မာတိကာသို့ ခုန်သွားရန်

မဟာသမယ (၇) သုတ်

ဝီကီရင်းမြစ် မှ
5814မဟာသမယ (၇) သုတ် — မဟာသမယ (၇) သုတ်အရှင်ဇနကာဘိဝံသ(မဟာဂန္ဓာရုံဆရာတော်)

နယုန်လပြည့် မဟာသမယအခါတော်နေ့

▬▬ஜ۩۞۩ஜ▬▬

အရှင်ဇနကာဘိဝံသ (မဟာဂန္ဓာရုံဆရာတော်)

မြတ်စွာဘုရား ကပိလဝတ်နေပြည် မဟာဝုန်တောမှာ တရားဟောတော်မူစဉ်က သမ္မာပရိဗ္ဗာဇနီယ သုတ်တော် စတဲ့ သုတ်တော်တို့ကို ဟောတော်မူလိုရင်း ဖြစ်တယ်။

အဲဒီအခါမှာ စည်းဝေးရောက်လာတဲ့ နတ်ဗြဟ္မာ ပရိသတ်ထဲမှာ တချို့က ရာဂစရိုက် အရင်းခံ ရှိတယ်။ တချို့က ဒေါသ၊ မောဟ၊ တချို့က သဒ္ဓါ၊ ဗုဒ္ဓိ၊ ဝိတက်၊ အဲသလို စရိုက် ၆-မျိုးရှိတဲ့ သတ္တဝါတွေကို ခွဲလိုက်တော်မူတယ်။ ခွဲပြီးတော့ကာ ရဟန်းတော်များကတော့ အားလုံး ရဟန္တာ ဖြစ်ပြီးသားမို့လို့ အထူး ဟောစရာ မလိုတော့ဘူး။

လာတဲ့ နတ်ဗြဟ္မာတွေမှာ ၆-မျိုး ခွဲလိုက်တဲ့အခါ ---

(၁) ရာဂ စရိုက်ရှိတဲ့ ပုဂ္ဂိုလ်များအတွက် သမ္မာပရိဗ္ဗာဇနီယသုတ်တော်ကို ဟောတော်မူတယ်။
(၂)  ဒေါသ စရိုက်ရှိတဲ့ သတ္တဝါများအတွက် ကလဟဝိဝါဒသုတ်တော်ကို ဟောတော်မူတယ်။
(၃)  မောဟ စရိုက်ရှိတဲ့ သတ္တဝါများအတွက် မဟာဗျူဟသုတ်တော်ကို ဟောတော်မူတယ်။
(၄)  ဝိတက္က စရိုက်ရှိတဲ့ သတ္တဝါများအတွက် စူဠဗျူဟသုတ်တော်ကို ဟောတော်မူတယ်။
(၅)  သဒ္ဓါ စရိုက်ရှိတဲ့ သတ္တဝါများအတွက် တုဝဋ္ဋကသုတ်တော်ကို ဟောတော်မူတယ်။
(၆)  ဗုဒ္ဓိ ခေါ်တဲ့ ပညာစရိုက်ရှိတဲ့ သတ္တဝါများအတွက် ပုရာဘေဒသုတ်တော်ကို ဟောတော်မူတယ်။

အဲဒီ သုတ် ၆-သုတ်ကို ဟောတော်မူလိုပေမဲ့လို့ ပထမဆုံး လာရောက်တဲ့ နတ်ဗြဟ္မာများရဲ့ စိတ်ထားကို နူးညွတ်သွားအောင် ဘယ်သူတွေ ဘယ်သူတွေ ဘယ်သူတွေ ဘယ်နတ်တွေ ဘယ်ဗြဟ္မာတွေ ဘယ်ပုဂ္ဂိုလ်တွေ လာတယ်လို့ မြတ်စွာဘုရားက ပထမဆုံး သူတို့ရဲ့ လာတဲ့အကြောင်းကို အားလုံး ပရိသတ်တွေ သိအောင်လို့ မဟာသမယသုတ် ဆိုတဲ့ အဲဒီသုတ်တော်ကို အရင် ဟောတော်မူတယ်။

အဲဒီတော့ ခုခေတ်မှာတော့ကာ မဟာသမယသုတ်က နတ်များ အင်မတန် နှစ်သက်တယ်လို့ ဒီလို နာမည် ရှိနေတာနဲ့ မဟာသမယသုတ်ကိုသာ အရွတ်အဖတ်များပြီးတော့ နေကြတယ်။

အမှန် ထိုအချိန်အခါကာလ ဘုရား ဟောတော်မူလိုရင်းကတော့ မဟာသမယသုတ်က အခြေခံ အဖြစ်နဲ့သာ ဟောတော်မူခြင်း ဖြစ်ပါတယ်။ သမ္မာပရိဗ္ဗာဇနီယသုတ်တော် စတဲ့ သုတ်များကိုသာ မြတ်စွာဘုရားက သတ္တဝါများရဲ့ ရည်ရွယ်ချက် အကျွတ်တရားရအောင် ဟောတော်မူခြင်း ဖြစ်ပါတယ်။

ဒါကြောင့် မဟာသမယသုတ်ဟာ ထိုသုတ် (၆) ပါးရဲ့ ရှေးဦးစွာ နတ်ဗြဟ္မာများ စိတ်ထဲ ညွတ်ပြီးတော့ ပျော့ပျောင်းလာအောင် အခြေခံ အဖြစ်နဲ့ ဟောတော်မူတဲ့ သုတ်လို့သာ မှတ်ထိုက်ပါတယ်။

(အရှင်ဇနကာဘိဝံသ)