတ်အားသန်မြဲသာ။
ဤသို့သိရ၊ ပဉ္စမ ပစ္စဝေက္ခဏာ”
လို့ ဆောင်ပုဒ်စီထားတယ်။ အဲဒါကို ဆိုကြရမယ်။
ပဉ္စမ ပစ္စဝေက္ခဏာ ဆောင်ပုဒ်
ရှောင်လွှဲမရ၊ မှုကိစ္စ၊ ပြုရလေသောအခါ။
သိက္ခာသုံးပါး၊ ကျင့်ရန်ကား၊ စိတ်အားသန်မြဲသာ။
ဤသို့သိရ၊ ပဉ္စမ၊ ပစ္စဝေက္ခဏာ။
ယခု ပြောခဲ့တဲ့ ၄-နံပါတ်နှင့် ၅-နံပါတ်ကတော့ အရိယာတို့မှာ ပြည့်စုံမြဲ ဖြစ်တဲ့ ဓမ္မတာသဘောနှင့် ပြည့်စုံ မပြည့်စုံကို ဆင်ခြင်တဲ့ ပစ္စဝေက္ခဏာများပဲ၊ အရိယာ အစစ် ဖြစ်နေရင်တော့ အဲဒီဓမ္မတာ ၂-ပါးနှင့် ပြည့်စုံနေကြောင်း ထင်ရှားတွေ့ရမှာပဲ၊ အဲဒါတွေကတော့ နားလည်လောက်ပါပြီ။ ယခု ၆-နံပါတ် ပစ္စဝေက္ခဏာကို ဟောရမယ်။
၆။ ဆဋ္ဌမ ပစ္စဝေက္ခဏာ
ဘိက္ခဝေ - ရဟန်းတို့၊
ပုန စ - တစ်ဖန်လည်း၊
အပရံ - တစ်ပါးသော ဆင်ခြင်ပုံကား၊
အရိယသာဝကော - အရိယာတပည့်ဖြစ်သော ပုဂ္ဂိုလ်သည်၊
ဝါ - သောတာပန် ပုဂ္ဂိုလ်သည်၊
ဣတိပဋိသဥ္စိက္ခတိ - ဤပုံဤနည်းဖြင့် ရှုဆင်ခြင်လေသည်။
(ရှုဆင်ခြင်နိုင်ပုံကတော့)
ဒိဋ္ဌိ သမ္ပန္နောပုဂ္ဂလော - အရိယာ ဉာဏ်အမြင်နှင့် ပြည့်စုံသောပုဂ္ဂိုလ်သည်၊
ယထာရူပါယဗလ တာယ - အကြင်သို့သော ခွန်အားနှင့်၊
သမန္နာဂတော - ပြည့်စုံ၏၊
အဟမ္ပိ - ငါသည်လည်း၊
တထာရူပါယဗလတာယ - ထိုသို့သော ခွန်အားနှင့်၊
သမန္နာဂတော - ပြည့်စုံပါ၏လော၊
ဣတိ - ဤသို့ ရှုဆင်ခြင်လေသည်။
အရိယာများမှာ ပြည့်စုံမြဲ ဖြစ်တဲ့ ခွန်အားနှင့် ပြည့်စုံပါရဲ့လားလို့ ဆင်ခြင်ကြည့် ပါသတဲ့ ဒကာကြွယ်ရ၊ နွားမှာ နွားခွန်အားရှိတယ်၊ မြင်းမှာ မြင်းခွန်အားရှိတယ်၊ လူမှာ လူ့ခွန်အားရှိတယ်၊ အဲဒါတွေကတော့ ကာယဗလခေါ်တဲ့ ကိုယ်ခွန်အားပဲ၊ စိတ်နာမ်နှင့် ဆိုတဲ့ ခွန်အားကတော့ လူထဲက လူဆိုးလူမိုက်တွေမှာ လူဆိုးလူမိုက် ခွန်အားရှိတယ်၊ သတ်ရဲတယ်၊ ခိုးရဲတယ် လုရဲတယ်၊ လိမ်ရဲတယ်ဆိုတာတွေဟာ လူဆိုးလူမိုက် ခွန်အားတွေပဲ၊
ပညာရှိ သူတော်ကောင်းတွေမှာ ပညာရှိ သူတော်ကောင်း ခွန်အားရှိတယ်၊ တတ်သိ လိမ္မာတယ်, မေတ္တာဂရုဏာ များတယ်, ကုသိုလ်ရေး၌ စိတ်ဝင်စားတယ် ဆိုတာ တွေဟာ ပညာရှိသူတော်ကောင်း ခွန်အားတွေပဲ၊ နောက်ပြီးတော့ ပုထုဇဉ်မှာ ပုထုဇဉ် ခွန်အားရှိတယ်၊ အရိယာမှာ အရိယာခွန်အား ရှိတယ်၊ အဲဒီ ပုထုဇဉ် ခွန်အားနှင့် အရိယာခွန်အား နှစ်ပါးထဲက အရိယာခွန်အားဆိုတာ ဘာလဲဆိုရင် -
တထာဂတပ္ပဝေဒိတေ ဓမ္မဝိနယေ - ဘုရားဟော တရားဝိနည်းကို၊
ဒေယသိမာနေ - တစ်စုံတစ်ယောက်က ဟောနေလျှင်
အဋ္ဌိံကတွာ မနသိကတွာ - စီးပွားဥစ္စာသဖွယ် သဘောထားကာ ရိုသေစွာ နှလုံး သွင်းလျက်၊
ဥဗ္ဗစေတသာ သမန္နာဟရိတွာစိတ်အားလုံးဖြင့် နှလုံးသွင်းလျက်၊
ဩဟိတသော တော - နားစွင့်လျက်၊
ယုံသုဏာဟီ - အကြင်နာယူ၏၊
ဘိက္ခဝေ - ရဟန်းတို့၊
ဧသာ - ဤသို့ရိုသေစွာ တရားနာခြင်းသည်၊
ဒိဋ္ဌိသမ္ပန္နဿ ပုဂ္ဂလဿ အရိယာ ဉာဏ်အမြင်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်၏၊
ဗလတာ - ခွန်အားပါပေတည်း-
လို့ မြတ်စွာဘုရားက အရိယာခွန်အားလို့ သရုပ်ဖော်ပြထားပါတယ်။ အဲဒီမှာ ရိုရိုသေသေ တရားနာတာကို အရိယာခွန်အားလို့ ဆိုတယ် ဒကာကြွယ်ရ၊ ဘယ်လို တရားကို ရိုရိုသေသေ နာရမှာလဲလို့ ဆိုတော့ မြတ်စွာဘုရား ဟောထားတဲ့ တရားတော် ဝိနည်းတော်ကို ရိုရိုသေသေနာရမှာတဲ့ ဒကာကြွယ်ရ၊
မြတ်စွာဘုရားဟောတော်မူတဲ့ တရားတော်ဆိုတာ မဂ်ရောက်ဖိုလ်ဝင် ဖြစ်စေနိုင်တဲ့ သတိပဋ္ဌာန် သမ္မပ္ပဓာန်အစရှိတဲ့ တရားတော်ကို ဆိုတာပါပဲ၊ အဲဒီမဂ်ရောက်ဖိုလ်ဝင် ဘုရားဟော တရားတော်ကို တစ်စုံတစ်ယောက်က ဟောနေရင် ရိုရိုသေသေ နာရမယ်တဲ့ ဒကာကြွယ်ရ၊ ဘယ်လိုရိုသေရမှာလဲဆိုတော့ အဋ္ဌိံကတွာ - စီးပွားဥစ္စာ လို သဘောထားပြီးတော့လဲ ရိုသေရမယ်တဲ့၊
ဒကာကြွယ်တို့ လူ့လောကမှာ စီးပွားရေး အရောင်းအဝယ် စသည်လုပ်တဲ့အခါ တစ်ပြားတစ်ချပ်မှ မနာရအောင် မဆုံးရှုံးရအောင် ကြောင့်ကြ စိုက်ရတယ် မဟုတ်လား၊ လယ်ယာသမားများမှာဆိုရင်လဲ စပါးတစ်စေ့ ပဲတစ်လုံးမှ အလဟဿ မပျက်စီးရအောင် ရိုရိုသေသေ သိမ်းဆည်းရတယ်မဟုတ်လား၊
အဲဒါလိုပဲ၊ ဟောတဲ့တရားထဲက တစ်လုံး တစ်ပါဒမှ နှလုံးမသွင်းမိပဲ လွတ်မသွား အောင် ရိုရိုသေသေ နာရမယ်တဲ့ ဒကာကြွယ်ရ၊ နောက်ပြီးတော့ သဗ္ဗစေတသာ - စိတ်အားလုံးဖြင့်လဲ နှလုံးသွင်းပြီး နာရမယ်တဲ့၊ အဲဒီတရားနာနေတဲ့ ကာလမှာ စိတ်တိုင်း စိတ်တိုင်းဖြင့် နှလုံးသွင်းစူးစိုက်ပြီး နာရမယ်၊ တစ်ခြားတစ်ပါးကို ကြံတဲ့စိတ် မရှိစေရဘူး၊ အဲဒီလို ရိုရိုသေသေ နာရမယ်တဲ့ ဒကာကြွယ်ရ၊
အဲဒါဟာ တရားနာရာမှာ အရိယာခွန်အား အဲဒီ အရိယာ ခွန်အားနှင့် ပြည့်စုံပါရဲ့လား လို့ ဆင်ခြင်ကြည့်ပါတယ်၊ အဲဒီလို ဆင်ခြင်ကြည့်တဲ့အခါ၊ အဲဒီအရိယာခွန်အားနှင့် ပြည့်စုံနေကြောင်းလဲ သိမြင်ဆုံးဖြတ် နိုင်ပါတယ်တဲ့၊ ဒကာကြွယ်ရ၊ အဲဒါကို ဘုန်းကြီးက -
“ဗုဒ္ဓဟောထား၊ မြတ်တရား၊ နာကြားရသောအခါ၊ လုံးစုံမကြွင်း နှလုံးသွင်း၊ နာခြင်း အားကောင်းစွာ၊ သို့ သိရ၊ ဆဋ္ဌမ၊ ပစ္စဝေက္ခဏာ”
လို့ ဆောင်ပုဒ် စီထားတယ်။ အဲဒါကို ဆိုကြရမယ်။
ဆဋ္ဌမ ပစ္စဝေက္ခဏာ ဆောင်ပုဒ်
ဗုဒ္ဓဟောထား၊ မြတ်တရား၊ နာကြားရသောအခါ၊
လုံးစုံမကြွင်း၊ နှလုံးသွင်း၊ နာခြင်းအားကောင်းစွာ၊
ဤသို့ သိရ၊ ဆဋ္ဌမ ပစ္စဝေက္ခဏာ။
အဲဒါနှင့်စပ်ပြီး ပုထုဇဉ်ခွန်အားကိုလဲ ဖော်ပြဖို့လိုပါသေးတယ်၊ ပုထုဇဉ် ခွန်အား ကတော့ အသံကောင်း အဆိုကောင်း အလွမ်း အဆွေး ဝတ္ထုကောင်းနဲ့ ရယ်ရွှင်ဖွယ်ပျက်လုံး ကောင်းကောင်းကိုမှ နာချင်တယ်၊ တရားသဘော ရိုးရိုး ဟောနေရင် ပျင်းတယ်၊ တခြားကို စိတ်ရောက်နေတယ်၊ အချင်းချင်း အလွတ်စကား ပြောနေတယ်၊ ဒီလိုမှ မဟုတ်ရင်လဲ အိပ်ငိုက်နေတယ်။
အဲဒါတွေဟာ အများအားဖြင့် ပုထုဇဉ်တွေမှာ တရားနာရာပြည့်စုံတတ်တဲ့ ခွန်အား တွေပဲ။ ဒါကြောင့် သဘောတရား ရိုးရိုး ဟောနေရာမှာ ရိုရိုသေသေ မနာချင်ရင်, ပျင်းရင် ပုထုဇဉ် ခွန်အားတွေ ကောင်းနေတယ်လို့ ဆုံးဖြတ်ရမယ် ဒကာကြွယ်ရ၊
ကဲ - ဒီနံပါတ် ၆-ပစ္စဝေက္ခဏာကိုတော့ နားလည်လောက်ပါပြီ၊ နံပါတ် ၇-ပစ္စဝေက္ခဏာကို ဟောကြစို့။
၇။ သတ္တမ ပစ္စဝေက္ခဏာ
အဲဒီ သတ္တမ ပစ္စဝေက္ခဏာမှာလဲ ဆင်ခြင်ပု့ ပါဠိကတော့ ဆဋ္ဌမ ပစ္စဝေက္ခဏာမှာလို နည်းတူပါပဲ၊ အရိယာမှာ ပြည့်စုံမြဲဖြစ်တဲ့ ခွန်အားနှင့် ငါ့မှာလဲ ပြည့်စုံရဲ့လားလို့ ဆင်ခြင်ကြည့်ပါတယ်တဲ့ ဒကာကြွယ်ရ၊ အဲဒီ အရိယာခွန်အားက ဘာလဲဆိုရင် -
တထာဂတပဝေဒိတေ ဓမ္မဝိနယေ - ဘုရားဟော တရားဝိနည်းကို၊
ဒေသိယမာနေ - တစ်စုံတစ်ယောက်က ဟောကြားနေလျှင်၊
လဘတိ အတ္ထဝေဒံ - အနက်အဓိပ္ပါယ်ကိုလဲ သဘောပေါက်၏၊
လဘတိဓမ္မဝေဒံ - တရားစကားလုံး အစီအစဉ်ကိုလည်း သဘောပေါက်၏၊
ဓမ္မူပသံဟိတံ ပါမောဇ္ဇံ - တရားနှင့် စပ်သော ဝမ်းမြောက်ခြင်းကို၊
ယံ လဘတိ - အကြင်ရ၏၊
ဘိက္ခဝေ - ရဟန်းတို့၊ ဧသာ - တရားစကားအနက် အဓိပ္ပါယ်ကို သဘောပေါက်ခြင်း, တရားနှင့်စပ်၍ ဝမ်းမြောက်ခြင်းဟူသော ဤသဘောသည်၊
ဒိဋ္ဌိသမ္ပန္နဿ ပုဂ္ဂလဿ - အရိယာဉာဏ်အမြင်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်၏၊
ဗလတာ - ခွန်အားပါပေတည်း၊
လို့ မြတ်စွာဘုရားက အဲဒီ ဒုတိယ ခွန်အားကို သရုပ်ဖော်ပြထားပါတယ်။
ဆိုလိုတာကတော့ မြတ်စွာဘုရား ဟောထားတဲ့ တရားကို တစ်စုံတစ်ယောက်က နာသူနားလည်တဲ့ ဘာသာစကားဖြင့် ဟောနေရာမှာ အရိယာပုဂ္ဂိုလ်က အဲဒီ တရားကို နာနေရင်ဆိုလိုတဲ့ အနက်အဓိပ္ပါယ်ကိုလဲ သဘောပေါက် ပါတယ်တဲ့၊ (အဋ္ဌကထာမှာတော့ ဒီအတ္တဝေဒပုဒ်ကို အနက်ကိုသိပြီး ဝမ်းမြောက်တယ်လို့ ဖွင့်ပြထားပါတယ်၊ ဒီမှာတော့ နောက်နားက ဝမ်းမြောက်မှုနှင့် မထပ်စေရန် သိရုံမျှ, သဘောပေါက်ရုံမျှလောက်သာ အနက်ပြန်ထားပါတယ်၊)
ဟောပြောပုံ စကားအစီအစဉ်ကိုလဲ သဘောပေါက်ပါတယ်တဲ့၊ နောက်ပြီးတော့ အဲဒီဟောတဲ့တရားနှင့် စပ်ပြီးတော့လဲ ဝမ်းမြောက်ခြင်း ပီတိပါမောဇ္ဇ ဖြစ်ပါတယ်တဲ့၊ အဲဒီ ဝမ်းမြောက်မှုပီတိ ဖြစ်တဲ့အခါ တစ်ကိုယ်လုံးမှာ ပီတိဇရုပ်တွေ ပြန့်ပြီး တသိမ့်သိမ့် တဖိမ့်ဖိမ့်နဲ့ ဖြစ်နေတတ်တယ်၊
ဒါကြောင့် သတိပဋ္ဌာန် ရှုမှတ်မှု ဝိပဿနာအလုပ်ကို ပြည့်ပြည့်စုံစုံ အားထုတ်ထားတဲ့ ယောဂီတွေမှာ ဝိပဿနာနှင့်စပ်တဲ့ ဘုရားဟောပါဠိနှင့် အနက်ကို ရိုးရိုးကလေး ဟောနေတာ ကြားရနာရရင်လဲ အနက်အဓိပ္ပါယ်ကို သဘောပေါက် နားလည် တတ်တယ်၊ တရားစကား အစဉ်ကိုလဲ သဘောကျတတ်တယ်၊ အဲဒီလို သဘော ပေါက်ပြီး ဝမ်းမြောက်မှု ပီတိတွေလဲ ထက်ထက်သန်သန် ဖြစ်တတ်ကြတယ်၊
ဗဟုသုတအတော်အတန် ရှိတဲ့ အချို့မှာဆိုရင် ဘုန်းကြီးတို့က ပါဠိကို ရွတ်လိုက် ရုံနဲ့ပဲ သူတို့ကိုယ်ထဲမှာ ဖြိုးဖြိုးဖျင်းဖျင်းနဲ့ ပီတိတွေ ဖြစ်တဲ့ အကြောင်းပြောကြတယ်၊ အဲဒီလို ဖြစ်ပုံတွေဟာ ဒီသတ္တမပစ္စဝေက္ခဏာနှင့်အညီ ဖြစ်ပုံပါပဲ။ ဒါကြောင့် ဆင်ခြင် ကြည့်တဲ့ အရိယာပုဂ္ဂိုလ်က -
အဟမ္ပိ - ငါသည်လည်း၊
တထာရူပါယ - ထိုသို့ တရားနာစဉ်မှာ အနက်အဓိပ္ပါယ်နှင့် တရားစကားကို သဘော ပေါက်၍ ဝမ်းမြောက်မှုဖြစ်ခြင်းဟူသော၊
ဗလတာယ - အရိယာတို့၏ ခွန်အားနှင့်၊
သမန္နာဂတောတိ - ပြည့်စုံ ပါပေသည်ဟု၊
ပဇာနာတိသိပေသည်၊
လို့ မြတ်စွာဘုရားက ဟောတော်မူပါတယ်တဲ့၊ အဲဒါဟာ သတ္တမ ပစ္စဝေက္ခဏာပါပဲ၊ ဒါကြောင့် -
ဣဒံ - ဤဆင်ခြင်ဉာဏ်သည်၊
အဿအဓိဂတံ - ထိုသောတာပန် ပုဂ္ဂိုလ်ရသော၊
သတ္တမံ ဉာဏံ - သတ္တမ ပစ္စဝေက္ခဏာဉာဏ်သည်၊
ဟောတိ - ဖြစ်ပေ၏
အရိယံ လောကုတ္တရံ - လောကုတ္တရာ အရိယမဂ်ကို မှီ၍ဖြစ်သော ဉာဏ်ပေတည်း၊
အသာဓာရဏံ ပုထုဇ္ဇနေဟိ - ပုထုဇဉ်တို့နှင့် မဆိုင်သောဉာဏ်ပေတည်း-
လို့ နိဂုံးချုပ်ပြီးတော့လဲ ဟောတော်မူ ပါတယ်၊ အဲဒီ အနက်အဓိပ္ပါယ်များကို ဘုန်းကြီးက အတိုချုပ်ပြီးတော့ -
“ဗုဒ္ဓဟောထား၊ မြတ်တရား၊ နာကြားရသောအခါ၊ အနက်သိမြင်၊ စိတ်ကြည်ရွှင်၊ ကိုယ်တွင်သိမ့်သိမ့်ဖြာ၊ ဤသို့ သိရ၊ သတ္တမ၊ ပစ္စဝေက္ခဏာ”
လို့ ဆောင်ပုဒ်စီထားတယ်။
မြတ်စွာဘုရား ဟောထားတဲ့ တရားကို တစ်စုံတစ်ယောက်က ဟောနေစဉ်မှာ နာကြားရတဲ့ အရိယာပုဂ္ဂိုလ်ဟာ အနက်ကိုလဲ သဘောပေါက်သိမြင်တယ်၊ တရား စကား အစဉ်ကိုလဲ သဘောပေါက်သိမြင်တယ်၊ (အဲဒါကိုတော့ ဒီသံပေါက်ထဲမှာ မထည့်လောက်တဲ့အတွက် မြှုပ်ထားပါတယ်) အဲဒီလို တရားကို သိမြင် သဘောပေါက်တဲ့အတွက် ဝမ်းမြောက်မှု ပီတိတွေ ဖြစ်ပြီး တစ်ကိုယ်လုံးမှာ တသိမ့်သိမ့် တဖိမ့်ဖိမ့်နဲ့ ပြန့်ပြီး ဖြာထွက်နေတယ်၊ အဲဒီလို ဖြစ်တတ်တဲ့ အရိယာခွန်အားနှင့်လဲ ပြည့်စုံနေကြောင်း သိရတယ်၊ အဲဒါဟာ ခုနစ်ခုမြောက် သတ္တမပစ္စဝေက္ခဏာဉာဏ်ပဲလို့ ဆိုလိုပါတယ်၊ အဲဒီ ဆောင်ပုဒ်များကို ဆိုကြရမယ်။
သတ္တမ ပစ္စဝေက္ခဏာဆောင်ပုဒ်
“ဗုဒ္ဓဟောထား၊ မြတ်တရား၊ နာကြားရသောအခါ၊ အနက်သိမြင်၊ စိတ်ကြည်ရွှင်၊ ကိုယ်တွင်သိမ့်သိမ့်ဖြာ၊ ဤသို့ သိရ၊ သတ္တမ၊ ပစ္စဝေက္ခဏာ”
ဒီသတ္တမ ပစ္စဝေက္ခဏာမှာ ပါဝင်တဲ့ မေးခွန်းကတော့ - ပရိယတ္တိ သာသနာတော် အတွက်လဲ အလွန်ကျေးဇူးများပါတယ်၊ ဘာကြောင့်လဲဆိုရင် ဝိပဿနာတရားကို ကျကျနန ပြည့်ပြည့်စုံစုံ အားထုတ်ပြီးဖြစ်တဲ့ ပုဂ္ဂိုလ်ဟာ ဘုရားဟော ပါဠိတော် စာပေတွေကို ကြည့်ရှုတဲ့အခါ ရှေးကထက်ပိုပြီး သဘောပေါက်နားလည်တယ်၊ ရုပ်နာမ် သဘောတရားတွေနှင့် စပ်တဲ့အရာ, ကမ္မဋ္ဌာန်းနှင့် စပ်တဲ့အရာတွေမှာ နက်နက်နဲနဲ ပိုင်ပိုင်နိုင်နိုင် သဘောပေါက် နားလည်တတ်တယ်၊
ပညာရှိတစ်ဦးက ဒီအကြောင်းနှင့်စပ်ပြီး လျှောက်ထား ဝန်ခံဖူးတယ်၊ သူ လျှောက်ထားပုံ ဝန်ခံပုံကတော့ သူဟာ အရင်က စာတတ်ပြီလို့ ထင်ခဲ့ပေမယ့် ကောင်းကောင်း မတတ်သေးဘူး၊ ယခု တရားအားထုတ်ပြီးမှ စာကောင်းကောင်း တတ်တယ်၊ ယခု စာကြည့်လိုက်ရင် နက်နက်နဲနဲ သဘောပေါက်သွားတယ်၊ ရှေးက မသိနိုင်တာတွေလဲ ယခု ရှင်းရှင်းလင်းလင်း သိသိသွားတယ်လို့ လျှောက်ထား ဝန်ခံပါတယ်၊
အဲဒီပုဂ္ဂိုလ်ဟာ သာမန် မဟုတ်ပါဘူး၊ စာတတ်ပေတတ် လူပြန်တော်ပညာရှိကြီး ဖြစ်ပါတယ်၊ နောက်ပြီးတော့ စာပေကျမ်းဂန်တတ် ဆရာတော်ကြီးတစ်ပါးကလဲ ဒီလိုပြောဖူးပါတယ်။ တချို့ သဘောတရားတွေကို စာသက်သက်တတ်နေရုံနဲ့ သဘောမပေါက်နိုင်ဘူး၊
ဥပမာအားဖြင့် ဥပေက္ခာသမ္ဗောဇ္ဈင်ဆိုတဲ့ တတြမဇ္ဈတ္တတာ စေတသိက်ကို ပိုင်ပိုင် နိုင်နိုင် သဘောပေါက်ဖို့ ခက်တယ်။ သမဝါဟိတ လက္ခဏာ အညီအမျှ ဆောင်ခြင်း လက္ခဏာ ရှိတယ်ဆိုတာကို စာဟောလောက်သာ ပြောဟော နေကြရတယ်၊ ကိုယ်တွေ့အားဖြင့် သိဖို့ခက်တယ်၊ ဘယ်လို အညီအမျှ ဆောင်တယ် ဆိုတာကို သူများနားလည်အောင် ပြောဖို့လဲခက်တယ်။
တရား အားထုတ်ပြီး ဥဒယဗ္ဗယဉာဏ် သင်္ခါရုပေက္ခာဉာဏ်များ ရောက်ဖူးတဲ့ ပုဂ္ဂိုလ် ကတော့ စာမတတ်ပေမယ့် အဲဒီဥပေက္ခာ သမ္ဗောဇ္ဈင်အကြောင်းကို ပြောလိုက်ရင် သူ့ကိုယ်တွေ့နဲ့ သဘောပေါက်သွားတယ်။ နောက်ပြီးတော့ ပီတိသမ္ဗောဇ္ဈင် ဆိုတာ ကိုလဲ ကိုယ်တိုင်မတွေ့ဘူးရင် သဘောပေါက် ဖို့ခက်တယ်၊ ဥဒယဗ္ဗယဉာဏ် စသည်ကို ရောက်ဖူးတဲ့ ပုဂ္ဂိုလ်ကတော့ စာမတတ်ပေမယ့် ပီတိ ငါးမျိုးအကြောင်း ပြောလိုက်ရင် သူ့ကိုယ်တွေ့အားဖြင့် ကောင်းကောင်း နားလည် သွားတယ် စသည်ဖြင့် အဲဒီ ဆရာတော်ကြီးက သူ့ကိုယ်တွေ့နှင့် ဆက်စပ်ပြီး ပြောဖူးတယ်၊
ဒါကြောင့် ဝိပဿနာတရားကို ပြည့်ပြည့်စုံစုံ အားထုတ်ထားတဲ့ ပုဂ္ဂိုလ်တွေမှာ ပရိယတ္တိသာသနာတော် ဘက်မှာလဲ အများကြီး အကူအညီ အထောက်အပံ့ ရပါတယ်၊ အဲဒီလို ပဋိပတ် ပရိယတ်စွယ်စုံ ပုဂ္ဂိုလ်များက စာပေပို့ချနေမယ်ဆိုရင်, တရားဟောနေမယ်ဆိုရင် သူ့ကိုယ်တွေ့နှင့် နှီးနှောပြီး သဘာဝကျကျ ပို့ချ ပြောဟောနိုင်ပါတယ်၊
စာသင်တဲ့ ပုဂ္ဂိုလ်များမှာလဲ တရားအားထုတ်ပြီးမှ သင်ရင် သမာဓိ ကောင်းတဲ့ အတွက် တတ်သိလွယ်တယ်၊ နားလည်လွယ်တယ်၊ အနေ အထိုင်အကျင့် စာရိတ္တ ဘက်ကလဲ အချိုးကျတယ်၊ ဒါကြောင့် တရားအားထုတ်တာဟာ ပရိယတ္တိ သာသနာတော်အတွက်လဲ အလွန်ကျေးဇူး များပါတယ်။
ယခု ပြောခဲ့တဲ့အတိုင်း ဘုရားဟော တရားကို နာရင်း သဘောပေါက်ပြီး ပီတိ ဖြစ်တယ် ဆိုတာက အရိယာမှာ ပြည့်စုံမြဲဖြစ်တဲ့ ခွန်အားပဲ။ ပုထုဇဉ်ခွန်အားကတော့ နက်နဲတဲ့ တရားစကားတွေကို ကြားရရင် ခက်တယ် နက်တယ်လို့လဲ ညည်းတတ်တယ်၊ ပျင်းစရာကောင်းတယ်၊ ခြောက်တယ်လို့လဲ ပြောတတ်တယ်၊
သူတို့ကတော့ အများအားဖြင့် လွမ်းစရာ ရယ်စရာတွေ အသံကောင်း အဆို ကောင်းတွေကို ကြားရမှ သဘောပေါက်ပြီး ပီတိတွေဖြစ်တတ်တယ်၊ ယခု ဘုန်းကြီး ဟောနေတဲ့ တရားမျိုးဆိုရင် လူများစုက တယ်မကြိုက်တတ်ကြဘူး၊ ဒါပေမယ့် ပဋိပတ် ပဋိဝေဓဘက်က အရေးကြီးတဲ့ တရားတော်များ ဖြစ်တဲ့အတွက် ဘုန်းကြီး တို့ကတော့ ဒီလိုတရားကိုပဲ ဟောနေရတယ်၊ ဒကာကြွယ်ရ၊
ယခု ဟောခဲ့တာဟာ ပစ္စဝေက္ခဏာ ၇ - ပါးလုံး စုံသွားပြီ၊ နိဂုံးချုပ်ကို ဟောဖို့ပဲ လိုတော့တယ်၊ တရားလဲ ပြီးဆုံးတော့မယ်၊ အဲဒီ နိဂုံးချုပ်ကို ဟောကြစို့။
နိဂုံးချုပ်
ဧဝံ သတ္တင်္ဂသမန္နာဂတော ခေါဘိက္ခဝေ အရိယသာဝကော သောတာပတ္တိဖလ-သမန္နာဂတော ဟောတိ။
ဘိက္ခဝေ - ရဟန်းတို့၊
ဧဝံ ယခု ဟောပြခဲ့သည့်အတိုင်း၊
သတ္တင်္ဂသမန္နာဂတော - မဟာပစ္စဝေက္ခဏာဉာဏ် ၇-ပါးဟူသော အင်္ဂါ ၇-ပါးနှင့် ပြည့်စုံသော၊
အရိယာသာဝကော - အရိယာတပည့်သည်၊
ဝါ - မြတ်စွာဘုရား၏ တပည့်သည်၊
သောတာပတ္တိ ဖလသမန္နာဂတော - သောတာပတ္တိဖိုလ်နှင့် ပြည့်စုံသော သောတာပန်ပုဂ္ဂိုလ်သည်၊
ဟောတိ - ဖြစ်ပေ၏။
ယခု ပြောခဲ့တဲ့ ဆင်ခြင်ဉာဏ် ၇ - ပါးကို အဋ္ဌကထာမှာ မဟာပစ္စဝေက္ခဏာဉာဏ် ၇-ပါးလို့ ခေါ်ဆိုထားတယ်၊ အဲဒီမှာ မဟာဆိုတဲ့ ဂုဏ်ပုဒ်ထည့်ရခြင်း၏ အကြောင်း ကတော့ မဂ်ဖိုလ်ရပြီး ကာစမှာဖြစ်တဲ့ သာမန် ပစ္စဝေက္ခဏာ ငါးပါးကို ထောက်ဆ ပြီးတော့ ဒီပစ္စဝေက္ခဏာ ၇-ပါးကို မဟာပစ္စဝေက္ခဏာလို့ ခေါ်ဆိုထားခြင်းဖြစ်တယ်၊
အဲဒီ မဟာပစ္စဝေက္ခဏာဉာဏ် ၇-ပါးနှင့်ပြည့်စုံရန် ညီညွတ်ရင် သောတာပန်ပုဂ္ဂိုလ် အစစ်ပဲလို့ ဆုံးဖြတ်နိုင်ပါတယ်တဲ့ ဒကာကြွယ်ရ၊ အဲဒီ မဟာပစ္စဝေက္ခဏာ ၇-ပါးကို သာပြီးတော့ ရှင်းလင်းသွားအောင် အတိုချုပ် ထပ်ပြောလိုက်ဦးမယ်။
(၁) တောအရပ်မှာဖြစ်စေ၊ သစ်ပင်အောက်မှာ ဖြစ်စေ၊ ဆိတ်ငြိမ်ရာကျောင်းမှာ အိမ်မှာဖြစ်စေ၊ ချဉ်းကပ်ဝင်ရောက်ပြီး ရှုမြဲရှုမှတ်ကြည့်ရင် အပြင်ထွက်တဲ့ စိတ်ကူး တွေဆိုတဲ့ ပရိယုဋ္ဌာန်ကိလေသာတွေဟာ လုံးဝမဖြစ်ဘဲရင်လဲ ကင်းငြိမ်းနေရမယ်၊ ဖြစ်ပေါ်လာရင်လဲ ရှုမှတ်ပြီး ပယ်နိုင်ရမယ်၊ အဖြစ်အပျက်ကို ရှင်းလင်းစွာ သိသိ နေတဲ့ ဥဒယဗ္ဗယဉာဏ်မှစပြီး မှတ်သိမှု ဝိပဿနာဉာဏ်တွေဟာ မပြတ်ဖြစ်ပြီး အမှတ်အသိ ကောင်းနေရမယ်၊ အထူးအားဖြင့် သင်္ခါရုပေက္ခာဉာဏ်ကို ရောက်နေရမယ် အဲဒီလို အမှတ်ကောင်းနေပုံကို တွေ့ပြီး သိမြင်ဆုံးဖြတ်နိုင်တာဟာ ပထမ မဟာပစ္စဝေက္ခဏာဉာဏ်ပဲ၊ အဲဒါကို ဆောင်ပုဒ်မှာ - “ဆိတ်ငြိမ်ရာတွင်၊ ချဉ်းကပ်ဝင်၍၊ ဆင်ခြင်ရှုကြည့်၊ ဖြစ်ပျက်မိ၊ အသိရှင်းသည်သာ။ ယထာဘူတ၊ မသိရအောင်၊ ထကြွလွှမ်းမိုး၊ ကိလေဆိုး ဖြစ်ရိုးမရှိပါ။ ဤသို့သိရ ပထမ၊ ပစ္စဝေက္ခဏာ” လို့ဆိုထားတယ်။
(၂) မဂ်ဉာဏ်ဖြင့် ပြီးစီး ခိုင်မြဲခဲ့၍ အနိစ္စ, ဒုက္ခ, အနတ္တ အသိဉာဏ်များကို ဆင်ခြင်လျက်ဖြစ်စေ၊ ရှုမှတ်လျက်ဖြစ်စေ၊ အဖန်ဖန် အထပ်ထပ် မှီဝဲပွားများ နေတယ်၊ အဲဒီလို နှလုံးသွင်းရှုမှတ်နေခြင်းဖြင့် ပရိယုဋ္ဌာန်စိတ်ကူး ကိလေသာတွေ ကင်းငြိမ်းပြီး စိတ်တည်ငြိမ်နေတာကိုလဲ တွေ့ရတယ်၊ အချို့ ကိလေသာတွေ လုံးဝမဖြစ်လာတော့ပဲ ငြိမ်းနေတာကိုလဲ တွေ့ရတယ်၊ ရှုမိတဲ့ အာရုံမှာ ကိလေသာ တွေ ဖြစ်ခွင့်မရဘဲ ငြိမ်းနေတာကိုလဲ တွေ့ရတယ်၊ အဲဒီလို တွေ့ပြီး သိမြင်တာက ဒုတိယမဟာပစ္စဝေက္ခဏာဉာဏ်ပဲ၊ အဲဒါကို - “မဂ်သိပြီးဟန်၊ ဝိပတ်ဉာဏ်၊ ဖန်ဖန်မှီဝဲကာ။ အကြမ်းအနု၊ ကိလေစု၊ ငြိမ်းမှုထင်ရှားရာ။ ဤသို့သိရ၊ ဒုတိယ၊ ပစ္စဝေက္ခဏာ”လို့ ဆိုထားတယ်။
(၃) ဖြစ်ခိုက်ရုပ်နာမ်ကို ရှုမှတ်ပြီး မိမိလိုသိတဲ့ ပုဂ္ဂိုလ်, မိမိမှာလို ကိလေသာငြိမ်းတဲ့ အရိယာပုဂ္ဂိုလ်ဆိုတာ ဗုဒ္ဓသာသနာတော်မှာသာ ရှိတယ်၊ တခြားမှာ မရှိဘူးလို့ ဒီလို သဘောကျ သိမြင်တာက တတိယမဟာပစ္စဝေက္ခဏာဉာဏ်ပဲ၊ အဲဒါကို - “ရှုမှတ်သိရ၊ ဤလမ်းမှ၊ ပြင်ပတခြားမှာ။ ကိလေသာငြိမ်းဘိ၊ မြတ်အရိ၊ မရှိဆုံးဖြတ်ရာ။ ဤသို့သိရ၊ တတိယ၊ ပစ္စဝေက္ခဏာ” လို့ ဆိုထားတယ်။
(၄) သောတာပန် ရဟန်းဆိုရင် ကုစားနိုင်ကောင်းတဲ့ အစိတ္တက အာပတ်ကတော့ အမှတ်တမဲ့ သင့်ရောက်တတ်သေးတယ်၊ ဒါပေမယ့် အာပတ်သင့်မှန်းသိရင် ချက်ခြင်းပဲ ကုစားတယ်၊ ဖုံးကွယ်ထားခြင်း မရှိဘူး၊ နောင်အခါမှာ အဲဒီအပြစ်မျိုး မဖြစ်ရအောင် ရိုရိုသေသေ စောင့်ရှောက်တယ်၊ အဲဒီအရိယာတို့၏ ပြည့်စုံမှု ဓမ္မတာနှင့် ပြည့်စုံနေကြောင်း တွေ့သိတာဟာ စတုတ္ထ မဟာပစ္စဝေက္ခဏာပဲ၊ အဲဒါကို - “ကုစားနိုင်ကောင်း၊ အာပတ်ပေါင်း၊ တိမ်းစောင်းရောက်သေးရာ။ မဖုံးကွယ်ဘဲ၊ ကုစားမြဲ၊ နောင်လဲစောင့်ရိုးပါ။ ဤသို့သိရ၊ စတုတ္ထ၊ ပစ္စဝေက္ခဏာ”လို့ ဆိုထားတယ်။
(၅) ကိစ္စကြီး-ငယ်များကို မရှောင်မလွှဲသာလို့ ပြုလုပ်နေရသော်လဲ သိက္ခာသုံးပါး ကျင့်ရန်၊ အထူးအားဖြင့် ရှုမှတ် အားထုတ်ရန် ထက်သန်သော စိတ်ဆန္ဒရှိခြင်းဆိုတဲ့ အရိယာတို့၏ ဓမ္မတာနှင့် ပြည့်စုံကြောင်း သိရတာက ပဉ္စမ မဟာပစ္စဝေက္ခဏာ ဉာဏ်ပဲ၊ အဲဒါကို - “ရှောင်လွှဲမရ၊ မှုကိစ္စ၊ ပြုရလေသောအခါ။ သိက္ခာသုံးပါး ကျင့်ရန်ကား၊ စိတ်အားသန်မြဲသာ။ ဤသို့သိရ၊ ပဉ္စမ၊ ပစ္စဝေက္ခဏာ”လို့ ဆိုထားတယ်။
(၆) ဘုရားဟောတရားတော်ကို နာသောအခါ တစ်ခြားတစ်ပါးကို စိတ်မကူးဘဲ စူးစူးစိုက်စိုက် ရိုရိုသေသေ နာခြင်း ဆိုတဲ့ အရိယာခွန်အားနှင့် ပြည့်စုံနေကြောင်း သိရတာက အဋ္ဌမ မဟာပစ္စဝေက္ခဏာဉာဏ်ပဲ၊ အဲဒါကို - “ဗုဒ္ဓဟောထား၊ မြတ်တရား၊ နာကြားရသောခါ။ လုံးစုံမကြွင်း၊ နှလုံးသွင်း၊ နာခြင်းအားကောင်းစွာ။ ဤသို့သိရ၊ အဋ္ဌမ၊ ပစ္စဝေက္ခဏာ”လို့ဆိုထားတယ်။
(၇) ဘုရားဟော တရားတော် နာနေစဉ်မှ သဘောပေါက်ပြီး ဝမ်းမြောက်မှု ပီတိတွေဖြစ်လျက် တစ်ကိုယ်လုံး တသိမ့်သိမ့် တဖိမ့်ဖိမ့်ဖြစ်နေတယ် ဆိုတဲ့ အရိယာ၏ခွန်အားနှင့် ပြည့်စုံနေကြောင်း သိရတာက သတ္တမ မဟာပစ္စဝေက္ခဏာ ဉာဏ်ပဲ၊ အဲဒါကို - “ဗုဒ္ဓဟောထား၊ မြတ်တရား၊ နာကြားရသောခါ။ အနက်သိမြင်၊ စိတ်ကြည်ရွှင်၊ ကိုယ်တွင်သိမ့်သိမ့်ဖြာ။ ဤသို့သိရ၊ သတ္တမ၊ ပစ္စဝေက္ခဏာ”လို့ဆိုထားတယ်။
မဟာပစ္စဝေက္ခဏာ ၇ - ပါးဆိုတဲ့ အဲဒီဂုဏ်အင်္ဂါ ၇ - ပါးနှင့်ပြည့်စုံလျှင် သောတာပန် အရိယာ အရိယာအစစ် ဖြစ်ကြောင်း ဆုံးဖြတ်နိုင်တယ်ဆိုတဲ့ နိဂုံးချုပ် စကားတော် ကိုလဲ -
“ပစ္စဝေက္ခဏာ၊ ခုနစ်ဖြာ၊ ညီစွာဖြစ်ပါမူ။
အရိယာမှန်၊ သောတာပန်၊ ဧကန်ဆုံးဖြတ်ယူ”
လို့ ဆောင်ပုဒ်စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။
“ပစ္စဝေက္ခဏာ၊ ခုနစ်ဖြာ၊ ညီစွာဖြစ်ပါမူ။
အရိယာမှန်၊ သောတာပန်၊ ဧကန်ဆုံးဖြတ်ယူ”
မဟာပစ္စဝေက္ခဏာ တရားတော်ကတော့ ပြည့်စုံသွားပါပြီ။ ဒီတရားတော်ကတော့ အဆင့်အတန်း အလွန်မြင့်ပါတယ်။ ကိုယ်တွေ့အားဖြင့်ဆိုရင် သောတာပန်ပုဂ္ဂိုလ် များသာ နားလည်နိုင်မည့် တရားဖြစ်တယ်၊ ဒါကြောင့် မိမိကိုယ်ကို သောတာပန် ဖြစ်နေပြီလို့ ယူဆထားတဲ့ ပုဂ္ဂိုလ်များဟာ ဒီတရားတော်နှင့် တိုက်ဆိုင်ကြည့် သင့်ပါတယ်၊ သောတာပန် အစစ်ဖြစ်နေရင်တော့ ကိုက်ညီနေတာကို တွေ့ရလိမ့်မယ်၊
အခြားပုဂ္ဂိုလ်များမှာတော့ ဒီတရားကို နာရတဲ့အတွက် ဗဟုသုတဆိုတဲ့ အကြား အမြင်များကိုလဲ ရနိုင်ပါတယ်၊ မြတ်စွာဘုရား သာသနာတော်မှာ သောတာပန် တောင် အဆင့်အတန်း မြင့်လှပါပေတယ်လို့ ဗုဒ္ဓသာသနာတော်မှာ သဒ္ဓါကြည်ညိုမှု ပွားများခြင်းကိုလဲ ရနိုင်ပါတယ်၊ ငါတို့လဲ ဒီလို အဆင့်အတန်းရောက်အောင် အားထုတ်မယ်ဆိုတဲ့ ဆန္ဒဝီရိယကိုလဲ ပွားစေနိုင်ပါတယ်၊ ဒါကြောင့် ဒီတရားကို ကြားနာကြပြီးတော့ ဒီတရားတော်နှင့်အညီ ပြည့်ပြည့်စုံစုံ ဖြစ်အောင် အားထုတ်ကြရန် ဘုန်းကြီးက ထပ်မံပြီး တိုက်တွန်း ခဲ့ပါတယ်၊ ယခု တရားသိမ်းတော့မယ်။
ဤမဟာပစ္စဝေက္ခဏာတရားတော်နှင့် အညီ ပြည့်စုံအောင် အားထုတ်နိုင်ကြပါစေ၊ ထို့ထက် တိုးတက်၍လည်း ကြိုးစားအားထုတ် ကျင့်သုံးနိုင်ကြပါစေ၊ ထိုသို့ ကျင့်သုံး နိုင်ကြသဖြင့် မိမိတို့ အလိုရှိအပ်သော မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေ။
သာဓု ... သာဓု .... သာဓု ....။
မဟာပစ္စဝေက္ခဏာတရားတော် ဤတွင် ပြီး၏။
မဟာစည်ဆရာတော်