မာတိကာသို့ ခုန်သွားရန်

မဟာသတိပဋ္ဌာန်တရားတော်-ဒု

ဝီကီရင်းမြစ် မှ
6053မဟာသတိပဋ္ဌာန်တရားတော်-ဒု — ရွှေဟင်္သာတိုက်သစ် ဆရာတော်

ကောရဗျမင်းကြီးက ပြန်၍လျှောက်ထားခြင်း

တရားအကျဉ်း ၄-ပါး၏ အဓိပ္ပာယ်အကျယ်

၁။ လူအပေါင်းကို အိုခြင်းသဘော, သေခြင်းသဘောသည် ကပ်၍ ဆောင်နေ၏၊ လူအပေါင်းသည်မမြဲဟု အရှင်ရဋ္ဌပါလ ပြောသော စကား၏အဓိပ္ပာယ်ကို ဘယ်ကဲ့သို့ အကျယ်သိရပါမည်နည်း- ဟု မေးလျှောက်ရာ --

သင်မင်းကြီးသည် အသက် ၂၀-၂၅-နှစ် အရွယ်ရှိစဉ်အခါက ဆင်စီးအတတ်, မြင်းစီးအတတ်, ရထားစီးအတတ် တို့ကိုလည်း ကျွမ်းကျင်ခဲ့သည် မဟုတ်ပါလော၊ လေးပစ် အတတ်, ဓားရေးလှံရေးအတတ် တို့၌လည်း ကျွမ်းကျင်သည် မဟုတ်ပါလော၊ ပေါင်အား လက်ရုံးအားတို့သည်လည်း ရှိသည် မဟုတ်ပါလော၊ စစ်မြေပြင်၌ တိုက်ခိုက်စွမ်းနိုင်သော ကိုယ်အားလည်းရှိသည် မဟုတ်ပါလော - ဟု အရှင်ရဋ္ဌပါလက မေးလေသည်။

အရှင်ဘုရား- မှန်ပါသည်၊ အသက်၂ဝ-၂၅-နှစ်အရွယ်ရှိစဉ်အခါက ဆင်စီး, မြင်းစီး အတတ်တို့ကိုလည်းတတ်မြောက်၍ ကျွမ်းကျင်ပါသည်၊ လေးပစ်အတတ်, ဓားရေး လှံရေးအတတ်တို့၌လည်း တတ်မြောက် ကျွမ်းကျင်ပါသည်၊ ပေါင်အား လက်ရုံး အားလည်း ရှိပါသည်၊ စစ်မြေပြင်၌လည်း နိုင်နင်းစွာပင် တိုက်ခိုက်ကျက်စား ခဲ့ပါသည်၊ တစ်ခါတစ်ရံ၌ မိမိကိုယ်ကို မိမိ တန်ခိုးရှိသူကဲ့သို့ပင် မှတ်ထင်ခဲ့ဖူးပါသည်၊ မိမိ၏ခွန်အားဗလနှင့်တူသော သူကိုပင် မတွေ့ခဲ့ပါ-ဟု လျှောက်၏။

မင်းကြီး-- သင်မင်းကြီးသည် ယခုအခါ၌ ပေါင်အား လက်ရုံးအားများ ရှိပါသေး သလော၊ စွမ်းဆောင်နိုင်သော ကိုယ်ခန္ဓာကော ရှိပါသေးသလော၊ စစ်မြေပြင်၌ နိုင်နင်းစွာ ကျက်စားနိုင်ပါသေးသလော- ဟုမေးရာ..

အရှင်ဘုရား- ဤစကားသည် မသင့်တော့ပါ။ ယခုအခါ တပည့်တော်သည် အိုမင်းပါပြီ၊ ပစ္ဆိမအရွယ်သို့ရောက်နေပါပြီ၊ အသက် ၈၀-သို့ရောက်နေပါပြီ၊ တစ်ခါတစ်ရံ ဤနေရာ၌ ခြေကိုချလိုသော်လည်း ဤနေရာ၌မကျပဲအခြားနေရာ၌ ကျတတ်ပါသည် ဟု လျှောက်၏။

မင်းကြီး--ဤအကြောင်း, ဤအခြင်းအရာတို့ကို ရည်ရွယ်၍ မြတ်စွာဘုရားသည် “လူအပေါင်းကို အိုခြင်းသဘော, နာခြင်းသဘောသည် . ကပ်၍ ဆောင်နေ၏၊ လူအပေါင်း သည်မမြဲ”ဟု ဟောတော်မူခြင်းဖြစ်သည်။

မင်းကြီး ငါသည် ဤတရားအကျဉ်းကို ဉာဏ်ဖြင့် မြင်၍, ကြားသိ၍ ရဟန်း ပြုခြင်းဖြစ်သည်ဟု ဖြေတော်မူရာ– “အရှင်ဘုရား... အံသြဖွယ်ရှိပါပေသည်၊ မြတ်စွာဘုရား သည် ကောင်းစွာဟောတော်မူခြင်း ဖြစ်ပါသည်၊ ဟုတ်မှန်ပါပေသည်။ လူအပေါင်းကို အိုခြင်းသဘော, နာခြင်းသဘောသည်ကပ်၍ဆောင်နေပါသည်၊ လူအပေါင်းသည် မမြဲ ပါ”ဟု ဝန်ခံလေသည်။

၂။ အရှင်ရဋ္ဌပါလ- ဤနန်းတော်၌ ဆင်အပေါင်း မြင်းအပေါင်း, ခြေလျင်စစ်သည် အပေါင်းတို့သည် ထင်ရှားရှိကြပါသည်။ တပည့်တော်တို့၌ ဘေးအန္တရာယ်ဖြစ်ပေါ် သောအခါတို့၌ တိုက်ခိုက်တွန်းလှန်ကြပါလိမ့်မည်။ သို့ဖြစ်ပါလျက် အရှင်ရဋ္ဌပါလက လူအပေါင်းသည် စောင့်ရှောက်ခြင်းကင်း၏၊ ကိုးကွယ်ရာမရှိ ဟုဆိုသော စကား၏ အဓိပ္ပာယ်ကို အဘယ်သို့မှတ်ရပါမည်နည်းဟု လျှောက်၏။

မင်းကြီး- သင်မင်းကြီး၌ ကိန်းဝပ်စွဲကပ်သော ရောဂါတစ်စုံတစ်ရာ ရှိပါသလော- ဟု မေးရာ၊ အရှင်ဘုရား- ကိန်းဝပ်စွဲကပ်သောရောဂါရှိပါသည်၊ “ တစ်ခါတစ်ရံ မိတ်ဆွေ ခင်ပွန်း ဆွေမျိုးသားချင်းတို့သည် ဒကာတော်ကို ဝိုင်းအုံကြည့်ရှုကြလျက် ယခုပင် ကောရဗျမင်းသည် နတ်ရွာစံတော့အံ့၊ နတ်ရွာစံတော့အံ့ဟု ပြောဆိုတတ်ကြပါသည် ဟု လျှောက်လျှင် -

မင်းကြီး သင်မင်းကြီးသည် ထိုမိတ်ဆွေ ခင်ပွန်းနှင့် ဆွေမျိုး သားချင်းတို့ကို အရှင်တို့ လာကြကုန်၊ ငါခံစားနေရသော ဝေဒနာသက်သာစေရန် ဝိုင်းဝန်းဝေဖန်၍ ကူညီကာ ခံစားကြစမ်းပါ၊ ခွဲဝေ၍ ယူကြစမ်းပါဟု ပြောလျှင် ဆွေမျိုးသားချင်းတို့သည် အသင်မင်းကြီး ခံစားနေရသော ဒုက္ခဝေဒနာကို ဝေဖန်ခွဲခြမ်း၍ ယူနိုင်ကြ ပါမည်လော။

စစ်စင်မူကား အသင်မင်းကြီး သည်သာလျှင် ထိုဒုက္ခဝေဒနာကို ခံစားရမည် မဟုတ်ပါလောဟု..မေးလျှင်၊ မှန်ပါသည် အရှင်ဘုရား၊ ဒကာတော် ခံစားရသော ဒုက္ခဝေဒနာကို ဆွေမျိုး သားချင်းတို့အား ခွဲခြမ်းဝေဖန်ပေး၍ မဖြစ်ပါ၊ ဒကာတော်သာလျှင် ထိုဝေဒနာကို ခံစားရမည်ဖြစ်ပါသည်ဟု လျှောက်၏။

မင်းကြီး-- ဤအကြောင်း ဤအခြင်းအရာကို ရည်ရွယ်၍ မြတ်စွာဘုရားသည် လူအပေါင်းသည် စောင့်ရှောက်သူမှ ကင်း၏၊ ကိုးကွယ်ရာမရှိဟူ၍ ဟောတော် မူသည်။ ဤတရားအကျဉ်းကို ဉာဏ်ဖြင့် မြင်၍ ကြားသိ၍ ငါသည် ရဟန်းပြုခြင်း ဖြစ်ပါသည်ဟု ဖြေကြားတော်မူရာ “အရှင်ဘုရား- အံသြဖွယ်ရှိပါပေသည်၊ မြတ်စွာဘုရားသည်ကောင်းစွာ ဟောတော်မူခြင်းဖြစ်ပါသည်။ ဟုတ်မှန်ပါပေသည်။ လူအပေါင်းသည် စောင့်ရှောက်သူမှ ကင်းပါသည်၊ ကိုးကွယ်အားထားရာ မရှိပါ”ဟု. ဝန်ခံလျှောက်ထားလေသည်။

၃။ အရှင်ရဋ္ဌပါလ- ဤနန်းတော်မြေပေါ် မြေအောက်တို့၌ ရွှေငွေတို့သည် များပြားစွာ ရှိပါသည်။ သို့ဖြစ်ပါလျက် လူအပေါင်းသည် မိမိဥစ္စာမရှိ၊ ကိုယ်ပိုင်ဥစ္စာမရှိ၊ အလုံးစုံသော ဥစ္စာပစ္စည်းကို စွန့်ပယ်၍သာ သွားကြရမည်ဖြစ်သည်ဟု ဆိုသော စကား၏ အဓိပ္ပာယ်ကို အဘယ်သို့ မှတ်ရပါမည်နည်း- ဟု မေးလျှောက်၏။

မင်းကြီး- သင်မင်းကြီးသည် ယခုအခါ အာရုံငါးပါး ကာမဂုဏ်တရားတို့ဖြင့် ရောင့်ရဲပြည့်စုံသည်ဖြစ်၍ ကာမဂုဏ်တို့ကို ခံစားသကဲ့သို့ ထို့အတူ နောက်ဘဝ ၌လည်း ဤကာမဂုဏ်တို့ကို ခံစားရဦးမည်လော၊ သို့မဟုတ် ကျန်ရစ်သော သင်မှတစ်ပါးသော သူတို့သည်သာ ဤကာမဂုဏ် စည်းစိမ်ချမ်းသာတို့ကို ခံစားရစ်ကြမည်လော၊ သင်မင်းကြီး သည်မူကား ကံအားလျော်စွာ သွားရမည် မဟုတ်ပါလောဟုမေးရာ-

အရှင်ရဋ္ဌပါလ-- ယခုဘဝ ခံစားသော ကာမဂုဏ်ငါးပါးတို့ကို ယခုဘဝ၌သာ ခံစားရပါမည်၊ နောက်ဘဝ၌ မခံစားရတော့ပါ။ ကျန်ရစ်သောအခြားသူတို့သည် သာလျှင် ဤကာမဂုဏ်တို့ကို ခံစားကြပါမည်၊ ဒကာတော်မူကား ကံအား လျော်စွာသာလျှင် သွားရပါမည်- ဟု လျှောက်၏။

မင်းကြီး- ဤအကြောင်း ဤအခြင်းအရာကို ရည်ရွယ်၍ မြတ်စွာဘုရားက လူအပေါင်းသည် မိမိဥစ္စာမရှိ၊ ကိုယ်ပိုင်ဥစ္စာမရှိ၊ အလုံးစုံသော ဥစ္စာပစ္စည်းကို စွန့် ပယ်၍ သွားကြရမည်ဖြစ်သည်- ဟု ဟောတော်မူခြင်းဖြစ်သည်။ ဤတရား အကျဉ်းကို ဉာဏ်ဖြင့် မြင်၍ ကြားသိ၍ ရဟန်းပြုခြင်းဖြစ်သည်ဟု ဖြေတော်မူရာ၊

အရှင်ဘုရား- အံ့သြဖွယ်ရှိပါပေသည်၊ မြတ်စွာဘုရားသည် ကောင်းစွာ ဟောတော်မူ ခြင်းဖြစ်ပါသည်၊ လူအပေါင်းသည် မိမိဥစ္စာဟူ၍မရှိ၊ ကိုယ်ပိုင်ဥစ္စာဟူ၍မရှိကြပါ၊ အလုံးစုံသော ဥစ္စာပစ္စည်း တို့ကို စွန့်ပယ်၍သာ သွားကြရမည်ဖြစ်ပါသည်- ဟု ဝန်ခံလျှောက်ထားလေသည်။

၄။ အရှင်ရဋ္ဌပါလ- လူအပေါင်းသည် အလိုဆန္ဒ ယုတ်လျော့လျက်သာ ရှိ၏၊ ပြည့်ဝသည် ဟူ၍ မရှိ၊ ရောင့်ရဲတင်းတိမ်သည်မရှိ၊ တဏှာ၏ ကျွန်ချည်းသာ ဖြစ်သည်ဟူ၍ ဆိုသောစကားကို အဘယ်သို့ သိမှတ်ရပါမည်နည်းဟု မေးလျှောက်၏။

မင်းကြီး- သင်မင်းကြီးသည် စည်ပင်သာယာဝပြောသော ဤကုရုတိုင်းပြည်ကို အုပ်စိုးကာ မင်းပြုလုပ်နေသည်မဟုတ်ပါလော”ဟု အရှင်ရဋ္ဌပါလက မေးရာ၊ မှန်ပါသည် အရှင်ဘုရား၊ စည်ပင်သာယာ ဝပြောသော ကုရုတိုင်းပြည်ကို အုပ်စိုးကာ မင်းပြုလုပ်နေပါ သည်ဟု လျှောက်၏။

မင်းကြီး- ယုံကြည်လောက်သော ယောက်ျားတစ်ယောက်သည် အသင်မင်းကြီး ထံသို့လာ၍ ဤသို့ပြောရာ၏၊ အရှင်မင်းကြီး- ကျွန်ုပ်သည် အရှေ့အရပ်မှ လာပါသည်၊ ထိုအရှေ့အရပ်၌ ပြည့်စုံစည်ပင်သော, လူများစွာရှိသော, လူမျိုးစုံပြွမ်းသော ဇနပုဒ်ကြီး တစ်ခုကို တွေ့မြင်ခဲ့ပါသည်။ ထိုဇနပုဒ်၌ ဆင်အပေါင်း, မြင်းအပေါင်း, ရထားအပေါင်း, ခြေလျင်စစ်သည်အပေါင်း ရှိပါသည်၊ များစွာသော ဥစ္စာစပါးလည်းရှိပါသည်၊ အထည်ပြ လုပ်ပြီးရွှေငွေနှင့် အထည်မပြုလုပ်ရသေးသော ရွှေငွေတို့လည်း များစွာရှိပါသည်၊ သိမ်းဆည်း အပ်သော မိန်းမတို့သည်လည်း များစွာရှိပါသည်၊

ဤမျှလောက်သော စစ်သည်ဗိုလ်ပါတို့ဖြင့် အောင်နိုင်သိမ်းပိုက်ခြင်းငှာ စွမ်းနိုင် ပါသည်၊ တိုက်ခိုက် သိမ်းပိုက်တော်မူပါဟူ၍ ပြောကြားလာလျှင် အသင်မင်းကြီး သည် ထိုဇနပုဒ်ကို အဘယ်သို့ပြုပါမည်နည်း-ဟူ၍ အရှင်ရဋ္ဌပါလ က မေးရာ၊ အရှင်ရဋ္ဌပါလ- ထိုဇနပုဒ်ကိုလည်း အောင်နိုင်စွာ သိမ်းပိုက်၍ စိုးစံမည် ဖြစ်ပါသည်ဟု လျှောက်၏။

မင်းကြီး- ထိုနည်းတူ အနောက်အရပ်, မြောက်အရပ်, တောင်အရပ်တို့မှ လည်းကောင်း, သမုဒ္ဒရာ၏ တစ်ဖက်မှလည်းကောင်း ယုံကြည်လောက်သော သူတို့က အရှေ့အရပ်၌ တွေ့ မြင်သော ဇနပုဒ်ကဲ့သို့ ပြည့်စုံစည်ပင်သော ဇနပုဒ်, အလွယ်တကူ တိုက်ခိုက်သိမ်းယူနိုင်သော ဇနပုဒ်တို့ကို တွေ့မြင်ခဲ့ပါသည်၊ တိုက်ခိုက်သိမ်းယူတော် မူပါဟု ဆိုလာလျှင် အသင်မင်းကြီးသည် အဘယ်သို့ ပြုမည်နည်းဟု မေးမြန်းကာလ အရှင်ဘုရား- ထိုဇနပုဒ်တို့ကိုလည်း သိမ်းပိုက် အုပ်စိုးမည်ပင် ဖြစ်ပါသည်ဟု လျှောက်၏။

မင်းကြီး- ဤအကြောင်း ဤအခြင်းအရာကို ရည်ရွယ်၍ မြတ်စွာဘုရားက- လူအပေါင်းသည် အလိုဆန္ဒယုတ်လျော့လျက်သာရှိ၏၊ ပြည့်ဝသည်ဟူ၍ မရှိ၊ ရောင့်ရဲ တင်းတိမ်သည်ဟူ၍ မရှိ၊ တဏှာ၏ ကျွန်ချည်းသာ ဖြစ်သည်ဟု ဟောတော် မူခြင်းဖြစ်သည်။ ဤတရားအကျဉ်းကို ဉာဏ်ဖြင့် မြင်၍. ကြားသိ၍ ရဟန်းပြုခြင်း ဖြစ်သည် ́ ဟု ဖြေကြားတော်မူသည်။ အရှင်ဘုရား- အံ့သြဖွယ် ရှိပါပေသည်၊ မြတ်စွာဘုရားသည် ကောင်းစွာ ဟောတော်မူ ခြင်းဖြစ်ပါသည်။ လူအပေါင်းသည် အလိုဆန္ဒယုတ်လျော့လျက်သာ ရှိ၏၊ ပြည့်ဝသည်မရှိ၊ ရောင့်ရဲတင်းတိမ်သည်မရှိ၊ တဏှာ၏ ကျွန်ချည်းသာဖြစ်ပါသည်ဟု ဝန်ခံေ လျှာက်ထားလေသည်။

အရှင်ရဋ္ဌပါလ တရားဟောခြင်း

အရှင်ရဋ္ဌပါလသည် အထက်ပါအတိုင်း ဖြေဆိုဟောကြားတော်မူပြီးနောက်၌ ပြဆိုလတ္တံ့သော တရားဂါထာ ၁၃-ပုဒ်တို့ကို ဆက်လက်ဟောကြားတော်မူသည်။

၁။ လောက၌ လူတို့သည် ဥစ္စာပစ္စည်းတို့ကို ရရှိကြသော်လည်း မောဟဖြင့် တွေဝေ ကြသည်ဖြစ်၍ ပေးလှူခြင်းကို မပြုနိုင်ကြကုန်၊ ရသောပစ္စည်းကို စုဆောင်းခြင်းကိုသာ ပြုကြကုန်၏
ရရှိပြီးသည်ထက် ပိုလွန်၍သာလျှင် ကာမဂုဏ်တို့ကို လိုချင်တောင့်တ ကြကုန်၏။

၂။ ပြည့်ရှင်မင်းသည် သမုဒ္ဒရာအဆုံးရှိသော မြေကို လွှမ်းမိုးအုပ်စိုးရပါလျက်လည်း ရောင့်ရဲတင်းတိမ်ခြင်းမရှိသည်ဖြစ်၍ သမုဒ္ဒရာတစ်ဖက်သို့လှမ်းမျှော်ကာ တောင့်တ လျက်ပင်ရှိ၏။

၃။ လောက၌ ပြည့်ရှင်မင်းသည်လည်းကောင်း၊ အခြားသူတို့သည်လည်းကောင်း မကင်းသောတောင့်တခြင်း
တဏှာ တန်းလန်းဖြင့်သာလျှင် သေဆုံးကြကုန်၏၊ အလိုဆန္ဒ မပြည့်ဝဘဲသာလျှင် ခန္ဓာကိုယ်ကို စွန့်ပစ်ကြကုန်၏၊ ကာမဂုဏ်တို့ဖြင့် ရောင့်ရဲတင်းတိမ်ခြင်းကား မရှိကြကုန်။

၄။ သေသောသူကို ကျန်ရစ်သော ဆွေမျိုးတို့သည် အော်-- ငါတို့၏ ဆွေမျိုးသည် သေရှာလေပြီ စသည်ဖြင့် မြည်တွန်ကာ ငိုကြွေးကြကုန်၏၊ အဝတ်တစ်ထည်မျှဖြင့် ကိုယ်ကောင်ကို ပတ်၍ အိမ်မှ ထုတ်ဆောင်ကာ ထင်းပုံသို့တင်၍ မီးရှို့ကြကုန်၏။

၅။ သေသောသူသည် အသက်ရှင်စဉ်အခါက ပိုင်ဆိုင်သည်ဆိုသော ဥစ္စာပစ္စည်း တို့ကို စွန့်ပယ်ကာ အဝတ် တစ်ထည်တည်းဖြင့် တစူးဝါးတို့ဖြင့် အထိုးခံရကာ မီးလောင် လေတော့၏။
လောက၌ရှိကြသော ဆွေမျိုးသားချင်းများနှင့် မိတ်သင်္ဂဟ တို့သည် သေသောသူ၏ ကိုးကွယ်ရာ၊ မှီခိုအားထားရာ မဟုတ်ကြကုန်၊ မဖြစ်ကြကုန်

၆။ သေသောသူ၏ပစ္စည်းတို့ကို အမွေခံတို့သည် ဝေခြမ်း၍ ယူကြကုန်၏။ သေသော သူသည်ကား မိမိပြုခဲ့သော ကံအားလျော်စွာ ဘဝတစ်ပါးသို့ သွားရတော့သည်။
သေသူ့ထံသို့ တစ်စုံတစ်ခုသော ပစ္စည်းမျှလည်း မလိုက်မပါ၊ သားသမီး သားမယား လင်သား ဥစ္စာပစ္စည်း တိုင်းပြည်တို့သည်လည်း မလိုက်မပါကြကုန်

၇။ အသက်ရှင်စေရန် ငွေပေး၍လည်းမရ၊ ဥစ္စာပစ္စည်းပေး၍ အိုခြင်းသဘောကိုလည်း မတားမြစ်နိုင်။
အသက်ဟူသည် အမြဲမတည်၊ ဖောက်ပြန်ပျက်စီးခြင်း သဘောရှိ၏။ အနည်းငယ်မျှ တိုလျသော ကာလရှိ၏ဟူ၍ အရိယာပညာရှိတို့ မိန့်ဆိုကြကုန်၏။

၈။ ချမ်းသာကြွယ်ဝသော သူတို့သည် လည်းကောင်း၊ သူဆင်းရဲတို့သည် လည်းကောင်း သေခြင်းသဘောဟူသော အတွေ့ကို ထိတွေ့ ခံစားကြရကုန်၏
လူမိုက်သည် လည်းကောင်း၊ ပညာရှိသည် လည်းကောင်း ထို့အတူ သေခြင်း သဘောကို တွေ့ထိ ခံစားကြရကုန်၏။
လူမိုက်သည်ကား မိုက်ခြင်းကြောင့် ကြောက်ရွံ့ တုန်လှုပ်သည် ဖြစ်၍ သေရ၏။
သေခြင်း၏သဘောနှင့် တွေ့ထိသော ပညာရှိလူလိမ်မာသည်ကား ကြောက်ရွံ့တုန်လှုပ်ခြင်းမဖြစ်ချေ။

၉။ သို့ဖြစ်၍ ဤလောက၌ အကြင် ပညာဉာဏ်ဖြင့် ကိစ္စပြီးဆုံးရာ အရဟတ္တဖိုလ်ကို ရနိုင်၏၊ ထိုပညာဉာဏ်သည် ဥစ္စာပစ္စည်းထက်မြတ်၏။
လူမိုက်သည် ကိစ္စပြီးဆုံးရာ အရဟတ္တဖိုလ်ကို မရောက်သောကြောင့် တွေဝေကာ ဘဝကြီးငယ်တို့၌ အကုသိုလ် မကောင်းမှုတို့ကို ပြုလုပ်ကြကုန်၏။

၁ဝ။ မကောင်းမှုကို ပြုသောသူသည် သံသရာအဆက်ဆက် ပဋိသန္ဓေနေခြင်းသို့ လည်းကောင်း၊ ဘဝတစ်ပါးသို့လည်းကောင်း ရောက်ရ၏။ (သံသရာမဆုံးနိုင်ဟု ဆိုသည်။)
ပညာနည်းသူတစ်ယောက်သည် ပညာနည်းသူအား ဆည်းကပ်ယုံကြည် သည်ဖြစ်၍ ထိုကဲ့သို့ပင် ပဋိသန္ဓေနေခြင်း, ဘဝသို့ရောက်ရခြင်း ဖြစ်ရပြန်သည်။

၁၁။ ခိုးထုပ်ခိုးထည်နှင့်မိသော သူခိုးကို ခိုးမှုတည်းဟူသော မိမိအမှုကြောင့် သတ်အပ်သကဲ့ သို့၊ ထို့အတူ ယုတ်မာသော အကျင့်ရှိသောသတ္တဝါကို တစ်ပါးသော အပါယ်လောက ၌ မိမိပြုသောအမှုကပင် သတ်အပ်လေတော့သည်

၁၂။ မင်းကြီး-- ကာမဂုဏ်တို့သည် ဆန်းကြယ်ကြသည်၊ ချိုမြိန်ကြသည်၊ နှလုံး မွေ့လျော်ဖွယ်ရှိကြသည်၊ ဖောက်ပြန်သော သဘောအားဖြင့် စိတ်ကိုညှဉ်းဆဲ ကြသည်။ ကာမဂုဏ်တို့၌ ဤသို့သောအပြစ်ကို မြင်သောကြောင့် ငါသည် ရဟန်း ပြုခြင်း ဖြစ်ပေသည်။

၁၃။ မင်းကြီး-- ကြီးငယ်မရွေး သစ်သီးတို့သည် ကြွေကျကြကုန်သကဲ့သို့၊ လူတို့သည် လည်း ငယ်သည်ဖြစ်စေ, ကြီးသည်ဖြစ်စေ ခန္ဓာကိုယ်ပျက်စီး၍ သေခြင်းသို့ ရောက်ကြရကုန်၏။
ဤသည်တို့ကိုလည်း သိမြင်၍ ရဟန်းပြုခြင်းဖြစ်ပေသည်။
မုချစင်စစ်အား ဖြင့်မူကား ရဟန်းအဖြစ်သည်သာလျှင် ကောင်းမြတ်ပါပေသည် မင်းကြီး- ဟု နိဂုံးအုပ်တော်မူသည်။

သံယုတ်ပါဠိတော် - သီဝကသုတ်

ဝေဒနာ ၈-မျိုး

အခါတစ်ပါး မြတ်စွာဘုရားသည် ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် မောဠိယသီဝက မည်သော ပရိဗိုဇ်သည် မြတ်စွာဘုရားထံ လာရောက် ဆည်းကပ်၍ ဝမ်းမြောက်ဖွယ်စကားတို့ကို ပြောကြားပြီးကာလ၊ သီဝကပရိဗိုဇ်က မြတ်စွာဘုရားအားလျှောက်ထားသည်မှာ၊

အရှင်ဂေါတမ- အချို့သော ဗြာဟ္မဏ တို့သည် ဤသို့ပြောဆိုကြ အယူရှိကြပါသည်။ အဘယ်သို့ ပြောကြ ယူကြ ပါသနည်းဟူမူ-
အမှတ်မရှိ တစ်စုံတစ်ယောက်သော ယောက်ျားသည် ခံစားအပ်သော သုခဝေဒနာကိုဖြစ်စေ, ဒုက္ခဝေဒနာကိုဖြစ်စေ, အဒုက္ခမသုခဝေဒနာကိုဖြစ်စေ အလုံးစုံသော ဝေဒနာ ဟူသမျှသည် ရှေးဘဝက ပြုအပ်သော ကံကြောင့်ဖြစ်သည်ဟု ပြောကြ ယူကြပါသည်။
အရှင်ဂေါတမ သည်ကား အဘယ်သို့ ပြောဆိုလိုပါသနည်းဟု လျှောက်၏။

သီဝက- သည်းခြေလျှင် ဖြစ်ကြောင်းရှိကုန်သော ဝေဒနာတို့သည်လည်း ရှိကုန်၏၊ သည်းခြေလျှင် ဖြစ်ကြောင်းရှိသော အချို့သောဝေဒနာတို့ရှိသည်ကို လူတိုင်းပင် ကိုယ်တိုင်လည်း သိအပ်ပေသည်၊ လောကသစ္စာအားဖြင့်လည်း အမှန်ဟူ၍ သမုတ်အပ်၏။
သို့ဖြစ်၍ အလုံးစုံသော သုခဝေဒနာ, ဒုက္ခဝေဒနာ, အဒုက္ခမသုခ ဝေဒနာတို့သည် ရှေးကပြုဖူးသော ကံကြောင့် ဖြစ်သည်ဟု အချို့သော သမဏ, ဗြာဟ္မဏတို့ ပြောခြင်း ယူခြင်းတို့သည် မှားသည်ဟု ငါဆိုပေသည်

သီဝက-
၁။ သည်းခြေလျှင်ဖြစ်ကြောင်းရှိသော ဝေဒနာ၊
၂။ လေလျှင်ဖြစ်ကြောင်း ရှိသောဝေဒနာ၊
၃။ သလိပ်လျှင်ဖြစ်ကြောင်းရှိသော ဝေဒနာ၊
၄။ သည်းခြေ,လေ, သလိပ်, သုံးပါး(သန္နိပါတ) အပေါင်းလျှင် ဖြစ်ကြောင်းရှိသော ဝေဒနာ၊
၅။ ဥတုလျှင် ဖြစ်ကြောင်းရှိသောဝေဒနာ၊
၆။ မညီညွတ်ခြင်းလျှင် ဖြစ်ကြောင်းရှိသော ဝေဒနာ၊
၇။ သူတစ်ပါး အားထုတ်ပြုလုပ်ခြင်းလျှင်ဖြစ်ကြောင်းရှိသောဝေဒနာ၊
၈။ ကံ၏အကျိုး ကြောင့်ဖြစ်သော ဝေဒနာတို့သည် ရှိကြကုန်၏။

သီဝက - ကံ၏အကျိုးကြောင့်ဖြစ်သော ဝေဒနာတို့ဖြစ်သည် ရှိသည်ကို ကိုယ်တိုင် လည်း သိအပ်၏၊ လူအပေါင်းသည်လည်း အမှန်ဟူ၍ လောကသစ္စာ အနေ အားဖြင့် သမုတ်ကြ၏။
ယင်းသို့ဖြစ်ရာ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သန္တာန်၌ဖြစ်သော သုခ, ဒုက္ခ, အဒုက္ခမသုခဝေဒနာ ဟူသမျှတို့သည် ရှေးဘဝက ပြုခဲ့သော ကံကြောင့် ဖြစ်သည် ဟု ဆိုသော, ယူသော, သမဏ, ဗြာဟ္မဏတို့သည် ကိုယ်တိုင်သိအပ် သည်ကိုလည်း ကျော်လွန်သွားကြကုန်၏၊ လူအပေါင်းတို့အမှန်ဟု သမုတ်အပ်သည် ကိုလည်း ကျော်လွန် သွားကြကုန်၏။
သို့ဖြစ်သောကြောင့် အချို့အချို့သော သမဏ, ဗြာဟ္မဏတို့ ပြောဆို ခြင်း, ယူခြင်းကို မှားသည်ဟု ငါပြောပေသည်ဟူ၍ မိန့်တော်မူလေသည်။

မောဠိယသီဝကပရိဗိုဇ်သည် အရှင်ဂေါတမ ... အရှင်ဂေါတမ၏ တရားတော်သည် အလွန်နှစ်သက်ဖွယ်ရှိပါပေသည်။ အကျွန်ုပ်ကို ယနေ့မှစ၍ အရှင်ဂေါတမအား ဆည်းကပ် ကိုးကွယ်ခြင်းသို့ ရောက်သော ဥပါသကာဟူ၍ မှတ်တော်မူပါ- ဟု လျှောက်လေသည်။

ဝေဒနာဖြစ်ကြောင်း ၈- ပါး

၁။ သည်းခြေ၊
၂။ သလိပ်၊
၃။ လေ၊
၄။ သန္နိပါတ၊
၅။ ဥတု၊
၆။ မညီညွတ် ခြင်း၊
၇။ လုံ့လပယောဂ၊
၈။ ကံ၏အကျိုးအားဖြင့် ၈-မျိုးဖြစ်၏။

အဆိုပါ ဝေဒနာ ၈-မျိုးတို့ကို သမ္မုတိသစ္စာ အနေအားဖြင့် ဟောတော်မူသည်။
ပရမတ္ထသစ္စာ အားဖြင့်မူကား စက္ခုသမ္ဖဿ စသော ဖဿ ၆-ပါးတို့သည် ဝေဒနာ ဖြစ်ကြောင်း တရားအမှန်ဖြစ်သည်ဟု ဟောတော်မူသည်။
သမ္မုတိသစ္စာဖြစ်သော ဝေဒနာတို့သည်လည်း မမြဲကြကုန်၊ ဆင်းရဲ သဘော ရှိကုန်သည်သာတည်း၊ အစိုးမရသော သဘောရှိသော ဝေဒနာတို့သာတည်း- ဟုဆင်ခြင်ပွားများအပ်သော ဝေဒနာတို့ဖြစ်ကုန်၏။

မဇ္ဈိမနိကာယ် - စူလဝေဒလ္လသုတ်

စူလဝေဒလ္လသုတ် နောက်ပိုင်း၌ ဝေဒနာတရား ပါဝင်သည်။ သို့သော် ဤသုတ်၌ ဝိသာခဥပါသကာနှင့် ဓမ္မဒိန္နာထေရီတို့၏ အမေးအဖြေမှာ ဓမ္မမာမကယောဂီတို့ သိမှတ်ဖွယ် ကောင်းလှသည်ဖြစ်၍ အပြည့်အစုံ ရေးသားလိုက်ခြင်းဖြစ်သည်။

ဝိသာခဥပါသကာသည် ဗိမ္ဗိသာရမင်းတို့ သောတာပန်ဖြစ်သော အချိန်ကပင် သောတာပန်ဖြစ်ခဲ့သည်။
နောက်ကာလအတော်ကြာမှ သကဒါဂါမ်၊ ထို့နောက်မှ အနာဂါမ် အဖြစ်သို့ရောက်သည်။

ဝိသာခဥပါသကာ အနာဂါမ်ဖြစ်သောအချိန်၌ ရာဇဂြိုဟ်မြို့၌ ဘိက္ခုနီကျောင်းတိုက် ထင်ရှား ရှိနေလေပြီ။ ဝိသာခဥပါသကာ အနာဂါမ် ဖြစ်သောအခါ ကာမရာဂါနုသယကို ပယ်အပ်ပြီး ဖြစ်သောကြောင့် အိမ်ရှင်မ ဓမ္မဒိန္နာသည် ဘိက္ခုနီ ပြုလုပ်ခြင်းဖြစ်သည်။ သဒ္ဓါပဗ္ဗဇ္ဇိတတည်း။

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဝိသာခဥပါသကာသည် ဓမ္မဒိန္နာထေရီထံသို့ သွား၍ ဓမ္မဒိန္နာ ထေရီအားရှိခိုးပြီးကာလ ဓမ္မဒိန္နာထေရီကို မေးလျှောက်သည်မှာ့

၁။ မေး။ ။ အရှင်မ– သက္ကာယ သက္ကာယဟူ၍ ပြောဆိုကြသည်။ မြတ်စွာဘုရားသည် ဘယ်တရားသဘောကို သက္ကာယဟူ၍ ဟောတော်မူပါသနည်း။
ဖြေ။ ။ ဒါယကာ ဝိသာခ- ရူပုပါဒါနက္ခန္ဓာ, ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏပါဒါနက္ခန္ဓာ ဟူကုန်သော ဥပါဒါနက္ခန္ဓာ ငါးပါးတို့ကို သက္ကာယဟူ၍ မြတ်စွာဘုရား ဟောတော်မူပါသည်။

၂။ မေး။ ။ အရှင်မ− ကောင်းပါပြီဟု ဝမ်းမြောက်စွာ သာဓုခေါ်ပြီးနောက် ဆက်လက်၍ မေးလျှောက်ပြန်သည်မှာ - အရှင်မ .. သက္ကာယ သမုဒယ ဟု ပြောဆို ကြသည်။ မြတ်စွာဘုရားသည် အဘယ်တရားသဘောကို သက္ကာယသမုဒယဟု ဟောတော်မူပါနည်း။
ဖြေ။ ။ ဒါယကာ ဝိသာခ- ကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာဟု ဆိုအပ်သော တစ်ဖန်ဘဝသစ်၌ ဖြစ်စေတတ်သော, နှစ်သက်ခြင်း ရာဂနှင့်တကွ ဖြစ်သော အကြင်တဏှာကို သက္ကာယသမုဒယဟူ၍ ဟောတော်မူပါသည်။

၃။ မေး။ ။ အရှင်မ- သက္ကာယနိရောဓ, သက္ကာယနိရောဓဟု ပြောဆိုကြပါသည်။ မြတ်စွာဘုရားသည် အဘယ်တရားသဘောကို သက္ကာယနိရောဓဟု ဟောတော် မူပါသနည်း။
ဖြေ။ ။ ဒါယကာ ဝိသာခ- ပြဆိုအပ်ပြီးသော တဏှာ၏ အကြွင်းမဲ့ချုပ်ရာဖြစ်သော နိဗ္ဗာန်သည်, တဏှာစွန့်ရာဖြစ်သော နိဗ္ဗာန်သည်, တပ်မက်ခြင်းကင်းရာ ဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ ထိုနိဗ္ဗာန်ကို သက္ကာယနိရောဓ ဟု မြတ်စွာဘုရား ဟောတော်မူပါသည်။

၄။ မေး။ ။ အရှင်မ- သက္ကာယနိရောဓဂါမိနီပဋိပဒါ, သက္ကာယနိရောဓဂါမိနီပဋိပဒါ ဟူ၍ပြောကြပါသည်။(သက္ကာယချုပ်ရာဖြစ်သော နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်။) မြတ်စွာဘုရားသည် အဘယ်တရားသဘောကို သက္ကာယနိရောဓဂါမိနီပဋိပဒါ ဟု ဟောတော်မူပါသနည်း။
ဖြေ။ ။ သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ, သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ တည်းဟူသော မဂ္ဂင်ရှစ်ပါး တရားကို သက္ကာယနိရောဓဂါမိနီပဋိပဒါ ဟူ၍ မြတ်စွာဘုရား ဟောတော်မူပါသည်။

၅။ မေး။ ။ အရှင်မ- ထိုဥပါဒါန် သည်ပင်လျှင် ဥပါဒါနက္ခန္ဓာ တို့ပေလော၊ သို့ မဟုတ် ဥပါဒါန်သည် ခန္ဓာငါးပါးတို့မှ တခြားလော။
ဖြေ။ ။ ဥပါဒါန်သည်ပင်လျှင် ဥပါဒါနက္ခန္ဓာတို့ မဟုတ်ကုန်၊ ဥပါဒါန်သည် ခန္ဓာငါးပါးတို့မှ တခြားလည်း မဟုတ်ကုန်။
ဒါယကာ ဝိသာခ− ခန္ဓာ ငါးပါးတို့၌ လိုချင် တပ်မက်ခြင်း ဆန္ဒရာဂသည် ဥပါဒါန် ဖြစ်ပါသည်

၆။ မေး။ ။ အရှင်မ- အဘယ်သို့လျှင် သက္ကာယဒိဋ္ဌိဖြစ်ပါသနည်း။
ဖြေ။ ။ ဤလောက၌ -
အရိယာတို့ကို ဉာဏ်မျက်စိဖြင့် မတွေ့မမြင်ဖူးသော,
အရိယာတို့၏တရား၌ မလိမ္မာသော,
အရိယာတို့၏ တရား၌ မယဉ်ကျေးသော,
သူတော်ကောင်းတို့ကို ဉာဏ်မျက်စိဖြင့် မတွေ့ မမြင်ဖူးသော,
သူတော်ကောင်း တရား၌ မလိမ္မာသော,
သူတော်ကောင်းတရား၌ မယဉ်ကျေးသော,
အကြားအမြင်နည်းသော
ပုထုဇဉ်သည် ရုပ်ကိုအတ္တဟုရှု၏၊ အတ္တကိုရုပ်ဟုရှု၏၊ အတ္တ၌ရုပ်ဟုရှု၏၊ ရုပ်၌ အတ္တဟု ရှု၏။ ဝေဒနာ,သညာ, သင်္ခါရ, ဝိညာဏ်တို့ကိုလည်း ရုပ်ကိုရှုသကဲ့သို့ရှု၏၊
ဒါယကာ ဝိသာခ- ဤသို့ရှုလျှင် သက္ကာယဒိဋ္ဌိ ဖြစ်ပါသည်

၇။ မေး။ ။ အရှင်မ- အဘယ်သို့လျှင် သံက္ကာယဒိဋ္ဌိ မဖြစ်ပါသနည်း
ဖြေ။ ။ ဒါယကာဝိသာခ-
အရိယာတို့ကို ဉာဏ်မျက်စိဖြင့် တွေ့မြင်ခဲ့ဖူးသော,
အရိယာတို့၏တရား၌ လိမ္မာသော,
အရိယာတရား၌ ယဉ်ကျေးသော,
သူတော်ကောင်းတို့ကို ဉာဏ်မျက်စိဖြင့် တွေ့ မြင်ဖူးသော,
သူတော်ကောင်းတရား၌ လိမ္မာသော,
သူတော်ကောင်းတရား၌ ယဉ်ကျေးသော,
အကြားအမြင်များသော
အရိယာ ပုဂ္ဂိုလ်သည် ရုပ်ကို အတ္တဟူ၍ မရှု၊ အတ္တကို ရုပ်ဟူ၍မရှု၊ အတ္တ၌ ရုပ်ဟူ၍ မရှု၊ ရုပ်၌ အတ္တဟူ၍လည်းမရှု။ ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ် တို့ကိုလည်း ရုပ်ကို မရှု သကဲ့သို့ပင် မရှုပေ။
ဒါယကာဝိသာခ- ဤသို့မရှုလျှင် သက္ကာယဒိဋ္ဌိ မဖြစ်ပါ

၈။ မေး။ ။ အရှင်မ− အင်္ဂါ ရှစ်ပါးရှိသော မဂ်တရားဟူသည် အဘယ်တရားပါနည်း။
ဖြေ။ ။ သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ, သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ - ဤတရားတို့သည် အင်္ဂါရှစ်ပါးရှိသော မဂ်တရား ဖြစ်ပါသည်။

၉။ မေး။ ။ အရှင်မ- မြတ်သော၊ ဝါ- ဖြူစင်သော အဋ္ဌင်္ဂိကမဂ်သည် သင်္ခတ ပါလော၊ သို့မဟုတ် အသင်္ခတ ပါလော။
ဖြေ။ ။ မြတ်သော၊ ဝါ- ဖြူစင်သော အဋ္ဌင်္ဂိကမဂ်သည် သင်္ခတဖြစ်ပါသည်။

၁၀။ မေး။ ။ အရှင်မ၊ မြတ်သော၊ဝါ- ဖြူစင်သော အဋ္ဌင်္ဂိကမဂ်ဖြင့် ခန္ဓာသုံးပါးတို့ကို ရေတွက်အပ်ပါသလော၊ သို့မဟုတ် ၃-ပါးသောခန္ဓာတို့ဖြင့် အဋ္ဌင်္ဂိကမဂ်ကို ရေတွက် အပ်ပါသလော။
ဖြေ။ ။ ဥပါသကာဝိသာခ- မြတ်သော၊ ဝါ- ဖြူစင်သော အဋ္ဌင်္ဂိကမဂ်ဖြင့် ခန္ဓာ ၃-ပါး တို့ကို မရေတွက်အပ်ပါ။ ၃-ပါးသော ခန္ဓာတို့ဖြင့်သာ မြတ်သော၊ ဝါ- ဖြူစင်သော အဋ္ဌင်္ဂိကမဂ်ကို ရေတွက်အပ်ပါသည်။

ဒါယကာဝိသာခ-
၁။ သမ္မာဝါစာ၊ ၂။ သမ္မာကမ္မန္တ ၃။ သမ္မာအာဇီဝ- ဤ မဂ္ဂင် ၃-ပါးတို့ကို သီလက္ခန္ဓ (သီလအစု)၌ ရေတွက်အပ်ပါသည်။
၁။ သမ္မာဝါယာမ၊ ၂။ သမ္မာသတိ၊ ၃။ သမ္မာသမာဓိ- ဤမဂ္ဂင် ၃-ပါးတို့ကို သမာဓိက္ခန္ဓ၌ ရေတွက်အပ်ပါသည်။
၁။ သမ္မာဒိဋ္ဌိ၊ ၂။ သမ္မာသင်္ကပ္ပ- ဤမဂ္ဂင် ၂-ပါးကို ပညာက္ခန္ဓ၌ ရေတွက်အပ်ပါသည်။

၁၁။ မေး။ ။ အရှင်မ- အဘယ်တရားသည် တည်ကြည်ခြင်း သမာဓိဖြစ်ပါသနည်း။
အဘယ်တရားသည် တည်ကြည်ခြင်း သမာဓိ၏ အကြောင်းနိမိတ်တို့ ဖြစ်ပါသနည်း။
အဘယ်တရားသည် တည်ကြည်ခြင်း သမာဓိ၏ အခြံအရံတို့ ဖြစ်ပါသနည်း။
အဘယ်တရားသည် တည်ကြည်ခြင်း သမာဓိ ပွားများခြင်းဖြစ်ပါသနည်း။
ဖြေ။ ။ ဒါယကာဝိသာခ စိတ်၏အာရုံတစ်ခု၌သာ ရှိခြင်းသည် တည်ကြည်ခြင်း သမာဓိ ဖြစ်ပါသည်
သတိပဋ္ဌာန်လေးပါး တို့သည် တည်ကြည်ခြင်း သမာဓိ၏ ဖြစ်ကြောင်း နိမိတ်တို့ဖြစ်ပါသည်။
သမ္မပ္ပဓာန်လေးပါးတို့သည် တည်ကြည်ခြင်း သမာဓိ၏ အခြံအရံတို့ဖြစ်ပါသည်။
ထိုသတိပဋ္ဌာန်, သမ္မပ္ပဓာန်တို့ကိုသာလျှင် အဖန်ဖန် မှီဝဲခြင်း၊ ပွားများခြင်း၊ ကြိမ်ဖန်များစွာ အားထုတ်ခြင်းသည် တည်ကြည်ခြင်း သမာဓိ ကို ပွားများခြင်းဖြစ်ပါသည်။

၁၂။ မေး။ ။ အရှင်မ- သင်္ခါရတို့သည် အဘယ်မျှလောက်ရှိပါသနည်း။
ဖြေ။ ။ ဒါယကာဝိသာခ- ကာယသင်္ခါရ, ဝစီသင်္ခါရ, စိတ္တသင်္ခါရ အားဖြင့် သင်္ခါရတို့သည် ၃-ပါးရှိပါသည်။

၁၃။ မေး။ ။ အရှင်မ - အဘယ်တရားသည် ကာယသင်္ခါရ, အဘယ်တရားသည် ဝစီသင်္ခါရ,အဘယ်တရားသည် စိတ္တသင်္ခါရ ဖြစ်ပါသနည်း။
ဖြေ။ ။ ဒါယကာဝိသာခ- အဿာသပဿာသတို့သည် ကာယသင်္ခါရ, ဝိတက် ဝိစာရတို့သည် ဝစီသင်္ခါရ, သညာ-ဝေဒနာတို့သည် စိတ္တသင်္ခါရ ဖြစ်ပါသည်။

၁၄။ မေး။ ။ အရှင်မ- အဿာသ ပဿာသတို့ကို အဘယ်ကြောင့် ကာယသင်္ခါရ ဆိုပါသနည်း။ ဝိတက်- ဝိစာရတို့ကို အဘယ်ကြောင့် ဝစီသင်္ခါရဆိုပါသနည်း။ သညာ-ဝေဒနာတို့ကို အဘယ်ကြောင့် စိတ္တသင်္ခါရ ဆိုပါသနည်း။
ဖြေ။ ။ ဒါယကာဝိသာခ- အဿာသပဿာသတို့သည် ကိုယ်၌မှီကုန်၏၊ ကိုယ်နှင့် စပ်ကုန်၏။ ထို့ကြောင့် အဿာသ ပဿာသတို့ကို ကာယသင်္ခါရ ဟုဆိုသည်။
ရှေးဦးစွာကပင် ကြံစည်ဆင်ခြင်၍ နောက်မှ စကားကို ပြောဆိုခြင်းဖြစ်၏၊ ထို့ကြောင့် ဝိတက် - ဝိစာရတို့ကို ဝစီသင်္ခါရဟုဆိုသည်။
သညာ-ဝေဒနာတို့သည် စိတ်နှင့် စပ်ကုန်၏။ ထို့ကြောင့် သညာ-ဝေဒနာတို့ကို စိတ္တသင်္ခါရ ဟု ဆိုသည်။

၁၅။ မေး။ ။ အရှင်မ- သညာ-ဝေဒနာတို့၏ချုပ်ရာ နိရောဓသမာပတ်သည် အဘယ်သို့ ဖြစ်ပါသနည်း။
ဖြေ။ ။ ဒါယကာဝိသာခ- သညာ-ဝေဒနာတို့ချုပ်ရာ နိရောဓသမာပတ်သို့ ဝင်စားသော ရဟန်းအား ငါသည် သညာဝေဒနာတို့ ချုပ်ရာ နိရောဓသမာပတ်သို့ ဝင်စားလတ္တံ့ ဟူ၍လည်းကောင်း၊ ဝင်စားဆဲဟူ၍ လည်းကောင်း၊ ဝင်စားပြီး ဟူ၍ လည်းကောင်း စိတ်၌မဖြစ်ပါ။
စင်စစ်သော်ကား ရှေးအဖို့ ကပင်လျှင် ထိုရဟန်းသည် သညာ-ဝေဒနာတို့ ချုပ်စိမ့်သောငှာ စိတ်ကိုပွားများအပ်ပါသည်

၁၆။ မေး။ ။ သညာ,ဝေဒနာတို့ချုပ်ရာ နိရောဓသမာပတ် ဝင်စားသော ရဟန်းအား အဘယ်တရားတို့သည် ပထမချုပ်ပါသနည်း။ ကာယသင်္ခါရတို့သည် မူလည်း ပထမချုပ်ပါသလော၊ ဝစီသင်္ခါရ, စိတ္တသင်္ခါရတို့သည်မူလည်း ပထမချုပ်ပါသလော။
ဖြေ။ ။ ဒါယကာဝိသာခ- သညာ,ဝေဒနာတို့ချုပ်ရာ နိရောဓသမာပတ် ဝင်စားသော ရဟန်းအား ဝစီသင်္ခါရ ပထမချုပ်ပါသည်။ ထို့နောက် ကာယသင်္ခါရ၊ ထို့နောက် စိတ္တသင်္ခါရချုပ်ပါသည်။

၁၇။ မေး။ ။ အရှင်မ− အဘယ်သို့လျှင် သညာ, ဝေဒနာတို့ချုပ်ရာ နိရောဓသမာပတ်မှ ထပါသနည်း
ဖြေ။ ။ ဒါယကာဝိသာခ- သညာ, ဝေဒနာတို့ချုပ်ရာ နိရောဓသမာပတ်မှ ထသော ရဟန်းအား ငါသည် နိရောဓသမာပတ်မှ ထလတ္တံ့ဟူ၍ လည်းကောင်း၊ နိရောဓ သမာပတ်မှထအံ့ ထဆဲ ဟူ၍လည်းကောင်း၊ နိရောဓသမာပတ်မှ ထပြီးဟူ၍ လည်းကောင်း ဤသို့စိတ်၌မဖြစ်ပါ။
စင်စစ်သော်ကား ရှေးအဖို့ကပင်လျှင် ထိုရဟန်းသည် နိရောဓသမာပတ်မှ ထခြင်းငှာ စိတ်ကိုပွားများအပ်ပါသည်

၁၈။ မေး။ ။ အရှင်မ- သညာ,ဝေဒနာတို့ချုပ်ရာ နိရောဓသမာပတ်မှထသော ရဟန်းအား အဘယ်တရားတို့သည် ပထမဖြစ်ပါသနည်း။ ကာယသင်္ခါရသည်မူလည်း ပထမ ဖြစ်ပါသလော၊ ဝစီသင်္ခါရ, စိတ္တသင်္ခါရ တို့သည်မူလည်း ပထမဖြစ်ပါသလော။
ဖြေ။ ။ ဒါယကာ ဝိသာခ - သညာ, ဝေဒနာတို့ချုပ်ရာ နိရောဓ သမာပတ်မှ ထသော ရဟန်းအား စိတ္တသင်္ခါရပထမဖြစ်ပါသည်။ ထို့နောက် ကာယသင်္ခါရ၊ ထို့နောက် ဝစီသင်္ခါရတို့ ဖြစ်ကြပါသည်။

၁၉။ မေး။ ။ အရှင်မ− သညာ,ဝေဒနာတို့ချုပ်ရာ နိရောဓသမာပတ်မှ ထသော ရဟန်းကို ဖဿဘယ်နှစ်ပါးတို့သည် တွေ့ထိအပ်ပါကုန်သနည်း
ဖြေ။ ။ ဒါယကာဝိသာခ- သညာ,ဝေဒနာတို့ချုပ်ရာ နိရောဓသမာပတ်မှ ထသော ရဟန်းကို သုညတဖဿ, အနိမိတ္တဖဿ, အပ္ပဏိဟိတဖဿ ဟူသော ဖဿ ၃-ပါး တို့သည် တွေ့ထိအပ်ပါသည်။

၂၀။ မေး။ ။ အရှင်မ- သညာ, ဝေဒနာတို့ချုပ်ရာ နိရောဓသမာပတ်မှ ထပြီးသော ရဟန်း၏စိတ်သည် အဘယ်သို့ညွတ်ပါ ကိုင်းရှိုင်းပါသနည်း။
ဖြေ။ ။ နိဗ္ဗာန်သို့ညွတ်ပါသည်၊ နိဗ္ဗာန်သို့ကိုင်းရှိုင်းပါသည်။

၂၁။ မေး။ ။ ဝေဒနာ ဘယ်နှစ်ပါး ရှိပါသနည်း။
ဖြေ။ ။ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ အဒုက္ခမသုခဝေဒနာဟူ၍ ဝေဒနာ ၃-ပါးရှိပါသည်။

၂၂။ မေး။ ။ သုခဝေဒနာသည် အဘယ်တရားပါနည်း။ ဒုက္ခဝေဒနာသည် အဘယ် တရားပါနည်း။ အဒုက္ခမသုခဝေဒနာသည် အဘယ်တရားပါနည်း။
ဖြေ။ ။ ကိုယ်၌ဖြစ်စေ၊ စိတ်၌ဖြစ်စေ ချမ်းသာစွာ သာယာစွာ ခံစားသောဝေဒနာ သည် သုခဝေဒနာဖြစ်ပါသည်။
ကိုယ်၌ဖြစ်စေ၊ စိတ်၌ဖြစ်စေ ဆင်းရဲစွာ မသာယာစွာ ခံစားသော ဝေဒနာသည် ဒုက္ခဝေဒနာ ဖြစ်ပါသည်။
ကိုယ်၌ဖြစ်စေ စိတ်၌ ဖြစ်စေ သာယာသည်လည်းမဟုတ် မသာယာသည်လည်း မဟုတ်မူ၍ ခံစားသောဝေဒနာ သည် အဒုက္ခမသုခဝေဒနာ ဖြစ်ပါသည်။

၂၃။ မေး။ ။ သုခဝေဒနာသည် မည်သို့ချမ်းသာ၍ မည်သို့ဆင်းရဲပါသနည်း။ ဒုက္ခ ဝေဒနာသည် မည်သို့ချမ်းသာ၍ မည်သို့ ဆင်းရဲပါသနည်း။ အဒုက္ခမသုခ ဝေဒနာသည် မည်သို့ချမ်းသာ၍ မည်သို့ဆင်းရဲပါသနည်း။
ဖြေ။ ။ သုခဝေဒနာ တည်ရှိခြင်းသည် ချမ်းသာခြင်း ဖြစ်ပါသည်။
ဖောက်ပြန် ပျက်စီးခြင်းသည် ဆင်းရဲခြင်းဖြစ်ပါသည်။
ဒုက္ခ ဝေဒနာတည်ရှိခြင်းသည် ဆင်းရဲခြင်းဖြစ်ပါသည်၊
ဖောက်ပြန်ပျက်စီးခြင်းသည်ချမ်းသာခြင်းဖြစ်ပါသည်။
အဒုက္ခမသုခ ဝေဒနာကိုသိမြင်ခြင်းသည် ချမ်းသာခြင်းဖြစ်ပါသည်၊
မသိမမြင်ခြင်းသည် ဆင်းရဲခြင်း ဖြစ်ပါသည်။

၂၄။ မေး။ ။ သုခဝေဒနာ၌ အဘယ်အနုသယကိန်းပါသနည်း။ ဒုက္ခဝေဒနာ၌ အဘယ် အနုသယ ကိန်းပါသနည်း။ အဒုက္ခမသုခ ဝေဒနာ၌ အဘယ်အနုသယ ကိန်းပါသနည်း။
ဖြေ။ ။ သုခဝေဒနာရာဂါနုသယကိန်းပါသည်။
ဒုက္ခဝေဒနာပဋိဃာနုသယ ကိန်းပါသည်။
အဒုက္ခမသုခဝေဒနာအဝိဇ္ဇာနုသယကိန်းပါသည်။

၂၅။ မေး။ ။ အလုံးစုံသော သုခဝေဒနာရာဂါနုသယကိန်းပါသလော၊
အလုံးစုံသော ဒုက္ခဝေဒနာပဋိဃာနုသယ ကိန်းပါသလော၊
အလုံးစုံသော အဒုက္ခမ သုခဝေဒနာအဝိဇ္ဇာနုသယကိန်းပါသလော။
ဖြေ။ ။ အလုံးစုံသော သုခဝေဒနာ၌ ရာဂါနုသယ မကိန်းပါ
ထို့အတူအလုံးစုံသော ဒုက္ခဝေဒနာ၌ ပဋိဃာနုသယ မကိန်းပါ
အလုံးစုံသော အဒုက္ခမသုခဝေဒနာ၌ အဝိဇ္ဇာနုသယ မကိန်းပါ

၂၆။ မေး။ ။ သုခဝေဒနာ၌ အဘယ်တရားကို ပယ်အပ်ပါသနည်း။
ဒုက္ခဝေဒနာ၌ အဘယ်တရားကို ပယ်အပ်ပါသနည်း။
အဒုက္ခမသုခဝေဒနာ၌ အဘယ် တရားကို ပယ်အပ်ပါသနည်း။
ဖြေ။ ။ သုခဝေဒနာရာဂါနုသယကို ပယ်အပ်ပါသည်။
ဒုက္ခဝေဒနာပဋိဃာနုသယကို ပယ်အပ်ပါသည်။
အဒုက္ခမသုခဝေဒနာအဝိဇ္ဇာနုသယကို ပယ်အပ်ပါသည်။

၂၇။ မေး။ ။ အလုံးစုံသော သုခဝေဒနာရာဂါနုသယကိုပယ်အပ်ပါသလော။
အလုံးစုံသော ဒုက္ခဝေဒနာပဋိဃာနုသယကို ပယ်အပ်ပါသလော။
အလုံးစုံသော အဒုက္ခမသုခဝေဒနာအဝိဇ္ဇာနုသယကို ပယ်အပ်ပါသလော။
ဖြေ။ ။ အလုံးစုံသော သုခဝေဒနာ၌ ရာဂါနုသယကို၊
အလုံးစုံသော ဒုက္ခဝေဒနာ၌ ပဋိဃာနုသယကို၊
အလုံးစုံသော အဒုက္ခမသုခဝေဒနာ၌ အဝိဇ္ဇာနုသယကို မပယ်အပ်ပါ

ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင်၊ အကုသိုလ် တို့မှ ကင်းဆိတ်၍သာလျှင်၊ ဝိတက်, ဝိစာရတို့နှင့်တကွဖြစ်သော နီဝရဏ ကင်းခြင်း ကြောင့်ဖြစ်သော ပထမဈာန်နှင့် ပြည့်စုံသည်ဖြစ်၍ နေ၏။ ထိုပထမဈာန်ဖြင့် ရာဂါနုသယကို ပယ်၏။ ထိုပထမဈာန်ရာဂါနုသယ မကိန်းပါ

ဤမြတ်စွာဘုရား၏ သာသနာတော်၌ ရဟန်းသည် ဤသို့ဆင်ခြင်၏။ အဘယ်သို့ ဆင်ခြင်သနည်းဟူမူ- ယခုအခါ၌ အကြင်အရိယာပုဂ္ဂိုလ်တို့သည် အရဟတ္တဖိုလ် တည်းဟူသော တည်ရာကို ပြည့်စုံစေ၍ နေကြကုန်၏။ ငါသည် ဘယ်သောအခါ ကာလ၌ ထို အရဟတ္တဖိုလ်တည်းဟူသောတည်ရာကို ပြည့်စုံစေ၍ နေရပါအံ့နည်းဟု ဆင်ခြင်၏။
ဤသို့လျှင် မိမိထက်လွန်မြတ်သော တရားမရှိသော အရဟတ္တဖိုလ်၌ တောင့်တခြင်းကို ဖြစ်စေသော ရဟန်းအား တောင့်တခြင်းကြောင့် ဒေါမနဿဖြစ်၏။ ထိုဒေါမနဿဖြင့် ပဋိဃကို ပယ်၏၊ ထိုဒေါမနဿပဋိဃာနုသယ မကိန်းပါ

မြတ်စွာဘုရား သာသနာတော်၌ ရဟန်းသည် သုခကိုလည်းကောင်း၊ ဒုက္ခကို လည်းကောင်း ပယ်ခြင်းကြောင့် ရှေးအဖို့ကပင်လျှင် သောမနဿ ဒေါမနဿတို့ ချုပ်ခြင်းကြောင့် သုခလည်းမဟုတ်၊ ဒုက္ခလည်းမဟုတ်သော ဥပေက္ခာသည်ဖြစ်စေ အပ်သောသတိ၏ ထက်ဝန်းကျင် စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ထိုစတုတ္ထဈာန်ဖြင့် အဝိဇ္ဇာနုသယကို ပယ်၏။ ထိုစတုတ္ထဈာန်အဝိဇ္ဇာနုသယ သည် မကိန်းပါဟု ဖြေလေသည်။

၂၈။ မေး။ ။ သုခဝေဒနာ၏ဆန့်ကျင်ဘက်၊ ဝါ- ပြိုင်ဘက်တရားကား အဘယ်တရား ပါနည်း။
ဖြေ။ ။ သုခဝေဒနာ၏ဆန့်ကျင်ဘက်၊ ဝါ- ပြိုင်ဘက်တရားကား ဒုက္ခဝေဒနာ ဖြစ်ပါသည်။

၂၉။ မေး။ ။ ဒုက္ခဝေဒနာ၏ ဆန့်ကျင်ဘက်ကား အဘယ်တရားပါနည်း။
ဖြေ။ ။ သုခဝေဒနာဖြစ်ပါသည်။

၃၀။ မေး။ ။ အဒုက္ခမသုခဝေဒနာ၏ ဆန့်ကျင်ဘက်တရားကား အဘယ်တရားပါ နည်း။
ဖြေ။ ။ အဝိဇ္ဇာတရားဖြစ်ပါသည်။

၃၁။ မေး။ ။ အဝိဇ္ဇာ၏ဆန့်ကျင်ဘက်ကား အဘယ်တရားပါနည်း။
ဖြေ။ ။ ဝိဇ္ဇာတရားဖြစ်ပါသည်။

၃၂။ မေး။ ။ ဝိဇ္ဇာ၏ပြိုင်ဘက်သည်ကား အဘယ်တရားပါနည်း။
ဖြေ။ ။ လွတ်မြောက်ခြင်း ဝိမုတ္တိဖြစ်ပါသည်။

၃၃။ မေး။ ။ ဝိမုတ္တိ၏ ပြိုင်ဘက်ကား အဘယ်တရားပါနည်း။
ဖြေ။ ။ လွတ်မြောက်ခြင်း ဝိမုတ္တိ၏ ပြိုင်ဘက်သည်ကား နိဗ္ဗာန်ဖြစ်ပါသည်။

၃၄။ မေး။ ။ နိဗ္ဗာန်၏ ပြိုင်ဘက်တရားကား အဘယ်တရားပါနည်းဟု– ဆက်လက်၍ မေးသောအခါ ...
ဒါယကာ ဝိသာခ- သင်၏အမေးပြဿနာသည် လွန်၍သွားလေပြီ။ ကျွန်ုပ်သည် ပြဿနာ၏အဆုံးကို ဖြေဆိုခြင်းငှာ မစွမ်းနိုင်ပြီ။
ဒါယကာဝိသာခ- မြတ်သော ရဟန်း၏အကျင့်သည် နိဗ္ဗာန်သို့သက်ဝင်၏၊ နိဗ္ဗာန်လျှင် လဲလျောင်းရာ ရှိ၏၊ နိဗ္ဗာန်လျှင် အဆုံးရှိ၏။
သို့ဖြစ်၍ အသင်သည် ဆက်လက်၍ မေးလျှောက်ခြင်းငှာ အလိုရှိသည်ဖြစ်အံ့၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရားထံ ချဉ်းကပ်၍ လျှောက်ထား ပါလေ။ မြတ်စွာဘုရား ဖြေကြားတော်မူတိုင်း မှတ်ထားပါလေ- ဟု ပြောကြား လေသည်။

ထိုအခါ ဝိသာခဥပါသကာသည် ဓမ္မဒိန္နာထေရီ ဖြေဆိုပြောကြားသောစကားကို ဝမ်းမြောက်စွာ သာဓုခေါ်၍ ဓမ္မဒိန္နာထေရီကို ရှိခိုးပြီးကာလ မြတ်စွာဘုရား ထံသွားရောက် ဆည်းကပ်ကာ ဓမ္မဒိန္နာထေရီနှင့် မေးဖြေသော အကြောင်းအရာ အလုံးစုံကို လျှောက်ကြား သောအခါ မြတ်စွာဘုရားသည် ဤသို့မိန့်တော်မူသည်။
ဓမ္မဒိန္နာသည် ပညာရှိ ပေသည်၊ ကြီးမားသော ပညာရှိပေသည်။ ဝိသာခ− သင်သည် အကယ်၍ ဤပြဿနာကို ငါ့အား မေးသည်ဖြစ်အံ့၊ ငါသည်လည်း ဓမ္မဒိန္နာ ဖြေသကဲ့သို့သာလျှင်ဖြေပေမည်။ သို့ကြောင့် ဓမ္မဒိန္နာဖြေကြားသည့်အတိုင်းသာ မှတ်သားလေလော့”ဟု မိန့်တော်မူရာ ဝိသာခ ဥပါသကာသည် မြတ်စွာဘုရား မိန့်တော်မူသည်ကို နှစ်သက်ဝမ်းမြောက်ခြင်းဖြစ်လေပြီ။

သတိပြုဖွယ်

စာမျက်နှာ(၂ဝ၄)၌ စာလုံးမဲဖြင့် ပြထားသော (ဒေါမနဿဖြင့် ပဋိဃကို ပယ်၏၊ ထိုဒေါမနဿပဋိဃာနုသယ မကိန်းပါ) ဟူသော စကားကို အဋ္ဌကထာ၌ ဤသို့ ရှင်းလင်းပြဆိုထား၏။

ပဋိဃဖြင့် ပဋိဃကို, ဒေါမနဿဖြင့် ဒေါမနဿကို ပယ်သည်ဟူ၍ မရှိ၊ ဤ ရဟန်းသည်ကား တစ်စုံတစ်ခုသော အကျင့်ပဋိပတ်ကို သင်ယူ၍ ဤသို့ဆင်ခြင်၏။

ရဟန်း- သင်ကြည့်လော့၊ သင်၏သီလသည် ယုတ်လျော့သောအရာရှိသလော။ သို့မဟုတ် ဝီရိယ၊ သို့မဟုတ် ပညာသည် ယုတ်လျော့မှုရှိသလော။ သင်၏သီလ သည် အလွန်စင်ကြယ် လျက်ရှိ၏။ ချီးမြှောက် အပ်သော ဝီရိယလည်းရှိ၏။ ပညာ သည်လည်း ထက်မြက်စွာ ဆောင်လျက်ရှိ၏ဟူ၍ ဆင်ခြင်၏။

ဤသို့ဆင်ခြင်ပြီးကာလ ယခုအခါ၌ နောက်ထပ် တစ်ဖန် ဒေါမနဿမဖြစ်စေ တော့အံ့ဟု မြဲမြံစွာ ဝီရိယကိုပြုလျက် ၃-လအတွင်း၌ဖြစ်စေ၊ ၆-လအတွင်း၌ဖြစ်စေ အားထုတ်ကာ အနာဂါမိမဂ်ဖြင့် ပဋိဃကိုပယ်၏။
ဤသို့သော အကြောင်းပရိယာယ် အားဖြင့် ပဋိဃဖြင့်သာလျှင် ပဋိဃကို, ဒေါမနဿဖြင့် သာလျှင် ဒေါမနဿကို ပယ်သည်မည်၏-- ဟု ရှင်းလင်းပြသလေသည်။

ဒေါမနဿဖြစ်ပုံ ဝတ္ထု

ယောဂီပုဂ္ဂိုလ် တစ်ဦးတစ်ယောက်သည် ၃-လအတွင်း၌ တရားထူးရစေမည်၊ သို့မဟုတ် ၆-လအတွင်း၌ တရားထူးရစေမည်ဟု ဆောက်တည်ကာ တရားကို အားထုတ်၏။ မိမိပိုင်းခြားသော ကာလအတွင်း၌ ကြိုးစား၍အားထုတ်သော်လည်း တရားထူးမရခြင်းကြောင့် ထိုယောဂီပုဂ္ဂိုလ်၌ အားကြီးသော ဒေါမနဿဝေဒနာ ဖြစ်၏။

(ဤဒေါမနဿမျိုးကိုကား သေဝိတဗ္ဗ-မှီဝဲအပ်သော ဒေါမနဿ ဖြစ်သောကြောင့် သင့်လျော်သည်ဟု သက္ကပဉှာသုတ်၌ ဟောတော်မူသည်။)

တစ်နေ့သောအခါ ထိုဒေါမနဿကို အကြောင်းပြု၍ ဖုဿဒေဝမထေရ်ကဲ့သို့ တရားထူး ရသောကြောင့်တည်း။

အာဠိန္နက၌ သီတင်းသုံးနေတော်မူသော ဖုဿဒေဝ မထေရ်သည် မျက်ရည်များပင် စီးဆင်းသည့်တိုင်အောင် ဒေါမနဿဖြစ်တော်မူသည်။
ကြားရဖူးသည်ကား - ဖုဿဒေဝ မထေရ်သည် ၁၉-နှစ်တိုင်တိုင် ဂတပစ္စာဂတဝတ်ကို ဖြည့်ကျင့် တော်မူသည်။
ငါ့သည် ဤအကြိမ်၌ အရဟတ္တဖိုလ်ကို အရယူတော့အံ့၊ ဤ ပဝါရဏာပြုသော အကြိမ်၌ ဝိသုဒ္ဓိပဝါရဏာပြုတော့အံ့။

(ကိလေသာကင်းစင်သော အရဟတ္တဖိုလ်သို့ ရောက်ကာ ပဝါရဏာ ပြုတော့မည်ဟု ဆိုလိုသည်။)

ဟု စိတ်ကိုဖွဲ့၍ ရဟန်းတရားကို အားထုတ်လျက်သာလျှင် ၁၉-နှစ်တို့ကို ကျော်လွန်ခဲ့၏။ သီတင်းကျွတ်လပြည့်နေ့၌ ပဝါရဏာပြုရန် ကြွလာတော် မူသောအခါ မျက်ရည်ကျခြင်း ကင်းသောအခါဟူ၍ မရှိသောဟူ၏။
သို့သော်လည်း မယုတ်သော ဇွဲလုံ့လဖြင့် ဆက်လက် အားထုတ်တော်မူရာ နှစ်ပေါင်း၂၀-ပြည့်သော အခါ အရဟတ္တဖိုလ်သို့ ရောက်တော်မူကာ ဝိသုဒ္ဓိပဝါရဏာ ပြုတော်မူရလေပြီ။

ဤသို့သော နည်းပရိယာယ်အားဖြင့် ဒေါမနဿဖြင့် ပဋိဃကို ပယ်သည်ဟုဆိုသည်။ အရဟတ္တဖိုလ် မရောက်မီ အနာဂါမိမဂ်ဖိုလ် အခိုက်ကပင် ပဋိဃကို အကြွင်းမဲ့ ပယ်အပ်လေပြီ။

သိကြားမင်းအား ဟောသော ဝေဒနာနုပဿနာ

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိမြို့၊ ပုဗ္ဗာရုံကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် သိကြားမင်းသည် မြတ်စွာဘုရားထံ ဆည်းကပ်၍ ရှိခိုးပြီးကာလ မြတ်စွာဘုရား-- အဘယ်မျှလောက်သော အကျင့်တရားဖြင့် ရဟန်းတော်သည် အကျဉ်းအားဖြင့် တပ်မက်ခြင်းကင်းရာ (တဏှာကုန်ရာ) နိဗ္ဗာန်ကို အာရုံပြု၍ ကိလေသာ အာသဝေါတို့မှ လွတ်မြောက်သော စိတ်ရှိသူဖြစ်ပါသနည်း၊ ဧကန် ကိစ္စပြီးဆုံးသောသူ ဖြစ်ပါသနည်း၊ ဧကန် သံသရာဘေးကင်းသူဖြစ်ပါသနည်း၊ ဧကန်မြတ်သောအကျင့်ကို ကျင့်သူဖြစ်ပါသနည်း၊ ဧကန်ဇာတိအဆုံးသို့ရောက်သော သူဖြစ်ပါသနည်း၊ နတ်လူတို့ထက် မြတ်သောသူ ဖြစ်ပါသနည်း- ဟု လျှောက်ထား လေသည်။

သိကြားမင်း- ငါဘုရား၏ သာသနာတော်၌ ရဟန်းသည် ခန္ဓာငါးပါး၊ အာယတန ၁၂-ပါး၊ ဓာတ် ၁၈-ပါးတည်းဟူသော တရားအားလုံးကို သက်ဝင်စွဲလမ်းခြင်းငှာမသင့် ဟူ၍ကြားနာရဖူး၏၊ ထိုရဟန်းသည် ခန္ဓာငါးပါးစသောတရားအားလုံးကို အထူးသိ၏။ တရားအားလုံးကို အထူးသိပြီးနောက် ပိုင်းခြားဝေဖန်၍သိ၏။
ပိုင်းခြားဝေဖန်၍ သိပြီး နောက် သုခဝေဒနာကိုဖြစ်စေ၊ ဒုက္ခဝေဒနာကိုဖြစ်စေ၊ အဒုက္ခမသုခဝေဒနာကိုဖြစ်စေ ခံစားသည်ဖြစ်အံ့။ ထိုရဟန်းသည် ထိုဝေဒနာတို့၌ မမြဲသောအားဖြင့်ရှု၏တပ်စွန်းခြင်း ကင်းသော အားဖြင့်ရှု၏ချုပ်ပျက်သောအားဖြင့် ရှု၏၊ စွန့်လွှတ်ခြင်းကို အဖန်ဖန်တလဲလဲ ရှု၏၊ ဝါ- ရှု၍နေ၏။

ထိုသုံးပါးသော ဝေဒနာတို့၌ မမြဲသောအားဖြင့် ရှု၍နေသော၊ တပ်စွန်းခြင်း ကင်းသောအားဖြင့် ရှု၍နေသော၊ ချုပ်ပျက်သောအားဖြင့်ရှု၍နေသော၊ စွန့်လွှတ်ခြင်း ကို အဖန်တလဲလဲ ရှု၍နေသော ထိုရဟန်းသည် လောက၌ တစ်စုံတစ်ခုသော သင်္ခါရကိုမျှ စွဲလန်းခြင်း မဖြစ်တော့ပေ။ မစွဲလန်းသည်ဖြစ်၍ တပ်မက်ခြင်း မဖြစ်တော့ပေ၊

တပ်မက်ခြင်း မရှိသည်ဖြစ်၍ မိမိကိုယ်တိုင်သာလျှင် ကိလေသာတို့မှ ငြိမ်းအေး လေတော့သည်။ ပဋိသန္ဓေ နေမှုကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးအပ်ပြီ၊ ပြုဖွယ်ကိစ္စကိုပြုအပ်ပြီ၊ မဂ်ကိစ္စ အလို့ငှာ တစ်ပါးသော ပြုဖွယ်ကိစ္စ မရှိတော့ပြီဟု သိ၏။

သိကြားမင်း - ဤမျှသော စကားအစဉ်ဖြင့် ရဟန်းသည် အကျဉ်းအားဖြင့် တပ်မက်ခြင်းကင်းရာ (တဏှာကုန်ရာ) နိဗ္ဗာန်ကိုအာရုံပြု၍ ကိလေသာ အာသဝေါ တို့မှ လွတ်မြောက်သောစိတ်ရှိသူ၊ ဧကန် ကိစ္စပြီးဆုံးသူ၊ ဧကန်သံသရာဘေး ကင်းသူ၊ - မြတ်သောအကျင်ကိုကျင့်သူ၊ ဧကန်ဇာတိ၏ အဆုံးသို့ရောက်သူ၊ နတ်လူတို့ထက် မြတ်သောသူဖြစ်ပေသည်ဟု မိန့်တော်မူသည်။

သိကြားမင်းကို မြတ်စွာဘုရား ဟောတော်မူသော ဝေဒနာနုပဿနာ အကျဉ်းနည်း ကိုယူ၍ ယောဂီတို့သည် မိမိတို့၏သန္တာန်၌ သုခဝေဒနာ, ဒုက္ခဝေဒနာ, အဒုက္ခမသုခ ဝေဒနာဟူသော ဝေဒနာသုံးပါးတို့တွင် ဖဿတည်းဟူသော အကြောင်းကြောင့် တစ်ပါးပါးဖြစ်ပေါ်လာသောအခါ ဖြစ်ပေါ်လာသောဝေဒနာ၌ သာယာတပ်မက်မှု မဖြစ် စေမူ၍ အပြစ်ဟုရှု၍ မမြဲသောဝေဒနာဟု သိကြရမည်။

တပ်မက်ခြင်းကင်းအောင် နှလုံးသွင်း ဆင်ခြင်ကြရမည်၊ ချုပ်ခြင်း ပျက်ခြင်းသဘော ရှိသော ဝေဒနာဟုသိကြရမည်၊ မိမိဟု ဆိုအပ်သော အတ္တမဟုတ်၊ အနတ္တဖြစ်သော ဝေဒနာဟုသိကြ ရမည်။ ယင်းသို့သိလျှင် စွဲလမ်းမှ တပ်မက်မှု မဖြစ်၊ ဝေဒနာကြောင့် တဏှာမဖြစ်၊ တဏှာမဖြစ်လျှင်ဥပဒါန်မဖြစ်၊

ဥပဒါန်မဖြစ်လျှင် ဘဝမဖြစ်၊ ဘဝမဖြစ်က ဇာတိမဖြစ်၊ ဇာတိမဖြစ်လျှင် ဧကန် ဇာတိ၏ကုန်ဆုံးရာသို့ ရောက်နိုင်လေသည်။ ဇာတိ မကုန်သေးသည်ရှိသော် ဤ ဘဝတွင်လည်း တဒင်္ဂအားဖြင့် ငြိမ်းအေးချမ်းသာခြင်းကို ရရှိပေလိမ့်မည်ဟု ယုံကြည်ကာ အားထုတ်သင့်လှပေသည်။

တစ်နည်းအားဖြင့် --
သုခဝေဒနာကို မမြဲခြင်းကြောင့် ဒုက္ခဟု ရှုကြည့်ရမည်။ ဒုက္ခဝေဒန္ဒာကို ငြောင့်တံကျင်သဖွယ် ရှုကြည့်ရမည်။ ဥပေက္ခာဝေဒနာကိုမူကား အနိစ္စအဖြစ်ဖြင့် ရှုကြည့်ရမည်။ဆင်ခြင်ရမည်၊ ပွားများရမည်၊ ကြိမ်ဖန်များစွာ လေ့လာရမည်။

ဘာဝနာဟူသည် ဘာဝနာဟု အမည်ရှိသည့်အတိုင်း ပွားများလေ, လေ့လာလေ ဉာဏ်ပွင့်လေ၊ အမှန်ကိုမြင်လေ သဘောပေါက်လေဖြစ်သည်။ သို့ဖြစ်၍ ကရဇကာယ တည်းဟူသော ရုပ်ပေါ်၌ထင်ရှားသော ဝေဒနာတို့ကို ဉာဏ်ဖြင့်ရှု၍ ပွားများအားထုတ် နိုင်ကြပါစေကုန်သတည်း။

ဝေဒနာခရီးသည်များ နားနေရာဇရပ်ကြီး

ခရီးလမ်းဆုံလမ်းမ၌ရှိသော ဇရပ်သည် အရှေ့အရပ်၊ အနောက်အရပ်၊ တောင် အရပ်၊ မြောက်အရပ်တို့မှ လာကြကုန်သော မင်းပိုင်း စိုးပိုင်းက လာကြကုန်သော ခရီးသည်များလည်း တည်းခိုနားနေရာဖြစ်၏။ ဆင်းရဲသားအလုပ်သမားတို့ တည်းခို နားနေရာလည်းဖြစ်၏။ ရဟန်းသံဃာများမှစ၍ လူမျိုးစုံခရီးသွားတို့ တည်းခိုနားနေရာ လည်း ဖြစ်၏။

ထိုဇရပ်ကြီးနှင့်အတူပင် ရူပကာယ တည်းဟူသော ခန္ဓာအိမ်ဇရပ်ကြီးသည် သုခဝေဒနာတို့ဖြစ်ရာ ဌာနလည်းဖြစ်၏။ ဒုက္ခဝေဒနာတို့ဖြစ်ရာ ဌာနလည်းဖြစ်၏။ ဥပေက္ခာဝေဒနာတို့ဖြစ်ရာ ဌာနလည်းဖြစ်၏။

ထိုဝေဒနာသုံးပါးတို့တွင် သုခဝေဒနာဖြစ်ရာ၌လည်း --
နှစ်သက်အပ်သော ရူပါရုံကို ခံစားသော သုခဝေဒနာ ဖြစ်ရာဌာန၌လည်း ဖြစ်၏။
နှစ်သက်အပ်သော သဒ္ဒါရုံကိုခံစားသော သုခဝေဒနာ ဖြစ်ရာဌာန၌လည်းဖြစ်၏။
နှစ်သက်အပ်သော ဂန္ဓာရုံကိုခံစားသော သုခဝေဒနာ ဖြစ်ရာဌာန၌လည်းဖြစ်၏။
နှစ်သက်အပ်သော ရသာရုံကိုခံစားသော သုခဝေဒနာ ဖြစ်ရာဌာန၌လည်းဖြစ်၏။
နှစ်သက်အပ်သော ဖောဋ္ဌဗ္ဗာရုံကိုခံစားသော သုခဝေဒနာ ဖြစ်ရာဌာန၌လည်းဖြစ်၏။
နှစ်သက်အပ်သော ဓမ္မာရုံကိုခံစားသော သုခဝေဒနာဖြစ်ရာ ဌာန၌လည်း ဖြစ်၏။

မနှစ်သက်အပ်သော ရူပါရုံကိုခံစားသော ဒုက္ခဝေဒနာဖြစ်ရာ ဌာနလည်းဖြစ်၏။ ထို့အတူမနှစ်သက်အပ်သော သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, ဓမ္မာရုံတို့ကို ခံစားသော ဒုက္ခဝေဒနာဖြစ်ရာဌာနလည်း ဖြစ်၏။

နှစ်သက်အပ်သည်လည်းမဆိုရ၊ မနှစ်သက်အပ်သည်လည်း မဆိုရသော ရူပါရုံ သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, ဓမ္မာရုံ တို့ကိုခံစားသော ဥပေက္ခာဝေဒနာတို့ ဖြစ်ရာ ဌာနလည်းဖြစ်၏။

အဒုက္ခမသုခဝေဒနာ (ဥပေက္ခာဝေဒနာ)၏ အာရုံမျိုးသည်ကား နေ့စဉ် တွေ့ မြင် ကြားသိနေကြသော အာရုံတို့ပင် ဖြစ်သည်။

တစ်နည်းအားဖြင့် --
ခရီးသွားကြသည့် အခါ လမ်းဘေး၊ မြစ်ကမ်းဘေးတို့၌ တွေ့မြင်ကြရသော သစ်ပင်, တော,တောင် စသော အာရုံ တို့သည် အဒုက္ခမသုခဝေဒနာ၏ အာရုံတို့ဖြစ်သည်ဟု ဆိုရပေမည်။ အဘယ်ကြောင့် ဆိုသော် အာရုံတို့အပေါ်၌ လိုချင်တပ်မက်သော တဏှာလောဘလည်း မဖြစ်၊ နှလုံးမသာယာခြင်း ဒေါမနဿလည်းမဖြစ်မူ၍ သာမန်ကြည့်ရှု မြင်ကာမျှ၊ ကြားကာမျှဖြင့် လျစ်လျူရှု အပ်သော အာရုံများ ဖြစ်သောကြောင့်တည်း။

ပြဆိုအပ်ပြီးသော ဝေဒနာတို့သည် မိမိတို့ခံစားအပ်သော အာရုံတို့ မမြဲသောကြောင့် လည်းကောင်း, မိမိတို့၏ဖြစ်ကြောင်းဖြစ်သော ဖဿတို့က မမြဲသောကြောင့် လည်းကောင်း မိမိတို့သည် ရူပကာယ ခန္ဓာအိမ်ကြီး၌ အခိုက်အတန့် အခိုက်အတန့် ခေတ္တမျှ တည်းခိုနားနေသကဲ့သို့ ဖြစ်ပေါ်ကာ ချုပ်ပျောက်ကြကုန်သည်၊
မမြဲကြကုန်၊ မြဲစေလိုသောအလိုသို့ မလိုက်မပါကြကုန်၊ အနတ္တတို့သာဖြစ်ကြကုန်၏။ သို့ဖြစ်၍ ဧည့်သည် ခရီးသွား ခေတ္တနား နေသူတို့နှင့်တူသော ဝေဒနာတို့ကို ငါဟူ၍ မစွဲလမ်းမိ ကြစေရန် ဆင်ခြင်ပွားများကြကုန်ရာသည်။

ပဉ္စဝဂ္ဂီတို့အား ဓမ္မစကြာဟောရန်ကြွခြင်း

မြတ်စွာဘုရားသည် ကဆုန်လပြည့်နေ့၌ သဗ္ဗညုတဉာဏ်ကို ရတော်မူ၍ ဘုရား အဖြစ်သို့ ရောက်တော်မူပြီးသည့်နောက် ယခင်ကမ္မဋ္ဌာန်းတရားကို အတူတကွ အားထုတ်စဉ်အခါက အလုပ်အကျွေးဖြစ်ကြသော ကောဏ္ဍည, ဝပ္ပ, ဘဒ္ဒိယ, မဟာနာမ, အဿဇိ ဟူကုန်သော ပဉ္စဝဂ္ဂီတို့ရှိရာ ဗရာဏသီမြို့အနီး ဣသိပတန မိဂဒါဝုန်တောသို့ ကြွတော်မူကာ ပဉ္စဝဂ္ဂီတို့အား တရားဦးဖြစ်သော ဓမ္မစက္က (ဓမ္မစကြာ) တရားကို ဟောတော်မူရာ ဝါဆိုလပြည့်နေ့၌ အရှင်ကောဏ္ဍညနှင့် ၁၈-ကုဋေသော နတ်ဗြဟ္မာများ သောတာပန်အဖြစ်သို့ ရောက်ကြကုန်၏။

လပြည့်ကျော် တစ်ရက်နေ့၌ အရှင်ဝပ္ပ,
နှစ်ရက် နေ့၌ အရှင်ဘဒ္ဒိယ,
သုံးရက်နေ့၌ အရှင်မဟာနာမ,
လေးရက်နေ့၌ အရှင်အဿဇိ
တို့ အသီးအသီး သောတာပန်အဖြစ်သို့ ရောက်ကြကုန်၏။

ဝါဆိုလပြည့်ကျော် ၅-ရက်နေ့၊ အနောက်အရပ်၌ နေဝင်စ, အရှေ့အရပ်၌ လပေါ်ထွက်စအချိန်၊ မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီတို့အား အနတ္တလက္ခဏသုတ်ကို ဟောတော်မူသည်၊ အနတ္တလက္ခဏသုတ်ကို ကြားနာကြရသော ပဉ္စဝဂ္ဂီ ရဟန်းတော် ၅-ပါးတို့သည် အာသဝေါကုန်ခန်း၍ ရဟန္တာ အဖြစ်သို့ ရောက်တော်မူကြသည်။

ပဉ္စဝဂ္ဂီတို့အား ဟောကြားတော်မူသော အနတ္တလက္ခဏသုတ်၌ မြတ်စွာဘုရားသည် အရူပဖြစ်သော နာမက္ခန္ဓာတို့၏ အနတ္တစသည့် အဖြစ်ကို မဟောမီ ထိုနာမက္ခန္ဓာ တို့၏ တည်ရာ ဝတ္ထုဖြစ်သော ရုပ်တရား၏ အနတ္တအဖြစ်ကို ရှေးဦးစွာ ဟောတော်မူသည်။
ထို့နောက်မှ အရူပဖြစ်သော နာမက္ခန္ဓာတို့၏ အနတ္တဖြစ်ပုံကို ဟောတော်မူသည်။ နာမက္ခန္ဓာတို့တွင်လည်း ဝေဒနာ၏ အနတ္တအဖြစ်ကို ရှေးဦးစွာ ဟောတော်မူသည်။ ထို့နောက်မှ သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ, ဝိညာဏက္ခန္ဓာတို့၏ အနတ္တအဖြစ်ကို ဟောတော်မူသည်။

ဝေဒနာနုပဿနာ ကမ္မဋ္ဌာန်းကျမ်း၌ ဝေဒနာ အနတ္တစသည် အဖြစ်ကို အနတ္တလက္ခဏ သုတ်အတိုင်း မြန်မာပြန်ကာ ထည့်သွင်းဖော်ပြလိုက်သည်။ ပဉ္စဝဂ္ဂီ ရဟန်းတော်များအား အရဟတ္တဖိုလ် တိုင်အောင် ရစေရောက်စေသော တရားဦး ဖြစ်သော ကြောင့် လေးလေးစားစားကြည့်ရှုမှတ်သားသင့်ကြသည်။

ဝေဒနာ အနတ္တ လက္ခဏသုတ်

ရဟန်းတို့ -- ဝေဒနာသည် အတ္တမဟုတ် (မိမိကိုယ် မဟုတ်)။ ဝေဒနာသည် အတ္တဖြစ်ငြားအံ့၊ ဝေဒနာသည် ကျင်နာပျက်စီးခြင်း မဖြစ်ရာ။ ငါ၏ဝေဒနာသည် ဤသို့ဖြစ်ပါစေ၊ ဤသို့ မဖြစ်ပါစေနှင့်ဟု တောင့်တ၍ ပြုပြင်၍ ရရာ၏။ စင်စစ်ကား ဝေဒနာသည် အတ္တမဟုတ်၊ မိမိကိုယ်မဟုတ်၊ ယင်းသို့ အတ္တမဟုတ်၊ ကိုယ်မဟုတ်သောကြောင့် ကျင်နာပျက်စီးခြင်း ဖြစ်၏။ ငါ၏ ဝေဒနာသည် ဤသို့ ဖြစ်ပါစေ၊ ဤသို့မဖြစ်ပါစေနှင့်ဟု တောင့်တ၍ ပြုပြင်၍ မရချေ။

ရဟန်းတို့-- ငါ ပြောဆိုလတ္တံ့ သောစကားကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း။
ဝေဒနာသည် မြဲသလော၊ မမြဲသလော။
မမြဲပါဘုရား။
မမြဲသောဝေဒနာသည် ဆင်းရဲသလော၊ ချမ်းသာသလော။
ဆင်းရဲပါသည်အရှင်ဘုရား။
အကြင်ဝေဒနာသည် မြဲခြင်းမရှိ၊ ဆင်းရဲ၏၊ ဖောက်ပြန်သော သဘောရှိ၏။ ထို ဝေဒနာကို ဤဝေဒနာသည် ငါ၏ဝေဒနာတည်း၊ ဤဝေဒနာသည် ငါဖြစ်၏၊ ဤဝေဒနာသည် ငါ၏အတ္တ ငါ့ကိုယ် တည်းဟု ဉာဏ်ဖြင့်ရှုကြည့်သင့်ပါသလော။
မသင့်ပါ, အရှင်ဘုရား။

ရဟန်းတို့ -- သို့ဖြစ်သောကြောင့် အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, သြဠာရိက, သုခုမ, ဟီန, ပဏီတ, ဒူရ, အာသန္န ဖြစ်ကုန်သော အလုံးစုံသော ဝေဒနာတို့သည် ရှိကုန်၏။ ထိုဝေဒနာအားလုံးသည် ငါ၏ဝေဒနာမဟုတ်ငါ၏ ကိုယ်မဟုတ်ငါမဟုတ်ငါ၏ အတ္တမဟုတ် ဟူ၍ ဟုတ်မှန်သော အတိုင်း ဉာဏ်မျက်စိဖြင့် ရှုကြည့်အပ်၏။

ရဟန်းတို့ --- ဤသို့ရှုကြည့်သော အရိယသာဝကသည် ဝေဒနာ၌ ငြီးငွေ့လာ၏။ ငြီးငွေ့ သည်ရှိသော် ဝေဒနာ၌ တပ်မက်နှစ်သက်ခြင်းကင်း၏။ တပ်မက်နှစ်သက်ခြင်း ကင်းသောကြောင့် ကိလေသာမှလွတ်၏။ ကိလေသာမှ လွတ်မြောက်ပြီးသော အရဟတ္တဖိုလ်၌တည်၍ ကိလေသာမှလွတ်ပြီဟူ၍ ပစ္စဝေက္ခဏာဉာဏ်ဖြင့်သိ၏။ ပဋိသန္ဓေ တည်နေရခြင်း ကုန်ပြီ။ မြတ်သော ရဟန်းတရားကို ကျင့်သုံးအပ်ပြီ။ ပြုဖွယ်ကိစ္စကို ပြုအပ်ပြီ။ တစ်ဖန် တစ်ပါးသော မဂ်ကိစ္စကို ပြုဖွယ်မရှိတော့ပြီ -ဟု သိလေ၏ဟု ဟောတော်မူသည်။
ဤကား ဝေဒနာ အနတ္တလက္ခဏသုတ် ဒေသနာတော်ဖြစ်သည်။

ဝေဒနာနှင့်စပ်သော ဤမျှသော စကားအစဉ်ဖြင့် ဝေဒနာနုပဿနာ ဒေသနာ တော်သည် အတော်ကလေး ပြည့်စုံပေပြီ။
မြတ်စွာဘုရား ကိုယ်တော်တိုင် တရားဦးအဖြစ်ဖြင့် ပဉ္စဝဂ္ဂီရဟန်းတော်ငါးပါးတို့အား အာသဝေါကုန်ခန်း၍ ရဟန္တာဖြစ်သည်တိုင်အောင် ဟောကြားတော်မူအပ်သော အနတ္တလက္ခဏသုတ်ကိုလည်း ထုတ်ဆောင် ပြဆိုအပ်လေပြီ။
ထိုအနတ္တလက္ခဏသုတ် ဒေသနာတော်ဖြင့် ဝေဒနာတို့ကို ကြိတ်ချေကာ ဖြိုဖျက်ကာ ဆင်ခြင်ပွားများ ပွားကြကုန်၍ ဝေဒနာနုပဿနာ ကမ္မဋ္ဌာန်းကို နိဂုံး ကမ္ပတ် အပြီးသတ် ပေတော့မည်။

နောက်ကပြဆိုခဲ့သော --
၁။ စက္ခုသမ္ဖဿဇာဝေဒနာ
၂။ သောတသမ္ဖဿဇာ ဝေဒနာ
၃။ ဃာနသမ္ဖဿဇာဝေဒနာ
၄။ ဇိဝှါသမ္ဖဿဇာဝေဒနာ
၅။ ကာယသမ္မဿဇာ ဝေဒနာ
၆။ မနောသမ္ဖဿဇာဝေဒနာ-ဟူ၍ ဝေဒနာ ၆-မျိုးရှိရာ...

၁။ ရူပါရုံ, စက္ခုပသာဒ, စက္ခုဝိညာဏ်စိတ် ၃-ပါးတို့ ပေါင်းဆုံမိခြင်းကို စက္ခုသမ္ဖဿ ဆိုသည်၊ ထို သဘောတရား ၃-ပါး ပေါင်းဆုံမိခြင်း ဖဿကြောင့် ဝေဒနာ ဖြစ်ပေါ်လာသည်။ ဖဿဖြစ်သော ရူပါရုံ,စက္ခုပသာဒ, စက္ခုဝိညာဏ်စိတ်တို့သည် မမြဲကြ၊ ရူပါရုံနှင့်စက္ခုပသာဒရုပ်တို့သည် စိတ္တက္ခဏ ၁၇-ချက်မျှသာ ရုပ်သက်ရှိကြ၍ ချုပ်ဆုံးပျက်စီးကြကုန်၏။ စက္ခုဝိညာဏ်စိတ်သည်လည်း စိတ္တက္ခဏ တစ်ချက်မျှသာ အသက်ရှိ၍ ခဏချင်းချုပ်ပျောက်ပျက်စီး၏။ ဝေဒနာ၏ ဖြစ်ကြောင်းဖြစ်သော ဖဿဟု ဆိုအပ်သော ရူပါရုံ, စက္ခုပသာဒ, စက္ခုဝိညာဏ်စိတ်တို့၏ ပေါင်းဆုံမိခြင်း သည်ပင်လျှင် အမြဲမတည်ကြမူ၍ ကာလထောင်တာ ကြာရှည် မတည်ကြဘဲ ပျက်စီးကြ, ချုပ်ကြ ပျောက်ကြပါလျှင် ထိုဖဿကြောင့် ဖြစ်သော ဝေဒနာသည် အမြဲတည်နိုင်ပါဦးမည်လော၊ ဆင်ခြင်ကြကုန်။

အမြဲမတည်ပါ၊ လက်ညှိုးညွှန်၍ ပြလောက်ရုံမျှ တည်တံ့မှုမရှိသော ဝေဒနာကို ဤဝေဒနာသည် ငါဖြစ်သည်၊ ငါ့အတ္တဖြစ်သည်၊ ငါ့ကိုယ်ဖြစ်သည်ဟူ၍ ဆိုနိုင် ပါဦးမည်လော။ ဉာဏ်မျက်စိဖြင့် ကြည့်၍ မြင်ပါဦးမည်လော။
အမှန်စင်စစ်အားဖြင့် ဤဝေဒနာသည် ငါဖြစ်သည်၊ ငါ့ဝေဒနာဖြစ်သည်၊ ငါ့အတ္တ ဖြစ်သည် စသည်ဖြင့် ဆိုနိုင်ခြင်းလည်းမရှိ၊ ဉာဏ်မျက်စိဖြင့် မြင်စရာလည်းမရှိ။ ဖဿပေါ်တိုင်း ဝေဒနာပေါ်ကာ၊ ဖဿချုပ်ယင်း ဝေဒနာချုပ်ယင်း တစဉ်တတန်းကြီး ဖြစ်ချည်ပျက်ချည်အားဖြင့် ပရမတ္ထတို့၏ သဘောသဘာဝ ဓမ္မတာအတိုင်း ဖြစ်ပျက်လျက်ရှိခြင်းသာ ဖြစ်သည်ကို ဉာဏ်စိုက်၍ ကြည့်ကြလေကုန်။

စက္ခုသမ္ဖဿကြောင့် ဖြစ်သော ဝေဒနာသည် အမြဲမတည်သကဲ့သို့လည်းကောင်း၊ မိမိ၏ အတ္တ မိမိ၏ ဝေဒနာဟု မဆိုရ မဆိုနိုင်သကဲ့သို့ လည်းကောင်း၊ အမြဲတည် ရှိနေသည်ကို ဉာဏ်မျက်စိဖြင့် ကြည့်၍မမြင်သကဲ့သို့လည်းကောင်း ထို့အတူ --
သောတ သမ္မဿကြောင့် ဖြစ်သော ဝေဒနာ,
ဃာနသမ္မဿကြောင့် ဖြစ်သောဝေဒနာ,
ဇိဝှာသမ္ဖဿ ကြောင့် ဖြစ်သော ဝေဒနာ,
ကာယသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာ,
မနောသမ္ဖဿကြောင့် ဖြစ်သော ဝေဒနာ
တို့သည်လည်း အမြဲမတည်ကုန်မိမိ၏ အတ္တမဟုတ်ကုန်၊ မိမိ၏ ဝေဒနာဟု မဆိုနိုင်ကြကုန်။ ပရမတ္ထသဘာဝအတိုင်း အကြောင်း အကျိုးဆက်ကာ ဖြစ်ပျက် နေကြသော သဘောတရားတို့သာလျှင် ဖြစ်ကုန်၏။

စက္ခုသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာသည်လည်း --
၁။ သုခဝေဒနာ၊
၂။ ဒုက္ခ ဝေဒနာ၊
၃။ ဥပေက္ခာဝေဒနာဟူ၍ သုံးပါးရှိရာ -
နှစ်သက်မြတ်နိုးဖွယ် ရူပါရုံကို အာရုံ ပြုလျှင် သုခဝေဒနာဖြစ်သည်။ မနှစ်သက်ဖွယ် စိတ်နှလုံးမချမ်းသာဖွယ်ဖြစ်သော ရူပါရုံကိုအာရုံပြုလျှင် ဒုက္ခဝေဒနာဖြစ်သည်။ သာမန် အာရုံမျိုးကိုအာရုံပြုလျှင် ဥပေက္ခာ ဝေဒနာ ဖြစ်သည်။

အဘယ်ကဲ့သို့သော ဝေဒနာပင်ဖြစ်သည်ဖြစ်စေ၊ အကြောင်းတရားကို အစွဲပြု၍၊ ဝါ- အကြောင်းကြောင့်ဖြစ်ပေါ်လာသော အကျိုးတရားဖြစ်သော ဝေဒနာ ဟူသမျှသည် အကြောင်းတရားကိုက မမြဲ၍ ချုပ်ပျောက် ပျက်စီးခြင်း သဘောရှိသည် ဖြစ်သော ကြောင့် အကျိုးဖြစ်သော ဝေဒနာတို့သည်လည်း မတည်မြဲနိုင်မူ၍ ချုပ်ပျောက် ပျက်စီး ကြရကုန်၏။
ဧရာဝတီမြစ်လယ် သောင်ကျွန်းပေါ်၌ ပေါက်ရောက်သော ကိုင်းပင်တို့သည် မြစ်ရေတိုက်စား၍ သောင်ကျွန်း ပြိုပျက်လေလျှင် ကိုင်းပင်တို့သည်လည်း ပြိုပျက်ကြ ကုန်သကဲ့သို့၊ ထို့အတူ ဖဿကြောင့်ဖြစ်သော ဝေဒနာတို့သည် တည်မှီရာ အကြောင်း ဖြစ်သော ဖဿတို့ ချုပ်ပျောက် ပျက်စီးခြင်းသဘော ရှိသည်ဖြစ်၍ ဝေဒနာတို့ သည်လည်း ချုပ်ပျောက်ပျက်စီးကြကုန်သည်သာလျှင်တည်း။

နှစ်သက်အပ်သော အာရုံတစ်ခု ရှေးရှုပေါ်လာ၍ ထိုအာရုံကိုခံစားသော သောမနဿ ဝေဒနာသည် သာယာနှစ်သက်သော တဏှာနှင့်ယှဉ်သည်ဖြစ်အံ့၊ ထိုဝေဒနာသည် ရာဂါနုသယနှင့် တကွဖြစ်သော ဝေဒနာဖြစ်၏၊ ကိလေသာ အမိသနှင့်တကွဖြစ်သော ဝေဒနာဖြစ်၏၊ မမှီဝဲအပ်သော ဝေဒနာဖြစ်၏၊ အကုသိုလ်နှင့်ယှဉ်သော ဝေဒနာဖြစ်၏။ ယောဂီပုဂ္ဂိုလ်သည် ထိုဝေဒနာမျိုးကို မဖြစ်စေရာ။ အကယ်၍ ဖြစ်ပေါ်လျှင် ထိုဝေဒနာ၏ အပြစ်ကိုရှု၍ ပယ်ဖျောက်ရာ၏။

မနှစ်သက်အပ်သော အာရုံတစ်ခု ရှေးရှုပေါ်လာ၍ ထိုအာရုံကို ခံစားသော ဒေါမနဿ ဝေဒနာသည် ဒေါသနှင့်ယှဉ်သည်ဖြစ်အံ့၊ ထိုဝေဒနာသည် ပဋိဃာနုသယ နှင့် တကွဖြစ်သော ဝေဒနာဖြစ်၏၊ ကိလေသာအာမိသနှင့်တကွဖြစ်သော ဝေဒနာဖြစ်၏၊ မမှီဝဲအပ်သော ဝေဒနာဖြစ်၏၊ အကုသိုလ်နှင့်ယှဉ်သော ဝေဒနာ ဖြစ်၏။
ယောဂီပုဂ္ဂိုလ်သည် ထိုဝေဒနာမျိုးကိုလည်း မဖြစ်စေရာ။ အကယ်၍ ဖြစ်ပေါ်လာလျှင် ယောနိသော မနသိကာရဖြင့် သင့်တင့်အောင် နှလုံးသွင်း၍ ပဋိဃာနုသယကို ပယ်ဖျောက်ရာ၏။ ပျက်စီးခြင်း, ဆင်းရဲခြင်း, အစိုးမရခြင်း သဘောတို့ကိုမူလည်း ဆင်ခြင်၍ ပယ်ဖျောက်ရာ၏။

မြတ်စွာဘုရား ဟောတော်မူသော ဝေဒနာတို့၌လာသော နည်းတို့ကို ယူ၍ ပေါ်လာသော ဝေဒနာတိုင်းကို ရှု၍ ဤဝေဒနာသည် လက်ခံမှီဝဲထိုက်သော ဝေဒနာလော၊ ပယ်ဖျောက်အပ်သော ဝေဒနာလော။ ဤသို့ဆင်ခြင်ကာ ဉာဏ်ဖြင့် ဝေဖန်၍ မမှီဝဲအပ်သော ဝေဒနာ, ကိလေသာ အာမိသနှင့်တကွဖြစ်သောဝေဒနာ, အကုသိုလ်နှင့်ယှဉ်သော ဝေဒနာမျိုး ဖြစ်လျှင် တစ်နည်းနည်းဖြင့် ပယ်ဖျောက်ရမည်။
မှီဝဲအပ်သော ဝေဒနာ, ကိလေသာ အာမိသ ကင်းသော ဝေဒနာ, ကုသိုလ်နှင့် ယှဉ်သော ဝေဒနာပင်ဖြစ်သော်လည်း ထိုဝေဒနာကို သာယာနှစ်သက်ခြင်း, တပ်မက်ခြင်း, ငါ့ဝေဒနာဟူ၍လည်းကောင်း, ဤဝေဒနာသည်ပင် ငါဟူ၍ လည်းကောင်း၊ စွဲလမ်းခြင်း တို့ကိုမဖြစ်စေဘဲ မှားသောအားဖြင့်မရှုမူ၍ အနတ္တ လက္ခဏသုတ်၌ ဟောတော်မူ သည့်နည်း အားလျော်စွာ ဤဝေဒနာသည် အတ္တမဟုတ်ကိုယ်မဟုတ်ငါမဟုတ်ပေ။ မဟုတ်သောကြောင့်ပင် ကုန်ခြင်း ပျက်ခြင်း သဘောရှိ၏၊ ကုန်ခြင်း ပျက်ခြင်းကြောင့် ဆင်းရဲခြင်း ဖြစ်၏။ မကုန်စေရန် တောင့်တ၍မရ၊ အလိုသို့မပါ၊ အစိုးမရ မပိုင် မနိုင်ခြင်းကြောင့် အနတ္တအစစ် ဖြစ်ပေသည်ဟု အနတ္တသဘောရှိသော ပရမတ္ထဝေဒနာ တို့သာ ဖြစ်ချေသည်ဟု ဆင်ခြင် ပွားများကြကုန်ရာသတည်း။

နိဂုံး

ကတံ မယာ ကမ္မဋ္ဌာနံ
ဝေဒနာနံ နုပဿနံ
သာဓဝေါ သမ္မာ ဒိက္ခန္တု
ပတ္တေန္တာ ဝေဒနာက္ခယံ

ဝေဒနာနံ၊ ဝေဒနာ ၂-ပါး, ၃-ပါး, ၅-ပါး, ၆-ပါး, ၁၈-ပါး, ၃၆-ပါး, ၁၀၈-ပါးတို့ကို။
အနုပဿနံ၊ အဖန်ဖန်ပွားများရှုကြည့်ရာ ရှုကြည့်ကြောင်းဖြစ်သော။
ကမ္မဋ္ဌာနံ၊ ကမ္မဋ္ဌာန်းကျမ်းကို။
မယာ၊ ငါသည်။
ကတံ၊ ရေးသားအပ်ပြီ။
ဝေဒနာက္ခယံ၊ သုခ ဒုက္ခ စသောဝေဒနာတို့၏ ငြိမ်းအေးကုန်ဆုံးရာ ဖြစ်သော နိဗ္ဗာန်ကို။
ပတ္ထေန္တာ ၊ လိုလားတောင့်တကြကုန်သော။ (သာဓဝေါ၌စပ်။)
ဝါ၊ လိုလားတောင့်တကြကုန်သည် ဖြစ်၍။
သာဓဝေါ၊ သူတော်ကောင်းတို့သည်။
သမ္မာ ဒိက္ခန္တု- သမ္မာ ဣက္ခန္တု ၊ ကောင်းစွာ လေ့လာကြည့်ရှုကြကုန်လော။

အရှင်ပဏ္ဍိတထေရ်
ရွှေဟင်္သာဆရာတော်
ရွှေဟင်္သာတိုက်သစ်
စစ်ကိုင်းတောင်ရိုး။

မြန်မာသက္ကရာဇ် ၁၃၃၆-ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၅-ရက်၊ ဗုဒ္ဓဟူးနေ့ ပြီးသည်။

စစ်ကိုင်းတောင်ရိုး ရွှေဟင်္သာတိုက်သစ်
ရွှေဟင်္သာဆရာတော် အရှင်ပဏ္ဍိတထေရ်
စီရင်ရေးသားအပ်သော

စိတ္တာနုပဿနာသတိပဋ္ဌာန်

▬▬▬ஜ۩۞۩ஜ▬▬▬

မာတိကာ

နိဒါန်း
ပဏာမဂါထာ
အကြောင်းပြစကား ပထမစာမူ
ဒုတိယစာမူ
အရှင်ဗုဒ္ဓဃောသအလား
စိတ္တာနုပဿနာ အဓိပ္ပာယ်ထွက်သွားတတ်သည်
တကယ်ထွက်သလား
ဥပမာပြချက်
ရှင်နာဂသိန်ဟောချက် စိတ်ဆောင်ပုံ မိလိန္ဒအမေး
ရှင်နာဂသိန်အဖြေ
လျင်မြန်ခြင်း
ရိုင်းသောစိတ်
မကောင်းမှု၌ပျော်ခြင်း
စိတ်ကိုပစ်မထားသင့်
တန်ခိုးကြီးသောစိတ်
စိတ်ဆောင်ပုံအမေးအဖြေ
ပဋိသန္ဓေစိတ်မြန်ပုံ
စိတ်ကို ကမ္မဋ္ဌာန်းဖြင့်ထိန်းပါ
ရာဂမိုးနှင့် ဘာဝနာအမိုး
နန္ဒမင်းသားဝတ္ထု
အမိုးမလုံခြင်းအပြစ်
အမိုးလုံခြင်းအကျိုး
နတ်သမီးနှင့် မျောက်အိုမ
ရဟန္တာဖြစ်ခြင်း
ဖောက်ပြန်လျက် အထိန်းခက်သောစိတ်
ကလေးလိုစိတ်
နွားရိုင်းလိုစိတ်
မြားထိဥပမာ
မငဲ့မထောက် ဖောက်ပြန်သောစိတ်
လျင်စွာရောက်လျက် ဆုံးမခက်သောစိတ်
မာတိကမာတာ၏ ကျေးဇူး
စိတ်ကိုဆုံးမ ချမ်းသာရ
တရားတောင်းခြင်း
အနာဂါမ်ဖြစ်ခြင်း
မျှတသောအာဟာရသတ္တိ
ရဟန်းငယ်တစ်ပါးဖြစ်ပုံ
ဒကာမကြီးစိတ်ကို စမ်းခြင်း
ရဟန္တာဖြစ်ခြင်း
အောင်မြင်ခြင်းလေးပါး
စိတ်ဆိုးသူကို နိုင်ရန်နည်း
စိတ်ယုတ်သူကို အနိုင်ရနည်း
ကောက်ကျစ်စေးနှဲသူကို အနိုင်ရနည်း
လိမ်တတ်သူကို အနိုင်ရနည်း
ဥတ္တရာဝတ္ထု
သူတော်ကောင်းစိတ်ရှိသူ၏ အောင်နိုင်ပုံတစ်ရပ်
သည်းခံခြင်းကြောင့် ဂုဏ်သိက္ခာ မထိခိုက်ခြင်း
မြတ်စွာဘုရား သည်းခံတော်မူရပုံ
စိတ်ကို တားမြစ်သင့်ရာ၌ တားမြစ်၍ အားပေး၍
ချီးမြှောက်သင့်ရာ၌ ချီးမြှောက်ရခြင်း
စိတ္တဟတ္ထ၏ ဘဝသံဝေဂ
သူဋ္ဌေးသား သောရေယျ၏အဖြစ်ဆန်း
နာမ်ခန္ဓာတို့၏ အမှူးဖြစ်သောစိတ်
နာဋပုတ္တနိဂဏ္ဌ္ဌတပည့် ဥပါလိကျွတ်ခန်း
စိတ်ကိုရှုမှတ်နည်း
ဒိဋ္ဌိအချုပ်သက္ကာယ
အသက်ကို အန္တရာယ်ပြုသောသရာဂ
စိတ်စင်ကြယ်မှ ဝိမုတ္တ
နိဂုံး

စိတ္တာနုပဿနာကျမ်း

▬▬▬▬▬▬▬

နိဒါန်း

သတိပဋ္ဌာန်တရား ပွားသင့်ပုံ

ဖွားသက်ရှည်

အမျိုးသမီးကြီး တစ်ဦးသည် အသက် ၁၂ဝ-ရှိကြောင်း သတင်း ထင်ပေါ် ကျော်ကြားသည်။ မြန်မာ သက္ကရာဇ် ၁၃၁၅-ခု၊ ၁၃၁၆-ခု အချိန်အခါလောက်က ဖြစ်သည်။ ထိုစဉ်က ဆဋ္ဌသင်္ဂါယနာတင်ပွဲ ကျင်းပဆဲဖြစ်ရာ မြန်မာ သီရိလင်္ကာ (သီဟိုဠ်) ထိုင်း(ယိုးဒယား) ကမ္ဘောဒီးယား (ကမ္ပူးချား) လာအို (လော) ဟူသော ထေရဝါဒ ငါးနိုင်ငံမှ ဗုဒ္ဓဘာသာ ရဟန်းတော်များသည် ရန်ကုန်မြို့၊ ကမ္ဘာအေး ကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူတော်ကြီး အတွင်းသို့ကြွရောက်၍ သင်္ဂါယနာ တင်တော်မူကြရန် ကျောင်းဆောင်ကြီး ၄-ဆောင်မှာ သီတင်းသုံး နေထိုင်တော် မူလျက် ရှိကြသည်။

ဖော်ပြခဲ့သည့် အသက် ၁၂၀-ရှိ ဖွားသက်ရှည်၏ သတင်းကို ကြားသိကြရသော အချို့ ဆရာတော်ကြီးများသည် ဖွားသက်ရှည်ကို သွားရောက် တွေ့ဆုံကြသည်၊ အကျိုး အကြောင်း မေးမြန်းကြသည်၊ ဝယဝုဍ္ဎိဂုဏ်နှင့် ပြည့်စုံသော သက်တော်ကြီး ဖွားသက်ရှည်အား တတ်အားသမျှ လှူဒါန်းပေးကမ်း ချီးမြှင့်တော်မူကြသည်။

တောင်ဘီလူးဆရာတော်နှင့် တွေ့ဆုံခြင်း

ဖွားသက်ရှည်ထံ သွားရောက်ကြသည့် ဆရာတော် များရှိရာတွင် ရန်ကုန်မြို့၊ သရက်တော ကျောင်းတိုက်မှ အဘယခေမိက တောင်ဘီလူး ဆရာတော်ကြီး တစ်ချိန်က တစ်ကြိမ်မျှ ကြွတော်မူခဲ့သည်။ ဆရာတော်ကြီးသည် စားဖွယ်, သောက်ဖွယ်များကို ယူဆောင်လျက် နောက်လိုက်ကပ္ပိယနှင့်အတူ သင်္ဂါယနာတင် မော်တော်ယာဉ် အဝါကြီးဖြင့် ကြွတော်မူသည်။
ဆရာတော် ဆိုက်ရောက်သောအခါ ဖွားသက်ရှည်သည် အိမ်ထပ်ခိုးအဆင့်ကလေး ပေါ်မှ မည်သူမျှတွဲ,မ,၍မချရဘဲ ဝါးလှေကားငယ်ဖြင့် သွက်လက် ပေါ့ပါးစွာ ဆင်းသက် လာသည်။

ဖွားသက်ရှည်၏ရုပ်မှာ အသက် ၁၂၀-ဆိုသော်လည်း ၆၀- ၇ဝ-ခန့်ရှိမည်ဟု မှန်းရမည်၊ အသားအရေမှာ အသက်နှင့်စာသော် ပိန်သည်ဟု မဆိုသာချေ၊ ခေါင်းမှဆံပင်များကို သပ်သပ်ရပ်ရပ် ရှိစေရန် ဖြီးပြီး ချည်ဖြင့်စည်းပေးထားသည်။ သန့်သန့်ရှင်းရှင်း ဖြူဖြူစင်စင် အင်္ကျီထဘီများကို ဝတ်ဆင်ထားသည်၊ ထဘီကိုမူ သေသေချာချာ ဝတ်ဆင်ထားပြီးမှ ခိုင်မြဲစေရန် အဝတ်စရှည်တစ်ခုဖြင့် ထပ်စည်း ထားသည်။

ဖွားသက်ရှည်သည် ဣန္ဒြေသိက္ခာ ငြိမ်သက်စွာပင် လှေကားငယ်မှ ဆင်းလာပြီး ဆရာတော်ကြီးကို ဦးချသည်၊ ဆရာတော်က မေးသည့် နေကောင်းကြောင်း စားကောင်း ကြောင်း အိပ်ကောင်းကြောင်းများကို သွက်လက်စွာ အထစ်အငေါ့မရှိ ပြောဆိုနိုင်သည်။
နောက်ကြောင်း အဖြစ်အပျက်များကိုမူ ဟဝါလေ-- ဟိုသင်းလေ-- စသည်ဖြင့် စဉ်းစား တွေးတောမရသည့် ဝေါဟာရများကိုသုံးနေကာ မဖြေနိုင်သည်က များသည် ဖြေနိုင်ပြန်လျှင်လည်း မမှန်ကန်သည်က များနေပေသည်။ ဆရာတော်ပါလာသည့် စားသောက်ဖွယ် များကိုလည်း မြိန်ရှက်စွာ စားသုံးသည်။

ဖွားသက်ရှည်၏ သား, သမီး, မြေး, မြစ်များကမူ ဖွားသက်ရှည်သည် ကျန်းမာရေး ဘာမျှပြောစရာ မရှိအောင်ကောင်းကြောင်း, ကောင်းစွာ အိပ်နိုင် စားနိုင်ကြောင်း လျှောက်ထားကြသည်၊ ပြောစရာရှိသည်မှာ သတိမေ့တတ်ခြင်း တစ်ခုသာဖြစ်သည်၊ စားပြီးပါလျက်လည်း မစားရသေးဟု ပြောတတ်ကြောင်း, တစ်ခါတစ်ရံ ပြောပြီးသား စကား များကိုလည်း ထပ်ကာထပ်ကာ ပြောတတ်ကြောင်း ဤသို့သော သတိ မေ့လျော့မှုသာလျှင် ပြောစရာရှိကြောင်း လျှောက်ထားကြသည်။

ဆရာတော်ကြီးသည် မေးသင့်သည်များကို မေးမြန်း၍ ပေးသင့်သည်များကို ပေးကမ်း၍ ပြန်ရန်နှုတ်ဆက်တော်မူပြီးလျှင် -
“ဒကာမကြီး ဘာများလိုချင်သေးသလဲ”ဟု မေးတော်မူသည်။ ထိုအခါ ဖွားသက်ရှည်က သွက်လက်စွာပင် “နားဆွဲလှလှကလေး လိုချင်တယ်ဘုရာ့” ဟု ပြန်ဖြေသည်။ ဆရာတော်ကြီးလည်း ရယ်မောရင်း ပြန်ကြွလာခဲ့သည်။

လူဖြစ်ကျိုးနပ်ရန်

ယင်း ဖွားသက်ရှည် အကြောင်းကို ဆင်ခြင်ကြည့်လျှင် ဖွားသက်ရှည်သည် အသက် ရှည်၏၊ ကျန်းမာ၏၊ စီးပွား ချမ်းသာရှိ၏၊ လူ့ဘဝတွင် လိုအပ်သည့် ကောင်းကျိုး ချမ်းသာများ ပြည့်ဝ စုံလင်နေပြီဟု ဆိုသင့်လှပေသည်၊ သို့သော် သတိမေ့ခြင်း သူငယ်ပြန်ခြင်းတို့ကြောင့် လူ့ အင်္ဂါမစုံလင် လူရာမဝင်ဘဲဖြစ်နေသည်။

အကယ်၍သာ သတိကောင်း၍ သူငယ်မပြန်ဘူးဆိုလျှင် အဘယ်မျှ လူဖြစ်ရကျိုး နပ်၍ လူ့တန်ဖိုး ရှိလိုက်လေမည်နည်း၊ မည်မျှလောက် ကိုယ့်အကျိုးစီးပွား, သူတစ်ပါး အကျိုးစီးပွားများကို ဆောင်ရွက်နိုင်လေမည်နည်း။

စံကင်းဆရာတော်ကြီး

ဤတွင် ဖွားသက်ရှည်နှင့် ဆက်နွယ်၍ သက်တော်ရှည် စံကင်းဆရာတော်ကြီး အကြောင်းကို တွေးမိပြန်သည်။ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ တံဆိပ်တော်ရ ရွှေကျင် သာသနာပိုင် ဆရာတော် ဖြစ်သည့် ကျေးဇူးတော်ရှင် စံကင်းဆရာတော်ဘုရားကြီး သည်ကား သက်တော်ရာကျော်၍ ပျံလွန်တော်မူသည့်တိုင်အောင် သတိတရား သမာဓိတရား ကြီးမားခိုင်ခံ့လှပေသည်။

ရူပကာယ အားနည်း၍ ထူမ, ပေးမှသာလျှင် ထိုင်နိုင်သည့် အခြေအနေမှာပင် နာမကာယမှာ အားမနည်းဘဲ သတိ, သမာဓိ, ပညာ တည်တံ့ခိုင်မာစွာဖြင့်- လေးနက်သော အဓိပ္ပာယ်များ ပါဝင်သည့် တရားတော်များကို မှန်ကန်တိကျ ပြတ်သားစွာ ဟောကြားတော်မူ နိုင်ပေသည်။ ဆရာတော် ဟောကြားသည့် တရားတော်များကို တိတ်ခွေများဖြင့် ဖမ်းယူထားသည်ကို ကြည်ညိုဖွယ်ရာ ကြားနာရဖူးပေသည်။

အမရပူရမြို့၊ မဟာဂန္ဓာရုံတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဘာသာဋီကာကျမ်းပြု အရှင်ဇနကာဘိဝံသသည် သက်တော်ရှည် စံကင်းဆရာတော် ဘုရားကြီးထံ အဖူးအမြော်ရောက်ခဲ့စဉ်က အာလာပသလ္လာပ စကားများကို ဆွေးနွေး မေးလျှောက်ရင်း -

ကျေးဇူးရှင် ဆရာတော်ဘုးကြီး ဤမျှလောက် သက်တော်ကြီးသည်အထိ သတိ မမေ့ခြင်း, သူငယ်မပြန်ခြင်းမှာ သတိပဋ္ဌာန်တရားကို ပွားများသောကြောင့်ဟု တပည့်တော်ထင်ပါသည်၊ သတိပဋ္ဌာန်တရားပွားလျှင် သတိမေ့ခြင်းမရှိနိုင်၊ သူငယ် မပြန်နိုင်ဟု တပည့်တော် ကြားနာ မှတ်သားရဖူးပါသည် ဘုရား - ဟူ၍ လျှောက်ထားသည်။

ယင်း လျှောက်ထားချက်ကို အနီးတွင် ရှိနေသည့် တပည့်ဒကာများ ကြားသိ ကြရသည်၊ ယင်းတပည့်များတွင် ပါဝင်သည့် ဒကာ ထိန်ဝင်း နိုင်ငံ့ဂုဏ်ရည်ဘွဲ့ ရက မှတ်သားထားပြီး ပြန်လည်ပြောပြ၍ တစ်ဆင့်ကြားသိရပေသည်။

ဤနေရာတွင် ဆရာတော် အရှင်ဇနကာဘိဝံသ၏ “သတိပဋ္ဌာန်တရားပွားလျှင် သတိမေ့ခြင်းမရှိနိုင်၊ သူငယ်မပြန်နိုင်”ဟူသော လျှောက်ထားချက်စကားတော်ကို လေးလေးနက်နက် စိစစ်သုံးသပ်သင့်လှပေသည်၊ မှတ်လည်း မှတ်သားထိုက်လှ ပေသည်။ ထို့ကြောင့်-

(က) သတိမေ့ခြင်း၊
(ခ) သူငယ်ပြန်ခြင်း၊
(ဂ) သတိပဋ္ဌာန်တရားပွားခြင်း -

တို့သည် မည်သည့်သဘောတရားများနည်း၊ မည်သို့ဆက်သွယ်နေသနည်းဟု ဤ စိတ္တာနုပဿနာကျမ်း နိဒါန်း၌ ဉာဏ်မီသမျှ စိစစ်လေ့လာတင်ပြလိုပါသည်။

(က) သတိမေ့ခြင်း

သတိမေ့ခြင်း ၂-မျိုး

လောက၌ “သတိမေ့ခြင်း”ဟူ၍ ပြောဆိုသုံးစွဲကြရာ၌-

၁။ သတိမေ့မြောခြင်း၊
၂။ သတိမေ့လျော့ခြင်း နှစ်မျိုးကို ရောထွေးပြောဆိုနေကြပေသည်။ ရှင်းပြပါအံ့-

(၁) သတိမေ့မြောခြင်း

လူများ၌ ရုပ်တရား နာမ်တရား ၂-မျိုးရှိရာတွင် ရုပ်တရားမှာဖြစ်စေ၊ နာမ်တရားမှာဖြစ်စေ အကြောင်း တစ်ခုခုကြောင့် အလွန့်အလွန် အင်အား နည်းသွားမှု ဖြစ်သောအခါ မည်သို့မှ မည်မည်ရရ ထင်ထင်ရှားရှား စိတ်အာရုံမပြုနိုင်၊ ဝီထိစိတ်မဖြစ်နိုင်ဘဲ အသက်ရှိသည် ဆိုရရုံ ဘဝင် စိတ်မျှသာ ဖြစ်ပေါ်နေသော အခါမျိုး ကြုံတွေ့ ရတတ်ပေသည်။ ယင်းသို့ ဖြစ်နေသည်ကို “သတိမေ့နေသည်”ဟု ပြောဆိုကြသည်။

အမှန်မှာ သတိတရား အရင်းခံသည့် ဝီထိစိတ်များ မဖြစ်ဘဲ ဘဝင်မျှသာ ဖြစ်ပေါ်လျက် ဘဝင်အလျဉ်ကြောမှာ နစ်မြောနေခြင်း ဖြစ်သောကြောင့် “သတိမေ့မြောသည်” ဟု ပြောဆိုသင့်ပေသည်။

(၂) သတိမေ့လျော့ခြင်း

လူများ၌ လုပ်ကိုင်ဆောင်ရွက်ရမည့် ကိစ္စရှိနေပါလျက် အင်အားကြီးမားသော အာရုံတစ်ခုခုက စိတ်အစဉ်သို့ ဝင်ရောက်လာသောအခါ မူလလုပ်ကိုင်ဆောင်ရွက် ရမည့်ကိစ္စအပေါ် စိတ်မရောက်ဘဲ ယင်း ကိစ္စကို မလုပ်ဖြစ်သော အခါမှာလည်း “သတိမေ့နေသည်” ဟုပင် ပြောတတ် ပြန်ပေသည်။

အမှန်မှာ သတိတရား အရင်းခံသည့် နာမ်တရားများသည် မူလကိစ္စသို့ အာရုံ ရောက်မှု လျော့ပါးသွားပြီး အားကြီးသော အာရုံနောက်သို့ လိုက်ပါသွားသောကြောင့် မူလကိစ္စကို သတိမရ မလုပ်မိခြင်းဖြစ်သည်။ သတိအရင်းခံသည့် နာမ်တရားများ အားနည်းလျော့ပါးခြင်းဖြစ်၍ “သတိမေ့လျော့သည်”ဟု ပြောဆိုသင့်ပေသည်။

ဤဖော်ပြခဲ့သော အကြောင်းများကြောင့် သတိမေ့ခြင်း ဟူသော မြန်မာစကား၌ (၁) သတိမေ့မြောခြင်း၊ (၂) သတိမေ့လျော့ခြင်း ဟူ၍ အဓိပ္ပာယ်၂-မျိုး ပါဝင်ကြောင်း သိသာ ထင်ရှားလှပေသည်။

ယင်း ၂-မျိုးတို့တွင် --

(၁)သတိမေ့မြောခြင်းမှာ ရုပ်တရားဆိုင်ရာ ဖြစ်ပါမူ ရောဂါဝေဒနာ၏ အကြောင်း အရာ အခြေအနေအရ သမားတော်ကြီးများ ဆေးဝါးဖြင့် ကုသ၍ ပျောက်သည်လည်း ရှိ၍ မပျောက်ကင်းသည်လည်း ရှိနိုင်ပေသည်။ ပျောက်ကင်းလျှင်လည်း သတိ မေ့လျော့ခြင်းအဖြစ် ကျန်ရှိနေတတ်ပေသည်။
(၂) သတိမေ့လျော့ခြင်းမှာ မူကား နာမ်တရားနှင့် ဆိုင်သည် ဖြစ်သောကြောင့် ဆေးဝါးဖြင့်ကုသ၍ ရနိုင်ဖွယ်မရှိချေ။

(ခ) ငယ်မူပြန်ခြင်း

ရူးသွပ်ခြင်းတစ်မျိုး

သူငယ်ပြန်ခြင်းဟူသည်မှာ အသက်အရွယ်ကြီးသူများ၌ အရှက်အကြောက်ကင်းမဲ့စွာ အဓိပ္ပာယ်မရှိ ပရမ်းပတာပြောဆိုခြင်း, ဝတ်စားခြင်း, ပြုမူခြင်းများ ဖြစ်လာတတ် သည်ကို ခေါ်ခြင်းဖြစ်သည်။ ယင်းသို့ ဖြစ်လာသည်ကို “သူငယ်ပြန်သည်” ဟု ယဉ်ကျေးစွာ သုံးနှုန်းပြောဆိုသော စကားသာဖြစ်သည်။

အသက်အရွယ် ငယ်သူများ၌ ယင်းလက္ခဏာ ပေါ်လာလျှင်မူကား “ရူးသွပ်သည်” ဟုပင် ပြောဆိုကြမည် ဖြစ်ပေသည်။ ထို့ကြောင့် သူငယ်ပြန်ခြင်းကို ရူးသွပ်ခြင်း တစ်မျိုးဟု သတ်မှတ်သင့်ပေသည်။

အကြောင်း ၄-မျိုး

သူငယ်ပြန်သူများကို လေ့လာကြည့်လျှင် များသောအားဖြင့် သူငယ်မပြန်သေးမီ အချိန်အခါတုန်းက --

၁။ စိတ်ပိုင်းဆိုင်ရာ လေ့လာပွားများမှု မရှိခြင်း၊
၂။ မူးယစ်တွေဝေစေသည့် အရက်သေစာ စသည် မှီဝဲမှုများခြင်း၊
၃။ သတိမေ့မြောဖူးခြင်း၊ သို့မဟုတ်- သတိမေ့လျော့တတ်ခြင်း၊
၄။ စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ ပြောဆို ဝတ်စား နေထိုင်တတ်ခြင်း

ရှိသည်ကို တွေ့မြင်ရတတ်ပေသည်၊

အနည်းအကျဉ်းမျှ အခြားအကြောင်းများလည်း ရှိကောင်း, ရှိပေလိမ့်ဦးမည်။ ယင်းအချက် ၄-မျိုးကို အချို့မှာ ထင်ထင်ရှားရှား တွေ့ရ၍ အချို့မှာ သိမ်မွေ့စွာ မသိမသာ တွေ့ ရတတ်သည်။ ယင်းသူငယ်ပြန်ခြင်းမှာ အချို့သောလူကြီးများမှာ အိုးပုတ် ချိုးရုပ် စသည်တို့ဖြင့် ကလေးအဖော်များနှင့် ရောနှောကစားခြင်း၊ လိုရာ မရသည့်အခါ ခြေဆင်း၍ လည်းကောင်း, လူးလှိမ့်၍လည်းကောင်း အော်ဟစ် ငိုခြင်း, မတော်မလျော် ပြောဆိုပြုမူခြင်းများ ပြုလုပ်သည်အထိ ပြင်းထန်တတ်ပေသည်။ အချို့မှာမူ စားပြီးကို မစားရသေးဟု ပြောခြင်း, စကားတစ်မျိုးကို အထပ်ထပ် ပြောခြင်းစသည်ဖြင့် သိမ်မွေ့စွာပင် သူငယ်ပြန် တတ်ပေသည်။

ကြောက်လန့်ဖွယ် သူငယ်ပြန်ခြင်း

သိမ်မွေ့စွာ သူငယ်ပြန်သူများနှင့် တွေ့ဆုံရသောအခါ ရယ်ရွှင်ဖွယ်ကောင်း သော်လည်း ကြမ်းတမ်းစွာ သူငယ်ပြန်သူများနှင့် တွေ့ဆုံရသောအခါမှာမူ အလွန် ကြောက်ရွံ့ ထိတ်လန့်ဖွယ် ကောင်းလှပေသည်။ အရှက်အကြောက် ကင်းမဲ့စွာ ပြောတတ်ခြင်း, ဝတ်စားခြင်း, ပြုလုပ်တတ်ခြင်း တို့ကို ရွံရှာဖွယ် တွေ့မြင်ရတတ်ရုံ မကဘဲ နောက်ဆုံး ဘဝတုံးသည်အထိ သူငယ်ပြန်ဘဝဖြင့် တွေတွေဝေဝေ ဇာတ်သိမ်းသွားတတ်ပေသည်။

သူငယ်ပြန်ခြင်း ဖြစ်ပေါ်လာလျှင် ပြန်လည် ကောင်းမွန်လာသည်ဟူ၍ မတွေ့ဖူးပေ။ သမားတော်ကြီးများအား မေးမြန်းကြည့်သောအခါ “သူငယ်ပြန်ခြင်းမှာ နာမ်ပိုင်း ဆိုင်ရာချွတ်ယွင်းမှု ဖြစ်သောကြောင့် ဆေးဝါးဖြင့် ကုစား၍ မရနိုင်၊ အနည်းငယ်မျှ ပြုပြင်ခွင့်တော့ ရှိပါ၏”ဟု မယုတ်မလွန်သာ ဖြေဆိုသည်ကို ကြားရဖူးပေသည်။

သူငယ်ပြန်ခြင်း အလွန်အကျွံဖြစ်လာလျှင် ကုသိုလ်ကောင်းမှုနှင့် ဝေးလေပြီ၊ ကုသိုလ် လုပ်လျှင်လည်း အပေါ်ယံဟန်ပြမျှသာ ဖြစ်ပေတော့မည်။ သူငယ်ပြန် ဘဝဖြင့် သေဆုံး လျှင်လည်း တွေဝေမိန်းမောစွာ သေရမည်ဖြစ်သောကြောင့် ကောင်းရာ သုဂတိသို့ ရောက်ဖွယ်မရှိ၊ အပါယ်ဒုဂ္ဂတိသို့သာ ရောက်ရပေလိမ့်မည်။ သတိမေ့ခြင်း အရင်း ခံသည့် သူငယ်ပြန်ခြင်းကား ကြောက်ရွံ့ ထိတ်လန့်ဖွယ် ကောင်းလှပေသည်

(ဂ) သတိပဋ္ဌာန်တရားပွားခြင်း

သတိမေ့ခြင်းနှင့် သူငယ်ပြန်ခြင်းတို့၏ သဘောတရား အကြောင်းများကို လည်းကောင်း, သတိမေ့ခြင်းနှင့် သူငယ်ပြန်ခြင်း သဘောတရားများ မည်သို့ ဆက်သွယ် သည်ကိုလည်းကောင်း အထက်တွင် ဖော်ပြရေးသားခဲ့လေပြီ။ ယင်း သတိမေ့ခြင်း, သူငယ်ပြန်ခြင်းများကို မဖြစ်နိုင်အောင် စွမ်းဆောင်နိုင်သည့် သတိပဋ္ဌာန် တရားပွားခြင်းအကြောင်းကို ဆက်လက်ဖော်ပြပါအံ့။

သတိ

သတိပဋ္ဌာန် - ဟူသော ပါဠိစကားလုံး၌ သတိ-ဟူသော စကားတစ်လုံး၊ ပဋ္ဌာန – ဟူသော စကားတစ်လုံး ပါရှိသည်။ သတိနှင့်ပဋ္ဌာန ပေါင်းစပ်၍ သတိပဋ္ဌာန်ဟု ဝေါဟာရတွဲတစ်ခုဖြစ်နေသည်။ ယင်းသတိပဋ္ဌာန ပါဠိဝေါဟာရကို သတိပဋ္ဌာန်-ဟု မြန်မာပြန်ဆို၍ မြန်မာမှုပြုထားခြင်းဖြစ်သည်၊

ယင်းတွင် ပါဝင်သည့် သတိဟူသည်မှာ ဗုဒ္ဓအဘိဓမ္မာ၌ စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန် – ဟူ၍ ပရမတ္ထတရား ၄-ပါး ရှိရာတွင် စေတသိက် ပရမတ္ထတရား ဖြစ်သည်။

စေတသိက်ဟူသည်မှာ စိတ်နှင့်ယှဉ်တွဲနေသည့် တရားတစ်မျိုးဖြစ်သည်။ ယင်း စေတသိက် ပရမတ္ထတရားသည် စုစုပေါင်း ၅၂-ပါး တိတိကျကျ ရှိသည်။ ယင်း ၅၂-ပါးတွင် သတိစေတသိက်သည် တစ်ပါးအပါအဝင်ဖြစ်သည်။

ယင်းသတိတရားသည် ကုသိုလ်တရားများ ဖြစ်ပေါ်တိုင်း ပါဝင်ဖြစ်ပေါ်သည်။ ကုသိုလ်တရားတိုင်းနှင့် ယှဉ်တွဲသော စေတသိက် ၂၅-ပါးထဲ၌ တစ်ပါးအပါအဝင် ဖြစ်သည်။ ထို့ကြောင့် သတိကို “သဗ္ဗကုသလ သာဓာရဏ စေတသိက်”ဟူ၍လည်း ခေါ်ဆိုသည်။

(သဗ္ဗကုသလ = ကုသိုလ်အားလုံးနှင့် + သာဓာရဏ = ဆက်ဆံသည်)

ကုသိုလ်တရား အားလုံးနှင့် ဆက်ဆံသော စေတသိက်ဟု အဓိပ္ပာယ်ရသည်။

သတိပုဒ် ဓာတ်ပစ္စည်းခွဲပုံ

သတိ-ဟူသော ပါဠိစကားလုံး၌ အောက်မေ့ခြင်း အနက်ရှိသည့် သရ-ဓာတ်နောင် ဘာဝသာဓန အနက်ရှိသည့် တိ-ပစ္စည်းသက်၍ (သရ+တိ) သတိ-ဟု ပုဒ် ဖြစ်ပေါ်လာသည်။

သတိ-ပုဒ် ဝိဂ္ဂဟနှင့် အနက်

သရဏံ သတိ - ဟု ဝိဂြိုဟ်ပြုရ၍ သရဏံ – အောက်မေ့ခြင်း, သတိ- အောက်မေ့ခြင်းဟု အနက်ပြန်ဆိုရသည်။ တစ်နည်း ဥပစာအားဖြင့် “သရတီတိ သတိ” ဟူ၍လည်း ကတ္တုသာဓန ဝိဂ္ဂဟပြုနိုင်သည်။

သတိ၏လက္ခဏာ

သတိတရားသည် စိတ်တရားနှင့် အခြားယှဉ်ဖက် တရားများကို ကောင်းသော ဘုရားအစရှိသော ကုသိုလ်ဖြစ်စေမည့် အာရုံ၌ ဖြစ်ပေါ်စေ, အောက်မေ့စေသည်။ မိမိကိုယ်တိုင်ကလည်း ကောင်းသော ဘုရားအစရှိသော အာရုံ၌ ဖြစ်တတ်, အောက်မေ့ တတ်သည်။ ထို့ကြောင့် သတိတရား၌ အနုဿရဏ = အောက်မေ့ခြင်း ဟူသော အမှတ်အသား လက္ခဏာရှိသည်။ အနုဿရဏလက္ခဏာ ဟု ပြဆိုပေသည်။

(အဘိ-ဋ္ဌ- ၁၊ ၂၁၉။ ဝိ-ဋ္ဌ- ၁၊ ၁၂၁။)

အမှတ်အသားကို ပါဠိလို လက္ခဏာ ဟု ခေါ်သည်၊ ကိုယ်ပိုင်အမှတ်တံဆိပ်ပင် ဖြစ်သည်။ အောက်မေ့ခြင်း သဘောသည် သတိ-၏ ကိုယ်ပိုင်အမှတ်အသား လက္ခဏာ ဖြစ်သည်ဟု ဆိုလိုပေသည်။

သတိ-၏ ကိစ္စရသ

အောက်မေ့သည်ဟူသည်မှာ အမှတ်ရခြင်းပင်ဖြစ်သည်။ ယင်းကိုပင် ပို၍ထင်ရှားရန် စဉ်းစားမိသည်၊ တွေးမိသည် ဟူ၍လည်း ဖွင့်ဆိုနိုင်သည်။ မအောက်မေ့ခြင်း, သတိ မရခြင်း, မတွေးမိခြင်း မစဉ်းစား မိခြင်း, မေ့ခြင်းတို့ကို ဖျက်ဆီးတတ်သော တရားဟူ၍လည်း အပြန်အလှန် ဖွင့်ဆိုသင့်ပေသည်။ ထို့ကြောင့် သတိသည် အသမ္ဗုဿနရသ မေ့ခြင်း ကို ဖျက်ဆီးတတ်သော အလုပ်ကိစ္စရှိသည်ဟု ကျမ်းဂန်တို့၌ ဖော်ပြကြသည်။

(အဘိ-ဋ္ဌ- ၁၊ ၂၁၉။ ဝိ-ဋ္ဌ-၁၊ ၁၂၁။)

ရသ-ဟူသည်မှာ အလုပ်ကိစ္စပင်ဖြစ်သည်။ ပရမတ္ထတရားတို့၏ သဘော အဓိပ္ပာယ်ကို ထင်ထင်ရှားရှား သိသာစေရန် ရှေးပညာရှိကြီးများသည် လက္ခဏာခေါ် ကိုယ်ပိုင် အမှတ်အသားဖြင့် လည်းကောင်း, ရသခေါ် အလုပ်ကိစ္စဖြင့် လည်းကောင်း ရေးသား ဖော်ပြတော်မူကြပေသည်။ ထို့ကြောင့် သတိကိုအောက်မေ့ခြင်းအမှတ် အနုဿရဏ ရှိသည်။ မေ့ခြင်းကို ဖျက်ဆီးပယ်ရှားခြင်း အလုပ်ကိစ္စ အသမျှဿန ရသ ရှိသည်ဟု မှတ်သားရမည် ဖြစ်ပေသည်။

သတိ၏ ပစ္စုပဋ္ဌာန်

မည်ကဲ့သို့ အောက်မေ့ပါသနည်း − မေးလျှင် ကောင်းမြတ်သော ဘုရားအစရှိသည့် ကုသိုလ်ဖြစ်နိုင်သည့် အာရုံကို အောက်မေ့ခြင်း, စဉ်းစားခြင်း, တွေးခြင်းပင် ဖြစ်ပေသည်။ ယင်းသို့ ကောင်းသည့် ကုသိုလ်ဖြစ်စေမည့် အာရုံကို အောက်မေ့ သည်ဆိုခြင်းဖြင့်လည်း မကောင်းသော အကုသိုလ် ဖြစ်မည့်အာရုံ၌ စိတ်မဖြစ်အောင် တားဆီးသည်ဟူသော အဓိပ္ပာယ်မှာ ပြောရန်မလိုဘဲ ပေါ်ထွက်လာပေသည်။

ထို့ကြောင့် သတိတရားကို ရှေးသူတော်ကောင်း ပညာရှိများက ရှင်ဘုရင်၏ အကျိုးစီးပွားကို ဆောင်ရွက်သည့် အမတ်ချုပ်ကြီးနှင့်တူသည်ဟု ဥပမာ ပေးကြသည်။ ရှင်ဘုရင်၏ အကျိုးတော်ဆောင် အမတ်ချုပ်ကြီးသည် ရှင်ဘုရင် ကောင်းကျိုးရစေရန်, မကောင်းကျိုး ကင်းပစေရန် စောင့်ရှောက်သကဲ့သို့ပင် သတိသည်လည်း သတ္တဝါ တို့အား ကုသိုလ်ရစေရန်, အကုသိုလ် ကင်းဝေးစေရန် စောင့်ရှောက်တတ်ပေသည်။

ယင်းသို့ စောင့်ရှောက်တတ်သောကြောင့် သတိကို ဉာဏ်ပညာဖြင့် မှန်းဆ၍ ကြည့်လိုက်လျှင် အထိန်းတော်ကြီးကဲ့သို့ မြင်ရ ထင်ရပေမည်။ အထိန်းတော်ကြီး ဟူသည်မှာ လူငယ်လူရွယ်များကို စောင့်ထိန်းရသူဖြစ်သည်၊ မိမိစောင့်ထိန်းရသည့် သူငယ်ကို ကောင်းရာ ဖြစ်စေရန်, မကောင်းရာမဖြစ်စေရန် စောင့်ရှောက်ထိန်းသိမ်း ရပေသည်။ ယင်းသို့ဖြစ်သော ကြောင့် သတိကို အာရက္ခ ပစ္စုပဋ္ဌာန ရှိသည့် တရားဟု အဋ္ဌကထာ၌ ဖွင့်သည်။

(အဘိ-ဋ္ဌ-၁၊ ၂၁၉။ ဝိ-ဋ္ဌ-၁၊ ၁၂၁။)

ပစ္စုပဋ္ဌာနဟူသည်မှာ “အဘယ်သဘောမျိုး ဖြစ်သည်” ဟူ၍ ဉာဏ်ပညာ၌ ထင်မြင်လာပုံ အခြင်းအရာဟု အဓိပ္ပာယ်ရှိပေသည်။

သတိ၏ပဒဋ္ဌာန်

အောက်မေ့မှု သတိဖြစ်ပေါ်စေရန် အနီးကပ်ဆုံး ကျေးဇူးပြုသည့် တရားကို စိစစ်ဖွေရှာလျှင် စွဲစွဲမြဲမြဲ မှတ်သားထားမှ သညာ တရားပင်ဖြစ်ကြောင်း တွေ့ရှိ ရပေသည်။

ယင်း သညာဟူသည်မှာ စိတ်နှင့်အမြဲ ယှဉ်သည့် စေတသိက်တရားပင်ဖြစ်သည်။ စိတ်ဖြစ်တိုင်း ယှဉ်တွဲဖြစ်ပေါ်သည့် တရားဖြစ်သည်။ သညာကို မြန်မာလိုပြန်ဆိုလျှင် မှတ်သားမှု သဘောတရားပင် ဖြစ်သည်။ “အမှတ်သညာ ကောင်းသည်, အမှတ် သညာ မကောင်းဘူး”ဟူ၍ လောက၌ ပြောရိုးဆိုစဉ်ရှိပေသည်။ ခန္ဓာငါးပါးတွင် သညာက္ခန္ဓာ ဖြစ်သည်။

သေသေချာချာ စွဲစွဲမြဲမြဲ မှတ်သားမှုသညာ ဖြစ်ထားလျှင် အောက်မေ့သတိဖြစ်ရန် လွယ်ကူသည်၊ သညာမကောင်းလျှင် သတိလည်းဖြစ်ရန် မလွယ်ကူချေ။

မြစ်ကွေ့ ဆရာတော်

ဇမ္ဗူ့မိတ်ဆွေ ပိဋကတ်ပုံနှိပ်တိုက်ထုတ်၊ မဟာဗုဒ္ဓဝင် စသောကျမ်းပေါင်းများစွာ၌ နိဒါန်း ရေးသားတော်မူသည့် မြစ်ကွေ့ ဆရာတော် ဦးပညာဝံသ၏ နိဒါန်းများကို ဖတ်ရသောအခါ ကျမ်းအမည်, ကျမ်းပြုဆရာ အမည်စသည်က ိုရေးသားသည်မှာ တိတိကျကျ သေသေချာချာ ဖော်ပြပါရှိသည်ကို တွေ့ရှိ ရပေသည်။

ဆရာတော်၏ ဂုဏ်သတင်း ကြီးမားသောကြောင့် လေ့လာစုံစမ်းကြည့်သောအခါ သညာ မည်မျှကောင်းသည်၊ သညာကောင်းအောင် မည်သို့ ကြိုးစား လေ့ကျင့်သည်ကို အံ့သြဖွယ် သိရှိရပေသည်။

စာပေနှင့်သက်ဆိုင်သည်ကို မဆိုထားဘိ ဆရာတော်ထံ ရောက်လာသည့် အာဂန္တု ဧည့်သည် ရဟန်းတော်များကိုပင် တွေ့တွေ့ချင်း ဘွဲ့အမည်ကိုမေးသည်။ အာဂန္တု ရဟန်းက တပည့်တော်၏အမည် “ဝိစိတ္တ”ဖြစ်ပါသည်ဘုရား ဟူ၍လျှောက်လျှင် “ဦးဝိစိတ္တ-ဦးဝိစိတ္တ” ဟူ၍ ၁၀-ကြိမ် နှုတ်မှရွတ်သည်၊ စိတ်မှ မည်မျှရွတ်မည်ကိုကား မသိနိုင်ပေ။

ယင်း အာဂန္တုရဟန်းနှင့် ခွဲကာနီး၍ တွေ့သောအခါ “ကိုယ်တော့်ဘွဲ့က ဦးဝိစိတ္တ နော်”ဟု ဆရာတော်ကပင် စ၍ မေးသည်။ “မှန်ပါသည်ဘုရား” ဟု ပြန်လျှောက် သောအခါ “ဦးဝိစိတ္တ - ဦးဝိစိတ္တ”ဟူ၍ တစ်ခါပြန်၍ နှုတ်မှ ၁၀-ကြိမ် ရွတ်ဆိုသည်၊ စိတ်မှ မည်မျှရွတ်မည်ကို မသိနိုင်ချေ။

ထို့နောက် မည်မျှကြာမှ ပြန်တွေ့သည်ဖြစ်စေ၊ တွေ့လျှင် တွေ့ချင်းပင်လျှင် ဆရာတော်က စတင်၍ “ဦးဝိစိတ္တ” ဟု နှုတ်ဆက်ခေါ်နိုင်သည်ဟူ၍ မှတ်သား ရဖူးပေသည်။

ဤသည်မှာ သညာခိုင်ခံ့၍ သတိဖြစ်ပုံကို သက်သေ တင်ပြခြင်း ဖြစ်ပေသည်။ ထို့ကြောင့် ကျမ်းဂန်တို့၌ “သတိ ထိရသညာပဒဋ္ဌာနံ- ဟူ၍ သတိဖြစ်စေရန် ခိုင်မြဲသည့် သညာတရားသည် အနီးကပ်ဆုံး အကြောင်းဖြစ်သည်” ဟု ပြဆိုခြင်း ဖြစ်သည်။

(အဘိ-ဋ္ဌ-၁၊ ၁၆၅။ ဝိသုဒ္ဓိ-၂၊ ၉၄။)

ဤသို့မြစ်ကွေ့ ဆရာတော်သည် ခေတ္တခဏမျှသာ တွေ့ရသော ဧည့်သည်ရဟန်း တစ်ပါး၏ ဘွဲ့အမည်မျှကိုပင် --

သတိ အနုဿရဏလက္ခဏံ = သတိဟူသည် အောက်မေ့မှု သဘောလက္ခဏာ ရှိသည်၊
ထိရသညာပဒဋ္ဌာနံ = မြဲမြံသော အမှတ်သညာက အနီးကပ်ဆုံး ကျေးဇူးပြုသည်”

ဟူသော ဗုဒ္ဓအဘိဓမ္မာ နည်းကျကျ လေ့လာ ကျင့်သုံးသည်ကို တွေ့ရှိရသည်။ အခြား အသည်းစွဲအောင် သိသင့်သော စာပေကျမ်းဂန်အရာ၌မူ မည်သို့ကျင့်သုံး လေ့လာ မည်ကို စာရှုသူများ မှန်းဆ၍သာ ကြည့်ကြသင့်ပေသည်။

ယင်းသို့ ထက်မြက်ခိုင်မြဲသည့် သတိတရား အရင်းခံ၍ ရေးသားသောကြောင့်ပင် “မြစ်ကွေ့ ဆရာတော်ဦးပညာဝံသ” ဟူသော နိဒါန်းရေး ကောင်းသည့် ဆရာတော် တစ်ပါး အဖြစ် စာပေနယ်ပယ်၌ မှတ်တမ်းတင်ခံ ထင်ပေါ်ကျော်ကြားတော်မူခြင်း ဖြစ်ပေသည်။

ဆရာတော်၏ “ဗုဒ္ဓအဘိဓမ္မာ နည်းကျ သတိကောင်းစေသည့်နည်း” ကို ကျောင်းသားများ, စာသင်သား ရဟန်း သာမဏေများ, စာပေလေ့လာသူ သုတေသီ များလည်း လိုက်နာ ကျင့်သုံးသင့်လှပေသည်။ အကယ်၍ လိုက်နာကျင့်သုံးပါမူ အမှန်မုချ အောင်ပွဲရကြလိမ့်မည်ဟု အကြံပြုတင်ပြလိုပေသည်။

ပဒဋ္ဌာန်-ဟူသည်မှာ ပဒဋ္ဌာန-ဟူသော ပါဠိစကားလုံးကို မြန်မာပြန်ဆိုခြင်း ဖြစ်သည်။ ဖြစ်ပေါ်လာစေရန် ပြုလုပ်သည့် အနီးကပ်ဆုံးအကြောင်းတရားဟု အဓိပ္ပာယ် ရှိပေသည်။

ပဋ္ဌာန

သတိပဋ္ဌာန- ဟူသောဝေါဟာရ၌ ပါရှိသော ပဋ္ဌာနဟူသော ပုဒ်မှာ မြဲမြံခြင်း အနက်ရှိသည်။ -ဟူသော ဥပသာရပုဒ် နောင် တည်နေခြင်း အနက်ရှိသည့် ဌာ- ဓာတ်နှင့် ဘာဝအနက်ဟော အန-ပစ္စည်း တွဲ စပ်၍ ပ+ဌာ+အန = ပဋ္ဌာန- ဟု ဝေါဟာရပုဒ်တစ်ခု ဖြစ်နေသည်။ ယင်းပဋ္ဌာန-ပါဠိကို ပဋ္ဌာန်း- ဟု မြန်မာပြန်သည်၊ မြဲမြံစွာ တည်နေခြင်းသဘောဟု အနက်အဓိပ္ပာယ် ရသည်။

သတိယေဝ ပဋ္ဌာနံ သတိပဋ္ဌာနံ-ဟု ဝိဂ္ဂဟပြုကာ သတိနှင့် ပဋ္ဌာနတွဲ၍ သတိပဋ္ဌာန-သတိပဋ္ဌာန်ဟု ဖြစ်လာသောအခါ “မြဲမြံစွာတည်နေခြင်းဟူသော အောက်မေ့မှု သဘော”ဟု အနက်အဓိပ္ပာယ်ရရှိပေသည်။

ယင်း သတိပဋ္ဌာန-ပုဒ်ကို အရကောက်လျှင် မြဲမြံစွာ တည်နေခြင်းသဘောရှိသည့် အောက်မေ့မှု သတိတရားကိုပင် ကောက်ယူရသည်။ ဤမျှ ပြဆိုခဲ့သော စကား အစဉ်ဖြင့် ဆရာတော် အရှင်ဇနကာဘိဝံသ၏ စကား၌ပါဝင်သည့် “သတိပဋ္ဌာန် ပွားလျှင် သတိမေ့ခြင်း မရှိနိုင်၊ သူငယ်မပြန်နိုင်” ဟူသော စကားအရ -

(က) သတိမေ့ခြင်း သဘောတရား အကြောင်းအရာကို လည်းကောင်း -
(ခ) ယင်းသတိမေ့ခြင်း အခြေခံသည့် သူငယ်ပြန်ခြင်း သဘောတရား အကြောင်း အရာ အပြစ်ဒေါသကိုလည်းကောင်း
(ဂ) ယင်းသတိမေ့ခြင်းနှင့် သူငယ်ပြန်ခြင်း မဖြစ်အောင် တားဆီးကာကွယ် တတ်သော သတိပဋ္ဌာန်တရား၏ သဘောတရားအကြောင်းအရာ အဓိပ္ပာယ်ကို လည်းကောင်း –

ပြည့်ပြည့်စုံစုံ သိမြင်နိုင်လောက်ပြီဟု ယုံကြည်ပါသည်။

သတိပဋ္ဌာန်ပွားခြင်း အကျိုးများ

သတိပဋ္ဌာန်ပွားလျှင် သတိမေ့ခြင်းမရှိ၊ သူငယ်မပြန်နိုင်ဟူ၍ သတိပဋ္ဌာန် ပွားခြင်း အကျိုးကို

၁။ သတိမမေ့ခြင်း၊
၂။ သူငယ်မပြန်ခြင်း - ဟူသော ၂-မျိုးမျှသာ ဤနိဒါန်း၌ ပြဆိုသည်မှာ အစချီ လာသည့် အကြောင်းအရာအရသာ ပြဆိုခြင်းဖြစ်သည်။ တကယ်ဆိုလျှင် ပါဠိတော်၌ တိုက်ရိုက်လာသည်မှာ -
၃။ ကိလေသာ အညစ်အကြေးတို့မှ စင်ကြယ်စေနိုင်ခြင်း
၄။ စိုးရိမ်, ပူဆွေး, ငိုကြွေးမှုများကို လွန်မြောက်စေနိုင်ခြင်း
၅။ ကိုယ်ဆင်းရဲမှု, စိတ်ဆင်းရဲမှုများကို ချုပ်ငြိမ်းစေနိုင်ခြင်း
၆။ မဂ်တရား, ဖိုလ်တရားကို ရစေနိုင်ခြင်း၊
၇။ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ခြင်း-

ဟူသော အကျိုးတရားများကိုလည်း ရစေနိုင်ပေသေးသည်။ (ဒီ ၁-၂၃၁)

အဋ္ဌကထာ, ဋီကာတို့မှာ ပြဆိုသည့် အကျိုးတရားများလည်း များစွာရှိပေသေးသည်။

သတိပဋ္ဌာန်တရား ၄-ပါး

ယင်းသို့ အကျိုးတရား များပြားလှသော သတိပဋ္ဌာန်တရားဟူသည် တရားကိုယ် အားဖြင့် “သတိ” တစ်ပါးသာ ဖြစ်သော်လည်း ပွားများအပ်သည့် အာရုံအရမှာမူ --

၁။ ကာယာနုပဿနာ သတိပဋ္ဌာန်၊
၂။ ဝေဒနာနုပဿနာ သတိပဋ္ဌာန်၊
၃။ စိတ္တာနုပဿနာ သတိပဋ္ဌာန်၊
၄။ ဓမ္မာနုပဿနာ သတိပဋ္ဌာန် - ဟူ၍ ၄-မျိုးရှိပေသည်။

၁။ ကာယာနုပဿနာ ဟူသည်မှာ –

ကာယ = ကိုယ်ကောင်ကြီးကို + အနုပဿနာ = အဖန်ဖန်ရှုမှတ်မှု။

ရုပ်ခန္ဓာကိုယ်ကြီး၌ ဖြစ်ပေါ်နေသည့် ထွက်လေ, ဝင်လေ စသည်ကို သတိထား၍ ရှုမှတ်ပွားများမှုဖြစ်သည်။ ဤရုပ်ခန္ဓာ ကိုယ်ကြီးကို နှစ်သက် ဖွယ် တင့်တယ်သည်ဟု စွဲလမ်းယူဆနေသူတို့နှင့် အများအားဖြင့် သင့်လျော်သည့်တရားဖြစ်သည်။

၂။ ဝေဒနာနုပဿနာ ဟူသည်မှာ-

ဝေဒနာ = ခံစားရချက်ကို + အနုပဿနာ = အဖန် ဖန် ရှုမှတ်မှု။

ရုပ်, နာမ်ခန္ဓာ ၂-ပါး၌ ဖြစ်ပေါ် နေသည့် ချမ်းသာခံစားမှု သုခဝေဒနာ၊ ဆင်းရဲခံစားမှု ဒုက္ခဝေဒနာ- စသည့် ခံစားမှ တရား ဝေဒနာများကို သတိထား၍ ရှုမှတ် ပွားများမှုဖြစ်သည်။ ဤခန္ဓာကိုယ်ကြီးကို ချမ်းသာသုခတုံးကြီးဟု စွဲလမ်း ယူဆ နေသူတို့နှင့် အများအားဖြင့် သင့်လျော်သည့်တရား ဖြစ်သည်။

၃။ စိတ္တာနုပဿနာ ဟူသည်မှာ-

စိတ္တ = သရာဂစိတ်, ဂီတ ရာဂစိတ် စသည်ဖြင့် အမျိုးမျိုးဖြစ်ပေါ်နေသော စိတ်ကို + အနုပဿနာ = အဖန်ဖန်ရှုမှတ်မှု။

စိတ်ကို သရာဂစိတ်, ဝီတရာဂစိတ် စသည်ဖြင့် ၁၆-မျိုးသော အခြင်းအရာဖြင့်ခွဲခြား၍ သတိထား၍ရှုမှတ်မှုဖြစ်သည်။ ဤခန္ဓာကိုယ်ကြီးကို အမြဲတည်နေသည့် နိစ္စတရား ဖြစ်သည်ဟု စွဲလမ်းယူဆနေသူတို့နှင့် အထူးအားဖြင့် သင့်လျော်သည်

၄။ ဓမ္မာနုပဿနာ ဟူသည်မှာ-

ဓမ္မ = ဒုက္ခသစ္စာတရား စသော ဓမ္မသဘောတရား များကို + အနုပဿနာ= အဖန်ဖန်ရှုမှတ်မှု။

ဆင်းရဲ အမှန်တရား, ဆင်းရဲဖြစ်ကြောင်း အမှန်တရားစသည်ဖြင့် များလှစွာသော တရားဓမ္မများကို သတိထား၍ ရှုမှတ်ပွားများမှု ဖြစ်သည်။ ဤခန္ဓာကိုယ်ကြီးကို ငါဖြစ်သည်၊ ဤခန္ဓာကိုယ် ထဲမှာ ငါကောင်ရှိသည်, အတ္တဖြစ်သည် စသည်ဖြင့် စွဲလမ်းယူဆသူတို့နှင့် အထူးအားဖြင့် သင့်လျော်သည်

ဤသတိပဋ္ဌာန်တရား ၄-ပါးကို သုဘ-ဟု စွဲလမ်းသူစသည်ဖြင့် အထူးအားဖြင့် သင့်လျော်သည်ဟု ၄-ပါးခွဲခြားဆိုခြင်းဖြင့် သာမန်အားဖြင့်မူ ပုဂ္ဂိုလ်တိုင်းနှင့် ၄-ပါး လုံးပင် သင့်လျော်သည်ဟု သိမှတ်အပ်ပေသည်။

ဤသို့လျှင် သတိပဋ္ဌာန်ဟူသောစကားလုံး၌ သတိတရား တစ်ပါးသာ ဖြစ်သော်လည်း ရှုမှတ်ပွားများရမည့် အာရုံ၏အစွမ်းဖြင့် သတိပဋ္ဌာန် ၄-မျိုး ကွဲပြားပေသည်။

ယင်းသို့ သတိပဋ္ဌာန်တရား ၄-ပါးရှိရာတွင် ဤနိဒါန်းဖြင့် သွယ်တန်းလမ်းခင်း နေသော စိတ္တာနုဿနာ ကျမ်းသည်ကား ၃-ခုမြောက်ဖြစ်သည့် စိတ္တာနုပဿနာ သတိပဋ္ဌာန်တရားကို အကျယ်တဝင့် ဖွင့်ပြမည့်ကျမ်း ဖြစ်ပေသည်။ နိဒါန်းကမူ ယခုစာရှုသူတို့ကြည့်ရှု လေ့လာတော့မည့် စိတ္တာနုပဿနာကျမ်းနှင့်ပတ်သက်၍ အနည်းအကျဉ်းမျှ ဝေဖန်ချက် ရေးသားဖော်ပြပါအံ့။

စိတ္တာနုပဿနာကျမ်း ကောင်းမွန်ပုံ

ဤစိတ္တာနုပဿနာကျမ်း ကောင်းမွန်ပုံကို ပြရမည်ဆိုလျှင်

(က) ကျမ်းပြုထားပုံ အခြင်းအရာအားဖြင့် ကောင်းမွန်ပုံ၊
(ခ) ကျမ်းပြုပုဂ္ဂိုလ်၏အစွမ်းအားဖြင့်ကောင်းမွန်ပုံ -

ဟူ၍ ထောက်ထားဖွယ် ၂-ချက်ကို ဖော်ပြလိုက်လျှင် စာရှုသူများ ဤ စိတ္တာနုပဿနာကျမ်း ကောင်းကြောင်း လက်သင့်ခံ မှတ်ယူနိုင်ကြလိမ့်မည် ဖြစ်ပါသည်။ ဤအကြောင်းကို အကျဉ်းမျှ ရှင်းပြပါမည်။

(က) ကျမ်းပြုထားပုံ အခြင်းအရာအားဖြင့် ကောင်းမွန်ပုံ

ဤစိတ္တာနုပဿနာကျမ်း၌ ကျမ်းပြုထားပုံ အခြင်းအရာမှာ “စိတ္တာနုပဿနာ” ဟု အမည်ပေးထားသည့်အတိုင်း

၁။ စိတ်၏သဘောတရားကို ရှင်းလင်းပြဆိုခြင်း၊
၂။ စိတ်ကိုမထိန်းလျှင် ဖြစ်တတ်သော အပြစ်နှင့် ထိန်းလျှင်ရရှိမည့် အကျိုး တရားကိုပြဆိုခြင်း၊
၃။ စိတ်ကို ရှုမှတ်ပွားများနည်းကို ပြဆိုခြင်း -

ဟူ၍ စိတ်နှင့် သက်ဆိုင်သော အကြောင်းအရာ ၃-မျိုးကို ပေါ်လွင် ထင်ရှားစွာ ဤကျမ်း၌ ရေးသား ဖော်ပြထားပါသည်။ အနည်းငယ်မျှ သက်သေပြပါအံ့။

စိတ်သဘောကို ရှင်းပြခြင်း

(က) ထွက်သွားတတ်ခြင်း

စိတ္တာနုပဿနာကျမ်းကို လေ့လာပြီးလျှင် စိတ်ကို ရှုမှတ်ပွားများသူတို့ ကြိုတင်သိရှိ သတိပြုစေရန် အတွက် စိတ်သည် ပြင်သို့ထွက်သွားတတ်သည့် သဘောရှိကြောင်း ကို မိလိန္ဒမင်းကြီးနှင့် အရှင်နာဂသိန် တို့၏ အမေးနှင့်အဖြေကို ကိုးကား၍ မှတ်သားဖွယ် ဖော်ပြရေးသား ထားပေသည်။

(ခ) လျင်မြန်ခြင်း

စိတ်သည် လျင်မြန်သော အစွမ်းသတ္တိ သဘောတရား ရှိသည်။ ယင်းသို့ လျင်မြန်သောသတ္တိ ရှိသောကြောင့် စိတ်ကိုထိန်းထားရန် မလွယ်ကူကြောင်းကို တိုတိုကျဉ်းကျဉ်း သတိပေး ရေးသားထားပေသည်။

(ဂ) ရိုင်းစိုင်းခြင်း

စိတ်သည် မယဉ်ကျေးသော ရိုင်းစိုင်းသော သဘော ရှိသည်။ “ပါပသ္မိံ ရမတိ မနော – – စိတ်သည် မကောင်းမှု၌ ပျော်တတ်သည်” ဟူသော ဓမ္မပဒ-လာ ဘုရားဟော ပါဠိတော်ကို ကိုးကား၍ ရေးသားဖော်ပြပြီးလျှင် စိတ်ကိုပစ်မထားသင့်ကြောင်း သိမှတ်စရာ ရေးသား ထားပါသည်။

(ဃ) တန်ခိုးကြီးမားခြင်း

စိတ်သည် တန်ခိုးကြီးမားသည်၊ တစ်ကမ္ဘာလုံး ပင်လျှင် စိတ်၏ ဆွဲဆောင်ရာသို့ လိုက်ပါ နေရကြောင်းကို “စိတ္တေန နိယတေ လောကော = ကမ္ဘာလောကကြီးကို စိတ်က ဆွဲဆောင်ထား၏” စသော ဘုရားဟော ဓမ္မပဒပါဠိတော်ကို အထောက် အထားပြ၍ ရေးသားထားပေသည်။ ထို့ထက် ပိုမို၍ ခိုင်လုံစေရန် မိလိန္ဒမင်းကြီး အမေးနှင့် အရှင်နာဂသိန်တို့၏ အဖြေကို မှတ်သားဖွယ် ဖော်ပြသည်။

(င) အဝေးအနီး ခရီးရောက် တူညီခြင်း

စိတ်သည် လျင်မြန်သော အစွမ်းသတ္တိရှိသည်ဟု ဆိုသော်လည်း ဆိုက်ရောက်ရာ၌မူ ယူဇနာပေါင်း နှစ်ရာမျှ ဝေးသော နေရာသို့ဖြစ်စေ၊ တစ်ဆယ့်နှစ်ယူဇနာမျှ နီးသော နေရာသို့ဖြစ်စေ၊ တစ်ပြိုင်နက်တည်း အတူအညီပင် ဆိုက်ရောက်ကြောင်းကို မိလိန္ဒပဉှာပါဠိတော်ကို သာဓကထုတ်ပြ၍ ဖတ်ချင်ဖွယ်ရာ ရေးသားပြဆိုထား ပေသည်။

ဤနာမ်ပိုင်းဆိုင်ရာ စိတ်သဘောထား အယူအဆကို ငါးကျပ်သား သံတုံးနှင့် တစ်ပိဿာ သံတုံးတို့ကို အမြင့်တူသော နေရာမှ တစ်ပြိုင်တည်း ချလိုက်လျှင် မြေကြီးသို့ တစ်ပြိုင်တည်းပင် ကျသည်ဟူသော ယခုခေတ် သိပ္ပံပညာ ရုပ်ဝါဒ အယူအဆများနှင့် နှိုင်းဆကြည့်သင့်ပေသည်။

(စ) ဖောက်ပြန်တတ်ခြင်း

စိတ်သည်လျင်မြန်သည့်အလျောက် ဖောက်ပြန်လွယ် တတ်သော သဘောရှိကြောင်း အထိန်းခက်သော သဘော ရှိကြောင်းများကို ဖတ်ရှုချင်စဖွယ် ရေးသားဖော်ပြ ထားပေသည်။ ယင်းကို “ဖန္ဒနံ စပလံ စိတ္တံ = စိတ်သည် တုန်လှုပ် လျှပ်ပေါ်သည့် သဘောရှိ၏” စသော ဘုရားဟော ဓမ္မပဒ ပါဠိတော်ကို အထောက်အထား ပြထား ပေသည်။

ဤသို့စသည်ဖြင့် စိတ္တာနုပဿနာကျမ်း၌ စိတ်ကိုရှုမှတ်ရာတွင် ကြိုတင်သိထား သင့်သောကြောင့် စိတ်၏ သဘောတရားများကို ရေးသားဖော်ပြထားပေသည်။

---

၂ - စိတ်ကို မထိန်းလျှင်အပြစ် ထိန်းလျှင်အကျိုး

(က) နန္ဒမင်းသားဝတ္ထု

ဖော်ပြခဲ့သည့်အတိုင်း စိတ်၏သဘောတရားများကို သိသင့် သမျှ ရေးသားပြဆိုပြီးလျှင် ယင်းစိတ်ကို မထိန်းလျှင်အပြစ် ဖြစ်နိုင်ပုံ, ထိန်းလျှင် အကျိုးရနိုင်ပုံတို့ကို အကျယ်ရှင်းလင်း ရေးသားပြဆိုထားပေသည်။

ယင်းသို့ပြဆိုရာတွင် နန္ဒမင်းသားခေါ် ညီတော် မင်းနန်ဝတ္ထုကား ဖတ်၍ကောင်းသည့် အပြင် မှတ်ဖွယ်လည်း အလွန်ကောင်းလှပေသည်။

ညီတော်မင်းနန်မှာ မြတ်စွာဘုရားနှင့် အဖေတူ အမေကွဲ ညီအစ်ကိုတော်စပ်သည်။ သုပ္ပဗုဒ္ဓမင်းကြီးမှာ မဟာမာယာနှင့် မဟာပဇာပတိဂေါတမီ ဟု သမီးတော် ၂-ယောက် ရှိရာ သုဒ္ဓေါဒနမင်းကြီးက မင်းသမီး ၂-ပါးလုံးကိုပင် မိဖုရားမြှောက်သည်။

အကြီး မဟာမာယာဒေဝီက မြတ်စွာဘုရား အလောင်းတော် သိဒ္ဓတ္ထမင်းသားကို ဖွားမြင်တော်မူသည်။ အငယ် မဟာပဇာပတိဂေါတမီက နန္ဒမင်းသားကို ဖွားမြင် တော်မူသည်။ ထို့ကြောင့် မြတ်စွာဘုရားနှင့် နန္ဒမင်းသား ဖအေတူ မအေကွဲ ညီအစ်ကိုတော်စပ်သည်။

ညီတော်နန္ဒမင်းသား ဇနပဒကလျာဏီ မင်းသမီးနှင့် လက်ထပ်သည့် နေ့မှာပင် နောင်တော် မြတ်စွာဘုရားက နန္ဒမင်းသားကို သပိတ်တော် ထမ်းစေလျက် ကျောင်းတော် အရောက်ခေါ်ပြီး သင်္ကန်းဝတ်ပေးသည်။ ရခါစ ဇနီးအလှ ဇနပဒကလျာဏီကို မျောက်အိုမကြီးနှင့် နှိုင်းယှဉ်၍ တရားပြသည်၊ နတ်သမီး ကလေးများနှင့် ယှဉ်ပြ၍လည်း တရားဓမ္မပွားစေသည်။

ညီတော်နန္ဒကိုအကြောင်းပြု၍ စိတ်ကိုထိန်းလျှင် ရာဂဆိုး မဝင်နိုင်၊ မထိန်းလျှင် ရာဂဆိုး ဝင်မည်ဟု ဖော်ပြသော “ယထာ အဂါရံ” အစချီသည့် တရားဒေသနာကို ဟောပြီး ညီတော်နှင့်တကွ နတ်လူအများအား တရားထူးရစေတော်မူသည်။

(ခ) မာတိကမာတာဝတ္ထု

မာတိကမာတာ ဟူသည်မှာ မာတိကာအမည်ရှိ ရွာသူကြီး တစ်ယောက်၏ အမေ ဖြစ်သောကြောင့် ခေါ်သောအမည် ဖြစ်သည်၊ မာတိကာ-ရွာသူကြီး၏ + မာတာ-အမေဟု ဆိုလိုပေသည်။ ယင်း ဒါယိကာမကြီးသည် ရဟန်းတော်များထံမှ ကမ္မဋ္ဌာန်း တောင်းယူ အားထုတ်ပြီး ကမ္မဋ္ဌာန်းပေးသောရဟန်း များထက်အလျင် တရားထူး ရသည်၊ ရဟန်းတို့၏စိတ်ကို သိရှိနိုင်ပြီး ရဟန်းများကို ကူညီသောကြောင့် ရဟန်းများလည်း တရားထူးရသွားသည်။

ဒါယိကာမကြီးက စိတ်ကိုသိစွမ်းသောကြောင့် ဒါယိကာမကြီးရှိရာ ကျောင်း၌ မနေရဲသော ရဟန်းငယ်အား စိတ်ကို ဆုံးမနေရန် မြတ်စွာဘုရား နည်းပေး သောကြောင့် ရဟန်းငယ်တရားရသော ဝတ္ထုဖြစ်သည်။

(ဂ) အောင်ပွဲရရန်နည်း

ဤကမ္ဘာကြီး၌ သာယာချောမွေ့သော နေရာဌာနက နည်းပါးပြီး မသာမယာမချော မမွေ့သော နေရာဌာနက များသည်ကို တွေ့မြင်ရပေသည်၊ ဤအတူပင်လျှင် သတ္တဝါတို့တွင်လည်း စိတ်ထားကောင်းမြတ် သိမ်မွေ့သူကနည်းပြီး စိတ်ထား မကောင်း ကြမ်းတမ်းသူက များတတ်ပေသည်။ ယင်း စိတ်ထား မကောင်း ကြမ်းတမ်း သူများနှင့် တွေ့ရသည့်အခါတွင် ဤစိတ္တာနုပဿနာကျမ်း ဖတ်ရှုလေ့လာ မှတ်သားဖူး သူများ အောင်ပွဲရနိုင်စေရန် ရေးသားဖော်ပြထားပေသည်။

(ဃ) ဥတ္တရာဝတ္ထု

စိတ်ကောင်းမရှိသော သီရိမာအမည်ရှိ ပြည့်တန်ဆာမ၏ နှိပ်စက် ညဉ်းဆဲခံရသော ဥတ္တရာအမည်ရှိ အမျိုးသမီး ကလေး တစ်ယောက်အကြောင်းဖြစ်သည်။ ဥတ္တရာ အမျိုးသမီးကလေးသည် စိတ်ကောင်း ထားခြင်းဖြင့် စိတ်ယုတ်မာဖြင့် သေကြောင်း ကြံ၍သတ်သော သီရိမာကို အောင်နိုင်ပုံကို တိုတိုကျဉ်းကျဉ်း ရေးသား ဖော်ပြ ထားသည်၊

(င) ဝေပစိတ္တိဝတ္ထု

ဝေပစိတ္တိဟူသော အမည်မှာ အသုရာ နတ်မင်းကြီး၏ အမည်ဖြစ်သည်။ ယင်း ဝေပစိတ္တိသည် သိကြားမင်းနှင့် စစ်ပြိုင်သောအခါ မနိုင်ဘဲ ရှုံးသောကြောင့် အဖမ်း ခံရသည်၊ သိကြားမင်းက နှောင်ကြိုး တည်း၍ထားသောအခါ သိကြားမင်းအား မကြားဝံ့မနာသာ ညစ်ညမ်းသောစကားလုံး မျိုးစုံဖြင့် ဆဲသည်။ ယင်းသို့ ဆဲရေးခြင်းကို သိကြားမင်းက စိတ်ကောင်းထား၍ သည်းခံသည်။

သိကြားမင်းဘက်မှ စိတ်ဆိုးနာကြည်းသောနတ်များရှိရာ သည်းခံစိတ်ထားကြရန် သိကြားမင်းက ဆုံးမစကား ပြောကြားသည်၊ ယင်း အဖိုးတန် အဆုံးအမစကား များကို ဖော်ပြ၍ စိတ်ကိုထိန်းနိုင်၍ အကျိုးရှိပုံကိုဖော်ပြသောဝတ္ထုဖြစ်သည်။

(စ) ဒေါသကြီးသော ပုဏ္ဏားဝတ္ထု

ဒေါသကြီးသော ပုဏ္ဏားတစ်ယောက်သည် သူ၏အစ်ကိုကြီးကို ရဟန်းပြုပေး သောကြောင့် မြတ်စွာဘုရားအား လာ၍ ယုတ်မာသော စကားများဖြင့် ပြောဆို ဆဲရေးသည်။ ထိုအခါ မြတ်စွာဘုရားရှင်က မကောင်းသော ပစ္စည်းများ ယူလာ၍ လက်ဆောင်ပေးသော ဧည့်သည်. ဥပမာကို ပြ၍ ဒေါသကြီးသူ ပုဏ္ဏားအား စိတ်ဆိုးလျှင် စိတ်ဆိုးသူမှာသာ အပြစ်ရကြောင်း စသည်ဖြင့် မှတ်သား လိုက်နာဖွယ်ရာ တရားဟောသည်။ ထိုအခါ ပုဏ္ဏား တရားရ၍ ရဟန်းပြုသည်။

(ဆ) ပုစ္ဆာမေးသောနတ်သား

အခါတစ်ပါး၌ နတ်သား တစ်ယောက်သည် မြတ်ဗုဒ္ဓရှင်တော်ဘုရား ထံသို့လာ၍ “ကောင်းသောအလုပ်, မကောင်းသောအလုပ်တို့မှ စိတ်ကိုတားမြစ်သင့်ပါသည်”ဟု လျှောက်ထားသည်။ မြတ်ဗုဒ္ဓ ဘုရားရှင်ကမူ “မကောင်းသော အလုပ်မှသာ စိတ်ကို တားမြစ်သင့်သည်၊ ကောင်းသော အလုပ်မှာမူ စိတ်ကို တိုက်တွန်းချီးမြှောက် သင့်သည်” ဟု အနှစ်အသားပါပါဖြင့် မှတ်သားဖွယ်ဖြေကြားတော်မူသည်။

(ဇ) စိတ္တဟတ္ထ ဝတ္ထု

စိတ္တဟတ္ထ-အမည်ရှိ ပုဏ္ဏားတစ်ယောက်သည် စိတ်အလို လိုက်ကာ ၇-ကြိမ် ရဟန်းဘဝ ခံယူ၍ ၇-ကြိမ်ရဟန်းဘဝမှ ထွက်ခဲ့သည်။ နောက်ဆုံး ၇-ကြိမ် မြောက်၌မူ မိမိ နှစ်သက်ချစ်ခင် သူဇနီး၏ ရုပ်ပျက် ဆင်းပျက် အိပ်နေပုံကို မြင်ရသောကြောင့် စိတ်ကို တစ်သမတ်တည်း ရဟန်းအဖြစ်နေရန် ဆုံးဖြတ်ပြီး ရဟန်းပြန်ဝတ်၍ တရားအားထုတ်သောကြောင့် ရဟန္တာ ဖြစ်သွားပုံကို ဆရာတော် အကျယ်ဖွင့်ဆို ရေးသားထားပုံကို စိတ်ဝင်စားဖွယ် ဖတ်ရှုလေ့လာနိုင်ပေသည်။

ဤသို့စသည်ဖြင့် စိတ်ကိုမထိန်းနိုင်၍ အပြစ်ဖြစ်ပုံ၊ စိတ်ကိုထိန်းနိုင်၍ အကျိုး ရပုံ များကို ဖတ်ရှု၍ မငြီးငွေ့နိုင်ဖွယ် စေတနာ, သဒ္ဓါထက်သန်စွာဖြင့် ရေးသား ဖော်ပြထားပေရာ စာရှုသူတို့ အားရပါးရ ဝဝကြီးဖတ်ရှုလေ့လာကြရမည်ဖြစ်ပါသည်။

---

၃ - စိတ်ကို ရှုမှတ်ပွားများနည်း ပြဆိုခြင်း

သိရန်ခက်ခြင်း

စိတ္တာနုပဿနာဟူသောအမည်အရ စိတ်ကို ရှုမှတ် ပွားများရန်မှာ အလွန်ခက်ခဲ လှသည်။ ရှုမှတ်ရမည့် စိတ်များကို မဟာသတိပဋ္ဌာနသုတ် (ဒီ-၂။ နှာ-၂၃၇) စိတ္တာနုပဿနာ သတိပဋ္ဌာန်ခန်း၌ ရှုမှတ်ရမည့် စိတ်အမျိုးပေါင်း ၁၆-မျိုး ဟောကြားထားသည်။ ယင်းတို့မှာ

၁။ သရာဂစိတ်
၂။ ဝီတရာဂစိတ်
၃။ သဒေါသစိတ်
၄။ ဝီတဒေါသစိတ်
၅။ သမောဟစိတ်
၆။ ဝီတမောဟစိတ်
၇။ သံခိတ္တစိတ်
၈။ ဝိက္ခိတ္တစိတ်
၉။ မဟဂ္ဂတစိတ်
၁၀။ အမဟဂ္ဂတစိတ်
၁၁။ သဥတ္တရစိတ်
၁၂။ အနုတ္တရစိတ်
၁၃။ သမာဟိတစိတ်
၁၄။ အသမာဟိတစိတ်
၁၅။ ဝိမုတ္တစိတ်
၁၆။ အဝိမုတ္တစိတ် တို့ဖြစ်သည်။

ယင်းစိတ် ၁၆-မျိုးကို သရာဂစိတ် စသော စိတ်တစ်ခု တစ်ခုစီ၏ မည်သို့ မြန်မာလို အနက်အဓိပ္ပာယ ်ရှိသည်ဟု သိရန် ခက်လှသည်။ အနက်အဓိပ္ပာယ် သိပြန်ပါ သော်လည်း တစ်ဆင့်တက်၍ ဘယ်လိုစိတ် ဖြစ်သည်ဟု အရကောက်သိရန်လည်း ခက်ပြန်သည်။ ယင်းသို့ သိပြန်လျှင်လည်း ယင်းစိတ်ကို မည်သို့သဘောထား၍ မည်သို့ရှုမှတ်ရမည်ကို သိရန်ခက်လှသည်။

ယင်းခက်လှသောကြောင့် ဆရာတော်ဘုရားကြီးသည် ရှုမှတ်ရမည့် စိတ် ၁၆-မျိုး၏ အနက်အဓိပ္ပာယ်၊ စိတ်အရကောက်၊ စိတ်ကို ရှုမှတ်နည်းများကို အသီးအသီး အကျယ်ဖွင့်ဆိုရှင်းပြထားပေသည်၊၊

ပုံစံထုတ်ပြရသော် --

သရာဂံ ဝါ စိတ္တံ၊ မိမိသန္တာန်၌ ရာဂနှင့်တကွ ဖြစ်သောစိတ် ဖြစ်သည်ကိုမူလည်း။
သရာဂံ စိတ္တန္တိ ၊ ရာဂနှင့်တကွဖြစ်သော။
ဝါ၊ ရာဂရှိသောစိတ်ဟူ၍။
ပဇာနာတိ၊ သိ၏။
ဝါ၊ သိအောင် ဆင်ခြင်၏။
ဟူ၍ ဖော်ပြပြီးလျှင် -

အကယ်၍ မိမိသန္တာန်၌ ရာဂနှင့်တကွဖြစ်သောစိတ်၊ ဝါ-ရာဂ ရှိသောစိတ်, ရာဂယှဉ်သော စိတ်ဖြစ်နေလျှင် ထို ရာဂနှင့် ယှဉ်သောစိတ်ကို ပယ်နိုင်ရမည်၊ မပယ်နိုင်လျှင် ထိုရာဂစိတ်သည် မကောင်းကျိုးကိုဖြစ်စေလိမ့်မည်၊ ထိုရာဂစိတ်သည် အကုသိုလ်စိတ် ဖြစ်သည်၊ အကုသိုလ်စိတ် ၁၂-ခုတို့တွင် လောဘမူစိတ်ဖြစ်သည်ကို သိရမည် - ဟူ၍ ဆက်လက်ရေးသား ဖော်ပြထားပေသည်။

ယင်းသရာဂစိတ် အတူပင်လျှင် ကြွင်းသော ဂီတရာဂစိတ် စသည်ကိုလည်း သိသင့် သမျှ မကျန်ရအောင် ထုတ်ဆို ဖွင့်ပြ ရေးသားထားပေသည်။

ပါဠိတော်လွတ် ရှုမှတ်နည်းများ

ယင်းသို့ ပါဠိတော်၌လာသော စိတ် ၁၆-မျိုး ရှုမှတ်ပွားများနည်းကို ပြဆိုပြီးလျှင် ယင်းပါဠိတော်နည်းကို အမှီပြု၍ ဒိဋ္ဌိဂတသမ္ပယုတ်- ဝိပ္ပယုတ်, ဉာဏသမ္ပယုတ်- ဝိပ္ပယုတ်, သောမနဿ- ဥပေက္ခာ, အသင်္ခါရိက- သသင်္ခါရိက, ကုသိုလ်- အကုသိုလ်, ဝိပါက်, ကြိယာ၊ ဒါန, သီလ, ဘာဝနာ စသည်ဖြင့် စိတ်အမျိုးမျိုး စသည်ကိုလည်း ရှုမှတ်ဆင်ခြင်ရန် ရေးသားပြဆိုထားပေသည်။

ဤကား - ဤကျမ်း၌ စိတ်ကို ရှုမှတ်ပွားများနည်းများ ကျေနပ်နှစ်သက်ဖွယ်ရာ ပါဝင်ကြောင်းကို သိသာရုံမျှ ဖော်ထုတ်ပြခြင်း ဖြစ်သည်။ ကျမ်းရင်းကို လေ့လာသော အခါ စာရှုသူများ အားပါးတရ သိရှိရဦးမည်ဖြစ်ပါသည်။

ဤသို့လျှင် ဤစိတ္တာနုပဿနာကျမ်း၌ - (က) ကျမ်းပြုပုံ အခြင်းအရာအားဖြင့် ကောင်းမြတ်ပုံကို စာရှုသူများ တွေ့မြင်ဖတ်ရှုကြရမည်ဖြစ်ပါသည်။

(ခ) ကျမ်းပြုပုဂ္ဂိုလ်၏ အစွမ်းဖြင့် ဧကောင်းမွန်ပုံ

ထပ်ဆင့်တင်ပြခြင်း

ကျမ်းစာတစ်စောင်ကို ကောင်း, မကောင်း အကဲခတ် သိရန်မှာ ဖော်ပြခဲ့သည့် (က) ပထမ တင်ပြချက်များ အတိုင်း ကျမ်းစာပြုစုထားသည့် အခြင်းအရာကို လေ့လာ ကြည့်ခြင်းဖြင့်သာ သိနိုင်သည် မဟုတ်ပါ။ ကျမ်းပြုပုဂ္ဂိုလ်၏ အစွမ်းသတ္တိ အရည်အချင်းကို ကြည့်ခြင်းဖြင့်လည်း သိနိုင် ပါသည်။

ယင်းသို့ဖြစ်သောကြောင့် (ခ) ဒုတိယအချက်အဖြစ်ဖြင့် ဤ စိတ္တာနုပဿနာကျမ်း ကောင်းမွန်မည်ကို ကျမ်းပြုပုဂ္ဂိုလ်၏ အစွမ်းသတ္တိ ဂုဏ်အင်များနှင့် စပ်ဟပ်၍ ဤနိဒါန်းမှ လေ့လာဖော်ပြပါဦးအံ့။

ရွှေဟင်္သာဆရာတော်

ဤ စိတ္တာနုပဿနာကျမ်းကို ရေးသားပြုစုတော်မူသော ပုဂ္ဂိုလ်မှာ စစ်ကိုင်းမြို့၊ ရွှေဟင်္သာ တိုက်သစ်၌ သီတင်းသုံး နေတော်မူသော အဂ္ဂမဟာပဏ္ဍိတနှင့် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးဖြစ်ပါသည်။ ဆရာတော် ဘုရားကြီးသည် သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ် စသော ကောင်းမြတ်သည့် ဂုဏ်တော်များဖြင့် ရစ်ဖွဲ့လွှမ်းခြုံ ပြည့်စုံတော်မူပါသည်။

သာသနာ့ ဝန်ဆောင်သက်

၁၂၂၅-ခုနှစ် ဖွားမြင်တော်မူသော ဆရာတော်သည် ၁၂၆၉-ခုနှစ် အသက်တော် ၁၄-နှစ်သားအရွယ်မှစ၍ သာသနာတော်တာဝန်ကိုထမ်းဆောင်ခဲ့ရာ ယခု ၁၃၄၃-ခုနှစ် သက်တော် ၈၈-နှစ်သို့ ရောက်သောအခါ သာသနာ့ဝန်ဆောင်သည့် နှစ်ပေါင်း ၇၄-နှစ်မျှ ကြာခဲ့လေပြီ ဖြစ်ပါသည်။

တောရ ဆောက်တည်သက်

ယင်းသို့ သာသနာ့တာဝန်ကို ထမ်းဆောင်သည့် နှစ်ပေါင်း ၇၄-နှစ်တွင်လည်း သက္ကရာဇ် ၁၂၈၉-ခုနှစ် အရောက် သက်တော် ၃၄-နှစ်မှစ၍ စစ်ကိုင်းတောင်ရိုး တောရကျောင်းအင်္ဂါနှင့် ပြည့်စုံသည့်ကျောင်း၌ သီတင်းသုံး နေထိုင်တော်မူခဲ့ရာ ယခုသက်တော် ၈၈-နှစ်၌ တောရ ဆောက်တည်သည့် နှစ်ပေါင်း ၄၄-နှစ်မျှ ကြာခဲ့လေပြီဖြစ်သည်။

ပြုစုခဲ့သည့်ကျမ်းများ

ယင်းသို့ သာသနာ့ဝန်ဆောင် နှစ်ပေါင်း ၇၄-နှစ်၊ တောရဆောက်တည်သည့် နှစ်ပေါင်း ၄၄-နှစ် အချိန်ကာလ၌ စားကာ, အိပ်ကာ, ဗာဟိရအလုပ်များဖြင့် ပျော်ပါးကာ အချိန်ဖြုန်းခဲ့သည် မဟုတ်ပါ။ စာပေလေ့လာသင်ယူမှု၊ သင်ပေးပို့ချမှု ပရိယတ္တိကိစ္စ၊ သီလကို စင်ကြယ်သည်ထက် စင်ကြယ်အောင် စောင့်ထိန်းခြင်း၊ ဓူတင် ၁၃-ပါးကို စွမ်းအားရှိသမျှ ကျင့်သုံးခြင်း၊ သမထ ဝိပဿနာ ဘာဝနာ ပွားခြင်းဟူသော ပဋိပတ္တိကိစ္စဟုဆိုအပ်သည့် သာသနာ့ ကိစ္စ ၂-ပါးကို ပြုစုတော်မူသည်။

ကျမ်းဂန်စာပေ ဖတ်ရှုပို့ချလေ့လာခြင်း, ရေးသားခြင်းဟူသော ဂန္ထဓုရတာဝန်နှင့် သမထ ဝိပဿနာ ဘာဝနာ မိမိကိုယ်တိုင် ပွားများခြင်း, ရှင်လူအများတို့အား ဟောပြခြင်းဟူသော ဝါသဓူရတာဝန်ဟု ဆိုအပ်သော သာသနာ့တာဝန်ကို ထမ်းဆောင်တော်မူခဲ့ပါသည်။

ပြုစုခဲ့သောကျမ်းဂန်များ

ယင်းသို့ သာသနာ့ကိစ္စဆောင်ရွက်ခြင်း၊ သာသနာ့ တာဝန် ထမ်းဆောင်ခြင်းတို့ကို အကောင်အထည် ပေါ်ကာ ကျန်ရှိနေသည့် စာမေးပွဲအောင် တပည့်ကြီးပေါင်း ၁၃၄-ပါး ထွန်းကားခဲ့ခြင်း၊ အမျိုးဘာသာ သာသနာကို အကျိုးပြုသော ကျမ်းဂန်ပေါင်း ၃၁-ဆူ ပြုစုခဲ့ခြင်းတို့က သက်သေခံလျက်ရှိပေသည်။

ယင်းသို့သော အစွမ်းသတ္တိ အရည်အချင်းများကို အလေးဂရု အသိအမှတ်ပြု ပူဇော်သောအားဖြင့် ရွှေကျင်ဂိုဏ်းဆိုင်ရာ ရွှေဟင်္သာတောရ ဝိနည်းပြန်ဌာန ၇-မြို့နယ် တပည့်များက “ရွှေဟင်္သာဝံသ သံဃမဟာနာယကာဓိပတိ” ဘွဲ့ တံဆိပ်တော် ကို ဆက်သကပ်လှူ ပူဇော်ခဲ့သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရကလည်း - “အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ် တော်နှင့် အဘိဓဇမဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော်များကို ဆက်သ ကပ်လှူ ပူဇော်ခဲ့သည်။

ဤသည်တို့ကို ထောက်ထား၍ ဤကျမ်းပြုဆရာတော်ဘုရားကြီး၏ သန္တာန်၌ ကြီးမား များမြတ်လှစွာသော သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်, နေက္ခမ္မဂုဏ်, ဝီရိယဂုဏ်, သစ္စဂုဏ်, ခန္တီဂုဏ်, မေတ္တာဂုဏ်- စသည့် ဂုဏ်တော်များ စုပေါင်း ကိန်းအောင်း တည်နေမည်ကို စာရှုသူများမှန်းဆ၍သာ ကြည်ညိုကြစေလိုသည်။

ဤနိဒါန်းမှာမူကား နိဒါန်းသည် ဆရာတော်၏ ဂုဏပကာသနီကျမ်းကြီး ဖြစ်သွားမည် စိုး၍ အကျယ်မဖော်ပြ နိုင်တော့ဘဲ ဤ စိတ္တာနုပဿနာကျမ်းနှင့် တိုက်ရိုက် ဆက်သွယ်နေသည့် ဂုဏ်တော်အချို့ကိုသာ အကျဉ်းထုတ်၍ အချုပ်မျှ တင်ပြ လိုပါသည်။

ခန္တီဂုဏ် စသည်

ဤစိတ္တာနုပဿနာကျမ်းကို လေ့လာသောအခါ စာရှု သူတို့သည် ဤကျမ်း ပထမစာမူ ပျောက်၍ ဒုတိယစာမူ ထပ်မံရေးရကြောင်းကို ဖတ်ရှုရပါလိမ့်မည်၊ အမှန်အတိုင်း ဝန်ခံရမည်ဆိုလျှင် ပထမစာမူ ပျောက်သည်မှာ ဤနိဒါန်းရေးသူ၌ လုံးဝ တာဝန်ရှိပါသည်။ အကျဉ်းမျှ ရှင်းပါအံ့ --

နိဒါန်းရေးသူသည် သာသနာရေးဦးစီးဌာန စာပုံနှိပ်တိုက်၌ စာပြင်မှူးချုပ်အဖြစ် တာဝန် ထမ်းဆောင်နေစဉ် တစ်နေ့၌ ညွှန်ကြားရေးမှူးချုပ် ဦးကြည်ညွန့်က “စာပြင်ဆင်၍ ရိုက်နှိပ်ရန် စိတ္တာနုပဿနာစာမူကို ပေးခဲ့သည်။ နိဒါန်းရေးသူသည် ကျမ်းပြု ဆရာတော်ကြီးကို လေးစားသောအားဖြင့်လည်းကောင်း၊ အဖိုးတန်စာမူကို ရိုသေသောအားဖြင့် လည်းကောင်း ကျနသေချာလုံခြုံစွာ သိမ်းထားလိုက်ပေသည်။

ဘုန်းတန်ခိုးကြီးသော ဆရာတော်ပြုစုသည့် တန်ဖိုးရှိသည့်ကျမ်းစာမူကို ရိုသေ လေးစားစွာ သိမ်းဆည်းထားသည့် ကုသိုလ်ကံကြောင့်လားမသိ မကြာမီ နိဒါန်း ရေးသူသည် စာပြင်မှူးချုပ်အဖြစ်မှ သာသနာရေးရာ လက်ထောက်ညွှန်ကြားရေးမှူး အဖြစ်သို့ တိုးတက်၍ ခန့်ထားခြင်းကိုခံရသည်။ စာပုံနှိပ်တိုက်မှ ရုံးချုပ်သို့ ရွှေ့ပြောင်းရသည်။ ရိုက်နှိပ်သည့် ကျမ်းစာများကို စိစစ်ကြည့်ရသည့်အလုပ်မှ သာသနာ့ရေးရာအလုပ်များကို ပြောင်းလုပ်ရသည်။

တစ်ဖန် လပိုင်းလောက်ကြာပြီး ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး ကျင်းပ သောအခါ ရုံးချုပ်မှ ဇမ္ဗူဒီပကျောင်းဆောင်သို့ ပြောင်းရွှေ့ရပြန်သည်။ ကြီးလေးသော သာသနာ့သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးကိစ္စ တာဝန်များကို ထမ်းဆောင်ရသည်။

ယင်းသို့ ရာထူးအပြောင်းအလွဲ လုပ်ငန်းအပြောင်းအလွဲ နေရာအပြောင်းအလွဲ များကို လုပ်ဆောင်ရသောအခါ အာရုံ အပြောင်းအလွဲ စိတ်အမှတ်အသားသညာနှင့် သတိအပြောင်းအလွဲများဖြစ်ပြီး စိတ္တာနုပဿနာ ပထမစာမူကို ရှာမတွေ့ဘဲ ဖြစ်ရတော့သည်။

လောက၌ သစ်သီးများ နုလွန်း စိမ်းလွန်းလျှင် ဝါဝင်းမှည့်ပျော်ရန် ခက်တတ်၍ တန်ဖိုးရှိသောပစ္စည်းကို သေချာစွာ အသိမ်းလွန်လျှင် ရှာတွေ့ရန် ခက်တတ်သည့် သဘော ရှိပေသည်၊ ထို့ကြောင့် -

အငိုလွယ်လျက် အရှိုက်ခက်။
အဆိုလွယ်လျက် အရိုက်ခက်-
ဟူသော ရှေးမြန်မာစကားပုံကို မှီငြမ်းပြု၍ --

အစိမ်းလွန်သော် အဝါခက်သည်၊
အသိမ်းလွန်သော် အရှာခက်သည် - ဟူ၍

စကားပုံအသစ်တစ်ခု ထပ်မံတိုးရလောက်အောင် ရိုသေလေးစားမှု လွန်ကဲကာ အသိမ်းလွန်သောကြောင့် စိတ္တာနုပဿနာ ပထမစာမူရှာမတွေ့ခြင်း ဖြစ်ပေသည်။ မတွေ့သည်ကို ရှာလျှင် အချိန်ကြာမြင့်မည် စိုးသောကြောင့် ညွှန်ကြားရေးမှူးချုပ်ထံ အကျိုးအကြောင်း ဖော်ပြအစီရင်ခံပြီး (၁၀-၉-၈ဝ)နေ့က ဆရာတော်ကြီး သီတင်း သုံးရာ စစ်ကိုင်းတောင်ရိုး ရွှေဟင်္သာတိုက်သစ်သို့ သွားရောက်ရှိခိုးဖူးမြော်ပြီးလျှင် --

“ဆရာတော်ပြုစုသည့် စိတ္တာနုပဿနာကျမ်းမှာ စာမူရှာမတွေ့ဘဲ ဖြစ်နေပါသည်၊ ဆရာတော်ထံတွင် မိတ္တူမှုကြမ်းများ ရှိသေးက ရိုက်နှိပ်ရန် ချီးမြှင့်မစတော်မူပါ ဘုရား” ဟု လျှောက်ထား တောင်းပန်ရပါသည်၊

ထိုအခါဆရာတော်က မိတ္တူမူကြမ်းတော့ ရှင်းပစ်လို့ ကျန်မည်မထင်ပါဘူး၊ သို့သော် အချိန်ယူပြီး ဘုန်းကြီးအသစ်ရေးပေးပါမည်” ဟု မိန့်ကြားတော်မူပါသည်။ ယင်းသို့ မိန့်ကြားစဉ်၌ ဆရာတော်ဘုရားကြီး၏ မျက်နှာတော်ကို ဖူးမြော်ကြည့်လိုက်သည်။

ဆရာတော်၏ မျက်နှာတော် အနေအထား ဟန်အမူအရာသည် မိမိကြိုးစား အားစိုက်၍ ရေးသားထားသည့် စာမူ ရှာမတွေ့ ဟူသော လျှောက်ထားချက်ကို ကြားရသော ကြောင့် စိတ်ဆိုးသောအသွင် ဝမ်းနည်းသောအသွင် အရိပ်အယောင် အနည်းငယ် အငွေ့အသက်မျှ ပေါ်ပေါက်လာခြင်းမရှိချေ။

၁၃၄၁-ခုနှစ်၊ နယုန်လပြည့် စနေနေ့ “အဘိဓဇမဟာရဋ္ဌဂုရု”ဘွဲ့ တံဆိပ်တော် အလှူခံယူတော်မူစဉ်တုန်းက ဝမ်းမြောက်ဝမ်းသာရှိမှု အရိပ်အယောင်မျှ မပြဘဲ ငြိမ်သက် တည်ကြည်စွာရှိနေသည့် မျက်နှာထားဣန္ဒြေ အမူအရာအတိုင်းပင်လျှင် ယခု ဆရာတော် ပြုစုထားသည့် စာမူရှာမတွေ့ ဟု လျှောက်ထားသော အခါ၌လည်း စိတ်ဆိုး ဝမ်းနည်းခြင်း ကင်း၍ ငြိမ်သက် တည်ကြည်မြဲသာ ရှိနေပေသည်။ ဤသည်မှာ လောကဓံကို ခံနိုင်သည့် သီလ, သမာဓိ, ပညာ လွှမ်းခြုံထားသော အောင့်အည်းသည်းခံမှု ခန္တီဂုဏ်တော် ဖြစ်ပေသည်။

အချိန်ယူပြီး ဘုန်းကြီး အသစ်ရေးပေးပါမည်ဟူသော အသံတော်မှာလည်း အဘိဓဇ မဟာရဋ္ဌဂုရုဘွဲ့ရစဉ်က သြဝါဒကထာ မိန့်တော်မူသည့် ဝမ်းမြောက်တက်ကြွခြင်းမရှိ ပကတိ ငြိမ်သက် တည်ကြည်သည့် အသံတော် အတိုင်းပင်လျှင် စိတ်ဆိုး ဝမ်းနည်းသံ အလျှဉ်းမပါဘဲ တည်ကြည်ငြိမ်သက်သော အသံတော်ပင်ဖြစ်ပေသည်။ ဤသည်မှာ လောကဓံ တရားကြောင့် ဖောက်ပြားခြင်းမရှိသည့် သီလ, သမာဓိ, ပညာ ဂုဏ်တော်များဖြင့် ထိန်းချုပ်ထားသော သတ္တဝါတို့၏ အကျိုးလိုလား ချစ်သနားသည့် မေတ္တာ ဂုဏ်တော်ဖြစ်ပေသည်။

ယင်းသို့ဆရာတော်၏ မိန့်ကြားချက်ကို ကြားနာရသောအခါ နိဒါန်းရေးသူသည် မိမိကြောင့် အဖိုးတန်စာမူ ရှာမတွေ့၍ ပူလောင်နေသည့် ဒုက္ခသည် အမြိုက် ရေချမ်းဖြင့် သွန်းဖျန်းခြင်း ခံလိုက်ရသကဲ့သို့ နှစ်သက် ရွှင်လန်း ပီတိလွှမ်း၍ ငြိမ်းချမ်းမှုသုခ ရရှိပြီး ဆရာတော်အား ရိုသေစွာ ဦးချရှိခိုး၍ ပြန်လာခဲ့ပေသည်။

ဝီရိယဂုဏ် စသည်

ကာလမကြာမီပင် အသစ်ရေးသား ချီးမြှင့်လိုက်သည့် စိတ္တာနုပဿနာကျမ်း ဒုတိယစာမူ ရောက်လာသည်။ ယင်းသို့ မိန့်ကြားတော်မူသည့်အတိုင်း မှန်ကန်စွာ ချီးမြှင့်ခြင်းသည် သစ္စာ ဂုဏ်တော် ဖြစ်သည်။

ယင်းစာမူရောက်လာသောအခါ ယခင်ရှာမတွေ့သည့် ပထမစာမူကို ပြန်တွေ့ရသည်။ ပထမစာမူ ပြန်တွေ့ကြောင်း ဆရာတော်ထံ လျှောက်ထားသောအခါ ဒုတိယစာမူ ကိုသာ ရိုက်ပါဟု ဆရာတော် အမိန့်ချမှတ်တော်မူသည်။

ပထမစာမူနှင့် ဒုတိယစာမူ ယှဉ်တွဲ၍ ဖတ်ကြည့်သောအခါ ဒုတိယစာမူ၌ ပထမ စာမူမှာပါသည့် ကောင်းမြတ်သော အချက်အလက်များ အစုံအလင် ပါရှိသည့်ပြင် ပထမစာမူထက် ထူးခြား ကောင်းမြတ်သည့် အချက်အလက် အကြောင်းအရာ များလည်း ပါရှိနေသည်ကို တွေ့ရပေသည်။

ဤနေရာ၌ စာရှုသူများ ဆင်ခြင်ကြည့်စေချင်ပါသည်။ သက်တော် ၈၈-နှစ် ရှိနေ ပြီးသော ဤကျမ်းပြုဆရာတော်သည် သတိမေ့ခြင်း, တွေဝေခြင်း, မကျန်းမမာခြင်း မရှိဘဲ အချိန်ကာလ အနည်းငယ်အတွင်းမှာ ကောင်းမြတ်သော ကျမ်းစာအသစ် တစ်စောင် ပြုနိုင်သည့် သတိအား, သမာဓိအား, ပညာအား, ဝီရိယအား အဘယ် မျှလောက် ထက်မြက် ကြီးမားတော်မူပေမည်နည်း၊ ဆင်ခြင်သိရှိနိုင်လောက်ပေပြီ။

ယင်းသို့ ထက်မြက်ကြီးမားသော ဂုဏ်တော်အရပ်ရပ်တို့ဖြင့် လွှမ်းပတ်ဖုံးအုပ် ထားသည့် ရုပ်ဓာတ်နာမ်ဓာတ်တို့အကြားမှ ယိုစီးထွက်ကျလာသောကြောင့် ဤ စိတ္တာနုပဿနာကျမ်းသည် ကျမ်းပြုပုဂ္ဂိုလ်၏အစွမ်းဖြင့် ကောင်းမွန်ကြောင်းကို တင်ပြလိုပါသည်။

ဤသည်ကား – ကျမ်းပြုပုဂ္ဂိုလ်၏အစွမ်းဖြင့် စိတ္တာနုပဿနာကျမ်း ကောင်းပုံကို ကြိုတင် အကဲခတ်ပြခြင်း ဖြစ်ပေသည်။

ယင်းသို့ ---

(က) ကျမ်းပြုပုံအခြင်းအရာကို ဖော်ပြ၍လည်းကောင်း၊
(ခ) ကျမ်းပြုပုဂ္ဂိုလ်၏အစွမ်းကို ဖော်ပြ၍လည်းကောင်း

စိတ္တာနုပဿနာကျမ်းကောင်းမွန်ပုံကို ကြိုတင်အကဲခတ်တင်ပြလိုက်လျှင် စာရှုသူ တို့သည် ဤစိတ္တာနုပဿနာကျမ်းကို ကောင်းမှကောင်းပါလေမည်လားဟု သံသယ စိတ်ဓာတ် ကင်းပြတ်သွား၍ ကောင်းမြတ်သော ကျမ်းတစ်ဆူဟု ဆုံးဖြတ်ချက်ချကာ လေ့လာဖတ်ရှုနိုင်သင့်လောက်ပြီဟု ယုံကြည်ပါသည်။

ဤစိတ္တာနုပဿနာကျမ်းလာ ညွှန်ပြရေးသားချက်များအတိုင်း လေ့လာ ပွားများ အားထုတ် ကျင့်ကြံကြပါလျှင်လည်း ဧကန်မုချ -

သတိမမေ့လျော့ခြင်း၊
သူငယ်မပြန်ခြင်း၊
စိုးရိမ်ပူဆွေး ငိုကျွေးမှုများကို လွန်မြောက်ခြင်း၊
နှလုံးစိတ်ဝမ်း ညှိုးနွမ်းဆင်းရဲ ဝမ်းနည်းမှုမရှိခြင်း၊
မဂ်လေးပါး ဖိုလ်လေးဖြာ ကောင်းစွာရရှိခြင်း၊
နိဗ္ဗာနဓာတ် တရားမြတ်ကို ဆိုက်ကပ်ရရှိခြင်း -
တည်းဟူသော အကျိုး တရားများကို ရရှိခံစားနိုင်ကြပါစေသတည်း။

ဦးထွန်းလှိုင် (ဝိနယပါရဂူ)
ပရိယတ္တိသာသနဟိတ ဓမ္မာစရိယ ဝဋံသကာ၊
သာသနဓဇသိရီပဝရဓမ္မာစရိယ သိရောမဏိ၊
စေတိယင်္ဂဏ ပရိယတ္တိဓမ္မာစရိယ ဂဏဝါစက။

---

စစ်ကိုင်းတောင်ရိုး ရွှေဟင်္သာတိုက်သစ်
ရွှေဟင်္သာဆရာတော် အရှင်ပဏ္ဍိတထေရ်
စီရင်ရေးသားအပ်သော

စိတ္တာနုပဿနာကျမ်း

▬▬▬▬▬▬▬▬

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ပဏာမဂါထာ

စိတ္တံ စိတ္တံ ဓမ္မိဿရံ
စိတ္တံ စိတ္တံ သိရိန္ဓရံ
စိတ္တံ စိတ္တံ သုဒေသကံ
စိတ္တံ စိတ္တံ နုပဿနံ

ပဏာမဂါထာအနက်

စိတ္တံ၊ အာရုံအတန်တန် အဖန်ဖန်ကို တစ်ရံမပြတ် ကြံစည်တတ်သော။
စိတ္တံ၊ စိတ်ဟုဆိုအပ်သော။
ဓမ္မံ၊ သဘောဟရားကို။
ဣဿရံ၊ အစိုးရတော်မူထသော။

စိတ္တံ၊ ဆန်းကြယ်လှစွာသော။
စိတ္တံ၊ ပန်းချီကားသဖွယ် လဝန်းနှယ်သို့ သပ္ပာယ် တင့်တယ်တော်မူထသော။
သိရိန္ဓရံ၊ ကျက်သရေဆောင် ရွှေရောင်ဝင်းပ ရူပကာယတော် ရှိတော်မူထသော။

စိတ္တံ၊ နွားရိုင်းတစ်မူ ပမာတူသည့် သုံးလူသန္တာန် ကိန်းဝပ်စံသား ကြံစည်သော စိတ်သဘောကို။
ဝိဘဇ္ဇိတွာ၊ သရာဂ ဂီတရာဂ စသည်ထွေထွေ ဝေဖန်ခွဲထား ပိုင်းခြားတော်မူ၍။
စိတ္တံနုပဿနံ၊ စိတ္တာနုပဿနာ တရားတော်ကို။

စိတ္တံ စိတ္တံ၊ ဆန်းဆန်းကြယ်ကြယ် သွယ်သွယ်ဖန်ဖန် အတန်တန်ဖြင့်။
သုဒေသကံ၊ သဘောအားဖြင့် ကောင်းစွာ ဟောကြားတော်မူတတ်သော မြတ်စွာဘုရားကို။
နမာမိ၊ ကော်ရော်လေးစားအာရုံထား၍ ညွတ်တွားရိုကျိုး လွန်မြတ်နိုးကာ ရှိခိုးပါ၏ အရှင်ဘုရား။

အကြောင်းပြစကား

ပထမစာမူ

ကာယာနုပဿနာ, ဝေဒနာနုပဿနာကျမ်းငယ်တို့ကို ရေးသား ရိုက်နှိပ်ပြီးသည့် နောက် စိတ္တာနုပဿနာနှင့် ဓမ္မာနုပဿနာတို့ကိုလည်း ဆက်လက်ရေးရန် မိမိကိုယ် ကပင် ဆန္ဒပြုလျက်ရှိသည်။ နိုင်ငံတော် သာသနာရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးကြည်ညွန့်ကလည်း ယင်းစိတ္တာနုပဿနာနှင့် ဓမ္မာနုပဿနာ တို့ကို ဆက်လက် ရေးသားရန် အတန်တန်ပင် တိုက်တွန်းပေသည်။

မိမိ ကိုယ်တိုင်ကပင် ဆက်လက်ရေးလိုရင်း ဆန္ဒရှိခဲ့သည် တစ်ကြောင်း၊ ဦးကြည်ညွန့်က တိုက်တွန်းသည် တစ်ကြောင်းကြောင့် အချိန် တော်တော်ကြာက ပင်လျှင် စိတ္တာနုပဿနာ ကျမ်းငယ်ကို ခပ်ကျဉ်းကျဉ်းရေးသား၍ မန္တလေး သာသနာရေးဦးစီးဌာနမှ တစ်ဆင့် ဦးကြည်ညွန့်ထံသို့ ပို့စေလိုက်သည်။ ပို့သူက ပို့လျက် ဦးကြည်ညွန့်ထံသို့ စာမူမရောက်ဘဲ ပျောက်ဆုံးသွားသည်ဟုသိရသည်၊ ယနေ့တိုင် စာမူကိုတွေ့သည်ဟု မသိရချေ။

ဒုတိယစာမူ

စိတ္တာနုပဿနာ ပထမစာမူ ပျောက်ကွယ်သွားခြင်းကိုပင် ဘုန်းကြီးသည် တစ်နည်း အားဖြင့် ဝမ်းသာမိ၏။ အကြောင်းမူကား ၎င်းစာမူကို ခပ်သုတ်သုတ် ရေးလိုက် ရသည်ဖြစ်၍ စာသားလည်းကျဉ်းသည်၊ ကျဉ်းသဖြင့်ပြည့်စုံသင့်သလောက် ပြည့်စုံခြင်း မရှိသောကြောင့် မိမိကိုယ်တိုင်ကပင် အားရကျေနပ်မှု မရှိလှချေ။ ထို့ထက်ပြည့်စုံစွာ ထပ်မံ၍ ရေးလိုသော ဆန္ဒဖြစ်ပေါ်ခဲ့ပြန်သည်၊ သို့ကြောင့် ယခုဒုတိယအကြိမ် ထပ်မံရေးခြင်းဖြစ်သည်။

အရှင်ဗုဒ္ဓဃောသအလား

စိတ္တာနုပဿနာကျမ်းငယ်ကို ဒုတိယအကြိမ် ထပ်မံရေးရလေအောင် နတ်သိကြား များက တိတ်တဆိတ်ယူငင်ကာ သိုဝှက် ထားလေသလား၊ အရှင်မဟာဗုဒ္ဓဃောသ ထေရ် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကို ရေးတော်မူစဉ်က ပထမစာမူတို့ကို နတ်သိကြား များက ဝှက်ထားသကဲ့သို့ ဒုတိယ ဗုဒ္ဓဃောသဟူ၍များ ထင်မှတ်ကာ ပထမစာမူနှင့် ဒုတိယစာမူ တစ်ထပ်တည်းများ ဖြစ်နေလေမလား ဟု ကြိုတင်၍ ထင်ကြေး မပေး စေလိုကြောင်း။ အရှင်ဗုဒ္ဓဃောသထေရ်နှင့် စိတ္တာနုပဿနာ ရေးသော ဘုန်းကြီးသည် မနှိုင်းကောင်း မဆိုကောင်းသော ပုဂ္ဂိုလ်ချင်းဖြစ်၍ အရှင် ဗုဒ္ဓဃောသ၏ ဂုဏ်တော်ကို မထိခိုက်စေလိုကြောင်း မေတ္တာရပ်ရပေသည်။

ဤအထက်ပါ အကြောင်းအရာ စကားရပ်ကို နိဒါန်းဟု ဆိုလိုက ဆိုနိုင်သည်။ အကြောင်းပြ ဆိုလိုကလည်း ဆိုနိုင်သည်။

စိတ္တာနုပဿနာ အဓိပ္ပာယ်

ထွက်သွားတတ်သည်

စိတ္တာနုပဿနာဟူသည်မှာ - စိတ်ကို အလစ်မပေးဘဲ အဖန်ဖန် အထပ်ထပ် အစဉ် မပြတ် ထိန်းကျောင်းနေခြင်းပင် ဖြစ်သည်။ နွားကျောင်းသားသည် နွားများကို မပြတ်ကြည့်ရှု ထိန်းကျောင်းနေသကဲ့သို့၊ ထို့အတူ မိမိစိတ်ကို ယခုငါ့သန္တာန်၌ အဘယ်စိတ်မျိုး ဖြစ်နေသည်ကို အလစ်မပေးဘဲ သိရှိကာ ထိန်းကျောင်းနေခြင်းပင် ဖြစ်သည်။ စိတ်သည် အလွန်လျင်မြန်စွာ ထွက်သွားတတ်သော သဘော ရှိသောကြောင့် ထိန်းသိမ်း စောင့်ရှောက် နေလျက်ကပင် ထွက်မှန်းမသိ ထွက်သွား တတ်သည်။

တကယ်ထွက်သလား

ထွက်သွားတတ်သည်ဟု သုံးနှုန်း ပြောဆိုရသော်လည်း စင်စစ် အားဖြင့် စိတ်သည် သူကိန်းအောင်းရာဌာနမှ တစ်ဆံခြည်မျှ နေရာရွေ့ခြင်းကားမရှိပေ၊ စိတ်ကိုယ်တိုင် မူကား ဘယ်အရပ်, ဘယ်ဒေသ ကိုမှ မသွားပေ။ သို့ဖြစ်လျက် အဘယ့်ကြောင့် လျင်မြန်စွာ ထွက်သွားတတ်သည်ဖြစ်၍ အလစ်မပေးပဲ အစဉ်ထိန်းကျောင်း နေရသည်ဟု ဆိုပါသနည်းဟု မေးဖွယ်ရှိသည်ကား မှန်ပေသည်။

စိတ်သည် အမှန်စင်စစ် မိမိကိန်းအောင်းရာ ဟဒယဝတ္ထုမှ အထက်၌ဆိုခဲ့သကဲ့သို့ ဆံခြည်တစ်လုံးခန့်မျှ ထွက်ခွာသွားခြင်း မရှိသည်ကား အမှန်ပင်ဖြစ်သည်။ သို့ပင် ကိုယ်တိုင် ထွက်ခွာမသွားသော်လည်း စိတ်၏တန်ခိုးသတ္တိ စွမ်းပကားမှာမူကား ကြီးမားသည်ဟု ဆိုရပေမည်။ အဘယ်သို့ တန်ခိုးသတ္တိစွမ်းပကား ကြီးမားသနည်း ဟူမူ - မည်မျှလောက် ခရီးဝေးသော အရပ်ဒေသသို့မဆို အလွယ်တကူ လျင်မြန်စွာ အာရုံပြုနိုင်လေသည်။

ဥပမာပြချက်

ဥပမာဆိုရလျှင် - ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်ကြီးသို့ သွားရောက် ဖူးမြော် ဖူးသောပုဂ္ဂိုလ်သည် မိမိအိမ်မှနေ၍ ရွှေတိဂုံစေတီတော်ကြီးကို စိတ်ဖြင့်အာရုံပြု၍ ကြည်ညိုနိုင်သည်။ ယင်းသို့ အာရုံပြုရာ၌ ကြာမြင့်နေသည် မဟုတ်၊ သတိရ၍ အာရုံပြုလိုသောအခါ လျင်မြန်စွာ ချက်ချင်း အာရုံ ပြုနိုင်သည်။

မိမိ ကိုယ်တိုင်သွားရောက် ဖူးမြော်စဉ်ကကဲ့သို့ပင် ရွှေတိဂုံစေတီတော်ကြီး နှင့်တကွ အရပ်လေးမျက်နှာ၌ရှိသော အာရုံခံတန်ဆောင်းများ, ရုပ်ပွား ဆင်းတုတော်များကို လည်းကောင်း၊ ပန်း ဆီမီး ကပ်လှူပူဇော်နေကြသော လူတို့ကိုလည်းကောင်း စိတ်ဖြင မြင်တွေ့ နေရပေမည်။

ဥရောပတိုက်သို့ဖြစ်စေ, အမေရိကန်သို့ဖြစ်စေ သွားရောက်ဖူးသော ပုဂ္ဂိုလ်သည် မြန်မာနိုင်ငံသို့ ပြန်ရောက်သောအခါ ဆွေမျိုးဉာတိ မိတ်သင်္ဂဟများကို ဥရောပ တိုက်၌ လည်းကောင်း, အမေရိကန်၌လည်းကောင်း မိမိတွေ့မြင် ကြုံကြိုက်ခဲ့ရသော အရာဝတ္ထုတို့ကို ပြန်လည်ကာ စိတ်ဖြင့် အာရုံပြု၍ ဗဟုသုတအဖြစ် ပြောနိုင်ကြသည်။ မည်မျှပင် ဝေးစေကာမူ စိတ်သည်အာရုံပြုသောသဘောဖြင့် ရောက်နိုင်သည်၊ မြင်နိုင်သည်။

ရှင်နာဂသိန် ဟောချက် စိတ်ဆောင်ပုံ

မိလိန္ဒအမေး

စိတ်၏လျင်မြန်စွာ သွားနိုင်ပုံကို မိလိန္ဒမင်းက ရှင်နာဂသိန်ကို မေးလျှောက်ဖူးသည်။ အရှင်ဘုရား - မြတ်စွာဘုရားသည် လည်းကောင်း, အရှင်ဘုရားတို့သည် လည်းကောင်း ရံခါရံခါ ပြောဟောတော်မူဖူးသည်မှာ ကွေးသောလက်ကို ဆန့်သလောက်၊ ဆန့်သောလက်ကို ကွေးသလောက် အချိန်ကာလလေး အတွင်း၌ ဗြဟ္မာ့ပြည်ရောက်နိုင်သည်ဟု ပြောဟောတော်မူကြပါသည်။ အဘယ်သို့လျှင် အလွန်ဝေးသော ဗြဟ္မာ့ပြည်သို့ ဤမျှလောက်လျင်မြန်စွာ ရောက်နိုင်ပါသနည်းဟု မေးလျှောက်သည်။

ရှင်နာဂသိန် အဖြေ

ရှင်နာဂသိန်က မင်းကြီး ... မင်းကြီး ယခုနေသော သာဂလ မြို့တော် နှင့်ဇာတိ အရပ်သည် ဘယ်မျှဝေးပါသလဲ။ ယူဇနာ ၂ဝဝ -ဝေးပါသည် အရှင်ဘုရား။ ယူဇနာ ၂ဝဝ ဝေးသော ဇာတိအရပ်၌ ယခင်က ဆောင်ရွက်ဖူးသော အလုပ်ကိစ္စရှိပါသလား။ ရှိပါသည် အရှင်ဘုရား။

မင်းကြီး - အဲသည် ဆောင်ရွက်ဖူးသော ကိစ္စကို လှမ်းပြီး အာရုံပြုလိုက်စမ်းပါလေ။ အာရုံပြုပြီးပါပြီ အရှင်ဘုရား။ မင်းကြီး- တယ်မြန်ပါလားဟု အရှင်နာဂသိန်က အမိန့်ရှိရာ မိလိန္ဒမင်းကြီးသည် ဉာဏ်ပညာရှိသော ပုဂ္ဂိုလ်ဖြစ်သည်အလျောက် သဘောပေါက်ကာ အရှင်ဘုရား - သဘောပေါက်ကာ နားလည်ပါပြီအရှင်ဘုရားဟု လျှောက်သတဲ့။

လျင်မြန်ခြင်း

စိတ်ဖြင့် အာရုံပြုလိုက်ခြင်းဖြစ်သည်။ စိတ်သည် ဤမျှ လျင်မြန်ပေသည်။ ဤမျှ လျင်မြန်သော စိတ်ကို ထိန်းသိမ်းနိုင် သလောက်၊ ယဉ်ကျေးအောင်ပြုပြင်နိုင် သလောက် စိတ်ကိုအစိုးရကာ စိတ်တန်ခိုးဖြင့် ဗြဟ္မာ့ပြည်, နတ်ပြည်သို့ တစ်ခဏ ချင်းဖြင့် သွားရောက်နိုင်သည်။ ထိုစိတ်ကို ထိန်းဖို့မှာကား လွယ်ကူသည် မဟုတ်ပေ။

ရိုင်းသောစိတ်

မယဉ်ကျေးသေးသောစိတ်ကို နွားရိုင်းနှင့် ဥပမာပြု ဟောတော်မူသည်။ နွားရိုင်း, ဆင်ရိုင်းတို့ကို ယဉ်ကျေးအောင် ဆုံးမရန်မှာ လွယ်ကူပေဦးမည်၊ အာရုံအမျိုးမျိုးသို့ ပြေးလွှားကာ တည်ငြိမ်မှုမရှိဘဲ ရိုင်းနေသောစိတ်ကို ယဉ်ကျေးစေရန်မှာ ခက်ခဲလှ ပေသည်။

မကောင်းမှု၌ ပျော်ခြင်း

ပါပသ္မိံ ရမတိ မနော

မနော၊ စိတ်သည်။
ပါပသ္မိံ၊ မကောင်းမှု မကောင်းလုပ်၌သာလျှင်။
ရမတိ၊ မွေ့လျော်တတ်၏။

အစမထင်သော သံသရာ တစ်လျှောက်လုံး၌ များသောအားဖြင့် ကာမဂုဏ် အာရုံ တို့၌သာလျှင် မွေ့လျော် ပျော်ပိုက် အာရုံစိုက်ခဲ့သောစိတ်၊ ကာမဂုဏ် အာရုံ ကိုသာလျှင် လိုလားသောစိတ်၊ မြွေသည် ရှုပ်ထွေးရာကိုသာ ကြိုက်သကဲ့သို့ အာရုံ အများကိုသာ ကြိုက်သောစိတ်ဖြစ်သည်။ သို့ကြောင့် ထိုစိတ်ကို ကာမဂုဏ် အာရုံမှ ကင်းသော ဆိတ်သော ကမ္မဋ္ဌာန်းအာရုံ၌ ထားရန် အဝေးအာရုံသို့ မထွက်မသွား စေရန် စောင့်ရှောက်ထိန်းသိမ်းမှုသည် လွယ်ကူသည် မဟုတ်ချေ။

စိတ်ကို ပစ်မထားသင့်

မလွယ်ကူဘူးဟုဆိုကာ စိတ်ကို စောင့်ထိန်းခြင်းမရှိဘဲ သူ့သဘောအတိုင်း လွှတ်ထားပြန်လျှင် တစ်နည်းအားဖြင့် စိတ်ကိုစိတ်အတိုင်း ထားပြန်လျှင် သားဆိုး သားမိုက်ကို ဆုံးမ ပဲ့ပြင်သွန်သင်ခြင်းမပြုပဲ ပစ်ထားက ပို၍ဆိုးသွမ်းပျက်စီးတတ် သကဲ့သို့ ပစ်ထားသောစိတ်, သူ့ အတိုင်းထားသော စိတ်သည် မကောင်းမှုတို့၌သာ အာရုံပြုကာ လိုက်စားသဖြင့် ပိုမိုဆိုးသွမ်းပျက်စီးမည်သာ ဖြစ်သည်။

သို့ကြောင့် ပညာရှိ သူတော်ကောင်းတို့သည် ထိန်းသိမ်း စောင့်ရှောက်ရန် ခဲယဉ်း သည်ဟု အားလျှော့ကာ လျစ်လျူရှု မထားကြဘဲ စိတ်ရှည်ရှည် ဇွဲကောင်းကောင်းနှင့် စိတ်ကိုယဉ်ကျေး နူးညံ့သိမ်မွေ့အောင် ထိန်းသိမ်း စောင့်ရှောက်၍ ကမ္မဋ္ဌာန်းအာရုံ ဘက်သို့ ဆွဲဆောင်သိမ်းသွင်းကာ သူတော်ကောင်း တရားကို ပွားများကြကုန်၏။

တန်ခိုးကြီးသောစိတ်

စိတ္တေန နိယတေ လောကောစိတ္တေန ပရိကဿတိ
စိတ္တဿ ဧကဓမ္မဿသဗ္ဗေဝ ဝသမန္ဒဂူ

ဟူ၍ ဟောတော်မူသည့်အတိုင်း လောကကြီးကို စိတ်ဆောင်နေ၏၊ စိတ် ဆွဲဆောင်ရာသို့ လိုက်ပါနေကြရ၏၊ အားလုံးသော သတ္တလောကနှင့် ရုပ်နာမ် ဟူသော သင်္ခါရလောကသည် စိတ်ဆွဲဆောင်ရာ စိတ်ပို့ရာသို့ လိုက်ပါနေကြရသည်။ စိတ်သည် မည်မျှတန်ခိုးရှိသည်၊ မည်မျှစွမ်းရည်သတ္တိရှိသည်ကို သိနိုင်ကြပေသည်။

ဤမျှလောက် စွမ်းရည်သတ္တိရှိသော စိတ်ကို ထိန်းသိမ်း စောင့်ရှောက်ပြုပြင်၍ ယဉ်ကျေးစေနိုင်မူကား ထိုစိတ်သည် မိမိကိန်းအောင်းသော ခန္ဓာသန္တာန်ကို ချမ်းသာရာ ကောင်းမွန်ရာသို့ ပို့ဆောင်ပေးနိုင်ပေသည်။

စိတ်ဆောင်ပုံ အမေးအဖြေ

စိတ်ဆောင်ပုံကိုပြဦးအံ့- မိလိန္ဒမင်းက အရှင်နာဂသိန်ကို လျှောက်ဖူးသည်မှာ-

အမေး။ ။ အရှင်ဘုရား- ဗြဟ္မာပြည်သည် ဤလူ့ပြည်မှ မည်မျှဝေးပါသနည်း။

အဖြေ။ ။ မင်းကြီး- ဗြဟ္မာပြည်သည် ဝေးလှပေသည်။ ဥပမာ နှိုင်းယှဉ်ဖွယ်ရာကို ပြဆိုရလျှင် တောင်ထွတ်တမျှ ကြီးမားသော ကျောက်တုံးကြီးကို ဗြဟ္မာ့ပြည်မှ ချလိုက်ပါလျှင် နေ့ရောညဉ့်ပါ ကျလာခဲ့သော ကျောက်တုံးကြီးသည် တစ်နေ့နှင့် တစ်ညဉ့်၌ ယူဇနာပေါင်း (၈၄၀၀၀) ရှစ်သောင်းလေးထောင် ကျလာခဲ့ရာ လေးလ (၄-လ) ကြာမှသာလျှင် ဤလူ့ပြည် မြေပေါ်သို့ ရောက်ပေလိမ့်မည်။ မင်းကြီး ဗြဟ္မာ့ပြည်သည် ဤမျှလောက်ပင် ဝေးကွာပေသည်။

အမေး။ ။ အရှင်ဘုရား- ဤသို့ ပြောဟောတော်မူလေ့ရှိကြပါသည်။ အဘယ်ကဲ့သို့ ပြောဟောတော်မူလေ့ ရှိကြသနည်းဟူမူ- ဥပမာအားဖြင့် အားခွန်ဗလနှင့် ပြည့်စုံသော ယောက်ျားသည် ကွေးသောလက်ကို ဆန့်တန်းသကဲ့သို့ လည်းကောင်း ဆန့်တန်းသောလက်ကို ကွေးသကဲ့သို့ လည်းကောင်း ဤမျှလောက် ကာလဖြင့် သာလျှင် စိတ်ကိုနိုင်နင်းအောင် လေ့လာခြင်းရှိသော တန်ခိုးရှိသောပုဂ္ဂိုလ်သည် လူ့ပြည်ဇမ္ဗူဒိပ်ကျွန်းမှ ဗြဟ္မာ့ပြည်သို့ အလွန်လျင်မြန်စွာ ကြွရောက်နိုင်သည် ဆိုသော စကားကို ဒကာတော် မယုံကြည်နိုင်ပါဘုရား။

အမေး။ ။ မင်းကြီး - သင်မင်းကြီး၏ ဇာတိရပ်သည် အဘယ်မှာရှိသနည်း။

အဖြေ။ ။ အရှင်ဘုရား - အလသန္ဒ အမည်ရှိသော ကျွန်းသည် ရှိပါသည်။ ထိုကျွန်းသည် ဒကာတော်၏ ဖွားရာဇာတိအရပ် ဖြစ်ပါသည်။

အမေး။ မင်းကြီး- အလသန္ဒကျွန်းသည် ဤသာဂလမြို့တော်မှမည်မျှဝေးပါသနည်း။

အဖြေ။ ။ ယူဇနာ(၂ဝဝ) နှစ်ရာ ဝေးကွာပါသည် အရှင်ဘုရား။

အမေး။ ။ မင်းကြီး- အလသန္ဒကျွန်း၌ ရှေးက လုပ်ဆောင်ခဲ့ဖူးသော ပြုဖွယ်ကိစ္စကို ပြုလုပ်ပြီးနောက် ပြန်၍ဆင်ခြင် အောက်မေ့ဖူးပါသလော။

အဖြေ။ ။ မှန်ပါ- အောက်မေ့ဆင်ခြင်ဖူးပါသည်အရှင်ဘုရား။

ရှင်းချက်။ ။ မင်းကြီး- သင်မင်းကြီးသည် ယူဇာနှစ်ရာ ဝေးကွာသော အလသန္ဒ ကျွန်းသို့ လျင်မြန်စွာသွားရောက်နိုင်စွမ်း ရှိပါပေသည်ဟု အရှင်နာဂသိန်က မိန့်ကြား သောအခါ -

ဝန်ခံချက်။ ။ အရှင်ဘုရား- ဥပမာဖြင့် ဖြေကြားတော်မူသည်မှာ သင့်လျော် လျောက်ပတ်ပါပေသည် အရှင်ဘုရား။

အလွန်တရာ ဝေးကွာလှသော ဗြဟ္မာ့ပြည်ကို စိတ်ဆောင် သွားသောကြောင့် စိတ်မြန်သလောက် ဤခန္ဓာကိုယ်ကြီးသည် လျင်မြန်စွာ တစ်ခဏချင်းဖြင့် ရောက်ရှိ သွားခြင်း ဖြစ်သည်ကို မိလိန္ဒမင်းကြီး သဘောပေါက်သွားခြင်းဖြစ်သည်။

ပဋိသန္ဓေစိတ်မြန်ပုံ

လျင်မြန်ခြင်းနှင့် စကားစပ်သဖြင့် ဆက်လက်၍ ပြလိုသေးသည်။

မိလိန္ဒမင်းကြီးက ဆက်လက်၍ မေးလျှောက်ပြန်သည်မှာ -

ထပ်မံအမေး။ ။ အရှင်ဘုရား -အကြင် လူတစ်ယောက်သည် လူ့ပြည်သာဂလမြို့မှ လွန်ပြီးကာလ ဗြဟ္မာ့ပြည်၌ ဖြစ်ရာ၏။ အခြားလူတစ်ယောက်သည်ကား ဤလူ့ပြည် သာဂလမြို့မှ သေလွန်ပြီးကာလ ကသ္မီရတိုင်းပြည်၌ ဖြစ်ရာ၏။ အဘယ်သူက ကာလ ကြာမြင့်မှဖြစ်၍ အဘယ်သူက လျင်မြန်စွာ ကာလမကြာမြင့်မီ ဖြစ်ပါသနည်း အရှင်ဘုရား။

ထပ်ဖြေချက်။ ။ ။ မင်းကြီး-နှစ်ဦးလုံး တစ်ချိန်တည်း ကာလတူပင် အသီးသီး ဖြစ်ကြပေသည်။

လျှောက်ချက်။ ။ အရှင်ဘုရား - ဥပမာဖြင့် ဟောကြားတော်မူပါဦးဘုရား။

ပြန်မေးခြင်း။ ။ မင်းကြီး- မင်းကြီး၏ ဇာတိအရပ်သည် အဘယ်မှာနည်း။

ဖြေ။ ။ အရှင်ဘုရား - ကလသိရွာသည် ရှိပါသည်။ ထိုရွာသည် ဒကာတော်၏ ဖွားမြင်ရာ ဇာတိရွာဖြစ်ပါသည်။

မေး။ ။ မင်းကြီး- ကလသိရွာသည် ဤသာဂလမြို့တော်မှဘယ်မျှဝေးပါသနည်း။

ဖြေ။ ။ ယူဇနာနှစ်ရာဝေးပါသည်အရှင်ဘုရား။

မေး။ ။ မင်းကြီး - ကသ္မီရတိုင်းပြည်သည် အဘယ်မျှဝေးပါသနည်း။

ဖြေ။ ။ တစ်ဆယ့်နှစ်ယူဇနာ ဝေးပါသည်အရှင်ဘုရား။

ခိုင်း။ ။ မင်းကြီး- ကလသိရွာကို အာရုံပြု၍ ကြံစည်ဆင်ခြင်လိုက်စမ်းပါ။

ဖြေ။ ။ ကြံစည်ဆင်ခြင်ပြီးပါပြီ အရှင်ဘုရား။

ထပ်ခိုင်း။ ။ မင်းကြီး - ကသ္မီရတိုင်းပြည်ကို (ဝါ) မြို့ကို ကြံစည်ဆင်ခြင်လိုက်စမ်း ပါဦး။

ဖြေ။ ။ ကြံစည်ဆင်ခြင်ပြီးပါပြီဘုရား။

မေး။ ။ မင်းကြီး - ဤကလသိရွာကို ဆင်ခြင်ခြင်းနှင့် ကသ္မီရတိုင်းပြည်(ဝါ) မြို့ကို ဆင်ခြင်ခြင်းသည် ဘယ်ကဲ့သို့ ထူးခြားပါသနည်း၊ ဘယ်အာရုံကို ကြာရှည်ကြံစည် ဆင်ခြင်ရသနည်း၊ ဘယ်အာရုံကိုမြန်စွာ ကြံစည် ဆင်ခြင်ရသနည်း။

ဖြေ။ ။ အရှင်ဘုရား- အာရုံနှစ်ခုလုံးကို အချိန်ကာလ အတူသာလျှင် ဆင်ခြင် ကြံစည်ရပါသည် အရှင်ဘုရား။

ရှင်းချက်။ ။ မင်းကြီး- ဤဥပမာ အတူပင် ဤသာဂလမြို့မှသေလွန်ပြီးကာလ ဗြဟ္မာ့ပြည်၌ ဖြစ်သောသူသည် လည်းကောင်း၊ သာဂလမြို့ မှ သေလွန်ပြီးကာလ ကသ္မီရတိုင်းပြည် (ဝါ) မြို့၌ဖြစ်သော သူသည်လည်းကောင်း အချိန်ကာလချင်း အနှေးအမြန် မကွာ အချိန်တူသာလျှင် ဖြစ်ကြပေသည်ဟု ဖြေကြားတော်မူသည်။

ပဋိသန္ဓေစိတ်ဖြစ်ခြင်း အချိန်ကာလ တူကြသည်ကို ပြဆိုခြင်းဖြစ်သည်။ ဤဘဝက စုတိစိတ်သည် ဤမှာပင် ချုပ်ငြိမ်းခဲ့လေပြီ၊ အသစ်ဖြစ်သော ပဋိသန္ဓေစိတ်သည် ရောက်ရာဘဝ၌ အချိန်ကာလ အခြားမရှိဘဲ ပဋိသန္ဓေစိတ်အမည်ဖြင့် ဖြစ်လေသည်။ ဤဘဝက စိတ်သည် နောက်ဘဝသို့ ကူးပြောင်းလိုက်ပါသည် မဟုတ်၊ ဤဘဝက ကံအကြောင် အားလျော်စွာ နောက်ဘဝ၌ အကျိုး ပဋိသန္ဓေစိတ်အဖြစ်ဖြင့် ဖြစ်ခြင်း ဖြစ်သည်။

စိတ်ကိုကမ္မဋ္ဌာန်းဖြင့် ထိန်းပါ

ပြဆိုအပ်ခဲ့ပြီးသည့်အတိုင်း မကောင်းမှု၌သာ မွေ့လျော်တတ်သောစိတ်၊ လျင်မြန် သော တန်ခိုးသတ္တိရှိသော စိတ်ကို ပေါက်လွှတ်ပဲစား လွှတ်၍မထားဘဲ၊ တစ်နည်း- စိတ်ကို စိတ်အတိုင်း ဖြစ်လိုရာဖြစ်စေဟု လျစ်လျူရှုမထားဘဲ၊ ယင်းစိတ်ကို ဇွဲကောင်းကောင်း စိတ်ရှည်လက်ရှည်ဖြင့် သည်းခံ၍ ထိန်းသိမ်းစောင့်ရှောက်ကာ အလိုရှိရာ ကမ္မဋ္ဌာန်းအာရုံသို့ ဆွဲဆောင်၍ ယင်းစိတ်ဖြင့် ဘာဝနာတရားပွားများ. အားထုတ်ပါမူ အားထုတ်သည့် အလျောက် ခရီးပေါက်ရောက်၍ စိတ်ကပင် ချမ်းသာကို ပို့ဆောင်ပေးလိမ့်မည်။ စိတ်ကို စိတ်အတိုင်း ထားကာ လှံကြိုးမရှိသော နွားကဲ့သို့ လွှတ်ထားလျှင် သူတစ်ပါးအခင်းကို ကျူးကျော်ဝင်ရောက် စားမိ သည်ဖြစ်၍ ဓားခုတ် လှံထိုးခံရသော နွားကဲ့သို့ အပါယ်ဓား အပါယ်လှံ အထိုးခံရ တတ်မည် ဖြစ်ပေသည်။

ရာဂမိုးနှင့် ဘာဝနာအမိုး

တစ်နည်းအားဖြင့် ထိုစိတ်တည်းဟူသောအိမ်ကို ဘာဝနာအမိုးတို့ဖြင့် လုံခြုံအောင် မမိုးလျှင် လောဘစသော ကိလေသာ မိုးတွေယိုကျသည်ဖြစ်၍ စိတ်တည်းဟူသော အိမ်သည် ဆွေးမြည့် ပျက်စီးခြင်းသို့ ရောက်တတ်သည်။ မိုးမလုံသော ပကတိ အိမ်သည်မူလည်းဖြစ်စေ၊ ကျောင်းသည်မူလည်းဖြစ်စေ အမိုးမလုံလျှင် မိုးယိုဆွေးမြေ့ ပျက်စီးသကဲ့သို့ ဖြစ်သည်ဟု ဆိုလိုသည်။

နန္ဒမင်းသားဝတ္ထု

မြတ်စွာဘုရား၏ ညီတော်နန္ဒမင်းသားသည် မြတ်စွာဘုရား က သပိတ်တော်ယူစေ၍ သပိတ်ထမ်းခေါ်သွားစဉ် ဇနပဒ ကလျာဏီက စိုစွတ်နေသော ဆံပင်တစ်ဝက်ကို ဖြီးလျက် ပြတင်းပေါက်မှလှမ်း၍ မောင်တော်ဘုရား မြန်မြန်ပြန်လာခဲ့ပါဟု ပြောလိုက်သည်။

ထိုအသံ အသည်း၌ စူးဝင်နေသကဲ့သို့ စွဲလမ်းလျက် ဆံပင်တစ်ဝက်ကိုဖြီးလျက် ပြတင်းပေါက်မှရပ်နေသော ဇနပဒကလျာဏီ၏ ရူပကာယ ရူပါရုံသည်လည်း မနောဒွါရမျက်စိမှ မထွက်ဘဲ စူးဝင်စွဲလမ်း၍ ကိလေသာ မိုးတွေ ယိုကျလျက်ရှိသည်။

ထို့ကြောင့် မြတ်စွာဘုရား၏ သာသနာတော်၌ မပျော်ပိုက်နိုင်ဘဲ “လူထွက်တော့မည်၊ လူထွက်တော့မည်”ဟု ငြီးတွားကာ ပျင်းရိငြီးငွေ့နေသည်ကို သိတော်မူသော မြတ်စွာဘုရားသည် -

ယထာ အဂါရံ ဒုစ္ဆန္နံ၊ ဝုဋ္ဌီ သမတိ ဝိဇ္ဇတိ
ဧဝံ အဘာဝိတံ စိတ္တံ၊ ရာဂေါ သမတိ ဝိဇ္ဈတိ -

ဟု ဟောတော်မူသည်။

အမိုးမလုံခြင်းအပြစ်

လုံခြုံအောင် မမိုးသော (ဝါ) ကျိုးတိုးကျဲတဲ မိုးသော (ဝါ) တော်စွလျော်စွ မိုးသော အိမ်သည် မိုးယိုသဖြင့် ပျက်စီးသကဲ့သို့ ထို့အတူ ဘာဝနာဖြင့် မထုံအပ်သော (ဝါ) ရာဂ၏ ဆန့်ကျင်ဘက်ဖြစ်သော အသုဘ ကမ္မဋ္ဌာန်းဘာဝနာသို့ မပွားများသော စိတ်သည် ရာဂတည်းဟူသော မိုးယိုသဖြင့် ပျက်စီး တတ်လေသည် ဟု ဟောတော်မူသည်။

ရာဂကို ပဓာနထား၍ ဆိုသော်လည်း ဒေါသ, မောဟ, မာန, ဒိဋ္ဌိ အစရှိသော ကိလေသာမိုးတို့သည် ယိုကျတော့သည်သာတည်း။ သို့ဖြစ်၍ စိတ်ကို အမှတ်မဲ့ လျစ်လျူရှု၍ ပစ်မထားကြဘဲ အမြဲမပြတ်သတိချပ်၍ စောင့်ကြပ် ထိန်းသိမ်းကြရမည်၊ ပြုပြင်ကြရမည်၊ ယဉ်ကျေးစေကြရမည်၊ ဘာဝနာအမိုးတို့ဖြင့် လုံခြုံအောင် မိုးကြရမည် ဖြစ်ပေသည်။

အမိုးလုံခြင်းအကျိုး

အိမ်ကိုဖြစ်စေ, ကျောင်းကိုဖြစ်စေ, ကောင်းသော သွပ်စသည်တို့ဖြင့် လုံခြုံအောင် မိုးလိုက်ပါလျှင် မိုးယိုခြင်းမှ လွတ်ကင်း၍ အိမ်, ကျောင်းတို့ ပျက်စီးခြင်း ကင်းလွတ် ချမ်းသာသကဲ့သို့ ကိလေသာတည်း ဟူသော မိုးမယိုအောင် ဘာဝနာအမိုးတို့ဖြင့် လုံခြုံအောင် မိုးအပ်သောစိတ်သည် ပျက်စီး ခြင်းမှကင်း၍ ၎င်းစိတ်ဖြင့် ပွားများ အပ်သော ဘာဝနာကြောင့် အရဟတ္တဖိုလ် တိုင်အောင်သော ချမ်းသာကို ရရှိနိုင်ပေသည်။

နတ်သမီးနှင့် မျောက်အိုမ

ပျင်းရိငြီးငွေ့နေသော အရှင်နန္ဒကို မြတ်စွာဘုရားသည် လက်မောင်းကိုဆွဲ၍ တန်ခိုးတော်ဖြင့် တာဝတိံသာသို့ ခေါ်သွား လေသည်။ တာဝတိံသာသို့မရောက်မီ လမ်းခုလပ်၌ မျောက်အိုမကြီး တစ်ကောင်ကိုလည်း ရှင်နန္ဒအား ပြခဲ့သည်။

တာဝတိံသာသို့ ရောက်သောအခါ နတ်သမီးများကို တွေ့မြင်သောအခါ မြတ်စွာဘုရား က “ဤနတ်သမီးတွေနှင့် ဇနပဒကလျာဏီသည် ဘယ်သူက လှသနည်း- ဟု မေးတော်မူရာ မြတ်စွာဘုရား မနှိုင်းယှဉ်သာပါ၊ နတ်သမီးများနှင့် ယှဉ်လျှင် ဇနပဒကလျာဏီသည် လမ်း၌တွေ့မြင်ခဲ့သော မျောက်အိုမကြီးသဖွယ် ဖြစ်ပါတော့သည်-ဟု လျှောက်သတဲ့။

မြတ်စွာဘုရားက ညီတော်နန္ဒ သာသနာ့ဘောင်မှာ ပျော်ပျော်နေလေ၊ သည် နတ်သမီး များအတွက် ငါ့တာဝန်ထား၊ ငါအာမခံသည်။ ရဟန်း တရားကိုသာလျှင် ပျော်မွေ့စွာ အားထုတ်လေဟု မိန့်တော်မူလျှင် မြတ်စွာဘုရား- နတ်သမီးငါးရာတို့ကို ရစေမည်ဟု မြတ်စွာဘုရား တာဝန်ယူကာ အာမခံပါလျှင် သာသနာတော်၌ ပျော်ပျော်အားထုတ်ပါ တော့မည်- ဟု လျှောက်သတဲ့။

ထိုအကြောင်းကို ရှင်နန္ဒ၏ သီတင်းသုံးဖော် သံဃာတော်များက သိရှိရသဖြင့် ရှင်နန္ဒကို နတ်သမီး တည်းဟူသော အကြောင်းကြောင့် သူရင်းငှား အခစားအဖြစ်ဖြင့် လည်းကောင်း၊ ရဟန်းကျင့်ဝတ် တည်းဟူသော အဖိုးအခဖြင့် နတ်သမီးတည်း ဟူသော ပစ္စည်းကို ဝယ်ယူသူအဖြစ်ဖြင့် လည်းကောင်း ရယ်သွမ်းသွေး၍ ပြောဆို ခနဲ့ကြကုန်၏

ရဟန္တာဖြစ်ခြင်း

ယင်းကဲ့သို့ သီတင်းသုံးဖော်တို့က ကဲ့ရဲ့ ပြောင်လှောင်ပြောဆို ကြသည်ကို ရှက်သဖြင့် ရှင်နန္ဒသည် တစ်ယောက် ထီးတည်း သင့်လျော်ရာ၌နေလျက် မမေ့ မလျော့ ရဟန်းတရားကို အားထုတ်လေရာ ဘာဝနာတည်း ဟူသော အမိုး လုံခြုံ သည်ဖြစ်၍ ရာဂစသော ကိလေသာမိုးတို့သည် စီးယိုကာမကျနိုင်ကြ ပြီဖြစ်၍ အာသဝေါတည်း ဟူသောမိုးရေဟူသမျှတို့သည် ခန်းခြောက်ကြကုန်၏

မြတ်စွာဘုရား၏ သာသနာတော်၌ အာသဝေါကုန်ခန်း ပြီးသော ရဟန္တာတို့တွင် အရှင်နန္ဒသည် ရဟန္တာတစ်ဆူအဖြစ်ဖြင့် ထင်ရှားစွာ အပါအဝင်ဖြစ်လေတော့သည်။

ဤအကြောင်းကို ရည်ညွှန်းတော်မူ၍ မြတ်စွာဘုရားသည် ဤဒေသနာတော်ကို ဟောတော်မူသည်။

ယထာ အဂါရံ သူ့စ္ဆန္နံ၊ ဝုဋ္ဌီ န သမတိ ဝိဇ္ဈတိ
ဧဝံ သုဘာဝိတံ စိတ္တံ၊ ရာဂေါ န သမတိ ဝိဇ္ဈတိ

ကောင်းမွန်လုံခြုံစွာ မိုးအပ်သော အိမ်သည် မိုးယိုခြင်းမှကင်း၍ အပျက်အစီး မရှိသကဲ့သို့ ထို့အတူ ဘာဝနာဖြင့် ကောင်းစွာ ထုံအပ်သောစိတ်သည် ရာဂမိုး ယိုခြင်းမှ ကင်းသဖြင့် ချမ်းသာခြင်းသို့ ပို့ဆောင်ပေသည်ဟု ဟောတော်မူသည်။

ဖောက်ပြန်လျက် အထိန်းစက်သောစိတ်

ကလေးလိုစိတ်

ထိန်းသိမ်းမှုပြုခြင်းမရှိသော စိတ်သည် ရူပါရုံ, သဒ္ဒါရုံစသည်တို့နှင့် တွေ့ကြုံသော အခါ ထိုထိုအာရုံတို့သို့ ရောက်သဖြင့် လှုပ်ရှားတတ်သည်။ ကလေးသူငယ်တို့သည် အငြိမ်မနေဘဲ ခုန်ပေါက်ပြေးလွှား လှုပ်ရှားနေကြသကဲ့သို့ အာရုံတစ်ခု၌ စူးစိုက်ကာ တည်ငြိမ်ခြင်းမရှိဘဲ ပျံ့လွင့်ပြေးလွှားတတ်သည်။

နွားရိုင်းလိုစိတ်

ကောက်ပင်(စပါးပင်) စပါးခင်းတို့အကြား၌ စပါးပင်တို့ကို စားတတ်သောနွားကို အထိန်းအကျောင်း ခက်သကဲ့သို့ ကာမဂုဏ်အာရုံကို ကြိုက်တတ်သော စိတ်ကို စောင့်ရှောက် ထိန်းကျောင်းမှု ခက်သည်။ စိတ်၏အကြိုက်ဖြစ်သော ဝိသဘာဂ အာရုံသို့ မသွားအောင် မပြေးအောင် တားမြစ်ရခြင်းသည်လည်း ခဲယဉ်းသည်။ သို့ဖြစ်၍ ဤစိတ်ကို နဖားကြိုးနှင့်တူသော သတိဖြင့် စောင့်ကြပ်ရာ၏

မြားထိဥပမာ

လေးအတတ်ပညာကို ကောင်းစွာတတ်ကျွမ်းသော လေးသမားသည် တောမှခုတ်ယူ ခဲ့သော ကောက်သော အသားကို ကျွမ်းကျင်စွာ စိတ်ရှည်ရှည်ဖြင့် ဖြောင့်မတ်အောင် ပြု၍ လိုအပ်ရာ၌ အသုံးပြုသဖြင့် ဥစ္စာပစ္စည်း ရရှိသကဲ့သို့၊ ထို့အတူ လှုပ်ရှားသော စိတ်, မတည်ငြိမ်သောစိတ်, အာရုံအများအပြား သို့ ထွက်သွားနေသောစိတ်ကို ထိန်း၍ တားမြစ်စောင့်စည်း၍ ကမ္မဋ္ဌာန်းအာရုံ၌ နေစေရမည်

ယင်းသို့ ကမ္မဋ္ဌာန်းအာရုံ၌ တည်ငြိမ်သောစိတ်ဖြင့် ကိလေသာတို့ကို ပယ်သတ် နိုင်သည်ဖြစ်၍ မဂ်ဖိုလ်တိုင်အောင်. ကောင်းကျိုး ကျေးဇူးတို့ကို ရရှိနိုင်ကြပေသည်။ ဤကဲ့သို့သော အကျိုးကျေးဇူးတို့ကို မြင်တော်မူသော မြတ်စွာဘုရားသည် ပြဆို လတ္တံ့သော ဒေသနာတော်ကို ဟောတော်မူခဲ့သည်။

မငဲ့မထောက် ဖောက်ပြန်သောစိတ်

ဖန္ဒနံ စပလံ စိတ္တံ၊ ဒုရက္ခံ ဒုန္နိဝါရယံ
ဥဇုံ ကရောတိ မေဓာဝီ၊ ဥသုကာရောဝ တေဇနံ

ဖန္ဒနံ၊ ရူပါရုံစသည်တို့၌ အာရုံရောက်သွားသဖြင့် လှုပ်ရှားတတ်သော။
စပလံ၊ အာရုံတစ်ခုတည်း၌ မတည်မူ၍ ခုန်ပေါက် ပြေးလွှား တုန်လှုပ်တတ်သော။
ဒုရက္ခံ၊ စောင့်ထိန်းရန် ခဲယဉ်းလှစွာသော။
ဒုန္နိဝါရယံ၊ ဝိသဘာဂ အာရုံကိုတွေ့လျှင် တားမြစ်နိုင်ခဲသော။
စိတ္တံ၊ စိတ်ကို။
မေဓာဝီ၊ ပညာရှိသော ပုဂ္ဂိုလ်သည်။
ဥဇုံ ကရေယျ ၊ တားမြစ်၍ ဖြောင့်အောင်ပြုရာ၏။
ကိမိဝ၊ အဘယ်ပုံကဲ့သို့ ပြုလုပ်ရာအံ့နည်းဟူမူကား။
ဥသုကာရော၊ ကျွမ်းကျင်လိမ္မာသော လေးသမားသည်။
တေဇနံ၊ ကောက်သော မြားကို။
ဥဇုံ ကရောတိ ဣဝ၊ ဖြောင့်အောင် ပြုလုပ်သကဲ့သို့တည်း။

တစ်နည်း-

ဥသုကာရော၊ လိမ္မာကျွမ်းကျင်သော လေးသမားသည်။
တေဇနံ၊ ကောက်သောမြားကို။
ဝါ၊ အသားကို။
ဥဇုံ ကရောတိ ဣဝ၊ ဖြောင့်အောင်ပြုသကဲ့သို့။
မေဓာဂီ၊ ပညာရှိသောပုဂ္ဂိုလ်သည်။
ဖန္ဒနံ၊ တုန်လှုပ်သော။
စပလံ၊ မတည်ငြိမ်သော။
စိတ္တံ၊ စိတ်ကို။
ဌိတံ ကတွာ၊ တည်ငြိမ်သည်ကိုပြု၍။
စရေယျ၊ သူတော်ကောင်းတရားကို ပွားများအားထုတ်ရာ၏။

လျင်စွာရောက်လျက် ဆုံးမခက်သောစိတ်

စိတ်ကို နှိပ်ကွပ်ဆုံးမရန် ခဲယဉ်းသည်။ လျင်မြန်စွာ ဖြစ်ပေါ်တတ်၍ လျင်မြန်စွာ ချုပ်ပျောက်တတ်သည်။ အာရုံမရွေး ဌာနမရွေး ဒေသမရွေး ကောင်းသည် မကောင်းသည် မရွေး အမှတ်မရှိ အာရုံဟူသမျှတို့သို့ ရောက်တတ်, ကျတတ်သည်။

သည်အာရုံကို အာရုံပြုခြင်းဖြင့် အကျိုးရှိသည်, မရှိသည်ကိုလည်းမရွေး၊ သင့် မသင့် ကိုလည်းမသိ၊ မိမိမျိုးရိုးဇာတ်ကိုလည်း မကြည့်တတ်၊ မျိုးရိုးဂုဏ်သိက္ခာ ကိုလည်း ငဲ့ကွက်ခြင်း မရှိ၊ မိမိ၏ အသက်အရွယ်ကိုလည်း မထောက်ထားတတ်၊ အကြင်အကြင် အာရုံကို နှစ်သက်မိ၏၊ ထိုထိုအာရုံတို့သို့ ကျရောက်တတ်၏။

ယင်းသို့လျှင် အာရုံမရွေး ဌာနမရွေး ဒေသမရွေး ကောင်းမကောင်း သင့်မသင့် မရွေး အကျိုး ရှိ,မရှိ မရွေး၊ မျိုးရိုး ဂုဏ်သိက္ခာကိုလည်းကောင်း, အသက်အရွယ်ကို လည်းကောင်း မထောက်ထား မကြည့်ရှု မငဲ့မကွက် နှစ်သက်ရာအာရုံသို့ ကျရောက် တတ်သဖြင့် မကောင်းပြစ် မကောင်းကျိုးကို ဖြစ်စေသောစိတ်ကို ဆုံးမရမည်ဟု ဟောတော်မူသည်။ ဆုံးမသဖြင့် ယဉ်ကျေးသိမ်မွေ့သော စိတ်သည် ချမ်းသာ သုံးတန်ကို ရစေတတ်သည်ဟု ဟောတော်မူသည်။

မာတိကမာတာ၏ကျေးဇူး

စိတ်ကိုဆုံးမ ချမ်းသာရ

စိတ်ကိုဆုံးမနိုင်သဖြင့် ကောင်းကျိုးချမ်းသာကို ရရှိဖူးသော သူတော်ကောင်းတို့သည် များစွာပင် ဖြစ်ပေါ်ဖူးခဲ့ကြလေပြီ။ အမည်အားဖြင့် မထင်ရှားလှသော ရဟန်းတော် တစ်ပါး အကြောင်းကိုကား မှတ်သား၍ နည်းယူနိုင်ကြစေရန် ထုတ်ပြရပေမည်။

ရဟန်းတော် ၆၀- တို့သည် သဘောတူ တိုင်ပင်ကြ၍ မြတ်စွာဘုရား ထံတော်၌ အရဟတ္တဖိုလ်သို့ရောက်ကြောင်း တရားနည်းကို ရိုသေလေးစားစွာ တောင်းခံနာယူ၍ ကောသလတိုင်းအတွင်းရှိ မာတိကရွာကို ဂေါစရဂါမ်အဖြစ်အမှီပြု၍ ရဟန်းတရားကို အားထုတ်တော်မူကြကုန်၏။

တရားတောင်းခြင်း

မာတိကရွာသူကြီး၏မိခင် မာတိကမာတာ အမည်ရှိသော ဒါယိကာမကြီးသည် တစ်နေ့သော ညနေခင်း၌ အဖော်များ နှင့်တကွ ရဟန်းတော်များထံ သွားရောက် ဖူးမြော်ရာ တရားစကားကြားနာပြီးကာလ -

“အရှင်ဘုရားများ အားထုတ်ကျင့်သုံးသော တရားတော်ကို အရှင်ဘုရားတို့ သာလျှင် အားထုတ်ရပါသလား၊ လူဝတ်ကြောင် ဒါယကာ, ဒါယိကာမများကော အားမထုတ် ရပါသလား”ဟု မေးလျှောက်လေသည်။

“ဥပါသိကာမကြီး- တရားတော်ကို ရှင်လူမရွေး မည်သူမဆို အားထုတ်ရပါသည်”ဟု ဖြေကြားတော်မူကုန်၏။

“အရှင်ဘုရား ... ထိုသို့ဖြစ်လျှင်၊ တပည့်တော်များကိုလည်း ဟောကြား သင်ပြ ပေးတော်မူကြပါဘုရား၊ တပည့်တော်များလည်း စွမ်းနိုင်သမျှ အားထုတ်လိုပါ သည်”ဟု လျှောက်ထားသည်ဖြစ်၍ ရဟန်းတော်များက မိမိတို့ကိုယ်တိုင် အားထုတ်ကြသော ကာယဂတာသတိ ကမ္မဋ္ဌာန်း ဒွတ္တိံသာကာရ ၃၂−ပါးသော ကောဋ္ဌာသကမ္မဋ္ဌာန်းကို ဟောပြော သင်ကြားပေးလိုက်ကြကုန်၏။

အနာဂါမ်ဖြစ်ခြင်း

မာတိကမာတာ၊ ဥပါသိကာ ဒါယကာမကြီးသည် ရဟန်းတော်များ ဟောပြော သင်ပြပေးလိုက်သော ၃၂-ပါးသော ကောဋ္ဌာသ ကာယဂတာသတိကမ္မဋ္ဌာန်းကို ပွားများစေရာ ရဟန်းတော်များ၏ အလျင်ဦးစွာ မဂ်သုံးတန် ဖိုလ်သုံးတန်သို့ရောက်၍ ပဋိသမ္ဘိဒါ ၄-ပါး လောကီ အဘိဉာဏ်နှင့်တကွ အနာဂါမ် အဖြစ်သို့ ရောက်ရှိ သွားလေသည်။

မျှတသော အာဟာရသတ္တိ

မာတိကမာတာ ဥပါသိကာမကြီးသည် မိမိအနာဂါမ်အဖြစ်သို့ ရောက်ပြီးသည့်နောက် ရဟန်းတော်များကော ရဟန်းကိစ္စ ပြီးပါပြီလားဟု အဘိညာဏ်ဖြင့် ဆင်ခြင်ရာ သောတာပန် အဖြစ်သို့ပင် မရောက်သေး၊ ပုထုဇဉ်အဖြစ်ဖြင့်သာ ရှိကြသေးသည်ကိုမြင်၍ အဘယ့်ကြောင့် အဘယ် သပ္ပါယမဖြစ်၍ ရဟန်းကိစ္စ မပြီးကြလေ သနည်းဟု ဆက်လက်ဆင်ခြင်ကြည့်သောအခါ အာဟာရသပ္ပါယ မဖြစ်ကြောင်းကို သိ၍ ကာလဒေသ အခြေအနေအလျောက် ရဟန်းတော်များ သပ္ပါယမျှတ လောက်အောင် အထူးထူးသော ဆွမ်း ဆွမ်းဟင်း ခဲဖွယ် ဘောဇဉ် တို့ကို စီမံ၍ အလိုရှိရာ ယူဆောင် ဘုဉ်းပေးတော်မူကြရန် နေ့စဉ် ဆက်ကပ်လှူဒါန်း လေသည်။ ရဟန်းတော်တို့သည် အာဟာရသပ္ပါယ မျှတ၍ စိတ်သမာဓိဖြစ်ကြကာ မကြာမီ ရဟန်းကိစ္စ ကုန်တော်မူကြသည်။

ရဟန်းကိစ္စကုန်ပြီးကြ၍ သီတင်းဝါလ ကျွတ်သောအခါ မြတ်စွာဘုရားထံ ဖူးမြော် ကန်တော့ရန် ကြွသွားကြသည်။ မြတ်စွာဘုရားက “ရဟန်းတို့ ကျန်းမာကြရဲ့လား ဆွမ်းကွမ်း မျှတကြရဲ့လား”စသည် မေးမြန်းတော်မူသည်။ ကျန်းမာမျှတ ကြပါကြောင်း နှင့်တကွ မာတိကမာတာဥပါသိကာမကြီး ကျေးဇူးများကြောင်း, ဥပါသိကာမကြီးပြုစု စောင့်ရှောက်သဖြင့် ရဟန်းကိစ္စ ပြီးကြရကြောင်းကို လျှောက်ထားကြကုန်၏။

ရဟန်းငယ်တစ်ပါး ဖြစ်ပုံ

ဥပါသိကာမကြီး အပြုအစု ကောင်းကြောင်း ကျေးဇူးများကြောင်းတို့ကို လျှောက်ထား သည်ကို ရဟန်းငယ် တစ်ပါးက ကြားသိသဖြင့် မာတိကရွာသို့ သွားရောက် နေလိုသောဆန္ဒ ဖြစ်ပေါ်၍ မြတ်စွာဘုရားထံ၌ ကမ္မဋ္ဌာန်း လျှောက်တောင်းပြီးကာလ မာတိကရွာသို့ သွားရောက် တရား အားထုတ်မည့်အကြောင်း မြတ်စွာဘုရားအား လျှောက်ထားပြီးနောက် မာတိကရွာသို့ သွားလေသည်။

ဒါယိကာမကြီး စိတ်ကိုစမ်းခြင်း

မာတိကရွာ တောရကျောင်းသို့ ရောက်သောအခါ ထိုရဟန်းငယ်သည် ဤသို့ အကြံဖြစ်၏။ ဒါယိကာမကြီးသည် သူ တစ်ပါး စိတ်အကြံကိုသိသည်ဟု ဆိုကြသည် “ငါခရီးပန်းသဖြင့် ကျောင်းကို မသုတ်သင် မရှင်းလင်းနိုင်သေးဘူး၊ ဒါယိကာမကြီးက လူလွှတ်ကာ ရှင်းလင်းစေလျှင် ကောင်းမည်”ဟု အကြံဖြစ်၏။ ဒါယိကာမကြီးကသိ၍ လူစေလွှတ် ရှင်းလင်းစေ၏။

“အဖျော်ယမကာ ကပ်စေလျှင် ကောင်းမည်”
“နံနက်အရုဏ် ယာဂုစသည် ကပ်စေလျှင်ကောင်းမည်”
“ဒါယိကာမကြီးကို မြင်လိုသည်၊ ဒါယိကာမကြီး ကိုယ်တိုင် လာလျှင် ကောင်းမည်”

စသည်ဖြင့် ကြံစည်တိုင်း ဒါယိကာမကြီးကသိပြီး အလိုရှိတိုင်း ဆောင်ရွက်ပေး နေပေသည်။

ထိုအခါ ရဟန်းငယ်သည် ထိတ်လန့်လာလေသည်၊ ငါကြံတိုင်း ဆန္ဒရှိတိုင်း ဒါယိကာမကြီးက သိသိပြီး ဆောင်ရွက်ပေးနေပေသည်၊ ငါကလည်း ပုထုဇဉ် ဆိုတော့ ကာမအာရုံတွေ မတော်တဆကြံမိလျှင် ခိုးထုပ်ခိုးထည်နှင့်တကွ သူခိုးကိုမိ သကဲ့သို့ အရှက်တကွဲ ဖြစ်နေပေလိမ့်မည်။ မဖြစ်ဖူးပြန်ပြေးမှဘဲဟု ဆုံးဖြတ်၍ ဒါယိကာမကြီးက တားမြစ်သော်လည်း မနေတော့ဘဲ ဇေတဝန်ကျောင်းတော်သို့ ပြန်လာခဲ့သည်။

ရဟန္တာဖြစ်ခြင်း

မြတ်စွာဘုရားက “ရဟန်း အဘယ့်ကြောင့်ပြန်လာခဲ့သနည်း” ဟု မေးတော်မူလျှင် ဒါယိကာမကြီးက ကြံစည်တိုင်းတို့ကို သိသိနေ၍ မကောင်းသော အကြံအစည် ကြံစည်မိမည်ကို စိုးရိမ်၍ ပြန်လာခဲ့ပါကြောင်း လျှောက်ရာ “ရဟန်း– သင်သည် အခြားနေရာ၌နေရန် မသင့်လျော်၊ မာတိကရွာသည်သာ သင်နှင့်သင့်လျော်သော ဌာနဖြစ်သည်၊ တောင်, မြောက်လေးပါးတို့ကို မကြံစည်ဘဲ နှိပ်ကွပ်နိုင်ခဲသော စိတ်ကိုသာနှိပ်ကွပ်ဆုံးမ၍ ရဟန်းတရားကို အားထုတ်လေ”ဟု မြတ်စွာဘုရား နည်းပေး ညွှန်ကြားတော်မူသည်ကို နာယူ၍ မာတိကရွာသို့ ပြန်သွားပြီးကာလ မိမိစိတ်ကိုနှိပ်ကွပ်၍ ဆုံးမကာ ရဟန်းတရားကို အားထုတ်သောအခါ မကြာမီ အာသဝေါ ကင်းကွာ ရဟန္တာဖြစ်တော်မူလေသည်

သို့ကြောင့် နှိပ်ကွပ်ဆုံးမရန်ခက်ခဲသောစိတ်ကို ခက်ခဲပါသော်ကောဟူ၍ အားမလျှော့ လျစ်လျူမရှုဘဲ နောက်မတွန့်ဘဲ အပျော်အပါး ပွဲလမ်းသဘင် အလိုက်အစားများ သောသားမိုက်ကို ဖျောင်းဖျဆုံးမ၍ ကောင်းမှုကောင်းလုပ်ကို ပြုလုပ်ဆောင်ရွက် စေသော အားဖြင့် ကောင်းကျိုးကျေးဇူးကို ရရှိစေဘိသကဲ့သို့၊ ထို့အတူ စိတ်ရိုင်း စိတ်မိုက်ကိုလည်း ယဉ်ကျေးနူးညံ့စေအောင် ပြုပြင်ဆုံးမ၍ အညတရရဟန်းတော် နိဗ္ဗာန်ချမ်းသာကိုရရှိသည့် ထုံးကို နှလုံးမူ၍ ပွားများအားထုတ်နိုင်ကြရာသည်။

ဒုန္နိဂ္ဂဟဿ လဟုနောယတ္ထ ကာမနိပါတိနော
စိတ္တဿ ဒမထော သာဓုစိတ္တံ ဒန္တံ သုခါဝဟံ

ဒုန္နိဂ္ဂဟဿ၊ နှိပ်ကွပ်နိုင်ခဲ့ ခဲသော။
ဝါ၊ ခက်ခဲစွာ နှိပ်ကွပ်အပ်သော။
လဟုနော၊ အဖြစ်အပျက်အားဖြင့် လျင်မြန်သော။
ယတ္ထကာမနိပါတိနော၊ ကောင်းဆိုး မရွေး တပ်မက်နှစ်သက်သော အာရုံတို့၌ ကျရောက်တတ်သော။
စိတ္တဿ၊ စိတ်ကို။
ဒမထော၊ ဆုံးမနိုင်ခြင်းသည်။
သာဓု၊ ကောင်းလှ၏။
ကသ္မာ၊ အဘယ်ကြောင့်ဟူမူ။
ဒန္တံ၊ ယဉ်ကျေးပြီးသော။
စိတ္တံ၊ စိတ်သည်။
သုခါဝဟံ၊ နိဗ္ဗာန်တိုင်အောင်သော ချမ်းသာကို ဆောင်နိုင်၏။
တသ္မာ၊ ထို့ကြောင့်။
စိတ္တဿ၊ စိတ်ကို။
ဒမထော၊ ဆုံးမ နိုင်ခြင်းသည်။
သာဓု၊ ကောင်းလှ၏။

ဣတိ၊ ဤသို့။
ဝုတ္တံ၊ မြတ်စွာဘုရား ဟောကြားတော်မူသတည်း။

အောင်မြင်ခြင်းလေးပါး

  1. စိတ်ဆိုးသောသူကို မိမိက စိတ်မဆိုးဘဲ သည်းခံစိတ်ဖြင့် အောင်နိုင်ရာ၏
  2. မကောင်းသော စိတ်ရှိသောသူကို မိမိက ကောင်းသောစိတ် ရှိသဖြင့် အောင်နိုင်ရာ၏
  3. စဉ်းလဲကောက်ကျစ်သောသူကို မိမိက ဖြူဖြောင့်သောစိတ်ထား၍ ပေးကမ်း ခြင်းဖြင့် အောင်နိုင်ရာ၏
  4. မုသား ပြောတတ်သောသူကို မိမိက မှန်ကန်သော စကားကို ပြောခြင်းဖြင့် အောင်နိုင်ရာ၏

၁။ စိတ်ဆိုးသူကို နိုင်ရန်နည်း

ဤအောင်နိုင်ခြင်း လေးမျိုးတို့တွင် အကြောင်း အားလျော်စွာ ကြုံကြိုက်သော အခြင်းအရာ အခြေအနေအရ သူတစ်ပါးက မိမိအပေါ်၌ ပြစ်မှားကာ စိတ်ဆိုးခဲ့ စေကာမူ မိမိစိတ်ကို ထိန်းသိမ်း၍ စိတ်ဆိုးစိတ်ညစ်ကို မဖြစ်စေဘဲ ထိုသူအပေါ်၌ မေတ္တာနှင့် ယှဉ်သောစိတ်ကို ဖြစ်စေလျှင် မိမိအပေါ်၌ပြစ်မှားကာ စိတ်ဆိုးလာသော သူသည် ဆိုးသောစိတ် ပျောက်ကင်း၍ မိမိသို့ ညွတ်ကိုင်းလျက် အပြစ်အား လျော်စွာသည်းခံရန် ဝန်ချတောင်းပန်ရသော အဖြစ်သို့ ရောက်သဖြင့် မိမိက အောင်နိုင်တတ်ပေသည်။

၂။ စိတ်ယုတ်သူကို အနိုင်ရုံနည်း

စိတ်နေစိတ်ထား မကောင်းသောစိတ် ရှိသောသူနှင့် ကြုံကြိုက် ရသောအခါ သူကဲ့သို့ပင် မိမိကလည်း မကောင်းသောစိတ်ကို မွေးမြူ၍ မကောင်းစိတ်ခြင်း တုပြိုင်ကာ ကာယကံ မကောင်းမှု, ဝစီကံမကောင်းမှု, မနောကံမကောင်းမှုတို့ကို ပြုလုပ်လျှင် မိမိသာလျှင် မကောင်းပြစ် မကောင်းကျိုးတို့ကို ခံစားရမည်ဖြစ်၍ ဆင်းရဲဒုက္ခရောက်ရပေမည်။

ဤသည်ကို သိရှိသဖြင့် အသိဉာဏ် အမြင်ရှိသော သူတော်ကောင်းဖြစ်သော သူသည် မကောင်းစိတ်ကို သတိပညာဖြင့်ဖယ်ရှား၍ စိတ်ကောင်းမွေးကာ သည်းခံ ပြုပြင်ပါမူ မကောင်းကျိုးဖြစ်သော ကာယိကဒုက္ခ, စေတသိကဒုက္ခတို့မှကင်းလွတ်၍ ပစ္စုပ္ပန် သံသရာ နှစ်ဌာနတို့၌ပင် ကိုယ်၏ချမ်းသာခြင်း, စိတ်၏ချမ်းသာခြင်းကို ရရှိနိုင်သဖြင့် မကောင်းမှု မကောင်းကျိုးကို အောင်နိုင်ရပေမည်။

စိတ်နေစိတ်ထား မကောင်းသော တစ်ဖက်သော သူသည်လည်း အခြားသူတို့ အပေါ်၌ မကောင်းစိတ် ထားစေကာမူ မိမိအပေါ်၌မူကား စိတ်ထားကောင်းသူ ဖြစ်လာတတ်ပေသည်။ ဤသို့လျှင် စိတ်ကောင်း ထားနိုင်ခြင်း, စိတ်ကောင်း ဖြစ်အောင် ထိန်းသိမ်း မွေးမြူနိုင်ခြင်းသည် အောင်နိုင်ကြောင်းဖြစ်သည်ဟု ဆိုလိုသည်။

၃။ ကောက်ကျစ်စေးနှဲ သူကို အနိုင်ရနည်း

ကောက်ကျစ် စဉ်းလဲသောစိတ်, ခက်ထန်စွာ ဝန်တိုခြင်း, မပေးမကမ်း မလှူမဒါန်း လိုခြင်း, တွန့်တိုနှမြောခြင်း, မစ္ဆေရ နှင့် ယှဉ်သော စိတ်ရှိသော ကောသိယသူဌေး ဣလ္လိသသူဌေး တို့ကဲ့သို့သော သူတို့ကိုလည်း မိမိက ရက်ရက်ရောရော နှမြော တွန့်တိုခြင်း မရှိဘဲ ပေးကမ်းခြင်းဖြင့် အောင်နိုင်ရမည် ဆိုသည်။

နှမြောတွန့်တိုသော ပုဂ္ဂိုလ်သည် အခြားသူတို့အပေါ်၌ မပေးလို မကမ်းလို တွန့်တို သော မစ္ဆေရစိတ် ရှိစေကာမူ ပေးကမ်း လှူဒါန်း စွန့်ကြဲတတ်သော ပုဂ္ဂိုလ်အပေါ်၌ မူကား ရက်ရောလွယ်ကူစွာ ပေးကမ်းခြင်း ဖိတ်ကြားခြင်း စသည်တို့ဖြင့် ညွှတ်ကိုင်း လာတတ်ပေသည်။

သို့ကြောင့် မစ္ဆေရသဘောဖြင့် နှမြောတွန့်တိုတတ်သောသူကို မိမိက ပေးကမ်း ဝေဖန်စွန့်ကြဲ လှူဒါန်းခြင်းဖြင့် အောင်နိုင်ရမည်ဆိုသည်။ မစ္ဆေရနှင့် ယှဉ်သော စိတ်ကိုဖယ်ရှား၍ မစ္ဆေရကင်းပြီး သန့်ရှင်းဖြူစင်သောဒါန စေတနာနှင့် ယှဉ်သော စိတ်ဖြင့် အောင်နိုင်စေရမည်

၄။ လိမ်တတ်သူကို အနိုင်ရနည်း

လိမ်လည်လှည့်ဖြား မုသားစကားကို ပြောတတ်သော သူကိုလည်း မိမိက မှန်ကန် ဖြောင့်စင်းသော စကားကို ပြောဆိုခြင်းဖြင့် မိမိသို့ညွတ်အောင် ဆွဲဆောင်ကာ အောင်နိုင်စေရမည် ဟု ဆိုလိုသည်။ မုသားပြောဆိုကာ လိမ်လည် ကောက်ကျစ်သော သဘောဖြင့် ထိုသူသည် အခြားသူတို့အပေါ်၌ မကောင်းမှုကို ပြုလုပ်စေကာမူ သီလ သိက္ခာရှိ၍ သမာဓိနှင့်ပြည့်စုံသဖြင့် ရပ်ရွာက အကြည်ညို ခံရလောက်အောင် တိကျ မှန်ကန်သော စကားကိုသာလျှင် ပြောဆိုလေ့ရှိသော ပုဂ္ဂိုလ်ကိုမူကား မုသား ပြောတတ်သော သူသည် လေးစားရိုသေစွာ ညွတ်ကိုင်း၍ မှန်ကန်သောစကားကိုသာ ပြောဆိုပေမည်။ ဤသို့ဖြင့် မုသားပြောတတ် သောသူကို မိမိက မှန်ကန်သော စကားကို ပြောဆိုခြင်းဖြင့် အောင်နိုင်စေရမည် ဟု ဟောတော်မူသည်။

ဥတ္တရာဝတ္ထု

ရာဇဂြိုဟ်မြို့၌ ဥတ္တရာ ဥပါသိကာမသည် မြတ်စွာဘုရား အမှူးရှိသော သံဃာတော် များကို ကိုယ်တိုင် ဆွမ်းပြုစုလုပ်ကျွေး လိုသည်ဖြစ်၍ သီရိမာပြည့်တန်ဆာမကို မိတ်ဆွေမ- ဤငွေတို့ကို လက်ခံပါ၊ ကျွန်ုပ်သည် ၁၅-ရက်ပတ်လုံး မြတ်စွာဘုရား အမှူးရှိသော သံဃာတော်များကို ဆွမ်းဘောဇဉ် တို့ဖြင့် လှူဒါန်းကျွေးမွေးလိုပါသည်၊ မိတ်ဆွေမက အဲသည်၁၅-ရက်တို့၌ အရှင်သူဌေးသားကို မိမိကိုယ်စား ပြုစုလုပ်ကျွေး ပါလေ-ဟု ပြောကြားပြီးကာလ ဥတ္တရာ ဥပါသိကာမသည် အခြွေအရံအဖော်များနှင့် တကွ ကိုယ်တိုင်သံဃာတော်များအတွက် ချက်ပြုတ်ကြော် လှော်ခြင်းစသည်တို့ကို ပြုလုပ်နေလေသည်။

သီရိမာသည် မိမိသည် အာဂန္တုကအခိုက်အတန့် သူဌေးသားကို ပြုစုလုပ်ကျွေး ရသောသူအဖြစ်ကို သတိမပြုမိဘဲ အိမ်ပိုင်ရှင် သူဌေးကတော် အနေထင်မှတ်ကာ ဥတ္တရာ ဥပါသိကာမအပေါ်၌ ငြူစူ၍ ရန်ငြိုးဖွဲ့ကာ သင့်ကို ဒုက္ခဖြစ်စေမည်ဟု အာဃာတစိတ် ဒေါသစိတ်ဖြင့် ဥတ္တရာ ဥပါသိကာမတို့ ချက်ပြုတ် ဆောင်ရွက် နေကြသော မီးဖိုဆောင်သို့ဆင်းသွားကာ ခွင်ပေါ်၌ တည်ထားသော ထောပတ် ဆီပူအိုးကိုယူ၍ ဥတ္တရာဥပါသိကာမထံသို့သွားစဉ် ဥတ္တရာ ဥပါသိကာမ၏ နှလုံးသွင်း ဆင်ခြင်ပုံမှာ ကောင်းမြတ်လှသဖြင့် အတုယူသင့်ကြပေသည်

အဘယ်ကဲ့သို့ နှလုံးသွင်းဆင်ခြင်သနည်းဟူမူ --

အော် -- “ငါ့မိတ်ဆွေမှ သီရိမာသည် ကျေးဇူး များလှပါပေသည်၊ စကြဝဠာက ကျဉ်းလိုကျဉ်းမည်၊ ဗြဟ္မာ့ပြည်က နိမ့်လိုနိမ့်ဦးမည်၊ ငါ့မိတ်ဆွေမ သီရိမာ၏ ဂုဏ်ကျေးဇူး တို့ကသာလျှင်ကျယ်ပေမည်၊ ကြီးပေမည်

သီရိမာကြောင့်သာ ငါသည် ဒါနကိုပြုရပေသည်၊ သီလ သီတင်းဆောက်တည် ရသည်၊ တရားပေစာ ကြားနာရပေသည်။ ဤသီရိမာအပေါ်၌ ဂုဏ်ကျေးဇူးတို့ကို အောက်မေ့ဆင်ခြင်ပြီးလျှင် အကယ်၍ ဤသို့ သီရိမာအပေါ်၌ ငါသည် ရန်ငြိုး ထားခြင်း အာဃာတဒေါသရှိခဲ့လျှင် ဤထောပတ်ဆီပူသည် ငါ့အား ပူလောင် ပါစေသတည်းရန်ငြိုးထားခြင်း အာဃာတ ဒေါသမရှိမူကား ထောပတ်ဆီပူသည် မပူပဲ ငြိမ်းအေးပါစေသတည်း-ဟု မေတ္တာနှင့်ယှဉ်သောစိတ်ကို ဖြစ်စေလိုက်ရာ မေတ္တာစိတ်ကို ပွားများပျံ့နှံ့ စေလိုက်ရာ သီရိမာလောင်းလိုက်သော ထောပတ် ဆီပူသည် စမ်းရေတမျှ အေးမြသောရေကဲ့သို့ အပူငြိမ်း၍အေးသော ထောပတ်ဆီ ဖြစ်လေတော့သည်

တိုတို ကျဉ်းကျဉ်းဆိုရလျှင် ရန်သူဖြစ်သော သီရိမာသည် ဥတ္တရာဥပါသိကာမ၏ လောကုတ္တရာ ဖခမည်းတော်ဖြစ်သော မြတ်စွာဘုရား၏ရှေ့တော်၌ ဝန်ချတောင်းပန် ကန်တော့ရသော အဖြစ်သို့ ရောက်ရပေသည်။ စိတ်ဆိုး စိတ်ယုတ်သောသူကို စိတ်ကောင်းစိတ်မြတ် ရှိသော သူက အောင်နိုင်ခြင်း သာဓကတစ်ရပ် ဖြစ်ပေသည်။

သူတော်ကောင်းစိတ်ရှိသူ၏ အောင်နိုင်ပုံတစ်ရပ်

ဝေပစိတ္တိဝတ္ထု

ရှေးအခါက တာဝတိံသာနတ်တို့နှင့် အသုရာနတ်တို့သည် ရံခါကြေငြာပြီး စစ်တိုက် ကြကုန်၏။ စစ်ကြေငြာပြီးသည့်နောက် ဝေပစိတ္တိ အသုရာနတ်မင်းကြီးက မိမိ၏ အသုရာနတ် စစ်သည်တွေကို ဤသို့ မှာကြားသတဲ့၊ အဘယ်သို့ မှာကြားသနည်း ဟူမူ --

မောင်မင်းတို့ တာဝတိံသာ နတ်တွေနှင့် စစ်တိုက်ကြသောအခါ ငါတို့ကနိုင်လျှင် သိကြားနတ်မင်းကြီးကို ကြိုးငါးချက် ချည်ပြီးကာလ ငါ့ထံသို့ ခေါ်ယူခဲ့ကြလေ ဟု မှာထားသတဲ့။ တာဝတိံသာရှိ သိကြား နတ်မင်းကြီးကလဲပဲ တာဝတိံသာ နတ်စစ်သည်တို့ကို အမောင်တို့ စစ်တိုက်၍ ငါတို့ကနိုင်လျှင် ဝေပစိတ္တိ အသုရာ နတ်မင်းကြီးကို ကြိုးငါးချက်ချည်ပြီး ငါ့ထံသို့ ခေါ်ဆောင်ခဲ့ကြကုန်ဟု မှာကြားသတဲ့။

ယင်းသို့ မှာကြားကြပြီးနောက် စစ်တိုက်ကြသောအခါ ရံခါ တာဝတိနတ်တို့က နိုင်ကြ၏၊ ရံခါ အသုရာနတ်တို့နိုင်ကြ၏။ ယခုအကြိမ်၌ကား တာဝတိံသာ နတ်တို့က နိုင်ကြသည်ဖြစ်၍ ဝေပစိတ္တိအသုရာနတ်မင်းကြီးကို ကြိုးငါးချက်ချည်၍ ဖမ်းယူခဲ့ကြ ပြီးလျှင် ချည်နှောင်ထားကြကုန်၏။

စကားချပ်

ကြိုးငါးချက် ချည်သည်ဆိုသော်လည်း ကြီးမားသော ကြိုးကြီးများဖြင့် ချည်သည် မဟုတ်၊ ပင့်ကူပိုးမျှင်ခန့်ရှိသော ချည်မျှင်ကလေးဖြင့် စတိသဘော စိတ်တန်ခိုးဖြင့် ချည်ထားခြင်းဖြစ်သည်ဟုဆိုသည်။ ငါးချက် ချည်သည်မှာကား - လက်နှစ်ဖက်, ခြေနှစ်ဖက်, လည်ပင်းတစ်ဖက် အားဖြင့် ငါးဌာန၌ ချည်ထားခြင်းဖြစ်သည်။ ဤသို့ ချည်ထားသည်ကိုပင် သဘာဝအားဖြင့် ဖြတ်တောက် ရုန်းထွက်ခြင်းငှာ စွမ်းနိုင်သော သတ္တိမရှိဟု ဆိုရပေမည်။

ဝေပစိတ္တိ အသုရာနတ်မင်းကြီးသည် မိမိကို ချည်နှောင် ထားရလေမလားဟု ဒေါသထွက်ကာ စိတ်ဆိုးလျက်ရှိသဖြင့် သိကြားမင်းဝင်တိုင်း ထွက်တိုင်း သိကြားမင်းကို မြင်တိုင်း သိကြားအို, သိကြားယုတ် အစရှိသော ရုန့်ရင်းကြမ်းတမ်း သောစကားတို့ဖြင့် ဆဲဆိုကြိမ်းမောင်းနေလေသည်

သိကြားမင်းသည်ကား ဝေပစိတ္တိအသုရာကြီး ပြောဆို ကြိမ်းမောင်းနေသည်ကို ကြားလျက် သိလျက် မကြားသကဲ့သို့ မသိသကဲ့သို့ ဂရုမစိုက်မူ၍ တစ်စုံတရာ ပြန်လှန် ပြောဆိုခြင်းမပြုဘဲ သည်းခံသောစိတ်ဖြင့် သွားမြဲသွား, ဝင်မြဲဝင်, ထွက်မြဲထွက် မေတ္တာနှင့်ယှဉ်သောစိတ်ဖြင့် ဣန္ဒြေမပျက်နေလေသည်။

ဝေပစိတ္တိ အသုရာကြီးက ကြိမ်ဖန်များစွာ ဆဲဆိုကြိမ်းမောင်း နေပါလျက် သိကြားမင်းက ဘာမှပြန်လည်ပြောဆိုခြင်း ချေပခြင်းမပြုသည်ကို မာတလိ နတ်သားက မြင်သဖြင့် မာတလိနတ်သားက သိကြားမင်းကို ဤသို့မေးမြန်း လေသည်။

အရှင်သိကြားမင်း ဝေပစိတ္တိနတ်မင်းကြီးက အရှင်သိကြားမင်းကို ဆဲဆိုကြိမ်းမောင်း နေသည်ကို မကြားပါသလားဟု မေးရာ၊ မာတလိ... ငါကြားပါသည်ဟုပြန်ကြားလျှင်၊ အရှင် သိကြားမင်း သို့ကြားပါလျက် အရှင်သိကြားမင်းက ဝေပစိတ္တိအသုရာကြီးကို ကြောက်သဖြင့် မိမိက အားနည်းသဖြင့် မနိုင်၍ စကားတုံ့ပြန်ပြောခြင်းကို မပြုခြင်း ဖြစ်ပါသလား... အရှင်သိကြားမင်း ဟု မေးမြန်းသောအခါ သိကြားမင်းက မာတလိ နတ်အားပြန်ပြောသည်မှာ မှတ်သားဖွယ် ကောင်းလှပေသည်။ သိကြားမင်းက အဘယ်ကဲ့သို့ ပြန်ပြောသနည်းဟူမူ --

အို -- မာတလိ - ဝေပစိတ္တိအသုရာကြီးသည် ငါတို့လက်တွင်းသို့ ရောက်နေသည် မဟုတ်ပါလား၊ ငါတို့ပြုသမျှကို ဝေပစိတ္တိအသုရာကြီးသာ ခံရမည့်အခါဖြစ်သည်။ ပြောလိုရာပြောလည်း ခံရမည်၊ ရိုက်လိုရိုက်, ညှဉ်းဆဲလိုညှဉ်းဆဲ ခံရမည့်အခါ ဖြစ်သည်၊ ဝေပစိတ္တိကအားနည်း၍ ငါတို့ကအားရှိသော အချိန်အခါဖြစ်သည်။

ယင်းသို့လျှင် ငါတို့က နိုင်ပါလျက်၊ ငါတို့က အားရှိပါလျက် သည်းခံခြင်းမျိုးကို သူတော်ကောင်းများက မြတ်သော သည်းခံခြင်းဟု မိန့်တော်မူကြသည် မာတလိ။ အားနည်းသောသူတို့မည်သည်ကား အမြဲ သည်းခံကြရသည်သာဖြစ်သည် မာတလိ - ဟု သိကြားမင်းက သည်းခံစိတ်ထားပုံကို ပြောပြလေသည်။

ယော ဟဝေ ဗလဝါ သန္တော
ဒုဗ္ဗလဿ တိတိက္ခတိ
တမာဟု ပရမံ ခန္တိံ
နိစ္စံ ခမတိ ဒုဗ္ဗလော

မာတလိ၊ မာတလိနတ်သား။
ယော၊ စိတ်ကောင်းရှိသော အကြင်သူသည်။
ဝေ၊ စင်စစ်။
ဗလဝါ သန္တော၊ မိမိက အားရှိပါလျက်။
ဝါ၊ အားကောင်းပါလျက်။
ဒုဗ္ဗလဿ၊ အားနည်းသောသူအား။
ဝါ၊ အားငယ်သောသူအား။
တိတိက္ခတိ၊ မေတ္တာနှင့် ယှဉ်သောစိတ်ဖြင့်သည်းခံ၏။
တံ၊ ထိုသို့သောသူ၏ သည်းခံခြင်းကို။
ပရမံ ခန္တိံ၊ ကောင်းမြတ်သော သည်းခံခြင်းဟူ၍။
သန္တော၊ သူတော်ကောင်းတို့သည်။
အာဟု၊ မိန့်ဆိုကြကုန်လေပြီ။
မာတလိ၊ မာတလိနတ်သား။
ဒုဗ္ဗလော၊ အားနည်းသောသူသည်။
ဝါ၊ အားငယ်သောသူသည်။
နိစ္စံ ခမတိ၊ အမြဲသည်းခံရပေသည်။

သည်းခံခြင်းကြောင့် ဂုဏ်သိက္ခာ မထိခိုက်ခြင်း

မြတ်စွာဘုရား သည်းစံတော်မူပုံ

အက္ကောသဘာရဒွါဇ အမည်ရှိသော ပုဏ္ဏားသည် အထင်အမြင် လွဲမှားကာ ဒေါသထွက်လျက် ဘာရဒွါဇအနွယ် အစ်ကိုကြီးဖြစ်သော ဗြာဟ္မဏသည် ရှင်ဂေါတမ ထံ၌ ရဟန်းပြုသတဲ့-ဟု ကြားလျှင် မြတ်စွာဘုရားက သွေးဆောင်ခေါ်ငင်ပြီး ရဟန်းပြုစေသည်ဟု ထင်ကာ မြတ်စွာဘုရား ထံသို့လာ၍ မလျောက်ပတ်သော ကြမ်းတမ်းရုန့်ရင်းသော စကားတို့ဖြင့် ကြိမ်းမောင်းကာ ရန်တွေ့လေသည်

မြတ်စွာဘုရားသည် ပုဏ္ဏား၏ ဒေါသကို မေတ္တာ ကရုဏာတော်ဖြင့် သည်းခံ တော်မူလျက် ဆိတ်ဆိတ်နေတော်မူသည်။ ပုဏ္ဏားက ပြောဆိုပြစ်တင်ရန်တွေ့ပြီး၍ စကားရပ်သောအခါ မြတ်စွာဘုရား မိန့်တော်မူသည်မှာ --

ပုဏ္ဏား - ငါဥပမာတစ်ခု ပြောမည်၊ နားထောင်လော့၊ သင်၏အိမ်သို့ ဧည့်သည် ရောက်လာသဖြင့် သင်ကဧည့်သည်အား စားသောက်ဖွယ်ကိုဖြစ်စေ, တစ်စုံတစ်ခု သော အရာဝတ္ထုကိုဖြစ်စေ လက်ဆောင် ပေးကမ်းသည်ဖြစ်အံ့၊ သင်ပေးသော လက်ဆောင်ပစ္စည်းကို ဧည့်သည်က ယူမသွားခဲ့လျှင် ထိုပစ္စည်းဝတ္ထုသည် ဘယ်သူ့ ပစ္စည်းဖြစ်မည်နည်းဟု မေးတော်မူရာ ဧည့်သည်က ယူမသွားလျှင် မိမိပစ္စည်းပင် ဖြစ်ပါသည်ဟုလျှောက်၏။

ပုဏ္ဏား - သည်ဥပမာကဲ့သို့ပင် ယခုသင်ပြောသမျှ စကားတို့ကို ငါတစ်ခုမျှ လက်မခံပေ၊ သင်ပြောသော စကားများသည် သင့်စကားများသာ ဖြစ်သည်။ (သင့်အပြစ်သာ ဖြစ်သည်ဟု မိန့်ဆိုလိုရင်းဖြစ်သည်။)

ဤသို့ မြတ်စွာဘုရားက မိန့်ကြား တော်မူသောအခါ ပုဏ္ဏားသည် သဘော ပေါက်သဖြင့် တရားစကား ဆက်လက်ကြားနာပြီး ကာလ မိမိကိုယ်တိုင် မြတ်စွာဘုရား ထံတော်၌ ရဟန်းအဖြစ်တောင်းပန်၍ မြတ်စွာဘုရား၏ တပည့် သာဝက ရဟန်းအဖြစ်သို့ ရောက်သွားလေသည်။

ဆိုးညစ်သောစိတ်ဖြင့် ရောက်လာသောပုဏ္ဏားကို မေတ္တာ ကရုဏာတော်နှင့် ယှဉ်သော စိတ်ကောင်းဖြင့် သည်းခံတော်မူခြင်း ကြောင့်သာလျှင် အောင်မြင်တော် မူခြင်း, နိုင်တော်မူခြင်းဖြစ်သည်

အကယ်၍သာ ပုဏ္ဏားနှင့်တုဖက်၍ ပြန်လည်ကာ ငြင်းခုံ ပြောဆိုပါလျှင် မြတ်စွာဘုရား၏ ဂုဏ်သိက္ခာတော်ကို ထိခိုက်မည့်အပြင် ပုဏ္ဏားကလည်း အမှားကို ဝန်ခံ၍ မြတ်စွာဘုရား၏ တပည့်သာဝကအဖြစ်သို့ ရောက်မည်မဟုတ်ပေ။

ဤသို့သော ထုံးသာဓကတို့ကို မှတ်သားနည်းယူကာ မိမိတို့သန္တာန်၌ စိတ်ကောင်း စိတ်မြတ် ဖြစ်အောင် တည်အောင် စိတ်ကိုလေ့လာ ပြုပြင်အပ်လှပေသည်

တဿေဝ တေန ပါပိယော
ယော ကုဒ္ဓံ ပဋိကုဇ္ဈတိ
ကုက္ခံ အပ္ပဋိကုဇ္ဈန္တော
သင်္ဂါမံ ဇေတိ ဒုဇ္ဇယံ

ယော၊ အကြင်ပုဂ္ဂိုလ်သည်။
ကုဒ္ဓံ၊ မိမိအပေါ်၌ စိတ်ဆိုးသောပုဂ္ဂိုလ်ကို။
ပဋိကုဇ္ဈတိ၊ သည်းမခံဘဲ တုပြိုင်ကာ ပြန်၍စိတ်ဆိုးသည်ဖြစ်အံ့။
တဿေဝ၊ ပြန်၍ စိတ်ဆိုးသော ထိုသူသည်သာလျှင်။
တေန၊ ပထမစိတ်ဆိုးသော ပုဂ္ဂိုလ်ထက်။
ပါပိယော၊ ယုတ်မာသော ပုဂ္ဂိုလ်အဖြစ်သို့ ရောက်သည်။
ဟောတိ၊ ဖြစ်၏။
ကုဒ္ဓံ၊ စိတ်ဆိုးသောပုဂ္ဂိုလ်ကို။
အပ္ပဋိကုဇ္ဈန္တော၊ တုပြိုင်၍ စိတ်မဆိုးသောပုဂ္ဂိုလ်သည်။
ဒုဇ္ဇယံ၊ အောင်မြင်နိုင်ခဲသော။
သင်္ဂါမံ၊ ရန်တည်းဟူသောစစ်ကို။
ဇေတိ၊ အောင်နိုင်၏။

ဥဘိန္နမတ္ထံ စရတိ
အတ္တနော စ ပရဿ စ
ပရံ သင်္ကုပိတံ ဉတွာ
ယော သတော ဥပသမ္မသိ

ယော၊ အကြင်ပုဂ္ဂိုလ်သည်။
သင်္ကုပိတံ၊ ထင်ရှားစွာ စိတ်ဆိုးလာသူကို။
ဉတွာ၊ သိ၍။
ဝါ၊ သိသည်ရှိသော်။
သတော၊ သတိပညာဖြင့် ဆင်ခြင်၍။
ဥပသမ္မသိ၊ ငြိမ်းအေး ပပျောက်စေ၏။
အယံ၊ ဤသို့ ငြိမ်းအေး ပပျောက်စေခြင်းသည်။
အတ္တနော စ၊ မိမိ၏ လည်းကောင်း။
ပရဿ စ၊ စိတ်ဆိုးလာသော ပုဂ္ဂိုလ်၏လည်းကောင်း။
ဥဘိန္နံ၊ နှစ်ဦးသောပုဂ္ဂိုလ်တို့၏။
အတ္ထံ၊ အကျိုးကျေးဇူးကို။
စရတိ၊ ပြုလုပ်သည်မည်၏။

စိတ်ကိုဆုံးမကာ သည်းခံကြ၍ နှစ်ဦးနှစ်ဝ ငြိမ်းအေး ချမ်းသာကြခြင်းကိုပင် ပညာမဲ့တို့က လူညံ့တွေ လူမိုက်တွေဟူ၍ ကဲ့ရဲ့ ရှုတ်ချကုန်၏

ဥဘိန္နံ တိကိစ္ဆန္တာနံ
အတ္တနော စ ပရဿ စ
ဇနာ မညန္တိ ဗာလောတိ
ယေ ဓမ္မဿ အကောဝိဒါ

အတ္တနော စ၊ မိမိကိုလည်းကောင်း။
ပရဿ စ၊ သူတစ်ပါးကိုလည်းကောင်း။
တိကိစ္ဆန္တာနံ၊ သည်းခံ၍ ကျေအေးကြကုန်သော။
ဥဘိန္နံ၊ နှစ်ဦးသောပုဂ္ဂိုလ်တို့ကို လည်းကောင်း။
ဓမ္မဿ၊ သူတော်ကောင်းတရား၌။
အကောဝိဒါ၊ အကြားအမြင် အလိမ္မာ မရှိကြကုန်သော။
ဇနာ၊ လူတို့သည်။
ဝါ၊ လူတို့က။
ဗာလောတိ၊ လူမိုက်ဟူ၍။
မညန္တိ၊ မှတ်ယူကြကုန်၏။

စိတ်ကို တားမြစ်သင့်ရာ၌ တားမြစ်၍ အားပေး၍ ချီးမြှောက်သင့်ရာ၌ ချီးမြှောက်ရခြင်း

သတ္တဝါတို့၏ သန္တာန်၌ အကြောင်း အားလျော်စွာ ဖြစ်ပေါ်လာသမျှ စိတ်ကို တားမြစ် ပိတ်ပင်ရမည်၊ ထိန်းသိမ်းရမည်ဟု ဆိုသော်လည်း စိတ်တိုင်းကို တားမြစ်ပိတ်ပင် ရမည် မဟုတ်သည်ကိုလည်း သတိပြုရမည်။ အဘယ်သို့သောစိတ်ကို တားမြစ် ပိတ်ပင်၍ အဘယ်သို့သောစိတ်ကို အားပေး ချီးမြှောက်ရမည်နည်းဟူမူ -

အခါတစ်ပါး၌ နတ်သားတစ်ယောက်သည် မြတ်စွာဘုရားထံတော်၌ ဤသို့ မိမိ သဘောထင်မြင်ယူဆသည်ကို လျှောက်ထားဖူးသည်။ အဘယ်သို့ လျှောက်ထား သနည်းဟူမူ -

မြတ်စွာဘုရား- ကောင်းမှု ကောင်းလုပ်မှု ဖြစ်စေ, မကောင်းမှု မကောင်းလုပ်မှ ဖြစ်စေ အကြင်သူသည် ခပ်သိမ်းသော ကောင်းသော မကောင်းသောအမှုတို့မှ စိတ်ကို တားမြစ် ပိတ်ပင်သင့်ပါသည်။ ယင်းသို့ ခပ်သိမ်းသော ကောင်း, မကောင်းသော အမှုတို့မှ စိတ်ကို တားမြစ်ပိတ်ပင်ခြင်းကြောင့် ထိုသူသည် ဆင်းရဲအပေါင်းမှ လွတ်မြောက်၍ ချမ်းသာခြင်းသို့ ရောက်ရာသည်-ဟု လျှောက်လေသည်။

ထိုအခါ မြတ်စွာဘုရားက ဟောကြား မိန့်မြွက်တော်မူသည်မှာ..

နတ်သား - အလုံးစုံသော အမှုကိစ္စတိုင်းတို့မှ စိတ်ကို တားမြစ်ပိတ်ပင်ခြင်းကို မပြုလုပ်သင့်ဘူး၊ အခါကာလ အခြေအနေ အားလျော်စွာသာလျှင် တားမြစ်ပိတ်ပင် သင့်ရာ၌ စိတ်ကို တားမြစ်ပိတ်ပင်ရမည်မတားမြစ်ဘဲ အားပေးချီးမြှောက်သင့်ရာ၌ စိတ်ကို အားပေးချီးမြှောက်ရမည်

နတ်သား- မကောင်းမှု မကောင်းလုပ်တို့မှ စိတ်ကိုတားမြစ်ပိတ်ပင်ရမည်ဒါန, သီလ အစရှိသောကောင်းမှု ကောင်းလုပ်တို့၌ကား ထိုစိတ်ကို အားပေးချီးမြှောက်ရမည်ဟု မိန့်ကြားတော်မူသည်။

သို့ကြောင့် စိတ်ကို နှိပ်ကွပ် တားမြစ်သင့်သော မကောင်းမှုအကုသိုလ် ဒုစရိုက်တို့မှ တားမြစ်ကာ ရှောင်ကြဉ်စေ၍ ကောင်းသောဒါန, သီလ စသော အကျင့်တရား တို့ကို ပြုလုပ်ရာ၌မူကား မတားမြစ်မူ၍ အားပေးချီးမြှောက်ရမည်ကို သတိရှိကြရာသည်

အနဝဋ္ဌိတစိတ္တဿ
သဒ္ဓမ္မံ အဝိဇာနတော
ပရိပ္လဝပသာဒဿ
ပညာ န ပရိပူရတိ

အနဝဋ္ဌိတစိတ္တဿ၊ တည်ငြိမ်သောစိတ် မရှိသော။
သဒ္ဓမ္မံ၊ သူတော်ကောင်း တရားကို။
အဝိဇာနတော၊ နက်နက်နဲနဲ မသိသော။
ပရိပ္လဝပသာဒဿ၊ ကံ၏အကျိုး၌ လည်းကောင်း, ရတနာသုံးပါး ဂုဏ်၌ လည်းကောင်း နည်းပါးသော ယုံကြည်ခြင်းရှိသော။
ဝါ၊ ရေပေါ်လျှံ ယုံကြည်ခြင်းရှိသော။
ပုဂ္ဂလဿ၊ ပုဂ္ဂိုလ်အား။
ပညာ၊ ကာမာဝစရ ရူပါဝစရ- စသော ကုသိုလ်စိတ်နှင့် ယှဉ်သောပညာသည်။
န ပရိပူရတိ၊ မပြည့်စုံချေ။

ကောင်းမှုကုသိုလ်ဖြစ်ရေး၌ စိတ်၏တည်ငြိမ်မှုသည် အရေးကြီးကြောင်း၊ ပဓာန ဖြစ်ကြောင်းမှာ ထင်ရှားလှပေသည်။ ကုသိုလ်နှင့်ယှဉ်သော အသိဉာဏ်ဖြစ်ရန် မှာလည်း စိတ်တည်ငြိမ်မှုသည် ပဓာနဖြစ်သည်။ စိတ်မတည်ငြိမ်မှု သူတော်ကောင်း တရားကို လေးလေးနက်နက် ထိုးထွင်း၍မသိနိုင်ချေ။

ကုသိုလ်ကံ, အကုသိုလ်ကံရှိသည်ကို မယုံကြည်ခြင်း၊ ထိုကံတို့၏အကျိုးသဘော တရား ရှိသည်ကို မယုံကြည်ခြင်း၊ ဘုရား ဂုဏ်တော်, တရား ဂုဏ်တော်၊ သံဃာ ဂုဏ်တော်တို့၌ မယုံကြည်ခြင်း၊ ယုံကြည်သော်လည်း နှစ်နှစ်ကာကာ မယုံကြည်၊ ရေပေါ်လျှံမျှ ပေါ့ပေါ့ဆဆ ယုံကြည်သောသူ၌ ကာမာဝစရကုသိုလ်, ရူပါဝစရ ကုသိုလ် စသည်ဖြစ်ဖို့ရန် လွယ်ကူသည်မဟုတ်ပေ။

အကြောင်းမူကား မည်သည့်အလုပ်ကိုမဆို သည်အလုပ်ကိုပြုလုပ်လျှင် သည် အကျိုးကို ဧကန်ငါရရှိလိမ့်မည်ဟု တထစ်ချ လေးလေးနက်နက် ယုံကြည်သော သူသည် ထိုအလုပ်ကို ဇောက်ချ၍ ငုပ်မိသဲတိုင်၊ တက်နိုင်ဖျားရောက်ဆိုသလို။ ပြီးဆုံး အောင်မြင်သည့် တိုင်အောင် ပြုလုပ်ပေလိမ့်မည်။

ဟိုအလုပ်က ကောင်းနိုးနိုး၊ သည်အလုပ်က မှန်ကန်နိုးနိုး၊ ဘယ်အလုပ်က ကောင်းလေမလဲ၊ သည်အလုပ်က ဟုတ်မှ ဟုတ်ပါမည်လား- စိတ်၌ မဆုံးဖြတ်နိုင်ဘဲ သံသယမကင်းဘဲ အပေါ်ယံ ယုံကြည်ခြင်းဖြင့် ထိထိရောက်ရောက် ပေါက်မြောက် အောင် ဆောင်ရွက်ပြုလုပ်ခြင်းမရှိသောကြောင့် ရသင့်ရထိုက်သော အကျိုး ကျေးဇူးတို့ကို မရရှိဘဲ ဆုံးရှုံးတတ်ပေသည်။ သို့ကြောင့် အာရုံတစ်ခု၌ အလုပ် တစ်ခု၌ စိတ်ကို စိုက်ထားခြင်းဟု ဆိုအပ်သော စိတ်တည်မှုသည် ပဓာနကျ၍ အရေးကြီးသည်ဟု ဆိုရသည်။

စိတ္တဟတ္ထ၏ ဘဝသံဝေဂ

သာတတ္ထိမြို့သား တစ်ယောက်သည် အခါတစ်ပါး သံဃာများ သီတင်းသုံးရာ ကျောင်းသို့ ဆွမ်းစားပြီးချိန် ရောက်သဖြင့် သံဃာတော်များက သနားသဖြင့် ကြွင်းကျန်နေသော ဆွမ်းဘောဇဉ်တို့ကို ကျွေးသည်။

ထိုသူသည် စားသောက်ပြီးကာလ ငါသည်နေ့စဉ် အပင်ပန်းခံကာ ရှာဖွေလုပ်ကိုင် သော်လည်း ဤကဲ့သို့ ကောင်းမွန်သော အစားအသောက်မျိုးကို မစားရချေ။ ဤရဟန်းတော်တို့သည်ကား ငြိမ်းချမ်းစွာ နေကြရပြီး ကောင်းမွန်သော ဆွမ်းတို့ကို စားကြရပေသည်၊ ရဟန်းဘောင်သို့ တက်ရောက်ရမူကား ကောင်းရာ၏ဟု စဉ်းစား၍ ရဟန်းပြုပေးရန် သံဃာများအား တောင်းပန်လေသည်။

ရဟန်းသံဃာတော် တို့ကလည်း သနားသဖြင့် ရဟန်းပြုပေးတော်မူကြကုန်သည်။ ရက်အတန်ကြာကလေး နေမိလျှင် ရဟန်းဘဝ၌ နေရသည်မှာ မကောင်းလှပါဘူး မပျော်လှပါဘူးဟု ပြောကာ လူထွက်၏၊ လူထွက်၍ ရက်အတော်ကလေးနေမိလျှင် ရဟန်းပြုတာပဲ ကောင်းပါသည်ဟု တောင်းပန်ပြီး ရဟန်းပြုပြန်၏။

ဤသို့လျှင် ထွက်ချည် ဝင်ချည်အားဖြင့် ခြောက်ကြိမ် တိုင်တိုင် ရှိသွားလေပြီ။ ခုနှစ်ကြိမ်မြောက် ရဟန်းပြုရန် အကြောင်းပေါ်လာသည်မှာ မိမိအိမ်သူကိုပင် အသုဘကောင် အနေဖြင့်မြင်ကာ သံဝေဂဖြစ်ပြီးလျှင် အနိစ္စ, အနိစ္စဟု ရွတ်ဆိုကာ ရဟန်းတော်များ ကျောင်းသို့ပြေးသွား၍ ရဟန်းပြုကာ တကယ်တရားသို့ အာရုံညွတ်သောစိတ် ထက်သန်သောစိတ် ယုံကြည်မှုရှိသောစိတ်ဖြင့် ဇောက်ချ၍ ရဟန်းတရားကို, အားထုတ်ရာ မကြာမီ အာသဝေါ ကင်းကွာ ရဟန္တာအဖြစ်သို့ ဆိုက်ရောက်သွားလေသည်။

ထိုမထေရ်ကို ယခင်က စိတ်မငြိမ် စိတ်ကစားလျက် လူ့ဘောင်ကောင်းနိုး, ရဟန်းဘောင် ကောင်းနိုး စိတ်ပြေးလွှား နေသောကြောင့် စိတ္တဟတ္ထ-ဟု အမည်ပေး ခေါ်ဝေါ် ခဲ့ကြသည်ဖြစ်၍ စိတ္တဟတ္ထထေရ်ဟု တွင်လေသည်။

စိတ္တဟတ္ထထေရ်သည် တည်ငြိမ်သော စိတ်မရှိစဉ်အခါက တရားထူးကို မရခဲ့ပေ။ အဘယ်ကြောင့်နည်း တစ်ဖက်ဖက်၌ စိတ်ကို မြဲစွဲစွာ ရပ်တည်အောင် ထိန်းသိမ်းမှုကို မပြုနိုင်ဘဲ ဟိုကောင်းနိုး, သည်ကောင်းနိုးဖြင့် စမ်းတဝါးဝါး ပေါ့ပေါ့လျော့လျော့ အပေါ်ယံမျှသော စိတ်ပျော့စိတ်ညံ့ဖြင့် အားထုတ်ခြင်း ကြောင့်ဖြစ်သည်။

ခုနစ်ကြိမ်မြောက် ရဟန်းအဖြစ်သို့ ရောက်သောအခါ၌မူကား လေးလေး နက်နက် နှစ်နှစ်ကာကာ ယုံယုံကြည်ကြည် ဉာဏ်မျက်စိဖြင့်မြင်သောစိတ်ဖြင့် သံဝေဂ သက်ရောက်လာသည်ဖြစ်၍ စိတ်ကိုသူတော်ကောင်းတရား၌ စူးစိုက်သွင်း၍ ဒုံးဒုံးချ အားထုတ်လာသောကြောင့် မဂ်လေးတန်, ဖိုလ်လေးတန်တို့ကို လျင်မြန်စွာရရှိ၍ လောက၌ အာသဝေါကုန်ခန်း၍ ဘဝဇာတ်သိမ်းပြီးကုန်သော ရဟန္တာအရှင်တို့တွင် တစ်ပါးအဝင်အပါ ဖြစ်တော်မူလေသည်။

အရှင်စိတ္တဟတ္ထမထေရ်ကဲ့သို့ အိမ်နှင့် ကျောင်းကို ဟိုဟာကောင်းနိုး, သည်ဟာ ကောင်းနိုး ဖြစ်တတ်သည်သာ မဟုတ်သေး၊ ဘာသာရေး တရားတို့ကိုလည်း ဟိုဘာသာ ကောင်းနိုး, သည်ဘာသာကောင်းနိုး၊ ဟိုဝါဒမှန်နိုး, သည်ဝါဒမှန်နိုးဖြင့် ဇဝေဇဝါသမားတွေ ရှိတတ်ကြသည်။

မြတ်စွာဘုရား သက်တော်ထင်ရှားရှိတော်မူစဉ်အချိန်က ဂေါတမ မြတ်စွာဘုရား၏ ရှေးဦးစွာကပင် ဘုရားဟု မိမိကိုယ်ကိုမိမိ ဝန်ခံပြောဆိုကြကာ ဘုရား ပြုလုပ် နေသော သူတို့လည်းရှိကြသည်။ ဘုရားအဖြစ် ဝန်မခံသော်လည်း ဘာသာရေး အဟောအပြောဆရာတွေ အဖြစ်ဖြင့် နယ်တကာသို့လှည့်လည်၍ ဟောပြော နေကြသူတွေလည်း ရှိကြသည်၊

ထိုပုဂ္ဂိုလ်တို့သည် စင်စစ်အားဖြင့် အညံ့စား ပုဂ္ဂိုလ်တွေကား မဟုတ်ကြကုန်၊ လောကီဘက်၌ တော်သလောက် တော်ကြသောပုဂ္ဂိုလ်တွေ ဖြစ်ကြသည်။

အချို့သည် လောကီအဘိညာဏ်ရ၍ ကမ္ဘာလေးဆယ်အထိ အသိဉာဏ်ဖြင့် ကြည့်နိုင်, မြင်နိုင်သော အရည်အချင်း ရှိသည်ဟု သိရသည်။ သို့ရာတွင် မြတ်စွာဘုရား မြင်တော်မူသကဲ့သို့ လျင်မြန်စွာ မြင်ခြင်းမျိုးဖြင့် မမြင်ကြ၊ မြင်လိုသော ဘဝကို တိုက်ရိုက် ခုန်ကျော်၍ မြင်ခြင်းမျိုးဖြင့်လည်း မမြင်နိုင်ကြ၊ အသေးစိတ် အားဖြင့်လည်း မမြင်နိုင်ကြဟု သိရသည်။

နာဋပုတ္တ အစရှိသော အချို့သော တိတ္ထိဆရာကြီးတို့သည် (ဗုဒ္ဓဘာသာဝင်တွေ ထင်သလောက် မညံ့ကြပေ။ သို့သော် လောကီအဘိညာဏ်ကိုကား ရသည်ဟု မဆိုလိုပေ။ မနောကံထက် ကာယကံ အရေးကြီးကြောင်း ပြောသည်ကို ထောက်ဆ ခြင်းဖြင့် ဆင်ခြင်ရာသည်။) လောကီအားဖြင့် အကြားအမြင်ဗဟုသုတ ရှိကြသော်လည်း ၎င်းတို့၌ နိဗ္ဗာန် လမ်းကြောင်းဖြစ်သော မဂ္ဂင်ရှစ်ပါးဟူသော မဇ္ဈိမပဋိပဒါ အလယ်အလတ် အကျင့်တရားထက် ကျော်လွန်ပြီးကာလ မှားယွင်းသော မိစ္ဆာအကျင့်ကို အမှန်ယူမှတ်၍ ပြုလုပ်နေကြသောကြောင့် လမ်းမှားနေသော ပုဂ္ဂိုလ်သည် သွားလိုရာ မြို့ရွာသို့ မရောက်ဘဲ ဘေးအန္တရာယ် မကင်းသော တောင်ကြို တောင်ကြား, တောကြိုတောကြားသို့ ရောက်၍ သားရဲ, ခြင်္သေ့တို့၏ အစာ ဖြစ်သကဲ့သို့၊ တရားလမ်းမှားကြကာ ကာမဂုဏ် အာရုံတို့၌ ပျော်မွေ့သော လျော့လွန်းသော အကျင့်မျိုး, အတ္တကိလမထ-ဟု ဆိုအပ်သော ကိုယ်ကို ညှဉ်းဆဲ ပင်ပန်းစေသော အကျင့်မျိုးတို့သည် မဇ္ဈိမပဋိပဒါသို့ မကျဘဲ လျော့လွန်းသော အကျင့်, တင်းလွန်း လွန်လွန်းသော အကျင့်တို့ဖြစ်၍ မဂ်ဖိုလ်သို့ မရောက်ဘဲ အကျိုးမဲ့ဖြစ်ကြပေသည်။

ဤသို့ ဖြစ်ကြရခြင်းသည် သမ္မာဒိဋ္ဌိ အစရှိသော အရိယာမဂ္ဂင်မှလွဲ၍ မိစ္ဆာ မဂ္ဂင်လမ်းသို့ လိုက်ပါမိကြခြင်းသာလျှင် အကြောင်းအရင်း ဖြစ်ပေသည်။ သို့ကြောင့် မိစ္ဆာမဂ္ဂင်တို့နှင့် မိမိတို့၏ စိတ်ကို မယှဉ်စေမူ၍ သမ္မာဒိဋ္ဌိအစရှိသော အရိယာမဂ္ဂင်နှင့် ယှဉ်သော စိတ်ဖြောင့်စိတ်မှန်ဖြင့် ပွားများအားထုတ်ကြရာသည်။

မထိန်းသောစိတ်, သူ့သဘောအတိုင်း လွှတ်ထားသောစိတ်သည် အလွန် ကြောက်ဖွယ် ကောင်းလှသည်၊ အနတ္ထအကျိုးစီးပွားမဲ့ကို ပြုတတ်သည်။ သို့ကြောင့် စိတ်ကို သတိဖြင့်ကြပ်မတ်၍ အမြဲစောင့်ထိန်းသင့်ရာ၌ စောင့်ထိန်းရမည်ဖြစ်သည်။

ယင်းသို့ စောင့်ထိန်းရာ၌ သရာဂံ ဝါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာတိ-ဟု ညွှန်ပြ တော်မူသည့်အတိုင်း ငါ့သန္တာန်၌ ဖြစ်ပေါ်နေသောစိတ်သည် တရားကိုယ်အားဖြင့် လောဘဟုဆိုအပ်သော အာရုံကို တပ်မက်သော ရာဂနှင့် ယှဉ်သောစိတ်လား၊ သို့မဟုတ် ရာဂကင်းသော စိတ်လားဟု ဆင်ခြင်ရမည်။
အကယ်၍ ရာဂနှင့် ယှဉ်သောစိတ်, ရာဂမကင်းသောစိတ်ဟု ဉာဏ်မျက်စိဖြင့် မြင်လျှင် ထိုစိတ်ကို တားမြစ်ပယ်ရှားရပေမည်၊

ထိုစိတ်ကို မပယ်လျှင်, မတားမြစ်လျှင် ထိုစိတ်က အကျိုးမဲ့ကို ဖြစ်စေလိမ့်မည်၊ ဆင်းရဲစေလိမ့်မည်။ ထိုစိတ်ကို ပယ်နိုင်, တားမြစ်နိုင်လျှင် ကောင်းကျိုးချမ်းသာ ရပေလိမ့်မည်ဟု သိစေလို၍ သရာဂံ ဝါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာတိ- ဟူ၍လည်းကောင်း, ရာဂကင်းသောစိတ်ဖြစ်လျှင်လည်း ဝီတရာဂံ ဝါ စိတ္တံ ဝီတရာဂံ စိတ္တန္တိ ပဇာနာတိ- ဟု ဟောတော်မူသည်။

သူဌေးသား သောရေယျ၏ အဖြစ်ဆန်း

မိမိသန္တာန်၌ ရာဂနှင့်ယှဉ်သော စိတ်ဖြစ်ပေါ်နေသည်ကို သတိမပြု မကြည့်ရှုဘဲ ပယ်ခြင်း, တားမြစ်ခြင်းကို မပြုမိသည့်အတွက် သောရေယျသူဋ္ဌေးသားသည် ရူပ ကာယတော် တင့်တယ်သပ္ပာယ်သော အရှင်ကစ္စာယနထေရ်ကို ရာဂနှင့်ယှဉ်သော စိတ်ဖြင့် ပြစ်မှားသောကြောင့် ယောက်ျားအဖြစ်မှ အံ့ဩဖွယ်ရာ မဖြစ်စဖူး ထူးဆန်းစွာ မိန်းမ အဖြစ်သို့ရောက်ရပေသည်။

တစ်ဘဝတည်း၌ပင် ရုတ်ချည်း ယောက်ျားစင်စစ်က မိန်းမ အဖြစ်သို့ ရောက်နိုင် မည်လားဟု ယုံမှားသံသယမဖြစ်ရာ၊ ကမ္မဝိ ပါကော အစိန္တိယော- ကုသိုလ်ကံ, အကုသိုလ်ကံတို့၏ အကျိုးသည် အလွန် အံ့သြဖွယ်ကောင်းလှသည်၊ မကြံစည် အပ်သော အကျိုးပေးခြင်းမျိုးဖြစ်သည်။

(သို့ရာတွင် ယောက်ျားအဖြစ်မှ မိန်းမအဖြစ်သို့ ပြောင်းလွဲဖြစ်ခြင်းသည် တစ်ခဏချင်း ဗြုန်းခနဲမဖြစ်ဘဲ တစ်ရက်ထက်တစ်ရက် ယောက်ျား သဘော ပျောက်ကွယ်၍ မိန်းမသဘောပေါ်ပေါက်ကာ တစ်စတစ်စ ပြောင်းလဲခြင်းမူလည်း ဖြစ်နိုင်ပေသည်။ ဤအဖြစ်မျိုးကား ယခုခေတ်၌လည်း ဖြစ်လျက်ရှိသည်ကို ရံခါကြားသိရပေသည်။)

အရှင်ကစ္စည်းမထေရ်ကို သရာဂစိတ်ဖြင့်ပြစ်မှား၍ ယောက်ျားအဖြစ် ပျောက် ကွယ်၍ မိန်းမအဖြစ်သို့ရောက်ပြီးနောက်မှ သတိသံဝေဂဖြစ်ဆဲ၌ မိတ်ကောင်း ဆွေကောင်း ဖြစ်သော ငယ်သူငယ်ချင်း အကြံပေးချက်အရ အရှင်ကစ္စည်းထေရ်ကို အိမ်သို့ ပင့်ဖိတ်၍ မိုက်မှားမိသည်ကို ထုတ်ဖော် လျှောက်ထား၍ ကန်တော့ တောင်းပန် သောကြောင့် ယောက်ျားဘဝသို့ ပြန်လည်ရောက်ရှိကာ မကောင်းစိတ်၏ အပြစ်ကိုလည်းမြင် သံဝေဂဉာဏ်လည်း ဝင်ကာ ရဟန်းအဖြစ်သို့ရောက်၍ စိတ်ကောင်းမွေးမြူသဖြင့် ဝီတရာဂစိတ်ဖြင့် တရားကို အားထုတ်ရာ သရာဂစိတ်ကို အကြွင်းမဲ့ ပယ်သတ်နိုင်သောကြောင့် မြတ်စွာဘုရားသားတော် အစစ် ရဟန္တာ အဖြစ်သို့ရောက်၍ အတုကင်းမဲ့သော နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင် လေပြီ။

မဆုံးမ မတားမြစ်သောစိတ်သည် ဤမျှလောက် ဆိုးသွမ်း၍ ဆုံးမတားမြစ်အပ်သော စိတ်သည်လည်း ဤမျှပင် ကောင်းကျိုးချမ်းသာကို ပေးသည်ကို သတိပြုအပ် လှပေသည်။

သောရေယျ သူဋ္ဌေးသား၏ ဖြစ်ရပ်မှာ မိခင်ကလည်း ဖြစ်စေသည်မဟုတ်၊ ညီအစ်ကို မောင်နှမတို့ကလည်း ဖြစ်စေသည်မဟုတ်၊ မိတ်ဆွေတို့ကလည်း ဖြစ်စေသည် မဟုတ်။ မထိန်းသိမ်း မတားမြစ်ဘဲ ပေါက်လွှတ်ပဲစား သူ့သဘောအတိုင်း နေစေဟု လွှတ်ထားသော သရာဂစိတ်ကပင် ဤဖြစ်ရပ်သို့ ရောက်စေသည်ကိုလည်း သတိပြုရာသည်။

အတ္တာ ဟိ အတ္တနော နာထော၊
ကော ဟိ နာထော ပရော သိယာ။
အတ္တနာ ဟိ သုဒန္တေ န၊
နာထံ လဘတိ ဒုလ္လဘံ။

အတ္တာ ဟိ အတ္တာ ဧဝ၊ မိမိသည်သာလျှင်။
အတ္တနော၊ မိမိ၏။
နာထော၊ အားထား မှီခိုရာတည်း။
ပရော၊ မိမိမှတစ်ပါးသော။
ကော၊ အဘယ်သူသည်။
အတ္တနော၊ မိမိ၏။
နာထော၊ မှီခိုရာဖြစ်အံ့နည်း။
ဟိ၊ မှန်၏။
သုဒန္တေန၊ ကောင်းစွာ ဆုံးမပြုပြင်အပ်သော။
အတ္တနာ၊ မိမိဖြင့်သာလျှင်။
ဒုလ္လဘံ၊ ရခဲသော။
နာထံ၊ မှီခိုအားထားရာကို။
လဘတိ၊ ရ၏။

(ဤဒေသနာတော်၌ အတ္တ ဟူသည် စိတ်ကို ကောက်ယူမှ ဒေသနာတော်၏ အာဘော် ကျမည်။)

ဤသို့လျှင် ကောင်းစွာ ဆုံးမပြုပြင်အပ်သော စိတ်ဖြင့် ကောင်းမှု ကောင်းလုပ်ကို ပြုလုပ်သဖြင့် ရနိုင်ခဲသော နိဗ္ဗာန်တည်းဟူသော မှီခိုအားထားရာကို ရသည်ဟု ဟောတော် မူလိုသည်။

နာမ်ခန္ဓာတို့၏ အမှူးဖြစ်သော စိတ်

စိတ်တန်ခိုးကြီးကြောင်း၊ စိတ်သည် ခပ်သိမ်းသော သင်္ခတတရား ဖြစ်သော လောကကို ဆွဲဆောင်တတ်သော သဘောရှိကြောင်း ပြဆိုခဲ့ပြီ။

စိတ်သည် ဤမျှသာ စွမ်းဆောင်နိုင်သည် မဟုတ်သေးချေ၊ စိတ်သည် မိမိနှင့် ယှဉ်ဖော်ယှဉ်ဖက် အတူတကွ ဖြစ်ဖော်ဖြစ်ဖက်ဖြစ်သော ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ ဟုဆိုအပ်သော နာမ်ခန္ဓာသုံးပါးတို့၏ ရှေ့သွား ခေါင်းဆောင်လည်း ဖြစ်သည်။ စိတ်နှင့်တကွသော နာမက္ခန္ဓာ လေးပါးတို့တွင် စိတ်သည် ရှေ့သွား ခေါင်းဆောင် ဖြစ်သည်ဟုဆိုသည်။

ကာယကံမှုကို ပြုသည်ဖြစ်စေ၊ ဝစီကံမှုကို ပြုသည်ဖြစ်စေ၊ စိတ်က ပထမအာရုံ ပြုသော သဘောဖြင့်၊ ဝါ- စိတ်က ရှေးဦးစွာပြုလုပ်ပြီးမှ စိတ်ကပြုလုပ်စီစဉ်ပြီးသော အလုပ်ကိုသာ ကိုယ်ဖြင့် အကောင်အထည် ပေါ်အောင် ပြုလုပ်ရသည်။ နှုတ်ဖြင့် အကောင်အထည်ပေါ်အောင် ပြုလုပ်ရသည်။

ပန်းချီဆရာတစ်ယောက်သည် တောကား, တောင်ကား တစ်ခုကို ရေးဆွဲသည် ဖြစ်အံ့၊ ပိတ်ကားပေါ်၌ ဆေးနှင့်တကွ တောပုံတောင်ပုံမရေးမီ စိတ်ဖြင့် ပထမအလျင် ရေးပေသည်၊ စိတ်ဖြင့်မှန်းဆ၍ ရေးပြီးသည့်အတိုင်း လက်ဖြင့်ပိတ်ကားပေါ်၌ အကောင်အထည် ရေးကာ ဖော်လိုက်ရခြင်းဖြစ်သည်။

ထိုပန်းချီဆရာ နည်းတူ ပန်းပုဆရာ စသည်တို့သည်လည်း စိတ်ဖြင့်ပထမ၊ ဝါ-အလျင် ရုပ်လုံးကိုပြုလုပ်ပြီးမှ လက်ဖြင့်အကောင်အထည် ဖော်ရသည်။ နှုတ်ဖြင့် ပြောဆိုအံ့သော စကားတို့ကိုဖြစ်စေ၊ ဟောအံ့သော တရားတို့ကိုဖြစ်စေ၊ ပြောဆို မည့်သူ, ဓမ္မကထိကသည် နှုတ်ဖြင့်မပြောဟောမီ၊ စိတ်ဖြင့်ပထမကြံစည်၍ စိတ်ဖြင့် ဟောပြောခဲ့သည်ကို နောက်မှ နှုတ်ကထုတ်ဖော်၍ နားထောင်သူတို့သိရှိအောင် ပြောဟော ကြရသည်။

ဤသို့လျှင် စိတ်သည် အမှုကိစ္စ ဟူသမျှတို့၌ ရှေ့သွားဖြစ်သည်။ ပြဆိုခဲ့ပြီးသည့် အတိုင်း ဝေဒနာ, သညာ အစရှိသော နာမက္ခန္ဓာတို့ အချင်းချင်းတွင်လည်း စိတ်ကပင် ရှေ့သွားရှေ့ဆောင် ဖြစ်ပေသည်။

အမေး။ ။ စောဒနာရန်ရှိသည်မှာ- စိတ်နှင့် ဝေဒနာ, သညာအစရှိသော စေတသိက် တို့သည် -
၁။ ဧကုပ္ပါဒါ = တစ်ပြိုင်တည်းဖြစ်ကြသည်။
၂။ ဧကနိရောဓာ = တစ်ပြိုင်တည်း ချုပ်ကြသည်။
၃။ ဧကာလမ္ဗဏာ = အာရုံတစ်ခုတည်းကိုသာ အာရုံပြုကြသည်။
၄။ ဧကဝတ္ထုကာ = မှီရာ ဝတ္ထုရုပ်တစ်ခု၌သာလျှင် အတူမှီကြသည် မဟုတ်ပါလော။

ယင်းသို့လျှင် --
တစ်ပြိုင်တည်းဖြစ်ကြ၊
တစ်ပြိုင်တည်း ချုပ်ကြ၊
တူသောအာရုံရှိကြ၊
တူသောမှီရာရှိကြလျက်
အဘယ်ကြောင့် စိတ်ကို ရှေ့ဆောင် ရှေ့သွားဟု ဆိုရပါသနည်းဟု စောဒနာရန် ရှိပေသည်။

အဖြေ။ ။ ဝေဒနာ, သညာ, သင်္ခါရတို့သည် စိတ်နှင့်ဖြစ်ချုပ် စသည်တို့ တူကြသည်ကား မှန်၏၊ ယင်းသို့ပင် တူညီကြသော်လည်း ဝေဒနာ, သညာ ရှိသော နာမ်တရားတို့သည် စိတ်တည်းဟူသော အကြောင်းကြောင့် ဖြစ်ကြကုန်၏။ စိတ်မဖြစ်လျှင် ဝေဒနာ သညာ စသည်တို့မဖြစ်၊ စိတ်ဖြစ်သော်မှသာ ဝေဒနာ, သညာ စသည်တို့ဖြစ်သောကြောင့် စိတ်သည် ဝေဒနာ, သညာ အစရှိသော နာမ်တရားတို့၏၊ ဝါ- နာမက္ခန္ဓာတို့၏ ရှေ့သွားရှေ့ဆောင် ခေါင်းဆောင်ဖြစ်သည်ဟု ပြောဆိုရသည်။

ဥပမာ -

မြို့တစ်မြို့၌ ဒါန သီလ အစရှိသော ကောင်းမှုကို ပြုလုပ်နေသော သာသနာ အသင်း အဖွဲ့ တစ်ခုရှိသည်ဖြစ်ရာ ထိုအသင်းသူ အသင်းသား တို့တွင် အဘယ်သူသည် ရှေ့ဆောင်ရှေ့သွား ခေါင်းဆောင်လူကြီး ဖြစ်သနည်းဟု မေးလျှင် အကြင်လူကြီးကို အမှီပြု၍ အသင်းသူ အသင်းသားတို့သည် ကောင်းမှု ဒါန စသည်တို့ကို ပြုလုပ်ကြကုန်။ ထိုလူကြီးသည် အသင်းသူ အသင်းသားတို့၏ ရှေ့ဆောင် လူကြီး ဖြစ်လေသကဲ့သို့ မှတ်ရာသည်။

ရှေ့ဆောင်ရှေ့သွား ခေါင်းဆောင်လူကြီးနှင့် အတူတကွ တစ်ပြိုင်နက် ဒါနစသော ကောင်းမှု, ဝေယျာဝစ္စကောင်းမှုကို ပြုလုပ်နေကြသော်လည်း ထိုလူကြီးဦးစီး နှိုးဆော်ကာ ဆောင်ရွက်သည့်အတိုင်း ပါဝင်ပြုလုပ်ကြသည် ဖြစ်သောကြောင့် အတူတကွပင် ပြုလုပ်ဆောင်ရွက်ကြသူချင်း ဖြစ်သော်လည်း တိုက်တွန်း နှိုးဆော် အားပေး၍ ဦးစီးဆောင်ရွက်သော သူကို ရှေ့ဆောင်ရှေ့သွားအဖြစ် အသိအမှတ် ပြုကာ ခေါ်ဝေါ် သုံးစွဲသကဲ့သို့၊ ထို့အတူ - ဝေဒနာ, သညာ အစရှိသော နာမက္ခန္ဓာ တို့နှင့် စိတ်သည် အတူတကွ တစ်ပြိုင်တည်းဖြစ်ချုပ်သော်လည်း ဝေဒနာ, သညာ အစရှိသော နာမက္ခန္ဓာတို့သည် စိတ်လျှင် အကြောင်းရင်း ရှိကြသည်။ စိတ်ဖြစ်မှသာ ဝေဒနာစသည်တို့ ဖြစ်ကြသောကြောင့် စိတ်ကို နာမ်တရားတို့၏ ရှေ့သွား ပုဗ္ဗင်္ဂမ-ဟု ဆိုရသည်။

ဆက်ဦးအံ့ –
စိတ်သည် ဝေဒနာ, သညာအစရှိသော နာမက္ခန္ဓာတို့၏ ရှေ့သွား ခေါင်းဆောင်မျှသာ မဟုတ်ချေသေး၊ ဝေဒနာ, သညာ စသည်တို့ထက် ထူးမြတ်သော သဘောလည်း ရှိသည်၊ ဝေဒနာ, သညာအစရှိသော စေတသိက်တို့သည် စိတ်မဖြစ်ဘဲ၊ စိတ်ဦးမဆောင်ဘဲ သူတို့ချည်းသက်သက် မဖြစ်နိုင်ကြ၊ ဖြစ်နိုင်စွမ်းမရှိကြ၊ စိတ် ဖြစ်ပေါ်မှသာလျှင် ဖြစ်နိုင်ကြသည်။

စိတ်သည်ကား အချို့သော စေတသိက်တို့ မဖြစ်ပေါ်သော်လည်း မိမိသည် ဖြစ်နိုင်စွမ်းရှိသည်။ စေတသိက်တို့နှင့် တကွဖြစ်သောအခါ စေတသိက် တို့၏ အကြီးအမှူး အဓိပတိဖြစ်သောကြောင့် စိတ်သည် ကြီးမြတ်သော သဘောလည်း ရှိသည်။

သစ်သားအစရှိသော အဆောက်အဦးတို့ဖြင့် ပြုလုပ်အပ်သော ပစ္စည်းဝတ္ထုကို သစ်သားရုပ်, သစ်သားသေတ္တာ စသည်ဖြင့် ခေါ်ရသကဲ့သို့ စိတ်အကြံအစည် ရှေ့သွားနှင့် ပြုလုပ်အပ်သော ကောင်းမှုတို့ကိုလည်း စိတ်ဖြင့်ပြီးသော မနောမယာဟု ဆိုရသည်။ စိတ်သည် ဤမျှကြီးမားထူးကဲသော ရှေ့ဆောင်သဘောတရားဖြစ်သည်။

ဤအကြောင်းနှင့်စပ်၍ တိတ္ထိဆရာကြီးတို့၏ အမြင်အသိသည် မြတ်စွာဘုရား၏ ဉာဏ်တော်အမြင်နှင့်ကွာခြား၍ မှားယွင်းကြပုံမှာ -

နာဋပုတ္တနိဂဏ္ဌ္ဌတပည့် ဥပါလိကျွတ်ခန်း

အိန္ဒိယနိုင်ငံ၊ နာလန္ဒမြို့၌နေသော နာဋပုတ္တနိဂဏ္ဌ္ဌ တိတ္ထိဆရာကြီးသည် ဘုရား တစ်ဆူ ဂူတစ်လုံးအဖြစ်ဖြင့် တပည့်ဒကာ အပေါင်းခြံရံလျက် မိမိဝါဒကို ဟောပြောကာ နေ၏။ လက်ရုံးတပည့်ကြီး ဒီဃတပဿီနှင့် လက်ရုံးဒကာ နာလန္ဒသူဋ္ဌေး ဥပါလိတို့လည်း ရှိကုန်၏။

တစ်နေ့သောအခါ သူဌေးဥပါလိ စသော တပည့်ဒကာတို့နှင့် နာဋပုတ္တ ဆရာကြီးတို့ စကားပြောဆိုနေကြစဉ် ဒီဃတပဿီ ရောက်လာ၏။ ဒီဃတပဿီ ဘယ်ရောက်ခဲ့ သလဲဟု နာဋပုတ္တကမေး၏၊ ဆွမ်းခံအပြန် ဆွမ်းကိစ္စပြီး၍ ကြုံကြိုက်သဖြင့် ရှင်ဂေါတမထံ ဝင်ခဲ့ကြောင်းပြော၏။

ရှင်ဂေါတမနှင့် ဘာစကားများ ပြောခဲ့သလဲဟု မေး၏၊ ကာယဒဏ်, ဝစီဒဏ်, မနောဒဏ်အကြောင်း ဆွေးနွေးခဲ့ကြောင်း၊ တပည့်တော်တို့ နာဋပုတ္တဆရာကြီးက ကာယဒဏ်, ဝစီဒဏ်, မနောဒဏ်ဟု ပညတ်သုံးစွဲကြောင်း၊ ထိုဒဏ်သုံးမျိုးတို့တွင် ကာယဒဏ်သည် အပြစ်ကြီးကြောင်း, အရာရောက်ကြောင်း ပြောဆိုခဲ့ပါသည်။ ရှင်ဂေါတမက ကာယကံ, ဝစီကံ, မနောကံဟု ပညတ်သုံးစွဲကြောင်း၊ ထိုကံသုံးမျိုး တို့တွင် မနောကံ အပြစ်ကြီးကြောင်း, အရာရောက်ကြောင်း ပြောပါသည်ဟု ပြောသည်။

ထိုအခါ နာဋပုတ္တဆရာကြီးက ဒီဃတပဿီ ပြောခဲ့သည်မှာ မှန်ပေတယ်၊ စိတ်ဖြင့် ဘာကိုပြုလုပ်နိုင်သလဲ၊ ကိုယ်ဖြင့်ပြုလုပ် မှသာလျှင်အလုပ်ဖြစ်သည် မဟုတ်ပါလား ဟု ပြောသောအခါ ဥပါလိသူဋ္ဌေးကလည်း မှန်ပါသည်၊ စိတ်ဖြင့်အလုပ်လုပ်၍ ဘာမှ မပြီးနိုင်၊ ကိုယ်ဖြင့် ပြုလုပ်မှသာလျှင် ပြီးစီးနိုင်ကြောင်း၊ သည်အချက်ကို ရှင်ဂေါတမနှင့် ဝါဒပြိုင်ပြောရလျှင် ရှင်ဂေါတမရှုံးရမည်၊ တပည့်တော်သွားပြီး ဝါဒအပြိုင် ပြောမည်ဟု ဥပါလိကဆို၏။

နာဋပုတ္တဆရာကြီးက ကောင်းပြီ- သွားချေဟု အားပေး၏။ ထိုအခါ ဒီဃတပဿီက ဆရာကြီး ဥပါလိကို မလွှတ်နှင့်၊ ရှင်ဂေါတမသည် အပြောအဟော ကောင်းသည်၊ လှည့်စားဆွဲဆောင်တတ်သော မာယာရှိသည်၊ တိတ္ထိတို့၏ တပည့်ဒကာ တွေကို လှည့်ဖျားဆွဲဆောင်တတ်သည်ဟုပြော၍ တားမြစ်၏။

နာဋပုတ္တဆရာကြီးကမူ ရှင်ဂေါတမကသာ ဥပါလိရဲ့ တပည့်ဖြစ်မှာပါ၊ သွားသာ သွားပြီး ဝါဒပြိုင်ချေ- ဟု ခွင့်ပြုလိုက်သည်ဖြစ်၍ ဥပါလိသည် မြတ်စွာဘုရားထံ ရောက်သွားလေသည်။

မြတ်စွာဘုရားထံ ရောက်၍ အာလာပ သလ္လာပ ပြောကြားပြီးနောက် ဥပါလိက အရှင်ဂေါတမ ... ကာယကံ, ဝစီကံ,မနောကံ သုံးမျိုးရှိရာ ဤကံသုံးမျိုးတို့တွင် မနောကံသည် အပြစ်ကြီးသည်, အရာရောက်သည်ဟု ရှင်ဂေါတမက ပြောသည်မှာ မှန်ပါသလား။
ဥပါလိ ... မနောကံသည် အပြစ်ကြီးသည် အရာရောက်သည်ဟု ငါပြောသည်မှာ မှန်ပေသည် ဟု မိန့်ကြားလေသည်။ ယင်းသို့ မနောကံ အပြစ်ကြီးသည် အရာ ရောက်သည်ဟု မြတ်စွာဘုရား မိန့်ကြားသောစကားကို ခိုင်မြဲစေရန် ဥပါလိက သုံးကြိမ်ထပ်၍မေးသည်။ မြတ်စွာဘုရားကလည်း သုံးကြိမ်ပင်ထပ်၍မိန့်ကြားသည်။

ထို့နောက် မြတ်စွာဘုရားက ဥပါလိကိုပြန်၍ မေးတော်မူသည်။ ဥပါလိ နာဋပုတ္တ-က ကာယဒဏ်, ဝစီဒဏ်, မနောဒဏ် သုံးမျိုးတို့တွင် အဘယ်ဒဏ်သည် အပြစ် ကြီးသည်, ခရီးရောက်သည်ဟု ပြောသနည်း။ ကာယဒဏ်သည် အပြစ်ကြီးသည်, ခရီး ရောက်သည်ဟု ပြောပါသည်ဘုရား ဟု လျှောက်သည်။

မြတ်စွာဘုရားကလည်း ဥပါလိ စကား မပြောင်းနိုင်စေရန်, ခိုင်မြဲစေရန် သုံးကြိမ် ထပ်၍မေးတော်မူသည်။ ဥပါလိကလည်း ကာယဒဏ် အပြစ်ကြီးကြောင်း သုံးကြိမ်ပင် ဖြေကြားလျှောက်ထားသည်။

မြတ်စွာဘုရားက ဥပါလိ- သင်သည် မှန်ကန်သော စကား၌တည်၍ ဆွေးနွေးမည် ဆိုလျှင် ငါတို့ဆွေးနွေးမည်ဟု မိန့်ကြားသောအခါ ဥပါလိကလည်း မှန်ကန်သော စကား၌ တည့်၍ ဆွေးနွေးပါမည်ဟု လျှောက်၏။

၁။ ဥပါလိ- ငါပြောမည့်စကားကို သင်အဘယ်ကဲ့သို့ သဘောရသနည်း၊ နိဂဏ္ဌ္ဌ တစ်ယောက်သည် အနာရောဂါ နှိပ်စက်နေသည် ဖြစ်ရာ၏၊ ပြင်းပြစွာ ဆင်းရဲဒုက္ခကို ခံစားနေရ၏။ နိဂဏ္ဌ္ဌတို့မည်သည် ရေအေးကို ပယ်၍ ရေနွေးကိုသာလျှင် သောက်လေ့ရှိ၏။ အနာရောဂါနှိပ်စက်နေသော နိဂဏ္ဌ္ဌသည် ရေအေးကို မသောက်ရသောကြောင့် သေဆုံးရာ၏၊ သေဆုံးသော နိဂဏ္ဌ္ဌသည် အဘယ် ဘုံဌာနသို့ရောက်သည်ဟု အသင် တို့၏ နာဋပုတ္တဆရာကြီးက ပညတ်ပါသနည်း။
အရှင်ဘုရား- စိတ်ကို စွဲလမ်းခြင်းကြောင့် ဖြစ်သော နတ်ပြည်သည်ရှိပါ၏။ နိဂဏ္ဌ္ဌသည် ထိုနတ်ပြည်၌ဖြစ်သည်ဟု နာဋပုတ္တဆရာကြီးက ပညတ်ပါသည်ဘုရား။
ဥပါလိ- ယင်းသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်ပါနည်း။
အရှင်ဘုရား စိတ်စွဲလမ်းခြင်းကြောင့် ဖြစ်ပါသည်ဟု လျှောက်သောအခါ မြတ်စွာဘုရားက ဥပါလိ- ဆင်ခြင်၍ပြောလော့၊ သင့်စကားသည် ရှေ့စကား, နောက်စကားမညီဘဲဖြစ်လေပြီဟု မြတ်စွာဘုရားက သတိပေးတော်မူသည်။

၂။ ဥပါလိ- ငါပြောမည့်စကားကို သင် အဘယ်ကဲ့သို့ သဘောရသနည်း။ နာဋပုတ္တ နိဂဏ္ဌ္ဌ ကြီးသည် စောင့်စည်းခြင်း လေးမျိုးဖြင့် စောင့်စည်းနေ၏။ အဘယ်လေးမျိုးတို့ ဖြစ်သနည်းဟူမူ - -
၁။ အလုံးစုံသော ရေအေးကိုပယ်၏။ (မသောက်)
၂။ အလုံးစုံသောမကောင်းမှုကို တားမြစ်ခြင်းဖြင့် တားမြစ်အပ်သော မကောင်းမှုရှိ၏။
၃။ အလုံးစုံသောမကောင်းမှုကို တားမြစ်ခြင်းဖြင့် ခွာထုတ်၏။
၄။ အလုံးစုံသောမကောင်းမှုကို တားမြစ်ခြင်းဖြင့် ပျံ့နှံ့၏။

ယင်းသို့ စောင့်စည်းခြင်း လေးမျိုးတို့ဖြင့် စောင့်စည်းသော နာဋပုတ္တနိဂဏ္ဌ ဆရာကြီးသည် ရှေ့သို့သွားသည် ရှိသော်လည်းကောင်း၊ နောက်သို့ဆုတ်သည် ရှိသော် လည်းကောင်း များစွာသော သတ္တဝါငယ်တို့ကို နင်းမိသဖြင့် သေကြေ ပျက်စီးခြင်းသို့ ရောက်စေသည်။ ဤသို့သတ္တဝါငယ်တွေ သေကြေပျက်စီးခြင်းသို့ ရောက်ရာ၌ အကျိုးအပြစ်ကို နာဋပုတ္တ နိဂဏ္ဌဆရာကြီးက အဘယ်သို့ဆိုပါသနည်း။
အရှင်ဘုရား- စေ့ဆော်ခြင်း စေတနာမရှိသောကြောင့် ကြီးသောအပြစ်ရှိသည်ဟု မပညတ် ပါဟု လျှောက်၏။
ဥပါလိ- အကယ်၍ စေ့ဆော်ခြင်းစေတနာရှိခဲ့လျှင် အဘယ်သို့ဖြစ်တတ်သနည်း။
အရှင်ဘုရား - ကြီးလေးသောအပြစ်ရှိသည်ဟု ပညတ်ပါသည်ဟု ဖြေကြားရာ
ဥပါလိ- နာဋပုတ္တနိဂဏ္ဌဆရာကြီးက စေတနာကို အဘယ်ဒဏ်ဟု ပညတ်သနည်း။
မနောဒဏ်ဟု ပညတ်ပါသည်ဘုရား။
ဥပါလိ- စဉ်းစားဆင်ခြင်၍ ပြောလေ၊, သင့်စကားသည် ရှေ့စကားနှင့် နောက်စကား မညီခဲ့ချေ- ဟု မြတ်စွာဘုရားက မိန့်တော်မူသည်။

၃။ ဥပါလိ - ငါပြောမည့်စကားကို သင်အဘယ်ကဲ့သို့ သဘောရသနည်း။ စည်ကားသော နာလန္ဒမြို့၌ရှိသော လူတွေကို ယောက်ျား တစ်ယောက်သည် ဓားသန်လျက်ကိုယူ၍ တစ်ခဏချင်းဖြင့် အသားတစ်အသားပုံ ဖြစ်အောင်ခုတ်မည် ကြိမ်းဝါးကာ တစ်ခဏချင်းဖြင့် အသားပုံအသားစုဖြစ်အောင် ခုတ်နိုင်ပါမည်လား။
အရှင်ဘုရား- စည်ကားသော နာလန္ဒမြို့၌ ရှိသောလူတွေကို တစ်ခဏချင်းဖြင့် အသားစု အသားပုံဖြစ်အောင် ယောက်ျား တစ်ယောက်မက ၁၀-ယောက် ၁၀၀-ယောက် ခုတ်သော်လည်း တစ်ခဏချင်းဖြင့် အသားစုအသားပုံဖြစ်အောင် မခုတ်နိုင်ပါဘုရား။
ကောင်းပြီ ဥပါလိ- စိတ်တန်ခိုး ဣဒ္ဓိပါဒ်ရှိသော ရသေ့ဖြစ်စေ၊ ဗြာဟ္မဏဖြစ်စေ စိတ်တန်ခိုးဖြင့် စည်ကားသော နာလန္ဒမြို့၌ရှိသောလူတွေကို ပြာကျအောင် ဓိဋ္ဌာန်မှု ပြုလိုက်လျှင် နာလန္ဒမြို့ကြီးသည် တစ်ခဏချင်း အချိန်အတွင်း ပြာကျမသွား ပေဖူးလား။
အရှင်ဘုရား- နာလန္ဒမြို့မက မြို့ပေါင်း များစွာပင် တစ်ခဏချင်း၌ ပြာကျသွား နိုင်ပါသည် ဘုရား။
ဥပါလိ- သင် သတိထားပြောလေ၊ - ယခင်က ကာယဒဏ်အပြစ်ကြီးသည် အရာ ရောက်သည်ဟု ပြောခဲ့သည်။ ယခုကား မနောကံအပြစ်ကြီးကြောင်း ပြောဆိုသည်။
သင်၏ စကားသည် ရှေ့စကား နောက်စကား မညီဖြစ်ခဲ့လေပြီ-ဟု မိန့်တော်မူသည်။

၄။ ဥပါလိ- ငါပြောမည့်စကားကို သင်အဘယ်ကဲ့သို့ မှတ်ထင်သနည်း။ ဒဏ္ဍကီတော, ကာလိင်္ဂတော, မဇ္ဈိတော, မာတင်္ဂတော-သည် တောတွေဖြစ်သွားသော အကြောင်း ကို သင်ကြားဖူးသလော။
ကြားဖူးပါသည် ဘုရား။
အဘယ်ကဲ့သို့ ကြားဖူးသနည်း၊ အဘယ်အကြောင်းကြောင့် သည်တောတွေသည် တောအဖြစ်သို့ ရောက်သွားကြသည်ဟု ကြားဖူးသနည်း။
ရသေ့တို့၏ စိတ်ဆိုးခြင်းကြောင့် တောဖြစ်ကုန်သည်ဟု ကြားဖူးပါသည်ဟု လျှောက်၏။
ဥပါလိ- သတိထားပြောလေ၊ သင့်စကားသည် ရှေ့နောက်မညီဖြစ်လေပြီ။

ဤသို့ မြတ်စွာဘုရားမိန့်တော်မူသောအခါ ဥပါလိက လျှောက်ထားသည်မှာ -
မြတ်စွာဘုရား ... မြတ်စွာဘုရားသည် ရှေးဦးစွာ ဥပမာစကာ မိန့်ကြားတော်မူစဉ် ကပင် ဝမ်းမြောက်ခြင်းဖြစ်၍ မြတ်စွာဘုရားအား ကြည်ညိုခဲ့ပါသည်၊ ဆန်းကြယ်သောတရားတော်ကို ဆက်လက်ကြားလို၍သာ မကျေနပ်ယောင်ဖြင့် စောဒကတက်နေခြင်းဖြစ်ပါသည်။ ယနေ့မှစ၍ ဘုရား, တရား, သံဃာတော်ကို ဆည်းကပ်သော ဘုရားရှင် တပည့်သာဝက ဥပါသကာအဖြစ် မှတ်တော်မူပါဟု လျှောက်လေသည်။

အကျဉ်းချုပ်အံ့ --
မြတ်စွာဘုရားသည် တရားဆက်လက် ဟောတော်မူသည်တွင် ဥပါလိသူဋ္ဌေးသည် သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်ကာ သောတာပန်အဖြစ်သို့ ရောက်လေ တော့သည်။

(အကျယ်ကိုဆက်လက်သိလိုကြမူ မဇ္ဈိမပဏ္ဏာသပါဠိတော်၌ ကြည့်ကြကုန်။)

ဆိုလိုရင်းမှာ စိတ်သည်တန်ခိုးကြီးကြောင်း အရာရောက်ကြောင်း၊ စိတ်သာလျှင် ရှေ့သွားဖြစ်ကြောင်း၊ ကာယကံ, ဝစီကံတို့သည် မနောကံ နောက်လိုက် ဖြစ်ကြောင်းကို ထင်ရှားစေလို၍ ဤအကြောင်းကို ထုတ်ဆောင်ပြဆိုခြင်းဖြစ်သည်။

ကာယကံ, ဝစီကံ, မနောကံ ဤကံ သုံးမျိုးတို့တွင် ကာယကံသာလျှင် အပြစ် ကြီးကြောင်း၊ တန်ခိုးကြီးကြောင်း၊ အရာရောက်ကြောင်း၊ မနောကံသည် အပြစ် မကြီးကြောင်း တန်ခိုးမကြီးကြောင်း အရာမရောက်ကြောင်းကို ယူဆဟောပြော သောအခြင်းအရာကို ထောက်သဖြင့် မနောကံဖြင့် ရောက်အပ်သော အဘိညာဏ် မျိုးကို နာဋပုတ္တဆရာကြီး မရသည်မှာ ထင်ရှားပေသည်။

(ဥပါလိသုတ်ကို စကားလိုရင်း အဓိပ္ပာယ်ကိုသာလျှင် ထုတ်ယူပြဆိုခြင်း ဖြစ်သည်ကို သတိပြုရန်ဖြစ်သည်။)

နောက်ကပြဆိုခဲ့ပြီးသော --
သတ္တိစွမ်းရည် ရှိသောစိတ်၊
လျင်မြန်စွာသွားတတ်သော စိတ်၊
မကောင်းမှု၌ မွေ့လျော်တတ်သော စိတ်၊
ဆောင်ယူတတ် ဆွဲငင်တတ်သောစိတ်၊
မပွားအပ်သောစိတ်၊
တုန်လှုပ်တတ်သောစိတ်၊
ထွေရာလေးပါးကြံစည်တတ်သောစိတ်၊
နှိပ်ကွပ်နိုင်ခဲသောစိတ်၊
ကြမ်းသောစိတ်၊
မတည်ငြိမ်သောစိတ်၊
ရိုင်းသောစိတ်၊
ရှေ့ဆောင် ဦးစီးဖြစ်သောစိတ်၊

ဤသို့သဘောရှိသောစိတ်ကို စောင့်ကြပ် ကြည့်ရှုခြင်းမရှိဘဲ သူ့သဘော အတိုင်း ပစ်ထားခဲ့လျှင် နောက်ကထုတ်ပြခဲ့သော အပြစ်မျိုးတွေ ရောက်သဖြင့် ပစ္စုပ္ပန် သံသရာ မကောင်းကျိုးတို့ ရရှိ၍ ဆင်းရဲကြမည်ကို လည်းကောင်း၊ ထိန်းသိမ်း စောင့်ရှောက်ကြည့်ရှု နိုင်သောစိတ်ကြောင့် သည်းခံနိုင်သောစိတ်ကြောင့် ချမ်းသာခွင့်ကို ရရှိကြသည်ကို လည်းကောင်း သိမြင်တော်မူသော မြတ်စွာဘုရား သည် စိတ်ကို ထိန်းကျောင်းနည်းဖြစ်သော စိတ္တာနုပဿနာကို ဟောကြား တော်မူသည်။

စိတ်ကိုရှုမှတ်နည်း

ကထဉ္စ ဘိက္ခဝေ ဘိက္ခု စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ-
စသည်ဖြင့် စိတ္တာနုပဿနာ ကမ္မဋ္ဌာန်းတရားကို ဟောတော်မူသည်။

ဘိက္ခဝေ၊ ရဟန်းတို့။
ဘိက္ခု၊ ရဟန်းသည်။
ကထဉ္စ၊ အဘယ်သို့လျှင်။
စိတ္တေ၊ စိတ်၌။
စိတ္တာနုပဿီ၊ စိတ်ဟု ရှုလေ့ရှိသည်ဖြစ်၍။
ဝိဟရတိ၊ နေသနည်း။ (နေရသနည်း။)

ဣဓ ဘိက္ခဝေ ဘိက္ခု သရာဂံ ဝါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာတိ

ဘိက္ခဝေ၊ ရဟန်းတို့။
ဣဓ၊ ဤငါဘုရားသာသနာတော်၌။
ဘိက္ခု၊ ရဟန်းသည်။
သရာဂံ ဝါ စိတ္တံ၊ မိမိသန္တာန်၌ ရာဂနှင့်တကွဖြစ်သော စိတ်ဖြစ်သည်ကိုမူလည်း။
သရာဂံ စိတ္တန္တိ၊ ရာဂနှင့်တကွဖြစ်သော၊
ဝါ - ရာဂရှိသော စိတ်ဖြစ်သည်ဟူ၍။
ပဇာနာတိ၊ သိ၏။
ဝါ၊ သိအောင် ဆင်ခြင်၏။

ဝီတရာဂံ ဝါ စိတ္တံ ဂီတရာဂံ စိတ္တန္တိ ပဇာနာတိ

ဝီတရာဂ ဝါ စိတ္တံ၊ ရာဂကင်းသော စိတ်ရှိသည်ကိုမူလည်း။
ဝီတရာဂံ စိတ္တန္တိ၊ ရာဂကင်းသော စိတ်ရှိသည်ဟူ၍။
ပဇာနာတိ၊ သိ၏။
ဝါ၊ သိအောင် ဆင်ခြင်ရာ၏။

စိတ္တာနုပဿနာ ဘာဝနာကို ပွားသည်ဟူသည်- မိမိစိတ်ကို မပြတ်သိအောင် နှလုံးသွင်း ဆင်ခြင်နေခြင်းပင် ဖြစ်သည်။ မိမိစိတ်အစဉ်သည် ယခုအချိန်၌ အဘယ်စိတ်မျိုး ဖြစ်နေသလဲ၊

ကုသိုလ်စိတ်ပဲ ဖြစ်နေသလား၊
သို့မဟုတ် အကုသိုလ် စိတ်ပဲဖြစ်နေသလား။
အကုသိုလ်စိတ်ဖြစ်လျှင်လည်း --
လောဘစိတ်ဖြစ်နေသလား၊
ဒေါသစိတ်ဖြစ်နေသလား၊
မောဟစိတ်ဖြစ်နေသလား။
စာသုံးအားဖြင့် ရာဂစိတ်ပဲဖြစ်နေသလား၊
ရာဂကင်းသောစိတ် ဖြစ်နေသလား။

ရာဂစိတ်ဖြစ်လျှင်လည်း မိမိသန္တာန်၌ ရာဂစိတ်ဖြစ်နေသည်ဟု သိရအောင် ဆင်ခြင် ရမည်၊ ရာဂကင်းသောစိတ် ဖြစ်လျှင်လည်း ရာဂကင်းသောစိတ် ဖြစ်နေသည်ဟု သိအောင်ဆင်ခြင်ရမည်။

အကယ်၍ မိမိသန္တာန်၌ ရာဂနှင့် တကွဖြစ်သောစိတ်၊ ဝါ – ရာဂရှိသောစိတ်၊ ရာဂ ယှဉ်သောစိတ် ဖြစ်နေလျှင် ထိုရာဂနှင့် ယှဉ်သောစိတ်ကို ပယ်နိုင်ရမည်။ မပယ်နိုင်လျှင် ထိုရာဂစိတ်သည် အကုသိုလ်စိတ်ဖြစ်သည်။ အကုသိုလ်စိတ် ၁၂-ခု တို့တွင် လောဘမူစိတ် ဖြစ်သည်ကို သိရမည်။

အကယ်၍ မိမိသန္တာန်၌ ရာဂကင်းသောစိတ် ဖြစ်မူ မိမိသန္တာန်၌ ရာဂကင်းသော စိတ် ဖြစ်သည်ကိုလည်း ဆင်ခြင်၍ သိရမည်။ ထိုရာဂကင်းသောစိတ်ကို ကုသိုလ်စိတ်, အဗျာကတစိတ်ဟုဆိုသည်။ ကုသိုလ်စိတ်ကို အားပေးရမည်၊ ပွားများစေရမည်

ထို့ကြောင့် နတ်သားကို မြတ်စွာဘုရားက ပယ်သင့်သောစိတ်ကို ပယ်ရမည်၊ ပွားသင့်သော စိတ်ကို ပွားရမည်ဟု ဟောတော်မူခဲ့သည်ကို နောက်ကပြဆိုခဲ့ပြီ။ သို့ဖြစ်၍ အကုသိုလ် ရာဂစိတ်ကိုပယ်၍ ရာဂကင်းသော ကုသိုလ်စိတ်ကို ပွားရပေမည်

သရာဂစိတ်ဟူသည်- လောဘသဟဂုတ်စိတ် ၈-မျိုးဖြစ်သည်။ လောဘမူစိတ် ၈-မျိုး ကို ဆိုသည်။ အသေးစိတ်ကို နောက်၌ပြသင့်လျှင် ခွဲခြားပြဦးမည်။ ရာဂ ကင်းသော စိတ်ဟူသည် လောကီကုသိုလ်စိတ်နှင့် ဝိပါက်, ကြိယာဟု ဆိုအပ်သော အဗျာကတစိတ်တို့ ဖြစ်သည်။

ရာဂနှင့်တကွဖြစ်သောစိတ်ကို လည်းကောင်း, ရာဂကင်းသောစိတ်ကို လည်းကောင်း ဟောတော်မူပြီး၍ ဒေါသနှင့်တကွဖြစ်သော စိတ်၊ ဝါ- ဒေါသမူစိတ်ကိုလည်းကောင်း, ဒေါသကင်းသော စိတ်ကိုလည်းကောင်း ဆက်လက်ဟောတော်မူသည်မှာ-

သဒေါသံ ဝါ စိတ္တံ သဒေါသံ စိတ္တန္တိ ပဇာနာတိ
ဝီတဒေါသံ ဝါ စိတ္တံ ဝီတဒေါသံ စိတ္တန္တိ ပဇာနာတိ - ဟူသတည်း။

သဒေါသံ ဝါ စိတ္တံ၊ ဒေါသနှင့်တကွဖြစ်သောစိတ်၊
ဝါ – ဒေါသနှင့်ယှဉ်သောစိတ် ဖြစ်သည်ကိုမူလည်း။
သဒေါသံ စိတ္တန္တိ၊ ဒေါသနှင့်တကွဖြစ်သောစိတ်၊
ဝါ - ဒေါသနှင့် ယှဉ်သောစိတ်ဖြစ်သည်ဟူ၍။
ပဇာနာတိ၊ သိ၏။
ဝါ၊ သိအောင် ဆင်ခြင်ရာ၏။

ဝီတဒေါသံ ဝါ စိတ္တံ၊ ဒေါသကင်းသော စိတ်ကိုလည်း။
ဝီတဒေါသံ စိတ္တန္တိ၊ ဒေါသကင်းသောစိတ်ဟူ၍။
ပဇာနာတိ၊ သိ၏။
ဝါ၊ သိအောင်ဆင်ခြင်ရာ၏။

ဒေါသနှင့်တကွဖြစ်သော စိတ်ဟူသည်- အကုသိုလ်စိတ် ၁၂-တို့တွင် ဒေါသမူ စိတ် နှစ်ခုဖြစ်သည်။ ဒေါသကင်းသော စိတ်ဟူသည်- လောကီကုသိုလ်စိတ်နှင့် ဝိပါက်, ကြိယာစိတ်ဟု ဆိုအပ်သော အဗျာကတ စိတ်တို့ဖြစ်သည်။

မိမိသန္တာန်မှာ ဒေါသစိတ်ဖြစ်နေလျှင် ဒေါသစိတ်ဖြစ်နေကြောင်းကို သတိဖြင့် သိအောင် ဆင်ခြင်ရမည်။ သိလျှင် ယင်း ဒေါသသည် မကောင်းကျိုးကို ပေးတတ်သော သဘောရှိသော အကုသိုလ်သာ ဖြစ်သည်ဖြစ်၍ ထိုဒေါသစိတ်ကို ပယ်ရမည်ကို ရည်ရွယ်၍ ဟောတော်မူသည်။

ဒေါသကင်းသောစိတ် ဖြစ်နေလျှင်လည်း ယခုအချိန်၌ မိမိသန္တာန်မှာ ဒေါသ အကုသိုလ်စိတ် ကင်းနေသည်ဟုသိ၍ ယင်းကုသိုလ်စိတ်ကို ပွားများရမည်

ဒေါသနှင့်တကွဖြစ်သော စိတ်ကို လည်းကောင်း၊ ဒေါသကင်းသော စိတ်ကို လည်းကောင်း ဆင်ခြင်နည်းကို ဟောတော်မူပြီးနောက် မောဟနှင့်တကွဖြစ်သော စိတ်ကို လည်းကောင်း၊ မောဟကင်းသောစိတ်ကို လည်းကောင်း ဟောတော် မူသည်မှာ -

သမောဟံ ဝါ စိတ္တံ သမောဟံ စိတ္တန္တိ ပဇာနာတိ
ဝီတမောဟံ ဝါ စိတ္တံ ဝီတမောဟံ စိတ္တန္တိ ပဇာနာတိ - ဟူသတည်း။

သမောဟံ ဝါ စိတ္တံ၊ မောဟနှင့်တကွဖြစ်သောစိတ်၊
ဝါ – မောဟနှင့်တကွ ယှဉ်သောစိတ် ဖြစ်သည်ကိုမူလည်း။
သမောဟံ စိတ္တန္တိ၊ မောဟနှင့်တကွဖြစ်သောစိတ်, မောဟနှင့်ယှဉ်သော စိတ်ဖြစ်သည် ဟူ၍။
ပဇာနာတိ၊ သိ၏။
ဝါ၊ သိအောင် ဆင်ခြင်၏။
ဝီတမောဟံ ဝါ စိတ္တံ ၊ မောဟကင်းသောစိတ်ကိုမူလည်း။
ဝီတမောဟံ စိတ္တန္တိ၊ မောဟ ကင်းသောစိတ်ဟူ၍။
ပဇာနာတိ၊ သိ၏။
ဝါ၊ သိအောင်ဆင်ခြင်ရာ၏။

မောဟနှင့်တကွဖြစ်သော စိတ်ဟူသည်- ဝိစိကိစ္ဆာသဟဂုတ်စိတ်နှင့် ဥဒ္ဓစ္စသဟဂုတ် စိတ်တို့ဖြစ်သည်။ အကုသိုလ်စိတ် ၁၂-ခုလုံးသည်လည်း မောဟနှင့်ယှဉ်သည် ဖြစ်၍ အကုသိုလ်စိတ် ၁၂-ခုလုံးကို မောဟနှင့်တကွဖြစ်သော စိတ်ဟုပင် ဆိုနိုင်သည်ဟု ပြလေသည်။ လောကီကုသိုလ်စိတ်နှင့် အဗျာကတစိတ်တို့သည် မောဟကင်းသော စိတ် ဖြစ်ကုန်၏။

စိတ်ကိုအလစ်မပေးမူ၍ ယခုအချိန် မိမိသန္တာန်၌ မောဟစိတ်ဖြစ်နေလျှင်လည်း မောဟစိတ်ဖြစ်နေသည်ကို သတိပြု၍ သိရမည်။ ယင်းမောဟစိတ်သည် မကောင်းသော အကုသိုလ်စိတ်ဖြစ်၍ နောက်ထပ် မဖြစ်ရအောင် ပယ်ရမည်။ အကယ်၍ မောဟ ကင်းသော စိတ်ဖြစ်သည်ကိုသိ၍ မောဟကင်းသော ကောင်းသော စိတ်ကို ပွားစေရမည်

သံခိတ္တံ ဝါ စိတ္တံ သံခိတ္တံ စိတ္တန္တိ ပဇာနာတိ
ဝိက္ခိတ္တံ ဝါ စိတ္တံ ဝိက္ခိတ္တံ စိတ္တန္တိ ပဇာနာတိ

သံခိတ္တံ ဝါ စိတ္တံ၊ တွန့်တိုဆုတ်နစ်သောစိတ် ဖြစ်သည်ကိုမူလည်း။
သံခိတ္တံ စိတ္တန္တိ ၊ တွန့်တိုဆုတ်နစ်သောစိတ်ဖြစ်သည်ဟူ၍။
ပဇာနာတိ၊ သိ၏။
ဝါ၊ သိအောင် ဆင်ခြင်ရာ၏။
ဝိက္ခိတ္တံ ဝါ စိတ္တံ၊ ပျံ့လွင့်သောစိတ် ဖြစ်သည်ကိုမူလည်း။
ဝိက္ခိတ္တံ စိတ္တန္တိ၊ ပျံ့လွင့်သောစိတ် ဖြစ်သည်ဟူ၍။
ပဇာနာတိ၊ သိ၏။
ဝါ၊ သိအောင်ဆင်ခြင်ရာ၏။

ထိနမိဒ္ဓတို့နှင့် ယှဉ်သောစိတ်သည် တွန့်တို ဆုတ်နစ်သော သံခိတ္တစိတ်ဖြစ်သည်။ ဥဒ္ဓစ္စနှင့်ယှဉ်သောစိတ်သည် ပျံ့လွင့်သော ဝိက္ခိတ္တစိတ်ဖြစ်သည်။

မိမိသန္တာန်၌ ထိနမိဒ္ဓတို့နှင့်ယှဉ်၍ တွန့်တိုဆုတ်နစ်သောစိတ်ဖြစ်နေလျှင် ငါ့ သန္တာန်၌ အလုပ်ကိစ္စတို့၌ ဆောင်ရွက်လိုသော တက်ကြွထက်မြက်သော သဘောနှင့် ဆန့်ကျင်ဘက် ထိုင်းမှိုင်း တွန့်တိုဆုတ်နစ်သော သံခိတ္တစိတ်ဖြစ်နေသည်ကိုသိလျှင် ထို သံခိတ္တစိတ်ကိုပယ်ရမည်

ပြာပုံပေါ်ခဲကျသကဲ့သို့ အာရုံတစ်ခု၌ မတည်မူ၍ ပျံ့လွင့်၍ နေသော ဝိက္ခိတ္တစိတ် ဖြစ်သည်ကို သိလျှင်လည်း ထိုဝိက္ခိတ္တစိတ်ကို ပယ်ရမည်။ ပျံ့လွင့်သော စိတ်ကို ထိန်းသိမ်း၍ ကောင်းသောတရား အာရုံတစ်ခုခု၌ ရပ်တည်အောင် အားထုတ် ရမည်ဆိုသည်။

ဒိဋ္ဌိအချုပ် သက္ကာယ

ပြဆိုခဲ့ပြီးသော သရာဂစိတ် ရှစ်မျိုးတို့တွင်လည်း ဒိဋ္ဌိနှင့် ယှဉ်သောစိတ်ဖြစ်လျှင် ဒိဋ္ဌိနှင့်ယှဉ်သောစိတ်ဟုသိရမည်၊ သိအောင်ဆင်ခြင်သင့်သည်။ ဒိဋ္ဌိကင်းသောစိတ် ဖြစ်လျှင်လည်း ဒိဋ္ဌိကင်းသောစိတ်ဟုသိရမည်။ ဒိဋ္ဌိနှင့် ယှဉ်သောစိတ်သည် ပယ်အပ်သော စိတ် ဖြစ်သည်၊ ဒိဋ္ဌိကင်းသောစိတ်သည် ပွားအပ်သောစိတ်ဖြစ်သည်။

ဤအရာ၌ ဒိဋ္ဌိ ဟူသည် အဘယ်ဒိဋ္ဌိ ဖြစ်သည်ကိုလည်း သတိပြုသင့်သည်။ သက္ကာယဒိဋ္ဌိပ္ပမုခါနိ ဒွါသဋ္ဌိ ဒိဋ္ဌိ ဂတာနိ- ဟု ပဋိသမ္ဘိဒါမဂ် ပါဠိတော်ကျမ်းလာ (နှာ. - ၁၆ဝ) ၌ ရှိသောကြောင့် လည်းကောင်း၊

ယသ္မာ ပန သက္ကာယဒိဋ္ဌိပ္ပမုခါယေဝ ဒွါသဋ္ဌိယော ဟောန္တိ
တသ္မာ သက္ကာယဒိဋ္ဌိပ္ပမုခေန ဒွါသဋ္ဌိ ဒိဋ္ဌိဂတာနီတိ ဝုတ္တာ
သက္ကာယဒိဋ္ဌိပ္ပမုခေန သက္ကာယဒိဋ္ဌိဒွါရေန ဒွါသဋ္ဌိ ဒိဋ္ဌိဂတာနိ ဟောန္တိတိ အတ္ထော

ပဋိသမ္ဘိဒါမဂ္ဂ အဋ္ဌကထာ (နှာ-၆၆)၌ လာရှိသောကြောင့် လည်းကောင်း ဤဒိဋ္ဌိ အရာ၌ သက္ကာယဒိဋ္ဌိကိုသာလျှင် ယူရမည်၊ သက္ကာယဒိဋ္ဌိပြုတ်လျှင် ကြွင်းသောဒိဋ္ဌိတို့ ဖြစ်ဖွယ်မရှိတော့ပြီ။ ၆၂-ပါးသော ဒိဋ္ဌိတို့သည် သက္ကာယဒိဋ္ဌိ ရှိသူ၌သာ ထိုက်သည့် အလျောက် ဖြစ်သင့်သောဒိဋ္ဌိတို့ ဖြစ်ကြလေသည်။ အရင်းမူလဖြစ်သော သက္ကာယဒိဋ္ဌိ ကင်းလျှင်, ပြုတ်လျှင် ကြွင်းသော ဒိဋ္ဌိများ ဖြစ်နိုင်တော့သည် မဟုတ်ချေ။

သို့ကြောင့် --

သတ္တိယာ ဝိယ ဩမဋ္ဌော၊ ဍယှမာနောဝ မတ္ထကေ
သက္ကာယဒိဋ္ဌိ ပဟာနာယ၊ သတော ဘိက္ခု ပရိဗ္ဗဇေ

မိမိရင်ဝ၌ စူးဝင်သောလှံကို အရေးတကြီး အဆောတလျင် နုတ်ပယ်သူကဲ့သို့ လည်းကောင်း၊ ဦးခေါင်းထက်၌ စွဲလောင်နေသောမီးကို အရေးတကြီး အဆော တလျင် ငြိမ်းသတ်သူကဲ့သို့လည်းကောင်း သတိနှင့်ပြည့်စုံသော သာသနာတော်ထမ်း ရဟန်းတော်သည် သက္ကာယဒိဋ္ဌိကို ပယ်သတ်ခြင်းငှာ အရေးတကြီး အားထုတ် ရာသည်ဟု ဟောတော် မူသည်။

ဒိဋ္ဌိနှင့်ယှဉ်သော စိတ်၌လည်း သောမနဿဝေဒနာ နှင့်တကွ ဖြစ်သောစိတ်၊ ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သောစိတ် ဟူ၍ရှိသည်တွင်- မိမိသန္တာန်၌ သောမနဿစိတ် ဖြစ်လျှင်လည်း သောမနဿစိတ် ဖြစ်သည်ဟုသိရမည်။ ဥပေက္ခာ ဝေဒနာစိတ်ဖြစ်လျှင်လည်း ဥပေက္ခာဝေဒနာစိတ် ဖြစ်သည်ဟု သိရမည်၊ သိအောင် ဆင်ခြင်ရမည်။

အသင်္ခါရိကစိတ် သသင်္ခါရိကစိတ် ဟူ၍ရှိပြန်သည်။ အကယ်၍ အသင်္ခါရိကစိတ် ဖြစ်လျှင်လည်း အသင်္ခါရိကစိတ် ဖြစ်သည်ကို သိရမည် သသင်္ခါရိကစိတ် ဖြစ်လျှင်လည်း သသင်္ခါရိကစိတ် ဖြစ်သည်ကိုသိရမည်။

ဒိဋ္ဌိနှင့်ယှဉ်သော စိတ်တွေဖြစ်၍ ဤစိတ်တို့ သည်လည်း ပယ်အပ်သောစိတ် တို့သာလျှင်ဖြစ်ကုန်၏။ သက္ကာယဒိဋ္ဌိကို သောတာပတ္တိမဂ် ဖြင့်သာ ပယ်သတ် နိုင်သည်

မဟဂ္ဂတံ ဝါ စိတ္တံ မဟဂ္ဂတံ စိတ္တန္တိ ပဇာနာတိ
အမဟဂ္ဂတံ ဝါ စိတ္တံ အမဟဂ္ဂတံ စိတ္တန္တိ ပဇာနာတိ

မဟဂ္ဂတံ ဝါ စိတ္တံ၊ မဟဂ္ဂုတ်စိတ်ဖြစ်သည်ကိုမူလည်း။
မဟဂ္ဂတံ စိတ္တန္တိ၊ မဟဂ္ဂုတ်စိတ်ဖြစ်သည်ဟူ၍။
ပဇာနာတိ၊ သိ၏။
ဝါ၊ သိအောင်ဆင်ခြင်ရာ၏။
အမဂ္ဂတံ ဝါ စိတ္တံ၊ မဟဂ္ဂုတ် မဟုတ်သောစိတ်ဖြစ်သည်ကိုမူလည်း။
အမဟဂ္ဂတံ စိတ္တန္တိ ၊ မဟဂ္ဂုတ်မဟုတ်သောစိတ် ဖြစ်သည်ဟူ၍။
ပဇာနာတိ၊ သိ၏။
ဝါ၊ သိအောင် ဆင်ခြင်ရာ၏။

မဟဂ္ဂုတ်စိတ်ဟူသည်- ရူပါဝစရစိတ်, အရူပါဝစရစိတ်တို့ဖြစ်သည်။ မဟဂ္ဂုတ် မဟုတ်သောစိတ်ဟူသည်- ကာမာဝစရတို့ ဖြစ်သည်။

သဥတ္တရံ ဝါ စိတ္တံ သဥတ္တရံ စိတ္တန္တိ ပဇာနာတိ
အနုတ္တရံ ဝါ စိတ္တံ အနုတ္တရံ စိတ္တန္တိ ပဇာနာတိ

သဥတ္တရံ ဝါ စိတ္တံ၊ မြတ်သောစိတ်နှင့် တကွဖြစ်သော စိတ်ဖြစ်သည်ကိုမူလည်း။
သဥတ္တရံ စိတ္တန္တိ၊ မြတ်သောစိတ် ဖြစ်သည်ဟူ၍။
ပဇာနာတိ၊ သိ၏။
ဝါ၊ သိအောင် ဆင်ခြင်ရာ၏။
အနုတ္တရံ ဝါ စိတ္တံ၊ မြတ်သော စိတ်နှင့်တကွ မဖြစ်သောစိတ်ဖြစ်သည် ကိုမူလည်း။
အနုတ္တရံ စိတ္တန္တိ၊ မြတ်သောစိတ် မဖြစ်သည်ဟူ၍။
ပဇာနာတိ၊ သိ၏။ ဝါ၊
သိအောင်ဆင်ခြင်ရာ၏။

သဥတ္တရစိတ်ဟူသည်- ကာမာဝစရစိတ်ဖြစ်သည်။ ကာမာဝစရစိတ်သည် မိမိထက် မြတ်သော မဟဂ္ဂုတ်ရှိသောကြောင့် သဥတ္တရစိတ်ဟုဆိုသည်။

အနုတ္တရစိတ်ဟူသည်- မဟဂ္ဂုတ် ရူပါဝစရ အရူပါဝစရစိတ်ဖြစ်သည်။ ရူပါဝစရ အရူပါဝစရ စိတ်တို့တွင်လည်း ရူပါဝစရစိတ်သည် သဥတ္တရစိတ် ဖြစ်ပြန်သည်၊ အကြောင်းကား မိမိထက်မြတ်သော အရူပါဝစရစိတ်ရှိသေးသောကြောင့်တည်း။

အရူပါဝစရစိတ် သည်ကား မိမိထက်မြတ်သော လောကီစိတ် မရှိသောကြောင့် အနုတ္တရ စိတ်ဖြစ်သည်။ သမ္မသနအရာ ဖြစ်သောကြောင့် လောကုတ္တရာ စိတ်တို့ကို မယူခြင်း ဖြစ်သည်။

သမာဟိတံ ဝါ စိတ္တံ သမာဟိတံ စိတ္တန္တိ ပဇာနာတိ
အသမာဟိတံ ဝါ စိတ္တံ အသမာဟိတံ စိတ္တန္တိ ပဇာနာတိ

သမာဟိတံ ဝါ စိတ္တံ၊ သမာဓိနှင့်ယှဉ်သောစိတ်ဖြစ်သည်ကိုမူလည်း။
သမာဟိတံ စိတ္တန္တိ၊ သမာဓိနှင့်ယှဉ်သောစိတ် ဖြစ်သည်ဟူ၍။
ပဇာနာတိ၊ သိ၏။
ဝါ၊ သိအောင် ဆင်ခြင်ရာ၏။
အသမာဟိတံ ဝါ စိတ္တံ၊ သမာဓိနှင့်မယှဉ်သောစိတ်ဖြစ်သည်ကိုမူလည်း။
အသမာဟိတံ စိတ္တန္တိ၊ သမာဓိနှင့်မယှဉ်သောစိတ် ဖြစ်သည်ဟူ၍။
ပဇာနာတိ၊ သိ၏။
ဝါ၊ သိအောင်ဆင်ခြင်ရာ၏။

မိမိသန္တာန်၌ရှိသော ဥပစာရသမာဓိသော် လည်းကောင်း၊ အပ္ပနာသမာဓိသော် လည်းကောင်း တစ်ခုခုသောသမာဓိစိတ် ဖြစ်လျှင် ငါ့သန္တာန်၌ ဥပစာရသမာဓိ ဖြစ်သည်၊ သို့မဟုတ် အပ္ပနာသမာဓိဖြစ်သည်ကို သိရမည်။ သိအောင် ဆင်ခြင် ရမည်ဟု ဆိုသည်။ သမာဓိကင်းသော စိတ်ဖြစ်လျှင်လည်း ငါ့သန္တာန်၌ သမာဓိ ကင်းသောစိတ် ဖြစ်သည်ဟု ဆင်ခြင်သိရှိရမည်

ကာမာဝစရစိတ်တို့တွင် အကုသိုလ်ဖြစ်သော ကာမာဝစရစိတ် ရှုပုံသိပုံကို ပြခဲ့ပြီ။ ကာမာဝစရ မဟာကုသိုလ်စိတ်သည် ရှစ်မျိုးရှိသည်ဖြစ်၍ ထိုရှစ်မျိုးတို့တွင် မိမိသန္တာန်၌ ဖြစ်ပေါ်နေသော ကုသိုလ်စိတ်သည် အဘယ်ကုသိုလ်စိတ် ဖြစ်နေသည်ကို သိအောင် ဆင်ခြင်အပ်ပေသည်

၁။ အကယ်၍ မိမိသန္တာန်၌ ဉာဏသမ္ပယုတ် ကုသိုလ်စိတ်ဖြစ်လျှင်လည်း ဉာဏသမ္ပယုတ် ကုသိုလ်စိတ်ဖြစ်သည်ဟု သိရမည်၊ သိအောင်ဆင်ခြင်ရမည်။
၂။ ဉာဏဝိပ္ပယုတ်စိတ်ဖြစ်လျှင်လည်း ဉာဏဝိပ္ပယုတ်စိတ်ဖြစ်သည်ဟု သိရမည်၊ သိအောင်ဆင်ခြင်ရမည်။
၃။ သောမနဿသဟဂုတ်စိတ် ဖြစ်လျှင်လည်း သောမနဿသဟဂုတ်စိတ် ဖြစ်သည်ဟု သိရမည်၊ သိအောင်ဆင်ခြင်ရမည်။
၄။ ဥပေက္ခာသဟဂုတ်စိတ်ဖြစ်လျှင်လည်း ဥပေက္ခာသဟဂုတ်စိတ်ဖြစ်သည်ဟု သိရမည်၊ သိအောင်ဆင်ခြင်ရမည်။

တစ်ဖန် -

၁။ အသင်္ခါရိကစိတ်ဖြစ်လျှင်လည်း အသင်္ခါရိကစိတ်ဖြစ်သည်ဟု သိရမည်၊ သိအောင် ဆင်ခြင်ရမည်။
၂။ သသင်္ခါရိကစိတ်ဖြစ်လျှင်လည်း သသင်္ခါရိကစိတ်ဖြစ်သည်ဟု သိရမည်၊ သိအောင် ဆင်ခြင်ရမည်။

မြတ်စွာဘုရား ညွှန်ပြတော်မူသောနည်းကို နယဂ္ဂါဟပြု၍ သဥတ္တရစိတ် အနုတ္တရ စိတ်ဟူ၍လည်း ဤကာမာဝစရ မဟာကုသိုလ်စိတ်ကိုခွဲကာ ဆင်ခြင်မူလည်း ဆင်ခြင်ရာသည်။ အဘယ်သို့ဆင်ခြင်ရာသနည်း ဟူမူ --

ကာမာဝစရကုသိုလ်စိတ်ရှစ်မျိုးတို့တွင် ဉာဏဝိပ္ပယုတ်စိတ် ၄-မျိုးသည် မိမိထက် မြတ်သော ဉာဏသမ္ပယုတ်စိတ် ရှိသောကြောင့် သဥတ္တရစိတ်ဟူ၍ လည်းကောင်း၊ ဉာဏသမ္ပယုတ်စိတ် ၄-မျိုးသည် မိမိထက်မြတ်သော ကာမာဝစရစိတ် မရှိသောကြောင့် အနုတ္တရ စိတ်ဟူ၍လည်းကောင်း ဝေဖန်ခွဲခြားနိုင်သည်။ ထို့ပြင် ဥပေက္ခာသဟဂုတ်စိတ်သည် မိမိထက်မြတ်သောစိတ် မရှိသောကြောင့် အနုတ္တရစိတ် ဟူ၍လည်းကောင်း ဝေဖန်ခွဲခြားနိုင်သည်။

ထိုနည်းတူ သသင်္ခါရိကစိတ်သည် မိမိထက်မြတ်သော အသင်္ခါရိကစိတ် ရှိသောကြောင့် သဥတ္တရစိတ်ဟူ၍ လည်းကောင်း၊ အသင်္ခါရိကစိတ်သည် မိမိထက် မြတ်သောစိတ် မရှိသောကြောင့် အနုတ္တရစိတ်ဟူ၍လည်းကောင်း ခွဲခြားနိုင်သည်။

ကာမာဝစရကုသိုလ်စိတ်သည် လောကီကုသိုလ်တို့တွင် ကြီးကျယ်သောကုသိုလ် ဖြစ်၍ မဟာကုသိုလ်ဟု အမည်ထင်ရှားသည်။

ဆရာကောင်းများထံမှ ကောင်းမှုကုသိုလ် ပြုနည်း နည်းနိဿယ ရရှိပြီးကာလ ကောင်းမှုကုသိုလ် ပြုလုပ်သော ကောင်းမှုရှင်တို့သည် ကြီးကျယ်သော ကောင်းကျိုး ချမ်းသာတို့ကို ရရှိတတ်ပေသည်

အဘယ့်ကြောင့်နည်း၊ ကုသိုလ်စိတ်သည် သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကကုသိုလ်စိတ် ဖြစ်သောကြောင့် မဟာကုသိုလ်စိတ် ရှစ်မျိုးတို့တွင် ထိပ်ဆုံးတန်း ကုသိုလ်စိတ် ဖြစ်ရသည်။ ထိပ်ဆုံးတန်း ကာမာဝစရကုသိုလ်စိတ်သည် အကျိုးပေးသောအခါ၌ ထိပ်ဆုံးတန်းအကျိုး ပေးမည် ဖြစ်သောကြောင့်ဟု ဆိုရမည်။
ပုညံ၊ ကောင်းမှုကုသိုလ်စိတ်သည်။
သဒိသံ၊ တူညီသော။
ပါကံ၊ ကောင်းကျိုးကို။
ဇနေတိ၊ ဖြစ်စေ၏။
ကျမ်းဂန်လာ စကားလည်း ရှိသည်။

သို့ဖြစ်၍ ဒါနကောင်းမှုကို ပြုလုပ်သည်ဖြစ်စေ, သီလကျင့်သုံး ဆောက်တည်ခြင်း ကောင်းမှုကို ပြုလုပ်သည်ဖြစ်စေ, သမထဘာဝနာ ဝိပဿနာ ဘာဝနာအလုပ်ကို အားထုတ် ပွားများသည်ဖြစ်စေ မိမိပြုလုပ်အံ့သော ကောင်းမှုကံကိုလည်းကောင်း၊ ယင်းကံ၏ အကျိုးကျေးဇူးကို လည်းကောင်း သိရှိယုံကြည်ခြင်း၊ ရတနာသုံးပါးတို့၌ မှန်ကန်သော ယုံကြည်မှုရှိခြင်းတို့နှင့် ပြည့်စုံပြီးကာလ ဤယခု ငါတို့ပြုလုပ် အားထုတ်သော ကောင်းမှသည် နိဗ္ဗာန်တိုင်အောင် ချမ်းသာကို ဧကန်မချွတ် ပေးပေမည်ဟုယုံကြည်ကာ ထက်သန်တက်ကြွ ရွှင်လန်းသော ကုသိုလ်စိတ်ဖြင့် ကောင်းမှုတို့ကိုအားထုတ်အပ်လှပေသည်။ ပြုသမျှ ဒါန,သီလ, ဘာဝနာ တို့သည် အထက်တန်းကျ၍ မှန်ကန်သော ကောင်းမှုတွေ ဖြစ်စေရန်မှာ ဆရာကောင်း ဥပနိဿယ ရရှိဖို့အရေးကြီးပေသည်

မြတ်စွာဘုရား ဟောတော်မူသောနည်းကိုမှီ၍ မိမိသန္တာန်၌ဖြစ်သော စိတ်တို့ကို ပွားကာပွားကာ ဆင်ခြင်မူလည်း ဆင်ခြင်ရာသည်။ အဘယ်သို့ဆင်ခြင်ရာ သနည်းဟူမူ- သရာဂစိတ်ဖြစ်ရာ၌ ရူပါရုံကိုအာရုံပြု၍ဖြစ်သော သရာဂစိတ်, သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံကို အာရုံပြု၍ဖြစ်သော သရာဂစိတ်, ဖောဋ္ဌဗ္ဗာရုံကိုအာရုံပြု၍ဖြစ်သော သရာဂစိတ်, ဓမ္မာရုံကို အာရုံပြု၍ဖြစ်သော သရာဂစိတ်ဟူ၍ အစိတ်အစိတ် အာရုံ အမျိုးမျိုးကို အကြောင်းပြု၍ ဖြစ်သော သရာဂစိတ်တို့ကိုလည်း ဆင်ခြင်အပ်သည်

ရူပါရုံတစ်ခု ပေါ်ပေါက်လာလျှင်၊ ဝါ- ရှေးရှုဖြစ်ပေါ်လာလျှင် ထိုရူပါရုံကို လိုချင် တပ်မက်နှစ်သက်သော လောဘစိတ်ဖြစ်လျှင် ငါ့သန္တာန်၌ ရူပါရုံကို လိုချင်တပ်မက် နှစ်သက်သော သရာဂစိတ်ဖြစ်နေပါကလားဟု ဆင်ခြင်သိရှိရမည်

သိရှိပြီးကာလ ဤ သရာဂစိတ်သည် မကောင်းကျိုးကို ပေးတတ်သော အကုသိုလ် စိတ်၊ ဝါ- ပါပစိတ် ဖြစ်သည်ဟုဆင်ခြင်ကာ ယင်းအကုသိုလ်စိတ်၊ ဝါ- ပါပစိတ်, သရာဂစိတ်ကို အတွင်းရန်သူ အဖြစ်ဖြင့် မြင်အောင်ကြည့်၍ ပယ်သတ်ရမည်

ထို့အတူ သဒ္ဒါရုံ ပေါ်ပေါက်လာလျှင်၊ ဝါ- သဒ္ဒါရုံကိုကြားလျှင် ထိုသဒ္ဒါရုံကို သာယာ တပ်မက်နှစ်သက်သော လောဘစိတ်ဖြစ်လျှင် ငါ့သန္တာန်၌ သဒ္ဒါရုံကို သာယာ တပ်မက် နှစ်သက်သော သရာဂစိတ်ဖြစ်သည်ကို သိရှိရ၍ မကောင်းသော အကုသိုလ် ဖြစ်သော ထိုစိတ်ကို အတွင်းရန်သူအဖြစ်ဖြင့် မြင်အောင်ကြည့်၍ ပယ်သတ်ရမည်

ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, မ္မာရုံတို့တွင် တစ်မျိုးမျိုးသော အာရုံပေါ်လာလျှင် အကယ်၍ ထိုအာရုံကို သာယာတပ်မက် နှစ်သက်သော လောဘစိတ်၊ ဝါ-သရာဂစိတ် ဖြစ်ပေါ်ခဲ့သော် ထိုသရာဂစိတ်ကို မကောင်းသောအကုသိုလ်စိတ်ကို အတွင်းရန်အဖြစ်ဖြင့် မြင်အောင်ကြည့်၍ ပယ်သတ်ရမည်

သရာဂံ ဝါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာတိ- ဟု ဟောတော်မူသည်မှာ သရာဂစိတ်ကို သရာဂစိတ်ဟူ၍သိရုံသာသိရှိရန်မဟုတ်။ ဤသရာဂစိတ်သည် မကောင်းကျိုးကို ပေးတတ်သော အကုသိုလ်စိတ်, ယုတ်ညံ့သောစိတ်, အတွင်းရန်သူဖြစ်သောစိတ် စသည်ဖြင့် အပြစ်ကိုရှု၍ ကြောက်ရွံ့ စက်ဆုပ်ကာ ထိုစိတ်မှ ကင်းလွတ်အောင် အားထုတ်ရမည်, ပယ်သတ်ရမည်ဟု ဟောတော်မူလိုရင်း ဖြစ်သည်။

သဒေါသစိတ်ကိုလည်း သရာဂစိတ်ကဲ့သို့ပင် အာရုံ ၆-ပါးနှင့်ဝေဖန်၍ မိမိ သန္တာန်၌ ယခုအခါ ရူပါရုံကိုအကြောင်းပြု၍ သဒေါသစိတ်ဖြစ်နေလျှင်လည်း သဒေါသစိတ် ဖြစ်နေသည်ဟုသိရှိရမည်။ သိရှိပြီးကာလ ထို သဒေါသစိတ်၏ အပြစ်ကိုရှု၍ ပယ်သတ်ရမည်

စေတီတော်, ဆင်းတု, ရုပ်ပွားတော်, သီလသမာဓိနှင့်ပြည့်စုံသော သံဃာတော် တည်းဟူသော ရူပါရုံတစ်မျိုးမျိုးကို တွေ့မြင်သောအခါ မိမိသန္တာန်၌ ဝီတရာဂစိတ် တဏှာလောဘကင်း၍ သဒ္ဓါ သတိအစရှိသော ကောင်းသော စေတသိက်တို့နှင့် ယှဉ်သော ကုသိုလ်စိတ်ဖြစ်လျှင်လည်း ယင်းကုသိုလ်စိတ်ကို မိမိသန္တာန်၌ ဝီတရာဂစိတ်ဖြစ်သည်ကို သိရမည်။ သိပြီးကာလ ယင်းကုသိုလ်စိတ်မျိုးကို ဆင်ခြင်၍ ပွားများစေရမည်

ပိဋကတ်စာပေ သင်ကြားပို့ချသော အသံ, ပရိတ် တရားတော်များကို ရွတ်ဆို ဟောကြားသောအသံ, ဘုရားရှိခိုးသံ, စေတီတော်ထီးမှ ဆည်းလည်းသံ, ကြေးစည် ခေါင်းလောင်းသံတို့ကို ကြားသောအခါ မိမိသန္တာန်၌ ဂီတရာဂစိတ် တဏှာ လောဘကင်း၍ သဒ္ဓါ,သတိအစရှိသော ကောင်းသော စေတသိက်တို့နှင့်ယှဉ်သော ကုသိုလ်စိတ် ဖြစ်လျှင်လည်း ယင်းကုသိုလ်စိတ်ကို မိမိသန္တာန်၌ ဝီတရာဂ စိတ်ဖြစ်သည်ကိုသိရမည်။ သိပြီးကာလ ယင်း ကုသိုလ်စိတ်မျိုးကို ဆင်ခြင်၍ ပွားများ စေရမည်

ဂန္ဓ, ရသ, ဖောဋ္ဌဗ္ဗအာရုံတို့နှင့် တွေ့ကြုံသောအခါတို့၌လည်း ထိုအာရုံတို့ကို အကြောင်းပြု၍ ထိုအာရုံ တည်းဟူသော ပစ္စည်းတရားကြောင့် မိမိသန္တာန်၌ သရာဂစိတ် ဖြစ်လျှင်လည်း သရာဂစိတ်ဖြစ်သည်ကို သိရှိ၍ ထိုသရာဂစိတ်မျိုး ထပ်မံမဖြစ်အောင် ပယ်ရမည်

မြတ်စွာဘုရား၏ ဂုဏ်တော် ကျေးဇူးတော်များကို ရည်ညွှန်းကာအာရုံပြု၍ နှင်းဆီ, ပန်းစပယ်စသော သင်းပျံ့ မွှေးကြိုင်သောရနံ့ရှိသောပန်းတို့ကို မြတ်စွာဘုရားအား လှူဒါန်း ပူဇော်သောအခါ ပန်းရနံ့တည်းဟူသော ဂန္ဓာရုံကို အာရုံပြု၍ ဝီတရာဂစိတ် ကုသိုလ်စိတ် ဖြစ်လျှင်လည်း မိမိသန္တာန်၌ ဝီတရာဂစိတ် ကုသိုလ်စိတ် ဖြစ်သည်ကိုသိ၍ ယင်းစိတ်ကို ပွားများစေရမည်

ထမင်း, ခဲဖွယ်, ဘောဇဉ် အဖျော်ယမကာတို့ကို စားသောက် သုံးဆောင်သောအခါ ထိုအဟာရတို့၌ တပ်မက်နှစ်သက်သော ရာဂစိတ်ဖြစ်လျှင် မိမိသန္တာန်၌ သရာဂစိတ် ဖြစ်သည်ကိုသိ၍ ထိုစိတ်ကိုပယ်ရမည်

သို့မဟုတ် ထို ထမင်း ခဲဖွယ်,ဘောဇဉ်တို့ကို ခန္ဓာကိုယ် ခန့်ကျန်းမျှတရုံ သံသရာဝဋ်မှ လွတ်မြောက်ကြောင်း သူတော်ကောင်းတရားကို ပွားများ အားထုတ်နိုင်ရုံ တဏှာရာဂကို ကင်းစေလျက် စားသောက် သုံးဆောင်သောအခါ မိမိသန္တာန်၌ ဂီတရာဂစိတ်ဖြစ်သည်ကို သိရှိဆင်ခြင်၍ ထိုဂီတရာဂစိတ်ကို ပွားများစေရမည်

ကျောင်း, အိမ်, အိပ်ရာ, နေရာ, ကော်ဇော, ကမ္ဗလာ, ခုတင်, ကုလားထိုင် အစရှိသော အသုံးအဆောင် ပရိဘောဂတို့ကိုသုံးဆောင်သောအခါ အိစက်သိမ်မွေ့ နူးညံ့သော ဖောဋ္ဌဗ္ဗာရုံ အတွေ့အထိတို့ကို သာယာတပ်မက် နှစ်သက်သဖြင့် သရာဂစိတ်ဖြစ်လျှင် မိမိသန္တာန်၌ ထိုဖောဋ္ဌဗ္ဗာရုံ ဝတ္ထုပစ္စည်းတို့ကိုသိ၍ ထို သရာဂစိတ်ကိုပယ်ရမည်

ထိုဖောဋ္ဌဗ္ဗာရုံ တို့၌ သာယာမက်မောမှုမရှိ, အခိုက်အတန့်သာလျှင် ဣရိယာပုထ် မျှတရုံငှာသာ ခန္ဓာ ခန့်ကျန်းရုံ ငှာသာလျှင် မှီဝဲသုံးဆောင်သဖြင့် ဝီတရာဂစိတ် ဖြစ်လျှင်လည်း မိမိသန္တာန်၌ ထိုဖောဋ္ဌဗ္ဗာရုံကို အာရုံပြု၍ ဂီတရာဂစိတ် ဖြစ်သည် ဟုသိ၍ ထိုစိတ်ကို ပွားစေရမည်

အာရုံငါးပါးတို့ကို အကြောင်းပြု၍ သရာဂစိတ်ကို မဖြစ်စေဘဲ ဂီတရာဂ စိတ်ကိုသာဖြစ်စေရန် သတိပြု၍ စိတ်ကို စောင့်ရှောက် ထိန်းသိမ်းရမည်၊ ဆင်ခြင် ရမည်။ ယင်းသို့ စိတ်ကို စောင့်ရှောက်ထိန်းသိမ်း ဆင်ခြင်သဖြင့် အကုသိုလ်မပွားဘဲ ကုသိုလ်တရား တို့သာတိုးပွား၍ သံသရာဝဋ်ဒုက္ခမှ လွတ်မြောက် စေလိုတော်မူသဖြင့် မြတ်စွာဘုရားသည် စိတ္တာနုပဿနာကို ဟောတော်မူသည်

အသက်ကို အန္တရာယ်ပြုသော သရာဂ

စိတ်ကို မထိန်းသိမ်းလျှင် ကာမဂုဏ်တို့ကို အာရုံပြုမိ နှစ်သက်သာယာမိလျှင် ထိုစိတ်က ဒုက္ခကို ပေးတတ်လေသည်။ ရှေးက သီဟိုဠ် (သီရိလင်္ကာ) ကျွန်း၌ မိန်းကလေး တစ်ယောက်သည် မိမိနေသော အိမ်ရှေ့လမ်းပေါ်၌ ဖြတ်သန်း သွားသော သာမဏေ တစ်ပါးကို တွေ့မြင်လိုက်ရာ ထိုသာမဏေတည်းဟူသော ရူပါရုံ၌ သာယာတပ်မက် နှစ်သက်သော သရာဂစိတ်ဖြစ်ပေါ်လာ၏

ယင်းသရာဂစိတ်ကို တရားတော်ဖြင့်ပယ်ဖျောက် ခြင်းငှာ မစွမ်းနိုင်ဖြစ်ကာ ထို သာမဏေကို မရက သေရမည့်အကြောင်း မိဘများကို ဖွင့်ဟပြောကြားပူဆာသဖြင့် မိဘတို့သည် အမျိုးမျိုး ချော့မော့ပြောဆို ဆုံးမသော်လည်း မရသောကြောင့် သမီးအသက်ကို ငဲ့ကွက်၍ သာမဏေထံ သွားရောက်ပြီးကာလ အကျိုးအကြောင်း ပြောကာ လူဝတ်လဲရန် တိုက်တွန်းကြရသည်။

သာမဏေသည် မိန်းကလေးကို တွေ့ဖူး မြင်ဖူးသည်မဟုတ်သည်က တစ်ကြောင်း၊ သာသနာတော်၌ ပျော်ပိုက်သည်က တစ်ကြောင်းကြောင့် လူမထွက်လိုကြောင်း ငြင်းပယ်လိုက်သည်။ သာမဏေက ငြင်းပယ် လိုက်သော်လည်း မိန်းကလေး သန္တာန်၌ ဖြစ်ဆဲဖြစ်သော သရာဂစိတ်သည် ပျောက်ပြယ်ခြင်း မရှိဘဲ တိုးတက် ပြင်းထန်လာကာ ရာဂမီးလောင်၍ သေဆုံးရှာလေသည်။ ဆင်ခြင်၍ မနှိပ်လျှင် ဤမျှဆိုးသွမ်းတတ်သော ရာဂဖြစ်ပေသည်။

မိန်းကလေးသေဆုံး၍ သင်္ဂြိုဟ်ပြီးကာလ မိန်းကလေး ဝတ်ဆင်သော အထည်တို့ကို နေရာခင်းချုပ်၍ မိမိတို့၏ သမီးခင်မင်သော သမဏေအား သွားရောက်လှူဒါန်းကြ၏။ သာမဏေသည် နေရာခင်းအထည်ကိုကြည့်၍ ဤကဲ့သို့ သိမ်မွေ့ နူးညံ့ ကောင်းမွန်သော အထည်အဝတ် တို့ကို ဝတ်ရုံသော မိန်းကလေးကို မရလိုက်လေခြင်း ဟု ဒေါမနဿဖြစ်ကာ ဒေါသမီးလောင်၍ သာမဏေ သေဆုံးပြန်သည်။ ဤမျှ ဒုက္ခပေးသော ကာမဂုဏ်များ ဖြစ်သည်။

ရူပါရုံသာမဟုတ်သေး၊ သဒ္ဒါရုံသည်လည်း ဆိုးရွားသည်ပင်ဖြစ်သည်။ သီရိလင်္ကာ ၌ ပုထုဇဉ်အဖြစ်နှင့် အဘိညာဏ်ရ၍ ကောင်းကင်၌ သွားလာနိုင်သော သာမဏေ တစ်ပါးသည် အခါတစ်ပါး၌ ကောင်းကင်၌သွားနေရင်း ကြာအိုင်အတွင်း၌ ကြာပန်းခူးနေသော မိန်းကလေး၏ သီချင်းသံ၌ တပ်မက်သာယာသော တဏှာ လောဘစိတ် သရာဂစိတ် ဖြစ်၍ ဈာန်ပျက်ကာ လူ့ဘဝသို့ရောက်၍ မျက်စိ တစ်ဘက် ပျက်သော မိန်းကလေး၏ခင်ပွန်း ဖြစ်ခဲ့လေသည်

သို့ကြောင့် အာရုံမှန်သမျှတို့၌ ရာဂစိတ်, ဒေါသစိတ် စသည်တို့ မဖြစ်ကြရအောင် ဖြစ်ပေါ်လာသောစိတ်ကို စိစစ်ဆင်ခြင်၍ သိအောင်ပြုကာ သရာဂစိတ် စသော မကောင်းသော အကုသိုလ်စိတ်ဖြစ်လျှင် တစ်ဖန်ထပ်၍မဖြစ်စေရန် သတိမူသင့် လှပေသည်

နောက်က ပြဆိုခဲ့ပြီးသော သံခိတ္တစိတ်ဆိုသည်မှာ ကောင်းမှု ကောင်းလုပ်တို့၌ တွန့်တို ဆုတ်နစ်သောစိတ်ဖြစ်သည်။ ဘုရားရှိခိုးရမည်ကို ပျင်းရိခြင်း, မထက် သန်ခြင်း, ဝီရိယပျော့ခြင်း, ထိုင်းမှိုင်းခြင်း တွေဝေခြင်းတို့သည် သံခိတ္တစိတ်ပင် ဖြစ်သည်။

ပိဋကစာပေ သင်ကြားခြင်း, သမထဝိပဿနာ ပွားများခြင်းတို့၌ ထက်သန်မှုမရှိခြင်း, ဝီရိယနည်းပါးခြင်း, ငိုက်မျဉ်းခြင်းတို့သည်လည်း သံခိတ္တစိတ်တို့ပင် ဖြစ်သည်။ ယင်းသို့သော သံခိတ္တစိတ်မျိုး ဖြစ်လျှင် ထိုစိတ်တို့ကို သိရှိဆင်ခြင်ကာ ပယ်၍ ထက်သန်အားရှိ ဝီရိယတင်းပြည့်ဖြစ်အောင် ပွားများအားထုတ်ရမည်

ထို့အတူ ပျံ့လွင့်သောသဘောရှိသော ဝိက္ခိတ္တစိတ်ဖြစ်လျှင် ထိုထိုအာရုံတို့၌ မပျံ့ သွားစေမူ၍ အာရုံ၌ မဝေခွဲနိုင်၊ ဟိုလို သည်လို မတည်မငြိမ်ဖြစ်နေသော ဝိက္ခိတ္တစိတ်ကို ဖမ်းယူထိန်းသိမ်း၍ မိမိထားလိုသော ကောင်းသော သမထ, ဝိပဿနာအာရုံ တစ်ခုခု၌ ထားခြင်းဖြင့် တည်ငြိမ်သောစိတ်ကိုဖြစ်စေရမည်

ဝိမုတ္တံ ဝါ စိတ္တံ ဝိမုတ္တံ စိတ္တန္တိ ပဇာနာတိ
အဝိမုတ္တံ ဝါ စိတ္တံ အဝိမုတ္တံ စိတ္တန္တိ ပဇာနာတိ

ဝိမုတ္တံ ဝါ စိတ္တံ၊ ကိလေသာတို့မှ လွတ်မြောက်သော စိတ်ရှိသည်ကိုမူလည်း။
ဝိမုတ္တံ စိတ္တန္တိ၊ ကိလေသာတို့မှ လွတ်မြောက်သောစိတ်ရှိသည်ဟူ၍။
ပဇာနာတိ၊ သိ၏။
အဝိမုတ္တံ ဝါ စိတ္တံ၊ ကိလေသာတို့မှ မလွတ်မြောက်သော စိတ်ရှိသည်ကိုမူလည်း။
အဝိမုတ္တံ စိတ္တန္တိ၊ ကိလေသာတို့မှ မလွတ်မြောက်သော စိတ်ရှိသည်ဟူ၍။
ပဇာနာတိ၊ သိ၏။

စိတ်စင်ကြယ်မှ ဝိမုတ္တ

ဤအရာ၌ ကိလေသာတို့မှ လွတ်မြောက်သော စိတ်ဟူသော ဝိမုတ္တသည်-

၁။ တဒင်္ဂ ဝိမုတ္တ
၂။ ဝိက္ခမ္ဘန ဝိမုတ္တ
၃။ သမုစ္ဆေဒ ဝိမုတ္တ
၄။ ပဋိပ္ပဿဒ္ဓိ ဝိမုတ္တ
၅။ နိဿရဏ ဝိမုတ္တ -

အားဖြင့် ကိလေသာတို့မှ လွတ်မြောက်ခြင်း ၅-မျိုးရှိရာ ဤဝိမုတ္တအရာ၌ တဒင်္ဂဝိမုတ္တ, ဝိက္ခမ္ဘနဝိမုတ္တတို့သာ ဖြစ်သည်၊ သမုစ္ဆေဒဝိမုတ္တ စသော ဝိမုတ္တတို့၏ အရာမဟုတ်ချေ။

ဤသို့လျှင် သရာဂစိတ်ဖြစ်လျှင်လည်း မိမိသန္တာန်၌ သရာဂစိတ်ဖြစ်သည်။ ဂီတရာဂစိတ်ဖြစ်လျှင်လည်း ဂီတရာဂစိတ်ဖြစ်သည်ဟု ဖြစ်တိုင်းဖြစ်တိုင်းသော စိတ်ကို သိမ်းဆည်းဆင်ခြင်ရမည်

ရံခါ၊ မိမိစိတ်ကို ဆင်ခြင်ရမည်၊ ရံခါ သူတစ်ပါးစိတ်ကို ဆင်ခြင်ရမည်။ သူတစ်ပါး စိတ်ကို ဆင်ခြင်ရာ၌ ထိုသူ၏မျက်နှာရိပ် မျက်နှာကဲကိုမြင်သဖြင့် ထိုသူသန္တာန်၌ ရာဂစိတ်ဖြစ်နေသည် ဟူ၍လည်းကောင်း၊ သို့မဟုတ် ဂီတရာဂစိတ် ဖြစ်နေသည် ဟူ၍လည်းကောင်း အကဲခတ်၍ မှန်းဆကာသိရှိနိုင်သည်။

ထို့အတူ ဒေါသဖြစ်နေလျှင် ဒေါသစိတ် ဖြစ်နေသည်ဟူ၍ လည်းကောင်း၊ ဝီတဒေါသစိတ်- ဒေါသ ကင်းသောစိတ် ဖြစ်နေလျှင်လည်း ဒေါသကင်းသော စိတ်ဖြစ်နေသည်ကို သိမ်းဆည်း ဆင်ခြင်ရမည်

ရံခါ မိမိစိတ်ကို ဆင်ခြင်သိရှိ၍ ရံခါသူတစ်ပါးစိတ်ကို ဆင်ခြင်သိရှိရမည်။ သူတစ်ပါး၏ ဒေါသစိတ်ကို သိရှိရန်မှာလည်း ထိုသူ၏ မျက်နှာရိပ် မျက်နှာကဲ ကိုမြင်သဖြင့် ထိုသူသန္တာန်၌ ဒေါသစိတ်ဖြစ်နေသည်ကို သိနိုင်သည်။

မိမိသန္တာန်၌ ဖြစ်သောစိတ်ကိုလည်းကောင်း၊ သူတစ်ပါးသန္တာန်၌ဖြစ်သောစိတ် ကိုလည်းကောင်း ဤစိတ်တို့သည် ရာဂဖြစ်ဖွယ်အကြောင်း ပေါ်ပေါက်လာသည့် အခါ၌ သရာဂစိတ်ဖြစ်ကြသည်၊ ရာဂဖြစ်ကြောင်း ချုပ်သောအခါ သရာဂစိတ် တို့သည် ချုပ်ငြိမ်းကြသည်

ထို့အတူ ဒေါသဖြစ်ဖွယ် အကြောင်း ပေါ်ပေါက်လာသည့် အခါ၌ သဒေါသစိတ် ဖြစ်ကြသည်။ ဒေါသဖြစ်ကြောင်း ချုပ်သောအခါ သဒေါသစိတ်တို့သည် ချုပ်ငြိမ်း ကြသည် စသည်ဖြင့် ဆင်ခြင်ပွားများကြရမည်။

ထိုစိတ်တို့၏ ဖြစ်ပေါ်ခြင်း သမုဒယသဘောကိုလည်း ဆင်ခြင်ရမည်၊ ထိုစိတ် တို့၏ပျက်ခြင်း, ပျောက်ကွယ်ခြင်း ဝယသဘောကိုလည်း ဆင်ခြင်ရမည်၊ အဖြစ်အပျက် သဘောကိုမူလည်းဆင်ခြင်ရမည်။

အကြောင်းအားလျော်စွာ ဖြစ်ပေါ်ကြ၍ အကြောင်းချုပ်က ချုပ်ပျောက်ခြင်း သဘော ရှိသော စိတ်သာလျှင် ဖြစ်ပေသည်ဟု ဆင်ခြင်ဖန်များလျှင် စိတ်၌ ဥဒယဗ္ဗယဉာဏ် ဖြစ်ပေါ်လာလေသည်၊ စိတ်၌ ငြီးငွေ့ လာပေသည်၊ တပ်မက်နှစ်သက် သာယာသော သဘော ကင်းပါးလာလေသည်၊

စိတ်၏ တည်မှီရာဖြစ်သော ဟဒယဝတ္ထုရုပ်မှ အစပြု၍ ကရဇကာယရုပ်စုကြီး၌ ငြီးငွေ့လာပေသည်။ ထိုအခါ စိတ်နှင့်တကွ စိတ်၌ ယှဉ်ကြသော စေတသိက် တရားဖြစ်ကုန်သော ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ တို့၌လည်းကောင်း, ရူပက္ခန္ဓာတို့၌လည်းကောင်း ခန္ဓာငါးပါးလုံး၌ တွယ်တာတပ်မက် နှစ်သက် သာယာခြင်းကင်းကာ ငြီးငွေ့ခြင်းဖြစ်သဖြင့် လောက၌(ခန္ဓာလောက၌) တစ်စုံ တစ်ရာ စွဲလမ်းခြင်း ဥပါဒါန်တို့မှ ကင်းလွတ်လေတော့သည်။

ဤသို့လျှင် ဥပါဒါန်တို့မှ ကင်းလွတ်သည့်တိုင်အောင် စိတ္တာနုပဿနာဘာဝနာကို ပွားများအပ်ပေသည်၊ ပွားများနိုင်ကြ ပါစေကုန်သတည်း။

သရာဂစိတ်, ဂီတရာဂစိတ် အစရှိသည်ဖြင့် မိမိသန္တာန်၌ ဖြစ်ပေါ်သောစိတ်တွေကို သိမ်းဆည်းသောသတိသည် ဒုက္ခသစ္စာဖြစ်သည်။ ဒုက္ခသစ္စာဖြစ်ကြောင်းဖြစ်သော ရှေး အဖို့ကဖြစ်သော တဏှာလောဘသည် သမုဒယသစ္စာဖြစ်သည်။ ဒုက္ခသစ္စာ, သမုဒယ သစ္စာတို့၏ ချုပ်ငြိမ်းခြင်းသည် နိရောဓသစ္စာဖြစ်သည်။

ဒုက္ခသစ္စာကို ဒုက္ခသစ္စာအဖြစ်ဖြင့် သိရှိခြင်း၊ ယင်းဒုက္ခသစ္စာ၏အကြောင်းဖြစ်သော သမုဒယသစ္စာကို ပယ်ခြင်း၊ ဒုက္ခသမုဒယ တို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို အာရုံပြု၍ ဖြစ်သော မဂ္ဂင်ရှစ်ပါးသည် မဂ္ဂသစ္စာဖြစ်သည်။

ဤသို့လျှင် စိတ္တာနုပဿနာဘာဝနာကို ပွားများသောယောဂီသည် စိတ္တာနုပဿနာ ဘာဝနာကို ပွားများဆင်ခြင်ဖန် များသောအခါ သစ္စာလေးပါးတို့ကို ကိုယ်တိုင်ဒိဋ္ဌ သိမြင်၍ သန္ဒိဋ္ဌိကဂုဏ်, အကာလိကဂုဏ်တို့နှင့် ပြည့်စုံသော အရိယာအဖြစ်သို့ ရောက်နိုင်ကြပေသည်။ ရောက်သည်တိုင်အောင်လည်း အားထုတ်နိုင်ကြပါစေကုန် သတည်း။

ယခုပြဆိုခဲ့သော စိတ္တာနုပဿနာ သတိပဋ္ဌာန်တရားတော်သည် ညစ်နွမ်းကုန်သော ရာဂအစရှိသော ကိလေသာတို့မှလည်းကောင်း, အဘိဇ္ဈာ ဗျာပါဒ အစရှိသော ကိလေသာ အညစ်အကြေးတို့မှ လည်းကောင်း သတ္တဝါတို့၏ သန္တာန်၌ သန့်ရှင်း စင်ကြယ် စေခြင်းငှာ မြတ်စွာဘုရား ဟောတော်မူခြင်းဖြစ်သည်။

ရှေးရှေးအခါကာလက ပွင့်တော်မူ ကုန်ပြီးသော ဘုရားရှင်တို့သည် လည်းကောင်း, ပစ္စေကဗုဒ္ဓါတို့သည် လည်းကောင်း အရေအတွက်အားဖြင့် ရေတွက်ခြင်းငှာ မစွမ်းနိုင်အောင် မြားမြောင်လှစွာကုန်သော အရိယာသာဝကတို့သည်လည်းကောင်း အလုံးစုံသောပုဂ္ဂိုလ်တို့သည် ဤစိတ္တာနုပဿနာ သတိပဋ္ဌာန်တရားတော်ဖြင့် စိတ်၏ အညစ်အကြေးတို့ကို သုတ်သင်ရှင်းလင်းကာ အလွန်သန့်ရှင်း စင်ကြယ်ခြင်းသို့ ရောက်တော်မူကြလေကုန်ပြီ။

အမှန်တရား ဧကာယန-ဟု ဆိုအပ်သော သတိပဋ္ဌာန်တရားကို မသိမမြင် ကြကုန်သော အန္ဓပုထုဇဉ် တို့သည်ကား ရုပ်စင်ကြယ်လျှင် ကိလေသာတို့မှ စင်ကြယ် သည်ဟု မှားယွင်းဖောက်ပြန်သော အယူအမြင်ဖြင့် ဂင်္ဂါမြစ်၌ ရေချိုးခြင်း, ကိုယ်၏ အညစ်အကြေးကို ဆေးကြောခြင်းဖြင့် ကိလေသာ အညစ်အကြေးတွေ သန့်ရှင်းစင်ကြယ် သည်ဟု မိစ္ဆာအယူကို ယူကြလျက် ရုပ်စင်ကြယ်မှုကို ပြုလုပ်ကြကုန်၏။ ထိုအယူအမြင်များ မှားယွင်းသည်ကို-

ရူပေန သံကိလိဋ္ဌေန၊ သံကိလိဿန္တိ မာဏဝါ။
ရူပေ သုဒ္ဓေ ဝိသုဇ္ဈန္တိ၊ အနက္ခာတံ မဟေသိနာ။

သတ္တဝါတို့သည် ရုပ်ညစ်နွမ်းလျှင် ကိလေသာတွေ ညစ်နွမ်းကြကုန်၏။ ရုပ် စင်ကြယ်လျှင် သတ္တဝါတွေ ကိလေသာမှ စင်ကြယ်ကြကုန်၏--- ဟူ၍ တရားတော်၏ အမှားအမှန်ကို သိမြင်တော်မူသော မြတ်စွာဘုရားသည် ဟောတော်မူခြင်းမရှိပေ၊ ဝါ- မဟောခဲ့ပေ။

ဟောခဲ့သည်မှာကား-

စိတ္တေန သံကိလိဋ္ဌေန၊ သံကိလိဿန္တိ မာဏဝါ။
စိတ္တေ သုဒ္ဓေ ဝိသုဇ္ဈန္တိ၊ ဣတိ ဝုတ္တံ မဟေသိနာ။

သတ္တဝါတို့သည် စိတ်သန့်ရှင်း စင်ကြယ်သဖြင့်သာလျှင် ကိလေသာတို့မှ စင်ကြယ် ကြကုန်၏။ စိတ်သည် ကိလေသာတို့မှ စင်ကြယ်သည် ရှိသော် စင်ကြယ်ခြင်းအစစ် ဖြစ်ကြကုန်၏ ဟူ၍သာ မြတ်စွာဘုရား ဟောတော်မူခဲ့သည်။

စိတ္တသံကိလေသာ ဘိက္ခဝေ သံတ္တာ သံကိလိဿန္တိ၊
စိတ္တဝေါဒါနာ ဝိသုဇ္ဈန္တိ။

ရဟန်းတို့ စိတ်ညစ်နွမ်းလျှင် သတ္တဝါတွေ ညစ်နွမ်းကြသည်၊ စိတ်ဖြူစင်မှသာ သတ္တဝါတွေ သန့်ရှင်းဖြူစင်သည်ဟု မြတ်စွာဘုရား တိုက်ရိုက် ဟောကြားတော် မူသည်။ သို့ဖြစ်၍ စိတ်၌ ကိလေသာ အညစ်အကြေးတို့မှ စင်ကြယ်ဖို့အရေးသည် မိမိစိတ်ကိုမိမိ မပြတ်ကြည့်ရှုဆင်ခြင်၍ သရာဂစိတ်စသော ညစ်ကြေးသောစိတ် မဖြစ်စေရန်၊ ကိလေသာ အညစ်အကြေး မကပ်ရောက်နိုင်စေရန်အတွက် စိတ္တာနုပဿနာကို ပွားများအားထုတ် ကြရမည် ဖြစ်သည်။

စိတ္တာနုပဿနာ သတိပဋ္ဌာန်တရားသည် သတ္တဝါတို့ သန္တာန်၌ ကိလေသာ အယုတ်တရားတို့မှလွတ်ကင်း၍ သန့်ရှင်းဖြူစင်သော အရိယာစိတ်ဖြစ်သည်သာ မဟုတ်သေးပေ၊ သောကဖြစ်နေသော သတ္တဝါတို့၌ ယင်း သောကမှလည်း လွတ်မြောက်စေသည်၊

ပရိဒေဝမီး တောက်လောင်နေသော သတ္တဝါတို့၌ ယင်းပရိဒေဝမီးကိုလည်း ငြိမ်းစေသည်၊ ကိုယ်၏ ဆင်းရဲခြင်း, စိတ်၏ဆင်းရဲခြင်း ဖြစ်နေသော သတ္တဝါတို့၏ ဒုက္ခဒေါမနဿတို့ကို ချုပ်ပျောက်ကင်းလွတ်စေသည်

ထိုမျှသာမဟုတ်သေးပေ၊ စိတ္တာနုပဿနာကို ပွားများ လေ့လာသော ပုဂ္ဂိုလ်သည် ဉာယ-ဟု ဆိုအပ်သော အရိယာမဂ္ဂင်ရှစ်ပါးတရားကိုရသော အကျိုးလည်းရှိ၏၊ ဝါန ဟု ဆိုအပ်သောတဏှာမှ ကင်းလွတ်ခြင်းကြောင့် နိဗ္ဗာန်ဟူ၍ အမည်ထူးကိုရရှိသော သေခြင်းကင်းငြိမ်းရာ အမတအငြိမ်းတရားကိုလည်း မျက်မှောက် ထင်ထင် ရရှိခြင်းအကျိုးရှိပေသည်။

ဤသို့လျှင် များပြား ကောင်းမြတ်လှသော အကျိုးထူးတို့ကို ရစေတတ်သော စိတ္တာနုပဿနာ သတိပဋ္ဌာန်တရားတော်ကို ပွားများအားထုတ် အပ်ပေသည်၊ ပွားများအားထုတ်နိုင်ကြပါစေကုန်သတည်း။

---

နိဂုံး

ကတံ စိတ္တာနုပဿနံ၊ သာဓုကံ ဗုဒ္ဓဒေသိတံ။
သကာယ မြန်မာ့ဘာသာယ၊ စိတ္တံ စိတ္တံ ဂုဏာသယံ။
ပုညမိဒံ မယာ ကတံ၊ နိဗ္ဗာနပစ္စယော ဘဝ။
ဘာဂံ ပုညဿ သဗ္ဗေသံ၊ သတ္တာနံ ဟောတု သမကံ။

သာဓုကံ၊ ကောင်းစွာ။
ဗုဒ္ဓဒေသိတံ၊ မြတ်စွာဘုရား ကိုယ်တော်တိုင် ဟောကြားအပ်သော။
စိတ္တံ စိတ္တံ ဂုဏာသယံ၊ ဆန်းကြယ်သည်ထက် ဆန်းကြယ်သော ဂုဏ်တို့၏ တည်ရာဖြစ်သော။
စိတ္တာနုပဿနံ၊ စိတ္တာနုပဿနာ သတိပဋ္ဌာန် တရားတော်ကို။
သကာယ မြန်မာ့ဘာသာယ၊ ကိုယ်ပိုင်ဥစ္စာဖြစ်သော မြန်မာဘာသာဖြင့်။
မယာ၊ ငါသည်။
ကတံ၊ ရေးသားအပ်လေပြီ။

မယာ၊ ငါသည်။
ကတံ၊ ရေးသားအပ်သော။
ဣဒံ ပုညံ၊ ဤဓမ္မဒါန ကောင်းမှုသည်။
နိဗ္ဗာနပစ္စယော၊ နိဗ္ဗာန်သို့ ရောက်ကြောင်း အထောက်အပံ့သည်။
ဘဝ-ဘဝတု၊ ဖြစ်ပါစေသတည်း။
ပုညဿ။ ဓမ္မဒါနကောင်းမှု၏။
သမကံ၊ ညီမျှသော။
ဘာဂံ၊ အဖို့ ဘာဂသည်။
သဗ္ဗေသံ သတ္တာနံ၊ ခပ်သိမ်းကုန်သော လူနတ်ဗြဟ္မာ သတ္တဝါတို့အား။
ဟောတု၊ ရကြသည်ဖြစ်ပါစေသတည်း။

အရှင်ပဏ္ဍိတမထေရ်
ရွှေဟင်္သာဆရာတော်
ရွှေဟင်္သာတိုက်သစ်- စစ်ကိုင်းတောင်ရိုး
စစ်ကိုင်းမြို့။

၁၃၄၃-ခုနှစ်၊ နယုန်လပြည့်ကျော် ၇-ရက်၊
ဗုဒ္ဓဟူးနေ့ နံနက်(၈)နာရီပြီးသည်။

---

ဓမ္မာနုပဿနာသတိပဋ္ဌာန်

စစ်ကိုင်းတောင်ရိုး ရွှေဟင်္သာတိုက်သစ်
ရွှေဟင်္သာဆရာတော် အရှင်ပဏ္ဍိတထေရ်
စီရင်ရေးသားအပ်သော

▬▬ஜ۩۞۩ஜ▬▬▬

မာတိကာ

၁။ မဟာသတိပဋ္ဌာန်တရားတော်နိဒါန်း
၂။ စိတ်စင်ကြယ်မှုရရှိခြင်း
၃။ ကိုယ်ဆင်းရဲမှု ငြိမ်းချမ်းခြင်း
၄။ စိတ်ဆင်းရဲမှု ငြိမ်းချမ်းခြင်း
၅။ လောကုတ္တရာမဂ္ဂင်ရရှိခြင်း
၆။ နိဗ္ဗာန်ရရှိခြင်း
၇။ ပဏာမနှင့် ပဋိညာဉ်
၈။ သတိပဋ္ဌာန်တရားတော် လေးပါး
၉။ နီဝရဏပဗ္ဗ-နီဝရဏပိုင်း
၁၀။ ကာမစ္ဆန္ဒနီဝရဏကို ပယ်သတ်နည်း
၁၁။ ရောဂါကင်းခြင်း အိုခဲခြင်း
၁၂။ ဗျာပါဒနီဝရဏကို ပယ်သတ်နည်း
၁၃။ မေတ္တာအကျိုး ၁၁-မျိုး မြန်မာကဗျာ
၁၄။ ထိနမိဒ္ဓနီဝရဏ ပယ်သတ်ပုံ
၁၅။ မိတ်ဆွေကောင်း ကျေးဇူးများပုံ
၁၆။ ဥစ္စကုက္ကုစ္စနီဝရဏ ပယ်သတ်ပုံ
၁၇။ ဝိစိကိစ္ဆာနီဝရဏ ပယ်သတ်ပုံ
၁၈။ နီဝရဏပိုင်း နိဂုံးအုပ်
၁၉။ ခန္ဓပဗ္ဗ ခန္ဓာပိုင်း
၂၀။ ဥပါဒါနက္ခန္ဓာ
၂၁။ အတ္တဝါဒုပါဒါန်(၂ဝ)
၂၂။ ခန္ဓာတို့ကိုပြခြင်း
၂၃။ အာယတနပဗ္ဗ အာယတနပိုင်း
၂၄။ ဗောဇ္ဈင်္ဂပဗ္ဗ-ဗောဇ္ဈပိုင်း
၂၅။ ဗောဇ္ဈခုနှစ်ပါး
၂၆။ ဗောဇ္ဈ၏တည်ရာအာဟာရများ
၂၇။ အဆက်ဆက်ဖြစ်ပေါ်ပုံ ပွားများပုံ
၂၈။ အကျိုးကျေးဇူး ခုနှစ်ပါး
၂၉။ ဗောဇ္ဈင်နှင့်ပုဂ္ဂိုလ်
၃၀။ ဗောဇ္ဈင်ဘာဝနာပွားပုံ
၃၁။ သစ္စပဗ္ဗ သစ္စာပိုင်း
၃၂။ သစ္စာလေးပါးအကျဉ်း
၃၃။ သစ္စာလေးပါးအကျယ်
၃၄။ ဇာတိဒုက္ခ
၃၅။ ဇရာဒုက္ခ
၃၆။ မရဏဒုက္ခ
၃၇။ ဒုက္ခသစ္စာ
၃၈။ သမုဒယသစ္စာ
၃၉။ ပိယရုပ် သာတရုပ် ရှင်းလင်းချက်
၄ဝ။ နိရောဓသစ္စာ
၄၂။ မဂ္ဂသစ္စာနိဂုံး
၄၃။ သတိပဋ္ဌာန်လေးပါးတရားတော်ကို ပွားများခြင်း၏အကျိုးကျေးဇူး
၄၄။ ကျမ်းပြီးနိဂုံး

---

ကျမ်းဦးအမှာ(၁)

ဓမ္မာနုပဿနာ ကျမ်းနှင့်စပ်၍ ကျမ်းစာကို ဖတ်ရှုကြသော ပရိသတ်တို့ ကြိုတင် သိရှိကြရန် ရေးသားလိုသည်မှာ-

၁။ ကျမ်းပြုပုဂ္ဂိုလ်၏အခြေအနေ၊
၂။ ကျမ်းစာ၏အရည်အချင်း -

ဤနှစ်မျိုးကိုပင် သိရှိစေလိုခြင်းဖြစ်ပါသည်။

၁။ ကျမ်းပြုပုဂ္ဂိုလ်၏အခြေအနေ

ကျေးဇူးတော်ရှင် ရွှေဟင်္သာ ဆရာတော်ဘုရားကြီးသည် ဤ ဓမ္မာနုပဿနာ ကျမ်းစာကို ရေးသားတော်မူစဉ် အခါ၌ အသက်တော်သည် ၉၀-နှစ်နှင့် ၆-လ ရှိနေ ပါပြီ။ ဤမျှ သက်တော်ရွယ်တော် ကြီးမြင့်တော်မူပါသော်လည်း ရွှေဟင်္သာ ဆရာတော်ကြီးသည် မျက်မှန်မဆောင်ရပဲ ပကတိကြည်လင် ကောင်းမွန်သော မျက်လုံးတော်များ ရှိပါသည်။ နားတော်မှာလည်း လေးသည် ထိုင်းသည်ဟု မဆိုလောက်ပါ။

သွားတော်များမှာမူကား ပကတိ သွားကောင်းများအတိုင်း ရှိပါသည်။ ဉာဏ်အား သတိအားတို့သည်လည်း ချွတ်ယွင်းမှုမရှိပဲ ကောင်းဆဲပင် ဖြစ်ပါသည်။ ခါးကိုင်းခြင်း လုံးဝမရှိ၊ ဖြောင့်စင်းသော ရူပကာယ ရှိတော်မူပါသည်။

ရွှေဟင်္သာဆရာတော်ကြီးသည် စာကြည့် စာရေးခြင်း၌ အထူးသဖြင့် ဝါသနာ ရှိပါသည်။ ရေးပြီးသော ကျမ်းစာပေါင်း ၃၀-ကျော်ရှိကြောင်း သိရပါသည်။ စာမျက်နှာ ၃ဝဝ-၆ဝဝ-၈ဝဝ-ကျော်ရှိသော --

ရွှေကျင်နိကာယ သာသနာဝင်အကျဉ်း၊
ရွှေကျင်နိကာယ သာသနာဝင်အကျယ်၊
ဝိနယပိဋကမဟာဝဂ္ဂပါဠိတော်ကို အဓိပ္ပာယ်ရှင်းလင်းချက် နှင့်တကွ မြန်မာပြန်ကျမ်း၊
ကျောင်းတော်ရာ ထေရုပ္ပတ္တိဒီပနီကျမ်း

တို့လည်း ပါဝင်ပါသည်။ အများအားဖြင့် ဆောင်ယူလွယ် ကြည့်ရှုလွယ်သော ကျမ်းစာငယ် တို့ကိုသာလျှင် ရေးသားပြုစုခြင်း များပါသည်။

ရွှေဟင်္သာဆရာတော်ကြီး၌ နှလုံးသွင်း ရှိတော်မူသည်မှာ စာဖတ်သူတို့ ကြည့်ရှု လွယ်ကူစေရန်နှင့် ကြည့်ရှုလိုစိတ်ဖြစ်စေရန် နှလုံးသွင်းတော်မူ၍ ကျမ်းစာအငယ်စား အိတ်ဆောင်ကျမ်းစာတို့ကိုသာလျှင် အများအားဖြင့်ရေးတော်မူလေ့ရှိပါသည်။

ဝါသနာ

ရွှေဟင်္သာဆရာတော်ကြီး၏ ဝါသနာသည် စကားနည်းသည်၊ စကားနည်းနည်းဖြင့် ကိစ္စပြီးအောင် ပြောလေ့ ဟောလေ့ရှိသည်။ အခြားသူများက ပြောလျှင်လည်း ချဲ့ထွင် သွယ်ဝိုက်၍ ပြောခြင်းကို မနှစ်သက်၊ စကားထက် အလုပ်ကိုသာ ပဓာနပြု၍ စွမ်းနိုင်သမျှ ပြုလုပ်ဆောင်ရွက်လေ့ ရှိသည်။ စာရေးသောအခါ၌လည်း စကားလုံး နည်းနည်းဖြင့် အဓိပ္ပာယ်ပေါ်အောင် ကျဉ်းကျဉ်းဖြင့် သိရှိနားလည်အောင် ရေးသားလေ့ ရှိသည်။

ဤသို့ဝါသနာ ရှိခြင်းကြောင့်လည်း ဓမ္မာနုပဿနာသတိပဋ္ဌာန် ကျမ်းစာကိုလည်း ကျဉ်းကျဉ်းနှင့် စာဖတ်သူတို့ သိရှိအောင်, နားလည်အောင် တတ်နိုင်သမျှ ရှင်းရှင်း ရေးသား တော်မူသည်ကို တွေ့ရပါသည်။ သို့သော် ဓမ္မာနုပဿနာ တရားတော် သည် လေးနက်သော တရားသဘော တို့သာလျှင် များသည်ဖြစ်သောကြောင့် ဓမ္မပဋိဂ္ဂါဟက စာရှုသူတို့သည်ကား ဂရုပြု၍ အာရုံစိုက်ကြည့်ရှုရမည့် သဘော ရှိပါသည်။

၂။ ကျမ်းစာ၏အရည်အချင်း

ကျမ်းစာ၏ အရည်အချင်းမှာမူကား – ဓမ္မာနုပဿနာ သတိပဋ္ဌာန်တရားကိုယ် ကိုက လေးနက်၍ တရားသဘော သက်သက်တို့သာလျှင် ဖြစ်သောကြောင့် ဤ ဓမ္မာနုပဿနာ ကျမ်းသည်လည်း လေးနက်သောကျမ်းစာ ဖြစ်သည်ဟုပင် ဆိုရပါမည်။

ယင်းသို့လျှင် လေးနက်သော ဓမ္မာနုပဿနာတရားသဘောတို့ကို ရွှေဟင်္သာ ဆရာတော် ဘုရားကြီးသည် စာဖတ်ရှုသူတို့ နားလည် သဘောပေါက်အောင် စွမ်းနိုင် သမျှ ရေးသားတော်မူသည်ကို တွေ့မြင်သိရှိရပါသည်။

သို့ဖြစ်၍ ပြဆိုခဲ့သော ကျမ်းပြုဆရာတော်ကြီး၏ အခြေအနေကိုလည်းကောင်း၊ ကျမ်းစာ၏အရည်အချင်းကို လည်းကောင်း ကြိုတင်သိရှိကြပြီးလျှင် ဓမ္မာနုပဿနာ သတိပဋ္ဌာန်တရားတော်ကို ဉာဏ်စိုက်၍ ကြည့်ရှုမှတ်သား လေ့လာပွားများ အားထုတ်ကြသည် ဖြစ်၍ နိရောဓသစ္စာကို ကိုယ်တိုင်မျက်မှောက်ပြုနိုင်ကြပါစေဟူ၍ ပတ္ထနာပြုရပါသတည်း။

အရှင်ဣဿရိယာဘိဝံသ
ဝိသုဒ္ဓါရုံရေဦးကျောင်းတိုက်၊
အမရပူရမြို့။

၁၃၄၆-ခုနှစ်၊ ဝါခေါင်လဆန်း (၅)ရက်။
(၁-၈-၁၉၈၄)

---

ကျမ်းဦးအမှာ (၂)

ဤကျမ်းသည် ရွှေဟင်္သာ ဆရာတော်ဘုရားကြီး၏ အနုပဿနာကျမ်းများတွင် စတုတ္ထအနုပဿနာကျမ်းဖြစ်သည်။

ဆရာတော်ဘုရားကြီးသည် သာယာတိတ်ဆိတ် ငြိမ်းချမ်းသော ကျောင်းကန်ရိပ် တွင်သီတင်းသုံးတော်မူပြီး တပည့်ပရိသတ်အား စာပေပို့ချ ဟောပြောဆုံးမမှ ပရိယတ္တိ တာဝန်ကိုဆောင်ရွက်ရင်း တစ်ဖက်မှ နှလုံးသွင်းတရားကို ရှုမှတ်ဆင်ခြင် ပွားများမှ ပဋိပတ္တိအလုပ်ကို အားထုတ်တော်မူသည်။

ဆရာတော်ဘုရားကြီး၏ နှလုံးသွင်း တရားမှာ သတိပဋ္ဌာန ဘာဝနာတရား ဖြစ်နိုင်ပါသည်။ သတိပဋ္ဌာနဘာဝနာဟူသည် ကာယ, ဝေဒနာ, စိတ္တ, ဓမ္မတို့အပေါ် အသုဘ, ဒုက္ခ, အနိစ္စ, အနတ္တ အနေအထားဖြင့် ရှုမြင်တတ်သော ဝိပဿနာ သတိကို ဖြစ်ပွားစေခြင်းပင်တည်း။

ဗုဒ္ဓမြတ်စွာသည် သတိပဋ္ဌာနဘာဝနာနှင့် စပ်လျဉ်း၍ သတိပဋ္ဌာန် ၄-ပါး ခွဲခြား ဟောတော်မူခဲ့၏။ ပုထုဇဉ်တို့သည် ဝိပဿနာသတိ မရှိကြသည့်အတွက် ကာယ, ဝေဒနာ, စိတ္တ, ဓမ္မတို့ကို သုဘ, သုခ, နိစ္စ, အတ္တ အသွင် လွဲမှားစွာ ရှုမြင်လျက် ရှိကြ၏။ ထိုသို့ လွဲမှားစွာ ရှုမြင်မှု (ဝိပလ္လာသ)ကို ပယ်ဖျောက်နိုင်ရန်အတွက် ဝိပဿနာသတိကို ပွားစေရမည်ဖြစ်သည်။

ချဲ့ဦးအံ့၊

လူ၏ ရူပကာယ အစိတ်အပိုင်းများ၊ ၃၂-ကောဋ္ဌာသ အစုအဝေး များသည် ရွံဖွယ် အတိသာဖြစ်၍ လှပတင့်တယ်မှုမရှိပေ။ အပြင်မှ ဆင်ပြင် လိမ်းခြယ်မှုများ ကြောင့်သာ လှပတင့်တယ်ဟန် ရှိသော်လည်း ပြင်ဆင်လိမ်းခြယ်မှုများကို ဖယ်လိုက် ပါက လှပတင့်တယ်မှု မှန်သမျှ ကွယ်ပသွားသည်သာဖြစ်၏။

သို့ရာတွင် ပုထုဇဉ်များသည် ရူပကာယကို လှပတင့်တယ်သည့်အသွင် ရှုမြင်လွဲမှား သိမ်းပိုက်ထားကြသည်။ ဤသို့ ရူပကာယအပေါ်ရှုမြင်လွဲမှား ဝိပလ္လာသတရားကို ပယ်ဖျောက်နိုင်ရန် ကာယာနုပဿနာ ခေါ် ဝိပဿနာသတိကို ပွားစေရမည် ဖြစ်သည်။

လူတို့စိတ်တွင် ပါဝင်သည့် ခံစားချက် ဝေဒနာမှန်သမျှ ဒုက္ခနယ်မှမလွတ်ကင်း ကြပေ။ သို့ရာတွင် ပုထုဇဉ်တို့သည် ခံစားချက်ဝေဒနာကို သုခအသွင် ရှုမြင်လွဲမှား သိမ်းပိုက်ထားကြ၏။ ဤသို့ခံစားချက်ဝေဒနာအပေါ် ရှုမြင်လွဲမှားနေသော ဝိပလ္လာသ တရားကို ပယ်ဖျောက်နိုင်ရန် ဝေဒနာနုပဿနာခေါ် ဝိပဿနာသတိကို ပွားစေရမည် ဖြစ်သည်။

လူ့စိတ်သည် ဖြစ်, တည်, ပျက် ခဏငယ် သုံးချက်မျှသာ အသက်ရှည်၏။ မျက်တောင်တစ်ခတ်အတွင်း ကုဋေတစ်သိန်းခန့် ဖြစ်ပျက်၏။ ဖြစ်ပြီး ပျက်သွား တတ်သောကြောင့် အနိစ္စသာဖြစ်သည်။ သို့ရာတွင် ပုထုဇဉ်တို့သည် စိတ်ကို နိစ္စအသွင် ရှုမြင် လွဲမှား သိမ်းပိုက်ထားကြ၏။ ဤသို့ စိတ်အပေါ် ရှုမြင်လွဲမှား နေသော ဝိပလ္လာသတရားကို ပယ်ဖျောက်နိုင်ရန် စိတ္တာနုပဿနာ ခေါ် ဝိပဿနာ သတိကို ပွားစေရမည် ဖြစ်သည်။

လူ့စိတ်တွင် ပါဝင်သည့် မှတ်သိမှု သညာ, စေ့ဆော်မှု သင်္ခါရ ဟူသော သဘောတရား (ဓမ္မ)များသည် မိမိအလိုကျ ဖြစ်စေနိုင်သော အတ္တများမဟုတ်ကြပေ။ သို့ရာတွင် ပုထုဇဉ်တို့သည် ဓမ္မများကို အတ္တအသွင်ရှုမြင်လွဲမှားသိမ်းပိုက်ထားကြ၏ ဤသို့ ဓမ္မများအပေါ် ရှုမြင်လွဲမှားနေသော ဝိပလ္လာသတရားကို ပယ်ဖျောက်နိုင်ရန် ဓမ္မာနုပဿနာခေါ် ဝိပဿနာသတိကို ပွားစေရမည်ဖြစ်သည်။

မိမိသန္တာန်၌ ဝိပဿနာသတိ ဖြစ်ပွားတည်ရှိ လာသည်နှင့်အမျှ ကာယ, ဝေဒနာ, စိတ္တ, ဓမ္မများနှင့်စပ်လျဉ်း၍ ရှုမြင်လွဲမှားမှု ဝိပလ္လာသတရား တစ်စတစ်စ ပပျောက် သွားမည်သာ ဖြစ်သည်။ အမှားကင်းစင် အမှန်မြင်တတ်သည့် ဝိပဿနာဉာဏ် သည်လည်း ရင့်သန် ထက်မြက်လာမည်သာ ဖြစ်သည်။

သက်တော် ၉၀-ကျော်သည်အထိ ရွှေဟင်္သာဆရာတော်ဘုရားကြီးသည် သတိအား ဉာဏ်အား ထက်မြက်နေသည်မှာ ဝိပဿနာသတိကို ပွားစေခြင်းကြောင့်သာ ဖြစ်ရာပါသည်။ မှန်ပါသည်၊ ဆရာတော်ဘုရားကြီးသည် ဗုဒ္ဓမြတ်စွာ ဟောကြားတော် မူအပ်သော မဟာသတိပဋ္ဌာနသုတ်ကို လက်စွဲပြု၍ နှလုံးသွင်းတရား ရှုပွားတော် မူပါသည်။

မိမိကိုယ်တိုင် ရှုပွားသဖြင့် ရရှိလာသော ဓမ္မရသကို တပည့်ဒါယကာ ဒါယိကာမများ တို့အား မျှဝေခံစားစေလိုသော မေတ္တာတော်ကို အရင်းခံ၍ အနုပဿနာကျမ်းများကို ရေးသားပြုစုတော်မူခြင်း ဖြစ်၏။

ဆရာတော်ဘုရားကြီးသည် သက်တော် ၉၀-ကျော်စတွင် ဤဓမ္မာနုပဿနာ ကျမ်းကို ကိုယ်တိုင်လက်ရေးဖြင့် ရေးသားပြုစုတော်မူပါသည်။ ဆရာတော်ဘုရားကြီး၏ လက်ရေးသည် မျဉ်းလွတ်ဖြောင့်မတ်၍ လှပသေသပ်မှုရှိသည်ကို တွေ့ရပါသည်။ သက်တော် ၉၀-နှင့် ၆-လအရတွင် ဤဓမ္မာနုပဿနာကျမ်းကို နိဂုံးကမ္ပတ် အပြီးသတ်တော်မူပါသည်။

ဤမျှကြီးရင့်သည့် အရွယ်ပိုင်း၌ ကိုယ်တိုင်လက်ဖြင့် ကျမ်းတစ်စောင်တစ်ဖွဲ့ ရေးသား ပြုစုနိုင်ခြင်း၊ မျက်စိမမှုန် လက်မတုန်ခြင်း၊ ကျမ်းပြုနိုင်လောက်အောင် သတိအား ဉာဏ်အား ထက်မြက်နေခြင်းတို့မှာ အတိတ်ဘဝတွင် ဆည်းပူးခဲ့သည့် သီလ ပါရမီထူးနှင့် မျက်မှောက်ဘဝတွင် ဆင်ခြင်ရှုမှတ် ပွားများအပ်သည့် ဝိပဿနာ သတိပညာတို့၏ စွမ်းရည် ကြောင့်သာ ဖြစ်ရာပါသည်။

မိမိတို့၏ ကာယ, ဝေဒနာ, စိတ္တ, ဓမ္မများနှင့်စပ်၍ ရှုမြင်မှုမှန်ကန်၍ သတိအား ဉာဏ်အား ရင့်သန် ထက်မြက်စေလိုသည့် သူတော်စင်များသည် ရွှေဟင်္သာ ဆရာတော်ဘုရားကြီး၏ အနုပဿနာကျမ်းများကို လေ့လာဖတ်ရှု၍ ဝိပဿနာ သတိကို ဖြစ်ပွားစေကြပါဟု တိုက်တွန်းလိုပါသည်။

အရှင်နန္ဒမာလာဘိဝံသ
မဟာသုဗောဓာရုံကျောင်းတိုက်၊
စစ်ကိုင်းမြို့။
(၂၅-၇-၁၉၈၄)

မဟာသတိပဋ္ဌာန်တရားတော်

▬▬▬ஜ۩۞۩ஜ▬▬▬

နိဒါန်း

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

မဟာသတိပဋ္ဌာန်တရားတော်ကို မြတ်စွာဘုရားသည် မဇ္ဈိမဒေသ ကုရုတိုင်းပြည်၌ ဟောတော်မူသည်။ နောက်နောင်သော အခါကာလတို့၌ အခြားသော အရပ်ဒေသတို့၌လည်း ဟောတော်မူမည်ပင် ဖြစ်သည်။ အစဦးစွာ ဟောတော်မူသည်မှာကား ကုရုတိုင်းပြည်၌ ဟောတော်မူသည်ဟု ယူသင့်ပေသည်။ အကြောင်းမူကား သတိပဋ္ဌာန်လေးပါးနှင့် လွတ်ကင်းသော တရားမရှိသောကြောင့် ဖြစ်၏။

ကုရုတိုင်းပြည်၌ ဟောတော်မူခြင်းကို အဋ္ဌကထာဆရာက ဤသို့ဆိုတော်မူသည်။

အဘယ်သို့ ဆိုတော်မူသနည်းဟူမူ- ကုရုတိုင်းပြည်သည် ဥတုရာသီကောင်းမွန် မှန်ကန်သည်၊ ဥတုရာသီ ကောင်းမွန်မှန်ကန်သောကြောင့် လူတို့၌ ဥတုဇရုပ် ကောင်းမွန်သည်ကို အထောက်အပံ့ ရကြသောကြောင့် ယေဘုယျအားဖြင့် ကုရုတိုင်းသူပြည်သားတို့သည် ဉာဏ်ပဋိဘာန် ထက်မြက်ကောင်းမွန်ကြသည်။ ဉာဏ်ပဋိဘာန် ထက်မြက်သော ကုရုတိုင်းသူ တိုင်းသားတို့အား နက်နဲသော သဘောရှိသော မဟာသတိပဋ္ဌာန် တရားတော်ကို မြတ်စွာဘုရား ဟောတော်မူသည် ဟု အဋ္ဌကထာဆရာ ဆိုတော်မူသည်။

လူတို့၏ ခန္ဓာသန္တာန်၌ ကမ္မဇရုပ်, စိတ္တဇရုပ်, ဥတုဇရုပ်, အာဟာရဇရုပ်အားဖြင့် ရုပ်လေးမျိုး ပေါင်းလျက်ရှိသည်။ ထိုရုပ်လေးမျိုးတို့သည် အသီးသီး ဆိုင်ရာဆိုင်ရာ အရေးပါသော ရုပ်တို့ပင် ဖြစ်ကုန်၏၊ သို့ရာတွင် သူ့နေရာနှင့်သူ ဆိုသလို ဥတုဇရုပ်သည် သာ၍ အရေးကြီးသည်ဟုဆိုချင်သည်။

ဥတု စတုသမုဋ္ဌာနိကရူပါနံ ပဝတ္တိယာ ဝိနာသဿ စ ပစ္စယော ဟောတိ-ဟု အဋ္ဌကထာတို့၌ လာသောကြောင့် ဥတုသည် ဥတုဇရုပ်ကိုသာလျှင် ဖြစ်စေသည် ပျက်စေသည် မဟုတ်၊ ကံ, စိတ်, အာဟာရလျှင် အကြောင်းရင်း ရှိသောရုပ်တို့ ကိုလည်း တိုးပွားစေတတ် ယုတ်လျော့ပျက်ပြားစေတတ်သော သဘောရှိလေသည်။ ဥတုကောင်းလျှင် ဥတုဇရုပ် ကောင်းသဖြင့် ဥတုဇရုပ်က ထောက်ခံအားပေးခြင်းကို ရရှိသော ကမ္မဇရုပ်သည်လည်း အားကောင်းလာ၏၊
စိတ္တဇရုပ်သည်လည်း အားကောင်းလာ၏၊ အာဟာရဇရုပ်သည်လည်း အားကောင်း လာ၏။ ဥတုကောင်းမွန်မှန်ကန်သဖြင့် ဥတုဇရုပ် သက်သက်ဖြစ်သော ကောက်ပဲ သီးနှံတို့သည်လည်း သြဇာအရသာပြည့်စုံစွာဖြင့် ဖွံ့ဖြိုး ထွားကြိုင်းစိုပြည်စွာ အသီးကောင်း, အနှံကောင်း ဖြစ်ကြကုန်၏။

သြဇာအရသာ ပြည့်ဝသော သစ်သီးဝလံ အာဟာရတို့ကို စားသောက် သုံးဆောင် ကြရသော လူတို့သည် ကာယဗလ ဉာဏဗလနှင့် ပြည့်စုံကြရကုန်၏။ သို့ဖြစ်၍ ဥတုရာသီကောင်းမွန်၍ ဉာဏ်ပဋိဘာန် ရှိကြသော ကုရုတိုင်းသူပြည်သားတို့အား ဉာဏ်ပဋိဘာန်ရှိသူမှသာ လျင်စွာသိအပ်သော မဟာသတိပဋ္ဌာန် တရားတော်ကို ဟောတော်မူသည်ဟု ဆိုလိုသည်။

ထိုမှတစ်ပါးလည်း ကုရုတိုင်းပြည်သည် ရှေးအခါကာလကပင် မိုးလေဝသမှန်ကန် ဥတုရာသီကောင်းမွန်၍ ကောက်ပဲသီးနှံဖြစ်ထွန်း ဆန်ရေစပါး ပြည့်စုံခြင်းကို အကြောင်းပြု၍ ကုရုတိုင်းသူပြည်သားတို့သည် ကုရုဓမ္မတရား၊ တစ်နည်းအားဖြင့် ဂရုဓမ္မတရားနှင့်ပြည့်စုံကြကုန်၏။

ကုရုဓမ္မ (ဂရုဓမ္မ) တရားဟူသည် အခြားမဟုတ်ပေ။ ငါးပါးသီလပင်တည်း။ ယင်း ငါးပါးသီလကို ကုရုတိုင်းသူပြည်သားတို့ လိုက်နာကျင့်သုံးကြသောကြောင့် “ကုရုဓမ္မ” ဟု ဆိုသည်။ လူတို့သည် အလေးအမြတ်ပြု၍ ခါးဝတ်ပုဆိုးသဖွယ် အမြဲဂရုပြုကာ ကျင့်သုံး လိုက်နာအပ်သော တရားဖြစ်သောကြောင့် “ဂရုဓမ္မ”ဟူ၍လည်း ဆိုသည်။

ယင်း ဂရုဓမ္မတရား ငါးပါးသီလနှင့် ပြည့်စုံကြသောကြောင့် ကုရုတိုင်းပြည်၌ မိုးလေဝသ ဥတုရာသီကောင်းသည်၊ ကောက်ပဲသီးနှံပြည့်စုံသည်။ သြဇာအရသာ ပြည့်ဝသော ကောက်ပဲသီးနှံတို့ကိုစားသောက်ကြရသော ပြည်သူတိုင်းသားတို့သည် ဥတုဇရုပ်, အာဟာရ ဇရုပ်တို့ကောင်းကြသဖြင့် ကျန်သောကမ္မဇရုပ်, စိတ္တဇရုပ် တို့သည်လည်း ထောက်ကန်အား ရရှိကြသည်ဖြစ်၍ ကျန်းမာကြသည်၊ ဉာဏ်ပဋိဘာန်ရှိကြသည်၊ ထက်မြက်ကြည်လင်ကြသည်ဟု ဆိုနိုင်သည်။

ကုရုတိုင်း၌ ပဓာနဖြစ်သော ကောရဗျမင်းမှစ၍ ၁၁-ဦးသော လူသူတော်ကောင်း တို့၏ မိမိတို့ အသီးအသီး သီလကို ရိုသေလေးစားစွာ ကျင့်သုံးလိုက်နာကြပုံ၊ သံသယရှိပုံတို့ကို ဂရုဓမ္မဝတ္ထုအမည်ဖြင့် စာအုပ်ငယ်ကလေးတစ်အုပ် ရေးသားထား သည်။ ကြည်ညိုလိုသူ ကြည့်ရှုလိုသူတို့သည် ဂရုဓမ္မဝတ္ထု၌ ကြည့်ကြစေလို၏။
ဤကျမ်း၌ကား ကုရုတိုင်း၌ ဥတုရာသီကောင်းခြင်း၊ ကောက်ပဲသီးနှံဖြစ်ထွန်းခြင်း၊ လူတွေကျန်းမာခြင်း၊ ဉာဏ်ပဋိဘာန် ထက်မြက်ခြင်းတို့သည် ဂရုဓမ္မတရား၊ တစ်နည်း- ကုရုဓမ္မတရားသည် အရင်းခံပဓာနဖြစ်သည်ကို ပြဆိုလိုခြင်းဖြစ်သည်။

တရားဟူသည် မျက်နှာမလိုက်၊ ပုဂ္ဂိုလ်မရွေး၊ ဒေသမရွေး၊ တိုင်းပြည်မရွေး၊ တရားကို ကျင့်သုံး လိုက်နာသော ပုဂ္ဂိုလ်, ဒေသ, တိုင်းပြည်၌ တရားက ကောင်းကျိုး ကျေးဇူးကို ပေးမည်သာဖြစ်သည်။

ကလိင်္ဂတိုင်းပြည်၌ ဂရုဓမ္မတရားကို ကျင့်သုံးလိုက်နာခြင်း မရှိသောအချိန်က မိုးခေါင် သဖြင့် ကောက်ပဲသီးနှံ မဖြစ်ထွန်းသောကြောင့် ငတ်မွတ်ကြသည်။ ကောရဗျမင်း တို့ထံမှ ဂရုဓမ္မ – ကုရုဓမ္မတည်းဟူသော ငါးပါးသီလကိုရရှိပြီး ကျင့်သုံး လိုက်နာ ကြသောအခါ မိုးလေဝသ ဥတုရာသီကောင်း၍ သာယာဝပြောရှိကြသည်။ ဤ အကြောင်းသည် သာဓကတစ်ရပ်ဖြစ်သည်

မြတ်စွာဘုရား လက်ထက်တော်၌ သုပ္ပဗုဒ္ဓကုဋ္ဌိ အမည်ရှိသော ကိုယ်ရေပြားရောဂါ ရှိသော လူဆင်းရဲတစ်ယောက် မြတ်စွာဘုရား၏ တရားစကားကို ကြားနာရပြီး တရားသဘောပေါက်သဖြင့် သောတာပန်အဖြစ်သို့ ရောက်သည်မှာလည်း တရားတော် သည် ဆင်းရဲချမ်းသာ မရွေးသည်မှာ ထင်ရှားပေသည်။
ထို့ကြောင့် လောက သံသရာ နှစ်ဌာနတို့၌ ချမ်းသာခြင်းကို အလိုရှိသောသူတို့သည် ငါးပါးသီလ အစရှိသော သီလကုသိုလ်ကို မမေ့မလျော့ စင်ကြယ်ပြည့်စုံအောင် အားထုတ်သင့်ကြပေသည်

မြတ်စွာဘုရား လက်ထက်တော် အခါက ကုရုတိုင်းပြည်၌ ရဟန်းယောက်ျား, ရဟန်းမ, ဥပါသကာ, ဥပါသိကာဟု ဆိုအပ်သော ပရိသတ်တို့သည် သတိပဋ္ဌာန် တရားကို အားထုတ်ခြင်း ရှိကြကုန်သည်ဟု သိရသည်။ အယုတ်အားဖြင့် အမှုလုပ် ကျွန် အစေခံတို့သည်ပင် သတိပဋ္ဌာန် တရားစကားကို ဆွေးနွေးပြောဆိုလေ့ ရှိကြသည်။
ရေခပ် ဗိုင်းငင့်သော အခါတို့၌လည်း သတိပဋ္ဌာန်တရားစကားကို ပြောဆို ဆွေးနွေးလေ့ ရှိကြကုန်၏။ တစ်ယောက်နှင့် တစ်ယောက် မေးမြန်းကြကုန်၏။ အချည်းနှီးစံကားကို မပြောကြကုန်ဟုဆိုသည်။

အကယ်၍ တစ်စုံတစ်ယောက်သော အမျိုးသမီးကို အို-− သမီး၊ အသင်သည် အဘယ် သတိပဋ္ဌာန် တရားတော်ကို နှလုံးသွင်း ဆင်ခြင်ပွားများပါသနည်း ဟု မေးမြန်းပါက ဘယ် သတိပဋ္ဌာန်ကိုမှ မပွားရသေးပါဟု ပြောလျှင် အို .... သမီး၊ သင်၏ အသက်ရှင်ခြင်းသည် မကောင်းလေစွတကား၊ သင်သည် အသက်ရှင်၍ နေသော်လည်း သူသေနှင့် အလားတူဘိ လေတကား-ဟု ကဲ့ရဲ့ရှုတ်ချ တတ်ကြသတဲ့။ နောက်ကို ဤကဲ့သို့ သတိပဋ္ဌာန်တရား လွတ်ကင်းပြီး မနေလေနှင့် ဟု သတိပေး ပြောကြားကာ သင့်လျော်သော သတိပဋ္ဌာန်တရားကို သင်ကြား ပေးကြသည်ဟူ၏။
ကျွန်မ မည်သည့်သတိပဋ္ဌာန်တရားတော်ကို နှလုံးသွင်း ဆင်ခြင်ပွားများပါသည်ဟု ပြောလျှင် ထိုအမျိုးသမီးအား သာဓုခေါ်ကာ ကောင်းချီးပေး၍ အသင်၏ အသက်ရှည်ခြင်းသည် ကောင်းသောအသက်ရှင်ခြင်း ဖြစ်ပါပေသည်။ သင်သည် လူ့အဖြစ်ကိုအမှန်ရသည်မည်ပါပေသည်။ မြတ်စွာဘုရားသည် သင်၏အကျိုးငှာ ပွင့်တော်မူ၍ တရားတော်ကို ဟောတော်မူခြင်း ဖြစ်ပေသည်-ဟု ပြောဆိုကာ ချီးမွမ်းကြကုန်သတဲ့၊ ကုရုတိုင်းသူပြည်သားတို့သည် အများအားဖြင့် ဤသို့လျှင် သတိပဋ္ဌာန်တရားတော်ကို လေ့လာပွားများကြသည်ဟု ဆိုသည်။

မျောက်၊ ကြက်တူရွေး စသော တိရစ္ဆာန်တို့ကို က-တတ်ပြောတတ်အောင် သင်ကြား ပေးကာ အရပ်ဒေသတို့၌လိုက်၍ ပြသအသက်မွေးနေသော လူတစ်ယောက်သည် ဘိက္ခုနီမကျောင်း၌ မေ့လျော့သဖြင့် ကျန်ရစ်ခဲ့သော ကြက်တူရွေးကို သာမဏေမ ကလေးများက ကျွေးမွေးထားရာ ဗုဒ္ဓရက္ခိတဟူ၍ အမည်ပေးထားသတဲ့။
ဘိက္ခုနီထေရီမကြီးက အရိုးစုအရိုးစုဟု ရွတ်ဆိုနေရန် ဗုဒ္ဓရက္ခိတကို သင်ပေး ထားသဖြင့် ကြက်တူရွေး ဗုဒ္ဓရက္ခိတ သည် မိမိခန္ဓာနှင့်တကွ ခန္ဓာကိုယ်ဟူသမျှသည် အရိုးတွေသာဖြစ်သည်ဟု စိတ်ကလည်း ဆင်ခြင် နှုတ်ကလည်း ရွတ်ဆိုနေတတ် လေသည်။
ဗုဒ္ဓရက္ခိတသည် တစ်နေ့သော နံနက်ခင်း၌ ဝင်းထရံတိုင်ထိပ်၌ နေပူဆာလှုံနေစဉ် သိမ်းစွန်သည် အမှတ်မဲ့ အရှိန်ဖြင့်ထိုးဆင်းကာ ဗုဒ္ဓရက္ခိတကို သုတ်ချီသွား၏။ သာမဏေမကလေးတွေ သိ၍ ဝိုင်းအော်ပြီး ခဲဖြင့် ခြောက်လှန့်ကြသောကြောင့် သိမ်းစွန်သည် ဗုဒ္ဓရက္ခိတကို လွှတ်ပစ်ကာ ပြန်ပြေး၏။
သာမဏေမကလေးများသည် ဗုဒ္ဓရက္ခိတကိုယူ၍ ထေရီမကြီးရှေ့ သွားပို့ကြ၏။ ထိုအခါ ထေရီမကြီးက ဗုဒ္ဓရက္ခိတ သိမ်းစွန်ချီသွားစဉ်က မင်းဘယ်လိုများ နှလုံးသွင်း သနည်း-ဟု မေးရာ၊ အရှင်မဘုရား သိမ်းစွန်ချီသွားစဉ်က ဪ--- အရိုးစုတစ်ခုက အရိုးစုတစ်ခုကို ချီသွားလေရဲ့၊ ဘယ်နေရာမှာ သည်အရိုးတွေကို ကြဲချခဲ့လေမလဲ-ဟု အဋ္ဌိကကမ္မဋ္ဌာန်း အရိုးစု သတိပဋ္ဌာန်တရားကို နှလုံးသွင်းပါသည်ဟု ပြောသတဲ့။
ကုရုတိုင်း၌ ထိုအခါက လူများသာ မဟုတ်၊ ကြက်တူရွေးကဲ့သို့သော တိရစ္ဆာန်သည် ပင်လျှင် သတိပဋ္ဌာန်တရား ပွားများပေသည်ဟု ဆိုသည်။

ထိုသတိပဋ္ဌာန် တရားတော်သည် နိဗ္ဗာန်သို့ သွားရောက်ရာ၌ တစ်ကြောင်းတည်းသော လမ်းဖြစ်သည်။ မြတ်စွာဘုရားသည် လေးဆယ့်ငါးဝါ ကာလပတ်လုံး ပုဂ္ဂလဇ္ဈာသယ အားလျော်စွာ အာသယာနုသယအခြေအနေ ဣန္ဒြေအနုအရင့် သို့လိုက်၍ အထူးထူးသော တရားဒေသနာတော်တို့ကို ဟောကြားတော်မူ သော်လည်း သတိပဋ္ဌာန် တရားတော်နှင့် ကင်းသောတရားမရှိ၊ သတိပဋ္ဌာန် ဒေသနာတော် လေးပါးတွင် တစ်ပါးပါး၌ ပါဝင်သော တရားတော်ချည်းသာ ဖြစ်သည်။
သို့ကြောင့် “ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ = နိဗ္ဗာန်သို့သွားရာ သွားကြောင်း မဂ္ဂင်လမ်းသည် သတိပဋ္ဌာန်တရား တည်းဟူသော လမ်းကြောင်း တစ်ပါးသာ ရှိသည်” ဟူ၍ ဟောတော်မူသည်။

ဧကာယန ဟူသောပုဒ်ကို ဝစနတ္ထပြုလျှင် “ဧကေန အယိတဗ္ဗောတိ ဧကာယနော” ဟု ပြုရမည်။ အပေါင်းအဖော် အသင်းအပင်းတို့မှခွဲ၍ တစ်ယောက်ထီးတည်း ဆိတ်ငြိမ်ရာသို့ချဉ်းကပ်၍ အာရုံငါးပါးဆိတ်ရာ၌ အားထုတ် ကျင့်သုံးအပ်သော သတိပဋ္ဌာန် တရားတော်သည် ဧကာယန မည်သည်ဟု ဆိုသည်။

တစ်နည်း -
အယန္တိ ဝါ ဧတေနာတိ အယနော = သံသရာ ဝဋ်ဆင်းရဲမှ နိဗ္ဗာန်သို့ ဤသတိပဋ္ဌာန် လမ်းခရီးဖြင့်သာ သွားကြရကုန်သည်ဟု ဆိုသည်။

တစ်နည်း -
ဧက အယနော ဧကာယနော = ရှေးဦးစွာ မြတ်စွာဘုရား တစ်ဆူတည်းသာ နိဗ္ဗာန်သို့ ကြသွားတော်မူရာ လမ်းခရီးဖြစ်သောကြောင့် ဧကာယန မည်သည်ဟု ဆိုသည်။

မြတ်စွာဘုရားမှတစ်ပါး အခြားသော လူ နတ် ဗြဟ္မာတို့သည်လည်း ဤသတိပဋ္ဌာန် လမ်းဖြင့်သာ နိဗ္ဗာန်သို့သွားကြသည် မဟုတ်ပါလော-ဟူမူ၊ အခြားသော ပုဂ္ဂိုလ် တို့သည်လည်း ဤသတိပဋ္ဌာန်လမ်းဖြင့်သာ နိဗ္ဗာန်သို့သွားကြသည်မှန်သော်လည်း မြတ်စွာဘုရားသည် ကိုယ်တော်တိုင် လမ်းထွင်၍ ရှေးဦးစွာကြွတော်မူကာ သတိပဋ္ဌာန် လမ်းကို ဖြစ်စေတော်မူသောကြောင့် မြတ်စွာဘုရားတစ်ဆူတည်းသာ ကြွတော်မူသော လမ်းဟု ဥပစာအားဖြင့် ဆိုခြင်းဖြစ်သည်။

တစ်နည်း -
အယတီတိ ဝါ အယနော၊ ဧကသ္မိံ အယနော ဧကာယနော = ဤမြတ်စွာဘုရား သာသနာတော်၌သာလျှင် နိဗ္ဗာန်ရောက်ကြောင်း သတိပဋ္ဌာန် မဂ္ဂင်လမ်း ကြောင်း ရှိသည်၊ အခြားသော အယူဝါဒတို့၌မရှိ ဟု ဆိုသည်။

စင်စစ်သော်ကား - တစ်ခုတည်းသော နိဗ္ဗာန်သို့ ရောက်စေတတ်သောကြောင့် “ဧကာယန” ဟု ဟောတော်မူသည်ဟုဆိုသည်။ ပုဗ္ဗဘာဂပဋိပဒါအားဖြင့် မဂ်ဖိုလ်သို့ မရောက်မီ ရှေ့အဖို့ အထူးထူးသော ဝိပဿနာ ဘာဝနာတို့ကို ပွားများအားထုတ် ခဲ့သော်လည်း နောက်ဆုံး၌ တစ်ပါးတည်းသော နိဗ္ဗာန်သို့သာလျှင် ရောက်စေ တတ်သော သတိပဋ္ဌာန်တရားတော်ဖြစ်သည်ဟု -ဆိုလိုသည်။

စိတ်စင်ကြယ်မှု ရရှိခြင်း

မြတ်စွာဘုရားသည် ဤသတိပဋ္ဌာန် ဒေသနာတော်ကို အဘယ်ကဲ့သို့ အကျိုး ကျေးဇူးတို့ကို ရရှိတော်မူစေလိုသောကြောင့် ဟောတော်မူသနည်း- ဟု မေးလျှောက်ဖွယ် ရှိသောကြောင့် နိဗ္ဗာန်သို့ သွားကြောင်းလမ်းသည် သတိပဋ္ဌာန် တည်းဟူသော လမ်းကောင်း လမ်းမှန် တစ်လမ်းသာလျှင် ရှိသည်ဟု ဟောတော်မူပြီးနောက် “သတ္တာနံ ဝိသုဒ္ဓိယာ” ကို ဆက်လက်ဟောတော်မူသည်။
ရာဂအစရှိသော ကိလေသာတို့ဖြင့် လည်းကောင်း၊ အဘိဇ္ဈာ, ဝိသမလောဘ အစ ရှိကုန်သော ညစ်နွမ်းကြောင်းတို့ဖြင့် လည်းကောင်း ညစ်နွမ်းသော စိတ်အစဉ် ရှိကြကုန်သော သတ္တဝါတွေ ထိုထိုကိလေသာ အညစ်အကြေးတို့မှ ကင်းလွတ် ပပျောက်၍ ဖြူစင်သော ကုသိုလ်စိတ်တွေ ဖြစ်ပေါ်ကြစေခြင်းငှာ ဟောတော်မူပါသည်- ဟု ဖြေဆိုရပေမည်။

အဘယ်ကြောင့် ကိလေသာ အညစ်အကြေးတို့မှ ကင်းလွတ်ဖြူစင်သော ကုသိုလ် စိတ်ဖြစ်ပေါ်ကြလေအောင် ဟောတော်မူသနည်း ဟူမူ ဤကမ္ဘာမှ နောက်ပြန် ရေတွက်သော် ကမ္ဘာတစ်သိန်း အလွန်ရှိသော လေးသင်္ချေထက်၌ တစ်ကမ္ဘာ အတွင်း၌ပင် ပွင့်တော်မူ ကြသော တဏှင်္ကရာ, မေဓင်္ကရာ, သရဏင်္ကရာ, ဒီပင်္ကရာ-ဟူသော ဘုရားရှင်တို့မှ အစပြု၍ ဘုန်းကြီးတို့၏ ကျေးဇူးတော်ရှင် ဖြစ်တော်မူသော ဂေါတမမြတ်စွာဘုရား တိုင်အောင် အဆူဆူသော မြတ်စွာဘုရားရှင်တို့သည် လည်းကောင်း၊ များစွာကုန်သော ပစ္စေကဗုဒ္ဓါ အရှင်တို့သည်လည်းကောင်း၊ မရေတွက်နိုင်ကုန်သော အရှင်သာဝကထေရ် တို့သည်လည်းကောင်း ဤပြဆို အပ်ခဲ့သော ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာ အရိယာမြတ် တို့သည် အညစ်အကြေး ဖြစ်ကုန်သော ကိလေသာတရားတို့ကို စိတ်မှ လွတ်ကင်းပပျောက် စေတော် မူကြပြီးကာလ အလွန်သန့်ရှင်းစင်ကြယ်သော စိတ်အစဉ်ရှိတော်မူကြကုန်သည် ဖြစ်၍ ဖြူစင်သန့်ရှင်း၍ ငြိမ်းအေးလှစွာသော နိဗ္ဗာန်သို့ ဝင်စံကြွရောက် တော်မူလေကုန်ပြီ။
ဤသို့သော ကျေးဇူးဂုဏ်တို့ကို အာရုံပြုတော်မူ၍ မြတ်စွာဘုရားသည် သတ္တဝါတို့၏ စိတ်အစဉ်၌ ကိလေသာ အညစ်အကြေးတို့မှ စင်ကြယ်တော်မူစေခြင်းငှာ သတိပဋ္ဌာန် ဒေသနာတော်ကို ဟောတော်မူပါသည်ဟု ဆိုပါသည်။

သတ္တဝါတို့ သန္တာန်၌ ရူပကာယ = ရုပ်အပေါင်း၊ နာမကာယ = နာမ်အပေါင်းဟူ၍ ရုပ်နာမ်နှစ်ပါးရှိရာ ထိုနှစ်ပါးတွင် နာမ်တရားသည် ပဓာနဖြစ်၏။ နာမ်တရားဖြစ်သော နာမက္ခန္ဓာလေးပါး ရှိရာတွင်လည်း စိတ်တည်းဟူသော ဝိညာဏက္ခန္ဓာသည် ပဓာန ဖြစ်၏
နာမက္ခန္ဓာလေးပါးတို့တွင် စိတ်သည်ပြဋ္ဌာန်း၏။ ရှေ့သွား ဦးဆောင်ဖြစ်၏။ စိတ်ဖြစ်မှသာ ဆိုင်ရာဆိုင်ရာ စေတသိက်တွေ ဖြစ်နိုင်၏။ စိတ်ချုပ်လျှင် စေတသိက် တွေချုပ်ကြ၏ စိတ်စင်ကြယ်လျှင် စေတသိက်တွေလည်းစင်ကြယ်၏။ ထို့ကြောင့် စိတ်သည် နာမ်တရား တို့တွင် ပဓာနဖြစ်၏၊ ပြဋ္ဌာန်း၏၊ ရှေ့သွားဦးဆောင်ဖြစ်၏။ ထို့ကြောင့် စိတ်စင်ကြယ် ခြင်းငှာ ဟောတော်မူ၏။

ရူပက္ခန္ဓာ ဟူသော ရုပ်စင်ကြယ်ခြင်းဖြင့် ကိလေသာတို့မှ စင်ကြယ်သည်ဟု မြတ်စွာဘုရား ဟောတော်မမူပေ။ စိတ်စင်ကြယ်မှသာလျှင် စင်ကြယ်ခြင်း အမှန် ဖြစ်သည်ဟု ဟောတော်မူကြောင်းကို --
စိတ္တသံကိလေသာ ဘိက္ခဝေ သတ္တာ သံကိလိဿန္တိ စိတ္တဝေါဒါနာ ဝိသုဇ္ဈန္တိ =
ရဟန်းတို့ စိတ်ညစ်နွမ်းလျှင် ညစ်နွမ်းသည် မည်ပေသည်၊ စိတ်စင်ကြယ်လျှင် စင်ကြယ်သည် မည်ပေသည်- ဟု ဟောတော်မူသည်။
ယင်း စိတ်စင်ကြယ်ခြင်းသည်လည်း ဤ သတိပဋ္ဌာန်တရားတော်ဖြင့်သာ၊ ဝါ- သတိပဋ္ဌာန်လမ်းဖြင့်သာ စင်ကြယ်ခြင်း ဖြစ်သည်ဟု ဟောတော်မူသည်။

သတိပဋ္ဌာန်တရားကို ပွားများ အားထုတ်သော ယောဂီပုဂ္ဂိုလ်သန္တာန်၌ ရာဂအစ ရှိသော အညစ်အကြေး ကိလေသာတို့မှ စင်ကြယ်သောစိတ်, သန့်ရှင်းကြည်လင် သောစိတ် ဖြစ်ခြင်း အကျိုးကိုသာ ရရှိသည်မဟုတ်၊ အခြားသော အကျိုးကျေးဇူး တို့ကိုလည်း ရရှိကြပေသေးသည်-ဟူ၍ ညွှန်ပြတော်မူလိုသော မြတ်စွာဘုရားသည် “ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ” ကို ဆက်လက် ဟောတော်မူသည်။

သတ္တဝါတို့၏ သန္တာန်၌ ဖြစ်ပေါ်တတ်သော ဒုက္ခဝေဒနာ, ဒေါမနဿဝေဒနာတို့ ချုပ်ငြိမ်း ပပျောက်စေခြင်းငှာလည်း သတိပဋ္ဌာန် တရားတော်ကို မြတ်စွာဘုရား ဟောကြားတော်မူပါသည်ဟု ဆိုလိုသည်။
ဤစကားရပ်၌ ဒုက္ခဟူသည် ရူပကာယကို မှီ၍ဖြစ်သော ဒုက္ခဝေဒနာဖြစ်၏။ ဒေါမနဿဟူသည် စိတ်ကိုမှီ၍ဖြစ်သော ဒေါမနဿဝေဒနာဖြစ်၏။ ထိုကိုပင် ကာယိကဒုက္ခ, စေတသိကဒုက္ခ ဟူ၍ ဆိုသည်။
ယင်းသို့သော ဒုက္ခ, ဒေါမနဿ တို့မှလည်း လွတ်မြောက်ခြင်း၊ ဒုက္ခ, ဒေါမနဿတို့ ချုပ်ငြိမ်းခြင်း အကျိုးကျေးဇူးတို့ကိုလည်း သတိပဋ္ဌာန်တရားတော်က ပေးပါသည်ဟု ဆိုလိုသည်။

ကိုယ်ဆင်းရဲမှ ငြိမ်းချမ်းခြင်း

မိမိကိုယ်တိုင် ပေါင်ကို ကျောက်တုံးဖြင့် ရိုက်ချိုးသဖြင့် ကာယိကဒုက္ခဝေဒနာ ဖြစ်ပေါ်နေသော တိဿမထေရ်သည် ဤဝေဒနာကို ခွာ၍၊ ဝါ- အာရုံမပြုမူ၍၊ ပွားများမြဲ ဖြစ်သော သတိပဋ္ဌာန်ဘာဝနာကို ပွားများလေရာ အရဟတ္တဖိုလ်တို့ ရောက်သဖြင့် ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ဝင်စံတော်မူလေပြီ။

စိတ်ဆင်းရဲမျှ ငြိမ်းချမ်းခြင်း

သိကြားနတ်မင်းသည်လည်း “ဆင်နားပန်ညှိုး၊ ချိုင်းကြားချွေးယို၊ ကိုယ်ရောင် ဆင်းပျက်၊ နန်းထက်မမွေ့၊ နတ်ဘုန်းဟေ့၊ စုတေ့နိမိတ်ငါး”ဟူသော လင်္ကာအရ နတ်သိကြားဘဝမှ စုတေသေလွန်မည့်နိမိတ် ၅-မျိုး ထင်မြင်ဖြစ်ပေါ်လာရာ သေခြင်းဘေးမှ ကြောက်ရွံ့ထိတ်လန့်ကာ စိတ်နှလုံးမချမ်းသာခြင်း ဒေါမနဿဖြစ်၍ မှီခိုအားထားရာကို ကြည့်ရာ မြတ်စွာဘုရားကို ဉာဏ်၌ မြင်သည်ဖြစ်၍ မြတ်စွာဘုရားထံ အဆောတလျင် သွားရောက် ဆည်းကပ်ပြီးကာလ သက္ကပဉှာ သုတ်၌လာသည့်အတိုင်း မြတ်စွာဘုရားအား အမေးပြဿနာကို မေးလျှောက်သည်။
အဆင့်ဆင့် မေးလျှောက်ခဲ့ရာ ဥပေက္ခာဝေဒနာ ပြဿနာအဖြေ အဆုံး၌ ရှစ်သောင်းသော နတ်တို့နှင့် အတူတကွ သိကြားနတ်မင်းသည် သောတာပတ္တိဖိုလ်၌ တည်လေသည်။ သိကြားနတ်မင်း အဖြစ်သို့လည်း တစ်ဖန်ပြန်ဖြစ် လေသည်။ ထိုအခါ သတိပဋ္ဌာန်တရားတော်ကြောင့်၊ ဝါ- သတိပဋ္ဌာန်တည်းဟူသော လမ်းသို့ ရောက်သောကြောင့် သိကြားနတ်မင်းသန္တာန်၌ ဖြစ်ပေါ်ခဲ့သော ဒေါမနဿဝေဒနာ ချုပ်ပျောက်ငြိမ်းအေးခြင်းသို့ ရောက်လေသည်။
ဤသို့လျှင် သတိပဋ္ဌာန်ဒေသနာတော်သည် ဒုက္ခ, ဒေါမနဿတို့ ချုပ်ပျောက် ငြိမ်းအေးစေခြင်းအကျိုးလည်း ရှိပါပေသည်ဟု ဆိုသည်။

သုဗြဟ္မာနတ်သား အကြောင်းကိုလည်း သိမှတ်သင့်ကြပေသည်။ သုဗြဟ္မာ နတ်သားသည် နတ်သမီးအခြွေအရံ တစ်ထောင်ဖြင့် နတ်စည်းစိမ်ကို ခံစားကာ ပျော်မွေ့ ရွှင်လန်းစွာ နေသောအချိန်၌ ပန်းပင်မှ ပန်းတို့ကို ဆွတ်ခူးနေသော မိမိ၏အခြွေအရံထဲမှ နတ်သမီးငါးရာတို့သည် စုတေ သေလွန်ပြီးကာလ ငရဲသို့ ကျရောက်ကြကုန်၏။
သုဗြဟ္မာ နတ်သားက သည်နတ်သမီးတွေကြာလှပြီ ဘယ်များသွားနေကြသနည်းဟု ဆင်ခြင်ကြည့်ရှုသောအခါ ထိုနတ်သမီး ငါးရာလုံး စုတေသေလွန်ပြီး ငရဲသို့ ကျရောက်ကာ ဒုက္ခခံစား နေကြရသည်ကို မြင်သတဲ့။ အဲသည်အခါ ငါကော နတ်သက် ဘယ်လောက်ရှိသေး သံနည်းဟု ဆင်ခြင်ကြည့်ရှုမိရာ မိမိနတ်သက်တမ်း လည်း ကုန်နေသည်ကို လည်းကောင်း၊ နတ်ဘဝမှ စုတေသေလွန်ပြီး ငရဲသို့ ကျဦးမည်ကို မြင်တော့သတဲ့။
ထိုအခါ သုဗြဟ္မာ နတ်သားသည် အလွန်ကြောက်ရွံ့ထိတ်လန့် နှလုံးမသာမယာခြင်း ဒေါမနဿဖြစ်၍ ငါ့သန္တာန်၌ ဖြစ်သော နှလုံးမသာယာခြင်း ဤဒေါမနဿကို အခြားပုဂ္ဂိုလ် ကင်းငြိမ်း ပပျောက်အောင် ပြုလုပ်နိုင်မည် မဟုတ်ချေ၊ မြတ်စွာဘုရား သည်သာလျှင် သည် ဒေါမနဿကို ကင်းငြိမ်းပပျောက်အောင် ပြုလုပ်ပေးတော် မူနိုင်မည်ဟုသိမြင်၍ ကျန်သော နတ်သမီး ငါးရာတို့ကို ခေါ်ယူခဲ့၍ မြတ်စွာဘုရားထံ ရိုသေလေးမြတ်စွာ ချဉ်းကပ်ကာ ပုစ္ဆာမေးမြန်း လျှောက်ထားသည်။
“မြတ်စွာဘုရား --- ယခုအချိန်အခါ၌ တပည့်တော်၏ စိတ်တို့သည် အမြဲ တုန်လှုပ် ချောက်ချားကာ နှလုံးမချမ်းမသာ အလွန်ဖြစ်နေပါသည်။ ဤနှလုံးမသာမယာခြင်း ဒေါမနဿကို ပယ်ဖျောက် ငြိမ်းအေးစေနိုင်သော တရားတော်ကို ဟောကြားတော် မူပါ မြတ်စွာဘုရား”ဟု .. လျှောက်ထား တောင်းပန်သတဲ့။
စိတ်ပူပန်ခြင်းသောက, ဒေါမနဿတို့ ဖြစ်နေခြင်းအကြောင်းမှာ ချစ်မြတ်နိုးသော မိမိ၏အခြွေအရံ နတ်သမီးငါးရာ အဝီစိငရဲ၌ ကျရောက်၍ ဒုက္ခခံစားနေရသည်ကို မြင်သောကြောင့် တစ်ကြောင်း၊ နောက် ခုနစ်ရက် ကြာလျှင် ကျန်သောနတ်သမီး ငါးရာတို့နှင့်တကွ မိမိကိုယ်တိုင် အဝီစိငရဲသို့ ကျရောက်ရဦးမည်ကို မြင်သောကြောင့် တစ်ကြောင်း အကြောင်းနှစ်မျိုးတို့ကြောင့် သုဗြဟ္မာနတ်သား၏ စိတ်သည် နှလုံး မသာမယာခြင်း, ပူပန်ခြင်း, စိုးရိမ်ခြင်းတို့ဖြင့် ဝိုင်းဝိုင်းလည်ကာ မတည်မငြိမ်ဘဲ တုန်လှုပ်ချောက်ချား သောကဗျာပါဒများနေခြင်း ဖြစ်သည်။

ဤနေရာ၌ သေရခြင်းဘေးကိုလည်းကောင်း၊ ဘယ်ဘုံ ဘယ်ဘဝသို့ ရောက်ရ မည်ကိုလည်းကောင်း ကြိုတင်၍ မသိကြရတော့ သူရောကိုယ်ပါ လူသတ္တဝါ တို့သည်ကား “မျက်စိကန်း တစ္ဆေမကြောက်” ဟူသကဲ့သို့ ဘေးကို မမြင်မသိ၍ မကြောက်မရွံ့ အမှတ်မဲ့ အမှုမဲ့နေကြသည်မှာ စဉ်းစားက ကြောက်ဖွယ် ကောင်းလှပေသည်

ဇီဝိတံ ဗျာဓိ ကာလော စ၊
ဒေဟနိက္ခေပနံ ဂတိ။
ပေဉ္စတေ ဇီဝလောကသ္မိံ၊
အနိမိတ္တာ န နာယရေ။

ဟူသော ဒေသနာတော် ရှိသည်ဖြစ်၍ ဘယ်တော့သေမည်၊ ဘယ်ရောဂါကြောင့် သေမည်၊ နံနက် ည ဘယ်အချိန်သေမည်၊ သည်ခန္ဓာကိုယ်ကို ဘယ်နေရာ၌ ပစ်ချရ မည်၊ သေဆုံးပြီးကာလ ဘယ်သို့သော ဘုံဘဝ ရောက်ရမည်ကို ကြိုတင်၍ မသိကြသော လူတို့သည် အမှတ်မဲ့ မေ့လျော့ပေါ့ဆစွာ မနေသင့်ကြပေ

နတ်သမီးငါးရာတို့သည် အမှတ်မဲ့နေခဲ့ကြသည်ဖြစ်၍ ရုတ်တရက် ဥပစ္ဆေဒကကံက ဝင်၍ အကျိုးပေးသွားသည်ကို အလစ်ခံလိုက်ရခြင်းဖြစ်သည် ဆိုရမည်။ သုဗြဟ္မာ နတ်သားသည်ကား နတ်သမီးငါးရာတို့ကို အကြောင်းပြုပြီး မိမိ၏ အသက်တမ်းကို ဆင်ခြင်မိ၍ ကြောက်ရွံ့ထိတ်လန့်ကာ နှလုံး မသာမယာခြင်းဖြစ်သည်။
ခိုကိုးအားထားရာကို ကြည့်ရှုသောအခါ ကံကောင်း၍ မြတ်စွာဘုရားကိုသတိရကာ သပ္ပုရိသူပနိဿယမင်္ဂလာကို ရရှိသဖြင့် ဆောက်တည်ရာကို ရသွားပေသည်။ ပဋာစာရီထေရီမ ကဲ့သို့သော သောက, ပရိဒေဝမီးပူလောင်ခဲ့သော ပုဂ္ဂိုလ်တို့သည် လည်း သတိပဋ္ဌာန် ဆေးတော်ဖြင့်သာလျှင် မီးငြိမ်း၍ ချမ်းသာကြပေသည်

လောကုတ္တရာမဂ္ဂင် ရရှိခြင်း

မြတ်စွာဘုရားသည် သတိပဋ္ဌာန် တရားတော်၏ အကျိုးကျေးဇူးကို ဆက်လက်၍ ညွှန်ပြတော်မူပြန်သည်မှာ ဉာယဿ အဓိဂမာယ = ကိလေသာ အညစ်အကြေးတို့မှ ကင်းလွတ်သဖြင့် ဖြူစင်သန့်ရှင်းသော လောကုတ္တရာမဂ္ဂင် တရားကို ရခြင်းငှာလည်း သတိပဋိပဋ္ဌာန် ဒေသနာတော်သည် လမ်းကြောင်းလမ်းကောင်း ဖြစ်သည်ဟု ညွှန်ပြတော်မူသည်။
သတိပဋ္ဌာန်တရားကိုပွားများခြင်းသည် ပုဗ္ဗဘာဂပဋိပဒါ ဟုဆိုအပ်သော လောကီ မဂ္ဂင်တရား ဖြစ်သည်။ လောကီမဂ္ဂင်ကို ပွားများ အားထုတ်သဖြင့် လောကုတ္တရာ အရိယာမဂ္ဂင်ကို ရလေသည်

နိဗ္ဗာန်ရရှိခြင်း

မြတ်စွာဘုရားသည် သတိပဋ္ဌာန်၏ အကျိုးကျေးဇူးကို တစ်ဖန် ဆက်လက်၍ ဟောတော်မူပြန်သည်မှာ “နိဗ္ဗာနဿ သစ္ဆိကရဏတ္ထာယ” ဟူ၍ဖြစ်သည်။
လောကီမဂ္ဂင် တည်းဟူသော သတိပဋ္ဌာန်တရားတော်ကို ပွားများသောပုဂ္ဂိုလ်သည် နိဗ္ဗာန်ချမ်းသာကို ကိုယ်တွေ့ဉာဏ်မြင်ရခြင်း အကျိုးကျေးဇူးလည်းရှိသည်ဟု ဟောကြား ညွှန်ပြတော်မူသည်။
ငြိမ်းအေးခြင်းသဘောကို “နိဗ္ဗာန်”ဟူ၍ အမည် ပညတ်သည်။ အဘယ်ကြောင့် ငြိမ်းအေးသနည်းဟူမူ- ပူလောင်စေတတ်သော သဘောရှိသော ဒုက္ခ၏ဖြစ်ကြောင်း ဖြစ်သော ဝါန - ဟုဆိုအပ်သော တဏှာအပူမီးမှ ကင်းလွတ်သောကြောင့် ဖြစ်ပေသည်။
ဤသို့လျှင် သတိပဋ္ဌာန် တရားတော်သည် တဏှာတည်းဟူသော အပူမီးကိုလည်း ငြိမ်းအေးစေသော အကျိုးကျေးဇူးရှိပေသည်ဟု ဟောတော်မူသည်။

သတိပဋ္ဌာန်တရားတော်ကို ရဟန်းတော်တို့မှစ၍ ပရိသတ်လေးမျိုးတို့သည် လိုလို ချင်ချင် စိတ်အားထက်သန်စွာ အားထုတ်ပွားများစေလိုသော ကရုဏာတော်ဖြင့် သတိပဋ္ဌာန် တရားတော်ကို အားထုတ် ပွားများသောသူတို့၌ လက်ငင်းပစ္စက္ခ ကာလ၌ပင်လျှင် ရရှိမည့် အကျိုးကျေးဇူးတို့ကို ညွှန်ပြတော်မူပြီးလျှင် ထိုသတိပဋ္ဌာန် တရားတော်သည် အမျိုးအားဖြင့် လေးမျိုးရှိသည်ဟု ဆက်လက် ဟောကြား တော်မူသည်။
လေးမျိုးဟူသည်မှာ-
၁။ ကာယာနုပဿနာ သတိပဋ္ဌာန်
၂။ ဝေဒနာနုပဿနာ သတိပဋ္ဌာန်
၃။ စိတ္တာနုပဿနာ သတိပဋ္ဌာန်
၄။ ဓမ္မာနုပဿနာသတိပဋ္ဌာန်တို့ ဖြစ်သည်။

သတိပဋ္ဌာန်တရားကို လေးမျိုးခွဲခြား၍ ဟောတော်မူသည်မှာ ဓမ္မပဋိဂ္ဂါဟက တရားနာ ပုဂ္ဂိုလ်၊ သို့မဟုတ် ယောဂီပုဂ္ဂိုလ်၏ ပုဂ္ဂလဇ္ဈာသယ အားလျော်စေရန် လည်းကောင်း၊ ဉာဏ်အနုအရင့် အားလျော်စေရန် လည်းကောင်း ခွဲခြား၍ ဟောတော်မူသည်။
တစ်နည်းအားဖြင့် ရာဂစရိုက်, ဒိဋ္ဌိစရိုက် အားလျော်စွာ ဟောတော်မူသည်။ သမထယာနိကပုဂ္ဂိုလ်, ဝိပဿနာယာနိက ပုဂ္ဂိုလ်တို့တွင် အမြင်ဉာဏ်နုံ့သောပုဂ္ဂိုလ်၊ အမြင်ဉာဏ်ထက်သော ပုဂ္ဂိုလ်ဟူ၍, ရှိပေသည်။
အမြင်ဉာဏ်နုံ့သော မန္ဒပုဂ္ဂိုလ်, တဏှာစရိုက် အားကြီးသော ပုဂ္ဂိုလ်အား ရည်ရွယ် တော်မူ၍ ကာယာနုပဿနာသတိပဋ္ဌာန်ကို ဟောတော်မူသည်။
အမြင်ဉာဏ် ထက်မြက်သော ပုဂ္ဂိုလ်အား ရည်ရွယ်၍ သိမ်မွေ့သော ဝေဒနာနုပဿနာ သတိပဋ္ဌာန်ကို ဟောတော်မူသည်။
ဉာဏ်အမြင်နုံ့သော ဒိဋ္ဌိစရိုက်ရှိသော ပုဂ္ဂိုလ်အားလည်း မကျယ်လွန်းသော စိတ္တာနုပဿနာသတိပဋ္ဌာန်ကို ဟောတော်မူသည်။
အမြင်ဉာဏ်ထက် ပုဂ္ဂိုလ်အား ရည်ရွယ်၍ ကျယ်ဝန်းသော ဓမ္မာနုပဿနာ သတိပဋ္ဌာန်ကို ဟောတော် မူသည်ဟု ဆိုသည်။

တစ်နည်းအားဖြင့်-
ဉာဏ်အမြင်နှံ့သော သမထယာနိက ပုဂ္ဂိုလ်အားရည်ရွယ်၍ မပင်မပန်းရအပ်သော နိမိတ်ဖြစ်သော ကာယာနုပဿနာသတိပဋ္ဌာန်ကို ဟောတော်မူသည်။
အမြင်ဉာဏ်ထက်မြက်သော သမထယာနိက ပုဂ္ဂိုလ်အား ရည်ရွယ်၍ ဝေဒနာနုပဿနာ သတိပဋ္ဌာန်ကို ဟောတော်မူသည်။
အမြင်ဉာဏ်နုံ့သော ဝိပဿနာယာနိက ပုဂ္ဂိုလ်အား ရည်ရွယ်၍ စိတ္တာနုပဿနာ သတိပဋ္ဌာန်ကို ဟောတော်မူသည်။
အမြင်ဉာဏ်ထက်မြက်သော ဝိပဿနာယာနိက ပုဂ္ဂိုလ်အား ရှည်ရွယ်၍ ဓမ္မာနုပဿနာ သတိပဋ္ဌာန်ကို ဟောတော်မူသည်ဟု ဆိုသည်။
ဤသို့အားဖြင့် သတိပဋ္ဌာန်ဒေသနာတော်သည် လေးမျိုးဖြစ်သည်ဟု အဋ္ဌကထာ ဆရာ ခွဲခြားပြလေသည်။

ဤသို့လျှင် ထုတ်ဆောင် ပြဆိုအပ်သော အကြောင်း အခြင်းအရာတို့သည် သတိပဋ္ဌာန်တရားတော်ကို မြတ်စွာဘုရား ဟောတော်မူခြင်း အကြောင်းတို့ ဖြစ်ကုန်သည် ဟူ၍ မှတ်အပ်ပေသည်။
သတိပဋ္ဌာန်တရားတော်ကို ပွားများလေ့လာ အားထုတ်ကြကုန်သော ရဟန်းရှင်လူ တို့သည် ထိုတရားတော်ကို အားထုတ်ခြင်းကြောင့် --

  • ကိလေသာ အညစ် အကြေးတို့မှ စင်ကြယ်သန့်ရှင်းခြင်းအကျိုး၊
  • သောက, ပရိဒေဝတို့မှ လွတ်မြောက်ခြင်းအကျိုး၊
  • ဒုက္ခဒေါမနဿတို့၏ ချုပ်ငြိမ်းကင်းပျောက်ခြင်းအကျိုး၊
  • အရိယာမဂ္ဂင်တရားကို ရရှိခြင်း အကျိုး၊
  • အပူငြိမ်းအေးသော နိဗ္ဗာနဓာတ်ကို ကိုယ်တွေ့ ဉာဏ်မြင့် ရရှိခြင်းအကျိုး၊

အကျိုးကျေးဇူးတို့ကို အမှန်ပင် ရရှိကြပေလိမ့်မည်ဟု ယုံကြည်သော သဒ္ဓါ တရားဖြင့် လေးမျိုးသော သတိပဋ္ဌာန်တရားတို့တွင် မိမိတို့ဆန္ဒရှိရာ မိမိတို့ အထုံဝါသနာနှင့် သင့်လျော်ရာ သတိပဋ္ဌာန် တရားတော်ကို ပွားများ အားထုတ်ကြ ပါစေကုန်သတည်း
ပွားများ အားထုတ်သည် အားလျော်စွာ နိဗ္ဗာန်တိုင်အောင်သော ကောင်းကျိုးကျေးဇူး တို့ကိုလည်း အသီးအသီး ရရှိကြပါစေကုန်သတည်း။

မဟာသတိပဋ္ဌာန်တရားတော် နိဒါန်းပြီး၏။

ဓမ္မာနုပဿနာ သတိပဋ္ဌာန် တရားတော်

▬▬ஜ۩۞۩ஜ▬▬▬

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ပဏာမနှင့် ပဋိညာဉ်

၁။ နမာမိ သတိပဋ္ဌာနံ
ဝရံ နိဗ္ဗာနပါပကံ
သုဒေသိတံ သမ္ဗုဒ္ဓေန
သောကာဒိသမတိက္ကမံ

၂။ တိတ္တံ ခေါ နုပဿနာနံ
အတ္ထော မယာ သုဒဿိတော
ဓမ္မာနုပဿနဿာပိ
ဒါနိ အတ္ထံ သုဒဿိဿံ

၁။ အဟံ၊ ပဏ္ဍိတဟု နာမမည်တွင် ငါအရှင်သည်။
နိဗ္ဗာနပါပကံ၊ နိဗ္ဗာန်သို့ ပို့ဆောင်တတ်သော။
သောကာဒိသမတိက္ကမံ၊ သောက အစရှိသော အပူမီးတို့ကို လွန်မြောက်စေတတ်သော။
ဝရံ၊ ကောင်းမြတ်လှစွာသော။
သမ္ဗုဒ္ဓေန၊ မြတ်စွာဘုရားသည်။
သုဒေသိတံ၊ ကောင်းစွာဟောကြားတော်မူအပ်သော။
သတိပဋ္ဌာနံ၊ သတိပဋ္ဌာန် တရားတော်ကို။
နမာမိ၊ လိုက်နာကျင့်သုံးနှလုံး၌ပွား ဦးညွတ်တွား၍ စိတ်အားထက်သန် မနောကံဖြင့် နေ့မှန်ရိုကျိုး လွန်မြတ်နိုးကာ ရှိခိုးပါသတည်း။

၂။ မယာ၊ ပဏ္ဍိတမည်တွင် ငါအရှင်သည်။
တိဏ္ဏံ နုပဿနာနံ၊ ကာယာနုပဿနာ, ဝေဒနာနုပဿနာ, စိတ္တာနုပဿနာဟု ဆိုအပ်သော သုံးပါးသော အနုပဿနာ တရားတော်တို့၏။
အတ္ထော၊ အနက်အဓိပ္ပာယ်ကို။
သုဒဿိတော၊ ကောင်းစွာရေးသား၍ ပြဆိုအပ်လေပြီ။
ဒါနိ၊ ယခုအခါ၌မူကား။
အဟံ၊ ငါသည်။
ဓမ္မာနုပဿနဿာပိ၊ ဓမ္မာနုပဿနာသတိပဋ္ဌာန် တရားတော်၏။
အတ္ထမ္ပိ၊ အနက်အဓိပ္ပာယ်ကိုလည်း။
သုဒဿိဿံ၊ စွမ်းနိုင်သမျှ သိခွင့်ရအောင် ဖော်ပြရေးသားပေအံ့သတည်း။

(ပိသဒ္ဒါ အဋ္ဌာနပယုတ္တ)

သတိပဋ္ဌာန်တရားတော် လေးပါး

မြတ်စွာဘုရားသည် မန္ဒပုဂ္ဂိုလ်, တိက္ခပုဂ္ဂိုလ်၊ သမထယာနိကပုဂ္ဂိုလ်, ဝိပဿနာ ယာနိကပုဂ္ဂိုလ် စသည်ဖြင့် ပုဂ္ဂိုလ်အားလျော်စွာ သတိပဋ္ဌာန်ဒေသနာတော်ကို --

၁။ ကာယာနုပဿနာသတိပဋ္ဌာန်,
၂။ ဝေဒနာနုပဿနာသတိပဋ္ဌာန်,
၃။ စိတ္တာနုပဿနာသတိပဋ္ဌာန်,
၄။ ဓမ္မာနုပဿနာသတိပဋ္ဌာန်,
ဟူ၍ လေးမျိုးလေးစား ခွဲခြား၍ ဟောတော်မူခဲ့သည်။

မန္ဒတိက္ခ၊ ဉာဏ်အနုအရင့်၊ အနုံ့အထက် သို့လိုက်၍ ဟောတော်မူသည်ဟု ဆိုသော်လည်း တစ်ဦးနှင့် တစ်ဦးဉာဏ်သဘော သက်ဝင်မှုချင်း တူညီကြသည် မဟုတ်။ ဉာဏ်နုသောမန္ဒပုဂ္ဂိုလ် အားလျော်သော ကာယာနုပဿနာသတိပဋ္ဌာန်ကို ဟောတော်မူသည်ဟုဆိုစေကာမူ အချို့သော ပုဂ္ဂိုလ်အဖို့၌ ရူပကာယကြီးသည် အမြဲမြင်တွေ့ နေရသည် ဖြစ်သောကြောင့် ထိုရူပကာယ၏ အနိစ္စ- စသော သဘောကို ဉာဏ်ဖြင့်မြင်နိုင်ခဲသည်။

ဝေဒနာသဘော, စိတ်သဘောတို့သည်ကား လျင်မြန်စွာဖြစ်ခြင်း, ပျက်ခြင်း သဘော ရှိကြသည်ဖြစ်၍ မြင်လွယ် သိလွယ် ကြသောကြောင့် ဝေဒနာနုပဿနာ, စိတ္တာနုပဿနာ သတိပဋ္ဌာန်တရား တို့ကို သဘောကျ နှစ်သက်ကြသည်။

ရူပကာယကို ခွဲခြမ်းစိတ်ဖြာ၍ ရှုနိုင်သော ဉာဏ်အမြင်ရှိသော အချို့သော တိက္ခပုဂ္ဂိုလ်တို့ အဖို့ဆိုလျှင် ကာယာနုပဿနာ သတိပဋ္ဌာန်သည် သင့်လျော်သော ကမ္မဋ္ဌာန်း ဖြစ်လေသည်။

အဋ္ဌိကကမ္မဋ္ဌာန်းကို ပွားများဆင်ခြင် လေ့လာသော ရဟန်းတော် တစ်ပါးသည် လှပတင့်တယ်စွာ ဝတ်စား ဆင်ယင်လျက်ရှိသော မာတုဂါမနှင့် ရင်ဆိုင်တွေ့မြင် သောအခါ၌ မာတုဂါမ၏ ရူပကာယကြီးသည် ထိုမထေရ်၏ ဉာဏ်အမြင်၌ ရုပ်ကောင်ကြီး အနေဖြင့် ခုခံကာကွယ်၍ မနေဘဲ အသုဘ အရိုးစုအဖြစ်ဖြင့် မြင်တော်မူကာ ဆက်လက်ပွားများ ဆင်ခြင်ရာ ထိုအသုဘအရိုးစု တည်းဟူသော အာရုံဖြင့်ပင် အာသဝေါ ကင်းကွာတော်မူ၍ ကိလေသာတွေ ချုပ်ငြိမ်းပြီး ဘဝ ဇာတ်သိမ်းတော်မူလေသည်။

ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ” ဟူသော ကာယာနုပဿနာ သတိပဋ္ဌာန်ဒေသနာတော်နှင့်အညီ အရိုးစုဖြစ်သော အသုဘရူပကာယဖြစ်သော ဗဟိဒ္ဓအာရုံကို အသုဘအရိုးစု ရူပကာယ အဖြစ်ဖြင့်သာ အမှန်အတိုင်း ရုပ်ကို ရုပ်အတိုင်း ရှုတော်မူခြင်း၊ ဘယ်သူဘယ်ဝါဟူ၍ မရှု၊ မာတုဂါမဟူသော ပညတ် အားဖြင့်မရှု၊ ဖောက်ပြန် ပျက်စီးတတ်သောသဘော၊ မတင့်တယ်သောသဘော၊ အမှန်ကို အမှန်အတိုင်း ဉာဏ်ဖြင့်မြင်အောင် ရှုတော်မူခြင်းကြောင့် ထိုအာရုံကို အကြောင်းပြု၍ အဘိဇ္ဈာလည်းမဖြစ်၊ ဒေါမနဿလည်းမဖြစ်မူ၍ “အနိဿိတော ဝ ဝိဟရတိ” ဒေသနာတော်အရ ကာမုပါဒါန်, ဒိဋ္ဌုပါဒါန်တို့မှကင်းလွတ် ၍ သန္တိသုခကို ရရှိတော်မူခြင်းဖြစ်သည်။

သို့ကြောင့် သမ္ပဇညလေးပါးတို့တွင် တစ်ပါးပါးသော သင့်လျော်ရာ သမ္ပဇညဖြင့် သတိပဋ္ဌာန်တရားတော် လေးပါးတို့တွင်လည်း မိမိတို့ဉာဏ်ဖြင့် မြင်လွယ်ရာ သဘောပေါက်လွယ်ရာ တစ်ပါးပါးသော သတိပဋ္ဌာန် တရားတော်ကို ပွားများ အားထုတ်သင့်ကြသည်။

တစ်ပါးပါးသော သတိပဋ္ဌာန်ဖြင့် အားထုတ်၍ တရားတော်ကို ဉာဏ်ဖြင့်မြင်လာ သောအခါ အခြားသော သတိပဋ္ဌာန်တို့ကိုလည်း ဉာဏ်၌ တွေ့မြင်တတ်, သိသလောက် သိမြင်တတ်ပါသည်။ သို့ဖြစ်၍ “အစပထမ၌ မိမိတို့ ဉာဏ်သက်ဝင်ရာ တစ်ပါးပါးသော သတိပဋ္ဌာန် တရားတော်ကို အားထုတ်ပါလေ” ဟု သတိ ပေးလိုခြင်းဖြစ်သည်။

သတိပဋ္ဌာန်တရားတော် လေးပါးတို့တွင် ကာယာနုပဿနာ သတိပဋ္ဌာန်၊ ဝေဒနာ- နုပဿနာသတိပဋ္ဌာန်၊ စိတ္တာနုပဿနာသတိပဋ္ဌာန်တို့၏ အနက် အဓိပ္ပာယ်ကို စွမ်းနိုင်သမျှ ဘုန်းကြီးရေးသားခဲ့ပြီ၊ ယခုမူကား ဓမ္မာနုပဿနာသတိပဋ္ဌာန် ဒေသနာ တော်ကို တတ်နိုင်သမျှ နားလည်သိရှိကြစေရန် ရေးသားမည်ဖြစ်သည်။

ကာယာနုပဿနာ သတိပဋ္ဌာန်သည် ရုပ်သက်သက်နှင့် သက်ဆိုင်သော သတိပဋ္ဌာန် ဖြစ်သည်။ ဝေဒနာနုပဿနာ, စိတ္တာနုပဿနာ သတိပဋ္ဌာန်တို့သည် နာမ် သက်သက်နှင့် သက်ဆိုင်သော သတိပဋ္ဌာန်တို့ဖြစ်ကုန်၏။

ထိုသတိပဋ္ဌာန်တို့ကို ဟောတော်မူပြီးနောက်၌ ရုပ်နာမ်နှစ်မျိုး ရောသော ဓမ္မာနုပဿနာသတိပဋ္ဌာန်ဒေသနာတော်ကို ဟောတော်မူလိုသည်ဖြစ်၍ “ကထဉ္စ ပန ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ” စသည်ဖြင့် မိန့်ကြားတော်မူသည်။

တစ်နည်းအားဖြင့်- မြတ်စွာဘုရားသည် ကာယာနုပဿနာ သတိပဋ္ဌာန် ဒေသနာ တော်ဖြင့် ရူပက္ခန္ဓာကို သိမ်းဆည်း၍ ဟောကြားတော်မူသည်။

ဝေဒနာနုပဿနာ သတိပဋ္ဌာန်ဒေသနာတော်ဖြင့် ဝေဒနာက္ခန္ဓာကို သိမ်းဆည်း၍ ဟောတော်မူသည်။

စိတ္တာနုပဿနာသတိပဋ္ဌာန် ဒေသနာတော်ဖြင့် ဝိညာဏက္ခန္ဓာကို သိမ်းဆည်း၍ ဟောတော်မူသည်။

ယခုအခါ သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာနှင့်တကွ ဥပါဒါနက္ခန္ဓာ ငါးပါးလုံးတို့ကို သိမ်းဆည်း၍ ဟောတော်မူခြင်းငှာ “ကထဉ္စ”စသည်ကို မိန့်ကြားတော်မူသည်ဟု အနုသန္ဓေ တက်ရာသည်။

နီဝရဏပဗ္ဗ- နီဝရဏပိုင်း

ဓမ္မာနုပဿနာ သတိပဋ္ဌာန်တရားတော်သည်-

၁။ နီဝရဏပဗ္ဗ-နီဝရဏပိုင်း၊
၂။ ခန္ဓပဗ္ဗ-ခန္ဓာပိုင်း၊
၃။ အာယတနပဗ္ဗ-အာယတနပိုင်း၊
၄။ ဗောဇ္ဈင်္ဂပဗ္ဗ-ဗောဇ္ဈင်ပိုင်း၊
၅။ သစ္စပဗ္ဗ-သစ္စာပိုင်း အားဖြင့် ငါးပိုင်း ငါးကဏ္ဍရှိသည်။

ထိုငါးပိုင်း ငါးကဏ္ဍတို့တွင် ရှေးဦးစွာ နီဝရဏပဗ္ဗ - နီဝရဏပိုင်းကို ဟောတော်မူ သည်။ အဘယ်ကဲ့သို့ ဟောတော်မူသနည်းဟူမူ

ကထဉ္စ ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ

ရဟန်းတို့- ရဟန်းဖြစ်သောပုဂ္ဂိုလ်သည် သဘောတရားတို့၌ အဘယ်သို့လျှင် သဘောတရား တို့သာ ဖြစ်သည်ဟူ၍ ဉာဏ်ဖြင့် ရှုရမည်နည်းဟူမူ-

ဣဓ ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ ပဉ္စသု နီဝရဏေသု

ရဟန်းတို့- ငါဘုရား၏သာသနာတော်၌ ရဟန်းဖြစ်သော ပုဂ္ဂိုလ်သည် ငါးပါးသော နီဝရဏဟု ဆိုအပ်ကုန်သော သဘောတရားတို့၌ ကောင်းမှုကုသိုလ်တို့ကို တားမြစ် ပိတ်ဆီးတတ်ကုန်သော၊ တားဆီး ပိတ်ပင်ကြောင်းဖြစ်သော နီဝရဏတွေကို၊ တားဆီး ပိတ်ပင်တတ်သော ရန်သူနီဝရဏတရားတွေဟူ၍ နီဝရဏတရားတွေ အဖြစ်ဖြင့် မှန်ကန်သည့်အတိုင်း မြင်ကြအောင် ဉာဏ်ဖြင့် ရှုကြည့်ကြကုန်ဟု ဟောတော်မူသည်။

နီဝရဏ တည်းဟူသော ဓမ္မာနုပဿနာသတိပဋ္ဌာန်ကို ဟောတော်မူသော ကဏ္ဍ ဖြစ်၍ ရှေးဦးစွာ နီဝရဏတို့ကိုသိရပေမည်။ သို့ကြောင့် နီဝရဏသဘောတို့ကို ပြဦးအံ့။

နီဝရဏတို့သည်-

၁။ ကာမစ္ဆန္ဒနီဝရဏ
၂။ ဗျာပါဒနီဝရဏ
၃။ ထိနမိဒ္ဓနီဝရဏ
၄။ ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ
၅။ ဝိစိကိစ္ဆာနီဝရဏ
၆။ အဝိဇ္ဇာနီဝရဏ-
ဟူ၍ သရုပ်အားဖြင့် ၆-မျိုးရှိကုန်၏။ တရားကိုယ်အားဖြင့် ၈-မျိုး ရှိကုန်၏။

ဤဓမ္မာနုပဿနာနီဝရဏကဏ္ဍ နီဝရဏပိုင်း၌ ပဉ္စသုနီဝရဏေသု- ဟူ၍ နီဝရဏ ငါးပါးသရုပ်အားဖြင့် ဟောတော်မူသည်။

အဝိဇ္ဇာနီဝရဏသည် သရုပ်အားဖြင့်မပါ၊ သရုပ်ထုတ်၍ ဟောတော်မူခြင်းမရှိပေ။ အဝိဇ္ဇာနီဝရဏကို သရုပ်အားဖြင့် မဟောခြင်း အကြောင်းကို အဋ္ဌကထာ, ဋီကာတို့၌ ရှင်းလင်းမပြကြကုန်။ အဋ္ဌကထာ,ဋီကာတို့၌ ရှင်းလင်းမပြခြင်းသည် ရှင်းလင်း၍ ပြရလောက်အောင် ခက်ခဲသောအရာ မဟုတ်သောကြောင့်ဟု ယူဆရပေမည်။ သို့ရာတွင် လူတိုင်းအဖို့၌ကား လွယ်ကူချင်မှ လွယ်ကူမည်၊ သဘောပေါက်ချင်မှ ပေါက်ပေမည်။ သို့ကြောင့် ရှင်းလင်းပြဦးအံ့-

၁။ ကာမစ္ဆန္ဒနီဝရဏ၏ တရားကိုယ်သည် ကာမဂုဏ်ကို လိုချင်နှစ်သက်သော သဘောရှိသော ကာမတဏှာ လောဘဖြစ်၏။

၂။ ဗျာပါဒနီဝရဏ၏ တရားကိုယ်သည် ခက်ထန်မာကျောသော သဘော ရှိသော ဒေါသဖြစ်၏။

၃။ ထိနမိဒ္ဓနီဝရဏ
၄။ ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ
၅။ ဝိစိကိစ္ဆာနီဝရဏတို့၏ တရားကိုယ်တို့သည်ကား အသီးအခြားမရှိကြ၊ မိမိတို့၏ အမည်တို့သည်ပင် မိမိတို့၏ တရားကိုယ်ဖြစ်ကြကုန်၏။

ဤငါးပါးသော နီဝရဏတို့သည် အကုသိုလ် သဘောတရားတို့ဖြစ်ကြ၏။ မောဟ ဟူသော အဝိဇ္ဇာသည်လည်း အကုသိုလ်ပင်ဖြစ်၏။ မောဟသည် အကုသိုလ် စိတ်တိုင်း, အကုသိုလ် စေတသိက်တိုင်းနှင့်ယှဉ်သော သဗ္ဗာကုသလသာဓာရဏ စေတသိက်ဖြစ်၏။

ကာမစ္ဆန္ဒနီဝရဏစသော အကုသိုလ် သဘောတရားတို့ဖြစ်လျှင် ဖြစ်ပေါ်တိုင်းသော နီဝရဏတို့နှင့် မောဟသည် ယှဉ်လျက်ပါသည်ဖြစ်၍ မောဟဟူသော နီဝရဏ သဘောတရားသည် နီဝရဏတိုင်း၌ ပါဝင်ပြီးဖြစ်သောကြောင့် မောဟတည်း ဟူသော အဝိဇ္ဇာနီဝရဏကို သရုပ်အားဖြင့် တသီးတခြားထုတ်၍ ဟောတော်မမူဘဲ၊ ဝါ- မဟောမူ၍ နီဝရဏငါးပါးကိုသာ မြတ်စွာဘုရား သရုပ်ထုတ်၍ ဟောတော်မူပါသည်ဟု မှတ်ယူကြကုန်ရာ၏။

နီဝရဏ၏ သဘောသည် ဈာန်အစရှိသော ကုသိုလ်တရားတို့ကို ပိတ်ဆို့ခြင်း၊ တားမြစ်ခြင်း၊ မဖြစ်စေခြင်း သဘောရှိ၏။

ဈာနာဒိကံ နိသေဓေန္တိ၊ န တံ ဒေန္တိ ပဝတ္တိတုံ
စက္ခုံ ဝါ အာဝရန္တီတိ၊ ဝုတ္တာ နီဝရဏာနီတိ

(ပရမတ္ထသရူပဘေဒနီ)

ဟိ၊ မှန်၏။ ဧတ္ထ၊ ဤနီဝရဏအရာ၌။
ဈာနာဒိကံ၊ ဈာန်အစရှိသည် အစွမ်းဖြင့်ဖြစ်သော ကုသိုလ်စိတ်ကို။
နိသေဓေန္တိ၊ တားမြစ်တတ်ကုန်၏။
တံ၊ ထိုကုသိုလ်စိတ်ကို။
ပဝတ္တိတုံ၊ ဖြစ်ခြင်းငှာ။
၊ မပေးကုန်။
ဝါ၊ တစ်နည်းလည်း။
စက္ခုံ၊ ပညာမျက်စိကို။
အာဝရန္တိ၊ ပိတ်ဆို့တတ်ကုန်၏။
ဣတိ၊ ထို့ကြောင့်။
နီဝရဏာနီတိ၊ နီဝရဏတို့ဟူ၍။
ဝုတ္တာ၊ ပြောဆိုအပ်ကုန်၏။

ဒါနကောင်းမှု၊ သီလကောင်းမှု၊ ဈာန်ကောင်းမှု၊ ဝိပဿနာကောင်းမှုတို့ကို ပြုလုပ် လိုသော ပုဂ္ဂိုလ်တို့၏ သန္တာန်၌ ယင်းသို့သော ကုသိုလ်တရားများ မဖြစ်နိုင်အောင် ကာမဂုဏ်အာရုံဘက်သို့ တဏှာလောဘက ဆွဲဆောင်၍ ကောင်းမှုကုသိုလ် မဖြစ်လိုက်ရခြင်းသည် ကာမစ္ဆန္ဒနီဝရဏက ပိတ်ဆို့သည်မည်၏။

အားလပ်သော တနင်္ဂနွေနေ့၊ သို့မဟုတ် ဥပုသ်နေ့တို့၌ ဘုရားဖူးသွားရန်၊ ဥပုသ်စောင့်ရန် ကုသိုလ်ဆန္ဒ ရှိသော်လည်း ရုပ်ရှင်ကြည့်လိုသော ကာမစ္ဆန္ဒကြောင့်၊ ကာမစ္ဆန္ဒက တားမြစ် ပိတ်ပင်လိုက်ခြင်းကြောင့် ဘုရားဖူးကုသိုလ်, ဥပုသ်သီလ ကုသိုလ်မဖြစ်လိုက်, မရလိုက်ခြင်းမျိုးတို့ပေတည်း။

ကုသိုလ်ဘက်၌ ဖြစ်ပေါ်သောဉာဏ်မျက်လုံးကို့ ကာမစ္ဆန္ဒနီဝရဏက ပိတ်လိုက်၏။ ဤသဘောတရားမျိုးကို နီဝရဏဟူ၍ မြတ်စွာဘုရား ဟောတော်မူသည်။ ဖြစ်ပေါ် လာသော ကာမစ္ဆန္ဒကို မြင်အောင်ကြည့်၍ သိရမည်ကို ရည်ရွယ်တော်မူ၍ “ဣဓ ဘိက္ခဝေ ဘိက္ခု သန္တံ ဝါ ကာမစ္ဆန္နံ အတ္ထိ မေ အဇ္ဈတ္တံ ကာမစ္ဆန္ဒောတိ ပဇာနာတိ”ဟု ဟောတော်မူသည်။

ဒေါသ အာဃာတ ဖြစ်ပေါ်နေသော ပုဂ္ဂိုလ်၏ သန္တာန်၌ ဗျာပါဒနီဝရဏ ဖြစ်နေပေသည်။ ဗျာပါဒနီဝရဏက ပိတ်ပင်တားဆီးနေသောကြောင့် ဗျာပါဒနီဝရဏ ဖြစ်ပေါ်နေသမျှ ကာလပတ်လုံး ထိုပုဂ္ဂိုလ်သန္တာန်၌ ကုသိုလ်တရားများဖြစ်ပေါ်ခြင်း မရှိနိုင်ပေ။

ဤသည်တို့ကို ရည်ရွယ်တော်မူ၍ မြတ်စွာဘုရားသည် မိမိသန္တာန်၌ ကုသိုလ်တရား တို့ကို ပိတ်ဆို့ကာကွယ်နေသော ဗျာပါဒနီဝရဏတွေ ဖြစ်ပေါ်နေလျှင် ဖြစ်ပေါ် နေသည်ဟုသိပြီးလျှင် ရန်သူနှင့်တူသော နီဝရဏတို့ကို ပယ်ကြကုန်။ ဗျာပါဒနီဝရဏ ကင်းသောအချိန်၌လည်း ကင်းခြင်းကိုသိ၍ ဝမ်းမြောက်စွာ ကာလရှည်အောင်ပယ်၍ ကုသိုလ်တရားပွားများကြကုန် ရဟန်းတို့ဟူ၍-

ဣဓ ဘိက္ခဝေ ဘိက္ခု သန္တံ ဝါ အဇ္ဈတ္တံ ဗျာပါဒံ အတ္ထိ မေ အဇ္ဈတ္တံ ဗျာပါဒန္တိ ပဇာနာတိ” စသည်ကို ဟောတော်မူသည်။

တစ်ပါးတစ်ပါးသော သတိပဋ္ဌာန်တရားတော်ကို အားထုတ်သော ယောဂီသည် ကမ္မဋ္ဌာန်းပေးသော ဆရာ့ထံမှ ကမ္မဋ္ဌာန်းကို သင်ယူ၍ ဆိတ်ငြိမ်ရာသို့ ချည်းကပ်ကာ ပွားများအားထုတ်သောအခါ ပျင်းရိခြင်း, ငိုက်မျဉ်းခြင်း, တွေဝေ ထိုင်းမှိုင်းခြင်းတို့ ဖြစ်ပေါ်လာသောကြောင့် တရားထိုင်ရာမှထွက်ခဲ့ရခြင်းမျိုးသည် ထိနမိဒ္ဓနီဝရဏက ဝိပဿနာ ကုသိုလ်စိတ် မဖြစ်စေအောင် ပိတ်ပင်ဖျက်ဆီးလိုက်ခြင်းပင်ဖြစ်၏။

ဤသဘောသည်လည်း နီဝရဏပင် ဖြစ်၏။ ယောဂီသည် ရန်သူနှင့်တူသော ထိနမိဒ္ဓ ဖြစ်ပေါ်လာသည်ကို သတိပြု၍ ဆင်ခြင်ရမည်။ ငါ့သန္တာန်၌ ထိနမိဒ္ဓနီဝရဏ ပူးဝင် ပိတ်ပင် နေပါကလားဟု သမ္ပဇဉ်ဉာဏ်ဖြင့် ယင်းထိနမိဒ္ဓကိုပယ်ပါ၊ ထိနမိဒ္ဓ ပျောက်ကင်းစေရန် ဣရိယာပုထ် ပြောင်းလွဲခြင်း၊ အလင်းရောင်ယူခြင်း၊ လမ်းလျှောက်ခြင်းတို့ဖြင့်- ထိနမိဒ္ဓနီဝရဏကို ပယ်ရမည်၊ ထိနမိဒ္ဓကို ဉာဏ်ဖြင့် မြင်အောင်ကြည့်ရမည်။ ဤသည်တို့ကို ရည်ရွယ်တော်မူ၍ --

ဣဓ ဘိက္ခဝေ ဘိက္ခု၊ သန္တံ ဝါ အဇ္ဈတ္တံ ထိနမိဒ္ဓံ အတ္ထိ မေ အဇ္ဈတ္တံ ထိနမိဒ္ဓန္တိ ပဇာနာတိ” ဟူ၍ ဟောတော်မူသည်။

တစ်ပါးတစ်ပါးသော သတိပဋ္ဌာန်တရားတော်ကို ပွားများနေသော ယောဂီသည် ကမ္မဋ္ဌာန်းအာရုံ၌ စိတ်မတည်မူ၍ အာရုံအမျိုးမျိုးရောက်ကာ မငြိမ်မသက် ပျံ့လွင့် နေခြင်းသည် ဥဒ္ဓစ္စနီဝရဏ ဖြစ်၏။ ထိုအချိန်၌ ယောဂီ၏ သန္တာန်တွင် ဥဒ္ဓစ္စနီဝရဏ ပူးဝင်ကာ ဝိပဿနာအလုပ်ကို တားမြစ်ပိတ်ပင်နေခြင်းဖြစ်၏။

ထိုအခါ ယောဂီသည် ငါ့သန္တာန်၌ ဥဒ္ဓစ္စနီဝရဏ ပူးဝင်နေပါတကားဟု ဉာဏ်ဖြင့်ရှု၍– ဣဓ ဘိက္ခဝေ ဘိက္ခု သန္တံ ဝါ အဇ္ဈတ္တံ ဥဒ္ဓစ္စနီဝရဏံ အတ္ထိ မေ အဇ္ဈတ္တံ ဥဒ္ဓစ္စနီဝရဏန္တိ ပဇာနာတိ - ဟု မြတ်စွာဘုရား ဟောတော်မူသည်ကို သတိပြုဆင်ခြင်၍ ယင်း ဥဒ္ဓစ္စကို ပယ်ဖျောက်ရမည်။

သတိပြုရန် ရှိသည်မှာ-

ဘာဝနာပွားသည် ဆိုသဖြင့် သဘောတရားတိုင်းကို ပွားရမည် မဟုတ်၊ ပွားသင့်သော တရားကိုပွား၍ ပယ်သင့်သောတရားကို ပယ်ရမည် ဖြစ်သည်။ ဥပမာ အားဖြင့် မေတ္တာဘာဝနာ အသုဘဘာဝနာမျိုးကို ပွားရမည်။ ကာမစ္ဆန္ဒ နီဝရဏ စသော အကုသိုလ်တရားမျိုးကိုကား ပယ်ရမည်ဖြစ်၏။ သို့ရာတွင် ထိုနီဝရဏတို့ကို ပယ်သတ်မှုကို အားထုတ် ပြုလုပ်နေခြင်းကိုပင် တရားအားထုတ်သည် ဘာဝနာ ပွားသည် ဟူ၍ကား ပြောဆိုသုံးနှုန်းခြင်း ပြုနိုင်ကြပေသည်။

တစ်ပါးတစ်ပါးသော သတိပဋ္ဌာန်တရားတော်ကို အားထုတ်ပွားများနေသော ပုဂ္ဂိုလ် သန္တာန်၌ ကုက္ကုစ္စနီဝရဏသည်လည်း ဖြစ်ပေါ်တတ်၏။ အဘယ်ကဲ့သို့ ဖြစ်ပေါ်တတ် သနည်းဟူမူ၊ ဥပမာ- တရားကို ဆင်ခြင်နှလုံးသွင်း၍ အထိုက်အလျောက် ဉာဏ်၌ မြင်၍ သဘောပေါက်လာသောအခါ ... ဪ-- ငါသည် လွန်ခဲ့သော နေ့ရက် အချိန်ကာလတွေက သည်တရားမျိုးတွေကို အားထုတ်မှုမပြုခဲ့ရလေခြင်း၊ မကောင်းမှု အကုသိုလ်စိတ်တွေဖြင့်သာ အချိန်ကာလနေ့ရက်တွေ ကုန်ခဲ့ရလေခြင်း၊ အကျိုးမဲ့ ရှိခဲ့ရလေခြင်း၊ သမ္မာဒိဋ္ဌိ အမြင်မှန်ဖြင့် ကောင်းမှု ကုသိုလ်များကို မပြုခဲ့ရလေခြင်း၊ မကောင်းမှုတို့ဖြင့်သာ အချိန်ကာလနေ့ရက်တွေ ဖြုန်းတီးကုန်ဆုံး ခဲ့ရလေခြင်း စသည်ဖြင့် စိတ်နှလုံးမချမ်းမသာဖြစ်ခြင်းသည် ကုက္ကုစ္စသဘော ဖြစ်၏။ ယင်း ကုက္ကုစ္စကိုလည်း သတိပဋ္ဌာန်တရားတော်ကို ဝေဖန်သောအားဖြင့်-

ဣဓ ဘိက္ခဝေ ဘိက္ခု သန္တံ ဝါ အဇ္ဈတ္တံ ကုက္ကုစ္စံ၊ အတ္ထိ မေ အဇ္ဈတ္တံ ကုက္ကုစ္စန္တိ ပဇာနာတိ

ရဟန်းတို့- ငါဘုရား သာသနာတော်၌ သတိပဋ္ဌာန်တရားကို ပွားများ အားထုတ်သော ရဟန်းသည် မိမိအဇ္ဈတ္တသန္တာန်၌ ကုက္ကုစ္စနီဝရဏ ဖြစ်ပေါ်နေလျှင်လည်း ငါ့သန္တာန်၌ ကုက္ကုစ္စ ဖြစ်ပေါ်နေသည်ဟု သိအောင် ဆင်ခြင်ရမည်၊ ဝါ- ဆင်ခြင်၍ သိရမည်။ သိပြီးလျှင် ထိုကုက္ကုစ္စ၏ အဖြစ်ကိုရှု၍ပယ်ရမည်၊ ကုက္ကုစ္စကိုပယ်၍ ပွားများဆဲ ဘာဝနာကို ပွားများရမည်ဟု ဆိုလိုသည်။

(ကုက္ကုစ္စသဘော ထင်ရှားစေရန် ဥဒ္ဓစ္စနှင့် ခွဲ၍ပြသည်။)

သတိပဋ္ဌာန်တရား တစ်ပါးပါးကို ပွားများနေသော ပုဂ္ဂိုလ်သန္တာန်၌ ယုံမှားသံသယ ဖြစ်ပေါ်တတ်သည်၊ တရားကို မပွား၊ တရားနှင့်ဝေးသော ပုဂ္ဂိုလ်၏ သန္တာန်၌မူကား ယုံမှားခြင်း ဝိစိကိစ္ဆာတွေ ထူးကဲစွာပင် ဖြစ်တတ်သည်။ မြတ်စွာဘုရားဟောတော် မူလိုရင်းမှာ သတိပဋ္ဌာန်တရား ပွားများဆဲ ပုဂ္ဂိုလ်သန္တာန်၌ ဝိစိကိစ္ဆာနီဝရဏ ဖြစ်ခြင်းကို ရည်ရွယ်တော် မူသည်ဟု ဆိုရပေမည်။

မိမိကိုးကွယ်နေသော ဘုရားသည် သမ္မာသမ္ဗုဒ္ဓသဗ္ဗညုတဉာဏ်တော်နှင့် ပြည့်စုံ သော ဘုရားရှင်အစစ်အမှန် ဟုတ်ပါလေရဲ့လားဟု ယုံမှားသံသယဖြစ်ခြင်း၊

ငါအားထုတ် နေသော တရားတော်သည်လည်း နိဗ္ဗာန်လမ်းကြောင်း တရားကောင်း တရားမှန်မှ ဟုတ်ပါလေရဲ့လား၊ ဘုရားတပည့်သား သံဃာတော်သည်လည်း သုပ္ပဋိပန္နေ အစရှိသော သံဃာ့ဂုဏ်တော်တို့နှင့် ပြည့်စုံသော သံဃာစစ်မှ ဟုတ်ပါလေရဲ့လားဟု ယုံမှား သံသယဖြစ်ခြင်း၊

အကျင့်သိက္ခာ၌ ယုံမှားသံသယဖြစ်ခြင်း၊
သံသရာရှေးအစွန်းနှင့် စပ်၍ ယုံမှားသံသယဖြစ်ခြင်း၊
သံသရာ နောက်အစွန်းနှင့် စပ်၍ ယုံမှားသံသယဖြစ်ခြင်း၊
သံသရာရှေ့နောက်အစွန်းနှင့် စပ်၍ ယုံမှား သံသယဖြစ်ခြင်း၊
အကြောင်းအကျိုးဆက်၍ ဖြစ်သော ပဋိစ္စသမုပ္ပါဒ်၌ ယုံမှားသံသယဖြစ်ခြင်း-

ဤသို့သော ယုံမှား သံသယဖြစ်ခြင်း တို့တွင် တစ်မျိုးမျိုးဖြင့်ယုံမှားသံသယံဖြစ်လျှင် ဝိစိကိစ္ဆာ နီဝရဏ ဖြစ်သည်။

ဝိစိကိစ္ဆာ၏ သဘောသည် အာရုံကိုပိုင်းခြားဆုံးဖြတ်နိုင်ခြင်းသဘောမရှိ၊ ဇဝေဇဝါ၊ တောင်လိုလို မြောက်လိုလို၊ ဟုတ်မှဟုတ်ရဲ့လား စသည်ဖြင့် နှလုံးနှစ်ခွဖြစ်ခြင်း သဘောရှိ၏။

ဝိစိကိစ္ဆာ နီဝရဏကိန်းအောင်းနေသောပုဂ္ဂိုလ်သည် ထိုဝိစိကိစ္ဆာ နိဝရဏက တားမြစ်ပိတ်ပင်သောကြောင့် ဘုရားကိုလည်း လေးလေးမြတ်မြတ် ဆည်းကပ် ကိုးကွယ်ခြင်း မဖြစ်နိုင်၊ တရားတော်ကိုလည်း နှစ်နှစ်ကာကာ လှိုက်လှိုက်လှဲလှဲ အားမထုတ်နိုင်၊ မယုံကြည်နိုင်၊ သံဃာတော်ကိုလည်း မဆည်းကပ်နိုင်။

ဘယ်အရာ ဘယ်ကိစ္စမျိုးကိုမဆို ပြုလုပ်ဆောင်ရွက်သော ပုဂ္ဂိုလ်သည် မိမိ ပြုလုပ်မည်ဖြစ်သော ကိစ္စအပေါ်၌ အကျိုးကျေးဇူးကိုသိရှိပြီး ဝိစိကိစ္ဆာ ကင်းရှင်း ယုံကြည်ခြင်းဖြင့် စိတ်ကိုစောက်ချ၍ စိတ်အားတက်ကြွထက်သန်စွာ ဆောင်ရွက် ပြုလုပ်မှသာလျှင် အကျိုးကျေးဇူးကိုရရှိတတ်ပေသည်။

သို့ကောင်းကျိုးကျေးဇူးကို မဖြစ်စေသော, ကောင်းမှု ကုသိုလ်တို့ကို ပိတ်ပင် တားဆီးခြင်း သဘောရှိသော ဝိစိကိစ္ဆာနီဝဏကို မြင်အောင်ကြည့်၍ ပယ်သတ် စေလိုသော မြတ်စွာဘုရားသည် “ဣဓ ဘိက္ခဝေ ဘိက္ခု သန္တံ ဝါ အဇ္ဈတ္တံ ဝိစိကိစ္ဆံ၊ အတ္ထိ မေ အဇ္ဈတ္တံ ဝိစိကိစ္ဆာတိ ပဇာနာတိ” ဟု ဟောတော်မူသည်။

ရဟန်းတို့ -- ငါဘုရားသာသနာတော်၌ ရဟန်းဖြစ်သော ပုဂ္ဂိုလ်သည် ငါ့အဇ္ဈတ္တ သန္တာန်၌ ဘုရား, တရား, သံဃာ စသည်တို့၌ ယုံကြည်မှုကင်းသော ယုံမှား သံသယတည်း ဟူသော ဝိစိကိစ္ဆာနီဝရဏသည် ကိန်းအောင်းနေပါတကား”ဟု မြင်အောင်ကြည့်ရမည်ဟု ဟောတော်မူသည်။

ဝိစိကိစ္ဆာနီဝရဏသည် မိမိအဇ္ဈတ္တသန္တာန်၌ ပူးဝင် ကိန်းအောင်းကာ ကုသိုလ် တရားကို ပိတ်ပင် တားမြစ်သော အခြင်းအရာကိုမြင်လျှင် ယင်းဝိစိကိစ္ဆာတည်း ဟူသော အဇ္ဈတ္တရန်သူကို အဓိမောက္ခဖြင့် ပယ်ရမည်။

ထိနနှင့်မိဒ္ဓ ဥစ္စဒ္ဓနှင့်ကုက္ကုစ္စတို့ကို ပူးတွဲ၍ဟောခြင်း

ပြဆိုအပ်သော ကုသိုလ်တရားတို့ကို ပိတ်ပင်ကာ တားမြစ်ခြင်း သဘောရှိသော နီဝရဏငါးမျိုးတို့တွင် ထိနနှင့် မိဒ္ဓဥဒ္ဓစ္စနှင့် ကုက္ကုစ္စနီဝရဏတို့ကို သရုပ်အားဖြင့် တစ်ပါးစီတစ်မျိုးစီ မယူမူ၍ အဘယ်ကြောင့် နှစ်မျိုးတစ်စုံ၊ နှစ်မျိုးတစ်ခုစီ တွဲထားသနည်း ဟူမူ- တွဲထားခြင်းအကြောင်းကို ဤသို့ပြဆိုပေသည်။

အကြောင်းကား ထိနနှင့် မိဒ္ဓ တို့သည် ဆောင်ရွက်ရန်ကိစ္စ၊ ဝါ- အလုပ်သဘော အားဖြင့်လည်းကောင်း၊ ကုသိုလ်တရားများကို မဖြစ်စေခြင်း ပိတ်ပင်ခြင်း သဘော အားဖြင့်လည်းကောင်း၊ ကုသိုလ်တရားနှင့် ဆန့်ကျင်ဘက် သဘောချင်းတူသော အားဖြင့်လည်းကောင်း ထိနနှင့် မိဒ္ဓကိုတွဲ၍ ဟောသည်ဟုဆိုသည်။

ဥဒ္ဓစ္စနှင့် ကုက္ကုစ္စတို့သည်လည်း အချင်းအချင်း အလုပ်သဘောအားဖြင့် တူခြင်း၊ ကုသိုလ်တရားတို့နှင့် ဆန့်ကျင်ခြင်း တူကြသည်ဖြစ်၍ တွဲဖက်ကာ ဟောတော် မူသည်ဟု ဆိုသည်။

ကိစ္စာဟာရဝိပက္ခာနံ၊ ဧကတ္တာ ဧကမေတ္တ ဟိ
ကတမုဒ္ဓစ္စကုက္ကုစ္စံ၊ ထိနမိဒ္ဓဉ္စ တာဒိနာ

(ဝိဘာဝိနီဋီကာ)

ဟိ၊ မှန်၏။
ဧတ္ထ၊ ဤနီဝရဏအရာ၌။
ကိစ္စာဟာရဝိပက္ခာနံ၊ ကိစ္စ,အကြောင်း, ဆန့်ကျင်ဘက်အရာတို့၏။
ဧကတ္တာ၊ တူသည်၏ အဖြစ်ကြောင့်။
ဥဒ္ဓစ္စကုက္ကုစ္စံ၊ ဥဒ္ဓစ္စ နှင့် ကုက္ကုစ္စကိုလည်းကောင်း။
ထိနမိဒ္ဓဉ္စ၊ ထိနနှင့် မိဒ္ဓကိုလည်းကောင်း။
ဧကံ-ဧကေန၊ နီဝရဏတစ်မျိုးတည်း အဖြစ်ဖြင့်။
တာဒိနာ၊ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်။
ကတံ၊ ဟောတော်မူအပ်၏။

ဓမ္မာနုပဿနာ နီဝရဏပိုင်းနီဝရဏတရားတို့၏ အခြင်းအရာ သဘောတို့ကို အထိုက်အလျောက်ပြခဲ့ပြီ။ ယင်းသို့ ပြခဲ့ရာ၌ နီဝရဏတို့ကို ရှုပုံကြည့်ပုံ ပါဠိတော် တစ်စိတ်တစ်ဒေသကို ပုံစံထုတ်ဖော်ပြခဲ့သည်။

ယခုအခါ၌မူကား - နီဝရဏပိုင်း၌ မြတ်စွာဘုရား ဟောကြားတော်မူသော နီဝရဏ တို့ကိုရှုပုံ ဒေသနာတော်ကို ထုတ်ဖော်ပြဆိုပေမည်။

ကထဉ္စ ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ ပဉ္စသု နီဝရဏေသု-

ရဟန်းတို့-- နီဝရဏငါးပါးဟု ဆိုအပ်ကုန်သော သဘောတရားတို့၌ နီဝရဏ သဘောတရားတွေသာ - ဟု ဉာဏ်ဖြင့်ရှုရမည်။ နီဝရဏသဘောတို့ကို နီဝရဏတွေ၊ အပိတ်အပင်တရားတွေ၊ အနှောင့်အယှက် အကာအကွယ် တရားတွေဟူ၍ မြင်အောင် ရှုရမည်ဟု ဟောတော်မူသည်။

အစိတ်အစိတ်အားဖြင့် မြင်အောင်ရှုပုံကို ဆက်လက် ဟောတော်မူသည်မှာ-

ဣဓ ဘိက္ခဝေ ဘိက္ခု သန္တံ ဝါ အဇ္ဈတ္တံ ကာမစ္ဆန္တံ၊ အတ္ထိ မေ အဇ္ဈတ္တံ ကာမစ္ဆန္တိ ပဇာနာတိ

ရဟန်းတို့-- ငါဘုရား၏ သာသနာတော်၌ ရဟန်း ဖြစ်သောပုဂ္ဂိုလ်သည် ယခုအချိန် မိမိအဇ္ဈတ္တသန္တာန်၌ ကာမဂုဏ်ကို လိုလားတပ်မက်သော ကာမစ္ဆန္ဒ ဟူသော တဏှာရာဂ၊ ဝါ- လောဘ ဖြစ်နေသလား၊ ကာမစ္ဆန္ဒ ဖြစ်နေလျှင်လည်း ဖြစ်နေသည်ဟု သိအောင်ကြည့်ပါ

အကယ်၍ ကာမစ္ဆန္ဒကင်းရှင်းနေလျှင်လည်း --

အသန္တံ ဝါ အဇ္ဈတ္တံ ကာမစ္ဆန္တံ၊ နတ္ထိ မေ အဇ္ဈတ္တံ ကာမစ္ဆန္ဒန္တိ ပဇာနာတိ

မိမိသန္တာန်၌ ယခုအခါ တဒင်္ဂပဟန်ကာလအားဖြင့် ဖြစ်စေ၊ ဝိက္ခမ္ဘနပဟာန် ကာလ အားဖြင့်ဖြစ်စေ ကာမစ္ဆန္ဒကင်းနေသည်ဟု သိအောင်ရှုပါလေဟု ဟောတော်မူသည်။

ကာမစ္ဆန္ဒနီဝရဏ အစရှိသော နီဝရဏတရားတွေ မိမိအဇ္ဈတ္တသန္တာန်၌ ထင်ရှား ရှိသည်ဆိုသည်မှာ နီဝရဏတွေ မပြတ်ဖြစ်သည်၏ အစွမ်းဖြင့် မိမိအဇ္ဈတ္တသန္တာန်၌ ထင်ရှားရှိနေခြင်း ဖြစ်ပေါ်နေခြင်းပင် ဖြစ်သည်။

နီဝရဏတွေ မိမိအဇ္ဈတ္တသန္တာန်၌ ထင်ရှားမရှိဟု ဆိုခြင်းမှာ နီဝရဏတွေ မပြတ် မဖြစ်ခြင်း၊. တစ်နည်းအားဖြင့် ပယ်အပ်သည်၏အဖြစ်ကြောင့် မိမိအဇ္ဈတ္တသန္တာန်၌ ထင်ရှားမရှိခြင်း မဖြစ်ပေါ်ခြင်းပင် ဖြစ်သည်။

ကာမစ္ဆန္ဒနီဝရဏမှစ၍ နီဝရဏငါးပါးလုံး အဇ္ဈတ္တသန္တာန်၌ ဖြစ်ခြင်းမဖြစ်ခြင်းကို ဤအဓိပ္ပာယ်အတိုင်း မှတ်ယူကြရာ၏။

ကာမအာရုံဟူသော ကာမဂုဏ်၏အပြစ်ကို မမြင်မသိသော ပုဂ္ဂိုလ်သန္တာန်၌ ကာမ အာရုံ ကာမဂုဏ်ကို အလိုရှိသော ကာမစ္ဆန္ဒ ဖြစ်ပေါ်တတ်သည်။ တစ်နည်းအားဖြင့် ကာမအာရုံကို လိုချင်တပ်မက်သော ကာမတဏှာ၏အဖြစ်ကို၊ ဝါ- ရန်သူဟူ၍ မမြင် မသိသော ပုဂ္ဂိုလ်၏သန္တာန်၌ ကာမစ္ဆန္ဒနီဝရဏ ဖြစ်တတ်သည်။ ယင်း ကာမစ္ဆန္ဒ နီဝရဏကို မြင်အောင်၊ ရန်သူဟူ၍ သိအောင်ကြည့်၍ပယ်ပါ။

သူတော်ကောင်းတရားကို ကြားနာ နေသော အခိုက်အခါ၌ ဖြစ်စေ၊ ကာမတဏှာနှင့် ကာမတဏှာ၏ အာရုံဖြစ်သော၊ ဝါ- ကာမတဏှာ၏ အစာဖြစ်သော ကာမဂုဏ် တို့၏အပြစ်ကို ဉာဏ်၌မြင်နေသောအခါ ကာလ၌ဖြစ်စေ ကာမစ္ဆန္ဒနီဝရဏတွေ ကင်းရှင်းနေတတ်သည်။

ထိုအခါ ကာလမျိုးတို့၌ မိမိအဇ္ဈတ္တသန္တာန်တွင် ကာမစ္ဆန္ဒကင်းရှင်းပပျောက်နေသည် ကိုလည်း ကင်းရှင်းပပျောက် နေသည်ဟုသိကာ ဆက်လက်၍ ကာမစ္ဆန္ဒ ကင်းရှင်းအောင် သတိရှေ့သွား ဉာဏ်စေစား၍ အားထုတ်ရမည်ဖြစ်သည်။

ကာမစ္ဆန္ဒဟူသော ကာမတဏှာသည် အစမထင်သော၊ ဝါ- အစမရှိသော သံသရာ တစ်လျှောက်လုံး လူဖြစ်သောအခါ၌လည်း လူ့ကာမဂုဏ်တို့ဖြင့် ပျော်ပိုက်စွဲလမ်း ခဲ့ကြ၏။ မရသေးသော ကာမဂုဏ်ကို ရှာမှီးခဲ့ကြ၏။ ရရှိပြီးသော ကာမဂုဏ်တို့ကို စွဲလမ်းတပ်မက်ကြ၏။ နတ်ဖြစ်သော အခါ၌လည်း နတ်ကာမဂုဏ်တို့ဖြင့် ပျော်ပိုက် စွဲလမ်းခဲ့ကြ၏။ သာယာခဲ့ကြ၏။ တိရစ္ဆာန်ဖြစ်သော အခါ၌ပင်လျှင် တိရစ္ဆာန် အလျောက် ရရှိသမျှသော ကာမဂုဏ်ဖြင့် သာယာတပ်မက်ပျော်ပိုက် စွဲလမ်းခဲ့ကြ၏။

ယင်းကဲ့သို့ သံသရာတစ်လျှောက်လုံးက အစွဲပါခဲ့သော အစွဲနာခဲ့သောကာမစ္ဆန္ဒကို ပယ်ရန် ဖြတ်ရန်မှာ လွယ်ကူသော အရာမဟုတ်ပေ။ ပေါ့ပေါ့နှင့် မပယ်နိုင်၊ မဖြတ်နိုင်၊ ထိုကာမစ္ဆန္ဒကို မိမိ၏ရန်သူ အဇ္ဈတ္တရန်သူအဖြစ်ဖြင့် သိမြင်ရန်ပင် ခဲယဉ်းသည်ဖြစ်၍ --

သန္တံ ဝါ အဇ္ဈတ္တံ ကာမစ္ဆန္ဒံ၊ အတ္ထိ မေ အဇ္ဈတ္တံ ကာမစ္ဆန္ဒောတိ ပဇာနာတိ

မိမိအဇ္ဈတ္တသန္တာန်၌ အတွင်း ရန်သူအဖြစ်ဖြင့် ဖြစ်ပေါ်ကိန်းအောင်းနေသော ကာမစ္ဆန္ဒကို မြင်ကြ ကြည့်ကြဟု မြတ်စွာဘုရားက ဟောတော်မူသည်။

ဗြဟ္မစရိယ = မြတ်သော သူတော်ကောင်းတရားကို အားထုတ်သည်, တရားကျင့် သည်, တရားထိုင်သည်ဆိုသော်လည်း -

ယံ ကိဉ္စိ သိထိလံ ကမ္မံ၊ သံကိလိဋ္ဌဉ္စ ယံ ဝတံ
သင်္ကဿရံ ဗြဟ္မစရိယံ၊ န တံ ဟောတိ မဟပ္ဖလံ-

ဟု မြတ်စွာဘုရား ဟောတော်မူသည်။

ယံ ကိဉ္စိ၊ အလုံးစုံဖြစ်သော။
သိထိလံ ကမ္မံ၊ ပေါ့ပေါ့လျော့လျော့ ပြုလုပ်သော အမှုကိစ္စသည် လည်းကောင်း။
သံကိလိဋ္ဌံ၊ မသန့်မရှင်းသော။
ယံ ဝတံ စ၊ အကြင် အကျင့်တရားသည် လည်းကောင်း။
သင်္ကဿရံ၊ ယုံမှားသံသယ မကင်းသော။
ယံ ဗြဟ္မစရိယံ စ၊ မြတ်သည်ဟု ယူဆသော အကြင် သဘောတရားသည် လည်းကောင်း။
အတ္ထိ၊ ရှိကြကုန်၏။
သဗ္ဗံ၊ အလုံးစုံသော။
တံ၊ ထိုအလုပ်ဟူသမျှသည်။
မဟပ္ဖလံ၊ ကောင်းကျိုးရှိသည်။
န ဟောတိ၊ မဖြစ်ပေ။

ဤသို့ ပေါ့ပေါ့လျော့လျော့ အားထုတ်ခြင်းဖြင့် လိုအပ်သောကောင်းကျိုးကျေးဇူး တို့ကို မရနိုင်ချေ။ တရားအားထုတ်သော ပုဂ္ဂိုလ်သည်-

ဟိ သိထိလမာရဗ္ဘ၊ န ဟိ အပွေန ထာမသာ
နိဗ္ဗာနံ အဓိဂန္တဗ္ဗံ၊ သဗ္ဗဒုက္ခပ္ပမောစနံ

ဟိ၊ သတိပြုရန်ကား။
သဒ္ဓမ္မံ၊ သူတော်ကောင်းတရားကို။
ဝါ၊ သတိပဋ္ဌာန် တရားတော်ကို။
သိထိလံ၊ ပေါ့ပေါ့လျော့လျော့။
အာရဗ္ဘ၊ အားထုတ်၍။
သဗ္ဗဒုက္ခပ္ပမောစနံ၊ ခပ်သိမ်းသောဒုက္ခတို့မှ လွတ်မြောက်ရာဖြစ်သော။
နိဗ္ဗာနံ၊ နိဗ္ဗာန်ချမ်းသာသို့။
န အဓိဂန္တဗ္ဗံ၊ မရောက်နိုင်။
ဟိ၊ တစ်မျိုးကား။
အပွေန၊ အနည်းငယ်သော။
ထာမသာ၊ လုံ့လဝီရိယ အားစွမ်း ဉာဏ်စွမ်းမျှဖြင့်။
သဗ္ဗဒုက္ခပ္ပမောစနံ၊ ခပ်သိမ်းသောဒုက္ခတို့မှ လွတ်မြောက်ရာဖြစ်သော။
နိဗ္ဗာနံ၊ နိဗ္ဗာန်ချမ်းသာသို့။
န အဓိဂန္တဗ္ဗံ၊ မရောက်နိုင်- ဟူ၍ ဟောတော်မူသည်။

သို့ကြောင့် --

သန္တံ ဝါ အဇ္ဈတ္တံ ကာမစ္ဆန္ဒံ၊ အတ္ထိ မေ အဇ္ဈတ္တံ ကာမစ္ဆန္ဒောတိ ပဇာနာတိ

စသည်ဖြင့် ညွှန်ပြတော်မူသည့်နည်းအတိုင်း ထက်ထက်သန်သန် တက်တက် ကြွကြွ အားထုတ်ရာ၏။ ကာမဂုဏ်ကို လိုချင်တပ်မက် နှစ်သက်သော သဘောရှိသော ရာဂတဏှာသည် တရားကိုယ်အားဖြင့် လောဘဖြစ်၏။

လောဘ၏အာရုံဖြစ်သော ကာမဂုဏ်တွေကလည်း သဘောတူရာပေါင်း၍ အကျဉ်း အားဖြင့် ကာမဂုဏ်ငါးပါးဟု ဆိုရသော်လည်း ရူပါရုံတစ်မျိုးမှာပင် အဆင် အသွေး အရောင်စသည်ဖြင့် ရူပါရုံတွေရူပါရုံတည်းဟူသော ကာမဂုဏ်တွေ အတိုင်းမသိ များလှ၏။

သဒ္ဒါရုံတည်းဟူသော ကာမဂုဏ်တွေ အတိုင်းမသိများလှ၏၊ ထို့အတူ ဂန္ဓာရုံ တည်း ဟူသော ကာမဂုဏ်တွေရသာရုံတည်းဟူသော ကာမဂုဏ်တွေဖောဋ္ဌဗ္ဗာရုံ တည်းဟူသော ကာမဂုဏ်တွေ အနန္တ အတိုင်းမသိ များလှဘိ၏။

ဆုတ်ကပ်ခေတ်အခါ ဖြစ်သည့်အလျောက် လောဘ စသော အကုသိုလ်နီဝရဏတွေ တိုးပွားရာ တိုးပွားကြောင်း၊ ဖြစ်ထွန်းရာ ဖြစ်ထွန်းကြောင်း ဖြစ်သော နှစ်သက်ဖွယ် သာယာဖွယ်ရှိလှသော ကာမဂုဏ်အာရုံအသစ် အသစ်တွေကလည်း တစ်နေ့တခြား ပေါ်ပေါက်လျက် ရှိသောကြောင့် ကာမစ္ဆန္ဒနီဝရဏ အစရှိသော နီဝရဏတို့ကို သာမညအားဖြင့် ပယ်နိုင်စွမ်းရှိကြမည် မဟုတ်ပေ။

နီဝရဏတို့ကို သာမညအားဖြင့် ပယ်နိုင်ခဲသည်ဟူ၍ ဆိုရစေကာမူ မြတ်စွာဘုရား နည်းလမ်း ညွှန်ပြတော်မူသည်ကို လိုက်နာကျင့်သုံး၍ အားထုတ်ပါလျှင် ပယ်နိုင် သလောက် တစ်စတစ်စ ပယ်ကြသဖြင့် ကောင်းမှုကုသိုလ်တရားတို့ကို ပွားများ အားထုတ်နိုင်ကြမည် ဖြစ်သည်။

ဈာန်အကျိုး, မဂ်ဖိုလ်အကျိုးတိုင်အောင်လည်း ရနိုင်မည်ဖြစ်သည်။ နီဝရဏတို့ကို မမြင်၍ မပယ်နိုင်ခြင်းကြောင့် အကျိုးမဲ့ဖြစ်ကြရသော ဝတ္ထုသာဓကတွေ မြင်တန်သမျှ မြင်လျက် မပယ်နိုင်ခြင်းကြောင့် အကျိုးမဲ့ဖြစ်ကြရသော ဝတ္ထု သာဓကတွေ များလှ၏။ ငါးရာ့ငါးဆယ် ဇာတ်တော်တို့၌ များများတွေ့ နိုင်၏။

ကာမစ္ဆန္ဒနီဝရဏကို ပယ်နိုင်ခြင်းကြောင့် ဈာန်အကျိုး မဂ်ဖိုလ်အကျိုးတို့ကိုရရှိ၍ ချမ်းသာကြသော ဝတ္ထုသာဓက တွေလည်း များလှ၏။

ကြည့်ရှုကြကုန်လော့။ အားထုတ်ကြကုန်လော့။

ကာမစ္ဆန္ဒနီဝရဏကို ပယ်သတ်နည်း

ပယ်နိုင်ခဲသော ပယ်နိုင်ရန် ခဲယဉ်းသော နီဝရဏတို့တွင် နီဝရဏအစဉ်အတိုင်း ပထမဖြစ်သော ကာမစ္ဆန္ဒနီဝရဏကို ပယ်သတ်နိုင်ခြင်း၏ အကြောင်းအင်္ဂါ တို့သည်လည်း ရှိကြကုန်၏။ ထိုအကြောင်းတို့ကိုပြအံ့။ လောကအနေအားဖြင့် ကောင်းမွန်စွာ ဝတ်စား ဆင်ယင်ခြင်းကြောင့် တင့်တယ်သည်ဟု ဆိုအပ်သော အာရုံကိုတွေ့မြင်ရာ မသင့်သော နှလုံးသွင်းခြင်း၊ မမှန်သောအမြင်ဖြင့် နှလုံးသွင်းခြင်း၊ မြင်ခြင်းရှိသောပုဂ္ဂိုလ်၏ အဇ္ဈတ္တသန္တာန်၌ ကာမစ္ဆန္ဒနီဝရဏသည် ဖြစ်ပေါ်တတ်၏။ ထိုအာရုံကိုပင် သတိရှိသော ပုဂ္ဂိုလ်သည် ယခုငါတွေ့မြင်နေသော အာရုံသည် စင်စစ်ပကတိအားဖြင့် နှစ်သက်ဖွယ်၊ သာယာဖွယ်၊ တပ်မက်ဖွယ် အစစ်ဖြစ်သော အာရုံမဟုတ်ပေ။

အမှန်စင်စစ်မူကား ဆံပင်,မွေးညင်း အစရှိသော မတင့်တယ်သော နှစ်သက်ဖွယ် သာယာဖွယ် မဟုတ်သော မတင့်တယ်သော ၃၂-ပါးသော အသုဘရုပ် အစုအဝေး မျှသာ ဖြစ်သည်ဟု ဉာဏ်ဖြင့် ဤရူပကာယ၏အပေါ်ရံမှဖုံးလွှမ်းထားသော လှပသော အဝတ် အထည်တို့ကို ဖယ်ရှားကာ ဆံပင်, မွေးညင်းစသောပစ္စည်းတို့ကို တစ်ပုံစီ၊ တစ်ပုံစီ၊ ၃၂-ပုံ ဉာဏ်ဖြင့် ပုံ၍ ရှုပါလေ။

ဆံပင်ကိုလည်း လိုချင်တပ်မက်ခြင်းမရှိ၊ မွေးညင်း တို့ကိုလည်း လိုချင်တပ်မက်ခြင်း မရှိ၊ ဘယ်ကောဋ္ဌာသ၊ ဘယ်ရုပ်တစ်ခုကိုမျှ နှစ်သက် သာယာခြင်းမရှိ အသုဘ သဘောအစစ်ဖြင့် မြင်သည်ဖြစ်၍ ထိုအာရုံ၌ ယခင်က လိုချင် တပ်မက်ကာ ဖြစ်ပေါ်သော ကာမစ္ဆန္ဒနီဝရဏသည် မိမိအဇ္ဈတ္တသန္တာန်မှ ပျောက်ကွယ် ချုပ်ငြိမ်း လေတော့သည်။

ထိုအခါ မြတ်စွာဘုရား နည်းလမ်းညွှန်ပြ၍ ဟောတော်မူသည့် အတိုင်း --
အသန္တံ ဝါ အဇ္ဈတ္တံ ကာမစ္ဆန္ဒံ၊ ငါ့အဇ္ဈတ္တသန္တာန်၌ ယခင်ကဖြစ်ခဲ့သော ကာမစ္ဆန္ဒသည် ယခုအခါ ငါ့အဇ္ဈတ္တသန္တာန်မှ ချုပ်ပျောက်ကွယ်ပချေပြီ ဟု ဥဒါန်းကျူးနိုင်လေပြီ။

တစ်နည်းအားဖြင့် ကာမစ္ဆန္ဒကို ပယ်ဖျောက်ကြောင်းတို့သည် ခြောက်မျိုးရှိကုန်၏။

ခြောက်မျိုးတို့ဟူသည် အဘယ်နည်းဟူမူ-

  1. အသုဘနိမိတ် အသုဘအာရုံကိုယူခြင်း၊
  2. အသုဘဘာဝနာကို အားထုတ်ခြင်း၊
  3. ဣန္ဒြေကို စောင့်စည်း ထိန်းသိမ်းခြင်း၊
  4. စားသောက်ဖွယ်၌ အတိုင်းအရှည်ကိုသိခြင်း
  5. ကာမစ္ဆန္ဒကိုပယ်ရာ၌ ကူညီနိုင်သော မိတ်ကောင်း သီတင်းသုံးဖော်ကောင်း ရှိခြင်း၊
  6. ကာမစ္ဆန္ဒကိုပယ်ခြင်းနှင့် လျောက်ပတ်သင့်လျော်သော တရားစကားရှိခြင်း

တို့ဖြစ်ကုန်၏။

ဤခြောက်မျိုးတို့တွင်
၁။ အသုဘနိမိတ် အသုဘအာရုံကို ယူခြင်းဟူသည်မှာ - အသုဘကောင်၏ --
(၁) အဆင်း၊ (၂) အသွင်၊ (၃) သဏ္ဌာန်၊ (၄) အရပ်မျက်နှာ၊ (၅) တည်ရာဌာန၊ (၆) အပိုင်းအခြားဟူ၍ ၆-မျိုးရှိ၏။
တစ်နည်း- (၁) အရိုးအဆက်အစပ်၊ (၂) အကြားအပေါက်၊ (၃) အမြင့်၊ (၄) အနိမ့်၊ (၅) ထက်ဝန်းကျင် ဟူ၍ ၅-မျိုး ရှိ၏။
ဤတစ်ဆယ့်တစ်မျိုးတို့တွင်- မိမိဉာဏ်အားလျော်သော နိမိတ်တို့ဖြင့် အသုဘ နိမိတ်အာရုံကို ယူရမည် ဖြစ်သည်။

၂။ အသုဘဘာဝနာကို အားထုတ်ခြင်း ဟူသည်မှာ ဥဂ္ဂဟနိမိတ်ဖြင့် ယူအပ်သော အာရုံကို ဆက်လက်ပွားများခြင်းပင်တည်း။
(ပွားပုံကို ဖွင့်ဆိုမူကား ကျယ်ဝန်းလှ၏။ ဝိသုဒ္ဓိမဂ်၌ ကြည့်ပါလေ။)

၃။ ဣန္ဒြေကို စောင့်စည်းခြင်းဟူသည်မှာ စက္ခုအစရှိသော ဣန္ဒြေတို့ကို စောင့်စည်းမှုပင်တည်း။ နှစ်သက်တပ်မက်ဖွယ် ရူပါရုံစသော အာရုံတို့ရှိရာသို့ အာရုံ မပြုမူ၍ စက္ခုန္ဒြေကို ထိန်းသိမ်း စောင့်ရှောက်ခြင်းဖြင့် ကာမစ္ဆန္ဒ ဖြစ်ပေါ်ခြင်းမှ ကင်းလွတ်စေ၏။

၄။ စာ.သောက်ဖွယ်၌ အတိုင်းအရှည်ကို သိခြင်းဟူသည်မှာ - မွန်မြတ်သော နှစ်သက်ဖွယ် စားချင်ဖွယ် အဆင်းအနံ့အရသာတို့နှင့် ပြည့်စုံသော ဆွမ်း အစရှိသော ခဲဖွယ်ဘောဇဉ်တို့သည် သတ္တဝါတို့၌ မကင်းနိုင်သော အာဟာရများ ဖြစ်သည်။ ကာမ၏အာရုံလည်းဖြစ်သည်။
အာဟာရနှင့် မကင်းနိုင်သောရုပ်ကို မျှတရုံမျှ သူတော်ကောင်း တရားကို အားထုတ် နိုင်ရုံမျှ အတိုင်းအရှည်ပမာဏကိုသိ၍ စားသောက်ကြလျှင် အန္တရာယ် မဖြစ်၊ တွေဝေ ထိုင်းမှိုင်းခြင်းမဖြစ်ပေ။ ကောင်းမွန်သော အာဟာရဖြစ်၍၊ ဝါ- ခံတွင်းတွေ့သော အာဟာရ ဖြစ်၍မျှရုံမျှဖြင့်မတင်းတိမ်ဘဲ စားကောင်းတိုင်း အလွန် အကျွံ စားမိလျှင် တွေဝေထိုင်းမှိုင်းခြင်း၊ အစာမကြေခြင်း၊ လေထိုးခြင်း စသည်တို့ဖြစ်၍ ရောဂါ ရတတ်သည်။
သို့ကြောင့် စားသောက်ဖွယ်တို့ကို အတိုင်းအရှည် ပမာဏဖြင့် မျှတ-ရုံစား၍ ကာမစ္ဆန္ဒနီဝရဏဖြစ်ခြင်းမှ ကင်းလွတ်စေရသည်။

ရောဂါကင်းခြင်း အိုခဲခြင်း

စားသောက်ဖွယ်တို့ကို မိမိနှင့် မျှတ-ရုံ အတိုင်းအရှည် ပမာဏကို ဆင်ခြင်၍ စားသောက်သော ပုဂ္ဂိုလ်သည် လောကုတ္တရာတရားကို ရရှိသည့်အပြင် ယခု ပစ္စက္ခဘဝ ခန္ဓာကိုယ်၌ အနာရောဂါကင်းခြင်း၊ ခန္ဓာကိုယ် ပေါ့ပါးခြင်း၊ အိုခဲခြင်း၊ ကိုယ်ရောစိတ်ပါ ကြည်လင်ကျန်းမာခြင်း အကျိုးကျေးဇူးတို့ကိုလည်းရရှိတတ်သည်။

ကောသလမင်းကြီးသည် ယခင်က အစားအသောက် များများစားတတ်သည်။ အစားအသောက် များများ စားသောကြောင့် ကျန်းမာရေးမကောင်း၊ ခန္ဓာကိုယ် လေးလံထိုင်းမှိုင်းခြင်းဖြစ်၏။ ပေါ့ပါးသွက်လက်ခြင်းမရှိဟု သိရ၏။ အခါတစ်ပါး၌ ပွဲတော်တည်ပြီးစဖြစ်၍ ခန္ဓာကိုယ် မအီမသာ တွေဝေထိုင်းမှိုင်း၍ ချွေးတွေယိုစီးကာ ဘေးမှ ယပ်လေခတ်ပြီး ဖေးမနေရ၏။

ဤအခြင်းအရာကို မြတ်စွာဘုရားမြင်တော်မူ၍ အတိုင်းအရှည်မရှိ စားသောက်ဖွယ် တို့ကို များများစားသောက်ခြင်းကြောင့် ဤသို့ မအီမသာ တွေဝေ ထိုင်းမှိုင်းခြင်း ဖြစ်သည်ကို သိတော်မူသဖြင့်-

မနုဇဿ သဒါ သတိမတော၊ အခါခပ်သိမ်း သတိရှိသော၊
မတ္တံ ဇာနတော လဒ္ဓ ဘောဇနံ။ စားသောက်ဖွယ်တို့ကို စားသောက်သော အခါ၌ အတိုင်းအရှည် ပမာဏကိုသိသဖြင့် ဆင်ခြင်၍ စားသောက်သောပုဂ္ဂိုလ်၏
တနုကဿ ဘဝန္တိ ဝေဒနာ၊ ခန္ဓာ ကိုယ်၌ ရောဂါဝေဒနာတို့သည် ဖြစ်ခြင်းနည်းပါးတတ်ကုန်၏။
သဏိကံ ဇိရတိ အာယုပါလကံ- ဇီဝိတိန္ဒြေဟူသော အာယုက စောင့်ရှောက်နိုင်သည်ဖြစ်၍ အိုခြင်းသဘောကို မလွန်နိုင်ကြ၍ အိုကြရသော်လည်း အိုခဲသည် ဖြည်းဖြည်းချင်းအိုသည် ဟု ဟောတော်မူသည်။

မြတ်စွာဘုရား ဟောတော်မူသော ဤသြဝါဒ ဒေသနာတော်ကို လိုက်နာ၍ ကောသလမင်းကြီးသည် ပွဲတော်တည်သောအခါ တစ်နေ့လျှင် ထမင်းတစ်လုတ် တစ်လုတ်စီ လျှော့စားခဲ့ရာ တစ်စလယ်ချက်မျှဖြင့် မျှတ-ရောင့်ရဲနိုင်သဖြင့် အစာ ကြေညက်၍ ခန္ဓာကိုယ် ပေါ့ပါးခြင်း၊ တွေဝေထိုင်းမှိုင်းမှု ကင်းခြင်း၊ ရောဂါ ဝေဒနာနည်းပါးခြင်း၊ ကိုယ်စိတ် ကျန်းမာချမ်းသာခြင်း၊ အကျိုးတို့ကိုရရှိသဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်၍ မြတ်စွာဘုရားသည် နိဗ္ဗာန်ရောက်ကြောင်း တရားတော် ကိုသာ ဟောတော်မူသည်မဟုတ်၊ ကျန်းမာ ချမ်းသာရေး တရားတော် ကိုလည်း ဟောတော်မူပါပေသည်ဟု ကျေးဇူးစကား ပြောကြားလေသည်။ ကျန်းမာ၍ အနာရောဂါကင်းလျှင် နိဗ္ဗာန်ရောက်ကြောင်း သူတော်ကောင်းတရားကို တိုးတက် ပွားများ အားထုတ်နိုင်သည်ဖြစ်၍ ဤဒေသနာတော်သည် နိဗ္ဗာန်ရောက်ကြောင်း နီဝရဏကင်းကြောင်းတရားဟု မှတ်ယူရပေမည်။

၅။ ကာမစ္ဆန္ဒကို ပယ်ရာ၌ ကူညီနိုင်သော မိတ်ကောင်း၊ သီတင်းသုံးဖော်ကောင်း ရှိခြင်း ဟူသည်မှာ မိမိ အဇ္ဈတ္တသန္တာန်၌ ဖြစ်ပေါ်ဆဲဖြစ်သော ကာမစ္ဆန္ဒဖြစ်စေ၊ မဂ်ဖြင့် မပယ်ရသေးသောကြောင့် အကြောင်းရှိလျှင် ဖြစ်ပေါ်မည့် အနုသယအနေဖြင့် ကိန်းသော ကာမစ္ဆန္ဒတို့ကို ပယ်သတ်နိုင်ကြောင်း၊ အားနည်းကြောင်း၊ ခေါင်းပါး စေကြောင်း- တရားစကားတို့ကို ကူညီဟောပြောခြင်းငှာ စွမ်းနိုင်သော မိတ်ဆွေကောင်း သီတင်းသုံးဖော်ကောင်းရှိရမည် ဖြစ်သည်။

၆။ ကာမစ္ဆန္ဒကို ပယ်ခြင်း၌ လျောက်ပတ်သောတရားစကား ရှိခြင်းဟူသည်မှာ မိမိကိုယ်တိုင် အများအားဖြင့် ကာမစ္ဆန္ဒကို ပယ်ခြင်း၊ ပျောက်ကင်းစေခြင်းနှင့် စပ်သော တရားစကားတို့ကိုသာလျှင် ပြောရခြင်းဖြစ်သည်။

ပြဆိုခဲ့သော အင်္ဂါခြောက်ပါးတို့တွင် တစ်ပါးနှင့် ပြည့်စုံခြင်း၊ နှစ်ပါးနှင့် ပြည့်စုံခြင်း စသည်ဖြင့် ပြည့်စုံသလောက် ကာမစ္ဆန္ဒကို ပယ်အားရှိလေသည်။ အသုဘ ကမ္မဋ္ဌာန်းကို ပွားများအားထုတ်သော ယောဂီသန္တာန်၌ကား ကာမစ္ဆန္ဒကင်းရှင်းရန် ပို၍ နီးစပ်ပေသည်။

ကာမစ္ဆန္ဒနိဝရဏပယ်သတ်ပုံပြီး၏

ဗျာပါဒနီဝရဏကို ပယ်သတ်နည်း

ကာမစ္ဆန္ဒနီဝရဏနှင့် စပ်၍သိရမည်။ သတိပြုရမည်တို့ကို ဟောကြား ညွှန်ပြတော်မူ ပြီး၍ ဗျာပါဒနီဝရဏနှင့် စပ်၍သိရမည်, သတိပြုရမည်တို့ကို ဟောကြား ညွှန်ပြတော်မူလိုသော မြတ်စွာဘုရားသည် --
သန္တံ ဝါ အဇ္ဈတ္တံ ဗျာပါဒံ၊ အတ္ထိ မေ အဇ္ဈတ္တံ ဗျာပါဒန္တိ ပဇာနာတိ- စသည်တို့ကို ဟောတော်မူသည်။

ယောဂီသည်၊ ဝါ- တစ်စုံတစ်ယောက်သော သတိရှိသော ပုဂ္ဂိုလ်သည် ယခုအချိန်၌ မိမိအဇ္ဈတ္တသန္တာန်၌ ဗျာပါဒဖြစ်ပေါ်လျှင်၊ ငါ့သန္တာန်၌ ဗျာပါဒဖြစ်ပေါ်နေသည်ဟု သတိပြု၍ သိမြင်ပါလေ။ အကယ်၍ ဗျာပါဒ ကင်းရှင်းနေလျှင်လည်း ယခုအချိန် မိမိအဇ္ဈတ္တသန္တာန်၌ ဗျာပါဒကင်းရှင်းနေသည်ဟု ဉာဏ်ဖြင့် ဆင်ခြင်၍ သိပါလေ-ဟု ဟောတော်မူသည်။

မဖြစ်ပေါ်သေးသော ဗျာပါဒဖြစ်ပေါ်လာလျှင်လည်း ထိုဖြစ်ပေါ်လာသောဗျာပါဒကို သိပါလေ။ ဖြစ်ပေါ်လာသောဗျာပါဒကို သင့်သော နှလုံးသွင်းခြင်းဖြင့် ပယ်အပ်သည်။ ပယ်သဖြင့် ပပျောက်ချုပ်ကွယ်သော ဗျာပါဒကိုလည်း ပပျောက်ချုပ်သည်ဟု သိပါလေ။
တဒင်္ဂအားဖြင့်ဖြစ်စေ၊ ဝိက္ခမ္ဘနအားဖြင့်ဖြစ်စေ ပယ်အပ်သော ဗျာပါဒ၏ နောင်သော အခါ အနာဂါမိမဂ်ဖြင့် အကြွင်းမဲ့ ပယ်အပ်သည်ဖြစ်၍ နောင်တစ်ဖန် မဖြစ်တော့မည် ကိုလည်း သိပါလေဟု ဟောတော်မူသည်။

ဗျာပါဒနီဝရဏ၌ ဗျာပါဒ၏ တရားကိုယ်သည် ဒေါသစေတသိက်ဖြစ်၏။ ဒေါသ ဖြစ်ကြောင်း အာရုံသည် ဗျာပါဒဖြစ်ကြောင်း နိမိတ်ဖြစ်၏။ အာရုံဟူသမျှတို့၌ သင့်တင့်အောင် နှလုံးမသွင်းလျှင် ဗျာပါဒဖြစ်၏။ ဗျာပါဒဖြစ်စရာအာရုံ၌ မသင့်မတင့် မလျောက်ပတ်သော နှလုံးသွင်းခြင်း အယောနိသော မနသိကာရ များလာလျှင် ဗျာပါဒ ဖြစ်တတ်၏။ သို့ကြောင့် --
အယောနိသော မနသိကရောတော အနုပ္ပန္နာ စေဝ အကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ၊ ဥပ္ပန္နာ စ အကုသလာ, ဓမ္မာ အဘိဝဍ္ဎန္တိ- ဟူ၍ မြတ်စွာဘုရား ဟောတော်မူသည်။ သင့်တင့်စွာ နှလုံးမသွင်းတတ်ခြင်းသည် ဗျာပါဒစသော အကုသိုလ်တွေဖြစ်ကြောင်း အာဟာရဖြစ်လေသည်။

ဗျာပါဒဖြစ်နေသောပုဂ္ဂိုလ်၏ သန္တာန်၌ ဒေါသမူ အကုသိုလ်စိတ်, စေတသိက်တွေ ဖြစ်ကြကုန်၏။ ဗျာပါဒ-က ကုသိုလ်တရားတွေ မဖြစ်လေအောင် ငါကပိတ်ပင်မည် တားမြစ်မည်ဟု မဆိုသော်လည်း ဗျာပါဒတွေ အဆက်ဆက်ဖြစ်ပေါ်နေသော အချိန် ကာလ၌ ကုသိုလ်စိတ်များ ဖြစ်ခွင့်မှရသောကြောင့် ဗျာပါဒ-က ကုသိုလ်စိတ်တွေ မဖြစ်အောင် တားမြစ်ပိတ်ပင်ရာ ရောက်သောကြောင့် ဗျာပါဒကို နီဝရဏဟူ၍ မြတ်စွာဘုရားက အမည်ပေးတော်မူသည်။ ဗျာပါဒသည်ပင်လျှင် ကုသိုလ်တရားကို တားမြစ်ပိတ်ဆို့သော သဘောရှိသည်ဖြစ်၍ ဗျာပါဒနီဝရဏ အမည်ရလေသည်။ ယင်းဗျာပါဒကို ပယ်နိုင်ကြောင်း အာဟာရသည်ကား သင့်တင့်အောင် နှလုံးသွင်းခြင်းသည်းခံခြင်းတို့ ဖြစ်ကုန်၏။

သင့်တင့်အောင် နှလုံးသွင်းခြင်းဟူသော ယောနိသောမနသိကာရဖြင့် သည်းခံ၍ မဖြစ်ပေါ်သေးသော ဗျာပါဒနီဝရဏကို မဖြစ်ပေါ်အောင် သိကြားမင်းကိုယ်တိုင် ပယ်ဖျောက်ခဲ့ပုံ --
“အခါတစ်ပါး၌ တာဝတိံသာနတ်များနှင့် အသူရာနတ်များ စစ်တိုက်ကြရာ တာဝတိံသာနတ်များက နိုင်၍ ဝေပစိတ္တိ အသုရာနတ်မင်းကြီးကို ကြိုးငါးချက်တုပ် ဖမ်းယူခဲ့ပြီး ချည်နှောင်ထားကြ၏။”
ဝေပစိတ္တိအသုရာ နတ်မင်းကြီးသည် ဒေါသ အကြီးအကျယ်ဖြစ်ကာ သိကြားမင်းကို မြင်တိုင်း မြင်တိုင်း “သိကြားယုတ် သိကြားအို” စသည်တို့ဖြင့် ကြိမ်းမောင်းဆဲဆို၏။ သိကြားမင်းသည်ကား ယောနိသော မနသိကာရဖြင့် သည်းခံ၍ မသိသကဲ့သို့ မကြားသကဲ့သို့ ဘာမှပြန်ပြောခြင်းမပြု၊ သွားမြဲ နေမြဲနေသတဲ့။
ဝေပစိတ္တိအသုရာကြီးက အကြိမ်များစွာ ကြိမ်းမောင်း ဆဲဆိုနေသော်လည်း သိကြားမင်းက မကြားသကဲ့သို့ မသိသကဲ့သို့ အရေးယူခြင်းမရှိဘဲ နေသည်ကို မာတလိနတ်သားက မြင်သောအခါ မနေနိုင်တော့ဘဲ သိကြားမင်းကို မေးသတဲ့။
“အရှင်သိကြားမင်း- ဝေပစိတ္တိအသုရာကြီး ဆဲဆိုကြိမ်မောင်းနေသည်ကို အရှင် သိကြားမင်း မကြားပါဘူးလား”ဟု မေးရာ သိကြားမင်းက “မာတလိ ငါကြားပါတယ်” ဟု ပြောလေသည်။ “ကြားပါလျှင် အဘယ့်ကြောင့် ပြန်လှန် မပြောသလဲ ကြောက်၍, အားနည်း၍, အားမရှိ၍ ပြန်မပြောပါသလောဟု မေးသောအခါ သိကြားမင်းက ပြန်ပြောသည်မှာ --
“မာတလိ၊ ငါတို့ကနိုင်နေတာပဲ၊ ဝေပစိတ္တိကြီးသည် ငါတို့လက်တွင်း ရောက်နေ တာပဲ၊ ငါတို့က ပြုသမျှ ဝေပစိတ္တိကြီးသာ ခံရမည့်အခါပဲ မာတလိ၊ ငါတို့က မကြောက်ပါဘူး၊ အားမနည်းပါဘူး မာတလိ၊ သည်းခံသည်ဆိုတာ ကိုယ်က နိုင်လျက်, သာလျက် သည်းခံမှ သူတော်ကောင်းများ ချီးကျူးသာဓုခေါ်တဲ့ သည်းခံခြင်း ဖြစ်တယ်။ ရှုံးသူ အားနည်းသူတို့ကတော့ အမြဲသည်းခံကြရတယ် မာတလိ။”
သိကြားမင်းသည် ယောနိသောမနသိကာရဖြင့် သင့်အောင် နှလုံးသွင်း၍ သည်းခံ လိုက်ခြင်းကြောင့် သိကြားမင်းသန္တာန်၌ ဒေါသဟူသော ဗျာပါဒနီဝရဏမဖြစ်ဘဲ ကင်းရှင်းခဲ့ပေသည်။ ထိုအချိန်၌ သိကြားမင်းက ဥဒါန်းကျူးလိုလျှင် --
အသန္တံ အဇ္ဈတ္တံ ဗျာပါဒနီဝရဏံ၊ နတ္ထိ မေ အဇ္ဈတ္တံ ဗျာပါဒနီဝရဏန္တိ ပဇာနာတိ- ဟု ဥဒါန်းကျူးမည် ဖြစ်သည်။ သိကြားမင်းသည် ယောနိသော မနသိကာရ ရှေ့မထား သတိပြုသည်းမခံဘဲ ဝေပစိတ္တိ အသုရာကြီးနှင့် ပြိုင်၍ ပြန်လှန် ပြောခဲ့လျှင် သိကြားမင်း၏ အဇ္ဈတ္တသန္တာန်၌ ဗျာပါဒနီဝရဏ ဖြစ်ပေါ်ရုံမက သိကြားမင်း သည်လည်း ဝေပစိတ္တိ အသုရာကြီးကဲ့သို့ နတ်ဆိုး နတ်ကြမ်းကြီး အဖြစ်သို့ ရောက်ပေ လိမ့်မည်။ ဤသို့မဟုတ် သည်းခံလိုက်ခြင်းကြောင့် သူတော်ကောင်း နတ်မင်းကြီး အဖြစ်သို့ ရောက်ခဲ့ပေသည်။

တစ်နည်းအားဖြင့် ဗျာပါဒကို ပယ်ကြောင်း အကြောင်းအင်္ဂါ ၆-ပါးတို့လည်း ရှိကြကုန်၏။ အကြောင်းအင်္ဂါ ၆-ပါး ဝါ- ၆-မျိုးတို့ဟူသည်မှာ-

  1. မေတ္တာစိတ်ဖြစ်ကြောင်းကို သင်ယူခြင်း၊
  2. မေတ္တာဘာဝနာပွားခြင်း၊
  3. ကံသာလျှင် မိမိကိုယ်ပိုင်ဥစ္စာရှိသည်ကို ဆင်ခြင်ခြင်း၊
  4. ဒေါသ၏ အပြစ်ကိုလည်းကောင်း မေတ္တာ၏အကျိုးကျေးဇူးကို လည်းကောင်း သိမြင်ခြင်း၊
  5. မိတ်ဆွေကောင်းရှိခြင်း၊
  6. မေတ္တာနှင့် စပ်သောစကား၊ ဝါ- ဗျာပါဒ ကင်းခြင်းနှင့်စပ်သော လျောက်ပတ်သော စကားကို- ပြောဆိုခြင်း-

ဤ ၆-ပါးသော အကြောင်းအင်္ဂါတို့သည် ဗျာပါဒ ကင်းရှင်းကြောင်းဖြစ်ကုန်၏။

ထို ၆-ပါးတို့တွင်-
၁။ မေတ္တာစိတ်ဖြစ်ကြောင်းကို သင်ယူခြင်း ဟူသည်မှာ- မိမိမေတ္တာပွားသော သတ္တဝါတို့၌ မေတ္တာ၏ အကျိုးဖြစ်သော ကျန်းမာခြင်း ချမ်းသာခြင်း အစရှိသော ကောင်းကျိုးကျေးဇူးတို့ကို ကြိုတင်သိရှိအောင် အားထုတ်ခြင်းကို ဆိုသည်။

၂။ မေတ္တာဘာဝနာ ပွားများခြင်း ဟူသည်မှာ- မေတ္တာဘာဝနာသည် သြဓိသမေတ္တာဘာဝနာအနောဓိသမေတ္တာဘာဝနာ အားဖြင့် နှစ်မျိုးရှိသည်။ ထိုနှစ်မျိုးတို့တွင် ပုဂ္ဂိုလ်သတ္တဝါကိုဖြစ်စေ အရပ်ဒေသကိုဖြစ်စေ ရည်ညွှန်းပိုင်းခြား၍ ပွားများသော မေတ္တာဘာဝနာသည် သြဓိသမေတ္တာဘာဝနာ ဖြစ်သည်။ ပုဂ္ဂိုလ် သတ္တဝါကိုဖြစ်စေ၊ အရပ်ဒေသကိုဖြစ်စေ ရည်ညွှန်းပိုင်းခြားခြင်းမရှိမူ၍ သတ္တဝါတိုင်း ပုဂ္ဂိုလ်တိုင်း ဘုံဘဝဒေသတိုင်းကို အာရုံပြု၍ ပွားများသောမေတ္တာဘာဝနာသည် အနောဓိသမေတ္တာဘာဝနာ ဖြစ်သည်။ ဤနှစ်မျိုးတွင် အကြောင်းအားလျော်စွာ အခြေအနေ အရ တစ်မျိုးမျိုးဖြင့် ပွားများခြင်းသည် ဗျာပါဒနီဝရဏ ကင်းကြောင်း ဖြစ်၏။

ဥတ္တရာဥပါသိကာ၏ မေတ္တာ

ဥတ္တရာသူဌေးကတော် ဥပါသိကာမသည် မြတ်စွာဘုရား အမှူးရှိသော သံဃာတော် များအား ဆွမ်းကပ်လိုခြင်း၊ တရားဓမ္မကြားနာလိုခြင်းဆန္ဒ ရှိသည်ဖြစ်၍ မိမိနေရာ၌ နေ၍ သူဌေးသားကို ပြုစုလုပ်ကျွေးစေရန် နဂရသောဘိနီ ပြည့်တန်ဆာ သီရိမာကို ဝတ္ထုကြေးငွေ ပေး၍ --
“မိတ်ဆွေ - ကျွန်ုပ်သည် တစ်လခွဲ၊ ဝါ-တစ်ပက္ခ ၁၅-ရက် ကာလပတ်လုံး မြတ်စွာဘုရား အမှူးရှိသော သံဃာတော်မြတ်တို့အား ဆွမ်းကပ်လှူခြင်း တရား ဓမ္မကြားနာ ခြင်းတို့ကို ပြုလုပ်လိုပါသည်။ ထို ၁၅-ရက်အတွင်း၌ မိတ်ဆွေသည် ကျွန်ုပ်၏ကိုယ်စား သူဌေးသားအား ပြုစုလုပ်ကျွေးပါ၊ ဤအသပြာတို့ကိုလည်း လက်ခံပါ”ဟု ပြောကြား၍ ပေးအပ်လေသည်။

ဥတ္တရာဥပါသိကာ သူဌေးကတော်သည် ဝမ်းမြောက်ဝမ်းသာ အခြွေအရံ အလုပ် အကျွေးအဖော်တို့ဖြင့် မြတ်စွာဘုရားအမှူးရှိသော သံဃာတော်များကို ၁၅-ရက် ပတ်လုံး ပဝါရဏာနေ့တိုင်အောင် ဆွမ်းဘုဉ်းပေးကြွရောက်ရန် ပင့်ဖိတ်ပြီးကာလ ဆွမ်းဘောဇဉ်တို့ကို ကပ်လှူခြင်း၊ တရားစကားကြားနာခြင်းကို နေ့စဉ်ပြုလျက်ရှိ၏။ နက်ဖြန်၌ ပဝါရဏာနေ့ ဖြစ်သောကြောင့် ပိုမိုအားထုတ်ကျွေးမွေး ဆက်ကပ်ရန် မီးဖိုဆောင်၌ ချွေးတလုံးလုံးနှင့် ပြာတို့ မီးသွေးတို့ပေကျံလျက် ချက်ပြုတ်စီမံ ဆောင်ရွက်နေကြ၏။

ထိုအချိန်၌ သီရိမာသည် မိမိကိုယ်ကို သူဌေးကတော်အိမ်ရှင်မ အဖြစ်ဖြင့် အထင် အမြင်မှားကာ ဥတ္တရာ ဥပါသိကာ သူဌေးကတော်အပေါ်၌ ဒေါသ အာဃာတ ဗျာပါဒ ဖြစ်လျက် မီးဖိုချောင်သို့ ဆင်းသွား ပြီးလျှင် ထောပတ်ဆီပူအိုးကိုယူ၍ ဥတ္တရာ ဥပါသိကာသူဌေးကတော်ကိုယ်ပေါ်သို့ လောင်းရန်သွား၏။

ဥတ္တရာဥပါသိကာသူဌေးကတော်၏ မေတ္တာပွားပုံမှာ- ေဩာ်– မိတ်ဆွေသီရိမာ သည် ငါ့အပေါ်၌ကျေးဇူးများလှပါပေသည်။ စကြဝဠာကမ္ဘာမြေက ကျဉ်းမူကား ကျဉ်း ပေဦးမည်။ မိတ်ဆွေ၏ကျေးဇူးကား များပြားကျယ်ဝန်းလှပါသည်။ ဗြဟ္မာ့ဘုံက နိမ့်မူ နိမ့်ဦးမည်။ မိတ်ဆွေ၏ ကျေးဇူးကား မြင့်မားလှပါသည်။ မိတ်ဆွေ သီရိမာ၏ ကျေးဇူးကြောင့် ငါသည် အလှူဒါနကိုလည်း ပြုလုပ်လှူဒါန်းရသည်။ တရားဓမ္မကိုလည်း ကြားနာရပါသည်။ အကယ်၍ ငါသည်မိတ်ဆွေသီရိမာအပေါ်၌ စိတ်ဆိုးခြင်း ကောမရှိသည် ဖြစ်အံ့ ဤထောပတ်ပူသည်ငါ့အားပူလောင်ပါစေ။ မိတ်ဆွေသီရိမာအပေါ်၌ ကောဓမရှိသည် ဖြစ်အံ့ ရေချမ်းရေကဲ့သို့အေးပါစေဟု သီရိမာကိုအာရုံပြု၍ မေတ္တာဘာဝနာဖြင့် ပွားများ ဖျန်းဆွတ်လိုက်၏။ ထို့နောက် သီရိမာလောင်းလိုက်သော ထောပတ်ပူသည် ပူလောင်ခြင်း ကင်း၍ ရေချမ်းအေး ကဲ့သို့ အေးချမ်းခြင်းသို့ ရောက်လေတော့သည်

သူဌေးကတော် ဥတ္တရာဥပါသိကာ၏ မေတ္တာဘာဝနာသည် ဥတ္တရာဥပါသိကာ သန္တာန်၌ မဖြစ်သေးသော ကောဓဟူသော ဒေါသ ဗျာပါဒလည်းမဖြစ်ပေ။ သီရိမာ သန္တာန်၌ ဖြစ်ပေါ်သော ကောဓဟူသော ဒေါသဗျာပါဒ သည်လည်း ပျောက်ကင်း ငြိမ်းအေးကြကုန်၏။
မေတ္တာဘာဝနာသည် ဤသို့လျှင် ဗျာပါဒကို ငြိမ်းအေးစေသည်။ ကောဓဒေါသ ဗျာပါဒ ဟူသည် ဗျာပါဒနီဝရဏ တစ်မျိုးတည်း ဖြစ်ကြသည်။ အမည်သာကွဲ၍ သဘောကား တူကြသည်။ ဤသို့စသည်တို့ကို ရည်ညွှန်း၍ မေတ္တာဘာဝနာသည် ဗျာပါဒ ကင်းခြင်း၏ အကြောင်းဖြစ်သည်ဟု ဆိုသည်။

ဥတ္တရာဥပါသိကာသူဌေးကတော်၏ မေတ္တာသည် သြဓိသမေတ္တာဖြစ်သည်။
သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု- စသည်ဖြင့် ပုဂ္ဂိုလ်သတ္တဝါမခွဲမခြား၊ အရပ် ဒေသ မခွဲမခြား၊ သတ္တဝါဟူသမျှ အရပ်ဒေသတိုင်းရှိ ပုဂ္ဂိုလ်သတ္တဝါတို့ကို အာရုံပြု၍ ပွားများမူကား အနောဓိသမေတ္တာဘာဝနာ ဖြစ်သည်။

သြဓိသ, အနောဓိသ မေတ္တာ ၂-မျိုးတို့၏ အကျိုးကျေးဇူး ၁၁-မျိုးကိုလည်း မြတ်စွာဘုရား ဟောတော်မူသည်။

ယင်းအကျိုး ၁၁-မျိုးကို လူငယ်များ ကျက်မှတ်နိုင်ကြစေရန် လင်္ကာစီကုံးထား သည်မှာ-
မေတ္တာဘာဝနာ ပွားများသောပုဂ္ဂိုလ်သည် -

  1. စိတ်နှလုံးချမ်းသာစွာ အိပ်ရသည်
  2. အိပ်ရာမှ နိုးသောအခါလည်း စိတ်နှလုံးချမ်းသာသည်
  3. အိပ်မက်ဆိုး မမက်၊ အိပ်မက်ကောင်း မက်တတ်သည်၊
  4. နတ်များ စောင့်ရှောက်တတ်သည်၊
  5. လူများ ခင်မင်ကြည်ညိုတတ်သည်၊
  6. နတ်များ ခင်မင်ကြည်ညိုတတ်သည်၊
  7. လက်နက်ဘေး မသင့်၊ အဆိပ်ဘေးမသင့်၊ မီးဘေးမသင့်၊
  8. မေတ္တာပွားလျှင် သမာဓိရလွယ်သည်
  9. မျက်နှာကြည်လင်သည်
  10. မတွေမဝေ သတိကောင်းစွာဖြင့် သေရသည်
  11. မေတ္တာဈာန်မပျက်ဘဲ သေလျှင် ဗြဟ္မာဖြစ်တတ်သည်

ဤပြဆိုအပ်သော အကျိုး တစ်ဆယ့်တစ်မျိုးတို့ကို ရသည်ဟု မြတ်စွာဘုရား ဟောတော်မူသည်။

မေတ္တာအကျိုး ၁၁-မျိုး မြန်မာကဗျာ

၁။ ချမ်းသာအိပ်ရ နိုးကချမ်းသာ
ဆိုးစွာအိပ်မက် မမြင်မက်ပါ
စောင့်ကြနတ်ပေါင်း သားကောင်းပမာ
လူနတ်နှစ် ခင်ချစ်ကြသည်သာ

၂။ လက်နက်ဆိပ်မီး ပြီးသည်တစ်ဖြာ
မျက်နှာကြည်လှ တည်ထစိတ်မှာ
သေချိန်ကာလ မတွေရပါ
သေပြန်က လားရဗြဟ္မာ့ရွာ

၃။ မျက်မှောက်ဘဝ ဆယ်ဝချမ်းသာ
နောက်ဘဝတစ် ရလစ်မှန်စွာ
တစ်ဆယ့်တစ်မျိုး ဤအကျိုးမှာ
မေတ္တာမိုး တန်ခိုးဘာဝနာ

၃။ ကံသာလျှင် မိမိဥစ္စာရှိခြင်းဆိုသည်မှာ-
ကမ္မဿကောမှိ ကမ္မဒါယာဒေါ ကမ္မယောနိ ကမ္မဗန္ဓု ကမ္မပဋိဿရဏော ယံ ကမ္မံ ကရိဿာမိ ကလျာဏံ ဝါ ပါပကံ ဝါ၊ တဿ ကမ္မဿ ဒါယာဒေါ ဘဝိဿာမိ- ဟူ၍ အဘိဏှသုတ်၌ မြတ်စွာဘုရား ဟောတော်မူသည်ကို နည်းယူ၍ လူတို့သည် သတိပြုဆင်ခြင်စဉ်းစားလျှင် မိမိဥစ္စာပစ္စည်း အစစ်အမှန်သည် မိမိပြုသော ကောင်းမှုကံ မကောင်းမှုကံသာလျှင် ဖြစ်သည်ကို မြင်ကြလိမ့်မည်။

မိမိပြုသောကံ၏ အမွေခံတို့သာလျှင်ဖြစ်သည်ကို မြင်ကြလိမ့်မည်။ မိမိပြုသော ကံသာလျှင် မိမိကိုးကွယ်ရာ, တည်မှီရာဖြစ်သည်ကို မြင်ကြလိမ့်မည်။ မိမိသည် အပြစ်ကင်းသော ကောင်းသော အလုပ်ကိုလုပ်လျှင်၊ ကောင်းသောစကားကို ပြောဟောလျှင်၊ ကောင်းသော အကြံကိုကြံလျှင် ကောင်းသောအကျိုးကျေးဇူးကို ရမည်။ မကောင်းသောအလုပ်ကို လုပ်လျှင်၊ မကောင်းသော စကားကို ပြောဟောလျှင်၊ မကောင်းသော အကြံကိုကြံလျှင် မကောင်းသော အကျိုးတို့ကိုသာ ရမည်ဟု မြင်ပေလိမ့်မည်။
ယင်းသို့ ဉာဏ်ဖြင့်မြင်လျှင် တစ်စုံတစ်ခုသော အာရုံ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ ဖြစ်ပေါ်သော ဗျာပါဒသည် ငြိမ်းအေးတတ်သည်။ ထို့ကြောင့် ကံသာလျှင်မိမိဥစ္စာရှိသည်ဟု နှလုံးသွင်းခြင်းသည်လည်း ဗျာပါဒနီဝရဏ ပပျောက်ငြိမ်းကြောင်း ဖြစ်သည်ဟု ဆိုသည်။ ကံဟူသည် အလုပ်ပင် ဖြစ်သည် ကိုလည်း သတိပြုရမည်။

၄။ ဒေါသ၏အပြစ်ကို လည်းကောင်း၊ မေတ္တာ၏အကျိုးကိုလည်းကောင်း ဆင်ခြင်မှ များခြင်းဟူသည်မှာ ကောင်းမှု မကောင်းမှုတို့ကို သတိပြု၍ ဆင်ခြင်မှုမရှိ၊ အမှတ်မဲ့ နေသော ပုဂ္ဂိုလ်သည် ကောင်းမှု၏အကျိုးကျေးဇူး မကောင်းမှု၏အပြစ်ဒေါသတို့ကို မသိ၊ သိသည် ဆိုသော်လည်း ပေါ့ပေါ့ဆဆ အပေါ်ရုံမျှသိတတ်၏။ လေးလေး နက်နက် နှစ်နှစ်ကာကာ မှန်ကန်သည့်အတိုင်း မသိကြ။ အကယ်၍ကောင်းမှု၏ အကျိုး ကျေးဇူးကို မှန်ကန်သည့် အတိုင်း ကွင်းကွင်းကွက်ကွက် သိမြင်လျှင် ပြုနိုင်သမျှသော ကောင်းမှုကိုလည်း ပြုမည်ဖြစ်၏။ မကောင်းမှု၏အပြစ်ကိုလည်း ထို့အတူ ကွင်းကွင်း ကွက်ကွက် သိမြင်လျှင် တတ်နိုင်သမျှ မကောင်းမှုမှ ရှောင်ကြဉ်မည်ဖြစ်၏။
ဥတ္တရာဥပါသိကာ သူဌေးကတော်ဝတ္ထုကို စဉ်းစားလျှင် ဥတ္တရာဥပါသိကာ သူဌေး ကတော်၏ မေတ္တာဘာဝနာ ကောင်းမှု၏ အကျိုးကျေးဇူးကိုလည်းကောင်း၊ သီရိမာ၏ ဒေါသဗျာပါဒတည်းဟူသော မကောင်းမှု၏ အပြစ်ကိုလည်းကောင်း အမှန်အတိုင်း မြင်၍ ဗျာပါဒကို ပယ်ဖျောက်နိုင်သည်။ ပယ်ဖျောက်ရမည်ဟု ဆိုလိုသည်။

၅။ မိတ်ဆွေကောင်းရှိခြင်း ဟူသည်မှာ- မိမိသန္တာန်၌ ပရိယုဋ္ဌာနအားဖြင့် ဖြစ်ပေါ်နေသော ဗျာပါဒ၊ တစ်နည်းအားဖြင့် အနုသယအနေဖြင့် ကိန်းအောင်းလျက် ရှိသော ဗျာပါဒ အကုသိုလ်တရား၏ ငြိမ်းအေးကြောင်း ပပျောက်ကြောင်း ခေါင်းပါး အားနည်းကြောင်း တရားစကားမျိုးကို ပြောလေ့ ဟောလေ့ရှိသော မိတ်ဆွေကောင်း သီတင်းသုံးဖော်ကောင်း ရှိခြင်းကို ဆိုလိုသည်။
အကယ်၍ မိမိအဇ္ဈတ္တသန္တာန်၌ ဗျာပါဒ ဖြစ်ပေါ်ခဲ့လျှင် မိမိ၏အကျိုးစီးပွားကို လိုလားသော ဗျာပါဒ၏ အပြစ်ဒေါသကို သိမြင်သော မိတ်ဆွေကောင်း သီတင်း သုံးဖော်ကောင်းက သတိပေးပြောသဖြင့် မိမိအဇ္ဈတ္တသန္တာန်၌ဖြစ်ပေါ်ဆဲ ဗျာပါဒသည် ငြိမ်းအေး ပပျောက် ကင်းစင်တတ်သည်ဖြစ်၍ မိတ်ဆွေကောင်း ရှိရမည်ဆိုသည်။

၆။ မေတ္တာနှင့် စပ်သော တရားစကား၊ တစ်နည်း- ဗျာပါဒ ကင်းခြင်းနှင့် စပ်သော တရားစကားကို ပြောဆိုခြင်းဟူသည်မှာ- နောက်ကပြဆိုခဲ့ပြီးသော အကြောင်း အင်္ဂါတို့ဖြင့်သာ ဗျာပါဒကို ငြိမ်းအေး စေရမည် မဟုတ်သေး။ မိမိကိုယ်တိုင်ကလည်း မေတ္တာ၏အကျိုးကျေးဇူးစကားဗျာပါဒ၏ အပြစ်စကား၊ ဗျာပါဒကင်းခြင်းနှင့်စပ်သော အကျိုးစကားတို့ကိုသာ များသောအားဖြင့် ပြောကြားရမည်။ ယင်းသို့ပြောလေ့ ပြောထရှိလျှင် မိမိအဇ္ဈတ္တသန္တာန်၌ ဗျာပါဒကင်းလွတ် ငြိမ်းအေး ပပျောက်ကြောင်း ဖြစ်သည်ဟုဆိုသည်။

ဗျာပါဒနီဝရဏ တည်းဟူသောဒေါသသည် ကုသိုလ်တရားကိုသာလျှင် ပိတ်ပင် တားမြစ်သည် မဟုတ်သေးပေ။ ဒေါသစရိုက်ရှိသောပုဂ္ဂိုလ်သည် မိတ်ကောင်း ဆွေကောင်း ကင်းတတ်သည်။ ရင်းနီးပြီး,ခင်မင်ပြီးရှိသော မိတ်ဆွေသည်လည်း မေတ္တာပျက်၍ ခွဲခွာတတ်သည်။ ဒေါသဇ္ဈာသယရှိသောပုဂ္ဂိုလ်သည် စကားကို သာယာခြေငံစွာ မပြော တတ်ဘဲ ကြမ်းတမ်းခက်ထန် မာကြောစွာ ပြောတတ်သည်ဖြစ်၍ ခင်မင်ရင်းနှီးစွာ ဆက်ဆံသူနည်းပါးတတ်သည်။
ဒေါသဇ္ဈာသယရှိသောပုဂ္ဂိုလ်သည် သာယာချောမောစွာဖြင့် ချီးမြှောက်စကားမျိုးကို မပြောတတ်ဘဲ ကဲ့ရဲ့ရှုတ်ချ ပြစ်တင်သော စကားမျိုးကိုသာ ပြောလေ့ရှိသည်ဖြစ်သဖြင့် မိတ်ကောင်းပျက်တတ်သည်။ ဒေါသဇ္ဈာသယရှိသော ပုဂ္ဂိုလ်သည် သူတစ်ပါး၏ အပြစ်ကိုသာ မြင်လေ့ရှိသဖြင့် မိမိကိုယ်တိုင် စိတ်နှလုံးမချမ်းမသာ ဖြစ်တတ်သည်၊ သို့ကြောင့် မြတ်စွာဘုရားက ကော့ဓ၏အလိုသို့ မလိုက်ကြလေနှင့် စသည်ဖြင့် ဟောတော်မူသည်။

ကောဓော ဝေါ ဝသမာယာ တု၊ ဒေါသ၏အလိုသို့ မလိုက်ကြလေနှင့်၊
မာ စ မိတ္တေဟိ ဝေါ ဇရာ။ မိတ်မပျက်စေနှင့်၊
အဂရဟိယံ မာ ဂရဟိတ္ထ၊ မကဲ့ရဲ့သင့်သည်ကို မကဲ့ရဲ့ကြနှင့်၊
မာ စ ဘာသိတ္ထ ပေသုဏံ။ ကုန်းချောစကား မပြောကြလေနှင့်-ဟု ဟောတော်မူသည်။
ကောဓဟုဆိုအပ်သော ဒေါသစရိုက်ရှိသောပုဂ္ဂိုလ်သည် မိတ်ကောင်းပျက်တတ်၏။ မကဲ့ရဲ့သင့်သော ပုဂ္ဂိုလ်မျိုးကိုလည်း ကဲ့ရဲ့တတ်၏။ မိတ်ပျက်ကြောင်း ကွဲပြားကြောင်း ကုန်းချော စကားမျိုးကိုလည်း ပြောဆိုတတ်၏။ သို့ကြောင့် မြတ်စွာဘုရားက ကောဓဟူသော ဒေါသ၏အလိုသို့ မလိုက်ကြလေနှင့်၊ ဒေါသ ဗျာပါဒမဖြစ်ကြစေနှင့်၊ မိတ်မပျက်စေနှင့်၊ မကဲ့ရဲ့နှင့်၊ ကုန်းချောစကား မပြောကြလေနှင့်ဟု ဗျာပါဒ နီဝရဏ ကင်းစင်ကြောင်းကို ဟောတော်မူသည်။

ပြဆိုအပ်ခဲ့ပြီးသောနည်းတို့ဖြင့် ကောင်းမှုကုသိုလ်တို့ကို တားမြစ်ပိတ်ပင်တတ်သော ဗျာပါဒနီဝရဏကို ပယ်ကြကုန်ရာ၏၊ ပယ်နိုင်စေကုန်သတည်း။

ဗျာပါဒနီဝရဏကို ပယ်သတ်ပုံ ပြီး၏။

ထိနမိဒ္ဓနီဝရဏကို ပယ်သတ်ပုံ

ဗျာပါဒနီဝရဏနှင့်စပ်၍ ဟောတော်မူပြီးကာလ ယခုအခါ ထိနမိဒ္ဓနီဝရဏနှင့် စပ်သော ဒေသနာတော်ကို ဆက်လက်ဟောတော်မူလိုသည်ဖြစ်၍ -
သန္တံ ဝါ အဇ္ဈတ္တံ ထိနမိဒ္ဓံ၊ အတ္ထိ မေ အဇ္ဈတ္တံ ထိနမိဒ္ဓံ” စသည်တို့ကို ဟောတော်မူသည်။

ထိနမိဒ္ဓတို့၏ သဘောလက္ခဏာကို နောက်က အနည်းငယ်ပြဆိုခဲ့ပြီ။ တရား ထိုင်ခြင်း တရားနှလုံးသွင်းခြင်း ပြုသောအခါ၌ဖြစ်စေ၊ အခြားသော ကောင်းမှု တစ်စုံတစ်ခုကို ပြုလုပ်သောအခါ၌ဖြစ်စေ၊ “ပျင်းရိခြင်း၊ ငြီးငွေ့ခြင်း၊ ထက်သန်မှု မရှိခြင်း၊ တွေဝေ ထိုင်းမှိုင်းဖြစ်ခြင်းတို့သည် ထိနမိဒ္ဓ၏လက္ခဏာတို့ဖြစ်ကုန်၏။ ဖြစ်ပေါ်ဆဲ ထိနမိဒ္ဓတို့သည်လည်း ပျင်းရိခြင်း စသည်တို့ကြောင့် ပိုမို၍အားကောင်း လာတတ်သည်။ ထိနမိဒ္ဓတို့ကို ပယ်ရန် ပဓာနသဘောတရားသည်ကား, ဝီရိယပင် ဖြစ်သည်။

ဝီရိယသည်-

  1. အာရမ္ဘဝီရိယ
  2. နိက္ကမဝီရိယ
  3. ပရက္ကမဝီရိယ- ဟူ၍ သုံးမျိုးရှိ၏။

ထိုသုံးမျိုးတို့တွင်-

  1. ကောင်းမှုကုသိုလ်တို့ကို ဖြစ်စေမည်, ပြုလုပ်မည်ဟု ရှေးဦးစွာ ယောနိသော မနသိကာရဖြင့် တက်ကြွသော စိတ်၏သဘောသည် အာရမ္ဘဝီရိယမည်၏။
  2. ထို့ထက်တစ်ဆင့်တက်၍ အားထုတ်ခြင်းရှိသော ဝီရိယသည် နိက္ကမဝီရိယ မည်၏။
  3. အဆင့်ဆင့်အားဖြင့် ပျင်းရိခြင်းတို့ကို ကျော်လွန်၍ ထက်ထက်သန်သန် အားထုတ်ခြင်းရှိသော ဝီရိယသည် ပရက္ကမဝီရိယမည်၏။

တစ်နည်း -

  1. အာရမ္ဘဝီရိယသည် သာမန်ပျင်းရိခြင်းကို ပယ်နိုင်ရုံမျှသာ အားရှိသေးသည်။ အာသေဝနပစ္စည်းကို မရသောကြောင့် အားနည်းသေးသည်။
  2. နိက္ကမဝီရိယသည် မိမိရှေ့၌ဖြစ်သော အာရမ္ဘဝီရိယ တည်းဟူသော အာသေဝန ပစ္စည်းကို ရသောကြောင့် ဝီရိယအား ပိုမို၍ရှိလာသည်။
  3. ပရက္ကဝီရိယသည်ကား မိမိ၏ ရှေ့အဖို့၌ဖြစ်သော အာရမ္ဘဝီရိယ, နိက္ကမဝီရိယ တည်းဟူသော အာသေဝနပစ္စည်းကို ရရှိသည်ဖြစ်၍ အထူးသဖြင့်အားရှိသော ဝီရိယဖြစ်သည်။

ဤသုံးမျိုးသောဝီရိယတို့ဖြင့် သင့်သော နှလုံးသွင်းခြင်းဟူသော ယောနိသော မနသိကာရများကို များစွာဖြစ်စေလျက် တရားကို၊ ဝါ- ကောင်းမှုကို ပွားများ အားထုတ် သော ပုဂ္ဂိုလ်၏ ထိနမိဒ္ဓသည် ပယ်ပျောက်တတ်ပေသည်

တစ်နည်းအားဖြင့် ၆-ပါးသော သဘောတရားတို့သည် ထိနမိဒ္ဓတို့ကို ပယ်သတ် ကြောင်း ဖြစ်ကုန်၏။
၆-ပါးသော သဘောတရားတို့ ဟူသည်ကား-

  1. ဆွမ်းစသောအာဟာရကို အလွန်စားခြင်း၏ အပြစ်ကိုရှုခြင်း
  2. ဣရိယာပုထ် ပြောင်းလွှဲပြုပြင်ခြင်း
  3. အလင်းရောင်ကို နှလုံးသွင်းခြင်း၊
  4. လွင်တီးခေါင်၌နေခြင်း
  5. မိတ်ဆွေကောင်းရှိခြင်း၊
  6. ထိနမိဒ္ဓကင်းခြင်းနှင့်စပ်သော တရားစကားပြောဆိုခြင်း-

ဤခြောက်ပါးတို့ဖြစ်ကုန်၏။

ဤခြောက်ပါးတို့တွင် -
၁။ ဆွမ်းစသော အာဟာရကို အလွန်စားခြင်း၏ အပြစ်ကို ရှုခြင်းဟူသည်မှာ- ဆွမ်းစသော အာဟာရကို ခန္ဓာကိုယ် မျှတ-ရုံသာ မစားမူ၍ စားကောင်းတိုင်း, ခံတွင်းမြိန်တိုင်း ပိုမိုလွန်ကဲစွာ စားခြင်းသည် တွေဝေထိုင်းမှိုင်းခြင်း ပျင်းရိခြင်းတို့ကို ဖြစ်စေသည်။ စားသောက်ဖွယ်တို့ကို လွန်ကဲစွာ စားသောက်ခြင်းကြောင့် ထိနမိဒ္ဓ အားကောင်း လာတတ်သည်။ ထိနမိဒ္ဓ အားကောင်းသဖြင့် ကုသိုလ်တရားကို ပိတ်ပင်ကြောင်း ထိနမိဒ္ဓနီဝရဏ အဖြစ်သို့ ရောက်တတ်သည်။
အကယ်၍ စားသောက်ဖွယ် အာဟာရတို့ကို ခန္ဓာကိုယ်မျှတ၍ ဆောင်ရွက်ဖွယ် ကိစ္စတို့ကို ဆောင်ရွက်နိုင်ရုံ၊ ရဟန်းတရား သူတော်ကောင်းတရားကို ပွားများ အားထုတ်နိုင်ရုံ ဆင်ခြင်၍ စားလျှင် ထိနမိဒ္ဓ ကင်းစင် ပပျောက်တတ်သည်။ မဖြစ်သေးသော ထိနမိဒ္ဓမဖြစ်မူ၍ ဖြစ်ဆဲ ထိနမိဒ္ဓသည် ကင်းစင် ပပျောက် တတ်သည်။
ထို့ပြင် နောက်က ထုတ်ဖော်ပြဆိုခဲ့သည့်အတိုင်း အစာအာဟာရကို အတိုင်းအရှည် ပမာဏသိ၍ ခန္ဓာမျှတ-ရုံ ဆင်ခြင်၍ စားခြင်းကြောင့် ခန္ဓာ၌ အနာရောဂါကင်းခြင်း, အိုခဲခြင်း, အသက်ရှည်ခြင်း, သူတော်ကောင်းတရားရရှိခြင်း အကျိုးကျေးဇူး တို့ကိုလည်း သိကြ၍ ထိနမိဒ္ဓနီဝရဏ ကင်းစေရန် စားသောက်ဖွယ် အာဟာရတို့ကို ဉာဏ်ဖြင့်ဆင်ခြင်၍ စားသုံးခြင်းဖြင့် ထိနမိဒ္ဓနီဝရဏကို ပယ်ရမည်ဟု ဆိုသည်။

၂။ ဣရိယာပုထ် ပြောင်းလွှဲပြုပြင်ခြင်းဟူသည်မှာ ဣရိယာပုထ်လေးပါးရှိသည်တွင် သူတော်ကောင်းတရားကို ပွားများအားထုတ်သော ပုဂ္ဂိုလ်သည် အိပ်ခြင်း (ဦးခေါင်းချ၍ ကိုယ်ကိုလှဲခြင်း) ဣရိယာပုထ်မှတစ်ပါး ထိုင်ခြင်း၊ ရပ်ခြင်း၊ သွားခြင်း ဣရိယာပုတ်သုံးပါးတို့တွင် တစ်ပါးပါးသော ဣရိယာပုထ်ဖြင့် တရားကို ဆင်ခြင် ပွားများ အားထုတ်နေသည်ဖြစ်အံ့၊ ထိုအချိန်၌ တွေဝေထိုင်းမှိုင်းခြင်း၊ ငိုက်မျဉ်းခြင်း၊ အိပ်ချင်ခြင်း၊ ပျင်းရိခြင်းတစ်မျိုး ဖြစ်ခဲ့လျှင် ဣရိယာပုထ်ကို တစ်မျိုးတစ်ဖုံ ပြောင်းလွှဲပေးခြင်းဖြင့် ထိနမိဒ္ဓပျောက်ကင်းတတ်သည်ဟု ဆိုသည်။

၃။ အလင်းရောင်ကို နှလုံးသွင်းခြင်း ဟူသည်မှာ - အမှောင်သည် ထိနမိဒ္ဓကို အားပေးတတ်သော သဘောရှိသောကြောင့် အမှောင် သည် တွေဝေထိုင်းမှိုင်းခြင်း၊ ငိုက်မျဉ်းခြင်း၊ အိပ်ချင်ခြင်းကို ဖြစ်စေသည်။ ထို့ကြောင့် သူတော်ကောင်းတရားကို နှလုံးသွင်းသောပုဂ္ဂိုလ်သန္တာန်၌ ထိနမိဒ္ဓဝင်လာသောအခါ လရောင်, မီးရောင်, နေရောင် စသည့် အလင်းရောင်ကို အာရုံပြုလျှင် ထိနမိဒ္ဓကင်းလွတ် ပပျောက် တတ်သည်သောကြောင့် ထိုအချိန်၌ အလင်းရောင်ကို အာရုံပြုရမည်။ အလင်းရောင်သည် ထိနမိဒ္ဓနီဝရဏကို ပပျောက်စေတတ်သည်ဟု ဆိုသည်။

၄။ လွင်တီးခေါင်၌ နေခြင်းဟူသည်မှာ - လွင်တီးခေါင်၌ နေခြင်းကိုကား အထူး တလည် ပြဆိုရန်မရှိ။ လွင်တီးခေါင်၌ နေခြင်းကြောင့် လွင်တီးခေါင်သည် အလင်းရောင်လည်း ရသည်လေကောင်းလည်း ရသည်၊ သန့်ရှင်းသည်၊ ကျယ်ဝန်းသည်ဖြစ်၍ ပကတိအားဖြင့် ထိနမိဒ္ဓကင်းဝေး ပပျောက်ကြောင်း ဖြစ်သည်။ သို့ကြောင့် တွေဝေ ထိုင်းမှိုင်းခြင်း ထိနမိဒ္ဓ သဘော ဝင်လာသောအခါ လွင်တီးခေါင်သို့ ပြောင်းလွှဲနေခြင်းဖြင့် ထိနမိဒ္ဓနီဝရဏ ကင်းစင်ပပျောက်တတ် သည်ဟု ဆိုသည်။

၅။ မိတ်ဆွေကောင်းရှိခြင်းဟူသည်မှာ - ထိနမိဒ္ဓကင်းစင်သော အရှင်မဟာကဿပ မထေရ်ကဲ့သို့သော ထိနမိဒ္ဓ ကင်းစင်သော မိတ်ဆွေကောင်း သီတင်းသုံးဖော်ကောင်း ရှိရမည်။ ဤ သီတင်းသုံးဖော်မျိုးကို မှီဝဲရမည်။ ဤကဲ့သို့သော သီတင်းသုံးဖော်ကို မှီဝဲဆည်းကပ်ခြင်းဖြင့် မိမိသန္တာန်၌လည်း ထိနမိဒ္ဓ ကင်းစင်သော အကျိုးကို ရတတ်သည် ဖြစ်၍ မိတ်ဆွေကောင်းရှိရမည်ဟုဆိုသည်။

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာကီဝင်မင်းတို့၏ နဂရကအမည်ရှိသော နိဂုံး၌ သီတင်းသုံးနေတော်မူစဉ် အာနန္ဒာအမည်ရှိသော ရဟန်းတော်က မြတ်စွာဘုရားအား လျှောက်ထားသည်မှာ-
“မြတ်စွာဘုရား -- ကောင်းမြတ်သော အကျင့်တရား ရဟန်းတရားကို အားထုတ်ခြင်း၊ တရားပြည့်စုံခြင်း၌ မိတ်ဆွေကောင်း သီတင်းသုံးဖော်ကောင်းသည် ထက်ဝက်ကျေးဇူးများပါသည် မြတ်စွာဘုရား”ဟု လျှောက်ထားရာ ထိုအခါ မြတ်စွာဘုရား က မိန့်တော်မူသည်မှာ-

“အာနန္ဒာက သည်လိုမပြောနှင့်၊ သည်လိုမယူလေနှင့်၊ မြတ်သော ကောင်းသော တရား ရဟန်းတရားကို အားထုတ်ခြင်း၊ တရားပြည့်စုံခြင်း၌ မိတ်ဆွေကောင်း သီတင်းသုံးဖော်ကောင်းသည် အပြည့်အစုံ ကျေးဇူးများပေတယ် အာနန္ဒာ” ဟု မိန့်တော်မူလေသည်။

ထို့ပြင် မြတ်စွာဘုရားသည် အခါတစ်ပါး၌ ဟောတော်မူသည်မှာ-
“မိမိအောက်ညံ့သူနှင့် မပေါင်းနှင့်၊ မိမိပါ ညံ့ခြင်းသို့ရောက်တတ်သည်။ မိမိနှင့် တန်းတူကိုပေါင်းလျှင် တန်းတူဖြစ်တတ်သည်၊ မိမိထက်သာသောသူ တော်သော သူနှင့် ပေါင်းလေ၊ မိမိထက်သာသောသူ တော်သောသူနှင့် ပေါင်းမှသာလျှင် မိမိကိုယ်တိုင် သာသူ တော်သူ ဖြစ်နိုင်သည်” ဟုလည်း ဟောတော်မူသည်။

သို့ကြောင့် မိတ်ဆွေကောင်း ရှိရခြင်းသည် တန်ဖိုးရှိလှသည်ကို သတိပြုရာ၏။

[ဤစကားရပ်၌ အာနန္ဒာမည်သော ရဟန်းဟူသည် အရှင်အာနန္ဒာဖြစ်သည်။ အခြား အာနန္ဒာအမည်ရှိ ရဟန်းတော်တစ်ပါးဖြစ်သည်။ မသဲကွဲသေး၍ သာမန်ရေးလိုက်သည်။]

၆။ ထိနမိဒ္ဓနှင့်စပ်သော တရားစကား ပြောကြားခြင်းဟူသည်မှာ - ထိနမိဒ္ဓကို ပယ်လိုသောပုဂ္ဂိုလ်သည် ထိနမိဒ္ဓ ကင်းရှင်းသော၊ ဝါ- ထိနမိဒ္ဓခေါင်းပါးသော မိတ်ဆွေကောင်း သီတင်းသုံးဖော်ကောင်း ရှိရမည်သာ မဟုတ်သေး။ စကားပြောသော အခါတို့၌လည်း အခြားသော အကျိုးမဲ့စကားတို့ကို မပြောမူ၍ နိသဇ်ဓူတင်, အမ္ဘောကာသိကရူတင် စကားတည်းဟူသော ထိနမိဒ္ဓခေါင်းပါး အားနည်းကြောင်း ဓူတင်စကားတို့ကိုသာ ပြောခြင်း၊ ဆွေးနွေးခြင်း၊ မေးမြန်းခြင်း တို့ကို ပြောဆိုပြုလုပ်ရမည်။ ယင်းသို့ ပြောဆိုခြင်းသည် ထိနမိဒ္ဓကင်းစေကြောင်း ဖြစ်သည်ဟုဆိုသည်။

ပြဆိုအုပ်ပြီးသော အကြောင်းအင်္ဂါ ၆- ပါး တို့သည် ထိနမိဒ္ဓနီဝရဏကို ကင်းရှင်းစေကြောင်း ပယ်သတ်ကြောင်းတို့ ဖြစ်ကုန်၏။

ထိနမိဒ္ဓနီဝရဏပယ်သတ်ပုံပြီး၏

ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ ပယ်သတ်ပုံ

မြတ်စွာဘုရားသည် ထိနမိဒ္ဓနီဝရဏနှင့်စပ်၍ ဟောတော်မူပြီးလျှင် ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏနှင့်စပ်၍ ဟောတော်မူခြင်းငှာ “ဣဓ ဘိက္ခဝေ” စသည် ဆက်လက်၍ ဟောတော်မူသည်။

ဥဒ္ဓစ္စကုက္ကုစ္စ သဘောသည် စိတ်၏မငြိမ်းအေးခြင်း သဘောရှိ၏၊ ပျံ့လွင့်သော အခြင်းအရာ, ပူပန်သော အခြင်းအရာသည် ဥဒ္ဓစ္စကုက္ကုစ္စ သဘောဖြစ်၏။ တရားသဘော၌လည်းကောင်း၊ ဝိနည်းသိက္ခာပုဒ်၌ လည်းကောင်း မသင့်သော နှလုံး သွင်းခြင်း = အယောနိသောမနသိကာရဖြင့် မတည်မငြိမ် ကြံစည် တွေးတောခြင်း များသော ပုဂ္ဂိုလ်၌ ဥဒ္ဓစ္စကုက္ကုစ္စ ဖြစ်တတ်သည်။

သမာဓိနှင့်ယှဉ်သော ယောနိသောမနသိကာရဖြင့် သင့်တင့်စွာ နှလုံးသွင်းရှိသော ပုဂ္ဂိုလ်၌ ဥဒ္ဓစ္စကုက္ကုစ္စ ငြိမ်းအေး ပပျောက်တတ်၏။ တစ်နည်းအားဖြင့် ၆-ပါးသော သဘောတရားတို့သည် ဥဒ္ဓစ္စကုက္ကုစ္စတို့ကို ပပျောက်ငြိမ်းအေးစေကြောင်းတို့ ဖြစ်သည်ကို သိရှိရာ၏။

၆-ပါးတို့ဟူသည်မှာ-
၁။ ဗဟုသုတ အကြားအမြင်များခြင်း၊
၂။ မေးမြန်းခြင်း၊
၃။ ဝိနည်း၌ ကျွမ်းကျင်လိမ္မာခြင်း၊
၄။ ထေရ်ကြီး ဝါကြီးတို့ကို မှီဝဲဆည်းကပ်ခြင်း၊
၅။ မိတ်ဆွေကောင်းရှိခြင်း၊
၆။ လျောက်ပတ်သော တရားစကားကိုပြောဆိုခြင်း တို့ဖြစ်ကုန်၏။

ဤ ၆-ပါးတို့တွင်-
၁။ ဗဟုသုတများခြင်း ဟူသည်မှာ - ဝိနည်းဘက်ဆိုင်ရာ၌ ဥဒ္ဓစ္စကုက္ကုစ္စဖြစ်လျှင် ဝိနည်းဘက်ဆိုင်ရာ၌ ဗဟုသုတ ရှိအောင် ဆည်းပူးလေ့လာခြင်း၊ အဘိဓမ္မာ ဘက်ဆိုင်ရာ၌ ဥဒ္ဓစ္စကုက္ကုစ္စဖြစ်လျှင် အဘိဓမ္မာ ဘက်ဆိုင်ရာ၌ ဗဟုသုတရှိအောင် ဆည်းပူးလေ့လာခြင်း။ မိမိ ဥဒ္ဓစ္စကုက္ကုစ္စဖြစ်နေသော အရာနှင့် သက်ဆိုင်ရာ ဗဟုသုတကို ဆည်းပူးလေ့လာရမည်ဟု ဆိုလိုသည်။

၂။ မေးမြန်းခြင်းဟူသည်မှာ - ဆိုင်ရာဆိုင်ရာ ကျမ်းဂန်တို့၏ အယူအဆ သဘော အဓိပ္ပာယ်တို့ကို ထိုထိုကျမ်းဂန် စာပေ၌ဖြစ်စေ၊ တရားသဘော၌ဖြစ်စေ ကျွမ်းကျင် လိမ္မာသော ပုဂ္ဂိုလ်တို့ထံ၌ မေးမြန်းခြင်း၊ ဆွေးနွေးခြင်းပြုရမည်ကို ဆိုလိုသည်။

၃။ ဝိနည်း၌ ကျွမ်းကျင်လိမ္မာခြင်းဟူသည်မှာ - မြတ်စွာဘုရား လက်ထက်တော်၌ ဧတဒဂ်ဘွဲ့ရ အလွန်ထင်ရှားသော အရှင်ဥပါလိထေရ် ကဲ့သို့ဖြစ်စေ၊ မြန်မာနိုင်ငံတော်၌ ထင်ရှားသော ဝိနယာလင်္ကာရ-ဝိနည်း ဋီကာကျမ်းပြု တောင်ဖီလာတောရ ဆရာတော်ကဲ့သို့ဖြစ်စေ၊ ခင်မွန်သုံးဂိုဏ်းချုပ် ဆရာတော်, ပခန်းဂူဖြူတောရ ဆရာတော် တို့ကဲ့သို့ဖြစ်စေ ဝိနည်းအရာ၌ ကျွမ်းကျင်လိမ္မာခြင်း ကိုဆိုသည်။

ဝိနည်း၌ ကျွမ်းကျင်လိမ္မာစေရန် ဝိနည်းထဲ၌ စိတ်ကိုချထား၍ မပြတ်ဆင်ခြင်လေ့လာ ပွားများမှသာလျှင် ဝိနည်း၌ ကျွမ်းကျင်လိမ္မာခြင်း ဖြစ်ပေမည်။ အရှင်ဥပါလိထေရ် လေ့လာတော်မူသည်ကို နည်းယူထိုက်ကြပေသည်။
ဝိနယော အာသယော မယှံ၊ ဝိနယော ဌာနစင်္ကမံ။
ကပွေမိ ဝိနယော ဝါသံ၊ ဝိနယော မမ ဂေါစရော။

ငါ၏အလိုဆန္ဒ၊ ဝါ- တည်ရာသည် ဝိနည်းသာဖြစ်သည်။ ငါသည် ရပ်တည်သည် ဖြစ်စေ၊ စင်္ကြံလျှောက်သည်ဖြစ်စေ စိတ်ကို ဝိနည်းထဲ၌သာ ထားသည်။ ဝိနည်းတည်းဟူသော ကျောင်း၌ ငါနေသည်။ ငါ၏အာရုံသည် ဝိနည်းမှတစ်ပါး အခြားမရှိ။ ငါ့အာရုံသည် ဝိနည်းပါပဲဟု ဆိုပါသည်။

ဤကဲ့သို့လေ့လာ အားထုတ်သောကြောင့်လည်း ဝိနည်း၌ အတော်ဆုံးအတတ်ဆုံး ဝိနယဓရဧတဒဂ်ဘွဲ့ထူးကို ရရှိတော်မူခြင်း ဖြစ်သည်။

အနည်းငယ် ဆက်ဦးအံ့-
ကြားဖူးသည်မှာ ဂူဖြူတောရ ဆရာတော်ကြီးသည် ဝိနည်းပါဠိတော်တို့ကို အဋ္ဌကထာနှင့်တွဲ၍ ချပို့ခဲ့သည်မှာ အကြိမ်ပေါင်း၊ တစ်နည်း- အခေါက်ပေါင်း ၅၀-ကျော်သည်ဟု ကြားရဖူး၏။ ခင်မွန်ထွက်ဆိုလျှင် ဝိနည်း၌ ကျွမ်းကျင်လိမ္မာတော် မူကြသည်မှာ ဝိနည်း၌ စိတ်ကိုချထား၍ ပွားများ လေ့လာတော်မူကြသောကြောင့် ကျွမ်းကျင်လိမ္မာတော်မူကြသည်။

ဤနည်းတို့ကိုယူ၍ ဝိနည်း၌ကျွမ်းကျင်လိမ္မာအောင် လေ့လာကြရမည်ဟု ဆိုလိုသည်။

၄။ ထေရ်ကြီးဝါကြီးတို့ကို မှီဝဲဆည်းကပ်ခြင်းဟူသည်မှာ -ဝိနည်းအရာ၌ ဥဒ္ဓစ္စကုက္ကုစ္စ သံသယ ကင်းလွတ်လိုသော ပုဂ္ဂိုလ်သည် ထေရ်ကြီး ဝါကြီးတို့ကို မှီဝဲဆည်းကပ် ရမည်ဟု ဆိုသည်။ များသောအားဖြင့် မထေရ်မြတ်ကြီးတို့သည် ဝိနည်းကျမ်းဂန် စာပေအားဖြင့်သော် လည်းကောင်း၊ ဝိနည်းအဆုံးအဖြတ်နှင့်စပ်၍ အကြား အမြင် အတွေ့အကြုံများကြသည် ဖြစ်သောကြောင့်လည်းကောင်း မိမိ၌ ဖြစ်ပေါ်နေသော ဥဒ္ဓစ္စကုက္ကုစ္စတို့ ကင်းပျောက်စေရန် ထိုမထေရ်ကြီးတို့ကို ဆည်းကပ်ရမည် ဆည်းကပ်ပါလေ ဟု ဆိုလိုသည်။

၅။ မိတ်ဆွေကောင်းရှိခြင်း ဆိုသည်မှာ ဥဒ္ဓစ္စကုက္ကုစ္စကင်းကြောင်း တရားစကားကို သတိပေးပြောကြားတတ်သော မိတ်ဆွေကောင်း သီတင်းသုံးဖော်ကောင်းကို ဆက်ဆံပေါင်းသင်းပါဟု ဆိုလိုသည်။

၆။ လျောက်ပတ်သော တရားစကားဟူသည်မှာ - ဥဒ္ဓစ္စကုက္ကုစ္စ ပပျောက်ကြောင်း ကင်းရှင်းကြောင်း တရားမျိုးကိုသာလျှင် များသော အားဖြင့်ပြောဆိုခြင်းပြုရမည်ဟု ဆိုလိုသည်။

ဤပြဆိုအပ်ပြီးသော သဘော ၆-မျိုးတို့သည် ကောင်းမှု ကုသိုလ်တို့ကို တားမြစ် ပိတ်ပင်တတ်သော သဘောရှိသော ဥဒ္ဓစ္စ ကုက္ကုစ္စတို့ကို ပယ်နိုင်ကြောင်း အကြောင်း အင်္ဂါ ၆-မျိုးဖြစ်ကြကုန်သည်ဟု ဆိုသည်။

ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ ပယ်သတ်ပုံပြီး၏။

ဝိစိကိစ္ဆာနီဝရဏ ပယ်သတ်ပုံ

မြတ်စွာဘုရားသည် ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏနှင့်စပ်၍ ဟောတော်မူပြီး၍ ဝိစိကိစ္ဆာနီဝရဏနှင့်စပ်၍ ဟောတော်မူခြင်းငှာ “ဣဓ ဘိက္ခဝေ” စသည်ကို မိန့်တော်မူသည်။

အဖန်ဖန် ဝိစိကိစ္ဆာဖြစ်သင့်သော အရာဌာနတို့၌ မသင့်သော နှလုံးသွင်းခြင်းဖြင့်၊ မှားသောနှလုံးသွင်းခြင်းဖြင့် ဝိစိကိစ္ဆာ ဖြစ်တတ်သည်။ ဝိစိကိစ္ဆာသဘောသည် တစ်စုံတစ်ခုသော တရားသဘော၌သော် လည်းကောင်း၊ ဘုရား, တရား, သံဃာ၌ သော်လည်းကောင်း ဟုတ်လေသလား၊ မဟုတ်ဘူးလား၊ မှန်လေသလားဟု မဝေခွဲနိုင်၊ မဆုံးဖြတ်နိုင်ပဲ နှလုံးနှစ်ခွ ဟိုလိုလို သည်လိုလို ဖြစ်နေခြင်းသဘောသည် ဝိစိကိစ္ဆာဖြစ်၏။

ကုသိုလ် အစရှိသော သဘောတရားတို့၌ ဤကား ကုသိုလ်၊ ဤကားအကုသိုလ်၊ အပြစ်ရှိသောတရား၊ အပြစ်ကင်းသောတရား၊ ကျင့်သုံးအပ်သောတရား၊ ပယ်အပ် သောတရား၊ ယုတ်သောတရား၊ မြတ်သောတရား၊ မည်းညစ်သောတရား၊ ဖြူစင်သော တရားတို့၌ သင့်သောနှလုံးသွင်းခြင်း၊ ဉာဏ်ဖြင့်ရှု၍ဆုံးဖြတ်ခြင်းသည် မဖြစ်သေးသော ဝိစိကိစ္ဆာတရား၏ မဖြစ်ခြင်း၊ ဖြစ်ဆဲ ဝိစိကိစ္ဆာကို. ပယ်သတ်ကြောင်း ဖြစ်လေသည်။

ထို့ပြင် ဝိစိကိစ္ဆာနီဝရဏကို ပယ်ရန် အကြောင်းအင်္ဂါ ၆-မျိုးတို့ ရှိကုန်၏။

၆-မျိုးတို့ ဟူသည်မှာ-
၁။ ဗဟုသုတရှိခြင်း၊
၂။ မေးမြန်းခြင်း၊
၃။ ဝိနည်း၌ ကျွမ်းကျင်လိမ္မာခြင်း၊
၄။ ယုံကြည်အပ်သော ရတနာသုံးပါးတို့၏ ဂုဏ်၌ အဖန်ဖန်သက်ဝင် ယုံကြည်ခြင်း၊
၅။ မိတ်ဆွေကောင်းရှိခြင်း၊
၆။ လျောက်ပတ်သော တရားစကားကို ပြောဆိုခြင်းတို့ ဖြစ်ကုန်၏။

ဤအင်္ဂါခြောက်မျိုးတို့၏ အဓိပ္ပာယ်ကိုကား အထိုက်အလျောက် သိမြင်လောက် ပေပြီ။

၁။ ဗဟုသုတစာပေကျမ်းဂန်တို့၌ ရှိတန်သမျှရှိခြင်းကြောင့် သြကပ္ပနိယသဒ္ဓါဖြင့် သဘောပေါက် ယုံကြည်သည်ဖြစ်၍ ဝိစိကိစ္ဆာကို ပယ်နိုင်ရာသည်။

၂။ ထို့အတူ ပညာရှိ သူတော်ကောင်းများထံ ဆည်းကပ်၍ စုံစမ်းမေးမြန်း ဆွေးနွေး ခြင်းဖြင့် ဝိစိကိစ္ဆာကို ပယ်နိုင်ရာသည်။

၃။ ဝိနည်း၌ ဝိစိကိစ္ဆာဖြစ်နေလျှင်လည်း ဝိနည်း၌ ကျွမ်းကျင်အောင် ကိုယ်တိုင် လေ့လာအားထုတ်ခြင်း ဆွေးနွေးခြင်းဖြင့် ဝိစိကိစ္ဆာကို ပယ်နိုင်၏။

အမှတ် ၁-၂-၃ ဗဟုသုတရှိခြင်း၊ မေးမြန်းခြင်း၊ ဝိနည်း၌ ကျွမ်းကျင်လိမ္မာခြင်း နှင့်စပ်၍ ဗဟုသုတဖြစ်ဖွယ် ဝတ္ထုသာဓကနှစ်ရပ်ကို ပြဦးအံ့-
သီရိလင်္ကာ(သီဟိုဠ်ကျွန်း) ဘာတိယမင်း လက်ထက်၌ တောင်အရပ်မှ ရဟန်း တစ်ပါးသည် နူးညံ့သော ခုနစ်တောင်ရှိသော ဖန်ရည်ဆိုးသော အဝတ်ကို ပခုံးပေါ် တင်ပြီးကာလ စေတီကိုပူဇော်ရန် မဟာစေတီသို့ ဝင်၏။ ထိုအခါ ဘာတိယမင်း သည်လည်း စေတီကို ရှိခိုးဖူးမြော်ရန်လာ၏။ ဘာတိယမင်း လာသည်ဖြစ်၍ လူများလမ်းဖယ်ပေးကြရာ လူချင်း တိုးကြ တိုက်မိကြကုန်၏၊

ထိုအချိန်၌ ရဟန်းတော်သည် မိမိပခုံးပေါ်မှ သင်္ကန်းကျခဲ့သည်ကို မသိဘဲ စေတီရင်ပြင်မှ ထွက်ခဲ့၏။ အပြင်သို့ရောက်မှ သင်္ကန်းကိုမမြင်၍ သင်္ကန်းကျရစ် ခဲ့သည်ကိုသိ၏။ သိသော်လည်း သည်လူအုပ်ထဲမှာ ဘယ်သူရလိမ့်မည်ဟု မသိ၊ ယခုအခါ ဤသင်္ကန်းသည် ငါ့သင်္ကန်း မဟုတ်တော့ဘူး၊ ရသူယူစေတော့ဟု စိတ်ကို ဆုံးဖြတ်ကာ လျစ်လျူရှုလိုက်၏။

တစ်ပါးသောရဟန်းသည် နောက်မှစေတီရင်ပြင်သို့ လာသောအခါ ထိုသင်္ကန်းကို တွေ့မြင်လျှင် ခိုးယူလိုသောစိတ်ဖြင့် ယူခဲ့၏။ ယူခဲ့ပြီးနောက် ငါသည်သင်္ကန်းကို ခိုးယူလိုသောစိတ်ဖြင့် ယူခဲ့သည်-ဟု နှလုံးမသာမယာဖြစ်ကာ ယခုအခါ ငါသည် ရဟန်း မဟုတ်တော့ပြီ လူထွက်တော့မည်ဟု စဉ်းစားနေစဉ် အေးလေ --- ဝိနည်းဓိုရ်မထေရ်တို့ကို မေးမြန်းလျှောက်ထားဦးမည်ဟု နေ၏။

ထိုအခါကာလ၌ မဟာဝိဟာရကျောင်းတိုက်၌ ပရိယတ္တိဆေက ဝိနယဓရပါမောက္ခ ဖြစ်သော စူဠသုမနထေရ် သီတင်းသုံးနေ၏။ ထို ရဟန်းသည် မထေရ်ထံ ဆည်းကပ်၍ အကျိုးအကြောင်း လျှောက်ထားရာ မထေရ်က သင်္ကန်းရှင်ရဟန်းကို ရှာဖွေပြီး ခေါ်ခဲ့လေ၊ သင်၏ဆောက်တည်ရာကို ပြုခြင်းငှာ တတ်နိုင်ပေလိမ့်မည်ဟု အမိန့်ရှိသဖြင့် သံဃာတွေအရပ်ရပ်မှ လာကြသည်ဖြစ်၍ များစွာသော သံဃာ အတွင်း၌ ရှာဖွေတွေ့သဖြင့် မထေရ်ထံခေါ်ခဲ့၏။ “ဤသင်္ကန်းသည် အသင်၏ သင်္ကန်း ဟုတ်သလောဟု မေး၏။ ဟုတ်ပါသည်ဟုဖြေ၏။

ဘယ်နေရာမှာ ကျခဲ့သလဲဟုမေးရာ သင်္ကန်းရှင် ရဟန်းက အကြောင်းခြင်းရာ အားလုံးကို ပြန်၍လျှောက်၏။ သင်္ကန်းရှင် ရဟန်းသည် သင်္ကန်းအပေါ်၌ တပ်မက် လိုချင်ခြင်းမရှိ၊ ဓူရနိက္ခေပ = အာရုံပြတ်၍ စွန့်လွှတ်အပ်သည်ကိုသိ၍ သင်္ကန်းကို ကောက်ယူခဲ့သော ရဟန်းကို ဘယ်ကဲ့သို့သော စိတ်ဖြင့် ကောက်ခဲ့သည်ကို မေးမြန်းပြီးကာလ သင်သည် အကယ်၍သာ ခိုးယူသောစိတ်မရှိဘဲ စင်ကြယ်သော စိတ်ဖြင့် ယူခဲ့သည်ဖြစ်အံ့၊ လုံးဝ အာပတ်သင့်မည် မဟုတ်ပေ။ ယခုကား ထေယျစိတ်ဖြင့် ကောက်ယူမိသောကြောင့် ဒုက္ကဋ်အာပတ်သင့်သည်။ ယင်းဒုက္ကဋ် အာပတ်ကိုဒေသနာပြောကြား၍ အာပတ် ကင်းစင်သော ရဟန်း ဖြစ်၏။ ဤသင်္ကန်းကိုလည်း မိမိပိုင်ပစ္စည်းအဖြစ်ဖြင့် မူလသင်္ကန်းရှင်အား လှူလေဟု အဆုံးအဖြတ်ပေးတော်မူ၏။ အဆုံးအဖြတ် ခံယူသော ရဟန်းသည် အမြိုက်ရေဖြင့် သွန်းလောင်းအပ်သကဲ့သို့ အလွန်စိတ်နှလုံး ချမ်းသာခြင်း ဖြစ်ပေသည်။

ဤဝတ္ထု၌ ခိုးလိုသောစိတ်ဖြင့် ကောက်ယူသော်လည်း သင်္ကန်းရှင်က ကျခဲ့သော သင်္ကန်းသည် ငါ့ သင်္ကန်း မဟုတ်တော့ပါဘူး၊ ဘယ်သူပဲရရ ယူပါစေတော့ဟု စိတ်ဖြင့် စွန့်လွှတ်အပ်သော သင်္ကန်းဖြစ်၍ ထိုသင်္ကန်းသည် ပစ္စည်းရှင် ပိုင်ရှင် မရှိသော သင်္ကန်းဖြစ်သောကြောင့် ပါရာဇိကသို့ မရောက်ဟု ဆုံးဖြတ်ခြင်းဖြစ်သည်။ ခိုးယူလိုသော စိတ်သာမရှိလျှင် အာပတ် လုံးဝ မသင့်ပေ။

ထို့ပြင် - အခါတစ်ပါး သီရိလင်္ကာ(သီဟိုဠ်ကျွန်း) အနီး သမုဒ္ဒရာအတွင်း တစ်ခုသော အုန်းကျွန်း၌ ရဟန်းတစ်ပါးသည် အသွင်သဏ္ဌာန် ကောင်းသော အုန်းခွံကိုရ၍ ပွတ်ခံကာ ခရုသင်းခွက်ကဲ့သို့ နှစ်သက်ဖွယ်သော လက်ရာဖြင့် သောက်ရေခွက် ပြုလုပ်ကာ အသုံးပြု၏။

ထိုရဟန်းသည် ထိုအုန်းမှုတ်သောက်ရေခွက်ကို ကျောင်း၌ထားခဲ့၍ စေတိယဂိရိသို့ သွား၏။ တစ်ပါးသောရဟန်းသည် ထိုအုန်းကျွန်းသို့သွား၍ ထိုကျောင်း၌ပင်နေ၏။ ထိုကျောင်း၌ အုန်းမှုတ်သောက်ရေခွက်ကိုမြင်၍ ခိုးယူလိုသောစိတ်ဖြင့် ယူခဲ့ ပြီးလျှင် စေတိယဂိရိသို့ပင် ရောက်လာ၏။

ထိုစေတိယဂိရိ၌ သံဃာများ ယာဂု သောက်ကြသောအခါ ထိုအုန်းမှုတ် ရေသောက်ခွက်ကို မူလပိုင်ရှင် ရဟန်းကမြင်၍ သည်ခွက် ဘယ်ကရခဲ့သလဲဟု မေး၏။ အုန်းကျွန်းကျောင်းက ယူခဲ့သည်ဟုပြော၏။ သည်ခွက်သည် အသင့်ခွက် မဟုတ်၊ အသင်ခိုးယူခဲ့ခြင်းဖြစ်၏ဟု စွပ်စွဲ၏။ ထိုအခါ ထိုသံဃာအစည်းအဝေး၌ ဝိနည်းအရာ၌ ကျွမ်းကျင်လိမ္မာသော အာဘိဓမ္မိကဂေါတ္တထေရ်သည် ရှိ၏။ ထိုမထေရ်ထံ၌ အဆုံးအဖြတ် ခံယူကြသည်။

မထေရ်က ဤခွက်ကို ဘယ်ဒေသက ရခဲ့သနည်း မေး၏။ အုန်းကျွန်းက ရခဲ့ပါသည် ဟုဖြေ၏။ အုန်းကျွန်း၌ သည်ခွက်သည် ဘယ်မျှ အဖိုးထိုက်တန်သနည်းဟု မေးရာ ဘယ်မျှမှမတန်ပါ။ အသားကိုစားကြပြီး အခွံကိုပစ်လိုက်ပါသည် ဟုဖြေ၏။ အုန်းမှုတ်ခွက်ရှင် ရဟန်းပြုလုပ်သော လက်မှုပညာကကော ဘယ်မျှတန်သနည်းဟု မေး၏၊ တစ်ပဲ, နှစ်ပြားမျှသာ တန်ပါသည်ဟု အုန်းမှုတ်ခွက်ရှင်ရဟန်းက လျှောက်၏။

ငါရှင်တို့ - မြတ်စွာဘုရားသည် တစ်ပဲနှစ်ပြား တန်သောပစ္စည်း၌ ပါရာဇိက ပညတ်တော်မူခြင်း ဘယ်မှာရှိပါသလဲဟု မိန့်တော်မူသောအခါ သံဃာများက သာဓုခေါ်ကာ ချီးကျူးကြသည်မှာ တစ်ခဲနက် အုတ်အုတ်ကျက်ကျက်ဖြစ်သည်ဟူ၏။

ဤသို့လျှင် ဝိနည်း၌ လိမ္မာကျွမ်းကျင်သဖြင့် သံသယကင်း၍ စိတ်ချမ်းသာကြရသည်။

ထို့ကြောင့်-
ဝတ္ထုံ၊ ကာလဉ္စ ဒေသဉ္စ၊ အဂ္ဃံ ပရိဘောဂပဉ္စမံ။
တုလယိတွာ ပဉ္စဌာနာနိ၊ ဓာရေယျတ္ထံ ဝိစက္ခဏော။

ဝိစက္ခဏော၊ အဆုံးအဖြတ်ပေးလိုသော ဝိနည်းဓိုရ်ပညာရှိသော ပုဂ္ဂိုလ်သည်။
ဝတ္ထုံ စ၊ ပစ္စည်းကိုလည်းကောင်း။
ကာလဉ္စ၊ အချိန်ကာလကိုလည်းကောင်း။
ဒေသဉ္စ၊ အရပ်ဒေသကိုလည်းကောင်း။
အတ္ထံ စ၊ ပစ္စည်းတန်ဖိုးကိုလည်းကောင်း။
ပဉ္စမံ၊ ငါးခု မြောက်ဖြစ်သော။
ပရိဘောဂံ စ၊ အသုံးပြုခြင်းကို လည်းကောင်း။
ပဉ္စဌာနာနိ၊ ငါးချက်သော အကြောင်းအရာတို့ကို။
တုလယိတွာ၊ နှိုင်းချိန်၍။
အတ္ထံ၊ အဆုံးအဖြတ်ကို။
ဓာရေယျ၊ ထုတ်ဆောင်ရာ၏။

ဤဝတ္ထု၌ ခိုးလိုသောစေတနာဖြင့်ခိုးသော်လည်း တစ်ပဲနှစ်ပြားသာလျှင် တန်သည် ဖြစ်၍ ပါရာဇိကသို့မရောက်ဟု ဆုံးဖြတ်ခြင်းဖြစ်၏။

၁။ ဗဟုသုတရှိခြင်း၊
၂။ မေးမြန်းခြင်း၊
၃။ ဝိနည်း၌ ကျွမ်းကျင်ခြင်း - အကျိုးကျေးဇူးရရှိခြင်းကို ပြဆိုခြင်းဖြစ်သည်။

၄။ ရတနာသုံးပါးတို့၌ သြကပ္ပနိယသဒ္ဓါ-ဟု ဆိုအပ်သော အဓိမောက္ခများသော ပုဂ္ဂိုလ်သည်လည်း ဝိစိကိစ္ဆာကို ပယ်နိုင်လေသည်။

၅။ အရှင်ဝက္ကလိထေရ်ကဲ့သို့သော သဒ္ဓါဓိက မိတ်ဆွေကောင်းကို ဆည်းကပ် မှီဝဲသော ပုဂ္ဂိုလ်သည်လည်း ဝိစိကိစ္ဆာကို ပယ်နိုင်သည်။

၆။ ရပ်ခြင်း, ထိုင်ခြင်း အစရှိသော ဣရိယာပုထ်တို့၌ ရာနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးနှင့် စပ်သော တရားစကားကို ပြောဆိုလေ့ရှိသော ပုဂ္ဂိုလ်သည်လည်း ဝိစိကိစ္ဆာကို ပယ်နိုင်သည်။

ဤနည်းတို့ဖြင့် ဝိစိကိစ္ဆာနီဝရဏကို ပယ်ကြကုန်ရာ၏။

ဝိစိကိစ္ဆာနီဝရဏပယ်သတ်ပုံ ပြီး၏။

နီဝရဏပိုင်း နိဂုံးအုပ်

ဓမ္မာနုပဿနာ သတိပဋ္ဌာန်တရားကို ပွားများ အားထုတ်သော ယောဂီသည် နီဝရဏပိုင်း၌ ငါးပါးသော နီဝရဏတို့တွင် အသီးအသီး ကာမစ္ဆန္ဒနီဝရဏ, ဗျာပါဒနီဝရဏ, ထိနမိဒ္ဓနီဝရဏ, ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ, ဝိစိကိစ္ဆာနီဝရဏတို့ကို အခါကာလအားလျော်စွာ-
ဣဓ ဘိက္ခဝေ ဘိက္ခု သန္တံ ဝါ ကာမစ္ဆန္တံ၊ အတ္ထိ မေ အဇ္ဈတ္တံ ကာမစ္ဆန္ဒောတိ ပဇာနာတိ။

စသည်ဖြင့် နည်းလမ်းညွှန်ပြတော်မူသည့်အတိုင်း ယခုအချိန် ငါ၏ အဇ္ဈတ္တသန္တာန်၌ ကာမစ္ဆန္ဒ ထင်ရှားဖြစ်နေလျှင် ငါ၏အဇ္ဈတ္တသန္တာန်၌ ကာမစ္ဆန္ဒဖြစ်ပေါ် နေသည်ဟု သိအောင် သတိပြုဆင်ခြင်ရမည် (ရိပ်သာ ဝေါဟာရဖြင့်) ရှုမှတ်နေရမည်။ သိနေရမည်ဟု ဟောတော်မူသည်။

အသန္တံ ဝါ အဇ္ဈတ္တံ ကာမစ္ဆန္တံ၊ နတ္ထိ မေ အဇ္ဈတ္တံ ကာမစ္ဆန္ဒောတိ ပဇာနာတိ။

ယခု အချိန် ငါ၏ အဇ္ဈတ္တသန္တာန်၌ ကာမစ္ဆန္ဒ ထင်ရှား မဖြစ်လျှင်လည်း ငါ၏ အဇ္ဈတ္တသန္တာန်၌ ကာမစ္ဆန္ဒ မဖြစ်ဟု သိအောင် သတိပြုဆင်ခြင်ရမည်၊ ရှုမှတ် နေရမည်၊ သိနေရမည်ဟု ဟောတော်မူသည်။

ယထာ စ အနုပ္ပန္နဿ ကာမစ္ဆန္ဒဿ ဥပ္ပါဒေါ ဟောတိ၊ တဉ္စ ပဇာနာတိ။

အကြင် အခြင်းအရာအားဖြင့်၊ ဝါ- အကြင်အကြောင်းအားဖြင့် မဖြစ်ပေါ်သေးသော ကာမစ္ဆန္ဒသည် ဖြစ်ပေါ်လာခဲ့သည်ဖြစ်အံ့၊ ထိုဖြစ်ပေါ်လာသော ကာမစ္ဆန္ဒကိုလည်း သိအောင် သတိပြု ဆင်ခြင်ရမည်၊ အလစ်မပေးရဟု ဟောတော်မူသည်။

ယထာ စ ဥပ္ပန္နဿ ကာမစ္ဆန္ဒဿ ပဟာနံ ဟောတိ၊တဉ္စ ပဇာနာတိ။

ပြဆို အပ်ခဲ့ပြီးသော အကြောင်း အမျိုးမျိုးတို့ဖြင့် ဖြစ်ပေါ်လာသော ကာမစ္ဆန္ဒကို ပယ်လိုက်၏၊ ထိုပယ်အပ်သော ကာမစ္ဆန္ဒကိုလည်း သိအောင် သတိပြု ဆင်ခြင်ရမည် ဟု ဟောတော်မူသည်။

ယထာ စ ပဟီနဿ ကာမစ္ဆန္ဒဿ အာယတိံ အနုပ္ပာဒေါ ဟောတိ၊ တဉ္စ ပဇာနာတိ။

ကာမစ္ဆန္ဒကို ပယ်ကြောင်းဖြစ်သော အကြောင်းအမျိုးမျိုးတို့ဖြင့် ပယ်အပ်ပြီးသော ကာမစ္ဆန္ဒ၏ နောင်အခါကာလ၌ သက်ဆိုင်ရာမဂ်ဖြင့် ပယ်သတ်အပ်သည်ဖြစ်၍ တစ်ဖန်ထပ်မံ၍ ကာမစ္ဆန္ဒမဖြစ်၊ ထိုသို့မဖြစ်ခြင်းကိုလည်း သတိပြုဆင်ခြင်ရမည်ဟု ဟောတော်မူသည်။

ယောဂီသည် မြတ်စွာဘုရားညွှန်ပြ နည်းပေးတော်မူသော ဤငါးမျိုးသော နည်းတို့ဖြင့် မိမိအဇ္ဈတ္တသန္တာန်၌ ကာမစ္ဆန္ဒတို့ကို ရှု၍ ပယ်ကြရမည်ဖြစ်သည်။ ပယ်သတ်ရန် အကြောင်းတို့ကိုကား နောက်က ထုတ်ပြခဲ့လေပြီ။

၁။ ကာမစ္ဆန္ဒကို မြတ်စွာဘုရား ဟောတော်မူသော ၅-မျိုးသော နည်းတို့ဖြင့် ပွားများ ဆင်ခြင်သကဲ့သို့၊ ထို့အတူ -
၂။ ဗျာပါဒနီဝရဏ၊
၃။ ထိနမိဒ္ဓနီဝရဏ၊
၄။ ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ၊
၅။ ဝိစိကိစ္ဆာနီဝရဏ တို့ကိုလည်း ပွားများကြ၊ ဆင်ခြင်ကြရာ၏။

ယင်းနီဝရဏတို့ကို ပယ်သတ်ရန် အကြောင်းတို့ကိုလည်း နောက်၌ အသီးသီး ပြဆိုအပ်ခဲ့ပြီ။

ယခုအခါ နီဝရဏပိုင်း - နီဝရဏပဗ္ဗကို နိဂုံးအုပ်၍ ဟောတော်မူလိုသော မြတ်စွာဘုရားသည်-
ဣတိ အဇ္ဈတ္တံ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ

စသည်ကို ဟောတော်မူသည်။

ဤသို့လျှင် ငါဘုရားညွှန်ပြဟောကြားတော်မူခဲ့သော ကာမစ္ဆန္ဒနီဝရဏ, ဗျာပါဒနီဝရဏ, ထိနမိဒ္ဓနီဝရဏ, ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ, ဝိစိကိစ္ဆာနီဝရဏ တည်းဟူသော နီဝရဏ သဘောတရားတို့သည် မိမိအဇ္ဈတ္တသန္တာန်၌ ထိုသဘောတရားတို့သာ ရှိသည်ဟူ၍ ဉာဏ်ဖြင့်ရှုကြည့်နေရမည်။ ဗဟိဒ္ဓဖြစ်သော သူတစ်ပါးသန္တာန်၌ရှိသော နီဝရဏ သဘောတရားတို့ကိုလည်း နီဝရဏသဘောတရားတို့သာလျှင် ရှိသည် ဖြစ်သည်ဟူ၍ ဉာဏ်ဖြင့် ရှုကြည့်နေရမည်ဟု ဟောတော်မူသည်။

အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ = ရံခါ မိမိအဇ္ဈတ္တသန္တာန်၌၊ ရံခါ သူတစ်ပါးသန္တာန်၌ ဤနီဝရဏ သဘောတရားတို့သာ ရှိကုန်သည်ဟူ၍ ဉာဏ်ဖြင့် ရှုကြည့်နေရမည်။

သမုဒယဓမ္မာနုပဿီ ဝါ ဓမ္မေသု ဝိဟရတိ၊ ဝယဓမ္မာ နုပဿီ ဝါ ဓမ္မေသု ဝိဟရတိ = နီဝရဏဟုဆိုအပ်ကုန်သော သဘောတရားတို့၏ ဖြစ်ခြင်းကို ရှုကြည့် ဆင်ခြင်၍ လည်းကောင်း၊ ပျက်ခြင်းကို ရှုကြည့်ဆင်ခြင်၍လည်းကောင်းနေရမည်။

သမုဒယ ဝယ ဓမ္မာနုပဿီ ဝါ ဓမ္မေသု ဝိဟရတိ = နီဝရဏဟုဆိုအပ်ကုန်သော သဘောတရားတို့၏ ဖြစ်ခြင်း ပျက်ခြင်းကို ဉာဏ်ဖြင့် ရှုကြည့်ဆင်ခြင်၍ နေရမည်။

အတ္ထိ ဓမ္မာတိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ၊ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ = ဤခန္ဓာ၌ ကာမစ္ဆန္ဒနီဝရဏ အစရှိသော ဓမ္မသဘောတရား တို့သာရှိသည်ဟူ၍ ရှေးရှုထင်သော သတိရှိခြင်းသည်၊ ဝါ- မကင်းသော သတိ ရှိခြင်းသည် သမ္ပဇဉ်ညာဏ်ပွားများခြင်းငှာ, သတိနှင့်တကွ ဝိပဿနာဉာဏ်ပွားများ ခြင်းငှာ ဖြစ်သည်။

န စ ကိဉ္စိ လောကေ ဥပါဒိယတိ = ဤခန္ဓာ၌ တဏှာဂါဟ ဒိဋ္ဌိဂါဟတို့ဖြင့် မမှီမူ၍ ဤလောက၌၊ ဝါ- ခန္ဓာ၌ ရုပ်ကိုလည်းကောင်း၊ ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်တို့ကို လည်းကောင်း ငါပဲ... ငါ့ဥစ္စာပဲဟူ၍ မခွဲဘဲ မယူဘဲ ရုပ်နာမ်ဓမ္မ သင်္ခါရ သဘောတရားတို့သာ ဟူ၍၊ ဝါ- ဤနီဝရဏပိုင်း၌ကား နီဝရဏတရားတွေသာလျှင် ဖြစ်သည်ဟူ၍မြင်ရမည်။

ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ ပဉ္စသု နိဝရဏေသု = ရဟန်းတို့--- ဤသို့လျှင် ငါးပါးသော နီဝရဏသဘောတရားတို့၌ နီဝရဏသဘော တရား တို့သာလျှင် ဖြစ်ကုန်၏ဟူ၍ ရှုမြင်ရမည်၊ ပွားများရမည်ဟု ဟောတော်မူကာ နီဝရဏပိုင်းကို နိဂုံးအုပ်တော်မူသည်။

နီဝရဏပဗ္ဗ- နီဝရဏပိုင်းပြီး၏၊

ခန္ဓပဗ္ဗ-ခန္ဓာပိုင်း

မြတ်စွာဘုရားသည် ဓမ္မာနုပဿနာ သတိပဋ္ဌာန် နီဝရဏပဗ္ဗ - နီဝရဏပိုင်းကို ဟောတော်မူပြီး၍ ယခုအခါ ဓမ္မာနုပဿနာ ခန္ဓပဗ္ဗ-ခန္ဓာပိုင်းကို ဟောတော်မူ လိုသည်ဖြစ်၍ -
ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ ပဉ္စသု ဥပါဒါနက္ခန္ဓေသု
ဟူ၍ မိန့်တော်မူ၏။

ရဟန်းတို့- တစ်ပါးတုံလည်း သာသနာတော်ထမ်း ရဟန်းဖြစ်သော ပုဂ္ဂိုလ်သည် ငါးပါးသော ဥပါဒါနက္ခန္ဓာဟု ဆိုအပ်သော သဘောတရားတို့၌ ဥပါဒါနက္ခန္ဓာတို့သာ ဖြစ်သည်ဟု ဉာဏ်ဖြင့် ရှုမြင်ကာ ပွားများနေရမည်ဟု ညွှန်ပြတော်မူသည်။

ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ကို ရှုရမည်ဟု ဟောတော်မူသည်ဖြစ်၍ ဥပါဒါနက္ခန္ဓာ တို့ကို အနည်းငယ် အကျဉ်းပြဦးအံ့။

ဥပါဒါနက္ခန္ဓာ

ဥပါဒါနက္ခန္ဓာဟူသည် ဥပါဒါနဿ ခန္ဓာ ဥပါဒါနက္ခန္ဓာ၊ ဥပါဒါနဿ ပစ္စယ ဘူတာ ဓမ္မပုဉ္ဇာ ဓမ္မရာသယောတိ အတ္ထော - ဟူသည်အရ ကာမုပါဒါန်, ဒိဋ္ဌုပါဒါန်, သီလဗ္ဗတုပါဒါန်, အတ္တဝါဒုပါဒါန် တည်းဟူသော ဥပါဒါန်တို့၏ဖြစ်ကြောင်း ဖြစ်သော သဘောတရား အစုအပေါင်းကို ဥပါဒါနက္ခန္ဓာဟု မှတ်ရာ၏။

ဥပါဒါန်အဓိပ္ပာယ်ကို ပြဦးအံ့။ ဥပါဒါန်တို့သည်-
၁။ ကာမုပါဒါန်၊
၂။ ဒိဋ္ဌုပါဒါန်၊
၃။ သီလဗ္ဗတုပါဒါန်၊
၄။ အတ္တဝါဒုပါဒါန်- အားဖြင့် ၄-ပါးရှိကုန်၏။

ထိုလေးပါးတို့တွင်-
၁။ ကာမုပါဒါန်ဟူသည် --
မဏ္ဍုကံ ပန္နဂေါ ဝိယ ဒဠံ အာရမ္မဏံ အာဒိယန္တီတိ ဥပါဒါနာနိ”- ဟူသည်အတိုင်း မြွေသည် မိမိအစာဖြစ်သော ဖားကို မြဲမြံပြင်းပြစွာ ဖမ်းယူသကဲ့သို့ ထို့အတူ မိမိအလိုရှိ အပ်သောအာရုံကို မြဲမြံပြင်းပြစွာ ယူတတ်သောကြောင့် ဥပါဒါန်ဟူ၍ အမည်နာမ ပညတ်အပ်သည်။
ကာမောယေဝ ဥပါဒါနံ ကာမုပါဒါနံ” = ကာမတဏှာသည်ပင်လျှင် မိမိအလိုရှိ အပ်သော အာရုံကို မြဲမြံစွာယူတတ်သောကြောင့် ကာမုပါဒါန်မည်သည်။

၂။ ဒိဋ္ဌုပါဒါန်ဟူသည် --
၆၂-ပါးသော ဒိဋ္ဌိများနှင့်တကွ မဟာဒိဋ္ဌိကြီး ၃-ပါး၊ ထိုမှတစ်ပါး သာသနာတော်၌ ဖြစ်စေ၊ လောက၌ဖြစ်စေ သိရှိတွေ့မြင်အပ်ကုန်သော အမှန်သဘောမှ ဖောက်ပြန်စွာ ယူအပ်ကုန်သော ဒိဋ္ဌိတို့သည် ဒိဋ္ဌုပါဒါန်မည်၏ဟူ၍ ပရမတ္ထဒီပနီ၌ လာသည်။

ပရမတ္ထ သရူပဘေဒနီ၌ကား - အတ္တဝါဒုပါဒါန်မှတစ်ပါး
၁။ နတ္ထိ ဒိန္နံ၊
၂။ နတ္ထိ ယိဋ္ဌံ၊
၃။ နတ္ထိ ဟုတံ၊
၄။ နတ္ထိ သုကတဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော၊
၅။ နတ္ထိ အယံ လောကော၊
၆။ နတ္ထိ ပရော လောကော၊
၇။ နတ္ထိ မာတာ၊
၈။ နတ္ထိ ပိတာ၊
၉။ နတ္ထိ သတ္တာ သြပပါတိကာ၊
၁၀။ နတ္ထိ လောကေ သမဏဗြာဟ္မဏာ သမဂ္ဂတာ သမ္မာပဋိပန္နာ ယေ ဣမဉ္စ လောကံ ပရဉ္စ လောကံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေန္တိ၊

ဤသို့ ဖော်ပြအပ်သော ဝတ္ထုဆယ်မျိုးရှိသော ဒိဋ္ဌိဟူသမျှသည် ဒိဋ္ဌပါဒါန် မည်၏ဟု လာသည်။

ဝတ္ထုဆယ်မျိုးကို မြန်မာပြန်သော်-
၁။ လှူအပ်သော အမှုသည် အကျိုးမရှိ၊
၂။ ယဇ်ငယ်ပူဇော်ခြင်းသည် အကျိုးမရှိ၊
၃။ ယဇ်ကြီးပူဇော်ခြင်းသည် အကျိုးမရှိ၊
၄။ ကောင်းသဖြင့်ပြုအပ်သောကုသိုလ်၊ မကောင်းသဖြင့်ပြုအပ်သော အကုသိုလ် တို့၏ အကျိုးဆက်လည်းမရှိ၊ အကျိုးရင်းလည်းမရှိ၊
၅။ ဤပစ္စုပ္ပန် လောကလည်း မရှိ၊
၆။ တမလွန်လောကလည်း မရှိ၊
၇။ မိခင်၌ပြုအပ်သော အကျိုးအပြစ်မရှိ၊
၈။ ဖခင်၌ပြုအပ်သော အကျိုးအပြစ်မရှိ၊
၉။ ကိုယ်ထင်ရှားဖြစ်သော သတ္တဝါတို့မရှိကုန်၊
၁ဝ။ အကြင်သမဏ ဗြာဟ္မဏတို့သည် ဤလောကကို လည်းကောင်း၊ တမလွန် လောကကို လည်းကောင်း ကိုယ်တိုင်ထူးသော ဉာဏ်ပညာဖြင့်သိ၍ ကိုယ်တိုင် မျက်မှောက် ပြုကုန်၍ ပြောဟောနိုင်ကြကုန်၏။ ငြိမ်သက်ခြင်းသို့ ရောက်ကုန်သော မဖောက်မပြန်လမ်းမှန်ကျင့်တတ်ကုန်သော သမဏဗြာဟ္မဏ ဟူကုန်သော ရဟန်း ပုဏ္ဏား တို့သည်လည်း မရှိကုန် – ဟု စွဲယူခြင်းသည် ဒိဋ္ဌိဖြစ်ကြောင်း အရင်းခံ ဝတ္ထုတို့ဖြစ်ကြကုန်၏။

ထိုဝတ္ထု ဆယ်မျိုးကို အရင်းခံ အကြောင်းပြု၍ ဖြစ်ပေါ်သမျှ ဒိဋ္ဌိတို့သည် ဒိဋ္ဌုပါဒါန် မည်၏။

၃။ သီလဗ္ဗတုပါဒါန်ဟူသည် --

နွား, ခွေး စသော သတ္တဝါတို့၏ နဂိုပကတိ အလေ့အကျင့်သည် သီလ မည်၏။
နွား ခွေး စသော သတ္တဝါတို့၏ ယင်းသို့သော ပကတိ အလေ့အကျင့်ကိုပင် ချမ်းသာကြောင်း အမှန်တရားဟူ၍ မှတ်ယူလိုက်နာကျင့်သုံးခြင်းသည် ဝတ မည်၏။
ထိုသီလနှင့် ဝတနှစ်မျိုး ပေါင်းဖြစ်သော သီလဗ္ဗတကို သံသရာမှ လွတ်မြောက်ကြောင်းလမ်းကောင်းဟူ၍ စွဲမြဲစွာ ယူခြင်းသည် သီလဗ္ဗတုပါဒါန် မည်၏။

၄။ အတ္တဝါဒုပါဒါန် ဟူသည် --

အတ္တဝါဒုပါဒါန် ဟူသည် အတ္တဟူသော အယူဝါဒကို စွဲမြဲစွာယူခြင်း မည်၏။
တစ်ဦး တစ်ဦးသော သတ္တဝါတို့၏ သန္တာန်၌ ပဓာနအားဖြင့် အစိုးရသော အတ္တသည်ရှိ၏ဟူ၍ မှားသောအားဖြင့် ယူအပ်သောသဘောတည်း။

မသေမပျောက်မြဲသည်၊ အမြဲတည်သည်ဟူ၍ လည်းကောင်း စသည်ဖြင့် မှားယွင်းစွာ ပြောဆိုကြကုန်၏။ ယင်းအတ္တဝါဒကို စွဲစွဲမြဲမြဲ ယူကြ ပြောကြသည်ဖြစ်သောကြောင့် အတ္တဝါဒုပါဒါန် မည်သည်။
အတ္တဝါဒုပါဒါန်သည်၊ ဝါ- အတ္တစွဲမှားသော အယူဝါဒသည် အရေအတွက်အားဖြင့် ၂၀-ရှိ၏။

၂၀ - ရှိဟန်ကား --

၁။ ရူပံ အတ္တတော သမနုပဿတိ - ရုပ်ကို အတ္တဟုရှု၏၊ ယူ၏။
၂။ ရူပဝန္တံ ဝါ အတ္တာနံ - အတ္တကို ရုပ်ရှိသည်ဟူ၍ ရှု၏၊ ယူ၏။
၃။ အတ္တနိ ဝါ ရူပံ - အတ္တ၌ရုပ်ရှိသည်ဟု ရှု၏၊ ယူ၏။
၄။ ရူပသ္မိံ အတ္တာနံ - ရုပ်၌အတ္တတည်၏ဟု ရှု၏၊ ယူ၏။

၁။ ဝေဒနံ အတ္တတော သမနုပဿတိ - ဝေဒနာကို အတ္တဟု ရှု၏၊ ယူ၏။
၂။ ဝေဒနာဝန္တံ ဝါ အတ္တာနံ - အတ္တကို ဝေဒနာရှိသည် ဟူ၍ ရှု၏၊ ယူ၏။
၃။ အတ္တနိ ဝါ ဝေဒနံ - အတ္တ၌ ဝေဒနာတည်သည် ဟူ၍ ရှု၏၊ ယူ၏။
၄။ ဝေဒနာယ ဝါ အတ္တာနံ - ဝေဒနာ၌ အတ္တတည်သည် ဟူ၍ရှု၏၊ ယူ၏။

၁။ သညံ အတ္တတော သမနုပဿတိ - သညာကို အတ္တဟု ရှု၏၊ ယူ၏။
၂။ သညာဝန္တံ ဝါ အတ္တာနံ - အတ္တကို သညာရှိသည်ဟူ၍ ရှု၏၊ ယူ၏။
၃။ အတ္တနိ ဝါသညံ - အတ္တ၌ သညာတည်သည် ဟူ၍ ရှု၏၊ ယူ၏။
၄။ သညာယ ဝါ အတ္တာနံ - သညာ၌ အတ္တတည်သည်ဟူ၍ ရှု၏၊ ယူ၏။

၁။ သင်္ခါရံ အတ္တတော သမနုပဿတိ - သင်္ခါရကို အတ္တဟု ရှု၏၊ ယူ၏။
၂။ သင်္ခါရ ဝန္တ ဝါ အတ္တာနံ - အတ္တကို သင်္ခါရရှိသည်ဟူ၍ ရှု၏၊ ယူ၏။
၃။ အတ္တနိ ဝါ သင်္ခါရေ - အတ္တ၌ သင်္ခါရ တည်သည်ဟု ရှု၏၊ ယူ၏။
၄။ သင်္ခါရေသု ဝါ အတ္တာနံ - သင်္ခါရ၌ အတ္တတည်သည်ဟူ၍ ရှု၏၊ ယူ၏။

၁။ ဝိညာဏံ အတ္တတော သမနုပဿတိ - ဝိညာဏ်ကို အတ္တဟု ရှု၏၊ ယူ၏။
၂။ ဝိညာဏဝန္တံ ဝါ အတ္တာနံ - အတ္တကို ဝိညာဏ်ရှိ၏ဟု ရှု၏၊ ယူ၏။
၃။ အတ္တနိ ဝါ ဝိညာဏံ - အတ္တ၌ ဝိညာဏ်တည်သည်ဟူ၍ ရှု၏၊ ယူ၏။
၄။ ဝိညာဏသ္မိံ အတ္တာနံ - ဝိညာဏ်၌ အတ္တတည်သည်ဟူ၍ ရှု၏၊ ယူ၏။

ဤသို့အားဖြင့် အတ္တဝါဒုပါဒါန်၊ ဝါ- အတ္တဒိဋ္ဌိ၊ တစ်နည်း သက္ကာယဒိဋ္ဌိသည် အမျိုး အရေအတွက်အားဖြင့် ၂၀-ဖြစ်သည်။ အတ္တဒိဋ္ဌိ, သက္ကာယဒိဋ္ဌိ ရှိသည် ဟူ၏။

အတ္တဝါဒုပါဒါန်၊ တစ်နည်း- အတ္တာနုဒိဋ္ဌိ ၂၀-အရေအတွက် အားဖြင့် ပြားရာ၌ ရှင်းလင်းစေရန် အနည်းငယ် ဆက်လက်ဖော်ပြဦးအံ့-

၁။ ရူပံ အတ္တတော သမနုပဿတိ- ရုပ်ကို အတ္တဟု ရှုမြင်ရာ၌ အဘယ်ကဲ့သို့ ရှုမြင်သနည်း၊ ဝါ- အဘယ်ကဲ့သို့ စွဲယူသနည်းဟူမူ၊ အချို့သောပုဂ္ဂိုလ်သည် ရူပက္ခန္ဓာ ကို၊ သို့မဟုတ်- ယောဂီဖြစ်လျှင် ပထဝီကသိုဏ်းကို အတ္တဟူ၍ ငါဟူ၍ ရှုမြင်၏၊ ရူပက္ခန္ဓာနှင့် အတ္တ၊ တစ်နည်း- ပထဝီကသိုဏ်းနှင့် အတ္တကို မကွဲမပြား အတ္တဟူ၍ ရှုသည်ဟူ၏။ အချုပ်အားဖြင့် ရုပ်ကိုအတ္တဟူ၍ မှားသောအားဖြင့် ရှုမြင်၏ ဟုဆိုသည်။

၂။ ရူပဝန္တံ ဝါ အတ္တာနံ သမနုပဿတိ = အတ္တသည် ရုပ်ရှိ၏ဟု ရှုမြင်၏ ဟူရာ၌- အချို့သောပုဂ္ဂိုလ်သည် ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်တို့ကို အတ္တဟူ၍ ငါဟူ၍ ရှုမြင်၏။ ထိုနာမက္ခန္ဓာအပေါင်း တည်းဟူသော အတ္တသည် ရုပ်ရှိသည်ဟူ၍ ရှုမြင်၏ဟု ဆိုသည်။

၃။ အတ္တနိ ဝါ ရူပံ သမနုပဿတိ = အတ္တ၌ ရုပ်တည်ရှိ၏ဟု ရှုမြင်ရာ၌-- အချို့သောပုဂ္ဂိုလ်သည် ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်တို့ကို အတ္တဟူ၍ ရှုမြင်၏။ ထိုခန္ဓာအပေါင်း တည်းဟူသော အတ္တ၌ ရုပ်တည်၏ဟူ၍ မြင်ခြင်းဟု ဆိုသည်။

၄။ ရူပသ္မိံ အတ္တာနံ သမနုပဿတိ = ရုပ်၌ အတ္တကို ရှုမြင်၏ ဟူရာ၌- ရှုမြင်၏ ဟူရာ၌- အချို့သောပုဂ္ဂိုလ်သည် ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်တို့ကို အတ္တဟု ရှုမြင်၏။ ထိုခန္ဓာ အပေါင်းတည်းဟူသော အတ္တကို ရုပ်၌ ရှုမြင်၏ဟုဆိုသည်။

နှစ်ဆယ်သော အတ္တာနုဒိဋ္ဌိတို့၌ ရူပံ အတ္တတော သမနုပဿတိ တစ်မျိုးသာလျှင် ရုပ်သက်သက်ကို အတ္တဟူ၍ ရှုမြင်ခြင်း ဖြစ်သည်။

၁ - ရူပဝန္တံ ဝါ အတ္တာနံ
၂ - အတ္တနိ ဝါ ရူပံ
၃ - ရူပသ္မိံ ဝါ အတ္တာနံ
၄ - ဝေဒနံ အတ္တတော သမနုပဿတိ
၅ - သညံ သင်္ခါရေ ဝိညာဏံ အတ္တတော သမနုပဿတိ-
ဟူသော ခုနစ်မျိုးတို့၌ နာမ်တရားကို အတ္တဟူ၍ ရှုမြင်ခြင်း ဖြစ်သည်။

၁။ ဝေဒနာဝန္တံ ဝါ အတ္တာနံ
၂။ အတ္တနိ ဝါ ဝေဒနာ
၃။ ဝေဒနာယ ဝါ အတ္တာနံ-၌ ၃-မျိုး၊
ထို့အတူ ---
သညာ၌ ၃-မျိုး၊
သင်္ခါရ၌ ၃-မျိုး၊
ဝိညာဏ်၌ ၃-မျိုး၊
ပေါင်း ၁၂-မျိုးတို့၌မူကား ရုပ်နှင့် နာမ်ရော၍ ရှုမြင်ခြင်းဖြစ်သည်။

ဤသို့ပြဆိုအပ်သည့်အတိုင်း ဥပါဒါန်တို့ကို သိမှတ်ရာ၏။

ခန္ဓာတို့ကို ပြခြင်း

ခန္ဓာသည် ရူပက္ခန္ဓာ, ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ, ဝိညာဏက္ခန္ဓာ အားဖြင့် ငါးပါးရှိသည်။

ထိုငါးပါးသော ခန္ဓာတို့တွင် သီတ, ဥဏှ အစရှိသော အကြောင်းတို့ကြောင့် ဖောက်ပြန်ပျက်စီးခြင်း သဘောရှိသော တရားအစုအပေါင်းသည် ရူပက္ခန္ဓာ ဖြစ်သည်။ ထိုရူပက္ခန္ဓာသည် ရုပ္ပနလက္ခဏာ အားဖြင့် သဘောတူ ပေါင်းသဖြင့် ရူပက္ခန္ဓာဟူ၍ အမည်တစ်မျိုးတည်း ဝါ- တစ်ပါးတည်းဖြစ်သော်လည်း ဘူတရုပ်, ဥပါဒါရုပ်အားဖြင့် နှစ်ပါးရှိ၏။

ထိုနှစ်ပါးတို့တွင် ဘူတရုပ်ဟူသည် --
၁။ ပထဝီရုပ်
၂။ အာပေါရုပ်
၃။ တေဇောရုပ်
၄။ ဝါယောရုပ် ဟူ၍ -ပါး ရှိ၏။

ဥပါဒါရုပ်သည်ကား ၂၄-ပါးရှိ၏။ ၂၄-ပါးဟူသည်-
၁။ စက္ခု၊
၂။ သောတ၊
၃။ ဃာန၊
၄။ ဇိဝှါ၊
၅။ ကာယ၊
၆။ ရူပ၊
၇။ သဒ္ဒ
၈။ ဂန္ဓ၊
၉။ ရသ
၁၀။ ဣတ္ထိန္ဒြိယ၊
၁၁။ ပုရိသိန္ဒြိယ၊
၁၂။ ဟဒယဝတ္ထု၊
၁၃။ ဇီဝိတိန္ဒြိယ၊
၁၄။ ကဗဋီကာရအာဟာရ၊
၁၅။ အာကာသဓာတု၊
၁၆။ ကာယဝိညတ္တိ၊
၁၇။ ဝစီဝိညတ္တိ၊
၁၈။ ရူပဿလဟုတာ၊
၁၉။ ရူပဿမုဒုတာ၊
၂၀။ ရူပဿကမ္မညတာ၊
၂၁။ ရူပဿဥပစယ၊
၂၂။ ရူပဿသန္တတိ၊
၂၃။ ရူပဿဇရတာ၊
၂၄။ ရူပဿအနိစ္စတာ-
ဟူ၍ ဥပါဒါရုပ် ၂၄-ပါးရှိ၏။

ဘူတရုပ်-၄ဥပါဒါရုပ်-၂၄။ ပေါင်းသော် ရုပ် ၂၈-ပါး ဖြစ်၏။

ဤရုပ် ၂၈-ပါး အပေါင်းကိုလည်း ရူပက္ခန္ဓာဟု ခေါ်ဆို၏။ တစ်ပါးတစ်ပါးသော ရုပ်ကိုလည်း အတိတ်ရုပ် အနာဂတ်ရုပ် စသည်ဖြင့် ပေါင်းခြင်းဖြင့်လည်း ရူပက္ခန္ဓာဟု ခေါ်ဆို၏။

ပြဆိုအပ်ခဲ့ပြီးသော ၂၈-ပါးသော ရုပ်တို့တွင်...
အတ္တဘောကို စွဲ၍ဖြစ်သော ရုပ်သည် အဇ္ဈတ္တိကရုပ်၊ အပ၌ဖြစ်သော ရုပ်သည် ဗာဟိရရုပ်သြဠာရိကရုပ်သုခုမရုပ်ဒူရေရုပ်သန္တိကေရုပ်နိပ္ဖန္နရုပ်အနိပ္ဖန္နရုပ်ပသာဒရုပ်နာပသာဒရုပ်ဣန္ဒြိယရုပ်အနိန္ဒြိယရုပ်ဥပါဒိန္နရုပ်အနုပါဒိန္နရုပ်အားဖြင့် နှစ်မျိုးစီပြား၏။ ထို့အတူ သုံးပါးစီ, လေးပါးစီ အားဖြင့်အပြားရှိကြကုန်၏။

ဤရူပက္ခန္ဓာအရာ၌ ရုပ်တရား တို့ကို ဤမျှပြဆိုလျှင် သင့်လျော်လောက်ပေပြီ။

ဝေဒနာသည် ဝေဒနာက္ခန္ဓာမည်၏။ ထိုဝေဒနာသည် အာရုံ၏အရသာကို ခံစားသော သဘောလက္ခဏာအားဖြင့် တစ်ပါးသာရှိ၏။ သုခဝေဒနာ, ဒုက္ခဝေဒနာအားဖြင့် နှစ်ပါးသုခဝေဒနာ ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာအားဖြင့် သုံးပါးသုခဝေဒနာ, သောမနဿဝေဒနာ, ဒုက္ခဝေဒနာ, ဒေါမနဿဝေဒနာ, ဥပေက္ခာဝေဒနာအားဖြင့် ငါးပါးဖြစ်၏။

သညာသည် သညာက္ခန္ဓာမည်၏။

သဒ္ဓါ, သတိ အစရှိကုန်သော ဝေဒနာ, သညာမှတစ်ပါး ၅၀-သော စေတသိက် တို့သည် သင်္ခါရက္ခန္ဓာမည်ကုန်၏။

စိတ်အကျဉ်း ၈၉၊ အကျယ် ၁၂၁- တို့သည် ဝိညာဏက္ခန္ဓာမည်၏။

ဤသို့အားဖြင့် --
၁။ ရူပက္ခန္ဓာ
၂။ဝေဒနာက္ခန္ဓာ
၃။သညာက္ခန္ဓာ
၄။ သင်္ခါရက္ခန္ဓာ
၅။ ဝိညာဏက္ခန္ဓာ အားဖြင့် ခန္ဓာငါးပါးဖြစ်ကုန်၏၊

ဥပါဒါန်၏အကြောင်း၊ ဥပါဒါန်၏ အာရုံဖြစ်သောခန္ဓာသည် ဥပါဒါနက္ခန္ဓာမည်၏။

ဥပါဒါန်၏ ဖြစ်ကြောင်းမဟုတ်၊ ဥပါဒါန်၏ အာရုံမဟုတ်သော ခန္ဓာသည် အနုပါဒါနက္ခန္ဓာ မည်၏။

ထိုခန္ဓာနှစ်မျိုးတို့တွင် ဤအရာ၌ ဥပါဒါနက္ခန္ဓာကို ဟောတော်မူသည်။

ဥပါဒါနက္ခန္ဓာတို့ကို ရှုရာ၌ ကထဉ္စ ပန ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ ပဉ္စသု ဥပါဒါနက္ခန္ဓေသု = ရဟန်းတို့ --- ငါးပါးသော ဥပါဒါနက္ခန္ဓာတို့၌ ဥပါဒါနက္ခန္ဓာတို့သာဟု ရှုရမည်ဟူသည် အဘယ်ကဲ့သို့ ရှုရမည်နည်းဟု ကထေတုကမျတာ ပုစ္ဆာဖြင့် မေးမြန်းတော်မူပြီးကာလ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ဟု ဆိုအပ်သော ခန္ဓာတို့၌ ဉာဏ်ဖြင့်ရှုပုံ ကြည့်ပုံ ရှုနည်း ကြည့်နည်းကို ညွှန်ပြတော်မူလိုသော မြတ်စွာဘုရားသည် -

ဣဓ ဘိက္ခဝေ ဘိက္ခု- ဣတိ ရူပံ၊ ဣတိ ရူပဿ သမုဒယော၊ ဣတိ ရူပဿ အတ္ထင်္ဂမော-ဟု ဟောတော်မူသည်။

ရဟန်းတို့ ... ငါဘုရားသာသနာတော်၌ ရဟန်း ဖြစ်သောပုဂ္ဂိုလ်သည် ရူပက္ခန္ဓာ ဟူသော ရုပ်တရား၌ ဤသို့ရှုရမည်။ ဖောက်ပြန်ပျက်စီးခြင်း သဘောရှိသော ဤ သဘောတရား အစုအပေါင်းသည်ကား ရုပ်တရားတည်း။ ဤသဘောတရားတို့ သည်ကား ရုပ်ဖြစ်ပေါ်ခြင်းတည်း။ ဤသဘောတရားတို့သည်ကား ရုပ်၏ ချုပ်ခြင်း တည်းဟုရှုရမည်ဟု ဟောတော်မူသည်။

သီတဥဏှအစရှိသော သဘောတရား တို့ကြောင့် ဖောက်ပြန်ပျက်စီးခြင်းသဘော ရှိသောအရာသည် ရုပ်တရားပေတည်း။ တစ်နည်းအားဖြင့် ဖောက်ပြန်ပျက်စီးခြင်း သဘောရှိကုန်သော နောက်က ထုတ်ပြအပ်ခဲ့သော ၂၈-ပါးသော သဘောတရား တို့သည် ရုပ်တရားတို့ပေတည်း။

၁။ အဝိဇ္ဇာသမုဒယာ ရူပသမုဒယော
၂။ တဏှာသမုဒယာ ရူပသမုဒယော
၃။ ကမ္မသမုဒယာ ရူပသမုဒယော
၄။ အာဟာရသမုဒယာ ရူပသမုဒယော-

ဤရုပ်တို့သည် --
အဝိဇ္ဇာတည်းဟူသော အကြောင်းကြောင့်လည်း ဖြစ်ပေါ်ကြကုန်၏။
တဏှာတည်းဟူသော အကြောင်းကြောင့်လည်း ဖြစ်ပေါ်ကြကုန်၏။
ကုသိုလ်ကံ အကုသိုလ်ကံ တည်းဟူသော အကြောင်းကြောင့်လည်း ဖြစ်ပေါ်ကြ ကုန်၏။
အာဟာရတည်း ဟူသော အကြောင်းကြောင့်လည်း ဖြစ်ပေါ်ကြကုန်၏။

၁။ အဝိဇ္ဇာနိရောဓာ ရူပနိရောဓော
၂။ တဏှာနိရောဓာ ရူပနိရောဓော
၃။ ကမ္မနိရောဓာ ရူပနိရောဓော
၄။ အာဟာရနိရောဓာ ရူပနိရောဓော-

အဝိဇ္ဇာကြောင့် ဖြစ်သောရုပ်တို့သည် အဝိဇ္ဇာချုပ်ပျောက်ခြင်းကြောင့် ချုပ်ပျောက် ကြကုန်၏။
တဏှာကြောင့်ဖြစ်သော ရုပ်တို့သည် တဏှာချုပ်ပျောက်ခြင်းကြောင့် ချုပ်ပျောက်ကြ ကုန်၏။
ကံကြောင့်ဖြစ်သော ရုပ်တို့သည်လည်း ကံချုပ်ပျောက်ခြင်းကြောင့် ချုပ်ပျောက်ကြ ကုန်၏။
အာဟာရကြောင့်ဖြစ်သော ရုပ်တို့သည် အာဟာရ ချုပ်ပျောက်ခြင်းကြောင့် ချုပ်ပျောက်ကြကုန်၏။

ဟေတုံ ပဋိစ္စ သမ္ဘူတာ ဟေတုဘင်္ဂါ နိရုဇ္ဈရေ -
အကြောင်းတရားကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော ရုပ်တရားတို့သည် မိမိတို့၏ ဖြစ်ကြောင်းဖြစ်သော အဝိဇ္ဇာအစရှိသော အကြောင်းတရားတို့ ချုပ်ပျောက်ကြကုန် သည်ဖြစ်၍ အကျိုးတရားဖြစ်သော ရုပ်တို့သည်လည်း ချုပ်ပျောက်ကြကုန်၏။

အဝိဇ္ဇာ အစရှိသော အကြောင်းတို့ကြောင့် ဖြစ်ဆဲလက္ခဏာရှိသောရုပ်သည် ဥဒယမည်၏။ ဖောက်ပြန်ပျက်စီးခြင်းလက္ခဏာရှိသော ရုပ်သည် ဝယမည်၏။ ဤသို့လျှင် ပစ္စုပ္ပန်ဖြစ်သော ဖြစ်ပေါ်ဆဲ ရုပ်တို့၏ ဖြစ်ပေါ်ခိုက်ခဏ၌ ဥဒယ သဘောအားဖြင့် ရှုခြင်း၊ ပျက်ဆဲခဏ၌ ဝယသဘောအားဖြင့် ရှုခြင်းသည် ဥဒယဗ္ဗယ ဝိပဿနာဉာဏ်မည်၏။

ဤသို့လျှင် ရုပ်တရားတို့ကို အကြောင်းပေါ်သည့်အခါ ဖြစ်ခြင်းကိုလည်းကောင်း၊ အကြောင်းချုပ်ငြိမ်းသည့်အခါ ချုပ်ငြိမ်းပျောက်ကွယ်ကြသည်ကို လည်းကောင်း “ဥဒယဗ္ဗယ” တို့ဟူ၍ ဝါ- ဖြစ်ခြင်းပျက်ခြင်း ရှိသော ရုပ်တရားတို့ဟူ၍ ဥဒယဗ္ဗယ ဝိပဿနာဉာဏ်ဖြင့် ရှုပါလေဟု ဆိုလိုသည်။

ဤရုပ်တရားတို့သည် ပစ္စုပ္ပန်အားဖြင့် မဖြစ်ပေါ်မီ ရှေးအခါ၌ မဖြစ်ပေါ်သေးမူ၍ တစ်စုံတစ်ခုသော ဌာန၌ အစုအဝေးဖြင့် စုရုံးနေခြင်းလည်း မရှိ၊ ဖြစ်ပေါ်သော အခါ၌လည်း အစုအဝေးဖြင့် လာရောက် ဖြစ်ပေါ်ခြင်းမရှိ၊ ဖြစ်ပေါ်ရာမှ ချုပ်ပျောက် ကြပြီးလျှင် တစ်စုံတစ်ခုသော အရပ်ဒေသ၌ သွားရောက်၍ စုဝေးပေါင်းဆုံ နေကြခြင်းလည်း မရှိကြကုန်။

ဥပမာပြရသော်-
စောင်းကိုလည်းကောင်း၊ စောင်းတံကိုလည်းကောင်း၊ စောင်းတီးသော သူကို လည်းကောင်း အကြောင်းပြု၍ ဤသုံးရပ်ပေါင်းဆုံခြင်းကြောင့် ဖြစ်ပေါ်လာသော စောင်းသံသည် ဘယ်အရပ်မှ လာသည်လည်းမဟုတ်၊ အသံတိတ်ပြီးနောက်လည်း ဘယ်အရပ်သို့ သွားရောက်စုဝေးသည်လည်း မဟုတ်သကဲ့သို့ --
ထို့အတူပင် ရုပ်တရားတို့သည်လည်း စုဝေးတည်နေရာ ဌာနမရှိ၊ စုဝေး၍ လာကြသည်လည်းမရှိ၊ ချုပ်ပျောက်ကြပြီး နောက်၌လည်း တစ်စုံတစ်ခုသော အရပ်ဒေသ၌ သွားရောက် စုဝေးတည်နေကြသည်လည်း မရှိ၊ အကြောင်းရှိခိုက် ဖြစ်ပေါ်ကြ၍ အကြောင်း ချုပ်ငြိမ်းသောအခါ အလိုအလျောက် ပျောက်ပျက် ချုပ်ငြိမ်းကြကုန်သော သဘောတရားတို့သာ ဖြစ်ကြကုန်၏ဟု ဆင်ခြင် ပွားများ ရာ၏၊

ဣတိ အဇ္ဈတ္တံ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ
ဗဟိဒ္ဓါ ဝါ စ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ

မိမိအဇ္ဈတ္တသန္တာန်၌ အကြောင်းအားလျော်စွာ ရုပ်တရားတို့ ဖြစ်သည်ကို မိမိ အဇ္ဈတ္တသန္တာန်၌ မည်သို့သော ရုပ်တရား ဖြစ်ဆဲဖြစ်ပေါ်နေသည်ကို ဝိပဿနာဉာဏ်ဖြင့် ရှု၍နေပါ။
အခြားသောသူတည်းဟူသော ဗဟိဒ္ဓသန္တာန်၌ အကြောင်းအားလျော်စွာ ရုပ်တရားတို့ ဖြစ်ပေါ်နေ သည်ကိုလည်း ဗဟိဒ္ဓသန္တာန်၌ မည်သို့သောရုပ်တရားတွေ ဖြစ်ပေါ် နေသည်ကို ဝိပဿနာ ဉာဏ်ဖြင့် ရှု၍နေပါ။

အဇ္ဈတ္တ ဗဟိဒ္ဓါ ဝါ စ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ = ရံခါ အဇ္ဈတ္တသန္တာန်၌၊ ရံခါ ဗဟိဒ္ဓသန္တာန်၌ ရုပ်တရားတွေ ဖြစ်လိုက် ချုပ်လိုက် ပေါ်လိုက် ပျောက်လိုက် ဖြစ်လျက် ရှိနေသည်ကိုလည်း ခယဝယ ဥဒယဗ္ဗယ ဝိပဿနာဉာဏ်ဖြင့် ရှု၍နေပါ။

သမုဒယဓမ္မာနုပဿီ ဝါ ဓမ္မေသု ဝိဟရတိ
ဝယမ္မောနုပဿီဝါ ဓမ္မေသု ဝိဟရတိ

ဝိပဿနာဉာဏ်ဖြင့် ရုပ်တရားတို့၌ ဖြစ်ခြင်းကိုလည်း ရှု၍နေပါ။ ရုပ်တရားတို့၏ ပျက်ခြင်း ကိုလည်းရှု၍နေပါ။

သမုဒယဝယ ဓမ္မာနုပဿီ ဝါ ဓမ္မေသု ဝိဟရတိ = ရံခါ ရုပ်တရားတို့ဖြစ်ခြင်းကို လည်းကောင်း၊ ရံခါပျက်ခြင်းကိုလည်းကောင်း ရှု၍နေပါ။

အတ္ထိ ဓမ္မာတိ ဝါ ပနဿ သတိပစ္စုပဋ္ဌိတာ ဟောတိ = ဤသည်တို့ကား ရုပ်တရား တို့သာတည်းဟု သတိသမ္ပဇညကို မပြတ်ဖြစ်စေပါဟူ၍ ဟောတော်မူသည်။

ရုပ်တရားတို့သည်သာလျှင် ဆိုင်ရာ ဆိုင်ရာ အကြောင်းတို့ကြောင့် အကျိုးတရား သဘောဖြင့်ဖြစ်ပေါ်လိုက် ချုပ်ပျောက်လိုက်၊ ဖြစ်ပေါ်လိုက် ချုပ်ပျောက်လိုက်နှင့် ဖြစ်ပျက်လျက်ရှိကြသည်။ သဘာဝအလျောက် ဖြစ်ပေါ်ချုပ်ပျောက်နေကြသည်ကို ငါဟူ၍ သူဟူ၍ အမြင်အယူ မှားယွင်းကာ စွဲလမ်းနေဖွယ်မရှိ၊ ရုပ်တရားတွေသာလျှင် ဖြစ်ပါပေသည်ဟု ဝိပဿနာဉာဏ်အမြင်ဖြင့် ဆင်ခြင်ပွားများပါဟု ဟောတော်မူ လိုခြင်း ဖြစ်သည်။

ရူပက္ခန္ဓာကဲ့သို့ပင် ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာတို့၌ လည်း --

ဣတိ ဝေဒနာ = ဤသဘောတရားသည်ကား ဝေဒနာတည်း။
ဣတိ ဝေဒနာယ သမုဒယော = ဤကား ဝေဒနာ၏ ဖြစ်ခြင်းတည်း။
ဣတိ ဝေဒနာယ အတ္ထင်္ဂမော ဤကား ဝေဒနာ၏ ချုပ်ခြင်းတည်း၊
ဤသို့ စသည်ဖြင့် ရှုပါလေဟု ဟောတော်မူသည်။

ရှုပုံ ပွားများပုံကို ပါဠိမုတ္တ ပြဦးအံ့ --

တစ်ပါးပါးသော မိမိဉာဏ်၌ မြင်လွယ် သိလွယ်သောခန္ဓာ၌ ဤသို့သော အကြောင်းကြောင့် ရုပ်တရားတို့ ဖြစ်ပေါ်ကြသည်။ ဤသို့သော အကြောင်းကြောင့် ရုပ်တရားတို့ ပျောက်ပျက်ကြသည်။ ဤသို့လျှင် ရုပ်တရားတို့ ထင်ရှားဖြစ်သည်။ ဤသို့လျှင် ပျက်စီးကြသည်ဟု ပွားများဆင်ခြင်ရမည်။

ယင်းသို့ ပွားများဆင်ခြင်သော ယောဂီ၏ ဉာဏ်အမြင်၌ ဪ .... ဤရုပ်တရား တို့သည် ယခင်က မရှိခဲ့ဖူးဘဲနှင့် ဖြစ်ပေါ်လာကြသည်။ ဖြစ်ပေါ်ပြီးကာလ၌လည်း မတည်မမြဲဘဲ ပျောက်ပျက်သွားကြသည် ဟူ၍ သန့်ရှင်းစွာ ဉာဏ်အမြင်ဖြင့် မြင်လာတတ်သည်။ ဥဒယဝယ အဖြစ်အပျက်ကို မြင်သော ယောဂီအား သစ္စဉာဏ်၊ ပဋိစ္စသမုပ္ပါဒ်တို့သည် ဉာဏ်၌ ထင်ရှားဖြစ်ပေါ် တတ်ကုန်၏။ ဆက်လက်ပွားလျှင် ပွားသလောက် အကျိုးရှိလေသည်။

အနုပ္ပန္နာ ဥပ္ပဇ္ဇန္တိ၊ ဥပ္ပန္နာ စ နိရုဇ္ဈရေ။
အဘိနဝါ ဝ သင်္ခါရာ၊ နဒီသောတသမူပမာ။

ယခင်ကမရှိသော ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့သည် အကြောင်းအားအလျောက် ဖြစ်ပေါ်ကြကုန်၏။ ဖြစ်ပေါ်ပြီးကာလ၌ အမြဲတည်ခြင်းမရှိကြမူ၍ ချုပ်ပျောက်ပျက်စီး ကြကုန်၏။ ရုပ်နာမ်ဟုဆိုအပ်သော သင်္ခါရ သဘောတရားတို့သည် မြစ်ရေ စီးဆင်းနေသော ရေအလျဉ်ကဲ့သို့ အသစ်အသစ်ဖြစ်ပေါ်၍ ချုပ်ငြိမ်းကြကုန် ပါတကား။

ခန္ဓပဗ္ဗ-ခန္ဓာပိုင်းပြီး၏

အာယတနပဗ္ဗ - အာယတနပိုင်း

ဓမ္မာနုပဿနာ ခန္ဓပဗ္ဗ - ခန္ဓာပိုင်းကို ဟောတော်မူပြီး၍ ယခုအခါ အာယတနပဗ္ဗ– အာယတနပိုင်းကို ဟောတော်မူခြင်းငှာ မြတ်စွာဘုရားသည် “ပုန စပရံ ဘိက္ခဝေ ဘိက္ခု” စသည်ကို ဟောတော်မူသည်။

ရဟန်းတို့ - တစ်ပါးတုံလည်း သာသနာတော်၌ ရဟန်းဖြစ်သောပုဂ္ဂိုလ်သည် ခြောက်ပါးကုန်သော အဇ္ဈတ္တိကာယတန၊ ခြောက်ပါး ကုန်သော ဗာဟိရာယတနတို့၌ အာယတနတို့ ဟူ၍သာ ရှုကြရမည်ဟု ဟောတော်မူသည်။

ယင်းသို့ ဟောတော်မူရာ၌ အဇ္ဈတ္တိကာယတန, ဗာဟိရာယတနတို့ကို ယောဂီတို့ ဦးစွာ သိထားသင့်၏။

---

ခြောက်ပါးကုန်သော အဇ္ဈတ္တိကာယတနတို့

ခြောက်ပါးကုန်သော အဇ္ဈတ္တိကာယတနတို့ဟူသည်ကား --
၁။ စက္ခုပသာဒရုပ်သည် စက္ခာယတနမည်၏။
၂။ သောတပသာဒရုပ်သည် သောတာယတနမည်၏။
၃။ ဃာနပသာဒရုပ်သည် ဃာနာယတနမည်၏။
၄။ ဇိဝှါပသာဒသည် ဇိဝှါယတနမည်၏။
၅။ ကာယပသာဒသည် ကာယာယတနမည်၏။
၆။ မနောဝိညာဏ်သည် မနာယတနမည်၏။
ဤသို့လျှင် အဇ္ဈတ္တိကာယတနခြောက်ပါး ဖြစ်ကုန်၏။

---

ခြောက်ပါးသော ဗာဟိရာယတနတို့

ခြောက်ပါးသော ဗာဟိရာယတနတို့ ဟူသည်ကား-
၁။ ရူပါရုံသည် ရူပါယတနမည်၏၊
၂။ သဒ္ဒါရုံသည် သဒ္ဒါယတနမည်၏၊
၃။ ဂန္ဓာရုံသည် ဂန္ဓာယတနမည်၏၊
၄။ ရသာရုံသည် ရသာယတနမည်၏၊
၅။ ဖောဋ္ဌဗ္ဗာရုံသည် ဖောဋ္ဌဗ္ဗာယတနမည်၏၊
၆။ ဓမ္မာရုံသည် ဓမ္မာယတနမည်၏။
ဤသို့လျှင် ဗာဟိရာယတနခြောက်ပါး ဖြစ်ကုန်၏။

ဤသို့အားဖြင့် အဇ္ဈတ္တိကာယတန ခြောက်ပါး၊ ဗာဟိရာယတန ခြောက်ပါး၊ ပေါင်း အာယတန ၁၂-ပါး ဖြစ်၏။

---

ဓမ္မာယတန၏ တရားကိုယ်

စက္ခာယတန အစရှိသော အာယတနတို့၏ တရားကိုယ်တို့သည် ထင်ရှားပြီဖြစ်၍ သိကြရပြီ၊ ဓမ္မာယတန၏ တရားကိုယ်ကိုမူကား သိသာရန်ပြဦးအံ့။

အဘိဓမ္မတ္ထသင်္ဂဟကျမ်း၌ “ဓမ္မာရမ္မဏံ ပန ပသာဒသုခုမ ရူပစိတ္တစေတသိကနိဗ္ဗာန ပညတ္တိဝသေန ဆဓာ သင်္ဂယှတိ” ဟု လာသည်ဖြစ်၍ ဓမ္မာရုံသည် --
၁။ ပသာဒရုပ်
၂။ သုခုမရုပ်
၃။ စိတ်
၄။ စေတသိက်
၅။ နိဗ္ဗာန်
၆။ ပညတ် အားဖြင့် ခြောက်မျိုးရှိ၏။

ပရမတ္ထဒီပနီ၌ “ပဉ္စာရမ္မဏဝိနိမုတ္တံ ယံ ကိဉ္စိ ဓမ္မဇာတံ ဝိဇ္ဇမာနမ္ပိ အဝိဇ္ဇမာနမ္ပိ ဘူတမ္ပိ အဘူတမ္ပိ ဓမ္မာရမ္မဏမေဝ” ဟု ဆိုသည်။ အာရုံငါးပါးမှတစ်ပါး ထင်ရှားသည် ဖြစ်စေ၊ မထင်ရှားသည်ဖြစ်စေ၊ ဖြစ်ပေါ်သည်ဖြစ်စေ၊ မဖြစ်ပေါ်သည်ဖြစ်စေ အာရုံ အားလုံးသည် ဓမ္မာရုံမည်သည်ဟု ဆိုလိုသည်။
ဤပြဆိုအပ်ခဲ့ပြီးသည်တို့ကား ဓမ္မာရုံတို့ ဖြစ်ကုန်၏။

---

အာယတန၏ အဓိပ္ပာယ်

အာယတန၏ အဓိပ္ပာယ်ကို ယခုပြဆိုလတ္တံ့သော နည်းဖြင့် မှတ်သားကြရာ၏။
၁။ အာယတနဟူသော သဘောတရားတို့၌ ထိုထိုဒွါရအာရုံကိုမှီ၍ ဖြစ်ကုန်သော စိတ်စေတသိက်တို့သည် ထိုထိုဆိုင်ရာကိစ္စတို့ဖြင့် လုံ့လပြုလုပ် အားထုတ်ကြကုန်၏။ ထို့ကြောင့် အာယတန မည်ကုန်၏။
၂။ အာယတနဟု ဆိုအပ်ကုန်သော စိတ် စေတသိက်တရားတို့ကို ချဲ့ထွင်တတ် ကုန်၏။ ထို့ကြောင့် အာယတနမည်ကုန်၏။
၃။ သံသရာဝဋ်ဒုက္ခ ရှည်ကြာသည်ကို ပြုတတ်သောကြောင့်လည်း အာယတန မည်ကုန်၏
၄။ စက္ခုဝိညာဏ်စိတ် စသည်တို့ ဖြစ်ကြောင်းဖြစ်သောကြောင့်လည်း အာယတန မည်ကုန်၏။
၅။ ထိုထိုဒွါရတို့၌ ဖြစ်ကုန်သော ထိုထိုအာရုံ၊ ထိုထိုစက္ခုဝိညာဏ် အစရှိသော စိတ်တို့၏ ပေါင်းဆုံရပ် တည်ရာဌာန, ဖြစ်သောကြောင့်လည်း အာယတန မည်ကုန်၏။
ဤကဲ့သို့ အာယတန၏ အနက်အဓိပ္ပာယ်တို့ကို ပြဆိုကြသည်။

မိမိ၏ အဇ္ဈတ္တိက အတွင်းသန္တာန်၌ဖြစ်ကုန်သော စက္ခု, သောတ, ဃာန, ဇိဝှာ, ကာယ, မန ဟူသော အာယတနတို့သည် အတွင်းသန္တာန်၌ ဖြစ်ကြသောကြောင့် အဇ္ဈတ္တိကာယတန ဖြစ်သည်။
ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, ဓမ္မာရုံ တို့သည် မိမိခန္ဓာမှအပ၌ ဖြစ်ကြသောကြောင့် ဗာဟိရာယတနဖြစ်သည်။

မြတ်စွာဘုရားသည် အာယတနဟု ဆိုအပ်သော သဘောတရားတို့၌ အာယတနတို့ ဟူ၍ ရှုကြည့်ပွားများ ရမည်ဟု ဟောတော်မူသည်ဖြစ်၍ စာရှုသူတို့အား အာယတန တို့ကိုလည်းကောင်း၊ အာယတနတို့၏ အနက်အဓိပ္ပာယ်ကို လည်းကောင်း အကျဉ်း အားဖြင့် ထုတ်ပြခဲ့ပြီ။

---

တရားရှုပုံနှင့် သံယောဇဉ်

ယခုအခါ ထိုအာယတနတို့၌ ရှုပုံ၊ ဆင်ခြင်ပွားများပုံတို့ကို မြတ်စွာဘုရား ဆက်လက် ဟောတော်မူသည်ကို ဖော်ပြပေအံ့။

ကထဉ္စ ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ ဆသု အဇ္ဈတ္တိကဗာဟိရေသု အာယတနေသု
= ရဟန်းတို့ သာသနာတော်၌ ဓမ္မာနုပဿနာ သတိပဋ္ဌာန် တရားတော်ကို ပွားများသော ရဟန်းသည် အဇ္ဈတ္တိကာယတန, ဗာဟိရာယတန ခြောက်ပါးဟု ဆိုအပ်ကုန်သော သဘောတရားတို့၌ အဘယ်သို့လျှင် သဘောတရားတွေဟု ရှုရမည်နည်းဟူမူ --

ဣဓ ဘိက္ခဝေ ဘိက္ခု စက္ခုံ၊ စ ပဇာနာတိ၊ ရူပေ စ ပဇာနာတိ၊ ယဉ္စ တဒုဘယံ ပဋိစ္စ ဥပ္ပဇ္ဇတိ သံယောဇနံ တဉ္စ ပဇာနာတိ၊ ယထာ စ အနုပ္ပန္နဿ သံယောဇနဿ ဥပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ၊ ယထာ စ ဥပ္ပန္နဿ သံယောဇနဿ ပဟာနံ ဟောတိ တဉ္စ ပဇာနာတိ၊ ယထာ စ ပဟီနဿ သံယောဇနဿ အာယတိံ အနုပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ
ဟူ၍ တရားရှုပုံကို ဟောတော်မူသည်။

ရဟန်းတို့ ငါဘုရား၏ သာသနာတော်၌ ဓမ္မာနုပဿနာ အာယတနတရား တို့ကို အားထုတ်သောရဟန်းသည် မိမိအဇ္ဈတ္တသန္တာန်၌ရှိသော စက္ခုပသာဒရုပ် ဟူသော စက္ခုဝတ္ထုရုပ်ရှိသည်ကိုလည်း သိရမည်။ ထိုစက္ခုဝတ္ထုနှင့် ရှေးရှုဆုံဆည်းသော ရူပါရုံ တို့ကိုလည်း သိရမည်။ စက္ခုဝတ္ထု ရူပါရုံတို့၏ ရှေးရှုဆုံဆည်း တွေ့ကြုံခြင်းကို စွဲ၍၊ ဝါ- အကြောင်းပြု၍ အကြင်သံယောဇဉ်သည် ဖြစ်ပေါ်လာ၏၊ ထိုဖြစ်ပေါ်လာသော သံယောဇဉ်ကိုလည်း သိရမည်။ မဖြစ်ပေါ်ဖူးသေးသော သံယောဇဉ် ဖြစ်ပေါ်လာခြင်း ကိုလည်း သိရမည်။ ဖြစ်ပေါ်လာသောသံယောဇဉ်ကို ပယ်သည်ကိုလည်း သိရမည်။ ပယ်အပ်သောသံယောဇဉ်ကို မဂ်ဖြင့် ပယ်အပ်သည်ဖြစ်၍ နောင်တစ်ဖန်မဖြစ်မည် ကိုလည်း သိရမည်ဟုဟောတော်မူရင်း ဖြစ်သည်။

စက္ခုပသာဒ၊ ဝါ- စက္ခုဝတ္ထုဟူသော အဇ္ဈတ္တိကာယတနနှင့် ရူပါရုံတည်းဟူသော ဗာဟိရာယတနတို့ ရှေးရှု တွေ့ဆုံမိကြသဖြင့် သံယောဇဉ်ဆယ်ပါးတို့တွင် ထိုက်သည့် အားလျော်စွာ တစ်ပါးပါးသော သံယောဇဉ် ဖြစ်ပေါ်လာတတ်သည်။ ဖြစ်ပေါ်လာသော သံယောဇဉ်ကိုလည်း အမှတ်မဲ့မနေမူ၍ သတိပြုကာ သိရမည်ဟု ဟောတော်မူသည်။ သံယောဇဉ်ဟူသည်မှာလည်း များလှ၏။

---

သံယောဇဉ် ၁၀-ပါး (သုတ္တန်နည်း)

၁။ ကာမရာဂသံယောဇဉ်၊
၂။ ရူပရာဂသံယောဇဉ်၊
၃။ အရူပရာဂသံယောဇဉ်၊
၄။ ပဋိဃသံယောဇဉ်၊
၅။ မာနသံယောဇဉ်၊

၆။ ဒိဋ္ဌိသံယောဇဉ်၊
၇။ သီလဗ္ဗတပရာမာသသံယောဇဉ်၊
၈။ ဝိစိကိစ္ဆာသံယောဇဉ်၊
၉။ ဥဒ္ဓစ္စသံယောဇဉ်၊
၁၀။ အဝိဇ္ဇာသံယောဇဉ်-
ဟူ၍ ၁၀-ပါးရှိကုန်၏။

---

သံယောဇဉ် ၁၀-ပါး (အဘိဓမ္မာနည်း)

တစ်နည်း - အဘိဓမ္မာဆိုင်ရာ၌ လာသော သံယောဇဉ် ၁၀-ပါးရှိသေး၏။
၁။ ကာမရာဂသံယောဇဉ်၊
၂။ ဘဝရာဂသံယောဇဉ်၊
၃။ ပဋိဃသံယောဇဉ်၊
၄။ မာနသံယောဇဉ်၊
၅။ ဒိဋ္ဌိသံယောဇဉ်၊
၆။ သီလဗ္ဗတပရာမာသသံယောဇဉ်၊
၇။ ဝိစိကိစ္ဆာသံယောဇဉ်၊
၈။ ဣဿာသံယောဇဉ်၊
၉။ မစ္ဆရိယသံယောဇဉ်၊
၁၀။ အဝိဇ္ဇာသံယောဇဉ် ဟူ၍ ၁၀-ပါး ရှိကုန်၏။

---

သံယောဇဉ် အနက်

သံယောဇေန္တိ ဗန္ဓန္တိ တိသံယောဇနာနိ။
ယေ ဓမ္မာ၊ အကြင်သဘောတရားတို့သည်။
သတ္တေ၊ သတ္တဝါတို့ကို။
သံသာရအဒ္ဓုတော၊ သံသရာတည်းဟူသော နှောင်အိမ်မှ။
ဝါ၊ ထောင်မှ။
အမုစ္စိထုံ၊ မလွတ်မြောက်စေခြင်းငှာ။
သံယောဇေန္တိ ဗန္ဓန္တိ၊ နှောင်ဖွဲ့တတ်ကုန်၏။
ဣတိ၊ တို့ကြောင့်။
တေဓမ္မာ၊ ထိုသဘောတရားတို့သည်။
သံယောဇနာနိ၊ သံယောဇဉ်တို့ မည်ကုန်၏။

သတ္တဝါတို့ကို သံသရာ တည်းဟူသော နှောင်အိမ်မှ၊ ဝါ- ထောင်မှ မလွတ်မြောက် နိုင်အောင် ချည်နှောင်ဖွဲ့စည်းတတ်သော သဘောတရားတို့ကို သံယောဇဉ်ဟု ဆိုသည်။ ထိုသံယောဇဉ်တို့သည် ကာမရာဂသံယောဇဉ် အစရှိသောအားဖြင့် ဆယ်ပါး၊ တရားကိုယ်အားဖြင့် ကိုးပါးရှိကုန်၏။ အကျဉ်းဆုံးအနေဖြင့်သာ သံယောဇဉ် ဆယ်ပါး ဟု ဟောတော်မူသည်။ သံယောဇဉ်တို့၏တည်ရာ ဖြစ်ပေါ်ရာ အာရုံတို့ဖြင့် ရေတွက် ရသော် သံယောဇဉ်တို့သည် ရေတွက်၍ မကုန်နိုင်အောင် များပြားစွာရှိကုန်၏။

ဥပမာ - ကာမရာဂ သံယောဇဉ်သည်ပင် --
ရူပါရုံကို အကြောင်းပြု၍ ဖြစ်သော သံယောဇဉ်၊
သဒ္ဒါရုံကိုအကြောင်းပြု၍ ဖြစ်သော သံယောဇဉ်၊
ဂန္ဓာရုံကို အကြောင်းပြု၍ ဖြစ်သော သံယောဇဉ်၊
ရသာရုံကို အကြောင်းပြု၍ ဖြစ်သော သံယောဇဉ်၊
ဖောဋ္ဌဗ္ဗာရုံကို အကြောင်းပြု၍ ဖြစ်သော ကာမရာဂ သံယောဇဉ်တွေ၊

ရူပါရုံတို့တွင်လည်း ဖြူသောရူပါရုံ၊ နီသော ရူပါရုံ၊ ဝါသော ရူပါရုံ၊ စိမ်းရွှေသောရူပါရုံ၊ ညိုသောရူပါရုံ စသည်တို့ကို အကြောင်းပြု၍ -ဖြစ်သော ကာမရာဂ သံယောဇဉ်တွေ၊

တစ်ဖန်- အကွက်အကြား အစင်း ပန်းခက် ပန်းနွယ်အစရှိသော ရူပါရုံတို့ကို အကြောင်းပြု၍ဖြစ်သော ကာမရာဂ သံယောဇဉ်တွေ၊

ထို့အတူ သဒ္ဒါရုံအမျိုးမျိုး၊ ဂန္ဓာရုံအမျိုးမျိုး၊ ရသာရုံအမျိုးမျိုးတို့ကို အကြောင်းပြု၍ ဖြစ်သော ကာမရာဂသံယောဇဉ်တွေ များပြားလှ၏။

သို့များပြားလှသော သံယောဇဉ်တွေ ချည်နှောင် ဆွဲဆောင်ဖွဲ့စည်းအပ်ကုန်သည် ဖြစ်၍ သတ္တဝါတို့သည် ခန္ဓာငါးပါး၊ အာယတန ၁၂-ပါး၊ ဓာတ် ၁၈-ပါးတည်းဟူသော ရုပ်နာမ်တရားတွေ မပြတ်ဖြစ်နေသော သံသရာဝဋ်ဒုက္ခမှ မလွတ်မြောက်နိုင်ကြမူ၍ သံသရာရှည်နေကြသည်။
သံသရာရေအလျဉ်၌ တမြောတည်းမြောနေကြသည်။ အာယတန သဘောတရား တွေက သံသရာကို ရှည်သည်ထက်ရှည်စေကြသည်။ သံသရာ ရှည်လျား ကြရ သည်တွင် သံယောဇဉ်တွေက မထွက်နိုင်အောင် မလွတ်နိုင်အောင် ချုပ်နှောင် ဖွဲ့စည်း ထားကြသည်။

ဉာဏ်မျက်စိဖြင့် မကြည့်လျှင် မမြင်ကြ၍ မကြောက်ကြ မလန့်ကြ၊ မရွံ့ကြ၊ မမုန်းကြ ရှိနေသည်။ ဆင်ခြင် စဉ်းစားမိကြပါမှု အလွန်ထိတ်လန့် ကြောက်ရွံ့ဖွယ်ရာ ကောင်းလှသည်။

ထို့ကြောင့် မြတ်စွာဘုရားက သံသရာမှ လွတ်မြောက်စေလိုသော မဟာကရုဏာ တော်ဖြင့် ဤသို့ ဤသို့သော နည်းတို့ဖြင့် အာယတနတို့ကိုလည်း သိကြ မြင်ကြ သိအောင် ကြည့်ကြ၊ သတိပြုကြ။ ထို အာယတနတို့ကို အကြောင်းပြု၍ အမှီပြု၍ ဖြစ်ပေါ်လာကြသော နှောင်ကြိုးသဖွယ်ဖြစ်သော သံယောဇဉ်တို့ကိုလည်း သိကြ၊ မြင်ကြ၊ သိအောင် မြင်အောင် ကြည့်ကြ၊ သတိပြုကြဟူ၍ ဟောကြားတော်မူခြင်း ဖြစ်သည်။

---

ဒွါရ ၆-ပါးတွင် သံယောဇဉ် ရှုပုံ

စက္ခုဝတ္ထုနှင့် ရူပါရုံတို့ တွေ့ကြုံဆုံဆည်း ကြသည့်အခါ၌လည်း ဖြစ်ပေါ်လာသော ကာမရာဂ သံယောဇဉ်တို့ကို သိကြ မြင်ကြ၊ သိအောင်ပြုကြ၊ သိအောင် ကြည့်ကြလေဟု “စက္ခုံ ပဇာနာတိ ရူပေစ ပဇာနာတိ၊ ယဉ္စ တဒုဘယံ ပဋိစ္စ ဥပ္ပဇ္ဇတိ သံယောဇနံ တဉ္စ ပဇာနာတိ-” စသည်ဖြင့် ဟောတော်မူသည်။

စက္ခုဝတ္ထုနှင့် ရူပါရုံတို့ကဲ့သို့ပင် သောတဝတ္ထုနှင့် သဒ္ဒါရုံတို့ တွေ့ကြုံဆုံဆည်း ကြသည့်အခါ၌လည်း ဖြစ်ပေါ်လာသော ကာမရာဂသံယောဇဉ်တို့ကို သိကြ မြင်ကြ၊ သိအောင်ပြုကြ၊ သိအောင်ကြည့်ကြလေဟု “သောတဉ္စ ပဇာနာတိ သဒ္ဒေ စ ပဇာနာတိ၊ ယဉ္စ တဒုဘယံ ပဋိစ္စ ဥပ္ပဇ္ဇတိ သံယောဇနံ တဉ္စ ပဇာနာတိ-” စသည်ဖြင့် ဟောတော်မူသည်။

ဃာနဝတ္ထုနှင့် ဂန္ဓာရုံတို့ တွေ့ကြုံဆုံဆည်းကြသည့်အခါ၌လည်း ဖြစ်ပေါ်လာသော ကာမရာဂသံယောဇဉ်တို့ကို သိကြ မြင်ကြ သိမြင်အောင်ကြည့်ကြ သတိပြုကြဟု “ဃာနဉ္စ ပဇာနာတိ ဂန္ဓေ စ ပဇာနာတိ၊ ယဉ္စ တဒုဘယံ ပဋိစ္စ ဥပ္ပဇ္ဇတိ သံယောဇနံ တဉ္စ ပဇာနာတိ” - စသည်ဖြင့် ဟောတော်မူသည်။

ဇိဝှါဝတ္ထုနှင့် ရသာရုံတို့ တွေ့ကြုံဆုံဆည်းကြသည့်အခါ၌လည်း ဖြစ်ပေါ်လာသော ကာမရာဂသံယောဇဉ်တို့ကို သိကြ၊ မြင်ကြ၊ ကြည့်ကြ၊ မြင်အောင်ကြည့်ကြ၊ သတိပြုကြ လေဟု “ဇိဝှဉ္စ ပဇာနာတိ ရသေ စ ပဇာနာတိ၊ ယဉ္စ တဒုဘယံ ပဋိစ္စ ဥပ္ပဇ္ဇတိ သံယောဇနံ တဉ္စ ပဇာနာတိ” - စသည်ဖြင့်” ဟောတော်မူသည်။

ကာယဝတ္ထုနှင့် ဖောဋ္ဌဗ္ဗာရုံတို့ တွေ့ကြုံဆုံဆည်းသော အခါ၌လည်း ဖြစ်ပေါ် လာသော ကာမရာဂ သံယောဇဉ်တို့ကို သိကြ၊ မြင်ကြ၊ သိအောင်ကြည့်ကြလေဟု “ကာယဉ္စ ပဇာနာတိ ဖောဋ္ဌဗ္ဗေ စ ပဇာနာတိ၊ ယဉ္စ တဒုဘယံ ပဋိစ္စ ဥပ္ပဇ္ဇတိ သံယောဇနံ တဉ္စ ပဇာနာတိ” - စသည်ဖြင့် ဟောတော်မူသည်။

မန ဟူသော စိတ်နှင့် ဓမ္မာရုံတို့ တွေ့ကြုံ ဆုံဆည်းသောအခါ၌လည်း ဖြစ်ပေါ် လာသော ကာမရာဂသံယောဇဉ်တို့ကို သိကြ၊ မြင်ကြ၊ သိအောင်ကြည့်ကြလေဟု “မနဉ္စ ပဇာနာတိ ဓမ္မေ စ ပဇာနာတိ၊ ယဉ္စ တဒုဘယံ ပဋိစ္စ ဥပ္ပဇ္ဇတိ သံယောဇနံ တဉ္စ ပဇာနာတိ” - စသည်ဖြင့် ဟောတော်မူသည်။

အဇ္ဈတ္တိကာယတန, ဗာဟိရာယတန တို့သည် သံသရာကို ရှည်စေကြရာတွင် သံယောဇဉ်တို့က ယင်းသံသရာမှ မလွတ်နိုင်အောင် မကျွတ်နိုင်အောင် ချည်ကြ၊ နှောင်ကြ၊ ဖွဲ့ကြ၊ ချုပ်ကြပြန်ရာ အမှုမဲ့ အမှတ်မဲ့ သတိမမူဘဲ နေကြသော ပုထုဇဉ် တို့အဖို့မှာ ဆင်ခြင်ကြည့်ရှုမိကြပါက ကြောက်ဖွယ်လန့်ဖွယ်ပင် ဖြစ်ပေသည်။

မိမိတို့ကို သံသရာ ရှည်လျားအောင် အတွင်းအပြင် နှစ်ဌာနတို့မှ လမ်းမှား မျက်စိလည်စေသော အာယတန သဘောတရားတွေပါကလား၊ ရှည်လျားသော သံသရာမှ မလွတ်မကျွတ်နိုင် အောင် ချည်နှောင်နေကြသော သံယောဇဉ်တွေ ပါကလား- ဟု မမြင်ကြသောကြောင့် မသိကြသောကြောင့် ထိုသံယောဇဉ်တို့ကိုပင် အမွန်အမြတ် အကောင်းဟူ၍ ထင်မြင် ယူဆကြကာ လက်ခံနေကြသည်ကို သနားတော်မူလှသော မြတ်စွာဘုရားသည် အတွင်း အပြင် ရန်သူများဖြစ်ကြသော အာယတနတို့နှင့် သံယောဇဉ်တို့ကို မြင်ကြလေအောင် ညွှန်ပြတော်မူခြင်း ဖြစ်သည်။

---

အခြား သံယောဇဉ်များ

သံယောဇဉ်သည်လည်း အာရုံငါးပါး, ခြောက်ပါး ကာမဂုဏ်တို့၌ သာသာယာယာ တပ်မက်တွယ်တာ နှောင်ဖွဲ့ကြသည်မဟုတ်ချေ။

ဘဝ၌ တွယ်တာ တပ်မက်သော ဘဝရာဂသံယောဇဉ်

ခက်ထန်ကြမ်းကြုတ်ခြင်း သဘောရှိသော ပဋိဃသံယောဇဉ်

အယူအမြင်မှားယွင်းသော ဒိဋ္ဌိသံယောဇဉ်

ငါကဲ့သို့သောသူ ရှိသေး၏လော စသည်ဖြင့် ဝင့်ဝါမော်ကြွား ထောင်လွှားခြင်း သဘောရှိသော မာန သံယောဇဉ်

တိရစ္ဆာန် ခွေး နွားတို့၏ အလေ့သဘောကိုပင် ကိလေသာတို့မှ စင်ကြယ်ကြောင်း အကျင့်ဟု အထင်အယူမှားကာ အတုလိုက်၍ ကျင့်သုံးခြင်း ဟူသော သီလဗ္ဗတပရာမာသ သံယောဇဉ်

ရတနာသုံးပါးတို့၌ လည်းကောင်း၊ သူတော်ကောင်း အကျင့်သီလ၌လည်းကောင်း နှလုံးနှစ်ခွဖြစ်ခြင်း၊ မဆုံးဖြတ်နိုင်ခြင်း သဘောရှိသော ဝိစိကိစ္ဆာသံယောဇဉ်

အခြားသူတို့၌ ပြည့်စုံချမ်းသာခြင်း၊ လှပခြင်း၊ ပညာဗဟုသုတရှိခြင်း၊ သီလ သမာဓိရှိခြင်းစသည်တို့၌ မလိုလားခြင်း မမြင်နိုင်ခြင်း မကြည့်နိုင်ခြင်း သဘော ရှိသော ဣဿာသံယောဇဉ်

မိမိ၌ရှိသော ဂုဏ်ကိုလည်းကောင်း, ဥစ္စာပစ္စည်း စသည်တို့ကို သော်လည်းကောင်း အခြားသူတို့၌ မရှိစေလိုခြင်း မရစေလိုခြင်း၊ စွန့်ကြဲပေးကမ်းခြင်း ဒါနကောင်းမှုကို မပြုနိုင်ခြင်းသဘောရှိသော မစ္ဆရိယသံယောဇဉ်

အမှန်တရား ကောင်းသော တရားတို့ကို မသိအောင် မမြင်အောင် နားမလည်အောင် ကာကွယ်ဖုံးလွှမ်းခြင်း သဘော ရှိသော အဝိဇ္ဇာသံယောဇဉ် -

ဤသို့အားဖြင့် အချုပ်အနှောင် အဖွဲ့အချည် သဘောရှိသော သံယောဇဉ်တွေ များလှပေသည်။ ဤသံယောဇဉ်တွေကိုလည်းကောင်း၊ သံယောဇဉ်တို့၏ဖြစ်ရာ တည်ရာ အာယတနတို့ကိုလည်းကောင်း သတိပြု၍ သိကြ မြင်ကြ မြင်အောင် ကြည့်ကြလေ။ ထိုတရားတို့ကို မြင်မှ သံသရာတိုမည်၊ သံသရာနှုတ်ခမ်းသပ်မည်၊ အေးငြိမ်းချမ်းသာ ကြမည်ကို မြင်တော်မူ၍ တိုက်တွန်းဟောကြားတော်မူခြင်း ဖြစ်သည်။

---

ယောဂီတို့ တရားရှုမှတ်ပုံ

ဤအာယတနပိုင်းနှင့်စပ်၍ ယောဂီတို့ တရားရှုပုံ၊ ဝါ- တရားထိုင်ပုံ၊ ရိပ်သာ ဝေါဟာရ အားဖြင့် တရားမှတ်ပုံကို. အနည်းငယ်ပြအံ့-

ယောဂီသည် မိမိအဇ္ဈတ္တိက သန္တာန်ရှိသော စက္ခုပသာဒရုပ် တည်းဟူသော စက္ခာယတနနှင့် ဗာဟိရာယတနဖြစ်သော ရူပါရုံတို့ ရှေးရှုရင်ဆိုင် ဆုံဆည်းမိကြ သောအခါ တစ်နည်း- အဇ္ဈတ္တိကာယတန ဖြစ်သော စက္ခုပသာဒနှင့် ဗာဟိရာယတ နဖြစ်သော ရူပါရုံတို့တွေ့ ဆုံတိုက်ဆိုင်မိသောအခါ ထိုအာရုံကို တပ်မက် နှစ်သက်သော ကာမရာဂ သံယောဇဉ် ဖြစ်ပေါ်လာ၏။
(ထိုကာမရာဂ သံယောဇဉ်သည် အကုသိုလ်ဖြစ်သော စက္ခုဒွါရဝီထိစိတ်နှင့် အတူတကွ ဖြစ်လာသည်ကို သိထားပါလေ။ ဝီထိတွေပြနေလျှင် စာရှုသူတို့ဉာဏ်၌ ရှုပ်ထွေးမည်ဖြစ်၍ မြုပ်၍ပြသည်။)

ထိုအခါ ယောဂီသည် မိမိသန္တာန်၌ စက္ခာယတန ဖြစ်ပေါ်ဆဲရှိသည်ကိုလည်း သတိပြုသိရှိပါ၊ ဆင်ခြင်ပါ။ ဗဟိဒ္ဓ၌ ရူပါယတနဟူသော ရူပါရုံ ရှေးရှုပေါ်လာနေသည် ကိုလည်း သတိပြုပါ၊ သိရှိပါ။ ထိုအာယတနနှစ်ခုဆုံမိခြင်းကြောင့် မိမိသန္တာန်၌ ဖြစ် ပေါ်လာသော ကာမရာဂသံယောဇဉ် ဖြစ်သည်ကိုလည်း သိပါ။

ယခင် မဖြစ်ပေါ်သေးသော ကာမရာဂသံယောဇဉ် ဖြစ်ပေါ်လာသည်ကိုလည်း သတိပြုပါ၊ သိပါ။ သည်သံယောဇဉ်တွေကြောင့် သံသရာဝဋ်ဒုက္ခမှမလွတ်နိုင်ဘဲ အချုပ်အနှောင် ခံနေရခြင်းအစရှိသော သံယောဇဉ်တို့၏ အပြစ်ကိုရှု၍ မိမိသန္တာန်၌ ဖြစ်ဆဲရှိသော ကာမရာဂ သံယောဇဉ်ကို ဝိပဿနာဉာဏ်ဖြင့် ပယ်ပါ၊ ခွာပါ။ ယင်းသို့ပယ်ခွာအပ်သော သံယောဇဉ်ကိုလည်း သတိပြုပါ၊ သိပါ။

ပယ်ခွာအပ်သော သံယောဇဉ်၏ နောင်အခါ မဂ်ဖြင့် ပယ်သတ်အပ် သောအခါ၌ တစ်ဖန်ထပ်မံ၍ အသစ်မဖြစ်တော့သည်ကိုလည်း သတိပြုပါ၊ ကြိုတင်သိထားပါ။

ဤသို့လျှင် ယောဂီသည် တရားထိုင်သောအခါ၌ မိမိသန္တာန်၌ အာယတန တွေကို အကြောင်းပြု၍ ဘယ်သံယောဇဉ်တွေ ဖြစ်သည်ကိုလည်းကောင်း၊ မဖြစ်သည်ကို လည်းကောင်း ပယ်သည်ကို သိ၍ သိ၍ ဝိပဿနာဉာဏ်ဖြင့် ကြည့်၍ ကြည့်၍ ဆင်ခြင်အားထုတ်ပါလေဟု မြတ်စွာဘုရားဟောတော်မူလိုခြင်းဖြစ်သည်။

သံယောဇဉ်ကြိုးတွေကို မျက်ခြည်မပြတ်ကြည့်၍ အချည်အတုပ်မခံပဲ ဖြစ်ပေါ် လာသော သံယောဇဉ်တို့ကို အပြစ်ကို ရှု၍ ပယ်၍ ပယ်၍ နေခြင်းကိုပင် တရားထိုင်သည်၊ တရားအားထုတ်သည်၊ တရားမှတ်သည် ဆိုလိုသည်။

ဤသို့လျှင် ပြဆိုအပ်ပြီးသော မြတ်စွာဘုရား ညွှန်ပြဟောကြားတော်မူသော နည်းကို ကြားနာမှတ်ယူ၍ အားထုတ်နိုင်စေကုန်သတည်း။

အာယတနပိုင်း ပြီး၏။

ဗောဇ္ဈင်္ဂပဗ္ဗ - ဗောဇ္ဈင်ပိုင်း

ဗောဇ္ဈင်ခုနှစ်ပါး

မြတ်စွာဘုရားသည် ဓမ္မာနုပဿနာ အာယတနပဗ္ဗ = အာယတနပိုင်းကို ဟောတော် မူပြီး၍ ယခုအခါ ဗောဇ္ဈင်္ဂပဗ္ဗ = ဗောဇ္ဈင်ပိုင်းကို ဟောတော်မူခြင်းငှာ- ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ သတ္တသု ဗောဇ္ဈင်္ဂေသု- စသည်ကို ဟောတော်မူသည်။
ဗောဇ္ဈင်ခုနစ်ပါးတည်းဟူသော တရားတို့ကို ပွားများနေရမည်ဟု ဟောတော်မူလိုရင်း ဖြစ်သည်။ ထို့ကြောင့် ဗောဇ္ဈင်ဟူသည်ကို ဦးစွာသိသင့်ပေသည်။

ဗောဇ္ဈင်ဟူသည်မှာ- ဗုဇ္ဈတီတိ ဗောဓိဗုဇ္ဈတိ၊ သိ၏။ ဣတိ၊ ထို့ကြောင့်။ ဗောဓိ၊ ဗောဓိ မည်၏။ (ဝါ၊ နိုးကြား သောကြောင့် ဗောဓိမည်၏။)
သိ၏- ဟူသည် အဘယ်တရားကို သိသနည်းဟူမူ သစ္စာလေးပါးတရားကိုသိ၏ ဟုဆိုလိုသည်။ ကိလေသာ အစဉ်တည်းဟူသော အိပ်ပျော်ခြင်းမှ နိုးကြား၏၊ ထ၏ ဟူ၍လည်း ဆိုရ၏။
တစ်နည်း အားဖြင့် နိဗ္ဗာန်ကို ဉာဏ်ဖြင့်သိ၏၊ မျက်မှောက်ပြု၍ ဟူ၍လည်း ဆိုရ၏။

ဗောဓိယာ အင်္ဂါ ဗောဇ္ဈင်္ဂေါ
ဗောဓိယာ၊ သစ္စာလေးပါးတရားကို သိခြင်း၏။
အင်္ဂါ၊ အစိတ်အပိုင်း အင်္ဂါတည်း။
ဗောဇ္ဈင်္ဂေါ၊ သစ္စာလေးပါးတရားကို သိခြင်း၏အကြောင်းအင်္ဂါ။

ဗောဓိဉာဏ်၏ အစိတ်အပိုင်းအင်္ဂါဟူသည် သတိ၊ ဓမ္မဝိစယ၊ ဝီရိယ၊ ပီတိ၊ ပဿဒ္ဓိ၊ သမာဓိ၊ ဥပေက္ခာတို့ ဖြစ်ကုန်၏။
ထိုဓမ္မသာမဂ္ဂီတရား အပေါင်းဖြင့် သစ္စာ လေးပါးတို့ကို သိသည်။ ထို့ကြောင့် ထိုခုနစ်ပါးသော တရားအပေါင်းသည် ဗောဇ္ဈင်မည်၏

တစ်နည်းအားဖြင့် --
အရိယသာဝကော ဗုဇ္ဈတီတိ ဗောဓိ
ယော အရိယသာဝကော၊ အကြင်မြတ်စွာဘုရား၏ တပည့် အရိယာပုဂ္ဂိုလ်သည်။
ဗုဇ္ဈတိ၊ သစ္စာလေးပါး တရားတော် ကိုသိ၏။
သော၊ ထိုအရိယာပုဂ္ဂိုလ်သည်။
ဗောဓိ၊ ဗောဓိမည်၏။

ဗောဓိဿ အင်္ဂါ ဗောဇ္ဈင်္ဂေါ
ဗောဓိဿ၊ သစ္စာလေးပါးတရားကို သိသော အရိယာပုဂ္ဂိုလ်၏။
အင်္ဂါ၊ အကြောင်းအင်္ဂါတည်း။
ဗောဇ္ဈင်္ဂေါ၊ သစ္စာလေးပါးတရားကို သိသော အရိယာပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ။

အရိယာပုဂ္ဂိုလ်တို့သည် ဤဗောဇ္ဈင်တရား အကြောင်းအင်္ဂါတို့ဖြင့် သစ္စာလေးပါး တို့ကို သိတော်မူကြသည်။ သို့ကြောင့် ဗောဇ္ဈင် မည်သည်ဟု ဆိုလိုသည်။

ပဿနော ဗောဇ္ဈင်္ဂေါ သမ္ဗောဇ္ဈင်္ဂေါ
တစ်နည်း -
သုန္ဒရော ဗောဇ္ဈင်္ဂေါ သမ္ဗောဇ္ဈင်္ဂေါ

ပဿနော၊ ချီးမြှင့်အပ်သော။
ဗောဇ္ဈင်္ဂေါ၊ ဗောဇ္ဈင်။
သမ္ဗောဇ္ဈင်္ဂေါ၊ ချီးမြှင့်အပ်သော သမ္ဗောဇ္ဈင်။

တစ်နည်း --
သုန္ဒရော၊ ကောင်းမြတ်သော။
ဗောဇ္ဈင်္ဂေါ၊ ဗောဇ္ဈင်။
သမ္ဗောဇ္ဈင်္ဂေါ၊ ကောင်းမြတ်သော ဗောဇ္ဈင်။

ဤသို့လျှင် ဗောဇ္ဈင်ပုဒ်ကို အဓိပ္ပာယ်သိရာ၏

---

သတိသမ္ဗောဇ္ဈင်

သတိသမ္ဗောဇ္ဈင် ဟူသည်မှာ - သတိယေဝ သမ္ဗောဇ္ဈင်္ဂေါ သတိသမ္ဗောဇ္ဈင်္ဂေါ- စသည်ပြု၍ သတိသမ္ဗောဇ္ဈင် ဖြစ်သည်။

သတိယေဝ၊ သတိတရားသည်ပင်လျှင်။
သမ္ဗောဇ္ဈင်္ဂေါ၊ သမ္ဗောဇ္ဈင်္ဂမည်၏။
သတိသမ္ဗောဇ္ဈင်္ဂေါ၊ သတိတရားသည်ပင်လျှင် သမ္ဗောဇ္ဈင်္ဂတည်း။

သတိသည်ပင်လျှင် အရိယာပုဂ္ဂိုလ်တို့၏ သစ္စာလေးပါးတရားကို သိခြင်းအကြောင်း အင်္ဂါဖြစ်သည်ဟု ဆိုလိုသည်

သရဏံ သတိ
သရဏံ၊ အောက်မေ့ခြင်း။
သတိ၊ အောက်မေ့ခြင်း။

သာ အသမ္မောသော
သာ၊ ထိုသတိသည်။
အသမ္မောသော၊ မတွေဝေခြင်း သဘောရှိ၏။

သာ သမ္ပယုတ္တဓမ္မာနံ သာရဏလက္ခဏာ
သာ၊ ထိုသတိသည်။
သမ္ပယုတ္တဓမ္မာနံ၊ မိမိနှင့် ယှဉ်ဖော်ယှဉ်ဖက်ဖြစ်ကုန်သော နာမ်တရားတို့ကို။
သာရဏလက္ခဏာ၊ ကောင်းမှု ကောင်းလုပ်တို့၌ အောက်မေ့စေခြင်း သတိရစေခြင်း လက္ခဏာရှိ၏။

ထိုသတိသည် ကောင်းမှုကုသိုလ် တို့၌သာလျှင် အောက်မေ့စေခြင်း၊ သတိရစေခြင်း သဘောရှိသည်။ မကောင်းမှုတို့ကိုကား အောက်မေ့စေခြင်း၊ သတိရစေခြင်း သဘောမရှိပေ။ သာမညအားဖြင့် သမ္မာသတိ၊ မိစ္ဆာသတိဟု ပြောဆိုကြသော်လည်း သမ္မာသတိသာလျှင်ရှိသည်။ မိစ္ဆာသတိ ဟူ၍မရှိ၊ အကုသိုလ်စိတ်ကိုသာလျှင် မိစ္ဆာသတိပြု၍ ပြောခြင်းဟူ၍ ပရမတ္ထဒီပနီ၌ ဆိုသည်။

သတိသည် အရာကျယ်လှ၏။ သတိပဋ္ဌာန်တရားလေးပါး ဆိုသော်လည်း သတိ သာလျှင် ပြဋ္ဌာန်းသည်။ သတိသာလျှင် ပဓာနဖြစ်သည်။ အချုပ်အားဖြင့် သတိ တစ်ပါးသာလျှင် ဖြစ်သည်။ သမ္မပ္ပဓာန်တရား လေးပါး၌လည်း သတိသည် ရှေ့သွားတရား ဖြစ်သည်။

  1. ဥပ္ပန္နာနံ ပါပကာနံ ပဟာနာယ ဝါယာမော = မိမိသန္တာန်၌ ဖြစ်ဆဲ ဖြစ်သော အကုသိုလ်တို့ကိုပယ်ရန် အားထုတ်ရာ၌ သတိတရားက လက်ညှိုးညွှန်ပြ သကဲ့သို့ အသင့်သန္တာန်၌ အကုသိုလ်တွေ ဖြစ်နေသည်၊ ထိုအကုသိုလ် တွေကိုပယ်သတ် လေဟု သတိပေးမှု အောက်မေ့စေမှု ပြုပေးသော်မှ သာလျှင် ထိုအကုသိုလ်တို့ကို ဉာဏ်နှင့်ယှဉ်သော စိတ်ဖြင့် မြင်ကြ၍ ဝီရိယဖြင့် အားထုတ်ပယ်သတ်ကြရခြင်း ဖြစ်သည်။
    သို့ကြောင့် ဖြစ်ဆဲ အကုသိုလ် အယုတ်တရားတို့ကို ပယ်သတ်ရာ၌ သတိသည် ရှေ့သွားဖြစ်လေသည်
  2. ထို့အတူ မဖြစ်သေးသော အကုသိုလ်တွေ မဖြစ်ပေါ်အောင်လည်း သတိကပင် ကြိုတင်သတိပေးခြင်းကြောင့် ဝီရိယဖြင့် ထိန်းသိမ်း စောင့်စည်းရသည်။ ရှောင်ကြဉ်ရသည်။
  3. မဖြစ်သေးသော ကုသိုလ်တရားများ ဖြစ်အောင်လည်း သတိက ကြိုတင် နှိုးဆော်ခြင်းကြောင့် ဝီရိယဖြင့် ပြုလုပ်ကြရသည်။
  4. ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားများ တိုးပွားအောင်လည်း သတိက သတိပေး နှိုးဆော်ခြင်းကြောင့် ဝီရိယဖြင့် ပွားများစေကြရသည်။

သတိသည် ဤမျှသာ အရာကျယ်သည် မဟုတ်သေးချေ။

ဗောဓိပက္ခိယတရား ၃၇-ပါး အတွင်းဝင်သော ဣန္ဒြေငါးပါးထဲ၌လည်း သတိန္ဒြေ အဖြစ်ဖြင့် ပါဝင်သည်။
ဗိုလ်ငါးပါးထဲ၌လည်း သတိဗိုလ်အဖြစ်ဖြင့် ပါဝင်သည်။
ဗောဇ္ဈင်ခုနစ်ပါး၌လည်း သတိသမ္ဗောဇ္ဈင်အဖြစ်ဖြင့် ပါဝင်သည်။
မဂ္ဂင်ရှစ်ပါး၌လည်း သမ္မာသတိမဂ္ဂင်အဖြစ်ဖြင့် ပါဝင်သည်။

သတိသည် ကောင်းသောဘက်၌ ဤသို့လျှင် အရာကျယ်သော အပ္ပမာဒတရား ဖြစ်သည်။ မြတ်စွာဘုရားကလည်း သတိံ ခွာဟံ ဘိက္ခဝေ သဗ္ဗတ္ထိကံ ဝဒါမိ = သတိကို အလုံးစုံသောကိစ္စတို့ကို ပြီးစေသော သဘောတရားတစ်ခုဟူ၍ ငါဘုရား ဟောတော်မူသည်ဟု မိန့်တော်မူသည်။
သို့ကြောင့် သတိသည် ပဲခူးဆားနှင့်တူသည်ဟူ၍ ဥပမာပြခဲ့ပြီ။ အဋ္ဌကထာဆရာ ကလည်း သတိ ပန သဗ္ဗတ္ထ ဗလဝတီ ဝဋ္ဋတိ = ကောင်းမှုကောင်းလုပ်တို့၌ သတိအားရှိလေ ကောင်းလေဟု ဆိုလိုသည်။

ဆက်ဦးအံ့-
သတိရှေ့သွားရှိသော သမထ ဝိပဿနာတို့ကို အားထုတ်ခြင်းသည် သာ၍ ခရီးရောက်လေသည်။ သတိသည် စိတ်ကို ဥဒ္ဓစ္စသို့ရောက်ခြင်းမှလည်းကောင်း၊ ကောသဇ္ဇဟူသော ပျင်းရိပေါ့လျော့ခြင်းမှလည်းကောင်း စောင့်ရှောက်တတ်သော သဘောရှိ၏

သတိသည် မင်းမှုကိစ္စအားလုံးတို့ကို ဆောင်ရွက်သော အမတ်ကြီးနှင့်တူသည် ဟူ၍လည်း ဆိုသည်။ စိတ်သည် သတိလျှင် တည်ရာရှိသည်ဟုဆိုသည်။ သတိသည် ဤသို့လျှင် အရေးပါ အရာကျယ်သော သဘောတရားဖြစ်သည်။ ဗောဇ္ဈင်ခုနစ်ပါး တို့တွင် သတိသမ္ဗောဇ္ဈင်သည် အရေးပါသောကြောင့် ရှေးဦးအစထား၍ ဟောတော်မူသည်ဟု ဆိုသည်။

---

ဗောဇ္ဈင်ခုနစ်ပါး အကျဉ်းချုပ်

ဗောဇ္ဈင်တရားတို့သည် --

  1. သတိသမ္ဗောဇ္ဈင်၊
  2. ဓမ္မဝိစယသမ္ဗောဇ္ဈင်၊
  3. ဝီရိယ သမ္ဗောဇ္ဈင်၊
  4. ပီတိသမ္ဗောဇ္ဈင်၊
  5. ပဿဒ္ဓိသမ္ဗောဇ္ဈင်၊
  6. သမာဓိသမ္ဗောဇ္ဈင်၊
  7. ဥပေက္ခာသမ္ဗောဇ္ဈင် အားဖြင့် ခုနစ်ပါးရှိကုန်၏

ထိုခုနစ်ပါးတို့တွင် သတိသမ္ဗောဇ္ဈင်၏အဓိပ္ပာယ်ကို အထိုက်အလျောက် ပြခဲ့ပြီ။

၂။ ဓမ္မဝိစယသမ္ဗောဇ္ဈင် ဟူသည်မှာ - ရုပ်နာမ်ဓမ္မ. သင်္ခါရတရားတို့ကို ဆင်ခြင်ခြင်း သဘောလက္ခဏာရှိသော တရားသည် ဓမ္မဝိစယသမ္ဗောဇ္ဈင်ဖြစ်သည်။ တရားကိုယ် အားဖြင့် ဝိပဿနာပညာသည် ဓမ္မဝိစယသမ္ဗောဇ္ဈင် ဖြစ်၏။

ဓမ္မံ ဝိစိနာတီတိ ဓမ္မဝိစယော
ဓမ္မံ၊ သင်္ခါရသဘောတရားကို။
ဝိစိနာတိ၊ ဆင်ခြင်တတ်၏။
ဣတိ၊ ထို့ကြောင့်။
ဓမ္မဝိစယော၊ ဓမ္မဝိစယမည်၏။
ဓမ္မဝိစယော၊ သင်္ခါရသဘောတရား တို့ကို ဆင်ခြင်တတ်သောတရား။

ဓမ္မဝိစယော ယေဝ သမ္ဗောဇ္ဈင်္ဂေါ ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂေါ
ဓမ္မဝိစယော ယေဝ၊ ဓမ္မဝိစယသဘောသည်ပင်လျှင်။
သမ္ဗောဇ္ဈင်္ဂေါ၊ သမ္ဗောဇ္ဈင်ဖြစ်၏။
ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂေါ၊ ဓမ္မဝိစယ သဘောသည်ပင်လျှင် သမ္ဗောဇ္ဈင် ဖြစ်၏။
သင်္ခါရ ဓမ္မ ရုပ်နာမ်တို့ကို ခွဲခြား ဝေဖန်ဆင်ခြင်တတ်သော ဝိပဿနာဉာဏ် သည်ပင်လျှင် သစ္စာလေးပါးတို့ကို ထိုးထွင်း၍သိသော ဗောဇ္ဈင်၏အကြောင်းအင်္ဂါ ဖြစ်သည်ဟု ဆိုလိုသည်။

၃။ ဝီရိယသမ္ဗောဇ္ဈင် ဟူသည်မှာ -

ဝီရာနံ ဘာဝေါ ဝီရိယံ
ဝီရာနံ၊ ရဲရင့် သတ္တိရှိသောသူတို့၏။
ဘာဝေါ၊ သဘောတည်း။
ဝါ၊ အဖြစ်တည်း။
ဝီရိယံ၊ ရဲရင့် သတ္တိရှိသော သူတို့၏သဘော။
ဝါ၊ အဖြစ်။

ဆောင်ရွက်ပြုလုပ်ဖွယ်ရှိသော ကိစ္စတို့၌ တွန့်တိုဆုတ်နစ်ခြင်းမရှိ ထက်သန်သော အခြင်းအရာ သဘောရှိသည်ကို ဝီရိယဟု ဆိုသည်။ ထိုဝီရိယသည် မိမိနှင့်အတူ တစ်ပြိုင်တည်းဖြစ်ကုန်သော ယှဉ်ဖော်ယှဉ်ဖက် နာမ်တရားတို့ကို ထောက်ခံ အားပေးခြင်းသဘောရှိ၏။ ဝီရိယသည် ထောက်ခံအားပေး ခြင်းကြောင့် သမ္ပယုတ် တရားတို့သည် တွန့်တိုဆုတ်နစ်ခြင်းမှကင်းကြကုန်၏။

ဝီရိယော ယေဝ သမ္ဗောဇ္ဈင်္ဂေါ ဝီရိယသမ္ဗောဇ္ဈင်္ဂေါ
ဝီရိယောယေဝ၊ ဝီရိယသည်ပင်လျှင်။
သံမ္ဗောဇ္ဈင်္ဂေါ၊ သမ္ဗောဇ္ဈင်္ဂ တည်း။
ဝီရိယသမ္ဗောဇ္ဈင်္ဂေါ၊ ဝီရိယသည်ပင်လျှင် သမ္ဗောဇ္ဈင်္ဂမည်၏။

၄။ ပီတိသမ္ဗောဇ္ဈင် ဟူသည်မှာ -

ပိနယတိ ကာယစိတ္တံ တပ္ပေတိ ဝဍ္ဎေတီတိ ဝါ ပီတိ
ကာယစိတ္တံ၊ ကိုယ်စိတ်ကို။
ပိနယတိ၊ နှစ်သက်ရောင့်ရဲစေ၏။
ဝါ၊ တစ်နည်းကား။
ကာယစိတ္တံ၊ ကိုယ်စိတ်ကို။
ဝဍ္ဎေတိ၊ တိုးပွားစေ၏။
ဣတိ၊ ထိုကြောင့်။
ပီတိ၊ ပီတိမည်၏။

ထိုပီတိသည် အာရုံကိုခံ့သောအားဖြင့် ယူခြင်းသဘောရှိ၏။ မိမိနှင့် အတူတကွ ဖြစ်သော သမ္ပယုတ်တရားတို့ကို အာရုံ၌ နှစ်သိမ့်စေခြင်း သဘောလက္ခဏာရှိ၏

ပီတိ ယေဝ သမ္ဗောဇ္ဈင်္ဂေါ ပီတိသမ္ဗောဇ္ဈင်္ဂေါ
ပီတိယေဝ၊ ပီတိသည်ပင်လျှင်။
သမ္ဗောဇ္ဈင်္ဂေါ၊ သမ္ဗောဇ္ဈင်္ဂတည်း။
ပီတိသမ္ဗောဇ္ဈင်္ဂေါ၊ ပီတိသည်ပင်လျှင် သမ္ဗောဇ္ဈင်္ဂမည်၏။

၅။ ပဿဒ္ဓိသမ္ဗောဇ္ဈင် ဟူသည်မှာ–

ပဿဗ္ဘနံ ပဿဒ္ဓိ
ပဿတ္တနံ၊ ငြိမ်းအေးခြင်း။
ပဿဒ္ဓိ၊ ငြိမ်းအေးခြင်း။

ငြိမ်းအေးခြင်း သဘောသည် ပဿဒ္ဓိ သဘောဖြစ်၏။ ထို ပဿဒ္ဓိသည် ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိဟူ၍ နှစ်ပါးအပြားရှိ၏။ ထိုနှစ်ပါးတို့တွင် ကာယပဿဒ္ဓီတိ တိဏ္ဏံ ခန္ဓာနံ ဒရထပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိတိ ဝိညာဏက္ခန္ဓဿ ဒရထပဿဒ္ဓိ – ဟူသည်နှင့်အညီ ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ သုံးပါးတို့၏ ငြိမ်းအေးခြင်းသည် ကာယပဿဒ္ဓိမည်၏၊ ဝိညာဏက္ခန္ဓာ၏ ငြိမ်းအေးခြင်းသည် စိတ္တပဿဒ္ဓိမည်၏ဟု မှတ်ရာ၏။
ဤအရာ၌ ပဿဒ္ဓိသမ္ဗောဇ္ဈင်ဟု သာမည ဟောတော်မူသောကြောင့် ပဿဒ္ဓိ နှစ်ပါးလုံးကိုပင် ယူရမည်။

ပဿဒ္ဓိယေဝ သမ္ဗောဇ္ဈင်္ဂေါ ပဿဒ္ဓိသမ္ဗောဇ္ဈင်္ဂေါ
ပဿဒ္ဓိယေဝ၊ ငြိမ်းအေးခြင်းသဘောရှိသော ပဿဒ္ဓိပင်လျှင်။
သမ္ဗောဇ္ဈင်္ဂေါ၊ သမ္ဗောဇ္ဈင်္ဂ မည်၏။-
ပဿဒ္ဓိသမ္ဗောဇ္ဈင်္ဂေါ၊ ပဿဒ္ဓိသည်ပင်လျှင် သမ္ဗောဇ္ဈင်္ဂမည်၏။

၆။ သမာဓိသမ္ဗောဇ္ဈင် ဟူသည်မှာ သမာဓိ တရားကိုယ်သည် ဧကဂ္ဂတာ စေတသိက်ဖြစ်၏။ ထို ဧကဂ္ဂတာသည်-

နာနာရမ္မဏာဝိက္ခေပါဘာဝေန ဧကံ အဂ္ဂံ အာရမ္မဏံ ဣမဿာတိ ဧကဂ္ဂံ၊ စိတ္တံ။ တဿ ဘာဝေါ ဧကဂ္ဂတာ၊ သမာဓိ၊ သော အဝိက္ခေပလက္ခဏော၊ တဿ ဟိ ဝသေန သသမ္ပယုတ္တံ စိတ္တံ အဝိက္ခိတ္တံ ဟောတိ။ (ဝိဘာဝိနီဋီကာ)

ယော သဘာဝေါ၊ အကြင်သဘောတရားသည်။
နာနာရမ္မဏာဝိက္ခေပါဘာဝေန၊ အထူးထူးသော အာရုံတို့၌ ပျံ့လွင့်ခြင်းမရှိသည်၏ အဖြစ်ဖြင့်။
ဣမဿ၊ ဤသဘောတရားအား။
ဝါ၊ စိတ်အား။
ဧကံ အဂ္ဂံ အာရမ္မဏံ၊ တစ်ခုတည်းသောအာရုံသည်။
အတ္ထိ၊ ရှိ၏။
ဣတိ၊ ထို့ကြောင့်။
သော သဘာဝေါ၊ ထိုသဘောတရားသည်။
ဧကဂ္ဂံ၊ ဧကဂ္ဂမည်၏။
စိတ္တံ၊ စိတ်ကိုရ၏။
တဿ၊ ထိုဧကဂ္ဂ၏။
ဘာဝေါ၊ အဖြစ်တည်း။
ဧကဂ္ဂတာ၊ ဧကဂ္ဂ၏ အဖြစ်။
သမာဓိ၊ သမာဓိကိုရ၏။
သော၊ ထိုသမာဓိသည်။
အဝိက္ခေပလက္ခဏော၊ ထိုထို အာရုံတို့၌ မပျံ့လွင့်ခြင်းလက္ခဏာရှိ၏။
ဟိ ထိုစကားသည်မှန်၏။
တဿ၊ ထိုသမာဓိ၏။
ဝသေန၊ အစွမ်းအားဖြင့်။
သသမ္ပယုတ္တံ၊ ယှဉ်ဖော်ယှဉ်ဖက် သမ္ပယုတ်တရားတို့နှင့် တကွသော။
စိတ္တံ၊ စိတ်သည်။
အဝိက္ခိတ္တံ၊ အာရုံတစ်ပါးသို့ ပျံ့လွင့်ခြင်းမရှိသည်။
ဟောတိ၊ ဖြစ်၏။

သမာဓိသမ္ဗောဇ္ဈင်၌ သမာဓိဟူသည်- ဧကဂ္ဂတာစေတသိက်ပင်တည်း။ ဧကဂ္ဂတာ စေတသိက် သဘောသည် အာရုံမပြားမူ၍ အာရုံတစ်ခုတည်း၌ တည်ခြင်းသဘော ရှိ၏။ ဧကဂ္ဂတာဟူသော သမာဓိ၏အစွမ်းဖြင့် ယှဉ်ဖော်ယှဉ်ဖက် စေတသိက်တို့နှင့် တကွ စိတ်သည် ထိုထိုအာရုံတို့၌ ပျံ့လွင့်ခြင်းမရှိမူ၍ ကမ္မဋ္ဌာန်းအာရုံ တစ်ခုတည်း၌သာလျှင် တည်ငြိမ်ခြင်းရှိသည်။

သမာဓိယေဝ သမ္ဗောဇ္ဈင်္ဂေါ သမာဓိသမ္ဗောဇ္ဈင်္ဂေါ
သမာဓိယေဝ၊ သမာဓိသည်ပင်လျှင်။
သမ္ဗောဇ္ဈင်္ဂေါ၊ သမ္ဗောဇ္ဈင်္ဂမည်၏။
သမာဓိသမ္ဗောဇ္ဈင်္ဂေါ၊ သမာဓိ ပင်လျှင် သမ္ဗောဇ္ဈင်္ဂမည်၏။
သမာဓိတရားသည် သစ္စာလေးပါးကိုသိမြင်ရာ၌ အကြောင်း အင်္ဂါတစ်ပါးဖြစ်သည်ဟု ဆိုလိုသည်။

၇။ ဥပေက္ခာသမ္ဗောဇ္ဈင် ဟူသည်မှာ --

ဥပပတ္တိတော ယုတ္တိတော ဣက္ခတိ အနုဘဝတိ၊ ဝေဒယမာနာပိ မဇ္ဈတ္တာကာရေန သဏ္ဍိတိ ယာတိ ဥပေက္ခာ။ သုခဒုက္ခာနံ ဝါ ဥပေတာ ယုတ္တာ အဝရုဒ္ဓါ ဣက္ခာနုဘဝနန္တိ ဥပေက္ခာ။ (ဝိဘာဝိနီဋီကာ)

ယာ၊ အကြင်သဘောတရားသည်။
အာရမ္မဏံ၊ အာရုံကို။
ဥပပတ္တိတော ယုတ္တိတော၊ အသင့်အားဖြင့်။
ဣက္ခတိ အနုဘဝတိ၊ ခံစား၏။
ဝေဒယမာနာပိ၊ အာရုံ၏အရသာကို ခံစားသော်လည်း။
မဇ္ဈတ္တာကာရေန၊ တဖက်သတ်မလိုက် အလယ် အလတ် အခြင်းအရာအားဖြင့်။
သဏ္ဍိတိ၊ တည်၏။
ဣတိ ထိုကြောင့်။
သာ၊ ထိုသဘောတရားသည်။
ဥပေက္ခာ၊ ဥပေက္ခာမည်၏။
ဝါ၊ တစ်နည်းကား။
သုခဒုက္ခာနံ၊ သုခဒုက္ခတို့နှင့်။
ဥပေတာ ယုတ္တာ၊ ယှဉ်သည်ဖြစ်၍။
အဝိရုဒ္ဓါ၊ မဆန့်ကျင်သည်ဖြစ်၍။
ဣက္ခာနုဘဝနံ၊ အာရုံကိုခံစားခြင်းရှိ၏။
ဣတိ၊ ထို့ကြောင့်။
ဥပေက္ခာ၊ ဥပေက္ခာမည်၏။

ဥပေက္ခာ၏သဘောသည် သုခဝေဒနာနှင့်လည်းမဆန့်ကျင်၊ ဒုက္ခဝေဒနာနှင့်လည်း မဆန့်ကျင်၊ သုခဘက်သို့လည်းမလိုက်၊ ဒုက္ခဘက်သို့လည်းမလိုက်မူ၍ တည့်မတ်စွာ အလယ်မှတည်ခြင်းသဘောရှိသည်ဟု ဆိုသည်။
သို့သော် ဥပေက္ခာ၏ ပကတိသဘောမှာ မူကား “ဥပေက္ခာ သန္တ ဝုတ္တိတ္တာ သုခမိစ္စေဝ ဘာသိတာ” ဆိုသောကြောင့် သုခဘက်သို့ ယိုင်သည်ဟုဆိုရမည်ဖြစ်သော်လည်း သုခနှင့်လည်းမဆန့်ကျင်၊ ဒုက္ခနှင့်လည်း မဆန့်ကျင်မူ၍ မိမိအာရုံ၌သာ အာရုံပြုခြင်း သဘောရှိသောတရားဖြစ်၍ ပကတိအားဖြင့် ငြိမ်းအေးခြင်း ကြောင့်သာလျှင် သုခဟု ဆိုရသည်ဟု ယူရမည်ဖြစ်သည်။

ဥပေက္ခာယေဝ သမ္ဗောဇ္ဈင်္ဂေါ ဥပေက္ခာသမ္ဗောဇ္ဈင်္ဂေါ
ဥပေက္ခာယေဝ၊ ဥပေက္ခာ သည်ပင်လျှင်။
သမ္ဗောဇ္ဈင်္ဂေါ၊ သမ္ဗောဇ္ဈင်္ဂမည်၏။
ဥပေက္ခာသမ္ဗောဇ္ဈင်္ဂေါ၊ ဥပေက္ခာသည် ပင်လျှင် သမ္ဗောဇ္ဈင်္ဂမည်၏။
ငြိမ်းအေးခြင်း သဘောရှိသော ဥပေက္ခာသည် သစ္စာလေးပါး တရားတို့ကိုသိခြင်း၌ ဥပေက္ခာသမ္ဗောဇ္ဈင်တည်းဟူသောအစိတ်အပိုင်း အကြောင်းအင်္ဂါ တစ်ပါးဖြစ်သည်။ ပြဆိုအပ်ပြီးသော စကားရပ်တို့ဖြင့် ဗောဇ္ဈင်ခုနစ်ပါးတို့၏ အဓိပ္ပာယ်ကို အထိုက် အလျောက် သိရှိကြပေပြီ။

---

ဗောဇ္ဈင်၏ တည်ရာအာဟာရများ

မြတ်စွာဘုရား ဟောတော်မူသော ကာယသုတ်၌ ဗောဇ္ဈင်ခုနစ်ပါးတို့၏ အာဟာရ တို့ကို၊ တစ်နည်းအားဖြင့် – ဗောဇ္ဈင်တရားတို့၏ တည်ရာတည်ကြောင်း အာဟာရ တို့ကို ဟောတော်မူသည်ဖြစ်၍ ထိုအာဟာရတို့ကို ပြဦးအံ့။

ရဟန်းတို့ ဤခန္ဓာကိုယ်သည် အာဟာရ၌ တည်သည်။ အာဟာရ၌ အမှီပြု၍ တည်သကဲ့သို့၊ ထို့အတူ ဗောဇ္ဈင်ခုနစ်ပါးတို့သည်လည်း အာဟာရ၌တည်ကုန်၏၊ အာဟာရ၌ အမှီပြု၍ဖြစ်ကုန်၏ဟု ဟောတော်မူသည်။ မဖြစ်ပေါ်သေးသော ဗောဇ္ဈင်တို့၏ ဖြစ်ပေါ်ခြင်းငှာ လည်းကောင်း၊ ဖြစ်ပေါ်ပြီးသော ဗောဇ္ဈင်တို့၏ ဘာဝနာ ပြည့်ခြင်းငှာ လည်းကောင်း အာဟာရတို့သည် ရှိကြကုန်၏

၁။ သတိသမ္ဗောဇ္ဈင်၏ အာဟာရတို့သည်ကား -
၃၇-ပါးသော ဗောဓိပက္ခိယတရား၊ ၉-ပါးသော လောကုတ္တရာတရားတို့သည် သတိသမ္ဗောဇ္ဈင်၏ တည်ရာမှီရာ ဖြစ်ပေါ်ရာ ပြည့်စုံရာ အာဟာရတို့ဖြစ်ကုန်၏။ ထို တရားတို့၌ ယောနိသောမနသိကာရဖြင့် ကြိမ်ဖန်များစွာ သတိရှေ့သွားပြု၍ ပွားများခြင်းဖြင့် သတိသမ္ဗောဇ္ဈင်သည် ဖြစ်သည်။

၂။ ဓမ္မဝိစယသမ္ဗောဇ္ဈင်၏ အာဟာရတို့သည်ကား -
ကုသိုလ်တရား၊ အကုသိုလ်တရား၊ အပြစ်ရှိသောတရား၊ အပြစ်မရှိသောတရား၊ မည်းညစ်သောတရား၊ ဖြူစင်သောတရားတို့သည် ဓမ္မဝိစယသမ္ဗောဇ္ဈင်၏ အာဟာရတို့ ဖြစ်ကုန်၏။ ထိုသဘောတရားတို့၌ ယောနိသောမနသိကာရဖြင့် ကြိမ်ဖန်များစွာ ဝေဖန် ပိုင်းခြားမှုကိုပြုခြင်းသည် ဓမ္မဝိစယသမ္ဗောဇ္ဈင် ဖြစ်သည်။

၃။ ဝီရိယသမ္ဗောဇ္ဈင်၏ အာဟာရတို့သည်ကား -

  1. အာရမ္ဘဓာတု
  2. နိက္ကမဓာတု
  3. ပရက္ကမဓာတု

- ဤဓာတ်သုံးပါး တို့သည် ဝီရိယသမ္ဗောဇ္ဈင်၏ အာဟာရတို့ ဖြစ်ကုန်၏။

(က) ရှေးဦးစွာ အားထုတ်သောဝီရိယသည် အာရမ္ဘဓာတ်မည်၏
(ခ) ပျင်းရိခြင်းမှ လွန်မြောက်စွာ အားထုတ်သော ဝီရိယသည် နိက္ကမဓာတ် မည်၏
(ဂ) ရှေးရှေးဓာတ်တို့ကို ကျော်လွန်၍ အားရှိသော ဝီရိယသည် ပရက္ကမဓာတ် မည်၏

ဤဝီရိယဓာတ်သုံးမျိုးတို့ဖြင့် အားပြည့်သော ဝီရိယဖြင့် သူတော်ကောင်းတရား တို့ကို အားထုတ်ခြင်းသည် ဝီရိယသမ္ဗောဇ္ဈင် ဖြစ်သည်။

၄။ ပီတိသမ္ဗောဇ္ဈင်၏ အာဟာရတို့သည်ကား -
ပီတိ၏ အာရုံဖြစ်သော တရားတို့သည် ပီတိ၏ တည်ရာ ဖြစ်ရာ အာဟာရတို့ ဖြစ်ကုန်၏။ ထိုအာရုံတို့၌ ယောနိသောမနသိကာရဖြင့် ပွားများအားထုတ်ခြင်းသည် ပီတိသမ္ဗောဇ္ဈင် ဖြစ်သည်။

၅။ ပဿဒ္ဓိသမ္ဗောဇ္ဈင်၏ အာဟာရတို့သည်ကား -
ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာတို့၏ ငြိမ်းအေးခြင်းဟူသော ကာယပဿဒ္ဓိ၊ ဝိညာဏက္ခန္ဓာ၏ ငြိမ်းအေးခြင်းဟူသော စိတ္တပဿဒ္ဓိတို့သည် ပဿဒ္ဓိသမ္ဗောဇ္ဈင်၏ အာဟာရတို့ဖြစ်ကုန်၏။ ထိုကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိ အာဟာရတို့၌ ယောနိသော မနသိကာရ ကြိမ်ဖန်များစွာတို့ဖြင့် ပွားများခြင်းသည် ပဿဒ္ဓိသမ္ဗောဇ္ဈင် ဖြစ်သည်။

၆။ သမာဓိသမ္ဗောဇ္ဈင်၏ အာဟာရတို့သည်ကား --
သမထနှင့် သမထနိမိတ်သည် သမာဓိသမ္ဗောဇ္ဈင်၏ အာဟာရတို့ဖြစ်ကုန်၏။ ထို အာဟာရတို့၌ ယောနိသောမနသိကာရ ကြိမ်ဖန်များစွာတို့ဖြင့် ပွားများခြင်းသည် သမာဓိသမ္ဗောဇ္ဈင် ဖြစ်သည်။

၇။ ဥပေက္ခာသမ္ဗောဇ္ဈင်၏ အာဟာရတို့သည်ကား --
ဥပေက္ခာ၏ အာရုံဖြစ်သောတရားတို့သည် ဥပေက္ခာသမ္ဗောဇ္ဈင်၏အာဟာရတို့ ဖြစ်ကုန်၏။
သဘောအားဖြင့်မူကား ထိုထိုအာရုံတို့၌ အလယ်အလတ် အခြင်းအရာအားဖြင့် လျစ်လျူရှုခြင်းသည် ဥပေက္ခာ၏ အာဟာရတို့ဖြစ်ကုန်၏။ ထိုအာဟာရ၌ ယောနိသော မနသိကာရ ကြိမ်ဖန်များစွာဖြင့် ပွားများခြင်းသည် ဥပေက္ခာသမ္ဗောဇ္ဈင် ဖြစ်သည်။

ဗောဇ္ဈင်ခုနစ်ပါးတို့၏ တည်မှီရာ အာဟာရတို့သည် ယခုပြဆိုအပ်ခဲ့ပြီးသော အာဟာရတို့ပေတည်း
ထိုအာဟာရသဘောတရားတို့၌ တည်မှီ၍ ဗောဇ္ဈင်တရားတို့သည် ဖြစ်ပေါ် ကြကုန်၏။ ဗောဇ္ဈင်တရားတို့၏ တည်မှီရာဖြစ်သော အခြားသော အာဟာရ တို့သည်လည်း ရှိကြကုန်သေး၏။ ကျယ်အံ့စိုး၍ မပြတော့ပြီ။

---

အဆက်ဆက် ဖြစ်ပေါ်ပုံ၊ ပွားများပုံ

ယခုအခါ ဗောဇ္ဈင်တရားတို့နှင့်စပ်၍ ဆက်လက်ပြဆိုလိုသည်မှာ- ဗောဇ္ဈင်တရား တို့ကို ပွားများနိုင်စေရန် သပ္ပုရိသူပနိဿယ မင်္ဂလာနှင့်တကွ ဗောဇ္ဈင်တရား ခုနစ်ပါးတို့၏ အဆက်ဆက်ဖြစ်ပေါ်ပုံ ပွားများပုံတို့ကို ပြဦးအံ့ --

ယေ တေ ဘိက္ခဝေ ဘိက္ခူ သီလသမ္ပန္နာ သမာဓိသမ္ပန္နာ ဉာဏသမ္ပန္နာ ဝိမုတ္တိသမ္ပန္နာ ဝိမုတ္တိဉာဏဒဿန သမ္ပန္နာ၊ ဒဿနမ္ပိ ယံ ဘိက္ခဝေ တေသံ ဘိက္ခူနံ ဗဟုပကာရံ ဝဒါမိ” စသည်ဖြင့် မြတ်စွာဘုရား ဟောတော်မူသည်။

ရဟန်းတို့ ... အကြင် ရဟန်းတို့သည် သီလနှင့်ပြည့်စုံကြကုန်၏။ သမာဓိနှင့် ပြည့်စုံကြကုန်၏။ ဝိပဿနာဉာဏ်နှင့် ပြည့်စုံကြကုန်၏။ ဝိမုတ္တိနှင့် ပြည့်စုံကြကုန်၏။ ဝိမုတ္တိဉာဏဒဿနနှင့် ပြည့်စုံကြကုန် ၏။ ထိုထိုသို့သော ဂုဏ်နှင့်ပြည့်စုံကြ ကုန်သော ရဟန်းတို့အား ဖူးမြော်ရခြင်းကို ကျေးဇူး များလှပေသည်ဟု ဟောတော်မူသည်။

ထိုသို့သော ဂုဏ်တို့နှင့်ပြည့်စုံသော --

  • ရဟန်းတော်တို့၏ဂုဏ်သတင်းကို ကြားရခြင်း ကိုလည်းကောင်း၊
  • ထိုရဟန်းတော်တို့ထံ၌ ဆည်းကပ်ရခြင်းကိုလည်းကောင်း၊
  • ထို ရဟန်းတော်တို့ ထံမှ တရားစကား ကြားနာရခြင်းကို လည်းကောင်း၊
  • ထို ရဟန်းတော်တို့၏ ဂုဏ်ကျေးဇူးကို ဆင်ခြင်အောက်မေ့ခြင်းကို လည်းကောင်း၊
  • ထိုရဟန်းတော်တို့၏ အတုသို့ လိုက်၍ ရဟန်းပြုကြခြင်းကို လည်းကောင်း

ကျေးဇူးများလှပေသည်၊ အကျိုးရှိလှပေသည်ဟု ဟောတော်မူသည်။

အဘယ်ကြောင့် ဤသို့ဟောတော်မူသနည်းဟူမူ -

၁။ သတိသမ္ဗောဇ္ဈင် ဖြစ်ခြင်း
သီလအစရှိသော ဂုဏ်တို့နှင့်ပြည့်စုံကြသော ရဟန်းတော်တို့၏ အထံမှ သူတော်ကောင်း တရားစကားကို ကြားနာရသဖြင့် ကာယရူပကာသ၊ စိတ္တရူပကာသ ဟူသော ငြိမ်းအေးခြင်း နှစ်မျိုးတို့ဖြင့် ငြိမ်းအေးကြသောကြောင့်တည်း။ ယင်းသို့ ငြိမ်းအေးစွာနေလျက် သူတော် ကောင်းတရားကို အောက်မေ့ကြ၏။ အဖန်ဖန် ကြံစည်ကြ၏။ တရားတော်ကို အောက်မေ့ ကြံစည်သည်ဖြစ်၍ ထိုအချိန်၌ ထိုပုဂ္ဂိုလ်အား သတိသမ္ဗောဇ္ဈင်ကို အားထုတ်အပ်သည် ဖြစ်၏။ သတိသမ္ဗောဇ္ဈင်ကို ပွားများအပ်သည်ဖြစ်၏။ ပွားများသဖြင့် သတိသမ္ဗောဇ္ဈင် ဘာဝနာနှင့် ပြည့်စုံခြင်းသို့ ရောက်၏။

၂။ ဓမ္မဝိစယသမ္ဗောဇ္ဈင် ဖြစ်ခြင်း
သတိသမ္ဗောဇ္ဈင်နှင့်ပြည့်စုံသဖြင့် သတိရှိသော ရဟန်းသည် ကုသိုလ်တရား၊ အကုသိုလ်တရား၊ အပြစ်ရှိသောတရား၊ အပြစ်ကင်းသောတရား၊ ယုတ်သောတရား၊ မြင့်မြတ်သောတရား၊ မည်းညစ်သောတရား၊ ဖြူစင်သောတရားတို့ကို ပညာဉာဏ်ဖြင့် ဝေဖန်ခွဲခြား စူးစမ်း ဆင်ခြင်၍ ထိုသို့ဆင်ခြင်သောအခါ၌ ထိုရဟန်းအား ဓမ္မဝိစယ-သမ္ဗောဇ္ဈင်ကို အားထုတ် အပ်သည်ဖြစ်၏။ ပွားများခြင်းသို့ရောက်၏။ ပွားများသဖြင့် ဓမ္မဝိစယသမ္ဗောဇ္ဈင်ဘာဝနာ ပြည့်စုံခြင်းသို့ရောက်၏။

၃။ ဝီရိယသမ္ဗောဇ္ဈင် ဖြစ်ခြင်း
ဓမ္မဝိစယသမ္ဗောဇ္ဈင်နှင့် ပြည့်စုံသည်ဖြစ်၍ ဓမ္မဝိစယသမ္ဗောဇ္ဈင် ရှိသော ရဟန်းသည် ရဟန်းတရား၌ မတွန့်မဆုတ်သော လုံ့လ အားဖြင့် အားထုတ်ခြင်းရှိ၏။ အားထုတ် သဖြင့် ဝီရိယသမ္ဗောဇ္ဈင်ကို အားထုတ်အပ်သည် ဖြစ်၏။ အားထုတ်ခြင်းဖြင့် ဝီရိယသမ္ဗောဇ္ဈင် ဘာဝနာပြည့်စုံခြင်း သို့ ရောက်၏။

၄။ ပီတိသမ္ဗောဇ္ဈင် ဖြစ်ခြင်း
အားထုတ်အပ်သော ဝီရိယသမ္ဗောဇ္ဈင်နှင့် ပြည့်စုံသောရဟန်းအား အာမိသ ကင်းသော ပီတိသည် ဖြစ်၏။ (အာမိသကင်း သည်ဟူသည်မှာ- ကာမဂုဏ်အာရုံ ကင်းသည်ကို ဆိုသည်။) ထိုပီတိသည် ပီတိသမ္ဗောဇ္ဈင်ဖြစ်၏။ ဆက်လက်ပွားများ ခြင်းဖြင့် ပီတိသမ္ဗောဇ္ဈင်ဘာဝနာ ပြည့်စုံခြင်းသို့ ရောက်၏။

၅။ ပဿဒ္ဓိသမ္ဗောဇ္ဈင် ဖြစ်ခြင်း
ပီတိသမ္ဗောဇ္ဈင်နှင့် ပြည့်စုံသောရဟန်းအား ဝေဒနာ၊ သညာ၊ သင်္ခါရဟူသော နာမ်ခန္ဓာ အပေါင်း ကာယသည် ငြိမ်းအေး၏။ ဝိညာဏက္ခန္ဓာ ဟူသော စိတ်သည်လည်း ငြိမ်းအေး၏။ ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိဖြစ်သောအခါ၌ ထို ရဟန်းအား ပဿဒ္ဓိသမ္ဗောဇ္ဈင် ဖြစ်၏။ ဆက်လက် ပွားများခြင်းဖြင့် ပဿဒ္ဓိသမ္ဗောဇ္ဈင် ပြည့်စုံခြင်းသို့ ရောက်၏။

၆။ သမာဓိသမ္ဗောဇ္ဈင် ဖြစ်ခြင်း
ပဿဒ္ဓိသမ္ဗောဇ္ဈင်နှင့် ပြည့်စုံသည်ဖြစ်၍ ငြိမ်းအေးခြင်းရှိသော ရဟန်းအား၊ ဝါ- ရဟန်း၏စိတ်သည် တည်ကြည်၏။ ထိုအခါ ထိုရဟန်းသည် သမာဓိသမ္ဗောဇ္ဈင်ကို အားထုတ်ခြင်းဖြစ်၏၊ အားထုတ်သည်မည်၏၊ ဆက်လက်ပွားများခြင်းဖြင့် သမာဓိ သမ္ဗောဇ္ဈင် ပြည့်စုံခြင်းသို့ ရောက်၏။

၇။ ဥပေက္ခာသမ္ဗောဇ္ဈင် ဖြစ်ခြင်း
သမာဓိသမ္ဗောဇ္ဈင်နှင့် ပြည့်စုံသည်ဖြစ်၍ ကမ္မဋ္ဌာန်း အာရုံ တစ်ခု၌ တည်မြဲသောစိတ် ရှိသော ရဟန်းအား အာရုံမပြီးမူ၍ သင်္ခါရတရားတို့၌လျစ်လျူရှုခြင်းဖြစ်၏။ ထိုအခါ ထိုရဟန်းအား ဥပေက္ခာသမ္ဗောဇ္ဈင်ဖြစ်၏။ ဥပေက္ခာသမ္ဗောဇ္ဈင်ကို အားထုတ်သည် မည်၏။ ဥပေက္ခာ သမ္ဗောဇ္ဈင်ကို ဆက်လက်ပွားများခြင်းဖြင့် ဥပေက္ခာသမ္ဗောဇ္ဈင် ဘာဝနာ ပြည့်စုံခြင်းသို့ ရောက်၏။

ဘာဝနာပြည့်စုံခြင်းကိုရည်ရွယ်တော်မူ၍ --
အနိဿိတော ဝိဟရတိ- တဏှာဒိဋ္ဌိ တို့ကို မမှီမူ၍၊ တဏှာဒိဋ္ဌိတို့မှကင်းလေပြီ။
န စ ကိဉ္စိ လောကေ ဥပါဒိယတိ- လောက၌ ဘယ်အရာ၌မျှ စွဲလမ်းတပ်မက်ခြင်းမရှိ၊ ဥပေက္ခာပြုလေပြီဟု ဟောတော်မူသည်။

---

အကျိုးကျေးဇူးခုနှစ်ပါး

ဗောဇ္ဈင်ခုနစ်ပါးတို့ကို ဘာဝနာပြည့်စုံသည် တိုင်အောင် ပွားများသော ပုဂ္ဂိုလ်တို့အား ခုနစ်ပါးသော အကျိုးတရားတို့ကို ရရှိကြကုန်၏။ အကျိုးကျေးဇူးခုနစ်ပါး တို့ဟူသည်ကား --

  1. ယခု မျက်မှောက်ဘဝ မသေမီ စောစောကပင်လျှင် အရဟတ္တဖိုလ်သို့ ရောက်ခြင်းအကျိုး
  2. အကယ်၍ မသေမီ စောစောပိုင်း၌ အရဟတ္တဖိုလ်သို့ မရောက်သေးလျှင် သေခါနီးကာလ၌ ရောက်ရှိ၏
  3. အကယ်၍ သေခါနီးကာလ၌ မရောက်သေးလျှင် သြရမ္ဘာဂိယ သံယောဇဉ် ငါးပါးတို့ ကုန်ခြင်းကြောင့် အန္တရာပရိနိဗ္ဗာယီ အကြားကာလ၌ ပရိနိဗ္ဗာန်ပြု၏
    (အန္တရာပရိနိဗ္ဗာယီ စသောအကြောင်းကို နောက်၌သီးခြားပြမည်။)
  4. အကယ်၍ အန္တရာပရိနိဗ္ဗာယီ မဖြစ်သည်ဖြစ်အံ့၊ ဥပဟစ္စပရိနိဗ္ဗာယီ အဖြစ်ဖြင့် ပရိနိဗ္ဗာန်ပြု၏
  5. အကယ်၍ ဥပဟစ္စပရိနိဗ္ဗာယီ မဖြစ်သည်ဖြစ်အံ့၊ အသင်္ခါရပရိနိဗ္ဗာယီ အဖြစ်ဖြင့် ပရိနိဗ္ဗာန်ပြု၏
  6. အကယ်၍ အသင်္ခါရပရိနိဗ္ဗာယီ မဖြစ်သည်ဖြစ်အံ့၊ သသင်္ခါရပရိနိဗ္ဗာယီ အဖြစ်ဖြင့် ပရိနိဗ္ဗာန်ပြု၏
  7. အကယ်၍ သသင်္ခါရပရိနိဗ္ဗာယီအဖြစ်ဖြင့် ပရိနိဗ္ဗာန်မပြုသည်ဖြစ်အံ့၊ သြရမ္ဘာဂိယ သံယောဇဉ် ငါးပါးတို့ ကုန်ခြင်းကြောင့် ဥဒ္ဓံသောတ အကနိဋ္ဌဂါမီ ဖြစ်၏။ အထက်အကနိဋ္ဌဘုံသို့ရောက်၏။

ဗောဇ္ဈင်နှင့် ပုဂ္ဂိုလ်

ဤသို့လျှင် ဗောဇ္ဈင်တရားတို့ကို ပွားများသော ပုဂ္ဂိုလ်အား ဤ ၇-ပါးသော အကျိုး တို့ကို ရရှိသည်ဟုဟောတော်မူသည်။
စင်စစ်ကား အကျိုး ၇-ပါးတို့တွင် တစ်ပါးပါးသောအကျိုးဖြင့် ပရိနိဗ္ဗာန်ပြုရခြင်းအကျိုးကို ရရှိခြင်းဖြစ်သည်။

ဗောဇ္ဈင် ၇-ပါးတို့ကို ပွားများ၍ အနာဂါမ်ဖြစ်သော အရိယာပုဂ္ဂိုလ်သည် ရောက်ရာ သုဒ္ဓါဝါသဘုံတို့တွင် ထိုထိုဘုံ၏ အသက်အလယ် အပိုင်းအခြားကို မလွန်မူ၍ ပရိနိဗ္ဗာန်ပြုရာ၌ ပုဂ္ဂိုလ်သည် သုံးမျိုးရှိ၏။

၁။ ကမ္ဘာတစ်ထောင် အသက်ရှည်သော အဝိဟာဘုံ၌ဖြစ်၍ ထိုအဝိဟာဘုံ၌ ဖြစ်သောနေ့၌ပင်လျှင် ပရိနိဗ္ဗာန်ပြုသော ပုဂ္ဂိုလ်လည်း ရှိတတ်၏။ အကယ်၍ အဝိဟာဘုံ၌ဖြစ်သောနေ့၌ ပရိနိဗ္ဗာန်မပြုလျှင် ပထမဖြစ်သော ကမ္ဘာတစ်ရာ၏ အထက်၌ ပရိနိဗ္ဗာန်ပြု၏။ ဤပုဂ္ဂိုလ်သည် ပထမအန္တရာ ပရိနိဗ္ဗာယီ ပုဂ္ဂိုလ် တစ်ပါးဖြစ်၏။

၂။ အချို့သော အနာဂါမ်ပုဂ္ဂိုလ်သည် ကမ္ဘာတစ်ရာအထက်၌ ပရိနိဗ္ဗာန်မပြုနိုင်သည်ဖြစ်၍ ကမ္ဘာနှစ်ရာအထက်၌ ပရိနိဗ္ဗာန်ပြု၏။ ဤပုဂ္ဂိုလ်သည် ဒုတိယမြောက် အန္တရာပရိနိဗ္ဗာယီပုဂ္ဂိုလ်တစ်ပါးဖြစ်၏။

၃။ အချို့သော အနာဂါမ်ပုဂ္ဂိုလ်သည် ကမ္ဘာနှစ်ရာအထက်၌ ပရိနိဗ္ဗာန်မပြုနိုင်သည်ဖြစ်၍ ကမ္ဘာလေးရာအထက်၌ ပရိနိဗ္ဗာန်ပြု၏။ ဤပုဂ္ဂိုလ်သည် တတိယမြောက် အန္တရာပရိနိဗ္ဗာယီ ပုဂ္ဂိုလ်တစ်ပါးဖြစ်၏။

ဤသို့လျှင် အန္တရာပရိနိဗ္ဗာယီ အနာဂါမ်ပုဂ္ဂိုလ် ၃-ပါးဖြစ်၏။

၄။ ကမ္ဘာငါးရာ ကျော်လွန်ပြီးမှ အရဟတ္တဖိုလ် သို့ရောက်သော ပုဂ္ဂိုလ်သည် ဥပဟစ္စပရိနိဗ္ဗာယီပုဂ္ဂိုလ်ဖြစ်၏။

အတပ္ပာဘုံ၊ သုဒဿာဘုံ၊ သုဒဿီဘုံ၊ အကနိဋ္ဌဘုံ တို့၌ဖြစ်သော အနာဂါမ်ပုဂ္ဂိုလ် တို့သည်လည်း အဝိဟာဘုံ၌ကဲ့သို့ အန္တရာပရိနိဗ္ဗာယီ ပုဂ္ဂိုလ်သုံးပါးစီ ရှိကုန်၏။ ဥပဟစ္စ ပရိနိဗ္ဗာယီ ပုဂ္ဂိုလ်သည်လည်း အဝိဟာဘုံ၌ တစ်ပါးရှိသကဲ့သို့ အတပ္ပာ၊ သုဒဿာ၊ သုဒဿီ၊ အကနိဋ္ဌဘုံတို့၌ တစ်ပါးစီရှိကြကုန်၏။

၅။ သသင်္ခါရ ပရိနိဗ္ဗာယီ။ ။ မည်သည့် သုဒ္ဓါဝါသဘုံ၌မဆိုဖြစ်သော အနာဂါမ် ပုဂ္ဂိုလ်သည် သသင်္ခါရ သပ္ပယောဂဖြင့် အရဟတ္တဖိုလ်သို့ ရောက်သည် ဖြစ်အံ့၊ ထိုအနာဂါမ်ပုဂ္ဂိုလ်သည် သသင်္ခါရ ပရိနိဗ္ဗာယီပုဂ္ဂိုလ်ဖြစ်သည်။

၆။ အသင်္ခါရ ပရိနိဗ္ဗာယီ။ ။ အသင်္ခါရ အပ္ပယောဂဖြင့် အရဟတ္တဖိုလ်သို့ ရောက်သော ပုဂ္ဂိုလ်သည် အသင်္ခါရပရိနိဗ္ဗာယီ ပုဂ္ဂိုလ်ဖြစ်သည်။

၇။ ဥဒ္ဓံ သောတအကနိဋ္ဌဂါမီ။ ။ အဝိဟာဘုံစသည်တို့၌ဖြစ်၍ ထိုထိုဘုံတို့၌ ဘုံသက်ရှည်သမျှ တည်နေကြပြီးလျှင် အထက်ဘုံတို့၌ အဆင့်ဆင့်ဖြစ်၍၊ အကနိဋ္ဌ ဘုံသို့ရောက်သော အနာဂါမ်ပုဂ္ဂိုလ်သည် ဥဒ္ဓံသောတအကနိဋ္ဌ ဂါမီ ပုဂ္ဂိုလ်ဖြစ်သည်။

အနာဂါမ်ပုဂ္ဂိုလ် ၄၈-ယောက်

၁။ အဝိဟာဘုံ၌

  • အန္တရာပရိနိဗ္ဗာယီ = ၃
  • ဥပဟစ္စပရိနိဗ္ဗာယီ = ၁
  • ဥဒ္ဓံသောတအကနိဋ္ဌဂါမီ = ၁
  • ပေါင်း - ၅

ထို ၅-ယောက်သည် တစ်ဖန်

  • အသင်္ခါရပရိနိဗ္ဗာယီ = ၅
  • သသင်္ခါရပရိနိဗ္ဗာယီ = ၅
  • ပေါင်း - ၁၀

ဤသို့အားဖြင့် အဝိဟာဘုံ၌ အနာဂါမ်ပေါင်း ၁၀- ဖြစ်၏။

ထို့အတူ--

  • အတပ္ပာဘုံ၌ ၁၀၊
  • သုဒဿာဘုံ၌ ၁၀၊
  • သုဒဿီဘုံ၌ ၁၀

အကနိဋ္ဌဘုံ၌ ဥဒ္ဓံသောတအနာဂါမ် မရှိသောကြောင့် ၂-ယောက်လျော့သဖြင့် ၈-ယောက်ဖြစ်၏။

ဤသို့အားဖြင့် အနာဂါမ်ပုဂ္ဂိုလ်ပေါင်း ၄၈-ယောက် ဖြစ်၏။

ပြဆိုအပ်သော အနာဂါမ်ပုဂ္ဂိုလ် ၄၈-ယောက်တို့၌ ဥဒ္ဓံသောတအကနိဋ္ဌဂါမီ အနာဂါမ် ပုဂ္ဂိုလ်ကို အနာဂါမ်ပုဂ္ဂိုလ်တို့တွင် အကြီးဆုံးပုဂ္ဂိုလ်ဟူ၍လည်းဆိုရ၏။ အငယ်ဆုံး ပုဂ္ဂိုလ်ဟူ၍လည်းဆိုရ၏။

အကြောင်းမူကား ဥဒ္ဓံသောတအကနိဋ္ဌဂါမီ အနာဂါမ်ပုဂ္ဂိုလ်သည် ကမ္ဘာပေါင်း တစ်သောင်း ခြောက်ထောင် အသက်ရှည်သောကြောင့် အသက်အားဖြင့် အကြီးဆုံး ဖြစ်သည်ဟု ဆိုရသည်။

အရဟတ္တဖိုလ်သို့ ရောက်ရာ၌ နောက်အကျဆုံး ကာလမှ ရောက်သည်ဖြစ်၍ အငယ်ဆုံးဖြစ်သည်ဟု ဆိုရသည်။

ပွားသင့်သောအခါ မပွားသင့်သောအခါ

ဗောဇ္ဈင်တရားတို့ကို ပွားများသင့်သောကာလ၊ မပွားများသင့်သော ကာလလည်း ရှိသေး၏။ ကောင်းမြတ်သော ဗောဇ္ဈင်တရားများ ဖြစ်သည်ဟူ၍ ဗောဇ္ဈင်တရား တိုင်းကို အခါကာလတိုင်း၌ ပွားများသင့်သည်မဟုတ်ပေ။ သူ့ကာလနှင့်ကာလ ဉာဏ်ဖြင့် ဆင်ခြင်၍ ပွားများရပေသည်။

ဥပမာ - အကြင်ကာလ၌ စိတ်သည် တွန့်တိုသော စိတ်၊ ဆုတ်နစ်သောစိတ် ဖြစ်၏။ ထိုအခါ ကာလမျိုး၌ ပဿဒ္ဓိ သမ္ဗောဇ္ဈင်၊ သမာဓိသမ္ဗောဇ္ဈင်၊ ဥပေက္ခာသမ္ဗောဇ္ဈင် တို့ကို မပွားသင့်ပေ။

အဘယ်ကြောင့်ဟူမူ - တွန့်တိုဆုတ်နစ်သောစိတ်သည် ပဿဒ္ဓိသမ္ဗောဇ္ဈင် စသည်တို့ကြောင့် တက်ကြွထက်သန်သော စိတ်ဖြစ်ရန် ခက်ခဲသောကြောင့်တည်း။ အားနည်းသောမီး၌ ထင်းစိုထည့်သကဲ့သို့ ဖြစ်သည်ဟုဆိုသည်။

စိတ်သည် တွန့်တိုဆုတ်နစ်သောကာလ၌ ပဿဒ္ဓိ၊ သမာဓိ၊ ဥပေက္ခာဗောဇ္ဈင်တို့ကို မပွားသင့်ဟု ဟောတော်မူသည်။ တွန့်တိုဆုတ်နစ်သောစိတ် ဖြစ်ပေါ်သောအခါ ကာလ၌ ဓမ္မဝိစယသမ္ဗောဇ္ဈင်၊ ပီတိသမ္ဗောဇ္ဈင်၊ ဝီရိယသမ္ဗောဇ္ဈင်တို့ကို ပွားများရမည် ဟူ၏။

အကြောင်းမူကား ထိုဗောဇ္ဈင်တို့ကို ပွားများခြင်းကြောင့် တွန့်တိုဆုတ်နစ်သော စိတ်သည် ကောင်းစွာရွှင်လန်းတက်ကြွခြင်း ဖြစ်သောကြောင့် ဟူ၏။ မိမိ၏ စိတ်အခြေအနေကို လည်းကောင်း၊ ဗောဇ္ဈင်တို့၏ သဘောကိုလည်းကောင်း ဆင်ခြင်၍ ပွားသင့်သော ဗောဇ္ဈင်တို့ကိုသာလျှင် ပွားများပါလေဟု ဆိုလိုသည်။

သတိသမ္ဗောဇ္ဈင် သည်ကား ပဲခူးဆားနှင့်တူသော ဗောဇ္ဈင်ဖြစ်သောကြောင့် ဗောဇ္ဈင်တိုင်း၌ ပါဝင်သည်ချည်း ဖြစ်လေသည်။

တရားတော်တို့သည် ဒေသနာက္ကမ၊ ဘာဝနာက္ကမအားဖြင့် နှစ်မျိုးရှိရာတွင် မဂ္ဂင်ရှစ်ပါး တရားတော်သည် ဒေသနာက္ကမဖြစ်သည်။ ဗောဇ္ဈင်ခုနစ်ပါးသည်ကား ဘာဝနာက္ကမ ဖြစ်သည်ဟုအဆိုရှိသည်။ သို့ရာတွင် အခါကာလ အားလျော်စွာ ပွားများသင့်ရာ ဗောဇ္ဈင် တို့ကိုသာလျှင် ပွားများရပေသည်။

ဗောဇ္ဈင်ဘာဝနာပွားပုံ

ပြဆိုအပ်ခဲ့ပြီးသော ဗောဇ္ဈင်တို့ကို ပွားများဟန်ကို ပြဦးအံ့။

ကထဉ္စ ပန ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ သတ္တသု ဗောဇ္ဈင်္ဂေသု၊

ရဟန်းတို့ သာသနာတော်၌ ရဟန်းဖြစ်သော သူသည် ခုနစ်ပါးသော ဗောဇ္ဈင်ဟု ဆိုအပ်သော တရားတို့ကို အဘယ်ကဲ့သို့ပွားများ၍ နေရမည်ဟူမူ -

ဣဓ ဘိက္ခဝေ ဘိက္ခု သန္တံ ဝါ အဇ္ဈတ္တံ သတိသမ္ဗောဇ္ဈင်္ဂါ၊ အတ္ထိ မေ အဇ္ဈတ္တံ သတိသမ္ဗောဇ္ဈင်္ဂေါတိ ပဇာနာတိ။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဤ အချိန် ဤအခါ၌ မိမိ၏အဇ္ဈတ္တ သန္တာန်ဝယ် သတိတည်းဟူသော ဗောဇ္ဈင်တရားဖြစ်ခြင်းသည် ရှိသည်ဖြစ်အံ့။ ဤအချိန် ဤအခါ၌ မိမိ၏ အဇ္ဈတ္တသန္တာန်ဝယ် သတိတည်းဟူသော ဗောဇ္ဈင်တရား ရှိသည်ဟူ၍ သိပါ။ ဤအချိန်ဤအခါ၌ မိမိ၏အဇ္ဈတ္တ သန္တာန်ဝယ် သတိသမ္ဗောဇ္ဈင် ဖြစ်ခြင်း မရှိသည်ဖြစ်အံ့။ ဤအချိန် ဤအခါ၌ မိမိ၏အဇ္ဈတ္တသန္တာန်ဝယ် သတိသမ္ဗောဇ္ဈင်ဖြစ်ခြင်း မရှိဟူ၍ သိပါ။

“ယထာ စ အနုပ္ပန္နဿ သတိသမ္ဗောဇ္ဈင်္ဂဿ ဥပ္ပါဒေါ ဟောတိ၊ တဉ္စ ပဇာနာတိ”

အကြင်အခြင်းအရာအားဖြင့် မဖြစ်ပေါ်သေးသော သတိသမ္ဗောဇ္ဈင် ဖြစ်ပေါ်သည် ဖြစ်အံ့၊ ယင်းသို့ ဖြစ်ပေါ်သည်ကိုလည်း သိပါ။

“ယထာ စ ဥပ္ပန္နဿ သတိသမ္ဗောဇ္ဈင်္ဂဿ ဘာဝနာယ ပါရိပူရီ ဟောတိ၊ တဉ္စ ပဇာနာတိ”

အကြင် အခြင်းအရာအားဖြင့် ဖြစ်ပေါ်ပွားများသော သတိသမ္ဗောဇ္ဈင်ကို ဆင်ခြင် ပွားများ အားထုတ်ခြင်းများစွာဖြစ်၏။ ထိုအခါ၌ သတိသမ္ဗောဇ္ဈင်သည် ဘာဝနာ ပြည့်ခြင်း၊ သတိသမ္ဗောဇ္ဈင်ပြည့်စုံခြင်းသို့ ရောက်၏ဟု ဟောတော်မူသည်။

ဓမ္မဝိစယသမ္ဗောဇ္ဈင် အစရှိသော ကြွင်းသော ဗောဇ္ဈင်တို့ကိုလည်း ဤသို့ပင် ဆင်ခြင်ပွားများရမည်။

ဆင်ခြင်ပွားများသောအခါ နောက်က ညွှန်ပြခဲ့သည့်နည်းကို သတိပြု၍ အခါကာလ အားလျော်စွာ ဆင်ခြင်ပွားများ သင့်သော ဗောဇ္ဈင်တို့ကိုသာ ပွားများရမည်။ ဗောဇ္ဈင်တရားတို့သည် ပယ်အပ်သော တရားမဟုတ်ကြ။ ပွားများအပ်သော တရားများဖြစ်သည်ကိုလည်း သတိရှိရမည်။

ဗောဇ္ဈင်အစရှိသော သူတော်ကောင်းတရားကို ပွားများသောအခါ၌ သဒ္ဓါနှင့်ပညာ ဝီရိယနှင့် သမာဓိတို့ကို ညီမျှစေရာ၏။ အကယ်၍ သဒ္ဓါနှင့်ပညာ ဝီရိယနှင့် သမာဓိတို့ မညီမျှဘဲ တစ်ပါးပါးက လွန်နေလျှင် --

“ဗလဝသဒ္ဓေါ ဟိ မန္ဒပညော မုဓပ္ပသန္နော ဟောတိ”
သဒ္ဓါ လွန်ကဲပြန်လျှင် အသိပညာနှံ့၍ သဒ္ဓါမဖြစ်သင့်ရာ မကြည်ညိုသင့်ရာ မယုံကြည်သင့်ရာတို့၌ သဒ္ဓါခြင်း၊ ကြည်ညိုခြင်း၊ ယုံကြည်ခြင်းဖြစ်၍ အကျိုး ယုတ်တတ်သည်။

ဗလဝပညော မန္ဒသဒ္ဓေါ ကေရာဋိကပက္ခံ ဘဇတိ၊ ဘေသဇ္ဇသမုဋ္ဌိတော ဝိယ ရောဂေါ အာကိစ္ဆော ဟောတိ”
ပညာဉာဏ်လွန်ကဲ၍ သဒ္ဓါတရား နည်းပါးပြန်လျှင်လည်း ကောက်ကျစ်စဉ်းလဲခြင်းသို့ ရောက်တတ်၏။ ဆေးကြောင့်ဖြစ်သောရောဂါကို ဆေးကု ခက်သည်နှင့် တူသည် ဟူ၏။

ကာယကံကုသိုလ်၊ ဝစီကံကုသိုလ်၊ မနောကံကုသိုလ်ဟု ကုသိုလ်သုံးမျိုး ရှိသည်တွင် မနောကံဖြင့်လည်း ကုသိုလ်ရသည်ပင် ဖြစ်သည်ဟု ဒါန အစရှိသော ကောင်းမှု ကုသိုလ်တို့ကို မပြုခဲ့ခြင်းကြောင့် ငရဲသို့ ကျရောက်တတ်သည်။ သို့ကြောင့် သဒ္ဓါနှင့် ပညာကို မျှစေပြီးကာလ တရားကို ပွားများရာ၏။

ဤသို့လျှင် ခုနစ်ပါးသော ဗောဇ္ဈင်ဟုဆိုအပ်သော တရားသဘောတို့ကို ရံခါ မိမိ အဇ္ဈတ္တသန္တာန်၌ ဖြစ်ပေါ်သည်ကို ဝိပဿနာဉာဏ်ဖြင့် ရှုရမည်။ ရံခါ ဗဟိဒ္ဓသန္တာန်၌ ဖြစ်ပေါ်သည်ကိုလည်း ရှုရမည်။

ဗောဇ္ဈင်တရားတို့ ဖြစ်ပေါ်သည်ကို သမုဒယ-သဘောဖြင့် ရှုရမည်။
ပျက်သည် ကိုလည်း ဝယ-သဘောဖြင့် ရှုရမည်။
အဖြစ်အပျက်ကိုလည်း သမုဒယ ဝယ- သဘောဖြင့် ရှုရမည်။
ဗောဇ္ဈင်တရားတို့ ရှိကြသည်ကိုလည်း အမြဲတမ်းသတိပြု ဆင်ခြင် ပွားများရမည်ဟု ဟောတော်မူသည်။

ဗောဇ္ဈင်္ဂပုဗ္ဗ-ဗောဇ္ဈင်ပိုင်းပြီး၏

သစ္စဗ္ဗ - သစ္စာပိုင်း

သစ္စာလေးပါးအကျဉ်း

မြတ်စွာဘုရားသည် ဗောဇ္ဈင်္ဂပဗ္ဗ - ဗောဇ္ဈင်ပိုင်းကို ဟောတော်မူပြီး၍ ယခုအခါ သစ္စပဗ္ဗ-သစ္စာပိုင်းကို ဟောတော်မူခြင်းငှာ ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ စတူသု အရိယသစ္စေသု- စသည်ကို ဟောတော်မူသည်။

ရဟန်းတို့- တစ်ပါးတုံလည်း သာသနာတော်၌ ရဟန်းဖြစ်သော ပုဂ္ဂိုလ်သည် အရိယ သစ္စာလေးပါးတို့၌ အရိယသစ္စာလေးပါးတို့ဟူ၍ ရှု၍ သိ၍ နေရမည်ဟု မိန့်တော်မူသည်။

အဘယ်သို့လျှင် သစ္စာလေးပါးတို့၌ . သိ၍ ရှု၍ နေရမည်နည်းဟူမူ- အကျဉ်းအားဖြင့်

  1. ဤသဘောတရားတို့သည်ကား ဒုက္ခသစ္စာတည်း၊ ဒုက္ခအစစ်အမှန်တို့ပေတည်း။
  2. ဤသဘောတရားတို့သည်ကား သမုဒယသစ္စာတည်း။
  3. ဤသဘောတရားတို့ သည်ကား နိရောဓသစ္စာတည်း။
  4. ဤသဘောတရား တို့သည်ကား မဂ္ဂသစ္စာပေတည်း

ဟု ဟုတ်မှန်သောအတိုင်း ရှုရမည်၊ သိရမည်ဟုဆိုသည်။

အဓိပ္ပာယ်အကျဉ်း

သမုဒယသစ္စာ တည်းဟူသော တဏှာကို အပထား၍ တဏှာမှတစ်ပါး ကြွင်းသမျှသော ဘုံသုံးပါး၌ဖြစ်သော ရုပ်နာမ်ဓမ္မ သင်္ခတသဘောတရား တို့သည် ဒုက္ခအစစ် ဒုက္ခအမှန် ဒုက္ခသစ္စာဖြစ်ကုန်၏။

ဒုက္ခကို ဖြစ်ပေါ်စေသော ပုရိမတဏှာသည် ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာ ဖြစ်၏။

ဒုက္ခနှင့် သမုဒယတို့၏ ချုပ်ငြိမ်းခြင်းသည် နိရောဓသစ္စာဖြစ်၏။

ဒုက္ခကို သိမြင်ခြင်း၊ သမုဒယကို ပယ်ခြင်း၊ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းဟူသော အရိယာမဂ္ဂင်ရှစ်ပါးသည် နိဗ္ဗာန်ရောက်ကြောင်း လမ်းကြောင်းဖြစ်သော အကျင့် တရား မဂ္ဂသစ္စာဖြစ်၏ဟူ၍ သိရှိရာ၏။

ဤသို့လျှင် သစ္စာလေးပါးတို့ကို သိတော်မူစေလိုသည်။

သစ္စာလေးပါးအကျဉ်းပြီး၏။

သစ္စာလေးပါးအကျယ်

ဇာတိဒုက္ခ

မြတ်စွာဘုရားသည် သစ္စာ ၄-ပါးတို့တွင် ရှေးဦးစွာ ဒုက္ခသစ္စာကို ချဲ့ထွင်ကာ ဟောတော်မူခြင်းငှာ ကတမဉ္စ ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ၊ ဇာတိပိ ဒုက္ခာ- စသည်ဖြင့် ဟောတော်မူသည်။ ရဟန်းတို့ ဒုက္ခဟုဆိုအပ်သော အရိယသစ္စာဟူသည် အဘယ်နည်း ဟူမူ ရဟန်းတို့ ဇာတိသည်လည်း ဒုက္ခသစ္စာ = ဒုက္ခအမှန်ပေတည်း ဟု ဟောတော်မူသည်။

ဤနေရာ၌ ဇာတိဟူသည်ကို သိသင့်၏။

ဇာတိဟူသည်မှာ ၃၁-ဘုံသား ဖြစ်ကုန်သော သတ္တဝါဟူသမျှတို့၏ ထိုထိုသတ္တဝါ အပေါင်းအဖွဲ့၌ ဖြစ်ပေါ်ခြင်း၊ ကောင်းစွာ ဖြစ်ခြင်း၊ သက်ဝင်ခြင်း၊ ရှေးရှုဖြစ်ခြင်း တို့သည် သမုတိပညတ်အားဖြင့် ဇာတိမည်၏။

ပရမတ္ထအားဖြင့်မူကား ထိုထိုဘုံဘဝတို့၌ ထိုထိုခန္ဓာတို့ ထင်ရှားဖြစ်ခြင်းသည် ဇာတိမည်၏။ သည်ဇာတိသည် ဒုက္ခသစ္စာအမှန်ဖြစ်သည်ဟု ဟောတော်မူသည်။

အဘယ့်ကြောင့် ဇာတိသည် ဒုက္ခသစ္စာ = ဒုက္ခအမှန်ဖြစ်သနည်းဟူမူ --

တစ်ပါးမက အရေအတွက်အားဖြင့် များပြားကုန်သော ဆင်းရဲဒုက္ခဟူသမျှတို့၏ ဖြစ်ပေါ်ရာဖြစ်ပေါ်ကြောင်း ဖြစ်သောကြောင့် ဇာတိသည် ဒုက္ခသစ္စာအဖြစ် အမှန် ဖြစ်လေသည်။

များလှစွာသော ဒုက္ခဟူသည်မှာ --

  1. ဒုက္ခ ဒုက္ခ၊
  2. ဝိပရိဏာမဒုက္ခ၊
  3. သင်္ခါရဒုက္ခ၊
  4. ပဋိစ္ဆန္နဒုက္ခ၊
  5. အပ္ပဋိစ္ဆန္နဒုက္ခ၊
  6. ပရိယာယဒုက္ခ၊
  7. နိပ္ပရိယာယဒုက္ခ- တို့ ဖြစ်ကုန်၏။

ထို ၇-မျိုးတို့တွင်-

  1. ကာယိကဒုက္ခ၊ စေတသိကဒုက္ခတို့သည် ဝေဒနာသဘော ဖြစ်သောကြောင့် လည်းကောင်း၊ ဒုက္ခ အမည်သညာအားဖြင့်လည်းကောင်း၊ ဆင်းရဲခြင်း ကြောင့် ဒုက္ခ ဒုက္ခမည်၏။
  2. သုခဝေဒနာသည် ဖောက်ပြန်ပျက်စီးခြင်းဖြင့် ဒုက္ခဖြစ်ကြောင်း ဖြစ်သောကြောင့် ဝိပရိဏာမဒုက္ခမည်၏။
  3. ဥပေက္ခာဝေဒနာသည် လည်းကောင်း၊ ကြွင်းကုန်သော ဘုံသုံးပါး၌ ဖြစ်ကုန်သော သင်္ခါရတို့သည်လည်းကောင်း ဖြစ်ခြင်း ပျက်ခြင်းဖြင့် နှိပ်စက်အပ် သောကြောင့် သင်္ခါရဒုက္ခ မည်၏။
  4. တံကျင်လျှိုခံရသော ဒုက္ခ၊ ရာဂကြောင့်ဖြစ်သော ပူလောင်ခြင်း၊ ဒေါသကြောင့် ဖြစ်သော ပူလောင်ခြင်း အစရှိသော ကိုယ်၌ စိတ်၌ဖြစ်သော ကျင်နာခြင်း ဒုက္ခသည် မေးမြန်းမှသာ သိအပ်သောကြောင့် လည်းကောင်း၊ လုံ့လပြုခြင်း၏ မထင်ရှားသော ကြောင့်လည်းကောင်း ပဋိစ္ဆန္နဒုက္ခမည်၏။
  5. ၃၂-ပါးသော ကံကြမ္မာ စသည်တို့ကြောင့် ဖြစ်သော အနာရောဂါမျိုးသည် မမေး မမြန်းဘဲဖြင့် သိအပ်သောကြောင့် လည်းကောင်း၊ အားထုတ်သော လုံ့လပယောဂ၏ ထင်ရှားသောကြောင့်လည်းကောင်း အပ္ပဋိစ္ဆန္နဒုက္ခ မည်၏။
  6. ဒုက္ခ ဒုက္ခမှတစ်ပါး ကြွင်းသော ဇာတိအစရှိသော အလုံးစုံသော သဘော တရားသည် ထိုထိုဒုက္ခ၏ အကြောင်းဖြစ်သောကြောင့် ပရိယာယဒုက္ခ မည်၏။
  7. ဒုက္ခ ဒုက္ခသည်ကား နိပ္ပရိယာယဒုက္ခ၊ ဝါ- မုချဒုက္ခမည်၏။ ဤဒုက္ခမျိုးတို့၏ တည်ရာဖြစ်သောကြောင့်လည်း ဇာတိသည် ဒုက္ခသစ္စာဖြစ်သည်။

ထို့ပြင်- ဇာတိ၏ ဒုက္ခဖြစ်ပုံသည် ရှိသေး၏။

အပါယ်သို့ကျရောက်သော အပါယ်သားတို့သည် အပါယ်လေးပါး၌ အာပါယိကဒုက္ခ ကို ခံကြရသည်။ လူ့ဘုံ လူ့ လောက လူ့ဘဝ၌လည်း အမိဝမ်းတိုက်သို့ သက်ရောက်နေရခြင်း ဂမ္ဘောက္ကန္တိ မူလ အစရှိသော ဒုက္ခသည်လည်းရှိ၏။ ထိုဒုက္ခ၏ တည်ရာဖြစ်ရာဖြစ်သောကြောင့်လည်း ဇာတိသည် ဒုက္ခသစ္စာအမှန် = ဆင်းရဲခြင်း အမှန်ဖြစ်၏။

ထိုစကားသည် စင်စစ်မှန်ကန်သည်သာဖြစ်၏။

အကြောင်းမူကား တစ်စုံ တစ်ယောက်သော သတ္တဝါသည် မိခင်ဝမ်းတိုက်၌ ကိန်းအောင်းရသောအခါ၌ ကြာညိုပန်း၊ ပဒုမ္မာကြာပန်း၊ ပုဏ္ဏရိက်ကြာပန်း အစရှိသော ကောင်းမွန်၍ သင်းပျံ့မွှေးကြိုင်သော ဌာန၌ ကိန်းအောင်းတည်နေ ရသည် မဟုတ်။

စင်စစ်သော်ကား အစာသစ်အိမ် (အစာအိမ်)၏ အောက်၊ အစာဟောင်းအိမ်၏ အထက်၌နေရသည်၊ ဖြစ်ပေါ်ရသည်။ နေရပုံမှာလည်း မိခင်၏ဝမ်းရေနှင့် ကြောရိုး တို့၏အလယ် အလွန်ကျဉ်းကျပ်သော အလင်းရောင်ဟူ၍ လုံးဝမရှိ၊ တခဲနက် မိုက်မှောင်၍ အမျိုးများစွာသော ပိုးတို့၏ အနံ့တို့ဖြင့် လွှမ်းထုံအပ်သော အလွန် စက်ဆုပ်ဖွယ်ကောင်းသော ဝမ်းဗိုက်အတွင်း၌ ငါးပုပ်, ထမင်းပုပ်, တစတွင်း စသည် တို့၌ ပိုးလောက်တို့ကဲ့သို့ ဖြစ်၍နေရ၏။

ထိုသတ္တဝါသည် ဤနည်းအားဖြင့် မိခင်ဝမ်းတိုက်၌ ဆယ်လ ကာလပတ်လုံး မိခင်၏ သုက်သွေးနှင့် ဥသ္မာတေဇောဓာတ်ဖြင့် ထမင်းထုပ်ကို တစ်ဖန်နွေးသကဲ့သို့ ကျက်သည်ဖြစ်၍ ဆန်မှုန့်၊ ဂျုံမှုန့် အလုံးအခဲကဲ့သို့ဖြစ်ကာ ကွေးခြင်း ဆန့်ခြင်းကို မပြုလုပ်နိုင်ပဲ လွန်ကဲစွာ ဆင်းရဲဒုက္ခကို ခံစား၍နေရသည်။ ဤသည့်ဒုက္ခကို ခံစား နေရခြင်းသည်ကား ဇာတိကြောင့် အမိဝမ်းတိုက်သို့ သက်ရောက်ခံစားရသော ဒုက္ခဖြစ်၏။

ထိုမှတစ်ပါးလည်း- ထိုသတ္တဝါသည် မိခင်သည် မတော်တဆ ချွတ်ချော်လဲကျသော အခါ၌ဖြစ်စေ၊ ထိုင်ခြင်း ထခြင်း၊ တစ်ဖက်မှ တစ်ဖက်သို့ လျောင်းလဲသောအခါတို့၌ ဖြစ်စေ အရက်မူးသမားလက်သို့ ရောက်သော သိုးငယ်ကဲ့သို့လည်းကောင်း၊ အလမ္ပာယ် လက်သို့ ရောက်သော မြွေငယ်ကဲ့သို့ လည်းကောင်း ဆွဲခြင်း, တွန်းထိုးခြင်း, နှိပ်နယ်ခြင်း စသည်တို့ကြောင့် အလွန်ဆင်းရဲပြန်သည်။

မိခင်သည် ရေအေးသောက်သောအခါ ရေအေးငရဲ ကျရောက်သကဲ့သို့ လည်းကောင်း၊ ဆန်ပြုတ်ပူ ရေနွေးပူစသည် သောက်သော အခါ၊ ထမင်းပူစသည် စားသောအခါတို့၌ မီးကျီးခဲမိုးရွာသွန်းသကဲ့သို့ လည်းကောင်း ဆင်းရဲရပြန်၏။

ဤကား ဇာတိကြောင့်ဖြစ်သော အမိဝမ်းတိုက်၌ နေရစဉ် ခံစားရသော ဒုက္ခဖြစ်၏။

ထိုမှတစ်ပါးလည်း- အကယ်၍ မိခင်သည် လွယ်ကူစွာ ဖွားမြင်ခြင်းမရှိခဲ့လျှင် ဆွေမျိုးသားချင်း စသည်တို့သည်ပင် မမြင်အပ်သော ဖွားရာဌာန၌ ဖြတ်ခြင်း၊ ခွဲခြင်း စသည်တို့ပြု၍ ဖွားမြင်ရသောကြောင့် ဆင်းရဲရပြန်၏။ ဤသည်လည်း ဇာတိကြောင့် ဖြစ်သော ကိုယ်ဝန်ဖောက်ပြန်ခြင်း အရင်းရှိသောဒုက္ခ ဖြစ်၏။

ထိုမှတစ်ပါးလည်း ဖွားမြင်သောအခါ (ကောင်းစွာဖွားမြင်ခြင်းကို ဆိုသည်။) ကမ္မဇလေသည် သတ္တဝါကို ဖောက်ပြန်စေ၍ ချောက်တွင်းသို့ ကျသကဲ့သို့ အလွန် ကြောက်ဖွယ်ကောင်းသော ယောနိမဂ်ဝသို့ ရောက်၍ အလွန်ကျဉ်းသော မဂ်ဝမှ သံညှပ်ဖြင့် ဆွဲငင်သကဲ့သို့ ဆွဲငင်ထုတ်ယူအပ်သည် ဖြစ်၍ လွန်မင်းစွာ ဆင်းရဲရပြန်၏။ ဤသို့ ဆင်းရဲခြင်းသည် ဇာတိကြောင့် ဖွားမြင်ရသော ဒုက္ခဖြစ်၏။

ထိုမှတစ်ပါးလည်း- အလွန်နုသော အနာ၏အသားနုနှင့်တူသော ဖွားသစ်စ ဖြစ်သော ကလေးငယ်အား မ,ခြင်း၊ ချီပွေ့ခြင်း၊ ရေချိုးခြင်း၊ အဝတ်တို့ဖြင့် ရစ်ပတ် ခြုံရုံပေးခြင်း ကိုပြုသောအခါ၌ အပ်ဖျားတို့ဖြင့် ထိုးခြင်းကဲ့သို့ လည်းကောင်း၊ ထက်သော ဓားသွားဖြင့် ထိုးသကဲ့သို့လည်းကောင်း ဆင်းရဲခြင်းကို ခံစားရ၏။

ဤသို့ ဆင်းရဲခြင်းသည်ကား မိခင်ဝမ်းတိုက်မှ ဖွားမြင်သောအခါ ဇာတိကြောင့် ဖြစ်သော ဂဗ္ဘနိက္ခမမူလဟု ဆိုအပ်သော ဆင်းရဲခြင်းဒုက္ခဖြစ်၏။

ထိုမှတစ်ပါးလည်း --

  1. အတ္တုပက္ကမူလဒုက္ခ၊
  2. ပရပက္ကမမူလဒုက္ခ ဟူ၍ ရှိသေး၏။

ထိုဒုက္ခနှစ်မျိုးတို့တွင် --

  1. မိမိကိုယ်ကို မိမိသတ်ခြင်း၊ ညှဉ်းဆဲခြင်း၊ အဝတ်မဝတ်သော အစေလက အကျင့်ကို ကျင့်ခြင်း၊ မီးပူလှုံခြင်း၊ ရေချိုးခြင်း၊ စိတ်ဆိုး၍ အစာအာဟာရ မစားခြင်း စသည် တို့သည် အတ္တုပက္ကမမူလဒုက္ခ မည်၏။
  2. အခြားသော သူတို့က သတ်ဖြတ်ခြင်း၊ ချုပ်နှောင်ခြင်း စသည်တို့ကို ခံစားရခြင်း သည် ပရပက္ကမမူလဒုက္ခမည်၏။

ဤဒုက္ခတို့သည်လည်း ဇာတိရှိ၍ ဇာတိ တည်းဟူသော အကြောင်းကြောင့် ဖြစ်သည် ဖြစ်၍ ဇာတိဒုက္ခတို့ဖြစ်ကုန်၏။

ဇာတိဒုက္ခပြီး၏

ဇရာဒုက္ခ

ဇရာပိ ဒုက္ခာ။
ဇရာပိ၊ အိုခြင်းသည်လည်း။
ဒုက္ခာ၊ ဆင်းရဲ၏။

ဇရာသဘောကို ညွှန်ပြတော်မူလိုသော မြတ်စွာဘုရားသည် “ယာ တေသံ တေသံ သတ္တာနံ တမှိ တမှိ သတ္တနိကာယေ ဇရာ၊ ဇိရတာ၊ ခဏ္ဍိစ္စံ၊ ပါလိစ္စံ၊ ဝလိတ္တစတ၊ အာယုနော သံဟာနိ၊ ဣန္ဒြိယာနံ ပရိပါကော၊ အယံ ဝုစ္စတိ ဘိက္ခဝေ ဇရာ”ဟု ဟောတော်မူသည်။

ထိုထို တိုင်းပြည်၊ ထိုထိုမြို့ရွာ ဒေသ၊ ထိုထိုလူမျိုး အဖွဲ့အစည်း အပေါင်းအသင်း တို့၌ပင် အိုမင်းခြင်း၊ ရင့်ရော်ခြင်း၊ သွားကျိုးခြင်း၊ ဆံဖြူခြင်း၊ အရေတွန့်ခြင်း၊ အသက် ဆုတ်ယုတ်ခြင်း၊ စက္ခုပသာဒရုပ်စသော ဣန္ဒြိယ ရုပ်တို့ ရင့်ရော် ချွတ်ယွင်းခြင်း တို့သည် ဇရာသဘောဖြစ်ကုန်၏။ အိုခြင်းသဘောကို လူတို့သည် ကိုယ်တွေ့ မျက်မြင် ဖြစ်ကြသောကြောင့် ဇရာ၏သဘောကို ချဲ့ထွင် ရှင်းလင်းရန် မလိုအပ်တော့ပေ။

ဇရာဒုက္ခပြီး၏။

မရဏဒုက္ခ

မရဏမ္ပိ ဒုက္ခံ။
မရဏမ္ပိ၊ သေခြင်းသည်လည်း၊
ဒုက္ခံ၊ ဆင်းရဲ၏။

မရဏ သဘောကို ညွှန်ပြတော်မူလိုသော မြတ်စွာဘုရားသည် “ယံ တေသံ တေသံ သတ္တာနံ တမှာ တမှာ သတ္တနိကာယာ စုတိ၊ စဝနတာ၊ ဘေဒေါ၊ အန္တရဓာနံ၊ မစ္စု၊ မရဏံ၊ ကာလ ကိရိယာ၊ ခန္ဓာနံ ဘေဒေါ၊ ကဠေဝရဿ နိက္ခေပေါ၊ ဇီဝိတိန္ဒြိယပစ္ဆေဒေါ၊ ဣဒံ ဝုစ္စတိ ဘိက္ခဝေ မရဏံ”ဟု ဟောတော်မူသည်။

ထိုထိုတိုင်းပြည် မြို့ရွာ လူမျိုး အဖွဲ့အစည်း အပေါင်းအသင်းမှ စုတိခြင်း၊ ရွေ့လျောခြင်း၊ ပျက်စီးခြင်း၊ ကွယ်ပျောက်ခြင်း၊ သေခြင်း၊ သေခြင်းကိုပြုခြင်း၊ ခန္ဓာပျက်ခြင်း၊ ခန္ဓာကိုယ်ပစ်ချခြင်း၊ ဇီဝိတိန္ဒြေပြတ်ခြင်း တို့သည် မရဏသဘော ဖြစ်ကုန်၏။ သေခြင်းသဘောကိုလည်း တွေ့မြင်နေကြသည်ဖြစ်၍ ချဲ့ထွင်ရန် မလိုအပ်တော့ပေ။

မရဏဒုက္ခပြီး၏။

ဒုက္ခသစ္စာ

သောက

ကတမော စ ဘိက္ခဝေ သောကော- စသည်ဖြင့် ဉာတိဗျသန အစရှိသော ငါးပါးသောဗျသနတို့တွင် တစ်ပါးပါးသောဗျသနကြောင့်ဖြစ်စေ၊ တစ်မျိုးမျိုး သော ဒုက္ခဖြစ်ကြောင်းနှင့် တွေ့ကြုံသောအခါဖြစ်စေ .. အတွင်းသန္တာန်၌ ပူခြင်း၊ ဆွေးခြင်း၊ ပင်ပန်းခြင်း၊ ဆင်းရဲခြင်းသည် သောကမည်၏ဟု ဟောတော်မူ၏။

ဤအရာ၌ ဗျသနငါးပါးဟူသည်ကို ကြိုတင်သိရှိသင့်၏။

  1. ဉာတိဗျသန၊
  2. ဘောဂဗျသန၊
  3. ရောဂဗျသန၊
  4. သီလဗျသန၊
  5. ဒိဋ္ဌိဗျသန- ဟူ၍ ဗျသန ငါးပါး ဖြစ်၏။

  1. ဆွေမျိုးဉာတိတို့ကို အားကိုးအားထား ပြုလုပ်၍ မှီခိုနေသောသူသည် မိမိ မှီခိုနေသော ဆွေမျိုးဉာတိတို့ တစ်စတစ်စ သေဆုံးပျောက်ပျက် သွားကြခြင်းသည် ဉာတိဗျသန မည်၏။
  2. မိမိပင်ပန်းဆင်းရဲခြင်းကို အရင်းပြု၍ ရှာဖွေစုဆောင်းထားသော ပစ္စည်းဥစ္စာ တို့သည် ရေ၊ မီး၊ မင်း၊ ခိုးသူ- စသည်ကြောင့် ပျက်စီးဆုံးပါးခြင်းသည် ဘောဂဗျသန မည်၏။
  3. ပညာကို လည်းကောင်း၊ ဥစ္စာကို လည်းကောင်း၊ ကောင်းမှုကုသိုလ်ကို လည်းကောင်း ရှာဖွေဆည်းပူး ဆောင်ရွက်ခြင်းငှာ မစွမ်းဆောင်နိုင်အောင် ရောဂါ ဖိစီးခြင်းကို ခံစားနေရခြင်းသည် ရောဂဗျသန မည်၏။
  4. မိမိကျင့်သုံး ဆောက်တည်သောသီလဖြစ်စေ၊ အမျိုးအစဉ်အလာ လိုက်နာ ကျင့်သုံးခဲ့သော ကောင်းသောအလေ့အကျင့်ဖြစ်စေ ပျက်စီးခြင်းသည် သီလဗျသန မည်၏။
  5. အယူဝါဒ ဖောက်ပြန်ပျက်စီးခြင်းသည် ဒိဋ္ဌိဗျသနမည်၏။

ဤပျက်စီးခြင်း ငါးပါးကို ဗျသနငါးပါးဟု ဆိုသည်။

ပရိဒေဝ

ကတမော စ ဘိက္ခဝေ ပရိဒေဝေါ။ ဉာတိဗျသန အစရှိသော ငါးပါးသော ဗျသန တို့တွင် တစ်ပါးပါးနှင့် ကြုံတွေ့ သောအခါ၌ ငါ့သမီး၊ ငါ့သားဟူ၍ အော်ဟစ် ငိုကြွေးခြင်း၊ တစ်စုံတစ်ရာသော ဂုဏ်ကျေးဇူးကို ထုတ်ဖော်၍ ငိုကြွေး မြည်တမ်းခြင်း သည် ပရိဒေဝမည်၏။

ဒုက္ခ

ကတမဉ္စ ဘိက္ခဝေ ဒုက္ခံ။ ကာယပသာဒရုပ်နှင့် ဖောဋ္ဌဗ္ဗာရုံ ထိခိုက်သောအခါ ကာယသမ္ဖဿကြောင့်ဖြစ်သော သာယာဖွယ်မဟုတ်သော သဘောသည် ဒုက္ခမည်၏ ကာယိကဒုက္ခမည်၏။

ဒေါမနဿ

ကတမဉ္စ ဘိက္ခဝေ ဒေါမနဿံ။ စိတ်နှင့်ယှဉ်သော နှစ်သက်ဖွယ် မဟုတ်သော စေတသိကဒုက္ခသည် ဒေါမနဿ မည်၏။

ဥပါယာသ

ကတမော စ ဘိက္ခဝေ ဥပါယာသော။ ဗျသနငါးပါးတို့တွင် တစ်ပါးပါးနှင့် တွေ့ကြုံသောအခါ ပြင်းပြစွာစိတ်၌ ပူလောင်ခြင်းသဘောသည် ဥပါယာသ မည်၏။

အပ္ပိယသမ္ပယောဂဒုက္ခ

ကတမော ဘိက္ခဝေ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော။ အပ္ပိယသမ္ပယောဂဒုက္ခ၊ ပိယဝိပ္ပယောဂ ဒုက္ခတို့၏ အဓိပ္ပာယ်သဘောကို လူတိုင်း သိရှိ နားလည်စေရန် တတ်နိုင်သမျှ ရေးသားမည်။

လူတစ်ယောက်သည် မိမိမမြင်လို မကြည့်လိုသောလူဖြစ်စေ၊ တစ်စုံတစ်ရာသော သတ္တဝါဖြစ်စေ၊ တစ်စုံတစ်ခုသော ရူပါရုံကိုဖြစ်စေ၊ မျက်နှာတူရူ ဆုံဆည်းတွေ့မြင် လိုက်သောအခါ စိတ်နှလုံး မချမ်းမသာဖြစ်ခြင်းသည် မနှစ်သက်သောရူပါရုံနှင့် ပေါင်းဆုံခြင်းကြောင့်ဖြစ်သော ဒုက္ခမည်၏။

ထို့အတူ မကြားလိုသော ကျယ်လောင်သောအသံချဲ့စက် အသံမျိုး၊ သေနတ်သံ၊ ဗုံးသံ၊ အမြောက်သံတို့ကို တွေ့ကြုံဆုံဆည်းကာကြားရသောအခါ စိတ်နှလုံး မချမ်းမသာ ဖြစ်ခြင်းသည် မနှစ်သက် မသာယာသော သဒ္ဒါရုံနှင့် ပေါင်းဆုံခြင်း ကြောင့်ဖြစ်သော ဒုက္ခမည်၏။ နှစ်သက်ဖွယ် သာယာဖွယ် မရှိသော ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့နှင့် တွေ့ဆုံသောအခါ မလိုလားအပ်သော အာရုံတို့နှင့် ပေါင်းဆုံ ရခြင်းကြောင့် ဖြစ်သော စိတ်နှလုံး မချမ်းသာခြင်းသည်လည်း ဆင်းရဲခြင်း အပ္ပိယသမ္ပယောဂဒုက္ခ မည်၏။

စက္ခုပသာဒရုပ် ကြည်လင် ကောင်းမွန်ခြင်းမရှိ၍ တစ်ပါးသူတို့ မြင်သကဲ့သို့ မမြင်ရခြင်းကြောင့် ဆင်းရဲခြင်းသည်လည်း ဒုက္ခမည်၏။ ထို့အတူ မကြားရခြင်း၊ အနံ့ မရခြင်း၊ အရသာကို မသိရခြင်း စသည်တို့ကြောင့် ဆင်းရဲခြင်းသည်လည်း ဒုက္ခမည်၏။ စက္ခု၊ သောတ ဃာန ဇိဝှါ ကာယ ပသာဒရုပ်တို့. ယုတ်လျော့ခြင်း၊ ပျက်စီးခြင်းကို မည်သူမျှ အလိုမရှိကြ၊ မနှစ်သက်ကြကုန်။ အလိုမရှိကြ မနှစ်သက် ကြသော စက္ခုသောတ စသော ပသာဒရုပ်တို့ မိမိခန္ဓာ၌ ဖြစ်ပေါ်ခြင်း ဆုံဆည်းခြင်း ရရှိနေခြင်းကြောင့်ဖြစ်သော ဆင်းရဲသည် အပ္ပိယသမ္ပယောဂဒုက္ခပင် ဖြစ်သည်။ အလိုမရှိသောသင်္ခါရတို့နှင့် ပေါင်းဆုံ ရခြင်းကြောင့် ဖြစ်ပေါ်သောဒုက္ခဖြစ်သည်ဟု ဆိုလိုသည်။

မိမိအကျိုးစီးပွားကို မလိုလားသော မိမိပျက်စီးခြင်းကိုသာ မြင်လိုသောပုဂ္ဂိုလ် မျိုးနှင့် ပေါင်းဆုံခြင်းသည်လည်း ဒုက္ခမည်၏။ ဤသို့စသည်ဖြင့် အပ္ပိယသမ္ပယောဂဒုက္ခ တို့သည် ဖြစ်ကုန်၏။

မဂ္ဂသစ္စာ

မြတ်စွာဘုရားသည် ဓမ္မာနုပဿနာနိရောဓသစ္စာကို ဟောတော်မူပြီး၍ ယခုအခါ မဂ္ဂသစ္စာကို ဟောတော်မူခြင်းငှာ ကတမဉ္စ ဘိက္ခဝေ ဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စံ- စသည်ကို ဟောတော်မူသည်။

ရဟန်းတို့ - ဒုက္ခ၏ချုပ်ငြိမ်းရာ နိရောဓသို့ ရောက်ကြောင်းဖြစ်သော အကျင့်တရား တည်းဟူသော အရိယသစ္စာသည် အဘယ်နည်းဟူမူ -

အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ
= ရဟန်းတို့ အင်္ဂါရှစ်ပါးရှိသော အရိယာတို့၏ ဥစ္စာဖြစ်သော၊ ဝါ- ဖြူစင် သန့်ရှင်းသော ဤသဘောတရားသည် မဂ္ဂင် ပေတည်း။

သေယျထိဒံ၊ အင်္ဂါရှစ်ပါးတို့ဟူသည်အဘယ်သည်တို့နည်းဟူမူ-

၁။ သမ္မာဒိဋ္ဌိ
၂။ သမ္မာသင်္ကပ္ပ
၃။ သမ္မာဝါစာ
၄။ သမ္မာကမ္မန္တ
၅။ သမ္မာအာဇီဝ
၆။ သမ္မာဝါယာမ
၇။ သမ္မာသတိ
၈။ သမ္မာသမာဓိ

ဤတရားတို့သည် နိဗ္ဗာန်သို့ ရောက်ကြောင်း သွားကြောင်းလမ်းဟု ဆိုအပ်သော မဂ္ဂင်ရှစ်ပါးတို့ပေတည်းဟု ဟောတော်မူ သည်။

၁။ သမ္မာဒိဋ္ဌိ

ကတမော စ ဘိက္ခဝေ သမ္မာဒိဋ္ဌိ

ဒုက္ခကို သိမြင်သောဉာဏ်၊
ဒုက္ခ ဖြစ်ကြောင်းကို သိမြင်သောဉာဏ်၊
ဒုက္ခချုပ်ငြိမ်းခြင်းကို သိမြင်သောဉာဏ်၊
ဒုက္ခသမုဒယတို့၏ ချုပ်ငြိမ်းရာ နိရောဓသို့ ရောက်ကြောင်းလမ်းကို သိမြင်သော ဉာဏ်-
ဤဉာဏ်သည် သမ္မာဒိဋ္ဌိမည်၏။ ဝါ၊ မှန်ကန်သော အမြင်မည်၏။

၂။ သမ္မာသင်္ကပ္ပ

ကတမော စ ဘိက္ခဝေ သမ္မာသင်္ကပ္ပေါ

ကိလေသာတို့မှ လွတ်မြောက်ခြင်း ငှာ ကြံစည်ခြင်း၊ မညှဉ်းဆဲ၊ မသတ်ဖြတ်ခြင်းငှာ ကြံစည်ခြင်းသည် သမ္မာသင်္ကပ္ပ မည်၏။

၃။ သမ္မာဝါစာ

ကတမာ စ ဘိက္ခဝေ သမ္မာဝါစာ

(က) မဟုတ်မတရား မုသားပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
(ခ) ချောပစ် ကုန်းတိုက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
(ဂ) အနက် အဓိပ္ပာယ်ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
(ဃ) အနှစ် အသားမရှိသော အဖျင်းစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်းသည် သမ္မာဝါစာ မည်၏။

၄။ သမ္မာကမ္မန္တ

ကတမော စ ဘိက္ခဝေ သမ္မာကမ္မန္တော

(က) သူတစ်ပါးအသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
(ခ) အရှင်မပေးသော သူတစ်ပါးပစ္စည်းကို ခိုးယူခြင်းမှ ရှောင်ကြဉ် ခြင်း၊
(ဂ) ကာမဂုဏ်၌ ဖောက်ပြန်ကျူးလွန်သော အမှုမှရှောင်ကြဉ်ခြင်းသည် သမ္မာကမ္မန္တ မည်၏။

၅။ သမ္မာအာဇီဝ

ကတမော စ ဘိက္ခဝေ သမ္မာအာဇီဝေါ

မကောင်းသောအသက်မွေးခြင်း ဟူသော မိစ္ဆာဇီဝအမှုမှ ရှောင်ကြဉ်၍ ကောင်းသော အသက်မွေးခြင်း သမ္မာအာဇီဝ ဖြင့် အသက်မွေးခြင်းသည် သမ္မာအာဇီဝမည်၏။

၆။ သမ္မာဝါယာမ

ကတမော စ ဘိက္ခဝေ သမ္မာဝါယာမော

မဖြစ်ပေါ်သေးသော ယုတ်မာ သော အကုသိုလ်တို့ကို မဖြစ်ပေါ်အောင် ဆန္ဒပြုခြင်း၊ အားထုတ်ခြင်း၊ ဝီရိယပြုခြင်း၊ စိတ်ကို အားပေးခြင်းသည်လည်း သမ္မာဝါယာမ မည်၏။

ဖြစ်ပေါ်ပြီးသော, ယုတ်မာသော အကုသိုလ်တို့ကို ပယ်ဖျောက်ခြင်းငှာ ဆန္ဒပြုခြင်း၊ အားထုတ်ခြင်း၊ ဝီရိယပြုခြင်း၊ စိတ်ကိုအားပေးခြင်းသည်လည်း သမ္မာဝါယာမမည်၏။

မဖြစ်ပေါ်သေးသော ကောင်းမှုကုသိုလ်တို့ကို ဖြစ်ပေါ်စေခြင်းငှာ ဆန္ဒပြုခြင်း၊ အားထုတ်ခြင်း၊ ဝီရိယပြုခြင်း၊ စိတ်ကိုအားပေးခြင်းသည်လည်း သမ္မာဝါယာမမည်၏။

ဖြစ်ပေါ်ပြီးသော ကောင်းမှုကုသိုလ်တို့ကို မပျက်မကွက် တည်ရှိစေခြင်းငှာ, မတွေမဝေ စေခြင်းငှာ, တိုးပွားစေခြင်းငှာ, ပြန့်ပြောစည်ပင် စေခြင်းငှာ, ဘာဝနာ ဖြစ်စေ ခြင်းငှာ, ပြည့်စုံစေခြင်းငှာ ဆန္ဒပြုခြင်း၊ အားထုတ်ခြင်း၊ ဝီရိယပြုခြင်း၊ စိတ်ကို အားပေးခြင်းသည် သမ္မာဝါယာမမည်၏။

၇။ သမ္မာသတိ

ကတမာ စ ဘိက္ခဝေ သမ္မာသတိ

ရဟန်းတို့ --- ငါဘုရားသာသနာတော်၌ ရဟန်းဖြစ်သောပုဂ္ဂိုလ်သည် မိမိ၏ကာယ ဟူသော လောက၌ တပ်မက်နှစ်သက်ခြင်း အဘိဇ္ဈာကိုလည်းကောင်း၊ နှလုံး မသာယာသော ဒေါမနဿကိုလည်းကောင်း မဖြစ်စေမူ၍၊ ဝါ- ပယ်ဖျောက်၍ ကိလေသာကို ပူလောင်စေသော ဝီရိယရှိသည် ဖြစ်၍၊ ဆင်ခြင်သော ဉာဏ် ရှိသည်ဖြစ်၍၊ အောက်မေ့စေခြင်း သတိရှိသည်ဖြစ်၍ မိမိကာယ၌ လည်းကောင်း၊ ဗဟိဒ္ဓကာယ၌လည်းကောင်း.ကာယဟူ၍ရှိ၏ဟု ရှုသည်ဖြစ်၍ ရဟန်းတရားကို အားထုတ်ရာ၏။ ရူပကာယ၌ပွားများ ထုတ်သည့်နည်းတူ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်၊ ကာယတို့၌လည်း မမေ့မလျော့ အောက်မေ့စေခြင်း သတိရှိသည်ဖြစ်၍ အားထုတ်ရာ၏။ ဤသို့လျှင် သတိရှေ့သွားသောအားဖြင့် အားထုတ်ခြင်းသည် သမ္မာသတိ မည်၏။

၈။ သမ္မာသမာဓိ

ကတမော စ ဘိက္ခဝေ သမ္မာသမာဓိ

သာသနာတော်၌ ရဟန်းဖြစ်သောပုဂ္ဂိုလ်သည် ကာမဂုဏ်အာရုံတို့မှကင်းလွတ်၍ လည်းကောင်း၊ အကုသိုလ်တို့မှ ကင်းလွတ်၍လည်းကောင်း၊ ဝိတက်, ဝိစာရ အစ ရှိသော ဈာန်အင်္ဂါတို့ရှိသော ပထမဈာန်နှင့် ပြည့်စုံစွာနေ၏၊ ထို့အတူ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်နှင့် ပြည့်စုံစွာ နေ၏။

ဤသို့လျှင် ကာမဂုဏ်အာရုံတို့မှ ကင်း၍ အကုသိုလ်တို့မှကင်း၍ ထိုထိုအာရုံတို့၌ အာရုံမပြုသော၊ လျစ်လျူရှုခြင်း သဘော ရှိသော ဥပေက္ခာနှင့် ကမ္မဋ္ဌာန်းအာရုံ တစ်ခုတည်း၌သာလျှင် အာရုံရှိသော ဧကဂ္ဂတာတို့သာလျှင်ရှိသော စတုတ္ထဈာန်နှင့် ပြည့်စုံသောရဟန်း၏ သန္တာန်၌ ဖြစ်သောသမာဓိသည် သမ္မာသမာဓိမည်၏။

မဂ္ဂသစ္စာ နိဂုံး

ရဟန်းတို့- ဤပြဆိုအပ်ခဲ့ပြီးသော မဂ္ဂင်ရှစ်ပါးတို့သည် ဒုက္ခတို့၏ချုပ်ငြိမ်းရာ နိရောဓဟူသော နိဗ္ဗာန်သို့သွားရာ သွားကြောင်း၊ ရောက်ရာ ရောက်ကြောင်း ဖြစ်သော ဒုက္ခနိရောဓဂါမိနီအရိယသစ္စာ မည်၏ဟု ဟောတော်မူသည်။

မဂ္ဂင်ရှစ်ပါးအဓိပ္ပာယ်သည် ပါဠိတော်လာ မြတ်စွာဘုရား ကိုယ်တော်တိုင် ရှင်းလင်း ပြသကာ ဟောတော်မူသည့်အတိုင်း ရှင်းလင်းစွာ သိရှိနားလည်အပ်သည်ဖြစ်၍ ပါဠိတော်အတိုင်း ဖော်ပြလိုက်သည်။

မဂ္ဂင်ရှစ်ပါးတို့၏ လက္ခဏာများ

မဂ္ဂင်ရှစ်ပါးတို့တွင် --
သမ္မာဒိဋ္ဌိသည် ကောင်းစွာမြင်ခြင်း လက္ခဏာရှိ၏။
သမ္မာသင်္ကပ္ပသည် သမ္ပယုတ်တရားတို့ကို အာရုံသို့ ကောင်းစွာတင်ပို့ခြင်း လက္ခဏာရှိ၏။
သမ္မာဝါစာသည် ကောင်းစွာသိမ်းဆည်းခြင်း လက္ခဏာရှိ၏။
သမ္မာကမ္မန္တသည် ကောင်းစွာ ထကြွပြုလုပ်စေခြင်း လက္ခဏာရှိ၏။
သမ္မာအာဇီဝသည် သမ္ပယုတ်တရားတို့ကို ကောင်းစွာ ဖြူစင်စေခြင်း လက္ခဏာရှိ၏။
သမ္မာဝါယာမသည် ကောင်းစွာ အားထုတ်ချီးမြှောက်ခြင်း လက္ခဏာရှိ၏။
သမ္မာသတိသည် အာရုံ၌ ကောင်းစွာထင်ခြင်း လက္ခဏာရှိ၏။
သမ္မာသမာဓိသည် ကောင်းစွာဆောက်တည်ခြင်း အာရုံ၌တည်ခြင်းလက္ခဏာရှိ၏။

မဂ္ဂင်တစ်ပါးစီ၏ ကိစ္စသုံးမျိုး

မဂ္ဂင်ရှစ်ပါးတို့တွင် တစ်ပါးတစ်ပါး၌ ကိစ္စသုံးမျိုး သုံးမျိုးရှိကြကုန်၏။ ထိုကိစ္စတို့သည် ကား ဤသို့ဖြစ်ကုန်၏။

၁။ သမ္မာဒိဋ္ဌိသည် --
(က) မိမိနှင့် ဆန့်ကျင်ဘက်ဖြစ်ကုန်သော ကိလေသာတို့နှင့်တကွ မိစ္ဆာဒိဋ္ဌိကို ပယ်သတ်၏။
(ခ) နိရောဓကို အာရုံပြု၏။
(ဂ) နိရောဓကို ဖုံးလွှမ်းသော မောဟကို ပယ်ဖျောက်သည်၏ အစွမ်းအားဖြင့် မောဟကင်းသည် ဖြစ်၍ မိမိနှင့် ယှဉ်ဖော်ယှဉ်ဖက် ဖြစ်ကုန်သော သမ္ပယုတ်တရား တို့ကိုလည်း မြင်စေ၏။

၂။ သမ္မာသင်္ကပ္ပသည် --
(က) မိမိနှင့် ဆန့်ကျင်ဘက်ဖြစ်ကုန်သော ကိလေသာတို့နှင့် တကွ မိစ္ဆာသင်္ကပ္ပကို ပယ်၏။
(ခ) နိရောဓကို အာရုံပြု၏။
(ဂ) သမ္ပယုတ်ဖြစ်သော တရားတို့ကို အာရုံသို့တင်၏။ ပို့၏။

၃။ သမ္မာဝါစာသည် --
(က) မိမိနှင့် ဆန့်ကျင်ဘက် ဖြစ်ကုန်သော ကိလေသာတို့နှင့် တကွ မိစ္ဆာဝါစာကို ပယ်၏။
(ခ) နိရောဓကို အာရုံပြု၏။
(ဂ) သမ္ပယုတ်တရား တို့ကို စည်းရုံး၏။ ဆွဲဆောင်၏။

၄။ သမ္မာကမ္မန္တသည် --
(က) မိမိနှင့် ဆန့်ကျင်ဘက်ဖြစ်ကုန်သော ကိလေသာတို့နှင့် တကွ မိစ္ဆာကမ္မန္တ ကို ပယ်၏။
(ခ) နိရောဓကိုအာရုံပြု၍။
(ဂ) သမ္ပယုတ်တရား တို့ကို ထကြွစေ၏။ ပြုလုပ်စေ၏။

၅။ သမ္မာအာဇီဝသည် --
(က) မိမိနှင့် ဆန့်ကျင်ဘက်ဖြစ်ကုန်သော ကိလေသာတို့ကို ပယ်၏။
(ခ) နိရောဓကို အာရုံပြု၏။
(ဂ) သမ္ပယုတ်တရားတို့ကို ဖြူစင်စေ၏။

၆။ သမ္မာဝါယာမသည် --
(က) မိမိနှင့် ဆန့်ကျင်ဘက်ဖြစ်သော ကိလေသာတို့နှင့် တကွ မိစ္ဆာဝါယာမကို ပယ်၏။
(ခ) နိရောဓကို အာရုံပြု၏။
(ဂ) သမ္ပယုတ် တရားတို့ကို ချီးမြှောက်အားပေး၏။

၇။ သမ္မာသတိသည် --
(က) မိမိနှင့် ဆန့်ကျင်ဘက်ဖြစ်သော ကိလေသာတို့နှင့်တကွ မိစ္ဆာသတိကိုပယ်၏။
(ခ) နိရောဓကို အာရုံပြု၏။
(ဂ) သမ္ပယုတ်တရားတို့ကို အာရုံ၌ ကောင်းစွာထင်စေ၏။

၈။ သမ္မာသမာဓိသည် --
(က) မိမိနှင့် ဆန့်ကျင်ဘက်ဖြစ်သော ကိလေသာတို့နှင့်တကွ မိစ္ဆာသမာဓိကိုပယ်၏။
(ခ) နိရောဓကို အာရုံပြု၏။
(ဂ) သမ္ပယုတ်တရားတို့ကို အာရုံ၌ တည်စေ၏။

ဤသို့လျှင် မဂ္ဂင်ရှစ်ပါးတို့သည် အသီးအသီး ကိစ္စသုံးမျိုးစီ ဆောင်ရွက်ကြကုန်၏၊ ရှိကြကုန်၏။

မဂ္ဂင်ရှစ်ပါးကို ဒေသနာက္ကမ အစဉ်ဖြင့် ဟောတော်မူဟန်

မဂ္ဂင်ရှစ်ပါးကို သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ စသည်ဖြင့် ဒေသနာက္ကမ အစဉ်ပြု၍ ဟောတော်မူဟန် -

၁။ မဂ္ဂင်ရှစ်ပါးတို့တွင် နိဗ္ဗာန်သို့ ရောက်လိုသည်ဖြစ်၍ တရားအားထုတ်သော ယောဂီအား ကျေးဇူးများသော သမ္မာဒိဋ္ဌိမဂ္ဂင်ကို ပထမဦးဆုံး ဟောတော်မူသည် ဟူ၏။ အကြောင်းမူကား- သမ္မာဒိဋ္ဌိသည် ပညာရောင်ရှိ၏။ ပညာဓားဖြစ်၏ ဟူ၍ ဆိုအပ်၏။ ထိုသမ္မာဒိဋ္ဌိပညာဖြင့် တရားအားထုတ်သောပုဂ္ဂိုလ်၌ ရှေးအဖို့ ကပင်လျှင် ဝိပဿနာဉာဏ်ဟု ဆိုအပ်သောသမ္မာဒိဋ္ဌိဖြင့် အဝိဇ္ဇာတည်းဟူသော မှောင်ကို ပယ်ဖျောက်၍ ကိလေသာဓားပြတို့ကို သတ်ဖြတ်ပြီးလျှင် ဘေးကင်းသည် ဖြစ်၍ နိဗ္ဗာန်သို့ရောက်၏။ ထို့ကြောင့် သမ္မာဒိဋ္ဌိမဂ္ဂင်ကို ပထမဟောတော်မူသည်။

၂။ သမ္မာဒိဋ္ဌိမဂ္ဂင်အား ကျေးဇူးများသည်ဖြစ်၍ ဒုတိယ သမ္မာသင်္ကပ္ပမဂ္ဂင်ကို ဟောတော်မူသည်။ သမ္မာသင်္ကပ္ပမဂ္ဂင်သည် စူးစမ်းဆင်ခြင်ရွေးချယ်၍ ကောင်းစွာ ပေးသောတရားကို ယောဂီသည်ပွားများခြင်းကိုပြု၏။ ထို့ကြောင့် သမ္မာဒိဋ္ဌိမဂ္ဂင်၏ အခြားမဲ့၌ သမ္မာသင်္ကပ္ပမဂ္ဂင်ကို ဟောတော်မူသည်။

၃။ သမ္မာသင်္ကပ္ပမဂ္ဂင်သည် သမ္မာဒိဋ္ဌိမဂ္ဂင်အား ကျေးဇူးများသကဲ့သို့ပင် သမ္မာဝါစာ သည် သမ္မာသင်္ကပ္ပမဂ္ဂင်အားလည်း ကျေးဇူးများသည်ဖြစ်၍ တတိယ သမ္မာဝါစာ မဂ္ဂင်ကို ဟောတော်မူသည်။

၄။ ဤကိစ္စ ဤကိစ္စတို့ကို ဆောင်ရွက်ကြမည်ဟူ၍ ရှေးဦးစွာ နှုတ်ဖြင့် ပြောဆို တိုင်ပင် စီစဉ်ကြပြီးမှ အမှုကိစ္စကို ဆောင်ရွက်ကြကုန်၏။ ထို့ကြောင့် သမ္မာဝါစာ၏ အခြားမဲ့၌ စတုတ္ထမြောက် သမ္မာကမ္မန္တ မဂ္ဂင်ကို ဟောတော်မူသည်။

၅။ ဝစီဒုစရိုက်လေးပါး၊ ကာယဒုစရိုက်သုံးပါးတို့ကိုပယ်၍ သုစရိုက်တို့နှင့် ပြည့်စုံ သော ယောဂီအားသာလျှင် အာဇီဝဋ္ဌမကသီလနှင့် ပြည့်စုံသည်ဖြစ်၍ သမ္မာဝါစာ၊ သမ္မာသင်္ကပ္ပမဂ္ဂင်တို့၏ အခြားမဲ့ ပဉ္စမမြောက် သမ္မာအာဇီဝမဂ္ဂင်ကို ဟောတော်မူ သည်။

၆။ စင်ကြယ်သော အာဇီဝသီလရှိသောပုဂ္ဂိုလ်သည် “ငါ၏ အာဇီဝသည် သန့်ရှင်း ဖြူစင်ပြီ”ဟူ၍ စိတ်လျှော့ ပေါ့ပျက်စွာ မနေမူ၍ ဣရိယာပုထ်တိုင်း၌ ဝီရိယဖြင့် သူတော်ကောင်းတရားကိုပွားများအားထုတ်အပ်သည်ဟု ပြခြင်းငှာ သမ္မာဝါယာမ မဂ္ဂင်ကို ဆဋ္ဌမမြောက် ဟောတော်မူသည်။

၇။ အားထုတ်အပ်သော ဝီရိယရှိသောယောဂီသည် ကာယာနုပဿနာ အစရှိသော တရားတို့၌ထင်သော သတိရှိစေခြင်းငှာ သတ္တမမြောက် သမ္မာသတိမဂ္ဂင်ကို ဟောတော်မူသည်။

၈။ ကောင်းမွန်စွာ ထင်သောသတိဖြင့် ယူအပ်သော တရားတို့ကို တစ်ခုတည်းသော အာရုံ၌ထားခြင်းငှာသင့်လျော်သည်ဖြစ်၍ သမ္မာသတိမဂ္ဂင်၏အခြားမဲ့ အဌမ မြောက်၌ သမ္မာသမာဓိမဂ္ဂင်ကို ဟောတော်မူသည်။

ဤသည်ကား မဂ္ဂင်ရှစ်ပါးတရားတော်ကို ဒေသနာက္ကမအားဖြင့် မြတ်စွာဘုရား ဟောတော်မူဟန်တည်း။

မဂ္ဂသစ္စာ နိဂုံးချုပ်

ပြဆိုအပ်ခဲ့ပြီးသော ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ- ဟူကုန်သော သစ္စာလေးပါးတရားတို့ကို မိမိအဇ္ဈတ္တသန္တာန်၌ ဆင်ခြင်ပွားများရမည်။ ရံခါ ဗဟိဒ္ဓဖြစ်သော အခြားသူတို့ သန္တာန်၌ ဆင်ခြင်ပွားများရမည်။ ဖြစ်ခြင်းကိုလည်း သိ၍ ပွားများရမည်။ ပျက်ခြင်းကိုလည်းသိ၍ ပွားများရမည်။ ဤကာယ၌ သဘောတရား တို့သာ ရှိသည်ဟူ၍ သတိ ရှေးရှု ဆင်ခြင်ပွားများရမည်။

ဤသို့ပွားများဆင်ခြင်ခြင်းသည် ဝိပဿနာဉာဏ်နှင့် သတိတိုးပွား အားကောင်း ခြင်းငှာဖြစ်၏။ ယောဂီ၏ စိတ်သည် တဏှာနိဿယ ဒိဋ္ဌိနိဿယတို့ကို မမှီမူ၍နေ၏။ ကာယလောက၌ ရုပ်, ဝေဒနာ, သညာ, သင်္ခါရ၊ ဝိညာဉ်တို့ကို “ဤအရာသည်ကား ငါ၏အတ္တတည်း၊ ငါ၏ဥစ္စာတည်း” ဟု မှားသောအားဖြင့် စွဲလမ်း တပ်မက်ခြင်း မရှိတော့ချေ။

ရဟန်းတို့- ဤသို့လျှင် သစ္စာလေးပါးတရားတို့၌ သစ္စာလေးပါးတရားတို့သာဟူ၍ ဆင်ခြင်ပွားများရမည်ဟု ဟောတော်မူ၍ မဂ္ဂသစ္စာကို နိဂုံးအုပ်တော်မူသည်။

မဂ္ဂသစ္စာ ပြီး၏။

သတိပဋ္ဌာန်လေးပါး တရားတော်ကို ပွားများခြင်း၏ အကျိုးကျေးဇူး

တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်သည် ဤသတိပဋ္ဌာန်တရားလေးပါးတို့တွင် မိမိတို့ နှစ်သက်ရာ စိတ်ဝင်စားရာ ဉာဏ်သက်ရာ တစ်ပါးပါးကို စွဲမြဲစွာ ခုနစ်နှစ်တို့ ပတ်လုံး ပွားများသည်ဖြစ်အံ့၊ အာသဝေါကင်းကွာ၍ လောကအတွင်း၌ အဂ္ဂဒက္ခိဏေယျ= မြတ်သော အလှူကို ခံယူထိုက်သော ရဟန္တာသော်လည်းဖြစ်မည်။ အကယ်၍ ဥပါဒါန်အကြွင်း ကျန်ရှိသေးလျှင် အနာဂါမ်ဖြစ်နိုင်သည်ဟု မိန့်သည်။

ပုဂ္ဂိုလ်အားလျော်စွာ ပါရမီဉာဏ် အနု,အရင့်လိုက်၍ လည်းကောင်း၊ တိက္ခ, မုဒုပုဂ္ဂိုလ် သို့လိုက်၍ လည်းကောင်း၊
၆-နှစ်၊ ၅-နှစ်၊ ၄-နှစ်၊ ၃-နှစ်၊ ၂-နှစ်၊ ၁-နှစ်၊
အချို့ ၇-လ၊ ၆-လ၊ ၅-လ၊ ၄-လ၊ ၃-လ၊ ၂-လ၊ ၁-လ၊ ၁၅-ရက်၊ ၇-ရက်
ပွားများ အားထုတ်ခြင်းဖြင့် အရဟတ္တဖိုလ်သို့ သော်လည်း ရောက်နိုင်၏။ အနာဂါမ် သော်လည်း ဖြစ်နိုင်၏ဟု အားပေးဟောကြားတော်မူသည်။

ရဟန်းတို့ ရာဂအစရှိသော ကိလေသာ အညစ်အကြေးတို့ဖြင့် ပွေလီရှုပ်ထွေး၍ နေကြကုန်သော သတ္တဝါတို့ သန္တာန်၌ --

* ကိလေသာတို့မှ သန့်ရှင်း စင်ကြယ်စေခြင်းငှာ လည်းကောင်း၊
* သောက, ပရိဒေဝတို့မှ လွတ်မြောက်စေခြင်းငှာလည်းကောင်း၊
* ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းတို့မှ ငြိမ်းအေးချုပ်ပျောက်စေခြင်းငှာ လည်းကောင်း၊
* အရဟတ္တဖိုလ်သို့ ရောက်ခြင်းငှာလည်းကောင်း၊
* နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းငှာလည်းကောင်း

ယခု ဟောကြားခဲ့သော သတိပဋ္ဌာန်လေးပါးဟု ဆိုအပ်သော လမ်းကြောင်းသည် တစ်ခုတည်းသော လမ်းကြောင်းပေတည်း၊ နိဗ္ဗာန်ရောက်ကြောင်း တစ်ခုတည်းသော လမ်းကြောင်းဟူ၍ ငါဘုရားဟောကြားခဲ့သည်မှာ ဤသတိပဋ္ဌာန်တရား လေးပါးကိုပင် ရည်ညွှန်း၍ ဟောတော်မူခဲ့ပေသည်ဟု မဟာသတိပဋ္ဌာန်သုတ်တော်ကို နိဂုံးအုပ် တော်မူလေသည်။

အကြမ်းပြီးသော သက္ကရာဇ်

၁၃၄၆-ခုနှစ်၊ ကဆုန်လဆုတ် ၃-ရက်၊
ကြာသပတေးနေ့ နံနက် ၁၀-နာရီ သက်တော် ၉၀-နှင့် ခြောက်လအရတွင် ပြီးသည်။

ကျမ်းပြီးနိဂုံး

၁။ ဓမ္မာနုပဿနာ သတိ၊ ပဋ္ဌာနံ ပဉ္စပဗ္ဗကံ။
ဒုက္ခက္ခယဿ သုမဂ္ဂံ၊ ယထာဗလံ သုဝဏ္ဏိတံ။

၂။ အနေန ဓမ္မဒါနေနံ၊ တဏှာယ စ ဒုက္ခဿ စ။
နိရောဓံ သီဃံ ပပ္ပောမိ၊ သုသုခံ ဗုဒ္ဓထောမိတံ။

၃။ ဣမဿ ပုညကမ္မဿ၊ အာနုဘာဝေန သာဓဝေါ။
သုခိတာ မုဒိတာ ဟောန္တု၊ ဇာနန္တု ဓမ္မမုတ္တမံ။

နိဿယ (အဓိပ္ပာယ် ဖွင့်ဆိုချက်):

၁။ မယာ၊ ပဏ္ဍိတဟု နာမမည်တွင် ငါအရှင်သည်။
ဒုက္ခက္ခယဿ၊ ဒုက္ခတို့၏ ကုန်ငြိမ်းရာဖြစ်သော နိဗ္ဗာန်၏။
သုမဂ္ဂံ၊ သွားရာသွားကြောင်း လမ်းကောင်းဖြစ်သော။
ပဉ္စပဗ္ဗကံ၊ ငါးပိုင်းငါးကဏ္ဍ ရှိသော။
ဓမ္မာနုပဿနာ သတိပဋ္ဌာနံ၊ ဓမ္မာနုပဿနာ သတိပဋ္ဌာန် တရားတော်ကို။
ယထာဗလံ၊ စွမ်းအား ရှိသလောက်။
သုဝဏ္ဏိတံ၊ ကောင်းစွာဖွင့်ဆို ရေးသားအပ်လေပြီ။

၂။ အနေန ဓမ္မဒါနေန၊ ဓမ္မာနုပဿနာသတိပဋ္ဌာန် တရားတော်ကို ဖွင့်ဆိုရေးသား ပူဇော်အပ်သော ဤ ဓမ္မဒါနကောင်းမှုကံ စေတနာကြောင့်။
တဏှာယ စ၊ သမုဒယသစ္စာ တဏှာ၏လည်းကောင်း။
ဒုက္ခဿ စ၊ ဇာတိ အစရှိသော ဒုက္ခအပေါင်း၏လည်းကောင်း။
နိရောဓံ၊ ချုပ်ငြိမ်းရာဖြစ်သော။
ဗုဒ္ဓထောမိတံ၊ မြတ်စွာဘုရားသည် ချီးမွမ်းတော်မူအပ်သော။
သုသုခံ၊ အလွန်ချမ်းမြေ့လှစွာသော နိဗ္ဗာန်သို့။
သီဃံ၊ လျင်မြန်စွာ။
ပပ္ပောမိ၊ ဆိုက်ရောက်ရပါလို၏။

၃။ ဣမဿ ပုညကမ္မဿ၊ ဤဓမ္မဒါန ကောင်းမှု၏။
အာနုဘာဝေန၊ အရှိန်အစော် အာနုဘော်ကြောင့်။
သာဓဝေါ၊ ရှင်လူအပေါင်း သူတော်ကောင်းတို့သည်။
သုခိတာ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းရှိကြကုန်သည်။
မုဒိတာ၊ ကြည်သာရွှင်လန်း ဝမ်းသာခြင်းရှိကြကုန်သည်။
ဟောန္တု၊ ဖြစ်ကြပါစေကုန်သတည်း။
ဥတ္တမံ၊ မြတ်သော။
ဓမ္မံ၊ မဟာသတိပဋ္ဌာန် တရားတော်ကို။
ဇာနန္တု၊ မောဟကင်းစင် ဉာဏ်၌ ထင်၍ ကိုယ်တိုင်သိမြင်ကြပါစေကုန်သတည်း။

အရှင်ပဏ္ဍိတထေရ်၊
ရွှေဟင်္သာဆရာတော်၊
ရွှေဟင်္သာတိုက်သစ်၊ စစ်ကိုင်းတောင်ရိုး၊

၁၃၄၆-ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀-ရက်
ကြာသပတေးနေ့။