မာတိကာသို့ ခုန်သွားရန်

မဟာဗျူဟသုတ် ပါဌ်-နိဿယ

ဝီကီရင်းမြစ် မှ
5812မဟာသမယ (၇) သုတ်မဟာဗျူဟသုတ် ပါဌ်-နိဿယအရှင်ဇနကာဘိဝံသ(မဟာဂန္ဓာရုံဆရာတော်)

မဟာဗျူဟသုတ် ပါဌ်-နိဿယ

▬▬▬ஜ۩۞۩ஜ▬▬▬▬

နိမ္မိတဘုရား၏ အမေးဂါထာ (၁)

ယေ ကေစိ မေ ဒိဋ္ဌိပရိဗ္ဗသာနာ၊
ဣဒမေ၀ သစ္စန္တိ ဝိဝါဒယန္တိ။
သဗ္ဗေ၀ တေ နိန္ဒမနွာနယန္တိ၊
အထော ပသံသမ္ပိ လဘန္တိ တတ္ထ။

ဂေါတမ - ဂေါတမနွယ်ဖွား မြတ်စွာဘုရား၊
ယေ ကေစိ - အလုံးစုံကုန်သော၊
ဒိဋ္ဌိပရိဗ္ဗသာနာ - မိစ္ဆာဒိဋ္ဌိဟူသော အိမ်၌နေကုန်သော၊
ဝါ - မိစ္ဆာဒိဋ္ဌိ အယူသည်းနေ ကုန်သော၊
ဣမေ - ဤ တိတ္ထိပရိဗိုဇ်တို့သည်၊
ဣဒမေ၀ သစ္စန္တိ - ဤအယူသာ မှန်သည်ဟူ၍၊
ဝိဝါဒယန္တိ - ငြင်းခုံနေကြကုန်၏။
သဗ္ဗေ၀ - အလုံးစုံသာလျှင် ဖြစ်ကုန်သော၊
တေ - ထို ငြင်းခုံနေသော သူတို့သည်၊
နိန္ဒံ - ကဲ့ရဲ့ခြင်းကို၊
အနွာနယန္တိ - အဖန်ဖန် ဆောင်ယူကုန်သလော၊
ဝါ - ရရှိကြပါကုန်သလော၊
အထော - ထိုသို့မဟုတ် မူ၍၊
တတ္ထ - ထို ငြင်းခုံခြင်းကြောင့်၊
ပသံသမ္ပိ - ချီးမွမ်းခြင်းကိုလည်း၊
လဘန္တိ - ရကြ ပါကုန်သေးသလော။

မြတ်စွာဘုရား၏ အဖြေဂါထာ (၂)

အပ္ပံ ဟိ ဧတံ န အလံ သမာယ၊
ဒုဝေ ဝိဝါဒဿ ဖလာနိ ဗြူမိ။
ဧတမ္ပိ ဒိသွာ န ဝိဝါဒယေထ၊
ခေမာ ဘိပဿံ အဝိဝါဒ ဘူမိံ။

မုနိ - နိမ္မိတရုပ်ပွား မြတ်ဘုရား၊
ဧတံ - ဤ အချီးအမွမ်း ခံရခြင်းသည်၊
အပ္ပံ ဟိ - အနည်းငယ်မျှ သာလျှင်တည်း၊
သမာယ - ရာဂစသော ကိလေသာငြိမ်းရန်၊
န အလံ - မစွမ်းနိုင်သည် သာလျှင်တည်း၊
ဝိဝါဒဿ - ငြင်းခုံခြင်း၏၊
ဖလာနိ ဒုဝေ - အကျိုးတို့ သည် နှစ်ပါးတို့ ဟူ၍၊
ဝါ - နှစ်ပါးသော အကျိုးတို့ကို၊
ဗြူမိ - ငါဘုရားက ဟော ပါသည်။
ဧတမ္ပိ - ဤ ငြင်းခုံမှု၏ အကျိုးဖြစ်သော အပြစ်ကိုလည်း၊
ဒိသွာ - သိမြင်ပြီး၍၊
အဝိဝါဒ ဘူမိံ - ငြင်းခုံမှုကင်းရာ နိဗ္ဗာန်ကို၊
ခေမာ - ဘေးငြိမ်းရာ ဟူ၍၊
အဘိပဿံ - အမြတ်ထားကာ ရှုစားမျှော်လင့်သည်ဖြစ်၍၊
န ဝိဝါဒယေထ - မငြင်းခုံဘဲ ရှိရာတော့ သတည်း။

အဖြေဂါထာ (၃)

ယာ ကာစိမာ သမ္မုတိယော ပုထုဇ္ဇာ၊
သဗ္ဗာ၀ ဧတာ န ဥပေတိ ဝိဒွါ။
အနုပယော သော ဥပယံ ကိမေယျ၊
ဒိဋ္ဌေ သုတေ ခန္တိ မကုဗ္ဗမာနော။

ယာ ကာစိ - အလုံးစုံကုန်သော၊
ဣမာ သမ္မုတိယော - သမုတ်ဟောဆိုထား သော ဤအယူဝါဒတို့သည်၊
ပုထုဇ္ဇာ - ဘာသာရေးဆရာ အများကြောင့် ဖြစ်ကုန်၏။
သဗ္ဗာ၀ - အလုံးစုံသာလျှင် ဖြစ်ကုန်သော၊
ဧတာ - ဤ ဘာသာရေး အယူဝါဒတို့ကို၊
ဝိဒွါ - ဘုရားတပည့် ပညာရှိသည်၊
န ဥပေတိ - မချဉ်းကပ်ပေ။
သော - ဘုရားတပည့် ရဟန္တာပညာရှိသည်၊
အနုပယော - ကပ်ငြိတွယ်တာတတ်သော တဏှာနှင့်ဒိဋ္ဌိ ကင်းသည်ဖြစ်၍၊
ဥပယံ - ကပ်ငြိတွယ်တာအပ်သော၊
ကိံ - အဘယ်အရာသို့၊
ဧယျ - ကပ်ရောက်ရာအံ့နည်း။
ဝါ - ဘယ်အရာသို့မျှ တဏှာဒိဋ္ဌိဖြင့် မကပ်ရောက်ရာ၊
ဒိဋ္ဌေ - မြင်ရသည်၌လည်းကောင်း၊
ဝါ - မြင်ရသည်နှင့်စပ်၍ စင်ကြယ်ခြင်း၌ လည်းကောင်း၊
သုတေ - ကြားရသည်၌ လည်းကောင်း၊
(မုတေ - နံလျက် စားလျက် ထိလျက် ရောက်ရသည်၌ လည်းကောင်း၊
ဝါ - ရောက်ရသည်နှင့်စပ်၍ စင်ကြယ်ခြင်း၌ လည်းကောင်း၊)
ခန္တိံ - နှစ်သက်ခြင်းကို၊
အကုဗ္ဗမာနော - မပြုသည်၊
ဟောတိ - ဖြစ်၏။

အဖြေဂါထာ (၄)

သီလုတ္တမာ သညမေနာဟု သုဒ္ဓိံ၊
ဝတံ သမာဒါယ ဥပဋ္ဌိတာသေ။
ဣဓေ၀ သိက္ခေမ အထဿ သုဒ္ဓိံ၊
ဘဝူပနီတာ ကုသလာဝဒါနာ။

သီလုတ္တမာ - သီလလျှင် အမြတ်ရှိသော သူတို့သည်၊
ဝါ - သီလကို အမြတ်ဆုံး ဟု အယူရှိသောသူတို့သည်၊
သညမေန - ကိုယ်နှင့်နှုတ်ကို စောင့်ထိန်းခြင်းဖြင့်၊
သုဒ္ဓိံ - စင်ကြယ်ခြင်းကို၊
ဝါ - သံသရာဆင်းရဲမှ လွတ်မြောက်ခြင်းကို၊
အာဟု - ဟောပြော ပြဆိုကြကုန်၏။
တေ - ထိုသူတို့သည်၊
ဝတံ - နွား ခွေး စသည်တို့၏အကျင့် နတ် သိကြားစသည်ကို ကိုးကွယ်သော အကျင့်ကို၊
ဥပဋ္ဌိတာ - ကပ်ရောက်စွဲမှီလျက် တည်ကြကုန်၏။
တေ - ထို သီလဗ္ဗတ အယူရှိသူတို့သည်၊
ဣဓေ၀ - ဤ အယူ၌သာလျှင်၊
သိက္ခေမ - ကျင့်ကုန်အံ့။
ဣတိ - ဤသို့ ကြံကုန်၏။
အဿ - အယူဝါဒကို ဟောပြ သော ထိုဆရာ၏၊
ဝါ - ထိုအယူ၏၊
သုဒ္ဓိံ - စင်ကြယ်ခြင်းကို၊
အာဟု - ဆိုကုန်၏။
တေ - ထိုသူတို့သည်၊
ဘဝူပနီတာ - သီလဝတ အယူအစွဲက ဘဝသို့ ဆောင်ကပ်အပ်ကုန် သည်၊
ဝါ - ဘဝ၌ ကပ်ငြိလျက် ရှိကုန်သည်၊
ဟောန္တိ - ဖြစ်ကုန်၏။
ပန - သို့သော် လည်း၊
ကုသလာဝဒါနာ - တတ်သိကျွမ်းကျင်သည့် ပညာရှိဟု ဝန်ခံကြကုန်၏။

အဖြေဂါထာ (၅)

သစေ စုတော သီလဝတတော ဟောတိ၊
ပဝေဓတီ ကမ္မ ဝိရာဓယိတွာ။
ပဇပ္ပတီ ယတ္ထယတီ စ သုဒ္ဓိံ၊
သတ္ထာ၀ ဟီနော ပဝသံ ဃရမာ။

သော - ထို သီလဗ္ဗတ အယူရှိသူသည်၊
သီလဝတတော - သူကျင့်သုံးနေသော အလေ့အကျင့်မှ၊
စုတော - ရွေ့လျောပျက်စီးသွားသည်၊
စေ ဟောတိ - အကယ်၍ ဖြစ်ငြားအံ့၊
ကမ္မံ - ပြုသင့်သော အလေ့အကျင့် အမှုကံကို၊
ဝိရာဓယိတွာ - ချွတ်ယွင်း စေသောကြောင့်၊
ပဝေဓတိ - စိုးရိမ်ပူပန်သောအားဖြင့် လှုပ်ရှားလေတော့၏။
သုဒ္ဓိံ - သံသရာဆင်းရဲမှ လွတ်မြောက်ခြင်း ဟူသော စင်ကြယ်ခြင်းကို၊
ပဇပ္ပတိ - ယောင်ယမ်း တသ၏၊
ပတ္ထယတီ စ - တောင့်တလည်း တောင့်တ၏။
ဃရမာ - အိမ်မှ၊
ပဝသံ - ထွက်ခွါကွေကွင်း ခဲ့သောသူသည်၊
သတ္ထာ - ခရီးသွားဖော် မှီရာကုန်သည်အပေါင်းမှ၊
ဟီနော - ကျန်ရစ်ခဲ့သည်ဖြစ်၍၊
ပဇပ္ပတိ ပတ္ထယတိ ဣ၀ - ကုန်သည်အပေါင်းတို့သို့ အမှီလိုက်ရန် မိမိအိမ်သို့ပြန်ရန် ကြံဖန်မျှော်မှန်း ယောင်ယမ်းတသ တောင့်တနေဘိ သကဲ့သို့ ပင်တည်း။

အဖြေဂါထာ (၆)

သီလဗ္ဗတံ ဝါပိ ပဟာယ သဗ္ဗံ၊
ကမ္မဉ္စ သာဝဇ္ဇ နဝဇ္ဇမေတံ။
သုဒ္ဓိံ အသုဒ္ဓိန္တိ အပတ္ထယာနော၊
ဝိရတော စရေ သန္တိ မနုဂ္ဂဟာယ။

တသ္မာ - ထို့ကြောင့်၊
သဗ္ဗံ - အလုံးစုံသော၊
သီလဗ္ဗတံ ဝါပိ - အလေ့အကျင့် ဟူသမျှကိုလည်း၊
ဝါ - သီလဗ္ဗတ အယူဝါဒ ဟူသမျှကိုလည်း၊
ပဟာယ - ပယ်စွန့်၍၊
သာဝဇ္ဇံ - အပြစ်ရှိသော၊
အနဝဇ္ဇံ - အပြစ်ကင်းသော၊
ဧတံ ကမ္မဉ္စ - ဤ အကုသိုလ်ကံ ကုသိုလ်ကံ ၂-ပါးကိုလည်း၊
ပဟာယ - ပယ်စွန့်၍၊
သုဒ္ဓိံ - ဆင်းရဲကင်းရှင်း စင်ကြယ် ခြင်းကို လည်းကောင်း၊
အသုဒ္ဓိံ - မကင်းရှင်း မစင်ကြယ်ခြင်းကို လည်းကောင်း၊
ဣတိ - ဤနှစ်ပါးလုံးကို၊
အပတ္ထယာနော - မတောင့်တမူ၍၊
ဝိရတော - စင်ကြယ် မစင်ကြယ်ကို (လိုလားခြင်းမှ) ကြဉ်ပယ် ကင်းရှင်းလျက်၊
သန္တိံ - မိစ္ဆာအယူဟူသော သန္တိကို၊
အနုဂ္ဂဟာယ - မယူမစွဲ မူ၍၊
စရေ - နေရတော့သတည်း။

အဖြေဂါထာ (၇)

တမူပနိဿာယ ဇိဂုစ္ဆိတံ ဝါ၊
အထ ဝါပိ ဒိဋ္ဌံ ၀ သုတံ မုတံ ဝါ။
ဥဒ္ဓံသရာ သုဒ္ဓိ မနုတ္ထုနန္တိ၊
အဝီတတဏှာ သေ ဘဝါ ဘဝေသု။

ဥဒ္ဓံသရာ - သေသည်မှ အထက်ဖြစ်သော နောက်ကာလ၌ ရှိမြဲရှိနေသည်ဟု ယူသော သဿတဝါဒီ ပုဂ္ဂိုလ်တို့သည်၊
ဇိဂုစ္ဆိတံ - မကောင်းမှုကို စက်ဆုပ်သော၊
တံ ဝါ တပံ - ပင်ပန်းစွာကျင့်သော ထိုအကျင့်ကို မူလည်း၊
ဥပနိဿာယ - အမှီပြု၍၊
အထ ဝါပိ - ထိုမှတစ်ပါးလည်း၊
ဒိဋ္ဌံ ဝါ - ဒိဋ္ဌ မင်္ဂလာကိုသော်လည်းကောင်း၊
သုတံ ဝါ - သုတ မင်္ဂလာကိုသော် လည်းကောင်း၊
မုတံ ဝါ - မုတ မင်္ဂလာကိုသော် လည်းကောင်း၊
ဥပနိဿာယ - အမှီပြု၍၊
အနုတ္ထုနန္တိ - အဖန်ဖန် ချီးကျူးပြောဟောကုန်၏၊
တေ - ထိုသူတို့သည်၊
ဘဝါ ဘဝေသု - ဘဝကြီးငယ်တို့၌၊
အဝီတ တဏှာ - မကင်းသော တဏှာရှိကြကုန်၏။
ဝါ - တဏှာမကင်းကြသည်ဖြစ်၍ ထိုသို့ ပြောဟောနေကြသည်။

အဖြေဂါထာ (၈-က)

အတ္ထယမာနဿ ဟိ ဇပ္ပိတာနိ၊
အဝေဓိတံ ဝါပိ ပကပ္ပိတေသု။

ဟိ - အပြစ်ကို ဖော်ပြရလျှင်၊
ပတ္ထယမာနဿ - ဘ၀ တဏှာမကင်းသေး၍ တောင့်တနေသူအား၊
ဇပ္ပိတာနိ - ယောင်ယမ်း တသခြင်းတို့သည်၊
ဟောန္တိ - ဖြစ်ကုန်၏။
ပကပ္ပိတေသု - ကြံတွေးမိသော အရာတို့၌၊
ပဝေဓိတံ ဝါပိ - စိုးရိမ်ပူပန်လျက် လှုပ်ရှားခြင်းသည်လည်း၊
ဟောတိ - ဖြစ်၏။

အဖြေဂါထာ (၈-ခ)

စုတူပပါတော ဣဓ ယဿ နတ္ထိ၊
သ ကေန ဝေဓေယျ ကု ဟိံ ၀ ဇပ္ပေ။

ဣဓ - ဤလောက၌၊
ယဿ - အကြင် ရဟန္တာပုဂ္ဂိုလ်အား၊
စုတူပပါတော - သေခြင်း ဖြစ်ခြင်းသည်၊
ဝါ - ဖြစ်ခြင်း သေခြင်းသည်၊
နတ္ထိ - မရှိ။
သ သော - ထို ဖြစ်ခြင်း သေခြင်း မရှိသော ရဟန္တာပုဂ္ဂိုလ်သည်၊
ကေန - ဘယ်အကြောင်းကြောင့်၊
ဝေဓေယျ - တုန်လှုပ်ရာအံ့နည်း၊
ကုဟိံ ဝါ - အဘယ်၌မူလည်း၊
ဇပ္ပေ - ယောင်ယမ်း တမ်းတရာအံ့နည်း။

နိမ္မိတဘုရား၏ အမေးဂါထာ (၉)

ယမာဟု ဓမ္မံ ပရမန္တိ ဧကေ၊
တမေ၀ ဟီနန္တိ ပနာဟု အညေ။
သစ္စော နု ဝါဒေါ ကတမော ဣမေသံ၊
သဗ္ဗေ၀ ဟီမေ ကုသလာဝဒါနာ။

ဂေါတမ - ဂေါတမနွယ်ဖွား မြတ်စွာဘုရား၊
ဧကေ - အချို့ ဘာသာရေးဆရာ တို့သည်၊
ယံ ဓမ္မံ - အကြင် ဘာသာရေးတရားကို၊
ပရမန္တိ - အမြတ်ဆုံးဟူ၍၊
ဝဒန္တိ - ပြောဆို ဟောကြားကုန်၏။
ပန - သို့သော်လည်း၊
တမေ၀ - ထို ဘာသာရေးတရားကိုပင်၊
အညေ - အခြား ဘာသာရေးဆရာတို့က၊
ဟီနန္တိ - ယုတ်ညံ့သည်ဟူ၍၊
ဝဒန္တိ - ပြောဆို ဟောကြားကုန်၏။
ဣမေသံ - ဤသို့ ပြောဟောငြင်းခုံနေသော သူတို့၏၊
ဝါ - ဤသို့ဆိုသော ဝါဒတို့တွင်၊
ကတမော ဝါဒေါ - အဘယ်ဝါဒသည်၊
သစ္စော နု - အမှန်ဖြစ်ပါသနည်း၊
ဟိ - မေးရခြင်း၏ အကြောင်းကား၊
သဗ္ဗေ၀ - အလုံးစုံသာလျှင် ဖြစ်ကုန်သော၊
ဣမေ - ငြင်းခုံ ပြောဆိုနေကြသော ဤသူတို့သည်၊
ကုသလာဝဒါနာ - ကျွမ်းကျင်တတ်သိ ပညာရှိဟု ဝန်ခံကြပါသည်၊
ဝါ - ဝန်ခံနေကြသောကြောင့် မေးရပါသည်။

မြတ်စွာဘုရား၏ အဖြေဂါထာ (၁၀)

သကံ ဟိ ဓမ္မံ ပရိပုဏ္ဏ မာဟု၊
အညဿ ဓမ္မံ ပန ဟီန မာဟု။
ဧဝမ္ပိ ဝိဂ္ဂယှ ဝိဝါဒယန္တိ၊
သကံ သကံ သမ္မုတိ မာဟု သစ္စံ။

မုနိ - နိမ္မိတရုပ်ပွား မြတ်ဘုရား၊
သကံ ဟိ ဓမ္မံ - မိမိ၏ ဘာသာရေး တရားကို သာလျှင်၊
ပရိပုဏ္ဏံ - ပြည့်စုံ ကောင်းမြတ်သည်ဟူ၍၊
ဧတေ - ငြင်းခုံနေသော ဤ ဘာသာရေးဆရာတို့သည်၊
အာဟု - ဖြေဆိုကုန်၏။
အညဿ ဓမ္မံ ပန - အခြားသူ၏ ဘာသာရေး တရားကိုကား၊
ဟီနံ - အယုတ် အညံ့ဟူ၍၊
အာဟု - ဆိုကုန်၏။
ဧဝမ္ပိ - ဤပုံ ဤနည်းဖြင့်လည်း၊
ဝိဂ္ဂယှ - မြဲမြံစွာ ယူကုန်၍၊
ဝိဝါဒယန္တိ - ငြင်းခုံနေကြကုန်၏။
ဧတေ - ဤ ငြင်းခုံနေသော ဘာသာရေးဆရာတို့သည်၊
သကံ သကံ - မိမိဟာ မိမိဟာဖြစ်သော၊
သမ္မုတိံ - အမှန်ဟု သမုတ်ထားသော ဘာသာရေးတရားကို၊
သစ္စံ - အမှန်ဟူ၍၊
အာဟု - ပြောဆိုကြ၏။

အဖြေဂါထာ (၁၁)

ပရဿ စေ ဝမ္ဘယိတေန ဟီနော၊
န ကောစိ ဓမ္မေသု ဝိသေသိ အဿ။
ပုထူ ဟိ အညဿ ဝဒန္တိ ဓမ္မံ၊
နိဟီနတော သမှိ ဒဠှံဝဒါနာ။

ပရဿ - သူတပါး၏၊
ဝမ္ဘယိတေန - ရှုတ်ချခြင်းကြောင့်၊
ဟီနော - ယုတ်ညံ့သည်၊
စေ အဿ - အကယ်၍ ဖြစ်ငြားအံ့၊
ကောစိ - တစ်စုံတစ်ယောက်မျှ၊
ဓမ္မေသု - ဘာသာရေးတရားတို့၌၊
ဝါ - ဘာသာရေးတရားတို့ကြောင့်၊
ဝိသေသီ - ထူးသော ဂုဏ်ရှိသည်၊ ဝါ - ထူးခြားမြင့်မြတ်သည်၊
န အဿ - မဖြစ်ရာတော့သည်သာတည်း။
ဟိ - ထူးခြား မြင့်မြတ်သူ မဖြစ်နိုင်ခြင်း၏ အကြောင်းကား၊
ပုထူ - ဘာသာရေးဆရာ များစွာတို့သည်၊
သမှိ - မိမိ၏ ဘာသာရေးတရား၌၊
ဒဠှံဝဒါနာ - အကောင်းအမြတ် အနေ ဖြင့် မြဲမြံစွာ ပြောဟောကြကုန်လျက်၊
အညဿ ဓမ္မံ - အခြားသူ၏ ဘာသာရေး တရားကို၊
နိဟီနတော - အယုတ်အညံ့အနေအားဖြင့်၊
ဝါ - အယုတ်အညံ့ဟူ၍၊ ဝဒန္တိ - ပြောဟောကြကုန်၏၊
ဝါ - ပြောဟော ကြသောကြောင့်ပေတည်း။

အဖြေဂါထာ (၁၂)

သဒ္ဓမ္မပူဇာပိ နေသံ တထေဝ၊
ယထာ ပသံသန္တိ သကာယနာနိ။
သဗ္ဗေ၀ ဝါဒါ တထိယာ ဘဝေယျုံ၊
သုဒ္ဓီ ဟိ နေသံ ပစ္စတ္တမေဝ။

ယထာ - အကြင် အခြင်းအရာဖြင့်၊
သကာယနာနိ - မိမိ၏ တည်မှီရာ အယူဝါဒတို့ကို၊
ပသံသန္တိ - မှန်ကန်သည် မြင့်မြတ်သည်ဟု ချီးမွမ်းကုန်၏။
တထာ - ထိုသို့ ချီးမွမ်းသော အခြင်းအရာဖြင့်၊
နေသံ - ထို ဘာသာရေး ပုဂ္ဂိုလ်တို့၏၊
သဒ္ဓမ္မပူဇာပိ - သဒ္ဓမ္မဟု ဆိုအပ်သော မိမိတရားကို ပူဇော်ခြင်းသည်လည်း၊
တထေ၀ - မှန်ကန်သည်သာလျှင်၊
စေ သိယာ - အကယ်၍ ဖြစ်ငြားအံ့၊
ဧဝံ - ဤသို့ ဖြစ်ပါမူ၊
သဗ္ဗေ၀ ဝါဒါ - ဘာသာရေးဝါဒ အကုန်လုံးတို့ပင်လျှင်၊
တထိယာ - အမှန်တို့ချည်းသာ၊
ဘဝေယျုံ - ဖြစ်ကုန်ရာသည်။
ဟိ - ထိုသို့ အမှန်ချည်းဖြစ်ခြင်း၏ အကြောင်းကား၊
နေသံ - ထို ဘာသာရေး ပုဂ္ဂိုလ်တို့၏၊
သုဒ္ဓိ - စင်ကြယ်ခြင်း- ဆင်းရဲမှ လွတ်မြောက်ခြင်းသည်၊
ပစ္စတ္တမေ၀ - အသီးသီးသော မိမိ၏သန္တာန်၌ ဖြစ်ကြကုန်သည်ချည်းပင်။
ဝါ - အသီးသီးသော မိမိ၏ သန္တာန်၌ ဖြစ်သည်ဟု ယုံကြည်ကြသောကြောင့် ပေတည်း။

အဖြေဂါထာ (၁၃)

န ဗြဟ္မဏဿ ပရနေယျ မတ္ထိ၊
ဓမ္မေသု နိစ္ဆေယျ သမုဂ္ဂဟီတံ။
တသ္မာ ဝိဝါဒါနိ ဥပါတိဝတ္တော၊
န ဟိ သေဋ္ဌတော ပဿတိ ဓမ္မမညံ။

ဗြဟ္မဏဿ - မကောင်းမှု အကုသိုလ်ဟူသမျှကို အပပြုပြီး ပယ်ပြီးသော ရဟန္တာအား၊
ပရနေယျံ - သူတပါးက သိစေအပ် ညွှန်ကြားအပ်သည်၏ အဖြစ်သည်၊
ဝါ - ညွှန်ကြားဖွယ်သည်၊
နတ္ထိ - (သစ္စာလေးတန် တရားမှန်ကို သိပြီးဖြစ်သောကြောင့်) မရှိတော့သည် သာတည်း။
ဓမ္မေသု - မိစ္ဆာအယူတရားတို့၌၊
နိစ္ဆေယျ - ကြံစည် ဆုံးဖြတ်၍၊
သမုဂ္ဂဟီတံ - စွဲယူခြင်းသည်လည်း၊
နတ္ထိ - မရှိတော့သည်သာတည်း။
တသ္မာ - ထို့ကြောင့်၊
ဝိဝါဒါနိ - မိစ္ဆာအယူကို စွဲမှီ၍ ငြင်းခုံမှုတို့ကို၊
ဥပါတိ ဝတ္တော - လွန်မြောက် ကင်းရှင်းလျက် ရှိပေ၏။
ဟိ - လွန်မြောက်ခြင်း၏ အကြောင်း တစ်ပါးကား၊
အညံ - သတိပဋ္ဌာန်စသော ဗောဓိပက္ခိယ အကျင့်မှတစ်ပါးသော၊
ဝါ - အရိယမဂ် အကျင့်မှ တစ်ပါးသော၊
ဓမ္မံ - အကျင့်တရားကို၊
သေဋ္ဌတော - မှန်ကန်မြင့်မြတ်သော တရားအနေဖြင့်၊
န ပဿတိ - မရှုမြင် မထင်မှတ်တော့ပေ၊
ဝါ - မရှုမြင် မထင်မှတ်သောကြောင့်ပေတည်း။

အဖြေဂါထာ (၁၄)

ဇာနာမိ ပဿာမိ တထေ၀ ဧတံ၊
ဒိဋ္ဌိယာ ဧကေ ပစ္စေန္တိ သုဒ္ဓိံ။
အဒက္ခိ စေ ကိဉ္စိ တုမဿ တေန၊
အတိသိတွာ အညေန ဝဒန္တိ သုဒ္ဓိံ။

ဧကေ - အချို့ ပုဂ္ဂိုလ်တို့သည်၊
ဇာနာမိ ပဿာမိ - ငါသိသည် ငါမြင်သည်၊
ဧတံ - ဤအရာသည်၊
တထေ၀ - ကိုယ်တိုင် အသိအမြင် ဖြစ်သောကြောင့် သိမြင်သည့်အတိုင်း မှန်သည် သာတည်း၊
ဣတိ - ဤသို့ ထင်မြင်ယူဆသော၊
ဒိဋ္ဌိယာ - အယူဖြင့်၊
သုဒ္ဓိံ - ဝဋ်ဆင်းရဲမှ လွတ်မြောက် စင်ကြယ်ခြင်းကို၊
ပစ္စေန္တိ - ယုံကြည် ဆုံးဖြတ် သိမှတ်ကြကုန်၏။
အဒက္ခိ စေ - ထိုသို့ သိမြင်ပြီး ဖြစ်ငြားအံ့၊
ဝါ - ကိုယ်တိုင်သိမြင်ပြီး ဖြစ်ရုံမျှဖြင့် အကယ်၍ စင်ကြယ်လွတ်မြောက်ငြားအံ့၊
တုမဿ - ထိုသို့ သိမြင်သောသူအား၊
တေန - ထို သိမြင်ခြင်းဖြင့်၊
ကိဉ္စိ - အဘယ်ကိစ္စ ပြီးအံ့နည်း။
ဝါ - အဘယ်ကိစ္စမှ မပြီးပါ။
အတိသိတွာ - အမှန်ကို ကျော်လွှားရှောင်ဖယ်၍၊
အညေန - အခြားသော နည်းလမ်း မှားဖြင့်၊
သုဒ္ဓိံ - စင်ကြယ်ခြင်းကို၊
ဝဒန္တိ - ပြောဆိုနေကြကုန်၏။

အဖြေဂါထာ (၁၅)

ပဿံ နရော ဒက္ခတိ နာမရူပံ၊
ဒိသွာန ဝါ ဉဿတိ တာနိမေဝ။
ကာမံ ဗဟုံ ပဿတု အပ္ပကံ ဝါ၊
န ဟိ တေန သုဒ္ဓိံ ကုသလာ ဝဒန္တိ။

ပဿံ - ပကတိမျက်စိ အဘိညာဉ်ဉာဏ်တို့ဖြင့် မြင်သော၊
နရော - လူသည်၊
နာမရူပံ - နာမ်ရုပ်ကို၊
ဒက္ခတိ - သာမန်မြင်ရိုးမြင်စဉ်ဖြင့်သာ မြင်လတ္တံ့၊
ဒိသွာန ဝါ - ကိုယ်တိုင် မြင်ပြီး၍လည်း၊
တာနိမေ၀ - ရိုးရိုးမြင်ထားသော ထို နာမ်ရုပ်တို့ကိုသာလျှင်၊
ဉဿတိ - ဆင်ခြင် ကြံစည်သောစိတ်ဖြင့် သိလတ္တံ့။
ဗဟုံဝါ - များစွာကိုဖြစ်စေ၊
အပ္ပံ ဝါ - အနည်းငယ်ကိုဖြစ်စေ၊
ကာမံ ပဿတု - ပကတိမျက်စိနှင့် လောကီအဘိညာဉ် တို့ဖြင့် အကယ်၍ မြင်သိပါစေ၊
ဟိ - ထိုသို့ပင် ကိုယ်တိုင် မြင်သိသော်လည်း၊
တေန - ထိုသို့ မြင်သိခြင်းဖြင့်၊
သုဒ္ဓိံ - ဝဋ်ဆင်းရဲမှ လွတ်မြောက်စင်ကြယ်ခြင်းကို၊
ကုသလာ - ခန္ဓာ အာယတန စသည်တို့၌ သိမြင်ကျွမ်းကျင်သော (ဘုရားစသော) ပုဂ္ဂိုလ်မြတ် တို့သည်၊
န ဝဒန္တိ - မဟောကြပါကုန်။

အဖြေဂါထာ (၁၆)

နိဝိဿဝါဒီ န ဟိ သုဗ္ဗိနာယော၊
ပကပ္ပိတာ ဒိဋ္ဌိပုရက္ခရာနော။
ယံ နိဿိတော တတ္ထ သုဘံ ဝဒါနော၊
သုဒ္ဓိံ ဝဒေါ တတ္ထ တထဒ္ဒသာ သော။

နိဝိဿဝါဒီ - အယူမှား၌ သက်ဝင်စွဲလမ်းလျက် ပြောဟောနေလေ့ရှိသူသည်၊
သုဗ္ဗိနာယော - ဆုံးမသွန်သင် ပြုပြင်ပေးရန် လွယ်ကူသည်၊
န ဟိ ဟောတိ - မဖြစ်တော့သည် သာတည်း။
ပကပ္ပိတာ ဒိဋ္ဌိပုရက္ခရာနော - ကြံဆ မှတ်စွဲထားသော အယူမှားကို ရှေ့သွားပြုလျက် ရှိနေချေသည်။
ဝါ - ကြံဆ မှတ်စွဲထားသော အယူမှား ကို ရှေ့သွားပြုလျက် ရှိနေသောကြောင့် တည်း။
ယံ - အကြင်အယူ အကြင်ဆရာကို၊
နိဿိတော - မှီခိုအားထားလျက် ရှိ၏။
တတ္ထ - ထိုအယူ ထိုဆရာ၌၊
သုဘံ ဝဒါနော - တင့်တယ်သည် ကောင်းမြတ်သည်ဟု ဆိုလေ့ ချီးကျူးလေ့ရှိ၏။
သော - ဆုံးမပြုပြင်ရန် မလွယ်ကူသော ထိုသူသည်၊
သုဒ္ဓိံ ဝဒေါ - သူ့အယူဖြင့် စင်ကြယ်ခြင်းကို ဟောပြောနေလျက်၊
တတ္ထ - ထိုအယူ၌၊
တထံ - သူပြောသည့်အတိုင်းပင် မှန်သည်ကို၊
အဒ္ဒသာ - ထင်မြင်နေလေတော့၏။

အဖြေဂါထာ (၁၇)

န ဗြဟ္မဏော ကပ္ပမုပေတိ သင်္ခါ၊
န ဒိဋ္ဌိသာရီ နပိ ဉာဏဗန္ဓု။
ဉတွာ စ သော သမ္မုတိယော ပုထုဇ္ဇာ၊
ဥပေက္ခတီ ဥဂ္ဂဟဏန္တိ မညေ။

ဗြဟ္မဏော - မကောင်းမှု အကုသိုလ်ဟူသမျှကို အပပြုပြီး ပယ်ပြီးသော ရဟန္တာ သည်၊
သင်္ခါ-သင်္ခါယ - သိသင့်သမျှကို သိပြီး၍၊
ဝါ - သိပြီးဖြစ်သောကြောင့်၊
ကပ္ပံ - တဏှာဖြင့် ဒိဋ္ဌိဖြင့် တွေးတော ကြံဆခြင်းသို့၊
န ဥပေတိ - မရောက်တော့သည် သာတည်း။
န ဒိဋ္ဌိသာရီ - မိစ္ဆာဒိဋ္ဌိနောက်လည်း မလိုက်တော့ပြီ၊
နပိ ဉာဏဗန္ဓု - ဉာဏ်ဖြင့် ဖွဲ့တွယ်အပ်သော မိတ်ဆွေလည်း မရှိတော့ပြီ။
ဝါ - ဉာဏ်ဖြင့် တဏှာဒိဋ္ဌိကို မိတ်ဖွဲ့ ခြင်းလည်း မရှိတော့ပေ၊
သော - ထို ရဟန္တာသည်၊
ဉတွာ - မှန်စွာ သိပြီး၍၊
ဝါ - မှန်စွာ သိပြီးဖြစ်သောကြောင့်၊
ပုထုဇ္ဇာ - များစွာသော မိစ္ဆာအယူ ရှိသူတို့ကြောင့် ဖြစ်ကုန် သော၊
သမ္မုတိယော စ - သမုတ်ပညတ်ထားသော မိစ္ဆာအယူတို့ကိုလည်း၊
ဥပေက္ခတိ - ဂရုမစိုက်ဘဲ လျစ်လျူရှုလျက် ရှိပေ၏။
အညေ - ရဟန္တာနှင့် ဆန့်ကျင်ကွဲပြား အခြား သော ပုဂ္ဂိုလ်တို့သည်၊
ဥဂ္ဂဟဏန္တိ - မြဲမြံစွာ စွဲယူလျက် ရှိကုန်၏။

အဖြေဂါထာ (၁၈)

ဝိဿဇ္ဇ ဂန္ထာနိ မုနီဓ လောကေ၊
ဝိဝါဒဇာတေသု န ဝဂ္ဂသာရီ။
သန္တော အသန္တေသု ဥပက္ခကော သော၊
အနုဂ္ဂဟော ဥဂ္ဂဟဏန္တိ မညေ။

ဣဓ လောကေ - ဤလောက၌၊
မုနိ - မှန်စွာသိပြီးသော ရဟန္တာရဟန်းသည်၊
ဂန္ထာနိ - သံသရာ၌ ဖွဲ့တွယ်တတ်သော ဂန္ထလေးပါး ကိလေသာ တရားတို့ကို၊
ဝိဿဇ္ဇ - ပယ်စွန့်ပြီး၍၊
ဝါ - ပယ်စွန့်ပြီး ဖြစ်သောကြောင့်၊
ဝိဝါဒဇာတေသု - ဖြစ်သော ငြင်းခုံမှု ရှိသော လူတို့၌၊
ဝါ - အယူအစွဲဖြင့် ကွဲလွဲငြင်းခုံနေကြသော လူတို့၌၊
န ဝဂ္ဂသာရီ - ကွဲလွဲသော အယူနောက်သို့ မလိုက်တော့ပေ။
ဝါ - အယူကွဲသောအားဖြင့် သူတို့ထဲ၌ မပါဝင်တော့ပေ။
သော - ထို ရဟန္တာသည်၊
အသန္တေသု - အယူမှားကိုစွဲလျက် မငြိမ်မသက်သော သူတို့၌၊
သန္တော - အယူစွဲကင်းလျက် ငြိမ်သက်သည်ဖြစ်၍၊
ဥပက္ခကော - အယူစွဲရှိ သူများနှင့် ထိုအယူစွဲတို့ကို လျစ်လျူရှုလျက် ငြိမ်သက် နေပေ၏။
အညေ - ရဟန္တာနှင့် ဆန့်ကျင်ကွဲပြား အခြားသူတို့သည်၊
ဥဂ္ဂဟဏန္တိ - မိစ္ဆာအယူကို မြဲမြံစွာ ယူလျက် ရှိကြကုန်၏။
သော - ထို ရဟန္တာသည်ကား၊
အနုဂ္ဂဟော - အယူဝါဒ ဟူသမျှကို အစွဲ မယူ လျစ်လျူရှုလျက်သာ ရှိပေ၏။

အဖြေဂါထာ (၁၉)

ပုဗ္ဗာသေ၀ ဟိတွာ နေ၀ အကုဗ္ဗံ၊
န ဆန္ဒဂူ နောပိ နိဝိဿဝါဒီ။
သ ဝိပ္ပမုတ္တော ဒိဋ္ဌိဂတေဟိ ဓီရော၊
န လိမ္ပတိ လောကေ အနတ္တဂရဟီ။

သော - ထို ရဟန္တာပုဂ္ဂိုလ်သည်၊
ပုဗ္ဗာသေ၀ - ရှေးအာသဝေါတို့ကို၊
ဟိတွာ - ပယ်ပြီး၍၊
နေ၀ - အသစ် အာသဝေါတို့ကိုလည်း၊
အကုဗ္ဗံ - မပြုသည်၊
ဟောတိ - ဖြစ်၏။
န ဆန္ဒဂူ - အလိုဆန္ဒနောက်သို့လည်း မလိုက်ပြီ။
နောပိ နိဝိဿဝါဒီ - မိစ္ဆာ အယူ ဟူသမျှ၌ သက်ဝင်စွဲယူ၍ ပြောဆိုနေခြင်းလည်း မရှိတော့ပြီ။
သော ဓီရော - ပညာရှိဖြစ်သော ထို ရဟန္တာသည်၊
ဒိဋ္ဌိဂတေဟိ - အယူမှား ဟူသမျှတို့မှ၊
ဝိပ္ပမုတ္တော - ကင်းရှင်း လွတ်မြောက်လေပြီ။
လောကေ - လောက၌၊
န လိမ္ပတိ - တဏှာဖြင့် မကပ်ငြိတော့ပြီ၊
အနတ္တဂရဟီ - မိမိကိုယ်ကိုလည်း မကဲ့ရဲ့ မရှုတ်ချတော့ပြီ။

မြတ်စွာဘုရား၏ နောက်ဆုံးအဖြေဂါထာ (၂၀)

သ သဗ္ဗဓမ္မေသု ဝိသေနိဘူတာ၊
ယံ ကိဉ္စိ ဒိဋ္ဌံ ဝါ သုတံ မုတံ ဝါ။
သ ပန္နဘာရော မုနိ ဝိပ္ပမုတ္တော၊
န ကပ္ပိယော နူပရတော န ပတ္ထိယော။

ယံ ကိဉ္စိ - အမှတ်မရှိ အလုံးစုံသော၊
ဒိဋ္ဌံ ဝါ - မြင်ရသော အရာသည် လည်းကောင်း၊
သုတံ ဝါ - ကြားရသော အရာသည် လည်းကောင်း၊
မုတံ ဝါ - နံလျက် စားသိလျက် ထိသိလျက် ရောက်ရတွေ့ရသော အရာသည်လည်းကောင်း၊
ဝိညာတံ ဝါ - ကြံသိရသော အရာသည်လည်းကောင်း၊
အတ္ထိ - ရှိ၏။
သဗ္ဗဓမ္မေသု - ထို မြင်ရ ကြားရ တွေ့ရ သိရသော တရားအားလုံးတို့၌၊
သ သော - ထို ရဟန္တာသည်၊
ဝိသေနိဘူတာ - သေမင်းစစ်သည် ကင်းလျက်ရှိပေသည်။
သ သော မုနိ - ထို ရဟန္တာရဟန်းသည်၊
ပန္နဘာရော - ချအပ်ပြီးသော ဝန်ထုပ်ဝန်ပိုး ရှိပေပြီ။
ဝါ - ဝန်ထုပ်ဝန်ပိုး ဟူသမျှကို ပယ်ချအပ်ပေပြီ။
ဝိပ္ပမုတ္တော - ကိလေသာ ဟူသော အနှောင်အဖွဲ့မှလည်း ကင်းရှင်းလွတ်မြောက်ပေပြီ။
သော - ထို ရဟန္တာသည်၊
န ကပ္ပိယော - တဏှာဒိဋ္ဌိဖြင့် ကြံတွေး စွဲယူခြင်း လည်း မရှိတော့ပြီ၊
န ဥပရတော - မည်သည့်ဘ၀ မည်သည့်ဌာန၌မျှ ပျော်မွေ့ခြင်း လည်း မရှိတော့ပြီ။
န ပတ္ထိယော - မည်သို့ ဖြစ်ရပါစေ စသည်ဖြင့် တောင့်တခြင်း လည်း မရှိတော့ပြီ။

မဟာဗျူဟသုတ္တံ နိဋ္ဌိတံ။
မဟာဗျူဟသုတ် ပြီး၏။