မာတိကာသို့ ခုန်သွားရန်

မဟာသတိပဋ္ဌာန် အဓိပ္ပါယ်ကောက်

ဝီကီရင်းမြစ် မှ
5815မုံတောဆရာတော်

မုံတောဆရာတော် စီရင် ရေးသားအပ်သော

မဟာသတိပဋ္ဌာန် အဓိပ္ပါယ်ကောက်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ပဏာမ-ပဋိညာဉ်

▬▬▬▬▬▬▬

(က) ဝန္ဒိတွာသတိပ္ပဋ္ဌာန
သုတ္တံ သုဒေသကံ ဇိနံ
ဧကေနောပါသကေနာဟံ
သုဘာဝေတုံ သုယာစိတော
[ပဌမ မကာ ဝိပုလာဂါထာ]

(ခ) မဟာသတိပဋ္ဌာနဿ
သာဓူနံ သုခကာမာနံ
သုလိက္ခိဿံ အဓိပ္ပါယ-
ပကာသနံ သမာသေန
[ဝတ္တဂါထာ]

(က) အဟံ = ငါသည်၊
သတိပ္ပဋ္ဌာနသုတ္တံ = မဟာသတိပဋ္ဌာနသုတ်ကို၊
သုဒေသကံ = ကောင်းစွာ ဟောတော်မူတတ်သော၊
ဇိနံ = မြတ်စွာဘုရားကို၊
ဝန္ဒိတွာ-ဝန္ဒာမိ = အလွန်ရိုသေစွာ ရှိခိုးပါ၏၊
ဝန္ဒိတွာ = အလွန်ရိုသေစွာ ရှိခိုးပြီး၍၊
ဧကေန = တစ်ယောက်သော၊
သန္တေန = သူတော်ကောင်း ဖြစ်သော၊
ဥပါသကေန = "တကာ စံမှတ်" အမည်ရှိသော ဥပါသကာသည်၊၊
သုယာစိတော = ရိုသေစွာ တောင်းပန်အပ်သည်ဖြစ်၍၊

(ခ) သုခကာမနံ = မဂ်ဖိုလ်နိဗ္ဗာန်ချမ်းသာကို အလိုရှိကုန်သော၊
သာဓူနံ = သူတော်ကောင်း တို့အား၊
သုဘာဝေတုံ = သတိပဋ္ဌာန်လေးပါးကို ပွားလွယ်စေခြင်းငှါ၊
မဟာသတိပဋ္ဌာနဿ = မဟာ သတိပဋ္ဌာနသုတ်၏၊
သမာသေန = အကျဉ်းအားဖြင့်၊
အဓိပ္ပါယပကာသနံ = သဘောအဓိပ္ပါယ်မျှကို ပြရာပြကြောင်း ဖြစ်သောကြောင့် "အဓိပ္ပါယ် ပကာသနီ" အမည်ရှိသော နိဿယည်းကျမ်းကို၊
သုလိက္ခိဿမိ = ကောင်းစွာ ရေးပေအံ့။

နိဒါန်း

▬▬▬▬▬▬▬

သုလိက္ခိဿံ-ဟူသော ပဋိညာဉ်၏ ပဋိညာတဗ္ဗဖြစ်သော အဓိပ္ပါယပကာသနံ-ပါဌ် ၌ အဓိပ္ပါယ်ကား-

၁။ ကုရုတိုင်းတွင် ကျားကြောင်သော ခြေရှိသော လူသားစား ပေါရိသာဒ ဘီလူးကို ဆုံးမရာဖြစ် သောကြောင့် ကမ္မာသဒမ္မ အမည်ရှိသော နိဂုံး၌ သဗ္ဗညုမြတ်စွာဘုရား သီတင်းသုံးနေတော်မူသော အခါ၌ -

ဥဒ္ဒေသ

▬▬▬▬▬▬▬

၂။ (၁) ရာဂအစရှိသော အညစ်အကြေးတို့ဖြင့်လည်းကောင်း, အဘိဇ္ဈာ ဝိသမ လောဘ အစရှိကုန်သော ကိလေသာတရားတို့ဖြင့်လည်းကောင်း ညစ်ညူးသော စိတ်ရှိ ကုန်သော သတ္တဝါတို့၏ စိတ်အညစ်အကြေးကို အထူးသဖြင့် စင်ကြယ်စေခြင်း အကျိုး၊

(၂) စိုးရိမ်သောကမီးကို လွန်ခြင်း, ပယ်ဖျောက်ခြင်းအကျိုး၊

(၃) ငိုကြေးမြည်တမ်းခြင်း ပရိဒေဝမီးကို လွန်ခြင်း ပယ်ဖျောက်ခြင်းအကျိုး၊

(၄) ကိုယ်၏ ဆင်းရဲခြင်း, ဒုက္ခမီးကို ငြိမ်းစေ, ချုပ်စေခြင်းအကျိုး၊

(၅) စိတ်နှလုံးမသာယာခြင်း, ထိတ်လန့်ခြင်း ဒေါမနဿ မီးကို ငြိမ်းစေခြင်းအကျိုး၊

(၆) အရိယာမဂ်ကို ရစေခြင်းအကျိုး၊

(၇) အသင်္ခတဓာတ်နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်းအကျိုး- အားဖြင့် ခုနစ်ပါး အပြား ရှိသော အကျိုးထူး အကျိုးမြတ်တို့ကို ရစေ, ပြည့်စုံစေတတ်သော ဟောကြားတော်မူ အပ်သော သတိပဋ္ဌာန်သည် -

(၁) ကာယာနုပဿနာ သတိပဋ္ဌာန်
(၂) ဝေဒနာနုပဿနာ သတိပဋ္ဌာန်
(၃) စိတ္တာနုပဿနာ သတိပဋ္ဌာန်
(၄) ဓမ္မာနုပဿနာ သတိပဋ္ဌာန်-

အားဖြင့် လေးပါးအပြားရှိ၏။ ထိုလေးပါးတို့တွင် -

(က) လက်ခြေ အင်္ဂါကြီးငယ်အစရှိသောအပေါင်း, မကောင်း စက်ဆုပ်ရွံရှာဖွယ် ဆံ,အမွေး, ခြေသည်း လက် သည်း, သွား, အရေထူ အရေပါး စသော သုံးဆယ့် နှစ်ပါးသော စက်ဆုပ်ရွံရှာဖွယ် အစုတို့၏ဖြစ်ရာ ရူပကာယ ခန္ဓာကိုယ်ကို အောက်မေ့ သိမ်းဆည်းခြင်း သတိသည် ကာယာ နုပဿနာ သတိပဋ္ဌာန်မည်၏။

(ခ) သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာ အားဖြင့်သုံးပါးသော အပြားရှိသော လောကီ ဖြစ်သော ဝေဒနာကို အောက်မေ့ သိမ်းဆည်းခြင်း သတိသည် ဝေဒနာနုပဿနာ သတိပဋ္ဌာန် မည်၏။

(ဂ) သရာဂစိတ် စသော တစ်ဆယ့်ခြောက်ပါးအပြားရှိသော လောကီဖြစ်သော စိတ်ကို အောက်မေ့ သိမ်းဆည်းခြင်း သတိသည် စိတ္တာနုပဿနာ သတိပဋ္ဌာန် မည်၏။

(ဃ) နီဝရဏငါးပါးအစ သစ္စာလေးပါးတရား အဆုံးရှိသော ငါးပါးအပြားရှိသော တရားကို အောက်မေ့ သိမ်းဆည်းခြင်း သတိသည် ဓမ္မာနုပဿနာ သတိပဋ္ဌာန်မည်၏ ဟူလို။

သတိပဋ္ဌာန်လေးပါးအကျဉ်းသရုပ် ဥဒ္ဒေသ ပြီး၏။

ကာယာနုပဿနာ ၁- အာနာပါနပိုင်း

▬▬▬▬▬▬▬

၁။ ထိုဆိုအပ်ပြီးသော သတိပဋ္ဌာန်လေးပါးတို့တွင် ကာယာနုပဿနာ သတိပဋ္ဌာန်၌ -
၁။ အာနာပါနပဗ္ဗ
၂။ ဣရိယာပထပဗ္ဗ
၃။ သမ္ပဇာနပဗ္ဗ
၄။ ပဋိကူလမနသိကာရပဗ္ဗ
၅။ ဓာတုမနသိကာပဗ္ဗ
၆-၁၄။ နဝသိဝထိကာရပဗ္ဗ -
အားဖြင့် တစ်ဆယ့်လေးပိုင်း အပြားရှိသည်သာလျှင် ဖြစ်၏။ ထိုတစ်ဆယ့် လေးပိုင်း တို့တွင်-

၁။ အာနာပါနပဗ္ဗ၌ -

(က) ဥပမာကား လိမ္မာသော ပန်းပွတ်သမားသည် စည်ကြီး အစရှိသည်ကို ပွတ်လုပ်သောအခါ ပွတ်ကြိုးကို ရှည်ရှည် ဆွဲငင်သကဲ့သို့ ဆံထိုး ဆံကျင် အစ ရှိသည်ကို ပွတ်လုပ်သောအခါ ပွတ်ကြိုးကို တိုတိုဆွဲငင်သကဲ့သို့ ထို့အတူ ထွက်သက် ဝင်သက်ကို ရှည်ရှည်ဖြစ်စေသည် တိုတို ဖြစ်စေသည်ဟု အောက်မေ့ခြင်းသတိကို ပြုရာ၏။

(ခ) ထိုသို့ ထွက်သက် ဝင်သက်ကိုအရှည်အတိုအားဖြင့် အောက်မေ့ သိမ်းဆည်းခြင်း သတိရှိပြီး သော် -

(၁) ငါ၏ထွက်သက် ဝင်သက်သည် အဘယ်ကိုအစွဲ အမှီပြုသနည်း။ လေးပါးသော မဟာဘုတ်, ဥပါဒါရုပ်ဟူသော ကရဇကာယကို စွဲမှီ၍ ဖြစ်၏။ ထို ထွက်သက် ဝင်သက် အဿာသ ပဿာသ ကရဇကာယသည် ရုပ်မည်၏။

(၂) ထိုရုပ်ကို အာရုံပြု၍ဖြစ်သော အာရုံကို တွေ့တတ်သော ဖဿ, အာရုံကို ခံစားတတ်သော ဝေဒနာ, အာရုံကို မှတ်၍ သိတတ်သော သညာ, အာရုံသို့ရှေ့ရှု တင်တတ် စေ့ဆော်တတ်သော စေတနာ, အာရုံကို အထူးသဖြင့် သိတတ်သော ဝိညာဏ်အားဖြင့် ဖဿပဉ္စကတရား ငါးပါးသည် နာမ်မည်၏ ဟု ရုပ်နာမ်တရားကို သိမ်းဆည်း ပြီး၍ -

(၃) ရုပ်နာမ်၏အကြောင်းကား အဘယ်နည်း။ အဝိဇ္ဇာ တဏှာ ကံ အာဟာရစသော တရားသာ လျှင်တည်းဟု သိမြင်ပြီးလျှင် အကြောင်းအကျိုး ပစ္စည်း ပစ္စယုပ္ပန်မျှသာ ဖြစ်သည်။ သတ္တဝါ ပုဂ္ဂိုလ်ဟူ၍ တရားကိုယ် အသီး အခြား မရှိပြီဟု ယုံမှားခြင်း မရှိမူ၍

(၁) ရုပ်နာမ်တရားတို့ ဖြစ်ပြီး၍ ဖြစ်တိုင်းမတည်၊ ကုန်တတ် ကင်းတတ်သော သဘောကြောင့် အနိစ္စ သာတည်း။

(၂) ဖြစ်ခြင်း ပျက်ခြင်းတို့ဖြင့် မပြတ်နှိပ်စက်တတ်သော ဘေးဟူသော သဘောကြောင့် ဒုက္ခ သာတည်း။

(၃) အစိုးမရ, အစိုးမပိုင်, ကိုယ်မဟုတ်, အနှစ်မရှိသော သဘောကြောင့် အနတ္တသာတည်း -

ဟု လက္ခဏာရေးသုံးပါးသို့တင်၍ ဝိပဿနာကို ပွားစေ၍ အစဉ်သဖြင့် အရဟတ္တဖိုလ် သို့ ရောက်သည်သာလျှင် ဖြစ်၏ ဟူလိုသည်။

သစ္စာလေးပါး ခွဲပြချက်

(၁) အဿာသ ပဿာသဟူသော ထွက်သက် ဝင်သက်ကိုအောက်မေ့ သိမ်းဆည်း တတ်သော သတိသည် ဒုက္ခသစ္စာမည်၏။

(၂) ထို ဒုက္ခ၏အကြောင်းရင်း၏ အဖြစ်အားဖြင့် ဖြစ်စေတတ်သော ရှေးဘဝ၌ ပြီးပြီးသော လောဘ သည် သမုဒယသစ္စာ မည်၏။

(၃) ထိုသစ္စာနှစ်ပါးတို့၏ မဖြစ်ရာ ချုပ်ရာဖြစ်သော အသင်္ခတဓာတ်နိဗ္ဗာန်သည် နိရောဓသစ္စာ မည်၏။

(၄) ဒုက္ခသစ္စာကို ပိုင်းခြား၍ သိတတ်သော သမုဒယသစ္စာကို ပယ်တတ်သော နိရောဓသစ္စာလျှင် အာရုံရှိသော ကောင်းမွန် လွန်မြတ်သော အကျင့်ဖြစ်သော သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ, သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိဟုဆိုအပ်သော အရိယာ မဂ္ဂင် တရားကိုယ်ရှစ်ပါးသည် မဂ္ဂသစ္စာ မည်၏။

ဤသို့ သစ္စာလေးပါးတို့၏အစွမ်းအားဖြင့် လုံ့လပြု၍ နိဗ္ဗာန်သို့ ရောက်သည်သာလျှင် ဖြစ်၏။ ထို့ကြောင့် သစ္စာလေးပါးသို့ တင်၍လည်း စီးဖြန်းရာ, ပွားများစေရာသည်။

[ဤကား အာနပါနပဗ္ဗ၌ အကျဉ်းဖြစ်သော အဓိပ္ပါယ်တည်း။]

ကာယာနုပဿနာ ၂- ဣရိယာပထပိုင်း

▬▬▬▬▬▬▬▬

၂။ ဣရိယာပထပဗ္ဗ၌ -

(က) ခွေး, မြေခွေး အစရှိသော သတ္တဝါတို့သည် သွားကုန် ရပ်ကုန် ထိုင်ကုန် လျောင်းကုန်သည် ရှိသော် သွားကုန် ရပ်ကုန် ထိုင်ကုန် လျောင်းကုန်သည်ဟု အကယ်၍ကား သိကုန်၏၊ ထိုသို့ သိကုန် သော်လည်း ထိုခွေး, မြေခွေးစသည်တို့၏ သိခြင်းကိုရည်၍ ဂစ္ဆန္တော စသည်ကို ဟောတော်မမူအပ်၊ ဤခွေး, မြေခွေး စသည်တို့၏ သိခြင်းသည် သတ္တဝါဟူသော အယူကိုလည်း မစွန့်၊ သတ္တဝါဟူသော အမှတ်ကိုလည်း မခွါ၊ ကမ္မဋ္ဌာန်းလည်း မဖြစ်၊ သတိပဋ္ဌာန်ကို ပွားစေသည်လည်း မဖြစ်။

(ခ) ဣရိယာပုတ်လေးပါးကို အောက်မေ့သိမ်းဆည်းသော ယောဂီပုဂ္ဂိုလ်၏ သိခြင်းသည်ကား သတ္တဝါဟူသော အယူကို စွန့်၏။ သတ္တဝါဟူသော အမှတ်ကိုလည်း စွန့်၏။ ကမ္မဋ္ဌာန်းလည်း ဖြစ်၏။ သတိပဋ္ဌာန်ကို ပွားစေသည်လည်း ဖြစ်၏။ ထို့ကြောင့် သွားလျှင် သွား၏။ ရပ်လျှင် ရပ်၏။ထိုင်လျှင် ထိုင်၏။ လျောင်းလျှင် လျောင်း၏။ အောက်မေ့သိမ်းဆည်းခြင်း သတိကို ဖြစ်စေရာသည်။

အဘယ်သို့ ဖြစ်စေရာသနည်းဟူမူကား။

(ဂ) သွား၏, ရပ်၏, ထိုင်၏, လျောင်း၏ ဟူသည် တစ်စုံတစ်ယောက်သော သတ္တဝါတို့သည် သွားသည်, ရပ်သည်, ထိုင်သည်, လျောင်းသည် မရှိပြီ။ သွားမည်, ရပ်မည်, ထိုင်မည်, လျောင်းမည်ဟု ဖြစ်သော စိတ်သည် ဝါယောဓာတ်ကို ဖြစ်စေ တတ်သည်။ ထိုစိတ္တဇဝါယောဓာတ် ပျံ့သဖြင့် တစ်ကိုယ် လုံး ရှေ့သို့ တက်သည်ကို သွားသည်။ တစ်ကိုယ်လုံး ထောင်၍ နေသည်ကို ရပ်သည်။ အောက်တစ်ပိုင်း ကွေးလျက် အထက်တစ်ပိုင်း ထောင်လျက်ရှိသည်ကိုသာ ထိုင်သည်။ တစ်ကိုယ်လုံး ဖီလာဆန့် လျက်ရှိ သည်ကိုသာ လျောင်းသည် ဆိုရချေသည်။

(ဃ) ဥပမာကား နွားလေးခုက၍ လှည်းသမား လှည်းနှင်သည်ရှိသော် လှည်းသွား သည်, လှည်း ရပ်သည်ဟူ၍ ခေါ်ဝေါ်သမုတ်ခြင်းမျှသာ ဖြစ်သကဲ့သို့ ထို့အတူ လှည်းသမားနှင့်တူသော သွားလို, ရပ်လို, ထိုင်လို, လျောင်းလိုသော စိတ်သည် နွားနှင့်တူသော စိတ္တဇဝါယောဓာတ်ကို ဖြစ်စေသည်ရှိသော်

၁။ ထို စိတ္တဇဝါယောဓာတ် ပျံ့သဖြင့် လှည်းနှင့်တူသော တစ်ကိုယ်လုံးရှေ့သို့ တက်သည်ကို သွားသည်။

၂။ တစ်ကိုယ်လုံး ထောင်၍နေသည်ကိုသာ ရပ်သည်။

၃။ အောက်တစ်ပိုင်း ကွေးလျက် အထက်ပိုင်း ထောင်လျက် ရှိသည်ကိုသာ ထိုင်သည်။

၄။ တစ်ကိုယ်လုံး ဖီလာဆန့်လျက် ရှိသည်ကိုသာ လျောင်းသည် ဆိုရချေသည်။

တစ်စုံတစ်ယောက်သော သတ္တဝါ ပုဂ္ဂိုလ် သွားသည်, ရပ်သည်, ထိုင်သည်, လျောင်းသည် မရှိဟု အောက်မေ့ခြင်း သတိကိုဖြစ်စေရာသည်။

သစ္စာလေးပါး ခွဲပြချက်

(၁) ဣရိယာပုထ်လေးပါးကို သိမ်းဆည်းတတ်သောသတိသည် ဒုက္ခသစ္စာ မည်၏။

(၂) ထိုဒုက္ခ၏ အကြောင်းရင်း၏ အဖြစ်အားဖြင့် ဖြစ်စေတတ်သော ရှေးဘဝ၌ ပြီးပြီးသော လောဘသည် သမုဒယသစ္စာ မည်၏။

(၃) ထိုသစ္စာနှစ်ပါးတို့၏ မဖြစ်ရာ ချုပ်ရာဖြစ်သော အသင်္ခတဓာတ်နိဗ္ဗာန်သည် နိရောဓသစ္စာ မည်၏။

(၄) ထိုနိရောဓသစ္စာကို အာရုံပြု၍ ဖြစ်သော ကောင်းမွန်လွန်မြတ်သော အကျင့်ဟု ဆိုအပ်သောမဂ္ဂင် တရားကိုယ်ရှစ်ပါးသည် မဂ္ဂသစ္စာ မည်၏။

ဤသို့ သစ္စာလေးပါးတို့၏ အစွမ်းအားဖြင့်လည်း လုံ့လပြု၍ ဘေးငြိမ်းရာနိဗ္ဗာန်သို့ ရောက်သည် သာလျှင် ဖြစ်၏။ ထို့ကြောင့် စတုသစ္စ ကမ္မဋ္ဌာန်းကိုလည်း စီးဖြန်း အားထုတ် ပွားစေရာ၏ ဟူလိုသည်။

[ဤကား ဣရိယာပထပဗ္ဗ၌ အကျဉ်းဖြစ်သော အဓိပ္ပါယ်တည်း။]

ကာယာနုပဿနာ ၃- သမ္ပဇာနပိုင်း

▬▬▬▬▬▬

၃။ သမ္ပဇာနပဗ္ဗ၌ -

(၁) ရှေ့သို့တက်သည်, နောက်သို့ ဆုတ်သည်။
(၂) ရှေ့တူရူကြည့်သည်, တစောင်းကြည့်သည်။
(၃) ကွေးသည်, ဆန့်သည်။
(၄) အဝတ်ပုဆိုး ဝတ်သည်။
(၅) စားသည်, သောက်သည်, ခဲသည်, လျက်သည်။
(၆) ကျင်ကြီး ကျင်ငယ်စွန့်သည်။
(၇) သွားသည်, ရပ်သည်, ထိုင်သည်, အိပ်သည်, နိုးသည်, စကားပြောဆိုသည်, ဆိတ်ဆိတ်နေသည်တို့၏ အစွမ်းအားဖြင့် ဤခုနစ်ပါးသော အရာတို့၌ ပညာ အဆင်အခြင်ဖြင့် ပြုရာသည်။

အဘယ်သို့ ပြုရာသနည်းဟူမူကား -

(က) အလွန်မိုက်သော ပုထုဇဉ်သည် ရှေ့သို့တက်ခြင်း အစရှိသည်တို့၌ ငါသည် ရှေ့သို့ တက်ခြင်းကိုဖြစ်စေတတ်သည်။ ငါသည် ရှေ့သို့တက်သည်။ ငါသည် ရှေ့သို့တက်ခြင်း ကို ဖြစ်စေအပ် သည်ဟု တွေဝေသကဲ့သို့၊ ထို့အတူ မတွေမဝေဘဲ ရှေ့သို့တက်သည်, နောက်သို့ ဆုတ်သည်, တစ်စုံ တစ်ယောက်သောပုဂ္ဂိုလ်သည် မရှိပြီ။ ရှေ့သို့တက်မည်, နောက်သို့ ဆုတ်မည် စိတ်ဖြစ်သည်ရှိသော် ထိုစိတ်နှင့်အတူဖြစ်သော ဝါယောဓာတ် ပျံ့သောအားဖြင့် ကိုယ်ဟု ခေါ်ဝေါ်သမုတ်အပ်သော အရိုးစုသာ ရှေ့သို့ တက်ရ လေသည်။ နောက်သို့ ဆုတ်ရလေသည်။

(၁) ရှေ့သို့ တက်မည်, နောက်သို့ ဆုတ်မည်ဟု ခြေကို ချီကြွခြင်း - ဥဒ္ဓရဏ
(၂) ခြေကို ရှေ့သို့ ဆောင်ခြင်း - အတိဟရဏ
(၃) ခြေကို ထိုမှသည်မှ ဆောင်ခြင်း - ဝီတိဟရဏ

[ကာလသုံးပါးတို့၌ပထဝီဓာတ်, အာပေါဓာတ်နှစ်ပါးတို့သည် ညံ့ကုန်, အားနည်း ကုန်သည်။ တေဇောဓာတ်, ဝါယောဓာတ် နှစ်ပါးတို့သည် လွန်ကုန်, အားကြီး ကုန်သည်။]

(၄) ခြေကို စွန့်လွတ်ခြင်း - ဝေါသဇ္ဇန
(၅) ခြေကို ချခြင်း - သန္နိက္ခေပန
(၆) ခြေကို မြေနှင့်တကွ ကြပ်ကြပ်နင်းခြင်း - သန္နိရုဇ္ဈန

[ကာလသုံးပါးတို့၌ တေဇောဓာတ်, ဝါယောဓာတ် နှစ်ပါးတို့သည် ညံ့ကုန်, အားနည်း ကုန်သည်။ ပထဝီဓာတ်, အာပေါဓာတ်နှစ်ပါးတို့သည် လွန်ကုန်, အားကြီးကုန်သည်။]

ထိုခြေတစ်လှမ်းကို ခြောက်စု ပြုရာတွင် -

တစ်စုဖြစ်သော ဥဒ္ဓရဏကာလဖြစ်သော နာမ်ရုပ်တရားတို့သည် အတိဟရဏ ကာလသို့ မရောက်ကုန်။

အတိဟရဏကာလ၌ ဖြစ်သော နာမ်ရုပ်တရားသည် ဝီတိဟရဏ, ဝေါသဇ္ဇန, သန္နိက္ခေပနကာလ သို့ မရောက်ကုန် မူ၍ ထိုထိုသို့သော အဖို့အစုတို့၌သာလျှင် အဆစ်အဆစ် အစပ်အစပ် အဖို့အဖို့ ဖြစ်ကုန်၏။ လောလော ပူသော အိုးကင်း၌ထည့်အပ်သောနှမ်းကဲ့သို့ ဖျစ်ဖျစ်အသံ ပြုကုန်လျက် ပျက်လေ, ချုပ်လေ, ပျောက်လေ ကုန်ရာသည်။

(ခ) ရှေ့တူရူကြည့်သည်, တစောင်းကြည့်သည်ကာလ၌လည်း ရှေ့တူရူ ကြည့်သည်, တစောင်း ကြည့်သည် အတွင်း၌ ကိုယ်ဟူ၍ မရှိပြီ။ ရှေ့တူရူ ကြည့်မည်, တစောင်းကြည့်မည်ဟု စိတ်ဖြစ်သည် ရှိသော် ထိုစိတ်နှင့် အတူတကွဖြစ်သော ဝါယောဓာတ်ပျံ့သောအားဖြင့် အောက်မျက်လွှာသည် အောက်သို့ ကျသည်၊ အထက် မျက်လွှာသည် အထက်သို့ တက်သည်ကို ရှေ့တူရူ ကြည့်သည်, တစောင်းကြည့် သည်ဟု ဆိုရချေသည်။ ယန္တရား လှံတံဖြင့် တစ်စုံတစ်ယောက် မျက်လွှာကို ဖွင့်လှစ် ရသည် မရှိပြီ။ စက္ခုဝိညာဉ်ဖြင့် ဒဿနကိစ္စ ကို ပြီးစေလျက် ဖြစ်လေသည်။

(ဂ) လက်ခြေတို့ကို ကွေးသည်,ဆန့်သည်၌လည်း လက်ခြေကို ကွေးတတ်, ဆန့်တတ်သော တစ်စုံတစ်ခုသော ကိုယ်ဟူ၍ မရှိပြီ။ လက်ခြေတို့ကို ကွေးမည်, ဆန့်မည်ဟု စိတ်ဖြစ်သည်ရှိသော် ထိုစိတ်နှင့် အတူတကွဖြစ်သော ဝါယောဓာတ် ပျံ့သောအားဖြင့် ဆွဲငင်သော ယန္တရား ရုပ်သေးလက်ခြေ လှုပ်သကဲ့သို့ ကွေးခြင်း, ဆန့်ခြင်း ဖြစ်လေသည်။

(ဃ) အဝတ်ပုဆိုး ဝတ်ရုံသည်၌လည်း အဝတ်ပုဆိုးကို ဝတ်တတ်, ရုံတတ်သော သတ္တဝါကိုယ် မည်သည် မရှိပြီ။ အဝတ်ပုဆိုး ဝတ်လို၌ရုံလိုသော စိတ်ဖြစ်သည် ရှိသော် ထိုစိတ်နှင့် အတူတကွဖြစ် သော စိတ္တဇဝါယောဓာတ် ပျံ့သောအားဖြင့် အဝတ် ပုဆိုး ဝတ်သည်, ရုံသည်ဟု ဖြစ်လေသည်။ အဝတ်ပုဆိုး ကလည်း ငါသည် ကိုယ်ကို ဝတ်ရုံဖုံးလွှမ်းသည်ဟု မသိ၊ ကိုယ်ကလည်း ငါ့ကို အဝတ်ပုဆိုး ဝတ်ရုံဖုံးလွှမ်း လေသည်ဟူ၍ မသိ၊ ညွှန်တစ်စိ ရွှံ့ရုပ်ကို ပုဆိုးကြမ်း ဖုံးလွှမ်းသကဲ့သို့ တစ်ခုသော ဓာတ် သည် တစ်ခုသောဓာတ်ကို ဖုံးလွှမ်းလေသည်။

(င) စားသည်, သောက်သည်, ခဲသည်, လျက်သည်၌လည်း စားတတ်, သောက်တတ်, ခဲတတ်, လျက်တတ်သော ကိုယ်, ပုဂ္ဂိုလ်, သတ္တဝါ မည်သည် တစ်စုံတစ်ယောက်မျှ ရှိသည်မဟုတ်။ စားလို, သောက်လို, ခဲလို, လျက်လိုသော စိတ်ဖြစ်သည် ရှိသော် ထိုစိတ်နှင့် အတူတကွဖြစ်သော စိတ္တဇ ဝါယောဓာတ်ပျံ့သဖြင့်သာလျှင် ထမင်းစသည် ကိုယူခြင်းဖြစ်လေသည်။ စိတ္တဇ ဝါယောဓာတ် ပျံ့သဖြင့် ထမင်းခွက်၌ လက်ကိုချခြင်း, ထမင်းလုပ်ကိုဆုပ်ခြင်း, ထမင်းလုပ်ကို ချီကြွခြင်း, ခံတွင်းသို့ ခွံ့သွတ်ခြင်း ဖြစ်လေသည်။ တစ်စုံတစ်ယောက် သံကောက် ယန္တရား လှံတံဖြင့် မေးရိုးကို ဖွင့်မည့်သူရှိသည်မဟုတ်။

စိတ္တဇဝါယောဓာတ် ပျံ့သဖြင့်သာလျှင် ထမင်းလုပ် ခံတွင်းဝယ်ထည့်ခြင်း, အထက်သွား တို့၏ ကျည်ပွေ့ကိစ္စကို ပြီးစေခြင်း, အောက်သွားတို့၏ ဆုံကိစ္စကို ပြီးစေခြင်း, လျှာ၏ လက်ကိစ္စကိုပြီးစေ ခြင်းသာ ဖြစ်လေသည်။ ခံတွင်းသို့ ရောက်သော ထမင်းလုပ်ကို အောက်သွားတည်းဟူသော ဆုံ၌ လျှာတည်းဟူသော လက်ဖြင့် လှန်လှော၍ တံတွေးတည်းဟူသော ရေဖြင့် ဆွတ်၍ အထက်သွားတည်း ဟူသော ကျည်ပွေ့ဖြင့် မှုန့်မှုန့်ညက်ညက် ကြိတ်ပြီးလျှင် တစ်စုံတစ်ယောက် ဟင်းချို ယောက်မဖြင့် ဝမ်းတွင်းသို့ သွင်းတတ်သူ ရှိသည်မဟုတ်။

စိတ္တဇဝါယောဓာတ် ကြောင့်သာလျှင် ဝင်လေသည်။ ဝင်လေသမျှကိုလည်း တစ်စုံ တစ်ယောက် ကောက်ရိုးခင်း၍ ခံတတ်သူရှိသည်မဟုတ်။ စိတ္တဇဝါယောဓာတ်၏ အစွမ်းဖြင့်သာ တည်၏။ ဝင်လေ သောထမင်းလုပ်ကိုလည်း တစ်စုံတစ်ယောက် ခုံလောက် ဆောက်ပြီးလျှင် မီးထည့်၍ ချက်ပြုတ်သူရှိ သည်မဟုတ်၊ တေဇော ဓာတ်ဖြင့်သာလျှင် ကျက်ရလေသည်။ ကျက်လေ သမျှကိုလည်း တစ်စုံ တစ်ယောက် တုတ်လှံတံဖြင့် အပသို့ ထုတ်ဆောင် တတတ်သူရှိသည်မဟုတ်။ စိတ္တဇဝါယောဓာတ် သာလျှင် ထုတ်ဆောင်လေသည်။

(စ) ကျင်ကြီးကျင်ငယ် စွန့်သည်၌လည်း ကျင်ကြီးကျင်ငယ် စွန့်တတ်သော ကိုယ်, ပုဂ္ဂိုလ်, သတ္တဝါမည်သည် တစ်စုံ တစ်ယောက်မျှ ရှိသည်မဟုတ်။ ဥပမာကား မှည့်ပြီးသော အိုင်းအမာ ပေါက်ကွဲသည်ရှိသော် သွေး, ပြည် အလိုလိုထွက်သကဲ့သို့၊ ထို့အတူ အစာကျက်အိမ်, ကျင်ငယ်အိမ်၌ စုတေသော ကျင်ကြီးကျင်ငယ်တို့သည် ဝါယောဓာတ် အဟုတ် ဖြစ်သာ အလိုလို အပသို့ ထွက်လေသည်။

(ဆ) သွားသည်, ရပ်သည်, ထိုင်သည်၌လည်း တစ်စုံတစ်ယောက် သွားတတ်, ရပ်တတ်, ထိုင်တတ်သော သတ္တဝါ ပုဂ္ဂိုလ် ရှိသည်မဟုတ်။ သွားလို, ရပ်လို, ထိုင်လိုသော စိတ်ကြောင့်ဖြစ်သော ဝါယောဓာတ်ပျံ့သောအားဖြင့် တစ်ကိုယ်လုံး ရှေ့သို့ တက်သည်ကို သွားသည်၊ တစ်ကိုယ်လုံး ထောင်၍ နေသည်ကိုသာ ရပ်သည်၊ အောက်ကိုယ်တစ်ပိုင်းကွေးလျက် အထက်ကိုယ်တစ်ပိုင်း ထောင်လျက်ရှိ သည်ကိုသာ ထိုင်သည်ဟု ဆိုရလေသည်။ သွားဆဲကာလဖြစ်သော ရုပ်နာမ်တရား တို့သည် သွားဆဲ ခဏ ကပင်၊ ရပ်ဆဲကာလဖြစ်သော ရုပ်နာမ်တရားတို့သည် ရပ်ဆဲခဏကပင် ချုပ်လေ ကုန်သည်။

(ဇ) အိပ်သည်, နိုးသည်၌လည်း အိပ်တတ်, နှိုးတတ်သော သတ္တဝါ ပုဂ္ဂိုလ် ရှိသည်မဟုတ်၊ ဝီထိစိတ် အခြားမရှိ ဘဝင်စိတ် သက်သက်ဖြစ်သည်ကသာ အိပ်သည်၊ ဘဝင်စိတ်ခြား၍ ဝီထိစိတ်ဖြစ် သည်ကိုသာ နိုးသည် ဆိုရလေသည်။ အိပ်ဆဲ ကာလ ဖြစ်သော နာမ်ရုပ်တရားတို့သည် အိပ်ဆဲခဏ ကပင်, နိုးဆဲ ကာလဖြစ်သော နာမ်ရုပ်တရားတို့သည် အိပ်ဆဲ ခဏကပင် ချုပ်လေကုန်သည်။

(ဈ) စကားပြောဆိုသည်, ဆိတ်ဆိတ် နေသည်၌လည်း စကားပြောဆိုတတ်, ဆိတ်ဆိတ်နေ တတ်သော သတ္တဝါ, ပုဂ္ဂိုလ် ရှိသည်မဟုတ်၊ နှုတ်ခမ်း, သွား, လျှာ, အာစောက်, စိတ်အားလျောက်ပတ် သော ပယောဂကိုစွဲ၍ အသံဖြစ်သည်ကိုသာ စကားပြောဆိုသည်, အသံမဖြစ်သည်ကိုသာ ဆိတ်ဆိတ် နေသည် ဆိုရလေသည်။ စကားပြောဆိုသည့် ကာလဖြစ်သော နာမ်ရုပ်တရား တို့သည် စကားပြော ဆိုဆဲခဏကပင်, ဆိတ်ဆိတ်နေသည့် ကာလဖြစ်သော နာမ်ရုပ်တရားတို့သည် ဆိတ်ဆိတ် နေဆဲ ခဏကပင် ချုပ်လေကုန်သည်ဟု ပညာ အဆင်အခြင်ကို ပြုရာသည်။

[ဂတေဌိတေနိသိန္နေ သုတ္တေ ဇာဂရိတေ ဘာသိတေ တုဏှီဘာဝေတို့ကို တစ်ခုသော ကောဋ္ဌသဌာန ယူလေ။]

သမ္ပဇဉ် လေးပါး

▬▬▬▬▬▬▬

သမ္ပဇညတရားကား -

(၁) သာတ္ထကသမ္ပဇည,
(၂) သပ္ပါယသမ္ပဇည,
(၃) ဂေါစရသမ္ပဇည,
(၄) အသမ္မောဟသမ္ပဇည -
ဟူ၍ လေးပါး အပြားရှိသည်။ ထိုလေးပါးတို့တွင် -

(၁) အကျိုးရှိသည် မရှိသည်ကို ဆင်ခြင်ခြင်းသည် သာတ္ထကသမ္ပဇည

(၂) လျောက်ပတ်သည် မလျောက်ပတ်သည်ကို ဆင်ခြင်ခြင်းသည် သပ္ပါယသမ္ပဇည

(၃) ရှေ့သို့တက်ခြင်း, နောက်သို့ ဆုတ်ခြင်း စသော ခုနစ်ပါးသော ဌာနတို့၌ ကမ္မဋ္ဌာန်းနှင့် မကင်းခြင်း သည် ဂေါစရ သမ္ပဇည

(၄) ရှေ့သို့တက်ခြင်း, နောက်သို့ ဆုတ်ခြင်း စသော ခုနစ်ဌာနတို့၌ ရှေ့သို့ တက်တတ်, နောက်သို့ ဆုတ်တတ်သော သတ္တဝါ,ပုဂ္ဂိုလ် ရှိသည်မဟုတ် အစ ရှိသည်ဖြင့် အောက်က ဆိုခဲ့ပြီးသည့်အတိုင်း မတွေ မဝေ ဆင်ခြင်ခြင်းသည် အသမ္မောဟသမ္ပဇည မည်၏။

ထို့ကြောင့် အကျိုးရှိသည် မရှိသည်ကို ဆင်ခြင်၍ အကျိုးရှိမှသာ ရှေ့သို့ တက်ခြင်းစသည် ကိုပြုရာသည်။ အကျိုးပင်ရှိသော်လည်း လျောက်ပတ်သည်, မလျောက်ပတ်သည်ကို ဆင်ခြင်၍ လျောက်ပတ်မှသာ ပြုရာသည်။ အကျိုးရှိသည်, လျောက်ပတ်သည်ဖြစ်၍ ရှေ့သို့တက်ခြင်းစသည်ကို ပြုရာ၌လည်း ကမ္မဋ္ဌာန်းနှင့် မကင်းပြုရာသည်။ ရှေ့သို့တက်တတ်သော ပုဂ္ဂိုလ် သတ္တဝါရှိသည်မဟုတ်။

ရှေ့သို့ တက်လိုသော စိတ်ကြောင့်ဖြစ်သော ဝါယောဓာတ် ပျံ့သောအားဖြင့်သာ တစ်ကိုယ်လုံး ရှေ့သို့ တက်ရလေသည် အစရှိသည်ဖြင့် အောက်ကဆိုခဲ့ပြီးသောအတိုင်း မတွေမဝေ ပညာအဆင် အခြင်ကို ပြုရာသည်။

သစ္စာလေးပါး ခွဲပြချက်

(၁) သမ္ပဇညကို သိမ်းဆည်းတတ်သော သတိသည် ဒုက္ခသစ္စာမည်၏။

(၂) ထိုဒုက္ခ၏ အကြောင်းရင်း၏ အဖြစ်အားဖြင့် ဖြစ်စေတတ်သော ရှေးဘဝ၌ ပြီးပြီးသော လောဘ သည် သမုဒယသစ္စာ မည်၏။

(၃) ထိုသစ္စာနှစ်ပါးတို့၏ မဖြစ်ရာ ချုပ်ရာဖြစ်သော အသင်္ခတဓာတ် နိဗ္ဗာန်သည် နိရောဓသစ္စာမည်၏။

(၄) ထိုနိရောဓ သစ္စာကို အာရုံပြု၍ ဖြစ်သော ကောင်းမွန် လွန်မြတ်သော အကျင့်ဟု ဆိုအပ်သော မဂ္ဂင် တရားကိုယ်ရှစ်ပါးသည် မဂ္ဂသစ္စာ မည်၏။

ဤသို့ သစ္စာလေးပါးတို့၏ အစွမ်းအားဖြင့် သစ္စကမ္မဋ္ဌာန်းကို လုံ့လပြုရာသည်၊ သစ္စကမ္မဋ္ဌာန်းကို လုံ့လပြု၍လည်း နိဗ္ဗာန်သို့ ရောက်သည်သာလျှင် ဖြစ်၏-ဟူလို သည်။

[ဤကား သမ္ပဇာနပဗ္ဗ၌ အကျဉ်းဖြစ်သော အဓိပ္ပါယ်တည်း။]

ကာယာနုပဿနာ ၄- ပဋိကူလ မနသိကာရပိုင်း

▬▬▬▬▬▬▬▬▬▬▬

၆။ ပဋိကူလမနသိကာရပဗ္ဗ ၌ ဆင်ခြင် အောက်မေ့ရာသည်ကား -

(က) အောက်ခြေဖဝါး အပြင်မှသည် အထက်ဆံဖျားတိုင်အောင် ကိုယ်ကို ဆင်ခြင်သည်ရှိသော် အကျော်, ကရမက် အစရှိသော တစ်စုံတစ်ခု အမွှေးအကြိုင်ကို မမြင်။
စင်စစ်သော်ကား -

၁။ ဆံ, အမွှေး, ခြေသည်းလက်သည်, သွား, အရေ။
၂။ အသား, အကြော, အရိုး, ခြင်ဆီ, အညှို့။
၃။ နှလုံးသား, အသည်း, အမြှေး, အဖျဉ်း, အဆုတ်။
၄။ အူမ, အူသိမ်, အစာသစ်, အစာဟောင်း, ဦးနှောက်။
၅။ သည်းခြေ, သလိပ်, ပြည်, သွေး, ချွေး, အဆီခဲ။
၆။ မျက်ရည်, ဆီကြည်, တံတွေး, နှပ်, အစေး, ကျင်ငယ် -
အားဖြင့် သုံးဆယ့်နှစ်ပါးသော စက်ဆုပ်ရွံရှာဖွယ်အစုအတိသာ ပြည့်လေသည်ဟု ဆင်ခြင်အောက်မေ့ ရာသည်။

(ခ) ဥပမာကား - ကောက်မျိုး, ပဲ,နှမ်း, ဆန်တို့ဖြင့် ပြည့်သော အောက်အထက် အဝနှစ်ဖက် ရှိသော အိတ်ကို ဖြေ၍ ကြည့်သည်ရှိသော် မျက်စိအမြင်ရှိသော ယောကျ်ားသည် "ဤကား သလေး, ဤကား ကောက်, ဤကား ပဲနောက်, ဤကား ပဲလွန်း, ဤကား နှမ်း, ဤကား ဆန်'ဟူ၍ ဆင်ခြင် အောက်မေ့ရာသကဲ့သို့ ထို့အတူ အိတ်ကို ဖြေ၍ ကြည့်သော ယောက်ျားနှင့် တူသော ကမ္မဋ္ဌာန်းကို အားထုတ်စီးဖြန်းသော ယောဂီ သူတော်ကောင်းသည် အဝနှစ်ဖက်ရှိသော အိတ်နှင့် တူသော ကိုယ်ကို အောက်ခြေဖဝါးအပြင်မှသည် အထက်ဆံဖျားတိုင်အောင် ဆင်ခြင်အောက်မေ့သည်ရှိသော် -

၁။ ဤကား ဆံ, ဤကား အမွှေး, ဤကား ခြေသည်းလက်သည်း, ဤကား သွား, ဤကား အရေ။

၂။ ဤကား အသား, ဤကား အကြော, ဤကား အရိုး, ဤကား ခြင်ဆီ, ဤကား အညှို့။

၃။ ဤကား နှလုံးသား, ဤကား အသည်း, ဤကား အမြှေး, ဤကား အဖျဉ်း, ဤကား အဆုတ်။

၄။ ဤကား အူမ, ဤကား အူသိမ်, ဤကား အစာသစ်, ဤကား အစာဟောင်း, ဤကား ဦးနှောက်။

၅။ ဤကား သည်းခြေ, ဤကား သလိပ်, ဤကား ပြည်, ဤကား သွေး, ဤကား ချွေး, ဤကား အဆီခဲ။

၆။ ဤကား မျက်ရည်, ဤကား ဆီကြည်, ဤကား တံတွေး , ဤကားနှပ်, ဤကား အစေး, ဤကား ကျင်ငယ်- ဟု သုံးဆယ့်နှစ်ပါးသော စက်ဆုပ်ရွံရှာဖွယ် အစုအတိသာ ပြည့်လေသည်ဟု ဆင်ခြင် အောက်မေ့ရာသည်။

သစ္စာလေးပါး ခွဲပြချက်

(၁) ထိုသုံးဆယ့်နှစ်ပါးသော စက်ဆုပ်ရွံရှာဖွယ်အစုကို သိမ်းဆည်းတတ်သော သတိသည် ဒုက္ခသစ္စာ မည်၏။

(၂) ထိုဒုက္ခ၏ အကြောင်းရင်း၏ အဖြစ်အားဖြင့် ဖြစ်စေတတ်သော ရှေးဘဝ၌ ပြီးပြီးသော လောဘ သည် သမုဒယသစ္စာမည်၏။

(၃) ထိုသစ္စာနှစ်ပါးတို့၏ မဖြစ်ရာ ချုပ်ရာဖြစ်သော အသင်္ခတဓာတ်နိဗ္ဗာန်သည် နိရောဓသစ္စာမည်၏။

(၄) ထိုနိရောဓသစ္စာကို အာရုံပြု၍ ဖြစ်သော ကောင်းမွန်လွန်မြတ်သော အကျင့်ဟု ဆိုအပ်သော မဂ္ဂင် တရားကိုယ် ရှစ်ပါးသည် မဂ္ဂသစ္စာမည်၏။

ဤသို့ သစ္စကမ္မဋ္ဌာန်း၏ အစွမ်းအားဖြင့်လည်း အားထုတ်ရာသည်၊ အားထုတ်သည် ရှိသော် ဘေးအပေါင်းငြိမ်းရာ နိဗ္ဗာန်သို့ ရောက်သည်သာလျှင် ဖြစ်၏ - ဟူလိုသတည်း။

[ဤကား ပဋိကူလမနသိကာရပဗ္ဗ၌ အကျဉ်းဖြစ်သော အဓိပ္ပါယ်တည်း။]

ကာယာနုပဿနာ ၅- ဓာတုမနသိကာရပိုင်း

▬▬▬▬▬▬▬▬▬

၇။ ဓာတုမနသိကာရပဗ္ဗ၌ ဆင်ခြင်အောက်မေ့သည်ရာသည်ကား -

(က) နွားသတ်သမားတို့သည် နွားကို သတ်ပြီးလျှင် ခရီးလမ်းအဆုံ၌ အပိုင်းပိုင်း လှီးဖြတ် ဝေဖန်ပိုင်းခြား သကဲ့သို့ ထို့အတူ သွားခြင်း, ရပ်ခြင်း, ထိုင်ခြင်း, လျောင်းခြင်း ဣရိယာပုထ် လေးပါးအားဖြင့် တည်သော ငါ၏ကိုယ်၌ -

(၁) ကြမ်းတမ်းခက်ထန်ခြင်းလက္ခဏာ အဆုံးရှိသော ပထဝီဓာတ်,
(၂) ပျောင်းညံ့ခြင်း လက္ခဏာရှိသော အာပေါဓာတ်,
(၃) ရင့်ခြင်း ကျက်ခြင်းလက္ခဏာရှိသော တေဇောဓာတ်,
(၄) တုန်လှုပ် ထောက်ပံ့ခြင်း လက္ခဏာရှိသော ဝါယောဓာတ်-

အားဖြင့် ဤလေးပါးသော ဓာတ်သာရှိသည်ဟု ဓာတ်လေးပါးအားဖြင့် ဆင်ခြင် အောက်မေ့ရာ သည်။ ထိုသို့ အောက်မေ့သည်ရှိသော် သတ္တဝါ, ပုဂ္ဂိုလ်ဟူသော အမှတ် သညာကင်း၍ ဓာတ်လေးပါး ဟူသော အမှတ် သညာသာလျှင် ဖြစ်၏။

(ခ) ဥပမာကား - နွားသတ်သမားတို့သည် နွားမွေးသည့် ကာလ,နွားကို သတ်ရာ အရပ်သို့ ဆောင်ယူသည့် ကာလ, သတ်ရာ အရပ်တွင် ချည်ထားသည့်ကာလ, သတ်သည့် ကာလ, သတ်၍ သေသည့်ကာလ, နွားဟူသော အမှတ်သညာသာ ရှိလေသကဲ့သို့, လှီးဖြတ်၍ အပိုင်းပိုင်း ဝေဖန်ခြားနား သည့်ကာလမှ နွားဟူသော အမှတ်သညာကင်း၍ အမဲဟူသော အမှတ်သညာ, ငါ အမဲရောင်းသည် ဟူသော အမှတ်သညာ, အမဲဝယ်ကြ သည်ဟူသော အမှတ်သညာသာ ရှိသကဲ့သို့၊ ထို့အတူ ဓာတ် လေးပါး အားဖြင့် ဝေဖန်ပိုင်းခြား၍ မဆင်ခြင် မအောက်မေ့မီ သတ္တဝါ, ပုဂ္ဂိုလ်ဟူသော အမှတ်သညာ, ငါဟူသော အမှတ်သညာသာ ရှိလေသည်။ ဓာတ် လေးပါးအားဖြင့် ဝေဖန်ပိုင်းခြားသည့် ကာလမူကား သတ္တဝါ, ပုဂ္ဂိုလ်ဟူသော အမှတ်သညာ, ငါဟူသော အမှတ်သညာ ကင်းပျောက်၍ ဓာတ်လေးပါး ဟူသော အမှတ်သညာသာ ဖြစ်လေသည်။

(၁) ဓာတ်လေးပါးအားဖြင့်ဆင်ခြင် သိမ်းဆည်းတတ်သော သတိသည် ဒုက္ခသစ္စာမည်၏။

(၂) ထိုဒုက္ခ၏အကြောင်းရင်း၏ အဖြစ်အားဖြင့် ဖြစ်စေတတ်သော ရှေးဘဝ၌ ပြီးပြီးသော လောဘ သည် သမုဒယသစ္စာမည်၏။

(၃) ထိုသစ္စာနှစ်ပါးတို့၏ မဖြစ်ရာ ချုပ်ရာဖြစ်သော အသင်္ခတဓာတ်နိဗ္ဗာန်သည် နိရောဓသစ္စာမည်၏။

(၄) ထိုနိရောဓသစ္စာကို အာရုံပြု၍ ဖြစ်သော ကောင်းမွန်လွန်မြတ်သော အကျင့်ဟု ဆိုအပ်သော မဂ္ဂင် တရားကိုယ် ရှစ်ပါးသည် မဂ္ဂသစ္စာမည်၏။

ဤသို့ သစ္စကမ္မဋ္ဌာန်း၏ အစွမ်းအားဖြင့် အားထုတ်၍လည်း ဘေးအပေါင်းငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ရာ၏။ ထို့ကြောင့် စတုသစ္စ ကမ္မဋ္ဌာန်း၏ အစွမ်းအားဖြင့်လည်း အားထုတ်ရာသည်။

[ဤကား ဓာတုမနသိကာရပဗ္ဗ၌ အကျဉ်းဖြစ်သော အဓိပ္ပါယ်တည်း။]

ကာယာနုပဿနာ (၆-၁၄) – နဝသိဝထိကပိုင်း

▬▬▬▬▬▬▬▬

၈။ နဝသိဝထိကပဗ္ဗ ကိုးပါး၌ ဆင်ခြင်အောက်မေ့ရာသည်ကား -

(က) ၁ သေ၍ တစ်ရက်, နှစ်ရက်, သုံးရက်ရှိ၍ သင်္ချိုင်းဝယ်စွန့်ပစ်အပ်သော ဖူးဖူး ရောင်သော အကောင်,
၂- အဖြူအနီစသော အဆင်းတို့ဖြင့် ရောသော အဆင်းရှိသော များသောအားဖြင့် ညိုသော အဆင်းရှိသော စက်ဆုပ်ဖွယ်ရှိသော အကောင်,
၃- ပေါက်ပြဲပျက်စီးသော အရပ်တို့မှလည်းကောင်း, ကိုးပါးသော အမာဝ အပေါက် တို့မှ လည်းကောင်း ယိုစီးသော ပြည်ရှိသော စက်ဆုပ်ဖွယ်ရှိသော အကောင်ကို မြင်သည့် ကာလ, ငါ၏ကိုယ်သည်လည်း ဇီဝိတိန္ဒြေ, ကမ္မဇတေဇောဓာတ် ဝိညာဏ် ဟူသော ဤ တရားသုံးပါးတို့၏ထင်ရှားရှိသည့်ကာလ သွားခြင်း, ထိုင်ခြင်း, ရပ်ခြင်း, လျောင်းခြင်း စသည်ကို ပြုခြင်းငှါ တတ်နိုင်ချေသည်။ ဇီဝိတိန္ဒြေ, ကမ္မဇ တေဇောဓာတ်, ဝိညာဏ် ဟူသောတရားသုံးပါး ကင်းသည်ရှိသော် ဤကဲ့သို့ အကောင် ပုပ်အဖြစ်သို့ မချွတ်ရောက် အံ့သည်။ ဤကဲ့သို့ဥဒ္ဓုမာတကစသည် အပြားရှိသော အဖြစ်စသည် မချွတ်ဖြစ်အံ့သည်၊ ဤကဲ့သို့ ဖူးဖူးရောင်သော အကောင်ပုပ်အဖြစ်သည် အပြားရှိသောအဖြစ်ကို မလွန်ဆန် နိုင်ချေ။ စင်စစ် အကောင်ပုပ် အဖြစ်သို့ ရောက်အံ့ သည်ဟု ဆင်ခြင် အောက်မေ့ရာသည်။

(ခ) သင်္ချိုင်းဝယ်စွန့်ပစ်၍ ကျီး, လင်းတ, ခွေး, မြေခွေးအစရှိသော သတ္တဝါတို့ ထိုးဆွကိုက်ခဲ သော အကောင်ကို မြင်သည့်ကာလလည်း ငါ၏ကိုယ်သည် တရား သုံးပါးရှိသည်ကာလ သွားခြင်းစသည် ကိုပြုခြင်းငှါ တတ်နိုင်ချေသည်။ တရားသုံးပါး ကင်းသည်ရှိသော် ဤကဲ့သို့ အကောင်ပုပ်အဖြစ် ဥဒ္ဓုမာတက စသည်အဖြစ်ကို မချွတ်ဖြစ်အံ့, ရောက်အံ့, မလွန်ဆန်နိုင်ချေအံ့ ဟု ဆင်ခြင်အောက်မေ့ ရာသည်။

(ဂ) သင်္ချိုင်းဝယ်စွန့်ပစ်အပ်သော အသွေး, အသားနှင့်တကွ အကြောမပြတ်သေးသော အရိုးစု သာရှိသော အကောင်ကို မြင်သည် ကာလလည်း ငါ၏ကိုယ်သည်လည်း တရားသုံးပါးရှိစဉ် ကာလသာ လျှင် သွားခြင်းစသည်ကို ဖြစ်စေနိုင်ချေသည်။ တရား သုံးပါးကင်းသည့်ကာလ ဤကဲ့သို့ မချွတ်ဖြစ်အံ့ သည်ဟု ဆင်ခြင် အောက်မေ့ ရာသည်။

(ဃ) သင်္ချိုင်းဝယ်စွန့်ပစ်အပ်သော အသားမကပ်, အသွေးလိမ်းကျံ၍ အကြောမပြတ် သေးသော အရိုးစုကို မြင်သည့်ကာလလည်း ဤကဲ့သို့ မချွတ်ဖြစ်အံ့သည်ဟု ဆင်ခြင်အောက်မေ့ရာသည်။

(င) သင်္ချိုင်းဝယ်စွန့်ပစ်အပ်သော အသား, အသွေးမကပ် အကြောမပြတ်သေးသော အရိုးစုကို မြင်သည့်ကာလလည်း ငါ၏ကိုယ်သည်လည်း ဤကဲ့သို့ မချွတ်ဖြစ်အံ့ သည်ဟု ဆင်ခြင် အောက်မေ့ခြင်း သတိ တရားကို ဖြစ်စေရာသည်။

(စ) သင်္ချိုင်းဝယ် စွန့်ပစ်အပ်သော -
(၁) ခြောက်ဆယ့်လေးချောင်းသော လက်ရိုး၊
(၂) ခြောက်ဆယ့်လေးချောင်းသော ခြေရိုး၊
(၃) တစ်ဘက်တစ်ဘက်သော ခြေ၌နှစ်ချောင်း, နှစ်ချောင်းသော ဖမျက်ရိုး၊
(၄) နှစ်ချောင်း, နှစ်ချောင်းသော မြင်းခေါင်းရိုး၊
(၅) တစ်ချောင်း, တစ်ချောင်းသော ပုဆစ်ရိုး၊
(၆) တစ်ချောင်း, တစ်ချောင်းသော ပေါင်ရိုး၊
(၇) နှစ်ချောင်း, နှစ်ချောင်းသော ခါးရိုး၊
(၈) နှစ်ဆယ့်လေးချောင်းသော နံရိုး၊
(၉) တစ်ဆယ့်နှစ်ချောင်းသော ကျောရိုး၊
(၁၀) နှစ်ချောင်းသော လက်ပြင်ရိုး၊
(၁၁) ခုနစ်ဆစ်သော လည်ရိုး၊
(၁၂) နှစ်ချောင်းသော မေးရိုး၊
(၁၃) သုံးဆယ့်နှစ်ချောင်းသော သွားရိုး၊
(၁၄) ကိုးချောင်းသော ဦးခေါင်းခွံရိုး၊
ဖရိုဖရဲ အသီးသီး အကွဲကွဲရှိသော အရိုးတို့ကို မြင်သည့်ကာလလည်း ငါ၏ ကိုယ်သည်လည်း ဤကဲ့သို့ မချွတ်ဖြစ်အံ့ သည်ဟု ဆင်ခြင်အောက်မေ့ရာသည်။

(ဆ) သင်္ချိုင်းဝယ် စွန့်ပစ်အပ်သော ခရုသင်းနှင့်အတူ ဖွေးဖွေးဖြူသော အရိုးစုကို မြင်သည့် ကာလလည်း ငါ၏ကိုယ်သည်လည်း ဤကဲ့သို့ မချွတ်ဖြစ်အံ့သည်ဟု ဆင်ခြင်အောက်မေ့ သိမ်းဆည်း ခြင်း သတိတရားကို ဖြစ်စေရာသည်။

(ဇ) သင်္ချိုင်းဝယ် စွန့်ပစ်အပ်သော နှစ်လည်ခါကျူး လွင်တီးခေါင်၌ လေနေပူ အတွေ့တို့ဖြင့် တွေ့ကုန်လျက် ဟောင်းမြင်း၍ စုပုံထားအပ်သော အရိုးစုကို မြင်သည့် ကာလလည်း ငါ၏ကိုယ်သည် လည်း ဤကဲ့သို့ မချွတ်ဖြစ်အံ့သည်ဟု ဆင်ခြင် အောက်မေ့ရာသည်။

(ဈ) သင်္ချိုင်းဝယ်စွန့်ပစ်အပ်သော ပုပ်ဆွေး၍ မှုန့်မှုန့်ညက်ညက် ဖြစ်လေပြီးသော အရိုးစုကို မြင်သည့်ကာလလည်း ငါ၏ကိုယ်သည်လည်း ဤကဲ့သို့ ပုပ်ဆွေး၍ မှုန့်မှုန့် ညက်ညက် မချွတ်ဖြစ်အံ့ သည်ဟု ဆင်ခြင် သိမ်းဆည်းခြင်း သတိတရားကိုဖြစ်ပွား စေရာသည်။

သစ္စာလေးပါး ခွဲပြချက်

(၁) နဝသိဝထိက ကိုးပါးကို အောက်မေ့ သိမ်းဆည်းတတ်သောသတိသည် ဒုက္ခသစ္စာမည်၏။

(၂) ထိုဒုက္ခ၏အကြောင်းရင်း၏ အဖြစ်အားဖြင့် ဖြစ်စေတတ်သော ရှေးဘဝ၌ ပြီးပြီးသော လောဘ သည် သမုဒယသစ္စာမည်၏။

(၃) ထိုသစ္စာနှစ်ပါးတို့၏ မဖြစ်ရာ ချုပ်ရာဖြစ်သော အသင်္ခတဓာတ်နိဗ္ဗာန်သည် နိရောဓသစ္စာမည်၏။

(၄) ထိုနိရောဓသစ္စာကို အာရုံပြု၍ဖြစ်သော ကောင်းမွန် လွန်မြတ်သော အကျင့်ဟု ဆိုအပ်သော မဂ္ဂင် တရားကိုယ် ရှစ်ပါးသည် မဂ္ဂသစ္စာမည်၏။

ထိုသစ္စာလေးပါးတို့၏ အစွမ်းအားဖြင့်လည်း လုံ့လပြု၍ ဘေးအပေါင်းငြိမ်းရာ နိဗ္ဗာန်သို့ ရောက် သည်သာ ဖြစ်၏။ ထို့ ကြောင့် သစ္စကမ္မဋ္ဌာန်း၏ အစွမ်းအားဖြင့် လည်း လုံ့လပြုရာသည်။

[ဤကား နဝသိဝထိကပဗ္ဗ ကိုးပါး၌ အကျဉ်းဖြစ်သော အဓိပ္ပါယ်တည်း။]

တစ်ဆယ့်လေးပါး အပြားရှိသော ကာယာနုပဿနာ သတိပဋ္ဌာန်ပြီး၏။

ဝေဒနာနုပဿနာ

▬▬▬▬▬▬▬▬

၉။ ဝေဒနာနုပဿနာ သတိပဋ္ဌာန်၌ -

(က) ဥပမာကား ပက်လက် အိပ်တတ်ကာမျှဖြစ်သော သူငယ်သည် နို့ကိုစို့ခြင်းစသော ကာလ၌ ချမ်းသာကိုခံစားရသည်ရှိသော် ငါသည် ချမ်းသာခြင်းသုခဝေဒနာကို ခံစား၏ဟု အကယ်၍ကား သိ၏။ ထိုသို့သိငြားသော်လည်း ထိုသူငယ်၏ သိခြင်း သည် သတ္တဝါဟူသော အယူကိုလည်း မစွန့်၊ သတ္တဝါ ဟူသော အမှတ်သညာကိုလည်း မခွါ၊ ကမ္မဋ္ဌာန်းလည်း မဖြစ်၊ သတိပဋ္ဌာန်ကို ပွားစေသည်လည်း မမည်။

သုခဝေဒနာစသော ကိုးပါးသော ဝေဒနာကို အောက်မေ့ သိမ်းဆည်းသော ယောဂီ ပုဂ္ဂိုလ်၏ သုခဝေဒနာစသည်ကို ခံစားသည်ရှိသော် ငါ သုခဝေဒနာ စသည်ကို ခံစား၏ဟု သိခြင်းသည် သတ္တဝါ ဟူသော အယူဝါဒကိုလည်း စွန့်သည်။ သတ္တဝါ ဟူသော အမှတ်သညာကိုလည်း ခွါသည်။ ကမ္မဋ္ဌာန်းလည်း ဖြစ်သည်။ သတိပဋ္ဌာန် တရားကို ပွားစေသည်လည်း မည်သည်။

(ခ) ထိုဝေဒနာသည်ကား သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာဟူ၍ သုံးပါးအပြား ရှိသည်သာလျှင် ဖြစ်၏။ ထိုသုံးပါးတို့တွင် -

(၁) ဣဋ္ဌာရုံကို ခံစားခြင်းလက္ခဏာရှိသော ဝေဒနာသည် သုခဝေဒနာ မည်၏။

(၂) အနိဋ္ဌာရုံကို ခံစားခြင်း လက္ခဏာရှိသော ဝေဒနာသည် ဒုက္ခဝေဒနာ မည်၏။

(၃) ဣဋ္ဌမဇ္ဈတ္တာရုံကို ခံစားခြင်း လက္ခဏာရှိသော ဝေဒနာသည် ဥပေက္ခာဝေဒနာ မည်၏။

(ဂ) သုခဝေဒနာသည်လည်း သာမိသသုခဝေဒနာ, နိရာမိသသုခဝေဒနာဟူ၍ နှစ်ပါး အပြားရှိ၏။ ထိုနှစ်ပါးတို့တွင် -
(၁) အလိုရှိအပ်သော ရူပါရုံအစရှိသည်ကို ရလျှင် ငါရပေသည်။ ရပြီးသည်ကို ငါလည်း ရပေပြီဟု အောက်မေ့သော သူအား ဖြစ်သော သုခဝေဒနာသည် ကာမဂုဏ် ငါးပါးဟူသော အာမိသနှင့် စပ်ယှဉ်သော ကြောင့် သာမိသသုခ ဝေဒနာမည်၏။

(၂) ရူပါရုံ စသည်တို့၏အနိစ္စသဘောကို မြင်၍ ယခုဖြစ်ဆဲ ရှေးက ဖြစ်ပြီးသော ရူပါရုံစသည်တို့သည် အနိစ္စ သဘောရှိကုန်၏ဟု အောက်မေ့သောသူအားဖြစ်သော သုခဝေဒနာသည် ကာမဂုဏ် ငါးပါး ဟူသော အာမိသနှင့် မစပ်ယှဉ်သောကြောင့် နိရာမိသသုခဝေဒနာ မည်၏။

(ဃ) ဒုက္ခဝေဒနာသည်လည်း သာမိသဒုက္ခဝေဒနာ, နိရာမိသဒုက္ခဝေဒနာ ဟူ၍နှစ်ပါး အပြားရှိ၏။ ထိုနှစ်ပါးတို့တွင် -

(၁) အလိုရှိအပ်သော ရူပါရုံ အစရှိသည်ကိုမရလျှင် မရပါလေ၊ ရပြီး၍ ပျောက်ပျက် သည်ကိုလည်း ပျောက်ပျက်ခဲ့သည်ဟု အောက်မေ့သော သူအား ဖြစ်သော ဒုက္ခ ဝေဒနာသည် ကာမဂုဏ်ငါးပါး ဟူသော အာမိသနှင့် စပ်ယှဉ်သောကြောင့် သာမိသဒုက္ခဝေဒနာမည်၏။

(၂) ရူပါရုံ စသည်တို့၏ အနိစ္စသဘောကို မြင်၍ အရိယဖိုလ်ကို တောင့်တ၍ရအောင် အနိစ္စ သဘောအားဖြင့် စီးဖြန်းအားထုတ်၍ မရနိုင်သောကြောင့် နှလုံးမသာယာခြင်း ရှိသောသူ အားဖြစ်သော ဒုက္ခဝေဒနာသည် ကာမဂုဏ်ငါးပါးဟူသော အာမိသနှင့် မစပ်ယှဉ်သောကြောင့် နိရာမိသဒုက္ခဝေဒနာ မည်၏။

(င) ဥပေက္ခာဝေဒနာသည်လည်း သာမိသဥပေက္ခာဝေဒနာ, နိရာမိသဥပေက္ခာဝေဒနာ ဟူ၍ နှစ်ပါးအပြား ရှိ၏။ ထိုနှစ်ပါး တို့တွင်-

(၁) အလိုရှိအပ်သော ရူပါရုံ အစရှိသည်တို့ကို အာရုံပြု၍ ဗာလပုထုဇဉ်အား ဖြစ်သော ဥပေက္ခာဝေဒနာ သည် ကာမဂုဏ်ငါးပါးဟူသော အာမိသနှင့် စပ်ယှဉ် သောကြောင့် သာမိသဥပေက္ခာ ဝေဒနာ မည်၏။

(၂) ရူပါရုံ အစရှိသည်တို့၏အနိစ္စသဘောကို မြင်၍ ယခုဖြစ်ဆဲ ရှေးက ဖြစ်ပြီးသော ရူပါရုံ အစရှိ သည်တို့သည် အနိစ္စသဘောသာ ရှိကုန်၏ဟု အောက်မေ့သောသူအား ဖြစ်သော ဥပေက္ခာဝေဒနာသည် ကာမဂုဏ်ငါးပါး ဟူသော အာမိသနှင့် မစပ်ယှဉ်သောကြောင့် နိရာမိသဥပေက္ခာ ဝေဒနာမည်၏။

(စ) ထိုဆိုခဲ့ပြီးသော သုခဝေဒနာ စသော ကိုးပါးအပြားရှိသော ဝေဒနာတို့တွင် တစ်ပါးပါးသော ဝေဒနာကို ခံစားသည့် ကာလ တစ်စုံတစ်ယောက်သော ဝေဒနာကို ခံစားတတ်သောသတ္တဝါ၊ ပုဂ္ဂိုလ် မည်သည် မရှိ၊ သုခဝေဒနာရှိသော ဝေဒနာတို့၏ အာရုံပြု၍ ဝေဒနာခံစားလေသည်။ ထိုသို့ ဝေဒနာ ဖြစ်သည်ဟုသာစွဲ၍ ငါ ဝေဒနာ ခံစားသည်ဟု ခေါ်ဝေါ် သမုတ်ခြင်း ဖြစ်လေသည်။

တစ်နည်းကား -

(၁) သုခဝေဒနာကို ခံစားသည့်ကာလ ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာကို မခံစား။
(၂) ဒုက္ခဝေဒနာကို ခံစားသည့်ကာလ သုခဝေဒနာ, ဥပေက္ခာဝေဒနာကို မခံစား။
(၃) ဥပေက္ခာဝေဒနာကို ခံစားသည့်ကာလ သုခဝေဒနာ, ဒုက္ခဝေဒနာကို မခံစား။

ထို့ကြောင့် သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာတို့သည် ကုန်ခြင်း, ပျက်ခြင်း, ဖောက်ပြန်ခြင်း သဘော ရှိကုန်သည် ဖြစ်၍ အနိစ္စသဘောသာ ဖြစ်ကုန်၏ဟု ဆင်ခြင် အောက်မေ့ရာသည်။ ထို့သို့ ဆင်ခြင် အောက်မေ့သည်ကိုသာ -

(၁) သုခဝေဒနာကို ခံစားသည်ရှိသော် ငါ သုခဝေဒနာကို ခံစားသည်ဟု သိ၏။

(၂) ဒုက္ခဝေဒနာကို ခံစားသည်ရှိသော် ငါ ဒုက္ခဝေဒနာကို ခံစားသည်ဟု သိ၏။

(၃) ဥပေက္ခာဝေဒနာကို ခံစားသည်ရှိသော် ငါ ဥပေက္ခာဝေဒနာကို ခံစားသည်ဟု သိ၏။

(၄) သာမိသသုခဝေဒနာကို ခံစားသည်ရှိသော် ငါ သာမိသသုခဝေဒနာကို ခံစား သည်ဟု သိ၏။

(၅) သာမိသဒုက္ခဝေဒနာကို ခံစားသည်ရှိသော် ငါသာမိသဒုက္ခဝေဒနာကို ခံစား သည်ဟု သိ၏။

(၆) သာမိသဥပေက္ခာဝေဒနာကို ခံစားသည်ရှိသော် ငါ သာမိသဥပေက္ခာဝေဒနာကို ခံစားသည်ဟု သိ၏။

(၇) နိရာမိသသုခဝေဒနာကို ခံစားသည်ရှိသော် ငါ နိရာမိသသုခဝေဒနာကို ခံစား သည်ဟု သိ၏။

(၈) နိရာမိသဒုက္ခဝေဒနာကို ခံစားသည်ရှိသော် ငါ နိရာမိသဒုက္ခဝေဒနာကို ခံစား သည်ဟု သိ၏။

(၉) နိရာမိသဥပေက္ခာဝေဒနာကို ခံစားသည်ရှိသော် ငါ နိရာမိသဥပေက္ခာ ဝေဒနာ ကို ခံစားသည်ဟု သိ၏ ဆိုလေသတည်း။

(ဆ) ထို့ကြောင့် သုခဝေဒနာ အစရှိသည်တို့ကို ခံစားသည်ရှိသော် ငါ ခံစား၏ဟု သိကာမျှကို မဆိုလို။ ထိုသို့ သိခြင်း သည်ကား ပက်လက်အိပ်တတ်ကာမျှသာဖြစ်သော သူငယ်သည်ပင် အမိနို့ကို စို့သောကာလ ငါ သုခဝေဒနာကို ခံစားသည်ဟု သိ၏။ ထိုသို့ သိခြင်းကိုသတ္တဝါဟူသော အယူအမှတ် သညာ မကင်းသောကြောင့် မလိုအပ်။ သုခဝေဒနာ အစရှိသော ဝေဒနာကို ခံစားသည့်ကာလ တစ်စုံတစ်ယောက်သော ဝေဒနာကို ခံစားတတ်သောသတ္တဝါ ပုဂ္ဂိုလ်မည်သည် မရှိသည်ကိုပင် အောက်က ပြဆိုခဲ့သည့်အတိုင်း ဆင်ခြင်အောက်မေ့သည်ကိုသာ သတ္တဝါ, ပုဂ္ဂိုလ်ဟူသော အမှတ် သညာ အယူကင်းသောကြောင့် လိုအပ်သည်။

သစ္စာလေးပါး ခွဲပြချက်

(၁) ဝေဒနာကို အောက်မေ့ သိမ်းဆည်းတတ်သောသတိသည် ဒုက္ခသစ္စာမည်၏။

(၂) ထိုဒုက္ခ၏အကြောင်းရင်း၏ အဖြစ်အားဖြင့် ဖြစ်စေတတ်သော ရှေးဘဝ၌ ပြီးပြီးသော လောဘ သည် သမုဒယသစ္စာ မည်၏။

(၃) ထိုသစ္စာနှစ်ပါးတို့၏ မဖြစ်ရာ ချုပ်ရာဖြစ်သော အသင်္ခတဓာတ်နိဗ္ဗာန်သည် နိရောဓသစ္စာ မည်၏။

(၄) ထိုနိရောဓသစ္စာကို အာရုံပြု၍ ဖြစ်သော ကောင်းမွန် လွန်မြတ်သော အကျင့်ဟု ဆိုအပ်သော မဂ္ဂင်တရားကိုယ် ရှစ်ပါးသည် မဂ္ဂသစ္စာ မည်၏။

ဤသို့ သစ္စာလေးပါးတို့၏ အစွမ်းအားဖြင့် အားထုတ်၍လည်း နိဗ္ဗာန်သို့ ရောက်သည် သာလျှင် ဖြစ်၏။ ထို့ကြောင့် စတုသစ္စကမ္မဋ္ဌာန်း အစွမ်းအားဖြင့်လည်း အားထုတ် ရာသည်။

[ဤကား ကိုးပါးအပြားရှိသော ဝေဒနာနုပဿနာ သတိပဋ္ဌာန်၏ အကျဉ်းဖြစ်သော အဓိပ္ပါယ်တည်း။]

ဝေဒနာနုပဿနာသတိပဋ္ဌာန် ပြီး၏။

စိတ္တာနုပဿနာ

▬▬▬▬▬▬▬

၁၀။ စိတ္တာနုပဿနာ သတိပဋ္ဌာန်၌ စိတ်သည် -

(က) သရာဂစိတ်, ဝီတရာဂစိတ်
(ခ) သဒေါသစိတ်, ဝီတဒေါသစိတ်
(ဂ) သမောဟစိတ်, ဝီတမောဟစိတ်
(ဃ) သံခိတ္တစိတ်, ဝိက္ခိတ္တစိတ်
(င) မဟဂ္ဂတစိတ်, အမဟဂ္ဂတစိတ်
(စ) သဥတ္တရစိတ်, အနုတ္တရစိတ်
(ဆ) သမာဟိတစိတ်, အသမာဟိတစိတ်
(ဇ) ဝိမုတ္တစိတ်, အဝိမုတ္တစိတ် -

ဟူ၍ တစ်ဆယ့်ခြောက်ပါး အပြားရှိသည် သာလျှင် ဖြစ်၏။ ထိုတစ်ဆယ့်ခြောက်ပါး တို့သည် -

(၁) ရာဂနှင့်ယှဉ်သော လောဘမူစိတ်ရှစ်ခုသည် သရာဂစိတ် မည်၏။

(၂) ရာဂနှင့်ကင်းသော လောကီကုသိုလ် သတ္တရသ, လောကီဝိပါက် ဗာတ္တိံသ, ကြိယာစိတ် ဝီသ အားဖြင့် တစ်ခုယုတ် ခုနစ်ဆယ်သော လောကီကုသိုလ် အဗျာကတ စိတ်သည် ဝီတရာဂစိတ် မည်၏။

ဤစိတ်ကို အောက်မေ့ သိမ်းဆည်းခြင်း သည်ကား အကြင့်ကြောင့် လောကီဖြစ်သော စိတ်တို့၏ အပေါင်းသည်သာလျှင် ဖြစ်၏။ ထို့ကြောင့် စိတ္တာနုပဿနာ သတိပဋ္ဌာန် အရာဝယ် တစ်ခုသော ပုဒ်၌မျှသော်လည်း လောကုတ္တရာစိတ်ကို မရအပ်သည်သာ လျှင်တည်း။ လောဘမူစိတ်ရှစ်ခုမှ ကြွင်းသော ဒေါသမူဒွေ, မောဟမူဒွေ အားဖြင့် ဤလေးပါးသော အကုသိုလ်စိတ်တို့သည် သရာဂပုဒ်သို့လည်း မဆည်းမကပ် မဝင်ကုန်၊ ဝီတရာဂပုဒ်သို့လည်း မဆည်းမကပ် မဝင်ကုန်ဟု မှတ်အပ်၏ ဟူလိုသည်။

(၃) ဒေါသနှင့်ယှဉ်သော ဒေါမနဿသဟဂုတ်စိတ်နှစ်ခုသည် သဒေါသစိတ် မည်၏။

(၄) ဒေါသနှင့် မယှဉ်သော ဆိုအပ်ပြီးသော လောကီကုသိုလ် အဗျာကတစိတ်သည် ဝီတဒေါသစိတ် မည်၏။ သဒေါသစိတ်မှကြွင်းသော လောဘမူစိတ်ရှစ်ခု မောဟမူစိတ ်နှစ်ခုအားဖြင့် ဤဆယ်ခု သော အကုသိုလ်စိတ်တို့သည် သဒေါသပုဒ်, ဝီတဒေါသပုဒ် နှစ်ပါးတို့သို့ မဆည်းမကပ် မဝင်ကုန် ဟူလို။

(၅) မောဟနှင့်ယှဉ်သော အကုသိုလ်စိတ် တစ်ဆယ့်နှစ်ခုတို့သည် သမောဟစိတ် မည်၏။

(၆) မောဟနှင့်ကင်းသော ဆိုခဲ့ပြီးသော လောကီကုသိုလ် အဗျာကတစိတ်သည် ဝီတမောဟစိတ် မည်၏။

(၇) ထိနမိဒ္ဓနှင့်ယှဉ်သော အကုသိုလ်စိတ် သသင်္ခါရိကစိတ် ငါးခုသည် သံခိတ္တစိတ် မည်၏။

(၈) ပျံ့လွင့်သော ဥဒ္ဓစ္စသဟဂုတ်စိတ်သည် ဝိက္ခိတ္တစိတ် မည်၏။

(၉) ရူပါဝစရစိတ် ပန္နရသ အရူပါဝစရစိတ် ဒွါဒသအားဖြင့် ဤနှစ်ဆယ့်ခုနစ်ခုသော စိတ်သည် မဟဂ္ဂတစိတ် မည်၏။

(၁၀) ငါးဆယ့်လေးပါး အပြားရှိသော ကာမာဝစရစိတ်သည် အမဟဂ္ဂတစိတ် မည်၏။

(၁၁) ဆိုခဲ့ပြီးသော အပြားရှိသော ကာမာဝစရစိတ်သည် သဥတ္တရစိတ် မည်၏။

(၁၂) ဆိုခဲ့ပြီးသော အပြားရှိသော ရူပါဝစရစိတ်, အရူပါဝစရစိတ်သည် အနုတ္တရစိတ် မည်၏။

[ရူပါဝစရစိတ်, အရူပါဝစရစိတ်တို့တွင် ရူပါဝစရစိတ်သည် သဥတ္တရစိတ် မည်၏။ အရူပါဝစရ စိတ်သည် အနုတ္တရစိတ်မည်၏။]

(၁၃) အပ္ပနာသမာဓိ, ဥပစာရသမာဓိနှင့် ယှဉ်သောစိတ်သည် သမာဟိတစိတ် မည်၏။

(၁၄) ဆိုခဲ့ပြီးသော သမာဓိနှင့် မယှဉ်သောစိတ်သည် အသမာဟိတစိတ်မည်၏။

(၁၅) တဒင်္ဂဝိမုတ္တိ, ဝိက္ခမ္ဘနဝိမုတ္တိအားဖြင့် ကိလေသာတို့မှ လွတ်သောစိတ်သည် ဝိမုတ္တစိတ် မည်၏။

(၁၆) တဒင်္ဂဝိမုတ္တိ, ဝိက္ခမ္ဘနဝိမုတ္တိအားဖြင့် ကိလေသာတို့မှ မလွတ်သော စိတ်သည် အဝိမုတ္တစိတ် မည်၏။

ထိုဆိုခဲ့ပြီးသော တစ်ဆယ့်ခြောက်ပါးအပြားရှိသော စိတ်တို့တွင် -

(က) သရာဂစိတ်ကို ဤကား သရာဂစိတ်,
(ခ) ဝီတရာဂစိတ်ကို ဤကား ဝီတရာဂစိတ်,
(ဂ) သဒေါသစိတ်ကို ဤကား သဒေါသစိတ်,
(ဃ) ဝီတဒေါသစိတ်ကို ဤကား ဝီတဒေါသစိတ်,
(င) သမောဟစိတ်ကို ဤကား သမောဟစိတ်,
(စ) ဝီတမောဟစိတ်ကို ဤကား ဝီတမောဟစိတ်,
(ဆ) သံခိတ္တစိတ်ကို ဤကား သံခိတ္တစိတ်,
(ဇ) ဝိက္ခိတ္တစိတ်ကို ဤကား ဝိက္ခိတ္တစိတ် -

ဤသို့ စသည်ဖြင့် ဆင်ခြင်အောက်မေ့ရာသည်။

သစ္စာလေးပါး ခွဲပြချက်

(၁) တစ်ဆယ့်ခြောက်ပါး အပြားအားဖြင့် စိတ်ကိုအောက်မေ့ သိမ်းဆည်း တတ်သော သတိသည် ဒုက္ခသစ္စာမည်၏။

(၂) ထိုဒုက္ခ၏ အကြောင်းရင်း၏ အဖြစ်အားဖြင့် ဖြစ်စေတတ်သော ရှေးဘဝ၌ ပြီးပြီးသော လောဘသည် သမုဒယသစ္စာမည်၏။

(၃) ထိုသစ္စာနှစ်ပါးတို့၏ မဖြစ်ရာချုပ်ရာဖြစ်သော အသင်္ခတ ဓာတ်နိဗ္ဗာန်သည် နိရောဓသစ္စာ မည်၏။

(၄) ထိုနိရောဓ သစ္စာကို အာရုံပြု၍ ဖြစ်သော ကောင်းမွန် လွန်မြတ်သော အကျင့်ဟု ဆိုအပ်သော မဂ္ဂင်တရားကိုယ်ရှစ်ပါးသည် မဂ္ဂသစ္စာမည်၏။

ဤ သစ္စာလေးပါးတို့၏ အစွမ်းအားဖြင့် လုံ့လပြု၍ နိဗ္ဗာန်သို့ ရောက်သည်သာလျှင် ဖြစ်၏။ ထို့ကြောင့် သစ္စာလေးပါးတို့၏ အစွမ်းအားဖြင့်လည်း စီးဖြန်း အားထုတ် ရာသည်။

[ဤကား စိတ္တာနုပဿနာ သတိပဋ္ဌာန်၏ အကျဉ်းဖြစ်သောအဓိပ္ပါယ်တည်း။]

စိတ္တာနုပဿနာ သတိပဋ္ဌာန် ပြီး၏။

ဓမ္မာနုပဿနာ ၁- နီဝရဏပိုင်း

▬▬▬▬▬▬

၁၁။ ဓမ္မာနုပဿနာ သတိပဋ္ဌာန်၌ -

(၁) နီဝရဏပဗ္ဗ,
(၂) ခန္ဓပဗ္ဗ,
(၃) အာယတနပဗ္ဗ,
(၄) ဗောဇ္ဈင်္ဂပဗ္ဗ -

ဟူ၍ ငါးပါးအပြားရှိသည်သာလျှင် ဖြစ်၏။

ထိုငါးပါးသော ပဗ္ဗတို့တွင် နီဝရဏပဗ္ဗနီဝရဏတရားသည် -

(၁) ကာမစ္ဆန္ဒနီဝရဏ,
(၂) ဗျာပါဒနီဝရဏ,
(၃) ထိနမိဒ္ဓနီဝရဏ,
(၄) ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ,
(၅) ဝိစိကိစ္ဆာနိဝရဏ -

အားဖြင့် ငါးပါးအပြား ရှိ၏။ ထိုငါးပါးတို့တွင် -

(၁) ကာမစ္ဆန္ဒနီဝရဏသည် ဝတ္ထုကာမကိုအလိုရှိခြင်း, တောင့်တခြင်း လက္ခဏာရှိ၏။

(၂) ဗျာပါဒနီဝရဏသည် သူတစ်ပါးကို ပျက်စီးစေခြင်း လက္ခဏာရှိ၏။

(၃) ထိနမိဒ္ဓနီဝရဏသည် ပျံ့လွင့်ခြင်း, မခံ့ခြင်း, ပျင်းရိခြင်း လက္ခဏာ ရှိ၏။

(၄) ဥဒ္ဓစ္စ ကုက္ကုစ္စ နီဝရဏသည် ပျံ့လွင့်ခြင်း, နောင်တပူပန်ခြင်း လက္ခဏာရှိ၏။

(၅) ဝိစိကိစ္ဆာနီဝရဏသည် အာရုံကို မဆုံးဖြတ်နိုင်ခြင်း လက္ခဏာရှိ၏။

(က) ထိုနီဝရဏငါးပါးတို့တွင် အစဉ်မပြတ်သောအားဖြင့် ကာမစ္ဆန္ဒနီဝရဏ မိမိ သန္တာန်၌ ဖြစ်သည်ရှိသော် ငါ၏သန္တာန်၌ ဖြစ်သည်ရှိသော် ငါ၏သန္တာန်၌ ကာမစ္ဆန္ဒနီဝရဏ ဖြစ်၏။ အစဉ်မပြတ် သောအားဖြင့် လည်းကောင်း, ပယ်ပြီးသော အားဖြင့်လည်းကောင်း မဖြစ်သည်ရှိသော် ငါ၏သန္တာန်၌ ကာမစ္ဆန္ဒနီဝရဏ မဖြစ်၊

သုဘ အာရုံ၌ အနိစ္စကို နိစ္စ, ဒုက္ခကို သုခ, အနတ္တကိုအတ္တ, အသုဘကို သုဘဟု မသင့်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် မဖြစ်သေးသော ကာမစ္ဆန္ဒနီဝရဏ ဖြစ်၏။ ဖြစ်ပြီးသော ကာမစ္ဆန္ဒနီဝရဏ အတိုင်းထက်အလွန် ပွားများ၏။

အသုဘအာရုံ၌ အနိစ္စကို အနိစ္စ, ဒုက္ခကို ဒုက္ခ, အနတ္တကို အနတ္တ, အသုဘကို အသုဘဟု အသင့်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် မဖြစ်သေးသော ကာမစ္ဆန္ဒ နီဝရဏသည် အရဟတ္တမဂ်ဉာဏ်ဖြင့် နောင်အသစ်တစ်ဖန် မဖြစ်ပြန်ပြီဟု ဆင်ခြင် အောက်မေ့ရာသည်။

(ခ) မိမိသန္တာန်၌ ဗျာပါဒနီဝရဏ ဖြစ်သည်ကိုလည်း ဖြစ်၏၊ မဖြစ်သည်ကိုလည်း မဖြစ်၊ ပဋိဃ အာရုံကို မသင့်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် မဖြစ်သေးသော ဗျာပါဒနီဝရဏ ဖြစ်၏။ ဖြစ်ပြီးသော ဗျာပါဒနီဝရဏ အတိုင်းထက်အလွန် ပွားများ၏။ မေတ္တာကို နှလုံးသွင်းခြင်းကြောင့် မဖြစ်သေးသော ဗျာပါဒ နီဝရဏသည် အနာဂါမိမဂ်ဖြင့် နောက်တစ်ဖန် မဖြစ်ပြန်ပြီဟု ဆင်ခြင် အောက်မေ့ရာသည်။

(ဂ) ထိနမိဒ္ဓနီဝရဏ ဖြစ်သည်ကိုလည်း ဖြစ်၏၊ မဖြစ်သည်ကိုလည်း မဖြစ်၊ မမွေ့လျော်ခြင်း, ပျင်းရိခြင်း, ထမင်းဆီယစ်ခြင်း အစရှိသည်တို့၌ မသင့်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် မဖြစ်သေးသော ထိနမိဒ္ဓ နီဝရဏ ဖြစ်၏။ ဖြစ်ပြီးသော ထိနမိဒ္ဓနီဝရဏအတိုင်းထက် အလွန်ပွားများ၏။

လုံ့လ ဝီရိယ၌ အသင့်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် မဖြစ်သေးသော ထိနမိဒ္ဓ နီဝရဏ မဖြစ်။ ဖြစ်ပြီးသော ထိနမိဒ္ဓနီဝရဏကို ပယ်၏။ ပယ်ပြီးသော ထိနမိဒ္ဓ နီဝရဏသည် အရဟတ္တမဂ်ဉာဏ်ဖြင့် နောက် အသစ်တစ်ဖန် မဖြစ်ပြန်ပြီဟု ဆင်ခြင် အောက်မေ့ရာသည်။

(ဃ) ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ ဖြစ်သည်ကိုလည်း ဖြစ်၏၊ မဖြစ်သည်ကိုလည်း မဖြစ်၊ စိတ်မငြိမ်ခြင်း, ပျံ့လွင့်ခြင်း၌ မသင့်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် မဖြစ်သေး သော ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ ဖြစ်၏။ ဖြစ်ပြီးသော ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ အတိုင်းထက် အလွန် ပွားများ၏။ သမာဓိ၌ အသင့်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် မဖြစ် သေးသော ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ မဖြစ်။ ဖြစ်ပြီးသော ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏကို ပယ်၏။ ပယ်ပြီးသော ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏသည် အရဟတ္တမဂ်ဉာဏ်ဖြင့် နောက်အသစ် တစ်ဖန် မဖြစ်ပြန်ပြီဟု ဆင်ခြင် အောက်မေ့ရာသည်။

(င) မိမိသန္တာန်၌ ဝိစိကိစ္ဆာနီဝရဏ ဖြစ်သည်ကိုလည်း ဖြစ်၏၊ မဖြစ်သည်ကိုလည်း မဖြစ်၊ ဝိစိကိစ္ဆာ၏ အာရုံရှိသော တရားတို့၌ မသင့်သောအားဖြင့် နှလုံးသွင်းခြင်း ကြောင့် မဖြစ်သေးသော ဝိစိကိစ္ဆာနီဝရဏ ဖြစ်၏။ ဖြစ်ပြီးသော ဝိစိကိစ္ဆာ နီဝရဏ အတိုင်းထက်အလွန် ပွားများ၏။

ကုသိုလ်အစရှိ သောတရားတို့၌ အသင့်သော အားဖြင့် နှလုံးသွင်းခြင်းကြောင့် မဖြစ်သေးသော ဝိစိကိစ္ဆာနီဝရဏ မဖြစ်။ ဖြစ်ပြီးသော ဝိစိကိစ္ဆာနီဝရဏကို ပယ်၏။ ပယ်ပြီးသော ဝိစိကိစ္ဆာနီဝရဏသည် သောတာပတ္တိမဂ် ဉာဏ်ဖြင့်နောက်အသစ်တစ်ဖန် မဖြစ်ပြန်ပြီဟု ဆင်ခြင်အောက်မေ့ရာသည်။

သစ္စာလေးပါး ခွဲပြချက်

(၁) နီဝရဏငါးပါးကိုအောက်မေ့ သိမ်းဆည်းတတ်သော သတိသည် ဒုက္ခသစ္စာ မည်၏။

(၂) ထိုဒုက္ခ၏အကြောင်းရင်း၏ အဖြစ်အားဖြင့် ဖြစ်စေတတ်သော ရှေးဘဝ၌ ပြီးပြီးသော လောဘ သည် သမုဒယ သစ္စာမည်၏။

(၃) ထိုသစ္စာနှစ်ပါးတို့၏ မဖြစ်ရာ ချုပ်ရာဖြစ်သော အသင်္ခတဓာတ်နိဗ္ဗာန်သည် နိရောဓသစ္စာမည်၏။

(၄) ထိုနိရောဓသစ္စာကို အာရုံပြု၍ဖြစ်သော ကောင်းမွန် လွန်မြတ်သော အကျင့်ဟု ဆိုအပ်သော မဂ္ဂင် တရားကိုယ် ရှစ်ပါးသည် မဂ္ဂသစ္စာမည်၏။

ဤသို့သစ္စာလေးပါးတို့၏ အစွမ်းအားဖြင့် အားထုတ်၍လည်း ဘေးအပေါင်းငြိမ်းရာ နိဗ္ဗာန်သို့ ရောက်သည်သာလျှင် ဖြစ်၏။ ထို့ကြောင့် သစ္စာလေးပါးတရားတို့၏ အစွမ်း အားဖြင့် လုံ့လပြုရာသည်။

[ဤကား နီဝရဏပဗ္ဗ၌ အကျဉ်းဖြစ်သော အဓိပ္ပါယ်တည်း။]

ဓမ္မာနုပဿနာ ၂- ခန္ဓပိုင်း

▬▬▬▬▬

၁၂။ ခန္ဓပဗ္ဗ၌ ဥပါဒါန်၏အာရုံဖြစ်သော ခန္ဓာသည် -

(၁) ရူပက္ခန္ဓာ,
(၂) ဝေဒနာက္ခန္ဓာ,
(၃) သညာက္ခန္ဓာ,
(၄) သင်္ခါရက္ခန္ဓာ,
(၅) ဝိညာဏက္ခန္ဓာ -

ဟူ၍ ငါးပါးအပြားရှိ၏။ ထိုငါးပါးတို့တွင် -

၁။ ဘူတရုပ်, ဥပါဒါရုပ်အားဖြင့် ပြားသော ရုပ်နှစ်ဆယ့်ရှစ်ခုသည် ရူပက္ခန္ဓာ မည်၏။

၂။ လောကီစိတ်ရှစ်ဆယ့်တစ်ခုနှင့် ယှဉ်သော ဝေဒနာသည် ဝေဒနာက္ခန္ဓာ မည်၏။

၃။ သညာသည် သညာက္ခန္ဓာ မည်၏။

၄။ ဝေဒနာ, သညာမှကြွင်းသော ဖဿ, ဝေဒနာစသော စေတသိက် ငါးဆယ်သည် သင်္ခါရက္ခန္ဓာ မည်၏။

၅။ လောကီစိတ်ရှစ်ဆယ့်တစ်ခုသည် ဝိညာဏက္ခန္ဓာ မည်၏။

ဤမှတစ်ပါး ဥပါဒါန်၏အာရုံဖြစ်သော ခန္ဓာ မရှိပြီ။

ထိုခန္ဓာငါးပါးသည် အဝိဇ္ဇာ, တဏှာ, ကံ, အာဟာရ, နိဗ္ဗတ္တိလက္ခဏာအားဖြင့် ငါးပါး သော အကြောင်းတရား ဖြစ်သည်ရှိသော် ဖြစ်၏၊ အဝိဇ္ဇာ စသော အကြောင်း တရား ငါးပါး ချုပ်သည်ရှိသော် ချုပ်၏ဟု ဆင်ခြင်အောက်မေ့ရာသည်။

သစ္စာလေးပါး ခွဲပြချက်

(၁) ဥပါဒါနက္ခန္ဓာ ငါးပါးကိုအောက်မေ့ သိမ်းဆည်းတတ်သောသတိသည် ဒုက္ခသစ္စာ မည်၏။

(၂) ထိုဒုက္ခ၏အကြောင်းရင်း၏ အဖြစ်အားဖြင့် ဖြစ်စေတတ်သော ရှေးဘဝ၌ ပြီးပြီးသော လောဘသည် သမုဒယသစ္စာမည်၏။

(၃) ထိုသစ္စာနှစ်ပါးတို့၏ မဖြစ်ရာ ချုပ်ရာဖြစ်သော အသင်္ခတဓာတ်နိဗ္ဗာန်သည် နိရောဓသစ္စာ မည်၏။

(၄) ထိုနိရောဓသစ္စာသာလျှင် အာရုံရှိသောမဂ္ဂင် တရားကိုယ်ရှစ်ပါးသည် မဂ္ဂသစ္စာ မည်၏။

ဤသို့ သစ္စာလေးပါး တို့၏အစွမ်းအားဖြင့် အားထုတ်၍ ဘေးအပေါင်း ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်သည်သာလျှင် ဖြစ်၏။ ထို့ကြောင့် သစ္စကမ္မဋ္ဌာန်းကို စီးဖြန်း အားထုတ်ရာ, ပွားစေ, လုံ့လပြုရာ သည်။

[ဤကား ခန္ဓပဗ္ဗ၌ အကျဉ်းဖြစ်သော အဓိပ္ပါယ်တည်း။]

ဓမ္မာနုပဿနာ ၃- အာယတနပိုင်း

၁၃။ အာယတနပဗ္ဗ၌ အာယတနသည် -

(က) စက္ခာယတန, သောတာယတန, ဃာနာယတန, ဇိဝှါယတန, ကာယာယတန, မနာယတနဟူ၍ အဇ္ဈတ္တိအာယတန ခြောက်ပါး၊

(ခ) ရူပါယတန, သဒ္ဒါယတန, ဂန္ဓာယတန, ရသာယတန, ဖောဋ္ဌဗ္ဗာယတန, ဓမ္မာယတနဟူ၍ ဗာဟိရာယတန ခြောက်ပါး -

အားဖြင့် အာယတန တစ်ဆယ့်နှစ်ပါး အပြားရှိသည် သာလျှင် ဖြစ်၏။ ထိုတစ်ဆယ့် နှစ်ပါးတို့တွင် -

၁။ စက္ခုပသာဒသည် စက္ခာယတန မည်၏။
၂။ သောတပသာဒသည် သောတာယတန မည်၏။
၃။ ဃာနပသာဒသည် ဃာနာယတန မည်၏။
၄။ ဇိဝှါပသာဒသည် ဇိဝှါယတန မည်၏။
၅။ ကာယပသာဒသည် ကာယာယတန မည်၏။
၆။ လောကီစိတ်ရှစ်ဆယ့်တစ်ခုသည် မနာယတန မည်၏။
၇။ ရူပါရုံသည် ရူပါယတန မည်၏။
၈။ သဒ္ဒါရုံသည် သဒ္ဒါယတန မည်၏။
၉။ ဂန္ဓာရုံသည် ဂန္ဓာယတန မည်၏။
၁၀။ ရသာရုံသည် ရသာယတန မည်၏။
၁၁။ ဖောဋ္ဌာဗ္ဗာရုံသည် ဖောဋ္ဌဗ္ဗာယတန မည်၏။
၁၂။ ရူပါရုံစသော ငါးပါးမှ တစ်ပါးသော ရုပ်နာမ် ပညတ်သည် ဓမ္မာယတန မည်၏။

စက္ခု, ရူပါရုံ၊ သောတ, သဒ္ဒါရုံ အစရှိသော အဇ္ဈတ္တိက, ဗဟိဒ္ဓါယတန နှစ်ပါးကို စွဲ၍ဖြစ်သော သံယောဇဉ်သည် ကာမရာဂသံယောဇဉ်, ပဋိဃသံယောဇဉ်, မာနသံယောဇဉ်, ဒိဋ္ဌိသံယောဇဉ်, ဝိစိကိစ္ဆာသံယောဇဉ်, ဘဝရာဂသံယောဇဉ်, သီလဗ္ဗတပရာမာသသံယောဇဉ်, ဣဿာသံယောဇဉ်, မစ္ဆရိယသံယောဇဉ်, အဝိဇ္ဇာသံယောဇဉ်ဟူ၍ ဆယ်ပါးအပြားရှိသည်သာလျှင် ဖြစ်၏။

ထိုဆယ်ပါးသော သံယောဇဉ်တို့သည် အဘယ်သို့ ဖြစ်သနည်းဟူမူကား -

၁။ စက္ခုဒွါရ၌ ဣဋ္ဌဖြစ်သော ရူပါရုံ,
၂။ သောတဒွါရ၌ ဣဋ္ဌဖြစ်သော သဒ္ဒါရုံ,
၃။ ဃာနဒွါရ၌ ဣဋ္ဌဖြစ်သော ဂန္ဓာရုံ,
၄။ ဇီဝှါဒွါရ၌ ဣဋ္ဌဖြစ်သော ရသာရုံ,
၅။ ကာယဒွါရ၌ ဣဋ္ဌဖြစ်သော ဖောဋ္ဌဗ္ဗာရုံ,
၆။ မနောဒွါရ၌ ဣဋ္ဌဖြစ်သော ဓမ္မာရုံ ထင်ရှားဖြစ်သည်ရှိသော် -

၁။ သာယာနှစ်သက်သောသူအား ကာမရာဂသံယောဇဉ်,

၂။ အနိဋ္ဌာရုံ ထင်ရှားဖြစ်သည်ရှိသော် အမျက်ထွက်သောသူအား ပဋိဃသံယောဇဉ်,

၃။ ငါ့ပြင် မရှိ၊ ငါသာလျှင် မြတ်၏ဟုထောင်လွှား အောက်မေ့သော သူအား မာနသံယောဇဉ်,

၄။ ရူပါရုံ စသည် အမြဲရှိ၏ဟု ယူသောသူအား ဒိဋ္ဌိသံယောဇဉ်,

၅။ ဤအာရုံသည် သတ္တဝါတည်းဖြစ်သလောဟု တွေးတောယုံမှားရှိသောသူအား ဝိစိကိစ္ဆာသံယောဇဉ်,

၆။ ပြည့်စုံချမ်းသာသောဘဝကို ငါရမည်ဟု တောင့်တသောသူအား ဘဝရာဂသံယောဇဉ်,

၇။ နောင်လည်း ဤသို့အကျင့်ကို ကျင့်ဆောက်တည် လိုသောသူအား သီလဗ္ဗတသံယောဇဉ်,

၈။ ငါကဲ့သို့ သူတစ်ပါးအား မဖြစ်ပါစေလင့်ဟု ငြူစူသောသူအား ဣဿာသံယောဇဉ်,

၉။ မိမိရပြီးသော စည်းစိမ်ချမ်းသာကို သူတစ်ပါးတို့နှင့် မစပ်ယှက်စေလို ဝန်တို သောသူအား မစ္ဆရိယသံယောဇဉ်,

၁၀။ ကာမရာဂသံယောဇဉ်အစရှိသည်တို့နှင့်အတူတကွမသိသောသူအား အဝိဇ္ဇာသံယောဇဉ် ဖြစ်၏။

စက္ခုအစရှိသော ဒွါရခြောက်ပါး၌ ရူပါရုံအစရှိသော အာရုံခြောက်ပါး ထင်ရှား ဖြစ်သည်ရှိသော် အသင့်အားဖြင့် နှလုံး သွင်း၍ တဒဂ်ပဟာန်, ဝိက္ခမ္ဘနပဟာန်အားဖြင့် မဖြစ်သော သံယောဇဉ် မဖြစ်၊ ဖြစ်ပြီးသော သံယောဇဉ်ကို ပယ်၏။ ပယ်ပြီးသော သံယောဇဉ်တို့တွင် -

၁။ ဒိဋ္ဌိသံယောဇဉ်, ဝိစိကိစ္ဆာသံယောဇဉ်, သီလဗ္ဗတပရာမသသံယောဇဉ်, ဣဿာသံယောဇဉ်, မစ္ဆရိယသံယောဇဉ်အားဖြင့် သံယောဇဉ်ငါးပါးသည် သောတာပတ္တိမဂ်ဖြင့် နောင်အသစ် တစ်ဖန် မဖြစ်ပြန်ပြီ။

၂။ ရုန့်ရင်းသော ကာမရာဂသံယောဇဉ်, ပဋိဃသံယောဇဉ် အားဖြင့် သံယောဇဉ် နှစ်ပါးသည် သကဒါဂါမိမဂ်ဖြင့် နောင်အသစ်တစ်ဖန် မဖြစ်ပြန်ပြီ။

၃။ သိမ်မွေ့သော ကာမရာဂသံယောဇဉ်, ပဋိဃသံယောဇဉ်အားဖြင့် သံယောဇဉ် နှစ်ပါးသည် အနာဂါမိမဂ်ဖြင့် နောင်အသစ်တစ်ဖန် မဖြစ်ပြန်ပြီ။
၄။ မာနသံယောဇဉ်, ဘဝရာဂသံယောဇဉ်, အဝိဇ္ဇာသံယောဇဉ်အားဖြင့် ဤ သံယောဇဉ် သုံးပါးသည် အရဟတ္တမဂ်ဉာဏ်ဖြင့် နောင်အသစ်တစ်ဖန် မဖြစ်ပြန်ပြီ ဟု ဆင်ခြင်အောက်မေ့ရာသည်။

သစ္စာလေးပါး ခွဲပြချက်

(၁) အာယတနကို အောက်မေ့ သိမ်းဆည်းတတ်သောသတိသည် ဒုက္ခသစ္စာမည်၏။

(၂) ထိုဒုက္ခ၏အကြောင်းရင်း၏ အဖြစ်အားဖြင့် ဖြစ်စေတတ်သော ရှေးဘဝ၌ ပြီးပြီးသော လောဘ သည် သမုဒယသစ္စာ မည်၏။

(၃) ထိုသစ္စာနှစ်ပါးတို့၏ မဖြစ်ရာ ချုပ်ရာဖြစ်သော အသင်္ခတဓာတ်နိဗ္ဗာန်သည် နိရောဓသစ္စာ မည်၏။

(၄) ထိုနိရောဓသစ္စာကို အာရုံပြု၍ဖြစ်သော ကောင်းမွန်လွန်မြတ်သော အကျင့်ဟု ဆိုအပ်သော မဂ္ဂင် တရားကိုယ် ရှစ်ပါးသည် မဂ္ဂသစ္စာမည်၏။

ဤသို့ သစ္စာလေးပါးတို့၏အစွမ်းအားဖြင့် အားထုတ်၍လည် နိဗ္ဗာန်သို့ ရောက်သည် သာလျှင် ဖြစ်၏။ ထို့ကြောင့် စတုသစ္စကမ္မဋ္ဌာန်းကိုလည်း စီးဖြန်း အားထုတ်ရာသည်။

[ဤကား အာယတနပဗ္ဗ၌ အကျဉ်းဖြစ်သော အဓိပ္ပါယ်တည်း။]

ဓမ္မာနုပဿနာ ၄- ဗောဇ္ဈင်္ဂပိုင်း

၁၄။ ဗောဇ္ဈင်္ဂပဗ္ဗ၌ ဗောဇ္ဈင်တရားသည် -

၁။ သတိသမ္ဗောဇ္ဈင်,
၂။ ဓမ္မဝိစယသမ္ဗောဇ္ဈင်,
၃။ ဝီရိယသမ္ဗောဇ္ဈင်,
၄။ ပီတိသမ္ဗောဇ္ဈင်,
၅။ ပဿဒ္ဓိသမ္ဗောဇ္ဈင်,
၆။ သမာဓိသမ္ဗောဇ္ဈင်,
၇။ ဥပေက္ခာသမ္ဗောဇ္ဈင်-

ဟူ၍ ခုနစ်ပါးအပြားရှိသည်သာလျှင် ဖြစ်၏။ ထိုခုနစ်ပါးတို့တွင် -

၁။ အာရုံထင်ခြင်း, မမေ့မလျော့ခြင်း လက္ခဏာရှိသော သတိသည် သတိသမ္ဗောဇ္ဈင်မည်၏။

၂။ အနိစ္စ အစရှိသော တရားကို အောက်မေ့ဆင်ခြင်သော လက္ခဏာရှိသော ပညာသည် ဓမ္မဝိစယသမ္ဗောဇ္ဈင် မည်၏။

၃။ အားထုတ်ခြင်း ထောက်ပံ့ခြင်း လက္ခဏာရှိသော ဝီရိယသည် ဝီရိယသမ္ဗောဇ္ဈင် မည်၏။

၄။ သမ္ပယုတ်တရားတို့ကို ပျို့စေခြင်း နှစ်သက်စေခြင်း လက္ခဏာရှိသော ပီတိသည် ပီတိသမ္ဗောဇ္ဈင် မည်၏။

၅။ စိတ်၏ငြိမ်းခြင်း လက္ခဏာရှိသော ပဿဒ္ဓိသည် ပဿဒ္ဓိသမ္ဗောဇ္ဈင် မည်၏။

၆။ အာရုံ၌မတုန်မလှုပ် တည်ကြည်ခြင်း လက္ခဏာရှိသော ဧကဂ္ဂတာသည် သမာဓိသမ္ဗောဇ္ဈင် မည်၏။

၇။ ထိုသို့အာရုံကို လျစ်လျူရှုခြင်းလက္ခဏာရှိသော တတြမဇ္ဈတ္တတာသည် ဥပေက္ခာသမ္ဗောဇ္ဈင် မည်၏။

ထို့ကြောင့် ဗောဇ္ဈင် ခုနစ်ပါးတို့တွင် -

၁။ ရအပ်သောအားဖြင့် မိမိသန္တာန်၌ သတိသမ္ဗောဇ္ဈင် ထင်ရှားဖြစ်သည်ကိုလည်း ထင်ရှားဖြစ်၏၊ မရသောအားဖြင့် ထင်ရှားမဖြစ်သည်ကိုလည်း ထင်ရှား မဖြစ်။

(က) သတိသမ္ဗောဇ္ဈင်၏ အကြောင်းတရားတို့၌ အသင့်အားဖြင့် နှလုံးသွင်းခြင်း ကြောင့်လည်းကောင်း,

(ခ) ၁။ ရှေ့သို့ တက်ခြင်းစသော ခုနစ်ပါးသော သတိသမ္ပဇညအရာတို့၌ သတိသမ္ပဇညနှင့် ပြည့်စုံခြင်း,
၂။ လွတ်သော သတိရှိသောပုဂ္ဂိုလ်ကို ကြဉ်ခြင်း,
၃။ ထင်သော သတိရှိသောပုဂ္ဂိုလ်ကို မှီဝဲခြင်း,
၄။ ရပ်ခြင်း, ထိုင်ခြင်း စသည်တို့၌ သတိသမ္ဗောဇ္ဈင်ကို ဖြစ်စေခြင်းငှါ ညွတ်သော, ကိုင်းသော, ရှိုင်းသောစိတ် ရှိသည်၏ အဖြစ်အားဖြင့် ဤလေးပါးသော အကြောင်း တရားတို့နှင့် ပြည့်စုံခြင်းကြောင့်လည်းကောင်း, မဖြစ်သေးသော သတိသမ္ဗောဇ္ဈင် ဖြစ်၏။ ဖြစ်ပြီးသော သတိသမ္ဗောဇ္ဈင် အတိုင်းထက် အလွန် ပွားများ၏။ အရဟတ္တ မဂ်ဉာဏ်ဖြင့် ဖြစ်ပြီးသော သတိသမ္ဗောဇ္ဈင်ကို ပွားစေခြင်းသည် ဘာဝနာနှင့် ပြည့်စုံ၏ဟု ဆင်ခြင်အောက်မေ့ရာ သည်။

၂။ မိမိသန္တာန်၌ ဓမ္မဝိစယသမ္ဗောဇ္ဈင် ထင်ရှားဖြစ်သည်ကိုလည်း ထင်ရှားဖြစ်၏၊ ထင်ရှားမဖြစ်သည် ကိုလည်း ထင်ရှား မဖြစ်။

(က) ကုသိုလ် စသော တရားတို့၌ အသင့်အားဖြင့် နှလုံးသွင်းခြင်းကြောင့် လည်းကောင်း,

(ခ) ၁။ ခန္ဓာ, အာယတန, ဓာတ်, ဣန္ဒြေ စသည်တို့၏အနက်ကိုမှီသော ပါဠိ အဋ္ဌကထာ သင်ခြင်း, မေးမြန်းခြင်း များသည်အဖြစ်,
၂။ အဇ္ဈတ္တ ဗဟိဒ္ဓဖြစ်ကုန်သော ဝတ္ထုတို့၏ သန့်ရှင်းသည်၏ အဖြစ်ကိုပြုခြင်း,
၃။ သဒ္ဓိန္ဒြေစသော ဣန္ဒြေတို့၏ တူမျှသည်၏ အဖြစ်ကိုပြုခြင်း,
၄။ ခန္ဓာစသည် အပြားရှိသော ပရမတ္ထဓမ္မ၌ သက်ဝင်သော ဉာဏ်မရှိသော ပုဂ္ဂိုလ် တို့ကို ဝေးစွာကြဉ်ခြင်း,
၅။ အမြင်ငါးဆယ်ရှိသော လက္ခဏာကို သိမ်းဆည်းတတ်သော ဥဒယဗ္ဗယပညာနှင့် ပြည့်စုံ သောပုဂ္ဂိုလ်ကို မှီဝဲခြင်း,
၆။ နက်နဲသော ခန္ဓာစသည်တို့၌ ဖြစ်သော နက်နဲသော ပညာအပြားကို ဆင်ခြင်ခြင်း,
၇။ ရပ်ခြင်း, ထိုင်ခြင်း စသည်တို့၌ ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ဖြစ်စေခြင်းငှါ ညွတ်သော, ကိုင်းသော, ရှိုင်းသော စိတ်ရှိသည်၏ အဖြစ်အားဖြင့် ခုနစ်ပါးသော အကြောင်းတရားတို့ နှင့် ပြည့်စုံခြင်းကြောင့်လည်းကောင်း, မဖြစ်သေးသော ဓမ္မဝိစယသမ္ဗောဇ္ဈင် ဖြစ်၏။ ဖြစ်ပြီးသော ဓမ္မဝိစယသမ္ဗောဇ္ဈင် အတိုင်းထက်အလွန် ပွားများ၏။ အရဟတ္တမဂ်ဉာဏ် ဖြင့် ဖြစ်ပြီးသော ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွားစေခြင်းသည် ဘာဝနာနှင့် ပြည့်စုံ၏ဟု ဆင်ခြင် အောက်မေ့ရာသည်။

၃။ မိမိသန္တာန်၌ ဝီရိယသမ္ဗောဇ္ဈင် ထင်ရှားဖြစ်သည်ကိုလည်း ထင်ရှားဖြစ်၏၊ ထင်ရှား မဖြစ်သည်ကိုလည်း ထင်ရှားမဖြစ်။

(က) လုံ့လအားထုတ်ခြင်း အသင့်အားဖြင့် နှလုံးသွင်းခြင်းကြောင့်လည်းကောင်း,

(ခ) ၁။ အပါယ်ဘေးကို ဆင်ခြင်သည်၏အဖြစ်,
၂။ အကျိုးဆက်ကို မြင်လေ့ရှိသည်၏အဖြစ်,
၃။ ဘုရား, ပစ္စေကဗုဒ္ဓါ စသည်တို့သည် သွားအပ်သောခရီးကို ဆင်ခြင်ခြင်း ရှိသည်၏အဖြစ်,
၄။ ဆွမ်းထမင်းကို ရိုသေခြင်း ရှိသည်၏အဖြစ်,
၅။ အမွေခံ၏ မြတ်သည်၏အဖြစ်ကို ဆင်ခြင်ခြင်းရှိသည်၏အဖြစ်,
၆။ ဘုရား၏ မြတ်သည်၏အဖြစ်ကို ဆင်ခြင်ခြင်းရှိသည်၏အဖြစ်,
၇။ အမျိုးမြတ်သည်၏အဖြစ်ကို ဆင်ခြင်ခြင်းရှိသည်၏အဖြစ်,
၈။ သီတင်းသုံးဖော်၏ မြတ်သည်၏အဖြစ်ကို ဆင်ခြင်ခြင်းရှိသည်၏အဖြစ်,
၉။ ပျင်းရိသော ပုဂ္ဂိုလ်၏ ကြဉ်ခြင်းရှိသည်၏အဖြစ်,
၁၀။ အားထုတ်ခြင်းလုံ့လရှိသော ပုဂ္ဂိုလ်ကို မှီဝဲခြင်း ရှိသည်၏အဖြစ်,
၁၁။ ရပ်ခြင်း, ထိုင်ခြင်း စသည်တို့၌ ဝီရိယသမ္ဗောဇ္ဈင်ကို ဖြစ်စေခြင်းငှါ ညွတ်သော, ကိုင်းသော, ရှိုင်းသော စိတ်ရှိသည်၏ အဖြစ်အားဖြင့် ဤ တစ်ဆယ့်တစ်ပါးသော အကြောင်းတရားတို့နှင့် ပြည့်စုံခြင်းကြောင့် လည်းကောင်း, မဖြစ်သေးသော ဝီရိယသမ္ဗောဇ္ဈင် ဖြစ်၏။ ဖြစ်ပြီးသော ဝီရိယသမ္ဗောဇ္ဈင် အတိုင်းထက်အလွန် ပွားများ၏။ အရဟတ္တမဂ်ဉာဏ်ဖြင့် ဖြစ်ပြီးသော ဝီရိယသမ္ဗောဇ္ဈင်ကို ပွားစေခြင်းသည် ဘာဝနာနှင့် ပြည့်စုံ၏ဟု ဆင်ခြင်အောက်မေ့ရာသည်။

၄။ မိမိသန္တာန်၌ ပီတိသမ္ဗောဇ္ဈင် ထင်ရှားဖြစ်သည်ကိုလည်း ထင်ရှားဖြစ်၏၊ ထင်ရှားမဖြစ်သည်ကိုလည်း ထင်ရှားမဖြစ်။

(က) ပီတိသမ္ဗောဇ္ဈင်တို့၏ အကြောင်းတရားတို့၏ အသင့်အားဖြင့် နှလုံးသွင်းခြင်း ကြောင့်လည်းကောင်း,

(ခ) ၁။ ဘုရားဂုဏ်ကျေးဇူးကို အောက်မေ့ခြင်း,
၂။ တရားဂုဏ်ကျေးဇူးကို အောက်မေ့ခြင်း,
၃။ သံဃာ့ဂုဏ်ကျေးဇူးကို အောက်မေ့ခြင်း,
၄။ ရဟန်းတို့အား စတုပါရိသုဒ္ဓိသီလ, လူတို့အား ဒသသီလ ပဉ္စသီလကို ဆင်ခြင်ခြင်း,
၅။ စွန့်ကြဲခြင်း စာဂကို ဆင်ခြင်ခြင်း,
၆။ နတ်တို့ကို သက်သေအရာထား၍ မိမိ၏ဂုဏ်ကို ဆင်ခြင်ခြင်း,
၇။ သမာပတ်ဖြင့် ခွါအပ်ပြီးသော ကိလေသာတို့သည် အနှစ်ခြောက်ဆယ်, ခုနစ်ဆယ်တို့ ပတ်လုံး မဖြစ်ကုန်သဖြင့် ကိလေသာငြိမ်းခြင်းကိုဆင်ခြင်ခြင်း,
၈။ ကြမ်းတမ်းသော ပုဂ္ဂိုလ်ကို ကြဉ်ခြင်း,
၉။ နူးညံ့သော စိတ်ရှိသောပုဂ္ဂိုလ်ကို မှီဝဲခြင်း,
၁၀။ ရတနာသုံးပါးတို့ ဂုဏ်ကျေးဇူးကို ပြတတ်သော သုတ္တန်တို့ကို ဆင်ခြင်ခြင်း,
၁၁။ ရပ်ခြင်း, ထိုင်ခြင်း စသည်တို့၌ ပီတိသမ္ဗောဇ္ဈင်ကိုဖြစ်စေခြင်းငှါ ညွတ်သော, ကိုင်းသော, ရှိုင်းသော စိတ်ရှိသည်၏ အဖြစ်အားဖြင့် ဤတစ်ဆယ့်တစ်ပါးသော အကြောင်းတရားတို့နှင့် ပြည့်စုံခြင်းကြောင့်လည်းကောင်း, မဖြစ်သေးသော ပီတိသမ္ဗောဇ္ဈင် ဖြစ်၏။ ဖြစ်ပြီး သော ပီတိသမ္ဗောဇ္ဈင် အတိုင်းထက်အလွန် ပွားများ၏။ အရဟတ္တမဂ်ဉာဏ်ဖြင့် ဖြစ်ပြီး သော ပီတိသမ္ဗောဇ္ဈင်ကို ပွားစေခြင်းသည် ဘာဝနာနှင့် ပြည့်စုံ၏ဟု ဆင်ခြင်အောက်မေ့ ရာသည်။

၅။ မိမိသန္တာန်၌ ပဿဒ္ဓိသမ္ဗောဇ္ဈင် ထင်ရှားဖြစ်သည်ကိုလည်း ထင်ရှားဖြစ်၏၊ ထင်ရှားမဖြစ် သည်ကိုလည်း ထင်ရှား မဖြစ်။

(က) ကိုယ်စိတ်ငြိမ်းခြင်း၌ အသင့်အားဖြင့် နှလုံးသွင်းခြင်းကြောင့်လည်းကောင်း,

(ခ) ၁။ မွန်မြတ်သော ဘောဇဉ်ကို မှီဝဲခြင်းရှိသည်၏အဖြစ်,
၂။ ချမ်းသာစွာ လျောက်ပတ်သော ဥတု ဘောဇဉ်ကို မှီဝဲခြင်းရှိသည်၏အဖြစ်,
၃။ ချမ်းသာစွာ လျောက်ပတ်သောဣရိယာပုထ်ကို မှီဝဲခြင်းရှိသည်၏အဖြစ်,
၄။ လျစ်လျူရှုသော လုံ့လရှိသည်၏အဖြစ်,
၅။ ပူပန်သော ကိုယ်ရှိသော ပုဂ္ဂိုလ်ကို ကြဉ်ခြင်းရှိသည်၏အဖြစ်,
၆။ ငြိမ်းချမ်းသော ကိုယ်ရှိသော ပုဂ္ဂိုလ်ကို မှီဝဲခြင်းရှိသည်၏အဖြစ်,
၇။ ရပ်ခြင်း, ထိုင်ခြင်း အစရှိသည်တို့၌ ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ဖြစ်စေခြင်းငှါ ညွတ်သော, ကိုင်းသော, ရှိုင်းသော စိတ်ရှိသည်၏ အဖြစ်အားဖြင့် ဤခုနစ်ပါးသော အကြောင်းတရား တို့နှင့် ပြည့်စုံခြင်းကြောင့် လည်းကောင်း, မဖြစ်သေးသော ပဿဒ္ဓိသမ္ဗောဇ္ဈင် ဖြစ်၏။ ဖြစ်ပြီးသော ပဿဒ္ဓိသမ္ဗောဇ္ဈင်အတိုင်းထက် အလွန်ပွားများ၏။ အရဟတ္တမဂ်ဉာဏ်ဖြင့် ဖြစ်ပြီးသော ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွားစေခြင်းသည် ဘာဝနာနှင့် ပြည့်စုံ၏ဟု ဆင်ခြင် အောက်မေ့ရာသည်။

၆။ မိမိသန္တာန်၌ သမာဓိသမ္ဗောဇ္ဈင် ထင်ရှားဖြစ်သည်ကိုလည်း ထင်ရှားဖြစ်၏၊ ထင်ရှားမဖြစ် သည်ကိုလည်း ထင်ရှား မဖြစ်။

(က) သမာထအာရုံ၌ အသင့်အားဖြင့် နှလုံးသွင်းခြင်းကြောင့်လည်းကောင်း,

(ခ) ၁။ အဇ္ဈတ္တဗဟိဒ္ဓ၌ဖြစ်သော ဝတ္ထုတို့၏ သန့်ရှင်းသည်၏အဖြစ်ကို ပြုခြင်း,
၂။ သဒ္ဓိန္ဒြေစသော ဣန္ဒြေတို့၏ တူမျှညီညွတ်သည်၏အဖြစ်ကို ပြုခြင်း,
၃။ ကသိုဏ်းအာရုံကိုသင်ခြင်း၌ လိမ္မာခြင်းရှိသည်၏အဖြစ်,
၄။ ချီးမြှောက်သင့်သောအခါ၌ စိတ်ကို ချီးမြှောက်ခြင်း,
၅။ နှိပ်သင့်သောအခါ၌ စိတ်ကို နှိပ်ခြင်း,
၆။ ရွှင်စေသောအခါ၌ သံဝေဂ ဝတ္ထုရှစ်ပါးကို ဆင်ခြင်၍ ထိတ်လန့်စေသဖြင့် စိတ်ကို ရွှင်စေခြင်း,
၇။ လျစ်လျူရှုသင့်သောအခါ၌ စိတ်ကို လျစ်လျူရှုခြင်း,
၈။ ပျံ့လွင့်သောပုဂ္ဂိုလ်ကို ကြဉ်ခြင်း,
၉။ တည်ကြည်ငြိမ်သက်သော စိတ်ရှိသော ပုဂ္ဂိုလ်ကို မှီဝဲခြင်း,
၁၀။ ဈာန်ဝိမောက္ခတရားကို ဆင်ခြင်ခြင်း,
၁၁။ ရပ်ခြင်း, ထိုင်ခြင်း စသည်တို့၌ သမာဓိသမ္ဗောဇ္ဈင်ကို ဖြစ်စေခြင်းငှါ ညွတ်သော, ကိုင်းသော, ရှိုင်းသော စိတ်ရှိသည်၏ အဖြစ်အားဖြင့် တစ်ဆယ့်တစ်ပါးသော အကြောင်းတရားတို့နှင့် ပြည့်စုံခြင်းကြောင့် လည်းကောင်း, မဖြစ်သေးသော သမာဓိသမ္ဗောဇ္ဈင် ဖြစ်၏။ ဖြစ်ပြီးသော သမာဓိသမ္ဗောဇ္ဈင် အတိုင်းထက်အလွန် ပွားများ၏။ အရဟတ္တမဂ်ဉာဏ်ဖြင့် ဖြစ်ပြီးသော သမာဓိသမ္ဗောဇ္ဈင်ကို ပွားစေခြင်းသည် ဘာဝနာနှင့် ပြည့်စုံ၏ဟု ဆင်ခြင်အောက်မေ့ရာသည်။

၇။ မိမိသန္တာန်၌ ဥပေက္ခာသမ္ဗောဇ္ဈင် ထင်ရှားဖြစ်သည်ကိုလည်း ထင်ရှားဖြစ်၏၊ ထင်ရှား မဖြစ်သည်ကိုလည်း ထင်ရှား မဖြစ်။

(က) ဥပေက္ခာသမ္ဗောဇ္ဈင်တို့၏အကြောင်းတရားတို့၌ အသင့်အားဖြင့် နှလုံးသွင်း ခြင်းကြောင့် လည်းကောင်း,

(ခ) ၁။ သတ္တဝါ၌ လျစ်လျူရှုခြင်း ရှိသည်၏အဖြစ်,
၂။ သင်္ခါရတို့၌ လျစ်လျူရှုခြင်း ရှိသည်၏အဖြစ်, တရားဂုဏ် ကျေးဇူးကို အောက်မေ့ခြင်း,
၃။ သတ္တဝါ သင်္ခါရတို့၌ ချစ်မြတ်နိုးခြင်း ရှိသောပုဂ္ဂိုလ်ကို ကြဉ်ခြင်း ရှိသည်၏ အဖြစ်,
၄။ သတ္တဝါ သင်္ခါရတို့၌ လျစ်လျူရှုခြင်း ရှိသော ပုဂ္ဂိုလ်ကို မှီဝဲဆည်းကပ်ခြင်း ရှိသည်၏အဖြစ်,
၅။ ရပ်ခြင်း, ထိုင်ခြင်း စသည်တို့၌ ဥပေက္ခာသမ္ဗောဇ္ဈင်ကို ဖြစ်စေခြင်းငှါ ညွတ်သော, ကိုင်းသော, ရှိုင်းသော စိတ်ရှိသည်၏ အဖြစ်အားဖြင့် ဤတစ်ဆယ့် တစ်ပါးသော အကြောင်းတရားတို့နှင့် ပြည့်စုံခြင်းကြောင့် လည်းကောင်း, မဖြစ်သေး သော ဥပေက္ခာသမ္ဗောဇ္ဈင် ဖြစ်၏။ ဖြစ်ပြီးသော ဥပေက္ခာသမ္ဗောဇ္ဈင် အတိုင်း ထက်အလွန် ပွားများ၏။ အရဟတ္တမဂ်ဉာဏ်ဖြင့် ဖြစ်ပြီးသော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွားစေခြင်းသည် ဘာဝနာ နှင့် ပြည့်စုံ၏ဟု ဆင်ခြင်အောက်မေ့ရာသည်။

သစ္စာလေးပါး ခွဲပြချက်

(၁) ဗောဇ္ဈင် ခုနစ်းပါးကို အောက်မေ့ သိမ်းဆည်းတတ်သော သတိသည် ဒုက္ခသစ္စာ မည်၏။

(၂) ထိုဒုက္ခ၏ အကြောင်းရင်း၏ အဖြစ်အားဖြင့် ဖြစ်စေတတ်သော ရှေးဘဝ၌ ပြီးပြီးသော လောဘသည် သမုဒယသစ္စာ မည်၏။

(၃) ထိုသစ္စာနှစ်ပါးတို့၏ မဖြစ်ရာ ချုပ်ရာဖြစ်သော အသင်္ခတ ဓာတ်နိဗ္ဗာန်သည် နိရောဓသစ္စာ မည်၏။

(၄) ထိုနိရောဓသစ္စာကို အာရုံပြု၍ဖြစ်သော ကောင်းမွန် လွန်မြတ်သော အကျင့်ဟု ဆိုအပ်သော မဂ္ဂင်တရားကိုယ် ရှစ်ပါးသည် မဂ္ဂသစ္စာ မည်၏။

ဤသို့ သစ္စာလေးပါးတို့၏ အစွမ်းအားဖြင့် အားထုတ်၍လည်း ဘေးအပေါင်း ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်သည်သာလျှင် ဖြစ်၏။ ထို့ကြောင့် စတုသစ္စကမ္မဋ္ဌာန်းကို စီးဖြန်း အားထုတ်ရာ, ပွားစေရာ, လုံ့လပြုရာသည်။

[ဤကား ဗောဇ္ဈင်္ဂပဗ္ဗ၌ အကျဉ်းဖြစ်သော အဓိပ္ပါယ်တည်း။]

ဓမ္မာနုပဿနာ ၅- သစ္စာပိုင်း

၁၅။ သစ္စပဗ္ဗ၌ သစ္စာသည် -

(၁) ဒုက္ခသစ္စာ,
(၂) သမုဒယသစ္စာ,
(၃) နိရောဓသစ္စာ,
(၄) မဂ္ဂသစ္စာ -

ဟူ၍ လေးပါးအပြားရှိသည်သာလျှင် ဖြစ်၏။ ထိုလေးပါးတို့တွင်

(က) ဇာတိ, ဇရာ, မရဏ, သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသ, အပ္ပိယသမ္ပယောဂ, ပိယဝိပ္ပယောဂ, ဣစ္ဆာအပဋိလာဘ, ဥပါဒါနက္ခန္ဓာ ဤအလုံးစုံ သည် ဒုက္ခသစ္စာ မည်၏။

တစ်နည်းလည်း တဏှာကြဉ်သော တေဘူမိက ဝဋ်တရားအပေါင်းသည် ဒုက္ခသစ္စာ မည်၏။

ထိုတရား အပေါင်းတို့တွင် -

(၁) သတ္တဝါအပေါင်းတို့၏ ထိုထိုဘဝ၌ ဖောက်ပြန်ခြင်း ရှိကုန်သော ရှေးဦးစွာ ဖြစ်သော ခန္ဓာငါးပါးတို့၏ သဘောသည် ဇာတိ မည်၏။

(၂) အိုခြင်း, သွားကျိုးခြင်း, ဆံဖြူခြင်း, အရေတွန့်ခြင်း, မျက်စိသီခြင်း, နားထိုင်း ခြင်း ဤအလုံးစုံ သည် ဇရာ မည်၏။

(၃) ထိုထိုဘဝမှ စုတေ သေလွန်ခြင်းသည် မရဏ မည်၏။

(၄) အဆွေအမျိုး ပျက်စီးခြင်း, သတ်ခြင်း, နှောင်ဖွဲ့ခြင်း အစရှိသည်ကို တွေ့၍ စိုးရိမ်ခြင်း သည် သောက မည်၏။

(၅) ငါ့သမီး, ငါ့သား အစရှိသည်ဖြင့် ငိုကြွေး မြည်တမ်းခြင်းသည် ပရိဒေဝ မည်၏။

(၆) ကိုယ်ကိုမှီ၍ ဆင်းရဲခြင်း ဝေဒနာသည် ဒုက္ခ မည်၏။

(၇) စိတ်ကို မှီ၍ ဆင်းရဲခြင်း ဝေဒနာသည် ဒေါမနဿ မည်၏။

(၈) အဆွေအမျိုး ပျက်စီးခြင်း, သတ်ခြင်း, နှောင်ဖွဲ့ခြင်း အစရှိသည်ကိုတွေ့၍ သက်ကြီး ရှိုက်တငင် ပြင်းစွာ ပင်ပန်းခြင်းသည် ဥပါယာသ မည်၏။

(၉) မချစ်မနှစ်လိုသော သတ္တဝါအာရုံနှင့် တွေ့ကြုံ ပေါင်းဖက်ရခြင်းသည် အပ္ပိယသမ္ပယောဂ မည်၏။

(၁၀) ချစ်နှစ်လိုသော သတ္တဝါ အာရုံနှင့် ကွေကွင်း ရခြင်းသည် ပိယဝိပ္ပယောဂ မည်၏။

(၁၁) ငါ့အား ဇာတိစသည် မဖြစ်မူကား ကောင်းလေစွ၊ ဤသို့ တောင့်တသော ဆန္ဒအလို မပြည့်စုံခြင်း သည် ဣစ္ဆာအပဋိလာဘ မည်၏။

(၁၂) ဥပါဒါန်တရားလေးပါး၏ အာရုံဖြစ်သောရူပက္ခန္ဓာ, ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ, ဝိညာဏက္ခန္ဓာသည် ဥပါဒါနက္ခန္ဓာ မည်၏။

(ခ) ထိုထိုဘဝအာရုံတို့၌ နှစ်သက်တတ်သောကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာ သည် သမုဒယသစ္စာ မည်၏။

ထိုတဏှာသုံးပါးတို့တွင် -

(၁) ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံအားဖြင့် ကာမဂုဏ်ငါးပါးကို တပ်သော တဏှာသည် ကာမတဏှာ မည်၏။

(၂) ဘဝကို တောင့်တသော အားဖြင့် ဖြစ်သော သဿတဒိဋ္ဌိနှင့် တကွဖြစ်သော ရူပဘဝ, အရူပဘဝကို တပ်သော ရာဂ၊ ဈာန်ကို တပ်သော တဏှာသည် ဘဝတဏှာ မည်၏။

(၃) ဥစ္ဆေဒဒိဋ္ဌိနှင့်တကွဖြစ်သော တဏှာသည် ဝိဘဝတဏှာ မည်၏။
ထိုတဏှာသုံးပါးသည် အဘယ်၌ ဖြစ်သနည်း ဟူမူကား - ပိယရုပ်, သာတရုပ်၌ ဖြစ်၏။ ပိယရုပ်, သာတရုပ်ဟူသည် အဘယ်နည်း။

၁။ စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, မန။
၂။ ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, ဓမ္မာရုံ။
၃။ စက္ခုဝိညာဏ်, သောတဝိညာဏ်, ဃာနဝိညာဏ်, ဇိဝှါဝိညာဏ်, ကာယ ဝိညာဏ်, မနော ဝိညာဏ်။
၄။ စက္ခုသမ္ဖဿ, သောတသမ္ဖဿ, ဃာနသမ္ဖဿ, ဇိဝှါသမ္ဖဿ, ကာယသမ္ဖဿ, မနောသမ္ဖဿ။
၅။ စက္ခုသမ္ဖဿဇာ ဝေဒနာ, သောတသမ္ဖဿဇာ ဝေဒနာ, ဃာနသမ္ဖဿဇာ ဝေဒနာ, ဇိဝှါသမ္ဖဿဇာ ဝေဒနာ, ကာယသမ္ဖဿဇာ ဝေဒနာ, မနောသမ္ဖဿဇာ ဝေဒနာ။
၆။ ရူပသညာ, သဒ္ဒသညာ, ဂန္ဓသညာ, ရသသညာ, ဖောဋ္ဌဗ္ဗသညာ, ဓမ္မသညာ။
၇။ ရူပသေဉ္စတနာ, သဒ္ဒသေဉ္စတနာ, ဂန္ဓသေဉ္စတနာ, ရသသေဉ္စတနာ, ဖောဋ္ဌဗ္ဗသေဉ္စတနာ, ဓမ္မသေဉ္စတနာ။
၈။ ရူပတဏှာ, သဒ္ဒတဏှာ, ဂန္ဓတဏှာ, ရသတဏှာ, ဖောဋ္ဌဗ္ဗတဏှာ, ဓမ္မတဏှာ။
၉။ ရူပဝိတက်, သဒ္ဒဝိတက်, ဂန္ဓဝိတက်, ရသဝိတက်, ဖောဋ္ဌဗ္ဗဝိတက်, ဓမ္မဝိတက်။
၁၀။ ရူပဝိစာရ, သဒ္ဒဝိစာရ, ဂန္ဓဝိစာရ, ရသဝိစာရ, ဖောဋ္ဌဗ္ဗဝိစာရ, ဓမ္မဝိစာရ။

ဤအလုံးစုံသည် သတ္တဝါတို့၏ ချစ်အပ်, သာယာအပ်သော သဘောရှိသောကြောင့် ပိယရုပ်, သာတရုပ်မည်၏။ ထို ပိယရုပ်, သာတရုပ်တို့၌ဆိုအပ်ခဲ့ပြီးသော တဏှာသုံးပါး ဖြစ်၏။ဤဒုက္ခသစ္စာ၏ အကြောင်းရင်းဖြစ်သောကြောင့် ကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာ သုံးပါးကိုသာ အကျဉ်းအား ဖြင့် ဟောတော်မူသည်။

အကျယ်အားဖြင့်ကား တဏှာ အပြားသည် တစ်ရာ့ရှစ်ပါး အပြားရှိသည်သာလျှင် ဖြစ်၏။ အဘယ်သို့ တစ်ရာ့ရှစ်ပါး ဖြစ်သနည်းဟူမူကား -

အာရုံအားဖြင့်ရူပတဏှာ, သဒ္ဒတဏှာ, ဂန္ဓတဏှာ, ရသတဏှာ, ဖောဋ္ဌဗ္ဗတဏှာ, ဓမ္မတဏှာဟူ၍ ခြောက်ပါး အပြားရှိ၏။

ထိုခြောက်ပါးတို့တွင် တစ်ပါးပါးသောတဏှာ၌ -

ပဝတ္တိအာကာရအားဖြင့် ကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာ အားဖြင့် အသီး အသီး သုံးပါး သုံးပါးစီ ဖြစ်သောကြောင့် တစ်ဆယ့်ရှစ်ပါးအပြားရှိသော တဏှာသည် ဖြစ်၏။ ထိုတစ်ဆယ့်ရှစ်ပါးသော တဏှာတို့တွင်လည်း တစ်ပါးတစ်ပါးသော တဏှာ၌ -

သန္တာန်၏ အစွမ်းအားဖြင့် အဇ္ဈတ္တိကတဏှာ, ဗဟိဒ္ဓတဏှာအားဖြင့် အသီးအသီး နှစ်ပါးနှစ်ပါးစီ ဖြစ်သော ကြောင့် သုံးဆယ့်ခြောက်ပါး အပြားရှိသော တဏှာ သည်ဖြစ်၏ ဟူလိုသည်။

ထိုသုံးဆယ့်ခြောက်ပါးသော တဏှာတို့တွင် တစ်ပါးတစ်ပါးသော တဏှာ၌ -

ကာလအားဖြင့် အတီတတဏှာ, အနာဂတတဏှာ, ပစ္စုပ္ပန္နတဏှာဟူ၍ အသီးအသီး သုံးပါး သုံးပါးစီဖြစ်သောကြောင့် တစ်ရာ့ရှစ်ပါး အပြားရှိသော တဏှာသည်ဖြစ်၏ ဟူလိုသည်။

(ဂ) ထိုတဏှာသုံးပါး၏ အကြွင်းမဲ့ချုပ်ရာ အသင်္ခတဓာတ် နိဗ္ဗာန်သည် နိရောဓသစ္စာ မည်၏။

ထိုတဏှာသုံးပါးသည် အဘယ်ဝတ္ထုမှီရာ၌ ချုပ်သနည်း။ ပိယရုပ်, သာတရုပ်ဟူသည် အဘယ်နည်း ဟူမူကား -

၁။ စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, မန။
၂။ ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, ဓမ္မာရုံ။
၃။ စက္ခုဝိညာဏ်, သောတဝိညာဏ်, ဃာနဝိညာဏ်, ဇိဝှါဝိညာဏ်, ကာယ ဝိညာဏ်, မနော ဝိညာဏ်။
၄။ စက္ခုသမ္ဖဿ, သောတသမ္ဖဿ, ဃာနသမ္ဖဿ, ဇိဝှါသမ္ဖဿ, ကာယသမ္ဖဿ, မနောသမ္ဖဿ။
၅။ စက္ခုသမ္ဖဿဇာ ဝေဒနာ, သောတသမ္ဖဿဇာ ဝေဒနာ, ဃာနသမ္ဖဿဇာ ဝေဒနာ, ဇိဝှါ သမ္ဖဿဇာ ဝေဒနာ, ကာယသမ္ဖဿဇာ ဝေဒနာ, မနောသမ္ဖဿဇာ ဝေဒနာ။
၆။ ရူပသညာ, သဒ္ဒသညာ, ဂန္ဓသညာ, ရသသညာ, ဖောဋ္ဌဗ္ဗသညာ, ဓမ္မသညာ။
၇။ ရူပသေဉ္စတနာ, သဒ္ဒသေဉ္စတနာ, ဂန္ဓသေဉ္စတနာ, ရသသေဉ္စတနာ, ဖောဋ္ဌဗ္ဗ- သေဉ္စတနာ, ဓမ္မသေဉ္စတနာ။
၈။ ရူပတဏှာ, သဒ္ဒတဏှာ, ဂန္ဓတဏှာ, ရသတဏှာ, ဖောဋ္ဌဗ္ဗတဏှာ, ဓမ္မတဏှာ။
၉။ ရူပဝိတက်, သဒ္ဒဝိတက်, ဂန္ဓဝိတက်, ရသဝိတက်, ဖောဋ္ဌဗ္ဗဝိတက်, ဓမ္မဝိတက်။
၁၀။ ရူပဝိစာရ, သဒ္ဒဝိစာရ, ဂန္ဓဝိစာရ, ရသဝိစာရ, ဖောဋ္ဌဗ္ဗဝိစာရ, ဓမ္မဝိစာရ။

ဤအလုံးစုံသည် သတ္တဝါတို့၏ ချစ်အပ်, သာယာအပ်သော သဘောရှိသောကြောင့် ပိယရုပ်, သာတရုပ် မည်၏။ ထို ပိယရုပ်, သာတရုပ်တို့၌ ဆိုအပ်ခဲ့ပြီးသော တဏှာ သုံးပါးအကြွင်းမဲ့ ချုပ်၏။

သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ, သမ္မာသတိ, သမ္မာသမာဓိ အားဖြင့် ဤမဂ္ဂင်တရားကိုယ် ရှစ်ပါးတို့တွင် -

၁။ ဒုက္ခသစ္စာ,သမုဒယသစ္စာ, နိရောဓသစ္စာ, မဂ္ဂသစ္စာအားဖြင့် လေးပါးသော သစ္စာ တို့ကို သိတတ် သောဉာဏ်သည် သမ္မာဒိဋ္ဌိ မည်၏။

၂။ ကာမဂုဏ်မှ ထွက်မြောက်သည်ကို ကြံခြင်း, သူတစ်ပါးတို့အား မပျက်စီး စိမ့်သောငှါ ကြံခြင်း, သူတစ်ပါးတို့အာ မညှဉ်းဆဲအံ့ သည်ကို ကြံခြင်းသည် သမ္မာသင်္ကပ္ပ မည်၏။

၃။ အာဇီဝ အကြောင်းမရှိဘဲ မုသာဝါဒ, ပိသုဏဝါစာ, ဖရူသဝါစာ, သမ္ဖပ္ပလာပ အားဖြင့် ဤ ဝစီဒုစရိုက်လေးပါးမှကြဉ်ခြင်းသည် သမ္မာဝါစာ မည်၏။

၄။ အာဇီဝ အကြောင်းရှိသော ပါဏာတိပါတ, အဒိန္နာဒါန, ကာမေသုမိစ္ဆာစာရ အားဖြင့် ကာယ ဒုစရိုက်သုံးပါးမှ ကြဉ်ခြင်းသည် သမ္မာကမ္မန္တ မည်၏။

၅။ အာဇီဝ အကြောင်းမရှိဘဲ မုသာဝါဒ, ပိသုဏဝါစာ, ဖရူသဝါစာ, သမ္ဖပ္ပလာပ ဟူသော ဝစီဒုစရိုက် လေးပါး၊ ပါဏာတိပါတ, အဒိန္နာဒါန, ကာမေသုမိစ္ဆာစာရဟူသော ကာယဒုစရိုက် သုံးပါးအားဖြင့် ဒုစရိုက်ခုနစ်ပါးမှ ကြဉ်ခြင်းသည် သမ္မာအာဇီဝ မည်၏။

၆။ မဖြစ်သေးသော အကုသိုလ်တရားတို့ကို မဖြစ်စိမ့်သောငှါ, ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်အံ့သောငှါ, မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စိမ့် သောငှါ, ဖြစ်ပြီးသော ကုသိုလ် တရားတို့ကို လွန်စွာ ပွားစေခြင်းငှါ အားထုတ်ခြင်း သည် သမ္မာဝါယာမ မည်၏။

၇။ လက်ခြေအစရှိသော အင်္ဂါကြီးငယ်အပေါင်း မကောင်းရွံရှာဖွယ် ဆံ, အမွေး, လက်သည်း ခြေသည်းစသော သုံးဆယ့်နှစ်ပါးသော ကောဋ္ဌာသအစုတို့၏ တည်ရာဖြစ်ရာ ရူပကာယခန္ဓာ ကိုယ်ကို အောက်မေ့ခြင်း၊ သုခ, ဒုက္ခ, ဥပေက္ခာ အားဖြင့် ပြားသော ဝေဒနာကို အောက်မေ့ခြင်း၊ သရာဂစသော စိတ်ကို အောက်မေ့ခြင်း၊ နီဝရဏငါးပါး စသော တရားကို အောက်မေ့ခြင်းသည် သမ္မာသတိ မည်၏။

၈။ ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါ ငါးပါးနှင့်ယှဉ်သော ပထမ ဈာန်၊ ပီတိ, သုခ, ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ သုံးပါးနှင့်ယှဉ်သော ဒုတိယဈာန်၊ သုခ, ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ နှစ်ပါးနှင့် ယှဉ်သော တတိယဈာန်၊ ဥပေက္ခာ, ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါနှစ်ပါးနှင့် ယှဉ်သော စတုတ္ထ ဈာန်သည် သမ္မာသမာဓိ မည်၏။

သစ္စာလေးပါး ခွဲပြချက်

၁။ သစ္စာလေးပါးကို သိမ်းဆည်းတတ်သော သတိသည် ဒုက္ခသစ္စာ မည်၏။

၂။ အကြောင်းရင်း၏ အဖြစ်အားဖြင့် ဖြစ်စေတတ်သော ရှေးဘဝ၌ ပြီးပြီးသော လောဘသည် သမုဒယသစ္စာ မည်၏။

၃။ ထိုသစ္စာနှစ်ပါးတို့၏ မဖြစ်ရာ ချုပ်ရာဖြစ်သော အသင်္ခတဓာတ်နိဗ္ဗာန်သည် နိရောဓသစ္စာ မည်၏။

၄။ ဒုက္ခသစ္စာကို ပိုင်းခြားတတ်သော သမုဒယသစ္စာကို ပယ်တတ်သော နိရောဓ သစ္စာလျှင် အာရုံ ရှိသော ကောင်းမွန်လွန်မြတ်သော အကျင့်ဟုဆိုအပ်သော မဂ္ဂင် တရားကိုယ်ရှစ်ပါးသည် မဂ္ဂသစ္စာ မည်၏။

ဤသို့ သစ္စာလေးပါးတို့၏အစွမ်းအားဖြင့် အားထုတ်လုံ့လပြု၍ ဘေးအပေါင်းငြိမ်းရာ နိဗ္ဗာန်သို့ ရောက်သည်သာလျှင် ဖြစ်၏။ ထို့ကြောင့် စတုသစ္စကမ္မဋ္ဌာန်းကိုစီးဖြန်း အားထုတ်ရာ, ပွားစေရာ, အားထုတ်ရာသည်။

သစ္စာလေးပါး၌ အထူးမှတ်ဖွယ်

ကတမာ စ ဘိက္ခဝေ ဒုက္ခေ ဉာဏံ ဒုက္ခသမုဒယေ ဉာဏံ ဒုက္ခနိရောဓေ ဉာဏံ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ၊ အယံ ဝုစ္စတိ သမ္မာဒိဋ္ဌိ - ပါဠိတော်ဖြင့် စတုသစ္စကမ္မဋ္ဌာန်းကို ပြတော်မူသည်သာလျှင် ဖြစ်၏။ ထိုသို့ပြတော်မူသော သစ္စာ လေးပါး တို့တွင်-

၁။ ရှေးဖြစ်သော ဒုက္ခသစ္စာ, သမုဒယသစ္စာနှစ်ပါးတို့သည် ဝဋ်နှင့်ယှဉ်သောကြောင့် ဝဋ္ဋသစ္စာ မည်၏။

၂။ နောက်ဖြစ်သော နိရောဓသစ္စာ, မဂ္ဂသစ္စာနှစ်ပါးတို့သည် ဝဋ်နှင့် မယှဉ် ဝဋ်မှ ကင်းသောကြောင့် ဝိဝဋ္ဋသစ္စာ မည်၏။

ထို့ကြောင့် ထိုသစ္စာလေးပါးတို့တွင် ယောဂီပုဂ္ဂိုလ်အား ဝဋ်နှင့်ယှဉ်သော သစ္စာနှစ်ပါး တို့၌ ကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်းသည် ဖြစ်၏။ ဝဋ်မှကင်းသော သစ္စာနှစ်ပါးတို့၌ ကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်း သည် မရှိ။

ထိုစကား မှန်၏။ ရှေးဖြစ်သော သစ္စာနှစ်ပါးတို့ကို -

၁။ ပဉ္စက္ခန္ဓော ဒုက္ခံ၊ တဏှာ သမုဒယော - ဤသို့ အကျဉ်းအားဖြင့်လည်းကောင်း,

၂။ ကတမေ ပဉ္စက္ခန္ဓာ၊ ရူပက္ခန္ဓော စသော အကျယ်အားဖြင့်လည်းကောင်း,

ဆရာ့၏အထံ၌ သင်၍ နှုတ်ဖြင့် အဖန်တလဲလဲ တပြောင်းပြန်ပြန် စီးဖြန်းရွတ်ဖတ် သရဇ္ဈာယ်၍ ယောဂီပုဂ္ဂိုလ်သည် အမှုကို ပြုရာ၏။

ဤ ဝဋ်နှင့် ယှဉ်သော သစ္စာနှစ်ပါးတို့မှ တစ်ပါးသောဝဋ်နှင့် မယှဉ်သော ဝဋ်မှ ကင်းသော နိရောဓသစ္စာ, မဂ္ဂသစ္စာနှစ်ပါး တို့တွင်-

၁။ နိရောဓသစ္စာသည် အလွန် အလိုရှိအပ်, နှစ်လိုအပ်, နှလုံးဖြင့် ရောက်အပ် နှလုံးကို ပွားစေတတ် သည်ဖြစ်၏။ ဣဋ္ဌ, ကန္တ,မနာပ ဖြစ်၏။
၂။ မဂ္ဂသစ္စာသည်လည်း ဣဋ္ဌ, ကန္တ, မနာပ ဖြစ်၏-ဟု ဤသို့ နာခြင်း သဝန၏အစွမ်းအားဖြင့် အမှုကို ပြုရာ၏။

ဤသို့ သဝနဖြင့် အမှုကိုပြုသော ယောဂီပုဂ္ဂိုလ်သည် -

၁။ သစ္စာလေးပါးတို့ကို တစ်ခုသော ထိုးထွင်းခြင်း ဧကပဋိဝေဓဖြင့် ထိုးထွင်း၍ သိ၏။

၂။ တစ်ခုသော သိခြင်း ဧကာဘိသမယဖြင့် အလွန်သိ၏။

၃။ ဒုက္ခသစ္စာကို ပိုင်းခြား၍ သိ၏။

၄။ သမုဒယသစ္စာကို ပယ်၍ ထိုးထွင်းခြင်းဖြင့် ထိုးထွင်း၍ သိ၏။

၅။ နိရောဓသစ္စာကို မျက်မှောက်ပြု၍ ထိုးထွင်းခြင်းဖြင့် ထိုးထွင်း၍ သိ၏။

၆။ မဂ္ဂ သစ္စာကို ပွားစေ၍ ထိုးထွင်းခြင်းဖြင့် ထိုးထွင်း၍ သိ၏။

၇။ ဒုက္ခသစ္စာကိုပိုင်းခြား၍သိခြင်း ပရိညာဘိသမယဖြင့်, သမုဒယ သစ္စာကို ပယ်၍ သိခြင်း ပဟာနာဘိသမယဖြင့် နိရောဓသစ္စာကို မျက်မှောက်ပြု၍ သိခြင်း သစ္ဆိကိရိယာဘိသမယဖြင့်, မဂ္ဂသစ္စာ ကို ပွားစေ၍ သိခြင်း ဘာဝနာဘိသမယဖြင့် အလွန်အထူးသဖြင့် သိ၏။

ဤသို့ ထိုယောဂီပုဂ္ဂိုလ်အား ရှေးရှေးအဖို့၌ -

(က) နှစ်ပါးသော ဒုက္ခသစ္စာ, သမုဒယသစ္စာတို့၌ ပါဠိသင်ခြင်း, အဋ္ဌကထာသင်ခြင်း, နာခြင်း, ဆောင်ခြင်း, သုံးသပ်ခြင်းဖြင့် ထိုးထွင်းခြင်း ဥဂ္ဂဟ, ပရိပုစ္ဆာ, သဝန, ဓာရဏ, သမ္မသနပဋိဝေဓ ဖြစ်သည်သာလျှင် ဖြစ်၏။

(ခ) နှစ်ပါးသော နိရောဓသစ္စာ, မဂ္ဂသစ္စာတို့၌ကား နာသဖြင့်ထိုးထွင်းခြင်း သဝနပဋိဝေဓ ဖြစ်သည် သာလျှင် ဖြစ်၏။

(ဂ) နောက်အခါ၌ သုံးပါးသောဒုက္ခ, သမုဒယ, မဂ္ဂသစ္စာတို့၌ ကိစ္စအားဖြင့် ပဋိဝေဓ ဖြစ်၏။ နိရောဓ သစ္စာ၌ အာရမ္မဏပဋိဝေဓ ဖြစ်၏။

ပစ္စဝေက္ခဏာဉာဏ်သည်ကား ရောက်အပ်သော သစ္စာရှိသော ယောဂီပုဂ္ဂိုလ်အား ဖြစ်၏။ ဤသို့ ဖြစ်ခြင်းသည်လည်း အာဒိကမ္မိကပုဂ္ဂိုလ်နှင့်ယှဉ်၏။ ထို့ကြောင့် ထိုပစ္စဝေက္ခဏာဉာဏ်ကို ဤအရာ၌ ဟောအပ်၏။

ဤယောဂီပုဂ္ဂိုလ်အား သိမ်းဆည်းခြင်းမှ ရှေ့အဖို့၌ -

၁။ ဒုက္ခသစ္စာကို ပိုင်းခြား၍ သိ၏။
၂။ သမုဒယသစ္စာကို ပယ်၍ သိ၏။
၃။ နိရောဓသစ္စာကို မျက်မှောက်ပြု၏။
၄။ မဂ္ဂသစ္စာကို ပွားစေ၏။

ထို့ကြောင့် နှလုံးဆောင်ခြင်း, နှလုံးသွင်းခြင်း, ဆင်ခြင်ခြင်းတို့သည် မရှိကုန်။ ထိုသို့သော်လည်း သိမ်းဆည်းခြင်းမှ စ၍မူကား ဖြစ်သည်သာလျှင် ဖြစ်၏။

၁။ ငါသည် ဒုက္ခသစ္စာကို ပိုင်းခြားအပ်သည်သာလျှင်,
၂။ သမုဒယသစ္စာကို ပယ်အပ်သည်သာလျှင်,
၃။ နိရောဓသစ္စာကို မျက်မှောက်ပြုအပ်သည်သာလျှင်,
၄။ မဂ္ဂသစ္စာကို ပွားစေအပ်သည်သာလျှင် ဖြစ်၏။

ထိုသစ္စာလေးပါးတို့တွင်လည်း -

(၁) ရှေ့သစ္စာနှစ်ပါးတို့သည် မြင်နိုင်ခဲသည်၏ အဖြစ်ကြောင့် နက်နဲခြင်း ဂမ္ဘီရ ဖြစ်ကုန်၏။

(၂) နောက်သစ္စာနှစ်ပါးတို့သည် နက်နဲသည်၏အဖြစ်ကြောင့် သိမြင်နိုင်ခဲခြင်း ဒုဒ္ဒသ ဖြစ်ကုန်၏။

ထိုစကားမှန်၏။ သစ်ငုတ် ထိခြင်း,ဆူးငြောင့် စူးခြင်း အစရှိသည်တို့၌ သြော် - အလွန် ဆင်းရဲစွဟု ဆိုအပ်သည်၏ အဖြစ်သို့လည်း ရောက်သည်၏ အဖြစ်ကြောင့် ဒုက္ခသစ္စာသည်, ဖြစ်ခြင်း ဥပ္ပတ္တိအားဖြင့် ထင်ရှားသည်သာလျှင် ဖြစ်၏။ သမုဒယ သစ္စာသည်လည်း ခဲခြင်းငှါ အလိုရှိသည်၏အဖြစ်, စားခြင်းငှါ အလိုရှိသည်၏အဖြစ် စသည်၏စွမ်းအားဖြင့် ဖြစ်သောကြောင့် ထင်ရှား၏။ လက္ခဏာကို ထိုးထွင်း၍ သိခြင်းဖြင့်ကား ထိုသစ္စာနှစ်ပါးစုံသည်လည်း ဂမ္ဘီရ ဖြစ်၏။ ထို့ကြောင့် သစ္စာနှစ်ပါး တို့သည် ဒုဒ္ဒသ, ဂမ္ဘီရ ဖြစ်ကုန်၏။

ဤသစ္စာနှစ်ပါးမှ တစ်ပါးသော နိရောသစ္စာ, မဂ္ဂသစ္စာ နှစ်ပါးတို့ကို မြင်ခြင်းငှါ လုံ့လပြုခြင်းသည် ဘဝဂ်ဘုံကိုလွန်ခြင်း ကိုင်ခြင်းငှါ အလိုရှိအပ်သော သူသည် မိမိလက်ကိုဆန့်သကဲ့သို့ အဝီစိငရဲကြီးဘုံကို သိခြင်းငှါ အလိုရှိသောသူသည် ခြေကို ဆန့်သကဲ့သို့ အစိတ်တစ်ရာ စိတ်အပ်သော သားမြီးဖျား တစ်ခုဖြင့် သားမြီးဖျား တစ်ခုကို ထိုးတိုက်မိခြင်းကဲ့သို့ ဖြစ်၏။ ထို့ကြောင့် သစ္စာနှစ်ပါးတို့သည် ဂမ္ဘီရ, ဒုဒ္ဒသ ဖြစ်ကုန်၏။

ဤသို့ ဆိုခဲ့ပြီးသောနည်းဖြင့် မြင်နိုင်ခဲသည်၏အဖြစ်ကြောင့် နက်နဲကုန်သော, နက်နဲသည်၏ အဖြစ်ကြောင့် မြင်နိုင်ခဲကုန်သော လေးပါးသော သစ္စာတို့၌ ဥဂ္ဂဟ, ပရိပုစ္ဆာ စသည်တို့၏ အစွမ်းဖြင့် ပဋိဝေဒက္ခဏမှ ရှေ့အဖို့၌-

၁။ ဒုက္ခသစ္စာကို သိသောဉာဏ်,
၂။ သမုဒယသစ္စာကို သိသောဉာဏ်,
၃။ နိရောဓသစ္စာကို သိသောဉာဏ်,
၄။ မဂ္ဂသစ္စာကို သိသောဉာဏ်-

ဟူ၍ အသီးအသီး သစ္စာဉာဏ်လေးပါးဖြစ်ခြင်းကိုရည်၍ "ဒုက္ခေ ဉာဏံ" စသော ဤပါဠိတော်ကို ဟောတော်မူအပ်သည်၊ ပဋိဝေဒက္ခဏ၌ကား ထိုသစ္စာလေးပါးကို သိသောဉာဏ်သည် တစ်ပါး တည်းသာလျှင်ဖြစ်၏။

ထို့ကြောင့် ဤလေးပါး၌ တစ်ပါး အပြားသော ဉာဏ်သည် သမ္မာဒိဋ္ဌိ မည်၏ ဟူလို သတည်း။

ထို့ကြောင့် မဟာသတိပဋ္ဌာနသုတ် အဋ္ဌကထာ၌ -

ဒုက္ခေ ဉာဏန္တိအာဒိနာ စတုသစ္စကမ္မဋ္ဌာနံ ဒဿိတံ၊ တတ္ထ ပုရိမာနိ ဒွေ သစ္စာနိ ဝဋ္ဋံ၊ ပစ္ဆိမာနိ (ဒွေ သစ္စာနိ) ဝိဝဋ္ဋံ၊ တေသု ဘိက္ခုနော ဝဋ္ဋေ ကမ္မဋ္ဌာနာဘိနိဝေသော ဟောတိ၊ ဝိဝဋ္ဋေ နတ္ထိ အဘိနိဝေသော။ (ဒီ ဋ္ဌ ၂၊ ၃၉၁) စသည်ဖြင့် မိန့်အပ်ပြီ။

အဋ္ဌကထာ အနက်

ဒုက္ခေ ဉာဏန္တိအာဒိနာ = ဒုက္ခေ ဉာဏံ အစရှိသော ပါဠိတော်ဖြင့်၊
စတုသစ္စကမ္မဋ္ဌာနံ = စတုသစ္စ ကမ္မဋ္ဌာန်းကို၊
ဒဿိတံ = ပြအပ်၏၊
တတ္ထ = ထိုလေးပါးသော သစ္စာတို့တွင်၊
ပုရိမာနိ = ရှေး၌ ဖြစ်ကုန်သော၊
ဒွေ သစ္စာနိ = နှစ်ပါးသော သစ္စာတို့သည်၊
ဝဋ္ဋံ = ဝဋ်နှင့်ယှဉ်သောကြောင့် ဝဋ္ဋသစ္စာမည်၏၊
ပစ္ဆိမာနိ = နောက်၌ ဖြစ်ကုန်သော၊
ဒွေ သစ္စာနိ = နှစ်ပါးသော သစ္စာတို့သည်၊
ဝိဝဋ္ဋံ = ဝဋ်မှကင်းသောကြောင့် ဝိဝဋ္ဋ သစ္စာမည်၏၊
တေသု = ထိုသစ္စာလေးပါးတို့တွင်၊
ဘိက္ခုနော = ယောဂီ ဖြစ်သော လူ, ရဟန်းအား၊
ဝဋ္ဋေ = ဝဋ္ဋသစ္စာ၌၊
ကမ္မဋ္ဌာနာဘိနိဝေသော = ကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်းသည်၊
ဟောတိ = ဖြစ်၏၊
ဝိဝဋ္ဋေ = ဝိဝဋ္ဋသစ္စာ၌၊
အဘိနိဝေသော = ကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်းသည်၊
နတ္ထိ = မရှိ။

နေက္ခမ္မသင်္ကပ္ပ အစရှိသည်တို့ကား -

ကာမ, ဗျာပါဒ, ဝိဟိံသတို့မှ ကြဉ်ခြင်းအမှတ် ဝိရမဏသညာတို့၏ အသီးအသီး ဖြစ်သည်၏ အဖြစ်ကြောင့် လောကုတ္တရာမဂ်မှ ရှေးဖြစ်သော လောကီမဂ်အဖို့၌ အသီးအသီး သုံးပါးအပြားရှိကုန် သော နေက္ခမ္မသင်္ကပ္ပ စသည်တို့သည် ဖြစ်ကုန်၏။ လောကုတ္တရာမဂ် ခဏ၌ကား သုံးပါးသော အရာတို့၌ဖြစ်သော အကုသလသင်္ကပ္ပ၏ အကြောင်းကို ဖြတ်ခြင်းကြောင့် တစ်ဖန် မဖြစ်ပြန်ခြင်းကို ပြီးစေသည်၏ အစွမ်း အားဖြင့် မဂ္ဂအင်္ဂါကို ပြည့်စုံစေလျက် တစ်ပါးတည်း သာလျှင်ဖြစ်သော ကုသလသင်္ကပ္ပ သည် ဖြစ်၏။ ဤသုံးပါး၌ တစ်ပါးအပြားရှိသော သင်္ကပ္ပသည် သမ္မာသင်္ကပ္ပ မည်သည်သာလျှင် ဖြစ်၏ ဟူလိုသတည်း။

ထို့ကြောင့် အဋ္ဌကထာ၌ -

နေက္ခမ္မသင်္ကပ္ပါဒယော ကာမဗျာပါဒဝိဟိံ သာဝိရမဏသညာနံ နာနတ္တာ ပုဗ္ဗဘာဂေ နာနာ (ဒီ ဋ္ဌ ၂၊ ၃၉၂) စသည်ဖြင့် မိန့်အပ်ပြီ။

အဋ္ဌကထာ အနက်

နေက္ခမ္မသင်္က ပ္ပါဒယော = ကာမမှ ထွက်မြောက်ခြင်း အစရှိသည်တို့သည်၊
ကာမဗျာပါဒ ဝိဟိံသာ-ဝိရမဏသညာနံ = ကာမဝိတက်, ဗျာပါဒဝိတက်, ဝိဟိံသာ ဝိတက်တို့မှ ကြဉ်ခြင်းအမှတ်တို့၏၊
နာနာတ္တာ = အသီးအသီးကြဉ်ခြင်းရှိသည်၏အဖြစ်ကြောင့်၊
ပုဗ္ဗဘာဂေ = မဂ်၏ရှေးအဖို့၌၊
နာနာ = အသီးအသီး ဖြစ်ကုန်၏။

ချွတ်ယွင်းစေသော စကားမှ ကြဉ်ခြင်း အစရှိသည်တို့သည်လည်း -

မုသာဝါဒ အစရှိသည်တို့မှ ကြဉ်ခြင်း အမှတ်တို့၏ အသီးအသီး ဖြစ်ခြင်း ရှိသည်၏ အဖြစ်ကြောင့် မဂ်၏ ရှေးအဖို့ အသီး အသီးဖြစ်၍ လောကုတ္တရာမဂ် ခဏ၌ကား ဤ လေးပါးသော အရာတို့၌ ဖြစ်သော အကုသိုလ် ဒုဿီလ စေတနာ၏ အကြောင်းကို ဖြတ်ခြင်းကြောင့် တစ်ဖန် မဖြစ်ပြန်ခြင်းကို ပြီးစေသည် ၏အစွမ်းအားဖြင့် မဂ္ဂအင်္ဂါကို ပြည့်စုံစေလျက် တစ်ပါးတည်းသာလျှင်ဖြစ်သော ကုသိုလ်ဝေရမဏိသည် ဖြစ်၏။ ဤလေးပါး၌ တစ်ပါးအပြားရှိသော ဝိရတီသည် သမ္မာဝါစာမည်၏ ဟူလိုသတည်း။

ထို့ကြောင့် အဋ္ဌကထာ၌ -

မုသာဝါဒါ ဝေရမဏိအာဒယောပိ မုသာဝါဒါဒီဟိ ဝိရမဏသညာနံ နာနတ္တာ ပုဗ္ဗဘာဂေ နာနာ - (ဒီ ဋ္ဌ ၂၊ ၃၉၂) စသည်ဖြင့် မိန့်အပ်ပြီ။

အဋ္ဌကထာ အနက်

မုသာဝါဒါ = ချွတ်ယွင်းသော စကားကို ဆိုခြင်းမှ၊
ဝေရမဏိအာဒယောပိ = ကြဉ်ခြင်းအစရှိသည် တို့သည်လည်း၊
မုသာဝါဒါဒီဟိ = မုသာဝါဒ အစရှိသည်တို့မှ၊
ဝိရမဏသညာနံ = ဝိရမဏသညာတို့၏၊
နာနတ္တာ = အသီးအသီးဖြစ်ခြင်း အစရှိသည်တို့၏အဖြစ်ကြောင့်၊
ပုဗ္ဗဘာဂေ = လောကုတ္တရာမဂ်မှ ရှေးဖြစ်သော လောကီမဂ်အဖို့၌၊
နာနာ = အသီးအသီး ဖြစ်ကုန်၏။

ပါဏာတိပါတမှ ကြဉ်ခြင်း အစရှိသည်တို့သည်လည်း -

သူ့အသက်ကိုသတ်ခြင်း အစရှိသည်တို့မှ ကြဉ်ခြင်းအမှတ်, ဝိရမဏသညာတို့၏ အသီး အသီး ဖြစ်ခြင်း ရှိသည်၏ အဖြစ်ကြောင့် လောကုတ္တရာမဂ် ခဏ၌ကား ဤသုံးပါးသော အရာတို့၌ဖြစ်သော အကုသိုလ်ဒုဿီလ စေတနာကို မပြုခြင်းကြောင့် လည်းကောင်း, အကုသိုလ်ဒုဿီလ စေတနာ၏ အကြောင်းကို ဖြတ်ခြင်းကြောင့် လည်းကောင်း တစ်ဖန်မဖြစ်ပြန်ခြင်းကို ပြီးစေသည်၏အစွမ်းအားဖြင့် မဂ္ဂအင်္ဂါကို ပြည့်စုံစေလျက် တစ်ပါးတည်းသာလျှင်ဖြစ်သော ကုသိုလ်ဝေရမဏိသည် ဖြစ်၏။

ဤသုံးပါး၌ တစ်ပါးအပြားရှိသော လောကီ လောကုတ္တရာ ဝေရမဏိသည် သမ္မာသမ္မန္တ မည်၏ ဟူလိုသတည်း။

ထို့ကြောင့် အဋ္ဌကထာ၌ -

ပါဏာတိပါတာ ဝေရမဏိအာဒယောပိ ပါဏာတိပါတာဒီဟိ ဝိရမဏသညာနံ နာနတ္တာပုဗ္ဗဘာဂေ နာနာ မဂ္ဂက္ခဏေ ပန ဣမေသု တီသု ဌာနေသု ဥပ္ပန္နာယ - (ဒီ ဋ္ဌ ၂၊ ၃၉၂)စသည်ဖြင့် မိန့်အပ်ပြီ။

အဋ္ဌကထာ အနက်

ပါဏာတိပါတာ = သူ၏အသက်ကိုသတ်ခြင်းမှ၊
ဝေရမဏိအာဒယောပိ = ကြဉ်ခြင်းအစရှိသည် တို့သည်လည်း၊
ပါဏာတိပါတာဒီဟိ = ပါဏာတိပါတ အစရှိသည်တို့မှ၊
ဝိရမဏသညာနံ = ကြဉ်ခြင်း အမှတ် ဝိရမဏသညာတို့၏၊
နာနတ္တာ = အသီးအသီးဖြစ်ခြင်း အစရှိသည်တို့၏ အဖြစ်ကြောင့်၊
ပုဗ္ဗဘာဂေ = လောကုတ္တရာမဂ်မှ ရှေးဖြစ်သော လောကီမဂ်အဖို့၌၊
နာနာ = အသီးအသီး ဖြစ်ကုန်၏၊
မဂ္ဂက္ခဏေ ပန = လောကုတ္တရာမဂ် ခဏ၌ကား၊
ဣမေသု တီသု ဌာနေသု = ဤသုံးပါးသောအရာတို့၌၊
ဥပ္ပန္နာယ = ဖြစ်သော။

သမ္မာအာဇီဝ ဟူသည်လည်း -

ခဲဖွယ်ဘောဇဉ် အစရှိသည်တို့၏အကျိုးငှါ ဖြစ်စေတတ်သော ကာယဒုစရိုက်သုံးပါး, ဝစီဒုစရိုက် လေးပါးကိုကြဉ်၍ မြတ်စွာဘုရားသည် ချီးမွမ်းအပ်သော အသက်မွေးခြင်း ဖြင့် အသက်မွေးခြင်းကို ဖြစ်စေ၏။

ကုဟုနအစရှိသည်တို့မှ ကြဉ်ခြင်း အမှတ်တို့၏ အသီးအသီးဖြစ်ခြင်း ရှိသည်၏ အဖြစ် ကြောင့် ရှေးဖြစ်သော လောကီမဂ်အဖို့၌ အသီးအသီး ဖြစ်ကုန်၏။ လောကုတ္တရာ မဂ်ခဏ၌ကား ဤ ခုနစ်ပါးသော အရာဌာန အကြောင်းတို့၌ဖြစ်သော မှားသော အသက်မွေးခြင်း အကုသိုလ်ဒုဿီလ စေတနာ၏ အကြောင်းကို ဖြတ်ခြင်းကြောင့် တစ်ဖန်မဖြစ်ပြန်ခြင်းကို ပြီးစေသည်၏ အစွမ်းအားဖြင့် မဂ္ဂအင်္ဂါကို ပြည့်စုံစေလျက် တစ်ပါးတည်းသာလျှင်ဖြစ်သော ကုသိုလ်ဝေရမဏိသည် ဖြစ်၏။ ဤ ခုနစ်ပါး၌ တစ်ပါး အပြားရှိသော လောကီ လောကုတ္တရာ ဝေရမဏိသည် သမ္မာအာဇီဝမည်၏ ဟူလိုသတည်း။

ထို့ကြောင့် အဋ္ဌကထာ၌ -

မိစ္ဆာအာဇီဝန္တိ ခါဒနီယဘောဇနီယာဒီနံ အတ္ထာယ ပဝတ္ထိတံ ကာယဝစီဒုစ္စရိတံ -

(ဒီ ဋ္ဌ ၂၊ ၃၉၂) စသည်ဖြင့်မိန့်အပ်ပြီ။

အဋ္ဌကထာ အနက်

မိစ္ဆာအာဇီဝန္တိ = မိစ္ဆာအာဇီဝံ ဟူသည်ကား၊
ခါဒနီယဘောဇနီယာဒီနံ = ခဲဖွယ်ဘောဇဉ် အစ ရှိသည်တို့၏၊
အတ္ထာယ = အကျိုးငှါ၊
ပဝတ္တိတံ = ဖြစ်စေအပ်သော၊
ကာယဝစီဒုစ္စရိတံ = ကာယဒုစရိုက်, ဝစီဒုစရိုက် တည်း။

သမ္မာဝါယာမ ဟူသည်ကား -

(၁) ကာယဒုစရိုက်ကို တစ်ခုသော ဘဝ၌လည်းကောင်း, ထိုသို့ သဘောရှိသော အာရုံ၌ လည်းကောင်း, မိမိသန္တာန်၌ဖြစ်ကုန်သော အကုသိုလ်တရားတို့ကိုလည်းကောင်း, သူတစ်ပါး၏ သန္တာန် ၌ဖြစ်ကုန်သော အကုသိုလ်တရားတို့ကို လည်းကောင်း ဖြစ်စေ၍ ဤသို့သဘော ရှိကုန်သော ယုတ်မာသော အကုသိုလ်တရားတို့သည် ငါ့အား မဖြစ်ပါ မူကား ကောင်းလေစွ၊ ဤသို့ မဖြစ်သေးသော ယုတ်မာသောအကုသိုလ်တရားတို့ကို မဖြစ်စေတတ်သော လုံ့လပြုခြင်း အလိုကို ဖြစ်စေ၏။ လုံ့လကို ပြု၏။ လုံ့လကို ဖြစ်စေ၏။ ဝီရိယစိတ်ကို ချီးမြှောက်ခြင်းကိုပြု၏။ စင်စစ် အရေ အကြော အရိုး အသား ကြွင်းစေ, အသွေးအသား ခြောက်စေဟု အားထုတ်ခြင်းကိုဖြစ်စေ၏။

(၂) ဖြစ်သည်၏အစွမ်းအားဖြင့် မိမိကား ဖြစ်ကုန်ဖြစ်ကုန်ပြီးသော အကုသိုလ် တရားတို့ကို ယခုအခါ၌ ထိုသို့သဘောရှိသော အကုသိုလ်တရားတို့ကို မဖြစ်စေအံ့ဟု ထိုအကုသိုလ်တရားတို့ကို ပယ်ခြင်းငှါ အလိုကိုသာ ဖြစ်စေ၏။

(၃) မရအပ်ကုန်သေးသော ပထမဈာန် အစရှိသည်ကိုဖြစ်စေ, ရစေခြင်းငှါ လုံ့လ ပြုခြင်း အလိုကို ဖြစ်စေခြင်း၊

(၄) ရအပ်ပြီးသော ထိုပထမဈာန် အစရှိသည်တို့ကို အဖန်တလဲလဲ ဖြစ်စေခြင်း, ဖွဲ့ခြင်း၏ အစပ်ဖြင့်တည်စေခြင်း, မပျက်စေခြင်း, အထက်၌ ဖြစ်စေခြင်းငှါ လုံ့လ ပြုခြင်း, အလိုကို ပြန့်ပြောစွာ ဖြစ်စေခြင်း, ဘာဝနာကိုပြည့်စေခြင်းငှါ အလိုဆန္ဒကို ပြည့်စေခြင်း ဖြစ်၏။

ဤသို့ ဆိုခဲ့ပြီးသော သမ္မာဝါယာမ သည်လည်း မဖြစ်ကုန်သော အကုသိုလ်တို့ကို မဖြစ်စေခြင်းငှါ လုံ့လပြုခြင်းစသော စိတ်တို့၏ အသီးအသီး ဖြစ်ခြင်း ရှိသည်၏ အဖြစ်ကြောင့် လောကုတ္တရာ မဂ်မှ ရှေးဖြစ်သော လောကီမဂ်အဖို့၌ အသီးအသီး ဖြစ်ကုန်၏။ လောကုတ္တရာမဂ်ခဏ၌ကား ဤလေးပါးသော အရာတို့၌ ကိစ္စကိုပြီးစေ သည်၏ အစွမ်းအားဖြင့် မဂ္ဂအင်္ဂါကို ပြည့်စုံစေလျက် တစ်ပါးတည်း သာလျှင် ဖြစ်သော ကုသိုလ်ဝီရိယသည် ဖြစ်၏။ ဤလေးပါး၌ တစ်ပါးအပြားရှိသော လောကီ, လောကုတ္တရာ ကုသိုလ် ဝီရိယသည် သမ္မာဝါယာမ မည်၏ ဟူလိုသတည်း။

ထို့ကြောင့် အဋ္ဌကထာ၌ -

(က) အနုပ္ပန္နာနန္တိ ဧကသ္မိံ ဝါ ဘဝေ တထာရူပေ ဝါ အာရမ္မဏေ အတ္တနောဥပ္ပန္နာနံ - (ဒီ ဋ္ဌ ၂၊ ၃၉၂) စသည်ဖြင့်လည်းကောင်း၊

(ခ) အယမ္ပိ သမ္မာဝါယာမော အနုပ္ပန္နာနံ အကုသလာနံ အနုပ္ပါဒနာဒိစိတ္တာနံ နာနတ္တာပုဗ္ဗဘာဂေ နာနာ၊ မဂ္ဂက္ခဏေ ပန ဣမေသုယေဝ စတူသု ဌာနေသု ကိစ္စသာဓနဝသေန မဂ္ဂင်္ဂံ ပူရယမာနံ ဧကမေဝ ကုသလဝီရိယံ ဥပ္ပဇ္ဇတိ။ အယံ သမ္မာဝါယာမော နာမ - (ဒီ ဋ္ဌ ၂၊ ၃၉၃)ဟူ၍လည်းကောင်း မိန့်အပ်ပြီ။

အဋ္ဌကထာ အနက်

(က) အနုပ္ပန္နာနန္တိ = အနုပ္ပန္နာနံ ဟူသည်ကား၊
ဧကသ္မိံ ဘဝေ ဝါ = တစ်ခုသော ဘဝ၌ လည်းကောင်း၊
တထာရူပေ = ထိုသို့သဘောရှိကုန်သော၊
အာရမ္မဏေ ဝါ = အာရုံ၌လည်းကောင်း၊
အတ္တနော = မိမိအား၊
ဥပ္ပန္နာနံ = ဖြစ်ကုန်သော။

(ခ) အယမ္ပိ သမ္မာဝါယာမော = ဤသမ္မာဝါယာမသည်လည်း၊
အနုပ္ပန္နာနံ = မဖြစ်ကုန်သော၊
အကုသလာနံ = အကုသိုလ်တရားတို့ကို၊
အနုပ္ပါဒနာဒိစိတ္တာနံ = မဖြစ်စေခြင်းငှါ လုံ့လပြုခြင်းစသော စိတ်တို့၏၊
နာနတ္တာ = အသီးအသီး ဖြစ်ခြင်း ရှိသည်၏အဖြစ်ကြောင့်၊
ပုဗ္ဗဘာဂေ = ရှေးအဖို့၌၊
နာနာ = အသီးအသီးဖြစ်ကုန်၏၊
မဂ္ဂက္ခဏေ ပန = မဂ်ခဏ၌ကား၊
ဣမေသုယေဝ စတူသု ဌာနေသု = ဤ လေးပါးသော အရာတို့၌သာလျှင်၊
ကိစ္စသာဓနဝသေန = ကိစ္စကို ပြီးစေသည်၏အစွမ်း အားဖြင့်၊
မဂ္ဂင်္ဂံ = မဂ္ဂအင်္ဂါကို၊
ပူရယမာနံ = ပြည့်စုံစေလျက်၊
ဧကမေဝ ကုသလဝီရိယံ = တစ်ပါးတည်း သာလျှင်ဖြစ် သော ကုသိုလ်ဝီရိယသည်၊
ဥပ္ပဇ္ဇတိ = ဖြစ်၏၊
အယံ = ဤလေးပါး၌ တစ်ပါးအပြားရှိသော လောကီ, လောကုတ္တရာ ကုသိုလ် ဝီရိယ သည်၊
သမ္မာဝါယာမော နာမ = သမ္မာဝါယာမ မည်၏ ဟူလိုသတည်း။

ထို့ကြောင့် အဋ္ဌကထာ၌ သမ္မာသတိသည်လည်း -

ကာယ, ဝေဒနာ, စိတ္တ, ဓမ္မာနုပဿနာ သတိပဋ္ဌာန်တို့ကို အောက်မေ့ သိမ်းဆည်း တတ်သော စိတ်၏ အသီးအသီး ဖြစ်ခြင်းရှိသည်၏အဖြစ်ကြောင့် လောကုတ္တရာမဂ်မှ ရှေးဖြစ်သော လောကီမဂ် အဖို့၌ အသီးအသီး ဖြစ်ကုန်၏။ လောကုတ္တရာမဂ် ခဏ၌ကား ဤလေးပါးသော အရာတို့၌ ကိစ္စကိုပြီးစေ သည်၏အစွမ်းအားဖြင့် မဂ္ဂအင်္ဂါကိုပြည့်စုံစေလျက် တစ်ပါးတည်းသာလျှင်ဖြစ်သော သတိသည် ဖြစ်၏။ ဤလေးပါး၌ တစ်ပါးအပြားရှိသော လောကီ, လောကုတ္တရာ သတိသည် သမ္မာသတိ မည်၏ ဟူလို သတည်း။

ထို့ကြောင့် အဋ္ဌကထာ၌ -

သမ္မာသတိပိ ကာယာဒိပရိဂ္ဂါဟကစိတ္တာနံ နာနတ္တာ ပုဗ္ဗဘာဂေ နာနာ - (ဒီ ဋ္ဌ ၂၊ ၃၉၃) စသည်ဖြင့် မိန့်တော်မူအပ်ပြီ။

အဋ္ဌကထာ အနက်

သမ္မာသတိပိ = သမ္မာသတိသည်လည်း၊
ကာယာဒိပရိဂ္ဂါဟကစိတ္တာနံ = ကာယ, ဝေဒနာ စသည်တို့ကို အောက်မေ့ သိမ်းဆည်း တတ်သော စိတ်တို့၏၊
နာနတ္တာ = အသီးအသီးဖြစ်ခြင်းရှိသည်၏ အဖြစ်ကြောင့်၊
ပုဗ္ဗဘာဂေ = လောကီဖြစ်သော ပုဗ္ဗဘာဂမဂ်အဖို့၌၊
နာနာ = အသီးအသီး ဖြစ်ကုန်၏။

ဈာန်စသည်တို့နှင့် ယှဉ်သော သမာဓိတို့သည် -

ရှေးအဖို့၌လည်းကောင်း, မဂ်ခဏ၌လည်းကောင်း အသီးအသီး ဖြစ်ကုန်၏။ ရှေး အဖို့၌ ရှစ်ပါးသော သမာပတ်တို့၏အစွမ်းအားဖြင့် အသီးအသီးဖြစ်ကုန်၏။ မဂ်ခဏ၌ မဂ်လေးပါးတို့၏အစွမ်းအားဖြင့် အသီးအသီး ဖြစ်ကုန်၏။ ထိုစကား မှန်၏။

(၁) တစ်ယောက်သော ပုဂ္ဂိုလ်၏ ပထမမဂ်သည် ပထမဈာန်နှင့် ယှဉ်သည်သာလျှင် ဖြစ်၏။ ဒုတိယမဂ်အစရှိသည်တို့လည်း ပထမဈာန်နှင့် ယှဉ်ကုန်သည်မူလည်း ဖြစ်ကုန်၏။ ဒုတိယဈာန်အစ ရှိသည်တို့တွင်လည်း အမှတ်မရှိ တစ်ပါးပါးသော ဈာန်နှင့် ယှဉ်ကုန်သည်မူလည်း ဖြစ်ကုန်၏။
(၂) တစ်ယောက်သော ပုဂ္ဂိုလ်၏ ပထမမဂ်နှင့် ဒုတိယဈာန် စသည်တို့တွင် တစ်ပါးပါး သော ဈာန်နှင့် ယှဉ်သည်သာလျှင် ဖြစ်၏။ ဒုတိယမဂ် စသည်တို့သည်လည်း ဒုတိယဈာန် စသည်တို့တွင် တစ်ပါးပါးသောဈာန်နှင့် ယှဉ်ကုန်သည် မူလည်း, ပထမ ဈာန်နှင့် ယှဉ်ကုန်သည်မူလည်း ဖြစ်ကုန်၏။ ဒုတိယဈာန်အစရှိသည် တို့တွင်လည်း အမှတ်မရှိ တစ်ပါးပါးသော ဈာန်နှင့် ယှဉ်ကုန်သည်မူလည်း ဖြစ်ကုန်၏။

ဤသို့ ဆိုခဲ့ပြီးသောနည်းဖြင့် လေးပါးလည်းဖြစ်ကုန်သော မဂ်တို့သည် ဈာန်၏ အစွမ်းဖြင့် တူကုန်သည်မူလည်း, မတူ ကုန်သည်မူလည်း, တစ်စိတ်တူကုန်သည် မူလည်း ဖြစ်ကုန်၏ဟူလိုသတည်း။

[ဤတွင် များစွာဆိုရန် ရှိလေသေး၏။ကျယ်လွန်းစိုးအံ့၍ အားမထုတ်လိုက်ပြီ။]

ဤသို့ ဆိုခဲ့ပြီးသော အပြားရှိသော သမာဓိသည် လောကုတ္တရာ၏ ရှေးအဖို့၌ လောကီ သမာဓိသာတည်း။ နောက်အဖို့၌ကား လောကုတ္တရာဖြစ်သော သမ္မာသမာဓိမည်၏ ဟူ၍ဆိုအပ်၏ ဟူလို သတည်း။

သစ္စာလေးပါး ခွဲပြချက်

(၁) သစ္စာလေးပါးကို အောက်မေ့ သိမ်းဆည်းတတ်သော သတိသည် ဒုက္ခသစ္စာ မည်၏။

(၂) ထိုဒုက္ခသစ္စာ၏ အကြောင်းရင်း၏ အဖြစ်အားဖြင့် ဖြစ်စေတတ်သော ရှေးဘဝ၌ ပြီးပြီးသော လောဘသည် သမုဒယသစ္စာ မည်၏။

(၃) ထိုသစ္စာနှစ်ပါးတို့၏ မဖြစ်ရာ ချုပ်ရာဖြစ်သော အသင်္ခတဓာတ်နိဗ္ဗာန်သည် နိရောဓသစ္စာ မည်၏။

(၄) ထိုနိရောဓသစ္စာလျှင် အာရုံရှိသော ကောင်းမွန် လွန်မြတ်သော အကျင့်ဟု ဆိုအပ်သော မဂ္ဂင် တရားကိုယ်ရှစ်ပါး သည် မဂ္ဂသစ္စာမည်၏။

ဤသို့ သစ္စာလေးပါးတို့၏အစွမ်းအားဖြင့် အားထုတ်၍ နိဗ္ဗာန်သို့ရောက်သည်သာလျှင် ဖြစ်၏။ ထို့ကြောင့် စတုသစ္စကမ္မဋ္ဌာန်းကိုလည်း အဖန်တလဲလဲ စီးဖြန်း အားထုတ်ရာ, ပွားစေရာ, အားထုတ်ရာ သည်။

[ဤ၌ကား သစ္စပဗ္ဗ၌ အကျဉ်းဖြစ်သော အဓိပ္ပါယ်တည်း။]

ဓမ္မာနုပဿနာသတိပဋ္ဌာန် ပြီး၏။

အာနိသင်ပြ မိန့်ခွန်းတော်

၁၆။ လောကုတ္တရာမဂ်၏ ရှေးအဖို့၌ ခုနှစ်နှစ်အစ, ခုနစ်ရက်အဆုံးရှိသော ကာလ ပတ်လုံး မပြတ် အဖန်တလဲလဲ ဖြစ်စေ, ပွားစေအပ်သော လောကီဖြစ်သော ဤသတိပဋ္ဌာန် တည်းဟူသော မဂ်သည် လောကုတ္တရာမဂ်ကို ရခြင်းငှါ ကောင်းစွာ ဖြစ်၏ ဟူလိုသတည်း။

ထို့ကြောင့် မဟာသတိပဋ္ဌာနသုတ် အဋ္ဌကထာ၌ -

အယံ ဟိပုဗ္ဗဘာဂေ လောကိယော သတိပဋ္ဌာနမဂ္ဂေါ ဘာဝိတော လောကုတ္တရမဂ္ဂဿ အဓိဂမာယ သံဝတ္တတိ - (ဒီ ဋ္ဌ ၂၊ ၃၄၂) စသည်ဖြင့်မိန့်တော်မူအပ်ပြီ။

အဋ္ဌကထာ အနက်

ဟိ - သစ္စံ = မှန်၏၊
ပုဗ္ဗဘာဂေ = လောကုတ္တရာမဂ်၏ ရှေးအဖို့၌၊
ဘာဝိတော = ခုနစ်နှစ်အစ, ခုနစ်ရက် အဆုံးရှိသော ကာလပတ်လုံး မပြတ် အဖန် တလဲလဲ ဖြစ်စေ, ပွားစေအပ်သော၊
လောကိယော = လောကီ ဖြစ်သော၊
အယံ သတိပဋ္ဌာနမဂ္ဂေါ = ဤသတိပဋ္ဌာန်တည်းဟူသော မဂ်သည်၊
လောကုတ္တရ မဂ္ဂဿ = လောကုတ္တရာမဂ်ကို၊
အဓိဂမာယ = ရခြင်းငှါ၊
သံဝတ္တတိ = ကောင်းစွာ ဖြစ်၏။

ထို့ကြောင့် ပါဠိတော်၌ -

(၁) ဉာယဿအဓိဂမာယ - ဟူ၍လည်းကောင်း၊
(၂) သြဃဿ သမတိက္ကမာယ - ဟူ၍လည်းကောင်း ဟောတော်မူပြီ။

ပါဠိတော် အနက်

(၁) ဉာယဿ= မြတ်သော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော လောကုတ္တရာမဂ်ကို၊ အဓိဂမာယ = ရခြင်းဖြစ်စေခြင်းငှါ၊
သံဝတ္တတိ = ကောင်းစွာ ဖြစ်၏။

(၂) သြဃဿ = သံသရာတည်းဟူသော ရေအယာဉ်ကို၊ (ဝါ) လေးပါးသောသြဃကို၊ သမတိက္ကမာယ = ကောင်းစွာ လွန်မြောက်ခြင်းငှါ၊
သံဝတ္တတိ = ဖြစ်၏။

ပွားစေအပ်သော လောကီဖြစ်သော ပုဗ္ဗဘာဂ သတိပဋ္ဌာနမဂ်သည် အရိယအဋ္ဌင်္ဂိက မဂ်ကိုသာ ရစေတတ်သည် မဟုတ်သေး။

(၁) သုံးပါးသော ဘဝတို့တွင် တစ်ပါးသော ဘဝမှသည် တစ်ပါးသော ဘဝသို့၊
(၂) လေးပါးသော ယောနိတို့တွင် တစ်ပါးသော ယောနိမှသည် တစ်ပါးသော ယောနိသို့၊
(၃) ငါးပါးသော ဂတိတို့တွင် တစ်ပါးသော ဂတိမှသည် တစ်ပါးသော ဂတိသို့၊
(၄) ခုနစ်ပါးသော ဝိညာဏဋ္ဌိတိတို့တွင် တစ်ပါးသော ဝိညာဏဋ္ဌိတိမှသည် တစ်ပါးသော ဝိညာဏ- ဋ္ဌိတိသို့၊
(၅) ကိုးပါးသော သတ္တာဝါသတို့တွင် တစ်ပါးသော သတ္တာဝါသမှသည် တစ်ပါးသော သတ္တာဝါသသို့ -

သတ္တဝါတို့ကို တပြောင်းပြန်ပြန် စုန်ဆန်မျောပါစေတတ်, ကျင်လည်စေတတ်သော တောင့်တ ခြင်း, တပ်ခြင်း, ကပ်ငြိခြင်း, နှစ်သက်ခြင်း, သာယာခြင်း, မက်မောခြင်း ကြောင့် တဏှာဟု ဆိုအပ်သော ဝါနမှ ကင်းသည်၏အဖြစ်ကြောင့် နိဗ္ဗာန်ဟု ရအပ်သော အမည်ရှိသော အမြိုက်အမတကို မိမိ၏ မျက်မှောက်ပြုခြင်းငှါလည်း ဖြစ်၏။

ထိုစကား မှန်၏။ ဆိုခဲ့ပြီးသော ကာလပတ်လုံး မပြတ်အဖန်တလဲလဲဖြစ်စေ, ပွားစေအပ်သော လောကီဖြစ်သော ဤ ပုဗ္ဗဘာဂသတိပဋ္ဌာန်တည်းဟူသော မဂ်သည် အစဉ်သဖြင့် နိဗ္ဗာန်ကို မျက်မှောက် ပြုခြင်းကိုလည်း ပြီးစေတတ်သည်သာလျှင်ဖြစ်၏ ဟူလိုသတည်း။

ထို့ကြောင့် အဋ္ဌကထာ၌ -

နိဗ္ဗာနဿသစ္ဆိကိရိယာယာတိ တဏှာဝါနဝိရဟိတတ္တာ နိဗ္ဗာနန္တိ လဒ္ဓနာမဿအမ- တဿ သစ္ဆိကိရိယာယ အတ္တပစ္စက္ခတာယာတိ ဝုတ္တံ ဟောတိ။ အယံ ဟိ မဂ္ဂေါ ဘာဝိတော အနုပုဗ္ဗေန နိဗ္ဗာန သစ္ဆိကိရိယံ သာဓေတိ၊ တေနာဟ "နိဗ္ဗာနဿ သစ္ဆိကိရိယာယာ"တိ - (ဒီ ဋ္ဌ ၂၊ ၃၄၂) ဟု မိန့်တော်မူအပ်ပြီ။

အဋ္ဌကထာ အနက်

နိဗ္ဗာနဿသစ္ဆိကိရိယာယာတိ = နိဗ္ဗာနဿ သစ္ဆိကိရိယာယ ဟူသည်ကား၊
တဏှာဝါန -ဝိရဟိတတ္တာ = တဏှာဝါနမှ ကင်းသည်၏အဖြစ်ကြောင့်၊
နိဗ္ဗာနန္တိ = နိဗ္ဗာန်ဟူ၍၊
လဒ္ဓနာမဿ = ရအပ်သော အမည်ရှိသော၊
အမတဿ= အမြိုက်နိဗ္ဗာန်ကို၊
သစ္ဆိကိရိယာယ = မျက်မှောက်ပြုခြင်းငှါ၊
အတ္တပစ္စက္ခတာယ = မိမိ၏ ဉာဏ်မျက်စိကိုမှီ၍ဖြစ်ခြင်း ရှိသည်၏အဖြစ်၌၊
ဣတိ = ဤသို့၊
ဝုတ္တံ = ဟောအပ်သည်၊
ဟောတိ = ဖြစ်၏၊
ဟိ-သစ္စံ = မှန်၏၊
ဘာဝိတော = ဆိုခဲ့ပြီးသော ကာလပတ်လုံး မပြတ် အဖန်တလဲလဲ ပွားစေအပ်သော၊
အယံ မဂ္ဂေါ = ဤလောကီဖြစ်သော၊
ပုဗ္ဗဘာဂ = သတိပဋ္ဌာနမဂ်သည်၊
အနုပုဗ္ဗေန = အစဉ်သဖြင့်၊
နိဗ္ဗာန-သစ္ဆိကိရိယံ = နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းကို၊
သာဓေတိ = ပြီးစေတတ်၏၊
တေန = ထို့ ကြောင့်၊
နိဗ္ဗာနဿ သစ္ဆိကိရိယာယာတိ = နိဗ္ဗာနဿ သစ္ဆိကိရိယာယ ဟူ၍၊
အာဟ = ဟောတော်မူပြီ။

[ဤကား အာနိသင်ပြ မိန့်ခွန်းတော်၌ အကျဉ်းဖြစ်သော အဓိပ္ပါယ်တည်း။]

နိဂုံးချုပ် မိန့်ခွန်းတော်

၁၇။ ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ - ဟူသော ပါဠိတော်၌ ရှေးကာလဝယ်လည်း မဟာထေရ်တို့အား ဆွေးနွေးမေးမြန်းခြင်းသည် ဖြစ်သည်သာလျှင်တည်း။ အသို့ ဖြစ်ဖူးသနည်း ဟူမူကား -

(က) တပည့်ဖြစ်သော တိပိဋက စူဠနာဂမထေရ်သည် "ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ်" ဟူ၍ ဆို၏။

(ခ) ဆရာဖြစ်သော တိပိဋက စူဠသုမမထေရ်သည်ကား "မိဿကမဂ်"ဟူ၍ ဆို၏။

(က) တစ်ဖန် တိပိဋက စူဠနာဂမထေရ်ကား "ပုဗ္ဗဘာဂေါ ဘန္တေ"ဟု ဆိုပြန်၏။

(ခ) ဆရာကလည်း "မိဿကော အာဝုသော" ဟုဆိုပြန်၏။

ဤသို့ ဆရာသည်ကား အဖန်တလဲလဲ ဆိုသည်ရှိသော် ထိုဆရာဆိုအပ်သော စကားကို မမြစ် မတားမူ၍ တပည့်က ဆိတ်ဆိတ်နေသည်သာလျှင် ဖြစ်၏။ ထိုပြဿနာကို မဆုံးမဖြတ်မူ၍သာလျှင် ထ၍ ကြွသွားလေကုန်သတည်း။

တပည့်တို့နောက်မှ ဆရာဖြစ်သော တိပိဋကစူဠသုမမထေရ်သည် ရေချိုးအံ့ဟု သွားသည်ရှိသော်

(က) ငါသည် "မိဿကမဂ်"ဟု ဆိုအပ်၏။

(ခ) တိပိဋက စူဠာနာဂ စသည်ကား "ပုဗ္ဗဘာဂမဂ်"ဟူ၍ဆို၏။

ဤ မိဿကမဂ်, ပုဗ္ဗဘာဂမဂ်ဟု ဆိုသော အရာ၌ အဆုံးအဖြတ်ကား အဘယ်သို့ ဖြစ်သနည်း ဟူမူ -

သတိပဋ္ဌာန် ပါဠိတော်ကို အစမှစ၍ တပြောင်းပြန်ပြန် ဖြစ်စေသည်ရှိသော် -

ယောဟိ ကောစိ ဘိက္ခယေ ဣမေ စတ္တာရော သတိပဋ္ဌာနေ ဧဝံ ဘာဝေယျ သတ္တ ဝဿာနိ - ဟူသော ပါဠိတော်အရာ၌ ကောင်းစွာမှတ်မိလေ၏။ လောကုတ္တရာမဂ်သည် ဖြစ်ပြီး၍ ခုနစ်နှစ်ပတ်လုံးတည်သော မည်သည် မရှိ။ ထို့ကြောင့် ငါဆိုအပ် သော မိဿကမဂကို မရအပ်ချေ။ တိပိဋက စူဠနာဂမထေရ်သည် သိမြင်အပ်သော ပုဗ္ဗဘာဂ မဂ်ကိုသာလျှင် ရအပ်ဟု သိမြင်ပြီး၍ ရှစ်ရက်မြောက်သောနေ့၌ တရားနာခြင်း ကို ကြွေးကြော်သည်ရှိသော် သွားလေ၏။

ရှေး၌ဖြစ်သောမထေရ်ကြီးတို့သည်တရားနာခြင်းတို့သည်ဖြစ်ကုန်သတတ်။

တရားနာကြွေးကြော် သံကိုကြား၍ ငါသည် ရှေးဦးစွာနာအံ့ဟု တစ်ပြိုင်နက်ဖြင့် သာလျှင် စည်းဝေးကုန်၏။ ထိုနေ့၌လည်း တိပိဋက စူဠနာဂမထေရ်၏ အလှည့် ဖြစ်၏။ ထို့ကြောင့် တရားဟောနေရာ၌ နေ၍ ယပ်ကိုကိုင်၍ ရှေးဖြစ်သော တရားစကားတို့ကို ဟောအပ်ကုန်သည်ရှိသော် တိပိဋက စူဠနာဂမထေရ်၏နေရာ၌ နောက် အဖို့၌နေသော တိပိဋက စူဠသုမမထေရ်အား ငါသည် ဆိတ်ကွယ်ရာအရပ်၌ မဆိုအံ့။ ဤသို့သော စိတ်အကြံသည် ဖြစ်၏။

ထိုစကား မှန်၏။ ရှေး၌ဖြစ်သော မထေရ်ကြီးတို့သည် ငြူစူခြင်းမရှိကုန်သည်သာလျှင် ဖြစ်၏။ မိမိအလိုကိုသာလျှင် ကြံ့ကဲ့သို့ ဝန်ကိုချီ၍ မသွားကုန်၊ အကြောင်းကိုသာလျှင် လျစ်လျူရှုကုန်၏။ အကြောင်း ဟုတ်မှန်သည်ကိုသာလျှင် သွားကုန်၏။ အကြောင်း မဟုတ်မမှန်သည်ကို စွန့်လွှတ်ကုန်၏။ ထို့ကြောင့် -

(က) ဆရာဖြစ်သော တိပိဋက စူဠသုမမထေရ်သည် "အာဝုသော စူဠနာဂ"ဟု ဆို၏။ ထိုအခါ -

(ခ) တပည့်ဖြစ်သော စူဠနာဂသည်လည်း ဆရာ၏ ချစ်ဖွယ်သော အသံတည်းဟု သိ၍ တရားဟော ခြင်းကို ထား၍ "ကိံဘန္တေ"ဟု လျှောက်ဆိုသည်ရှိသော် -

(က) ငါ့ရှင် စူဠနာဂ, ငါသည်ဆိုအပ်ပြီးသော မိဿကမဂ်ကို မရအပ်၊ သင်သည် ဆိုအပ်သောပုဗ္ဗဘာဂ သတိပဋ္ဌာနမဂ်ကိုသာလျှင် ရအပ်၏ဟု ဆို၏။ ထိုသို့ဆိုသည် ရှိသော်

(ခ) တပည့်ဖြစ်သော တိပိဋက စူဠနာဂမထေရ်သည် ကြံ၏၊ ငါတို့၏ဆရာသည် အလုံးစုံသော ပရိယတ်နှင့် ပြည့်စုံသော ပိဋကတ်သုံးပုံကို တတ်သော သုတဗုဒ္ဓတည်း။ ဤသို့သဘောရှိသော ရဟန်းစင်လျက်လည်း ဤပြဿနာကို ချောက်ချား နှောင့်ယှက် စေဘိ၏။

နောင်အခါ၌ ငါ၏ညီဖြစ်ကုန်သော သူတို့သည် ဤပြဿနာကို မွှေနှောက် ချောက်ချား စေကုန် လတ္တံ့ဟု ပါဠိကို ယူ၍ ဤပြဿနာကို တုန်လှုပ်ခြင်း မရှိသည်ကို ပြုအံ့ဟု ကြံပြီး၍ -

အဋ္ဌကထာ၌ -

(က) "ဧကာယနမဂ္ဂေါ ဝုစ္စတိ ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ္ဂေါ။"

(ခ) မဂ္ဂါနဋ္ဌင်္ဂီကော သေဋ္ဌော၊ သစ္စာနံ စတုရော ပဒါ။ ဝိရာဂေါ သေဋ္ဌော ဓမ္မာနံ၊ ဒွိပဒါနဉ္စ စက္ခုမာ။

(ဂ) ဧသေဝ မဂ္ဂေါနတ္ထညော၊ ဒဿနဿ ဝိသုဒ္ဓိယာ။
ဧတဉှိ တုမှေ ပဋိပဇ္ဇထ၊ မာရသေနပ္ပမဒ္ဒနံ။
ဧ တဥှိ တုမှေ ပဋိပန္နာ၊ ဒုက္ခဿန္တံ ကရိဿထ။
(ဒီ ဋ္ဌ -၂၊ ၃၃၇)
ဟူသော ပါဠိကို ဆောင်၍ ထားပေ၏ ဟူလိုသတည်း။

အဋ္ဌကထာ အနက်

(က) ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ္ဂေါ = လောကုတ္တရာမဂ်၏ ရှေးအဖို့၌ပွားစေအပ်သော လောကီ ဖြစ်သော ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ်ကို၊
ဧကာယနမဂ္ဂေါ = နှစ်ပါးသော ခရီး မဟုတ်သည်ဖြစ်၍ တစ်ကြောင်းတည်းသော နိဗ္ဗာန်သို့ သွားရာခရီးဖြစ်သောကြောင့် ဧကာယနမဂ်ဟူ၍၊
ဝုစ္စတိ = ဆိုအပ်၏။

(ခ) မဂ္ဂါနံ = မဂ်တို့တွင်၊
အဋ္ဌင်္ဂီကော = အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော မဂ်သည်၊
သေဋ္ဌော = မြတ်၏၊
သစ္စာနံ = သစ္စာတို့ တွင်၊
စတုရောပဒါ = လေးပါးသောပုဒ်ရှိကုန်သော သစ္စာတို့သည်၊
သေဋ္ဌာ = မြတ်ကုန်၏၊
ဓမ္မာနံ = တရားတို့တွင်၊
ဝိရာဂေါ= ရာဂကင်းရာဖြစ်သော နိဗ္ဗာန်တရားသည်၊
သေဋ္ဌော = မြတ်၏၊
ဒွိပဒါနဉ္စ = အခြေနှစ်ချောင်းရှိကုန်သော သတ္တဝါတို့တွင်လည်း၊
စက္ခုမာ = စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်၊
သေဋ္ဌော = မြတ်၏။

(ဂ) ဧသေဝ - ဧသော ဧဝ မဂ္ဂေါ = ထိုအဋ္ဌင်္ဂီက လောကီဖြစ်သော ပုဗ္ဗဘာဂသတိပဋ္ဌာန မဂ်သည် သာလျှင်၊
ဝိသုဒ္ဓိယာ = အထူးသဖြင့် စင်ကြယ်ရာဖြစ်သောနိဗ္ဗာန်ကို၊
ဒဿနဿ = မြင်ခြင်း၏၊
မဂ္ဂေါ = အကြောင်းတည်း၊
အညော = တစ်ပါးသော မဂ်သည်၊
နတ္ထိ = မရှိ၊
မာရသေနပ္ပမဒ္ဒနံ = ကိလေသာ မာရ်စစ်သည်အပေါင်းကို နှိမ်နင်းဖျက်ဆီးကြောင်း ဖြစ်ထသော၊
ဧတဥှိ - ဧတံ ဧဝ = ထိုပုဗ္ဗဘာဂ သတိ ပဋိဋ္ဌာန်တည်းဟူသော လောကီမဂ်ကိုသာလျှင်၊
တုမှေ = သင်တို့သည်၊
ပဋိပဇ္ဇထ = ကျင့်ကုန်လော့၊
ဧတဉှိ = ထိုလောကီဖြစ်သောပွားစေအပ်သော ပုဗ္ဗဘာဂသတိပဋ္ဌာန်ဟူသော လောကီမဂ်ကို သာလျှင်၊
တုမှေ = သင်တို့သည်၊
ပဋိပန္နာ =ကျင့်ကုန်သည်ဖြစ်၍၊
ဒုက္ခဿ = ဝဋ်ဆင်းရဲအပေါင်း၏၊
အန္တံ = အဆုံးဖြစ်သော နိဗ္ဗာန်ကို၊
ကရိဿထ = ပြုကုန်လော့။

မေးမြန်းချက်

မေး။ ။ အဘယ်ကြောင့် မဂ်မည်သနည်း ဟူမူကား -

ဖြေ။ ။ နိဗ္ဗာန်သို့ သွားတတ်သော အနက်ကြောင့်လည်းကောင်း, နိဗ္ဗာန်ကို အလိုရှိကုန်သော သူတို့သည် ရှာမှီးအပ်သော အနက်ကြောင့်လည်းကောင်း မဂ်မည်၏ ဟူလိုသတည်း။

ထို့ကြောင့် အဋ္ဌကထာ၌ -

(က) ပုဗ္ဗေပိ စဣမသ္မိံ ပဒေ မဟာထေရာနံ သာကစ္ဆာ အဟောသိယေဝ၊ တိပိဋက စူဠနာဂတ္ထေရော ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ္ဂေါတိ အာဟ၊ အာစရိယော ပနဿ တိပိဋကစူဠသုမတ္ထေရော မိဿကမဂ္ဂေါတိ အာဟ (ဒီ-ဋ္ဌ ၂၊ ၃၃၆-၃၃၇) - စသည်ဖြင့် လည်းကောင်း၊

(ခ) မဂ္ဂေါတိ ကေနဋ္ဌေန မဂ္ဂေါ၊ နိဗ္ဗာနဂမနဋ္ဌေန မဂ္ဂေါ၊ နိဗ္ဗာနတ္ထိကေဟိ မဂ္ဂနီယဋ္ဌေန စ (ဒီ-ဋ္ဌ ၂၊ ၃၃၈)-ဟူ၍လည်းကောင်း မိန့်အပ်ပြီ။

အဋ္ဌကထာ အနက်

(က) ပုဗ္ဗေပိ စ = ရှေးကာလ၌လည်း၊
ဣမသ္မိံ ပဒေ = ဤဧကာယနော ပုဒ်၌၊
မဟာထေရာနံ = မဟာထေရ်တို့အား၊
သာကစ္ဆာ = ဆွေးနွေးမေးမြန်းခြင်းသည်၊
အဟောသိယေဝ = ဖြစ်ဖူးသည်သာလျှင်တည်း၊
တိပိဋကစူဠနာဂတ္ထေရော = တိပိဋကစူဠနာဂထေရ်သည်၊
ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ္ဂေါ = လောကုတ္တရာမဂ်၏ ရှေးအဖို့၌ ပွားစေအပ်သော လောကီ ဖြစ်သော သတိပဋ္ဌာန်တည်းဟူသော မဂ်တည်း၊
ဣတိ = ဤသို့၊
အာဟ = မိန့်ဆို၏၊
အဿ = ထို တိပိဋကစူဠနာဂမထေရ၏၊
အာစရိယော = ဆရာဖြစ်သော၊
တိပိဋကစူဠသုမတ္ထေရော ပန = တိပိဋကစူဠသုမမထေရ်သည်ကား၊
မိဿက-မဂ္ဂေါတိ = မိဿကမဂ်ဟူ၍၊
အာဟ = ဆို၏။

(ခ) မဂ္ဂေါတိ = မဂ္ဂေါဟူသည်ကား၊
ကေနဋ္ဌေန = အဘယ်အနက်ကြောင့်၊
မဂ္ဂေါ = မဂ်မည်သနည်း၊
နိဗ္ဗာနဂမနဋ္ဌေန စ = နိဗ္ဗာန်သို့ သွားတတ်သော အနက်ကြောင့်လည်းကောင်း၊
နိဗ္ဗာနတ္ထိကေဟိ = နိဗ္ဗာန်ကို အလိုရှိကုန်သောသူတို့သည်၊
မဂ္ဂနီယဋ္ဌေန စ = ရှာမှီးအပ်သော အနက်ကြောင့်လည်း ကောင်း၊
မဂ္ဂေါ = မဂ်မည်၏။
မဂ္ဂေါဟူသောပုဒ်၌ မဂ်ကို ပွားစေအပ်သော လောကီဖြစ်သော ပုဗ္ဗဘာဂ သတိပဋ္ဌာန် မဂ်ကို သာလျှင် လိုအပ်၏။

လောကုတ္တရာမဂ်ကို မလိုအပ် ဟူလိုသတည်း။

ထိုကြောင့် အဋ္ဌကထာ၌ -

ကာယာဒိစတုရာရမ္မဏပ္ပဝတ္တော ဟိ ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ္ဂေါ ဣဓ အဓိပ္ပေတော န လောကုတ္တရော - (ဒီ ဋ္ဌ ၂၊ ၃၃၆) ဟူ၍လည်းကောင်း မိန့်အပ်ပြီ။

အဋ္ဌကထာ အနက်

ဟိ-သစ္စံ = မှန်၏၊
ကာယာဒိစတုရာရမ္မဏပ္ပဝတ္တော = ကာယ, ဝေဒနာစသော လေးပါးသော အာရုံ၌ ဖြစ်သော၊
ပုဗ္ဗဘာဂ သတိပဋ္ဌာနမဂ္ဂေါ = လောကုတ္တရာမဂ်၏ ရှေးအဖို့၌ဖြစ်သော သတိပဋ္ဌာန် တည်းဟူသောမဂ်ကို၊
ဣဓ = ဤဧကာယနမဂ် အရာ၌၊
အဓိပ္ပေတော = လိုအပ်၏၊
လောကုတ္တရော = လောကုတ္တရာဖြစ်သောမဂ်ကို၊
န အဓိပ္ပေတော = မလိုအပ်။

[ဤကား နိဂုံးချုပ်မိန့်ခွန်းတော်၌ အကျဉ်းဖြစ်သော အဓိပ္ပါယ်တည်း။]

သတိပဋ္ဌာန်၌ အထူးမှတ်ဖွယ်

ဤမျှအတိုင်းအရှည်ရှိသော စကားအစဉ်ဖြင့် အာနာပါနပဗ္ဗ,ဣရိယာပထပဗ္ဗ, စတုသမ္ပဇာနပဗ္ဗ, ပဋိကူလမနသိကာရပဗ္ဗ, ဓတုမနသိကာရပဗ္ဗ, နဝသိဝထိကပဗ္ဗ, ဝေဒနာနုပဿနာ, စိတ္တာနုပဿနာ, နီဝရဏပဗ္ဗ, ခန္ဓပဗ္ဗ, အာယတနပဗ္ဗ, ဗောဇ္ဈင်္ဂပဗ္ဗ, သစ္စပဗ္ဗအားဖြင့် နှစ်ဆယ့်တစ်ပါးအပြားရှိသော ကမ္မဋ္ဌာန်းတို့သည် ဖြစ်ကုန်၏။

ထိုကမ္မဋ္ဌာန်းတို့တွင် -

အာနာပါနကမ္မဋ္ဌာန်း, ဒွတ္တိံသာကာရကမ္မဋ္ဌာန်း, နဝသိဝထိက ကမ္မဋ္ဌာန်းအားဖြင့် ဤ တစ်ဆယ့် တစ်ပါးသော ကမ္မဋ္ဌာန်းတို့သည် အပ္ပနာကို ဖြစ်စေတတ်သော ကမ္မဋ္ဌာန်းတို့သည်သာလျှင် ဖြစ်ကုန်၏။

ဒီဃနိကာယ်ကို တတ်သော ဒီဃဘာဏကမဟာသိဝမထေရ်သည်ကား -

ကိုးပါးသော နဝသိဝထိက ကမ္မဋ္ဌာန်းတို့ကို အာဒီနဝါနုပဿနာ၏ အစွမ်းအားဖြင့် ဟောအပ် ကုန်၏ဟု ဆို၏။ ထို ဒီဃဘာဏက မဟာသိဝမထေရ်၏ အလိုအားဖြင့် အာနာပါနကမ္မဋ္ဌာန်း, ဒွတ္တိံသာကာရကမ္မဋ္ဌာန်းနှစ်ပါး တို့သည်သာလျှင် အပ္ပနာကို ဖြစ်စေတတ်သော ကမ္မဋ္ဌာန်းတို့တည်း။ ဤကမ္မဋ္ဌာန်း နှစ်ပါးတို့မှ ကြွင်းကုန်သော တစ်ဆယ့်ကိုးပါးသော ကမ္မဋ္ဌာန်းတို့သည် ဥပစာရ ကမ္မဋ္ဌာန်းတို့သည် သာလျှင်တည်း။

မေးမြန်းဖွယ်

မေး။ ။ ထိုအလုံးစုံသော ကမ္မဋ္ဌာန်းတို့၌ နှလုံးသွင်းခြင်းသည် ဖြစ်သလောဟု စောဒနာ ရှိသည်ရှိသော် -

ဖြေ။ ။ မဖြစ်ဟု ဖြေရန်ရှိ၏။

ထိုစကား မှန်၏။ ဣရိယာပထကမ္မဋ္ဌာန်း, သမ္ပဇညကမ္မဋ္ဌာန်း, နီဝရဏကမ္မဋ္ဌာန်း, ဗောဇ္ဈင်္ဂ ကမ္မဋ္ဌာန်းတို့၌ နှလုံးသွင်းခြင်းသည် မဖြစ်။ ထိုလေးပါးသောကမ္မဋ္ဌာန်းတို့မှ ကြွင်းသော တစ်ဆယ့်ခုနစ် ပါးသော ကမ္မဋ္ဌာန်းတို့၌ နှလုံးသွင်းခြင်းသည် ဖြစ်၏ဟု ဆို၏။

မဟာသိဝမထေရ်သည်ကား -

ထိုလေးပါးသော ကမ္မဋ္ဌာန်းတို့၌လည်း နှလုံးသွင်းခြင်းသည် ဖြစ်၏ဟု ဆို၏။ ထိုစကား မှန်၏။

၁။ ငါ့အား လေးပါးသောဣရိယာပုထ်တို့သည် ရှိကုန်သလော၊ထိုသို့ မဟုတ်မူကား မရှိကုန်သလော။

၂။ ငါ့အား လေးပါးသော သမ္ပဇညတို့သည် ရှိကုန်သလော၊ ထိုသို့ မဟုတ်မူကားမရှိကုန်သလော။

၃။ ငါ့အား နီဝရဏတို့သည် ရှိကုန်သလော၊ ထိုသို့ မဟုတ်မူကား မရှိကုန်သလော။

၄။ ငါ့အား ခုနစ်ပါးသော ဗောဇ္ဈင်တို့သည် ရှိကုန်သလော၊ ထိုသို့ မဟုတ်မူကား မရှိကုန်သလော။

ဤသို့ အောက်မေ့ သိမ်းဆည်း၏။ ထို့ကြောင့် အလုံးစုံသော ကမ္မဋ္ဌာန်းတို့၌ နှလုံး သွင်းခြင်း သည် ဖြစ်၏ ဟူလိုသတည်း။

ထို့ကြောင့် အဋ္ဌကထာ၌-

ဧတ္တာဝတာအာနာပါနပဗ္ဗံ စတုဣရိယာပထပဗ္ဗံ စတုသမ္ပဇာနပဗ္ဗံ (စတုသမ္ပဇညပဗ္ဗံ) (ဒီ ဋ္ဌ ၂၊ ၃၉၄) စသည်ဖြင့် မိန့်အပ်ပြီ။

အဋ္ဌကထာ အနက်

ဧတ္တာဝတာ = ဤမျှအတိုင်းအရှည်ရှိသော စကားအစဉ်ဖြင့်၊
အာနာပါနပဗ္ဗံ = အာနာပါနအပိုင်း လည်းကောင်း၊
စတု - ဣရိယာပထပဗ္ဗံ = လေးပါးသော ဣရိယာပထအပိုင်း လည်းကောင်း၊
စတုသမ္ပဇာနပဗ္ဗံ = လေးပါးသော သမ္ပဇာနအပိုင်းလည်းကောင်း၊
ယော ဟိ ကောစိ ဘိက္ခဝေ - ဟူသော ပါဠိတော်၌ -

အကြင်အမှတ်မရှိ ရဟန်းယောက်ျား သည်လည်းကောင်း, ရဟန်းမိန်းမသည် လည်းကောင်း, ဥပါသကာယောက်ျား သည်လည်းကောင်း, ဥပါသိကာမိန်းမ သည်လည်းကောင်း ယော ဟိ ကောစိ အရဖြစ်သော ယောဂီပုဂ္ဂိုလ် မည်၏။

ဧဝံ ဘာဝေယျ - ဟူသည်ကား မဟာသတိပဋ္ဌာန်သုတ် ပါဠိတော်၏ အစမှစ၍ ဟောတော်မူအပ် သော ဘာဝနာအစဉ်ဖြင့် ပွားစေရာ၏ဟူလို့သည်။

ပါဋိကင်္ခံ - ဟူသည်ကား အလိုရှိအပ်၏၊ မချွတ်ဖြစ်လတ္တံ့သော အဖို့ရှိ၏ ဟူလိုသည်။

အညာ - ဟူသည်ကား အရဟတ္တဖိုလ်တည်း။

သတိ ဝါ ဥပါဒိသေသေ - ဟူသည်ကား အနာဂါမ်ပုဂ္ဂိုလ်၏အဖြစ် ဟူလိုသည်။

ဤသို့လျှင် ခုနစ်နှစ်တို့၏ အစွမ်းအားဖြင့် သာသနာတော်၏ ဝဋ်ဆင်းရဲမှ ထွက်မြောက်ခြင်း ကြောင့် နိယျာနိကအဖြစ်ကို ပြတော်မူပြီး၍ တစ်ဖန် ထိုခုနစ်နှစ် အောက် နည်းယုတ်သည်လည်း ဖြစ်ကုန်သော ကာလတို့ကို ပြတော်မူလိုသည်ဖြစ်၍ "တိဋ္ဌန္တုဘိက္ခဝေ"အစရှိသော ပါဠိတော်ကို ဟော တော်မူ၏။

အဓိပ္ပါယ်ကား - သတ္တဝဿ အစ, သတ္တာဟ အဆုံးရှိသော ကာလပတ်လုံး ပုဗ္ဗဘာဂသတိပဋ္ဌာန် မဂ်ကို ပွားစေရာ၏ ဟူသော ထိုအလုံးစုံသော စကားကိုလည်း အလတ်ဖြစ်သော ကျွတ်ထိုက်သော ပုဂ္ဂိုလ်ဟု ဆိုအပ်သော မဇ္ဈိမဝေနေယျပုဂ္ဂိုလ်၏ အစွမ်းအားဖြင့် ဟောတော်မူအပ်၏ ဟူလိုသည်။ ထက်သော ပညာရှိသောပုဂ္ဂိုလ်ကို ရည်၍မူကား နံနက်စောစောကသာလျှင် ဆုံးမအပ်သည်ရှိသော် ညအခါ တရား အထူးကို ရလတ္တံ့သတည်း။ ညအခါ ဆုံးမအပ်သည်ရှိသော် နံနက်စောစော တရား အထူးကို ရလတ္တံ့ သတည်းဟု ဟောတော်မူအပ်၏ ဟူလိုသတည်း။

ဤသို့လျှင် သဗ္ဗညုမြတ်စွာဘုရားသည် "နိယျာနိကံ ဘိက္ခဝေ မမ သာသနံ"ဟု ပြတော်မူပြီး၍ နှစ်ဆယ့်တစ်ပါးအပြားရှိသည်လည်း ဖြစ်ကုန်သောအရာတို့၌ အရဟတ္တဖိုလ် တည်းဟူသော အထွတ်ဖြင့် ဟောတော်မူအပ်သော ဒေသနာတော်ကို" ဤတွင်ဆုံး၏, ပြီး၏ဟု နိဂုံးအုပ်သဖြင့် နှင်းတော်မူလိုသည် ဖြစ်၍ "ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ" စသည်ကို ဟောတော်မူ၏။

ဤမဟာသတိပဋ္ဌာနသုတ်ကို ဟောတော်မူသည်၏ အဆုံး၌ သုံးသောင်းသော ရဟန်း တို့သည် အရဟတ္တဖိုလ်၌ တည်ကုန်၏ ဟူလိုသတည်း။

ထို့ကြောင့် အဋ္ဌကထာ၌ -

ယော ဟိ ကောစိ ဘိက္ခဝေတိ ယော ကောစိ ဘိက္ခဝေ ဘိက္ခု ဝါ ဘိက္ခုနီ ဝါ ဥပါသကော ဝါ ဥပါသိကာ ဝါ - (ဒီ ဋ္ဌ ၂၊ ၃၉၅) စသည်ဖြင့်လည်းကောင်း၊ ဒေသနာပရိယောသာနေ ပန တိံသ ဘိက္ခုသဟဿာနိ အရဟတ္တေ ပတိဋ္ဌဟိံသု -
(ဒီ ဋ္ဌ ၂၊ ၃၉၅)ဟူ၍လည်းကောင်း မိန့်အပ်ပြီ။

အဋ္ဌကထာ အနက်

ယော ဟိ ကောစိ ဘိက္ခဝေတိ = ယော ဟိ ကောစိ ဘိက္ခဝေဟူသည်ကား၊
ဘိက္ခဝေ = ရဟန်းတို့၊
ယော ဟိ ကောစိ = အကြင်အမှတ်မရှိသော၊
ဘိက္ခုဝါ = ရဟန်းသည်လည်းကောင်း၊
ဘိက္ခုနီ ဝါ = ဘိက္ခုနီ သည်လည်းကောင်း၊
ဥပါသကော ဝါ = ဥပါသကာသည်လည်းကောင်း၊
ဥပါသိကာ ဝါ = ဥပါသိကာသည်လည်းကောင်း၊
ဒေသနာပရိယောသာနေ ပန = မဟာသတိပဋ္ဌာနသုတ်ကို ဟောတော်မူသည်၏ အဆုံး ၌ကား၊
တိံသ ဘိက္ခုသဟဿာနိ = သုံးသောင်းသော ရဟန်းတို့သည်၊
အရဟတ္တေ = အရဟတ္တဖိုလ်၌၊
ပတိဋ္ဌဟိံသု = တည်ကုန်၏။

ဤတွင်ရွေ့ မဟာသတိပဋ္ဌာနသုတ်၏ အကျဉ်းဖြစ်သော အဓိပ္ပါယ်ပြီး၏။

အာသီသ ပတ္ထနာ

ဤသို့ ပါဠိ, အဋ္ဌကထာတို့နှင့်အညီ သတိပဋ္ဌာန် လေးပါးတို့ကို သဘောကျကျ ဆင်ခြင်အောက်မေ့ ပွားစေရာသော အကျဉ်းအနက်အဓိပ္ပါယ်ကို ပညာမျက်စိဖြင့် အဖန်တလဲလဲ ဆင်ခြင်၍ မဂ်, ဖိုလ်, နိဗ္ဗာန်ချမ်းသာကို အလိုရှိကုန်သော သူတော်ကောင်း တို့သည် အခါခပ်သိမ်း မမေ့မလျော့ အထူးသဖြင့် ကြည်ညို လှစွာသော စိတ်ဖြင့်ဖြစ်စေ, ပွားစေသတည်း။

ကျမ်းပြီးနိဂုံး

(က) သဗ္ဗသိက္ခာပဒါဝိတထာစာရေန ဝိသုဒ္ဓသီလာဒိဂုဏသောဘိတေန ဝံသာဒိ - လေဉ္ဆန မဟာ ထေရေန -

(ခ) သုခကာမာနံ သာဓူနံ စတ္တာရော သတိပဋ္ဌာနေ ယာထာဝတော သုဘာဝေတုံ ကေဝလံ သင်္ခေပါဓိပ္ပါယမတ္တေန ယထာပါဠိယဋ္ဌကထာဂတနယံ သုလိခိတော အယံ ဂန္ထော -

(ဂ) ဇိနစက္ကေ ကဝိဂီရေ ကလိယုဂေ ဓိမက္ကကေ သမ္ပတ္တေ ဖေဂ္ဂုဏပုဏ္ဏမ ဂုရုပုဗ္ဗဏှ စတုပ္ပဟာရာတိက္ကမ သတ္တရသ ပါဒသင်္ခါတေ ဧကာဒသဂုၤလိဒ္ဓိယဝဋ္ဌတိလေကကေသ စတုနာဋီက တေပါဒဆဗ္ဗီဇနာ တိပြန္နဋ္ဌက္ခရယုတ္တေ မိန္နတြင်္ဂမကာရနဝင်္ဂဆဗ္ဗီသနက္ခတ္တ ဒွိပါဒလက္ခဏာဂတေ မူလဋ္ဌနက္ခတ္တ စုဒ္ဒသတိထီမိန္န လက္ခဏောဒါသီကာလေ ဧဝ နိဋ္ဌင်္ဂေါ ဟောတိ။

(ဃ) ယထာ အယံ ဂန္ထော အန္တရာယံ ဝိနာနိဋ္ဌံ ဥပါဂတော။ တထာ သဗ္ဗသတ္တာနံ ဓမ္မနိဿိတာ သင်္ကပ္ပါသမိဇ္ဈန္တု။

(င) ဣမံ ဂန္ထံ သာဓူ သဒ္ဓမ္မေ ဂါရ ကတွာသဒါ ပညာစက္ခုနာပုနပ္ပုနံ ပဿိတွာ ဘာဝေန္တု၊ ဝါ စုဂ္ဂတဉ္စ ကတွာ ဓာရေန္တု။

(စ) ဣဒံ မေပုညဉ္စ အညပုညဉ္စ သဗ္ဗညုတဉာဏပဋိဝေဓဿ ပစ္စယော ဟောတု။

(က) သဗ္ဗသိက္ခာပဒါဝိတထာစာရေန = ခပ်သိမ်းသော သိက္ခာပုဒ်တို့၌ မချွတ်မယွင်း ဖြည့်ကျင့် လေ့ရှိထသော၊
ဝိသုဒ္ဓ - သီလာဒိဂုဏသောဘိတေန = အထူးသဖြင့်စင်ကြယ်သော သီလစသောဂုဏ် တို့ဖြင့် တင့်တယ်ခြင်းလည်းရှိထသော၊
ဝံသာဒိ - လေဉ္ဆန = "ဝံသာလင်္ကာရ သဒ္ဓမ္မာဘိဓဇ မဟာဓမ္မရာဇဂုရု" ဟုရအပ်သော တံဆိပ်နာမံ ရှိထသော၊
မဟာထေရေန = မထေရ်လည်းဖြစ်ထသော၊
မယာ = "မုံတောဆရာတော်"ဟု ခေါ်ဝေါ်အပ်သော ငါသည်၊

(ခ) သုခကာမာနံ = မဂ်, ဖိုလ်, နိဗ္ဗာန် ချမ်းသာတို့ကိုအလိုရှိကုန်သော၊
သာဓူနံ = သူတော်ကောင်းတို့အား၊
စတ္တာရော သတိပဋ္ဌာနေ = လေးပါးသော သတိပဋ္ဌာန်တို့ကို၊
ယာထာဝတော = မဖောက်မပြန် ဟုတ်မှန်သော သဘောအားဖြင့်၊
သုဘာဝေတုံ = ကောင်းစွာ ပွားလွယ်စေခြင်းငှါ၊
ကေဝလံ = သက်သက်၊
သင်္ခေပါ-ဓိပ္ပါယမတ္တေန = အကျဉ်းအဓိပ္ပါယ်မျှဖြင့်သာလျှင်၊
ယထာပါဠိယဋ္ဌ -ကထာဂတနယံ = ပါဠိ, အဋ္ဌကထာ တို့၌လာသော နည်းအတိုင်း၊
သုလိခိတော = ကောင်းစွာ ရေးသားအပ်သော၊
အယံ ဂန္ထော = ဤသတိပဋ္ဌာန်လေးပါးတို့ကို မဖောက်မပြန် ဟုတ်မှန်စွာ ပရမတ္ထ အားဖြင့် သဘောကျကျပွားစေရာ, ဆင်ခြင်အောက်မေ့ရာ အကျဉ်း အဓိပ္ပါယ် သက်သက်ကို ပြရာ ပြကြောင်းဖြစ်သောကြောင့် “အဓိပ္ပါယ် ပကာသနီ” အမည် ရှိသော နိဿယည်း ကျမ်းသည်၊

(ဂ) ဇိနစက္ကေ = ဘုရားသခင် သာသနာတော်သည်၊
ကဝိဂီရေ = နှစ်ထောင့်သုံးရာ့လေးဆယ့် တစ် (၂၃၄၁) ခုနှစ်သည် လည်းကောင်း၊
ကလိယုဂေ = ကောဇာသက္ကရာဇ်သည်၊
ဓိမက္ကကေ = တစ်ထောင့်တစ်ရာ့ငါးဆယ့်ကိုး (၁၁၅၉) ခုသည် လည်းကောင်း၊
သမ္ပတ္တေ = ရောက်သည်ရှိသော်၊
ဖေဂ္ဂုဏပုဏ္ဏမ ဂုရုပုဗ္ဗဏှ စတုပ္ပဟာရာတိက္ကမ သတ္တရသ ပါဒသင်္ခါတေ = တပေါင်းလပြည့် တနင်္ဂနွေနေ့ နံနက် လေးချက်တီးကျော် တစ်ဆယ့်ခုနစ်ဖဝါး ဟု ဆိုအပ်သော၊
ဧကာဒသင်္ဂုလိဒ္ဓိယဝဋ္ဌ တိလေကကေသ စတုနာဋီက တေပါဒ ဆဗ္ဗီဇနာ တိပြန္နဋ္ဌက္ခရယုတ္တေ = တစ်ဆယ့်တစ်လက်သစ်, နှစ်မုယော, ရှစ်နှမ်း, တစ်ဆံခြည်, လေးနာရီ, သုံးပါဒ်, ခြောက်ဗီဇနာ, သုံးပြန်, ရှစ်ခရာနှင့်ယှဉ်သော၊ (အချို့စာမူတို့၌ ဝါခေါင် လပြည့်ကျော် ၁၅-ရက်ဟု ရှိ၏။)
မိန္နတြင်္ဂမကာရနဝင်္ဂ ဆဗ္ဗီသနက္ခတ္တ ဒွိပါဒလက္ခဏာဂတေ မူလဋ္ဌနက္ခတ္တ စုဒ္ဒသ တိထီမိန္န လက္ခဏောဒါသီကာလေ ဧဝ = မိန်တြင်း, မကာရ နဝင်း, နက္ခတ် နှစ်ဆယ့်ခြောက်လုံး, နှစ်ပါဒ်ထက် လဂ်စီးလျက် မူလနက္ခတ်ရှစ်လုံး, တိထီ တစ်ဆယ့်လေးလုံး, မိန်လဂ်နှင့်ယှဉ်သော အလွန်ကောင်းမြတ်သော ဥဒါသိန် အခါ၌ သာလျှင်၊
နိဋ္ဌင်္ဂေါ = အပြီးသို့ ရောက် သည်၊
ဟောတိ = ဖြစ်၏။

(ဃ) အယံ ဂန္ထော =ဤ “အဓိပ္ပါယပ္ပကာသနီ” အမည်ရှိသော နိဿရည်းကျမ်းသည်၊
အန္တရာယံ = အန္တရာယ်ကို၊
ဝိနာ = ကြဉ်၍၊
နိဋ္ဌံ = ပြီးခြင်းသို့၊
ဥပါဂတော ယထာ = ရောက်သကဲ့သို့၊
တထာ = ထို့အတူ၊
သဗ္ဗသတ္တာနံ = ခပ်သိမ်းသော သတ္တဝါတို့၏၊
ဓမ္မနိဿိတာ = တရားကို မှီကုန်သော၊
သင်္ကပ္ပါ = အကြံတို့သည်၊
သမိဇ္ဈန္တု = ပြည့်စေကုန်သတည်း။

(င) ဣမံ ဂန္ထံ = ဤ “အဓိပ္ပါယပ္ပကာသနီ” အမည်ရှိသောကျမ်းကို၊
သာဓူ = သူတော်ကောင်း တို့သည်၊
သဒ္ဓမ္မေ = သူတော်ကောင်းတရား၌၊
ဂါရဝံ ကတွာ = ရိုသေခြင်းကို ပြု၍၊
သဒါ = အခါခပ်သိမ်း၊
ပညာစက္ခုနာ = ပညာမျက်စိဖြင့်၊
ပုနပ္ပုနံ = အဖန်တလဲလဲ၊
ပဿိတွာ= ကြည့်ရှု၍၊
ဘာဝေန္တု = ပွားစေကုန်သတည်း၊
ဝါစုဂ္ဂတံ ကတွာ = နှုတ်ဆိုတက်သည်ကို ပြု၍၊
ဓာရေန္တု စ = ဆောင်လည်း ဆောင်စေကုန် သတည်း။

(စ) မေ = ငါ၏၊
ဣဒံပုညဉ္စ = ဤကောင်းမှုသည်လည်းကောင်း၊
အညပုညဉ္စ = တစ်ပါးသော ကောင်းမှုသည်လည်းကောင်း၊
သဗ္ဗညုတဉာဏပဋိဝေဓဿ = သဗ္ဗညုတဉာဏ်ကို ထိုးထွင်းခြင်း၏၊
ပစ္စယော = အကြောင်းသည်၊
ဟောတု = ဖြစ်ပါစေသတည်း။

မဟာသတိပဋ္ဌာန် အဓိပ္ပါယ်ကောက် ဤတွင်ရွေ့ ပြီး၏။

---

အာသီသ ပတ္ထနာ

ဤသို့ ပါဠိ, အဋ္ဌကထာတို့နှင့်အညီ သတိပဋ္ဌာန်လေးပါးတို့ကို သဘောကျကျ ဆင်ခြင်အောက်မေ့ ပွားစေရာသော အကျဉ်းအနက်အဓိပ္ပါယ်ကို ပညာမျက်စိဖြင့် အဖန်တလဲလဲ ဆင်ခြင်၍ မဂ်, ဖိုလ်, နိဗ္ဗာန်ချမ်းသာကို အလိုရှိကုန်သော သူတော်ကောင်းတို့သည် အခါခပ်သိမ်း မမေ့မလျော့ အထူးသဖြင့် ကြည်ညို လှစွာသော စိတ်ဖြင့်ဖြစ်စေ, ပွားစေသတည်း။