မာတိကာသို့ ခုန်သွားရန်

မဟာသတိပဋ္ဌာန်တရားတော်

ဝီကီရင်းမြစ် မှ
6052မဟာသတိပဋ္ဌာန်တရားတော် — ရွှေဟင်္သာတိုက်သစ် ဆရာတော်

မဟာသတိပဋ္ဌာန်တရားတော်

▬▬▬ஜ۩۞۩ஜ▬▬▬

ရွှေကျင်နိကာယ သံဃဦးစီးဥက္ကဋ္ဌ၊ ရွှေကျင်သမ္မုတိသာသနာပိုင်၊
အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊
စစ်ကိုင်းတောင်ရိုး ရွှေဟင်္သာတိုက်သစ်၊ ရွှေဟင်္သာဆရာတော်
အရှင်ပဏ္ဍိတထေရ် စီရင်ရေးသားသည်။

အကြောင်းအရာ

▬▬▬▬▬▬

စစ်ကိုင်းတောင်ရိုး ရွှေဟင်္သာဆရာတော်သည် --

ကာယာနုပဿနာကျမ်း၊
ဝေဒနာနုပဿနာကျမ်း၊
စိတ္တာနုပဿနာကျမ်း၊
ဓမ္မာနုပဿနာကျမ်း

အားဖြင့် အနုပဿနာကျမ်းငယ်ကလေး - လေးမျိုးကို ရေးသားတော်မူခဲ့သည်။

ထို လေးကျမ်းတို့တွင် ပုဂ္ဂိုလ်တို့၏ အဇ္ဈာသယ အလိုဆန္ဒ အားလျော်စွာ ကာယာနုပဿနာကျမ်းကို နှစ်သက်သူလည်း ရှိကြ၏။ ဝေဒနာ စိတ္တ ဓမ္မာနုပဿနာ အသီးအသီးသော အနုပဿနာကျမ်းတို့ကို သဘောကျ နှစ်သက်သူတို့လည်း ရှိကြကုန်၏။

မည်သည့်ကျမ်းကိုပင် သဘောပေါက်၍ နှစ်သက်ကြသည်ဖြစ်စေ၊ နှစ်သက် သဘောပေါက်၍ ထုတ်ယူ ကျင့်သုံးကြလျှင်ပင် - ဘုန်းကြီးသည် ဝမ်းမြောက် ကျေနပ် ရပေသည်။ ရေးရကျိုး နပ်ပေသည်-ဟူ၍ သာဓု ခေါ်ရပေသည်။

အကြောင်းပေါ်လာသည်မှာ - ထို အနုပဿနာကျမ်း လေးမျိုးကို ကြည့်ရှု လေ့လာ ဘူးသော အမေရိကန်နိုင်ငံ - လော့စ်အင်ဂျလိမြို့၌ နေသော တပည့်ဒကာ ဖြစ်သော ဦးတင်ထွန်းသည် ထို အနုပဿနာကျမ်း လေးကျမ်းတို့ တစ်ပေါင်းတည်း တစ်အုပ်တည်း သူ့ကဏ္ဍနှင့်သူ ခွဲခြား၍ တစ်အုပ်တည်းပြုကာ ရိုက်နှိပ်၍ ဓမ္မဒါနအဖြစ် လှူဒါန်းလိုသော သမ္မာဆန္ဒ ဖြစ်ပေါ်လာသောကြောင့် ရွှေဟင်္သာဆရာတော်ထံသို့ စာရေးလျှောက်ထား၍ အခွင့်တောင်းလေသည်.

ရွှေဟင်္သာဆရာတော်သည် စဉ်းစားပြီးကာလ ကောင်းသော အလုပ်ပင် ဖြစ်သောကြောင့် ဦးတင်ထွန်း အလိုဆန္ဒအတိုင်း အနုပဿနာ လေးကျမ်းကို သူ့ကဏ္ဍနှင့်သူ - သီးခြား၍ စာအုပ်တစ်အုပ်တည်း ဖြစ်စေကာ ရိုက်နှိပ်လှူဒါန်းရန် ခွင့်ပြုလိုက်ပေသည်။

ရွှေဟင်္သာဆရာတော်က ခွင့်ပြုတော်မူသည်ကို ဦးတင်ထွန်းသည် အလွန်ဝမ်းမြောက် စွာဖြင့် မိမိရည်ရွယ်ခဲ့သည့် ဆန္ဒအားလျော်စွာ အနုပဿနာတရားတော် ၄ ကျမ်းကို စာအုပ်အားဖြင့် တစ်အုပ်တည်းပြု၍ ရိုက်နှိပ်ကာ ဓမ္မဒါန ကောင်းမှုပြုခြင်းပင် ဖြစ်ပေသည်။

အရှင်ပဏ္ဍိတထေရ်
ရွှေဟင်္သာဆရာတော်
၁၃၅၅-ခု - နယုန်လ္ဆုတ် (၁၂) ရက်

(ရွှေဟင်္သာဆရာတော်၏ သက်တော်ရာပြည့် မွေးနေ့မင်္ဂလာ ပူဇော်ပွဲတွင် ဆရာတော် ရေးသားစီရင်အပ်သော မဟာသတိပဋ္ဌာန် တရားတော် ကျမ်းစာအုပ်ဖြင့် ဓမ္မဒါနပြုသည်။)

စစ်ကိုင်းတောင်ရိုး ရွှေဟင်္သာတိုက်သစ်
ရွှေဟင်္သာဆရာတော် အရှင်ပဏ္ဍိတထေရ်
စီရင်ရေးသားအပ်သော

ကာယာနုပဿနာသတိပဋ္ဌာန်

▬▬▬ஜ۩۞۩ஜ▬▬▬

မာတိကာ

ပဏာမပဋိညာဉ်
ကာယနှင့် အနုပဿနာရှင်းပြခြင်း
မိမိ၏ပစ္စုပ္ပန်ကာယ၌သာ ရှုသင့်ခြင်း
ပစ္စုပ္ပန်တည့်တည့်ကျရန်မခဲယဉ်း
ကာယသဘောသိမြင်မှ ဒုက္ခကုန်ဆုံးမည်

ကာယဝိစ္ဆိန္ဒနိကသုတ်

သတ္တဝါမလှုပ်-ရုပ်သာလှုပ်ခြင်း
စိတ္တဇဝါယောက ရုပ်ကိုလှုပ်စေခြင်း
မိန်းမယောက်ျားက ပညတ်, ရုပ်နာမ်ကပရမတ်
ဤသုတ်ကို နှစ်ဌာန၌ ဟောတော်မူခြင်း
နန္ဒာမင်းသမီး ၃-ဦး ရဟန်းပြုခြင်း
အလှည့်ကျတရားနာရခြင်း
အဘိရူပနန္ဒာ ရဟန္တာမဖြစ်ခြင်း
ဇနပဒကလျာဏီနန္ဒာထေရီအကြောင်း
မြတ်စွာဘုရားကို ကြည်ညိုခြင်း ၄-မျိုး
နန္ဒာထေရီ တရားနာလာခြင်း
နိမ္မိတသတို့သမီး ဖောက်ပြန်ပုံပြခြင်း
နန္ဒာထေရီ ကာယာနုပဿနာ ရှုမြင်ခြင်း
နန္ဒာထေရီ တရားထူးရစေသောဂါထာ
ရာဇဂြိုဟ်မြို့၌ ဤသုတ်ကိုဟောပြန်ခြင်း
သီရိမာအသုဘရှုရန် ရောက်လာကြခြင်း
သီရိမာအသုဘကောင်ပြ၍ တရားဟောခြင်း
အရေအသား ဖုံးနေ၍ အသုဘမထင်မြင်
အူမစသည့် စက်ဆုပ်ဖွယ်တို့ဖြင့် ပြည့်နေခြင်း
နှပ်စသည့် စက်ဆုပ်ဖွယ်တို့ဖြင့် ပြည့်နေခြင်း
အမာဝ ၉-ပေါက်မှ စက်ဆုပ်ဖွယ်ယိုစီးနေခြင်း
အဝိဇ္ဇာဖုံးအုပ်နေ၍ အသုဘမထင်မြင်
သေပြီးကာလ စွန့်ပစ်ခံရ ကိုယ်ကာယ
သေပြီးသည်နောက် ပိုးလောက်အစာ ကိုယ်ခန္ဓာ
ဤသုတ်ကိုနာကြား၍ အမှန်ကိုမြင်
ဉာဏ်၃-ပါးဖြင့် မြင်ခြင်း
သိပြီးကျင့်မှ ဆန္ဒရာဂကိုစွန့်နိုင်
ဆန္ဒရာဂကင်းလွတ်မှ နိဗ္ဗာန်ကိုရ
ပုပ်သိုးနံစော် ရေလျော်ပစ်ရ ကိုယ်ကာယ
ပုပ်သိုးနေသောကိုယ်ဖြင့် မာန်ဝင်နေကြခြင်း
နန္ဒာထေရီ ရဟန္တာမဖြစ်ခြင်း

ကာယာနုပဿနာကို သင်ကြားရကျိုး

ရုပ်၌ ဆန္ဒရာဂကိုပယ်
စာပေသင်ကြားမှ မဂ်ဖိုလ်ရကြောင်းအလုပ်
ဝိပဿနာထုံခဲ့သူ, မထုံခဲ့သူ နှစ်မျိုးရှိခြင်း
အရှင်သာရိတ္တပုရာသော်ပင် နာယူသင်ကြားရခြင်း
ပရိယတ်ပယ်လျှင် ဘုရားကိုပယ်ရာကျပုံ
ပရိယတ်သည် ဘုရား၏ ကိုယ်စားတော်
ပရိယတ်၌သာ မဂ္ဂင်ရှစ်ပါးကိုရနိုင်ခြင်း
တံခွန်မထူသော ပရိယတ် ပဋိပတ် သံဃာတော်များ
နာကြားရုံဖြင့် မဂ်ဖိုလ်ရသူ
ကျင့်ကြံအားထုတ်မှ မဂ်ဖိုလ်ရသူ
ရုပ်၌တပ်မက်မှုခွာ ကာယာနုပဿနာ
ကာယဂတာသတိ၏ ဂုဏ်ကျေးဇူး
ကာယဂတာသတိဖြင့် ကူးပြီး, ကူးဆဲ, ကူးလတ္တံ့

ဒွတ္တိံသာကာရ ကမ္မဋ္ဌာန်း

ပလိဗောဓကြီး ၁၀-ပါး
ကမ္မဋ္ဌာန်း ပေးတတ် ဆရာမြတ်
ရှောင်ကြဉ်သင့်သော ဌာန ၁၈-ပါး
ပြည့်စုံသင့်သော အင်္ဂါ ၅-ပါး
ပလိဗောဓကလေးများကိုသုတ်သင်
မေတ္တာပို့ရန်
မရဏဿတိ နှလုံးသွင်းရန်
ဥဂ္ဂဟကောသလ္လ ၇-ပါး
ပါဠိဘာသာ ရွတ်ဆိုပွားများနည်း
မြန်မာဘာသာရွတ်ဆိုပွားများနည်း
နှုတ်ဖြင့်, စိတ်ဖြင့် ပွားများရကျိုး
သိမှတ်ဖွယ် အဆင်းစသည်
တစပဉ္စက စသည်၌ သိမှတ်ဖွယ် ၅-ပါး
ကျွမ်းကျင်လိမ္မာကြောင်း ၁၀-ပါး
အမည်လွန်မြောက်၍ ကောဋ္ဌာသအာရုံရောက်
ပုဂ္ဂိုလ်အမှတ်ကင်းစင်၍ ကောဋ္ဌာသအစုသာထင်
ထင်သောကောဋ္ဌာသတစ်ခုပွား၍ ဈာန်တရားရ
ကောဋ္ဌာသ ၁၂-ပါး နှင့် ပထမဈာန် ၃၂-ပါး
နိမိတ် ၃-ပါးနှင့် ဘာဝနာ ၃-ပါး
မဂ်ဖိုလ်နိဗ္ဗာန်သို့ စိတ်ညွှတ်စေပါ

ကာယာနုပဿနာ ပွားရကျိုး

ကိုယ်၌တပ်မက်မှုကင်းအောင် ဆင်ခြင်
အဝိဇ္ဇာလိမ်နေသည်ကိုခံကြရခြင်း
မြေခွေးနှင့်တူသော အန္ဓပုထုဇဉ်
အရဟတ္တဖိုလ်တိုင်အောင် အကျိုးရနိုင်
ဈာန်သမာဓိမှ ဝိပဿနာသို့
ဝိပဿနာမှ မဂ်ဖိုလ်သို့
ဝိပဿနာတင်ရန်

ပဋိစ္စသမုပ္ပါဒ်ဆင်ခြင်နည်း

သဘာဝအတိုင်း အမှန်ကိုမသိခြင်းအဝိဇ္ဇာ
အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပေါ်လာရခြင်း
သင်္ခါရစသည်ကြောင့် ဝိညာဏ်စသည် ဖြစ်ပေါ်လာရခြင်း
ဝေဒနာကြောင့် တဏှာဖြစ်ပေါ်လာရခြင်း
တဏှာကြောင့် ဥပါဒါန်ဖြစ်ပေါ်လာရခြင်း
ဥပါဒါန်ကြောင့် ဘဝဖြစ်ပေါ်လာရခြင်း
ဘဝကြောင့် ဇာတိဖြစ်ပေါ်လာရခြင်း
ဇာတိကြောင့် ဇရာ,မရဏ,သောက စသည်ဖြစ်ရခြင်း
သံသရာ နခမ်းသတ်ရန်
ဝိပဿနာ အညစ်အကြေး ၁၀-ပါး
အရောင်အလင်းကို မဂ်-ဟု ထင်မှားပုံ
ဆန္ဒအမျိုးမျိုးရှိ၍ တရားအမျိုးမျိုးဟောရခြင်း
တိဿမထေရ်အကြောင်း
သိကြား, သုဗြဟ္မာနတ်သားတို့ သောတာပန်ဖြစ်ခြင်း

အာနာပါနကမ္မဋ္ဌာန်း

အာနာပါနကမ္မဋ္ဌာန်း အားထုတ်ပုံ
အဋ္ဌကထာပြ သိသင့်, သိထိုက်သော အဓိပ္ပာယ်
စိတ်နွားရိုင်းကလေးကို သတိကြိုးဖြင့် ချည်နှောင်ပါ

ဣရိယာပထ ကမ္မဋ္ဌာန်း

ဣရိယာပထကမ္မဋ္ဌာန်း အားထုတ်ပုံ
ရှုဆင်ခြင်ဖန်များ၏ စွဲလမ်းမှု ကင်းစင်ပုံ

သမ္ပဇည ကမ္မဋ္ဌာန်း

သမ္ပဇညကမ္မဋ္ဌာန်း အားထုတ်ပုံ
သမ္ပဇည ၄-မျိုး
သာတ္ထက, သပ္ပာယ သမ္ပဇည
အကျိုးရှိသော အသုဘရှု ဝတ္ထု
ဂေါစရသမ္ပဇဉ်
မှတ်သားဖွယ် ဝတ္ထုကလေးများ
အသမ္မောဟသမ္ပဇဉ်
သမ္ပဇညနှင့်စပ်၍ မှတ်သားဖွယ်ရာများ

ဓာတုမနသိကာရ ကမ္မဋ္ဌာန်း

ဓာတုမနသိကာရ ကမ္မဋ္ဌာန်းအားထုတ်ပုံ
တစ်နည်းအားဖြင့် ဆင်ခြင်ရန်
ပဋ္ဌာန်းနည်းအားဖြင့် ဆင်ခြင်ရန်
သိဝထိက ကမ္မဋ္ဌာန်း
သိဝထိက ကမ္မဋ္ဌာန်း အားထုတ်ပုံ

ဝေဒနာနုပဿနာ ကမ္မဋ္ဌာန်း

အဋ္ဌကထာ ရှင်းလင်းပြဆိုချက်
စိတ္တလတောင် မဟာထေရ်ဝတ္ထု
သုခဝေဒနာ ခံစားမှု ရှုဆင်ခြင်ပုံ
ဝေဒနာကို အကျဉ်းနည်း ဆင်ခြင်ပုံ

စိတ္တာနုပဿနာ ကမ္မဋ္ဌာန်း

စိတ် ၁၆-ပါး အဓိပ္ပာယ်ရှင်းလင်းချက်
စိတ်ကို သိအောင်ပြု၍ ဆင်ခြင်ပုံ
စိတ်ကို စိတ်အတိုင်း မထားသင့်ကြောင်း
စိတ်ကို လွှတ်ထားလျှင် မကောင်းမှု၌မွေ့လျော်
စိတ်ကို ထိန်းသိမ်းနိုင်မှ မဂ်, ဖိုလ်ရမည်
စိတ်ကို စောင့်စည်းလျှင် ဝဋ် ၃-ပါးမှ လွတ်မည်
ထိန်းနိုင်လျှင် နိဗ္ဗာန်သို့ဝင်မည်
စိတ်ကို မထိန်းနိုင်လျှင် ရာဂနှင့် ယှဉ်မည်

ဓမ္မာနုပဿနာ ကမ္မဋ္ဌာန်း

နီဝရဏခန်း
ခန္ဓာခန်း
အာယတနခန်း
ဗောဇ္ဈင်ခန်း
သစ္စာခန်း
ဒုက္ခသစ္စာအကျယ်
သမုဒယသစ္စာအကျယ်
နိရောဓသစ္စာအကျယ်
မဂ္ဂသစ္စာအကျယ်
သတိပဋ္ဌာန် ပွားများရကျိုး
အာသီသ
နိဂုံး

ကာယာနုပဿနာသတိပဋ္ဌာန်

▬▬▬ஜ۩۞۩ஜ▬▬▬

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ပဏာမပဋိညာဉ်

ရိပဝေါ ဝိဇယီ တဿ၊ သတ္တာနံ ဒုက္ခဟေတဝေါ။
ဉာဏာဝုဓေန မဂ္ဂေန၊ ဇိတမာရဿ မေ နမော။

ယော ဘဂဝါ၊ အကြင်မြတ်စွာဘုရားသည်။
သတ္တာနံ၊ သတ္တာဝါတို့၏။
ဒုက္ခဟေတဝေါ၊ ဆင်းရဲခြင်း၏ အကြောင်းဖြစ်ကုန်သော။
ရိပဝေါ၊ လောဘစသော ကိလေသာရန်သူတို့ကို။
ဉာဏာဝုဓေန၊ ဉာဏ်လက်နက်ဖြစ်သော။
မဂ္ဂေန၊ အရဟတ္တမဂ်ဉာဏ်ဖြင့်။
ဝိဇယီ၊ အခွင့်ပိုင်ပိုင် အောင်နိုင်တော်မူလေပြီ။
ဇိတမာရဿ၊ အောင်နိုင်ပြီးသော ကိလေသာမာရ် စသည်ရှိတော်မူသော။
တဿ ဘဂဝတော၊ ထို မြတ်စွာဘုရားအား။
မေ၊ ငါ၏။
နမော၊ ရှိခိုးခြင်းသည်။
အတ္ထု၊ ဖြစ်ပါစေသတည်း။

ကာယနှင့် အနုပဿနာ ရှင်းပြခြင်း

ယခုရေးလတ္တံ့သော တရားစာကို “ကာယာနုပဿနာ”ဟု ပညတ်အားဖြင့် အမည် ပေးလိုက်၏။ ကာယာနုပဿနာ- ဟူ၍ အမည်တပ်လိုက်ခြင်းဖြင့် ကာယကို ရှုရပွားရမည် အဖြစ်ကို သိကြရာသည်။ ကာယဟူသည် အပေါင်းကို ဆိုသည်။ အဘယ် အပေါင်းနည်းဟူမူ-

၁။ ရူပကာယ- ရုပ်အပေါင်း၊
၂။ နာမကာယ- နာမ်အပေါင်း- တို့ကို ဆိုခြင်းဖြစ်သည်။

ရူပကာယ ရုပ်အပေါင်းသည်လည်း နှစ်မျိုးရှိသည်။ ဆံပင်, မွေးညင်းစသော ရုပ်တို့၏ အပေါင်းကိုလည်း ရူပကာယ ဆိုသည်။ အတိတ်ရုပ်, အနာဂတ်ရုပ်, ပစ္စုပ္ပန်ရုပ် စသော တစ်ဆယ့်တစ်မျိုးသော ရုပ်တို့၏ အပေါင်းကိုလည်း ရူပကာယ ဆိုသည်။ (ရူပက္ခန္ဓာ ဟုလည်းဆိုသည်)။ ဤသို့ဖြင့် ရူပကာယနှစ်မျိုး ရှိလေသည်။

ဤနှစ်မျိုးသော ရူပကာယတို့တွင် ယခုပထမ ပြဆိုလိုသော ရူပကာယမှာမူကား ဆံပင်, မွေးညင်းစသော ကောဋ္ဌာသတို့၏ အပေါင်းဖြစ်သော ရူပကာယကို ပြဆို လိုခြင်းဖြစ်သည်။ ဒုတိယရူပကာယကိုမူ နောက်၌ပြဆိုပေမည်။

ကာယာနုပဿနာ ဟူသောပုဒ်ကို အစိတ်အစိတ်ခွဲလျှင် ကာယ + အနု + ပဿနာ ဟူ၍ သုံးပုဒ်ဖြစ်သည်။

ကာယ၊ ရုပ်အပေါင်း၌။ တစ်နည်း- ရုပ်အပေါင်းကို။
အနု၊ အဖန်ဖန် အထပ်ထပ် အကြိမ်ကြိမ်။
ပဿနာ၊ ဉာဏ်ဖြင့်ရှုကြည့်ခြင်း။
ကာယာနုပဿနာ၊ ရုပ်အပေါင်း၌, ရုပ်အပေါင်းကို အဖန်ဖန် အထပ်ထပ် အကြိမ်ကြိမ် ဉာဏ်ဖြင့် ရှုကြည့်ခြင်း။

မိမိ၏ အဇ္ဈတ္တရုပ်အပေါင်း၌ တစ်နည်း-ရုပ်အပေါင်းကို ဆံပင်, မွေးညင်း စသော ကောဋ္ဌာသ ရုပ်အပေါင်းအစုမျှသာ ဖြစ်သည်ဟု ဉာဏ်မျက်စိဖြင့်မြင်အောင် အဖန်ဖန် ရှုကြည့်မှုကို ကာယာနုပဿနာ ကမ္မဋ္ဌာန်း အားထုတ်သည်ဟု ဆိုရသည်။ သူတစ်ပါး၏ ဗဟိဒ္ဓရုပ်အပေါင်းကိုလည်း ဤသို့ပင် ရှုရမည်၊ အဇ္ဈတ္တရုပ်အပေါင်းကို ပဓာန အားဖြင့်ရှုရမည်။ အဇ္ဈတ္တရုပ်ကိုမြင်မှ ဗဟိဒ္ဓရုပ်ကို မြင်လွယ်ပေမည်။

အနုပဿနာသည်လည်း-

(၁) ကာယာနုပဿနာ
(၂) ဝေဒနာနုပဿနာ
(၃) စိတ္တာနုပဿနာ
(၄) ဓမ္မာနုပဿနာ

ဟူ၍ လေးပါးရှိရာ ဤတရားစာ၌ ကာယာနုပဿနာကို ပဓာနပြု၍ ပြဆိုမည် ဖြစ်သည်။ အဘယ့်ကြောင့် ကာယာနုပဿနာကို ပဓာနပြု၍ ပြဆိုလိုသနည်းဟူမူ ဝေဒနာနုပဿနာ, စိတ္တာနုပဿနာ, ဓမ္မာနုပဿနာ တို့သည် ရှေးရှေးကာလ ရှေးရှေး ဘဝတို့က အထုံဝါသနာ အလေ့အလာ ရှိခဲ့သဖြင့် ဝိပဿနာဉာဏ် ရင့်ခဲ့သော ပုဂ္ဂိုလ်တို့၏ ဉာဏ်ဖြင့်သာလျှင် ရှုမြင်ခြင်းငှာ ခန့်သော ရှုမြင်မှု၌ လျင်မြန်စွာ သိရှိနိုင်သော တရားသဘောတို့ ဖြစ်သည်။

ပကတိ ပသာဒ မျက်စိဖြင့် မမြင်ကောင်း၊ ဉာဏစက္ခုဖြင့်သာ မြင်ကောင်းသော တရားတို့ ဖြစ်သည်။ ကာယာနုပဿနာမှာမူကား ပါရမီဉာဏ် အနုအရင့်ရှိသော ပုဂ္ဂိုလ် နှစ်မျိုးလုံးနှင့်ပင် သင့်လျော်သောတရား ဖြစ်သောကြောင့် ဤတရားစာ၌ ကာယာနုပဿနာ ကိုသာလျှင် ပဓာနအားဖြင့် ပြဆိုခြင်း ဖြစ်ပေသည်။ ဝေဒနာနုပဿနာ စသည်တို့ကိုလည်း အထိုက်အလျောက် ပြဦးမည်ပင်ဖြစ်သည်။

မိမိ၏ ပစ္စုပ္ပန်ကာယ၌သာ ရှုသင့်ခြင်း

န ဣတော ဒူရေ ဘဝိတဗ္ဗံ၊ ဘဝဂ္ဂံ ကိံ ကရိဿတိ။
ပစ္စုပ္ပန္နမှိ ဝေါဟာရေ၊ သကေ ကာယမှိ ဝိန္ဒထ။

ဣတော၊ ဤမိမိကိုယ်မှ။
ဒူရေ၊ ဝေးသော တစ်ပါးသောကိုယ်၌။
န ဘဝိတဗ္ဗံ၊ ဝိပဿနာဉာဏ် မဖြစ်သင့်။
ဝါ၊ မရှုသင့်။
ဘဝဂ္ဂံ၊ အထက်ဘဝဂ်ဘုံသည်။
ကိံ ကရိဿတိ၊ အဘယ်ပြုအံနည်း။
ပစ္စုပ္ပန္နမှိ ဝေါဟာရေ၊ မျက်မှောက် ပစ္စုပ္ပန် ဖြစ်သော။
ဣထဧ သကေ ကာယမှိ၊ မိမိကိုယ်၌။
ဝိန္ဒထ၊ သဘာဝကျကျ အမှန်ရအောင် သိရှိကြတုန်လော့။

ကာယာနုပဿနာကမ္မဋ္ဌာန်းအလုပ်ကို အားထုတ်လိုသော ယောဂီသည် မိမိဟု ဆိုအပ်သော ရုပ်အစုအပေါင်းမှတစ်ပါး အခြားသောရုပ်တို့ကို ရှုရမည်မဟုတ်၊ မိမိ၏ ပစ္စုပ္ပန်မျက်မှောက်ဖြစ်သော ရုပ်အပေါင်း၌သာလျှင် ရှုပါဟု ဆိုသည်။ မိမိ၏ အဇ္ဈတ္တ ရုပ်ကိုရှု၍ အလေ့အလာရကာ သဘာဝကို မြင်သလောက် မြင်သော်မှ အခြားသော ဗဟိဒ္ဓရုပ်ကို မိမိရုပ်နှင့်မခြား သဘောအားဖြင့် အလားတူဖြစ်သည်ဟု ရှုသင့်သည်။

ပစ္စုပ္ပန်တည့်တည့်ကျရန် မခဲယဉ်း

ပစ္စုပ္ပန်ဖြစ်သောရုပ်ကိုရှုမည်ဆိုသဖြင့် ပစ္စုပ္ပန်တည့်တည့်ကျအောင် အချို့ပုဂ္ဂိုလ် သည် တော်တော်ခဲခဲယဉ်းယဉ်း ကြံကြံစည်စည် ပင်ပင်ပန်းပန်း ပြောဟော ရေးနေကြ သည်ကို တွေ့ရသည်။ ပစ္စုပ္ပန် တည့်တည့်မိအောင် ရှုရမည်စသည်ဖြင့် အရေးတကြီး ပြောဆို နေကြသည်ကိုလည်း သိရသည်။

သို့သော် ပစ္စုပ္ပန်ကျစေရန်မှာ ထိုမျှလောက် ခဲယဉ်းနေသည်ကား မဟုတ်ချေ။ မိမိ၏ အဇ္ဈတ္တ ရုပ်အပေါင်းကိုပင် ရှုသည်ဖြစ်စေ, ဗဟိဒ္ဓရုပ် အပေါင်းကိုပင် ရှုသည်ဖြစ်စေ ပစ္စုပ္ပန်ဖြစ်ဆဲသော ရုပ်တို့ကိုသာလျှင် ရှုမြင်လျက် ရှိနေခြင်း ဖြစ်ပေသည်။ တပင် တပန်း အထူးတလည် ပစ္စုပ္ပန်ကို ရှာဖွေအားထုတ်၍ ပစ္စုပ္ပန်တည့်တည့် ကျအောင်, ပစ္စုပ္ပန်တည့်တည့်ဖြစ်အောင် အားထုတ်နေရသည်မဟုတ်ပေ။

အဘယ့်ကြောင့်နည်းဟူမူ - အတိတ်ဖြစ်သော ရုပ်တို့သည် ချုပ်ငြိမ်းကြလေကုန်ပြီ ဖြစ်၍ ထင်ရှားမရှိကြတော့ချေ၊ အနာဂတ်ဖြစ်သော ရုပ်တို့သည်လည်း မဖြစ်ပေါ်ကြ သေးပေ။ ယောဂီသည် ရှုမြင်နေရသော ရုပ်တို့သည် ဥပါဒ်ဆဲ ဥပါဒ်ဆဲဖြစ်သော ပစ္စုပ္ပန်ရုပ်တို့သာလျှင် ဖြစ်ကုန်၏။

သို့ကြောင့် ရုပ်အပေါင်းအစုကို ရှုသော ယောဂီသည် ပစ္စုပ္ပန်တည့်တည့်ဖြစ်သော ရုပ်ကို ရှုမိစေရန် ကြောင့်ကြစိုက်၍ အားထုတ်ပြုလုပ်နေရသည် မဟုတ်၊ အသစ် အသစ် ဥပါဒါန် အနေဖြင့် အဆက်ဆက် ဖြစ်ပေါ်ဆဲဖြစ်သော ရုပ်အစုအပေါင်း ကိုသာလျှင် ရှုမြင်လျက်သား ရှိနေသည်ကို သိရှိပါလေ။

ကာယသဘောသိမြင်မှ ဒုက္ခကုန်ဆုံးမည်

ကာယံ ဣမံ ဝိဇာနာထ၊ ပရိဇာနာထ ပုနပ္ပုနံ။
ကာယေ သဘာဝံ ဒိသွာန၊ ဒုက္ခဿန္တံ ကရိဿထ။

ဣမံ ကာယံ၊ ဤရူပကာယကို။
ဝါ၊ ဤရုပ်အစုအပေါင်းကို။
ဝိဇာနာထဉာတပရိညာဖြင့်သိအောင်ပြုကြကုန်လော့။
ပုနပ္ပုနံ၊ အဖန်ဖန်။
ပရိဇာနာထတီရဏ ပရိညာဖြင့် သိကြကုန်လော့။
ကာယေရူပကာယ၌။
ဝါ၊ ရုပ်အစုအပေါင်း၌။
သဘာဝံ၊ ဖောက်ပြန်ပျက်စီးတတ်သော ရုပ်သဘောကို။
ဒိသွာနပဟာန ပရိညာဖြင့် မြင်သည်ရှိသော်။
ဝါ၊ မြင်သောကြောင့်။
ဒုက္ခဿန္တံ - ဒုက္ခဿ အန္တံ ၊ ဆင်းရဲ၏ကုန်ဆုံးရာ ဖြစ်သော နိဗ္ဗာန်ကို။
ဝါ၊ ဆင်းရဲ၏ ကုန်ဆုံးခြင်းကို။
ကရိဿထ၊ ပြုနိုင်ကြပေကုန်အံ့သတည်း။

နောက်ကပြဆိုခဲ့သည့်အတိုင်း နိဗ္ဗာန်ရောက်ကြောင်းတရားကို အားထုတ်လိုသော ယောဂီသည် မိမိအားထုတ်ရမည့်တရားကို ဝေးဝေးလံလံသွား၍၊ ဝါ-အဝေးသို့ ဉာဏ်ကို စေလွှတ်၍ အခြား၌ ရှာဖွေနေရန်မဟုတ်၊ ပစ္စုပ္ပန်ဖြစ်အောင်လည်း ကြောင့်ကြစိုက်နေရန် မဟုတ်။ မိမိကိုယ်ပေါ်မှာသာ ရှုပါလေ၊ ကြည့်ပါလေ၊ ဆင်ခြင်ပါလေ၊ အဖန်ဖန်အထပ်ထပ် အကြိမ်ကြိမ် ပွားများပါလေ။ မိမိကိုယ်၏ ပင်ကိုသဘောတရားကိုမြင်လျှင် ဆင်းရဲဒုက္ခ ကုန်ဆုံးရာ နိဗ္ဗာန်ကိုမြင်ပါလိမ့်မည်၊ ရရှိပါလိမ့်မည်ဟု ဟောတော်မူသော ဒေသနာတော် ဖြစ်သည်။

ဤဒေသနာတော်သည် ပါဒအားဖြင့် လေးပါဒ၊ အက္ခရာ အရေအတွက်အားဖြင့် ၃၃-လုံးမျှသာ ဖြစ်သော်လည်း အလွန်လေးနက်၍ အဓိပ္ပာယ်ပါဝင်ကာ တန်ဖိုး ရှိလှ ပေသည်။ အဓိပ္ပာယ်လေးနက်ပုံမှာ –

၁။ ကာယံ ဣမံ ဝိဇာနာထ - ဟူသော ပထမပါဒဖြင့် ကိုယ်ဟု ပညတ်အားဖြင့် အသုံးပြုကာ ပြောဆိုနေသော ဤကိုယ်သည် ရုပ်အပေါင်း အစုမျှသာဖြစ်သည်ဟု ရုပ်ကို ပိုင်းခြားညွှန်ပြသော ရူပပရိစ္ဆေဒဉာဏ်, ဉာတပရိညာ, သစ္စဉာဏ်ကို ပြဆိုသည်။
၂။ ပရိဇာနာထ ပုနပ္ပုနံ - ဟူသော ဒုတိယပါဒဖြင့် ဉာတပရိညာဖြင့် သိမြင်ပြီးဖြစ်သော ရုပ်အပေါင်းအစုကို အနိစ္စစသော လက္ခဏာတင်၍ မမြဲ, ဆင်းရဲ, အစိုးမရ အတ္တမဟုတ်ဟူ၍ အဖန်ဖန် ဆင်ခြင်ပွားများသော သမ္မသနဉာဏ်, တီရဏပရိညာ, ကိစ္စဉာဏ်ကို ပြဆိုသည်။
၃။ ကာယေ သဘာဝံ ဒိသွာန - ဟူသော တတိယပါဒဖြင့် တီရဏပရိညာဖြင့် ဆင်ခြင် ပွားများဖန် များသောအခါ ရုပ်တရား၏ ဖောက်ပြန်မှု, ပျက်စီးမှု, မမြဲမှု, အနှစ်အသားမရှိမှု, ကိုယ်ပိုင်ရုပ်မဟုတ်မှုစသည်တို့ကို ဉာဏ်ဖြင့်မြင်ခြင်းကြောင့် ထိုရုပ်၌လိုချင်ခြင်း, နှစ်သက်တပ်မက်ခြင်း, တွယ်တာခြင်းကင်းသော အာဒီနဝဉာဏ် စသည်နှင့်တကွ ပဟာနပရိညာ, ကတဉာဏ်ကို ပြဆိုသည်။
၄။ ဒုက္ခဿန္တံ ကရိဿထ - ဖြင့် နိရောဓသစ္စာကို မျက်မှောက်ပြုသည်ကိုပြဆိုသည်။

သို့ဖြစ်၍ ဤဒေသနာဂါထာသည် ပရိညာသုံးပါးကိုလည်း ပြဆိုရာရောက်သည်။ သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ် သုံးပါးကိုလည်း ပြဆိုရာရောက်သည်။ သို့ကြောင့် ဤဒေသနာတော်သည် အလွန်လေးနက်သော အဓိပ္ပာယ် ပါဝင်သော ဒေသနာဂါထာ ဖြစ်သည်ဟု ဆိုခဲ့သည်။

ဤဒေသနာတော်အလာ ကာယ ဟူသောပုဒ်အရ ရူပကာယ, နာမကာယ နှစ်ပါး ရှိသည်တွင် ရူပကာယနှင့်စပ်သော ဆင်ခြင် ပွားများနည်းကို ပထမပြဆိုမည်။

ထိုရူပကာယသည်လည်း ပထမက ခွဲခြားပြခဲ့သည့်အတိုင်း ကောဋ္ဌာသ အစုအဝေး ဖြစ်သော ရူပကာယ၊ အတိတ်, အနာဂတ်, ပစ္စုပ္ပန်စသော ရုပ်အပေါင်းဟူသော ရူပကာယအားဖြင့် နှစ်ပါးရှိသည်တွင် ကောဋ္ဌာသ အစုအပေါင်းဖြစ်သော ရူပကာယကို ပြဆိုမည်ဖြစ်သည်။

ကောဋ္ဌာသ အစုအပေါင်းဖြစ်သော ရူပကာယကို ပြဆိုလျှင် မြတ်စွာဘုရား ကိုယ်တော်တိုင် ဟောကြားတော်မူအပ်သော “ကာယဝိစ္ဆန္ဒနိက” သုတ်* ကို ထုတ်ဆောင်ပြရမူကား ဓမ္မဿဝန စာကြည့်ပုဂ္ဂိုလ်တို့၌ သာ၍ရှင်းလင်း နားလည် သဖြင့် နည်းလမ်း ရယူနိုင်ပေရာသည်ဟု ယုံကြည်၍ “ကာယဝိစ္ဆိန္ဒနိက”သုတ်ကို ထုတ်ဆောင်ပြမည်ဖြစ်သည်။

*၁။ ခု ၁။ (သုတ္တနိပါတပါဠိတော်) စာမျက်နှာ ၃၀၇-၃ဝ၈ လာ ဝိဇယသုတ် ပင်ဖြစ်သည်။

ကာယဝိစ္ဆန္ဒနိကသုတ်

သတ္တဝါမလှုပ် ရုပ်သာလှုပ်ခြင်း

၁။ စရံ ဝါ ယဒိ ဝါ တိဋ္ဌံ၊ နိသိန္နော ဥဒ ဝါ သယံ။
သမိဉ္စေတိ ပသာရေတိ၊ ဧသာ ကာယဿ ဣဉ္ဇနာ။

စရံ ဝါ၊ သွားစဉ်မူလည်း။
သမိဉ္စေတိ၊ ဒူးကို ကွေး၏။
ယဒိ၊ ထိုမျှို့။
ပသာရေတိ၊ ဒူးကိုဆန့်၏။
ဧသာ သမိဉ္စနပသာရဏာ၊ ဤသို့ကွေးခြင်း ဆန့်ခြင်းသည်။
စိတ္တကြိယ ဝါယောဓာတုဝိပ္ဖါရဝသေန၊ သွားလိုသောစိတ်သည် ပြုအပ်သော ဝါယောဓာတ် ပျံ့နှံ့ခြင်း တည်းဟူသော ဣရိယာပုထ်ခိုင်းခြင်း၏ အစွမ်းဖြင့်။
ကာယဿ၊ အင်္ဂါကြီးငယ် ဟူသော ရုပ်အစုပေါင်း၏။
ဣဉ္ဇနာ၊ လှုပ်ရှားခြင်းသည်။
ဟောတိ၊ ဖြစ်၏။
သတ္တဿ၊ မိန်းမ, ယောက်ျား စသော သတ္တပညတ်၏။
ဣဉ္ဇနာ၊ လှုပ်ရှားခြင်းသည်။
၊ မဟုတ်။

ဥဒ၊ ထိုမှတစ်ပါး။
တိဋ္ဌံ တိဋ္ဌန္တော ဝါ၊ ရပ်နေစဉ်မူလည်း။
သမိဉ္ဇတိ၊ ကွေး၏။
ယဒိ၊ ထိုမျှို့။
ပသာရေတိ၊ ဆန့်၏။
ဧသာ သမိဉ္စနပသာရဏာ၊ ဤသို့ကွေးခြင်း ဆန့်ခြင်းသည်။
စိတ္တကြိယဝါယောဓာတုဝိပ္ဖါရဝသေန၊ ရပ်လိုသောစိတ်သည် ပြုအပ်သော ဝါယောဓာတ် ပျံ့ နှံ့ ခြင်းတည်းဟူသော ဣရိယာပုထ် ခိုင်ခြင်း၏ အစွမ်းဖြင့်။
ကာယဿ၊ ရုပ် အစုအပေါင်း၏။
ဣဉ္ဇနာ၊ လှုပ်ရှားခြင်းသည်။
ဟောတိ၊ ဖြစ်၏။
သတ္တဿ၊ မိန်းမ, ယောက်ျား စသော သတ္တပညတ်၏။
ဣဉ္ဇနာ၊ လှုပ်ရှားခြင်းသည်။
နေဝ ဟောတိ၊ မဟုတ်သည်သာလျှင်တည်း။

ဥဒ၊ ထိုမှတစ်ပါး။
နိသိန္နော ဝါ၊ ထိုင်နေစဉ်မူလည်း။
သမိဉ္ဇေတိ၊ ကိုယ်ကိုကွေး၏။
ယဒိ၊ ထိုမျှို့။
ပသာရေတိ၊ ဆန့်၏။
ဧသာ သမိဉ္စနပသာရဏာ၊ ဤသို့ကွေးခြင်း ဆန့်ခြင်းသည်။
စိတ္တကြိယဝါယောဓာတုဝိပ္ပါရဝသေန၊ ထိုင်လိုသောစိတ်သည် ပြုအပ်သော ဝါယောဓာတ် ပျံ့နှံ့ခြင်းတည်းဟူသော ဣရိယာပုထ် ခိုင်ခြင်း၏ အစွမ်းဖြင့်။
ကာယဿ၊ ရုပ်အပေါင်းစု၏။
ဣဉ္ဇနာ၊ လှုပ်ရှားခြင်းသည်။
ဟောတိ၊ ဖြစ်၏။
သတ္တဿ၊ မိန်းမ, ယောက်ျားစသောသတ္တပညတ်၏။
ဣဉ္ဇနာ၊ လှုပ်ရှားခြင်းသည်။
နေဝ ဟောတိ၊ မဟုတ်သည်သာလျှင်တည်း။

ဥဒ၊ ထိုမှတစ်ပါး။
သယံ သယန္တော ဝါ၊ အိပ်စဉ်မူလည်း။
သမိဉ္ဇေတိ၊ ကိုယ်ကိုကွေး၏။
ယဒိ၊ ထိုမျှို့။
ပသာရေတိ၊ ဆန့်၏။
ဧသာ သမိဉ္ဇနပသာရဏာ၊ ဤသို့ကွေးခြင်း ဆန့်ခြင်းသည်။
စိတ္တကြိယဝါယောဓာတု ဝိပ္ဖါရဝသေန၊ အိပ်လိုသော စိတ်သည် ပြုအပ်သော ဝါယောဓာတ် ပျံနှံ့ခြင်းတည်းဟူသော ဣရိယာပုထ်ခိုင်ခြင်း၏ အစွမ်းဖြင့်။
ကာယဿ၊ ရုပ်အပေါင်းအစု၏။
ဣဉ္ဇနာ၊ လှုပ်ရှားခြင်းသည်။
ဟောတိ၊ ဖြစ်၏။
သတ္တဿ၊ မိန်းမ, ယောက်ျားစသော သတ္တပညတ်၏။
ဣဉ္ဇနာ၊ လှုပ်ရှားခြင်းသည်။
နေဝ ဟောတိ၊ မဟုတ်သည်သာလျှင်တည်း။

စိတ္တဇဝါယောက ရုပ်ကိုလှုပ်စေခြင်း

တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည် လမ်းလျှောက်သွားစဉ် အခိုက်အတန့်၌ ရူပကာယ ဟူသော ဤရုပ်အပေါင်းသည် ကွေးကာ, ဆန့်ကာဖြင့် သွားသော အခြင်းအရာ ဖြစ်ပေါ်ခြင်းသည် သွားလိုသော စိတ်ကြောင့်ဖြစ်သော စိတ္တဇဝါယော ဓာတ်တွန်းကန်မှုကြောင့် ဤရုပ်အပေါင်း ရုပ်အစုကြီးသည် လှုပ်ရှားခြင်း, သွားခြင်း ဖြစ်သည်။ ရုပ်အပေါင်းအစု အပေါ်၌ ပညတ်အားဖြင့် ခေါ်ဝေါ်သုံးစွဲနေသော မိန်းမ, ယောက်ျား, ပုဂ္ဂိုလ်, သတ္တဝါ သွားခြင်းမဟုတ်။

လှုပ်ရှား သွားလာသော ကိုယ်အင်္ဂါ အစိတ်အပိုင်း တစ်ခုစီကို စိစစ်ကြည့်ပါ၊ ဦးခေါင်းလည်း မိန်းမ, ယောက်ျား မဟုတ်၊ ခြေလက်အင်္ဂါ အစိတ်အစိတ် တို့သည်လည်း မိန်းမ, ယောက်ျား မဟုတ်၊ ၃၂-ပါးသော ကောဋ္ဌာသအစုအပေါင်း မျှသာ ဖြစ်သည်။ နောက်၌လည်း ကောဋ္ဌာသ အစိတ်အစိတ်ဖြင့် ခွဲခြား၍ ဟောတော်မူလတ္တံ့ ဖြစ်သည်။

သွားနေသော အခိုက်အတန့်နည်းတူ ရပ်နေသော အခိုက်အတန့်, ထိုင်နေသော အခိုက်အတန့်, အိပ်နေသော အခိုက်အတန့်တို့၌ ကွေးခြင်း, ဆန့်ခြင်း, လှုပ်ရှားခြင်း သည် ရပ်လိုသောစိတ်, ထိုင်လိုသောစိတ်, အိပ်လိုသောစိတ်ကြောင့် ဖြစ်သော စိတ္တဇဝါယောဓာတ် တွန်းကန်မှုကြောင့် ရပ်ခြင်း, ထိုင်ခြင်း, အိပ်ခြင်းဟူသော ဣရိယာပုထ် ပြောင်းလဲခြင်းဖြင့် ရုပ်အပေါင်းအစုကြီးသည် ရပ်, ထိုင်, အိပ်သည်ဟု ဆိုရသည်၊

မိန်းမဟူသော ပညတ်, ယောက်ျားဟူသော ပညတ်အနေဖြင့် ရပ်သည်, ထိုင်သည်, အိပ်သည်, လှုပ်ရှားသည်ဟု မဆိုရ။ ပရမတ္ထ ဖြစ်သော ရုပ်အစုကြီး လှုပ်ရှားခြင်း မျှသာ ဖြစ်သည်ဟူ၍ ဟောတော်မူခြင်း ဖြစ်သည်။

မိန်းမ, ယောက်ျားက ပညတ်၊
ရုပ်, နာမ်က ပရမတ်

ဤဂါထာ ဒေသနာတော်၌ --

လှုပ်ရှားလိုသောစိတ်သည် ဝိညာဏက္ခန္ဓာ ဖြစ်သည်။
ထိုစိတ်နှင့် ယှဉ်သော ဝေဒနာသည် ဝေဒနာက္ခန္ဓာ ဖြစ်သည်။
သညာသည် သညာက္ခန္ဓာ ဖြစ်သည်။
ဖဿ, စေတနာ စသောစေတသိက်တို့သည် သင်္ခါရက္ခန္ဓာဖြစ်သည်။
စိတ်ကြောင့် ဖြစ်သော ဝါယောဓာတ်နှင့်တကွ ကောဋ္ဌာသ ရုပ်အစုအပေါင်းသည် ရူပက္ခန္ဓာ ဖြစ်သည်။

သွား, ရပ်, ထိုင်, အိပ် စသည်ဖြင့် လှုပ်ရှားနေသော ကိုယ်ကို ခွဲခြား၍ကြည့်လျှင် ဤခန္ဓာငါးပါးသာရှိသည်၊ မိန်းမ, ယောက်ျားမရှိ။ ရုပ်, နာမ်အားဖြင့် ၂-ပါးသာ ရှိသည်၊ မိန်းမ, ယောက်ျားမရှိ။

ပရမတ္ထဖြစ်သော ရုပ်,နာမ် အပေါင်း၌ အမည်နာမ ပညတ်အားဖြင့် တင်စား၍ ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါဟူ၍ ခေါ်ဝေါ်သုံးစွဲခြင်းသာလျှင် ဖြစ်သည်ဟူ၍ ပညတ်နှင့် ပရမတ်ကို ခွဲခြား၍ ဟောတော်မူခြင်း ဖြစ်သည်။ မိန်းမ, ယောက်ျား ဟူသည်ကား အမည်နာမပညတ်၊ ရုပ်နာမ်တရား အစုအပေါင်းကား ပရမတ္ထ၊ ဤသို့မှတ်ပါ။

ဤသည်ကား “ကာယဝိစ္ဆိန္ဒနိက”သုတ်၌ အစအဦးဖြစ်သော ဂါထာ ဒေသနာတော် တည်း။ ကာယဝိစ္ဆန္ဒနိက၏ အဓိပ္ပာယ်မှာ – ကိုယ်၌ တပ်မက် တွယ်တာ နှစ်သက်သော တဏှာရာဂကို ပယ်ဖြတ်ခြင်း၌ စွမ်းနိုင်သောသုတ်ဟု ဆိုလိုသည်။

ဤသုတ်ကို အကြိမ်ကြိမ် လေ့လာသော ယောဂီသည် မိမိ၏ရူပကာယ၌ ငါ၏ ရုပ်သည်လှပသည်, တင့်တယ်သည်, ချောမောသည်, ပြေပြစ်သည်, ရှုချင်ဖွယ် ရှိသည်, ပြည့်ဖြိုးသည်, ဖြူစင်သည် စသည်ဖြင့် တပ်မက်ခြင်း, တွယ်တာခြင်း, ယုယခြင်း, နှစ်သက်ခြင်း, သာယာခြင်းတို့ဖြင့် စွဲလမ်းသော တဏှာလောဘကို ပယ်သတ် နိုင်သဖြင့် ဇာတိ, ဇရာ, မရဏ စသော ဒုက္ခတို့၏ ငြိမ်းရာ, ချုပ်ရာ ဖြစ်သော နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မည် ဖြစ်သောကြောင့် “ကာယဝိစ္ဆိန္ဒနိက” သုတ်ကို အလေး ဂရုပြုကာ နှလုံးသွင်း ထိုက်လှပေသည်။

ဤသုတ်ကို နှစ်ဌာန၌ ဟောတော်မူခြင်း

ကာယဝိစ္ဆိန္ဒနိကသုတ်ကို မြတ်စွာဘုရားသည် အကြောင်းမဲ့ ဟောတော်မူသည်ကား မဟုတ်ချေ။ အကြောင်းအားလျော်စွာ ဟောတော်မူသည်ဖြစ်သောကြောင့် ဤ သုတ်၏ အကြောင်း အတ္ထုပ္ပတ္တိနိဒါန်းကို ကြိုတင်ကာ သိသင့်ကြသည်ဖြစ်၍ နိဒါန်းကို ထုတ်ဆောင် ပြဦးအံ့။

ကာယဝိစ္ဆိန္ဒနိက သုတ်ကို မြတ်စွာဘုရားသည် ဌာနအားဖြင့် နှစ်ဌာနတို့၌ ဟောတော်မူသည်။ တစ်ဌာနကား သာဝတ္ထိမြို့ဖြစ်သည်။ နောက်တစ်ဌာနကား ရာဇဂြိုဟ်မြို့ ဖြစ်သည်။

၁။ သာဝတ္ထိမြို့၌ ဇနပဒကလျာဏီ နန္ဒာထေရီကို အကြောင်းပြု၍ ဟောတော်မူသည်။
၂။ ရာဇဂြိုဟ်မြို့၌ အညတရ ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူသည်။

နန္ဒာမင်းသမီး ၃-ဦး ရဟန်းပြုခြင်း

သာဝတ္ထိမြို့၌ ဟောတော်မူခြင်း

မြတ်စွာဘုရားသည် ဒေသစာရီ ကြွချီတော်မူရာ အစဉ်အတိုင်းအားဖြင့် ကပိလဝတ် နေပြည်တော်သို့ ရောက်၍ သာကီဝင်မင်းတို့ကို ဟောပြော ဆုံးမတော်မူပြီးလျှင် နန္ဒမင်းသား စသည်တို့ကို ရဟန်းပြုတော်မူစေပြီးကာလ မာတုဂါမတို့အား ရဟန်း အဖြစ်ကို ခွင့်ပြုတော်မူလေသော် အရှင်အာနန္ဒာ၏ နှမတော်နန္ဒာ၊ ခေမကသာကီဝင် မင်းသမီး အဘိရူပနန္ဒာ၊ မဟာပဇာပတိဂေါတမီ၏ သမီးတော် ကလျာဏီနန္ဒာ- ဟူသော နန္ဒာအမည်ရှိ မင်းသမီးသုံးယောက်တို့သည် မြတ်စွာဘုရားထံ၌ ရဟန်းပြုကြကုန်၏။ ထိုမင်းသမီးတို့ ရဟန်းပြုသောအခါ၌ မြတ်စွာဘုရားသည် သာဝတ္ထိမြို့၌ သီတင်းသုံးတော်မူသည်။

ထိုမင်းသမီးသုံးယောက်တို့တွင် အဘိရူပနန္ဒာသည် လွန်စွာအဆင်းလှသော ကြောင့် အဘိရူပနန္ဒာ- ဟု အမည်တွင်၏။ ဇနပဒကလျာဏီနန္ဒာမူကား အဆင်းအားဖြင့် မိမိနှင့်တူသောသူကို မမြင်ဟုဆိုသည်။ ထိုမင်းသမီး ဘိက္ခုနီ နှစ်ယောက်တို့သည် မိမိတို့၏ ရုပ်ရူပကာယအဆင်း လှပခြင်း၌ ယစ်ကြသောကြောင့် မြတ်စွာဘုရား ထံတော်သို့ မသွားကြကုန်၊ မြတ်စွာဘုရားကို မဖူးကြ, တရားတော်ကိုလည်း သွားရောက်မနာကြကုန်။

အဘယ့်ကြောင့်နည်းဟူမူ မြတ်စွာဘုရားသည် အဆင်းလှခြင်းကို ကဲ့ရဲ့တော်မူသည်။ များစွာသော အကြောင်းတို့ဖြင့် အဆင်း၏အပြစ်ကို ပြောဟောတော်မူသည်။ သို့ဖြစ်၍ အဆင်း၌ တပ်မက်မူးယစ်ခြင်း သဘောရှိသော ဤမင်းသမီး ဘိက္ခုနီ နှစ်ယောက် တို့သည် မြတ်စွာဘုရား ထံတော်သို့ ဖူးမြော်ရန်, တရားနာရန် မသွားကြခြင်း ဖြစ်သည်။

ယင်းသို့ဖြစ်လျက် အဘယ့်ကြောင့် ရဟန်းပြုကြသနည်းဟူမူ အဘိရူပနန္ဒာသည် မင်းသားတစ်ဦးနှင့် လက်ထပ် ထိမ်းမြားသောနေ့၌ လင်ဖြစ်သော မင်းသားသည် သေလွန်လေသည်။ ထိုအခါ မိဘတို့က အဘိရူပနန္ဒာ အလိုမတူဘဲ အဘိရူပနန္ဒာကို ရဟန်းပြုစေသောကြောင့် ရဟန်းအဖြစ်သို့ ရောက်ခြင်းဖြစ်သည်။

ဇနပဒကလျာဏီနန္ဒာမူကား အရှင်နန္ဒထေရ် အရဟတ္တဖိုလ်သို့ ရောက်လေသော် ဇနပဒကလျာဏီ၌ အာသာဆန္ဒ ပြတ်သည်ဖြစ်၍ တစ်ကြောင်း, အရှင်နန္ဒထေရ်၏ မယ်တော် မဟာပဇာပတိဂေါတမီနှင့် အခြားဆွေတော် မျိုးတော်တို့ ရဟန်း ပြုကြကုန်သည်ဖြစ်ရာ ဆွေမျိုးတို့နှင့်ကင်း၍ အိမ်၌ နေခြင်းသည် မပျော်ပိုက်, စိတ်သက်သာရာမရသောကြောင့်တစ်ကြောင်း ရဟန်းပြုခြင်း ဖြစ်သည်။

သို့ဖြစ်၍ အဘိရူပနန္ဒာနှင့် ဇနပဒကလျာဏီနန္ဒာတို့သည် သဒ္ဓါပဗ္ဗဇိတတို့ မဟုတ်ကြဟု ဆိုသည်။

🙏 အလှည့်ကျ တရားနာရခြင်း

မြတ်စွာဘုရားသည် မဟာကရုဏာသမာပတ္တိ ဉာဏ်တော်ဖြင့် ဝေနေယျတို့ကို ရှုကြည့်တော်မူရာ အဘိရူပနန္ဒာ, ဇနပဒကလျာဏီနန္ဒာစသော ရဟန်းမိန်းမတို့၏ ဉာဏ်ရင့်ကျက်သည်ကို သိမြင်တော်မူသဖြင့် “ရဟန်းမိန်းမ အားလုံးတို့သည် ငါဘုရားထံတော်၌ အဆုံးအမသြဝါဒ ခံယူခြင်းငှာ အစဉ်အတိုင်း အလှည့်ကျ လာရောက်ကြရမည် လာစေကြရမည်”ဟု မဟာပဇာပတိ ဂေါတမီထေရီအား မိန့်တော်မူသည်။

အဘိရူပနန္ဒာနှင့် ဇနပဒကလျာဏီနန္ဒာတို့သည် တရားနာယူရန် သြဝါဒခံယူရန် မိမိတို့၏အလှည့်သို့ ရောက်သော်လည်း မိမိတို့ကိုယ်တိုင် မသွားကြဘဲ သူတစ်ပါးကို စေလွှတ်ကြကုန်၏။ မြတ်စွာဘုရားသိရှိတော်မူသဖြင့် “မိမိအလှည့်ရောက်သော သူသည် ကိုယ်စားသူတစ်ပါးကို စေလွှတ်ခြင်းမပြုကြရ၊ ကိုယ်တိုင်လာကြရမည်”ဟု ထပ်မံမိန့်ကြားတော်မူလေသည်။

✨ အဘိရူပနန္ဒာ ရဟန္တာမ,ဖြစ်ခြင်း

ယင်းသို့ မိန့်ကြားတော်မူသည်ဖြစ်၍ အခါတစ်ပါး၌ အဘိရူပနန္ဒာသည် သြဝါဒ တရားနာယူရန် မြတ်စွာဘုရားထံသို့ ကိုယ်တိုင်သွားလေသည်။

မြတ်စွာဘုရားသည် အဘိရူပနန္ဒာကို ဖန်ဆင်းအပ်သော နတ်သမီး အဆင်း သဏ္ဌာန်ဖြင့် ထိတ်လန့်စေပြီးကာလ-

အဋ္ဌီနံ နဂရံ ကတံမံသလောဟိတလေပနံ
ယတ္ထ ဇရာ စ မစ္စု စမာနော မက္ခော စ သြဟိတော

နန္ဒေ၊ နန္ဒာ။
ကဋ္ဌာနိ၊ သစ်သားတို့ကို။
ဥဿာပေတွာ၊ စိုက်ထူ၍။
ဝလ္လိဗဒ္ဓံ၊ ကြိမ်နွယ်ဖြင့်ဖွဲ့အပ်သော။
မတ္တိကာလေပနံ၊ မြေစိုင်ဖြင့် လိမ်းကျံအပ်သော။
နဂရံ၊ ကောက်ပဲထည့်စရာ ပကတိသောအိမ်ကို။
ကရောန္တိ ယထာ၊ ပြုလုပ်ကြကုန်သကဲ့သို့။
တထာ၊ ပမာပုံမူ ထို့အတူ။
အဋ္ဌိနံ၊ သုံးရာသော အရိုးတို့ကို။
ဥဿာပေတွာ၊ စိုက်ထူ၍။
နှာရုဝိနဒ္ဓံ၊ သုံးရာသော အကြောတို့ဖြင့် ဖွဲ့ယှက်ရစ်ပတ်အပ်သော။
မံသလောဟိတလေပနံ၊ ကိုးရာသော သားတစ်, တစ်ပြည်မျှလောက်သော သွေး တို့ဖြင့် လိမ်းကျံအပ်သော။
နဂရံ၊ ရူပကာယ-ခန္ဓာကိုယ်တည်းဟူသော အိမ်ကို။
ကတံ၊ ပြုအပ်၏။
ယတ္ထ၊ အကြင် အိမ်၌။
ဇရာ စ၊ ဆိုးရွားဟောင်းမြင်း အိုမင်းမှည့်ပျော် ရင့်ရော်ခြင်းသည် လည်းကောင်း။
မစ္စု စ၊ စုတေပျက်ကြွေ သေလွန်ခြင်းလည်းကောင်း။
မာနော စ၊ မာန်အကြွားကြွား ငါတကားဟု ထောင်လွှားခြင်းလည်းကောင်း။
မက္ခော စ၊ ကောင်းစွာပြုသော သူ့ ကျေးဇူးကို ချေခြင်း လည်းကောင်း။
ဣတိ၊ ဤသို့။
ဧဝရူပေါ၊ ဤသို့သဘောရှိသော။
အာဗာဓော၊ ဇရာ, မစ္ခုတည်းဟူသော ကိုယ်၏အနာဟူသော ကျင်နာခြင်းကို။
သြဟိတော၊ ထည့်သွင်းသိုလှောင် အပ်သတည်း။

ဤဓမ္မပဒလာ ဒေသနာတော်ဖြင့်လည်းကောင်း၊

(က) အာတုရံ အသုစိံ ပုတိံပဿ နန္ဒေ သမုဿယံ
ဥဂ္ဃရန္တံ ပဂ္ဃရန္တံဗာလာနံ အဘိပတ္ထိတံ

(ခ) အနိမိတ္တဉ္စ ဘာဝေဟိမာနာနုသယမုဇ္ဇဟ
တတော မာနာဘိသံမယာဥပသန္တာ စရိဿသိ

(က) နန္ဒေ၊ နန္ဒာ။
အာတုရံ၊ ကျင်နာသော။
အသုစိံ၊ မစင်ကြယ်သော။
ပုတိံ၊ ပုပ်သိုးသော။
ဥဂ္ဃရန္တံ၊ အထက်သို့ လျှံတက်ယိုစီးသော။
ပဂ္ဃရန္တံ၊ အောက်သို့သက်၍ ယိုထွက်သော။
သမုဿယံ၊ ကိုယ်ကို။
ပဿ၊ ရှုစမ်းလေလော့။
နံ သမုဿယံ၊ ကျင်နာခြင်းစသည် ရှိသော ထိုကိုယ်ကို။
ဗာလော- ဗာလေဟိ၊ အမြင်မှောက်မှား ပုထုဇဉ် လူမိုက်များတို့သည်။
အဘိပတ္ထိတံ၊ လွန်စွာတောင့်တအပ်၏။

(ခ) အနိမိတ္တဉ္စ၊ နိစ္စနိမိတ်စသည်မှ ကင်းသော အနိစ္စာနုပဿနာကိုလည်း။
ဘာဝေဟိ၊ ပွားစေလော့။
မာနာနုသယံ၊ ကိုယ်သန္တာန်၌ကိန်းသော အဆင်းစသည်၌ ယစ်ခြင်း မာန်ကို။
ဥဇ္ဇဟ၊ ပယ်စွန့်လေလော့။
တတော မာနာဘိသမယာ၊ ထိုအနိစ္စာနုပဿနာကို ပွားစေခြင်း, မာန်ကို ပယ်ခြင်းကြောင့်။
ဥပသန္တာ၊ ကိလေသာ ငြိမ်းသည်ဖြစ်၍။
တွံ၊ သင်သည်။
စရိဿသိ၊ နေရပေလတ္တံ့။

ဤ ထေရ်ရီအပဒါန်လာ ဒေသနာတို့ဖြင့် လည်းကောင်း ဟောတော်မူသည်ဖြစ်၍ အဘိရူပနန္ဒာထေရီသည် အစဉ်အတိုင်း အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော် မူလေပြီ။

👑 ဇနပဒကလျာဏီ နန္ဒာထေရီအကြောင်း

သာဝတ္ထိ မြို့သူမြို့သားတို့သည် ဇေတဝန်ကျောင်းတော်သို့ သွားကြကာ နံနက်ခင်း၌ သံဃာတော်များအား ဆွမ်းခဲဖွယ်ဘောဇဉ်တို့ကို ကပ်လှူကြခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်းတို့ကို ပြုကြပြီးနောက် ညနေချမ်းအချိန်၌ ပန်းနံ့သာ စသည်တို့ကို ယူဆောင်၍ ဇေတဝန်ကျောင်းတော်သို့ တရားနာရန် သွားကြကုန်၏။

တရားစကား ကြားနာကြပြီးကာလ မြတ်စွာဘုရားကို ဖူးမြော်ကန်တော့၍ မြို့တွင်းသို့ ပြန်ကြစဉ် မြတ်စွာဘုရား၏ ဂုဏ်တော် ကျေးဇူးတော်တို့ကို ဝမ်းသာအားရ အချင်းချင်း ပြောဆိုကြကာ သွားကြကုန်၏။ ဘိက္ခုနီမ တို့သည်လည်း မြတ်စွာဘုရား ကို ဖူးမြော်ခြင်း တရားနာခြင်း ပြုကြပြီး၍ ဘိက္ခုနီကျောင်းသို့ ပြန်ရောက်ကြလျှင် မြတ်စွာဘုရား၏ ရူပကာယတော်မှစ၍ ကျေးဇူးတော် ဂုဏ်တော်တို့ကို အချင်းချင်း ပြောကြားကြကုန်၏။

💎 မြတ်စွာဘုရားကို ကြည်ညိုခြင်း ၄-မျိုး

မြတ်စွာဘုရားကို ကြည်ညိုမြတ်နိုးသော သူတို့သည် အမျိုးအစားအားဖြင့် လေးမျိုး ရှိ၏။ ထိုလေးမျိုးတို့ အသီးသီးကြည်ညိုကြပုံကို မှတ်သားသင့်ပေသည်။

လေးမျိုးဟူသည်မှာ-
(၁) လက္ခဏာတော်ကြီးငယ်, ခြောက်သွယ်သော ရောင်ခြည်တော်တို့ဖြင့် ကျက်သရေ ပြည့်ကြွယ် သပ္ပာယ်သော ရူပကာယတော်ကို ဖူးမြော်ရ၍ ကြည်ညိုသောသူ တစ်မျိုး။
(၂) မြတ်စွာဘုရားသည် အလောင်းတော် အဖြစ်ဖြင့် ပါရမီတော်တို့ကိုဖြည့်စဉ် ထိုထို ဘဝ ထိုထိုဇာတ်တော်တို့ကို ဟောကြားတော်မူသည်ကို မှီ၍ဖြစ်သော ကျေးဇူး သတင်း ကျော်စောခြင်းကိုလည်းကောင်း, အင်္ဂါ ရှစ်ပါးနှင့် ပြည့်စုံသော အသံတော်ကို ကြားနာရခြင်းကို လည်းကောင်း. အကြောင်းပြု၍ ကြည်ညိုသောသူတစ်မျိုး။
(၃) ပံသုကူလဓူတင်ဆောင်ခြင်း အစရှိသော ခေါင်းပါးသော အကျင့် သိက္ခာတော်ကို အကြောင်းပြု၍ ကြည်ညိုသောသူတစ်မျိုး။
(၄) သီလဂုဏ်တော်, သမာဓိဂုဏ်တော်, ပညာဂုဏ်တော်စသော ဓမ္မဂုဏ်တော်ကို အကြောင်းပြု၍ ကြည်ညိုသောသူတစ်မျိုး။

ဤသို့အားဖြင့် မြတ်စွာဘုရားကို ကြည်ညိုသော သူတို့သည် လေးမျိုးရှိကုန်၏။ မြတ်စွာဘုရားကို ကြည်ညိုသူတို့တွင်-
(၁) လက္ခဏာတော် ကြီးငယ်တို့ဖြင့် ဖူးမြော်၍ မငြီးအောင် တင့်တယ် သပ္ပာယ်တော် မူသော ရူပကာယတော်ကို အာရုံပြု၍ ကြည်ညိုကြသော သူတို့သည် သုံးပုံမှာနှစ်ပုံ ရှိသည်ဟု ဆိုသည်။
(၂) တရား ဟောပြောတော်မူရာ၌ အသံတော်ကို အာရုံပြု၍ ကြည်ညိုသော သူတို့သည်ကား ငါးပုံမှာ လေးပုံရှိသည်ဟု ဆိုသည်။
(၃) ဓူတင်ဆောင်ခြင်း အစရှိသော ခေါင်းပါးသောအကျင့်ကို အာရုံပြု၍ ကြည်ညို ကြသော သူတို့သည်ကား ဆယ်ပုံမှာ ကိုးပုံရှိသည်ဟု ဆိုသည်။
(၄) သီလ, သမာဓိ, ပညာ စသော ဂုဏ်တော်တို့ကို အာရုံပြု၍ ကြည်ညိုကြသော သူတို့သည်ကား အပုံတစ်ထောင်မှာ တစ်ပုံသာရှိသည်ဟု ဆိုသည်။ (၁၀၀၀-ပိုင်း ၁-ပိုင်း။)

📚 နန္ဒာထေရီ တရားနာလာခြင်း

မြတ်စွာဘုရား ကျောင်းတော်မှ မြတ်စွာဘုရား၏ တရားစကားတော်များကို ကောင်းမွန်စွာ ကြားနာပြီးကာလ ပြန်လာကြသော ဥပါသကာ, ဥပါသိကာမများထံမှ လည်းကောင်း, တရားနာပြန် ဘိက္ခုနီမများထံမှ လည်းကောင်း မြတ်စွာဘုရား၏ အဖုံဖုံ အစုံစုံသော ဂုဏ်တော်တို့နှင့်စပ်သော သတင်းစကားတို့ကို ကြားသိရသော ဇနပဒကလျာဏီ နန္ဒာထေရီသည် ဤသို့အကြံဖြစ်လေသည်။

(ဤမှနောက်၌ ဇနပဒကလျာဏီနန္ဒာကို နန္ဒာထေရီဟူ၍ ရေးသားသုံးစွဲသွားမည်။)

အဘယ်သို့ ဖြစ်သနည်းဟူမူ- ဤသူ ဤသူ တို့သည် ငါ၏မောင်တော်ဖြစ်သော မြတ်စွာဘုရား၏ ဂုဏ်တော် ကျေးဇူးတော်တို့ကို ခံတွင်းမဆံ့ အံ့သြချီးကျူး ပြောဆိုကြသည်။ မြတ်စွာဘုရားသည် တစ်နေ့ပတ်လုံး ရုပ်ရေ အဆင်းလှပခြင်း၏ အပြစ်ကို ဆိုချင်ဆိုစေ၊ ငါသည် အဖော် ဘိက္ခုနီမတို့နှင့် အတူသွား၍ မိမိကိုယ်ကို မပြဘဲ မောင်တော်မြတ်စွာဘုရားကို ဖူးမြော်ကာ တရားတော်ကို နာယူမည်ဟု အကြံဖြစ်၍ အဖော်ဘိက္ခုနီတို့အား မိမိတရားနာ လိုက်မည်ဖြစ်ကြောင်းကို ပြောကြား လေသည်။

အဖော် ဘိက္ခုနီတို့က “ဤနန္ဒာထေရီသည် ယခင်က တရားနာ မလိုက်စဖူး၊ ကြာမြင့်စွာနေ၍ ယနေ့မှ တရားနာလိုက်၍ မြတ်စွာဘုရားထံ ဆည်းကပ်လို၏။ ယနေ့ နန္ဒာထေရီကို အကြောင်းပြု၍ မြတ်စွာဘုရားသည် ဆန်းကြယ်သော တရား စကားတော်ကို ဟောတော်မူရာသည်”ဟု ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြလျက် နန္ဒာထေရီကို အတူခေါ်ကာ မြတ်စွာဘုရားထံသို့ တရားနာသွားကြကုန်၏။

နန္ဒာထေရီကမူကား ဘိက္ခုနီမကျောင်းမှ ထွက်သည်ကစ၍ “ငါသည် မောင်တော် ဘုရား၏ တရားတော်ကိုပင် ကြားနာသော်လည်း ငါ့ကိုယ်ကိုသော်ကား မပြအံ့”ဟု နှလုံးသွင်းကာသွား၏။ မြတ်စွာဘုရားသည် ယနေ့ နန္ဒာထေရီသည် ငါ့ထံ တရားနာလာပေလိမ့်မည်၊

နန္ဒာထေရီအား အဘယ်တရား ဒေသနာသည် လျောက်ပတ်လေသနည်း ဟု ဆင်ခြင်တော်မူလျှင် “နန္ဒာထေရီသည်ကား အဆင်း၌ အလေးပြုသူဖြစ်သည်၊ မိမိကိုယ် အဆင်း၌ လွန်မင်းစွာ တပ်မက်ခြင်း, ချစ်ခြင်းရှိသူဖြစ်သည်။ သို့ကြောင့် ဆူးတစ်ခုဖြင့် ဆူးတစ်ခုကို ထွင်သကဲ့သို့ အဆင်းဖြင့်သာလျှင် သူ၏အဆင်း၌ တပ်မက်ခြင်း, ယစ်ခြင်းကို ပယ်မှုသည် လျောက်ပတ် သင့်မြတ်ပေလိမ့်မည်”ဟု ဆင်ခြင်တော်မူလေသည်။

🌷 နိမ္မိတသတို့သမီး ဖောက်ပြန်ပုံပြခြင်း

နန္ဒာထေရီ ဘုရားကျောင်းတော်သို့ရောက်၍ မြတ်စွာဘုရား ရှေ့တော်ပရိသတ် အတွင်းသို့ ဝင်ရောက်သောအခါ အသက် ၁၆-နှစ်ရွယ်ဖြင့် အလွန်လှပတင့်တယ် ရှုမောဖွယ်ရှိသော သတို့သမီးကို ခပ်သိမ်းသော အဆင်တန်းဆာတို့ဖြင့် ဆင်ယင်ကာ မြတ်စွာဘုရားကို ယပ်လေခတ်၍နေဟန် ဖန်ဆင်း၍ပြတော်မူသည်။

နိမ္မိတဖြစ်သော သတို့သမီးကို မြတ်စွာဘုရားနှင့် နန္ဒာထေရီသာလျှင် မြင်ကြရသည်။ နန္ဒာထေရီသည် ဘိက္ခုနီတို့အကြား နောက်ပါးကနေလျက် မြတ်စွာဘုရားအား ခြေတော်ဖျားမှ ဆံတော်ဖျား တိုင်အောင် ဖူးမြော်ကြည်ညိုသောအခါ မြတ်စွာဘုရား သည် ဖန်ဆင်းတော်မူအပ်သော နိမ္မိတဖြစ်သော လှပတင့်တယ် ရှုချင့်စဖွယ်ရှိသော သတို့သမီးကို မြင်၍ မိမိကိုယ်ကို ပြန်လည်ကြည့်လေသော် ရွှေဟင်္သာအနီး၌ ကျီးကန်းမနှင့် အလားတမူ တူလျက်ရှိသော မိမိကိုယ်ကိုမြင်၍ နိမ္မိတဖြစ်သော သတို့သမီး၏ အဆင်းအာရုံ၌ အလွန်အမင်း ပြင်းပြစွာ သာယာတပ်မက်ခြင်း ဖြစ်လေသည်။

နန္ဒာထေရီသည် ထိုသတို့သမီး၏ ရူပါရုံ၌ ပြင်းပြစွာ သာယာနှစ်သက် တပ်မက် သည်ကို မြတ်စွာဘုရား သိရှိတော်မူသောကာလ တရားဟောတော်မူစဉ်၌ပင် ထိုသတို့သမီးကို ၁၆-နှစ်ရွယ်မလွန်စေ၍ အသက် ၂ဝ-ရွယ်ဖြစ်စေကာ ပြတော်မူ၏။ နန္ဒာထေရီသည် သတို့သမီး၏ရူပါရုံကိုကြည့်လျက် “ယခင်ရူပါရုံနှင့် မတူလေပြီ”ဟု နှလုံးသွင်း၍ ပြင်းပြစွာ တပ်မက်ခြင်းလျော့ကာ စိတ်ပြောင်းလွဲသွား၏။

မြတ်စွာဘုရားသည်လည်း နိမ္မိတရုပ်ကို အသက်၂ဝ-ရွယ်မှသည် တစ်ကြိမ်သားဖွား ပြီးသောအရွယ်, မိန်းမလတ်အရွယ်, မိန်းမကြီး အရွယ်အားဖြင့် အစဉ်အတိုင်း အိုရုပ် အိုရည် ဖြစ်စေလျက် ပြတော်မူသည်

နန္ဒာထေရီသည်ကား နိမ္မိတသတို့သမီး၏ အိုရုပ်အိုရည် တဖြည်းဖြည်းပြောင်းလွဲ လာသည်နှင့်အမျှ ထိုရူပါရုံ၌ တပ်မက်တွယ်တာ နှစ်သက်သာယာခြင်းသည်လည်း အားနည်းလျော့ပါး၍ လာလေသည်

👁️ နန္ဒာထေရီ ကာယာနုပဿနာ ရှုမြင်ခြင်း

နိမ္မိတဖြစ်သော မိန်းမရုပ်သည် အိုမင်းခြင်း, သွားကျိုး ဆံဖြူခြင်း, ဒယိမ်းဒယိုင် ခနော်ခနဲ့ရှိခြင်း, အိမ် အမိုး အခြင်ရနယ်ကဲ့သို့ အသားအရေကျ၍ နံရိုးကျဲကျဲရှိခြင်း, ထိုနောက် တုန်တုန်ယင်ယင်ဖြင့် တောင်ဝှေးကိုင်စွဲကာ လှုပ်ရှားခြင်းတို့ကို မြင်သော အခါ၌ကား ထိုရူပါရုံ၌တပ်မက်သော ဆန္ဒအာသာ အလွန့်အလွန်နည်းပါး သွားလေတော့သည်

ထိုအချိန်၌ မြတ်စွာဘုရားသည် နိမ္မိတဖြစ်သော မိန်းမရုပ်ကို ရောဂါသည်းထန်စွာ ခံစားရသောပုံ, တောင်ဝှေးကိုပစ်ကာ မြေ၌လဲလျောင်း၍ မသက်မသာ ညည်းတွား မြည်တမ်း ရသောပုံ, မိမိကျင်ငယ်ထဲ၌ လူးလဲနေရသော ပုံသဏ္ဌာန်တို့ကို ဆက်ကာ ဆက်ကာပြတော်မူသည်။ နန္ဒာထေရီသည်လည်း ထိုရူပါရုံ၌ တပ်မက်နှစ်သက်ခြင်း တဏှာလောဘနှင့် ယှဉ်သောစိတ်သည် ခေါင်းပါးသည်ထက် ခေါင်းပါး၍ လာလေတော့သည်

ထို့နောက် မြတ်စွာဘုရားသည် နိမ္မိတမိန်းမရုပ်ကို သေလွန်သောပုံ, ဖူးဖူး ရောင်သော ကိုယ်ရှိသောပုံ, ခန္ဓာကိုယ်၏ အမာဝကိုးပေါက်တို့မှ သွေးပုပ်, ပြည်ပုပ်တွေ ယိုစီးလျက် ပိုးလောက်တွေ တဖွားဖွားကျ၍ ကျီး, စွန်, ဠင်းတတို့ လုယက် ကိုက်ခဲကြသောပုံတို့ကို ပြတော်မူသည်။

နန္ဒာထေရီသည် ဤသို့ ဆင်ခြင်မိလေသည်။ အဘယ်သို့ ဆင်ခြင်မိသနည်းဟူမူ- “ဤမိန်းမသည် ဤနေရာဌာန ငါ၏ မျက်မှောက်၌ပင်လျှင် အိုခြင်း, နာခြင်း, သေခြင်းသို့ ရောက်လေသည်၊

ဤမိန်းမကဲ့သို့ပင်လျှင် ငါ၏ ခန္ဓာကိုယ်သည်လည်း အိုခြင်း, နာခြင်း, သေခြင်း သဘောသို့ ဧကန်မလွဲ ရောက်ရပေ ဦးအံ့”ဟူ၍ ဆင်ခြင်ကာ မိမိကိုယ်ကို အနိစ္စဟု ရှု၏၊ ဒုက္ခဟု ရှု၏၊ အစိုးမရ အနှစ်သာရ မရှိ အနတ္တဟု ရှု၏။ ဘုံသုံးပါး၌ သုံးပါးသောဘဝတို့ကို အလျှံ ပြောင်ပြောင် တောက်လောင်၍နေသော အိမ်ကြီးကဲ့သို့ ဉာဏ်၌ထင်လာ၏။ ခန္ဓာကိုယ်ကြီး ကိုလည်း လည်ပင်း၌ ဆွဲအပ်သော အကောင်ပုပ် ကဲ့သို့ ထင်မြင်၏၊ ကာယာနုပဿနာ ကမ္မဋ္ဌာန်းအာရုံသို့ ပြေးဝင်သောစိတ် ဖြစ်ပေါ်လာ၏။

💡 နန္ဒာထေရီ တရားထူး ရစေတတ်သောဂါထာ

နန္ဒာထေရီ၏ မိမိရူပကာယ၌ အနိစ္စဟုရှုမြင်သည်ကို မြတ်စွာဘုရား သိရှိတော် မူသောအခါ “နန္ဒာထေရီသည် မိမိကိုယ်တိုင် မိမိ၏ ကိုးကွယ်ရာကိုပြုခြင်းငှာ စွမ်းဆောင်နိုင်ပါမည်လော”ဟု ဆင်ခြင်တော်မူလျှင် မိမိ ဘာသာ အလျောက်မူကား မစွမ်းဆောင်နိုင်ပေ၊ အပဖြစ်သော ငါဘုရား အထံတော်မှ အထောက်အပံ့ ရသော်မှ သာလျှင် လောကုတ္တရာ ဘက်သို့ တက်လှမ်းနိုင်မည် ဟု သိရှိတော်မူသဖြင့်. နန္ဒာထေရီအား လျောက်ပတ်သော တရားဒေသနာတော်ကို ဟောတော်မူခြင်းငှာ-

(က) အာတုရံ အသုစိံ ပုတိံပဿ နန္ဒေ သမုဿယံ
ဥဂ္ဃရန္တံ ပဂ္ဃရန္တံဗာလာနံ အဘိပတ္ထိတံ

(ခ) ယထာ ဣဒံ တထာ ဧတံယထာ ဧတံ တထာ ဣဒံ
ဓာတုသော သုညတော ပဿမာ လောကံ ပုန ရာဂမိ
ဘဝေ ဆန္ဒံ ဝိရာဇေတွာဥပသန္တာ စရိဿသိ

(က) နန္ဒေ၊ နန္ဒာ။
အာတုရံ၊ ကျင်နာသော။
အသုစိံ၊ မသန့်ရှင်းမစင်ကြယ်သော။
ပုတိံ၊ ပုပ်သိုးသော။
ဥဂ္ဃရန္တံ၊ အထက်သို့ လျှံတက်ယိုစီးသော။
ပဂ္ဃရန္တံ၊ အောက်သို့ သက်၍ ယိုထွက်သော။
သမုဿယံ၊ ကိုယ်ကို။
ပဿ၊ ရှုစမ်းလေလော့။
နံ သမုဿယံ၊ ကျင်နာခြင်း စသည်ရှိသော ထိုကိုယ်ကို။
ဗာလော- ဗာလေဟိ၊ အမြင် မှောက်မှား ပုထုဇဉ်လူမိုက်များတို့သည်။
အဘိပတ္ထိတံ၊ လွန်စွာတောင့်တအပ်၏။

(ခ) ဣဒံ အဇ္ဈတ္တသရီရံ၊ ဤအဇ္ဈတ္တဖြစ်သော သင်၏ကိုယ်သည်။
အနိစ္စာဒိဓမ္မံ ယထာ၊ အနိစ္စစသောသဘောရှိသကဲ့သို့။
အာတုရာဒိဓမ္မံ ယထာ၊ ကျင်နာခြင်းစသော သဘောရှိသကဲ့သို့။
တထာ၊ ထို့အတူ။
ဧတံ ဗဟိဒ္ဓသရီရံ၊ ထိုဗဟိဒ္ဓဖြစ်သော သင်မြင်အပ်သော ကိုယ်သည်။
အနိစ္စာဒိဓမ္မံ၊ အနိစ္စစသောသဘောရှိ၏။
အာတုရာဒိဓမ္မံ၊ ကျင်နာခြင်း စသောသဘောရှိ၏။
ဧတံ ဗဟိဒ္ဓသရီရံ၊ ဗဟိဒ္ဓဖြစ်သော သင်တွေ့မြင်အပ်သောကိုယ်သည်။
အနုပုဗ္ဗဝယောဂုဏဇဟနဝသေန၊ အစဉ်အတိုင်း အရွယ်ကိုစွန့်သည်၏ အစွမ်း အားဖြင့်။
ဥဒ္ဓုမာတကာဒိဘာဝပတ္တံ ယထာ၊ ဥဒ္ဓုမာတကစသော အဖြစ်သို့ရောက်သကဲ့သို့။
တထာ၊ ထို့အတူ။
အဇ္ဈတ္တသရီရံ၊ ဤအဇ္ဈတ္တဖြစ်သော သင်၏ကိုယ်သည်။
အနုပုဗ္ဗဝယောဂုဏဇဟနဝသေန၊ အစဉ်အတိုင်း အရွယ်တို့ကို စွန့်သည်၏ အစွမ်းဖြင့်။
ဥဒ္ဓုမာတကာဒိဘာဝပတ္တံ၊ ဥဒ္ဓုမာတက စသောအဖြစ်သို့ ရောက်သည်။
ဘဝိဿတိ၊ ဖြစ်ပေလတ္တံ့။

ဣဒံ အဇ္ဈတ္တသရီရံ၊ ဤအဇ္ဈတ္တဖြစ်သော သင်၏ ကိုယ်ကို။
ဓာတုသော၊ ပထဝီဓာတ် စသောအားဖြင့်။
သုညတော၊ အတ္တ, အတ္တနိယစသည်မှ ဆိတ်သော အားဖြင့်။
ပဿိတဗ္ဗံ ယထာ၊ ရှုအပ်သကဲ့သို့။
တထာ၊ ထို့အတူ။
ဧတံ ဗဟိဒ္ဓသရီရံ၊ ထိုအပဖြစ်သော သင်ရှုမြင်အပ်သော ကိုယ်ကို။
ဓာတုသော၊ ပထဝီဓာတ် စသော အားဖြင့်။
သုညတော၊ အတ္တ, အတ္တနိယမှ ဆိတ်သောအားဖြင့်။
ပဿ၊ ရှုကြည့်လေလော့။
ဧတိံ ဗဟိဒ္ဓသရီရံ၊ ထိုအပဖြစ်သော သင်ရှုမြင်အပ်သောကိုယ်ကို။
ဓာတုသော၊ ပထဝီဓာတ်စသောအားဖြင့်။
သုညတော၊ အတ္တ, အတ္တနိယမှ ဆိတ်သောအားဖြင့်။
ပဿိတဗ္ဗံ ယထာ၊ ရှုကြည့်အပ်သကဲ့သို့။
တထာ၊ ထို့အတူ။
ဣဒံ အဇ္ဈတ္တသရီရံ၊ ဤအဇ္ဈတ္တ ဖြစ်သော သင်၏ကိုယ်ကို။
ဓာတုသော၊ ပထဝီဓာတ် စသောအားဖြင့်။
သုညတော၊ အတ္တ, အတ္တနိယမှ ဆိတ်သောအားဖြင့်။
ပဿ၊ ရှုလေလော့။
လောကံ၊ ဥပါဒါနက္ခန္ဓာတည်းဟူသောလောကသို့။
မာ ပုန ရာဂမိ၊ တစ်ဖန် မလာလေနှင့်။
ဘဝေ၊ ကာမဘဝစသည်၌။
ဆန္ဒ၊ တပ်မက်လိုချင်ခြင်းကို။
ဝိရာဇေတွာ၊ ကင်းစေ၍။
ဝါ၊ ကင်းသောကြောင့်။
ဥပသန္တာ၊ ဒုက္ခဖြစ်ကြောင်း ကိလေသာ ငြိမ်းအေးသည်ဖြစ်၍။
တွံ၊ သင်သည်။
စရိဿသိ၊ ချမ်းသာစွာနေရလတ္တံ့သတည်း။

📖 ဒေသနာဂါထာ အဓိပ္ပာယ်

နန္ဒာ-ရောဂါအမျိုးမျိုးတို့ဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ ကျင်နာသော သဘောရှိသော ကိုယ်ကို ရှုစမ်းလော့၊ ကျင်ကြီးကျင်ငယ်တို့ဖြင့် မသန့်မရှင်း မစင်မကြယ်သော ကိုယ်ကို ရှုစမ်းလော့၊ သွေး, ပြည်, တံတွေး, ချွဲ, နှပ် စသည်တို့ဖြင့် ပုပ်သိုးသော ကိုယ်ကို ရှုစမ်းလော့၊ အပုပ်ရည်, အဖတ်တို့သည် မျက်စိ, နား, နှာခေါင်း, ခံတွင်းတို့မှ လျှံထွက် ယိုစီးလျက်ရှိသောကိုယ်ကို ကျင်ကြီး, ကျင်ငယ်လမ်း တို့မှလည်း ကျင်ကြီး, ကျင်ငယ် စသော အညစ်အကြေးတို့သည် ယိုကျလျက်ရှိသော ကိုယ်ကို အန္ဓပုထုဇဉ် လူမိုက်တို့သည် ကျောက်မျက်ရတနာကဲ့သို့လည်းကောင်း, စန္ဒကူးနံ့သာတို့ကဲ့သို့ လည်းကောင်း မှတ်ထင်ကြ၍ အမြင်မှားလျက် အလွန်လိုလား တောင့်တကြပေသည်။

နန္ဒာ-သင်၏ ရူပကာယ ရုပ်ခန္ဓာသည် မမြဲသောသဘောရှိသကဲ့သို့, ရောဂါ အပေါင်းနှိပ်စက်၍ ကျင်နာခြင်း သဘောရှိသကဲ့သို့, ထိုနည်းတူစွာပင်လျှင် သင်ရှုမြင် အပ်သော ဗဟိဒ္ဓဖြစ်သော ရူပကာယရုပ်ခန္ဓာ ဟူသမျှသည်လည်း မမြဲခြင်းသဘော ရှိကုန်၏၊ ကျင်နာခြင်းသဘောရှိကုန်၏။

သင်ရှုမြင်အပ်သော အပဖြစ်သော ဗဟိဒ္ဓရုပ်ခန္ဓာသည် အစဉ်အတိုင်း အပျိုရွယ်, တစ်သားမွေးပြီးအရွယ်, မိန်းမလတ်အရွယ်, မိန်းမကြီးအရွယ် စသည်ဖြင့် ပျိုနုသော ရုပ်ကို စွန့်ကာစွန့်ကာ အိုမင်းရင့်ရော်ခြင်း, နာခြင်း, သေခြင်း၏ အစွမ်းဖြင့် ဖူးဖူး ရောင်ခြင်း, သွေးပုပ် ပြည်ပုပ်တို့ ပေါက်ပြဲယိုထွက်ခြင်း, ပိုးလောက်တို့ တဖွားဖွား ကျခြင်း, အိမ်ခွေး, မြေခွေး, ကျီး, စွန်, လင်းတတို့ လုယက် ဆိတ်ဆွဲ ကိုက်ခဲ စားသောက်ခြင်းသဘောသို့ရောက်သကဲ့သို့၊

ထို့အတူ အဇ္ဈတ္တဖြစ်သော သင်၏ ရုပ်ခန္ဓာ သည်လည်း ပျိုမျစ်နုနယ်သောအရွယ်ကို အစဉ်အတိုင်း စွန့်လျက် ရင့်ရော်အိုမင်းခြင်း, ရောဂါနှိပ်စက်၍ ကျင်နာခြင်း, ဇီဝိတိန္ဒြေချုပ်၍ ဖူးဖူးရောင်ခြင်း, သွေးပုပ်ပြည်ပုပ်တို့ ပေါက်ပြဲယိုထွက်ခြင်း, ပိုးလောက်ကျခြင်း, ခွေး, မြေခွေး, ကျီး, စွန်, လင်းတစသည်တို့ လုယက်ဆိတ်ဆွဲ ကိုက်ခဲစားသောက်ခြင်း သဘောသို့ ရောက်ပေလိမ့်မည် ဟုဆင်ခြင်လေလော့။

အဇ္ဈတ္တဖြစ်သော သင်၏ ကိုယ်ကို ပထဝီဓာတ် စသော ဓာတ်အားဖြင့်လည်း ရှုပါလော့၊ ဓာတ်လေးပါး ပရမတ္ထရုပ် အစုအဝေးမျှသာဖြစ်၍ ငါ့ကိုယ်ပဲ, ငါ၏ဥစ္စာပဲ ဟူ၍ သဘာဝအားပြဆိုရန်မရှိ။ အတ္တ, အတ္တနိယသဘောမှ ဆိတ်သော အခြင်းအရာ အားဖြင့်လည်း ရှုပါလော့

သင်၏ ကိုယ်သည် ဓာတ်လေးပါး အစုမျှသာဖြစ်၍ အတ္တ, အတ္တနိယမှ ဆိတ်သုဉ်း သကဲ့သို့၊ သင်သည် ရှုမြင်အပ်သော ဗဟိဒ္ဓရုပ်အစုသည်လည်း ဓာတ်လေးပါး အစုအဝေးမျှသာ ဖြစ်၍ ဘယ်သူ့ကိုယ်ပဲ, ဘယ်ဝါ့ကိုယ်ပဲ, ဘယ်သူ့ဥစ္စာပဲ စသည်ဖြင့် ပြဆိုရန် သဘာဝအားဖြင့် မရှိ။ အတ္တ, အတ္တနိယမှ ဆိတ်သုဉ်းသည်သာတည်းဟု သိပါလော့။

ကာမုပါဒါန်, ဒိဋ္ဌုပါဒါန်, သီလဗ္ဗတုပါဒါန်, အတ္တဝါဒုပါဒါန် တည်းဟူသော ဥပါဒါန် လေးပါးတို့၏အာရုံဖြစ်သော၊ ဝါ- လောဘ, ဒိဋ္ဌိတို့၏အာရုံဖြစ်သော ခန္ဓာ လောကသို့ တစ်ဖန်မပြန်လိုပါနှင့်။ ကာမဘဝ, ရူပဘဝ, အရူပဘဝတို့၌ လိုလား နှစ်သက်ခြင်း ဆန္ဒ ရာဂကိုပယ်သတ်၍၊ ဝါ-ကင်းပစေ၍ ကင်းသောကြောင့် သင့်သန္တာန်၌ ဒုက္ခ ဖြစ်ကြောင်း ကိလေသာတို့ ငြိမ်းအေးသည်ဖြစ်၍ ချမ်းသာစွာ နေရပေလတ္တံ့ဟု ဟောတော်မူသည်။

ဤဂါထာဒေသနာတော်ကို ဟောတော်မူပြီးသည့်အဆုံး၌ နန္ဒာထေရီသည် သောတာပတ္တိဖိုလ်သို့ ရောက်လေသည်။ ထိုနောက် နန္ဒာထေရီ အထက်မဂ်ဖိုလ်သို့ ရောက်စေခြင်းငှာ ဝိပဿနာကမ္မဋ္ဌာန်းတရားကို ဆက်လက် ဟောကြားတော် မူလိုသည် ဖြစ်၍ ဤ ကာယဝိစ္ဆိန္ဒနိကသုတ်ကို ဟောတော်မူသည်။ ကာယဝိစ္ဆိန္ဒနိက သုတ်ကို နှစ်ဌာန၌ ဟောတော်မူသည်ဟုဆိုခဲ့ရာ ဤ၌ နန္ဒာထေရီကိုအကြောင်းပြု၍ သာဝတ္ထိမြို့တွင် ဟောတော်မူခြင်း ဖြစ်သည်။

💔 သီရိမာအား စွဲလမ်းသောရဟန်းကို အကြောင်းပြု၍ ရာဇဂြိုဟ်မြို့၌ ဤသုတ်ကို ဟောပြန်ခြင်း

ရာဇဂြိုဟ်မြို့၌ သာလဝတီ အမည်ရှိသော ပြည့်တန်ဆာ၏သမီး၊ ဆရာဇီဝက၏- နှမ၊ ပြည့်တန်ဆာမ သီရိမာသည် မြတ်စွာဘုရား၏ တရားတော်ကို ကြားနာရသည်ဖြစ်၍ သောတာပန်အဖြစ်သို့ ရောက်လေသည်။ သောတာပန်ဖြစ်သည်မှစ၍ တစ်နေ့ တစ်နေ့လျှင် တစ်ဆယ်တန် တစ်ဆယ်တန်ဖြစ်သော ဆွမ်းကို ရဟန်းတော်ရှစ်ပါး တို့အား နေ့စဉ်နိစ္စဘတ် ဝတ်ပြု၍ ကပ်လှူခဲ့လေသည်။

ထိုအခါ ရဟန်းတော်တစ်ပါးသည် သီရိမာ၏ဆွမ်းကို အလှူခံယူခါ ဘုဉ်းပေးပြီး ကာလ ရာဇဂြိုဟ်မြို့မှ သုံးယူဇနာဝေးသော ကျောင်းတစ်ကျောင်းသို့သွားရာ ညနေချမ်း အချိန်၌ အာဝါသိကရဟန်းတော်တို့က “ငါ့ရှင် ယနေ့ဘယ်အရပ်၌ ဆွမ်းခံဘုဉ်းပေးပြီး ကြွလာခဲ့ပါသလဲ”ဟုမေးသဖြင့် “သီရိမာဥပါသိကာမအိမ်က ဆွမ်းကိုခံယူကာ ဘုဉ်းပေးခဲ့ ကြောင်း, ဆွမ်း ဆွမ်းဟင်းများ ကောင်းမွန်ကြောင်း, တစ်ပါးအလှူခံယူခဲ့သောဆွမ်းသည် ၃-၄-ပါး စားလောက်ကြောင်း, သီရိမာ၏ဆွမ်းကို အလှူခံယူရသည်ထက် သီရိမာကို မြင်ရခြင်းက သာ၍အားရကျေနပ်ဖွယ် ကောင်းကြောင်း” တို့ကို ပြောပြသောအခါ ရဟန်း တစ်ပါးသည် သီရိမာကို မမြင်ရသေးမီကပင် ပြောသံကြားနှင့် တပ်မက်မြတ်နိုးခြင်းဖြစ်ကာ သီရိမာကို ကြည့်ရှုလို မြင်လိုသည်ဖြစ်၍ ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်သို့သွား၏။ သီရိမာအိမ်သို့ ဆွမ်းခံအလှည့်ကျသောနေ့၌ ဆွမ်းခံလိုက်ခွင့်ရလေ၏။

ထိုရဟန်း သီရိမာအိမ်သို့ ဆွမ်းခံသွားသောနေ့၌ သီရိမာသည် မကျန်းမာသည် ဖြစ်၍ အိပ်ရာထဲ၌ လဲလျောင်းနေ၏။ ထို့ကြောင့် သီရိမာသည် ဝတ်ဆင်မြဲဖြစ်သော အဆင် တန်ဆာတို့ကို မဝတ်မဆင်မူ၍ သာမန်အဝတ်အထည်ဖြင့် အိပ်လျက်နေလေသည်။ အခြွေအရံမိန်းမတို့ကသာ သံဃာတော်တို့၏သပိတ်တို့ကိုယူ၍ ပထမ၌ ယာဂုကိုကပ် ကြ၏၊ ထို့နောက်ခဲဖွယ်ကိုကပ်၏။ ထိုနောက်မှ သပိတ်၌ ဆွမ်း-ဆွမ်းဟင်းများကို ပြည့်အောင် ထည့်လောင်းစေပြီးလျှင် မိမိကိုယ်တိုင် ရှိခိုးကန်တော့လို၍ အခြွေအရံ များကိုဖေးမစေလျက် အိပ်ရာမှ တုန်တုန်ယင်ယင်နှင့်ထကာ သံဃာတော်များကို ရှိခိုးကန်တော့၍ ကပ်လှူလေသည်။

တောကျောင်းမှကြွလာပြီး သီရိမာ၏ဆွမ်းကို အလှူခံသောရဟန်းသည် သီရိမာကို မြင်လျှင် အဝတ်အစား အဆင်တန်ဆာ အထူးတလည် ဝတ်စားဆင်ယင်မှု မရှိဘဲလျက်ပင် ဤမျှလောက်လှပ တင့်တယ်ပါသေးလျှင် အဆင်တန်ဆာတို့ဖြင့် ဝတ်စားဆင်ယင်လျက် ကျန်းမာစွာရှိပါမူကား အဘယ်မျှလောက် ရှုချင့်စဖွယ် လှပ တင့်တယ်ပေလိမ့်မည်နည်းဟု စိတ်၌အကြံဖြစ်မိသည် ဟူ၏။

ထိုအခါ ထိုရဟန်းသန္တာန်၌ သံသရာတစ်လျှောက်က ကိန်းအောင်းလာခဲ့သော ကိလေသာသည် သီရိမာတည်းဟူသော ရူပါရုံကို အကြောင်းပြု၍ ဟုန်းခနဲ ထကြွ ဖြစ်ပေါ်လာလေတော့သည်

ဤကဲ့သို့သောအကြောင်းကို ရည်ရွယ်၍ ရဟန်းတော်များ “ဆွမ်းခံရင်း ငှက်မသင့် စေနှင့်”ဟု မိန့်တော်မူကြသည်။ အသုဘကမ္မဋ္ဌာန်း လက်လွတ်သော အပြစ်ပေ တည်း။

ထိုရဟန်းသည် ကမ္မဋ္ဌာန်းလက်လွတ်ကာ အဝိဇ္ဇာနှင့် တဏှာဒဏ်ကို ပြင်းပြစွာ ခံယူရသည်ဖြစ်၍ ဆွမ်းမစားနိုင်တော့ဘဲ သပိတ်ကို ခုတင်အောက်ထိုးလိုက်ပြီးလျှင် သင်္ကန်းကို ဦးခေါင်းခြုံကာ အိပ်လေတော့သည်။

ထိုနေ့မှာပင် ညနေဘက်၌ သီရိမာသည် သေဆုံးခြင်းသို့ ရောက်လေသည်။ ဗိမ္ဗိသာရမင်းသည် သီရိမာသေဆုံးကြောင်းကို မြတ်စွာဘုရားအား လျှောက်ထား၏။ မြတ်စွာဘုရားက သီရိမာ၏ရုပ်ကလာပ်ကို မီးင်္သဂြိုဟ်ခြင်း မပြုစေနှင့်၊ သုသာန်၌ ခွေး, ကျီး, လင်းတတို့ မစားအောင် စောင့်ရှောက်ထားစေ- ဟု ဗိမ္ဗိသာရမင်းကြီးထံ မိန့်ကြားတော်မူလိုက်၏။

☠️ သီရိမာ အသုဘရှုရန် ရောက်လာကြခြင်း

လေးရက်မြောက်သောနေ့၌ သီရိမာ၏ကိုယ်သည် ညိုမဲလျက် ဖူးဖူးရောင်ကာ ၉-ပါးသော အမာဝတို့မှ သွေးပြည်ပုပ်တွေ ယိုစီးလျက်ရှိကုန်၏။ တစ်ကိုယ်လုံးသည် ကွဲအက်ပေါက်ပြဲကာ မြင်မကောင်း ရှုမကောင်း အပုပ်နံ့ တဟောင်းဟောင်း ထွက်လျက် ရှိ၏။

ထိုအချိန်၌ ဗိမ္ဗိသာရမင်းကြီးသည် မြို့တွင်းသို့ မောင်းကြေးနင်း တီးခတ်ကြော်ညာ စေ၏ “အိမ်စောင့် ကလေးသူငယ်များကိုသာ အိမ်စောင့်ချန်ထား၍ သီရိမာကို ကြည့်ရှုကြရန် သုသာန်သို့လာကြရမည်၊ မလာသူကို ငွေရှစ်ကျပ် ဒဏ်ထားမည်”ဟု ကြော်ညာစေ၏။ မြတ်စွာဘုရားအမှူးရှိသော သံဃာတော်များကိုလည်း “သီရိမာ၏ အသုဘကိုရှုရန် ကြွတော်မူပါ”ဟု ပင့်လျှောက်စေ၏။

မြတ်စွာဘုရားသည် ရဟန်းတော်တို့အား “သီရိမာ၏ အသုဘကိုရှုရန် သွားကြကုန်အံ့” ဟု ပြောကြားစေတော်မူ၏။ သီရိမာ၏ အာရုံကြောင့် ဆွမ်းမစားဘဲ သင်္ကန်းခြုံကာ အိပ်နေသော ရဟန်းသည် သီရိမာကိုကြည့်ရှုရန် သွားကြကုန်အံ့ ဟူသော စကားကိုကြားလျှင် လေးရက် ဆွမ်းမစားရသဖြင့် ဆာလောင်လျက် ရှိသော်လည်း ရုတ်ခြည်းထကာ သိုးနေသော ဆွမ်းကိုသွန်, သပိတ်ကိုဆေးကြော၍ သပိတ်အိတ်၌ ထည့်ပြီးကာလ အဖော်ရဟန်းတော် များနှင့်အတူလိုက်လေ၏။ မြတ်စွာဘုရားသည် ရဟန်းအပေါင်းခြံရံလျက် သီရိမှာအလောင်း၏ တစ်ဘက်၌ ရပ်တည်တော်မူ၏။ ဘိက္ခုနီ သံဃာများ, မင်းပရိသတ်, ဥပါသကာ, ဥပါသိကာ တို့သည်လည်း အခြားတစ်ဘက်၌ နေကြကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် ဗိမ္ဗိသာရမင်းကြီးကို “မင်းကြီး ဤသူကောင်သည် အဘယ်သူဖြစ်သနည်း”ဟု မေးတော်မူ၏။

“အရှင်ဘုရား ဤသူကောင်သည် ဇီဝက၏နှမ သီရိမာဖြစ်ပါသည်”ဟု လျှောက်၏။

“မင်းကြီး သီရိမာဖြစ်ဘိမူ ငွေတစ်ထောင်ပေး၍ သီရိမာကို ယူကြကုန်ဟု မြို့တွင်းသို့ စည်လည် ကြွေးကြော်စေလော့”ဟု မိန့်တော်မူ၏။

ဗိမ္ဗိသာရမင်းကြီးသည် မြတ်စွာဘုရား မိန့်တော်မူသည့်အတိုင်း စည်လည် ကြွေးကြော်စေ၏။ တစ်ယောက်တစ်လေမျှ သီရိမာကို ယူလိုသူ မပေါ်ချေ

တန်ဖိုးလျှော့၍ ကြွေးကြော် စေသော်လည်း ယူလိုသူမထွက်ပေ၊ တစ်ပဲနှစ်ပြားအထိ လျှော့၍ ပေးသော်လည်း ယူလိုသူ အလျဉ်းမထွက်ချေ၊ အခမဲ့ပေးတော်မူပြန် သော်လည်း မည်သူမျှမယူကြကုန်

🗣️ သီရိမာ အသုဘကောင်ပြ၍ တရားဟောခြင်း

အခမဲ့ပေးသည့်တိုင်အောင် သီရိမာကို ယူသူမရှိပါကြောင်းကို မြတ်စွာဘုရားအား လျှောက်ထားသောအခါ မြတ်စွာဘုရားသည် ဤသို့မိန့်တော်မူ၏၊ “ရဟန်းတို့ ကြည့်ကြ စမ်းလော့၊ ယခင်က လူအပေါင်းသည် နှစ်သက်မြတ်နိုးသော ဤသီရိမာကို ဤရာဇဂြိုဟ်မြို့ ၌ပင်လျှင် တစ်နေ့တွက် ပြုစုလုပ်ကျွေးဖို့ရန် ငွေတစ်ထောင် ပေးမှသာလျှင် ရကြကုန်၏။

ယခု အခါ၌မူကား အခမဲ့အလကား ပေးသည်ကိုပင် ယူမည့်သူ, ယူလိုသူမရှိ ဖြစ်ချေသည်။ ဤကဲ့သို့ ချစ်ခင်နှစ်သက် စွဲမက်ဖွယ် လှပတင့်တယ်ပါသည်ဟု ဆိုရသော ရူပကာယ ရုပ်အစုသည် ကုန်ခြင်း, ပျက်ခြင်း, ဖောက်ပြန်ခြင်း, ပုပ်သိုး ခြင်းသို့ ရောက်ရပေသည်။ ရဟန်းတို့- ကျင်နာသော သဘောရှိသော အတ္တဘောကို ရှုကြလော့”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူသည်။

ပဿ စိတ္တကတံ ဗိမ္ဗံအရုကာယံ သမုဿိတံ
အာတုရံ ဗဟုသင်္ကပ္ပံယဿ နတ္ထိ ဓုဝံ ဌိတိ

ဘိက္ခဝေ၊ ရဟန်းတို့။
စိတ္တကတံ၊ အဝတ်တန်ဆာ ပန်းနံ့သာ စသည်တို့ဖြင့် ဆန်းကြယ်စွာ ပြုပြင်ဆင်ယင် အပ်သော။
ဗိမ္ဗံ၊ ရှည်သင့်သောအရာ၌ ရှည်ခြင်းစသော အင်္ဂါ ကြီးငယ်တို့ဖြင့်တည်သော အတ္တဘောဟုဆိုအပ်သော။
သမုဿိတံ၊ သုံးရာသော အရိုးတို့ဖြင့် စိုက်ဆောက်အပ်သော။
အာတုရံ၊ အချင်းခပ်သိမ်း ကျင်နာသော။
ဗဟုသင်္ကပ္ပံ၊ လူအပေါင်းသည် သုဘအနေ တင့်တယ်လှပသော အခြင်းအရာဖြင့် များစွာကြံစည်အပ်သော။
အရုကာယံ၊ ကိုးပါးသော အဝ၏အစွမ်းဖြင့် အမာ(အနာ)ဖြစ်၍ ဖြစ်သောကိုယ်ကို။
ပဿ၊ ရှုစမ်းကြလော့။
ယဿ၊ အကြင်ကိုယ်၏။
ဓုဝံ၊ အမြဲ။
ဌိတိ၊ တည်ခြင်းသည်။
နတ္ထိ၊ မရှိပါတကား။

ဤဂါထာဒေသနာနှင့်တကွ “ကာယဝိစ္ဆိန္ဒနိက”သုတ်ကို ရဟန်းတို့အား ဆုံးမခြင်းငှာ ဟောတော်မူလေသည်။

🙈 အရေအသားဖုံးနေ၍ အသုဘမထင်မြင်

(၂) အဋ္ဌိနှာရူဟိ သံယုတ္တောတစမံသာဝလေပနော
ဆဝိယာ ကာယော ပဋိစ္ဆန္နောယထာဘူတံ န ဒိဿတိ

အဋ္ဌိနှာရူဟိ၊ သုံးရာသောအရိုး, အရိုးကိုဖွဲ့သော ကိုးရာသောအကြော, အရသာကို ဆောင်သော ခုနစ်ရာသော အကြောတို့နှင့်။
သံယုတ္တော၊ ဖွဲ့ယှက်အပ်သော။
တစမံသာဝ လေပနော၊ အဆင်းအားဖြင့် ဖြူသော ထူသောအတွင်းရေ, ကိုးရာသော အသားတစ်တို့ဖြင့် လိမ်းကျံအပ်သော။
ဆဝိယာ၊ ပါးသောအပေါ်ရေဖြင့်။
ပဋိစ္ဆန္နော၊ ဖုံးလွှမ်းအပ်သော။
ကာယော၊ ကိုယ်သည်။
တိဏပဋိစ္ဆန္န၊ မြက်ဖြင့် ဖုံးလွှမ်းအပ်သော။
ဂူထံ၊ မစင်သည်။
ယထာဘူတံ၊ ဟုတ်မှန်တိုင်း။
န ဒိဿတိ ဝိယ၊ မထင်သကဲ့သို့။
ယထာဘူတံ၊ အသုဘ အခြင်းအရာဖြင့် ဟုတ်မှန်သည့်အတိုင်း။
န ဒိဿတိ၊ မထင်ချေ။

ပကတိ ရုပ်ကောင်ကြီးသည် အရိုး, အကြော, အသား, အသွေးတို့ဖြင့် တွယ်ကပ် လိမ်းကျံ ဖွဲ့ယှက်အပ်လျက် အရေထူ အရေပါးတွေ အပေါ်ယံက ဖုံးကွယ်အုပ်ဆိုင်း ထားသည်ဖြစ်၍ အတွင်း၌ရှိသော ရွံရှာဖွယ်, စက်ဆုပ်ဖွယ်, နှလုံးနာဖွယ်, မနှစ်သက်ဖွယ် ဖြစ်သော အသုဘသဘောကို ဟုတ်မှန်သောအတိုင်း မထင်မမြင်ကြ သောကြောင့် အပေါ်ယံကိုသာ ကြည့်မြင်ကြလျက် ပုထုဇဉ် သတ္တဝါတို့သည် တွယ်တာနှစ်သက် တပ်မက်စွဲလမ်းနေကြသည်ဟု ဟောတော်မူခြင်းဖြစ်သည်။

အူမစသည့် စက်ဆုပ်ဖွယ်တို့ဖြင့် ပြည့်နေခြင်း

(၃)
အန္တပူရော ဥဒရပူရော၊ ယကနပေဠဿ ဝတ္ထိနော။
ဟဒယဿ ပပ္ဖါသဿ၊ ဝက္ကဿ ပီဟကဿ စ။

ဆဝိယာ၊ အပေါ်ရေဖြင့်။
ပဋိစ္ဆန္နော၊ ဖုံးလွှမ်းအပ်သော။
ကာယော၊ ကိုယ်သည်။
စန္ဒနာဒိပူရော၊ စန္ဒကူးနံ့သာ စသည်ဖြင့်ပြည့်သည်။
န ဟောတိ၊ မဟုတ်။
အထ ခေါ၊ စင်စစ်တမူကား။
ပရမာသုစိ၊ အလွန်အမင်း မစင်ကြယ်သော။
ဒုဂ္ဂန္ဓော၊ မကောင်းသော အနံ့ရှိသော။
ဇေဂုစ္ဆော၊ စက်ဆုပ်ဖွယ်ရှိသော။
ပဋိကူလော၊ ရွံရှာဖွယ်ရှိသော။
နိဿိရိဒကဿ နော၊ အသရေမထင်အမြင်မကောင်းသော။
အန္တပူရော၊ သွေးဖြင့်ပြည့်သောကျင်း၌ အရေကို ဆုတ်၍ ထည့်အပ်သော မြွေအခွေ ကဲ့သို့ လည်ချောင်းမှ ဝစ္စမဂ်တိုင်အောင် ကိုယ်တွင်း၌ တည်သော ၂၁-ပတ်ခွေ၍ နေသော ဖြူသောအဆင်းရှိသော အူမဖြင့် ပြည့်၏။
ဥဒရပူရော၊ အစွန်းနှစ်ဖက်ကိုကိုင်၍ ညှပ်အပ်သော စိုသောအဝတ်၏ အလယ်အဖု ကဲ့သို့ ၂၁-ပတ် ခွေသောအူမ၏ အလယ်အဖုဟုဆိုအပ်သော ၃၂-ပါးသော ပိုးမျိုး တို့၏တည်ရာ အစာသစ်အိမ်၌ တည်သော ခွေးစားကျင်း၌ အန်ဖတ်ကဲ့သို့သော မျိုအပ်သော အစာသစ်ဖြင့်ပြည့်၏။
ယကနပေဠဿ၊ သားမြတ်နှစ်ခုတို့၏အတွင်း၌ လက်ယာနံပါးကို မှီ၍တည်လျက် ကသစ်ရွက်နှင့် သဏ္ဌာန်တူသော ဖျော့တော့သော နီသော အဆင်းရှိသော အသည်းဖြင့်။
ပူရော၊ ပြည့်၏။
ဝတ္ထိနော၊ တန်စီးတွင်း၌ မှောက်ခုံဖြစ်သော အဝကျဉ်းသော အိုးတွင်း၌ဝင်သော တန်စီးရည်ကဲ့သို့ စည်ပေါင်းအတွင်း၌ တည်သော ပဲကြီးပြာရည် အဆင်းရှိသော ကျင်ငယ်ဖြင့်။
ပူရော၊ ပြည့်၏။
ဟဒယဿ၊ သားမြတ်နှစ်ခုတို့၏ အလယ်ကိုယ်အတွင်း ရင်ချိုင့်နှစ်ခုတို့၏ အကြား၌ တွဲလျားဦးစောက် တည်သော အပေါ်ဖတ်ကို ခွာ၍ပစ်အပ်သော ပဒုမာကြာငုံတမျှ အပကား ပြေပြစ်သန့်ရှင်း, အတွင်းကား သဖွတ်ခါးအူသဖွယ်, အလယ်၌ ပုန်းညက်စေ့လောက် သောအတွင်း၌ စရိုက်နှင့်အညီ အရောင်ထင်သော မနောဓာတ်, မနောဝိညာဏဓာတ် တို့၏မှီရာ ဟဒယဝတ္ထုရုပ် တည်သော တစ်လက်ဖက်မျှလောက်သော နှလုံးသွေးရှိသော နှလုံးခွံသားဖြင့်။
ပူရော၊ ပြည့်၏။
ပပ္ဖါသဿ၊ အညှို့နှလုံးကို ဖုံး၍တည်လျက် မုန့်ယှက်ပြတ် သဏ္ဌာန် နီသောအဆင်း ရှိသော ၃၂-ခုသော အသားလွှာ တည်းဟူသော ကုလားအုံးဆောင်းထပ်ဟု ဆိုအပ်သော အဆုတ်ဖြင့်။
ပူရာ၊ ပြည့်၏။
ဝက္ကဿ၊ ရေမျိုမှသက်သော အကြော၏အဆုံး နှလုံးသားကို ခြံရံ၍တည်လျက် သရက်သီးပြွတ်နှင့် သဏ္ဌာန်တူသော စဉ်းငယ်နီသော အဆင်းရှိသော အသားစိုင် နှစ်ခုဟု ဆိုအပ်သော အချို့ဖြင့်။
ပူရော၊ ပြည့်၏။
ပိဟကဿ စ၊ နှလုံးသား၏ လက်ဝဲနံပါး၌ တည်လျက် လက်ခုနစ်သစ်ခန့်မျှ နွားလျှာဖျားသဏ္ဌာန် ညိုသော အဆင်းရှိသော ဝမ်းလျာသရက်ရွက်ဟု ဆိုအပ်သော အသားဖြင့်။
ပူရော၊ ပြည့်၏။

ဤဂါထာ၏အဓိပ္ပာယ်မှာ အနက်အတိုင်းပင် ပေါ်လွင်ထင်ရှားလေပြီ။ နိုင်ငံကျော် ဆရာတော်ကြီး ဦးဗုဓ် ရေးသားခဲ့သော နိဿယအနက် ဖြစ်သည်။

ရူပကာယခန္ဓာကိုယ်တွင်း၌ စန္ဒကူးနံ့သာစသော မွှေးကြိုင်သန့်ရှင်း ကောင်းမွန်သော အရာဝတ္ထုများ ရှိသည် မဟုတ်၊ အူမကြီး, အစာသစ်အိမ်, အသည်း, ကျင်ငယ်, နှလုံးသားအခွံ, အဆုတ်, အညှို့, သရက်ရွက်တည်းဟူသော စက်ဆုပ်ရွံရှာဖွယ် တို့ဖြင့်သာ ပြည့်သောကိုယ်ဖြစ်သည်ဟု ဟောတော်မူသည်။

နှပ်စသည့် စက်ဆုပ်ဖွယ်တို့ဖြင့် ပြည့်နေခြင်း

(၄)
သိင်္ဃာဏိကာယ ခေဠဿ၊ သေဒဿ စ မေဒဿ စ။
လောဟိတဿ လသိကာယ၊ ပိတ္တဿ စ ဝသာယ စ။

သိင်္ဃာဏိကာယ၊ ဦးနှောက်မှ ယိုစီးသော အာပေါဓာတ်တည်းဟူသောနှပ်ဖြင့်။
ပူရော၊ ပြည့်၏။
ခေဠဿ၊ အာပေါဓာတ်တည်းဟူသော တံတွေးဖြင့်။
ပူရော၊ ပြည့်၏။
သေဒဿ စ၊ မွေးညင်းပေါက်တို့မှထွက်သော ချွေးဖြင့်လည်း။
ပူရော၊ ပြည့်၏။
မေဒဿ စ၊ ဝါသောအဆင်းရှိသော အဆီခဲဖြင့်လည်း။
ပူရော၊ ပြည့်၏။
လောဟိတဿ စ၊ သွေးတို့ ဖြင့်လည်း။
ပူရော၊ ပြည့်၏။
လသိကာယ စ၊ အစေးဖြင့်လည်း။
ပူရော၊ ပြည့်၏။
ပိတ္တဿစ၊ ဗဒ္ဓသည်းခြေ, အဗဒ္ဓသည်းခြေ ၂-မျိုးဖြင့်လည်း။
ပူရော၊ ပြည့်၏။
ဝသာယ စ၊ အုန်းဆီ အဆင်းနှင့်တူသော ဆီကြည်ဖြင့်လည်း။
ပူရော၊ ပြည့်၏။

ရူပကာယ - ရုပ်ခန္ဓာအိမ်ကြီးအတွင်း၌ အူမ, အစာသစ်အိမ် စသည်တို့သာရှိသည် မဟုတ်သေးချေ၊ နှပ်, တံတွေး, ချွေး, အဆီခဲ, သွေး, အစေး, သည်းခြေ, ဆီကြည် တို့သည်လည်း ရှိကုန်၏၊ ပြည့်ကုန်၏ ဟု ဟောတော်မူသည်။

လေးခုမြောက်သော ဒေသနာ ဂါထာဖြင့် ကိုယ်တွင်း၌တည်သော စက်ဆုပ် ရွံရှာဖွယ် ကောဋ္ဌာသ ရုပ်အစုတို့ကို ပြတော်မူပြီးနောက် ကိုယ်တွင်းမှ ပြင်ပသို့ထွက်ကျ ယိုစီးသော ရွံရှာဖွယ်တို့ကို ညွှန်ပြတော် မူလိုသည်ဖြစ်၍ ငါးခုမြောက်, ခြောက်ခုမြောက် ဂါထာတို့ကို ဆက်လက်၍ ဟောတော်မူသည်။

အမာဝ ၉-ပေါက်မှ စက်ဆုပ်ဖွယ်ယိုစီးခြင်း

(၅)
အထဿ နဝ သောတေဟိ၊ အသုစိ သဝတိ သဗ္ဗဒါ။
အက္ခိမှာ အက္ခိဂူထကော၊ ကဏ္ဏမှာ ကဏ္ဏဂူထကော။

(၆)
သိင်္ဃာဏိကာ စ နာသတော၊ မုခေန ဝမတိ ဧကဒါ။
ပိတ္တံ သေမှဉ္စ ဝမတိ၊ ကာယမှာ သေဒဇလ္လိကာ။

အထ၊ ထိုမှတစ်ပါး။
အဿ ကာယဿ၊ ဤကိုယ်၏။
နဝ သောတေဟိ၊ မျက်စိစသော ကိုးပါးသော အဝတို့မှ။
အသုစိ၊ မသန့်ရှင်း မစင်ကြယ်သော အရာဝတ္ထုသည်။
သဗ္ဗဒါ၊ အချင်းခပ်သိမ်း။
သဝတိ၊ ယိုစီး၏။
ကိံ သဝတိ၊ အဘယ်သို့ယိုစီးသနည်း။
အက္ခိမှာ၊ မျက်စိပေါက် နှစ်ဖက်မှ။
အက္ခိဂူထကော၊ မျက်ဝတ်မျက်ချေးသည်။
သဝတိ၊ ယိုထွက်၏။
ကဏ္ဏမှာ၊ နားပေါက်နှစ်ဖက်မှ။
ကဏ္ဏဂူထံကော၊ နဖာချေးသည်။
သဝတိ၊ ယိုထွက်၏။

သိင်္ဃာဏိကာ စ၊ နှပ်သည်မူကား။
ဧကဒါ၊ ရံခါ။
နာသဘော၊ နှာခေါင်းပေါက်မှ။
သဝတိ၊ ယိုကျ၏။
ဧကဒါ၊ ရံခါ။
မုခေန၊ ခံတွင်းဖြင့်။
ဝမတိ၊ ယိုထွက်၏။
ပိတ္တံ စ၊ ဗဒ္ဓသည်းခြေ, အဗဒ္ဓသည်းခြေသည် လည်းကောင်း။
သေမှဉ္စ၊ သလိပ်သည် လည်းကောင်း။
ဧကဒါ၊ ရံခါ။
မုခေန၊ ခံတွင်းပေါက်ဖြင့်။
ဝမတိ၊ ယိုထွက်၏။
ကာယမှာ၊ တစ်ကိုယ်လုံးမှ။
သေဒဇလ္လိကာ၊ ချွေးဆားမြူ အညစ်အကြေးသည်။
ဧကဒါ၊ ရံခါ။
ဝမတိ၊ ယိုထွက်၏။

ကိုးပါးသော အမာဝဟူသော အပေါက်တို့မှ ရွံရှာစက်ဆုပ်ဖွယ်ရှိသော နှပ်, မျက်ချေး စသောအရာဝတ္ထုတို့သည် အခါခပ်သိမ်း ယိုစီးထွက်ကျသည်ဟု သင်္ချာကိုထုတ်ပြ တော်မူပြီးနောက် သရုပ်သင်္ချေကိုကား မျက်စိပေါက်-၂၊ နားပေါက်−၂၊ နှာခေါင်းပေါက်- ၂၊ ခံတွင်းပေါက်-၁ အားဖြင့် ဒွါရခုနစ်ပေါက်ကိုသာ ပြတော်မူသည်၊

ကျင်ကြီးပေါက်, ကျင်ငယ်ပေါက်တို့ကို သရုပ်အားဖြင့် ထုတ်တော်မမူပေ။ ယင်းသို့ ကျင်ကြီး ကျင်ငယ်ပေါက် တို့ကို သရုပ်အားဖြင့်မထုတ်ခြင်းသည် မြတ်စွာဘုရားသည် ဟောတော်မူသင့်သောကာလနှင့် ပရိသတ်ကို သိတော်မူသည်ဖြစ်၍ ဒွါရ ၂-ပါးကို ခြွင်းချန်ကာ မဟောခြင်း ဖြစ်သည်။

သို့သော် ပရိယာယ်အားဖြင့်ကား “ကာယမှာ သေဒဇလ္လိကာ” ဟူ၍ တစ်ကိုယ်လုံးမှ ချွေးစသော အညစ်အကြေးတို့ ထွက်ကျ ယိုစီးသည်ကို သိမ်းသွင်း၍ ဟောတော်မူသည် ဟု အဋ္ဌကထာ၌ ရှင်းလင်းပြဆိုသည်။

ကိုးပါးသောအမာဝတို့မှ မျက်ချေးစသော အညစ်အကြေးတို့ ထွက်ကျယိုစီးသည်မှာ ထမင်းချက်သောအခါ ဆန်မှဖြစ်သော အညစ်အကြေး, ရေမှဖြစ်သော အညစ် အကြေးတို့သည် အမြှုပ်နှင့်တကွရော၍ အိုးဝသို့တက်ကာ ထမင်းအိုးမျက်နှာဝကို လိမ်းကျံ၍ အပြင်အပသို့ လျှောကျဘိသကဲ့သို့၊

ထို့အတူ လူတို့စားသောက်အပ်သော အစားအစာကို ကမ္မဇတေဇော ဓာတ်မီးဖြင့် ချက်အပ်သည်ဖြစ်၍ ထိုအစာ၏ အညစ်အကြေးတို့သည် မျက်စိစသော အပေါက် ရှိရာသို့ တက်ပြီးလျှင် မျက်ဝတ်မျက်ချေးအဖြစ်ဖြင့် အပြင်ပသို့ ယိုကျစီးဆင်းသည်ကို ပြဆိုဟောကြားတော်မူပြီးကာလ လောကလူတို့၌ ကိုယ်အင်္ဂါအစိတ် အပိုင်းတို့တွင် အမြတ်ဆုံးအဖြစ်ဖြင့်ထားသော ဦးခေါင်းအတွင်း၌ပင်လျှင် နှစ်သက်မြတ်နိုး ဖွယ်ရာ, လိုချင်တောင့်တဖွယ်ရာ ဝတ္ထုပစ္စည်းဟူ၍မရှိ။ ထိုဦးခေါင်းအတွင်း၌ အနှစ်သာရ ဟူ၍ မရှိသည်ကို ဟောပြတော်မူခြင်းငှာ ခုနစ်ခုမြောက်ဂါထာကို ဟောတော်မူသည်။

အဝိဇ္ဇာဖုံးအုပ်နေ၍ အသုဘမထင်မြင်

(၇)
အထဿ သုသိရံ သီသံ၊ မတ္ထလုင်္ဂဿ ပူရိတံ။
သုဘတော မညတိ ဗာလော၊ အဝိဇ္ဇာယ ပုရက္ခတော။

အထ၊ ထိုမှတစ်ပါး။
အဿ ကာယဿ၊ ထိုကိုယ်၏။
သုသိရံ၊ အခေါင်းရှိသော။
သီသံ၊ ဦးခေါင်းသည်။
မတ္ထလုင်္ဂဿ၊ မုန့်ညက်အစိုင်အတူ ဖြူသော ဦးနှောက်ဖြင့်။
ပူရိတံ၊ ပြည့်၏။
ဗာလော၊ ပုထုဇဉ်လူမိုက်သည်။
နံ ကာယံ၊ အပုပ်အတိပြည့်သော ထိုကိုယ်ကို။
သုဘတော၊ တင့်တယ်သောအားဖြင့်။
ဝါ၊ ငါ့ကိုယ်သည်လှပတင့်တယ် ပေ၏ဟူ၍။
မညတိ၊ တဏှာ, မာန, ဒိဋ္ဌိဖြင့် မှတ်ထင်အောက်မေ့၏။
ကသ္မာ၊ အဘယ့်ကြောင့်နည်း ဟူမူကား။
အဝိဇ္ဇာယ၊ အသုဘ စသည်ကို ဖုံးလွှမ်းတတ်သော အဝိဇ္ဇာဖြင့်။
ပုရက္ခတော- ပုရက္ခတတ္တာ၊ ဖုံးလွှမ်း ပိတ်ပင်အပ်သောကြောင့်တည်း။

ခုနစ်ဂါထာတိုင်အောင်သော ဒေသနာတော်ဖြင့် သက်ရှိ သဝိညာဏက အသုဘ ဖြစ်ပုံကို ဟောပြတော်မူပြီး၍ ယခုအခါ သက်မဲ့ အဝိညာဏက ဖြစ်သော အသုဘ ဖြစ်ပုံကို ပြတော်မူလိုသော မြတ်စွာဘုရားသည် (၈)အမှတ် ဂါထာ ဒေသနာတော်ကို ဆက်၍ ဟောတော်မူသည်။

သေပြီးကာလ စွန့်ပစ်ခံရ ကိုယ်ကာယ

(၈)
ယဒါ စ သော မတော် သေတိ၊
ဥဒ္ဓုမာတော ဝိနီလကော။
အပဝိဒ္ဓေါ သုသာနသ္မိံ၊
အနပေက္ခာ ဟောန္တိ ဉာတယော။

ယဒါ စ၊ အကြင်အခါ၌ကား။
သော ကာယော၊ ထိုကိုယ်သည်။
အာယုဥသ္မာ-ဝိညာဏပဂမေန၊ ရုပ်နာမ်ဇီဝိတ, ကမ္မဇတေဇော, ဝိညာဏ်တို့ ကင်းသဖြင့်။
မတော၊ သေသည်ဖြစ်၍။
ဥဒ္ဓုမာတော၊ ဖူးဖူးရောင်လျက်။
ဝိနီလကော၊ ညိုမဲသောအဆင်းရှိသည် ဖြစ်၍။
သုသာနသ္မိံ၊ သုသာန်အရပ်၌။
အပဝိဒ္ဓေါ၊ စွန့်ပစ်အပ်သည်ဖြစ်၍။
သေတိ၊ အိပ်၏။
တဒါ၊ ထိုအခါ၌။
ဉာတယော၊ မသေမီ အသက်ရှင်စဉ်အခါက ချစ်လှပါသည် ဆိုသော ဆွေမျိုး တို့သည်။
အနပေက္ခော၊ အချစ်ပျက်၍ ငဲ့ကွက်ခြင်း ကင်းကြကုန်သည်။
ဟောန္တိ၊ ဖြစ်ကြပေကုန်တော့သတည်း။

ဤဒေသနာဂါထာ၌ --
မတော - ဟူသောပုဒ်ဖြင့် မမြဲသော အနိစ္စသဘောကိုပြ၏။
သေတိ - ဖြင့် သူသေကောင်၌ အားထုတ်ခြင်း ကင်းသည်၏ အဖြစ်ကိုပြ၏။
ထိုနှစ်ပုဒ်ဖြင့် အသက်ရှင်ခြင်း၌ မာန်ထောင်ခြင်းဟူသော ယစ်ခြင်း၌ ပယ်ခြင်းကို ယှဉ်စေ၏။

ဥဒ္ဓုမာတော - ဟူသောပုဒ်ဖြင့် ရုပ်သဏ္ဌာန် ပျက်စီးခြင်းကိုပြ၏။
ဝိနီလကော- ပုဒ်ဖြင့် အရည်အဆင်း ပျက်စီးခြင်းကိုပြ၏။
ထိုနှစ်ပုဒ်ဖြင့် အဆင်း၌မာန်ယစ်ခြင်းကို ပယ်သဖြင့် ကိုယ်အဆင်းကို အကြောင်းပြု၍ ဖြစ်သောမာန်ကို ပယ်ခြင်း၌ယှဉ်စေ၏။

အပဝိဒ္ဓေါ-ဟူသောပုဒ်ဖြင့် သူသေကောင်၌ ယူချင်စဖွယ်မရှိသည်၏ အဖြစ်ကို ပြ၏။
သုသာနသ္မိံ - ပုဒ်ဖြင့် အိမ်တွင်း၌သိုမှီးသိမ်းဆည်းထားခြင်းငှာ မထိုက်၊ စက်ဆုပ် ရွံရှာဖွယ်၏ အဖြစ်ကိုပြ၏။
ထိုနှစ်ပုဒ်ဖြင့် ငါ့ကိုယ်ဟူသော စွဲလမ်းခြင်း, တင့်တယ်သည် ဟူသော သုဘအမှတ် သညာကို ပယ်ခြင်း၌ ယှဉ်စေ၏။

အနပေက္ခာ ဟောန္တိ ဉာတယော - ဖြင့် အသက်ရှင်စဉ် အခါက မိမိကို ချစ်ခင် မြတ်နိုးကုန်သော ဆွေမျိုးဉာတိတို့၏ ချစ်ခင်မြတ်နိုးခြင်းမရှိတော့သည်ကိုပြ၏။
ယင်းသို့ပြသဖြင့် အသက်ရှင်စဉ် အခါက ဆွေမျိုးဉာတိ, မိတ်ဆွေသင်္ဂဟ တည်းဟူသော အခြံအရံ ပရိသတ်ဖြင့် မာန်ယစ် ထောင်လွှားခြင်း၌ ယစ်ခြင်းကို ပယ်ခြင်း၌ ယှဉ်စေ၏။

ဤဂါထာဒေသနာတော်ဖြင့် --
ငါအသက်ရှင်နေသည်, ငါအသက်ရှင်သည်စသည်ဖြင့် ဇီဝိတမဒ- မာန်တက်ခြင်းကို ပယ်တော်မူစေသည်။
အဆင်းနှင့်စပ်သော ဝဏ္ဏ- မဒ-မာန်တက်ခြင်းကိုလည်းပယ်တော်မူစေသည်။
လှပတင့်တယ်သည် ဟူသော သုဘ သညာကိုလည်း ပယ်တော်မူစေသည်။
အခြွေအရံပရိသတ်ကို အကြောင်းပြု၍ အသိုင်းအဝိုင်း မာန်တက်ခြင်းကိုလည်း ပယ်တော်မူစေသည်။

မြတ်စွာဘုရား ဟောကြားတော်မူသော တရားတော်ကို ရိုသေလေးစားစွာ ကြားနာသော ပုဂ္ဂိုလ်ဖြစ်လျှင် ဟောတော်မူသောတရားတော်ကို အစဉ်လိုက်လျက် ဉာဏ်ယှဉ်ကာ နာယူခြင်းဖြင့် ဉာဏ်အဆင့်ဆင့် တက်၍ အဇ္ဈတ္တဖြစ်သော မိမိကိုယ်၌လည်းကောင်း, ဗဟိဒ္ဓဖြစ်သော သူတစ်ပါးကိုယ်၌လည်းကောင်း. ကိုယ်၏ သဘောမှန်အတိုင်းကိုမြင်၍ ကိုယ် ဟူသော လောကကြီး၌ တစ်စတစ်စ ငြီးငွေ့ကာ စက်ဆုပ်ရွံရှာမုန်းတီး၍ တပ်မက်ခြင်း တဏှာလောဘ ခေါင်းပါးအားနည်းလျက် သံဝေဂဉာဏ် ဖြစ်လာကြပေလိမ့်မည်။ နိဗ္ဗိန္ဒ ဉာဏ်တွေ ဖြစ်ပေါ်လာကြပေ လိမ့်မည်မှာ မလွဲနိုင်ဟု ဆိုအပ်ပေသည်။

(၈) အမှတ်ဂါထာ ဒေသနာတော်ဖြင့် အကောင်မပျက်သေးသော အဝိညာဏက သက်မဲ့အသုဘအခြင်းအရာကို ပြတော်မူပြီး၍ ယခုအခါ၌ အကောင်ပျက်ပြီးသော အသုဘ အဝိညာဏက အခြင်းအရာကို ပြတော်မူလိုသည်ဖြစ်၍ ကိုးခုမြောက်သော ဂါထာဒေသနာ တော်ကို ဆက်လက်ဟောတော်မူသည်။

သေပြီးသည်နောက် ပိုးလောက်အစာ ကိုယ်ခန္ဓာ

(၉)
ခါဒန္တိ နံ သုဝါနာစ၊ သိင်္ဂါလာ စ ဓင်္ကာကိမီ။
ကာကာ ဂိဇ္ဈာ စ ခါဒန္တိ၊ ယေ စညေ သန္တိ ပါဏိနော။

နံ ကာယံ၊ သုသာန်၌ပစ်အပ်သော ထိုသူသေကောင်ကို။
သုဝါနာ စ၊ အိမ်ခွေးတို့ သည်လည်းကောင်း။
သိင်္ဂါလာ စ၊ မြေခွေးတို့သည်လည်းကောင်း။
ဓင်္ကာ စ၊ ဘုံမတီးငှက်တို့သည်လည်းကောင်း။
ကိမီ စ၊ ပိုးလောက်တို့သည်လည်းကောင်း။
ခါဒန္တိ၊ ကိုက်ခဲစားသောက် ကြကုန်၏။
ကာကာ စ၊ ကျီးတို့သည် လည်းကောင်း။
ဂိဇ္ဈာ စ၊ လင်းတတို့သည်လည်းကောင်း။
ခါဒန္တိ၊ ကိုက်ခဲ စားသောက်ကြကုန်၏။
အညေ၊ ပြဆိုအပ်ခဲ့ပြီးသည်မှ တစ်ပါးကုန်သော။
ယေ စ ပါဏိနော၊ အသားစားသော သစ်, ကျား, သိန်း, စွန်စသော အကြင် သတ္တဝါတို့သည်။
သန္တိ၊ ရှိကုန်၏။
တေ စ ပါဏိနော၊ ထိုသတ္တဝါတို့သည်လည်း။
ခါဒန္တိ၊ ကိုက်ခဲစားသောက်ကြကုန်၏။

စရံဝါ ယဒိ ဝါတိဋ္ဌံ - စသော အစအဦး ဂါထာဒေသနာတော်ဖြင့် သုညတကမ္မဋ္ဌာန်းကို ဟောပြတော်မူသည်။

အဋ္ဌိနှာရူဟိ သံယုတ္တော - စသော ဒေသနာတော်ဖြင့် သဝိညာဏက အသုဘ ကမ္မဋ္ဌာန်းကို ဟောပြတော်မူသည်။

ယဒါ စ သော မတော သေတိ - စသော ဒေသနာတော်ဖြင့် အဝိညာဏကအသုဘ ကမ္မဋ္ဌာန်းကို ဟောပြတော်မူသည်။

ထိုနောက် ဤသို့ပင် နိစ္စ, သုဘ, သုခ, အတ္တအဖြစ်မှ ဆိတ်သုဉ်းကာ စင်စစ် အသုဘမျှသာဖြစ်သော ကိုယ်၌ အဝိဇ္ဇာဖုံးလွှမ်းအပ်သော သူမိုက်သည် သုဘဟူ၍ မှတ်ထင်အောက်မေ့ဘိ၏ဟု သူမိုက်၏ ဖြစ်ခြင်းကိုပြခဲ့၏။ အဝိဇ္ဇာလျှင် ဦးခေါင်း ရှိသော ဝဋ်ကိုလည်းပြခဲ့၏။

ယခုအခါ နိစ္စ, သုခ, သုဘ, အတ္တမှဆိတ်သော သဝိညာဏက, အဝိညာဏက သက်ရှိသက်မဲ့ အသုဘဖြစ်သော ရူပကာယရုပ်ကောင်ကြီး၌ ပညာရှိပုဂ္ဂိုလ်၏ ဉာဏ်အမြင်ရှိခြင်းကို. အရင်းပြုသဖြင့် ဝိဝဋ္ဋကို ဝါ-သံသရာဝဋ် ကင်းသည်ကို ဟောပြတော်မူခြင်းငှာ သုတွာန- စသည်ဖြင့် ဆက်လက် မိန့်ကြားတော်မူသည်။

ဤသုတ်ကို နာကြား၍ ဝိပဿနာပွားလျှင် အမှန်ကိုမြင်

(၁၀)
သုတွာန ဗုဒ္ဓဝစနံ၊ ဘိက္ခု ပညာဏဝါ ဣဓ။
သော ခေါ နံ ပရိဇာနာတိ၊ ယထာဘူတဉှိ ပဿတိ။

ဣဓ၊ ဤငါဘုရားသာသနာတော်၌။
ဗုဒ္ဓဝစနံ၊ မြတ်စွာဘုရား၏ စကားတော် ဖြစ်သော ကာယဝိစ္ဆိန္ဒနိကသုတ် ဒေသနာ တော်ကို။
သုတွာန၊ ကြားနာရသည်ဖြစ်၍။
ပညာဏဝါ၊ အနိစ္စစသည်၌ဖြစ်သော ဝိပဿနာပညာရှိသော။
သော ဘိက္ခု၊ ထိုရဟန်းသည်။
နံ ကာယံ၊ သုညတစသည်အပြားရှိသော ထိုကိုယ်ကို။
ပရိဇာနာတိ၊ ဉာတ, တီရဏ, ပဟာန ပရိညာ ဟူသော ပရိညာသုံးပါးတို့ဖြင့် ပိုင်းခြား၍ သိ၏။
ကသ္မာ၊ အဘယ်ကြောင့် ပရိညာ သုံးပါးတို့ဖြင့် ပိုင်းခြား၍သိသနည်းဟူမူကား။
နံ ကာယံ၊ သုညတစသည် အပြားရှိသော ထိုကိုယ်ကို။
ယထာဘူတံ၊ ဟုတ်မှန်သောအတိုင်း။
ဟိ ယသ္မာ၊ အကြွင်ကြောင့်။
ပဿတိ၊ သိမြင်၏။
တသ္မာ၊ ထို့ကြောင့်။
ပရိဇာနာတိ၊ ပရိညာသုံးပါးတို့ဖြင့် ပိုင်းခြား၍သိ၏။

မိန်းမ, ယောက်ျား စသည်ဖြင့် ပညတ်တင်စား၍ အထင်မှတ်မှားနေကြသော ဤ ရူပကာယသည် စင်စစ်အားဖြင့် ဆံပင်, မွေးညင်း, အရိုး, အကြော, အသား, အသွေး စသော ရုပ်အစု အသုဘတို့ပါတကား- ဟု ပညာမျက်စိဖြင့် ကြည့်ရှုသော ယောဂီသည် ဉာတပရိညာဖြင့် သိမြင်သည်မည်၏။

ထိုရုပ်အစု အသုဘဖြစ်သော ကိုယ်သည် အမှန်အားဖြင့် မမြဲသောသဘော (အနိစ္စ), မမြဲသောဘေးကြောင့် ဆင်းရဲသောသဘော (ဒုက္ခ), အလိုသို့မပါ မပိုင်မနိုင်သော အနတ္တ သဘော ရှိသော ပရမတ္ထရုပ်တရားတို့သာ ပါတကား- ဟု ရှုမြင်သောယောဂီသည် တီရဏပရိညာ ဖြင့် မြင်သည်မည်၏။

တီရဏပရိညာဖြင့် အနိစ္စ, ဒုက္ခ, အနတ္တ သဘောမြင်အောင် ရှုသည်ရှိသော် ယင်း ရုပ်အစု အသုဘကိုယ်ကောင်၌ တပ်မက်နှစ်သက်တွယ်တာခြင်း သဘောရှိသော ဆန္ဒရာဂကို အရိယမဂ်ဉာဏ်ဖြင့် ပယ်သတ်အပ်သောယောဂီသည် ဝါ-အရိယာသည် ပဟာနပရိညာဖြင့်သိမြင်သည်မည်၏။

အရိယာအမြင်ဖြင့် မမြင်သေးသော ယောဂီသည်လည်း တဒင်္ဂအားဖြင့် ပဟာနပရိညာ ဉာဏ်အမြင်ဖြင့် သိမြင်သည်မည်၏။

ဉာဏ် ၃-ပါးဖြင့် မြင်ခြင်း

တစ်နည်းအားဖြင့် အသုဘစင်စစ်ဖြစ်သော အရိုး, အကြော, အသား အပေါင်းအစု ဖြစ်သောကိုယ်ကို မှန်ကန်သောအတိုင်း အရိုး အကြော အသားစသော ပရမတ္ထရုပ်အစု မျှသာ ဖြစ်ပါတကား- ဟု မြင်သော ယောဂီသည် သစ္စဉာဏ်ဖြင့် မြင်သည်မည်၏။

ကောဋ္ဌာသတို့၏ အစုအပေါင်းဖြစ်သော ဤကိုယ်သည် မမြဲသောသဘော, ဆင်းရဲခြင်းသဘော, အနှစ်အသားဟူ၍ မရှိသော သဘောရှိပါတကား” ဟု ဆင်ခြင်သော၊ ဝါ-မြင်သော ယောဂီသည် ကိစ္စဉာဏ်ဖြင့် မြင်သည်မည်၏။

ဤကဲ့သို့ ပရိညာသုံးပါး, ဉာဏ်သုံးပါးတို့ဖြင့် မြင်ရန်မှာ မြတ်စွာဘုရားထံတော်မှ လမ်းညွှန်နည်းပြ တရားစကားတော်ကို ကြားနာရမှုမရှိပါက လူတိုင်း၌ ထင်ရှားရှိ ထင်ရှားမြင်တွေ့နေသော ရုပ်ကိုယ်ကြီးပင် ဖြစ်လျက် ပရိညာသုံးပါးဖြင့် အလို အလျောက် မိမိဘာသာ သိမြင်နိုင်ကြမည် မဟုတ်သောကြောင့် သုတွာန ဗုဒ္ဓဝစနံ-ဟူသော ဂါထာ ဒေသနာတော်ကို ဟောတော်မူလေသည်။

တစ်နည်းမှာ သံသရာမှ လွတ်ရေးကို ရှေးရှု၍ ကမ္မဋ္ဌာန်းတရားကို အားထုတ်သော ယောဂီသည် ဘိက္ခု မည်သင့်သောကြောင့်လည်းကောင်း ဘိက္ခုဟူ၍ခေါ်ကာ သုံးစွဲကာ ဟောတော်မူခြင်းဖြစ်သည်။

အဋ္ဌကထာဆရာ၏ အလိုအားဖြင့် ကာယဝိစ္ဆန္ဒနိကသုတ္တန် ဒေသနာတော်ကို နန္ဒာထေရီကို လည်းကောင်း, အညတရ ရဟန်းကိုလည်းကောင်း အကြောင်းပြု၍ ဟောတော်မူသည်ဖြစ်သောကြောင့် ဘိက္ခု- ဟူ၍ သုံးတော်မူခြင်း ဖြစ်သည်ဟု ဆိုသည်။

သံသရာဘေးကို ရှုလေ့ရှိသောယောဂီဟူသမျှကို သဒ္ဒါနည်းအားဖြင့် ဘိက္ခု- ဟူ၍ သုံးတော်မူခြင်းဖြစ်သောကြောင့် သင့်လျော်သည်ချည်းပင်ဖြစ်ပေသည်။

သိပြီးကျင့်မှ ဆန္ဒရာဂကို စွန့်နိုင်

နန္ဒာထေရီနှင့် အညတရ ရဟန်းတို့သည်၊ တစ်နည်း - ယောဂီပုဂ္ဂိုလ်တို့သည် အဘယ့်ကြောင့် ပရိညာသုံးပါးတို့ဖြင့် ဟုတ်မှန်သောအတိုင်း ပိုင်းခြား၍ သိကြလေ သနည်း-ဟု လျှောက်ထားဖွယ်ရှိ၍-

(၁၁)
ယထာ ဣဒံ တထာ ဧတံ၊ ယထာ ဧတံ တထာ ဣဒံ။
အဇ္ဈတ္တဉ္စ ဗဟိဒ္ဓါ စ၊ ကာယေ ဆန္ဒ ဝိရာဇယေ။

ဟု မိန့်တော်မူသည်။

ဣဒံ သဝိညာဏကာသုဘုံ၊ ဤအသက်ရှိ အသုဘကောင်သည်။
အာယုဥသ္မာ- ဝိညာဏာနုပဂမာ၊ ရုပ်နာမ် ဇီဝိတ, ကမ္မဇတေဇော, ဝိညာဏ်တို့၏ မကင်းခြင်းကြောင့်။
စရတိ တိဋ္ဌတိ နိသီဒတိ သယတိ ယထာ၊ သွားမှု, ရပ်မှု, ထိုင်မှု, အိပ်မှု ဖြစ်သကဲ့သို့။
တထာ၊ ထို့အတူ။
ဧတံ ဧတရဟိ သုသာနသယိတမ္ပိ၊ ယခု သုသာန်၌ အိပ်သည်ဖြစ်၍ တုံးလုံးပက်လက် လဲနေသော အသက်မဲ့ရုပ်ကောင်သည်လည်း။
ပုဗ္ဗေ၊ မသေမီ ရှေးအခါ၌။
တေသံ ဓမ္မာနံ၊ ထိုရုပ်နာမ်ဇီဝိတ, ကမ္မဇတေဇော, ဝိညာဏ်တို့၏။
အနုပဂမာ၊ မကင်းခြင်း မချုပ်ခြင်းကြောင့်။
စရဏာဒိ၊ သွားခြင်းစသည်သည်။
အဟောသိ၊ ဖြစ်ဖူးခဲ့လေပြီ။
ဧတံ ဧတရဟိ မတသရီရံ၊ ယခုသေသော ထိုရုပ်ကောင်သည်။
တေသံ ဓမ္မာနံ၊ ထိုရုပ်နာမ် ဇီဝိတ, ကမ္မဇတေဇော, ဝိညာဏ်တို့၏။
အပဂမာ၊ ချုပ်စဲ ပြတ်ကင်းခြင်းကြောင့်။
န စရဏာဒိယထာ၊ သွား, ရပ်, ထိုင်, လျောင်းခြင်းကို မပြု သကဲ့သို့။
တထာ၊ ထို့အတူ။
ဣဒံ သဝိညာဏကမ္ပိ- ဤအသက်ရှိသော ရုပ်ကောင် သည်လည်း။
တေသံ ဓမ္မာနံ၊ ထိုဇီဝိတစသော တရားတို့၏။
အပဂမေ၊ ကင်းပြတ်ချုပ်ငြိမ်း သည်ရှိသော်။
စရဏာဒိ၊ သွားခြင်းစသည်လည်း။
နဘဝိဿတိ၊ မဖြစ်ပေတော့လတ္တံ့။

အထက်ပါဂါထာ၏ ပုဗ္ဗဍ္ဎဖြစ်သော ရှေ့နှစ်ပါဒတွင် ပထမပါဒဖြင့် ယောဂီပုဂ္ဂိုလ်သည် မိမိနှင့် သေသောရုပ်ကောင်ကို သဘာဝချင်း တူသည်ကိုပြုသဖြင့် အပဗဟိဒ္ဓ ကိုယ်၌ စွဲ၍ဖြစ်သော ဒေါသကိလေသာကိုပယ်၏။

ဒုတိယပါဒဖြင့် သေသောရုပ်ကောင်နှင့် မိမိကိုယ်ကို သဘာဝချင်း တူသည်ကို ပြုသဖြင့် အတွင်း အဇ္ဈတ္တကိုစွဲ၍ ဖြစ်သောရာဂကို ပယ်၏။ သက်ရှိသက်မဲ့ ရုပ်ကောင် နှစ်မျိုးကို အတူပြုသဖြင့် မောဟကိုပယ်သည်မည်၏။

သေသောရုပ်ကောင်နှင့် မိမိရုပ် ခြားနားခြင်း မရှိသည်ကို လည်းကောင်း, မိမိ ရုပ်ကောင်နှင့် သေသောရုပ်ကောင်၏ ထူးခြားခြင်းမရှိ၊ သဘာဝအားဖြင့် တူသည် ကိုလည်းကောင်း ဉာတပရိညာဖြင့် အမှန်အတိုင်းကို မြင်သောကြောင့် ဉာတပရိညာ ဖြစ်ပေါ်လျှင် မောဟ ဟူသောအဝိဇ္ဇာ ပပျောက်လေတော့သည်ဟု သိရာ၏။

(၁၁) အမှတ်ဂါထာ၏ နောက်နှစ်ပါဒအနက်ကို ပြန်ဆက်သည်။

ယထာဘူတဉှိ- ယီထာဘူတံ ဧဝ၊ ဟုတ်မှန်သော အထိုင်းသာလျှင်။
ပရိဇာနိတွာ၊ ဉာတပရိညာဉာဏ်ဖြင့်သိပြီး၍။
ဧဝံ ပဋိပန္နော၊ ဤပြဆိုအပ်သည့်အတိုင်းကျင့်သော။
ဘိက္ခု၊ ယောဂီရဟန်းသည်။
အနုပုဗ္ဗေန၊ ပရိညာအစဉ်အားဖြင့်။
တစ်နည်း-ဝိသုဒ္ဓိခြောက်ပါး အစဉ်အားဖြင့်။
တစ်နည်း-မဂ်အစဉ်ဖြင့်။
အဇ္ဈတ္တံ၊ မိမိသန္တာန်၌ဖြစ်သော။
ကာယေ၊ သက်ရှိကိုယ်၌လည်းကောင်း။
ဗဟိဒ္ဓါ၊ အပသန္တာန်၌ဖြစ်သော။
ကာယေ၊ သက်ရှိသက်မဲ့ ကိုယ်၌လည်းကောင်း။
ဆန္ဒ၊ နှစ်သက်တွယ်တာ တပ်မက်ခြင်းကို။
ဝိရာဇယေ၊ ပဟာနပရိညာဖြင့် ပယ်ခြင်းငှာ စွမ်းနိုင်ရာ၏။

၁၁-အမှတ်ဂါထာဒေသနာဖြင့် ဓမ္မဿဝနပုဂ္ဂိုလ်၏ သေက္ခအရိယာဘုံသို့ ရောက်ခြင်းကို ပြဆိုပြီး၍ အသေက္ခ အရိယာဘုံသို့ ရောက်ခြင်းကို ဆက်လက် ဟောပြတော်မူလိုသော မြတ်စွာဘုရားသည် ၁၂-အမှတ်ဂါထာ ဒေသနာကို ဟောတော်မူသည်။

ဆန္ဒရာဂ ကင်းလွတ်မှ နိဗ္ဗာန်ကိုရ

(၁၂)
ဆန္ဒရာဂဝိရတ္တော သော၊ ဘိက္ခု ပညာဏဝါ ဣဓ။
အဇ္ဈဂါ အမတံ သန္တိံ၊ နိဗ္ဗာနံ ပဒမစ္စုတံ။

ဣဓ၊ ဤသာသနာတော်၌။
ဝါ၊ သက်ရှိသက်မဲ့ အဇ္ဈတ္တ ဗဟိဒ္ဓဖြစ်သော ကိုယ်၌။
ဆန္ဒရာဂဝိရတ္တော၊ အချင်းခပ်သိမ်း ဆန္ဒရာဂကို ပယ်ခြင်းကြောင့် တပ်မက်ခြင်း ကင်းသော။
ပညာဏဝါ၊ အရဟတ္တမဂ်ပညာရှိသော။
သော ဘိက္ခု၊ မဂ်၏အခြားမဲ့၌ အရဟတ္တဖိုလ်သို့ ရောက်ပြီးသော ရဟန္တာ ပုဂ္ဂိုလ်သည်။
အမတံ၊ သေခြင်းကင်းသော။
သန္တိံ၊ ခပ်သိမ်းသော တေဘုမ္မက သင်္ခါရတရားတို့၏ ငြိမ်းအေးရာဖြစ်သော။
နိဗ္ဗာနံ၊ ဝါနမည်သော တဏှာမှ ထွက်မြောက်ရာဖြစ်သော။
အစ္စုတံ၊ စုတေရွေ့လျောခြင်း ကင်းသော။
ပဒံ၊ မဂ်ဉာဏ်စသည် ဖြင့် ရောက်အပ်သောနိဗ္ဗာန်သို့။
အဇ္ဈဂါ၊ ရောက်ပြီ။

ငါဘုရား၏ အဆုံးအမဖြစ်သော သာသနာတော်၌ ရဟန်းတရားကို အားထုတ်သော ယောဂီသည် နောက်က အစီအစဉ်ဖြင့် နည်းလမ်းညွှန်ပြခဲ့သည့်အတိုင်း သက်ရှိ ကိုယ်၌ ဖြစ်စေ, သက်မဲ့ကိုယ်၌ဖြစ်စေ နှစ်သက်ဖွယ်ရာ တစိုးတစိမျှမရှိ၊ အကာအတိ အပုပ်အသိုး တို့ဖြင့်သာ ပြည့်သည်ကို သိ၍ ထိုကိုယ်၌ နှစ်သက်တပ်မက်ခြင်း ကင်းလျက် အောက်မဂ် အောက်ဖိုလ်တို့ကို ရပြီးသော သေက္ခအရိယာပုဂ္ဂိုလ်သည် ကိုယ်တွင်းကိုယ်ပ သက်ရှိသက်မဲ့ ဖြစ်သော ထိုရုပ်အပေါင်း ဟူသောကိုယ်၌ အချင်းခပ်သိမ်း တပ်မက်သော တဏှာ လုံးဝ ကင်းသည်ဖြစ်၍ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုကာ သေခြင်းကင်းသော သင်္ခါရဒုက္ခတို့၏ ငြိမ်းအေးရာ, ရွေ့လျော ပျက်စီးခြင်း ကင်းရာဖြစ်သော နိဗ္ဗာန်သို့ ရောက်လေပြီဟု ဟောတော်မူသည်။

ဤသို့လျှင် သက်ရှိသက်မဲ့ဖြစ်သော ရူပကာယတည်းဟူသော အသုဘကမ္မဋ္ဌာန်းကို မဂ်, ဖိုလ်, နိဗ္ဗာန်တိုင်အောင် အပြီးအဆုံး ဟောကြားတော်မူပြီးလျှင် တစ်ဖန် ဒေသနာတော် အကျဉ်းနည်းဖြင့် ဤမျှလောက် မဂ်ဖိုလ်နိဗ္ဗာန် တိုင်အောင် ကြီးကျယ် မြင့်မြတ်၍ အကျိုးကျေးဇူးများသော တန်ခိုးအာနိသင်ရှိသော ကမ္မဋ္ဌာန်းကို အန္တရာယ် ပြုတတ်သော ပမာဒဝိဟာရ-ဟု ဆိုအပ်သော တရား၌ မေ့မေ့ လျော့လျော့ ပေါ့ပေါ့ တန်တန် အမှုမဲ့, အမှတ်မဲ့နေခြင်း၏ အပြစ်ကို ကဲ့ရဲ့ကာ ပြတော်မူလိုသော မြတ်စွာဘုရားသည် ဒွိပါဒကော- စသော ၂-ဂါထာကို ဟောတော်မူသည်။

ပုပ်သိုး နံစော် ရေလျှော်ပစ်ရ ကိုယ်ကာယ

(၁၃)
ဒွိပါဒကောယံ အသုစိ
ဒုဂ္ဂန္ဓော ပရိဟရတိ။
နာနာကုဏပ ပရိပူရော
ဝိဿဝန္တော တတော တတော။

ဒွိပါဒကော၊ အခြေနှစ်ချောင်းရှိသော။
အယံ ကာယော၊ ဤကိုယ်သည်။
အသုစိ၊ မစင်ကြယ်လျက်။
ဒုဂ္ဂန္ဓော၊ မကောင်းသောအနံ့ရှိလျက်။
နာနာကုဏပ ပရိပူရော၊ အထူးထူးသော အပုပ်အတိပြည့်လျက်။
တတော တတော၊ မျက်စိ, နား စသော ထိုထို ကိုယ်အရပ်မှ။
ဝိသဝန္တော၊ အထူးထူး အထွေထွေ ယိုစီးလျက်။
ဗာလော၊ လူမိုက်သည်။
နှာနာဒီဟိ၊ ရေချိုးခြင်း စသည်တို့ဖြင့်။
ပရိဟရတိ၊ ရွံရှာဖွယ်တို့ကို သုတ်သင်ဖယ်ရှား၏။
ပုပ္ဖဂန္ဓဝတ္ထာလင်္ကာရာဒီဟိ၊ ပန်း, နံ့သာ, အဝတ်တန်ဆာ စသည်တို့ဖြင့်။
ပရိဟရတိ၊ ကိုယ်လုံးဝန်းကျင် ပြုပြင်ဆောင်ရွက်၏။

အခြေနှစ်ချောင်းရှိသော လူ၏ကိုယ်သည် အမှန်အားဖြင့် မသန့်ရှင်း မစင်ကြယ် သည်သာဖြစ်၏။ ကောင်းမွန်မွှေးကြိုင်သော အနံ့မရှိရုံသာ မဟုတ်၊ ပုပ်သိုး ညှီဟောင်သော အနံ့လည်းရှိ၏။ အထူးထူး အထွေထွေသော အပုပ်တို့ဖြင့် ပြည့်နှက် လျက်ရှိ၏။ ထိုထို မျက်စိပေါက်, နားပေါက်စသည်တို့မှ အညစ်အကြေးတို့သည် ယိုစီးလျက်ရှိ၏။

ယင်းသို့လျှင် အလွန်မနှစ်သက်ဖွယ်, ရွံရှာဖွယ်, စက်ဆုပ်ဖွယ်ဖြစ်သော ကိုယ်ကို ပင်လျှင် တရားမယှဉ် အမြင်မမှန်သော သူတို့သည် ရေချိုးခြင်း, သနပ်ခါး ပန်းနံ့သာ အမွှေးအကြိုင် လိမ်းကျံခြင်း, ပိုးဖဲကတ္တီပါ အဝတ်အရုံတို့ကို ဝတ်ရုံသုံးဆောင်ခြင်းဖြင့် အပုပ်အတိပြီးသော ကိုယ်ကို ကာကွယ်ဖုံးအုပ်ကာ မိမိကိုယ်ကိုလည်း မိမိနှစ်သက် မြတ်နိုးသာယာကြကုန်၏။ ဗဟိဒ္ဓ ဖြစ်သော အခြားသော ကိုယ်ကိုလည်း သာယာ နှစ်သက် တပ်မက်စွဲလမ်းကြကုန်၏-ဟု အကျဉ်းချုပ် ဒေသနာတော်ဖြင့် ဟောတော်မူသည်။

ပုပ်သိုးနေသောကိုယ်ဖြင့် တရားမမြင် မာန်ဝင်နေကြခြင်း

(၁၄)
ဧတာဒိသေန ကာယေန
ယော မညေ ဥဏ္ဏမေတဝေ။
ပရံ ဝါ အဝဇာနေယျ၊
ကိံ မညတြ အဒဿနာ။

ဧတာဒိသေန၊ ဤပြဆိုအပ်ပြီးသော သဘောရှိသော။
ကာယေန၊ အပုပ်အသိုးအတိ ပြည့်သောကိုယ်ဖြင့်။
ယော၊ အကြင်တရားမယှဉ် ဉာဏ်မမြင်သောပုဂ္ဂိုလ်သည်။
ဥဏ္ဏမေတဝေ၊ မာန်တကြွားကြွား ငါတကားဟု ထောင်လွှားခြင်းငှာ။
မညေ၊ တဏှာအားဖြင့် ငါ့ကိုယ်, မာနအားဖြင့် ငါတကား, ဒိဋ္ဌိအားဖြင့်ငါ့ကိုယ်မြဲ၏ဟု အောက်မေ့မှတ်ထင်၏။
ပရံ ဝါ၊ သူတစ်ပါးကိုမူလည်း။
အဝဇာနေယျ၊ ဇာတိ-နာမ-ဂေါတ္တ စသည်ဖြင့် မထီမဲ့မြင် ရှုတ်ချရာ၏။
တံ ကာရဏံ၊ ထိုသူမိုက်၏ မိမိကိုယ်ကို ဘဝဂ်ကိုမြှင့် ချီးပင့်မြှောက်စား သူတစ်ပါးကို အောက်အဝီစိ ဆိုက်ဘိကောင်းဖွယ် နှိပ်နယ်ရှုတ်ချခြင်း၏ အကြောင်းသည်။
အဒဿနာ၊ အရိယမဂ်ဖြင့် အရိယသစ္စာကို မမြင်ခြင်းဟူသော အဓိဂမ မရှိခြင်းကို။
ဝါ၊ ကာယဝိစ္ဆိန္ဒနိကသုတ္တန် ဟူသော အာဂမ, ထိုသုတ္တန်ဖြင့် ပြအပ်သော သုညတ စသည်ကို မမြင်ခြင်းကို။
အညတြ၊ ကြဉ်ထား၍။
ကိံ သိယာ၊ အဘယ်မှာ ဖြစ်ရာအံ့နည်း။
အာဂမာဓိဂမာဘာဝမေဝ၊ အာဂမ ဟူသောပရိယတ်, အဓိဂမ ဟူသော ပဋိဝေဓ မရှိခြင်းသည် သာလျှင်။
ကာရဏံ၊ ကိုယ့်ကိုမြှောက်စား သူတစ်ပါးကို ရှုတ်ချခြင်း၏ အကြောင်းရင်းပေတည်း။

ကာယာနုပဿနာဖြင့် နန္ဒာထေရီ ရဟန္တာမ, ဖြစ်ခြင်း

ဤဒေသနာတော် အဆုံး၌ နန္ဒာထေရီသည် “ငါကား အလွန်မှ မိုက်မဲခဲ့လေစွ တကား၊ ကိုယ်ခန္ဓာကို အကြောင်းပြု၍ ဤကဲ့သို့သော ဒေသနာတော်ကို ဟောကြား တော်မူသော မြတ်စွာဘုရားအား ဖူးမြော်ကာ တရားနာရန်မလာမိခဲ့ပေ”ဟု သံဝေဂ ဖြစ်လေသည်

သံဝေဂဖြစ်ပြီးနောက် ကာယဝိစ္ဆိန္ဒနိက သုတ္တန် ဒေသနာတော်ကို ကောင်းစွာ နှလုံးသွင်း ဆင်ခြင်၍ ထိုကာယာနုပဿနာ ကမ္မဋ္ဌာန်းဖြင့်သာလျှင် ၂-ရက်, ၃-ရက်အတွင်း၌ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုသဖြင့် ခီဏာသဝ အဂ္ဂဒက္ခိဏေယျ ရဟန္တာထေရီမ အဖြစ်သို့ ရောက်လေပြီ

ဤကား သာဝတ္ထိမြို့၌ နန္ဒာထေရီကို အကြောင်းပြု၍ ဟောတော်မူခြင်းတည်း။

ရာဇဂြိုဟ်မြို့၌ အညတရ ရဟန်းကို အကြောင်းပြု၍ ဟောတော်မူသော အခါ၌ကား တရားတော်အဆုံး၌ ရှစ်သောင်းလေးထောင်သောသတ္တဝါတို့သည် အကျွတ်တရား ရကြကုန်၏။ သီရိမာနတ်သမီးသည်လည်း အနာဂါမိဖိုလ်သို့ ရောက်လေသည်။ အညတရ ရဟန်းသည်ကား သောတာပတ္တိဖိုလ်၌ တည်သည်- ဟုဆိုသည်။

ဤတရားစာအစ၌ ပြဆိုခဲ့သည့်အတိုင်း-
၁။ ရုပ်အစုအပေါင်း၏ အနှစ်သာရမရှိခြင်း
၂။ အမွှေးနံ့သာတို့ဖြင့် ပြည့်သောရုပ် မဟုတ်ခြင်း
၃။ ရွံရှာစက်ဆုပ်ဖွယ်အတိပြည့်သော ရုပ်အပေါင်းမျှသာ ဖြစ်ခြင်း၊
၄။ တပ်မက်နှစ်သက်ဖွယ် မရှိခြင်း -
ဟု ဆိုအပ်သော ကောဋ္ဌာသ ရုပ်အစုအပေါင်း၏ သဘောမှန်ကို ဉာဏ်ဖြင့် သိမြင်ကာ ထိုရုပ်အစုအပေါင်း၌ မှားယွင်းသော အမြင်ဖြင့် တပ်မက်နှစ်သက် တွယ်တာခဲ့သော တဏှာ, ငါတကား ဟူသော မာန, ငါ့ကိုယ် ဟူသော ဒိဋ္ဌိတို့ကို ရန်သူကြီးတွေအဖြစ်ဖြင့် တွေ့မြင်၍ ထိုတဏှာ, မာန, ဒိဋ္ဌိတို့ကို ဝိပဿနာဉာဏ် အဆင့်ဆင့်ဖြင့် တဖြည်းဖြည်း ခေါင်းပါး အားနည်းစေလျက် မဂ်ဉာဏ် အတန်တန်ဖြင့်ကျော်ကာ အရဟတ္တမဂ် ဉာဏ်ဖြင့် ကိလေသာတို့ကို အကြွင်းမဲ့ ပယ်သတ်ငြိမ်းအေးစေသည်ဖြစ်၍ အာသဝေါ ကုန်ခန်းသော အဂ္ဂဒက္ခိဏေယျရဟန္တာ အဖြစ်သို့ နန္ဒာထေရီစသော သူတော်ကောင်း တို့ကဲ့သို့ ရောက်ကြရ၍ ဒုက္ခဇာတ်သိမ်း အငြိမ်းကြီး ငြိမ်းကြစေရန် ဤ ကာယာနုပဿနာ တရားကို ကြည့်ရှု ကြားနာ ကြရသော သူတော်ကောင်း ရဟန်းရှင်လူ အပေါင်းတို့သည်လည်း ရုပ်အစု အပေါင်း၏ အဖြစ်မှန်ကို ဝိပဿနာ ဉာဏ်အမြင်ဖြင့် ရှေးဦးစွာမြင်ကြပြီးလျှင် အရဟတ္တမဂ်ဉာဏ်ဖြင့် ကိလေသာ အပေါင်းကို အကြွင်းမဲ့ ပယ်သတ်နိုင်ကြသော အားဖြင့် ဒုက္ခဇာတ်သိမ်း အငြိမ်းကြီးငြိမ်းရာဖြစ်သော နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြ ပါစေကုန်သတည်း။

ကာယဝိစ္ဆိန္ဒနိကသုတ် ပြီး၏။

ကာယာနုပဿနာကိုသင်ကြားရကျိုး

ရုပ်၌ ဆန္ဒရာဂကိုပယ်

ရူပံ ဘိက္ခဝေ န တုမှာကံ
တံ ပဇဟေယျာထ ဘိက္ခဝေါ

ဘိက္ခဝေ၊ ရဟန်းတို့။
ရူပံ၊ ရုပ်သည်။
တုမှာကံ၊ သင်တို့၏ရုပ်သည်။
၊ မဟုတ်။
ဘိက္ခဝေါ၊ ရဟန်းတို့။
တုမှေ၊ သင်တို့သည်။
တံ၊ ထိုရုပ်ကို။
ပဇဟေယျာထ၊ ပယ်ကြကုန်လော့။

ချစ်သားရဟန်းတို့-- ရုပ်သည် အသင်တို့မဟုတ်၊ သင်တို့သည် အမြင်အထင် အယူမှားကြသဖြင့် ဤရုပ်သည် ငါ၏ရုပ်၊ ဤရုပ်သည် ငါဖြစ်သည်စသည်ဖြင့် စွဲလမ်း နေကြသည်။ သင်တို့ကိုယ်မဟုတ်သောရုပ်, ငါ့ရုပ်ဟူ၍ မဆိုထိုက်သောရုပ်ကို ပယ်ကြ ကုန်လော့.... ဟု မိန့်တော်မူသည်။

ရုပ်ကိုပယ်ရမည်ဟု မိန့်တော်မူရာ၌ ရုပ်ကို အဘယ်ကဲ့သို့ ပယ်ရမည်နည်း၊ ရုပ်ကို ပယ်ကောင်းပါ၏လော-ဟု သံသယဖြစ်ဖွယ်ရှိ၍-

ယော ဘိက္ခဝေ ရူပသ္မိံ ဆန္ဒရာဂေါ
တံ ပဇဟထ၊ ဧဝံ တံ ရူပံ ပဟီနံ ဘဝိဿတိ
ဟု ဟောတော်မူပြန်သည်။

ဘိက္ခဝေ၊ ရဟန်းတို့။
ရူပသ္မိံ၊ ရုပ်တရား၌။
ယော ဆန္ဒရာဂေါ၊ အကြင်တပ်မက် နှစ်သက်ခြင်းသည်။
အတ္ထိ၊ ရှိ၏။
တံ၊ ထိုရုပ်၌ တပ်မက်နှစ်သက်သော ဆန္ဒရာဂကို။
ပဇဟထ၊ ပယ်ကြကုန်လော့။
ဧဝံ၊ ဤသို့ ဆန္ဒရာဂကို ပယ်သည်ရှိသော်။
ရူပံ၊ ရုပ်ကို။
ပဟီနံ၊ ပယ်သည်မည်သည်။
ဘဝိဿတိ၊ ဖြစ်ပေလတ္တံ့။

ရဟန်းတို့ ရုပ်ကို ပယ်ရမည်ဆိုသည်မှာ ဥပစာအားဖြင့် တင်စား၍ သုံးခြင်း ဖြစ်သည်။ ဤရူပကာယကြီးသည် ငါဖြစ်သည်, ဤရုပ်သည် ငါ၏ရုပ်ဖြစ်သည် စသည်ဖြင့် ကောဋ္ဌာသ အစုအဝေးဖြစ်သော ရုပ်အပေါင်းဟူသော ကိုယ်၌ လိုချင်နှစ်သက် တပ်မက် တွယ်တာကြသောကြောင့် ဤရုပ်မျိုးတွေကို နောက်နောင်၌လည်း ရရှိလိုသော ဆန္ဒဖြင့် တောင့်တကြသည်ဖြစ်၍ ဒုက္ခအစုမျှသာဖြစ်သော ရုပ်ကို ရရှိနေကြသဖြင့် သင်တို့သည် ဒုက္ခမှ မလွတ်မြောက်နိုင်ဘဲ ရှိနေကြသည်။

သို့ဖြစ်၍ ထိုရုပ်၌ လိုချင်တပ်မက်သော ဆန္ဒရာဂ တည်းဟူသော တဏှာကို ပယ်သတ်ကြကုန်။ ရုပ်ခန္ဓာအိမ်ကြီးကို ဆောက်လုပ် တတ်သော တဏှာ တည်း ဟူသော ဗိသုကာလက်သမားကို ပယ်သတ်ကြကုန်။

ရုပ်အစု အပေါင်း ရုပ်အိမ်ကို ဆောက်လုပ်တတ်သော, ဖြစ်စေတတ် ရစေတတ်သော တဏှာကိုပယ် သတ်လျှင် ရုပ်အိမ်ကြီးသည် နောက်တစ်ဖန် ဖြစ်တော့မည် မဟုတ်ချေ။ ယင်းသို့ရုပ်အိမ်သစ် တစ်ဖန် မဖြစ်ခြင်းကိုပင်လျှင် ရုပ်ကိုပယ်သည် မည်တော့သည်- ဟု ဟောတော်မူလိုရင်း ဖြစ်သည်ကိုသိရှိကြကုန်သော ယောဂီ တို့သည် ကောဋ္ဌာသ အစုအပေါင်းသာလျှင် ဖြစ်သော ရုပ်ကို “ရုပ်သည်ငါမဟုတ်, ငါ့ရုပ်မဟုတ်, ဒုက္ခသက်သက်မျှသာဖြစ်သော ရုပ်အစုအပေါင်း” ဟူ၍ ဉာဏ်ဖြင့်ရှုကာ ရုပ်၌ တပ်မက်နှစ်သက်သော ဆန္ဒရာဂကို ပယ်ကြကုန်ရာသည်။

စာပေသင်ကြားမှု
မဂ်ဖိုလ်ရကြောင်းအလုပ်

နန္ဒာထေရီတို့ကဲ့သို့ ဉာဏ်ပွင့်ကာ ချက်ချင်း အရဟတ္တဖိုလ်သို့ မရောက်နိုင်ကြ စေကာမူ အားလျှော့စိတ်ပျက် နောက်ဆုတ်၍မူကား မနေသင့်ကြပေ၊ အမြန် မရောက်သော်လည်း ဖြည်းဖြည်းချင်း ရောက်ကြောင်းဖြစ်နိုင်သည်။ နိဗ္ဗာန် တည်းဟူသော ပန်းတိုင်ကိုသာအာရုံပြု၍ ရှေးရှု စိတ်စိုက်ထားရန်သာလျှင် လိုပေသည်။ ဤနေရာ၌ မိလိန္ဒမင်းကြီး အမေးနှင့် အရှင်နာဂသေနအဖြေကို သတိပြုသင့်ကြပေသည်။

အရှင်ဘုရား နာဂသေန -- မြတ်စွာဘုရားသည် ရဟန်းတော်တို့ကို “ရဟန်းတို့ နိပ္ပပဉ္စတရား၌ မွေ့လျော်ကြကုန်, နိပ္ပပဉ္စတရား၌ ပျော်ပိုက်ကြကုန်”ဟု ဟောတော်မူ ပါသည်။ ဤသို့ ဟောတော်မူရာ၌ နိပ္ပပဉ္စ-ဟူသည်ကား အဘယ်တရားကို ဆိုလိုပါသနည်း ဟု မေးလျှောက်၏။

မင်းကြီး --
သောတာပတ္တိဖိုလ်သည် နိပ္ပပဉ္စ,
သကဒါဂါမိဖိုလ်သည် နိပ္ပပဉ္စ,
အနာဂါမိဖိုလ်သည် နိပ္ပပဉ္စ,
အရဟတ္တဖိုလ်သည် နိပ္ပပဉ္စ ဖြစ်သည်ဟု အရှင်နာဂသေနက ဖြေတော်မူသည်။

အရှင်ဘုရား-- ဖိုလ်လေးပါးတရားတို့သည် နိပ္ပပဉ္စဖြစ်ပါလျှင် ရဟန်းတော်တို့သည် အဘယ့်ကြောင့် ထိုနိပ္ပပဉ္စ တို့ကို အားမထုတ်ကြဘဲ ပါဠိတော်ကို သင်ကြား ပို့ချခြင်း, အဋ္ဌကထာကို သင်ကြားပို့ချခြင်း, နဝကမ္မအမှုသစ်တို့ကို ပြုလုပ်ခြင်း, ဒါနပြုခြင်း, စေတီတော်တို့ကို ပူဇော်ခြင်း စသည်တို့ကို ပြုလုပ်နေကြပါသနည်း၊ နိပ္ပပဉ္စတို့ကိုသာ အားထုတ်ပြုလုပ်သင့်သည်မဟုတ်ပါလော- ဟု တစ်ဖန်ထပ်၍လျှောက်၏။

မင်းကြီး အကြင် ရဟန်းတော်တို့သည် ပါဠိ အဋ္ဌကထာ သင်ကြားပို့ချခြင်း, နဝကမ္မပြုခြင်း, ဒါနပြုခြင်း, စေတီတော်တို့ကိုပူဇော်ခြင်းအမှုကို ပြုလုပ်ကြကုန်၏။ ထို ရဟန်းတော်တို့ အားလုံးတို့သည်လည်း နိပ္ပပဉ္စသို့ ရောက်ခြင်းငှာသာလျှင် ပြုလုပ် အားထုတ်နေကြခြင်း ဖြစ်ပေသည်။

ဝိပဿနာထုံခဲ့သူ မထုံခဲ့သူ နှစ်မျိုးရှိခြင်း

မင်းကြီး- အကြင်ပုဂ္ဂိုလ်တို့သည် ပကတိအားဖြင့် စင်ကြယ်သောကိလေသာ ခေါင်းပါးသောကိလေသာ ရှိကြကုန်၏။ ရှေးရှေးနေ့ရက်, ရှေးရှေးဘဝတို့က ဝိပဿနာ၌ လေ့လာဆည်းပူးခဲ့သော အထုံဝါသနာ ရှိခဲ့ကြကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် ကမ္မဋ္ဌာန်းတရား ဟောပြောသော မြတ်စွာဘုရား ကဲ့သို့သော ဒေသက ပုဂ္ဂိုလ်ကို ဆည်းကပ်၍ တရားတော်ကို ကြားနာရသောအခါ တစ်ခဏချင်းဖြင့်ပင်လျှင် နိပ္ပပဉ္စသို့ ရောက်နိုင်ကြပေသည်။

အချို့သောပုဂ္ဂိုလ်တို့သည်ကား ပကတိအားဖြင့် ကိလေသာခေါင်းပါး အားနည်း ခြင်း မရှိကြကုန်သေး၊ ရှေးရှေးနေ့ရက်, ရှေးရှေး ဘဝတို့ကလည်း အထုံဝါသနာ နည်းပါးခဲ့ကြ ကုန်သေး၏။ ထိုပုဂ္ဂိုလ်တို့သည် ပါဠိအဋ္ဌကထာ သင်ကြားပို့ချခြင်း, နဝကမ္မပြုခြင်း, ဒါနပြုခြင်း, စေတီတော်တို့ကို ပူဇော်ခြင်းတို့ကို အားထုတ် ပြုလုပ်ခြင်းဖြင့်ပင် နိပ္ပပဉ္စကို အားထုတ်ကြခြင်း ဖြစ်ကုန်သည် ဟူ၍ ဖြေကြားတော်မူသည်။

မင်းကြီး- ဥပမာပြဦးအံ့၊ ကြီးကျယ်မြင့်မားသော သရက်ပင်ကြီးထိပ်ဖျား၌ သရက် သီးများ အခိုင်လိုက်, အပြွတ်လိုက်သီးလျက် ရှိသည်ဖြစ်ရာ တန်ခိုးရှိသော တစ်စုံတစ်ယောက်သောသူသည် ကောင်းကင်သို့ပျံတက်၍ အလွယ်တကူ ဆွတ်ခူး၍ ယူရာ၏။ တန်ခိုးမရှိသော သူမူကား တောသို့သွား၍ ဝါး, ကြိမ်, နွယ်တို့ကို ရှာဖွေ ခုတ်ယူကာ လှေကားပြုလုပ်ပြီးမှ လှေကားဖြင့် သရက်ပင်သို့တက်၍ ခူးဆွတ်ရာ၏။

တန်ခိုးမရှိ၍ တောသို့သွားကာ ဝါး, ကြိမ်, နွယ်တို့ကို ခုတ်ခြင်း, လှေကားပြုလုပ်ခြင်း တို့သည် သရက်သီး ခူးဆွတ်ရန်သာလျှင် ဖြစ်သကဲ့သို့ ထို့အတူ ပကတိအားဖြင့် ကိလေသာ ခေါင်းပါးခြင်း, အထုံဝါသနာရှိခဲ့ခြင်းမှ ကင်းသော ပုဂ္ဂိုလ်တို့၏ ပါဠိအဋ္ဌကထာ သင်ယူခြင်း, ပို့ချခြင်း, ဒါနစသည် ပြုခြင်းတို့သည် နိပ္ပပဉ္စသို့ ရောက်ခြင်းငှာသာလျှင် ဖြစ်ပေသည်ဟု ဖြေကြားတော်မူသည်။

အရှင်သာရိပုတ္တရာသော်ပင်
နာယူသင်ကြားရခြင်း

မင်းကြီး- ထိုထိုပြုဖွယ်ကိစ္စတို့၌ ပါဠိ အဋ္ဌကထာကို ချပို့သင်ကြားခြင်းသည် ကျေးဇူး များလှပေသည်၊ နဝကမ္မ အမှုသည်လည်း ကျေးဇူးများလှပေသည်၊ ဒါနပြုခြင်း, ပူဇော်ခြင်းတို့သည်လည်း ကျေးဇူးများလှပေသည်။

မင်းကြီး- အရှင်သာရိပုတ္တရာထေရ်သည် အတိုင်းအရှည် မရှိသော ကပ်ကမ္ဘာကို အစပြု၍ ဖြည့်ဆည်းပူးအပ်သော ပါရမီကုသိုလ်ကံ အရင်း ရှိသည်ဖြစ်၍ မြတ်စွာဘုရားမှလွဲလျှင် ပညာအားဖြင့် အထွတ်အထိပ်သို့ ရောက်သဖြင့် ပညာ အရာ၌တူသူမရှိ၊ ဧတဒဂ်ဘွဲ့ထူးကိုရသော လက်ယာရံ အဂ္ဂသာဝကကြီး ဖြစ်တော်မူ ပါသည်။

လောကနာထံ ထပေတွာန
ယေ စညေ အတ္ထိ ပါဏိနော
ပညာယ သာရိပုတ္တဿ
ကလံ နဂ္ဃန္တိ သောဠသိံ

လောကေ၊ လောကသုံးရပ်၌။
လောကနာထံ၊ လူသုံးပါးတို့၏ ကိုးကွယ် အားထားရာ ဖြစ်တော်မူသော မြတ်စွာဘုရားကို။
ထပေတွာန၊ ချန်ထား၍။
အညေ၊ မြတ်စွာဘုရားမှ တစ်ပါးကုန်သော။
ယေ ပါဏိနော၊ အကြင် လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့သည်။
သန္တိ၊ ထင်ရှား ရှိကြကုန်၏။
တေသံ ပါဏီနံ၊ ထိုသတ္တဝါတို့၏။
ပညာ၊ ပညာသည်။
သာရိပုတ္တဿ၊ အရှင်သာရိပုတ္တရာထေရ်၏။
ပညာယ၊ ပညာ၏။
သောဠသိံ ကလံ၊ ၁၆ – စိတ် စိတ်၍ တစ်စိတ်ကိုမျှ။
နဂ္ဃန္တိ၊ မထိုက်ကုန်, မမီကုန်။
တစ်နည်း-
သောဠသိံ ကလံ၊ ၂၅၆ – စိတ် စိတ်၍ တစ်စိတ်ကိုမျှ။
နဂ္ဂန္တိ၊ မထိုက်ကုန်, မမီကြလေကုန်။

လောကသုံးပါး၌ရှိသော လူ, နတ်, ဗြဟ္မာ သတ္တဝါတို့၏ သန္တာန်၌ရှိသော ပညာ တွေကို တစ်ပုံ, ပုံ၊ အရှင်သာရိပုတ္တရာထေရ်၏ သန္တာန်၌ရှိသော ပညာကို တစ်ပုံ, ပညာနှစ်ပုံကို နှိုင်းယှဉ်ပါလျှင် လူနတ်ဗြဟ္မာအားလုံးတို့၏ ပညာသည် အရှင်သာရိ ပုတ္တရာထေရ်၏ ပညာကို ၁၆-ပုံ,ပုံ တစ်ပုံစာမျှ မမီပါ။ တစ်နည်း- ၂၅၆-စိတ် စိတ်, ၂၅၆-ပုံ, ပုံ၍ တစ်ပုံစာမျှ မမီပါဟုဆိုသည်။

ဤမျှလောက် ပညာဉာဏ် ကြီးတော်မူသော အရှင်သာရိပုတ္တရာထေရ်သည် ပင်လျှင် တရားစကား ကြားနာခြင်း, သင်ကြားနာယူခြင်းမှ ကင်းလျှင် အာသဝေါတရား ကုန်စေခြင်းငှာ မစွမ်းနိုင်ပေ။ သို့ကြောင့် ဘုရားစကားတော်, တရားတော်ဖြစ်သော ပါဠိအဋ္ဌကထာကို သင်ယူခြင်းသည် ကျေးဇူးများလှပေသည်- ဟု အရှင်နာဂသေနက ဖြေကြားတော်မူသည်။

မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မူစဉ်က ပိဋကသုံးပုံကို အဋ္ဌကထာနှင့် တကွ ဆောင်ရွက်ပို့ချနေသော အရှင်ပေါဋ္ဌိလထေရ်သည် ပါဠိ အဋ္ဌကထာတို့ကို သင်ကြား ပို့ချ၍ တရားတော်တည်းဟူသော စာပေပိဋက၌ အလေ့အလာပြုခဲ့သော အထုံ, ဗဟုသုတ ရှိသော ကျေးဇူးတို့ကြောင့် တကယ်တမ်း ဝိပဿနာတရားကို အားထုတ်သော အချိန်၌ မကြာမီပင် အရဟတ္တဖိုလ်သို့ ရောက်တော်မူခြင်းသည် ပါဠိအဋ္ဌကထာ သင်ကြား ပို့ချခြင်း၏ ကျေးဇူးဟူ၍ ဆိုရပေမည်

ဤသည်တို့ကို ရည်ရွယ်၍ အရှင်နာဂသေနက ပါဠိ အဋ္ဌကထာ သင်ယူပို့ချခြင်းသည် ကျေးဇူးများလှပေသည်- ဟု ဖြေဆိုတော်မူခြင်း ဖြစ်သည်။

ပရိယတ် ပယ်လျှင် ဘုရားကို ပယ်ရာကျပုံ

စကားအလျဉ်းသင့်၍ ပရိယတ္တိစာပေ သင်ကြားပို့ချခြင်းနှင့်စပ်၍ အနည်းငယ် ရေးရဦးမည်။ အချို့ အချို့သော လူပုဂ္ဂိုလ်များနှင့် စာပေ မသင်ကြားဖူးသော ကြီးမှရဟန်း ဖြစ်သော ယောဂီဆရာ, ကမ္မဋ္ဌာန်းဆရာ လုပ်နေသောပုဂ္ဂိုလ်, အချို့ ပုဂ္ဂိုလ်များသည် ပရိယတ္တိ ဂုဏ်ကျေးဇူးကိုမသိကြရှာသဖြင့် ပရိယတ္တိကိုပို့ချသင်ကြား ဆောင်ရွက်နေသော သံဃာတော်, ဆရာတော်များကို ကဲ့ရဲ့ကြသည်၊ အထင်အမြင် သေးကြသည်၊ အကျိုးမဲ့ ကိစ္စဖြင့် အချိန်ကုန်နေကြသည် စသည်ဖြင့် ပြစ်တင် ရှုတ်ချကာ ပြောဆိုသံတို့ကို ကြားကြရပေသည်။

ထိုပုဂ္ဂိုလ်တို့၏ စေတနာကိုကား ချီးမွမ်းရပေမည်၊ ပဋိပတ္တိကို အားထုတ်စေလိုသော သမ္မာဆန္ဒဖြင့် ပြောကြခြင်းပင် ဖြစ်ပေလိမ့်မည်။ သို့သော် ထိုပုဂ္ဂိုလ်တို့၏ ဗဟုသုတ သာသနာဘက်၌ နည်းခြင်းကြောင့်လည်းကောင်း, ပရိယတ္တိ တန်ဖိုးနှင့် ဂုဏ်ကျေးဇူးကို မသိကြသောကြောင့် လည်းကောင်း, မြတ်စွာဘုရားကိုပင် ပယ်ရာ ရောက်သည်ကို မသိကြသောကြောင့် လည်းကောင်း, မိမိကိုယ်တိုင် အားထုတ် နေသည်ဆိုသော အစစ်အမှန်ဖြစ်သော ပဋိပတ်သည် အဘယ်မှာရှိသည်, အဘယ်မှ လာသည်ကို မသိကြသောကြောင့် လည်းကောင်း ပြောမှား, ဆိုမှား ဖြစ်နေကြသည် ဟုသာလျှင် မှတ်ယူရပေသည်။

မိလိန္ဒမင်းကြီး အမေးကို အရှင်နာဂသေန ဖြေကြားတော်မူသော စကားဖြင့်လည်း ပရိယတ္တိတည်းဟူသော ပါဠိအဋ္ဌကထာ သင်ကြားနာယူပို့ချခြင်းသည် အကျိုးမဲ့သော အလုပ်မဟုတ်၊ အကျိုးကျေးဇူးရှိသော အကျိုးကျေးဇူးများသော နိပ္ပပဉ္စဟူသော ဖိုလ်တရား များသို့ ရောက်ကြောင်း ဘာဝနာပဋိပတ်ပင်ဖြစ်ကြောင်း ပြဆိုခဲ့ပေပြီ။

ပရိယတ်သည် ဘုရား၏ ကိုယ်စားတော်

သာသနာတော်သုံးရပ်တွင် ပရိယတ္တိသာသနာသည် အရေးကြီးသော သာသနာ ဖြစ်ကြောင်း, မူလအခြေခံ ပဓာနသာသနာ ဖြစ်ကြောင်းကိုလည်း သိသင့် ကြပေသည်။

ယော ခေါ အာနန္ဒ မယာ ဓမ္မော စ ဝိနယော စ ဒေသိတော ပညတ္တော၊ သော ဝေါ မမစ္စယေန သတ္ထာ
ဟူ၍ မြတ်စွာဘုရား ကိုယ်တော်တိုင် အရှင်အာနန္ဒာအား မိန့်တော်မူခဲ့သည်။ အာနန္ဒာ--- ငါဘုရားသည် သုတ္တန်, အဘိဓမ္မာတို့ကိုလည်းဟောကြားခဲ့ပြီ၊ ဝိနည်းကို လည်း ပညတ်ခဲ့ပြီ။ ထိုသုတ္တန်, အဘိဓမ္မာ, ဝိနည်းဟူသော ပရိယတ္တိသည် ငါဘုရား ပရိနိဗ္ဗာန် ပြုပြီးသောအခါ၌ သင်တို့၏ဆရာပင် ဖြစ်ပေလိမ့်မည်၊ ငါဘုရားကိုယ်စား ဘုရားအရာ၌ တည်ရစ်ပေလိမ့်မည်”ဟု မိန့်တော်မူခဲ့သည်။

မြတ်စွာဘုရား မိန့်တော်မူခဲ့သော ဤစကားတော်ကိုထောက်လျှင် ပရိယတ္တိသည် မြတ်စွာဘုရား ကိုယ်တော်စား ဓမ္မစေတီတော် ဖြစ်သည်ကို သိရှိကြလျှင် ပရိယတ္တိကို မပြစ်မှားထိုက်ပေ၊ မပယ်ထိုက်ပေ။ ပရိယတ္တိကို ပယ်လျှင် မြတ်စွာဘုရားကို ပယ်ရာ ရောက်သည့်ပြင် သာသနာတော် ကိုလည်း ပယ်ရာ စော်ကားရာသို့ ရောက်လေသည်

ပရိယတ္တိ ကွယ်သောနေ့သည် သာသနာတော် ကွယ်သည်ပင်ဖြစ်သည်။ ပရိယတ္တိမှ ကင်းသော ပဋိပတ္တိသည်လည်း တက်မ, မပါသောလှေနှင့် တူလေသည်၊ တောင်ရမ်း မြောက်ရမ်း, တောင်တိုက် ကမ်းတိုက်ဖြစ်ကာ လှေနစ်၍ လှေစီးသူများပါ နစ်မွန်း သေကြေကြရသကဲ့သို့ နည်းလမ်းမမှန်သော ပရိယတ္တိကင်းသော ပဋိပတ္တိသမား သည်လည်း မဂ်ဖိုလ်တိုင်အောင် မရမရောက်သည့်အပြင် နစ်မွန်းတတ်သည်၊ ဘုရားကိုလည်း ပြစ်မှားရာရောက်လေသည်။

ပရိယတ္တိ၌သာ မဂ္ဂင်ရှစ်ပါးကို ရနိုင်ခြင်း

နိဗ္ဗာန်ရောက်ကြောင်း မဂ္ဂင်ရှစ်ပါးတရား အစစ်အမှန်သည် ပရိယတ္တိ၌သာလျှင် ရှိလေသည်

ဣမသ္မိံ ခေါ ပန သုဘဒ္ဒ ဓမ္မဝိနယေ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ ဥပလဗ္ဘတိ
ဟူ၍ သုဘဒ္ဒပရိဗိုဇ်ကို မြတ်စွာဘုရားကိုယ်တော်တိုင် တိတိကျကျ မိန့်တော်မူ ခဲ့သည်။ အချင်းသုဘဒ္ဒ -ဤ ငါဘုရား၏ သာသနာတည်းဟူသော သုတ်, အဘိဓမ္မာ, ဝိနည်း ပရိယတ္တိ၌သာလျှင် မှန်ကန် သန့်ရှင်းသော အင်္ဂါရှစ်ပါးရှိသော မဂ္ဂင်တရားကို ရရှိအပ်၏၊ နိဗ္ဗာန်ရောက်ကြောင်း ဝဋ်ဒုက္ခအပေါင်းမှလွတ်မြောက်ကြောင်းဖြစ်သော မဂ္ဂင်တရားတော်သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သော ပရိယတ္တိ၌သာ ရှိပေသည်၊ ငါဘုရား၏ ပရိယတ္တိဟူသော သုတ္တန်, အဘိဓမ္မာ, ဝိနည်းတော်မှတစ်ပါး အခြားအယူဝါဒ တို့၌ မရှိချေဟု မိန့်တော်မူခြင်းဖြစ်သည်။

တံခွန်မထူသော ပရိယတ် ပဋိပတ် သံဃာတော်များ

အထက်၌ ဖော်ပြရေးသားခဲ့သော အကြောင်း အရပ်ရပ်တို့ကို ကြည့်ရှု ဆင်ခြင်ကြပြီး ကာလ ပရိယတ္တိကို ပဋိပတ္တိထက်ပို၍ အလေးပေးကာ မြတ်မြတ်နိုးနိုး ယုံကြည် ကြလျက် ပရိယတ္တိ သာသနာတော် မပျောက်အောင် ဆောင်ရွက်တော်မူကြသော သံဃာတော်မြတ်တို့ကိုလည်း ကြည်ညိုလေးစားသင့်ကြသည်

အရှင်မဟာကဿပ စသော ရဟန္တာမထေရ်မြတ်ကြီးများ အဆက်ဆက် ပထမ, ဒုတိယ, တတိယ, စတုတ္ထ, ပဉ္စမ, ဆဋ္ဌသင်္ဂါယနာ တင်တော်မူကြခြင်းသည် မြတ်စွာဘုရား၏ ပရိယတ္တိသာသနာ, မြတ်စွာ ဘုရား၏ ကိုယ်စားတော်ဓမ္မက္ခန္ဓာများ မပျောက်အောင် သင်္ဂါယနာ တင်တော်မူခဲ့ကြခြင်း ဖြစ်သည်။ ယနေ့ ပရိယတ္တိကို ဆောင်ရွက်ပို့ချ သင်ကြားသူမရှိလျှင် ယနေ့သာသနာတော် ကွယ်မည်ကို သတိပြုသင့်လှပေသည်။

ပရိယတ္တိကို ပို့ချ အားထုတ်တော်မူကုန်သော သံဃာတော်ကြီးများသည် ပဋိပတ်ကို လျစ်လျူရှုနေကြသည် မဟုတ်၊ မိမိတို့ ရွက်ဆောင်လျက်ရှိသော ပရိယတ္တိမှ အရသာတည်း ဟူသော အနှစ်အသား တရားတော်ကို အချိန်ရသလောက် နှလုံး သွင်းလျက် ဆင်ခြင်ပွားများလျက်ပင် ရှိကြပေသည်။

သို့သော်လည်း ထိုသံဃာတော်ကြီးများသည် တံခွန်စိုက်ထူ၍ကား မထားကြပေ၊ ချုံကွယ်ကနေ၍ သားကောင်ကိုချောင်းသော ကျားသစ်ကဲ့သို့ မထင်ပေါ်စေဘဲ သူတော်ကောင်းတရား, ရဟန်းတရားကို အားထုတ်တော် မူကြကုန်သော သံဃာတော် ကြီးများသည် ရှေးကလည်း ရှိခဲ့ဖူးသည်၊ ယခုခေတ်၌လည်း အချို့ အချို့ဒေသ၌ ရှိတော် မူကြသည်ပင် ဖြစ်ပေသည်။

နာကြားရုံဖြင့် မဂ်ဖိုလ်ရသူ

ရူပကာယ ရုပ်အပေါင်းအစုဖြစ်သော ကိုယ်ကို နှစ်သက်သာယာ မက်မောသော တဏှာကို ပယ်ကြရာ၌ အဘိရူပ နန္ဒာထေရီ, ဇနပဒကလျာဏီ နန္ဒာထေရီ စသည်တို့ ကဲ့သို့ ရှေးရှေးဘဝ ကာလတို့က ဖြည့်ဆည်းပူးခဲ့သော ပါရမီ, ဝိပဿနာဘက်၌ လေ့လာ ပွားများခြင်း, အထုံဝါသနာ ပြုခဲ့ခြင်းရှိသော ပုဂ္ဂိုလ်တို့သည်ကား မိမိတို့၏ ကိုယ်ကို အဆင်း၌ တပ်မက်နှစ်သက်ခြင်း ရှိသည်ဟုဆိုရစေကာမူ ပါရမီအဟုန် ဝါသနာအထုံ ရှိခဲ့သူတို့ ဖြစ်၍ မီးခဲပြာဖုံးပမာ မြတ်စွာဘုရား တည်းဟူသော ဒေသက ပုဂ္ဂိုလ်, ကလျာဏမိတ္တတည်း ဟူသော သပ္ပုရိသနိဿယ သူတော်ကောင်းကို အမှီပြုကြရသောအခါ တရား ဒေသနာတော်တည်း ဟူသော လေအဟုန်ကြောင့် ပြာနှင့်တူသော ကိလေသာတို့ကို မှုတ်လွှင့်လိုက်သော အချိန်၌ ဝိပဿနာဉာဏ်, မဂ်ဉာဏ်အဟုန်တို့သည် ရဲရဲတောက် ဖြစ်ပေါ်လာကာ အရဟတ္တဖိုလ်တိုင်အောင် ဆိုက်ရောက်ကြလေသည်

ကျင့်ကြံအားထုတ်မှ မဂ်ဖိုလ်ရသူ

ရှေးရှေးသောဘဝ, ရှေးရှေးကာလတို့က ပါရမီဓာတ်ခံ နည်းပါးကြခြင်း, ဝိပဿနာ အလုပ်၌ အလေ့အလာ အထုံဝါသနာ နည်းပါးခြင်းရှိသော သူတို့သည်ကား တရား စကားကို ကြားနာရကာမျှဖြင့် နိပ္ပပဉ္စဖြစ်သော တရားထူးများကို လွယ်လွယ်ကူကူနှင့် မရနိုင်, မရောက်နိုင်ကြကုန်

မြတ်စွာဘုရား အစရှိသော ကမ္မဋ္ဌာန်းဆရာထံမှ ကမ္မဋ္ဌာန်း အားထုတ်နည်းကို နာယူ သင်ကြား မှတ်သားပြီးကာလ အာရုံငါးပါး ကင်းဆိတ်သောဌာန၌ နေကာ အားထုတ် မှသာလျှင် ဉာဏ်အနုအရင့် အားလျော်စွာ တရားထူးကို ရနိုင်ကြသည် ဖြစ်သော ကြောင့် ထိုကဲ့သို့သော ပုဂ္ဂိုလ်တို့၏ အကျိုးငှာ ကာယာနုပဿနာ ကမ္မဋ္ဌာန်းကို အနည်းငယ်ဆက်လက်၍ ရေးမည်ဖြစ်သည်။

ရုပ်၌ တပ်မက်မှုပယ်စွာ ကာယာနုပဿနာ

ခန္ဓာငါးပါးကို အသီးသီး ဝိပဿနာရှုရာ၌ နာမက္ခန္ဓာဖြစ်သော စိတ်, စေတသိက် တရားတို့သည် လျင်မြန်စွာ ဖြစ်ခြင်းပျက်ခြင်း ရှိသည်ဖြစ်၍ ထိုစိတ်, စေတသိက် တို့ကို အနိစ္စအားဖြင့်လည်းကောင်း, ဒုက္ခ, အနတ္တအားဖြင့် လည်းကောင်း ရှုလျှင် အနိစ္စလက္ခဏာ, ဒုက္ခ, အနတ္တ လက္ခဏာတို့ကို ရှုလွယ်သည်၊ ဉာဏ်ဖြင့် မြင်လွယ်သည်

ရုပ်ခန္ဓာမှာမူကား အဖြစ်အပျက် ရှိသော်လည်း ရုပ်၏အဖြစ်အပျက် သဘောကို သာမန်အားဖြင့် မမြင်နိုင်ကြ။ အဘယ့်ကြောင့်ဟူမူ ဤ ရုပ်ခန္ဓာကြီးသည် နှစ်ပေါင်း တစ်ဆယ်, နှစ်ဆယ်မှစ၍ နှစ်ပေါင်း ကိုးဆယ်, တစ်ရာတိုင်အောင် သန္တတိအစဉ် အားဖြင့် မြင်တွေ့ နေကြရသည်ဖြစ်၍ အနိစ္စ, ဒုက္ခ, အနတ္တ အနေဖြင့် မြင်နိုင်ခဲကြသည်

သို့ဖြစ်၍ ရုပ်ခန္ဓာကိုယ်ကို မျက်ဝါး ထင်ထင်ရှုမြင်ကြကာ ငြီးငွေ့ စက်ဆုပ်၍ ရုပ်၏ အပြစ် ဒေါသတို့ကိုမြင်သဖြင့် တပ်မက် နှစ်သက်ခြင်း ကင်းကြစေရန် ရုပ်ကို အသုဘ သဘောအားဖြင့် အမြင်မှန် မြင်စေခြင်းငှာ ဒွတ္တိံသာကာရ ဒေသနာတော်ကို ဟောတော်မူသည်။ ဤသည်ကို ရည်ညွှန်း၍ -

အသုဘရုပ်၊ ဒုက္ခဝေဒနာ၊ သညာသင်္ခါရ၊ အနတ္တတည့်၊ အနိစ္စဝိညာဏ်၊ ဖြစ်ကြဟန် ဖန်ဖန်ရှုကုန်ကြ-
ဟူ၍ ဆရာတော်ကြီးများ စပ်ဆိုတော်မူကြသည်။ ရုပ်ကို အသုဘသဘောဖြင့် ရှုပါဟု ဆိုလိုသည်။

ကာယဂတာသတိ၏ ဂုဏ်ကျေးဇူး

မြတ်စွာဘုရား ဟောတော်မူသည့်အတိုင်း အဋ္ဌကထာဆရာများ ဖွင့်ဆိုတော် မူသည့်အတိုင်း ရှေးဆရာတော်ကြီးများ ဟောပြော ရေးသားတော်မူသည့်အတိုင်း မူတည်၍ ရေးသားလတ္တံ့သော ဒွတ္တိံသာကာရ အသုဘကမ္မဋ္ဌာန်းသည် မြတ်စွာဘုရား ပွင့်တော်မူ၍ ဟောတော်မူသည်မှ တစ်ပါး ရှေးရှေးခေတ်ကာလက ဖြစ်ပေါ်ဖူးသော တရားမဟုတ်။ ခပ်သိမ်းသော တိတ္ထိဆရာတို့၏ သိနိုင်သောအရာလည်း မဟုတ်ချေ။

ရဟန်းတို့ - တစ်ခုသော တရားကို ပွားများသည်ရှိသော် - ကြိမ်ဖန်များစွာ လေ့လာ သည်ရှိသော် --

  • ကြီးစွာသံဝေဂ ဖြစ်ခြင်းငှာ ဖြစ်၏
  • ကြီးစွာသော အကျိုး ဖြစ်ခြင်းငှာ ဖြစ်၏၊
  • ကြီးစွာသော ယောဂလေးပါး ကုန်ခြင်းငှာဖြစ်၏၊
  • ကြီးစွာသော သတိသမ္ပဇည ဖြစ်ခြင်းငှာဖြစ်၏။
  • ဝိပဿနာဉာဏ်အမြင်ကို ရခြင်းငှာဖြစ်၏၊
  • မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေရခြင်းငှာဖြစ်၏၊
  • အရဟတ္တဖိုလ်ကို မျက်မှောက်ပြုခြင်းငှာ ဖြစ်၏

ရဟန်းတို့ - တစ်ခုသော တရားဟူသည် အဘယ်နည်းဟူမူ “ကာယဂတာသတိ” တရားပင် ဖြစ်ပေသည်

ရဟန်းတို့ -- အကြင်ပုဂ္ဂိုလ်သည် ကာယဂတာသတိ ကမ္မဋ္ဌာန်းကို မပွားများ မလေ့လာသည်ဖြစ်အံ့၊ ထိုပုဂ္ဂိုလ်သည် မသေရာဖြစ်သော အမြိုက်တရားကို မသုံးဆောင်သော ပုဂ္ဂိုလ်မည်၏

အကြင်ပုဂ္ဂိုလ်သည်ကား ကာယဂတာသတိ ကမ္မဋ္ဌာန်းကို ပွားများလေ့လာ၏၊ ထို ပုဂ္ဂိုလ်သည် မသေရာဖြစ်သော အမြိုက်တရားကို ... သုံးဆောင်သည်မည်၏ – ဟူ၍ ကာယဂတာသတိ ကမ္မဋ္ဌာန်း၏ ဂုဏ်ကျေးဇူးကို ဟောတော်မူသည်။

ထိုမှတစ်ပါးလည်း ရဟန်းတို့ -- ကာယာနုပဿနာ, ကာယဂတာသတိ စသော ကမ္မဋ္ဌာန်းဒေသနာတော်သည် သတ္တဝါအပေါင်းတို့၏သန္တာန်၌ ကိလေသာတို့မှ စင်ကြယ် စေခြင်းငှာလည်းဖြစ်သည်၊ သောက ပရိဒေဝ-ဟူသော စိုးရိမ်ခြင်း, ငိုကြွေး မြည်တမ်းခြင်းတို့ကို လွန်မြောက် ကျော်လွှားနိုင်ခြင်းငှာလည်း ဖြစ်သည်၊ ကိုယ်၏ ဆင်းရဲခြင်း, စိတ်၏ဆင်းရဲခြင်းတို့၏ ချုပ်ငြိမ်းအေးမြခြင်းငှာလည်း ဖြစ်သည်၊ မဂ်ဉာဏ်ကို ရခြင်းငှာလည်း ဖြစ်သည်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှာလည်း 'ဖြစ်သည်-ဟူ၍ ဟောတော်မူခဲ့သည်။

ထို့ကြောင့် ဤကာယာနုပဿနာ၊ တစ်နည်း- ကာယဂတာသတိ ကမ္မဋ္ဌာန်းကို စိတ်အား ထက်ထက်သန်သန် လိုလိုလားလား နှစ်နှစ်ကာကာ လေးလေးစားစား အာရုံပြု၍ အားထုတ်အပ်လှပေသည်

🧘 ကာယဂတာသတိဖြင့် ကူးပြီး, ကူးဆဲ, ကူးလတ္တံ့

သဟမ္ပတိဗြဟ္မာကြီးကလည်း-

ဧကာယနံ ဇာတိခယန္တ ဒဿီ၊
မဂ္ဂံ ပဇာနာတိ ဟိတာနုကမ္ပိ။
ဧတေန မဂ္ဂေန တရိံသု ပုဗ္ဗေ၊
တရိဿန္တိ ယေ စ တရန္တိ သြဃံ။

ဟူ၍ ကျူးရင့်ခဲ့လေပြီ။

ဇာတိခယန္တ ဒဿီ၊ ဇာတိ၏ကုန်ဆုံးရာ နိဗ္ဗာန်ကို မြင်တော်မူသော။
ဟိတာနုကမ္ပိ၊ သတ္တဝါတို့၏ အစီးအပွားကို လိုလားကာ သနားကြင်နာတော်မူသော မြတ်စွာဘုရားသည်။
ဧကာယနံ၊ နိဗ္ဗာန်ရောက်ရာ တစ်ကြောင်းတည်းဖြစ်သော။
မဂ္ဂံ၊ လမ်းကို။
ဝါ၊ မဂ္ဂင်ရှစ်ပါးကို။
ပဇာနာတိ၊ အပြားအားဖြင့် သိတော်မူ၏။

ဧတေန မဂ္ဂေန၊ ဤမဂ္ဂင်လမ်းဖြင့်။
ပုဗ္ဗေ၊ ရှေးရှေးကပ်ကမ္ဘာ ရှေးအခါ၌။
ယေ စ ဗုဒ္ဓါဒယော၊ အကြင် ဘုရားရှင်စသော အရိယာတို့သည်လည်း။
သြဃံ၊ သြဃလေးပါး တည်းဟူသော မဟာသမုဒ္ဒရာကို။
တရိံသု၊ ကူးမြောက်တော်မူကြ လေကုန်ပြီ။
ဣဒါနိ၊ ယခု မျက်မှောက်ကာလ၌လည်း။
ဧတေန မဂ္ဂေန၊ ဤမဂ္ဂင်လမ်းဖြင့်ပင်။
ယေ စ ဗုဒ္ဓါဒယော၊ အကြင်ဘုရားစသော အရိယာတို့သည်လည်း။
သြဃံ၊ သြဃလေးပါး တည်းဟူသော မဟာသမုဒ္ဒရာကို။
တရန္တိ၊ ကူးမြောက်တော်မူကြကုန်ဆဲ ဖြစ်ကုန်၏။
အနာဂတေပိ၊ အနာဂတ် ကာလ၌လည်း။
ဧတေန မဂ္ဂေန၊ ဤမဂ္ဂင်လမ်းဖြင့်ပင်။
ယေ စ ဗုဒ္ဓါ ဒယော၊ အကြင် ဘုရားစသော အရိယာတို့သည်လည်း။
ဩဃံ၊ သြဃလေးပါးတည်းဟူသော မဟာသမုဒ္ဒရာကို။
တရိဿန္တိ၊ ကူးမြောက်တော်မူကြကုန်ဦးလတ္တံ့။

မဂ္ဂင်ရှစ်ပါးတရား တည်းဟူသော ကာယာနုပဿနာ ကာယဂတာသတိကမ္မဋ္ဌာန်း တရားဖြင့်သာလျှင် ရှေးရှေးကပ်ကမ္ဘာကာလ ပွင့်တော်မူကြကုန်သော ဘုရားရှင် စသော အရိယာပုဂ္ဂိုလ်တို့သည် သြဃလေးပါးကို ကူးမြောက်၍ နိဗ္ဗာန်သို့ ဆိုက်ရောက်တော် မူကြကုန်ပြီ။

ယခုမျက်မှောက်ကာလ၌ ဖြစ်တော်မူဆဲသော မြတ်စွာဘုရားနှင့်တကွ အရိယာ ပုဂ္ဂိုလ်တို့သည်လည်း ဤကာယာနုပဿနာ မဂ္ဂင်တရားဖြင့်သာလျှင် သြဃလေးပါး ကို ကူးမြောက်၍ နိဗ္ဗာန်ကို ဆိုက်ရောက်တော်မူကြကုန်၏။

နောင်ပွင့်တော်မူလတ္တံ့ ဖြစ်သော ဘုရားရှင်တို့နှင့်တကွ အရိယာပုဂ္ဂိုလ်တို့သည် လည်း ဤကာယာနုပဿနာ မဂ္ဂင်တရား ဖြင့်သာလျှင် သြဃလေးပါးကို ကူးမြောက်၍ နိဗ္ဗာန်သို့ ရောက်တော်မူကြကုန်မည်ပင် ဖြစ်ပေသည်- ဟု ကျူးရင့်ခြင်းဖြစ်သည်။

သဟမ္ပတိဗြဟ္မာကြီး၏ ကျူးရင့်သံကို ကြားသိရသဖြင့်လည်း ကာယာနုပဿနာ ဟူသော ကာယဂတာသတိကမ္မဋ္ဌာန်း တည်းဟူသော လမ်းကို အားထုတ်ခြင်း၌ အားရှိဖွယ် တက်ကြွဖွယ်ကောင်းလှပေသည်။

ကာယာနုပဿနာ ကမ္မဋ္ဌာန်းတရား၏ ကျေးဇူးဂုဏ်တို့ကို အထိုက်အလျောက် ထုတ်ဆောင်ပြဆိုခြင်းသည် ဤတရားမျိုးကို ရခဲကြုံခဲ၍ ဖြစ်သည်။ ဘုရားရှင် တစ်ဆူ တစ်ဆူ ပွင့်ထွန်းတော်မူသောအခါမှသာလျှင် ကြားနာရကြသည်။ သာသနာတော်နှင့် ကြုံကြိုက်မှ ကြားရနာရသည်။

ကြားနာရသော်မှသာ လိုက်နာ အားထုတ်နိုင်သည်ဖြစ်၍ သာသနာတော်နှင့် ကြုံကြိုက်ခိုက်, ကြားနာရခိုက်, အားထုတ်ခွင့် ရရှိခိုက်၌ အနည်းဆုံးအားဖြင့် ဥပနိဿယ ပစ္စည်းအဖြစ် အထုံဝါသနာပင် ဖြစ်ကြစေလိုသော ဆန္ဒဖြင့် ကာယာနုပဿနာ ကမ္မဋ္ဌာန်းတရား၏ ဂုဏ်ကျေးဇူးကို ဤမျှလောက် ထုတ်ဆောင်၍ ပြခြင်း ဖြစ်ပေသည်။

ကာယာနုပဿနာကို သင်ကြားရကျိုးပြီး၏။

✨ ဒွတ္တိံသာကာရကမ္မဋ္ဌာန်း

ပုန စပရံ ဘိက္ခဝေ ဘိက္ခု၊ ဣမမေဝ ကာယံ ဥဒ္ဓံ ပါဒတလာ အဓော ကေသမတ္ထကာ တစပရိယန္တံ ပူရံ နာနာပ္ပကာရဿ အသုစိနော ပစ္စဝေက္ခတိ- “အတ္ထိ ဣမသ္မိံ ကာယေ ကေသာ လောမာ နခါ ဒန္တာ တစော၊ မံသံ နှာရု အဋ္ဌိ အဋ္ဌိမိဒ္ဓံ ဝက္ကံ၊ ဟဒယံ ယကနံ ကိလောမကံ ပိဟကံ ပပ္ဖါသံ၊ အန္တံ အန္တဂုဏံ ဥဒရိယံ ကရီသံ မတ္ထလုင်္ဂံ ပိတ္တံ သေနှံ ပုဗ္ဗော လောဟိတံ သေဒေါ မေဒေါ၊ အဿု ဝသာ ခေဠော သိင်္ဃာနိကာ လသိကာ မုတ္တံ-”

ဟူ၍ ပဋိကူလ မနသိကာရအားဖြင့် ဟောတော်မူသော ဒွတ္တိံသာကာရကမ္မဋ္ဌာန်းကို ကာယဂတာသတိကမ္မဋ္ဌာန်း, ကာယာနုပဿနာကမ္မဋ္ဌာန်းဟူ၍ ဆိုအပ်၏။

ဘိက္ခဝေ၊ ခန္ဓာတည်းဟူသော သံသရာဘေးကို ရှုလေ့ရှိသောရဟန်းတို့။
ပုန စပရံ၊ တစ်ပါးတုံလည်း။
ဘိက္ခု၊ သံသရာဘေးကို ရှုလေ့ရှိသော ရဟန်းသည်။
ပါဒတလာ၊ ခြေဖဝါးအပြင်မှ။
ဥဒ္ဓံ၊ အထက်ဆံဖျားတိုင်အောင်။
ကေသမတ္ထကာ၊ ဆံဖျားမှ။
အဓော၊ အောက်ခြေဖဝါးတိုင်အောင်။
တစပရိယန္တံ၊ ပတ်ဝန်းကျင် အရေလျှင် အပိုင်းအခြားရှိသော။
နာနာပ္ပကာရဿ၊ အထူးထူး အပြားပြားသော။
အသုစိနော၊ ဆံပင်, မွေးညင်းစသော မစင်အပေါင်းဖြင့်။
ပူရံ၊ ပြည့်သော။
ဣမမေ၀ ကာယံ၊ လေးပါးဘုတ်မှီ ပုပ်နံညှီသည့် ဤကောဋ္ဌာသအစုကိုသာလျှင်။
အတ္ထိ ဣမသ္မိံ ကာယေ ကေသာ လောမာ။ ပ။ မုတ္တန္တိ၊ ... မုတ္တံဟူ၍။
ပစ္စဝေက္ခတိ၊ အဖန်ဖန်ပင် ဉာဏ်ဖြင့်သက်ဝင် ဆင်ခြင်ကြည့်ရှု၏။

ခန္ဓာနဉ္စ ပဋိပါဋိ၊ ဓာတုအာယတနာန စ။
အဗ္ဗောစ္ဆိန္နံ ဝတ္တမာနာ၊ သံသာရောတိ ပဝုစ္စတိ။

ဟု ကျမ်းဂန်လာသည့်အတိုင်း ခန္ဓာ, အာယတန, ဓာတ်တို့၏ အစဉ်မပြတ် ဖြစ်ရာဖြစ်သော သံသရာဘေးကို မြော်တွေးကြောက်လန့်၍ သံသရာကို ပြတ်စေလို, တိုစေလိုသော ယောဂီသည် ဤတစ်လံမျှလောက်သော ရုပ်အစုကိုပင်လျှင် ခြေဖဝါးအပြင်မှ ဆံဖျားတိုင်အောင်, ဆံဖျားမှသည် ခြေဖဝါးတိုင်အောင် ဘေး ပတ်ဝန်းကျင် အရေလျှင် အပိုင်းအခြားရှိသော ကိုယ်၌ ဆံပင်, မွေးညင်းစသော ညစ်ကြေးသော ကောဋ္ဌာသအစု တို့ဖြင့်သာလျှင် ပြည့်လျက်ရှိ၏တကား- ဟူ၍ ဉာဏ်မျက်စိဖြင့် အဖန်ဖန်အထပ်ထပ် ဆင်ခြင်သုံးသပ်ရမည်၊ ဆင်ခြင်ပါလေ- ဟု ဟောတော်မူသည်။

🚨 ပလိဗောဓကြီး ၁၀-ပါး

ယင်းသို့လျှင် သံသရာဘေးကိုမြင်၍ နည်းလမ်းမှန်ကန်စွာဖြင့် အားထုတ်လိုသော ယောဂီသည် အဋ္ဌကထာတို့၌ ညွှန်ပြသည့်အတိုင်း ပလိဗောဓကြီး ဆယ်ပါးကို ပထမ ပယ်ရ, ရှင်းရမည်။

ပလိဗောဓကြီး ဆယ်ပါးဟူသည်ကား-

  1. အာဝါသပလိဗောဓ - ကျောင်းနှင့်စပ်၍ကြောင့်ကြမှု၊
    (အနှောင့်အယှက်ရှိမှုကို ဆိုသည်။)
  2. ကုလပလိဗောဓ - ဒါယကာ, ဒါယိကာမနှင့်စပ်သော ကြောင့်ကြမှု၊
  3. လာဘပလိဗောဓ - ပစ္စည်းလာဘ်လာဘနှင့်စပ်သော ကြောင့်ကြမှု၊
  4. ဂဏပလိဗောဓ - သုတ္တန်ဆောင်ဂိုဏ်း စသည်နှင့်စပ်သော ကြောင့်ကြမှု၊
    (အပေါင်းအသင်းနှင့်စပ်သော ကြောင့်ကြမှုကို ဆိုသည်။)
  5. ကမ္မပလိဗောဓ - နဝကမ္မအမှုနှင့်စပ်သော ကြောင့်ကြမှု၊
  6. အဒ္ဓါနပလိဗောဓ - ခရီးသွားခြင်းနှင့်စပ်သော ကြောင့်ကြမှု၊
  7. ဉာတိပလိဗောဓ - ဆွေမျိုးမိဘနှင့်စပ်သော ကြောင့်ကြမှု၊
  8. အာဗာဓပလိဗောဓ - ရောဂါနှင့်စပ်သော ကြောင့်ကြမှု၊
  9. ဂန္ထပလိဗောဓ - ဆောင်ရွက် သင်ကြားအပ်သော စာပေကျမ်းဂန်နှင့်စပ်သော ကြောင့်ကြမှု။
  10. ဣဒ္ဓိပလိဗောဓ- - ဝိပဿနာ၏ အနှောင့်အယှက်ဖြစ်သော ပုထုဇဉ်တို့၏ တန်ခိုး ဟူသော ကြောင့်ကြမှု။

ဤဆယ်ပါးတို့သည် တရားအားထုတ်သော ယောဂီ၌ အနှောင့်အယှက်ဖြစ်တတ် သောကြောင့် တရားအားမထုတ်မီ ကြိုတင်၍ ဤပလိဗောဓတို့ကို ရှင်းလင်း စေရမည်ဟု ဆိုသည်။

ဤပလိဗောဓဆယ်ပါးတို့တွင် တစ်ပါးရှိနေလျှင် ကမ္မဋ္ဌာန်းအာရုံမရနိုင်၊ သမာဓိ မဖြစ်နိုင်။ ပလိဗောဓ အသီးသီးကို ဖြတ်ပုံ ကင်းစေပုံတို့ကို အဋ္ဌကထာ၌ ဖွင့်ဆိုသည့် အတိုင်း ဖော်ပြရမူ အလွန်ကျယ်ဝန်းသွားမည် ဖြစ်သည်။

သို့ကြောင့် ပလိဗောဓ တစ်ပါးပါးရှိလျှင်ပင် ကမ္မဋ္ဌာန်းအလုပ်၌ အနှောင့်အယှက် ဖြစ်သည်ကိုသိ၍ ယောဂီသည် တရားအားမထုတ်မီ တတ်နိုင်သမျှ ပလိဗောဓ လွတ်ကင်းအောင်, ရှင်းအောင် ကြိုတင် စီမံရမည်ဖြစ်သည်။

ဣဒ္ဓိပလိဗောဓသည်ကား ဝိပဿနာ၏ အနှောင့်အယှက်သာလျှင် ဖြစ်သည်၊ သမထ၏ အနှောင့်အယှက် မဖြစ်ဟု ဆိုသည်။ သို့ကြောင့် သမထအရာ၌ ဣဒ္ဓိကို ဖြတ်ဖွယ်မရှိဟု မှတ်ရမည်။

☸️ ကမ္မဋ္ဌာန်း ပေးတတ် ဆရာမြတ်

ပလိဗောဓတို့ကို ဖြတ်တောက်ရှင်းလင်းပြီးကာလ ကမ္မဋ္ဌာန်းပေးတတ် ပြတတ်သော မြတ်စွာဘုရား တည်းဟူသော ကလျာဏမိတ္တအစစ် ကမ္မဋ္ဌာန်းဆရာထံ၌ဖြစ်စေ, မြတ်စွာဘုရားမရှိက အသီတိမဟာသာဝကကြီးတို့တွင် တစ်ပါးပါး၌ဖြစ်စေ, မဟာသာဝက ကြီးများ မရှိလျှင်လည်း-

ပိယော ဂရု ဘာဝနီယော၊ ဝတ္တာ စ ဝစနက္ခမော။
ဂမ္ဘီရဉ္စ ကထံ ကတ္တာ၊ နော စ ဌာနေ နိယောဇယေ။

ဟူသည်နှင့်အညီ-

  1. သီလနှင့် ပြည့်စုံသည်ဖြစ်၍ မြတ်နိုးအပ်သောဂုဏ်၊
  2. ကျောက်ထီးတမူ အလေးယူအပ်သောဂုဏ်၊
  3. ချီးမွမ်းထိုက်သောဂုဏ်၊
  4. ကဲ့ရဲ့ပြစ်တင် ဆုံးမပြောဆိုတတ်သောဂုဏ်၊
  5. ကဲ့ရဲ့ပြစ်တင် ပြောဆိုသည်ကို သည်းခံနိုင်သောဂုဏ်၊
  6. နက်နဲသော တရားစကားကိုသာ ပြောဟောတတ်သောဂုဏ်၊
  7. အကျိုးစီးပွား မဖြစ်ထွန်းသော အမှုကိစ္စ၌ မပြုစေတတ်သောဂုဏ်။

ဤခုနစ်ပါးသော ဂုဏ်တို့နှင့်လည်း ပြည့်စုံရမည်။

ထိုမှတစ်ပါး သီတင်းသုံးဖော်နှင့် တပည့်တပန်းတို့ မြတ်နိုးကြောင်းဖြစ်သော-

  1. မြတ်စွာဘုရားနှင့်တကွ တရားတော်၌ ယုံကြည်ခြင်းဂုဏ်၊
  2. စတုပါရိသုဒ္ဓိသီလနှင့် ပြည့်စုံသောဂုဏ်၊
  3. ဗဟုသုတရှိသော ဂုဏ်၊
  4. စွန့်လွှတ်ပေးကမ်းခြင်း ဂုဏ်၊
  5. ကောင်းမှုကုသိုလ်တို့၌ မမေ့သောသတိရှိသောဂုဏ်၊
  6. မဖောက်မပြန် အမြင်မှန်ရှိသောဂုဏ်၊
  7. တည်ကြည်သောဂုဏ်၊
  8. အကျိုးစီးပွားရှိရာ၌ ဝီရိယရှိသောဂုဏ်။

ဤ အင်္ဂါရှစ်ပါးနှင့်လည်း ပြည့်စုံသော --

ကလျာဏမိတ္တရဟန္တာဖြစ်သော ဆရာထံ၌ ဖြစ်စေ,
ရဟန္တာမရှိက အနာဂါမ်,
အနာဂါမ်မရှိက သကဒါဂါမ်,
သကဒါဂါမ်မရှိက သောတာပန်,
သောတာပန်မရှိက ဈာန်ရပုဂ္ဂိုလ်,
သို့မှမရှိလျှင် ပဋိကသုံးပုံဆောင်, နှစ်ပုံဆောင်, တစ်ပုံဆောင်

စသော ဗဟုဿုတဓရ လဇ္ဇီကုက္ကုစ္စက သိက္ခာကာမ, ပုဂ္ဂိုလ် တို့ထံ၌ ဆည်းကပ် ရမည်။ ဆရာဖြစ်သော ပုဂ္ဂိုလ်သည် မိမိအပေါ်၌ ကျေနပ်မြတ်နိုးသည့် တိုင်အောင် ဝတ်နိဗဒ်တို့ကိုပြု၍ မိမိကိုယ်ကို ကမ္မဋ္ဌာန်းဆရာအား အပ်နှင်းရမည်

“မြတ်စွာဘုရား -- ဘုရားတပည့်တော်၏ ခန္ဓာကိုယ်ကို မြတ်စွာဘုရားအား လှူဒါန်းပါ၏၊ အပ်နှင်းပါ၏ဘုရား”ဟု အပ်နှင်းရမည်။ ဘုရားမရှိက ဆည်းကပ် သင့်သော ကမ္မဋ္ဌာန်းဆရာအား အပ်နှင်းရမည်။

ဤသို့ ကမ္မဋ္ဌာန်းဆရာအား ခန္ဓာကိုယ်ကို အပ်နှင်းရသော အကျိုးမှာ ကြီးကြီး ငယ်ငယ် ကြောက်မက်ဖွယ် ဘေးအန္တရာယ်နှင့် ကြုံတွေ့ ခဲ့လျှင် မိမိ ကိုယ်ကို ဘုရားအား, ကမ္မဋ္ဌာန်းဆရာအား စွန့်လွှတ်လှူဒါန်းပြီး ဖြစ်သောကြောင့် ခန္ဓာကိုယ်၌ ခင်မင် တွယ်တာမှု မရှိသဖြင့် ကြောက်ရွံ့ ထိတ်လန့်ခြင်းမရှိ၊ သည်းခံနိုင်သော အကျိုးကို ရရှိသည်ဟုဆိုသည်။

🚫 ရှောင်ကြဉ်သင့်သောဌာန ၁၈-ပါး

ထိုနောက် ကမ္မဋ္ဌာန်းပေးသော ဆရာထံမှ ကမ္မဋ္ဌာန်းနည်း နိဿယကို ရိုသေ လေးစားစွာ သင်ကြားနာယူပြီးကာလ ကမ္မဋ္ဌာန်း အားထုတ်ရန် သင့်လျော်သော ဌာနကို ရွေးချယ်ရာ၌ မရွေးချယ်သင့် ပယ်သင့်သောဌာန ၁၈-မျိုးကို သိရှိကာ ရှောင်ကြဉ်ရမည် ဖြစ်သည်။

ရှောင်ကြဉ်ရန် ဌာန ၁၈-မျိုး ဟူသည်မှာ-

  1. ဆန္ဒအမျိုးမျိုးရှိသော ပုဂ္ဂိုလ်တို့ရောနှော၍ နေရာဖြစ်သော ကျောင်းကြီး၊
    (အဆောက်အအုံကြီး။)
  2. နဝကမ္မကိစ္စများသော ကျောင်းသစ်၊
  3. ပြုပြင်ဖွယ်ကိစ္စများသော ကျောင်းအို, ကျောင်းဟောင်း၊
  4. လမ်းမနှင့် နီးသောကျောင်း၊
  5. ရှင်လူတို့ ရောပြွမ်းရာ ရေကန်, ရေအိုင်နီးသောကျောင်း၊
  6. ဟင်းရွက်တော နီးသောကျောင်း၊
  7. ပန်းတော နီးသောကျောင်း၊
  8. သစ်သီးပင်ရှိသောကျောင်း၊
  9. သာယာမွေ့ လျော်ဖွယ်ရှိ၍ လူစုံလာတတ်သောကျောင်း၊
  10. မြို့ကျောင်း, ရွာကျောင်း၊
  11. ထင်းတောနီးသောကျောင်း၊
  12. လယ်တောနီးသောကျောင်း၊
  13. ရဟန်းဖြစ်သော ရန်သူရှိသောကျောင်း၊
  14. လှေဆိပ်, လှည်းဆိပ်, ကားဆိပ်, ရထားဆိပ်, သင်္ဘောဆိပ် နီးသောကျောင်း၊
  15. တိုင်းစွန် ပြည်စွန် ကျသောကျောင်း၊
  16. တိုင်းကြပ်ရွာကို မှီသောကျောင်း၊
  17. မာတုဂါမ ဘေး,ယက္ခ ဘေးစသည်နီး၍ မလျောက်ပတ်သောကျောင်း၊
  18. မိတ်ဆွေကောင်း မနီးသောကျောင်း။

ဤ ၁၈-မျိုး တောကျောင်းဟု ဆိုအပ်သော ဌာနတို့ကို ခြင်္သေ့, သစ်ကျား သားရဲဘေးရန်, သူခိုးဓားပြဘေးရန်ရှိသော ဌာနတို့ကဲ့သို့ ရှောင်ကြဉ်ရပေမည်

✅ ပြည့်စုံသင့်သော အင်္ဂါ ၅-ပါး

ရှောင်ကြဉ်သင့်သော ၁၈-မျိုးသော ဌာနတို့ကို ရှောင်ကြဉ်ပြီးသော ယောဂီအား သင့်လျော်လျောက်ပတ် ကောင်းမြတ်သော အင်္ဂါငါးပါးနှင့် ပြည့်စုံသောကျောင်းကို ညွှန်ပြပြန်လိုသည်မှာ-

  1. ရွာနှင့် မနီးလွန်းသောကျောင်း၊
  2. ရွာနှင့် မဝေးလွန်းသောကျောင်း၊
  3. ရှင်လူတို့ မရောပြွမ်းသောကျောင်း၊
  4. မှက်ခြင်နည်းပါးသောကျောင်း၊
  5. ပစ္စည်းလေးပါးမျှတ၍ သဘာဂမိတ်ဆွေရှိသောကျောင်း။

ဤအင်္ဂါငါးပါးနှင့် ပြည့်စုံသော ကျောင်း၊ သို့မဟုတ် ဌာနမှာနေ၍ မိမိသန္တာန်၌–

  1. ဘုရားတရား၌ ယုံကြည်ခြင်း၊
  2. ရောဂါကင်းခြင်း၊
  3. ကောက်ကျစ်စဉ်းလဲမရှိခြင်း၊
  4. အားထုတ်အပ်သော ဝီရိယရှိခြင်း၊
  5. ပဋိသန္ဓေပါ ပညာဉာဏ်ရှိခြင်း။

ပဓာနိယင်္ဂ အင်္ဂါငါးပါးနှင့် ပြည့်စုံစေလျက် ကမ္မဋ္ဌာန်းအလုပ်ကို အားထုတ်ရာသည်။

🧹 ပလိဗောဓကလေးများကို သုတ်သင်

ထို့ပြင် ပလိဗောဓကလေးများ ရှိသေးရာ ထိုပလိဗောဓကလေးများကိုလည်း ပယ်ပါလေဦးဟု ညွှန်ပြပြန်သည်။ ၎င်းတို့သည်ကား- ဆံပင်ရိတ်ခြင်း, ခြေသည်း- လက်သည်း ဖြတ်ခြင်း, သင်္ကန်းချုပ်ရန် ဆိုးရန်ရှိက ချုပ်ခြင်း, ဆိုးခြင်း, သပိတ်ဖုတ် သင့်က ဖုတ်ခြင်း, အိပ်ရာနေရာ ညောင်စောင်း ခုတင် စသည်တို့ကို သုတ်သင် ရှင်းလင်းခြင်း စသည်တို့ ကိုလည်း ပြုလုပ်ပါလေဦး။ သို့မှ စိတ်ကြည်လင်သန့်ရှင်း၍ ကမ္မဋ္ဌာန်းအာရုံ ထင်မြင်လွယ်သည်ဟု ဆိုသည်။

ပလိဗောဓကလေးများကို ပြုပြင် ရှင်းလင်းစေပြီးလျှင် ဆွမ်းကြောင့်ဖြစ်သော လေးလံ ထိုင်းမှိုင်းခြင်း, အိပ်ချင်ခြင်း စသည်တို့ကို ပယ်ဖျောက်ခြင်းငှာ အခိုက်အတန့် လျောင်းခြင်းဖြင့် ဖြစ်စေ, စင်္ကြံလျှောက်ခြင်း, ရေချိုးခြင်း စသည်ဖြင့်ဖြစ်စေ ငြိမ်းအေး စေ၍ သင့်တင့်လျောက်ပတ် သပ္ပာယဖြစ်သောနေရာ၌ မြတ်စွာဘုရားဂုဏ်တော်ကို ရှေးဦးစွာ အာရုံပြုပြီးကာလ -

💖 မေတ္တာပို့ရန်

ဤကျောင်း၌ရှိကုန်သော သီတင်းသုံးဖော် အပေါင်းတို့သည် -
ချမ်းသာကြပါစေကုန်သတည်း၊ ကြောင့်ကြ ကင်းကြပါစေကုန်သတည်း။
ဤကျောင်းအရံအတွင်း၌ ရှိသော နတ်အပေါင်းတို့သည် -
ချမ်းသာကြပါစေကုန်သတည်း၊ ကြောင့်ကြ ကင်းကြပါစေ ကုန်သတည်း။
ဆွမ်းခံရွာ၌ရှိသော အစိုးရသော ပုဂ္ဂိုလ်တို့သည် -
ချမ်းသာကြပါစေကုန်သတည်း၊ ကြောင့်ကြကင်းကြ ပါစေကုန်သတည်း။
ဆွမ်းခံရွာ၌နေသော လူအပေါင်းတို့သည် -
ချမ်းသာကြပါစေကုန်သတည်း၊ ကြောင့်ကြ ကင်းကြပါစေကုန်သတည်း၊
အရပ် ဆယ်မျက်နှာ၌ တည်နေကြကုန်သော လူ, နတ်, သတ္တဝါ အပေါင်းတို့သည် -
ချမ်းသာ ကြပါစေကုန်သတည်း၊ ကြောင့်ကြကင်းကြ ပါစေကုန်သတည်း-

ဟု မေတ္တာပို့ပါလေ, ပွားပါလေ။ ဤသို့ မေတ္တာပွားခြင်းဖြင့်-

  1. ချမ်းသာစွာနေရခြင်း၊
  2. ကောင်းစွာအစောင့်အရှောက်ရခြင်း၊
  3. ကောင်းစွာစောင့်ရှောက်အပ်သော ပရိက္ခရာရှိခြင်း၊
  4. နှိပ်စက်ညှဉ်းဆဲခံရခြင်းမှကင်းခြင်း၊
  5. အပိတ်အပင် အတားအဆီးမရှိ သွားလာနိုင်ခြင်း။

ဟူသော အကျိုးကျေးဇူးတို့ကို ရရှိသဖြင့် ကိုယ်စိတ်နှစ်ဖြာ အေးချမ်းသာယာစွာ ကမ္မဋ္ဌာန်းတရားကို အားထုတ်နိုင်ပေသည်။

💀 မရဏဿတိ နှလုံးသွင်းရန်

ထို့နောက် မရဏံ မေ ဘဝိဿတိ၊ ဇီဝိတိန္ဒြိယံ ဥပစ္ဆိဇ္ဇိဿတိ၊ အဝဿံ မယာ မရိတဗ္ဗံ- ငါသည် သေရလတ္တံ့ ၊ ဇီဝိတိန္ဒြေသည် ချုပ်ပြတ်လတ္တံ့၊ ငါသည် ဧကန်မလွဲ သေရပေလိမ့်မည်-ဟူ၍ မြတ်သော ပဋိပတ်ကမ္မဋ္ဌာန်း အလုပ်၌ တွန့်တို ဆုတ်နစ်ခြင်း မရှိ၊ တက်ကြွ အားရှိကြောင်းဖြစ်သော မရဏဿတိကို လည်းကောင်း နှလုံးသွင်း ရမည်။

🧠 ဥဂ္ဂဟဧကာသလ္လ ၇-ပါး

အထက်အဆိုပါ ပုဗ္ဗကိစ္စဟူသော တရားအားမထုတ်မီ ရှေးဦးကပင် ကြိုတင် ပြုလုပ်အပ်သော ကိစ္စအရပ်ရပ်တို့ကို ပြုလုပ်ပြီးသောအခါ “အတ္ထိ ဣမသ္မိံ ကာယေ ကေသာ လောမာ နခါ ဒန္တာ တစော” စသည်ဖြင့် အနက်နှင့်တကွ ရေးသား ပြခဲ့ပြီးသည့် အတိုင်း နှလုံးသွင်း ဆင်ခြင်ပွားများရာသည်။ ယင်းသို့ ပွားများရာ၌လည်း ကောဋ္ဌာသ ကာယာနုပဿနာ ကမ္မဋ္ဌာန်းကို အားထုတ်လိုသော ယောဂီသည် ကောဋ္ဌာသတို့ကို-

  1. ပထမနှုတ်ဖြင့်ရွတ်ဆိုသရဇ္ဈာယ်ရမည်။
  2. ဒုတိယစိတ်ဖြင့် ရွတ်ဆို သရဇ္ဈာယ်ရမည်။ ကောဋ္ဌာသ တစ်မျိုးတစ်မျိုး၏
  3. အဆင်း၊
  4. သဏ္ဌာန်၊
  5. အရပ်ဒေသ၊
  6. တည်ရာဌာန၊
  7. အပိုင်းအခြား။

ဤခုနစ်ပါးတို့ကိုလည်း သိရှိထားရမည်။

နှုတ်ဖြင့် ရွတ်ဆိုသရဇ္ဈာယ်ခြင်း, စိတ်ဖြင့်နှလုံးသွင်းခြင်း တို့နှင့်ပေါင်း၍ ဤ ခုနစ်ပါးတို့ကို ဥဂ္ဂဟကောသလ္လ-ဟု ခေါ်ဆို သည်။ ကမ္မဋ္ဌာန်း အာရုံနိမိတ်ကိုယူခြင်း၌ အကြောင်းဖြစ်သောဉာဏ်ဟု ဆိုလိုသည်။

📚 ပါဠိဘာသာ ရွတ်ဆိုပွားများနည်း

အဋ္ဌကထာဆရာတို့၏ အလိုအားဖြင့် ရွတ်ဆိုပွားများနည်းမှာ-

၁။ ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော။
တစော၊ ဒန္တာ၊ နခါ၊ လောမာ၊ ကေသာ။

၂။ မံသံ၊ နှာရု၊ အဋ္ဌိ၊ အဋ္ဌိမိဉ္ဇံ၊ ဝက္ကံ။
ဝက္ကံ၊ အဋ္ဌိမိဉ္ဇံ၊ အဋ္ဌိ၊ နှာရု၊ မံသံ။
တစော၊ ဒန္တာ၊ နခါ၊ လောမာ၊ ကေသာ။

၃။ ဟဒယံ၊ ယကနံ၊ ကိလောမကံ၊ ပိဟကံ၊ ပပ္ဖါသံ။
ပပ္ဖါသံ၊ ပိဟကံ၊ ကိလောမကံ၊ ယကနံ၊ ဟဒယံ။
ဝက္ကံ၊ အဋ္ဌိမိဉ္စံ၊ အဋ္ဌိ၊ နှာရု၊ မံသံ၊
တစော၊ ဒန္တာ၊ နခါ၊ လောမာ၊ ကေသာ။

၄။ အန္တံ၊ အန္တဂုဏံ၊ ဥဒရိယံ၊ ကရီသံ၊ မတ္ထလုင်္ဂံ။
မတ္ထလုင်္ဂံ၊ ကရီသံ၊ ဥဒရိယံ၊ အန္တဂုဏံ၊ အန္တံ။
ပပ္ဖါသံ၊၊ ပိဟကံ၊ ကိလောမကံ၊ ယကနံ၊ ဟဒယံ။
ဝက္ကံ၊ အဋ္ဌိမိဉ္စံ၊ အဋ္ဌိ၊ နှာရု၊ မံသံ။
တစော၊ ဒန္တာ၊ နခါ၊ လောမာ၊ ကေသာ။

၅။ ပိတ္တံ၊ သေမှံ၊ ပုဗ္ဗော၊ လောဟိတံ၊ သေဒေါ၊ မေဒေါ။
မေဒေါ၊ သေဒေါ၊ လောဟိတံ၊ ပုဗ္ဗော၊ သေမှံ၊ ပိတ္တံ။
မတ္ထလုင်္ဂံ၊ ကရီသံ၊ ဥဒရိယံ၊ အန္တဂုဏံ၊ အန္တံ။
ပါသံ၊ ပိဟကံ၊ ကိလောမကံ၊ ယကနံ၊ ဟဒယံ။
ဝက္ကံ၊ အဋ္ဌိမိဉ္စံ၊ အဋ္ဌိ၊ နှာရု၊ မံသံ။
တစော၊ ဒန္တာ၊ နခါ၊ လောမာ၊ ကေသာ။

၆။ အဿု၊ ဝသာ၊ ခေဠော၊ သိင်္ဃာနိကာ၊ လသိကာ၊ မုတ္တံ။
မုတ္တံ၊ လသိကာ၊ သိင်္ဃာနိကာ၊ ခေဠော၊ ဝသာ၊ အဿု။
မေဒေါ၊ သေဒေါ၊ လောဟိတံ၊ ပုဗ္ဗော၊ သေမှံ၊ ပိတ္တံ။
မတ္ထလုင်္ဂံ၊ ကရီသံ၊ ဥဒရိယံ၊ အန္တဂုဏံ၊ အန္တံ။
ပါသံ၊ ပိဟကံ၊ ကိလောမကံ၊ ယကနံ၊ ဟဒယံ။
ဝက္ကံ၊ အဋ္ဌိမိဉ္စံ၊ အဋ္ဌိ၊ နှာရု၊ မံသံ။
တစော၊ ဒန္တာ၊ နခါ၊ လောမာ၊ ကေသာ။

ဟူ၍ အနုလုံ, ပဋိလုံ ရွတ်ဆိုရမည်။

ဤသို့ အနုလုံ, ပဋိလုံ အထက်အောက် အပြန်အလှန် နှုတ်တက်အောင် ကြေညက်အောင် သင်ယူ၍ စီးဖြန်း ပွားများသောအခါ နာရီဝက် တစ်နာရီစသည်ဖြင့် ဣရိယာပုထ် မျှတစွာ ထိုင်နိုင်သလောက် ထိုင်၍ တစ်လ, နှစ်လ, လေးလ စသည် တိုင်အောင် နှုတ်ကရွတ်ဆို၍ စီးဖြန်းပွားများခြင်းကို နှုတ်ဖြင့်ရွတ်ဆိုသည်ဟု ဆိုအပ်သည်။

နှုတ်ဖြင့် စီးဖြန်းရွတ်ဆိုကာမျှဖြင့် နိကာယ်ဆောင်ပုဂ္ဂိုလ်အချို့ သောတာပန်အဖြစ်သို့ ရောက်တော်မူကြပြီဟု ဆိုသည်။ ဓမ္မပဒအဋ္ဌကထာ၌ လာသော မာတိကရွာမှ မာတိကမာတာ အမည်ရှိသော ဥပါသိကာမကြီးသည်လည်း မိမိပစ္စည်းလေးပါး ချီးမြှောက် လှူဒါန်းနေသော ရဟန်းတော်များထံမှ ဤဒွတ္တိံသာကာရ ကာယာနုပဿနာ ကမ္မဋ္ဌာန်းကို သင်ယူကာ ရွတ်ဆိုစီးဖြန်းခြင်းဖြင့် အဘိညာဏ် နှင့်တကွ အနာဂါမိဖိုလ်သို့ ရောက်သည်ဟု ဆိုသည်။

🔢 အစု ၆-ခု ကောဋ္ဌာသ ၃၂-ပါး

အထက်၌ ဖော်ပြသော အနုလုံ, ပဋိလုံ ပွားပုံကို နားလည်စေရန် နည်းလမ်းကို ပြဦးအံ့။

  1. ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော- ဟူသော ကောဋ္ဌာသ ငါးမျိုးတစ်စုကို ပထမအစုဟုမှတ်ပါ။
  2. မံသံ၊ နှာရု၊ အဋ္ဌိ၊ အဋ္ဌိမိဒ္ဓံ၊ ဝက္ကံ- ငါးမျိုးတစ်စုကို ဒုတိယအစုဟု မှတ်ပါ။
  3. ဟဒယံ၊ ယကနံ၊ ကိလောမကံ၊ ပိဟကံ၊ ပပ္ဖါသံ– ငါးမျိုးတစ်စုကို တတိယအစုဟု မှတ်ပါ။
  4. အန္တံ၊ အန္တဂုဏံ၊ ဥဒရိယံ၊ ကရီသံ၊ မတ္ထလုင်္ဂံ ငါးမျိုးတစ်စုကို စတုတ္ထအစုဟု မှတ်ပါ။
  5. ပိတ္တံ၊ သေမှံ၊ ပုဗ္ဗော၊ လောဟိတံ၊ သေဒေါ၊ မေဒေါ- ခြောက်မျိုးတစ်စုကို ပဉ္စမအစုဟု မှတ်ပါ။
  6. အဿု၊ ဝသာ၊ ခေဠော၊ သိင်္ဃာနိကာ၊ လသိကာ၊ မုတ္တံ- ခြောက်မျိုးတစ်စုကို ဆဋ္ဌအစုဟု မှတ်ပါ။

ကောဋ္ဌာသ ငါးမျိုး အစုအပေါင်းလေးခုရှိသောကြောင့်. ငါးလေးလီ ၂၀- ဖြစ်သည်။ ကောဋ္ဌာသ ခြောက်မျိုး အစုပေါင်း နှစ်ခု ရှိသောကြောင့် ခြောက်နှစ်လီ ၁၂-ဖြစ်သည်။ နှစ်ရပ်ပေါင်းသော် ၃၂-ဖြစ်သည်။

🗣️ ရွတ်ပုံ။

ပထမအစုကို အနုလုံ, ပဋိလုံ ရွတ်ပြီးက ဒုတိယအစုကို အနုလုံရွတ်, ပဋိလုံရွတ် သောအခါ ပထမအစု ပဋိလုံကိုပါဆက်ရွတ်ပါ။

ထို့အတူ တတိယ အစုကို အနုလုံရွတ်၊ ပဋိလုံရွတ်သောအခါ ဒုတိယ, ပထမအစု ပဋိလုံကိုပါ ဆက်ရွတ်ပါ။

စတုတ္ထ, ပဉ္စမ, ဆဋ္ဌအစုတို့ကို ရွတ်သောအခါ၌လည်း ဤနည်းအတိုင်းရွတ်ပါ။

ပြဆိုသည့် နည်းအတိုင်း နှုတ်က ရွတ်ဆိုပွားများခြင်းကို နှုတ်ဖြင့် ရွတ်ဆိုသည်ဟု ဆိုသည်။

🇲🇲 မြန်မာဘာသာ ရွတ်ဆိုပွားများနည်း

မြန်မာဘာသာဖြင့် ရွတ်ဆို ပွားများလိုကလည်း ရွတ်ဆိုပွားများနိုင်သည်။ မိမိ ကျွမ်းကျင်သောဘာသာဖြင့် ရွတ်ဆိုခြင်းသည် လျင်မြန်စွာ သိမြင်ကြောင်းလည်း ဖြစ်ပေသည်။

  1. ဆံပင်၊ မွေးညင်း၊ ခြေသည်း- လက်သည်း၊ သွား၊ အရေ။ (ပထမငါးမျိုးတစ်စု။)
  2. အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညှို့။ (ဒုတိယငါးမျိုးတစ်စု။)
  3. နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုတ်။ (တတိယငါးမျိုးတစ်စု။)
  4. အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးနှောက်။ (စတုတ္ထငါးမျိုးတစ်စု။)
  5. သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ။ (ပဉ္စမခြောက်မျိုးတစ်စု။)
  6. မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ်။ (ဆဋ္ဌခြောက်မျိုးတစ်စု။)

🔄 အနုလောမ, ပဋိလောမ ရွတ်ပုံ

၁။ ဆံပင်၊ မွေးညင်း၊ ခြေသည်း-လက်သည်း၊ သွား၊ အရေ။
အရေ၊ သွား၊ ခြေသည်း-လက်သည်း၊ မွေးညင်း၊ ဆံပင်။

၂။ အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညှို့။
အညှို့၊ ရိုးတွင်းခြင်ဆီ၊ အရိုး၊ အကြော၊ အသား။
အရေ၊ သွား၊ ခြေသည်း-လက်သည်း၊ မွေးညင်း၊ ဆံပင်။

၃။ နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုတ်။
အဆုတ်၊ အဖျဉ်း၊ အမြှေး၊ အသည်း၊ နှလုံး။
အညှို့ ၊ ရိုးတွင်းခြင်ဆီ၊ အရိုး၊ အကြော၊ အသား။
အရေ၊ သွား၊ ခြေသည်း- လက်သည်း၊ မွေးညင်း၊ ဆံပင်။

၄။ အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးနှောက်။
ဦးနှောက်၊ အစာဟောင်း၊ အစာသစ်၊ အူသိမ်၊ အူမ။
အဆုတ်၊ အဖျဉ်း၊ အမြှေး၊ အသည်း၊ နှလုံး။
အညှို့ ၊ ရိုးတွင်းခြင်ဆီ၊ အရိုး၊ အကြော၊ အသား။
အရေ၊ သွား၊ ခြေသည်း- လက်သည်း၊ မွေးညင်း၊ ဆံပင်။

၅။ သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ။
အဆီခဲ၊ ချွေး၊ သွေး၊ ပြည်၊ သလိပ်၊ သည်းခြေ။
ဦးနှောက်၊ အစာဟောင်း၊ အစာသစ်၊ အူသိမ်၊ အူမ။
အဆုတ်၊ အဖျဉ်း၊ အမြှေး၊ အသည်း၊ နှလုံး။
အညှို့ ၊ ရိုးတွင်းခြင်ဆီ၊ အရိုး၊ အကြော၊ အသား။
အရေ၊ သွား၊ ခြေသည်း- လက်သည်း၊ မွေးညင်း၊ ဆံပင်။

၆။ မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ်။
ကျင်ငယ်၊ အစေး၊ နှပ်၊ တံတွေး၊ ဆီကြည်၊ မျက်ရည်၊
အဆီခဲ၊ ချွေး၊ သွေး၊ ပြည်၊ သလိပ်၊ သည်းခြေ။
ဦးနှောက်၊ အစာဟောင်း၊ အစာသစ်၊ အူသိမ်၊ အူမ။
အဆုတ်၊ အဖျဉ်း၊ အမြှေး၊ အသည်း၊ နှလုံး။
အညှို့ ၊ ရိုးတွင်းခြင်ဆီ၊ အရိုး၊ အကြော၊ အသား။
အရေ၊ သွား၊ ခြေသည်း- လက်သည်း၊ မွေးညင်း၊ ဆံပင်။

🙏 နှုတ်ဖြင့်, စိတ်ဖြင့် ပွားများရကျိုး

မြန်မာဘာသာဖြင့် ဤကဲ့သို့ အနုလုံ, ပဋိလုံ ရွတ်လိုက ရွတ်နိုင်သည်။ ဤသို့ နှုတ်ဖြင့်ရွတ်ဆိုခြင်းကိုပင် နှုတ်ဖြင့် ပွားများရွတ်ဆို သရဇ္ဈာယ်သည် မည်၏။

နှုတ်ဖြင့် ရွတ်ဆိုပွားများဖန် များသောအခါ စိတ်ပျံ့လွင့်ခြင်းမရှိဘဲ ကောဋ္ဌာသ တို့သည် စီတန်းထားသော ရွဲလုံးတို့ကို မြင်တွေ့ရသကဲ့သို့ စီတန်းကာ ထင်ထင် ရှားရှား မြင်လာသည်ရှိသော် နှုတ်ဖြင့် ရွတ်ဆိုပွားများခြင်းကိုရပ်၍ ထင်မြင် တိုင်းသော ကောဋ္ဌာသ အစဉ်ကို လျှောက်၍ စိတ်ဖြင့်ရှုကာ ဆင်ခြင်ပွားများရမည်။ ဤသို့ ပွားများသော်မှသာလျှင် ကောဋ္ဌာသတို့၏ သဘောလက္ခဏာကို ထိုးထွင်း၍ သိမြင် နိုင်သည်။

ဝစသာ သဇ္ဈာယော ဟိ မနသာ သဇ္ဈာယဿ ပစ္စယော ဟောတိ။
မနသာ သဇ္ဈာယော လက္ခဏပဋိဝေဓဿ ပစ္စယော ဟောတိ။

(ဝိသုဒ္ဓိမဂ် အဋ္ဌကထာ ပ-၂၃၅။)

နှုတ်ဖြင့် ရွတ်ဆိုခြင်းသည် စိတ်ဖြင့် ရွတ်ဆိုပွားများခြင်း၏ အထောက်အပံ့ ဖြစ်၏။ စိတ်ဖြင့် ရွတ်ဆို နှလုံးသွင်း ဆင်ခြင်ခြင်းသည် ကောဋ္ဌာသတို့၏ သဘောလက္ခဏာ ကို ထိုးထွင်း၍ သိခြင်း၏ အထောက်အပံ့ဖြစ်၏-ဟု မှာထားသည်။

သိမှတ်ထားဖွယ် အဆင်းစသည်

ကောဋ္ဌာသတို့၏

  • ၁။အဆင်း၊
  • ၂။ သဏ္ဌာန်၊
  • ၃။ အရပ်ဒေသ၊
  • ၄။ တည်ရာဌာန၊
  • ၅။ အပိုင်းအခြားဟူသည်ကား-

၁။ ဆံပင်သည် အဆင်းအားဖြင့် ငယ်ရွယ်သော သူတို့၌ မည်းနက်၏၊ အိုသော သူတို့၌ ဖြူ၏။
၂။ ပုံသဏ္ဌာန်အားဖြင့် လုံးလုံးရှည်ရှည်ရှိ၏။
၃။ အရပ်ဒေသအားဖြင့် ချက်မှ အထက်ပိုင်းအရပ်၌ ဖြစ်၏။
၄။ တည်ရာဌာနအားဖြင့် စွတ်စိုသော ဦးခေါင်းရေ၌တည်၏။
၅။ အပိုင်းအခြားအားဖြင့် ဝဲယာ ရှေ့နောက် အထက်အောက် ဟူသော မိမိအဖို့ဖြင့် ပိုင်းခြားအပ်၏။

ဝိသဘာဂ ပရိစ္ဆေဒအားဖြင့် ဆံပင်သည် မွေးညင်းမဟုတ်၊ မွေးညင်းသည် ဆံပင် မဟုတ်။ ပ။ ဆံပင်သည် ကျင်ငယ်မဟုတ်၊ ကျင်ငယ်သည်လည်း ဆံပင်မဟုတ်။ ဤသို့လျှင် တစ်ပါးသော ကောဋ္ဌာသတို့ဖြင့် ပိုင်းခြားအပ်၏။

ဤနည်းတူ- မွေးညင်း, ခြေသည်း, လက်သည်း, သွား, အရေ စသော ကောဋ္ဌာသ တို့ကိုလည်း အဆင်း, သဏ္ဌာန်, အရပ်, တည်ရာဌာန, အပိုင်းအခြားတို့ဖြင့် မှတ်သားပိုင်းခြားအပ်၏။

တစပဉ္စက- ကောဋ္ဌာသသည်ကား ယောဂီတို့ကိုယ်တိုင် ပကတိမျက်စိဖြင့် မျက်မြင် ဖြစ်သော ကောဋ္ဌာသတို့ ဖြစ်ပေသည်။ တစပဉ္စကမှ ကြွင်းသော ကောဋ္ဌာသ တို့သည်ကား အတွင်း အဇ္ဈတ္တသန္တာန်၌ ဖြစ်ကြသောကြောင့် ဆရာသမားများထံမှ ဖြစ်စေ, စာပေကျမ်းဂန်၌ဖြစ်စေ ကြားနာဖတ်ရှု၍ မှတ်သားရာသည်။

တစပဉ္စက ကမ္မဋ္ဌာန်းသည် ပကတိ မိမိမျက်စိဖြင့် မြင်အပ်သောကြောင့် ဒိဋ္ဌကမ္မဋ္ဌာန်း ဟု ဆိုသည်၊ ကြွင်းသော ပဉ္စက, ဆက္ကတို့သည်ကား သုတကမ္မဋ္ဌာန်း ဖြစ်သည်ဟု ဆိုသည်။

ကောဋ္ဌာသတို့၏ အဆင်း သဏ္ဌာန်, ဖြစ်ရာအရပ်, တည်ရာဌာန, အပိုင်းအခြားတို့ကို သိမှသာလျှင် ဆင်ခြင်ပွားများသောအခါ အာရုံ ထင်မြင်နိုင်သည်။

အဆင်းဟူသည်မှာ အဖြူ အနက်စသော အရောင်အသွေးကို ဆိုသည်။
သဏ္ဌာန်ဟူသည်မှာ အရှည် အတို အလုံး အပြား စသည်ကို ဆိုသည်။
ဖြစ်ရာအရပ် ဟူသည်မှာ ကိုယ်ကောင်၌ ချက်ကို ဗဟိုထား၍ ချက်မှအထက်ကို အထက်အရပ်, ချက်မှအောက်ကို အောက်အရပ်ဟု ဆိုသည်။
တည်ရာဌာန ဟူသည်မှာ ကောဋ္ဌာသ၏ တည်နေရာဌာနကို ဆိုသည်။
အပိုင်းအခြားဟူသည်မှာ သဘာဂ အပိုင်းအခြား, ဝိသဘာဂ အပိုင်းအခြားဟူ၍ နှစ်မျိုးရှိသည်။ ကောဋ္ဌာသတစ်ခု၏ ရှေ့နောက်ဝဲယာ အထက်အောက် အပိုင်း အခြားသည် သဘာဂအပိုင်းအခြားဖြစ်သည်။ အခြားသော ကောဋ္ဌာသတို့နှင့် မတူခြင်း, မရောနှောခြင်းသည် ဝိသဘာဂအပိုင်းအခြားဖြစ်သည်။

ဤသို့ပြဆိုအပ်သော ဝဏ္ဏ၊ သဏ္ဌာန, ဒိသ, ဩကာသ, ပရိစ္ဆေဒ တို့ကိုလည်း သိရှိမှ သာလျှင် ဆင်ခြင်ပွားများသောအခါ အာရုံထင်မြင် လွယ်သည်ဟု ဆိုခဲ့သည်။

တစပဉ္စက၌ သိမှတ်ဖွယ် ၅-ပါး

၁။ ဆံပင်သည်- အဆင်းအားဖြင့် ငယ်ရွယ်သူ၌ မည်းနက်သော အဆင်းရှိ၏၊ အိုမင်းသော သူ၌ ဖြူသော အဆင်းရှိ၏။ သဏ္ဌာန်အားဖြင့် လုံး၍ရှည်၏၊ ချက်၏ အထက်အရပ်၌ ဖြစ်၏၊ စွတ်စိုသော ဦးခေါင်းရေ၌ တည်၏။ ဝဲယာ ရှေ့နောက် အထက်အောက် ဟူသော သဘာဂ အပိုင်းခြားရှိ၏။ ဆံပင်သည် မွေးညင်းမဟုတ်၊ မွေးညင်းသည်လည်း ဆံပင်မဟုတ်။ ထို့အတူ အခြားသော ကောဋ္ဌာသတို့ သည်လည်း ဆံပင်မဟုတ်၊ ဆံပင်သည်လည်း အခြားသော ကောဋ္ဌာသတို့ မဟုတ် ဟူ၍ ပိုင်းခြားခြင်းသည် ဝိသဘာဂ အပိုင်းအခြားဖြစ်၏။

၂။ မွေးညင်းသည်- စဉ်းငယ်မည်းနက်၏။ ထန်းမြစ်သဏ္ဌာန်ရှိ၏။ အထက်အောက် နှစ်ဌာန၌ဖြစ်၏။ စွတ်စိုသော ကိုယ်ရေပေါ်၌တည်၏။ အပိုင်းအခြားကိုကား ဆံပင်၌ ပြခဲ့သောနည်းတူ မှတ်ပါ။ ကောဋ္ဌာသအားလုံး ဤနည်းအတိုင်းပင် ဖြစ်သည်။

၃။ ခြေသည်း လက်သည်းတို့သည်- ဖြူသောအဆင်း ရှိကုန်၏။ ငါးကြင်းအကြေး သဏ္ဌာန်ရှိ၏။ အထက်အောက် အရပ်၌ ဖြစ်၏။ လက်ချောင်းဖျား, ခြေချောင်းဖျား တို့၌တည်၏။

၄။ သွားတို့သည်- ဖြူသောအဆင်း ရှိကုန်၏။ အထူးထူးသော သဏ္ဌာန်ရှိကုန်၏။ အထက်အရပ်၌ ဖြစ်ကုန်၏။ မေးရိုးနှစ်ခုတို့၌ တည်ကုန်၏။

၅။ အရေသည်- ဖြူသောအဆင်းရှိ၏။ ကိုယ်သဏ္ဌာန်လျှင် သဏ္ဌာန်ရှိ၏။ အထက် အောက်အရပ်၌ဖြစ်၏။ ကိုယ်ပေါ်၌တည်၏။

ဝတ္ထပဉ္စက၌ သိမှတ်ဖွယ် ၅-ပါး

၆။ အသားသည်- နီသောအဆင်း ရှိ၏။ ဖြစ်ရာဒေသ, တည်ရာဌာန အလျောက် အထူးထူးသော သဏ္ဌာန်ရှိ၏။ အထက်အောက် အရပ်၌ဖြစ်၏။ သုံးရာနှင့် နှစ်ဆယ်သော အရိုးတို့ကို ကပ်၍တည်၏။

၇။ အကြောသည်- ဖြူသောအဆင်းရှိ၏။ အထူးထူးသောသဏ္ဌာန်ရှိ၏။ အထက် အောက်အရပ်၌ ဖြစ်၏။ တစ်ကိုယ်လုံး၌ အရိုးတို့ကို ဖွဲ့ယှက်လျက်တည်၏။

၈။ အရိုးတို့သည်- ဖြူသောအဆင်း ရှိကုန်၏။ အထူးထူးသောသဏ္ဌာန် ရှိကုန်၏။ အထက် အောက်အရပ်၌ ဖြစ်ကုန်၏။ သာမညအားဖြင့် တစ်ကိုယ်လုံး၌တည်ကုန်၏။

၉။ ရိုးတွင်းခြင်ဆီသည်- ဖြူသောအဆင်းရှိ၏။ ဝါးဆစ်အတွင်း၌ မီးဖြင့်အုံးအပ်သော ကြိမ်ညွန့်သဏ္ဌာန်ရှိ၏။ အထက်အောက်အရပ်၌ဖြစ်၏၊ အရိုးတို့၏အတွင်း၌ တည်၏။

၁၀။ အညှို့သည်- ညံ့ညံ့နီသောအဆင်း ရှိ၏။ အညှာတစ်ခုတည်း၌ သီးသော သရက်သီး နှစ်လုံးအပြွတ်နှင့် သဏ္ဌာန်တူ၏။ အထက်အရပ်၌ဖြစ်၏။ အကြော တစ်ချောင်းတည်း လည်ချောင်းမှထွက်၍ အနည်းငယ်သွားကာ နှစ်မြွာခွဲသော အကြောကြီးဖြင့် ဖွဲ့အပ်သည်ဖြစ်၍ နှလုံးသားကိုရံ၍ တည်၏။

ပပ္ဖါသပဉ္စက၌ သိမှတ်ဖွယ် ၅-ပါး

၁၁။ နှလုံးသားသည်- နီသော ပဒုမ္မာကြာဖက်၏ ကျောဘက်အဆင်းနှင့်တူသော အဆင်းရှိ၏။ ပြင်ပအဖတ်တို့ကို ခွာ၍ စောက်ထိုး ထားအပ်သော ပဒုမာကြားဖူးနှင့် သဏ္ဌာန်တူ၏။ အထက်အရပ်၌ဖြစ်၏။ ကိုယ်အတွင်း သားမြတ်နှစ်ခုတို့၏ အလယ်၌ တည်၏။
(နှလုံးသားသည်- ဉာဏ်ရှိသူ၌ အနည်းငယ်ပွင့်၏၊ ဉာဏ်မရှိသူ၌ ငုံလျက်ရှိသည် ဟူ၏။)

၁၂။ အသည်းသည်- (အသားလွှာအစုံ) နီဖျော့သောအဆင်းရှိ၏။ ကုမုဒြာကြာဖက်၏ ကျောဘက်နှင့်တူသော အဆင်းရှိ၏။ အရင်း၌တစ်ခု, အဖျား၌အစုံဖြစ်၍ ပင်လယ် ကသစ်ရွက်သဏ္ဌာန် ရှိ၏။ အထက်အရပ်၌ဖြစ်၏။ သားမြတ်နှစ်ခုတို့၏ အတွင်း လက်ယာနံပါး၌ တည်၏။
(အသည်းသည်- ဉာဏ်ရှိသူ၌ သေးသေးနှစ်မြွှာ သုံးမြွာရှိ၏၊ ဉာဏ်မရှိသူ၌ တစ်ခုသာ ရှိသည်ဟူ၏)။

၁၃။ အမြှေးသည် - ဖြူသောအဆင်းရှိ၏။ မိမိတည်ရာလျှင် သဏ္ဌာန်ရှိ၏။ အမြှေး သည် ဖုံးကွယ်သောအမြှေး, မဖုံးသော အမြှေးအားဖြင့် နှစ်မျိုးရှိရာ ဖုံးကွယ်သော အမြှေးသည် အထက်အရပ်၌ဖြစ်၏။ မဖုံးသောအမြှေးသည် အထက်အောက်အရပ်၌ ဖြစ်၏။ ဖုံးကွယ်သောအမြှေးသည် နှလုံးသားနှင့် အညှို့ကို ဖုံးကွယ်၍တည်၏။ မဖုံးသော အမြှေးသည် တစ်ကိုယ်လုံး၌ အရေထူ၏အောက်မှ အသားကိုမြှေးယှက်၍ တည်၏။

၁၄။ အပြင် (အဖျဉ်းလည်းဟူ၏) သည် - ညိုသော အဆင်းရှိ၏။ ခုနစ်လက်သစ် ပမာဏ နွားလျှာသဏ္ဌာန်ရှိ၏။ အထက်အရပ်၌ဖြစ်၏။ နှလုံးသား၏လက်ဝဲဘက် ဝမ်းရေ၏ အထက်၌တည်၏။

၁၅။ အဆုတ်သည်- အလွန်မမှည့်သေးသော ရေသဖန်သီးကဲ့သို့ နီသောအဆင်း ရှိ၏။ မညီမညွတ်ဖြတ်အပ်သော မုန့်ယှက်ပြားကြီးသဏ္ဌာန်ရှိ၏။ အထက်အရပ်၌ ဖြစ်၏။ ကိုယ်အတွင်း သားမြတ်နှစ်ခုတို့၏အကြား၌ နှလုံးသားနှင့် အသည်းတို့၏ အထက်၌ ဖုံးကာတွဲလျားကျ၍တည်၏။

မတ္ထလုင်္ဂပဉ္စက၌ သိမှတ်ဖွယ် ၅-ပါး

၁၆။ အူမသည်- ဖြူသောအဆင်းရှိ၏။ ယောက်ျား၌ ၃၂-တောင်, မိန်းမ၌ ၂၈- တောင် ရှိ၏။ ၂၁-ဌာနဖြင့် ခွေလျက်ရှိ၏။ သွေးပြည့်သောကျင်း၌ ဦးခေါင်းပြတ်သော မြွေကိုခွေ၍ထားသော သဏ္ဌာန်ရှိ၏။ အထက်အောက်အရပ်၌ ဖြစ်၏။ လည်ချောင်းဝ မှသည် ဝစ္စမဂ်တိုင်အောင် ကိုယ်တွင်း၌တည်၏။

၁၇။ အူသိမ်သည်- ဖြူသောအဆင်းရှိ၏။ ကြာသိမ်မြစ်သဏ္ဌာန်ရှိ၏။ အထက် အောက် အရပ်၌ ဖြစ်၏။ ၂၁-ခွေသော အူမကြီးတို့ကို ဖွဲ့လျက် အူမကြီးတို့အကြား၌ တည်၏။
(ခြေသုတ်ကြိုးခွေကို မပြေလေအောင် ကြိုးငယ်တို့ဖြင့် ဖွဲ့ချည်သကဲ့သို့ အူမကြီး အခွေတို့ကို ဖွဲ့လျက်တည်သည်ဟု ဆိုသည်။)

၁၈။ အစာသစ်သည်- မျိုအပ်သောအစာ၏အဆင်းရှိ၏။ ရေစစ်အတွင်း၌ လျော့လျော့ ဖွဲ့ချည် အပ်သောဆန်နှင့် သဏ္ဌာန်တူ၏။ အထက်အရပ်၌ဖြစ်၏။ ဝမ်း၌တည်၏။

၁၉။ အစာဟောင်းသည် - များသောအားဖြင့် စားအပ်သော အစာနှင့် တူသော အဆင်းရှိ၏။ တည်ရာဌာနနှင့် တူသောသဏ္ဌာန်ရှိ၏။ အောက်အရပ်၌ ဖြစ်၏။ အစာဟောင်းအိမ်၌ တည်၏။

၂၀။ ဦးနှောက်သည်- (ဦးခေါင်းခွံအတွင်း၌တည်သော အဆီအနှစ်စုတည်း။) ဖြူသော အဆင်းရှိ၏။ တည်ရာဌာနနှင့် တူသောသဏ္ဌာန်ရှိ၏။ အထက် အရပ်၌ ဖြစ်၏။ ဦးခေါင်းခွံ အတွင်း ချုပ်ရိုးကြောင်း လေးခုကိုမှီ၍ ပေါင်းထားအပ်သော မုန့်နှစ်ခဲကဲ့သို့ ဖြစ်၍ တည်၏။

၂၁။ သည်းခြေသည်- ဗဒ္ဓ သည်းခြေ, အဗဒ္ဓ သည်းခြေအားဖြင့် နှစ်မျိုးရှိသည်တွင် ဗဒ္ဓ သည်းခြေသည် ပျစ်သောမယ်ဇယ်ဆီအဆင်း ရှိ၏။ အဗဒ္ဓသည်းခြေသည် ညှိုးပြီး ရောပြွမ်းနေသောပန်းပွင့်အဆင်းရှိ၏။ သည်းခြေ နှစ်မျိုးလုံးပင် တည်ရာ ဌာနနှင့် တူသောသဏ္ဌာန်ရှိ၏။ အဗဒ္ဓသည်းခြေသည် အထက်အောက်အရပ်၌ ဖြစ်၏။ ဗဒ္ဓသည်းခြေသည် နှလုံးသား, အဆုတ်တို့၏အကြား အသည်းကိုမှီ၍ တည်သော သည်းခြေအိမ်၌ တည်၏။

မေဒဆက္က၌ သိမှတ်ဖွယ် ၅-ပါး

၂၂။ သလိပ်သည်- ဝက်ချေးပနဲရွက်ရည်ကဲ့သို့ ပျစ်ချွဲ၍ ဖြူသောအဆင်းရှိ၏။ တည်ရာ ဌာနနှင့် တူသောသဏ္ဌာန်ရှိ၏။ အထက်အရပ်၌ ဖြစ်၏။ ဝမ်းရေ အပြင်၌တည်၏။

၂၃။ ပြည်သည်- ပုပ်သောသွေးဖြစ်ဖူး၏။ သစ်ရွက်လျော် အဆင်းနှင့်တူသော အဆင်းရှိ၏။ သူသေကောင်၌ကား အားကြီးပုပ်သိုးသော ထမင်းချိုးအရောင် ရှိ၏။ တည်ရာနှင့် တူသောသဏ္ဌာန်ရှိ၏။ အထက် အောက်၌ဖြစ်၏။ ပြည်သည်တည်ရာ အမြဲဟူ၍မရှိ။ ထိခိုက်ခြင်း, မီးလောင်ခြင်း, အနာပေါ်ခြင်းရှိသော ဌာန၌ သွေးပုပ်မှ တစ်ဆင့်ဖြစ်၍ တည်၏။

၂၄။ သွေးသည်- စုဝေးသောသွေး, လည်ပတ်သောသွေးဟူ၍နှစ်မျိုးရှိ၏။ ထိုတွင်- စုဝေးသောသွေးသည် အားကြီးကျက်သော ချိပ်ရည်ကဲ့သို့ နီရဲသောအဆင်းရှိ၏။ လည်ပတ်သော သွေးသည် ကြည်သော ချိပ်ရည်ကဲ့သို့ နီရဲသောအဆင်းရှိ၏။ သွေးနှစ်မျိုးလုံးပင် တည်ရာနှင့် တူသောသဏ္ဌာန်ရှိ၏။ စုဝေးသော သွေးသည် အထက်အရပ်၌ဖြစ်၏။ လည်သောသွေးသည် အထက်အောက် အရပ်၌ဖြစ်၏။ လည်သောသွေးသည် သွေးကြောတို့ကိုလျှောက်၍ တစ်ကိုယ်လုံးနှံ့၍ တည်၏။ စုဝေးသောသွေးသည် အသည်း၏ အောက်အဖို့ကိုပြည့်လျက် တစ်ကွမ်းစား မျှလောက်သည် နှလုံးသား, အညှို့, အဆုတ် တို့၏ အထက်၌ အနည်းငယ်, အနည်းငယ် ယိုကျကာ နှလုံးသား, အညှို့, အဆုတ် တို့ကို စွတ်စိုစေလျက် တည်၏။

၂၅။ ချွေးသည်- မွေးညင်းပေါက်တို့မှ ယိုထွက်သော အာပေါဓာတ်တည်း။ ထို ချွေးသည် ကြည်သော နှမ်းဆီအဆင်းရှိ၏။ တည်ရာနှင့် တူသောသဏ္ဌာန် ရှိ၏။ အထက်အောက် အရပ်၌ ဖြစ်၏။ ချွေးသည် တည်ရာဟူ၍ အမြဲမရှိ၊ မီးပူ, နေပူ, ဥတုဖောက်ပြန်ခြင်း စသည်တို့ကြောင့် ကိုယ်သည် ပူ၏၊ ထိုအခါ ထိုထိုအရပ်မှ ယိုစီးတတ်၏။

၂၆။ အဆီခဲသည် - ခွဲအပ်သော နနွင်းရောင်အဆင်းရှိ၏။ ဝသောသူအား အရေနှင့် အသား ကြား၌ ထားအပ်သော နနွင်းရောင်ရှိသော ပုဆိုးကြမ်းသဏ္ဌာန်ရှိ၏။ ကြုံသောသူအား ဆူရာဆူရာအရပ်၌ နှစ်လွှာ, သုံးလွှာရှိသောပုဆိုးကြမ်း သဏ္ဌာန် ရှိ၏။ အထက် အောက် အရပ်၌ ဖြစ်၏။ ဆူသောသူအား တစ်ကိုယ်လုံး၌ တည်၏။ ကြုံသောသူအား သလုံးသားစသည်၌ တည်၏။

မုတ္တဆက္က၌ သိမှတ်ဖွယ် ၅-ပါး

၂၇။ မျက်ရည်သည်- မျက်စိတို့မှ ယိုစီးသော အာပေါဓာတ်တည်း။ ထိုမျက်ရည်သည် အလွန်ကြည်သော နှမ်းဆီအဆင်းရှိ၏။ တည်ရာနှင့်တူသောသဏ္ဌာန်ရှိ၏။ အထက် အရပ်၌ ဖြစ်၏။ မျက်တွင်းတို့၌ တည်၏။

၂၈။ ဆီကြည်သည်- အုန်းဆီအဆင်းရှိ၏။ ရေပေါ်၌ တက်နေသော ဆီပေါက် သဏ္ဌာန် ရှိ၏။ အထက်အောက် အရပ်၌ ဖြစ်၏။ များသောအားဖြင့် လက်ဖဝါး, ခြေဖဝါး နဖူး, နှာခေါင်းတို့၌ တည်၏။

၂၉။ တံတွေးသည် - ခံတွင်း၌အမြှုပ်နှင့်ရောသော အာပေါဓာတ်တည်း။ ထိုတံတွေး သည် ရေမြှုပ်ကဲ့သို့ ဖြူသော အဆင်းရှိ၏။ တည်ရာနှင့်တူသော သဏ္ဌာန်ရှိ၏။ အထက် အရပ်၌ ဖြစ်၏။ ပါးစောင်နှစ်ဖက်တို့မှ ထွက်ကျ၍ လျှာပေါ်၌ တည်၏။

၃၀။ နှပ်သည် - ဦးနှောက်မှယိုစီးသော အညစ်အကြေးတည်း။ ထိုနှပ်သည် ထန်းသီးနု အဆံနှင့်တူသော အဆင်းရှိ၏။ တည်ရာနှင့်တူသော အဆင်းရှိ၏။ တည်ရာနှင့်တူသော သဏ္ဌာန်ရှိ၏။ အထက်အရပ်၌ဖြစ်၏။ နှာခေါင်းအတွင်း ပြည့်လျက်တည်၏။

၃၁။ အစေးသည် - ကိုယ်အတွင်း အရိုးဆက်တို့၏အတွင်း၌ ပျစ်ချွဲသော အစေးပုပ် တည်း။ ထိုအစေးသည် မဟာလှေကားပန်းအစေးအဆင်းရှိ၏။ တည်ရာနှင့်တူသော သဏ္ဌာန် ရှိ၏။ အထက်အောက် အရပ်တို့၌ ဖြစ်၏။ အရိုးဆက်တို့၌ စက်ဆီ ကိစ္စကိုပြီးစေလျက် ၁၈၀-သော အရိုးဆက်တို့၏အတွင်း၌တည်၏။

၃၂။ ကျင်ငယ်ရေသည် - ပဲနောက်ရေအဆင်းရှိ၏။ မှောက်၍ ထားအပ်သော ရေအိုး အတွင်း၌ရှိသော ရေသဏ္ဌာန်ရှိ၏။ အောက်အရပ်၌ဖြစ်၏။ စည်ပေါင်း အတွင်း၌ တည်၏။ သဘာဂအားဖြင့် ဝဲ, ယာ, ရှေ့ နောက်, အထက်, အောက်- ပတ်ဝန်းကျင် ပိုင်းခြားအပ်၏။
ဝိသဘာဂအားဖြင့် ကျင်ငယ်သည် ဆံပင်စသည် မဟုတ်၊ ဆံပင် စသည်တို့ သည်လည်း ကျင်ငယ်မဟုတ်။ ဤသို့ အခြားကောဋ္ဌာသ တစ်ပါးတို့ဖြင့် ပိုင်းခြား အပ်၏။

ကျွမ်းကျင်လိမ္မာကြောင်း ၁၀-ပါး

၃၂-ပါးသော ကောဋ္ဌာသတို့ကို ပြဆိုခဲ့ပြီးသည့်အတိုင်း အဆင်း, သဏ္ဌာန်, အရပ်ဒေသ, တည်ရာဌာန, အပိုင်းအခြား ငါးပါးတို့ဖြင့် ထင်မြင်နိုင်အောင် လေ့လာရမည်။
သို့မှကောဋ္ဌာသတို့ကို ကွဲကွဲပြားပြား အာရုံထင်မြင်မည်။ နှုတ်ဖြင့် လေးလ, ငါးလ စသည်ဖြင့် မပင်မပန်းစေဘဲ တိုးတိုးသက်သာ စီးဖြန်းပွားများရမည်။ ယင်းသို့ စီးဖြန်းရာ၌-

  1. အစဉ်အတိုင်းပွားများခြင်း၊
  2. မမြန်လွန်းခြင်း၊
  3. မနှေးလွန်းခြင်း၊
  4. ပျံ့လွင့်သောစိတ်ကို ပယ်ရှားခြင်း၊
  5. အလွန် ကောဋ္ဌာသ အာရုံထင်သောအခါ၌ ဆံပင်စသော အမည်နာမ ပညတ်ကို လွန်မြောက်ခြင်း၊ (နာမပညတ်ကို ဖျောက်ရမည်ဆိုသည်။)
  6. ဉာဏ်၌မထင်ရှားသော ကောဋ္ဌာသကို ပယ်လွှတ်ထားခြင်း၊
  7. အထင်ရှားဆုံးသော ကောဋ္ဌာသတစ်ခု၌ အပ္ပနာဈာန်ကို ရသည်တိုင်အောင် စီးဖြန်းခြင်း၊
  8. အဓိစိတ္တသုတ်၊ ၉။ သီတိဘာဝသုတ်၊ ၁၀။ ဗောဇ္ဈင်္ဂကောသလ္လတို့ကို လေ့လာခြင်း။

ဤဆယ်ပါးသည် စိတ်ဖြင့်နှလုံးသွင်းခြင်း၌ ကျွမ်းကျင်ကြောင်း ဉာဏ်ဟုဆိုသည်။

အမည်လွန်မြောက်၍ ကောဋ္ဌာသအာရုံရောက်

အထက်ပါ ကျွမ်းကျင်လိမ္မာကြောင်းဆယ်ပါးတို့တွင်- အစဉ်အတိုင်း ပွားများခြင်း ဟူသည်မှာ- ကောဋ္ဌာသတို့ကို တစ်ခုကျော်, နှစ်ခုကျော် မကျော်ဘဲ ကေသာပြီးက လောမာ, လောမာပြီးက နခါ စသည်ဖြင့် ကောဋ္ဌာသအစဉ်အတိုင်း ပွားရမည် ကိုဆိုသည်။ ရွတ်ဆိုစီးဖြန်းသောအခါ၌လည်း မမြန်လွန်းစေရ မနှေးလွန်းစေရဟု ဆိုသည်။ သံသရာ တစ်လျှောက်လုံး အာရုံအမျိုးမျိုးတို့၌ ပျံ့လွင့်၍ ယောက်ယက် ခတ်လာခဲ့သော ဥဒ္ဓစ္စနှင့် ယှဉ်သောစိတ်ကို ပယ်ရမည်။

ကောဋ္ဌာသ အာရုံသည် ဉာဏ်၌ထင်ရှား လာသောအခါ ဆံပင်, မွေးညင်းစသော အမည်နာမပညတ်ကို လွန်မြောက်စေ၍ (ဖျောက်၍) အဆင်း, အနံ့, သဏ္ဌာန်, ဖြစ်ရာအရပ်, တည်ရာဌာနတို့ဖြင့် စက်ဆုပ်ဖွယ်ရာ ကောဋ္ဌာသတို့ကိုသာ အာရုံပြု ရမည်ဆိုသည်။

စက်ဆုပ်ရွံရှာဖွယ်သဘောဖြင့် ဉာဏ်၌မြင်အောင် သတိပြုကာ အနုလုံ, ပဋိလုံ အပြန်ပြန် အလှန်လှန် ဆင်ခြင်ပွားများသော ယောဂီအား ကောဋ္ဌာသတို့သည် ရွဲလုံးတန်းပမာ ထင်မြင်လာသည်ရှိသော် သံဃာ စည်းဝေးရာ၌ သံဃာကို ရေတွက်သော ပုဂ္ဂိုလ်သည် သံဃာတော်များကို မည်သူမည်ဝါဟူ၍ အမည်နာမ ပညတ်ကို မမှတ်မူ၍ လူကောင်ဒြပ်ကိုသာ ရေတွက်သကဲ့သို့ ဤဝတ္ထုကား စက်ဆုပ်ဖွယ်သာတည်း, ရွံရှာဖွယ် သာတည်း, အပုပ်အသိုးမျှသာတည်းဟု နာမပညတ်ကို ဖျောက်၍ အစဉ်အတိုင်း အနုလုံ ပဋိလုံ အစုန်အဆန် ဆင်ခြင် ပွားများရမည် ဆိုသည်။

ရေရှားပါးသော တောတောင်အရပ်၌ ရေတွင်း ရေထွက်ကို တွေ့မြင်သောသူသည် ထိုရေတွင်း ရေထွက်ကို မှတ်သားမိစေရန် သစ်ခက်သစ်ရွက်ကိုသော်လည်းကောင်း, အလံတံခွန်ကိုသော် လည်းကောင်း စိုက်ထူကာ မှတ်သားရသော်လည်း သွားဖန် များ၍ လမ်းထင်ရှားသည့်အခါ၌ သစ်ခက်သစ်ရွက် အလံတို့သည် အသုံးမကျတော့ သကဲ့သို့ ကောဋ္ဌာသဒြပ်ထင်ရှားကာ ဉာဏ်၌မြင်လာသောအခါ ဆံပင်, မွေးညင်း စသော အမည်နာမ ပညတ်သည် အသုံးမဝင်တော့ပြီဖြစ်၍ နာမပညတ်ကို စွန့်လွှတ် ရတော့သည်ဟု ဆိုသည်။

ပုဂ္ဂိုလ်အမှတ်ကင်းစင်၍ ကောဋ္ဌာသ အစုသာထင်

အမည်နာမပညတ်ကို လွန်မြောက်ကာ ဆင်ခြင်၍ ဉာဏ်အမြင်ဖြင့် မိမိသန္တာန်၌ ပုဂ္ဂိုလ်, သတ္တဝါဟူသော အမှတ်သညာ ကင်းပျောက်လျက် ကောဋ္ဌာသ အစုမျှသာ ဟု ထင်သည်ရှိသော် ကသိုဏ်းပဋိဘာဂနိမိတ်ကို ပွားစေသကဲ့သို့ သူတစ်ပါး၏ သန္တာန်ကို ရှုမြင်ဆင်ခြင်သောအခါ၌လည်း တွေ့မြင်သမျှ လူ, ဆင်, မြင်း, ဝက်, ခွေး စသော သတ္တဝါတို့ကို ကောဋ္ဌာသ အစုအဝေးမျှသာ, စက်ဆုပ်ဖွယ်ရွံရှာဖွယ် တို့သာ ဟူ၍ ထင်မြင် လာတတ်သည်။

ထိုသတ္တဝါတို့ စားသောက်ကြသည်တို့ကိုလည်း သစ်ခေါင်း, ဝါးလုံးခေါင်းတွင်းသို့ သွတ်သွင်းအပ်သော အမှိုက်တို့ကဲ့သို့ ထင်မြင်လာတတ်သည်။ လူ, ဆင် မြင်း, ခွေး, ဝက် တည်းဟူသော သတ္တသညာ, ဇီဝသညာပျောက်၍ စက်ဆုပ်ရွံ့ရှာဖွယ် ကောဋ္ဌာသတို့သာဟူ၍ ထင်မြင်လာတတ်သည်။

ဤသို့ဆင်ခြင်ဖန်များသောအခါ အချို့အချို့ သောကောဋ္ဌာသတို့သည် ကွက်ကြား ကွက်ကြား ခြားနားကာ ထင်မြင်လာတတ်သည်။ ထိုအခါ မထင်သော ကောဋ္ဌာသကို ချ၍ ချ၍ လွှတ်၍ လွှတ်၍ ဉာဏ်၌ထင်သော ကောဋ္ဌာသ၌သာ အာရုံပြု၍ ကောဋ္ဌာသ တစ်ပါးတည်း ကျန်သည့်တိုင်အောင် မထင်ရာတို့ကို အစဉ်အတိုင်းလွှတ်၍ စက်ဆုပ်ဖွယ်, စက်ဆုပ်ဖွယ်ဟု အဖန်ဖန်ထင်သော ကောဋ္ဌာသ၌ ဆင်ခြင်ပွားများ ရာ၏၊

ထင်သောကာဋ္ဌာသ တစ်ခုပွား၍ ဈာန်တရားရ

အဖန်ဖန်ဆင်ခြင်ပွားများ၍ အထူးသဖြင့် ထင်ရှားစွာ ထင်လာသော တစ်ခုတည်း သော ကောဋ္ဌာသကို ဖိဖိစီးစီးအခါခါ ပွားများသည်ရှိသော် ခပေါင်းရေကြည်စေ့ ခပ်အပ်သော ရေသည် တစ်ခဏချင်း ကြည်လင် တောက်ပလာသကဲ့သို့ ထို့အတူ တစ်ခုတည်းသော ကောဋ္ဌာသအာရုံကိုယူရသော သမာဓိနှင့်ယှဉ်သဖြင့် ယောဂီ၏ စိတ်အစဉ်သည် လွန်စွာ ကြည်လင် တောက်ပသည်ဖြစ်၍ ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါငါးပါးနှင့်ပြည့်စုံသော အပ္ပနာဈာန်ဟူသော ပထမဈာန်ကို ရတတ်သည်။

တစ်ခုသော ကောဋ္ဌာသအာရုံဖြင့် ပထမဈာန်ကိုရလျှင် ကြွင်းကျန်သော ၃၁- ပါးသော ကောဋ္ဌာသတို့၌ ပထမဈာန်ကို ရရန်မခဲယဉ်းတော့ပေဟု မှာသည်။ ကောဋ္ဌာသ တစ်ခု၌ ပထမဈာန်တစ်ပါး, အခြား ကောဋ္ဌာသတစ်ခု၌ ပထမဈာန်တစ်ပါးစီအားဖြင့် ပထမဈာန်ပေါင်း ၃၂-ပါး ရနိုင်သည်ဟု ဆိုသည်။ ပထမဈာန်ပေါင်း ၃၂-ပါး ဝင်စား နိုင်သည်ဟု ဆိုသည်။

အကြင်ယောဂီသည် ကောဋ္ဌာသတစ်ပါး တစ်ပါးသာလျှင် ထင်ရှား၏။ တစ်နည်း- တစ်ပါး တစ်ပါးသော ကောဋ္ဌာသဖြင့် အပ္ပနာဈာန်သို့ ရောက်ပြီး ကာလ တစ်ဖန် တစ်ပါးသော ကောဋ္ဌာသ၌ အားထုတ်ခြင်းကို မပြုသည်ဖြစ်အံ့။ ထိုယောဂီအား တစ်ပါးသော အပ္ပနာဈာန်သာလျှင် ဖြစ်၏။

ကောဋ္ဌာသ ၃၂-ပါးနှင့် ပထမဈာန် ၃၂-ပါး

အကြင်ယောဂီသည်မူကား များစွာသော ကောဋ္ဌာသတို့သည် ထင်ရှားကုန်၏။ တစ်နည်း- ကောဋ္ဌာသတစ်ပါး၌ အပ္ပနာဈာန်ကိုရပြီးကာလ တစ်ဖန် အခြားသော ကောဋ္ဌာသ၌လည်း အားထုတ်ခြင်းကို ပြုသည်ဖြစ်အံ့၊ ထိုယောဂီအား ကောဋ္ဌာသ အရေအတွက် အားလျော်စွာ ပထမဈာန်အရေအတွက်တို့သည် ဖြစ်ကုန်၏။

မလ္လကထေရ်သည် ၃၂-ပါးသော ကောဋ္ဌာသတို့၌ ၃၂-ပါးသော ပထမဈာန်တို့ကို ရတော်မူသည်။ အကယ်၍ ညဉ့်အခါ၌ ဆံပင်တည်းဟူသော ကောဋ္ဌာသအာရုံဖြင့် ပထမဈာန်တစ်ပါးကို ဝင်စားသည်ဖြစ်အံ့၊ နေ့အခါ၌ မွေးညင်းတည်းဟူသော ကောဋ္ဌာသ အာရုံဖြင့် ပထမဈာန်တစ်ပါးကို ဝင်စား သည်ဖြစ်အံ့၊ လခွဲအလွန်ဖြင့် ၃၂-ပါးသော ပထမဈာန်ပေါင်းသည် ပြည့်စုံ၏။

အကယ်၍ တစ်နေ့တစ်နေ့လျှင် ပထမဈာန် တစ်ပါးတစ်ပါး ဝင်စားသည်ဖြစ်အံ့၊ တစ်လနှင့် ၂-ရက်ဖြင့် ပထမဈာန်ပေါင်း၃၂-ပါး ပြည့်စုံသည်ဟုဆိုသည်။

ကမ္မဋ္ဌာန်းသည် ပထမဈာန်ဖြင့် ပြည့်စုံသော်လည်း အဆင်းသဏ္ဌာန်စသည်တို့၌ သတိအစွမ်းအားဖြင့် ပြည့်စုံသောကြောင့် ကာယဂတာသတိကမ္မဋ္ဌာန်းပင် ဖြစ်သည်ဟု ဆိုရပေသည်။

နိမိတ် ၃-ပါးနှင့် ဘာဝနှာ ၃-ပါး

ဤကမ္မဋ္ဌာန်း၌ --

ပရိကမ္မဘာဝနာ၏ အာရုံဖြစ်သော ပကတိဆံပင်, မွေးညင်း စသော အတ္တပညတ်ဒြပ်သည် ပရိကမ္မနိမိတ် မည်၏။
အိပ်မက်၌မြင်သကဲ့သို့ မနောဒွါရ၌ ထင်သော အတ္တပညတ်သည် ဥဂ္ဂဟနိမိတ် မည်၏။
ဥပစာရဘာဝနာ, အပ္ပနာဘာဝနာ နှစ်ပါး၏အာရုံဖြစ်သော အဆင်း, သဏ္ဌာန်စသော ငါးပါးသော အခြင်းအရာဖြင့် လွန်စွာ စက်ဆုပ်ဖွယ်အဖြစ်ဖြင့် ထင်သော ထိုအတ္တပညတ်သည် ပဋိဘာဂနိမိတ် မည်၏။

မာတိကာရွာကို ဂေါစရဂါမ်အဖြစ်ဖြင့် အမှီပြု၍ တရားကို အားထုတ်တော် မူကြသော ခြောက်ဆယ်သော ရဟန်းတော်တို့သည် ဤကောဋ္ဌာသ ကမ္မဋ္ဌာန်းဖြင့်သာလျှင် အာသဝေါကင်းကွာ ရဟန္တာအဖြစ်သို့ရောက်တော်မူကြကုန်ပြီ။

မာတိကာမာတာ ဥပါသိကာ မကြီးသည်လည်း ထိုရဟန်းတော်များထံမှ ကောဋ္ဌာသ ကမ္မဋ္ဌာန်းကို သင်ယူ အားထုတ်သဖြင့် အဘိညာဏ်နှင့်တကွ အနာဂါမိဖိုလ်သို့ ရောက်လေပြီ။

သို့ကြောင့် ရဟန်းဖြစ်စေ, ဒါယကာ-ဒါယိကာမဖြစ်စေ တရားကို ဆန္ဒာဓိပတိပစ္စည်း တပ်သောဆန္ဒ၊ ထို့အတူ အဓိပတိပစ္စည်းတပ်သော ဝီရိယတို့ဖြင့် အားထုတ်ပါမူ တရားထူးကို ရနိုင်ကြသည်သာ ဖြစ်သည်ကို ယုံကြည်သောသဒ္ဓါဖြင့် အားထုတ်ကြ ကုန်ရာသည်။

မဂ်ဖိုလ်နိဗ္ဗာန်သို့ စိတ်ညွတ်စေပါ

အကျယ်တဝင့် ထုတ်ဆောင်ပြဆိုအပ်သော ဘာဝနာ အစီအရင်ဖြင့် ပထမဈာန်ကို အကယ်၍ မရကြသေးမူကား ယောဂီသည် စိတ်အားမလျှော့မူ၍ --
ရံခါ သမာဓိ ဖြစ်ကြောင်း ဖြစ်သော အာရုံကို နှလုံးသွင်းရမည်၊
ရံခါ ဝီရိယဖြစ်ကြောင်း ဖြစ်သော အာရုံကို နှလုံးသွင်းရမည်၊
ရံခါဥပေက္ခာဖြစ်ကြောင်း ဖြစ်သော အာရုံကို နှလုံးသွင်းရမည်ဟုဆိုသည်။
(ဤစကားရပ်သည် အဓိစိတ္တသုတ်ကို အကျဉ်းချုပ်၍ပြခြင်းဖြစ်သည်။)

ထိုနောက် အကြင်အခါ စိတ်ကိုနှိမ့်ချသင့်၏၊
ထိုအခါ စိတ်ကို နှိမ့်ချရမည်။
အကြင်အခါ စိတ်ကို အားပေးချီးမြှောက်သင့်၏၊
ထိုအခါ စိတ်ကို အားပေးချီးမြှောက်ရမည်။
အကြင်အခါ စိတ်ကို ရွှင်လန်းစေသင့်၏၊
ထိုအခါ စိတ်ကိုရွှင်လန်းစေရမည်။
အကြင်အခါ စိတ်ကို လျစ်လျူရှုထားစေသင့်၏၊
ထိုအခါ စိတ်ကို လျစ်လျူရှုထားစေရမည်။
မြတ်သော မဂ်ဖိုလ်တရားတို့၌ စိတ်ကို ညွတ်ကိုင်းစေရမည်၊
နိဗ္ဗာန်ကိုမွေ့လျော်သောစိတ် ရှိရမည်ဟု ဆိုသည်။
(ဤစကားရပ်သည် သီတိဘာဝသုတ်ကို အကျဉ်းချုပ်၍ ပြခြင်းဖြစ်၏)။

ထို့ပြင် ယောဂီသဏ္ဌာန်တွင် ကမ္မဋ္ဌာန်း အားထုတ်မှု၌ တွန့်ရွံ့သော စိတ်ဖြစ်၏၊ ထိုအခါ ဓမ္မဝိစယသမ္ဗောဇ္ဈင်, ပီတိသမ္ဗောဇ္ဈင်, ဝီရိယသမ္ဗောဇ္ဈင်တို့ကို ပွားစေရာ၏။ အကြင်အခါ စိတ်သည် ပျံ့လွင့်၏၊ ထိုအခါ ပဿဒ္ဓိသမ္ဗောဇ္ဈင်, ဥပေက္ခာသမ္ဗောဇ္ဈင်, သမာဓိသမ္ဗောဇ္ဈင်တို့ကို ပွားစေရာ၏ဟုဆိုသည်။
(ဗောဇ္ဈင်္ဂကောသလ္လသုတ်ကို အကျဉ်းပြခြင်းဖြစ်၏။)

ဤသို့လျှင် စိတ်ကိုထိန်းသိမ်း၍ သဒ္ဓါနှင့်ပညာ, ဝီရိယနှင့် သမာဓိကိုမျှစေလျက် သတိကို မလွတ်စေမူ၍ နိဗ္ဗာန်သို့ညွတ်ကိုင်းသောစိတ်ဖြင့် အားထုတ်ပါလေဟု ဆိုလိုသည်။

ဒွတ္တိံသာကာရကမ္မဋ္ဌာန်း ပြီး၏။

ကာယာနုပဿနာ ပွားရကျိုး

ကာယာနုပဿနာ ကောဋ္ဌာသကမ္မဋ္ဌာန်းကို အားထုတ်သော ယောဂီသည် ကာမဂုဏ်တို့၌ မွေ့လျော်လိုခြင်း, ဆိတ်ငြိမ်ရာ၌ မမွေ့လျော်လိုခြင်း, ကမ္မဋ္ဌာန်း အာရုံ၌ မမွေ့လျော်လိုခြင်းတို့ကို ပယ်ဖျောက်၍သည်းခံနိုင်၏။ မမွေ့လျော်ခြင်းကို မိမိကလွှမ်းမိုးနိုင်၏။ ခြင်္သေ့ သစ်ကျားစသောဘေး, အချမ်းအပူစသောဆင်းရဲ ကိုလည်း သည်းခံနိုင်၏။

အဘယ့်ကြောင့်ဟူမူ- ကောဋ္ဌာသဘာဝနာဖြင့် မိမိကိုယ်ကို ချစ်ခင်တွယ်တာခြင်းကို ပယ်အပ်သောကြောင့် ဖြစ်၏။ ဘေးရန်နှင့် ဆင်းရဲတို့က မိမိကိုမညှဉ်းဆဲနိုင်၊ မှက်ခြင် ကိုက်ခြင်း စသောဆင်းရဲ, အသက်သေလောက်သော ဆင်းရဲကြောင့်ဖြစ်သော ဆင်းရဲတို့ကိုလည်း သည်းခံနိုင်၏။

ဤကောဋ္ဌာသ ကာယဂတာသတိ ကမ္မဋ္ဌာန်းကို ပွားများသော ယောဂီသည် ပထမဈာန်မျှကိုသာ ရသည်မဟုတ်၊ အထက် ဈာန်များကိုလည်း ရနိုင်ပါသေးသည်- ဟု အဋ္ဌကထာဆရာဆိုသည်။ ထိုဈာန်တို့အား ဆံပင်စသော ကောဋ္ဌာသတို့၏ အဆင်းထူးခြား သဖြင့် လေးပါးသော ဝဏ္ဏကသိဏဈာန်တို့ကိုလည်း ရရှိနိုင် ပါသေးသည်ဟူ၏။

ရွံရှာစက်ဆုပ်ဖွယ်သာ ဖြစ်၏၊ နှစ်သက် သာယာဖွယ်မရှိ။ အသုဘအတိဖြစ်သော သက်ရှိသက်မဲ့ ကောဋ္ဌာသအစုဖြစ်သော အပုပ်ကောင်ကိုပင် အန္ဓပုထုဇဉ်တို့သည် အသုဘ ဟူ၍ အဘယ့်ကြောင့် မမြင်ကြသနည်း၊ အသုဘလက္ခဏာကို အဘယ့်ကြောင့် ဉာဏ်ဖြင့် မမြင်ကြသနည်းဟု ဆင်ခြင်ကြရာသည်။

အရေထူ အရေပါးတို့ဖြင့် ဖုံးလွှမ်းထားသည့်ပြင် သစ်လွင် ကောင်းမွန်သော အဆင် တန်ဆာ, ပန်းနံသာ စသည်တို့ဖြင့် ဆင်ယင်ဖုံးလွှမ်း ကာကွယ်ထားသောကြောင့် ပကတိအသုဘကောင်ဖြစ်သော ကိုယ်၏သဘောမှန် အဖြစ်မှန်ကို မထင်မြင်နိုင် ကြခြင်း ဖြစ်သည်။

ကိုယ်၌တပ်မက်မှု ကင်းအောင်ဆင်ခြင်

ပကတိသဘောအမှန်မှာမူကား နောက်ကပြခဲ့ပြီးသည့်အတိုင်း -

ဤရုပ်ကောင်ကြီးသည် အရိုး, အသား, အကြော တို့ဖြင့် ဖွဲ့ယှက်၍ အရေထူဖြင့် ရစ်ပတ်လျက် အရေပါးဖြင့် ဖုံးအပ်သည်ဖြစ်၍ ဖွတ်, မြွေ, ပဒတ်တို့ ခိုအောင်းရာ ဖြစ်သော တောင်ပို့ကဲ့သို့ရှိလျက် ဆီအိုးပမာ အမြဲယိုစီးလျက်ရှိ၏။ ပိုးမျိုးအပေါင်း တို့၏ မွေးဖွားရာ, ကြီးပွားရာ, ပျော်ပါးရာ, သေရာ, မြှုပ်ရာ သုသာန်နှင့်လည်း တူ၏။ ရောဂါပေါင်းစုံတို့၏ ဖြစ်ပေါ်ရာ, တည်နေရာအိမ်ကြီး နှင့်လည်းတူ၏။

ဤကိုယ် အတွင်း, အပ နှစ်ဌာနလုံး၌ပင် အဘယ်နေရာ၌ အနာရောဂါ မဖြစ်သည် ဟူ၍မရှိ၊ ဓာတ်လေးပါးတို့တွင် တစ်ပါးပါး ဖောက်ပြန်သောအခါ၌ ကိုယ်အင်္ဂါ အစိတ်အပိုင်းအားလုံး၌ ရောဂါအနာ ဖြစ်ပေါ်လာတတ်၏။ ယခုခေတ်၌ သာ၍ ထင်ရှား၏။ နှလုံး, အသည်း, အဆုတ်, အစာအိမ် စသည်ဖြင့် အတွင်းသဏ္ဌာန် ၌ပင် ရောဂါအနာ အဖြစ်များကြ၏။ ဆင်းရဲဟူသမျှတို့၏ တည်ရာ, အောင်းရာ ကိုယ်ဖြစ်၏။

ပေါက်ကွဲနေသော အနာအို, အနာဟောင်းကြီးနှင့်မခြား ကိုးပါးသော အပေါက်တို့မှ အပုပ်ရည်များ အမြဲတမ်းယိုထွက်လျက်ရှိ၏။ မွေးညင်းပေါက်တို့မှလည်း ချွေးအညစ် အကြေးတွေ ယိုထွက်လျက်ရှိ၏။ ဤရုပ်ကိုယ်ကြီးကို ရေဖြင့် မသန့်ရှင်း မသုတ်သင်ဘဲ အကယ်၍ ပကတိအတိုင်း ပစ်ထားခဲ့လျှင် ယင်မမည်းရိုင်းတွေ တဝုန်းဝုန်း၊ ခြင်တွေ ပိုးတွေ, ပုရွက်ဆိတ်တွေ တရွရွနှင့် ပုပ်ပွလျက်သာရှိမည် ဖြစ်သော ကိုယ်ကြီးပါတကား - - ဟု ဆင်ခြင်၍ ဉာဏ်ဖြင့် ကြည့်သင့်ကြ၏။

အကယ်၍ တံပူတို့ သွားပွတ်တံတို့ဖြင့် ခံတွင်းမဆေး ဆီမလိမ်း, ရေ မချိုး, အဝတ်မဝတ်ဘဲ ပကတိမိမွေးတိုင်းသာ ထားပါလျှင် တိုင်းပြည်အရှင်ဘုရင်းမင်းနှင့် စဏ္ဍာလ စသည်တို့ကို ခွဲခြား၍ ရတော့မည်မဟုတ်။ ခန္ဓာကိုယ် ရုပ်ကောင်ကြီးသည် ဤသို့ တစ်ဦးတစ်ဦး ထူးခြားခြင်းလည်းမရှိ၊ နှစ်သက်ဖွယ်လည်းမရှိ။ အသုဘအတိ ရှုချင့်စဖွယ်မရှိသည်ကား အမှန်သဘောဖြစ်ချေသည်။

မျက်နှာသစ်ခြင်း, သွားတိုက်ခြင်း, ရေချိုးခြင်း, အဝတ်တန်ဆာဆင်ခြင်း, ပန်းနံ့သာ လိမ်းကျံခြင်း, အမွှေးနံ့သာဆောင်ခြင်းတို့ဖြင့် နေ့စဉ်နှင့်အမျှ ပြုပြင်ဖုံးကွယ် သုတ်သင်ဖယ်ရှားနေကြသောကြောင့် အပေါ်ယံပြုပြင်ဝတ်စားဆင်ယင်မှုကို ပကတိ ရုပ်ကောင်၏ အမှန်သဘောဟု ထင်မြင်ကာဖြင့် မိမိကိုယ်ကိုလည်း မိမိ အထင် ကြီးကာ ထောင်လွှားကြ, မာနတက်ကြ, ခင်မင်ကြ, မြတ်နိုးကြ၍၊ သူတစ်ပါး ကိုယ်ကိုလည်း တပ်မက်တွယ်တာ နှစ်သက်သော တဏှာလောဘဖြစ်ကြရသည်ဟု ဆင်ခြင်ကာ အမှန်ကိုကြည့်၍ တဏှာကိုပယ်ကြရာသည်။

💡 အဝိဇ္ဇာလိမ်နေသည်ကို ခံကြရခြင်း

ဆံပင်, မွေးညင်းစသောပညတ်၊ ယောက်ျား, မိန်းမစသော ပညတ်တို့ကိုပယ်၍ ပရမတ္ထအစစ် အဖြစ်မှန်နှင့်ကြည့်လျှင် တပ်နှစ်သက်ဖွယ်ရာ အဏုမြူခန့်မျှမရှိချေ။
မိမိ နှစ်သက် မြတ်နိုးလှပါသည်ဆိုသော တစ်စုံတစ်ယောက်သောသူတည်းဟူသော ကိုယ်ကောင်မှ ဆံပင်သော်လည်းကောင်း၊ မွေးညင်းသော်လည်းကောင်း၊ သွား, နှပ်, တံတွေး, ကျင်ကြီး, ကျင်ငယ်စသည်တို့တွင် တစ်ခုခုသော ကောဋ္ဌာသသည်သော် လည်းကောင်း ကိုယ်မှအပသို့ ထွက်ကျခဲ့လျှင် ထိုကောဋ္ဌာသကို အဘယ်သူမှ လက်ဖြင့် တို့ထိလိုခြင်းပင် မရှိပေ။ စက်ဆုပ် ရွံရှာကြမည်သာ, ဝေးဝေးက ရှောင်ကြမည်သာ, နှာခေါင်းပိတ်ကြမည်သာ ဖြစ်၏။
ကိုယ်အတွင်း၌ ကြွင်းကျန်သော နှပ်, တံတွေး, ကျင်ကြီး, ကျင်ငယ် စသော ကောဋ္ဌာသ တို့သည်လည်း အပြင်အပသို့ ထွက်ကျယိုစီးသော ကောဋ္ဌာသ တို့နှင့်မခြား အလားတူပင် စက်ဆုပ်ရွံရှာဖွယ် တို့သာဖြစ်လျက် ပုပ်နံညှီဟောင်သော အနံ့ရှိလျက် နှစ်သက်သာယာဖွယ် လိုချင်ဖွယ်မဟုတ်ပါဘဲလျက် အဝိဇ္ဇာဖုံးကွယ်၍ မိမိကိုယ်၏ သဘော, သူတစ်ပါးကိုယ်၏ သဘောကို အမှန်အတိုင်းဉာဏ်ဖြင့် မမြင်ကြသော ကြောင့်သာလျှင် တဏှာရာဂဖြင့် တပ်မက်နှစ်သက်ကာ နှစ်သက်ဖွယ် ရှိသော ကိုယ်, လိုချင်ဖွယ်ရှိသောကိုယ်, မြဲသောကိုယ်, ချမ်းသာသောကိုယ်ဟူ၍ စွဲလမ်းလျက် ရှိကြကုန်၏။ ပကတိလူတို့၏ မျက်စိဖြင့် မြင်နိုင်သောကိုယ်, မြင်နေကြရသော ကိုယ်ဖြစ်လျက် အဝိဇ္ဇာ၏ ဗြောင်လိမ် နေခြင်းကို ခံနေကြရသည်မှာ အလွန့်အလွန် အံ့သြဖွယ်ကောင်းလှပေသည်။

🦊 မြေခွေးနှင့်တူသော အန္ဓပုထုဇဉ်

သို့ကြောင့် အန္ဓပုထုဇဉ်တို့သည် မြေခွေးနှင့် တူသည်ဟု ဥပမာပြုတော်မူသည်။ အဘယ်သို့ မြေခွေးနှင့် တူသနည်းဟူမူ- တောအုပ်ကြီးအတွင်းရှိ ပေါက်ပင်ထက်၌ ပေါက်ပွင့် နီနီရဲရဲတို့သည် အဆုပ်လိုက် အဆုပ်လိုက် ပွင့်နေသည်ကို မြင်သော မြေခွေးသည် ပေါက်ပွင့်များကို အသားတုံး အသားတစ်တွေဟူ၍ မှတ်ထင်သဖြင့် စားချင်တကြီး လောဘတပ်မက်လျက် ကြွေကျသော ပေါက်ပွင့်ရှိရာသို့ အပြေး အလွှားသွား၍ ဆွဲယူကာ ဝါးလိုက်သောအခါ အသားတစ်မဟုတ်သည်ကိုသိလျှင် “ဤသည်ကတော့ အသားတစ် မဟုတ်သေးပေ၊ အပင်ပေါ်၌ရှိသော နီနီရဲရဲတွေ ကတော့ဖြင့် အသားတစ်တွေပဲ”ဟု ထင်မှတ် မက်မော လည်ကြောတင်းအောင် တောင့်တ တပ်မက်သော မြေခွေးကဲ့သို့-
ထို့အတူ ဗာလပုထုဇဉ် တို့သည်လည်း အကောင်ပုပ်, ကိုယ်အတွင်းမှ အပသို့ စီးကျယိုထွက်သော နှပ်, တံတွေး, ကျင်ကြီး, ကျင်ငယ် တို့သည်သာလျှင် ရွံရှာ စက်ဆုပ်ဖွယ် နံစော်ညံ့သိုး အပုပ်မျိုးတွေ ဖြစ်သည်၊ ကိုယ်တွင်း၌ရှိသော ပစ္စည်း တွေမှာမူကား လိုချင် တပ်မက်နှစ်သက်ဖွယ် မြတ်နိုးဖွယ် မွှေးကြိုင်ကောင်းမွန်သော ပစ္စည်းတွေသာလျှင်ဖြစ်သည် ဟူ၍ အသိဉာဏ်မှောက်မှား အထင်အမြင်လွဲကာ ထိုအသုဘအစစ်ဖြစ်သော ကောဋ္ဌာသ အစုအပေါင်းကိုပင်လျှင် လိုချင်တပ်မက် နှစ်သက်၍ အကောင်းအမွန်ထင်၍ မရသေးသည်ကို ရရှိအောင် ရပြီးသည်ကိုလည်း မလွှတ်ချင်အောင် လိုချင်တောင့်တလျက် ရကြောင်းဖြစ်သော ကုသိုလ်, အကုသိုလ် တို့ကို ပြုမိကြသောကြောင့် ဆင်းရဲဒုက္ခတို့မှ မလွတ်နိုင်ကြ အပါယ်မှ မကျွတ်နိုင်ကြ, သံသရာမှမထွက်မြောက်နိုင်ကြဘဲ ရှိကြပေသည်။

🌟 အရဟတ္တဖိုလ်တိုင်အောင် အကျိုးရနိုင်

မဂ်ဖိုလ်ရခြင်းငှာ ထိုက်သော ယောဂီသည် ဝါ- မဂ်ဖိုလ်ကို လွယ်ကူလျင်မြန်စွာ ရကြောင်း ပါရမီအဆောက်အဦကို ဖြစ်စေလိုသော ယောဂီသည် အသက်ရှိသော အကောင်၌ ဖြစ်စေ, အသက်ကင်းမဲ့သော အကောင်၌ဖြစ်စေ တွေ့ မြင်တိုင်းသော ကိုယ်ကောင်၌ ဝါ-ကောဋ္ဌာသအစုပေါင်း၌ အသုဘအခြင်းအရာအားဖြင့် ထင်မြင် သည်ဖြစ်အံ့၊ ထို ထင်သော ကိုယ်ကောင် ကောဋ္ဌာသရုပ်အပေါင်း၌ အသုဘဟူသော အရိပ်နိမိတ်အတုကို ယူ၍ အသုဘကမ္မဋ္ဌာန်းကို အပ္ပနာဈာန်သို့ရောက်အောင် အားထုတ်ကြရာသည်
အနုရာဓမြို့သို့ နံနက်အခါ ဆွမ်းခံကြွသော မထေရ်တစ်ပါးသည် အဋ္ဌိက အသုဘ ကမ္မဋ္ဌာန်းကို ပွားများလျက်ရှိရာ လမ်းခရီးအကြား၌ နတ်သမီးတမျှ ဝတ်စားဆင်ယင် ဖီးလိမ်း၍လာသော မာတုဂါမတစ်ယောက်နှင့် ခရီးရင်ဆိုင်တွေ့၏။ မာတုဂါမက ဖောက်ပြန်သောစိတ်ဖြင့် ရယ်သောအခါ သွားများပေါ်သွားသည်၊ မထေရ်သည် သွားကိုမြင်သည်မှ စ၍ အရိုးစုမျှကိုသာမြင်လိုက်, အာရုံထင်လိုက်သည်ဖြစ်၍ ထိုအရပ်၌ပင် အရဟတ္တဖိုလ်သို့ ရောက်တော်မူသည်ဟူ၏။ ဤသို့လျှင် အရဟတ္တဖိုလ် သို့တိုင်အောင် အကျိုးတရားကိုလည်း ရရှိနိုင်ပေသည်။

📈 ဈာန်သမာဓိမှ ဝိပဿနာသို့

ကောဋ္ဌာသကမ္မဋ္ဌာန်းဖြင့် ပထမဈာန်ကိုရသော အာဒိကမ္မိကဖြစ်သော ပုဂ္ဂိုလ်၌ ပထမဈာန်ဇောသည် တစ်ကြိမ်သာလျှင် ဖြစ်သည်။ ဈာန်ရပြီးသော ဈာနလာဘီ ပုဂ္ဂိုလ်သည် မိမိရသောဈာန်ကို ဝင်စားသောအခါ၌သာလျှင် ဈာန်ဇောအကြိမ်များစွာ ဖြစ်သည်။
ပထမဈာန်ကိုရပြီးသော ပုဂ္ဂိုလ်သည် ထိုဈာန်ကို မဆုတ်ယုတ်စေ, မပျက်စေမူ၍ ပထမဈာန်တွင်၍သာ ရပ်တန့်မနေမူ၍ ဝဋ္ဋနိဿိတကုသိုလ်ဈာန်သာလျှင် မဖြစ်စေမူ၍ ဝိဝဋ္ဋနိဿိတဈာန် ဖြစ်စေလျက် ဈာန်မှအထက် မဂ်ဖိုလ်သို့ ရောက်စေခြင်းငှာ ဝိပဿနာသို့ တက်လှမ်းရမည်
ဝိပဿနာကို ဈာန်ရမှလည်း တက်နိုင်သည်၊ ဈာန်မရမီ ဥပစာရ သမာဓိကလည်း တက်နိုင်သည်။ သမထဈာန်သည် ပန်းချီရေးရာ၌ အောက်ခံစက္ကူ ကားချပ်နှင့် တူသည်၊ ဝိပဿနာကား မင်ဆေးနှင့်တူသည်ဟုဆိုသည်။ စက္ကူကားချပ် မရှိလျှင် မင်ဆေးမတည်နိုင်သကဲ့သို့၊ ထို့အတူ စက္ကူကားချပ်နှင့် တူသော သမာဓိရှိမှ ဝိပဿနာသို့ တက်နိုင်သည်၊ ယုတ်စွအဆုံး ခဏိကသမာဓိကိုမျှ မရလျှင် ဝိပဿနာ သို့ မတက်နိုင်ဟု ဆိုသည်။
သို့ကြောင့် ထမင်းစားကြဖို့ရန် လယ်ထွန်ကြွ ကြ ကြ စိုက်ကြသကဲ့သို့ - ဝိပဿနာ၏ အခြေမူလဖြစ်၍သာလျှင် ဝိပဿနာအဖို့ငှာ သမထကို ရှေးဦးစွာ အားထုတ် ကြရသည်။ သမထကား လိုရင်းပဓာနမဟုတ်။ သမထတွင်၍သာ တင်းတိမ်ရောင့်ရဲ၍ မနေကြရာဟု မိန့်မှာတော်မူကြသည်။

🎯 ဝိပဿနာမှ မဂ်ဖိုလ်သို့

နိဒါနဝဂ္ဂသံယုတ် သုသိမသုတ်အဖွင့် အဋ္ဌကထာ စာမျက်နှာ ၁၁၇ ၌လည်း-

မဂ္ဂေါ ဝါ ဖလံ ဝါ န သမာဓိနိဿန္ဒော, န သမာဓိအာနိသံသော, န သမာဓိဿ နိပ္ပတ္တိ၊ ဝိပဿနာယ ပနေသော နိသန္ဒော, ဝိပဿနာယ အာနိသံသော, ဝိပဿနာယ နိပ္ဖတ္တိ။

ဟူ၍ရှိသည်။ သမာဓိ၏အကျိုးဆက်ဖြစ်သော သမာဓိ၏ အာနိသင်ဖြစ်သော သမာဓိဖြင့်ပြီးသော မဂ်လည်းမရှိ, ဖိုလ်လည်းမရှိဝိပဿနာ၏အကျိုးဆက်ဖြစ်သော ဝိပဿနာ၏အာနိသင်ဖြစ်သော ဝိပဿနာဖြင့်ပြီးသော မဂ်ဖိုလ်သာလျှင် ရှိသည်ဟု အခိုင်အမာပြဆိုသည်။ သမာဓိသည် ဝိပဿနာ၏ အခြေခံမျှသာဖြစ်သည်။ သမာဓိအားကောင်းလျှင် ဝိပဿနာပညာ အားကောင်းသည်။ ထို့ကြောင့် သမာဓိ အားကောင်းစေရန်ကိုလည်း အလေးပြုသင့်သည်။ ကောဋ္ဌာသကမ္မဋ္ဌာန်း, အာနာပါနကမ္မဋ္ဌာန်းတို့သည် သမထကမ္မဋ္ဌာန်း, သမာဓိ အလုပ်ပင် ဖြစ်သည်။ ကောဋ္ဌာသကမ္မဋ္ဌာန်း, အာနာပါနကမ္မဋ္ဌာန်းတို့ဖြင့် ရအပ်သော ဈာန်ကို အခြေခံပြု၍ ဝိပဿနာသို့ တက်ကာ အားထုတ်လျှင် မဂ်ဖိုလ်သို့ ရောက်နိုင်သည်။ ဤအဓိပ္ပာယ်ကို ရည်ရွယ်၍ “အာနာပါနသည် မဂ်ဖိုလ် ရောက်ကြောင်းဖြစ်သည်”ဟု ဆိုနိုင်ပေသည်။

📝 ဝိပဿနာတင်ရန်

၁။ ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ ဟူသော ဈာန်အင်္ဂါငါးပါးရှိသောဈာန်သည် ပထမဈာန်မည်၏။
၂။ ထိုဈာန်အင်္ဂါတို့နှင့်ယှဉ်သောစိတ်သည် ပထမဈာန်စိတ်မည်၏။
၃။ ပထမဈာန်စိတ်နှင့်တကွ ယှဉ်ဖက်ဖြစ်သော စေတသိက် ၃၅-ပါးတို့သည် နာမ်တရား နာမက္ခန္ဓာတို့ဖြစ်ကုန်၏။
၄။ နာမ်တရားတို့၏ တည်ရာ ဟဒယဝတ္ထုရုပ်နှင့်တကွ ကရဇကာယသည်, ရုပ်အစု အပေါင်းသည် ရုပ်တရား ရူပက္ခန္ဓာတို့ဖြစ်ကုန်၏။
ပထမဈာန်စိတ်သည် အာဒိကမ္မိကပုဂ္ဂိုလ် သန္တာန်၌ တစ်ကြိမ်သာဖြစ်၍ ချုပ်လေ တော့သည်။ ဈာန်စိတ်နှင့်ယှဉ်သော ဈာန်အင်္ဂါအပါအဝင် စေတသိက်တို့သည်လည်း စိတ်နှင့်အတူ တစ်ပြိုင်နက်ချုပ်ပျောက်ကြကုန်၏။
စိတ်, စေတသိက်ဖြစ်သော နာမ်တရား တို့၏တည်ရာဖြစ်သော ရုပ်အစုအပေါင်း တို့သည်လည်း အတည်အမြဲ မဟုတ်၍ ချုပ်ပျောက် ကြကုန်၏။ သို့ဖြစ်၍ ရုပ်ခန္ဓာ တို့သည် အကျိတ်အခဲ တည်မြဲသောသဘော မရှိကြကုန် ပါတကား- ဟူ၍ အနိစ္စ စသော လက္ခဏာတင်၍ ဆင်ခြင်ပွားများအပ်၏
မမြဲသော ရုပ်နာမ်တို့သည် နာမ်သက်ခဏ, ရုပ်သက် ခဏတိုင်း ချုပ်ဆုံး ကွယ်ပျောက် နေကြသည်ဖြစ်၍ ထိုနာမ်တို့ကို ငါ့ကိုယ်ဟူ၍လည်းကောင်း၊ ငါ့ပစ္စည်းဟူ၍ လည်းကောင်း လက်ညှိုးညွှန်ကာ ပြစရာ ထင်မှတ်စွဲလမ်းစရာ, ပြောဆိုဖွယ်ရာ မရှိသောကြောင့် အနတ္တပါ တကား၊ စင်စစ် ငါ့ကိုယ်မဟုတ်ပါတကား၊ ရောဂါအိမ်ကြီး, အနာအိမ်ကြီး အပုပ်အိမ်ကြီး မျှသာပါတကား
ရောဂါအိမ်, အနာအိမ်ဟူ၍ မသိခဲ့သောကြောင့် ကောဋ္ဌာသအစုဖြစ်သော အနာအိမ်, အပုပ်အိမ်ကြီးကို အကြောင်းပြု၍ တပ်မက်နှစ်သက်ခဲ့၍ ဆင်းရဲခဲ့ရပါတကားဟု ဆင်ခြင်ပွားများသော ဥပစာရဈာန်ကို ရသောပုဂ္ဂိုလ်၊ သို့မဟုတ် ပထမဈာန်ကို ရပြီးသော ပုဂ္ဂိုလ်သည် ဈာန်၏သတ္တိဖြင့် ကိလေသာတို့ကို ဝိက္ခမ္ဘနပဟာန်ဖြင့် ပယ်ရာမှ မဂ်သတ္တိဖြင့် သမုစ္ဆေဒပဟာန်ဖြင့် အမြစ်ပြတ်ပယ်၍ သောတာပတ္တိဖိုလ် စသည်သို့ ရောက်နိုင်သည်ဟု စိတ်အားထက်သန်စွာ အားထုတ်ကြကုန်ရာသည်။
ကာယာနုပဿနာပွားရကျိုး ပြီး၏။

Anatomy (ကောဋ္ဌာသကာယ)

🌀 ပဋိစ္စသမုပ္ပါဒ် ဆင်ခြင်နည်း

သဘာဝအတိုင်း အမှန်ကိုမသိခြင်း အဝိဇ္ဇာ

စက်ဆုပ်ရွံရှာဖွယ်, မနှစ်သက်ဖွယ် အနာဟောင်း အိမ်ကြီးနှင့်တူသော ကောဋ္ဌာသ အစုအဝေးမျှသာဖြစ်သော ကိုယ်ကောင်ကြီးကို ပကတိအရှိဖြစ်သော သဘာဝ အတိုင်း အမှန်ကိုမသိခြင်းသည် အဝိဇ္ဇာကြောင့် ဖြစ်၏။

ယံ ခေါ ဘိက္ခု ဒုက္ခေ အညာဏံ၊ ဒုက္ခသမုဒယေ အညာဏံ၊ ဒုက္ခနိရောဓေ အညာဏံ၊ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ အညာဏံ၊ အယံ ဝုစ္စတိ ဘိက္ခဝေ အဝိဇ္ဇာ။

ရဟန်း-- ဒုက္ခကို ဒုက္ခဟူ၍ မသိခြင်း, ဒုက္ခဖြစ်ကြောင်းကို မသိခြင်း, ဒုက္ခ ချုပ်ရာကို မသိခြင်း, ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်တရားအမှန်ကို မသိခြင်းကို အဝိဇ္ဇာဟူ၍ ငါဘုရား မိန့်ဆိုအပ်, ဖြေကြားအပ်သည်ဟု ဟောတော်မူသည်။

အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပေါ်လာရခြင်း

သံယုတ်ပါဠိတော်, ဝိဘင်းပါဠိတော်တို့၌ မြတ်စွာဘုရား မိန့်တော်မူသည့်အတိုင်း ဒုက္ခအစုအပုံ သက်သက်မျှဖြစ်သော ရူပကာယ ကောဋ္ဌာသ အစုဖြစ်သော ကိုယ်ကောင် ဒုက္ခတုံးကြီးကို အဝိဇ္ဇာ ပိတ်ဖုံးသဖြင့် ဒုက္ခဟူ၍ မသိခြင်းကြောင့်, မမြင်ခြင်းကြောင့် ထိုဒုက္ခခန္ဓာအိမ်ကိုပင် ရရာရကြောင်းဖြစ်သော ပုညာဘိသင်္ခါရ တည်းဟူသော ကာမာဝစရကုသိုလ်ကိုလည်း ပြုကြကုန်၏။ ရူပါဝစရကုသိုလ် ကိုလည်း ပြုကြကုန်၏။
အကုသိုလ် ရှိသည်ဟူ၍မသိ မယုံကြည်၊ အကုသိုလ်၏ အကျိုးအပြစ်ရှိသည် ကိုလည်း မယုံကြည်၊ ဘဝတစ်ပါး ရှိသည်ကိုလည်း မယုံကြည်ကြသောသူတို့သည် “မျက်စိကန်း တစ္ဆေမကြောက်” ဆိုသကဲ့သို့ အကုသိုလ်၏အပြစ်ဒေါသကို မမြင်ကြ မသိကြ မကြောက်ကြသောကြောင့် အပုညာဘိသင်္ခါရ တည်းဟူသော အကုသိုလ်ကိုလည်း ပြုကြကုန်၏။ အာနေဉ္စာဘိသင်္ခါရ တည်းဟူသော အရူပါဝစရ ကုသိုလ်ကိုလည်း ပြုကြကုန်၏။

သင်္ခါရစသည်ကြောင့် ဝိညာဏ်စသည် ဖြစ်ပေါ်လာရခြင်း

အကြောင်းဖြစ်သော ကုသိုလ်, အကုသိုလ်တို့ကို ပြုလုပ်ကြသောကြောင့် အကျိုး ဖြစ်သော ပဋိသန္ဓေဝိညာဏ်, ပဝတ္တိဝိပါက်ဝိညာဏ်တို့ ဖြစ်ကြသည်။
ဝိညာဏက္ခန္ဓာဟူသော ဝိညာဏ်ကြောင့် ဝေဒနာ, သညာ, သင်္ခါရ- ဟူသော နာမ်ခန္ဓာတို့ ဖြစ်ကြသည်။ ပဋိသန္ဓေအခါ၌ ကမ္မဇရုပ်, ပဝတ္တိအခါ၌ ကမ္မဇရုပ်, စိတ္တဇရုပ် စသည်တို့ ဖြစ်ကြသည်။
ထိုနာမ်ရုပ်တို့ကို အကြောင်းပြု၍ စက္ခာယတန စသော အဇ္ဈတ္တိကာယတနတို့ ဖြစ်ကြသည်။ ရူပါယတန စသော ဗာဟိရာယတန ခြောက်ပါးတို့လည်း ဖြစ်ကြသည်။
အဇ္ဈတ္တိကာယတနနှင့် ဗာဟိရာယတနတို့တွေ့ ဆုံမိ၍ ဝိညာဏဓာတ်တို့ ဖြစ်ပေါ် လာကာ ထိုဓာတ်၊ ဝါ- အာယတနသုံးပါးတို့ ပေါင်းဆုံမိခြင်းကြောင့် ဖဿသဘော တရား ပေါ်ပေါက်လာသည်။
ဖြစ်ပေါ်လာသော ဖဿအာရုံကိုခံစားသော ဝေဒနာဖြစ်ပေါ်လာသည်။

ဝေဒနာကြောင့် တဏှာဖြစ်ပေါ်လာရခြင်း

ထိုဖြစ်ပေါ်လာသော ဝေဒနာကို သာယာနှစ်သက် တပ်မက်သော တဏှာ ဖြစ်ပေါ် လာသည်။ ဝေဒနာသည် သုခဝေဒနာ, ဒုက္ခဝေဒနာ, အဒုက္ခမသုခဝေဒနာဟူ၍ သုံးပါးရှိရာ သုခဝေဒနာနှင့်တူသော တဏှာ၏ ထောက်တည်ရာမည်သည် မရှိဟု ဆိုသည်။
ဤဝေဒနာ၌ရပ်၍ ဝေဒနာနုပဿနာသတိပဋ္ဌာန် ဖြစ်စေ၍ ဝေဒနာကိုရှုလျှင် ဝေဒနာ၏ အနိစ္စစသော သဘောကို ဆင်ခြင်လျှင် ဝိပဿနာဉာဏ်ဖြစ်၍ မဂ်လမ်းသို့ တက်နိုင်သည်။ ဤကဲ့သို့ မရှုနိုင်ကြ, မရှုမိကြ၍ တဏှာဖြစ်ပေါ်မိလျှင် အားနည်းသော တဏှာကို အကြောင်းပြု၍ အားကောင်းသော ဥပါဒါန် ဖြစ်ပေါ် လာတော့သည်
ဝေဒနာကြောင့် တဏှာဖြစ်ပုံကို ရှင်းဦးအံ့-
သုခဝေဒနာသည် ချမ်းသာစွာ ခံစားအပ်သောသဘော ရှိသောကြောင့် သာယာ နှစ်သက်ဖွယ်ရှိ၍ တဏှာလောဘဖြစ်တန်စေ၊ ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာ တို့ကြောင့် အဘယ်သို့ တဏှာလောဘ ဖြစ်သနည်းဟူမူ ဒုက္ခဝေဒနာကို ခံစားနေရခိုက်၌ ဒုက္ခဝေဒနာသည် သာယာနှစ်သက်ဖွယ် မရှိ၍ သာယာ နှစ်သက်ဖွယ်ရှိသော သုခဝေဒနာကို လှမ်းမျှော်တောင့်တရင်း သုခဝေဒနာ၌ သာယာ တပ်မက်သော တဏှာလောဘ ဖြစ်သည်ဟူ၍ ဆိုသည်။
ဥပေက္ခာဝေဒနာသည်ကား “ဥပေက္ခာ သန္တဝုတ္တိတ္တာ၊ သုခမိစ္စေဝ ဘာသိတာ” ဟူသော ကျမ်းဂန်စကားအရ ငြိမ်းအေးသော သဘောရှိသောကြောင့် ဥပေက္ခာကို သုခဟူ၍ပင် ဆိုအပ်၏။ သို့ကြောင့် ဝေဒနာသုံးပါးကို အကြောင်းပြု၍ တဏှာ လောဘဖြစ်သည်ဟု မှတ်ရာသည်။
အာရုံကို သာမန်လိုချင်ခြင်းသည် တဏှာ၏သဘော ဖြစ်၏။ စွဲစွဲလမ်းလမ်း မလွှတ်ချင်အောင်, မလွှတ်နိုင်အောင် တပ်မက်နှစ်သက်ခြင်းသည် ဥပါဒါန်၏ သဘောဖြစ်၏။ တဏှာနှင့် ဥပါဒါန်ခြားနားပုံကို ချဲ့၍ ပြကြကုန်သေးသော်လည်း ဤမျှဖြင့် သိလောက်ပြီဖြစ်၍ မချဲ့တော့ပြီ။

တဏှာ ၁၀၈-ပါး

တဏှာသည် ရူပတဏှာ, သဒ္ဒတဏှာစသည်ဖြင့် ၁၀၈-ပါးရှိ၏။ ရှိပုံမှာ-

  • ရူပါရုံ၌တပ်မက်သော ရူပတဏှာ, သဒ္ဒါရုံ၌တပ်မက်သော သဒ္ဒတဏှာ, ဂန္ဓ ရသ, ဖောဋ္ဌဗ္ဗ, ဓမ္မ အာရုံတို့၌ တပ်မက်သော ဂန္ဓတဏှာ, ရသတဏှာ, ဖောဋ္ဌဗ္ဗတဏှာ, ဓမ္မတဏှာ အားဖြင့် ၆-ပါးရှိ၏။
  • ၎င်း ၆-ပါးကို ကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာ သုံးပါးနှင့် မြှောက်သော် ၁၈-ပါး ဖြစ်၏။
  • ယင်း ၁၈-ပါးကို အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်ပါးနှင့်မြှောက်သော် ၃၆-ပါး ဖြစ်၏။
  • ယင်း ၃၆-ပါးကို ပစ္စုပ္ပန်, အတိတ်, အနာဂတ် ကာလသုံးပါးနှင့် မြှောက်က ၁၀၈-ပါး ဖြစ်၏။

တဏှာ ၁၀၈-ပါးကို အထူးထူးသော အာရုံရှိသည်ကိုလိုက်၍ မြှောက်ပွားမည် ဆိုလျှင်ကား အတိုင်းမသိအောင် တဏှာတွေ ပွားနိုင်ပေသည်။ သတ္တဝါတို့၏ သန္တာန်၌ အတိုင်းမသိသော တဏှာတွေ အမြောက်အမြား ဖြစ်ပွားလျက်ပင် ရှိကြသည်။ အဝိဇ္ဇာ ကာကွယ်ဖုံးအုပ်ခြင်းကို ခံနေကြရ၍သာ မမြင်နိုင်ကြရခြင်း ဖြစ်သည်။
ဥပမာ– ရူပါရုံတစ်မျိုးနှင့်စပ်၍ပင် ဖြူသောရူပါရုံ, ညိုသောရူပါရုံ, နီသောရူပါရုံ ဝါသောရူပါရုံ စသည်ဖြင့် ရူပါရုံများစွာရှိသလောက် ထိုရူပါရုံ၌ တပ်မက်သော တဏှာ ပေါင်းများစွာ ရှိနိုင်သည်၊ ရှိလည်းရှိကြသည်။ သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ တို့ကို အကြောင်းပြု၍ ဖြစ်သောတဏှာတို့သည်လည်း ရူပါရုံကိုတပ်မက်သော တဏှာကဲ့သို့ပင် တဏှာပေါင်း မြောက်မြားစွာရှိနိုင်သည်၊ ရှိလည်း ရှိကြသည်။ သို့ဖြစ်၍ အထူးထူးသော အာရုံရှိသည်တို့ကိုလိုက်၍ မြှောက်ပွားပါလျှင် အတိုင်းမသိ မရေမတွက်နိုင်သော တဏှာတွေ ဖြစ်ပွားနိုင်ပေသည်။
သူငါ သတ္တဝါတို့၏ သန္တာန်၌ ဝိဇ္ဇာဉာဏ်နှင့် မရှုသမျှ မကြည့်သမျှ, အပြစ်ကို ဆင်ခြင်၍ မပယ်သမျှ ဤတဏှာတွေသည် အလဲအလှယ်နှင့် ဖြစ်ပေါ်နေကြ မည်သာ ဖြစ်လေသည်။ သတိပြု၍ စဉ်းစား ဆင်ခြင်ကြပါလျှင် ကြက်သီး ထလောက်အောင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။ သို့ကြောင့် ကမ္မဋ္ဌာန်း တစ်ပါးပါးကို အားထုတ်လိုသော ယောဂီသည် အာရုံဆိတ်ရာဖြစ်သော တော, တောင်, သစ်ပင် စသော အရပ်သို့ ချဉ်းကပ်ရမည်ဟု ညွှန်ကြားတော်မူသည်။

တဏှာကြောင့် ဥပါဒါန် ဖြစ်ပေါ်လာရခြင်း

တဏှာကြောင့် ဥပါဒါန်ဖြစ်ရာ၌ ဥပါဒါန်သည် တရားကိုယ်အားဖြင့် လောဘ, ဒိဋ္ဌိဟူ၍ နှစ်ပါးဖြစ်၏။ အကျယ်အားဖြင့် လေးပါးရှိ၏။ လေးပါးကား-
၁။ ကာမအာရုံ၌ ပြင်းပြင်းထန်ထန် စွဲလမ်းတပ်မက်ခြင်းသည် ကာမုပါဒါန် မည်၏။
၂။ ပေးကမ်းခြင်း လှူဒါန်းခြင်း, ပူဇော်ခြင်းတို့သည် အကျိုးမရှိ စသည်ဖြင့် ဝတ္ထု ဆယ်ပါး ရှိသော မှားသောအယူအမြင်သည် ဒိဋ္ဌုပါဒါန် မည်၏။
ဝတ္ထုဆယ်ပါး ဟူသည်ကား-

မိစ္ဆာဒိဋ္ဌိ ၁၀-ပါး

၁။ ပေးကမ်းလှူဒါန်းအပ်သော အကျိုးသည် မရှိ။
၂။ ယဇ်ငယ်ပူဇော်ခြင်းသည် အကျိုးမရှိ။
၃။ ယဇ်ကြီးပူဇော်ခြင်းသည် အကျိုးမရှိ။
၄။ ကောင်းမှု မကောင်းမှုဟူသော ကုသိုလ်, အကုသိုလ်တို့၏ အကျိုးသည်မရှိ။
၅။ ဤ ပစ္စုပ္ပန်လောကသည် မရှိ။
၆။ တမလွန်ဘဝဟူသော လောကသည် မရှိ။
၇။ မိခင်၌ပြုအပ်သော အကျိုးအပြစ်သည်မရှိ။
၈။ ဖခင်၌ပြုအပ်သော အကျိုးအပြစ်သည်မရှိ။
၉။ ကိုယ်ထင်ရှား ပဋိသန္ဓေတည်နေသော သတ္တဝါတို့သည် မရှိကုန်။
၁ဝ။ ယခု ပစ္စုပ္ပန် လောကကိုလည်းကောင်း, တမလွန်လောကကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့်သိ၍ ပြောကြားနိုင်သော သမဏ ဗြာဟ္မဏ တို့သည် မရှိကုန်။
ဤဆယ်ပါးတို့တည်း။ ဤဆယ်ပါးတို့ကို အခြေပြု၍ ဒိဋ္ဌုပါဒါန်ဖြစ်သည်ဟု ဆိုလိုသည်။
၃။ လမ်းသွားစဉ် အစားအစာကိုစား၏၊ ရပ်လျက် ကျင်ကြီး ကျင်ငယ်ကို စွန့်၏စသော အကျင့်ဖြင့်သာစင်ကြယ်သည်ဟု မှားသောအယူအမြင်သည် သီလဗ္ဗတုပါဒါန်မည်၏။

သက္ကာယဒိဋ္ဌိ - ၂၀

၄။

  • (၁) ရုပ်သည် အစိုးရသော ကိုယ်ကောင်တည်း။
  • (၂) ကိုယ်ကောင်သည် ရုပ်ရှိ၏။
  • (၃) ကိုယ်ကောင်၌ ရုပ်တည်၏။
  • (၄) ရုပ်၌ ကိုယ်ကောင်တည်၏။
  • (၁) ဝေဒနာသည် အစိုးရသော ကိုယ်ကောင်တည်း။
  • (၂) ကိုယ်ကောင်သည် ဝေဒနာရှိ၏။
  • (၃) ကိုယ်ကောင်၌ ဝေဒနာတည်၏။
  • (၄) ဝေဒနာ၌ ကိုယ်ကောင်တည်၏။

သညာ, သင်္ခါရ, ဝိညာဏ် တို့၌လည်း အထက်က နည်းတူ လေးပါးစီအားဖြင့် သက္ကာယဒိဋ္ဌိ ၂ဝ- ဖြစ်သည်။
ဤ ၂ဝ-သောဝတ္ထုရှိသောဒိဋ္ဌိသည် အတ္တဝါဒုပါဒါန် မည်၏။ အတ္တဝါဒ၌စွဲလမ်းကာ မှားယွင်းသော အယူအမြင်ဟု ဆိုလိုသည်။

ဥပါဒါန်ကြောင့် ဘဝဖြစ်ပေါ်လာရခြင်း

ဘဝဟူသည် - ကုသိုလ်, အကုသိုလ်တို့၏ စေတနာ၊ ထိုစေတနာနှင့်ယှဉ်သော အဘိဇ္ဈာ, အနဘိဇ္ဈာစသော ကမ္မဘဝ သည်လည်းကောင်း၊ ကာမဘဝ, ရူပဘဝ, အရူပဘဝ, သညီဘဝ, အသညီဘဝ, နေဝသညီနာသညီဘဝ, ဧကဝေါကာရဘဝ, စတုဝေါကာရဘဝ, ပဉ္စဝေါကာရဘဝဟူသော ကိုးပါးသော ဥပပတ္တိဘဝသည် လည်းကောင်း ဤကမ္မ ဘဝ, ဥပပတ္တိဘဝနှစ်မျိုးသည် ဘဝမည်၏။
အဝိဇ္ဇာပစ္စယာ သင်္ခါရာ၌ သင်္ခါရအရ စေတနာနှင့် ဤကမ္မဘဝအရ စေတနာ တို့၏ အထူးကား- အတိတ်စေတနာသည် သင်္ခါရ, ပစ္စုပ္ပန်စေတနာသည် ကမ္မဘဝဖြစ်၏။
ဘဝေါ ဂူထော ဝိယ ဇိဂုစ္ဆိတဗ္ဗော- ဘဝကိုမစင်ကဲ့သို့ စက်ဆုပ်ရွံ့ရှာ ရမည်ဟု ဆိုသည်။
အကြောင်းကား ဘဝဟူသော ကုသိုလ် အကုသိုလ်စေတနာဖြစ်လျှင် ထိုစေတနာ တို့၏ အကျိုးဖြစ်သော ဇာတိကိုရကြမည် ဖြစ်သောကြောင့်တည်း။ ဇာတိရလျှင် ဇာတိဖြစ်လျှင် အိုဘေး, နာဘေး, သေဘေး စသည်တို့ကို ရပါလို၏, ရပါစေဟု တောင့်တသည်နှင့် တူသောကြောင့် ဘဝကို စက်ဆုပ်ကြောက်ရွံ့ ရမည်ဆိုသည်။

ဘဝကြောင့် ဇာတိဖြစ်ပေါ်လာရခြင်း

ဥပါဒါန်ကြောင့် ဘဝဖြစ်ရာ၌ ကမ္မဘဝ, ဥပပတ္တိဘဝ နှစ်ပါးလုံးကို ယူရ၏။ ဘဝပစ္စယာ ဇာတိ၌ ဘဝ- အရကိုကား ကမ္မဘဝ- ကိုသာယူရ၏
ဇာတိဟူသည်- ရောက်ရာဖြစ်ရာ ဘုံဘဝ၌ ရှေးဦးစွာဖြစ်သော ရုပ်နာမ်ခန္ဓာသည် ဇာတိမည်၏။ ထိုထိုသတ္တဝါ, ထိုထိုဇာတိ စသည်တို့၌ အတ္တဘောကို ရခြင်းသည်ပင် ဇာတိမည်သည်ဟု ဆိုသည်။ ဇာတိရလျှင် ဇရာ, မရဏ, သောက ပရိဒေဝ, ဒုက္ခ, ဒေါမနဿတို့သည် တစ်စဉ်တစ်တန်းကြီး မလွဲသာ မရှောင်သာ ဖြစ်ကြမည်သာ ဖြစ်သောကြောင့် ဘဝကို မတောင့်တကြလေနှင့် ဘဝကို စက်ဆုပ်ကြ, ဘဝကို ကြောက်ကြဟု မိန့်တော်မူခြင်း ဖြစ်သည်။
ကမ္မဘဝကြောင့်သာ ဇာတိဖြစ်ခြင်း၌ ဇာတိသည် ကမ္မဘဝဟူသော ကံကြောင့် ဖြစ်သည်ဟု အဘယ့်ကြောင့် ဆိုပါသနည်း။ မိဘတို့၏ သုက်သွေးနှင့် အာဟာရ စသော အကြောင်းတို့လည်း ရှိသည်မဟုတ်ပါလောဟူမူ-

တုလျေပိ ဗဟိ ဟေတုမှိ၊ ယမကာနံပိ တုလျတာ။ န စာညော ကမ္မတော တသ္မာ၊ ဉေယျော သော ဇာတိပစ္စယော။

ဗဟိ၊ အပ၌။ ဟေတုမှိ၊ မိဘသုက်သွေး, အာဟာရစသော အကြောင်းသည်။ တုလျေပိ၊ တူပါလျက်လည်း။ ယမကာနံပိ၊ အမြွှာမွေးတို့၏လည်း။ အတုလျတာ၊ မတူ ကွဲပြား ထူးခြားသောအဖြစ်သည်။ ဒိဿတိ၊ ထင်၏။ ကမ္မတော၊ ကံမှ။ န စ အညော၊ အကြောင်းတစ်ပါးလည်းမရှိခဲ့။ တသ္မာ၊ ထို့ကြောင့်။ သော၊ ထိုကမ္မဘဝကို။ ဇာတိပစ္စယော၊ ဇာတိ၏အကြောင်းဟူ၍။ ဉေယျော၊ သိအပ်၏- ဟူ၍ သမ္မောဟဝိနောဒနီ အဋ္ဌကထာ ဝါကျကို မဟာဝိသုဒ္ဓါရာမဆရာတော်ကြီး အဓိပ္ပာယ်မပျက် ဂါထာစီတော်မူထားပေသည်။ မိဘတို့၏ သုတ်သွေး၊ အာဟာရစသော အကြောင်းတို့ရှိသော်လည်း ထိုအကြောင်း တို့သည် ပဓာနအကြောင်းများ မဟုတ်ကုန်။ အကယ်၍ ပဓာနအကြောင်းများ ဖြစ်လျှင် အမြွှာပူး မွေးသောကလေးတို့သည် တစ်ဦးနှင့်တစ်ဦး ရုပ်ရော နာမ်ပါ တူညီကြပေမည်၊ တူကား မတူကြကုန်၊ အသီးအသီး မိမိအကြောင်းကံ အားလျော်စွာ သာလျှင် တစ်မျိုးတစ်ဖုံစီ ဖြစ်ကြသည်။ သို့ကြောင့် ကံသာလျှင် ဇာတိ၏အကြောင်းဖြစ်သည်ဟု ဆိုရသည်ဟူ၍ ဇာတိသည် ကမ္မဘဝကြောင့်သာဖြစ်သည်ကို အထက်ပါ အဆုံးအဖြတ်စကားဖြင့် စွဲမြဲစွာ မှတ်သား ကြရန်ဖြစ်သည်။

ဇာတိကြောင့် ဇရာ မရဏ သောက စသည်ဖြစ်ရခြင်း

ဇာတိဖြစ်က ဇာတိ၏ အကျိုးရင်းဖြစ်သော ဇရာ မရဏနှင့် ဇာတိ၏ အကျိုးများ ဖြစ်သော သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသတို့ ဖြစ်ကြတော့သည်ဟု ပြဆိုခဲ့ပြီ။
ဇရာဟူသည်- တစ်ဘဝ၌ ရရှိအပ်သော ရုပ်၏အိုခြင်း, ရင့်ခြင်း, ဆွေးမြေ့ယိုယွင်း ဖောက်ပြန်လာခြင်းပင်ဟူ၍ သိရှိကြပြီ။ မရဏဟူသည်- ရရှိအပ်သော အတ္တဘော၏ တစ်ဘဝအပိုင်းအခြား တစ်ဘဝအဆုံးဖြစ်သော သေဆုံးခြင်းဟူ၍ သိကြပြီ။
ဇာတိကိုရသော သတ္တဝါမှန်က ဤဇရာ မရဏတို့ကို မြေလက်ခတ်မလွဲ ရမည်သာ ဖြစ်တော့သည်။ သို့နှင့် မပြီးသေး၊ သောက စသည်တို့လည်း ရှိကြပေသေးသည်။
သောကဟူသည်- ဆွေမျိုးတို့၏ ပျက်စီးခြင်း ဉာတိဗျသန, ဥစ္စာပစ္စည်းတို့၏ ပျက်စီးခြင်း ဘောဂဗျသန အနာရောဂါနှိပ်စက်ခြင်း ရောဂဗျသန စသော ပျက်စီးခြင်း ဗျသနတရားတို့ကြောင့် စိတ်ပူပန်ခြင်းသဘောသည် သောက မည်၏။
အဆိုပါ ဉာတိဗျသန စသည်တို့ကြောင့် ငိုကြွေးရခြင်းဟူသော စိတ္တဇသဒ္ဒသည် ပရိဒေဝ မည်၏။ ကိုယ်၌ဖြစ်သော ဆင်းရဲခြင်း ဝေဒနာသည် ဒုက္ခမည်၏။ စိတ်၌ ဖြစ်သော ဆင်းရဲခြင်း ဝေဒနာသည် ဒေါမနဿမည်၏။ ဆွေမျိုးဉာတိစသည်တို့ ပျက်စီးခြင်းကြောင့် အလွန်အမင်းပြင်းပြစွာ စိတ်ဆင်းရဲ ပူပန်ခြင်းသည် ဥပါယာသ မည်၏။
(ဥပါယာသသည် တရားကိုယ်အားဖြင့် ဒေါသဟု ဆိုသည်။)
စက်ဆုပ်ရွံရှာဖွယ်အတိ ကောဋ္ဌာသ အစုအဝေးမျှသာ ဖြစ်သော ရုပ်ခန္ဓာနှင့်တကွ ဒေါသ, မာန စသော ရန်သူတည်းဟူသော နာမ်ခန္ဓာတို့၌ ဒုက္ခအမှန် ဒုက္ခသစ္စာဟူ၍ အမှန်သဘောကို မသိမမြင်တတ်သော အဝိဇ္ဇာကို မပယ်ရသေးသော သတ္တဝါတို့ သန္တာန်၌ သမုဒယ, နိရောဓ, မဂ္ဂသစ္စာတို့ကို မမြင်တတ်သော အဝိဇ္ဇာတို့ကိုလည်း မပယ်နိုင်ကြ သေးသည်သာလျှင် ဖြစ်ကုန်၏။
အဝိဇ္ဇာကို မပယ်ရသေးသော သတ္တဝါတို့သည် ခန္ဓာကိုယ်ကို ရရှိခြင်းကိုသာလျှင် သုခဟူ၍ မှတ်ထင်ကြမြဲဖြစ်ကုန်၏။ ခန္ဓာ၏ချုပ်ငြိမ်းရာ ကိုမူကား ဒုက္ခဟူ၍ မှတ်ထင်ကြကုန်၏။ သို့ကြောင့် ခန္ဓာကိုယ်ကို ရကြောင်းဖြစ်သော လမ်းကိုသာလျှင် လမ်းကောင်းလမ်းမှန်ဟူ၍ ထင်မြင်ကြကုန်၏။
ခန္ဓာချုပ်ရာဖြစ်သော မဂ္ဂင်လမ်းကိုမူကား လမ်းလွဲလမ်းမှားဟူ၍ မြင်ကာ ကြောက်ရွံ့ ကြကုန်၏။ အဝိဇ္ဇာကာကွယ် ဖုံးလွှမ်းခြင်း ခံနေကြရသော သတ္တဝါတို့သည် ဒုက္ခကို စက်ဆုပ် ကြောက်ရွံ့ကြလျက် ချမ်းသာကို လိုလား တောင့်တကြကုန်လျက် ဒုက္ခအစစ်ဖြစ်သော ခန္ဓာကိုယ်ကို ရကြောင်း ဖြစ်သော သင်္ခါရတို့ကိုသာလျှင် ကိုးကွယ်ရာ အားထားရာ အမှတ်ဖြင့် အားထုတ်ပြုလုပ် ကြကုန်၏။ ထို့ကြောင့် “အဝိဇ္ဇာပစ္စယာ သင်္ခါရာ”ဟူ၍ ဟောတော်မူသည်။

🛑 သံသရာ နခမ်းသတ်ရန်

သင်္ခါရဖြစ်လျှင် ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာတို့ ဖြစ်ကြ ရမည်သာ။ နောက်ကပြဆိုခဲ့သော ကောဋ္ဌာသအစုအဝေးမျှသာဖြစ်သော ရူပကာယ အကောင်ပုပ်၌ စက်ဆုပ်ရွံရှာဖွယ် သဘောမှန်ကို ဝိဇ္ဇာဉာဏ်ဖြင့် ရှုမြင်ကာ ဆင်ခြင် နှလုံးသွင်း နိုင်သော ယောဂီဖြစ်ပါလျှင် ကောဋ္ဌာသ အသုဘ၌ အသုဘရှု၍ ပထမဈာန်ကိုရသဖြင့် ယင်း ပထမဈာန်ကို အခြေပြု၍ ဝိပဿနာသို့ တက်လျှင် တဏှာပြတ်၍ ပဋိစ္စသမုပ္ပါဒ် မလည်တော့ဘဲ အရဟတ္တဖိုလ်တိုင် ကောင်းမြတ်သော အကျိုးကို ရရှိသဖြင့် သံသရာနခမ်း သတ်နိုင်ပေတော့သည်
အကယ်၍ အသုဘအစစ်ဖြစ်သော ကောဋ္ဌာသအာရုံကို သညာ, စိတ္တ ဒိဋ္ဌိ ဝိပလ္လာသ တို့ကြောင့် ဖောက်ပြန်မှားယွင်း၍ ခင်မင်စုံမက် နှစ်သက်သာယာသော တဏှာ ဖြစ်ခဲ့ပါမူ တဏှာကြောင့် ဥပါဒါန်ဖြစ်မည်။
ဥပါဒါန်ကြောင့် ကမ္မဘဝ, ဥပပတ္တိဘဝတို့ ဖြစ်မည်။ ကမ္မဘဝကြောင့် ဇာတိဖြစ်မည်။ ဇာတိကြောင့် ဇရာ, မရဏ, သောက ပရိဒေဝ၊ ဒုက္ခ, ဒေါမနဿ, ဥပါယာသတို့ တသီကြီး တတန်းကြီး ဖြစ်ကြတော့မည်။
သောကပရိဒေဝတို့ဖြစ်လျှင် သောကပရိဒေဝတို့သည်ပင်လျှင် အာသဝေါတရားတွေ ဖြစ်ကြောင်းဖြစ်၍ အကျိုးအာသဝ တရားတွေ ဖြစ်ကြဦးမည်။ “အာသဝါနံ သမုပ္ပါဒါ အဝိဇ္ဇာ စ ပဝတ္တတိ” ဟူသည်အရ အာသဝေါတို့ဖြစ်ကြလျှင် ပဋိစ္စသမုပ္ပါဒ် သံသရာ စက်ရဟတ်၏ ဦးခေါင်းနှင့်တူသော အဝိဇ္ဇာတစ်ဖန် ဖြစ်ပြန်သောကြောင့် သံသရာ နခမ်း မသတ်နိုင်ဘဲ ဝဲလည်ကြဦးတော့မည်သာ ဖြစ်ပေသည်။ သို့ဖြစ်၍-

ယံ ခေါ ဘိက္ခု ဒုက္ခေ ဉာဏံ၊ ဒုက္ခသမုဒယေ ဉာဏံ၊ ဒုက္ခနိရောဓေ ဉာဏံ၊ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ၊ အယံ ဝုစ္စတိ ဘိက္ခု ဝိဇ္ဇာ။

ရဟန်း - ဒုက္ခ၌ ဒုက္ခဟုသိသော ဉာဏ်အမြင်, ဒုက္ခဖြစ်ကြောင်း၌သိသော ဉာဏ်အမြင်, ဒုက္ခချုပ်ငြိမ်းရာ၌ သိသော ဉာဏ်အမြင်, ဒုက္ခချုပ်ငြိမ်းရာသို့ ရောက်ကြောင်း အကျင့်မှန်၌ သိသောဉာဏ်အမြင်ကို ဝိဇ္ဇာဟူ၍ ငါဘုရား မိန့်ဆိုအပ်၏- ဟု ဟောတော်မူသည်နှင့်အညီ ဒုက္ခသစ္စာအစစ်ဖြစ်၍ ကောဋ္ဌာသ အစုအဝေးမျှသာ ဖြစ်သော အသုဘ ရုပ်အလောင်းကို ဒုက္ခအစစ် အသုဘ ဖြစ်သည်ဟူ၍ ဝိဇ္ဇာဉာဏ်ဖြင့်ရှုကာ တဏှာကို ပယ်သတ်လျက် ရင့်ကျက်သော ဥပစာရသမာဓိ, ဈာနသမ္မာဓိမှတစ်ဆင့် ကောဋ္ဌာသအစု ဒုက္ခရုပ်အပေါင်းကို လည်းကောင်း၊ ရုပ်၌မှီသော နာမ်အပေါင်းကို လည်းကောင်း အနိစ္စဟူ၍ ဒုက္ခဟူ၍, အနတ္တဟူ၍ ဝိပဿနာဉာဏ်ဖြင့် ဆင်ခြင်ပွားများကြ၍ မဂ်အဆင့်ဆင့် ဖိုလ်အဆင့်ဆင့် တက်လျက် အရဟတ္တဖိုလ် တိုင်အောင်သော ကောင်းကျိုး ကျေးဇူးကို ရနိုင်ကြပါစေကုန်သတည်း

🚧 ဝိပဿနာ အညစ်အကြေး ၁၀-ပါး

ဝိပဿနာ၏အညစ်အကြေး မဂ်ဖိုလ်၏ အန္တရာယ် ဆယ်ပါးကိုလည်း သတိရှိရမည်။ သမထအာရုံဖြင့် ဥပစာရဈာန်ကိုသော် လည်းကောင်း၊ အပ္ပနာဈာန်ကိုသော် လည်းကောင်း ရ၍ရောက်၍ ထိုဈာန်ကိုအခြေပြုကာ ရုပ်နာမ်ဓမ္မသင်္ခါရတို့၌ လက္ခဏာယာဉ် တင်၍ ဆင်ခြင် သုံးသပ်သဖြင့် ဥဒယဗ္ဗယဉာဏ်သို့ ရောက်သော အခါ ဝိပဿနာ၏ အညစ်အကြေး ဝိပဿနာ၏ ဆူးငြောင့်သဖွယ်ဖြစ်သော-
၁။ သြဘာသ
၂။ ပီတိ
၃။ ပဿဒ္ဓိ
၄။ အဓိမောက္ခ
၅။ ပဂ္ဂဟ
၆။ သုခ
၇။ ဉာဏ
၈။ ဥပဋ္ဌာန
၉။ ဥပေက္ခာ
၁၀။ နိကန္တိ-
ဤဆယ်ပါးသော အညစ်အကြေးတို့ ဖြစ်ပေါ်တတ်သည်။
၁။ သြဘာသဟူသည်- ဝိပဿနာစိတ်ကြောင့် ဖြစ်သော ကိုယ်မှထွက်သော အရောင် အလင်း ဖြစ်သည်။
၂။ ပီတိဟူသည်- ဝိပဿနာစိတ်နှင့် တကွဖြစ်သော ခုဒ္ဒကာပီတိ အစရှိသော ငါးမျိုးသော ပီတိဖြစ်သည်။
၃။ ပဿဒ္ဓိဟူသည်- ကိုယ်စိတ်နှစ်ပါးတို့၏ အပူငြိမ်းအေးစေခြင်းလက္ခဏာရှိသော ငြိမ်းအေးခြင်းဖြစ်သည်။
၄။ အဓိမောက္ခဟူသည်- အားရှိသော သဒ္ဓိန္ဒြေဟု ဆိုအပ်သော ယုံကြည်ခြင်း ဖြစ်သည်။
၅။ ပဂ္ဂဟဟူသည်- သမ္မပ္ပဓာန်ကိစ္စကို ပြီးစေတတ်သော ဝီရိယသမ္ဗောဇ္ဈင်ထိုက်သော အားထုတ်ခြင်း ဝီရိယဖြစ်သည်။
၆။ သုခဟူသည်- အလွန်ကောင်းမြတ်သော ချမ်းသာခြင်း ဖြစ်သည်။
၇။ ဉာဏဟူသည်- အထူးကြည်လင် တောက်ပသော ဝိပဿနာဉာဏ်အမြင် ဖြစ်သည်။
၈။ ဥပဋ္ဌာနဟူသည်- သတိပဋ္ဌာန် ဖြစ်သော ရှည်ကြာခဲ့သော ကာလ၌ သိခဲ့ပြုခဲ့သော အရာကို အောက်မေ့ခြင်းငှာ စွမ်းနိုင်သော ထင်ခြင်း သတိဖြစ်သည်။
၉။ ဥပေက္ခာဟူသည်- ဥပေက္ခာသမ္ဗောဇ္ဈင်ထိုက်သော တတြမဇ္ဈတ္တုပေက္ခာနှင့် မနော ဒွါရ၌ဖြစ်သော အာဝဇ္ဇနုပေက္ခာ ဖြစ်သည်။
၁၀။ နိကန္တိဟူသည်- ကိုယ်မှထွက်သော အရောင်အလင်းစသည်တို့ ဖြစ်ပေါ် လာသောအခါ ရှေးအခါကာလက ဤကဲ့သို့သော အရောင်အလင်း စသည်တို့ မဖြစ်ဖူးဘဲ ယခု တရားအားထုတ်သောအခါမှ ဖြစ်ပေါ်လာပေသည်ဟု ထိုအရောင် အလင်း စသည်ကို နှစ်လိုခြင်းဟု ဆိုအပ်သော သိမ်မွေ့ သောတဏှာဖြစ်သည်။
တဏှာသည် ဤအထိ ဝိပဿနာတိုင်အောင် တွယ်ကပ်ပါဝင်တတ်သေးသည်ဖြစ်၍ ကြောက်ဖွယ်ကောင်းလှသည်
ဤဥပက္ကိလေသ ဆယ်ပါးတွင် နိကန္တိ သည်သာလျှင် ဥပက္ကိလေသ အစစ်ဖြစ်သည်။ သြဘာသစသော ၉-ပါးတို့သည်ကား နိကန္တိ၏တည်ရာဖြစ်ရာ ဝတ္ထုတို့သာတည်း။ ဤသြဘာသစသည်တို့ဖြစ်ပေါ်လာခြင်းကြောင့် မိမိ၌မဂ်ဖိုလ်ကိုမရသေးဘဲလျက် ရပြီဟု ထင်မှားတတ်သည်။
မရသေးသောမဂ်ဖိုလ်ကို ရပြီဟုထင်မှားသဖြင့် ဆက်လက်၍ တရားကို အားမထုတ် မူ၍ တရားလက်လွတ်နေသောယောဂီအား ထိုဥပက္ကိလေသတို့သည် အနှောက် အယှက် အတားအဆီးသဖွယ်ဖြစ်သည်ဟု ဆိုသည်။ ရှေးခေတ် ယခုခေတ်တို့၌ပင် ဤကဲ့သို့သော ဥပက္ကိလေသကြောင့် အဓိမာနဖြစ်ကာ မဂ်ဖိုလ်ရပြီဟု အချို့ ဝန်ခံတတ်ကြပေသည်။

✨ အရောင်အလင်းကို မဂ်ဟုထင်မှားပုံ

ရှေးအခါက ရဟန်းတော်ကြီးတစ်ပါးကို လူများက လောကုတ္တရာတရားကို ရသော ပုဂ္ဂိုလ်ဟူ၍ ချီးကျူးပြောဆိုနေကြ၏။ ရဟန်းတော်ကြီး၏ သဒ္ဓိဝိဟာရိကတပည့်များ ဆည်းကပ် လာရောက်ကြသဖြင့် ငါ့ရှင်တို့ ဘာကိစ္စလာကြသနည်း-ဟုမေး၏။ အရှင်ဘုရား နှလုံးသွင်းသော ကမ္မဋ္ဌာန်းကို မေးလျှောက်ရန်လာကြပါသည်ဟု လျှောက်၏။

ထိုင်ကြလော့၊ တစ်ခဏချင်းဖြင့် အရဟတ္တဖိုလ်သို့ ရောက်စေနိုင်သော ကမ္မဋ္ဌာန်း တရားကို ပြောကြားမည်ဟု ဆို၍ “သာသနာတော်ထမ်း ရဟန်းသည် မိမိနေရာ ဌာနသို့ဝင်၍ မူလကမ္မဋ္ဌာန်းကို နှလုံးသွင်း၏၊ မူလကမ္မဋ္ဌာန်းကို နှလုံးသွင်းသော ထိုရဟန်းအား အရောင်အလင်းသည် ဖြစ်၏၊ ဤအရောင်အလင်းဖြစ်ခြင်းသည် ပထမမဂ်ပင်တည်း။ ဒုတိယ၌ အရောင်အလင်းဖြစ်၏၊ ဤကား ဒုတိယမဂ်တည်း။ တတိယ, စတုတ္ထ အရောင်အလင်း ဖြစ်၏၊ တတိယ, စတုတ္ထမဂ်ပင်တည်း။ ဤသို့ဖြင့် မဂ်သို့ရောက်ခြင်း, ဖိုလ်သို့ရောက်ခြင်း ဖြစ်သည်”ဟု ပြောကြားလေသည်။

တပည့်များက “ငါတို့ဆရာသည်ရဟန္တာဖြစ်၍သာ ဤသို့ပြောကြားနိုင်ရာသည်” ဟု ရဟန္တာအဖြစ်ဖြင့်ဆုံးဖြတ်ကာ ယုံကြည်ကြကုန်၏။ ထိုရဟန်းတော်ကြီးသည် နောက်
မကြာမီပျံလွန်တော်မူသဖြင့် တပည့်များက ရဟန္တာဟူသော ကြည်ညိုခြင်းဖြင့် အထူးတလည် တင့်တင့်တယ်တယ် တတ်နိုင်သမျှစီမံဖန်တီး၍ သင်္ဂြိုဟ်ကြကုန်၏။ ကျောင်းအရံ အဝ၌ စေတီတည်၍လည်း အရိုးဓာတ်ကို ပူဇော်ကြကုန်၏။

အခါတစ်ပါး၌ အာဂန္တုများ ရောက်လာကြ၍ မထေရ်ကြီးကို ဖူးမြော်ကန်တော့ရန် မထေရ်ကြီးကို မေးမြန်းကြရာ ပရိနိဗ္ဗာန်ပြုကြောင်း ပြောကြ၏။ ငါ့ရှင်တို့ မထေရ်ကြီးအား တရားရပုံကို မေးလျှောက်လိုက်ကြပါ၏လော” ဟု ဆိုသဖြင့် မေးလျှောက်လိုက်ပါသည်။

တရားအားထုတ်သော ရဟန်းသည် ပထမ အရောင်အလင်းဖြစ်၏၊ ဤအရောင် အလင်းသည် ပထမမဂ်ဖြစ်သည် စသည်ဖြင့် ဖြေကြားသွားကြောင်းကို ပြောပြသော အခါ အာဂန္တုက ရဟန်းတော်များက “ငါ့ရှင်တို့ ဤအရောင်အလင်းတို့သည် မဂ်မဟုတ်ကြကုန်၊ ဝိပဿနု ပက္ကိလေသ = ဝိပဿနာ၏ အညစ်အကြေး အနှောက် အယှက်သာ ဖြစ်သည်။ ပျံလွန်တော်မူသော မထေရ်သည် ပုထုဇဉ်သာလျှင် ဖြစ်သည်”ဟု ပြောပြကြရပေသည်။

ဤသို့လျှင် အရောင်အလင်း, ပီတိ ပဿဒ္ဓိ စသည်တို့သည် ဝိပဿနာကို ဟန့်တား သကဲ့သို့ ရှိ၍ အညစ်အကြေး ဆူးငြောင့်သဖွယ်ဖြစ်၍ ယောဂီကို မဂ်ဖိုလ်ရပြီဟု ထင်မှတ်စေလေ သည်ကို သတိပြုကြရာသည်။

---

ဆန္ဒအမျိုးမျိုးရှိ၍
တရားအမျိုးမျိုး ဟောရခြင်း

လူနတ်ဗြဟ္မာသတ္တဝါတို့၏ စာရိတ, သဘာဝ, အလေ့သည် တူသည်ရှိစေကာမူ ဆန္ဒချင်း မတူညီကြ၊ အလိုချင်း မတူညီကြသည်က များသည်။ သို့ဖြစ်၍ အာသယာနုသယ ဉာဏ်တော်ရှင် ဖြစ်တော်မူသော မြတ်စွာဘုရားသည် ပုဂ္ဂလဇ္ဈာသယ အားလျော်စွာ ကျွတ်ထိုက်သောပုဂ္ဂိုလ်၏ အလိုဆန္ဒ အားလျော်စွာ တရားတော်ကို ဓမ္မပရိယာယ် အထူးထူးဖြင့် ဟောတော်မူရသည်။

အာသယာနုသယဉာဏ်ကို မရကြသော သာဝကတို့သည်မူကား မိမိတို့ရရှိသော တရားလမ်းအတိုင်းကိုသော်လည်း ဟောပြောကြသည်။ မိမိတို့ နှလုံးသွင်း ဆင်ခြင် ပွားများလေ့ရှိသောတရားကိုသော်လည်း ဟောပြောကြသည်။ ဤပုဂ္ဂိုလ်အား ဤတရားဖြင့် သင့်လျော်ရာ၏ဟူ၍ မှန်းဆကာမူလည်း ပြောဟောကြသည်။

အဇ္ဈာသယ အမျိုးမျိုး, ဆန္ဒအမျိုးမျိုးတို့နှင့် သင့်လျော်နိုင်သလောက် သင့်လျော် စေရန်မူလည်း နှလုံးသွင်း၍ ဟောပြောကြသည်။ ဤသို့ ဟောပြောကြခြင်းသည် တရားနာပုဂ္ဂိုလ်တို့သည် တရားတော်၌ သက်ဝင်၍ ဉာဏ်အမြင်ပွင့်ကာ အကျိုး ကျေးဇူးရှိပါစေဟူသော သမ္မာဆန္ဒ မနသိကာရပင်ဖြစ်သည်။

သာဝက ဓမ္မကထိက ကမ္မဋ္ဌာန်းဆရာတို့သည် ဆန္ဒအမျိုးမျိုးရှိသော ပုဂ္ဂိုလ်တို့နှင့် သင့်လျော်စေရန် တစ်မျိုးမဟုတ် တစ်မျိုးပြောင်းလွှဲကာ ဟောကြရသကဲ့သို့၊ ဤ ကာယာနုပဿနာ တရားစာ၌လည်း နာနာဆန္ဒရှိသော ပုဂ္ဂိုလ်တို့၌ တစ်မျိုးမျိုးသော တရားကို သဘောပေါက်၍ ဉာဏ်ပွင့်အောင် နားလည် ရှင်းလင်းသဖြင့် အကျိုး ကျေးဇူး ရကြပါစေဟူသော နှလုံးသွင်းခြင်း မနသိကာရ သမ္မာဆန္ဒဖြင့် အာနာပါန-ကာယာနုပဿနာမှစ၍ အနုပဿနာတရားတို့ကို ပါဠိတော်၌ တိုက်ရိုက်ဟောတော် မူသည့်အတိုင်း ဆက်လက် ထုတ်ဖော်ရေးသားပေဦးမည်။

ကာယာနုပဿနာ ကမ္မဋ္ဌာန်းနှင့်စပ်သော ဂုဏ်ကျေးဇူးစကားတို့ကို အတော်အသင့် ပြဆိုခဲ့ပေပြီ။ ကာယာနုပဿနာကမ္မဋ္ဌာန်းသည်-

၁။ သန္တတိအမတ်တို့ကဲ့သို့ သောကမှပျောက်ကင်း လွန်မြောက်စေခြင်းငှာလည်း ဖြစ်၏။
၂။ ပဋာစာရီထေရီကဲ့သို့ ပရိဒေဝမှ ကင်းလွတ်စေခြင်းငှာလည်း ဖြစ်၏။
၃။ တိဿမထေရ်ကြီးတို့ကဲ့သို့ ကာယိကဒုက္ခမှ ငြိမ်းအေးခြင်းငှာလည်း ဖြစ်၏။

သန္တတိအမတ်နှင့် ပဋာစာရီတို့၏ အကြောင်းသည် မြန်မာဗုဒ္ဓဘာသာဝင်တို့၏ နယ်ပယ်၌ ထင်ရှားပြီးဖြစ်၍ မပြတော့ပြီ။ တိဿမထေရ် အကြောင်းကိုကား အကျဉ်းမျှ ဖော်ပြဦးအံ့။

---

တိဿမထေရ်အကြောင်း

သာဝတ္ထိမြို့၌ တိဿအမည်ရှိသော သူကြွယ်သည် ကုဋေလေးဆယ်သော ရွှေ ငွေ ဥစ္စာပစ္စည်းတို့ကို ညီဖြစ်သူအား စွန့်လွှတ်အပ်နှင်း၍ ရဟန်းပြုကာ တောရကျောင်း တစ်ခု၌ ရဟန်းတရားကို အားထုတ်လျက်နေ၏။

ညီ၏မယားဖြစ်သော ခယ်မက ခဲအို လူထွက်ပြီးပြန်လာလျှင် ပစ္စည်းတို့ကို ခွဲဝေပေး ရမည်ကို ကြောင့်ကြ၍ ဓားပြလူဆိုးတို့ကို စေလွှတ်ပြီး တိဿမထေရ်ကို သတ်စေ၏။ လူဆိုးတို့သည် တိဿမထေရ်ထံသွား၍ ဝိုင်းရံသောအခါ “ဒကာတို့--- ဘာကိစ္စ လာကြသနည်း”ဟုမေးလျှင် အရှင်ဘုရားအား သတ်ရန် လာကြသည်ဟု ပြောပြ၏။

“ဒကာတို့ -- ငါသည် ကိလေသာ တန်းလန်းနှင့် သေရမည်ကို ရှက်လှသည်၊ သို့ကြောင့် တစ်ညတာ ရဟန်းတရားကို အားထုတ်ခွင့်ပြုကြပါ၊ ငါအာမခံပေးပါမည်” ဆိုကာ ကျောက်တုံးကြီးဖြင့် ပေါင်နှစ်ချောင်းကို ပိုင်းပိုင်းကျိုးအောင် ရိုက်ချိုးလိုက်၏။

နာကျင်သော ဒုက္ခဝေဒနာကို အာရုံမပြုမူ၍ ဝိပဿနာသို့တင်လျက် ဆင်ခြင်သော အခါ စင်ကြယ်သော မိမိ၏သီလကိုမြင်သော် တိဿထေရ်သည် သီလ စင်ကြယ် သည်ကိုအကြောင်းပြု၍ ဝမ်းမြောက်ခြင်း သောမနဿဖြစ်၏၊ ပီတိဖြစ်၏၊ ပဿဒ္ဓိ ဖြစ်၏၊ သမာဓိဖြစ်၏၊ သုခဖြစ်၏။ ယထာဘူတဉာဏ်ဖြစ်၍ ဆက်လက်ပွားများရာ အရုဏ်တက်သောအချိန်၌ အရဟတ္တဖိုလ်သို့ရောက်တော်မူသည်။

ဝေဒနံ ဝိက္ခမ္ဘေတွာတိ ဦရုဠှိဘေဒပစ္စယံ ဒုက္ခဝေဒနံ အမနသိကာရေန ဝိနောဒေတွာ။
(မဟာသတိပဋ္ဌာနသုတ်ဋီကာ။)

ဖြစ်ပေါ်လာသော ဝေဒနာကို ခွါသည်ဟု ဆိုသည်မှာ ထိုဝေဒနာကို အာရုံမပြုခြင်း, နှလုံးမသွင်းခြင်းပင်တည်း ဟု ဆိုသည်။ ရူပကာယကို မှီ၍ဖြစ်သော ဝေဒနာကို အနိစ္စ, ဒုက္ခ, အနတ္တ ဟူ၍ ရူပကာယမှခွဲထုတ်၍ ဝိပဿနာဉာဏ်ဖြင့် လက္ခဏာရေး တင် ဆင်ခြင်ပွားများခြင်းကိုလည်း ဒုက္ခဝေဒနာကိုခွာခြင်းဟု ဆိုနိုင်ရာသည်။

တိဿထေရ်ကဲ့သို့ ဒုက္ခ၏ ချုပ်ငြိမ်းခြင်းငှာလည်း သတိပဋ္ဌာန် တရားသည် ကျေးဇူးပြုပေသည်။ ကျားဆွဲစားခြင်း ခံရသော ရဟန်းသည်လည်း ကျားကိုက်သော ဒုက္ခဝေဒနာကို လက္ခဏာတင် ဆင်ခြင်ပွားများခြင်းဖြင့် သမသီသီ ရဟန္တာအဖြစ်ဖြင့် ဒုက္ခ၏ ချုပ်ငြိမ်းခြင်းငှာလည်း သတိပဋ္ဌာန် တရားတော်သည် ကျေးဇူးပြုခြင်း ဖြစ်ပေသည်။

---

သိကြား သုဗြဟ္မာနတ်သားတို့ သောတာပန်ဖြစ်ခြင်း

သိကြားနတ်မင်းနှင့် သုဗြဟ္မာနတ်သားတို့သည် သေမည့်ဘေးနှင့် အပါယ်ဘေး တို့ကိုမြင်၍ နှလုံးမသာယာခြင်း, ကြောက်ရွံ့ ထိတ်လန့်ခြင်းဖြစ်ကြသဖြင့် မြတ်စွာ ဘုရားထံသို့ လာရောက်ဆည်းကပ်ကြ၍ စိတ်နှလုံး သက်သာရာရကြောင်း တရား, အပါယ်ဘေးမှ လွတ်ကြောင်းတရားတို့ကို လျှောက်ထားကြကုန်၏။

သိကြားနတ်မင်းအား သက္ကပဥှာသုတ်ကိုလည်းကောင်း, သုဗြဟ္မာအား နာညတြ ဗောဇ္ဈာ တပသာ စသော ဒေသနာတော်ကိုလည်းကောင်း ဟောတော်မူသည်ဖြစ်၍ ကြားနာရသော သိကြားနတ်မင်းနှင့် သုဗြဟ္မာနတ်သားတို့သည် သောတာပတ္တိ ဖိုလ်သို့ ရောက်ကြသဖြင့် နှလုံးမသာမယာခြင်း, အပါယ်ဘေးဖြင့် ကြောက်ရွံ့ ထိတ်လန်ခြင်းမှ လွန်မြောက်ကြရကုန်၏။

ရှေ့အဖို့၌ လောကီမဂ္ဂင် သတိပဋ္ဌာန်ကို ပွားများခြင်းဖြင့် လောကုတ္တရာမဂ္ဂင် တရားကို ရခြင်းငှာလည်း သတိပဋ္ဌာန်တရားတော်သည် ကျေးဇူးပြုပေသည်။ တဏှာ တည်းဟူသော ဝါနကင်းသောကြောင့် နိဗ္ဗာန်ဟူ၍၊ ဝါ-နိဝါနဟူ၍ အမည်ရသော မသေရာ နိဗ္ဗာန်ကို ကိုယ်တိုင် မဂ်ဉာဏ်, ဖိုလ်ဉာဏ်, ပစ္စဝေက္ခဏာဉာဏ်တို့ဖြင့် မျက်မှောက်ထင်ထင် တွေ့မြင်ရရှိခြင်းငှာလည်း ကျေးဇူးပြုပေသည်။

ကာယာနုပဿနာ စသော သတိပဋ္ဌာန် ဒေသနာတော်သည် ဤသို့လျှင် ကျေးဇူး များသော ကျေးဇူးဂုဏ်ရှိသော တရားတော် ဖြစ်သည်ဟု ဖွင့်ဆိုတော်မူကြသည်။ သို့ကလောက် ကျေးဇူးများလှသော သတိပဋ္ဌာန်တည်း ဟူသော ကာယာနုပဿနာ စသော ဒေသနာတော်ကို လေးစားမြတ်နိုးစွာဖြင့် ကြည့်ရှု ကြားနာ မှတ်သား၍ အားထုတ်နိုင်ကြပါစေကုန်သတည်း။

ပဋိစ္စသမုပ္ပါဒ် ဆင်ခြင်နည်း ပြီး၏။

---

🧘‍♀️ အာနာပါနကမ္မဋ္ဌာန်း

ဣဓ ဘိက္ခဝေ ဘိက္ခု၊ ကာယေ ကာယာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာ ဒေါမနဿံ။

ရဟန်းတို့ -- ငါဘုရား သာသနာတော်၌ ရဟန်းတရားကို အားထုတ်သော ရဟန်းသည် ကိလေသာကို ခြောက်ခန်းစေတတ်သော ဝီရိယရှိသည်ဖြစ်၍, သတိ ရှိသည် ဖြစ်၍, ကောင်းစွာသိမြင်ခြင်း ရှိသည်ဖြစ်၍ ရုပ်အပေါင်း၌ ရုပ်အပေါင်း ဟူ၍သာလျှင် ရှုလေ့ရှိသည်ဖြစ်၍ ဥပါဒါန်၏အာရုံဖြစ်သော ရုပ်အပေါင်းဟူသော လောက၌ လိုချင်တပ်မက်ခြင်း အဘိဇ္ဈာ, နှလုံးမသာယာခြင်း ဒေါမနဿကို ပယ်လျက်နေ၏။

ကထဉ္စ ပန ဘိက္ခဝေ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ။

ရဟန်းတို့ ငါဘုရား သာသနာတော်၌ ရဟန်းတရားကို အားထုတ်သော ရဟန်းသည် အဘယ်ကဲ့သို့ ရုပ်အပေါင်း၌ ရုပ်အပေါင်းဟု ရှုလေ့ရှိသည်ဖြစ်၍နေသနည်း ဟူမူကား -

ရဟန်းတို့ ဤငါဘုရား၏သာသနာတော်၌ ရဟန်းတရားကို အားထုတ်သော ရဟန်းသည် တောသို့ ချဉ်းကပ်၍သော်လည်းကောင်း, သစ်ပင်သို့ ချဉ်းကပ်၍သော် လည်းကောင်း, အာရုံဆိတ်ငြိမ်ရာသို့ ချဉ်းကပ်၍သော် လည်းကောင်း တင်ပျဉ်ခွေ ထိုင်ကာ အထက်ပိုင်းဖြစ်သောကိုယ်ကို ဖြောင့်ဖြောင့်ထား၍ သတိကိုရှေ့ရှုပြုလျက် သတိကို မကင်းစေဘဲ ထွက်လေကိုထုတ်၏၊ ဝင်လေကိုရှူ၏။

ထွက်လေကို ရှည်ရှည် ထုတ်လျှင်လည်း ထွက်လေကို ရှည်ရှည်ထုတ်သည်ဟူ၍ သိ၏၊ ဝင်လေကိုရှည်ရှည် ရှူလျှင်လည်း ဝင်လေကိုရှည်ရှည် ရှူသည်ဟု သိ၏။ ထွက်လေကို တိုတို ထုတ်လျှင်လည်း ထွက်လေကို တိုတို ထုတ်သည်ဟု သိ၏၊ ဝင်လေကို တိုတိုရှူ လျှင်လည်း ဝင်လေကို တိုတိုရှူသည်ဟုသိ၏။

အစ, အလယ်, အဆုံး အားလုံးသော ထွက်လေအပေါင်းကိုသိလျက် ထွက်လေကို ထုတ်အံ့ဟူ၍ လေ့ကျင့်၏။ အစ, အလယ်, အဆုံး အားလုံးသော ဝင်လေအပေါင်းကို သိလျက် ဝင်လေကို ရှူအံ့ဟူ၍ လေ့ကျင့်၏။

ရုန့်ရင်း ကြမ်းတမ်းသော ထွက်လေကို ငြိမ်းအေးစေလျက် ထွက်လေကိုထုတ်အံ့ ဟူ၍ လေ့ကျင့်၏။ ရုန့်ရင်း ကြမ်းတမ်းသော ဝင်လေကို ငြိမ်းအေးစေလျက် ဝင်လေကို ရှူအံ့ဟူ၍ လေ့ကျင့်၏။

ရဟန်းတို့ - ဥပမာပြဦးအံ့၊ လိမ္မာကျွမ်းကျင်သော ပွတ်သမားသည်မူလည်း ဖြစ်စေ, ပွတ်သမား၏ တပည့်သည်မူလည်းဖြစ်စေ ပွတ်ကိုရှည်ရှည် ဆွဲလျှင်လည်း ရှည်ရှည် ဆွဲသည်ဟု သိ၏၊ တိုတိုဆွဲလျှင်လည်း တိုတိုဆွဲသည်ဟု သိ၏။ ရဟန်းတို့- ဤ ပွတ်သမားနှင့် အလားတူသာလျှင် -

ထွက်လေကို ရှည်ရှည်ထုတ်လျှင်လည်း ထွက်လေကို ရှည်ရှည်ထုတ်သည် ဟူ၍ သိ၏။ ဝင်လေကို ရှည်ရှည်ရှူလျှင်လည်း ဝင်လေကို ရှည်ရှည်ရှူသည်ဟူ၍သိ၏။ ထွက်လေကိုတိုတိုထုတ်လျှင်လည်း ထွက်လေကို တိုတိုထုတ်သည်ဟူ၍ သိ၏။ ဝင်လေကို တိုတိုရှူလျှင်လည်း ဝင်လေကို တိုတိုရှူသည်ဟူ၍ သိ၏။

အစ, အလယ်, အဆုံး အားလုံးသော ထွက်လေအပေါင်းကိုသိလျက် ထွက်လေကို ထုတ်အံ့ဟူ၍ လေ့ကျင့်၏။ အစ, အလယ်, အဆုံးအားလုံးသော ဝင်လေအပေါင်းကို သိလျက် ဝင်လေကို ရှူအံ့ဟူ၍ လေ့ကျင့်၏။

ဤသို့လျှင် မိမိ၏ ထွက်လေဝင်လေ အပေါင်း၌ ထွက်လေ ဝင်လေ ရုပ်အပေါင်းဟု ရှုလေ့ရှိသည်ဖြစ်၍နေ၏။ သူတစ်ပါး၏ ထွက်လေဝင်လေဟူသော ရုပ်အပေါင်း၌ ထွက်လေ ဝင်လေ ရုပ်အပေါင်းဟု ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ရံခါ မိမိဟူသော အဇ္ဈတ္တ, ရံခါ သူတစ်ပါးဟူသော ဗဟိဒ္ဓ ထွက်လေဝင်လေ ဟူသော ရုပ်အပေါင်း၌ ထွက်လေ ဝင်လေ ရုပ်အပေါင်းဟု ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

ထွက်လေ ဝင်လေဟူသော ရုပ်အပေါင်း၌ ဖြစ်မှုသဘောကို ရှု၍လည်းနေ၏။ ထွက်လေဝင်လေဟူသော ရုပ်အပေါင်း၌ ပျက်မှုသဘောကို ရှု၍မူလည်းနေ၏။ ထွက်လေ ဝင်လေဟူသော ရုပ်အပေါင်း၌ ဖြစ်မှု ပျက်မှုသဘောကို ရှု၍မူလည်း နေ၏။

ထွက်လေ ဝင်လေ ရုပ်အပေါင်းသာလျှင် ရှိ၏၊ ထွက်လေ ဝင်လေမှတစ်ပါး သတ္တဝါ ဟူ၍လည်း မရှိ။ မိန်းမ-ယောက်ျား ဟူ၍လည်း မရှိဟု ဉာဏ်တိုးပွားခြင်းငှာ, သတိ တိုးပွားခြင်းငှာ ယောဂီရဟန်းအား သတိသည် ထင်စွာဖြစ်၏။ ထိုရဟန်းသည် တဏှာ ဒိဋ္ဌိတို့ကို မမှီမူ၍သာလျှင် ဥပါဒါန်၏ အာရုံဖြစ်သော လောက၌ တစ်စုံတစ်ခုကိုမျှ မစွဲလမ်းမူ၍ နေ၏။

ရဟန်းတို့-- ငါဘုရားသာသနာတော်၌ ရဟန်းတရားကို အားထုတ်သော ရဟန်းသည် ဤပြဆိုခဲ့ပြီးသောအတိုင်း ထွက်လေဝင်လေဟူသော ရုပ်အပေါင်း၌ ထွက်လေ ဝင်လေ ရုပ်အပေါင်းဟု ရှုလေ့ရှိသည်ဖြစ်၍သာလျှင်နေ၏ - ဟု ဟောတော်မူသည်။

အထက်ပါ ဒေသနာတော်သည် ရဟန်းတော်တို့အား မြတ်စွာဘုရား ဟောတော် မူသော အာနာပါန ကာယာနုပဿနာ ဒေသနာတော်ဖြစ်သည်။

---

အာနာပါန ကမ္မဋ္ဌာန်း အားထုတ်ပုံ

အာနာပါန ကာယာနုပဿနာ ကမ္မဋ္ဌာန်းကို အားထုတ်လိုသော ပုဂ္ဂိုလ်သည်လည်း မြတ်စွာဘုရား ဟောတော်မူသည့် နည်းအတိုင်းသာလျှင် အားထုတ်ရာသည်။ အားထုတ်ပုံမှာ-

၁။ ယောဂီသည် တောသို့ဖြစ်စေ, သစ်ပင်ရင်းသို့ဖြစ်စေ, အာရုံငါးပါး ဆိတ်သော ဌာန၌ ဖြစ်စေ တင်ပျဉ်ခွေထိုင်ကာ အထက်ပိုင်းကိုယ်ကို ဖြောင့်မတ်စွာထား၍ သတိကို ရှေးရှုဖြစ်စေလျက် သတိမကင်းသည် ဖြစ်၍သာလျှင် ထွက်လေကို ထုတ်ရမည်။ သတိမကင်းသည်ဖြစ်၍သာလျှင် ဝင်လေကိုရှူရမည်။

၂။ ထွက်လေကို ရှည်ရှည်ထုတ်လျှင်လည်း ထွက်လေကို ရှည်ရှည်ထုတ်သည်ဟု သတိပြု၍ သိစေရမည်။ ဝင်လေကို ရှည်ရှည် ရှူလျှင်လည်း ဝင်လေကို ရှည်ရှည်ရှူသည်ဟု သတိပြု၍ သိစေရမည်။

၃။ ထွက်လေကို တိုတိုထုတ်လျှင်လည်း ထွက်လေကို တိုတိုထုတ်သည်ဟု သတိပြု၍ သိစေရမည်။ ဝင်လေကို တိုတိုရှူလျှင်လည်း ဝင်လေကို တိုတိုရှူသည်ဟု သတိပြု၍ သိစေရမည်။

၄။ အစ, အလယ်, အဆုံး အားလုံးသော ထွက်လေ အပေါင်းကို သိလျက် ထွက်လေကို ထုတ်အံ့ဟူ၍ လေ့ကျင့်ရမည်။ အစ, အလယ်, အဆုံး အားလုံးသော ဝင်လေ အပေါင်းကိုသိလျက် ဝင်လေကိုရှူအံ့ဟူ၍ လေ့ကျင့်ရမည်။

၅။ ရုန့်ရင်းကြမ်းတမ်းသော ထွက်လေကို ငြိမ်းအေးစေလျက် ထွက်လေကို ထုတ်အံ့ ဟူ၍ လေ့ကျင့်ရမည်။ ရုန့်ရင်းကြမ်းတမ်းသော ဝင်လေကို ငြိမ်းအေးစေလျက် ဝင်လေကို ရှူအံ့ဟူ၍ လေ့ကျင့်ရမည်။

ဤသို့ အမှတ်စဉ်အတိုင်း ၁-အမှတ်နည်းကို အားထုတ်၍ သတိမလစ်ဘဲ စိတ်ကို ထိန်းနိုင်သောအခါမှ ၂-အမှတ် ၃-၄-၅ တို့ကို အစဉ်အတိုင်း တစ်မျိုးတစ်မျိုးကို အားထုတ်၍ သတိမလစ် သတိမကင်းဘဲ စိတ်ကိုထိန်းနိုင်သောအခါမှ အဆင့်ဆင့် တက်၍ အားထုတ်ရမည်ဖြစ်သည်။

ထိုနောက် မိမိ၏ ထွက်လေဝင်လေ ဟူသော ရုပ်အပေါင်း၌ ထွက်လေဝင်လေ ရုပ်အပေါင်းဟု ရှုကာနေရမည်။ သူတစ်ပါး၏ ထွက်လေ ဝင်လေ ဟူသော ရုပ်အပေါင်း ၌လည်း ထွက်လေဝင်လေရုပ်အပေါင်းဟု ရှုကာနေရမည်။ ရံခါ မိမိ၏, ရံခါသူတစ်ပါး၏ ထွက်လေ ဝင်လေ ရုပ်အပေါင်း၌ ထွက်လေ ဝင်လေ ရုပ်အပေါင်းဟု ရှုကာနေရမည်။

ထွက်လေဝင်လေ ရုပ်အပေါင်း၌ ဖြစ်မှု သဘောကို ရှုလေ့ရှိကာနေရမည်။ ထွက်လေ ဝင်လေ ရုပ်အပေါင်း၌ ပျက်မှုသဘောကို ရှုလေ့ရှိကာ နေရမည်။ ထွက်လေဝင်လေ ရုပ်အပေါင်း၌ ဖြစ်မှု ပျက်မှုသဘောကို ရှုလေ့ရှိကာ နေရမည်။

သတ္တဝါဟူ၍လည်း မရှိ၊ မိန်းမ, ယောက်ျားဟူ၍လည်း မရှိဟု ယောဂီသန္တာန်၌ သတိသည် ထင်လာ၏။ ယင်းသို့ ထင်ခြင်းသည် ဉာဏ်တိုးပွားခြင်းငှာ, သတိ တိုးပွားခြင်းငှာ ဖြစ်၏။ ထိုအခါ ယောဂီသည် တဏှာဒိဋ္ဌိတို့ကို မမှီမူ၍ နေသည် မည်၏။
(တဒင်္ဂအားဖြင့် တဏှာ, ဒိဋ္ဌိတို့မှ ကင်းလွတ်နေသည်ဟု ဆိုလိုသည်။)

ဥပါဒါန်၏အာရုံဖြစ်သော လောက၌ တစ်စုံတစ်ခုကိုမျှ ငါပဲ, ငါ့ကိုယ်ပဲ စသည်ဖြင့် မစွဲလမ်းမူ၍ နေသည်မည်၏။

အထက်ဖော်ပြပါ ဒေသနာတော်အတိုင်း ဆင်ခြင်ပွားများသော ယောဂီသည် အာနာပါန ဟူသော ထွက်လေဝင်လေ ရုပ်အပေါင်း၌ ထွက်လေဝင်လေ ရုပ်အပေါင်းဟု ရှုလေ့ရှိသော အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်လျက်နေသော ယောဂီဖြစ်ပေတော့သည်။

---

အဋ္ဌကထာပြ သိသင့်သိထိုက်သော အဓိပ္ပာယ်

အာနာပါန ကာယာနုပဿနာ ဒေသနာတော်၌ ထွက်လေ ဝင်လေကို သိမ်းဆည်းသော သတိသည် ဒုက္ခသစ္စာ
ထိုဒုက္ခသစ္စာ တည်းဟူသော သတိကို ဖြစ်စေသော တဏှာသည် (ရှေးအခါက ဖြစ်ခဲ့သော တဏှာ) သမုဒယသစ္စာ
ဒုက္ခ, သမုဒယတို့၏ ချုပ်ငြိမ်းခြင်းသည် နိရောဓသစ္စာ
ဒုက္ခကိုသိခြင်း သမုဒယကို ပယ်ခြင်း, နိရောဓကို အာရုံပြုခြင်းဟူသော မဂ္ဂင် တရားသည် မဂ္ဂသစ္စာ
ဤသို့လျှင် အာနာပါန ကမ္မဋ္ဌာန်း တစ်ပါးဖြင့် ယောဂီရဟန်းအား အရဟတ္တဖိုလ်သို့ ရောက်သည့်တိုင်အောင် ကယ်တင် ဟောပြောတော်မူခြင်းဖြစ်သည်ဟု မိန့်ဆိုသည်။

ပါဠိတော်အတိုင်း ထုတ်ပြအပ်သော အာနာပါန ကာယာနုပဿနာ ကမ္မဋ္ဌာန်း၌ သိသင့်သိထိုက်သော အဓိပ္ပာယ်တို့ကို အဋ္ဌကထာမှ ထုတ်ပြဦးအံ့။

ကာယေ ကာယာနုပဿီ - ဟူသောပုဒ်၌ ကိုယ်ကို ကိုယ်ဟူ၍ ရှုလေ့ရှိသည်မှာ ဆံပင်, မွေးညင်း စသော ကောဋ္ဌာသ အစုအပေါင်းဖြစ်သော ရုပ်ကို ကောဋ္ဌာသ အစုအပေါင်း ဖြစ်သော ရုပ်ဟူ၍သာလျှင် ရှုပါ၊ သတ္တဝါအဖြစ်ဖြင့် မိန်းမ ယောက်ျား အဖြစ်ဖြင့် မရှုပါနှင့်။ ဆံပင်, မွေးညင်း စသည်တို့သည် ဆံပင်, မွေးညင်းတို့သာ ဖြစ်သည်၊ သတ္တဝါမဟုတ်, မိန်းမ ယောက်ျားမဟုတ်-ဟူ၍ ဟောတော်မူပါသည်ဟု ဆိုလိုသည်။

ထွက်လေ ဝင်လေဟူသော အဿာသ ပဿာသကာယကိုလည်း ထွက်လေဝင်လေ ရုပ် အပေါင်းဟုသာ ရှုပါ။ သတ္တဝါမဟုတ်, မိန်းမယောက်ျား မဟုတ်၊ ထွက်လေ ဝင်လေတို့သာ ဖြစ်သည်ဟု ဟောတော်မူသည်ဟု ဆိုလိုသည်။
(သတ္တပညတ်, မိန်းမ ယောက်ျားဟူသော ပညတ်, ငါဟူသော အတ္တပညတ်ကို ဖျောက်ခြင်းဖြစ်၏၊ ကောဋ္ဌာသပညတ်ကား ရှိသေး၏၊ ပရမတ်သို့ကား မရောက် သေးချေ။)

တစ်နည်းမှာ - ရုပ်အပေါင်းကို ရုပ်အပေါင်းဟုသာ ရှုပါ၊ ဝေဒနာ, သညာ စသည်ဖြင့် မရှုပါနှင့်ဟု သိစေလို၍ ကာယေ ကာယာနုပဿီ- ရုပ်အပေါင်းကို ရုပ်အပေါင်းဟု ရှုလေ့ရှိသည်ဟု ဟောတော်မူသည်ဟူ၍ မိန့်မှာလေသည်။

ရုပ်အပေါင်း၌ တစ်နည်း- ဥပါဒါန်၏အာရုံဖြစ်သော လောက၌ လိုချင်တပ်မက်ခြင်း တဏှာ, နှလုံး မသာယာခြင်း ဒေါမနဿတို့ကို တဒင်္ဂအားဖြင့်ဖြစ်စေ ပယ်ဖျောက်ပါ။ မိမိကိုယ်, သူတစ်ပါးကိုယ်တို့၌ တဏှာနှင့် ဒေါမနဿတို့ မဖြစ်ပါစေနှင့်ဟု ဆိုသည်။

ရုပ်အစုအပေါင်းကို ရုပ်အစုအပေါင်းမျှသာဟူ၍ ရှုသောယောဂီအား ပုဂ္ဂိုလ်, သတ္တဝါ ဟု အထင်အမြင် မရှိသည်ဖြစ်၍ တဏှာနှင့် ဒေါမနဿတို့ အလိုအလျောက်ပင် ဖြစ်ခွင့် မရှိသောကြောင့် ထိုအချိန်၌ တဏှာနှင့် ဒေါမနဿတို့ကို ပယ်ပြီး ဖြစ်တော့သည်။

တောသို့ချဉ်းကပ်၍သော် လည်းကောင်း, သစ်ပင်ရင်းသို့ကပ်၍သော် လည်းကောင်း, အာရုံဆိတ်သော ဌာနသို့ချဉ်းကပ်၍သော် လည်းကောင်းဟု ညွှန်ကြားတော်မူ သည်မှာ- ကာယာနုပဿနာ ကမ္မဋ္ဌာန်းတရားကို ဆင်ခြင် ပွားများလိုသော ရဟန်းအား လျောက်ပတ် သောဌာနကို ညွှန်ပြတော်မူခြင်း ဖြစ်သည်။

ပုထုဇဉ်တို့၏ သဘာဝသည် ရှည်မြင့်စွာသော ကပ်ကမ္ဘာကာလမှစ၍ ရူပါရုံ အစရှိသော အာရုံငါးပါးတို့၌သာလျှင် သက်ဝင်ပျော်မွေ့ ယိမ်းယိုင်လျက် ရှိသည် ဖြစ်၍ မိမိတို့၏ စိတ်ကို ကမ္မဋ္ဌာန်းအာရုံဘက်သို့ သက်ဝင်စေခြင်းငှာ ဆွဲဆောင်ရန် လွယ်ကူသည် မဟုတ်သောကြောင့် အာရုံနည်းပါးရာဌာနကို ညွှန်ပြတော်မူသည်။

---

စိတ်နွားရိုင်းကလေးကို
သတိကြိုးဖြင့် ချည်နှောင်ပါ

ရိုင်းသောနွားကလေးကို တိုင်၌ကြိုးခိုင်ခိုင်ချည်ကာ ယဉ်အောင် ဆုံးမသကဲ့သို့ ထို့အတူ အာရုံငါးပါး၌သာ ပျော်မွေ့၍ ကမ္မဋ္ဌာန်းအာရုံဘက်သို့ မညွတ်မကိုင်း လိုသော စိတ်ကို ကမ္မဋ္ဌာန်းအာရုံ တည်းဟူသောတိုင်၌ သတိတည်းဟူသော ကြိုးဖြင့်ချည်၍ စိတ်ကို ယဉ်အောင်ထိန်းသိမ်း၍ ရအောင်ဆုံးမခြင်း ဖြစ်သည်။

နွားရိုင်းကလေးသည် အစပထမ၌ ရုန်းကန်လှုပ်ရှားသော်လည်း ရုန်းကန်ပါများ၍ မောသောအခါ ရုန်း၍မရသောအခါ တိုင်ရင်း၌ဝပ်သကဲ့သို့၊ ထို့အတူ ပုထုဇဉ်၏ စိတ်ရိုင်းသည်လည်း သတိဟူသောကြိုးဖြင့် မပြေးနိုင်, မထွက်နိုင်တော့ဘဲ ကမ္မဋ္ဌာန်းအာရုံ တည်းဟူသောတိုင်၌သာလျှင်ဝင်၍ ဥပစာရ ဈာန်, အပ္ပနာဈာန်သို့ ရောက်လေတော့သည်။

သို့ဖြစ်၍ ကမ္မဋ္ဌာနယောဂီ ပုဂ္ဂိုလ်တို့သည် ကမ္မဋ္ဌာန်းတရားကို အားထုတ်သောအခါ အစ၌ စိတ်ကိုဖမ်း၍မရ, ထိန်း၍မရဖြစ်လျက် အာရုံဟောင်း အာရုံသစ်သို့သာ ပြေးထွက် ရုန်းကန်နေသဖြင့် စိတ်ပျက်တတ်, အားလျော့တတ်သည်၊ ဝီရိယဆန္ဒ လျော့သွားတတ်သည်၊ ပျင်းရိငြီးငွေ့သွားတတ်သည်။

သို့ပင်ဖြစ်သော်လည်း စိတ်အားမလျှော့ဘဲ သည်းခံ၍ ဆက်လက်ကြိုးစားရမည်၊ ကမ္မဋ္ဌာန်းဆရာ နည်းလမ်း ညွှန်ပြသည့် အတိုင်းပြုပြင်၍ အားထုတ်ရမည်။ ယင်းသို့ သည်းခံ၍ ဇွဲကောင်းကောင်းနှင့် ဆက်လက်အားထုတ်သွားပါလျှင် တဖြည်းဖြည်း စိတ်ကိုနိုင်သည်ဖြစ်၍ ထိန်းသိမ်း၍ ရလာသည်ဖြစ်၍ လောကီ ကာမအာရုံကို ခံစားရခြင်း ချမ်းသာထက် သာလွန်သော စိတ်ချမ်းသာခြင်းကို ရသည်ဖြစ်၍ တရား အာရုံ၌သာလျှင် ပျော်မွေ့လာတတ်သည်ကို ယုံကြည်ကြသဖြင့် အားမလျှော့ဘဲ အားထုတ်ကြရာသည်။

ကမ္မဋ္ဌာန်းအာရုံ၌ စိတ်ဝင်စား၍ ပျော်မွေ့ကာ စိတ်ချမ်းသာမှုကိုရသည်မှာ- တဏှာ၊ လောဘဖြင့် လိုချင်တပ်မက်၍ ရသောအာရုံကို ရခြင်းကြောင့်ဖြစ်သော ချမ်းသာမျိုး မဟုတ်ပေ၊ တဏှာကြောင့်ရသော ကာမဂုဏ်အာရုံကိုရသော ချမ်းသာမှာ မီးပူနှင့် တူသော တဏှာမကင်း၊ တဏှာ၏ အာရုံ ကာမဂုဏ်ဖြစ်သောကြောင့် အပူဓာတ်ကြီး တွဲဖက်သဖြင့် ပူလျက်ရှိသည်။ ကမ္မဋ္ဌာန်းအာရုံ၌ စိတ်ဝင်စား၍ ပျော်မွေ့သော ချမ်းသာမှုကား ကိလေသာ တဏှာအပူကင်းသော ချမ်းသာဖြစ်၍ တကယ်သန့်ရှင်း အေးမြသော ချမ်းသာဖြစ်သည်။

ကမ္မဋ္ဌာန်းတရား အားထုတ်ချိန်အတွင်း တဒင်္ဂအားဖြင့် ကိလေသာ လွတ်ကင်း သောကြောင့် ရရှိသော ချမ်းသာသည်ပင်လျှင် လောကီကာမဂုဏ် ချမ်းသာမျိုးနှင့် မတူဘဲ အပူကင်းလွတ်ကာ ချမ်းသာစစ်ကို ခံစားရပါလျှင် အရဟတ္တမဂ်ဖြင့် ကိလေသာကို အကြွင်းမဲ့ပယ်သတ် ပြီးသော အရဟတ္တဖိုလ်ရောက် အရှင်တို့မှာ မူကား အဘယ်မျှ ချမ်းသာကြလေမည်နည်း။ အလွန့်အလွန်ကြီး ချမ်းသာတော်မူကြ ပေလိမ့်မည်ဟု ဆင်ခြင်၍ ငါသည်လည်း ဤ ချမ်းသာမျိုးကို ရရှိအောင် အားထုတ်မည်ဟု အားထုတ်ထိုက်လှပေသည်။

အာနာပါန ကာယာနုပဿနာ ကမ္မဋ္ဌာန်းဖြင့် စတုတ္ထဈာန်တိုင်အောင် ရနိုင်သည်။ မိမိရရှိသောဈာန်ကို အခြေပါဒပြု၍ ဝိပဿနာသို့တက်လျှင် အရဟတ္တဖိုလ် တိုင်အောင် ရနိုင်သည်ဖြစ်၍ ကိလေသာအပူ လုံးဝကင်းသော ချမ်းသာမြတ်ကို ရရှိနိုင်ကြပေသည်။ အာနာပါနကမ္မဋ္ဌာန်း ပြီး၏။

---

🚶‍♂️ ဣရိယာပထကမ္မဋ္ဌာန်း

ရဟန်းတို့ --- တစ်ပါးတုံလည်း တရားကို အားထုတ်သောရဟန်းသည်-

သွားလျှင် သွားသည်ဟုသိ၏၊ ရပ်လျှင် ရပ်သည်ဟုသိ၏၊ ထိုင်လျှင်ထိုင်သည်ဟု သိ၏၊ အိပ်လျှင် အိပ်သည်ဟု သိ၏။

အကြင် အခြင်းအရာအားဖြင့် ကိုယ်ကို ပြောင်းလွှဲကာ တည်ထား၏၊ ထိုထို တည်ထားသော အခြင်းအရာအားဖြင့် သိ၏။

ဤသို့လျှင် -
မိမိ၏အဇ္ဈတ္တရုပ် အပေါင်းရုပ်အပေါင်းဟူ၍ သိ၏။
ဗဟိဒ္ဓဖြစ်သော သူတစ်ပါး - ရုပ်အပေါင်းရုပ်အပေါင်းဟူ၍ သိ၏။
အဇ္ဈတ္တ, ဗဟိဒ္ဓဖြစ်သော ရုပ်အပေါင်းရုပ်အပေါင်းဟူ၍ သိ၏။

ရုပ်အပေါင်း၌ ဖြစ်မှုကို ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊
ရုပ်အပေါင်း၌ ပျက်မှုကို ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
ရုပ်အပေါင်း၌ ဖြစ်မှု, ပျက်မှုကို ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

ရုပ်အပေါင်းသာလျှင် ရှိ၏ဟူ၍ သတိသည်ထင်၏၊ ထိုသတိသည် ဉာဏ်တိုးပွား ခြင်းငှာ, သတိတိုးပွားခြင်းငှာ ဖြစ်၏။ တဏှာ, ဒိဋ္ဌိတို့၏ မမှီမူ၍ နေ၏၊ ဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာတည်းဟူသော လောက၌ တစ်စုံတစ်ခုကိုမျှ စွဲလမ်းမှု မရှိချေ။

ရဟန်းတို့- တရားကို အားထုတ်သောရဟန်းသည် ဤသို့လျှင် ရုပ်အပေါင်းရုပ်အပေါင်းဟု ရှုလေ့ရှိသည်ဖြစ်၍ နေ၏ဟု ဟောတော်မူသည်။

မြတ်စွာဘုရားသည် ရဟန်းတို့အား ကာယာနုပဿနာ ဣရိယာပထကမ္မဋ္ဌာန်းကို ဤသို့ ဟောတော်မူသည်။ သို့ဖြစ်၍ ကာယာနုပဿနာ ဣရိယာပထ ကမ္မဋ္ဌာန်းကို အားထုတ်လိုသော ယောဂီသည် ဤနည်းကို မှီ၍သာလျှင် အားထုတ်ရပေမည်။

---

ဣရိယာပထ ကမ္မဋ္ဌာန်း အားထုတ်ပုံ

ယောဂီသည် သွားလျှင်လည်း ရုပ်အပေါင်း သွားနေသည်ဟု သိရမည်၊ ရပ်လျှင် လည်း ရုပ်အပေါင်းရပ်နေသည်ဟု သိရမည်၊ ထိုင်လျှင်လည်း ရုပ်အပေါင်းထိုင်သည် ဟု သိရမည်၊ အိပ်လျှင်လည်း ရုပ်အပေါင်းအိပ်သည်ဟု သိရမည်။ အနည်းနည်း, အမျိုးမျိုး အားဖြင့် ဣရိယာပုထ် လှုပ်ရှားပြောင်းလွဲသမျှကိုလည်း အနည်းနည်း, အမျိုးမျိုး လှုပ်ရှား ပြောင်းလွှဲသည်ဟု သိရမည်။

(ရုပ်အပေါင်း အစုမှတစ်ပါး မိန်းမ, ယောက်ျား, ပုဂ္ဂိုလ်, သတ္တဝါဟူ၍ မရှိသောကြောင့်, မမြင်သောကြောင့် ရုပ်အပေါင်းသာလျှင် လှုပ်ရှား သွားလာ နေသည်ဟု သိရမည်ဆိုသည်။)

ကျွဲ, နွား, ခွေး, ဝက် စသော တိရစ္ဆာန်တို့သည်လည်း မိမိတို့သွားသည်ကို ငါသွားသည်ဟု သိကြသည် မဟုတ်ပါလော၊ ရပ်သည်, အိပ်သည်ကိုလည်း ငါရပ်သည် ငါအိပ်သည်ဟု သိကြသည်မဟုတ်ပါလော။

ယောဂီသိခြင်းနှင့် မထူးခြားသည်မဟုတ်ပါလော ဟူမူ- ကျွဲ နွား, ခွေး ဝက်စသော တိရစ္ဆာန်တို့က သွားသည်, ရပ်သည်, အိပ်သည်စသည်ဖြင့် သိကြခြင်းမှာ အတ္တစွဲဖြင့် ငါသွားသည်, ငါရပ်သည်, ငါအိပ်သည် စသည်ဖြင့် အတ္တပညတ်အမြင်ဖြင့် သိခြင်းဖြစ်သည်။

ယောဂီ၏ သိခြင်းမှာမူကား ဤသို့ မဟုတ်၊ သွားလို, ရပ်လိုသော စိတ္တဇဝါယောဓာတ် တွန်းကန်မှုကြောင့် ကောဋ္ဌာသ ကရဇကာယဖြစ်သော ရုပ်အပေါင်းသာလျှင် သွား, ရပ်, ထိုင်ခြင်း စသည်တို့ဖြစ်သည်။ ဤရုပ်အပေါင်း၌ ငါမရှိ ငါမဟုတ်ဟု အတ္တပညတ်နှင့် ပရမတ္ထရုပ်ကို ခွဲခြားလျက် သိခြင်းဖြစ်သည်ဟု မှတ်ရမည်။

မိမိ၏ အဇ္ဈတ္တရုပ်အပေါင်းရုပ်အပေါင်းဟု ရှုကာ နေရမည်၊ ဗဟိဒ္ဓရုပ် အပေါင်း ၌လည်း ရုပ်အပေါင်းဟု ရှုကာနေရမည်၊ အဇ္ဈတ္တ, ဗဟိဒ္ဓ ရုပ်အပေါင်း၌လည်း ရုပ်အပေါင်းဟု ရှုကာနေရမည်။ ရုပ်အပေါင်း၌ ဖြစ်မှုသဘောကို ရှုကာနေရမည်၊ ရုပ် အပေါင်း၌ ပျက်မှုသဘောကို ရှုကာနေရမည်၊ ရုပ်အပေါင်း၌ ဖြစ်မှု, ပျက်မှုသဘောကို ရှုကာနေရမည်။

---

ရှုဆင်ခြင်ဖန်များ၍ စွဲလမ်းမှုကင်းစင်ပုံ

ယင်းသို့ရှု၍နေသော ယောဂီအား ရုပ်အပေါင်းသာလျှင် ရှိသည်ဟူသော သတိသည် ရှေးရှုထင်လာ၏။ ထိုထင်သော သတိသည် ဉာဏ်တိုးပွားခြင်းငှာ လည်းကောင်း, သတိတိုးပွားခြင်းငှာ လည်းကောင်း ဖြစ်၏။ ထိုအခိုက်၌ ယောဂီသန္တာန်ဝယ် တဏှာ, ဒိဋ္ဌိတို့ကို မမှီမူ၍ တဏှာ, ဒိဋ္ဌိတို့မှကင်းလွတ်၍ ဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာငါးပါး ရုပ်နာမ်အပေါင်း၌ ငါဟူ၍လည်းကောင်း, ငါ့ကိုယ်ဟူ၍ လည်းကောင်း စွဲလမ်းမှု မရှိချေဟု ဟောတော်မူလိုရင်း ဖြစ်သည်။ အဘယ့်ကြောင့်ဟူမူ-

သွားလို, ရပ်လို, ထိုင်လို, အိပ်လိုသော စိတ်ကြောင့်ဖြစ်သော ဝါယောဓာတ် တွန်းကန်မှုကြောင့် ကရဇကာယဖြစ်သော ရုပ်အပေါင်းအစုကြီးသာလျှင် သွား, ရပ်, ထိုင်, အိပ်, လှုပ်ရှားခြင်း ဖြစ်သည်။

ရုပ်အပေါင်းအစု၌ ပုဂ္ဂိုလ်, သတ္တဝါ, မိန်းမ, ယောက်ျားဟူ၍ လက်ညှိုးညွှန်ဖွယ်, ယူမှတ်ဖွယ်မရှိသည်ကို ဉာဏ်မျက်စိဖြင့် တွေ့မြင်ပြီ ဖြစ်သောကြောင့် ထိုရုပ် အပေါင်းကို တဏှာ, မာန, ဒိဋ္ဌိတို့ဖြင့် ငါ, ငါပဲ, ငါ့ကိုယ်ပဲ ဟူ၍ စွဲလမ်းခြင်းမရှိ၊ ကင်းစင်သောကြောင့်ဟူ၍ သိကြရမည်။

ကာယာနုပဿနာ ဣရိယာပထ ကမ္မဋ္ဌာန်း၌လည်း --
ဣရိယာပုထ် လေးပါးကို သိမ်းဆည်းသော သတိသည် ဒုက္ခသစ္စာ
ရှေ့အဖို့၌ဖြစ်သော တဏှာသည် သမုဒယသစ္စာ
ဒုက္ခ သမုဒယနှစ်ပါးတို့၏ချုပ်ငြိမ်းခြင်းသည် နိရောဓသစ္စာ
ဒုက္ခကိုသိခြင်း, သမုဒယကို ပယ်ခြင်း, နိရောဓကို အာရုံပြုခြင်းရှိသော မဂ္ဂင်သည် မဂ္ဂသစ္စာ-ဟူ၍ မှတ်ရမည်။

ကာယာနုပဿနာ ဣရိယာပထ ကမ္မဋ္ဌာန်းဖြင့်လည်း အရဟတ္တဖိုလ်သို့ ရောက်နိုင်သည်ဟု ဝမ်းမြောက်ရာ၏။

ဣရိယာပထ ကမ္မဋ္ဌာန်း ပြီး၏။

သမ္ပဇည ကမ္မဋ္ဌာန်း

ရဟန်းတို့က တစ်ပါးတုံလည်း တရားအားထုတ်သော ရဟန်းသည် ရှေ့သို့ သွားသည်ဖြစ်စေ၊ နောက်သို့ ဆုတ်သည်ဖြစ်စေ သိလျက် ဆင်ခြင်၍ ပြုလေ့ရှိ၏။ တည့်တည့်ကြည့်သည်ဖြစ်စေ၊ တစောင်းကြည့်သည်ဖြစ်စေ သိလျက်ဆင်ခြင်၍ ပြုလေ့ရှိ၏။

ကွေးသည်ဖြစ်စေ၊ ဆန့်သည်ဖြစ်စေ သိလျက်ဆင်ခြင်၍ ပြုလေ့ရှိ၏။

သင်္ကန်း၊ သပိတ်ကို ဆောင်သည်ဖြစ်စေ သိလျက် ဆင်ခြင်၍ ပြုလေ့ရှိ၏။

စားသည်ဖြစ်စေ၊ သောက်သည်ဖြစ်စေ၊ ခဲဖွယ်ကိုခဲသည်ဖြစ်စေ၊ လျက်ဖွယ်ကို လျက်သည်ဖြစ်စေ သိလျက်ဆင်ခြင်၍ ပြုလေ့ရှိ၏။

ကျင်ကြီး၊ ကျင်ငယ်ကိစ္စကို ပြုသည်ဖြစ်စေ သိလျက်ဆင်ခြင်၍ ပြုလေ့ရှိ၏။

သွားသည်ဖြစ်စေ၊ ရပ်သည်ဖြစ်စေ ထိုင်သည်ဖြစ်စေ၊ နိုးသည်ဖြစ်စေ၊ ပြောဆိုသည် ဖြစ်စေ၊ ဆိတ်ဆိတ်နေသည်ဖြစ်စေ သိလျက်ဆင်ခြင်၍ ပြုလေ့ရှိ၏။

ဤသို့လျှင် အဇ္ဈတ္တဖြစ်သော ရုပ်အပေါင်း၌ ရုပ်အပေါင်းဟု ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
(ရုပ်အပေါင်း၌ ရုပ်အပေါင်းဟု ရှုကာနေ၏- ဆိုသည်မှာလည်း အဓိပ္ပာယ်အားဖြင့် အတူပင်ဖြစ်သည်၊ အဆင်သင့်သလို သုံးသွားခြင်းဖြစ်သည်။)

ဗဟိဒ္ဓဖြစ်သော ရုပ်အပေါင်း၌ ရုပ်အပေါင်းဟု ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
အဇ္ဈတ္တ ဗဟိဒ္ဓဖြစ်သော ရုပ်အပေါင်း၌ ရုပ်အပေါင်းဟု ရှုလေ့ရှိသည်ဖြစ်၍နေ၏။

ရုပ်အပေါင်း၌ ဖြစ်မှုသဘောကို ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
ရုပ်အပေါင်း၌ ပျက်မှုသဘောကို ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
ရုပ်အပေါင်း၌ ဖြစ်မှု၊ ပျက်မှု သဘောကို ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
ထိုရဟန်း၏သန္တာန်၌ ရုပ်အပေါင်းသာလျှင် ရှိ၏ ဟူ၍ သတိသည် ရှေးရှုထင်၏။ ထိုသတိသည် ဉာဏ်တိုးပွားခြင်းငှာ၊ သတိတိုးပွားခြင်းငှာ ဖြစ်၏။ ထိုရဟန်းသည် တဏှာ၊ ဒိဋ္ဌိတို့၌ မမှီမူ၍ နေ၏။ ဥပါဒါနက္ခန္ဓာ တည်းဟူသော လောက၌ တစ်စုံတစ်ရာကိုမျှ စွဲလမ်းတပ်မက်ခြင်းမရှိချေ။

ရဟန်းတို့ -- တရားအားထုတ်သော ရဟန်းသည် ဤသို့လျှင် ရုပ်အပေါင်း၌ ရုပ်အပေါင်းဟူ၍သာလျှင် ရှုမြင်လေ့ရှိသည်ဖြစ်၍ နေသည်- ဟု မြတ်စွာဘုရားသည် ရဟန်းတို့အား ကာယာနုပဿနာ သမ္ပဇညကမ္မဋ္ဌာန်းကို ဤသို့ဟောတော်မူသည်။

သို့ဖြစ်၍ ကာယာနုပဿနာ သမ္ပဇညကမ္မဋ္ဌာန်းကို အားထုတ်လိုသောယောဂီသည် ဘုရား ဟောတော်မူသော ဤနည်းကိုမှီ၍သာလျှင် အားထုတ်ရပေမည်။

သမ္ပဇညကမ္မဋ္ဌာန်း အားထုတ်ပုံ

ယောဂီသည် ရှေ့သို့သွားလျှင် သတိမလွတ်စေဘဲ ဤရုပ်အပေါင်းသည် ရှေ့သို့ သွားပေအံ့ဟုသိလျက် ဆင်ခြင်၍ သွားရမည်။ နောက်သို့ဆုတ်လျှင်လည်း ဤရုပ်အပေါင်းသည် နောက်သို့ဆုတ်ပေအံ့ ဟုသိလျက် ဆင်ခြင်၍ ဆုတ်ရမည်။

တည့်တည့်ကြည့်သည် ဖြစ်စေ၊
တစောင်းကြည့်သည်ဖြစ်စေ၊
ကွေးသည်ဖြစ်စေ၊ ဆန့်သည်ဖြစ်စေ၊
အဝတ်ကို ဝတ်သည်ဖြစ်စေ၊
စားခွက်ကို ကိုင်ယူသည်ဖြစ်စေ၊
စားသည်ဖြစ်စေ၊ သောက်သည်ဖြစ်စေ၊
စကားပြောသည်ဖြစ်စေ၊ ဆိတ်ဆိတ် နေသည်ဖြစ်စေ၊
ကျင်ကြီးကျင်ငယ်ကိစ္စကို ပြုသည် ဖြစ်စေ၊
ရပ်ခြင်း ထိုင်ခြင်း လျောင်းခြင်းကိုပြုသည်ဖြစ်စေ၊
ရပ်အံ့၊ ထိုင်အံ့၊ လျောင်းအံ့ ဟူ၍ သိလျက် ဆင်ခြင်၍ ပြုလေ့ရှိရမည်။

သတိမလွတ်မကင်းစေရဟု ဟောတော်မူသည်။

[နည်းယူသင့်သော ဝတ္ထုကလေးများကို နောက်မှထုတ်ပြမည်။]

ဤသို့လျှင် အဇ္ဈတ္တဖြစ်သော ရုပ်အပေါင်း၌ ရုပ်အပေါင်းဟု ရှုလေ့ရှိသည်ဖြစ်၍ နေရမည်။ ဗဟိဒ္ဓဖြစ်သောရုပ်အပေါင်း၌ ရုပ်အပေါင်းဟု ရှုလေ့ရှိသည်ဖြစ်၍ နေရမည်။ အဇ္ဈတ္တ၊ ဗဟိဒ္ဓဖြစ်သော ရုပ်အပေါင်း၌ ရုပ်အပေါင်းဟု ရှုလေ့ရှိသည်ဖြစ်၍ နေရမည်။

(သိသည်ဖြစ်၍ နေရမည်ဟုလည်း ဆိုနိုင်သည်။)

ရုပ်အပေါင်း၌ ဖြစ်မှုသဘောကို သိသည်ဖြစ်၍ နေရမည်။
ရုပ်အပေါင်း၌ ပျက်မှုသဘောကို သိသည်ဖြစ်၍ နေရမည်။
ရုပ်အပေါင်း၌ ဖြစ်မှု၊ ပျက်မှုသဘောကို သိသည်ဖြစ်၍ နေရမည်။

ထိုသို့ သိကာသိကာ သတိရှေးရှု၍ ပွားများဖန် ဆင်ခြင်ဖန်များလျှင် သတ္တပညတ် ပျောက်တန်သမျှ ပျောက်၍ ရုပ်အပေါင်းသာလျှင် ရှိ၏ဟူ၍ သတိသည် ရှေးရှု ထင်လာတတ်သည်။ ထိုသတိသည် ဉာဏ်တိုးပွားခြင်းငှာ၊ သတိတိုးပွားခြင်းငှာ ဖြစ်သည်။

ယောဂီသည် တဏှာ၊ ဒိဋ္ဌိတို့၌ မမှီမူ၍ ဥပါဒါနက္ခန္ဓာ တည်းဟူသော လောက၌ တစ်စုံတစ်ခုကိုမျှ စွဲလမ်းတပ်မက်ခြင်း မရှိချေ။ အဘယ့်ကြောင့်ဟူမူ ရုပ်အပေါင်းမှ တစ်ပါး သတ္တပညတ်ဟူ၍ မရှိသည်ကိုမြင်သောကြောင့်တည်း။ တဏှာ၊ ဒိဋ္ဌိတို့ ကင်းသော အခိုက်အတန့်၌ပင်လျှင် မရဖူးသေးသော အေးငြိမ်းချမ်းသာခြင်းကို ရရှိခံစားကြရပေမည်။

သွားခိုက်၌ဖြစ်သော ရုပ်သည် ရပ်ခိုက်သို့မရောက်မီ ချုပ်၏၊ ရပ်ခိုက်၌ဖြစ်သော ရုပ်သည် ထိုင်ခိုက်သို့မရောက်ဘဲ မပါဘဲချုပ်၏။ ဤသို့လျှင် အစဉ်တစိုက် အကြောင်း ပစ္စည်းအလျောက် ဖြစ်ပေါ်လာသောရုပ်သည် ရုပ်သက်ခဏမျှသာဖြစ်၍ ခဏချင်း ချုပ် ပျောက်သောသဘောကို သိမြင်သော ယောဂီသည် အဘယ်ရုပ်ကို ငါဟူ၍၊ ငါ့ရုပ်ဟူ၍ စွဲလမ်းနိုင်တော့အံ့နည်း၊ စွဲလမ်းစရာမရှိ၊ စွဲလမ်း၍လည်းမရ။

ဥပ္ပါဒဝယ- ဖြစ်ပြီးက ပျက်ခြင်းသဘောရှိသော ပရမတ္ထရုပ်တို့သာလျှင် ဖြစ်ပါတကား- ဟူ၍ ဆင်ခြင်သော ယောဂီဉာဏ်အမြင်သည် သမ္ပဇာနမည်၏။ ဤအသိ အမြင်မျိုးဖြင့် သွားလာပြောဆို ပြုလုပ်သမျှကို သမ္မဇာနကာရီ ဆိုသည်။ ကောင်းစွာ သိမြင်သောဉာဏ် ယှဉ်လျက် ခပ်သိမ်းသော အမှုကိစ္စတို့ကို သတိမလွတ်စေဘဲ ပြုလုပ်ဆောင်ရွက်ရမည်။

သမ္ပဇည ၄-မျိုး

သမ္ပဇညလေးမျိုးကို သိသင့်ကြသောကြောင့် ဖော်ပြဦးအံ့။ သမ္ပဇညသည်-

  1. သာတ္ထက သမ္ပဇည
  2. သပ္ပါယ သမ္ပဇည
  3. ဂေါစရ သမ္ပဇည
  4. အသမ္မောဟ သမ္ပဇည

ဟူ၍ လေးမျိုးရှိသည်။ ထိုလေးမျိုးတို့တွင် -

၁။ ရှေ့သို့ သွားသောစိတ် ဖြစ်ပေါ်လာလျှင် စိတ်ဖြစ်ရုံမျှနှင့် မသွားမူ၍ ငါသွား ခြင်းကြောင့် အကျိုးရှိအံ့လော၊ မရှိအံ့လော-ဟု အကျိုးရှိသည်၊မရှိသည်ကိုဆင်ခြင်၍ အကျိုးရှိ သည်ကို ကြည့်ခြင်းသည် သာတ္ထကသမ္ပဇည- မည်၏။

၂။ အကျိုးရှိသော်လည်း သင့်၊ မသင့်၊ လျော်၊ မလျော် ဆင်ခြင်၍ သင့်လျော်မှသာ သွားခြင်းသည် သပ္ပါယသမ္ပဇည- မည်၏။

၃။ ကမ္မဋ္ဌာန်းအာရုံသည် ဂေါစရမည်၏၊ မိမိနှင့်သင့်လျော်သော ကမ္မဋ္ဌာန်းအာရုံကို သိခြင်းသည် ဂေါစရသမ္ပဇည- မည်၏။

၄။ ကမ္မဋ္ဌာန်းအာရုံ လက်မလွတ်ဘဲ မတွေမဝေ ဉာဏ်နှင့် ယှဉ်ကာ ကမ္မဋ္ဌာန်း အာရုံကို နှလုံးသွင်း ဆင်ခြင်ခြင်းသည် အသမ္မောဟသမ္ပဇည- မည်၏။

သာတ္ထက၊ သပ္ပါယ၊ သမ္ပဇည

သမ္ပဇည လေးမျိုးတို့၏ အကျယ်ကို အဋ္ဌကထာကိုမှီး၍ ပြဦးအံ့၊

ရဟန်းတော်များ ယောဂီများနှင့်စပ်၍ အကျိုးရှိသည် ဆိုသည်မှာ- စေတီတော်ကို ဖူးမြော်ရန်၊ သံဃထေရ်ကြီးများကို ဖူးမြော်ရန်၊ အသုဘရှုရန်သွားခြင်း စသည် တို့သည်အကျိုးရှိသည်ဖြစ်၍ သာတ္ထကသမ္ပဇည ဖြစ်သည်ဟုဆိုရ၏။

သို့သော် စေတီတော်ကို ဖူးမြော်ရန်သွားခြင်းတို့ပင် ဖြစ်သော်လည်း ပရိသတ်ပေါင်းစုံ ဝင်ထွက်သွားလာသော ဇာတ်၊ အငြိမ့် စသည့် ကပွဲ သဘင်ရှိသောဘုရားပွဲ၊ နတ်ပွဲ တို့သို့သွားခြင်းမှာမူကား သာတ္ထကသမ္ပဇဉ် ဖြစ်သည်ဟု မဆိုသင့်တော့ပေ။ အကြောင်းမူကား- အကျိုးမရှိသည်သာမဟုတ် အကျိုးမဲ့စေသော ကြောင့် ဖြစ်၏။

စေတီတော်တည်ရှိရာ ပတ်ဝန်းကျင် မြို့ အရပ်ဒေသတို့မှ လူပေါင်းစုံ စုဝေး လာရောက်ကြသည်ဖြစ်ရာ ထိုလူတို့သည် မိမိတို့၏ ဥစ္စာစည်းစိမ် ဂုဏ်သိန် ရှိသည် အလျောက် တတ်နိုင်သမျှ ဝတ်စားဆင်ယင်လျက် လှပတင့်တယ်အောင် ပြုပြင်၍ လာတတ်ကြကုန်၏။

ထိုလူတို့တွင် တင့်တယ်သော ဣဋ္ဌာရုံကိုမြင်လျှင် တဏှာလောဘ ဖြစ်တတ်သည်။ အနိဋ္ဌာရုံကိုမြင်လျှင် ဒေါသ၊ ဒေါမနဿ ဖြစ်တတ်သည်။ ကောဋ္ဌာသရုပ် အစုအပေါင်းကို မဆင်ခြင်ဘဲ အပေါ်ယံကြောမျှကိုသာ အတင့်အတယ်ဟုထင်လျှင် မောဟ ဖြစ်တတ်သည်၊

ကာယသံသဂ္ဂသော်လည်း ဖြစ်တတ်သည်၊ ရဟန်းသီလ၏ အန္တရာယ်၊ အသက်၏ အန္တရာယ်သော်လည်း ဖြစ်တတ်သည်။ သို့ကြောင့် ယင်းသို့သော ဘုရားပွဲ စသည် တို့သည် အသပ္ပါယဖြစ်၍ မသွားသင့်သောဌာန ဖြစ်သည်ဟုဆိုရသည်။

အသုဘရှုရန် သုသာန်သို့ သွားခြင်းသည် အကျိုးရှိပါ၏။ သို့သော် ယခုခေတ် ဒကာများကပင့်၍ အလှူခံသွားသော အသုဘရှုမျိုးကို မဆိုလို၊ အလှူအတန်းမရှိ လူသူ ကင်းသော သုသာန်၌ အလိုအလျောက် ပစ်ထားသော အသုဘကောင်ကို အသုဘ သမထ ဘာဝနာဖြစ်စေရန် ရည်ရွယ်၍ သွားခြင်းမျိုးကို ဆိုလိုသည်။ မြတ်စွာဘုရားနှင့်တကွ ရဟန်းတော်များ သီရိမာ၏ အသုဘကိုရှုရန် သွားသကဲ့သို့ လည်းကောင်း ဖြစ်ရမည်။

အကျိုးရှိသော အသုဘရှု ဝတ္ထု

ရဟန်းငယ်တစ်ပါးသည် သာမဏေတစ်ပါးကိုခေါ်၍ ဒန်ပူသားအလို့ငှာ တောသို့ သွားကြ၏။ သာမဏေသည် လမ်းမှဖဲ၍ ချုံတောအတွင်းသို့ ဝင်မိသောအခါ အသုဘကောင် ကိုမြင်၍ ပထမဈာန်ကို ဖြစ်စေ၏။ ထိုပထမဈာန်ကို အခြေပါဒက ပြုကာ သင်္ခါရတရား တို့၌ `ဝိပဿနာဉာဏ်ဖြင့် ဆင်ခြင် သုံးသပ်ရာ အနာဂါမိဖိုလ် တိုင်အောင် ရောက်၍ အရဟတ္တဖိုလ်သို့ရောက်ခြင်းငှာ ဆက်လက်အားထုတ်နေစဉ် ရဟန်းတော်က သာမဏေကို မမြင်၍ သာမဏေ-ဟု ခေါ်လိုက်၏။

သာမဏေက စဉ်းစားသည်မှာ ငါသည်သာမဏေ ဖြစ်သည်ကစ၍ ရဟန်းတော် များသည် ၂-ကြိမ်ထပ်၍ မခေါ်ခဲ့ရဖူးပေ၊ အခြားနေ့၌ အထက်ဖိုလ်သို့ရောက်အောင် အားထုတ်အံ့ဟု နှလုံးသွင်းကာ အရှင်ဘုရားဟု အသံပြုလျက် ရဟန်းတော်ထံသို့ သွား၏။

အရှင်ဘုရားသည် နေရာကကြွ၍ တပည့်တော် ရပ်သောနေရာ၌ အခိုက် အတန့် အရှေ့သို့မျက်နှာမူ၍ ကြည့်တော်မူပါဟု လျှောက်၏။ ရဟန်းငယ်သည် သာမဏေ လျှောက်သည့်အတိုင်း ကြွသွားကာ အသုဘကို ရှုသဖြင့် သာမဏေ ကဲ့သို့ပင် အနာဂါမိဖိုလ်သို့ရောက်လေသည်။

ဤသမဏေနှင့် ရဟန်းတော်တို့ သွားခြင်းမျိုး၊ အသုဘရှုခြင်းမျိုးသည် သာတ္ထက သမ္ပဇညဖြစ်၏၊ သပ္ပါယသမ္ပဇညလည်း ဖြစ်၏။ သို့သော် ယောက်ျား၌ မိန်းမ အသုဘသည် သပ္ပါယမဖြစ်၊ မိန်းမ၌လည်း ယောက်ျားအသုဘသည် သပ္ပါယမဖြစ်။ သဘာဂအသုဘ သည်သာလျှင် သပ္ပါယသမ္ပဇညဖြစ်သည်ကို သတိပြုရမည်။

ဂေါစရသမ္ပဇဉ်

ဂေါစရသမ္ပဇည-ဟူသည် ၃၈-ပါးသော ကမ္မဋ္ဌာန်းတို့တွင် မိမိနှစ်သက်သော မိမိနှင့် လျော်သောကမ္မဋ္ဌာန်းအာရုံကိုသိခြင်းသည်ဂေါစရသမ္ပဇညမည်၏။ လျောက်ပတ် သော ဆွမ်းခံရွာကို သိခြင်းသည်လည်း ဂေါစရသမ္ပဇညဖြစ်သည်ဟုဆိုသည်။

အတိက္ကမာဒီသု ဘိက္ခာစာရဂေါစရေ၊ အညတ္ထ စ ပဝတ္တေသု အဝိဇဟိတ- ကမ္မဋ္ဌာနသင်္ခါတေ ဂေါစရေ သမ္ပဇာနနံ ဂေါစရသမ္ပဇညံ။

(သီလက္ခန် ဋီကာသစ်၊ ဟောင်း ၂-စောင်။)

ဂေါစရသမ္ပဇညနှင့်စပ်၍ အဋ္ဌကထာဆရာသည် ပုဂ္ဂိုလ် ၄-မျိုး ခွဲ၍ပြသည်။

  1. ဆွမ်းခံသွားသောအခါ အသွား၌သာ ကမ္မဋ္ဌာန်းအာရုံဖြင့်သွား၍ အပြန်၌ ကမ္မဋ္ဌာန်း အာရုံဖြင့် မပြန်သော ပုဂ္ဂိုလ်တစ်ပါး၊
  2. အပြန်၌သာ ကမ္မဋ္ဌာန်းအာရုံဖြင့် ပြန်၍ အသွား၌ ကမ္မဋ္ဌာန်းအာရုံဖြင့် မသွားသော ပုဂ္ဂိုလ်တစ်ပါး၊
  3. အသွားအပြန် နှစ်ရပ်၌ပင် ကမ္မဋ္ဌာန်းအာရုံဖြင့် မသွားမပြန်သော ပုဂ္ဂိုလ်တစ်ပါး၊
  4. အသွားအပြန် ကမ္မဋ္ဌာန်းအာရုံဖြင့်သာ သွားသော၊ ပြန်သော ပုဂ္ဂိုလ်တစ်ပါး။

ဤသို့ ပုဂ္ဂိုလ်လေးမျိုး ပြသည်။

ထိုပုဂ္ဂိုလ်လေးမျိုးတို့တွင် -

၁။ အချို့ပုဂ္ဂိုလ်သည်- (ရဟန်းတော်ကို ဆိုလိုသည်။) တစ်နေ့တစ်ညဉ့်ပတ်လုံး ကမ္မဋ္ဌာန်း အာရုံဖြင့်သာ အချိန်ကုန်စေ၍ နံနက်စောစောထ၍ အာစရိယဝတ်၊ သေနာသနဝတ် စေတိယင်္ဂဏဝတ်၊ ဗောဓိယင်္ဂဏဝတ်တို့ကို ပြုပြီးနောက် သပိတ် သင်္ကန်းကိုယူ၍ ကမ္မဋ္ဌာန်းအာရုံကို နှလုံးသွင်းကာ ဆွမ်းခံရွာသို့ သွား၏။

ဆွမ်းခံရွာ၌ ဒါယကာတို့က လှူသော ဆွမ်းကိုစား၍ တရားစကားပြောဟောပြီးကာလ ကျောင်းသို့ ပြန်သောအခါ လိုက်ပို့ကြသော ဒါယကာများနှင့် စကားပြောခြင်း၊ ကျောင်းမှ သာမဏေငယ်များ လာရောက်ကြိုဆိုကြရာ ထိုသာမဏေငယ်များနှင့် စကားပြောခြင်းဖြင့် ကမ္မဋ္ဌာန်းကို အာရုံမပြုနိုင်ဘဲ အပြန်၌ ကမ္မဋ္ဌာန်းအာရုံ လက်လွတ်သောကြောင့် ထိုပုဂ္ဂိုလ်သည် အသွား၌သာလျှင် ကမ္မဋ္ဌာန်းအာရုံဖြင့် သွား၍ အပြန်၌ ကမ္မဋ္ဌာန်းအာရုံဖြင့် မပြန်သော ပုဂ္ဂိုလ်ဖြစ်၏။

၂။ အချို့သောပုဂ္ဂိုလ်သည် နေ့ရောညဉ့်ပါ ကမ္မဋ္ဌာန်းကို အားထုတ်ပြီးနောက် နံနက် စောစောထ၍ ဝတ် နိဗဒ်တို့ကို ဆောင်ရွက်၏။ အစာကြေလွန်းပြီး ဝမ်းမီးတောက် သဖြင့် ချွေးများထွက်၏။ ထို့ကြောင့် ကမ္မဋ္ဌာန်းကို နှလုံးမသွင်းနိုင်ဘဲ စောစောပင် ဆွမ်းခံရွာသို့ဝင်၏။ ဆွမ်းခံရွာမှ ယာဂုကို ရ၍ သင့်လျော်ရာ ဇရပ်တစ်ခုသို့ဝင်ကာ ယာဂုကိုသောက်ရ၏။

ယာဂုနှစ်ဇွန်း၊ သုံးဇွန်းစာလောက် သောက်မိသောအခါမှ ဝမ်းမီးတောက်ခြင်းငြိမ်း၍ ကမ္မဋ္ဌာန်းအာရုံကို နှလုံးသွင်းလျက် ယာဂုကို သောက်ပြီးကာလ သပိတ်ဆေး၍ ဆွမ်းခံဝင်သောအခါ ကမ္မဋ္ဌာန်းအာရုံကို နှလုံးသွင်းခြင်း၊ ကမ္မဋ္ဌာန်းအာရုံဖြင့်သာလျှင် ဆွမ်းစားခြင်းပြု၍ အဆင့်ဆင့် ဉာဏ်၌ထင်သော ကမ္မဋ္ဌာန်းအာရုံဖြင့်သာလျှင် ကျောင်းသို့ပြန်ခဲ့၏။ ဤပုဂ္ဂိုလ်သည် အသွား၌ ကမ္မဋ္ဌာန်း အာရုံဖြင့်မသွားဘဲ အပြန်၌သာ ကမ္မဋ္ဌာန်းအာရုံဖြင့် ပြန်သောပုဂ္ဂိုလ် ဖြစ်၏။

၃။ အချို့သောပုဂ္ဂိုလ်သည် ကမ္မဋ္ဌာန်းအားထုတ်မှုကိစ္စကိုရှိသည်ဟူ၍ပင် အမှတ်မပြု၊ အမှတ်မဲ့သာလျှင်ရွာသို့သွား၍ ရဟန်းတော်များအား မလျောက်ပတ်သော လူတို့နှင့် ရောနှောပြောဆို စားသောက်နေထိုင်ခြင်းဖြင့် ကမ္မဋ္ဌာန်းအာရုံ၌ မေ့မေ့လျော့လျော့ နေလေ့ရှိ၏။ ထိုပုဂ္ဂိုလ်သည် အသွားအပြန်နှစ်ရပ်လုံး၌ ကမ္မဋ္ဌာန်းဖြင့် မသွားမပြန် သောပုဂ္ဂိုလ် ဖြစ်၏။

၄။ အချို့ပုဂ္ဂိုလ်သည်ကား နေ့ရောညဉ့်ပါ ကမ္မဋ္ဌာန်းတရားကို အားထုတ်၏။ နံနက် စောစော၌ ပြုမြဲဝတ် နိဗဒ်တို့ကို ပြုပြီးလျှင် ဆွမ်းခံအသွားအပြန်တို့၌ ကမ္မဋ္ဌာန်း အာရုံကို မလွတ်စေမူ၍ နှလုံးသွင်း ဆင်ခြင်ပွားများလျက် သွား၏၊ ပြန်၏။ ဤပုဂ္ဂိုလ် သည်ကား အသွားရော အပြန်ပါ ကမ္မဋ္ဌာန်းအာရုံရှိသောပုဂ္ဂိုလ် ဖြစ်၏။

မှတ်သားဖွယ် ဝတ္ထုကလေးများ

မိမိ၏ အကျိုးစီးပွားကို လိုလားကြကုန်သော အမျိုးကောင်းသားတို့သည် မြတ်စွာဘုရား၏ သာသနာတော်၌ ရဟန်းပြုကြ၍ မြတ်စွာဘုရားထံ၌ ကမ္မဋ္ဌာန်း တရားကို ကြားနာ သင်ယူကြပြီးကာလ သဘောတူရာ ဆယ်ပါး၊ နှစ်ဆယ်၊ သုံးဆယ် စသည်ဖြင့် စုပေါင်း၍ သင့်လျော်ရာ တောကျောင်းတစ်ခုခု၌ အချင်းချင်း ကတိ ကဝတ်ပြုကာ သီတင်းသုံးလျက် ကမ္မဋ္ဌာန်းတရားကို အားထုတ်ကြကုန်၏။ အဘယ်ကဲ့သို့ ကတိကဝတ်ပြုကြသနည်းဟူမူ-

“ငါ့ရှင်တို့– ငါ့ရှင်တို့သည် ကြွေးမြီပူခြင်းကြောင့် ရဟန်းပြုကြသည် မဟုတ်ကြ၊ မင်းဘေး၊ မင်းဒဏ် ကြောက်၍ ရဟန်းပြုကြသည်လည်း မဟုတ်ကြ၊ အသက်မွေး ကြပ်၍ ရဟန်းပြုကြသည်လည်း မဟုတ်ကြ၊ စင်စစ်ကား ဝဋ်ဒုက္ခမှ လွတ်မြောက် လိုသော ဆန္ဒဖြင့်သာလျှင် ရဟန်းပြုကြခြင်းဖြစ်သည်။ သို့ဖြစ်၍ ငါ့ရှင်တို့- ငါတို့သည် သွားစဉ်၌ဖြစ်ပေါ် လာသော ကိလေသာကို သွားစဉ်၌ သာလျှင် နှိပ်ကွပ်ကြ၊ ပယ်ဖျောက်ကြ။ ထိုနည်းတူ ရပ်စဉ်၊ ထိုင်စဉ်၊ အိပ်စဉ်၌ဖြစ်သော ကိလေသာ တို့ကိုလည်း ရပ်စဉ်၌သာ၊ ထိုင်စဉ်၌သာ၊ အိပ်စဉ်၌သာ နှိပ်ကွပ်ကြ၊ ပယ်ဖျောက်ကြ စတမ်း ----။

ဟူ၍ ကတိကဝတ်ပြု၍ ဩဝါဒပေးကာ သီတင်းသုံးတော်မူကြကုန်၏။

ထိုရဟန်းတော်တို့သည် ဤသို့ ကတိကဝတ်ပြုပြီးလျှင် ဆွမ်းခံရွာသို့ သွားကြ ကုန်သော် ဆွမ်းခံလမ်း၌ရှိသော ကျောက်တုံး ကျောက်ဖျာကို အမှတ်ပြု၍ ကမ္မဋ္ဌာန်း အာရုံကို နှလုံးသွင်းလျက် သွားကြကုန်၏။

အကယ်၍ တစ်စုံတစ်ယောက်သော ရဟန်းသည် သွားစဉ်၌ ကိလေသာ ဖြစ်ပေါ်ခဲ့ သည်ဖြစ်အံ့၊ သွားစဉ်၌သာလျှင် ထိုကိလေသာကို ငြိမ်းအေးစေ၏။ အကယ်၍ ငြိမ်းအေးစေခြင်းငှာ မတတ်နိုင်သည်ဖြစ်အံ့၊ ထိုရဟန်းသည် ရှေ့သို့မသွားဘဲ ရပ်၍နေ၏၊ နောက်မှလာသော ရဟန်းသည်လည်း ရပ်၏။

ကိလေသာ မငြိမ်းသေးသဖြင့် ရှေ့မှရပ်သော ရဟန်းက ငါ၏သန္တာန်၌ဖြစ်သော ကာမဝိတက်ကို နောက်မှလာသော ရဟန်းသည် သိလေပြီ။ ငါ၏အမှုသည် မလျောက်ပတ်ပါတကား ဟု မိမိကိုယ်ကို အပြစ်တင်ဆုံးမခြင်း၊ ကမ္မဋ္ဌာန်းကို ဆင်ခြင် ပွားများခြင်းဖြင့် ထိုနေရာ၌ပင်လျှင် အရိယာအဖြစ်သို့ရောက်ဖူးသောပုဂ္ဂိုလ်လည်း ရှိလေသည်။

ရပ်လျက် ကိလေသာကို ငြိမ်းအေးစေသော်လည်း ကိလေသာ မငြိမ်းမူကား ထိုရဟန်းသည် ထိုင်၏၊ ထိုင်၍ မငြိမ်းခဲ့သော် ထိုကိလေသာကို တတ်နိုင်သမျှ ခွာလျက် ကမ္မဋ္ဌာန်းအာရုံကို နှလုံးသွင်းလျက်သာလျှင် သွား၏၊ ကမ္မဋ္ဌာန်း လက်လွတ်သော စိတ်ဖြင့် ခြေတစ်လှမ်းမျှ မကြွချေ။ ကမ္မဋ္ဌာန်းလွတ်သော စိတ်ဖြင့် ခြေကြွမိလျှင် နောက်ပြန်၍ ယခင် ခြေချရာဌာန၌ ခြေကိုချ၏။

မဟာဖုဿဒေဝထေရ်သည် ၁၉-နှစ်တို့ပတ်လုံး ဂတ၊ပစ္စာဂတဝတ်-ဟုဆိုအပ်သော အသွားအပြန် ကမ္မဋ္ဌာန်းအာရုံနှင့်သာ သွားပြန်သောဝတ်ကို ဖြည့်တော်မူ၏။ မထေရ်သည် ကမ္မဋ္ဌာန်းလွတ်သောစိတ်ဖြင့် သွားမိခဲ့သော် ကမ္မဋ္ဌာန်းလွတ်သော နေရာသို့ ပြန်၍ ပြန်၍ ရပ်ပြီးမှ ရှေ့သို့ကြွတော်မူ၏။

လမ်းဘေးဝဲယာ၌ လယ်ယာထွန်ယက်နေကြသော လူတို့ကမြင်၍ ဤမထေရ်သည် အဖန်ဖန်နောက်သို့ ပြန်ကာကြွလေသည်၊ လမ်းပင်မှား၍ လေလော၊ သို့မဟုတ် တစ်စုံတစ်ရာပင် ကျရစ်လေသလောဟု ပြောကြ၏။ မထေရ်သည် လူတို့၏စကားကို ဂရုမပြုဘဲ ကမ္မဋ္ဌာန်းအာရုံနှင့်ယှဉ်သော စိတ်ဖြင့်သာလျှင် ရဟန်းတရားကို အားထုတ်ခဲ့ရာ အနှစ် ၂၀-အတွင်း၌ အရဟတ္တဖိုလ်သို့ ရောက်တော်မူလေသည်။

မဟာနာဂထေရ်သည်လည်း မြတ်စွာဘုရား၏ မဟာပဓာနအကျင့်ကို ပူဇော် လိုသည်ဖြစ်၍ ခုနစ်နှစ်ပတ်လုံး ရပ်သော ဣရိယာပုထ်၊ စင်္ကြံလျှောက်သော ဣရိယာပုထ် ဖြင့်သာလျှင်အဓိဋ္ဌာန်ပြု၍သီတင်းသုံးတော်မူသည်။

ထို့နောက် ၁၆-နှစ်ပတ်လုံး ဂတပစ္စာဂတ ဝတ်ကို ဖြည့်တော်မူသဖြင့် အရဟတ္တဖိုလ် သို့ ရောက်တော်မူလေသည်။ ထို မဟာနာဂထေရ်သည်လည်း ကမ္မဋ္ဌာန်းနှင့် ယှဉ်သော စိတ်ဖြင့်သာ ခြေကြွခြင်း၊ ခြေချခြင်းကို ပြုတော်မူသည်။ ကမ္မဋ္ဌာန်း ကင်းလွတ်သော စိတ်ဖြင့် ကြွမိလျှင် တစ်ဖန်ပြန်ချပြီးမှ ကြွတော်မူသည်။

မဟာနာဂထေရ်ကဲ့သို့ လည်းကောင်း၊ ကလမ္ဗတိတ္ထကျောင်း၌ သီတင်းသုံးတော် မူကြသော မထေရ်တို့ကဲ့သို့ လည်းကောင်း ဂတပစ္စာဂတကို ဖြည့်ကျင့်သော ပုဂ္ဂိုလ်သည် အသွားအပြန် ကမ္မဋ္ဌာန်းအာရုံဖြင့် မလွတ်သောပုဂ္ဂိုလ်ဖြစ်၏။

ပြဆိုခဲ့သော ပုဂ္ဂိုလ်လေးမျိုး တို့တွင် အကြင်ပုဂ္ဂိုလ်သည် အသွားရော အပြန်ပါ ကမ္မဋ္ဌာန်းအာရုံနှင့်ယှဉ်သော စိတ်နှင့် ပြည့်စုံ၏၊ ထိုပုဂ္ဂိုလ်၏ ဂေါစရသမ္ပဇညသည် အထွက်အထိပ်သို့ ရောက်ပြီဟု ဆိုလေသည်။

အသမ္မောဟသမ္ပဇဉ်

အသမ္မောဟသမ္ပဇညသည် - အန္ဓပုထုဇဉ်ပုဂ္ဂိုလ်သည် သွားခြင်း၊ ရပ်ခြင်း စသည် တို့၌ အတ္တကောင်သွားသည်၊ အတ္တကောင်သည် သွားခြင်းစသည်တို့ကို ဖြစ်စေသည် ဟူ၍လည်းကောင်း ငါသွားသည်၊ ငါသည်သွားခြင်း စသည်တို့ကို ဖြစ်စေသည်ဟူ၍ လည်းကောင်း၊ အမှားမှားအယွင်းယွင်းထင်မြင်မှတ်ယူလျက် တွေဝေကြကုန်၏။

သာသနာတော်၌ ရဟန်းတရားကို အားထုတ်သော ရဟန်းသည်ကား အန္ဓပုထုဇဉ် တို့ကဲ့သို့ မှားယွင်းခြင်း၊ တွေဝေခြင်း၊ မသိခြင်း မဖြစ်မူ၍ ရှေ့သို့သွားအံ့ဟူသော စိတ်ဖြစ်လတ်သော် ထိုစိတ်နှင့်အတူတကွ စိတ်ကြောင့်ဖြစ်သော ဝါယောဓာတ်သည် ကာယဝိညတ်ကို ဖြစ်စေသည်။

ဤသို့ဖြင့် စိတ်ကြောင့်ဖြစ်သော ဝါယောဓာတ် ပျံ့နှံ့ခြင်းကြောင့် ကိုယ်ဟူ၍ သမုတ် ခေါ်ဆိုအပ်သော ဤအရိုးစု ရုပ်အပေါင်းသည် ရှေ့သို့ရွေ့လျားသွားခြင်းဖြစ်၏။ ဤသို့ရွေ့လျားသွားသော ကိုယ်၏ တစ်ဖက် တစ်ဖက်သော ခြေကြွေသောအခါ ပထဝီဓာတ်၊ အာပေါဓာတ် နှစ်ပါးတို့သည် ယုတ်လျော့ခြင်း၊ နုံ့နှေးခြင်း ဖြစ်ကုန်ပါ တကား၊ တေဇော ဓာတ်၊ ဝါယောဓာတ်တို့ လွန်ကဲစွာအားရှိကြပါတကား။

ခြေချလိုက်သော အခါ၌ကား တေဇောဓာတ်တို့ ယုတ်လျော့ အားနည်းကြ၍ ပထဝီဓာတ်၊ အာပေါဓာတ်တို့ လွန်ကဲအားကြီးကြကုန်ပါတကား။

ယင်းသို့ ခြေကြွေသွားသော ခဏ၌ ဖြစ်ပေါ်လာသောစိတ်၊ တေဇောဓာတ်၊ ဝါယောဓာတ် စသော ရုပ်ပရမတ်တရားတို့သည် ခြေကို ရှေ့သို့လှမ်းရာသို့ မပါကြ မရောက်ကြပါတကား။ ခြေတို့ကို ရှေ့သို့လှမ်းသောခဏ၌ ဖြစ်ပေါ်သောစိတ်နှင့် ရုပ် ပရမတ်တို့သည်လည်း ခြေချရာသို့ မပါကြ၊ မရောက်ကြ၊ ထိုခဏ၌ပင် ချုပ်ကွယ်ကြ ကုန်ပါတကား။

စိတ်နာမ်နှင့်တကွ ဓာတ်လေးပါးဟူသော မဟာဘုတ်ကိုမှီသော ဥပါဒါ ရုပ်တို့သည် ခြေကိုကြွခိုက်၊ ချခိုက်တို့၌သာလျှင် အပိုင်းပိုင်း၊ အဆစ်အဆစ်၊ အစုအစု ဖြစ်၍ ချုပ်ပျောက်ကြကုန်ပါတကား။ အိုးကင်းပူအတွင်းသို့ ထည့်အပ်သောနှမ်းတို့သည် တဖျောက်ဖျောက် မြည်ကာ ကွဲပျက်ကုန်သကဲ့သို့ ကွဲပျက် ချုပ်ပျောက်ကြကုန် ပါတကား။

ဤသို့လျှင် တစ်နေရာမှ တစ်နေရာသို့ လိုက်ပါခြင်းမရှိဘဲ စိတ်သက်ခဏ၊ ရုပ်သက် ခဏကလေးမျှသာ တန့်သည် တည်သည်ဆိုရသော (အမှန်မူကား- တည်တံ့ ရပ်နား နေသည် မရှိကြ၊ ဖြစ်ပြီးပျက်ကြသည်သာ ဖြစ်၏။) ရုပ်နာမ်တို့ကို ဘယ်သူသွားခြင်း၊ ဘယ်သူသွားသည်ဟူ၍ ပြစရာ၊ ပြောပြစရာ အဘယ်မှာလျှင်ရှိပါအံ့နည်း။

စင်စစ်အားဖြင့် ဓာတ်လေးပါးတို့ ရွေ့ရှားခြင်း၊ လှုပ်ခြင်း၊ ဓာတ်လေးပါးတို့ ရပ်တည်ခြင်း၊ ထိုင်ခြင်း၊ အိပ်ခြင်း၊ ခြေကြွခြင်း၊ လှမ်းခြင်း၊ ခြေချခြင်းတို့သာ ပါတကား-ဟု ရဟန်းတော်သည် ဆင်ခြင်၍သိ၏။

ငါသွားသည်မဟုတ်၊ ငါဆိုစရာမရှိ၊ အတ္တကောင်သွားသည် မဟုတ်၊ အတ္တကောင် ဟူ၍ ပြစရာမရှိသော ရုပ်နာမ်ပရမတ္ထ အစုအပေါင်းတို့သာပါတကား-ဟု သမ္ပဇညဉာဏ်ဖြင့် သိရှိ၏။

ထိုမှတစ်ပါးတုံလည်း သွားခိုက်၊ ကြံ့ခိုက်၊ ချခိုက်တို့၌ ဖြစ်သော ဓာတ်လေးပါး အစု ရုပ်အပေါင်းနှင့်တကွ ခြေကို ကြွလိုသောစိတ်၊ ကြွသည်ကို သိသောစိတ်သည် ချုပ်၍ အသစ်အသစ် ဖြစ်သောရုပ်၊ အသစ်အသစ်ဖြစ်သောစိတ်တို့သည် အကြားမရှိဘဲ ရှေးရုပ်၊ ရှေးစိတ် ချုပ်ပြီးကာလ အစဉ်မပြတ် မြစ်ရေအလျဉ်ကဲ့သို့ တရစပ် တစ်ဆက်တည်း ဖြစ်ပေါ်လိုက်၊ ဖြစ်ပြီးက ပျက်လိုက် သဘာဝအားလျော်စွာ အကြောင်းအလျောက်ဖြစ်၍ သွားခြင်း၊ ရပ်ခြင်းစသည်ဖြင့် ဝေါဟာရပညတ်ရ၊ ပြောဆိုရခြင်းပါတကား- ဟု အသိအမြင် ဉာဏ်ရှိလျက် တွေဝေမှု မရှိသောပုဂ္ဂိုလ်၏ သဘောသည် အသမ္မောဟသမ္ပဇည မည်၏။

သမ္ပဇညနှင့်စပ်၍ မှတ်သားဖွယ်ရာများ

ကွေးခြင်း ဆန့်ခြင်းကိုပြုရာ၌ အမှတ်မဲ့သတိကင်းစွာ အဆင်ခြင်ကင်းစွာ မကွေး မဆန့်လိုက်ဘဲ ကွေးခြင်း ဆန့်ခြင်းကြောင့် အကျိုးကျေးဇူး ရှိမရှိကို ဆင်ခြင်၍ ကျွေးရမည်၊ ဆန့်ရမည်၊ ဆင်ခြင်၍ အကျိုးရှိသော်မှ ကွေးခြင်း၊ ဆန့်ခြင်းကို ပြုခြင်းသည် သာတ္ထက သမ္ပဇညဖြစ်သည်။

ခြေလက်တို့ကို ကြာရှည်စွာ ကွေးခြင်းကြောင့် လည်းကောင်း၊ ကြာရှည်စွာ ဆန့်ခြင်းကြောင့်လည်းကောင်း ဒုက္ခဝေဒနာဖြစ်တတ်သည်၊ စိတ်ပျံ့လွင့် တတ်သည်၊ ကမ္မဋ္ဌာန်းအာရုံလျှောကျတတ်သည်၊ တရားထူးမရ ဖြစ်တတ်သည်။

သို့ကြောင့် ရံခါကွေးခြင်း၊ ရံခါဆန့်ခြင်းကို ပြုလျှင် ဒုက္ခဝေဒနာ မဖြစ်ပေါ်တတ်၊ စိတ်တည်ငြိမ်တတ်သည်၊ ကမ္မဋ္ဌာန်းအာရုံ တိုးတက်ထင်မြင်တတ်သည်၊ တရားထူး ကိုရတတ်သည်။ ဤသို့ဖြစ်၍ အကျိုးရှိမရှိကို ဆင်ခြင်၍ ကွေးခြင်းဆန့်ခြင်း စသည်တို့ကို ပြုလုပ်ရမည်။

အကျိုးရှိသော်လည်း သပ္ပါယဖြစ်သည်၊ မဖြစ်သည်ကိုဆင်ခြင်ရမည်။ သီဟိုဠ်ကျွန်း မဟာစေတီယင်ပြင်၌ ရဟန်းငယ်များစုပေါင်း၍ သုတ္တန်ကို ရွတ်ဆိုသရဇ္ဈာယ် ခြင်းပြုကြရာ ထိုရဟန်းငယ်များ၏ နောက်ကျောဘက်အနီး၌ ပျိုငယ်သော ဘိက္ခုနီ တို့သည် ရွတ်ဆိုသော တရားကို ကြားနာလျက်ရှိကြကုန်၏။

ရဟန်းငယ်တစ်ပါးသည် သတိမမူဘဲ အမှတ်မဲ့ လက်ကို ဆန့်လိုက်သည်တွင် ဘိက္ခုနီမငယ်နှင့် ထိခိုက်မိခြင်းကြောင့် နှစ်ဦးလုံး လူ့ ဘောင်သို့ ရောက်ကြရသည်။

ရဟန်းတစ်ပါးသည် အမှတ်မဲ့ခြေကို ဆန့်လိုက်ရာ မီးပေါ်သို့ ဆန့်မိသောကြောင့် အရိုးတိုင်အောင် မီးလောင်ခံရဖူးလေသည်။

တစ်ပါးသော ရဟန်းသည်လည်း တောင်ပို့ပေါ်သို့ ခြေဆန့်လိုက်ရာ မြွေကိုက်ခံရဖူး လေသည်။

တစ်ပါးသောရဟန်းသည်ကား သင်္ခမ်း ကျောင်း၌ တန်းပေါ်သို့ လက်ဆန့်လိုက်ရာ မြွေစိမ်းကိုက် ခံရဖူး၏။

သို့ဖြစ်၍ ဤသို့သော သပ္ပါယမဖြစ်သော ဌာန၌ ခြေလက်တို့ကို မဆန့်မူ၍ သပ္ပါယ ဖြစ်ရာ၌သာ ဆင်ခြင်၍ ဆန့်ခြင်းသည် သပ္ပါယသမ္ပဇည ဖြစ်၏။

ဂေါစရသမ္ပဇည၌

မဟာထေရ်ကြီး တစ်ပါးသည် နေ့သန့် သီးတင်းသုံးရာ၌ အန္တေဝါသိက တပည့်များနှင့် စကားပြောနေစဉ် အဆောတလျင် လက်ကို ကွေးလိုက်မိ၏။ ထိုနောက်လက်ကို မူလထားမြဲတိုင်းနေရာ၌ ပြန်ဆန့်ထားပြီးမှ တဖြည်းဖြည်းပြန်၍ ကွေး၏။

ထိုအခြင်းအရာကို တပည့်များကမြင်၍ “အရှင်ဘုရား--အဘယ့်ကြောင့် အဆော တလျင် ကွေးလိုက်ပြီးမှ ပြန်ဆန့်လျက် တဖြည်းဖြည်းပြန်၍ ကွေးပါသနည်း”ဟု မေးလျှောက်ကြ၏၊ “တပည့်တို့ ငါသည် ကမ္မဋ္ဌာန်းတရား ပွားများငြင်းငှာ အားထုတ်ခဲ့၏၊ ထိုကာလအတွင်း၌ ကမ္မဋ္ဌာန်းအာရုံကို လွှတ်၍ လက်ကိုကွေးဖူးသည် ဟူ၍ မရှိခဲ့ချေ၊ ယခုကား သင်တို့နှင့် စကားပြောနေခြင်းကြောင့် ကမ္မဋ္ဌာန်းလွတ်ကာ ကွေးမိသည်။

သို့ကြောင့် လက်ကို မူလနေရာ၌ပြန်ထားပြီးမှ သတိဖြင့် တစ်ဖန်ပြန်၍ကွေးခြင်း ဖြစ်သည်”ဟု ပြောကြား၏။ “သာဓုပါ အရှင်ဘုရား --- ရဟန်းဆိုသည်မှာ ဤကဲ့သို့ သာလျှင်ဖြစ်သင့် ပါသည်”ဟု လျှောက်၍ သာဓုခေါ်ကြသည်ဟူ၏။

ဤဝတ္ထု၌ ကမ္မဋ္ဌာန်းအာရုံ မလွတ်ခြင်းသည် ဂေါစရသမ္ပဇည ဖြစ်သည်ဟု အဋ္ဌကထာ မိန့်၏။ သို့ကြောင့် ဂေါစရဟူသည် ကမ္မဋ္ဌာန်းအာရုံကို လည်းကောင်း၊ ဆွမ်းခံသွားရာ ပြန်ရာ၌ ကမ္မဋ္ဌာန်းအာရုံ မလွတ်ခြင်းကိုလည်းကောင်း ပြဆိုသည်ဟု မှတ်ရာ၏။

တရားကို အားထုတ်သော ယောဂီသည် ယခုပြဆိုခဲ့သော -

  1. သာတ္ထကသမ္ပဇည
  2. သပ္ပါယသမ္ပဇည
  3. ဂေါစရသမ္ပဇည
  4. အသမ္မောဟသမ္ပဇည

တို့နှင့် ပြည့်စုံစေလျက် သူတော်ကောင်းတရားကို အားထုတ်ရာသတည်း။

သမ္ပဇညကမ္မဋ္ဌာန်းပြီး၏။

(ပဋိကူလမနသိကာရကိုကား ရှေးကပြဆိုခဲ့ပြီ။)

ဓာတုမနသိကာရကမ္မဋ္ဌာန်း

ရဟန်းတို့ - တစ်ပါးတုံလည်း ဤ သာသနာတော်၌ ရဟန်းတရားတို့ကို အားထုတ်သော ရဟန်းသည် တည်မြဲတိုင်း၊ ထားမြဲတိုင်းသော ဤ ရူပကာယ ဟူသော ရုပ်အပေါင်းကို ဤရုပ်အပေါင်း၌ --

  1. ခက်မာသော သဘောရှိသော ပထဝီဓာတ်
  2. ယိုစီးဖွဲ့စေးသော သဘောရှိသော အာပေါဓာတ်
  3. ပူအေးရင့်ကျက်စေသော သဘောရှိသော တေဇောဓာတ်
  4. လှုပ်ရှားတွန်းကန်သော သဘောရှိသော ဝါယောဓာတ်

ဟူသော ဓာတ်လေးပါးတို့သာလျှင် ရှိကုန်၏- ဟူ၍ ဓာတ်သဘောအားဖြင့် ဆင်ခြင်၏။

ရဟန်းတို့- ဥပမာသော်ကား နွားသတ်သမားသည် ဖြစ်စေ၊ နွားသတ်သမား၏ တပည့်သည်ဖြစ်စေ နွားမကိုသတ်၍ အကောင်ကိုဖျက်ကာ လမ်းလေးခွ၌ အသားပုံ တွေ အစုအစုံပုံ၍ထားရာ နွားမဟူသော ပညတ်ပျောက်၍ အသားပုံတွေကိုသာ မြင်သကဲ့သို့ --

ထို့အတူ ကမ္မဋ္ဌာန်း အားထုတ်သော ရဟန်းသည် တည်မြဲတိုင်း၊ ထားမြဲတိုင်းသော ဤ ကိုယ်ဟူသော ရုပ်အပေါင်းကို ဓာတ်လေးပါးဖြင့် ချဲ့၍ မိန်းမ-ယောက်ျားဟူသော ပညတ်ပျောက်စေလျက် ဓာတ်လေးပါးအစုတို့ဟူ၍သာ ဓာတ်သဘောအားဖြင့် ရှု၏။

ဤသို့လျှင် မိမိ အဇ္ဈတ္တဖြစ်သော ရုပ်အပေါင်း၌ ဓာတ်လေးပါးအစု ရုပ်အပေါင်း တို့သာဟု ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ သူတစ်ပါးဟူသော ဗဟိဒ္ဓရုပ်အပေါင်း၌လည်း ဓာတ်လေးပါးအစု ရုပ်အပေါင်းတို့သာဟု ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ပ။

ရဟန်းတို့ ... ရဟန်းသည် ဤသို့လျှင် ဓာတ်လေးပါးအစုဖြစ်သော ရုပ်အပေါင်း၌ ဓာတ်လေးပါးအစု ရုပ်အပေါင်းမျှသာဟု ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

[ဤကား ဘုရားဟောတော်မူသော ဓာတုမနသိကာရ ကမ္မဋ္ဌာန်းတည်း။ နောက်ပိုင်း စကားတော်များသည် ရှေးနှင့်တူပြီဖြစ်၍ မြှုပ်ထားလိုက်သည်။]

ဓာတုဓနသိကာရကမ္မဋ္ဌာန်း အားထုတ်ပုံ

ဓာတုမနသိကာရ ကမ္မဋ္ဌာန်းကို အားထုတ်လိုသော ယောဂီသည်လည်း မြတ်စွာဘုရား ဟောကြားညွှန်ပြတော်မူသော အတိုင်းသာလျှင် အားထုတ်ရမည် ဖြစ်သည်။

ငါ၏ ရူပကာယကိုယ်ဟူသော ရုပ်အပေါင်း၌-

၁။ ခက်မာသော ရုပ်ဟူသမျှသည် လွန်ကဲသော ပထဝီဓာတ် ရှိသော ရုပ်အစု မျှသာတည်း။
၂။ ယိုစီးဖွဲ့စေးသော သဘောရှိသော ရုပ်ဟူသမျှသည် လွန်ကဲသော အာပေါဓာတ် ရှိသော ရုပ်အစုမျှသာတည်း။
၃။ ပူအေး ရင့်ကျက်စေသော သဘောရှိသော ရုပ်ဟူသမျှသည် လွန်ကဲသော တေဇောဓာတ် ရှိသော ရုပ်အစုမျှသာတည်း။
၄။ လှုပ်ရှား တွန်းကန်သော သဘောရှိသော ရုပ်ဟူသမျှသည် လွန်ကဲသော ဝါယောဓာတ် ရှိသော ရုပ်အစုမျှသာတည်း-ဟု ရှုမြင်ရမည်။

နွားမကို မဖျက်မီက နွားမဟူ၍ ခေါ်ဝေါ် ပြောဆိုနေကြသော ရုပ်အပေါင်းအစုကို ဖျက်လျက် အသား, အရိုး, အကြောစသည်ဖြင့် တစ်ပုံစီ, တစ်ပုံစီ စုပုံ၍ထား သောအခါ နွားမဟူသော ပညတ်ပျောက်ကွယ်သွားသကဲ့သို့ ထို့အတူ မိမိကိုယ်ကို ဓာတ်လေးပါးလွန်ကဲသော ရုပ်လေးမျိုးတို့ဖြင့်ဖျက်ကာ ဉာဏ်၌ တစ်ပုံစီ, တစ်ပုံစီ ခွဲခြားလိုက်သောအခါ ငါ ဟူသော အတ္တဒိဋ္ဌိ, အတ္တပညတ် ပျောက်၍ ဓာတ်လေးပါး ရုပ်အပေါင်းအစုမျှသာပါ တကား-ဟု ပရမတ္ထရုပ်ကို ဉာဏ်ဖြင့် တွေ့ မြင်လိမ့်မည်။

အတ္တပညတ်, သတ္တဝါပညတ်, ပုဂ္ဂိုလ်ပညတ်, မိန်းမ-ယောက်ျား ဟူသော ပညတ်တွေ ပျောက်လိမ့်မည်။ ထိုအခါ မိမိရုပ်, သူတစ်ပါးရုပ်တို့အပေါ်၌ စွဲလမ်း တပ်မက် နှစ်သက်သော တဏှာနှင့် ဒိဋ္ဌိတို့ တဒင်္ဂ အားဖြင့်သော်လည်းကောင်း ကင်းကွာပေလိမ့်မည်ကိုလည်း သိရှိလာလိမ့်မည်။

ဓာတ်လေးပါး ရုပ်အစုအပေါင်းမှတစ်ပါး ပုဂ္ဂိုလ်, သတ္တဝါ, သူ, ငါ, ယောက်ျား, မိန်းမ ဟူ၍ မရှိသည်ကိုလည်း သဘောပေါက် ဉာဏ်မြင်လာလိမ့်မည်။ တဒင်္ဂပဟာန်မှစ၍ အဆင့်ဆင့် ဉာဏ်ရင့်သည်ထက် ရင့်၍ သမုစ္ဆေဒပဟာန် တိုင်အောင် ပယ်နိုင်ပေ လိမ့်မည်။

မိမိကိုယ်ဟူသော ရုပ်အစုအပေါင်း၌ ပထဝီစသော ရုပ်ဓာတ်လေးပါးမှ တစ်ပါး ပုဂ္ဂိုလ်, သတ္တဝါဟူ၍ မမြင်သကဲ့သို့၊ ထို့အတူ တစ်ပါးသော ကိုယ်၌လည်း ဓာတ်လေးပါး အစုအပေါင်းမှတစ်ပါး ပုဂ္ဂိုလ်, သတ္တဝါဟူ၍မရှိ၊ ဓာတ်လေးပါးမျှသာ ရှိသည်ဟူ၍ ရှုမြင်ရမည်။

ဤကဲ့သို့ အဇ္ဈတ္တ, ဗဟိဒ္ဓရုပ် အပေါင်း၌ ဓာတ်လေးပါးတည်း ဟူသော ရုပ်အစု အပေါင်း ပရမတ္ထတို့သာဖြစ်၍ ထို ပရမတ္ထရုပ်တို့သည် မြဲသော သဘောမရှိကြ၊ အသစ်, အဟောင်း ပြောင်းလွဲကာ ဖြစ်ပျက်လျက်သာ ရှိကြသဖြင့် ဒုက္ခတို့သာ ဖြစ်ကုန်၏။ မြဲစေရန်, ချမ်းသာစေရန် တောင့်တ၍မရ၊ ပြုပြင်၍မရ၊ အလိုဆန္ဒသို့ မလိုက်။

အကြောင်းတရား တို့ကြောင့် ဖြစ်ပေါ်လာကြပြီးလျှင် အကြောင်းတရား ချုပ်ငြိမ်း သကဲ့သို့ အကျိုးဖြစ်သော ရုပ်တို့သည်လည်း သင်္ခတ သဘောအတိုင်း ချုပ်ငြိမ်း ပျက်ပြုန်းကြပါကုန်တကား-ဟု လက္ခဏာရေးတင် ဆင်ခြင်သော ယောဂီသည် အရိယာဘုံသို့ တိုင်အောင် ရောက်နိုင်ပေသည်။

တစ်နည်းအားဖြင့် ဆင်ခြင်ရန်

ရူပါရုံတစ်ခုကိုမြင်လိုက်သောအခါ-

၁။ ထိုရူပါရုံသည် ရူပဓာတ် မည်၏၊
၂။ ရူပါရုံနှင့် ရှေးရှုထိခိုက်သော စက္ခုပသာဒရုပ်သည် စက္ခုဓာတ် မည်၏၊
၃။ စက္ခုဓာတ်ကိုမှီ၍ ရူပါရုံကို မြင်တတ်သောစိတ်သည် စက္ခုဝိညာဏဓာတ် မည်၏၊
၄။ စက္ခုဝိညာဏဓာတ်နှင့် ယှဉ်သော အာရုံ၏အရသာကို ခံစားသောဝေဒနာ, အာရုံကို မှတ်သားသောသညာ စေတသိက်တို့သည် ဓမ္မဓာတ် မည်၏။

ဤဓာတ်လေးပါး ပေါင်းဆုံမိသည်ရှိသော် မြင်ခြင်းကိစ္စ ဖြစ်ပေါ်၏။ ယင်းသို့ မြင်ခြင်းကိစ္စ မြင်ခြင်းအမှု ဖြစ်ပေါ်လာရာ၌ ဘယ်သူကြည့်သည်, ဘယ်ပုဂ္ဂိုလ် မြင်သည်, ငါကြည့်သည်, သူကြည့်သည်ဟူ၍ ပုဂ္ဂိုလ်ကိုညွှန်ပြရန်တွေ့ပါ၏လော။

အာရုံ၏အရသာကို ခံစားသူဟူ၍လည်း ရှာမရ မရှိ၊ ဝေဒနာသာရှိသည်။ အာရုံကို မှတ်သားသူလည်းမရှိ၊ သညာသာ ရှိသည်၊ သညာက မှတ်သားသည်။ ဓာတ်လေးပါး ပေါင်းဆုံမိခြင်းကြောင့် မြင်မှုကိစ္စ ဖြစ်ခြင်းသာပါတကား၊ သူဟူ၍ လည်းကောင်း, ငါဟူ၍ လည်းကောင်း ပြစရာမရှိ၊ ဆိုစရာမရှိ၊ စွဲလမ်းစရာမရှိ။ အကြောင်းအလျောက် အကျိုးအနေနှင့် ဖြစ်ပေါ်လာ ကြသော ပရမတ္ထရုပ်နာမ် အစုအပေါင်းတို့သာပါတကား- ဟု ဆင်ခြင်လေ့လာရမည်။

ပဋ္ဌာန်းနည်းအားဖြင့် ဆင်ခြင်ရန်

၁။ စက္ခုပသာဒဝတ္ထုရုပ်သည် စက္ခုဝိညာဏ်ကို နိဿယပစ္စည်းဖြင့် ကျေးဇူးပြုသည်၊
၂။ ရူပါရုံသည် စက္ခုဝိညာဏ်ကို အာရမ္မဏပစ္စည်းဖြင့် ကျေးဇူးပြုသည်၊

၃။ အာဝဇ္ဇန်းစိတ်သည် စက္ခုဝိညာဏ်စိတ်ကို အနန္တရ, သမနန္တရ, ဥပနိဿယ, နတ္ထိ, ဝိဂတ- ပစ္စည်းတို့ဖြင့် ကျေးဇူးပြုသည်၊

၄။ အလင်းရောင်သည် စက္ခုဝိညာဏ်ကို ပကတူပနိဿယ ပစ္စည်းဖြင့် ကျေးဇူးပြုသည်၊

၅။ အာရုံကိုခံစားသော ဝေဒနာ, အာရုံကို မှတ်သားသောသညာစသော စေတသိက် တို့သည် သဟဇာတပစ္စည်းဖြင့် ကျေးဇူးပြုကြသည်။

ယင်းသို့လျှင် ထုတ်ဆောင်ပြခဲ့သော ပစ္စည်းတရားတို့ ဖြစ်ပေါ် ပေါင်းဆုံမိသည် ရှိသော် မြင်ခြင်းကိစ္စသည် ဖြစ်၏။ ယင်းသို့ မြင်ခြင်းကိစ္စဖြစ်ခြင်း၌ အဘယ်သူ မြင်သည်, ငါမြင်သည်, သူမြင်သည်, မိန်းမမြင်သည်, ယောက်ျားမြင်သည်ဟု အတ္တပညတ်ကို အဘယ် မှာလျှင် ပြနိုင်အံ့နည်း။

အတ္တဟူ၍ ရှာမရ၊ ရှိလည်းမရှိ။ ပုဂ္ဂိုလ်သတ္တဝါဟူ၍ မတွေ့ရ၊ မိန်းမ ယောက်ျား ဟူ၍ မတွေ့ရ၊ ရှိလည်းမရှိ။ ရုပ်နာမ်ပရမတ္တတရားတို့သာလျှင် အကြောင်းအလျောက် ပေါင်းဆုံမိကြသဖြင့် မြင်ခြင်းကိစ္စ, မြင်မှုတစ်ခု ဖြစ်ပေါ်လာခြင်းပါတကား၊ ဖြစ်ပေါ်ကြပြီး နောက်၌လည်း တည်တံ့ခိုင်မြဲနေသည် မဟုတ်၊ အသီးသီး တစ်မုဟုတ်ချင်း ချုပ်ပျောက်ကြကုန်သော ရုပ်နာမ်ပရမတ္ထတို့သာပါတကား- ဟူ၍လည်း ဆင်ခြင် ပွားများကြရသည်။

ဓာတုမနသိကာရကမ္မဋ္ဌာန်း ပြီး၏။

သိဝထိက ကမ္မဋ္ဌာန်း

ကာယဝိစ္ဆန္ဒနိက သုတ်လာ အသုဘကမ္မဋ္ဌာန်းကို ပြရာ၌ သိဝထိက ကမ္မဋ္ဌာန်း ပါသင့်သမျှ ပါရှိသော်လည်း သတိပဋ္ဌာနသုတ်လာ သိဝထိက ကမ္မဋ္ဌာန်း ၉-ပါး အပြည့်အစုံကိုလည်း ကမ္မဋ္ဌာန်း အလိုရှိသော ယောဂီများအား ရည်ညွှန်း၍ ထုတ်ဆောင်ပြဦးအံ့။

၁။ ရဟန်းတို့ --- တစ်ပါးတုံလည်း ငါဘုရား သာသနာတော်၌ ရဟန်းတရားကို အားထုတ်သောရဟန်းသည် --

  • သုသာန်၌စွန့်ပစ်အပ်သော,
  • သေပြီး၍ တစ်ရက်ရှိသည် လည်းဖြစ်သော,
  • သေပြီး၍ နှစ်ရက်ရှိသည်လည်းဖြစ်သော,
  • ၃-ရက်ရှိသည်လည်း ဖြစ်သော,
  • ပုပ်သည်ဖြစ်၍ ဖူးဖူးရောင်သော,
  • အဆင်းပျက်၍ ညိုမဲသော, သွေးပြည် တို့သည် ယိုစီးလျက်ရှိသော

သူသေကောင်ကို ရှုမြင်သကဲ့သို့၊ ဤကောဋ္ဌာသ ရုပ် အစုအပေါင်း ဖြစ်သော ငါ၏ ကိုယ်သည်လည်း ဤအကောင်ပုပ်အတူ ဖူးဖူးရောင်ခြင်း သဘောရှိ၏။ ဖူးဖူး ရောင်ခြင်း စသော သဘောကို မလွန်နိုင်ပေ- ဟူ၍ အကောင်ပုပ်နှင့် မိမိကိုယ်ကို အတူပြု၍ ဉာဏ်ဖြင့်ဆင်ခြင်၏။

ဤသို့လျှင် မိမိအဇ္ဈတ္တရုပ် အပေါင်း၌ ဖူးဖူးရောင်ခြင်းစသည်သို့ ရောက်လတ္တံ့ ဖြစ်သော ရုပ်အပေါင်းသာလျှင် ရှိပေသည်။ ပုဂ္ဂိုလ်, သတ္တဝါဟူ၍ကား မရှိ ပေ-ဟု ရှုသည့်ဖြစ်၍ နေ၏။

၂။ ရဟန်းတို့ --- တစ်ပါးတုံလည်း ရဟန်းသည် -

  • သုသာန်၌စွန့်ပစ်အပ်သော
  • ကျီးငှက် တို့သည်မူလည်း ကိုက်ခဲ ဆိတ်ဆွဲအပ်သော,
  • စွန်တို့သည်မူလည်း ကိုက်ခဲ ဆိတ်ဆွဲ အပ်သော,
  • လင်းတတို့သည်မူလည်း ကိုက်ခဲ ဆိတ်ဆွဲအပ်သော
  • အိမ်ခွေး, ကျား, ကျားသစ်, တောခွေးတို့သည်မူလည်း ကိုက်ခဲအပ်သော,
  • အထူးထူးသော ပိုးမျိုးတို့သည် မူလည်း ကိုက်ခဲစားသောအပ်သော

သူသေကောင်ပုပ်ကို မြင်သကဲ့သို့၊ ရှုသကဲ့သို့၊ ဝါ-မြင်သောသူသေကောင်ပုပ် တို့ကဲ့သို့၊ ငါ့ကိုယ်ဟူသော ဤရုပ် အစုအပေါင်းသည်လည်း ကျီး စွန်, လင်းတ စသောသတ္တဝါတို့၏ အစာသာလျှင် ဖြစ်ခြင်း သဘောရှိ၏။ ထိုအဖြစ်ကို မလွန်နိုင်ချေ- ဟူ၍ အကောင်ပုပ်နှင့် မိမိ ကိုယ်ကိုအတူပြု၍ ဉာဏ်ဖြင့် ဆင်ခြင်၏။

၃။ ရဟန်းတို့ - တစ်ပါးတုံလည်း ရဟန်းသည် သုသာန်၌စွန့်ပစ်အပ်သော အကြွင်း အကျန် အသားအသွေးနှင့်တကွ ပကတိရှိရင်းအကြောတို့ဖြင့် ဖွဲ့ပတ်လျက်ရှိသော အရိုးစု ဖြစ်သော အကောင်ပုပ်ကို သော်လည်းကောင်း၊

၄။ ရဟန်းတို့ - တစ်ပါးတုံလည်း ရဟန်းသည် အသားကားမရှိ၊ အသွေးတို့ဖြင့် လိမ်းကျံကာ အကြောတို့ဖြင့်သာလျှင် ဖွဲ့ပတ်လျက်ရှိသော အကောင်ပုပ်ကိုသော် လည်းကောင်း၊

၅။ ရဟန်းတို့ - တစ်ပါးတုံလည်း ရဟန်းသည် အသားအသွေးတို့လုံးဝကင်း၍ အကြော တို့ဖြင့် ဖွဲ့မြဲဖွဲ့လျက်ရှိသော အကောင်ပုပ်ကိုသော်လည်းကောင်း၊

၆။ ရဟန်းတို့ - တစ်ပါးတုံလည်း ရဟန်းသည် --

  • အကြောတို့ဖြင့် ဖွဲ့ခြင်းမရှိသည်ဖြစ်၍
  • တစ်နေရာ၌ လက်ရိုး,
  • အခြားတစ်နေရာ၌ ခြေရိုး,
  • တစ်နေရာ၌ ဖမျက်ရိုး,
  • တစ်နေရာ၌ သလုံးရိုး,
  • တစ်နေရာ၌ ပေါင်ရိုး၊
  • တစ်နေရာ၌ ခါးရိုး,
  • တစ်နေရာ၌ နံရိုး,
  • တစ်နေရာ၌ ကျောက်ကုန်းရိုး,
  • တစ်နေရာ၌ ပခုံးရိုး,
  • တစ်နေရာ၌ လည်ပင်းရိုး,
  • တစ်နေရာ၌ မေးရိုး,
  • တစ်နေရာ၌ သွားရိုး,
  • တစ်နေရာ၌ ခေါင်းရိုး-

ဤသို့ဖြင့် ထိုထိုအရပ်၌ ပြန့်ကျဲ၍ တည်ရှိကုန်သော အရိုးတို့ကို တွေ့မြင် ရှုမြင်သကဲ့သို့၊ ဤအရိုးတို့သည် ပြန့်ကျဲလျက် ရှိကြကုန်သည့်နည်းတူ ရုပ်အပေါင်း အစုဖြစ်သော ငါ၏အရိုးတို့သည်လည်း တစ်နေ့သောအခါ၌ ပြန့်ကျဲကြမည့် အရိုးစု ရုပ်အပေါင်းသာလျှင် ဖြစ်ပေသည်၊ ဤသဘောကို မလွန်နိုင်ချေ- ဟု ရှုမြင်နေ၏။

၇။ ရဟန်းတို့ -- တစ်ပါးတုံလည်း ရဟန်းသည် သုသာန်၌စွန့်ပစ်အပ်သော ခရုသင်း နှင့်တူသော အဆင်းရှိကုန်သော ဖြူသောအရိုးရှိကုန်သော သူသေကောင်ကိုသော် လည်းကောင်း၊

၈။ ရဟန်းတို့ -- တစ်ပါးတုံလည်း ရဟန်းသည် တစ်နှစ်ကျော်လွန်သည်ဖြစ်၍ အသား အသွေးအကြောတို့မရှိ အရိုးအစုအပုံမျှသာဖြစ်သော သူသေကောင် ကိုသော် လည်းကောင်း၊

၉။ ရဟန်းတို့ - တစ်ပါးတုံလည်း ရဟန်းသည် ဆွေးသဖြင့် အမှုန့်အမှုန့်ဖြစ်ကုန်သော အရိုးတို့ကိုကဲ့သို့ မိမိဟူသော အသားအသွေး အကြောအရိုးတို့သည်လည်း ဤအရိုး အမှုန့်တို့နည်းတူ ဖြစ်ကြကုန်မည့် ရုပ်အပေါင်းအစုတို့ပါတကား၊ ဤသဘောကို မလွန်နိုင်ချေ- ဟု ရှုမြင်၍နေ၏။

အဇ္ဈတ္တ, ဗဟိဒ္ဓဖြစ်သော ရုပ်အပေါင်း၌လည်း ဤသို့ပင်ရှု၍နေ၏။
ရုပ်အပေါင်း၌ ဖြစ်မှုသဘောကိုလည်း ရှု၏၊
ရုပ်အပေါင်း၌ ပျက်မှုသဘောကိုလည်း ရှု၏။
ရုပ်အပေါင်း၌ ဖြစ်မှု ပျက်မှုသဘောကိုလည်း ရှု၏။

ဖြစ်ပျက်မှု သဘောရှိသောကိုယ်ဟု သမုတ်အပ်သော ရုပ်အပေါင်းသာလျှင်ရှိ၏ ဟူ၍ သတိသည် ရှေးရှုထင်၏။ ထိုသတိသည် ဉာဏ်တိုးပွားခြင်းငှာ, သတိတိုးပွားခြင်းငှာ ဖြစ်၏။ ထိုရုပ်အပေါင်း၌ တဏှာ, ဒိဋ္ဌိတို့ကို မမှီမူ၍နေ၏။ ဥပါဒါနက္ခန္ဓာတည်းဟူသော လောက၌ တစ်စုံတစ်ခုကိုမျှ စွဲလမ်းတပ်မက်ခြင်းမရှိချေ။

ရဟန်းတို့ - သာသနာတော်၌ ရဟန်းတရားကို အားထုတ်သော ရဟန်းသည် ဤသို့လျှင် ကိုယ်ဟူသော ရုပ်အပေါင်း၌ ရုပ်အပေါင်းမျှသာရှိသည်ဟူ၍ ရှုလေ့ ရှိကာနေ၏။ ရုပ်အပေါင်းမှတစ်ပါး ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါဟူသည် မရှိဟူ၍ မြင်လေသည် ဟု နဝသိဝထိက ကာယာနုပဿနာ ကမ္မဋ္ဌာန်းကို မြတ်စွာဘုရား ဟောကြားတော်မူသည်။

သိဝထိကကမ္မဋ္ဌာန်း အားထုတ်ပုံ

ကာယာနုပဿနာကမ္မဋ္ဌာန်းကို ဆင်ခြင်ပွားများလိုသော ယောဂီသည် အသုဘပို့ရန် သုသာန်သို့ ရောက်သောအခါ၌ဖြစ်စေ, ရံခါ တမင်ပင်သွား၍ ဖြစ်စေ သုသာန်သို့ ရောက်သောအခါ၌ ဘုရားဟောတော်မူသော ၉-မျိုးသော အကောင်ပုပ်တို့တွင် မိမိတွေ့မြင်သော တစ်မျိုးမျိုးသော အကောင်ပုပ်ကဲ့သို့၊ ထို့အတူ မိမိကိုယ်ဟူ၍ ဆိုအပ်သော ဤရုပ် အပေါင်းသည်လည်း ဤမြင်တွေ့ အပ်သော အကောင်ပုပ် နှင့်မခြား တစ်နေ့သောအခါ၌ သုသာန်သို့ရောက်၍ ဤသို့ပင် ဖြစ်ရချေဦးမည်-ဟု ဆင်ခြင်ပွားများရာသည်။

မိမိကိုယ်သာလျှင် မဟုတ်၊ အခြား အခြား ရုပ်အပေါင်းအစု ဖြစ်သော ကိုယ်တို့ သည်လည်း ဤ အကောင်ပုပ်ကဲ့သို့ပင် အလားတူဖြစ်ကြပေလိမ့်မည်။

ဤအကောင်ပုပ်သည် သာယာတပ်မက် နှစ်သက်ဖွယ်, လိုချင်ဖွယ်, ချစ်ခင်ဖွယ် မရှိသကဲ့သို့၊ ငါ၏ ကိုယ်သည်လည်း စင်စစ် သာယာဖွယ်, နှစ်သက်ဖွယ်, လိုချင်ဖွယ်, ချစ်ခင်ဖွယ် မဟုတ်သည်သာလျှင် ဖြစ်ချေ၏၊ ဇီဝိတိန္ဒြေချုပ်လျှင်ပင် ဤအကောင်ပုပ်ကဲ့သို့ ဧကန်ဖြစ်မည်ပါတကား။

ဇီဝိတိန္ဒြေ မချုပ်မီ၌လည်း ရေဖြင့်သန့်ရှင်းခြင်း, အဝတ်အစား အဆင်တန်ဆာ တို့ဖြင့် ဆင်ယင်ဖုံးလွှမ်း၍ ပြုပြင်မှုတို့ကြောင့်သာ တင့်တယ်သလို, ရှုချင်ဖွယ် ရှိသလို ထင်မှတ်ရစေကာမူ ပကတိသဘောမှန်မူကား အကောင်ပုပ် စင်စစ်သာလျှင် ဖြစ်ပါသည်တကား- ဟု ဆင်ခြင်ပွားများခြင်းဖြင့် သုသာန်သို့ရောက်သောအချိန်၌ သိဝထိက ကမ္မဋ္ဌာန်း တည်းဟူသော သေခြင်းကင်းရာသို့ ရောက်ကြောင်း မဂ္ဂင်တရားကို ပွားများသင့်ကြပေသည်။

နဝသိဝထိက ကမ္မဋ္ဌာန်း၌ --

  • ၉-ပါးသော အကောင်ပုပ်ကို သိမ်းဆည်းသော သတိသည် ဒုက္ခသစ္စာ။
  • ဒုက္ခသစ္စာသတိကို ဖြစ်စေသော ရှေးအခါကဖြစ်သော တဏှာသည် သမုဒယသစ္စာ။
  • ဒုက္ခ၊ သမုဒယနှစ်ပါးတို့၏ မဖြစ်ခြင်း ချုပ်ငြိမ်းခြင်းသည် နိရောဓသစ္စာ။
  • ဒုက္ခကိုသိခြင်း, သမုဒယကိုပယ်ခြင်း, နိရောဓကို အာရုံပြုခြင်းရှိသော မဂ္ဂင်သည် မဂ္ဂသစ္စာ-

ဟူ၍ အဋ္ဌကထာ၌ သစ္စာဖွဲ့ပြတော်မူသည်။

သိဝထိက ကမ္မဋ္ဌာန်း ပြီး၏။

ဝေဒနာနုပဿနာ ကမ္မဋ္ဌာန်း

ကထဉ္စ ပန ဘိက္ခဝေ ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ။
ရဟန်းတို့ ... ငါဘုရား သာသနာတော်၌ ရဟန်းတရားကို အားထုတ်သောရဟန်း သည် ဝေဒနာတို့၌ ဝေဒနာဟူ၍ အဘယ်သို့ ရှုမြင်လေ့ရှိသည်ဖြစ်၍ နေသနည်း ဟူမူကား-

ရဟန်းတို့ --- သာသနာတော်၌ ရဟန်းတရားကို အားထုတ်သောရဟန်းသည် သုခဝေဒနာကိုခံစားသည်ရှိသော် ငါသည် သုခဝေဒနာကို ခံစားသည်ဟူ၍ သိ၏။ ဒုက္ခ ဝေဒနာကို ခံစားသည်ရှိသော် ငါသည် ဒုက္ခဝေဒနာကို ခံစားသည်ဟူ၍ သိ၏။ သုခ မဟုတ်, ဒုက္ခမဟုတ်သော ဥပေက္ခာဝေဒနာကို ခံစားသည်ဟူ၍သိ၏။

အဋ္ဌကထာ ရှင်းလင်းပြဆိုချက်

ဤနေရာ၌ ကြားညှပ်၍ အဋ္ဌကထာ ရှင်းလင်းချက်ကို ယောဂီတို့ သိသင့်ကြ ပေသည်။ ဝေဒနာကို ခံစားရာ၌ ပက်လက်အိပ်အရွယ်ဖြစ်သော နို့စို့ကလေးများသည် ပင်လျှင် မိခင်၏ရင်ခွင်၌နေ၍ နို့စို့နေသောအချိန်၌ ချမ်းသာသုခကို ခံစားနေစဉ် ငါသည် ချမ်းသာသုခကို ခံစားနေသည်ဟု သိကြသည် မဟုတ်ပါလော။ ထို နို့စို့ကလေးငယ် တို့၏ ချမ်းသာသုခခံစားမှုကိုသိခြင်းနှင့် ယောဂီရဟန်း၏ သုခခံစားမှု သိခြင်းသည် အဘယ်သို့ ထူးခြားခြင်းရှိပါသနည်း၊ ခံစားခြင်းအတူသာလျှင်ဖြစ်သည် မဟုတ်ပါလော - ဟု သံသယဖြစ်ဖွယ်ရှိပေသည်။

နို့စို့အရွယ် ကလေးသူငယ်တို့ ချမ်းသာသုခ ခံစားမှုမျိုးကို ရည်ညွှန်း၍ မြတ်စွာဘုရား က ဟောတော်မူသည် မဟုတ်ပါ။ ကလေးသူငယ်တို့၏ ချမ်းသာသုခ ခံစားခြင်းသည် အတ္တဒိဋ္ဌိကို မစွန့်၊ သတ္တပညတ်မလွတ်၊ ငါ့ကိုယ်ဟူသော ပညတ်အမှတ်သညာနှင့် မကင်း၊ ငါစွဲပါလျက်ရှိသည်၊ ကမ္မဋ္ဌာန်းလည်းမဖြစ်၊ သတိပဋ္ဌာနဘာဝနာလည်း မဖြစ်ချေ။

ရဟန်းတရားကို အားထုတ်သော ရဟန်းတော်၏ သုခဝေဒနာ စသည်ကို ခံစားမှုကို သိခြင်းသည် အတ္တဒိဋ္ဌိကင်း၏၊ သတ္တဝါပညတ်မှ လွတ်၏၊ ငါဟူသော အတ္တသညာကို ခွာ၏၊ ကမ္မဋ္ဌာန်းလည်း ဖြစ်၏၊ သတိပဋ္ဌာနဘာဝနာလည်း ဖြစ်၏။

ဝတ္ထုနှင့် အာရုံတွေ့မှုကြောင့် ဖဿဖြစ်၏၊ ဖဿကြောင့် ဝေဒနာဖြစ်၏၊ ထို ဝေဒနာသည်သာ အတွေ့အထိဟူသော အာရုံအရသာကို ခံစား၏။ ယင်းသို့ ခံစားရာ၌ အဘယ်သူခံစားသနည်း ဟုမေးလျှင် ခံစားတတ်သောပုဂ္ဂိုလ်, သတ္တဝါမရှိ၊ ဖဿဟူသော အကြောင်းကြောင့် ဝေဒနာဖြစ်ပေါ်ကာ သဘာဝအလျောက် ဝေဒနာက ခံစားခြင်းသာ ဖြစ်၏။

အဘယ်သူ၏ ဝေဒနာနည်း ဟု မေးလျှင်လည်း ဝေဒနာကို ပိုင်ဆိုင်သူဟူ၍ မရှိ။ အဘယ့်ကြောင့် ခံစားသနည်းဟု မေးလျှင်လည်း အာရုံပေါ်လာ၍ ပရမတ္ထတရား တို့၏ မိမိတို့ သဘာဝအလျောက် ခံစားခြင်း သဘောရှိသော ဝေဒနာဖြစ်ခြင်း မျှသာတည်း-ဟု ဖြေရမည်။

ဤသို့ ပညာဉာဏ်ဖြင့် ဆင်ခြင်၍ အတ္တပညတ်ကင်းလျက် ရဟန်းတော်၏ ဝေဒနာကို ခံစားမှုမျိုးကို ရည်ညွှန်း၍ မြတ်စွာဘုရား ဟောတော်မူပါသည်- ဟု ဆိုသည်။

ဝေဒနာ၏ဖြစ်ရာဖြစ်သော ဖောဋ္ဌဗ္ဗ စသောအာရုံကို အာရုံပြု၍ ဝေဒနာသည် သာလျှင် အာရုံကိုခံစား၏။ ဝေဒနာခံစားခြင်းကိုပင် ငါဝေဒနာခံစားသည် ́ ဟု ပညတ် အားဖြင့် ပြောဆို သုံးနှုန်းခြင်းဖြစ်သည်၊ ပုဂ္ဂိုလ် သတ္တဝါခံစားသည် မဟုတ်။ ဤသည်ကို ရည်ညွန်း၍ သုခဝေဒနာကို ခံစားလျှင် သုခဝေဒနာကို ခံစားသည်ဟု သိသည် ဟူ၍ ဟောတော်မူသည်။

စိတ္တလတောင် မဟာထေရ်ဝတ္ထု

စိတ္တလတောင်၌ သီတင်းသုံးတော်မူသော မထေရ်တစ်ပါးသည် မကျန်းမမာသော အခါ၌ ပြင်းထန်သော ဝေဒနာကြောင့် ညည်းတွားလျက် ထိုမှ ဤမှ လူးလှိမ့်ကာ နေ၏။ ရဟန်းငယ်တစ်ပါးက အရှင်ဘုရား- အဘယ်နေရာက နာကျင်ပါသလဲ ဟုမေး၏။ ငါ့ရှင် ဘယ်နေရာကွက်၍ နာသည်ဟူ၍မပြောနိုင်၊ တစ်ကိုယ်လုံးပင် ဝတ္ထုကို အာရုံပြုကာ ဝေဒနာသည်သာ ခံစားလျက်ရှိသည်ဟု ပြော၏။

အရှင်ဘုရား ဝေဒနာသည်သာ ခံစားနေသည်ဟု သိသောအခါမှစ၍ သည်းခံ သင့်သည် မဟုတ်ပါလော” ဟု လျှောက်၏။ ငါ့ရှင်- သည်းခံပါတော့မည်ဟု ပြော၏။ အရှင်ဘုရား- သည်းခံခြင်းသည် ကောင်းမြတ်ပါသည်ဟု လျှောက်၏။ မထေရ်သည် လည်း မညည်းမတွားမူ၍ သည်းခံတော်မူလေသည်။

လေရောဂါသည် နှလုံးသားတိုင်အောင် ကွဲစေ၏၊ ညောင်စောင်းငယ်၌ အူတို့သည် ထွက်၍ပုံနေ၏။ ငါ့ရှင်--- ဤမျှသည်းခံခြင်းဖြင့် သင့်လျော်ပြီလားဟု အူတို့ကိုပြ၏။ ရဟန်းငယ်ကား ဆိတ်ဆိတ်နေ၏။

မထေရ်သည် ဝီရိယနှင့်သမာဓိကို ညီစေလျက် ပဋိသမ္ဘိဒါလေးပါးနှင့် တကွ အရဟတ္တဖိုလ်သို့ရောက်၍ ဝါရသမသီသီ ရဟန္တာအဖြစ်ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူ၏။

သမသီသီတိ ဝါရသမသီသီ ဟုတွာ၊ ပစ္စဝေက္ခဏဝါရဿ အနန္တရဝါရေ ပရိနိဗ္ဗာယီတိ အတ္တော။ (မဟာသတိပဋ္ဌာနသုတ် ဋီကာ။)

မဂ်ကိုဆင်ခြင်သော ပစ္စဝေက္ခဏာ,
ဖိုလ်ကိုဆင်ခြင်သော ပစ္စဝေက္ခဏာ,
နိဗ္ဗာန်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာ,
ပယ်ပြီးသော ကိလေသာကို ဆင်ခြင်သော ပစ္စဝေက္ခဏာ,
အကြိမ်အလှည့်၏ အခြားမဲ့၌ ပရိနိဗ္ဗာန်ပြုတော်မူသည်ဟု ဆိုသည်။

ဤဝတ္ထု၌ မထေရ်၏ သည်းခံနိုင်ခြင်းသည် ဝေဒနာကိုခွာ၍ ဝေဒနာကို နှလုံး မသွင်းဘဲ ကမ္မဋ္ဌာန်းအာရုံကို ဆင်ခြင်ပွားများသည်ဖြစ်၍ သည်းခံနိုင်ခြင်း ဖြစ်သည်။

တစ်နည်းမှာ-

ဒုက္ခဝေဒနာ၏ တည်ရာဖြစ်သော ကောဋ္ဌာသအာရုံကို အာရုံပြု၍ ဝေဒနာသည် သာလျှင် ခံစားသည်၊ ငါခံစားသည် မဟုတ်၊ ငါ၏ဝေဒနာ မဟုတ်၊ ငါ၌ ဝေဒနာ မရှိ၊ ဝေဒနာ၌လည်း ငါဟူ၍မရှိ။ ဤဝေဒနာသည်လည်း အနိစ္စသဘောရှိ၏။ ဆင်းရဲ အစစ်ဖြစ်သော ဝေဒနာသာတည်း။ အလိုသို့မပါ၊ အတ္တလည်းမဟုတ်- စသည်ဖြင့် ဆင်ခြင် ပွားများ နှလုံးသွင်းသည်ဖြစ်၍ သည်းခံနိုင်သည်ဟု မှတ်ရာ၏။

သုခဝေဒနာ ခံစားမှု ရှုဆင်ခြင်ပုံ

သုခဝေဒနာကို ခံစားသည်ရှိသော် သုခဝေဒနာကို ခံစားသည်ဟူ၍ သိ၏- ဟူသော စကား၌ သိရှိပုံတစ်နည်းမှာ- သုခဝေဒနာဖြစ်ပေါ်၍ သုခဝေဒနာကို ခံစားဆဲ အချိန်၌ ဒုက္ခဝေဒနာမရှိခြင်းကြောင့် သုခဝေဒနာကိုခံစားစဉ်၌ သုခဝေဒနာကိုသာခံစားစဉ်ဟု သိ၏-ဟု ဟောတော်မူသည်။

ထို့ကြောင့် ရှေးက ဖြစ်ဖူးသော ဒုက္ခဝေဒနာသည် ယခု သုခဝေဒနာကို ခံစားဆဲ အချိန်၌ မရှိ၊ ခံစားဆဲဖြစ်သော သုခဝေဒနာသည်လည်း ယခုဖြစ်ဆဲအချိန်မှ ပထမ၌ မရှိသေးသောကြောင့် ဝေဒနာဟူသော သဘောတရားသည် မမြဲ၊ မတည်၊ ပျက်စီးခြင်း သဘောရှိ၏-ဟု ဆင်ခြင်သိမြင်လေသည်။ ဤသို့လည်း တစ်နည်း ဆင်ခြင် သိရှိရာသည်ဟု အဋ္ဌကထာ၌ ပြသည်။

အလိုရှိအပ် မြတ်နိုးအပ်သော ဣဋ္ဌာရုံကိုအာရုံပြု၍ ချမ်းသာသော သုခဝေဒနာ ဖြစ်လျှင် ဣဋ္ဌာရုံကိုအကြောင်းပြု၍ သုခဝေဒနာဖြစ်သည်ဟု ယောဂီသည် သိရမည်။ ဣဋ္ဌာရုံချုပ်ပျောက်သွားသောအခါ၌ အကြောင်းဖြစ်သော ဣဋ္ဌာရုံချုပ်သဖြင့် အကျိုး ဖြစ်သော သုခဝေဒနာသည်လည်း ချုပ်ကွယ်ပေတော့သည်ဟူ၍လည်းသိရမည်။

ဣဋ္ဌာရုံ တည်ရှိနေသမျှ အချိန်ကာလအတွင်း၌ သုခဝေဒနာ တစ်ပါးတည်းသာလျှင် တည်မြဲ၍ အာရုံကိုခံစားနေသည် မဟုတ်၊ သုခဝေဒနာပေါင်း များစွာတို့သည် ခဏတိုင်းဖြစ်, ခဏတိုင်း ချုပ်ကာ သုခဝေဒနာ အစဉ်အတန်းကြီး တစ်ခုပြီးတစ်ခု ဆက်ကာဆက်ကာ ခံစားခြင်း ဖြစ်သည်ကိုသိ၍ သုခဝေဒနာ၏ မမြဲသည်ကိုလည်း ဆင်ခြင်ရမည်။

ဣဋ္ဌာရုံကိုလည်း မြဲစေချင်လျက် မမြဲ၊ သုခဝေဒနာကိုလည်း မြဲစေချင်လျက် မမြဲ၊ မြဲအောင် တောင့်တ၍ မရခြင်းကြောင့် ဆင်းရဲရပြန်ပါတကားဟုလည်း ဆင်ခြင် ရမည်။ ဣဋ္ဌာရုံနှင့် သုခဝေဒနာတို့၏ မမြဲခြင်း, မြဲအောင်တောင့်တ၍ မရခြင်းကြောင့် ဆင်းရဲ ရခြင်းတို့သည် ငါပိုင်မဟုတ်, ငါအစိုးမရ, ပရမတ္ထရုပ်နာမ်တို့၏ သဘာဝအလျောက်သာလျှင် အကြောင်းအကျိုးစပ်ကာ ဖြစ်ပျက်ကြခြင်းပါတကား ဟုလည်း ဆင်ခြင်ရမည်။

ယင်းသို့ အမှန်သဘောကို ဆင်ခြင်၍ မြင်သော ယောဂီသည် ဣဋ္ဌာရုံ၌ လည်းကောင်း, သုခဝေဒနာ၌ လည်းကောင်း ငြီးငွေ့လာလိမ့်မည်၊ နှစ်သက် သာယာခြင်း ကင်းလာလိမ့်မည်။ နှစ်သက်သာယာခြင်း ကင်းလျှင် တပ်မက်သော တဏှာမှ လွတ်မြောက်လိမ့်မည်။ တဏှာမှလွတ်မြောက်လျှင် ဥပါဒါန်မဖြစ်။ ဥပါဒါန်ဖြစ်က ဘဝမဖြစ်။ ဘဝမဖြစ်လျှင်လည်း တစ်ဖန် ဘဝသစ်၌ ဇာတိဖြစ်ရန်မရှိ။

ဇာတိမဖြစ်က ဇာတိ၏ အကျိုးရင်းဖြစ်သော ဇရာ မရဏတို့နှင့်တကွ ဇာတိ၏ အကျိုးဖျားဖြစ်သော သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတို့သည်လည်း ဖြစ်ခွင့်မရှိနိုင်ကြကုန်။ သောကစသည်တို့မှ ကင်းသဖြင့် တစ်ဖန် အာသဝေါတရား တို့လည်း မပေါ်နိုင်ကြကုန်။

အာသဝေါ ကင်းသောကြောင့် သံသရာ၏ ဦးခေါင်းသဖွယ်ဖြစ်သော အဝိဇ္ဇာလည်း အစပျောက်ချုပ်ငြိမ်းသဖြင့် သံသရာစက်ကို ဖျက်ဆီးအပ်ပြီဖြစ်၍ ဒုက္ခပေါင်းစုံတို့မှ ကင်းလွတ်၍ အအေးကြီးအေး, အငြိမ်းကြီး ငြိမ်းစေသော ဝေဒနာနုပဿနာ ကမ္မဋ္ဌာန်းကို အားထုတ်သင့်လှပေသည်။

(ဘုရားဟောတော်မူရင်း ဝေဒနာနုပဿနာကို ပြန်ဆင်ခြင်ပါ။)

ဒုက္ခဝေဒနာကို ခံစားသည်ရှိသော် ဒုက္ခဝေဒနာကို ငါခံစားသည်ဟု သိ၏။ အဒုက္ခမသုခဝေဒနာကို ခံစားသည်ရှိသော် အဒုက္ခမသုခဝေဒနာကို ခံစားသည် ဟုသိ၏။

ကာမဂုဏ်အာရုံ တည်းဟူသော အာမိသနှင့်တကွ ဖြစ်သော သုခဝေဒနာကို ခံစားသည်ရှိသော် ကာမဂုဏ်အာရုံ တည်းဟူသော အာမိသနှင့်တကွဖြစ်သော သုခဝေဒနာကို ခံစားသည်ဟုသိ၏။

ကာမဂုဏ်အာရုံ တည်းဟူသော အာမိသကင်းသော သုခဝေဒနာကိုခံစားသည် ရှိသော် ကာမဂုဏ်အာရုံ တည်းဟူသော အာမိသကင်းသော သုခဝေဒနာကိုခံစား သည်ဟု သိ၏။

[အာမိသ အစာနှင့်တကွဖြစ်သော သုခဝေဒနာဟူသည်- “ပဉ္စကာမဂုဏာမိသ- သန္နိဿိတာ ဆ ဂေဟဿိတသောမနဿဝေဒနာ”ဟု အဋ္ဌကထာရှိသောကြောင့် သား မယား, အိမ်သူအိမ်သားနှင့်တကွ မိမိသိမ်းဆည်းအပ်သော သက်ရှိသက်မဲ့ ပစ္စည်းဥစ္စာဟူသော ရူပါရုံ, သဒ္ဒါရုံ၊ ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, ဓမ္မာရုံ တို့ကို မှီ၍ဖြစ်သော ခြောက်ပါးသော သောမနဿဝေဒနာကိုဆိုသည်။ အာမိသ အစာကင်းသော သုခဝေဒနာဟူသည် “နိရာမိသသုခါ နာမ ဆ နေက္ခမ္မဿိတ သောမနဿဝေဒနာ”ဟု ရှိသောကြောင့် ခြောက်ပါးသောအာရုံတို့၏ ဖြစ်ခြင်း ပျက်ခြင်းစသော အပြစ်တို့ကိုမြင်၍ ထိုထိုအာရုံ၏ ဘင်္ဂ, ဘယ, အာဒီနဝ စသည်တို့ကိုရှုကာ ရွှင်လန်းသော ယောဂီသန္တာန်၌ဖြစ်သော သောမနဿဝေဒနာ မျိုးကို ဆိုသည်။]

အာမိသအစာနှင့်တကွဖြစ်သော ဒုက္ခဝေဒနာကို ခံစားသည်ရှိသော် အာမိသအစာ နှင့်တကွဖြစ်သော ဒုက္ခဝေဒနာကိုခံစားသည်ဟုသိ၏။ အာမိသအစာကင်းသော ဒုက္ခ ဝေဒနာကို ခံစားသည်ရှိသော် အာမိသအစာကင်းသော ဒုက္ခဝေဒနာကို ခံစားသည် ဟုသိ၏။

[အာမိသအစာနှင့် တကွဖြစ်သော ဒုက္ခဝေဒနာဟူသည်- သားမယား အိမ်သူ အိမ်သား နှင့်တကွ မိမိသိမ်းဆည်းအပ်သော သက်ရှိသက်မဲ့ပစ္စည်းတည်း ဟူသော အာရုံ ခြောက်ပါးကို မှီ၍ဖြစ်သော ဒေါမနဿဝေဒနာကိုဆိုသည်။ တရားအားထုတ်စ ဖြစ်သော ယောဂီသန္တာန်၌ သမာဓိအားနည်းသေးသောကြောင့် တရားအာရုံပေါ်၌ စိတ်တည်ငြိမ်စွာ ထား၍မရသေးသဖြင့် နှလုံးမသာမယာ ဖြစ်ခြင်း စသည်သည် အာမိသကင်းသော ဒေါမနဿဝေဒနာပင် ဖြစ်သည်။]

အာမိသအစာနှင့်တကွဖြစ်သော အဒုက္ခမသုခဝေဒနာကို ခံစားသည်ရှိသော် အာမိသ အစာနှင့်တကွဖြစ်သော အဒုက္ခမသုခဝေဒနာကို ခံစားသည်ဟုသိ၏။ အာမိသ အစာကင်းသော အဒုက္ခမသုခဝေဒနာကို ခံစားသည်ရှိသော် အာမိသ အစာကင်းသော အဒုက္ခမသုခဝေဒနာကို ခံစားသည်ဟုသိ၏။

ဤသို့လျှင် မိမိအဇ္ဈတ္တသန္တာန်၌ဖြစ်သော ဝေဒနာတို့၌ ဝေဒနာဟု ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ သူတစ်ပါးဟူသော ဗဟိဒ္ဓသန္တာန်၌ဖြစ်သော ဝေဒနာတို့၌ ဝေဒနာဟု ရှုလေ့ရှိသည်ဖြစ်၍နေ၏။ ရံခါ အဇ္ဈတ္တ, ရံခါ ဗဟိဒ္ဓသန္တာန်၌ဖြစ်သော ဝေဒနာတို့၌ ဝေဒနာဟု ရှုလေ့ရှိသည်ဖြစ်၍နေ၏။

ဝေဒနာတို့၌ ဖြစ်ခြင်းသဘောကို ရှုလေ့ရှိသည်ဖြစ်၍နေ၏။ ဝေဒနာတို့၌ ပျက်ခြင်း သဘောကို ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ဝေဒနာတို့၌ ဖြစ်ခြင်း ပျက်ခြင်းသဘောကို ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

ထိုရဟန်းအား ဝေဒနာသာလျှင် ရှိသည်ဟူ၍ သတိသည် ရှေးရှုထင်၏။ ထို သတိသည် ဉာဏ်တိုးပွားခြင်းငှာ, သတိတိုးပွားခြင်းငှာ ဖြစ်၏။ တဏှာ, ဒိဋ္ဌိတို့ကို မမှီမူ၍နေ၏။ ဥပါဒါနက္ခန္ဓာတည်းဟူသော လောက၌ တစ်စုံတစ်ခုကိုမျှ စွဲလမ်းခြင်း မရှိ။

ရဟန်းတို့- - ရဟန်းတရားကို အားထုတ်သော ရဟန်းသည် ဤသို့လျှင် ဝေဒနာ တို့၌ ဝေဒနာဟုရှုလေ့ရှိသည်ဖြစ်၍ နေ၏- ဟုဟောတော်မူသည်။

ဝေဒနာကို အကျဉ်းနည်း ဆင်ခြင်ပုံ

တရားအားထုတ်သော ယောဂီပုဂ္ဂိုလ်သည် သုခဝေဒနာဖြစ်ပေါ်လာသည်ဖြစ်စေ, ဒုက္ခဝေဒနာ ဖြစ်ပေါ်လာသည်ဖြစ်စေ ဖြစ်ပေါ်လာသမျှ ဝေဒနာတို့ကို ဝေဒနာ ဟူ၍သာရှုပါ၊ ဝေဒနာဟူ၍သာသိပါ။

ဝေဒနာမှတစ်ပါး ခံစားတတ်သောပုဂ္ဂိုလ်, သတ္တဝါမရှိ၊ ဝေဒနာ သာလျှင်ခံစားသဖြင့် ဝေဒနာသာရှိသည်ကိုသိပါ၊ လေ့လာပါ။ ထိုဖြစ်ပေါ်သော ဝေဒနာတို့သည်လည်း တည်မြဲနေသည်မရှိ၊ မြစ်ရေအလျဉ်ကဲ့သို့ တစ်စဉ်တတန်းကြီး ရှေ့ကချုပ်, နောက်က အသစ်ဖြစ်ဖြစ်ပြီးလျှင် တစ်ခဏချင်းဖြင့် ပျောက်ပျက်နေကြသော ဝေဒနာ အပေါင်း တို့ပါတကားဟု လက္ခဏာတင်ဆင်ခြင်ရှုကြည့်ဉာဏ်ဖြင့်သိ၍ အဇ္ဈတ္တဗဟိဒ္ဓ တစ်လောကလုံးကို အမှန်သဘောအတိုင်း မြင်သဖြင့် တဏှာ, ဒိဋ္ဌိတို့မှကင်းသော စွဲလမ်းခင်မင် နှစ်သက်တပ်မက်ခြင်း မရှိမူ၍ လောကမှ လွတ်မြောက်နိုင်ကြပါ စေကုန်သတည်း။

ဝေဒနာနုပဿနာ ကမ္မဋ္ဌာန်း ပြီး၏။

🧘 စိတ္တာနုပဿနာ ကမ္မဋ္ဌာန်း

ကထဉ္စ ပန ဘိက္ခဝေ ဘိက္ခု စိတ္တာနုပဿီ ဝိဟရတိ
ရဟန်းတို့ -- ရဟန်းတရားကို အားထုတ်သော ရဟန်းသည် အဘယ်ကဲ့သို့ စိတ်၌ စိတ်ဟုရှုလေ့ရှိသည်ဖြစ်၍ နေသနည်းဟူမူကား- ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းတရားကို အားထုတ်သော ရဟန်းသည်-

၁။ ရာဂနှင့်တကွဖြစ်သော စိတ်ဖြစ်သည်ရှိသော် ရာဂနှင့်တကွဖြစ်သော စိတ်ဖြစ်သည်ဟု သိ၏။
၂။ ရာဂကင်းသော စိတ်ဖြစ်သည်ရှိသော် ရာဂကင်းသောစိတ်ဖြစ်သည်ဟု သိ၏။
၃။ ဒေါသနှင့်တကွဖြစ်သော စိတ်ဖြစ်သည်ရှိသော် ဒေါသနှင့်တကွဖြစ်သော စိတ်ဖြစ်သည်ဟု သိ၏။
၄။ ဒေါသကင်းသော စိတ်ဖြစ်သည်ရှိသော် ဒေါသကင်းသောစိတ်ဖြစ်သည်ဟု သိ၏။
၅။ မောဟနှင့်တကွဖြစ်သော စိတ်ဖြစ်သည်ရှိသော် မောဟနှင့်တကွဖြစ်သော စိတ်ဖြစ်သည်ဟု သိ၏။
၆။ မောဟကင်းသော စိတ်ဖြစ်သည်ရှိသော် မောဟကင်းသော စိတ်ဖြစ်သည်ဟု သိ၏။
၇။ တွန့်တိုဆုတ်နစ်သော စိတ်ဖြစ်သည်ရှိသော် တွန့်တိုဆုတ်နစ်သော စိတ်ဖြစ်သည်ဟု သိ၏။
၈။ ပျံ့လွင့်သောစိတ် ဖြစ်သည်ရှိသော် ပျံ့လွင့်သောစိတ်ဖြစ်သည်ဟု သိ၏။
၉။ မဟဂ္ဂုတ်စိတ်ဖြစ်သည်ရှိသော် မဟဂ္ဂုတ်စိတ်ဖြစ်သည်ဟု သိ၏။
၁၀။ မဟဂ္ဂုတ် မဟုတ်သော စိတ်ဖြစ်သည်ရှိသော် မဟဂ္ဂုတ် မဟုတ်သော စိတ်ဖြစ်သည်ဟုသိ၏။
၁၁။ မိမိထက် မြတ်သောစိတ် ရှိသေးသော အောက်တန်းစိတ် ဖြစ်သည်ရှိသော် မိမိထက် မြတ်သောစိတ် ရှိသေးသောအောက်တန်းစိတ်ဖြစ်သည်ဟု သိ၏။
၁၂။ မိမိထက်မြတ်သောစိတ် မရှိသော အထက်တန်းစိတ် ဖြစ်သည်ရှိသော် မိမိထက်မြတ်သောစိတ်မရှိသော အထက်တန်းစိတ်ဖြစ်သည်ဟု သိ၏။
၁၃။ ဥပစာရသမာဓိ, အပ္ပနာသမာဓိရှိသောစိတ်ဖြစ်သည်ရှိသော် ဥပစာရသမာဓိ, အပ္ပနာသမာဓိရှိသောစိတ် ဖြစ်သည်ဟု သိ၏။
၁၄။ ဥပစာရသမာဓိ, အပ္ပနာသမာဓိ မရှိသောစိတ် ဖြစ်သည်ရှိသော် ဥပစာရသမာဓိ, အပ္ပနာသမာဓိ မရှိသောစိတ်ဖြစ်သည်ဟု သိ၏။
၁၅။ တဒင်္ဂ, ဝိက္ခမ္ဘနအားဖြင့် ကိလေသာမှ လွတ်သောစိတ် ဖြစ်သည်ရှိသော် တဒင်္ဂ, ဝိက္ခမ္ဘနအားဖြင့် ကိလေသာမှ လွတ်သောစိတ်ဖြစ်သည်ဟု သိ၏။
၁၆။ တဒင်္ဂ, ဝိက္ခမ္ဘနအားဖြင့် ကိလေသာမှ မလွတ်သောစိတ် ဖြစ်သည်ရှိသော် တဒင်္ဂ, ဝိက္ခမ္ဘန္ဒအားဖြင့် ကိလေသာမှ မလွတ်သောစိတ် ဖြစ်သည်ဟု သိ၏။

ဤသို့လျှင် မိမိအဇ္ဈတ္တသန္တာန်၌ ဖြစ်သောစိတ်၌ စိတ်ဟုရှုလေ့ရှိသည်ဖြစ်၍နေ၏။ သူတစ်ပါးဟူသော ဗဟိဒ္ဓသန္တာန်၌ ဖြစ်သောစိတ်၌ စိတ်ဟုရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ရံခါ အဇ္ဈတ္တ, ရံခါ ဗဟိဒ္ဓသန္တာန်၌ ဖြစ်သောစိတ်၌ စိတ်ဟုရှုလေ့ရှိသည်ဖြစ်၍နေ၏။

စိတ်၌ဖြစ်ခြင်းသဘောကို ရှုလေ့ရှိသည်ဖြစ်၍နေ၏။
စိတ်၌ပျက်ခြင်းသဘောကို ရှုလေ့ရှိသည်ဖြစ်၍နေ၏။
စိတ်၌ အဖြစ်, အပျက်သဘောကို ရှုလေ့ရှိသည်ဖြစ်၍နေ၏။

စိတ်သာလျှင်ရှိသည်ဟူ၍ ထိုရဟန်းအား သတိသည် ရှေးရှုထင်၏။ ထင်သော ထိုသတိသည် ဉာဏ်တိုးပွားခြင်းငှာ, သတိတိုးပွားခြင်းငှာဖြစ်၏။ တဏှာ, ဒိဋ္ဌိတို့၌ မမှီမူ၍နေ၏။ ဥပါဒါနက္ခန္ဓာတည်းဟူသော လောက၌ တစ်စုံတစ်ခုကိုမျှ စွဲလမ်းခြင်းမရှိချေ။

ရဟန်းတို့ -- ရဟန်းတရားကိုအားထုတ်သောရဟန်းသည် ဤသို့လျှင် စိတ်၌ စိတ်ဟု ရှုလေ့ရှိသည်ဖြစ်၍ နေ၏- ဟု ဟောတော်မူသည်။

💡 စိတ် ၁၆-ပါး အဓိပ္ပာယ် ရှင်းလင်းချက်

စိတ္တာနုပဿနာကမ္မဋ္ဌာန်း ဒေသနာတော်နှင့်စပ်၍ အဋ္ဌကထာကို မူတည်၍ အဓိပ္ပာယ် ဖော်ပြဦးအံ့။

၁။ ရာဂနှင့်တကွဖြစ်သောစိတ်ဟူသည်- လောဘသဟဂုတ် စိတ်ရှစ်ပါးနှင့်တကွ ဖြစ်သော စိတ်ကို ဆိုသည်။
၂။ ရာဂကင်းသော စိတ်ဟူသည်-- လောကီကုသိုလ်နှင့် ဝိပါက်, ကြိယာ စိတ်တို့ကို ဆိုသည်။ သမ္မသန ဝိပဿနာ အရာဖြစ်သော စိတ်ကိုသာ ဤဒေသနာတော်၌ ဟောတော်မူခြင်းဖြစ်သည်၊ ရသင့်သောတရားဟူသမျှကို ပြဆိုသည်မဟုတ်။ ထို့ကြောင့် ဝိရာဂ- ရာဂကင်းသောစိတ်၏ အရကိုကောက်ရာ၌ လောကုတ္တရာစိတ်ကို မကောက်ရခြင်းဖြစ်သည်။ ကြွင်းသော အကုသိုလ်စိတ်လေးပါးတို့သည် သရာဂစိတ်၌လည်း မပါဝင်၊ ဝိတရာဂစိတ်၌လည်း မပါဝင်ချေ။
၃။ ဒေါသနှင့်တကွဖြစ်သော စိတ်ဟူသည်- ဒေါမနဿစိတ် နှစ်ပါးကို ဆိုသည်။
၄။ ဒေါသကင်းသော စိတ်ဟူသည်- လောကီကုသိုလ်စိတ် ဝိပါက်, ကြိယာစိတ်တို့ကို ဆိုသည်။ ကြွင်းသော အကုသိုလ်စိတ်ဆယ်ပါးသည် သဒေါသစိတ်၌လည်းမပါဝင်၊ ဝီတဒေါသစိတ်၌လည်း မပါဝင်ချေ။
၅။ မောဟနှင့် တစ်ကွဖြစ်သော စိတ်ဟူသည်- ဝိစိကိစ္ဆာသဟဂုတ်စိတ်နှင့် ဥဒ္ဓစ္စသဟဂုတ်စိတ် နှစ်ပါးကိုဆိုသည်။ အထူးမှတ်ရန်မှာ- မောဟသည် အကုသိုလ် စိတ်အားလုံးတို့၌ ဖြစ်၏။ သို့ဖြစ်၍ ဝိစိကိစ္ဆာနှင့် ဥဒ္ဓစ္စမှကြွင်းသော အကုသိုလ်စိတ် ဆယ်ပါးတို့သည်လည်း သမောဟစိတ်- မောဟနှင့်တကွဖြစ်သောစိတ်ဟု ဆိုရသည် ဟူ၍ မှတ်ရမည်။
၆။ မောဟကင်းသော စိတ်ဟူသည်- လောကီကုသိုလ်စိတ်, ဝိပါက်, ကြိယာစိတ် တို့ကို ဆိုသည်။
၇။ တွန့်တိုဆုတ်နစ်သောစိတ် ဟူသည်- ထိန-မိဒ္ဓနှင့်ယှဉ်သည်၏ အစွမ်းအားဖြင့် ထိန-မိဒ္ဓသို့ လိုက်၍ဖြစ်သော စိတ်တည်း။ အကုသိုလ်စိတ် တစ်ဆယ့်နှစ်ပါးတွင် သသင်္ခါရိကစိတ် ငါးပါးသည် တွန့်တိုဆုတ်နစ်သောစိတ်ဖြစ်၏။ အာရုံနှင့်တွေ့သော အခါ တွန့်တို ဆုတ်နစ်သော သဘောရှိသည်ဟု ဆိုလိုသည်။
၈။ ပျံ့လွင့်သောစိတ်ဟူသည်- ဥဒ္ဓစ္စသဟဂုတ်စိတ်ဟု ဆိုသည်။
၉။ မဟဂ္ဂုတ်စိတ်ဟူသည်- ရူပါဝစရစိတ်, အရူပါဝစရစိတ်တို့ကိုဆိုသည်။
၁၀။ မဟဂ္ဂုတ်မဟုတ်သောစိတ်ဟူသည်- ကာမာဝစရစိတ်ကို ဆိုသည်။
၁၁။ မိမိထက်မြတ်သောစိတ်ရှိသော အောက်တန်းစိတ်ဟူသည်- ကာမာဝစရစိတ်ကို ဆိုသည်။
(ကာမာဝစရစိတ်သည် မိမိထက်မြတ်သော မဟဂ္ဂုတ်စိတ်တို့ ရှိသောကြောင့်တည်း။)
၁၂။ မိမိထက် မြတ်သောစိတ် မရှိသောစိတ်ဟူသည်- ရူပါဝစရစိတ်, အရူပါဝစရစိတ် တို့ကိုဆိုသည်။ ရူပါဝစရ, အရူပါဝစရစိတ် နှစ်ပါးတွင်လည်း ရူပါဝစရစိတ်သည် မိမိထက် မြတ်သောစိတ်ရှိသောစိတ်ဖြစ်၏။ အရူပါဝစရစိတ်သည် မိမိထက်မြတ် သောစိတ် မရှိသောစိတ်ဖြစ်၏။
၁၃။ အပ္ပနာသမာဓိ, ဥပစာရ သမာဓိရှိသောစိတ်သည် သမာဟိတစိတ်ဖြစ်၏။
၁၄။ သမာဓိနှစ်ပါးမရှိသောစိတ်သည် အသမာဟိတစိတ်ဖြစ်၏။
၁၅-၁၆။ ကိလေသာမှလွတ်သောစိတ်, မလွတ်သောစိတ်ဟူရာ၌ တဒင်္ဂအားဖြင့် ဖြစ်စေ, ဝိက္ခမ္ဘနအားဖြင့်ဖြစ်စေ ကိလေသာမှလွတ်ခြင်း, မလွတ်ခြင်းကို ဤဒေသနာ အရာ၌ ဆိုလိုသည်။ သမုစ္ဆေဒ, ပဋိပ္ပဿဒ္ဓိ, နိဿရဏ ဝိမုတ္တိတို့ကို မဆိုလိုချေ။

💭 စိတ်ကိုသိအောင်ပြ၍ ဆင်ခြင်ပုံ

စိတ္တာနုပဿနာ ကမ္မဋ္ဌာန်းကို အားထုတ်လိုသော ယောဂီသည် မြတ်စွာဘုရား နည်းပေး ညွှန်ပြတော်မူသည့်အတိုင်း နှလုံးသွင်း ဆင်ခြင်အားထုတ်ရမည်သာ ဖြစ်သည်။

အာရုံခြောက်ပါးတို့တွင် တစ်ပါးပါးသောအာရုံနှင့် ကြုံကြိုက်တွေ့ဆုံသောအခါ မိမိ သန္တာန်၌ ဖြစ်ပေါ်လာသောစိတ်ကို ငါ့သန္တာန်၌ ယခုအချိန်မှာ လောဘနှင့် ယှဉ်သောစိတ် ဖြစ်သလား, ဒေါသနှင့် ယှဉ်သောစိတ် ဖြစ်သလား, မောဟနှင့် ယှဉ်သောစိတ် ဖြစ်သလား, ကာမာဝစရကုသိုလ်စိတ်ပဲ ဖြစ်နေသလားဟု ဆင်ခြင် ရမည်။ အကယ်၍ လောဘစိတ်ဖြစ်နေလျှင် ထိုလောဘစိတ်ကိုပင် လောဘ စိတ်ဖြစ်နေသည်ဟု သတိပြုကာ သိရမည်။ ဒေါသစိတ်ဖြစ်နေလျှင်လည်း ဒေါသစိတ်ဖြစ်နေသည်ဟု သိရမည်။

ယင်းသို့ သိအောင် သတိပြု ဆင်ခြင်ခြင်းဖြင့် လောဘစိတ် ဒေါသစိတ်တို့သည် အကုသိုလ်စိတ်တို့ ဖြစ်သောကြောင့် “အကုသလာ သာဝဇ္ဇဒုက္ခဝိပါကလက္ခဏာ”ဟု ဆိုသဖြင့် အကုသိုလ်ဟူသည်မှာ အပြစ်ရှိသော သဘောရှိသည်, ဆင်းရဲဒုက္ခတည်း ဟူသော မကောင်းသော အကျိုးကိုပေးခြင်း လက္ခဏာရှိသည်ဟု ဆင်ခြင်၍ ထို လောဘစိတ်, ဒေါသ စိတ်ကို မဖြစ်အောင် ပယ်ရှားရမည်။

ထိုလောဘစိတ်, ဒေါသစိတ်တို့သည်လည်း --
“နေတံ မမ- ငါ့စိတ်မဟုတ်၊
နေသောဟမသ္မိ- ဤစိတ်သည်ငါမဟုတ်၊
နမေသော အတ္တာ- ငါ့အတ္တမဟုတ်၊ ငါဟူသည် မရှိ။ အကြောင်းဖြစ်သော အာရုံကြောင့် အခိုက်အတန့် ဖြစ်ပေါ်လာသော အကျိုးတရား မျှသာဖြစ်သည်”
ဟု ဆင်ခြင်လျက် စိတ်၌ ငါဟူ၍ထင်မှတ်စွဲလမ်းခြင်း, ငါ၏စိတ်ဟူသော အစွဲအလမ်း တို့ကို ပယ်ဖျောက်၍ “ထိုစိတ်တို့သည်လည်း ဖြစ်ခြင်း, ပျက်ခြင်းသဘောရှိသော ပရမတ္ထတရားဖြစ်၍ မမြဲသောစိတ်, ကိုယ်ပိုင်မဟုတ်သောစိတ် ဒုက္ခပေးတတ်သော စိတ်”ဟူ၍ ပွားများဆင်ခြင်ခြင်းဖြင့် အကုသိုလ်ဖြစ်သော လောဘ, ဒေါသတို့ကို သိမြင်ပြီးကာလ ထိုစိတ်မျိုးတို့ကို တစ်ဖန်မဖြစ်စေဘဲ ဝိပဿနာဘာဝနာ ကာမာဝစရ ကုသိုလ်စိတ်ဖြစ်အောင် ပွားများရမည်။

ယင်းသို့ ပွားများဆင်ခြင်ခြင်းဖြင့် လောဘစိတ် ဖြစ်ပေါ်လာသောအခါ လောဘစိတ် ဖြစ်ပေါ်သည်ဟု သိရသောအကျိုးရှိ၏။ ဒေါသစိတ် စသည် ဖြစ်ပေါ်လာသော အခါလည်း ဒေါသစိတ်ဖြစ်ပေါ်လာသည်ဟု သိရသောအကျိုး ရှိ၏။

မိမိသန္တာန်၌ လောဘစိတ်ဖြစ်နေသည်ကိုလည်း မသိ၊ ဒေါသစိတ် ဖြစ်နေသည် ကိုလည်း မသိသောသူသည် အပြစ်နှင့်တကွ ဆင်းရဲဒုက္ခကို ဖြစ်စေတတ်သော, မိမိ၏ ရန်သူဖြစ်သော ထိုလောဘ, ဒေါသတို့ကိုမသိလျှင် ထိုစိတ်တို့၏ ညှဉ်းဆဲ နှိပ်စက်ခြင်းကို လက်ငင်းမျက်မှောက်ကာလ၌လည်း ခံရမည်၊ တမလွန်ဘဝ၌လည်း ခံရမည်၊ သံသရာ တစ်လျှောက်လုံး ဆင်းရဲဒုက္ခကို ခံရမည်ဖြစ်သည်။

ရန်သူဖြစ်သော လောဘစိတ်, ဒေါသစိတ်တို့ကို ဖြစ်ပေါ်လာသောအခါ စောစောက ကြိုတင်၍သိလိုက်ရသောကြောင့် ထိုစိတ်တို့က ဒုက္ခမပေးမီပယ်ရှားလိုက်နိုင်သဖြင့် ခံစားရမည့် ဆင်းရဲဒုက္ခတို့မှ လွတ်ကင်း၍ ချမ်းသာရခြင်း အကျိုးရှိသည်ကိုသိရှိ၍ ဝမ်းမြောက်ကြရမည်။

အကယ်၍ ကာမာဝစရကုသိုလ်စိတ် ရှစ်ပါးထဲမှ တစ်ပါးပါးဖြစ်ပေါ်လာခဲ့လျှင် ဥပမာ- သောမနဿဝေဒနာနှင့်တကွ ဉာဏ်နှင့်ယှဉ်သော အသင်္ခါရိကကုသိုလ်ဖြစ်ပေါ် ခဲ့သော် သောမနဿဝေဒနာနှင့်တကွ ဉာဏ်နှင့်ယှဉ်သော အသင်္ခါရိက ကုသိုလ်စိတ် (ဝီတရာဂစိတ်) ဖြစ်သည်ဟု မိမိ၏ ကုသိုလ်စိတ်ကို မိမိသိရမည်။

ထို ကာမာဝစရ ကုသိုလ်စိတ်သည်လည်း ငါမဟုတ်၊ ငါ့စိတ်ဟု မဆိုရ၊ ငါ့အတ္တ မဟုတ်၊ မြဲလည်းမမြဲ၊ ကိုယ်ပိုင်အစိုးရသော စိတ်လည်းမဟုတ် စသည်ဖြင့် ဆင်ခြင်ပွားများ၍ ကာမာဝစရ ကုသိုလ်စိတ် သာမညကို ဝိပဿနာ ကုသိုလ်စိတ် အဖြစ်သို့ ပြောင်းကာ ဝိဝဋ္ဋနိဿိတ ကုသိုလ် ဖြစ်စေရမည်။

ဤသို့လျှင် မိမိသန္တာန်၌ဖြစ်ပေါ်သမျှသောစိတ်တို့ကို ဖြစ်ပေါ်တိုင်း ဖြစ်ပေါ်တိုင်း မလွတ်ရအောင်, သိအောင်ရှု၍ ဝိပဿနာအမြင်ဖြင့် လက္ခဏာရေးတင် ဆင်ခြင်ခြင်း ကိုပြု၍ စိတ္တာနုပဿနာကမ္မဋ္ဌာန်းဖြင့် အရိယာဘုံသို့ရောက်အောင် အားထုတ်နိုင်ကြပါစေကုန်သတည်း။

🚫 စိတ်ကို စိတ်အတိုင်း မထားသင့်ကြောင်း

အလျဉ်းသင့်ခိုက်ဖြစ်၍ စိတ်နှင့်စပ်၍ ဆင်ခြင်ထိုက်, လိုက်နာအားထုတ် ထိုက်သော တရားသဘောကို ဆက်လက်ပြဆိုဦးအံ့။

အချို့ ကမ္မဋ္ဌာန်းဆရာက စိတ်ကို စိတ်အတိုင်း ထားရမည် ဟူ၍ ဟောသည်ဟု တစ်ဆင့်စကား ကြားသိရသည်။ ဘုရားဟောတော်မူသော ပရိယတ္တိအကြားအမြင် နည်းပါး ကြကုန်သေးသော စာပေကြည့်ရှုချိန် မရ, တရားနာချိန်မရကြသဖြင့် အမှားအမှန်ကို မသိနိုင်ကြသော ကိစ္စမြားမြောင် လူ့ဘောင်၌ စားဝတ်နေရေးနှင့် အချိန်ကုန်နေကြရသော ဥပါသကာ, ဥပါသိကာမတို့သည် စိတ်ကို စိတ်အတိုင်း ထားရမည် ဆိုသောစကားကို မှန်လှပြီ, ဟုတ်လှပြီ, ကောင်းလှပြီဟု အထင်အမြင် မှားကာ လမ်းလွဲသို့ မလိုက်မိကြစေရန် ကံရုဏာရှေ့ထား၍ ရေးသားမည်ပင် ဖြစ်သည်။ သို့ရေးသားရာ၌လည်း အတ္တနောမတိ- မိမိသဘော မိမိအမြင်ဖြင့်သာ ရေးမည်ကား မဟုတ်၊ မြတ်စွာဘုရား စကားတော်ကိုသာ ဖော်ပြ၍ ရေးသားမည် ဖြစ်သည်။

🔥 စိတ်ကိုလွှတ်ထားလျှင် မကောင်းမှု၌ မွေ့လျော်

စိတ်ဟူသည်မှာ “ပါပသ္မိံ ရမတိ မနော”ဟု ဟောတော်မူသည့်အတိုင်း သူ့ အတိုင်း ပစ်ထားလိုက်လျှင် မကောင်းမှု၌သာ မွေ့လျော်တတ်သည်, မကောင်းသောအာရုံ ကာမဂုဏ်၌သာ မွေ့လျော်တတ်သည်။ မကောင်းသောအာရုံ ကာမဂုဏ်၌သာ ပျော်တတ် သည်ဖြစ်၍ စိတ်ကိုစိတ်အတိုင်း ထားလိုက်လျှင် ဒုက္ခအမျိုးမျိုးနှင့် တိုးမိသည်သာဖြစ်သည်။

စိတ်သည် ရူပါရုံစသော ကာမဂုဏ်အာရုံတို့၌ သက်ဝင် လှုပ်ရှားတတ်သည်၊ အတည်အငြိမ် မနေတတ်ဟု ဟောတော်မူသည်။ စိတ်သည် ဣရိယာပုထ် တစ်ခုတည်းဖြင့် တည်၍မနေတတ်၊ ကလေးသူငယ်တို့ကဲ့သို့ အမြဲတမ်းလှုပ်ရှားနေတတ်သော သဘောရှိ သည်ဟု ဟောတော်မူသည်။

ပြည့်ကျပ်သော စပါးတော၌ စပါးပင်ကိုစားသောနွားကို အထိန်းအကျောင်း ခက်သကဲ့သို့ လျောက်ပတ်သော တရားအာရုံတစ်ခု၌ စိတ်ကို ထိန်းကျောင်းထားရန် ခက်ခဲသည်ဟု ဟောတော်မူသည်။ စိတ်သည် မလျောက်ပတ် မလျော် ကန်သော ဝိသဘာဂအာရုံသို့ ရောက်လျှင် တားမြစ်နိုင်ခဲသည်ဟု ဟောတော်မူသည်။

လေးသမားသည် ကောက်သောမြားကို ဖြောင့်အောင် ပြုပြင်သဖြင့် မင်းထံမှ လာဘ်လာဘကိုရ၍ ချမ်းသာသကဲ့သို့၊ ကာမဂုဏ်အာရုံရှိရာ အကုသိုလ်ဘက်သို့ လှုပ်ရှားသက်ဝင်၍ လမ်းကောက်နေသော စိတ်ကို သူတော်ကောင်း ပညာရှိ ပုဂ္ဂိုလ်သည် ထိန်းသိမ်းကာ လမ်းဖြောင့် လမ်းမှန်သို့ ရောက်အောင်ပြုပြင်၍ လောကုတ္တရာအကျိုးကျေးဇူးကို ရယူစေရမည်ဟု ဟောတော်မူသည်။

ရေ၌သာ ကျက်စားသော ငါးကို ကုန်းပေါ်သို့ ပစ်တင်သည်ရှိသော် အငြိမ်အတည် မနေဘဲ တဖျတ်ဖျတ် ခုန်ပျံလှုပ်ရှား၍သာ နေသကဲ့သို့၊ စိတ်သည် ကိလေသာ ဝဋ်ဟူသော ကိလေသမာရ်၏တည်ရာ ကာမဂုဏ်အာရုံ၌ လှုပ်ရှားသက်ဝင်နေ တတ်သည်။

သို့ပင် ကာမဂုဏ်အာရုံ၌သာလျှင် သက်ဝင်လှုပ်ရှား၍ နေတတ်သော်လည်း ထိုစိတ်ကို အလိုအလျောက် ပစ်မထားဘဲ အားမလျှော့ဘဲ ထိန်းသိမ်းဆုံးမ၍ ကမ္မဋ္ဌာန်းအာရုံ၌ သက်ဝင် တည်ငြိမ်စေ၍ မေဃိယမထေရ် တို့ကဲ့သို့ သောတာပတ္တိဖိုလ် စသည်သို့ရောက်အောင် အားထုတ်ရာသည်။

✅ စိတ်ကို ထိန်းသိမ်းနိုင်မှ မဂ်ဖိုလ် ရမည်

စိတ်ကို နှိမ်နင်းဆုံးမမှု၌ လွယ်ကူသော သဘောမရှိ၊ လျင်လျင်မြန်မြန်ဖြစ်၍ လျင်လျင်မြန်မြန် ချုပ်တတ်သည်။ သင့်, မသင့် မရွေးချယ်ဘဲ အမျိုးအနွယ် အရွယ် ဟူ၍ မငဲ့ကွက်၊ အလိုရှိသော ကာမအာရုံတို့၌ ဖြစ်တတ်၏။

ဤကဲ့သို့သော သဘောရှိသောစိတ်ကို ဆုံးမနှိပ်ကွပ်မှသာ ကောင်းမြတ်သည်။ လိမ္မာ ယဉ်ကျေးအောင် ဆုံးမသွန်သင်အပ်သော ဆင်, မြင်း, ကျွဲ, နွား တို့သည် လူတို့၏ ချမ်းသာမှု ကိစ္စတာဝန်ကို ဆောင်ရွက်သကဲ့သို့ ပစ်မထားဘဲ သူ့အတိုင်းမထားဘဲ ဆုံးမအပ်သော စိတ်သည် လူ, နတ်, နိဗ္ဗာန်ချမ်းသာကို ဆောင်ရွက်တတ်ပေသည်ဟု ဟောတော်မူသည်။

စိတ်သည် အလွန်မြင်ဖို့ခဲယဉ်းသော သဘောတရားတစ်ပါးဖြစ်သည်၊ အလွန်လည်း သိမ်မွေ့သည်။ ကောင်းဆိုးကြီးငယ် အယုတ်အမြတ်မရွေး အာရုံဟူသမျှ၌ ဖြစ်တတ်၏၊ ကျရောက်တတ်၏။ လူညံ့များသည် မိမိစိတ်ကိုထိန်းသိမ်း စောင့်ရှောက် ခြင်းငှာ မစွမ်းနိုင် ကြသောကြောင့် အကျိုးမဲ့ပျက်စီးခြင်းကို ရောက်ကြကုန် သော်လည်း ပညာရှိသူတော်ကောင်း တို့သည်မူကား စိတ်ကိုထိန်းသိမ်း စောင့်ရှောက်နိုင်ကြ၏။ ကောင်းစွာ စောင့်ရှောက်ထိန်းသိမ်း အပ်သော စိတ်သည် ချမ်းသာကို ဆောင်ရွက် နိုင်ပေသည်။ မဂ်ဖိုလ်နိဗ္ဗာန်တိုင်အောင် ဆောင်ရွက်နိုင်, ပို့ဆောင်နိုင်သည် ဟု ဟောတော်မူသည်။

🔒 စိတ်ကိုစောင့်စည်းလျှင် ဝဋ် ၃-ပါးမှလွတ်မည်

စိတ်သည် စင်စစ်အမှန်အားဖြင့် ပင့်ကူချည်ကလေး တစ်မျှင်စာလောက်မှ အရှေ့ အနောက်စသော အရပ်ဒေသသို့ ရွေ့ရှားသွားလာတတ်သည်ကား မဟုတ်ချေ။ သို့ပင် မသွားလာတတ်သော်လည်း အလွန်ဝေးလံသော အရပ်၌ရှိသော အာရုံ ကိုလည်း ခံယူ အာရုံပြုခြင်းငှာ စွမ်းရည်သတ္တိရှိ၏။ သို့ကြောင့် စိတ်သည် ဒူရင်္ဂမ-ဝေးသောအရပ် ဒေသသို့ သွားတတ်သည်ဟု ဟောတော်မူသည်။

စိတ်သည် ခုနစ်ပါး ရှစ်ပါး စသည်ဖြင့် ပေါင်း၍ စု၍ ဖြစ်တတ်သော သဘောမရှိ၊ စိတ်ဖြစ်သောအခါ တစ်ပါးတည်းသာ ဖြစ်တတ်သည်။ ရှေ့စိတ်တစ်ပါး ချုပ်လျှင် နောက်စိတ်တစ်ပါးဆက်၍ဖြစ်သည်။ ဤသို့ဖြင့် တစ်ပါးတည်း တစ်ပါးတည်းသော စိတ်သာလျှင် ဆက်ကာဆက်ကာ ဖြစ်တတ်သောကြောင့် ဧကစာရ-ဟူ၍ ဟောတော်မူသည်။ အဖော်မရှိ တစ်ပါးတည်း ဖြစ်လေ့ရှိသည်ဟု ဆိုလိုသည်။

စိတ်သည် အထည်ကိုယ်ဟူ၍လည်း မရှိ၊ အနီ အနက်စသည် အရောင်အဆင်း လည်း မရှိ။ သို့ကြောင့် အသရီရ- ကိုယ်ထည်မရှိဟူ၍ ဟောတော်မူသည်။

စိတ်သည် ဟဒယဝတ္ထု ရုပ်တည်းဟူသော လိုဏ်ဂူ၌ မှီ၍ ဖြစ်တတ်သောကြောင့် ဂုဟာသယ-မည်၏ဟု ဟောတော်မူသည်။ ယောက်ျား, မိန်းမ, ရဟန်း ရှင်လူ, မည် သူမဆို မဖြစ်သေးသော လောဘစသော ကိလေသာတို့ကို ဖြစ်ခွင့်မပေးဘဲ သတိ ကင်းလွတ်သဖြင့် ဖြစ်ပေါ်လာသော ကိလေသာတို့ကို ပယ်၍ စိတ်ကို ကိလေသာ၏ အာရုံတို့သို့ မပြေးမထွက်အောင် မပျံ့လွင့်အောင် စောင့်စည်းထိန်းသိမ်းနိုင်ခဲ့လျှင် ထို ယောက်ျား, မိန်းမ, ရဟန်း ရှင်လူတို့သည် မာရ်နတ်မင်း၏ အနှောင်အဖွဲ့ဟု ဆိုအပ်သော ဘုံသုံးပါး ဟူသောဝဋ်မှ လွတ်မြောက်ကြကုန်လတ္တံ့ ဟု ဟောတော်မူသည်။

🛑 စိတ်ကိုမထိန်းနိုင်လျှင် ရာဂနှင့် ယှဉ်မည် ထိန်းနိုင်လျှင် နိဗ္ဗာန်သို့ ဝင်မည်

စိတ်သည် ဘယ်ပုဂ္ဂိုလ်၏ သန္တာန်၌မှ အမြဲထာဝရတည်၍ နေသည်မဟုတ်။ မြင်း၏ကျောက်ကုန်းပေါ်၌ ဖရုံသီးကို တင်ထားသကဲ့သို့ လည်းကောင်း, ဖွဲပုံ၌ စိုက်ထူအပ်သော သစ်သားငုတ်ကဲ့သို့ လည်းကောင်း, ဆံပင်ရိတ်ထား၍ ပြောင်နေသော ဦးခေါင်း ထက်၌ တင်ထားသော ထိန်ပွင့်ကဲ့သို့ လည်းကောင်း အမြဲတည်နေသည် မရှိချေ။

တစ်ခါတရံ ဘုရားတပည့်သားဖြစ်၏၊ အာဇီဝက တပည့်ဖြစ်သည့်အခါ ဖြစ်၏၊ နိဂဏ္ဌတပည့် ဖြစ်သည့်အခါဖြစ်၏။ ဤကဲ့သို့သော ပုဂ္ဂိုလ်၏ စိတ်သည် အနဝဋ္ဌိတစိတ္တ- မတည်သော စိတ်ဟုဆိုရသည်။

ရာဂနှင့်ပူးယှဉ်သော စိတ်ရှိသောသူသည် ဘေးအန္တရာယ်နှင့် ကြုံတတ်သည်။ ရာဂနှင့်မယှဉ်၊ ရာဂတည်းဟူသော ကိလေသာ မစိုမစွတ်သော ပုဂ္ဂိုလ်သည် ဘေးကင်း အန္တရာယ်ကင်းတတ်သည်။ သို့ဖြစ်၍ ရာဂနှင့်မယှဉ်အောင် ရာဂ တည်းဟူသော ကိလေသာမိုးရေ မစွတ်မစိုအောင် စိတ်ကို ထိန်းသိမ်း စောင့်ရှောက်ရမည် ဟုဟောတော်မူသည်။

သောရေယျမထေရ်သည် ယောက်ျားအဖြစ်မှ မိန်းမအဖြစ်သို့ ရောက်ခြင်းသည် မထိန်းမသိမ်း မစောင့်စည်းမူ၍ သူ့အတိုင်း ထားလိုက်သောစိတ်က ပြုလိုက်ခြင်းပင် ဖြစ်၏။ တစ်ဖန် မိန်းမဘဝမှ ယောက်ျားဘဝသို့ ရောက်ခြင်းသည် ထိန်းသိမ်း စောင့်ရှောက် ပြုပြင်သော စိတ်ကပင် ပြောင်းလွဲပေးလိုက်ခြင်းဖြစ်၏၊ ဘယ်မိခင် ဘယ်ဖခင်တို့ကမှ ပြုလုပ် ပေးသည်မဟုတ်။

သို့ဖြစ်၍ စိတ်ကို သူ့ပင်ကို အရိုင်းအတိုင်း သွားချင်ရာသွား ဖြစ်ချင်ရာဖြစ်နေသည်ကို လွှတ်မထားဘဲ ထိန်းသိမ်းစောင့်ရှောက်ပေးရမည်, ပြုပြင်ပေး ရမည်, ဆုံးမပေးရမည်, ယဉ်ကျေးစေရမည်, တည်ငြိမ်စေရမည်။ ဤကဲ့သို့ ထိန်းသိမ်း စောင့်ရှောက် ဆုံးမပေးခြင်းဖြင့် ယဉ်ကျေးစေခြင်းဖြင့် တည်ငြိမ်စေခြင်းဖြင့် မဂ်ဖိုလ် နိဗ္ဗာန် တိုင်အောင် စိတ်သည် ကောင်းကျိုးကျေးဇူးတို့ကို ဖြစ်စေသည်ဟု မြတ်စွာဘုရား ဟောတော်မူသည်ကို ယုံကြည်ကြ၍ စိတ်ကို စိတ်အလိုအတိုင်း လွှတ်မထားမိစေဘဲ ထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေကုန်သတည်း။

စိတ္တာနုပဿနာ ကမ္မဋ္ဌာန်းပြီး၏။

🌿 ဓမ္မာနုပဿနာ ကမ္မဋ္ဌာန်း - နီဝရဏခန်း

ကထဉ္စ ပန ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ
ရဟန်းတို့-- ငါဘုရားသာသနာတော်၌ ရဟန်းတရားကို အားထုတ်သော ရဟန်းသည် အဘယ်သို့လျှင် နာမ်ရုပ်ဖြစ်သော ဓမ္မတို့၌ နာမ်ရုပ်ဖြစ်သောဓမ္မတို့- ဟု ရှုလေ့ ရှိသည်ဖြစ်၍ နေသနည်းဟူမူကား-

[တစ်ဆယ့်လေးပါး အပြားရှိသော ကာယာနုပဿနာ,
ကိုးပါး အပြား ရှိသော ဝေဒနာနုပဿနာ,
တစ်ဆယ့်ခြောက်ပါးအပြားရှိသော စိတ္တာနုပဿနာ
တို့ကို ဟောကြားတော်မူပြီးကာလ ငါးပါးအပြားရှိသော ဓမ္မာနုပဿနာကမ္မဋ္ဌာန်း ကိုဟောတော်မူလိုသောမြတ်စွာဘုရားသည် “ကထဉ္စ ပနဘိက္ခဝေ” အစရှိသည်ကို မိန့်တော်မူသည်။

တစ်နည်းမှာ- ကာယာနုပဿနာဖြင့် ရူပကာယသက်သက်ဖြစ်သော အနုပဿနာ တရားကို ဟောတော်မူသည်။ ဝေဒနာနုပဿနာ, စိတ္တာနုပဿနာ တို့ဖြင့် နာမကာယ သက်သက်ဖြစ်သော အနုပဿနာကို ဟောတော်မူသည်။ ယခုအခါ၌ ရုပ်နာမ် ရောသော မိဿကဖြစ်သော အနုပဿနာကို ဟောတော် မူခြင်းငှာ “ကထဉ္စ ပန ဘိက္ခဝေ” အစရှိသည်ကို မိန့်တော်မူသည်။

တစ်နည်းမှာ- ကာယာနုပဿနာဖြင့် ရူပက္ခန္ဓာကို သိမ်းဆည်းဟော ကြားတော်မူသည်။ ဝေဒနာနုပဿနာဖြင့် ဝေဒနာက္ခန္ဓာကို သိမ်းဆည်းဟောကြား တော်မူသည်။ စိတ္တာနုပဿနာဖြင့် ဝိညာဏက္ခန္ဓာကို သိမ်းဆည်းဟောကြားတော် မူသည်၊ ယခုအခါ၌ သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာတို့ကို သိမ်းဆည်းဟောကြား တော်မူခြင်းငှာ “ကထဉ္စ ပန ဘိက္ခဝေ” အစရှိသည်ကို ဟောတော်မူသည်ဟု သတိပြုရာ၏။]

🔴 ကာမစ္ဆန္ဒနီဝရဏ

ရဟန်းတို့-- သာသနာတော်၌ ရဟန်းတရားကို အားထုတ်သောရဟန်းသည် ငါးပါးသော နီဝရဏဟု ဆိုအပ်ကုန်သော သဘောတရားတို့၌ ငါးပါးသောနီဝရဏဟု ဆိုအပ်ကုန်သော သဘောတရားတို့ဟု ရှုလေ့ရှိသည်ဖြစ်၍နေ၏။

ရဟန်းတို့ -- ရဟန်းတရားကို အားထုတ်သောရဟန်းသည် အဘယ်သို့လျှင် ငါးပါးသော နီဝရဏဟု ဆိုအပ်ကုန်သော သဘောတရားတို့၌ ငါးပါးသောနီဝရဏဟု ဆိုအပ်ကုန်သော သဘောတရားတို့ဟု ရှုလေ့ရှိသည်ဖြစ်၍ နေသနည်းဟူမူကား-

ရဟန်းတို့ -- သာသနာတော်၌ ရဟန်းတရားကို အားထုတ်သောရဟန်းသည် မိမိ အဇ္ဈတ္တသန္တာန်၌ ထင်ရှားဖြစ်ပေါ်ဆဲဖြစ်သော ကာမစ္ဆန္ဒကို ငါ၏အဇ္ဈတ္တသန္တာန်၌ ကာမစ္ဆန္ဒဖြစ်ပေါ်လျက်ရှိ၏ဟုသိ၏။ မိမိအဇ္ဈတ္တသန္တာန်၌ ထင်ရှားဖြစ်ပေါ်ခြင်း မရှိသော ကာမစ္ဆန္ဒကိုလည်း မိမိအဇ္ဈတ္တသန္တာန်၌ ကာမစ္ဆန္ဒသည် ထင်ရှားဖြစ်ပေါ်ခြင်း မရှိဟုသိ၏။

[ကာမဂုဏ်အာရုံကို လိုချင်တပ်မက်နှစ်သက်ခြင်း တဏှာကို ကာမစ္ဆန္ဒဟု ဆိုသည်။ ကာမဂုဏ်အာရုံ၌ နိစ္စ, သုဘ, အတ္တဟု မမှန်သောအမြင်, မမှန်သော နှလုံး သွင်းခြင်းကြောင့် ကာမစ္ဆန္ဒဖြစ်သည်။ ဝိပဿနာဉာဏ် အမြင်ဖြင့် အနိစ္စ, အသုဘ, အနတ္တ ဟူ၍ တဒင်္ဂအားဖြင့် အမှန်ကိုမြင်သောအခါ ထိုကာမစ္ဆန္ဒသည် ပျောက်ကင်း သွားပေသည်။ ဤသို့ ပျောက်ကင်းသော အခိုက်ကို ရည်ရွယ်၍ ကာမစ္ဆန္ဒရှိစဉ်က ရှိသည်ကိုလည်းသိ၏၊ မရှိသောအခါ မရှိသည်ကိုလည်းသိ၏ဟု ဟောတော်မူသည်။

နီဝရဏဟူသည် ကုသိုလ်တရား, မဂ်ဖိုလ်တရားတို့ကို ပိတ်ပင်တားဆီး တတ်သော သဘောတရားဖြစ်သည်။ ကာမဂုဏ်ကိုအလိုရှိခြင်း စသည်သည် ကုသိုလ်နှင့်မဂ်ဖိုလ် တို့ကို ပိတ်ပင်တားဆီးတတ်သော သဘောရှိသောကြောင့် ကာမစ္ဆန္ဒနီဝရဏ စသည် မည်လေသည်။]

အကြင်အကြောင်းကြောင့် မဖြစ်ပေါ်သေးသော ကာမစ္ဆန္ဒသည် ဖြစ်ပေါ်လာ၏၊ ထိုကာမစ္ဆန္ဒဖြစ်ပေါ်ခြင်း၏ အကြောင်းကိုလည်းသိ၏။ အကြင်အကြောင်းကြောင့် ဖြစ်ပေါ်သော ကာမစ္ဆန္ဒကိုပယ်၏၊ ထိုကာမစ္ဆန္ဒကိုပယ်ခြင်းအကြောင်းကိုလည်း သိ၏။ အကြင် အကြောင်းကြောင့် ပယ်အပ်ပြီးသော ကာမစ္ဆန္ဒသည် နောင်တစ်ဖန်ဖြစ်ခြင်း မရှိ၊ ထိုကာမစ္ဆန္ဒ၏ နောင်တစ်ဖန် မဖြစ်ခြင်းအကြောင်းကိုလည်းသိ၏။

[အဓိပ္ပာယ်။ ။ အယောနိသော မနသိကာရသည် အကုသိုလ်ဖြစ်ခြင်း၏ မူလ အကြောင်းပင်တည်း။ အယောနိသော မနသိကာရကြောင့် မဖြစ်သေးသော အကုသိုလ်တို့သည် ဖြစ်ကုန်၏၊ ဖြစ်ပြီး, ဖြစ်ဆဲ အကုသိုလ်တို့သည်လည်း တိုးပွားကြကုန်၏-ဟု မြတ်စွာဘုရား ဟောတော်မူသည်ဖြစ်၍ ကာမစ္ဆန္ဒ ဖြစ်ကြောင်း တရားသည် မသင့်သော နှလုံးသွင်းခြင်းဟု ဆိုအပ်သော အယောနိသော မနသိကာရပင် ဖြစ်၏။

တွေ့ကြုံလာသော အာရုံကို နိစ္စ, သုဘ, သုခ, အတ္တယူ၍ အယောနိသော မနသိကာရဖြင့် ရှုခြင်းကြောင့် မဖြစ်သေးသော ကာမစ္ဆန္ဒသည် ဖြစ်ပေါ်၏။ သို့ကြောင့် ကာမစ္ဆန္ဒဖြစ်ကြောင်းသည် အယောနိသောမနသိကာရ-ဟူ၍ သိ၏။

ထိုအာရုံတို့ကိုပင် အနိစ္စ, အသုဘ, ဒုက္ခ, အနတ္တဟူ၍ ယောနိသောမနသိကာရဖြင့် ရှုခြင်းကြောင့် ကာမစ္ဆန္ဒကို အခိုက်အတန့် တဒင်္ဂအားဖြင့်သော်လည်း ပယ်နိုင်၏ဟူ၍ ဖြစ်ပေါ်လာသော ကာမစ္ဆန္ဒကို ပယ်ခြင်း၏ အကြောင်းဖြစ်သော ယောနိသော မနသိကာရကိုလည်း သိ၏။ မဂ်ဖြင့်ပယ်အပ်သော ကာမစ္ဆန္ဒသည် နောင်တစ်ဖန် အသစ်ပြန်လည်ကာ ဖြစ်ရိုးမရှိသည်ကိုလည်း သိလေသည်ဟု ဟောတော်မူခြင်း ဖြစ်သည်။

မဂ်ကိုလည်း သိသည်၊ မဂ်ဖြင့် ပယ်အပ်သော ကာမစ္ဆန္ဒကိုလည်း သိသည်။ နောက်၌ ဟောတော်မူလတ္တံ့သော နီဝရဏတို့၏ ဖြစ်ပေါ်ခြင်း, ပယ်ခြင်း အကြောင်းတို့ ကိုလည်း ယခုပြဆိုပြီးသော နည်းအတိုင်း သိကြရာသည်။]

😡 ဗျာပါဒနီဝရဏ

မိမိအဇ္ဈတ္တသန္တာန်၌ ထင်ရှားဖြစ်ပေါ်ဆဲဖြစ်သော ဗျာပါဒကို ငါ၏အဇ္ဈတ္တသန္တာန်၌ ဗျာပါဒ ဖြစ်ပေါ်လျက်ရှိသည်ဟူ၍ သိ၏။ မိမိအဇ္ဈတ္တသန္တာန်၌ ထင်ရှားဖြစ်ပေါ်ဆဲ မရှိသော ဗျာပါဒကိုလည်း ငါ၏အဇ္ဈတ္တသန္တာန်၌ ဗျာပါဒသည် ထင်ရှားဖြစ်ပေါ်ဆဲ မရှိဟူ၍သိ၏။

အကြင်အကြောင်းကြောင့် မဖြစ်ပေါ်သေးသော ဗျာပါဒသည် ဖြစ်ပေါ်လာ၏၊ ထိုဗျာပါဒ ဖြစ်ပေါ်ခြင်း၏ အကြောင်းကိုလည်း သိ၏။ အကြင်အကြောင်းကြောင့် ဖြစ်ပေါ်လာသော ဗျာပါဒကိုပယ်၏၊ ထိုဗျာပါဒပယ်ကြောင်းကိုလည်း သိ၏။ အကြင် အကြောင်းကြောင့် ပယ်အပ်ပြီးသော ဗျာပါဒ၏ နောင်တစ်ဖန်ဖြစ်ခြင်းမရှိ၊ ထိုဗျာပါဒ နောင်တစ်ဖန်မဖြစ်ခြင်း အကြောင်းကိုလည်းသိ၏။

😴 ထိနမိဒ္ဓ နီဝရဏ

မိမိအဇ္ဈတ္တသန္တာန်၌ ထင်ရှားဖြစ်ပေါ်ဆဲဖြစ်သော ထိနမိဒ္ဓကို ငါ၏ အဇ္ဈတ္တသန္တာန် ၌ ထင်ရှားဖြစ်ပေါ်လျက် ရှိသည်ဟူ၍သိ၏ မိမိအဇ္ဈတ္တသန္တာန်၌ ထင်ရှားဖြစ်ပေါ်ဆဲ မရှိသော ထိနမိဒ္ဓကိုလည်း ငါ၏အဇ္ဈတ္တသန္တာန်၌ ထိနမိဒ္ဓဖြစ်ပေါ်ဆဲ မရှိဟူ၍ သိ၏။

အကြင် အကြောင်းကြောင့် မဖြစ်ပေါ်သေးသော ထိနမိဒ္ဓသည်ဖြစ်ပေါ်၏၊ ထိုထိနမိဒ္ဓ ဖြစ်ပေါ်ခြင်း အကြောင်းကိုလည်း သိ၏။ အကြင် အကြောင်းကြောင့် ဖြစ်ပေါ်သော ထိနမိဒ္ဓကိုပယ်၏၊ ထိုထိနမိဒ္ဓပယ်ခြင်း အကြောင်းကိုလည်း သိ၏။ အကြင် အကြောင်းကြောင့် ပယ်အပ်ပြီးသော ထိနမိဒ္ဓသည် နောင်တစ်ဖန် ဖြစ်ခြင်းမရှိ၊ ထိုထိနမိဒ္ဓ နောင်တစ်ဖန်မဖြစ်ခြင်းအကြောင်း ကိုလည်း သိ၏။

🤯 ဥဒ္ဓစ္စကုက္ကုစ္စ နီဝရဏ

မိမိအဇ္ဈတ္တသန္တာန်၌ ထင်ရှားဖြစ်ပေါ်ဆဲဖြစ်သော ဥဒ္ဓစ္စကုက္ကုစ္စကို ငါ၏အဇ္ဈတ္တ သန္တာန်၌ ဥဒ္ဓစ္စကုက္ကုစ္စ ဖြစ်ပေါ်လျက် ရှိသည်ဟူ၍သိ၏၊ မိမိအဇ္ဈတ္တသန္တာန်၌ ထင်ရှားဖြစ်ပေါ်ဆဲ မရှိသော ဥဒ္ဓစ္စကုက္ကုစ္စကိုလည်း ငါ၏ အဇ္ဈတ္တသန္တာန်၌ ဥဒ္ဓစ္စကုက္ကုစ္စဖြစ်ပေါ်ဆဲ မရှိဟူ၍သိ၏။

အကြင်အကြောင်းကြောင့် မဖြစ်ပေါ်သေးသော ဥဒ္ဓစ္စကုက္ကုစ္စသည် ဖြစ်ပေါ်၏၊ ထို ဥဒ္ဓစ္စကုက္ကုစ္စဖြစ်ပေါ်ခြင်းအကြောင်းကိုလည်း သိ၏။ အကြင်အကြောင်း ကြောင့် ဥဒ္ဓစ္စ ကုက္ကုစ္စကိုပယ်၏၊ ထိုဥဒ္ဓစ္စကုက္ကုစ္စ ပယ်ခြင်း၏အကြောင်းကိုလည်း သိ၏။ အကြင် အကြောင်းကြောင့် ပယ်အပ်ပြီးသော ဥဒ္ဓစ္စ ကုက္ကုစ္စသည် နောင်တစ်ဖန်ဖြစ်ခြင်းမရှိ၊ ထို ဥဒ္ဓစ္စကုက္ကုစ္စ နောင်တစ်ဖန် မဖြစ်ခြင်းအကြောင်းကိုလည်း သိ၏။

❓ ဝိစိကိစ္ဆာ နီဝရဏ

မိမိအဇ္ဈတ္တသန္တာန်၌ ထင်ရှားဖြစ်ပေါ်ဆဲဖြစ်သော ဝိစိကိစ္ဆာကို ငါ၏အဇ္ဈတ္တ သန္တာန်၌ ဝိစိကိစ္ဆာဖြစ်ပေါ်လျက်ရှိသည်ဟူ၍သိ၏၊ မိမိအဇ္ဈတ္တသန္တာန်၌ထင်ရှားဖြစ်ပေါ်ခြင်း မရှိသော ဝိစိကိစ္ဆာကိုလည်း ငါ၏အဇ္ဈတ္တသန္တာန်၌ ဝိစိကိစ္ဆာဖြစ်ပေါ်ခြင်းမရှိဟူ၍ သိ၏။

အကြင်အကြောင်းကြောင့် မဖြစ်ပေါ်သေးသော ဝိစိကိစ္ဆာသည် ဖြစ်၏၊ ထို ဝိစိကိစ္ဆာ ဖြစ်ခြင်း အကြောင်းကိုလည်း သိ၏။ အကြင်အကြောင်းကြောင့် ဝိစိကိစ္ဆာကို ပယ်၏၊ ထိုဝိစိကိစ္ဆာပယ်ခြင်း အကြောင်းကိုလည်းသိ၏။ အကြင် အကြောင်းကြောင့် ပယ်အပ်ပြီးသော ဝိစိကိစ္ဆာသည် နောင်တစ်ဖန် ဖြစ်ခြင်းမရှိ၊ ထိုဝိစိကိစ္ဆာ နောင်တစ်ဖန် မဖြစ်ခြင်းအကြောင်းကိုလည်း သိ၏။

ဤသို့လျှင် အဇ္ဈတ္တသန္တာန်၌ဖြစ်သော သဘောတရားတို့၌ သဘောတရားကို ရှုလေ့ ရှိသည်ဖြစ်၍နေ၏။ ဗဟိဒ္ဓသန္တာန်၌ဖြစ်သောသဘောတရားတို့၌ သဘောတရားကို ရှုလေ့ ရှိသည်ဖြစ်၍နေ၏။ အဇ္ဈတ္တ, ဗဟိဒ္ဓသန္တာန်၌ဖြစ်သောသဘောတရားတို့၌ သဘောတရားကို ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

သဘောတရားတို့၌ ဖြစ်ခြင်းသဘောကို ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
သဘော တရားတို့၌ ပျက်ခြင်းသဘောကို ရှုလေ့ရှိသည်ဖြစ်၍နေ၏။
သဘောတရားတို့၌ ဖြစ်ခြင်း, ပျက်ခြင်းသဘောကို ရှုလေ့ရှိသည်ဖြစ်၍နေ၏။

ထိုရဟန်းအား သတိသည် ရှေးရှုထင်၏။
ထိုသတိသည် ဉာဏ်တိုးပွားခြင်းငှာ, သတိတိုးပွားခြင်းငှာ ဖြစ်၏၊
တဏှာ, ဒိဋ္ဌိတို့၌ မမှီမူ၍နေ၏။
ဥပါဒါနက္ခန္ဓာတည်းဟူသော လောက၌ တစ်စုံတစ်ခုကိုမျှ စွဲလမ်းတပ်မက်ခြင်းမရှိ။

ရဟန်းတို့--- သာသနာတော်၌ ရဟန်းတရားကို အားထုတ်သော ရဟန်းသည် ဤသို့လျှင် နီဝရဏတရားတို့၌ နီဝရဏတရားတို့ဟုရှုလေ့ရှိသည်ဖြစ်၍နေ၏ .. ဟု ဟောတော်မူသည်။

နီဝရဏခန်းပြီး၏။

ဓမ္မာနုပဿနာ ခန္ဓာခန်း

တစ်ပါးတုံလည်း ရဟန်းတို့- သာသနာတော်၌ ရဟန်းတရားကို အားထုတ်သော ရဟန်းသည် ဥပါဒါနက္ခန္ဓာ ငါးပါး ဟုဆိုအပ်သော ရုပ်နာမ်တရားတို့၌ ရုပ်နာမ်တရားဟု ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

ရဟန်းတို့- သာသနာတော်၌ ရဟန်းတရားကို အားထုတ်သော ရဟန်းသည် အဘယ်သို့လျှင် ဥပါဒါနက္ခန္ဓာငါးပါးဟု ဆိုအပ်သော ရုပ်နာမ်တရားတို့၌ ရုပ်နာမ် တရားဟု ရှုလေ့ရှိသည်ဖြစ်၍ နေသနည်းဟူမူကား-

ရဟန်းတို့--- သာသနာတော်၌ ရဟန်းတရားကို အားထုတ်သောရဟန်းသည်
ဤသည်ကားရုပ်တရားတည်း၊
ဤသည်ကား ရုပ်၏ဖြစ်ကြောင်းတရားတည်း၊
ဤသည်ကား ရုပ်၏ချုပ်ကြောင်းတရားတည်းဟူ၍ သိ၏။

ဤသည်ကား ဝေဒနာတည်း၊
ဤသည်ကား ဝေဒနာ၏ ဖြစ်ကြောင်းတရားတည်း၊
ဤသည်ကားဝေဒနာ၏ချုပ်ကြောင်းတရားတည်းဟူ၍သိ၏။

ဤသည်ကား သညာတည်း၊
ဤသည်ကား သညာ၏ဖြစ်ကြောင်းတရားတည်း၊
ဤသည်ကား သညာ၏ ချုပ်ကြောင်းတရားတည်းဟူ၍သိ၏။

ဤသည်တို့ကား သင်္ခါရတို့တည်း၊
ဤသည်ကား သင်္ခါရတို့၏ ဖြစ်ကြောင်း တရားတည်း၊
ဤသည်ကား သင်္ခါရတို့၏ ချုပ်ကြောင်းတရားတည်းဟူ၍သိ၏။

ဤသည်ကား ဝိညာဏ်တည်း၊
ဤသည်ကား ဝိညာဏ်၏ ဖြစ်ကြောင်းတရား တည်း၊
ဤသည်ကား ဝိညာဏ်၏ချုပ်ကြောင်းတရားတည်းဟူ၍ သိ၏။

ဤသို့လျှင် ရုပ်နာမ်တရားဖြစ်ကုန်သော သဘောတရားတို့၌ ရုပ်နာမ်သဘော တရားဟု ရှုလေ့ရှိသည်ဖြစ်၍နေ၏။ ပ။
(အကျယ်ထုတ်ပြပြီးသော အနုပဿနာတို့နည်းတူ ပေယျာလကို ဖော်နိုင်ကြပါပြီ။)

ရဟန်းတို့--- ဤသို့လျှင် သာသနာတော်၌ ရဟန်းတရားကို အားထုတ်သော ရဟန်းသည် ရုပ်နာမ်တရား ဖြစ်ကုန်သော သဘောတရားတို့၌ ရုပ်နာမ် သဘောတရားဟု ရှုလေ့ရှိသည်ဖြစ်၍နေသည်ဟု ဟောတော်မူသည်။

[အဋ္ဌကထာနှင့်အညီ ခန္ဓာငါးပါးတို့ကို အသီးအသီး ခွဲခြား၍ ဖြစ်ကြောင်း, ပျက်ကြောင်းတို့ကို ဖော်ပြရပါမူ အလွန်ကျယ်ဝန်းသွားမည်ဖြစ်၍ အကျယ် မရေးတော့ပြီး။]

ခန္ဓာခန်း ပြီး၏။

---

ဓမ္မာနုပဿနာ အာယတနခန်း

တစ်ပါးတုံလည်း ရဟန်းတို့ --- သာသနာတော်၌ ရဟန်းတရားကို အားထုတ်သော ရဟန်းသည် ခြောက်ပါး ခြောက်ပါးကုန်သော အဇ္ဈတ္တိကာယတန, ဗာဟိရာယတနဟု ဆိုအပ်ကုန်သောတရားတို့၌ အဇ္ဈတ္တိကာယတန, ဗာဟိရာယတနဟု ရှုလေ့ ရှိသည်ဖြစ်၍နေ၏။

ရဟန်းတို့ --- သာသနာတော်၌ ရဟန်းတရားကို အားထုတ်သောရဟန်းသည် အဘယ်သို့လျှင် ခြောက်ပါး ခြောက်ပါးကုန်သော အဇ္ဈတ္တိကာယတန, ဗာဟိရာယတနတို့၌ အဇ္ဈတ္တိကာယတန, ဗာဟိရာယတနဟု ရှုလေ့ရှိသည်ဖြစ်၍ နေသနည်းဟူမူကား -

ရဟန်းတို့ --- သာသနာတော်၌ ရဟန်းတရားကို အားထုတ်သောရဟန်းသည်
စက္ခာယတနဟူသောရုပ်ကိုလည်းသိ၏၊ ရူပါယတနဟူသော ရူပါရုံကိုလည်း သိ၏၊ စက္ခာယတနနှင့် ရူပါရုံတို့ ရှေးရှုဆုံမိခြင်းကြောင့် ဖြစ်ပေါ်သော သံယောဇဉ် ဆယ်ပါး ကိုလည်းသိ၏။ အကြင်အကြောင်းကြောင့် မဖြစ်သေးသော သံယောဇဉ်သည် ဖြစ်၏၊ ထိုသံယောဇဉ်ဖြစ်ကြောင်းကိုလည်း သိ၏။ အကြင်အကြောင်းကြောင့်ဖြစ်ပေါ်သော သံယောဇဉ်ကိုပယ်၏၊ ထိုသံယောဇဉ် ပယ်ကြောင်းကိုလည်း သိ၏။ အကြင် အကြောင်းကြောင့် ပယ်အပ်ပြီးသောသံယောဇဉ်သည် နောင်တစ်ဖန် ဖြစ်ခြင်းမရှိ၊ ထိုသံယောဇဉ် နောင်တစ်ဖန်မဖြစ်ခြင်း အကြောင်းကိုလည်းသိ၏။

သောတာယတနဟူသော ရုပ်ကိုလည်း သိ၏၊
သဒ္ဒါယတနဟူသော သဒ္ဒါရုံကိုလည်း သိ၏။
ဃာနာယတနဟူသော ရုပ်ကိုလည်း သိ၏၊
ဂန္ဓာယတနဟူသော ဂန္ဓာရုံကိုလည်းသိ၏။
ဇိဝှါယတနဟူသော ရုပ်ကိုလည်းသိ၏၊
ရသာယတနဟူသော ရသာရုံကိုလည်းသိ၏။
ကာယာယတနဟူသော ရုပ်ကိုလည်းသိ၏၊
ဖောဋ္ဌဗ္ဗာယတနဟူသော ဖောဋ္ဌဗ္ဗာရုံကိုလည်းသိ၏။
မနာယတနဟူသော စိတ်ကိုလည်း သိ၏။
ဓမ္မာယတနဟူသောဓမ္မာရုံကိုလည်းသိ၏။

မနာယတနနှင့် ဓမ္မာယတနတို့ ရှေးရှု ဆုံမိခြင်းကြောင့်ဖြစ်သော သံယောဇဉ်ဆယ်ပါး ကိုလည်းသိ၏။ အကြင်အကြောင်းကြောင့် မဖြစ်ပေါ်သေးသော သံယောဇဉ်သည် ဖြစ်ပေါ်၏၊ ထိုသံယောဇဉ်ဖြစ်ကြောင်းကိုလည်း သိ၏။ အကြင်အကြောင်းကြောင့် ပယ်အပ်ပြီးသော သံယောဇဉ်သည် နောင်တစ်ဖန် ဖြစ်ခြင်းမရှိ၊ ထိုသံယောဇဉ်. နောင်တစ်ဖန်မဖြစ်ခြင်းကိုလည်း သိ၏။

ဤသို့လျှင် အဇ္ဈတ္တ ဖြစ်သော ရုပ်နာမ်တရားတို့၌လည်းကောင်း, ဗဟိဒ္ဓဖြစ်သော ရုပ်နာမ်တရားတို့၌လည်းကောင်း ရုပ်နာမ်တရားတို့ဟု ရှုလေ့ရှိသည်ဖြစ်၍နေ၏။ ပ။

ရဟန်းတို့-- သာသနာတော်၌ ရဟန်းတရားကို အားထုတ်သောရဟန်းသည် ဤသို့ ခြောက်ပါး ခြောက်ပါးကုန်သော အဇ္ဈတ္တိကာယတန, ဗာဟိရာယတနဟု ဆိုအပ် ကုန်သော ရုပ်နာမ်တရားတို့၌ ရုပ်နာမ်တရားဟု ရှုလေ့ရှိသည်ဖြစ်၍နေ၏ - ဟု ဟောတော်မူသည်။

---

အဓိပ္ပာယ် ရှင်းလင်းချက်

၁။ စက္ခုနှင့် ရူပါရုံ တွေ့ဆုံမိသည်ကို အကြောင်းပြု၍ လောဘဖြစ်လျှင် ကာမရာဂ သံယောဇဉ်ဖြစ်တတ်သည်။ ထို့အတူ သောတနှင့် သဒ္ဒါရုံ, ဃာနနှင့် ဂန္ဓာရုံ, ဇိဝှါနှင့် ရသာရုံ, ကာယနှင့် ဖောဋ္ဌဗ္ဗာရုံတွေ့ ဆုံမိသည်ကို အကြောင်းပြု၍ လောဘဖြစ်လျှင် ကာမရာဂသံယောဇဉ် ဖြစ်တတ်သည်။

၂။ ဒေါသဖြစ်လျှင် ပဋိဃသံယောဇဉ် ဖြစ်တတ်သည်။

၃။ ဘဝကို တောင့်တလျှင် ဘဝသံယောဇဉ် ဖြစ်တတ်သည်။

၄။ ကိုယ့်ကိုယ်ကို အထင်ကြီးလျှင် မာနသံယောဇဉ်ဖြစ်တတ်သည်။

၅။ ရုပ် နာမ် ဓမ္မတို့ကိုပင် ငါဟုထင်ယူစွဲလမ်းလျှင် ဒိဋ္ဌိသံယောဇဉ် ဖြစ်တတ်သည်။

၆။ တရားမှန် ဟုတ်မှဟုတ်ပါလေ၏လားဟု ယုံမှားရှိလျှင် ဝိစိကိစ္ဆာ သံယောဇဉ် ဖြစ်တတ်သည်။

၇။ အကျင့်လမ်းမှားလျှင် သီလဗ္ဗတပရာမာသ သံယောဇဉ် ဖြစ်တတ်သည်။

၈။ မနာလိုစိတ်ဖြစ်လျှင် ဣဿာသံယောဇဉ် ဖြစ်တတ်သည်။

၉။ မိမိကဲ့သို့ မပြည့်စုံစေလို, မချမ်းသာစေလိုလျှင် မစ္ဆရိယသံယောဇဉ်ဖြစ်တတ် သည်။

သတ္တဝါတွေကို အပါယ်ထောင်မှ မလွတ်အောင် သံသရာနှောင်အိမ်မှ မထွက်နိုင် အောင် ဖွဲ့ချည်တုပ်နှောင်သော သံယောဇဉ်ကြိုးတွေ များလှပေသည်။

သံယောဇဉ်၏ အာရုံ ဖြစ်သော, သံယောဇဉ်၏အကြိုက်ဖြစ်သော ရူပါရုံအစရှိသော ကာမဂုဏ် အာရုံတို့သည် မာရ်နတ်၏ ကျော့ကွင်း, မာရ်နတ်၏နှောင်ကြိုး, မာရ်နတ်၏ ထိပ်တုံးတွေ ဖြစ်သည်ကို သိလျှင် အလွန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။ မမြင်ကြ မသိကြ မယုံကြည်ကြသောကြောင့်သာလျှင် မရွံ့ မကြောက် မထိတ်မလန့်ကြဘဲ တိုး၍သာ နေကြလေသည်။

သံယောဇနိယထမ္ဘမှိ၊ သံယောဇနေဟိ ဗန္ဓိတာ။
သတ္တာ ဒုက္ခာ န မုစ္စန္တိ၊ သံသာရဒ္ဒုဃရေ သဒါ။

သံယောဇနိယထမ္ဘမှိ၊ သံယောဇဉ်၏ အာရုံဖြစ်သော ကာမဂုဏ် တည်းဟူသော တိုင်၌။
သံယောဇနေဟိ၊ သံယောဇဉ်ကြိုးတို့ဖြင့်။
ဗန္ဓိတာ၊ နှောင်ဖွဲ့အပ်ကုန်သော။
သတ္တာ၊ သတ္တဝါတို့သည်။
သံသာရဒ္ဒုဃရေ၊ သံသရာတည်းဟူသော နှောင်အိမ်ကြီး အတွင်း၌။
သဒါ၊ အခါခပ်သိမ်း။
ဒုက္ခာ၊ ဆင်းရဲအပေါင်းမှ။
န မုစ္စန္တိ ၊ မလွတ်မြောက်နိုင် ကြကုန်-
ဟူ၍ ပညာရှိကြီးတစ်ဦး ကျူးရင့်ခဲ့သည်။

အာယတနခန်းပြီး၏။

---

ဓမ္မာနုပဿနာ ဗောဇ္ဈင်ခန်း

တစ်ပါးတုံလည်း ရဟန်းတို့ -- သာသနာတော်၌ ရဟန်းတရားကို အားထုတ်သော ရဟန်းသည် ခုနစ်ပါးသော ဗောဇ္ဈင်တရားတို့၌ ဗောဇ္ဈင်တရားဟု ရှုလေ့ရှိသည် ဖြစ်၍နေ၏။

ရဟန်းတို့ -- သာသနာတော်၌ ရဟန်းတရားကို အားထုတ်သော ရဟန်းသည် မိမိအဇ္ဈတ္တသန္တာန်၌ ထင်ရှားသော သတိသမ္ဗောဇ္ဈင်ကို ငါ၏ အဇ္ဈတ္တသန္တာန်၌ သတိသမ္ဗောဇ္ဈင် ရှိသည်ဟူ၍သိ၏၊ မိမိအဇ္ဈတ္တသန္တာန်၌ သတိသမ္ဗောဇ္ဈင် ထင်ရှား မရှိသည်ကိုလည်း ငါ၏အဇ္ဈတ္တသန္တာန်၌ သတိသမ္ဗောဇ္ဈင်ထင်ရှားမရှိဟူ၍သိ၏။

အကြင်အကြောင်းကြောင့် မဖြစ်ပေါ်သေးသော သတိသမ္ဗောဇ္ဈင်သည် ဖြစ်ပေါ်၏၊ ထိုသတိသမ္ဗောဇ္ဈင် ဖြစ်ပေါ်ခြင်း၏ အကြောင်းကိုလည်းသိ၏။ အကြင်အကြောင်း ကြောင့် ဖြစ်ပေါ်ပြီးသော သတိသမ္ဗောဇ္ဈင် သည် ဘာဝနာ၏ ပြည့်စုံခြင်းငှာ ဖြစ်၏၊ ထို သတိသမ္ဗောဇ္ဈင်၏ ဘာဝနာ၏ပြည့်စုံခြင်းငှာ ဖြစ်သည်ကိုလည်း သိ၏။

[ဓမ္မဝိစယသမ္ဗောဇ္ဈင်,
ဝီရိယသမ္ဗောဇ္ဈင်,
ပီတိသမ္ဗောဇ္ဈင်,
ပဿဒ္ဓိ သမ္ဗောဇ္ဈင်,
သမာဓိသမ္ဗောဇ္ဈင်,
ဥပေက္ခာသမ္ဗောဇ္ဈင်
တို့ကို သတိသမ္ဗောဇ္ဈင် နည်းတူပင် ဟောတော်မူသည်ဖြစ်၍ သတိသမ္ဗောဇ္ဈင် အတိုင်းသိပါလေ။]

ရဟန်းတို့ -- သာသနာတော်၌ ရဟန်းတရားကို အားထုတ်သော ရဟန်းသည် ဤသို့လျှင် ခုနစ်ပါးသော ဗောဇ္ဈင်တရားတို့၌ ဗောဇ္ဈင်တရားဟု ရှုလေ့ရှိသည်ဖြစ်၍ နေ၏ ဟု ဟောတော်မူသည်။

သစ္စာလေးပါးတို့ကို ကောင်းစွာ သိတတ်သော တရားကို သမ္ဗောဓိ- ဟုဆိုသည်။ သစ္စာလေးပါးတရားတို့ကို ကောင်းစွာ သိသောဉာဏ်၏ အကြောင်း အင်္ဂါတို့ ဖြစ်သောကြောင့် သမ္ဗောဇ္ဈင်-ဟုဆိုသည်။ သတိသည်ပင်လျှင် သမ္ဗောဇ္ဈင်၊ သတိသမ္ဗောဇ္ဈင်။ ဓမ္မဝိစယသမ္ဗောဇ္ဈင် စသည်တို့ကိုလည်း ဤနည်းတူ သိကြရာ၏။]

ဗောဇ္ဈင်ခန်း ပြီး၏။

---

ဓမ္မာနုပဿနာ သစ္စာခန်း

တစ်ပါးတုံလည်း ရဟန်းတို့ -- သာသနာတော်၌ ရဟန်းတရားကို အားထုတ် သော ရဟန်းသည် သစ္စာလေးပါးတရားတို့၌ သစ္စာလေးပါးတရားဟု ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

ရဟန်းတို့ -- ရဟန်းတရားကို အားထုတ်သော ရဟန်းသည် အဘယ်ကဲ့သို့ သစ္စာလေးပါးတရားတို့၌ သစ္စာလေးပါးတရား ဟု ရှုလေ့ရှိသည်ဖြစ်၍နေသနည်း ဟူမူကား-

ရဟန်းတို့ -- ဤသာသနာတော်၌ ရဟန်းတရားကို အားထုတ်သောရဟန်းသည် -
ဤသည်ကား ဒုက္ခဟူ၍ ဟုတ်မှန်သောအတိုင်း သိ၏။
ဤသည်ကား ဒုက္ခဖြစ်ကြောင်းဟူ၍ ဟုတ်မှန်သောအတိုင်းသိ၏။
ဤသည်ကား ဒုက္ခချုပ်ငြိမ်းရာဟူ၍ ဟုတ်မှန်သောအတိုင်း သိ၏။
ဤသည်ကား ဒုက္ခ၏ချုပ်ငြိမ်းရာသို့ ရောက်ကြောင်း အကျင့်တရားဟူ၍ ဟုတ် မှန်သော အတိုင်းသိ၏။

---

ဒုက္ခသစ္စာအကျယ်

ရဟန်းတို့ --- ဒုက္ခဟူသော အရိယသစ္စာသည် အဘယ်နည်းဟူမူကား-
ဇာတိသည် လည်း ဒုက္ခပင်တည်း၊
ဇရာသည်လည်း ဒုက္ခပင်တည်း၊
မရဏသည်လည်း ဒုက္ခပင်တည်း၊
သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတို့သည်လည်း ဒုက္ခတို့ပင်တည်း၊
မချစ်ခင် မနှစ်သက်အပ်သော သတ္တဝါ သင်္ခါရတို့နှင့် ပေါင်းယှဉ်ရခြင်း သည်လည်း ဒုက္ခပင်တည်း၊
ချစ်ခင်နှစ်သက်အပ်သော သတ္တဝါ သင်္ခါရတို့နှင့် ကင်းကွာရ ခြင်းသည်လည်း ဒုက္ခပင်တည်း၊
တောင့်တ၍ မရအပ်သောအရာကို တောင့်တ၍မရခြင်း သည်လည်း ဒုက္ခပင်တည်း၊
အကျဉ်းအားဖြင့် ဥပါဒါနက္ခန္ဓာ ငါးပါးတို့သည်လည်း ဒုက္ခပင်တည်း။

ရဟန်းတို့ -- ဇာတိဟူသည် အဘယ်သဘောတရား ဖြစ်သနည်းဟူမူကား- ထိုထို သတ္တဝါတို့၏ ထိုထိုသတ္တဝါတို့အတွင်း၌ ရှေးဦးစွာဖြစ်ခြင်း, ပြည့်စုံစွာဖြစ်ခြင်း, ဥခွံတွင်း အမိဝမ်းတွင်းသို့ သက်ဝင်ခြင်း, ကိုယ်ထင်ရှားဖြစ်ခြင်း, ခန္ဓာသစ်တို့၏ ထင်ရှားဖြစ်ခြင်း, စက္ခုစသော အာယတနတို့ကို ရခြင်းသည် ရှိ၏။ ရဟန်းတို့- ဤသို့ ဖြစ်ခြင်းရခြင်းသဘောကို ဇာတိဟူ၍ဆိုအပ်၏။

ရဟန်းတို့ - ဇရာဟူသည် အဘယ်သဘောတရား ဖြစ်သနည်းဟူမူကား- ထိုထို သတ္တဝါတို့၏ ထိုထိုသတ္တဝါတို့အတွင်း၌ အိုခြင်း, ရင့်ရော်ခြင်း, သွားကျိုးခြင်း, ဆံဖြူ ခြင်း, အရေတွန့်ခြင်း, ဇီဝိတိန္ဒြေဟူသော အသက်၏ ဆုတ်ယုတ်ခြင်း, စက္ခုစသော ဣန္ဒြေတို့၏ ရင့်ခြင်းသည်ရှိ၏။ ရဟန်းတို့ - ဤသို့ပြဆိုအပ်သော သဘောကို ဇရာဟူ၍ ဆိုအပ်၏။

ရဟန်းတို့ --- မရဏဟူသည် အဘယ်သဘောတရား ဖြစ်သနည်းဟူမူကား- ရွေ့လျောခြင်း, ရွေ့လျောသော အခြင်းအရာအားဖြင့် ဖြစ်ခြင်း, ပျက်စီးခြင်း, ကွယ်ပျောက်ခြင်း, သေဆုံးခြင်း, သေဆုံးခြင်းကို ပြုခြင်း, ခန္ဓာတို့၏ ပျက်ခြင်း, ကိုယ်ကောင်ကို ပစ်ချခြင်း, ဇီဝိတိန္ဒြေ၏ပြတ်ခြင်းသည်ရှိ၏။ ရဟန်းတို့- ဤသို့ပြဆိုအပ်သော သဘောကို မရဏဟူ၍ဆိုအပ်၏။

ရဟန်းတို့ .... သောကဟူသည် အဘယ်သဘောတရား ဖြစ်သနည်းဟူမူကား- ရဟန်းတို့- ဆွေမျိုးဉာတိတို့၏ ပျက်စီးခြင်း, ပစ္စည်းဥစ္စာပျက်စီးခြင်း, ရောဂါ နှိပ်စက်ခြင်း, သီလပျက်စီးခြင်း, အယူအမြင်ပျက်စီးခြင်းဟုဆိုအပ်သော ငါးမျိုးသော ပျက်စီးခြင်းတို့တွင် တစ်မျိုးမျိုးသော ပျက်စီးခြင်းနှင့် တွေ့ကြုံသောပုဂ္ဂိုလ်၏ စိုးရိမ်ပူဆွေးခြင်း, စိုးရိမ်သော အခြင်းအရာဖြစ်ခြင်း, စိုးရိမ်သောသူ၏အဖြစ်, အတွင်း၌စိုးရိမ်ခြင်း, အတွင်း၌ အဖန် တလဲလဲ စိုးရိမ်ခြင်းသည်ရှိ၏။ ရဟန်းတို့- ဤသို့သဘောရှိသောစိုးရိမ်ခြင်းကို သောက ဟူ၍ ဆိုအပ်၏။

ရဟန်းတို့ -- ပရိဒေဝဟူသည် အဘယ်သဘောတရား ဖြစ်သနည်းဟူမူကား- ရဟန်းတို့ ပျက်စီးခြင်းဗျသနငါးမျိုးတို့တွင် တစ်မျိုးမျိုးသော ပျက်စီးခြင်းနှင့် တွေ့ကြုံ သောပုဂ္ဂိုလ်၏ ငိုကြွေးခြင်း, ပြင်းစွာငိုကြွေးခြင်း, ငိုကြွေးသောအခြင်းအရာ, ပြင်းစွာ ငိုကြွေးသောအခြင်းအရာ, ငိုကြွေးသောသူ၏အဖြစ်, ပြင်းစွာငိုကြွေးသောသူ၏ အဖြစ်သည် ရှိ၏။ ရဟန်းတို့- ဤသို့ငိုကြွေးခြင်း သဘောတရားကို ပရိဒေဝဟူ၍ ဆိုအပ်၏။

ရဟန်းတို့ -- ဒုက္ခဟူသည့် အဘယ်သဘောတရား ဖြစ်သနည်း ဟူမူကား- ရဟန်းတို့ - ကိုယ်၌ဖြစ်သော ဒုက္ခဝေဒနာ, ကိုယ်၌ဖြစ်သော မသာယာဖွယ်, ကိုယ်အတွေ့ကို မှီ၍ဖြစ်သော မသာယာဖွယ်, သာယာဖွယ်မဟုတ်သော ဝေဒနာ သည်ရှိ၏။ ရဟန်းတို့- ဤသို့ဆင်းရဲခြင်း, မသာယာခြင်းရှိသော သဘောတရားကို ဒုက္ခဟူ၍ဆိုအပ်၏။

ရဟန်းတို့ -- ဒေါမနဿဟူသည် အဘယ်သဘောတရား ဖြစ်သနည်းဟူမူကား- ရဟန်းတို့ -- စိတ်၌ဖြစ်သော ဒုက္ခဝေဒနာ, စိတ်၌ဖြစ်သော မသာယာဖွယ်, စိတ်အတွေ့ကိုမှီ၍ ဖြစ်သော မသာယာဖွယ်, သာယာဖွယ်မဟုတ်သော ဝေဒနာ သည်ရှိ၏။ ရဟန်းတို့ - ဤသို့စိတ်၌ဖြစ်သော ဆင်းရဲခြင်း, မသာယာခြင်းရှိသော သဘောကို ဒေါမနဿဟူ၍ ဆိုအပ်၏။

ရဟန်းတို့ -- ဥပါယာသဟူသည် အဘယ်သဘောတရား ဖြစ်သနည်းဟူမူကား- ရဟန်းတို့- ပျက်စီးခြင်း ဗျသနတရား ငါးပါးတို့တွင် တစ်ပါးပါးနှင့် တွေ့ကြုံသော ပုဂ္ဂိုလ်၏ ဆုတ်နစ်သောအခြင်းအရာဖြင့် ပင်ပန်းခြင်း, ပြင်းစွာ ပင်ပန်းခြင်း, ဆုတ်နစ်သောအခြင်း အရာဖြင့် ပင်ပန်းသည်၏အဖြစ်, ဆုတ်နစ်သော အခြင်း အရာဖြင့် ပြင်းစွာပင်ပန်းသည်၏ အဖြစ်သည်ရှိ၏။ ရဟန်းတို့- ဤသို့ ပင်ပန်းခြင်း သဘောကို ဥပါယာသဟူ၍ ဆိုအပ်၏။

ရဟန်းတို့-- မချစ်ခင် မနှစ်သက်အပ်သော သတ္တဝါသင်္ခါရတို့နှင့် ပေါင်းယှဉ် ရခြင်းကြောင့်ဖြစ်သော ဆင်းရဲဟူသည် အဘယ်သဘောတရား ဖြစ်သနည်း ဟူမူကား- ရဟန်းတို့ - ဤလောက၌ ထိုပုဂ္ဂိုလ်သည် အလိုမရှိအပ်ကုန်သော မနှစ်သက်အပ် ကုန်သော စိတ်နှလုံးကို မပွားစေအပ်ကုန်သော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, ဓမ္မာရုံ တို့သည်ရှိကုန်၏။

ထိုပုဂ္ဂိုလ်၏အကျိုးမဲ့ကို အလိုရှိကုန်သော, စီးပွားမဲ့ကို အလိုရှိကုန်သော, ချမ်းသာ ခြင်းကို အလိုမရှိကုန်သော ပုဂ္ဂိုလ်တို့သည် ရှိကုန်၏။ ထို အာရုံခြောက်ပါးတို့နှင့် လည်းကောင်း, အကျိုးမဲ့စသည်ကို အလိုရှိကုန်သော ထိုသူတို့နှင့် လည်းကောင်း အတူတကွနေရခြင်း, တကွပေါင်းဆုံရခြင်း, ပေါင်းသင်းနေရခြင်း, ရောနှော၍ နေရခြင်းသည် ရှိ၏။ ရဟန်းတို့ - ဤသို့မချစ်ခင် မနှစ်သက်အပ်သော အာရုံ, မချစ်ခင် မနှစ်သက်အပ်သော ပုဂ္ဂိုလ်တို့နှင့် ပေါင်းသင်းဆက်ဆံ၍ နေရခြင်းကို မချစ်ခင် မနှစ်သက်အပ်သော သတ္တဝါ သင်္ခါရတို့နှင့် ပေါင်းယှဉ်ရသောကြောင့် ဖြစ်သော ဆင်းရဲဟူ၍ ဆိုအပ်၏။

ရဟန်းတို့ -- ချစ်ခင်နှစ်သက်အပ်သော သတ္တဝါသင်္ခါရတို့နှင့် ကွေကွင်းခြင်းကြောင့် ဖြစ်သော ဆင်းရဲဟူသည် အဘယ်သဘောတရားဖြစ်သနည်းဟူမူကား- ရဟန်းတို့- ဤလောက၌ ထိုပုဂ္ဂိုလ်သည် အလိုရှိအပ် နှစ်သက်အပ် စိတ်နှလုံးကို ပွားစေတတ် ကုန်သော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, ဓမ္မာရုံတို့သည် ရှိကုန်၏။

ထိုပုဂ္ဂိုလ်၏ အကျိုးကို လိုလားကုန်သော အစီးအပွားကို လိုလားကုန်သော ချမ်းသာခြင်းကို အလိုရှိ ကုန်သော မိခင်ဖခင် ညီအစ်ကိုမောင်နှမ မိတ်ဆွေအပေါင်း အဖော် ဆွေမျိုးသားချင်းတို့သည် ရှိကုန်၏။ ထိုထို အလိုရှိအပ်သော အာရုံ, ထိုထို မိဘစသည်တို့နှင့်အတူတကွမနေရခြင်း, မဆုံရခြင်း, မပေါင်းသင်းရခြင်း, ရောနှော၍ မနေရခြင်းသည်ရှိ၏။

ရဟန်းတို့-- ဤသို့ ချစ်ခင် နှစ်သက်အပ်ကုန်သော အာရုံ, ချစ်ခင်နှစ်သက်အပ် ကုန်သောဆွေမျိုးစသည်တို့နှင့် မပေါင်းသင်းရခြင်း, ကွေကွင်းရခြင်းကြောင့်ဖြစ်သော ဆင်းရဲကို ချစ်ခင်နှစ်သက်အပ်သော သတ္တဝါသင်္ခါရတို့နှင့် ကွေကွင်းခြင်းကြောင့် ဖြစ်သော ဆင်းရဲဟူ၍ဆိုအပ်၏။

ရဟန်းတို့ -- တောင့်တ၍ မရအပ်သောအရာကို တောင့်တ၍မရခြင်းကြောင့် ဖြစ်သော ဆင်းရဲဟူသည် အဘယ် သဘောတရားဖြစ်သနည်းဟူမူကား- ရဟန်းတို့-- ဇာတိဟူသော ပဋိသန္ဓေနေခြင်းသဘောရှိကုန်သောသတ္တဝါတို့အား ငါတို့သည် ပဋိသန္ဓေ နေခြင်း မဖြစ်ကုန်မူကား ကောင်းလေစွ၊ ငါတို့ထံသို့ ပဋိသန္ဓေနေရခြင်း သဘောတရား သည်လည်း မရောက်လာပါမူကား ကောင်းလေစွဟု ဤသို့ တောင့်တခြင်းသည် ဖြစ်၏၊

ယင်းသို့ ဇာတိ၏မဖြစ်ခြင်း, မရောက်လာစေခြင်းကို တောင့်တ၍မရနိုင်။ ဤသို့ တောင့်တ၍ မရအပ်သောအရာကို တောင့်တလျက် မရခြင်းကြောင့် ဖြစ်သောဆင်းရဲကိုပင်လျှင် မတောင့်တအပ်သည်ကို တောင့်တ၍ မရခြင်းကြောင့် ဖြစ်သော ဆင်းရဲဟူ၍ဆိုအပ်၏။

ရဟန်းတို့---
ဇရာဟူသော အိုခြင်းသဘော ရှိကုန်သောသတ္တဝါတို့အား၊
ဗျာဓိဟူသော နာခြင်းသဘောရှိကုန်သော သတ္တဝါတို့အား၊
မရဏဟူသော သေခြင်းသဘောရှိကုန်သော သတ္တဝါတို့အား၊
သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ သဘောရှိကုန်သော သတ္တဝါတို့အား-
ငါတို့သည် အိုခြင်း နာခြင်း သေခြင်း သောကစသည်တို့ မဖြစ်ကုန်မူကား ကောင်းလေစွ၊ ငါတို့ထံသို့ အိုခြင်း နာခြင်း သေခြင်း သောက စသည်တို့လည်း မရောက် လာကြကုန်မူကား ကောင်းလေစွဟု တောင့်တခြင်းသည်ဖြစ်၏။ ယင်းသို့ တောင့်တသော်လည်း တောင့်တ၍မရနိုင်၊ တောင့်တ၍မရခြင်းကြောင့် တောင့်တ၍ မရအပ်သည်ကို ဖြစ်သော ဆင်းရဲကိုပင်လျှင် မတောင့်တအပ်သည်ကို တောင့်တ၍ မရခြင်းကြောင့်ဖြစ်သော ဆင်းရဲဟူ၍ ဆိုအပ်၏။

ရဟန်းတို့ -- အကျဉ်းအားဖြင့် ဥပါဒါနက္ခန္ဓာ ငါးပါးတို့သည် ဒုက္ခမည်ကုန်၏ ဟူသည် အဘယ်သဘောတရားတို့ ဖြစ်သနည်းဟူမူကား- ထိုဥပါဒါနက္ခန္ဓာတို့သည် သရုပ် အားဖြင့် ရူပုပါဒါနက္ခန္ဓာ, ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏုပါဒါနက္ခန္ဓာတို့တည်း။

ရဟန်းတို့-- အကျဉ်းအားဖြင့် ဥပါဒါနက္ခန္ဓာတို့ကို ဒုက္ခဟူ၍ ဆိုအပ်ကုန်၏။

ရဟန်းတို့-- ဤပြဆိုအပ်ပြီးသော သဘောတရားအပေါင်းကို ဒုက္ခဟု ဆိုအပ်သော အရိယသစ္စာဟူ၍ ဆိုအပ်၏ဟု ဟောတော်မူသည်။

အဝိဇ္ဇာကာကွယ်ဖုံးအုပ်သဖြင့် ဉာဏ်မျက်စိ သုဉ်းနေကြသော ပုထုဇဉ်တို့သန္တာန်၌ အကြောင်းအားလျော်စွာ ဖြစ်ပေါ်လျက်ရှိသော ဒုက္ခတွေကို မြတ်စွာဘုရားသည် “ခရေစေ့ တွင်းကျ” ဆိုသလို အစေ့အငှ ဖော်ထုတ်၍ပြတော်မူသည်။

ဤဒုက္ခတို့ကို ဉာတပရိညာဖြင့် သိစေတော်မူလိုသော မဟာကရုဏာတော်၏ အရှင်ပါပေဟု ဦးတိုက်သင့်လှပေသည်။ ယင်းဒုက္ခတို့ကို မြင်အောင်ကြည့်၍ ဒုက္ခတို့မှ ကျွတ်လွတ်အောင် ရုန်းသင့်ကြပေသည်။

ဒုက္ခသစ္စာအကျယ် ပြီး၏။

---

သမုဒယသစ္စာ အကျယ်

ရဟန်းတို့-- ဒုက္ခဖြစ်ကြောင်းဖြစ်သော အရိယသစ္စာသည် အဘယ်သဘောတရား ဖြစ်သနည်းဟူမူကား- အကြင်တဏှာသည် တစ်ဖန်ဘဝသစ်ကို ဖြစ်စေတတ်၏၊ အာရုံ၌ ပြင်းစွာ တပ်မက်တတ်၏၊ ထိုထို အတ္တဘော, ထိုထိုအာရုံတို့၌ အလွန် တပ်မက်တတ်၏။ ဤတဏှာသည် အဘယ်တဏှာနည်းဟူမူ- ကာမဂုဏ်တို့၌ တပ်မက်သော ကာမတဏှာ, ရူပဘုံအရူပဘုံတို့၌ တပ်မက်သောဘဝတဏှာ, ဥစ္ဆေဒဒိဋ္ဌိနှင့်တကွ ဖြစ်သော ဝိဘဝတဏှာ၊ ဤတဏှာတို့ပေတည်း။

ရဟန်းတို့ ... ထိုတဏှာဖြစ်လျှင် အဘယ်၌ဖြစ်သနည်း၊ အဘယ်၌ အဖန်ဖန် သက်ဝင်တည်နေသနည်းဟူမူကား- လောက၌ ပိယရုပ် (ချစ်ခင်နှစ်သက်အပ်သော သဘောရှိသောဝတ္ထု)၊ သာတရုပ် (သာယာအပ်သော သဘောရှိသောဝတ္ထု)သည် ရှိ၏။ ထိုပိယရုပ်, သာတရုပ်တို့၌ တဏှာသည်ဖြစ်ခွင့်ရှိလျှင်ဖြစ်တတ်၏၊ သက်ဝင် တည်နေခွင့်ရှိလျှင် အဖန်ဖန်သက်ဝင်တည်နေတတ်၏။

ပိယရုပ်, သာတရုပ်ဟူသည် အဘယ်နည်းဟူမူ- စက္ခုသည် ပိယရုပ် သာတရုပ် ဖြစ်၏၊ သောတ, ဃာန, ဇိဝှါ, ကာယ, မနသည် ပိယရုပ်ဖြစ်၏။ သက်ဝင်တည်နေခွင့် ရှိလျှင် အဖန်ဖန်သက်ဝင် တည်နေတတ်၏။ “နိဝိသတီတိ ပုနပ္ပုနံ ပဝတ္တိဝသေန ပတိဋ္ဌာတိ”။ (အဋ္ဌကထာ။)။

ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, ဓမ္မာရုံတို့သည် ပိယရုပ်, သာတရုပ် ဖြစ်ကုန်၏။ ဤရူပါရုံစသည်တို့၌ တဏှာဖြစ်ခွင့် ရှိလျှင်ဖြစ်၏၊ အဖန်ဖန် သက်ဝင် တည်နေခွင့်ရှိလျှင် သက်ဝင်တည်နေတတ်၏။

စက္ခုဝိညာဏ်, သောတဝိညာဏ်, ဃာနဝိညာဏ်, ဇိဝှါဝိညာဏ်, ကာယဝိညာဏ်, မနောဝိညာဏ်တို့သည် ပိယရုပ်, သာတရုပ်ဖြစ်ကုန်၏။ ဤစက္ခုဝိညာဏ်စသည်တို့၌ တဏှာသည် ဖြစ်ခွင့်ရှိလျှင် ဖြစ်တတ်၏၊ အဖန်ဖန်သက်ဝင် တည်နေခွင့်ရှိလျှင် သက်ဝင် တည်နေတတ်၏။

စက္ခုသမ္ဖဿ, သောတသမ္ဖဿ, ဃာနသမ္ဖဿ, ဇိဝှါသမ္ဖဿ, ကာယသမ္ဖဿ, မနောသမ္ဖဿတို့သည် ပိယရုပ်, သာတရုပ်ဖြစ်ကုန်၏။ ပ။ အဖန်ဖန်သက်ဝင် တည်နေ တတ်၏။

စက္ခုသမ္ဖဿဇာဝေဒနာ, သောတသမ္ဖဿဇာဝေဒနာ, ဃာနသမ္ဖဿဇာဝေဒနာ, ဇိဝှါသမ္ဖဿဇာဝေဒနာ, ကာယသမ္ဖဿဇာဝေဒနာ, မနောသမ္ဖဿဇာဝေဒနာ တို့သည် ပိယရုပ်, သာတရုပ်ဖြစ်ကုန်၏။ ပ။ အဖန်ဖန် သက်ဝင်တည်နေတတ်၏။

ရူပသညာ, သဒ္ဒသညာ, ဂန္ဓသညာ, ရသသညာ, ဖောဋ္ဌဗ္ဗသညာ, ဓမ္မသညာ တို့သည် ပိယရုပ်, သာတရုပ်ဖြစ်ကုန်၍။ ပ။ အဖန်ဖန် သက်ဝင်တည်နေတတ်၏။

ရူပသေဉ္စတနာ, သဒ္ဒသေဉ္စတနာ, ဂန္ဓသေဉ္စတနာ, ရသသေဉ္စတနာ, ဖောဋ္ဌဗ္ဗသေဉ္စတနာ, ဓမ္မသေဉ္စတနာ, တို့သည် ပိယရုပ်, သာတရုပ်ဖြစ်ကုန်၏။ ပ။ အဖန်ဖန် သက်ဝင်တည်နေတတ်၏။

ရူပတဏှာ, သဒ္ဒတဏှာ, ဂန္ဓတဏှာ, ရသတဏှာ, ဖောဋ္ဌဗ္ဗတဏှာ, ဓမ္မတဏှာ တို့သည် ပိယရုပ်, သာတရုပ် ဖြစ်ကုန်၏။ ပ။ အဖန်ဖန်သက်ဝင်တည်နေတတ်၏။

ရူပဝိတက်, သဒ္ဒဝိတက်, ဂန္ဓဝိတက်, ရသဝိတက်, ဖောဋ္ဌဗ္ဗဝိတက်, ဓမ္မဝိတက် တို့သည် ပိယရုပ်, သာတရုပ်တို့ဖြစ်ကုန်၏။ ပ။ အဖန်ဖန်သက်ဝင်တည်နေတတ်၏။

ရူပဝိစာရ, သဒ္ဒဝိစာရ, ဂန္ဓဝိစာရ, ရသဝိစာရ, ဖောဋ္ဌဗ္ဗဝိစာရ, ဓမ္မဝိစာရတို့သည် ပိယရုပ်, သာတရုပ် ဖြစ်ကုန်၏။ ပ။ အဖန်ဖန် သက်ဝင်တည်နေတတ်၏။

ရဟန်းတို့-- ဤပြဆိုအပ်ပြီးသော ပိယရုပ်, သာတရုပ်တို့၌ဖြစ်သော အဖန်ဖန် သက်ဝင် တည်နေတတ်သော သဘောတရားကို သမုဒယဟု ဆိုအပ်၏။ အရိယာ သစ္စာဟူ၍ ဆိုအပ်၏-ဟု ဟောတော်မူသည်။

[ပိယရုပ်, သာတရုပ်ဆိုသည်မှာ-ဖောက်ပြန်ခြင်း သဘောရှိသော ၂၈-ပါးသော ရုပ်တို့ကိုသာလျှင်- ဆိုသည်မဟုတ်၊ ချစ်ခင်နှစ်သက်မြတ်နိုးအပ်သော သဘော ရှိသော လောကီရုပ်နာမ် တို့ကိုဆိုသည်။ ပိယရူပသဒ္ဒါ၌ ရူပပုဒ်သည် သဘော ဟူသောအနက်ရှိ၏။ ရူပ- ချစ်ခင်အပ်သော သဘောရှိသောတရား၊ သာတရူပ သာယာတပ်မက်အပ်သော သဘောရှိသော တရားဟု ဆိုလိုသည်။

သို့ကြောင့် စက္ခု သောတစသောရုပ်, ရူပသဒ္ဒစသော ရုပ်, စက္ခုဝိညာဏ်စသော စိတ်, ဝိတက်ဝိစာရ စသော စေတသိက်တို့သည် ပိယရူပ, သာတရူပဖြစ်ကြသည်။ ထိုပိယရုပ်, သာတရုပ်တို့၌ တဏှာဖြစ်သည်ဟုဟောတော်မူသည်။

ရုပ်နာမ်ဖြစ်သော ပိယရုပ်, သာတရုပ်တို့သည် အန္ဓပုထုဇဉ်တို့ သန္တာန်၌ ပိယ, သာတ ဖြစ်သော်လည်း ဝိပဿကပုဂ္ဂိုလ်နှင့် ရဟန္တာတို့၏ သန္တာန်၌ကား ပိယ, သာတ မဖြစ်ကြကုန်။ အကြောင်းမူကား- ထိုရုပ်နာမ်တို့၏ ပကတိအရှိသဘော ဖြစ်သော အနိစ္စ, ဒုက္ခ, အနတ္တ တို့ကို မြင်သောကြောင့်တည်း။]

သမုဒယသစ္စာအကျယ် ပြီး၏။

---

နိရောဓသစ္စာအကျယ်

ရဟန်းတို့-- နိရောဓဟုဆိုအပ်သော အရိယသစ္စာဟူသည် အဘယ် သဘောတရား ဖြစ်သနည်း ဟူမူကား- ပြဆိုအပ်ခဲ့ပြီးသော တဏှာ၏သာလျှင် အကြွင်းမဲ့ ချုပ်ခြင်းသည်, စွန့်ခြင်းသည်, ကုန်ခန်းခြင်းသည်, ကင်းလွတ်ခြင်းသည်, မကပ်ငြိခြင်းသည် ရှိ၏။ ဤသဘောတရားသည်ပင် နိရောဓဟု ဆိုအပ်သော အရိယသစ္စာဖြစ်၏။

ရဟန်းတို့-- ထိုတဏှာသည် ပယ်အပ်သည်ရှိသော် အဘယ်အရာ၌ ပယ်အပ် ပါသနည်း၊ ချုပ်သည်ရှိသော် အဘယ်အရာ၌ ချုပ်ပါသနည်းဟူမူကား- လောက၌ ပိယရုပ်, သာတရုပ်သည် ရှိ၏။ ဤပိယရုပ်, သာတရုပ်၌ တဏှာသည် ပယ်အပ်သည် ရှိသော် ပယ်၏၊ ချုပ်သည်ရှိသော် ချုပ်၏။

ပိယရုပ်, သာတရုပ်ဟူသည် အဘယ်သဘောတရား ဖြစ်သနည်းဟူမူကား- (သမုဒယသစ္စာ၌ အကျယ်ဖော်ပြပြီးသည့်အတိုင်း ပိယရုပ်, သာတရုပ်တို့ကို သိပါလေ။)

ရဟန်းတို့ ဤသဘောတရားကို နိရောဓဟု ဆိုအပ်သော အရိယသစ္စာဟူ၍ ဆိုအပ်၏-ဟု ဟောတော်မူသည်။

[ပိယရုပ်, သာတရုပ်တို့၏ အနိစ္စ, ဒုက္ခ, အနတ္တသဘောကို သိမြင်သော ဝိပဿက ပုဂ္ဂိုလ်သည် ထိုရုပ်တို့၌ တပ်မက် သာယာမှု မဖြစ်သည်သာ မဟုတ်၊ အပြစ်ဒေါသ ကိုမြင်၍ ရန်သူကဲ့သို့ကြောက်ရွံ့ စက်ဆုပ်လျက် ထိုရုပ်နာမ် ခန္ဓာတို့မှ လွတ်လိုသော ဆန္ဒဖြင့် တရားကိုအားထုတ်သည်ဖြစ်၍ ဝိပဿက ပုဂ္ဂိုလ်သန္တာန်၌ တဏှာ လောဘသည် တဒင်္ဂအားဖြင့်မူလည်း ချုပ်လေသည်။ ဆက်လက်၍ အားထုတ်ပါမူကား သမုစ္ဆေဒပဟာန်ဖြင့် ပယ်သတ်နိုင်၍ တဏှာ အကြွင်းမဲ့ချုပ်ငြိမ်း ပေမည်။ ဤသို့တဏှာ ချုပ်ငြိမ်းတော်မူစေလိုသဖြင့် ဒုက္ခ သစ္စာနှင့် နိရောဓသစ္စာ တို့ကို အကျယ်ဖွင့်၍ ဟောတော်မူသည်။]

နိရောဓသစ္စာ အကျယ်ပြီး၏။

✨ မဂ္ဂသစ္စာအကျယ်

ရဟန်းတို့ -- ဒုက္ခ၏ချုပ်ငြိမ်းရာ နိရောဓသို့ရောက်ကြောင်းအကျင့်ဟု ဆိုအပ်သော (မဂ္ဂ)မည်သော အရိယသစ္စာသည် အဘယ်သဘောတရား ဖြစ်သနည်းဟူမူကား- ဖြူစင်သော အင်္ဂါရှစ်ပါးရှိသော ဤ မဂ္ဂင်တရားတို့သည်သာလျှင်တည်း။

မဂ္ဂင်တရားတို့သည်ကား-

  1. သမ္မာဒိဋ္ဌိ၊
  2. သမ္မာသင်္ကပ္ပ၊
  3. သမ္မာဝါစာ၊
  4. သမ္မာကမ္မန္တ ၊
  5. သမ္မာအာဇီဝ၊
  6. သမ္မာဝါယာမ၊
  7. သမ္မာသတိ၊
  8. သမ္မာ သမာဓိ။ ဤသည်တို့တည်း။

ရဟန်းတို့ -- သမ္မာဒိဋ္ဌိဟူသည် အဘယ်သဘောတရား ဖြစ်သနည်း ဟူမူကား-

ရဟန်းတို့ --
ဒုက္ခ၌ ဒုက္ခဟု သိသောဉာဏ်အမြင်,
ဒုက္ခဖြစ်ကြောင်း သမုဒယ၌ သမုဒယဟု သိသောဉာဏ်အမြင်,
ဒုက္ခချုပ်ရာ၌ ဒုက္ခချုပ်ငြိမ်းရာဟု သိသောဉာဏ်အမြင်,
ဒုက္ခ၏ချုပ်ငြိမ်းရာသို့ ရောက်ကြောင်းတရား၌ ဒုက္ခချုပ်ငြိမ်းရာသို့ရောက်ကြောင်း အကျင့်တရားဟု သိသောဉာဏ်အမြင်သည်ရှိ၏။
ရဟန်းတို့ ဤဉာဏ်အမြင်ကို သမ္မာဒိဋ္ဌိ ဟူ၍ဆိုအပ်သည်။

ရဟန်းတို့ -- သမ္မာသင်္ကပ္ပ ဟူသည် အဘယ်သဘောတရား ဖြစ်သနည်း ဟူမူကား- ကာမစ္ဆန္ဒမှထွက်မြောက်သော ကြံစည်ခြင်း, ဒေါသမှကင်းသော ကြံစည်ခြင်း, ညှဉ်းဆဲခြင်း၏ ဆန့်ကျင်ဘက် ဖြစ်သော ကြံစည်ခြင်းသည်ရှိ၏၊ ဤသို့ ကြံစည်ခြင်းကို သမ္မာသင်္ကပ္ပဟူ၍ ဆိုအပ်၏။

ရဟန်းတို့ -- သမ္မာဝါစာ ဟူသည်အဘယ်သဘောတရားဖြစ်သနည်း ဟူမူကား -
မုသားပြောမှုမှ ရှောင်ကြဉ်ခြင်း,
ချောပစ်ကုန်းတိုက်သော စကားကို ပြောမှုမှ ရှောင်ကြဉ်ခြင်း,
အနက်အဓိပ္ပာယ်ကြမ်းသော စကားကို ပြောမှုမှရှောင်ကြဉ်ခြင်း,
ပြိန်ဖျင်းသောစကားကို ပြောမှုမှရှောင်ကြဉ်ခြင်းသည်ရှိ၏။
ရဟန်းတို့-- ဤလေးမျိုးသော စကားတို့မှ ရှောင်ကြဉ်၍ ပြောသောစကားကို သမ္မာဝါစာ ဟူ၍ ဆိုအပ်၏။

ရဟန်းတို့ -- သမ္မာကမ္မန္တ ဟူသည် အဘယ်သဘောတရားဖြစ်သနည်းဟူမူကား-
သတ္တဝါကို သတ်မှုမှရှောင်ကြဉ်ခြင်း,
အရှင်မပေးသောပစ္စည်းကို ခိုးယူခြင်းမှရှောင်ကြဉ်ခြင်း,
ကာမဂုဏ်တို့၌ မှားယွင်းသောအကျင့်မှရှောင်ကြဉ်ခြင်းသည်ရှိ၏။
ရဟန်းတို့-- ဤသုံးမျိုး သော ကာယကံမှုမှ ရှောင်ကြဉ်ခြင်းကို သမ္မာကမ္မန္တ ဟူ၍ ဆိုအပ်၏။

ရဟန်းတို့-- သမ္မာအာဇီဝ ဟူသည် အဘယ်သဘောတရားဖြစ်သနည်းဟူမူကား- ရဟန်းတို့- ငါဘုရားသာသနာတော်၌ အရိယာဖြစ်သောတပည့်သည် မှားသော အသက် မွေးမြူခြင်းကို ရှောင်ကြဉ်၍ ကောင်းမွန်သော အသက်မွေးမြူခြင်းဖြင့် အသက်မွေး၏။ ဤသို့ကောင်းမွန်သော အသက်မွေးမြူခြင်းကို သမ္မာအာဇီဝဟူ၍ ဆိုအပ်၏။

ရဟန်းတို့ - သမ္မာဝါယာမ ဟူသည်အဘယ်သဘောတရားဖြစ်သနည်းဟူမူကား- ရဟန်းတို့-- ငါဘုရား သာသနာတော်၌ ရဟန်းတရားကို အားထုတ်သော ရဟန်းသည် မိမိသန္တာန်၌ --

မဖြစ်ကုန်သေးသော ယုတ်မာကုန်သော အကုသိုလ် တရားတို့ကို မဖြစ်စေ ခြင်းငှာ ဆန္ဒကိုဖြစ်စေ၏၊ လုံ့လပြု၏၊ ဝီရိယကို အားထုတ်၏၊ စိတ်ကို ချီးမြှောက်၏၊ ကြိုးစား၏။
မဖြစ်ဖူးကုန်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စေခြင်းငှာ ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၍၊ ဝီရိယကို အားထုတ်၏၊ စိတ်ကို ချီးမြှောက်၏၊ ကြိုးစား၏။
ဖြစ်ကုန်ပြီးသော ယုတ်မာကုန်သော အကုသိုလ်ဖြစ်ကုန်သော တရားတို့ကို ပယ်ခြင်းငှာ ဆန္ဒကိုဖြစ်စေ၏၊ လုံ့လပြု၏၊ ဝီရိယကိုအားထုတ်၏၊ စိတ်ကို ချီးမြှောက်၏၊ ကြိုးစား၏။
ဖြစ်ပြီးကုန်သော ကုသိုလ်တရားတို့ကို တည်စေခြင်းငှာ, မပျောက်ခြင်းငှာ, လွန်စွာ ဖြစ်ခြင်းငှာ, ပြန့်ပြောခြင်းငှာ, ပွားများခြင်းငှာ, ထက်ဝန်းကျင် ပြည့်ခြင်းငှာ ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ ဝီရိယကို အားထုတ်၏၊ စိတ်ကိုချီးမြှောက်၏၊ ကြိုးစား၏။ ရဟန်းတို့-- ဤသဘောကို သမ္မာဝါယာမဟူ၍ ဆိုအပ်၏။

ရဟန်းတို့- သမ္မာသတိ ဟူသည် အဘယ်သဘောတရား ဖြစ်သနည်း ဟူမူကား- ရဟန်းတို့--- ငါဘုရား သာသနာတော်၌ ရဟန်းတရားကို အားထုတ်သော ရဟန်းသည် ကိလေသာတို့ကို ပူပန်စေတတ်သော ဝီရိယရှိသည်ဖြစ်၍, ပညာအဆင်ခြင် ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ ဥပါဒါနက္ခန္ဓာတည်းဟူသော လောက၌ အဘိဇ္ဇာ, ဒေါမနဿတို့ကို ပယ်ဖျောက်လျက်

ရုပ်အပေါင်း၌ရုပ်အပေါင်းမျှသာဟု ရှုလေ့ရှိသည်ဖြစ်၍နေ၏။ ပ။
ဝေဒနာတို့၌ ဝေဒနာဟုရှုလေ့ရှိသည်ဖြစ်၍နေ၏။ ပ။
စိတ်၌စိတ်ဟု ရှုလေ့ ရှိသည်ဖြစ်၍ နေ၏။ ပ။
သင်္ခါရက္ခန္ဓာ ဖြစ်သောတရားတို့၌ သင်္ခါရက္ခန္ဓာဖြစ်သော တရားတို့ဟု ရှုလေ့ ရှိသည်ဖြစ်၍နေ၏။
ရဟန်းတို့-- ဤသဘောတရားကို သမ္မာသတိဟူ၍ ဆိုအပ်၏။

ရဟန်းတို့ -- သမ္မာသမာဓိဟူသည် အဘယ်သဘောတရားဖြစ်သနည်းဟူမူကား- ရဟန်းတို့--- ငါဘုရားသာသနာတော်၌ ရဟန်းတရားကို အားထုတ်သော ရဟန်းသည် ဝတ္ထုကာမ, ကိလေသာကာမတို့မှ လည်းကောင်း, အကုသိုလ် တရားတို့မှ လည်းကောင်း ကင်းသည်ဖြစ်၍သာလျှင် ဝိတက်, ဝိစာရတို့နှင့်တကွ နီဝရဏတို့မှ ကင်းဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သက်ခြင်း, ချမ်းသာခြင်းရှိသော ပထမဈာန်သို့ ရောက်၍ နေ၏။
တစ်ဖန် ဝိတက်, ဝိစာရတို့၏ ငြိမ်းခြင်းကြောင့် ကိုယ်တွင်းအဇ္ဈတ္တ၌ဖြစ်သော ကြည်လင်စေတတ်သော စိတ်တစ်ခုတည်းအဖြစ်ကို ပွားစေတတ်သော ဝိတက်, ဝိစာရ မရှိသော သမာဓိကြောင့်ဖြစ်သော နှစ်သက်ခြင်း, ချမ်းသာခြင်းရှိသော ဒုတိယဈာန်သို့ ရောက်၍နေ၏။
တစ်ဖန် ပီတိ၏ကင်းခြင်းကြောင့် လည်းကောင်း, လျစ်လျူရှုသည်ဖြစ်၍ လည်းကောင်း သတိရှေ့သွားကာ ပညာဖြင့် ဆင်ခြင်သည်ဖြစ်၍ ချမ်းသာကိုလည်း နာမကာယဖြင့် ခံစား၏။ အကြင် တတိယဈာန်ကြောင့် တတိယဈာန်ကို ရရှိသော ပုဂ္ဂိုလ်ကို အာရုံ၌လျစ်လျူ ရှုသည်ဖြစ်၍, သတိရှိသည်ဖြစ်၍ ချမ်းသာစွာနေသော ပုဂ္ဂိုလ်ဟူ၍ အရိယာပုဂ္ဂိုလ်တို့သည် ချီးမွမ်းပြောဆိုကြကုန်၏။ ထိုသို့ သဘောရှိသော တတိယဈာန်သို့ ရောက်၍နေ၏။
တစ်ဖန် ကာယိကသုခကိုလည်းကောင်း, ကာယိကဒုက္ခကိုလည်းကောင်း ပယ်ခြင်းကြောင့် ရှေးဥပစာရဈာန် အခါကပင်လျှင် သောမနဿ, ဒေါမနဿတို့၏ ချုပ်ခြင်းကြောင့် ဒုက္ခလည်း မဟုတ်, သုခလည်းမဟုတ်သော ဥပေက္ခာကြောင့် ဖြစ်သောသတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ရောက်၍ နေ၏။
ရဟန်းတို့-- ဤသဘောတရားကို သမ္မာသမာဓိဟူ၍ ဆိုအပ်၏။

ရဟန်းတို့- ဤသဘောတရားတို့ကို ဒုက္ခ၏ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဟု ဆို အပ်သော မဂ္ဂအရိယသစ္စာဟူ၍ ဆိုအပ်၏။

ဤသို့လျှင် မိမိအဇ္ဈတ္တသန္တာန်၌ဖြစ်သော သဘောတရားတို့ကို သဘောတရားဟု ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ပ။ (ရှေးနည်းနှင့် တူပြီ။)

ရဟန်းတို့ -- ရဟန်းတရားကို အားထုတ်သောရဟန်းသည် ဤသို့လျှင် လေးပါး ကုန်သော အရိယသစ္စာဟု ဆိုအပ်ကုန်သော သဘောတရားတို့၌ သဘောတရားကို ရှုလေ့ရှိသည်ဖြစ်၍နေ၏-ဟု ဟောတော်မူသည်။

[“ဝီတရာဂန္တိ လောကိယကုသလာဗျာကတံ၊ ဣဒံ ပန ယသ္မာ သမ္မသနံ န သမောဓာနံ၊ တသ္မာ ဣဓ ဧကပဒေပိ လောကုတ္တရံ န လဗ္ဘတိ” ဟု အဋ္ဌကထာမိန့်၏။
သို့ကြောင့် ဝိပဿနာသမ္မသနအရာ၌ လောကုတ္တရာကို လုံးဝမရ၊ သို့ဖြစ်၍ သစ္စာလေးပါးကို ဆင်ခြင်ရာ၌ “သမုဒယဝယာ ပနေတ္ထ စတုန္နံ သစ္စာနံ ယထာသမ္ဘဝတော ဥပ္ပတ္တိ နိဝတ္တိဝသေန ဝေဒိတဗ္ဗာ”ဟု သစ္စာလေးပါး တို့၏ အဖြစ်အပျက်ကို ဆင်ခြင်သောအခါ ဆင်ခြင်သင့်ရာကို ဆင်ခြင်၍ ချန်သင့်ရာကို ချန်ပါလေဟုဆိုသည်။ လောကုတ္တရာ ဖြစ်သော မဂ္ဂသစ္စာ, နိရောဓ သစ္စာဟူသော နိဗ္ဗာန်တို့ကို ချန်၍ လောကီဖြစ်သော ဒုက္ခ သစ္စာ, သမုဒယသစ္စာ တို့ကိုသာလျှင် အဖြစ်အပျက်သဘောဖြင့် ဆင်ခြင်ပါဟု ဆိုလိုသည်။
ဋီကာ၌မူကား “ယထာသမ္ဘဝတောတိ သမ္ဘဝါနုရူပံ၊ ထပေတွာ နိရောဓ သစ္စံ သေသသစ္စဝသေန သမုဒယဝယာ ဝေဒိတဗ္ဗာတိ အတ္ထော”ဟု ဖွင့်၏။ အဖြစ်အပျက်ကို ရှုရာ၌ကား နိဗ္ဗာန်ဟူသော နိရောဓသစ္စာ တစ်ပါးကိုသာ ချန်ထား၍ ကြွင်းသော သစ္စာသုံးပါးကို ရှုနိုင်သည်ဟု မိန့်၏။]

မြတ်စွာဘုရားသည် သတိပဋ္ဌာန် ဒေသနာတော်၌ သစ္စာလေးပါး အကျယ်ဖွင့်ကာ ဟောကြားတော်မူခြင်းဖြင့် သစ္စာလေးပါးကို အထွတ်တပ်လျက် ဒေသနာတော်ကို နိဂုံးအုပ်တော်မူသည်။

သစ္စာလေးပါး၏ အဓိပ္ပာယ်သဘော သဘာဝသည် မြတ်စွာဘုရား ဟောတော်မူသည် နှင့်ပင် ရှင်းလင်းပြတ်သား ထင်ရှားပေပြီ။

ယောဂီတို့သည် ဒုက္ခသစ္စာကို မြင်အောင်ကြည့်၍ သမုဒယသစ္စာကို ပယ်လျက် ဒုက္ခသစ္စာတို့၏ချုပ်ရာ နိရောဓသို့ ရောက်ခြင်းငှာ မဂ္ဂသစ္စာကို ပွားများကြ ကုန်ရာသည်။

သစ္စာခန်း ပြီး၏။
ဓမ္မာနုပဿနာ ပြီး၏။

🙏 သတိပဋ္ဌာန်ပွားများရကျိုး

မြတ်စွာဘုရားသည် ကာယာနုပဿနာမှစ၍ သတိပဋ္ဌာန် ဒေသနာတော်ကို ဟောတော်မူပြီး၍ ယခုအခါ သတိပဋ္ဌာန်တရားကို ပွားများ အားထုတ်ရန် တိုက်တွန်းခြင်းနှင့်တကွ အကျိုးကျေးဇူးကို ပြတော်မူသည်မှာ-
ရဟန်းတို့-- တစ်စုံတစ်ယောက်သော ယောဂီသည် ဤသတိပဋ္ဌာန်လေးပါးတို့ကို ၇-နှစ်တို့ပတ်လုံး ယခုဟောပြောခဲ့သည့် နည်းလမ်းဖြင့် ပွားများသည်ဖြစ်အံ့၊ ထိုယောဂီအား ယခုမျက်မှောက်ဘဝ၌သော်လည်း အရဟတ္တဖိုလ်ကို ရရာ၏၊ ဥပါဒါန် အကြွင်းရှိသေးလျှင်ကား အနာဂါမိဖိုလ်ကို ရရာ၏။ ဤအကျိုး နှစ်ပါးတွင် တစ်ပါးပါးကို ဧကန်ရလိမ့် မည်ဟုလိုလားကာ အားထုတ်ပါလေ-ဟု မိန့်တော်မူသည်။

၇-နှစ်တိုင်တိုင် ပွားများအားထုတ်မှသာလျှင် ရသည်မဟုတ်သေး၊
၆-နှစ်, ၅-နှစ်, ၄-နှစ်, ၃-နှစ်, ၂-နှစ်, ၁-နှစ်၊
သို့မဟုတ် ၇-လ, ၆-လ, ၅-လ, ၄-လ, ၃-လ, ၂-လ, ၁-လ၊
သို့မဟုတ် ၁၅-ရက်, ၇-ရက်
အားဖြင့် ပုဂ္ဂိုလ်၏ ပါရမီဉာဏ် အားလျော်စွာ ဤသတိပဋ္ဌာန် တရားကို အားထုတ်လျှင် ဤဘဝ၌ပင် အရဟုတ္တဖိုလ်ကို ရရာ၏၊ ဥပါဒါန်အကြွင်း ရှိသေးလျှင် မူကား အနာဂါမိဖိုလ်ကို ရရာ၏။ ဤအကျိုး နှစ်ပါးတွင် တစ်ပါးပါးကို ဧကန် ရလိမ့်မည်ဟု လိုလားကာ အားထုတ်ပါလေ- ဟု မိန့်တော်မူသည်။

၇-နှစ်မှသည် ၇-ရက်အထိ အားထုတ်မှုကို ပြဆိုခြင်းသည် ပါရမီဉာဏ် အလတ်စား ဖြစ်သော ပုဂ္ဂိုလ်တို့ကို ရည်ရွယ်၍ ဟောတော်မူသည်။

ထက်မြက်သော ပါရမီဉာဏ်ရှိသူ ဖြစ်မူကား နံနက်အခါ သင်ကြားဟောပြော ပေးသည်ကို နာယူ၍ အားထုတ်လျှင် ညနေဘက်၌ တရားရနိုင်သည်၊ ညနေအခါ သင်ကြား ဟောပြောပေးသည်ကို နာယူ၍ အားထုတ်လျှင် နံနက်ဘက်၌ တရားရနိုင်သည်ဟု အဋ္ဌကထာ၌ဆိုသည်။

အဋ္ဌကထာစကားကို ထောက်၍ ၇-နှစ်တိုင်တိုင် အားထုတ်၍မှ မရသေးသော ပုဂ္ဂိုလ်သည် ထိုကာလထက် ပိုလွန်၍ အားထုတ်သော် တရားရနိုင်သည်ကိုလည်း ပြဆိုရာရောက်သည်။

သတိပဋ္ဌာန်ပါဠိတော်၌ “ယော ဟိ ကောစိ ဘိက္ခဝေ”ဟူသောပုဒ်ကို “ယော ဟိကောစိ ဘိက္ခဝေ ဘိက္ခု ဝါ ဘိက္ခုနီ ဝါ ဥပါသကော ဝါ ဥပါသိကာ ဝါ”ဟူ၍ အဋ္ဌကထာ ဖွင့်ပြသဖြင့် ဤသတိပဋ္ဌာန်ဒေသနာတော်ကို ရဟန်းယောက်ျားဖြစ်စေ, ရဟန်းမဖြစ်စေ, ဒါယကာဖြစ်စေ, ဒါယိကာမဖြစ်စေ မည်သူမဆို အားထုတ် နိုင်ကြောင်း အားထုတ်လျှင် ဉာဏ် အားလျော်စွာ ပါရမီအထုံဝါသနာ အားလျော်စွာ တရားထူး ရရှိနိုင်သည်ကို ဝမ်းမြောက်စွာ သိအပ်ကြသည်။

ဤကျမ်းစာ မြန်မာပြန်ရာ၌မူကား သဗ္ဗသင်္ဂါဟိက နည်းအားလုံးကို သိမ်းရုံးသော သဘောဖြင့် ယောဂီ ဟူ၍ ပြန်ဆိုလိုက်သည်။

ရဟန်းတို့-- သတ္တဝါတို့၏သန္တာန်၌ --
ကိလေသာ အညစ်အကြေးမှ စင်ကြယ်စေ ခြင်းငှာ လည်းကောင်း,
သောကပရိဒေဝတို့ကို လွန်မြောက်ခြင်းငှာလည်းကောင်း,
ဒုက္ခ ဒေါမနဿတို့၏ ချုပ်ငြိမ်းခြင်းငှာ လည်းကောင်း,
အရဟတ္တဖိုလ်ကို ရခြင်းငှာ လည်းကောင်း,
နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှာ လည်းကောင်း
တစ်ကြောင်းတည်းသော လမ်းဖြစ်သည် ဟူ၍ ငါဘုရား ဟောတော်မူခဲ့သည်မှာ ဤ သတိပဋ္ဌာန်လေးပါးကို ရည်ညွှန်း၍ ဟောတော်မူခြင်း ဖြစ်ပေသည် .. ဟု မိန့်တော်မူလျှင် တရားနာသော ရဟန်းတော်တို့သည် မြတ်စွာဘုရား ဟောတော်မူ အပ်သော တရားတော်ကို အလွန်နှစ်သက် ဝမ်းမြောက် ကြကုန်၏။

သတိပဋ္ဌာန် ဒေသနာတော် အဆုံး၌ သုံးသောင်းသော ရဟန်းတော်တို့သည် အရဟတ္တဖိုလ်သို့ ရောက်တော်မူကြသည်ဟု အဋ္ဌကထာ၌ဆိုသည်။

အနုပဿနာ သတိပဋ္ဌာန် ဒေသနာတော်ပြီး၏။

💐 အာသီသ (ဆုတောင်း)

ကာယဝိစ္ဆိန္ဒနိက သုတ်လာ ကာယာနုပဿနာကမ္မဋ္ဌာန်းမှစ၍ မဟာသတိပဋ္ဌာန သုတ်လာ ကာယာနုပဿနာ, ဝေဒနာနုပဿနာ, စိတ္တာနုပဿနာ, ဓမ္မာနုပဿနာ ကမ္မဋ္ဌာန်းတရားတို့ကို ကြည့်ရှုကြားနာ ကြရကုန်သော ဓမ္မမာမက သူတော်ကောင်း ဖြစ်သော ရဟန်းရှင် လူအပေါင်းတို့သည် မိမိတို့ဆန္ဒ, မိမိတို့ဝါသနာနှင့် လိုက်လျော ဆီလျော်သော ကမ္မဋ္ဌာန်းကို ထုတ်ယူလေ့လာ ပွားများကြကုန်သည်ဖြစ်၍ ကိလေသာတို့မှ စင်ကြယ်ခြင်း, သောက ပရိဒေဝ စသည်တို့မှ လွန်မြောက်ခြင်း, ဒုက္ခ ဒေါမနဿတို့ ချုပ်ငြိမ်းခြင်း အရဟတ္တဖိုလ်ကို ရရှိခြင်း, နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း အကျိုးတို့ကိုရစေ၍ သံသရာဝဋ်မှ ထုတ်ဆောင်ကယ်တင်တော် မူတတ်သော နိယျာနိက ဘုရားရှင်သာသနာတော်နှင့် တွေ့ဆုံ ကြုံကြိုက်ကျိုးကို ရရှိကြပါစေကုန် သတည်း။

ကမ္မဋ္ဌာန်းတရားစာသည် အလှမျိုးစုံ ရနံ့မျိုးစုံ အရောင်အဆင်းမျိုးစုံ အပွင့် မျိုးစုံရှိသောပန်းပုံကြီးနှင့် အလားတူပေသည်။ ရှင်လူအပေါင်းတို့သည် ကြိုက်ရာ ကြိုက်ရာ နှစ်သက်ရာ နှစ်သက်ရာ ပန်းတည်းဟူသော တရားတို့ကို ထုတ်နုတ်ယူ၍ အသုံးပြုနိုင် ကြပါစေသတည်း။

ကမ္မဋ္ဌာန်း တရားစာ၌ ပြဆိုအပ်ပြီးသော တရားတို့ကို သဘောတူရာပေါင်း လိုက်လျှင် -- အာနာပါနကမ္မဋ္ဌာန်း, ဣရိယာပထကမ္မဋ္ဌာန်း, သမ္ပဇညကမ္မဋ္ဌာန်း, ဒွတ္တိံသာကာရကမ္မဋ္ဌာန်း, ဓာတ်လေးပါးခွဲသောကမ္မဋ္ဌာန်း, သိဝထိကကမ္မဋ္ဌာန်း ၉-ပါး၊ ဝေဒနာနုပဿနာ, စိတ္တာနုပဿနာ, ဓမ္မာနုပဿနာ, ငါးပါးအားဖြင့် ပေါင်း ၂၁-ပါး ရှိ၏။

ထို ၂၁-ပါးသော ကမ္မဋ္ဌာန်းတို့တွင် အာနာပါန ဒွတ္တိံသာကာရ, နဝသိဝထိက၁၁-ပါးသော ကမ္မဋ္ဌာန်းတို့သည် အပ္ပနာဈာန်သို့ ရောက်စေနိုင်ကြကုန်၏ဟု မိန့်ဆိုသည်။

ဒီဃဘာဏကမထေရ်ကမူ နဝသိဝထိက ကမ္မဋ္ဌာန်းကို အာဒီနဝါနုပဿနာ ဝိပဿနာကမ္မဋ္ဌာန်းအဖြစ်ဖြင့် ဟောတော်မူသည်ဟု မိန့်ဆိုသည်ဟူ၏။

မဟာသီဝထေရ်၏ အလိုအားဖြင့် အာနာပါနနှင့် ဒွတ္တိံသာကာရကမ္မဋ္ဌာန်း တို့သည်သာလျှင် အပ္ပနာဈာန်သို့ ရောက်စေနိုင်သော သမထကမ္မဋ္ဌာန်း ဖြစ်သည် ဟုဆိုသည်။

ဤကမ္မဋ္ဌာန်းတို့၌ ဝိပဿနာဉာဏ်ဖြင့် ဆင်ခြင်ပွားများမှု ဖြစ်နိုင်ပါသလော ဟူမူ ဣရိယာပထ, သမ္ပဇည, နီဝရဏ, ဗောဇ္ဈင်တို့၌ ဝိပဿနာဉာဏ်ဖြင့် ဆင်ခြင်မှု မဖြစ်ဟု ဆိုသည်။

မဟာသီဝထေရ်အလိုအားဖြင့် ဖြစ်နိုင်သည်ဟုဆိုသည်။ ဖြစ်ပုံမှာ- ငါ၏သန္တာန်၌ ဣရိယာပုထ်လေးပါး ရှိလေသလား, မရှိလားဟူ၍လည်းကောင်း၊ သမ္ပဇည လေးပါးရှိလေ သလား, မရှိလားဟူ၍လည်းကောင်း၊ ငါးပါးသော နီဝရဏတို့ ရှိလေ သလား, မရှိလား ဟူ၍ လည်းကောင်း ဆင်ခြင် သိမ်းဆည်းခြင်းရှိ၏။ သို့ကြောင့် ကမ္မဋ္ဌာန်း အားလုံးတို့၌ ဝိပဿနာဉာဏ်ဖြင့် နှလုံးသွင်း ဆင်ခြင်မှု ဖြစ်နိုင်သည် ဟုမိန့်ဆိုသည်။

ဣရိယာပုထ် စသည်တို့၌ နှလုံးသွင်း ဆင်ခြင်ခြင်း ဖြစ်ပုံကို ဋီကာဆရာက ဆက်လက် ရှင်းလင်းသည်မှာ ဆံပင်ကို ဆိုသဖြင့် ဆံပင်၏ တည်ရာဖြစ်သော မဟာဘုတ်, ဥပါဒါရုပ်တို့ကို သိမ်းဆည်း၍ ဆင်ခြင်နိုင်သည်၊ ဣရိယာပုထ်ကို ဆိုသဖြင့် ဣရိယာပုထ် အခိုက်အတန့်၌ဖြစ်သော ရုပ်တရားတို့ကို သိမ်းဆည်း၍ ဆင်ခြင်နိုင်သည်။ နီဝရဏတို့ကို အဦးပြုသဖြင့် နီဝရဏနှင့် ယှဉ်သောတရား, နီဝရဏတို့မှီသောတရားတို့ကို သိမ်းဆည်း၍ ဆင်ခြင်နိုင်သည်ဟု ဤအဓိပ္ပာယ်ဖြင့် မဟာသိဝထေရ်စကားကိုရှေ့နေလိုက်ကာ ထောက်ခံ ဖွင့်ဆိုသည်။

အထက်ပါ အဋ္ဌကထာ,ဋီစကားတို့ကို ထောက်ထား၍ ဤကမ္မဋ္ဌာန်းစာ၌ ပါရှိသော ကမ္မဋ္ဌာန်းတို့တွင် အဘယ်ကမ္မဋ္ဌာန်းကိုပင် အားထုတ်သည်ဖြစ်စေ အပ္ပနာဈာန်ကို မူလည်းရနိုင်သည်၊ ရရှိသောအပ္ပနာဈာန်ကို အခြေပြု၍ ဝိပဿနာသို့တက်လျှင် မဂ်ဖိုလ် တိုင်အောင်သော်လည်း ရနိုင်သည်။ ဝိပဿနာဉာဏ်ဖြင့် ဆင်ခြင်ပွားများ အပ်သောကမ္မဋ္ဌာန်း ဖြစ်၍ ဝိပဿနာဉာဏ်ဖြင့် ဆင်ခြင်ပွားများလျှင်မူလည်း မဂ်ဖိုလ်သို့ ရောက်နိုင်သည်ဖြစ်၍ ယောဂီတို့သည် အားမလျှော့ဘဲ နောက်မတွန့်ဘဲ မရွံ့ဘဲ ဇွဲကောင်းကောင်းဖြင့် စိတ်အား ထက်သန်စွာ အားထုတ်ကြပါမူကား မိမိတို့ပါရမီအထုံ ဉာဏ်အဟုန် အားလျော်စွာ တရားထူးကို မြေလက်ခတ် မလွဲရနိုင်ကြမည်ဖြစ်သောကြောင့် ရှေးဘုန်း ရှေးကံထောက်မ၍ ဘုန်းကံရှိကြ၍ ဘုရားသာသနာတော်နှင့် တွေ့ကြုံကြသည့်အခါ ကောင်းကြီးကို လက်မလွတ် ကြစေရန် သတိမူသင့်လှပေသည်။

မဓုရာနိ ပဟဋ္ဌာနိ၊ ဒေါသဂ္ဃါနိ ဟိတာနိ စ။
ယေ တေ ဝါကျာနိ သုဏန္တိ၊ တေပိ ဓညာ နရုတ္တမ။

(ဂေါတမီထေရီအပဒါန် နှာ-၂၁၁)

နရုတ္တမ၊ လူအပေါင်းတို့ထက် မြတ်တော်မူသော အရှင်ဘုရား။
တေ၊ အရှင်မြတ်ဘုရား၏။
မဓုရာနိ၊ ချိုမြိန်ကောင်းမြတ်ကုန်သော။
ပဟဋ္ဌာနိ၊ ကြားနာသူတို့၏ စိတ်နှလုံးကို ရွှင်ပြုံးစေနိုင်ကုန်သော။
ဒေါသဂ္ဂါနိ စ၊ အပြစ်ဒေါသမှလည်း ကင်းစင်ကြကုန်သော။
ဟိတာနိ စ၊ အစီးအပွားလည်း ရှိကုန်သော။
ဝါကျာနိ၊ တရားတော်တို့ကို။
ယေ၊ အကြင်သူတို့သည်။
သုဏန္တိ၊ ကြားနာကြပါကုန်၏။
တေပိ၊ အရှင်မြတ်ဘုရား၏ တရားစကားတော်ကို ကြားနာကြရကုန်သော ထိုသူတို့ သည်လည်း။
ဓညာ၊ ရှေးကုသိုလ်ကံ စီမံဖန်တီး၍ ဘုန်းကံကြီးကြပါကုန်သည် အရှင်ဘုရား။
ဂေါတမီထေရီအပဒါန်အရ ပါရမီဘုန်းကံ ရှိကြသူတို့ဖြစ်၍ ကမ္မဋ္ဌာန်း တရားကို ကြိုးစားကြကုန်ရာသတည်း။

🙏 နိဂုံး (မဂ္ဂသစ္စာပိုင်း)

ဇိတံ ကာယာနုပဿနံ၊ ကမ္မဋ္ဌာနံ မယာ ကတံ။
ပါပေကျံ တေန ပုညေန၊ အဂ္ဂဖလမနုတ္တရံ။
သာဓုနံ ပစ္စယော ဟောတု၊ ကမ္မဋ္ဌာန မိဒံ ဝရံ။
သဗ္ဗေပိ သုခိတာ ဟောန္တု၊ ပုညတေဇေန ဇန္တဝေါ။

မယာ၊ ငါသည်။
ကတံ၊ ရေးသားစီရင်အပ်သော။
ကာယာနုပဿနံ၊ ကာယာနုပဿနာဟူသော။
ကမ္မဋ္ဌာနံ၊ ကမ္မဋ္ဌာန်းတရား စာသည်။
ဇိတံ၊ ပြီးစီးအောင်မြင်ခဲ့ပေပြီ။
တေန ပုညေန၊ ထိုကောင်းမှုကြောင့်။
အနုတ္တရံ၊ မိမိထက် လွန်မြတ်သော တရားမရှိသော။
အဂ္ဂဖလံ၊ အဟရတ္တဖိုလ်သို့။
ပါပေကျံ ရောက်ရစေလို၏။

ဝရံ၊ မြတ်သော။
ဝါ၊ တောင့်တအပ်သော။
ဣဒံ ကမ္မဋ္ဌာနံ၊ ဤကမ္မဋ္ဌာန်း တရားစာသည်။
သာဓုနံ၊ သူတော်ကောင်းတို့၏။
ပစ္စယော၊ တရားရကြောင်း အထောက်အပံ့သည်။
ဟောတု၊ ဖြစ်ပါစေသတည်း။
ပုညတေဇေန၊ ကမ္မဋ္ဌာန်း တရားစာကို ရေးသားရသော ကောင်းမှု၏ အာနုဘော်ကြောင့်။
သဗ္ဗေပိ၊ အလုံးစုံလည်း ဖြစ်ကုန်သော။
ဇန္တဝေါ၊ လူနတ်ကစ သတ္တဝါဟူသမျှတို့သည်။
သုခိတာ၊ ကိုယ်ရောစိတ်ပါ ချမ်းသာခြင်းရှိကြကုန်သည်။
ဟောန္တု၊ ဧကန်မသွေ ဖြစ်ကြပါစေကုန်သတည်း။

ကာယာနုပဿနာ အလုံးစုံပြီး၏။

[မြန်မာသက္ကရာဇ် ၁၃၃၂-ခုနှစ်၊ ပြာသိုလဆန်း ၁၂-ရက်၊ ကြာသပတေးနေ့ ပြီးသည်။]

စစ်ကိုင်းတောင်ရိုး ရွှေဟင်္သာတိုက်သစ်
ရွှေဟင်္သာဆရာတော် အရှင်ပဏ္ဍိတထေရ်
စီရင်ရေးသားအပ်သော

📘 ဝေဒနာနုပဿနာသတိပဋ္ဌာန်

▬▬▬ஜ۩۞۩ஜ▬▬▬

📝 မာတိကာ

နိဒါန်း
ပဏာမ
တရားအမွေခံဖြစ်စေလိုခြင်း
ဆွမ်းမစားပဲ တရားအားထုတ်သောရဟန်း
ဆွမ်းစားသောရဟန်း
ဘုရားချီးမွမ်းခြင်း
ဝေဒနာအပြားကို ပြခြင်း
ဝေဒနာ (၁ဝ၈)ပါးပြားပုံ ဝေဒနာများစွာ ပွားနိုင်ခြင်း
ဝေဒနာအချို့၏ အဓိပ္ပာယ်
ပဉ္စကင်္ဂနှင့် ဥဒါယီဝေဒနာ ငြင်းကြခြင်း
မြတ်စွာဘုရား အားလျှောက်ခြင်း
ကမ္မဋ္ဌာန်း ၂-မျိုးရှိခြင်း
နတ်များနှင့် ဉာဏ်ထက်သောလူတို့၌ ဝေဒနာကမ္မဋ္ဌာန်း သင့်လျော်ခြင်း
ဝေဒနာသံယုတ် ပထမဂေလညသုတ်
ဝတ္ထုဝေဒနာဖြစ်ပုံမထေရ်အကြောင်း
ဝတ္ထုဟူသည်ကား
ရုပ်ဝိပဿနာကိုဟောပြီးမှ နာမ်ဝိပဿနာကိုဟောခြင်း
ဝေဒနာနုပဿနာနှင့် သာဓက
သက္ကပဥသုတ်- ဝေဒနာကမ္မဋ္ဌာန်း
ဂေါပကနတ်သားနှင့် ဂန္ဓဗ္ဗနတ် ၃-ယောက်
သိကြားအမေးနှင့် ဘုရားအဖြေ
သိကြားအားဟောသော ဝေဒနာကမ္မဋ္ဌာန်း
ဝမ်းမြောက်ကြောင်း ၂-မျိုးခြားနားပုံ
သလ္လသုတ် ဝေဒနာကမ္မဋ္ဌာန်း
ပုထုဇဉ်နှင့် အရိယာဝေဒနာ
ခံစားပုံခြားနားခြင်း
ရဋ္ဌပါလသုတ်.
၇-ရက်အစာမစားဘဲ, ဆန္ဒပြခြင်း
မိဘတို့နှင့် ဆွေမျိုးတို့အား အရှင်ရဋ္ဌပါလတရားဟောခြင်း
ပျက်စီးခြင်း ၄-မျိုး
တရားအကျဉ်း ၄-ပါးကို အဓိပ္ပာယ်ရှင်းလင်း၍ အရှင်ရဋ္ဌပါလက ကောရဗျမင်းအား ဟောခြင်း
၁၃-ဂါထာတို့ဖြင့် ဆက်လက်၍ ဟောခြင်း
သမ္မုတိသစ္စာ ဝေဒနာ ၈-မျိုး သီဝကသုတ်
စူဠဝေဒလ္လသုတ် - ဝိသာခဥပါသကာအမေးနှင့် ဓမ္မဒိန္နာထေရီအဖြေ
ဒေါမနဿဖြင့် ပဋိဃကိုပယ်ခြင်း
ဓမ္မဒိန္နာကို ချီးမွမ်းခြင်း
ဒေါမနဿဖြင့် ပဋိဃပယ်ပုံကို
အဋ္ဌကထာရှင်းပြခြင်း
ဒေါမနဿဖြစ်ပုံဝတ္ထု
သိကြားမင်းအားဟောသော ဝေဒနာနုပဿနာ
ဝေဒနာခရီးသည်များ နားနေရာဇရပ်ကြီး
ပဉ္စဝဂ္ဂီတို့အား ဓမ္မစကြာဟောရန်ကြွခြင်း
ဝေဒနာအနတ္တလက္ခဏသုတ်ကို ဟောတော်မူ ခြင်း
ဝေဒနာကို အနတ္တဖြင့်
ဖြိုဖျက်ကြိတ်ချေပြကာ နိဂုမ်းအုပ်ခြင်း
နိဂုံး

📚 နိဒါန်း (ဝေဒနာနုပဿနာ)

လွန်တော်ကုန်ကြကုန်ပြီးသော သာသနာ့ဝန်ဆောင် မထေရ်မြတ်ကြီးတို့သည် မိမိတို့ ဆောင်ရွက်ကြသော ပရိယတ္တိ၌ သဘောသက်ဝင်ကာ ကြည့်ရှုလေ့လာမှုကို ပြုလေလေ၊ ဉာဏ်ပဋိဘာန်များရင့်ကျက်လာလေလေဖြစ်သည်။

ငယ်ရွယ်စဉ်အခါ၌ သဒ္ဒါ ဘက်ဆိုင်ရာ, အဘိဓမ္မာဘက်ဆိုင်ရာ, ဝိနည်းဘက်ဆိုင်ရာ စာပေတို့၌ အလေ့အလာပြုကာ စာအရသာကို ခံစားတော်မူကြသော်လည်း၊ နောက်ကာလ၌မူကား နိကာယ် ပါဠိတော်ကြီးများနှင့် သက်ဆိုင်ရာ အဋ္ဌကထာ ဋီကာကျမ်းကြီးများကို လေ့လာတော်မူကြသဖြင့် ပရိယတ္တိ၏အရသာကို ထုတ်ယူ သုံးဆောင်တော်မူကြကုန်၏။

ပရိယတ္တိသာသနာနှင့် စပ်သော ဉာဏ်ပဋိဘာန်တို့ သည်လည်း သိမ်မွေ့ ထက်မြက် စွာဖြင့် တိုးတက်ပွင့်လင်း လာကြကုန်၏။ မြတ်စွာဘုရား၏ အမွေအနှစ်ဖြစ်သော တရားတော်တို့ကို ထုတ်ယူ၍ နှလုံးသွင်း ဆင်ခြင်ပွားများခြင်းဖြင့် ကိုယ်တိုင် သုံးဆောင်တော်မူကြသည်သာ မဟုတ်သေး မူ၍ ဓမ္မမစ္ဆရိယ ကင်းကွာသန့်ရှင်းသော စိတ်စေတနာတို့ဖြင့် အများသော ရှင်လူတို့သည် လည်း မိမိတို့ကဲ့သို့ ပရိယတ္တိ ဓမ္မအရသာကို ခံစားနိုင်ကြစေခြင်း အကျိုးငှာ ထိုထို ပဋိပတ္တိနှင့်စပ်သော ကျမ်းဂန် တို့ကို ရေးသားတော်မူခဲ့ကြကုန်၏။

ပဋိပတ္တိကျင့်ဝတ်နှင့် ကိုယ်တော်တိုင် ပြည့်စုံတော်မူကြသော မထေရ်မြတ်ကြီးတို့အား ကြည်ညိုဖွယ်ကောင်းသည်မှာ မိမိတို့ ထင်ပေါ်ကျော်စောရေး, ဘုန်းတန်ခိုး ကြီးမားရေးတို့ကို အလေးမပြု၊ ရှေးမရှုကြဘဲ၊ စင်ကြယ်သန့်ရှင်းသော စိတ်ဖြင့် သာလျှင် ရေးသားတော်မူခဲ့ကြလေသည်။ ထိုမထေရ်မြတ်ကြီးတို့၏ ကျမ်းဂန်ကို သတိပြု၍ ကြည့်ရှုပါလျှင် ...

အတ္တာနမေဝ ပထမံ၊ ပဋိရူပေ နိဝေသယေ။
အထညမနုသာသေယျ၊ န ကိလေသေယျ ပဏ္ဍိတော။

ဟူသော ဓမ္မပဒပါဠိတော်နှင့်အညီ၊ မိမိတို့ကိုယ်တိုင် နှလုံးသွင်း ဆင်ခြင် ပွားများသော တရားတော်ကိုသာလျှင် အများသော ရှင်လူတို့ကိုလည်း ဆင်ခြင် ပွားများစေလိုသော ဆန္ဒဖြင့်, သန့်ရှင်းစွာ ရေးသားတော်မူခဲ့ကြသည်ကို အကဲခတ်မိ လေသည်။

ထိုမထေရ်ကြီးတို့သည် ပရိယတ္တိ ဉာဏ်ရင့်သန်၍ မိမိတို့အလိုဆန္ဒ အဇ္ဈာသယ အားလျော်စွာ ပဋိပတ္တိတို့ကို ထုတ်ယူကြလျက် နှလုံးသွင်း ဆင်ခြင်ပွားများ တော်မူကြရာ၊ ပဋိပတ္တိ၌လည်း သိမ်မွေ့ နက်နဲသောတရားတို့ကို ရင့်သန်သော အမြင်ဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်တော်မူကြကုန်၏။

မြတ်စွာဘုရား ဟောတော်မူသော တရားတော်၏ သဘောမှာ- လေ့လာပွားများသူ, ကြည့်ရှုသူ, နာယူသူတို့၏ ဉာဏ်ပဋိဘာန်အားလျော်စွာ-လေ့လာလေ၊ နက်နဲလေ, သိမ့်မွေ့လေ, မှန်ကန်လေ, တိကျလေ ရှိသည်တို့ကို ဉာဏ်ထောက်မီသလောက် သိရှိထင်မြင်သော သဘောရှိလေသည်။

အချို့အချို့သော တရားတော်တို့ကို မြတ်စွာဘုရားသည် အကျဉ်းမျှသာ ဟောတော် မူသော်လည်း ပညာဗဟုသုတ ရှိတော်မူသော အရှင်သာရိပုတ္တရာ, အရှင်အာနန္ဒာ စသော မထေရ်မြတ်ကြီးတို့သည် အကျယ်ဖွင့်ကာ မြတ်စွာဘုရားကိုလည်း လျှောက်ထားကြလေသည်၊ သာဝကတို့ကိုလည်း တစ်ဆင့် ဟောကြားတော်မူကြဖူး လေသည်။

မြန်မာနိုင်ငံတော် မျက်မှောက်ခေတ် - မြန်မာသက္ကရာဇ် ၁၂၃၅-ခုနှစ်၊ သီတင်းကျွတ် လဆန်း ၃-ရက်နေ့၊ မန္တလေးမြို့ ရွှေနန်းတော်မြောက်ဥယျာဉ်အတွင်း စာပုံနှိပ် စက်ရုံတော်တွင် ပုံနှိပ်အပ်သော ဇာဂရာဘိဝံသ ကဝိဓဇဓမ္မသေနာပတိ အတုလာဓိပတိသိရီပဝရ မဟာဓမ္မရာဇာဓိရာဇဂရု တံဆိပ်တော်ရ ရွှေကျင် ဆရာတော်ဘုရားကြီး ရေးသားတော်မူသော ဒသဓမ္မသုတ္တာလင်္ကာရဝဏ္ဏနာ ကျမ်းသည် မြတ်စွာဘုရား ဟောကြားတော်မူသော ဒသဓမ္မ အဘိဏှသုတ် အကျဉ်းမျှကို ပါဠိဘာသာဖြင့် အဓိပ္ပာယ်ဖွင့်ကာ ရေးသားတော်မူသည်မှာ စာမျက်နှာ (၉၆) တိုင် ရှိလေသည်။

ဒသဓမ္မသုတ္တာလင်္ကာရကျမ်းနှင့်စပ်၍ အရှင်အာဒိစ္စဝံသဆရာတော် ပြောသော စကားကို တစ်ဆင့်ကြားသိရဖူးသည်မှာ (ရွှေကျင်တွေဟာ လူအ-တွေပဲ၊ ရွှေကျင် ဆရာတော် ဘုရားကြီးရေးထားတဲ့ ဒသဓမ္မသုတ္တာလင်္ကာရကျမ်းသည် အဋ္ဌကထာ ဆရာကြီးများနှင့်မခြား အဖွင့်ကောင်း, အရေးကောင်းတဲ့ ကျမ်းကို မဖော်ကြဘူး) ဟု ပြောသည်ဟူ၏။

ဤစကားရပ်တို့သည် မြတ်စွာဘုရား၏တရားတော်များသည် ဉာဏ်ကျယ်သော ပုဂ္ဂိုလ်တို့ အတိုင်းအတာအလျောက် ကျယ်ဝန်းသည်၊ နက်နဲသည်၊ သိမ်မွေ့သည်၊ တိကျ မှန်ကန်သည်ဟု ဆိုခဲ့သောစကား၏ သာဓကတို့ပင်ဖြစ်ပေသည်။

အချုပ်အားဖြင့် ဆိုလိုသည်မှာ- ပရိယတ္တိဝန်ဆောင် မထေရ်မြတ်ကြီးတို့သည် ပရိယတ္တိဉာဏ် ရင့်သန်သည်နှင့်အမျှ ပဋိပတ္တိဉာဏ်သည်လည်း ရင့်သန်ပွင့်လင်း တော်မူကြသည်ဟု ဆိုလိုခြင်းဖြစ်သည်။

ဝေဒနာနုပဿနာ ကမ္မဋ္ဌာန်းကျမ်းငယ် ဖြစ်ပေါ်လာခြင်းသည် ကာယာနုပဿနာ ကျမ်းကို ကြည့်ရှုလေ့လာခဲ့ပြီးသော ယောဂီတို့နှင့် သင့်လျော်သော ဝေဒနာ-နုပဿနာကို ဆက်လက်ကြည့်ရှု လေ့လာစေလိုသော မနသိကာရ သမ္မာဆန္ဒဖြင့် ဝေဒနာနုပဿနာကို ဖြစ်ပေါ်စေခြင်းဖြစ်သည်။

ဝေဒနာနုပဿနာကို ကြည့်ရှုသော ယောဂီတို့သည် ကာယာနုပဿနာကို ကြည့်ရှု လေ့လာသော ဉာဏ်အရှိန်ကိုယူ၍ သိမ်မွေ့သော ဝေဒနာနုပဿနာကို ကြည့်ရှု လေ့လာပွားများကြစေလိုကြောင်း။

ရွှေဟင်္သာဆရာတော်။

ဝေဒနာနုပဿနာ

▬▬▬▬▬▬

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ဝေဒနာနံ ခယံ ဝယံ၊ အသာရံ သုဋ္ဌု ဒေသကံ။
သံခိတ္တံ ဝါ ဝိတ္ထာရဏံ၊ ဇိနံ ဝန္ဒာမိ သာဒရံ။

ဝေဒနာနံ၊ သုခ, ဒုက္ခ, အဒုက္ခမသုခ ဟူကုန်သော။
တစ်နည်း -
ဝေဒနာနံ၊ သုခ, ဒုက္ခ, သောမနဿ, ဒေါမနဿ, ဥပေက္ခာဟူကုန်သော။
တစ်နည်း −
ဝေဒနာနံ၊ ၆-ပါး, ၁၈-ပါး, ၃၆-ပါး, ၁၀၈-ပါးအပြားရှိကုန်သော ဝေဒနာတို့၏။
ခယံ ဝါ၊ ကုန်ခြင်းကိုလည်းကောင်း။
ဝယံ ဝါ၊ ပျက်ခြင်းကိုလည်းကောင်း။
အသာရံ ဝါ၊ အနှစ်သာရမရှိခြင်းကိုလည်းကောင်း။
သုဋ္ဌုဒေသကံ၊ ကောင်းစွာဟောကြားတော် မူတတ်သော။
ဝေဒနာနံ၊ ဝေဒနာတို့၏။
သံခိတ္တံ ဝါ၊ အကျဉ်းကိုလည်းကောင်း။
ဝိတ္ထာရဏံ ဝါ၊ အကျယ်ကိုလည်းကောင်း။
သုဋ္ဌုဒေသကံ၊ ကောင်းစွာဟောကြားတော်မူတတ်သော။
ဇိနံ၊ ဝေဒနာတို့၏ ခယ ဝယ အသာရသဘောကို သိခြင်းကြောင့် ရာဂါနုသယ ပဋိဃာနုသယ အဝိဇ္ဇာနုသယ တို့ကို ပယ်သတ် အောင်မြင်တော်မူပြီးသော မြတ်စွာဘုရားကို။
အဟံ၊ ငါသည်။
သာဒရံ၊ ရိုသေလေးစားခြင်းနှင့်တကွ။
ဝန္ဒာမိ၊ မြတ်မြတ်နိုးနိုး ဦးညွှတ်လျှိုး၍ ရှိခိုးပါသတည်း။


ဝေဒနာနုပဿနာကျမ်းကို ရေးသားလိုသော စေတနာ သဒ္ဓါဖြစ်ခြင်း

ကာယာနုပဿနာကျမ်းကို ရေးသား ထုတ်ဝေဖြန့်ချီကာ ဓမ္မဒါနပြုပြီးနောက် ယင်း ကာယာနုပဿနာကျမ်းကို နှစ်သက်မြတ်နိုးကြသည်၊ တောင့်တကြ၊ လိုလား ကြသည် ဟူ၍ ရှင်လူရဟန်းများထံမှ သတင်းကောင်း စကား ကြားသိရသဖြင့် ကာယာနုပဿနာ တည်းဟူသော ဝိပဿနာကျမ်းကို ရေးသားရခြင်း၊ ဓမ္မဒါန ပြုရခြင်းသည် အကျိုးမဲ့မဖြစ်၊ အကျိုးကျေးဇူး များလှပေသည်ဟု ဝမ်းမြောက်ရပေသည်

မြတ်စွာဘုရားရှင်ကလည်း ရဟန်းတော်များနှင့်တကွ လူနတ်အပေါင်းတို့ကို ဓမ္မဒါယာဒ = တရားအမွေခံသာဖြစ်တော်မူစေလိုသည်။

ဓမ္မဒါယာဒါ မေ ဘိက္ခဝေ ဘဝထ၊ မာ အာမိသဒါယာဒါ၊ အတ္ထိ မေ တုမှေသု အနုကမ္ပါ၊ ကိန္တိ မေ သာဝကာ၊ ဓမ္မဒါယာဒါ ဘဝေယျုံ၊ နော အာမိသဒါယာဒါ

(မူလပဏ္ဏသ ဓမ္မဒါယာဒသုတ်)

ရဟန်းတို့- အသင်တို့သည် ငါဘုရား၏ တရားအမွေခံတို့သာ ဖြစ်ကြကုန်၊ ပစ္စည်းလေးပါး တည်းဟူသော အာမိသအမွေခံမဖြစ်ကြကုန်လင့်၊ သင်ရဟန်းတို့၌ ငါ ဘုရားသည် အစဉ်သနားခြင်း ကရုဏာရှိတော်မူသည်၊ ငါ၏ တပည့်သာဝကတို့သည် အဘယ်သို့လျှင် တရားအမွေခံဖြစ်ကြကုန်အံ့နည်း၊ ပစ္စည်းလေးပါး တည်းဟူသော အာမိသ အမွေခံတွေ အဘယ်ကဲ့သို့လျှင် မဖြစ်ကြကုန်အံ့နည်း-ဟု အစဉ်သနားခြင်း ကရုဏာ ရှိတော်မူသည်ဟူ၍ မိန့်တော်မူခဲ့လေပြီ။

မြတ်စွာဘုရားသည် တပည့်သားတို့အပေါ်၌ မည်မျှလောက်သနားခြင်း ကရုဏာ ရှိတော်မူသည်၊ မည်မျှလောက် တရားအမွေခံ ဖြစ်စေတော်မူလိုသည်ကို မြတ်စွာဘုရား ကိုယ်တော်တိုင် ဆက်လက်၍ မိန့်ကြားတော်မူသော မိန့်ခွန်းတော်ဖြင့် သိသာထင်ရှားပေသည်။

ရဟန်းတို့ - အကယ်၍ ငါဘုရားဆွမ်းစားပြီးစ အချိန်၌ ဆွမ်းဘုဉ်းပေး၍မူကား ပြည့်စုံပြီ၊ အလိုရှိတိုင်း ဘုဉ်းပေး သုံးဆောင်ပြီးပြီ၊ လုံလောက်ပြီ။ သို့သော် ဆွမ်း မူကား ကြွင်းကျန်သေး၏၊ စွန့်ပစ်ရမည့်သဘောရှိ၏။
ထိုအချိန်၌ ဆာလောင်ခြင်းဖြင့် နှိပ်စက်၍ အားနည်းနေကြကုန်သော ရဟန်း၂-ပါး ရောက်လာသည် ဖြစ်ရာ၏။ ထို ရဟန်း၂-ပါး တို့ကို ငါဘုရားသည် ဤသို့ ပြောဆိုရာ၏။ အဘယ်သို့ ပြောဆိုရာသနည်းဟူမူ -

ရဟန်းတို့- ငါဘုရားသည်ဆွမ်းစား၍ပြီးပြီ၊ အလိုရှိတိုင်း ဘုဉ်းပေးသုံးဆောင်ပြီးပြီ၊ လုံလောက်ပြီ။ သို့သော် ဆွမ်းမူကား ကြွင်းကျန်သေး၏၊ စွန့်ပစ်ရမည့်သဘောရှိ၏။ စွန့်ပစ်ဖို့သာ ရှိတော့၏။ အသင်ရဟန်းတို့ စားလိုလျှင် စားကြကုန်။
အကယ်၍ အသင်တို့ မစားကြကုန်မူကား စိမ်းရှင်သော မြက်ပင်များမရှိရာ အရပ်၌မူလည်း သွန်ပစ်ရတော့မည်။ ပိုးမရှိသောရေ၌မူလည်း သွန်လောင်းပစ် ရတော့မည်ဟု ပြောရာ၏။


ဆွမ်းမစားဘဲ တရားအားထုတ်သောရဟန်း

ထိုအခါ ရဟန်း၂-ပါးတို့တွင် တစ်ပါးသော ရဟန်းသည် ဤသို့ ဆင်ခြင်ရာ၏။ အဘယ်သို့ ဆင်ခြင်ရာသနည်းဟူမူ- မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေး၍ ပြည့်စုံပြီ၊ အလိုရှိတိုင်း ဘုဉ်းပေးသုံးဆောင်ပြီးပြီ၊ လုံလောက်ပြီ။ သို့သော် မြတ်စွာဘုရား၏ ဆွမ်းမှုကား ကြွင်းသေး၏၊ ပိုသေး၏၊ စွန့်ပစ်အပ်သော သဘောရှိ၏၊ စွန့်ပစ်ဖို့သာ ရှိတော့၏။ အကယ်၍ ငါတို့ ထိုဆွမ်းကိုမစားကြလျှင် မြတ်စွာဘုရားသည် စိမ်းရှင်သော မြက်ပင်တို့မရှိရာအရပ်၌လည်း သွန်ပစ်ရတော့မည်။ ပိုးမရှိသော ရေ၌မူလည်း သွန်းလောင်း ပစ်တော်မူမည်။
သို့သော် မြတ်စွာဘုရားသည်ကား ဓမ္မဒါယာဒါမေ ဘိက္ခဝေ ဘဝထ- စသည်ဖြင့် ရဟန်းတို့-- သင်တို့သည် ငါဘုရား၏ တရားအမွေခံတွေသာ ဖြစ်ကြကုန်၊ ပစ္စည်း လေးပါးတည်းဟူသော အာမိသအမွေခံတွေ မဖြစ်ကြနှင့်ဟု ဟောတော်မူသည်။

ယခု မြတ်စွာဘုရား ချီးမြှောက်တော်မူသော ဆွမ်းသည် အာမိသ ဟူသော ပစ္စည်း လေးပါးတို့တွင် တစ်ပါးအပါအဝင် အာမိသဒါယာဒ ဖြစ်ချေသည်။ ငါသည် ဤဆွမ်းကို မစားမူ၍ ဆာလောင်မွတ်သိပ်မှုကြောင့် အားနည်းလျက်သာလျှင် ရဟန်းတရားကို နှလုံးသွင်း၍ ဤနေ့ဤညဉ့်ကို လွန်မြောက်စေရမူကား ကောင်းပေစွဟု ဆင်ခြင်ကာ ထိုဆွမ်းကို မစားမူ၍ ဆာလောင်မွတ်သိပ်မှုကြောင့် အားနည်းလျက် သာလျှင် ရဟန်းတရားကို နှလုံးသွင်း၍ ထိုနေ့ထိုညဉ့်ကို လွန်စေရာ၏။


ဆွမ်းစားသောရဟန်း

ဒုတိယရဟန်းသည်ကား ဤသို့ ဆင်ခြင်၏။ မြတ်စွာဘုရား ဆွမ်းဘုဉ်းပေးပြီး၍ ပြည့်စုံပြီး၍ ကြွင်းကျန်သောဆွမ်းကို ငါတို့မစားလျှင် အချည်းနှီး သွန်လောင်း ပစ်ရတော့မည် ဖြစ်၏။ သို့ကြောင့် ငါသည် ဤဆွမ်းကိုစား၍ ဆာလောင် မွတ်သိပ်ခြင်းကို ပယ်ဖျောက်ပြီး ကာလ ဤနေ့ ဤညဉ့်ပတ်လုံး ရဟန်းတရားကို နှလုံးသွင်း ပွားများရမူကား ကောင်းရာ၏ဟု ဆင်ခြင်ကာ ဆွမ်းကိုစား၍ ထိုနေ့ ထိုညဉ့်ကို လွန်စေသည် ဖြစ်ရာ၏။


ဆွမ်းမစားသော ရဟန်းကို ပူဇော်ချီးမွမ်းခြင်း

ရဟန်းတို့ -- ထို ၂ - ပါးသော ရဟန်းတို့တွင် ငါဘုရားဘုဉ်းပေးပြီး၍ ကြွင်းကျန်သော ဆွမ်းကိုမစားဘဲ ဆာလောင်မွတ်သိပ်ခြင်းကြောင့် အားနည်းလျက်သာလျှင် ညဉ့်နေ့ပတ်လုံး လွန်စေသော ပထမရဟန်းကို သာ၍ပူဇော်ထိုက် သာ၍ ချီးမွမ်းထိုက်၏
အဘယ်ကြောင့်နည်းဟူမူ .. ရဟန်းတို့ - ပထမရဟန်း၏ ဆွမ်းမစားဘဲ ညဉ့်နေ့ကို ကုန်စေခြင်းသည် ရှည်မြင့်စွာသော ကာလပတ်လုံး အလိုနည်းခြင်းငှာ ဖြစ်လတ္တံ့၊ ရောင့်ရဲခြင်းငှာ ဖြစ်လတ္တံ့၊ ခေါင်းပါးခြင်းငှာ ဖြစ်လတ္တံ့၊ မွေးမြူလွယ်ခြင်းငှာ ဖြစ်လတ္တံ့ ၊ ဝီရိယကို အားထုတ်ခြင်းငှာဖြစ်လတ္တံ့
ထို့ကြောင့် ပထမရဟန်းကို ပူဇော်ချီးမွမ်းထိုက်၏။ သို့ဖြစ်၍ ရဟန်းတို့- တရားအမွေခံ ဖြစ်ကြကုန်၊ အာမိသ အမွေခံ မဖြစ်ကြကုန်လင့်ဟု ငါဘုရားဟောတော်မူသည် ဟူ၍ မိန့်တော်မူသည်။


တရားအမွေခံ ယောဂီတွေ

ကာယာနုပဿနာကျမ်းကို နှစ်သက်မြတ်နိုးစွာ ကြည့်ရှုလေ့လာကြကုန်သော ယောဂီပုဂ္ဂိုလ်တို့သည် ဓမ္မဒါယာဒ-မြတ်စွာဘုရား၏ တရားအမွေခံ, ဘုရားရှင်၏ တပည့် သာဝကစာရင်းဝင် ဖြစ်ကြကုန်သည်ဟု ဆိုထိုက်သည်၊ ဆိုရပေမည်။
ယင်းသို့သော ဓမ္မဒါယာဒ ဘုရားရှင်၏ သာဝကတွေကို အာရုံပြု၍ ဘုန်းကြီးသန္တာန်၌ သဒ္ဓါတွေ စေတနာတွေ တိုးတက် ဖြစ်ထွန်းလာပြန်ရာ ဓမ္မဒါယာဒစာရင်းဝင် ဘုရားရှင့်သာဝက ယောဂီပုဂ္ဂိုလ်တို့အား အဘယ်တရားဖြင့် ဆက်လက်၍ ချီးမြှောက် သင့်ပါသနည်း- ဟု ဆင်ခြင်မိရာ --

မြတ်စွာဘုရားသည် ကာယာနုပဿနာ ဒေသနာ တော်ကို ဟောတော်မူအပြီး၌ ဝေဒနာနုပဿနာကို ဟောတော်မူသည် ဖြစ်သောကြောင့် မြတ်စွာဘုရား၏ နည်းကို မှီးကာ ဘုန်းကြီးသည်လည်း ကာယာနုပဿနာကျမ်းနောက်၌ ဝေဒနာနုပဿနာ ကျမ်းကို ရေးသား ချီးမြှောက်ရမူ သင့်လျော်ကောင်းမွန်ရာ၏- ဟု ယုံကြည်၍ ဤဝေဒနာနုပဿနာ ကမ္မဋ္ဌာန်းကျမ်းကို ဆက်လက်ရေးသားခြင်းပင် ဖြစ်ပေသည်။


ဝေဒနာဘေဒ-ဝေဒနာအပြား

ဝေဒနာနုပဿနာကိုမပြမီ ယောဂီတို့သည် ဝေဒနာအပြားကိုလည်း သိထိုက်ကြ သည်ဖြစ်၍ ဝေဒနာ အမျိုးအပြားကို ဦးစွာ ပြဦးအံ့။ ဝေဒနာသည် အကျဉ်းအားဖြင့် --

(၁) သုခဝေဒနာ
(၂) ဒုက္ခဝေဒနာဟူ၍ ၂-ပါးအပြားရှိ၏။

ဣဋ္ဌာရုံကို ခံစားသောဝေဒနာသည် သုခဝေဒနာဖြစ်သည်။
အနိဋ္ဌာရုံကို ခံစားသောဝေဒနာသည် ဒုက္ခဝေဒနာဖြစ်သည်။

တစ်နည်း --

(၁)သုခဝေဒနာ
(၂)ဒုက္ခဝေဒနာ
(၃)ဥပေက္ခာဝေဒနာ၊ ဟူ၍ ၃- ပါး အပြားရှိ၏။

ဣဋ္ဌာရုံ, အနိဋ္ဌာရုံဖြစ်သော အာရုံတို့ကို စွဲလမ်းခံစားမှုမရှိသော ဝေဒနာသည် ဥပေက္ခာဝေဒနာဖြစ်သည်။

ထိုဝေဒနာ ၃-ပါးတို့တွင် --

၁။ သုခဝေဒနာသည် -
(၁) ဣဋ္ဌာရုံဖြစ်သော ရူပါရုံ၏ အရသာကိုခံစားသော သုခဝေဒနာ၊
(၂) ဣဋ္ဌာရုံဖြစ်သော သဒ္ဒါရုံ၏အရသာကို ခံစားသော သုခဝေဒနာ၊
(၃) ဣဋ္ဌာရုံဖြစ်သော ဂန္ဓာရုံ၏အရသာကို ခံစားသော သုခဝေဒနာ၊
(၄) ဣဋ္ဌာရုံဖြစ်သော ရသာရုံ၏အရသာကို ခံစားသော သုခဝေဒနာ၊
(၅) ဣဋ္ဌာရုံဖြစ်သောဖောဋ္ဌဗ္ဗာရုံ၏အရသာကို ခံစားသောသုခဝေဒနာ၊
(၆) ဣဋ္ဌာရုံ ဖြစ်သော ဓမ္မာရုံ၏အရသာကို ခံစားသော သုခဝေဒနာဟူ၍ သုခဝေဒနာ ၆-ပါး ရှိ၏။

၂။ ဒုက္ခဝေဒနာသည်လည်း
(၁) အနိဋ္ဌဖြစ်သော ရူပါရုံ၏အရသာကိုခံစားသော ဒုက္ခ ဝေဒနာ၊
(၂) အနိဋ္ဌဖြစ်သော သဒ္ဒါရုံ၏အရသာကိုခံစားသော ဒုက္ခဝေဒနာ၊
(၃) အနိဋ္ဌ ဖြစ်သော ဂန္ဓာရုံ၏အရသာကိုခံစားသော ဒုက္ခဝေဒနာ၊
(၄) အနိဋ္ဌဖြစ်သော ရသာရုံ၏ အရသာကို ခံစားသော ဒုက္ခဝေဒနာ၊
(၅) အနိဋ္ဌဖြစ်သော ဖောဋ္ဌဗ္ဗာရုံ၏အရသာကို ခံစားသော ဒုက္ခဝေဒနာ၊
(၆) အနိဋ္ဌဖြစ်သော ဓမ္မာရုံ၏အရသာကိုခံစားသော ဒုက္ခ ဝေဒနာဟူ၍ ဒုက္ခဝေဒနာ ၆-ပါးရှိ၏။

၃။ ဥပေက္ခာဝေဒနာသည်လည်း
(၁) ဣဋ္ဌ, အနိဋ္ဌဟု မမှတ်မူ၍ ရူပါရုံ၏အရသာကိုခံစား သော ဥပေက္ခာဝေဒနာ၊
(၂) ဣဋ္ဌ, အနိဋ္ဌဟုမမှတ်မူ၍ သဒ္ဒါရုံ၏အရသာကိုခံစားသော ဥပေက္ခာဝေဒနာ၊
(၃) ဣဋ္ဌ, အနိဋ္ဌဟုမမှတ်မူ၍ ဂန္ဓာရုံ၏အရသာကို ခံစားသော ဥပေက္ခာ ဝေဒနာ၊
(၄) ဣဋ္ဌ, အနိဋ္ဌဟုမမှတ်မူ၍ ရသာရုံ၏အရသာကို ခံစားသော ဥပေက္ခာဝေဒနာ၊
(၅) ဣဋ္ဌ, အနိဋ္ဌဟုမမှတ်မူ၍ ဖောဋ္ဌဗ္ဗာရုံ၏အရသာကို ခံစား သော ဥပေက္ခာဝေဒနာ၊
(၆) ဣဋ္ဌ, အနိဋ္ဌဟုမမှတ်မူ၍ ဓမ္မာရုံ၏အရသာကို ခံစားသော ဥပေက္ခာဝေဒနာဟူ၍ ၆-ပါးရှိ၏။


ဝေဒနာ ၁၀၈-ပါး ပြားပုံ

သုခဝေဒနာ ၆-ပါး၊
ဒုက္ခဝေဒနာ ၆-ပါး၊
ဥပေက္ခာဝေဒနာ ၆-ပါး ပေါင်း ၁၈-ပါး

ထိုဝေဒနာ ၁၈-ပါးသည် မိမိအဇ္ဈတ္တသန္တာန်၌ဖြစ်သော ဝေဒနာ ၁၈-ပါး၊
သူတစ်ပါးတည်း ဟူသော ဗဟိဒ္ဓသန္တာန်၌ဖြစ်သော ဝေဒနာ ၁၈-ပါးအားဖြင့်
ဝေဒနာပေါင်း ၃၆-ပါးရှိ၏။

တစ်ဖန် ထို ၃၆-ပါးသော ဝေဒနာသည် --
လွန်လေပြီးသော အတိတ်ကာလ၌ ဖြစ်သော ဝေဒနာ၃၆-ပါး၊
မရောက်လာသေးသော အနာဂတ်ကာလ၌ဖြစ်လတ္တံ့သော ဝေဒနာ ၃၆-ပါး၊
မျက်မှောက် ပစ္စုပ္ပန်ကာလ၌ ဖြစ်ပေါ်ဆဲဖြစ်သော ဝေဒနာ ၃၆- ပါးအားဖြင့်
(၃၆ x ၃ = ၁ဝ၈) ဝေဒနာပေါင်း ၁ဝ၈-ပါး ဖြစ်လေသည်။


ဝေဒနာပေါင်းများစွာပွားနိုင်ခြင်း

အကယ်၍ ထိုဝေဒနာ ၁ဝ၈-ပါးကို အနတ္တလက္ခဏသုတ်စသည်တို့၌ ဟောတော် မူသကဲ့သို့ --

ကြမ်းသော ဝေဒနာ-၁ဝ၈၊
နူးညံ့သော ဝေဒနာ-၁ဝ၈၊
ယုတ်သောဝေဒနာ- ၁ဝ၈၊
မြတ်သော ဝေဒနာ-၁ဝ၈၊
ဝေးသောဝေဒနာ-၁ဝ၈၊
နီးသောဝေဒနာ −၁၀၈၊

စသည်တို့ဖြင့် မြှောက်ပွားပါမူကား ဝေဒနာပေါင်းမြောက်မြားစွာပင်ရှိရာသည်။

အဘိဓမ္မာဝိဘင်း ပါဠိတော် သုတ္တန္တဘာဇနီယ ပရမတ္ထဒေသနာတော်အရ အကျယ် ချဲ့ရမူကား ဝေဒနာပေါင်းများစွာပင် အကျယ်ပွားနိုင်ပါသေးသည်။
သို့သော်လည်း ဝိပဿနာကမ္မဋ္ဌာန်းနှင့် သက်ဆိုင်ရာမျှလောက်သာ ရေးသားခဲ့ပြီး သည့်အတိုင်း ယောဂီတို့ ကြိုတင်သိရှိကြလျှင်ပင် ကျေးဇူးများလှပေပြီ။

ပြဆိုအပ်ပြီးသော ဝေဒနာတို့တွင် အချို့သောဝေဒနာတို့၏ အဓိပ္ပာယ်ကို ဖော်ပြ သင့်သည်ဖြစ်၍ ဆက်လက်ရှင်းလင်းဦးအံ့။

(၁) အဇ္ဈတ္တဝေဒနာ
(၂) ဗဟိဒ္ဓဝေဒနာ
(၃) ကြမ်းသောဝေဒနာ
(၄) နူးညံ့သော ဝေဒနာ
(၅) ယုတ်သောဝေဒနာ
(၆) မြတ်သောဝေဒနာ
(၇) ဝေးသောဝေဒနာ
(၈) နီးသော ဝေဒနာ

ဤဝေဒနာတို့၏ အဓိပ္ပာယ်ရှင်းလင်းချက်ကို ပြမည်ဖြစ်သည်။

၁။ အဇ္ဈတ္တဝေဒနာ ဟူသည် - အကြင်ဝေဒနာသည် ထိုထိုသတ္တဝါတို့၏ အဇ္ဈတ္တ ကိုယ်တွင်းသန္တာန်၌ဖြစ်၏။ ကိုယ်၌ဖြစ်၏၊ ကိုယ်၌အမြဲဖြစ်၏၊ ပုဂ္ဂိုလ်၌ အသီးအခြား ဖြစ်၏၊ ကံကြောင့်ဖြစ်၏။ သုခဝေဒနာဖြစ်စေ, ဒုက္ခဝေဒနာဖြစ်စေ, အဒုက္ခမသုခ ဝေဒနာဖြစ်စေ ပြဆိုအပ်ပြီးသော ဝေဒနာသည် အဇ္ဈတ္တဝေဒနာ ဖြစ်လေသည်။ တစ်နည်း အဇ္ဈတ္တကာယကို အာရုံပြုသော ဝေဒနာသည် အဇ္ဈတ္တဝေဒနာ ဖြစ်လေသည်။

၂။ ဗဟိဒ္ဓ ဝေဒနာဟူသည် - အကြင်ဝေဒနာသည် တစ်ပါးသောသတ္တဝါ တစ်ပါးသော ပုဂ္ဂိုလ်တို့၏ အဇ္ဈတ္တသန္တာန်၌ဖြစ်၏၊ ကိုယ်၌ဖြစ်၏၊ ကိုယ်၌အမြဲဖြစ်၏၊ ထိုပုဂ္ဂိုလ်၌ အသီးအခြားဖြစ်၏၊ ကံကြောင့်ဖြစ်၏။ သုခဝေဒနာဖြစ်စေ, ဒုက္ခဝေဒနာဖြစ်စေ, အဒုက္ခမသုခဝေဒနာဖြစ်စေ ပြဆိုအပ်ပြီးသော ဝေဒနာသည် ဗဟိဒ္ဓဝေဒနာ ဖြစ်လေသည်။ တစ်နည်း ဗဟိဒ္ဓအာရုံကို အာရုံပြုသော ဝေဒနာသည် ဗဟိဒ္ဓဝေဒနာ မည်လေသည်။

၃-၄။ ကြမ်းသော ဝေဒနာ, နူးညံ့သောဝေဒနာ ဟူသည်-

(က) အကုသိုလ်ဖြစ်သော ဝေဒနာသည် ကြမ်း၏
ကုသိုလ် အဗျာကတဖြစ်သော ဝေဒနာသည် နူးညံ့၏

(ခ) ကုသိုလ်, အကုသိုလ်ဖြစ်သော ဝေဒနာသည် ကြမ်း၏
အဗျာကတဖြစ်သော ဝေဒနာသည် နူးညံ့၏

(ဂ) ဒုက္ခဝေဒနာသည်ကြမ်း၏
သုခဝေဒနာ, အဒုက္ခမသုခ ဝေဒနာသည် နူးညံ့၏

(ဃ) သုခဝေဒနာ, ဒုက္ခဝေဒနာသည် ကြမ်း၏
အဒုက္ခမသုခ ဝေဒနာသည် နူးညံ့၏

(င) သမာပတ် မဝင်စားသောအခါ၌ဖြစ်သော ဝေဒနာသည် ကြမ်း၏
သမာပတ်အတွင်း၌ဖြစ်သော ဝေဒနာသည် နူးညံ့၏

(စ) အာသဝနှင့်တကွ ဖြစ်သော ဝေဒနာသည် ကြမ်း၏
အာသဝကင်းသော ဝေဒနာသည် နူးညံ့၏

ဤသို့လျှင် အကြောင်းအားလျော်စွာ ဝေဒနာတို့၏ အဇ္ဈတ္တ ဗဟိဒ္ဓ, အကြမ်း အနု တို့ကို သိမှတ်ကြရာ၏။

၅-၆။ ယုတ်သောဝေဒနာ, မြတ်သောဝေဒနာ ဟူသည်-

(က) အကုသိုလ်ဖြစ်သော ဝေဒနာသည် ယုတ်၏
ကုသိုလ်အဗျာကတဖြစ်သော ဝေဒနာသည်မြတ်၏

(ခ) ကုသိုလ်, အကုသိုလ်ဖြစ်သောဝေဒနာသည် ယုတ်၏
အဗျာကတဖြစ်သော ဝေဒနာ သည် မြတ်၏

(ဂ) ဒုက္ခဝေဒနာသည်ယုတ်၏
သုခဝေဒနာ, အဒုက္ခမသုခဝေဒနာသည် မြတ်၏

(ဃ) သုခဝေဒနာ,ဒုက္ခဝေဒနာသည်ယုတ်၏
အဒုက္ခမသုခဝေဒနာသည် မြတ်၏

(င) သမာပတ် မဝင်စားသောအခါ၌ ဖြစ်သောဝေဒနာသည် ယုတ်၏
သမာပတ်အတွင်း၌ဖြစ်သော ဝေဒနာသည် မြတ်၏

(စ) အာသဝနှင့်တကွ ဖြစ်သောဝေဒနာသည် ယုတ်၏
အာသဝကင်းသော ဝေဒနာသည် မြတ်၏-ဟူ၍ သိမှတ်ရာ၏။

၇။ ဝေးသောဝေဒနာ ဟူသည် -

(က) အကုသိုလ်ဖြစ်သောဝေဒနာသည် ကုသိုလ် အဗျာကတဖြစ်သော ဝေဒနာတို့မှ ဝေး၏
(ခ) ကုသိုလ်အဗျာကတဖြစ်သော ဝေဒနာသည် အကုသိုလ်ဖြစ်သော ဝေဒနာမှ ဝေး၏
(ဂ) အကုသိုလ် အဗျာကတဖြစ်သော ဝေဒနာသည် ကုသိုလ်ဖြစ်သော ဝေဒနာမှ ဝေး၏
(ဃ) အဗျာကတဖြစ်သော ဝေဒနာသည် ကုသိုလ် အကုသိုလ်ဖြစ်သော ဝေဒနာတို့မှ ဝေး၏
(င) ဒုက္ခဝေဒနာသည် သုခဝေဒနာ အဒုက္ခမသုခဝေဒနာတို့မှဝေး၏
(စ) သုခဝေဒနာ, အဒုက္ခမသုခ ဝေဒနာတို့သည် ဒုက္ခဝေဒနာမှဝေး၏
(ဆ) သုခဝေဒနာသည် ဒုက္ခဝေဒနာ, အဒုက္ခမသုခဝေဒနာတို့မှဝေး၏
(ဇ) ဒုက္ခဝေဒနာ, အဒုက္ခမသုခဝေဒနာတို့သည် သုခဝေဒနာမှဝေး၏
(ဈ) အဒုက္ခမသုခဝေဒနာသည် သုခ ဒုက္ခဝေဒနာတို့မှဝေး၏
(ည) သုခ ဒုက္ခဝေဒနာတို့သည် အဒုက္ခမသုခဝေဒနာမှဝေး၏
(ဋ) သမာပတ် မဝင်စားသောအခါ၌ ဖြစ်သောဝေဒနာသည် သမာပတ်အတွင်း၌ ဖြစ်သော ဝေဒနာမှ ဝေး၏
(ဌ) သမာပတ်ဝင်စားသောအခါ၌ ဖြစ်သောဝေဒနာသည် သမာပတ် မဝင်စားသော အခါ၌ ဖြစ်သောဝေဒနာမှ ဝေး၏
(ဍ) အာသဝနှင့်တကွဖြစ်သော ဝေဒနာသည် အာသဝကင်းသောဝေဒနာမှဝေး၏
(ဎ) အာသဝကင်းသော ဝေဒနာ သည် အာသဝနှင့်တကွဖြစ်သောဝေဒနာမှဝေး၏ - ဟု မှတ်ရာ၏။

၈။ ဝေးသောဝေဒနာ အပြားကိုပြသောနည်းအတိုင်း နီးသောဝေဒနာအပြားတို့ကို သိပါလေ။

ပါဠိတော်၌ ဝေဒနာအထူးထူး ဟောတော်မူဟန်ကို လည်းကောင်း၊ အကြမ်း-အနု, အယုတ်- အမြတ်, အဝေး - အနီး, ကောက်ယူပုံတို့ကို သိစေလို၍ လည်းကောင်း အဘိဓမ္မာ ဝိဘင်္ဂပါဠိတော်မှ ထုတ်ဆောင်၍ပြလိုက်သည်။


ပဉ္စကင်္ဂ လက်သမားဆရာနှင့် ဘရှင်ဥဒါယီ ဝေဒနာအပြား ငြင်းကြခြင်း

တစ်ရံသောအခါ၌ ပဉ္စကင်္ဂ အမည်ရှိသော လက်သမားဆရာသည် အရှင်ဥဒါယီ ထံသို့ ချဉ်းကပ်၍ အရိုအသေရှိခိုးကာ သင့်တင့်လျောက်ပတ်သော အရပ်၌ထိုင်၍ အရှင် ဥဒါယီအား ဤသို့မေးလျှောက်လေသည်။

စကားညှပ်

(လာဠုဒါယီ, ကာဠုဒါယီ, မဟာဥဒါယီ- စသည်ဖြင့် ဥဒါယီ ဘွဲ့မည်ဖြင့် ရဟန်းတော်များရှိကြရာ ယခု လက်သမားဆရာ ပဉ္စကင်္ဂ ချဉ်းကပ်သော ဥဒါယီသည် ပညာရှိသောဥဒါယီဖြစ်သည်ဟု အဋ္ဌကထာ ဆိုသည်)။

ပဉ္စကင်္ဂလက်သမားဆရာက အဘယ်ကဲ့သို့ မေးလျှောက်သနည်းဟူမူ၊ အရှင်ဘုရား ဥဒါယီ .. မြတ်စွာဘုရားသည် ဝေဒနာဘယ်နှစ်ပါးရှိသည်ဟု ဟောတော်မူပါသနည်း။

ဥဒါယီ။ ။ ဒါယကာ- ဝေဒနာသည် (၁) သုခဝေဒနာ၊ (၂) ဒုက္ခ ဝေဒနာ၊ (၃) အဒုက္ခမသုခဝေဒနာဟူ၍ ဝေဒနာ ၃-ပါးရှိသည်ဟု မြတ်စွာဘုရား ဟောတော်မူသည် ဟု ပြောကြားလေသည်။

ပဉ္စကင်္ဂ။ ။ အရှင်ဘုရား- မြတ်စွာဘုရားသည် ဝေဒနာ ၃-ပါးရှိသည် ဟု မဟောပါ။ (၁) သုခဝေဒနာ၊ (၂) ဒုက္ခဝေဒနာဟူ၍ ဝေဒနာ၂-ပါးသာလျှင်ရှိသည်ကို မြတ်စွာဘုရား ဟောတော်မူပါသည်။ အဒုက္ခမသုခဝေဒနာ သည်မူကား ငြိမ်းအေး သောသဘော ရှိသည်ဖြစ်၍ သုခဝေဒနာ၌သွင်းကာ ဝေဒနာ ၂-ပါး သာလျှင် ရှိသည်ဟု လျှောက်၏။

၂-ကြိမ်မြောက်၊ အရှင်ဥဒါယီသည် ဤသို့ဆို၏။

ဒါယကာ- မြတ်စွာဘုရားသည် (၁) သုခဝေဒနာ၊ (၂) ဒုက္ခဝေဒနာဟူ၍ ဝေဒနာ ၂-ပါးသာရှိသည်ဟု မဟောပါ။ (၁) သုခဝေဒနာ၊ (၂) ဒုက္ခဝေဒနာ၊ (၃) အဒုက္ခ မသုခဝေဒနာအားဖြင့် ဝေဒနာ ၃-ပါး ရှိသည်ဟူ၍သာ ဟောတော်မူပါသည်ဟု ဖြေဆိုလေသည်။

ပဉ္စကင်္ဂ လက်သမားဆရာ သည်လည်း ၂-ကြိမ်မြောက်.. အရှင်ဘုရား ဥဒါယီ– မြတ်စွာဘုရားသည် (၁) သုခဝေဒနာ၊ (၂) ဒုက္ခဝေဒနာ၊ (၃) အဒုက္ခမသုခ ဝေဒနာ အားဖြင့် ဝေဒနာ ၃-ပါးရှိသည်ဟု မဟောပါ။ (၁) သုခဝေဒနာ၊ (၂) ဒုက္ခဝေဒနာအားဖြင့် ဝေဒနာ ၂-ပါးသာ ဟောတော်မူပါသည်။ အဒုက္ခမသုခ ဝေဒနာသည်မူကား ငြိမ်းအေးသော သဘောရှိသည်ဖြစ်၍ သုခဝေဒနာ၌ သွင်းကာ ဝေဒနာ ၂-ပါးသာလျှင် ရှိသည်ဟု လျှောက်၏။

၃-ကြိမ်မြောက်၊ အရှင်ဥဒါယီက ဝေဒနာ ၃-ပါးရှိသည်ကို ဘုရား ဟောတော်မူသည် ဟု ငြင်း၏။
ပဉ္စကင်္ဂလက်သမားဆရာကလည်း ၃-ကြိမ်တိုင်တိုင်ပင် 'ဝေဒနာ ၂-ပါးသာရှိသည်ကို ဘုရားဟောတော်မူသည်ဟူ၍လျှောက်၏။
အဘယ်သူကမှ အဘယ် သူ့ကို လက်ခံနာယူအောင် မပြောနိုင်ဘဲရှိနေကြကုန်၏။


အရှင်အာနန္ဒာ မြတ်စွာဘုရားအား လျှောက်ခြင်း

အရှင်ဥဒါယီနှင့် လက်သမားဆရာ ပဉ္စကင်္ဂတို့ ငြင်းခုံနေကြသည်ကို အရှင်အာနန္ဒာ ကြားတော်မူရာ၊ အရှင်အာနန္ဒာသည် မြတ်စွာဘုရားထံ ဆည်းကပ်၍ အရှင်ဥဒါယီနှင့် လက်သမားဆရာ ပဉ္စကင်္ဂတို့ ဝေဒနာအပြား ငြင်းဆိုကြပုံကို အစအဆုံး လျှောက်ထားလေသည်။

မြတ်စွာဘုရား မိန့်ကြားတော်မူသည်မှာ အာနန္ဒာ- ပရိယာယ်အားဖြင့် ထင်ရှား ရှိသောတရားကိုပင် ပဉ္စကင်္ဂသည် ဥဒါယီကို ကျေနပ်ဝမ်းမြောက်အောင် မပြောနိုင်၊ ဥဒါယီသည်လည်း ပရိယာယ်အားဖြင့် ထင်ရှားရှိသော တရားကိုပင်လျှင် ပဉ္စကင်္ဂကို ကျေနပ်ဝမ်းမြောက်အောင် မပြောနိုင်ချေ။

အာနန္ဒာ- အကြောင်းပရိယာယ် အားလျော်စွာ -
၂-ပါးသော ဝေဒနာ ရှိသည်ကိုလည်း ငါဘုရားဟောတော်မူသည်၊
အကြောင်းပရိယာယ်အားဖြင့် --
၃-ပါးသော ဝေဒနာ ရှိသည်ကိုလည်း ငါဘုရားဟောတော်မူသည်။
ထို့အတူ ၅-ပါးသော ဝေဒနာရှိသည်ကိုလည်း ဟောတော်မူသည်။
၆-ပါးသောဝေဒနာရှိသည်ကိုလည်း ဟောတော်မူသည်။
၁၈-ပါးသောဝေဒနာရှိသည်ကိုလည်း ဟောတော်မူသည်။
၃၆-ပါး သော ဝေဒနာရှိသည်ကိုလည်း ဟောတော်မူသည်။
၁၀၈-ပါးသော ဝေဒနာရှိသည်ကိုလည်း ဟောတော်မူသည်။

အာနန္ဒာ- ငါဘုရားသည် အကြောင်းပရိယာယ် အားလျော်စွာ အကြောင်းပရိယာယ် အလျောက် တရားဓမ္မကို ဤသို့လျှင် ဟောတော်မူသည်ဟု မိန့်တော်မူသည်။

ပဉ္စကင်္ဂ၏ အယူဝါဒဖြစ်သော ဝေဒနာ ၂-ပါးရှိသည်ဆိုသည်မှာလည်း အမှန် ဖြစ်၏။ အရှင် ဥဒါယီ၏ အယူဝါဒဖြစ်သော ဝေဒနာ ၃-ပါးရှိသည်ဆိုသည်မှာလည်း အမှန် ဖြစ်၏။ မြတ်စွာဘုရားသည် အကြောင်းအားလျော်စွာ ဟောတော်မူသည်ကို မသိကြ၍သာလျှင် ငြင်းခုံကြခြင်းဖြစ်သည်။


ကမ္မဋ္ဌာန်း ၂-မျိုးရှိခြင်း

ကမ္မဋ္ဌာန်း တရားသည် --
(၁)ရူပကမ္မဋ္ဌာန်း
(၂)အရူပကမ္မဋ္ဌာန်း အားဖြင့် ၂-မျိုး ရှိ၏။

ထိုကမ္မဋ္ဌာန်း ၂-မျိုးတို့တွင် မြတ်စွာဘုရားသည် ပုဂ္ဂိုလ်အားလျော်စွာ ဟောတော် မူသည်။ အကြင်ပုဂ္ဂိုလ်သည် ရုပ်တရား၌ ထင်ရှားသော အမြင်ဉာဏ်ရှိ၏၊ ထိုပုဂ္ဂိုလ်အား ရူပကမ္မဋ္ဌာန်းကို ဟောတော်မူသည်။ အကြင်ပုဂ္ဂိုလ်သည် အရူပ ဟူသော နာမ်တရား၌ ထင်ရှားသော အမြင်ဉာဏ်ရှိ၏၊ ထိုပုဂ္ဂိုလ်အား အရူပ ကမ္မဋ္ဌာန်းကို ဟောတော်မူသည်။

ယင်းသို့ အရူပကမ္မဋ္ဌာန်းကို ဟောတော်မူရာ၌လည်း ထိုအရူပဟူသော နာမ်တရား၏ တည်ရာဝတ္ထုဖြစ်သော ရူပကမ္မဋ္ဌာန်းကို ပထမ ဟောပြတော်မူပြီးနောက်မှ အရူပ ကမ္မဋ္ဌာန်းကို ဟောတော်မူသည်။ နတ်တို့သည်မူကား လူတို့ထက် ဉာဏ်အမြင် ထက်သန်ကြသည်ဖြစ်၍ နတ်တို့၌ အရူပကမ္မဋ္ဌာန်းသည် ထင်ရှားသောကြောင့် နတ်တို့အား တရားဟောတော် မူသောအခါ များသောအားဖြင့် အရူပကမ္မဋ္ဌာန်းကို ဟောတော်မူသည်။ အရူပကမ္မဋ္ဌာန်းတို့တွင်လည်း ဝေဒနာကမ္မဋ္ဌာန်းကို ဟောတော်မူသည်။

လူတို့တွင်လည်း ဉာဏ်အမြင် ထက်သန်သော ပုဂ္ဂိုလ်တို့အား ဝေဒနာ အရူပ ကမ္မဋ္ဌာန်းသည် သင့်လျော်ပေသည်။ အဘယ့်ကြောင့်နည်းဟူမူ - ဉာဏ်အမြင် ထက်မြက်သော ပုဂ္ဂိုလ်တို့၌ ဝေဒနာဖြစ်မှု ထင်ရှားသောကြောင့်တည်း။ ဉာဏ်အမြင်လည်း ထက်မြက်မည်၊ နူးညံ့သိမ်မွေ့သော ရုပ်ရှိသူလည်း ဖြစ်မူ ဝေဒနာ ဖြစ်ပေါ်ခြင်းသည် သာ၍ထင်ရှားသည်ဟု ဆိုလိုသည်။

ထိုစကားမှန်၏၊

အကြင်အခါ ကောင်းသော ဣဋ္ဌာရုံ တစ်မျိုးမျိုးကို အကြောင်းပြု၍ သုခဝေဒနာ ဖြစ်ပေါ်လာသည်ဖြစ်အံ့၊ ထိုအခါ ရူပကာယ တစ်ကိုယ်လုံးသည် လှုပ်ရှားကာ တစ်ကိုယ်လုံးပျံ့နှံ့၍ တစ်ကိုယ်လုံးကို စိမ့်ဝင်စီးဆင်းသွား သကဲ့သို့လည်းကောင်း၊ ကြည်အေးလှသောရေကို အိုးပေါင်းများစွာဖြင့် သွန်းလောင်းလိုက်သည့်အခါ ကိုယ်၏ ပူလောင်ခြင်းတို့သည် ငြိမ်းအေးသွားသကဲ့သို့ လည်းကောင်း “သြော် ချမ်းသာလေစွ, သြော်- ချမ်းသာလေစွ”ဟု နှုတ်က မြွက်ဆိုရသည်တိုင်အောင် သုခဝေဒနာ၏ သဘောသည် ထင်ရှားစွာ ဖြစ်တတ်ပေသည်

ဒုက္ခဝေဒနာဖြစ်သော အခါ၌လည်း တစ်ကိုယ်လုံးပျံ့နှံ့ လွှမ်းမိုး၍ ပူလောင်သော သံရေကို သွန်းလောင်းလိုက်ဘိသကဲ့သို့ ပင်ပန်း ဆင်းရဲလှသည်ဖြစ်၍ “သြော်... ဆင်းရဲ လေစွ တကား,သြော် - ဆင်းရဲလေစွ တကား”ဟု ငြီးတွားရသည်တိုင်အောင် ဒုက္ခ ဝေဒနာ၏သဘောသည် ထင်ရှားဖြစ်တတ်၏

အဒုက္ခမသုခဝေဒနာ (ဥပေက္ခာဝေဒနာ) အာရုံကို ခံစားပုံမှာမူကား သုခဝေဒနာ, ဒုက္ခဝေဒနာတို့ကဲ့သို့ မထင်ရှားလှပေ။ သုခဝေဒနာ, ဒုက္ခဝေဒနာဖြစ်ခြင်းမှ ကင်းသော ကာလ၌ သာယာခြင်း, မသာယာခြင်း တို့ကိုပယ်၍ အာရုံကို လျစ်လျူရှုသော သဘောသည် ပင်လျှင် အဒုက္ခမသုခဝေဒနာသည် အာရုံကို ခံစားခြင်းဖြစ်၏။

သို့ဖြစ်၍ မြတ်စွာဘုရားသည် အရူပကမ္မဋ္ဌာန်းကို ဟောတော်မူသောအခါ နာမ်ဖြစ်သော ထိုအရူပ၏တည်ရာ ဝတ္ထုဖြစ်သော ရူပကမ္မဋ္ဌာန်းကို ပထမ ဟောတော်မူသည်။ ထို့နောက်မှ ထင်ရှား သိမြင်လွယ်သော ဝေဒနာ အရူပကမ္မဋ္ဌာန်းကို ဟောတော်မူခြင်းဖြစ်သည်။

ဝေဒနာသံယုတ် (ပထမ ဂေလညသုတ်)

လွန်လေပြီးသော နှစ်ပေါင်း ၂၅၁၈-နှစ် အထက်က မြတ်စွာဘုရား သက်တော် ထင်ရှားရှိတော်မူစဉ်ကပင် ဂိလာနသံဃာတော်များ ဆေးဝါးကုသခံယူရာ ဖြစ်သော သံဃာ့ဆေးရုံကျောင်း ရှိခဲ့ဖူးလေပြီ။

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တောရ ကူဋာဂါရ ကျောင်း၌ သီတင်းသုံး နေတော်မူသောအခါ ညနေချမ်းအချိန်၌ ဖလသမာပတ်ဖြင့် ကိန်းတော်မူရာမှထ၍ ဂိလာနဆေးရုံကျောင်းရှိရာသို့ ကြွတော်မူကာ ဂိလာန ရဟန်းများ အနီးသို့ ချဉ်းကပ်တော်မူ၍ ခင်းထားအပ်သောနေရာ၌ ထိုင်တော်မူပြီး ကာလ ရဟန်းတို့- သတိရှိကြ၍ အဆင်အခြင်သမ္ပဇဉ်ရှိ၍ ကာလကိုငံ့လင့်ကြကုန်၊ ဤသည်ကား ငါဘုရား၏ အဆုံးအမတော်ဖြစ်သည်။

၁။ ရဟန်းတို့- ရဟန်းသည် အဘယ်ကဲ့သို့လျှင် သတိရှိသည်ဖြစ်၍ နေရသနည်း ဟူမူ၊ ရဟန်းတို့- ငါဘုရား၏ သာသနာတော်၌ ရဟန်းသည် ရုပ်အပေါင်း၌ ရုပ် အပေါင်းဟု ရှုလေ့ရှိသည်ဖြစ်၍ ပြင်းစွာအားထုတ်သော လုံ့လ, ဆင်ခြင်သော သမ္ပဇဉ်, အောက်မေ့သော သတိရှိသည်ဖြစ်၍ မိမိကိုယ်ကာယ တည်းဟူသော လောက၌ တပ်မက်ခြင်း နှလုံးမသာယာခြင်းကို ပယ်ဖျောက်၍နေ၏။
၂။ ဝေဒနာတို့၌ ဝေဒနာဟု ရှုလေ့ရှိသည် ဖြစ်၍နေ၏။
၃။ စိတ်၌ စိတ်ဟု ရှုလေ့ရှိသည်ဖြစ်၍နေ၏။
၄။ သဘောတရားတို့၌ သဘောတရားဟု ရှုလေ့ရှိသည်ဖြစ်၍နေ၏။
ရဟန်းတို့- ဤသို့နေခြင်းကို သတိရှိသည် ဖြစ်၍နေခြင်းဟု ဆို၏။

အဘယ်ကဲ့သို့ အဆင်အခြင် သမ္ပဇဉ်ရှိသည်ဖြစ်၍ နေသနည်းဟူမူ --
ရဟန်းတို့ -- ငါဘုရား သာသနာတော်၌ ရဟန်းသည် ရှေ့သို့သွားသည်ဖြစ်စေ၊ နောက်သို့ဆုတ်သည် ဖြစ်စေ ဆင်ခြင်သောသမ္ပဇဉ်ဖြင့် ပြုလေ့ရှိ၏။
တူရူကြည့်သည် ဖြစ်စေ တစောင်းကြည့်သည် ဖြစ်စေ ဆင်ခြင်သော သမ္ပဇဉ်ဖြင့် ပြုလေ့ရှိ၏။
သင်္ကန်း သပိတ်ကို ယူဆောင်သည်ဖြစ်စေ ဆင်ခြင်သော သမ္ပဇဉ်ဖြင့်ပြုလေ့ရှိ၏။
စားသည်ဖြစ်စေ, သောက်သည်ဖြစ်စေ, ခဲသည်ဖြစ်စေ, လျက်သည်ဖြစ်စေ ဆင်ခြင်သော သမ္ပဇဉ်ဖြင့် ပြုလေ့ရှိ၏။
ကျင်ကြီးကျင်ငယ်ကိစ္စကို ပြုသည်ဖြစ်စေ ဆင်ခြင်သောသမ္ပဇဉ်ဖြင့်ပြုလေ့ရှိ၏။
ရပ်သည်ဖြစ်စေ, ထိုင်သည်ဖြစ်စေ, အိပ်သည် ဖြစ်စေ, နိုးသည်ဖြစ်စေ, စကား ပြောသည်ဖြစ်စေ, ဆိတ်ဆိတ်နေသည်ဖြစ်စေ ဆင်ခြင်သော သမ္ပဇဉ်ဖြင့်ပြုလေ့ရှိ၏။
ရဟန်းတို့- ရဟန်းသည် ဤသို့ ဆင်ခြင်သော သမ္ပဇဉ်ဖြင့်ပြုလေ့ ရှိ၏။

ရဟန်းတို့ - ရဟန်းသည် သတိရှိသည်ဖြစ်၍ ဆင်ခြင်သော သမ္ပဇဉ်ရှိသည်ဖြစ်၍ ကာလကို ငံ့လင့်ရာ၏။ ဤသည်ကား ငါဘုရား၏ အဆုံးအမတော် ဖြစ်သည် ဟုမိန့်တော်မူ၏။

ရဟန်းတို့- ဤသို့ သတိရှိသည်ဖြစ်၍ ဆင်ခြင်သော သမ္ပဇဉ်ရှိသည်ဖြစ်၍ မမေ့မလျော့သည်ဖြစ်၍ ပြင်းစွာအားထုတ်သော လုံ့လဝီရိယရှိသည်ဖြစ်၍ နိဗ္ဗာန်သို့ စေလွှတ်သော နိဗ္ဗာန်သို့ညွတ်သောစိတ် ရှိသည်ဖြစ်၍ နေသော ထိုရဟန်းအား သုခဝေဒနာ ဖြစ်၏။
ထိုရဟန်းသည် သုခဝေဒနာ ဖြစ်သောအခါ ဤသို့သိ၏၊ ငါ့သန္တာန်၌ သုခဝေဒနာ ဖြစ်ပေါ်လာသည်၊ ထိုသုခဝေဒနာသည် အကြောင်းတရားကို စွဲ၍ဖြစ်သည်၊ အကြောင်းမဲ့ ဖြစ်သည်ကား မဟုတ်။ အဘယ်အကြောင်းတရားကိုစွဲ၍ ဖြစ်သနည်း၊ ဤရူပကာယကို သာလျှင် အကြောင်းပြု၍ဖြစ်သည်။ ဤရူပကာယသည် မမြဲသော သဘောရှိ၏၊ ပြုပြင်စီရင် အပ်သောသဘောရှိ၏၊ အကြောင်းတရားကိုစွဲ၍ဖြစ်၏။ မမြဲသောသဘောရှိသော ပြုပြင် စီရင်အပ်သော သဘောရှိသော အကြောင်းကို စွဲ၍ဖြစ်သော ရူပကာယကို အမှီပြု၍ အခြေခံပြု၍ ဖြစ်ပေါ်ရသော သုခဝေဒနာသည် အဘယ်မှာလျှင် အမြဲတည်ပေအံ့နည်းဟု ဆင်ခြင်၏။

ထိုသို့ဆင်ခြင်သော ရဟန်းသည်
ရူပကာယ၌လည်းကောင်း, သုခဝေဒနာ၌ လည်းကောင်း --
အနိစ္စဟုရှုသည်ဖြစ်၍နေ၏၊
အပျက်ဟုရှုသည်ဖြစ်၍နေ၏၊
တပ်မက်ခြင်း ကင်းသည်ကို ရှုသည်ဖြစ်၍နေ၏၊
ချုပ်ခြင်းကို ရှုသည်ဖြစ်၍နေ၏။
စွန့်ပယ်ခြင်းသဘောကို ရှုသည်ဖြစ်၍နေ၏။

ရူပကာယ၌လည်းကောင်း, ဝေဒနာ၌လည်းကောင်း --
အနိစ္စဟုရှုသည် ဖြစ်၍ နေသော,
အပျက်ဟု ရှုသည်ဖြစ်၍နေသော,
တပ်မက်ခြင်းကင်းသည်ကို ရှုသည်ဖြစ်၍ နေသော,
ချုပ်ခြင်းကို ရှုသည်ဖြစ်၍နေသော,
စွန့်ပယ်ခြင်းသဘောကို ရှုသည်ဖြစ်၍နေသော

ထိုရဟန်းသည် ရူပကာယ၌ လည်းကောင်း, သုခဝေဒနာ၌ လည်းကောင်း ကိန်းအောင်းသော ရာဂါနုသယကို ပယ်အပ်၏။ ထိုရဟန်းသန္တာန်၌ ယခင်က ကိန်းအောင်းလျက်ရှိသော ရာဂါနုသယသည် ကင်းပျောက်ခြင်းသို့ ရောက်လေ တော့သည်ဟု ဟောတော်မူသည်။

ဒုက္ခဝေဒနာကိုလည်း သုခဝေဒနာကို ရှုသကဲ့သို့ ရှုသည်ဖြစ်၍ ရူပကာယ၌ လည်းကောင်း, ဒုက္ခဝေဒနာ၌လည်းကောင်း ကိန်းအောင်းသော ပဋိဃာနုသယသည် ကင်းပျောက်လေ၏။ အဒုက္ခမသုခ ဝေဒနာကိုလည်း သုခဝေဒနာနည်းတူ ရှုသည်ဖြစ်၍ ရူပကာယ၌လည်းကောင်း, အဒုက္ခမသုခ ဝေဒနာ၌လည်းကောင်း ကိန်းအောင်းသော အဝိဇ္ဇာနုသယသည် ကင်းပျောက်လေသည် ဟု ဟောတော်မူသည်။

ထိုရဟန်းသည် အကယ်၍ သုခဝေဒနာကို ခံစားသည်ဖြစ်အံ့၊ ထိုသုခဝေဒနာကား မမြဲဟုသိ၏၊ မလွှမ်းမိုးနိုင်သော ဝေဒနာဟုသိ၏၊ မနှစ်သက်အပ်သော ဝေဒနာ ဟုသိ၏။ ဒုက္ခဝေဒနာ, အဒုက္ခမသုခဝေဒနာတို့ကို ခံစားလျှင်လည်း ထိုဝေဒနာ တို့ကား မမြဲကြဟု သိ၏၊ မလွှမ်းမိုးနိုင်သော ဝေဒနာတို့ဟု သိ၏၊ မနှစ်သက် အပ်သော ဝေဒနာတို့ဟု သိ၏။

ထိုရဟန်းသည် သုခဝေဒနာကို ခံစားသည်ဖြစ်အံ့၊ ကိလေသာ ကင်းသော ဝေဒနာကိုခံစား၏။ ဒုက္ခဝေဒနာ, အဒုက္ခမသုခ ဝေဒနာတို့ကို ခံစားလျှင်လည်း ကိလေသာ ကင်းသော ဒုက္ခဝေဒနာ, အဒုက္ခမသုခ ဝေဒနာတို့ကို ခံစား၏။ ခန္ဓာကိုယ်အပိုင်းအခြား ရှိသော ဝေဒနာကိုခံစားလျှင် ခန္ဓာကိုယ်အပိုင်းအခြားရှိသော ဝေဒနာကို ခံစားသည်ဟုသိ၏။ အသက် အပိုင်းအခြားရှိသော ဝေဒနာကို ခံစားလျှင်လည်း အသက်အပိုင်းအခြားရှိသော ဝေဒနာကို ခံစားသည်ဟုသိ၏။

ရဟန်းတို့ ဥပမာပြဦးအံ့၊
ဆီကို လည်းကောင်း, မီးစာကို လည်းကောင်း အကြောင်းပြု၍ ဆီမီးသည် တောက်ရာ၏။ ဆီနှင့်မီးစာကုန်ခြင်းကြောင့် မီးတောက်သည် ငြိမ်းရာ၏
ရဟန်းတို့- ထိုဥပမာအတူသာလျှင် ရဟန်းသည် ခန္ဓာကိုယ်အပိုင်းအခြားရှိသော ဝေဒနာကို ခံစားလျှင် ခန္ဓာကိုယ်အပိုင်းအခြားရှိသော ဝေဒနာကို ခံစားသည်ဟု သိ၏။ အသက် အပိုင်းအခြားရှိသော ဝေဒနာကို ခံစားလျှင် အသက် အပိုင်းအခြားရှိသော ဝေဒနာကို ခံစားသည်ဟုသိ၏။ ကိုယ်ခန္ဓာပျက်၍ အသက် အပိုင်းအခြား၏အထက်၌ ဤဘဝ၌ပင်လျှင် မနှစ်သက်အပ်ကုန်သော အလုံးစုံသော ခံစားမှုဟူသမျှတို့သည် ငြိမ်းအေးကြကုန်လတ္တံ့ ဟု သိ၏ - ဟူ၍ ဟောတော်မူသည်။

---

ဝတ္ထု၌ ဝေဒနာဖြစ်ပုံ - မထေရ်တစ်ပါးအကြောင်း

စိတ္တလတောင်၌ သီတင်းသုံးတော်မူသော မထေရ်တစ်ပါးသည် မကျန်းမမာသော အခါ၌ အားကြီးသော ဒုက္ခဝေဒနာကို ခံစားရသည်ဖြစ်၍ ငြီးလျက် ထိုမှ ဤမှ လူးလှိမ့်ကာနေ၏။ ယင်းသို့လျှင် ပြင်းထန်သော ဝေဒနာကို ခံစားရသည်ဖြစ်၍ ငြီးတွားကာ လူးလှိမ့်၍နေသော မထေရ်ကို အလုပ်အကျွေး ဖြစ်သော ရဟန်းတစ်ပါးက -
“အရှင်ဘုရား ဘယ်နေရာက ကျင်နာကိုက်ခဲပါသလဲ”ဟု မေးရာ၊
“ငါ့ရှင် အသီးအခြား ဘယ်နေရာက ကျင်နာကိုက်ခဲသည် ဟူ၍မရှိ၊ ဝတ္ထုကိုအာရုံပြု၍ ဝေဒနာသည်သာလျှင် ခံစား၍နေပေသည်ဟု့ ပြော၏။
အရှင်ဘုရား- ဤသို့လျှင် ဝတ္ထုကို အာရုံပြု၍ ဝေဒနာသည်သာလျှင် ခံစား နေသည်ဟူ၍ သိတော်မူပါလျှင် ထိုဝေဒနာကို သည်းခံခြင်းငှာ သင့်လျော်သည် မဟုတ်ပါလော အရှင်ဘုရား”ဟု လျှောက်၏။
“ငါ့ရှင်... သည်းခံပါတော့မည်”ဟု ပြောကာ မငြီးမငြူ မလူးမလှိမ့်မူ၍ ငြိမ်သက်စွာဖြင့် သည်းခံတော်မူသည်
“အရှင်ဘုရား- သည်းခံခြင်းသည် ကောင်းမြတ်လှပါသည်”ဟု လျှောက်၏။
မထေရ်၏ သန္တာန်၌ ပြင်းထန်သော လေရောဂါသည် နှလုံးသားကွဲသည့် တိုင်အောင် ထိုးကျင့်သဖြင့် ဝမ်းအတွင်းမှ အူတို့သည်ထွက်၍ ညောင်စောင်းပေါ်၌ ပုံလျက် ရှိလေသည်။ မထေရ်သည် ရဟန်းငယ်ကို ပြကာ–
“ငါ့ရှင်- ဤမျှလောက် သည်းခံလျှင် သင့်လျော်လောက်ပြီလော” ဟု မေး၏-
ရဟန်းငယ်သည် ဆိတ်ဆိတ်နေ၏။
မထေရ်သည် ဝီရိယကို ညီမျှစွာအားထုတ်၍ ဝေဒနာကမ္မဋ္ဌာန်းကို နှလုံးသွင်း တော်မူရာ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ အရဟတ္တဖိုလ်သို့ဆိုက်ရောက်တော်မူသဖြင့် သမသီသီရဟန္တာ အဖြစ်ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူသည်

ဤအရာ၌ သမသီသီသည် ဇီဝိတသမသီသီဟုဆိုရပေမည်။ ဇီဝိတိ ချုပ်သည်နှင့် ကိလေသာအလုံးစုံ ချုပ်ငြိမ်းခြင်းသည် (ဝေဒနာပါ အပါအဝင်ဖြစ်၏။) မရှေးမနှောင်း ဖြစ်၍ တစ်ပြိုင်နက်ချုပ်သကဲ့သို့ရှိသည်ကို ရည်ရွယ်၍ ဇီဝိတသမသီသီဟု ဆိုသည်။

---

ဝတ္ထုဟူသည်ကား

အထက်အဆိုပါမထေရ်အကြောင်း၌ ဝတ္ထုကိုအာရုံပြု၍ ဝေဒနာသည်သာ အာရုံကို ခံစားသည်ဟူရာ ဝတ္ထုဟူသည် အဘယ်အရာပေနည်း

ဝတ္ထု နာမ ကရဇကာယော၊ သော အတ္ထတော့ ဘူတာနိ စေဝ ဥပါဒါနိ စ- ဟူ၍ သက္ကပဉှသုတ် အဋ္ဌကထာ ရှိသောကြောင့် ဝတ္ထုဟူသည် ဝေဒနာအစရှိသော နာမ်တရားတို့၏ မှီရာတည်ရာ ဘူတရုပ်နှင့် ဥပါဒါရုပ် တို့ပင်ဖြစ်သည်။
မထေရ်သည် ဤဝတ္ထုကား ရုပ်တရားတည်း။ ဝေဒနာကား နာမ်တရားတည်း။ ဝေဒနာဖြစ်သည်ဆိုလျှင် ဖဿ, သညာ, စေတနာ, ဝိညာဏ် တို့သည်လည်း ယှဉ်ဖက် အားဖြင့်ပါဝင်ကြကုန်၏။

ဝတ္ထုရုပ်သည်ကား ရူပက္ခန္ဓာဖြစ်သည်။ ဝေဒနာ စသော နာမ်တရားတို့သည် ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ, ဝိညာဏက္ခန္ဓာ တည်းဟူသော နာမက္ခန္ဓာ တို့ဖြစ်ကုန်၏။ နာမ်ရုပ်တို့မှ လွတ်သော ခန္ဓာငါးပါးဟူ၍ မရှိခန္ဓာငါးပါးမှ လွတ်သော နာမ်ရုပ်ဟူ၍လည်းမရှိ
မထေရ်သည် ဤခန္ဓာငါးပါး, ရုပ်နာမ် ၂-ပါးတို့သည် အဘယ်တရားလျှင် အကြောင်း အထောက်အပံ့ ရှိကြကုန်သနည်း ဟု ဆင်ခြင်လျှင် အဝိဇ္ဇာ တည်းဟူသော အကြောင်းကို မြင်ရာ၏၊ ထိုနောက်အကြောင်းဖြစ်သော အဝိဇ္ဇာကိုလည်း မြင်၏၊ အဝိဇ္ဇာ၏အကျိုးဖြစ်သော ရုပ်, နာမ်ခန္ဓာငါးပါးကိုလည်းမြင်၏။

ထိုရုပ်နာမ်တို့မှတစ်ပါး သတ္တဝါဟူသည် ပုဂ္ဂိုလ်ဟူသည် မရှိချေ၊ သက်သက် ရုပ်နာမ်ခန္ဓာ တည်းဟူသော သင်္ခါရ အစုအဝေးမျှသာ ဖြစ်ချေသည်၊ အကြောင်းနှင့် တကွဖြစ်သော နာမ်, ရုပ်တို့သာ ဖြစ်ချေသည်ဟူ၍ ဆင်ခြင်ကာ ယင်းနာမ်ရုပ် တို့သည် စင်စစ်မမြဲကြ။ မမြဲခြင်းဖြင့် နှိပ်စက်၍ စင်စစ်ဆင်းရဲခြင်း သဘောရှိ၏။ မြဲစေလိုသော ချမ်းသာစေလိုသော အလိုသို့ မပါမလိုက်၊ သူ့သဘာဝ အားဖြင့် သာလျှင် ဖောက်ပြန်ခြင်း သဘောရှိသည့်ဖြစ်၍ အနတ္တဖြစ်သော ရုပ် နာမ် ခန္ဓာ တို့ပါတကားဟူ၍ ဝေဒနာနှင့်တကွ ဝေဒနာ၏ တည်ရာ မှီရာ ကရဇကာယလက္ခဏာရေးတင်၍ ဆင်ခြင်ပွားများခြင်းကြောင့် သမသီသီရဟန္တာအဖြစ်သို့ ရောက်တော်မူသည်ဟု ဆိုရပေမည်။

စိတ္တလတောင်၌ သီတင်းသုံးသော မထေရ်၏ ဝေဒနာနုပဿနာတရားကို ကြည့်ရှု လေ့လာကြသောယောဂီတို့သည် ထိုမထေရ်ကဲ့သို့ပင် အာသဝေါကုန်ငြိမ်းအောင် နည်းယူကာ အားထုတ် ပွားများနိုင်ကြစေကုန်သတည်း။

---

ဝေဒနာနုပဿနာနှင့် သာဓက

ဒီဃနိကာယ် မဟာသတိပဋ္ဌာနသုတ်နှင့် မဇ္ဈိမနိကာယ် သတိပဋ္ဌာနသုတ်တို့၌ လည်း ဝေဒနာက္ခန္ဓာစသော နာမ်တရားတို့၏ တည်ရာ ဝတ္ထုဖြစ်သော ရူပကာယရုပ်ဝတ္ထုကို ဟောတော်မူပြီးနောက်မှ ဝေဒနာနုပဿနာ စသော နာမာနုပဿနာတရားကို ဟော တော်မူသည်။

ရဟန်းတို့- သာသနာတော်ထမ်း ရဟန်းသည် အဘယ်သို့လျှင် ဝေဒနာတို့၌ ဝေဒနာဟု ရှုလေ့ရှိသည်ဖြစ်၍နေသနည်းဟူမူ- ဤငါဘုရား၏ သာသနာတော်၌ သာသနာ့ ဝန်ထမ်းဖြစ်သော ရဟန်းသည် --
သုခဝေဒနာကိုခံစားလျှင် ငါသည်သုခဝေဒနာကိုခံစား သည်ဟုသိ၏။
ဒုက္ခဝေဒနာကို ခံစားလျှင်လည်း ဒုက္ခဝေဒနာကို ခံစားသည်ဟုသိ၏။
အဒုက္ခမသုခဝေဒနာကို ခံစားလျှင်လည်း အဒုက္ခမသုခဝေဒနာကို ခံစားသည်ဟု သိ၏။
ကာမဂုဏ်ငါးပါး တည်းဟူသော အာရုံရှိသော သုခဝေဒနာကို ခံစားလျှင်လည်း ငါသည် ကာမဂုဏ်ငါးပါး တည်းဟူသော အာရုံရှိသော သုခဝေဒနာကို ခံစားသည်ဟု သိ၏။
ကာမဂုဏ်ငါးပါးတည်းဟူသော အာရုံကင်းသောသုခဝေဒနာကိုခံစားလျှင်မူလည်း ငါသည် ကာမဂုဏ် ငါးပါးတည်းဟူသော အာရုံကင်းသော သုခဝေဒနာကို ခံစားသည်ဟုသိ၏။

ကာမဂုဏ်ငါးပါးတည်းဟူသော အာရုံရှိသော ဒုက္ခဝေဒနာကို ခံစားလျှင်လည်း ငါသည် ကာမဂုဏ်ငါးပါး တည်းဟူသော အာရုံရှိသော ဒုက္ခဝေဒနာကို ခံစားသည် ဟုသိ၏။
ကာမဂုဏ်ငါးပါးတည်းဟူသော အာရုံကင်းသော ဒုက္ခဝေဒနာကို ခံစားလျှင်လည်း ငါသည် ကာမဂုဏ်ငါးပါး တည်းဟူသော အာရုံကင်းသော ဒုက္ခဝေဒနာကို ခံစားသည်ဟုသိ၏။

ကာမဂုဏ်ငါးပါး တည်းဟူသော အာရုံရှိသော အဒုက္ခမသုခဝေဒနာကို ခံစား လျှင်လည်း ငါသည် ကာမဂုဏ်ငါးပါး တည်းဟူသော အာရုံရှိသော အဒုက္ခမသုခ ဝေဒနာကို ခံစားသည်ဟုသိ၏။
ကာမဂုဏ်ငါးပါး တည်းဟူသော အာရုံကင်းသော အဒုက္ခမသုခဝေဒနာကို ခံစား လျှင်လည်း ငါသည် ကာမဂုဏ်ငါးပါး တည်းဟူသော အာရုံကင်းသော အဒုက္ခမသုခ ဝေဒနာကို ခံစားသည်ဟုသိ၏။

ဤသို့လျှင် အဇ္ဈတ္တသန္တာန်၌ ဖြစ်ကုန်သော ဝေဒနာတို့ကို ဝေဒနာဟု ရှုသည် ဖြစ်၍နေ၏။ ဗဟိဒ္ဓသန္တာန်၌ ဖြစ်ကုန်သော ဝေဒနာတို့ကိုလည်း ဝေဒနာဟု ရှုသည်ဖြစ်၍ နေ၏။ အဇ္ဈတ္တဗဟိဒ္ဓသန္တာန်တို့၌ဖြစ်ကုန်သောဝေဒနာတို့ကိုလည်း ဝေဒနာဟု ရှုသည် ဖြစ်၍နေ၏။

ဝေဒနာတို့၌ အဖြစ်ကိုရှုသည်ဖြစ်၍ နေ၏။ ဝေဒနာတို့၌ အပျက်ကိုရှုသည်ဖြစ်၍ နေ၏။ ဝေဒနာတို့၌ အဖြစ်အပျက်ကို ရှုသည်ဖြစ်၍နေ၏။ ဝေဒနာသာလျှင်ရှိ၏ဟူ၍ ထင်သောသတိရှိ၏။ အသိဉာဏ်တိုးပွားခြင်းငှာ, သတိတိုးပွားခြင်းငှာ ဖြစ်၏၊ တဏှာဒိဋ္ဌိ တို့ကို မမှီမူ၍နေ၏၊
ဥပါဒါနက္ခန္ဓာတည်းဟူသော လောက၌ တစ်စုံတစ်ခုသော သဘောတရား ကိုမျှ ငါဟူ၍လည်းကောင်း, ငါ့ဥစ္စာဟူ၍လည်းကောင်း စွဲလမ်းမှုမရှိ။ ရဟန်းတို့- ဤသို့လျှင် သာသနာတော်ထမ်း ရဟန်းသည် ဝေဒနာတို့၌ ဝေဒနာဟု ရှုသည်ဖြစ်၍နေရာ၏ - ဟု ဟောတော်မူသည်။

---

သိကြားမင်းအား ဝေဒနာကမ္မဋ္ဌာန်းဟောခြင်း (ဒီဃနိကာယ်-သက္ကပဉှသုတ်)

အခါတစ်ပါး၌ မဂဓတိုင်း၊ ရာဇဂြိုဟ်မြို့တော်မှ အရှေ့အရပ်၌ အမ္ဗသဏ္ဍ အမည်ရှိသော ဗြာဟ္မဏရွာရှိ၏၊ ထိုရွာမှ မြောက်အရပ်၌ ဝေဒိယကတောင်ရှိ၏၊ ထို ဝေဒိယကတောင်၌ ဣန္ဒသာလဟူ၍ ထင်ရှားသောလိုဏ်ဂူရှိ၏။
ဣန္ဒသာလလိုဏ်ဂူ၌ မြတ်စွာဘုရားသီတင်းသုံးတော်မူစဉ် သိကြားနတ်မင်းသည် တာဝတိံသာနတ်တို့ကိုခေါ်၍ ပဉ္စသိင်္ခနတ်သားကို ရှေ့ဆောင်ပြုလျက် “အချင်း ပဉ္စသိခ- နတ်အမတ်အပေါင်းနှင့်တကွ နတ်ပရိသတ်နှင့်တကွ သိကြားနတ်မင်းသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးခေါင်း ညွတ်လျှိုး ရှိခိုးပါကြောင်းကို မြတ်စွာဘုရားအား လျှောက်ထားပါလေ”ဟု ပဉ္စသိခ နတ်သားကို လျှောက်ထား စေ၏။

သိကြားနတ်မင်း တိုက်တွန်းသည့်အတိုင်း ပဉ္စသိခ နတ်သားက မြတ်စွာဘုရားအား လျှောက်ထားသောအခါ နတ်အမတ်, နတ်ပရိသတ် နှင့်တကွ သိကြားနတ်မင်းသည် ချမ်းသာခြင်းရှိပါစေ၊ နတ်, လူ, အသူရာ, နဂါး, ဂန္ဓဗ္ဗ စသော သတ္တဝါအပေါင်းသည် ချမ်းသာခြင်းကို အလိုရှိကြသည် မဟုတ်လော-ဟု မြတ်စွာဘုရားဆုပေးတော်မူပြီးမှ သိကြားနတ်မင်းသည် ဣန္ဒသာလလိုဏ်ဂူသို့ဝင်၍ မြတ်စွာဘုရားအား ရှိခိုးကာ သင့်တင့်ရာ၌ရပ်တည်ကာ နေလေသည်။

ထိုအခါ မြတ်စွာဘုရားသည် ဤသို့မိန့်တော်မူသည်။ ပြုဖွယ်ကိစ္စများပြားသော, အသက်ရှည်လတ္တံ့သော ကောသိယ အမည်ရှိသော အသင် သိကြားနတ်မင်းသည် ငါဘုရား ထံသို့ရောက်လာခြင်းသည် အံ့ဖွယ်ကောင်းလှသည်၊ ဖြစ်ခဲလှသည်-ဟု မိန့်တော်မူသည်။
မြတ်စွာဘုရား ... ကာလကြာမြင့်စွာကပင် မြတ်စွာဘုရားထံတော်သို့ လာရောက် ဖူးမြော်ရန် ဆန္ဒရှိပါသည်။ သို့ရာတွင် တာဝတိံသာနတ်တို့၏ အချို့ အချို့သော ကိစ္စတို့ဖြင့် အနှောင့်အယှက် ရှိနေသောကြောင့် မရောက်နိုင်ခြင်းဖြစ်ပါသည်။

မြတ်စွာဘုရား- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိမြို့။ သလဠ မည်သော ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် မြတ်စွာဘုရားအား ဖူးမြော်ရန် တပည့်တော် လာပါသည်။ ထိုအချိန်၌ မြတ်စွာဘုရားသည် တစ်ပါးပါးသော သမာဓိဖြင့် ကိန်းနေတော်မူ ပါသည်။
ဝေဿဝဏ္ဏနတ်မင်းကြီး၏ ခြေရင်းအလုပ်အကျွေးဖြစ်သော ဘူဇတိ အမည်ရှိသော နတ်သမီးသည် မြတ်စွာဘုရားအား လက်အုပ်ချီကာ ရှိခိုးလျက်ရှိနေပါသည်။ “အို-ဘူဇတိ၊ အမတ်တို့နှင့်တကွ နတ်ပရိသတ်နှင့်တကွ သိကြားနတ်မင်းသည် မြတ်စွာဘုရားအား ရှိခိုးသည့် အကြောင်း”ကို လျှောက်ထားပါဟု တိုက်တွန်းရာ “အရှင်သိကြားမင်း- ယခုအချိန်သည် မြတ်စွာဘုရားအား ဖူးမြော်ရှိခိုးခြင်းငှာ အခါကာလမဟုတ်ပါ၊ မြတ်စွာဘုရားသည် ကိန်းအောင်းတော်မူနေပါသည်” ဟု ပြောပါသည်။

“အို - ဘူဇတိ၊ သို့ဖြစ်လျှင် မြတ်စွာဘုရား ကိန်းအောင်းတော်မူရာမှ ထတော်မူလျှင် နတ်အမတ် အပေါင်းနှင့်တကွ နတ်ပရိသတ်နှင့်တကွ သိကြားနတ်မင်း လာရောက် ရှိခိုးကြောင်းကို လျှောက်၍ ငါ၏ ရှိခိုးခြင်းဖြင့် မြတ်စွာဘုရားအားရှိခိုးပါလေ”ဟု မှာကြားခဲ့ ပါသည်။
“မြတ်စွာဘုရား -- ဘူဇတိ အမည်ရှိသောနှမသည် တပည့်တော်၏ ကိုယ်စား ရှိခိုးပါ၏လော၊ ဘူဇတိအမည်ရှိသော နှမရှိခိုးသည်ကို မြတ်စွာဘုရား သတိရတော် မူပါ၏လော” ဟု လျှောက်၏။
သိကြားနတ်မင်း- ဘူဇတိအမည်ရှိသော နတ်သမီးသည် ငါ ဘုရားကိုရှိခိုးပေသည်၊ ထိုနတ်သမီးလျှောက်သောစကားကိုလည်းသတိရပါသည်။ စင်စစ်မူကား ထိုအချိန်၌ သင်သိကြားနတ်မင်း၏ ရထားအကွပ်သံဖြင့် သမာပတ်မှ ထပေပြီ

---

စကားညှပ်

ဘူဇတိအမည်ရှိသော နတ်သမီးသည် သကဒါဂါမိဖိုလ်သို့ရောက်သူဖြစ်၍ နတ်ပြည်၌ ပျော်မွေ့ခြင်း မရှိသောကြောင့် အမြဲသာလျှင် မြတ်စွာဘုရားထံ လာရောက် ရှိခိုးနေသည်ဟု အဆိုရှိသည်။

မြတ်စွာဘုရား -- ဘုရားတပည့်တော်၏အလျင် တာဝတိံသာနတ်ပြည်၌ ဖြစ်ကြ ကုန်သော နတ်တို့အထံမှ မျက်မှောက်ကြားသိရဖူးသည်မှာ အကြင်အခါ လောက၌ ကိလေသာကို ပယ်သတ်တော်မူပြီးကုန်သော သစ္စာလေးပါးတရားကို ကောင်းစွာ ကိုယ်တော်တိုင်သိတော်မူကုန်သော မြတ်စွာဘုရားရှင်တို့ ပွင့်တော်မူကြကုန်၏။ ထိုအခါ တာဝတိံသာ နတ်အပေါင်းတို့သည် ပြည့်ကုန်၏အသုရာတို့သည် ဆုတ်ယုတ်ကုန်၏ဟု ကြားရ, မှတ်ရဖူးပါသည်။ ထိုစကား၏ သာဓကယုတ္တိကို ယခု ဒိဋ္ဌတွေ့ ရှိရပါသည်ဟု လျှောက်လေသည်။

---

ဂေါပကနတ်သားနှင့် ဂန္ဓဗ္ဗနတ် ၃-ယောက်

မြတ်စွာဘုရား- ဤကပိလဝတ်မြို့၌ပင်လျှင် ဂေါပိကာ အမည်ရှိသော သာကီဝင် မင်းသမီးသည် ဘုရားတရားသံဃာ ရတနာသုံးပါးတို့၌ ကြည်ညိုသည်ဖြစ်၍ သီလတို့ ၌လည်း ဖြည့်ကျင့်လေ့ရှိပါသည်။ ထိုဂေါပိကာ မင်းသမီးသည် မိန်းမအဖြစ်ကို စိတ်ဖြင့်ပယ်၍ ယောက်ျားအဖြစ်ကို ပွားများပါသည်။ လူအဖြစ်မှ စုတိကွယ်လွန်ခဲ့ပြီး ကာလ တာဝတိံသာ နတ်ပြည်၌ တပည့်တော်၏ သားအဖြစ်ဖြင့် လာရောက် ဖြစ်ပါသည်။ ထိုနတ်သားကို တာဝတိံသာနတ်တို့သည် ဂေါပကနတ်သားဟူ၍ ထင်ရှားစွာသိကြပါသည်။

ထို့ပြင် မြတ်စွာဘုရား၏ သာသနာတော်၌ မြတ်သောရဟန်းဖြစ်ခဲ့ကြကုန်သော ရဟန်းသုံးပါးတို့သည် တာဝတိံသာနတ်တို့အောက် ယုတ်နိမ့်သော ဂန္ဓဗ္ဗနတ်မျိုးတို့၌ ဖြစ်ကြပါသည်။ ထိုဂန္ဓဗ္ဗနတ်တို့သည် ကာမဂုဏ်ငါးပါးတို့နှင့် ပြည့်စုံစံပယ်ကြ ကုန်သည် ဖြစ်၍ အတီးအမှုတ် အကအဆိုတို့ဖြင့် တပည့်တော်တို့အား ဖျော်ဖြေခြင်းငှာ ရောက်လာကြပါသည်၊

ထိုဂန္ဓဗ္ဗနတ် ၃-ယောက်တို့ကို ဂေါပကနတ်သားသည် မှတ်မိသိရှိ၍ အပြစ်တင် ပါသည်။ အချင်းနတ်တို့ -- သင်တို့သည် ရဟန်းဖြစ်ခဲ့ကြပါလျက် မြတ်စွာဘုရား၏ တရားတော်ကို မကြားကြသလော၊ စိတ်တည်းဟူသော မျက်နှာကို အဘယ်သို့ လွှဲထားကြသနည်း။
ကျွန်ုပ်သည် မိန်းမဖြစ်လျက် ရတနာသုံးပါးတို့၌ ကြည်ညို၍ သီလတို့၌လည်း ဖြည့်ကျင့်လေ့ ရှိသည်ဖြစ်၍ မိန်းမအဖြစ်ကို စိတ်ဖြင့်ပယ်၍ ယောက်ျားအဖြစ်ကို ပွားသဖြင့် ယခုတာဝတိံသာနတ်ပြည်၌ ဂေါပကအမည်ဖြင့် သိကြားနတ်မင်း၏သား ဖြစ်တုံသေး၏။ အချင်းနတ်တို့- အသင်တို့သည် ရဟန်း ဖြစ်ခဲ့ကြပါလျက် အဘယ့်ကြောင့် ယုတ်နိမ့်သော ဂန္ဓဗ္ဗနတ်မျိုးတို့၌ ဖြစ်ကြပါသနည်း ဟု အပြစ်တင်လေသည်။

မြတ်စွာဘုရား၏ သာသနာတော်၌ ကောင်းမှုပြုဖက်ဖြစ်ကြသော အသင်တို့ကို ယခုကဲ့သို့ ယုတ်နိမ့်သော ဂန္ဓဗ္ဗနတ်မျိုးတို့၌ ဖြစ်သည်ကို မြင်ရခြင်းသည် မမြင်အပ်။ မမြင်လိုသော အာရုံကို မြင်ရပေစွတကားဟုဆိုလျှင် ဂန္ဓဗ္ဗနတ်သား ၃-ယောက် တို့တွင် ၂-ယောက်သော ဂန္ဓဗ္ဗနတ်တို့သည် ဂေါပကနတ်သား အပြစ်တင် ပြောဆိုသည်ကိုကြားကာ သတိရကြသည်ဖြစ်၍ ရဟန်းဖြစ်စဉ်က ရရှိခဲ့သော ပထမဈာန်ကိုပြန်၍ အာရုံပြုလျက် ထိုပထမဈာန်ကို အခြေခံပြုပြီးလျှင် ဝိပဿနာကို ဆင်ခြင်ပွားများကြရာ ဤတာဝတိံသာ နတ်တို့၏ မျက်မှောက်၌ပင်လျှင် အနာဂါမိ ဖိုလ်တိုင်အောင် တရားပေါက်ကြကုန်၏။ အနာဂါမိဖိုလ်သို့ရောက်သော ခဏ၌ပင် ဂန္ဓဗ္ဗနတ်ဘဝမှ စုတေ၍ ဗြဟ္မပုရောဟိတာ ဗြဟ္မာအဖြစ်သို့ ရောက်ကြသည်ဖြစ်၍ သုဒ္ဓါဝါသအဝိဟာဘုံသို့ရောက်ကြပါသည်။ မြတ်စွာဘုရား- ဂန္ဓဗ္ဗနတ်တစ်ယောက်မှာ မူကား ကာမဘုံ၌သာလျှင် ပျော်မွေ့၍နေပါသည် ဟု လျှောက်သည်။

ဂေါပကနတ်သားသည် ဂေါပိကာမင်းသမီး ဖြစ်စဉ်အခါက, ထို ဂန္ဓဗ္ဗနတ် ၃-ယောက် တို့ကို ရဟန်းအဖြစ်ဖြင့် ဆွမ်း, အဖျော်, ယမကာတို့ကို လှူဒါန်းဖူးသည်ဖြစ်၍ ရဟန်း ဖြစ်ခဲ့ကြပါလျက် အဘယ့်ကြောင့် ယုတ်နိမ့်သော ဂန္ဓဗ္ဗနတ်မျိုးတို့၌ ဖြစ်ကြပါသလဲဟု ဝမ်းနည်းစွာ အပြစ်တင်ခြင်းဖြစ်သည်။
ထိုရဟန်း ၃-ပါးတို့သည် နောက်ဘဝက ဂန္ဓဗ္ဗနတ်မျိုး၌ ဖြစ်ခဲ့ကြဖူးရာ နိကန္တိ အစွဲအလမ်းကြောင့် ဂန္ဓဗ္ဗနတ်မျိုး၌ တစ်ဖန်ဖြစ်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဂေါပကနတ်သားနှင့် ဂန္ဓဗ္ဗနတ် ၃-ယောက် (နောက် ဗြဟ္မာ ၂-ယောက်ဖြစ်ကြ ကုန်သောပုဂ္ဂိုလ်) တို့ကို မျက်မှောက်တွေ့ ရှိရသဖြင့် ရှေးရှေး တာဝတိံသာနတ်တို့ ပြောကြသော “လောက၌ ဘုရားပွင့်တော်မူသောအခါ တာဝတိံသာနတ်ပြည်၌ နတ်တွေပြည့်၍ အသူရာတို့၌ ယုတ်လျော့ကြသည်” ဟူသောစကားသည် ယုံမှားဖွယ် မရှိပါဟု လျှောက်ပြီးကာလ၊ မြတ်စွာဘုရား- ထိုဗြဟ္မာတို့ ရကြ ရောက်ကြသော တရားထူးကို ရလိုရောက်လို သည်ဖြစ်၍ တပည့်တော်များသည် မြတ်စွာဘုရား ခြေတော်ရင်းသို့ ဆည်းကပ် လာရောက်ခြင်း ဖြစ်ကြပါသည်၊ မြတ်စွာဘုရား ခွင့်ပြုတော်မူလျှင် ပြဿနာမေးလျှောက်ကြပါကုန်အံ့ ဘုရား။

---

သိကြားအမေးနှင့် ဘုရားအဖြေ

“အချင်း ဝါသဝ -- အလိုရှိသော ပြဿနာကို မေးလော၊ ငါကျေလည်အောင် ဖြေကြားအံ့”ဟု ခွင့်ပြုတော်မူသည်ဖြစ်၍ အောက်ပါပုစ္ဆာပြဿနာတို့ကို မေးလျှောက်လေသည်။

၁။ သိကြားမေး။ ။ မြတ်စွာဘုရား -- နတ်, လူ, အသုရာ, နဂါး, ဂန္ဓဗ္ဗတို့သည် လည်းကောင်း၊ အခြား များစွာကုန်သော သတ္တဝါတို့သည် လည်းကောင်း၊
အမျက် မရှိကြကုန်သည်ဖြစ်၍၊
ဘေးဒဏ် မရှိကြကုန်သည်ဖြစ်၍၊
ဆန့်ကျင်ဘက်ရန်သူ မရှိကြကုန်သည်ဖြစ်၍၊
ပူပန်ကြောင့်ကြ မရှိကြကုန်သည်ဖြစ်၍၊
နီးသောရန်သူ မရှိကြကုန်သည်ဖြစ်၍
အေးချမ်းစွာ နေလိုကြပါသည်
ယင်းသို့ အေးချမ်းစွာ နေလိုကြသော်လည်း စင်စစ်မူကား
အမျက်ရှိသည်ဖြစ်၍၊
ဘေးဒဏ်ရှိသည်ဖြစ်၍၊
ဆန့်ကျင်ဘက်ရန်သူ ရှိသည်ဖြစ်၍၊
ကြောင့်ကြရှိသည်ဖြစ်၍၊
နီးသောရန်သူ ရှိသည်ဖြစ်၍ သာလျှင် နေကြရပါသည်။
ဤသို့ဖြစ်ခြင်းသည် အဘယ် သံယောဇဉ်အနှောင်အဖွဲ့ တို့ကြောင့် ဤသို့ဖြစ်ကြပါ ကုန်သနည်း-ဟု မေးလျှောက်လေသည်။

ဘုရားဖြေ။ ။ သိကြားမင်း -- ဣဿာ, မစ္ဆရိယ သံယောဇဉ်ရှိကြသောကြောင့် ဤသို့ဖြစ်သည်-ဟု ဖြေတော်မူသည်။

သိကြားမင်းသည် မြတ်စွာဘုရားအဖြေကို ကြားနာရသောအခါ ဝမ်းမြောက် သောစိတ်, နှစ်သက်သောစိတ်ရှိသည်ဖြစ်၍ မြတ်စွာဘုရားဖြေကြားတော်မူတိုင်း ဟုတ်မှန်ပါပေသည်။ ဤပြဿနာ၌ တပည့်တော်သည် ယုံမှားသံသယမှ လွန်မြောက်၍ သံသယ ကင်းပါပြီ- ဟု လျှောက်၏။

၂။ မေး။ ။ မြတ်စွာဘုရား -- ဣဿာ,မစ္ဆရိယ ဖြစ်ကြောင်းတရားကား အဘယ်တရားပါနည်း၊ အဘယ်တရားဖြစ်လျှင် ဣဿာ မစ္ဆရိယ ဖြစ်ပါသနည်း၊ အဘယ်တရား မဖြစ်ပေါ်လျှင် ဣဿာမစ္ဆရိယ မဖြစ်ပါသနည်း။

ဖြေ။။ ။ သိကြားမင်း -- ပိယာပိယ = ချစ်ခြင်း မုန်ခြင်းသည် ဣဿာ, မစ္ဆရိယဖြစ်ကြောင်းဖြစ်၏၊ ပိယာပိယ ချစ်ခြင်း မုန်းခြင်း မရှိလျှင် ဣဿာ, မစ္ဆရိယ မဖြစ်ချေ- ဟု ဖြေတော်မူသည်။

၃။ မေး။ ။ ချစ်ခြင်း မုန်းခြင်း= ပိယာပိယ၏ အကြောင်းတရားကား အဘယ်ပါနည်း၊ အဘယ်တရားဖြစ်ပေါ်လျှင် ပိယာပိယ ဖြစ်ပါသနည်း၊ အဘယ်တရားမဖြစ်လျှင် ပိယာပိယံ မဖြစ်ပါသနည်း။

ဖြေ။ ။ ဆန္ဒသည် ချစ်ခြင်း မုန်းခြင်း = ပိယာပိယ၏ အကြောင်း ဖြစ်၏။ ဆန္ဒဖြစ်လျှင် ချစ်ခြင်း မုန်းခြင်းဖြစ်၏၊ ဆန္ဒမဖြစ်လျှင် ချစ်ခြင်းမုန်းခြင်း မဖြစ်။

၄။ မေး။ ။ ဆန္ဒဖြစ်ခြင်း၏ အကြောင်းတရားကား အဘယ်တရားပါနည်း၊ အဘယ်တရားဖြစ်လျှင် ဆန္ဒဖြစ်ပါသနည်း၊ အဘယ်တရား မဖြစ်လျှင် ဆန္ဒ မဖြစ်ပါသနည်း။

ဖြေ။ ။ ဝိတက်သည် ဆန္ဒဖြစ်ခြင်း၏အကြောင်းဖြစ်၏။ ဝိတက် ဖြစ်လျှင် ဆန္ဒဖြစ်၏၊ ဝိတက်မဖြစ်လျှင် ဆန္ဒ မဖြစ်။

၅။ မေး။ ။ ဝိတက်ဖြစ်ခြင်း၏ အကြောင်းတရားကား အဘယ်တရား ပါနည်း၊ အဘယ်တရားဖြစ်လျှင်ဝိတက်ဖြစ်ပါသနည်း၊ အဘယ်တရား မဖြစ်လျှင် ဝိတက် မဖြစ်ပါသနည်း။

ဖြေ။ ။ ပပဉ္စသညာအစုသည် ဝိတက်၏ ဖြစ်ကြောင်းတရားဖြစ်၏၊ ပပဉ္စသညာအစု ဖြစ်လျှင် ဝိတက်ဖြစ်၏။ ပပဉ္စသညာအစု မဖြစ်လျှင် ဝိတက်မဖြစ်။

၆။ မေး။ ။ အဘယ်ကဲ့သို့ ကျင့်ကြံအားထုတ်သော ရဟန်းသည် ပပဉ္စ သညာ ချုပ်ငြိမ်းခြင်း အားလျော်သော နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကို အားထုတ် ကျင့်ကြံသည်မည်ပါသနည်း။

---

ဝေဒနာကမ္မဋ္ဌာန်း

ဖြေ။ ။ သိကြားမင်း-- ငါဘုရားသည် သောမနဿဝေဒနာကိုလည်း မှီဝဲအပ်သော သောမနဿဝေဒနာ, မမှီဝဲအပ်သော သောမနဿဝေဒနာအားဖြင့် ၂-ပါးအပြားရှိ၏ ဟူ၍ဟောတော်မူသည်။
ထို့အတူ ဒေါမနဿဝေဒနာကိုလည်း မှီဝဲအပ်သော ဒေါမနဿဝေဒနာ, မမှီဝဲ အပ်သော ဒေါမနဿဝေဒနာ အားဖြင့် ၂-ပါးအပြားရှိ၏ဟူ၍ ဟောတော်မူသည်။
ဥပက္ခာဝေဒနာ ကိုလည်း မှီဝဲအပ်သောဥပက္ခာဝေဒနာ, မမှီဝဲအပ်သော ဥပက္ခာဝေဒနာ အားဖြင့် ၂-ပါး အပြားရှိ၏ဟူ၍ ဟောတော်မူသည်။

သိကြားမင်း-- သောမနဿဝေဒနာကိုလည်း မှီဝဲအပ်သော သောမနဿဝေဒနာ မမှီဝဲအပ်သော သောမနဿဝေဒနာ အားဖြင့် ၂-ပါးအပြားရှိ၏ဟူ၍ ငါဘုရား ဟောတော် မူသည်မှာ အဘယ်ကို အကြောင်းပြု၍ ဟောတော်မူသနည်းဟူမူ. ပြဆိုအပ်ပြီးသော သောမနဿ ၂-ပါးတို့တွင် ဤသောမနဿကို မှီဝဲသော ငါ့အား အကုသိုလ်တရားများ တိုးပွားကုန်၏၊ ကုသိုလ်တရားများဆုတ်ယုတ်ကုန်၏ဟုသိ၏၊ ဤသို့သော သောမနဿကို မမှီဝဲအပ်ဤသို့သော သောမနဿကိုမှီဝဲသောငါ့အား အကုသိုလ်တရားများ ဆုတ်ယုတ်ကုန်၏၊ ကုသိုလ်တရားများ တိုးပွားကုန်၏ဟုသိ၏၊ ဤသို့သော သောမနဿကို မှီဝဲအပ်၏။ အကြင် သောမနဿသည် သဝိတက္က သဝိစာရနှင့်တကွ ဖြစ်၏၊ အကြင် သောမနဿသည်ကား အဝိတက္က အဝိစာရနှင့် တကွ ဖြစ်၏။ ထို ၂-ပါးတို့တွင် အဝိတက္က အဝိစာရ သောမနဿသည် မြတ်၏ (မြတ်သော သောမနဿကိုမှီဝဲအပ်၏) ဟု ဟောတော်မူလိုသည်။ မှီဝဲအပ်သော သောမနဿ, မမှီဝဲအပ်သော သောမနဿအားဖြင့် ၂-ပါးရှိသည်ဟု ငါဘုရား ဟောတော်မူခြင်းသည် ဤအကြောင်းကိုစွဲ၍ (အကြောင်းပြု၍) ဟောတော်မူခြင်း ဖြစ်သည်။

ဒေါမနဿဝေဒနာ, ဥပေက္ခာဝေဒနာတို့ကိုလည်း သောမနဿဝေဒနာကဲ့သို့ပင် ဟောတော်မူသည်။

သိကြားမင်း--ဤသို့ တရားကို အားထုတ် ကျင့်ကြံသောရဟန်းသည် ပပဉ္စသညာ အစု ငြိမ်းခြင်းအားလျော်သော နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကို ကျင့်သည်မည်၏ ဟု ဟောတော်မူကာ သိကြားနတ်မင်း၏အမေးပြဿနာကို ဖြေကြား တော်မူသည်။

သိကြားနတ်မင်းသည် မြတ်စွာဘုရား ဖြေဆိုဟောကြားတော်မူသည်ကို နှစ်သက် ဝမ်းမြောက်၍ မြတ်စွာဘုရား- မိန့်တော်မူသည်မှာ “ဟုတ်မှန်ပါပေသည်၊ မြတ်စွာဘုရား၏ အဖြေတရားကို ကြားနာရ၍ ဤပြဿနာ၌ တပည့်တော် ယုံမှား သံသယဖြစ်ခြင်း, သို့လော သို့လော ဖြစ်ခြင်းတို့သည် ကင်းပျောက်သွားပါပြီဟု လျှောက်ထားလေသည်။

ထို့နောက် သိကြားနတ်မင်းသည် ပါတိမောက္ခသံဝရသီလ, ဣန္ဒြိယသံဝရသီလ တို့ကို ဆက်လက်မေးလျှောက်သေး၏။ ဤကမ္မဋ္ဌာန်းကျမ်းစာ၌ ဝေဒနာကမ္မဋ္ဌာန်း ကိုသာပြလို၍ သီလနှင့်စပ်သော အမေးအဖြေတို့ကို မပြတော့ပြီ။
ဣန္ဒြိယသံဝရ သီလ အဖြေကို ကြားနာပြီးကာလ သိကြားမင်းသည် သောတာပန် အဖြစ်သို့ ရောက်ကြောင်းကို လျှောက်ကြားသည်။

---

သိကြားမင်း ဝမ်းမြောက်ခြင်း

သိကြားမင်း−− သင်သည် ယခင်က ဤကဲ့သို့သော နှစ်သက်ဝမ်းမြောက်ခြင်းမျိုး ဖြစ်ခဲ့ဖူးသည်ကို သိရှိပါသလောဟု မြတ်စွာဘုရားက မေးတော်မူရာ၊ မြတ်စွာဘုရား-- ယခင်ကလည်း ယခုကဲ့သို့သော ဝမ်းမြောက်ခြင်းမျိုး ဖြစ်ခဲ့ရဖူးပါသည်ဟု လျှောက်သည်။ အဘယ်အခါက ဖြစ်ခဲ့ဖူးပါသလဲဟု ဆက်လက်၍ မေးရာ ရှေးအခါက တာဝတိံသာ နတ်တို့နှင့် အသုရာနတ်တို့ စစ်ထိုးကြရာ တာဝတိံသာ နတ်တို့က အောင်နိုင်ကြပါသည်။ ထိုအခါ တာဝတိံသာနတ်တို့သည် တာဝတိံသာ နတ်သြဇာ, အသုရာနတ်သြဇာ ၂-မျိုး လုံးကိုပင် စားသုံးကြရလိမ့်မည်ဟု အကြံဖြစ်၍ နှစ်သက်ဝမ်းမြောက်ခြင်း ဖြစ်ဖူးပါသည်။

---

ဝမ်းမြောက်ကြောင်း ၂-မျိုးခြားနားပုံ

ထိုသို့ စစ်နိုင်သောအခါဖြစ်သော နှစ်သက် ဝမ်းမြောက်ခြင်းသည် ပုတ်ခတ်ခြင်း နှင့်တကွဖြစ်ပါသည်၊ လက်နက်နှင့်တကွဖြစ်ပါသည်။ ငြီးငွေ့ ခြင်းငှာမဖြစ်ပါရာဂကင်း ခြင်းငှာ.မဖြစ်ပါရာဂချုပ်ငြိမ်းခြင်းငှာ မဖြစ်ပါ။ မြတ်စွာဘုရား၏ တရား စကားတော်ကို ကြားနာရ၍ နှစ်သက်ခြင်း, ဝမ်းမြောက်ခြင်းတို့ဖြစ်သည်မှာမူကား ပုတ်ခတ်ခြင်းနှင့်တကွ မဖြစ်ပါလက်နက်နှင့်တကွ မဖြစ်ပါ။ စင်စစ် ငြီးငွေ့ခြင်းငှာ ဖြစ်ပါသည် ရာဂကင်းခြင်းငှာ ဖြစ်ပါသည်ရာဂချုပ်ငြိမ်းခြင်းငှာဖြစ်ပါသည်ထူးသောဉာဏ်ဖြင့် သိခြင်းငှာ ဝဋ်ဆင်းရဲ၌ အိပ်ပျော်ခြင်းမှ နိုးခြင်းငှာ နိဗ္ဗာန်အကျိုးငှာ ဖြစ်ပါသည်ဟု လျှောက်လေသည်။

မြတ်စွာဘုရားသည် သိကြားမင်း၏ အမေးပြဿနာကို ဖြေကြားတော်မူပြီးနောက် ဝေဒနာကမ္မဋ္ဌာန်းကို ဆက်လက်ဟောကြားတော်မူရာ နတ်မင်းသည် သတ္တက္ခတ္တု ပရမ သောတာပန်အဖြစ်သို့ရောက်လေသည်
နတ်တို့သည် ဝတ္ထုရုပ် နူးညံ့သိမ်မွေ့ သန့်ရှင်းကြ သည်ဖြစ်၍ ထိုဝတ္ထုရုပ်၌မှီသော စိတ်, စေတသိက်ပညိန္ဒြေတို့သည် ကြည်လင်ထက်မြက် ကြသည် ဖြစ်သောကြောင့် အရူပကမ္မဋ္ဌာန်းဖြစ်သော ဝေဒနာကမ္မဋ္ဌာန်းကို ဟောတော်မူသည်ကို ကြားနာ ကြရလျှင် ဉာဏ်အမြင်ပေါက်၍ သိကြားနတ်မင်းနှင့်တကွ နတ်ပရိသတ် တို့သည် သောတာပန်အဖြစ်သို့ရောက်ကုန်သည်

သိကြားမင်း မေးလျှောက်သော ၁၄-ချက်သော ပြဿနာတို့တွင် ၅-ချက်မြောက် ပပဉ္စပြဿနာအဖြေကိုကြားနာပြီးအဆုံး၌ သိကြားမင်းသည် သောတာပန်ဖြစ်၍ မြတ်စွာဘုရား၏ ရှေ့တော်၌ပင် သိကြားအဖြစ်မှ စုတေ၍ တစ်ဖန် သိကြားနတ်မင်း ပြန်ဖြစ်သည်။ ယင်းသို့စုတေ၍ ချက်ချင်းပြန်ဖြစ်သည်ကို ဘုရားရှင်နှင့် သိကြားသာ သိလိုက်သည်။ သိကြားနတ်မင်းလည်း ပြန်ဖြစ်သည်၊ သောတာပန်လည်း ဖြစ်သည် ဖြစ်သောကြောင့် သိကြားမင်း ဝမ်းမြောက်နှစ်သက်ခြင်းဖြစ်သည်။

သလ္လသုတ်- ဝေဒနာကမ္မဋ္ဌာန်း

ရဟန်းတို့-- အကြားအမြင်နည်းပါးသော ပုထုဇဉ်ပုဂ္ဂိုလ်သည် --
(၁) သုခဝေဒနာကို ခံစား၏၊
(၂) ဒုက္ခဝေဒနာကို ခံစား၏၊
(၃) အဒုက္ခမသုခဝေဒနာကိုလည်း ခံစား၏။

ရဟန်းတို့-- အကြားအမြင်များသော အရိယာပုဂ္ဂိုလ်သည် --
(၁) သုခဝေဒနာကို ခံစား၏၊
(၂) ဒုက္ခဝေဒနာကို ခံစား၏၊
(၃) အဒုက္ခမသုခဝေဒနာကိုလည်း ခံစား၏။

ရဟန်းတို့ -- ဝေဒနာသုံးပါးကို အတူခံစားကြသော ပုထုဇဉ်ပုဂ္ဂိုလ်နှင့် အရိယာ ပုဂ္ဂိုလ်တို့သည် အဘယ်သို့ ထူးခြားကြသနည်း၊ အဘယ်ကဲ့သို့ ကွဲပြားကြသနည်း၊ ထူးခြားသော အကြောင်းကား အဘယ်သို့နည်း ဟု မေးတော်မူပြီးကာလ ဖြေကြားတော်မူသည်မှာ---။

ရဟန်းတို့ -- အကြားအမြင်နည်းပါးသော ပုထုဇဉ်ပုဂ္ဂိုလ်သည် ဒုက္ခဝေဒနာနှင့် တွေ့ထိသည်ရှိသော် စိုးရိမ်၏၊ ပင်ပန်းခြင်းဖြစ်၏၊ ငိုကြွေး၏၊ ရင်ထုလျက် မြည်တမ်း၏၊ ပြင်းစွာ တွေဝေခြင်းသို့ရောက်၏။ ထိုပုထုဇဉ်ပုဂ္ဂိုလ်သည် ကာယိက ဒုက္ခဝေဒနာ, စေတသိက ဒုက္ခဝေဒနာဟုဆိုအပ်သော ကိုယ်၏ဆင်းရဲခြင်း စိတ်၏ ဆင်းရဲခြင်း ဝေဒနာ ၂-ပါးကို ခံစားရပေသည်။

ရဟန်းတို့-- ဥပမာမူကား- ယောက်ျားတစ်ယောက်ကို ပထမအကြိမ် ငြောင့်စူးမိ၏၊ တစ်ဖန် ထိုယောက်ျားကိုပင် ဒုတိယအကြိမ် ထပ်၍ ငြောင့်စူးဘိသကဲ့သို့၊ ထို့အတူ သာလျှင် အကြားအမြင် နည်းသော ပုထုဇဉ်ပုဂ္ဂိုလ်သည် ဒုက္ခဝေဒနာနှင့် တွေ့ထိသည် ရှိသော် စိုးရိမ်၏၊ ပင်ပန်းခြင်းဖြစ်၏၊ ငိုကြွေး၏၊ ရင်ထုလျက် မြည်တမ်း၏၊ ပြင်းစွာတွေဝေခြင်းသို့ ရောက်၏။ ထိုပုထုဇဉ်ပုဂ္ဂိုလ်သည် ကာယိက ဒုက္ခဝေဒနာ, စေတသိက ဒုက္ခဝေဒနာဟုဆိုအပ်သော ကိုယ်၏ဆင်းရဲခြင်း, စိတ်၏ ဆင်းရဲခြင်း ၂-ပါးကို ခံစားရပေသည်။

ဒုက္ခဝေဒနာနှင့်တွေ့ထိသော ပုထုဇဉ်ပုဂ္ဂိုလ်သည် အမျက်ဒေါသထွက်၏။ ဒုက္ခ ဝေဒနာကြောင့်ဖြစ်သော အမျက်ထွက်ခြင်းဟုဆိုအပ်သော ပဋိဃာနုသယသည် ထိုပုဂ္ဂိုလ် သန္တာန်၌ကိန်း၏။ ထိုပုထုဇဉ်ပုဂ္ဂိုလ်သည် ဒုက္ခဝေဒနာနှင့် တွေ့ထိသည် ဖြစ်၍ ကာမသုခကို နှစ်သက်တောင့်တ၏။

ယင်းသို့ကာမသုခကို နှစ်သက် တေင့်တခြင်းသည် အဘယ့်ကြောင့် ဟူမူ အကြား အမြင်မရှိသော ထိုပုထုဇဉ်ပုဂ္ဂိုလ်သည် ကာမသုခမှတစ်ပါး ဒုက္ခဝေဒနာမှ လွတ် မြောက်ကြောင်းတရားကို မသိမမြင်သောကြောင့်ဖြစ်၏။ ကာမသုခကို နှစ်သက် တောင့်တခြင်းကြောင့်ဖြစ်သော ရာဂါနုသယသည် ထိုပုထုဇဉ်ပုဂ္ဂိုလ်သန္တာန်၌ ကိန်း၏။

ထိုပုထုဇဉ်ပုဂ္ဂိုလ်သည် ထိုဝေဒနာတို့၏ အကြောင်းတရားကို လည်းကောင်း၊ ချုပ်ငြိမ်းခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ဒေါသကို လည်းကောင်း၊ လွတ်မြောက်ခြင်းကို လည်းကောင်း ဟုတ်မှန်သောအတိုင်း မသိမမြင်ချေ။

သို့ မသိမမြင်ခြင်းကြောင့် အဒုက္ခမသုခဝေဒနာကြောင့်ဖြစ်သော အဝိဇ္ဇာနုသယသည် ထိုပုဂ္ဂိုလ်၏သန္တာန်၌ကိန်း၏။ ထိုပုထုဇဉ်ပုဂ္ဂိုလ်သည် သုခဝေဒနာကို ခံစားသည် ဖြစ်အံ့၊ ကိလေသာနှင့်ယှဉ်သည်ဖြစ်၍ ဝေဒနာကို ခံစား၏။ ဒုက္ခဝေဒနာ, အဒုက္ခမ သုခဝေဒနာတို့ကို ခံစားသည်ဖြစ်အံ့၊ ကိလေသာနှင့် ယှဉ်သည်ဖြစ်၍ သာလျှင် ခံစား၏။

ရဟန်းတို့-- ကိလေသာနှင့် ယှဉ်သည်ဖြစ်၍ ဝေဒနာကို ခံစားသော ထိုပုထုဇဉ် ပုဂ္ဂိုလ်ကို ဇာတိ, ဇရာ, မရဏ, သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသ တို့နှင့် ယှဉ်သောသူဟူ၍ ဆိုအပ်၏။ ဒုက္ခနှင့်ယှဉ်သောသူဟူ၍ ဆိုအပ်၏- ဟု ဟောတော်မူသည်။

ရဟန်းတို့-- အကြားအမြင်ရှိသော အရိယာပုဂ္ဂိုလ်သည်ကား ဒုက္ခဝေဒနာနှင့် တွေ့ထိသည်ရှိသော် စိုးရိမ်ခြင်းမဖြစ်၊ ပင်ပန်းခြင်းမဖြစ်၊ ငိုကြွေးခြင်းမဖြစ်၊ ရင်ထုလျက် မြည်တမ်းခြင်းမဖြစ်၊ ပြင်းစွာတွေဝေခြင်းမဖြစ်။ ထိုအရိယာ ပုဂ္ဂိုလ်သည် တစ်ခုသော ကာယိကဒုက္ခဝေဒနာကိုသာ ခံစားရ၏၊ စေတသိကဒုက္ခဝေဒနာကို မခံစားရ။

ရဟန်းတို့- .. ဥပမာမူကား တစ်ခုသော ငြောင့်ဖြင့်သာ အစူးခံရသော ယောက်ျားသည် နှစ်ခုမြောက် ငြှောင့်ဖြင့် အစူးမခံရသကဲ့သို့တည်း။ ကာယိက ဒုက္ခဝေဒနာ တစ်ပါးကိုသာ ခံစားရသည်၊ စေတသိကဒုက္ခဝေဒနာကို မခံစားရပေ။ ́ အဘယ်ကြောင့်နည်းဟူမူ ဒုက္ခဝေဒနာနှင့်တွေ့ထိ သော်လည်း သောက, ပရိဒေဝ စသည်တို့ မဖြစ်သောကြောင့်တည်း။

ထို့ကြောင့် အရိယာပုဂ္ဂိုလ်၏ သန္တာန်၌ ဒုက္ခဝေဒနာနှင့်တွေ့ထိသော်လည်း အမျက်ထွက်ခြင်းမဖြစ်။ အမျက်ထွက်ခြင်းကြောင့်ဖြစ်သော ပဋိဃာနုသယသည် အရိယာပုဂ္ဂိုလ်သန္တာန်၌ ကိန်းခြင်းမရှိ။ အရိယာပုဂ္ဂိုလ်သည် ဒုက္ခဝေဒနာနှင့် တွေ့ထိသော်လည်း ကာမသုခကို နှစ်သက်တောင့်တခြင်းမရှိ။ ဘာကြောင့်နည်းဟူမူ အရိယာပုဂ္ဂိုလ်သည် ကာမသုခမှတစ်ပါး ဒုက္ခဝေဒနာမှ လွတ်မြောက်ကြောင်း တရား ရှိသည်ဟူ၍ သိသောကြောင့် တည်း။ ကာမသုခကို နှစ်သက်တောင့်တခြင်းမရှိသော အရိယာပုဂ္ဂိုလ်သန္တာန်၌ ကာမသုခကြောင့် ဖြစ်သော ရာဂါနုသယကိန်းခြင်းမရှိ။

အရိယာပုဂ္ဂိုလ်သည် ထိုဝေဒနာတို့၏ ဖြစ်ခြင်း၊ ချုပ်ခြင်း၊ သာယာခြင်း၊ အပြစ်ရှိခြင်း၊ ထွက်မြောက်ခြင်းတို့ကို ဟုတ်မှန်သော အတိုင်း သိမြင်၏။ ယင်းသို့သိမြင်ခြင်း ကြောင့် အဒုက္ခမသုခဝေဒနာကြောင့် ဖြစ်သော အဝိဇ္ဇာနုသယကိန်းခြင်း မရှိတော့ချေ။

ထိုအရိယာပုဂ္ဂိုလ်သည် သုခဝေဒနာကိုခံစားသည်ဖြစ်အံ့၊ ကိလေသာနှင့် မယှဉ်မူ၍ သာလျှင် ခံစား၏။ ဒုက္ခဝေဒနာကို ခံစားသည်ဖြစ်အံ့၊ ကိလေသာနှင့်မယှဉ်မူ၍ သာလျှင် ခံစား၏။ အဒုက္ခမသုခဝေဒနာကို ခံစားသည်ဖြစ်အံ့၊ ကိလေသာနှင့် မယှဉ်မူ၍သာလျှင် ခံစား၏။

ရဟန်းတို့-- ဤအရိယာ ပုဂ္ဂိုလ်ကို ဇာတိ,ဇရာ, မရဏ,သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသတို့နှင့် မယှဉ်သောသူဟူ၍၊ ဒုက္ခနှင့်မယှဉ်သောသူဟူ၍ ငါဘုရား ဟောတော်မူသည်။

ရဟန်းတို့-- ဤသို့လျှင် ဝေဒနာကို ခံစားချင်းတူသော ပုထုဇဉ်ပုဂ္ဂိုလ်နှင့် အရိယာပုဂ္ဂိုလ်တို့၏ အထူးဖြစ်သည်၊ ကွဲပြားခြားနားခြင်း ဖြစ်သည်။ အထူးထူးသော အကြောင်းတို့ ဖြစ်ပေသည်- ဟု.ဟောတော်မူကာ ဤဒေသနာတော်ကို နိဂုံးအုပ်တော်မူသည်။

---

မဇ္ဈိမနိကာယ ရဋ္ဌပါလသုတ်

အရှင်ရဋ္ဌပါလထေရ်

အရှင်ရဋ္ဌပါလသည် ပရိယာယ်အားဖြင့် ဝေဒနာကမ္မဋ္ဌာန်းကို အကြောင်းပြု၍ ရဟန်းအဖြစ်သို့ ရောက်သည်။ ရဟန်းအဖြစ်ဖြင့် ရဟန်းတရားကို အားထုတ်ရာ အာသဝေါ ကုန်ခန်း၍ ရဟန္တာဖြစ်တော်မူသည်။

အရှင်ရဋ္ဌပါလဟူ သည်ကား- ကောရဗျမင်းအုပ်စိုးသော ကုရုတိုင်း၊ ထုလ္လကောဋ္ဌိက အမည်ရှိသော နိဂုံး၌နေသော သူဌေးတစ်ဦး၏ သားဖြစ်သည်။

စကားညှပ်

ထုလ္လကောဋ္ဌိကဟူသည်- ကောက်ပဲသီးနှံ သိုလှောင်ထည့်သွင်းရာ ကျီတိုက် ပေါများသော နိဂုံးဖြစ်သည်ဟုဆိုသည်။ ထူးခြားသည်မှာ ကုရုတိုင်းသည် မင်းအဆက်ဆက် မိုးလေဝသမှန်ကန်၍ ကောက်ပဲ သီးနှံ စားရေရိက္ခာ ပြည့်စုံသော တိုင်းပြည်ဖြစ်သည်။

မြတ်စွာဘုရား ဒေသစာရီ လှည့်လည်တော်မူရာ ထုလ္လကောဋ္ဌိက နိဂုံးသို့ရောက်၍ တရားပွဲကျင်းပကာ တရားဟောတော်မူသည်။ ရဋ္ဌပါလ သတိုးသားသည် အများနှင့်အတူ တရားနာယူပြီးကာလ ဤတရားသည် အိမ်၌နေ၍ အားထုတ်ခြင်းငှာ မလွယ်ကူပေ၊ သာသနာတော်သို့ဝင်၍ ရဟန်းအဖြစ်ဖြင့် အားထုတ်မှသာလျှင် သင့်လျော်ပေမည်ဟုဆင်ခြင်၍ မြတ်စွာဘုရားထံ ဆည်းကပ်၍ ရဟန်းအဖြစ်ရရန် တောင်းပန် လျှောက်ထားလေသည်။

မြတ်စွာဘုရားက “အသင်၏ မိဘများသည် သင့်ကို ရဟန်းပြုရန် ခွင့်ပြုပြီးလော၊ မိဘများခွင့်မပြုသောသူကို ငါတို့သည်ရှင်ရဟန်းပြုမပေးကြ”ဟု အမိန့် ရှိသဖြင့် ရဋ္ဌပါလသတိုးသားသည် အိမ်သို့ပြန်၍ မိဘများထံ၌ ရဟန်းပြုရန် ခွင့်တောင်းရာ မိဘများက တစ်ယောက်တည်းသော သားဖြစ်၍ သေလျှင်သာ မတတ်သာ၍ ခွဲကြရမည်၊ အသက်ရှင်လျက် ရဟန်းပြုရန် ခွင့်မပြုနိုင်ကြောင်းပြော၍ တားမြစ်ကြကုန်၏။

၇-ရက်အစာမစားပဲ ဆန္ဒပြခြင်း

ရဋ္ဌပါလ သတိုးသားသည် ရဟန်းပြုရန် လွယ်လွယ်နှင့် အခွင့်မရသည်ဖြစ်၍ အခင်းမရှိသော မြေပေါ်၌ အစာမစား, အိပ်ရာကမထပဲ ၇-ရက် အိပ်၍ ဆန္ဒပြသော အခါမှ ငါတို့သားသည် သေသည်ထက် ရှင်လျက် ရဟန်းပြုနေခြင်းက သင့်လျော် သေးသည်ဟု သဘောပေါက်ကြ၍ ရဟန်းပြုရန်ခွင့်ပေးကြကုန်၏။ သို့ပင်ခွင့်ပြု သော်လည်း ရဟန်းပြု ပြီးသောအခါ မိဘများထံ လာရောက်၍ပြပါဟု ကတိ တောင်းသဖြင့် ရဟန်းဖြစ်ပြီးလျှင် လာရောက် ပြပါမည်ဟု ကတိပေးခဲ့သည်။

ရဋ္ဌပါလသတိုးသားသည် အားအင်ဖြည့်ပြီးလျှင် မြတ်စွာဘုရားထံသွား၍ ရဟန်း ပြုလေသည်။ မြတ်စွာဘုရားသည်သာဝတ္ထိမြို့ သို့ကြွတော်မူလျှင် ရဟန်းအဖြစ်ဖြင့် မြတ်စွာဘုရား နောက်တော်မှလိုက်၍ သင့်လျော်သော ကျောင်း၌နေလျက် ရဟန်းတရားကို အားထုတ် ရာ မကြာမီကာလအတွင်း၌ အာသဝေါကုန်ခန်း၍ ရဟန္တာအဖြစ်သို့ ရောက်တော်မူသည်။

ရဟန္တာဖြစ်ပြီးသောအခါ အရှင်ရဋ္ဌပါလသည် မြတ်စွာဘုရားထံဆည်းကပ်၍ “မြတ်စွာဘုရား- အကယ်၍ မြတ်စွာဘုရား ခွင့်ပြုတော်မူပါလျှင် မိဘများထံ သွားရောက် ပြပါရစေ”ဟု ခွင့်တောင်းလျှောက်ထား၏။

ထိုအခါ မြတ်စွာဘုရား ဆင်ခြင်တော်မူသည်မှာ ယခုအခါ (ရဟန္တာဖြစ်ပြီးသော အခါကိုဆိုသည်။) ရဋ္ဌပါလသည် ရဟန်းသိက္ခာကိုစွန့်၍ လူထွက်ခြင်းငှာ မထိုက်တော့ပေ ဟု သိတော်မူ၍ မိဘများထံပြရန် သွားခွင့်ပြုတော်မူသည်။

အရှင်ရဋ္ဌပါလသည် ထုလ္လကောဋ္ဌိကနိဂုံးသို့ကြွ၍ ကောရဗျမင်း၏ မိဂစီရမည်သော ဥယျာဉ်ရှိ တစ်ခုသောသစ်ပင်အနီး၌ သီတင်းသုံးတော်မူသည်။ နံနက်အချိန်၌ ဆွမ်းခံ ထွက်ရာ မိမိ၏မိဘများအိမ်ရှေ့၌ ဆွမ်းခံရပ်သော်လည်း ကန်တော့ဆွမ်းပင် မရခဲ့။ အိမ်၌ရှိသော ကျွန်မစွန့်ပစ်သော ညဦးကကျန်သော ထမင်းချမ်းကို သပိတ်ဖြင့် ခံယူကာ တစ်ခုသောအိမ်ဘေး၌ ထိုင်၍ဘုဉ်းပေးတော်မူသည်။

ကျွန်မကပြော၍ အရှင်ရဋ္ဌပါလ ကြွလာကြောင်း, ထမင်းချမ်းကို အလှူခံသွား ကြောင်းကို မိဘများသိ၍ ဖခင်ဒါယကာကြီး ကိုယ်တိုင်လိုက်၍ပင့်သော်လည်း ယနေ့အဖို့ ဆွမ်းကိစ္စပြီးပြီဟုပြောသဖြင့် နက်ဖြန်နံနက် အိမ်သို့ဆွမ်းစားကြွရန် ပင့်ရ၏။

နက်ဖြန်ခါ ဆွမ်းစားကြွချိန်၌ ရွှေငွေရတနာများကို စုပုံ၍ ထိုရတနာများအနီး၌ ဆွမ်းကပ်ကာ လူ ဖြစ်စဉ်က အရှင်ရဋ္ဌပါလ၏ မယားဟောင်းတို့ကိုလည်း ဖီးလိမ်း ဝတ်စားဆင်ယင်စေ၍ ရွှေငွေ သားမယားတို့ဖြင့် သွေးဆောင်၍ လူထွက်စေရန် စီမံကြ၏။

နောက်တစ်နေ့ နံနက်ဆွမ်းစားချိန်တန်သောအခါ အရှင်ရဋ္ဌပါလ၏ ဒါယကာကြီး ကိုယ်တိုင် သွားရောက်ပင့်ခဲ့ကာ ရွှေပုံငွေပုံတွေပြကာ “ဤပစ္စည်းများဖြင့် ဒါနစသော ကောင်းမှုတို့ကို ပြုလျက် လူ့ဘောင်၌နေပါ၊ ဤပစ္စည်းတို့ကို ကိုယ်တိုင်လည်းစားသုံး၊ ဒါနကောင်းမှုတို့ကိုလည်း ပြု၍နေရန် လူထွက်ခဲ့ပါလော့” စသည်ဖြင့် ပြောဆို တိုက်တွန်း ကြသည်။

အရှင်ရဋ္ဌပါလက “သူဌေးကြီး-- အကယ်၍ ငါ့စကားကို နားထောင်မည် ဖြစ်လျှင် ဤပစ္စည်းတို့ကို လှည်းနှင့်တိုက်၍ ဂင်္ဂါမြစ်ထဲသို့ သွန်းလောင်းပစ်လိုက်ပါ”ဟု အရှင်ရဋ္ဌပါလက ဆို၏။

ထိုအချိန်၌ အရှင်ရဋ္ဌပါလ၏ မယားဟောင်းတို့သည် အသီးအသီး အရှင်ရဋ္ဌပါလ၏ ခြေတို့ကိုဖက်ကြ၍ “နတ်သမီးတွေကိုအလိုရှိ၍ အရှင်ဘုရားသည် မြတ်သော ရဟန်းအကျင့်ကိုကျင့်ရာ အရှင်ဘုရား၏ နတ်သမီးတွေသည် အဘယ်မျှလောက် လှကြပါသလဲ”ဟုမေးကြကုန်၏။

'နှမတို့... ငါသည်နတ်သမီးတွေကို အလိုရှိ၍ မြတ်သော ရဟန်းတရားကို အားထုတ်သည် မဟုတ်ချေ”ဟု ပြောလျှင် ငါတို့ကို နှမဟူသော ခေါ်ခြင်းဖြင့် ခေါ်လေတော့ပြီဟု စိတ်ပင်ပန်းကာ မိန်းမောတွေဝေလျက် ယိုင်လဲကြကုန်၏။

ထိုအခါအရှင်ရဋ္ဌပါလသည် ဖခင်ဒါယကာကြီးအား ဤသို့ပြော၏။ သူဌေးကြီး- အကယ်၍ ဆွမ်းကပ်လှူမူကားကပ်ပါ၊ ငါ့ကို မညှဉ်းဆဲမနှောင့်ယှက်ကြပါနှင့် ဟုပြောသဖြင့် ဆွမ်းကပ်ကြ၏။ အရှင်ရဋ္ဌပါလသည် ဆွမ်းဘုဉ်းပေးပြီးသောအခါ ဤပြလတ္တံ့သော တရား ဂါထာတို့ကို ဟောတော်မူသည်။

၁။ ဆန်းကြယ်စွာ ပြုပြင်အပ်သော ကိုယ်ဟူ၍ သမုတ်ပြောဆိုအပ်သော အရိုးအသား တို့ဖြင့် စိုက်ထောင်အပ်သော အမြဲကျင်နာခြင်းဖြင့် နှိပ်စက်အပ်သော များစွာသော ပုထုဇဉ် လူမိုက်တို့သည် သုဘ(တင့်တယ်သည်)ဟူ၍ ကြံစည်အပ်သော ကိုယ်ကို ကြည့်ရှုကြစမ်းလော့။ ထိုကိုယ်ကောင်၏ အမြဲတည်ခြင်းသည် မရှိချေ

၂။ ပတ္တမြားနားတောင်းတို့ဖြင့် ဆန်းကြယ်စွာပြုပြင်အပ်သော အရိုးအရေတို့ဖြင့် ဖွဲ့အပ်သော အဝတ်အစားကောင်းတို့ဖြင့် တင့်တယ်သော ကိုယ်တည်းဟူသော ရုပ်ကို ကြည့်ရှုစမ်းကြလော့။

၃။ ခြေတို့ကို လှပတင့်တယ်အောင် ချိတ်ရည်တို့ဖြင့် ဆိုးအပ်ကုန်၏၊ မျက်နှာကို နံ့သာမှုန့်တို့ဖြင့် လိမ်းကျံအပ်ကုန်၏။ ဤရူပကာယ တည်းဟူသော ကိုယ်သည် ပုထုဇဉ်လူမိုက်အား တွေဝေစေခြင်းငှာ ဖြစ်၏။ နိဗ္ဗာန် တည်းဟူသော တစ်ဖက်ကမ်းကို ရှာမှီးသောသူအား တွေဝေစေခြင်းငှာ မဖြစ်နိုင်ချေ။

၄။ ဆံပင်တို့ကို ရှစ်ချောင်းသော ဘီးတို့ဖြင့် ဖီးအပ်ကုန်၏။ မျက်လုံးတို့ကိုလည်း မျက်စဉ်း ဆေးတို့ဖြင့် လိမ်းအပ်ကုန်၏။ ဤရူပကာယတည်းဟူသော ကိုယ်သည် ပုထုဇဉ် လူမိုက်အား တွေဝေစေခြင်းငှာ ဖြစ်၏။ နိဗ္ဗာန်တည်းဟူသော ကမ်းတစ်ဖက်ကို ရှာမှီးသောသူအား တွေဝေစေခြင်းငှာ မဖြစ်နိုင်ချေ။

၅။ ဆန်းကြယ်စွာ တန်ဆာဆင်အပ်သော ပုပ်သော ကိုယ်ကောင်သည် မျက်စဉ်းရောင် ကဲ့သို့ ညိုသောအဆင်းရှိ၏။ ဤရူပကာယ တည်းဟူသော ကိုယ်သည် ပုထုဇဉ်လူမိုက်အား တွေဝေစေခြင်းငှာ ဖြစ်၏၊ နိဗ္ဗာန်တည်းဟူသော ကမ်းတစ်ဖက်ကို ရှာမှီးသော သူအား တွေဝေစေခြင်းငှာ မဖြစ်နိုင်ချေ။

၆။ သားမုဆိုးနှင့်တူသော သူဌေးကြီးသည် ကြော့ကွင်းနှင့်တူသော ရွှေပုံငွေပုံကို ခင်းပြကာ ထောင်လေပြီ၊ ပိုက်ကွန်ကြော့ကွင်းနှင့်တူသော ရွှေပုံငွေပုံကို သမင်တည်း ဟူသောငါသည် အနီးသို့မကပ်တော့ပြီ။ သားမုဆိုး၏ပရိသတ်နှင့်တူသော ဆွေမျိုး အပေါင်းတို့သည် ငိုကြွေးကြစဉ်၌ပင် မျက်တည်းဟူသော ဆွမ်းကိုစားပြီးကာလ ငါသည်ကြွသွားပေတော့အံ့---

ဟုပြောကာ ဟောကြား၍ မင်း၏ဥယျာဉ်အတွင်း တစ်ခုသောသစ်ပင်ရင်းသို့ ကောင်းကင်မှ ကြွရောက်၍ သီတင်းသုံးနေတော်မူလေသည်။

ထိုအခါ ကောရဗျမင်းသည် ဥယျာဉ်သို့ထွက်ကာ စံစားပျော်ပါးလို၍ ဥယျာဉ်မှူးကို ခေါ်ပြီးလျှင် ဥယျာဉ်ကို ရှင်းလင်း သုတ်သင်စေသည်။ ဥယျာဉ်မှူးသည် ဥယျာဉ်ကို သုတ်သင်ရှင်းလင်းရာ တစ်ခုသောသစ်ပင်ရင်း၌ အရှင်ရဋ္ဌပါလကို တွေ့ မြင်၍ ကောရဗျ မင်းထံသွားရောက် လျှောက်ထားသည်မှာ “အရှင်မင်းကြီး၊ အရှင်မင်းကြီးသည် ဂုဏ် သတင်းကို မပြတ်ပြောတော်မူသော အရှင်ရဋ္ဌပါလသည် အရှင်မင်းကြီး၏ ဥယျာဉ်အတွင်း တစ်ခုသော သစ်ပင်အနီး၌ သီတင်းသုံးနေသည်ကို ဖူးမြင်ရပါသည်”ဟု တင်လျှောက်၏။

ကောရဗျမင်းသည် ကြီးစွာသော မင်း၏ အာနုဘော်ဖြင့် ဥယျာဉ်သို့ထွက်၍ အရှင်ရဋ္ဌပါလထံသို့ ချဉ်းကပ်လျက် ဝမ်းမြောက်ဖွယ်စကားများကို လျှောက်ကြား ပြောဆိုပြီး ကာလ အရှင်ရဋ္ဌပါလအား လျှောက်ကြားသည်မှာ---

အရှင်ရဋ္ဌပါလ - လောက၌ ဆုတ်ယုတ် ပျက်စီးခြင်းတို့သည် ၄-မျိုးရှိပါသည်။ ထို ၄-မျိုး တို့ဟူသည် အဘယ်တရားတို့ဖြစ်သနည်းဟူမူ--
၁။ အိုခြင်းတည်းဟူသော ဆုတ်ယုတ်ပျက်စီးခြင်း၊
၂။ နာခြင်းတည်းဟူသော ဆုတ်ယုတ်ပျက်စီးခြင်း၊
၃။ ဥစ္စာပျက်စီးခြင်းဟူသော ဆုတ်ယုတ်ပျက်စီးခြင်း၊
၄။ ဆွေမျိုးတို့ ပျက်စီးခြင်းဟူသော ဆုတ်ယုတ်ပျက်စီးခြင်း--
ဟူ၍ ဆုတ်ယုတ်ပျက်စီးခြင်း ၄-မျိုးရှိပါသည်။

ထို ဆုတ်ယုတ်ပျက်စီးခြင်း ၄-မျိုး. တို့တွင်

၁။ အိုခြင်း တည်းဟူသော ဆုတ်ယုတ်ပျက်စီးခြင်းသည် အဘယ်သို့နည်းဟူမူ- အရှင် ရဋ္ဌပါလ-- ဤလောက၌အချို့ သောပုဂ္ဂိုလ်သည် ရုပ်ရင့်ရော်သည်ဖြစ်၍ အသက် ကြီးသည်ဖြစ်၍, အရွယ်လွန်သည်ဖြစ်၍, နောက်ဆုံး အရွယ်သို့ ရောက်သည်ဖြစ်၍ ငါသည် ယခုအခါ၌ နောက်ဆုံးအရွယ်သို့ရောက်နေပေပြီ၊ မရသေးသော စည်းစိမ် ဥစ္စာကို ရရှိအောင်လည်း မဆောင်ရွက်နိုင်တော့ပြီ၊ ရရှိပြီးစည်းစိမ်ဥစ္စာကို တိုးပွားအောင် လည်း အားမထုတ်နိုင်တော့ပြီ။ ငါသည် ရဟန်းပြုရမူကောင်းလေစွဟု ကြံ၍ သာသနာ့ဘောင်သို့ ဝင်ရောက်ပြီး ရဟန်းပြုပါသည်။ အရှင်ရဋ္ဌပါလ- ဤဆုတ်ယုတ် ပျက်စီးခြင်းမျိုးကို အိုခြင်း တည်းဟူသော ဆုတ်ယုတ်ပျက်စီးခြင်းဟု ဆိုပါသည်။

အရှင်ရဋ္ဌပါလ- အရှင်ရဋ္ဌပါလသည်ကား ယခုအချိန်၌ ငယ်ရွယ်သေးသည်၊ နုပျိုသေးသည်၊ ကောင်းမွန်စွာနက်သော ဆံပင်ရှိသေးသည်၊ ကောင်းမွန်သော ပထမအရွယ်နှင့် ပြည့်စုံလျက်ရှိသေးသည်။ အရှင်ရဋ္ဌပါလအား အိုခြင်းတည်း ဟူသော ဆုတ်ယုတ် ပျက်စီးခြင်းမရှိပါဘဲလျက် အဘယ်သို့သော အကျိုးအပြစ်ကို မြင်၍, ကြားသိ၍ ရဟန်းပြု ပါသနည်းဟု မေးလျှောက်လေသည်။

၂။ နာခြင်း တည်းဟူသော ဆုတ်ယုတ်ပျက်စီးခြင်းသည် အဘယ်သို့ပါနည်းဟူမူ အရှင် ရဋ္ဌပါလ-- ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ရောဂါဝေဒနာ နှိပ်စက် သဖြင့် ဆင်းရဲသည်ဖြစ်၍, ပြင်းပြသော ရောဂါရှိသည်ဖြစ်၍, ငါသည် ယခုအချိန်၌ မရ သေးသောစည်းစိမ်ဥစ္စာကို ရအောင်လည်း မဆောင်ရွက်နိုင်၊ ရရှိပြီးစည်းစိမ်ဥစ္စာ ကို တိုးပွားအောင်လည်း မဆောင်ရွက်နိုင်တော့ပြီ။ သို့ကြောင့် ရဟန်းပြုရမူ ကောင်းလေစွဟု ကြံ၍ သာသနာတော်သို့ဝင်ကာ ရဟန်းပြုပါသည်။ အရှင်ရဋ္ဌပါလ- ဤဆုတ်ယုတ် ပျက်စီးခြင်းကို နာခြင်း တည်းဟူသော ဆုတ်ယုတ်ပျက်စီးခြင်းဟု ဆိုပါသည်။

အရှင်ရဋ္ဌပါလ- အရှင်ရဋ္ဌပါလသည်ကား ယခုအခါ ရောဂါကင်းပါသည်၊ ကျင်နာခြင်း ကင်းပါသည်၊ မျှတညီညွတ်သော ပါစကဓာတ်မီးနှင့် ပြည့်စုံပါသည်။ နာခြင်း တည်းဟူသော ဆုတ်ယုတ်ပျက်စီးခြင်းသည် အရှင်ရဋ္ဌပါလ၌ မရှိပါဘဲလျက် အဘယ် သို့သော အကျိုးအပြစ်ကို မြင်၍, ကြားသိ၍ ရဟန်းပြုပါသနည်းဟု မေးလျှောက်၏။

၃။ ဥစ္စာ ပစ္စည်းပျက်စီးခြင်း တည်းဟူသော ဆုတ်ယုတ်ပျက်စီးခြင်း ဟူသည် အဘယ်သို့ ပါနည်းဟူမူ- အရှင်ရဋ္ဌပါလ- ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ကြွယ်ဝ၏၊ များစွာသောဥစ္စာရှိ၏၊ များသောအသုံးအဆောင်ရှိ၏။ ထို့နောက် ထိုသူ၏ ဥစ္စာပစ္စည်းတို့သည် တဖြည်းဖြည်း ကုန်ခန်းသွား၏။ (ဆင်းရဲခြင်းသို့ရောက်၏။)

ထိုအခါ ငါ၏ဥစ္စာပစ္စည်းတို့သည် ကုန်ခန်းပျက်စီးကြကုန်ပြီ၊ ယခုအခါ ငါသည် မရသေးသော ဥစ္စာကိုလည်း ရအောင်, ရရှိပြီးဥစ္စာကိုလည်း တိုးပွားအောင် ဆောင်ရွက်ခြင်းငှာ မစွမ်းနိုင်တော့ပြီ၊ သို့ကြောင့် ရဟန်းပြုရမူကောင်းလေစွဟု ကြံ၍ သာသနာတော်သို့ဝင်ကာ ရဟန်းပြုပါသည်။ အရှင်ရဋ္ဌပါလ ဤဆုတ်ယုတ် ပျက်စီးခြင်းကို ဥစ္စာပစ္စည်းပျက်စီးခြင်းတည်းဟူသော ဆုတ်ယုတ်ပျက်စီးခြင်းဟု ဆိုပါသည်။

အရှင်ရဋ္ဌပါလ- အရှင်ရဋ္ဌပါလသည်ကား ဤထုလ္လကောဋ္ဌိကနိဂုံး၌ မြတ်သော သူဋ္ဌေးမျိုး၏ သားဖြစ်သောကြောင့် အရှင်ရဋ္ဌပါလ၌ ဥစ္စာပစ္စည်းပျက်စီးခြင်း တည်းဟူသော ဆုတ်ယုတ်ပျက်စီးခြင်း မရှိပါ။ အရှင်ရဋ္ဌပါလသည် အဘယ် အကျိုးအပြစ်ကို မြင်၍ ကြားသိ၍ ရဟန်းပြုပါသနည်း။

၄။ ဆွေမျိုးပျက်စီးခြင်း တည်းဟူသော ဆုတ်ယုတ် ပျက်စီးခြင်းဟူသည် အဘယ်သို့နည်း ဟူမူ- အရှင်ရဋ္ဌပါလ- ဤလောက၌ အချို့သောပုဂ္ဂိုလ်အား များစွာသော ဆွေမျိုးသားချင်း မိတ်ဆွေသင်္ဂဟတွေရှိ၏။ ထိုပုဂ္ဂိုလ်၏ ဆွေမျိုး သားချင်း မိတ်ဆွေ သင်္ဂဟတို့သည် တဖြည်းဖြည်း ပျက်စီးသေဆုံးခြင်းသို့ ရောက်ကြကုန်၏။

ထိုအခါ ငါ၏ ဆွေမျိုးသားချင်း မိတ်ဆွေသင်္ဂဟတို့သည် ပျက်စီးကြကုန်ပြီ၊ ယခုအခါ ငါသည် မရသေးသော ဥစ္စာပစ္စည်းကိုရအောင်, ရပြီးသော ဥစ္စာပစ္စည်းကို တိုးပွားအောင် မဆောင်ရွက်နိုင်တော့ပြီ။ သို့ကြောင့် ရဟန်းပြုရမူကောင်းလေစွဟု ကြံ၍ သာသနာတော်သို့ဝင်ကာ ရဟန်းပြုပါသည်။ အရှင်ရဋ္ဌပါလ- ဤဆုတ်ယုတ် ပျက်စီးခြင်းကို ဆွေမျိုးပျက်စီးဆုတ်ယုတ်ခြင်းဟု ဆိုပါသည်။

အရှင်ရဋ္ဌပါလ- အရှင်ရဋ္ဌပါလသည်ကား ဤထုလ္လကောဋ္ဌိကနိဂုံး၌သာလျှင် များစွာကုန်သော ဆွေမျိုးသားချင်း မိတ်ဆွေသင်္ဂဟတွေရှိသည်ဖြစ်သောကြောင့် ဆွေမျိုး သားချင်းတို့ ဆုတ်ယုတ်ပျက်စီးခြင်းမရှိပါ။ သို့ပါလျက် အရှင်ရဋ္ဌပါလသည် အဘယ် သို့သော အကျိုးအပြစ်ကို မြင်၍, ကြားသိ၍ ရဟန်းပြုပါသနည်းဟု မေးလျှောက်သည်။

ထိုအခါ အရှင်ရဋ္ဌ ပါလက ကောရဗျမင်း၏ အမေးကို ဖြေကြားဟောပြောသည်မှာ --

မင်းကြီးက သိတော်မူ မြင်တော်မူသော၊ ကိလေသာကို ပယ်သတ်တော်မူပြီးသော၊ သစ္စာလေးပါး တရားကို ကိုယ်တော်တိုင် ကောင်းစွာသိတော်မူသော မြတ်စွာဘုရား သည် ၄-ပါးသော တရားအကျဉ်းတို့ကို ဟောတော်မူသည်။ ထိုတရားအကျဉ်း လေးပါးတို့ကို ဉာဏ်ဖြင့်မြင်၍, ကြားသိ၍ ရဟန်းပြုခြင်းဖြစ်သည်။

တရားအကျဉ်းလေးပါးတို့ဟူသည် အဘယ်တရားတို့နည်ဟူမူ ...
၁။ လူအပေါင်းကို အိုခြင်းသဘော, သေခြင်းသဘောသည်ကပ်၍ ဆောင်နေ၏၊ လူ အပေါင်းသည်မမြဲ - ဟူ၍ ဟောတော်မူသည်။
၂။ လူအပေါင်းသည် စောင့်ရှောက်သူမှကင်း၏၊ ကိုးကွယ်ရာမရှိ - ဟူ၍ ဟောတော် မူသည်။
၃။ လူအပေါင်းသည် မိမိဥစ္စာမရှိ၊ (ကိုယ်ပိုင်ဥစ္စာမရှိဟု ဆိုလိုသည်။) အလုံးစုံသော ဥစ္စာပစ္စည်းကို စွန့်ပယ်၍ သွားကြရမည်သာဖြစ်၏ - ဟူ၍ ဟောတော်မူသည်။
၄။ လူအပေါင်းသည် အလိုဆန္ဒ ယုတ်လျော့လျက်သာရှိ၏၊ ပြည့်ဝသည်မရှိ၊ ရောင့်ရဲသည် မရှိ၊ တဏှာ၏ကျွန်ချည်းသာဖြစ်သည်-ဟု ဟောတော်မူသည်။

မင်းကြီး- ငါသည် မြတ်စွာဘုရား ဟောကြားတော်မူသော ဤတရားအကျဉ်း လေးပါးကို ဉာဏ်ဖြင့် မြင်၍, ကြားသိ၍ ရဟန်းပြုခြင်းဖြစ်သည်ဟု ဖြေဆိုလေသည်။