မာတိကာသို့ ခုန်သွားရန်

မဟာဝဂ္ဂ သံယုတ် ပါဠိတော်

ဝီကီရင်းမြစ် မှ

သံယုတ္တနိကာယ်

မဟာဝဂ္ဂသံယုတ်ပါဠိတော်

မြန်မာပြန်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

၁-မဂ္ဂသံယုတ်

၁-အဝိဇ္ဇာဝဂ်

၁-အဝိဇ္ဇာသုတ်

။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်းတော်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု ခေါ်တော်မူ၏၊ ထိုရဟန်းတို့သည် “အသျှင်ဘုရား”ဟု မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏- ရဟန်းတို့ မသိမှု ‘အဝိဇ္ဇာ’သည် အကုသိုလ်တရားတို့ဖြစ်ရန် ရှေ့သွားခေါင်းဆောင် ဖြစ်၏၊ မရှက်မှု ‘အဟိရိက’ မလန့်မှု ‘အနောတ္တပ္ပ'သည် နောက်လိုက်သာလျှင် ဖြစ်၏။ ရဟန်းတို့ အဝိဇ္ဇာနှင့် ပြည့်စုံသော ပညာမဲ့သူအား မှားသောအမြင် ‘မိစ္ဆာဒိဋ္ဌိ’ ဖြစ်နိုင်၏၊ မှားသောအမြင်ရှိသူအား မှားသောအကြံ ‘မိစ္ဆာသင်္ကပ္ပ’ ဖြစ်နိုင်၏၊ မှားသောအကြံရှိသူအား မှားသော စကား ‘မိစ္ဆာဝါစာ’ ဖြစ်နိုင်၏၊ မှားသော စကားရှိသူအား မှားသောအလုပ် ‘မိစ္ဆာကမ္မန္တ’ ဖြစ်နိုင်၏၊ မှားသောအလုပ်ရှိသူအား မှားသောအသက်မွေးမှု ‘မိစ္ဆာဇီဝ’ ဖြစ်နိုင်၏၊ မှားသောအသက်မွေးမှုရှိသူအား မှားသောအားထုတ်မှု ‘မိစ္ဆာဝါယာမ’ ဖြစ်နိုင်၏၊ မှားသောအားထုတ်မှုရှိသူအား မှားသော အောက်မေ့မှု ‘မိစ္ဆာသတိ’ ဖြစ်နိုင်၏၊ မှားသော အောက်မေ့မှုရှိသူအား မှားသော တည်ကြည်မှု ‘မိစ္ဆာသမာဓိ’ ဖြစ်နိုင်၏။

ရဟန်းတို့ အသိဉာဏ် ‘ဝိဇ္ဇာ'သည်ကား ကုသိုလ်တရားတို့ ဖြစ်ရန် ရှေ့သွားခေါင်းဆောင် ဖြစ်၏၊ ရှက်မှု ‘ဟိရီ’ လန့်မှု ‘ဩတ္တပ္ပ'သည် နောက်လိုက်သာလျှင် ဖြစ်၏။ ရဟန်းတို့ အသိဉာဏ် ‘ဝိဇ္ဇာ'နှင့် ပြည့်စုံသူ ပညာရှိသူအား မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ ဖြစ်နိုင်၏၊ မှန်ကန်သောအမြင်ရှိသူအား မှန်ကန်သောအကြံ ‘သမ္မာသင်္ကပ္ပ’ ဖြစ်နိုင်၏၊ မှန်ကန်သောအကြံရှိသူအား မှန်ကန်သော စကား ‘သမ္မာဝါစာ'ဖြစ်နိုင်၏၊ မှန်ကန်သော စကားရှိသူအား မှန်ကန်သောအလုပ် ‘သမ္မာကမ္မန္တ’ ဖြစ်နိုင်၏၊ မှန်ကန်သောအလုပ်ရှိသူ အား မှန်ကန်သောအသက်မွေးမှု ‘သမ္မာအာဇီဝ’ ဖြစ်နိုင်၏၊ မှန်ကန်သောအသက်မွေးမှုရှိသူအား မှန်ကန် သောအားထုတ်မှု ‘သမ္မာဝါယာမ’ ဖြစ်နိုင်၏၊ မှန်ကန်သောအားထုတ်မှုရှိသူအား မှန်ကန်သော အောက်မေ့ မှု ‘သမ္မာသတိ’ ဖြစ်နိုင်၏၊ မှန်ကန်သောအောက်မေ့မှုရှိသူအား မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ ဖြစ်နိုင်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

--

၂-ဥပဍ္ဎသုတ်

။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း နဂရကမည်သော သာကီဝင်မင်းတို့၏ နိဂုံး၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော်မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- “အသျှင်ဘုရား မိတ်ဆွေကောင်းရှိသည်၏ အဖြစ် အပေါင်းအသင်းကောင်းရှိသည်၏ အဖြစ် မိတ်ဆွေကောင်းတို့၌ ကိုင်းရှိုင်းသည်၏ အဖြစ်သည် အကျင့်မြတ်ကို ထက်ဝက်ပြီးစေနိုင်ပါ၏”ဟု (လျှောက်၏)။

အာနန္ဒာ ဤသို့ မဆိုလင့်၊ အာနန္ဒာ ဤသို့ မဆိုလင့်၊ အာနန္ဒာ မိတ်ဆွေကောင်းရှိသည်၏ အဖြစ်အပေါင်းအသင်းကောင်းရှိသည်၏ အဖြစ် မိတ်ဆွေကောင်းတို့၌ ကိုင်းရှိုင်းသည်၏ အဖြစ်သည် အကျင့်မြတ်ကို အလုံးစုံပင် ပြီးစေနိုင်၏၊ အာနန္ဒာ မိတ်ဆွေကောင်း, အပေါင်းအသင်းကောင်းရှိ၍ မိတ်ဆွေကောင်းတို့၌ ကိုင်းရှိုင်းသော ရဟန်းအား အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများနိုင်လိမ့်မည်၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုနိုင်လိမ့်မည်ဟူသော ဤအကြောင်းကို မချွတ် (ရလိမ့်မည်ဟု) မျှော်လင့် အပ်၏။

အာနန္ဒာ မိတ်ဆွေကောင်း,အပေါင်းအသင်းကောင်း ရှိ၍ မိတ်ဆွေကောင်းတို့၌ ကိုင်းရှိုင်းခြင်းရှိသောရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ပွားများသနည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ကြိမ်ဖန်များစွာ ပြုလုပ်သနည်း။ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်မှု၌ မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်း၌ မှီသော ချုပ်ငြိမ်းမှု၌ မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ ကို ပွားများ၏၊ ဆိတ်ငြိမ်မှု၌ မှီသော မှန်ကန်သောအကြံ ‘သမ္မာသင်္ကပ္ပ'ကို ပွားများ၏။ပ။ မှန်ကန်သော စကား ‘သမ္မာဝါစာ'ကို ပွားများ၏။ပ။ မှန်ကန်သောအလုပ် ‘သမ္မာကမ္မန္တ'ကို ပွားများ၏။ပ။ မှန်ကန်သောအသက်မွေးမှု ‘သမ္မာအာဇီဝ'ကို ပွားများ၏။ပ။ မှန်ကန်သောအားထုတ်မှု ‘သမ္မာဝါယာမ'ကို ပွားများ၏။ပ။ မှန်ကန်သော အောက်မေ့မှု ‘သမ္မာသတိ'ကို ပွားများ၏။ပ။ ဆိတ်ငြိမ်မှု၌ မှီသောစွဲမက်မှု ‘ရာဂ'ကင်းခြင်း၌ မှီသော ချုပ်ငြိမ်းမှု၌ မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'ကို ပွားများ၏။ အာနန္ဒာ ဤသို့လျှင် မိတ်ဆွေကောင်း, အပေါင်းအသင်းကောင်း ရှိ၍ မိတ်ဆွေကောင်းတို့၌ ကိုင်းရှိုင်းခြင်းရှိသော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများ၏၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်၏။

အာနန္ဒာ မိတ်ဆွေကောင်းရှိသည်၏ အဖြစ် အပေါင်းအသင်းကောင်းရှိသည်၏ အဖြစ် မိတ်ဆွေကောင်းတို့၌ ကိုင်းရှိုင်းသည်၏ အဖြစ်သည် အကျင့်မြတ်ကို အလုံးစုံပင် ပြီးစေနိုင်၏ဟူသော ဤစကားကို ဤသို့သောအကြောင်းပရိယာယ်ဖြင့်လည်း သိအပ်၏။ မိတ်ဆွေကောင်းဖြစ်သော ငါဘုရားကို အကြောင်းပြု၍ပဋိသန္ဓေနေမှုသဘောရှိကုန်သော သတ္တဝါတို့သည် ပဋိသန္ဓေနေမှုမှ လွတ်မြောက်ကုန်၏၊ အိုမှုသဘောရှိကုန်သော သတ္တဝါတို့သည် အိုမှုမှ လွတ်မြောက်ကုန်၏၊ သေမှုသဘောရှိကုန်သော သတ္တဝါတို့သည် သေမှုမှလွတ်မြောက်ကုန်၏၊ စိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုသဘောရှိကုန်သောသတ္တဝါတို့သည် စိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့မှ လွတ်မြောက်ကုန်၏။ အာနန္ဒာ မိတ်ဆွေကောင်းရှိသည်၏ အဖြစ် အပေါင်းအသင်းကောင်းရှိသည်၏ အဖြစ် မိတ်ဆွေကောင်းတို့၌ ကိုင်းရှိုင်းသည်၏ အဖြစ်သည် အကျင့်မြတ်ကို အလုံးစုံပင် ပြီးစေနိုင်၏ဟူသော ထိုစကားကို ဤသို့သောအကြောင်းပရိယာယ်အားဖြင့် သိအပ်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

--

၃-သာရိပုတ္တသုတ်

။ သာဝတ္ထိနိဒါန်း။ ထိုအခါ အသျှင်သာရိပုတြာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကိုလျှောက်၏- “အသျှင်ဘုရား မိတ်ဆွေကောင်းရှိသည်၏ အဖြစ် အပေါင်းအသင်းကောင်းရှိသည်၏ အဖြစ်မိတ်ဆွေ ကောင်းတို့၌ ကိုင်းရှိုင်းသည်၏ အဖြစ်သည် အကျင့်မြတ်ကို အလုံးစုံပင် ပြီးစေနိုင်၏”ဟု (လျှောက်၏)။

သာရိပုတြာ ကောင်းပေစွ၊ ကောင်းပေစွ၊ သာရိပုတြာ မိတ်ဆွေကောင်းရှိသည်၏ အဖြစ် အပေါင်း့အသင်းကောင်းရှိသည်၏ အဖြစ် မိတ်ဆွေကောင်းတို့၌ ကိုင်းရှိုင်းသည်၏ အဖြစ်သည် အကျင့်မြတ်ကိုအလုံးစုံပင် ပြီးစေနိုင်၏၊ သာရိပုတြာ မိတ်ဆွေကောင်း, အပေါင်းအသင်းကောင်း ရှိ၍မိတ်ဆွေကောင်းတို့၌ ကိုင်းရှိုင်းခြင်းရှိသော ရဟန်းအား အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကိုပွားများနိုင်လိမ့်မည်၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုနိုင်လိမ့်မည်ဟူသောဤအကြောင်းကို မချွတ် (ရလိမ့်မည်ဟု) မျှော်လင့် အပ်၏၊ သာရိပုတြာ မိတ်ဆွေကောင်း,အပေါင်းအသင်းကောင်း ရှိ၍ မိတ်ဆွေကောင်းတို့၌ ကိုင်းရှိုင်းခြင်းရှိ သော ရဟန်းသည်အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ပွားများသနည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကိုအဘယ်သို့လျှင် ကြိမ်ဖန်များစွာ ပြုလုပ်သနည်း။

သာရိပုတြာ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်မှု၌ မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်း၌ မှီသောချုပ်ငြိမ်းမှု၌ မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ ကို ပွားများ၏။ပ။ ဆိတ်ငြိမ်မှု၌ မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်း၌ မှီသော ချုပ်ငြိမ်းမှု၌ မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ ကို ပွားများ၏။ သာရိပုတြာ မိတ်ဆွေကောင်း, အပေါင်းအသင်းကောင်းရှိ၍ မိတ်ဆွေကောင်းတို့၌ ကိုင်းရှိုင်းခြင်းရှိသော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကိုပွားများ၏၊ ကြိမ်ဖန်များစွာ ပြုလုပ်၏။

သာရိပုတြာ မိတ်ဆွေကောင်းရှိသည်၏ အဖြစ် အပေါင်းအသင်းကောင်းရှိသည်၏ အဖြစ် မိတ်ဆွေကောင်းတို့၌ ကိုင်းရှိုင်းသည်၏ အဖြစ်သည် အကျင့်မြတ်ကို အလုံးစုံပင် ပြီးစေနိုင်၏ဟူသော ဤစကားကိုဤသို့သောအကြောင်းပရိယာယ်ဖြင့်လည်း သိအပ်၏။ သာရိပုတြာ မိတ်ဆွေကောင်းဖြစ်သော ငါဘုရားကိုအကြောင်းပြု၍ ပဋိသန္ဓေနေမှုသဘောရှိကုန်သော သတ္တဝါတို့သည် ပဋိသန္ဓေနေမှုမှ လွတ်မြောက်ကုန်၏၊ အိုမှုသဘောရှိကုန်သော သတ္တဝါတို့သည် အိုမှုမှ လွတ်မြောက်ကုန်၏၊ သေမှုသဘောရှိကုန်သော သတ္တဝါတို့သည် သေမှုမှ လွတ်မြောက်ကုန်၏၊ စိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုသဘောရှိကုန်သော သတ္တဝါတို့သည် စိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့မှ လွတ်မြောက်ကုန်၏။ အာနန္ဒာ မိတ်ဆွေကောင်းရှိသည်၏ အဖြစ် အပေါင်းအသင်းကောင်းရှိသည်၏အဖြစ် မိတ်ဆွေကောင်းတို့၌ ကိုင်းရှိုင်းသည်၏ အဖြစ်သည် အကျင့်မြတ်ကို အလုံးစုံပင် ပြီးစေနိုင်၏ဟူသော ထိုစကားကို ဤသို့သောအကြောင်းပရိယာယ်အားဖြင့် သိအပ်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။

--

၄-ဇာဏုဿောဏိဗြာဟ္မဏသုတ်

။ သာဝတ္ထိနိဒါန်း။ ထိုအခါ အသျှင်သာရိပုတြာသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်၏၊ အသျှင်အာနန္ဒာသည် အလုံးစုံဖြူသော မြင်းမကသော ရထားဖြင့် သာဝတ္ထိပြည်မှ ထွက်လာသော ဇာဏုဿောဏိပုဏ္ဏားကို မြင်လေ၏၊ ကထားသောမြင်းမတို့သည်လည်း ဖြူကုန်၏၊ ရထားတန်ဆာတို့သည်လည်း ဖြူကုန်၏၊ ရထားသည်လည်း ဖြူ၏၊ ဖြူသောအခြံအရံလည်း ရှိ၏၊ ဇက်ကြိုးတို့သည်လည်း ဖြူကုန်၏၊ နှင်တံသည်လည်း ဖြူ၏၊ ထီးသည်လည်း ဖြူ၏၊ သင်းကျစ်သည်လည်း ဖြူ၏၊ အဝတ်တို့သည်လည်း ဖြူကုန်၏၊ ဖိနပ်တို့သည်လည်း ဖြူကုန်၏၊ ဖြူသော သားမြီးယပ်ဖြင့် ယပ်ခပ်စေ၏၊ လူအများသည် ထိုရထားကို တွေ့မြင်ကြ၍ “အချင်းတို့ရထားသည် ကောင်းမြတ်လှပေစွတကား၊ အချင်းတို့ ဗြဟ္မယာဉ်နှင့် တူပေစွတကား”ဟု ပြောဆို၏။

ထိုအခါ အသျှင်အာနန္ဒာသည် သာဝတ္ထိပြည်မှ ဆွမ်းခံလှည့်လည်ပြီး၍ ဆွမ်းစားပြီးသည့်နောက်ဆွမ်းစားရာမှ ဖဲခဲ့၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောနေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏-

အသျှင်ဘုရား အကျွန်ုပ်သည် ဤနေ့နံနက်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်ပါ၏၊ အသျှင်ဘုရား အကျွန်ုပ်သည် အလုံးစုံဖြူသော မြင်းမ ကသောရထားဖြင့် သာဝတ္ထိပြည်မှ ထွက်လာသော ဇာဏုဿောဏိပုဏ္ဏားကို တွေ့မြင်ခဲ့ပါ၏၊ ကထားသော မြင်းမတို့သည်လည်း ဖြူပါကုန်၏၊ ရထားတန်ဆာတို့သည်လည်း ဖြူပါကုန်၏၊ ရထားသည်လည်း ဖြူပါ၏၊ ဖြူသောအခြံအရံလည်း ရှိပါ၏၊ ဇက်ကြိုးတို့သည်လည်း ဖြူပါကုန်၏၊ နှင်တံသည်လည်း ဖြူပါ၏၊ ထီးသည်လည်း ဖြူပါ၏၊ သင်းကျစ်သည်လည်း ဖြူပါ၏၊ အဝတ်တို့သည်လည်း ဖြူပါကုန်၏၊ ဖိနပ်တို့သည်လည်း ဖြူပါကုန်၏၊ ဖြူသော သားမြီးယပ်ဖြင့် ယပ်ခပ်စေပါ၏၊ လူအများသည် ထိုရထားကို တွေ့မြင်ကြ၍ “အချင်းတို့ ရထားသည် ကောင်းမြတ်လှပေစွတကား၊ အချင်းတို့ ဗြဟ္မယာဉ်နှင့် တူပေစွတကား”ဟုပြောဆိုပါကုန်၏၊ အသျှင်ဘုရား ဤသာသနာတော်၌ ဗြဟ္မယာဉ်ကို ပညတ်ခြင်းငှါ စွမ်းနိုင်ပါမည်လောဟုလျှောက်၏။

“အာနန္ဒာ စွမ်းနိုင်၏”ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏၊ အာနန္ဒာ ဗြဟ္မယာဉ်ဟူသော ဤအမည်သည်လည်းကောင်း၊ ဓမ္မယာဉ်ဟူသော ဤအမည်သည်လည်းကောင်း၊ အတု မရှိမူ၍ (ကိလေသာ) စစ်ပွဲ၌ အောင်မြင်နိုင်သော ယာဉ်ဟူသော ဤအမည်သည်လည်းကောင်း အင်္ဂါရှစ်ပါးရှိသောအရိယမဂ်၏အမည်သာ ဖြစ်၏။

--

အာနန္ဒာ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ'ကို ပွားများသော် ကြိမ်ဖန်များစွာ ပြုလုပ်သော် စွဲမက်မှု ‘ရာဂ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏၊ အမျက်ထွက်မှု ‘ဒေါသ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏၊ တွေဝေမှု ‘မောဟ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။ အာနန္ဒာ မှန်ကန်သောအကြံ ‘သမ္မာသင်္ကပ္ပ'ကိုပွားများသော် ကြိမ်ဖန်များစွာ ပြုလုပ်သော် စွဲမက်မှု ‘ရာဂ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏၊ အမျက်ထွက်မှု ‘ဒေါသ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏၊ တွေဝေမှု ‘မောဟ'ကို ပယ်ဖျောက်ခြင်းလျှင်အဆုံးရှိ၏။ အာနန္ဒာ မှန်ကန်သော စကား ‘သမ္မာဝါစာ'ကို ပွားများသော် ကြိမ်ဖန်များစွာ ပြုလုပ်သော်စွဲမက်မှု ‘ရာဂ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏၊ အမျက်ထွက်မှု ‘ဒေါသ'ကို ပယ်ဖျောက်ခြင်းလျှင်အဆုံးရှိ၏၊ တွေဝေမှု ‘မောဟ’ ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။ အာနန္ဒာ မှန်ကန်သောအလုပ် ‘သမ္မာကမ္မန္တ'ကို ပွားများသော် ကြိမ်ဖန်များစွာ ပြုလုပ်သော် စွဲမက်မှု ‘ရာဂ'ကိုပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏၊ အမျက် ထွက်မှု ‘ဒေါသ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏၊ တွေဝေမှု ‘မောဟ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံး ရှိ၏။ အာနန္ဒာ မှန်ကန်သောအသက်မွေးမှု ‘သမ္မာအာဇီဝ'ကို ပွားများသော် ကြိမ်ဖန်များစွာ ပြုလုပ်သော် စွဲမက်မှု ‘ရာဂ'ကိုပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏၊ အမျက်ထွက်မှု ‘ဒေါသ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံး ရှိ၏၊ တွေဝေမှု ‘မောဟ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။ အာနန္ဒာ မှန်ကန်သောအားထုတ်မှု ‘သမ္မာဝါယာမ’ ကို ပွားများသော် ကြိမ်ဖန်များစွာ ပြုလုပ်သော် စွဲမက်မှု ‘ရာဂ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏၊ အမျက်ထွက်မှု ‘ဒေါသ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏၊ တွေဝေမှု ‘မောဟ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။ အာနန္ဒာ မှန်ကန်သော အောက်မေ့မှု ‘သမ္မာသတိ’ ကို ပွားများသော် ကြိမ်ဖန်များစွာပြုလုပ်သော် စွဲမက်မှု ‘ရာဂ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏၊ အမျက်ထွက်မှု ‘ဒေါသ’ ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏၊ တွေဝေမှု ‘မောဟ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။ အာနန္ဒာ မှန်ကန်သောတည်ကြည်မှု ‘သမ္မာသမာဓိ’ ကို ပွားများသော် ကြိမ်ဖန်များစွာ ပြုလုပ်သော် စွဲမက်မှု ‘ရာဂ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏၊ အမျက်ထွက်မှု ‘ဒေါသ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏၊ တွေဝေမှု ‘မောဟ'ကိုပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။

အာနန္ဒာ ဗြဟ္မယာဉ်ဟူသော ဤအမည်သည်လည်းကောင်း၊ ဓမ္မယာဉ်ဟူသော ဤအမည်သည်လည်းကောင်း၊ အတုမရှိမူ၍ (ကိလေသာ) စစ်ပွဲ၌ အောင်မြင်နိုင်သော ယာဉ်ဟူသော ဤအမည်သည်လည်းကောင်း အင်္ဂါရှစ်ပါးရှိသောအရိယမဂ်၏ အမည်သာတည်းဟူသော ဤစကားကိုဤဆိုခဲ့ပြီးသောအကြောင်းဖြင့် သိအပ်၏။ ကောင်းသော စကားကို ဆိုတော်မူတတ်သောမြတ်စွာဘုရားသည် ဤတရားစကားကို ဟော ကြားပြီး၍ ထိုမှတစ်ပါး ဤဂါထာများကို ဟောတော်မူ၏- “အကြင်မဂ္ဂင်ရထားအား သဒ္ဓါနှင့် ပညာ တရားနှစ်ပါးတို့ကို အခါခပ်သိမ်း (ဥပေက္ခာ ဟူသော) ထမ်းပိုး၌ ကအပ်ကုန်၏၊ ရှက်မှု ‘ဟိရီ’ သည် ရထားသံမည်၏၊ ဝိပဿနာစိတ် (မဂ်စိတ်) သည်ဇက်ကြိုးမည်၏၊ အောက်မေ့မှု ‘သတိ’ သည် စောင့် ရှောက်သော ရထားထိန်းမည်၏။

(မဂ္ဂင်) ရထားသည် သီလတည်းဟူသော တန်ဆာရှိ၏၊ ဈာန်တည်းဟူသော ဝင်ရိုး ရှိ၏၊ ဝီရိယတည်းဟူသော ဘီးရှိ၏၊ ဥပေက္ခာသည် ရထားဦးကို တည်ငြိမ်စေ၏၊ အလောဘသည်အကာအရံဖြစ်ပေ၏။

မပျက်စီးစေလိုမှု ‘အဗျာပါဒ’ မညှဉ်းဆဲလိုမှု ‘အဝိဟိံသာ’ ဆိတ်ငြိမ်မှု ‘ဝိဝေက'သည် အကြင်မဂ္ဂင်ရထား၌တည်သူ၏ လက်နက်မည်၏၊ သည်းခံခြင်းသည် ချပ်ဝတ်တန် ဆာ မည်၏၊ ထိုမဂ္ဂင်ရထား၌ တည်သူသည်ယောဂ၏ ကုန်ရာ (နိဗ္ဗာန်) သို့ ရှေးရှု သွား၏။

ပညာရှိတို့သည် မိမိသန္တာန်၌ ဖြစ်ပေါ်လာသောအတုမရှိသော ထိုဗြဟ္မယာဉ် တည်းဟူသောမဂ္ဂင်ရထားကို (တက်စီးကြပြီးလျှင်) အောင်ပွဲမှန်သမျှကို စင်စစ် အောင်မြင်ကြ၍ လောကမှထွက်မြောက်ကြကုန်၏”ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

--

၅-ကိမတ္ထိယသုတ်

။ သာဝတ္ထိနိဒါန်း။ ထိုအခါ များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၍တစ်ခုသော နေရာ၌ ထိုင်နေကြပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်ကြကုန်၏- အသျှင်ဘုရား အယူတစ်ပါးရှိကုန်သော ပရိဗိုဇ်တို့သည် အကျွန်ုပ်တို့အား “ငါ့သျှင်တို့ အဘယ်အကျိုးကို လို၍ ရဟန်းဂေါတမ၏ အထံ၌ မြတ်သောအကျင့်ကို ကျင့်သုံးဘိသနည်း”ဟု မေးကုန်၏၊ အသျှင်ဘုရား ဤသို့ အမေးခံရသောအကျွန်ုပ်တို့သည် အယူတစ်ပါးရှိကုန်သော ပရိဗိုဇ်တို့အား “ငါ့သျှင်တို့ ဆင်းရဲကို ပိုင်းခြား၍ သိခြင်းငှါ မြတ်စွာဘုရား၏ အထံ၌ မြတ်သောအကျင့်ကို ကျင့်သုံး၏”ဟုဤသို့ ဖြေကြားပါကုန်၏။ အသျှင်ဘုရား အသို့ပါနည်း၊ ဤသို့ အမေးခံရ၍ ဤသို့ ဖြေခဲ့ကုန်သောအကျွန်ုပ်တို့ သည် မြတ်စွာဘုရား ဟောတော်မူတိုင်း ဖြေကြားကြသူများဟုတ်ပါကုန်၏လော၊ မြတ်စွာဘုရားကို မဟုတ်မမှန်သော စကားဖြင့် စွပ်စွဲရာ မရောက်ဘဲ ရှိပါကုန်၏လော၊ တရားတော်အားလျော်သည်ကို ဖြေဆိုခဲ့ကြသူများ ဖြစ်ပါကုန်၏လော၊ အကျွန်ုပ်တို့၏ ဝါဒ,အနုဝါဒသည်အကြောင်းနှင့် တကွဖြစ်၍ အကဲ့ရဲ့ ခံရခြင်းသို့ အနည်းငယ်မျှ မရောက်ဘဲ ရှိပါ၏လောဟုလျှောက်ကြကုန်၏။

ရဟန်းတို့ ဤသို့ အမေးခံရ၍ ဤသို့ ဖြေဆိုခဲ့ကုန်သော သင်တို့သည် စင်စစ် ငါဘုရား ဟောကြားတော်မူတိုင်း ဖြေဆိုသူများ ဖြစ်ကုန်၏၊ ငါဘုရားကိုလည်း မဟုတ်မမှန်သော စကားဖြင့် စွပ်စွဲရာမရောက်ကုန်၊ တရားတော်အား လျော်သည်ကိုသာ ဖြေဆိုသူများ ဖြစ်ကြကုန်၏၊ သင်တို့၏ ဝါဒ, အနုဝါဒသည် အကြောင်းနှင့် တကွဖြစ်၍ အကဲ့ရဲ့ခံရခြင်းသို့ အနည်းငယ်မျှ မရောက်ပေ။ မှန်၏၊ ဒုက္ခကိုပိုင်းခြား ၍ သိခြင်းငှါ ငါ့ထံ၌ မြတ်သောအကျင့်ကို ကျင့်သုံး၏။ ရဟန်းတို့ အကယ်၍အယူတစ်ပါးရှိကုန်သော ပရိဗိုဇ်တို့သည် “ငါ့သျှင်တို့ ဤဆင်းရဲ ‘ဒုက္ခ’ ကို ပိုင်းခြား၍ သိခြင်းငှါလမ်းစဉ်ရှိပါသလော၊ အကျင့်ရှိပါ သလော”ဟု သင်တို့ကို ဤကဲ့သို့ မေးမြန်းကုန်ငြားအံ့၊ ရဟန်းတို့ဤသို့ အမေးခံရသော သင်တို့သည် အယူတစ်ပါးရှိကုန်သော ပရိဗိုဇ်တို့အား “ငါ့သျှင်တို့ဤဆင်းရဲ ‘ဒုက္ခ'ကို ပိုင်းခြား၍ သိခြင်းငှါ လမ်းစဉ် သည် ရှိ၏၊ အကျင့်သည် ရှိ၏”ဟု ဤသို့ဖြေဆိုကြကုန်လော့။

ရဟန်းတို့ ဤဆင်းရဲ ‘ဒုက္ခ'ကို ပိုင်းခြား၍ သိခြင်းငှါ လမ်းစဉ်သည် အဘယ်နည်း၊ အကျင့်သည်အဘယ်နည်း၊ အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်ပင်တည်း။ ဤသည်တို့ကား အဘယ်တို့နည်း၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'တို့တည်း။ ရဟန်းတို့ ဤသည်ကားဤဆင်းရဲ ‘ဒုက္ခ'ကို ပိုင်းခြား၍ သိခြင်းငှါ လမ်းစဉ်တည်း၊ အကျင့်တည်း။ ရဟန်းတို့ ဤသို့ အမေးခံရသော သင်တို့သည် အယူတစ်ပါးရှိကုန်သော ပရိဗိုဇ်တို့အား ဤအတိုင်း ဖြေဆိုကြကုန်လော့ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

--

၆-ပဌမ အညတရဘိက္ခုသုတ်

။ သာဝတ္ထိနိဒါန်း။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ တစ်ခုသော နေရာ၌ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- “အသျှင်ဘုရား အကျင့်မြတ်အကျင့်မြတ်ဟု ဆိုအပ်၏၊ အသျှင်ဘုရား အကျင့်မြတ်သည် အဘယ်ပါနည်း၊ အကျင့်မြတ်၏ အဆုံးကားအဘယ်ပါနည်း”ဟု (လျှောက်၏)။

ရဟန်း အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် အကျင့်မြတ်တည်း။ ဤသည်တို့ကား အဘယ်တို့နည်း၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ တို့တည်း။ ရဟန်းစွဲမက်မှု ‘ရာဂ'ကုန်ရာ အမျက်ထွက်မှု ‘ဒေါသ'ကုန်ရာ တွေဝေမှု ‘မောဟ'ကုန်ရာသည် အကျင့်မြတ်၏ အဆုံးဖြစ်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

၇-ဒုတိယ အညတရဘိက္ခုသုတ်

။ သာဝတ္ထိနိဒါန်း။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ တစ်ခုသော နေရာ၌ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- အသျှင်ဘုရား “စွဲမက်မှု ‘ရာဂ'ကို ပယ်ဖျောက်ရာ အမျက်ထွက်မှု ‘ဒေါသ'ကို ပယ်ဖျောက်ရာ တွေဝေမှု ‘မောဟ’ ကို ပယ်ဖျောက်ရာ”ဟု ဆိုအပ်ပါ၏၊ “စွဲမက်မှု ‘ရာဂ'ကို ပယ်ဖျောက်ရာ အမျက်ထွက်မှု ‘ဒေါသ'ကိုပယ်ဖျောက်ရာ တွေဝေမှု ‘မောဟ'ကို ပယ်ဖျောက်ရာ”ဟူသောအမည်သည် အဘယ်တရား၏ အမည်ပါနည်းဟု (လျှောက်၏)။ ရဟန်း စွဲမက်မှု ‘ရာဂ'ကို ပယ်ဖျောက်ရာ အမျက်ထွက်မှု ‘ဒေါသ'ကို ပယ်ဖျောက်ရာတွေဝေမှု ‘မောဟ'ကို ပယ်ဖျောက်ရာဟူသော ဤအမည်သည် နိဗ္ဗာနဓာတ်၏ အမည်တည်း၊ ထို့ကြောင့်အာသဝတရားတို့၏ ကုန်ရာဟု ဆိုအပ်၏။

ဤသို့ မိန့်တော်မူလတ်သော် ထိုရဟန်းသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- အသျှင်ဘုရား “မသေရာ မသေရာ”ဟု ဆိုအပ်၏၊ မသေရာကား အဘယ်ပါနည်း၊ မသေရာသို့ ရောက်ကြောင်းလမ်းစဉ်ကား အဘယ်ပါနည်းဟု လျှောက်၏။ ရဟန်း စွဲမက်မှု ‘ရာဂ'ကုန်ရာအမျက်ထွက်မှု ‘ဒေါသ'ကုန်ရာ တွေဝေမှု ‘မောဟ'ကုန်ရာကို မသေရာဟု ဆိုအပ်၏၊ အင်္ဂါရှစ်ပါးရှိသာဤအရိယမဂ်ကိုပင်လျှင် မသေရာသို့ ရောက်ကြောင်းလမ်းစဉ်ဟု ဆိုအပ်၏။ ဤသည်တို့ကားအဘယ်တို့နည်း၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သောတည်ကြည်မှု ‘သမ္မာသမာဓိ’ တို့တည်းဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

--

၈-ဝိဘင်္ဂသုတ်

။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ သင်တို့အား အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်ကို ဟောကြားပေအံ့၊ ဝေဖန်ပေအံ့၊ ထိုတရားကို နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောပေအံ့ဟု (မိန့်တော် မူ၏)။ ထိုရဟန်းတို့သည် “အသျှင်ဘုရား ကောင်းပါပြီ”ဟု မြတ်စွာဘုရားအားပြန်ကြားလျှောက်ထား ကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏- ရဟန်းတို့အင်္ဂါရှစ်ပါးရှိသောအရိယာမဂ်သည် အဘယ်နည်း၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သောတည်ကြည်မှု ‘သမ္မာသမာဓိ'တို့တည်း။

ရဟန်းတို့ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဆင်းရဲကို သိသော ဉာဏ်၊ ဆင်းရဲဖြစ်ကြောင်းကို သိသော ဉာဏ်၊ ဆင်းရဲချုပ်ငြိမ်းရာကို သိသော ဉာဏ်၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်းအကျင့်ကို သိသော ဉာဏ်ပင်တည်း။ ရဟန်းတို့ ဤသည်ကို မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ဟု ဆိုအပ်၏။

ရဟန်းတို့ မှန်ကန်သောအကြံ ‘သမ္မာသင်္ကပ္ပ’ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ထွက်မြောက်လို သောကြံစည်မှု၊ မပျက်စီးစေလိုသော ကြံစည်မှု၊ မညှဉ်းဆဲလိုသော ကြံစည်မှုသည် ရှိ၏။ ရဟန်းတို့ ဤသည်ကို မှန်ကန်သောအကြံ ‘သမ္မာသင်္ကပ္ပ’ဟု ဆိုအပ်၏။

ရဟန်းတို့ မှန်ကန်သော စကား ‘သမ္မာဝါစာ’ဟူသည် အဘယ်နည်း၊ ရဟန်းတို့ မမှန်ပြောဆိုခြင်းမှရှောင်ကြဉ်ခြင်း၊ ကုန်းစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းမှရှောင်ကြဉ်ခြင်း၊ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်းသည် ရှိ၏။ ရဟန်းတို့ဤသည်ကို မှန်ကန်သော စကား ‘သမ္မာဝါစာ’ဟု ဆိုအပ်၏။

ရဟန်းတို့ မှန်ကန်သောအလုပ် ‘သမ္မာကမ္မ န္တ’ ဟူသည် အဘယ်နည်း၊ ရဟန်းတို့ အသက်သတ်မှုမှရှောင်ကြဉ်ခြင်း၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ခြင်း၊ မမြတ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်ခြင်းသည် ရှိ၏။ ရဟန်းတို့ ဤသည်ကို မှန်ကန်သောအလုပ် ‘သမ္မာကမ္မ န္တ’ဟု ဆိုအပ်၏။

ရဟန်းတို့ မှန်ကန်သောအသက်မွေးမှု ‘သမ္မာအာဇီဝ’ ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ အရိယာဖြစ်သော တပည့်သည် မှားယွင်းသောအသက်မွေးမှု ‘မိစ္ဆာ ဇီဝ'ကို ပယ်၍ မှန်ကန်သောအသက်မွေးမှု ‘သမ္မာအာဇီဝ’ ဖြင့် အသက်မွေး၏။ ရဟန်းတို့ ဤသည်ကို မှန်ကန်သောအသက် မွေးမှု ‘သမ္မာအာဇီဝ’ဟု ဆိုအပ်၏။

ရဟန်းတို့ မှန်ကန်သောအားထုတ်မှု ‘သမ္မာဝါယာမ’ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မဖြစ်ကုန်သေးသော ယုတ်ညံ့သောအကုသိုလ်တရားတို့ကို မဖြစ်စေရန်ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီမြှောက်၏၊ ဆောက်တည်၏။ ဖြစ်ပြီးကုန်သောယုတ်ညံ့သောအကုသိုလ်တရားတို့ကို ပယ်ရန် ဆန္ဒကို ဖြစ်စေ၏။ပ။ မဖြစ်ကုန်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စေရန် ဆန္ဒကို ဖြစ်စေ၏။ပ။ ဖြစ်ပြီးကုန်သော ကုသိုလ်တရားတို့ကို တည်မြဲစေရန်၊ မပျောက်ပျက်စေရန်၊ တိုးတက်ဖြစ်ပွားစေရန်၊ ပြန့်ပြောစေရန်၊ ပွားများမှု ပြည့်စုံစေရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီမြှောက်၏၊ ဆောက်တည်၏။ ရဟန်းတို့ ဤသည်ကို မှန်ကန်သောအား ထုတ်မှု ‘သမ္မာဝါယာမ’ဟု ဆိုအပ်၏။

--

ရဟန်းတို့ မှန်ကန်သော အောက်မေ့မှု ‘သမ္မာသတိ’ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာအားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ မက်မောမှု ‘အဘိဇ္ဈာ’ နှလုံးမသာမှု ‘ဒေါမနဿ'ကို ပယ်ဖျောက်လျက်ရုပ် အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏၊ ပြင်းစွာ အားထုတ်သော လုံ့လရှိ သည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌မက်မောမှု ‘အဘိဇ္ဈာ’ နှလုံးမသာမှု ‘ဒေါမနဿ’ ကို ပယ်ဖျောက်လျက် ဝေဒနာတို့၌ ဝေဒနာတို့ကိုအကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏၊ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ မက်မောမှု ‘အဘိဇ္ဈျာ'နှလုံးမသာမှု ‘ဒေါမနဿ'ကို ပယ်ဖျောက်လျက် သဘော တရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ရဟန်းတို့ ဤသည်ကို မှန် ကန်သော အောက်မေ့မှု ‘သမ္မာသတိ’ဟု ဆိုအပ်၏။

ရဟန်းတို့ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ဆိတ်၍သာလျှင် ကြံစည်မှု ‘ဝိတက်’ နှင့် တကွဖြစ်သော သုံးသပ်မှု ‘ဝိစာရ'နှင့် တကွဖြစ်သော နီဝရဏဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်မှု ‘ပီတိ’ ချမ်းသာမှု ‘သုခ'ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ကြံစည်မှု ‘ဝိတက်'သုံးသပ်မှု ‘ဝိစာရ’ တို့၏ ချုပ်ခြင်းကြောင့် ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’ မရှိသော စိတ်ကိုကြည်လင်စေတတ်သော စိတ်၏ တည်ကြည်မှု ‘သမာဓိ’ ကို ဖြစ်စေတတ်သောတည်ကြည်မှု ‘သမာဓိ’ ကြောင့် ဖြစ်သော နှစ်သိမ့်မှု ‘ပီတိ’ ချမ်းသာမှု ‘သုခ'ရှိသော ဒုတိယဈာန်သို့ရောက်၍ နေ၏။ နှစ်သိမ့်မှု ‘ပီတိ'ကိုလည်း မစွဲမက်ခြင်း ကြောင့် လျစ်လျူရှု၍သာလျှင် နေ၏၊ အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်'နှင့် ပြည့်စုံသည် ဖြစ်၍ ချမ်းသာမှု ‘သုခ'ကိုလည်း ကိုယ်ဖြင့်ခံစား၏၊ (အကြင်တတိယဈာန်ကြောင့်) ထိုသူကို “လျစ်လျူရှုသူ၊ သတိ ရှိသူ၊ ချမ်းသာစွာနေလေ့ရှိသူ”ဟု အရိယာပုဂ္ဂိုလ်တို့သည် ချီးမွမ်းပြောဆိုကုန်၏၊ ထိုတတိယဈာန်သို့ ရောက်၍ နေ၏။ ချမ်းသာမှု ‘သုခ'ကိုလည်း ပယ်ခြင်းကြောင့် ဆင်းရဲမှု ‘ဒုက္ခ'ကိုလည်း ပယ်ခြင်းကြောင့်ဝမ်းသာမှု ‘သောမနဿ’ နှလုံးမသာမှု ‘ဒေါမနဿ'တို့ ရှေးဦးကပင်လျှင် ချုပ်နှင့်ခြင်းကြောင့် ဆင်းရဲချမ်းသာကင်းသော လျစ်လျူရှုမှုကြောင့် ဖြစ်သော သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍နေ၏။ ရဟန်းတို့ ဤသည်ကို မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

--

၉-သူကသုတ်

။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ဥပမာသော်ကား မကောင်းသဖြင့် (လှဲ၍) ထားသည့် သလေးစပါးမြီးကိုဖြစ်စေ၊ မုယောစပါးမြီးကိုဖြစ်စေ လက်ဖြင့်သော်လည်းကောင်း၊ ခြေဖြင့်သော်လည်းကောင်း ဖိမိနင်းမိသော် လက်ကိုလည်းကောင်း၊ ခြေကိုလည်းကောင်း စူးရှဖျက်ဆီးပေလိမ့်မည်၊ သွေးကိုလည်း ထွက်စေပေလိမ့်မည်ဟူသောအကြောင်းသည် မရှိပေ။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့စပါးမြီးကို မကောင်းသဖြင့် (လှဲ၍) ထားအပ်သောကြောင့်တည်း။ ရဟန်းတို့ ဤအတူပင် ထိုရဟန်းသည်မကောင်းသဖြင့် ထားအပ်သော (ကမ္မဿကတာပညာ) မကောင်းသဖြင့် ဖြစ်စေအပ်သော မဂ္ဂဘာဝနာဖြင့်မသိမှု ‘အဝိဇ္ဇာ’ကို ဧကန်ဖျက်ဆီးနိုင်ပေလိမ့်မည်၊ အသိဉာဏ် ‘ဝိဇ္ဇာ'ကို ဖြစ်စေနိုင်လိမ့်မည်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်လိမ့်မည်ဟူသောအကြောင်းသည် မရှိပေ။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ (ကမ္မဿကတာပညာနှင့် မဂ္ဂဘာဝနာကို) မကောင်းသဖြင့် ထားအပ် မကောင်းသဖြင့်ဖြစ်စေအပ်သော ကြောင့်ပေတည်း။

ရဟန်းတို့ ဥပမာသော်ကား ကောင်းစွာ (ထောင်၍) ထားအပ်သော သလေးစပါးမြီးကိုဖြစ်စေ၊ မုယောစပါးမြီးကိုဖြစ်စေ လက်ဖြင့်သော်လည်းကောင်း၊ ခြေဖြင့်သော်လည်းကောင်း ဖိမိနင်းမိသော် လက်ကိုလည်းကောင်း၊ ခြေကိုလည်းကောင်း စူးရှဖျက်ဆီးပေလိမ့်မည်၊ သွေးကိုလည်း ထွက်စေပေလိမ့်မည်ဟူသောအကြောင်းသည် ရှိ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ စပါးမြီးကို ကောင်းစွာ့ (ထောင်၍) ထားအပ်သောကြောင့်ပေတည်း။ ရဟန်းတို့ ဤအတူပင် ရဟန်းသည် ကောင်းစွာ ထားအပ်သော (ကမ္မဿကတာပညာ) ကောင်းစွာ ဖြစ်စေအပ်သော မဂ္ဂဘာဝနာဖြင့် မသိမှု ‘အဝိဇ္ဇာ’ကို ဧကန်ဖျက်ဆီးနိုင်ပေလိမ့်မည်၊ အသိဉာဏ် ‘ဝိဇ္ဇာ'ကို ဖြစ်စေနိုင်လိမ့်မည်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်လိမ့်မည်ဟူသောအကြောင်းသည် ရှိ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ (ကမ္မဿကတာပညာနှင့် မဂ္ဂဘာဝနာကို) ကောင်းစွာ ထားအပ် ကောင်းစွာ ဖြစ်စေအပ်သောကြောင့်ပေတည်း။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ကောင်းစွာ ထားအပ်သော (ကမ္မဿကတာပညာ) ကောင်းစွာဖြစ်စေအပ်သော မဂ္ဂဘာဝနာဖြင့် မသိမှု ‘အဝိဇ္ဇာ’ ကို ဖျက်ဆီးနိုင်သနည်း၊ အသိဉာဏ် ‘ဝိဇ္ဇာ'ကိုဖြစ်စေနိုင်သနည်း၊ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် (ကိလေသာမှ) ဆိတ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ငြိမ်းခြင်း၌ မှီသော နိဗ္ဗာန်၌ညွတ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ'ကို ပွါးများ၏။ပ။ (ကိလေသာမှ) ဆိတ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ငြိမ်းခြင်း၌ မှီသော နိဗ္ဗာန်၌ ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'ကို ပွါးများ၏။ ရဟန်းတို့ ဤသို့လျှင် ကောင်းစွာ ထားအပ်သော (ကမ္မဿကတာပညာ) ကောင်းစွာ ဖြစ်စေအပ်သော မဂ္ဂဘာဝနာဖြင့် မသိမှု ‘အဝိဇ္ဇာ’ကို ဖျက်ဆီးနိုင်၏၊ အသိဉာဏ် ‘ဝိဇ္ဇာ'ကို ဖြစ်စေနိုင်၏၊ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။

--

၁၀-နန္ဒိယသုတ်

၁၀။ သာဝတ္ထိနိဒါန်း။ ထိုအခါ နန္ဒိယပရိဗိုဇ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- “အသျှင်ဂေါတမ အဘယ်မျှသော တရားတို့ကို ပွါးများအပ်ပါလျှင်ကြိမ်ဖန်များစွာ ပြုလုပ်အပ်ပါလျှင် နိဗ္ဗာန်သို့ ရောက်နိုင်ကုန်သည် နိဗ္ဗာန်လျှင် မှီခိုအားထားရာရှိကုန်သည်နိဗ္ဗာန်လျှင် အပြီးအဆုံးရှိကုန်သည် ဖြစ်ပါကုန်သနည်း”ဟု (လျှောက်၏)။

နန္ဒိယ ဤရှစ်ပါးသော တရားတို့ကို ပွားများလျှင် ကြိမ်ဖန်များစွာ ပြုလုပ်လျှင် နိဗ္ဗာန်သို့ ဧကန်ရောက်နိုင်ကုန်၏၊ နိဗ္ဗာန်လျှင် မှီခိုအားထားရာရှိကုန်၏၊ နိဗ္ဗာန်လျှင် အပြီးအဆုံးရှိကုန်၏။ အဘယ်ရှစ်ပါးတို့နည်း၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'တို့တည်း။ နန္ဒိယဤရှစ်ပါးသော တရားတို့ကို ပွားများလျှင် ကြိမ်ဖန်များစွာ ပြုလုပ်လျှင် နိဗ္ဗာန်သို့ ဧကန်ရောက်နိုင်ကုန်၏၊ နိဗ္ဗာန်လျှင် မှီခိုအားထားရာရှိကုန်၏၊ နိဗ္ဗာန်လျှင် အပြီးအဆုံးရှိကုန်၏ဟု မိန့်တော်မူ၏။

ဤသို့ ဟောကြားတော်မူသော် နန္ဒိယပရိဗိုဇ်သည် မြတ်စွာဘုရားအား ဤစကားကိုလျှောက်၏-"အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှ အစပြု၍အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သူ ဥပါသကာဟု မှတ်တော်မူပါ”ဟု (လျှောက်၏)။

ဒသမသုတ်။

ရှေးဦးစွာသောအဝိဇ္ဇာဝဂ် ပြီး၏။

--

၂-ဝိဟာရဝဂ်

၁-ပဌမ ဝိဟာရသုတ်

၁၁။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ငါသည် (တစ်ဆယ့်ငါးရက်) လဝက်ပတ်လုံး တစ်ပါးတည်း ကိန်းအောင်းနေထိုင်လို၏၊ ဆွမ်းပို့မည့် ရဟန်းတစ်ဦးမှ တစ်ပါး မည်သူမျှ ငါ့ထံသို့ မချဉ်းကပ်ရဟု မိန့်တော်မူ၏၊ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဝန်ခံကုန်ပြီးလျှင် ဆွမ်းပို့သော ရဟန်းတစ်ဦးမှ တစ်ပါး မည်သူမျှ မြတ်စွာဘုရားထံသို့ မချဉ်းကပ်ကုန်။

ထို့နောက် မြတ်စွာဘုရားသည် ထိုလဝက်လွန်သဖြင့် တစ်ပါးတည်း ကိန်းအောင်းရာမှ ထတော်မူခဲ့၍ရဟန်းတို့ကို မိန့်တော်မူ၏- “ရဟန်းတို့ ငါဘုရားသည် ဘုရားဖြစ်ခါစ နေခြင်းမျိုး၏ တစ်စိတ်တစ်ဒေသဖြင့် (ယခုလဝက်အတွင်း၌) နေခဲ့၏၊ ထိုငါသည် ဤသို့ သိ၏ - ‘မှားယွင်းသောအမြင် ‘မိစ္ဆာဒိဋ္ဌိ’ ကြောင့်လည်း ခံစားရ၏၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ'ကြောင့်လည်း ခံစားရ၏။ပ။ မှားယွင်းသောတည်ကြည်မှု ‘မိစ္ဆာသမာဓိ'ကြောင့်လည်း ခံစားရ၏၊ မှန်ကန်သောတည်ကြည်မှု ‘သမ္မာသမာဓိ’ ကြောင့်လည်း ခံစားရ၏၊ အလို ‘ဆန္ဒ’ ကြောင့်လည်း ခံစားရ၏၊ ကြံစည်မှု ‘ဝိတက်’ ကြောင့်လည်း ခံစားရ၏၊ မှတ်သားမှု ‘သညာ’ ကြောင့်လည်း ခံစားရ၏။ အလို ‘ဆန္ဒ'လည်း မငြိမ်း၊ ကြံစည်မှု ‘ဝိတက်’ လည်း မငြိမ်း၊ မှတ်သားမှု ‘သညာ’ လည်းမငြိမ်းသောကြောင့်လည်း ခံစားရ၏။ အလို ‘ဆန္ဒ'လည်းငြိမ်း၊ ကြံစည်မှု ‘ဝိတက်'လည်းငြိမ်း၊ မှတ်သားမှု ‘သညာ’ လည်း ငြိမ်းခြင်းကြောင့်လည်း ခံစားရ၏။ မရောက်ရသေးသောအရဟတ္တဖိုလ်သို့ ရောက်ခြင်းငှါ အားထုတ်မှုသည် ရှိ၏၊ ထိုအရဟတ္တဖိုလ်ကို ရခြင်း၏ အကြောင်းသည် အစဉ်ရောက်လာသည်ရှိသော် ထိုအကြောင်းကြောင့်လည်း ခံစားရ၏’ဟု ဤသို့ သိ၏”ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

၂-ဒုတိယ ဝိဟာရသုတ်

၁၂။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ငါသည် သုံးလပတ်လုံး တစ်ပါးတည်း ကိန်းအောင်းနေထိုင်လို၏၊ ဆွမ်းပို့မည့် ရဟန်းတစ်ဦးမှ တစ်ပါး မည်သူမျှ ငါ့ထံသို့ မချဉ်းကပ်ရဟု မိန့်တော်မူ၏၊ “အသျှင်ဘုရားကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဝန်ခံကုန်ပြီးလျှင် ဆွမ်းပို့သော ရဟန်းတစ်ဦးမှတစ်ပါး မည်သူမျှ မြတ်စွာဘုရားထံသို့ မချဉ်းကပ်ကုန်။

ထို့နောက် မြတ်စွာဘုရားသည် ထိုသုံးလလွန်သဖြင့် တစ်ပါးတည်း ကိန်းအောင်းရာမှ ထတော်မူခဲ့၍ရဟန်းတို့ကို မိန့်တော်မူ၏- “ရဟန်းတို့ ငါဘုရားသည် ဘုရားဖြစ်ခါစ နေခြင်းမျိုး၏ တစ်စိတ်တစ်ဒေသဖြင့် (ယခုသုံးလအတွင်း) နေခဲ့၏၊ ထိုငါသည် ဤသို့ သိ၏ - ‘မှားယွင်းသောအမြင် ‘မိစ္ဆာဒိဋ္ဌိ’ ကြောင့်လည်း ခံစားရ၏၊ မှားယွင်းသောအမြင် ‘မိစ္ဆာဒိဋ္ဌိ’ ငြိမ်းခြင်းကြောင့်လည်းခံစားရ၏။

--

မှန်ကန်သောအမြင် ‘သမ္မာ ဒိဋ္ဌိ’ ကြောင့်လည်း ခံစားရ၏၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ'ငြိမ်းခြင်းကြောင့်လည်း ခံစားရ၏။ပ။ မှား ယွင်းသော တည်ကြည်မှု ‘မိစ္ဆာသမာဓိ’ ကြောင့်လည်းခံစားရ၏၊ မှားယွင်းသော တည်ကြည်မှု ‘မိစ္ဆာသမာဓိ’ ငြိမ်းခြင်းကြောင့်လည်း ခံစားရ၏။ မှန်ကန်သောတည်ကြည်မှု ‘သမ္မာသမာဓိ’ ကြောင့်လည်း ခံစားရ၏၊ မှန် ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'ငြိမ်းခြင်းကြောင့်လည်း ခံစားရ၏၊ အလို ‘ဆန္ဒ’ ကြောင့်လည်း ခံစား ရ၏၊ အလို ‘ဆန္ဒ'ငြိမ်းခြင်းကြောင့်လည်း ခံစားရ၏။ ကြံစည်မှု ‘ဝိတက်'ကြောင့်လည်း ခံစားရ၏၊ ကြံစည်မှု ‘ဝိတက်'ငြိမ်းခြင်းကြောင့်လည်း ခံစားရ၏။ မှတ်သားမှု ‘သညာ’ ကြောင့်လည်း ခံစားရ၏၊ မှတ်သားမှု ‘သညာ'ငြိမ်းခြင်းကြောင့်လည်း ခံစားရ၏။ အလို ‘ဆန္ဒ'လည်း မငြိမ်း၊ ကြံစည်မှု ‘ဝိတက်'လည်း မငြိမ်း၊ မှတ်သားမှု ‘သညာ'လည်း မငြိမ်းခြင်းကြောင့်လည်း ခံစားရ၏။ အလို ‘ဆန္ဒ'လည်းငြိမ်း၊ ကြံစည်မှု ‘ဝိတက်'လည်းငြိမ်း၊ မှတ်သားမှု ‘သညာ'လည်း ငြိမ်းခြင်းကြောင့်လည်း ခံစားရ၏။ မရောက်ရသေးသောအရဟတ္တဖိုလ်သို့ ရောက်ခြင်းငှါ အားထုတ်မှုသည် ရှိ၏၊ ထိုအရဟတ္တဖိုလ်ကို ရခြင်း၏ အကြောင်းသည် အစဉ်ရောက်လာသည်ရှိသော် ထိုအကြောင်းကြောင့်လည်း ခံစားရ၏’ဟု ဤသို့ ငါ သိ၏”ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

၃-သေက္ခသုတ်

၁၃။ သာဝတ္ထိနိဒါန်း။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၏။ပ။ တစ်ခုသောနေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- အသျှင်ဘုရား “ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ် ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်”ဟု ပြောဆိုပါ၏၊ အသျှင်ဘုရား အဘယ်မျှလောက်ဖြင့် ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ် ဖြစ်နိုင်ပါသနည်းဟု (လျှောက်၏)။

ရဟန်း ဤသာသနာတော်၌ ကျင့်ဆဲ ‘သေက္ခ'ပုဂ္ဂိုလ်၏ ဥစ္စာဖြစ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ နှင့်ပြည့်စုံ၏။ပ။ ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်၏ ဥစ္စာဖြစ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'နှင့်ပြည့်စုံ၏။ ရဟန်း ဤမျှဖြင့် ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ် ဖြစ်နိုင်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။

--

၄-ပဌမ ဥပ္ပါဒသုတ်

၁၄။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား ထင်ရှားပွင့်တော်မူသော အခါ၌သာ မဖြစ်ပေါ်ဖူးသေးကုန်သော ပွါးများအပ်ကုန်သော ကြိမ်ဖန်များစွာ ပြုအပ်ကုန်သော ဤတရားရှစ်ပါးတို့သည် ဖြစ်ပေါ်ကုန်၏။ အဘယ်ရှစ်ပါးတို့နည်း၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ တို့တည်း။

ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား ထင်ရှားပွင့်တော်မူသော အခါ၌သာ မဖြစ်ပေါ်ဖူးသေးကုန်သော ပွါးများအပ်ကုန်သော ကြိမ်ဖန်များစွာ ပြုအပ်ကုန်သော ဤတရားရှစ်ပါးတို့သည် ဖြစ်ပေါ်ကုန်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

၅-ဒုတိယ ဥပ္ပါဒသုတ်

၁၅။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ မြတ်စွာဘုရား၏ အဆုံးအမ ‘သာသနာ’ တော်၌သာ မဖြစ်ပေါ်ဖူးသေးကုန်သော ပွါးများအပ်ကုန်သော ကြိမ်ဖန်များစွာ ပြုအပ်ကုန်သော ဤတရားရှစ်ပါးတို့သည် ဖြစ်ပေါ်ကုန်၏။ အဘယ်ရှစ်ပါးတို့နည်း၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ တို့တည်း။

ရဟန်းတို့ မြတ်စွာဘုရား၏ အဆုံးအမ ‘သာသနာ’ တော်၌သာ မဖြစ်ပေါ်ဖူးသေးကုန်သော ပွါးများအပ်ကုန်သော ကြိမ်ဖန်များစွာ ပြုအပ်ကုန်သော ဤတရားရှစ်ပါးတို့သည် ဖြစ်ပေါ်ကုန်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

--

၆-ပဌမ ပရိသုဒ္ဓသုတ်

၁၆။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား ထင်ရှားပွင့်တော်မူသော အခါ၌သာ စင်ကြယ်ကုန်သောဖြူ စင်ကုန်သောအညစ်အကြေး မရှိကုန်သော ညစ်ညူးခြင်း ကင်းကုန်သော မဖြစ်ပေါ်ဖူးသေးကုန်သောဤ တရားရှစ်ပါးတို့သည် ဖြစ်ပေါ်ကုန်၏။ အဘယ်ရှစ်ပါးတို့နည်း၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။

မှန်ကန် သော တည်ကြည်မှု ‘သမ္မာသမာဓိ’ တို့တည်း။

ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိ့တော်မူသော မြတ်စွာဘုရား ထင်ရှားပွင့်တော်မူသော အခါ၌သာ စင်ကြယ်ကုန်သော ဖြူစင်ကုန်သောအညစ် အကြေး မရှိကုန်သော ညစ်ညူးခြင်း ကင်းကုန်သော မဖြစ်ပေါ်ဖူးသေးကုန်သောဤတရားရှစ်ပါးတို့သည် ဖြစ်ပေါ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

၇-ဒုတိယ ပရိသုဒ္ဓသုတ်

၁၇။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ မြတ်စွာဘုရား၏ အဆုံးအမ ‘သာသနာ’ တော်၌သာ စင်ကြယ်ကုန်သော ဖြူစင်ကုန်သောအညစ်အကြေး မရှိကုန်သော ညစ်ညူးခြင်း ကင်းကုန်သော မဖြစ်ပေါ်ဖူးသေးကုန်သော ဤတရားရှစ်ပါးတို့သည် ဖြစ်ပေါ်ကုန်၏။ အဘယ်ရှစ်ပါးတို့နည်း၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'တို့တည်း။

ရဟန်းတို့ မြတ်စွာဘုရား၏ အဆုံးအမ ‘သာသနာ'တော်၌သာ စင်ကြယ်ကုန်သော ဖြူစင်ကုန်သောအညစ်အကြေး မရှိကုန်သော ညစ်ညူးခြင်း ကင်းကုန်သော မဖြစ်ပေါ်ဖူးသေးကုန်သော ဤတရားရှစ်ပါးတို့သည် ဖြစ်ပေါ်ကုန်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

--

၈-ပဌမ ကုက္ကုဋာရာမသုတ်

၁၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ အသျှင်အာနန္ဒာနှင့် အသျှင်ဘဒ္ဒတို့သည် ပါဋလိပုတ်ပြည် ကုက္ကုဋာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူကုန်၏၊ ထိုအခါ အသျှင်ဘဒ္ဒသည်ညနေချမ်းအချိန် တစ်ပါးတည်း ကိန်းအောင်းရာမှ ထခဲ့၍ အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်လျက် အသျှင်အာနန္ဒာနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော်အသျှင်အာနန္ဒာအား ဤစကားကို လျှောက်၏-ငါ့သျှင့်အာနန္ဒာ “မမြတ်သောအကျင့် မမြတ်သောအကျင့်”ဟု ဆို၏၊ ငါ့သျှင် မမြတ်သောအကျင့်ဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။

ငါ့သျှင်ဘဒ္ဒ ကောင်းပေစွ ကောင်းပေစွ၊ ငါ့သျှင်ဘဒ္ဒ သင်၏ ဉာဏ်ဖြင့် စူးစမ်းခြင်းသည် ကောင်းပေစွ၊ ဉာဏ်အမြင်သည် ကောင်းပေစွ၊ ဆွေးနွေးမေးမြန်းမှုသည် ကောင်းပေစွ။ ငါ့သျှင်ဘဒ္ဒ သင်သည်"ငါ့သျှင်အာနန္ဒာ ‘မမြတ်သောအကျင့် မမြတ်သောအကျင့်’ဟု ဆိုအပ်၏၊ ငါ့သျှင် မမြတ်သောအကျင့်ဟူ သည် အဘယ်ပါနည်း”ဟု ဤသို့ မေးမြန်းသည် မဟုတ်လောဟု ဆို၏၊ ငါ့သျှင်ဟုတ်ပါ၏ဟုဆို၏၊ ငါ့သျှင် အင်္ဂါရှစ်ပါးရှိသော ဤမှားယွင်းသော လမ်းစဉ် မိစ္ဆာမဂ်သည်ပင်လျှင် မမြတ်သောအကျင့်တည်း။ မှားယွင်းသော လမ်းစဉ် မိစ္ဆာမဂ်တို့ကား အဘယ်နည်း၊ မှားယွင်းသောအမြင် ‘မိစ္ဆာဒိဋ္ဌိ’။ပ။ မှားယွင်း သော တည်ကြည်မှု ‘မိစ္ဆာသမာဓိ'တို့တည်းဟု (မိန့်ဆို၏)။

အဋ္ဌမသုတ်။

၉-ဒုတိယ ကုက္ကုဋာရာမသုတ်

၁၉။ ပါဋလိပုတ်နိဒါန်း။ ငါ့သျှင်အာနန္ဒာ “အကျင့်မြတ် ‘ဗြဟ္မစရိယ’ အကျင့်မြတ် ‘ဗြဟ္မစရိယ"’ဟု ဆိုအပ်၏၊ ငါ့သျှင် အကျင့်မြတ် ‘ဗြဟ္မစရိယ’ဟူသည် အဘယ်ပါနည်း၊ အကျင့်မြတ် ‘ဗြဟ္မစရိယ'၏ အဆုံးကားအဘယ်ပါနည်းဟု (လျှောက်၏)။

ငါ့သျှင်ဘဒ္ဒ ကောင်းပေစွ ကောင်းပေစွ၊ ငါ့သျှင်ဘဒ္ဒ သင်၏ ဉာဏ်ဖြင့် စူးစမ်းခြင်းသည် ကောင်းပေစွ၊ ဉာဏ်အမြင်သည် ကောင်းပေစွ၊ ဆွေးနွေးမေးမြန်းမှုသည် ကောင်းပေစွ။ ငါ့သျှင်ဘဒ္ဒ သင်သည်"ငါ့သျှင်အာနန္ဒာ အကျင့်မြတ် ‘ဗြဟ္မစရိယ’ အကျင့်မြတ် ‘ဗြဟ္မစရိယ’ဟု ဆိုအပ်၏၊ ငါ့သျှင် အကျင့်မြတ့် ‘ဗြဟ္မစရိယ’ ဟူသည် အဘယ်ပါနည်း၊ အကျင့်မြတ် ‘ဗြဟ္မစရိယ'၏ အဆုံးကား အဘယ်ပါနည်း”ဟု ဤသို့မေးမြန်းသည် မဟုတ်လောဟု ဆို၏၊ ငါ့သျှင်အာနန္ဒာဟုတ်ပါ၏ဟု ဆို၏၊ ငါ့သျှင် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်သည်ပင်လျှင် အကျင့်မြတ် ‘ဗြဟ္မစရိယ’ တည်း။ ဤအရိယမဂ်ဟူသည် အဘယ်နည်း၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ တို့တည်း။ ငါ့သျှင် စွဲမက်မှု ‘ရာဂ'ကုန်ရာ အမျက်ထွက်မှု ‘ဒေါသ'ကုန်ရာ တွေဝေမှု ‘မောဟ’ ကုန်ရာ နိဗ္ဗာန်သည် အကျင့်မြတ် ‘ဗြဟ္မစရိယ’ ၏အဆုံးတည်းဟု (မိန့်ဆို၏)။

နဝမသုတ်။

--

၁၀-တတိယ ကုက္ကုဋာရာမသုတ်

၂၀။ ပါဋလိပုတ်နိဒါန်း။ ငါ့သျှင်အာနန္ဒာ “အကျင့်မြတ် ‘ဗြဟ္မစရိယ’ အကျင့်မြတ် ‘ဗြဟ္မစရိယ"’ဟု ဆိုအပ်၏၊ ငါ့သျှင် အကျင့်မြတ် ‘ဗြဟ္မစရိယ’ ဟူသည် အဘယ်ပါနည်း၊ အကျင့်မြတ် ‘ဗြဟ္မစရိယ’ ရှိသူသည်အဘယ်ပါနည်း၊ အကျင့်မြတ် ‘ဗြဟ္မစရိယ'၏ အဆုံးကား အဘယ်ပါနည်းဟု မေးမြန်းလျှောက်ထား၏။

ငါ့သျှင်ဘဒ္ဒ ကောင်းပေစွ ကောင်းပေစွ၊ ငါ့သျှင်ဘဒ္ဒ သင်၏ ဉာဏ်ဖြင့် စူးစမ်းမှုသည် ကောင်းပေစွ၊ ဉာဏ်အမြင်သည် ကောင်းပေစွ၊ ဆွေးနွေးမေးမြန်းမှုသည် ကောင်းပေစွ။ ငါ့သျှင်ဘဒ္ဒ သင်သည် “ငါ့သျှင်အာနန္ဒာ အကျင့်မြတ် ‘ဗြဟ္မစရိယ’ အကျင့်မြတ် ‘ဗြဟ္မစရိယ’ဟု ဆိုအပ်၏၊ ငါ့သျှင်အကျင့်မြတ် ‘ဗြဟ္မစရိယ’ ဟူသည် အဘယ်ပါနည်း၊ အကျင့်မြတ် ‘ဗြဟ္မစရိယ'ရှိသူသည် အဘယ်ပါနည်း၊ အကျင့်မြတ် ‘ဗြဟ္မစရိယ'၏ အဆုံးကား အဘယ်ပါနည်း”ဟု ဤသို့ မေးမြန်းသည် မဟုတ်လောဟု ဆို၏၊ ငါ့သျှင်အာနန္ဒာဟုတ်ပါ၏ဟု ဆို၏၊ ငါ့သျှင် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်သည်ပင်လျှင်အကျင့်မြတ် ‘ဗြဟ္မစရိယ’ တည်း။ ဤအရိယ မဂ်ဟူသည် အဘယ်နည်း၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ တို့တည်း။ ငါ့သျှင် အကြင်သူသည်အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်နှင့် ပြည့်စုံ၏၊ ဤအရိယမဂ်နှင့် ပြည့်စုံသူကို အကျင့်မြတ်ရှိသူဟုဆိုအပ်၏။ ငါ့သျှင် စွဲမက်မှု ‘ရာဂ’ ကုန်ရာ အမျက်ထွက်မှု ‘ဒေါသ’ ကုန်ရာ တွေဝေမှု ‘မောဟ'ကုန်ရာနိဗ္ဗာန်သည် အကျင့်မြတ် ‘ဗြဟ္မစရိယ'၏ အဆုံးတည်းဟု (မိန့်ဆို၏)။

ဒသမသုတ်။

[ဤကုက္ကုဋာရာမသုတ် ၃-သုတ်တို့သည် ပါဋလိပုတ်မြို့ဟူသော ဟောရာနိဒါန်း တူကြကုန်၏]။

နှစ်ခုမြောက် ဝိဟာရဝဂ် ပြီး၏။

--

၃-မိစ္ဆတ္တဝဂ်

၁-မိစ္ဆတ္တသုတ်

၂၁။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ သင်တို့အား မကောင်းသော သဘောကိုလည်းကောင်း၊ ကောင်း သောသဘောကိုလည်းကောင်း ဟောပေအံ့။ ရဟန်းတို့ မကောင်းသော သဘောဟူသည် အဘယ်နည်း၊ မကောင်းသော သဘောတို့ကား မှားယွင်းသောအမြင် ‘မိစ္ဆာဒိဋ္ဌိ’။ပ။ မှားယွင်းသော တည်ကြည်မှု ‘မိစ္ဆာသမာဓိ’ တို့တည်း။ ရဟန်းတို့ ဤသည် ကို မကောင်းသောသဘောဟု ဆိုအပ်၏။

ရဟန်းတို့ ကောင်းသော သဘောဟူသည် အဘယ်နည်း၊ ကောင်းသော သဘောတို့ကား မှန်ကန် သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'တို့တည်း။ ရဟန်းတို့ ဤသည်ကိုကောင်းသော သဘောဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

၂-အကုသလဓမ္မသုတ်

၂၂။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ သင်တို့အား အကုသိုလ်တရားတို့ကိုလည်းကောင်း၊ ကုသိုလ်တရားတို့ကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ အကုသိုလ်တရားတို့ဟူသည် အဘယ်နည်း၊ အကုသိုလ်တရားတို့ကား မှားယွင်းသောအမြင် ‘မိစ္ဆာဒိဋ္ဌိ’။ပ။ မှားယွင်းသော တည်ကြည်မှု ‘မိစ္ဆာသမာဓိ'တို့တည်း။ ရဟန်းတို့ ဤသည်တို့ကို အကုသိုလ်တရားတို့ဟု ဆိုအပ်ကုန်၏။

ရဟန်းတို့ ကုသိုလ်တရားတို့ဟူသည် အဘယ်နည်း၊ ကုသိုလ်တရားတို့ကား မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'တို့တည်း။ ရဟန်းတို့ ဤသည်တို့ကို ကုသိုလ်တရားတို့ဟု ဆိုအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

--

၃-ပဌမ ပဋိပဒါသုတ်

၂၃။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ သင်တို့အား မှားသောအကျင့်ကိုလည်းကောင်း၊ မှန်သောအကျင့်ကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ မှားသောအကျင့်ဟူသည်အဘယ်နည်း၊ မှားသောအကျင့်တို့ကား မှားယွင်းသောအမြင် ‘မိစ္ဆာဒိဋ္ဌိ’။ပ။ မှားယွင်းသော တည်ကြည်မှု ‘မိစ္ဆာသမာဓိ'တို့တည်း။ ရဟန်းတို့ ဤသည်ကို မှားသောအကျင့်ဟု ဆိုအပ်၏။

ရဟန်းတို့ မှန်သောအကျင့်ဟူသည် အဘယ်နည်း၊ မှန်သောအကျင့်တို့ကား မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'တို့တည်း။ ရဟန်းတို့ ဤသည်ကို မှန်သောအကျင့်ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။

၄-ဒုတိယ ပဋိပဒါသုတ်

၂၄။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ လူ၏ အကျင့်ဖြစ်စေ၊ ရဟန်း၏ အကျင့်ဖြစ်စေ မှားသောအကျင့် ကိုငါဘုရား မချီးမွမ်း။ ရဟန်းတို့ လူဖြစ်စေ၊ ရဟန်းဖြစ်စေ မကောင်းသဖြင့် ကျင့်သည်ရှိသော် မကောင်းသဖြင့် ကျင့်ခြင်းဟူသောအကြောင်းကြောင့် အသင့်အားဖြင့် ဖြစ်သော (အရိယမဂ်) ကုသိုလ်တရား ကို မပြီးစေနိုင်။ ရဟန်းတို့ မှားသောအကျင့်ဟူသည် အဘယ်နည်း၊ မှားသောအကျင့်ကား မှားယွင်း သောအမြင် ‘မိစ္ဆာဒိဋ္ဌိ’။ပ။ မှားယွင်းသော တည်ကြည်မှု ‘မိစ္ဆာသမာဓိ'တို့တည်း။ ရဟန်းတို့ ဤသည်ကို မှားသောအကျင့်ဟု ဆိုအပ်၏။

ရဟန်းတို့ လူ၏ အကျင့်ဖြစ်စေ၊ ရဟန်း၏ အကျင့်ဖြစ်စေ မှားသောအကျင့်ကို ငါဘုရား မချီးမွမ်း။ ရဟန်းတို့ လူဖြစ်စေ၊ ရဟန်းဖြစ်စေ မကောင်းသဖြင့် ကျင့်သည်ရှိသော် မကောင်းသဖြင့် ပြုကျင့်ခြင်းဟူသောအကြောင်းကြောင့် အသင့်အားဖြင့် ဖြစ်သော (အရိယမဂ်) ကုသိုလ်တရားကို မပြီးစေနိုင်။

ရဟန်းတို့ လူ၏ အကျင့်ဖြစ်စေ၊ ရဟန်း၏ အကျင့်ဖြစ်စေ မှန်သောအကျင့်ကို ငါဘုရား ချီးမွမ်း၏။ ရဟန်းတို့ လူဖြစ်စေ၊ ရဟန်းဖြစ်စေ ကောင်းစွာ ကျင့်သည်ရှိသော် ကောင်းစွာ ကျင့်ခြင်းဟူသောအကြောင်းကြောင့် အသင့်အားဖြင့် ဖြစ်သော (အရိယမဂ်) ကုသိုလ်တရားကို ပြီးစေနိုင်၏။ ရဟန်းတို့မှန်သောအကျင့်ဟူသည် အဘယ်နည်း၊ မှန်သောအကျင့်ကား မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'တို့တည်း။ ရဟန်းတို့ ဤသည်ကို မှန်သောအကျင့်ဟု ဆိုအပ်၏။

ရဟန်းတို့ လူ၏ အကျင့်ဖြစ်စေ၊ ရဟန်း၏ အကျင့်ဖြစ်စေ မှန်သောအကျင့်ကို ငါဘုရား ချီးမွမ်း၏။ ရဟန်းတို့ လူဖြစ်စေ၊ ရဟန်းဖြစ်စေ ကောင်းစွာ ကျင့်သည်ရှိသော် ကောင်းစွာ ကျင့်ခြင်းဟူသောအကြောင်းကြောင့် အသင့်အားဖြင့် ဖြစ်သော (အရိယမဂ်) ကုသိုလ်တရားကို ပြီးစေနိုင်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

--

၅-ပဌမ အသပ္ပုရိသသုတ်

၂၅။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ သင်တို့အား သူယုတ်မာကိုလည်းကောင်း၊ သူတော်ကောင်းကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ သူယုတ်မာဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် မှားယွင်းသောအယူရှိ၏၊ မှားယွင်းသောအကြံရှိ၏၊ မှားယွင်းသော စကားရှိ၏၊ မှားယွင်းသောအလုပ်ရှိ၏၊ မှားယွင်းသောအသက်မွေးမှုရှိ၏၊ မှားယွင်းသောအားထုတ်မှုရှိ၏၊ မှားယွင်းသော အောက်မေ့မှုရှိ၏၊ မှားယွင်းသော တည်ကြည်မှုရှိ၏။ ရဟန်းတို့ ဤသူမျိုးကို သူယုတ်မာဟု ဆိုအပ်၏။

ရဟန်းတို့ သူတော်ကောင်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော သူသည်မှန်ကန်သောအမြင်ရှိ၏၊ မှန်ကန်သောအကြံရှိ၏၊ မှန်ကန်သော စကားရှိ၏၊ မှန်ကန်သောအလုပ်ရှိ၏၊ မှန်ကန်သောအသက်မွေးမှုရှိ၏၊ မှန်ကန်သောအားထုတ်မှုရှိ၏၊ မှန်ကန်သော အောက်မေ့မှုရှိ၏၊ မှန်ကန် သော တည်ကြည်မှုရှိ၏။ ရဟန်းတို့ ဤသူမျိုးကို သူတော်ကောင်းဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

၆-ဒုတိယ အသပ္ပုရိသသုတ်

၂၆။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ သင်တို့အား သူယုတ်မာကိုလည်းကောင်း၊ သူယုတ်မာအောက် ပို၍ယုတ်မာသူကိုလည်းကောင်း ဟောပေအံ့။ ရဟန်းတို့ သင်တို့အား သူတော်ကောင်းကိုလည်းကောင်း၊ သူတော်ကောင်းထက် ပို၍ ကောင်းသူကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်း တို့ သူယုတ်မာဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော သူသည်မှားယွင်းသောအမြင်ရှိ၏။ပ။ မှားယွင်းသော တည်ကြည်မှုရှိ၏။ ရဟန်းတို့ ဤသူမျိုးကို သူယုတ်မာဟုဆိုအပ်၏။

ရဟန်းတို့ သူယုတ်မာအောက် ပို၍ ယုတ်မာသူဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌အချို့သော သူသည် မှားယွင်းသောအမြင်ရှိ၏။ပ။ မှားယွင်းသော တည်ကြည်မှုရှိ၏၊ မှားယွင်းသောဆင်ခြင်ဉာဏ်ရှိ၏၊ မှားယွင်းသော လွတ်မြောက်မှုရှိ၏။ ရဟန်းတို့ ဤသူမျိုးကို သူယုတ်မာအောက် ပို၍ယုတ်မာသူဟု ဆိုအပ်၏။

ရဟန်းတို့ သူတော်ကောင်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော သူသည်မှန်ကန်သောအမြင်ရှိ၏။ပ။ မှန်ကန်သော တည်ကြည်မှုရှိ၏။ ရဟန်းတို့ ဤသူမျိုးကို သူတော်ကောင်းဟုဆိုအပ်၏။

ရဟန်းတို့ သူတော်ကောင်းထက် ပို၍ ကောင်းသူဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌အချို့သော သူသည် မှန်ကန်သောအမြင်ရှိ၏။ပ။ မှန်ကန်သော တည်ကြည်မှုရှိ၏၊ မှန်ကန်သော ဆင်ခြင်ဉာဏ်ရှိ၏၊ မှန်ကန်သော လွတ်မြောက်မှုရှိ၏။ ရဟန်းတို့ ဤသူမျိုးကို သူတော်ကောင်းထက် ပို၍ကောင်း သူဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

--

၇-ကုမ္ဘသုတ်

၂၇။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ကရွတ်ခွေ မရှိသောအိုးသည် လိမ့်လွယ်သကဲ့သို့လည်းကောင်း၊ ကရွတ်ခွေရှိသောအိုးသည် လိမ့်နိုင်ခဲသကဲ့သို့လည်းကောင်း ထို့အတူပင် တည်ရာမှီရာ မရှိသော စိတ်သည် ပျံ့လွင့်လွယ်၏၊ တည်ရာမှီရာရှိသော စိတ်သည် ပျံ့လွင့်နိုင်ခဲ၏။

ရဟန်းတို့ စိတ်၏ တည်ရာဟူသည် အဘယ်နည်း၊ အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်ပင်တည်း။ ဤအရိယမဂ်ဟူသည် အဘယ်နည်း၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ တို့တည်း။ ဤအရိယမဂ်သည် စိတ်၏ တည်ရာတည်း။

ရဟန်းတို့ ကရွတ်ခွေ မရှိသောအိုးသည် လိမ့်လွယ်သကဲ့သို့လည်းကောင်း၊ ကရွတ်ခွေရှိသောအိုးသည် လိမ့်နိုင်ခဲသကဲ့သို့လည်းကောင်း ထို့အတူပင် တည်ရာမှီရာ မရှိသော စိတ်သည် ပျံ့လွင့်လွယ်၏၊ တည်ရာမှီရာရှိသော စိတ်သည် ပျံ့လွင့်နိုင်ခဲ၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

၈-သမာဓိသုတ်

၂၈။ ရဟန်းတို့ သင်တို့အား အကြောင်းနှင့် တကွ အခြံအရံနှင့် တကွဖြစ်သော မြတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'ကို ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။

ရဟန်းတို့ အကြောင်းနှင့် တကွ အခြံအရံနှင့် တကွဖြစ်သော မြတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ ဟူသည် အဘယ်နည်း။ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ တို့တည်း။

ရဟန်းတို့ ဤအင်္ဂါရှစ်ပါးနှင့် ပြည့်စုံသောအကြင်စိတ်၏ တည်ကြည်မှုသည် အခြံအရံနှင့် တကွ ဖြစ်၏။ ရဟန်းတို့ ဤစိတ်၏ မြတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ ကို အကြောင်းနှင့်တကွဖြစ်၏ဟူ၍လည်းကောင်း၊ အခြံအရံနှင့် တကွဖြစ်၏ဟူ၍လည်းကောင်း ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

--

၉-ဝေဒနာသုတ်

၂၉။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ဝေဒနာတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း၊ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာတို့တည်း။ ရဟန်းတို့ ဝေဒနာတို့သည် ဤသုံးပါးတို့ပင်တည်း။

ရဟန်းတို့ ဤဝေဒနာသုံးပါးတို့ကို ပိုင်းခြား၍ သိနိုင်ရန် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများအပ်၏။ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ဟူသည် အဘယ်နည်း၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ တို့တည်း။ ရဟန်းတို့ ဤဝေဒနာသုံးပါးတို့ကို ပိုင်းခြား၍ သိနိုင်ရန်အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများအပ်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။

၁၀-ဥတ္တိယသုတ်

၃၀။ သာဝတ္ထိနိဒါန်း။ ထိုအခါ အသျှင်ဥတ္တိယသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၏။ပ။ တစ်ခုသောနေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- “အသျှင်ဘုရား ဆိတ်ငြိမ်ရာသို့ကပ်လျက် တစ်ပါးတည်း ကိန်းအောင်းနေသောအကျွန်ုပ်အား ‘မြတ်စွာဘုရားသည် ကာမဂုဏ်ငါးပါးတို့ကိုဟောကြားတော်မူအပ်ကုန်၏၊ မြတ်စွာဘုရား ဟောကြားအပ်ကုန်သော ကာမဂုဏ်ငါးပါးတို့ကား အဘယ်တရားများပါနည်း’ဟု ဤသို့ စိတ်အကြံ ဖြစ်ပါ၏”ဟု (လျှောက်၏)။

ဥတ္တိယ ကောင်းပေစွ ကောင်းပေစွ၊ ဥတ္တိယ ငါဘုရားသည် ဤကာမဂုဏ်ငါးပါးတို့ကို ဟောကြားအပ်ကုန်၏။ အဘယ်ငါးပါးတို့နည်း၊ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွားစေတတ်ကုန်ချစ်ခင်ဖွယ်သဘောရှိကုန် ကာမနှင့် စပ်ကုန်သော တပ်မက်ဖွယ်ကောင်းကုန်သော စက္ခုဝိညာဏ်ဖြင့်မြင်အပ် ကုန်သောအဆင်း ‘ရူပါရုံ'တို့လည်းကောင်း ။ပ။ သောတဝိညာဏ်ဖြင့် ကြားအပ်ကုန်သောအသံ ‘သဒ္ဒါရုံ’ တို့ လည်းကောင်း ။ပ။ ဃာနဝိညာဏ်ဖြင့် နံအပ်ကုန်သောအနံ့ ‘ဂန္ဓာရုံ’ တို့လည်းကောင်း ။ပ။

ဇိဝှါဝိညာဏ်ဖြင့် လျက်အပ်ကုန်သောအရသာ ‘ရသာရုံ’ တို့လည်းကောင်း၊ အလိုရှိအပ်ကုန်နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွားစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန် ကာမနှင့် စပ်ကုန်သောတပ်မက်ဖွယ်ကောင်းကုန်သော ကာယ ဝိညာဏ်ဖြင့် တွေ့ထိအပ်ကုန်သောအတွေ့အထိ ‘ဖောဋ္ဌဗ္ဗာရုံ’ တို့လည်းကောင်း တည်း။ ဥတ္တိယ ငါဘုရား ဟောကြားအပ်ကုန်သောကာမဂုဏ်တရားတို့သည်ကား ဤငါးပါးတို့တည်း။

ဥတ္တိယ ဤကာမဂုဏ်ငါးပါးတို့ကို ပယ်စွန့်ရန် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများအပ်၏။

--

အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ဟူသည် အဘယ်နည်း၊ ဤအရိယမဂ်တရားကား မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ တို့တည်း။ ဥတ္တိယ ဤကာမဂုဏ်ငါးပါးတို့ကို ပယ်ရန်အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများအပ်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

သုံးခုမြောက် မိစ္ဆတ္တဝဂ် ပြီး၏။

--

၄-ပဋိပတ္တိဝဂ်

၁-ပဌမ ပဋိပတ္တိသုတ်

၃၁။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ သင်တို့အား မှားသောအကျင့်ကိုလည်းကောင်း၊ မှန်သောအကျင့်ကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။

ရဟန်းတို့ မှားသောအကျင့်ဟူသည် အဘယ်နည်း၊ မှားယွင်းသောအမြင် ‘မိစ္ဆာဒိဋ္ဌိ’။ပ။ မှားယွင်းသော တည်ကြည်မှု ‘မိစ္ဆာသမာဓိ’ တို့တည်း။ ရဟန်းတို့ ဤသည်ကို မှားသောအကျင့်ဟု ဆိုအပ်၏။

ရဟန်းတို့ မှန်သောအကျင့်ဟူသည် အဘယ်နည်း၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သောတည်ကြည်မှု ‘သမ္မာသမာဓိ'တို့တည်း။ ရဟန်းတို့ ဤသည်ကို မှန်သောအကျင့်ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

၂-ဒုတိယ ပဋိပတ္တိသုတ်

၃၂။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ သင်တို့အား မှားသောအကျင့်ရှိသူကိုလည်းကောင်း၊ မှန်သောအကျင့်ရှိသူကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။

ရဟန်းတို့ မှားသောအကျင့်ရှိသူဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော သူသည်မှားယွင်းသောအမြင်ရှိ၏။ပ။ မှားယွင်းသော တည်ကြည်မှုရှိ၏။ ရဟန်းတို့ ဤသူကို မှားသောအကျင့်ရှိသူဟု ဆိုအပ်၏။ ရဟန်းတို့ မှန်သောအကျင့်ရှိသူဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌အချို့သော သူသည် မှန်ကန်သောအမြင်ရှိ၏။ပ။ မှန်ကန်သော တည်ကြည်မှုရှိ၏။ ရဟန်းတို့ ဤသူကိုမှန်သောအကျင့်ရှိသူဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

--

၃-ဝိရဒ္ဓသုတ်

၃၃။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ချွတ်ယွင်းစေသူ ဟူသမျှတို့အား ကောင်းစွာ ဆင်းရဲ၏ ကုန်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ချွတ်ယွင်းစေသည် မည်၏။ ရဟန်းတို့ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အားထုတ်ကြသူ ဟူသမျှတို့အား ကောင်းစွာဆင်းရဲ၏ ကုန်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အားထုတ်သည် မည်၏။ ဤသည်ကား အဘယ်နည်း၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'တို့တည်း။

ရဟန်းတို့ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ချွတ်ယွင်းစေသူ ဟူသမျှတို့အား ကောင်းစွာ ဆင်းရဲ၏ကုန်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ချွတ်ယွင်းစေသည် မည်၏။ ရဟန်းတို့ အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်ကို အားထုတ်သူ ဟူသမျှတို့အား ကောင်းစွာ ဆင်းရဲ၏ကုန်ရာ နိဗ္ဗာန် သို့ ရောက်ကြောင်း အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အားထုတ်သည် မည်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။

၄-ပါရံဂမသုတ်

၃၄။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ဤတရားရှစ်ပါးတို့ကို ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် သံသရာဝဋ်ဟူသော ဤဘက်ကမ်းမှ နိဗ္ဗာန်ဟူသော ထိုဘက်ကမ်းသို့ ရောက်နိုင်ရန် ဖြစ်ကုန်၏။ အဘယ်ရှစ်ပါးတို့နည်း၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'တို့တည်း။

ရဟန်းတို့ ဤတရားရှစ်ပါးတို့ကို ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် သံသရာဝဋ်ဟူသော ဤဘက်ကမ်းမှ နိဗ္ဗာန်ဟူသော ထိုဘက်ကမ်းသို့ ရောက်နိုင်ရန် ဖြစ်ကုန်၏ဟု မြတ်စွာဘုရားသည် ဟောကြားတော်မူ၏၊ ထို့နောက် နတ်လူတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဤဆိုလတ္တံ့သော ဂါထာတို့ကို ဟောတော်မူ၏-"လူတို့တွင် (နိဗ္ဗာန်ဟူသော) တစ်ဖက်ကမ်းသို့ ရောက်သူတို့သည် အနည်းငယ်သာ ဖြစ်ကုန်၏၊ ဤနိဗ္ဗာန်သို့ ရောက်သူမှ တစ်ပါး အခြားသော သတ္တဝါသည်ကား ဝဋ် ဆင်းရဲဟူသောဤဘက်ကမ်း၌သာလျှင် လှည့်လည်ပြေးသွားရ၏။

ကောင်းစွာ ဟောကြားအပ်သော (မဂ်) တရား၌ တရားသို့ အစဉ်လိုက်၍ ကျင့် ကြသူတို့သည်ကူးမြောက်နိုင်ခဲသော သေမင်း၏ နိုင်ငံကို (လွန်မြောက်၍) နိဗ္ဗာန် ဟူသော တစ်ဖက်ကမ်းသို့ရောက်ကြရကုန်လတ္တံ့။

--

ပညာရှိသော သူသည် မည်းနက်သော (အကုသိုလ်) တရားကို ပယ်စွန့်၍ သံသရာ ဝဋ်မှ နိဗ္ဗာန်ကိုအာရုံပြုလျက် ဖြူစင်သော (ကုသိုလ်) တရားကို ပွားများကြရာ၏။ အကြင်ဆိတ်ငြိမ်မှု ‘ဝိဝေက’၌မွေ့လျော်နိုင်ခဲ၏၊ ထိုဆိတ်ငြိမ်မှု ‘ဝိဝေက’၌ အလွန် မွေ့လျော်မှုကို အလိုရှိရာ၏။ ပညာရှိသော သူသည်ကာမဂုဏ်တို့ကို ပယ်စွန့်လျက် ကိလေသာအကြွင်းအကျန် မရှိမူ၍ စိတ်ကို ညစ်ညူးစေတတ်သောနီဝရဏတရား တို့မှ မိမိကိုယ်ကို ဖြူစင်သန့်ရှင်းစေရာ၏။

အကြင်ပုဂ္ဂိုလ်တို့အား အရဟတ္တမဂ်၏ အကြောင်းဖြစ်သော ဗောဇ္ဈင်ခုနစ်ပါးတို့၌ စိတ်ကို ကောင်းစွာပွားများအပ်၏၊ ထိုပုဂ္ဂိုလ်တို့သည် မစွဲလမ်းမူ၍ စွဲလမ်းမှု ‘ဥပါဒါန်'ကို စွန့်ရာ နိဗ္ဗာန်၌ မွေ့လျော်ကြကုန်၏၊ လောက၌ အာသဝေါကုန်ပြီးသော ကြီးသောအာနုဘော်ရှိကုန်သောထိုပုဂ္ဂိုလ်တို့သည် ပရိနိဗ္ဗာန်ဝင်စံချုပ်ငြိမ်းကြကုန်၏”ဟု (မိန့်ဧတာ်မူ၏)။

စတုတ္ထသုတ်။

၅-ပဌမ သာမညသုတ်

၃၅။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ သင်တို့အား သာမညမည်သော မဂ်တရားကိုလည်းကောင်း၊ သာမညဖလမည်သော ဖိုလ်တရားကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။

ရဟန်းတို့ သာမညမည်သော မဂ်တရားသည် အဘယ်နည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ပင်တည်း။ ဤအရိယမဂ်ဟူသည် အဘယ်နည်း၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'တို့တည်း။ ဤသည်ကို သာမညဟု ဆိုအပ်၏။ ရဟန်းတို့ သာမညဖလမည်သော ဖိုလ်တရားတို့ကား အဘယ်တို့နည်း၊ သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်၊ အရဟတ္တဖိုလ်တို့ပေတည်း။ ဤသည်တို့ကို သာမညဖလမည်သော ဖိုလ်တရားဟု ဆိုအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

--

၆-ဒုတိယ သာမညသုတ်

၃၆။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ သင်တို့အား သာမညမည်သော မဂ်တရားကိုလည်းကောင်း၊ သာမညတ္ထမည်သော နိဗ္ဗာန်ကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။

ရဟန်းတို့ သာမညမည်သော မဂ်တရားသည် အဘယ်နည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ပင်တည်း။ ဤအရိယမဂ်ဟူသည် အဘယ်နည်း၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ တို့တည်း။ ဤသည်ကို သာမညဟု ဆိုအပ်၏။ ရဟန်းတို့ သာမညတ္ထမည်သောနိဗ္ဗာန်ဟူသည် အဘယ်နည်း၊ တပ်မက်မှု ‘ရာဂ’ ကုန်ရာ အမျက်ထွက်မှု ‘ဒေါသ’ ကုန်ရာ တွေဝေမှု ‘မောဟ'ကုန်ရာတည်း။ ဤသည်ကို သာမညတ္ထမည်သော နိဗ္ဗာန်ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

၇-ပဌမ ဗြဟ္မညသုတ်

၃၇။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ သင်တို့အား ဗြဟ္မညမည်သော မဂ်ကိုလည်းကောင်း၊ ဗြဟ္မညဖလမည်သော ဖိုလ်ကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။

ရဟန်းတို့ ဗြဟ္မညမည်သော မဂ်ဟူသည် အဘယ်နည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ပင်တည်း။ ဤအရိယမဂ်ဟူသည် အဘယ်နည်း၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ တို့တည်း။ ဤသည်ကို ဗြဟ္မညဟု ဆိုအပ်၏။ ရဟန်းတို့ ဗြဟ္မညဖလမည်သော ဖိုလ်တို့ဟူသည်အဘယ်တို့နည်း၊ သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်၊ အရဟတ္တဖိုလ်တို့ပေတည်း။ ဤသည်တို့ကို ဗြဟ္မညဖလဟု ဆိုအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

--

၈-ဒုတိယ ဗြဟ္မညသုတ်

၃၈။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ သင်တို့အား ဗြဟ္မညမည်သော မဂ်ကိုလည်းကောင်း၊ ဗြဟ္မညတ္ထမည်သော နိဗ္ဗာန်ကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။

ရဟန်းတို့ ဗြဟ္မညဟူသည် အဘယ်နည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ပင်တည်း။ ဤအရိယမဂ်ဟူသည် အဘယ်နည်း၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ တို့တည်း။ ဤသည်ကို ဗြဟ္မညဟု ဆိုအပ်၏။ ဗြဟ္မညတ္ထမည်သော နိဗ္ဗာန်ဟူသည် အဘယ်နည်း၊ တပ်မက်မှု ‘ရာဂ’ ကုန်ရာ အမျက်ထွက်မှု ‘ဒေါသ’ ကုန်ရာ တွေဝေမှု ‘မောဟ'ကုန်ရာတည်း။ ဤသည်ကို ဗြဟ္မညတ္ထမည်သော နိဗ္ဗာန်ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

၉-ပဌမ ဗြဟ္မစရိယသုတ်

၃၉။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ သင်တို့အား ဗြဟ္မစရိယမည်သော မဂ်ကိုလည်းကောင်း၊ ဗြဟ္မစရိယဖလမည်သော ဖိုလ်ကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။

ရဟန်းတို့ ဗြဟ္မစရိယဟူသည် အဘယ်နည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ပင်တည်း။ ဤအရိယမဂ်ဟူသည် အဘယ်နည်း၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သောတည်ကြည်မှု ‘သမ္မာသမာဓိ'တို့ တည်း။ ဤသည်ကို ဗြဟ္မစရိယဟု ဆိုအပ်၏။ ရဟန်းတို့ဗြဟ္မစရိယဖလဟူသည် အဘယ်တို့နည်း၊ သော တာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်၊ အရဟတ္တဖိုလ်တို့ပေတည်း။ ဤသည်တို့ကို ဗြဟ္မစရိယဖလဟု ဆိုအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။

--

၁၀-ဒုတိယ ဗြဟ္မစရိယသုတ်

၄၀။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ သင်တို့အား ဗြဟ္မစရိယမည်သော မဂ်ကိုလည်းကောင်း၊ ဗြဟ္မစရိယတ္ထမည်သော နိဗ္ဗာန်ကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။

ရဟန်းတို့ ဗြဟ္မစရိယမည်သော မဂ်ဟူသည် အဘယ်နည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ပင်တည်း။ ဤအရိယမဂ်ဟူသည် အဘယ်နည်း၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ တို့တည်း။ ဤသည်ကို ဗြဟ္မစရိယဟု ဆိုအပ်၏။ ရဟန်းတို့ ဗြဟ္မစရိယတ္ထမည်သော နိဗ္ဗာန်ဟူသည် အဘယ်နည်း၊ တပ်မက်မှု ‘ရာဂ'ကုန်ရာ အမျက်ထွက်မှု ‘ဒေါသ'ကုန်ရာ တွေဝေမှု ‘မောဟ'ကုန်ရာတည်း။ ဤသည်ကို ဗြဟ္မစရိယတ္ထမည်သော နိဗ္ဗာန်ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

လေးခုမြောက် ပဋိပတ္တိဝဂ် ပြီး၏။

--

၅-အညတိတ္ထိယပေယျာလဝဂ်

၁-ရာဂဝိရာဂသုတ်

၄၁။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ သာသနာ့ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့သည် “ငါ့သျှင်တို့အဘယ်အကျိုးငှါ ရဟန်းဂေါတမထံ၌ မြတ်သောအကျင့်ကို ကျင့်သုံးနေထိုင်ကြပါသနည်း”ဟု သင်တို့ကိုမေးမြန်းကုန်မူ ရဟန်းတို့ ဤကဲ့သို့ အမေးခံကြရသော သင်တို့သည် သာသနာ့ပြင်ပ အယူရှိကုန်သောထိုပရိဗိုဇ်တို့အား “ငါ့သျှင်တို့ စွဲမက်မှု ‘ရာဂ’ ကင်းစေခြင်းအကျိုးငှါ မြတ်စွာဘုရား၏ ထံတော်၌မြတ်သောအကျင့်ကို ကျင့်သုံးနေထိုင်ကြပါ၏”ဟု ဖြေဆိုကြကုန်ရာ၏။

ရဟန်းတို့ သာသနာ့ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့သည် “ငါ့သျှင်တို့ စွဲမက်မှု ‘ရာဂ’ ကင်းစေခြင်းအကျိုးငှါ လမ်းစဉ်ရှိပါသလော၊ အကျင့်ရှိပါသလော”ဟု သင်တို့ကို မေးမြန်းကြကုန်မူ ရဟန်းတို့ဤသို့ အမေးခံကြရသော သင်တို့သည် သာသနာ့ပြင်ပ အယူရှိကုန်သော ထိုပရိဗိုဇ်တို့အား “ငါ့သျှင်တို့စွဲမက်မှု ‘ရာဂ’ ကင်းစေခြင်းငှါ လမ်းစဉ်ရှိသည်သာတည်း၊ အကျင့်ရှိသည်သာတည်း”ဟု ဖြေဆိုကြကုန်ရာ၏။ ရဟန်းတို့ စွဲမက်မှု ‘ရာဂ’ ကင်းစေခြင်းငှါ လမ်းစဉ်သည် အဘယ်နည်း၊ အကျင့်သည် အဘယ်နည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ပင်တည်း။ ဤအရိယမဂ်ဟူသည် အဘယ်နည်း၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။

မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'တို့တည်း။ ရဟန်းတို့ ဤဆိုခဲ့ပြီးသောအရိယမဂ်တရားသည်စွဲမက်မှု ‘ရာဂ’ ကင်းစေခြင်းငှါ လမ်းစဉ်ဖြစ်၏၊ အကျင့်ဖြစ်၏။ ရဟန်းတို့ ဤကဲ့သို့ အမေးခံကြရသော သင်တို့သည် သာသနာ့ပြင်ပ အယူရှိကုန်သော ထိုပရိဗိုဇ်တို့အား ဤဆိုခဲ့သည့်အတိုင်း ဖြေဆိုကြကုန်ရာ၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

--

၂-၇-သံယောဇနပ္ပဟာန စသော ၆-သုတ်

၄၂-၄၇။ ရဟန်းတို့ သာသနာ့ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့သည် “ငါ့သျှင်တို့ အဘယ်အကျိုးငှါရဟန်းဂေါတမထံ၌ မြတ်သောအကျင့်ကို ကျင့်သုံးနေထိုင်ကြပါသနည်း”ဟု သင်တို့ကို မေးမြန်းကုန်မူရဟန်းတို့ ဤကဲ့သို့ အမေးခံကြရသော သင်တို့သည် သာသနာ့ပြင်ပ အယူရှိကုန်သော ထိုပရိဗိုဇ်တို့အား"ငါ့သျှင်တို့ သံယောဇဉ်ကို ပယ်ကာ နိဗ္ဗာန်အကျိုးငှါ မြတ်စွာဘုရား၏ ထံတော်၌ မြတ်သောအကျင့်ကိုကျင့်သုံးနေထိုင်ကြပါ၏”ဟု ဖြေဆိုကြကုန်ရာ၏။ပ။ “ငါ့သျှင်တို့ အနုသယကို နုတ်ပယ်ကာ နိဗ္ဗာန်အကျိုးငှါမြတ်စွာဘုရား၏ ထံတော်၌ မြတ်သောအကျင့်ကို ကျင့်သုံးနေထိုင်ကြပါ၏”ဟု ဖြေဆိုကြကုန်ရာ၏။ပ။

“ငါ့သျှင်တို့ သံသရာအဓွန့်ကို ပိုင်းခြား၍ သိရာ နိဗ္ဗာန်အကျိုးငှါ မြတ်စွာဘုရား၏ ထံတော်၌ မြတ်သောအကျင့်ကို ကျင့်သုံးနေထိုင်ကြပါ၏”ဟု ဖြေဆိုကြကုန်ရာ၏။ပ။ “ငါ့သျှင်တို့ အာသဝတရားတို့၏ ကုန်ရာနိဗ္ဗာန်အကျိုးငှါ မြတ်စွာဘုရား၏ ထံတော်၌ မြတ်သောအကျင့်ကို ကျင့်သုံးနေထိုင်ကြပါ၏”ဟု ဖြေဆိုကြကုန်ရာ၏။ပ။ “ငါ့သျှင်တို့ ဝိဇ္ဇာဝိမုတ္တိဟုဆိုအပ်သောအရဟတ္တဖိုလ်ကို မျက်မှောက်ပြုခြင်းအကျိုးငှါမြတ်စွာဘုရား၏ ထံတော်၌ မြတ်သောအကျင့်ကို ကျင့်သုံးနေထိုင်ကြပါ၏”ဟု ဖြေဆိုကြကုန်ရာ၏။ပ။

“ငါ့သျှင်တို့ ပစ္စဝေက္ခဏာဉာဏ်အမြင်အကျိုးငှါ မြတ်စွာဘုရား၏ ထံတော်၌ မြတ်သောအကျင့်ကိုကျင့်သုံးနေထိုင်ကြပါ ၏”ဟု ဖြေဆိုကြကုန်ရာ၏ဟု။ပ။ (မိန့်တော်မူ၏)။

သတ္တမသုတ်။

--

၈-အနုပါဒါပရိနိဗ္ဗာနသုတ်

၄၈။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ သာသနာ့ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့သည် သင်တို့ကို"ငါ့သျှင်တို့ အဘယ်အကျိုးငှါ ရဟန်းဂေါတမထံ၌ မြတ်သောအကျင့်ကို ကျင့်သုံးနေထိုင်ကြပါသနည်း”ဟုမေးမြန်းကြကုန်မူ ဤကဲ့သို့ အမေးခံကြရသော သင်တို့သည် သာသနာ့ပြင်ပ အယူရှိကုန်သော ထိုပရိဗိုဇ်တို့အား “ငါ့သျှင်တို့ အကြောင်းကင်းသော နိဗ္ဗာန်အကျိုးငှါ မြတ်စွာဘုရား၏ ထံတော်၌ မြတ်သောအကျင့်ကို ကျင့်သုံးနေထိုင်ကြပါ၏”ဟု ဖြေဆိုကြကုန်ရာ၏။

ရဟန်းတို့ သာသနာ့ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့သည် “ငါ့သျှင်တို့ အကြောင်းကင်းသောနိဗ္ဗာန်ရခြင်းငှါ လမ်းစဉ်ရှိပါသလော၊ အကျင့်ရှိပါသလော”ဟု ဤသို့ သင်တို့ကို မေးမြန်းကြကုန်မူ ရဟန်းတို့ ဤကဲ့သို့ အမေးခံကြရသော သင်တို့သည် သာသနာ့ပြင်ပ အယူရှိကုန်သော ထိုပရိဗိုဇ်တို့အား"ငါ့သျှင်တို့ အကြောင်းကင်းသော နိဗ္ဗာန်ရခြင်းငှါ လမ်းစဉ်ရှိသည်သာတည်း၊ အကျင့်ရှိသည်သာတည်း”ဟုဖြေဆိုကြကုန်ရာ၏။ ရဟန်းတို့ အကြောင်းကင်းသော နိဗ္ဗာန်ရခြင်းငှါ လမ်းစဉ်သည် အဘယ်နည်း၊ အကျင့် သည် အဘယ်နည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ပင်တည်း။ ဤအရိယမဂ်ဟူသည် အဘယ်နည်း၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'တို့ပေတည်း။ ရဟန်းတို့ဤဆိုခဲ့ပြီးသောအရိယမဂ်တရားသည် အကြောင်းကင်းသော နိဗ္ဗာန်ရခြင်းငှါ လမ်းစဉ်ဖြစ်၏၊ အကျင့်ဖြစ်၏။ ရဟန်းတို့ ဤသို့ အမေးခံကြရသော သင်တို့သည် သာသနာ့ပြင်ပ အယူရှိကုန်သောထိုပရိဗိုဇ်တို့အား ဤဆိုခဲ့သည့်အတိုင်းပင် ဖြေဆိုကြကုန်ရာ၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

အညတိတ္ထိယပေယျာလဝဂ် ပြီး၏။

--

၆-သူရိယပေယျာလဝဂ်

၁-ကလျာဏမိတ္တသုတ်

၄၉။ သာဝတ္ထိနိဒါန်း။ အရုဏ်တက်ခြင်းသည် နေထွက်ပေါ်လာခြင်း၏ ရှေ့သွား ဖြစ်သကဲ့သို့ ပုဗ္ဗ နိမိတ်ဖြစ်သကဲ့သို့ ရဟန်းအား မိတ်ဆွေကောင်းရှိခြင်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်တရား ဖြစ် ပေါ်ရန်ရှေ့သွား ဖြစ်၏၊ ပုဗ္ဗနိမိတ် ဖြစ်၏။ ရဟန်းတို့ မိတ်ဆွေကောင်းရှိသော ရဟန်းသည် အင်္ဂါရှစ်ပါး ရှိသောအရိယမဂ်ကို ပွားများလိမ့်မည်၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်လိမ့်မည်ဟုမျှော်လင့်အပ်၏။

ရဟန်းတို့ မိတ်ဆွေကောင်းရှိသော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင်ပွားများသနည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ကြိမ်ဖန်များစွာ ပြုလုပ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကိုမှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ'ကို ပွားများ၏။ပ။

ဆိတ်ငြိမ်ခြင်း ကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သောမှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် မိတ်ဆွေကောင်းရှိသောရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများ၏၊ ကြိမ်ဖန်များစွာ ပြုလုပ်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

၂-၆-သီလသမ္ပဒါ စသော ၅-သုတ်

၅၀-၅၄။ ရဟန်းတို့ အရုဏ်တက်ခြင်းသည် နေထွက်ပေါ်လာခြင်း၏ ရှေ့သွားဖြစ်သကဲ့သို့ ပုဗ္ဗနိမိတ်ဖြစ်သကဲ့သို့ ရဟန်းအား စတုပါရိသုဒ္ဓိသီလနှင့် ပြည့်စုံခြင်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်တရားဖြစ်ပေါ်ရန် ရှေ့သွား ဖြစ်၏၊ ပုဗ္ဗနိမိတ် ဖြစ်၏။ ရဟန်းတို့ စတုပါရိသုဒ္ဓိသီလနှင့် ပြည့်စုံသော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများလတ္တံ့၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာပြုလုပ်လတ္တံ့ဟု မျှော်လင့်အပ်၏။ပ။ ကုသိုလ်ကောင်းမှုကို ပြုလိုမှု ‘ဆန္ဒ'နှင့် ပြည့်စုံခြင်းသည်။ပ။ ပြည့်စုံသော စိတ်ရှိခြင်းသည်။ပ။ ဉာဏ်အမြင်နှင့် ပြည့်စုံခြင်းသည်။ပ။ မမေ့လျော့မှု ‘အပ္ပမာဒ'တရားနှင့် ပြည့်စုံခြင်းသည်။ပ။

ဆဋ္ဌသုတ်။

--

၇-ယောနိသောမနသိကာရသမ္ပဒါသုတ်

၅၅။ ရဟန်းတို့ အရုဏ်တက်ခြင်းသည် နေထွက်ပေါ်လာခြင်း၏ ရှေ့သွားဖြစ်သကဲ့သို့ ပုဗ္ဗနိမိတ်ဖြစ်သကဲ့သို့ ရဟန်းအား သင့်လျော်သောအကြောင်းအားဖြင့် နှလုံးသွင်းမှု ‘ယောနိသော မနသိကာရ’ နှင့့််ပြည့်စုံခြင်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်တရား ဖြစ်ပေါ်ရန် ရှေ့သွား ဖြစ်၏၊ ပုဗ္ဗနိမိတ် ဖြစ်၏။ ရဟန်းတို့ သင့်လျော်သောအကြောင်းအားဖြင့် နှလုံးသွင်းမှု ‘ယောနိသော မနသိကာရ'နှင့် ပြည့်စုံသောရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများလတ္တံ့၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်လတ္တံ့ဟု မျှော်လင့်အပ်၏။

ရဟန်းတို့ သင့်လျော်သောအကြောင်းအားဖြင့် နှလုံးသွင်းမှု ‘ယောနိသော မနသိကာရ’ နှင့် ပြည့်စုံ သောရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ပွားများသနည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ကြိမ်ဖန်များစွာ ပြုလုပ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ'ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သောတည်ကြည်မှု ‘သမ္မာသမာဓိ'ကို ပွားများ ၏။ ရဟန်းတို့ ဤသို့လျှင် သင့်လျော်သောအကြောင်းအားဖြင့်နှလုံးသွင်းမှု ‘ယောနိသော မနသိကာရ’ နှင့် ပြည့်စုံသော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကိုပွားများ၏၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

--

၁-ကလျာဏမိတ္တသုတ်

၅၆။ ရဟန်းတို့ အရုဏ်တက်ခြင်းသည် နေထွက်ပေါ်လာခြင်း၏ ရှေ့သွားဖြစ်သကဲ့သို့ ပုဗ္ဗနိမိတ်ဖြစ်သကဲ့သို့ ရဟန်းအား မိတ်ဆွေကောင်းရှိခြင်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်တရား ဖြစ်ပေါ်ရန်ရှေ့သွား ဖြစ်၏၊ ပုဗ္ဗနိမိတ် ဖြစ်၏။ ရဟန်းတို့ မိတ်ဆွေကောင်းရှိသော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများလတ္တံ့၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်လတ္တံ့ဟု မျှော်လင့်အပ်၏။

ရဟန်းတို့ မိတ်ဆွေကောင်းရှိသော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင်ပွားများသနည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ကြိမ်ဖန်များစွာ ပြုလုပ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် စွဲမက်မှု ‘ရာဂ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ’ ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော တွေဝေမှု ‘မောဟ’ ကို ပယ်ဖျောက်ခြင်းလျှင်အဆုံး ရှိသော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ'ကို ပွားများ၏။ပ။ စွဲမက်မှု ‘ရာဂ'ကို ပယ်ဖျောက်ခြင်းလျှင်အဆုံးရှိ သောအမျက်ထွက်မှု ‘ဒေါသ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော တွေဝေမှု ‘မောဟ'ကိုပယ်ဖျောက်ခြင်း လျှင် အဆုံးရှိသော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'ကို ပွားများ၏။ ရဟန်းတို့ဤသို့လျှင် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများ၏၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာပြုလုပ် ၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

၂-၆-သီလသမ္ပဒါ စသော ၅-သုတ်

၅၇-၆၁။ ရဟန်းတို့ အရုဏ်တက်ခြင်းသည် နေထွက်ပေါ်လာခြင်း၏ ရှေ့သွားဖြစ်သကဲ့သို့ ပုဗ္ဗနိမိတ်ဖြစ်သကဲ့သို့ ရဟန်းအား စတုပါရိသုဒ္ဓိသီလနှင့် ပြည့်စုံခြင်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်တရားဖြစ်ပေါ်ရန် ရှေ့သွား ဖြစ်၏၊ ပုဗ္ဗနိမိတ် ဖြစ်၏။ပ။ ကုသိုလ်ကောင်းမှုကို ပြုလုပ်လိုမှု ‘ဆန္ဒ’ နှင့် ပြည့်စုံခြင်းသည်။ပ။ ပြည့်စုံသော စိတ်ရှိခြင်းသည်။ပ။ ဉာဏ်အမြင်နှင့် ပြည့်စုံခြင်းသည်။ပ။

မမေ့လျော့မှု ‘အပ္ပမာဒ’ တရားနှင့် ပြည့်စုံခြင်းသည်။ပ။

ဆဋ္ဌသုတ်။

--

၇-ယောနိသောမနသိကာရသမ္ပဒါသုတ်

၆၂။ ရဟန်းတို့ အရုဏ်တက်ခြင်းသည် နေထွက်ပေါ်လာခြင်း၏ ရှေ့သွားဖြစ်သကဲ့သို့ ပုဗ္ဗနိမိတ်ဖြစ်သကဲ့သို့ ရဟန်းအား သင့်လျော်သောအားဖြင့် နှလုံးသွင်းမှု ‘ယောနိသော မနသိကာရ’ နှင့့်် ပြည့်စုံခြင်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်တရား ဖြစ်ပေါ်ရန် ရှေ့သွား ဖြစ်၏၊ ပုဗ္ဗနိမိတ် ဖြစ်၏။ ရဟန်းတို့သင့်လျော်သောအားဖြင့် နှလုံးသွင်းမှု ‘ယောနိသော မနသိကာရ’ နှင့် ပြည့်စုံသော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများလတ္တံ့၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်လတ္တံ့ဟုမျှော်လင့်အပ်၏။

ရဟန်းတို့ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှု ‘ယောနိသော မနသိကာရ’ နှင့် ပြည့်စုံသော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ပွားများသနည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကိုအဘယ်သို့လျှင် ကြိမ်ဖန်များစွာ ပြုလုပ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် စွဲမက်မှု ‘ရာဂ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ'ကို ပယ်ဖျောက်ခြင်းလျှင်အဆုံးရှိသော တွေဝေမှု ‘မောဟ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ'ကိုပွားများ၏။ပ။ စွဲမက်မှု ‘ရာဂ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ'ကိုပယ်ဖျောက်ခြင်းလျှင် အဆုံး ရှိသော တွေဝေမှု ‘မောဟ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောမှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် သင့်လျော်သောအားဖြင့်နှလုံးသွင်းမှု ‘ယောနိသော မနသိကာရ’ နှင့် ပြည့်စုံသော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကိုပွားများ၏၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

သူရိယပေယျာလဝဂ် ပြီး၏။

--

၇-ဧကဓမ္မပေယျာလဝဂ်

၁-ကလျာဏမိတ္တသုတ်

၆၃။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ တစ်ခုသော တရားသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ဖြစ်စေခြင်းငှါ ကျေးဇူးများ၏။ တစ်ခုသော တရားဟူသည် အဘယ်နည်း၊ မိတ်ဆွေကောင်းရှိခြင်းတည်း။ ရဟန်းတို့ မိတ်ဆွေကောင်းရှိသော ရဟန်းအား အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်လတ္တံ့ဟုမျှော်လင့်အပ်၏။

ရဟန်းတို့ မိတ်ဆွေကောင်းရှိသော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင်ပွါးများသနည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ကြိမ်ဖန်များစွာ ပြုလုပ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ'ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကိုမှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သောတည် ကြည်မှု ‘သမ္မာသမာဓိ’ ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် မိတ်ဆွေကောင်းရှိသော ရဟန်းသည်အင်္ဂါ ရှစ်ပါးရှိသောအရိယမဂ်ကို ပွားများ၏၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာပြုလုပ်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

၂-၆-သီလသမ္ပဒါ စသော ၅-သုတ်

၆၄-၆၈။ ရဟန်းတို့ တစ်ခုသော တရားသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ဖြစ်စေခြင်းငှါကျေးဇူးများ၏။ တစ်ခုသော တရားဟူသည် အဘယ်နည်း၊ သီလနှင့် ပြည့်စုံခြင်းတည်း။ပ။ ကုသိုလ်ကောင်းမှုကို ပြုလိုမှု ‘ဆန္ဒ'နှင့် ပြည့်စုံခြင်းတည်း။ပ။ ပြည့်စုံသော စိတ်ရှိခြင်းတည်း။ပ။ ဉာဏ်အမြင်နှင့်ပြည့်စုံခြင်းတည်း။ပ။ မမေ့လျော့မှု ‘အပ္ပမာဒ’ တရားနှင့် ပြည့်စုံခြင်းတည်း။ပ။

ဆဋ္ဌသုတ်။

--

၇-ယောနိသောမနသိကာရသမ္ပဒါသုတ်

၆၉။ (ရဟန်းတို့ တစ်ခုသော တရားသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ဖြစ်စေခြင်းငှါ ကျေးဇူး့များ၏။ တစ်ခုသော တရားဟူသည် အဘယ်နည်း၊ ရဟန်းတို့ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှု ‘ယောနိသော မနသိကာရ'နှင့် ပြည့်စုံခြင်းတည်း။) ရဟန်းတို့ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှု ‘ယောနိသော မနသိကာရ'နှင့် ပြည့်စုံသော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများလတ္တံ့၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်လတ္တံ့ဟု မျှော်လင့်အပ်၏။

ရဟန်းတို့ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှု ‘ယောနိသောမနသိကာရ'နှင့် ပြည့်စုံသော ရဟန်း သည်အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ပွားများသနည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကိုအဘယ်သို့လျှင် ကြိမ်ဖန်များစွာ ပြုလုပ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ'ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသောချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် မိတ်ဆွေကောင်းရှိသော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများ၏၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

--

၁-ကလျာဏမိတ္တသုတ်

၇၀။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ တစ်ခုသော တရားသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ဖြစ်စေခြင်းငှါ ကျေးဇူးများ၏။ တစ်ခုသော တရားဟူသည် အဘယ်နည်း၊ မိတ်ဆွေကောင်းရှိခြင်းတည်း။ ရဟန်းတို့ မိတ်ဆွေကောင်းရှိသော ရဟန်းအား အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများလတ္တံ့၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်လတ္တံ့ဟု မျှော်လင့်အပ်၏။

ရဟန်းတို့ မိတ်ဆွေကောင်းရှိသော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင်ပွားများသနည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ကြိမ်ဖန်များစွာ ပြုလုပ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် စွဲမက်မှု ‘ရာဂ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော တွေဝေမှု ‘မောဟ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ'ကို ပွားများ၏။ပ။ စွဲမက်မှု ‘ရာဂ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော တွေဝေမှု ‘မောဟ'ကိုပယ်ဖျောက်ခြင်း လျှင် အဆုံးရှိသော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ ကို ပွားများ၏။ ရဟန်းတို့ဤသို့လျှင် မိတ် ဆွေကောင်းရှိသော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများ၏၊ အင်္ဂါရှစ်ပါးရှိသောအရိယ မဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

၂-၆-သီလသမ္ပဒါ စသော ၅-သုတ်

၇၁-၇၅။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ တစ်ခုသော တရားသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကိုဖြစ်စေခြင်းငှါ ကျေးဇူးများ၏။ တစ်ခုသော တရားဟူသည် အဘယ်နည်း၊ သီလနှင့် ပြည့်စုံခြင်းတည်း။ပ။

ကုသိုလ်ကောင်းမှုကို ပြုလုပ်လိုမှု ‘ဆန္ဒ'နှင့် ပြည့်စုံခြင်းတည်း။ပ။ ပြည့်စုံသော စိတ်ရှိခြင်းတည်း။ပ။ ဉာဏ်အမြင်နှင့် ပြည့်စုံခြင်းတည်း။ပ။ မမေ့လျော့မှု ‘အပ္ပမာဒ’ တရားနှင့် ပြည့်စုံခြင်းတည်း။ပ။

ဆဋ္ဌသုတ်။

--

၇-ယောနိသောမနသိကာရသမ္ပဒါသုတ်

၇၆။ (ရဟန်းတို့ တစ်ခုသော တရားသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ဖြစ်စေခြင်းငှါ ကျေးဇူးများ၏။ တစ်ခုသော တရားဟူသည် အဘယ်နည်း၊ ရဟန်းတို့ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှု ‘ယောနိသောမနသိကာရ'နှင့် ပြည့်စုံခြင်းတည်း။) ရဟန်းတို့ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှု ‘ယောနိသော မနသိကာရ’ နှင့် ပြည့်စုံသော ရဟန်းအား အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများလတ္တံ့၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်လတ္တံ့ဟု မျှော်လင့်အပ်၏။

ရဟန်းတို့ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှု ‘ယောနိသော မနသိကာရ’ နှင့် ပြည့်စုံသော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ပွားများသနည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကိုအဘယ်သို့လျှင် ကြိမ်ဖန်များစွာ ပြုလုပ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် စွဲမက်မှု ‘ရာဂ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ'ကို ပယ်ဖျောက်ခြင်းလျှင်အဆုံးရှိသော တွေဝေမှု ‘မောဟ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ ကိုပွားများ၏။ပ။ စွဲမက်မှု ‘ရာဂ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ'ကိုပယ်ဖျောက်ခြင်းလျှင် အ ဆုံးရှိသော တွေဝေမှု ‘မောဟ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောမှန်ကန်သော တည်ကြည်မှု ‘သမ္မာ သမာဓိ’ ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင်သင့်လျော်သောအားဖြင့် နှလုံးသွင်းမှု ‘ယောနိသော မနသိ ကာရ’ နှင့် ပြည့်စုံသော ရဟန်းသည်အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများ၏၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

ဧကဓမ္မပေယျာလဝဂ် ပြီး၏။

--

၈-ဒုတိယ ဧကဓမ္မပေယျာလဝဂ်

၁-ကလျာဏမိတ္တသုတ်

၇၇။ သာဝတ္ထိနိဒါန်း။ မဖြစ်ပေါ်သေးသောအင်္ဂါရှစ်ပါးရှိသောအရိယမဂ် ဖြစ်ပေါ်ရန် ဖြစ်ပေါ်ပြီး သောအင်္ဂါရှစ်ပါးရှိသောအရိယမဂ် ပွားများပြည့်စုံခြင်းသို့ ရောက်ရန် မိတ်ဆွေကောင်း ရှိခြင်းမှ တစ်ပါးအခြား တစ်ခုသော တရားကိုမျှလည်း ငါဘုရား မြင်တော်မမူ။ ရဟန်းတို့ မိတ်ဆွေကောင်းရှိသောရဟန်း အား အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများလတ္တံ့၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကိုကြိမ်ဖန်များစွာ ပြုလုပ်လတ္တံ့ဟု မျှော်လင့်အပ်၏။

ရဟန်းတို့ မိတ်ဆွေကောင်းရှိသော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင်ပွားများသနည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ကြိမ်ဖန်များစွာ ပြုလုပ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော။ပ။ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ ကိုပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် မိတ်ဆွေကောင်းရှိသော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများ၏၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကိုကြိမ်ဖန်များစွာ ပြုလုပ်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

၂-၆-သီလသမ္ပဒါ စသော ၅-သုတ်

၇၈-၈၂။ ရဟန်းတို့ မဖြစ်ပေါ်သေးသောအင်္ဂါရှစ်ပါးရှိသောအရိယမဂ် ဖြစ်ပေါ်ရန် ဖြစ်ပေါ်ပြီး သောအင်္ဂါရှစ်ပါးရှိသောအရိယမဂ် ပွားများပြည့်စုံခြင်းသို့ ရောက်ရန် သီလနှင့် ပြည့်စုံခြင်းမှ တစ်ပါး။ပ။

ရဟန်းတို့ ကုသိုလ်ကောင်းမှုကို ပြုလုပ်လိုမှု ‘ဆန္ဒ'နှင့် ပြည့်စုံခြင်းမှ တစ်ပါး။ပ။ ရဟန်းတို့ ပြည့်စုံသောစိတ်ရှိခြင်းမှ တစ်ပါး။ပ။ ရဟန်းတို့ ဉာဏ်အမြင်နှင့် ပြည့်စုံခြင်းမှ တစ်ပါး။ပ။ ရဟန်းတို့ မမေ့လျော့မှု ‘အပ္ပမာဒ’ တရားနှင့် ပြည့်စုံခြင်းမှ တစ်ပါး။ပ။

ဆဋ္ဌသုတ်။

--

၇-ယောနိသောမနသိကာရသမ္ပဒါသုတ်

၈၃။ ရဟန်းတို့ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှု ‘ယောနိသောမနသိကာရ’ နှင့် ပြည့်စုံခြင်းမှတစ်ပါး (အခြား တစ်ခုသော တရားကိုမျှလည်း ငါဘုရား မြင်တော်မမူ။) ရဟန်းတို့ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှု ‘ယောနိသောမနသိကာရ’ နှင့် ပြည့်စုံသော ရဟန်းအား အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကိုပွားများလတ္တံ့၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်လတ္တံ့ဟု မျှော်လင့်အပ်၏။

ရဟန်းတို့ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှု ‘ယောနိသောမနသိကာရ’ နှင့် ပြည့်စုံသော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ပွားများသနည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကိုအဘယ်သို့လျှင် ကြိမ်ဖန်များစွာ ပြုလုပ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော။ပ။ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ'ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် သင့်လျော်သောအားဖြင့် နှလုံးသွင်းမှု ‘ယောနိသော မနသိကာရ'နှင့် ပြည့်စုံသော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများ၏၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

--

၁-ကလျာဏမိတ္တသုတ်

၈၄။ ရဟန်းတို့ မဖြစ်ပေါ်သေးသောအင်္ဂါရှစ်ပါးရှိသောအရိယမဂ် ဖြစ်ပေါ်ရန် ဖြစ်ပေါ်ပြီးသောအင်္ဂါရှစ်ပါးရှိသောအရိယမဂ် ပွားများပြည့်စုံခြင်းသို့ ရောက်ရန် မိတ်ဆွေကောင်းရှိခြင်းမှ တစ်ပါး အခြားတစ်ခုသော တရားကိုမျှလည်း ငါဘုရား မြင်တော်မမူ။ ရဟန်းတို့ မိတ်ဆွေကောင်းရှိသော ရဟန်းအားအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများလတ္တံ့၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်လတ္တံ့ဟု မျှော်လင့်အပ်၏။

ရဟန်းတို့ မိတ်ဆွေကောင်းရှိသော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင်ပွားများသနည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ကြိမ်ဖန်များစွာ ပြုလုပ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် စွဲမက်မှု ‘ရာဂ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော တွေဝေမှု ‘မောဟ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ'ကို ပွားများ၏။ပ။ စွဲမက်မှု ‘ရာဂ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော တွေဝေမှု ‘မောဟ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင်မိတ်ဆွေကောင်းရှိသော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများ၏၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

၂-၆-သီလသမ္ပဒါ စသော ၅-သုတ်

၈၅-၈၉။ ရဟန်းတို့ မဖြစ်ပေါ်သေးသောအင်္ဂါရှစ်ပါးရှိသောအရိယမဂ် ဖြစ်ပေါ်ရန် ဖြစ်ပေါ်ပြီး သောအင်္ဂါရှစ်ပါးရှိသောအရိယမဂ် ပွားများပြည့်စုံခြင်းသို့ ရောက်ရန် သီလနှင့် ပြည့်စုံခြင်းမှ တစ်ပါး အခြားတစ်ခုသော တရားကိုမျှလည်း ငါဘုရား မြင်တော်မမူ။ပ။ ရဟန်းတို့ ကုသိုလ်ကောင်းမှုကို ပြုလုပ်လိုမှု ‘ဆန္ဒ'နှင့် ပြည့်စုံခြင်းမှ တစ်ပါး။ပ။ ရဟန်းတို့ ပြည့်စုံသော စိတ်ရှိခြင်းမှ တစ်ပါး။ပ။ ရဟန်းတို့ဉာဏ်အမြင်နှင့် ပြည့်စုံခြင်းမှ တစ်ပါး။ပ။ ရဟန်းတို့ မမေ့လျော့မှု ‘အပ္ပမာဒ’ တရားနှင့် ပြည့်စုံခြင်းမှ တစ်ပါး။ပ။

ဆဋ္ဌသုတ်။

--

၇-ယောနိသောမနသိကာရသမ္ပဒါသုတ်

၉၀။ ရဟန်းတို့ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှု ‘ယောနိသောမနသိကာရ'နှင့် ပြည့်စုံခြင်းမှ တစ်ပါး (အခြား တစ်ခုသော တရားကိုမျှလည်း ငါဘုရား မြင်တော်မမူ)။ ရဟန်းတို့ သင့်လျော်သောအားဖြင့်နှလုံးသွင်းမှု ‘ယောနိသောမနသိကာရ'နှင့် ပြည့်စုံသော ရဟန်းအား အင်္ဂါရှစ်ပါးရှိသောအရိယမဂ် ကိုပွားများလတ္တံ့၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်လတ္တံ့ဟု မျှော်လင့်အပ်၏။

ရဟန်းတို့ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှု ‘ယောနိသောမနသိကာရ'နှင့် ပြည့်စုံသော ရဟန်း အားအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ပွားများသနည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကိုအဘယ်သို့လျှင် ကြိမ်ဖန်များစွာ ပြုလုပ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် စွဲမက်မှု ‘ရာဂ’ ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ’ ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော တွေဝေမှု ‘မောဟ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ'ကိုပွားများ ၏။ပ။ စွဲမက်မှု ‘ရာဂ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ'ကိုပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော တွေဝေမှု ‘မောဟ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောမှန်ကန်သော တည်ကြည်မှု ‘သမ္မာ သမာဓိ’ ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင်သင့်လျော်သောအားဖြင့် နှလုံးသွင်းမှု ‘ယောနိသော မနသိ ကာရ'နှင့် ပြည့်စုံသော ရဟန်းသည်အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများ၏၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

ဧကဓမ္မပေယျာလဝဂ် ပြီး၏။

--

၉-ဂင်္ဂါပေယျာလဝဂ်

၁-ပဌမ ပါစီနနိန္နသုတ်

၉၁။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ဂင်္ဂါမြစ်သည် အရှေ့အရပ်သို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့ အတူပင်အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းသည် နိဗ္ဗာန်သို့ညွတ်ကိုင်း ရှိုင်း၏။

ရဟန်းတို့ အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်း သည်အဘယ်သို့လျှင် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်းသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သောမှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ'ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သောရဟန်းသည် ဤသို့လျှင် နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်း၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

၂-၅-ဒုတိယာဒိ ပါစီနနိန္နသုတ် ၄-သုတ်

၉၂-၉၅။ ရဟန်းတို့ ယမုနာမြစ်သည် အရှေ့အရပ်သို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ရဟန်းတို့ ထို့အတူပင်။ပ။ ရဟန်းတို့ အစိရဝတီမြစ်သည် အရှေ့အရပ်သို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ရဟန်းတို့ ထို့အတူပင်။ပ။ ရဟန်းတို့ သရဘူမြစ်သည် အရှေ့အရပ်သို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ရဟန်းတို့ ထို့အတူပင်။ပ။ ရဟန်းတို့ မဟီမြစ်သည် အရှေ့အရပ်သို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ရဟန်းတို့ ထို့အတူပင်။ပ။

ပဉ္စမသုတ်။

--

၆-ဆဋ္ဌ ပါစီနနိန္နသုတ်

၉၆။ ရဟန်းတို့ ဂင်္ဂါ ယမုနာ အစိရဝတီ သရဘူ မဟီဟူသော ဤမြစ်ကြီးအားလုံးတို့သည် အရှေ့အရပ်သို့ ညွတ်ကိုင်း ရှိုင်းကုန်သကဲ့သို့ ရဟန်းတို့ ထို့အတူပင် အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းသည် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်း၏။

ရဟန်းတို့ အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်း သည်အဘယ်သို့လျှင် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်းသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်ဆိတ်ငြိမ်ခြင်းကို မှီသော။ပ။ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသောစွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်ကို ပွားများသောကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းသည် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်း၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

၁-ပဌမ သမုဒ္ဒနိန္နသုတ်

၉၇။ ရဟန်းတို့ ဂင်္ဂါမြစ်သည် သမုဒ္ဒရာသို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင် အင်္ဂါရှစ်ပါးရှိ သည့်အရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းသည် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်း၏။

ရဟန်းတို့ အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်း သည်အဘယ်သို့လျှင် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်းသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သောမှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ'ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သောရဟန်းသည် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်း၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

--

၂-၆-ဒုတိယာဒိ သမုဒ္ဒနိန္နသုတ် ၅-သုတ်

၉၈-၁၀၂။ ရဟန်းတို့ ယမုနာမြစ်သည် သမုဒ္ဒရာသို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ရဟန်းတို့ ထို့အတူပင် ရဟန်းသည်။ပ။ ရဟန်းတို့ အစိရဝတီမြစ်သည် သမုဒ္ဒရာသို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ရဟန်းတို့ ထို့အတူပင်။ပ။ ရဟန်းတို့ သရဘူမြစ်သည် သမုဒ္ဒရာသို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ရဟန်းတို့ ထို့အတူပင်။ပ။ ရဟန်းတို့ မဟီမြစ်သည် သမုဒ္ဒရာသို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ရဟန်းတို့ ထို့အတူပင်။ပ။

ရဟန်းတို့ ဂင်္ဂါ ယမုနာ အစိရဝတီ သရဘူ မဟီဟူသော ဤမြစ်ကြီးအားလုံးတို့သည် သမုဒ္ဒရာသို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင် အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းသည် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်း၏။

ရဟန်းတို့ အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်း သည်အဘယ်သို့လျှင် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်းသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သောမှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကိုမှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သောရဟန်းသည် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်း၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

ဂင်္ဂါပေယျာလဝဂ် ပြီး၏။

--

၂-ဒုတိယ ဂင်္ဂါပေယျာလဝဂ်

၁-ပဌမ ပါစီနနိန္နသုတ်

၁၀၃။ ရဟန်းတို့ ဂင်္ဂါမြစ်သည် အရှေ့အရပ်သို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင် အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းသည် နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်း၏။

ရဟန်းတို့ အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်း သည်အဘယ်သို့လျှင် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်းသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်စွဲမက်မှု ‘ရာဂ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ'ကို ပယ်ဖျောက်ခြင်းလျှင်အဆုံး ရှိသော တွေဝေမှု ‘မောဟ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ'ကို ပွား များ၏။ပ။ စွဲမက်မှု ‘ရာဂ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ'ကို ပယ်ဖျောက်ခြင်း လျှင် အဆုံးရှိသော တွေဝေမှု ‘မောဟ'ကို ပယ်ဖျောက်ခြင်းလျှင်အဆုံးရှိသော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင်အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းသည် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်း၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

၂-၆-ဒုတိယာဒိ ပါစီနနိန္နသုတ် ၅-သုတ်

၁၀၄-၁၀၈။ ရဟန်းတို့ ယမုနာမြစ်သည် အရှေ့အရပ်သို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင်ရဟန်းသည်။ပ။ ရဟန်းတို့ အစိရဝတီမြစ်သည် အရှေ့အရပ်သို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင်ရဟန်းသည်။ပ။ ရဟန်းတို့ သရဘူမြစ်သည် အရှေ့အရပ်သို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင်ရဟန်းသည်။ပ။ ရဟန်းတို့ မဟီမြစ်သည် အရှေ့အရပ်သို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင် ရဟန်းသည်။ပ။ ရဟန်းတို့ ဂင်္ဂါ ယမုနာ အစိရဝတီ သရဘူ မဟီဟူသော ဤမြစ်ကြီးအားလုံးတို့သည် အရှေ့အရပ်သို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင် ရဟန်းသည်။ပ။

ဆဋ္ဌသုတ်။

--

၇-ပဌမ သမုဒ္ဒနိန္နသုတ်

၁၀၉။ ရဟန်းတို့ ဂင်္ဂါမြစ်သည် သမုဒ္ဒရာသို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင် အင်္ဂါရှစ်ပါးရှိ သည့်အရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းသည် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်း၏။

ရဟန်းတို့ အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်း သည်အဘယ်သို့လျှင် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်းသနည်း၊ ရဟန်းတို့ ရဟန်းသည် စွဲမက်မှု ‘ရာဂ'ကိုပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော တွေဝေမှု ‘မောဟ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ'ကို ပွားများ၏။ပ။

စွဲမက်မှု ‘ရာဂ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ'ကို ပယ်ဖျောက်ခြင်းလျှင်အဆုံးရှိသော တွေဝေမှု ‘မောဟ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော မှန်ကန်သောတည်ကြည်မှု ‘သမ္မာသမာဓိ'ကို ပွား များ၏။ ရဟန်းတို့ ဤသို့လျှင် အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်ကိုပွားများသော ကြိမ်ဖန်များစွာ ပြုလုပ် သော ရဟန်းသည် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်း၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

၈-၁၂-ဒုတိယာဒိ သမုဒ္ဒနိန္နသုတ် ၅-သုတ်

၁၁၀-၁၁၄။ ရဟန်းတို့ ယမုနာမြစ်သည် သမုဒ္ဒရာသို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင်ရဟန်းသည်။ပ။ ရဟန်းတို့ အစိရဝတီမြစ်သည် သမုဒ္ဒရာသို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင်ရဟန်းသည်။ပ။ ရဟန်းတို့ သရဘူမြစ်သည် သမုဒ္ဒရာသို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင် ရဟန်းသည်။ပ။ ရဟန်းတို့ မဟီမြစ်သည် သမုဒ္ဒရာသို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင် ရဟန်းသည်။ပ။

ရဟန်းတို့ ဂင်္ဂါ ယမုနာ အစိရဝတီ သရဘူ မဟီဟူသော ဤမြစ်ကြီးအားလုံးတို့သည် သမုဒ္ဒရာသို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင် အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းသည် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်း၏။

--

ရဟန်းတို့ အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်း သည်အဘယ်သို့လျှင် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်းသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်စွဲမက်မှု ‘ရာဂ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ'ကို ပယ်ဖျောက်ခြင်းလျှင်အဆုံး ရှိသော တွေဝေမှု ‘မောဟ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ'ကို ပွား များ၏။ပ။ စွဲမက်မှု ‘ရာဂ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ'ကို ပယ်ဖျောက်ခြင်း လျှင် အဆုံးရှိသော တွေဝေမှု ‘မောဟ'ကို ပယ်ဖျောက်ခြင်းလျှင်အဆုံးရှိသော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင်အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းသည် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်း၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

၁၃-ပဌမ ပါစီနနိန္နသုတ်

၁၁၅။ ရဟန်းတို့ ဂင်္ဂါမြစ်သည် အရှေ့အရပ်သို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင် အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းသည် နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်း၏။

ရဟန်းတို့ အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်း သည်အဘယ်သို့လျှင် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်းသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည့်အမြိုက်နိဗ္ဗာန်သို့ သက်ဝင်သောအမြိုက်နိဗ္ဗာန်လျှင် လဲလျောင်းရာရှိသောအမြိုက်နိဗ္ဗာန်လျှင်အဆုံးရှိသော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ'ကို ပွားများ၏။ပ။ အမြိုက်နိဗ္ဗာန်သို့ သက်ဝင်သောအမြိုက်နိဗ္ဗာန်လျှင် လဲ လျောင်းရာရှိသောအမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိသော မှန်ကန်သောတည်ကြည်မှု ‘သမ္မာသမာဓိ’ ကို ပွားများ ၏။ ရဟန်းတို့ ဤသို့လျှင် အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်ကိုပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းသည် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်း၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

၁၄-၁၈-ဒုတိယာဒိ ပါစီနနိန္နသုတ်

၁၁၆-၁၂၀။ ရဟန်းတို့ ယမုနာမြစ်သည် အရှေ့အရပ်သို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင်ရဟန်းသည်။ပ။ ရဟန်းတို့ အစိရဝတီမြစ်သည် အရှေ့အရပ်သို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင်ရဟန်းသည်။ပ။ ရဟန်းတို့ သရဘူမြစ်သည် အရှေ့အရပ်သို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင်ရဟန်းသည်။ပ။ ရဟန်းတို့ မဟီမြစ်သည် အရှေ့အရပ်သို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင် ရဟန်းသည်။ပ။ ရဟန်းတို့ ဂင်္ဂါ ယမုနာ အစိရဝတီ သရဘူ မဟီဟူသော ဤမြစ်ကြီးအားလုံးတို့သည် အရှေ့အရပ်သို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင် ရဟန်းသည်။ပ။

ဆဋ္ဌသုတ်။

--

၁၉-ပဌမ သမုဒ္ဒနိန္နသုတ်

၁၂၁။ ရဟန်းတို့ ဂင်္ဂါမြစ်သည် သမုဒ္ဒရာသို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင် အင်္ဂါရှစ်ပါး ရှိသည့်အရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းသည် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်း၏။

ရဟန်းတို့ အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်း သည်အဘယ်သို့လျှင် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်းသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်အမြိုက်နိဗ္ဗာန်သို့ သက်ဝင်သောအမြိုက်နိဗ္ဗာန်လျှင် လဲလျောင်းရာရှိသောအမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိသော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ'ကို ပွားများ၏။ပ။ အမြိုက်နိဗ္ဗာန်သို့ သက်ဝင်သောအမြိုက်နိဗ္ဗာန်လျှင် လဲလျောင်းရာရှိသောအမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိသော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'ကိုပွားများ၏။ ရဟန်းတို့ ဤသို့လျှင် အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းသည် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်း၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

၂၀-၂၄-ဒုတိယာဒိ သမုဒ္ဒနိန္နသုတ်

၁၂၂-၁၂၆။ ရဟန်းတို့ ယမုနာမြစ်သည် သမုဒ္ဒရာသို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင်ရဟန်းသည်။ပ။ ရဟန်းတို့ အစိရဝတီမြစ်သည် သမုဒ္ဒရာသို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင်ရဟန်းသည်။ပ။ ရဟန်းတို့ သရဘူမြစ်သည် သမုဒ္ဒရာသို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင် ရဟန်းသည်။ပ။ ရဟန်းတို့ မဟီမြစ်သည် သမုဒ္ဒရာသို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင် ရဟန်းသည်။ပ။

ရဟန်းတို့ ဂင်္ဂါ ယမုနာ အစိရဝတီ သရဘူ မဟီဟူသော ဤမြစ်ကြီးအားလုံးတို့သည် သမုဒ္ဒရာသို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင် အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းသည် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်း၏။

ရဟန်းတို့ အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်း သည့်အဘယ်သို့လျှင် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်းသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်အမြိုက်နိဗ္ဗာန်သို့ သက်ဝင်သောအမြိုက်နိဗ္ဗာန်လျှင် လဲလျောင်းရာရှိသောအမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိသော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ'ကို ပွားများ၏။ပ။ အမြိုက်နိဗ္ဗာန်သို့ သက်ဝင်သောအမြိုက်နိဗ္ဗာန်လျှင် လဲလျောင်းရာရှိသောအမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိသော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'ကိုပွားများ၏။ ရဟန်းတို့ ဤသို့လျှင် အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းသည် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်း၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

--

၂၅-ပဌမ ပါစီနနိန္နသုတ်

၁၂၇။ ရဟန်းတို့ ဂင်္ဂါမြစ်သည် အရှေ့အရပ်သို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင် အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းသည် နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်း၏။

ရဟန်းတို့ အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်း သည်အဘယ်သို့လျှင် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်းသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်းသော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ'ကို ပွားများ၏။ပ။ နိဗ္ဗာန်သို့ညွတ်ကိုင်း ရှိုင်းသော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင်အင်္ဂါရှစ်ပါးရှိ သည့် အရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းသည် နိဗ္ဗာန်သို့ညွတ်ကိုင်း ရှိုင်း၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

၂၆-၃၀-ဒုတိယာဒိ ပါစီနနိန္နသုတ်

၁၂၈-၁၃၂။ ရဟန်းတို့ ယမုနာမြစ်သည် အရှေ့အရပ်သို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင်ရဟန်းသည်။ပ။ ရဟန်းတို့ အစိရဝတီမြစ်သည် အရှေ့အရပ်သို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင်ရဟန်းသည်။ပ။ ရဟန်းတို့ သရဘူမြစ်သည် အရှေ့အရပ်သို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင်ရဟန်းသည်။ပ။ ရဟန်းတို့ မဟီမြစ်သည် အရှေ့အရပ်သို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင်ရဟန်းသည်။ပ။ ရဟန်းတို့ ဂင်္ဂါ ယမုနာ အစိရဝတီ သရဘူ မဟီဟူသော ဤမြစ်ကြီးအားလုံးတို့သည်အရှေ့အရပ်သို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင် အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်ကို ပွားများသောကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းသည် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်း၏။

ရဟန်းတို့ အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်း သည်အဘယ်သို့လျှင် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်းသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်းသော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ'ကို ပွားများ၏။ပ။ နိဗ္ဗာန်သို့ညွတ်ကိုင်း ရှိုင်းသော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင်အင်္ဂါရှစ်ပါးရှိ သည့် အရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းသည် နိဗ္ဗာန်သို့ညွတ်ကိုင်း ရှိုင်း၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

--

၃၁-ပဌမ သမုဒ္ဒနိန္နသုတ်

၁၃၃။ ရဟန်းတို့ ဂင်္ဂါမြစ်သည် သမုဒ္ဒရာသို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင် အင်္ဂါရှစ်ပါး ရှိသည့်အရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းသည် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်း၏။

ရဟန်းတို့ အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်း သည်အဘယ်သို့လျှင် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်းသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်းသော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ'ကို ပွားများ၏။ပ။ နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်းသော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းသည် နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်း၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

၃၂-၃၆-ဒုတိယာဒိ သမုဒ္ဒနိန္နသုတ်

၁၃၄-၁၃၈။ ရဟန်းတို့ ယမုနာမြစ်သည် သမုဒ္ဒရာသို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင်ရဟန်းသည်။ပ။ ရဟန်းတို့ အစိရဝတီမြစ်သည် သမုဒ္ဒရာသို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင်ရဟန်းသည်။ပ။ ရဟန်းတို့ သရဘူမြစ်သည် သမုဒ္ဒရာသို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင် ရဟန်းသည်။ပ။ ရဟန်းတို့ မဟီမြစ်သည် သမုဒ္ဒရာသို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင် ရဟန်းသည်။ပ။

ရဟန်းတို့ ဂင်္ဂါ ယမုနာ အစိရဝတီ သရဘူ မဟီဟူသော ဤမြစ်ကြီးအားလုံးတို့သည် သမုဒ္ဒရာသို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင် အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းသည် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်း၏။

ရဟန်းတို့ အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်း သည်အဘယ်သို့လျှင် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်းသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်းသော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ'ကို ပွားများ၏။ပ။ နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်းသော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းသည် နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်း၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

ကိုးခုမြောက် ဂင်္ဂါပေယျာလဝဂ် ပြီး၏။

--

၅-အပ္ပမာဒပေယျာလဝဂ်

၁-တထာဂတသုတ်

၁၃၉။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အခြေမရှိသော သတ္တဝါ အခြေနှစ်ချောင်းရှိသော သတ္တဝါ၊ အခြေလေးချောင်းရှိသော သတ္တဝါ အခြေများစွာရှိသော သတ္တဝါ၊ ရုပ်ရှိသော သတ္တဝါ ရုပ်မရှိသော သတ္တဝါ၊ သညာရှိသော သတ္တဝါ သညာမရှိသော သတ္တဝါ၊ သညာရှိသည်လည်း မဟုတ်မရှိသည်လည်း မဟုတ်သော သတ္တဝါဟူသမျှတို့ထက် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားကို အမြတ်ဆုံးဟု ဆိုအပ်၏။ ရဟန်းတို့ထို့အတူပင် ကုသိုလ်တရားဟူသမျှ တို့သည် မမေ့လျော့မှု ‘အပ္ပမာဒ’ တရားလျှင် အကြောင်းရင်းရှိကုန်၏၊ မမေ့လျော့မှု ‘အပ္ပမာဒ’ တရားလျှင် စု ဝေးရာရှိကုန်၏၊ မမေ့လျော့မှု ‘အပ္ပမာဒ'တရားကိုထိုကုသိုလ်တရားဟူသမျှတို့ထက် မြတ်၏ဟု ဆိုအပ်၏။ ရဟန်းတို့ မမေ့လျော့သော ရဟန်းအားအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများလတ္တံ့၊ အင်္ဂါရှစ်ပါးရှိ သောအရိယမဂ်ကို ကြိမ်ဖန်များစွာပြုလုပ်လတ္တံ့ဟု မျှော်လင့်အပ်၏။

ရဟန်းတို့ မမေ့လျော့သော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ပွားများသနည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ကြိမ်ဖန်များစွာ ပြုလုပ်သနည်း၊ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကိုမှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ'ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသောစွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် မမေ့လျော့သော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများ၏၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်၏ဟု (မိန့်တော်မူ၏)။

ရဟန်းတို့ အခြေမရှိသော သတ္တဝါ အခြေနှစ်ချောင်းရှိသော သတ္တဝါ၊ အခြေလေးချောင်းရှိသော သတ္တဝါအခြေများစွာရှိသော သတ္တဝါ၊ ရုပ်ရှိသော သတ္တဝါ ရုပ်မရှိသော သတ္တဝါ၊ သညာရှိသော သတ္တဝါသညာမရှိသော သတ္တဝါ၊ သညာရှိသည်လည်း မဟုတ် မရှိသည်လည်း မဟုတ်သော သတ္တဝါဟူသမျှတို့ထက် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားကို အမြတ်ဆုံးဟု ဆိုအပ်၏။ ရဟန်းတို့ ထို့အတူပင် ကုသိုလ်တရားဟူသမျှတို့သည် မမေ့လျော့မှု ‘အပ္ပမာဒ'တရားလျှင် အကြောင်းရင်းရှိကုန်၏၊ မမေ့လျော့မှု ‘အပ္ပမာဒ'တရားလျှင်စုဝေးရာရှိကုန်၏၊ မမေ့လျော့မှု ‘အပ္ပမာဒ'တရားကို ထိုကုသိုလ်တရားဟူသမျှတို့ထက် မြတ်၏ဟု ဆိုအပ်၏။

ရဟန်းတို့ မမေ့ လျော့သော ရဟန်းအား အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများလတ္တံ့၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်လတ္တံ့ဟု မျှော်လင့်အပ်၏။

ရဟန်းတို့ မမေ့လျော့သော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ပွားများသနည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ကြိမ်ဖန်များစွာ ပြုလုပ်သနည်း၊ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် စွဲမက်မှု ‘ရာဂ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ’ ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော တွေဝေမှု ‘မောဟ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောမှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ ကို ပွားများ၏။ပ။ စွဲမက်မှု ‘ရာဂ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော တွေဝေမှု ‘မောဟ'ကို ပယ်ဖျောက်ခြင်းလျှင်အဆုံးရှိသော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် မမေ့လျော့သော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများ၏၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်၏ဟု (မိန့်တော်မူ၏)။

--

ရဟန်းတို့ အခြေမရှိသော သတ္တဝါ အခြေနှစ်ချောင်းရှိသော သတ္တဝါ၊ အခြေလေးချောင်းရှိသော သတ္တဝါအခြေများစွာရှိသော သတ္တဝါ၊ ရုပ်ရှိသော သတ္တဝါ ရုပ်မရှိသော သတ္တဝါ၊ သညာရှိသော သတ္တဝါသညာမရှိသော သတ္တဝါ၊ သညာရှိသည်လည်း မဟုတ် မရှိသည်လည်း မဟုတ်သော သတ္တဝါဟူသမျှတို့ထက် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားကို အမြတ်ဆုံးဟု ဆိုအပ်၏။ ရဟန်းတို့ ထို့အတူပင် ကုသိုလ်တရားဟူသမျှတို့သည် မမေ့လျော့မှု ‘အပ္ပမာဒ'တရားလျှင် အကြောင်းရင်းရှိကုန်၏၊ မမေ့လျော့မှု ‘အပ္ပမာဒ'တရားလျှင်စုဝေးရာရှိကုန်၏၊ မမေ့လျော့မှု ‘အပ္ပမာဒ'တရားကို ထိုကုသိုလ်တရားဟူသမျှတို့ထက် မြတ်၏ဟု ဆိုအပ်၏။

ရဟန်းတို့ မမေ့ လျော့သော ရဟန်းအား အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများလတ္တံ့၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်လတ္တံ့ဟု မျှော်လင့်အပ်၏။

ရဟန်းတို့ မမေ့လျော့သော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ပွားများသနည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ကြိမ်ဖန်များစွာ ပြုလုပ်သနည်း၊ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် အမြိုက်နိဗ္ဗာန်သို့ သက်ဝင်သောအမြိုက်နိဗ္ဗာန်လျှင် လဲလျောင်းရာရှိသောအမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိသော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ ကို ပွားများ၏။ပ။ အမြိုက်နိဗ္ဗာန့်သို့ သက်ဝင်သောအမြိုက်နိဗ္ဗာန်လျှင် လဲလျောင်းရာရှိသောအမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိသော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် မမေ့လျော့သော ရဟန်းသည်အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများ၏၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်၏ဟု (မိန့်တော်မူ၏)။

ရဟန်းတို့ အခြေမရှိသော သတ္တဝါ အခြေနှစ်ချောင်းရှိသော သတ္တဝါ၊ အခြေလေးချောင်းရှိသော သတ္တဝါအခြေများစွာရှိသော သတ္တဝါ၊ ရုပ်ရှိသော သတ္တဝါ ရုပ်မရှိသော သတ္တဝါ၊ သညာရှိသော သတ္တဝါသညာမရှိသော သတ္တဝါ၊ သညာရှိသည်လည်း မဟုတ် မရှိသည်လည်း မဟုတ်သော သတ္တဝါဟူသမျှတို့ထက် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားကို အမြတ်ဆုံးဟု ဆိုအပ်၏။ ရဟန်းတို့ ထို့အတူပင် ကုသိုလ်တရားဟူသမျှတို့သည် မမေ့လျော့မှု ‘အပ္ပမာဒ'တရားလျှင် အကြောင်းရင်းရှိကုန်၏၊ မမေ့လျော့မှု ‘အပ္ပမာဒ'တရားလျှင်စုဝေးရာရှိကုန်၏၊ မမေ့လျော့မှု ‘အပ္ပမာဒ'တရားကို ထိုကုသိုလ်တရားဟူသမျှတို့ထက် မြတ်၏ဟု ဆိုအပ်၏။

ရဟန်းတို့ မမေ့ လျော့သော ရဟန်းအား အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများလတ္တံ့၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်လတ္တံ့ဟု မျှော်လင့်အပ်၏။

ရဟန်းတို့ မမေ့လျော့သော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ပွားများသနည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ကြိမ်ဖန်များစွာ ပြုလုပ်သနည်း၊ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်းသော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ ကိုပွားများ၏။ပ။ နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်းသော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် မမေ့လျော့သော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများ၏၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

--

၂-ပဒသုတ်

၁၄၀။ ရဟန်းတို့ မြေနေသတ္တဝါတို့၏ ခြေရာဟူသမျှတို့သည် ဆင်ခြေရာ၌ အတွင်းဝင်ကုန်၏၊ ဆင်ခြေရာကို ကြီးသည်၏ အဖြစ်ကြောင့် ထိုခြေရာတို့ထက် မြတ်၏ဟု ဆိုအပ်သကဲ့သို့ ရဟန်းတို့ထို့အတူပင် ကုသိုလ်တရားဟူသမျှတို့သည် မမေ့လျော့မှု ‘အပ္ပမာဒ'တရားလျှင် အကြောင်းရင်းရှိကုန်၏၊ မမေ့လျော့မှု ‘အပ္ပ မာဒ'တရားလျှင် စုဝေးရာရှိကုန်၏၊ မမေ့လျော့မှု ‘အပ္ပမာဒ'တရားကိုထိုကုသိုလ်တရားဟူသမျှတို့ထက် မြတ် ၏ဟု ဆိုအပ်၏။ ရဟန်းတို့ မမေ့လျော့သော ရဟန်းအားအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများလတ္တံ့၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာပြုလုပ်လတ္တံ့ဟု မျှော်လင့်အပ်၏။

ရဟန်းတို့ မမေ့လျော့သော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ပွားများသနည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ကြိမ်ဖန်များစွာ ပြုလုပ်သနည်း၊ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကိုမှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသောစွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် မမေ့လျော့သော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများ၏၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

၃-၇-ကူဋာဒိသုတ်

၁၄၁-၁၄၅။ ရဟန်းတို့ အထွတ်တပ်သောအိမ်၏ အခြင်ရနယ်ဟူသမျှတို့သည် အထွတ်သို့ ရောက်ကုန်၏၊ အထွတ်သို့ ညွတ်ကုန်၏၊ အထွတ်လျှင် စုဝေးရာရှိကုန်၏၊ အထွတ်သည် အခြင်ရနယ်ဟူသမျှတို့ထက် မြတ်၏ဟု ဆိုအပ်သကဲ့သို့ ရဟန်းတို့ ထို့အတူပင်။ [ဤအတိုင်း အောက်သုတ်တို့ကို ချဲ့အပ်၏။ ] ရဟန်းတို့ အကျော်နံ့သာကို အမြစ်နံ့သာဟူသမျှတို့ထက် မြတ်၏ဟု ဆိုအပ်သကဲ့သို့ ရဟန်းတို့ ထို့အတူပင်။ပ။ ရဟန်းတို့ စန္ဒကူးနံ့သာကို အနှစ်နံ့သာဟူသမျှတို့ထက် မြတ်၏ဟု ဆိုအပ်သကဲ့သို့ ရဟန်းတို့ထို့အတူပင်။ပ။ ရဟန်းတို့ မြတ်လေးပန်းကို အပွင့်နံ့သာဟူသမျှတို့ထက် မြတ်၏ဟု ဆိုအပ်သကဲ့သို့ရဟန်းတို့ ထို့အတူပင်။ပ။ ရဟန်းတို့ အရံမင်းငယ်ဟူသမျှတို့သည် စကြာမင်း၏ နောက်လိုက် (ငယ်သား) ဖြစ်ကုန်၏၊ စကြာမင်းကို ထိုအရံမင်းငယ်ဟူသမျှတို့ထက် မြတ်၏ဟု ဆိုအပ်သကဲ့သို့ ရဟန်းတို့ ထို့အတူပင်။ပ။

သတ္တမသုတ်။

--

၈-၁၀-စန္ဒိမာဒိသုတ်

၁၄၆-၁၄၈။ ရဟန်းတို့ ကြယ်တာရာတို့၏ အရောင်ဟူသမျှတို့သည် လရောင်၏ တစ်ဆယ့်ခြောက် စိတ်တစ်စိတ်ကို မမှီကုန်၊ လရောင်ကို ထိုကြယ်ရောင်တို့ထက် မြတ်၏ဟု ဆိုအပ်သကဲ့သို့ ရဟန်းတို့ထို့အတူပင်။ပ။ ရဟန်းတို့ တန်ဆောင်မုန်းလအခါ၌ မိုးကောင်းကင်သည် တိမ်တိုက်ကင်းစင်၍ မြင့်လတ်သော် နေသည် ကောင်းကင်သို့ တက်လျက် ကောင်းကင်တစ်ခုလုံးရှိ အမိုက်မှောင်ကို ဖျက်ဆီး၍ ထွန်းလင်းတောက်ပ တင့်တယ်လှသကဲ့သို့ ရဟန်းတို့ ထို့အတူပင်။ပ။ ရဟန်းတို့ ကာသိတိုင်းဖြစ် အထည်ကိုချည်ထည်ဟူသမျှတို့ထက် မြတ်၏ဟု ဆိုအပ်သကဲ့သို့ ရဟန်းတို့ ထို့အတူပင် ကုသိုလ်တရားဟူသမျှတို့သည် မမေ့လျော့မှု ‘အပ္ပမာဒ'တရားလျှင် အကြောင်းရင်းရှိကုန်၏၊ မမေ့လျော့မှု ‘အပ္ပမာဒ'တရားလျှင် စုဝေးရာရှိကုန်၏၊ မမေ့လျော့မှု ‘အပ္ပမာဒ'တရားကို ထိုကုသိုလ်တရားဟူသမျှတို့ထက် မြတ်၏ဟု ဆိုအပ်၏။

ရဟန်းတို့ မမေ့လျော့သော ရဟန်းအား အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများလတ္တံ့၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်လတ္တံ့ဟု မျှော်လင့်အပ်၏။

ရဟန်းတို့ မမေ့လျော့သော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ပွားများသနည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ကြိမ်ဖန်များစွာ ပြုလုပ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ'ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကိုမှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သောတည်ကြည်မှု ‘သမ္မာသမာဓိ'ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် မမေ့လျော့သော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများ၏၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

[တထာဂတသုတ်၌ကဲ့သို့ ကြွင်းသော သုတ်ဟူသမျှကို ချဲ့အပ်၏]။

ငါးခုမြောက် အပ္ပမာဒဝဂ် ပြီး၏။

--

၆-ဗလကရဏီယဝဂ်

၁-ဗလသုတ်

၁၄၉။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ခွန်အားဖြင့် ပြုလုပ်အပ်ကုန်သောအလုပ်ဟူသမျှတို့ကို မြေကြီး ကိုမှီ၍ မြေကြီး၌ တည်၍ ပြုလုပ်အပ်ကုန်သကဲ့သို့ ရဟန်းတို့ ထို့အတူပင် ရဟန်းသည် သီလကို မှီ၍့သီလ၌ တည်၍ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများ၏၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် သီလကို မှီ၍ သီလ၌ တည်၍ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများသနည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ'ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသောစွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် သီလကို မှီ၍ သီလ၌ တည်၍ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများ၏၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်၏ဟု (မိန့်တော်မူ၏)။

[နောက်၌ ဆိုအပ်ပြီးသော ဂင်္ဂါပေယျာလဝဂ်ကို သုတ်အပြည့်အစုံ ဆိုအပ်သကဲ့သို့ ဤဝဂ်၌ ချဲ့သင့်သောစကားကို ချဲ့အပ်၏]။

ရဟန်းတို့ ခွန်အားဖြင့် ပြုလုပ်အပ်ကုန်သောအလုပ်ဟူသမျှတို့ကို မြေကြီးကို မှီ၍ မြေကြီး၌ တည် ၍ပြုလုပ်အပ်ကုန်သကဲ့သို့ ရဟန်းတို့ ထို့အတူပင် ရဟန်းသည် သီလကို မှီ၍ သီလ၌ တည်၍ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများ၏၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်၏။

ရဟန်းတို့ ရဟန်းသည် သီလကို မှီ၍ သီလ၌ တည်၍ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ပွားများသနည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ကြိမ်ဖန်များစွာ ပြုလုပ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် စွဲမက်မှု ‘ရာဂ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော တွေဝေမှု ‘မောဟ'ကို ပယ်ဖျောက်ခြင်းလျှင်အ ဆုံးရှိသော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ'ကို ပွားများ၏။ပ။ စွဲမက်မှု ‘ရာဂ'ကို ပယ်ဖျောက်ခြင်းလျှင်အဆုံး ရှိသောအမျက်ထွက်မှု ‘ဒေါသ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော တွေဝေမှု ‘မောဟ'ကိုပယ်ဖျောက် ခြင်းလျှင် အဆုံးရှိသော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'ကို ပွားများ၏။ ရဟန်းတို့ဤသို့လျှင် ရဟန်းသည် သီလကို မှီ၍ သီလ၌ တည်၍ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများ၏၊ အင်္ဂါရှစ်ပါးရှိ သောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်၏ဟု (မိန့်တော်မူ၏)။

ရဟန်းတို့ ခွန်အားဖြင့် ပြုလုပ်အပ်ကုန်သောအလုပ်ဟူသမျှတို့ကို မြေကြီးကို မှီ၍ မြေကြီး၌ တည် ၍ပြုလုပ်အပ်ကုန်သကဲ့သို့ ရဟန်းတို့ ထို့အတူပင် ရဟန်းသည် သီလကို မှီ၍ သီလ၌ တည်၍ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများ၏၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်၏။

ရဟန်းတို့ ရဟန်းသည် သီလကို မှီ၍ သီလ၌ တည်၍ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ပွားများသနည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ကြိမ်ဖန်များစွာ ပြုလုပ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အမြိုက်နိဗ္ဗာန်သို့ သက်ဝင်သောအမြိုက်နိဗ္ဗာန်လျှင်လဲလျောင်းရာရှိသောအမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိသော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ ကို ပွားများ၏။ပ။

--

အမြိုက်နိဗ္ဗာန်သို့ သက်ဝင်သောအမြိုက်နိဗ္ဗာန်လျှင် လဲလျောင်းရာရှိသောအမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိသော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ ကို ပွားများ၏။ ရဟန်းတို့ဤသို့လျှင် ရဟန်းသည် သီလကို မှီ၍ သီလ၌ တည်၍ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများ၏၊ အင်္ဂါရှစ်ပါးရှိသောအရိယာမဂ်ကို ကြိမ် ဖန်များစွာ ပြုလုပ်၏ဟု (မိန့်တော်မူ၏)။

ရဟန်းတို့ ခွန်အားဖြင့် ပြုလုပ်အပ်ကုန်သောအလုပ်ဟူသမျှတို့ကို မြေကြီးကို မှီ၍ မြေကြီး၌ တည် ၍ပြုလုပ်အပ်ကုန်သကဲ့သို့ ရဟန်းတို့ ထို့အတူပင် ရဟန်းသည် သီလကို မှီ၍ သီလ၌ တည်၍ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများ၏၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်၏။

ရဟန်းတို့ ရဟန်းသည် သီလကို မှီ၍ သီလ၌ တည်၍ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ပွားများသနည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ကြိမ်ဖန်များစွာ ပြုလုပ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်းသော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ'ကို ပွားများ၏။ပ။ နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်းသော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် သီလကို မှီ၍ သီလ၌ တည်၍ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများ၏၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

--

၂-ဗီဇသုတ်

၁၅၀။ ရဟန်းတို့ ကြီးပွား စည်ပင် ပြန့်ပြောခြင်းသို့ ရောက်ကုန်သော မျိုးစေ့ ဗီဇဂါမ်၁နှင့် အပင်ဘူတဂါမ်၂ ဟူသမျှတို့သည် မြေကြီးကို မှီ၍ မြေကြီး၌ တည်၍ ကြီးပွား စည်ပင် ပြန့်ပြောခြင်းသို့ရောက် ကုန်သကဲ့သို့ ထို့အတူပင် ရဟန်းသည် သီလကို မှီ၍ သီလ၌ တည်၍ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများသည်ရှိသော် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော်တရားတို့၌ ကြီးပွား စည်ပင် ပြန့်ပြောခြင်းသို့ ရောက်၏။

ရဟန်းတို့ ရဟန်းသည် သီလကို မှီ၍ သီလ၌ တည်၍ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ပွားများသည်ရှိသော် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် တရားတို့၌ ကြီးပွား စည်ပင် ပြန့်ပြောခြင်းသို့ ရောက်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သောမှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ'ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် သီလကို မှီ၍ သီလ၌ တည်၍ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများသည်ရှိသော် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် တရားတို့၌ ကြီးပွား စည်ပင် ပြန့်ပြောခြင်းသို့ ရောက်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

၁။ အစေ့၊ အညွန့်၊ အပင်၊ အမြစ်၊ အဆစ်ဟူသော ဤမျိုးစေ့ ငါးမျိုးကို ဗီဇဂါမ်ဟု ယူအပ်၏။

၂။ ၎င်းမျိုးစေ့တို့မှ ပေါက်လာ၍ စိမ်းညိုသောအရွက် အညွန့် ထွက်လာသောအခါမှ စ၍ အပင်ဟူသမျှကို ဘူတဂါမ်ဟု ယူအပ်၏။

--

၃-နာဂသုတ်

၁၅၁။ ရဟန်းတို့ ဥပမာသော်ကား နဂါးတို့သည် ဟိမဝန္တာတောင်မင်းကို မှီ၍ ကိုယ်ကို တိုးပွားစေအားယူစေ၍ အိုင်ငယ်တို့သို့ သက်ဆင်းကုန်၏၊ အိုင်ငယ်တို့သို့ သက်ဆင်းပြီး၍ အိုင်ကြီးတို့သို့ သက်ဆင်းကုန်၏၊ အိုင်ကြီးတို့သို့ သက်ဆင်းပြီး၍ မြစ်ငယ်တို့သို့ သက်ဆင်းကုန်၏၊ မြစ်ငယ်တို့သို့ သက်ဆင်းပြီး၍ မြစ်ကြီးတို့သို့ သက်ဆင်းကုန်၏၊ မြစ်ကြီးတို့သို့ သက်ဆင်းပြီး၍ မဟာသမုဒ္ဒရာသို့ သက်ဆင်းကုန်၏။ ထိုနဂါးတို့သည် ထိုမဟာသမုဒ္ဒရာ၌ ခန္ဓာကိုယ်ဖြင့် ကြီးမားပြန့်ပြောသည်၏အဖြစ်သို့ရောက် ကုန်၏၊ ထို့အတူပင် ရဟန်းသည် သီလကို မှီ၍ သီလ၌ တည်၍ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကိုပွား များသည်ရှိသော် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် တရားတို့၌ ကြီးမားပြန့်ပြောသည်၏အဖြစ်သို့ ရောက်၏။

ရဟန်းတို့ ရဟန်းသည် သီလကို မှီ၍ သီလ၌ တည်၍ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ပွားများသည်ရှိသော် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် တရားတို့၌ ကြီးမားပြန့်ပြောသည်၏အဖြစ်သို့ ရောက်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ'ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် သီလကို မှီ၍ သီလ၌ တည်၍ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများသည်ရှိသော် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော်တရားတို့၌ ကြီးပွား စည်ပင် ပြန့်ပြောသည်၏ အဖြစ်သို့ ရောက်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။

--

၄-ရုက္ခသုတ်

၁၅၂။ ရဟန်းတို့ ဥပမာသော်ကား အရှေ့အရပ်သို့ ညွတ်ကိုင်း ရှိုင်းသော သစ်ပင်သည် အမြစ်ပြတ်သည် ရှိသော် အဘယ်အရပ်သို့ လဲကျရာသနည်း။ အသျှင်ဘုရား ညွတ်ကိုင်း ရှိုင်းရာအရပ်သို့သာလဲကျရာပါ၏။ ရဟန်းတို့ ထို့အတူပင် ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများသည်ရှိသော်အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်း၏။

ရဟန်းတို့ ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ပွားများသည်ရှိသော်အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်းသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ'ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည်သီလကို မှီ၍ သီလ၌ တည်၍ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများသည်ရှိသော် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် တရားတို့၌ ကြီးပွား စည်ပင် ပြန့်ပြောခြင်းသို့ ရောက်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

--

၅-ကုမ္ဘသုတ်

၁၅၃။ ရဟန်းတို့ ဥပမာသော်ကား ရေအိုးကို မှောက်သည်ရှိသော် ရေသည် အန်ထွက်သည်သာ တည်း၊ ပြန်၍ ဝင်တော့မည် မဟုတ်၊ ရဟန်းတို့ ထို့အတူပင် ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ် ကိုပွားများသည်ရှိသော် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် ယုတ်ညံ့ သောအကုသိုလ်တရားတို့သည် အန်ထွက်ကုန်၏၊ ပြန်၍ ဝင်တော့မည် မဟုတ်ကုန်။

ရဟန်းတို့ ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ပွားများသည်ရှိသော်အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် ယုတ်ညံ့သောအကုသိုလ်တရားတို့ အန်ထွက်ကုန်သနည်း၊ ပြန်၍ မဝင်ကုန်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ညွတ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ'ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'့ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများသည်ရှိသော် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် ယုတ်ညံ့သောအကုသိုလ်တရားတို့ အန်ထွက်ကုန်သည်သာတည်း၊ ပြန်၍ ဝင်တော့မည် မဟုတ်ကုန်ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

--

၆-သူကသုတ်

၁၅၄။ ရဟန်းတို့ ဥပမာသော်ကား ကောင်းစွာ (ထောင်၍) ထားအပ်သော သလေးစပါးမြီးကို ဖြစ်စေ၊ မုယောစပါးမြီးကိုဖြစ်စေ လက်ဖြင့်သော်လည်းကောင်း၊ ခြေဖြင့်သော်လည်းကောင်း ဖိမိနင်းမိသော်လက်ကိုသော်လည်းကောင်း၊ ခြေကိုသော်လည်းကောင်း စူးရှဖျက်ဆီးပေလိမ့်မည်၊ သွေးကိုသော်လည်းကောင်း ထွက်စေလိမ့်မည်ဟူသောအကြောင်းသည် ရှိ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့စပါးမြီးကို ကောင်းစွာ (ထောင်၍) ထားအပ်သောကြောင့်တည်း။ ရဟန်းတို့ ထို့အတူပင် ရဟန်းသည်ကောင်းစွာ ထားအပ်သော (ကမ္မဿကတာပညာ) ကောင်းစွာ ဖြစ်စေအပ်သော မဂ္ဂဘာဝနာဖြင့် မသိမှု ‘အဝိဇ္ဇာ’ ကို ဧကန်ဖျက်ဆီးနိုင်လိမ့်မည်၊ အသိဉာဏ် ‘ဝိဇ္ဇာ’ ကို ဖြစ်စေနိုင်လိမ့်မည်၊ နိဗ္ဗာန်ကိုမျက်မှောက်ပြု နိုင်လိမ့်မည်ဟူသောအကြောင်းသည် ရှိ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ (ကမ္မဿကတာပညာနှင့် မဂ္ဂဘာဝနာကို) ကောင်းစွာ ထားအပ် ကောင်းစွာဖြစ်စေအပ်သောကြောင့်တည်း။

ရဟန်းတို့ ရဟန်းသည် ကောင်းစွာ ထားအပ်သော (ကမ္မဿကတာပညာ) ကောင်းစွာ ဖြစ်စေအပ်သော မဂ္ဂဘာဝနာဖြင့် မသိမှု ‘အဝိဇ္ဇာ’ ကို အဘယ်သို့လျှင် ဖျက်ဆီးနိုင်သနည်း၊ အသိဉာဏ် ‘ဝိဇ္ဇာ’ ကိုအဘယ်သို့လျှင် ဖြစ်စေနိုင်သနည်း၊ နိဗ္ဗာန်ကို အဘယ်သို့လျှင် မျက်မှောက်ပြုနိုင်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကိုမှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသောစွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ကောင်းစွာ ထားအပ်သော (ကမ္မဿကတာပညာ) ကောင်းစွာ ဖြစ်စေအပ်သော မဂ္ဂဘာဝနာဖြင့် မသိမှု ‘အဝိဇ္ဇာ’ကို ဖျက်ဆီးနိုင်ပေ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ ကို ဖြစ်စေနိုင်ပေ၏၊ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပေ၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

--

၇-အာကာသသုတ်

၁၅၅။ ရဟန်းတို့ ဥပမာသော်ကား ကောင်းကင်၌ အမျိုးမျိုးသော လေတို့သည် တိုက်ခတ်ကုန်၏၊ အရှေ့လေတို့သည်လည်း တိုက်ခတ်ကုန်၏၊ အနောက်လေတို့သည်လည်း တိုက်ခတ်ကုန်၏၊ မြောက်လေတို့သည်လည်း တိုက်ခတ်ကုန်၏၊ တောင်လေတို့သည်လည်း တိုက်ခတ်ကုန်၏၊ မြူပါသော လေတို့သည်လည်းတိုက်ခတ်ကုန်၏၊ မြူမပါသော လေတို့သည်လည်း တိုက်ခတ်ကုန်၏၊ လေအေးတို့သည်လည်း တိုက်ခတ်ကုန်၏၊ လေပူတို့သည်လည်း တိုက်ခတ်ကုန်၏၊ လေညင်းတို့သည်လည်း တိုက်ခတ်ကုန်၏၊ လေပြင်းတို့သည်လည်း တိုက်ခတ်ကုန်၏။ ရဟန်းတို့ ထို့အတူပင် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများသောအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းအား သတိပဋ္ဌာန်လေးပါးတို့သည်လည်းကောင်း၊ သမ္မပ္ပဓာန်လေးပါးတို့သည်လည်းကောင်း၊ ဣဒ္ဓိပါဒ်လေးပါးတို့သည်လည်းကောင်း၊ ဣန္ဒြေငါးပါးတို့ သည်လည်းကောင်း၊ ဗိုလ်ငါးပါးတို့သည်လည်းကောင်း၊ ဗောဇ္ဈင်ခုနစ်ပါးတို့သည်လည်းကောင်း ပွားများ ပြည့်စုံခြင်းသို့ ရောက်ကုန်၏။

ရဟန်းတို့ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများသောအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းအား သတိပဋ္ဌာန်လေးပါးတို့သည်လည်းကောင်း၊ သမ္မပ္ပဓာန်လေးပါးတို့သည်လည်းကောင်း၊ ဣဒ္ဓိပါဒ်လေးပါးတို့သည်လည်းကောင်း၊ ဣန္ဒြေငါးပါးတို့သည်လည်းကောင်း၊ ဗိုလ်ငါးပါးတို့သည်လည်းကောင်း၊ ဗောဇ္ဈင်ခုနစ်ပါးတို့သည်လည်းကောင်း အဘယ်သို့လျှင် ပွားများပြည့်စုံခြင်းသို့ရောက်ကုန်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ'ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများသောအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းအား သတိပဋ္ဌာန်လေးပါးတို့သည်လည်းကောင်း၊ သမ္မပ္ပဓာန်လေးပါးတို့သည်လည်းကောင်း၊ ဣဒ္ဓိပါဒ်လေးပါးတို့သည်လည်းကောင်း၊ ဣန္ဒြေငါးပါးတို့သည်လည်းကောင်း၊ ဗိုလ်ငါးပါးတို့သည်လည်းကောင်း၊ ဗောဇ္ဈင်ခုနစ်ပါးတို့သည်လည်းကောင်း ပွားများပြည့်စုံခြင်းသို့ ရောက်ကုန်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

--

၈-ပဌမ မေဃသုတ်

၁၅၆။ ရဟန်းတို့ နွေဥတု၏ နောက်ဆုံး ဝါဆိုလ၌ အထက်သို့ တက်သော မြူမှုန်ကို အခါမဲ့ ရွာသောမိုးကြီးသည် တစ်ခဏချင်း ကွယ်ပျောက် ငြိမ်းအေးစေသကဲ့သို့ ရဟန်းတို့ ထို့အတူပင် ရဟန်းသည်အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများသည်ရှိသော် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန် များစွာပြုလုပ်သည်ရှိသော် ဖြစ်တိုင်းဖြစ်တိုင်းသော ယုတ်ညံ့သောအကုသိုလ်တရားတို့ကို တစ်ခဏချင်းကွယ်ပျောက် ငြိမ်းအေးစေနိုင်၏။

ရဟန်းတို့ ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများသည်ရှိသော် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် အဘယ်သို့လျှင် ဖြစ်တိုင်းဖြစ်တိုင်းသော ယုတ်ညံ့သောအကုသိုလ်တရားတို့ကို တစ်ခဏချင်း ကွယ်ပျောက် ငြိမ်းအေးစေနိုင်သနည်း၊ ရဟန်းတို့ဤသာသနာတော် ၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန် သို့ ညွတ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ'ကို ပွားများ၏။ပ။

ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သောမှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည်အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများသည်ရှိ သော် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာပြုလုပ်သည်ရှိသော် ဖြစ်တိုင်းဖြစ်တိုင်းသော ယုတ် ညံ့သောအကုသိုလ်တရားတို့ကို တစ်ခဏချင်းကွယ်ပျောက် ငြိမ်းအေးစေနိုင်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

--

၉-ဒုတိယ မေဃသုတ်

၁၅၇။ ရဟန်းတို့ တက်လာသော မိုးကြီးကို လေပြင်းမုန်တိုင်းသည် (မရွာမီ) အကြား၌ပင် ကွယ်ပျောက် ငြိမ်းအေးစေသကဲ့သို့ ရဟန်းတို့ ထို့အတူပင် ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများသည်ရှိသော် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် ဖြစ်တိုင်းဖြစ်တိုင်းသော ယုတ်ညံ့သောအကုသိုလ်တရားတို့ကို (မဖြစ်မီ) အကြား၌ပင် ကွယ်ပျောက် ငြိမ်းအေးစေနိုင်၏။

ရဟန်းတို့ ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများသည်ရှိသော် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် အဘယ်သို့လျှင် ဖြစ်တိုင်းဖြစ်တိုင်းသော ယုတ်ညံ့သောအကုသိုလ်တရားတို့ကို (မဖြစ်မီ) အကြား၌ပင် ကွယ်ပျောက် ငြိမ်းအေးစေနိုင်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ခြင်းကိုမှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ'ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသောစွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများသည်ရှိသော် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် ဖြစ်တိုင်းဖြစ်တိုင်းသော ယုတ်ညံ့သောအကုသိုလ်တရားတို့ကို (မဖြစ်မီ) အကြား၌ပင် ကွယ်ပျောက် ငြိမ်းအေးစေနိုင်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။

--

၁၀-နာဝါသုတ်

၁၅၈။ ရဟန်းတို့ ခြောက်လတို့ပတ်လုံး ရေ၌ အပြန်ပြန် အခေါက်ခေါက် သွားလာ၍ ဆောင်းဥတု၌ကုန်းပေါ်သို့ တင်ထားသော သမုဒ္ဒရာကူး ကြိမ်ချုပ်လှေ၌ လေနေပူတို့ဖြင့် နှိပ်စက်အပ်ကုန်သော ချုပ်ဖွဲ့ထားသော ကြိမ်တို့သည် ရွာသွန်းသော မိုးရေတို့ဖြင့် စွတ်စိုအပ်သည်ဖြစ်၍ အလွယ်တကူအားဖြင့်သာလျှင်ပြတ်တောက်ပုပ်ဆွေးကုန်သကဲ့သို့ ရဟန်းတို့ ထို့အတူပင် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများသောအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းအား သံယောဇဉ်တို့သည် အလွယ်တကူအားဖြင့်သာလျှင် ပြတ်တောက်ပုပ်ဆွေးကုန်၏။

ရဟန်းတို့ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများသောအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းအား အဘယ်သို့လျှင် သံယောဇဉ်တို့သည် အလွယ်တကူအားဖြင့်သာလျှင်ပြတ်တောက်ပုပ်ဆွေးကုန်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသောစွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသောနိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင်အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများသောအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းအား သံယောဇဉ်တို့သည် အလွယ်တကူအားဖြင့်သာလျှင် ပြတ်တောက်ပုပ်ဆွေးကုန်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

--

၁၁-အာဂန္တုကသုတ်

၁၅၉။ ရဟန်းတို့ ဥပမာသော်ကား ဧည့်သည်တို့ တည်းခိုရာအိမ်၌ အရှေ့အရပ်မှလည်းကောင်း၊ အနောက်အရပ်မှလည်းကောင်း၊ မြောက်အရပ်မှလည်းကောင်း၊ တောင်အရပ်မှလည်းကောင်း လာ၍တည်းခို နေကြကုန်၏။ မင်းတို့သည်လည်းကောင်း၊ ပုဏ္ဏားတို့သည်လည်းကောင်း၊ ကုန်သည်တို့သည်လည်းကောင်း၊ ဆင်းရဲသားတို့သည်လည်းကောင်း လာ၍ တည်းခိုနေကြကုန်၏။ ရဟန်းတို့ ထို့အတူပင် ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများသည်ရှိသော်အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် ထူးသော ဉာဏ်ဖြင့် ပိုင်းခြား၍သိအပ်သော တရားတို့ကို ထူးသော ဉာဏ်ဖြင့် ပိုင်း ခြား၍ သိ၏၊ ထူးသော ဉာဏ်ဖြင့်ပယ်စွန့်အပ်သော တရားတို့ကို ထူးသော ဉာဏ်ဖြင့် ပယ်စွန့်၏၊ ထူး သော ဉာဏ်ဖြင့်မျက်မှောက်ပြုအပ်သော တရားတို့ကို ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြု၏၊ ထူးသော ဉာဏ်ဖြင့်ပွါးများအပ်သော တရားတို့ကို ထူးသော ဉာဏ်ဖြင့် ပွါးများ၏။

ရဟန်းတို့ ထူးသော ဉာဏ်ဖြင့် ပိုင်းခြား၍ သိအပ်သော တရားတို့ကား အဘယ်တို့နည်း၊ ဥပါဒါနက္ခန္ဓာ ငါးပါးတို့တည်းဟု ဖြေဆိုရာ၏။ ဥပါဒါနက္ခန္ဓာ ငါးပါးတို့ဟူသည် အဘယ်နည်း၊ ရူပုပါဒါနက္ခန္ဓာ။ပ။

ဝိညာဏုပါဒါနက္ခန္ဓာတို့တည်း။ ရဟန်းတို့ ဤတရားငါးပါးတို့ကို ထူးသော ဉာဏ်ဖြင့် ပိုင်းခြား၍ သိအပ်ကုန်၏။ ရဟန်းတို့ ထူးသော ဉာဏ်ဖြင့် ပယ်စွန့်အပ်သော တရားတို့ကား အဘယ်တို့နည်း၊ အဝိဇ္ဇာနှင့်ဘဝတဏှာတို့တည်း။ ရဟန်းတို့ ဤတရားတို့ကို ထူးသော ဉာဏ်ဖြင့် ပယ်စွန့်အပ်ကုန်၏။ ရဟန်းတို့ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုအပ်သော တရားတို့ကား အဘယ်တို့နည်း၊ ဝိဇ္ဇာနှင့် ဝိမုတ္တိတို့တည်း။ ရဟန်းတို့ ဤတရားတို့ကို ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုအပ်ကုန်၏။ ရဟန်းတို့ ထူးသော ဉာဏ်ဖြင့် ပွါးများအပ်သော တရားတို့ကား အဘယ်တို့နည်း၊ သမထနှင့် ဝိပဿနာတရားတို့တည်း။ ရဟန်းတို့ဤတရားတို့ကို ထူးသော ဉာဏ်ဖြင့် ပွါးများအပ်ကုန်၏။

ရဟန်းတို့ ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများသည်ရှိသော် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် အဘယ်သို့လျှင် ထူးသော ဉာဏ်ဖြင့် ပိုင်းခြား၍သိအပ် သော တရားတို့ကို ထူးသော ဉာဏ်ဖြင့် ပိုင်းခြား၍ သိသနည်း၊ အဘယ်သို့လျှင် ထူးသောဉာဏ်ဖြင့် ပယ်စွန့်အပ်သော တရားတို့ကို ထူးသော ဉာဏ်ဖြင့် ပယ်စွန့်သနည်း၊ အဘယ်သို့လျှင်ထူးသော ဉာဏ် ဖြင့် မျက်မှောက်ပြုအပ်သော တရားတို့ကို ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုသနည်း၊ အဘယ်သို့လျှင် ထူးသော ဉာဏ်ဖြင့် ပွါးများအပ်သော တရားတို့ကို ထူးသော ဉာဏ်ဖြင့်ပွါးများသနည်း။ ရဟန်းတို့ ဤ သာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသောစွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ'ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွား များသည်ရှိသော်အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် ထူးသော ဉာဏ် ဖြင့် ပိုင်းခြား၍သိအပ်သော တရားတို့ကို ထူးသော ဉာဏ်ဖြင့် သိ၏၊ ထူးသော ဉာဏ်ဖြင့် ပယ်စွန့်အပ် သောတရားတို့ကို ထူးသော ဉာဏ်ဖြင့် ပယ်စွန့်၏၊ ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုအပ်သော တရားတို့ကို ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြု၏၊ ထူးသော ဉာဏ်ဖြင့် ပွါးများအပ်သော တရားတို့ကို ထူးသော ဉာဏ်ဖြင့် ပွါးများ၏ဟု (မိန့်တော်မူ၏)။

ဧကာဒသမသုတ်။

--

၁၂-နဒီသုတ်

၁၆၀။ ရဟန်းတို့ ဥပမာသော်ကား ဂင်္ဂါမြစ်သည် အရှေ့သို့ ညွတ်ကိုင်းရှိုင်း၏၊ ထိုအခါ များစွာသော လူအပေါင်းသည် ပေါက်တူးခြင်းတောင်းကို ယူလျက် ငါတို့သည် ဤဂင်္ဂါမြစ်ကို အနောက်သို့ ညွတ်ကိုင်းရှိုင်းအောင် ပြုလုပ်အံ့ဟု လာရာ၏။ ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ထိုလူအပေါင်းသည် ဂင်္ဂါမြစ်ကို အနောက်သို့ ညွတ်ကိုင်းရှိုင်းအောင် ပြုလုပ်နိုင်ရာသလောဟု မေးတော်မူ၏။ အသျှင်ဘုရား မပြုလုပ်နိုင်ရာပါ။ အကြောင်းမူကား ဂင်္ဂါမြစ်သည် အရှေ့သို့ ညွတ်ကိုင်းရှိုင်းပါ၏၊ ထိုဂင်္ဂါမြစ်ကို အနောက်သို့ ညွတ်ကိုင်းရှိုင်းအောင် ပြုလုပ်ရန် မလွယ်ကူပါ၊ ထိုလူအပေါင်းသည် အလွန်ပင်ပန်းဆင်းရဲခြင်း၏ အဖို့ရှိသည်သာ ဖြစ်ရာ၏။

ရဟန်းတို့ ဤအတူပင် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများသောအင်္ဂါရှစ်ပါးရှိသောအရိယ မဂ်ကိုကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းကို မင်းတို့သည်လည်းကောင်း၊ မင်း၏ အမတ်ကြီးတို့သည်လည်းကောင်း၊ မိတ်ဆွေတို့သည်လည်းကောင်း၊ ခင်ပွန်းတို့သည်လည်းကောင်း၊ ဆွေမျိုးတို့သည်လည်းကောင်း၊ သားချင်းတို့သည်လည်းကောင်း “အမောင်ယောကျ်ား လာလော့၊ ဤဖန်ရည်ဆိုးထားသောသင်္ကန်းကို ဝတ်ခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ဤဖန်ရည်ဆိုးထားသော သင်္ကန်းတို့သည် ပူလောင်ကုန်၏၊ ခေါင်းတုံးရိတ်လျက် ခွက်လက်စွဲကာ လှည့်လည်ခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ လာလော့၊ လူထွက်၍ စည်းစိမ်တို့ကိုလည်း သုံးဆောင်ခံစားလော့၊ ကောင်းမှုတို့ကိုလည်း ပြုလုပ်ပါလော့”ဟု စည်းစိမ်တို့ဖြင့် ရှေးရှုဆောင်၍ ဖိတ်ကုန်ငြားအံ့။ ရဟန်းတို့ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများသောအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းသည် အကျင့်သိက္ခာကို စွန့်ပစ်၍လူထွက်အံ့ဟူသော ဤအကြောင်းသည် မရှိ၊ အကြောင်းမူကား ရဟန်းတို့ စိတ်သည် ရှည်စွာသောကာလ ပတ်လုံး ဆိတ်ငြိမ်ခြင်း၌ ညွတ်ကိုင်းရှိုင်းသောကြောင့် ထိုပုဂ္ဂိုလ်သည် စင်စစ်လူထွက်လိမ့်မည်ဟူသောအကြောင်း မရှိတော့ပေ။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများသနည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သောမှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ'ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကိုမှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများ၏၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်၏ဟု (မိန့်တော်မူ၏)။

ဒွါဒသမသုတ်။

ခြောက်ခုမြောက် ဗလကရဏီယဝဂ် ပြီး၏။

--

၇-ဧသနာဝဂ်

၁-ဧသနာသုတ်

၁၆၁။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း၊ ကာမကို ရှာမှီးခြင်း၊ ဘဝကို ရှာမှီးခြင်း၊ အကျင့်မြတ်ကို ရှာမှီးခြင်းတို့တည်း။ ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤသုံးပါးတို့တည်း။ ရဟန်းတို့ ဤရှာမှီးခြင်းသုံးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများအပ်၏။ အဘယ်သို့လျှင် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများအပ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ'ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'ကို ပွားများ၏။ ရဟန်းတို့ ဤရှာမှီးခြင်းသုံးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများအပ်၏ဟု (မိန့်တော်မူ၏)။

ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း၊ ကာမကို ရှာမှီးခြင်း၊ ဘဝကိုရှာမှီးခြင်း၊ အကျင့်မြတ်ကို ရှာမှီးခြင်းတို့တည်း။ ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤသုံးပါးတို့ပင် တည်း။ ရဟန်းတို့ ဤရှာမှီးခြင်းသုံးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ အင်္ဂါရှစ်ပါးရှိသောအရိယ မဂ်ကိုပွားများအပ်၏။ အဘယ်သို့လျှင် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများအပ်သနည်း၊ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် စွဲမက်မှု ‘ရာဂ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု့ ‘ဒေါသ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော တွေဝေမှု ‘မောဟ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောမှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ ကို ပွားများ၏။ပ။ စွဲမက်မှု ‘ရာဂ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော တွေဝေမှု ‘မောဟ'ကို ပယ်ဖျောက်ခြင်းလျှင်အဆုံးရှိသော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'ကို ပွားများ၏။ ရဟန်းတို့ ဤရှာမှီးခြင်းသုံးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများအပ်၏ဟု (မိန့်တော်မူ၏)။

ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း၊ ကာမကို ရှာမှီးခြင်း၊ ဘဝကိုရှာမှီးခြင်း၊ အကျင့်မြတ်ကို ရှာမှီးခြင်းတို့တည်း။ ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤသုံးပါးတို့ပင် တည်း။ ရဟန်းတို့ ဤရှာမှီးခြင်းသုံးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ အင်္ဂါရှစ်ပါးရှိသောအရိယ မဂ်ကိုပွားများအပ်၏။ အဘယ်သို့လျှင် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများအပ်သနည်း၊ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် အမြိုက်နိဗ္ဗာန်သို့ သက်ဝင်သောအမြိုက်နိဗ္ဗာန်လျှင် လဲလျောင်းရာရှိသောအမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိသော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ'ကို ပွားများ၏။ပ။ အမြိုက်နိဗ္ဗာန်သို့ သက်ဝင်သောအမြိုက်နိဗ္ဗာန်လျှင် လဲလျောင်းရာရှိသောအမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိသော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'ကို ပွားများ၏။ ရဟန်းတို့ ဤရှာမှီးခြင်းသုံးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများအပ်၏ဟု (မိန့်တော်မူ၏)။

ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း၊ ကာမကို ရှာမှီးခြင်း၊ ဘဝကိုရှာမှီးခြင်း၊ အကျင့်မြတ်ကို ရှာမှီးခြင်းတို့တည်း။ ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤသုံးပါးတို့ပင် တည်း။ ရဟန်းတို့ ဤရှာမှီးခြင်းသုံးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ အင်္ဂါရှစ်ပါးရှိသောအရိယ မဂ်ကိုပွားများအပ်၏။ အဘယ်သို့လျှင် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများအပ်သနည်း၊ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်းသော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ ကိုပွားများ၏။ပ။ နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်းသော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'ကို ပွားများ၏။ ရဟန်းတို့ ဤရှာမှီးခြင်းသုံးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကိုပွားများအပ်၏ဟု (မိန့်တော်မူ၏)။

--

ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း၊ ကာမကို ရှာမှီးခြင်း၊ ဘဝကိုရှာမှီးခြင်း၊ အကျင့်မြတ်ကို ရှာမှီးခြင်းတို့တည်း။ ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤသုံးပါးတို့ပင် တည်း။ ရဟန်းတို့ ဤရှာမှီးခြင်းသုံးပါးတို့ကို ပိုင်းခြား၍ သိခြင်းငှါ။ပ။ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကိုပွားများအပ်၏။ [ပိုင်းခြား၍ သိပုံကို ချဲ့အပ်၏]။

ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း၊ ကာမကို ရှာမှီးခြင်း၊ ဘဝကိုရှာမှီးခြင်း၊ အကျင့်မြတ်ကို ရှာမှီးခြင်းတို့တည်း။ ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤသုံးပါးတို့ပင် တည်း။ ရဟန်းတို့ ဤရှာမှီးခြင်းသုံးပါးတို့ကို ကုန်ခန်းစေခြင်းငှါ။ပ။ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကိုပွားများအပ်၏။ [ကုန်ခန်းပုံကို ချဲ့အပ်၏]။

ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း၊ ကာမကို ရှာမှီးခြင်း၊ ဘဝကိုရှာမှီးခြင်း၊ အကျင့်မြတ်ကို ရှာမှီးခြင်းတို့တည်း။ ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤသုံးပါးတို့ပင် တည်း။ ရဟန်းတို့ ဤရှာမှီးခြင်းသုံးပါးတို့ကို ပယ်ခြင်းငှါ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများအပ် ၏။ အဘယ်သို့လျှင် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများအပ်သနည်း၊ ရဟန်းတို့ ဤသာသနာတော် ၌ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန် သို့ညွတ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ'ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'့ကို ပွားများ၏။ ရဟန်းတို့ ဤရှာမှီးခြင်းသုံးပါးတို့ကို ပယ်ခြင်းငှါ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကိုပွားများအပ်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

--

၂-ဝိဓာသုတ်

၁၆၂။ ရဟန်းတို့ ထောင်လွှားမှု ‘မာန'တို့သည် ဤသုံးပါးတို့တည်း။ သုံးပါးတို့ဟူသည် အဘယ်တို့နည်း၊ ငါသည် (သူ့ထက်) မြတ်၏ဟု ထောင်လွှားမှု ‘မာန’၊ ငါသည် (သူနှင့်) တူ၏ဟု ထောင်လွှားမှု ‘မာန’၊ ငါသည် (သူ့အောက်) ယုတ်၏ဟု ထောင်လွှားမှု ‘မာန'တို့တည်း။ ရဟန်းတို့ ထောင်လွှားမှု ‘မာန'တို့သည် ဤသုံးပါးတို့တည်း။ ရဟန်းတို့ ဤထောင်လွှားမှု ‘မာန'သုံးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ပိုင်းခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများအပ်၏။

အဘယ်သို့လျှင် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများအပ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကိုမှီသော နိဗ္ဗာန်သို့ညွတ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ'ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'ကို ပွားများ၏။ ရဟန်းတို့ ဤထောင်လွှားမှု ‘မာန’ သုံးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါပိုင်းခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများအပ်၏ဟု (မိန့်တော်မူ၏)။ [ဧသနာသုတ်ကဲ့သို့ ဤသုတ်ကို ချဲ့အပ်၏]။

ဒုတိယသုတ်။

၃-အာသဝသုတ်

၁၆၃။ ရဟန်းတို့ ယိုစီးတတ်သော ‘အာသဝ’ တရားတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း၊ ကာမတဏှာဟူသောအာသဝ၊ ဘဝတဏှာဟူသောအာသဝ၊ မသိမှု ‘အဝိဇ္ဇာ’ ဟူသောအာသဝတို့တည်း။ ရဟန်းတို့ ယိုစီးတတ်သော ‘အာသဝ’ တရားတို့သည် ဤသုံးပါးတို့တည်း။ ရဟန်းတို့ ဤအာသဝတရား သုံးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ပိုင်းခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါပယ်ခြင်း ငှါ။ပ။ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွါးများအပ်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။

--

၄-ဘဝသုတ်

၁၆၄။ ရဟန်းတို့ ဖြစ်ရာဘဝတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း၊ ကာမတစ်ဆယ့်တစ်ဘုံဟူသော ကာမဘဝ၊ ရူပတစ်ဆယ့်ခြောက်ဘုံဟူသော ရူပဘဝ၊ အရူပလေးဘုံဟူသောအရူပဘဝ တို့တည်း။ ရဟန်းတို့ ဖြစ်ရာဘဝတို့သည် ဤသုံးပါးတို့တည်း။ ရဟန်းတို့ဤဖြစ်ရာဘဝသုံးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ပိုင်းခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါပယ်ခြင်းငှါ။ပ။ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွါးများအပ်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

၅-ဒုက္ခတာသုတ်

၁၆၅။ ရဟန်းတို့ ဆင်းရဲခြင်း ‘ဒုက္ခ’ တို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း၊ ဆင်းရဲစစ်အဖြစ်ဖြင့် ဆင်းရဲခြင်း ဒုက္ခ ဒုက္ခ၁၊ ပြုပြင်အပ်သည့် အဖြစ်ဖြင့် ဆင်းရဲခြင်း သင်္ခါရဒုက္ခ၂၊ ဖောက်ပြန်တတ်သည့် အဖြစ်ဖြင့် ဆင်းရဲခြင်း ဝိပရိဏာမဒုက္ခ၃တို့တည်း။ ရဟန်းတို့ ဆင်းရဲခြင်း ‘ဒုက္ခ’ တို့သည် ဤသုံးပါး တို့တည်း။ ရဟန်းတို့ ဤဆင်းရဲခြင်း ‘ဒုက္ခ'သုံးပါးတို့ကို ထူးသော ဉာဏ်ဖြင့်သိခြင်းငှါ ပိုင်းခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ။ပ။ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကိုပွါးများအပ်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

၁။ ကိုယ်စိတ်၌ဖြစ်သော ဆင်းရဲခြင်း'ဒုက္ခဝေဒနာ'ကို သဘောအားဖြင့်လည်းကောင်း၊ အမည်အားဖြင့်လည်းကောင်း ဆင်းရဲသောကြောင့် “ဒုက္ခဒုက္ခ”ဟု ခေါ်သည်။

၂။ ဥပေက္ခာဝေဒနာနှင့် တေဘူမကသင်္ခါရတရားတို့ကို ဖြစ်ခြင်းပျက်ခြင်းဖြင့် နှိပ်စက်အပ်သောကြောင့် သင်္ခါရဒုက္ခဟု ခေါ်သည်။

၃။ သုခဝေဒနာကို ဖောက်ပြန်သဖြင့် ဆင်းရဲခြင်း၏ အကြောင်းဖြစ်သောကြောင့် ဝိပရိဏာမဒုက္ခဟုခေါ်သည်။

--

၆-ခိလသုတ်

၁၆၆။ ရဟန်းတို့ ငြောင့်တို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း၊ ရာဂငြောင့်၊ ဒေါသငြောင့်၊ မောဟငြောင့်တို့တည်း။ ရဟန်းတို့ ငြောင့်တို့သည် ဤသုံးပါးတို့တည်း။ ရဟန်းတို့ ဤငြောင့်သုံးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ပိုင်းခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ။ပ။ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွါးများအပ်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

၇-မလသုတ်

၁၆၇။ ရဟန်းတို့ အညစ်အကြေးတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း၊ ရာဂအညစ်အကြေး၊ ဒေါသအညစ်အကြေး၊ မောဟအညစ်အကြေးတို့တည်း။ ရဟန်းတို့အညစ်အကြေးတို့သည် ဤသုံးပါးတို့တည်း။ ရဟန်းတို့ ဤအညစ်အကြေးသုံးပါးတို့ကို ထူးသောဉာဏ်ဖြင့် သိခြင်းငှါ ပိုင်းခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ။ပ။ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွါးများအပ်၏ဟု (မိန့်တော် မူ၏)။

သတ္တမသုတ်။

၈-နီဃသုတ်

၁၆၈။ ရဟန်းတို့ ညှဉ်းဆဲတတ်သော ‘နီဃ'တရားတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း၊ ရာဂဟူသော ညှဉ်းဆဲတတ်သော တရား၊ ဒေါသဟူသော ညှဉ်းဆဲတတ်သော တရား၊ မောဟဟူသော ညှဉ်းဆဲတတ်သော တရားတို့တည်း။ ရဟန်းတို့ ညှဉ်းဆဲတတ်သော ‘နီဃ'တရားတို့သည် ဤသုံးပါးတို့တည်း။ ရဟန်းတို့ ဤညှဉ်းဆဲတတ်သော ‘နီဃ'တရားသုံးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ပိုင်းခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ။ပ။ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကိုပွါးများအပ် ၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

--

၉-ဝေဒနာသုတ်

၁၆၉။ ရဟန်းတို့ ခံစားမှု ‘ဝေဒနာ'တို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း၊ သုခ ဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာတို့တည်း။ ရဟန်းတို့ ဝေဒနာတို့သည် ဤသုံးပါးတို့တည်း။ ရဟန်းတို့ဤဝေဒနာသုံးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ပိုင်းခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါပယ်ခြင်းငှါ။ပ။ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွါးများအပ်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။

၁၀-တဏှာသုတ်

၁၇၀။ ရဟန်းတို့ တပ်မက်မှု ‘တဏှာ'တို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း၊ ကာမ၌တပ်မက်မှု ‘ကာမတဏှာ’၊ ဘဝမပြတ်ဟူသောအယူနှင့် တကွဖြစ်သော တပ်မက်မှု ‘ဘဝတဏှာ’၊ ဘဝပြတ်၏ဟူသောအယူနှင့် တကွဖြစ်သော တပ်မက်မှု ‘ဝိဘဝတဏှာ’ တို့တည်း။ ရဟန်းတို့ တပ်မက်မှု ‘တဏှာ’ တို့သည် ဤသုံးပါးတို့တည်း။ ရဟန်းတို့ ဤတပ်မက်မှု ‘တဏှာ'သုံးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ပိုင်းခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ။ပ။ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကိုပွါးများအပ်၏။

အဘယ်သို့လျှင် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွါးများအပ်သနည်း၊ ရဟန်းတို့ ဤသာသနာ တော်၌ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ညွတ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ'ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'ကို ပွားများ၏။ ရဟန်းတို့ တပ်မက်မှု ‘တဏှာ’ သုံးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ပိုင်းခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ။ပ။ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွါးများအပ်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

--

၁၁-တသိနာသုတ်

၁၇၁။ ရဟန်းတို့ မွတ်သိပ်မှု ‘တသိနာ'တို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း၊ ကာမ၌မွတ်သိပ်မှု ‘ကာမတသိနာ’၊ ဘဝမပြတ်ဟူသောအယူနှင့် တကွဖြစ်သော မွတ်သိပ်မှု ‘ဘဝတသိနာ’၊ ဘဝပြတ်၏ဟူသောအယူနှင့် တကွဖြစ်သော မွတ်သိပ်မှု ‘ဝိဘဝတသိနာ'တို့တည်း။ ရဟန်းတို့ မွတ်သိပ်မှု ‘တသိနာ’ တို့သည် ဤသုံးပါးတို့တည်း။ ရဟန်းတို့ ဤမွတ်သိပ်မှု ‘တသိနာ’ သုံးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ပိုင်းခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ။ပ။ တပ်မက်မှု ‘ရာဂ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော တွေဝေမှု ‘မောဟ'ကိုပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော။ပ။ အမြိုက်နိဗ္ဗာန်သို့ သက်ဝင်သောအမြိုက်နိဗ္ဗာန်လျှင်လဲလျောင်းရာ ရှိသောအမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိသော။ပ။ နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်းသော (မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ ကို ပွားများ၏။ပ။ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'ကိုပွားများ၏။) ရဟန်းတို့ မွတ် သိပ်မှု ‘တသိနာ’ သုံးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ပိုင်းခြား၍သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်း ငှါ။ပ။ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွါးများအပ်၏ဟု (မိန့်တော်မူ၏)။

ဧကာဒသမသုတ်။

ခုနစ်ခုမြောက် ဧသနာဝဂ် ပြီး၏။

--

၈-ဩဃဝဂ်

၁-ဩဃသုတ်

၁၇၂။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ဝဋ်ဆင်းရဲ၌ နစ်စေတတ်သော ‘ဩဃ'တို့သည် ဤလေးပါးတို့တည်း။ အဘယ်လေးပါးတို့နည်း၊ ကာမတဏှာဟူသော ကာမောဃ၊ ဘဝတဏှာဟူသော ဘဝေါဃ၊ ဒိဋ္ဌိခြောက်ဆယ့်နှစ်ပါးဟူသော ဒိဋ္ဌောဃ၊ မသိမှု ‘အဝိဇ္ဇာ’ဟူသောအဝိဇ္ဇောဃတို့တည်း။ ရဟန်းတို့ ဩဃတို့သည် ဤလေးပါးတို့တည်း။ ရဟန်းတို့ ဤဩဃတရားလေးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါပိုင်းခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ။ပ။ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွါးများအပ်၏ဟု (မိန့်တော်မူ၏)။ [ဧသနာသုတ်ကဲ့သို့ ချဲ့အပ်၏]။

ပဌမသုတ်။

၂-ယောဂသုတ်

၁၇၃။ ရဟန်းတို့ ဝဋ်ဆင်းရဲ၌ ယှဉ်စေတတ်သော ‘ယောဂ'တရားတို့သည် ဤလေးပါးတို့တည်း။ အဘယ်လေးပါးတို့နည်း၊ ကာမတဏှာဟူသော ကာမယောဂ၊ ဘဝတဏှာဟူသော ဘဝယောဂ၊ ဒိဋ္ဌိခြောက်ဆယ့်နှစ်ပါးဟူသော ဒိဋ္ဌိယောဂ၊ မသိမှု ‘အဝိဇ္ဇာ’ဟူသောအဝိဇ္ဇာယောဂတို့တည်း။ ရဟန်းတို့ ယောဂတို့သည် ဤလေးပါးတို့တည်း။ ရဟန်းတို့ ဤယောဂတရားလေးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါပိုင်းခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ။ပ။ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွါးများအပ်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

၃-ဥပါဒါနသုတ်

၁၇၄။ ရဟန်းတို့ ပြင်းစွာစွဲယူခြင်း ‘ဥပါဒါန်’ တရားတို့သည် ဤလေးပါးတို့တည်း။ အဘယ်လေးပါးတို့နည်း၊ ကာမတဏှာဟူသော ပြင်းစွာစွဲယူမှု ‘ကာမုပါဒါန်’၊ ခြောက်ဆယ့်နှစ်ပါးသော ဒိဋ္ဌိဟူသော ပြင်းစွာစွဲယူမှု ‘ဒိဋ္ဌုပါဒါန်’၊ နွားစသည်တို့၏ အလေ့အကျင့်ဖြင့် စင်ကြယ်၏ဟု ပြင်းစွာစွဲယူမှု ‘သီလဗ္ဗတုပါဒါန်’၊ အတ္တဟူသောအယူကို ပြင်းစွာစွဲယူမှု ‘အတ္တဝါဒုပါဒါန်’ တို့တည်း။ ရဟန်းတို့ ဥပါဒါန်တရားတို့သည် ဤလေးပါးတို့တည်း။ ရဟန်းတို့ ဤဥပါဒါန်တရားလေးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ပိုင်းခြား၍သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ။ပ။ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွါးများအပ်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။

--

၄-ဂန္ထသုတ်

၁၇၅။ ရဟန်းတို့ ဝဋ်ဆင်းရဲ၌ ထုံးဖွဲ့တတ်သော ‘ဂန္ထ'တရားတို့သည် ဤလေးပါးတို့တည်း။ အဘယ်လေးပါးတို့နည်း၊ မက်မောခြင်း ‘အဘိဇ္ဈာ’ဟူသော နာမ်အပေါင်းကို ဝဋ်ဆင်းရဲ၌ ထုံးဖွဲ့တတ်သောတရား ‘အဘိဇ္ဈာကာယဂန္ထ’၊ ဖျက်ဆီးခြင်း ‘ဗျာပါဒ’ဟူသော နာမ်အပေါင်းကို ဝဋ်ဆင်းရဲ၌ ထုံးဖွဲ့တတ်သောတရား ‘ဗျာပါဒကာယဂန္ထ’၊ နွားစသည်တို့၏ အလေ့အကျင့်ဖြင့် စင်ကြယ်၏ဟု မှားသောအားဖြင့် သုံးသပ်ခြင်းဟူသော နာမ်အပေါင်းကို ဝဋ်ဆင်းရဲ၌ ထုံးဖွဲ့တတ်သောတရား ‘သီလဗ္ဗတပရာမာသကာယဂန္ထ’၊ ငါ၏ဤအယူသာ မှန်၏ဟု မှားသောအားဖြင့် နှလုံးသွင်းမှုဟူသော နာမ်အပေါင်းကို ဝဋ်ဆင်းရဲ၌ ထုံးဖွဲ့တတ်သော တရား ‘ဣဒံသစ္စာဘိနိဝေသကာယဂန္ထ'တို့တည်း။ ရဟန်းတို့ ဂန္ထတရားတို့သည် ဤလေးပါးတို့တည်း။ ရဟန်းတို့ ဤဂန္ထတရားလေးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ပိုင်းခြား၍ သိခြင်းငှါကုန်စေခြင်းငှါ ပယ်ခြင်းငှါ။ပ။ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွါးများအပ်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

၅-အနုသယသုတ်

၁၇၆။ ရဟန်းတို့ အစဉ်ကိန်းသော ‘အနုသယ’ တရားတို့သည် ဤခုနစ်ပါးတို့တည်း။ ခုနစ်ပါးတို့ဟူသည် အဘယ်တို့နည်း၊ ကာမရာဂါနုသယ၊ ပဋိဃာနုသယ၊ ဒိဋ္ဌာနုသယ၊ ဝိစိကိစ္ဆာနုသယ၊ မာနာနုသယ၊ ဘဝရာဂါနုသယ၊ အဝိဇ္ဇာနုသယတို့တည်း။ ရဟန်းတို့ အနုသယတရားတို့သည် ဤခုနစ်ပါးတို့တည်း။ ရဟန်းတို့ ဤအနုသယတရားခုနစ်ပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ပိုင်းခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ။ပ။ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွါးများအပ်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

--

၆-ကာမဂုဏသုတ်

၁၇၇။ ရဟန်းတို့ ကာမဂုဏ်တို့သည် ဤငါးပါးတို့တည်း။ ငါးပါးတို့ဟူသည် အဘယ်တို့နည်း၊ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွားစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိ၍ ကာမနှင့်စပ်ယှဉ်လျက် စွဲမက်ဖွယ်ဖြစ်ကုန်သော စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သောအဆင်း ‘ရူပါရုံ’။ပ။ သောတဝိညာဏ်ဖြင့် ကြားအပ်ကုန်သောအသံ ‘သဒ္ဒါရုံ’။ပ။ ဃာနဝိညာဏ်ဖြင့် နံအပ်ကုန်သောအနံ့ ‘ဂန္ဓာရုံ’။ပ။

ဇိဝှါဝိညာဏ်ဖြင့် လျက်အပ်ကုန်သောအရသာ ‘ရသာရုံ’။ပ။ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကိုပွားစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိ၍ ကာမနှင့် စပ်ယှဉ်လျက် စွဲမက်ဖွယ်ဖြစ်ကုန်သော ကာယဝိညာဏ်ဖြင့် တွေ့ထိအပ်ကုန်သောအတွေ့အထိ ‘ဖောဋ္ဌဗ္ဗာရုံ'တို့တည်း။ ရဟန်းတို့ ကာမဂုဏ်တို့သည် ဤငါးပါးတို့တည်း။ ရဟန်းတို့ ဤကာမဂုဏ်ငါးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ပိုင်းခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ။ပ။ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွါးများအပ်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

၇-နီဝရဏသုတ်

၁၇၈။ ရဟန်းတို့ ပိတ်ပင်တတ်သော တရား ‘နီဝရဏ'တို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ ကာမစ္ဆန္ဒနီဝရဏ၊ ဗျာပါဒနီဝရဏ၊ ထိနမိဒ္ဓနီဝရဏ၊ ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ၊ ဝိစိကိစ္ဆာနီဝရဏတို့တည်း။ ရဟန်းတို့ နီဝရဏတို့သည် ဤငါးပါးတို့တည်း။ ရဟန်းတို့ ဤနီဝရဏတရားငါးပါးတို့ကိုထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ပိုင်းခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ။ပ။ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွါးများအပ်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

--

၈-ဥပါဒါနက္ခန္ဓသုတ်

၁၇၉။ ရဟန်းတို့ တဏှာဒိဋ္ဌိတို့ဖြင့် စွဲလမ်းယူအပ်ကုန်သော တရားအစု ‘ဥပါဒါနက္ခန္ဓာ’ တို့သည်ဤငါးပါးတို့တည်း။ ငါးပါးတို့ဟူသည် အဘယ်တို့နည်း၊ ရူပုပါဒါနက္ခန္ဓာ၊ ဝေဒနုပါဒါနက္ခန္ဓာ၊ သညုပါဒါနက္ခန္ဓာ၊ သင်္ခါရုပါဒါနက္ခန္ဓာ၊ ဝိညာဏုပါဒါနက္ခန္ဓာတို့တည်း။ ရဟန်းတို့ ဥပါဒါနက္ခန္ဓာတို့သည် ဤငါးပါးတို့တည်း။ ရဟန်းတို့ ဤဥပါဒါနက္ခန္ဓာတရားငါးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ပိုင်းခြား၍သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ။ပ။ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွါးများအပ်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

၉-ဩရမ္ဘာဂိယသုတ်

၁၈၀။ ရဟန်းတို့ အောက်ပိုင်းသံယောဇဉ်တို့သည် ဤငါးပါးတို့တည်း။ ငါးပါးတို့ဟူသည် အဘယ်တို့နည်း၊ သက္ကာယဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ၊ ကာမစ္ဆန္ဒ၊ ဗျာပါဒတို့တည်း။ ရဟန်းတို့ အောက်ပိုင်းသံယောဇဉ်တို့သည် ဤငါးပါးတို့တည်း။ ရဟန်းတို့ ဤအောက်ပိုင်းသံယောဇဉ်ငါးပါးတို့ကို ထူးသောဉာဏ်ဖြင့် သိခြင်းငှါ ပိုင်းခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ။ပ။ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွါးများအပ်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။

--

၁၀-ဥဒ္ဓံဘာဂိယသုတ်

၁၈၁။ ရဟန်းတို့ အထက်ပိုင်းသံယောဇဉ်တို့သည် ဤငါးပါးတို့တည်း။ ငါးပါးတို့ဟူသည် အဘယ်တို့နည်း၊ ရူပရာဂ၊ အရူပရာဂ၊ မာန၊ ဥဒ္ဓစ္စ၊ အဝိဇ္ဇာတို့တည်း။ ရဟန်းတို့ အထက်ပိုင်းသံယောဇဉ်တို့သည်ဤငါးပါးတို့တည်း။ ရဟန်းတို့ ဤအထက်ပိုင်းသံယောဇဉ်ငါးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါပိုင်း ခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ။ပ။ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွါးများအပ်၏။

အဘယ်သို့လျှင် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွါးများအပ်သနည်း၊ ရဟန်းတို့ ဤသာသနာ တော်၌ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ညွတ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ'ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'ကို ပွားများ၏။ ရဟန်းတို့ ဤအထက်ပိုင်းသံယောဇဉ်ငါးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါပိုင်းခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ။ပ။ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွါးများအပ်၏ဟု (မိန့်တော်မူ၏)။

ရဟန်းတို့ အထက်ပိုင်းသံယောဇဉ်တို့သည် ဤငါးပါးတို့တည်း။ ငါးပါးတို့ဟူသည် အဘယ်တို့နည်း၊ ရူပရာဂ၊ အရူပရာဂ၊ မာန၊ ဥဒ္ဓစ္စ၊ အဝိဇ္ဇာတို့တည်း။ ရဟန်းတို့ အထက်ပိုင်းသံယောဇဉ်တို့သည်ဤငါးပါးတို့တည်း။ ရဟန်းတို့ ဤအထက်ပိုင်းသံယောဇဉ်ငါးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါပိုင်း ခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ။ပ။ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွါးများအပ်၏။

အဘယ်သို့လျှင် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွါးများအပ်သနည်း၊ ရဟန်းတို့ ဤသာသနာ တော်၌ရဟန်းသည် စွဲမက်မှု ‘ရာဂ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော တွေဝေမှု ‘မောဟ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ ကို ပွါးများ၏။ပ။ စွဲမက်မှု ‘ရာဂ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ’ ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော တွေဝေမှု ‘မောဟ’ ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမြိုက်နိဗ္ဗာန်သို့ သက်ဝင်သောအမြိုက်နိဗ္ဗာန်လျှင် လဲလျောင်းရာရှိသောအမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိသော နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်းသော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ'ကို ပွားများ၏။ ရဟန်းတို့ ဤအထက်ပိုင်းသံယောဇဉ်ငါးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ပိုင်းခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွါးများအပ်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ရှစ်ခုမြောက် ဩဃဝဂ် ပြီး၏။

မဂ္ဂသံယုတ် ပြီး၏။

--

၂-ဗောဇ္ဈင်္ဂသံယုတ်

၁-ပဗ္ဗတဝဂ်

၁-ဟိမဝန္တသုတ်

၁၈၂။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ဥပမာသော်ကား နဂါးတို့သည် ဟိမဝန္တာတောင်မင်းကို မှီ၍ ကိုယ်ကိုတိုးပွားစေ အားယူစေပြီးလျှင် အိုင်ငယ်တို့သို့ သက်ဆင်းကုန်၏၊ အိုင်ငယ်တို့သို့ သက်ဆင်းပြီး၍အိုင်ကြီးတို့သို့ သက်ဆင်းကုန်၏၊ အိုင်ကြီးတို့သို့ သက်ဆင်းပြီး၍ မြစ်ငယ်တို့သို့ သက်ဆင်းကုန်၏၊ မြစ်ငယ်တို့သို့ သက်ဆင်းပြီး၍ မြစ်ကြီးတို့သို့ သက်ဆင်းကုန်၏၊ မြစ်ကြီးတို့သို့ သက်ဆင်းပြီး၍ မဟာသမုဒ္ဒရာသို့ သက်ဆင်းကုန်၏၊ ထိုနဂါးတို့သည် ထိုမဟာသမုဒ္ဒရာ၌ ခန္ဓာကိုယ်ဖြင့် ကြီးမားပြန့်ပြောသည်၏အဖြစ်သို့ ရောက်ကုန်၏။

ရဟန်းတို့ ထို့အတူပင် ရဟန်းသည် သီလကို မှီ၍ သီလ၌ တည်၍ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွားများသည်ရှိသော် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် တရားတို့၌ ကြီးမားပြန့်ပြောသည်၏အဖြစ်သို့ ရောက်၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် သီလကို မှီ၍ သီလ၌ တည်၍ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွားများသည်ရှိသော် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော်တရားတို့၌ ကြီးမားပြန့်ပြောသည်၏အဖြစ်သို့ ရောက်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော သတိသမ္ဗောဇ္ဈင်ကို ပွားများ၏။ပ။ ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွားများ၏။ပ။ ဝီရိယသမ္ဗောဇ္ဈင်ကို ပွားများ၏။ပ။ ပီတိသမ္ဗောဇ္ဈင်ကို ပွားများ၏။ပ။ ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွားများ၏။ပ။ သမာဓိသမ္ဗောဇ္ဈင်ကိုပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ညွတ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် သီလကို မှီ၍သီလ၌ တည်၍ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွားများသည်ရှိသော် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ကြိမ်ဖန်များစွာပြုလုပ်သည်ရှိ သော် တရားတို့၌ ကြီးမားပြန့်ပြောသည်၏အဖြစ်သို့ ရောက်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

--

၂-ကာယသုတ်

၁၈၃။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ဥပမာသော်ကား ဤကိုယ်သည် အကြောင်း ‘အာဟာရ’ လျှင်တည်ရာရှိ၏၊ အကြောင်း ‘အာဟာရ’ ကို စွဲ၍ တည်၏၊ အကြောင်း ‘အာဟာရ’ မရှိဘဲ မတည်နိုင်။ ရဟန်းတို့ ထို့အတူပင် နီဝရဏငါးပါးတို့သည် အကြောင်း ‘အာဟာရ'လျှင် တည်ရာရှိကုန်၏၊ အကြောင်း ‘အာဟာရ'ကို စွဲ၍ တည်ကုန်၏၊ အကြောင်း ‘အာဟာရ’ မရှိဘဲ မတည်နိုင်ကုန်။

ရဟန်းတို့ မဖြစ်သေးသော ကာမဂုဏ်ကို လိုလားမှု ‘ကာမစ္ဆန္ဒ'ကို ဖြစ်စေရန် ဖြစ်ပြီးသော ကာမ ဂုဏ်ကိုလိုလားမှု ‘ကာမစ္ဆန္ဒ'ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်းကား အဘယ် နည်း။ ရဟန်းတို့ တင့်တယ်သောအာရုံ ‘နိမိတ်’ သည် ရှိ၏၊ ထိုအာရုံ၌ မသင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော ကာမဂုဏ်ကို လိုလားမှု ‘ကာမစ္ဆန္ဒ’ ကို ဖြစ်စေရန် ဖြစ်ပြီးသော ကာမဂုဏ်ကို လိုလားမှု ‘ကာမစ္ဆန္ဒ'ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်းဖြစ်၏။

ရဟန်းတို့ မဖြစ်သေးသော ပျက်စီးစေလိုမှု ‘ဗျာပါဒ’ ကို ဖြစ်စေရန် ဖြစ်ပြီးသော ပျက်စီးစေလိုမှု ‘ဗျာပါဒ'ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်းကား အဘယ်နည်း။ ရဟန်းတို့ထိပါးမှု ‘ပဋိဃ'၏ အာရုံ ‘နိမိတ်’ သည် ရှိ၏၊ ထိုအာရုံ၌ မသင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော ပျက်စီးစေလိုမှု ‘ဗျာပါဒ'ကို ဖြစ်စေရန်ဖြစ်ပြီးသော ပျက်စီးစေလိုမှု ‘ဗျာပါဒ'ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်းဖြစ်၏။

ရဟန်းတို့ မဖြစ်သေးသော လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ ကို ဖြစ်စေရန် ဖြစ်ပြီးသော လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ'ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်းကား အဘယ်နည်း။ ရဟန်း တို့ မမွေ့လျော်ခြင်း၊ ပျင်းရိခြင်း၊ ကိုယ်လက် ဆန့်ငင်ဖြစ်ခြင်း၊ ထမင်းဆီယစ်ခြင်း၊ စိတ်၏ဆုတ်နစ်ခြင်း တို့သည် ရှိကုန်၏။ ထို (မမွေ့လျော်ခြင်းစသည်) ၌ မသင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကိုကြိမ်ဖန် များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ'ကိုဖြစ်စေရန် ဖြစ်ပြီးသော လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ'ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန်အကြောင်း ဖြစ်၏။

ရဟန်းတို့ မဖြစ်သေးသော စိတ်ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ နောင်တတစ်ဖန် ပူပန်မှု ‘ကုက္ကုစ္စ'ကို ဖြစ်စေရန်ဖြစ်ပြီးသော စိတ်ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ နောင်တတစ်ဖန် ပူပန်မှု ‘ကုက္ကုစ္စ'ကို အတိုင်းထက်အလွန် ဖြစ်စေရန်ပြန့်ပြောစေရန် အကြောင်းကား အဘယ်နည်း။ ရဟန်းတို့ စိတ်၏ မငြိမ်းအေးမှုသည် ရှိ၏၊ ထို (စိတ်၏မငြိမ်းအေးမှု) ၌ မသင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော စိတ်ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ နောင်တတစ်ဖန် ပူပန်မှု ‘ကုက္ကုစ္စ'ကို ဖြစ်စေရန် ဖြစ်ပြီးသော စိတ်ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ နောင်တတစ်ဖန် ပူပန်မှု ‘ကုက္ကုစ္စ'ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်းဖြစ်၏။

ရဟန်းတို့ မဖြစ်သေးသော မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ'ကို ဖြစ်စေရန် ဖြစ်ပြီးသော မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ ကိုအတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်းကား အဘယ်နည်း။ ရဟန်းတို့ မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ ၏ တည်ရာ အာရုံတရားတို့သည် ရှိကုန်၏၊ ထို (အာရုံတရားတို့) ၌မသင့်လျော်သောအား ဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကားမဖြစ်သေးသော မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ ကို ဖြစ်စေရန် ဖြစ်ပြီးသော မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ'ကိုအတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြော စေရန် အကြောင်းဖြစ်၏။

--

ရဟန်းတို့ ဥပမာသော်ကား ဤကိုယ်သည် အကြောင်း ‘အာဟာရ'လျှင် တည်ရာရှိ၏၊ အကြောင်း ‘အာဟာရ’ ကို စွဲ၍ တည်၏၊ အကြောင်း ‘အာဟာရ’ မရှိဘဲ မတည်နိုင်။ ရဟန်းတို့ ထို့အတူပင် ဤနီဝရဏငါးပါးတို့သည် အကြောင်း ‘အာဟာရ'လျှင် တည်ရာရှိကုန်၏၊ အကြောင်း ‘အာဟာရ'ကို စွဲ၍ တည်ကုန်၏၊ အကြောင်း ‘အာဟာရ’ မရှိဘဲ မတည်နိုင်ကုန်။

ရဟန်းတို့ ဥပမာသော်ကား ဤကိုယ်သည် အကြောင်း ‘အာဟာရ’ လျှင် တည်ရာရှိ၏၊ အကြောင်း ‘အာဟာရ’ ကို စွဲ၍ တည်၏၊ အကြောင်း ‘အာဟာရ’ မရှိဘဲ မတည်နိုင်။ ရဟန်းတို့ ထို့အတူပင်ဗောဇ္ဈင် ခုနစ်ပါးတို့သည် အကြောင်း ‘အာဟာရ'လျှင် တည်ရာရှိကုန်၏၊ အကြောင်း ‘အာဟာရ'ကို စွဲ၍တည်ကုန်၏၊ အကြောင်း ‘အာဟာရ’ မရှိဘဲ မတည်နိုင်ကုန်။

ရဟန်းတို့ မဖြစ်သေးသော သတိသမ္ဗောဇ္ဈင်ကို ဖြစ်စေရန် ဖြစ်ပြီးသော သတိသမ္ဗောဇ္ဈင်ကို ပွါး များမှုပြည့်စုံစေရန် အကြောင်းကား အဘယ်နည်း။ ရဟန်းတို့ သတိသမ္ဗောဇ္ဈင်၏ တည်ရာ အာရုံဖြစ်ကုန်သော (ဗောဓိပက္ခိယတရား လောကုတ္တရာ) တရားတို့သည် ရှိကုန်၏၊ ထိုတရားတို့၌ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော သတိသမ္ဗောဇ္ဈင်ကို ဖြစ်စေရန် ဖြစ်ပြီးသော သတိသမ္ဗောဇ္ဈင်ကို ပွါးများမှု ပြည့်စုံစေရန် အကြောင်းတည်း။

ရဟန်းတို့ မဖြစ်သေးသော ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ဖြစ်စေရန် ဖြစ်ပြီးသော ဓမ္မဝိစယသမ္ဗောဇ္ဈင် ကိုပွါးများမှု ပြည့်စုံစေရန် အကြောင်းကား အဘယ်နည်း။ ရဟန်းတို့ ကုသိုလ် အကုသိုလ်တရား၊ အပြစ်ရှိအပြစ်မဲ့တရား၊ အယုတ် အမြတ်တရား၊ အကျိုးတူအဖို့ရှိသည့် အမည်း အဖြူဖြစ်သော တရားတို့သည်ရှိကုန်၏။ ထိုတရားတို့၌ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ဖြစ်စေရန် ဖြစ်ပြီးသော ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို့ပွါးများမှု ပြည့်စုံစေရန် အကြောင်းတည်း။

ရဟန်းတို့ မဖြစ်သေးသော ဝီရိယသမ္ဗောဇ္ဈင်ကို ဖြစ်စေရန် ဖြစ်ပြီးသော ဝီရိယသမ္ဗောဇ္ဈင်ကို ပွါးများမှု ပြည့်စုံစေရန် အကြောင်းကား အဘယ်နည်း။ ရဟန်းတို့ ရှေးဦးစွာ အားထုတ်မှု ‘အာရမ္ဘဓာတ်’၊ ပျင်းရိခြင်းမှ လွတ်မြောက်မှု ‘နိက္ကမဓာတ်’၊ အဆင့်ဆင့် အားထုတ်မှု ‘ပရက္ကမဓာတ်'တို့သည် ရှိကုန်၏။ ထိုအားထုတ်မှုတို့၌ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော ဝီရိယသမ္ဗောဇ္ဈင်ကို ဖြစ်စေရန် ဖြစ်ပြီးသော ဝီရိယသမ္ဗောဇ္ဈင်ကို ပွါးများမှု ပြည့်စုံစေရန် အကြောင်းတည်း။

ရဟန်းတို့ မဖြစ်သေးသော ပီတိသမ္ဗောဇ္ဈင်ကို ဖြစ်စေရန် ဖြစ်ပြီးသော ပီတိသမ္ဗောဇ္ဈင်ကို ပွါးများမှုပြည့်စုံစေရန် အကြောင်းကား အဘယ်နည်း။ ရဟန်းတို့ ပီတိသမ္ဗောဇ္ဈင်၏ တည်ရာ အာရုံဖြစ်သောတရားတို့သည် ရှိကုန်၏၊ ထိုတရားတို့၌ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော ပီတိသမ္ဗောဇ္ဈင်ကို ဖြစ်စေရန် ဖြစ်ပြီးသောပီတိသမ္ဗောဇ္ဈင် ကို ပွါးများမှု ပြည့်စုံစေရန် အကြောင်းတည်း။

ရဟန်းတို့ မဖြစ်သေးသော ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ဖြစ်စေရန် ဖြစ်ပြီးသော ပဿဒ္ဓိသမ္ဗောဇ္ဈင်ကိုပွါးများမှု ပြည့်စုံစေရန် အကြောင်းကား အဘယ်နည်း။ ရဟန်းတို့ ကိုယ်၏ ငြိမ်းချမ်းမှု၊ စိတ်၏ ငြိမ်းချမ်းမှုတို့သည် ရှိကုန်၏။ ထိုငြိမ်းချမ်းမှုတို့၌ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ဖြစ်စေရန် ဖြစ်ပြီးသော ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွါးများမှု ပြည့်စုံစေရန် အကြောင်းတည်း။

--

ရဟန်းတို့ မဖြစ်သေးသော သမာဓိသမ္ဗောဇ္ဈင်ကို ဖြစ်စေရန် ဖြစ်ပြီးသော သမာဓိသမ္ဗောဇ္ဈင်ကိုပွါးများမှု ပြည့်စုံစေရန် အကြောင်းကား အဘယ်နည်း။ ရဟန်းတို့ ကိလေသာငြိမ်းကြောင်း ‘သမထ’ ၏အာရုံ၊ မပျံ့လွင့်သော သမာဓိ၏ အာရုံတို့သည် ရှိကုန်၏။ ထိုအာရုံတို့ ၌ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော သမာဓိသမ္ဗောဇ္ဈင်ကိုဖြစ်စေရန် ဖြစ်ပြီးသော သမာဓိသမ္ဗောဇ္ဈင်ကို ပွါးများမှု ပြည့်စုံစေရန် အကြောင်းဖြစ်၏။

ရဟန်းတို့ မဖြစ်သေးသော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ဖြစ်စေရန် ဖြစ်ပြီးသော ဥပေက္ခာသမ္ဗောဇ္ဈင်ကိုပွါးများမှု ပြည့်စုံစေရန် အကြောင်းကား အဘယ်နည်း။ ရဟန်းတို့ ဥပေက္ခာသမ္ဗောဇ္ဈင်၏ တည်ရာ အာရုံဖြစ်သော တရားတို့သည် ရှိကုန်၏၊ ထိုတရားတို့၌ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ဖြစ်စေရန် ဖြစ်ပြီးသော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများမှု ပြည့်စုံစေရန် အကြောင်းဖြစ်၏။

ရဟန်းတို့ ဥပမာသော်ကား ဤကိုယ်သည် အကြောင်း ‘အာဟာရ’ လျှင် တည်ရာရှိ၏၊ အကြောင်း ‘အာဟာရ'ကို စွဲ၍ တည်၏၊ အကြောင်း ‘အာဟာရ’ မရှိဘဲ မတည်နိုင်။ ရဟန်းတို့ ထို့အတူပင်ဤဗောဇ္ဈင် ခုနစ်ပါးတို့သည် အကြောင်း ‘အာဟာရ'လျှင် တည်ရာရှိကုန်၏၊ အကြောင်း ‘အာဟာရ’ ကို စွဲ၍တည်ကုန်၏၊ အကြောင်း ‘အာဟာရ’ မရှိဘဲ မတည်နိုင်ကုန်ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

၃-သီလသုတ်

၁၈၄။ ရဟန်းတို့ သီလနှင့် ပြည့်စုံကုန်သော သမာဓိနှင့် ပြည့်စုံကုန်သော ဉာဏ်နှင့့်် ပြည့်စုံကုန်သောလွတ်မြောက်မှု ‘အရဟတ္တဖိုလ်ဝိမုတ္တိ’ နှင့် ပြည့်စုံကုန်သော လွတ်မြောက်မှုကို ဆင်ခြင်သော ပစ္စဝေက္ခဏာဉာဏ်နှင့် ပြည့်စုံကုန်သော ရဟန်းတို့အား ဖူးမြော်ရခြင်းကိုလည်း ကျေးဇူးများ၏ဟု ငါ ဆို၏၊ ထိုရဟန်းတို့၏ ဂုဏ်ကျေးဇူးစကားကို ကြားရခြင်းကိုလည်း ကျေးဇူးများ၏ဟု ငါ ဆို၏၊ ထိုရဟန်းတို့အား ချဉ်း့ကပ်ရခြင်းကိုလည်း ကျေးဇူးများ၏ဟု ငါ ဆို၏၊ ထိုရဟန်းတို့အား ဆည်းကပ်ရခြင်းကိုလည်း ကျေးဇူးများ၏ဟု ငါ ဆို၏၊ ထိုရဟန်းတို့အား အဖန်ဖန် အောက်မေ့ရခြင်းကိုလည်း ကျေးဇူးများ၏ဟု ငါ ဆို၏၊ ထိုရဟန်းတို့သို့ အတုလိုက်၍ ရဟန်းပြုရခြင်းကိုလည်း ကျေးဇူးများ၏ဟု ငါ ဆို၏။ ထိုသို့ဆိုခြင်းသည် အဘယ်ကြောင့်နည်း- ရဟန်းတို့ ထိုသို့သဘောရှိကုန်သော ရဟန်းတို့၏ တရားကို ကြားနာရသည်ရှိသော် ကိုယ်၏ ငြိမ်းချမ်းခြင်းလည်းကောင်း၊ စိတ်၏ ငြိမ်းချမ်းခြင်းလည်းကောင်း ငြိမ်းချမ်းခြင်းနှစ်ပါးဖြင့် ငြိမ်းချမ်းစွာ နေရ၏၊ ထိုသူသည် ထိုကဲ့သို့ ငြိမ်းချမ်းစွာ နေလျက် ထို (ဆုံးမဟောကြားအပ်သော) တရားကို အဖန်ဖန် အောက်မေ့၏၊ အဖန်ဖန် ကြံစည်၏။

ရဟန်းတို့ အကြင်အခါ ရဟန်းသည် ထိုသို့ ငြိမ်းချမ်းစွာ နေလျက် ထို (ဆုံးမဟောကြားအပ်သော) တရားကို အဖန်ဖန် အောက်မေ့၏၊ အဖန်ဖန် ကြံစည်၏၊ ထိုအခါ ရဟန်းအား သတိသမ္ဗောဇ္ဈင်ကို အားထုတ်ပြီး ဖြစ်၏၊ ထိုအခါ ရဟန်းသည် သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ ရဟန်းအား သတိသမ္ဗောဇ္ဈင်သည် ပွါးများပြည့်စုံခြင်းသို့ ရောက်၏၊ ထိုရဟန်းသည် ထိုသို့ သတိနှင့် ပြည့်စုံစွာ နေလျက် ထို (ဆုံးမဟောကြားအပ်သော) တရားကို ပညာဖြင့် စိစစ်၏၊ ဉာဏ်ကို ဖြစ်စေ၏၊ စူးစမ်းရှာဖွေခြင်းသို့ ရောက်၏။ (၁)

--

ရဟန်းတို့ အကြင်အခါ ရဟန်းသည် ထိုသို့ သတိနှင့် ပြည့်စုံစွာ နေလျက် ထို (ဆုံးမဟောကြားအပ်သော) တရားကို ပညာဖြင့် စိစစ်၏၊ ဉာဏ်ကို ဖြစ်စေ၏၊ စူးစမ်းရှာဖွေခြင်းသို့ ရောက်၏၊ ထိုအခါရဟန်းအား ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို အားထုတ်ပြီး ဖြစ်၏၊ ထိုအခါ ရဟန်းသည် ဓမ္မဝိစယသမ္ဗောဇ္ဈင်ကိုပွါးများ၏၊ ထိုအခါ ရဟန်းအား ဓမ္မဝိစယသမ္ဗောဇ္ဈင်သည် ပွါးများပြည့်စုံခြင်းသို့ ရောက်၏၊ ထို (ဆုံးမဟောကြားအပ်သော) တရားကို ပညာဖြင့် စိစစ်သော ဉာဏ်ကို ဖြစ်စေသော စူးစမ်းရှာဖွေခြင်းသို့ရောက် သော ထိုရဟန်းအား မတွန့်တိုသော လုံ့လကို အားထုတ်ပြီး ဖြစ်၏။ (၂)

ရဟန်းတို့ အကြင်အခါ ထို (ဆုံးမဟောကြားအပ်သော) တရားကို ပညာဖြင့် စိစစ်သော ဉာဏ်ကိုဖြစ်စေသော စူးစမ်းရှာဖွေခြင်းသို့ ရောက်သော ရဟန်းအား မတွန့်တိုသော လုံ့လကို အားထုတ်ပြီး ဖြစ်၏၊ ထိုအခါ ရဟန်းအား ဝီရိယသမ္ဗောဇ္ဈင်ကို အားထုတ်ပြီး ဖြစ်၏၊ ထိုအခါ ရဟန်းသည် ဝီရိယသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ ရဟန်းအား ဝီရိယသမ္ဗောဇ္ဈင်သည် ပွါးများပြည့်စုံခြင်းသို့ ရောက်၏၊ မြဲမြံစွာအားထုတ်ပြီးသော ရဟန်းအား ကာမဂုဏ် ‘အာမိသ’ ကင်းသော နှစ်သိမ့်မှု ‘ပီတိ’ ဖြစ်၏။ (၃)

ရဟန်းတို့ အကြင်အခါ မြဲမြံစွာ အားထုတ်ပြီးသော ရဟန်းအား ကာမဂုဏ် ‘အာမိသ’ ကင်းသောနှစ်သိမ့်မှု ‘ပီတိ’ ဖြစ်၏၊ ထိုအခါ ရဟန်းသည် ပီတိသမ္ဗောဇ္ဈင်ကို အားထုတ်ပြီး ဖြစ်၏၊ ထိုအခါ ရဟန်းသည် ပီတိသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ ရဟန်းအား ပီတိသမ္ဗောဇ္ဈင်သည် ပွါးများပြည့်စုံခြင်းသို့ရောက်၏၊ နှစ်သိမ့်သော စိတ်ရှိသော ရဟန်းအား ကိုယ်သည်လည်း ငြိမ်းချမ်း၏၊ စိတ်သည်လည်း ငြိမ်းချမ်း၏။ (၄)

ရဟန်းတို့ အကြင်အခါ နှစ်သိမ့်သော စိတ်ရှိသော ရဟန်းအား ကိုယ်သည်လည်း ငြိမ်းချမ်း၏၊ စိတ်သည်လည်း ငြိမ်းချမ်း၏၊ ထိုအခါ ရဟန်းသည် ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို အားထုတ်ပြီး ဖြစ်၏၊ ထိုအခါရဟန်းသည် ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ ရဟန်းအား ပဿဒ္ဓိသမ္ဗောဇ္ဈင်သည် ပွါးများပြည့်စုံခြင်းသို့ ရောက်၏။ ငြိမ်းချမ်းသော ကိုယ်ရှိသော ချမ်းသာသော ရဟန်း၏ စိတ်သည် တည်ကြည်၏။ (၅)

ရဟန်းတို့ အကြင်အခါ ငြိမ်းချမ်းသော ကိုယ်ရှိသော ချမ်းသာသော ရဟန်း၏ စိတ်သည် တည်ကြည်၏၊ ထိုအခါ ရဟန်းအား သမာဓိသမ္ဗောဇ္ဈင်ကို အားထုတ်ပြီး ဖြစ်၏၊ ထိုအခါ ရဟန်းသည် သမာဓိသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ ရဟန်းအား သမာဓိသမ္ဗောဇ္ဈင်သည် ပွါးများပြည့်စုံခြင်းသို့ ရောက်၏။ ထိုရဟန်းသည် ထိုသို့ တည်ကြည်သော စိတ်ကို ကောင်းစွာ လျစ်လျူရှု၏။ (၆)

ရဟန်းတို့ အကြင်အခါ ရဟန်းသည် ထိုသို့ တည်ကြည်သော စိတ်ကို ကောင်းစွာ လျစ်လျူရှု၏၊ ထိုအခါ ဥပေက္ခာသမ္ဗောဇ္ဈင်ကို အားထုတ်ပြီး ဖြစ်၏၊ ထိုအခါ ရဟန်းသည် ဥပေက္ခာသမ္ဗောဇ္ဈင်ကိုပွါးများ ၏၊ ထိုအခါ ရဟန်းအား ဥပေက္ခာသမ္ဗောဇ္ဈင်သည် ပွါးများပြည့်စုံခြင်းသို့ ရောက်၏။ (၇)

--

ရဟန်းတို့ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော်ခုနစ်ပါးသောအကျိုးအာနိသင်တို့ကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။ ခုနစ်ပါးသောအကျိုးအာနိသင်တို့ဟူသည် အဘယ်နည်း - (၁) မျက်မှောက်ဘဝ စောစောကပင် အရဟတ္တဖိုလ်ကို ပြီးစေနိုင်၏။ (၂) မျက်မှောက်ဘဝ စောစောကပင် အရဟတ္တဖိုလ်ကို မပြီးစေနိုင်ခဲ့မူ၊ သေခါနီးအခါ၌ အရဟတ္တ ဖိုလ်ကိုပြီးစေနိုင်၏။ (၃) မျက်မှောက်ဘဝ စောစောကပင် အရဟတ္တဖိုလ်ကို မပြီးစေနိုင်ခဲ့မူ၊ သေခါနီးအခါ၌ အရဟတ္တ ဖိုလ်ကိုမပြီးစေနိုင်ခဲ့မူ၊ အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် (အသက်တမ်း၏) အလယ်၌ (အရဟတ္တဖိုလ်သို့ ရောက်လျက်) ပရိနိဗ္ဗာန်ပြုရသောအန္တရာပရိနိဗ္ဗာယီ မည်သောအနာဂါမ် ဖြစ်နိုင်၏။ (၄) မျက်မှောက်ဘဝ စောစောကပင် အရဟတ္တဖိုလ်ကို မပြီးစေနိုင်ခဲ့မူ၊ သေခါနီးအခါ၌ အရဟတ္တ ဖိုလ်ကိုမပြီးစေနိုင်ခဲ့မူ၊ အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် (အသက်တမ်း၏) အလယ်၌ (အရဟတ္တဖိုလ်သို့ ရောက်လျက်) ပရိနိဗ္ဗာန်ပြုရသောအန္တရာပရိနိဗ္ဗာယီမည်သောအနာဂါမ် မဖြစ်နိုင်ခဲ့မူ၊ အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် (အသက်တမ်း၏) ထက်ဝက်ကို လွန်၍အရဟတ္တဖိုလ်သို့ ရောက်လျက် ပရိနိဗ္ဗာန်ပြုရသော ဥပဟစ္စ ပရိနိဗ္ဗာယီ မည်သောအနာဂါမ် ဖြစ်နိုင်၏။ (၅) မျက်မှောက်ဘဝ စောစောကပင် အရဟတ္တဖိုလ်ကို မပြီးစေနိုင်ခဲ့မူ၊ သေခါနီးအခါ၌ အရဟတ္တ ဖိုလ်ကိုမပြီးစေနိုင်ခဲ့မူ၊ အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် (အသက်တမ်း၏) အလယ်၌ (အရဟတ္တဖိုလ်သို့ ရောက်လျက်) ပရိနိဗ္ဗာန်ပြုရသောအန္တရာပရိနိဗ္ဗာယီမည်သောအနာဂါမ် မဖြစ်နိုင်ခဲ့မူ၊ အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် (အသက်တမ်း၏) ထက်ဝက်ကို လွန်၍ (အရဟတ္တဖိုလ်သို့ ရောက်လျက်) ပရိနိဗ္ဗာန်ပြုရသော ဥပဟစ္စပရိ နိဗ္ဗာယီမည်သောအနာဂါမ် မဖြစ်နိုင်ခဲ့မူ၊ အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် ပယောဂ (လုံ့လ) မပါဘဲ (အရဟတ္တဖိုလ်သို့ရောက်လျက်) ပရိနိဗ္ဗာန်ပြုရသောအသင်္ခါရ ပရိနိဗ္ဗာယီမည်သောအနာဂါမ် ဖြစ်နိုင်၏။ (၆) မျက်မှောက်ဘဝ စောစောကပင် အရဟတ္တဖိုလ်ကို မပြီးစေနိုင်ခဲ့မူ၊ သေခါနီးအခါ၌ အရဟတ္တ ဖိုလ်ကိုမပြီးစေနိုင်ခဲ့မူ၊ အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် (အသက်တမ်း၏) အလယ်၌ (အရဟတ္တဖိုလ်သို့ ရောက်လျက်) ပရိနိဗ္ဗာန်ပြုရသောအန္တရာပရိနိဗ္ဗာယီမည်သောအနာဂါမ် မဖြစ်နိုင်ခဲ့မူ၊ အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် (အသက်တမ်း၏) ထက်ဝက်ကို လွန်၍ (အရဟတ္တဖိုလ်သို့ ရောက်လျက်) ပရိနိဗ္ဗာန်ပြုရသော ဥပဟစ္စပရိနိဗ္ဗာယီ မည်သောအနာဂါမ် မဖြစ်နိုင်ခဲ့မူ၊ အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် ပယောဂ (လုံ့လ) မပါဘဲ (အရဟတ္တဖိုလ်သို့ရောက်လျက်) ပရိနိဗ္ဗာန်ပြုရသောအသင်္ခါရပရိနိဗ္ဗာယီ မည်သောအနာဂါမ် မဖြစ်နိုင်ခဲ့မူ၊ အောက်ပိုင်းသံယောဇဉ်ငါပါးတို့ ကုန်ခြင်းကြောင့် ပယောဂ (လုံ့လ) နှင့် တကွ (အရဟတ္တဖိုလ်သို့ရောက်လျက်) ပရိနိဗ္ဗာန်ပြုရသော သသင်္ခါရ ပရိနိဗ္ဗာယီ မည်သောအနာဂါမ် ဖြစ်နိုင်၏။ (၇) မျက်မှောက်ဘဝ စောစောကပင် အရဟတ္တဖိုလ်ကို မပြီးစေနိုင်ခဲ့မူ၊ သေခါနီးအခါ၌ အရဟတ္တ ဖိုလ်ကိုမပြီးစေနိုင်ခဲ့မူ၊ အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် (အသက်တမ်း၏) အလယ်၌ (အရဟတ္တဖိုလ်သို့ ရောက်လျက်) ပရိနိဗ္ဗာန်ပြုရသောအန္တရာပရိနိဗ္ဗာယီမည်သောအနာဂါမ် မဖြစ်နိုင်ခဲ့မူ၊ အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် (အသက်တမ်း၏) ထက်ဝက်ကို လွန်၍အရဟတ္တဖိုလ်သို့ ရောက်လျက် ပရိနိဗ္ဗာန်ပြုရသော ဥပဟစ္စပရိနိဗ္ဗာယီ မည်သောအနာဂါမ် မဖြစ်နိုင်ခဲ့မူ၊့အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် ပယောဂ (လုံ့လ) မပါဘဲ (အရဟတ္တဖိုလ်သို့ရောက်လျက်) ပရိနိဗ္ဗာန်ပြုရသောအသင်္ခါရပရိနိဗ္ဗာယီ မည်သောအနာဂါမ် မဖြစ်နိုင်ခဲ့မူ၊ အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် ပယောဂ (လုံ့လ) နှင့် တကွ (အရဟတ္တဖိုလ်သို့ရောက်လျက်) ပရိနိဗ္ဗာန်ပြုရသော သသင်္ခါရပရိနိဗ္ဗာယီ မည်သောအနာဂါမ် မဖြစ်နိုင်ခဲ့မူ၊ အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် အထက် အထက်ဘုံသို့ အဆင့်ဆင့် တက်၍အကနိဋ္ဌဘုံ၌ (အရဟတ္တဖိုလ်သို့ ရောက်လျက်) ပရိနိဗ္ဗာန် ပြုရသော ဥဒ္ဓံသောတအကနိဋ္ဌဂါမီ မည်သောအနာဂါမ် ဖြစ်နိုင်၏။

ရဟန်းတို့ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော်ဤခုနစ်ပါးသောအကျိုးအာနိသင်တို့ကို (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်အပ်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။

--

၄-ဝတ္ထသုတ်

၁၈၅။ အခါတစ်ပါး၌ အသျှင်သာရိပုတြာသည် သာဝတ္ထိပြည် အနာထပိဏ်သူဋ္ဌေး၏ အရံဖြစ်သောဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်သာရိပုတြာသည် ရဟန်းတို့ကို “ငါ့သျှင်ရဟန်းတို့”ဟု ခေါ်တော်မူ၏၊ ထိုရဟန်းတို့သည် “ငါ့သျှင်”ဟု အသျှင်သာရိပုတြာအားပြန်လျှောက်ကြကုန် ၏။ အသျှင်သာရိပုတြာသည် ဤစကားကို မိန့်တော်မူ၏-

ငါ့သျှင်တို့ ဗောဇ္ဈင်တို့သည် ဤခုနစ်ပါးတို့တည်း။ အဘယ်ခုနစ်ပါးတို့နည်း၊ သတိသမ္ဗောဇ္ဈင်၊ ဓမ္မဝိစယသမ္ဗောဇ္ဈင်၊ ဝီရိယသမ္ဗောဇ္ဈင်၊ ပီတိသမ္ဗောဇ္ဈင်၊ ပဿဒ္ဓိသမ္ဗောဇ္ဈင်၊ သမာဓိသမ္ဗောဇ္ဈင်၊ ဥပေက္ခာသမ္ဗောဇ္ဈင်တို့တည်း။ ငါ့သျှင်တို့ ဗောဇ္ဈင်တို့သည် ဤခုနစ်ပါးတို့တည်း။

ငါ့သျှင်တို့ ငါသည် ဗောဇ္ဈင်ခုနစ်ပါးတို့တွင် နံနက်အချိန်၌ နေလိုသော ဗောဇ္ဈင်ဖြင့် နေနိုင်၏၊ မွန်းတည့်အချိန်၌ နေလိုသော ဗောဇ္ဈင်ဖြင့် နေနိုင်၏၊ ညနေအချိန်၌ နေလိုသော ဗောဇ္ဈင်ဖြင့် နေနိုင်၏။ ငါ့သျှင် တို့ သတိသမ္ဗောဇ္ဈင်ဟူ၍ ငါ့အား (နှလုံးသွင်းခြင်း) ဖြစ်ခဲ့မူ မနှိုင်းယှဉ်နိုင်သော သတိသမ္ဗောဇ္ဈင်ဖြစ်၏ဟု ငါ့အား (နှလုံးသွင်းခြင်း) ဖြစ်၏၊ ကောင်းစွာ ပြည့်စုံပြီးသောသတိသမ္ဗောဇ္ဈင် ဖြစ်၏ဟု ငါ့အား (နှလုံး သွင်းခြင်း) ဖြစ်၏၊ တည်တံ့သော သတိသမ္ဗောဇ္ဈင်ကိုလည်း တည်တံ့၏ဟု ငါသိ၏၊ ငါ့အားသတိသမ္ဗောဇ္ဈင် ရွေ့လျောသွားခဲ့မူ ဤအကြောင်းကြောင့် ရွေ့လျောသွား၏ဟု ငါသိ၏။ပ။ ငါ့သျှင်တို့ဥပေက္ခာသမ္ဗောဇ္ဈင် ဟူ၍ ငါ့အား (နှလုံးသွင်းခြင်း) ဖြစ်ခဲ့မူ မနှိုင်းယှဉ်နိုင်သော ဥပေက္ခာသမ္ဗောဇ္ဈင်ဖြစ်၏ဟု ငါ့အား (နှလုံး သွင်းခြင်း) ဖြစ်၏၊ ကောင်းစွာ ပြည့်စုံပြီးသော ဥပေက္ခာသမ္ဗောဇ္ဈင် ဖြစ်၏ဟုငါ့အား (နှလုံးသွင်းခြင်း) ဖြစ်၏၊ တည်တံ့သော ဥပေက္ခာသမ္ဗောဇ္ဈင်ကိုလည်း တည်တံ့၏ဟု ငါသိ၏၊ ငါ့အား ဥပေက္ခာသမ္ဗောဇ္ဈင် ရွေ့လျောသွားခဲ့မူ ဤအကြောင်းကြောင့် ရွေ့လျောသွား၏ဟု ငါသိ၏။

ငါ့သျှင်တို့ ဥပမာသော်ကား မင်း၏လည်းကောင်း၊ မင်းအမတ်ကြီး၏လည်းကောင်း ပုဆိုးသေတ္တာ သည်အမျိုးမျိုးဆိုးအပ်ကုန်သော ပုဆိုးတို့ဖြင့် ပြည့်ရာ၏။ ထိုမင်းသည် နံနက်အချိန်၌ ဝတ်ရုံလိုသောပုဆိုးအစုံကို ဝတ်ရုံနိုင်ရာ၏၊ မွန်းတည့်အချိန်၌ ဝတ်ရုံလိုသော ပုဆိုးအစုံကို ဝတ်ရုံနိုင်ရာ၏၊ ညနေအချိန်၌ဝတ်ရုံလိုသော ပုဆိုးအစုံကို ဝတ်ရုံနိုင်ရာ၏။

ထို့အတူပင် ငါသည် ဤဗောဇ္ဈင်ခုနစ်ပါးတို့တွင် နံနက်အချိန်၌ နေလိုသော ဗောဇ္ဈင်ဖြင့် နေနိုင်၏၊ မွန်းတည့်အချိန်၌ နေလိုသော ဗောဇ္ဈင်ဖြင့် နေနိုင်၏၊ ညနေအချိန်၌ နေလိုသော ဗောဇ္ဈင်ဖြင့် နေနိုင်၏၊ ငါ့သျှင်တို့ သတိသမ္ဗောဇ္ဈင်ဟူ၍ ငါ့အား (နှလုံးသွင်းခြင်း) ဖြစ်ခဲ့မူ မနှိုင်းယှဉ်နိုင်သော သတိသမ္ဗောဇ္ဈင်ဖြစ်၏ဟု ငါ့အား (နှလုံးသွင်းခြင်း) ဖြစ်၏၊ ကောင်းစွာ ပြည့်စုံပြီးသော သတိသမ္ဗောဇ္ဈင် ဖြစ်၏ဟု ငါ့အား (နှလုံးသွင်းခြင်း) ဖြစ်၏၊ တည်တံ့သော သတိသမ္ဗောဇ္ဈင်ကိုလည်း တည်တံ့၏ဟု ငါသိ၏၊ ငါ့အား သတိ့သမ္ဗောဇ္ဈင် ရွေ့လျောခဲ့မူ ဤအကြောင်းကြောင့် ရွေ့လျောသွား၏ဟု ငါသိ၏။ပ။ ဥပေက္ခာသမ္ဗောဇ္ဈင်ဟူ၍ငါ့အား (နှလုံးသွင်းခြင်း) ဖြစ်ခဲ့မူ မနှိုင်းယှဉ်နိုင်သော ဥပေက္ခာသမ္ဗောဇ္ဈင် ဖြစ်၏ဟု ငါ့အား (နှလုံးသွင်းခြင်း) ဖြစ်၏၊ ကောင်းစွာ ပြည့်စုံပြီးသော ဥပေက္ခာသမ္ဗောဇ္ဈင် ဖြစ်၏ဟု ငါ့အား (နှလုံးသွင်းခြင်း) ဖြစ်၏၊ တည်တံ့သော ဥပေက္ခာသမ္ဗောဇ္ဈင်ကိုလည်း တည်တံ့၏ဟု ငါသိ၏၊ ငါ့အား ဥပေက္ခာသမ္ဗောဇ္ဈင်ရွေ့လျော သွားခဲ့မူ ဤအကြောင်းကြောင့် ရွေ့လျောသွား၏ဟု ငါသိ၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

--

၅-ဘိက္ခုသုတ်

၁၈၆။ သာဝတ္ထိနိဒါန်း။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ တစ်ခုသောနေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား “အသျှင်ဘုရား ဗောဇ္ဈင် ဗောဇ္ဈင်ဟု ဆိုအပ်ပါကုန်၏၊ အဘယ်ကြောင့် ဗောဇ္ဈင်ဟု ဆိုအပ်ပါကုန်သနည်း”ဟု လျှောက်၏၊ ရဟန်း (နိဗ္ဗာန်ကို) သိခြင်းအကျိုးငှါဖြစ်ကုန်သောကြောင့် ဗောဇ္ဈင်တို့ဟု ဆိုအပ်ကုန်၏။

ရဟန်း ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသောချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသောစွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကိုပွါးများ၏။ ဤဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများသော ထိုရဟန်း၏ စိတ်သည် ကာမာသဝမှလည်း လွတ်မြောက်၏၊ ဘဝါသဝမှလည်း လွတ်မြောက်၏၊ အဝိဇ္ဇာသဝမှလည်း လွတ်မြောက်၏၊ လွတ်မြောက်ပြီးသောအရဟတ္တဖိုလ်၌ “လွတ်မြောက်ပြီ”ဟု အသိဉာဏ် ဖြစ်ပေါ်၏၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါတစ်ပါးသောပြုဖွယ် မရှိတော့ပြီ”ဟု သိ၏။ ရဟန်း (နိဗ္ဗာန်ကို) သိခြင်းအကျိုးငှါ ဖြစ်ကုန်သောကြောင့်ဗောဇ္ဈင်တို့ဟု ဆိုအပ်ကုန်၏ဟု (မိန့်တော် မူ၏)။

ပဉ္စမသုတ်။

၆-ကုဏ္ဍလိယသုတ်

၁၈၇။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာကေတမြို့ဝယ် သားတို့အား ဘေးမဲ့ပေးရာဖြစ်သောအဉ္ဇနတော၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ကုဏ္ဍလိယပရိဗိုဇ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-

“အသျှင်ဂေါတမ အကျွန်ုပ်သည် အရံကို အမှီပြု၍ နေလေ့ရှိပါ၏၊ ပရိသတ်၌ ကျက်စားပါ၏၊ ဆွမ်းစားပြီးနောက် နံနက်စာ စားပြီးသောအကျွန်ုပ်အား ‘အရံတစ်ခုမှ အရံတစ်ခုသို့ ဥယျာဉ်တစ်ခုမှ ဥယျာဉ်တစ်ခုသို့ လှည့်လည်သွားလာခြင်း၊ ထိုထိုဤဤ လှည့်လည်ခြင်း’ဟူသော ဤအကျင့် ရှိပါ၏၊ ထိုအကျွန်ုပ်သည် ထိုအရံဥယျာဉ်တို့၌ ဤသို့ ဝါဒတင်ခြင်းမျိုးမှ လွတ်မြောက်ခြင်းအကျိုးလည်းရှိသော သူတစ်ပါးတို့အပေါ်၌ ခြုတ်ခြယ်ခြင်းအကျိုးလည်းရှိသော စကားကို ပြောဆိုနေကုန်သောအချို့ သမဏဗြာဟ္မဏတို့ကိုတွေ့မြင်ရပါ၏၊ အသျှင်ဂေါတမသည်ကား အဘယ်အကျိုးရှိ၍ နေပါသနည်း”ဟု (လျှောက်၏)။

--

ကုဏ္ဍလိယ မြတ်စွာဘုရားသည် အသိဉာဏ် ‘ဝိဇ္ဇာ’၊ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ'အကျိုးအာနိသင်ရှိ၍သာ နေ ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ အဘယ်တရားတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော်အသိဉာဏ် ‘ဝိဇ္ဇာ’၊ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ'ကို ပြည့်စုံစေနိုင်ပါကုန်သနည်း။ ကုဏ္ဍလိယ့ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် အသိဉာဏ် ‘ဝိဇ္ဇာ’၊ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ’ ကို ပြည့်စုံစေနိုင်ပါကုန်၏။ (၁)

အသျှင်ဂေါတမ အဘယ်တရားတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော်ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပြည့်စုံစေနိုင်ပါကုန်သနည်း။ ကုဏ္ဍလိယ သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများအပ်ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပြည့်စုံစေနိုင်ကုန်၏။ (၂)

အသျှင်ဂေါတမ အဘယ်တရားတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော်သတိပဋ္ဌာန်လေးပါးတို့ကို ပြည့်စုံစေနိုင်ပါကုန်သနည်း။ ကုဏ္ဍလိယ ကောင်းသောအကျင့် ‘သုစရိုက်’ သုံးပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် သတိပဋ္ဌာန်လေးပါးတို့ကို ပြည့်စုံစေနိုင်ကုန်၏။ (၃)

အသျှင်ဂေါတမ အဘယ်တရားတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော်ကောင်းသောအကျင့် ‘သုစရိုက်’ သုံးပါးတို့ကို ပြည့်စုံစေနိုင်ပါကုန်သနည်း။ ကုဏ္ဍလိယ ဣန္ဒြေစောင့်စည်းမှု ‘ဣန္ဒြိယသံဝရသီလ’ ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် ကောင်းသောအကျင့် ‘သုစရိုက်’ သုံးပါးတို့ကို ပြည့်စုံစေနိုင်ကုန်၏။ (၄)

ကုဏ္ဍလိယ အဘယ်သို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သော ဣန္ဒြေစောင့်စည်းမှု ‘ဣန္ဒြိယသံဝရသီလ’ သည် ကောင်းသောအကျင့် ‘သုစရိုက်’ သုံးပါးတို့ကို ပြည့်စုံစေနိုင်သနည်း။

ကုဏ္ဍလိယ ဤသာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် နှစ်သက်ဖွယ်အဆင်း ‘ရူပါရုံ'ကို မြင်သည်ရှိသော် မမက်မော၊ မရွှင်ပျ၊ စွဲမက်မှု ‘ရာဂ’ မဖြစ်။ ထိုရဟန်း၏ နာမကာယသည်လည်း (ကမ္မဋ္ဌာန်း) အာရုံ (အဇ္ဈတ္တ) ၌ တည်၏၊ စိတ်သည်လည်း (ကမ္မဋ္ဌာန်း) အာရုံ (အဇ္ဈတ္တ) ၌ တည်၏၊ ကောင်းစွာတည်၏၊ (ကိလေသာမှ) ကောင်းစွာ လွတ်မြောက်၏၊ မျက်စိဖြင့် မနှစ်သက်ဖွယ် အဆင်း ‘ရူပါရုံ’ ကိုမြင်သည်ရှိသော် မျက်နှာမသာယာမှု မဖြစ်၊ (ကိလေသာ၏ အစွမ်းဖြင့်) တည်သော စိတ် မရှိ၊ ဆင်းရဲသော စိတ်မရှိ၊ ဖျက်ဆီးတတ်သော ‘ဒေါသ'စိတ် မရှိ၊ ထိုရဟန်း၏ နာမကာယသည်လည်း (ကမ္မဋ္ဌာန်း) အာရုံ (အဇ္ဈတ္တ) ၌ တည်၏၊ စိတ်သည်လည်း (ကမ္မဋ္ဌာန်း) အာရုံ (အဇ္ဈတ္တ) ၌ တည်၏၊ ကောင်းစွာ တည်၏၊ (ကိလေသာမှ) ကောင်းစွာ လွတ်မြောက်၏။

ကုဏ္ဍလိယ နောက်တစ်မျိုးကား ရဟန်းသည် နားဖြင့် အသံ ‘သဒ္ဒါရုံ’ ကို ကြားသည်ရှိသော်။ပ။

နှာခေါင်းဖြင့် အနံ့ ‘ဂန္ဓာရုံ’ ကို နမ်းသည်ရှိသော်။ပ။ လျှာဖြင့် အရသာ ‘ရသာရုံ’ ကို လျက်သည်ရှိသော်။ပ။

ကိုယ်ဖြင့် အတွေ့အထိ ‘ဖောဋ္ဌဗ္ဗာရုံ’ ကို တွေ့ထိသည်ရှိသော်။ပ။ စိတ်ဖြင့် နှစ်သက်ဖွယ်သော သဘော ‘ဓမ္မာရုံ’ ကို သိသည်ရှိသော် မမက်မော၊ မရွှင်ပျ၊ စွဲမက်မှု ‘ရာဂ’ မဖြစ်။ ထိုရဟန်း၏ နာမကာယသည်လည်း (ကမ္မဋ္ဌာန်း) အာရုံ (အဇ္ဈတ္တ) ၌ တည်၏၊ စိတ်သည်လည်း (ကမ္မဋ္ဌာန်း) အာရုံ (အဇ္ဈတ္တ) ၌ တည်၏၊ ကောင်းစွာ တည်၏၊ (ကိလေသာမှ) ကောင်းစွာ လွတ်မြောက်၏။ စိတ်ဖြင့် မနှစ်သက်ဖွယ်သော သဘော ‘ဓမ္မာရုံ’ ကို သိသည်ရှိသော် မျက်နှာမသာမှု မဖြစ်၊ (ကိလေသာ၏ အစွမ်းဖြင့်) တည်သော စိတ်မရှိ၊ ဆင်းရဲသော စိတ် မရှိ၊ ဖျက်ဆီးတတ်သော ‘ဒေါသ’ စိတ် မရှိ၊ ထိုရဟန်း၏ နာမကာယသည်လည်း (ကမ္မဋ္ဌာန်း) အာရုံ (အဇ္ဈတ္တ) ၌ တည်၏၊ စိတ်သည်လည်း (ကမ္မဋ္ဌာန်း) အာရုံ (အဇ္ဈတ္တ) ၌ တည်၏၊ ကောင်းစွာတည်၏၊ (ကိလေသာမှ) ကောင်းစွာ လွတ်မြောက်၏။

--

ကုဏ္ဍလိယ ယင်းသို့သောအကြောင်းကြောင့်ပင် ရဟန်းအား မျက်စိဖြင့် အဆင်း ‘ရူပါရုံ'ကို မြင်သည်ရှိသော် နှစ်သက်ဖွယ် မနှစ်သက်ဖွယ်ဖြစ်သောအဆင်း ‘ရူပါရုံ'တို့၌ နာမကာယသည်လည်း (ကမ္မဋ္ဌာန်း) အာရုံ (အဇ္ဈတ္တ) ၌ တည်၏၊ စိတ်သည်လည်း (ကမ္မဋ္ဌာန်း) အာရုံ (အဇ္ဈတ္တ) ၌ တည်၏၊ ကောင်းစွာတည်၏၊ (ကိလေသာမှ) ကောင်းစွာ လွတ်မြောက်၏။ နားဖြင့် အသံ ‘သဒ္ဒါရုံ'ကို ကြားသည်ရှိသော်။ပ။

နှာခေါင်းဖြင့် အနံ့ ‘ဂန္ဓာရုံ'ကို နမ်းသည်ရှိသော်။ပ။ လျှာဖြင့် အရသာ ‘ရသာရုံ’ ကို လျက်သည်ရှိသော်။ပ။

ကိုယ်ဖြင့် အတွေ့အထိ ‘ဖောဋ္ဌဗ္ဗာရုံ'ကို တွေ့ထိသည်ရှိသော်။ပ။ စိတ်ဖြင့် သဘောတရား ‘ဓမ္မာရုံ'ကိုတွေ့ထိ သည်ရှိသော် နှစ်သက်ဖွယ် မနှစ်သက်ဖွယ်ဖြစ်သော သဘောတရား ‘ဓမ္မာရုံ’ တို့၌နာမကာယသည်လည်း (ကမ္မဋ္ဌာန်း) အာရုံ (အဇ္ဈတ္တ) ၌ တည်၏၊ စိတ်သည်လည်း (ကမ္မဋ္ဌာန်း) အာရုံ (အဇ္ဈတ္တ) ၌ တည်၏၊ ကောင်းစွာ တည်၏၊ (ကိလေသာမှ) ကောင်းစွာ လွတ်မြောက်၏။

ကုဏ္ဍလိယ ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သော ဣန္ဒြေစောင့်စည်းမှု ‘ဣန္ဒြိယသံဝရသီလ’ သည် ကောင်းသောအကျင့် ‘သုစရိုက်’ သုံးပါးတို့ကို ပြည့်စုံစေနိုင်၏။ (၁)

ကုဏ္ဍလိယ အဘယ်သို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သော ကောင်းသောအကျင့် ‘သုစရိုက်’ သုံးပါးတို့သည် သတိပဋ္ဌာန်လေးပါးတို့ကို ပြည့်စုံစေနိုင်ကုန်သနည်း။

ကုဏ္ဍလိယ ဤသာသနာတော်၌ ရဟန်းသည် ကိုယ်ဖြင့် ပြုအပ်သော မကောင်းသောအကျင့် ‘ကာယဒုစရိုက်’ ကို ပယ်၍ ကိုယ်ဖြင့် ပြုအပ်သော ကောင်းသောအကျင့် ‘ကာယသုစရိုက်’ ကို ပွါးများ၏၊ နှုတ်ဖြင့် ပြုအပ်သော မကောင်းသောအကျင့် ‘ဝစီဒုစရိုက်’ ကို ပယ်၍ နှုတ်ဖြင့် ပြုအပ်သောကောင်းသောအကျင့် ‘ဝစီသုစရိုက်’ ကို ပွါးများ၏၊ စိတ်ဖြင့် ကြံအပ်သော မကောင်းသောအကျင့် ‘မနောဒုစရိုက်’ ကို ပယ်၍ စိတ်ဖြင့် ပြုအပ်သော ကောင်းသောအကျင့် ‘မနောသုစရိုက်’ ကိုပွါးများ၏။

ကုဏ္ဍလိယ ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သော ကောင်းသောအကျင့် ‘သုစရိုက်’ သုံးပါးတို့သည် သတိပဋ္ဌာန်လေးပါးတို့ကို ပြည့်စုံစေနိုင်ကုန်၏။ (၂)

ကုဏ္ဍလိယ အဘယ်သို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သော သတိပဋ္ဌာန်လေးပါး တို့သည်ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပြည့်စုံစေနိုင်ကုန်သနည်း။

ကုဏ္ဍလိယ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်လျက် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်'အောက်မေ့မှု ‘သတိ’ နှင့် ပြည့်စုံသည်ဖြစ်၍ လောက၌ မက်မောမှု ‘အဘိဇ္ဈာ'နှလုံးမသာမှု ‘ဒေါမနဿ'တို့ကို ပယ်ဖျောက်၍ ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အဖန်ဖန် ရှုလျက် နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်လျက် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ နှင့်ပြည့်စုံသည်ဖြစ်၍ လောက၌ မက်မောမှု ‘အဘိဇ္ဈာ’ နှလုံးမသာမှု ‘ဒေါမနဿ'တို့ကို ပယ်ဖျောက်၍သဘောတရားတို့၌ သဘောတရားတို့ကို အဖန် ဖန် ရှုလျက် နေ၏။

ကုဏ္ဍလိယ ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သော သတိပဋ္ဌာန်လေးပါးတို့သည်ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပြည့်စုံစေနိုင်ကုန်၏။ (၃)

ကုဏ္ဍလိယ အဘယ်သို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သော ဗောဇ္ဈင်ခုနစ်ပါးတို့သည်အသိဉာဏ် ‘ဝိဇ္ဇာ’ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ’ ကို ပြည့်စုံစေနိုင်ကုန်သနည်း။

ကုဏ္ဍလိယ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကိုမှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဆိတ်ငြိမ်ခြင်းကိုမှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သောဥပေက္ခာသမ္ဗောဇ္ဈင် ကို ပွါးများ၏။

--

ကုဏ္ဍလိယ ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သော ဗောဇ္ဈင်ခုနစ်ပါးတို့သည်အသိဉာဏ် ‘ဝိဇ္ဇာ’ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ'ကို ပြည့်စုံစေနိုင်ကုန်၏ဟု (မိန့်တော်မူ၏)။ (၄)

ဤသို့ မိန့်တော်မူသည်ရှိသော် ကုဏ္ဍလိယပရိဗိုဇ်သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-"အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဂေါတမ (တရားတော် သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ အသျှင်ဂေါတမ မှောက်ထားသောအိုးကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသော ဝတ္ထုကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သော သူအား လမ်း မှန်ကို့ပြောကြားဘိသကဲ့သို့လည်းကောင်း၊ ‘မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်’ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း (အသျှင်ဂေါတမ) ဤအတူ ပင်လျှင် အသျှင်ဂေါတမသည် အကြောင်းအမျိုးမျိုးဖြင့် တရားတော်ကို ပြတော်မူပါပေ၏။ အသျှင်ဂေါတမ ထိုအကျွန်ုပ်သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှ စ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟုမှတ်တော်မူပါ”ဟု လျှောက်၏။

ဆဋ္ဌသုတ်။

၇-ကူဋာဂါရသုတ်

၁၈၈။ ရဟန်းတို့ အထွတ်တပ်သောအိမ်၌ အလုံးစုံသောအခြင်ရနယ်တို့သည် အထွတ်သို့ ညွတ်ကိုင်းရှိုင်းကုန်သကဲ့သို့ ထို့အတူပင် ရဟန်းသည် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများသည်ရှိသော် ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် နိဗ္ဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်း၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည်ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများသည်ရှိသော် ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် နိဗ္ဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်းသနည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများသည်ရှိသော် ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် နိဗ္ဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်း၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

--

၈-ဥပဝါနသုတ်

၁၈၉။ အခါတစ်ပါး၌ အသျှင်ဥပဝါနနှင့် အသျှင်သာရိပုတြာတို့သည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ (သီတင်းသုံး) နေကုန်၏၊ ထိုအခါ အသျှင်သာရိပုတြာသည် ညနေချမ်းအခါ တစ်ပါးတည်း ကိန်းအောင်းရာမှ ထခဲ့၍ အသျှင်ဥပဝါနထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်ဥပဝါနနှင့် အတူ ဝမ်းမြောက်ဝမ်းသာနှုတ်ဆက်ပြောဆိုပြီးသော် တစ်ခုသော နေရာ၌ ထိုင်နေလျက် ဥပဝါနအား “ငါ့သျှင်ဥပဝါန ရဟန်းသည်သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် ဤသို့ ကောင်းစွာ အားထုတ်ပြီးကုန်သောဗောဇ္ဈင်ခုနစ်ပါး တို့သည် ငါ့အား ချမ်းသာစွာ နေခြင်းငှါ ဖြစ်ကုန်၏ဟု ကိုယ်တိုင်ပင်သိနိုင်ရာသလော”ဟု ဤစကားကို ဆို၏။ ငါ့သျှင်သာရိပုတြာ ရဟန်းသည် သင့်လျော်သောအားဖြင့်နှလုံးသွင်းခြင်းကြောင့် ဤသို့ ကောင်းစွာ အားထုတ်ပြီးကုန်သော ဗောဇ္ဈင်ခုနစ်ပါးတို့သည် ငါ့အားချမ်းသာစွာ နေခြင်းငှါ ဖြစ်ကုန်၏ဟု ကိုယ်တိုင်ပင် သိနိုင်ရာ၏။

ငါ့သျှင် ရဟန်းသည် သတိသမ္ဗောဇ္ဈင်ကို အားထုတ်သည်ရှိသော် “ငါ၏ စိတ်သည်လည်း (ကိလေသာ မှ) ကောင်းစွာ လွတ်မြောက်၏၊ ငါသည် လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ ကိုလည်းကောင်းစွာ နုတ်ပယ်အပ်ပြီ၊ ငါသည် စိတ်ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’၊ နောင်တတစ်ဖန် ပူပန်မှု ‘ကုက္ကုစ္စ'ကိုလည်းကောင်းစွာ ပယ်ဖျောက်ပြီးပြီ၊ ငါသည် လုံ့လကိုလည်း မြဲမြံစွာ အားထုတ်ပြီးပြီ၊ ငါသည် အလိုရှိသည်ကို ပြု၍ နှလုံးသွင်း၏၊ တွန့်ဆုတ်ခြင်းလည်း မဖြစ်”ဟု သိ၏။ပ။ ငါ့သျှင် ရဟန်းသည် ဥပေက္ခာသမ္ဗောဇ္ဈင်ကို အားထုတ်သည်ရှိသော်"ငါ၏ စိတ်သည်လည်း (ကိလေသာမှ) ကောင်းစွာ လွတ်မြောက်၏၊ ငါသည် လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ'့ကိုလည်းကောင်းစွာ နုတ်ပယ်အပ်ပြီ၊ ငါသည် စိတ်ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’၊ နောင်တတစ်ဖန် ပူပန်မှု ‘ကုက္ကုစ္စ'ကိုလည်းကောင်းစွာ ပယ်ဖျောက်ပြီးပြီ၊ ငါသည် လုံ့လကိုလည်း မြဲမြံစွာ အားထုတ်ပြီးပြီ၊ ငါသည်အလိုရှိ သည်ကို ပြု၍ နှလုံးသွင်း၏၊ တွန့်ဆုတ်ခြင်းလည်း မဖြစ်”ဟု သိ၏။

“ငါ့သျှင် သာရိပုတြာ ဤသို့လျှင် ရဟန်းသည် သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် ဤသို့ကောင်းစွာ အားထုတ်အပ်ကုန်သော ဗောဇ္ဈင်ခုနစ်ပါးတို့သည် ငါ့အား ချမ်းသာစွာ နေခြင်းငှါ ဖြစ်ကုန်၏ဟု ကိုယ်တိုင်ပင် သိနိုင်ရာ၏”ဟု (ဖြေဆိုလေ၏)။

အဋ္ဌမသုတ်။

--

၉-ပဌမ ဥပ္ပန္နသုတ်

၁၉၀။ ရဟန်းတို့ မဖြစ်ပေါ်ဖူးသေးကုန်သော ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သောဤဗောဇ္ဈင်ခုနစ်ပါးတို့သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား ထင်ရှားပွင့်သောအခါ၌သာ ဖြစ်ကြကုန်၏။ အဘယ်ခုနစ်ပါးတို့နည်း၊ သတိသမ္ဗောဇ္ဈင်။ပ။ ဥပေက္ခာသမ္ဗောဇ္ဈင်တို့တည်း။

ရဟန်းတို့ မဖြစ်ပေါ်ဖူးသေးကုန်သော ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သော ဤဗောဇ္ဈင်ခုနစ်ပါးတို့သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော်မူသော မြတ်စွာဘုရား ထင်ရှားပွင့်သောအခါ၌သာ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

<-->နဝမသုတ်။

၁၀-ဒုတိယ ဥပ္ပန္နသုတ်

၁၉၁။ ရဟန်းတို့ မဖြစ်ပေါ်ဖူးသေးကုန်သော ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သောဤဗောဇ္ဈင်ခုနစ်ပါးတို့သည် မြတ်စွာဘုရား၏ အဆုံးအမ ‘သာသနာ’၌သာ ဖြစ်ကုန်၏၊ အခြားသာသနာ၌မဖြစ်ကုန်။ အဘယ်ခုနစ်ပါးတို့နည်း၊ သတိသမ္ဗောဇ္ဈင်။ပ။ ဥပေက္ခာသမ္ဗောဇ္ဈင်တို့တည်း။

ရဟန်းတို့ မဖြစ်ပေါ်ဖူးသေးကုန်သော ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သော ဤဗောဇ္ဈင်ခုနစ်ပါးတို့သည် မြတ်စွာဘုရား၏ အဆုံးအမ ‘သာသနာ’ ၌သာ ဖြစ်ကုန်၏၊ အခြားသာသနာ၌ မဖြစ်ကုန်ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ရှေးဦးစွာသော ပဗ္ဗတဝဂ်ပြီး၏။

--

၂-ဂိလာနဝဂ်

၁-ပါဏသုတ်

၁၉၂။ ရဟန်းတို့ အလုံးစုံသော သတ္တဝါတို့သည် မြေကြီးကို မှီ၍ မြေကြီး၌ တည်၍ ရံခါ သွား ခြင်း၊ ရံခါ ရပ်ခြင်း၊ ရံခါ ထိုင်ခြင်း၊ ရံခါ အိပ်ခြင်း ဣရိယာပုတ်လေးပါးတို့ကို ပြုလုပ်ကုန်သကဲ့သို့ ထို့အတူပင် ရဟန်းသည် သီလကို မှီ၍ သီလ၌ တည်၍ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများ၏၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ကြိမ်ဖန်များစွာ ပြုလုပ်၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် သီလကို မှီ၍ သီလ၌ တည်၍ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါများသနည်း၊ ကြိမ်ဖန်များစွာ ပြုလုပ်သနည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကိုမှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများ၏။

ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် သီလကို မှီ၍ သီလ၌ တည်၍ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများ ၏၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ကြိမ်ဖန်များစွာ ပြုလုပ်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

၂-ပဌမ သူရိယူပမသုတ်

၁၉၃။ ရဟန်းတို့ အရုဏ်တက်ခြင်းသည် နေထွက်ပေါ်လာခြင်း၏ ရှေ့သွားဖြစ်သကဲ့သို့ ပုဗ္ဗနိမိတ်ဖြစ်သကဲ့သို့ ရဟန်းတို့ ထို့အတူပင် ရဟန်းအား မိတ်ဆွေကောင်းရှိခြင်းသည် ဗောဇ္ဈင်ခုနစ်ပါးတို့ ဖြစ်ပေါ်ရန် ရှေ့သွားဖြစ်၏၊ ပုဗ္ဗနိမိတ်ဖြစ်၏။ ရဟန်းတို့ မိတ်ဆွေကောင်းရှိသော ရဟန်းအား ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများလတ္တံ့၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ကြိမ်ဖန်များစွာ ပြုလုပ်လတ္တံ့ဟု မျှော်လင့်အပ်၏။

ရဟန်းတို့ အဘယ်သို့လျှင် မိတ်ဆွေကောင်းရှိသော ရဟန်းသည် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများသနည်း၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ကြိမ်ဖန်များစွာ ပြုလုပ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသောချုပ် ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများ၏။

ရဟန်းတို့ ဤသို့လျှင် မိတ်ဆွေကောင်းရှိသော ရဟန်းသည် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများ၏၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ကြိမ်ဖန်များစွာ ပြုလုပ်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

--

၃-ဒုတိယ သူရိယူပမသုတ်

၁၉၄။ ရဟန်းတို့ အရုဏ်တက်ခြင်းသည် နေထွက်ပေါ်လာခြင်း၏ ရှေ့သွားဖြစ်သကဲ့သို့ ပုဗ္ဗနိမိတ်ဖြစ်သကဲ့သို့ ရဟန်းတို့ ထို့အတူပင် ရဟန်းအား သင့်လျော်သောအားဖြင့် နှလုံးသွင်းမှုနှင့် ပြည့်စုံခြင်းသည် ဗောဇ္ဈင်ခုနစ်ပါးတို့ ဖြစ်ပေါ်ရန် ရှေ့သွားဖြစ်၏၊ ပုဗ္ဗနိမိတ်ဖြစ်၏၊ ရဟန်းတို့ သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းနှင့် ပြည့်စုံသော ရဟန်းအား ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများလတ္တံ့၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ကြိမ်ဖန်များစွာ ပြုလုပ်လတ္တံ့ဟု မျှော်လင့်အပ်၏။

ရဟန်းတို့ အဘယ်သို့လျှင် သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းနှင့် ပြည့်စုံသော ရဟန်းသည်ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများသနည်း၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ကြိမ်ဖန်များစွာ ပြုလုပ်သနည်း။ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသောချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသောစွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ‘ဥပေက္ခာသမ္ဗောဇ္ဈင်’ ကိုပွါးများ၏။

ရဟန်းတို့ ဤသို့လျှင် သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းနှင့် ပြည့်စုံသော ရဟန်းသည်ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများ၏၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ကြိမ်ဖန်များစွာ ပြုလုပ်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။

၄-ပဌမ ဂိလာနသုတ်

၁၉၅။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေးရာဖြစ်သောဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်မဟာကဿပသည် ပိပ္ပလိလိုဏ်ဂူ၌ အနာနှိပ်စက်ရကား ဆင်းရဲခြင်းသို့ ရောက်လျက် ပြင်းထန်စွာ မကျန်းမမာ ဖြစ်နေ၏။ ထိုအခါ မြတ်စွာဘုရား့သည် ညနေချမ်းအချိန်၌ တစ်ပါးတည်း ကိန်းအောင်းတော်မူရာမှ ထတော်မူခဲ့၍ အသျှင်မဟာကဿပထံသို့ချဉ်းကပ်တော်မူပြီးလျှင် ခင်းထားသော နေရာ၌ ထိုင်နေတော်မူပြီးသော် အသျှင်မဟာကဿပအား-

“ကဿပ သင့်အား ခန့်ကျန်းပါ၏လော၊ မျှတပါ၏လော၊ ဆင်းရဲဝေဒနာတို့သည် ဆုတ်ယုတ်ပါ၏လော၊ မတိုးပွါးဘဲ ရှိပါကုန်၏လော၊ ဆင်းရဲဝေဒနာတို့သည် ဆုတ်ယုတ်၏ဟု ထင်ပါ၏လော၊ တိုးပွါး၏ဟု မထင်ဘဲ ရှိပါ၏လော”ဟု မိန့်တော်မူ၏။ အသျှင်ဘုရား အကျွန်ုပ်အား မခန့်ကျန်းပါ၊ မမျှတပါ၊ ဆင်းရဲ ဝေနာတို့သည် တိုးပွါးပါကုန်၏၊ မဆုတ်ယုတ်ပါကုန်၊ ဆင်းရဲဝေဒနာတို့သည်တိုးပွါး၏ဟု ထင်ပါ၏၊ ဆုတ် ယုတ်၏ဟု မထင်ပါဟု (လျှောက်၏)။

--

ကဿပ ငါသည် ကောင်းစွာ ဟောကြားအပ်ကုန်သော ဤဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ကိုယ်တိုင် သိခြင်းငှါ နိဗ္ဗာန်အကျိုးငှါ ဖြစ်ကုန်၏၊ အဘယ်ခုနစ်ပါးတို့နည်း။ ကဿပ ငါသည် ကောင်းစွာ ဟောကြားအပ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် ထူးသောဉာဏ်ဖြင့် သိခြင်းငှါကိုယ်တိုင် သိခြင်းငှါ နိဗ္ဗာန်အကျိုးငှါ ဖြစ်၏။ပ။ ကဿပ ငါသည် ကောင်းစွာ ဟောကြားအပ်သောဥပေက္ခာ သမ္ဗောဇ္ဈင်ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် ထူးသော ဉာဏ်ဖြင့်သိခြင်းငှါ ကိုယ်တိုင် သိခြင်းငှါ နိဗ္ဗာန်အကျိုးငှါ ဖြစ်၏။

ကဿပ ငါသည် ကောင်းစွာ ဟောကြားအပ်ကုန်သော ဤဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ကိုယ်တိုင် သိခြင်းငှါ နိဗ္ဗာန်အကျိုးငှါ ဖြစ်ကုန်၏ဟု ဟောတော်မူလတ်သော် မြတ်စွာဘုရား ဗောဇ္ဈင်တို့သည် စင်စစ် ကောင်းမြတ်ပါကုန်၏၊ မြတ်စွာဘုရား ဗောဇ္ဈင်တို့သည် စင်စစ် ကောင်းမြတ်ပါကုန်၏ဟု လျှောက်ထား၏။

မြတ်စွာဘုရားသည် ဤဗောဇ္ဈင်တရားကို ဟောတော်မူ၏၊ အသျှင်မဟာကဿပသည် မြတ်စွာဘုရားဟောကြားအပ်သော တရားတော်ကို အလွန်နှစ်သက်ဝမ်းမြောက်၏၊ ထိုအနာမှလည်း ထမြောက်၏၊ ထိုနှစ်သက်ခြင်းဖြင့်ပင် အနာကို ပယ်ဖျောက်နိုင်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

၅-ဒုတိယ ဂိလာနသုတ်

၁၉၆။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေးရာဖြစ်သောဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် ဂိဇ္ဈကုဋ်တောင်၌အနာနှိပ်စက်ရကား ဆင်းရဲခြင်းသို့ ရောက်လျက် ပြင်းထန်စွာ မကျန်းမမာ ဖြစ်နေ၏။ ထိုအခါ မြတ်စွာဘုရား သည် ညနေချမ်းအချိန်၌ တစ်ပါးတည်း ကိန်းအောင်းတော်မူရာမှ ထတော်မူခဲ့၍ အသျှင်မဟာမောဂ္ဂလာန်ထံသို့ ချဉ်းကပ်တော်မူပြီးလျှင် ခင်းထားအပ်သော နေရာ၌ ထိုင်နေတော်မူပြီးသော် အသျှင်မဟာမောဂ္ဂလာန်အား-

“မောဂ္ဂလာန် သင့်အား ခန့်ကျန်းပါ၏လော၊ မျှတပါ၏လော၊ ဆင်းရဲဝေဒနာတို့သည် ဆုတ်ယုတ်ပါ၏လော၊ မတိုးပွါးဘဲ ရှိပါကုန်၏လော၊ ဆင်းရဲဝေဒနာတို့သည် ဆုတ်ယုတ်၏ဟု ထင်ပါ၏လော၊ တိုးပွါး၏ဟု မထင်ဘဲ ရှိပါ၏လော”ဟု မိန့်တော်မူ၏။ အသျှင်ဘုရား အကျွန်ုပ်အား မခန့်ကျန်းပါ၊ မမျှတပါ၊ ဆင်းရဲဝေနာတို့သည် တိုးပွါးပါကုန်၏၊ မဆုတ်ယုတ်ပါကုန်၊ ဆင်းရဲဝေဒနာတို့သည် တိုးပွါး၏ဟုထင်ပါ၏၊ ဆုတ်ယုတ်၏ဟု မထင်ပါဟု (လျှောက်၏)။

မောဂ္ဂလာန် ငါသည် ကောင်းစွာ ဟောကြားအပ်ကုန်သော ဤဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများအပ်ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ကိုယ်တိုင် သိခြင်းငှါ နိဗ္ဗာန်အကျိုးငှါ ဖြစ်ကုန်၏။ အဘယ်ခုနစ်ပါးတို့နည်း၊ မောဂ္ဂလာန် ငါသည် ကောင်းစွာ ဟောကြားအပ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် ထူးသော ဉာဏ်ဖြင့် သိခြင်းငှါကိုယ်တိုင် သိခြင်းငှါ နိဗ္ဗာန်အကျိုးငှါ ဖြစ်၏။ပ။ မောဂ္ဂလာန် ငါသည် ကောင်းစွာ ဟောကြားအပ်သောဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် ထူးသော ဉာဏ်ဖြင့် သိခြင်းငှါကိုယ်တိုင် သိခြင်းငှါ နိဗ္ဗာန်အကျိုးငှါ ဖြစ်၏။

--

မောဂ္ဂလာန် ငါသည် ကောင်းစွာ ဟောကြားအပ်ကုန်သော ဤဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများအပ်ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ကိုယ်တိုင် သိခြင်းငှါ နိဗ္ဗာန်အကျိုးငှါ ဖြစ်ကုန်၏ဟု ဟောတော်မူလတ်သော် မြတ်စွာဘုရား ဗောဇ္ဈင်တို့သည် စင်စစ် ကောင်းမြတ်ပါကုန်၏၊ မြတ်စွာဘုရား ဗောဇ္ဈင်တို့သည် စင်စစ် ကောင်းမြတ်ပါကုန်၏ဟု လျှောက်ထား၏။

မြတ်စွာဘုရားသည် ဤဗောဇ္ဈင်တရားကို ဟောတော်မူ၏၊ အသျှင်မဟာမောဂ္ဂလာန်သည် မြတ်စွာဘုရား ဟောကြားအပ်သော တရားတော်ကို အလွန်နှစ်သက်ဝမ်းမြောက်၏၊ ထိုအနာမှလည်းထမြောက်၏၊ ထိုနှစ်သက်ခြင်းဖြင့်ပင် ထိုအနာကို ပယ်ဖျောက်နိုင်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

၆-တတိယ ဂိလာနသုတ်

၁၉၇။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေးရာဖြစ်သောဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် အနာနှိပ်စက်ရကား ဆင်းရဲခြင်းသို့ ရောက်လျက် ပြင်းထန်စွာ မကျန်းမမာ ဖြစ်နေ၏။ ထိုအခါ အသျှင်မဟာစုန္ဒသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးပြီး၍ တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသောနေရာ၌ ထိုင်နေသောအသျှင်မဟာစုန္ဒအား “စုန္ဒ ဗောဇ္ဈင်တို့ကို သင်၏ ဉာဏ်၌ ထင်ပါစေလော့”ဟုမိန့်တော် မူ၏။

အသျှင်ဘုရား မြတ်စွာဘုရားသည် ကောင်းစွာ ဟောကြားအပ်ကုန်သော ဤဗောဇ္ဈင်ခုနစ်ပါးတို့ကိုပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ကိုယ်တိုင်သိခြင်းငှါ နိဗ္ဗာန်အကျိုးငှါ ဖြစ်ပါကုန်၏။ အဘယ်ခုနစ်ပါးတို့နည်း၊ အသျှင်ဘုရား မြတ်စွာဘုရားသည်ကောင်းစွာ ဟောကြားအပ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော်ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ကိုယ်တိုင် သိခြင်းငှါ နိဗ္ဗာန်အကျိုးငှါ ဖြစ်ပါ၏။ပ။ အသျှင်ဘုရားမြတ်စွာဘုရားသည် ကောင်းစွာ ဟောကြားအပ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများအပ် ကြိမ်ဖန်များစွာပြုလုပ်အပ်သည်ရှိ သော် ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ကိုယ်တိုင် သိခြင်းငှါ နိဗ္ဗာန်အကျိုးငှါ ဖြစ်ပါ၏။

အသျှင်ဘုရား မြတ်စွာဘုရားသည် ကောင်းစွာ ဟောကြားအပ်ကုန်သော ဤဗောဇ္ဈင်ခုနစ်ပါးတို့ကိုပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ကိုယ်တိုင်သိခြင်းငှါ နိဗ္ဗာန်အကျိုးငှါ ဖြစ်ပါကုန်၏ဟု လျှောက်၏။ စုန္ဒ ဗောဇ္ဈင်တို့သည် စင်စစ် ကောင်းမြတ်ကုန်၏၊ စုန္ဒ ဗောဇ္ဈင်တို့သည် စင်စစ် ကောင်းမြတ်ကုန်၏ဟု မိန့်တော်မူ၏။

--

အသျှင်စုန္ဒသည် ဤဗောဇ္ဈင်တရားတော်ကို လျှောက်ထား၏၊ မြတ်စွာဘုရားသည် နှစ်သက်တော်မူ၏၊ ထိုအနာမှလည်း ထတော်မူ၏၊ ထိုနှစ်သက်ခြင်းဖြင့်ပင် ထိုအနာကို ပယ်စွန့်တော်မူနိုင်၏။

ဆဋ္ဌသုတ်။

၇-ပါရင်္ဂမသုတ်

၁၉၈။ ရဟန်းတို့ ဤဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် (သံသရာဝဋ်ဟူသော) ဤဘက်ကမ်းမှ (နိဗ္ဗာန်တည်းဟူသော) ထိုဘက်ကမ်းသို့ ရောက်နိုင်ရန် ဖြစ်ကုန်၏။

အဘယ်ခုနစ်ပါးတို့နည်း၊ သတိသမ္ဗောဇ္ဈင်။ပ။ ဥပေက္ခာသမ္ဗောဇ္ဈင်တို့တည်း။ ရဟန်းတို့ ဤဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် (သံသရာဝဋ်ဟူသော) ဤဘက်ကမ်းမှ (နိဗ္ဗာန်တည်းဟူသော) ထိုဘက်ကမ်းသို့ ရောက်နိုင်ရန် ဖြစ်ကုန်၏။

လူတို့တွင် (နိဗ္ဗာန်ဟူသော) တစ်ဖက်ကမ်းသို့ ရောက်ကုန်သူတို့သည် အနည်း ငယ်သာ ဖြစ်ကုန်၏၊ ဤနိဗ္ဗာန်သို့ ရောက်သူမှ တစ်ပါး အခြားသော သတ္တဝါသည် ကား ဝဋ်ဆင်းရဲဟူသောဤဘက်ကမ်း၌သာလျှင် လှည့်လည်ပြေးသွားရ၏။

ကောင်းစွာ ဟောကြားအပ်သော ဗောဇ္ဈင်တရားတော်၌ တရားသို့ အစဉ်လိုက်၍ ကျင့်ကြသူတို့သည်ကူးမြောက်နိုင်ခဲသော သေမင်း၏ နိုင်ငံကို (လွန်မြောက်၍) နိဗ္ဗာန်ဟူသော တစ်ဖက်ကမ်းသို့ရောက်ကြရကုန်လတ္တံ့။

ပညာရှိသူသည် မည်းနက်သော (အကုသိုလ်) တရားကို ပယ်စွန့်၍ (သံသရာ) ဝဋ်မှ နိဗ္ဗာန်ကိုအာရုံပြုလျက် ဖြူစင်သော (ကုသိုလ်) တရားကို ပွါးများရာ၏။

အကြင်ဆိတ်ငြိမ်မှု ‘ဝိဝေက’၌ မွေ့လျော်နိုင်ခဲ၏၊ ထိုဆိတ်ငြိမ်မှု ‘ဝိဝေက’ ၌ အလွန် မွေ့လျော်မှုကိုအလိုရှိရာ၏။ ပညာရှိသော သူသည် ကာမဂုဏ်တို့ကို ပယ်စွန့်လျက် ကိလေသာအကြွင်းအကျန် မရှိမူ၍စိတ်ကို ညစ်ညူးစေတတ်သော နီဝရဏ တရားတို့မှ မိမိကိုယ်ကို ဖြူစင်သန့်ရှင်းစေရာ၏။

အကြင်ပုဂ္ဂိုလ်တို့အား အရဟတ္တမဂ်၏ အကြောင်းဖြစ်သော ဗောဇ္ဈင်ခုနစ်ပါးတို့၌ စိတ်ကို ပွါးများအပ်၏၊ ထိုပုဂ္ဂိုလ်တို့သည် မစွဲလမ်းမူ၍ စွဲလမ်းမှု ‘ဥပါဒါန်'ကို စွန့်ရာ နိဗ္ဗာန်၌ မွေ့လျော်ကြကုန်၏။ လောက၌အာသဝကုန်ပြီးသော ကြီးသောအာနုဘော်ရှိသော ထိုပုဂ္ဂိုလ်တို့သည် ပရိနိဗ္ဗာန်ဝင်စံ ချုပ်ငြိမ်းကြကုန်၏ဟု (မိန့် တော်မူ၏)။

သတ္တမသုတ်။

--

၈-ဝိရဒ္ဓသုတ်

၁၉၉။ ရဟန်းတို့ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ချွတ်ယွင်းစေသူဟူသမျှတို့အား ကောင်းစွာ ဝဋ်ဆင်းရဲ၏ကုန်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သောအရိယမဂ်ကို ချွတ်ယွင်းစေသည် မည်၏။ ရဟန်းတို့ ဗောဇ္ဈင်ခုနစ်ပါးတို့ကို အားထုတ်ကြသူဟူသမျှတို့အား ကောင်းစွာ ဝဋ်ဆင်းရဲ၏ ကုန်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း ဖြစ်သောအရိယမဂ်ကို အားထုတ်အပ်သည် မည်၏။ အဘယ်ခုနစ်ပါးတို့နည်း၊ သတိသမ္ဗောဇ္ဈင်။ပ။ ဥပေက္ခာသမ္ဗောဇ္ဈင်တို့တည်း။

ရဟန်းတို့ ဤဗောဇ္ဈင်ခုနစ်ပါးတို့ကို ချွတ်ယွင်းစေသူတို့အား ကောင်းစွာ ဝဋ်ဆင်းရဲ၏ ကုန်ရာနိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သောအရိယမဂ်ကို ချွတ်ယွင်းစေသည် မည်၏။ ရဟန်းတို့ ဤဗောဇ္ဈင်ခုနစ်ပါးတို့ကို အားထုတ်ကြသူတို့အား ကောင်းစွာ ဝဋ်ဆင်းရဲ၏ ကုန်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းအရိယ မဂ်ကို အားထုတ်အပ်သည် မည်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

၉-အရိယသုတ်

၂၀၀။ ရဟန်းတို့ ဖြူစင်ကောင်းမြတ်၍ ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်ကုန်သော ဤဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် ထိုဗောဇ္ဈင်ကို ပြုလုပ်ပွါးများသူကိုကောင်းစွာ ဆင်းရဲကုန်ခြင်းအကျိုးငှါ ထုတ်ဆောင်ကုန်၏။ အဘယ်ခုနစ်ပါးတို့နည်း၊ သတိသမ္ဗောဇ္ဈင်။ပ။

ဥပေက္ခာသမ္ဗောဇ္ဈင်တို့တည်း။

ရဟန်းတို့ ပွါးများအပ်ကုန်သော ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သော ဖြူစင်ကောင်းမြတ်၍ ဝဋ့်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်ကုန်သော ဤဗောဇ္ဈင်ခုနစ်ပါးတို့သည် ထိုဗောဇ္ဈင်ကိုပြုလုပ်ပွါးများသူကို ကောင်းစွာ ဆင်းရဲကုန်ခြင်းအကျိုးငှါ ထုတ်ဆောင်ကုန်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။

--

၁၀-နိဗ္ဗိဒါသုတ်

၂၀၁။ ရဟန်းတို့ ဤဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိ သော်စင်စစ် ငြီးငွေ့ခြင်းငှါ စွဲမက်မှု ‘ရာဂ'ကင်းခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ (ကိလေသာ) ငြိမ်းအေးခြင်းငှါအထူးသိခြင်းငှါ ကိုယ်တိုင်သိခြင်းငှါ နိဗ္ဗာန်အကျိုးငှါ ဖြစ်ကုန်၏။ အဘယ်ခုနစ်ပါးတို့နည်း၊ သတိသမ္ဗောဇ္ဈင်။ပ။ ဥပေက္ခာသမ္ဗောဇ္ဈင်တို့တည်း။

ရဟန်းတို့ ဤဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် စင်စစ်ငြီးငွေ့ခြင်းငှါ စွဲမက်မှု ‘ရာဂ’ ကင်းခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ (ကိလေသာ) ငြိမ်းအေးခြင်းငှါ အထူး သိခြင်းငှါကိုယ်တိုင်သိခြင်းငှါ နိဗ္ဗာန်အကျိုးငှါ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

နှစ်ခုမြောက် ဂိလာနဝဂ် ပြီး၏။

--

၃- ဥဒါယိဝဂ်

၁-ဗောဓာယသုတ်

၂၀၂။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် တစ်ခုသော နေရာ၌ထိုင်နေပြီးသော် မြတ်စွာဘုရားအား-အသျှင်ဘုရား “ဗောဇ္ဈင် ဗောဇ္ဈင်”ဟု ဆိုအပ်ကုန်၏၊ အဘယ်ကြောင့် “ဗောဇ္ဈင်”ဟု ဆိုအပ်ပါကုန်သနည်းဟု လျှောက်၏။ ရဟန်း နိဗ္ဗာန်ကို သိခြင်းအကျိုးငှါဖြစ်သောကြောင့် “ဗောဇ္ဈင်”ဟု ဆိုအပ်ကုန်၏။

ရဟန်း ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသောနိဗ္ဗာန်သို့ ညွတ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများ၏။

ရဟန်း နိဗ္ဗာန်ကို သိခြင်းအကျိုးငှါ ဖြစ်သောကြောင့် “ဗောဇ္ဈင်”ဟု ဆိုအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

၂-ဗောဇ္ဈင်္ဂဒေသနာသုတ်

၂၀၃။ ရဟန်းတို့ သင်တို့အား ဗောဇ္ဈင်ခုနစ်ပါးတို့ကို ငါ ဟောကြားပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ ဗောဇ္ဈင်ခုနစ်ပါးတို့ကား အဘယ်တို့နည်း၊ သတိသမ္ဗောဇ္ဈင်။ပ။ ဥပေက္ခာသမ္ဗောဇ္ဈင်တို့တည်း။

ရဟန်းတို့ ဗောဇ္ဈင်ခုနစ်ပါးတို့ကား ဤဆိုခဲ့ပြီး တရားတို့ပင်တည်းဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

--

၃-ဌာနိယသုတ်

၂၀၄။ ရဟန်းတို့ ကာမ၌ စွဲမက်မှု ‘ကာမရာဂ’ ၏ အကြောင်း (အာရုံ) ဖြစ်ကုန်သော တရားတို့ကိုနှလုံးသွင်းခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မဖြစ်သေးသော ကာမ၌လိုချင်မှု ‘ကာမစ္ဆန္ဒ'သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော ကာမ၌ လိုချင်မှု ‘ကာမစ္ဆန္ဒ’ သည်လည်းအတိုင်းထက်အလွန် ဖြစ်ခြင်းငှါ ပြန့်ပြော ခြင်းငှါ ဖြစ်၏။ (၁)

ရဟန်းတို့ ပျက်စီးစေလိုမှု ‘ဗျာပါဒ'၏ အကြောင်း (အာရုံ) ဖြစ်ကုန်သော တရားတို့ကို နှလုံးသွင်းခြင်းကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မဖြစ်သေးသော ပျက်စီးစေလိုမှု ‘ဗျာပါဒ’ သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော ပျက်စီးစေလိုမှု ‘ဗျာပါဒ'သည်လည်း အတိုင်းထက်အလွန် ဖြစ်ခြင်းငှါ ပြန့်ပြောခြင်းငှါ ဖြစ်၏။ (၂)

ရဟန်းတို့ လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ ၏ အကြောင်း (အာရုံ) ဖြစ်ကုန်သော တရားတို့ကို နှလုံးသွင်းခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မဖြစ်သေးသော လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ သည်လည်းဖြစ်၏၊ ဖြစ်ပြီးသော လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ သည်လည်း အတိုင်းထက်အလွန် ဖြစ်ခြင်းငှါ ပြန့်ပြောခြင်းငှါ ဖြစ်၏။ (၃)

ရဟန်းတို့ စိတ်ပျံ့လွင့်မှု နောင်တတစ်ဖန်ပူပင်မှု ‘ဥဒ္ဓစ္စကုက္ကုစ္စ’ ၏ အကြောင်း (အာရုံ) ဖြစ်ကုန်သောတရားတို့ကို နှလုံးသွင်းခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မဖြစ်သေးသော စိတ်ပျံ့လွင့်မှု နောင်တတစ်ဖန် ပူပင်မှု ‘ဥဒ္ဓစ္စကုက္ကုစ္စ’ သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော စိတ်ပျံ့လွင့်မှု နောင်တတစ်ဖန် ပူပင်မှု ‘ဥဒ္ဓစ္စကုက္ကုစ္စ’ သည်လည်း အတိုင်းထက်အလွန် ဖြစ်ခြင်းငှါ ပြန့်ပြောခြင်းငှါ ဖြစ်၏။ (၄)

ရဟန်းတို့ မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ ၏ အကြောင်း (အာရုံ) ဖြစ်ကုန်သော တရားတို့ကို နှလုံးသွင်းခြင်းကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မဖြစ်သေးသော မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ သည်လည်း အတိုင်းထက်အလွန် ဖြစ်ခြင်းငှါ ပြန့်ပြောခြင်းငှါ ဖြစ်၏။ (၅)

ရဟန်းတို့ သတိသမ္ဗောဇ္ဈင်၏ အကြောင်း (အာရုံ) ဖြစ်ကုန်သော တရားတို့ကို နှလုံးသွင်းခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မဖြစ်သေးသော သတိသမ္ဗောဇ္ဈင်သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော သတိသမ္ဗောဇ္ဈင်သည်လည်း ပွါးများပြည့်စုံခြင်းသို့ ရောက်၏။ပ။ ရဟန်းတို့ ဥပေက္ခာသမ္ဗောဇ္ဈင်၏ အကြောင်း (အာရုံ) ဖြစ်ကုန်သော တရားတို့ကို နှလုံးသွင်းခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မဖြစ်သေးသောဥပေက္ခာသမ္ဗောဇ္ဈင်သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော ဥပေက္ခာသမ္ဗောဇ္ဈင်သည်လည်း ပွါးများပြည့်စုံခြင်းသို့ရောက်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။

--

၄-အယောနိသောမနသိကာရသုတ်

၂၀၅။ ရဟန်းတို့ မသင့်လျော်သောအားဖြင့် နှလုံးသွင်းသူအား မဖြစ်သေးသော ကာမ၌ လိုချင်မှု ‘ကာမစ္ဆန္ဒ’ သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော ကာမ၌ လိုချင်မှု ‘ကာမစ္ဆန္ဒ’ သည်လည်း အတိုင်းထက်အလွန်ဖြစ်ခြင်းငှါ ပြန့်ပြောခြင်းငှါ ဖြစ်၏။ မဖြစ်သေးသော ပျက်စီးစေလိုမှု ‘ဗျာပါဒ’ သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော ပျက်စီးစေလိုမှု ‘ဗျာပါဒ’ သည်လည်း အတိုင်းထက်အလွန် ဖြစ်ခြင်းငှါ ပြန့်ပြောခြင်းငှါ ဖြစ်၏။ မဖြစ်သေးသော လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ'သည်လည်း အတိုင်းထက်အလွန် ဖြစ်ခြင်းငှါ ပြန့်ပြောခြင်းငှါ ဖြစ်၏။ မဖြစ်သေးသော စိတ်ပျံ့လွင့်မှုနောင်တတစ်ဖန် ပူပန်မှု ‘ဥဒ္ဓစ္စကုက္ကုစ္စ’ သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော စိတ်ပျံ့လွင့်မှု နောင်တတစ်ဖန်ပူပန်မှု ‘ဥဒ္ဓစ္စကုက္ကုစ္စ’ သည်လည်း အတိုင်းထက်အလွန် ဖြစ်ခြင်းငှါ ပြန့်ပြောခြင်းငှါ ဖြစ်၏။ မဖြစ်သေးသော မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ သည်လည်းအတိုင်းထက် အလွန် ဖြစ်ခြင်းငှါ ပြန့်ပြောခြင်းငှါ ဖြစ်၏။

မဖြစ်သေးသော သတိသမ္ဗောဇ္ဈင်သည်လည်း မဖြစ်၊ ဖြစ်ပြီးသော သတိသမ္ဗောဇ္ဈင်သည်လည်းချုပ်၏။ပ။ မဖြစ်သေးသော ဥပေက္ခာသမ္ဗောဇ္ဈင်သည်လည်း မဖြစ်၊ ဖြစ်ပြီးသော ဥပေက္ခာသမ္ဗောဇ္ဈင်သည်လည်း ချုပ်၏။

ရဟန်းတို့ သင့်လျော်သောအားဖြင့် နှလုံးသွင်းသူအား မဖြစ်သေးသော ကာမ၌လိုချင်မှု ‘ကာမစ္ဆန္ဒ'သည်လည်း မဖြစ်၊ ဖြစ်ပြီးသော ကာမ၌ လိုချင်မှု ‘ကာမစ္ဆန္ဒ’ သည်လည်း ပျောက်၏။ မဖြစ်သေးသော ပျက်စီးစေလိုမှု ‘ဗျာပါဒ'သည်လည်း မဖြစ်၊ ဖြစ်ပြီးသော ပျက်စီးစေလိုမှု ‘ဗျာပါဒ’ သည်လည်း ပျောက်၏။ မဖြစ်သေးသော လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ'သည်လည်း မဖြစ်၊ ဖြစ်ပြီးသော လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ'သည်လည်း ပျောက်၏။ မဖြစ်သေးသော စိတ်ပျံ့လွင့်မှု နောင်တတစ်ဖန်ပူပန်မှု ‘ဥဒ္ဓစ္စကုက္ကုစ္စ’ သည်လည်းမဖြစ်၊ ဖြစ်ပြီးသော စိတ်ပျံ့လွင့်မှု နောင်တတစ်ဖန်ပူပန်မှု ‘ဥဒ္ဓစ္စကုက္ကုစ္စ’ သည်လည်း ပျောက်၏။ မဖြစ်သေးသော မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ သည်လည်း မဖြစ်၊ ဖြစ်ပြီးသော မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ သည်လည်းပျောက်၏။

မဖြစ်သေးသော သတိသမ္ဗောဇ္ဈင်သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော သတိသမ္ဗောဇ္ဈင်သည်လည်းပွါးများပြည့်စုံခြင်းသို့ ရောက်၏။ပ။ မဖြစ်သေးသော ဥပေက္ခာသမ္ဗောဇ္ဈင်သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသောဥပေက္ခာသမ္ဗောဇ္ဈင်သည်လည်း ပွါးများပြည့်စုံခြင်းသို့ ရောက်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

--

၅-အပရိဟာနိယသုတ်

၂၀၆။ ရဟန်းတို့ သင်တို့အား မဆုတ်ယုတ်ကြောင်းတရား ခုနစ်ပါးတို့ကို ဟောကြားပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ မဆုတ်ယုတ်ကြောင်းတရား ခုနစ်ပါးတို့ကား အဘယ်နည်း၊ ဤဗောဇ္ဈင်ခုနစ်ပါးတို့တည်း။ ဗောဇ္ဈင်ခုနစ်ပါးတို့ဟူသည် အဘယ်တို့နည်း၊ သတိသမ္ဗောဇ္ဈင်။ပ။ ဥပေက္ခာသမ္ဗောဇ္ဈင်တို့တည်း။ ရဟန်းတို့ မဆုတ်ယုတ်ကြောင်းတရားတို့ကား ဤခုနစ်ပါးတို့တည်းဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

၆-တဏှက္ခယသုတ်

၂၀၇။ ရဟန်းတို့ တဏှာကုန်ရာ လမ်းစဉ်အကျင့်ကို ပွားများကြကုန်လော့။ ရဟန်းတို့ အဘယ်လမ်းစဉ် အဘယ်အကျင့်သည် တဏှာကုန်ခြင်းငှါ ဖြစ်သနည်း၊ ဤဗောဇ္ဈင်ခုနစ်ပါးတို့တည်း။ ဗောဇ္ဈင်ခုနစ်ပါးတို့ဟူသည် အဘယ်တို့နည်း၊ သတိသမ္ဗောဇ္ဈင်။ပ။ ဥပေက္ခာသမ္ဗောဇ္ဈင်တို့တည်း။ ဤသို့ ဟောတော်မူသော် အသျှင်ဥဒါယီသည် မြတ်စွာဘုရားအား “အသျှင်ဘုရား အဘယ်သို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သော် ဗောဇ္ဈင်ခုနစ်ပါးတို့သည် တဏှာကုန်ခြင်းငှါ ဖြစ်ပါကုန်သနည်း”ဟု (လျှောက်၏)။

ဥဒါယီ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသောချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ပြန့်ပြောသော မြတ်သည့်အဖြစ်သို့ ရောက်သောအတိုင်းအရှည် မရှိသော ကြောင့်ကြမှု (ဆင်းရဲ) မှ ကင်းသော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ပြန့်ပြောသော မြတ်သည့်အဖြစ်သို့ ရောက်သောအတိုင်းအရှည် မရှိသော ကြောင့်ကြမှု (ဆင်းရဲ) မှ ကင်းသောသတိသမ္ဗောဇ္ဈင်ကို ပွါးများသော ထိုရဟန်းသည် တပ်မက်မှု ‘တဏှာ’ ကို ပယ်၏၊ တပ်မက်မှု ‘တဏှာ’ ကိုပယ်ခြင်းကြောင့် ကံကို ပယ်၏၊ ကံကို ပယ်ခြင်းကြောင့် ဝဋ်ဆင်းရဲကို ပယ်၏။ပ။

ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ပြန့်ပြောသော မြတ်သည့်အဖြစ်သို့ ရောက်သောအတိုင်းအရှည် မရှိသော ကြောင့်ကြမှု (ဆင်းရဲ) မှကင်းသော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများ၏။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကိုမှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ပြန့်ပြောသော မြတ်သည့်အဖြစ်သို့ ရောက်သောအတိုင်း အရှည် မရှိသော ကြောင့်ကြမှု (ဆင်းရဲ) မှ ကင်းသော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများသော ထိုရဟန်းသည် တပ်မက်မှု ‘တဏှာ’ ကို ပယ်၏၊ တပ်မက်မှု ‘တဏှာ’ ကို ပယ်ခြင်းကြောင့် ကံကို ပယ်၏၊ ကံကို ပယ်ခြင်း ကြောင့် ဝဋ်ဆင်းရဲကို ပယ်၏။ ဥဒါယီ ဤသို့လျှင် တဏှာကုန်ခြင်းကြောင့် ကံကုန်၏၊ ကံကုန်ခြင်းကြောင့် ဆင်းရဲကုန်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

--

၇-တဏှာနိရောဓသုတ်

၂၀၈။ ရဟန်းတို့ တဏှာချုပ်ရန် လမ်းစဉ်အကျင့်ကို ပွားများကြကုန်လော့။ ရဟန်းတို့ အဘယ်လမ်းစဉ် အဘယ်အကျင့်သည် တဏှာချုပ်ရန် ဖြစ်သနည်း၊ ဤဗောဇ္ဈင်ခုနစ်ပါးတို့တည်း။ ဗောဇ္ဈင်ခုနစ်ပါးတို့ဟူသည် အဘယ်တို့နည်း၊ သတိသမ္ဗောဇ္ဈင်။ပ။ ဥပေက္ခာသမ္ဗောဇ္ဈင်တို့တည်း။ ရဟန်းတို့ဗောဇ္ဈင်ခုနစ်ပါးတို့ကို အဘယ်သို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သော် တဏှာချုပ်ငြိမ်းရန်ဖြစ်ကုန်သနည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကိုမှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သောဥပေက္ခာသမ္ဗောဇ္ဈင် ကို ပွါးများ၏။ ရဟန်းတို့ ဤသို့လျှင် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများအပ်ကြိမ်ဖန်များစွာ ပြုလုပ်အပ် ကုန်သော် တဏှာချုပ်ငြိမ်းရန် ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

၈-နိဗ္ဗေဓဘာဂိယသုတ်

၂၀၉။ ရဟန်းတို့ ဖောက်ခွဲတတ်သောအဖို့ရှိသော လမ်းစဉ်ကို သင်တို့အား ဟောကြားပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ ဖောက်ခွဲတတ်သောအဖို့ရှိသော လမ်းစဉ်ဟူသည် အဘယ်နည်း၊ ဗောဇ္ဈင်ခုနစ်ပါးတို့တည်း။ ဗောဇ္ဈင်ခုနစ်ပါးတို့ဟူသည် အဘယ်တို့နည်း၊ သတိသမ္ဗောဇ္ဈင်။ပ။ ဥပေက္ခာသမ္ဗောဇ္ဈင်တို့တည်း။ ဤသို့ ဟောတော်မူသော် အသျှင်ဥဒါယီသည် မြတ်စွာဘုရားအား “အသျှင်ဘုရားအဘယ်သို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သော် ဗောဇ္ဈင်ခုနစ်ပါးတို့သည် ဖောက်ခွဲရန် ဖြစ်ပါကုန်သနည်း”ဟု (လျှောက်၏)။

--

ဥဒါယီ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသောချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ပြန့်ပြောသော မြတ်သည့်အဖြစ်သို့ ရောက်သောအတိုင်းအရှည် မရှိသော ကြောင့်ကြမှု (ဆင်းရဲ) မှ ကင်းသော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ ထိုရဟန်းသည်သတိသမ္ဗောဇ္ဈင်ကို ပွါးများအပ်သော စိတ်ဖြင့် ရှေးက မဖောက်ဖူး မခွဲဖူးသေးသော လောဘအစုကိုဖောက်၏၊ ခွဲ၏။ ရှေးက မဖောက်ဖူး မခွဲဖူးသေးသော ဒေါသအစုကို ဖောက်၏၊ ခွဲ၏။ ရှေးကမဖောက်ဖူး မခွဲဖူးသေးသော မောဟအစုကို ဖောက်၏၊ ခွဲ၏။ပ။

ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ပြန့်ပြောသော မြတ်သည့်အဖြစ်သို့ ရောက်သောအတိုင်းအရှည် မရှိသော ကြောင့်ကြမှု (ဆင်းရဲ) မှကင်းသော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများ၏။ ထိုရဟန်းသည် ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများအပ်သောစိတ်ဖြင့် ရှေးက မဖောက်ဖူး မခွဲဖူးသေးသော လောဘအစုကို ဖောက်၏၊ ခွဲ၏။ ရှေးက မဖောက်ဖူးမခွဲဖူးသေးသော ဒေါသအစုကို ဖောက်၏၊ ခွဲ၏။ ရှေးက မဖောက်ဖူး မခွဲဖူးသေးသော မောဟအစုကိုဖောက်၏၊ ခွဲ၏။

ဥဒါယီ ဤသို့ ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သော် ဗောဇ္ဈင်ခုနစ်ပါးတို့သည် ဖောက်ခွဲရန့်ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

၉-ဧကဓမ္မသုတ်

၂၁၀။ ရဟန်းတို့ သံယောဇဉ်၏ အာရုံတရားတို့ကို ပယ်ခြင်းငှါ ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သော ဤဗောဇ္ဈင်ခုနစ်ပါးတို့မှ တစ်ပါး အခြား တစ်ခုသော တရားကိုမျှလည်း ငါဘုရား မြင်တော်မမူ။ ဗောဇ္ဈင်ခုနစ်ပါးတို့ဟူသည် အဘယ်တို့နည်း၊ သတိသမ္ဗောဇ္ဈင်။ပ။ ဥပေက္ခာသမ္ဗောဇ္ဈင်တို့တည်း။ ရဟန်းတို့ ဗောဇ္ဈင်ခုနစ်ပါးတို့ကို အဘယ်သို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သော်သံယောဇဉ်၏ အာရုံတရားတို့ကို ပယ်ခြင်းငှါ ဖြစ်ကုန်သနည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကိုမှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဆိတ်ငြိမ်ခြင်းကိုမှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သောဥပေက္ခာသမ္ဗောဇ္ဈင် ကို ပွါးများ၏။

ရဟန်းတို့ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သော်သံယောဇဉ်၏ အာရုံတရားတို့ကို ပယ်ခြင်းငှါ ဖြစ်ကုန်၏။ ရဟန်းတို့ သံယောဇဉ်၏ အာရုံတရားတို့ကားအဘယ်တို့နည်း- ရဟန်းတို့ မျက်စိ ‘စက္ခုပသာဒ’ သည် သံယောဇဉ်၏ အာရုံဖြစ်သော တရားတည်း၊ ဤမျက်စိ ‘စက္ခုပသာဒ’ ၌ ထိုသံယောဇဉ်အနှောင်အဖွဲ့တို့သည် လွှမ်းမိုးသက်ဝင်လျက် ဖြစ်ကြကုန်၏။ပ။ လျှာ ‘ဇိဝှါပသာဒ’ သည် သံယောဇဉ်၏ အာရုံဖြစ်သော တရားတည်း၊ ဤလျှာ ‘ဇိဝှါပသာဒ’ ၌ ထိုသံယောဇဉ်အနှောင်အဖွဲ့တို့သည် လွှမ်းမိုးသက်ဝင်လျက် ဖြစ်ကုန်၏။ပ။ စိတ်သည် သံယောဇဉ်၏ အာရုံဖြစ်သော တရားတည်း၊ ဤစိတ်၌ ထိုသံယောဇဉ်အနှောင်အဖွဲ့တို့သည် လွှမ်းမိုးသက်ဝင်လျက် ဖြစ်ကုန်၏။

ရဟန်းတို့ ဤဆိုခဲ့သော တရားတို့ကို သံယောဇဉ်၏ အာရုံတရားတို့ဟူ၍ ဆိုအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။

--

၁၀-ဥဒါယိသုတ်

၂၁၁။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သုမ္ဘတိုင်း သေတကနိဂုံး၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အသျှင်ဥဒါယီသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော်မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- အသျှင်ဘုရား (တရားတော်သည်) အံ့ဩဖွယ်ရှိပါပေ၏၊ အသျှင်ဘုရား (တရားတော်သည်) မဖြစ် ဖူးမြဲဖြစ်ပါပေ၏။ အသျှင်ဘုရား မြတ်စွာဘုရား၌ ချစ်ခြင်း ရိုသေခြင်း ရှက်ခြင်း ကြောက်ခြင်းတရားတို့ သည်အလွန်ကျေးဇူးများပါကုန်၏၊ အသျှင်ဘုရား အကျွန်ုပ်သည် ရှေးလူဖြစ်စဉ်က တရားတော်၌ များစွာမြတ်နိုးခြင်းကို မပြုခဲ့ပါ၊ သံဃာတော်၌ များစွာ မြတ်နိုးခြင်းကို မပြုခဲ့ပါ၊ အကျွန်ုပ်သည် စင်စစ်အားဖြင့်မြတ်စွာဘုရား၌ ချစ်ခြင်း ရိုသေခြင်း ရှက်ခြင်း ကြောက်ခြင်းကို ကောင်းစွာ တွေ့မြင်ရသည် ဖြစ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် (ရဟန်းပြု) ခဲ့ပါ၏၊ ထိုအကျွန်ုပ်အား မြတ်စွာဘုရားသည် “ဤကားရုပ်၊ ဤကား ရုပ်၏ ဖြစ်ကြောင်း၊ ဤကား ရုပ်၏ ချုပ်ကြောင်း။ ဤကား ဝေဒနာ။ပ။ ဤကားသညာ။ ဤကား သင်္ခါရ။ ဤကား ဝိညာဏ်၊ ဤကား ဝိညာဏ်၏ ဖြစ်ကြောင်း၊ ဤကား ဝိညာဏ်၏ချုပ် ကြောင်း”ဟု တရားတော်ကို ဟောတော်မူပါ၏။

အသျှင်ဘုရား အကျွန်ုပ်သည် တစ်ပါးတည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် ဤဥပါဒါနက္ခန္ဓာငါးပါးတို့၏အဖြစ်အပျက်ကို အပြန်အလှန် သုံးသပ်သည်ရှိသော် “ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်းမှန်စွာ သိပါပြီ၊ “ဤကား ဆင်းရဲဖြစ်ကြောင်းတည်း”ဟုဟုတ်တိုင်းမှန်စွာ သိပါပြီ၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) တည်း”ဟုဟုတ်တိုင်းမှန်စွာ သိပါပြီ၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တရားတည်း”ဟုဟုတ်တိုင်းမှန်စွာ သိပါပြီ။ အသျှင်ဘုရား အကျွန်ုပ်သည် ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သော (ဝိပဿနာ) တရားကိုလည်း သိပါပြီ၊ (ဝိပဿနာ) လမ်းစဉ်ကိုလည်း ရပါပြီ၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ်မရှိတော့ပြီ”ဟု သိနိုင်မည့် အခြင်းအရာဖြင့် နေထိုင်သောအကျွန်ုပ်ကို (ပစ္စဝေက္ခဏာဉာဏ်) အမှန်ဖြစ်ခြင်း ငှါ ဆောင်ပါလိမ့်မည်။

အသျှင်ဘုရား အကျွန်ုပ်သည် ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သော သတိသမ္ဗောဇ္ဈင်ကို ရပါပြီ၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါတစ်ပါးသောပြုဖွယ် မရှိတော့ပြီ”ဟု သိနိုင်မည့် အခြင်းအရာဖြင့် နေထိုင်သောအကျွန်ုပ်ကို (ပစ္စဝေက္ခဏာဉာဏ်) အမှန်ဖြစ်ခြင်းငှါ ဆောင်ပါလိမ့်မည်။ပ။ အသျှင်ဘုရား အကျွန်ုပ်သည် ပွားများအပ်ကြိမ်ဖန်များစွာ ပြုလုပ်အပ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ရပါပြီ၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကိုကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ”ဟု သိနိုင်မည့် အခြင်းအရာဖြင့် နေထိုင်သောအကျွန်ုပ်ကို (ပစ္စဝေက္ခဏာဉာဏ်) အမှန်ဖြစ်ခြင်းငှါဆောင်ပါလိမ့်မည်။ အသျှင်ဘုရား အကျွန်ုပ်သည် ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သောဤ (ဝိပဿနာ) တရားကို လည်း စင်စစ်အားဖြင့် သိပါပြီ၊ (ဝိပဿနာ) လမ်းစဉ်ကိုလည်း ရပါပြီ၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့် မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါတစ်ပါးသောပြုဖွယ် မရှိတော့ ပြီ”ဟု သိနိုင်မည့် အခြင်းအရာဖြင့် နေထိုင်သောအကျွန်ုပ်ကို (ပစ္စဝေက္ခဏာဉာဏ်) အမှန်ဖြစ်ခြင်းငှါ ဆောင်ပါလိမ့်မည်ဟု (လျှောက်၏)။

--

ဥဒါယီ ကောင်းပေစွ ကောင်းပေစွ၊ ဥဒါယီ သင်သည် ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သော (ဝိပဿနာ) လမ်းစဉ်ကို ရပေပြီ၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကိုပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ”ဟု သိလတ္တံ့သောအခြင်းအရာ ဖြင့်နေထိုင်သော သင့်ကို (ပစ္စဝေက္ခဏာဉာဏ်) အမှန်ဖြစ်ခြင်းငှါ ဆောင်ပေလိမ့်မည်ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

သုံးခုမြောက် ဥဒါယိဝဂ် ပြီး၏။

--

၄-နီဝရဏဝဂ်

၁-ပဌမ ကုသလသုတ်

၂၁၂။ ရဟန်းတို့ ကုသိုလ်အဖို့ရှိကုန်သော ကုသိုလ်အသင်းအပင်းဖြစ်ကုန်သော ကုသိုလ်တရားဟူသမျှတို့သည် မမေ့လျော့မှု ‘အပ္ပမာဒ’ လျှင် အကြောင်းရင်းရှိကုန်၏၊ မမေ့လျော့မှု ‘အပ္ပမာဒ’ လျှင် စုဝေးရာရှိကုန်၏၊ မမေ့လျော့မှု ‘အပ္ပမာဒ’ ကို ထိုကုသိုလ်တရားတို့ထက် မြတ်၏ဟု ဆိုအပ်၏။ ရဟန်းတို့ မမေ့လျော့သော ရဟန်းအား ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများလိမ့်မည်၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ကြိမ်ဖန်များစွာပြုလုပ်လိမ့်မည်ဟု မျှော်လင့်အပ်၏။

ရဟန်းတို့ အဘယ်သို့လျှင် မမေ့လျော့သောရဟန်းသည် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွားများသနည်း၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ကြိမ်ဖန်များစွာ ပြုလုပ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သောသတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ခြင်း့ကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများ၏။

ရဟန်းတို့ ဤသို့လျှင် မမေ့လျော့သောရဟန်းသည် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများ၏၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ကြိမ်ဖန်များစွာ ပြုလုပ်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

၂-ဒုတိယ ကုသလသုတ်

၂၁၃။ ရဟန်းတို့ ကုသိုလ်အဖို့ရှိကုန်သော ကုသိုလ်အသင်းအပင်းဖြစ်ကုန်သော ကုသိုလ်တရားဟူသမျှတို့သည် ယောနိသောမနသိကာရလျှင် အကြောင်းရင်းရှိကုန်၏၊ ယောနိသောမနသိကာရလျှင် စုဝေးရာရှိကုန်၏၊ ယောနိသောမနသိကာရကို ထိုကုသိုလ်တရားတို့ထက် မြတ်၏ဟု ဆိုအပ်၏။ ရဟန်းတို့ ယောနိသော မနသိကာရနှင့် ပြည့်စုံသော ရဟန်းအား ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပါွးများလိမ့်မည်၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ကြိမ်ဖန်များစွာ ပြုလုပ်လိမ့်မည်ဟု မျှော်လင့်အပ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ယောနိသောမနသိကာရနှင့် ပြည့်စုံသော ရဟန်းသည် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွားများသနည်း၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ကြိမ်ဖန်များစွာ ပြုလုပ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသောနိဗ္ဗာန်သို့ ညွတ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသောစွဲမက်မှု ‘ရာဂ'ကင်းခြင်း ကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကိုပွါးများ၏။ ရဟန်းတို့ ဤသို့လျှင် ယောနိသောမနသိကာရနှင့် ပြည့်စုံသော ရဟန်းသည်ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများ၏၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ကြိမ်ဖန်များစွာ ပြုလုပ်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

--

၃-ဥပက္ကိလေသသုတ်

၂၁၄။ ရဟန်းတို့ ရွှေ၏ အညစ်အကြေးတို့သည် ဤငါးပါးတို့တည်း။ ယင်းအညစ်အကြေးတို့ဖြင့်ညစ်ပေသော ရွှေသည် နူးလည်း မနူးညံ့၊ ပြုလုပ်ခြင်းငှါလည်း အသင့် မဖြစ်၊ အရောင်လည်း မထွက်၊ ကြွပ်ဆတ်သော သဘောလည်း ရှိ၏၊ လက်ဝတ်တန်ဆာ ပြုလုပ်ခြင်းငှါလည်းကောင်းစွာ မဖြစ်ပေ။ အဘယ် ငါးပါးတို့နည်း- ရဟန်းတို့ သံသည် ရွှေ၏ အညစ်အကြေးတည်း။ ယင်းအညစ်အကြေးတို့ဖြင့် ညစ်ပေသော ရွှေသည်နူးလည်း မနူးညံ့၊ ပြုလုပ်ခြင်းငှါလည်း အသင့် မဖြစ်၊ အရောင်လည်း မထွက်၊ ကြွပ်ဆတ်သောသဘောလည်း ရှိ၏၊ လက်ဝတ်တန်ဆာ ပြုလုပ်ခြင်းငှါလည်းကောင်းစွာ မဖြစ်။ ကြေးသည် ရွှေ၏အညစ်အကြေးတည်း။ ယင်းအညစ်အကြေးတို့ဖြင့် ညစ်ပေသော ရွှေသည်။ပ။ ခဲပုပ်သည် ရွှေ၏ အညစ်အကြေးတည်း။ ခဲမဖြူသည် ရွှေ၏ အညစ်အကြေးတည်း။ ငွေသည် ရွှေ၏ အညစ်အကြေးတည်း။ ယင်းအညစ်အကြေးတို့ဖြင့် ညစ်ပေသော ရွှေသည် နူးလည်း မနူးညံ့၊ ပြုလုပ်ခြင်းငှါလည်း အသင့် မဖြစ်၊ အရောင်လည်း မထွက်၊ ကြွပ်ဆတ်သော သဘောလည်း ရှိ၏၊ လက်ဝတ်တန်ဆာ ပြုလုပ်ခြင်းငှါလည်းကောင်း စွာ မဖြစ်။

ရဟန်းတို့ ရွှေ၏ အညစ်အကြေးတို့သည် ဤငါးပါးတို့တည်း။ ယင်းအညစ်အကြေးတို့ဖြင့် ညစ်ပေသော ရွှေသည် နူးလည်း မနူးညံ့၊ ပြုလုပ်ခြင်းငှါလည်း အသင့် မဖြစ်၊ အရောင်လည်း မထွက်၊ ကြွပ်ဆတ်သော သဘောလည်း ရှိ၏၊ လက်ဝတ်တန်ဆာ ပြုလုပ်ခြင်းငှါလည်းကောင်းစွာ မဖြစ်။

ရဟန်းတို့ ဤအတူပင် စိတ်၏ အညစ်အကြေးတို့သည် ဤငါးပါးတို့တည်း။ ယင်းအညစ်အကြေးတို့ဖြင့် ညစ်ပေသော စိတ်သည် နူးလည်း မနူးညံ့၊ ပြုလုပ်ခြင်းငှါလည်း အသင့် မဖြစ်၊ အရောင်လည်း့မထွက်၊ ကြွပ်ဆတ်သော သဘောလည်း ရှိ၏၊ အာသဝတရားတို့၏ ကုန်ခြင်းငှါ ကောင်းစွာလည်း မထားနိုင်။ အဘယ်ငါးပါးတို့နည်း- ရဟန်းတို့ ကာမ၌ လိုချင်မှု ‘ကာမစ္ဆန္ဒ'သည် စိတ်၏ အညစ်အကြေးတည်း။ ယင်းအညစ်အကြေး တို့ဖြင့်ညစ်ပေသော စိတ်သည် နူးလည်း မနူးညံ့၊ ပြုလုပ်ခြင်းငှါလည်း အသင့် မဖြစ်၊ အရောင်လည်း မထွက်၊ ကြွပ်ဆတ်သော သဘောလည်း ရှိ၏၊ အာသဝတရားတို့၏ ကုန်ခြင်းငှါ ကောင်းစွာလည်း မထား နိုင်။ပ။

ရဟန်းတို့ စိတ်၏ အညစ်အကြေးတို့သည် ဤငါးပါးတို့တည်း။ ယင်းအညစ်အကြေးတို့ဖြင့် ညစ်ပေသော စိတ်သည် နူးလည်း မနူးညံ့၊ ပြုလုပ်ခြင်းငှါလည်း အသင့် မဖြစ်၊ အရောင်လည်း မထွက်၊ ကြွပ်ဆတ်သော သဘောလည်း ရှိ၏၊ အာသဝတရားတို့၏ ကုန်ခြင်းငှါ ကောင်းစွာလည်း မထားနိုင်ဟု (မိန့်တော်မူ၏)။

တတိယသုတ်။

--

၄-အနုပက္ကိလေသသုတ်

၂၁၅။ ရဟန်းတို့ ကုသိုလ်တရားကို မပိတ်ပင်မတားဆီးတတ်ကုန်သော စိတ်ကို မညစ်ညူးစေတတ်ကုန်သော ဤဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် (အရဟတ္တမဂ် အရဟတ္တဖိုလ်ဟူသော) အသိဉာဏ် ‘ဝိဇ္ဇာ’၊ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ'အကျိုးကိုမျက်မှောက် ပြုခြင်းငှါ ဖြစ်ကုန်၏။ အဘယ်ခုနစ်ပါးတို့နည်း- ရဟန်းတို့ မပိတ်ပင်မတားဆီးတတ်သော စိတ်ကို မညစ်ညူးစေတတ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အသိဉာဏ် ‘ဝိဇ္ဇာ’၊ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ’ အကျိုးကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။ပ။ ရဟန်းတို့ ကုသိုလ်တရားကိုမပိတ်ပင်မတားဆီးတတ်သော စိတ်ကို မညစ်ညူးစေတတ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများအပ်ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည် ရှိသော် အသိဉာဏ် ‘ဝိဇ္ဇာ’၊ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ’ အကျိုးကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။

ရဟန်းတို့ ကုသိုလ်တရားကို မပိတ်ပင်မတားဆီးတတ်ကုန်သော စိတ်ကို မညစ်ညူးစေတတ်ကုန် သောဤဆိုခဲ့ပြီးသော ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် အသိဉာဏ် ‘ဝိဇ္ဇာ’၊ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ’ အကျိုးကို မျက်မှောက်ပြုခြင်းငှါ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

<p33>စတုတ္ထသုတ်။

၅-အယောနိသောမနသိကာရသုတ်

၂၁၆။ ရဟန်းတို့ မသင့်လျော်သောအားဖြင့် နှလုံးသွင်းသူအား မဖြစ်သေးသော ကာမ၌ လိုချင်မှု ‘ကာမစ္ဆန္ဒ’ သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော ကာမ၌ လိုချင်မှု ‘ကာမစ္ဆန္ဒ'သည်လည်း အတိုင်းထက်အလွန်ဖြစ်ခြင်းငှါ ပြန့်ပြောခြင်းငှါ ဖြစ်၏။ မဖြစ်သေးသော ပျက်စီးစေလိုမှု ‘ဗျာပါဒ’ သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော ပျက်စီးစေလိုမှု ‘ဗျာပါဒ'သည်လည်း အတိုင်းထက်အလွန် ဖြစ်ခြင်းငှါ ပြန့်ပြောခြင်းငှါ ဖြစ်၏။ မဖြစ်သေးသော လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ'သည်လည်း အတိုင်းထက်အလွန် ဖြစ်ခြင်းငှါ ပြန့်ပြောခြင်းငှါ ဖြစ်၏။ မဖြစ်သေးသော စိတ်ပျံ့လွင့်မှုနောင်တတစ်ဖန် ပူပန်မှု ‘ဥဒ္ဓစ္စကုက္ကုစ္စ'သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော စိတ်ပျံ့လွင့်မှု နောင်တတစ်ဖန်ပူပန်မှု ‘ဥဒ္ဓစ္စကုက္ကုစ္စ’ သည်လည်း အတိုင်းထက်အလွန် ဖြစ်ခြင်းငှါ ပြန့်ပြောခြင်းငှါ ဖြစ်၏။ မဖြစ်သေးသော မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ သည်လည်း့အတိုင်းထက် အလွန် ဖြစ်ခြင်းငှါ ပြန့်ပြောခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

--

၆-ယောနိသောမနသိကာရသုတ်

၂၁၇။ ရဟန်းတို့ သင့်လျော်သောအားဖြင့် နှလုံးသွင်းသူအား မဖြစ်သေးသော သတိသမ္ဗောဇ္ဈင်သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော သတိသမ္ဗောဇ္ဈင်သည်လည်း ပွါးများပြည့်စုံခြင်းသို့ ရောက်၏။ပ။ ရဟန်းတို့ သင့်လျော်သောအားဖြင့် နှလုံးသွင်းသူအား မဖြစ်သေးသော ဥပေက္ခာသမ္ဗောဇ္ဈင်သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော ဥပေက္ခာသမ္ဗောဇ္ဈင်သည်လည်း ပွါးများပြည့်စုံခြင်းသို့ ရောက်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

၇-ဗုဒ္ဓိသုတ်

၂၁၈။ ရဟန်းတို့ ဤဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိ သော်တိုးပွားခြင်းငှါ မဆုတ်ယုတ်ခြင်းငှါ ဖြစ်ကုန်၏။ အဘယ်ခုနစ်ပါးတို့နည်း၊ သတိသမ္ဗောဇ္ဈင်။ပ။ ဥပေက္ခာသမ္ဗောဇ္ဈင်တို့တည်း။ ရဟန်းတို့ ဤဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် တိုးပွားခြင်းငှါ မဆုတ်ယုတ်ခြင်းငှါ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

၈-အာဝရဏနီဝရဏသုတ်

၂၁၉။ ရဟန်းတို့ ဤငါးပါးတို့သည် (ကုသိုလ်တရားကို) ပိတ်ပင်တတ်ကုန်၏၊ (ကုသိုလ်တရားကို) တားဆီးတတ်ကုန်၏၊ စိတ်ကို ညစ်ညူးစေတတ်ကုန်၏၊ ပညာကို အားနည်းအောင် ပြုလုပ်တတ်ကုန်၏။ အဘယ်ခုနစ်ပါးတို့နည်း၊

ရဟန်းတို့ ကာမ၌လိုချင်မှု ‘ကာမစ္ဆန္ဒ'သည် ကုသိုလ်တရားကို ပိတ်ပင်တတ်၏၊ ကုသိုလ်တရားကိုတားဆီးတတ်၏၊ စိတ်ကို ညစ်ညူးစေတတ်၏၊ ပညာကို အားနည်းအောင် ပြုလုပ်တတ်၏။ ရဟန်းတို့ပျက်စီးစေလိုမှု ‘ဗျာပါဒ'သည် ကုသိုလ်တရားကို ပိတ်ပင်တတ်၏၊ ကုသိုလ်တရားကို တားဆီးတတ်၏၊ စိတ်ကို ညစ်ညူးစေတတ်၏၊ ပညာကို အားနည်းအောင် ပြုလုပ်တတ်၏။ ရဟန်းတို့ လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ သည် ကုသိုလ်တရားကို ပိတ်ပင်တတ်၏၊ ကုသိုလ်တရားကို တားဆီးတတ်၏၊ စိတ်ကို ညစ်ညူးစေတတ်၏၊ ပညာကို အားနည်းအောင် ပြုလုပ်တတ်၏။ ရဟန်းတို့ စိတ်ပျံ့လွင့်မှု နောင်တတစ်ဖန်ပူပန်မှု ‘ဥဒ္ဓစ္စကုက္ကုစ္စ’ သည် ကုသိုလ်တရားကို ပိတ်ပင်တတ်၏၊ ကုသိုလ်တရားကို တားဆီးတတ်၏၊ စိတ်ကို ညစ်ညူးစေတတ်၏၊ ပညာကို အားနည်းအောင် ပြုလုပ်တတ်၏။ ရဟန်းတို့ မဆုံးဖြတ်နိုင်မှု ‘ဝိစိကိစ္ဆာ’ သည်ကုသိုလ်တရားကို ပိတ်ပင်တတ်၏၊ ကုသိုလ်တရားကို တားဆီးတတ်၏၊ စိတ်ကို ညစ်ညူးစေတတ်၏၊ ပညာကို အားနည်းအောင် ပြုလုပ်တတ်၏။

--

ရဟန်းတို့ ဤတရားငါးပါးတို့သည် ကုသိုလ်တရားကို ပိတ်ပင်တတ်ကုန်၏၊ ကုသိုလ်တရားကိုတားဆီးတတ်ကုန်၏၊ စိတ်ကို ညစ်ညူးစေတတ်ကုန်၏၊ ပညာကို အားနည်းအောင် ပြုလုပ်တတ်ကုန်၏။

ရဟန်းတို့ ကုသိုလ်တရားကို မပိတ်ပင်မတားဆီးတတ်ကုန်သော စိတ်ကို မညစ်ညူးစေတတ်ကုန် သောဤဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် (အရဟတ္တမဂ်အရဟတ္တဖိုလ်ဟူသော) အသိဉာဏ် ‘ဝိဇ္ဇာ’၊ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ’ အကျိုးကို မျက်မှောက်ပြုခြင်းငှါ ဖြစ်ကုန်၏။ အဘယ်ခုနစ်ပါးတို့နည်း၊

ရဟန်းတို့ ကုသိုလ်တရားကို မပိတ်ပင်မတားဆီးတတ်သော စိတ်ကို မညစ်ညူးစေတတ်သော သတိ့သမ္ဗောဇ္ဈင်ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အသိဉာဏ် ‘ဝိဇ္ဇာ’၊ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ'အကျိုးကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။ပ။ ရဟန်းတို့ ကုသိုလ်တရားကို မပိတ်ပင်မတားဆီးတတ်သော စိတ်ကို မညစ်ညူးစေတတ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများအပ်ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အသိဉာဏ် ‘ဝိဇ္ဇာ’၊ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ’ အကျိုးကို မျက်မှောက် ပြုခြင်းငှါ ဖြစ်၏။

ရဟန်းတို့ ကုသိုလ်တရားကို မပိတ်ပင်မတားဆီးတတ်ကုန်သော စိတ်ကို မညစ်ညူးစေတတ်ကုန် သောဤဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် အသိဉာဏ် ‘ဝိဇ္ဇာ’၊ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ’ အကျိုးကို မျက်မှောက်ပြုခြင်းငှါ ဖြစ်ကုန်၏။

ရဟန်းတို့ အရိယာတပည့်သည် အရိုအသေပြုကာ နှလုံးသွင်းလျက် အလုံးစုံကို စိတ်၌ ကောင်းစွာထားပြီး စူးစိုက်နားထောင်သည်ဖြစ်၍ တရားတော်ကို နာကြားသောအခါ ဤအရိယာတပည့်အား နီဝရဏငါးပါးတို့သည် မဖြစ်ကုန်၊ ဗောဇ္ဈင်ခုနစ်ပါးတို့သည် ပွါးများပြည့်စုံခြင်းသို့ ရောက်ကုန်၏။

ထိုအခါ အဘယ်နီဝရဏငါးပါးတို့သည် မဖြစ်ကုန်သနည်း။ ထိုအခါ ကာမ၌ လိုချင်မှု ‘ကာမစ္ဆန္ဒ နီဝရဏ’၊ ပျက်စီးစေလိုမှု ‘ဗျာပါဒနီဝရဏ’၊ လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓနီဝရဏ’၊ စိတ်ပျံ့လွင့်မှု နောင်တ တစ်ဖန်ပူပန်မှု ‘ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ’၊ မဆုံးဖြတ်နိုင်မှု ‘ဝိစိကိစ္ဆာနီဝရဏ'သည် မဖြစ်။ ထိုအခါ ဤအရိယာတပည့်အား ဤနီဝရဏငါးပါးတို့သည် မဖြစ်ကုန်။

ထိုအခါ အဘယ်ဗောဇ္ဈင်ခုနစ်ပါးတို့သည် ပွါးများပြည့်စုံခြင်းသို့ ရောက်ကုန်သနည်း။ ထိုအခါ သတိသမ္ဗောဇ္ဈင်သည် ပွါးများပြည့်စုံခြင်းသို့ ရောက်၏။ပ။ ထိုအခါ ဥပေက္ခာသမ္ဗောဇ္ဈင်သည် ပွါးများပြည့်စုံခြင်းသို့ ရောက်၏။ ထိုအခါ ဤဆိုခဲ့ပြီးသော ဗောဇ္ဈင်ခုနစ်ပါးတို့သည် ပွါးများပြည့်စုံခြင်းသို့ ရောက်ကုန်၏။

ရဟန်းတို့ အရိယာတပည့်သည် အရိုအသေပြုကာ နှလုံးသွင်းလျက် အလုံးစုံကို စိတ်၌ ကောင်းစွာထားပြီး စူးစိုက်နားထောင်သည်ဖြစ်၍ တရားတော်ကို နာကြားသောအခါ ဤအရိယာတပည့်အား နီဝရဏငါးပါးတို့သည် မဖြစ်ကုန်၊ ဤဗောဇ္ဈင်ခုနစ်ပါးတို့သည် ပွါးများပြည့်စုံခြင်းသို့ ရောက်ကုန်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

--

၉-ရုက္ခသုတ်

၂၂၀။ ရဟန်းတို့ သစ်ပင်တို့ကို လွှမ်းမိုး ပေါက်ရောက်တတ်ကုန်သောအစေ့သေးငယ်၍ ပင်စည်ကြီးကုန်သော သစ်ပင်ကြီးတို့သည် ရှိကုန်၏၊ ယင်းသစ်ပင်ကြီးတို့ လွှမ်းမိုးခံရကုန်သော သစ်ပင်တို့သည်ကျိုးပြတ်ပျက်စီး၍ လဲကျကုန်၏။ ရဟန်းတို့ သစ်ပင်တို့ကို လွှမ်းမိုး၍ ကျိုးပြတ်ပျက်စီး လဲကျစေနိုင်သည့်အစေ့သေးငယ်၍ ပင်စည်ကြီးသော သစ်ပင်ကြီးတို့ဟူသည် အဘယ်တို့နည်း။ ညောင်ဗုဒ္ဓဟေပင်၊ ပညောင်ပင်၊ ညောင်ကြတ်ပင်၊ ရေသဖန်းပင်၊ ခအောင်းပင်၊ ညောင်ချဉ်ပင်တို့တည်း။ ရဟန်းတို့ သစ်ပင်တို့ကိုလွှမ်းမိုး၍ ကျိုးပြတ်ပျက်စီး လဲကျစေနိုင်သည့် အစေ့သေးငယ်၍ ပင်စည်ကြီးသော သစ်ပင်ကြီးတို့ဟူသည်ဤသည်တို့တည်း။

ရဟန်းတို့ ဤအတူပင် ဤလောက၌ အချို့သောအမျိုးကောင်းသားသည် အကြင်သို့ သဘောရှိကုန်သော ကာမဂုဏ်တို့ကို ပယ်စွန့်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် (ရဟန်းပြု) ၏၊ ထိုသူသည် ထိုသို့သဘောရှိသော ကာမဂုဏ်တို့မှလည်းကာင်း၊ ထို့ထက် ပို၍ ယုတ်နိမ့်သော ကာမဂုဏ်တို့မှလည်းကောင်း ကျိုးပြတ်၍ ကျ၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့သည် ပိတ်ပင်တားဆီးတတ်ကုန်၏၊ စိတ်ကို လွှမ်းမိုးတတ်ကုန်၏၊ ပညာကို အားနည်းအောင် ပြုလုပ်တတ်ကုန်၏။ အဘယ်ငါးမျိုးတို့နည်း၊ ရဟန်းတို့ ကာမ၌လိုချင်မှု ‘ကာမစ္ဆန္ဒ’ သည် ပိတ်ပင်တားဆီးတတ်၏၊ စိတ်ကို လွှမ်းမိုးတတ်၏၊ ပညာကို အားနည်းအောင် ပြုလုပ်တတ်၏။ ရဟန်းတို့ ပျက်စီးစေလိုမှု ‘ဗျာပါဒ’ သည် ပိတ်ပင်တားဆီးတတ်၏၊ စိတ်ကို လွှမ်းမိုးတတ်၏၊ ပညာကိုအားနည်းအောင် ပြုလုပ်တတ်၏။ ရဟန်းတို့ လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ သည် ပိတ်ပင်တားဆီးတတ်၏၊ စိတ်ကို လွှမ်းမိုးတတ်၏၊ ပညာကို အားနည်းအောင် ပြုလုပ်တတ်၏။ ရဟန်းတို့ စိတ်ပျံ့လွင့်မှု နောင်တတစ်ဖန် ပူပန်မှု ‘ဥဒ္ဓစ္စကုက္ကုစ္စ’ သည် ပိတ်ပင်တားဆီးတတ်၏၊ စိတ်ကို လွှမ်းမိုးတတ်၏၊ ပညာကို အားနည်းအောင် ပြုလုပ်တတ်၏။ ရဟန်းတို့ မဆုံးဖြတ်နိုင်မှု ‘ဝိစိကိစ္ဆာ’ သည် ပိတ်ပင်တားဆီးတတ်၏၊ စိတ်ကို လွှမ်းမိုးတတ်၏၊ ပညာကို အားနည်းအောင် ပြုလုပ်တတ်၏။ ရဟန်းတို့ ဤငါးပါးတို့သည်ကုသိုလ်တရား ကို ပိတ်ပင်တားဆီးတတ်ကုန်၏၊ စိတ်ကို လွှမ်းမိုးတတ်ကုန်၏၊ ပညာကို အားနည်းအောင်ပြုလုပ်တတ် ကုန်၏။

ရဟန်းတို့ (ကုသိုလ်တရားတို့ကို) မပိတ်ပင်မတားဆီးတတ်ကုန်သော စိတ်ကို မလွှမ်းမိုးတတ်ကုန် သောဤဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် အသိဉာဏ် ‘ဝိဇ္ဇာ’၊ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ’ အကျိုးကို မျက်မှောက်ပြုခြင်းငှါ ဖြစ်ကုန်၏။ အဘယ်ခုနစ်ပါးတို့နည်း၊ ရဟန်းတို့ (ကုသိုလ်တရားတို့ကို) မပိတ်ပင်မတားဆီးတတ်သော စိတ်ကို မလွှမ်းမိုးတတ်သောသတိသမ္ဗောဇ္ဈင်ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အသိဉာဏ် ‘ဝိဇ္ဇာ’၊ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ'အကျိုးကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။ပ။ ရဟန်းတို့ (ကုသိုလ်တရားတို့ကို) မပိတ်ပင်မတားဆီးတတ်သော စိတ်ကို မလွှမ်းမိုးတတ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အသိဉာဏ် ‘ဝိဇ္ဇာ’၊ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ'အကျိုးကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။ ရဟန်းတို့ ကုသိုလ်တရားတို့ကို မပိတ်ပင်မတားဆီးတတ်ကုန်သော စိတ်ကိုမလွှမ်းမိုးတတ်ကုန်သော ဤဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် အသိဉာဏ် ‘ဝိဇ္ဇာ’၊ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ'အကျိုးကို မျက်မှောက်ပြုခြင်းငှါဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။

--

၁၀-နီဝရဏသုတ်

၂၂၁။ ရဟန်းတို့ ဤနီဝရဏငါးပါးတို့သည် ကန်းအောင် ပြုလုပ်တတ်ကုန်၏၊ မျက်စိမရှိအောင်ပြုလုပ်တတ်ကုန်၏၊ အသိဉာဏ်မဲ့အောင် ပြုလုပ်တတ်ကုန်၏၊ ပညာကို ချုပ်ပျောက်စေတတ်ကုန်၏၊ ပင်ပန်းဆင်းရဲခြင်း အဖို့ရှိကုန်၏၊ (ကိလေသာမှ) ငြိမ်းအေးခြင်းငှါ မဖြစ်စေနိုင်ကုန်။ အဘယ်ငါးပါးတို့နည်း၊

ရဟန်းတို့ ကာမ၌လိုချင်မှု ‘ကာမစ္ဆန္ဒနီဝရဏ’ သည် ကန်းအောင် ပြုလုပ်တတ်၏၊ မျက်စိမရှိအောင်ပြုလုပ်တတ်၏၊ အသိဉာဏ်မဲ့အောင် ပြုလုပ်တတ်၏၊ ပညာကို ချုပ်ပျောက်စေတတ်၏၊ ပင်ပန်းဆင်းရဲခြင်းအဖို့ရှိ၏၊ (ကိလေသာမှ) ငြိမ်းအေးခြင်းငှါ မဖြစ်စေနိုင်။ ရဟန်းတို့ ပျက်စီးစေလိုမှု ‘ဗျာပါဒနီဝရဏ’ သည်။ပ။ ရဟန်းတို့ လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓနီဝရဏ’ သည်။ ရဟန်းတို့ စိတ်ပျံ့လွင့်မှု နောင်တတစ်ဖန်ပူပန်မှု ‘ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ’ သည်။ ရဟန်းတို့ မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာနီဝရဏ’ သည် ကန်းအောင် ပြုလုပ်တတ်၏၊ မျက်စိမရှိအောင် ပြုလုပ်တတ်၏၊ အသိဉာဏ်မဲ့အောင် ပြုလုပ်တတ်၏၊ ပညာကို ချုပ်ပျောက်စေတတ်၏၊ ပင်ပန်းဆင်းရဲခြင်းအဖို့ ရှိ၏၊ (ကိလေသာမှ) ငြိမ်းအေးခြင်းငှါ မဖြစ်စေနိုင်။

ရဟန်းတို့ ဤနီဝရဏငါးပါးတို့သည် ကန်းအောင် ပြုလုပ်တတ်ကုန်၏၊ မျက်စိမရှိအောင် ပြုလုပ်တတ်ကုန်၏၊ အသိဉာဏ်မဲ့အောင် ပြုလုပ်တတ်ကုန်၏၊ ပညာကို ချုပ်ပျောက်စေတတ်ကုန်၏၊ ပင်ပန်းဆင်းရဲခြင်းအဖို့ရှိကုန်၏၊ (ကိလေသာမှ) ငြိမ်းအေးခြင်းငှါ မဖြစ်စေနိုင်ကုန်။

ရဟန်းတို့ ဤဗောဇ္ဈင်ခုနစ်ပါးတို့သည် ပညာမျက်စိကို ပြုလုပ်တတ်ကုန်၏၊ အသိဉာဏ်ကို ပြုလုပ်တတ်ကုန်၏၊ ပညာတိုးပွားခြင်းကို ဖြစ်စေတတ်ကုန်၏၊ ပင်ပန်းဆင်းရဲခြင်းအဖို့ မရှိကုန်၊ (ကိလေသာမှ) ငြိမ်းအေးခြင်းငှါ ဖြစ်စေနိုင်ကုန်၏။ အဘယ်ခုနစ်ပါးတို့နည်း၊

ရဟန်းတို့ သတိသမ္ဗောဇ္ဈင်သည် ပညာမျက်စိကို ပြုလုပ်တတ်၏၊ အသိဉာဏ်ကို ပြုလုပ်တတ်၏၊ ပညာတိုးပွားခြင်းကို ဖြစ်စေတတ်၏၊ ပင်ပန်းဆင်းရဲခြင်းအဖို့ မရှိ၊ (ကိလေသာမှ) ငြိမ်းအေးခြင်းငှါ ဖြစ်စေနိုင်၏။ပ။ ရဟန်းတို့ ဥပေက္ခာသမ္ဗောဇ္ဈင်သည် ပညာမျက်စိကို ပြုလုပ်တတ်၏၊ အသိဉာဏ်ကို ပြုလုပ်တတ်၏၊ ပညာတိုးပွားခြင်းကို ဖြစ်စေတတ်၏၊ ပင်ပန်းဆင်းရဲခြင်းအဖို့ မရှိ၊ (ကိလေသာမှ) ငြိမ်းအေးခြင်း ငှါ ဖြစ်စေနိုင်၏။

ရဟန်းတို့ ဤဗောဇ္ဈင်ခုနစ်ပါးတို့သည် ပညာမျက်စိကို ပြုလုပ်တတ်ကုန်၏၊ အသိဉာဏ်ကို ပြုလုပ်တတ်ကုန်၏၊ ပညာတိုးပွားခြင်းကို ဖြစ်စေတတ်ကုန်၏၊ ပင်ပန်းဆင်းရဲခြင်းအဖို့ မရှိကုန်၊ (ကိလေသာမှ) ငြိမ်းအေးခြင်းငှါ ဖြစ်စေနိုင်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

လေးခုမြောက် နီဝရဏဝဂ် ပြီး၏။

--

၅-စက္ကဝတ္တိဝဂ်

၁-ဝိဓာသုတ်

၂၂၂။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အတိတ်အခါ၌ အလုံးစုံသော သမဏဗြာဟ္မဏတို့သည် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် ထောင်လွှားမှု ‘မာန'သုံးမျိုးတို့ကို ပယ်ခဲ့ကုန်ပြီ။ ရဟန်းတို့ အနာဂတ်အခါ၌ အလုံးစုံသော သမဏဗြာဟ္မဏတို့သည် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် ထောင်လွှားမှု ‘မာန'သုံးမျိုးတို့ကို ပယ်ကုန်လတ္တံ့။ ရဟန်းတို့ယခုပစ္စုပ္ပန်အခါ၌ အလုံးစုံသော သမဏဗြာဟ္မဏတို့သည် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် ထောင်လွှားမှု ‘မာန'သုံးမျိုးတို့ကို ပယ်ကြကုန်၏။ အဘယ်ဗောဇ္ဈင်ခုနစ်ပါးတို့နည်း၊ သတိသမ္ဗောဇ္ဈင်ကိုလည်းကောင်း ။ပ။ ဥပေက္ခာသမ္ဗောဇ္ဈင်ကိုလည်းကောင်း တည်း။

ရဟန်းတို့ အတိတ်အခါ၌ အလုံးစုံသော သမဏဗြာဟ္မဏတို့သည် ဤဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် ထောင်လွှားမှု ‘မာန’ သုံးမျိုးတို့ကို ပယ်ခဲ့ကုန်ပြီ။ အနာဂတ်အခါ၌။ပ။ ပယ်ကြကုန်လတ္တံ့။ ယခုပစ္စုပ္ပန်အခါ၌ အလုံးစုံသော သမဏဗြာဟ္မဏတို့သည် ဤဗောဇ္ဈင်ခုနစ့်ပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် ထောင်လွှားမှု ‘မာန'သုံးမျိုးတို့ကို ပယ်ကြကုန်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

၂-စက္ကဝတ္တိသုတ်

၂၂၃။ ရဟန်းတို့ စကြဝတေးမင်း၏ ထင်ရှားဖြစ်ပေါ်ခြင်းကြောင့် ရတနာခုနစ်ပါးတို့ ထင်ရှားဖြစ်ပေါ်လာ၏၊ အဘယ်ရတနာခုနစ်ပါးတို့နည်း။ စကြာရတနာ ထင်ရှားဖြစ်ပေါ်၏၊ ဆင်ရတနာ ထင်ရှားဖြစ်ပေါ်၏၊ မြင်းရတနာ ထင်ရှားဖြစ်ပေါ်၏၊ ပတ္တမြားရတနာ ထင်ရှားဖြစ်ပေါ်၏၊ မိန်းမရတနာ ထင်ရှားဖြစ်ပေါ်၏၊ သူကြွယ်ရတနာ ထင်ရှားဖြစ်ပေါ်၏၊ သားကြီးရတနာ ထင်ရှားဖြစ်ပေါ်၏။ ရဟန်းတို့ စကြဝတေးမင်း၏ ထင်ရှားဖြစ်ပေါ်ခြင်းကြောင့် ဤရတနာခုနစ်ပါးတို့ ထင်ရှားဖြစ်ပေါ်လာ၏။

ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား ထင်ရှားဖြစ်ပေါ်ခြင်းကြောင့် ဗောဇ္ဈင်ခုနစ်ပါးတို့ ထင်ရှားဖြစ်ပေါ်လာ၏၊ အဘယ်ဗောဇ္ဈင်ခုနစ်ပါးတို့နည်း။ သတိသမ္ဗောဇ္ဈင် ထင်ရှားဖြစ်ပေါ်၏။ပ။ ဥပေက္ခာသမ္ဗောဇ္ဈင် ထင်ရှားဖြစ်ပေါ်၏။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော်မူသော မြတ်စွာဘုရား ထင်ရှားဖြစ်ပေါ်ခြင်းကြောင့် ဤဗောဇ္ဈင်ခုနစ်ပါးတို့ ထင်ရှားဖြစ်ပေါ်လာ၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

--

၃-မာရသုတ်

၂၂၄။ ရဟန်းတို့ သင်တို့အား မာရ်မင်း၏ စစ်သည်ကို နှိမ်နင်းကြောင်းလမ်းစဉ်ကို ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ မာရ်မင်း၏ စစ်သည်ကို နှိမ်နင်းကြောင်းလမ်းစဉ်ဟူသည်အဘယ်နည်း၊ ဗောဇ္ဈင်ခုနစ်ပါးတို့တည်း။ အဘယ်ခုနစ်ပါးတို့နည်း၊ သတိသမ္ဗောဇ္ဈင်။ပ။ ဥပေက္ခာသမ္ဗောဇ္ဈင်တို့တည်း။ ရဟန်းတို့ ဤသည်ကား မာရ်မင်း၏ စစ်သည်ကို နှိမ်နင်းကြောင်းလမ်းစဉ်ပေတည်းဟု (မိန့်တော်မူ၏)။

တတိယသုတ်။

၄-ဒုပ္ပညသုတ်

၂၂၅။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် တစ်ခုသော နေရာ၌ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-အသျှင်ဘုရား “ပညာမဲ့၍ ဖျင်းအသူ ပညာမဲ့၍ ဖျင်းအသူ”ဟု ဆိုအပ်ပါ၏၊ အသျှင်ဘုရား အဘယ်ကြောင့် “ပညာမဲ့၍ ဖျင်းအသူ”ဟု ဆိုအပ်ပါသနည်းဟု (လျှောက်၏)။

ရဟန်း ဗောဇ္ဈင်ခုနစ်ပါးတို့ကို မပွါးများခြင်း ကြိမ်ဖန်များစွာ မပြုလုပ်ခြင်းကြောင့် “ပညာမဲ့၍ဖျင်းအသူ”ဟု ဆိုအပ်၏။ အဘယ်ခုနစ်ပါးတို့နည်း၊ သတိသမ္ဗောဇ္ဈင်။ပ။ ဥပေက္ခာသမ္ဗောဇ္ဈင်တို့တည်း။ ရဟန်း ဤဗောဇ္ဈင်ခုနစ်ပါးတို့ကို မပွါးများခြင်း ကြိမ်ဖန်များစွာ မပြုလုပ်ခြင်းကြောင့် “ပညာမဲ့၍ ဖျင်းအသူ”ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

၅-ပညဝန္တသုတ်

၂၂၆။ အသျှင်ဘုရား “ပညာရှိ၍ မဖျင်းအသူ ပညာရှိ၍ မဖျင်းအသူ”ဟု ဆိုအပ်ပါ၏၊ အသျှင် ဘုရားအဘယ်ကြောင့် “ပညာရှိ၍ မဖျင်းအသူ”ဟု ဆိုအပ်ပါသနည်းဟု (လျှောက်၏)။

ရဟန်း ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် “ပညာရှိ၍ မဖျင်းအသူ”ဟု ဆိုအပ်၏။ အဘယ်ခုနစ်ပါးတို့နည်း၊ သတိသမ္ဗောဇ္ဈင်။ပ။ ဥပေက္ခာသမ္ဗောဇ္ဈင်တို့တည်း။ ရဟန်း ဤဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် “ပညာရှိ၍မဖျင်းအသူ”ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

--

၆-ဒလိဒ္ဒသုတ်

၂၂၇။ အသျှင်ဘုရား “ပညာမွဲသူ ပညာမွဲသူ”ဟု ဆိုအပ်ပါ၏၊ အသျှင်ဘုရား အဘယ်ကြောင့်"ပညာမွဲသူ”ဟု ဆိုအပ်ပါသနည်းဟု (လျှောက်၏)။

ရဟန်း ဗောဇ္ဈင်ခုနစ်ပါးတို့ကို မပွါးများခြင်း ကြိမ်ဖန်များစွာ မပြုလုပ်ခြင်းကြောင့် “ပညာမွဲသူ”ဟုဆိုအပ်၏။ အဘယ်ခုနစ်ပါးတို့နည်း၊ သတိသမ္ဗောဇ္ဈင်။ပ။ ဥပေက္ခာသမ္ဗောဇ္ဈင်တို့တည်း။ ရဟန်း ဤဗောဇ္ဈင်ခုနစ်ပါးတို့ကို မပွါးများခြင်း ကြိမ်ဖန်များစွာ မပြုလုပ်ခြင်းကြောင့် “ပညာမွဲသူ”ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

၇-အဒလိဒ္ဒသုတ်

၂၂၈။ အသျှင်ဘုရား “ပညာကြွယ်ဝသူ ပညာကြွယ်ဝသူ”ဟု ဆိုအပ်ပါ၏၊ အသျှင်ဘုရား အဘယ်ကြောင့် “ပညာကြွယ်ဝသူ”ဟု ဆိုအပ်ပါသနည်းဟု (လျှောက်၏)။

ရဟန်း ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် “ပညာကြွယ်ဝသူ”ဟုဆိုအပ်၏။ အဘယ်ခုနစ်ပါးတို့နည်း၊ သတိသမ္ဗောဇ္ဈင်။ပ။ ဥပေက္ခာသမ္ဗောဇ္ဈင်တို့တည်း။ ရဟန်းဤဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် “ပညာကြွယ်ဝသူ”ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

--

၈-အာဒိစ္စသုတ်

၂၂၉။ ရဟန်းတို့ အရုဏ်တက်ခြင်းသည် နေထွက်ပေါ်လာခြင်း၏ ရှေ့သွားဖြစ်သကဲ့သို့ ပုဗ္ဗနိမိတ်ဖြစ်သကဲ့သို့ ထို့အတူ မိတ်ဆွေကောင်းရှိခြင်းသည် ရဟန်းအား ဗောဇ္ဈင်ခုနစ်ပါးတို့ ဖြစ်ပေါ်ရန် ရှေ့သွားဖြစ်၏၊ ပုဗ္ဗနိမိတ်ဖြစ်၏။ ရဟန်းတို့ မိတ်ဆွေကောင်းရှိသော ရဟန်းအား ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများလိမ့်မည်၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ကြိမ်ဖန်များစွာ ပြုလုပ်လိမ့်မည်ဟု မျှော်လင့်အပ်၏။

ရဟန်းတို့ အဘယ်သို့လျှင် မိတ်ဆွေကောင်းရှိသော ရဟန်းသည် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများသနည်း၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ကြိမ်ဖန်များစွာ ပြုလုပ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော သတိသမ္ဗောဇ္ဈင်ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသောချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင်မိတ်ဆွေကောင်းရှိသော ရဟန်းသည် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွားများ၏၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ကြိမ်ဖန်များစွာ ပြုလုပ်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

၉-အဇ္ဈတ္တိကင်္ဂသုတ်

၂၃၀။ ရဟန်းတို့ ဗောဇ္ဈင်ခုနစ်ပါးတို့ ဖြစ်ပေါ်ရန် ဤသင့်လျော်သောအားဖြင့် နှလုံးသွင်းမှုမှ တစ်ပါးအတွင်းအင်္ဂါဖြစ်သည့် အခြားသောအကြောင်း ‘အင်္ဂါ’ တစ်ခုကိုမျှလည်း ငါဘုရား မြင်တော်မမူ။ ရဟန်းတို့ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှုနှင့် ပြည့်စုံသော ရဟန်းအား ဗောဇ္ဈင်ခုနစ်ပါးတို့ကိုပွါးများ လိမ့်မည်၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ကြိမ်ဖန်များစွာ ပြုလုပ်လိမ့်မည်ဟု မျှော်လင့်အပ်၏။

ရဟန်းတို့ အဘယ်သို့လျှင် သင့်လျော်သောအားဖြင့် နှလုံးသွင်းမှုနှင့် ပြည့်စုံသော ရဟန်းသည်ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများသနည်း၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ကြိမ်ဖန်များစွာ ပြုလုပ်သနည်း၊ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကိုမှီသော နိဗ္ဗာန်သို့ ညွတ်သော သတိသမ္ဗောဇ္ဈင်ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် သင့်လျော်သောအားဖြင့် နှလုံးသွင်းမှုနှင့် ပြည့်စုံသော ရဟန်းသည် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများ၏၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ကြိမ်ဖန်များစွာ ပြုလုပ်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။

--

၁၀-ဗာဟိရင်္ဂသုတ်

၂၃၁။ ရဟန်းတို့ ဗောဇ္ဈင်ခုနစ်ပါးတို့ ဖြစ်ပေါ်ရန် မိတ်ဆွေကောင်းရှိခြင်းမှ တစ်ပါး အပအင်္ဂါဖြစ် သည့်အခြားသောအကြောင်း ‘အင်္ဂါ’ တစ်ခုကိုမျှလည်း ငါဘုရား မြင်တော်မမူ။ ရဟန်းတို့ မိတ်ဆွေကောင်းရှိသော ရဟန်းအား ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများလိမ့်မည်၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ကြိမ်ဖန်များစွာ ပြုလုပ်လိမ့်မည်ဟု မျှော်လင့်အပ်၏။

ရဟန်းတို့ အဘယ်သို့လျှင် မိတ်ဆွေကောင်းရှိသော ရဟန်းသည် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများသနည်း၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ကြိမ်ဖန်များစွာ ပြုလုပ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော သတိသမ္ဗောဇ္ဈင်ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသောချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင်မိတ်ဆွေကောင်းရှိသော ရဟန်းသည် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများ၏၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ကြိမ်ဖန်များစွာ ပြုလုပ်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ငါးခုမြောက် စက္ကဝတ္တိဝဂ် ပြီး၏။

--

၆-သာကစ္ဆဝဂ်

၁-အာဟာရသုတ်

၂၃၂။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ နီဝရဏငါးပါးနှင့် ဗောဇ္ဈင်ခုနစ်ပါးတို့၏ အကြောင်းဖြစ်သောတရားကိုလည်းကောင်း၊ အကြောင်း မဖြစ်သော တရားကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။

ရဟန်းတို့ မဖြစ်သေးသော ကာမ၌ လိုချင်မှု ‘ကာမစ္ဆန္ဒ’ ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ကာမ၌လိုချင်မှု ‘ကာမစ္ဆန္ဒ'ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်းကား အဘယ်နည်း။ ရဟန်းတို့ တင့်တယ်သော သုဘနိမိတ်အာရုံမျိုးသည် ရှိ၏၊ ထိုသုဘနိမိတ်အာရုံ၌ မသင့်လျော်သောအား့ဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော ကာမ၌လိုချင်မှု ‘ကာမစ္ဆန္ဒ’ ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ကာမ၌ လိုချင်မှု ‘ကာမစ္ဆန္ဒ’ ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်းတည်း။ (၁)

ရဟန်းတို့ မဖြစ်သေးသော ပျက်စီးစေလိုမှု ‘ဗျာပါဒ’ ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ပျက်စီးစေလိုမှု ‘ဗျာပါဒ’ ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်းကား အဘယ်နည်း။ ရဟန်းတို့ထိပါးမှု ‘ပဋိဃ'နိမိတ်အာရုံသည် ရှိ၏၊ ထိုပဋိဃနိမိတ်အာရုံ၌ မသင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကိုကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော ပျက်စီးစေလိုမှု ‘ဗျာပါဒ'ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ပျက်စီးစေလိုမှု ‘ဗျာပါဒ’ ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်းတည်း။ (၂)

ရဟန်းတို့ မဖြစ်သေးသော လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်းကား အဘယ်နည်း။ ရဟန်းတို့ မမွေ့လျော်ခြင်း၊ ပျင်းရိခြင်း၊ ကိုယ်လက် ဆန့်ငင်ဖြစ်ခြင်း၊ ထမင်းဆီယစ်ခြင်း၊ စိတ်၏ ဆုတ်နစ်ခြင်းသည် ရှိ၏။ ထို (မမွေ့လျော်ခြင်းစသည်) ၌ မသင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ'ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ'ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်းတည်း။ (၃)

ရဟန်းတို့ မဖြစ်သေးသော စိတ်ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ္ဓ', နောင်တတစ်ဖန်ပူပန်မှု ‘ကုက္ကုစ္စ’ ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော စိတ်ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ္ဓ', နောင်တတစ်ဖန်ပူပန်မှု ‘ကုက္ကုစ္စ’ ကို အတိုင်းထက်အလွန် ဖြစ်စေရန်ပြန့်ပြောစေရန် အကြောင်းကား အဘယ်နည်း။ ရဟန်းတို့ စိတ်မအေးငြိမ်းမှုသည် ရှိ၏၊ ထိုစိတ်မအေးငြိမ်းမှု၌ မသင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကားမဖြစ်သေးသော စိတ်ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ္ဓ', နောင်တတစ်ဖန်ပူပန်မှု ‘ကုက္ကုစ္စ’ ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော စိတ်ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ္ဓ', နောင်တတစ်ဖန်ပူပန်မှု ‘ကုက္ကုစ္စ’ ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန်အကြောင်းတည်း။ (၄)

ရဟန်းတို့ မဖြစ်သေးသော မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်းကား အဘယ်နည်း။ ရဟန်းတို့မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ ၏ တည်ရာအာရုံတရားတို့သည် ရှိကုန်၏၊ ထိုတရားတို့၌ မသင့်လျော်သောအားဖြင့်နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်းတည်း။ (၅)

--

ရဟန်းတို့ မဖြစ်သေးသော အောက်မေ့မှု သတိသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော အောက်မေ့ မှုသတိသမ္ဗောဇ္ဈင်ကို ပွားများမှု ပြည့်စုံစေရန် အကြောင်းကား အဘယ်နည်း။ ရဟန်းတို့ အောက်မေ့မှုသတိသမ္ဗောဇ္ဈင်၏ တည်ရာ အာရုံဖြစ်ကုန်သော (ဗောဓိပက္ခိယတရား လောကုတ္တရာ) တရားတို့သည် ရှိကုန်၏၊ ထိုတရားတို့၌ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော အောက်မေ့မှု သတိသမ္ဗောဇ္ဈင် ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော အောက်မေ့မှုသတိသမ္ဗောဇ္ဈင်ကို ပွားများမှု ပြည့်စုံစေရန် အကြောင်းတည်း။ (၁)

ရဟန်းတို့ မဖြစ်သေးသော ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ဓမ္မဝိစယသမ္ဗောဇ္ဈင် ကိုပွားများမှု ပြည့်စုံစေရန် အကြောင်းကား အဘယ်နည်း။ ရဟန်းတို့ ကုသိုလ် အကုသိုလ်တရား၊ အပြစ်ရှိအပြစ်မဲ့တရား၊ အယုတ် အမြတ်တရား၊ အကျိုးတူအဖို့ရှိသည့် အမည်း အဖြူဖြစ်သော တရား တို့သည့်ရှိကုန်၏။ ထိုတရားတို့၌ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်း ပင်တည်း။ ဤသည်ကား မဖြစ်သေးသော ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ဓမ္မဝိစယ သမ္ဗောဇ္ဈင်ကိုပွားများမှု ပြည့်စုံစေရန် အကြောင်းတည်း။ (၂)

ရဟန်းတို့ မဖြစ်သေးသော ဝီရိယသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ဝီရိယသမ္ဗောဇ္ဈင်ကိုပွားများမှု ပြည့်စုံစေရန် အကြောင်းကား အဘယ်နည်း။ ရဟန်းတို့ ရှေးဦးစွာ အားထုတ်မှု ‘အာရမ္ဘဓာတ်’၊ ပျင်းရိခြင်းမှ ထွက်မြောက်မှု ‘နိက္ကမဓာတ်’၊ အဆင့်ဆင့် အားထုတ်မှု ‘ပရက္ကမဓာတ်'တို့ ရှိကုန်၏။ ထိုအားထုတ်မှုတို့၌ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကားမဖြစ်သေးသော ဝီရိယသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ဝီရိယသမ္ဗောဇ္ဈင်ကို ပွါးများမှု ပြည့်စုံစေရန်အကြောင်းတည်း။ (၃)

ရဟန်းတို့ မဖြစ်သေးသော ပီတိသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ပီတိသမ္ဗောဇ္ဈင်ကို ပွါးများမှုပြည့်စုံစေရန် အကြောင်းကား အဘယ်နည်း။ ရဟန်းတို့ ပီတိသမ္ဗောဇ္ဈင်၏ တည်ရာ (အာရုံ) ဖြစ်သောတရားတို့သည် ရှိကုန်၏၊ ထိုတရားတို့၌ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော ပီတိသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသောဝီတိသမ္ဗောဇ္ဈင် ကို ပွါးများမှု ပြည့်စုံစေရန် အကြောင်းတည်း။ (၄)

ရဟန်းတို့ မဖြစ်သေးသော ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ပဿဒ္ဓိသမ္ဗောဇ္ဈင်ကိုပွါးများမှု ပြည့်စုံစေရန် အကြောင်းကား အဘယ်နည်း။ ရဟန်းတို့ ကိုယ်၏ ငြိမ်းချမ်းမှု၊ စိတ်၏ ငြိမ်းချမ်းမှုတို့သည် ရှိကုန်၏။ ထိုငြိမ်းချမ်းမှုတို့၌ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသောပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွါးများမှု ပြည့်စုံစေရန် အကြောင်းတည်း။ (၅)

ရဟန်းတို့ မဖြစ်သေးသော သမာဓိသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော သမာဓိသမ္ဗောဇ္ဈင်ကိုပွါးများမှု ပြည့်စုံစေရန် အကြောင်းကား အဘယ်နည်း။ ရဟန်းတို့ (ကိလေသာမှ) ငြိမ်းကြောင်း သမထ၏ အာရုံ၊ မပျံ့လွင့်သော သမာဓိ၏ အာရုံတို့သည် ရှိကုန်၏။ ထိုအာရုံတို့၌ သင့်လျော်သောအားဖြင့်နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော သမာဓိသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော သမာဓိသမ္ဗောဇ္ဈင်ကို ပွါးများမှု ပြည့်စုံစေရန် အကြောင်းတည်း။ (၆)

ရဟန်းတို့ မဖြစ်သေးသော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ဥပေက္ခာသမ္ဗောဇ္ဈင်ကိုပွါးများမှု ပြည့်စုံစေရန် အကြောင်းကား အဘယ်နည်း။ ရဟန်းတို့ ဥပေက္ခာသမ္ဗောဇ္ဈင်၏တည်ရာ (အာရုံ) ဖြစ်သော တရားတို့သည် ရှိကုန်၏၊ ထိုတရားတို့၌ သင့်လျော်သောအားဖြင့်နှလုံးသွင်းမှုကို ကြိမ်ဖန် များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသောဥပေက္ခာသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီး သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများမှု ပြည့်စုံစေရန်အကြောင်းတည်း။ (၇)

--

ရဟန်းတို့ မဖြစ်သေးသော ကာမ၌ လိုချင်မှု ‘ကာမစ္ဆန္ဒ’ ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ကာမ၌လိုချင်မှု ‘ကာမစ္ဆန္ဒ’ ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်း မဟုတ်သော တရားကား အဘယ်နည်း။ ရဟန်းတို့ မတင့်တယ်သောအသုဘနိမိတ်အာရုံသည် ရှိ၏၊ ထိုအာရုံ၌ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသောကာမ၌ လိုချင်မှု ‘ကာမစ္ဆန္ဒ’ ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ကာမ၌ လိုချင်မှု ‘ကာမစ္ဆန္ဒ'ကိုအတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်း မဟုတ်သော တရားတည်း။ (၁)

ရဟန်းတို့ မဖြစ်သေးသော ပျက်စီးစေလိုမှု ‘ဗျာပါဒ’ ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ပျက်စီးစေလိုမှု ‘ဗျာပါဒ’ ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်း မဟုတ်သော တရားကား့အဘယ်နည်း။ ရဟန်းတို့ စိတ်၏ ဆန့်ကျင်ဘက်တရားတို့မှ လွတ်သော ‘စေတောဝိမုတ္တိ’ မည်သောမေတ္တာသည် ရှိ၏၊ ထိုမေတ္တာ၌ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော ပျက်စီးစေလိုမှု ‘ဗျာပါဒ’ ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ပျက်စီးစေလိုမှု ‘ဗျာပါဒ’ ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်း မဟုတ်သော တရားတည်း။ (၂)

ရဟန်းတို့ မဖြစ်သေးသော လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်း မဟုတ်သော တရားကား အဘယ်နည်း၊ ရဟန်းတို့ ရှေးဦးစွာ အားထုတ်မှု ‘အာရမ္ဘဓာတ်’၊ ပျင်းရိခြင်းမှ ထွက်မြောက်မှု ‘နိက္ကမဓာတ်’၊ အဆင့်ဆင့် အားထုတ်မှု ‘ပရက္ကမဓာတ်’ တို့ ရှိကုန်၏။ ထိုအားထုတ်မှုတို့၌ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ ကို အတိုင်းထက်အလွန်ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်း မဟုတ်သော တရားတည်း။ (၃)

ရဟန်းတို့ မဖြစ်သေးသော စိတ်ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’၊ နောင်တတစ်ဖန်ပူပန်မှု ‘ကုက္ကုစ္စ’ ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော စိတ်ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’၊ နောင်တတစ်ဖန်ပူပန်မှု ‘ကုက္ကုစ္စ’ ကို အတိုင်းထက်အလွန် ဖြစ်စေရန်ပြန့်ပြောစေရန် အကြောင်း မဟုတ်သော တရားကား အဘယ်နည်း။ ရဟန်းတို့ စိတ်၏ ငြိမ်းအေးမှုသည်ရှိ၏၊ ထိုစိတ်၏ ငြိမ်းအေးမှု၌ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော စိတ်ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’၊ နောင်တတစ်ဖန်ပူပန်မှု ‘ကုက္ကုစ္စ’ ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော စိတ်ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’၊ နောင်တတစ်ဖန်ပူပန်မှု ‘ကုက္ကုစ္စ’ ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်း မဟုတ်သော တရားတည်း။ (၄)

ရဟန်းတို့ မဖြစ်သေးသော မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်း မဟုတ်သော တရားကားအဘယ် နည်း။ ရဟန်းတို့ ကုသိုလ် အကုသိုလ်တရား၊ အပြစ်ရှိ အပြစ်မဲ့တရား၊ အယုတ် အမြတ်တရား၊ အကျိုး တူ အဖို့ရှိသည့် အမည်း အဖြူဖြစ်သော တရားတို့သည် ရှိကုန်၏။ ထိုတရားတို့၌သင့်လျော်သောအား ဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကားမဖြစ်သေးသော မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ ကိုအတိုင်းထက်အလွန် ဖြစ်စေရန် ပြန့် ပြောစေရန် အကြောင်း မဟုတ်သော တရားတည်း။ (၅)

ရဟန်းတို့ မဖြစ်သေးသော သတိသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော သတိသမ္ဗောဇ္ဈင်ကို ပွါး များမှုပြည့်စုံစေရန် အကြောင်း မဟုတ်သော တရားကား အဘယ်နည်း။ ရဟန်းတို့ သတိသမ္ဗောဇ္ဈင်၏တည်ရာ (အာရုံ) ဖြစ်ကုန်သော (ဗောဓိပက္ခိယတရား လောကုတ္တရာ) တရားတို့သည် ရှိကုန်၏၊ ထိုတရားတို့၌ နှလုံးမသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော သတိသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော သတိသမ္ဗောဇ္ဈင်ကို ပွါးများမှု ပြည့်စုံစေရန် အကြောင်း မဟုတ်သော တရားတည်း။ (၁)

--

ရဟန်းတို့ မဖြစ်သေးသော ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ဓမ္မဝိစယသမ္ဗောဇ္ဈင် ကိုပွါးများမှု ပြည့်စုံစေရန် အကြောင်း မဟုတ်သော တရားကား အဘယ်နည်း။ ရဟန်းတို့ ကုသိုလ်အကုသိုလ်တရား၊ အပြစ်ရှိ အပြစ်မဲ့တရား၊ အယုတ် အမြတ်တရား၊ အကျိုးတူ အဖို့ရှိသည့် အမည်းအဖြူဖြစ်သော တရားတို့သည် ရှိကုန်၏။ ထိုတရားတို့၌ နှလုံးမသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွါးများမှု ပြည့်စုံစေရန် အကြောင်း မဟုတ်သော တရားတည်း။ (၂)

ရဟန်းတို့ မဖြစ်သေးသော ဝီရိယသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ဝီရိယသမ္ဗောဇ္ဈင်ကို ပွါးများမှု ပြည့်စုံစေရန် အကြောင်း မဟုတ်သော တရားကား အဘယ်နည်း။ ရဟန်းတို့ ရှေးဦးစွာအားထုတ်မှု ‘အာရမ္ဘဓာတ်’၊ ပျင်းရိခြင်းမှ ထွက်မြောက်မှု ‘နိက္ကမဓာတ်’၊ အဆင့်ဆင့် အားထုတ်မှု ‘ပရက္ကမဓာတ်’ တို့ ရှိကုန်၏။ ထိုအားထုတ်မှုတို့၌ နှလုံးမသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော ဝီရိယသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ဝီရိယသမ္ဗောဇ္ဈင်ကို ပွါးများမှုပြည့်စုံစေရန် အကြောင်း မဟုတ်သော တရားတည်း။ (၃)

ရဟန်းတို့ မဖြစ်သေးသော ပီတိသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ပီတိသမ္ဗောဇ္ဈင်ကို ပွါးများမှုပြည်စုံစေရန် အကြောင်း မဟုတ်သော တရားကား အဘယ်နည်း။ ရဟန်းတို့ ပီတိသမ္ဗောဇ္ဈင်၏တည်ရာ (အာရုံ) ဖြစ်သော တရားတို့သည် ရှိကုန်၏။ ထိုတရားတို့၌ နှလုံးမသွင်းမှုကို ကြိမ်ဖန်များစွာပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော ပီတိသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ပီတိသမ္ဗောဇ္ဈင်ကို ပွါးများမှု ပြည့်စုံစေရန် အကြောင်း မဟုတ်သော တရားတည်း။ (၄)

ရဟန်းတို့ မဖြစ်သေးသော ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ပဿဒ္ဓိသမ္ဗောဇ္ဈင်ကိုပွါးများမှု ပြည့်စုံစေရန် အကြောင်း မဟုတ်သော တရားကား အဘယ်နည်း။ ရဟန်းတို့ ကိုယ်၏ ငြိမ်းချမ်းမှု၊ စိတ်၏ ငြိမ်းချမ်းမှုတို့သည် ရှိကုန်၏။ ထိုငြိမ်းချမ်းမှုတို့၌ နှလုံးမသွင်းမှုကို ကြိမ်ဖန်များစွာပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသောပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွါးများမှု ပြည့်စုံစေရန် အကြောင်း မဟုတ်သော တရားတည်း။ (၅)

ရဟန်းတို့ မဖြစ်သေးသော သမာဓိသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော သမာဓိသမ္ဗောဇ္ဈင်ကိုပွါးများမှု ပြည့်စုံစေရန် အကြောင်း မဟုတ်သော တရားကား အဘယ်နည်း၊ ရဟန်းတို့ (ကိလေသာမှ) ငြိမ်းကြောင်း သမထ၏ အာရုံ၊ မပျံ့လွင့်သော သမာဓိ၏ အာရုံတို့သည် ရှိကုန်၏။ ထိုအာရုံတို့၌ နှလုံးမသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော သမာဓိသမ္ဗောဇ္ဈင်ကိုဖြစ်စေရန်၊ ဖြစ်ပြီးသော သမာဓိသမ္ဗောဇ္ဈင်ကို ပွါးများမှု ပြည့်စုံစေရန် အကြောင်း မဟုတ်သော တရားတည်း။ (၆)

ရဟန်းတို့ မဖြစ်သေးသော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ဥပေက္ခာသမ္ဗောဇ္ဈင်ကိုပွါးများမှု ပြည့်စုံစေရန် အကြောင်း မဟုတ်သော တရားကား အဘယ်နည်း။ ရဟန်းတို့ ဥပေက္ခာသမ္ဗောဇ္ဈင်၏ တည်ရာ (အာရုံ) ဖြစ်သော တရားတို့သည် ရှိကုန်၏၊ ထိုတရားတို့၌ နှလုံးမသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများမှု ပြည့်စုံစေရန် အကြောင်း မဟုတ်သော တရားတည်းဟု (မိန့်တော် မူ၏)။ (၇)

ပဌမသုတ်။

--

၂ - ပရိယာယသုတ်

၂၃၃။ ထိုအခါ များစွာသော ရဟန်းတို့သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်း ကိုယူဆောင်ပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်ကြကုန်၏၊ ထိုအခါ ထိုရဟန်းတို့အား ဤအကြံသည်ဖြစ်၏- “သာဝတ္ထိပြည်၌ ဆွမ်းခံလှည့်လည်ရန် အချိန်စောသေး၏၊ ငါတို့ကား ဤသာသနာ့ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့၏ အရံသို့ ချဉ်းကပ်ကြရလျှင် ကောင်းပေလိမ့်မည်”ဟု အကြံ ဖြစ်၏။

ထို့နောက် ထိုရဟန်းတို့သည် သာသနာ့ပြင်ပအယူရှိကုန်သော ပရိဗိုဇ်တို့၏ အရံသို့ ချဉ်းကပ်ကုန်ပြီးလျှင် ထိုသာသနာ့ပြင်ပအယူရှိကုန်သည့် ပရိဗိုဇ်တို့နှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို ပြီးဆုံးစေပြီး၍ တစ်ခုသော နေရာ၌ ထိုင်နေကုန်၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော ထိုရဟန်းတို့အား့သာသနာ့ပြင်ပအယူရှိကုန်သော ပရိဗိုဇ်တို့သည် ဤစကားကို ဆိုကုန်၏ - ငါသျှင်တို့ ရဟန်းဂေါတမသည် တပည့် ‘သာဝက'တို့အား “ရဟန်းတို့ လာကြကုန်၊ သင်တို့သည်စိတ်ကို ညစ်ညူးစေတတ်ကုန်သော ပညာကို အားနည်းအောင် ပြုလုပ်တတ်ကုန်သော နီဝရဏငါးပါးတို့ကိုပယ်စွန့်ကုန်၍ ဗောဇ္ဈင်ခုနစ်ပါးတို့ကိုဟုတ်မှန်သောအတိုင်း ပွါးများကြကုန်လော့”ဟု ဤသို့သော တရားကို ဟောကြား၏၊ ငါ့သျှင်တို့ ငါတို့သည်လည်း တပည့် ‘သာဝက’ တို့အား “ငါ့သျှင်တို့ လာကြကုန်၊ သင် တို့သည် စိတ်ကို ညစ်ညူးစေတတ်ကုန်သော ပညာကို အားနည်းအောင် ပြုလုပ်တတ်ကုန်သောနီဝရဏ ငါးပါးတို့ကို ပယ်စွန့်ကုန်၍ ဗောဇ္ဈင်ခုနစ်ပါးတို့ကိုဟုတ်မှန်သောအတိုင်း ပွါးများကုန်လော့”ဟုဤသို့ သော တရားကို ဟောကုန်၏။ ငါ့သျှင်တို့ ဤအရာ၌ ရဟန်းဂေါတမ၏ တရားဟောခြင်းနှင့်ငါတို့၏ တရားဟောခြင်းသည်လည်းကောင်း၊ ရဟန်းဂေါတမ၏ ဆုံးမခြင်းနှင့် ငါတို့၏ဆုံးမခြင်းသည်လည်းကောင်း အထူးကား အဘယ်နည်း၊ သာလွန်ခြင်းကား အဘယ်နည်း၊ ကွဲပြားချက်ကား အဘယ်နည်းဟု ဆိုကြ ကုန်၏။

ထို့နောက် ထိုရဟန်းတို့သည် သာသနာ့ပြင်ပအယူရှိကုန်သော ပရိဗိုဇ်တို့၏ ပြောဆိုအပ်သော စကားကိုမနှစ်သက်မတားမြစ်မူ၍ “မြတ်စွာဘုရား၏ အထံတော်၌ ဤစကား၏ အနက်ကို သိကြရကုန် အံ့”ဟုနေရာမှ ထပြီးလျှင် ဖဲခွါခဲ့ကြကုန်၏။ ထို့နောက် ထိုရဟန်းတို့သည် သာဝတ္ထိပြည်သို့ ဆွမ်းခံ လှည့်လည်၍ဆွမ်းစားပြီးနောက် ဆွမ်းစားရာအရပ်မှ ဖဲခွါခဲ့ကြကုန်ပြီးသော် မြတ်စွာဘုရားထံသို့ ချဉ်းကပ် ကုန်၍မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေကုန်ပြီးသော် မြတ်စွာဘုရားအား ဤစကားကိုလျှောက်ကုန်၏ - အသျှင်ဘုရားအကျွန်ုပ်တို့သည်နံနက်အချိန်သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်ပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်ခဲ့ကြကုန်၏၊ အသျှင်ဘုရား တပည့်တော်တို့အား “သာဝတ္ထိပြည်၌ဆွမ်းခံလှည့်လည်ရန် အချိန်စောသေး၏၊ ငါတို့ကား သာသနာ့ပြင်ပအယူရှိကုန်သော ပရိဗိုဇ်တို့၏ အရံသို့ချဉ်းကပ်ရကြလျှင် ကောင်းပေလိမ့်မည်”ဟု အကြံ ဖြစ်ပေါ်ပါ၏၊ ထို့နောက် အကျွန်ုပ်တို့သည် သာသနာ့ပြင်ပအယူရှိကုန်သော ပရိဗိုဇ်တို့၏ အရံသို့ ချဉ်းကပ်ကုန်ပြီးလျှင် ထိုသာသနာ့ပြင်ပအယူရှိကုန်သည့် ပရိဗိုဇ်တို့နှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးဆုံးစေပြီး၍ တစ်ခုသော နေရာ၌ ထိုင်နေပါကုန်၏၊ တစ်ခုသော နေရာ၌ ထိုင်နေသောအကျွန်ုပ်တို့အား သာသနာ့ပြင်ပအယူရှိကုန်သော ပရိဗိုဇ်တို့သည်ဤစကားကို ဆိုပါကုန်၏၊

ငါ့သျှင်တို့ ရဟန်းဂေါတမသည် တပည့် ‘သာဝက’ တို့အား “ရဟန်းတို့ လာကြကုန်၊ သင်တို့သည်စိတ်ကို ညစ်ညူးစေတတ်ကုန်သော ပညာကို အားနည်းအောင် ပြုလုပ်တတ်ကုန်သော နီဝရဏငါးပါးတို့ကိုပယ်စွန့်ကုန်၍ ဗောဇ္ဈင်ခုနစ်ပါးတို့ကိုဟုတ်မှန်သောအတိုင်း ပွါးများကြကုန်လော့”ဟု ဤသို့သော တရားကို ဟောကြား၏။ ငါ့သျှင်တို့ ငါတို့သည်လည်း တပည့် ‘သာဝက’ တို့အား “ငါ့သျှင်တို့ လာကြကုန်၊ သင် တို့သည် စိတ်ကို ညစ်ညူးစေတတ်ကုန်သော ပညာကို အားနည်းအောင် ပြုလုပ်တတ်ကုန်သောနီဝရဏ ငါးပါးတို့ကို ပယ်စွန့်ကုန်၍ ဗောဇ္ဈင်ခုနစ်ပါးတို့ကိုဟုတ်မှန်သောအတိုင်းပွါးများကြကုန်လော့”ဟု ဤသို့ သော တရားကို ဟောကုန်၏။ ငါ့သျှင်တို့ ဤအရာ၌ ရဟန်းဂေါတမ၏တရားဟောခြင်းနှင့် ငါတို့၏ တရားဟောခြင်းသည်လည်းကောင်း၊ ရဟန်းဂေါတမ၏ ဆုံးမခြင်းနှင့် ငါတို့၏ဆုံးမခြင်းသည်လည်းကောင်း အထူးကား အဘယ်နည်း၊ သာလွန်ခြင်းကား အဘယ်နည်း၊ ကွဲပြားချက်ကား အဘယ်နည်းဟု ဤစကား ကို ပြောဆိုပါကုန်၏။

--

အသျှင်ဘုရား ထိုအခါ တပည့်တော်တို့သည် သာသနာ့ပြင်ပအယူရှိကြသည့် ထိုပရိဗိုဇ်တို့ ပြောဆိုအပ်သော စကားကို မနှစ်သက်မတားမြစ်မူ၍ “မြတ်စွာဘုရား၏ အထံတော်၌ ဤစကား၏ အနက်ကိုသိရ ကုန်အံ့”ဟု နေရာမှ ထကာ ဖဲခွါခဲ့ကြပါကုန်၏ဟု လျှောက်ကုန်၏။

ရဟန်းတို့ ဤသို့ ပြောဆိုလေ့ရှိကြကုန်သော သာသနာ့ပြင်ပအယူရှိကြကုန်သော ပရိဗိုဇ်တို့အား ဤသို့ပြောဆိုကုန်ရာ၏- “ငါ့သျှင်တို့ အကြင်အကြောင်းကို စွဲ၍ နီဝရဏငါးပါးတို့သည် ဆယ်ပါး ဖြစ် ကုန်၏၊ ဗောဇ္ဈင်ခုနစ်ပါးတို့သည် တစ်ဆယ့်လေးပါး ဖြစ်ကုန်၏၊ ထိုအကြောင်းသည် ရှိပါသလော”ဟု (ပြောဆိုကုန်ရာ၏)။ ရဟန်းတို့ ဤသို့ မေးအပ်ကုန်သည်ရှိသော် သာသနာ့ပြင်ပအယူရှိကုန်သော ပရိဗိုဇ်တို့သည် ပြည့်စုံစွာ မဖြေဆိုနိုင်ကြကုန်လတ္တံ့၊ ထို့ပြင် ပင်ပန်းဆင်းရဲခြင်းသို့လည်း ရောက်ကုန်လတ္တံ့၊ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ၎င်းတို့၏ အရာ မဟုတ်သောကြောင့်တည်း။ ရဟန်းတို့ ငါဘုရားကိုဖြစ်စေ၊ ငါဘုရား၏ တပည့် ‘သာဝက’ ကိုဖြစ်စေ၊ ဤသာသနာတော်မှ ကြားနာရသော သူကိုဖြစ်စေ ဖယ်ထား၍ ဤပြဿနာတို့ကို ဖြေဆိုခြင်းဖြင့် စိတ်ကို နှစ်သက်စေနိုင်မည့်သူကို နတ် မာရ်နတ်ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောက၌ငါဘုရား မမြင်။

ရဟန်းတို့ အကြင်အကြောင်းကို စွဲ၍ နီဝရဏငါးပါးတို့သည် ဆယ်ပါး ဖြစ်ကုန်၏၊ ထိုအကြောင်း ကားအဘယ်နည်း။

ရဟန်းတို့ မိမိခန္ဓာကို စွဲ၍ ဖြစ်သော ကာမ၌ လိုချင်မှု ‘ကာမစ္ဆန္ဒ'သည်လည်း နီဝရဏတည်း၊ ပြင်ပခန္ဓာကို စွဲ၍ ဖြစ်သော ကာမ၌ လိုချင်မှု ‘ကာမစ္ဆန္ဒ'သည်လည်း နီဝရဏတည်း၊ ဤသို့လျှင် ထိုကာမစ္ဆန္ဒနီဝရဏသည် ဤအကြောင်းပရိယာယ်အားဖြင့်လည်း နှစ်ပါးဖြစ်၏။ ရဟန်းတို့ မိမိခန္ဓာကို စွဲ၍ ဖြစ်သောပျက်စီးစေလိုမှု ‘ဗျာပါဒ’ သည်လည်း နီဝရဏတည်း၊ ပြင်ပခန္ဓာကို စွဲ၍ ဖြစ်သော ပျက်စီးစေလိုမှု ‘ဗျာပါဒ'သည်လည်း နီဝရဏတည်း၊ ဤသို့လျှင် ထိုဗျာပါဒနီဝရဏသည် ဤအကြောင်းပရိယာယ်အားဖြင့်လည်းနှစ်ပါးဖြစ်၏။ ရဟန်းတို့ စိတ်၏ ထိုင်းမှိုင်းမှု ‘ထိန’ သည်လည်း နီဝရဏတည်း၊ စေတသိက်၏ ထိုင်းမှိုင်းမှု ‘မိဒ္ဓ’ သည်လည်း နီဝရဏတည်း၊ ဤသို့လျှင် ထိုထိနမိဒ္ဓနီဝရဏသည် ဤအကြောင်းပရိယာယ်အားဖြင့်လည်း နှစ်ပါးဖြစ်၏။ ရဟန်းတို့ စိတ်ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ'သည်လည်း နီဝရဏတည်း၊ နောင်တတစ်ဖန်ပူပန်မှု ‘ကုက္ကုစ္စ’ သည်လည်း နီဝရဏတည်း၊ ဤသို့လျှင် ထိုဥဒ္ဓစ္စကုက္ကုစ္စနီဝရဏသည် ဤအကြောင်းပရိယာယ်အားဖြင့်လည်း နှစ်ပါးဖြစ်၏။ ရဟန်းတို့ မိမိခန္ဓာတရားတို့၌ မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ သည်လည်း နီဝရဏတည်း၊ ပြင်ပခန္ဓာတရားတို့၌ မဆုံးဖြတ်နိုင်မှု ‘ဝိစိကိစ္ဆာ’ သည်လည်း နီဝရဏတည်း၊ ဤသို့လျှင် ထိုဝိစိကိစ္ဆာနီဝရဏသည် ဤအကြောင်းပရိယာယ်အားဖြင့်လည်း နှစ်ပါးဖြစ်၏။

ရဟန်းတို့ အကြင်အကြောင်းကို စွဲ၍ နီဝရဏငါးပါးတို့သည် ဆယ်ပါး ဖြစ်ကုန်၏၊ ဤသည်ကားအကြောင်းပရိယာယ်တည်း။

ရဟန်းတို့ အကြင်အကြောင်းကို စွဲ၍ ဗောဇ္ဈင်ခုနစ်ပါးတို့သည် တစ်ဆယ့်လေးပါး ဖြစ်ကုန်၏၊ ထိုအကြောင်းကား အဘယ်နည်း။

--

ရဟန်းတို့ အတွင်းသင်္ခါရတရားတို့၌ အောက်မေ့မှု ‘သတိ’ သည်လည်း သတိသမ္ဗောဇ္ဈင်တည်း၊ ပြင်ပသင်္ခါရတရားတို့၌ အောက်မေ့မှု ‘သတိ’ သည်လည်း သတိသမ္ဗောဇ္ဈင်တည်း၊ ဤသို့လျှင် ထိုသတိသမ္ဗောဇ္ဈင်သည် ဤအကြောင်းပရိယာယ်အားဖြင့်လည်း နှစ်ပါးဖြစ်၏။

ရဟန်းတို့ အတွင်းသင်္ခါရတရားတို့၌ ပညာဖြင့် ဆင်ခြင်ခြင်း သုံးသပ်ခြင်း စုံစမ်းခြင်းသို့ ရောက်ခြင်းသည်လည်း ဓမ္မဝိစယသမ္ဗောဇ္ဈင်တည်း၊ ပြင်ပသင်္ခါရတရားတို့၌ ပညာဖြင့် ဆင်ခြင်ခြင်း သုံးသပ်ခြင်းစုံစမ်းခြင်းသို့ ရောက်ခြင်းသည်လည်း ဓမ္မဝိစယသမ္ဗောဇ္ဈင်တည်း၊ ဤသို့လျှင် ထိုဓမ္မဝိစယသမ္ဗောဇ္ဈင်သည်ဤအကြောင်းပရိယာယ်အားဖြင့်လည်း နှစ်ပါးဖြစ်၏။

ရဟန်းတို့ ကိုယ်၌ ဖြစ်သောအားထုတ်မှုသည်လည်း ဝီရိယသမ္ဗောဇ္ဈင်တည်း၊ စိတ်၌ ဖြစ်သောအားထုတ်မှုသည်လည်း ဝီရိယသမ္ဗောဇ္ဈင်တည်း၊ ဤသို့လျှင် ထိုဝီရိယသမ္ဗောဇ္ဈင်သည် ဤအကြောင်းပရိယာယ်အားဖြင့်လည်း နှစ်ပါးဖြစ်၏။

ရဟန်းတို့ ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ'တို့နှင့် တကွဖြစ်သော နှစ်သိမ့်မှု ‘ပီတိ’ သည်လည်းပီတိသမ္ဗောဇ္ဈင်တည်း၊ ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ'တို့ မရှိသော နှစ်သိမ့်မှု ‘ပီတိ'သည်လည်း ပီတိသမ္ဗောဇ္ဈင်တည်း၊ ဤသို့လျှင် ထိုပီတိသမ္ဗောဇ္ဈင်သည် ဤအကြောင်းပရိယာယ်အားဖြင့်လည်း နှစ်ပါးဖြစ်၏။

ရဟန်းတို့ ကိုယ်၏ ငြိမ်းချမ်းမှု ‘ကာယပဿဒ္ဓိ'သည်လည်း ပဿဒ္ဓိသမ္ဗောဇ္ဈင်တည်း၊ စိတ်၏ ငြိမ်းချမ်းမှု ‘စိတ္တပဿဒ္ဓိ’ သည်လည်း ပဿဒ္ဓိသမ္ဗောဇ္ဈင်တည်း၊ ဤသို့လျှင် ထိုပဿဒ္ဓိသမ္ဗောဇ္ဈင်သည် ဤအကြောင်းပရိယာယ်အားဖြင့်လည်း နှစ်ပါးဖြစ်၏။

ရဟန်းတို့ ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’ တို့နှင့် တကွဖြစ်သော တည်ကြည်မှု ‘သမာဓိ'သည်လည်း သမာဓိသမ္ဗောဇ္ဈင်တည်း၊ ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’ တို့ မရှိသော တည်ကြည်မှု ‘သမာဓိ’ သည်လည်း သမာဓိသမ္ဗောဇ္ဈင်တည်း၊ ဤသို့လျှင် ထိုသမာဓိသမ္ဗောဇ္ဈင်သည် ဤအကြောင်းပရိယာယ်အားဖြင့်လည်း နှစ်ပါးဖြစ်၏။

ရဟန်းတို့ အတွင်းသင်္ခါရတရားတို့၌ အညီအမျှ ရှုမှု ‘ဥပေက္ခာ’ သည်လည်း ဥပေက္ခာသမ္ဗောဇ္ဈင် တည်း၊ ပြင်ပသင်္ခါရတရားတို့၌ အညီအမျှ ရှုမှု ‘ဥပေက္ခာ’ သည်လည်း ဥပေက္ခာသမ္ဗောဇ္ဈင်တည်း၊ ဤသို့ လျှင်ထိုဥပေက္ခာသမ္ဗောဇ္ဈင်သည် ဤအကြောင်းပရိယာယ်အားဖြင့်လည်း နှစ်ပါးဖြစ်၏။

ရဟန်းတို့ အကြင်အကြောင်းကို စွဲ၍ ဗောဇ္ဈင်ခုနစ်ပါးတို့သည် တစ်ဆယ့်လေးပါး ဖြစ်ကုန်၏၊ ဤသည်ကား အကြောင်းပရိယာယ်တည်းဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

--

၃ - အဂ္ဂိသုတ်

၂၃၄။ ထိုအခါ များစွာသော ရဟန်းတို့သည် နံနက်အချိန် သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကိုဆောင်ယူလျက် သာဝတ္ထိပြည်သို့ ဆွမ်းခံလှည့်လည်ကုန်၏။ (ပရိယာယသုတ်နှင့် တူ၏)။

ရဟန်းတို့ ဤသို့ ပြောဆိုလေ့ရှိကုန်သော သာသနာ့ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့ကို ဤသို့ပြောဆိုကုန်ရာ၏ - “ငါ့သျှင်တို့ စိတ် တွန့်တို (ဆုတ်နစ်) သောအခါ၌ အဘယ်ဗောဇ္ဈင်တို့ကို ပွါးများရန်အခါ မဟုတ်ပါသနည်း၊ အဘယ်ဗောဇ္ဈင်တို့ကို ပွါးများရန် အခါဟုတ်ပါသနည်း။ ငါ့သျှင်တို့ စိတ်ပျံ့လွင့်သောအခါ၌ အဘယ်ဗောဇ္ဈင်တို့ကို ပွါးများရန် အခါ မဟုတ်ပါသနည်း၊ အဘယ်ဗောဇ္ဈင်တို့ကို ပွါးများရန်အခါဟုတ်ပါသနည်း”။

ရဟန်းတို့ ဤသို့ မေးအပ်သည်ရှိသော် သာသနာ့ပြင်ပ အယူရှိကြသည့် ပရိဗိုဇ်တို့သည် ပြည့်စုံစွာမဖြေဆိုနိုင်ကြကုန်လတ္တံ့၊ ထို့ပြင် ပင်ပန်းဆင်းရဲခြင်းသို့လည်း ရောက်ကုန်လတ္တံ့။ ထိုသို့ဖြစ်ခြင်းသည်အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ၎င်းတို့၏ အရာ မဟုတ်သောကြောင့်တည်း။

ရဟန်းတို့ ငါဘုရားကိုဖြစ်စေ၊ ငါဘုရား၏ တပည့် ‘သာဝက’ ကိုဖြစ်စေ၊ ဤသာသနာတော်မှ ကြားနာရသော သူကိုဖြစ်စေ ဖယ်ထား၍ ဤပြဿနာတို့ကို ဖြေဆိုခြင်းဖြင့် စိတ်ကို နှစ်သက်စေနိုင်မည့်သူကိုနတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသောလူ့လောက၌ ငါဘုရား မမြင်။

ရဟန်းတို့ စိတ် တွန့်တို (ဆုတ်နစ်) သောအခါ၌ ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါမဟုတ်၊ သမာဓိသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါ မဟုတ်၊ ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါ မဟုတ်။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ စိတ်သည် တွန့်တို (ဆုတ်နစ်) ၏၊ ထိုတွန့်တို (ဆုတ်နစ်) သော စိတ်ကို ဤဗောဇ္ဈင်တရားသုံးပါးတို့သည် ထစေနိုင်ခဲသောကြောင့်တည်း။

ရဟန်းတို့ ဥပမာသော်ကား ယောကျ်ားသည် အနည်းငယ်သော မီးကို တောက်စေလို၏၊ ထိုယောကျ်ားသည် ထိုမီးထဲ၌ မြက်စိုတို့ကိုလည်းကောင်း၊ နွားချေးစိုတို့ကိုလည်းကောင်း၊ ထင်းစိုတို့ကိုလည်း့ကောင်း ထည့်ရာ၏၊ ရေပါသော လေကိုလည်း (မှုတ်) ပေးရာ၏၊ မြေမှုန့်ဖြင့်လည်း ကြဲဖြန့်ရာ၏။ ထိုယောကျ်ားသည် အနည်းငယ်သော မီးကို တောက်စေနိုင်ရာအံ့လောဟု (မေးတော်မူ၏)။ အသျှင်ဘုရားမတောက်စေနိုင်ရာပါ။

ရဟန်းတို့ ဤအတူပင် စိတ်တွန့်တို (ဆုတ်နစ်) သောအခါ၌ ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါမဟုတ်၊ သမာဓိသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါ မဟုတ်၊ ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါမဟုတ်။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ စိတ်သည် တွန့်တို (ဆုတ်နစ်) ၏၊ ထိုတွန့်တို (ဆုတ် နစ်) သော စိတ်ကို ဤဗောဇ္ဈင်တရားသုံးပါးတို့သည် ထစေနိုင်ခဲသောကြောင့်တည်း။ (၁)

ရဟန်းတို့ စိတ်တွန့်တို (ဆုတ်နစ်) သောအခါ၌ ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါတည်း၊ ဝီရိယသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါတည်း၊ ပီတိသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါတည်း။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ စိတ်သည် တွန့်တို (ဆုတ်နစ်) ၏၊ ထိုတွန့်တို (ဆုတ်နစ်) သောစိတ်ကို ဤဗောဇ္ဈင်တရားသုံးပါးတို့သည် ကောင်းစွာ ထစေနိုင်သောကြောင့်တည်း။

--

ရဟန်းတို့ ဥပမာသော်ကား ယောကျ်ားသည် အနည်းငယ်သော မီးကို တောက်စေလို၏၊ ထိုယောကျ်ားသည် ထိုမီးထဲ၌ မြက်ခြောက်တို့ကိုလည်းကောင်း၊ နွားချေးခြောက်တို့ကိုလည်းကောင်း၊ ထင်းခြောက်တို့ကိုလည်းကောင်း ထည့်ရာ၏၊ ခံတွင်းလေကိုလည်း (မှုတ်) ပေးရာ၏၊ မြေမှုန့်ဖြင့်လည်း မကြဲဖြန့်ရာ။ ထိုယောကျ်ားသည် အနည်းငယ်သော မီးကို တောက်စေနိုင်ရာသည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား တောက်စေနိုင်ရာပါ၏။

ရဟန်းတို့ ဤအတူပင် စိတ်တွန့်တို (ဆုတ်နစ်) သောအခါ၌ ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွါးများရန်အခါတည်း၊ ဝီရိယသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါတည်း၊ ပီတိသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါတည်း။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ စိတ်သည် တွန့်တို (ဆုတ်နစ်) ၏၊ ထိုတွန့်တို (ဆုတ်နစ်) သော စိတ်ကို ဤဗောဇ္ဈင်တရားသုံးပါးတို့သည် ကောင်းစွာ ထစေနိုင်သောကြောင့်တည်း။ (၂)

ရဟန်းတို့ စိတ်ပျံ့လွင့်သောအခါ၌ ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါ မဟုတ်၊ ဝီရိယသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါ မဟုတ်၊ ပီတိသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါ မဟုတ်။ ထိုသို့ဖြစ်ခြင်းသည်အဘယ်ကြောင့်နည်း၊ ရဟန်းတို့ စိတ်သည် ပျံ့လွင့်၏၊ ထိုပျံ့လွင့်သော စိတ်ကို ဤဗောဇ္ဈင်တရားသုံးပါးတို့သည် ငြိမ်းစေနိုင်ခဲသောကြောင့်တည်း။

ရဟန်းတို့ ဥပမာသော်ကား ယောကျ်ားသည် မီးပုံကြီးကို ငြိမ်းအေးစေလို၏၊ ထိုယောကျ်ားသည်ထိုမီးပုံ၌ မြက်ခြောက်တို့ကိုလည်းကောင်း၊ နွားချေးခြောက်တို့ကိုလည်းကောင်း၊ ထင်းခြောက်တို့ကိုလည်းကောင်း ထည့်ရာ၏၊ ခံတွင်းလေကိုလည်း (မှုတ်) ပေးရာ၏၊ မြေမှုန့်ဖြင့်လည်း မကြဲဖြန့်ရာ။ ထိုယောကျ်ားသည် မီးပုံကြီးကို ငြိမ်းအေးစေနိုင်ရာအံ့လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မငြိမ်းအေးစေနိုင်ရာပါ။

ရဟန်းတို့ ဤအတူပင် စိတ်ပျံ့လွင့်သောအခါ၌ ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါ မဟုတ်၊ ဝီရိယသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါ မဟုတ်၊ ပီတိသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါ မဟုတ်။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ စိတ်သည် ပျံ့လွင့်၏၊ ထိုပျံ့လွင့်သော စိတ်ကို ဤဗောဇ္ဈင်တရားသုံးပါးတို့သည် ကောင်းစွာ ငြိမ်းစေနိုင်ခဲသောကြောင့်တည်း။ (၃)

ရဟန်းတို့ စိတ်ပျံ့လွင့်သောအခါ၌ ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါတည်း၊ သမာဓိသမ္ဗောဇ္ဈင် ကိုပွါးများရန် အခါတည်း၊ ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါတည်း။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ စိတ်သည် ပျံ့လွင့်၏၊ ထိုပျံ့လွင့်သော စိတ်ကို ဤဗောဇ္ဈင်တရားသုံးပါးတို့သည်ငြိမ်းစေနိုင်သောကြောင့်တည်း။

ရဟန်းတို့ ဥပမာသော်ကား ယောကျ်ားသည် မီးပုံကြီးကို ငြိမ်းအေးစေလို၏၊ ထိုယောကျ်ားသည်ထိုမီးပုံ၌ မြက်စိုတို့ကိုလည်းကောင်း၊ နွားချေးစိုတို့ကိုလည်းကောင်း၊ ထင်းစိုတို့ကိုလည်းကောင်း ထည့်ရာ့၏၊ ရေပါသော လေကိုလည်း (မှုတ်) ပေးရာ၏၊ မြေမှုန့်ဖြင့်လည်း ကြဲဖြန့်ရာ၏။ ထိုယောကျ်ားသည်မီးပုံ ကြီးကို ငြိမ်းအေးစေနိုင်ရာသည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရားငြိမ်းအေးစေနိုင်ရာပါ၏။

ရဟန်းတို့ ဤအတူပင် စိတ်ပျံ့လွင့်သောအခါ၌ ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါတည်း၊ သမာဓိသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါတည်း၊ ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါတည်း။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ စိတ်သည် ပျံ့လွင့်၏၊ ထိုပျံ့လွင့်သော စိတ်ကို ဤဗောဇ္ဈင်တရားသုံးပါးတို့သည် ကောင်းစွာ ငြိမ်းအေးစေနိုင်သောကြောင့်တည်း။ (၄)

ရဟန်းတို့ သတိကိုကား အလုံးစုံ (စိတ်ဆုတ်နစ်ရာ စိတ်ပျံ့လွင့်ရာ) ၌ အလိုရှိအပ်ပေ၏ဟု ငါဘုရားဆို၏ဟု (မိန့်တော်မူ၏)။ (၅)

တတိယသုတ်။

--

၄ - မေတ္တာသဟဂတသုတ်

၂၃၅။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောလိယတိုင်း ဟလိဒ္ဒဝသနမည်သော ကောလိယတိုင်းသားတို့၏ နိဂုံး၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ များစွာသော ရဟန်းတို့သည် နံနက်အချိန် သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်ပြီးလျှင် ဟလိဒ္ဒဝသနနိဂုံးသို့ ဆွမ်းခံဝင်ကုန်၏၊ ထိုအခါထိုရဟန်းတို့အား ဤအကြံ ဖြစ်၏- “ဟလိဒ္ဒဝသနနိဂုံး၌ ဆွမ်းခံလှည့်လည်ရန် အချိန်စောသေး၏၊ ငါတို့သည် သာသနာ့ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့၏ အရံသို့ ချဉ်းကပ်ရလျှင် ကောင်းပေလိမ့်မည်”ဟုအကြံဖြစ်၏။

ထို့နောက် ထိုရဟန်းတို့သည် သာသနာ့ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့၏ အရံသို့ ချဉ်းကပ်ကုန် ၍ထိုသာသနာ့ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့နှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးလျှင်တစ်ခုသော နေရာ၌ ထိုင်နေကုန်၏၊ တစ်ခုသော နေရာ၌ ထိုင်နေကြသော ထိုရဟန်းတို့အား သာသနာ့ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့သည် ဤစကားကို ပြောဆိုကုန်၏ -

“ငါ့သျှင်တို့ ရဟန်းဂေါတမသည် တပည့် ‘သာဝက’ တို့အား ဤသို့ တရားကို ဟောကြား၏ - ‘ရဟန်းတို့ လာကြကုန်၊ သင်တို့သည် စိတ်ကို ညစ်ညူးစေတတ်ကုန်သော ပညာကို အားနည်းအောင် ပြုလုပ်တတ်ကုန်သော နီဝရဏငါးပါးတို့ကို ပယ်စွန့်ကုန်၍ ချမ်းသာစေလိုခြင်း ‘မေတ္တာ'နှင့် ယှဉ်သောစိတ်ဖြင့် တစ်ခုသောအရပ်မျက်နှာကို ပျံ့နံှ့စေ၍ နေကုန်လော့၊ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နံှ့စေ၍ နေကုန်လော့၊ ဤနည်းအားဖြင့် အထက် အောက် ဖီလာ အရပ်မျက်နှာ အလုံးစုံသောအရပ်မျက်နှာတို့၌သတ္တဝါအားလုံးကို မိမိနှင့် အတူ ပြု၍ သတ္တဝါအားလုံး ပါဝင်သော သတ္တလောကကို ပြန့်ပြောသောမြင့်မြတ်သောအတိုင်းအရှည် မရှိသော ရန် မရှိသော ငြိုငြင်ခြင်း မရှိသော မေတ္တာနှင့် ယှဉ်သောစိတ်ဖြင့် ပျံ့နံှ့စေ၍ နေကုန်လော့။ သနားခြင်း ‘ကရုဏာ'နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသောအရပ်မျက်နှာကို ပျံ့နံှ့စေ၍ နေကုန်လော့၊ ထို့အတူ နှစ်ခု မြောက် အရပ်မျက်နှာကို။ သုံးခုမြောက်အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နံှ့စေ၍ နေကုန်လော့၊ ဤနည်းအားဖြင့်အထက်အောက် ဖီလာ အရပ်မျက်နှာ အလုံးစုံသောအရပ်မျက်နှာတို့၌ သတ္တဝါအားလုံးကို မိမိနှင့်အတူပြု၍ သတ္တဝါအားလုံး ပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့် မြတ်သောအတိုင်းအရှည်မရှိသော ရန် မရှိသော ငြိုငြင်ခြင်း မရှိသော သနားခြင်း ‘ကရုဏာ’ နှင့် ယှဉ် သော စိတ်ဖြင့် ပျံ့နံှ့စေ၍နေကုန်လော့။ ဝမ်းမြောက်ခြင်း ‘မုဒိတာ’ နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသောအရပ်မျက်နှာကို ပျံ့နံှ့စေ၍နေကုန်လော့၊ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ် မျက်နှာကို။ လေးခုမြောက့်အရပ်မျက်နှာကို ပျံ့နံှ့စေ၍ နေကုန်လော့၊ ဤနည်းအားဖြင့် အထက် အောက် ဖီလာ အရပ်မျက်နှာအလုံးစုံသောအရပ်မျက်နှာတို့၌ သတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအား လုံး ပါဝင်သောသတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သောအတိုင်းအရှည် မရှိသော ရန် မရှိသော ငြိုငြင်ခြင်းမရှိသော ဝမ်းမြောက်ခြင်း ‘မုဒိတာ’ နှင့် ယှဉ်သော စိတ်ဖြင့် ပျံ့နံှ့စေ၍ နေကုန်လော့။ လျစ်လျူရှုခြင်း ‘ဥပေက္ခာ'နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသောအရပ်မျက်နှာကို ပျံ့နံှ့စေ၍ နေကုန်လော့၊ ထို့အတူနှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နံှ့စေ၍နေကုန်လော့၊ ဤနည်းအားဖြင့် အထက် အောက် ဖီလာ အရပ်မျက်နှာ အလုံးစုံသောအရပ်မျက်နှာတို့၌သတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံး ပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သောအတိုင်းအရှည် မရှိသော ရန် မရှိသော ငြိုငြင်ခြင်း မရှိသော လျစ်လျူရှုခြင်း ‘ဥပေက္ခာ'နှင့်ယှဉ် သော စိတ်ဖြင့် ပျံ့နံှ့စေ၍ နေကုန်လော့’ဟု ဤသို့ တရားကို ဟောကြား၏။

--

ငါ့သျှင်တို့ ငါတို့သည်လည်း တပည့် ‘သာဝက’ တို့အား ဤသို့ တရားကို ဟောကြားကုန်၏ - ‘ငါ့သျှင်တို့ လာကြကုန်၊ သင်တို့သည် စိတ်ကို ညစ်ညူးစေတတ်ကုန်သော ပညာကို အားနည်းအောင် ပြုလုပ်တတ်ကုန်သော နီဝရဏငါးပါးတို့ကို ပယ်စွန့်၍ ချမ်းသာစေလိုခြင်း ‘မေတ္တာ့'နှင့် ယှဉ်သော စိတ်ဖြင့်တစ်ခုသောအရပ်မျက်နှာကို ပျံ့နံှ့စေ၍ နေကုန်လော့။ပ။ သနားခြင်း ‘ကရုဏာ'နှင့် ယှဉ်သောစိတ်ဖြင့်။ ဝမ်းမြောက်ခြင်း ‘မုဒိတာ’ နှင့် ယှဉ်သော စိတ်ဖြင့်။ လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့် ယှဉ်သောစိတ်ဖြင့်တစ်ခုသောအရပ်မျက်နှာကို ပျံ့နံှ့စေ၍ နေကုန်လော့၊ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နံှ့စေ၍ နေကုန်လော့၊ ဤနည်းအားဖြင့် အထက် အောက် ဖီလာ အရပ်မျက်နှာ အလုံးစုံသောအရပ်မျက်နှာတို့၌သတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံး ပါဝင်သော သတ္တလောကကို ပြန့်ပြောသောမြင့်မြတ်သောအတိုင်းအရှည် မရှိသော ရန် မရှိသော ငြိုငြင်ခြင်း မရှိသော လျစ်လျူရှုခြင်း ‘ဥပေက္ခာ'နှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နံှ့စေ၍ နေကုန်လော့’ဟု ဤသို့ ဟောကြားပါကုန်၏။ ငါ့သျှင်တို့ ဤအရာ၌ရဟန်းဂေါတမ၏ တရားဟောခြင်းနှင့် ငါတို့၏ တရားဟောခြင်းသည်လည်းကောင်း၊ ရဟန်းဂေါတမ၏ဆုံးမခြင်းနှင့် ငါတို့၏ ဆုံးမခြင်းသည်လည်းကောင်း အထူးကား အဘယ်နည်း၊ သာလွန်ခြင်းကားအဘယ်နည်း၊ ကွဲပြားချက်ကား အဘယ်နည်း”ဟု ဤသို့ ပြောဆိုကုန်၏။

ထိုအခါ ထိုရဟန်းတို့သည် သာသနာ့ပြင်ပ အယူရှိကုန်သော ထိုပရိဗိုဇ်တို့ ပြောဆိုအပ်သော စကား ကိုမနှစ်သက် မတားမြစ်မူ၍ “မြတ်စွာဘုရား၏ အထံတော်၌ ဤစကား၏ အနက်ကို သိကြရကုန်အံ့”ဟု (ကြံစည်ကာ) နေရာမှ ထကာ ဖဲခွါခဲ့ကြကုန်၏။ ထို့နောက် ထိုရဟန်းတို့သည် ဟလိဒ္ဒဝသနနိဂုံး၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းစားပြီးနောက် ဆွမ်းစားရာအရပ်မှ ဖဲခွါခဲ့ကုန်၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြကုန်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးပြီး တစ်ခုသော နေရာ၌ ထိုင်နေကုန်ပြီးသော် ဤစကားကို လျှောက်ထားကုန်၏ -

“အသျှင်ဘုရား အကျွန်ုပ်တို့သည် ဤနံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်ခဲ့ပြီးလျှင် ဟလိဒ္ဒဝသနနိဂုံးသို့ ဆွမ်းခံဝင်ခဲ့ပါကုန်၏၊ ‘အသျှင်ဘုရား အကျွန်ုပ်တို့အား ငါတို့သည်ဟလိဒ္ဒဝသနနိဂုံး၌ ဆွမ်းခံသွားရန် အချိန်စောသေး၏၊ သာသနာ့ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့၏ အရံသို့ ချဉ်းကပ်ကြရမူ ကောင်းပေလိမ့်မည်’ဟု ဤအကြံသည် ဖြစ်ပါ၏။

အရှင်ဘုရား ထို့နောက် အကျွန်ုပ်တို့သည် သာသနာ့ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့၏ အရံသို့ချဉ်းကပ်ကုန်ပြီးလျှင် သာသနာ့ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့နှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီး၍ တစ်ခုသော နေရာ၌ ထိုင်နေကြပါကုန်၏၊ တစ်ခုသော နေရာ၌ ထိုင်နေကြကုန်သောအကျွန်ုပ် တို့အား သာသနာ့ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့သည် ဤစကားကို ပြောဆိုကြပါကုန်၏-

“ငါ့သျှင်တို့ ရဟန်းဂေါတမသည် တပည့် ‘သာဝက'တို့အား- ‘ရဟန်းတို့ လာကြကုန်၊ သင်တို့သည်စိတ်ကို ညစ်ညူးစေတတ်ကုန်သော ပညာကို အားနည်းအောင် ပြုလုပ်တတ်ကုန်သော နီဝရဏငါးပါးတို့ကိုပယ်စွန့်၍ ချမ်းသာစေလိုခြင်း ‘မေတ္တာ'နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသောအရပ်မျက်နှာကို ပျံ့နံှ့စေ၍နေ ကုန်လော့။ပ။ သနားခြင်း ‘ကရုဏာ’ နှင့် ယှဉ်သော စိတ်ဖြင့်။ ဝမ်းမြောက်ခြင်း ‘မုဒိတာ’ နှင့်ယှဉ်သော စိတ်ဖြင့်။ လျစ်လျူရှုခြင်း ‘ဥပေက္ခာ'နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသောအရပ်မျက်နှာကိုပျံ့နံှ့စေ၍ နေ ကုန်လော့၊ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ် မျက်နှာကို ပျံ့နံှ့စေ၍ နေကုန်လော့၊ ဤနည်းအားဖြင့် အထက် အောက် ဖီလာအရပ်မျက်နှာ အလုံးစုံ သောအရပ်မျက်နှာတို့၌ သတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောက ကို ပြန့်ပြောသော မြင့်မြတ်သောအတိုင်းအရှည် မရှိသော ရန် မရှိသောငြိုငြင်ခြင်း မရှိသော လျစ်လျူရှု ခြင်း ‘ဥပေက္ခာ'နှင့် ယှဉ်သော စိတ်ဖြင့် ပျံ့နံှ့စေ၍ နေကုန်လော့’ဟုဤသို့ တရားကို ဟောကြား၏။

--

ငါ့သျှင်တို့ ငါတို့သည်လည်း တပည့် ‘သာဝက’ တို့အား ဤသို့ တရားကို ဟောကြားကုန်၏ - ‘ငါ့သျှင်တို့ လာကြကုန်၊ သင်တို့သည် စိတ်ကို ညစ်ညူးစေတတ်ကုန်သော ပညာကို အားနည်းအောင် ပြုလုပ်တတ်ကုန်သော နီဝရဏငါးပါးတို့ကို ပယ်စွန့်၍ ချမ်းသာစေလိုခြင်း ‘မေတ္တာ'နှင့် ယှဉ်သော စိတ်ဖြင့်တစ်ခုသောအရပ်မျက်နှာကို ပျံ့နံှ့စေ၍ နေကုန်လော့။ပ။ သနားခြင်း ‘ကရုဏာ’ နှင့် ယှဉ်သော စိတ်ဖြင့်။ ဝမ်းမြောက်ခြင်း ‘မုဒိတာ’ နှင့် ယှဉ်သော စိတ်ဖြင့်။ လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့် ယှဉ်သော စိတ်ဖြင့်တစ်ခု သောအရပ်မျက်နှာကို ပျံ့နံှ့စေ၍ နေကုန်လော့၊ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နံှ့စေ၍ နေကုန်လော့၊ ဤနည်းအားဖြင့် အထက် အောက် ဖီလာ အရပ်မျက်နှာ အလုံးစုံသောအရပ်မျက်နှာတို့၌သတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံး ပါဝင်သော သတ္တလောကကို ပြန့်ပြောသောမြင့်မြတ်သောအတိုင်းအရှည် မရှိသော ရန် မရှိသော ငြိုငြင်ခြင်း မရှိသော လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နံှ့စေ၍ နေကုန်လော့’ဟု ဤသို့ ဟောကြားပါကုန်၏။ ငါ့သျှင်တို့ ဤအရာ၌ရဟန်းဂေါတမ၏ တရားဟောခြင်းနှင့် ငါတို့၏ တရားဟောခြင်းသည်လည်းကောင်း၊ ရဟန်းဂေါတမ၏ဆုံးမခြင်းနှင့် ငါတို့၏ ဆုံးမခြင်းသည်လည်းကောင်း အထူးကား အဘယ်နည်း၊ သာလွန်ခြင်းကားအဘယ်နည်း၊ ကွဲပြားချက်ကား အဘယ်နည်းဟု ဤသို့ ပြောဆိုပါကုန်၏။

အသျှင်ဘုရား ထိုအခါ တပည့်တော်တို့သည် သာသနာ့ပြင်ပ အယူရှိကုန်သော ထိုပရိဗိုဇ်တို့ ပြောဆိုအပ်သော စကားကို မနှစ်သက်မတားမြစ်ကြမူ၍ ‘မြတ်စွာဘုရား၏ အထံတော်၌ ဤစကား၏ အနက်ကိုသိရကုန်အံ့’ဟု (ကြံစည်ကာ) နေရာမှ ထပြီးလျှင် ဖဲခွါခဲ့ကြပါ၏”ဟု လျှောက်ထားကုန်၏။

ရဟန်းတို့ ဤသို့ ပြောဆိုလေ့ရှိကြကုန်သော သာသနာ့ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့ကို ဤသို့ပြောဆိုကုန်ရာ၏ - “ငါ့သျှင်တို့ မေတ္တာနှင့် ယှဉ်သော စိတ်ဖြင့် နီဝရဏတို့မှ လွတ်မြောက်မှု ‘မေတ္တာစေတောဝိမုတ္တိ’ ကို အဘယ်သို့ ပွါးများသည်ရှိသော် အဘယ်လျှင် ဖြစ်ခြင်းရှိသနည်း၊ အဘယ်လျှင်အလွန် အမြတ်ရှိသနည်း၊ အဘယ်လျှင် အကျိုးရှိသနည်း၊ အဘယ်လျှင် ပြီးဆုံးခြင်းရှိသနည်း။ ငါ့သျှင်တို့ကရုဏာ နှင့် ယှဉ်သော စိတ်ဖြင့် နီဝရဏတို့မှ လွတ်မြောက်မှု ‘ကရုဏာစေတောဝိမုတ္တိ’ ကို အဘယ်သို့ပွါးများ သည်ရှိသော် အဘယ်လျှင် ဖြစ်ခြင်းရှိသနည်း၊ အဘယ်လျှင် အလွန်အမြတ်ရှိသနည်း၊ အဘယ်လျှင်အကျိုး ရှိသနည်း၊ အဘယ်လျှင် ပြီးဆုံးခြင်းရှိသနည်း။ ငါ့သျှင်တို့ မုဒိတာနှင့် ယှဉ်သော စိတ်ဖြင့်နီဝရဏတို့မှ လွတ်မြောက်မှု ‘မုဒိတာစေတောဝိမုတ္တိ’ ကို ပွါးများသည်ရှိသော် အဘယ်လျှင်ဖြစ်ခြင်းရှိသနည်း၊ အဘယ် လျှင် အလွန်အမြတ်ရှိသနည်း၊ အဘယ်လျှင် အကျိုးရှိသနည်း၊ အဘယ်လျှင်ပြီးဆုံးခြင်းရှိသနည်း။ ငါ့သျှင် တို့ ဥပေက္ခာနှင့် ယှဉ်သော စိတ်ဖြင့် နီဝရဏတို့မှ့လွတ်မြောက်မှု ‘ဥပေက္ခာစေတောဝိမုတ္တိ’ ကို ပွါးများ သည်ရှိသော် အဘယ်လျှင် ဖြစ်ခြင်းရှိသနည်း၊ အဘယ်လျှင် အလွန်အမြတ်ရှိသနည်း၊ အဘယ်လျှင် အကျိုး ရှိသနည်း၊ အဘယ်လျှင်ပြီးဆုံးခြင်းရှိသနည်း”ဟု ဤသို့ ပြောဆိုမေးမြန်းအပ်ကုန်၏။ ရဟန်တို့ ဤသို့ပြောဆိုအပ်ကုန်သည်ရှိသော် သာသနာ့ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့သည် ပြည့်စုံစွာ မဖြေဆိုနိုင်ကုန်လတ္တံ့၊ ထို့ပြင် ပင်ပန်းဆင်းရဲခြင်းသို့လည်း ရောက်ကုန်လတ္တံ့။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ၎င်းတို့၏ အရာ မဟုတ်သောကြောင့်တည်း။

ရဟန်းတို့ ငါဘုရားကိုဖြစ်စေ၊ ငါဘုရား၏ တပည့် ‘သာဝက’ ကိုဖြစ်စေ၊ ဤသာသနာတော်မှကြားနာရသော သူကိုဖြစ်စေ ဖယ်ထား၍ ဤပြဿနာကို ဖြေဆိုခြင်းဖြင့် စိတ်ကို နှစ်သက်စေနိုင်မည့်သူကိုနတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသောလူ့လောက၌ ငါဘုရား မမြင်။

--

ရဟန်းတို့ မေတ္တာနှင့် ယှဉ်သော စိတ်ဖြင့် နီဝရဏတို့မှ လွတ်မြောက်မှု ‘မေတ္တာစေတောဝိမုတ္တိ’ ကိုအဘယ်သို့ ပွါးများသည်ရှိသော် အဘယ်လျှင် ဖြစ်ခြင်းရှိသနည်း၊ အဘယ်လျှင် အလွန်အမြတ်ရှိသနည်း၊ အဘယ်လျှင် အကျိုးရှိသနည်း၊ အဘယ်လျှင် ပြီးဆုံးခြင်းရှိသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ရဟန်းသည် မေတ္တာနှင့် ယှဉ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မေတ္တာနှင့် ယှဉ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများ၏။

ထိုရဟန်းသည် စက်ဆုပ်ဖွယ် မဟုတ်သောအာရုံ၌ စက်ဆုပ်ဖွယ်အမှတ်ရှိ၍ နေလိုခဲ့မူ ထိုအာရုံ၌စက်ဆုပ်ဖွယ်အမှတ်ရှိ၍ နေနိုင်၏။ စက်ဆုပ်ဖွယ်အာရုံ၌ စက်ဆုပ်ဖွယ် မဟုတ်ဟု အမှတ်ရှိ၍ နေလိုခဲ့မူ ထိုအာရုံ၌ စက်ဆုပ်ဖွယ် မဟုတ်ဟု အမှတ်ရှိ၍ နေနိုင်၏။ စက်ဆုပ်ဖွယ် မဟုတ်သောအာရုံ၌လည်းကောင်း၊ စက်ဆုပ်ဖွယ်အာရုံ၌လည်းကောင်း စက်ဆုပ်ဖွယ်အမှတ်ရှိ၍ နေလိုခဲ့မူ ထိုအာရုံ၌ စက်ဆုပ်ဖွယ်အမှတ်ရှိ၍နေနိုင်၏။ စက်ဆုပ်ဖွယ်အာရုံ၌လည်းကောင်း စက်ဆုပ်ဖွယ် မဟုတ်သောအာရုံ၌လည်းကောင်း စက်ဆုပ်ဖွယ် မဟုတ်ဟု အမှတ်ရှိ၍ နေလိုခဲ့မူ ထိုအာရုံ၌ စက်ဆုပ်ဖွယ် မဟုတ်ဟု အမှတ်ရှိ၍ နေနိုင်၏။ စက်ဆုပ်ဖွယ် မဟုတ်သောအာရုံကိုလည်းကောင်း၊ စက်ဆုပ်ဖွယ်အာရုံကိုလည်းကောင်း ထိုနှစ်ပါးစုံကို ကြဉ်၍အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ နှင့် ပြည့်စုံကာ အညီအမျှ ရှု၍ နေလိုခဲ့မူ ထိုအာရုံ၌အောက် မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ နှင့် ပြည့်စုံကာ အညီအမျှ ရှုလျက် နေနိုင်၏။ တင့်တယ်မှုကို အာရုံ ပြု၍ ဖြစ်သော လွတ်မြောက်ခြင်း ‘သုဘဝိမောက္ခ’ သို့ ရောက်၍ နေ၏။ ရဟန်းတို့အထက်လောကုတ္တရာ တရားကို မသိနိုင်၍ လောကီပညာမျှသာရှိသော ရဟန်း၏ မေတ္တာနှင့် ယှဉ်သောစိတ်ဖြင့် နီဝရဏတို့မှ လွတ်မြောက်မှု ‘မေတ္တာစေတောဝိမုတ္တိ’ ကို တင့်တယ်မှုလျှင် အပြီးအဆုံးရှိ၏ဟုငါဘုရား ဟောတော်မူ၏။ (၁)

ရဟန်းတို့ ကရုဏာနှင့် ယှဉ်သော စိတ်ဖြင့် နီဝရဏတို့မှ လွတ်မြောက်မှု ‘ကရုဏာစေတောဝိမုတ္တိ’ ကိုအဘယ်သို့ ပွါးများသည်ရှိသော် အဘယ်လျှင် ဖြစ်ခြင်းရှိသနည်း၊ အဘယ်လျှင် အလွန်အမြတ်ရှိသ နည်း၊ အဘယ်လျှင် အကျိုးရှိသနည်း၊ အဘယ်လျှင် ပြီးဆုံးခြင်းရှိသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ရဟန်းသည် သနားခြင်း ‘ကရုဏာ’ နှင့် ယှဉ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သောသနားခြင်း ‘ကရုဏာ’ နှင့် ယှဉ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများ၏။

ထိုရဟန်းသည် စက်ဆုပ်ဖွယ် မဟုတ်သောအာရုံ၌ စက်ဆုပ်ဖွယ်အမှတ်ရှိ၍ နေလိုခဲ့မူ ထိုအာရုံ၌စက်ဆုပ်ဖွယ်အမှတ်ရှိ၍ နေနိုင်၏။ပ။ စက်ဆုပ်ဖွယ် မဟုတ်သောအာရုံကိုလည်းကောင်း၊ စက်ဆုပ်ဖွယ်အာရုံကိုလည်းကောင်း ထိုနှစ်ပါးစုံကို ကြဉ်၍ အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ နှင့်ပြည့်စုံကာ အညီအမျှ ရှု၍ နေလိုခဲ့မူ ထိုအာရုံ၌ အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်'နှင့်ပြည့်စုံကာ အညီအမျှ ရှုလျက် နေ၏၊ ရုပ်ဟူသောအမှတ် ‘သညာ'ကို လုံးဝလွန်မြောက်ခြင်းကြောင့်လည်းကောင်း၊ ထိခိုက်မှု ‘ပဋိဃ’ ဟူသောအမှတ် ‘သညာ’ တို့ချုပ်ခြင်းကြောင့်လည်းကောင်း၊ အထူးထူးသောအမှတ် ‘သညာ’ တို့ကိုနှလုံးမသွင်းခြင်းကြောင့်လည်းကောင်း “ကောင်းကင်သည် အဆုံး မရှိ”ဟု (စီးဖြန်းကာ) အာကာသာနဉ္စာယတနဈာန်သို့ ရောက်၍ နေ၏။ ရဟန်းတို့ အထက်လောကုတ္တရာတရားကို မသိနိုင်၍ လောကီပညာမျှသာရှိသော ရဟန်း၏ ကရုဏာနှင့် ယှဉ်သော စိတ်ဖြင့် နီဝရဏတို့မှ လွတ်မြောက်မှု ‘ကရုဏာစေတောဝိမုတ္တိ’ ကို အာကာသာနဉ္စာယတနဈာန်လျှင် အပြီးအဆုံး ရှိ၏ဟု ငါဘုရား ဟော၏။ (၂)

ရဟန်းတို့ မုဒိတာနှင့် ယှဉ်သော စိတ်ဖြင့် နီဝရဏတို့မှ လွတ်မြောက်မှု ‘မုဒိတာစေတောဝိမုတ္တိ’ ကိုအဘယ်သို့ ပွါးများသည်ရှိသော် အဘယ်လျှင် ဖြစ်ခြင်းရှိသနည်း၊ အဘယ်လျှင် အလွန်အမြတ်ရှိသနည်း၊ အဘယ်လျှင် အကျိုးရှိသနည်း၊ အဘယ်လျှင် ပြီးဆုံးခြင်းရှိသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ရဟန်းသည် ဝမ်းမြောက်ခြင်း ‘မုဒိတာ’ နှင့် ယှဉ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဆိတ်ငြိမ်ခြင်းကိုမှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ဝမ်းမြောက်ခြင်း ‘မုဒိတာ'နှင့် ယှဉ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများ၏။

--

ထိုရဟန်းသည် စက်ဆုပ်ဖွယ် မဟုတ်သောအာရုံ၌ စက်ဆုပ်ဖွယ်အမှတ်ရှိ၍ နေလိုခဲ့မူ ထိုအာရုံ၌စက်ဆုပ်ဖွယ်အမှတ်ရှိ၍ နေနိုင်၏။ပ။ စက်ဆုပ်ဖွယ် မဟုတ်သောအာရုံကိုလည်းကောင်း၊ စက်ဆုပ်ဖွယ်အာရုံကိုလည်းကောင်း ထိုနှစ်ပါးစုံကို ကြဉ်၍ အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ နှင့် ပြည့်စုံကာအညီအမျှ ရှု၍ နေလိုခဲ့မူ ထိုအာရုံ၌ အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်'နှင့် ပြည့်စုံကာ အညီအမျှရှု၍် နေနိုင်၏။ အာကာသာနဉ္စာယတနဈာန်ကို လုံးဝ လွန်မြောက်၍ “ပဌမာရုပ္ပဝိညာဏ်သည် အဆုံးမရှိ”ဟု (စီးဖြန်းကာ) ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍ နေ၏။ ရဟန်းတို့အထက်လောကုတ္တရာတရားကို မသိနိုင်၍ လောကီပညာမျှသာရှိသော ရဟန်း၏ မုဒိတာနှင့် ယှဉ်သောစိတ်ဖြင့် နီဝရဏတို့မှ လွတ် မြောက်မှု ‘မုဒိတာစေတောဝိမုတ္တိ'ကို ဝိညာဏဉ္စာယတနဈာန်လျှင် အပြီးအဆုံးရှိ၏ဟု ငါဘုရား ဟော၏။ (၃)

ရဟန်းတို့ ဥပေက္ခာနှင့် ယှဉ်သော စိတ်ဖြင့် နီဝရဏတို့မှ လွတ်မြောက်မှု ‘ဥပေက္ခာစေတောဝိမုတ္တိ’ ကိုအဘယ်သို့ ပွါးများသည်ရှိသော် အဘယ်လျှင် ဖြစ်ခြင်းရှိသနည်း၊ အဘယ်လျှင် အလွန်အမြတ်ရှိသ နည်း၊ အဘယ်လျှင် အကျိုးရှိသနည်း၊ အဘယ်လျှင် ပြီးဆုံးခြင်းရှိသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ညွတ်သောအညီအမျှ ရှုခြင်း ‘ဥပေက္ခာ’ နှင့် ယှဉ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဆိတ်ငြိမ်ခြင်းကိုမှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သောအညီအမျှ ရှုခြင်း ‘ဥပေက္ခာ’ နှင့် ယှဉ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများ၏။

ထိုရဟန်းသည် စက်ဆုပ်ဖွယ် မဟုတ်သောအာရုံ၌ စက်ဆုပ်ဖွယ်အမှတ်ရှိ၍ နေလိုခဲ့မူ ထိုအာရုံ၌စက်ဆုပ်ဖွယ်အမှတ်ရှိ၍ နေနိုင်၏။ စက်ဆုပ်ဖွယ်အာရုံ၌ စက်ဆုပ်ဖွယ် မဟုတ်ဟု အမှတ်ရှိ၍ နေလိုခဲ့မူ ထိုအာရုံ၌ စက်ဆုပ်ဖွယ် မဟုတ်ဟု အမှတ်ရှိ၍ နေနိုင်၏။ စက်ဆုပ်ဖွယ် မဟုတ်သောအာရုံ၌လည်းကောင်း၊ စက်ဆုပ်ဖွယ်အာရုံ၌လည်းကောင်း စက်ဆုပ်ဖွယ်အမှတ်ရှိ၍ နေလိုခဲ့မူ ထိုအာရုံ၌ စက်ဆုပ်ဖွယ်အမှတ်ရှိ၍နေနိုင်၏။ စက်ဆုပ်ဖွယ်အာရုံ၌လည်းကောင်း၊ စက်ဆုပ်ဖွယ် မဟုတ်သောအာရုံ၌လည်းကောင်း စက်ဆုပ်ဖွယ် မဟုတ်ဟု အမှတ်ရှိ၍ နေလိုခဲ့မူ ထိုအာရုံ၌ စက်ဆုပ်ဖွယ် မဟုတ်ဟု အမှတ်ရှိ၍ နေနိုင်၏။ စက်ဆုပ်ဖွယ် မဟုတ်သောအာရုံကိုလည်းကောင်း၊ စက်ဆုပ်ဖွယ်အာရုံကိုလည်းကောင်း ထိုနှစ်ပါးစုံကို ကြဉ်၍အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်'နှင့် ပြည့်စုံကာ အညီအမျှ ရှု၍ နေလိုခဲ့မူ ထိုအာရုံ၌ အောက့်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်'နှင့် ပြည့်စုံကာ အညီအမျှ ရှု၍ နေနိုင်၏။ ဝိညာဏဉ္စာယတနဈာန်ကိုလုံးဝ လွန်မြောက်၍ “တစ်စုံတစ်ခုမျှ မရှိ”ဟု (စီးဖြန်းကာ) အာကိဉ္စညာယတနဈာန်သို့ ရောက်၍ နေ၏။ ရဟန်းတို့ အထက်လောကုတ္တရာတရားကို မသိနိုင်၍ လောကီပညာမျှသာရှိသော ရဟန်း၏ ဥပေက္ခာနှင့်ယှဉ်သော စိတ်ဖြင့် နီဝရဏတို့မှ လွတ်မြောက်မှု ‘ဥပေက္ခာစေတောဝိမုတ္တိ’ ကို အာကိဉ္စညာယတနဈာန်လျှင်အပြီးအဆုံး ရှိ၏ဟု ငါဘုရား ဟောတော်မူ၏ဟု (မိန့်တော်မူ၏)။ (၄)

စတုတ္ထသုတ်။

--

၅ - သင်္ဂါရဝသုတ်

၂၃၆။ သာဝတ္ထိနိဒါန်း။ ထိုအခါ သင်္ဂါရဝပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော်မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ -

“အသျှင်ဂေါတမ ကာလရှည်စွာ ရွတ်အံ (သရဇ္ဈာယ်) မှုကို ပြုပါကုန်သော်လည်း တစ်ခါတစ်ရံ ဗေဒင်တို့သည် ဉာဏ်၌ မထင်ပါကုန်၊ ရွတ်အံ (သရဇ္ဈာယ်) မှုကို မပြုပါကုန်မူကား အဘယ်ဆိုဖွယ်ရာ ရှိပါအံ့နည်း။ ယင်းအကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း။ အသျှင်ဂေါတမကာလရှည်စွာ ရွတ်အံ (သရဇ္ဈာယ်) မှုကို မပြုပါကုန်သော်လည်း တစ်ခါတစ်ရံ ဗေဒင်တို့သည် ဉာဏ်၌ ထင်ကြပါ၏၊ ရွတ်အံ (သရဇ္ဈာယ်) မှုကို ပြုကုန်ပါမူကား အဘယ်ဆိုဖွယ်ရာ ရှိပါအံ့နည်း။ ယင်းအကြောင်းကားအဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း”ဟု (လျှောက်၏)။

ပုဏ္ဏား ကာမရာဂထကြွနှိပ်စက်သော စိတ်ဖြင့် နေသောအခါ ဖြစ်ပေါ်လာသော ကာမရာဂ၏ လွတ်မြောက်ကြောင်းကိုလည်းဟုတ်တိုင်းမှန်စွာ မသိ၊ ထိုအခါ မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်၊ သူတစ်ပါးအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်၊ အကျိုးနှစ်မျိုးစုံကိုလည်းဟုတ်တိုင်းမှန်စွာမသိမမြင်၊ ကာလရှည်စွာ ရွတ်အံ (သရဇ္ဈာယ်) မှုကို ပြုပါကုန်သော်လည်း တစ်ခါတစ်ရံ ဗေဒင်တို့သည်ဉာဏ်၌ မထင်ကုန်၊ ရွတ်အံ (သရဇ္ဈာယ်) မှုကို မပြုပါကုန်မူကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။

ပုဏ္ဏား ဥပမာသော်ကား ချိပ်နှင့်ဖြစ်စေ၊ နနွင်းနှင့်ဖြစ်စေ၊ မဲနယ်နှင့်ဖြစ်စေ၊ ထန်းကျင့် (နီပါးဆေး) မှုန့်နှင့်ဖြစ်စေ ရောနှောသော ရေခွက်သည် ရှိ၏။ ထိုရေခွက်၌ မျက်စိအမြင်ရှိသော ယောကျ်ားသည်မိမိမျက်နှာရိပ်ကို ဆင်ခြင် (ကြည့်ရှု) လတ်သော်ဟုတ်တိုင်းမှန်စွာ မသိမမြင်နိုင်ရာ။ ပုဏ္ဏား ထို့အတူပင်လျှင် ကာမရာဂထကြွနှိပ်စက်သော စိတ်ဖြင့် နေသောအခါ ဖြစ်ပေါ်လာသော ကာမရာဂ၏ လွတ်မြောက်ကြောင်းကိုလည်းဟုတ်တိုင်းမှန်စွာ မသိ၊ ထိုအခါ မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်၊ သူတစ်ပါးအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်၊ အကျိုးနှစ်မျိုးစုံကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်၊ ကာလရှည်စွာ ရွတ်အံ (သရဇ္ဈာယ်) မှုကို ပြုပါကုန်သော်လည်း ဗေဒင်တို့သည် ဉာဏ်၌ မထင်ကုန်၊ ရွတ်အံ (သရဇ္ဈာယ်) မှုကို မပြုပါကုန်မူကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။

ပုဏ္ဏား နောက်တစ်မျိုးကား ပျက်စီးစေလိုမှု ‘ဗျာပါဒ’ ထကြွနှိပ်စက်သော စိတ်ဖြင့် နေသောအခါဖြစ်ပေါ်လာသော ပျက်စီးစေလိုမှု ‘ဗျာပါဒ'၏ ထွက်မြောက်ကြောင်းကိုလည်းဟုတ်တိုင်းမှန်စွာ မသိ၊ ထိုအခါ မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်၊ သူတစ်ပါးအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာမသိမမြင်၊ အကျိုးနှစ်မျိုးစုံကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်၊ ကာလရှည်စွာ ရွတ်အံ (သရဇ္ဈာယ်) မှုကိုပြုပါကုန် သော်လည်း တစ်ခါတစ်ရံ ဗေဒင်တို့သည် ဉာဏ်၌ မထင်ကုန်၊ ရွတ်အံ (သရဇ္ဈာယ်) မှုကိုမပြုပါကုန်မူကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။

ပုဏ္ဏား ဥပမာသော်ကား မီးဖြင့် ပူစေအပ်သော ရေခွက်သည် ဆူပွတ်၏၊ ရေခိုးရေငွေ့ ဖြစ်၏၊ ထိုရေခွက်၌ မျက်စိအမြင်ရှိသော ယောကျ်ားသည် မိမိမျက်နှာရိပ်ကို ဆင်ခြင် (ကြည့်ရှု) လတ်သော့်ဟုတ်တိုင်း မှန်စွာ မသိမမြင်နိုင်ရာ။ ပုဏ္ဏား ထို့အတူပင်လျှင် ပျက်စီးစေလိုမှု ‘ဗျာပါဒ’ ထကြွနှိပ်စက်သောစိတ်ဖြင့် နေသောအခါ ဖြစ်ပေါ်လာသော ပျက်စီးစေလိုမှု ‘ဗျာပါဒ’ ၏ ထွက်မြောက်ကြောင်းကိုလည်းဟုတ်တိုင်း မှန်စွာ မသိ၊ ထိုအခါ မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်၊ သူတစ်ပါးအကျိုးကိုလည်းဟုတ် တိုင်းမှန်စွာ မသိမမြင်၊ အကျိုးနှစ်မျိုးစုံကိုလည်းဟုတ်တိုင်းမှန်စွာမသိမမြင်၊ ကာလရှည်စွာ ရွတ်အံ (သရဇ္ဈာယ်) မှုကို ပြုပါကုန်သော်လည်း ဗေဒင်တို့သည် ဉာဏ်၌မထင်ကုန်၊ ရွတ်အံ (သရဇ္ဈာယ်) မှုကို မပြု ပါကုန်မူကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။

--

ပုဏ္ဏား နောက်တစ်မျိုးကား လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ ထကြွနှိပ်စက်သော စိတ်ဖြင့် နေသောအခါဖြစ်ပေါ်လာသော လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ ၏ ထွက်မြောက်ကြောင်းကိုလည်းဟုတ်တိုင်းမှန်စွာ မသိ၊ ထိုအခါ မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်၊ သူတစ်ပါးအကျိုးကိုလည်းဟုတ်တိုင်း မှန်စွာမသိမမြင်၊ အကျိုးနှစ်မျိုးစုံကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်၊ ကာလရှည်စွာ ရွတ်အံ (သရဇ္ဈာယ်) မှုကို ပြုပါကုန်သော်လည်း ဗေဒင်တို့သည် ဉာဏ်၌ မထင်ကုန်၊ ရွတ်အံ (သရဇ္ဈာယ်) မှုကို မပြုပါကုန်မူကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။

ပုဏ္ဏား ဥပမာသော်ကား ရေခွက်သည် မှော်သေးရေညှိတို့ဖြင့် မြှေးယှက် (ဖုံးလွှမ်း) နေ၏၊ ထို ရေခွက်၌မျက်စိအမြင်ရှိသော ယောကျ်ားသည် မိမိမျက်နှာရိပ်ကို ဆင်ခြင် (ကြည့်ရှု) လတ်သော်ဟုတ်တိုင်း မှန်စွာမသိမမြင်နိုင်ရာ။ ပုဏ္ဏား ထို့အတူပင်လျှင် လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ ထကြွနှိပ်စက်သော စိတ်ဖြင့်နေသောအခါ ဖြစ်ပေါ်လာသော လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ'၏ ထွက်မြောက်ကြောင်းကိုလည်းဟုတ်တိုင်း မှန်စွာ မသိ၊ ထိုအခါ မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်၊ သူတစ်ပါးအကျိုးကိုလည်းဟုတ် တိုင်းမှန်စွာ မသိမမြင်၊ အကျိုးနှစ်မျိုးစုံကိုလည်းဟုတ်တိုင်းမှန်စွာမသိမမြင်၊ ကာလရှည်စွာ ရွတ်အံ (သရဇ္ဈာယ်) မှုကို ပြုပါကုန်သော်လည်း ဗေဒင်တို့သည် ဉာဏ်၌မထင်ကုန်၊ ရွတ်အံ (သရဇ္ဈာယ်) မှုကို မပြု ပါကုန်မူကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။

ပုဏ္ဏား နောက်တစ်မျိုးကား စိတ်ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ နောင်တတစ်ဖန်ပူပန်မှု ‘ကုက္ကုစ္စ’ ထကြွနှိပ်စက် သောစိတ်ဖြင့် နေသောအခါ ဖြစ်ပေါ်လာသော စိတ်ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ နောင်တတစ်ဖန်ပူပန်မှု ‘ကုက္ကုစ္စ’ ၏ထွက်မြောက်ကြောင်းကိုလည်းဟုတ်တိုင်းမှန်စွာ မသိ၊ ထိုအခါ မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်၊ သူတစ်ပါးအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်၊ အကျိုးနှစ်မျိုးစုံကိုလည်းဟုတ်တိုင်းမှန်စွာမသိမမြင်၊ ကာလရှည်စွာ ရွတ်အံ (သရဇ္ဈာယ်) မှုကို ပြုပါကုန်သော်လည်း တစ်ခါတစ်ရံ ဗေဒင်တို့သည်ဉာဏ်၌ မထင်ကုန်၊ ရွတ်အံ (သရဇ္ဈာယ်) မှုကို မပြုပါကုန်မူကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။

ပုဏ္ဏား ဥပမာသော်ကား လေတိုက်သော ရေခွက်သည် လှုပ်ရှား၏၊ တုန်လှုပ်၏၊ လှိုင်းထ၏၊ ထိုရေခွက်၌ မျက်စိအမြင်ရှိသော ယောကျ်ားသည် မိမိမျက်နှာရိပ်ကို ဆင်ခြင် (ကြည့်ရှု) လတ်သော်ဟုတ်တိုင်းမှန်စွာ မသိမမြင်နိုင်ရာ။ ပုဏ္ဏား ထို့အတူပင်လျှင် စိတ်ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ နောင်တတစ်ဖန်ပူပန်မှု ‘ကုက္ကုစ္စ'ထကြွနှိပ်စက်သော စိတ်ဖြင့် နေသောအခါ ဖြစ်ပေါ်လာသော စိတ်ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ နောင်တတစ်ဖန်ပူပန်မှု ‘ကုက္ကုစ္စ’ ၏ ထွက်မြောက်ကြောင်းကိုလည်းဟုတ်တိုင်းမှန်စွာ မသိ၊ ထိုအခါ မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်၊ သူတစ်ပါးအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်၊ အကျိုးနှစ်မျိုးစုံကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်၊ ကာလရှည်စွာ ရွတ်အံ (သရဇ္ဈာယ်) မှုကို ပြုပါကုန်သော်လည်း ဗေဒင်တို့သည်ဉာဏ်၌ မထင်ကုန်၊ ရွတ်အံ (သရဇ္ဈာယ်) မှုကို မပြုပါကုန်မူကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။

ပုဏ္ဏား နောက်တစ်မျိုးကား မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ ထကြွနှိပ်စက်သော စိတ်ဖြင့် နေသောအခါဖြစ်ပေါ်လာသော မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ ၏ ထွက်မြောက်ကြောင်းကိုလည်းဟုတ်တိုင်းမှန်စွာ မသိ၊ ထိုအခါမိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်၊ သူတစ်ပါးအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်၊ အကျိုးနှစ်မျိုးစုံကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်၊ ကာလရှည်စွာ ရွတ်အံ (သရဇ္ဈာယ်) မှုကို ပြုပါကုန့်သော်လည်း တစ်ခါတစ်ရံ ဗေဒင်တို့သည် ဉာဏ်၌ မထင်ကုန်၊ ရွတ်အံ (သရဇ္ဈာယ်) မှုကို မပြုပါကုန်မူကားအဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။

--

ပုဏ္ဏား ဥပမာသော်ကား ရေခွက်သည် နောက်ကျု၏၊ မငြိမ်သက်၊ ရွှံ့နှစ်ရေဖြစ်၏၊ အမှောင်၌ ထား၏၊ ထိုရေခွက်၌ မျက်စိအမြင်ရှိသော ယောကျ်ားသည် မိမိမျက်နှာရိပ်ကို ဆင်ခြင် (ကြည့်ရှု) လတ်သော်ဟုတ်တိုင်းမှန်စွာ မသိမမြင်နိုင်ရာ။ ပုဏ္ဏား ထို့အတူပင်လျှင် မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ ထကြွနှိပ်စက်သောစိတ်ဖြင့် နေသောအခါ ဖြစ်ပေါ်လာသော မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ'၏ ထွက်မြောက်ကြောင်းကိုလည်းဟုတ်တိုင်းမှန်စွာ မသိ၊ ထိုအခါ မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်၊ သူတစ်ပါးအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်၊ အကျိုးနှစ်မျိုးစုံကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်၊ ကာလရှည်စွာ ရွတ်အံ (သရဇ္ဈာယ်) မှုကို ပြုပါကုန်သော်လည်း ဗေဒင်တို့သည် ဉာဏ်၌ မထင်ကုန်၊ ရွတ်အံ (သရဇ္ဈာယ်) မှုကိုမပြု ပါကုန်မူကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။

ပုဏ္ဏား ဤသည်ပင် အကြောင်းတည်း၊ ဤသည်ပင် အထောက်အပံ့တည်း၊ ယင်းအကြောင်းအထောက်အပံ့ကြောင့် ကာလရှည်စွာ ရွတ်အံ (သရဇ္ဈာယ်) မှုကို ပြုပါကုန်သော်လည်း ဗေဒင်တို့သည်တစ်ခါ တစ်ရံ ဉာဏ်၌ မထင်ကုန်၊ ရွတ်အံ (သရဇ္ဈာယ်) မှုကို မပြုပါကုန်မူကား အဘယ်ဆိုဖွယ်ရာရှိအံ့နည်း။

ပုဏ္ဏား ကာမရာဂထကြွနှိပ်စက်သော စိတ်ဖြင့် မနေသောအခါ ဖြစ်ပေါ်လာသော ကာမရာဂ၏ထွက်မြောက်ကြောင်းကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏၊ ထိုအခါ မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာသိမြင်၏၊ သူတစ်ပါးအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ သိမြင်၏၊ အကျိုးနှစ်မျိုးစုံကိုလည်းဟုတ်တိုင်းမှန်စွာ သိမြင်၏၊ ကာလရှည်စွာ ရွတ်အံ (သရဇ္ဈာယ်) မှုကို မပြုပါကုန်သော်လည်း ဗေဒင်တို့သည် ဉာဏ်၌ထင်ကုန်၏၊ ရွတ်အံ (သရဇ္ဈာယ်) မှုကို ပြုကုန်ပါမူကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။

ပုဏ္ဏား ဥပမာသော်ကား ချိပ်နှင့်ဖြစ်စေ၊ နနွင်းနှင့်ဖြစ်စေ၊ မဲနယ်နှင့်ဖြစ်စေ၊ ထန်းကျင့် (နီပါးဆေး) မှုန့်နှင့်ဖြစ်စေ မရောနှောသော ရေခွက်သည် ရှိ၏၊ ထိုရေခွက်၌ မျက်စိအမြင်ရှိသော ယောကျ်ားသည်မိမိမျက်နှာရိပ်ကို ဆင်ခြင် (ကြည့်ရှု) လတ်သော်ဟုတ်တိုင်းမှန်စွာ သိမြင်နိုင်ရာ၏။ ပုဏ္ဏား ထို့အတူပင်ကာမရာဂထကြွနှိပ်စက်သော စိတ်ဖြင့် မနေသောအခါ ဖြစ်ပေါ်လာသော ကာမရာဂ၏ ထွက်မြောက်ကြောင်းကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏၊ ထိုအခါ မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ သိမြင်၏၊ သူတစ်ပါးအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ သိမြင်၏၊ အကျိုးနှစ်မျိုးစုံကိုလည်းဟုတ်တိုင်းမှန်စွာ သိမြင်၏၊ ကာလရှည်စွာ ရွတ်အံ (သရဇ္ဈာယ်) မှုကို မပြုပါကုန်သော်လည်း ဗေဒင်တို့သည် ဉာဏ်၌ ထင်ကုန်၏၊ ရွတ်အံ (သရဇ္ဈာယ်) မှုကို ပြုကုန်ပါမူကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။

ပုဏ္ဏား နောက်တစ်မျိုးကား ပျက်စီးစေလိုမှု ‘ဗျာပါဒ’ ထကြွနှိပ်စက်သော စိတ်ဖြင့် မနေသောအခါဖြစ်ပေါ်လာသော ပျက်စီးစေလိုမှု ‘ဗျာပါဒ’ ၏ ထွက်မြောက်ကြောင်းကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏၊ ထိုအခါ မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ သိမြင်၏၊ သူတစ်ပါးအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာသိမြင်၏၊ အကျိုးနှစ်မျိုးစုံကိုလည်းဟုတ်တိုင်းမှန်စွာ သိမြင်၏၊ ကာလရှည်စွာ ရွတ်အံ (သရဇ္ဈာယ်) မှုကိုမပြုပါကုန်သော်လည်း ဗေဒင်တို့သည် ဉာဏ်၌ ထင်ကုန်၏၊ ရွတ်အံ (သရဇ္ဈာယ်) မှုကို ပြုကုန်ပါမူကားအဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။

ပုဏ္ဏား ဥပမာသော်ကား မီးဖြင့် မပူစေအပ်သော ရေခွက်သည် မဆူမပွက်၊ ရေခိုးရေငွေ့ မထွက်၊ ထိုရေခွက်၌ မျက်စိအမြင်ရှိသော ယောကျ်ားသည် မိမိမျက်နှာရိပ်ကို ဆင်ခြင် (ကြည့်ရှု) လတ်သော်ဟုတ်တိုင်းမှန်စွာ သိမြင်နိုင်ရာ၏။ ပုဏ္ဏား ထို့အတူပင် ပျက်စီးစေလိုမှု ‘ဗျာပါဒ’ ထကြွနှိပ်စက်သော စိတ်ဖြင့်မနေသောအခါ ဖြစ်ပေါ်လာသော ပျက်စီးစေလိုမှု ‘ဗျာပါဒ'၏ ထွက်မြောက်ကြောင်းကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏၊ ထိုအခါ မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ သိမြင်၏၊ သူတစ်ပါးအကျိုးကိုလည်းဟုတ့်တိုင်းမှန်စွာ သိမြင်၏၊ အကျိုးနှစ်မျိုးစုံကိုလည်းဟုတ်တိုင်းမှန်စွာ သိမြင်၏၊ ကာလရှည်စွာ ရွတ်အံ (သရဇ္ဈာယ်) မှုကို မပြုပါကုန်သော်လည်း ဗေဒင်တို့သည် ဉာဏ်၌ ထင်ကုန်၏၊ ရွတ်အံ (သရဇ္ဈာယ်) မှုကိုပြုကုန်ပါမူကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။

--

ပုဏ္ဏား နောက်တစ်မျိုးကား လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ ထကြွနှိပ်စက်သော စိတ်ဖြင့် မနေသောအခါဖြစ်ပေါ်လာသော လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ ၏ ထွက်မြောက်ကြောင်းကိုလည်းဟုတ်တိုင်းမှန်စွာသိ၏၊ ထိုအခါ မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ သိမြင်၏၊ သူတစ်ပါးအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ သိမြင်၏၊ အကျိုးနှစ်မျိုးစုံကိုလည်းဟုတ်တိုင်းမှန်စွာ သိမြင်၏၊ ကာလရှည်စွာ ရွတ်အံ (သရဇ္ဈာယ်) မှုကို မပြုပါကုန်သော်လည်း ဗေဒင်တို့သည် ဉာဏ်၌ ထင်ကုန်၏၊ ရွတ်အံ (သရဇ္ဈာယ်) မှုကို ပြုကုန်ပါမူကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။

ပုဏ္ဏား ဥပမာသော်ကား ရေခွက်သည် မှော်သေးရေညှိတို့ဖြင့် မမြှေးယှက်၊ ထိုရေခွက်၌ မျက်စိအမြင်ရှိသော ယောကျ်ားသည် မိမိမျက်နှာရိပ်ကို ဆင်ခြင် (ကြည့်ရှု) လတ်သော်ဟုတ်တိုင်းမှန်စွာသိမြင်နိုင် ရာ၏။ ပုဏ္ဏား ထို့အတူပင် လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ ထကြွနှိပ်စက်သော စိတ်ဖြင့်မနေသောအခါ ဖြစ်ပေါ်လာသော လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ'၏ ထွက်မြောက်ကြောင်းကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏၊ ထိုအခါ မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ သိမြင်၏၊ သူတစ်ပါးအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ သိမြင်၏၊ အကျိုးနှစ်မျိုးစုံကိုလည်းဟုတ်တိုင်းမှန်စွာသိမြင်၏၊ ကာလရှည်စွာ ရွတ်အံ (သရဇ္ဈာယ်) မှုကို မပြုပါကုန်သော်လည်း ဗေဒင်တို့သည် ဉာဏ်၌ထင်ကုန်၏၊ ရွတ်အံ (သရဇ္ဈာယ်) မှုကို ပြုကုန်ပါမူကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။

ပုဏ္ဏား နောက်တစ်မျိုးကား စိတ်ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ နောင်တတစ်ဖန်ပူပန်မှု ‘ကုက္ကုစ္စ’ ထကြွနှိပ်စက်သော စိတ်ဖြင့် မနေသောအခါ ဖြစ်ပေါ်လာသော စိတ်ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ နောင်တတစ်ဖန်ပူပန်မှု ‘ကုက္ကုစ္စ'တို့၏ ထွက်မြောက်ကြောင်းကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏၊ ထိုအခါ မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာသိမြင်၏၊ သူတစ်ပါးအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ သိမြင်၏၊ အကျိုးနှစ်မျိုးစုံကိုလည်းဟုတ်တိုင်းမှန်စွာ သိမြင်၏၊ ကာလရှည်စွာ ရွတ်အံ (သရဇ္ဈာယ်) မှုကို မပြုပါကုန်သော်လည်း ဗေဒင်တို့သည် ဉာဏ်၌ထင်ကုန်၏၊ ရွတ်အံ (သရဇ္ဈာယ်) မှုကို ပြုကုန်ပါမူကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။

ပုဏ္ဏား ဥပမာသော်ကား လေမတိုက်သော ရေခွက်သည် မလှုပ်ရှား၊ မတုန်လှုပ်၊ လှိုင်းမထ၊ ထိုရေခွက်၌ မျက်စိအမြင်ရှိသော ယောကျ်ားသည် မိမိမျက်နှာရိပ်ကို ဆင်ခြင် (ကြည့်ရှု) လတ်သော်ဟုတ်တိုင်းမှန်စွာ သိမြင်နိုင်ရာ၏။ ပုဏ္ဏား ထို့အတူပင် စိတ်ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ နောင်တတစ်ဖန်ပူပန်မှု ‘ကုက္ကုစ္စ’ ထကြွနှိပ်စက်သော စိတ်ဖြင့် မနေသောအခါ ဖြစ်ပေါ်လာသော စိတ်ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ နောင်တတစ်ဖန်ပူပန်မှု ‘ကုက္ကုစ္စ'တို့၏ ထွက်မြောက်ကြောင်းကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏၊ ထိုအခါ မိမိအကျိုးကိုလည်းဟုတ် တိုင်းမှန်စွာ သိမြင်၏၊ သူတစ်ပါးအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ သိမြင်၏၊ အကျိုးနှစ်မျိုးစုံကိုလည်းဟုတ်တိုင်းမှန်စွာ သိမြင်၏၊ ကာလရှည်စွာ ရွတ်အံ (သရဇ္ဈာယ်) မှုကိုမပြုပါကုန်သော်လည်း ဗေဒင်တို့သည် ဉာဏ်၌ ထင်ကုန်၏၊ ရွတ်အံ (သရဇ္ဈာယ်) မှုကို ပြုကုန်ပါမူကားအဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။

ပုဏ္ဏား နောက်တစ်မျိုးကား မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ ထကြွနှိပ်စက်သော စိတ်ဖြင့် မနေသောအခါဖြစ်ပေါ်လာသော မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ'၏ ထွက်မြောက်ကြောင်းကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏၊ ထိုအခါ မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ သိမြင်၏၊ သူတစ်ပါးအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာသိမြင်၏၊ အကျိုးနှစ်မျိုးစုံကိုလည်းဟုတ်တိုင်းမှန်စွာ သိမြင်၏၊ ကာလရှည်စွာ ရွတ်အံ (သရဇ္ဈာယ်) မှုကိုမပြုပါကုန် သော်လည်း ဗေဒင်တို့သည် ဉာဏ်၌ ထင်ကုန်၏၊ ရွတ်အံ (သရဇ္ဈာယ်) မှုကို ပြုကုန်ပါမူကားအဘယ် ဆိုဖွယ်ရာ ရှိအံ့နည်း။

ပုဏ္ဏား ဥပမာသော်ကား ရေခွက်သည် ကြည်လင်၏၊ အထူးသဖြင့် ကြည်လင်၏၊ မနောက်ကျု၊ အလင်းရောင်၌ ထား၏၊ ထိုရေခွက်၌ မျက်စိအမြင်ရှိသော ယောကျ်ားသည် မိမိမျက်နှာရိပ်ကို ဆင်ခြင် (ကြည့်ရှု) လတ်သော်ဟုတ်တိုင်းမှန်စွာ သိမြင်နိုင်ရာ၏။ ပုဏ္ဏား ထို့အတူပင် မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ'ထကြွ နှိပ်စက်သော စိတ်ဖြင့် မနေသောအခါ ဖြစ်ပေါ်လာသော မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ'၏ထွက်မြောက်ကြောင်းကို လည်းဟုတ်တိုင်းမှန်စွာ သိ၏၊ ထိုအခါ မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာသိမြင်၏၊ သူတစ်ပါး အကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ သိမြင်၏၊ အကျိုးနှစ်မျိုးစုံကိုလည်းဟုတ်တိုင်းမှန်စွာ သိမြင်နိုင်၏၊ ကာလရှည်စွာ ရွတ်အံ (သရဇ္ဈာယ်) မှုကို မပြုပါကုန်သော်လည်းဗေဒင်တို့သည် ဉာဏ်၌ ထင်ကုန်၏၊ ရွတ်အံ (သရဇ္ဈာယ်) မှုကို ပြုကုန်ပါမူကား အဘယ်ဆိုဖွယ်ရာရှိအံ့နည်း။

--

ပုဏ္ဏား ဤသည်ပင် အကြောင်းတည်း၊ ဤသည်ပင် အထောက်အပံ့တည်း၊ ယင်းအကြောင်းအထောက်အပံ့ကြောင့် ကာလရှည်စွာ ရွတ်အံ (သရဇ္ဈာယ်) မှုကို မပြုပါကုန်သော်လည်း တစ်ခါတစ်ရံဗေဒင် တို့သည် ဉာဏ်၌ ထင်ကုန်၏၊ ရွတ်အံ (သရဇ္ဈာယ်) မှုကို ပြုကုန်ပါမူကား အဘယ်ဆိုဖွယ်ရာရှိအံ့နည်း။

ပုဏ္ဏား ဤဗောဇ္ဈင်ခုနစ်မျိုးတို့ကား မပိတ်ပင် မတားဆီးတတ်ကုန်၊ စိတ်ကို မညစ်ညူးစေတတ် ကုန်၊ ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် အသိဉာဏ် ‘ဝိဇ္ဇာ’၊ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ’ အကျိုးကို မျက်မှောက်ပြုရန် ဖြစ်ကုန်၏။ အဘယ်ခုနစ်မျိုးတို့နည်း၊

ပုဏ္ဏား သတိသမ္ဗောဇ္ဈင်သည် မပိတ်ပင် မတားဆီးတတ်၊ စိတ်ကို မညစ်ညူးစေတတ်၊ ပွားများအပ်ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အသိဉာဏ် ‘ဝိဇ္ဇာ’၊ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ'အကျိုးကို မျက်မှောက်ပြုရန် ဖြစ်၏။ပ။ ပုဏ္ဏား ဥပေက္ခာသမ္ဗောဇ္ဈင်သည် မပိတ်ပင်မတားဆီးတတ်၊ စိတ်ကို မညစ် ညူးစေတတ်၊ ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော်အသိဉာဏ် ‘ဝိဇ္ဇာ’၊ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ'အကျိုးကို မျက်မှောက်ပြုရန် ဖြစ်၏။

ပုဏ္ဏား ဤဗောဇ္ဈင်ခုနစ်မျိုးတို့ကား မပိတ်ပင် မတားဆီးတတ်ကုန်၊ စိတ်ကို မညစ်ညူးစေတတ် ကုန်၊ ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် အသိဉာဏ် ‘ဝိဇ္ဇာ’၊ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ'အကျိုးကို မျက်မှောက်ပြုရန် ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဤသို့ ဟောကြားလတ်သော် သင်္ဂါရဝပုဏ္ဏားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏-"အသျှင်ဂေါတမ တရားတော်သည် အလွန်နှစ်သက်ဖွယ်ရှိပါပေစွ။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်ကိုယနေ့မှ စ၍ အသက်ထက်ဆုံး ကိုးကွယ်ခြင်းသို့ ရောက်သော ဥပါသကာဟု မှတ်တော်မူပါ”ဟု (လျှောက် ၏)။

ပဉ္စမသုတ်။

--

၆-အဘယသုတ်

၂၃၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ် ပြည်ဂိဇ္ဈကုဋ်တောင်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အဘယမင်းသားသည် မြတ်စွာဘုရားထံသို့ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-"အသျှင်ဘုရား မသိမမြင်ရန် အကြောင်းအထောက်အပံ့ မရှိ၊ အကြောင်းအထောက်အပံ့ မရှိဘဲ မသိမမြင်ခြင်း ဖြစ်၏။ သိမြင်ရန် အကြောင်းအထောက်အပံ့ မရှိ၊ အကြောင်းအထောက်အပံ့မရှိဘဲ သိမြင်ခြင်း ဖြစ်၏ဟု ပူရဏကဿပသည် ဤသို့ ဆိုပါ၏၊ ဤအရာ၌ မြတ်စွာဘုရားသည်အဘယ် သို့ မိန့်ဆိုတော်မူပါမည်နည်း”ဟု (လျှောက်၏)။ မင်းသား မသိမမြင်ရန့်အကြောင်းအထောက်အပံ့ ရှိ၏၊ အကြောင်းအထောက်အပံ့နှင့် တကွ မသိမမြင်ခြင်း ဖြစ်၏၊ သိမြင်ရန်အကြောင်းအထောက်အပံ့ ရှိ၏၊ အကြောင်းအထောက်အပံ့နှင့် တကွ သိမြင်ခြင်း ဖြစ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား မသိမမြင်ရန် အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း၊ အဘယ်သို့လျှင်အကြောင်းအထောက်အပံ့နှင့် တကွ မသိမမြင်ခြင်း ဖြစ်ပါသနည်းဟု (လျှောက်၏)။ မင်းသားအကြင်အခါ၌ ကာမရာဂထကြွနှိပ်စက်သော စိတ်ဖြင့် နေ၏၊ ဖြစ်ပေါ်လာသော ကာမရာဂ၏ထွက်မြောက်ကြောင်းကို လည်းဟုတ်တိုင်းမှန်စွာ မသိမမြင်။ မင်းသား ဤသည်လည်း မသိမမြင်ရန်အကြောင်းအထောက်အပံ့ ဖြစ်၏၊ ဤသို့လည်း အကြောင်းအထောက်အပံ့နှင့် တကွ မသိမမြင်ခြင်း ဖြစ်၏။

မင်းသား နောက်တစ်မျိုးကား အကြင်အခါ၌ ပျက်စီးစေလိုမှု ‘ဗျာပါဒ'ထကြွနှိပ်စက်သော စိတ်ဖြင့်။ပ။

လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ'ထကြွနှိပ်စက်သော စိတ်ဖြင်။ပ။ စိတ်ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ နောင်တတစ်ဖန်ပူပန်မှု ‘ကုက္ကုစ္စ'ထကြွ နှိပ်စက်သော စိတ်ဖြင့်။ပ။ မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ'ထကြွနှိပ်စက်သော စိတ်ဖြင့် နေ၏၊ ဖြစ်ပေါ် လာသော မဝေခွဲ နိုင်မှု ‘ဝိစိကိစ္ဆာ'၏ ထွက်မြောက်ကြောင်းကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်။ မင်းသား ဤသည်လည်း မသိမမြင်ရန် အကြောင်းအထောက်အပံ့ ဖြစ်၏၊ ဤသို့လည်းအကြောင်းအထောက်အပံ့နှင့် တကွ မသိမမြင်ခြင်း ဖြစ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား ဤတရားဒေသနာတော်သည် အဘယ်အမည်ရှိပါသနည်းဟု (လျှောက်၏)။ မင်းသားဤတရားတို့ကား နီဝရဏမည်ကုန်၏။ မြတ်စွာဘုရား စင်စစ် နီဝရဏ မည်ထိုက်ပါကုန်၏၊ မြတ်စွာဘုရားစင်စစ် နီဝရဏ မည်ထိုက်ပါကုန်၏၊ အသျှင်ဘုရား နီဝရဏတစ်ပါးပါး နှိပ်စက်သည်ရှိသော်ဟုတ်တိုင်းမှန်စွာ မသိနိုင်မမြင်နိုင် ဖြစ်တုံဘိသေး၏၊ နီဝရဏငါးပါးလုံး နှိပ်စက်သည်ရှိသော်ကား အဘယ်ဆိုဖွယ်ရာရှိပါအံ့နည်း။

အသျှင်ဘုရား သိမြင်ရန် အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း၊ အဘယ်သို့လျှင် အကြောင်းအထောက်အပံ့နှင့် တကွ သိမြင်ခြင်း ဖြစ်ပါသနည်းဟု (လျှောက်၏)။ မင်းသား ဤသာသနာတော်၌ရဟန်း သည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ညွတ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုရဟန်းသည် သတိသမ္ဗောဇ္ဈင်ကို ပွါးများသော စိတ်ဖြင့်ဟုတ် တိုင်းမှန်စွာ သိမြင်၏၊ ဤသည်လည်း သိမြင်ရန် အကြောင်းအထောက်အပံ့ ဖြစ်၏၊ ဤသို့လျှင်အကြောင်း အထောက်အပံ့နှင့် တကွ သိမြင်ခြင်း ဖြစ်၏။

--

မင်းသား နောက်တစ်မျိုးကား ဤသာသနာတော်၌ ရဟန်းသည်။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုရဟန်းသည် ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများသော စိတ်ဖြင့်ဟုတ်တိုင်းမှန်စွာ သိမြင်၏၊ မင်းသား ဤသည်လည်း သိမြင်ရန် အကြောင်းအထောက်အပံ့ ဖြစ်၏၊ ဤသို့လျှင် အကြောင်းအထောက်အပံ့နှင့် တကွ သိမြင်ခြင်း ဖြစ်၏။

အသျှင်ဘုရား ဤတရားဒေသနာတော်သည် အဘယ်အမည်ရှိပါသနည်းဟု (လျှောက်၏)။ မင်းသားဤတရားတို့ကား ဗောဇ္ဈင်မည်ကုန်၏။ မြတ်စွာဘုရား စင်စစ် ဗောဇ္ဈင်တို့ မည်ထိုက်ပါကုန်၏၊ မြတ်စွာဘုရား စင်စစ် ဗောဇ္ဈင်တို့ မည်ထိုက်ပါကုန်၏၊ အသျှင်ဘုရား ဗောဇ္ဈင်တစ်ပါးပါးနှင့် ပြည့်စုံသည်ရှိသော်ဟုတ်တိုင်းမှန်စွာ သိနိုင် မြင်နိုင် ဖြစ်တုံဘိသေး၏၊ ဗောဇ္ဈင်ခုနစ်ပါးလုံးတို့နှင့် ပြည့်စုံသည်ရှိသော်ကားအဘယ်ဆိုဖွယ်ရာ ရှိပါအံ့နည်း။

အသျှင်ဘုရား ဂိဇ္ဈကုဋ်တောင်ကို တက်သော တပည့်တော်အား ကိုယ်၏ ပင်ပန်းခြင်း စိတ်၏ပင်ပန်းခြင်းသည် ဖြစ်ပါ၏၊ ထိုပင်ပန်းခြင်းသည် တပည့်တော်အား ငြိမ်းပျောက်ပါပြီ၊ တပည့်တော်သည်တရားတော်ကိုလည်း သိအပ်ပါပြီဟု (လျှောက်၏)။

ဆဋ္ဌသုတ်။

ခြောက်ခုမြောက် သာကစ္ဆဝဂ် ပြီး၏။

--

၇-အာနာပါနဝဂ်

၁-အဋ္ဌိကမဟပ္ဖလသုတ်

၂၃၈။ သာဝတ္ထိဒါန်း။ ရဟန်းတို့ အရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ’ ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အကျိုးအာနိသင်ကြီး၏၊ ရဟန်းတို့ အရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ'ကို အဘယ်သို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အကျိုးအာနိသင်ကြီးသနည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကိုမှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သောအရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ'နှင့်တကွဖြစ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကိုမှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သောအရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ'နှင့်တကွဖြစ်သော ဥပေက္ခာသမ္ဗောဇ္ဈင် ကို ပွါးများ၏။ ရဟန်းတို့ အရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ'ကိုဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အကျိုးအာနိသင်ကြီး၏ဟု (မိန့်တော်မူ၏)။

အညတရဖလသုတ်

ရဟန်းတို့ အရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ'ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် မျက်မှောက်ဘဝ၌ပင် အရဟတ္တဖိုလ်ကို ရနိုင်ခြင်း၊ စွဲလမ်းမှု ‘ဥပါဒါန်’ အကြွင်းအကျန် ရှိခဲ့သော်အနာဂါမ်ဖြစ်နိုင်ခြင်းဟူသောအကျိုးနှစ်ပါးတို့တွင် အကျိုးတစ်ပါးပါးကို (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။ ရဟန်းတို့ အရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ'ကို အဘယ်သို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် မျက်မှောက်ဘဝ၌ပင် အရဟတ္တဖိုလ်ကို ရနိုင်ခြင်း၊ စွဲလမ်းမှု ‘ဥပါဒါန်’ အကြွင်းအကျန် ရှိခဲ့သော် အနာဂါမ်ဖြစ်နိုင်ခြင်းဟူသောအကျိုးနှစ်ပါးတို့တွင်အကျိုးတစ်ပါးပါးကို (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်အပ်သနည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သောအရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ’ နှင့် တကွဖြစ်သောသတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကိုမှီသော နိဗ္ဗာန်သို့ ညွတ်သောအရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ'နှင့် တကွဖြစ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများ၏။

ရဟန်းတို့ အရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ'ကို ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် မျက်မှောက်ဘဝ၌ပင် အရဟတ္တဖိုလ်ကို ရနိုင်ခြင်း၊ စွဲလမ်းမှု ‘ဥပါဒါန်'အကြွင်းအကျန် ရှိခဲ့သော် အနာဂါမ်ဖြစ်နိုင်ခြင်းဟူသောအကျိုးနှစ်ပါးတို့တွင် အကျိုးတစ်ပါးပါးကို (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်အပ်၏ဟု (မိန့်တော်မူ၏)။

--

မဟတ္ထသုတ်

ရဟန်းတို့ အရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ'ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အကျိုးကြီးခြင်းငှါ ဖြစ်၏၊ ရဟန်းတို့ အရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ'ကို အဘယ်သို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အကျိုးကြီးခြင်းငှါ ဖြစ်သနည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကိုမှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သောအရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ'နှင့်တကွဖြစ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို့မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သောအရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ'နှင့်တကွဖြစ်သော ဥပေက္ခာသမ္ဗောဇ္ဈင် ကို ပွါးများ၏။

ရဟန်းတို့ အရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ’ ကို ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အကျိုးကြီးခြင်းငှါ ဖြစ်ပေ၏ဟု (မိန့်တော်မူ၏)။

ယောဂက္ခေမသုတ်

ရဟန်းတို့ အရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ'ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် များစွာသော ယောဂတရားတို့၏ ကုန်ခြင်းငှါ ဖြစ်၏၊ ရဟန်းတို့ အရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ’ ကို အဘယ်သို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် များစွာသော ယောဂတရားတို့၏ ကုန်ခြင်းငှါ ဖြစ်သနည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကိုမှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သောအရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ'နှင့်တကွဖြစ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကိုမှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သောအရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ'နှင့်တကွဖြစ်သော ဥပေက္ခာသမ္ဗောဇ္ဈင် ကို ပွါးများ၏။

ရဟန်းတို့ အရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ'ကို ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် များစွာသော ယောဂတရားတို့၏ ကုန်ခြင်းငှါ ဖြစ်ပေ၏ဟု (မိန့်တော်မူ၏)။

--

သံဝေဂသုတ်

ရဟန်းတို့ အရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ'ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် ကြီးစွာသော ထိတ်လန့်မှု ‘သံဝေဂ'ဖြစ်ခြင်းငှါ ဖြစ်၏၊ ရဟန်းတို့ အရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ’ ကို အဘယ်သို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် ကြီးစွာသော ထိတ်လန့်မှု ‘သံဝေဂ’ ဖြစ်ခြင်းငှါ ဖြစ်သနည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကိုမှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သောအရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ'နှင့်တကွဖြစ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကိုမှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သောအရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ'နှင့်တကွဖြစ်သော ဥပေက္ခာသမ္ဗောဇ္ဈင် ကို ပွါးများ၏။

ရဟန်းတို့ အရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ'ကို ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် ကြီးစွာသော ထိတ်လန့်မှု ‘သံဝေဂ’ ဖြစ်ခြင်းငှါ ဖြစ်ပေ၏ဟု (မိန့်တော်မူ၏)။

ဖာသုဝိဟာရသုတ်

ရဟန်းတို့ အရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ'ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် ကြီးစွာသော ချမ်းချမ်းသာသာ နေရခြင်းငှါ ဖြစ်၏၊ ရဟန်းတို့ အရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ’ ကို အဘယ်သို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် ကြီးစွာသော ချမ်းချမ်းသာသာ နေရခြင်းငှါ ဖြစ်သနည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကိုမှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သောအရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ'နှင့်တကွဖြစ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကိုမှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သောအရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ'နှင့်တကွဖြစ်သော ဥပေက္ခာသမ္ဗောဇ္ဈင် ကို ပွါးများ၏။

--

ရဟန်းတို့ အရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ'ကို ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် ကြီးစွာသော ချမ်းချမ်းသာသာ နေရခြင်းငှါ ဖြစ်ပေ၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

၂-ပုဠဝကသညာသုတ်

၂၃၉။ ရဟန်းတို့ ပိုးလောက်တို့ဖြင့် ပြည့်နေသော သူသေကောင်ဟု မှတ်သားမှု ‘ပုဠဝကသညာ’ ကိုပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော်။ပ။

ဒုတိယသုတ်။

၃-ဝိနီလကသုတ်

၂၄၀။ ရဟန်းတို့ ရုပ်ဆင်းပျက်လျက် ညိုမဲနေသော သူသေကောင်ဟု မှတ်သားမှု ‘ဝိနီလကသညာ’ ကိုပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော်။ပ။

တတိယသုတ်။

၄-ဝိစ္ဆိဒ္ဒကသုတ်

၂၄၁။ ရဟန်းတို့ အလယ်၌ နှစ်ပိုင်းပြတ်သော သူသေကောင်ဟု မှတ်သားမှု ‘ဝိစ္ဆိဒ္ဒကသညာ’ ကိုပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော်။ပ။

စတုတ္ထသုတ်။

--

၅-ဥဒ္ဓုမာတကသုတ်

၂၄၂။ ရဟန်းတို့ ဖူးဖူးရောင်နေသော သူသေကောင်ဟု မှတ်သားမှု ‘ဥဒ္ဓုမာတကသညာ’ ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော်။ပ။

ပဉ္စမသုတ်။

၆-မေတ္တာသုတ်

၂၄၃။ ရဟန်းတို့ ချစ်ခြင်း ‘မေတ္တာ’ ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော်။ပ။

ဆဋ္ဌသုတ်။

၇-ကရုဏာသုတ်

၂၄၄။ ရဟန်းတို့ သနားခြင်း ‘ကရုဏာ'ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော်။ပ။

သတ္တမသုတ်။

၈-မုဒိတာသုတ်

၂၄၅။ ရဟန်းတို့ ဝမ်းမြောက်ခြင်း ‘မုဒိတာ’ ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည် ရှိသော်။ပ။

အဋ္ဌမသုတ်။

--

၉-ဥပေက္ခာသုတ်

၂၄၆။ ရဟန်းတို့ အညီအမျှ ရှုမှု ‘ဥပေက္ခာ’ ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည် ရှိသော်။ပ။

နဝမသုတ်။

၁၀-အာနာပါနသုတ်

၂၄၇။ ရဟန်းတို့ ထွက်သက်ဝင်သက်ကို အောက်မေ့မှု ‘အာနာပါနဿတိ’ ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော်။ပ။

ဒသမသုတ်။

ခုနစ်ခုမြောက် အာနာပါနဝဂ် ပြီး၏။

--

၈-နိရောဓဝဂ်

၁-အသုဘသုတ်

၂၄၈။ ရဟန်းတို့ မတင့်တယ်ဟူသော မှတ်သားမှု ‘အသုဘသညာ’ ကို။ပ။

ပဌမသုတ်။

၂-မရဏသုတ်

၂၄၉။ ရဟန်းတို့ (မုချ သေရလိမ့်မည်ဟု) သေရခြင်း၌ မှတ်သားမှု ‘မရဏသညာ’ ကို။ပ။

ဒုတိယသုတ်။

၃-အာဟာရေပဋိကူလသုတ်

၂၅၀။ ရဟန်းတို့ စားမျိုအပ်သောအစာ၌ စက်ဆုပ်ဖွယ်ဟု မှတ်သားမှု ‘အာဟာရေပဋိကူလသညာ'ကို။ပ။

တတိယသုတ်။

၄-အနဘိရတိသုတ်

၂၅၁။ ရဟန်းတို့ အလုံးစုံသောလောက၌ မမွေ့လျော်ဖွယ်ဟု မှတ်သားမှု ‘သဗ္ဗလောကေ အနဘိရတိသညာ'ကို။ပ။

စတုတ္ထသုတ်။

--

၅-အနိစ္စသုတ်

၂၅၂။ ရဟန်းတို့ မမြဲဟု မှတ်သားမှု ‘အနိစ္စသညာ’ ကို။ပ။

ပဉ္စမသုတ်။

၆-ဒုက္ခသုတ်

၂၅၃။ ရဟန်းတို့ မမြဲသော တရားသည် ဆင်းရဲ၏ဟု မှတ်သားမှု ‘အနိစ္စေ ဒုက္ခသညာ’ ကို။ပ။

ဆဋ္ဌသုတ်။

၇-အနတ္တသုတ်

၂၅၄။ ရဟန်းတို့ ဆင်းရဲသော တရား၌ အစိုးမရ အလိုသို့ မလိုက် ‘အနတ္တ’ဟု မှတ်သားမှု ‘ဒုက္ခေအနတ္တသညာ’ ကို။ပ။

သတ္တမသုတ်။

၈-ပဟာနသုတ်

၂၅၅။ ရဟန်းတို့ ပယ်စွန့်အပ်၏ဟု မှတ်သားမှု ‘ပဟာနသညာ’ ကို။ပ။

အဋ္ဌမသုတ်။

--

၉-ဝိရာဂသုတ်

၂၅၆။ ရဟန်းတို့ စွဲမက်ခြင်း ကင်း၏ဟု မှတ်သားမှု ‘ဝိရာဂသညာ’ ကို။ပ။

နဝမသုတ်။

၁၀-နိရောဓသုတ်

၂၅၇။ ရဟန်းတို့ ချုပ်ငြိမ်းရာနိဗ္ဗာန်ဟု မှတ်သားမှု ‘နိရောဓသညာ’ ကို ပွါးများအပ် ကြိမ်ဖန် များစွာပြုလုပ်အပ်သည်ရှိသော် အကျိုးအာနိသင်ကြီး၏၊ ရဟန်းတို့ ချုပ်ငြိမ်းရာနိဗ္ဗာန်ဟု မှတ်သားမှု ‘နိရောဓသညာ'ကို အဘယ်သို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အကျိုးအာနိသင်ကြီး သနည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကိုမှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ချုပ်ငြိမ်းရာနိဗ္ဗာန်ဟု မှတ်သားမှု ‘နိရောဓသညာ’ နှင့်တကွဖြစ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ချုပ်ငြိမ်းရာနိဗ္ဗာန်ဟု မှတ်သားမှု ‘နိရောဓသညာ'နှင့်တကွဖြစ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများ၏။

ရဟန်းတို့ ချုပ်ငြိမ်းရာနိဗ္ဗာန်ဟု မှတ်သားမှု ‘နိရောဓသညာ'ကို ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာပြုလုပ် အပ်သည်ရှိသော် အကျိုးအာနိသင်ကြီး၏။

ရဟန်းတို့ ချုပ်ငြိမ်းရာ နိဗ္ဗာန်ဟု မှတ်သားမှု ‘နိရောဓသညာ’ ကို ပွါးများအပ် ကြိမ်ဖန်များစွာပြုလုပ်အပ်သည်ရှိသော် မျက်မှောက်ဘဝ၌ပင် အရဟတ္တဖိုလ်ကို ရနိုင်ခြင်း၊ စွဲလမ်းမှု ‘ဥပါဒါန်’ အကြွင်းအကျန် ရှိခဲ့သော် အနာဂါမ်ဖြစ်နိုင်ခြင်းဟူသောအကျိုးနှစ်ပါးတို့တွင် အကျိုးတစ်ပါးပါးကို (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။ ရဟန်းတို့ ချုပ်ငြိမ်းရာ နိဗ္ဗာန်ဟု မှတ်သားမှု ‘နိရောဓသညာ'ကို အဘယ်သို့ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် မျက်မှောက်ဘဝ၌ပင် အရဟတ္တဖိုလ်ကို ရနိုင်ခြင်း၊ စွဲလမ်းမှု ‘ဥပါဒါန်’ အကြွင်းအကျန် ရှိခဲ့သော် အနာဂါမ်ဖြစ်နိုင်ခြင်းဟူသောအကျိုးနှစ်ပါးတို့တွင် အကျိုးတစ်ပါးပါးကို (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်အပ်သနည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကိုမှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ချုပ်ငြိမ်းရာ နိဗ္ဗာန်ဟု မှတ်သားမှု ‘နိရောဓသညာ’ နှင့်တကွဖြစ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကိုမှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ချုပ်ငြိမ်းရာ နိဗ္ဗာန်ဟု မှတ်သားမှု ‘နိရောဓသညာ'နှင့်တကွဖြစ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများ၏။

--

ရဟန်းတို့ ချုပ်ငြိမ်းရာ နိဗ္ဗာန်ဟု မှတ်သားမှု ‘နိရောဓသညာ'ကို ဤသို့ ပွါးများအပ် ကြိမ်ဖန် များစွာပြုလုပ်အပ်သည်ရှိသော် မျက်မှောက်ဘဝ၌ပင် အရဟတ္တဖိုလ်ကို ရနိုင်ခြင်း၊ စွဲလမ်းမှု ‘ဥပါဒါန်'အကြွင်းအကျန် ရှိခဲ့သော် အနာဂါမ်ဖြစ်နိုင်ခြင်းဟူသောအကျိုးနှစ်ပါးတို့တွင် အကျိုးတစ်ပါးပါးကို (မချွတ့်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။

ရဟန်းတို့ ချုပ်ငြိမ်းရာ နိဗ္ဗာန်ဟု မှတ်သားမှု ‘နိရောဓသညာ’ ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အကျိုးကြီးခြင်းငှါ ဖြစ်၏၊ များစွာသော ယောဂတရားတို့၏ ကုန်ခြင်းငှါ ဖြစ်၏၊ ကြီးစွာသော ထိတ်လန့်မှု ‘သံဝေဂ’ ဖြစ်ခြင်းငှါ ဖြစ်၏၊ ကြီးစွာသော ချမ်းချမ်းသာသာ နေရခြင်းငှါ ဖြစ်၏။ ရဟန်းတို့ ချုပ်ငြိမ်းရာ နိဗ္ဗာန်ဟု မှတ်သားမှု ‘နိရောဓသညာ'ကို အဘယ်သို့ ပွါးများအပ် ကြိမ်ဖန်များစွာပြုလုပ်အပ်သည်ရှိသော် အကျိုးကြီးခြင်းငှါ များစွာသော ယောဂတရားတို့၏ ကုန်ခြင်းငှါ ကြီးစွာသောထိတ်လန့်မှု ‘သံဝေဂ’ ဖြစ်ခြင်းငှါ ကြီးစွာသော ချမ်းချမ်းသာသာ နေရခြင်းငှါ ဖြစ်သနည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကိုမှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ချုပ်ငြိမ်းရာ နိဗ္ဗာန်ဟု မှတ်သားမှု ‘နိရောဓသညာ’ နှင့်တကွဖြစ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကိုမှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ချုပ်ငြိမ်းရာ နိဗ္ဗာန်ဟု မှတ်သားမှု ‘နိရောဓသညာ’ နှင့်တကွဖြစ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများ၏။

ရဟန်းတို့ ချုပ်ငြိမ်းရာနိဗ္ဗာန်ဟု မှတ်သားမှု ‘နိရောဓသညာ'ကို ဤသို့ ပွားများအပ် ကြိမ်ဖန်များစွာပြုလုပ်အပ်သည်ရှိသော် အကျိုးကြီးခြင်းငှါ ဖြစ်၏၊ များစွာသော ယောဂတရားတို့၏ ကုန်ခြင်းငှါ ဖြစ်၏၊ ကြီးစွာသော ထိတ်လန့်မှု ‘သံဝေဂ’ ဖြစ်ခြင်းငှါ ဖြစ်၏၊ ကြီးစွာသော ချမ်းချမ်းသာသာ နေရခြင်းငှါဖြစ်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ရှစ်ခုမြောက် နိရောဓဝဂ် ပြီး၏။

--

၉-ဂင်္ဂါပေယျာလဝဂ်

၁-၁၂-ဂင်္ဂါနဒီစသော ၁၂-သုတ်

၂၅၈-၂၆၉။ ရဟန်းတို့ ဥပမာသော်ကား ဂင်္ဂါမြစ်သည် အရှေ့အရပ်သို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ထို့အတူပင် ရဟန်းသည် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော်နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်း၏၊ ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်းသနည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကိုမှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဆိတ်ငြိမ်ခြင်းကိုမှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများ၏။

ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်း၏ဟု (မိန့်တော်မူ၏)။ [ဧသနာသုတ်တိုင်အောင် ပါဠိကိုချဲ့အပ်၏]။

ကိုးခုမြောက် ဂင်္ဂါပေယျာလဝဂ် ပြီး၏။

--

၁၀-အပ္ပမာဒဝဂ်

၁-၁၀-တထာဂတာဒိသုတ်

၂၇၀-၂၇၉။ ရဟန်းတို့ အခြေမရှိကုန်သော သတ္တဝါ၊ အခြေနှစ်ချောင်းရှိကုန်သော သတ္တဝါ၊ အခြေလေးချောင်းရှိကုန်သော သတ္တဝါ၊ အခြေများစွာရှိကုန်သော သတ္တဝါဟူသမျှတို့သည် ရှိကုန်၏။ ဤသို့စသည်အားဖြင့် ချဲ့အပ်၏။

ဆယ်ခုမြောက် အပ္ပမာဒဝဂ် ပြီး၏။

[ဗောဇ္ဈင်္ဂသံယုတ်၏ အပ္ပမာဒဝဂ်ကို ဗောဇ္ဈင်တို့၏ အစွမ်းအားဖြင့် ချဲ့အပ်၏]။

--

၁၁-ဗလကရဏီယဝဂ်

၁-၁၂-ဗလာဒိသုတ်

၂၈၀-၂၉၁။ ရဟန်းတို့ လက်ရုံးအားကိုး ပြုလုပ်အပ်ကုန်သောအလုပ်ဟူသမျှတို့ကို မြေကြီးကို မှီ၍မြေကြီး၌ တည်၍ လုပ်အပ်ကုန်သကဲ့သို့ ဤသို့ စသည်အားဖြင့် ချဲ့အပ်၏။

တစ်ဆယ့်တစ်ခုမြောက် ဗလကရဏီယဝဂ် ပြီး၏။

[ဗောဇ္ဈင်္ဂသံယုတ်၏ ဗလကရဏီယဝဂ်ကို ဗောဇ္ဈင်တို့၏ အစွမ်းအားဖြင့် ချဲ့အပ်၏]။

--

၁၂-ဧသနာဝဂ်

၁-၁၀-ဧသနာဒိသုတ်

၂၉၂-၃၀၁။ ရဟန်းတို့ ရှာမှီးခြင်းတရားတို့ကား ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း၊ ကာမကိုရှာမှီးခြင်း၊ ဘဝကို ရှာမှီးခြင်း၊ အကျင့်မြတ်ကို ရှာမှီးခြင်း။ ဤသို့ စသည်အားဖြင့် ချဲ့အပ်၏။

တစ်ဆယ့်နှစ်ခုမြောက် ဧသနာဝဂ် ပြီး၏။

--

[ဗောဇ္ဈင်္ဂသံယုတ်၏ ဝိဝေကနိဿိတပုဒ်နှင့် ယှဉ်သော ဧသနာပေယျာလကို ချဲ့အပ်၏]။

၁၃-ဩဃဝဂ်

၁-၉-ဩဃာဒိသုတ်

၃၀၂-၃၁၀။ ရဟန်းတို့ ဩဃတရားတို့ကား ဤလေးပါးတို့တည်း။ အဘယ်လေးပါးတို့နည်း၊ ကာမောဃ၊ ဘဝေါဃ၊ ဒိဋ္ဌောဃ၊ အဝိဇ္ဇောဃ။ ဤသို့ စသည်အားဖြင့် ချဲ့အပ်၏။

၁၀-ဥဒ္ဓမ္ဘာဂိယသုတ်

၃၁၁။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အထက်ပိုင်းသံယောဇဉ်တို့ကား ဤငါးပါးတို့တည်း၊ အဘယ်ငါးပါးတို့နည်း။ ရူပဘုံ၌ တပ်မက်မှု ‘ရူပရာဂ’၊ အရူပဘုံ၌ တပ်မက်မှု ‘အရူပရာဂ’၊ ထောင်လွှားမှု ‘မာန’၊ စိတ်ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’၊ မသိမှု ‘အဝိဇ္ဇာ’ တို့တည်း။ ရဟန်းတို့ အထက်ပိုင်းသံယောဇဉ်တို့ကား ဤငါးပါးတို့ပင်တည်း။

ရဟန်းတို့ ဤအထက်ပိုင်းသံယောဇဉ်ငါးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ပိုင်းခြား၍ သိခြင်းငှါကုန်စေခြင်းငှါ ပယ်ခြင်းငှါ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများအပ်ကုန်၏၊ အဘယ်ခုနစ်ပါးတို့နည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကိုမှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ စွဲမက်မှု ‘ရာဂ'ကိုပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောတွေဝေမှု ‘မောဟ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော။ အမြိုက်နိဗ္ဗာန်သို့ သက်ဝင်သောအမြိုက်နိဗ္ဗာန်လျှင် လဲ လျောင်းရာရှိသောအမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိသော။ နိဗ္ဗာန်သို့ညွတ်ကိုင်း ရှိုင်းသော ဥပေက္ခာသမ္ဗောဇ္ဈင် ကို ပွားများ၏။

ရဟန်းတို့ ရဟန်းသည် ဤအထက်ပိုင်းသံယောဇဉ်ငါးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ပိုင်းခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ ဤဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွားများအပ်ကုန်၏ဟု (မိန့်တော့်မူ၏)။

တစ်ဆယ့်သုံးခုမြောက် ဩဃပေယျာလဝဂ် ပြီး၏။

--

၁၄-ပုနဂင်္ဂါပေယျာလဝဂ်

၃၁၂-၃၂၃- ပုနဂင်္ဂါနဒီအာဒိသုတ်

တစ်ဆယ့်လေးခုမြောက် ပုနဂင်္ဂါပေယျာလဝဂ် ပြီး၏။

[ဗောဇ္ဈင်္ဂသံယုတ်၏ ဂင်္ဂါပေယျာလကို ရာဂ၏ အစွမ်းအားဖြင့် ချဲ့အပ်၏]။

၁၅-ပုနအပ္ပမာဒဝဂ်

၃၂၄-၃၃၃-တထာဂတာဒိသုတ်

တစ်ဆယ့်ငါးခုမြောက် ပုနအပ္ပမာဒဝဂ် ပြီး၏။

[အပ္ပမာဒဝဂ်ကို ရာဂ၏ အစွမ်းအားဖြင့် ချဲ့အပ်၏]။

၁၆-ပုနဗလကရဏီယဝဂ်

၃၃၄-၃၄၅-ပုနဗလာဒိသုတ်

တစ်ဆယ့်ခြောက်ခုမြောက် ပုနဗလကရဏီယဝဂ် ပြီး၏။

[ဗောဇ္ဈင်္ဂသံယုတ်၏ ဗလကရဏီယဝဂ်ကို ရာဂ၏ အစွမ်းအားဖြင့် ချဲ့အပ်၏]။

၁၇-ပုနဧသနာဝဂ်

၃၄၆-၃၅၆-ပုနဧသနာဒိသုတ်

တစ်ဆယ့်ခုနစ်ခုမြောက် ပုနဧသနာဝဂ် ပြီး၏။

--

၁၈-ပုနဩဃဝဂ်

၃၅၇-၃၆၆-ပုနဩဃာဒိသုတ်

ဗောဇ္ဈင်္ဂသံယုတ်၏ တစ်ဆယ့်ရှစ်ခုမြောက် ပုနဩဃဝဂ် ပြီး၏။

[တပ်မက်မှု ‘ရာဂ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ'ကို ပယ်ဖျောက်ခြင်း လျှင်အဆုံးရှိသော တွေဝေမှု ‘မောဟ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော ဝဂ်ကို ချဲ့အပ်၏]။ [မဂ္ဂသံယုတ်ကို ချဲ့သကဲ့သို့ ဗောဇ္ဈင်္ဂသံယုတ်ကို ချဲ့အပ်၏]။

နှစ်ခုမြောက် ဗောဇ္ဈင်္ဂသံယုတ် ပြီး၏။

--

၃-သတိပဋ္ဌာနသံယုတ်

၁-အမ္ဗပါလိဝဂ်

၁-အမ္ဗပါလိသုတ်

၃၆၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် - အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီ ပြည်အမ္ဗပါလိ (ပြည့်တန်ဆာမ) ၏ သရက်ဥယျာဉ်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရား သည်ရဟန်းတို့ကို “ရဟန်းတို့”ဟု ခေါ်တော်မူ၏၊ ထိုရဟန်းတို့သည် “အသျှင်ဘုရား”ဟု မြတ်စွာဘုရား အားပြန်ကြားလျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏-

ရဟန်းတို့ ဤခရီးလမ်းသည် သတ္တဝါတို့၏ စိတ်စင်ကြယ်ရန် စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကို့လွန်မြောက်ရန် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့ ချုပ်ငြိမ်းရန် အရိယမဂ်ကို ရရန် နိဗ္ဗာန်ကို မျက်မှောက်ပြုရန်တစ်ကြောင်းတည်းသော ခရီးလမ်း ဖြစ်ပေ၏၊ ယင်းသည့် ခရီးလမ်းကားဤသတိပဋ္ဌာန်လေးပါးတို့တည်း။ အဘယ်လေးပါးတို့နည်း၊

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက်ရုပ် အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ပြင်းစွာ အားထုတ်သောလုံ့လရှိ သည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍နေ၏။ ပြင်းစွာ အား ထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်'အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် စိတ်၌ စိတ်ကိုအကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကိုပယ်ဖျောက်လျက် သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိ သည် ဖြစ်၍ နေ၏။

ရဟန်းတို့ ဤခရီးလမ်းသည် သတ္တဝါတို့၏ စိတ်စင်ကြယ်ရန် စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကိုလွန်မြောက်ရန် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့ ချုပ်ငြိမ်းရန် အရိယမဂ်ကို ရရန် နိဗ္ဗာန်ကို မျက်မှောက်ပြုရန်တစ်ကြောင်းတည်းသော ခရီးလမ်း ဖြစ်ပေ၏၊ ယင်းသည့် ခရီးလမ်းကား ဤသတိပဋ္ဌာန်လေးပါးတို့ပင်တည်း။

မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏၊ ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောတော်မူသော တရားတော်ကို လွန်စွာ နှစ်သက်ဝမ်းမြောက်ကြလေကုန်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

--

၂-သတိသုတ်

၃၆၈။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် အမ္ဗပါလိ (ပြည့်တန်ဆာမ) ၏ သရက်ဥယျာဉ်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု ခေါ်တော်မူ၏၊ ထိုရဟန်းတို့သည် “အသျှင်ဘုရား”ဟု မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏-

ရဟန်းတို့ ရဟန်းသည် အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်'ရှိသည်ဖြစ်၍ နေရာ၏၊ ဤသည်ကား သင်တို့အား ငါတို့၏ အဆုံးအမပင်တည်း။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် သတိရှိသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်း သည်ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကိုပယ်ဖျောက်လျက် သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ရဟန်းတို့ ဤသို့ နေလျှင် ရဟန်းသည် သတိရှိပေ၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်'ရှိသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ရှေ့သို့ တိုးရာ နောက်သို့ ဆုတ်ရာ၌ သိလျက် ပြုလေ့ရှိ၏၊ တူရူကြည့်ရာတစောင်းကြည့်ရာ၌ သိလျက် ပြုလေ့ရှိ၏၊ ကွေးရာ ဆန့်ရာ၌ သိလျက် ပြုလေ့ရှိ၏၊ ဒုကုဋ် သပိတ့်သင်္ကန်းကို ဆောင်ရာ၌ သိလျက် ပြုလေ့ရှိ၏၊ စားရာ သောက်ရာ ခဲရာ လျက်ရာ၌ သိလျက်ပြုလေ့ရှိ၏၊ ကျင်ကြီးကျင်ငယ်စွန့်ရာ၌ သိလျက် ပြုလေ့ရှိ၏၊ သွားရာ ရပ်ရာ ထိုင်ရာ အိပ်ရာ နိုးရာပြောရာ ဆိတ်ဆိတ် နေရာ၌ သိလျက် ပြုလေ့ရှိ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည်ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိ၏။

ရဟန်းတို့ ရဟန်းသည် သတိသမ္ပဇဉ်ရှိသည် ဖြစ်၍ နေရာ၏၊ ဤသည်ကား သင်တို့အား ငါတို့၏အဆုံးအမပင်တည်းဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

--

၃-ဘိက္ခုသုတ်

၃၆၉။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သောဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- “အသျှင်ဘုရား တောင်းပန်ပါ၏၊ အကျွန်ုပ်အား မြတ်စွာဘုရားသည် အကျဉ်းအားဖြင့်တရားဟောတော်မူပါ၊ အကျွန်ုပ်သည် မြတ်စွာဘုရား၏ ယင်းတရားတော်ကို ကြားနာရသည်ရှိသော် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ ပြင်းစွာ အားထုတ်သည် ဖြစ်၍ နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိသည် ဖြစ်၍ နေလိုပါ၏”ဟု (လျှောက်၏)။ ဤလောက၌ အချို့သော (မဂ်ဖိုလ်မှ) အချည်းနှီးသော ယောကျ်ားတို့သည် ဤကဲ့သို့ပင် ငါဘုရားကို တိုက်တွန်းကြကုန်၏၊ တရားတော်ကိုဟောသည်ရှိသော် ငါဘုရား (နောက်) သို့သာ အစဉ်လိုက်သင့်၏ဟု မှတ်ထင်ကြကုန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်အား အကျဉ်းအားဖြင့် တရားဟောတော်မူပါ၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် တရားတော်ကို ဟောတော်မူပါ၊ အကျွန်ုပ်သည် မြတ်စွာဘုရား ဟောကြားတော်မူသော တရားတော်၏ အနက်ကို သိနိုင်ကောင်းတန်ရာပါ၏၊ တပည့်တော်သည် မြတ်စွာဘုရား ဟောကြားအပ်သော တရားတော်၏အမွေခံဖြစ်နိုင်ကောင်းတန် ရာပါ၏ဟု (လျှောက်ပြန်၏)။ ရဟန်း သို့ဖြစ်လျှင် သင်သည်ကုသိုလ်တရားတို့၌ အစကိုပင် သုတ်သင် လော့၊ ကုသိုလ်တရားတို့၌ အစကား အဘယ်နည်း၊ ကောင်းစွာ စင်ကြယ်သော သီလနှင့် ဖြောင့်မတ်သောအယူပင်တည်း။ ရဟန်း အကြင်အခါ သင့်အားသီလသည်လည်း စင်ကြယ်ပေလိမ့်မည်၊ အယူသည်လည်း ဖြောင့်မတ်ပေလိမ့်မည်၊ ရဟန်း ထိုအခါသင်သည် သီလကို မှီ၍ သီလ၌ တည်၍ သတိပဋ္ဌာန်လေးပါး တို့ကို သုံးပါးသောအဖို့အစုအားဖြင့်ပွါးများလေလော့။

အဘယ်လေးပါးတို့နည်း။ ရဟန်း ဤသာသနာတော်၌ သင်သည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် အတွင်းသန္တာန်၌ ဖြစ်သော ရုပ်အပေါင်း၌မူလည်းရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိ သည် ဖြစ်၍ နေလော့။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည်ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့ မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကိုပယ်ဖျောက်လျက် အပသန္တာန်၌ ဖြစ်သော ရုပ် အပေါင်း၌မူလည်း ရုပ်အပေါင်းကို အကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍ နေလော့။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်'အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာ ဒေါမန ဿကို ပယ်ဖျောက်လျက် အတွင်းသန္တာန်အပသန္တာန်၌ ဖြစ်သော ရုပ်အပေါင်း၌မူလည်း ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေလော့။

ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည့်ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် အတွင်းသန္တာန်၌ ဖြစ်သောဝေဒနာတို့၌လည်းကောင်း၊ အပသန္တာန်၌ ဖြစ်သော ဝေဒနာတို့၌လည်းကောင်း၊ အတွင်းသန္တာန်အပသန္တာန်၌ ဖြစ်သော ဝေဒနာတို့၌လည်းကောင်း ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍နေလော့။ ပြင်းစွာ အားထုတ် သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်'အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်လျက်အတွင်းသန္တာန်၌ ဖြစ်သော စိတ်၌လည်းကောင်း၊ အပသန္တာန်၌ ဖြစ်သော စိတ်၌လည်းကောင်း၊ အတွင်းသန္တာန် အပသန္တာန်၌ ဖြစ်သော စိတ်၌လည်းကောင်း စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍နေလော့။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်'အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် အတွင်းသန္တာန်၌ဖြစ်သော သဘောတရားတို့၌လည်းကောင်း၊ အပသန္တာန်၌ ဖြစ်သော သဘောတရားတို့၌လည်းကောင်း၊ အတွင်းသန္တာန် အပသန္တာန်၌ ဖြစ်သော သဘောတရားတို့၌လည်းကောင်း သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေလော့။

--

ရဟန်း အကြင်အခါ သင်သည် သီလကို မှီ၍ သီလ၌ တည်၍ ဤသတိပဋ္ဌာန်လေးပါးတို့ကို ဤသုံးပါးသောအဖို့အစုအားဖြင့် ပွါးနိုင်လိမ့်မည်၊ ထိုအခါ ရောက်လာမည့် ညဉ့်နေ့တို့ဝယ် သင့်အားကုသိုလ် တရားတို့၌ တိုးပွါးခြင်းကို (မချွတ် ဖြစ်လိမ့်မည်ဟု) မျှော်လင့်အပ်၏၊ ဆုတ်ယုတ်ခြင်းကိုမမျှော်လင့်အပ်။

ထိုအခါ ထိုရဟန်းသည် မြတ်စွာဘုရား ဟောတော်မူသော တရားတော်ကို အလွန် နှစ်သက်ဝမ်းမြောက်၍ နေရာမှ ထကာ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေ ပြု၍ ဖဲသွားလေ၏။ ထို့နောက်ထို ရဟန်းသည် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ ပြင်းစွာ အားထုတ်သည်ဖြစ်၍ နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိသည် ဖြစ်လျက် နေလတ်သော် ကောင်းစွာသာလျှင် လူ့ဘောင်မှရဟန်း ဘောင်သို့ ဝင်ရောက်ရဟန်းပြုသောအမျိုးသားများ လိုလားအပ်သောအတုမရှိသောအကျင့်မြတ်၏ အဆုံးဖြစ်သောအရဟတ္တဖိုလ်အကျိုးကို မကြာမီ ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက် ပြုလျက် ရောက်၍ နေရ၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကိုကျင့်သုံးပြီးပြီ၊ မဂ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ”ဟု သိ၏၊ ထိုရဟန်းသည် ရဟန္တာတို့တွင် တစ်ပါး အပါအဝင် ဖြစ်လေ၏။

တတိယသုတ်။

၄-သာလသုတ်

၃၇၀။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသလတိုင်း သာလမည်သော ပုဏ္ဏားရွာ၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ခေါ်တော်မူ၏။ပ။ ဤစကားကို မိန့်တော်မူ၏- ရဟန်းတို့ သင်တို့သည် ရဟန်းပြု၍ မကြာမြင့်သေးမူ၍ ဤသာသနာတော်သို့ ယခုပင် (မကြာသေးမီက) ရောက်လာကြကုန်သော ရဟန်းသစ်တို့အား သတိပဋ္ဌာန်လေးပါးတို့ကို ပွားများရန် ဆောက်တည်စေအပ်ကုန်၏၊ သွင်းထားအပ်ကုန်၏၊ တည်စေအပ်ကုန်၏။ အဘယ်လေးပါးတို့နည်း၊

ငါ့သျှင်တို့ လာကြကုန်လော့၊ သင်တို့သည် ပြင်းစွာ အားထုတ်သော လုံ့လရှိကုန် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိကုန်လျက် တစ်ခုတည်းသောအာရုံ၌ တည်ကာ အထူးသဖြင့် ကြည်လင်သောစိတ် ကောင်းစွာထားသောစိတ် တည်ကြည်သော စိတ်ရှိကုန်သည် ဖြစ်၍ ရုပ်အပေါင်းကိုဟုတ်တိုင်းမှန်စွာ သိခြင်းငှါ ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေကြကုန်လော့။ ပြင်းစွာ အားထုတ်သော လုံ့လရှိကုန် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိကုန်လျက် တစ်ခုတည်းသောအာရုံ၌ တည်ကာ အထူးသဖြင့်ကြည် လင်သောစိတ် ကောင်းစွာ ထားသောစိတ် တည်ကြည်သော စိတ်ရှိကုန်သည် ဖြစ်၍ ဝေဒနာတို့ကိုဟုတ် တိုင်းမှန်စွာ သိခြင်းငှါ ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍နေကြကုန်လော့။

--

ပြင်းစွာ အားထုတ်သော လုံ့လရှိကုန် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိကုန်လျက်တစ်ခုတည်းသောအာရုံ၌ တည် ကာ အထူးသဖြင့် ကြည်လင်သောစိတ် ကောင်းစွာ ထားသောစိတ်တည်ကြည်သော စိတ်ရှိကုန်သည် ဖြစ် ၍ စိတ်ကိုဟုတ်တိုင်းမှန်စွာ သိခြင်းငှါ စိတ်၌ စိတ်ကိုအကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေကြကုန်လော့။ ပြင်းစွာ အားထုတ်သော လုံ့လရှိကုန်ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိကုန်လျက် တစ်ခုတည်းသောအာရုံ၌ တည် ကာ အထူးသဖြင့်ကြည်လင်သောစိတ် ကောင်းစွာ ထားသောစိတ် တည်ကြည်သော စိတ်ရှိကုန်သည် ဖြစ် ၍သဘောတရားတို့ကိုဟုတ်တိုင်းမှန်စွာ သိခြင်းငှါ သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍ နေကြကုန်လော့ဟု ဆောက်တည်စေအပ်ကုန်၏၊ သွင်းထားအပ်ကုန်၏၊ တည်စေအပ်ကုန်၏။

ရဟန်းတို့ ကျင့်ဆဲ ‘သေက္ခ'ပုဂ္ဂိုလ် ဖြစ်ကုန်၍ အရဟတ္တဖိုလ်သို့ မရောက်ကုန်သေးမူ၍ ယောဂတို့၏ကုန်ရာ အတုမရှိမြတ်သော နိဗ္ဗာန်ကို တောင့်တလျက် နေကြသူ ရဟန်းတို့သည်လည်း ပြင်းစွာအားထုတ် သော လုံ့လရှိကုန် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိကုန်လျက် တစ်ခုတည်းသောအာရုံ၌ တည်ကာအထူးသဖြင့် ကြည်လင်သောစိတ် ကောင်းစွာ ထားသောစိတ် တည်ကြည်သော စိတ်ရှိကုန်သည် ဖြစ်၍ရုပ်အပေါင်းကို ပိုင်းခြား၍ သိခြင်းငှါ ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍နေကုန်၏။ ပြင်းစွာ အားထုတ်သော လုံ့လရှိကုန် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိကုန်လျက် တစ်ခုတည်းသောအာရုံ၌ တည်ကာ အထူးသဖြင့် ကြည်လင်သောစိတ် ကောင်းစွာ ထားသောစိတ် တည်ကြည်သောစိတ်ရှိကုန်သည် ဖြစ်၍ ဝေဒနာတို့ကို ပိုင်းခြား၍ သိခြင်းငှါ ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍ နေကုန် ၏။ ပြင်းစွာ အားထုတ်သော လုံ့လရှိကုန်ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိကုန်လျက် တစ်ခုတည်းသောအာရုံ၌ တည်ကာ အထူးသဖြင့်ကြည်လင်သောစိတ် ကောင်းစွာ ထားသောစိတ် တည်ကြည်သော စိတ်ရှိကုန်သည် ဖြစ်၍ စိတ်ကိုပိုင်းခြား၍ သိခြင်းငှါ စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေကုန်၏။ ပြင်းစွာအားထုတ်သော လုံ့လရှိကုန် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိကုန်လျက် တစ်ခုတည်းသောအာရုံ၌ တည်ကာအထူးသဖြင့် ကြည်လင်သောစိတ် ကောင်းစွာ ထားသောစိတ် တည်ကြည်သော စိတ်ရှိကုန်သည် ဖြစ်၍သဘောတရားတို့ကို ပိုင်းခြား၍ သိခြင်းငှါ သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိ သည် ဖြစ်၍ နေကြကုန်၏။

ရဟန်းတို့ အာသဝတရား ကုန်ပြီးသူ၊ ကျင့်သုံးပြီးသော မဂ်အကျင့်ရှိသူ၊ ပြုဖွယ်မဂ်ကိစ္စကို ပြုပြီးသူ၊ ခန္ဓာဝန်ကို ချထားပြီးသူ၊ မိမိ၏ အကျိုးသို့ ရောက်ပြီးဖြစ်သူ၊ ဘဝကို တပ်မက်တတ်သည့် နှောင်ကြိုး ‘ဘဝသံယောဇဉ်’ ကုန်ပြီးသူ၊ ကောင်းစွာ သိ၍ (ကိလေသာမှ) လွတ်မြောက်ပြီးသူ ထိုရဟန္တာဖြစ်သောရဟန်းတို့သည်လည်း ပြင်းစွာ အားထုတ်သော လုံ့လရှိကုန် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိကုန်လျက် တစ်ခုတည်းသောအာရုံ၌ တည်ကာ အထူးသဖြင့် ကြည်လင်သောစိတ် ကောင်းစွာ ထားသောစိတ် တည်ကြည်သော စိတ်ရှိကုန်သည် ဖြစ်၍ ရုပ်အပေါင်းနှင့် မစပ်ယှဉ်မူ၍ ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍ နေကြကုန်၏။ ပြင်းစွာ အားထုတ်သော လုံ့လရှိကုန် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိကုန်လျက် တစ်ခုတည်းသောအာရုံ၌ တည်ကာ အထူးသဖြင့် ကြည်လင်သောစိတ် ကောင်းစွာ ထားသောစိတ်တည်ကြည်သော စိတ်ရှိကုန်သည် ဖြစ်၍ ဝေဒနာနှင့် မစပ်ယှဉ်မူ၍ ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေကြကုန်၏။ ပြင်းစွာ အားထုတ်သော လုံ့လရှိကုန် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်'့ရှိကုန်လျက် တစ်ခုတည်းသောအာရုံ၌ တည်ကာ အထူးသဖြင့် ကြည်လင်သောစိတ် ကောင်းစွာထားသော စိတ် တည်ကြည်သော စိတ်ရှိကုန်သည် ဖြစ်၍ စိတ်နှင့် မစပ်ယှဉ်မူ၍ စိတ်၌ စိတ်ကိုအကြိမ်ကြိမ် ရှုလေ့ရှိ သည် ဖြစ်၍ နေကြကုန်၏။ ပြင်းစွာ အားထုတ်သော လုံ့လရှိကုန်ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိကုန်လျက် တစ်ခုတည်းသောအာရုံ၌ တည်ကာ အထူးသဖြင့်ကြည်လင်သောစိတ် ကောင်းစွာ ထားသောစိတ် တည် ကြည်သော စိတ်ရှိကုန်သည် ဖြစ်၍သဘောတရားတို့နှင့် မစပ်ယှဉ်မူ၍ သဘောတရားတို့၌ သဘော တရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေကြကုန်၏။

ရဟန်းတို့ သင်တို့သည် ရဟန်းပြု၍ မကြာမြင့်သေးမူ၍ ဤသာသနာတော်သို့ ယခုပင် (မကြာသေးမီက) ရောက်လာကြကုန်သော ရဟန်းသစ်တို့ကိုလည်း ဤသတိပဋ္ဌာန်လေးပါးတို့ကို ပွါးများရန်ဆောက်တည်စေအပ်ကုန်၏၊ သွင်းထားအပ်ကုန်၏၊ တည်စေအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

--

၅-အကုသလရာသိသုတ်

၃၇၁။ သာဝတ္ထိနိဒါန်း။ ထိုအခါ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏- ရဟန်းတို့"အကုသိုလ်အစု”ဟု ဆိုလိုသော သူသည် ကောင်းစွာ ဆိုလိုခဲ့မူ နီဝရဏငါးပါးတို့ကို ဆိုရာ၏၊ ရဟန်းတို့ဤနီဝရဏငါးပါးသည် အကုသိုလ်အစု သက်သက်သာ ဖြစ်ပေ၏။ အဘယ်ငါးပါးတို့နည်း၊ ကာမစ္ဆန္ဒနီဝရဏ၊ ဗျာပါဒနီဝရဏ၊ ထိန မိဒ္ဓနီဝရဏ၊ ဥဒ္ဓစ္စ ကုက္ကုစ္စနီဝရဏ၊ ဝိစိကိစ္ဆာနီဝရဏတို့တည်း။ ရဟန်းတို့"အကုသိုလ်အစု”ဟု ဆိုလိုသော သူသည် ကောင်းစွာ ဆိုလိုခဲ့မူ နီဝရဏငါးပါးတို့ကို ဆိုရာ၏။ ရဟန်းတို့ဤနီဝရဏငါးပါးသည် အကုသိုလ်အစု သက်သက်သာ ဖြစ်၏။

ရဟန်းတို့ “ကုသိုလ်အစု”ဟု ဆိုလိုသော သူသည် ကောင်းစွာ ဆိုလိုခဲ့မူ သတိပဋ္ဌာန်လေးပါးတို့ကိုဆိုရာ၏။ ရဟန်းတို့ ဤသတိပဋ္ဌာန်လေးပါးသည် ကုသိုလ်အစု သက်သက်သာ ဖြစ်၏။ အဘယ်လေးပါးတို့နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။

ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌ သဘောတရားတို့ကိုအကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ရဟန်းတို့ “ကုသိုလ်အစု”ဟု ဆိုလိုသော သူသည် ကောင်းစွာဆိုလိုခဲ့မူ သတိပဋ္ဌာန်လေးပါးတို့ကိုသာ ဆိုရာ၏။ ရဟန်းတို့ ဤသတိပဋ္ဌာန်လေးပါးသည် ကုသိုလ်အစုသက်သက် သာ ဖြစ်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

--

၆-သကုဏဂ္ဓိသုတ်

၃၇၂။ ရဟန်းတို့ ရှေး၌ ဖြစ်ဖူးသည်ကား သိမ်းငှက်သည် လျင်မြန်စွာ ရောက်လာ၍ ဗီလုံးငှက်ကိုဖမ်းသုတ်လေ၏၊ ရဟန်းတို့ ထိုအခါ ဗီလုံးငှက်သည် သိမ်းငှက် ထိုးသုတ်ဆောင်ယူအပ်သည် ဖြစ်၍ ဤသို့ငိုကြွေးမြည်တမ်းလေ၏- “ငါတို့သာ ကျက်သရေမဲ့ကုန်၏၊ ငါတို့သာ ဘုန်းကံနည်းပါးကုန်၏၊ ငါတို့သည်မကျက်စားသင့်သော သူတစ်ပါးတို့၏ နေရာ (အရပ်) ၌ ကျက်စားမိကုန်၏၊ ယနေ့ ငါသည် မိမိအဖ၏နေရာ (မိရိုးဖလာအရပ်) ဖြစ်သော စားကျက်၌ ကျက်စားခဲ့မူ ဤသိမ်းငှက်သည် ငါ့အား မဖမ်းနိုင်ရာ၊ စစ်ထိုးခြင်းသာ ဖြစ်လေရာ၏ဟု (မြည်တမ်း၏)။ ဗီလုံးငှက် မိမိအဖ၏ နေရာဖြစ်သော သင်၏ စားကျက့်ကား အဘယ်နည်းဟု (သိမ်းငှက်က မေးလေ၏)။ ထွန်ဖြင့် ထွန်ယက်ခြင်းကို ပြုရာ ထွန်ချေးခဲရှိရာအရပ်ပင်တည်းဟု ပြောလေ၏။ ရဟန်းတို့ ထိုအခါ သိမ်းငှက်သည် မိမိ၏ အားအစွမ်းကို အားကိုးယုံကြည်လျက် မိမိ၏ အားအစွမ်းကို (အထူးအထွေ) မပြောဆိုတော့ဘဲ “ဗီလုံးငှက် သင် သွားလေလော့၊ ထိုအရပ် သို့ ရောက်ပါသော်လည်း ငါ့လက်မှ မလွတ်နိုင်လတ္တံ့”ဟု (ဆို၍) ဗီလုံးငှက်ကို လွှတ်လိုက်လေ၏။

ရဟန်းတို့ ထိုအခါ ဗီလုံးငှက်သည် ထွန်ဖြင့် ထွန်ယက်ခြင်းကို ပြုရာ ထွန်ချေးခဲရှိရာ အရပ်သို့သွားပြီးလျှင် ထွန်ချေးခဲကြီးထက်သို့ တက်၍ “သိမ်းငှက် ယခု ငါ့နေရာသို့ လာခဲ့လော့၊ သိမ်းငှက် ယခုငါ့နေရာသို့ လာခဲ့လော့”ဟု သိမ်းငှက်ကို ပြောလျက် ရပ်နေလေ၏။ ရဟန်းတို့ ထိုအခါ သိမ်းငှက်သည်မိမိ၏ အားအစွမ်းကို အားကိုးယုံကြည်လျက် မိမိ၏ အားအစွမ်းကို (အထူးအထွေ) မပြောဆိုတော့ဘဲအတောင်နှစ်ဖက်တို့ကို ယှက်၍ ဗီလုံးငှက်ထံသို့ လျင်မြန်စွာ ရောက်လာလေ၏။ ရဟန်းတို့ ဤသိမ်းငှက်သည် ငါ့ကို (ဖမ်းရန်) များစွာ နီးကပ်လာပြီဟု ဗီလုံးငှက် သိသောအခါ ထိုထွန်ချေးခဲ၏ အကြားသို့သာဝင်သွားလေ၏၊ ရဟန်းတို့ ထိုအခါ သိမ်းငှက်သည် ထိုထွန်ချေးခဲ၌ပင် ရင်ဘတ်ကို ပြင်းစွာ တိုက်ခတ်မိလေ၏၊ ရဟန်းတို့ မကျက်စားသင့်သော သူတစ်ပါးတို့၏ နေရာ (အရပ်) ၌ ကျက်စားသွားလာသော သူသည် ဤအတူပင် ဖြစ်၏။

ရဟန်းတို့ ထို့ကြောင့်ပင် မကျက်စားသင့်သော သူတစ်ပါးတို့၏ နေရာ (အရပ်) ၌ မကျက်စားမသွားလာကြကုန်လင့်၊ ရဟန်းတို့ မကျက်စားသင့်သော သူတစ်ပါးတို့၏ နေရာ (အရပ်) ၌ ကျက်စားသွားလာကုန်သူတို့အား ကိလေသမာရ်သည် (ဖျက်ဆီးရန်) အခွင့်ကို ရ၏၊ ကိလေသမာရ်သည် (ဖျက်ဆီးရန်) အကြောင်းကို ရ၏။

ရဟန်းတို့ ရဟန်း၏ မကျက်စားသင့်သော သူတစ်ပါးတို့၏ နေရာ (အရပ်) ကား အဘယ်နည်း၊ ဤကာမဂုဏ်ငါးပါးတို့ပင်တည်း။ အဘယ်ငါးပါးတို့နည်း၊ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကိုပွားစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိ၍ ကာမနှင့် စပ်ကုန်သော တပ်မက်ဖွယ်ကောင်းကုန်သောစက္ခု ဝိညာဏ်ဖြင့် မြင်အပ်သော ရူပါရုံ။ပ။ သောတဝိညာဏ်ဖြင့် ကြားအပ်သော သဒ္ဒါရုံ။ပ။

ဃာနဝိညာဏ်ဖြင့် နမ်းရှူအပ်သော ဂန္ဓာရုံ။ပ။ ဇိဝှါဝိညာဏ်ဖြင့် လျက်အပ်သော ရသာရုံ၊ အလိုရှိအပ်ကုန်နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွားစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိ၍ ကာမနှင့် စပ်ကုန်သောတပ်မက်ဖွယ်ကောင်း ကုန်သော ကာယဝိညာဏ်ဖြင့် တွေ့ထိအပ်သော ဖောဋ္ဌဗ္ဗာရုံတို့တည်း။ ရဟန်းတို့ရဟန်း၏ မကျက်စား သင့်သော သူတစ်ပါးတို့၏ နေရာ (အရပ်) ကား ဤကာမဂုဏ်ငါးပါးတို့ပင်တည်း။

--

ရဟန်းတို့ မိမိအဖ၏ နေရာ (မိရိုးဖလာအရပ်) ဖြစ်သော ကျက်စားရာ၌ ကျက်စားကြကုန်လော့၊ မိမိအဖ၏ နေရာဖြစ်သော ကျက်စားရာ၌ ကျက်စားကြကုန်သော သူတို့အား ကိလေသမာရ်သည် (ဖျက်ဆီးရန်) အခွင့်ကို မရ၊ ကိလေသမာရ်သည် (ဖျက်ဆီးရန်) အကြောင်းကို မရ။

ရဟန်းတို့ ရဟန်း၏ မိမိအဖ၏ နေရာဖြစ်သော ကျက်စားရာကား အဘယ်နည်း၊ ဤသတိပဋ္ဌာန်လေးပါးတို့ပင်တည်း။ အဘယ်လေးပါးတို့နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာအားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကိုပယ်ဖျောက်လျက် သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ရဟန်းတို့ ရဟန်း၏ မိမိအဖ၏ နေရာဖြစ် သော ကျက်စားရာသည်ကားဤသတိပဋ္ဌာန်လေးပါးတို့ပင်တည်းဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

၇-မက္ကဋသုတ်

၃၇၃။ ရဟန်းတို့ မျောက်တို့ လှည့်လည်သွားလာခြင်းလည်း မရှိသော လူတို့ လှည့်လည်သွားလာခြင်းလည်း မရှိသော ဟိမဝန္တာတောင်မင်း၏ သွားရန် ခက်ခဲ၍ မညီညွတ်ကုန်သောအရပ်တို့သည် ရှိကုန်၏၊ မျောက်တို့ လှည့်လည်သွားလာခြင်းသာ ရှိ၍ လူတို့ လှည့်လည်သွားလာခြင်း မရှိသော ဟိမဝန္တာတောင်မင်း၏ သွားရန် ခက်ခဲ၍ မညီညွတ်ကုန်သောအရပ်တို့သည် ရှိကုန်၏၊ မျောက်တို့ လှည့်လည်သွားလာခြင်းလည်းရှိသော လူတို့ လှည့်လည်သွားလာခြင်းလည်းရှိသော ဟိမဝန္တာတောင်မင်း၏ ညီညွတ်သော မြေအဖို့ရှိသော မွေ့လျော်ဖွယ်ရာ အရပ်တို့သည် ရှိကုန်၏၊ ရဟန်းတို့ ထို (ညီညွတ်သော မြေအဖို့ရှိသော မွေ့လျော်ဖွယ်ရာ) အရပ်၌ မုဆိုးတို့သည် မျောက်တို့ကို သတ်ဖြတ်ဖျက်ဆီးရန် မျောက်တို့ သွားလာရာ လမ်းတို့၌ မျောက်နှဲစေးကို ထောင်ကုန်၏။

ရဟန်းတို့ ထိုဟိမဝန္တာတောင်၌ မိုက်သော သဘောမရှိ လျှပ်ပေါ်သော သဘောမရှိကုန်သောမျောက်တို့သည် ထိုအရပ်၌ မျောက်နှဲစေးကို မြင်ကုန်သည်ရှိသော် ဝေးစွာ ရှောင်ဖဲကုန်၏၊ မိုက်သောသဘော လျှပ်ပေါ်သော သဘောရှိသော မျောက်သည်ကား ထိုမျောက်နှဲစေးရှိရာသို့ ချဉ်းကပ်၍ လက်ဖြင့်ကိုင်ယူ၏၊ ထိုလက်သည် ထိုမျောက်နှဲစေး၌ ကပ်ငြိ၏။ “လက်ကို လွတ်စေအံ့”ဟု ဒုတိယလက်ဖြင့်ကိုင်ယူ ပြန်၏၊ ထိုဒုတိယလက်သည် ထိုမျောက်နှဲစေး၌ ကပ်ငြိပြန်၏။ “လက်နှစ်ဖက်တို့ကိုလွတ်စေအံ့”ဟု ခြေဖြင့် ကိုင်ယူပြန်၏၊ ထိုခြေသည် ထိုမျောက်နှဲစေး၌ ကပ်ငြိပြန်၏။ “လက်နှစ်ဖက်တို့ကိုလည်းကောင်း၊ ခြေကို လည်းကောင်း လွတ်စေအံ့”ဟု ဒုတိယခြေဖြင့် ကိုင်ယူပြန်၏၊ ထိုဒုတိယခြေသည် ထိုမျောက်နှဲစေး၌ ကပ်ငြိ ပြန်၏။ “လက်နှစ်ဖက်တို့ကိုလည်းကောင်း၊ ခြေနှစ်ဖက်တို့ကိုလည်းကောင်း လွတ်စေအံ့”ဟု နှုတ်သီးဖြင့် ကိုင်ယူပြန်၏၊ ထိုနှုတ်သီးသည်ထိုမျောက်နှဲစေး၌ ကပ်ငြိပြန်၏။ ရဟန်းတို့ ဤသို့လျှင် ထိုမျောက်သည် ငါးဌာနတို့၌ နှောင်ဖွဲ့မိသည်ဖြစ်၍သာလျှင် ညည်းတွားလျက် အိပ်ရလေ၏၊ အကျိုးမဲ့ခြင်းသို့ ရောက်ရ လေ၏၊ ပျက်စီးခြင်းသို့ရောက်ရလေ၏၊ မုဆိုး၏ အလိုရှိတိုင်း ပြုလုပ်မှုကို ခံရလေ၏။ ရဟန်းတို့ မုဆိုးသည် ထိုမျောက်ကို (တံစို့) ထိုးလျက် ထိုအရပ်၌ပင်လျှင် ထင်းမီးကျီး၌ ကင်မြှိုက်၍ အလိုရှိရာ အရပ်သို့ ဖဲခွာ သွားလေ၏။ ရဟန်းတို့ မကျက်စားသင့်သော သူတစ်ပါးတို့၏ နေရာ (အရပ်) ၌ ကျက်စားသွားလာသော သူသည်ဤအတူပင် ဖြစ်၏။

--

ရဟန်းတို့ ထို့ကြောင့် မကျက်စားသင့်သော သူတစ်ပါးတို့၏ နေရာ (အရပ်) ၌ မကျက်စား မသွားလာကြကုန်လင့်၊ မကျက်စား မသွားလာသင့်သော သူတစ်ပါးတို့၏ နေရာ (အရပ်) ၌ ကျက်စားသူတို့အားကိလေသမာရ်သည် (ဖျက်ဆီးရန်) အခွင့်ကို ရ၏၊ ကိလေသမာရ်သည် (ဖျက်ဆီးရန်) အကြောင်းကို ရ၏၊ ရဟန်းတို့ ရဟန်း၏ မကျက်စားသင့်သော သူတစ်ပါးတို့၏ နေရာအရပ်ကား အဘယ်နည်း၊ ဤကာမဂုဏ်ငါးပါးတို့ပင်တည်း။ အဘယ်ငါးပါးတို့နည်း၊ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွားစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိ၍ ကာမနှင့် စပ်ကုန်သော တပ်မက်ဖွယ်ကောင်းကုန်သောစက္ခုဝိညာဏ်ဖြင့် မြင်အပ်သော ရူပါရုံ။ပ။ သောတဝိညာဏ်ဖြင့် ကြားအပ်သော သဒ္ဒါရုံ။ပ။

ဃာနဝိညာဏ်ဖြင့် နမ်းရှူအပ်သော ဂန္ဓာရုံ။ပ။ ဇိဝှါဝိညာဏ်ဖြင့် လျက်အပ်သော ရသာရုံ၊ အလိုရှိအပ်ကုန်နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွား စေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိ၍ ကာမနှင့် စပ်ကုန်သောတပ်မက်ဖွယ်ကောင်းကုန်သော ကာယ ဝိညာဏ်ဖြင့် တွေ့ထိအပ်သော ဖောဋ္ဌဗ္ဗာရုံတို့တည်း။ ရဟန်းတို့ရဟန်း၏ မကျက်စားသင့်သော သူတစ် ပါးတို့၏ နေရာ (အရပ်) ကား ဤကာမဂုဏ်ငါးပါးတို့ပင်တည်း။

ရဟန်းတို့ မိမိအဖ၏ နေရာ (မိရိုးဖလာအရပ်) ဖြစ်သော ကျက်စားရာ၌ ကျက်စားကြကုန်လော့၊ မိမိအဖ၏ နေရာဖြစ်သော ကျက်စားရာ၌ ကျက်စားကြကုန်သော သူတို့အား ကိလေသမာရ်သည် (ဖျက့်ဆီးရန်) အခွင့်ကို မရ၊ ကိလေသမာရ်သည် (ဖျက်ဆီးရန်) အကြောင်းကို မရ။ ရဟန်းတို့ ရဟန်း၏ မိမိအဖ၏ နေရာဖြစ်သော ကျက်စားရာကား အဘယ်နည်း၊ ဤသတိပဋ္ဌာန်လေးပါးတို့ပင်တည်း။ အဘယ်လေးပါးတို့နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည်ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ဝေဒနာတို့၌။ပ။

စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်'အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက်သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ရဟန်းတို့ ရဟန်း၏မိမိအဖ၏ နေရာဖြစ်သော ကျက်စားရာ သည်ကား ဤသတိပဋ္ဌာန်လေးပါးတို့ပင်တည်းဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

--

၈-သူဒသုတ်

၃၇၄။ ရဟန်းတို့ ဥပမာသော်ကား မကျွမ်းကျင်မလိမ္မာသော စားတော်ကဲမိုက်သည် မင်းကိုလည်းကောင်း၊ မင်း၏ အမတ်ကြီးကိုလည်းကောင်း အမျိုးမျိုး စီမံအပ်သော ဟင်းတို့ဖြင့် ရှေ့သို့ ဆောင်ကာဆက်သရာ၏။ ချဉ်သောအရသာရှိသော ဟင်းတို့ဖြင့်လည်းကောင်း၊ ခါးသောအရသာရှိသောဟင်းတို့ဖြင့် လည်းကောင်း၊ စပ်သောအရသာရှိသော ဟင်းတို့ဖြင့်လည်းကောင်း၊ ချိုသောအရသာရှိသော ဟင်းတို့ဖြင့် လည်းကောင်း၊ ငန်သောအရသာရှိသော ဟင်းတို့ဖြင့်လည်းကောင်း၊ မငန်သောအရသာရှိသော ဟင်းတို့ ဖြင့်လည်းကောင်း၊ ဆားပါသော ဟင်းတို့ဖြင့်လည်းကောင်း၊ ဆားမပါသော ဟင်းတို့ဖြင့်လည်းကောင်း ရှေ့ သို့ ဆောင်ကာ ဆက်သရာ၏။

ရဟန်းတို့ မကျွမ်းကျင်မလိမ္မာသော ထိုစားတော်ကဲမိုက်သည် မိမိထမင်း၏ အကြောင်းကို မမှတ်ယူ-"ယနေ့ ငါ၏ ထမင်းဟင်းကိုလည်း နှစ်သက်၏၊ ဤထမင်းဟင်းကိုလည်း လက်လှမ်း၏၊ ဤထမင်းဟင်းကိုလည်း များစွာ ယူ၏၊ ဤထမင်းဟင်းကိုလည်း ချီးမွမ်းပြောဆို၏။ ယနေ့ ငါ၏ ချဉ်သောအရသာ ရှိသော ထမင်းဟင်းကိုလည်း နှစ်သက်၏၊ ချဉ်သောအရသာရှိသော ထမင်းဟင်းကိုလည်းလက်လှမ်း၏၊ ချဉ်သောအရသာရှိသော ထမင်းဟင်းကိုလည်း များစွာ ယူ၏၊ ချဉ်သောအရသာရှိသောထမင်းဟင်းကို လည်း ချီးမွမ်းပြောဆို၏။ ယနေ့ ငါ၏ ခါးသောအရသာရှိသော ထမင်းဟင်းကိုလည်းနှစ်သက်၏။ ယနေ့ ငါ၏ စပ်သောအရသာရှိသော ထမင်းဟင်းကိုလည်း နှစ်သက်၏။ ယနေ့ ငါ၏ချိုသောအရသာ ရှိသော ထမင်းဟင်းကိုလည်း နှစ်သက်၏။ ယနေ့ ငါ၏ ငန်သောအရသာရှိသောထမင်းဟင်းကိုလည်း နှစ်သက်၏။ ယနေ့ ငါ၏ မငန်သောအရသာရှိသော ထမင်းဟင်းကိုလည်းနှစ်သက်၏။ ယနေ့ ငါ၏ ဆားပါသော ထမင်းဟင်းကိုလည်း နှစ်သက်၏။ ယနေ့ ငါ၏ ဆားမပါသောထမင်းဟင်းကိုလည်း နှစ် သက်၏၊ ဆားမပါသော ထမင်းဟင်းကိုလည်း လက်လှမ်း၏၊ ဆားမပါသောထမင်းဟင်းကိုလည်း များစွာ ယူ၏၊ ဆားမပါသော ထမင်းဟင်းကိုလည်း ချီးမွမ်းပြောဆို၏”ဟုမိမိထမင်း၏ အကြောင်းကို မမှတ်ယူ။

ရဟန်းတို့ မကျွမ်းကျင်မလိမ္မာသော ထိုစားတော်ကဲမိုက်သည် အဝတ်ကိုလည်း မရ၊ အခ (လစာ) ကိုလည်း မရ၊ ရှေးရှူဆောင်အပ်သော ဆုလာဘ်တို့ကိုလည်း မရပေ။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ မကျွမ်းကျင်မလိမ္မာသော ထိုစားတော်ကဲမိုက်သည် မိမိထမင်း၏ အကြောင်းကို မမှတ်ယူသောကြောင့်တည်း။

ရဟန်းတို့ ဤအတူပင် ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ့်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏၊ ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေသော ထိုရဟန်းမိုက်၏ စိတ်သည် မတည်ကြည်၊ ညစ်ညူးစေတတ်သော ကိလေသာတို့ကိုလည်း မပယ်နိုင်ကုန်၊ ထိုရဟန်းမိုက်သည် ထိုအာရုံကို မမှတ်ယူ။ ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေသော။ပ။ စိတ်၌ စိတ်ကို အကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍ နေသော။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်'အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏၊ သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေသော ထိုရဟန်းမိုက်၏ စိတ်သည် မတည်ကြည်၊ ညစ်ညူးစေတတ်သော ကိလေသာတို့ကိုလည်း မပယ်နိုင်ကုန်၊ ထိုရဟန်းမိုက်သည် ထိုအာရုံကို မမှတ်ယူ။

--

ရဟန်းတို့ မကျွမ်းကျင်မလိမ္မာသော ထိုရဟန်းမိုက်သည် မျက်မှောက်ဘဝ၌ပင် ချမ်းသာစွာ နေရခြင်းတို့ကိုလည်း မရနိုင်၊ သတိသမ္ပဇဉ်ကိုလည်း မရနိုင်။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ မကျွမ်းကျင်မလိမ္မာသော ထိုရဟန်းမိုက်သည် မိမိစိတ်၏ အာရုံကို မမှတ်ယူသောကြောင့်တည်း။

ရဟန်းတို့ ဥပမာသော်ကား ကျွမ်းကျင်လိမ္မာသော ပညာရှိစားတော်ကဲသည် မင်းကိုလည်းကောင်း၊ မင်း၏ အမတ်ကြီးကိုလည်းကောင်း အမျိုးမျိုးသော ဟင်းတို့ဖြင့် ရှေ့သို့ ဆောင်ကာ ဆက်သရာ၏။ ချဉ်သောအရသာရှိသော ဟင်းတို့ဖြင့်လည်းကောင်း၊ ခါးသောအရသာရှိသော ဟင်းတို့ဖြင့်လည်းကောင်း၊ စပ်သောအရသာရှိသော ဟင်းတို့ဖြင့်လည်းကောင်း၊ ချိုသောအရသာရှိသော ဟင်းတို့ဖြင့်လည်းကောင်း၊ ငန်သောအရသာရှိသော ဟင်းတို့ဖြင့်လည်းကောင်း၊ မငန်သောအရသာရှိသော ဟင်းတို့ဖြင့်လည်းကောင်း၊ ဆားပါသော ဟင်းတို့ဖြင့်လည်းကောင်း၊ ဆားမပါသော ဟင်းတို့ဖြင့်လည်းကောင်း ရှေ့သို့ဆောင်ကာ ဆက်သရာ၏။

ရဟန်းတို့ ထိုကျွမ်းကျင်လိမ္မာသော ပညာရှိစားတော်ကဲသည် မိမိထမင်း၏ အကြောင်းကို မှတ်ယူ ၏ -"ယနေ့ ငါ၏ ဤထမင်းဟင်းကိုလည်း နှစ်သက်၏၊ ဤထမင်းဟင်းကိုလည်း လက်လှမ်း၏၊ ဤထမင်းဟင်းကိုလည်း များစွာ ယူ၏၊ ဤထမင်းဟင်းကိုလည်း ချီးမွမ်းပြောဆို၏။ ယနေ့ ငါ၏ ချဉ်သောအရသာရှိသော ထမင်းဟင်းကိုလည်း နှစ်သက်၏၊ ချဉ်သောအရသာရှိသော ထမင်းဟင်းကိုလည်း လက်လှမ်း၏၊ ချဉ်သောအရသာရှိသော ထမင်းဟင်းကိုလည်း များစွာယူ၏၊ ချဉ်သောအရသာရှိသော ထမင်းဟင်းကိုလည်း ချီးမွမ်းပြောဆို၏။ ယနေ့ ငါ၏ ခါးသောအရသာရှိသော ထမင်းဟင်းကိုလည်း နှစ်သက်၏။ ယနေ့ ငါ၏ စပ်သောအရသာရှိသော ထမင်းဟင်းကိုလည်း နှစ်သက်၏။ ယနေ့ ငါ၏ ချိုသောအရသာရှိသော ထမင်းဟင်းကိုလည်း နှစ်သက်၏။ ယနေ့ ငါ၏ ငန်သောအရသာရှိသော ထမင်းဟင်းကိုလည်း နှစ်သက်၏။ ယနေ့ ငါ၏ မငန်သောအရသာရှိသော ထမင်းဟင်းကိုလည်း နှစ်သက်၏။ ယနေ့ငါ၏ ဆားပါသော ထမင်းဟင်းကိုလည်း နှစ်သက်၏။ ယနေ့ ငါ၏ ဆားမပါသော ထမင်းဟင်းကိုလည်းနှစ်သက်၏၊ ဆားမပါသော ထမင်းဟင်းကိုလည်း လက်လှမ်း၏၊ ဆားမပါသော ထမင်းဟင်းကိုလည်းများစွာ ယူ၏၊ ဆားမပါသော ထမင်းဟင်းကိုလည်း ချီးမွမ်းပြောဆို၏”ဟု မိမိထမင်း၏ အကြောင်းကိုမှတ်ယူ၏။

ရဟန်းတို့ ထိုကျွမ်းကျင်လိမ္မာသော ပညာရှိစားတော်ကဲသည် အဝတ်ကိုလည်း ရ၏၊ အခ (လစာ) ကိုလည်း ရ၏၊ ရှေးရှူဆောင်အပ်သော ဆုလာဘ်တို့ကိုလည်း ရ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ထိုကျွမ်းကျင်လိမ္မာသော ပညာရှိစားတော်ကဲသည် မိမိထမင်း၏ အကြောင်းကို မှတ်ယူသောကြောင့်တည်း။

ရဟန်းတို့ ဤအတူပင် ဤသာသနာတော်၌ ကျွမ်းကျင်လိမ္မာသောအချို့ ပညာရှိရဟန်းသည် ပြင်းစွာအားထုတ်သော လုံ့လရှိသည်ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌့အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိ သည်ဖြစ်၍ နေ၏၊ ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေသော ထိုပညာရှိရဟန်းရှိ၏ စိတ်သည် တည်ကြည်၏၊ ညစ်ညူးစေတတ်သော ကိလေသာတို့ကိုလည်း ပယ်ကုန်၏၊ ထိုပညာရှိရဟန်းသည် ထိုအာရုံကို မှတ်ယူ၏။ ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍နေသော။ပ။ စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေသော။ပ။ ပြင်းစွာ အားထုတ်သောလုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေသော ထိုပညာရှိရဟန်း၏ စိတ်သည် တည်ကြည်၏၊ ညစ်ညူးစေတတ်သော ကိလေသာတို့ကိုလည်း ပယ်ကုန်၏၊ ထိုပညာရှိရဟန်းသည် ထိုအာရုံကို မှတ်ယူ၏။

ရဟန်းတို့ ကျွမ်းကျင်လိမ္မာသော ထိုရဟန်းပညာရှိသည် မျက်မှောက်ဘဝ၌ပင် ချမ်းသာစွာ နေရခြင်းကိုလည်း ရနိုင်၏၊ သတိသမ္ပဇဉ်ကိုလည်း ရနိုင်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ကျွမ်းကျင်လိမ္မာသော ရဟန်းပညာရှိသည် မိမိစိတ်၏ အာရုံကို မှတ်ယူနိုင်သောကြောင့်တည်းဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

--

၉-ဂိလာနသုတ်

၃၇၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီ ပြည်ဝေဠုဝရွာငယ်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော် မူ၏-"ရဟန်းတို့ လာကြကုန်လော့၊ သင်တို့သည် အဆွေခင်ပွန်းရှိရာ တွေ့မြင်နေကျ မိတ်ဆွေရှိရာ အတူတကွစားဖော်စားဖက် မိတ်ဆွေရှိရာ ဝေသာလီပြည်၏ ထက်ဝန်းကျင်၌ ဝါကပ်ကြကုန်လော့၊ ငါသည် ကားဤဝေဠုဝရွာငယ်၌ပင် ဝါကပ်အံ့”ဟု (မိန့်တော်မူ၏)။ “ကောင်းပါပြီ အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဝန်ခံကုန်ပြီးလျှင် အဆွေခင်ပွန်းရှိရာ တွေ့မြင်နေကျ မိတ်ဆွေရှိရာ အတူတကွစားဖော်စားဖက် မိတ်ဆွေရှိရာ ဝေသာလီပြည်၏ ထက်ဝန်းကျင်၌ ဝါကပ်ကြကုန်၏၊ မြတ်စွာဘုရားသည်လည်း ဤဝေဠုဝရွာငယ်၌ပင် ဝါကပ်တော်မူ၏။

ထိုအခါ ဝါကပ်တော်မူပြီးသော မြတ်စွာဘုရားအား ကြမ်းတမ်းသောအနာသည် ဖြစ်လေ၏၊ သေလုနီးပါး ပြင်းထန်သော ဝေဒနာတို့သည် ဖြစ်ကုန်၏၊ ထိုအခါ မြတ်စွာဘုရားသည် အောက်မေ့မှု ‘သတိ'ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိတော်မူလျက် မပင်မပန်း (မညည်းမညူ) သည်းခံတော်မူ၏။ ထိုအခါမြတ်စွာဘုရား အား ဤအကြံသည် ဖြစ်၏-"အလုပ်အကျွေးတို့ကို မသိစေမူ၍ ရဟန်းသံဃာကိုမပန်ကြားမူ၍ ပရိနိဗ္ဗာန် ပြုခြင်းသည် ငါ့အား မသင့်လျော်ချေ၊ ငါသည် ဤအနာကို လုံ့လဖြင့်တွန်းလှန်ပယ်ခွာ၍ အသက်ကို ပြုစီရင်တတ်သော ဖလသမာပတ်ကို ဆောက်တည်နေရမူကောင်းပေလိမ့်မည်”ဟု အကြံဖြစ်၏။ ထို့နောက် မြတ်စွာဘုရားသည် ထိုအနာကို လုံ့လဖြင့်တွန်းလှန်ပယ်ခွာ၍ အသက်ကို ပြုစီရင်တတ်သော ဖလသမာ ပတ်ကို ဆောက်တည်နေတော်မူ၏၊ ထိုအခါမြတ်စွာဘုရား၏ ထိုအနာသည် ငြိမ်းပျောက်လေ၏။

ထို့နောက် မြတ်စွာဘုရားသည် မကျန်းမာရာမှ ထတော်မူလျက် အနာရောဂါ ပျောက်ပြီး၍ မကြာ မြင့်မီကျောင်းမှ ထွက်တော်မူကာ ကျောင်း၏ နောက်ဘက် အရိပ်ဝယ် ခင်းထားသော နေရာ၌ ထိုင်နေတော်မူ၏။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင်တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-"အသျှင်ဘုရား့အကျွန်ုပ်သည် မြတ်စွာဘုရား၏ ချမ်းသာခြင်းကို မြင်ရပါပြီ၊ မြတ်စွာဘုရား၏ ခန့်ကျန်းခြင်းကို မြင်ရပါပြီ၊ မြတ်စွာဘုရား၏ မျှတခြင်းကို မြင်ရပါပြီ၊ အသျှင်ဘုရား စင်စစ်အားဖြင့် မြတ်စွာဘုရားနာဖျားခြင်းကြောင့် တပည့်တော်၏ ကိုယ်သည် တောင့်တင်းလေးလံသကဲ့သို့ ဖြစ်နေပါ၏၊ အရပ်မျက်နှာတို့သည်လည်း အကျွန်ုပ် အား မထင်ပါကုန်၊ တရားတို့သည်လည်း အကျွန်ုပ်အားမထင်ပါကုန်၊ အသျှင်ဘုရား စင်စစ်သော်ကား မြတ်စွာဘုရားသည် ရဟန်းသံဃာကို အကြောင်းပြု၍တစ်စုံတစ်ရာ မမြွက်ကြားရသေးသမျှ ကာလပတ်လုံး ပရိနိဗ္ဗာန်ပြုလိမ့်မည် မဟုတ်ဟု တပည့်တော်အားသက်သာရာ အနည်းငယ်မျှ ဖြစ်ရပါ၏”ဟု (လျှောက် ၏)။

--

အာနန္ဒာ ယခု အဘယ်ကြောင့် ရဟန်းသံဃာသည် ငါဘုရား၌ တောင့်တသနည်း၊ အာနန္ဒာ ငါသည်အတွင်းအပြင် မထားမူ၍ တရားတော်ကို ဟောခဲ့၏၊ အာနန္ဒာ မြတ်စွာဘုရားအား တရားတို့၌ ဆရာစားချန်ထားသော တရားဟူ၍ မရှိ။ အာနန္ဒာ ရဟန်းသံဃာကို ငါသာလျှင် ဆောင်အံ့ဟူ၍လည်းကောင်း၊ ရဟန်းသံဃာသည် ငါ့ကိုသာ (ကိုးကွယ်ရာဆရာဟု) ညွှန်ပြလိမ့်မည်ဟူ၍လည်းကောင်း ဤသို့သောအကြံဖြစ်သူသည် ရဟန်းသံဃာကို အကြောင်းပြု၍ တစ်စုံတစ်ခုကို ပြောရာ၏။ အာနန္ဒာ ရဟန်းသံဃာကိုငါသာလျှင် ဆောင်အံ့ဟူ၍လည်းကောင်း၊ ရဟန်းသံဃာသည် ငါ့ကိုသာ (ကိုးကွယ်ရာဆရာဟု) ညွှန်ပြလိမ့်မည်ဟူ၍လည်းကောင်း မြတ်စွာဘုရားအား ဤသို့ အကြံ မဖြစ်။ အာနန္ဒာ သံဃာကို အကြောင်းပြု၍မြတ်စွာဘုရားသည် အဘယ်ကြောင့် တစ်စုံတစ်ရာကို ပြောဆိုအံ့နည်း၊ အာနန္ဒာ ယခုအခါ၌သော်ကား ငါသည် အိုမင်းကြီးမြင့် အရွယ်ရင့်ခဲ့ပြီ၊ ရှည်သော ကာလသို့ ရောက်ခဲ့ပြီ၊ အဆုံးအရွယ်သို့ ရောက်ခဲ့ပြီ၊ ငါ၏အသက်သည် ရှစ်ဆယ်ရှိပြီ။ အာနန္ဒာ လှည်းအိုသည် ချည်တုပ်နှောင်ဖွဲ့ခြင်းဖြင့် မျှတစေသကဲ့သို့ အာနန္ဒာထို့အတူပင် မြတ်စွာဘုရား၏ ကိုယ်တော်သည် ပြုပြင်ခြင်းနှင့် ရောနှောသည် ဖြစ်၍ မျှတယောင်တကား။

အာနန္ဒာ မြတ်စွာဘုရားသည် အလုံးစုံသောအာရုံ (နိမိတ်) တို့ကို နှလုံးမသွင်းခြင်းကြောင့် အချို့ သောဝေဒနာတို့ ချုပ်ခြင်းကြောင့် အာရုံ (နိမိတ်) မရှိသော စိတ်၏ တည်ကြည်မှု ‘အရဟတ္တဖိုလ်သမာဓိ’ ကိုဝင်စားနေသောအခါ မြတ်စွာဘုရား၏ ကိုယ်သည် အလွန်ချမ်းသာ (ကျန်းမာ) ခြင်း ဖြစ်၏၊ အာနန္ဒာ ထို့ကြောင့်ပင် သူတစ်ပါးကို အားမကိုးမူ၍ မိမိကိုယ်ကို မှီခိုအားကိုးကာ နေကြကုန်လော့၊ အခြားတရားကိုအားမကိုးမူ၍ (လောကုတ္တရာ) တရားတော်ကို မှီခိုအားကိုးကာ နေကြကုန်လော့။

အာနန္ဒာ အဘယ်သို့လျှင် ရဟန်းသည် သူတစ်ပါးကို အားမကိုးမူ၍ မိမိကိုယ်ကို မှီခိုအားကိုးကာနေရသနည်း၊ အခြားတရားကို အားမကိုးမူ၍ (လောကုတ္တရာ) တရားတော်ကို မှီခိုအားကိုးကာ နေရသနည်း။ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက်ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။

ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌ သဘောတရားတို့ကိုအကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ အာနန္ဒာ ဤသို့လျှင် ရဟန်းသည် သူတစ်ပါးကို အားမကိုးမူ၍မိမိကိုယ်ကို မှီခိုအားကိုးကာ နေရ၏၊ အခြားတရားကို အားမကိုးမူ၍ (လောကုတ္တရာ) တရားတော်ကိုမှီခိုအားကိုးကာ နေရ၏။

အာနန္ဒာ ယခုအခါ၌လည်းကောင်း၊ ငါဘုရား ကွယ်လွန်သောအခါ၌လည်းကောင်း သူတစ်ပါးကိုအားမကိုးမူ၍ မိမိကိုယ်ကို မှီခိုအားကိုးကြလျက် အခြားတရားကို အားမကိုးမူ၍ (လောကုတ္တရာ) တရားတော်ကို မှီခိုအားကိုးကာ နေကြမည့် ရဟန်းအားလုံးတို့သည် သိက္ခာသုံးပါးကို အလိုရှိသော ရဟန်းအားလုံးတို့ထက် အမြတ်ဆုံး ဖြစ်ကြပေလိမ့်မည်ဟု (မိန့်တော်မူ၏)။

နဝမသုတ်။

--

၁၀-ဘိက္ခုနုပဿယသုတ်

၃၇၆။ ထိုအခါ အသျှင်အာနန္ဒာသည် နံနက်အချိန် သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် ရဟန်းမတို့၏ ကျောင်းတစ်ကျောင်းသို့ ချဉ်းကပ်ပြီးလျှင် ခင်းထားသော နေရာ၌ထိုင်နေ၏။ ထိုအခါ များစွာသော ရဟန်းမတို့သည် အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်ကုန်၍အသျှင်အာနန္ဒာကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေကုန်ပြီးသော် ဤစကားကိုလျှောက်ထားကုန်၏-

အသျှင်ဘုရား အာနန္ဒာ ဤသာသနာတော်ဝယ် သတိပဋ္ဌာန်လေးပါးတို့၌ စိတ်ကို ကောင်းစွာ တည်စေ၍ နေကုန်သော ရဟန်းမ များစွာတို့သည် ရှေ့တရားထူးထက် မြတ်သော နောက်တရားထူးကိုကောင်းစွာ သိပါကုန်၏ဟု လျှောက်ကုန်၏။ နှမတို့ ဤစကားသည် ဤအတိုင်း မှန်၏၊ နှမတို့ ဤစကားသည် ဤအတိုင်း မှန်၏။ တစ်ဦးဦးသော ရဟန်းသည်လည်းကောင်း၊ ရဟန်းမသည်လည်းကောင်း သတိပဋ္ဌာန်လေးပါးတို့၌ စိတ်ကို ကောင်းစွာ တည်စေ၍ နေခဲ့မူ ထိုသူသည် “ရှေ့တရားထူးထက် မြတ်သောနောက်တရားထူးကို ကောင်းစွာ သိလိမ့်မည်”ဟူသော ဤအကြောင်းကို (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်အပ်၏ဟု မိန့်တော်မူ၏။

ထို့နောက် အသျှင်အာနန္ဒာသည် ထိုရဟန်းမတို့အား တရားစကားဖြင့် အကျိုးစီးပွားကို ပြလျက်တရားကို ဆောက်တည်စေကာ တရားကျင့်သုံးရန် ထက်သန်ရွှင်လန်းစေတော်မူပြီးလျှင် နေရာမှ ထကာဖဲသွားလေ၏။ ထို့နောက် အသျှင်အာနန္ဒာသည် သာဝတ္ထိပြည်၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းစားပြီးနောက်ဆွမ်းစားရာအရပ်မှ ဖဲခွာပြီးသော် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကိုလျှောက် ၏-

“အသျှင်ဘုရား အကျွန်ုပ်သည် ယနေ့နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်ပြီးလျှင် သပိတ်သင်္ကန်းကိုယူဆောင်လျက် ရဟန်းမတို့၏ ကျောင်းတစ်ကျောင်းသို့ ချဉ်းကပ်ပြီးလျှင် ခင်းထားသော နေရာ၌ ထိုင်နေပါ၏၊ ထိုအခါ များစွာသော ရဟန်းမတို့သည် အကျွန်ုပ်ထံသို့ ချဉ်းကပ်ကုန်၍ အကျွန်ုပ်ကို ရှိခိုးပြီးလျှင်တစ်ခုသော နေရာ၌ ထိုင်နေကုန်ပြီးသော် အကျွန်ုပ်အား ဤစကားကို လျှောက်ထားပါကုန်၏- “အသျှင်ဘုရား အာနန္ဒာ ဤသာသနာတော်ဝယ် သတိပဋ္ဌာန်လေးပါးတို့၌ စိတ်ကို ကောင်းစွာ တည်စေ၍ နေကုန်သော ရဟန်းမ များစွာတို့သည် ရှေ့တရားထူးထက် မြတ်သော နောက်တရားထူးကို ကောင်းစွာ သိပါကုန်၏”ဟု (ဤသို့ လျှောက်ကြပါ၏)။ အသျှင်ဘုရား ဤသို့ လျှောက်ကုန်သော ထိုရဟန်းမတို့အား ‘နှမတို့ ဤစကားသည် ဤအတိုင်း မှန်၏၊ ဤစကားသည် ဤအတိုင်း မှန်၏။ တစ်ဦးဦးသော ရဟန်းသည်လည်းကောင်း၊ ရဟန်းမသည်လည်းကောင်း သတိပဋ္ဌာန်လေးပါးတို့၌ စိတ်ကို ကောင်းစွာ တည်စေ၍နေခဲ့မူ ထိုသူသည် ရှေ့တရားထူးထက် မြတ်သော နောက်တရားထူးကို ကောင်းစွာ သိလိမ့်မည်ဟူသောဤအကြောင်းကို (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်အပ်ပေ၏’ ဟူ၍ ပြောလိုက်ပါ၏”ဟု လျှောက်၏။

အာနန္ဒာ ဤစကားသည် ဤအတိုင်း မှန်၏၊ အာနန္ဒာ ဤစကားသည် ဤအတိုင်း မှန်၏။ အာနန္ဒာတစ်ဦးဦးသော ရဟန်းသည်လည်းကောင်း၊ ရဟန်းမသည်လည်းကောင်း သတိပဋ္ဌာန်လေးပါးတို့၌ စိတ်ကိုကောင်းစွာ တည်စေ၍ နေခဲ့မူ ထိုသူသည် ရှေ့တရားထူးထက် မြတ်သော နောက်တရားထူးကိုကောင်းစွာ သိလိမ့်မည်ဟူသော ဤအကြောင်းကို (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။

--

အဘယ်လေးပါးတို့နည်း။ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သောလုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌အဘိဇ္ဈာ ဒေါမန ဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည့်ဖြစ်၍ နေ၏၊ ရုပ် အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေသော ထိုရဟန်းအားရုပ်အပေါင်းလျှင် အာရုံရှိသည် ဖြစ်၍ ကိုယ်၌ (ကိလေသာ) ပူပန်ခြင်းသည်လည်းကောင်း၊ စိတ်၏တွန့်တိုဆုတ်နစ်ခြင်းသည် လည်းကောင်း ဖြစ်၏၊ ပြင်ပ၌မူလည်း စိတ်သည် ပျံ့လွင့်၏။ အာနန္ဒာထိုရဟန်းသည် ကြည်ညိုဖွယ်ဖြစ် သော တစ်စုံတစ်ခုသောအာရုံ၌ စိတ်ကို ထားအပ်၏၊ ကြည်ညိုဖွယ်ဖြစ်သော တစ်စုံတစ်ခုသောအာရုံ၌ စိတ်ကို ထားသော ရဟန်းအား ဝမ်းမြောက်ခြင်းသည်ဖြစ်၏၊ ဝမ်းမြောက်သော ရဟန်းအား နှစ်သိမ့်မှု ‘ပီတိ’ ဖြစ်၏၊ နှစ်သိမ့်သော စိတ်ရှိသော ရဟန်း၏ကိုယ်သည် ငြိမ်းချမ်း၏၊ ကိုယ်ငြိမ်းချမ်းသော ရဟန်း သည် ချမ်းသာကို ခံစား၏၊ ချမ်းသာသောရဟန်း၏ စိတ်သည် တည်ကြည်၏၊ ထိုတည်ကြည်သော ရဟန်းသည် “အကြင်အကျိုးငှါ ငါသည် စင်စစ်စိတ်ကို ထား၏၊ ငါ့အား ထိုအကျိုးသည် ပြီးပြည့်စုံပြီ၊ ယခု (ကြည်ညိုဖွယ်အာရုံမှ) စိတ်ကိုရုပ်သိမ်းတော့အံ့”ဟု ဤသို့ ဆင်ခြင်၏။ ထိုရဟန်းသည် (ကြည်ညို ဖွယ်အာရုံမှ) စိတ်ကို ရုပ်လည်းရုပ်သိမ်း၏၊ ကြံလည်း မကြံစည်၊ သုံးလည်း မသုံးသပ်၊ “ငါသည် မကြံစည်၊ မသုံးသပ်၊ အဇ္ဈတ္တသန္တာန်၌ သတိရှိသည် ဖြစ်၍ ချမ်းသာ၏”ဟု သိ၏။

အာနန္ဒာ နောက်တစ်မျိုးကား ရဟန်းသည် ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သောလုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍နေသော ထိုရဟန်း အား သဘောတရားတို့လျှင် အာရုံရှိသည် ဖြစ်၍ ကိုယ်၌ပူပန်ခြင်းသည်လည်းကောင်း၊ စိတ်၏ တွန့်တို ဆုတ်နစ်ခြင်းသည်လည်းကောင်း ဖြစ်၏၊ အပ၌မူလည်းစိတ်သည် ပျံ့လွင့်၏။ အာနန္ဒာ ထိုရဟန်းသည် ကြည်ညိုဖွယ်ဖြစ်သော တစ်စုံတစ်ခုသောအာရုံ၌ စိတ်ကိုထားအပ်၏၊ ကြည်ညိုဖွယ်ဖြစ်သော တစ်စုံတစ်ခု သောအာရုံ၌ စိတ်ကို ထားသော ရဟန်းအားဝမ်းမြောက်ခြင်းသည် ဖြစ်၏၊ ဝမ်းမြောက်သော ရဟန်း အား နှစ်သိမ့်မှု ‘ပီတိ’ ဖြစ်၏၊ နှစ်သိမ့်သောစိတ်ရှိသော ရဟန်း၏ ကိုယ်သည် ငြိမ်းချမ်း၏၊ ကိုယ်ငြိမ်း ချမ်းသော ရဟန်းသည် ချမ်းသာကို ခံစား၏၊ ချမ်းသာသော ရဟန်း၏ စိတ်သည် တည်ကြည်၏၊ ထို တည်ကြည်သော ရဟန်းသည် “အကြင်အကျိုးငှါငါသည် စင်စစ် စိတ်ကို ထား၏၊ ငါ့အား ထိုအကျိုး သည် ပြီးပြည့်စုံပြီ၊ ယခု (ကြည်ညိုဖွယ်အာရုံမှ) စိတ်ကို ရုပ်သိမ်းတော့အံ့”ဟု ဤသို့ ဆင်ခြင်၏။ ထို ရဟန်းသည် (ကြည်ညိုဖွယ်အာရုံမှ) စိတ်ကိုရုပ်လည်း ရုပ်သိမ်း၏၊ ကြံလည်း မကြံစည်၊ သုံးလည်း မသုံးသပ်၊ “ငါသည် မကြံစည်၊ မသုံးသပ်၊ အဇ္ဈတ္တသန္တာန်၌ သတိရှိသည် ဖြစ်၍ ချမ်းသာ၏”ဟု သိ၏။ အာနန္ဒာ ဤသို့လျှင် စိတ်ကို ထား၍ပွားများခြင်း ဖြစ်၏။

အာနန္ဒာ အဘယ်သို့လျှင် စိတ်ကို မထားမူ၍ ပွားများခြင်း ဖြစ်သနည်း။ အာနန္ဒာ ရဟန်းသည်ပြင်ပ (အာရုံ) ၌ စိတ်ကို မထားမူ၍ ‘ငါ၏ စိတ်ကို ပြင်ပ (အာရုံ) ၌ မထား’ဟု သိ၏။ ထို့နောက် ‘ငါ၏စိတ်သည် နောက်၌လည်းကောင်း၊ ရှေ့၌လည်းကောင်း မကျုံ့၊ လွတ်၏၊ မတောင့်တ’ဟု သိ၏။ ထို့ပြင်လည်း ‘(ငါသည်) ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏၊ ချမ်းသာ၏’ဟု သိ၏။

အာနန္ဒာ ရဟန်းသည် ပြင်ပ (အာရုံ) ၌ စိတ်ကို မထားမူ၍ ‘ငါ၏ စိတ်ကို ပြင်ပ (အာရုံ) ၌ မထား’ဟုသိ၏။ ထို့နောက် ‘ငါ၏ စိတ်သည် နောက်၌လည်းကောင်း၊ ရှေ့၌လည်းကောင်း မကျုံ့၊ လွတ်၏၊ မတောင့် တ’ဟု သိ၏။ ထို့ပြင်လည်း ‘(ငါသည်) ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ့်ရှုလေ့ရှိသည် ဖြစ်၍ နေ၏၊ ချမ်းသာ၏’ဟု သိ၏။

--

အာနန္ဒာ ရဟန်းသည် ပြင်ပ (အာရုံ) ၌ စိတ်ကို မထားမူ၍ ‘ငါ၏ စိတ်ကို ပြင်ပ (အာရုံ) ၌ မထား’ဟုသိ၏။ ထို့နောက် ‘ငါ၏ စိတ်သည် နောက်၌လည်းကောင်း၊ ရှေ့၌လည်းကောင်း မကျုံ့၊ လွတ်၏၊ မတောင့် တ’ဟု သိ၏၊ ထို့ပြင်လည်း ‘(ငါသည်) ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ ချမ်းသာ၏’ဟု သိ၏။

အာနန္ဒာ ရဟန်းသည် ပြင်ပ (အာရုံ) ၌ စိတ်ကို မထားမူ၍ ‘ငါ၏ စိတ်ကို ပြင်ပ (အာရုံ) ၌ မထား’ဟုသိ၏။ ထို့နောက် ‘ငါ၏ စိတ်သည် နောက်၌လည်းကောင်း၊ ရှေ့၌လည်းကောင်း မကျုံ့၊ လွတ်၏၊ မတောင့် တ’ဟု သိ၏၊ ထို့ပြင်လည်း ‘(ငါသည်) ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ သဘောတရားတို့၌ သဘောတရားတို့ကိုအကြိမ်ကြိမ် ရှုလေ့ ရှိသည် ဖြစ်၍ နေ၏၊ ချမ်းသာ၏’ဟု သိ၏။ အာနန္ဒာ ဤသို့လျှင် စိတ်ကိုမထားမူ၍ ပွားများခြင်း ဖြစ်၏။

အာနန္ဒာ ဤသို့လျှင် စိတ်ကို ထား၍ ပွားများခြင်းကိုလည်း ငါ ဟောအပ်ပြီ၊ စိတ်ကို မထားမူ၍ပွားများခြင်းကိုလည်း ငါ ဟောအပ်ပြီ။ အာနန္ဒာ တပည့်သာဝကတို့၏ စီးပွားကို လိုလားသောအစဉ်သနားတတ်သော သင်တို့ဆရာ ငါသည် အစဉ်သနားသည် ဖြစ်၍ သင်တို့အတွက် ပြုသင့်ပြုထိုက်သည်ကိုပြုအပ်ပြီ။ အာနန္ဒာ ဤသည်တို့ကား သစ်ပင်ရင်းတို့တည်း၊ ဤသည်တို့ကား ဆိတ်ငြိမ်ရာအရပ်တို့တည်း။ အာနန္ဒာ ရှုကြကုန်လော့၊ မမေ့လျော့ကုန်လင့်၊ နောက်၌ နှလုံးမသာယာ မဖြစ်ကြကုန်လင့်။ ဤသည်ကားသင်တို့အား ငါတို့၏ အဆုံးအမပေတည်းဟု (မိန့်တော်မူ၏)။ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား ဟောတော်မူသော တရားတော်ကို လွန်စွာ နှစ်သက်ဝမ်းမြောက်လေ၏။

ဒသမသုတ်။

ရှေးဦးစွာသောအမ္ဗပါလိဝဂ် ပြီး၏။

--

၂-နာလန္ဒဝဂ်

၁-မဟာပုရိသသုတ်

၃၇၇။ သာဝတ္ထိနိဒါန်း။ ထိုအခါ အသျှင်သာရိပုတြာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကိုလျှောက်၏ - “အသျှင်ဘုရား ‘ယောကျ်ားမြတ် ယောကျ်ားမြတ်’ဟု ဆိုပါ၏၊ အသျှင်ဘုရားအဘယ်မျှဖြင့် ယောကျ်ား မြတ် ဖြစ်ပါသနည်း”ဟု (လျှောက်၏)။

သာရိပုတြာ (အာသဝတို့မှ) လွတ်မြောက်သော စိတ်ရှိသောကြောင့်သာ “ယောကျ်ားမြတ်”ဟု ငါ ဆို၏၊ (အာသဝတို့မှ) လွတ်မြောက်သော စိတ်မရှိမူ “ယောကျ်ားမြတ်”ဟု ငါ မဆိုဟု (မိန့်တော်မူ၏)။

သာရိပုတြာ အဘယ်သို့လျှင် (အာသဝတို့မှ) လွတ်မြောက်သော စိတ်ရှိသနည်း။ သာရိပုတြာ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်'အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ရုပ် အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏၊ ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ်ရှုလေ့ရှိ သည် ဖြစ်၍ နေသော ထိုရဟန်းအား စိတ်သည် တပ်မက်မှု ကင်း၏၊ (တဏှာဒိဋ္ဌိတို့ဖြင့်) တစ်စုံတစ်ခု သောအာရုံကို မစွဲလမ်းမူ၍ အာသဝေါတို့မှ လွတ်မြောက်၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။

ပြင်းစွာ အား ထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌ သဘောတရားတို့ကိုအကြိမ်ကြိမ် ရှုလေ့ရှိ သည် ဖြစ်၍ နေ၏၊ သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ့်ရှုလေ့ရှိသည် ဖြစ်၍ နေသော ရဟန်း၏ စိတ်သည် တပ်မက်မှု ကင်း၏၊ (တဏှာဒိဋ္ဌိတို့ဖြင့်) တစ်စုံတစ်ခုသောအာရုံကို မစွဲလမ်းမူ၍ အာသဝေါတို့မှ လွတ်မြောက်၏။ သာရိပုတြာ ဤသို့လျှင်လွတ်မြောက်သော စိတ်ရှိ၏။

သာရိပုတြာ (အာသဝတို့မှ) လွတ်မြောက်သော စိတ်ရှိသောကြောင့်သာ “ယောကျ်ားမြတ်”ဟု ငါဆို၏၊ (အာသဝတို့မှ) လွတ်မြောက်သော စိတ်မရှိမူ “ယောကျ်ားမြတ်”ဟု ငါ မဆိုဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

--

၂-နာလန္ဒသုတ်

၃၇၈။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် နာလန္ဒာမြို့ ပါဝါရိကသရက်ဥယျာဉ်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်သာရိပုတြာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက်တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကိုလျှောက်၏-"သဗ္ဗညုတဉာဏ်တော် ၌ မြတ်စွာဘုရားထက် ပိုမိုလွန်ကဲစွာ သိသော မြတ်စွာဘုရားမှအခြား တစ်ပါးသော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ဖြစ်လည်း မဖြစ်ဖူး၊ ဖြစ်လိမ့်မည်လည်း မဟုတ်၊ ယခုအခါ၌လည်း မရှိပါဟု မြတ်စွာဘုရား၌ တပည့်တော် ဤသို့ယုံကြည်ပါ၏”ဟု လျှောက်၏။ သာရိပုတြာ “သဗ္ဗညုတ ဉာဏ်တော်၌ မြတ်စွာဘုရားထက် ပိုမိုလွန်ကဲစွာသိသော မြတ်စွာဘုရားမှ အခြား တစ်ပါးသော သမဏ သည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ဖြစ်လည်း မဖြစ်ဖူး၊ ဖြစ်လိမ့်မည်လည်း မဟုတ်၊ ယခု အခါ၌လည်း မရှိပါဟု မြတ်စွာဘုရား၌တပည့်တော် ဤသို့ ယုံကြည်ပါ၏”ဟု သင်သည် မြတ်သော ရဲရင့် သော စကားကို ပြော၏၊ တစ်ဖက်သတ် ဆုံးဖြတ်ချက် ချ၏၊ မြတ်သော ကြုံးဝါးခြင်းကို ကြုံးဝါး၏ဟု (မိန့်တော်မူ၏)။

သာရိပုတြာ ရှေးအခါ၌ ဖြစ်တော်မူခဲ့ကုန်သော ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော (အလုံးစုံ သောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူကုန်သောအလုံးစုံသော မြတ်စွာဘုရားတို့၏ စိတ်ကို “ထိုမြတ်စွာဘုရားတို့သည် ဤသို့ သီလရှိကုန်ပြီဟုလည်းကောင်း၊ ဤသို့ (သမာဓိ) တရားရှိကုန်ပြီဟုလည်းကောင်း၊ ဤသို့ ပညာရှိကုန်ပြီဟုလည်းကောင်း၊ ဤသို့ နေလေ့ရှိကုန်ပြီဟုလည်းကောင်း၊ ထိုမြတ်စွာဘုရား တို့သည် ဤသို့ (အာသဝတို့မှ) လွတ်မြောက်ကုန်ပြီ”ဟုလည်းကောင်း သင့်စိတ်ဖြင့်ပိုင်းခြား၍ သိ သလော။ အသျှင်ဘုရား ဤသို့ မသိပါ။

သာရိပုတြာ နောင်အခါ၌ ဖြစ်တော်မူလတ္တံ့ကုန်သော ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူကုန်သောအလုံးစုံသော မြတ်စွာဘုရားတို့၏စိတ် ကို “ထိုမြတ်စွာဘုရားတို့သည် ဤသို့ သီလရှိကုန်လတ္တံ့ဟုလည်းကောင်း၊ ဤသို့ (သမာဓိ) တရားရှိကုန် လတ္တံ့ဟုလည်းကောင်း၊ ဤသို့ ပညာရှိကုန်လတ္တံ့ဟုလည်းကောင်း၊ ဤသို့နေလေ့ရှိကုန်လတ္တံ့ဟုလည်းကောင်း၊ ထိုမြတ်စွာဘုရားတို့သည် ဤသို့ (အာသဝတို့မှ) လွတ်မြောက်ကုန်လတ္တံ့”ဟုလည်းကောင်း သင့် စိတ်ဖြင့် ပိုင်းခြား၍ သိသလော။ အသျှင်ဘုရား ဤသို့မသိပါ။

သာရိပုတြာ ယခုအခါ၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ငါဘုရား၏ စိတ်ကို “မြတ်စွာဘုရားသည် ဤသို့ သီလရှိ၏ဟုလည်းကောင်း၊ ဤသို့ (သမာဓိ) တရားရှိ၏ဟုလည်းကောင်း၊ ဤသို့ ပညာရှိ၏ဟုလည်းကောင်း၊ ဤသို့ နေလေ့ရှိ၏ဟုလည်းကောင်း၊ မြတ်စွာဘုရားသည် ဤသို့ (အာသဝတို့မှ) လွတ်မြောက်၏”ဟုလည်းကောင်း သင့်စိတ်ဖြင့် ပိုင်းခြား၍ သိသလော။ အသျှင်ဘုရား ဤသို့ မသိပါ။

သာရိပုတြာ အတိတ် အနာဂတ် ပစ္စုပ္ပန်တို့၌ (ပွင့်တော်မူကုန်သည့်) ပူဇော်အထူးကို ခံတော်မူထိုက့်ကုန်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူကုန်သော ဤမြတ်စွာဘုရားတို့၌ စိတ်ကို ပိုင်းခြား၍ သိနိုင်သော ဉာဏ်သည် သင့်အား မရှိ၊ ထိုသို့ မရှိပါဘဲလျက် “သဗ္ဗညုတဉာဏ်တော်၌မြတ်စွာဘုရားထက် ပိုမိုလွန်ကဲစွာ သိသော မြတ်စွာဘုရားမှ အခြား တစ်ပါးသော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ဖြစ်လည်း မဖြစ်ဖူး၊ ဖြစ်လိမ့်မည်လည်း မဟုတ်၊ ယခုအခါ၌လည်းမရှိပါဟု မြတ်စွာဘုရား၌ တပည့်တော် ဤသို့ ယုံကြည်ပါ၏”ဟု သင်သည် မြတ်သော ရဲရင့်သော စကားကို အဘယ်ကြောင့် ပြောဘိသနည်း၊ တစ်ဖက်သတ် ဆုံးဖြတ်ချက် ချဘိသနည်း၊ မြတ်သော ကြုံးဝါးခြင်းကို ကြုံးဝါးဘိသနည်းဟု (မိန့်တော်မူ၏)။

--

အသျှင်ဘုရား အတိတ် အနာဂတ် ပစ္စုပ္ပန်တို့၌ (ပွင့်တော်မူကုန်သည့်) ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူကုန်သော မြတ်စွာဘုရားတို့၌စိတ်ကို ပိုင်းခြား၍ သိနိုင်သော ဉာဏ်သည် အကျွန်ုပ်အား မရှိပါ၊ သို့သော်လည်း တရားတော်သို့ အစဉ်လိုက်၍ သိရပါ၏။

အသျှင်ဘုရား ဥပမာသော်ကား မင်း၏ တိုင်းစွန်ကျသော မြို့သည် ခိုင်မြဲသော တံတိုင်းခြေ ရှိ၏၊ ခိုင်မြဲသော တံတိုင်းနှင့် တုရိုဏ်တိုင် ရှိ၏၊ တံခါးတစ်ပေါက်သာ ရှိ၏၊ ထိုမြို့၏ တံခါးစောင့်သည်ပညာရှိ၏၊ ကျွမ်းကျင်လိမ္မာ၏၊ ဌာနအားလျော်စွာ သိတတ်သော ပညာရှိ၏၊ မသိသော သူတို့ကိုတားမြစ်၍ သိသော သူတို့ကိုသာ ဝင်စေ၏။ ထိုတံခါးစောင့်သည် ထိုမြို့၏ ပတ်ဝန်းကျင်မှ အစဉ်အတိုင်းလှည့်သွားသော လမ်းသို့ အစဉ်လိုက်သွားသည်ရှိသော် တံတိုင်းအစပ်ကိုလည်းကောင်း၊ တံတိုင်းအပေါက်ကိုလည်းကောင်း အယုတ်ဆုံးအားဖြင့် ကြောင်ထွက်လောက်ရုံ အပေါက်ကိုမျှလည်းမတွေ့မြင်ရာ။ ထိုတံခါးစောင့်အား “ဤ မြို့တွင်းသို့ ဝင်သူ ထွက်သူကြီးမားသော သတ္တဝါအားလုံးတို့သည် ဤတံခါးဖြင့်သာ ဝင်လည်း ဝင်ကုန်၏၊ ထွက်လည်းထွက်ကုန်၏”ဟု အကြံ ဖြစ်ရာ၏။

အသျှင်ဘုရား ထို့အတူပင် တပည့်တော်သည် ရှေးအခါ၌ ပွင့်တော်မူကုန်သော ပူဇော်အထူးကိုခံတော်မူထိုက်ကုန်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူကုန်သောအလုံးစုံသောမြတ်စွာဘုရားတို့သည်လည်း စိတ်ကို ညစ်ညူးစေတတ်ကုန်သော ပညာကို အားနည်းအောင် ပြုလုပ်တတ်ကုန်သော နီဝရဏငါးပါးတို့ကို ပယ်စွန့်၍ သတိပဋ္ဌာန်လေးပါးတို့၌ စိတ်ကို ကောင်းစွာတည်စေကုန်လျက် ဗောဇ္ဈင်ခုနစ်ပါးတို့ကိုဟုတ်တိုင်းမှန်စွာ ပွားများ၍ အတုမရှိမြတ်သောအရဟတ္တမဂ်ဉာဏ်နှင့် သဗ္ဗညုတ ဉာဏ်ကို ထိုးထွင်း၍ သိတော်မူကုန်ပြီ။

နောင်အခါ၌ ပွင့်တော်မူကုန်မည့် ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော (အလုံးစုံသော တရား တို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူကုန်သောအလုံးစုံသော မြတ်စွာဘုရားတို့သည်လည်း စိတ်ကို ညစ်ညူးစေတတ်ကုန်သော ပညာကို အားနည်းအောင် ပြုလုပ်တတ်ကုန်သော နီဝရဏငါးပါးတို့ကို ပယ်စွန့်၍သတိပဋ္ဌာန်လေးပါးတို့၌ စိတ်ကို ကောင်းစွာ တည်စေကုန်လျက် ဗောဇ္ဈင်ခုနစ်ပါးတို့ကိုဟုတ်တိုင်းမှန်စွာပွားများ၍ အတုမရှိမြတ်သောအရဟတ္တမဂ်ဉာဏ်နှင့် သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိတော်မူကုန်လတ္တံ့။

အသျှင်ဘုရား ယခုအခါ၌ ပွင့်တော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည်လည်း စိတ်ကို ညစ်ညူးစေတတ်ကုန်သော ပညာကို အားနည်းအောင် ပြုလုပ်တတ်ကုန်သော နီဝရဏငါးပါးတို့ကို ပယ်စွန့်၍ သတိပဋ္ဌာန်လေးပါးတို့၌ စိတ်ကို ကောင်းစွာ တည်စေ၍ ဗောဇ္ဈင်ခုနစ်ပါးတို့ကိုဟုတ်တိုင်းမှန်စွာ ပွားများ၍ အတုမရှိမြတ်သောအရဟတ္တမဂ်ဉာဏ်နှင့် သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိတော်မူ၏ဟု တရားတော်သို့ အစဉ်လိုက်၍ သိရပါ၏ဟု (လျှောက်၏)။

သာရိပုတြာ ကောင်းပေစွ ကောင်းပေစွ၊ ထို့ကြောင့်ပင် သင်သည် ဤတရားဒေသနာတော်ကို ရဟန်း၊့ရဟန်းမ၊ ဥပါသကာ၊ ဥပါသိကာမတို့အား အမြဲမပြတ် ဟောကြားလေလော့။ သာရိပုတြာ မှန်၏၊ ငါဘုရား၌ ယုံမှားခြင်းသည်လည်းကောင်း၊ တွေးတောခြင်းသည်လည်းကောင်း ဖြစ်ကုန်သော (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်ကုန်သော သူတို့သော်မှလည်း ဤတရားဒေသနာကို ကြားနာရသည်ရှိသော် မြတ်စွာဘုရား၌ယုံမှားခြင်းကိုလည်းကောင်း၊ တွေးတောခြင်းကိုလည်းကောင်း ပယ်ဖျောက်နိုင်ပေလတ္တံ့ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

--

၃-စုန္ဒသုတ်

၃၇၉။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်သာရိပုတြာသည် မဂဓတိုင်း နာလကရွာငယ်၌အနာရောဂါ နှိပ်စက်ရကား ဆင်းရဲခြင်းသို့ ရောက်သည် ဖြစ်၍ ပြင်းထန်စွာ မကျန်းမမာ ဖြစ်နေ၏၊ သမဏုဒ္ဒေသ အမည်ရသောအသျှင်စုန္ဒသည် အသျှင်သာရိပုတြာ၏ အလုပ်အကျွေး ဖြစ်၏။

ထိုအခါ အသျှင်သာရိပုတြာသည် ထိုအနာဖြင့်ပင် ပရိနိဗ္ဗာန်ပြုတော်မူလေ၏၊ ထိုအခါ သမဏုဒ္ဒေသအမည်ရသောအသျှင်စုန္ဒသည် အသျှင်သာရိပုတြာ၏ သပိတ်သင်္ကန်းကို ယူခဲ့၍ သာဝတ္ထိပြည်အနာထပိဏ် သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်းနေ အသျှင်အာနန္ဒာထံ ချဉ်းကပ်၍အသျှင်အာနန္ဒာကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် အသျှင်အာနန္ဒာအား “အသျှင်ဘုရားအသျှင်သာရိပုတြာသည် ပရိ နိဗ္ဗာန် ပြုတော်မူပါပြီ၊ ဤသည်ကား ထိုအသျှင်သာရိပုတြာ၏သပိတ်သင်္ကန်းပါတည်း”ဟု လျှောက်၏။ ငါ့သျှင်စုန္ဒ မြတ်စွာဘုရားကို ဖူးမြင်ရန်ဤစကားလက်ဆောင်သည် ရှိ၏၊ ငါ့သျှင်စုန္ဒ သွားကုန်အံ့၊ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားကုန်အံ့ဟု မိန့်ဆို၏။ သမဏု ဒ္ဒေသ အမည်ရသောအသျှင်စုန္ဒသည် “အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာအား ပြန်လျှောက်၏။

ထို့နောက် အသျှင်အာနန္ဒာနှင့် သမဏုဒ္ဒေသ အမည်ရသောအသျှင်စုန္ဒသည် မြတ်စွာဘုရားထံသို့ချဉ်းကပ်ကုန်၍ မြတ်စွာဘုရားကို ရှိခိုးကုန်လျက် တစ်ခုသော နေရာ၌ ထိုင်နေကုန်ပြီးသော်အသျှင်အာနန္ဒာ သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-"အသျှင်ဘုရားသမဏုဒ္ဒေသအမည်ရသော ဤအသျှင် စုန္ဒသည် ‘အသျှင်ဘုရား အသျှင်သာရိပုတြာသည် ပရိနိဗ္ဗာန်ပြုပါပြီ၊ ဤသည်ကား အသျှင်သာရိပုတြာ၏ သပိတ်သင်္ကန်းပါတည်း’ဟု လျှောက်၏။ အသျှင်ဘုရားအသျှင်သာရိပုတြာသည် ပရိနိဗ္ဗာန်ပြုပြီဟု ကြားရ သောကြောင့် စင်စစ်အားဖြင့် တပည့်တော်၏ကိုယ်သည် လေးလံတောင့်တင်းသကဲ့သို့ ဖြစ်ပါ၏၊ အရပ် မျက်နှာတို့သည်လည်း တပည့်တော်အားမထင်ပါကုန်၊ တရားတို့သည်လည်း တပည့်တော်အား မထင်ပါ ကုန်”ဟု လျှောက်၏။

အာနန္ဒာ သာရိပုတြာသည် သင်၏ သီလအစုကို ယူ၍ ပရိနိဗ္ဗာန်ပြုသလော၊ သမာဓိအစုကို ယူ၍ပရိနိဗ္ဗာန်ပြုသလော၊ ပညာအစုကို ယူ၍ ပရိနိဗ္ဗာန်ပြုသလော၊ လွတ်မြောက်မှု ‘ဝိမုတ္တိ’ (အရဟတ္တမဂ် အရဟတ္တဖိုလ်) အစုကို ယူ၍ ပရိနိဗ္ဗာန်ပြုသလော၊ လွတ်မြောက်မှုကို သိသောဝိမုတ္တိဉာဏ်အမြင် (ပစ္စဝေက္ခဏာ ဉာဏ်) အစုကို ယူ၍ ပရိနိဗ္ဗာန်ပြုသလောဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား အသျှင်သာရိပုတြာသည် တပည့်တော်၏ သီလအစုကို ယူ၍ ပရိနိဗ္ဗာန် မပြုပါ၊ သမာဓိအစု။ပ။ ပညာအစု။ပ။ လွတ်မြောက်မှု ‘ဝိမုတ္တိ’ (အရဟတ္တမဂ် အရဟတ္တဖိုလ်) အစု။ပ။

ဝိမုတ္တိဉာဏ်အမြင် (ပစ္စဝေက္ခဏာဉာဏ်) အစုကို ယူ၍ ပရိနိဗ္ဗာန် မပြုပါ။ အသျှင်ဘုရား စင်စစ်သော်ကားအသျှင်သာရိပုတြာသည် တပည့်တော်အား ဆုံးမပါ၏၊ (တရား၌) သက်ဝင်စေပါ၏၊ (တရားကို) သိစေပါ၏၊ (တရားကို) ကောင်းစွာ ပြပါ၏၊ (တရားကို) ဆောက် တည်စေပါ၏၊ (တရားကျင့်သုံးရန်) ထက်သန်စေပါ၏၊ ရွှင်လန်းစေပါ၏၊ တရားဟောရန် ကြောင့်ကြစိုက်ပါ ၏၊ သီတင်းသုံးဖော်တို့ကို့ချီးမြှောက်တတ်ပါ၏၊ တပည့်တော်တို့သည် အသျှင်သာရိပုတြာ၏ ထိုတရား ဩဇာ တရားအသုံးအဆောင်တရားတော်ဖြင့် ချီးမြှောက်မှုကို မပြတ် အောက်မေ့မိပါကုန်၏ဟု (လျှောက် ၏)။

--

အာနန္ဒာ အလုံးစုံသော ချစ်အပ်သော နှလုံးကို ပွါးစေတတ်သော သူတို့နှင့် ရှင်ကွဲ ကွဲရခြင်း သေကွဲကွဲရခြင်း ဘဝတခြားစီ ဖြစ်ရခြင်းကို ရှေးမဆွကပင် ငါ ဟောထားအပ်သည် မဟုတ်ပါလော။ အာနန္ဒာ"ဖြစ်ခြင်း ကြီးပွါးခြင်း ပြုပြင်ရခြင်း ပျက်စီးခြင်းသဘောရှိသော တရားကို စင်စစ်အားဖြင့် မပျက်စီးပါလင့်”ဟု ဤသို့သော တောင့်တခြင်းကို ဤအရာ၌ အဘယ်မှာလျှင် ရနိုင်ပါမည်နည်း၊ ဤအကြောင်းမျိုးသည် မရှိပေ။ အာနန္ဒာ အနှစ်ရှိသော သစ်ပင်ကြီးသည် တည်ရှိနေစဉ် အကြီးဆုံးသောအကိုင်းသည်ပျက်စီးရာသကဲ့သို့ အာနန္ဒာ ထို့အတူပင် အနှစ်ရှိသော များစွာသော ရဟန်းအပေါင်းသည် တည်ရှိနေစဉ်သာရိပုတြာသည် ပရိနိဗ္ဗာန်ပြုပြီ။ အာနန္ဒာ “ဖြစ်ခြင်း ကြီးပွါးခြင်း ပြုပြင်ရခြင်း ပျက်စီးခြင်းသဘောရှိသော တရားကို စင်စစ်အားဖြင့် မပျက်စီးပါလင့်”ဟု ဤသို့သော တောင့်တခြင်းကို ဤအရာ၌အဘယ်မှာ လျှင် ရနိုင်ပါမည်နည်း၊ ဤအကြောင်းမျိုးသည် မရှိပေ။ အာနန္ဒာ ထို့ကြောင့်ပင် သူတစ်ပါးကိုအားမကိုး ကြမူ၍ မိမိကိုယ်ကို မှီခိုအားကိုးကာ နေကြကုန်လော့၊ အခြားတရားကို အားမကိုးကြမူ၍ (လောကုတ္တရာ) တရားတော်ကို မှီခိုအားကိုးကာ နေကြကုန်လော့။

အာနန္ဒာ ရဟန်းသည် အဘယ်သို့လျှင် သူတစ်ပါးကို အားမကိုးမူ၍ မိမိကိုယ်ကို မှီခိုအားကိုးကာနေရသနည်း၊ အခြားတရားကို အားမကိုးမူ၍ (လောကုတ္တရာ) တရားတော်ကို မှီခိုအားကိုးကာ နေရသနည်း။ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက်ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။

ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌ သဘောတရားတို့ကိုအကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ အာနန္ဒာ ဤသို့လျှင် ရဟန်းသည် သူတစ်ပါးကို အားမကိုးမူ၍မိမိကိုယ်ကို မှီခိုအားကိုးကာ နေရ၏၊ အခြားတရားကို အားမကိုးမူ၍ (လောကုတ္တရာ) တရားတော်ကိုမှီခိုအားကိုးကာ နေရ၏။

အာနန္ဒာ ယခုအခါ၌လည်းကောင်း၊ ငါဘုရား ကွယ်လွန်သောအခါ၌လည်းကောင်း သူတစ်ပါးကိုအားမကိုးမူ၍ မိမိကိုယ်ကို မှီခိုအားကိုးကြလျက် အခြားတရားကို အားမကိုးကြမူ၍ (လောကုတ္တရာ) တရားတော်ကို မှီခိုအားကိုးကာ နေကြမည့် ရဟန်းအားလုံးတို့သည် သိက္ခာသုံးပါးကို အလိုရှိသော ရဟန်းအားလုံးတို့ထက် အမြတ်ဆုံး ဖြစ်ကြပေလိမ့်မည်ဟု (မိန့်တော်မူ၏)။

တတိယသုတ်။

--

၄-ဥက္ကစေလသုတ်

၃၈၀။ အခါတစ်ပါး၌ အသျှင်သာရိပုတြာနှင့် အသျှင်မဟာမောဂ္ဂလာန်တို့ ပရိနိဗ္ဗာန်ပြု၍ မကြာမီမြတ်စွာဘုရားသည် ဝဇ္ဇီတိုင်း ဥက္ကစေလာမြို့ ဂင်္ဂါမြစ်ကမ်း၌ များစွာသော ရဟန်းသံဃာနှင့် အတူ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာ ခြံရံတော်မူလျက်လွင်တီး ခေါင်၌ ထိုင်နေတော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် တိတ်ဆိတ်စွာ နေသော ရဟန်းသံဃာကို စောင်းငဲ့ကြည့်ရှုတော်မူ၍ရဟန်းတို့ကို မိန့်တော်မူ၏-ရဟန်းတို့ ငါ၏ ဤပရိသတ်သည် သာရိပုတြာနှင့် မောဂ္ဂလာန်တို့ ပရိနိဗ္ဗာန်ပြုကုန်ပြီးသော် စင်စစ်အားဖြင့် ဆိတ်သုဉ်းသကဲ့သို့ ထင်ရ၏၊ ရဟန်းတို့ ငါ၏ ပရိသတ်သည် မဆိတ်သုဉ်း၊ သာရိပုတြာနှင့် မောဂ္ဂလာန်တို့ နေရာအရပ်ကို ငဲ့ကွက်ခြင်း မရှိ။ ရဟန်းတို့ ရှေးအခါ၌့ပွင့်တော်မူ ကုန်ပြီးသော ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိ တော်မူကုန်သော မြတ်စွာဘုရားတို့အား ငါ၏ (တပည့်အစုံဖြစ်သော) သာရိပုတြာနှင့်မောဂ္ဂလာန်တို့ကဲ့သို့ ထိုအတိုင်းအရှည် ရှိသည်သာ ဖြစ်သော တပည့်အစုံ ဖြစ်ခဲ့ဖူးပြီ။ ရဟန်းတို့နောင်အခါ၌ ပွင့်တော်မူမည့် ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူကုန်သော မြတ်စွာဘုရားတို့အားလည်း ငါ၏ (တပည့်အစုံဖြစ်သော) သာရိပုတြာနှင့် မောဂ္ဂလာန်တို့ကဲ့သို့ ထိုအတိုင်း အရှည် ရှိသည်သာ ဖြစ်သော တပည့်အစုံ ဖြစ်လိမ့်မည်။

ရဟန်းတို့ တပည့် ‘သာဝက’ တို့၏ (အဖြစ်မျိုးသည်) အံ့ဩဖွယ် ဖြစ်ပေစွ၊ မဖြစ်ဖူးမြဲ ဖြစ်ပေစွ၊ မြတ်စွာဘုရား၏ ဆုံးမချက်ကို လိုက်နာကုန်ဘိ၏၊ သွန်သင်ချက်ကို လိုက်နာပြုလုပ်ကုန်ဘိ၏၊ ပရိသတ်လေးပါးတို့သည် ချစ်အပ် မြတ်နိုးအပ်ကုန်သည် ဖြစ်၍ အလေးပြုအပ် နှလုံးကို ပွါးစေတတ်ကုန်၏။ ရဟန်းတို့ မြတ်စွာဘုရား၏ (အဖြစ်မျိုးသည်) အံ့ဩဖွယ် ဖြစ်ပေစွ၊ မဖြစ်ဖူးမြဲ ဖြစ်ပေစွ။ ဤသို့သဘောရှိသော တပည့် ‘သာဝက’ အစုံသည် ပရိနိဗ္ဗာန်ပြုပါသော်လည်း မြတ်စွာဘုရားအား စိုးရိမ် ပူဆွေးခြင်းသည်လည်းကောင်း၊ ငိုကြွေးခြင်းသည်လည်းကောင်း မရှိပေ။ “ဖြစ်ခြင်း ကြီးပွါးခြင်း ပြုပြင်ရခြင်းပျက် စီးခြင်းသဘောရှိသော တရားကို စင်စစ်အားဖြင့် မပျက်စီးပါစေလင့်”ဟု ဤသို့သောတောင့်တခြင်းကို ဤအရာ၌ အဘယ်မှာလျှင် ရနိုင်ပါမည်နည်း၊ ဤအကြောင်းမျိုးလည်း မရှိပေ။ ရဟန်းတို့ အနှစ်ရှိသော သစ်ပင်ကြီးသည် တည်ရှိနေစဉ် အကြီးဆုံး အကိုင်းတို့သည်ပျက်စီးကုန်ရာသကဲ့သို့ ရဟန်းတို့ ထို့ အတူပင် အနှစ်ရှိသော များစွာသော ရဟန်းအပေါင်းသည်တည်ရှိနေစဉ် သာရိပုတြာနှင့် မောဂ္ဂလာန်တို့ သည် ပရိနိဗ္ဗာန်ပြုကုန်ပြီ။ “ဖြစ်ခြင်း ကြီးပွါးခြင်းပြုပြင်ရခြင်း ပျက်စီးခြင်းသဘောရှိသော တရားကို စင်စစ်အားဖြင့် မပျက်စီးပါစေလင့်”ဟု ဤသို့သောတောင့်တခြင်းကို ဤအရာ၌ အဘယ်မှာလျှင် ရနိုင်ပါ မည်နည်း၊ ဤအကြောင်းမျိုးလည်း မရှိပေ။

ရဟန်းတို့ ထို့ကြောင့် သူတစ်ပါးကို အားမကိုးမူ၍ မိမိကိုယ်ကို မှီခိုအားကိုးကာ နေကြကုန်လော့၊ အခြားတရားကို အားမကိုးမူ၍ (လောကုတ္တရာ) တရားတော်ကို မှီခိုအားကိုးကာ နေကြကုန်လော့။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် သူတစ်ပါးကို အားမကိုးမူ၍ မိမိကိုယ်ကို မှီခိုအားကိုးကာနေရသနည်း၊ အခြားတရားကို အားမကိုးမူ၍ (လောကုတ္တရာ) တရားတော်ကို မှီခိုအားကိုးကာ နေရသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။

--

ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌ သဘောတရားတို့ကိုအကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် သူတစ်ပါးကိုအားမကိုးမူ၍ မိမိကိုယ်ကို မှီခိုအားကိုးကာ နေရ၏၊ အခြားတရားကို အားမကိုးမူ၍ (လောကုတ္တရာ) တရားတော်ကို မှီခိုအားကိုးကာ နေရ၏။

ရဟန်းတို့ ယခုအခါ၌လည်းကောင်း၊ ငါဘုရား ကွယ်လွန်သောအခါ၌လည်းကောင်း သူတစ်ပါးကိုအားမကိုးမူ၍ မိမိကိုယ်ကို မှီခိုအားကိုးကြလျက် အခြားတရားကို အားမကိုးကြမူ၍ (လောကုတ္တရာ) တရားတော်ကို မှီခိုအားကိုးကာ နေကြမည့် ရဟန်းအားလုံးတို့သည် သိက္ခာသုံးပါးကို အလိုရှိသော ရဟန်းအားလုံးတို့ထက် အမြတ်ဆုံး ဖြစ်ကြပေလိမ့်မည်ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

၅-ဗာဟိယသုတ်

၃၈၁။ သာဝတ္ထိနိဒါန်း။ ထိုအခါ အသျှင်ဗာဟိယသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင်မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား “အသျှင်ဘုရားတောင်းပန်ပါ၏၊ တပည့်တော်အား မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် တရားဟောတော်မူပါ၊ တပည့်တော်သည် မြတ်စွာဘုရား၏ ယင်းတရားတော်ကို ကြားနာရသည်ရှိသော် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ လုံ့လထုတ်ကာ နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိသည် ဖြစ်၍ နေလိုပါ၏”ဟုလျှောက်ထား၏။ ဗာဟိယ သို့ဖြစ်လျှင် သင်သည် ကုသိုလ်တရားတို့၌ အစကိုပင် သုတ်သင်လော့၊ ကုသိုလ် တရားတို့၏ အစကား အဘယ်နည်း၊ ကောင်းစွာ စင်ကြယ်သော သီလနှင့် ဖြောင့်မတ်သောအယူပင် တည်း။ ဗာဟိယ အကြင်အခါ သင့်အား သီလသည်လည်း စင်ကြယ်ပေလိမ့်မည်၊ အယူသည်လည်း ဖြောင့် မတ်ပေလိမ့်မည်၊ ဗာဟိယ ထိုအခါ သင်သည် သီလကို မှီ၍ သီလ၌ တည်၍သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများလေလော့။

အဘယ်လေးပါးတို့နည်း။ ဗာဟိယ ဤသာသနာတော်၌ သင်သည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍နေလော့။ ဝေဒနာ တို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကိုပယ်ဖျောက်လျက် သဘောတရားတို့၌ သဘော တရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍နေလော့။ ဗာဟိယ အကြင်အခါ သင်သည် သီလကို မှီ၍ သီလ၌ တည်၍ ဤသတိပဋ္ဌာန်လေးပါးတို့ကိုဤသို့ ပွါးများနိုင်လိမ့်မည်၊ ထိုအခါ ရောက်လာမည့် ညဉ့် နေ့တို့ဝယ် သင့်အား ကုသိုလ်တရားတိုးပွါးခြင်းကိုသာ (မချွတ် ဖြစ်လိမ့်မည်ဟု) မျှော်လင့်အပ်၏၊ ဆုတ် ယုတ်လိမ့်မည်ဟု မမျှော်လင့်အပ်ဟု (မိန့်တော်မူ၏)။

--

ထိုအခါ အသျှင်ဗာဟိယသည် မြတ်စွာဘုရား ဟောကြားအပ်သော တရားတော်ကို အလွန်နှစ်သက်ဝမ်းမြောက်လျက် နေရာမှ ထကာ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေ ပြုလျက် ဖဲခွါသွားလေ၏။ ထို့နောက် အသျှင်ဗာဟိယသည် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ ပြင်းစွာအားထုတ်လျက် နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိသည် ဖြစ်၍ နေလတ်သော် ကောင်းစွာသာလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်းပြုကုန်သောအမျိုးသားများ လိုလားအပ်သောအတုမရှိသောအကျင့်မြတ်၏ အဆုံးဖြစ်သောအရဟတ္တဖိုလ်အကျိုးကို မကြာမီ မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေရ၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ မဂ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ”ဟု သိ၏၊ အသျှင်ဗာဟိယသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်လေ၏။

ပဉ္စမသုတ်။

၆-ဥတ္တိယသုတ်

၃၈၂။ သာဝတ္ထိနိဒါန်း။ ထိုအခါ အသျှင်ဥတ္တိယသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား “အသျှင်ဘုရား တောင်းပန်ပါ၏၊ အကျွန်ုပ်အား မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် တရားတော်ကို ဟောတော်မူပါလော့၊ အကျွန်ုပ်သည် မြတ်စွာဘုရား၏ ယင်းတရားတော်ကို ကြားနာရသည်ရှိသော် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ လုံ့လထုတ်ကာ နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိသည် ဖြစ်၍ နေလိုပါ၏”ဟု လျှောက်၏။ ဥတ္တိယ သို့ဖြစ်လျှင် သင်သည် ကုသိုလ်တရားတို့၌ အစကိုပင် သုတ်သင်လော့။

ကုသိုလ် တရားတို့၏ အစကား အဘယ်နည်း၊ ကောင်းစွာ စင်ကြယ်သော သီလနှင့် ဖြောင့်မတ်သောအယူပင် တည်း။ ဥတ္တိယ အကြင်အခါ သင့်အား သီလသည်လည်း စင်ကြယ်ပေလိမ့်မည်၊ အယူသည်လည်း ဖြောင့် မတ်ပေလိမ့်မည်၊ ဥတ္တိယ ထိုအခါ သင်သည် သီလကို မှီ၍ သီလ၌ တည်၍သတိပဋ္ဌာန်လေးပါးတို့ကို ပွါး များလေလော့။

အဘယ်လေးပါးတို့နည်း။ ဥတ္တိယ ဤသာသနာတော်၌ သင်သည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍နေလော့။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကိုပယ်ဖျောက်လျက် သဘောတရားတို့၌ သဘောတရား တို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍နေလော့။ ဥတ္တိယ အကြင်အခါ သင်သည် သီလကို မှီ၍ သီလ၌ တည်၍ ဤသတိပဋ္ဌာန်လေးပါးတို့ကိုဤသို့ ပွါးများနိုင်လိမ့်မည်၊ ထိုအခါ သေမင်းနိုင်ငံဟူသော သံသရာ ၏ တစ်ဖက်ကမ်း (နိဗ္ဗာန်) သို့ရောက်နိုင်လတ္တံ့ဟု (မိန့်တော်မူ၏)။

--

ထိုအခါ အသျှင်ဥတ္တိယသည် မြတ်စွာဘုရား ဟောကြားအပ်သော တရားတော်ကို အလွန် နှစ်သက်ဝမ်းမြောက်လျက် နေရာမှ ထ၍ မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေ ပြုပြီးလျှင် ဖဲခွါသွားလေ၏။ ထို့ နောက် အသျှင်ဥတ္တိယသည် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ ပြင်းစွာအား ထုတ်သည် ဖြစ်၍ နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိလျက် နေလတ်သော် ကောင်းစွာသာလျှင်လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် (ရဟန်းပြု) ကုန်သောအမျိုးသားများ လိုလားအပ်သောအတုမရှိသောအကျင့် မြတ်၏ အဆုံးဖြစ်သောအရဟတ္တဖိုလ်အကျိုးကို မကြာမီ မျက်မှောက်ဘဝ၌ပင်ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ်မရှိတော့ပြီ”ဟု သိ၏၊ အသျှင်ဥတ္တိယ သည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်လေ၏။

ဆဋ္ဌသုတ်။

၇-အရိယသုတ်

၃၈၃။ ရဟန်းတို့ ဤသတိပဋ္ဌာန်လေးပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော (အရိယမဂ်) တရားတို့သည် ထိုသတိပဋ္ဌာန်ကို ပြုလုပ်ပွါးများသူကို ကောင်းစွာ ဆင်းရဲကုန်ခြင်းငှါ ထုတ်ဆောင်ကုန်၏။ အဘယ်လေးပါးတို့နည်း၊

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက်ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။

ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌ သဘောတရားတို့ကိုအကြိမ်ကြိမ် ရှုလေ့ရှိ သည် ဖြစ်၍ နေ၏။

ရဟန်းတို့ သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော (အရိယမဂ်) တရားတို့သည် ထိုသတိပဋ္ဌာန်ကို ပြုလုပ်ပွါးများသူကိုကောင်းစွာ ဆင်းရဲကုန်ခြင်းငှါ ထုတ်ဆောင်ကုန်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

--

၈-ဗြဟ္မသုတ်

၃၈၄။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူစ ဥရုဝေလတော နေရဉ္ဇရာမြစ်ကမ်းနားဝယ် အဇပါလပညောင်ပင်ရင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ဆိတ်ငြိမ်ရာသို့ ကပ်လျက် တစ်ပါးတည်း ကိန်းအောင်းနေတော်မူသော မြတ်စွာဘုရားအား ဤသို့ အကြံ ဖြစ်တော်မူ၏- ဤခရီးလမ်းသည်သတ္တဝါတို့၏ စိတ်စင်ကြယ်ရန် စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကို လွန်မြောက်ရန် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့ ချုပ်ငြိမ်းရန် အရိယမဂ်ကို ရရန် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် တစ်ကြောင်းတည်းသော ခရီးလမ်း ဖြစ်ပေ၏၊ ယင်းသည့်ခရီးလမ်းကား ဤသတိပဋ္ဌာန်လေးပါးတို့ပင်တည်း။

အဘယ်လေးပါးတို့နည်း။ ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက်ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။

ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌ သဘောတရားတို့ကိုအကြိမ်ကြိမ် ရှုလေ့ရှိ သည် ဖြစ်၍ နေ၏။

ဤခရီးလမ်းသည် သတ္တဝါတို့၏ စိတ်စင်ကြယ်ရန် စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကို လွန်မြောက်ရန်ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့ ချုပ်ငြိမ်းရန် အရိယမဂ်ကို ရရန် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် တစ်ကြောင်းတည်းသော ခရီးလမ်း ဖြစ်ပေ၏၊ ယင်းသည့် ခရီးလမ်းကား ဤသတိပဋ္ဌာန်လေးပါးတို့ပင်တည်းဟု အကြံဖြစ်တော်မူ၏။

ထိုအခါ သဟမ္ပတိဗြဟ္မာသည် မြတ်စွာဘုရား၏ စိတ်အကြံကို မိမိ စိတ်ဖြင့် သိ၍ အားရှိသောယောကျ်ားသည် ကွေးသော လက်မောင်းကို ဆန့်ရာသကဲ့သို့လည်းကောင်း၊ ဆန့်သော လက်မောင်းကိုကွေးရာသကဲ့သို့လည်းကောင်း ထို့အတူပင် ဗြဟ္မာ့ဘုံမှ ကွယ်ခဲ့၍ မြတ်စွာဘုရား၏ ရှေ့၌ ကိုယ်ထင်ရှားဖြစ်ပေါ်လာ၏။ ထိုအခါ သဟမ္ပတိဗြဟ္မာသည် ပခုံးတစ်ဖက်၌ ကိုယ်ရုံကို တင်လျက် မြတ်စွာဘုရားထံသို့လက်အုပ်ချီကာ မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏- ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဤစကားသည် ဤအတိုင်း မှန်ပါ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သောမြတ်စွာဘုရား ဤစကားသည် ဤအတိုင်း မှန်ပါ၏။ အသျှင်ဘုရား ဤခရီးလမ်းသည် သတ္တဝါတို့၏စိတ်စင်ကြယ်ရန် စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကို လွန်မြောက်ရန် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့ချုပ်ငြိမ်းရန် အရိယမဂ်ကို ရရန် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် တစ်ကြောင်းတည်းသော ခရီးလမ်းဖြစ်ပေ၏၊ ယင်းသည့်ခရီးလမ်း ကား ဤသတိပဋ္ဌာန်လေးပါးတို့ပင်တည်း။

အဘယ်လေးပါးတို့နည်း။ အသျှင်ဘုရား ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။

ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။

--

အသျှင်ဘုရား ဤခရီးလမ်းသည် သတ္တဝါတို့၏ စိတ်စင်ကြယ်ရန် စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကိုလွန်မြောက်ရန် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့ ချုပ်ငြိမ်းရန် အရိယမဂ်ကို ရရန် နိဗ္ဗာန်ကို မျက်မှောက်ပြုရန်တစ်ကြောင်းတည်းသော ခရီးလမ်း ဖြစ်ပေ၏၊ ယင်းသည့်ခရီးလမ်းကား ဤသတိပဋ္ဌာန်လေးပါးတို့ပင်တည်းဟု သဟမ္ပတိဗြဟ္မာသည် ဤစကားကို လျှောက်၏။

ဤစကားကို လျှောက်ထားပြီးနောက် တစ်ပါးသော စကားကို လျှောက်ထားပြန်၏-

“ဇာတိ၏ ကုန်ရာ နိဗ္ဗာန်ကို မြင်တော်မူသော (သတ္တဝါတို့၏) အစီးအပွါးကိုအစဉ်စောင့်ရှောက်တော်မူသော မြတ်စွာဘုရားသည် တစ်ကြောင်းတည်းသော (သတိ ပဋ္ဌာန်) လမ်းကိုသိတော်မူ၏၊ ဤသတိပဋ္ဌာန်လမ်းဖြင့် (အရိယာသူတော်ကောင်းတို့ သည်) သတ္တဝါတို့ကိုနစ်မွန်းစေတတ်သော ဩဃကို ရှေးကလည်း ကူးမြောက် ကုန်ပြီ၊ (နောင်၌လည်း) ကူးမြောက်ကုန်လတ္တံ့၊ (ယခုလည်း) ကူးမြောက်ဆဲဖြစ်ကုန် ၏”ဟု (လျှောက်၏)။

အဋ္ဌမသုတ်။

--

၉။သေဒကသုတ်

၃၈၅။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သုမ္ဘတိုင်း သေဒကမည်သော သုမ္ဘတိုင်းသူတို့၏ နိဂုံး၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏- ရဟန်းတို့ ရှေး၌ဖြစ်ဖူးသည်ကား စဏ္ဍာလ (မည်သော) ဝါးတိုင်ကို တက်တတ်သော ဆရာသည် စဏ္ဍာလဝါးကိုစိုက်ထူစေ၍ မေဒကထာလိက မည်သော တပည့်အား “အမောင်မေဒကထာလိက လာလော့၊ သင်သည်စဏ္ဍာလဝါးတိုင် သို့ တက်၍ ငါ၏ ပခုံးထက်၌ ရပ်လော့”ဟု ပြော၏။ ရဟန်းတို့ “ဆရာကောင်းပါပြီ”ဟု တပည့်မေဒက ထာလိကသည် စဏ္ဍာလဝါးတိုင် တက်တတ်သော ဆရာအားဝန်ခံပြောကြားပြီးလျှင် စဏ္ဍာလဝါးတိုင်ထက် သို့ တက်၍ ဆရာ၏ ပခုံးထက်၌ ရပ်၏။ ရဟန်းတို့ ထိုအခါစဏ္ဍာလဝါးတိုင် တက်တတ်သော ဆရာသည် တပည့်မေဒကထာလိကအား “အမောင်မေဒကထာလိကသင်သည် အကျွန်ုပ်ကို စောင့်ရှောက်ပါ၊ အကျွန်ုပ် သည် သင့်ကို စောင့်ရှောက်ပါအံ့၊ ဤသို့ ငါတို့အချင်းချင်း လုံခြုံအောင် စောင့်ရှောက်ကြကာ အတတ် (ပညာ) တို့ကိုလည်း ပြကုန်အံ့၊ လာဘ်ကိုလည်းရကုန်အံ့၊ စဏ္ဍာလဝါးတိုင်မှလည်း ချမ်းသာစွာ ဆင်းနိုင် ကြကုန်အံ့”ဟု ပြောဆို၏။ ရဟန်းတို့ ဤသို့ပြောဆိုလတ်သော် မေဒကထာလိကသည် စဏ္ဍာလဝါးတိုင် တက်တတ်သည့် ဆရာအား “ဆရာဤစကားသည် မသင့်ပါ၊ ဤသို့ ဖြစ်ပါအံ့၊ ဆရာ သင်သည်လည်း မိမိကိုယ်ကို စောင့်ရှောက်ပါ၊ အကျွန်ုပ်သည်လည်း မိမိကိုယ်ကို စောင့်ရှောက်ပါအံ့၊ ဤသို့ အကျွန်ုပ်တို့ သည် မိမိကိုယ်ကိုသာလုံခြုံအောင် စောင့်ရှောက်ကြကာ အတတ်ပညာတို့ကိုလည်း ပြပါကုန်အံ့၊ လာဘ်ကို လည်း ရပါကုန်အံ့၊ စဏ္ဍာလဝါးတိုင်မှလည်း ချမ်းသာစွာ ဆင်းနိုင်ကြရပါကုန်အံ့”ဟု ပြောဆို၏။

“ထို (ဆရာတပည့်နှစ်ဦးတို့၏) စကားတို့တွင် ထိုတပည့်၏ စကားသည် သင့်မြတ်သောအကြောင်းဖြစ်ပေ၏”ဟု မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ရဟန်းတို့ တပည့်မေဒကထာလိကသည်ဆရာကို ပြောသကဲ့သို့ “မိမိကိုယ်ကို စောင့်ရှောက်အံ့”ဟု သတိပဋ္ဌာန်ကို မှီဝဲအပ်၏၊ “သူတစ်ပါးကိုစောင့် ရှောက်အံ့”ဟု သတိပဋ္ဌာန်ကို မှီဝဲအပ်၏။ ရဟန်းတို့ မိမိကိုယ်ကို စောင့်ရှောက်သည်ရှိသော်သူတစ်ပါး ကိုလည်း စောင့်ရှောက်ရာ ရောက်၏၊ သူတစ်ပါးကို စောင့်ရှောက်သည်ရှိသော်မိမိကိုယ်ကိုလည်း စောင့်ရှောက်ရာ ရောက်၏။

ရဟန်းတို့ အဘယ်သို့လျှင် မိမိကိုယ်ကို စောင့်ရှောက်သည်ရှိသော် သူတစ်ပါးကို စောင့်ရှောက်ရာရောက်သနည်း။ အဖန်ဖန် မှီဝဲခြင်း ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းဖြင့် မိမိကိုယ်ကို စောင့်ရှောက်သည်ရှိသော် သူတစ်ပါးကိုလည်း စောင့်ရှောက်ရာ ရောက်၏။ ရဟန်းတို့ အဘယ်သို့လျှင် သူတစ်ပါးကို စောင့်ရှောက်သည်ရှိသော် မိမိကိုယ်ကို စောင့်ရှောက်ရာ ရောက်သနည်း။ သည်းခံခြင်း မညှဉ်းဆဲခြင်း မေတ္တာစိတ်ရှိခြင်း အစဉ်သနားခြင်းဖြင့် သူတစ်ပါးကို စောင့်ရှောက်သည်ရှိသော် မိမိကိုယ်ကိုလည်းစောင့်ရှောက်ရာ ရောက်ပေ၏။

“ရဟန်းတို့ မိမိကိုယ်ကို စောင့်ရှောက်အံ့”ဟု သတိပဋ္ဌာန်ကို မှီဝဲအပ်၏၊ “သူတစ်ပါးကို စောင့်ရှောက်အံ့”ဟု သတိပဋ္ဌာန်ကို မှီဝဲအပ်၏။ ရဟန်းတို့ မိမိကိုယ်ကို စောင့်ရှောက်သည်ရှိသော် သူတစ်ပါးကိုလည်း စောင့်ရှောက်ရာ ရောက်၏၊ သူတစ်ပါးကို စောင့်ရှောက်သည်ရှိသော် မိမိကိုယ်ကိုလည်း စောင့်ရှောက်ရာ ရောက်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။

--

၁၀-ဇနပဒကလျာဏီသုတ်

၃၈၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သုမ္ဘတိုင်းသေဒကမည်သော သုမ္ဘတိုင်းသူတို့၏ နိဂုံး၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည်ရဟန်းတို့ကို “ရဟန်းတို့”ဟု မိန့်တော်မူ၏၊ ထိုရဟန်းတို့သည် “အသျှင်ဘုရား”ဟု မြတ်စွာဘုရားအားပြန်ကြားလျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏-

ရဟန်းတို့ ဥပမာသော်ကား “ကောင်းခြင်း ပြည့်ကြွယ် တိုင်းကြီးမယ်, ကောင်းခြင်း ပြည့်ကြွယ်တိုင်းကြီးမယ်”ဟု (ပြောကြားကာ) များစွာသော လူအပေါင်းသည် စုဝေးရာ၏၊ ထိုကောင်းခြင်း ပြည့်ကြွယ် တိုင်းကြီးမယ်သည် ကသည်ရှိသော် ကောင်းမြတ်သော ကိုယ်ဟန်အမူအရာ ရှိရာ၏၊ သီဆိုသည်ရှိသော် ကောင်းမြတ်သော သံနေသံထား အမူအရာ ရှိရာ၏၊ ရဟန်းတို့ “ကောင်းခြင်း ပြည့်ကြွယ် တိုင်းကြီးမယ်သည် က၏၊ သီဆို၏”ဟု များစွာသော လူအပေါင်းသည် အတိုင်းထက်အလွန် စုဝေးရာ၏။ ထိုအခါ အသက်ရှင်လိုသော မသေလိုသော ချမ်းသာလိုသော ဆင်းရဲခြင်းကို စက်ဆုပ်သော ယောကျ်ားသည် လာရာ၏၊ ထိုသူအား “အမောင်ယောကျ်ား ဤအနားနှင့်အညီ ပြည့်နေသော ဆီခွက်ကိုပွဲသဘင်ကြီး နှင့် ကောင်းခြင်း ပြည့်ကြွယ် တိုင်းကြီးမယ်၏ အကြားသို့ ဆောင်ယူသွားရမည်၊ ‘ထိုဆီကိုအနည်းငယ်မျှ ကျသောအရပ်၌ပင် သင်၏ ဦးခေါင်းကို ဖြတ်အံ့’ဟု (ပြောကာ) သန်လျက် မိုးနေသောယောကျ်ားသည် လည်း သင်၏ နောက်မှ အစဉ်လိုက်လတ္တံ့”ဟု ဤသို့ ပြောဆိုရာ၏။ ရဟန်းတို့ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ စင်စစ်အားဖြင့် ထိုယောကျ်ားသည် ထိုဆီခွက်ကိုနှလုံးမသွင်းမူ၍ ပြင်ပအာရုံကြောင့် မေ့လျော့ကာ ဆောင်ယူရာသလော။ အသျှင်ဘုရား ဤသို့ မဖြစ်နိုင်ပါ။

ရဟန်းတို့ အနက်ကို သိစေခြင်းငှါ ဤဥပမာကို ငါ ပြု၏၊ ဤဆိုလတ္တံ့သည်ကား ဤအရာ၌ အနက်ပေတည်း၊ ရဟန်းတို့ “အနားနှင့်အညီ ပြည့်နေသော ဆီခွက်”ဟူသောအမည်သည် ကာယဂတာသတိ၏အမည်တည်း။ ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ ဤသို့ ကျင့်ရမည်- “ငါတို့သည် ကာယဂတာသတိကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ် ယာဉ်ကဲ့သို့ ပြုအပ် တည်ရာသကဲ့သို့ ပြုအပ် အဖန်ဖန်တည်စေအပ် အဖန်ဖန် လေ့ကျင့်အပ် ကောင်းစွာ အားထုတ်အပ်သည် ဖြစ်လတ္တံ့”။ ရဟန်းတို့ဤသို့လျှင် သင်တို့ ကျင့်ရမည်ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

နှစ်ခုမြောက် နာလန္ဒဝဂ် ပြီး၏။

--

၃-သီလဋ္ဌိတိဝဂ်

၁-သီလသုတ်

၃၈၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ အသျှင်အာနန္ဒာနှင့် အသျှင်ဘဒ္ဒ သည်ပါဋလိပုတ်ပြည် ကုက္ကုဋာရုံကျောင်း၌ (သီတင်းသုံး) နေကြကုန်၏၊ ထိုအခါ အသျှင်ဘဒ္ဒသည် ညနေချမ်းအခါ တစ်ပါးတည်း ကိန်းအောင်းရာမှ ထခဲ့၍ အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်အာနန္ဒာနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီး၍ တစ်ခုသောနေရာ၌ ထိုင်နေပြီးသော်အသျှင်အာနန္ဒာ အား- “ငါ့သျှင်အာနန္ဒာ မြတ်စွာဘုရား ဟောတော်မူကုန်သော ကုသိုလ်သီလတို့သည်အဘယ်အကျိုး ရှိပါ ကုန်သနည်း”ဟု ဆို၏။

ငါ့သျှင်ဘဒ္ဒ ကောင်းပေစွ ကောင်းပေစွ၊ ငါ့သျှင်ဘဒ္ဒ သင်၏ ပြဿနာရှာခြင်းသည် ကောင်းပေ၏၊ သင်၏ စုံစမ်းခြင်း ဉာဏ်အမြင်သည် ကောင်းပေ၏၊ သင်၏ ဆွေးနွေးမေးမြန်းခြင်းသည် ကောင်းပေ၏။ ငါ့သျှင်ဘဒ္ဒ သင်သည် “ငါ့သျှင်အာနန္ဒာ မြတ်စွာဘုရား ဟောတော်မူကုန်သော ကုသိုလ်သီလတို့သည်အဘယ်အကျိုး ရှိပါကုန်သနည်း”ဟု ဤသို့ မေးမြန်းသည် မဟုတ်ပါလောဟု (ဆို၏)။ ငါ့သျှင်အာနန္ဒာဟုတ်ပါ၏ဟု (ဆို၏)။ ငါ့သျှင်ဘဒ္ဒ မြတ်စွာဘုရား ဟောတော်မူကုန်သော ကုသိုလ်သီလတို့ကို သတိပဋ္ဌာန်လေးပါးတို့ကို အလွန်ပွါးများခြင်းငှါ မြတ်စွာဘုရား ဟောတော်မူကုန်၏။

အဘယ်လေးပါးတို့နည်း။ ငါ့သျှင် ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်'အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ငါ့သျှင်ဘဒ္ဒ မြတ်စွာဘုရားဟောတော်မူကုန်သော ကုသိုလ်သီလ တို့ကို ဤသတိပဋ္ဌာန်လေးပါးတို့ကို အလွန်ပွါးများခြင်းငှါမြတ်စွာဘုရား ဟောတော်မူကုန်၏ဟု (မိန့်ဆို ၏)။

ပဌမသုတ်။

--

၂-စိရဋ္ဌိတိသုတ်

၃၈၈။ ထိုနိဒါန်းပင်တည်း။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသောအသျှင်ဘဒ္ဒသည် အသျှင်အာနန္ဒာအား ဤစကားကို လျှောက်၏-"ငါ့သျှင်အာနန္ဒာ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူသည်ရှိသော် သူတော်ကောင်းတရား ကြာရှည်စွာ မတည်ခြင်း၏ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း၊ မြတ်စွာဘုရားပရိနိဗ္ဗာန်ပြုတော်မူသည်ရှိသော် သူတော်ကောင်းတရား ကြာရှည်စွာ တည်ခြင်း၏အကြောင်းအထောက်အပံ့ ကား အဘယ်ပါနည်း”ဟု (လျှောက်၏)။

ငါ့သျှင်ဘဒ္ဒ ကောင်းပေစွ ကောင်းပေစွ၊ ငါ့သျှင်ဘဒ္ဒ သင်၏ ပြဿနာရှာခြင်းသည် ကောင်းပေ၏၊ သင်၏ စုံစမ်းခြင်း ဉာဏ်အမြင်သည် ကောင်းပေ၏၊ သင်၏ ဆွေးနွေးမေးမြန်းခြင်းသည် ကောင်းပေ၏။ ငါ့သျှင်ဘဒ္ဒ သင်သည် “ငါ့သျှင်အာနန္ဒာ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူသည်ရှိသော် သူတော်ကောင်းတရား ကြာရှည်စွာ မတည်ခြင်း၏ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူသည်ရှိသော် သူတော်ကောင်းတရား ကြာရှည်စွာ တည်ခြင်း၏ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း”ဟု ဤသို့ မေးမြန်းသည် မဟုတ်ပါလောဟု (ဆို၏)။ ငါ့သျှင် (အာနန္ဒာ)ဟုတ်ပါ၏။ ငါ့သျှင်ဘဒ္ဒ သတိပဋ္ဌာန်လေးပါးတို့ကို မပွါးများခြင်းကြောင့် ကြိမ်ဖန်များစွာမပြုလုပ်ခြင်းကြောင့် မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူသည်ရှိသော် သူတော်ကောင်းတရား ကြာရှည်စွာမတည်၊ သတိပဋ္ဌာန်လေးပါး တို့ကို ပွါးများခြင်းကြောင့် ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့်မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူသည်ရှိ သော် သူတော်ကောင်းတရား ကြာရှည်စွာ တည်၏။

အဘယ်လေးပါးတို့နည်း။ ငါ့သျှင် ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်'အောက်မေ့မှု ‘သတိ’ ရှိ သည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက်သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။

ငါ့သျှင်ဘဒ္ဒ ဤသတိပဋ္ဌာန်လေးပါးတို့ကို မပွါးများခြင်းကြောင့် ကြိမ်ဖန်များစွာ မပြုလုပ်ခြင်းကြောင့်မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူသည်ရှိသော် သူတော်ကောင်းတရား ကြာရှည်စွာ မတည်၊ ဤသတိပဋ္ဌာန် လေးပါးတို့ကို ပွါးများခြင်းကြောင့် ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မြတ်စွာဘုရားပရိနိဗ္ဗာန်ပြုတော်မူ သည်ရှိသော် သူတော်ကောင်းတရား ကြာရှည်စွာ တည်၏ဟု (မိန့်ဆို၏)။

ဒုတိယသုတ်။

--

၃-ပရိဟာနသုတ်

၃၈၉။ အခါတစ်ပါး၌ အသျှင်အာနန္ဒာနှင့် အသျှင်ဘဒ္ဒသည် ပါဋလိပုတ်ပြည် ကုက္ကုဋာရုံကျောင်း၌ (သီတင်းသုံး) နေကြကုန်၏၊ ထိုအခါ အသျှင်ဘဒ္ဒသည် ညနေချမ်းအခါ တစ်ပါးတည်း ကိန်းအောင်းရာမှထခဲ့၍ အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်အာနန္ဒာနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် အသျှင်အာနန္ဒာအား ဤစကားကို ဆို၏ -"ငါ့သျှင် အာနန္ဒာ သူတော်ကောင်းတရား ဆုတ်ယုတ်ခြင်း အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း၊ ငါ့သျှင် အာနန္ဒာ သူတော်ကောင်းတရား မဆုတ်ယုတ်ခြင်း အကြောင်းအထောက်အပံ့ကားအဘယ်ပါနည်း”ဟု (ဆို၏)။

ငါ့သျှင်ဘဒ္ဒ ကောင်းပေစွ ကောင်းပေစွ၊ ငါ့သျှင်ဘဒ္ဒ သင်၏ ပြဿနာရှာခြင်းသည် ကောင်းပေ၏၊ သင်၏ စုံစမ်းခြင်း ဉာဏ်အမြင်သည် ကောင်းပေ၏၊ သင်၏ ဆွေးနွေးမေးမြန်းခြင်းသည် ကောင်းပေ၏။ ငါ့သျှင်ဘဒ္ဒ သင်သည် “ငါ့သျှင်အာနန္ဒာ သူတော်ကောင်းတရား ဆုတ်ယုတ်ခြင်း၏အကြောင်းအထောက်အပံ့ ကား အဘယ်ပါနည်း၊ ငါ့သျှင်အာနန္ဒာ သူတော်ကောင်းတရားမဆုတ်ယုတ်ခြင်း၏ အကြောင်းအထောက် အပံ့ကား အဘယ်ပါနည်း”ဟု ဤသို့ မေးမြန်းသည်မဟုတ်ပါလောဟု (ဆို၏)။ ငါ့သျှင် (အာနန္ဒာ)ဟုတ် ပါ၏။ ငါ့သျှင်ဘဒ္ဒ သတိပဋ္ဌာန်လေးပါးတို့ကိုမပွါးများခြင်းကြောင့် ကြိမ်ဖန်များစွာ မပြုလုပ်ခြင်းကြောင့် သူတော်ကောင်းတရား ဆုတ်ယုတ်ခြင်း ဖြစ်၏၊ သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများခြင်းကြောင့် ကြိမ်ဖန် များစွာ ပြုလုပ်ခြင်းကြောင့်သူတော်ကောင်းတရား မဆုတ်ယုတ်ခြင်း ဖြစ်၏။

အဘယ်လေးပါးတို့နည်း။ ငါ့သျှင် ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သောလုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်'အောက် မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက်သဘောတရားတို့၌ သဘော တရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။

ငါ့သျှင် ဤသတိပဋ္ဌာန်လေးပါးတို့ကို မပွါးများခြင်းကြောင့် ကြိမ်ဖန်များစွာ မပြုလုပ်ခြင်းကြောင့်သူတော်ကောင်းတရား ဆုတ်ယုတ်ခြင်း ဖြစ်၏၊ ဤသတိပဋ္ဌာန်လေးပါးတို့ကို ပွါးများခြင်းကြောင့် ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် သူတော်ကောင်းတရား မဆုတ်ယုတ်ခြင်း ဖြစ်၏ဟု (မိန့်ဆို၏)။

တတိယသုတ်။

--

၄-သုဒ္ဓသုတ်

၃၉၀။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ သတိပဋ္ဌာန်တို့ကား ဤလေးပါးတို့တည်း။ အဘယ်လေးပါးတို့ နည်း- ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက့်ရုပ် အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။

ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌ သဘောတရားတို့ကိုအကြိမ်ကြိမ် ရှုလေ့ရှိ သည် ဖြစ်၍ နေ၏။

ရဟန်းတို့ သတိပဋ္ဌာန်တို့ကား ဤလေးပါးတို့တည်းဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

၅-အညတရဗြာဟ္မဏသုတ်

၃၉၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည်အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ပုဏ္ဏားတစ်ယောက်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ -"အသျှင်ဂေါတမ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူသည်ရှိသော် သူတော်ကောင်းတရား ကြာရှည်စွာမတည်ခြင်း၏ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း၊ အသျှင်ဂေါတမ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူသည်ရှိသော် သူတော်ကောင်းတရား ကြာရှည်စွာ တည်ခြင်း၏ အကြောင်းအထောက်အပံ့ကားအဘယ်ပါနည်း”ဟု (လျှောက်၏)။

ပုဏ္ဏား သတိပဋ္ဌာန်လေးပါးတို့ကို မပွါးများခြင်းကြောင့် ကြိမ်ဖန်များစွာ မပြုလုပ်ခြင်းကြောင့် မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူသည်ရှိသော် သူတော်ကောင်းတရား ကြာရှည်စွာ မတည်၊ သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများခြင်းကြောင့် ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူသည်ရှိသော် သူတော်ကောင်းတရား ကြာရှည်စွာ တည်၏။

အဘယ်လေးပါးတို့နည်း။ ပုဏ္ဏား ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သောလုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်'အောက် မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက်သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။

--

ပုဏ္ဏား ဤသတိပဋ္ဌာန်လေးပါးတို့ကို မပွါးများခြင်းကြောင့် ကြိမ်ဖန်များစွာ မပြုလုပ်ခြင်းကြောင့်မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူသည်ရှိသော် သူတော်ကောင်းတရား ကြာရှည်စွာ မတည်၊ ဤသတိပဋ္ဌာန် လေးပါးတို့ကို ပွါးများခြင်းကြောင့် ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မြတ်စွာဘုရားပရိနိဗ္ဗာန်ပြုတော်မူ သည်ရှိသော် သူတော်ကောင်းတရား ကြာရှည်စွာ တည်၏ဟု (မိန့်တော်မူ၏)။

ဤသို့ မိန့်တော်မူသည်ရှိသော် ထိုပုဏ္ဏားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ -"အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်ကိုယနေ့မှ စ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သူ ဥပါသကာဟု မှတ်တော်မူပါ”ဟု (လျှောက်၏)။

ပဉ္စမသုတ်။

၆-ပဒေသသုတ်

၃၉၂။ အခါတစ်ပါး၌ အသျှင်သာရိပုတြာ အသျှင်မဟာမောဂ္ဂလာန်နှင့် အသျှင်အနုရုဒ္ဓါတို့သည်သာကေတမြို့ ကဏ္ဍကီတော၌ (သီတင်းသုံး) နေတော်မူကုန်၏၊ ထိုအခါ အသျှင်သာရိပုတြာနှင့် အသျှင့်မဟာမောဂ္ဂလာန်တို့သည် ညနေချမ်းအခါ တစ်ပါးတည်း ကိန်းအောင်းရာမှ ထတော်မူခဲ့ကုန်၍ အသျှင်အနုရုဒ္ဓါထံသို့ ချဉ်းကပ်ကုန်လျက် အသျှင်အနုရုဒ္ဓါနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးလျှင်တစ်ခုသော နေရာ၌ ထိုင်နေကုန်၏၊ တစ်ခုသော နေရာ၌ ထိုင်နေပြီးသောအသျှင်သာရိပုတြာသည်အသျှင် အနုရုဒ္ဓါအား ဤစကားကို ဆို၏-"ငါ့သျှင်အနုရုဒ္ဓါ ‘သေခပုဂ္ဂိုလ် သေခပုဂ္ဂိုလ်’ဟု ဆို၏၊ ငါ့သျှင်အဘယ်မျှ ဖြင့် ‘သေခပုဂ္ဂိုလ်’ ဖြစ်ပါသနည်း”ဟု (ဆို၏)။ ငါ့သျှင် သာရိပုတြာ သတိပဋ္ဌာန်လေးပါးတို့ကိုတစ်စိတ် တစ်ဒေသမျှ ပွါးများခြင်းကြောင့် ‘သေခပုဂ္ဂိုလ်’ ဖြစ်၏။

အဘယ်လေးပါးတို့နည်း။ ငါ့သျှင် ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သောလုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။

ငါ့သျှင် ဤသတိပဋ္ဌာန်လေးပါးတို့ကို တစ်စိတ်တစ်ဒေသမျှ ပွါးများခြင်းကြောင့် ‘သေခပုဂ္ဂိုလ်’ ဖြစ်၏ဟု (ဖြေဆို၏)။

ဆဋ္ဌသုတ်။

--

၇-သမတ္တသုတ်

၃၉၃။ ထိုနိဒါန်းပင်တည်း။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသောအသျှင်သာရိပုတြာသည် အသျှင်အနုရုဒ္ဓါအား ဤစကားကို ဆို၏- “ငါ့သျှင်အနုရုဒ္ဓါ ‘အသေခပုဂ္ဂိုလ် အသေခပုဂ္ဂိုလ်’ဟု ဆို၏၊ ငါ့သျှင်အဘယ်ကြောင့် ‘အသေခပုဂ္ဂိုလ်’ ဖြစ်ပါသနည်း”ဟု (ဆို၏)။ ငါ့သျှင်သာရိပုတြာ သတိပဋ္ဌာန်လေးပါးတို့ကို အပြည့်အစုံ ပွါးများခြင်းကြောင့် ‘အသေခပုဂ္ဂိုလ်’ ဖြစ်၏။

အဘယ်လေးပါးတို့နည်း။ ငါ့သျှင် ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သောလုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်'အောက် မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက်သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။

ငါ့သျှင် ဤသတိပဋ္ဌာန်လေးပါးတို့ကို အပြည့်အစုံ ပွါးများခြင်းကြောင့် ‘အသေခပုဂ္ဂိုလ်’ ဖြစ်၏ဟု (ဖြေဆို၏)။

သတ္တမသုတ်။

--

၈-လောကသုတ်

၃၉၄။ ထိုနိဒါန်းပင်တည်း။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသောအသျှင်သာရိပုတြာသည် အသျှင်အနုရုဒ္ဓါအား ဤစကားကို ဆို၏-"ငါ့သျှင်အနုရုဒ္ဓါ အဘယ်တရားတို့ကို ပွါးများခြင်းကြောင့် ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မြတ်သောအဘိညာဉ်နှင့် ပြည့်စုံခြင်းသို့ ရောက်ပါသနည်း”ဟု (ဆို၏)။ ငါ့သျှင်သာရိပုတြာ သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများခြင်းကြောင့် ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မြတ်သောအဘိညာဉ်နှင့် ပြည့်စုံခြင်းသို့ ရောက်၏။

အဘယ်လေးပါးတို့နည်း။ ငါ့သျှင် ဤသာသနာတော်၌ ငါသည် ပြင်းစွာ အားထုတ်သော လုံ့လရှိ သည့်ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကိုပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်'အောက်မေ့မှု ‘သတိ’ ရှိ သည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက်သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။

ငါ့သျှင် ငါသည် ဤသတိပဋ္ဌာန်လေးပါးတို့ကို ပွါးများခြင်းကြောင့် ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့်မြတ်သောအဘိညာဉ်နှင့် ပြည့်စုံခြင်းသို့ ရောက်ခဲ့၏။ ငါသည် ဤသတိပဋ္ဌာန်လေးပါးတို့ကို ပွါးများခြင်းကြောင့် ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် လောကတစ်ထောင်ကို ထူးသော ဉာဏ်ဖြင့် သိ၏ဟု (ဖြေဆို၏)။

အဋ္ဌမသုတ်။

၉-သိရိဝဍ္ဎသုတ်

၃၉၅။ အခါတစ်ပါး၌ အသျှင်အာနန္ဒာသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစာကျွေးရာ ဖြစ်သောဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ သိရိဝဍ္ဎသူကြွယ်သည် အနာရောဂါ နှိပ်စက်ရကားဆင်းရဲခြင်းသို့ ရောက်လျက် ပြင်းထန်စွာ မကျန်းမမာဖြစ်နေ၏၊ ထိုအခါ သိရိဝဍ္ဎသူကြွယ်သည် ယောကျ်ားတစ်ယောက်ကို ပြောကြား၏-"အမောင်ယောကျ်ား လာလော့၊ သင်သည် အသျှင်အာနန္ဒာထံသို့ချဉ်းကပ်၍ ငါ၏ စကားဖြင့် အသျှင် အာနန္ဒာ၏ ခြေတော်တို့ကို ဦးခိုက်ပါလော့၊ ‘အသျှင်ဘုရားသိရိဝဍ္ဎသူကြွယ်သည် အနာရောဂါနှိပ်စက်ရကား ဆင်းရဲခြင်းသို့ ရောက်လျက် ပြင်းထန်စွာ မကျန်းမမာဖြစ်နေပါ၏၊ ထို သူကြွယ်သည် အသျှင်အာနန္ဒာ၏ ခြေတော်တို့ကို ဦးခိုက်ပါ၏’ဟု လျှောက်လော့၊ အသျှင်ဘုရား တောင်း ပန်ပါ၏ ‘အသျှင်အာနန္ဒာသည် အစဉ်သနားသည်ကို အကြောင်းပြု၍သိရိဝဍ္ဎသူကြွယ်၏ အိမ်သို့ ချဉ်းကပ် တော်မူပါ’ဟု ဤသို့လည်း လျှောက်လော့”ဟု (ပြောကြား၏)။

--

ထိုယောကျ်ားသည် “အသျှင် ကောင်းပါပြီ”ဟု သိရိဝဍ္ဎသူကြွယ်အား ဝန်ခံပြီးနောက် အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်၍ အသျှင်အာနန္ဒာအား ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် အသျှင်အာနန္ဒာအား ဤစကားကို လျှောက်၏- “အသျှင်ဘုရား သိရိဝဍ္ဎသူကြွယ်သည် အနာရောဂါ နှိပ်စက်ရကားဆင်းရဲ ခြင်းသို့ ရောက်လျက် ပြင်းထန်စွာ မကျန်းမမာ ဖြစ်နေ၏၊ ထိုသူကြွယ်သည် အသျှင်အာနန္ဒာ၏ခြေတော် တို့ကို ဦးခိုက်ပါ၏၊ အသျှင်ဘုရား တောင်းပန်ပါ၏ ‘အသျှင်အာနန္ဒာသည် အစဉ်သနားသည်ကိုအကြောင်း ပြု၍ သိရိဝဍ္ဎသူကြွယ်၏ အိမ်သို့ ချဉ်းကပ်တော်မူပါ’ဟု ဤသို့လည်း လျှောက်လိုက်ပါ၏”ဟုလျှောက်၏။ အသျှင်အာနန္ဒာသည် ဆိတ်ဆိတ် နေခြင်းဖြင့် လက်ခံတော်မူ၏။

ထို့နောက် အသျှင်အာနန္ဒာသည် နံနက်အချိန် သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်ပြီးလျှင် သိရိဝဍ္ဎသူကြွယ်၏ နေအိမ်သို့ ချဉ်းကပ်ကာ ခင်းထားသော နေရာ၌ ထိုင်နေတော်မူ၍ သိရိဝဍ္ဎသူကြွယ်ကို “သူကြွယ် သင် ခန့်ကျန်းပါ၏လော၊ မျှတပါ၏လော၊ ဆင်းရဲဝေဒနာတို့သည် ဆုတ်ယုတ်ပါကုန်၏လော၊ မတိုးပွါးဘဲ ရှိပါကုန်၏လော၊ ဆင်းရဲဝေဒနာတို့သည် ဆုတ်ယုတ်၏ဟု ထင်ပါ၏လော၊ တိုးပွါး၏ဟု မထင်ဘဲ ရှိပါ၏လော”ဟု မေးတော်မူ၏။ အသျှင်ဘုရား အကျွန်ုပ်အား မခန့်ကျန်းပါ၊ မမျှတပါ၊ ဆင်းရဲဝေဒနာတို့သည် တိုးပွါးပါကုန်၏၊ မဆုတ်ယုတ်ပါကုန်၊ ဆင်းရဲဝေဒနာတို့သည် တိုးပွါး၏ဟု ထင်ပါ၏၊ ဆုတ်ယုတ်၏ဟု မထင်ပါဟု (လျှောက်၏)။

သူကြွယ် သို့ဖြစ်လျှင် သင်သည် ဤသို့ ကျင့်ရမည်-"ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေအံ့။ ဝေဒနာတို့၌။ပ။

စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်'အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေအံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်ဟုမိန့်တော်မူ၏။

အသျှင်ဘုရား မြတ်စွာဘုရား ဟောကြားတော်မူကုန်သော သတိပဋ္ဌာန်လေးပါးတို့သည် ရှိပါကုန်၏၊ ထိုတရားတို့သည်လည်း အကျွန်ုပ်၌ ရှိပါကုန်၏၊ အကျွန်ုပ်သည်လည်း ထိုတရားတို့၌ ကောင်းစွာ ထင်မြင်ပါ၏။ အသျှင်ဘုရား မှန်ပါ၏၊ အကျွန်ုပ်သည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကိုပယ်ဖျောက်လျက် ရုပ် အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေပါ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်'အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက်သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိ သည် ဖြစ်၍ နေပါ၏။ အသျှင်ဘုရားမြတ်စွာဘုရား ဟောကြားအပ်ကုန်သော အောက်ပိုင်းသံယောဇဉ် ငါးမျိုးတို့တွင် မိမိကိုယ်၌မပယ်ရသေးသော သံယောဇဉ်တစ်စုံတစ်ခုကိုမျှ အကျွန်ုပ် မမြင်ရပါဟု လျှောက် ၏။ သူကြွယ် သင်သည် (လူ့ဘဝကို) အရတော်ပေစွ၊ သင်သည် (လူ့ဘဝကို) ကောင်းစွာ ရအပ်ပေစွ၊ သူကြွယ် သင်သည်အနာဂါမိဖိုလ်ကို ဖြေကြားနိုင်၏ဟု (မိန့်ဆို၏)။

နဝမသုတ်။

--

၁၀-မာနဒိန္နသုတ်

၃၉၆။ ထိုနိဒါန်းပင်တည်း။ ထိုအခါ မာနဒိန္နသူကြွယ်သည် အနာရောဂါနှိပ်စက်ရကား ဆင်းရဲခြင်းသို့ရောက်လျက် ပြင်းထန်စွာ မကျန်းမမာဖြစ်နေ၏၊ ထိုအခါ မာနဒိန္နသူကြွယ်သည် ယောကျ်ားတစ်ယောက်ကိုပြောကြား၏- “အမောင်ယောကျ်ား လာလော့။ပ။” အသျှင်ဘုရား အကျွန်ုပ်အား မခန့်ကျန်းပါ၊ မမျှတပါ၊ ဆင်းရဲဝေဒနာတို့သည် တိုးပွါးပါကုန်၏၊ မဆုတ်ယုတ်ပါကုန်၊ ဆင်းရဲဝေဒနာတို့သည်တိုးပွါး၏ဟု ထင်ပါ၏၊ ဆုတ်ယုတ်၏ဟု မထင်ပါ။

အသျှင်ဘုရား တပည့်တော်သည် ဤသို့ သဘောရှိသော ဆင်းရဲဝေဒနာကို တွေ့ရပါသော်လည်း ပြင်းစွာအားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေပါ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက်သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေပါ၏။

အသျှင်ဘုရား မြတ်စွာဘုရား ဟောထားတော်မူသော အောက်ပိုင်းသံယောဇဉ် ငါးမျိုးတို့တွင် မိမိကိုယ်၌ မပယ်ရသေးသော သံယောဇဉ်တစ်စုံတစ်ခုကိုမျှ အကျွန်ုပ် မမြင်ရပါဟု လျှောက်၏။ သူကြွယ်သင်သည် (လူ့ဘဝကို) အရတော်ပေစွ၊ သင်သည် (လူ့ဘဝကို) ကောင်းစွာ ရအပ်ပေစွ၊ သူကြွယ် သင်သည် အနာဂါမိဖိုလ်ကို ဖြေကြားနိုင်၏ဟု (မိန့်ဆို၏)။

ဒသမသုတ်။

သုံးခုမြောက် သီလဋ္ဌိတိဝဂ် ပြီး၏။

--

၄-အနနုဿုတဝဂ်

၁-အနနုဿုတသုတ်

၃၉၇။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ဤသည်ကား ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုမှုတည်းဟု (ဘုရားမဖြစ်မီ) ရှေးက မကြားစဖူးကုန်သော တရားတို့၌ ငါ့အား ပညာမျက်စိသည် ထင်ရှားဖြစ်ပေါ်လာပြီ၊ အသိဉာဏ်သည် ထင်ရှားဖြစ်ပေါ်လာပြီ၊ အပြားအားဖြင့်သိမှု ‘ပညာ’ သည် ထင်ရှားဖြစ်ပေါ်လာပြီ၊ ထိုးထွင်း၍ သိမှု ‘ဝိဇ္ဇာ'သည် ထင်ရှားဖြစ်ပေါ်လာပြီ၊ ပညာအလင်းရောင်သည် ထင်ရှားဖြစ်ပေါ်လာပြီ။ ရဟန်းတို့ ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုမှုကို ငါသည် ပွါးများအပ်၏ ဟူ၍။ပ။ ပွါးများပြီးပြီ ဟူ၍ (ဘုရားမဖြစ်မီ) ရှေးက မကြားစဖူးကုန်သော တရားတို့၌ ငါ့အား ပညာမျက်စိသည် ထင်ရှားဖြစ်ပေါ်လာပြီ၊ အသိဉာဏ်သည် ထင်ရှားဖြစ်ပေါ်လာပြီ၊ အပြားအားဖြင့် သိမှု ‘ပညာ’ သည် ထင်ရှားဖြစ်ပေါ်လာပြီ၊ ထိုးထွင်း၍ သိမှု ‘ဝိဇ္ဇာ’ သည် ထင်ရှားဖြစ်ပေါ်လာပြီ၊ ပညာအလင်းရောင်သည်ထင်ရှားဖြစ်ပေါ် လာပြီ။

ရဟန်းတို့ ဤသည်ကား ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုမှတ်မှုတည်းဟု (ဘုရား မဖြစ်မီ) ရှေးက မကြားစဖူးကုန်သော တရားတို့၌ ငါ့အား ပညာမျက်စိသည် ထင်ရှားဖြစ်ပေါ်လာပြီ၊ အသိဉာဏ်သည် ထင်ရှားဖြစ်ပေါ်လာပြီ၊ အပြားအားဖြင့် သိမှု ‘ပညာ’ သည် ထင်ရှားဖြစ်ပေါ်လာပြီ၊ ထိုးထွင်း၍သိမှု ‘ဝိဇ္ဇာ’ သည် ထင်ရှားဖြစ်ပေါ်လာပြီ၊ ပညာအလင်းရောင်သည် ထင်ရှားဖြစ်ပေါ်လာပြီ။ ရဟန်းတို့ ဤဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုမှုကို ငါသည် ပွါးများအပ်၏ဟူ၍။ပ။ ပွါးများပြီးပြီဟူ၍ (ဘုရားမဖြစ်မီ) ရှေးက မကြားစဖူးကုန်သော တရားတို့၌ ငါ့အား ပညာမျက်စိသည် ထင်ရှားဖြစ်ပေါ်လာပြီ၊ အသိဉာဏ်သည် ထင်ရှားဖြစ်ပေါ်လာပြီ၊ အပြားအားဖြင့် သိမှု ‘ပညာ'သည် ထင်ရှားဖြစ်ပေါ်လာပြီ၊ ထိုးထွင်း၍ သိမှု ‘ဝိဇ္ဇာ’ သည် ထင်ရှားဖြစ်ပေါ်လာပြီ၊ ပညာအလင်းရောင်သည် ထင်ရှားဖြစ်ပေါ်လာပြီ။

ရဟန်းတို့ ဤသည်ကား စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုမှတ်မှုတည်းဟု (ဘုရားမဖြစ်မီ) ရှေးကမကြားစဖူးကုန်သော တရားတို့၌ ငါ့အား ပညာမျက်စိသည် ထင်ရှားဖြစ်ပေါ်လာပြီ၊ အသိဉာဏ်သည် ထင်ရှားဖြစ်ပေါ်လာပြီ၊ အပြားအားဖြင့် သိမှု ‘ပညာ’ သည် ထင်ရှားဖြစ်ပေါ်လာပြီ၊ ထိုးထွင်း၍သိမှု ‘ဝိဇ္ဇာ’ သည် ထင်ရှားဖြစ်ပေါ်လာပြီ၊ ပညာအလင်းရောင်သည် ထင်ရှားဖြစ်ပေါ်လာပြီ။ ရဟန်းတို့စိတ်၌ စိတ်ကို အကြိမ် ကြိမ် ရှုမှုကို ငါသည် ပွါးများအပ်၏ ဟူ၍။ပ။ ပွါးများပြီးပြီ ဟူ၍ (ဘုရားမဖြစ်မီ) ရှေးက မကြားစဖူးကုန် သော တရားတို့၌ ငါ့အား ပညာမျက်စိသည် ထင်ရှားဖြစ်ပေါ်လာပြီ၊ အသိဉာဏ်သည် ထင်ရှားဖြစ်ပေါ်လာ ပြီ၊ အပြားအားဖြင့် သိမှု ‘ပညာ’ သည် ထင်ရှားဖြစ်ပေါ်လာပြီ၊ ထိုးထွင်း၍ သိမှု ‘ဝိဇ္ဇာ'သည် ထင်ရှားဖြစ် ပေါ်လာပြီ၊ ပညာအလင်းရောင်သည် ထင်ရှားဖြစ်ပေါ်လာပြီ။

ရဟန်းတို့ ဤသည်ကား သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုမှတ်မှုတည်းဟု (ဘုရားမဖြစ်မီ) ရှေးက မကြားစဖူးကုန်သော တရားတို့၌ ငါ့အား ပညာမျက်စိသည် ထင်ရှားဖြစ်ပေါ်လာပြီ၊ အသိဉာဏ်သည် ထင်ရှားဖြစ်ပေါ်လာပြီ၊ အပြားအားဖြင့် သိမှု ‘ပညာ'သည် ထင်ရှားဖြစ်ပေါ်လာပြီ၊ ထိုးထွင်း၍ သိမှု ‘ဝိဇ္ဇာ’ သည် ထင်ရှားဖြစ်ပေါ်လာပြီ၊ ပညာအလင်းရောင်သည် ထင်ရှားဖြစ်ပေါ်လာပြီ။ ရဟန်းတို့ သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုမှုကို ငါသည် ပွါးများအပ်၏ ဟူ၍။ပ။

ပွါးများပြီးပြီ ဟူ၍ (ဘုရားမဖြစ်မီ) ရှေးက မကြားစဖူးကုန်သော တရားတို့၌ ငါ့အား ပညာမျက်စိသည်ထင်ရှားဖြစ်ပေါ်လာပြီ၊ အသိဉာဏ်သည် ထင်ရှားဖြစ်ပေါ်လာပြီ၊ အပြားအားဖြင့် သိမှု ‘ပညာ'သည်ထင်ရှား ဖြစ်ပေါ်လာပြီ၊ ထိုးထွင်း၍ သိမှု ‘ဝိဇ္ဇာ'သည် ထင်ရှားဖြစ်ပေါ်လာပြီ၊ ပညာအလင်းရောင်သည်ထင်ရှားဖြစ် ပေါ်လာပြီဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

--

၂-ဝိရာဂသုတ်

၃၉၈။ ရဟန်းတို့ ဤသတိပဋ္ဌာန်လေးပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိ့သော် စင်စစ် ငြီးငွေ့ခြင်းငှါ စွဲမက်မှု ‘ရာဂ’ ကင်းခြင်းငှါ (ကိလေသာ) ချုပ်ခြင်းငှါ (ကိလေသာ) ငြိမ်းအေးခြင်းငှါ ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ကိုယ်တိုင် သိခြင်းငှါ နိဗ္ဗာန်အလို့ငှါ ဖြစ်ကုန်၏။

အဘယ်လေးပါးတို့နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သောလုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍နေ၏။ ဝေဒနာ တို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်'အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက်သဘောတရားတို့၌ သဘော တရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။

ရဟန်းတို့ ဤသတိပဋ္ဌာန်လေးပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် စင်စစ်ငြီးငွေ့ခြင်းငှါ စွဲမက်မှု ‘ရာဂ’ ကင်းခြင်းငှါ (ကိလေသာ) ချုပ်ခြင်းငှါ (ကိလေသာ) ငြိမ်းအေးခြင်းငှါထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ကိုယ်တိုင် သိခြင်းငှါ နိဗ္ဗာန်အလို့ငှါ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

--

၃-ဝိရဒ္ဓသုတ်

၃၉၉။ ရဟန်းတို့ သတိပဋ္ဌာန်လေးပါးတို့ကို ချွတ်ယွင်းစေသူ ဟူသမျှတို့အား ကောင်းစွာ ဆင်းရဲ၏ကုန်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အရိယမဂ်ကို ချွတ်ယွင်းစေသည် မည်၏၊ ရဟန်းတို့ သတိပဋ္ဌာန်လေးပါးတို့ကို အားထုတ်ကြသူ ဟူသမျှတို့အား ကောင်းစွာ ဆင်းရဲ၏ ကုန်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းအရိယမဂ်ကို အားထုတ်အပ်သည် မည်၏။

အဘယ်လေးပါးတို့နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သောလုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ဝေဒနာ တို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကိုပယ်ဖျောက်လျက် သဘောတရားတို့၌ သဘော တရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။

ရဟန်းတို့ ဤသတိပဋ္ဌာန်လေးပါးတို့ကို ချွတ်ယွင်းစေသူ ဟူသမျှတို့အား ကောင်းစွာ ဆင်းရဲ၏ ကုန်ရာနိဗ္ဗာန်သို့ ရောက်ကြောင်း အရိယမဂ်ကို ချွတ်ယွင်းစေသည် မည်၏၊ ရဟန်းတို့ ဤသတိပဋ္ဌာန်လေးပါးတို့ကို အားထုတ်ကြသူ ဟူသမျှတို့အား ကောင်းစွာ ဆင်းရဲ၏ ကုန်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းအရိယမဂ်ကို အားထုတ်အပ်သည် မည်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။

၄-ဘာဝိတသုတ်

၄၀၀။ ရဟန်းတို့ ဤသတိပဋ္ဌာန်လေးပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် (သံသရာဝဋ်ဟူသော) ဤဘက်ကမ်းမှ (နိဗ္ဗာန်ဟူသော) ထိုဘက်ကမ်းသို့ သွားခြင်းငှါ ဖြစ်ကုန်၏။

အဘယ်လေးပါးတို့နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သောလုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ဝေဒနာ တို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို့ပယ်ဖျောက်လျက် သဘောတရားတို့၌ သဘော တရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။

ရဟန်းတို့ ဤသတိပဋ္ဌာန်လေးပါးတို့ကို ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် (သံသရာဝဋ်ဟူသော) ဤဘက်ကမ်းမှ (နိဗ္ဗာန်ဟူသော) ထိုဘက်ကမ်းသို့ သွားခြင်းငှါ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

--

၅- သတိသုတ်

၄၀၁။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ရဟန်းသည် အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်'နှင့်ပြည့်စုံသည် ဖြစ်၍ နေရာ၏၊ ဤသည်ကား သင်တို့အတွက် ငါတို့၏ အဆုံးအမပင်တည်း။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အောက်မေ့မှု ‘သတိ'နှင့် ပြည့်စုံသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်'အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာအားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် သတိနှင့် ပြည့်စုံ၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်'နှင့် ပြည့်စုံသနည်း။ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းအား ခံစားမှု ‘ဝေဒနာ'တို့သည် ထင်ရှားစွာ ဖြစ်ကုန်၏၊ ထင်ရှားစွာ ထင်ကုန်၏၊ ထင်ရှားစွာ ချုပ်ခြင်းသို့ ရောက်ကုန်၏။ ကြံစည်မှု ‘ဝိတက်'တို့သည် ထင်ရှားစွာ ဖြစ်ကုန်၏၊ ထင်ရှားစွာထင်ကုန်၏၊ ထင်ရှားစွာ ချုပ်ခြင်းသို့ ရောက်ကုန်၏။ မှတ်သားမှု ‘သညာ'တို့သည် ထင်ရှားစွာ ဖြစ်ကုန်၏၊ ထင်ရှားစွာ ထင်ကုန်၏၊ ထင်ရှားစွာ ချုပ်ခြင်းသို့ ရောက်ကုန်၏။ ရဟန်းတို့ ဤသို့ သိသော ရဟန်းသည် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်'နှင့် ပြည့်စုံ၏။

ရဟန်းတို့ ရဟန်းသည် အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်'နှင့် ပြည့်စုံသည် ဖြစ်၍ နေရာ၏။ ဤသည်ကား သင်တို့အတွက် ငါဘုရားတို့၏ အဆုံးအမတည်းဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

၆-အညာသုတ်

၄၀၂။ ရဟန်းတို့ သတိပဋ္ဌာန်တို့ကား ဤလေးပါးတို့တည်း။ အဘယ်လေးပါးတို့နည်း၊ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်'အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာအားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ရဟန်းတို့ သတိပဋ္ဌာန်တို့ကား ဤလေးပါးတို့တည်း။

--

ရဟန်းတို့ ဤသတိပဋ္ဌာန်တို့ကို ပွါးများခြင်းကြောင့် ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မျက်မှောက်ဘဝ၌ပင် အရဟတ္တဖိုလ်ကို ရနိုင်ခြင်း ဥပါဒါန်အကြွင်းအကျန် ရှိခဲ့သော် အနာဂါမိဖိုလ်ကို ရနိုင်ခြင်းဟူသောအကျိုးနှစ်ပါးတို့တွင် အကျိုးတစ်ပါးပါးကို (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်အပ်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

၇- ဆန္ဒသုတ်

၄၀၃။ ရဟန်းတို့ သတိပဋ္ဌာန်တို့ကား ဤလေးပါးတို့တည်း။ အဘယ်လေးပါးတို့နည်း၊ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်'အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေသော ထိုရဟန်းအား ရုပ်အပေါင်း၌ ဖြစ်သောအလို ‘ဆန္ဒ’ ကင်းပျောက်၏၊ အလို ‘ဆန္ဒ'ကင်းပျောက်ခြင်းကြောင့် အမြိုက်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်၏။

ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေသော ထိုရဟန်းအား ဝေဒနာတို့၌ ဖြစ်သောအလို ‘ဆန္ဒ’ ကင်းပျောက်၏၊ အလို ‘ဆန္ဒ’ ကင်းပျောက်ခြင်းကြောင့်အမြိုက် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်၏။

ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍နေ၏။ စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေသော ထိုရဟန်းအား စိတ်၌ ဖြစ်သောအလို ‘ဆန္ဒ’ ကင်းပျောက်၏၊ အလို ‘ဆန္ဒ’ ကင်းပျောက်ခြင်းကြောင့် အမြိုက်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်၏။

ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌ သဘောတရားတို့ကိုအကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေသော ထိုရဟန်းအား သဘောတရားတို့၌ ဖြစ်သောအလို ‘ဆန္ဒ’ ကင်းပျောက်၏၊ အလို ‘ဆန္ဒ’ ကင်းပျောက်ခြင်းကြောင့် အမြိုက်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်၏။

သတ္တမသုတ်။

--

၈-ပရိညာတသုတ်

၄၀၄။ ရဟန်းတို့ သတိပဋ္ဌာန်တို့ကား ဤလေးပါးတို့တည်း။ အဘယ်လေးပါးတို့နည်း၊ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်'အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေသော ထိုရဟန်းသည် ရုပ်အပေါင်းကို ပိုင်းခြား၍ သိ၏၊ ရုပ်အပေါင်းကို ပိုင်းခြား၍သိခြင်း ကြောင့် အမြိုက်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်၏။

ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေသော ထိုရဟန်းသည် ဝေဒနာတို့ကို ပိုင်းခြား၍ သိကုန်၏၊ ဝေဒနာတို့ကို ပိုင်းခြား၍ သိခြင်းကြောင့် အမြိုက်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်၏။

ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍့လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍နေ၏။ စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေသော ထိုရဟန်းသည် စိတ်ကို ပိုင်း ခြား၍သိ၏၊ စိတ်ကို ပိုင်းခြား၍ သိခြင်းကြောင့် အမြိုက်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်၏။

ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌ သဘောတရားတို့ကိုအကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေသော ထိုရဟန်းသည် သဘောတရားတို့ကို ပိုင်းခြား၍ သိကုန်၏၊ သဘောတရားတို့ကိုပိုင်းခြား၍ သိခြင်းကြောင့် အမြိုက်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

--

၉-ဘာဝနာသုတ်

၄၀၅။ ရဟန်းတို့ သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများမှု “သတိပဋ္ဌာနဘာဝနာ”ကို ဟောကြားပေအံ့၊ ထိုတရားကို နာကြကုန်လော့။

ရဟန်းတို့ သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများမှုဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာ တော်၌ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကိုအကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကိုပယ်ဖျောက်လျက် သဘောတရားတို့၌ သဘေားတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ရဟန်းတို့ ဤသည်ကား သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများမှုပင်တည်းဟု (မိန့်တော်မူ၏)။

နဝမသုတ်။

၁၀-ဝိဘင်္ဂသုတ်

၄၀၆။ ရဟန်းတို့ သတိပဋ္ဌာန်ကိုလည်းကောင်း၊ သတိပဋ္ဌာန်ပွါးများခြင်းကိုလည်းကောင်း၊ သတိပဋ္ဌာန်ပွါးများခြင်းသို့ ရောက်ကြောင်းအကျင့်ကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကိုနာကြ ကုန်လော့။

ရဟန်းတို့ သတိပဋ္ဌာန်ကား အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာအားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍နေ၏။ ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ပ။ စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်'အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ရဟန်းတို့ ဤသည်ကို သတိပဋ္ဌာန်ဟုဆိုအပ်၏။

ရဟန်းတို့ သတိပဋ္ဌာန်ပွါးများခြင်းဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်း သည်ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍ နေ၏၊ ရုပ်အပေါင်း၌ ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏၊ ရုပ်အပေါင်း၌ ဖြစ်ခြင်းပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ဝေဒနာတို့၌ဖြစ်ခြင်း သဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏၊ ဝေဒနာတို့၌ ပျက်ခြင်းသဘောကိုအကြိမ်ကြိမ်ရှု လေ့ရှိသည် ဖြစ်၍ နေ၏၊ ဝေဒနာတို့၌ ဖြစ်ခြင်းပျက်ခြင်းသဘောကို အကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ စိတ်၌ ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ပ။

--

ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌ ဖြစ်ခြင်းသဘောကိုအကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏၊ သဘောတရားတို့၌ ပျက်ခြင်းသဘောကို အကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍ နေ၏၊ သဘောတရားတို့၌ ဖြစ်ခြင်းပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ရဟန်းတို့ ဤသည်ကို သတိပဋ္ဌာန် ပွါးများခြင်းဟု ဆိုအပ်၏။

ရဟန်းတို့ သတိပဋ္ဌာန်ပွါးများခြင်းသို့ ရောက်ကြောင်းအကျင့်ဟူသည် အဘယ်နည်း။ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ပင်တည်း။ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်သည် အဘယ်နည်း၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’၊ မှန်ကန်သောအကြံ ‘သမ္မာသင်္ကပ္ပ’၊ မှန်ကန်သော စကား ‘သမ္မာဝါစာ’၊ မှန်ကန်သောအလုပ် ‘သမ္မာကမ္မန္တ’၊ မှန်ကန်သောအသက်မွေးမှု ‘သမ္မာအာဇီဝ’၊ မှန်ကန်သောအားထုတ်မှု ‘သမ္မာဝါယာမ’၊ မှန်ကန်သော အောက်မေ့မှု ‘သမ္မာသတိ’၊ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ တို့တည်း။ ရဟန်းတို့ဤအရိယမဂ်ကို သတိပဋ္ဌာန်ပွါးများခြင်းသို့ ရောက်ကြောင်းအကျင့်ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

လေးခုမြောက် အနနုဿုတဝဂ် ပြီး၏။

--

၅-အမတဝဂ်

၁-အမတသုတ်

၄၀၇။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ သတိပဋ္ဌာန်လေးပါးတို့၌ ကောင်းစွာ တည်သော စိတ်ရှိသည် ဖြစ်၍နေကြကုန်လော့၊ သင်တို့အား အမြိုက်နိဗ္ဗာန်သည် မပျက်စီးပါစေလင့်။ အဘယ်လေးပါးတို့နည်း၊

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက်ရုပ် အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။

ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌ သဘောတရားတို့ကိုအကြိမ်ကြိမ် ရှုလေ့ရှိ သည် ဖြစ်၍ နေ၏။

ရဟန်းတို့ ဤသတိပဋ္ဌာန်လေးပါးတို့၌ ကောင်းစွာ တည်သော စိတ်ရှိသည် ဖြစ်၍ နေကြကုန်လော့၊ သင်တို့အား အမြိုက်နိဗ္ဗာန်သည် မပျက်စီးပါစေလင့်ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

၂-သမုဒယသုတ်

၄၀၈။ ရဟန်းတို့ သတိပဋ္ဌာန်လေးပါးတို့၏ ဖြစ်ကြောင်းကိုလည်းကောင်း၊ ချုပ်ကြောင်းကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ ရုပ်အပေါင်း၏ ဖြစ်ကြောင်းကားအဘယ် နည်း၊

အာဟာရ ဖြစ်ခြင်းကြောင့် ရုပ်အပေါင်း ဖြစ်ပေါ်၏၊ အာဟာရ ချုပ်ခြင်းကြောင့် ရုပ်အပေါင်း ချုပ်၏။ ဖဿ ဖြစ်ခြင်းကြောင့် ဝေဒနာတို့ ဖြစ်၏၊ ဖဿ ချုပ်ခြင်းကြောင့် ဝေဒနာတို့ ချုပ်၏။ နာမ်ရုပ် ဖြစ်ခြင်းကြောင့် စိတ် ဖြစ်၏၊ နာမ်ရုပ် ချုပ်ခြင်းကြောင့် စိတ် ချုပ်၏။ နှလုံးသွင်းမှု ဖြစ်ခြင်းကြောင့် သဘော့တရားတို့ ဖြစ်၏၊ နှလုံးသွင်းမှု ချုပ်ခြင်းကြောင့် သဘောတရားတို့ ချုပ်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

--

၃-မဂ္ဂသုတ်

၄၀၉။ သာဝတ္ထိနိဒါန်း။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏- ရဟန်းတို့ အခါတစ်ပါး၌ ငါဘုရားသည် ဘုရားဖြစ်တော်မူစ ဥရုဝေလတော နေရဉ္ဇရာမြစ်ကမ်းနားဝယ် အဇပါလပညောင်ပင်ရင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ ဆိတ်ငြိမ်ရာသို့ ကပ်လျက် တစ်ပါးတည်း ကိန်းအောင်းနေသော ငါ့အား ဤသို့ အကြံ ဖြစ်၏- ဤခရီးလမ်းသည် သတ္တဝါတို့၏ စိတ်စင်ကြယ်ရန် စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကို လွန်မြောက်ရန် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့ ချုပ်ငြိမ်းရန် အရိယမဂ်ကို ရရန်နိဗ္ဗာန်ကို မျက်မှောက်ပြုရန် တစ်ကြောင်းတည်းသော ခရီးလမ်း ဖြစ်ပေ၏၊ ယင်းသည့်ခရီးလမ်းကား ဤသတိပဋ္ဌာန်လေးပါးတို့တည်း။

အဘယ်လေးပါးတို့နည်း။ ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက်ရုပ် အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေရာ၏။ ရဟန်းသည်ဝေဒနာတို့၌မူလည်း ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေရာ၏။ပ။ ရဟန်းသည်စိတ်၌မူလည်း စိတ်ကို အကြိမ် ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေရာ၏။ပ။ ရဟန်းသည် ပြင်းစွာအားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍ နေရာ၏။

ဤလမ်းခရီးသည် သတ္တဝါတို့၏ စိတ်စင်ကြယ်ရန် စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကို လွန်မြောက်ရန်ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့ ချုပ်ငြိမ်းရန် အရိယမဂ်ကို ရရန် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် တစ်ကြောင်းတည်းသော ခရီးလမ်း ဖြစ်ပေ၏၊ ယင်းသည့် ခရီးလမ်းကား ဤသတိပဋ္ဌာန်လေးပါးတို့တည်းဟုအကြံ ဖြစ်၏။

ရဟန်းတို့ ထိုအခါ သဟမ္ပတိဗြဟ္မာသည် ငါ၏ စိတ်အကြံကို (သူ၏) စိတ်ဖြင့် သိ၍ အားရှိသောယောကျ်ားသည် ကွေးသော လက်မောင်းကို ဆန့်ရာသကဲ့သို့လည်းကောင်း၊ ဆန့်သော လက်မောင်းကိုကွေးရာသကဲ့သို့လည်းကောင်း ထို့အတူပင် ဗြဟ္မာ့ဘုံမှ ကွယ်ခဲ့၍ ငါ၏ ရှေ့၌ (ကိုယ်) ထင်ရှားဖြစ်ပေါ်လာ ၏။ ရဟန်းတို့ ထိုအခါ သဟမ္ပတိဗြဟ္မာသည် ပခုံးတစ်ဖက်၌ ကိုယ်ရုံကို တင်လျက်ငါဘုရားထံသို့ လက် အုပ်ချီ၍ ငါဘုရားအား ဤစကားကို လျှောက်၏- ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဤစကား သည် ဤအတိုင်း မှန်ပါ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သောမြတ်စွာဘုရား ဤစကားသည် ဤအတိုင်း မှန်ပါ၏၊ အသျှင်ဘုရား ဤလမ်းခရီးသည် သတ္တဝါတို့၏စိတ်စင်ကြယ်ရန် စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကို လွန်မြောက်ရန် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့ချုပ်ငြိမ်းရန် အရိယမဂ်ကို ရရန် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် တစ်ကြောင်းတည်းသော ခရီးလမ်းဖြစ်ပေ၏၊ ယင်းသည့်ခရီးလမ်းကား ဤသတိပဋ္ဌာန် လေးပါးတို့တည်း။

အဘယ်လေးပါးတို့နည်း။ အသျှင်ဘုရား ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေရာ၏။ ဝေဒနာတို့၌မူလည်း။ပ။

--

စိတ်၌မူလည်း။ပ။ အသျှင်ဘုရား ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို့ပယ်ဖျောက်လျက် သဘော တရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍နေရာ၏။

အသျှင်ဘုရား ဤခရီးလမ်းသည် သတ္တဝါတို့၏ စိတ်စင်ကြယ်ရန် စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကိုလွန်မြောက်ရန် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့ ချုပ်ငြိမ်းရန် အရိယမဂ်ကို ရရန် နိဗ္ဗာန်ကို မျက်မှောက်ပြုရန်တစ်ကြောင်းတည်းသော ခရီးလမ်း ဖြစ်ပေ၏၊ ယင်းသည့်ခရီးလမ်းကား ဤသတိပဋ္ဌာန်လေးပါးတို့ပါတည်းဟု သဟမ္ပတိဗြဟ္မာသည် ဤစကားကို လျှောက်၏။

ဤစကားကို လျှောက်ပြီးနောက် တစ်ပါးသော ဤဂါထာကို လျှောက်ပြန်၏-

“ဇာတိ၏ ကုန်ရာ (နိဗ္ဗာန်) ကို မြင်တော်မူသော သတ္တဝါတို့၏ စီးပွါးကို အစဉ်စောင့် ရှောက်တော်မူသော မြတ်စွာဘုရားသည် တစ်ကြောင်းတည်းသော (သတိပဋ္ဌာန်) လမ်းကို သိတော်မူ၏၊ ဤသတိပဋ္ဌာန်လမ်းဖြင့် (အရိယာ သူတော်ကောင်းတို့သည်) သတ္တဝါတို့ကို နစ်မွန်းစေတတ်သော ဩဃကိုရှေးက လည်း ကူးမြောက်ကုန်ပြီ၊ (နောက်၌လည်း) ကူးမြောက်ကုန်လတ္တံ့၊ (ယခုလည်း) ကူးမြောက်ဆဲဖြစ်ကုန်၏”ဟု (လျှောက်ထားလေ၏)။

တတိယသုတ်။

၄-သတိသုတ်

၄၁၀။ ရဟန်းတို့ ရဟန်းသည် သတိနှင့် ပြည့်စုံသည် ဖြစ်၍ နေရာ၏၊ ဤသည်ကား သင်တို့ အတွက်ငါဘုရားတို့၏ အဆုံးအမတည်း။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် သတိနှင့် ပြည့်စုံရာ သနည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက်ရုပ် အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။

ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌ သဘောတရားတို့ကိုအကြိမ်ကြိမ် ရှုလေ့ရှိ သည် ဖြစ်၍ နေ၏။

ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် သတိနှင့် ပြည့်စုံသည် ဖြစ်၍ နေရာ၏၊ ဤသည်ကား သင်တို့အတွက် ငါဘုရားတို့၏ အဆုံးအမတည်းဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

--

၅-ကုသလရာသိသုတ်

၄၁၁။ ရဟန်းတို့ “ကုသိုလ်အစု”ဟု ဆိုသော သူသည် ကောင်းစွာ ဆိုလိုခဲ့မူ သတိပဋ္ဌာန်လေးပါးတို့ကို ဆိုရာ၏။ ရဟန်းတို့ မှန်၏၊ ဤသတိပဋ္ဌာန်လေးပါးတို့သည် ကုသိုလ်အစု သက်သက်သာ ဖြစ်၏။

အဘယ်လေးပါးတို့နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သောလုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ဝေဒနာ တို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကိုပယ်ဖျောက်လျက် သဘောတရားတို့၌ သဘော တရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။

ရဟန်းတို့ “ကုသိုလ်အစု”ဟု ဆိုသော သူသည် ကောင်းစွာ ဆိုလိုခဲ့မူ ဤသတိပဋ္ဌာန်လေးပါးတို့ကို သာဆိုရာ၏။ ရဟန်းတို့ ဤသတိပဋ္ဌာန်လေးပါးတို့သည် ကုသိုလ်အစု သက်သက်သာ ဖြစ်၏ဟု (မိန့့်တော်မူ၏)။

ပဉ္စမသုတ်။

၆-ပါတိမောက္ခသံဝရသုတ်

၄၁၂။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံ ချဉ်းကပ်ပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-

အသျှင်ဘုရား တောင်းပန်ပါ၏၊ အကျွန်ုပ်အား မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် တရားဟောတော်မူပါ၊ အကျွန်ုပ်သည် မြတ်စွာဘုရား၏ ယင်းတရားတော်ကို ကြားနာရသည်ရှိသော် တစ်ပါးတည်းဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ ပြင်းစွာ အားထုတ်ကာ နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိသည်ဖြစ်၍ နေလိုပါ၏ဟု (လျှောက်၏)။ ရဟန်း သို့ဖြစ်လျှင် သင်သည် ကုသိုလ်တရားတို့၌ အစကိုပင် သုတ်သင်လော့။ ကုသိုလ်တရားတို့၏ အစကား အဘယ်နည်း၊ ရဟန်း ဤသာသနာတော်၌ သင်သည် ပါတိမောက္ခသံဝရသီလကို စောင့်စည်း၍ နေလော့၊ အကျင့် ‘အာစာရ’ ကျက်စားရာ ‘ဂေါစရ’ နှင့် ပြည့်စုံသည်ဖြစ်၍ အနည်းငယ်မျှသောအပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ရှိသည် ဖြစ်၍ နေလော့၊ သိက္ခာပုဒ်တို့ကို ကောင်းစွာ ဆောက်တည်၍ ကျင့်လော့။ ရဟန်း အကြင်အခါ သင်သည်ပါတိမောက္ခသံဝရသီလကို စောင့်စည်းသည် ဖြစ်၍ အကျင့် ‘အာစာရ’ ကျက်စားရာ ‘ဂေါစရ'နှင့်ပြည့်စုံသည် ဖြစ်၍ အနည်းငယ်မျှ သောအပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ရှိသည် ဖြစ်၍နေလိမ့်မည်၊ သိက္ခာပုဒ်တို့ကို ဆောက်တည်၍ ကျင့်လိမ့်မည်၊ ထိုအခါ သင်သည် သီလကို မှီ၍ သီလ၌တည်၍ သတိပဋ္ဌာန်လေးပါးတို့ကို ပါွးများရာ၏ (ပွါးများလော့)။

--

အဘယ်လေးပါးတို့နည်း။ ရဟန်း ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သောလုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍နေလော့။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက် မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကိုပယ်ဖျောက်လျက် သဘောတရားတို့၌ သဘော တရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍နေလော့။ ရဟန်း အကြင်အခါ သင်သည် သီလကို မှီ၍ သီလ၌ တည်၍ ဤသတိပဋ္ဌာန်လေးပါးတို့ကိုဤသို့ ပါွးများလတ္တံ့၊ ထိုအခါ သင့်အား ရောက်လာသော ညဉ့်နေ့တို့ဝယ် ကုသိုလ်တရားတို့၌တိုးပွားခြင်းကိုသာ (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်အပ်၏၊ ဆုတ် ယုတ်ခြင်းကို မမျှော်လင့်အပ်ဟု (မိန့်တော်မူ၏)။ ထိုအခါ ထိုရဟန်းသည် မြတ်စွာဘုရား ဟောကြားအပ် သော တရားတော်ကိုအလွန်နှစ်သက်ဝမ်းမြောက်ကာ နေရာမှ ထ၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရို အသေပြုကာဖဲခွါသွားလေ၏။

ထို့နောက် ထိုရဟန်းသည် တစ်ဦးတည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ ပြင်းစွာအားထုတ်ကာ နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိသည် ဖြစ်၍ နေလတ်သော် ကောင်းစွာသာလျှင်လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် (ရဟန်းပြု) ကုန်သောအမျိုးသားများ လိုလားအပ်သောအတုမရှိသောအကျင့်မြတ်၏ အဆုံးဖြစ်သောအရဟတ္တဖိုလ်အကျိုးကို မကြာမီ မျက်မှောက်ဘဝ၌ပင်ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေရ၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ်မရှိတော့ပြီ”ဟု သိ၏၊ ထိုရဟန်းသည် လည်း ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်လေ၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

၇-ဒုစ္စရိတသုတ်

၄၁၃။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- အသျှင်ဘုရား တောင်းပန်ပါ၏၊ အကျွန်ုပ်အားမြတ်စွာဘုရားသည် အကျဉ်းအားဖြင့် တရားဟောတော်မူပါ၊ အကျွန်ုပ်သည် မြတ်စွာဘုရား၏ ယင်းတရားတော်ကို ကြားနာရသည်ရှိသော် တစ်ပါးတည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ ပြင်းစွာအားထုတ်ကာ နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိသည် ဖြစ်၍ နေလိုပါ၏ဟု (လျှောက်၏)။ ရဟန်း သို့ဖြစ်လျှင် သင်သည် ကုသိုလ်တရားတို့၌ အစကိုပင် သုတ်သင်လော့။ ကုသိုလ်တရားတို့၏ အစကား အဘယ်နည်း၊ ရဟန်း ဤသာသနာတော်၌ သင်သည် ကာယဒုစရိုက်ကို ပယ်၍ ကာယသုစရိုက်ကို ပွါးများလတ္တံ့၊ ဝစီဒုစရိုက်ကို ပယ်၍ ဝစီသုစရိုက်ကို ပွါးများလတ္တံ့၊ မနောဒုစရိုက်ကို ပယ်၍ မနောသုစရိုက် ပွါးများလတ္တံ့။ ရဟန်း သင်သည် အကြင်အခါ ကာယဒုစရိုက်ကို ပယ်၍ ကာယသုစရိုက်ကို ပွါးများလတ္တံ့၊ ဝစီဒုစရိုက်ကိုပယ်၍ ဝစီသုစရိုက်ကို ပွါးများလတ္တံ့၊ မနောဒုစရိုက်ကို ပယ်၍ မနောသုစရိုက်ကို ပွါးများလတ္တံ့၊ ထိုအခါသင်သည် သီလကို မှီ၍ သီလ၌ တည်၍ သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများရာ၏ (ပွါးများလေလော့)။

--

အဘယ်လေးပါးတို့နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သောလုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေလော့။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက် မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကိုပယ်ဖျောက်လျက် သဘောတရားတို့၌ သဘော တရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍နေလော့။ ရဟန်း အကြင်အခါ သင်သည် သီလကို မှီ၍ သီလ၌ တည်၍ ဤသတိပဋ္ဌာန်လေးပါးတို့ကိုပွါးများလတ္တံ့၊ ထိုအခါ သင့်အား ရောက်လာသော ညဉ့်နေ့ တို့ဝယ် ကုသိုလ်တရားတို့၌တိုးပွားခြင်းကိုသာ (မချွတ်ရလိမ့်ဟု) မျှော်လင့်အပ်၏၊ ဆုတ်ယုတ်ခြင်းကို မမျှော်လင့်အပ်ဟု (မိန့်တော်မူ၏)။ပ။ ထိုရဟန်းသည်လည်း ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်လေ၏။

သတ္တမသုတ်။

၈-မိတ္တသုတ်

၄၁၄။ ရဟန်းတို့ သင်တို့သည် အစဉ်သနားစောင့်ရှောက်ထိုက်ကုန်သော မိမိစကားကို နာယူလိမ့်မည်ဟု မှတ်ထင်ရကုန်သော မိတ်ဆွေ ခင်ပွန်း ဆွေမျိုး သားချင်းတို့အား သတိပဋ္ဌာန်လေးပါးတို့ကိုပွါးများရန် ဆောက်တည်စေအပ်ကုန်၏၊ သွင်းထားအပ်ကုန်၏၊ တည်စေအပ်ကုန်၏။

အဘယ်လေးပါးတို့နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သောလုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ဝေဒနာ တို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကိုပယ်ဖျောက်လျက် သဘောတရားတို့၌ သဘော တရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။

ရဟန်းတို့ သင်တို့သည် အစဉ်သနားစောင့်ရှောက်ထိုက်ကုန်သော မိမိစကားကို နာယူလိမ့်မည်ဟုမှတ်ထင်ရကုန်သော မိတ်ဆွေ ခင်ပွန်း ဆွေမျိုး သားချင်းတို့အား ဤသတိပဋ္ဌာန်လေးပါးတို့ကို ပွါးများရန့်ဆောက်တည် စေအပ်ကုန်၏၊ သွင်းထားအပ်ကုန်၏၊ တည်စေအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

--

၉-ဝေဒနာသုတ်

၄၁၅။ ရဟန်းတို့ ဝေဒနာတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်း၊ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာတို့တည်း။ ရဟန်းတို့ ဝေဒနာတို့ကား ဤသုံးမျိုးတို့ပင်တည်း။ ရဟန်းတို့ဤဝေဒနာသုံးမျိုးတို့ကို ပိုင်းခြား၍ သိခြင်းငှါ သတိပဋ္ဌာန်လေးပါးတို့ကို ပွါများအပ်ကုန်၏။

အဘယ်လေးပါးတို့နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သောလုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ဝေဒနာ တို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကိုပယ်ဖျောက်လျက် သဘောတရားတို့၌ သဘော တရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ရဟန်းတို့ ဤဝေဒနာသုံးမျိုးတို့ကို ပိုင်းခြား၍ သိခြင်းငှါ ဤသတိပဋ္ဌာန်လေးပါးတို့ကိုပွါးများအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။

၁၀-အာသဝသုတ်

၄၁၆။ ရဟန်းတို့ အာသဝတရားတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်း၊ ကာမာ သဝ၊ ဘဝါသဝ၊ အဝိဇ္ဇာသဝတို့တည်း။ ရဟန်းတို့ အာသဝတရားတို့ကား ဤသုံးမျိုးတို့ပင်တည်း။ ရဟန်းတို့ဤအာသဝတရားသုံးမျိုးတို့ကို ပယ်ခြင်းငှါ သတိပဋ္ဌာန်လေးပါးတို့ကို ပွါများအပ်ကုန်၏။

အဘယ်လေးပါးတို့နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သောလုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ဝေဒနာ တို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကိုပယ်ဖျောက်လျက် သဘောတရားတို့၌ သဘော တရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ရဟန်းတို့ ဤအာသဝသုံးမျိုးတို့ကို ပယ်ခြင်းငှါ ဤသတိပဋ္ဌာန်လေးပါးတို့ကို ပွါများအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ငါးခုမြောက် အမတဝဂ် ပြီး၏။

--

၆-ဂင်္ဂါပေယျာလဝဂ်

၁-၁၂-ဂင်္ဂါ နဒီစသော ၁၂-သုတ်

၄၁၇-၄၂၈။ ရဟန်းတို့ ဥပမာသော်ကား ဂင်္ဂါမြစ်သည် အရှေ့အရပ်သို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ထို့အတူပင် ရဟန်းသည် သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော်နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်း၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ့ပြုလုပ်အပ်သည်ရှိသော် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်းသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ်ရလေ့ရှိသည် ဖြစ်၍ နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ရဟန်းတို့ဤသို့လျှင် ရဟန်းသည် သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော်နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်း၏ဟု (မိန့်တော်မူ၏)။

ခြောက်ခုမြောက် ဂင်္ဂါပေယျာလဝဂ် ပြီး၏။

--

၇-အပ္ပမာဒဝဂ်

၁-၁၀-တထာဂတစသော ၁၀-သုတ်

၄၂၉-၄၃၈။ ရဟန်းတို့ အခြေမရှိကုန်သော သတ္တဝါ၊ အခြေနှစ်ချောင်းရှိကုန်သော သတ္တဝါ၊ အခြေလေးချောင်းရှိကုန်သော သတ္တဝါ၊ အခြေများစွာရှိကုန်သော သတ္တဝါဟူသမျှတို့သည်။ ဤသို့ စသည်ဖြင့်ချဲ့အပ်၏။

ခုနစ်ခုမြောက် အပ္ပမာဒဝဂ် ပြီး၏။

၈-ဗလကရဏီယဝဂ်

၁-၁၂-ဗလစသော ၁၂-သုတ်

၄၃၉-၄၅၀။ ရဟန်းတို့ ဥပမာသော်ကား လက်ရုံးအားဖြင့် ပြုလုပ်အပ်သောအလုပ်ဟူသမျှတို့ကိုပြုလုပ်အပ်ကုန်သကဲ့သို့။ ဤသို့ စသည်ဖြင့် ချဲ့အပ်၏။

ရှစ်ခုမြောက် ဗလကရဏီယဝဂ် ပြီး၏။

၉-ဧသနာဝဂ်

၁-၁၀-ဧသနာစသော ၁၀-သုတ်

၄၅၁-၄၆၀။ ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်း၊ ကာမကိုရှာမှီးခြင်း၊ ဘဝကို ရှာမှီးခြင်း၊ အကျင့်မြတ်ကို ရှာမှီးခြင်းတို့တည်း။ ဤသို့ စသည်ဖြင့် ချဲ့အပ်၏။

ကိုးခုမြောက် ဧသနာဝဂ် ပြီး၏။

--

၁၀-ဩဃဝဂ်

၁-၁၀- ဥဒ္ဓမ္ဘာဂိယစသော ၁၀-သုတ်

၄၆၁-၄၇၀။ ရဟန်းတို့ အထက်ပိုင်းသံယောဇဉ်တို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ ရူပရာဂ၊ အရူပရာဂ၊ မာန၊ ဥဒ္ဓစ္စ၊ အဝိဇ္ဇာတို့တည်း။ ရဟန်းတို့ ဤအထက်ပိုင်းသံယောဇဉ်တို့ကားဤငါးပါးတို့ပင်တည်း။ ရဟန်းတို့ ဤအထက်ပိုင်းသံယောဇဉ်ငါးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါပိုင်းခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ ဤသတိပဋ္ဌာန်လေးပါးတို့ကို ပွါးများအပ်ကုန်၏။

အဘယ်လေးပါးတို့နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သောလုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည့်ဖြစ်၍ နေ၏။ ဝေဒနာ တို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကိုပယ်ဖျောက်လျက် သဘောတရားတို့၌ သဘော တရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ရဟန်းတို့ ဤအထက်ပိုင်းသံယောဇဉ်ငါးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ပိုင်းခြား၍ သိခြင်းငှါကုန်စေခြင်းငှါ ပယ်ခြင်းငှါ ဤသတိပဋ္ဌာန်လေးပါး တို့ကို ပွါးများအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

[မဂ္ဂသံယုတ်ကို ချဲ့အပ်သကဲ့သို့ ထို့အတူ သတိပဋ္ဌာနသံယုတ်ကို ချဲ့အပ်၏]။

ဆယ်ခုမြောက် ဩဃဝဂ် ပြီး၏။

သုံးခုမြောက် သတိပဋ္ဌာနသံယုတ် ပြီး၏။

--

၄-ဣန္ဒြိယသံယုတ်

၁-သုဒ္ဓိကဝဂ်

၁-သုဒ္ဓိကသုတ်

၄၇၁။ သာဝတ္ထိနိဒါန်း။ ထိုအခါ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏- ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေတို့တည်း။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်းဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

၂-ပဌမ သောတာပန္နသုတ်

၄၇၂။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေတို့တည်း။

ရဟန်းတို့ အကြင်အခါ အရိယာတပည့်သည် ဤဣန္ဒြေငါးပါးတို့၏ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ သိ၏။ ထိုအခါ ဤအရိယာတပည့်ကို အပါယ်သို့ ကျခြင်းသဘောမရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန်ဟူ၍ ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

၃-ဒုတိယ သောတာပန္နသုတ်

၄၇၃။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေတို့တည်း။

ရဟန်းတို့ အကြင်အခါ အရိယာတပည့်သည် ဤဣန္ဒြေငါးပါးတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ သိ၏။ ထိုအခါ ဤအရိယာတပည့်ကို အပါယ်သို့ ကျခြင်းသဘောမရှိသော ကိန်းသေမြဲသော အထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန်ဟူ၍ ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။

--

၄-ပဌမ အရဟန္တသုတ်

၄၇၄။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊့သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေတို့တည်း။

ရဟန်းတို့ အကြင်အခါ အရိယာတပည့်သည် ဤဣန္ဒြေငါးပါးတို့၏ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ သိ၍ မစွဲလမ်းဘဲ (ကိလေသာမှ) လွတ်မြောက်၏။ ထိုအခါ ဤရဟန်းကို ပူဇော်အထူးကို ခံထိုက်သောအာသဝကုန်ပြီးသော မဂ်အကျင့်ကို ကျင့်သုံးပြီးသော ပြုဖွယ်ကိစ္စကို ပြုပြီးသော ခန္ဓာဝန်ကို ချပြီးသော မိမိအကျိုး အရဟတ္တဖိုလ်သို့ရောက်ပြီးသော ဘဝသံယောဇဉ် ကုန်ပြီးသော ကောင်းစွာ သိ၍ (ကိလေသာမှ) လွတ်မြောက်ပြီးသောရဟန္တာဟူ၍ ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

၅-ဒုတိယ အရဟန္တသုတ်

၄၇၅။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေတို့တည်း။

ရဟန်းတို့ အကြင်အခါ ရဟန်းသည် ဤဣန္ဒြေငါးပါးတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ သိ၍ မစွဲလမ်းဘဲ (ကိလေသာမှ) လွတ်မြောက်၏။ ထိုအခါ ဤရဟန်းကိုပူဇော်အထူးကို ခံထိုက်သောအာသဝကုန်ပြီးသော မဂ်အကျင့်ကို ကျင့်သုံးပြီးသော ပြုဖွယ်ကိစ္စကိုပြုပြီးသော ခန္ဓာဝန်ကို ချပြီးသော မိမိအကျိုး အရဟတ္တဖိုလ်သို့ ရောက်ပြီးသော ဘဝသံယောဇဉ်ကုန်ပြီးသော ကောင်းစွာ သိ၍ (ကိလေသာမှ) လွတ်မြောက်ပြီးသော ရဟန္တာဟူ၍ ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

--

၆-ပဌမ သမဏ ဗြာဟ္မဏသုတ်

၄၇၆။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေတို့တည်း။

ရဟန်းတို့ ဤဣန္ဒြေငါးပါးတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ မသိကုန်သော သမဏဗြာဟ္မဏဟူသမျှတို့ကို သမဏတို့တွင်လည်း သမဏဟု မသမုတ်အပ်ကုန်၊ ဗြာဟ္မဏတို့တွင်လည်း ဗြာဟ္မဏဟု မသမုတ်အပ်ကုန်။ ထိုအသျှင်တို့သည် သမဏဖြစ်ကျိုးကိုလည်းကောင်း၊ ဗြာဟ္မဏဖြစ်ကျိုးကိုလည်းကောင်း မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ရောက်၍ မနေရကုန်။

ရဟန်းတို့ ဤဣန္ဒြေငါးပါးတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာသိကုန်သော သမဏဗြာဟ္မဏဟူသမျှတို့ကို သမဏတို့တွင်လည်း သမဏဟု သမုတ်အပ်ကုန်၏၊ ဗြာဟ္မဏတို့တွင်လည်း ဗြာဟ္မဏဟု သမုတ်အပ်ကုန်၏။ ထိုအသျှင်တို့သည် သမဏဖြစ်ကျိုးကိုလည်းကောင်း၊ ဗြာဟ္မဏဖြစ်ကျိုးကို လည်းကောင်း မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ရောက်၍ နေရကုန်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

၇-ဒုတိယ သမဏဗြာဟ္မဏသုတ်

၄၇၇။ ရဟန်းတို့ သဒ္ဓိန္ဒြေကို မသိသူ သဒ္ဓိန္ဒြေ၏ ဖြစ်ကြောင်းကို မသိသူ သဒ္ဓိန္ဒြေ၏ ချုပ်ရာကို မသိသူသဒ္ဓိန္ဒြေ၏ ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကို မသိသူ။ ဝီရိယိန္ဒြေကို မသိသူ။ပ။ သတိန္ဒြေကိုမသိသူ။ပ။ သမာဓိန္ဒြေကို မသိသူ။ပ။ ပညိန္ဒြေကို မသိသူ ပညိန္ဒြေ၏ ဖြစ်ကြောင်းကို မသိသူ ပညိန္ဒြေ၏ချုပ်ရာကို မသိသူ ပညိန္ဒြေ၏ ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကို မသိသူ သမဏဗြာဟ္မဏဟူသမျှတို့ကိုသမဏတို့တွင်လည်း သမဏဟု မသမုတ်အပ်ကုန်၊ ဗြာဟ္မဏတို့တွင်လည်း ဗြာဟ္မဏဟု မသမုတ်အပ်ကုန်။ ထိုအသျှင်တို့သည် သမဏဖြစ်ကျိုးကိုလည်းကောင်း၊ ဗြာဟ္မဏဖြစ်ကျိုးကိုလည်းကောင်း ယခုဘဝ၌ပင်ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ရောက်၍ မနေရကုန်။

--

ရဟန်းတို့ သဒ္ဓိန္ဒြေကို သိသူ သဒ္ဓိန္ဒြေ၏ ဖြစ်ကြောင်းကို သိသူ သဒ္ဓိန္ဒြေ၏ ချုပ်ရာကို သိသူ သဒ္ဓိ န္ဒြေ၏ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကို သိသူ။ ဝီရိယိန္ဒြေကို သိသူ။ပ။ သတိန္ဒြေကို သိသူ။ပ။ သမာဓိန္ဒြေကို သိသူ။ပ။ ပညိန္ဒြေကို သိသူ ပညိန္ဒြေ၏ ဖြစ်ကြောင်းကို သိသူ ပညိန္ဒြေ၏ ချုပ်ရာကို သိသူ ပညိန္ဒြေ၏ ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကို သိသူ သမဏဗြာဟ္မဏ ဟူသမျှတို့ကို သမဏတို့တွင်လည်းသမဏဟု သမုတ်အပ်ကုန်၏၊ ဗြာဟ္မဏတို့တွင်လည်း ဗြာဟ္မဏဟု သမုတ်အပ်ကုန်၏။ ထိုအသျှင်တို့သည် သမဏဖြစ်ကျိုးကိုလည်းကောင်း၊ ဗြာဟ္မဏဖြစ်ကျိုးကိုလည်းကောင်း ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ရောက်၍ နေရကုန်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

၈-ဒဋ္ဌဗ္ဗသုတ်

၄၇၈။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ သဒ္ဓိန္ဒြေ။ပ။ ပညိန္ဒြေတို့တည်း။ ရဟန်းတို့ အဘယ်အရာ၌ သဒ္ဓိန္ဒြေကို ရှုမှတ်အပ်သနည်း၊ သောတာပတ္တိမဂ်၏ အကြောင်းတရားလေးပါး ဟူသော ဤအရာတို့၌ သဒ္ဓိန္ဒြေကို ရှုမှတ်အပ်၏။ ရဟန်းတို့ အဘယ်အရာ၌ ဝီရိယိန္ဒြေကိုရှုမှတ်အပ်သနည်း၊ သမ္မပ္ပဓာန်လေးပါး ဟူသော ဤအရာတို့၌ ဝီရိယိန္ဒြေကို ရှုမှတ်အပ်၏။ ရဟန်းတို့အဘယ်အရာ၌ သတိန္ဒြေကို ရှုမှတ်အပ်သနည်း၊ သတိပဋ္ဌာန်လေးပါးဟူသော ဤအရာတို့၌ သတိန္ဒြေကိုရှုမှတ်အပ်၏။ ရဟန်းတို့ အဘယ်အရာ၌ သမာဓိန္ဒြေကို ရှုမှတ်အပ်သနည်း၊ ဈာန်လေးပါး ဟူသောဤအရာ တို့၌ သမာဓိန္ဒြေကို ရှုမှတ်အပ်၏။ ရဟန်းတို့ အဘယ်အရာ၌ ပညိန္ဒြေကို ရှုမှတ်အပ်သနည်း၊ အရိယသစ္စာ လေးပါးဟူသော ဤအရာတို့၌ ပညိန္ဒြေကို ရှုမှတ်အပ်၏။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်းဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

၉-ပဌမ ဝိဘင်္ဂသုတ်

၄၇၉။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ သဒ္ဓိန္ဒြေ။ပ။ ပညိန္ဒြေတို့တည်း။ ရဟန်းတို့ သဒ္ဓိန္ဒြေဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် ယုံကြည်မှု ‘သဒ္ဓါ'တရားရှိ၏၊ “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်း ကြောင့်လည်း ‘အရဟံ’ မည်တော်မူ၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော်မူသော အကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ'အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူ သောအကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏ သမ္ပန္န’ မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ် သောအကြောင်းကြောင့်လည်း ‘သုဂတ’ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့် လည်း ‘လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သူကိုဆုံးမတတ်သည့် အတုမဲ့ ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ’ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူ၏”ဟု မြတ်စွာဘုရား၏ ဗောဓိဉာဏ်ကို ယုံကြည်၏။ ရဟန်းတို့ ဤသည်ကို သဒ္ဓိန္ဒြေဟု ဆိုအပ်၏။

--

ရဟန်းတို့ ဝီရိယိန္ဒြေဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည်အကုသိုလ်တရားတို့ကို ပယ်ခြင်းငှါ ကုသိုလ်တရားတို့နှင့် ပြည့်စုံစေခြင်းငှါ အားထုတ်အပ်သော လုံ့လရှိသည် ဖြစ်၍ နေ၏၊ ကုသိုလ်တရားတို့၌ အားအစွမ်းရှိ၏၊ မြဲမြံစွာ အားထုတ်၏၊ တာဝန်ကို ပစ်ချထားသူမဟုတ်။ ရဟန်းတို့ ဤသည်ကို ဝီရိယိန္ဒြေဟု ဆိုအပ်၏။

ရဟန်းတို့ သတိန္ဒြေဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် သတိရှိ၏၊ လွန်ကဲသော ပညာနှင့် ယှဉ်သော သတိနှင့် ပြည့်စုံ၏။ ကြာမြင့်စွာက ပြုအပ်သောအမှုကိုလည်းကောင်း၊ ကြာမြင့်စွာက ပြောအပ်သော စကားကိုလည်းကောင်း အောက်မေ့နိုင်၏၊ အဖန်ဖန်အောက် မေ့နိုင်၏။ ရဟန်းတို့ ဤသည်ကို သတိန္ဒြေဟု ဆိုအပ်၏။

ရဟန်းတို့ သမာဓိန္ဒြေဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည်နိဗ္ဗာန်ကို အာရုံပြုလျက် တည်ကြည်မှု ‘သမာဓိ'ကို ရ၏၊ စိတ်၏ အာရုံတစ်ခုတည်း၌ တည်ကြည်မှု ‘ဧကဂ္ဂတာ'ကို ရ၏။ ရဟန်းတို့ ဤသည်ကို သမာဓိန္ဒြေဟု ဆိုအပ်၏။

ရဟန်းတို့ ပညိန္ဒြေဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည်ပညာရှိ၏၊ အဖြစ်အပျက်ကို သိမ်းဆည်းတတ်သော ရုပ်နာမ်ကို ထွင်းဖောက်၍ သိနိုင်သော ဆင်းရဲကုန်ရာနိဗ္ဗာန်သို့ ကောင်းစွာ ရောက်စေတတ်သော မြတ်သော ပညာနှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤသည်ကို ပညိန္ဒြေဟု ဆိုအပ်၏။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့ပင်တည်းဟု (မိန့်တော်မူ၏)။

နဝမသုတ်။

--

၁၀-ဒုတိယ ဝိဘင်္ဂသုတ်

၄၈၀။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ သဒ္ဓိန္ဒြေ။ပ။ ပညိန္ဒြေတို့တည်း။ ရဟန်းတို့ သဒ္ဓိန္ဒြေဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် ယုံကြည်မှု ‘သဒ္ဓါ’ တရားရှိ၏၊ “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်း ကြောင့်လည်း ‘အရဟံ’ မည်တော်မူ၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော်မူသော အကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ'အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူ သောအကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏ သမ္ပန္န’ မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ် သောအကြောင်းကြောင့်လည်း ‘သုဂတ’ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့် လည်း ‘လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သူကိုဆုံးမတတ်သည့် အတုမဲ့ ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ’ မည် တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာဒေဝမနုဿာနံ’ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူ၏”ဟု မြတ်စွာဘုရား၏ ဗောဓိဉာဏ်ကို ယုံကြည်၏။ ရဟန်းတို့ ဤသည်ကို သဒ္ဓိန္ဒြေဟု ဆို အပ်၏။

ရဟန်းတို့ ဝီရိယိန္ဒြေဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည်အကုသိုလ်တရားတို့ကို ပယ်ခြင်းငှါ ကုသိုလ်တရားတို့နှင့် ပြည့်စုံစေခြင်းငှါ အားထုတ်အပ်သော လုံ့လရှိသည် ဖြစ်၍ နေ၏၊ ကုသိုလ်တရားတို့၌ အားအစွမ်းရှိ၏၊ မြဲမြံစွာ အားထုတ်၏၊ တာဝန်ကို ပစ်ချထားသူမဟုတ်။ ထိုအရိယာတပည့်သည် မဖြစ်သေးသော ယုတ်ညံ့သောအကုသိုလ်တရားတို့ကို မဖြစ်ပေါ်စေရန်ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီမြှောက်၏၊ ဆောက်တည်၏။ ဖြစ်ကုန်ပြီးသော ယုတ်ညံ့သော အကုသိုလ်တရားတို့ကို ပယ်ရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကိုချီမြှောက်၏၊ ဆောက်တည်၏။ မဖြစ်ကုန်သေးသော ကုသိုလ်တရားကို ဖြစ်စေရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီမြှောက်၏၊ ဆောက်တည်၏။ ဖြစ်ကုန်ပြီးသော ကုသိုလ်တရားတို့ကို တည်မြဲစေရန် မပျောက်ပျက်စေရန် တိုးတက် ဖြစ်ပွားစေရန် ပြန့်ပြောစေရန် ပွားများမှု ပြည့်စုံစေရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီမြှောက်၏၊ ဆောက်တည်၏။ ရဟန်းတို့ ဤသည်ကို ဝီရိယိန္ဒြေဟု ဆိုအပ်၏။

ရဟန်းတို့ သတိန္ဒြေဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် သတိရှိ၏၊ လွန်ကဲသော ပညာနှင့် ယှဉ်သော သတိနှင့် ပြည့်စုံ၏။ ကြာမြင့်စွာက ပြုအပ်သောအမှုကိုလည်းကောင်း၊ ကြာမြင့်စွာက ပြောအပ်သော စကားကိုလည်းကောင်း အောက်မေ့နိုင်၏၊ အဖန်ဖန်အောက် မေ့နိုင်၏။ ထိုအရိယာ တပည့်သည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကိုပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ် အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏၊ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်'အောက်မေ့မှု ‘သတိ'ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်လျက်သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ ၏။ ရဟန်းတို့ဤသည်ကို သတိန္ဒြေဟု ဆိုအပ်၏။

--

ရဟန်းတို့ သမာဓိန္ဒြေဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည်နိဗ္ဗာန်ကို အာရုံပြုလျက် တည်ကြည်မှု ‘သမာဓိ’ ကို ရ၏၊ စိတ်၏ အာရုံတစ်ခုတည်း၌ တည်ကြည်မှု ‘ဧကဂ္ဂတာ’ ကို ရ၏။ ထိုသူသည် ကာမတို့မှ ဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ဆိတ်၍သာလျှင်ကြံစည်မှု ‘ဝိတက်'နှင့် တကွဖြစ်သော သုံးသပ်မှု ‘ဝိစာရ’ နှင့် တကွဖြစ်သော နီဝရဏကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်မှု ‘ပီတိ’ ချမ်းသာမှု ‘သုခ'ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ဝိတက်ဝိစာရငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော စိတ်တည်ကြည်မှု ‘သမာဓိ’ ကို ဖြစ်စေတတ်သော ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’ မရှိသော တည်ကြည်မှု ‘သမာဓိ’ ကြောင့် ဖြစ်သော နှစ်သိမ့်မှု ‘ပီတိ'ချမ်းသာမှု ‘သုခ’ ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏။ နှစ်သိမ့်မှု ‘ပီတိ’ ကိုလည်း မစွဲမက်ခြင်းကြောင့်လျစ်လျူ ရှု၍သာလျှင် နေ၏၊ အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်'နှင့် ပြည့်စုံသည် ဖြစ်၍ နေ၏၊ ချမ်းသာမှု ‘သုခ’ ကိုလည်း ကိုယ်ဖြင့် ခံစား၏၊ အကြင်တတိယဈာန်ကြောင့် ထိုသူကို “လျစ်လျူရှုသူ၊ သတိ ရှိသူ၊ ချမ်းသာစွာ နေလေ့ရှိသူ”ဟု အရိယာပုဂ္ဂိုလ်တို့သည် ချီးမွမ်းပြောဆိုကုန်၏၊ ထိုတတိယဈာန်သို့ ရောက်၍ နေ၏။ ချမ်းသာမှု ‘သုခ’ ကိုလည်း ပယ်ခြင်းကြောင့်ဆင်းရဲမှု ‘ဒုက္ခ’ ကိုလည်း ပယ်ခြင်းကြောင့် ဝမ်းသာခြင်း ‘သောမနဿ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ တို့ရှေးဦးကပင်လျှင် ချုပ်နှင့် ခြင်းကြောင့် ဆင်းရဲ ချမ်းသာ ကင်းသော လျစ်လျူရှုမှုကြောင့် ဖြစ်သောသတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက် ၍ နေ၏။ ရဟန်းတို့ ဤသည်ကို သမာဓိန္ဒြေဟုဆိုအပ်၏။

ရဟန်းတို့ ပညိန္ဒြေဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည်ပညာရှိ၏၊ အဖြစ်အပျက်ကို သိမ်းဆည်းတတ်သော ရုပ်နာမ်ကို ထွင်းဖောက်၍ သိနိုင်သော ဆင်းရဲကုန်ရာနိဗ္ဗာန်သို့ ကောင်းစွာ ရောက်စေတတ်သော မြတ်သော ပညာနှင့် ပြည့်စုံ၏၊ ထိုအရိယာတပည့်သည်"ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ “ဤကား ဆင်းရဲဖြစ်ကြောင်းတည်း”ဟုဟုတ်တိုင်း မှန်စွာ် သိ၏၊ “ဤကား ဆင်းရဲချုပ်ရာတည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ “ဤကားဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ ရဟန်းတို့ဤသည်ကို ပညိန္ဒြေဟု ဆိုအပ်၏။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့ ပင်တည်းဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ရှေးဦးစွာသော သုဒ္ဓိကဝဂ် ပြီး၏။

--

၂-မုဒုတရဝဂ်

၁-ပဋိလာဘသုတ်

၄၈၁။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ သဒ္ဓိန္ဒြေ။ပ။ ပညိန္ဒြေတို့တည်း။ ရဟန်းတို့ သဒ္ဓိန္ဒြေဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် ယုံကြည်မှု ‘သဒ္ဓါ'တရားရှိ၏၊ “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်း ကြောင့်လည်း ‘အရဟံ’ မည်တော်မူ၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော်မူသော အကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ'အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူ သောအကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏ သမ္ပန္န’မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ် သောအကြောင်းကြောင့်လည်း ‘သုဂတ’ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့် လည်း ‘လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သူကိုဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘အနုတ္တရောပုရိသဒမ္မသာရထိ’ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူ၏”ဟု မြတ်စွာဘုရား၏ ဗောဓိဉာဏ်ကို ယုံကြည်၏။ ရဟန်းတို့ ဤသည်ကို သဒ္ဓိန္ဒြေဟု ဆို အပ်၏။

ရဟန်းတို့ ဝီရိယိန္ဒြေဟူသည် အဘယ်နည်း။ ရဟန်းတို့ သမ္မပ္ပဓာန်လေးမျိုးတို့ကို အကြောင်းပြု၍အားထုတ်မှု ‘ဝီရိယ’ ကို ရ၏။ ရဟန်းတို့ ဤသည်ကို ဝီရိယိန္ဒြေဟု ဆိုအပ်၏။

ရဟန်းတို့ သတိန္ဒြေဟူသည် အဘယ်နည်း။ ရဟန်းတို့ သတိပဋ္ဌာန်လေးပါးတို့ကို အကြောင်းပြု၍့အောက်မေ့မှု ‘သတိ’ ကို ရ၏။ ရဟန်းတို့ ဤသည်ကို သတိန္ဒြေဟု ဆိုအပ်၏။

ရဟန်းတို့ သမာဓိန္ဒြေဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည်နိဗ္ဗာန်ကို အာရုံပြုလျက် တည်ကြည်မှု ‘သမာဓိ'ကို ရ၏၊ စိတ်၏ အာရုံတစ်ခုတည်း၌ တည်ကြည်မှု ‘ဧကဂ္ဂတာ’ ကို ရ၏။ ရဟန်းတို့ ဤသည်ကို သမာဓိန္ဒြေဟု ဆိုအပ်၏။

ရဟန်းတို့ ပညိန္ဒြေဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည်ပညာရှိ၏၊ အဖြစ်အပျက်ကို သိမ်းဆည်းတတ်သော ရုပ်နာမ်ကို ထွင်းဖောက်၍ သိနိုင်သော ဆင်းရဲကုန်ရာနိဗ္ဗာန်သို့ ကောင်းစွာ ရောက်စေတတ်သော မြတ်သော ပညာနှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤသည်ကိုပညိန္ဒြေဟု ဆိုအပ်၏။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့ပင်တည်းဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

--

၂-ပဌမ သံခိတ္တသုတ်

၄၈၂။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ သဒ္ဓိန္ဒြေ။ပ။ ပညိန္ဒြေတို့တည်း။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့ပင်တည်း။ ရဟန်းတို့ ဤဣန္ဒြေငါးပါးတို့၏ ပြီးစီးပြည့်စုံခြင်းကြောင့် ရဟန္တာ ဖြစ်၏၊ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့် အနာဂါမ် ဖြစ်၏၊ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့် သကဒါဂါမ် ဖြစ်၏၊ ထို့အောက် အထူးသဖြင့်နုံ့သော ဣန္ဒြေတို့ကြောင့် သောတာပန် ဖြစ်၏၊ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့်ဓမ္မာနုသာရီ မည်သော သောတာပန်ပုဂ္ဂိုလ် ဖြစ်၏၊ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့်သဒ္ဓါနုသာရီ မည်သော သောတာပန်ပုဂ္ဂိုလ် ဖြစ်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

၃-ဒုတိယ သံခိတ္တသုတ်

၄၈၃။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ သဒ္ဓိန္ဒြေ။ပ။ ပညိန္ဒြေတို့တည်း။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့ပင်တည်း။ ရဟန်းတို့ ဤဣန္ဒြေငါးပါးတို့၏ ပြီးစီးပြည့်စုံခြင်းကြောင့် ရဟန္တာ ဖြစ်၏၊ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့် အနာဂါမ် ဖြစ်၏၊ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့် သကဒါဂါမ် ဖြစ်၏၊ ထို့အောက် အထူးသဖြင့်နုံ့သော ဣန္ဒြေတို့ကြောင့် သောတာပန် ဖြစ်၏၊ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့်ဓမ္မာနုသာရီ မည်သော သောတာပန်ပုဂ္ဂိုလ် ဖြစ်၏၊ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့်သဒ္ဓါနုသာရီ မည်သော သောတာပန်ပုဂ္ဂိုလ် ဖြစ်၏။ ရဟန်းတို့ ဤသို့လျှင် ဣန္ဒြေထူးသောကြောင့်ဖိုလ်ထူး၏၊ ဖိုလ်ထူး သောကြောင့် ပုဂ္ဂိုလ်ထူး၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။

--

၄-တတိယ သံခိတ္တသုတ်

၄၈၄။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ သဒ္ဓိန္ဒြေ။ပ။ ပညိန္ဒြေတို့တည်း။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့ပင်တည်း။ ရဟန်းတို့ ဤဣန္ဒြေငါးပါးတို့၏ ပြီးစီးပြည့်စုံခြင်းကြောင့် ရဟန္တာ ဖြစ်၏၊ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့် အနာဂါမ် ဖြစ်၏၊ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့် သကဒါဂါမ် ဖြစ်၏၊ ထို့အောက် အထူးသဖြင့်နုံ့သော ဣန္ဒြေတို့ကြောင့် သောတာပန် ဖြစ်၏၊ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့်ဓမ္မာနုသာရီ မည်သော သောတာပန်ပုဂ္ဂိုလ် ဖြစ်၏၊ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့်သဒ္ဓါနုသာရီ မည်သော သောတာပန်ပုဂ္ဂိုလ် ဖြစ်၏။

ရဟန်းတို့ ဤသို့လျှင် အပြည့်အစုံ (အရဟတ္တမဂ်) ကို ပြုလေ့ရှိသူသည် အပြည့်အစုံ (အရဟတ္တဖိုလ်) ကိုပြီးစေနိုင်၏၊ တစ်စိတ်တစ်ဒေသ (အောက်မဂ်သုံးခု) ကို ပြုလေ့ရှိသူသည် တစ်စိတ်တစ်ဒေသ (အောက်ဖိုလ်သုံးခု) ကို ပြီးစေနိုင်၏။ ရဟန်းတို့ ဣန္ဒြေငါးပါးတို့သည် မမြုံကုန်ဟူ၍သာ ငါဆို၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

--

၅-ပဌမ ဝိတ္ထာရသုတ်

၄၈၅။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ သဒ္ဓိနြေ။ပ။ ပညိန္ဒြေတို့တည်း။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့ပင်တည်း။

၁။ ရဟန်းတို့ ဤဣန္ဒြေငါးပါးတို့၏ ပြီးစီးပြည့်စုံခြင်းကြောင့် ရဟန္တာဖြစ်၏။

၂။ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့် အသက်တမ်း၏ အလယ်၌ (အရဟတ္တဖိုလ် သို့ရောက်လျက်) ပရိနိဗ္ဗာန်ပြုသောအန္တရာပရိနိဗ္ဗာယီမည်သောအနာဂါမ်ဖြစ်၏။

၃။ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့် အသက်တမ်း၏ ထက်ဝက်ကို လွန်၍ (အရဟတ္တဖိုလ်သို့ ရောက်လျက်) ပရိနိဗ္ဗာန်ပြုသော ဥပဟစ္စပရိနိဗ္ဗာယီမည်သောအနာဂါမ်ဖြစ်၏။

၄။ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့် ပယောဂလုံ့လ မပါဘဲ (အရဟတ္တဖိုလ်သို့ရောက်လျက်) ပရိနိဗ္ဗာန်ပြုသောအသင်္ခါရပရိနိဗ္ဗာယီမည်သောအနာဂါမ်ဖြစ်၏။

၅။ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့် ပယောဂလုံ့လနှင့် တကွ (အရဟတ္တဖိုလ်သို့ရောက်လျက်) ပရိနိဗ္ဗာန်ပြုသော သသင်္ခါရပရိနိဗ္ဗာယီမည်သောအနာဂါမ်ဖြစ်၏။

၆။ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့် အထက်ဘုံသို့ အစဉ်အတိုင်း တက်၍အကနိဋ္ဌဘုံ၌ (အရဟတ္တဖိုလ်သို့ ရောက်လျက်) ပရိနိဗ္ဗာန်ပြုသော ဥဒ္ဓံသောတ အကနိဋ္ဌဂါမီမည်သောအနာဂါမ် ဖြစ်၏။

၇။ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့် သကဒါဂါမ်ဖြစ်၏။

၈။ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့် သောတာပန်ဖြစ်၏။

၉။ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့် ဓမ္မာနုသာရီမည်သော သောတာပန်ပုဂ္ဂိုလ်ဖြစ်၏။

၁၀။ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့် သဒ္ဓါနုသာရီမည်သော သောတာပန်ပုဂ္ဂိုလ်ဖြစ်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

--

၆-ဒုတိယ ဝိတ္ထာရသုတ်

၄၈၆။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ သဒ္ဓိန္ဒြေ။ပ။ ပညိန္ဒြေတို့တည်း။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့ပင်တည်း။

၁။ ရဟန်းတို့ ဤဣန္ဒြေငါးပါးတို့၏ ပြီးစီးပြည့်စုံခြင်းကြောင့် ရဟန္တာဖြစ်၏။

၂။ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့် အသက်တမ်း၏ အလယ်၌ (အရဟတ္တဖိုလ် သို့ရောက်လျက်) ပရိနိဗ္ဗာန်ပြုသောအန္တရာပရိနိဗ္ဗာယီမည်သောအနာဂါမ်ဖြစ်၏။

၃။ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့် အသက်တမ်း၏ ထက်ဝက်ကို လွန်၍ (အရဟတ္တဖိုလ်သို့ ရောက်လျက်) ပရိနိဗ္ဗာန်ပြုသော ဥပဟစ္စပရိနိဗ္ဗာယီမည်သောအနာဂါမ်ဖြစ်၏။

၄။ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့် ပယောဂလုံ့လ မပါဘဲ (အရဟတ္တဖိုလ်သို့ရောက်လျက်) ပရိနိဗ္ဗာန်ပြုသောအသင်္ခါရပရိနိဗ္ဗာယီမည်သောအနာဂါမ်ဖြစ်၏။

၅။ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့် ပယောဂလုံ့လနှင့် တကွ (အရဟတ္တဖိုလ် သို့ရောက်လျက်) ပရိနိဗ္ဗာန်ပြုသော သသင်္ခါရပရိနိဗ္ဗာယီမည်သောအနာဂါမ်ဖြစ်၏။

၆။ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့် အထက်ဘုံသို့ အစဉ်အတိုင်း တက်၍အကနိဋ္ဌဘုံ၌ (အရဟတ္တဖိုလ်သို့ ရောက်လျက်) ပရိနိဗ္ဗာန်ပြုသော ဥဒ္ဓံသောတ အကနိဋ္ဌဂါမီမည်သောအနာဂါမ် ဖြစ်၏။

၇။ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့် သကဒါဂါမ်ဖြစ်၏။

၈။ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့် သောတာပန်ဖြစ်၏။

၉။ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့် ဓမ္မာနုသာရီမည်သော သောတာပန်ပုဂ္ဂိုလ်ဖြစ်၏။

၁၀။ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့် သဒ္ဓါနုသာရီမည်သော သောတာပန်ပုဂ္ဂိုလ်ဖြစ်၏။

ရဟန်းတို့ ဤသို့လျှင် ဣန္ဒြေထူးသောကြောင့် ဖိုလ်ထူး၏၊ ဖိုလ်ထူးသောကြောင့် ပုဂ္ဂိုလ်ထူး၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

--

၇-တတိယ ဝိတ္ထာရသုတ်

၄၈၇။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ သဒ္ဓိန္ဒြေ။ပ။ ပညိန္ဒြေတို့တည်း။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့ပင်တည်း။

၁။ ရဟန်းတို့ ဤဣန္ဒြေငါးပါးတို့၏ ပြီးစီးပြည့်စုံခြင်းကြောင့် ရဟန္တာဖြစ်၏။

၂။ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့် အသက်တမ်း၏ အလယ်၌ (အရဟတ္တဖိုလ် သို့ရောက်လျက်) ပရိနိဗ္ဗာန်ပြုသောအန္တရာပရိနိဗ္ဗာယီမည်သောအနာဂါမ်ဖြစ်၏။

၃။ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့် အသက်တမ်း၏ ထက်ဝက်ကို လွန်၍ (အရဟတ္တဖိုလ်သို့ ရောက်လျက်) ပရိနိဗ္ဗာန်ပြုသော ဥပဟစ္စပရိနိဗ္ဗာယီမည်သောအနာဂါမ်ဖြစ်၏။

၄။ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့် ပယောဂလုံ့လ မပါဘဲ (အရဟတ္တဖိုလ်သို့ရောက်လျက်) ပရိနိဗ္ဗာန်ပြုသောအသင်္ခါရပရိနိဗ္ဗာယီမည်သောအနာဂါမ်ဖြစ်၏။

၅။ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့် ပယောဂလုံ့လနှင့် တကွ (အရဟတ္တဖိုလ်သို့ရောက်လျက်) ပရိနိဗ္ဗာန်ပြုသော သသင်္ခါရပရိနိဗ္ဗာယီမည်သောအနာဂါမ်ဖြစ်၏။

၆။ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့် အထက်ဘုံသို့ အစဉ်အတိုင်း တက်၍ အကနိဋ္ဌဘုံ၌ (အရဟတ္တဖိုလ်သို့ ရောက်လျက်) ပရိနိဗ္ဗာန်ပြုသော ဥဒ္ဓံသောတအကနိဋ္ဌဂါမီမည်သောအနာဂါမ်ဖြစ်၏။

၇။ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့် သကဒါဂါမ်ဖြစ်၏။

၈။ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့် သောတာပန်ဖြစ်၏။

၉။ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့် ဓမ္မာနုသာရီမည်သော သောတာပန်ပုဂ္ဂိုလ်ဖြစ်၏။

၁၀။ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့် သဒ္ဓါနုသာရီမည်သော သောတာပန်ပုဂ္ဂိုလ်ဖြစ်၏။

ရဟန်းတို့ ဤသို့လျှင် အပြည့်အစုံ (အရဟတ္တမဂ်) ကို ပြုလေ့ရှိသူသည် အပြည့်အစုံ (အရဟတ္တဖိုလ်) ကို့ပြီးစေနိုင်၏၊ တစ်စိတ်တစ်ဒေသ (အောက်မဂ်သုံးပါး) ကို ပြုလေ့ရှိသူသည် တစ်စိတ်တစ်ဒေသ (အောက်ဖိုလ်သုံးပါး) ကို ပြီးစေနိုင်၏၊ ရဟန်းတို့ ဣန္ဒြေငါးပါးတို့သည် မမြုံကုန်ဟူ၍သာ ငါ ဆို၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

--

၈-ပဋိပန္နသုတ်

၄၈၈။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ သဒ္ဓိန္ဒြေ။ပ။ ပညိန္ဒြေ တို့တည်း။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့ပင်တည်း။ ရဟန်းတို့ ဤဣန္ဒြေငါးပါးတို့၏ ပြီးစီးပြည့်စုံခြင်းကြောင့် ရဟန္တာဖြစ်၏၊ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့် အရဟတ္တဖိုလ်ကိုမျက်မှောက်ပြုရန် ကျင့်သူ ဖြစ်၏၊ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့် အနာဂါမ် ဖြစ်၏၊ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့် အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သူ ဖြစ်၏၊ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့် သကဒါဂါမ် ဖြစ်၏၊ ထို့အောက် အထူးသဖြင့်နုံ့သော ဣန္ဒြေတို့ကြောင့် သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သူ ဖြစ်၏၊ ထို့အောက်အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့် သောတာပန် ဖြစ်၏၊ ထို့အောက် အထူးသဖြင့် နုံ့သောဣန္ဒြေတို့ကြောင့် သောတာပတ္တိ ဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သူ ဖြစ်၏။ ရဟန်းတို့ဤဣန္ဒြေငါးပါးတို့ အချင်းခပ်သိမ်း မရှိသော သူကို (ဤအရိယာရှစ်ယောက်တို့မှ) အပဖြစ်သူပုထုဇဉ်အဖို့၌ တည်သူဟု ငါ ဆို၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

၉-သမ္ပန္နသုတ်

၄၈၉။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင်တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား-

“အသျှင်ဘုရား ‘ဣန္ဒြေတို့နှင့် ပြည့်စုံသူ ဣန္ဒြေတို့နှင့် ပြည့်စုံသူ’ဟု ဆိုပါ၏၊ အဘယ်မျှဖြင့် ‘ဣန္ဒြေတို့နှင့် ပြည့်စုံသူ’ ဖြစ်ပါသနည်း”ဟု လျှောက်၏။ ရဟန်း ဤသာသနာတော်၌ ရဟန်းသည် ငြိမ်းအေးရာ (နိဗ္ဗာန်) သို့ ရောက်စေတတ်သော ကောင်းစွာ သိသော (အရဟတ္တမဂ်) ဉာဏ်သို့ ရောက်စေတတ်သောသဒ္ဓိန္ဒြေကို ပွားများ၏။ ငြိမ်းအေးရာ (နိဗ္ဗာန်) သို့ ရောက်စေတတ်သော ကောင်းစွာ သိသော (အရဟတ္တမဂ်) ဉာဏ်သို့ ရောက်စေတတ်သော ဝီရိယိန္ဒြေကို ပွားများ၏။ ငြိမ်းအေးရာ (နိဗ္ဗာန်) သို့ ရောက်စေတတ်သောကောင်းစွာ သိသော (အရဟတ္တမဂ်) ဉာဏ်သို့ ရောက်စေတတ်သော သတိန္ဒြေကို ပွားများ၏။ ငြိမ်းအေးရာ (နိဗ္ဗာန်) သို့ ရောက်စေတတ်သော ကောင်းစွာ သိသော (အရဟတ္တမဂ်) ဉာဏ်သို့ရောက်စေတတ်သော သမာဓိန္ဒြေကို ပွားများ၏။ ငြိမ်းအေးရာ (နိဗ္ဗာန်) သို့ ရောက်စေတတ်သောကောင်းစွာ သိသော (အရဟ တ္တမဂ်) ဉာဏ်သို့ ရောက်စေတတ်သော ပညိန္ဒြေကို ပွားများ၏။ ရဟန်းဤမျှဖြင့် ရဟန်းသည် “ဣန္ဒြေ တို့နှင့် ပြည့်စုံသူ” ဖြစ်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။

--

၁၀-အာသဝက္ခယသုတ်

၄၉၀။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ သဒ္ဓိန္ဒြေ။ပ။ ပညိန္ဒြေတို့တည်း။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့ပင်တည်း။ ရဟန်းတို့ ရဟန်းသည် ဤဣန္ဒြေငါးပါးတို့ကို ပွားများခြင်းကြောင့် ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် အာသဝတို့၏ ကုန်ခြင်းကြောင့် အာသဝ့ကင်းသော (ကိလေသာမှ) လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် (အရဟတ္တဖိုလ်) ပညာကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ရောက်၍ နေရ၏ဟု (မိန့်တော် မူ၏)။

ဒသမသုတ်။

နှစ်ခုမြောက် မုဒုတရဝဂ် ပြီး၏။

--

၃-ဆဠိန္ဒြိယဝဂ်

၁-ပုနဗ္ဘဝသုတ်

၄၉၁။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ သဒ္ဓိန္ဒြေ။ပ။ ပညိန္ဒြေတို့တည်း။ ရဟန်းတို့ ငါသည် ဤဣန္ဒြေငါးပါးတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာမသိသေးသမျှ ကာလပတ်လုံး နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏမင်းများ လူများနှင့် တကွသော လူ့လောက၌ အတုမရှိသော သမ္မာသမ္ဗောဓိဉာဏ်ကို ထိုးထွင်း၍ သိပြီဟုငါ ဝန်မခံခဲ့။

ရဟန်းတို့ ငါသည် ဤဣန္ဒြေငါးပါးတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာသိပြီးသောအခါ နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများလူများနှင့် တကွသော လူ့လောက၌ အတုမရှိသော သမ္မာသမ္ဗောဓိဉာဏ်ကို ထိုးထွင်း၍ သိပြီဟု ငါ ဝန်ခံခဲ့ပြီ။ ငါ့အား ဉာဏ်အမြင်သည် ထင်ရှားဖြစ်ပေါ်ပြီ၊ ငါ၏ (ကိလေသာမှ) လွတ်မြောက်မှု (အရဟတ္တဖိုလ်) သည် မပျက်စီးတော့ပြီ၊ ဤကား အဆုံးစွန်သော ဘဝတည်း၊ နောင်တစ်ဖန် ဘဝသစ်၌ တစ်ဖန် ပဋိသန္ဓေနေမှု မရှိတော့ပြီဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

၂-ဇီဝိတိန္ဒြိယသုတ်

၄၉၂။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း၊ ဣတ္ထိန္ဒြေ၊ ပုရိသိန္ဒြေ၊ ဇီဝိတိန္ဒြေတို့တည်း။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤသုံးပါးတို့ပင်တည်းဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

--

၃-အညိန္ဒြိယသုတ်

၄၉၃။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း၊ အနညာတညဿာမီတိန္ဒြေ၊ အညိန္ဒြေ၊ အညာတာဝိန္ဒြေတို့တည်း။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤသုံးပါးတို့ပင်တည်းဟု (မိန့်တော်မူ၏)။

တတိယသုတ်။

၄-ဧကဗီဇီသုတ်

၄၉၄။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ သဒ္ဓိန္ဒြေ။ပ။ ပညိန္ဒြေတို့တည်း။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့ပင်တည်း။

၁။ ရဟန်းတို့ ဤဣန္ဒြေငါးပါးတို့၏ ပြီးစီး ပြည့်စုံခြင်းကြောင့် ရဟန္တာဖြစ်၏။

၂။ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့် အသက်တမ်း၏ အလယ်၌ (အရဟတ္တဖိုလ် သို့ရောက်လျက်) ပရိနိဗ္ဗာန်ပြုသောအန္တရာပရိနိဗ္ဗာယီမည်သောအနာဂါမ်ဖြစ်၏။

၃။ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့် အသက်တမ်း၏ ထက်ဝက်ကို လွန်၍ (အရဟတ္တဖိုလ်သို့ ရောက်လျက်) ပရိနိဗ္ဗာန်ပြုသော ဥပဟစ္စပရိနိဗ္ဗာယီမည်သောအနာဂါမ်ဖြစ်၏။

၄။ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့် ပယောဂလုံ့လ မပါဘဲ (အရဟတ္တဖိုလ်သို့ရောက်လျက်) ပရိနိဗ္ဗာန်ပြုသောအသင်္ခါရပရိနိဗ္ဗာယီမည်သောအနာဂါမ်ဖြစ်၏။

၅။ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့် ပယောဂလုံ့လနှင့် တကွ (အရဟတ္တဖိုလ်သို့ရောက်လျက်) ပရိနိဗ္ဗာန်ပြုသော သသင်္ခါရပရိနိဗ္ဗာယီမည်သောအနာဂါမ်ဖြစ်၏။

၆။ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့် အထက်ဘုံသို့ အစဉ်အတိုင်း တက်၍အကနိဋ္ဌဘုံ၌ (အရဟတ္တဖိုလ်သို့ ရောက်လျက်) ပရိနိဗ္ဗာန်ပြုသော ဥဒ္ဓံသောတအကနိဋ္ဌဂါမီမည်သောအနာဂါမ်ဖြစ်၏။

၇။ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့် သကဒါဂါမ်ဖြစ်၏။

၈။ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့် တစ်ဘဝသာ ဖြစ်၍ အရဟတ္တဖိုလ်သို့ရောက်ရသော ဧကဗီဇီသောတာပန်ဖြစ်၏။

၉။ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့် နှစ်ဘဝ သုံးဘဝ စသည်ဖြစ်၍ အရဟတ္တဖိုလ်သို့ ရောက်ရသော ကောလံကောလသောတာပန်ဖြစ်၏။

--

၁၀။ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့် ဘဝခုနစ်ကြိမ် ဖြစ်၍ အရဟတ္တဖိုလ်သို့ရောက်ရသော သတ္တက္ခတ္တုပရမသောတာပန်ဖြစ်၏။

၁၁။ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့် ဓမ္မာနုသာရီမည်သော သောတာပန်ပုဂ္ဂိုလ်ဖြစ်၏။

၁၂။ ထို့အောက် အထူးသဖြင့် နုံ့သော ဣန္ဒြေတို့ကြောင့် သဒ္ဓါနုသာရီမည်သော သောတာပန်ပုဂ္ဂိုလ်ဖြစ်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

၅-သုဒ္ဓကသုတ်

၄၉၅။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤခြောက်ပါးတို့တည်း။ အဘယ်ခြောက်ပါးတို့နည်း၊ စက္ခုန္ဒြေ၊ သောတိန္ဒြေ၊ ဃာနိန္ဒြေ၊ ဇိဝှိန္ဒြေ၊ ကာယိန္ဒြေ၊ မနိန္ဒြေ တို့တည်း။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤခြောက်ပါးတို့ပင်တည်းဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

၆-သောတာပန္နသုတ်

၄၉၆။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤခြောက်ပါးတို့တည်း။ အဘယ်ခြောက်ပါးတို့နည်း၊ စက္ခုန္ဒြေ။ပ။ မနိန္ဒြေတို့တည်း။ ရဟန်းတို့ အရိယာတပည့်သည် ဤဣန္ဒြေခြောက်ပါးတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ သိသောကြောင့် ဤအရိယာတပည့်ကို အပါယ်သို့ ကျခြင်းသဘော မရှိသောကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန်ဟူ၍ ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

--

၇-အရဟန္တသုတ်

၄၉၇။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤခြောက်ပါးတို့တည်း။ အဘယ်ခြောက်ပါးတို့နည်း၊ စက္ခုန္ဒြေ။ပ။ မနိန္ဒြေတို့တည်း။ ရဟန်းတို့ ရဟန်းသည် ဤဣန္ဒြေခြောက်ပါးတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ သိ၍ မစွဲလမ်းဘဲ (ကိလေသာမှ) လွတ်မြောက်သောကြောင့် ဤရဟန်းကို အာသဝကုန်ပြီးသူ၊ မဂ်အကျင့်ကို ကျင့်သုံးပြီးသူ၊ ပြုဖွယ်ကိစ္စကို ပြုပြီးသူ၊ ခန္ဓာဝန်ကို ချပြီးသူ၊ မိမိအကျိုး အရဟတ္တဖိုလ်သို့ ရောက်ပြီးသူ၊ ဘဝသံယောဇဉ် ကုန်ပြီးသူ၊ ကောင်းစွာ သိ၍ လွတ်မြောက်ပြီးသူ ရဟန္တာဟူ၍ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

၈-သမ္ဗုဒ္ဓသုတ်

၄၉၈။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤခြောက်ပါးတို့တည်း။ အဘယ်ခြောက်ပါးတို့နည်း၊ စက္ခုန္ဒြေ။ပ။ မနိန္ဒြေတို့တည်း။ ရဟန်းတို့ ငါဘုရားသည် ဤဣန္ဒြေခြောက်ပါးတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ မသိသေးသမျှ ကာလပတ်လုံး နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့်သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောက၌ အတုမရှိသော သမ္မာသမ္ဗောဓိဉာဏ်ကိုထိုးထွင်း၍ သိပြီဟု ဝန်မခံခဲ့။

ရဟန်းတို့ ငါဘုရားသည် ဤဣန္ဒြေငါးပါးတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်း၊ဟုတ်တိုင်းမှန်စွာသိပြီးသောအခါ နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများလူများနှင့် တကွသော လူ့လောက၌ အတုမရှိသော သမ္မာသမ္ဗောဓိဉာဏ်ကို ထိုးထွင်း၍ သိပြီဟု ငါဝန်ခံခဲ့ပြီ။ ငါ့အား ဉာဏ်အမြင်သည် ထင်ရှားဖြစ်ပေါ်ပြီ၊ ငါ၏ (ကိလေသာမှ) လွတ်မြောက်မှု (အရဟတ္တဖိုလ်) သည် မပျက်စီးတော့ပြီ၊ ဤဘဝကား အဆုံးစွန်သော ဘဝတည်း၊ နောင်တစ်ဖန် ဘဝသစ်၌တစ်ဖန် ပဋိသန္ဓေနေမှု မရှိတော့ပြီဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

--

၉-ပဌမ သမဏဗြာဟ္မဏသုတ်

၄၉၉။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤခြောက်ပါးတို့တည်း။ အဘယ်ခြောက်ပါးတို့နည်း၊ စက္ခုန္ဒြေ။ပ။ မနိန္ဒြေတို့တည်း။ ရဟန်းတို့ ဤဣန္ဒြေခြောက်ပါးတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ မသိကုန်သော သမဏဗြာဟ္မဏ ဟူသမျှတို့ကို သမဏတို့တွင်လည်း သမဏဟု မသမုတ်အပ်ကုန်၊ ဗြာဟ္မဏတို့တွင်လည်း ဗြာဟ္မဏဟု မသမုတ်အပ်ကုန်။ ထိုအသျှင်တို့သည် သမဏဖြစ်ကျိုးကိုလည်းကောင်း၊ ဗြာဟ္မဏဖြစ်ကျိုးကိုလည်းကောင်း ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍မျက်မှောက် ပြုလျက် ရောက်၍ မနေရကုန်။

ရဟန်းတို့ ဤဣန္ဒြေခြောက်ပါးတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ သိကုန်သော သမဏဗြာဟ္မဏ ဟူသမျှတို့ကို သမဏတို့တွင်လည်း သမဏဟု သမုတ်အပ်ကုန်၏၊ ဗြာဟ္မဏတို့တွင်လည်း ဗြာဟ္မဏဟု သမုတ်အပ်ကုန်၏။ ထိုအသျှင်တို့သည် သမဏဖြစ်ကျိုးကိုလည်းကောင်း၊့ဗြာဟ္မဏ ဖြစ်ကျိုးကိုလည်းကောင်း ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍မျက်မှောက်ပြုလျက် ရောက်၍ နေရကုန်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။

--

၁၀-ဒုတိယ သမဏဗြာဟ္မဏသုတ်

၅၀၀။ ရဟန်းတို့ စက္ခုန္ဒြေကို မသိသူ၊ စက္ခုန္ဒြေ၏ ဖြစ်ကြောင်းကို မသိသူ၊ စက္ခုန္ဒြေ၏ ချုပ်ရာ (နိဗ္ဗာန်) ကို မသိသူ၊ စက္ခုန္ဒြေ၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို မသိသူ သမဏဗြာဟ္မဏဟူသမျှတို့ကို။ သောတိန္ဒြေ။ပ။ ဃာနိန္ဒြေ။ပ။ ဇိဝှိန္ဒြေ။ပ။ ကာယိန္ဒြေ။ပ။ မနိန္ဒြေကို မသိသူ၊ မနိန္ဒြေ၏ဖြစ် ကြောင်းကို မသိသူ၊ မနိန္ဒြေ၏ ချုပ်ရာကို မသိသူ၊ မနိန္ဒြေ၏ ချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်းအကျင့်ကို မသိသူ သမဏဗြာဟ္မဏ ဟူသမျှတို့ကို သမဏတို့တွင်လည်း သမဏဟုမသမုတ်အပ်ကုန်။ပ။ ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ရောက်၍ မနေရကုန်။

ရဟန်းတို့ စက္ခုန္ဒြေကို သိသူ၊ စက္ခုန္ဒြေ၏ ဖြစ်ကြောင်းကို သိသူ၊ စက္ခုန္ဒြေ၏ ချုပ်ရာ (နိဗ္ဗာန်) ကိုသိသူ၊ စက္ခုန္ဒြေ၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို သိသူ သမဏဗြာဟ္မဏ ဟူသမျှတို့ကို။ သောတိန္ဒြေ။ပ။ ဃာနိန္ဒြေ။ပ။ ဇိဝှိန္ဒြေ။ပ။ ကာယိန္ဒြေ။ပ။ မနိန္ဒြေကို သိသူ၊ မနိန္ဒြေ၏ ဖြစ်ကြောင်းကိုသိသူ၊ မနိန္ဒြေ၏ ချုပ်ရာ (နိဗ္ဗာန်) ကို သိသူ၊ မနိန္ဒြေ၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကိုသိသူ သမဏဗြာဟ္မဏ ဟူသမျှတို့ကို သမဏတို့တွင်လည်း သမဏဟု သမုတ်အပ်ကုန်၏၊ ဗြာဟ္မဏတို့တွင်လည်း ဗြာဟ္မဏဟု သမုတ်အပ်ကုန်၏။ ထိုအသျှင်တို့သည် သမဏဖြစ်ကျိုးကိုလည်းကောင်း၊ ဗြာဟ္မဏ ဖြစ်ကျိုးကိုလည်းကောင်း ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍မျက်မှောက်ပြုလျက် ရောက်၍ နေရကုန်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

သုံးခုမြောက် ဆဠိန္ဒြိယဝဂ် ပြီး၏။

--

၄-သုခိန္ဒြိယဝဂ်

၁-သုဒ္ဓိကသုတ်

၅၀၁။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ သုခိန္ဒြေ၊ ဒုက္ခိန္ဒြေ၊ သောမနဿိန္ဒြေ၊ ဒေါမနဿိန္ဒြေ၊ ဥပေက္ခိန္ဒြေတို့တည်း။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့ပင်တည်းဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

၂-သောတာပန္နသုတ်

၅၀၂။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ သုခိန္ဒြေ၊ ဒုက္ခိန္ဒြေ၊ သောမနဿိန္ဒြေ၊ ဒေါမနဿိန္ဒြေ၊ ဥပေက္ခိန္ဒြေတို့တည်း။ ရဟန်းတို့ ဤဣန္ဒြေငါးပါးတို့၏ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက် ရာကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ သိသောကြောင့်ဤအရိယာတပည့်ကို အပါယ်သို့ ကျခြင်းသဘော မရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင်လဲလျောင်းရာရှိသော သောတာပန်ဟူ၍ ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

၃-အရဟန္တသုတ်

၅၀၃။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ သုခိန္ဒြေ၊ ဒုက္ခိန္ဒြေ၊ သောမနဿိန္ဒြေ၊ ဒေါမနဿိန္ဒြေ၊ ဥပေက္ခိန္ဒြေတို့တည်း။ ရဟန်းတို့ ဤဣန္ဒြေငါးပါးတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ သိ၍ မစွဲလမ်းဘဲ (ကိလေသာမှ) လွတ်မြောက်သောကြောင့် ဤရဟန်းကို အာသဝကုန်ပြီးသူ၊ မဂ်အကျင့်ကို ကျင့်ပြီးသူ၊ ပြုဖွယ်ကိစ္စကို ပြုပြီးသူ၊ ခန္ဓာဝန်ကို ချပြီးသူ၊ မိမိအကျိုး အရဟတ္တဖိုလ်သို့ ရောက်ပြီးသူ၊ ဘဝသံယောဇဉ် ကုန်ပြီးသူ၊ ကောင်းစွာ သိ၍ လွတ်မြောက်ပြီးသူရဟန္တာဟူ၍ ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။

--

၄-ပဌမ သမဏဗြာဟ္မဏသုတ်

၅၀၄။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ သုခိန္ဒြေ၊ ဒုက္ခိန္ဒြေ၊ သောမနဿိန္ဒြေ၊ ဒေါမနဿိန္ဒြေ၊ ဥပေက္ခိန္ဒြေတို့တည်း။ ရဟန်းတို့ ဤဣန္ဒြေငါးပါးတို့၏ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက် ရာကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ မသိသူသမဏဗြာဟ္မဏ ဟူသမျှတို့ကို သမဏတို့တွင်လည်း သမဏဟု မသမုတ်အပ်ကုန်၊ ဗြာဟ္မဏတို့တွင်လည်းဗြာဟ္မဏဟု မသမုတ်အပ်ကုန်။ ထိုအသျှင်တို့သည် သမဏဖြစ်ကျိုးကိုလည်းကောင်း၊ ဗြာဟ္မဏဖြစ်ကျိုးကိုလည်းကောင်း ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍မျက်မှောက်ပြုလျက် ရောက်၍ မနေရကုန်။

ရဟန်းတို့ ဤဣန္ဒြေငါးပါးတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ သိသူသမဏဗြာဟ္မဏဟူသမျှတို့ကို သမဏတို့တွင်လည်း သမဏဟု သမုတ်အပ်ကုန်၏၊ ဗြာဟ္မဏတို့တွင်လည်းဗြာဟ္မဏဟု သမုတ်အပ်ကုန်၏။ ထိုအသျှင်တို့သည် သမဏဖြစ်ကျိုးကိုလည်းကောင်း၊ ဗြာဟ္မဏဖြစ်ကျိုးကိုလည်းကောင်း ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ရောက်၍နေရကုန် ၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

--

၅-ဒုတိယ သမဏဗြာဟ္မဏသုတ်

၅၀၅။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ သုခိန္ဒြေ၊ ဒုက္ခိန္ဒြေ၊ သောမနဿိန္ဒြေ၊ ဒေါမနဿိန္ဒြေ၊ ဥပေက္ခိန္ဒြေတို့တည်း။ ရဟန်းတို့ သုခိန္ဒြေကို မသိကြသူ၊ သုခိန္ဒြေ၏ဖြစ် ကြောင်းကို မသိကြသူ၊ သုခိန္ဒြေ၏ ချုပ်ရာ (နိဗ္ဗာန်) ကို မသိကြသူ၊ သုခိန္ဒြေ၏ ချုပ်ရာ (နိဗ္ဗာန်) သို့ရောက် ကြောင်းအကျင့်ကို မသိကြသူ သမဏဗြာဟ္မဏဟူသမျှတို့ကို။ ဒုက္ခိန္ဒြေကို မသိကြသူ။ပ။ သောမနဿိန္ဒြေကို မသိကြသူ။ပ။ ဒေါမနဿိန္ဒြေကို မသိကြသူ။ပ။ ဥပေက္ခိန္ဒြေကို မသိကြသူ၊ ဥပေက္ခိန္ဒြေ၏ ဖြစ်ကြောင်းကို မသိကြသူ၊ ဥပေက္ခိန္ဒြေ၏ ချုပ်ရာ (နိဗ္ဗာန်) ကို မသိကြသူ၊ ဥပေက္ခိန္ဒြေ၏ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ကို မသိကြသူ သမဏဗြာဟ္မဏဟူသမျှတို့ကိုသမဏတို့တွင်လည်း သမဏဟု မသမုတ်အပ်ကုန်၊ ဗြာဟ္မဏတို့တွင်လည်း ဗြာဟ္မဏဟု မသမုတ်အပ်ကုန်။ ထိုအသျှင်တို့သည် သမဏဖြစ်ကျိုးကိုလည်းကောင်း၊ ဗြာဟ္မဏဖြစ်ကျိုးကိုလည်းကောင်း ယခုဘဝ၌ပင်ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက် ပြုလျက် ရောက်၍ မနေရကုန်။

ရဟန်းတို့ သုခိန္ဒြေကို သိကြသူ၊ သုခိန္ဒြေ၏ ဖြစ်ကြောင်းကို သိကြသူ၊ သုခိန္ဒြေ၏ ချုပ်ရာ (နိဗ္ဗာန်) ကို့သိကြသူ၊ သုခိန္ဒြေ၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို သိကြသူ။ ဒုက္ခိန္ဒြေကို သိကြသူ။ပ။

သောမနဿိန္ဒြေကို သိကြသူ။ပ။ ဒေါမနဿိန္ဒြေကို သိကြသူ။ပ။ ဥပေက္ခိန္ဒြေကို သိကြသူ၊ ဥပေက္ခိန္ဒြေ၏ဖြစ်ကြောင်းကို သိကြသူ၊ ဥပေက္ခိန္ဒြေ၏ ချုပ်ရာ (နိဗ္ဗာန်) ကို သိကြသူ၊ ဥပေက္ခိန္ဒြေ၏ ချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်းအကျင့်ကို သိကြသူ သမဏဗြာဟ္မဏဟူသမျှတို့ကို သမဏတို့တွင်လည်း သမဏဟုသမုတ် အပ်ကုန်၏၊ ဗြာဟ္မဏတို့တွင်လည်း ဗြာဟ္မဏဟု သမုတ်အပ်ကုန်၏။ ထိုအသျှင်တို့သည်သမဏဖြစ်ကျိုး ကိုလည်းကောင်း၊ ဗြာဟ္မဏဖြစ်ကျိုးကိုလည်းကောင်း ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ရောက်၍ နေရကုန်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

--

၆-ပဌမ ဝိဘင်္ဂသုတ်

၅၀၆။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ သုခိန္ဒြေ၊ ဒုက္ခိန္ဒြေ၊ သောမနဿိန္ဒြေ၊ ဒေါမနဿိန္ဒြေ၊ ဥပေက္ခိန္ဒြေတို့တည်း။

ရဟန်းတို့ သုခိန္ဒြေဟူသည် အဘယ်နည်း။ ရဟန်းတို့ ကိုယ်၌ ဖြစ်သော ချမ်းသာမှု ကိုယ်၌ ဖြစ် သောသာယာမှု ကိုယ်အတွေ့ကြောင့် ဖြစ်သော ချမ်းသာမှု သာယာမှု ခံစားမှုကို သုခိန္ဒြေဟု ဆိုအပ်၏။

ရဟန်းတို့ ဒုက္ခိန္ဒြေဟူသည် အဘယ်နည်း။ ရဟန်းတို့ ကိုယ်၌ ဖြစ်သော ဆင်းရဲမှု ကိုယ်၌ ဖြစ် သောမသာယာမှု ကိုယ်အတွေ့ကြောင့် ဖြစ်သော ဆင်းရဲမှု မသာယာမှု ခံစားမှုကို ဒုက္ခိန္ဒြေဟု ဆိုအပ်၏။

ရဟန်းတို့ သောမနဿိန္ဒြေဟူသည် အဘယ်နည်း။ ရဟန်းတို့ စိတ်၌ ဖြစ်သော ချမ်းသာမှု စိတ်၌ဖြစ်သော သာယာမှု စိတ်အတွေ့ကြောင့် ဖြစ်သော ချမ်းသာမှု သာယာမှု ခံစားမှုကို သောမနဿိန္ဒြေဟုဆိုအပ်၏။

ရဟန်းတို့ ဒေါမနဿိန္ဒြေဟူသည် အဘယ်နည်း။ ရဟန်းတို့ စိတ်၌ ဖြစ်သော ဆင်းရဲမှု စိတ်၌ဖြစ်သော မသာယာမှု စိတ်အတွေ့ကြောင့် ဖြစ်သော ဆင်းရဲမှု မသာယာမှု ခံစားမှုကို ဒေါမနဿိန္ဒြေဟုဆိုအပ်၏။

ရဟန်းတို့ ဥပေက္ခိန္ဒြေဟူသည် အဘယ်နည်း။ ရဟန်းတို့ ကိုယ်၌ ဖြစ်သော သာယာမှုလည်း မဟုတ်မသာယာမှုလည်း မဟုတ်သော ခံစားမှုကိုလည်းကောင်း၊ စိတ်၌ ဖြစ်သော သာယာမှုလည်း မဟုတ်မသာယာမှုလည်း မဟုတ်သော ခံစားမှုကိုလည်းကောင်း ဥပေက္ခိန္ဒြေဟု ဆိုအပ်၏။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့ ပင်တည်းဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

--

၇-ဒုတိယ ဝိဘင်္ဂသုတ်

၅၀၇။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ သုခိန္ဒြေ၊ ဒုက္ခိန္ဒြေ၊ သောမနဿိန္ဒြေ၊ ဒေါမနဿိန္ဒြေ၊ ဥပေက္ခိန္ဒြေတို့တည်း။

ရဟန်းတို့ သုခိန္ဒြေဟူသည် အဘယ်နည်း။ ရဟန်းတို့ ကိုယ်၌ ဖြစ်သော ချမ်းသာမှု ကိုယ်၌ ဖြစ် သောသာယာမှု ကိုယ်အတွေ့ကြောင့် ဖြစ်သော ချမ်းသာမှု သာယာမှု ခံစားမှုကို သုခိန္ဒြေဟု ဆိုအပ်၏။

ရဟန်းတို့ ဒုက္ခိန္ဒြေဟူသည် အဘယ်နည်း။ ရဟန်းတို့ ကိုယ်၌ ဖြစ်သော ဆင်းရဲမှု ကိုယ်၌ ဖြစ် သောမသာယာမှု ကိုယ်အတွေ့ကြောင့် ဖြစ်သော ဆင်းရဲမှု မသာယာမှု ခံစားမှုကို ဒုက္ခိန္ဒြေဟု ဆိုအပ်၏။

ရဟန်းတို့ သောမနဿိန္ဒြေဟူသည် အဘယ်နည်း။ ရဟန်းတို့ စိတ်၌ ဖြစ်သော ချမ်းသာမှု စိတ်၌ဖြစ်သော သာယာမှု စိတ်အတွေ့ကြောင့် ဖြစ်သော ချမ်းသာမှု သာယာမှု ခံစားမှုကို သောမနဿိန္ဒြေဟုဆိုအပ်၏။

ရဟန်းတို့ ဒေါမနဿိန္ဒြေဟူသည် အဘယ်နည်း။ ရဟန်းတို့ စိတ်၌ ဖြစ်သော ဆင်းရဲမှု စိတ်၌ဖြစ်သော မသာယာမှု စိတ်အတွေ့ကြောင့် ဖြစ်သော ဆင်းရဲမှု မသာယာမှု ခံစားမှုကို ဒေါမနဿိန္ဒြေဟုဆိုအပ်၏။

ရဟန်းတို့ ဥပေက္ခိန္ဒြေဟူသည် အဘယ်နည်း။ ရဟန်းတို့ ကိုယ်၌ ဖြစ်သော သာယာမှုလည်း မဟုတ်မသာယာမှုလည်း မဟုတ်သော ခံစားမှုကိုလည်းကောင်း၊ စိတ်၌ ဖြစ်သော သာယာမှုလည်း မဟုတ်မသာယာမှုလည်း မဟုတ်သော ခံစားမှုကိုလည်းကောင်း ဥပေက္ခိန္ဒြေဟု ဆိုအပ်၏။

ရဟန်းတို့ ထိုဣန္ဒြေတို့တွင် သုခိန္ဒြေကိုလည်းကောင်း၊ သောမနဿိန္ဒြေကိုလည်းကောင်း သုခဝေဒနာဟုရှုမှတ်အပ်၏။ ထိုဣန္ဒြေတို့တွင် ဒုက္ခိန္ဒြေကိုလည်းကောင်း၊ ဒေါမနဿိန္ဒြေကိုလည်းကောင်း ဒုက္ခဝေဒနာဟုရှုမှတ်အပ်၏။ ထိုဣန္ဒြေတို့တွင် ဥပေက္ခိန္ဒြေကို မဆင်းရဲ မချမ်းသာ (အလယ်အလတ်) ကို ခံစားမှုအဒုက္ခမသုခဝေဒနာဟု ရှုမှတ်အပ်၏။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့ပင်တည်းဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

--

၈-တတိယ ဝိဘင်္ဂသုတ်

၅၀၈။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ သုခိန္ဒြေ၊ ဒုက္ခိန္ဒြေ၊ သောမနဿိန္ဒြေ၊ ဒေါမနဿိန္ဒြေ၊ ဥပေက္ခိန္ဒြေတို့တည်း။

ရဟန်းတို့ သုခိန္ဒြေဟူသည် အဘယ်နည်း။ ရဟန်းတို့ ကိုယ်၌ ဖြစ်သော ချမ်းသာမှု ကိုယ်၌ ဖြစ် သောသာယာမှု ကိုယ်အတွေ့ကြောင့် ဖြစ်သော ချမ်းသာမှု သာယာမှု ခံစားမှုကို သုခိန္ဒြေဟု ဆိုအပ်၏။

ရဟန်းတို့ ဒုက္ခိန္ဒြေဟူသည် အဘယ်နည်း။ ရဟန်းတို့ ကိုယ်၌ ဖြစ်သော ဆင်းရဲမှု ကိုယ်၌ ဖြစ် သောမသာယာမှု ကိုယ်အတွေ့ကြောင့် ဖြစ်သော ဆင်းရဲမှု မသာယာမှု ခံစားမှုကို ဒုက္ခိန္ဒြေဟု ဆိုအပ်၏။

ရဟန်းတို့ သောမနဿိန္ဒြေဟူသည် အဘယ်နည်း။ ရဟန်းတို့ စိတ်၌ ဖြစ်သော ချမ်းသာမှု စိတ်၌ဖြစ်သော သာယာမှု စိတ်အတွေ့ကြောင့် ဖြစ်သော ချမ်းသာမှု သာယာမှု ခံစားမှုကို သောမနဿိန္ဒြေဟုဆိုအပ်၏။

ရဟန်းတို့ ဒေါမနဿိန္ဒြေဟူသည် အဘယ်နည်း။ ရဟန်းတို့ စိတ်၌ ဖြစ်သော ဆင်းရဲမှု စိတ်၌ဖြစ်သော မသာယာမှု စိတ်အတွေ့ကြောင့် ဖြစ်သော ဆင်းရဲမှု မသာယာမှု ခံစားမှုကို ဒေါမနဿိန္ဒြေဟုဆိုအပ်၏။

ရဟန်းတို့ ဥပေက္ခိန္ဒြေဟူသည် အဘယ်နည်း။ ရဟန်းတို့ ကိုယ်၌ ဖြစ်သော သာယာမှုလည်း မဟုတ်မသာယာမှုလည်း မဟုတ်သော ခံစားမှုကိုလည်းကောင်း၊ စိတ်၌ ဖြစ်သော သာယာမှုလည်း မဟုတ်မသာယာမှုလည်း မဟုတ်သော ခံစားမှုကိုလည်းကောင်း ဥပေက္ခိန္ဒြေဟု ဆိုအပ်၏။

ရဟန်းတို့ ထိုဣန္ဒြေတို့တွင် သုခိန္ဒြေကိုလည်းကောင်း၊ သောမနဿိန္ဒြေကိုလည်းကောင်း သုခဝေဒနာဟုရှုမှတ်အပ်၏။ ထိုဣန္ဒြေတို့တွင် ဒုက္ခိန္ဒြေကိုလည်းကောင်း၊ ဒေါမနဿိန္ဒြေကိုလည်းကောင်း ဒုက္ခဝေဒနာဟုရှုမှတ်အပ်၏။ ထိုဣန္ဒြေတို့တွင် ဥပေက္ခိန္ဒြေကို မဆင်းရဲ မချမ်းသာ (အလယ်အလတ်) ကို ခံစားမှုအဒုက္ခမသုခဝေဒနာဟု ရှုမှတ်အပ်၏။ ရဟန်းတို့ ဤသို့လျှင် ဤဣန္ဒြေငါးပါးတို့သည် အကြောင်း ‘ပရိယာယ်’ အားဖြင့် ငါးပါးတို့ ဖြစ်လျက် သုံးပါးတို့ ဖြစ်ကုန်၏၊ သုံးပါးတို့ ဖြစ်လျက် ငါးပါးတို့ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

--

၉-ကဋ္ဌောပမသုတ်

၅၀၉။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ သုခိန္ဒြေ၊ ဒုက္ခိန္ဒြေ၊ သောမနဿိန္ဒြေ၊ ဒေါမနဿိန္ဒြေ၊ ဥပေက္ခိန္ဒြေတို့တည်း။

ရဟန်းတို့ သုခဝေဒနာ၏ အကြောင်းဖြစ်သော တွေ့ထိမှု ‘ဖဿ’ ကို စွဲ၍ သုခိန္ဒြေ ဖြစ်၏၊ ထိုသူသည်ချမ်းသာသည်ရှိသော် “ငါ ချမ်းသာ၏”ဟု သိ၏၊ သုခဝေဒနာ၏ အကြောင်းဖြစ်သော ထိုတွေ့ထိမှု ‘ဖဿ’ ချုပ်ခြင်းကြောင့် ထိုအကြောင်းအားလျော်စွာ ခံစားအပ်သော သုခဝေဒနာ၏ အကြောင်းဖြစ်သည့်တွေ့ထိမှု ‘ဖဿ’ ကို စွဲ၍ ဖြစ်သော သုခိန္ဒြေသည် ချုပ်၏၊ ငြိမ်း၏ဟု သိ၏။

ရဟန်းတို့ ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော တွေ့ထိမှု ‘ဖဿ’ ကို စွဲ၍ ဒုက္ခိန္ဒြေ ဖြစ်၏၊ ထိုသူ သည်ဆင်းရဲသည်ရှိသော် “ငါ ဆင်းရဲ၏”ဟု သိ၏၊ ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော ထိုတွေ့ထိမှု ‘ဖဿ'ချုပ်ခြင်းကြောင့် ထိုအကြောင်းအားလျော်စွာ ခံစားအပ်သော ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သည့်တွေ့ထိမှု ‘ဖဿ’ ကို စွဲ၍ ဖြစ်သော ဒုက္ခိန္ဒြေသည် ချုပ်၏၊ ငြိမ်း၏ဟု သိ၏။

ရဟန်းတို့ သောမနဿဝေဒနာ၏ အကြောင်းဖြစ်သော တွေ့ထိမှု ‘ဖဿ’ ကို စွဲ၍ သောမနဿိန္ဒြေဖြစ်၏၊ ထိုသူသည် ဝမ်းမြောက်သည်ရှိသော် “ငါ ဝမ်းမြောက်၏”ဟု သိ၏၊ သောမနဿဝေဒနာ၏အကြောင်းဖြစ်သော ထိုတွေ့ထိမှု ‘ဖဿ’ ချုပ်ခြင်းကြောင့် ထိုအကြောင်းအားလျော်စွာ ခံစားအပ်သောသောမနဿဝေဒနာ၏ အကြောင်းဖြစ်သည့် တွေ့ထိမှု ‘ဖဿ’ ကို စွဲ၍ ဖြစ်သော သောမနဿိန္ဒြေသည်ချုပ်၏၊ ငြိမ်း၏ဟု သိ၏။

ရဟန်းတို့ ဒေါမနဿဝေဒနာ၏ အကြောင်းဖြစ်သော တွေ့ထိမှု ‘ဖဿ’ ကို စွဲ၍ ဒေါမနဿိန္ဒြေ ဖြစ် ၏၊ ထိုသူသည် နှလုံးမသာသည်ရှိသော် “ငါ နှလုံးမသာဖြစ်၏”ဟု သိ၏၊ ဒေါမနဿဝေဒနာ၏ အကြောင်းဖြစ်သော ထိုတွေ့ထိမှု ‘ဖဿ’ ချုပ်ခြင်းကြောင့် ထိုအကြောင်းအားလျော်စွာ ခံစားအပ်သော ဒေါမနဿဝေဒနာ၏ အကြောင်းဖြစ်သည့် တွေ့ထိမှု ‘ဖဿ’ ကို စွဲ၍ ဖြစ်သော ဒေါမနဿိန္ဒြေသည် ချုပ်၏၊ ငြိမ်း၏ဟု သိ၏။

ရဟန်းတို့ ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော တွေ့ထိမှု ‘ဖဿ’ ကို စွဲ၍ ဥပေက္ခိန္ဒြေ ဖြစ်၏၊ ထိုသူသည် လျစ်လျူရှုသည်ရှိသော် “ငါ လျစ်လျူရှု၏”ဟု သိ၏၊ ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သောထိုတွေ့ထိမှု ‘ဖဿ’ ချုပ်ခြင်းကြောင့် ထိုအကြောင်းအားလျော်စွာ ခံစားအပ်သော ဥပေက္ခာဝေဒနာ၏အကြောင်းဖြစ်သည့် တွေ့ထိမှု ‘ဖဿ’ ကို စွဲ၍ ဖြစ်သော ဥပေက္ခိန္ဒြေသည် ချုပ်၏၊ ငြိမ်း၏ဟု သိ၏။

ရဟန်းတို့ သစ်သားနှစ်ခုတို့၏ ထိခိုက်ပေါင်းဆုံခြင်းကြောင့် အပူငွေ့ ဖြစ်၏၊ မီးဖြစ်ပေါ်လာ၏၊ ထိုသစ်သားနှစ်ခုတို့ကိုပင် တခြားစီ ခွဲ၍ ထားခြင်းကြောင့် ထိုသစ်သားနှစ်ခုတို့ ပွတ်ခြင်းကြောင့် ဖြစ်ပေါ်လာသောအပူငွေ့သည် ချုပ်ငြိမ်းသကဲ့သို့ ထို့အတူပင် ရဟန်းတို့ သုခဝေဒနာ၏ အကြောင်းဖြစ်သော တွေ့ထိမှု ‘ဖဿ’ ကို စွဲ၍ သုခိန္ဒြေ ဖြစ်၏၊ ထိုသူသည် ချမ်းသာသည်ရှိသော် “ငါ ချမ်းသာ၏”ဟု သိ၏၊ သုခဝေဒနာ၏ အကြောင်းဖြစ်သော ထိုတွေ့ထိမှု ‘ဖဿ’ ချုပ်ခြင်းကြောင့် ထိုအကြောင်းအားလျော်စွာခံစားအပ် သော သုခဝေဒနာ၏ အကြောင်းဖြစ်သည့် တွေ့ထိမှု ‘ဖဿ’ ကို စွဲ၍ ဖြစ်သော သုခိန္ဒြေသည်ချုပ်၏၊ ငြိမ်း၏ဟု သိ၏။ ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော တွေ့ထိမှု ‘ဖဿ’ ကို စွဲ၍။ပ။

--

သောမနဿဝေဒနာ၏ အကြောင်းဖြစ်သော တွေ့ထိမှု ‘ဖဿ’ ကို စွဲ၍။ပ။ ဒေါမနဿဝေဒနာ၏အကြောင်းဖြစ်သော တွေ့ထိမှု ‘ဖဿ’ ကို စွဲ၍။ပ။ ရဟန်းတို့ ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သောတွေ့ထိမှု ‘ဖဿ’ ကို စွဲ၍ ဥပေက္ခိန္ဒြေ ဖြစ်၏၊ ထိုသူသည် လျစ်လျူရှုသည်ရှိသော် “ငါ လျစ်လျူရှု၏”ဟုသိ၏၊ ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ် သော ထိုတွေ့ထိမှု ‘ဖဿ’ ချုပ်ခြင်းကြောင့်ထိုအကြောင်းအားလျော်စွာ ခံစားအပ်သော ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သည့် တွေ့ထိမှု ‘ဖဿ’ ကိုစွဲ၍ ဖြစ်သော ဥပေက္ခိန္ဒြေသည် ချုပ်၏၊ ငြိမ်း၏ဟု သိ၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။

၁၀-ဥပ္ပဋိပါဋိကသုတ်

၅၁၀။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ သုခိန္ဒြေ၊ ဒုက္ခိန္ဒြေ၊ သောမနဿိန္ဒြေ၊ ဒေါမနဿိန္ဒြေ၊ ဥပေက္ခိန္ဒြေတို့တည်း။

ရဟန်းတို့ ဤသာသနာတော်၌ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် နိဗ္ဗာန်သို့ စေလွှတ်သောစိတ်ရှိသည် ဖြစ်၍ နေသော ရဟန်းအား ဒုက္ခိန္ဒြေသည် ဖြစ်၏၊ ထိုရဟန်းသည် “ငါ့အား ဤဒုက္ခိန္ဒြေသည်ဖြစ်ခဲ့ပြီ၊ ထိုဒုက္ခိန္ဒြေသည်လည်း စင်စစ်အားဖြင့် အကြောင်း ‘နိမိတ်'နှင့်တကွ ဖြစ်၏၊ အကြောင်းခံနှင့်တကွဖြစ်၏၊ ပြုပြင်မှုနှင့်တကွ ဖြစ်၏၊ အထောက်အပံ့နှင့်တကွ ဖြစ်၏၊ ထိုဒုက္ခိန္ဒြေသည် အကြောင်း ‘နိမိတ်'မရှိလတ်သော် အကြောင်းခံ မရှိလတ်သော် ပြုပြင်မှု မရှိလတ်သော် အထောက်အပံ့ မရှိလတ်သော် ဖြစ်လိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် မရှိ”ဟု ဤသို့ သိ၏။ ထိုရဟန်းသည် ဒုက္ခိန္ဒြေကိုလည်း သိ၏၊ ဒုက္ခိန္ဒြေ၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ဒုက္ခိန္ဒြေ၏ ချုပ်ရာကိုလည်း သိ၏၊ ဖြစ်ပြီးသော ဒုက္ခိန္ဒြေ၏အကြွင်းမဲ့ချုပ်ရာ တရားကိုလည်း သိ၏။ ဖြစ်ပေါ်လာသည့် ဒုက္ခိန္ဒြေသည် အဘယ်တရား၌ အကြွင်းမဲ့ချုပ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ဆိတ်၍သာလျှင် ကြံစည်မှု ‘ဝိတက်'နှင့် တကွဖြစ်သော သုံးသပ်မှု ‘ဝိစာရ'နှင့် တကွဖြစ်သော နီဝရဏဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍နေ၏၊ ဖြစ်ပေါ်လာသော ဒုက္ခိန္ဒြေသည် ဤပဌမဈာန်၌ အကြွင်းမဲ့ ချုပ်၏။ ရဟန်းတို့ ဤရဟန်းကိုဒုက္ခိန္ဒြေ၏ ချုပ်ရာကို သိပြီးသူ၊ ထိုဒုက္ခိန္ဒြေ၏ ချုပ်ရာ (ပဌမဈာန်) အကျိုးငှါ စိတ်ကို ကပ်၍ ဆောင်သူဟုဆိုအပ်၏။

ရဟန်းတို့ ဤသာသနာတော်၌ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် နိဗ္ဗာန်သို့ စေလွှတ်သောစိတ်ရှိသည် ဖြစ်၍ နေသော ရဟန်းအား ဒေါမနဿိန္ဒြေသည် ဖြစ်၏၊ ထိုရဟန်းသည် “ငါ့အား ဤဒေါမနဿိန္ဒြေသည် ဖြစ်ခဲ့ပြီ၊ ထိုဒေါမနဿိန္ဒြေသည်လည်း စင်စစ်အားဖြင့် အကြောင်း ‘နိမိတ်’ နှင့်တကွ ဖြစ်၏၊ အကြောင်းခံနှင့် တကွဖြစ်၏၊ ပြုပြင်မှုနှင့်တကွ ဖြစ်၏၊ အထောက်အပံ့နှင့်တကွ ဖြစ်၏၊ ထိုဒေါမနဿိန္ဒြေသည် အကြောင်း ‘နိမိတ်’ မရှိလတ်သော် အကြောင်းခံ မရှိလတ်သော် ပြုပြင်မှု မရှိလတ်သော် အထောက်အပံ့ မရှိလတ်သော် ဖြစ်လိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် မရှိ”ဟု ဤသို့ သိ၏။ ထိုရဟန်းသည်ဒေါမနဿိန္ဒြေကိုလည်း သိ၏၊ ဒေါမနဿိန္ဒြေ၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ဒေါမနဿိန္ဒြေ၏ ချုပ်ရာကိုလည်း သိ၏၊ ဖြစ်ပြီးသော ဒေါမနဿိန္ဒြေ၏ အကြွင်းမဲ့ချုပ်ရာ တရားကိုလည်း သိ၏။ ဖြစ်ပေါ်လာသည့်ဒေါမနဿိန္ဒြေသည် အဘယ်တရား၌ အကြွင်းမဲ့ ချုပ် သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’ တို့၏ ငြိမ်းခြင်းကြောင့် မိမိကိုယ်၌ စိတ်ကို ကြည်လင်စေတတ်သော စိတ်၏ တည်ကြည်ခြင်း ‘သမာဓိ’ ကို ပွားစေတတ်သော ကြံစည်မှု ‘ဝိတက်'သုံးသပ်မှု ‘ဝိစာရ’ မရှိသော တည်ကြည်မှု ‘သမာဓိ’ ကြောင့် ဖြစ်သော နှစ်သိမ့်မှု ‘ပီတိ'ချမ်းသာမှု ‘သုခ’ ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏၊ ဖြစ်ပေါ်လာသော ဒေါမနဿိန္ဒြေသည်ဤဒုတိယဈာန်၌ အကြွင်းမဲ့ ချုပ်၏။ ရဟန်းတို့ ဤရဟန်းကို ဒေါမနဿိန္ဒြေ၏ ချုပ်ရာကို သိပြီးသူ၊ ထိုဒေါမနဿိန္ဒြေ၏ ချုပ်ရာ (ဒုတိယဈာန်) အကျိုးငှါ စိတ်ကို ကပ်၍ ဆောင်သူဟု ဆိုအပ်၏။

--

ရဟန်းတို့ ဤသာသနာတော်၌ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် နိဗ္ဗာန်သို့ စေလွှတ်သောစိတ်ရှိသည် ဖြစ်၍ နေသော ရဟန်းအား သုခိန္ဒြေသည် ဖြစ်၏၊ ထိုရဟန်းသည် “ငါ့အား ဤသုခိန္ဒြေသည်ဖြစ်ခဲ့ပြီ၊ ထိုသုခိန္ဒြေသည်လည်း စင်စစ်အားဖြင့် အကြောင်း ‘နိမိတ်’ နှင့်တကွ ဖြစ်၏၊ အကြောင်းခံနှင့်တကွဖြစ်၏၊ ပြုပြင်မှုနှင့်တကွ ဖြစ်၏၊ အထောက်အပံ့နှင့်တကွ ဖြစ်၏၊ ထိုသုခိန္ဒြေသည် အကြောင်း ‘နိမိတ်'မရှိလတ်သော် အကြောင်းခံ မရှိလတ်သော် ပြုပြင်မှု မရှိလတ်သော် အထောက်အပံ့ မရှိလတ်သော် ဖြစ့်လိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် မရှိ”ဟု ဤသို့ သိ၏။ ထိုရဟန်းသည် သုခိန္ဒြေကိုလည်း သိ၏၊ သုခိန္ဒြေ၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ သုခိန္ဒြေ၏ ချုပ်ရာကိုလည်း သိ၏၊ ဖြစ်ပြီးသော သုခိန္ဒြေ၏အကြွင်းမဲ့ချုပ်ရာ တရားကိုလည်း သိ၏။ ဖြစ်ပေါ်လာသည့် သုခိန္ဒြေသည် အဘယ်တရား၌ အကြွင်းမဲ့ချုပ် သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် နှစ်သိမ့်မှု ‘ပီတိ’ ကိုလည်းမတပ်မက်ခြင်းကြောင့် လျစ်လျူရှုလျက်သာလျှင် နေ၏၊ သတိသမ္ပဇဉ်နှင့် ပြည့်စုံသည် ဖြစ်၍ချမ်းသာမှု ‘သုခ'ကိုလည်း ကိုယ်ဖြင့် ခံစား၏၊ အကြင်တတိယဈာန်ကြောင့် ထိုသူ့ကို “လျစ်လျူရှုသူ၊ သတိရှိသူ၊ ချမ်းသာစွာ နေလေ့ရှိသူ”ဟု အရိယာပုဂ္ဂိုလ်တို့သည် ပြောကြားကုန်၏၊ ရဟန်းသည်ထိုတတိယဈာန်သို့ ရောက်၍ နေ၏၊ ဖြစ်ပေါ်လာ သော သုခိန္ဒြေသည် ဤတတိယဈာန်၌ အကြွင်းမဲ့ချုပ်၏၊ ရဟန်းတို့ ဤရဟန်းကို သုခိန္ဒြေ၏ ချုပ်ရာကို သိပြီးသူ၊ ထိုသုခိန္ဒြေ၏ချုပ်ရာ (တတိယဈာန်) အကျိုးငှါ စိတ်ကို ကပ်၍ ဆောင်သူဟု ဆိုအပ်၏။

ရဟန်းတို့ ဤသာသနာတော်၌ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် နိဗ္ဗာန်သို့ စေလွှတ်သောစိတ်ရှိသည် ဖြစ်၍ နေသော ရဟန်းအား သောမနဿိန္ဒြေသည် ဖြစ်၏၊ ထိုရဟန်းသည် “ငါ့အား ဤသောမနဿိန္ဒြေသည် ဖြစ်ခဲ့ပြီ၊ ထိုသောမနဿိန္ဒြေသည်လည်း စင်စစ်အားဖြင့် အကြောင်း ‘နိမိတ်’ နှင့်တကွဖြစ်၏၊ အကြောင်းခံနှင့်တကွ ဖြစ်၏၊ ပြုပြင်မှုနှင့်တကွ ဖြစ်၏၊ အထောက်အပံ့နှင့်တကွ ဖြစ်၏၊ ထိုသောမနဿိန္ဒြေသည် အကြောင်း ‘နိမိတ်’ မရှိလတ်သော် အကြောင်းခံ မရှိလတ်သော် ပြုပြင်မှုမရှိလတ်သော် အထောက်အပံ့ မရှိလတ်သော် ဖြစ်လိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် မရှိ”ဟုဤသို့ သိ၏၊ ထို ရဟန်းသည် သောမနဿိန္ဒြေကိုလည်း သိ၏၊ သောမနဿိန္ဒြေ၏ ဖြစ်ကြောင်းကိုလည်းသိ၏၊ သောမနဿိန္ဒြေ၏ ချုပ်ရာကိုလည်း သိ၏၊ ဖြစ်ပြီးသော သောမနဿိန္ဒြေ၏ အကြွင်းမဲ့ချုပ်ရာတရားကိုလည်း သိ၏။ ဖြစ်ပေါ်လာသည့် သောမနဿိန္ဒြေသည် အဘယ်တရား၌ အကြွင်းမဲ့ ချုပ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ရှေးဦးကပင်လျှင် ဝမ်းသာခြင်းနှလုံးမသာခြင်းတို့၏ ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲချမ်းသာမရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ’ ကြောင့် ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ရောက်၍ နေ၏၊ ဖြစ်ပေါ်လာ သော သောမနဿိန္ဒြေသည် ဤစတုတ္ထဈာန်၌ အကြွင်းမဲ့ ချုပ်၏။ ရဟန်းတို့ ဤရဟန်းကို သောမနဿိ န္ဒြေ၏ ချုပ်ရာကို သိပြီးသူ၊ ထိုသောမနဿိန္ဒြေ၏ချုပ်ရာ (စတုတ္ထဈာန်) အကျိုးငှါ စိတ်ကို ကပ်၍ ဆောင်သူဟု ဆိုအပ်၏။

--

ရဟန်းတို့ ဤသာသနာတော်၌ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် နိဗ္ဗာန်သို့ စေလွှတ်သောစိတ်ရှိသည် ဖြစ်၍ နေသော ရဟန်းအား ဥပေက္ခိန္ဒြေသည် ဖြစ်၏၊ ထိုရဟန်းသည် “ငါ့အားဤဥပေက္ခိန္ဒြေ သည် ဖြစ်ခဲ့ပြီ၊ ထိုဥပေက္ခိန္ဒြေသည်လည်း စင်စစ်အားဖြင့် အကြောင်း ‘နိမိတ်’ နှင့်တကွဖြစ်၏၊ အကြောင်းခံ နှင့်တကွ ဖြစ်၏၊ ပြုပြင်မှုနှင့်တကွ ဖြစ်၏၊ အထောက်အပံ့နှင့်တကွ ဖြစ်၏၊ ထိုဥပေက္ခိန္ဒြေသည် အကြောင်း ‘နိမိတ်’ မရှိလတ်သော် အကြောင်းခံ မရှိလတ်သော် ပြုပြင်မှုမရှိလတ်သော် အထောက်အပံ့ မရှိလတ် သော် ဖြစ်လိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် မရှိ”ဟုဤသို့ သိ၏။ ထိုရဟန်းသည် ဥပေက္ခိန္ဒြေကို လည်း သိ၏၊ ဥပေက္ခိန္ဒြေ၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ဥပေက္ခိန္ဒြေ၏ ချုပ်ရာကိုလည်း သိ၏၊ ဖြစ်ပြီး သော ဥပေက္ခိန္ဒြေ၏ အကြွင်းမဲ့ချုပ်ရာ တရားကိုလည်းသိ၏။ ဖြစ်ပေါ်လာသည့် ဥပေက္ခိန္ဒြေသည် အဘယ် တရား၌ အကြွင်းမဲ့ ချုပ်သနည်း၊ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် အလုံးစုံသော နေဝသညာ နာသညာယတနဈာန်ကို ကောင်းစွာလွန်မြောက်လျက် သညာဝေဒနာတို့၏ ချုပ်ရာ နိရောဓသမာပတ်သို့ ရောက်၍ နေ၏၊ ဖြစ်ပေါ်လာသောဥပေက္ခိန္ဒြေသည် ဤနိရောဓသမာပတ်၌ အကြွင်းမဲ့ ချုပ်၏၊ ရဟန်းတို့ ဤရဟန်းကို ဥပေက္ခိန္ဒြေ၏ချုပ်ရာကို သိပြီးသူ၊ ထိုဥပေက္ခိန္ဒြေ၏ ချုပ်ရာ (နိရောဓသမာပတ်) အကျိုးငှါ စိတ်ကို ကပ်၍ ဆောင်သူဟု့ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

လေးခုမြောက် သုခိန္ဒြိယဝဂ် ပြီး၏။

--

၅-ဧရာဝဂ်

၁-ဧရာဓမ္မသုတ်

၅၁၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် -အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည်ပုဗ္ဗာရုံကျောင်း မိဂါရမာတာဝိသာခါ၏ ပြာသာဒ်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ညနေချမ်းအချိန်၌ တစ်ပါးတည်း ကိန်းအောင်းတော်မူရာမှ ထခဲ့၍ ကျောင်းအနောက်ဘက်နေပူဆာ၌ ကျောက်ကုန်းကို နေစာလှုံလျက် နေတော်မူ၏။

ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် မြတ်စွာဘုရား၏ ကိုယ်တော်ကို လက်ဖြင့် အဖန်ဖန် ဆုပ်နယ်သုံးသပ်လျက် မြတ်စွာဘုရားအား ဤစကားကိုလျှောက်၏-"အသျှင်ဘုရား အံ့ဩဖွယ်ရှိပါပေစွ၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပေစွ၊ အသျှင်ဘုရား ယခုမြတ်စွာဘုရား၏ အရေအဆင်းတော်သည် ရှေးကကဲ့သို့ စင်ကြယ်ဖြူစင်ခြင်း မရှိတော့ပါ၊ ခန္ဓာကိုယ်အားလုံး တို့သည် လျော့ပါးကုန်သည် ဖြစ်၍ အရေတွန့်လိပ်နေပါကုန်၏၊ ခန္ဓာကိုယ်သည်ရှေ့သို့ ကိုင်းရှိုင်းပါ၏၊ စက္ခုန္ဒြေ၊ သောတိန္ဒြေ၊ ဃာနိန္ဒြေ၊ ဇိဝှိန္ဒြေ၊ ကာယိန္ဒြေဟူသော ဣန္ဒြေတို့၏ဖောက်ပြန်ခြင်းသည် ထင်ပါ၏”ဟု လျှောက်၏။

အာနန္ဒာ ထိုစကားသည် မှန်၏၊ ပျိုနုခြင်းသဘော ရှိခဲ့သော် အိုခြင်းသဘော ရှိ၏၊ ကျန်းမာခြင်းသဘောရှိခဲ့သော် နာခြင်းသဘော ရှိ၏၊ အသက်ရှင်ခြင်းသဘော ရှိခဲ့သော် သေခြင်းသဘော ရှိ၏၊ အရေအဆင်းသည် ရှေးကကဲ့သို့ စင်ကြယ်ဖြူစင်ခြင်း မရှိတော့ပေ၊ ခန္ဓာကိုယ် အားလုံးတို့သည်လျော့ပါးကုန်သည် ဖြစ်၍ အရေတွန့်လိပ်နေကုန်၏၊ ခန္ဓာကိုယ်သည် ရှေ့သို့ ကိုင်းရှိုင်း၏၊ စက္ခုန္ဒြေ၊ သောတိန္ဒြေ၊ ဃာနိန္ဒြေ၊ ဇိဝှိန္ဒြေ၊ ကာယိန္ဒြေဟူသော ဣန္ဒြေတို့၏ ဖောက်ပြန်ခြင်း သည် ထင်၏ဟုမိန့်တော်မူ၏။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဤစကားကို ဟောကြားတော်မူပြီးနောက် ထိုမှတစ်ပါးဤဂါထာကို မိန့်တော်မူပြန်၏-

“ယုတ်မာလှသော ဟယ့်ဇရာတရား သင့်အား စက်ဆုပ်ဖွယ် ဖြစ်ပါစေ၊ အဆင်းပျက်အောင်ပြုလုပ်တတ်သော ဟယ့် ဇရာတရား နှစ်သက်ဖွယ်ကောင်း သော ခန္ဓာကိုယ်အတ္တဘောကိုဇရာတရားသည် ဖိစီးနှိပ်စက်လေစွတကား။

အနှစ်တစ်ရာ အသက်ရှည်သူသည်လည်း သေရခြင်းလျှင် လဲလျောင်းရာရှိ၏၊ သေခြင်းတရားသည်တစ်စုံတစ်ယောက်ကိုမျှ မရှောင်ကြဉ်၊ အလုံးစုံသော သတ္တဝါ ကိုပင် ဖိစီးနှိပ်စက်လေ၏”ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

--

၂-ဥဏ္ဏာဘဗြာဟ္မဏသုတ်

၅၁၂။ သာဝတ္ထိနိဒါန်း။ ထိုအခါ ဥဏ္ဏာဘပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော်မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-

အသျှင်ဂေါတမ အာရုံအမျိုးမျိုး ကျက်စားရာအမျိုးမျိုးရှိကုန်၍ အချင်းချင်း၏ ကျက်စားရာအာရုံကိုမခံစားကုန်သော ဣန္ဒြေတို့သည် ဤငါးပါးတို့ပါတည်း။ အဘယ်ငါးပါးတို့နည်း၊ စက္ခုန္ဒြေ၊ သောတိန္ဒြေ၊့ဃာနိန္ဒြေ၊ ဇိဝှိန္ဒြေ၊ ကာယိန္ဒြေတို့ပါတည်း။ အသျှင်ဂေါတမ အာရုံအမျိုးမျိုး ကျက်စားရာအမျိုးမျိုးရှိကုန်၍အချင်းချင်း၏ ကျက်စားရာအာရုံကို မခံစားကုန်သော ဤဣန္ဒြေငါးပါးတို့၏ မှီခိုရာကား အဘယ်ပါနည်း၊ ထိုဣန္ဒြေတို့၏ ကျက်စားရာအာရုံကို အဘယ်တရားက ခံစားပါသနည်းဟု (လျှောက်၏)။

ပုဏ္ဏား အာရုံအမျိုးမျိုး ကျက်စားရာအမျိုးမျိုးရှိကုန်၍ အချင်းချင်း၏ ကျက်စားရာအာရုံကို မခံစားကုန်သော ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ စက္ခုန္ဒြေ၊ သောတိန္ဒြေ၊ ဃာနိန္ဒြေ၊ ဇိဝှိန္ဒြေ၊ ကာယိန္ဒြေတို့တည်း။ ပုဏ္ဏား အာရုံအမျိုးမျိုး ကျက်စားရာအမျိုးမျိုးရှိကုန်၍ အချင်းချင်း၏ ကျက်စားရာအာရုံကို မခံစားကုန်သော ဤဣန္ဒြေငါးပါးတို့၏ မှီခိုရာကား စိတ်တည်း။ ထိုဣန္ဒြေတို့၏ ကျက်စားရာအာရုံကို စိတ်ကပင် ခံစား၏ဟု မိန့်တော်မူ၏။

အသျှင်ဂေါတမ စိတ်၏ မှီခိုရာသည် အဘယ်ပါနည်း။ ပုဏ္ဏား စိတ်၏ မှီခိုရာသည် အောက်မေ့မှု ‘သတိ’ တည်း။ အသျှင်ဂေါတမ အောက်မေ့မှု ‘သတိ'၏ မှီခိုရာသည် အဘယ်ပါနည်း။ ပုဏ္ဏား အောက်မေ့မှု ‘သတိ’ ၏ မှီခိုရာသည် (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ’ တည်း။ အသျှင်ဂေါတမ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ'၏ မှီခိုရာသည် အဘယ်ပါနည်း။ ပုဏ္ဏား (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ'၏မှီခိုရာသည် နိဗ္ဗာန်တည်း။ အသျှင်ဂေါတမ နိဗ္ဗာန်၏ မှီခိုရာသည် အဘယ်ပါနည်း။ ပုဏ္ဏား အမေးပြဿနာသည် လွန်သွားခဲ့ပြီ၊ အမေးပြဿနာ၏ အဆုံးကို ယူခြင်းငှါ သင် မတတ်နိုင်။ ပုဏ္ဏား မှန်၏၊ နိဗ္ဗာန်သို့သက်ဝင်သည် နိဗ္ဗာန်လျှင် လဲလျောင်းရာရှိသည် နိဗ္ဗာန်လျှင် အဆုံးရှိသည် ဖြစ်၍ အကျင့်မြတ်ကို ကျင့်သုံးရ၏ဟု (မိန့်တော်မူ၏)။

ထိုအခါ ဥဏ္ဏာဘပုဏ္ဏားသည် မြတ်စွာဘုရား၏ စကားတော်ကို အလွန် နှစ်သက်ဝမ်းမြောက်ကာ နေရာမှထ၍ မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေ ပြုပြီးလျှင် ဖဲသွားလေ၏။ ထို့နောက် မြတ်စွာဘုရားသည် ဥဏ္ဏာဘပုဏ္ဏား ဖဲသွား၍ မကြာမြင့်မီ ရဟန်းတို့အား မိန့်တော်မူ၏- “ရဟန်းတို့ ဥပမာသော်ကား အထွတ်တပ်သောအိမ်၌ဖြစ်စေ၊ အထွတ်တပ်သော ဇရပ်၌ဖြစ်စေ အရှေ့ဘက် လေသောက်ပြူတင်းမှ နေတက်သည်ရှိသော် လေသောက်ပြူတင်းပေါက်ဖြင့် နေရောင်တို့သည် ဝင်၍ အဘယ်အရပ်၌တည် ကြကုန်သနည်း”ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား အနောက်နံရံ၌ တည်ပါကုန်၏ဟုလျှောက်ကုန်၏။

ရဟန်းတို့ ဤအတူပင် ဥဏ္ဏာဘပုဏ္ဏား၏ ယုံကြည်မှု ‘သဒ္ဓါ’ သည် (ငါ) ဘုရား၌ တည်၏၊ အမြစ်အရင်းကဲ့သို့ ဖြစ်၍ တည်၏၊ မြဲမြံ၏။ သမဏဖြစ်စေ၊ ဗြာဟ္မဏဖြစ်စေ၊ နတ်ဖြစ်စေ၊ မာရ်နတ်ဖြစ်စေ၊ ဗြဟ္မာဖြစ်စေ လောက၌ တစ်စုံတစ်ယောက်သောသူမျှ မရွှေ့ပြောင်းနိုင်။ ရဟန်းတို့ ဤအခါ၌ ဥဏ္ဏာဘပုဏ္ဏား သေခဲ့မူ အကြင်သံယောဇဉ်နှင့် စပ်ယှဉ်သည် ဖြစ်၍ ဥဏ္ဏာဘပုဏ္ဏားသည် ဤလောကသို့ တစ်ဖန်ပြန်လာရာ၏၊ ထိုသံယောဇဉ်မျိုးသည် (ဥဏ္ဏာဘပုဏ္ဏားအား) မရှိတော့ချေဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

--

၃-သာကေတသုတ်

၅၁၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာကေတမြို့ဝယ် သားတို့အား ဘေးမဲ့ပေးရာ အဉ္ဇနတော၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏ -"ရဟန်းတို့ အကြောင်းပရိယာယ်ကို စွဲ၍ ဣန္ဒြေငါးပါးတို့သည် ဗိုလ်ငါးပါးတို့ ဖြစ်ကုန်၏၊ ဗိုလ်ငါးပါးတို့သည် ဣန္ဒြေငါးပါးတို့ ဖြစ်ကုန်၏၊ ယင်းအကြောင်းပရိယာယ်သည်ရှိသလော”ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား တရားတော်တို့သည် မြတ်စွာဘုရားလျှင် အရင်းမူလ ရှိပါကုန်၏၊ မြတ်စွာဘုရားလျှင်ထုတ်ဆောင်သူ ရှိပါကုန်၏၊ မြတ်စွာဘုရားလျှင် ကိုးကွယ်ရာ ရှိပါကုန်၏၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ ဤဟောအပ်သော တရား၏ အနက်သည် မြတ်စွာဘုရား၏ ဉာဏ်၌သာလျှင် ထင်ပါစေလော့၊ မြတ်စွာဘုရား၏ အထံတော်မှ ကြားနာရ၍ ရဟန်းတို့သည် ဆောင်ထားရပါလိမ့်မည်။ပ။ ရဟန်းတို့ အကြောင်းပရိယာယ်ကို စွဲ၍ ဣန္ဒြေငါးပါးတို့သည် ဗိုလ်ငါးပါးတို့ ဖြစ်ကုန်၏၊ ဗိုလ်ငါးပါးတို့သည် ဣန္ဒြေငါးပါးတို့ဖြစ်ကုန်၏၊ ယင်းအကြောင်း ပရိယာယ်သည် ရှိ၏။

ရဟန်းတို့ အကြောင်းပရိယာယ်ကို စွဲ၍ ဣန္ဒြေငါးပါးတို့သည် ဗိုလ်ငါးပါးတို့ ဖြစ်ကုန်၏၊ ဗိုလ်ငါးပါးတို့သည် ဣန္ဒြေငါးပါးတို့ ဖြစ်ကုန်၏၊ ယင်းအကြောင်းပရိယာယ်သည် အဘယ်နည်း။ ရဟန်းတို့သဒ္ဓိန္ဒြေသည် သဒ္ဓါဗိုလ်ဖြစ်၏၊ သဒ္ဓါဗိုလ်သည် သဒ္ဓိန္ဒြေဖြစ်၏။ ဝီရိယိန္ဒြေသည် ဝီရိယဗိုလ်ဖြစ်၏၊ ဝီရိယဗိုလ်သည် ဝီရိယိန္ဒြေဖြစ်၏။ သတိန္ဒြေသည် သတိဗိုလ်ဖြစ်၏၊ သတိဗိုလ်သည် သတိန္ဒြေဖြစ်၏။ သမာဓိန္ဒြေသည် သမာဓိဗိုလ်ဖြစ်၏၊ သမာဓိဗိုလ်သည် သမာဓိန္ဒြေဖြစ်၏။ ပညိန္ဒြေသည် ပညာဗိုလ်ဖြစ်၏၊ ပညာဗိုလ်သည် ပညိန္ဒြေဖြစ်၏။

ရဟန်းတို့ ဥပမာသော်ကား မြစ်သည် အရှေ့အရပ်သို့ ညွတ်ကိုင်းရှိုင်း၏၊ ထိုမြစ်၏ အလယ်၌ကျွန်းရှိ၏။ ရဟန်းတို့ အကြောင်းပရိယာယ်ကို စွဲ၍ ထိုမြစ်၌ ရေအလျဉ်တစ်ခုတည်းသာဟု ရေတွက်ခြင်းသို့ ရောက်၏၊ ယင်းအကြောင်းပရိယာယ်သည် ရှိ၏။ ရဟန်းတို့ အကြောင်းပရိယာယ်ကို စွဲ၍ ထိုမြစ်၌ရေအလျဉ်နှစ်ခုတို့သာဟု ရေတွက်ခြင်းသို့ ရောက်၏၊ ယင်းအကြောင်းပရိယာယ်သည်လည်း ရှိ၏။

ရဟန်းတို့ အကြောင်းပရိယာယ်ကို စွဲ၍ ထိုမြစ်၌ ရေအလျဉ်တစ်ခုတည်းသာဟု ရေတွက်ခြင်းသို့ရောက်၏။ ယင်းအကြောင်းပရိယာယ်ကား အဘယ်နည်း၊ ရဟန်းတို့ ထိုကျွန်း၏ အရှေ့ဘက်အစွန်၌လည်းရေရှိ၏၊ အနောက် ဘက်အစွန်၌လည်း ရေရှိ၏။ ရဟန်းတို့ ဤအရှေ့ဘက်အစွန် အနောက်ဘက်အစွန်၌ရေရှိခြင်းဟူသောအကြောင်းပရိယာယ်ကို စွဲ၍ ထိုမြစ်၌ ရေအလျဉ်တစ်ခုတည်းသာဟု ရေတွက်ခြင်းသို့ရောက်၏။ ဤသည်ကား အကြောင်းပရိယာယ်တည်း။

ရဟန်းတို့ အကြောင်းပရိယာယ်ကို စွဲ၍ ထိုမြစ်၌ ရေအလျဉ်နှစ်ခုတို့သာဟု ရေတွက်ခြင်းသို့ရောက်ကုန်၏။ ယင်းအကြောင်းပရိယာယ်ကား အဘယ်နည်း၊ ရဟန်းတို့ ထိုကျွန်း၏ မြောက်ဘက်အစွန်၌လည်း ရေရှိ၏၊ တောင်ဘက်အစွန်၌လည်း ရေရှိ၏။ ရဟန်းတို့ ဤမြောက်ဘက်အစွန်တောင်ဘက်အစွန်၌ ရေရှိခြင်းဟူသောအကြောင်းပရိယာယ်ကို စွဲ၍ ထိုမြစ်၌ ရေအလျဉ်နှစ်ခုတို့ဟုရေတွက်ခြင်းသို့ ရောက် ကုန်၏။ ဤသည်ကား အကြောင်းပရိယာယ်တည်း။

--

ရဟန်းတို့ ဤအတူပင် သဒ္ဓိန္ဒြေသည် သဒ္ဓါဗိုလ်ဖြစ်၏၊ သဒ္ဓါဗိုလ်သည် သဒ္ဓိန္ဒြေဖြစ်၏။ ဝီရိယိန္ဒြေ သည်ဝီရိယဗိုလ်ဖြစ်၏၊ ဝီရိယဗိုလ်သည် ဝီရိယိန္ဒြေဖြစ်၏။ သတိန္ဒြေသည် သတိဗိုလ်ဖြစ်၏၊ သတိဗိုလ် သည်သတိန္ဒြေဖြစ်၏။ သမာဓိန္ဒြေသည် သမာဓိဗိုလ်ဖြစ်၏၊ သမာဓိဗိုလ်သည် သမာဓိန္ဒြေဖြစ်၏။ ပညိန္ဒြေ သည်ပညာဗိုလ်ဖြစ်၏၊ ပညာဗိုလ်သည် ပညိန္ဒြေဖြစ်၏။ ရဟန်းတို့ ဣန္ဒြေငါးပါးတို့ကို ပွါးများခြင်းကြောင့်ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် ရဟန်းသည် အာသဝကုန်သည် ဖြစ်၍ အာသဝမရှိသော (ကိလေသာမှ) လွတ်မြောက်သောအရဟတ္တဖိုလ်စိတ်နှင့် အရဟတ္တဖိုလ်ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ရောက်၍ နေရ၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။

၄-ပုဗ္ဗကောဋ္ဌကသုတ်

၅၁၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည်ပုဗ္ဗကောဋ္ဌကအရပ်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် အသျှင်သာရိပုတြာအားဤ စကားကို မိန့်တော်မူ၏-"သာရိပုတြာ သဒ္ဓိန္ဒြေကို ပွားများအပ် ကြိမ်ဖန်များစွာပြုလုပ်အပ်သည်ရှိသော် အမြိုက်နိဗ္ဗာန်သို့ သက်ဝင်၏၊ အမြိုက်နိဗ္ဗာန်လျှင် လဲလျောင်းရာရှိ၏၊ အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိ၏။ပ။ ပညိန္ဒြေကို ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော်အမြိုက်နိဗ္ဗာန်သို့ သက်ဝင်၏၊ အမြိုက် နိဗ္ဗာန်လျှင် လဲလျောင်းရာရှိ၏၊ အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိ၏ဟုသင် ယုံကြည်သလော”ဟု (မိန့်တော် မူ၏)။

အသျှင်ဘုရား သဒ္ဓိန္ဒြေကို။ပ။ ပညိန္ဒြေကို ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော်အမြိုက်နိဗ္ဗာန်သို့ သက်ဝင်၏၊ အမြိုက်နိဗ္ဗာန်လျှင် လဲလျောင်းရာရှိ၏၊ အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိ၏ဟုဤဣန္ဒြေ၌ အကျွန်ုပ်သည် မြတ်စွာဘုရားအား ယုံကြည်ရုံမျှဖြင့် ဆည်းကပ်သည် မဟုတ်ပါ။ အသျှင်ဘုရားသဒ္ဓိန္ဒြေကို။ပ။ ပညိန္ဒြေကို ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အမြိုက်နိဗ္ဗာန်သို့ သက်ဝင်၏၊ အမြိုက်နိဗ္ဗာန်လျှင် လဲလျောင်းရာရှိ၏၊ အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိ၏ဟု ထိုဣန္ဒြေငါးပါးကို မသိကုန် မမြင်ကုန် မထင်ကုန် မျက်မှောက်မပြုကုန် ပညာဖြင့် မတွေ့ထိကုန်သော သူတို့သည် ထိုဣန္ဒြေတို့၌သူတစ်ပါးတို့အား ယုံကြည်ခြင်းဖြင့် ဆည်းကပ်ကုန်ရာ၏။ အသျှင်ဘုရား သဒ္ဓိန္ဒြေကို။ပ။ ပညိန္ဒြေကိုပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အမြိုက်နိဗ္ဗာန်သို့ သက်ဝင်၏၊ အမြိုက်နိဗ္ဗာန်လျှင်လဲလျောင်းရာရှိ၏၊ အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိ၏ဟု ဤဣန္ဒြေငါးပါးကို သိကုန် မြင်ကုန် ထင်ကုန် မျက်မှောက်ပြုကုန် ပညာဖြင့် တွေ့ထိကုန်သော သူတို့သည် ထိုဣန္ဒြေတို့၌ ယုံမှားခြင်း မရှိကုန်၊ မဝေခွဲနိုင်ခြင်း မရှိကုန်။ အသျှင်ဘုရား သဒ္ဓိန္ဒြေကို။ပ။ ပညိန္ဒြေကို ပွားများအပ် ကြိမ်ဖန်များစွာပြုလုပ်အပ်သည်ရှိသော် အမြိုက်နိဗ္ဗာန်သို့ သက်ဝင်၏၊ အမြိုက်နိဗ္ဗာန်လျှင် လဲလျောင်းရာရှိ၏၊ အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိ၏ဟု အကျွန်ုပ်သည် ထိုဣန္ဒြေငါးပါးကို သိပါ၏၊ မြင်ပါ၏၊ ထင်ပါ၏၊ မျက်မှောက်ပြုပါ၏၊ ပညာဖြင့် တွေ့ထိပါ၏၊ အကျွန်ုပ်သည် ထိုဣန္ဒြေတို့၌ ယုံမှားခြင်း မရှိပါ၊ မဝေခွဲနိုင်ခြင်း မရှိပါဟု လျှောက်၏။

--

သာရိပုတြာ ကောင်းပေစွ၊ ကောင်းပေစွ၊ သာရိပုတြာ သဒ္ဓိန္ဒြေကို။ပ။ ပညိန္ဒြေကို ပွားများအပ်ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အမြိုက်နိဗ္ဗာန်သို့ သက်ဝင်၏၊ အမြိုက်နိဗ္ဗာန်လျှင် လဲလျောင်းရာရှိ၏၊ အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိ၏ဟု ထိုဣန္ဒြေငါးပါးကို မသိကုန် မမြင်ကုန် မထင်ကုန် မျက်မှောက်မပြုကုန် ပညာဖြင့် မတွေ့ထိကုန်သော သူတို့သည် ထိုဣန္ဒြေတို့၌ သူတစ်ပါးတို့အား ယုံကြည်ခြင်းဖြင့်ဆည်းကပ်ကုန်ရာ၏။ သာရိပုတြာ သဒ္ဓိန္ဒြေကို။ပ။ ပညိန္ဒြေကို ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အမြိုက်နိဗ္ဗာန်သို့ သက်ဝင်၏၊ အမြိုက်နိဗ္ဗာန်လျှင် လဲလျောင်းရာရှိ၏၊ အမြိုက်နိဗ္ဗာန်လျှင်အဆုံးရှိ၏ဟု ထိုဣန္ဒြေငါးပါးကို သိကုန် မြင်ကုန် ထင်ကုန် မျက်မှောက်ပြုကုန် ပညာဖြင့် တွေ့ထိကုန်သော သူတို့သည် ထိုဣန္ဒြေတို့၌ ယုံမှားခြင်း မရှိကုန်၊ မဝေခွဲနိုင်ခြင်း မရှိကုန်ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

၅-ပဌမ ပုဗ္ဗာရာမသုတ်

၅၁၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ပုဗ္ဗာရုံ ကျောင်းမိဂါရမာတာဝိသာခါ၏ ပြာသာဒ်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည်အသျှင်သာရိပုတြာအား ဤစကားကို မိန့်တော်မူ၏- “ရဟန်းတို့ အဘယ်မျှသော ဣန္ဒြေတို့ကို ပွါးများခြင်းကြောင့် ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် အာသဝကုန်ပြီးသော ရဟန်းသည် ‘ပဋိသန္ဓေနေမှုကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိ တော့ပြီ’ဟု ငါ သိ၏”ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြားသနည်းဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား တရားတော်တို့သည် မြတ်စွာဘုရားလျှင် အရင်းအမြစ် ရှိပါကုန်၏။ပ။ဟု လျှောက်ကုန်၏။ ရဟန်းတို့ ဣန္ဒြေတစ်ပါးကို ပွါးများခြင်းကြောင့် ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် အာသဝကုန်ပြီးသော ရဟန်းသည် “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊့ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု ငါ သိ၏”ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြား၏။ အဘယ်ဣန္ဒြေတစ်ပါးကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့်နည်း၊ ပညိန္ဒြေကို ပွါးများခြင်းကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့်တည်း။ ရဟန်းတို့ ပညာရှိသောအရိယာသာဝကအား ထိုပညာသို့အစဉ်လိုက်သော ယုံကြည်မှု ‘သဒ္ဓါ’ သည် ကောင်းစွာ တည်၏၊ ထိုပညာသို့ အစဉ်လိုက်သောအားထုတ်မှု ‘ဝီရိယ’ သည် ကောင်းစွာ တည်၏၊ ထိုပညာသို့ အစဉ်လိုက်သော အောက်မေ့မှု ‘သတိ’ သည် ကောင်းစွာတည်၏၊ ထိုပညာသို့ အစဉ်လိုက်သော တည်ကြည်မှု ‘သမာဓိ’ သည် ကောင်းစွာ တည်၏။ ရဟန်းတို့ ဤဣန္ဒြေတစ်ပါးကို ပွါးများခြင်းကြောင့် ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် အာသဝကုန်ပြီးသော ရဟန်းသည် “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု ငါ သိ၏”ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြား၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

--

၆-ဒုတိယ ပုဗ္ဗာရာမသုတ်

၅၁၆။ ထိုသာဝတ္ထိနိဒါန်းပင်တည်း။ ရဟန်းတို့ အဘယ်မျှသော ဣန္ဒြေတို့ကို ပွါးများခြင်းကြောင့်ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် အာသဝကုန်ပြီးသော ရဟန်းသည် “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟုငါ သိ၏”ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြားသနည်းဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား တရားတော်တို့သည် မြတ်စွာဘုရားလျှင် အရင်းအမြစ် ရှိပါကုန်၏။ပ။

ရဟန်းတို့ ဣန္ဒြေနှစ်ပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် အာသဝကုန်ပြီးသောရဟန်းသည် “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု ငါ သိ၏”ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြား၏။ အဘယ်နှစ်ပါးတို့နည်း၊ အရိယာပညာကိုလည်းကောင်း၊ (ကိလေသာမှ) လွတ်မြောက်ကြောင်းဖြစ်သောအရိယာသမာဓိကိုလည်းကောင်း ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့်တည်း။

ရဟန်းတို့ မှန်၏၊ ထိုရဟန်း၏ အရိယာပညာသည် ပညိနြ္ဒြေဖစ်၏၊ ထိုရဟန်း၏ (ကိလေသာမှ) လွတ်မြောက်ကြောင်းဖြစ်သောအရိယာသမာဓိသည် သမာဓိန္ဒြေဖြစ်၏။ ရဟန်းတို့ ဤဣန္ဒြေနှစ်ပါးတို့ကိုပွါးများခြင်းကြောင့် ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် အာသဝကုန်ပြီးသော ရဟန်းသည် “ပဋိသန္ဓေနေမှုကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု ငါ သိ၏”ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြား၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

--

၇-တတိယ ပုဗ္ဗာရာမသုတ်

၅၁၇။ ထိုသာဝတ္ထိနိဒါန်းပင်တည်း။ ရဟန်းတို့ အဘယ်မျှသော ဣန္ဒြေတို့ကို ပွါးများခြင်းကြောင့်ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် အာသဝကုန်ပြီးသော ရဟန်းသည် “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟုငါသိ၏”ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြားသနည်းဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား တရားတော်တို့သည်မြတ်စွာဘုရားလျှင် အရင်းအမြစ် ရှိပါကုန်၏။ပ။

ရဟန်းတို့ ဣန္ဒြေလေးပါးတို့ကို ပွါးများခြင်းကြောင့် ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် အာသဝကုန်ပြီးသော ရဟန်းသည် “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊့ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု ငါ သိ၏”ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြား၏။ အဘယ်လေးပါးတို့နည်း၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာပြုလုပ်ခြင်းကြောင့်တည်း။

ရဟန်းတို့ ဤဣန္ဒြေလေးပါးတို့ကို ပွါးများခြင်းကြောင့် ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် အာသဝကုန်ပြီးသော ရဟန်းသည် “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု ငါ သိ၏”ဟူ၍ အရဟတ္တဖိုလ်ကိုပြောကြား၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

--

၈-စတုတ္ထ ပုဗ္ဗာရာမသုတ်

၅၁၈။ ထိုသာဝတ္ထိနိဒါန်းပင်တည်း။ ရဟန်းတို့ အဘယ်မျှသော ဣန္ဒြေတို့ကို ပွါးများခြင်းကြောင့်ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် အာသဝကုန်ပြီးသော ရဟန်းသည် “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟုငါသိ၏”ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြားသနည်းဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား တရားတော်တို့သည်မြတ်စွာဘုရားလျှင် အရင်းအမြစ် ရှိပါကုန်၏။ပ။

ရဟန်းတို့ ဣန္ဒြေငါးပါးတို့ကို ပွါးများခြင်းကြောင့် ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် အာသဝကုန်ပြီးသော ရဟန်းသည် “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု ငါ သိ၏”ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြား၏။ အဘယ်ငါးပါးတို့နည်း၊ သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့်တည်း။

ရဟန်းတို့ ဤဣန္ဒြေငါးပါးတို့ကို ပွါးများခြင်းကြောင့် ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် အာသဝကုန်ပြီးသော ရဟန်းသည် “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု ငါ သိ၏”ဟူ၍ အရဟတ္တဖိုလ်ကိုပြောကြား၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

--

၉-ပိဏ္ဍောလဘာရဒွါဇသုတ်

၅၁၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် - အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသမ္ဗီ ပြည်ဃောသိတာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အသျှင်ပိဏ္ဍောလဘာရဒွါဇသည်"ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါတစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု ငါ သိ၏”ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြား၏။ ထိုအခါ များစွာကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေကြပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်ကုန်၏ -

အသျှင်ဘုရား အသျှင်ပိဏ္ဍောလဘာရဒွါဇသည် “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု ငါ သိ၏”ဟူ၍အရဟတ္တဖိုလ်ကို ပြောကြားပါ၏။ အသျှင်ဘုရား အဘယ်အကျိုးထူးကို မြင်သဖြင့် အသျှင်ပိဏ္ဍောလဘာရဒွါဇသည် “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု ငါ သိ၏”ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြားပါသနည်းဟု့ (လျှောက်ကုန်၏)။

ရဟန်းတို့ ဣန္ဒြေသုံးပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် ပိဏ္ဍောလဘာရဒွါဇရဟန်းသည် “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု ငါ သိ၏”ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြား၏။ အဘယ်သုံးပါးတို့နည်း၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့်တည်း။ ရဟန်းတို့ ဤဣန္ဒြေသုံးပါးတို့ကို ပွါးများခြင်းကြောင့် ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့်ပိဏ္ဍောလဘာရဒွါဇရဟန်းသည် “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကိုပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု ငါ သိ၏”ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြား၏။

ရဟန်းတို့ ဤဣန္ဒြေသုံးပါးတို့သည် အဘယ်အဆုံးရှိကုန်သနည်း၊ ကုန်ခြင်းအဆုံးရှိ၏။ အဘယ် တရား၏ကုန်ခြင်းအဆုံးရှိကုန်သနည်း၊ ပဋိသန္ဓေနေမှု အိုမှု သေမှု၏ ကုန်ခြင်းအဆုံးရှိကုန်၏။ ရဟန်းတို့"ပဋိသန္ဓေနေမှု အိုမှု သေမှု ကုန်ပြီ”ဟု ကောင်းစွာ သိမြင်သဖြင့် ပိဏ္ဍောလဘာရဒွါဇရဟန်းသည် “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု ငါ သိ၏”ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြား၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။

--

၁၀-အာပဏသုတ်

၅၂၀။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် အင်္ဂတိုင်းအာပဏမည်သောအင်္ဂတိုင်းသူတို့၏ နိဂုံး၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုနိဂုံး၌ မြတ်စွာဘုရားသည်အသျှင်သာရိပုတြာအား ဤစကားကို မိန့်တော်မူ၏- “သာရိပုတြာ ငါဘုရား၌ စင်စစ် သက်ဝင်လျက်အလွန်ယုံကြည်သောအရိယာသာဝကသည် ငါဘုရား၌လည်းကောင်း၊ ငါဘုရား၏အဆုံးအမ ‘သာသနာ’ ၌ လည်းကောင်း ယုံမှားခြင်းလည်း မဖြစ်ရာ၊ မဝေခွဲနိုင်ခြင်းလည်း မဖြစ်ရာ”ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား မြတ်စွာဘုရား၌ စင်စစ် သက်ဝင်လျက် အလွန်ယုံကြည်သောအရိယာသာဝကသည်မြတ်စွာဘုရား၌လည်းကောင်း၊ မြတ်စွာဘုရား၏ အဆုံးအမ ‘သာသနာ’ ၌လည်းကောင်း ယုံမှားခြင်းလည်းမဖြစ်ရာ၊ မဝေခွဲနိုင်ခြင်းလည်း မဖြစ်ရာ။ အသျှင်ဘုရား ယုံကြည်မှု ‘သဒ္ဓါ’ ရှိသောအရိယာသာဝကအားအကုသိုလ်တရားတို့ကို ပယ်ခြင်းငှါ ကုသိုလ်တရားတို့နှင့် ပြည့်စုံစေခြင်းငှါ ထက်သန်သော လုံ့လရှိသည်ဖြစ်၍ နေလိမ့်မည်၊ ကုသိုလ်တရားတို့၌ အားအစွမ်းရှိလျက် မြဲမြံစွာ အားထုတ်ကာ တာဝန်ကို ပစ်ချထားသူ မဟုတ်မူ၍ နေလိမ့်မည်ဟူသော ဤအကြောင်းကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။ အသျှင်ဘုရား မှန်ပါ၏၊ ထိုအရိယာတပည့်၏ ဝီရိယသည် ဝီရိယိန္ဒြေဖြစ်ပါ၏။

အသျှင်ဘုရား ယုံကြည်မှု ‘သဒ္ဓါ'ရှိသော ထက်သန်သော လုံ့လရှိသောအရိယာတပည့်အား သတိရှိလိမ့်မည်၊ လွန်ကဲသော ပညာနှင့် ယှဉ်သော သတိနှင့် ပြည့်စုံလိမ့်မည်၊ ကြာမြင့်စွာက ပြုလုပ်အပ်သောအမှုကိုလည်းကောင်း၊ ကြာမြင့်စွာက ပြောအပ်သော စကားကိုလည်းကောင်း အောက်မေ့နိုင် အဖန်ဖန်အောက်မေ့နိုင်လိမ့်မည်ဟူသော ဤအကြောင်းကို မျှော်လင့်အပ်၏။ အသျှင်ဘုရား မှန်ပါ၏၊ ထိုအရိယာတပည့်၏ သတိသည် သတိန္ဒြေဖြစ်ပါ၏။

အသျှင်ဘုရား ယုံကြည်မှု ‘သဒ္ဓါ’ ရှိ၍ ထက်သန်သော လုံ့လရှိသော ထင်သော သတိရှိသောအရိယာတပည့်အား နိဗ္ဗာန်ကို အာရုံပြု၍ တည်ကြည်မှု ‘သမာဓိ’ ကို ရလိမ့်မည်၊ စိတ်၏ အာရုံတစ်ခုတည်း၌တည်မှု ‘ဧကဂ္ဂတာ’ ကို ရလိမ့်မည်ဟူသော ဤအကြောင်းကို မျှော်လင့်အပ်၏။ အသျှင်ဘုရား မှန်ပါ၏၊ ထိုအရိယာတပည့်၏ သမာဓိသည် သမာဓိန္ဒြေဖြစ်ပါ၏။

အသျှင်ဘုရား ယုံကြည်မှု ‘သဒ္ဓါ’ ရှိ၍ ထက်သန်သော လုံ့လရှိသော ထင်သော သတိရှိသော စိတ်တည်ကြည်သောအရိယာတပည့်အား “အဝိဇ္ဇာ ပိတ်ပင်ခံရကုန်သည်တဏှာနှောင်ကြိုး ‘သံယောဇဉ်’ ရှိကုန် သည် ဖြစ်၍ ပြေးသွားကျင်လည်နေရကုန်သော သတ္တဝါတို့၏ရုပ်နာမ်အစဉ် သံသရာသည် စင်စစ်အားဖြင့် အစကို မသိအပ်၊ ရှေ့အစွန်းသည် မထင်။ အမှန်မသိမှု ‘အဝိဇ္ဇာ’ဟူသောအမှောင်ထု၏ အကြွင်းမဲ့ ကင်း ချုပ်ရာ အလုံးစုံသောပြုစီရင်မှု ‘သင်္ခါရ’ တို့၏ ငြိမ်းရာ အလုံးစုံသော တည်ရာ ‘ဥပဓိ’ တို့ကို စွန့်ရာ တဏှာကုန်ရာ မစွဲမက်ရာချုပ်ရာ နိဗ္ဗာန်သည် ငြိမ်သက်၏၊ မြတ်၏”ဟု ဤသို့ သိလိမ့်မည်ဟူသော ဤအကြောင်းကိုမျှော်လင့်အပ်၏။ အသျှင်ဘုရား မှန်ပါ၏၊ ထိုအရိယာတပည့်၏ ပညာသည် ပညိန္ဒြေဖြစ် ပါ၏။

အသျှင်ဘုရား ယုံကြည်မှု ‘သဒ္ဓါ’ ရှိသောအရိယာတပည့်သည် ဤသို့ အားထုတ်၍ အားထုတ်၍ ဤသို့အောက်မေ့၍ အောက်မေ့၍ ဤသို့ ဆောက်တည်၍ ဆောက်တည်၍ ဤသို့ သိ၍ သိ၍ “ငါ ရှေးကကြားဖူးသော တရားတို့သည် ဤတရားတို့ပင်တည်း၊ ထို့ကြောင့် ငါသည် ယခု ကိုယ်ဖြင့်လည်းတွေ့ထိ၍ နေရ၏၊ ပညာဖြင့်လည်း ထိုးထွင်း၍ မြင်ရ၏”ဟု ဤသို့ ယုံကြည်၏။ အသျှင်ဘုရား မှန်ပါ၏၊ ထိုအရိယာတပည့်၏ သဒ္ဓါသည် သဒ္ဓိန္ဒြေဖြစ်ပါ၏ဟု (လျှောက်၏)။

--

သာရိပုတြာ ကောင်းပေစွ၊ ကောင်းပေစွ၊ သာရိပုတြာ (ငါ) ဘုရား၌ စင်စစ် သက်ဝင်လျက် အလွန်ယုံကြည်သောအရိယာတပည့်သည် (ငါ) ဘုရား၌လည်းကောင်း၊ (ငါ) ဘုရား၏ အဆုံးအမ ‘သာသနာ’၌လည်းကောင်း ယုံမှားခြင်းလည်း မဖြစ်ရာ၊ မဝေခွဲနိုင်ခြင်းလည်း မဖြစ်ရာ။

သာရိပုတြာ ယုံကြည်မှု ‘သဒ္ဓါ’ ရှိသောအရိယာတပည့်အား အကုသိုလ်တရားတို့ကို ပယ်ခြင်းငှါကုသိုလ်တရားတို့နှင့် ပြည့်စုံစေခြင်းငှါ ထက်သန်သော လုံ့လရှိသည် ဖြစ်၍ နေလိမ့်မည်၊ ကုသိုလ်တရားတို့၌ အားအစွမ်းရှိလျက် မြဲမြံစွာ အားထုတ်ကာ တာဝန်ကို ပစ်ချထားသူ မဟုတ်မူ၍ နေလိမ့်မည်ဟူသောဤအကြောင်းကို မျှော်လင့်အပ်၏။ သာရိပုတြာ မှန်၏၊ ထိုအရိယာတပည့်၏ ဝီရိယသည် ဝီရိယိန္ဒြေဖြစ်၏။

သာရိပုတြာ ယုံကြည်မှု ‘သဒ္ဓါ’ ရှိသော ထက်သန်သော လုံ့လရှိသောအရိယာတပည့်သည် သတိရှိလိမ့်မည်၊ လွန်ကဲသော ပညာနှင့် ယှဉ်သော သတိနှင့် ပြည့်စုံလိမ့်မည်။ ကြာမြင့်စွာက ပြုလုပ်အပ်သောအမှုကိုလည်းကောင်း၊ ကြာမြင့်စွာက ပြောအပ်သော စကားကိုလည်းကောင်း အောက်မေ့နိုင် အဖန်ဖန်အောက်မေ့နိုင်လိမ့်မည်ဟူသော ဤအကြောင်းကို မျှော်လင့်အပ်၏။ သာရိပုတြာ မှန်၏၊ ထိုအရိယာတပည့်၏ သတိသည် သတိန္ဒြေဖြစ်၏။

သာရိပုတြာ ယုံကြည်မှု ‘သဒ္ဓါ’ ရှိ၍ ထက်သန်သော လုံ့လရှိသော ထင်သော သတိရှိသောအရိယာတပည့်အား နိဗ္ဗာန်ကို အာရုံပြု၍ တည်ကြည်မှု ‘သမာဓိ'ကို ရလိမ့်မည်၊ စိတ်၏ အာရုံတစ်ခုတည်း၌တည်မှု ‘ဧကဂ္ဂတာ'ကို ရလိမ့်မည်ဟူသော ဤအကြောင်းကို မျှော်လင့်အပ်၏။ သာရိပုတြာ မှန်၏၊ ထိုအရိယာ တပည့်၏ သမာဓိသည် သမာဓိန္ဒြေဖြစ်၏။

သာရိပုတြာ ယုံကြည်မှု ‘သဒ္ဓါ’ ရှိ၍ ထက်သန်သော လုံ့လရှိသော ထင်သော သတိရှိသော စိတ်တည်ကြည်သောအရိယာတပည့်အား “အဝိဇ္ဇာ ပိတ်ပင်ခံရကုန်သည်တဏှာနှောင်ကြိုး ‘သံယောဇဉ်’ ရှိကုန်သည် ဖြစ်၍ ပြေးသွားကျင်လည်နေရကုန်သော သတ္တဝါတို့၏ရုပ်နာမ်အစဉ် ‘သံသရာ'သည် စင်စစ်အားဖြင့် အစ ကို မသိအပ်၊ ရှေ့အစွန်းသည် မထင်။ အမှန်မသိမှု ‘အဝိဇ္ဇာ’ဟူသောအမှောင်ထု၏ အကြွင်းမဲ့ ကင်းချုပ်ရာ အလုံးစုံသောပြုစီရင်မှု ‘သင်္ခါရ’ တို့၏ ငြိမ်းရာ အလုံးစုံသော တည်ရာ ‘ဥပဓိ’ တို့ကို စွန့်ရာ တဏှာကုန်ရာ မစွဲမက်ရာချုပ်ရာ နိဗ္ဗာန်သည် ငြိမ်သက်၏၊ မြတ်၏”ဟု ဤသို့ သိလိမ့်မည်ဟူသော ဤအကြောင်းကိုမျှော်လင့်အပ်၏။ သာရိပုတြာ မှန်၏၊ ထိုအရိယာတပည့်၏ ပညာသည် ပညိန္ဒြေဖြစ်၏။

သာရိပုတြာ ယုံကြည်မှု ‘သဒ္ဓါ’ ရှိသောအရိယာတပည့်သည် ဤသို့ အားထုတ်၍ အားထုတ်၍ ဤသို့အောက်မေ့၍ အောက်မေ့၍ ဤသို့ ဆောက်တည်၍ ဆောက်တည်၍ ဤသို့ သိ၍ သိ၍ “ငါ ရှေးကကြား ဖူးသော တရားတို့သည် ဤတရားတို့ပင်တည်း၊ ထို့ကြောင့် ငါသည် ယခု ကိုယ်ဖြင့်လည်းတွေ့ထိ၍ နေရ၏၊ ပညာဖြင့်လည်း ထိုးထွင်း၍ မြင်ရ၏”ဟု ဤသို့ ယုံကြည်၏။ သာရိပုတြာ မှန်၏၊ ထိုအရိယာ တပည့်၏ သဒ္ဓါသည် သဒ္ဓိန္ဒြေဖြစ်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ငါးခုမြောက် ဇရာဝဂ် ပြီး၏။

--

၆-သူကရခတဝဂ်

၁-သာလသုတ်

၅၂၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသလ တိုင်းသာလမည်သော ပုဏ္ဏားရွာ၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကိုမိန့်တော်မူ၏- ရဟန်းတို့ တိရစ္ဆာန်သတ္တဝါ အားလုံးတို့တွင် သားတို့သနင်း ခြင်္သေ့မင်းကို အားအစွမ်းဖြင့် လည်းကောင်း၊ လျင်မြန်ခြင်းဖြင့်လည်းကောင်း၊ ရဲရင့်ခြင်းဖြင့်လည်းကောင်း မြတ်၏ဟုဆိုအပ်သကဲ့သို့ ရဟန်းတို့ ဤအတူပင် ဗောဓိပက္ခိယတရားအားလုံးတို့တွင် သိရန်အလို့ငှါ ပညိန္ဒြေကိုမြတ်၏ဟု ဆိုအပ် ၏။

ရဟန်းတို့ ဗောဓိပက္ခိယတရားတို့သည် အဘယ်တို့နည်း၊ ရဟန်းတို့ သဒ္ဓိန္ဒြေသည် ဗောဓိပက္ခိယတရားတည်း၊ ထိုသဒ္ဓိန္ဒြေသည် သိရန်အလို့ငှါ ဖြစ်၏။ ဝီရိယိန္ဒြေသည် ဗောဓိပက္ခိယတရားတည်း၊ ထိုဝီရိယိန္ဒြေသည် သိရန်အလို့ငှါ ဖြစ်၏။ သတိန္ဒြေသည် ဗောဓိပက္ခိယတရားတည်း၊ ထိုသတိန္ဒြေသည် သိရန်အလို့ငှါ ဖြစ်၏။ သမာဓိန္ဒြေသည် ဗောဓိပက္ခိယတရားတည်း၊ ထိုသမာဓိန္ဒြေသည် သိရန်အလို့ငှါ ဖြစ်၏။ ပညိန္ဒြေသည် ဗောဓိပက္ခိယတရားတည်း၊ ထိုပညိန္ဒြေသည် သိရန်အလို့ငှါ ဖြစ်၏။ ရဟန်းတို့ တိရစ္ဆာန်သတ္တဝါအားလုံးတို့တွင် သားတို့သနင်း ခြင်္သေ့မင်းကို အားအစွမ်းဖြင့်လည်းကောင်း၊ လျင်မြန်ခြင်းဖြင့်လည်းကောင်း၊ ရဲရင့်ခြင်းဖြင့်လည်းကောင်း မြတ်၏ဟု ဆိုအပ်သကဲ့သို့ ရဟန်းတို့ဤအတူပင် ဗောဓိပက္ခိယတရားအားလုံး တို့တွင် သိရန်အလို့ငှါ ပညိန္ဒြေကို မြတ်၏ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

--

၂-မလ္လိကသုတ်

၅၂၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် မလ္လတိုင်းဥရုဝေလကပ္ပမည်သော မလ္လတိုင်းသူတို့၏ နိဂုံး၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည်ရဟန်းတို့ကို မိန့်တော်မူ၏- ရဟန်းတို့ အရိယာတပည့်အား အရိယာဉာဏ် မဖြစ်သေးသမျှကာလပတ်လုံးဣန္ဒြေလေးပါးတို့၏ ကောင်းစွာ တည်မှု စွဲမြဲစွာ တည်မှု မဖြစ်သေး၊ ရဟန်းတို့ အရိယာတပည့်အားအရိယာဉာဏ်ဖြစ်သောအခါ ဣန္ဒြေလေးပါးတို့၏ ကောင်းစွာ တည်မှု စွဲမြဲစွာ တည်မှု ဖြစ်၏။

ရဟန်းတို့ အထွတ်တပ်သောအိမ်၏ အထွတ်ကို မစိုက်ထူရသေးသမျှကာလပတ်လုံး အခြင်ရနယ် တို့၏ကောင်းစွာ တည်မှု စွဲမြဲစွာ တည်မှု မဖြစ်သေး။ ရဟန်းတို့ အထွတ်တပ်သောအိမ်၏ အထွတ်ကိုစိုက်ထူပြီးသောအခါ အခြင်ရနယ်တို့၏ ကောင်းစွာ တည်မှု စွဲမြဲစွာ တည်မှု ဖြစ်သကဲ့သို့ ရဟန်းတို့ဤအတူပင် အရိယာတပည့်အား အရိယာဉာဏ် မဖြစ်သေးသမျှကာလပတ်လုံး ဣန္ဒြေတို့၏ ကောင်းစွာတည်မှု စွဲမြဲစွာ တည်မှု မဖြစ်သေး၊ ရဟန်းတို့ အရိယာတပည့်အား အရိယာဉာဏ်ဖြစ်သောအခါ ဣန္ဒြေတို့၏ ကောင်းစွာ တည်မှု စွဲမြဲစွာ တည်မှု ဖြစ်၏။

အဘယ်လေးပါးတို့နည်း။ သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေတို့တည်း။ ရဟန်းတို့ ပညာရှိသောအရိယာတပည့်အား ထိုပညာသို့ အစဉ်လိုက်သော ယုံကြည်မှု ‘သဒ္ဓါ’ သည် ကောင်းစွာ တည်၏၊ ထို ပညာသို့ အစဉ်လိုက်သောအားထုတ်မှု ‘ဝီရိယ’ သည် ကောင်းစွာ တည်၏၊ ထိုပညာသို့အစဉ်လိုက်သော အောက်မေ့မှု ‘သတိ’ သည် ကောင်းစွာ တည်၏၊ ထိုပညာသို့ အစဉ်လိုက်သောတည်ကြည်မှု ‘သမာဓိ'သည် ကောင်းစွာ တည်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

--

၃-သေခသုတ်

၅၂၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသမ္ဗီ ပြည်ဃောသိတာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏-ရဟန်းတို့ အကြောင်းပရိယာယ်ကို စွဲ၍ ကျင့်ဆဲ ‘သေခ’ ရဟန်းသည် ကျင့်ဆဲ ‘သေခ’ ဘုံ၌တည် ၍ (ငါသည်) “ကျင့်ဆဲ ‘သေခ’ ပုဂ္ဂိုလ် ဖြစ်၏”ဟု သိရာ၏၊ ကျင့်ပြီး ‘အသေခရဟန္တာ'ရဟန်းသည်ကျင့်ပြီး ‘အသေခ'ဘုံ၌ တည်၍ (ငါသည်) “ကျင့်ပြီး ‘အသေခရဟန္တာ'ပုဂ္ဂိုလ်”ဟု သိရာ၏။ ယင်းအကြောင်းပရိယာယ် သည် ရှိသလောဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား တရားတော်တို့သည် မြတ်စွာဘုရားလျှင် အရင်းအမြစ် ရှိပါကုန်၏။ပ။ ရဟန်းတို့အကြောင်းပရိယာယ်ကို စွဲ၍ ကျင့်ဆဲ ‘သေခ’ ရဟန်းသည် ကျင့်ဆဲ ‘သေခ’ ဘုံ၌ တည်၍ (ငါသည်) “ကျင့်ဆဲ ‘သေခ’ ပုဂ္ဂိုလ် ဖြစ်၏”ဟု သိရာ၏၊ ကျင့်ပြီး ‘အသေခရဟန္တာ’ ရဟန်းသည်ကျင့်ပြီး ‘အသေခ'ဘုံ၌ တည်၍ (ငါသည်) “ကျင့်ပြီး ‘အသေခရဟန္တာ’ ပုဂ္ဂိုလ်”ဟု သိရာ၏။ ယင်းအကြောင်းပရိယာယ်သည် ရှိ၏။

ရဟန်းတို့ အကြောင်းပရိယာယ်ကို စွဲ၍ ကျင့်ဆဲ ‘သေခ’ ရဟန်းသည် ကျင့်ဆဲ ‘သေခ’ ဘုံ၌ တည်၍ (ငါသည်) “ကျင့်ဆဲ ‘သေခ'ပုဂ္ဂိုလ် ဖြစ်၏”ဟု သိသောအကြောင်းပရိယာယ်သည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ကျင့်ဆဲ ‘သေခ’ ရဟန်းသည် “ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်းမှန်စွာသိ၏၊ “ဤကား ဆင်းရဲဖြစ်ပေါ်ကြောင်းတည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) တည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်းအကျင့်တည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ ရဟန်းတို့ ဤသည်လည်းအကြောင်းပရိယာယ်ကို စွဲ၍ ကျင့်ဆဲ ‘သေခ’ ရဟန်း သည် ကျင့်ဆဲ ‘သေခ’ ဘုံ၌ တည်၍ (ငါသည်) “ကျင့်ဆဲ ‘သေခ’ ပုဂ္ဂိုလ် ဖြစ်၏”ဟု သိသောအကြောင်း ပရိယာယ်ပင်တည်း။

ရဟန်း နောက်တစ်မျိုးကား “ဤသာသနာတော်မှ အပ၌ မြတ်စွာဘုရားနည်းတူ အဟုတ်အမှန်မဖောက်ပြန်သော တရားတော်ကို ဟောကြားသော မြတ်စွာဘုရားမှ အခြား တစ်ပါးသော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ရှိသလော”ဟု ကျင့်ဆဲ ‘သေခ’ ရဟန်းသည် အဖန်ဖန်ဆင်ခြင် ၏၊ ထိုရဟန်းသည် ဤသာသနာတော်မှ အပ၌ မြတ်စွာဘုရားနည်းတူ အဟုတ်အမှန်မဖောက်ပြန်သော တရားတော်ကို ဟောကြားသော မြတ်စွာဘုရားမှ အခြား တစ်ပါးသောသမဏသည်လည်းကောင်း၊ ဗြာ ဟ္မဏသည်လည်းကောင်း မရှိ”ဟု ဤသို့ သိ၏။ ရဟန်းတို့ဤသည်လည်း အကြောင်းပရိယာယ်ကို စွဲ၍ ကျင့်ဆဲ ‘သေခ’ ရဟန်းသည် ကျင့်ဆဲ ‘သေခ’ ဘုံ၌ တည်၍ (ငါသည်) “ကျင့်ဆဲ ‘သေခ’ ပုဂ္ဂိုလ် ဖြစ်၏”ဟု သိသောအကြောင်းပရိယာယ်ပင်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ကျင့်ဆဲ ‘သေခ’ ရဟန်းသည် သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေဟု ဆိုအပ်ကုန်သော ဣန္ဒြေငါးပါးတို့ကို သိ၏။ အလားအလာရှိကုန်သော လွန်မြတ်ကုန်သောအကျိုးရှိကုန်သော ပြီးဆုံးခြင်းရှိကုန်သော ဣန္ဒြေငါးပါးတို့ကို ကိုယ်ဖြင့် တွေ့ထိ၍ မနေနိုင်၊့ပညာဖြင့်ကား ထိုးထွင်း၍ မြင်၏။ ရဟန်းတို့ ဤသည်လည်း အကြောင်းပရိယာယ်ကို စွဲ၍ကျင့်ဆဲ ‘သေခ’ ရဟန်းသည် ကျင့်ဆဲ ‘သေခ’ ဘုံ၌ တည်၍ (ငါသည်) “ကျင့်ဆဲ ‘သေခ’ ပုဂ္ဂိုလ် ဖြစ်၏”ဟုသိသောအကြောင်းပရိယာယ် ပင်တည်း။

--

ရဟန်းတို့ အကြောင်းပရိယာယ်ကို စွဲ၍ ကျင့်ပြီး ‘အသေခရဟန္တာ’ ပုဂ္ဂိုလ်သည် ကျင့်ပြီး ‘အသေခ’ ဘုံ၌တည်၍ (ငါသည်) “ကျင့်ပြီး ‘အသေခရဟန္တာ’ ပုဂ္ဂိုလ် ဖြစ်၏”ဟု သိသောအကြောင်းပရိယာယ်သည်အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ကျင့်ပြီး ‘အသေခရဟန္တာ’ ပုဂ္ဂိုလ်သည် သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေဟု ဆိုအပ်ကုန်သော ဣန္ဒြေငါးပါးတို့ကို သိ၏။ အလားအလာရှိကုန်သောလွန်မြတ်ကုန်သောအကျိုးရှိကုန်သော ပြီးဆုံးခြင်းရှိကုန်သော ဣန္ဒြေငါးပါးတို့ကို ကိုယ်ဖြင့်လည်း တွေ့ထိ၍ နေ၏၊ ပညာဖြင့်လည်း ထိုးထွင်း၍ မြင်၏။ ရဟန်းတို့ ဤသည်လည်း အကြောင်းပရိယာယ်ကို စွဲ၍ကျင့်ပြီး ‘အသေခရဟန္တာ'ပုဂ္ဂိုလ်သည် ကျင့်ပြီး ‘အသေခ'ဘုံ၌ တည်၍ (ငါသည်) “ကျင့်ပြီး ‘အသေခရဟန္တာ'ပုဂ္ဂိုလ် ဖြစ်၏”ဟု သိသောအကြောင်းပရိယာယ်ပင်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ကျင့်ပြီး ‘အသေခရဟန္တာ'ပုဂ္ဂိုလ်သည် စက္ခုန္ဒြေ၊ သောတိန္ဒြေ၊ ဃာနိ န္ဒြေ၊ ဇိဝှိန္ဒြေ၊ ကာယိန္ဒြေ၊ မနိန္ဒြေဟု ဆိုအပ်ကုန်သော ဣန္ဒြေခြောက်ပါးတို့ကို သိ၏၊ ဤဣန္ဒြေခြောက်ပါးတို့သည် အချင်းခပ်သိမ်း အခါခပ်သိမ်း အကြွင်းမဲ့ ချုပ်ကုန်လတ္တံ့၊ အခြားသော ဣန္ဒြေခြောက်ပါးတို့သည်လည်း တစ်ခါတစ်ရံမျှ မဖြစ်ကုန်လတ္တံ့ဟု သိ၏။ ရဟန်းတို့ ဤသည်လည်း အကြောင်းပရိယာယ်ကို စွဲ၍ကျင့်ပြီး ‘အသေခရဟန္တာ’ ပုဂ္ဂိုလ်သည် ကျင့်ပြီး ‘အသေခ'ဘုံ၌ တည်၍ (ငါသည်) ကျင့်ပြီး ‘အသေခရဟန္တာ'ပုဂ္ဂိုလ် ဖြစ်၏”ဟု သိသောအကြောင်းပရိယာယ်ပင်တည်းဟု (မိန့်တော်မူ၏)။

တတိယသုတ်။

--

၄-ပဒသုတ်

၅၂၄။ ရဟန်းတို့ ဥပမာသော်ကား မြေ၌ နေကုန်သောအခြေရှိသော သတ္တဝါတို့၏ ခြေရာဟူသမျှအားလုံးတို့သည် ဆင်ခြေရာ၌ အတွင်းဝင်ကုန်၏၊ ဆင်ခြေရာကို ကြီးသည်၏အဖြစ်ကြောင့်ထိုခြေရာဟူသမျှ အားလုံးတို့ထက် မြတ်၏ဟု ဆိုအပ်၏၊ ဤအတူပင် သိရန်အလို့ငှါ ဖြစ်ကုန်သောတရားအစု ဟူသမျှတို့ ထက် သိရန်အလို့ငှါ ပညိန္ဒြေအစုကို မြတ်၏ဟု ဆိုအပ်၏။ ရဟန်းတို့အဘယ်တရားအစုတို့သည် သိရန် အလို့ငှါ ဖြစ်ကုန်သနည်း၊ ရဟန်းတို့ သဒ္ဓိန္ဒြေအစုသည် သိရန်အလို့ငှါဖြစ်၏၊ ဝီရိယိန္ဒြေအစုသည် သိရန် အလို့ငှါ ဖြစ်၏၊ သတိန္ဒြေအစုသည် သိရန်အလို့ငှါ ဖြစ်၏၊ သမာဓိန္ဒြေအစုသည် သိရန်အလို့ငှါ ဖြစ်၏၊ ပညိန္ဒြေအစုသည် သိရန်အလို့ငှါ ဖြစ်၏။

ရဟန်းတို့ ဥပမာသော်ကား မြေ၌ နေကုန်သောအခြေရှိသော သတ္တဝါတို့၏ ခြေရာဟူသမျှ အားလုံးတို့သည် ဆင်ခြေရာ၌ အတွင်းဝင်ကုန်၏၊ ဆင်ခြေရာကို ကြီးသည်၏ အဖြစ်ကြောင့် ထိုခြေရာဟူသမျှအားလုံးတို့ထက် မြတ်၏ဟု ဆိုအပ်၏၊ ဤအတူပင် သိရန်အလို့ငှါ ဖြစ်ကုန်သော တရားအစု ဟူသမျှတို့ထက် သိရန်အလို့ငှါ ပညိန္ဒြေအစုကို မြတ်၏ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

၅-သာရသုတ်

၅၂၅။ ရဟန်းတို့ စန္ဒကူးနီကို အနှစ်နံ့သာဟူသမျှ အားလုံးတို့ထက် မြတ်၏ဟု ဆိုအပ်သကဲ့သို့ဤအတူပင် ဗောဓိပက္ခိယတရား အားလုံးတို့ထက် သိရန်အလို့ငှါ ပညိန္ဒြေအစုကို မြတ်၏ဟု ဆိုအပ်၏။ ရဟန်းတို့ ဗောဓိပက္ခိယတရားတို့သည် အဘယ်နည်း၊ ရဟန်းတို့ သဒ္ဓိန္ဒြေသည် ဗောဓိပက္ခိယတရားတည်း၊ ထိုသဒ္ဓိန္ဒြေသည် သိရန်အလို့ငှါ ဖြစ်၏၊ ဝီရိယိန္ဒြေ။ပ။ သတိန္ဒြေ။ပ။ သမာဓိန္ဒြေ။ပ။ ပညိန္ဒြေသည့်ဗောဓိပက္ခိယတရားတည်း၊ ထိုပညိန္ဒြေသည် သိရန်အလို့ငှါ ဖြစ်၏။ ရဟန်းတို့ စန္ဒကူးနီကို အနှစ်နံ့သာဟူသမျှ အားလုံးတို့ထက် မြတ်၏ဟု ဆိုအပ်သကဲ့သို့ ဤအတူပင် ဗောဓိပက္ခိယတရား အားလုံးတို့ထက်သိရန်အလို့ငှါ ပညိန္ဒြေကို မြတ်၏ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

--

၆-ပတိဋ္ဌိတသုတ်

၅၂၆။ ရဟန်းတို့ တစ်ခုတည်းသော တရား၌ တည်သော ရဟန်းအား ပွါးများအပ်သော ဣန္ဒြေငါးပါးတို့သည် ကောင်းစွာ ပွါးများအပ်သည် မည်ကုန်၏။ အဘယ်တစ်ခုတည်းသော တရား၌နည်း၊ မမေ့မလျော့မှုတည်း။

ရဟန်းတို့ မမေ့မလျော့မှုသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အာသဝတရားတို့၌လည်းကောင်း၊ အာသဝတို့၏ အာရုံတရားတို့၌လည်းကောင်း စိတ်ကို စောင့်ရှောက်၏။ အာသဝ တရားတို့၌လည်းကောင်း၊ အာသဝတို့၏ အာရုံတရားတို့၌လည်းကောင်း စိတ်ကိုစောင့်ရှောက်သော ထို ရဟန်းအား သဒ္ဓိန္ဒြေသည်လည်း ပွါးများပြည့်စုံခြင်းသို့ ရောက်၏၊ ဝီရိယိန္ဒြေသည်လည်း ပွါးများပြည့်စုံခြင်း သို့ ရောက်၏၊ သတိန္ဒြေသည်လည်း ပွါးများပြည့်စုံခြင်းသို့ရောက်၏၊ သမာဓိန္ဒြေသည်လည်း ပွါးများပြည့် စုံခြင်းသို့ ရောက်၏၊ ပညိန္ဒြေသည်လည်းပွါးများပြည့်စုံခြင်းသို့ ရောက်၏။

ရဟန်းတို့ ဤသို့လျှင် တစ်ခုတည်းသော တရား၌ တည်သော ရဟန်းအား ပွါးများအပ်သောဣန္ဒြေငါးပါးတို့သည် ကောင်းစွာ ပွါးများအပ်သည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

၇-သဟမ္ပတိဗြဟ္မသုတ်

၅၂၇။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူစ ဥရုဝေလတော နေရဉ္ဇရာမြစ်ကမ်းနားအဇပါလပညောင်ပင်ရင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ဆိတ်ငြိမ်ရာသို့ ကပ်လျက် တစ်ပါးတည်းကိန်းအောင်း နေတော်မူသော မြတ်စွာဘုရားအား ဤသို့သော စိတ်အကြံ ဖြစ်၏-"ဣန္ဒြေငါးပါးတို့ကိုပွါး များအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် အမြိုက်နိဗ္ဗာန်သို့ သက်ဝင်ကုန်၏၊ အမြိုက်နိဗ္ဗာန် လျှင် လဲလျောင်းရာရှိကုန်၏၊ အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိကုန်၏။ အဘယ်ငါးပါးတို့နည်း၊ သဒ္ဓိန္ဒြေကို ပွါး များအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အမြိုက်နိဗ္ဗာန်သို့ သက်ဝင်၏၊ အမြိုက်နိဗ္ဗာန်လျှင် လဲလျောင်းရာရှိ၏၊ အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိ၏။ ဝီရိယိန္ဒြေကို။ပ။ သတိန္ဒြေကို။ပ။

သမာဓိန္ဒြေကို။ပ။ ပညိ န္ဒြေကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အမြိုက်နိဗ္ဗာန်သို့သက်ဝင်၏၊ အမြိုက်နိဗ္ဗာန် လျှင် လဲလျောင်းရာရှိ၏၊ အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိ၏။ ဤဣန္ဒြေငါးပါးတို့ကို ပွါးများအပ် ကြိမ်ဖန် များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် အမြိုက်နိဗ္ဗာန်သို့သက်ဝင်ကုန်၏၊ အမြိုက်နိဗ္ဗာန်လျှင် လဲလျောင်းရာ ရှိကုန်၏၊ အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိကုန်၏”ဟု (အကြံ ဖြစ်၏)။

--

ထိုအခါ သဟမ္ပတိဗြဟ္မာသည် မြတ်စွာဘုရား၏ စိတ်အကြံကို (မိမိ) စိတ်ဖြင့် သိ၍ အားရှိသောယောကျ်ားသည် ကွေးသော လက်မောင်းကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်သော လက်မောင်းကိုကွေး သကဲ့သို့လည်းကောင်း ထို့အတူပင် ဗြဟ္မာ့ပြည်မှ ကွယ်ခဲ့၍ မြတ်စွာဘုရား၏ ရှေ့၌ထင်ရှားဖြစ်ပေါ်၏။ ထိုအခါ သဟမ္ပတိဗြဟ္မာသည် ပခုံးတစ်ဖက်၌ အပေါ်ရုံကို စံပယ်တင်လျက်မြတ်စွာဘုရားရှိရာသို့ လက်အုပ် ချီ၍ မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-ဘုန်းတော်ကြီးသော မြတ်စွာဘုရား ဤအကြံသည် ဤ အတိုင်း မှန်ပါ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သောမြတ်စွာဘုရား ဤအကြံသည် ဤအတိုင်း မှန်ပါ၏။ ဣန္ဒြေငါးပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာပြုလုပ်အပ်ကုန်သည်ရှိသော် အမြိုက်နိဗ္ဗာန်သို့ သက်ဝင်ကုန်၏၊ အမြိုက်နိဗ္ဗာန်လျှင် လဲလျောင်းရာရှိကုန်၏၊ အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိကုန်၏။ အဘယ် ငါးပါးတို့နည်း၊ သဒ္ဓိန္ဒြေကို ပွါးများအပ် ကြိမ်ဖန်များစွာပြုလုပ်အပ်သည်ရှိသော် အမြိုက်နိဗ္ဗာန်သို့ သက် ဝင်၏၊ အမြိုက်နိဗ္ဗာန်လျှင် လဲလျောင်းရာရှိ၏၊ အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိ၏။ပ။ ပညိန္ဒြေကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော်အမြိုက်နိဗ္ဗာန်သို့ သက်ဝင်၏၊ အမြိုက်နိဗ္ဗာန်လျှင် လဲလျောင်းရာ ရှိ၏၊ အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိ၏။ ဤဣန္ဒြေငါးပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန် သည်ရှိသော် အမြိုက်နိဗ္ဗာန်သို့သက်ဝင်ကုန်၏၊ အမြိုက်နိဗ္ဗာန်လျှင် လဲလျောင်းရာရှိကုန်၏၊ အမြိုက်နိဗ္ဗာန် လျှင် အဆုံးရှိကုန်၏။

အသျှင်ဘုရား ရှေးက ဖြစ်ဖူးသည်ကား အကျွန်ုပ်သည် ကဿပမြတ်စွာဘုရားအထံ၌ အကျင့်မြတ်ကိုကျင့်ခဲ့ပါ၏၊ ထိုအခါ၌ အကျွန်ုပ်ကို “သဟကရဟန်း သဟကရဟန်း”ဟု ဤသို့ သိကြပါကုန်၏။ အသျှင်ဘုရား အကျွန်ုပ်သည် ဤဣန္ဒြေငါးပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် ကာမတို့၌အလွန်လိုချင်မှု ‘ကာမစ္ဆန္ဒ'ကို ကင်းစေလျက် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ ဗြဟ္မာ့ပြည်၌ ဖြစ်ပါ၏၊ ထိုဗြဟ္မာ့ပြည်၌လည်း အကျွန်ုပ်ကို “သဟမ္ပတိဗြဟ္မာ သဟမ္ပတိဗြဟ္မာ”ဟုဤသို့ သိကြပါကုန်၏။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား ဤအကြံသည် ဤအတိုင်း မှန်ပါ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ဤအကြံသည် ဤအတိုင်း မှန်ပါ၏။ ဤဣန္ဒြေငါးပါး တို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော်အမြိုက်နိဗ္ဗာန်သို့ သက်ဝင်ကုန်၏၊ အမြိုက် နိဗ္ဗာန်လျှင် လဲလျောင်းရာရှိကုန်၏၊ အမြိုက်နိဗ္ဗာန်လျှင်အဆုံးရှိကုန်၏ဟု ဤအရာကို အကျွန်ုပ် သိပါ၏၊ ဤအရာကို အကျွန်ုပ် မြင်ပါ၏ဟု (လျှောက်၏)။

သတ္တမသုတ်။

၈-သူကရခတသုတ်

၅၂၈။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဂိဇ္ဈကုဋ်တောင် သူကရခတလိုဏ်ဂူ၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် အသျှင်သာရိပုတြာကို မိန့်တော်မူ၏-"သာရိပုတြာ အာသဝကုန်ပြီးသော ရဟန်းသည် မြတ်စွာဘုရား၌လည်းကောင်း၊ မြတ်စွာဘုရား အဆုံးအမ ‘သာသနာ’၌လည်းကောင်း လွန်ကဲသော ရိုသေတုပ်ဝပ်မှု ဖြစ်လတ်သော် အဘယ်အကျိုးထူးကို ကောင်းစွာ မြင်၍ ဖြစ်သနည်း”ဟု (မိန့်တော်မူ၏)။ အာသဝကုန်ပြီးသော ရဟန်းသည် မြတ်စွာဘုရား၌လည်းကောင်း၊ မြတ်စွာဘုရား အဆုံးအမ ‘သာသနာ’ ၌လည်းကောင်း လွန်ကဲသော ရိုသေတုပ်ဝပ်မှု ဖြစ်လတ်သော် အတုမရှိသော ယောဂ၏ကုန်ရာ (အရဟတ္တဖိုလ်) ကို ကောင်းစွာ မြင်၍ ဖြစ်ပါ၏ဟု လျှောက်၏။ သာရိပုတြာ ကောင်းပေစွ၊ ကောင်း ပေစွ။ သာရိပုတြာ အာသဝကုန်ပြီးသော ရဟန်းသည် မြတ်စွာဘုရား၌လည်းကောင်း၊ မြတ်စွာဘုရား အဆုံးအမ ‘သာသနာ’ ၌လည်းကောင်း လွန်ကဲသော ရိုသေတုပ်ဝပ်မှု ဖြစ်လတ်သော်အတုမရှိသော ယောဂ ၏ ကုန်ရာ (အရဟတ္တဖိုလ်) ကို ကောင်းစွာ မြင်၍ ဖြစ်၏။

--

သာရိပုတြာ အာသဝကုန်ပြီးသော ရဟန်းသည် မြတ်စွာဘုရား၌လည်းကောင်း၊ မြတ်စွာဘုရား၏အဆုံးအမ ‘သာသနာ’ ၌လည်းကောင်း လွန်ကဲသော ရိုသေတုပ်ဝပ်မှု ဖြစ်လတ်သော် အတုမရှိသောယောဂ ၏ ကုန်ရာ (အရဟတ္တဖိုလ်) ကို ကောင်းစွာ မြင်၍ ဖြစ်၏။ ယင်းအတုမရှိသော ယောဂ၏ ကုန်ရာအရဟတ္တ ဖိုလ်ကား အဘယ်နည်း၊ အသျှင်ဘုရား ဤသာသနာတော်၌ အာသဝကုန်ပြီးသော ရဟန်းသည်နိဗ္ဗာန်သို့ ရောက်စေတတ်သော မဂ်ဉာဏ်သို့ ရောက်စေတတ်သော သဒ္ဓိန္ဒြေကို ပွါးများ၏။ ဝီရိယိန္ဒြေကိုပွါးများ၏။ပ။ သတိန္ဒြေကို ပွါးများ၏။ပ။ သမာဓိန္ဒြေကို ပွါးများ၏။ပ။ နိဗ္ဗာန်သို့ ရောက်စေတတ်သော မဂ်ဉာဏ်သို့ ရောက်စေတတ်သော ပညိန္ဒြေကို ပွါးများ၏။ အသျှင်ဘုရား အာသဝကုန်ပြီးသောရဟန်းသည် မြတ်စွာဘုရား၌လည်းကောင်း၊ မြတ်စွာဘုရား အဆုံးအမ ‘သာသနာ’ ၌လည်းကောင်း မြတ်သော ရိုသေတုပ်ဝပ်မှု ဖြစ်လတ်သော် အတုမရှိသော ယောဂ၏ ကုန်ရာ (အရဟတ္တဖိုလ်) ကို ကောင်းစွာမြင်၍ ဖြစ်ပါ၏၊ ယင်းအတု မရှိသော ယောဂ၏ ကုန်ရာ (အရဟတ္တဖိုလ်) ကား ဤသည် ပင်တည်းဟုလျှောက်၏။ သာရိပုတြာ ကောင်း ပေစွ၊ ကောင်းပေစွ။ သာရိပုတြာ အာသဝကုန်ပြီးသော (ရဟန္တာ) ပုဂ္ဂိုလ်သည် မြတ်စွာဘုရား၌လည်းကောင်း၊ မြတ်စွာဘုရားအဆုံးအမ ‘သာသနာ’၌လည်းကောင်း လွန်ကဲသော ရိုသေတုပ်ဝပ်မှု ဖြစ်လတ်သော် အတုမရှိသောယောဂ၏ ကုန်ရာ (အရဟတ္တဖိုလ်) ကို ကောင်းစွာ မြင်၍ ဖြစ်၏။ ယင်းအတုမရှိသော ယောဂ ၏ကုန်ရာ (အရဟတ္တဖိုလ်) ကား ဤသည်ပင်တည်း။

သာရိပုတြာ လွန်ကဲသော ရိုသေတုပ်ဝပ်မှု ဖြစ်သောအာသဝကုန်ပြီးသော ရဟန်းသည် မြတ်စွာဘုရား၌လည်းကောင်း၊ မြတ်စွာဘုရား အဆုံးအမ ‘သာသနာ’၌လည်းကောင်း လွန်ကဲသော ရိုသေတုပ်ဝပ်မှုဖြစ်၏။ ယင်းလွန်ကဲသော ရိုသေတုပ်ဝပ်ခြင်းကား အဘယ်နည်း၊ အသျှင်ဘုရား ဤသာသနာတော်၌အာသဝကုန်ပြီးသော ရဟန်းသည် မြတ်စွာဘုရား၌ ရိုသေခြင်း တုပ်ဝပ်ခြင်းနှင့် တကွဖြစ်၍ နေ၏၊ တရားတော်၌ ရိုသေခြင်း တုပ်ဝပ်ခြင်းနှင့် တကွဖြစ်၍ နေ၏၊ သံဃာတော်၌ ရိုသေခြင်း တုပ်ဝပ်ခြင်းနှင့် တကွဖြစ်၍ နေ၏၊ အကျင့် ‘သိက္ခာ’ ၌ ရိုသေခြင်း တုပ်ဝပ်ခြင်းနှင့် တကွဖြစ်၍ နေ၏၊ တည်ကြည်မှု ‘သမာဓိ’ ၌ရိုသေခြင်း တုပ်ဝပ်ခြင်းနှင့် တကွဖြစ်၍ နေ၏။ အသျှင်ဘုရား လွန်ကဲသော ရိုသေတုပ်ဝပ်မှု ဖြစ်သောအာသဝကုန်ပြီးသော ရဟန်းသည် မြတ်စွာဘုရား၌လည်းကောင်း၊ မြတ်စွာဘုရား အဆုံးအမ ‘သာသနာ’၌လည်းကောင်း လွန်ကဲသော ရိုသေတုပ်ဝပ်မှု ဖြစ်၏။ ယင်းလွန်ကဲသော ရိုသေတုပ်ဝပ်မှုကား ဤသည်ပင်တည်း။ သာရိပုတြာ ကောင်းပေစွ၊ ကောင်းပေစွ။ သာရိပုတြာ လွန်ကဲသော ရိုသေတုပ်ဝပ်မှုဖြစ်သောအာသဝကုန်ပြီးသော ရဟန်းသည် မြတ်စွာဘုရား၌လည်းကောင်း၊ မြတ်စွာဘုရား အဆုံးအမ ‘သာသနာ’ ၌လည်းကောင်း လွန်ကဲသော ရိုသေတုပ်ဝပ်မှု ဖြစ်၏။ ယင်းလွန်ကဲသော ရိုသေတုပ်ဝပ်ခြင်းကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

--

၉-ပဌမ ဥပ္ပါဒသုတ်

၅၂၉။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား ထင်ရှားပွင့်သောအခါ၌သာ မဖြစ်ပေါ်ဖူးသေးကုန်သောပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သော ဤဣန္ဒြေငါးပါးတို့သည် ဖြစ်ပေါ်ကုန်၏။ အဘယ်ငါးပါးတို့နည်း၊ သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေတို့တည်း။ ရဟန်းတို့ ပူဇော်အထူးကိုခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားထင်ရှား ပွင့်သောအခါ၌သာ မဖြစ်ပေါ်ဖူးသေးကုန်သော ပွါးများအပ် ကြိမ်ဖန်များစွာပြုလုပ်အပ်ကုန်သော ဤ ဣန္ဒြေငါးပါးတို့သည် ဖြစ်ပေါ်ကုန်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။

၁၀-ဒုတိယ ဥပ္ပါဒသုတ်

၅၃၀။ ရဟန်းတို့ မြတ်စွာဘုရား၏ အဆုံးအမ ‘သာသနာ’ ၌သာ မဖြစ်ပေါ်ဖူးသေးကုန်သော ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သော ဤဣန္ဒြေငါးပါးတို့သည် ဖြစ်ပေါ်ကုန်၏။ အဘယ်ငါးပါးတို့နည်း၊ သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေတို့တည်း။ ရဟန်းတို့ မြတ်စွာဘုရား၏ အဆုံး့အမ ‘သာသနာ’ ၌သာ မဖြစ်ပေါ်ဖူးသေးကုန်သော ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သော ဤဣန္ဒြေငါးပါးတို့သည် ဖြစ်ပေါ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ခြောက်ခုမြောက် သူကရခတဝဂ် ပြီး၏။

--

၇-ဗောဓိပက္ခိယဝဂ်

၁-သံယောဇနသုတ်

၅၃၁။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ဤဣန္ဒြေငါးပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် သံယောဇဉ်တို့ကို ပယ်ရန်အကျိုးငှါ ဖြစ်ကုန်၏။ အဘယ်ငါးပါးတို့နည်း၊ သဒ္ဓိန္ဒြေ။ပ။

ပညိန္ဒြေတို့တည်း။ ရဟန်းတို့ ဤဣန္ဒြေငါးပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် သံယောဇဉ်တို့ကို ပယ်ရန်အကျိုးငှါ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

၂-အနုသယသုတ်

၅၃၂။ ရဟန်းတို့ ဤဣန္ဒြေငါးပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော်အနုသယတို့ကို ကောင်းစွာ ပယ်ခွါခြင်းအကျိုးငှါ ဖြစ်ကုန်၏။ အဘယ်ငါးပါးတို့နည်း၊ သဒ္ဓိန္ဒြေ။ပ။ ပညိန္ဒြေတို့တည်း။ ရဟန်းတို့ ဤဣန္ဒြေငါးပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော်အနုသယတို့ကို ကောင်းစွာ ပယ်ခွါခြင်းအကျိုးငှါ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

၃-ပရိညာသုတ်

၅၃၃။ ရဟန်းတို့ ဤဣန္ဒြေငါးပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော်ရှည်လျားသော ‘သံသရာ'ခရီးကို ပိုင်းခြား၍ သိခြင်းအကျိုးငှါ ဖြစ်ကုန်၏။ အဘယ်ငါးပါးတို့နည်း၊ သဒ္ဓိန္ဒြေ။ပ။ ပညိန္ဒြေတို့တည်း။ ရဟန်းတို့ ဤဣန္ဒြေငါးပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် ရှည်လျားသော ‘သံသရာ'ခရီးကို ပိုင်းခြား၍ သိခြင်းအကျိုးငှါ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။

--

၄-အာသဝက္ခယသုတ်

၅၃၄။ ရဟန်းတို့ ဤဣန္ဒြေငါးပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော်အာသဝတရားတို့ ကုန်ခြင်းအကျိုးငှါ ဖြစ်ကုန်၏။ အဘယ်ငါးပါးတို့နည်း၊ သဒ္ဓိန္ဒြေ။ပ။ ပညိန္ဒြေတို့တည်း။ ရဟန်းတို့ ဤဣန္ဒြေငါးပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် အာသဝတရားတို့ ကုန်ခြင်းအကျိုးငှါ ဖြစ်ကုန်၏။

ရဟန်းတို့ ဤဣန္ဒြေငါးပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော်သံယောဇဉ်တို့ကို ပယ်ခြင်းအကျိုးငှါ ဖြစ်ကုန်၏။ အနုသယတို့ကို ကောင်းစွာ ပယ်ခွါခြင်းအကျိုးငှါ ဖြစ်ကုန်၏။ ရှည်လျားသော ‘သံသရာ’ ခရီးကို ပိုင်းခြား၍ သိခြင်းအကျိုးငှါ ဖြစ်ကုန်၏။ အာသဝတရားတို့ကုန်ခြင်းအကျိုးငှါ ဖြစ်ကုန်၏။ အဘယ်ငါးပါးတို့နည်း၊ သဒ္ဓိန္ဒြေ။ပ။ ပညိန္ဒြေတို့တည်း။ ရဟန်းတို့ ဤဣန္ဒြေငါးပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် သံယောဇဉ်တို့ကို ပယ်ခြင်းအကျိုးငှါ ဖြစ်ကုန်၏။ အနုသယတို့ကို ကောင်းစွာ ပယ်ခွါခြင်းအကျိုးငှါ ဖြစ်ကုန်၏။ ရှည်လျားသော ‘သံသရာ’ ခရီးကို ပိုင်းခြား၍ သိခြင်းအကျိုးငှါ ဖြစ်ကုန်၏။ အာသဝတရားတို့ ကုန်ခြင်းအကျိုးငှါ ဖြစ်ကုန့်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

၅-ပဌမ ဖလသုတ်

၅၃၅။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ သဒ္ဓိန္ဒြေ။ပ။

ပညိန္ဒြေတို့တည်း။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့ပင်တည်း။ ရဟန်းတို့ ဤဣန္ဒြေငါးပါးတို့ကိုပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် ယခုဘဝ၌ပင် အရဟတ္တဖိုလ်ကို ရနိုင်ခြင်း၊ စွဲလမ်းမှု ‘ဥပါဒါန်’ အကြွင်းအကျန်ရှိခဲ့သော် အနာဂါမ်အဖြစ်သို့ ရောက်နိုင်ခြင်းဟူသောအကျိုးနှစ်ပါးတို့တွင် အကျိုးတစ်ပါးပါးကို (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်အပ်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

--

၆-ဒုတိယ ဖလသုတ်

၅၃၆။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ သဒ္ဓိန္ဒြေ။ပ။

ပညိန္ဒြေတို့တည်း။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့ပင်တည်း။ ရဟန်းတို့ ဤဣန္ဒြေငါးပါးတို့ကိုပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် ခုနစ်ပါးသောအကျိုးအာနိသင်တို့ကို (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။ ခုနစ်ပါးသောအကျိုးအာနိသင်တို့ဟူသည် အဘယ်တို့နည်း -

၁။ မျက်မှောက်ဘဝ၌ပင် မသေမီက အရဟတ္တဖိုလ်ကို ပြီးစေနိုင်၏။

၂။ မျက်မှောက်ဘဝ၌ပင် မသေမီက အရဟတ္တဖိုလ်ကို မပြီးစေနိုင်ခဲ့မူ သေခါနီးအခါ၌် အရဟတ္တဖိုလ် ကိုပြီးစေနိုင်၏။

၃။ မျက်မှောက်ဘဝ၌ပင် မသေမီက အရဟတ္တဖိုလ်ကို မပြီးစေနိုင်ခဲ့မူ သေခါနီးအခါ၌ အရဟတ္တဖိုလ် ကိုမပြီးစေနိုင်ခဲ့မူ အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် (အသက်တမ်း၏) အလယ်၌ (အရဟတ္တဖိုလ်သို့ ရောက်လျက်) ပရိနိဗ္ဗာန်ပြုရသောအန္တရာပရိနိဗ္ဗာယီမည်သောအနာဂါမ်ဖြစ်နိုင်၏။

၄။ အသက်တမ်း၏ ထက်ဝက်ကို လွန်၍ (အရဟတ္တဖိုလ်သို့ ရောက်လျက်) ပရိနိဗ္ဗာန်ပြုရသော ဥပဟစ္စပရိနိဗ္ဗာယီ မည်သောအနာဂါမ်ဖြစ်နိုင်၏။

၅။ ပယောဂလုံ့လ မပါဘဲ (အရဟတ္တဖိုလ်သို့ ရောက်လျက်) ပရိနိဗ္ဗာန်ပြုရသောအသင်္ခါရပရိနိဗ္ဗာယီ မည်သောအနာဂါမ်ဖြစ်နိုင်၏။

၆။ ပယောဂလုံ့လနှင့် တကွ (အရဟတ္တဖိုလ်သို့ ရောက်လျက်) ပရိနိဗ္ဗာန်ပြုရသော သသင်္ခါရပရိနိဗ္ဗာယီ မည်သောအနာဂါမ်ဖြစ်နိုင်၏။

၇။ အထက်ဘုံ၌ ဖြစ်၍ အစဉ်အတိုင်း တက်ကာ အကနိဋ္ဌဘုံ၌ (အရဟတ္တဖိုလ်သို့ ရောက်လျက်) ပရိနိဗ္ဗာန်ပြုရသော ဥဒ္ဓံသောတအကနိဋ္ဌဂါမီ မည်သောအနာဂါမ်ဖြစ်နိုင်၏။

ရဟန်းတို့ ဤဣန္ဒြေငါးပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် ဤခုနစ်ပါးသောအကျိုးအာနိသင်တို့ကို (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်အပ်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

--

၇-ပဌမ ရုက္ခသုတ်

၅၃၇။ ရဟန်းတို့ ဇမ္ဗူဒိပ်ကျွန်း၌ ပေါက်ကုန်သော သစ်ပင်ဟူသမျှ အားလုံးတို့ထက် ဇမ္ဗူ့သပြေပင် ကိုမြတ်၏ဟု ဆိုအပ်သကဲ့သို့ ဤအတူပင် ဗောဓိပက္ခိယတရားအားလုံးတို့ထက် သိရန်အလို့ငှါ ပညိန္ဒြေကိုမြတ်၏ဟု ဆိုအပ်၏။ ရဟန်းတို့ ဗောဓိပက္ခိယတရားတို့သည် အဘယ်တို့နည်း၊

ရဟန်းတို့ သဒ္ဓိန္ဒြေသည် ဗောဓိပက္ခိယတရားတည်း၊ ထိုသဒ္ဓိန္ဒြေသည် သိရန်အလို့ငှါ ဖြစ်၏။ ဝီရိယိန္ဒြေ။ပ။ သတိန္ဒြေ။ သမာဓိန္ဒြေ။ ပညိန္ဒြေသည် ဗောဓိပက္ခိယတရားတည်း၊ ထိုပညိန္ဒြေသည် သိရန်အလို့ငှါဖြစ်၏။

ရဟန်းတို့ ဇမ္ဗူဒိပ်ကျွန်း၌ ပေါက်ကုန်သော သစ်ပင်ဟူသမျှ အားလုံးတို့ထက် ဇမ္ဗူ့သပြေပင်ကိုမြတ်၏ဟု ဆိုအပ်သကဲ့သို့ ဤအတူပင် ဗောဓိပက္ခိယတရားအားလုံးတို့ထက် သိရန်အလို့ငှါ ပညိန္ဒြေကိုမြတ်၏ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

၈-ဒုတိယ ရုက္ခသုတ်

၅၃၈။ ရဟန်းတို့ တာဝတိံသာနတ်တို့၏ သစ်ပင်ဟူသမျှတို့ထက် ပင်လယ်ကသစ်ပင်ကို မြတ်၏ဟုဆိုအပ်သကဲ့သို့ ဤအတူပင် ဗောဓိပက္ခိယတရား အားလုံးတို့ထက် သိရန်အလို့ငှါ ပညိန္ဒြေကို မြတ်၏ဟုဆိုအပ်၏။ ရဟန်းတို့ ဗောဓိပက္ခိယတရားတို့သည် အဘယ်တို့နည်း၊

ရဟန်းတို့ သဒ္ဓိန္ဒြေသည် ဗောဓိပက္ခိယတရားတည်း၊ ထိုသဒ္ဓိန္ဒြေသည် သိရန်အလို့ငှါ ဖြစ်၏။ ဝီရိယိန္ဒြေ။ပ။ သတိန္ဒြေ။ သမာဓိန္ဒြေ။ ပညိန္ဒြေသည် ဗောဓိပက္ခိယတရားတည်း၊ ထိုပညိန္ဒြေသည် သိရန်အလို့ငှါဖြစ်၏။

ရဟန်းတို့ တာဝတိံသာနတ်တို့၏ သစ်ပင်ဟူသမျှတို့ထက် ပင်လယ်ကသစ်ပင်ကို မြတ်၏ဟု ဆိုအပ်သကဲ့သို့ ဤအတူပင် ဗောဓိပက္ခိယတရားအားလုံးတို့ထက် သိရန်အလို့ငှါ ပညိန္ဒြေကို မြတ်၏ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

--

၉-တတိယ ရုက္ခသုတ်

၅၃၉။ ရဟန်းတို့ အသုရာတို့၏ သစ်ပင်ဟူသမျှတို့ထက် ဆန်းကြယ်သော သခွပ်ပင်ကို မြတ်၏ဟုဆိုအပ်သကဲ့သို့ ဤအတူပင် ဗောဓိပက္ခိယတရားအားလုံးတို့ထက် သိရန်အလို့ငှါ ပညိန္ဒြေကို မြတ်၏ဟုဆို အပ်၏။ ရဟန်းတို့ ဗောဓိပက္ခိယတရားတို့သည် အဘယ်တို့နည်း၊

ရဟန်းတို့ သဒ္ဓိန္ဒြေသည် ဗောဓိပက္ခိယတရားတည်း၊ ထိုသဒ္ဓိန္ဒြေသည် သိရန်အလို့ငှါ ဖြစ်၏။ ဝီရိယိန္ဒြေ။ပ။ သတိန္ဒြေ။ သမာဓိန္ဒြေ။ ပညိန္ဒြေသည် ဗောဓိပက္ခိယတရားတည်း၊ ထိုပညိန္ဒြေသည် သိရန်အလို့ငှါဖြစ်၏။

ရဟန်းတို့ အသုရာတို့၏ သစ်ပင်ဟူသမျှတို့ထက် ဆန်းကြယ်သော သခွပ်ပင်ကို မြတ်၏ဟု ဆိုအပ်သကဲ့သို့ ဤအတူပင် ဗောဓိပက္ခိယတရားအားလုံးတို့ထက် သိရန်အလို့ငှါ ပညိန္ဒြေကို မြတ်၏ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။

၁၀-စတုတ္ထ ရုက္ခသုတ်

၅၄၀။ ရဟန်းတို့ ဂဠုန်တို့၏ သစ်ပင်ဟူသမျှတို့ထက် အထွတ်ကဲ့သို့ တက်သော လက်ပံပင်ကိုမြတ်၏ဟု ဆိုအပ်သကဲ့သို့ ဤအတူပင် ဗောဓိပက္ခိယတရားအားလုံးတို့ထက် သိရန်အလို့ငှါ ပညိန္ဒြေကိုမြတ်၏ဟု ဆိုအပ်၏။ ရဟန်းတို့ ဗောဓိပက္ခိယတရားတို့သည် အဘယ်တို့နည်း၊

ရဟန်းတို့ သဒ္ဓိန္ဒြေသည် ဗောဓိပက္ခိယတရားတည်း၊ ထိုသဒ္ဓိန္ဒြေသည် သိရန်အလို့ငှါ ဖြစ်၏။ ဝီရိယိန္ဒြေ။ပ။ သတိန္ဒြေ။ သမာဓိန္ဒြေ။ ပညိန္ဒြေသည် ဗောဓိပက္ခိယတရားတည်း၊ ထိုပညိန္ဒြေသည် သိရန်အလို့ငှါ့ဖြစ်၏။

ရဟန်းတို့ ဂဠုန်တို့၏ သစ်ပင်ဟူသမျှတို့ထက် အထွတ်ကဲ့သို့ တက်သော လက်ပံပင်ကို မြတ်၏ဟုဆိုအပ်သကဲ့သို့ ဤအတူပင် ဗောဓိပက္ခိယတရားအားလုံးတို့ထက် သိရန်အလို့ငှါ ပညိန္ဒြေကို မြတ်၏ဟုဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ခုနစ်ခုမြောက် ဗောဓိပက္ခိယဝဂ် ပြီး၏။

--

၈-ဂင်္ဂါပေယျာလဝဂ်

၁-၁၂-ပါစီန စသော ၁၂-သုတ်

၅၄၁-၅၅၂။ ရဟန်းတို့ ဂင်္ဂါမြစ်သည် အရှေ့အရပ်သို့ ညွတ်ကိုင်းရှိုင်းသကဲ့သို့ ဤအတူပင် ရဟန်းသည် ဣန္ဒြေငါးပါးတို့ကို ပွါးများသည်ရှိသော် ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်း၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ဣန္ဒြေငါးပါးတို့ကို ပွါးများသည်ရှိသော် ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်းသနည်း၊

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် (ကိလေသာမှ) ဆိတ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော သဒ္ဓိန္ဒြေကို ပွါးများ၏၊ ဝီရိယိန္ဒြေကို။ပ။

သတိန္ဒြေကို။ သမာဓိန္ဒြေကို။ (ကိလေသာမှ) ဆိတ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသောချုပ် ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ပညိန္ဒြေကို ပွါးများ၏။

ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ဣန္ဒြေငါးပါးတို့ကို ပွါးများသည်ရှိသော် ကြိမ်ဖန်များစွာပြုလုပ်သည်ရှိသော် နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်း၏ဟု (မိန့်တော်မူ၏)။

ဒွါဒသမသုတ်။

ရှစ်ခုမြောက် ဂင်္ဂါ ပေယျာလဝဂ် ပြီး၏။

[အပ္ပမာဒဝဂ် ဗလကရဏီယဝဂ်နှင့် ဧသနာဝဂ်တို့ကို ချဲ့အပ်ကုန်၏]။

--

၁၂-ဩဃဝဂ်

၁-၁၀-ဩဃ စသော ၁၀-သုတ်

၅၈၇-၅၉၆။ ရဟန်းတို့ အထက်ပိုင်းသံယောဇဉ်တို့ကား ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ ရူပရာဂ၊ အရူပရာဂ၊ မာန၊ ဥဒ္ဓစ္စ၊ အဝိဇ္ဇာတို့တည်း။ ရဟန်းတို့ အထက်ပိုင်းသံယောဇဉ်တို့ကားဤငါးပါးတို့ပင်တည်း။ ရဟန်းတို့ ဤအထက်ပိုင်းသံယောဇဉ်ငါးပါးတို့ကို ထူးသောဉာဏ်ဖြင့် သိခြင်းငှါပိုင်းခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ ဤဣန္ဒြေငါးပါးတို့ကို ပွါးများအပ်ကုန်၏။ အဘယ်ငါးပါးတို့နည်း၊

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် (ကိလေသာမှ) ဆိတ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ'ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော သဒ္ဓိန္ဒြေကို ပွါးများ၏။ပ။ (ကိလေသာမှ) ဆိတ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သောပညိန္ဒြေကို ပွါးများ၏။

ရဟန်းတို့ ဤအထက်ပိုင်းသံယောဇဉ်ငါးပါးတို့ကို ထူးသောဉာဏ်ဖြင့် သိခြင်းငှါ ပိုင်းခြား၍ သိခြင်းငှါကုန်စေခြင်းငှါ ပယ်ခြင်းငှါ ဤဣန္ဒြေငါးပါးတို့ကို ပွါးများအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

[မဂ္ဂသံယုတ်ကို ချဲ့အပ်သကဲ့သို့ ထို့အတူပင် ဣန္ဒြိယသံယုတ်ကို ချဲ့အပ်၏]။

တစ်ဆယ့်နှစ်ခုမြောက် ဩဃဝဂ် ပြီး၏။

--

၁၃-ဂင်္ဂါပေယျာလဝဂ်

၁-၁၂-ပါစီန စသော ၁၂-သုတ်

၅၉၇-၆၀၈။ ရဟန်းတို့ ဂင်္ဂါမြစ်သည် အရှေ့အရပ်သို့ ညွတ်ကိုင်းရှိုင်းသကဲ့သို့ ဤအတူပင်ရဟန်းသည် ဣန္ဒြေငါးပါးတို့ကို ပွါးများသည်ရှိသော် ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်း၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ဣန္ဒြေငါးပါးတို့ကို ပွါးများသည်ရှိသော် ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်းသနည်း၊

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် စွဲမက်မှု ‘ရာဂ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော တွေဝေမှု ‘မောဟ'ကို ပယ်ဖျောက်ခြင်းလျှင်အဆုံးရှိသော သဒ္ဓိန္ဒြေကို ပွါးများ၏။ပ။ စွဲမက်မှု ‘ရာဂ’ ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ’ ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော တွေဝေမှု ‘မောဟ’ ကို ပယ်ဖျောက်ခြင်းလျှင်အဆုံး ရှိသော ပညိန္ဒြေကို ပွါးများ၏။

ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ဣန္ဒြေငါးပါးတို့ကို ပွါးများသည်ရှိသော် ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်း၏ဟု (မိန့်တော်မူ၏)။

ဒွါဒသမသုတ်။

တစ်ဆယ့်သုံးခုမြောက် ဂင်္ဂါ ပေယျာလဝဂ် ပြီး၏။

[အပ္ပမာဒဝဂ် ဗလကရဏီယဝဂ်နှင့် ဧသနာဝဂ်တို့ကို ချဲ့အပ်ကုန်၏]။

--

၁၇-ဩဃဝဂ်

၁-၁၀-ဩဃ စသော ၁၀-သုတ်

၆၄၁-၆၅၀။ ရဟန်းတို့ အထက်ပိုင်းသံယောဇဉ်တို့ကား ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ ရူပရာဂ၊ အရူပရာဂ၊ မာန၊ ဥဒ္ဓစ္စ၊ အဝိဇ္ဇာတို့တည်း။ ရဟန်းတို့ အထက်ပိုင်းသံယောဇဉ်တို့ကားဤငါးပါးတို့ပင်တည်း။ ရဟန်းတို့ ဤအထက်ပိုင်းသံယောဇဉ်ငါးပါးတို့ကို ထူးသောဉာဏ်ဖြင့် သိခြင်းငှါပိုင်းခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ ဣန္ဒြေငါးပါးတို့ကို ပွါးများအပ်ကုန်၏။ အဘယ်ငါးပါးတို့နည်း၊

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် စွဲမက်မှု ‘ရာဂ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော တွေဝေမှု ‘မောဟ’ ကို ပယ်ဖျောက်ခြင်းလျှင်အဆုံးရှိသော သဒ္ဓိန္ဒြေကို ပွါးများ၏။ ဝီရိယိန္ဒြေကို။ပ။ သတိန္ဒြေကို။ သမာဓိန္ဒြေကို။ စွဲမက်မှု ‘ရာဂ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ'ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော တွေဝေမှု ‘မောဟ’ ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော ပညိန္ဒြေကို ပွါးများ၏။

ရဟန်းတို့ ဤအထက်ပိုင်းသံယောဇဉ်ငါးပါးတို့ကို ထူးသောဉာဏ်ဖြင့် သိခြင်းငှါ ပိုင်းခြား၍ သိခြင်းငှါကုန်စေခြင်းငှါ ပယ်ခြင်းငှါ ဤဣန္ဒြေငါးပါးတို့ကို ပွါးများအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

တစ်ဆယ့်ခုနစ်ခုမြောက် ဩဃဝဂ် ပြီး၏။

လေးခုမြောက် ဣန္ဒြိယသံယုတ် ပြီး၏။

--