မာလုကျပုတ္တသုတ် တရားတော်
မာလုကျပုတ္တသုတ် တရားတော်
ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး
၁၃၃၈ ခုနှစ် ဝါခေါင်လဆုတ် (၈) ရက်နေ့ (၁၇-၈-၁၉၇၆) စ၍ ဟောသည်။
တရားပလ္လင်ခံ
ဒီကနေ့ ၁၃၃၈ ခုနှစ် ဝါခေါင်လဆုတ် ၈ ရက်နေ့ ဖြစ်တယ်၊ ဒီကနေ့ကစပြီး မာလုကျပုတ္တသုတ် တရားတော်ကို ဟောရမယ်၊
အခုလို နံနက်ပိုင်း သီလပေးအပြီးမှာ ဒီသုတ်တရားတော်ကို ဟောရခြင်း၏ အကြောင်းကတော့ ဝါတွင်း သီတင်းနေ့များမှာ ရှစ်ပါးသီလ ခံယူကျင့်သုံးကြတဲ့ ပုဂ္ဂိုလ်တွေက သုံးလေးရာထက် မနည်းများနေတယ်၊ ဘုန်းကြီးကိုယ်တိုင် တရား ဟောတဲ့ ရက်ကလဲ လပြည့်နေ့ တစ်ရက် တစ်ရက်သာ ရှိတဲ့အတွက် နည်းနေတယ်၊ ဒါကြောင့် ရှစ်ပါးသီလ ယူပြီးတဲ့အခါ ဘုန်းကြီး ဟောတဲ့တရားကို နာကြားကြ ရအောင်လို့ ဒီ မာလုကျပုတ္တသုတ် တရားတော်ကို တစ်နေ့ တစ်နေ့မှာ တစ်နာရီခန့် တစ်နာရီခန့် တစ်ပိုင်းချင်း ဟောဦးမှပဲလို့ စိတ်အကြံ ဖြစ်လာပါတယ်၊
ပြီးတော့ ရှေးကလဲ ဒီသုတ်တရားကို အကြိမ် တော်တော်များများ ဟောခဲ့ပေမယ့် အဲဒီတုန်းက တရားသံကို ဖမ်းယူမထားခဲ့ရတဲ့အတွက် နောက်ထပ် နာကြားဖို့ရာ အခွင့်မရခဲ့ကြဘူး၊ ယခုတော့ တရားသံကိုလဲ ဖမ်းယူထားရမယ်၊ ပြီးတော့ ဒီသုတ် တရားတော်က ဝိပဿနာအလုပ်နဲ့ စပ်ပြီးတော့ အခြေအမြစ်က စပြီး အင်မတန်လဲ ပေါ်လွင်ပါတယ်၊ အဲဒီ အကြောင်းများကြောင့် ဒီသုတ်တရားကို ဒီကနေ့ကစပြီး တဖန် ဟောတာပါဘဲ။
သုတ်တရားတော်၏ အမည် စသည်ကို ဖော်ပြချက်
ဒီသုတ်၏အမည်က မာလုကျပုတ္တသုတ်တဲ့၊ အဲဒီမှာ မာလုကျဆိုတာက တရား တောင်းသူရဲ့ မိခင် ဖြစ်သူ ပုဏ္ဏေးမ၏ အမည်ပဲ၊ အဲဒီ အမည်ထဲက ကကြီး ယပင်း၏ အသံထွက်ကို အိန္ဒိယ သီရိလင်္ကာ တို့၏ ရွတ်ဆိုအသံအားဖြင့် ကယလို့ အသံ ထွက်တယ်၊ နောက်ပြီးတော့ သီရိလင်္ကာ ကျမ်းစာမူမှာ ကကြီး ယပင်းပေါ်၌ င-သတ်လေးလဲ ပါတယ်၊ မာလုင်္ကျံ - လို့ ရှိတယ်၊ ပုတ္တ ဆိုတာကတော့ သားလို့ အနက် ရှိတယ်၊ ဒါကြောင့် မာလုကျပုတ္တ ဆိုတာ မာလုကျာဆိုတဲ့ ပုဏ္ဏေးမ၏ သားလို့ အနက် ရပါတယ်၊ သီရိလင်္ကာ စာမူအရ ဆိုလျှင် မာလုကျာ၏ သားလို့ဆိုရမှာဘဲ။
အဲဒီ မာလုကျပုတ္တဆိုတဲ့ ရဟန်းက တောင်းပန်လို့ အဲဒီ ရဟန်းအား ဟောထားတဲ့ တရားတော် ဖြစ်သောကြောင့် မာလုကျပုတ္တသုတ်လို့ အမည် ပေးထားတာပါဘဲ။ အဲဒီသုတ်က သံယုတ်ပါဠိတော် ဒုတိယအုပ် စာမျက်နှာ (၂၉၄-၉) များ၌ ရှိပါတယ်။ အဲဒီ သုတ်မှာပါတဲ့ ဂါထာ ၂၄ ပုဒ်ကတော့ ထေရဂါထာ ဝီသတိနိပါတ် စာမျက်နှာ (၃၂၈-၃၃၀) တို့၌လဲ ရှိပါတယ်။
ဒီသုတ်ကို ဟောရခြင်း၏ အကြောင်း
မာလုကျပုတ္တဆိုတဲ့ ရဟန်းတော်က မြတ်စွာဘုရားထံ ချဉ်းကပ်ပြီး ရိုသေစွာ ရှိခိုးလျက် ဒီလို တရား တောင်းပါတယ်။
သာဓု မေ ဘန္တေ ဘဂဝါ သံခိတ္တေန ဓမ္မံ ဒေသေတု၊ ယမဟံ ဘဂဝတော ဓမ္မံ သုတွာ ဧကော ဝူပကဋ္ဌော အပ္ပမတ္တော အာတာပီ ပဟိတတ္တော ဝိဟရေယျံ။
ဘန္တေ - မြတ်စွာဘုရား၊
ဘဂဝါ - မြတ်စွာဘုရားသည်၊
မေ - တပည့်တော်အား၊
ဓမ္မံ - တရားကို၊
သံခိတ္တေန - အကျဉ်းအားဖြင့်၊
သာဓု ဒေသေတု - ဟောလျှင် ကောင်းပါလိမ့်မည်၊ ဟောစေချင်ပါသည်တဲ့။
အနက် ပြန်ရိုး ပြန်စဉ်ကတော့ သာဓု - တောင်းပန်ပါ၏။ ဒေသေတု - ဟောတော် မူပါတဲ့၊ သာဓု-ပုဒ်က ကောင်းသည်လို့လဲ အနက်ရှိပါတယ်၊ ဒါကြောင့် ဒေသေတု - ဟောတော်မူပါ၊ ဟောတော်မူလျှင်၊ သာဓု - ကောင်းပါသည်၊ ကောင်းပါလိမ့်မည်လို့ ဒီလို အနက်ပြန်ရင်လဲ သင့်တာပါဘဲ။
ဒါပေမဲ့ (အာယာစနတ္ထေ) ရိုသေစွာ တောင်းပန်ခြင်း အနက်၌ နိပါတ်ပုဒ်ဖြစ်ကြောင်း ဖွင့်ပြထားတဲ့ အတိုင်း
ဘန္တေ - မြတ်စွာဘုရား၊
သာဓု - တောင်းပန်ပါ၏၊
ဘဂဝါ - မြတ်စွာဘုရားသည်၊
မေ - တပည့်တော်အား၊
သံခိတ္တေန - အကျဉ်းအားဖြင့်။
ဓမ္မံ - တရားကို၊
ဒေသေတု - ဟောတော်မူပါလို့ ဒီလိုပဲ အနက်ပြန်လေ့ရှိကြပါတယ်။
(ဘာလုပ်ဖို့ တောင်းပန်တာလဲလို့ မေးဖွယ်ရှိသောကြောင့် ဒီလိုလဲ ဆက်ပြီး လျှောက်ပါတယ်။)
အဟံ - တပည့်တော်သည်၊
ဘဂဝတော - မြတ်စွာဘုရား၏၊
ယံ ဓမ္မံ - အကျဉ်းအားဖြင့် ဟောကြားသည့် ယင်းတရားတော်ကို၊
သုတွာ - ကြားနာပြီးလျှင်၊
ဧကော - တစ်ပါးတည်း၊
ဝူပကဋ္ဌော - ဆိတ်ငြိမ်ရာသို့ ကပ်ရောက်လျက်၊
အပ္ပမတ္တော - မမေ့မလျော့သည်ဖြစ်၍၊
အာတာပီ - ကိလေသာကို ပူလောင်သွေ့ခြောက် ကင်းပျောက်စေနိုင်သော ပြင်းစွာ အားထုတ်မှု သမ္မပ္ပဓာန် လုံ့လဝီရိယနှင့် ပြည့်စုံသည်ဖြစ်၍၊
ပဟိတတ္တော - တရားထူးကိုရရန် စေလွှတ်အပ်သော စွန့်လွှတ်အပ်သော ကိုယ်စိတ် ရှိသည်ဖြစ်၍၊
ဝိဟရေယျံ - နေလိုပါသည် အရှင်ဘုရားတဲ့။
လျှောက်ထားလိုတာ အတိုချုပ်ကတော့ တပည့်တော်အား တရားအားထုတ်ဖို့ ကမ္မဋ္ဌာန်းတရားကို အကျဉ်းချုပ် ဟောတော်မူပါဘုရား၊ အဲဒီတရားကို နာပြီးရင် တပည့်တော်ဟာ တစ်ပါးတည်း ဆိတ်ငြိမ်ရာမှာ နေပြီး မမေ့မလျော့ အပြင်းအထန် အားထုတ်နေပါမည်လို့ ဆိုလိုတာပါဘဲ။ အဲဒီမှာ တစ်ပါးတည်း ဆိတ်ငြိမ်ရာနေပြီး တရားအားထုတ်တယ်ဆိုတာ အလွန် အရေးကြီးပါတယ်၊ တစ်ပါးတည်း တရား အားထုတ်နေတယ်ဆိုတော့ အခြားပုဂ္ဂိုလ်နဲ့စပ်ပြီး သမာဓိမပျက်ဘူး၊ သမာဓိရဖို့ ဉာဏ်ဖြစ်ဖို့ အကောင်းဆုံးပါဘဲ၊
ဒါပေမယ့် တစ်ပါးတည်းနေရန် အခွင့်မသာလို့ အများနဲ့အတူနေပြီး အားထုတ်ရင်လဲ အဲဒီ အခြားပုဂ္ဂိုလ်တွေက သူတို့ တရားကိုသာ သူတို့ ဂရုစိုက်ပြီး အားထုတ်နေကြရင် မိမိကလဲ အခြားသူတွေကို ဂရုမစိုက်ပဲ ကိုယ့်တရားကိုသာ ဂရုစိုက်ပြီး အားထုတ် နေရင် ဆိတ်ငြိမ်ရာမှာ နေသလိုပင် သမာဓိဉာဏ် ဖြစ်နိုင်ပါတယ်၊ ဒါကြောင့် သူတပါး တွေကို မကြည့်နဲ့၊ သူတပါးကို စကားလဲ မပြောနဲ့၊ ကိုယ့်တရားကိုသာ မဲမဲသဲသဲ ဂရုစိုက်ပြီး အားထုတ်နေရမယ်၊ အဲဒီလိုဆိုယင် အနီးအပါးမှာ အခြားသူတွေ ရှိနေပေမယ်လို့ တစ်ဦးတစ်ယောက်တည်း နေသလိုပင် စိတ်ထဲမှာ ဆိတ်ငြိမ်မှုကို ရနေပါတယ်။
အပ္ပမတ္တော - အဖွင့်
နောက်ပြီးတော့ - အပ္ပမတ္တော၊ မမေ့မလျော့သည်ဖြစ်၍တဲ့။ တရားအားထုတ်ရင် မမေ့မလျော့ဘူး ဆိုတာကို နားလည်ပြီး သိပြီး ဖြစ်နေဟန် တူပါတယ်၊ မမေ့မလျော့ အားထုတ်တယ် ဆိုတာ အင်မတန် အရေးကြီးပါတယ်၊ ယခု ဒီရိပ်သာမှာ တရားအားထုတ် နေကြတဲ့ ယောဂီတွေဟာ မမေ့မလျော့ အားထုတ်နေကြတာပဲ၊ မြင်တိုင်း မြင်တိုင်းလဲ မမေ့မလျော့ ရှုမှတ်ရတယ်၊ ကြားတိုင်း နံတိုင်း စားသိတိုင်း ထိသိတိုင်း ကြံသိတိုင်းလဲ မမေ့မလျော့ ရှုမှတ် အားထုတ်နေကြရတာပဲ၊ ကိုယ် အမူအရာပြုတိုင်း ခံစားမှု ဝေဒနာ ပေါ်လာတိုင်း၊ စိတ်အမူအရာဖြစ်တိုင်း၊ မြင်မှု စသော သဘောတရားတွေ ထင်ရှားတိုင်း မမေ့မလျော့ ရှုမှတ်အားထုတ် နေကြရတာဘဲ။
အာတာပီ - အဖွင့်
နောက်ပြီးတော့ - အာတာပီ၊ ကိလေသာကို ပူလောင်သွေ့ခြောက် ကင်းပျောက် စေနိုင်သော သမ္မပ္ပဓာန် လုံ့လဝီရိယနှင့် ပြည့်စုံသည်ဖြစ်၍တဲ့။ အဲဒီမှာ အာတာပီ - ဆိုတာက ပူလောင်စေတတ် တယ်တဲ့၊ ဘာကို ပူလောင်စေသလဲဆိုယရင် ကိလေသာ တွေကို ပူလောင်စေတာပါပဲ၊ နေပူ မီးပူ ကြောင့် ရေအစိုများ ခြောက်သွားသလိုပင် လုံ့လ ဝီရိယဖြင့် အပြင်းအထန် အားထုတ်နေရင် လောဘ ဒေါသ စသော ကိလေသာတွေ ဖြစ်ခွင့်မရဘဲ ကင်းသွားပါတယ်၊ ဥပမာအားဖြင့် သံတုံးသံခဲကြီးဟာ ရဲရဲတောက် မီးပူနေရင် အဲဒီ သံတုံးသံခဲကို ယင်ကောင်တွေ မကပ်နိုင်ဘူး၊ သံတုံးသံခဲကြီးက မပူဘဲ အေးနေရင်တော့ ယင်ကောင်တွေက အဲဒီ သံတုံးသံခဲကြီးကို ကပ်ရောက်နိုင်တယ်၊
အဲဒါလိုပဲ ရှုမှတ်အားထုတ်မှု မရှိတဲ့ ပကတိပုဂ္ဂိုလ်တွေ သန္တာန်မှာ ကိလေသာတွေက ကပ်ရောက်ပြီး ဖြစ်နိုင်တယ်၊ မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း ဒွါရ ၆ ပါးက ဝင်ရောက်ပြီး ဖြစ်နိုင်တယ်၊ ယခု ပကတိ လူတွေမှာ အဲဒီလို ကိလေသာတွေ ဖြစ်နေတာဟာ ရှုမှတ်အားထုတ်မှု မရှိလို့ပါပဲ၊ မပြတ်ရှုမှတ်နေတဲ့ ယောဂီမှာတော့ မြင်ရာကလဲ ကိလေသာ ဖြစ်ခွင့်မရဘူး၊ ကြားရာ စသည်ကလဲ ကိလေသာဖြစ်ခွင့် မရဘူး၊ အဲဒါဟာ ပူနေတဲ့ သံတုံးသံခဲကြီးမှာ ယင်ကောင်တွေ မကပ်နိုင်တာလိုပင် ရှုမှတ်အားထုတ်မှု လုံ့လကြောင့်ပါပဲ၊ အစိုဓာတ်နှင့်တူတဲ့ ကိလေသာတွေ ခန်းခြောက် ကင်းပျောက်နေတဲ့ သဘောပါပဲ။
သမ္မပ္ပဓာန် ၄ ပါး အကြောင်း
အဲဒီလို ကိလေသာ အစိုဓာတ်တွေကို ပူလောင်သွေ့ခြောက် စေတတ်တဲ့ အားထုတ်မှုကို သမ္မပ္ပဓာန် လုံ့လဝီရိယလို့ ခေါ်တယ်၊ အဲဒီ သမ္မပ္ပဓာန်က ကိစ္စအားဖြင့် ၄ ပါးရှိတယ်၊
(၁) မဖြစ်ဘူးသေးတဲ့ အကုသိုလ်ကို မဖြစ်အောင် အားထုတ်တာက ကိစ္စတစ်ပါး၊ အခါအားလျော်စွာ သူတပါးတွေမှာ တုပ်ကွေးဖျား စသောရောဂါ ဖြစ်နေကြတယ် ဆိုယင် မိမိမှာ အဲဒီလို ရောဂါ မဖြစ်အောင် ကြောင့်ကြစိုက်ရသလိုပင် သူတပါးမှာ အကုသိုလ်တွေ ဖြစ်ပွါးနေတာကို မြင်ရကြားရယင် မိမိမှာ အဲဒီလို အကုသိုလ်တွေ မဖြစ်အောင် စောင့်ရှောက် အားထုတ်ရမယ်တဲ့။
(၂) နောက်ပြီးတော့ ဖြစ်ဖူးတဲ့ အကုသိုလ်ကို မဖြစ်အောင် အားထုတ်တာကလဲ ကိစ္စတစ်ပါးတဲ့၊ အဲဒါကတော့ မိမိမှာ မတော်တဆ ဖြစ်ဖူးရင် အဲဒီ အကုသိုလ်မျိုး နောက်ထပ် မဖြစ်အောင် ကြောင့်ကြစိုက်ရမယ်၊ ဒီနေရာမှာတော့ တကယ် မဖြစ်သေး ပေမဲ့ အကြောင်းညီညွတ်ယင် ဖြစ်နိုင်တဲ့ အနုသယ ကိလေသာကိုလဲ (ဥပ္ပန္န) ဖြစ်နေတဲ့ ရှိနေတဲ့ အကုသိုလ်လို့ ဆိုရတယ်၊
အဲဒီဖြစ်နိုင်တဲ့ အနုသယ အကုသိုလ်ကို ကိလေသာကိုလဲ ဖြစ်ခွင့်မရအောင် အားထုတ်ရမယ်တဲ့၊ မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း မပြတ်ရှုမှတ်နေတဲ့ ယောဂီမှာတော့ အာရမ္မဏာနုသယ ခေါ်တဲ့ အဲဒီ အကုသိုလ်ဟာ ဖြစ်ခွင့်မရပဲ ကင်းနေ ပါတယ်၊ အရိယမဂ် ရောက်တဲ့အခါကျတော့ သန္တာနာနုသယဆိုတဲ့ အကုသိုလ်လဲ ကင်းငြိမ်းသွားတော့တာပါဘဲ၊ အဲဒီ မဖြစ်ဖူးတဲ့ ရိုးရိုးအကုသိုလ်လဲ မဖြစ်ရအောင်, အနုသယ အကုသိုလ်လဲ မဖြစ်မကိန်းရအောင် အားထုတ်ရမယ်တဲ့။
(၃) နောက်တစ်ခုကတော့ မဖြစ်ဖူးသေးတဲ့ ကုသိုလ် ဖြစ်အောင် အားထုတ်တာလဲ သမ္မပ္ပဓာန် ကိစ္စတစ်ပါးပါဘဲ၊ ဒါနကုသိုလ်ဖြစ်ဖြစ်၊ သီလကုသိုလ်ဖြစ်ဖြစ်၊ ဘာဝနာ ကုသိုလ်ဖြစ်ဖြစ် မဖြစ်ဖူး သေးရင် ဖြစ်အောင် အားထုတ်ရမယ်၊ အထူးအားဖြင့် ဝိပဿနာ ကုသိုလ်ဟာ မဖြစ်ဖူးသေးရင် ဖြစ်အောင် အားထုတ်ရမယ်၊ အစပိုင်း ဉာဏ်များလောက်သာ ဖြစ်ဖူးသေးရင် အထက်ပိုင်း ဝိပဿနာဉာဏ်တွေလဲ ဖြစ်အောင် အားထုတ်ရမယ်၊ အရေးကြီးဆုံးကတော့ အရိယမဂ် ကုသိုလ်တွေ ဖြစ်အောင် ဝိပဿနာ ရှုမှတ် အားထုတ်ဖို့ပါပဲ။
(၄) နောက်တစ်ခုကတော့ - ဖြစ်ဖူးတဲ့ ကုသိုလ်ကိုလဲ ဖြစ်မြဲ ဖြစ်ပြီး တည်နေအောင်, တိုးပွားအောင်, မဂ်ဖိုလ်ဉာဏ်အထိ ပြည့်စုံသွားအောင် အားထုတ်ရမယ်တဲ့၊ ဝိပဿနာ ရှုမှတ်နေတဲ့ ယောဂီကတော့ ရှုမှတ်တိုင်း ရှုမှတ်တိုင်း မဖြစ်သေးတဲ့ အကုသိုလ်ကို မဖြစ်အောင် အားထုတ်နေသည် မည်ပါတယ်၊ ဖြစ်ပြီး အကုသိုလ်ကိုလဲ ပယ်နိုင်အောင်၊ မဖြစ်သေးတဲ့ ဝိပဿနာကုသိုလ် အရိယမဂ် ကုသိုလ်များလဲ ဖြစ်ပွါးအောင်၊ ဖြစ်ပြီးသော ဝိပဿနာ ကုသိုလ်များလဲ တည်တံ့တိုးပွါး ပြည့်စုံသွားအောင် အားထုတ် နေသည် မည်ပါတယ်။
ဒါကြောင့် အဲဒီ သမ္မပ္ပဓာန် ကိစ္စလေးပါးဖြင့် အပြင်းအထန် အားထုတ်သွားလို ကြောင်းကို (အာတာပီ) ကိလေသာကို ပူလောင်သွေ့ခြောက် ကင်းပျောက်စေနိုင်သော ပြင်းစွာအားထုတ်မှု သမ္မပ္ပဓာန် လုံ့လဝီရိယနှင့် ပြည့်စုံသည်ဖြစ်၍ နေလိုပါတယ်လို့ ဝန်ခံ လျှောက်ထားတာပါဘဲ။
အတိုချုပ်အားဖြင့် တော့ အပြင်းအထန် အားထုတ်လျက် နေလိုပါတယ်လို့ ဆိုလို တာပါဘဲ။
ပဟိတတ္တော အဖွင့်
အပြင်းအထန် အားထုတ်တယ်ဆိုတာ ကိုယ်နဲ့အသက်ကို မငဲ့ကွက်ဘဲ စွန့်စွန့်စားစား အားထုတ်တာကို ဆိုတာပါပဲ၊ ဒါကြောင့် ပဟိတတ္တော - စေလွှတ်အပ်သောစိတ်၊ စွန့်လွှတ်အပ်သောကိုယ်စိတ် ရှိသည်ဖြစ်၍ နေလိုကြောင်းလဲ ဆက်ပြီး လျှောက်ထား ဝန်ခံပါတယ်။ အဲဒီမှာ ရှေးနိဿယများ (ပဟိတတ္တော - နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍-လို့) ပြန်ဆိုထားကြတဲ့အတွက် တချို့က “စိတ်ကို နိဗ္ဗာန်ပို့ထားရင် ပြီးတာပဲ၊ တရားအားထုတ်ဖို့ မလိုဘူး” လို့ ဘုရားဟော ကျမ်းဂန်များနဲ့ ပြောင်းပြန် ဆန့်ကျင်ဘက် ဟောပြောနေကြတာလဲ ရှိတယ်၊ အမှန်ကတော့ ကိုယ်နဲ့အသက်ကို မငဲ့ကွက်ဘဲ မဂ်ဖိုလ်နိဗ္ဗာန် ရရေးအတွက်သာ အလေးပြုပြီး ဘာဝနာတရားကို တင်းတင်းရင်းရင်း ပြင်းပြင်းထန်ထန် အားထုတ်ပါမယ်လို့ ဆိုလိုတာပါဘဲ။ ဒါကြောင့် အဲဒီ ပဟိတတ္တောပုဒ်ကို နိဒါနဝဂ္ဂ သံယုတ် အဋ္ဌကထာ (နှာ ၁၉၆) ၌
“ဝိသေသာဓိဂမတ္ထာယ - မဂ်ဖိုလ်နိဗ္ဗာန် တရားထူးကို ရခြင်း အကျိုးငှါ၊ ပေသိတတ္တော ဟုတွာ - စေလွှတ်အပ်သောစိတ် ရှိသည်ဖြစ်၍” လို့ ဖွင့်ပြထား ပါတယ်၊ အဲဒီ အဖွင့်အရ ရှေးနိဿယများက တရားထူးသုံးပါးထဲက ပဓာနဖြစ်တဲ့ နိဗ္ဗာန်ကိုသာ ဖော်ပြပြီးတော့- “ပဟိတတ္တော - နိဗ္ဗာန်သို့ စေလွှတ်အပ်သောစိတ် ရှိသည်ဖြစ်၍” လို့ အနက်ပြန်ဆိုတော် မူခဲ့ကြတာပါဘဲ။
နောက်ပြီးတော့ သုတ်သီလက္ခန် အဋ္ဌကထာ (နှာ-၂၉၉) ၌လဲ -
“ကာယေစ - ကိုယ်၌၎င်း၊
ဇီဝိတေစ - အသက်၌၎င်း၊
အနပေက္ခတာယ - မငဲ့သည်၏အဖြစ်ဖြင့်၊
ပေသိတစိတ္တော - စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍၊
ဝိဿဋ္ဌအတ္တဘာဝေါ - စွန့်လွှတ်အပ်သော အတ္တဘော (ကိုယ်) ရှိသည် ဖြစ်၍” လို့ ဖွင့်ပြထားပါတယ်။
ဒါကြောင့် နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိတယ် ဆိုတာဟာ “နိဗ္ဗာန်ရရင်ပြီးရော၊ ကိုယ်နှင့်အသက်ကို မငဲ့ဘဲ သေသေကြေကြေ အပြင်းအထန် အားထုတ်ပါမည်” လို့ ဆိုလိုတာပါပဲ၊ ဒါကြောင့် “ပဟိတတ္တော - နိဗ္ဗာန်ရရေးကိုသာ အလေးပြုသည်ဖြစ်၍” လို့ ဒီလို ဆိုလိုရင်း အနက်ပြန်ရင်လဲ သင့်တာပါပဲ။
မာလုကျပုတ္တဆိုတဲ့ ရဟန်းတော်က တပါးတည်း ဆိတ်ငြိမ်ရာ ကပ်ရောက်ပြီး မမေ့ မလျော့ အားထုတ်လိုပါတယ်။ အပြင်းအထန် အားထုတ်လိုပါတယ်၊ တရား အားထုတ်လို့ သေချင်သေ သွားပါစေ၊ နိဗ္ဗာန်ရရေးကိုသာ အလေးပြုပြီး တင်းတင်း ရင်းရင်း အားထုတ်လိုပါတယ်၊ ကမ္မဋ္ဌာန်းတရားကို အကျဉ်းချုပ် ဟောကြားတော် မူပါလို့ ဒီလို တောင်းပန်တယ်၊ အဲဒီလို တောင်းပန်တော့ မြတ်စွာဘုရားက ဒီလို မိန့်တော်မူပါတယ်။
မြတ်စွာဘုရား၏ မိန့်ခွန်းတော်
မာလုကျပုတ္တ - မာလုကျာ၏ သားရဟန်း၊
ဧတ္ထဒါနိ - ယခု သင်လျှောက်တောင်းပန်သော ဤစကားရပ်၌၊
ဝါ - ဤ စကားနှင့်စပ်၍၊
ဒဟရေဘိက္ခူ - ရဟန်းငယ်တို့ကို၊
ကိံဝက္ခာမ - အဘယ်သို့ ဆိုကုန်အံ့နည်း၊
ဝါ - ဆိုဖွယ်မရှိတော့ပါ၊
ဘိက္ခု - မာလုကျာ၏ သားရဟန်း၊
ယတြ-ယော တွံ - ယင်း သင်သည်၊
ဇိဏ္ဏော - အိုမင်း ရင့်ယော်လှပြီ ဖြစ်ပါလျက်၊
ဝုဒ္ဓေါ မဟလ္လကော - အသက်အရွယ် ကြီးလှပြီ ဖြစ်ပါလျက်၊
အဒ္ဓဂတော ဝယောအနုပ္ပတ္တော - နောက်ဆုံးအရွယ်သို့ ရောက်နေပြီဖြစ်ပါလျက်၊
သံခိတ္တေန ဩဝါဒံ - အကျဉ်းချုပ် အဆုံးအမကို၊
ယာစသိ နာမ - လျှောက်တောင်းတုံသေး၏ လို့ မိန့်တော်မူပါတယ်။
အဲဒီ မိန့်ခွန်းတော်ထဲမှာ ဇိဏ္ဏော - အိုမင်းရင့်ယော်လှပြီ စသော စကားရပ်ဖြင့် အဲဒီ မာလုကျပုတ္တ ရဟန်းဟာ အသက် ရှစ်ဆယ်ကျော် ကိုးဆယ်ကျော် သေခါနီးအရွယ် ရောက်နေပြီလို့ မှတ်ယူရပါတယ်။ အဲဒီ မိန့်ခွန်းတော်ဖြင့် မာလုကျပုတ္တ ရဟန်းအိုကြီးကို နှိမ်ချရာလဲ ရောက်တယ်၊ ချီးမြှောက်ရာလဲ ရောက်တယ်တဲ့။
နှိမ်ချရာ ရောက်ပုံကတော့ မာလုကျပုတ္တဟာ ငယ်ရွယ်စဉ်ကတော့ တရားအားမထုတ် ခဲ့ဘဲ မေ့မေ့လျော့လျော့ နေလာခဲ့တယ်၊ ယခု သေခါနီးအရွယ် အိုမင်းလှမှ တရားအားထုတ်မလို့တဲ့၊ ဒါကြောင့် သင်တို့ ရဟန်းငယ်တွေလဲ မာလကျပုတ္တလိုပင် ငယ်ရွယ်စဉ်မှာ တရားအားမထုတ်ဘဲ မေ့မေ့လျော့လျော့ နေကြ၊ အရွယ်ကြီးရင့်လှမှ တရား အားထုတ်ကြလို့ ပြောဆို ရမှာလို ဖြစ်နေကြောင်း ရည်ရွယ်ရင် မာလုကျပုတ္တ အား နှိမ်ချရာ ရောက်ပါတယ်တဲ့။
ချီးမြှောက်ရာ ရောက်ပုံကတော့ မာလုကျပုတ္တဟာ အလွန်အိုမင်း ရင့်ယော်နေတာ တောင်မှ တောအရပ်သို့ ကပ်ရောက်ပြီး တရားအားထုတ်ဦးမလို့တဲ့၊ ဒီတော့ သင်တို့ ရဟန်းငယ်တွေဟာ တရားအားထုတ်သင့်ကြောင်း အထူးပြောစရာ မလိုပါဘူးလို့ ရည်ရွယ်ရင်တော့ မာလုကျပုတ္တ ရဟန်းအိုကြီးကို ချီးမြှောက်ရာ ရောက်ပါသတဲ့။
ဟုတ်တယ်၊ အခုနေအခါလဲ အိုမင်းမစွမ်း ဖြစ်နေတဲ့ အဘိုးအို အဖွားအိုကြီးတွေ တင်းတင်းရင်းရင်း အပြင်းအထန် အားထုတ်နေတာကို မြင်တွေ့ရရင် ပျိုရွယ်တဲ့ သူတွေလဲ တင်းတင်းရင်းရင်း အပြင်းအထန်အားထုတ်ဖို့ ဝန်လေးစရာ မရှိပါဘူး၊ အဲဒီ အဖိုးကြီး အဖွားကြီးတွေကို အားကျပြီး အားထုတ်သင့်တာပါပဲ၊ ထို့အတူပင် ငယ်ရွယ်တဲ့သူတွေ ကြိုးကြိုးစားစား အားထုတ်နေတာ မြင်တွေ့ရရင်လဲ အရွယ်ကြီးတဲ့ သူတွေဟာ အားကျပြီး အားထုတ်သင့်တာပါဘဲ။
အဲဒီတော့ မာလုကျပုတ္တရဟန်းက ဒီလို ထပ်ပြီး လျှောက်ပြန်ပါတယ်၊ တပည့်တော်ဟာ အိုမင်းရင့်ယော်လှပြီ ဖြစ်ပေမယ့် မြတ်စွာဘုရားက တပည့်တော်အား အကျဉ်းချုပ် အားဖြင့် ဩဝါဒ တရားကို ဟောကြားတော်မူပါ၊ တပည့်တော်ဟာ မြတ်စွာဘုရား၏ တရားတော်ကို ကိုယ်တိုင်တွေ့ပြီး သိနားလည်တဲ့သူ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်၊ မြတ်စွာဘုရား၏ တရား အမွေခံအစစ် ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်၊ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်လို့ ထပ်မံပြီး လျှောက်ထား တောင်းပန်ပါတယ်။
အဲဒီတော့ မြတ်စွာဘုရားက ဝိပဿနာ ရှုရခြင်း၏ အကြောင်းကို အခြေအမြစ်မှစပြီး သိနားလည်ရအောင်လို့ ရှေးဦးစွာ မေးခွန်းများဖြင့် မေးတော်မူပါတယ်၊ အဲဒီ မေးခွန်းတွေက အင်မတန် ခိုင်လုံပါတယ်၊ သဘောပေါက် နားလည်ဖို့ရာလဲ အင်မတန် ကောင်းပါတယ်၊ ဒါပေမဲ့ သုတနည်းတဲ့ သူတွေ အတွက်ကတော့ နက်နဲတဲ့သဘော ရှိပါတယ်။ ရှေးကဆိုရင် နေရာအသစ်မှာ တရားဟောတဲ့ အခါ ဘုန်းကြီးက ဒီသုတ်ကို စပြီးဟောခဲ့ပါတယ်၊ ယခုတော့ အများက ရှုပုံရှုနည်းကို နားလည်နေကြပြီ ဖြစ်တဲ့အတွက် ဒီသုတ်ကို မဟောပဲနေခဲ့တာ နှစ်ပေါင်း တော်တော်ကြာသွားပါပြီ။ အဲဒီမှာ မြတ်စွာဘုရား မေးတော်မူပုံကတော့ -
ဝိပဿနာအခြေခံ မေးခွန်းတော် (၁)
တံ ကိံ မညသိ မာလုကျပုတ္တ ယေ တေ စက္ခု ဝိညေယျာ ရူပါ အဒိဋ္ဌာ အဒိဋ္ဌပုဗ္ဗာ၊ န စ ပဿတိ၊ န စ တေ ဟောတိ ပဿေယျေန္တိ၊ အတ္ထိ တေ တတ္ထ ဆန္ဒော ဝါ ရာဂေါ ဝါ ပေမံ ဝါ။
မာလုကျပုတ္တ - မာလုကျာ၏ သားဖြစ်သော ရဟန်း၊
တံ - ငါမေးမည့် အရာကို၊
တွံ - သင်သည်၊
ကိံ မညသိ - ဘယ်လိုထင်သလဲ၊ သင် သဘောကျသည့်အတိုင်း ဖြေပါတဲ့။
စက္ခုဝိညေယျာ - မျက်စိဖြင့် မြင်နိုင်ကောင်းကုန်သော၊
ယေ ရူပါ - အကြင် အဆင်းတို့ကို၊
တေ - သင်သည်၊
အဒိဋ္ဌာ - မမြင်ဘူးသေး၊ မျက်စိဖြင့် မြင်နိုင်ကောင်းတဲ့ အဆင်းတွေတဲ့၊
(အဲဒါ ပရမတ် ရုပ်တရား အစစ်ဖြစ်တဲ့ အဆင်းတွေပဲ၊ မျက်စိဖြင့် မမြင်ကောင်းတဲ့ အဆင်းတွေ ဆိုတာလဲ ရှိတယ်၊ ဘယ်လိုဟာတွေလဲဆိုတော့ စိတ်ကူးဖြင့် ကြံတွေးပြီး သိရတဲ့ အဆင်း၊ အိပ်မက်မြင်မက်ရသလို သမာဓိကြောင့် ထင်ပေါ်လာတဲ့ အဆင်းတွေ ဒီလို အဆင်းတွေကတော့ တကယ်ရှိတဲ့ ပရမတ် တရားတွေ မဟုတ်ဘူး၊ ပညတ်တွေပဲ၊ အဲဒီ ပညတ် အဆင်းတွေကို ပြောတာ မဟုတ်ဘူး၊ တကယ်ရှိနေလို့ မျက်စိနဲ့ တိုက်ဆိုင်မိယင် တကယ်မြင်နိုင်တဲ့ အဆင်းကို ပြောတာ၊ အဲဒီ အဆင်းတွေကို သင်ဟာ ဒီဘဝမှာ တခါမှ မမြင်ဘူးသေးဘူးတဲ့။)
အဒိဋ္ဌပုဗ္ဗာ - ရှေးဘဝများကလဲ မမြင်ဘူးခဲ့သေးဘူးတဲ့၊
(ဒါကတော့ ရှေးဘဝကို ပြန်လည် အောက်မေ့နိုင်တဲ့ သူများ အတွက်ပါပဲ၊ မြတ်စွာဘုရား လက်ထက်တော်က ပတိပူဇိကာ ဆိုတဲ့ အမျိုးသမီးဟာ ရှေးဘဝက ခင်ပွန်းဖြစ်တဲ့ မာလာဘာရီဆိုတဲ့ နတ်သားကြီးကို မှတ်မိနေတယ်၊ သတိရနေတယ်၊ အဲဒီလို သတိရနေတဲ့အတွက် မာလဘာရီ နတ်သားကြီးထံ ပြန်ရောက်ချင်နေတယ်၊ အဲဒီလို ပုဂ္ဂိုလ်အတွက် ရည်ပြီးတော့ ရှေးဘဝကလဲ မမြင်ဘူးသေးတဲ့ အဆင်းလို့ ဆိုပါတယ်၊ အခြားပုဂ္ဂိုလ်တွေ အတွက်ဆိုရင်တော့ မကြာမီကလဲ မမြင်ဖူးသေးဘူး၊ ရှေးတုန်းကလဲ မမြင်ဖူးသေးဘူး လုံလောက်နေပါပြီ။)
စက္ခုဝိညေယျာ - တွေ့ဆုံပါက မျက်စိဖြင့် တကယ်မြင်နိုင်ကောင်းကုန်သော၊
ယေ ရူပါ - အကြင်အဆင်းတို့ကို၊
တေ - သင်သည်၊
အဒိဋ္ဌာ - မကြာမီကလဲ မမြင်ဖူးသေး၊
အဒိဋ္ဌပုဗ္ဗာ - ရှေးကာလ ရှေးဘဝကလဲ မမြင်ခဲ့ဖူးသေး။
န စ ပဿသိ - ယခု မြင်ဆဲလဲ မဟုတ်ဘူး၊ (ရှေးကလဲ မမြင်ခဲ့ဘူးသေး၊ ယခုလဲ မြင်နေဆဲ မဟုတ်ဘူး၊ အဲဒီလို အဆင်းတွေက ရှိတော့ ရှိနေတာဘဲ။)
တေ - သင့်အား၊
န စ ဟောတိ ပဿေယျန္တိ - မြင်နိုင်သည် ဟူ၍လဲ စိတ်ကူးထဲမှာ မဖြစ်သေး၊ ဒီလို အဆင်းတွေကို တနေ့ကျရင် မြင်ရလိမ့်မယ်၊ မြင်နိုင်တယ်လို့ သင်၏ စိတ်ကူးထဲမှာတောင် မဖြစ်သေးဘူးတဲ့။
တတ္ထ - မြင်လဲ မမြင်ဘူးသေး၊ မြင်ဆဲလဲမဟုတ်၊ မြင်နိုင်တယ် မြင်ရလိမ့်မယ်လို့တောင် စိတ်ကူးထဲမှာ မပေါ်သေးတဲ့ ထိုအဆင်းတို့၌၊
တေ - သင်အား၊
ဆန္ဒော ဝါ - လိုချင် နှစ်သက်မှုသည်၎င်း၊
ရာဂေါဝါ - တပ်မက်စွဲလမ်းမှု သည်၎င်း၊
ပေမံဝါ - ချစ်ခင်မှုသည်၎င်း၊
အတ္ထိ - ရှိပါသလား ဖြစ်ပါသလားတဲ့၊ ဒီလို မေးတော်မူပါတယ်။
ရှေးကလဲ မမြင်ဖူးသေးဘူး၊ ယခုလဲ မြင်နေဆဲ မဟုတ်ဘူး၊ ဒီလိုအဆင်း ဒီလိုလူကို မြင်နိုင်တယ် မြင်နိုင်လိမ့်မယ်လို့ စိတ်ကူးတောင် မဖြစ်သေးဘူး၊ အဲဒီလို အဆင်းတဲ့၊ အဆင်း ဆိုပေမယ့် အဆင်းသက်သက် မဟုတ်ပါဘူး၊ မိန်းက ယောက်ျားဆိုတဲ့ ပုဂ္ဂိုလ် တွေကို ပြောတာပါဘဲ၊ အဲဒီလို မမြင်ဖူးတဲ့ မြင်ဆဲလဲ မဟုတ်တဲ့ မြင်ရလိမ့်မယ်လို့ စိတ်ကူးထဲမှာတောင် မပေါ်သေးတဲ့ အဆင်း အဲဒီလို မိန်းမဖြစ်သူ ယောက်ျားဖြစ်သူကို အာရုံပြုပြီး လိုချင်နှစ်သက်ခြင်း တပ်မက်ခြင်း ချစ်ခင်ခြင်း ဖြစ်ပါ့မလား တဲ့။
အဲဒီလို အဆင်း ပုဂ္ဂိုလ်တွေက ဘယ်မှာ ရှိတာလဲဆိုတော့ ကိုယ်မရောက်ဘူးတဲ့ အရပ်တွေမှာ ရှိပါတယ်၊ တခြားမြို့ တခြားရွာ တခြားနိုင်ငံတွေမှာ မြင်တွေ့ရရင် ချစ်စရာကောင်းတဲ့ မိန်းမတွေ ယောက်ျားတွေ အများကြီး ရှိနေတာပဲ၊ ဒီရန်ကုန်မြို့ ထဲမှာတောင် မတွေ့ဘူး မမြင်ဖူးတဲ့လူတွေ အများကြီး ရှိနေတာပဲ၊ လောကမှာ မြင်ဖူးတဲ့လူထက် မမြင်ဖူးတဲ့ လူတွေက အတိုင်းမသိ များနေတာပဲ၊ အဲဒီမမြင်ဖူးတဲ့ အဆင်းတွေ လူတွေ မိန်းမ ယောက်ျား တွေနှင့်စပ်ပြီး နှစ်သက်လိုချင်ခြင်း တပ်မက်ခြင်း ချစ်ခင်ခြင်း ဖြစ်ပါ့မလားလို့ မြတ်စွာဘုရားက မေးတော်မူပါတယ်။ (အဲဒီမှာ မာလုကျပုတ္တ အတွက်ကတော့ မိန်းမအဆင်းက လိုရင်းပါဘဲ။)
အဲဒီတော့ မာလုကျပုတ္တမထေရ်က “နော ဟေတံ ဘန္တေ - မြင်လဲ မမြင်ဘူး၊ မြင်ဆဲလဲ မဟုတ်ဘူး၊ မြင်ရလိမ့်မယ်လို့ စိတ်ကူးထဲမှာတောင် မပေါ်လာတဲ့ အဆင်းတွေ လူတွေ မိန်းမတွေ (ယောက်ျားတွေ) နဲ့စပ်ပြီး နှစ်သက်လိုချင်ခြင်း တပ်မက်ခြင်း ချစ်ခင်ခြင်း မဖြစ်နိုင်ပါဘုရား” လို့ ဖြေကြားပါတယ်။
အဲဒါဟာ တိကျမှန်ကန်တဲ့ အဖြေပါဘဲ၊ မမြင်ဘူးတဲ့ အမျိုးသမီး အလှကလေးတွေကို အကြောင်းပြုပြီး ယောက်ျားတွေမှာ နှစ်သက် တပ်မက်ခြင်း၊ ချစ်ခင်ခြင်း မဖြစ်နိုင်ဘူး၊ မမြင်ဖူးတဲ့ အမျိုးသား အလှကလေးတွေကို အကြောင်းပြုပြီးတော့ အမျိုးသမီးတွေ မှာလဲ နှစ်သက် တပ်မက်ခြင်း ချစ်ခင်ခြင်း မဖြစ်နိုင်ပါဘူး။ ရှေးက မြင်ခဲ့ဘူးတဲ့သူ မကြာမီက မြင်ခဲ့ဖူးတဲ့သူ အဲဒီလို အမျိုးသမီး အမျိုးသားတွေကို အကြောင်းပြုပြီး တော့ နှစ်သက် တပ်မက်ခြင်း ဖြစ်နိုင်တယ်၊ မြင်လျှင်မြင်ချင်း မြင်ဆဲမှာလဲ နှစ်သက် တပ်မက်ခြင်း ဖြစ်နိုင်တယ်။ စိတ်ကူးထဲမှာ မြင်ရလိမ့်မယ်လို့ မျှော်လင့်တဲ့ အဆင်း ပုဂ္ဂိုလ်နဲ့ စပ်ပြီးတော့လဲ နှစ်သက်တပ်မက်ခြင်း ဖြစ်နိုင်တယ်၊ အဲဒါကတော့ ဓမ္မပဒ အဋ္ဌကထာမှာ ပြထားတဲ့ အနိတ္ထိဂန္ဓကုမာရ ဝတ္ထုဖြင့် ထင်ရှား ပါတယ်။
အနိတ္ထိဂန္ဓကုမာရ ဝတ္ထု
မြတ်စွာဘုရား လက်ထက်တော်က ကာလတုန်းက သာဝတ္ထိပြည် (မြို့) မှာ အနိတ္ထိဂန္ဓကုမာရ ဆိုတဲ့ လူကလေးတစ်ယောက် ရှိခဲ့တယ်၊ အဲဒီ လူငယ်က ဗြဟ္မပြည်မှ စုတေပြီး လူ့ဘဝ ရောက်လာတဲ့ သူပါပဲ။ ဗြဟ္မာဖြစ်နေစဉ်က မိန်းမနဲ့ စပ်ပြီး နှစ်သက်သာယာမှု ကင်းနေခဲ့တယ်၊ အဲဒီလို ကြာရှည်စွာ ကာမ ရာဂ ကင်းလာခဲ့ တဲ့အတွက် ကလေးငယ်ဘဝကတည်းက သူဟာ မိန်းမအနီးသို့ မချဉ်းကပ် လိုဘူး၊ မိခင်စသော မိန်းမများက သူ့ကိုထိရင် သူက ငိုပါသတဲ့။
လူလားမြောက်ပြီး အရွယ်ရောက်လာတဲ့ အခါကျတော့ မိဘတွေက သူ့ကို အိမ်ထောင်ပြုဖို့ ပြောကြတဲ့အခါ သူက “(န မေ ဣတ္ထိယာ အတ္ထော) ကျွန်တော်ဟာ မိန်းမဖြင့် အလိုမရှိဘူး” လို့ ငြင်းပယ်နေပါသတဲ့။ ဒါပေမဲ့ မိဘများက အဖန်ဖန် ထပ်မံ တိုက်တွန်းနေတဲ့အတွက် သူက ရွှေပန်းထိမ်သည်တွေကို ခေါ်ပြီး ရွှေဖြင့် အလွန်လှပတဲ့ မိန်းမရုပ်ကို လုပ်စေတယ်။ မိဘများက အိမ်ထောင်ပြုဖို့ တိုက်တွန်း တဲ့အခါ “ဟောဒီ ရွှေရုပ်လောက် လှပတဲ့ အမျိုးသမီးကို ရရင်တော့ မိဘတို့၏ စကားကို လိုက်နာပါ့မယ်” လို့ သူကပြောသတဲ့။ အဲဒီတော့ မိဘများကလဲ ပစ္စည်း ဥစ္စာ ပေါများကြွယ်ဝသူများ ဖြစ်သောကြောင့် ထင်ရှား ကျော်စောတဲ့ ပုဏ္ဏားတွေကို ခေါ်ပြီး အဲဒီ ရွှေရုပ်နဲ့တူတဲ့ သတို့သမီးကို အရှာခိုင်းတယ်။
အဲဒီ ပုဏ္ဏားတွေက ရွှေရုပ်ပါ ယူဆောင်ပြီး အရပ်ရပ် အနယ်နယ် လိုက်လံပြီး စုံစမ်းရှာဖွေကြတယ်၊ မဒ္ဒတိုင်း ဘာဂလမြို့မှာ အဲဒီ ရွှေရုပ်နဲ့တူတဲ့ ၁၆ နှစ်အရွယ် အလွန်လှပတဲ့ သူငယ်မကလေး အကြောင်းကို ကြားသိရလို့ အဲဒီအိမ်ကို သွားပြီး ကြည့်တယ်၊ မိဘဖြစ်သူတို့က သမီးပျို အလှကလေးကို ဘုံခုနစ်ဆင့် အထက်ထပ်မှ ဆင်းစေပြီးတော့ ပြကြတယ်၊ အဲဒီ သူငယ်မကလေးက ရွှေရုပ်နဲ့ယှဉ်ပြီး ထိုင်နေတဲ့ အခါ ရွှေရုပ်ထက် အမျိုးသမီးကလေးက အရောင်တောက်ပပြီး ပို၍ လှပနေပါသတဲ့။
စုံစမ်းရေး ပုဏ္ဏားတွေက အဲဒီ ရွှေရုပ်ကို အမျိုးသမီး၏ မိဘများအား ပေးပြီးတော့ အနိတ္ထိဂန္ဓသူငယ်နဲ့ ထိမ်းမြားဖို့ရာ တောင်းဆိုကြတယ်၊ တောင်းဆိုပြီးတော့ အဲဒီ သတို့သား၏ မိဘများထံ ပြန်လာပြီး ပြောကြားကြတယ်၊ မိဘတွေက မြန်မြန်သွားပြီး အဲဒီ အမျိုးသမီးကလေးကို ခေါ်ဆောင်ခဲ့ဖို့ စေခိုင်းကြပါတယ်။
အနိတ္ထိဂန္ဓ သူငယ်ကလဲ အဲဒီအကြောင်းကို ကြားရတော့ ရွှေရုပ်ထက်တောင် လှတယ် ဆိုတဲ့ အကြောင်းသိရ၍ ထိုအမျိုးသမီးကလေး၌ ချစ်ခင်စိတ်ဖြစ်ပြီးလျှင် မြန်မြန် ခေါ်ဆောင်ခဲ့ကြပါလို့ ပြောပါသတဲ့။ အဲဒါဟာ ဒီလိုလှပတဲ့ အမျိုးသမီးကလေးကို မြင်နိုင်တယ် မြင်ရလိမ့်မယ်လို့ စိတ်ကူးမျှဖြင့် ဖြစ်ပေါ်လာတဲ့ နှစ်သက်တပ်မက်ခြင်း ချစ်ခင်ခြင်းပါဘဲ။
တာဝန်ဆောင် ပုဏ္ဏားတွေက အဲဒီ အမျိုးသမီးကလေးကို ယာဉ်ပေါ်မှာတင်ပြီး ခေါ်ဆောင် လာခဲ့ကြရာ အဲဒီ အမျိုးသမီးကလေးက အလွန် နူးညံ့တဲ့အတွက် ယာဉ်တောက်ပြီး ဖြစ်တဲ့ လေနာရောဂါကြောင့် လမ်းခရီး အကြားမှာပဲ သေဆုံးသွား ရှာပါသတဲ့။ မဒ္ဒတိုင်း သာဂလမြို့ဆိုတာ ပန်ဂျပ်နယ်ထဲမှာရှိတယ်၊ သာဝတ္ထိမြို့နဲ့ မိုင် လေးငါးခြောက်ရာ ထက်မနည်း ဝေးကွာပါလိမ့်မယ်၊ ယာဉ်ဆိုတာက ဘာယာဉ်လဲလို့ မသိရဘူး၊ မြင်းရထားယာဉ်ပဲ ဖြစ်ဖွယ်ရှိပါတယ်။ ဟိုတုန်းက လမ်းလဲ ကောင်းမှာ မဟုတ်ဘူး၊ ဒါကြောင့် ပင်ပန်းပြီး ရောဂါဖြစ်၍ သေဆုံးသွားရှာတာ ဖြစ်မှာပါဘဲ။
အနိတ္ထိဂန္ဓကုမာရဆိုတဲ့ သူငယ်ဟာ အဲဒီသတင်းကို ကြားရတော့ ဒီလိုလှပတဲ့ သူငယ်မကလေးနဲ့ တွေ့ဆုံခွင့်တောင် မရပါကလားလို့ နှလုံးသွင်းပြီး စိုးရိမ်ပူဆွေးမှုကို အကြီးအကျယ် ခံစားရပါသတဲ့။ မအိပ်နိုင် မစားနိုင် ဖြစ်နေပါသတဲ့၊ အဲဒီ အကြောင်းကို သိမြင်တော်မူတဲ့အတွက် မြတ်စွာဘုရားရှင်က သနားခြင်းကြီးစွာ မဟာ ကရုဏာတော်ဖြင့် ဆွမ်းခံကြွရင်း အဲဒီအိမ်ရှေ့ကို ကြွရောက်တော်မူတယ်၊ သူငယ်၏ မိဘများက ရိုသေစွာ ပင့်လျှောက်ပြီး ဆွမ်းကပ်တယ်၊
ဆွမ်းဘုဉ်းပေးပြီးတဲ့အခါ အဲဒီ သူငယ်အကြောင်းကို မေးတော်မူတယ်၊ သူငယ်ကလဲ မိဘများ၏ ပြောကြားချက်အရ မြတ်စွာဘုရားထံ လာရောက်ပြီး ရှိခိုးလျက် ထိုင်နေတယ်။ မြတ်စွာဘုရားက မေးတော်မူလို့ လမ်းခရီးမှာ သေဆုံးသွားတဲ့ အမျိုးသမီးကလေးကို အကြောင်းပြုပြီး စိုးရိမ်ပူဆွေးမှု အကြီးအကျယ် ဖြစ်နေ ကြောင်း မစားနိုင်၊ မသောက်နိုင်အောင် ပူဆွေးနေရကြောင်း လျှောက်ထားတယ်။ အဲဒီတော့ မြတ်စွာဘုရားက စိုးရိမ်ပူဆွေးမှုနှင့် ကြောက်ဖွယ်ဘေး ကြောက်ခြင်း ဘေးဟာ လိုချင်စရာ ကာမဂုဏ်နှင့် လိုချင်နှစ်သက်မှုကို မှီပြီးဖြစ်ကြောင်း ဒီလို ဟောကြားတော်မူပါတယ်။
ကာမတော ဇာယတော သောကော၊
ကာမတော ဇာယတော ဘယံ။
ကာမတော ဝိပ္ပမုတ္တဿ၊
သောကော နတ္ထိ ကုတော ဘယံ။
ကာမတော - လိုချင်နှစ်သက်စရာနှင့် လိုချင်နှစ်သက်မှုဆိုတဲ့ ကာမကြောင့်၊
သောကော - စိုးရိမ်ပူဆွေးခြင်းသည်၊
ဇာယတေ - ဖြစ်၏ တဲ့။
နှစ်သက်ချစ်ခင်စရာ မိန်းမယောက်ျား စသောအာရုံနဲ့ နှစ်သက်ချစ်ခင်မှုဆိုတဲ့ ကာမတရား ရှိနေလို့ ချစ်ခင်နှစ်သက်တဲ့ အာရုံဝတ္ထုနှင့် ကင်းကွာတဲ့အခါ စိုးရိမ်ပူဆွေး မှု ဖြစ်ပေါ်တာပဲ၊ အဲဒါလဲ မမြဲတဲ့ တရားပဲလို့ ဆိုလိုပါတယ်။
ကာမတော - လိုချင်နှစ်သက်စရာနှင့် လိုချင်နှစ်သက်မှုဆိုတဲ့ ကာမကြောင့်၊
ဘယံ - ကြောက်ဖွယ်နှင့် ကြောက်လန့်ခြင်း ဟူသောဘေးသည်၊
ဇာယတေ - ဖြစ်၏။
(ပါဠိမှာ ကတ္တားဟော အရာ၌ ပရဿပုဒ် တိ-ဝိဘတ် နှင့်သာ ရှိသင့်သည်ဟု နှစ်သက်သောဆရာတို့၏ အလိုအားဖြင့် ဇာယတီ-ဟု ဆန်းနှင့်ညီအောင် ဒီဃလဲ ပြုထား၏။ သို့သော် ဆန္ဒာနုရက္ခဏ အားဖြင့် မပြုပြင်ရဘဲ အတ္တနောပုဒ်တေ-ဝိဘတ် နှင့် ရှိခြင်းက ပို၍ ဂုဏ်မြောက်ဖွယ်ရှိသည်၊ ပါဠိပညာရှင်တို့ အတွက်သာဖြစ်သည်။)
ကာမတော - လိုချင် နှစ်သက်စရာနှင့် လိုချင်နှစ်သက်မှု ကာမမှ၊
ဝိပ္ပမုတ္တဿ - လွတ်ကင်းသောသူအား၊
သောကော - စိုးရိမ် ပူဆွေးခြင်းသည်၊
နတ္ထိ - မရှိပေ၊
ဘယံ - ကြောက်ခြင်းသည်၊
ကုတော - အဘယ်မှာ ရှိတော့အံ့နည်း၊ မရှိတော့သည် သာတည်း-လို့ မြတ်စွာဘုရားက ဟောကြားတော်မူပါတယ်။
အဲဒီ ဂါထာတစ်ပုဒ် တရားကို နာပြီးတော့ အနိတ္ထိဂန္ဓကုမာရဆိုတဲ့ သူငယ်ဟာ သောတာပတ္တိမဂ်ဖိုလ် ရောက်ပြီး သောတာပန် ဖြစ်သွားပါသတဲ့။
အဲဒီ အနိတ္ထိဂန္ဓကုမာရဆိုတဲ့ လူကလေးဟာ အစတုန်းကတော့ မိန်းမအနံ့ကိုတောင် မခံနိုင်အောင် စက်ဆုပ်နေခဲ့တယ်၊ ရွှေရုပ်နဲ့တူတဲ့ မိန်းမတော့ ရှိမှာမဟုတ်ဘူးလို့ ထင်မြင်ပြီး အဲဒီ ရွှေရုပ်နဲ့တူတဲ့ သတို့သမီးကို ရရင်တော့ မိဘများ ညွှန်ကြား တဲ့အတိုင်း အိမ်ထောင်ပြုပါမယ်လို့ ပြောခဲ့တယ်။ အဲဒီတုန်းကတော့ အဲဒီ ရွှေရုပ် လောက် လှပတဲ့ အမျိုးသမီးကတော့ မရှိနိုင်ဘူး၊ အဲဒီလို အဆင်းကို မမြင်နိုင်ဘူးလို့ ထင်ခဲ့တယ်၊ ဒါကြောင့် မိန်းမအဆင်းနဲ့ စပ်ပြီး နှစ်သက်တပ်မက်ခြင်း မဖြစ်ခဲ့သေးဘူး၊ နောက် အဲဒီ ရွှေရုပ်ထက်တောင် လှပတဲ့ ကလေးမကလေးကို တွေ့ရတယ်ဆိုတော့ အဲဒီလို အဆင်းကို မြင်နိုင်တယ် မြင်ရတော့မှာပဲလို့ သူ့စိတ်ထဲမှာ ပေါ်လာတယ်၊ အဲဒီအခါကျတော့ မမြင်ရသေးတဲ့ အဲဒီကလေးမကို အကြောင်းပြုပြီး နှစ်သက် တပ်မက်မှုတွေ အကြီးအကျယ် ဖြစ်တော့တာဘဲ။
မေးခွန်းတော်နှင့် အဖြေ
ယခု မေးခွန်းမှာတော့ အဲဒီလို ချစ်ခင်နှစ်သက်ဖွယ် အဆင်းကို မမြင်ဖူးဘူး၊ မြင်ဆဲလဲမဟုတ်ဘူး၊ စိတ်ကူးထဲမှာတောင် အဲဒီလိုအဆင်းကို မြင်နိုင်တယ် မြင်ရ လိမ့်မယ်လို့ မထင်ပေါ်သေးဘူး၊ အဲဒီလို အဆင်းပုဂ္ဂိုလ်နဲ့စပ်ပြီး နှစ်သက်တပ်မက်ခြင်း ချစ်ခင်ခြင်း ဖြစ်ပါ့မလားလို့ မေးတော်မူတယ်။ အဲဒီအမေးကို အရှင်မာလုကျပုတ္တ မထေရ်က မဖြစ်နိုင်ပါဘူးလို့ ဖြေကြား လျှောက်ထားပါတယ်။
အဲဒါဟာ ရှင်းပါတယ်၊ ယခု ဒီရိပ်သာမှာ တရားအားထုတ်နေကြတဲ့ ယောဂီတွေ အနေအားဖြင့် ပေါ်လွင်ပါတယ်၊ ဒါပေမဲ့ တရားအားမထုတ်ဘူးတဲ့ ပကတိလူတွေ အနေနဲ့ ဆိုရင်တော့ နားမလည်ပဲ ရှိနေတတ်တယ်၊ မလွယ်လှဘူး၊ ပုသိမ်မြို့မှာ သဒ္ဓမ္မသီတဂူရိပ်သာ ဘုံကျော်ရိပ်သာတို့ စပြီးဖွင့်တဲ့ ၁၃၁၃ ခုနှစ်တုန်းက ဒီ မာလုကျပုတ္တသုတ်ကို ဘုန်းကြီးက ဟောတယ်၊ အဲဒီတုန်းက သဒ္ဓမ္မ သီတဂူ ဆရာတော်ရဲ့ နှမက ဒီတရားကိုနာပြီး သဘောမပေါက်ခဲ့ဘဲ ရှိနေသတဲ့၊ ဘယ့်နှယ်လဲ အဆင်းတွေကို မမြင်ဖူးသေးဘူး၊ မြင်ဆဲလဲ မဟုတ်ဘူး၊ မြင်နိုင်တယ်လို့တောင် စိတ်ထဲမှာ မပေါ်သေးဘူးတဲ့၊
အဲဒီလို အဆင်းတွေက ဘယ်လိုဟာတွေ ပါလိမ့်မလဲ၊ ဘာတွေကို ဟောနေတာ ပါလိမ့်မလဲလို့ သူ့မှာ နားမလည်ဘဲ ရှိနေခဲ့ကြောင်းကို တရား အားထုတ်ပြီးလို့ နားလည်နေတဲ့အခါကျမှ သူကပြောပါတယ်၊ သူက ဉာဏ်လဲ ထက်မြက်ပါတယ်၊ တရားအားထုတ်ပြီးလို့ သဘောကျတဲ့အခါကျတော့ သူက သိပ်နားလည်တာ၊ အဲဒီတုန်းက ဟောတာ သိပ်ကောင်းတာပဲ လို့လဲ ချီးမွမ်းတယ်၊ သူများကိုလဲ သူက တစ်ဆင့် ဟောပြောနေတယ်။ ဒါကြောင့် တရား အားမထုတ်ဘူးတဲ့ သူတွေကတော့ နားမလည်ဘဲ ရှိတတ်တယ်၊ တရားအားထုတ်တဲ့ သူတွေကတော့ အင်မတန် သဘောကျ နားလည်တတ်ပါတယ်။
မမြင်ရတဲ့ အဆင်းတွေ ပုဂ္ဂိုလ်တွေနဲ့ စပ်ပြီး နှစ်သက်ချစ်ခင်မှု ရာဂ မဖြစ်နိုင်ဘူး ဆိုတာ အင်မတန် ထင်ရှားပါတယ်၊ ယခု စဉ်းစားကြည့်ပါ။ မတွေ့ဘူး မမြင်ဘူးတဲ့ လူတွေကို အကြောင်းပြုပြီး နှစ်သက်ချစ်ခင်မှု ဖြစ်နိုင်ပါ့မလား၊ (မဖြစ်နိုင်ပါဘုရား)။ နှစ်သက် ချစ်ခင်မှု ရာဂသာ မဖြစ်နိုင်တာ မဟုတ်ပါဘူး၊ အဲဒီ မမြင်ရတဲ့ လူတွေကို အကြောင်း ပြုပြီး ဒေါသလဲ မဖြစ်နိုင်ဘူး၊ မြဲတဲ့အနေ ချမ်းသာတဲ့အနေ ပုဂ္ဂိုလ် သတ္တဝါကောင် အနေနဲ့ အထင်မှား အသိမှားတဲ့ မောဟလဲ မဖြစ်နိုင်ဘူး၊
ဒိပြင် မာန ဒိဋ္ဌိ စသည်တွေလဲ မဖြစ်နိုင်ဘူး၊ ဘာ ကိလေသာမှ မဖြစ်နိုင်ဘူး၊ ဒါကြောင့် ဘုန်းကြီးက “မမြင်ရရာ၊ ကိလေသာ၊ သူ့ဟာသူ ငြိမ်းသည်” လို့ ဆောင်ပုဒ် စီထားတယ်။ အဲဒါကို ဆိုကြရမယ်။
မေးခွန်းဆိုင်ရာ ဆောင်ပုဒ်များ
▬▬▬▬▬
၁။ မမြင်ရရာ၊ ကိလေသာ၊ သူ့ဟာသူ ငြိမ်းသည်။
မြတ်စွာဘုရား၏ မေးခွန်းမှာ တဏှာ ရာဂကိုသာ ပဓာနပြုပြီး မေးထားပါတယ်၊ အဲဒီ အမေးဖြင့် အပ္ပဓာနဖြစ်တဲ့ ဒေါသ မောဟ ဒိဋ္ဌိ စတဲ့ ကိလေသာတွေလဲ မဖြစ်နိုင် ဘူးဆိုတာကို သိစေတော်မူ ပါတယ်၊ ဒါကြောင့် သိသင့်သမျှတွေ အကုန် သိနားလည် ရအောင်လို့ ဘုန်းကြီးက “မမြင်ရရာ၊ ကိလေသာ၊ သူ့ဟာသူ ငြိမ်းသည်” လို့ ဆောင်ပုဒ် စီထားတာပါပဲ။ အဲဒီ ဆောင်ပုဒ်ကလဲ ပေါ်လွင် ထင်ရှားပါတယ်၊ မြန်မာ စကား တတ်တဲ့သူဆိုရင် “မမြင်ရတဲ့ အဆင်းကို စွဲမှီပြီး ဘယ်ကိလေသာမှ မဖြစ်နိုင်ဘူး၊
အဲဒီလို အာရုံနဲ့စပ်ပြီး ဘယ်ကိလေသာမှ ဖြစ်ခွင့်မရှိဘူး၊ ကင်းငြိမ်း နေတယ်” ဆိုတာ အင်မတန် ထင်ရှားပါတယ်။ အဲဒီလို မမြင်ရတဲ့ အာရုံကို စွဲမှီပြီး ကိလေသာ မဖြစ်တာ ကင်းငြိမ်းတာဟာ ဘာ့ကြောင့်လဲ၊ မမြင်ရလို့ဘဲ မဟုတ်ပါလား။ (ဟုတ်ပါတယ် ဘုရား) အဲဒီမမြင်ရတဲ့ အာရုံတွေနဲ့ စပ်ပြီး ကိလေသာ ငြိမ်းအောင် အားထုတ်ဖို့ လိုပါဦးမလား၊ မလိုပါဘူး။ ဒါကြောင့် အဲဒီ မမြင်ရတဲ့ အာရုံမှာ ကိလေသာ မဖြစ်အောင် ဆင်ခြင်ပြီး ရှုနေဖို့လဲ မလိုဘူး၊ အဲဒါကို ကိန်းသေ မှတ်ထားရမယ်။
မမြင်ရတဲ့ အာရုံမှာ ကိလေသာ မဖြစ်ဘူးဆိုတော့ “မြင်ရတဲ့ အာရုံမှာ ကိလေသာ ဖြစ်နိုင်တယ်” ဆိုတာလဲ ထင်ရှားပေါ်လာတယ်၊ အဲဒါကို သိနားလည်ရအောင်လို့ပဲ မြတ်စွာဘုရားက မေးခွန်းထုတ်ပြီး မေးတော်မူတာပဲ။ အဲဒါကို ဘုန်းကြီးက “မြင်ရရာမှာ၊ ကိလေသာ၊ ကိန်းကာဖြစ်နိုင်သည်” လို့ ဒုတိယ ဆောင်ပုဒ်လဲ စီထား တယ်၊ အဲဒါကို ဆိုကြရမယ်။
၂။ မြင်ရရာမှာ၊ ကိလေသာ၊ ကိန်းကာ ဖြစ်နိုင်သည်။
မြင်ရရင်တော့ မြင်ဆဲမှာလဲ ကိလေသာ ဖြစ်နိုင်တယ်၊ မြင်ပြီးတဲ့ နောက်နောက် ကာလတွေမှာလဲ အဲဒီမြင်ခဲ့တဲ့ အာရုံကို ပြန်လည် စဉ်းစားပြီး ကိလေသာတွေ ဖြစ်နိုင်တယ်၊ ဓာတ်ပုံရိုက်ထားတဲ့ အရုပ်ကလေးကို ကြည့်ကြည့်ပြီး နှစ်သက်သာယာမှု ဖြစ်နေသလိုပါပဲ၊ ပြန်လည် စဉ်စားတိုင်း မူလမြင်ခဲ့စဉ်က ရုပ်ပုံကလေးက စိတ်ထဲမှာ ထင်ရှားပေါ်နေတယ်၊ မြင်ခဲ့စဉ်က ပြုံးပြုံးကလေးဆိုယင် ပြုံးပြုံးကလေး ပေါ်နေ တယ်၊ ရှုံ့မဲ့စိတ်ဆိုး နေတာကို မြင်ခဲ့ရင်လဲ အဲဒီ ရှုံ့မဲ့စိတ်ဆိုးနေတဲ့ ပုံအတိုင်း ပေါ်နေတာဘဲ၊ ဒါကြောင့် အဲဒီ မြင်ဖူးတဲ့ အာရုံကို ထပ်မံပြီး ဆင်ခြင်မိတိုင်း နှစ်သက်တပ်မက်တဲ့ ရာဂလဲ ဖြစ်ပွားတယ်၊ ရွံ့မုန်းတဲ့ ဒေါသလဲ ဖြစ်ပွားတယ်၊ အမြဲ တည်နေသလိုလို ထင်မြင်တဲ့ မောဟလဲ ဖြစ်ပွားတယ်။
အဲဒီလို ရာဂ ဒေါသ မောဟတွေ ဖြစ်ပွားတာဟာ မြင်စဉ်ကာလက မရှုခဲ့လို့ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာဖြင့် အမှန်အတိုင်း မသိခဲ့လို့ဘဲ၊ မြင်တိုင်း မြင်တိုင်း ရှုမှတ်ပြီး ချက်ခြင်းပင် ပျောက်ပျယ်သွားတယ်၊ မမြဲဘူးစသည်ဖြင့် သိရရင်တော့ အဲဒီလို ပြန်လည်ပြီးတော့လဲ မစဉ်းစားမိဘူး၊ စဉ်းစားရင်လဲ မမြဲဘူး စသည်ဖြင့် သိခဲ့တဲ့ အတိုင်းပင် စိတ်ထဲမှာ ထင်ပေါ်နေတယ်၊ အဲဒီတော့ အဲဒီ မမြဲတာ ပျောက်ပျက် သွားခဲ့ တာနှင့်စပ်ပြီး ချစ်ခြင်း မုန်းခြင်း စသော ကိလေသာတွေ ဘာမျှ မဖြစ်နိုင်ဘူး။
ဒါကြောင့် “မြင်တိုင်း မြင်တိုင်း မြင်ဆဲမှာ ကိလေသာ ကိန်းခွင့် ဖြစ်ခွင့်မရအောင် ရှုမှတ်ပြီး ပယ်ဖို့လိုတယ်” ဆိုတာလဲ ထင်ရှားလာပါတယ်၊ အဲဒါကို ဘုန်းကြီးက “မြင်တိုင်း မှတ်ရှု၊ ကိလေစု၊ ကိန်းမှု ပယ်သင့်သည်” လို့ တတိယ ဆောင်ပုဒ်လဲ စီထားပါတယ်။ အဲဒါကို ဆိုကြရမယ်။
၃။ မြင်တိုင်းမှတ်ရှု၊ ကိလေစု၊ ကိန်းမှု ပယ်သင့်သည်။
မမြင်ရရင် အဲဒီမမြင်ရတဲ့ အာရုံမှာ ကိလေသာ မဖြစ်နိုင်ဘူး၊ သူ့အလိုလို ဖြစ်ခွင့်မရဘဲ ငြိမ်းနေတယ်၊ မြင်ရရင်တော့ အဲဒီမြင်ရတဲ့ အာရုံကို ပြန်လည်စဉ်းစားပြီး ကိလေသာ ဖြစ်နိုင်တယ်။ အဲဒီလို ဖြစ်နိုင်တာကို ကိန်းတယ်လို့ ဆိုရတာပါပဲ။ ကိန်းဆိုပေမယ့် အဲဒီ ကိလေသာတွေက တနေရာရာ ဝင်ပြီး တည်ရှိနေတာတော့ မဟုတ်ပါဘူး၊ ဖြစ်နိုင်ခွင့် ရှိတာကို ဆိုတာပါပဲ၊ အဲဒီ ဖြစ်နိုင်ခွင့်ရှိတဲ့ ကိလေသာကိန်းမှုကို မြင်တိုင်း မြင်တိုင်း ရှုမှတ်ပြီး ပယ်ရမယ်တဲ့၊ အဲဒီလို ရှုမှတ်ပြီး အနိစ္စ စသည်ဖြင့် အမှန်အတိုင်း သိသိနေလျှင် အဲဒီမြင်ရတဲ့ အဆင်းမှာလဲ ကိလေသာဖြစ်ခွင့် မရှိတော့ဘဲ ငြိမ်းသွား ပါတယ်၊ မမြင်ရတဲ့ အာရုံမှာလိုပင် ဖြစ်သွားပါတယ်။
ဒါကြောင့် မြင်တိုင်း မြင်တိုင်း အနိစ္စ စသော သဘောမှန်ကို သိအောင် ရှုမှတ်ပြီးတော့ ကိလေသာ ကင်းမှုဆိုတဲ့ ဖြစ်နိုင်ခွင့်ကို ပယ်ပယ်သွားရမယ်လို့ ဆိုလိုတာပါပဲ။ အခု ပြောခဲ့တဲ့အတိုင်း “မမြင်ရရင် ကိလေသာ မဖြစ်နိုင်ဘူး၊ မြင်ရရင်တော့ ဖြစ်နိုင်တယ်၊ အဲဒီတော့ ကိလေသာ ကင်းငြိမ်းပြီး သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ချင်ရင် မြင်တိုင်း မြင်တိုင်း ရှုမှတ်ပြီး ကိလေသာဖြစ်ခွင့်ကို ပယ်ရမယ်” ဆိုတာကို မြတ်စွာဘုရားက မေးခွန်းဖြင့်ပင် သဘောပေါက် နားလည်စေပါတယ်၊ အဲဒါကိုလဲ “မေးခွန်းဖြင့်ပင်၊ လုပ်ငန်းစဉ် ပေါ်လွင်စေခဲ့သည်” လို့ နိဂုံးချုပ် ဆောင်ပုဒ် စီထား တယ်၊ အဲဒါကို ဆိုကြရမယ်။
၄။ မေးခွန်းဖြင့်ပင်၊ လုပ်ငန်းစဉ်၊ ပေါ်လွင့်စေခဲ့သည်။
မမြင်ရရာမှာ ကိလေသာ မဖြစ်ဘူး၊ ဒါကြောင့် မမြင်ရတာတွေကို ကြံတွေးဆင်ခြင်ပြီး အနိစ္စ ဒုက္ခ စသည်ဖြင့် ရှုနေဖို့ မလိုဘူး၊ မြင်ရရာမှာတော့ ကိလေသာ ဖြစ်နိုင်တယ်၊ ဒါကြောင့် မြင်တိုင်း မြင်တိုင်း ကိလေသာ ဖြစ်ခွင့်မရအောင် ရှုမှတ်ပြီးတော့ ပယ်ရမယ် ဆိုတဲ့ ဝိပဿနာလုပ်ငန်းစဉ်ကို သဘောပေါက် နားလည်အောင် မြတ်စွာဘုရားက မာလုကျပုတ္တအား မေးခွန်းထုတ်ပြီး မေးတော် မူခဲ့ပါတယ်။
အဲဒီအမေးဟာ အင်မတန် ကောင်းပါတယ်၊ သတိပဋ္ဌာန် ဒေသနာတော်နှင့်အညီ ရှုမှတ်ဖူးတဲ့ ယောဂီတွေမှာ ဆိုယင် အင်မတန်ကို ထင်ရှားနေတာပါပဲ။ ယခု ထုတ်ပြ ခဲ့တဲ့ မြင်စရာအဆင်းနဲ့ စပ်ပြီး မေးတော်မူသလိုပင် ကြားစရာ အသံ စသည်တို့နဲ့လဲ စပ်ပြီး မေးတော်မူပါသေးတယ်၊ အဲဒီ မေးခွန်း တွေကိုတော့ နောက်ရက်များကျမှ ဟောရမယ်။ အဲဒီလို မေးပြီးလို့ သဘောပေါက် နားလည်တဲ့ အခါမှာ မြတ်စွာဘုရားက ဝိပဿနာလုပ်ငန်းစဉ်ကို ဒီလိုအကျဉ်းချုပ် ဟောတော်မူပါတယ်။
ဝိပဿနာ လုပ်ငန်းစဉ် အကျဉ်းချုပ်
▬▬▬▬▬
ဧတ္ထ စ တေ မာလုကျပုတ္တ ဒိဋ္ဌ သုတ မုတ ဝိညာတေသု ဓမ္မေသု ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ၊ သုတေ သုတမတ္တံ ဘဝိဿတိ၊ မုတေ မုတမတ္တံ ဘဝိဿတိ၊ ဝိညာတေ ဝိညာတမတ္တံ ဘဝိဿတိ။
မာလုကျပုတ္တ - မာလုကျာ၏ သားဖြစ်သော ရဟန်း၊
တေ - သင်အား၊
ဧတ္ထ စ ဒိဋ္ဌ သုတ မုတ ဝိညာတေသု ဓမ္မေသု - မြင်ရ ကြားရ ရောက်ရ သိရသော ဤတရားတို့တွင်လဲ၊
ဒိဋ္ဌေ - မြင်ရသည်၌၊
ဒိဋ္ဌမတ္တံ ဘဝိဿတိ - မြင်ရုံမျှ ဖြစ်လတ္တံ့၊
(ပါဠိစာအုပ်တို့၌ ဝိညာတဗ္ဗေသုဟု တဗ္ဗ ပစ္စည်းနှင့် ရှိ၏။ ယင်းသည် ဒိဋ္ဌ သုတ မုတ ဟူသော ယှဉ်ဖက်ပုဒ်များနှင့်လဲ မညီ၊ ဝိညာတေဟူသော နိဒ္ဓါရဏီယပုဒ်နှင့်လဲ မညီ၊ ထို့ကြောင့် ဤ၌ တပစ္စည်းနှင့် ဝိညာတေသု ဟု ရွတ်ဆိုထုတ်ပြထားပါသည်၊ ဤ အညွှန်းမှာ ပါဠိပညာရှင်တို့၏ အတွက်သာ ဖြစ်သည်)။
ရှေ့နားက အမေး၌ မမြင်ရတဲ့ အဆင်း မကြားရတဲ့ အသံ အစရှိတဲ့ ၆ မျိုးမှာ ကိလေသာဖြစ်ခွင့်မရှိလို့ အဲဒီလိုမမြင်ရတာ စသည်နှင့်စပ်ပြီး ကိလေသာကို ပယ်နိုင်အောင် အားထုတ်ဖို့ မလိုဘူးဆိုတာ ဖော်ပြခဲ့ပြီ၊ မြင်ရတဲ့အဆင်း စသည်နှင့် စပ်ပြီးတော့ ကိလေသာကို ပယ်နိုင်အောင် ဘယ်လို အားထုတ်သင့် ပါသလဲလို့ မေးဖွယ် ရှိနေလို့ နောက်ပြီးတော့ အကျဉ်းချုပ် ဟောပါလို့လဲ လျှောက်ထား တောင်းပန်တဲ့အတွက် (ဧတ္ထ စ တေ မာလုကျပုတ္တ ဒိဋ္ဌ သုတ မုတ ဝိညာတေသု ဓမ္မေသု) မာလုကျာ၏ သားဖြစ်သော ရဟန်း၊ မြင်ရ ကြားရ ရောက်ရ သိရသော ဟောဒီ လေးမျိုးထဲကလဲ မြင်ရသည်၌ မြင်ရုံမျှ ဖြစ်လတ္တံ့ စသည်ဖြင့် ဝိပဿနာလုပ်ငန်းစဉ်ကို အကျဉ်းချုံးပြီး ဟောတော်မူပါတယ်။
အကျဉ်းချုံးပုံ ကတော့ နံသိရတာ စားသိရတာ ထိသိရတာ ဆိုတဲ့ ဒီသုံးမျိုးကို မုတ ရောက်ရတာလို့ တစ်မျိုးတည်း ချုံးပြီးတော့လဲ ဟောတော်မူပါတယ်၊ နောက်ပြီးတော့ အနိစ္စ ဒုက္ခ အနတ္တလို့ ရှုပုံ (နေတံ မမ၊ နေသောဟမသ္မိ၊ န မေ သော အတ္တာ) ဒါ ငါ့ဟာမဟုတ်၊ ငါမဟုတ်၊ ငါ့အတ္တမဟုတ် စသည်ဖြင့် ရှုပုံများကိုလဲ မြင်ရုံမျှ ဖြစ်လတ္တံ့ စသည် ၄ ချက်မျှဖြင့် ချုံးပြီး ဟောတော်မူပါတယ်။ အဲဒီမှာ ဆိုလိုတာကတော့ မမြင်ရတဲ့အဆင်း စသည်နှင့်စပ်ပြီး ကိလေသာ မဖြစ်နိုင်ဘူး၊ ဒါကြောင့် အဲဒီ မမြင်ရတဲ့ အဆင်း စသည်နှင့်စပ်ပြီး ကိလေသာကို ပယ်နိုင်အောင် အားထုတ်ဖို့ မလိုဘူး၊ ဟောဒီ မြင်ရတဲ့ အဆင်းစသည်နှင့် စပ်ပြီးတော့ ကိလေသာ ဖြစ်နိုင်တယ်၊ ဒါကြောင့် အဲဒီ မြင်ရတာ စသည်နှင့်စပ်ပြီး ဖြစ်နိုင်တဲ့ ကိလေသာကို ပယ်နိုင်အောင် အားထုတ်ဖို့ လိုတယ်၊ အားထုတ်ပုံကတော့ အဲဒီမြင်ရတာ ကြားရတာ ရောက်ရတာ သိရတာဆိုတဲ့ ဒီလေးမျိုးထဲက မြင်ရာ၌ မြင်ရုံမျှတွင် တည်စေရမယ် စသည်ဖြင့် ဆိုလိုပါတယ်။
မြင်ဆဲ၌ စိတ်အစဉ်ဖြစ်ပုံ
▬▬▬▬▬
မြင်တယ်ဆိုတာ မျက်စိအကြည်ထဲမှာ ထင်ပေါ်လာတဲ့ အဆင်းကို မြင်သိတာဘဲ၊ အဲဒါကို ပါဠိလို စက္ခုဝိညာဏခေါ်တယ်၊ ဗမာလို စက္ခုဝိညာဏ်လို့ ပြန်ကြတယ်၊ အရပ်သုံးစကား အရအားဖြင့် မြင်သိရုံမျှ သဘောပါဘဲ၊ အဲဒီ မြင်သိတဲ့ စက္ခုဝိညာဏ်စိတ်မှာ နှစ်သက်မှုစသော ကိလေသာတွေ ဘာတခုမျှ မပါသေးဘူး၊ မြင်သိတဲ့စိတ်၊ ပြီးတော့ အဲဒီအဆင်း အာရုံကို လက်ခံတဲ့ သမ္ပဋိစ္ဆိုန်းဆိုတဲ့ စိတ်ဖြစ်တယ်၊ အဲဒီစိတ်ပြီးတော့ စုံစမ်းတဲ့ သန္တီရဏ ဆိုတဲ့စိတ် ဖြစ်တယ်၊ အဲဒီထိအောင် ကောင်းတယ် မကောင်းဘူးစသည်ဖြင့် ဆုံးဖြတ်မှုလဲ မပါသေးဘူး။ ဘာ ကိလေသာမှလဲ မပါသေးဘူး၊ အဲဒီကနောက် ချစ်ဖွယ် မုန်းဖွယ် ကြည်ညိုဖွယ် စသည်ဖြင့် ဆုံးဖြတ်တဲ့ ဝုဋ္ဌောစိတ်ဆိုတာ ဖြစ်တယ်၊ အဲဒီစိတ်မှာလဲ ကိလေသာ မပါသေးဘူး၊
ဒါပေမယ့် သူကတော့ ချစ်ဖွယ် မုန်းဖွယ်စသည်ဖြင့် ဆုံးဖြတ်ရင် ချစ်ခြင်း မုန်းခြင်းစသော ကိလေသာဖြစ်ဖို့နဲ့ နီးစပ်လာပြီ၊ ဒါကြောင့် အဲဒီ ဝုဋ္ဌောစိတ်က ချစ်ဖွယ် မုန်းဖွယ်လို့ ဆုံးဖြတ်လိုက်ရင် သူ့နောက်က လောဘ ဒေါသ မောဟနှင့်ယှဉ်တဲ့ အကုသိုလ်ဇောတွေ ခုနစ်ကြိမ်တိုင်တိုင် ဆက်ပြီး ဖြစ်သွားတော့တာပဲ၊ အဲဒီလို ဝီထိစိတ်အစဉ် ဖြစ်ပုံကို ဘုန်းကြီးက (ဘဝင်, ဆင်ခြင်၊ မြင်ပြီးလျှင်၊ ထို့ပြင် လက်ခံတုံ) စသည်ဖြင့် ဆောင်ပုဒ်ကလေးများနှင့်အတူ ဟောနေကျပါဘဲ၊ တချို့က အဲဒီ ဆောင်ပုဒ်ကလေးတွေ နှုတ်တက်တောင် ရနေကြပါလိမ့်မယ်။
ယခု အဲဒီ ဆောင်ပုဒ်တွေကို ဆိုပြီး ရှင်းပြရဦးမယ်၊ ကဲ လိုက်ဆိုကြ။
ဘဝင်, ဆင်ခြင်၊ မြင်ပြီးလျှင်၊ ထို့ပြင် လက်ခံတုံ။
အိပ်ပျော်နေတဲ့အခါ ဖြစ်နေတဲ့စိတ်မျိုးကို ဘဝင်စိတ်လို့ခေါ်တယ်၊ အဲဒီဘဝင်စိတ်က ယခု လောလောဆယ် တွေ့နေရတဲ့ အာရုံကိုတော့ အာရုံမပြုဘူး၊ ရှေးဘဝက သေခါနီးမှာ စွဲလမ်းလာခဲ့တဲ့ အာရုံကိုသာ အာရုံပြုနေတယ်၊ ဒီဘဝမှာ အစဆုံးဖြစ်ခဲ့တဲ့ ပဋိသန္ဓေစိတ်နှင့် အတူတူပါဘဲ၊ ဒီဘဝင်စိတ်က မြင်သိ ကြားသိ စသော လတ်တလော အသိစိတ်တွေ ပြတ်စဲနေတဲ့ အကြားအကြား ကာလများမှာလဲ သူက မပြတ်ဖြစ်နေ တာဘဲ၊ အဲဒီလို ဘဝင်စိတ်တွေ မပြတ်ဖြစ်နေရာမှာ မျက်စိထဲ၌ အဆင်းရိပ် ထင်ပေါ်လာရင် အဲဒီ ဘဝင်စိတ်အစဉ် ပြတ်စဲပြီး မျက်စိထဲ ပေါ်လာတဲ့ အဆင်းကို “ဘာပါလိမ့်” လို့ ဆင်ခြင်တဲ့အနေဖြင့် စိတ်အထူး ဖြစ်လာတယ်၊ အဲဒါဟာ အိပ်ပျော် ရာက နိုးလာတာလို ဘဝင်စိတ်မှ ဖြစ်ပွားလာတဲ့ ဆင်ခြင်စိတ်ပါဘဲ၊ အဲဒီလို ဖြစ်ပုံကို ဆောင်ပုဒ်မှာ “ဘဝင်, ဆင်ခြင်” လို့ ဆိုထားတယ်၊ အိပ်ပျော်နေတာလို ဘဝင်စိတ် အစဉ် ဖြစ်နေရာမှ အဲဒီဘဝင် စိတ်အစဉ် ပြတ်စဲပြီး ဆင်ခြင်တဲ့ (အာဝဇ္ဇန်း) စိတ် ဖြစ်လာတယ်လို့ ဆိုလိုတာပါဘဲ။
အဲဒီဆင်ခြင်တဲ့ စိတ်ကလဲ ဖြစ်ပြီး ချက်ချင်း ချုပ်ပျောက် သွားတယ်၊ အဲဒီတော့ မျက်စိထဲ ထင်ပေါ်နေတဲ့ အဆင်းကို မြင်သွားတယ်၊ အဲဒါကို စက္ခုဝိညာဏ်စိတ်လို့ ခေါ်တယ်၊ အဲဒီ မြင်သိစိတ် ချုပ်သွားတော့ အဲဒီ မြင်ရတဲ့ အဆင်းကို လက်ခံတဲ့ (သမ္ပဋိစ္ဆိုန်း) စိတ် ဖြစ်ပေါ်လာတယ်။ အဲဒီ အစဉ်အတိုင်း ဖြစ်ပုံကို (ဘဝင်, ဆင်ခြင် မြင်ပြီးလျှင်၊ ထို့ပြင် လက်ခံတုံ-လို့) ဆောင်ပုဒ်မှာ ဆိုထားတာဘဲ။
အဲဒီ လက်ခံတဲ့စိတ် ချုပ်သွားတော့ စူးစမ်းဆင်ခြင်တဲ့ (သန္တီရဏ) စိတ် ဖြစ်ပေါ် လာတယ်၊ အဲဒီကနောက် အဲဒီစိတ်က (ဝုဋ္ဌော) စိတ် ဖြစ်ပေါ်လာတယ်၊ အဲဒီကနောက် အဲဒီစိတ်က ချစ်စရာ မုန်းစရာ ကြည်ညိုစရာ သနားစရာ စသည်ဖြင့် ဆုံးဖြတ် လိုက်သည် အားလျော်စွာ ချစ်တဲ့ မုန်းတဲ့ အကုသိုလ်ဇောစိတ်၊ ကြည်ညိုတဲ့ သနားတဲ့ ကုသိုလ်ဇောစိတ် စသည့် ခုနစ်ကြိမ်တိုင်တိုင် ဆက်ဖြစ်သွားတယ်၊ အဲဒီကနောက် ဇောစိတ်၏အာရုံကိုပင် ဆက်ပြီးအာရုံပြုတဲ့ (တဒါရုံ) စိတ် ၂ ကြိမ် ဆက်ဖြစ်တယ်၊ အဲဒီကနောက်တော့ အိပ်မောကျသွားသလိုပင် ဘဝင်စိတ်တွေ ဖြစ်သွားတယ်။ အဲဒီလို ဖြစ်ပုံကိုလဲ “စုံစမ်း, ဆုံးဖြတ်၊ ဇောစိတ်-သတ်၊ နှစ်ရပ် တဒါရုံ” လို့ ဆောင်ပုဒ် စီထားတယ်။
စုံစမ်း ဆုံးဖြတ်၊ ဇောစိတ်-သတ်၊ နှစ်ရပ် တဒါရုံ၊
အဲဒီမှာ “ဇောစိတ်သတ်” ဆိုတာ ဇောစိတ် (သတ္တ) ခုနစ်ကြိမ်လို့ ဆိုလိုတာပါပဲ၊ အဲဒီ ဇောစိတ်ကတော့ သာမန်ပုဂ္ဂိုလ်တွေမှာ ဝုဋ္ဌောစိတ်က ချစ်စရာကောင်းတယ် စသည်ဖြင့် ဆုံးဖြတ် လိုက်တဲ့အတိုင်း လောဘ ဒေါသ စသော အကုသိုလ်ဇောစိတ် ဖြစ်တာပဲ များတယ်၊ သူတော်ကောင်းစိတ် ရှိတဲ့သူတွေ ကုသိုလ်ဖြစ်ရေးကို အလေးပြု နေတဲ့ သူတွေမှာတော့ ဝုဋ္ဌောစိတ်က ကြည်ညိုစရာ ကောင်းတယ် သနားစရာ ကောင်းတယ် စသည်ဖြင့် ဆုံးဖြတ်လိုက်တဲ့အတိုင်း ကုသိုလ်ဇောလဲ ဖြစ်တတ်ပါတယ်။
ယခု ဆိုခဲ့ကြတဲ့ ဆောင်ပုဒ် ၂ ခုအရ ဆင်ခြင်တဲ့စိတ်မှ တဒါရုံစိတ်အထိ စိတ် ၁၄ ကြိမ် ဟာ မြင်တဲ့အခါ ဖြစ်ရိုးဖြစ်စဉ်ပါပဲ၊ အာရုံအားနည်းတဲ့ အခါမှာတော့ ဇောစိတ်တွင် အဆုံးသပ် သွားတာလဲ ရှိတယ်၊ ဇောကလဲ ၆ ကြိမ် ၅ ကြိမ်လောက် ဖြစ်တာလဲရှိတယ်၊ အများအားဖြင့်တော့ ဇော ၇ ကြိမ် တဒါရုံ ၂ ကြိမ်အထိ ဖြစ်ရိုးဖြစ်စဉ်ပါဘဲ။ ဒါကြောင့် အဲဒီဖြစ်ရိုး စိတ်အစဉ်ကို “အဆင်းမြင်လျှင်၊ ဖြစ်ရိုးပင်၊ စိတ်စဉ် မှတ်ပါကုန်” လို့ ဆောင်ပုဒ်လဲ စီထားတယ်။ အဲဒါကို ဆိုကြရမယ်။
အဆင်းမြင်လျှင်၊ ဖြစ်ရိုးပင်၊ စိတ်စဉ် မှတ်ပါကုန်။
ကြားဆဲ စသည်၌ စိတ်အစဉ်ဖြစ်ပုံ
▬▬▬▬▬▬
အသံကြားတဲ့အခါ အနံ့နံတဲ့အခါ စသည်မှာလဲ စိတ်အစဉ်ဖြစ်ပုံကတော့ အတူတူပါပဲ။ ထူးတာ ကတော့ (ဘဝင် ဆင်ခြင် မြင်ပြီးလျှင်လို့) ဆိုရာမှာ (ဘဝင် ဆင်ခြင် ကြားပြီးလျှင်) စသည်ဖြင့် ပြင်ဆိုရုံလောက်ပဲ ထူးပါတယ်။ ဒါကြောင့် “ကြား, နံ, စား, ထိ မြင်တူ၏၊ မှတ်သိစိတ်ဖြစ်ပုံ” လို့လဲ အညွှန်းဆောင်ပုဒ် တခုကို စီထား ပါသေးတယ်။ အဲဒါကို ဆိုကြရမယ်။
ကြား, နံ, စား, ထိ၊ မြင်တူ၏၊ မှတ်သိ စိတ်ဖြစ်ပုံ။
အသံကြားရင်, အနံ့ နံရင်, အရသာ စားသိရင်, အတွေ့အာရုံကို ထိသိရင် အဲဒီ အခါများမှာလဲ စိတ်ဖြစ်ပုံ အစဉ်ဟာ မြင်တဲ့အခါ ဖြစ်ပုံနဲ့ အတူတူပဲလို့ ဆိုလိုပါတယ်၊ မြင်ပြီးလျှင် ဆိုတဲ့နေရာမှာ ကြားပြီးလျှင်၊ နံပြီးလျှင်၊ စားပြီးလျှင်၊ ထိပြီးလျှင်လို့ ပြင်ဆိုရုံလောက်သာ ထူးပါတယ်။ အဲဒီ ကြားဆဲ စသည်မှာ စိတ်အစဉ်ဖြစ်ပုံကိုတော့ နောက်ရက်များကျမှ ပြောရမယ်၊ ယခုတော့ (ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ-ဆိုတဲ့) ပါဠိအရ မြင်ဆဲ၌ စိတ်အစဉ်ဖြစ်ပုံကို ပြောနေတာပါ။
မြင်တယ်ရှုမှတ် ပရမတ်သိပုံ
▬▬▬▬
ယခုပြောခဲ့တဲ့အတိုင်း စက္ခုဝိညာဏ်စိတ်ဖြင့် မြင်သိပြီးတဲ့နောက် လက်ခံစိတ် စုံစမ်းစိတ် ဝုဋ္ဌောစိတ် ဇောစိတ် တဒါရုံစိတ် ဆိုတာတွေလဲ မြင်သိရတဲ့ ပရမတ် အဆင်းမျှကိုသာ အာရုံပြုပြီး ဖြစ်ကြတယ်၊ မိန်းမ ယောက်ျား စသော ပညတ် ပုံသဏ္ဌာန်ကိုတော့ အာရုံမပြုသေးပါဘူး၊ ဒါကြောင့် အကုသိုလ်ဇော ဖြစ်ပေမယ့် အဲဒီ အကုသိုလ်က ထက်သန်တဲ့ အကုသိုလ်တော့ မဟုတ်သေးပါဘူး၊ ဒါကြောင့် အဲဒီလို မြင်သိပြီးလျှင်ပြီးချင်း မြင်တယ်လို့ ရှုမှတ်နိုင်လျှင် မြင်သိရတဲ့ ပရမတ်အဆင်းရုပ်နဲ့ မြင်သိစိတ် ပရမတ်နာမ်တရားကို အမှန်အတိုင်း သိရပါတယ်၊ အဲဒီလို မြင်တိုင်း မြင်တိုင်း ရှုမှတ်ပြီး ပရမတ် ရုပ်နာမ်မျှကိုသာ သိသိနေရင် မိန်းမကိုမြင်တယ်၊ ယောက်ျားကိုမြင်တယ် စသည်ဖြင့် ပညတ်ကို ကြံသိတဲ့ စိတ်ကူးတွေ မဖြစ်ရတော့ဘူး၊ အဲဒါဟာ “မြင်ရုံမျှ ဖြစ်လတ္တံ့” ဆိုတဲ့ ဒေသနာတော်နှင့်အညီ မြင်ရုံမျှတွင် တည်ပုံပါဘဲ။
မြင်သိပြီးလျှင် ကြံသိစိတ်ဖြစ်ပုံ
▬▬▬▬▬▬
ယခု ပြောခဲ့တဲ့အတိုင်း သိမြင်ပြီးလျှင် ပြီးချင်း မြင်တယ် မြင်တယ်လို့ ရှုမှတ်ပြီး သိဖို့ဆိုတာက မလွယ်ပါဘူး၊ ရှုမှတ်ခါစ ယောဂီဆိုရင် အဲဒီလို မြန်မြန် မမှတ်မသိနိုင်သေးပါဘူး။ အဲဒီလို မသိနိုင်သေးတဲ့အတွက် မြင်သိတာကို ပြန် ဆင်ခြင်တဲ့ ကြံသိဝီထိ ဖြစ်ပေါ်တယ်၊ အဲဒီ ဝီထိ ဖြစ်ပုံကတော့ ဘဝင်မှ ထပြီး ဆင်ခြင်တဲ့စိတ် ရှေးဦးစွာ ဖြစ်တယ်၊ အဲဒီ စိတ်ပြီးတော့ ဇောခုနှစ်ကြိမ်နဲ့ တဒါရုံ နှစ်ကြိမ် ဆိုတာတွေ ဖြစ်တယ်၊ တဒါရုံပြီးတော့ ဘဝင်စိတ်တွေ ဖြစ်သွားတယ်။ အဲဒီ ဖြစ်ပုံကိုလဲ“ဆင်ခြင်ပြီးခါ၊ ဇော, တဒါ၊ ကြံရာစိတ်ဖြစ်ပုံ” လို့ ဆောင်ပုဒ် စီထား တယ်။ အဲဒါကို ဆိုကြရမယ်။
ဆင်ခြင်ပြီးခါ၊ ဇော, တဒါ၊ ကြံရာ စိတ်ဖြစ်ပုံ။
စိတ်ကူး ကြံစည်တဲ့အခါ အပြည့်အစုံ ဆိုရင် ဆင်ခြင်တဲ့ အာဝဇ္ဇန်းစိတ်ရယ်၊ ဇော ခုနစ်ကြိမ်ရယ်၊ တဒါရုံ နှစ်ကြိမ်ရယ် ပေါင်း စိတ် (၁၀) ကြိမ်ဖြစ်တယ်၊ အာရုံက အားနည်းရင်တော့ ဇော ခုနစ်ကြိမ် အထိမျှသာ ဖြစ်တာလဲရှိတယ်၊ ဇော ၆ ကြိမ်မျှ ၅ ကြိမ်မျှတွင် ပြတ်စဲသွားတာ ရှိတယ်။ မြင်ပြီးလျှင်ပြီးချင်း အဲဒီလို ကြံသိရာမှာလဲ မိန်းမ ယောက်ျား စသော ပုံသဏ္ဌာန် ပညတ် မပေါ်သေးပါဘူး၊ မြင်သိဆဲကအတိုင်း ပရမတ်အဆင်းမျှသာ ပေါ်ပါသေးတယ်။
ထူးတာကတော့ မြင်သိဆဲမှာ ရှိဆဲ ပစ္စုပ္ပန်အဆင်း ထင်ရှားတယ်၊ ပြန်လည်ကြံသိတဲ့ အဲဒီ စိတ်အစဉ်မှာတော့ ချုပ်ပြီး ကွယ်လွန်ပြီး အတိတ်အဆင်း ထင်ရှားတယ်၊ ဒါလောက်သာ ထူးပါတယ်၊ အဆင်းရုပ်ကတော့ ပရမတ် အစစ်ပါဘဲ။ ဒါကြောင့် အဲဒီ ကြံသိပြီးလျှင်ပြီးချင်း မြင်တယ်လို့ ရှုမှတ်နိုင်ရင်လဲ ပရမတ် အဆင်းရုပ်ကို အမှန် အတိုင်း သိတာပါဘဲ။ ဒါပေမယ့် အားထုတ်ကာစ ပုဂ္ဂိုလ်ကတော့ အဲဒီ ကြံသိ ပထမဝီထိ အခြားမဲ့မှာ ရှုမှတ်ဖို့ မဖြစ်နိုင်သေးပဲ ရှိတတ်ပါတယ်။
ပညတ် ထင်ရှားပေါ်လာပုံ
▬▬▬▬▬▬▬▬▬▬
အဲဒီလို ကြံသိ ပထမဝီထိ၏ အခြားမဲ့မှာ မရှုမှတ်နိုင်သေးရင်တော့ ဒုတိယ ကြံသိ ဝီထိက ဆက်ပြီး ဖြစ်လာတယ်၊ အဲဒီ ဝီထိစိတ် အစဉ်မှာတော့ မိန်းမ ယောက်ျား စသော ပုံသဏ္ဌာန်ပညတ် ပေါ်လာတယ်၊ အဲဒီကနောက် တတိယ ကြံသိဝီထိကျတော့ မိန်းမ ယောက်ျား စသော အမည်ပညတ်လဲ ပေါ်လာတယ်၊ အဲဒီလို ဒုတိယ တတိယ ကြံသိဝီထိများဖြင့် ပုံသဏ္ဌာန်ပညတ် အမည်ပညတ်တွေကို သူ့အလိုလို အလျင်အမြန် သိသိသွားတာဟာ မောဟ၏ အစွမ်းအားဖြင့် အလွဲအမှား တွေကို သိသိသွားတာပါဘဲ၊ အဲဒီလို အလွဲအမှားတွေကို မောဟက လက်ဦး သိသိသွား သောကြောင့် မောဟဟာ (အာရမ္မဏ သဘာဝစ္ဆာဒနရသော) အာရုံ၏ သဘောမှန်ကို ဖုံးလွှမ်းခြင်း ကိစ္စရှိတယ် လို့ အဋ္ဌကထာများမှာ ပြဆိုထားတာပါဘဲ။
ယခု သတိပဋ္ဌာန် ဒေသနာတော်အရ မြင်တိုင်း မြင်တိုင်း မြင်တယ် မြင်တယ်လို့ ချက်ချင်း ရှုမှတ်နေကြရတာဟာ အဲဒီကြံသိ ဒုတိယဝီထိစသည်ဖြင့် ပညတ်အလွဲ အမှားကို အာရုံမပြုသေးခင် ပရမတ် အဆင်းရုပ်အမှန်ကို သိရအောင် ရှုမှတ်နေကြရ တာဘဲ၊ ဒါပေမယ့် အားထုတ်ခါစမှာတော့ သတိ သမာဓိဉာဏ်က နောက်ကျနေလို့ အမှန်အတိုင်း မသိနိုင်သေးပါဘူး၊ သတိ သမာဓိဉာဏ် အားကောင်း လာတဲ့ အခါကျတော့ မြင်သိဝီထိ၏ အခြားမဲ့မှာလဲ ရှုမှတ်ပြီး အမှန်အတိုင်း သိနိုင်ပါတယ်။ ဘင်္ဂဉာဏ် သင်္ခါရုပေက္ခာဉာဏ် များကျတော့ မြင်သိစိတ်အစဉ်မှာ ဇောထိအောင် မဖြစ်တော့ပဲ ဝုဋ္ဌော ၂ ကြိမ် ၃ ကြိမ်မျှသာ ဖြစ်ပြီးတော့ အဲဒီ ဝီထိ အခြားမဲ့မှာ ရှုသိတဲ့ ဆဠင်္ဂုပေက္ခာ ဝိပဿနာဉာဏ် ဖြစ်ကြောင်းကို မူလပဏ္ဏာသ အဋ္ဌကထာ (နှာ- ၁၂၉) စသည်၌ ပြဆိုထားပါတယ်၊ အဲဒီအကြောင်း အပြည့်အစုံကို ဝိပဿနာရှုနည်းကျမ်း (ပ-ဆဋ္ဌမ အကြိမ်ရိုက် နှာ-၃၂၀ စသည်) မြင်ဆဲ၌ ရှုပုံမှာ ကြည်ရှုနိုင်ပါတယ်။ အဲဒါနှင့်စပ်ပြီးတော့ အရှင်ပေါဋ္ဌိလမထေရ် ဝတ္ထုကို အကျဉ်းချုပ် ထုတ်ပြပါဦးမယ်။
အရှင်ပေါဋ္ဌိလမထေရ် ဝတ္ထု
▬▬▬▬▬▬▬▬▬▬
မြတ်စွာဘုရား လက်ထက်တော်ကာလက အရှင်ပေါဋ္ဌိလဆိုတဲ့ မထေရ်ကြီးတစ်ပါး ရှိခဲ့တယ်၊ ပိဋကသုံးပုံဆောင် စာချ ဆရာတော်ကြီးပါဘဲ၊ ဒါပေမဲ့ ဘာဝနာကို အားမထုတ်တဲ့အတွက် မြတ်စွာဘုရားရှင်က သူ့ကို တွေ့မြင်ရတဲ့အခါ တုစ္ဆပေါဋ္ဌိလ - အချည်းနှီး ပေါဋ္ဌိလ၊ အလကား ပေါဋ္ဌိလ လို့ မိန့်ခေါ်တော်မူတယ်။ အဲဒီလို ရှုတ်ချပြီး ခေါ်တော်မူတဲ့အတွက် အရှင်ပေါဋ္ဌိလက ဆင်ခြင်တယ်၊ ငါ့မှာ ပရိယတ်ဖက်ကတော့ လိုလေသေးမရှိ ပြည့်စုံနေတာပဲ၊ ငါ့ကို မြတ်စွာဘုရားရှင်က တုစ္ဆ - အချည်းနှီး အလကားလို့ ဆိုတာဟာ ဘာဝနာဘက်က လိုနေလို့ပဲ။
ဘာဝနာဘက်က ပြည့်စုံအောင် အားထုတ်မယ်လို့ ယောနိသောမနသိကာရဖြင့် နှလုံးသွင်းဆင်ခြင်ပြီး ရဟန္တာ ၃၀ ရှိတဲ့ တောရ ကျောင်းတခုကိုသွားပြီး မထေရ်ကြီး ထံမှာ ကမ္မဋ္ဌာန်းတောင်းတယ်၊ မထေရ်ကြီးက ပရိယတ် မာန်ခံနေမှာကို မြင်တော်မူတဲ့ အတွက် ဒုတိယမထေရ်ထံ လွှဲလိုက်တယ်၊ ဒုတိယမထေရ်ကလဲ တတိယမထေရ်ထံ လွှဲလိုက်တယ်၊ ဒီနည်းဖြင့် နောက်ဆုံးကျတော့ ၇ နှစ် အရွယ် ရဟန္တာသာမဏေ ကလေးထံ ရောက်သွားတယ်။
သာမဏေကလေးက “တပည့်တော်ဟာ ငယ်လဲ ငယ်ပါသေးတယ်၊ သုတလဲ နည်းပါတယ်၊ အရှင်ဘုရားများထံမှ သင်ယူဖို့သာ ရှိပါတယ်” လို့ အကြောင်းပြပြီး ငြင်းပယ်ပါသော်လဲ အရှင်ပေါဋ္ဌိလက ရိုသေစွာ ထပ်မံပြီး တောင်းပန်ပါတယ်။ အဲဒီတော့ သာမဏေငယ်က ဒီလို ကမ္မဋ္ဌာန်း ပေးပါတယ်။
အရှင်ဘုရား တောင်ပို့တစ်ခုမှာ အပေါက် ၆ ခုရှိပါတယ်၊ အဲဒီတောင်ပို့ထဲက ဖွတ်ကို ဖမ်းချင်ရင် အပေါက်ငါးခုကို ပိတ်ပြီးတော့ ကျန်တဲ့အပေါက်က စောင့်ပြီး ဖမ်းရ ပါတယ်။ အဲဒါလိုပဲ ဒွါရ ၆ ပါးမှာ အာရုံ ၆ ပါးထင်လျှင် ငါးဒွါရကို ပိတ်ပြီး မနောဒွါရ တစ်ခုတည်းကသာ အလုပ်လုပ်ရပါတယ်လို့ ကမ္မဋ္ဌာန်း ပေးလိုက်ပါတယ်တဲ့။
ဆိုလိုတာကတော့ မျက်စိ နား နှာခေါင်း လျှာ ကိုယ်ဆိုတဲ့ ငါးဒွါရမှာ ဇောမကျစေပဲ မနောဒွါရ၌သာ ရှုသိမှု ဝိပဿနာဇော ဖြစ်စေလျက် အားထုတ်ပါလေလို့ ဆိုလိုတာပါဘဲ။ အဲဒါလောက်ဆိုရင် ပိဋကတ်သုံးပုံ စာချဆရာတော်ကြီးဆိုတော့ ရှုသိရမည့် လုပ်ငန်းစဉ်အကျယ်ကို ကောင်းကောင်း သဘောပေါက်သွားပါတယ်၊ အဲဒါဟာ မြင်သိရာ ကြားသိရာ နံသိရာ စားသိရာ ထိသိရာတွေမှာ ဝုဋ္ဌောမျှတွင် ရပ်တန့်စေပြီးတော့ ချက်ချင်း ရှုသိ ရှုသိသွားဖို့ရာပါဘဲ။ ယခု ဒီသုတ်မှာ မြင်ရသည်၌ မြင်ရုံမျှ တည်လတ္တံ့၊ မြင်ရုံမျှ တည်စေရမယ်လို့ ညွှန်ကြားချက်နဲ့ အတူတူပါဘဲ။ အရှင်ပေါဋ္ဌိလ မထေရ်ဟာ အဲဒီနည်းအတိုင်း ရှုမှတ်အားထုတ်ပြီးတော့ မြတ်စွာဘုရား က ဟောတဲ့ ဂါထာပုဒ်ကိုလဲ နာရတဲ့အတွက် မကြာခင်ပဲ ရဟန္တာ ဖြစ်တော်မူသွား ပါသတဲ့။
ချက်ချင်းမရှုနိုင်လျှင် ပညတ်ရောက်သွားပုံ
▬▬▬▬▬▬▬
ဒီနေရာမှာ မြင်သိပြီးလျှင် ပြီးချင်း မရှုမသိနိုင်လျှင် ဒုတိယ တတိယ ကြံသိဝီထိတို့ဖြင့် ပညတ်အလွဲအမှားတွေကို သိသွားပုံကို ဒီလို ဆောင်ပုဒ်စီထားပါတယ်၊ “ထင်ဆဲ ဆင်းဓာတ် မြင်လတ်ဦးစွာ၊ မြင်ပြီးတရား စဉ်းစားပြန်ရာ၊ သဏ္ဌာန်ဒြပ် ပညတ် ပေါ်ကာ၊ မည်နာမ သိရ နောက်ဆုံးမှာ” တဲ့။ အဲဒါကို ဆိုကြရမယ်။
ထင်ဆဲ ဆင်းဓာတ် မြင်လတ်ဦးစွာ။
(အဲဒါက မြင်သိဝီထိမှာ သိပုံပဲ။)
မြင်ပြီးတရား စဉ်းစားပြန်ရာ။
(ဒါက မြင်ပြီးနောက် ပထမ ကြံသိဝီထိဖြင့် သိပုံပဲ။)
သဏ္ဌာန်ဒြပ် ပညတ်ပေါ်ကာ။
(ဒါက ဒုတိယကြံသိဝီထိဖြင့် ပုံသဏ္ဌာန်ပညတ် သိပုံပဲ။)
မည်နာမ သိရနောက်ဆုံးမှာ။
(ဒါက တတိယကြံသိဝီထိဖြင့် အမည်ပညတ် သိပုံပဲ။)
ချက်ချင်းရှုနိုင်လျှင် ပရမတ်၌တည်ပုံ - ဉာဏ်ဖြစ်ပုံ
▬▬▬▬▬▬▬▬▬▬▬
မြင်ပြီးလျှင်ပြီးခြင်း ရှုမှတ်နိုင်ရင်တော့ မြင်ရုံမျှတွင် တည်ပြီး ပရမတ် ရုပ်နာမ် အစစ်ကိုလဲ ပိုင်းခြားပြီး သိရတယ်၊ အဖြစ်အပျက်ကိုလဲ သိရတယ်၊ အနိစ္စ ဒုက္ခ အနတ္တ သဘောတရားမျှပဲ ဆိုတာကိုလဲ သိရတယ်၊ အဲဒါကိုလဲ “မြင်လျှင်မြင်ချင်း လက်ငင်း မှတ်လျှင်၊ မြင်ရုံတွင်ပဲ ရပ်စဲစိတ်စဉ်၊ ရုပ်နာမ် ကွဲလျက် ဖြစ်ပျက်သိမြင်၊ အနိစ္စ ဒုက္ခ သဘောထင်” လို့ ဆောင်ပုဒ် စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။
မြင်လျှင်မြင်ချင်း လက်ငင်းမှတ်လျှင်၊
(ဒါက မြင်သိ ဝီထိ၏ အခြားမဲ့၌ ရှုမှတ်နိုင်လျှင် သို့မဟုတ် ပထမကြံသိဝီထိ၏ အခြားမဲ့၌ ရှုမှတ်နိုင်လျှင် လို့- ဆိုလိုတာပါဘဲ။)
မြင်ရုံတွင်ပဲ ရပ်စဲစိတ်စဉ်၊
(ဒါက ချက်ချင်း ရှုမှတ်နိုင်လျှင် မြင်ရုံမျှတွင်စိတ်အစဉ် ရပ်စဲသွားတယ်၊ ဒုတိယကြံသိ ဝီထိ စသည် မဖြစ်တော့ဘူးလို့ ဆိုလိုပါတယ်၊ ယခု ဒီသုတ်မှာ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ - စသည်ဖြင့် ဟောထားတဲ့ အတိုင်းပါဘဲ။)
ရုပ်နာမ်ကွဲလျက် ဖြစ်ပျက်သိမြင်၊
(ဒါက ရုပ်နာမ် ၂ ပါးကို ခွဲခြားပြီး သိမြင်တယ်၊ အဖြစ်အပျက်ကိုလဲ ကိုယ်ပိုင်ဉာဏ် ဖြင့်ပင် သိမြင်တယ် လို့ ဆိုလိုတာပါပဲ။)
အနိစ္စ, ဒုက္ခ, သဘောထင်။
(အနိစ္စ, ဒုက္ခ အခြင်းအရာ အနတ္တသဘောမျှ အခြင်းအရာတွေလဲ ထင်ပေါ်တယ်၊ ကိုယ်ပိုင်ဉာဏ်ဖြင့် သိမြင်တယ်လို့ ဆိုလိုတာပါပဲ။)
ယခုပြောခဲ့တဲ့အတိုင်း ဝိပဿနာ သမာဓိဉာဏ် ရင့်သန် အားကောင်းတဲ့အခါ မြင်ပြီးလျှင်ပြီးချင်း ရှုမှတ်ပြီး မြင်ဆဲက ထင်ရှားပေါ်ခဲ့တဲ့ အဆင်းပရမတ်ရုပ်နဲ့ မြင်သိစိတ်စသော နာမ်များကို ခွဲခြားပြီးတော့လဲ သိတယ်၊ အဲဒီရုပ်နာမ်များ ဖြစ်ပေါ် လာတာ ပျောက်ကွယ်သွားတာကိုလဲ သိတယ်၊ ဘင်္ဂဉာဏ် ထက်ထက်သန်သန်ကြီး ဖြစ်နေတဲ့အခါဆိုရင် မြင်ရတာနဲ့ မြင်သိတာတွေ ရိပ်ရိပ် ရိပ်ရိပ်နဲ့ ပျောက်ပျက် သွားတာကိုသာ တွေ့နေရတယ်၊ ဒါကြောင့် အဲဒီလို တရိပ်ရိပ်နဲ့ ပျက်ပျက်သွားတာကို တွေ့နေရတော့ မျက်စိက မှုန်သွားတာလေလားလို့တောင် ထင်တတ်သေးတယ်။
အဲဒီလို လျင်မြန်စွာ ပျက်ပျက်သွားတာကိုသာ တွေ့ရတော့ မမြဲဘူးလို့လဲ ပိုင်နိုင်စွာ သိရတယ်၊ ဖြစ်လိုက် ပျက်လိုက်နဲ့ ကြောက်စရာ ဆင်းရဲပဲလို့လဲ သိရတယ်၊ သူ့သဘော အတိုင်း ဖြစ်ပျက်နေတဲ့ သဘောတရားမျှပဲ အနတ္တပဲလို့လဲ ပိုင်နိုင်စွာ သိရတယ်။ အဲဒါဟာ မြင်ရုံမျှတွင် တည်နေပုံပါဘဲ။ အဲဒီလို မြင်ရုံမျှတွင် တည်နေအောင် ရှုဖို့ရာ “ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ” လို့ ဟောတော်မူတာပါဘဲ။ အဲဒီ ပါဠိမှာ မာလုကျပုတ္တ မထေရ် တောင်းပန်ဝန်ခံတဲ့ စကားထဲက အပ္ပမတ္တော ဝိဟရေယျံ ဆိုတဲ့ ပုဒ်များကိုလဲ ‘တေ - သင့်အား’ ဆိုတဲ့ပုဒ်၏ ဝိသေသန အဖြစ်ဖြင့် အပ္ပမတ္တဿ ဝိဟရတောလို့ လိုက်ပြီး ယှဉ်စပ်ဖို့ရာလဲ လိုပါတယ်။ ယှဉ်စပ်ပုံကတော့ -
မာလုကျာပုတ္တ - မာလုကျာ၏ သားဖြစ်သော ရဟန်း၊
အပ္ပမတ္တဿ ဝိဟရတ္တော - သင်ဝန်ခံသည့်အတိုင်း မမေ့မလျှော့ မပြတ်ရှုလျက် နေလျှင်၊
ဝါ - မမေ့မလျော့ မပြတ်ရှုနေသော၊
တေ - သင်အား၊
ဧတ္ထ စ ဒိဋ္ဌ သုတ မုတ ဝိညာတေသု ဓမ္မေသု - မြင်ရ ကြားရ ရောက်ရ သိရသော ဤတရားတို့တွင်လဲ၊
ဒိဋ္ဌေ - မြင်ရသည်၌၊
ဒိဋ္ဌမတ္တံ ဘဝိဿတိ - မြင်ရုံမျှ ဖြစ်လတ္တံ့တဲ့။
ဒီလို ရှေ့နားက ဝန်ခံခဲ့သည့် စကားနဲ့လိုက်ပြီး ယှဉ်စပ်လိုက်မှ အနက် အဓိပ္ပါယ် ပေါ်လွင်ချောမော သွားပါတယ်။ အတိုချုပ် ဆိုလိုတာကတော့ “မာလုကျပုတ္တရေ၊ သင်က မမေ့မလျော့ အားထုတ်နေပါ့မယ်လို့ ဝန်ခံခဲ့တယ် မဟုတ်လား၊ အဲဒီလို ဝန်ခံခဲ့သည့်အတိုင်း မမေ့မလျော့ မပြတ် ရှုနေလျှင် ဟောဒီ မြင်ရကြားရ ရောက်ရ သိရတာတွေ ထဲကလဲ သင့်မှာ မြင်ရသည်၌ မြင်ရုံမျှ ဖြစ်ပါလိမ့်မည်” စသည်ဖြင့် ဆိုလိုတာပါဘဲ၊
အဲဒါဟာ ယခု ဘုန်းကြီးတို့ ယောဂီတွေမှာ ကိုယ်တိုင်တွေ့အားဖြင့် ထင်ရှားနေပါတယ်၊ ဘင်္ဂဉာဏ် ရောက်တဲ့အခါကျတော့ မြင်ရတာလဲ မြင်ရုံမျှပဲ၊ ကြားရ နံရ စားသိရ ထိသိရ ကြံသိရတာတွေလဲ ကြားရုံမျှ နံရုံမျှ စားသိရုံမျှ ထိသိရုံမျှ ကြံသိရုံမျှတွင် ရပ်သွားတာပဲ၊ မိန်းမ ယောက်ျားစသော ပညတ်အာရုံ တွေဆီကို မရောက်တော့ဘူး၊ အင်မတန် ထင်ရှားပါတယ်။
လူတစ်ယောက်က စောဒနာပုံ
▬▬▬▬▬▬▬▬
ဒါပေမယ့် မြင်ဆဲ ကြားဆဲ စသည်မှာ မပြတ်လိုက်ပြီး မရှုမမှတ်ဖူးတဲ့ ပုဂ္ဂိုလ်တွေ ကတော့ မြင်တယ် ကြားတယ် စသည်ဖြင့် ရှုမှတ်နည်းမှာ ယုံမှားသံသယ ရှိနေ ကြတယ်၊ တချို့က မှားတယ်လို့တောင် ထင်နေကြသေးတယ်။ တခါက ချောက်မြို့မှာ တရားဟောနေစဉ်တုန်းက လူတယောက်က လာပြီး စောဒနာတဲ့အနေနဲ့ မေးလျှောက် တယ်၊ စက္ခုဝိညာဏ်က မြင်သိရာမှာ အဆင်းရုပ်၏ ဥပါဒ်နဲ့ ဘင်ဆိုတဲ့ အဖြစ်အပျက်ကို မမြင်နိုင်ဘူး မဟုတ်ပါလားတဲ့။ စက္ခုဝိညာဏ် ဆိုတာ အဆင်းရုပ်ကို မြင်သိရုံမျှပါပဲ၊ အဆင်းရုပ်၏ အဖြစ်အပျက်ကိုတော့ မမြင်နိုင်ပါဘူး၊ “အဲဒီလို စက္ခုဝိညာဏ်က အဆင်းရုပ်၏ အဖြစ်အပျက်ကို မြင်ရတော့ အဲဒီမြင်သိတာကို ရှုမှတ်ခြင်းဖြင့် အဆင်းရုပ်၏ အဖြစ်အပျက်ကို မြင်နိုင်ပါ့မလား” လို့ စောဒနာတဲ့ သဘောပါဘဲ။
စောဒနာကို ရှင်းပြချက်
အဘိဓမ္မာ အဋ္ဌကထာများမှာ ပြထားတဲ့အတိုင်း ဆိုရင်တော့ အဆင်းရုပ်ဟာ စက္ခုဝိညာဏ် မဖြစ်မီ စိတ် ၄ ကြိမ် ၅ ကြိမ်စသည်က ဖြစ်ခဲ့တယ်။ ချုပ်ပျက်တော့လဲ စက္ခုဝိညာဏ် မရှိတဲ့ နောက် စိတ် ၁၂ ကြိမ် ၁၀ ကြိမ် ၉ ကြိမ် စသည်ကြာမှ ချုပ်ပျက်သွားတယ်၊ ဒါကြောင့် အဲဒီ အဆင်းရုပ်၏ ဥပါဒ်ဘင် အစစ်ဖြစ်တဲ့ အဖြစ်အပျက်ကိုတော့ စက္ခုဝိညာဏ်စိတ်က မမြင်ခဲ့ပါဘူး၊ ဒါပေမဲ့ မြင်တယ်လို့ ရှုမှတ်တဲ့ သတိညာဏ်ကတော့ အဲဒီ စက္ခုဝိညာဏ်ဆိုတဲ့ မြင်သိစိတ်၏ ဥပါဒ်နဲ့ ဘင်ဆိုတဲ့ အဖြစ်အပျက် အစစ်ကို အမှတ်ရပြီး သိနိုင်ပါတယ်၊ ဒါကလဲ မြင်သိ တစ်ဝီထိလုံးနဲ့ ဆိုင်တဲ့ အဖြစ်အပျက်ကို သိတာပါဘဲ။
အဲဒီလို မြင်သိစိတ်၏ အဖြစ်အပျက်ကို သိရင် အဲဒီ စိတ်အစဉ်၏ အာရုံ ဖြစ်ပုံ ပျက်ပုံကိုလဲ သုတ္တန်ဒေသနာနည်း အရ အားဖြင့် သိတယ်လို့ ဆိုရပါတယ်။ ဒါကြောင့် အင်္ဂုတ္တရပါဠိ ဈာနသုတ် (တတိယအုပ် ၂၂၀) စသည်မှာ ဈာန်မှ ထတဲ့အခါ ဈာန်ဝင်စား ခိုက်က ဖြစ်ခဲ့တဲ့ ခန္ဓာငါးပါးလုံးရှုပုံကို အထင်အရှား ဟောထားပါတယ်။ အဲဒီမှာ ဈာန်စိတ် စေတသိက် နာမ်တရားများ ဖြစ်ပုံကတော့ မြင်တယ်လို့ ရှုမှတ်တဲ့အခါ မြင်သိစိတ် ထင်ရှားသလိုပင် ထင်ရှားပါတယ်၊ ရုပ်၏အဖြစ်အပျက်ကိုတော့ ဈာန်စိတ် က အာရုံပြုခဲ့တာ မဟုတ်လို့ တိုက်ရိုက်အားဖြင့် ထင်ရှားတယ်လို့ မဆိုနိုင်ပါဘူး၊ ဒါပေမယ့် ဈာန်စိတ်စေတသိက် နာမ်တရားတွေကို ထင်ရှားသိရရင် အဲဒီဈာန်၏ မှီရာ ရုပ်, ဈာန်စိတ်ကြောင့် ဖြစ်တဲ့ ရုပ်များ၏ အဖြစ်အပျက်ကိုလဲ ရှုသိနိုင်တော့တာပါပဲ။
အဲဒီ ဈာနသုတ်မှာ ပြထားတဲ့ ရှုပုံနည်း အရအားဖြင့် မြင်တယ်လို့ ရှုမှတ်တဲ့အခါလဲ မြင်ရတဲ့ အဆင်းရုပ်, မြင်သိစိတ်၏ မှီရာရုပ်များ ဖြစ်ပျက်ပုံကိုလဲ သိတယ်လို့ ဆိုနိုင်ပါတယ်၊ ရှုမှတ်နေတဲ့ ယောဂီမှာ မြင်သိရတဲ့ အဆင်းရုပ် ပေါ်လာပုံ ပျက်သွားပုံကို လျှပ်ရောင်၏ အဖြစ်အပျက်ကို မြင်ပြီး သိရသလိုပင် ထင်ရှားသိရ ပါတယ်။ ဒါကြောင့် မဟာနိဒ္ဒေသ (၃၃) စသည်မှာ
ဝိဇ္ဇုပ္ပါဒေါဝ အာကာသေ၊ ဥပ္ပဇ္ဇန္တိ ဝယန္တိ စ လို့ ပြဆိုထားတာပါဘဲ။
အာကာသေ - ကောင်းကင်၌၊
ဝိဇ္ဇုပ္ပါဒေါ ဣဝ - လျှပ်လက်သကဲ့သို့ပင်၊
သင်္ခါရာ - သင်္ခါရတရားတို့သည်၊
ဥပ္ပဇ္ဇန္တိ စ - အသစ်သစ်လည်း ဖြစ်ကုန်၏၊
ဝယန္တိ စ - ဖြစ်ပြီးလျှင် ချုပ်လည်း ချုပ်ပျက်ကုန်၏ တဲ့။
အဲဒီမှာ လျှပ်ရောင်၏ ဥပါဒ် ဆိုတဲ့ ဖြစ်ခြင်းကိုလဲ မျက်စိဖြင့် မမြင်နိုင်ပါဘူး၊ ဘင် ဆိုတဲ့ ပျက်ခြင်းကိုလဲ မမြင်နိုင်ပါဘူး၊ ဒါပေမဲ့ လျှပ်ရောင်ဟာ ပေါ်လာပြီး ချက်ခြင်းပင် ပျောက်ကွယ်သွားတယ် ဆိုတာ ကိုတော့ မျက်မြင်အားဖြင့်ပင် ထင်ရှားသိရပါတယ်၊ အဲဒါလိုပါပဲ၊ မြင်ဆဲ၌ မြင်တယ်လို့ ရှုမှတ်ရာမှာလဲ မြင်ရတဲ့ အဆင်းဟာ ပေါ်လာပြီး ချက်ခြင်းပင် ပျောက်သွားတယ် ဆိုတာကို ဥဒယဗ္ဗယဉာဏ်, ဘင်္ဂဉာဏ် ရောက်နေတဲ့ ယောဂီက ထင်ရှား သိရပါတယ်။
အထူးအားဖြင့် ကြားတယ်လို့ ရှုမှတ်ရာမှာ ကြားရတဲ့ အသံရုပ် ဖြစ်ပျက်ပုံက ပိုပြီး ထင်ရှားတတ်ပါတယ်၊ ထို့အတူပင် ထိတယ် ထိတယ် လို့ ရှုမှတ်ရာမှာလဲ ထိသိရတဲ့ အတွေ့ရုပ် ဖြစ်ပျက်ပုံဟာ ထင်ရှားတာပါပဲ၊ အဲဒီလို အဖြစ်အပျက်ကို ထင်ရှားတွေ့ပြီး အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာတို့ဖြင့် သိသိသွားတာဟာ သုတ္တန်နည်းအရ ကိုယ်တိုင်တွေ့ ဝိပဿနာဉာဏ် အစစ်ချည်းပါပဲ၊ အဲဒီလို ခဏမစဲ ဖြစ်ပျက် နေတာကို တွေ့ရရင် -
ဧဝံ ပဿံ ဘိက္ခဝေ သုတဝါ အရိယသာဝကော ရူပသ္မိမ္ပိ နိဗ္ဗိန္ဒတိ - ရဟန်းတို့ ဤသို့ သိမြင်ရလျှင် သုတနှင့် ပြည့်စုံသော အရိယသာဝကသည် ရုပ်၌လည်း မပျော်မွေ့ ငြီးငွေ့၏ စသည်ဖြင့် ဟောထားတဲ့ နိဗ္ဗိဒါဉာဏ် စသည်လဲဖြစ်နိုင်ပါတယ်၊
နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ - ငြီးငွေ့လျှင် တပ်မက်ကင်းလျက် အရိယမဂ် ဖြစ်၏ စသည်ဖြင့် ဟောတော်မူခဲ့ ဒေသနာတော်နှင့်အညီ မဂ်ဖိုလ်နိဗ္ဗာန်ကိုလဲ မျက်မှောက်တွေ့မြင်ပြီး သောတာပန် စသည်ဖြစ်သွား နိုင်ပါတယ်။
အတီတဘဝင်နှင့် ပြိုင်ဖြစ်တဲ့ အဆင်းရုပ်၏ ဥပါဒ်ဆိုတဲ့ ဖြစ်ခြင်းနှင့် ဒုတိယ တဒါရုံ စသည်နှင့် ပြိုင်တူချုပ်တဲ့ ဘင်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ဘယ်နည်းနှင့်မျှ မသိနိုင်ပါဘူး၊ အဋ္ဌကထာများမှာ ပြဆိုထားတဲ့အတိုင်း သုတမယဉာဏ်ဖြင့် သိရုံမျှ ရှိမှာပဲ၊ အဲဒီလို သိရုံမျှဖြင့် ဝိပဿနာဉာဏ်အစစ်လဲ မဖြစ်နိုင်ပါဘူး၊ အဲဒီကို ဆင်ခြင်ပြီး သိရုံနဲ့ ငြီးငွေ့တဲ့ နိဗ္ဗိဒါဉာဏ်လဲ မဖြစ်နိုင်ပါဘူး၊ နောက်ပြီးတော့ ဒီတကြိမ် မြင်ရာမှာ အဆင်းရုပ်က တစ်ကြိမ်မျှဖြစ်တဲ့ အတီတ ဘဝင်နှင့် ပြိုင်တူဖြစ်တယ်၊
အတီတဘဝင် ၂ ကြိမ် ၃ ကြိမ်စသည် ဖြစ်ရာမှာ ပထမ အတီတဘဝင်နှင့် ပြိုင်တူဖြစ်တယ်လို့လဲ တိတိကျကျ ဘယ်သူမျှ မသိနိုင်ပါဘူး၊ ချုပ်တဲ့အခါလဲ ဒုတိယ တဒါရုံနှင့် ပြိုင်တူချုပ်တယ် စသည်ဖြင့်လဲ တိတိကျကျ ဘယ်သူမျှမသိနိုင်ပါဘူး၊ အဲဒီလို အဆင်းရုပ်၏ အဖြစ်အပျက်ကို တိတိကျကျ သိရမှ ဝိပဿနာဉာဏ် ဖြစ်တယ် ဆိုရင် ဝိပဿနာဉာဏ် မဖြစ်နိုင်တော့ပါဘူး၊ ဒါကြောင့် “အဘိဓမ္မာ အဋ္ဌကထာတို့၌ ပြထားတာက သုတမယဉာဏ်ဖြင့် ခန့်မှန်းနိုင်ရုံမျှ ပြထားတာပဲ၊ ဝိပဿနာရှုရာမှာ သိဖို့ပြထားတာ မဟုတ်ဘူး” ဆိုတာ သဘောပေါက် နားလည်ထားဖို့ လိုပါတယ်။
အမှန်စင်စစ်ကတော့ ရှေ့နားတုန်းက ညွှန်ပြခဲ့တဲ့ ဈာနသုတ် စသည်နှင့်အညီ ဖြစ်ခိုက်ရုပ်ကို ရှုမှတ်ပြီး လျှပ်ရောင် ပေါ်လာတာ ပျောက်သွားတာကို သိသလို ကိုယ်တိုင်မျက်မှောက် သိသင့်သမျှ သိဖို့က လိုရင်းပဲ ဆိုတာလဲ သဘောပေါက် နားလည်ထားဖို့ လိုပါတယ်။ ဒါလောက်ဆိုရင် ရုပ်၏ ဥပါဒ်နှင့် ဘင်ကို တိတိကျကျ မသိနိုင်ဘူး၊ အဲဒီလို သိရန်လဲမလိုဘူး၊
(ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ) သွားနေဆဲမှာ သွားသည်ဟု သိ၏ စသည်ဖြင့် ညွှန်ပြထားတဲ့ ဒေသနာတော်နှင့် အညီ ဖြစ်ခိုက်ဖြစ်ဆဲရုပ်ကို ရှုမှတ်ပြီး သူ့အခိုက်နဲ့သူ အပိုင်းပိုင်း ပြတ်လျက် ချုပ်ပျောက်သွားတာကို သိဖို့သာလိုတယ် ဆိုတာ သဘောပေါက် နားလည်လောက်ပါပြီ။ အဲဒီမှာလဲ ဖြစ်ဆဲ ပစ္စုပ္ပန်ကို ရှုရတယ်ဆိုပေမယ့် အချို့ ရုပ် နာမ်တွေကိုတော့ အတိအကျ ဖြစ်ဆဲကို ရှုလို့ မဖြစ်ပါဘူး၊ ဈာန်မှထပြီး ဈာန်စိတ်ရှုတာကို ပစ္စုပ္ပန်ရှုသိတယ်လို့ ဟောထားတဲ့ သုတ္တန်နည်းအရ ချုပ်ပြီးခါစ အနီးကပ် ပစ္စုပ္ပန်ကို ရှုသိခြင်းသာ ဖြစ်နိုင်ပါတယ်။
ကြားရာ စသည်၌ ရှုပုံ
မြင်ရာ၌ ရှုသိပုံကတော့ ဒါလောက်ဆိုရင် တော်လောက်ပါပြီ၊ နောက်ကျမှ ဂါထာတွေ အရ ထပ်ပြီး ရှင်းပြောဖို့လဲ ရှိပါသေးတယ်၊ ယခုတော့ “သုတေ သုတမတ္တံ ဘဝိဿတိ” စသည်အရ အကျဉ်းချုပ် ပြောပါဦးမယ်။
(အပ္ပမတ္တဿ ဝိဟရတော - မမေ့မလျော့ မပြတ်ရှုလျက် နေလျှင်၊
ဝါ - မမေ့မလျော့ မပြတ်ရှုနေသော၊
တေ - သင်အား၊
ဒါက ဆက်စပ်ပြီး နားလည်ရအောင်လို့ ထပ်ပြီး ဖော်ပြတာပါ)
သုတေ - ကြားရသည်၌၊
သုတမတ္တံ ဘဝိဿတိ - ကြားရုံမျှ ဖြစ်လတ္တံ့တဲ့။
မာလုကျပုတ္တမထေရ်က မမေ့မလျော့ မပြတ်ရှုလျက် အားထုတ်နေပါ့မယ်လို့ ဝန်ခံခဲ့တယ်၊ အဲဒီ ဝန်ခံချက်အရ ကြားတိုင်း ကြားတိုင်း ကြားတယ် ကြားတယ်လို့ မမေ့မလျော့ မပြတ်ရှုနေလျှင် ကြားရသည်၌ ကြားရုံမျှတွင်ပဲ တည်နေပါလိမ့်မယ်တဲ့။ ယခု ရွတ်ဆို ဟောပြောနေတဲ့ စကားလုံးတွေဟာ တစ်လုံးချင်း တစ်လုံးချင်း ကြားနေကြရတာပဲ၊ အဲဒါတွေကို ကြားတိုင်း ကြားတိုင်း ပိုင်းခြားပြီး ရှုမှတ်နေနိုင်ရင် ဘာမျှ အနက် အဓိပ္ပါယ် မပေါ်နိုင်ဘူး။
အဲဒါလိုပဲ အခြားအသံတွေကိုလဲ ကြားတိုင်း ကြားတိုင်း ကြားတယ် ကြားတယ်လို့ ပိုင်ပိုင်နိုင်နိုင် ရှုမှတ်နေနိုင်ရင် ဘယ်သူ့အသံပဲ ဘာကိုပြောတာပဲ စသည်ဖြင့် ပညတ်တွေဆီ မရောက်တော့ဘဲ ကြားရုံမျှတွင်သာ တည်ပါလိမ့်မယ်တဲ့၊ အဲဒါကတော့ ဝိပဿနာဉာဏ် အတော်အတန် ရင့်လာရင် ယောဂီတိုင်းမှာပင် ထင်ရှားပါတယ်။ အကျယ်ကိုတော့ နောက်သူ့အလှည့်ကျမှ ပြောရမယ်။
မုတေ - ရောက်ရသည်၌၊
ဝါ - နံလျက် စားသိလျက် တွေ့ထိလျက် ရောက်ရသည်၌၊
မုတမတ္တံ ဘဝိဿတိ - ရောက်ရုံမျှ တွေ့သိရုံမျှ ဖြစ်လတ္တံ့တဲ့။
ဒွါရ ၆ ပါး၌ ထင်ပေါ်လာသမျှကို မမေ့မလျော့ မပြတ် ရှုမှတ်နေလျှင် ရောက်ရသည်၌ ရောက်ရုံမျှ ဖြစ်ပါလိမ့်မယ်တဲ့။ ရောက်ဆိုတာ နံသိတာ စားသိတာ ထိသိတာကို အကျဉ်းချုံးပြီး ဟောတာပါပဲ၊ ဒါကြောင့် အနံ့နံသိရတဲ့အခါ နံရုံမျှတွင် စိတ်အစဉ် ရပ်တန့်သွား ပါလိမ့်မယ်၊ စားသိရတဲ့အခါ အရသာ သိရုံမျှတွင် ရပ်တန့်သွား ပါလိမ့်မယ်၊ ကိုယ်ထဲက ထိသိတဲ့အခါလဲ ထိသိရုံမျှတွင်ပဲ ရပ်တန့်သွား ပါလိမ့်မယ်၊ အဲဒီ နံရတာ စားသိရတာ ထိသိရတာနဲ့ စပ်ပြီး ဘာနံ့ပဲ ဘာအရသာပဲ ဘယ်သူနဲ့ ထိရတာပဲ စသည်ဖြင့် ပညတ်အာရုံတွေဆီ မရောက်ဘဲ ရှိပါလိမ့်မယ်တဲ့၊ ဒါက အကျဉ်းချုပ်ပဲ၊ နောက် သူ့အလှည့်ကျတဲ့အခါကျမှ အကျယ်ဖွင့်ပြ ဟောကြားရမယ်။
ဝိညာတေ - ကြံသိရသည်၌၊
ဝိညာတမတ္တံ ဘဝိဿတိ - ကြံသိရုံမျှ ဖြစ်လတ္တံ့တဲ့။
စိတ်ကူးကြံစည်မှု ဖြစ်တဲ့အခါ စိတ်ကူးတယ်၊ ကြံတယ် စသည်ဖြင့် ရှုမှတ်လိုက်ရင် ကြံသိရုံမျှတွင်ပဲ ရပ်တည်ပါလိမ့်မယ်၊ ပညတ်အာရုံတွေဆီ မရောက်ဘဲ ကိလေသာ စိတ်တွေ ဆက်လက်မဖြစ်ဘဲ ရှိပါလိမ့်မယ်တဲ့၊ ဒါကိုလဲ နောက်ဆုံး သူ့အလှည့်ကျမှ အကျယ်ပြောရမယ်။
ယခု ပြောပြခဲ့တဲ့ ပါဠိအနက်အရ မြန်မာပြန် အကျဉ်းချုပ်ကို လိုက်ဆိုကြရမယ်။
မြန်မာပြန်အကျဉ်းချုပ်
မာလုကျပုတ္တရဟန်း၊ (သင် ဝန်ခံခဲ့သည့်အတိုင်း မမေ့မလျော့ မပြတ်ရှုမှတ်နေလျှင်) မြင်ရ ကြားရ ရောက်ရ သိရတဲ့ ဒီတရားတွေထဲကလဲ သင့်မှာ မြင်ရသည်၌ မြင်ရုံမျှ ဖြစ်လိမ့်မည်၊ ကြားသိရသည်၌ ကြားရုံမျှဖြစ်လိမ့်မည်၊ (နံသိ စားသိ ထိသိလျက်) ရောက်ရသည်၌ ရောက်ရုံမျှ ဖြစ်လိမ့်မည်၊ ကြံသိရာ၌ ကြံသိရုံမျှဖြစ်လိမ့်မည်။
ရှင်းပြချက်
အဲဒါဟာ မာလုကျပုတ္တ ရဟန်းအား ဝိပဿနာအလုပ် အကျဉ်းချုပ် ပေးတော်မူတာဘဲ။ အတိုချုပ် ဆိုလိုတာကတော့ “မြင်ရုံမျှ စသည်တွင်သာ တည်အောင် ပေါ်လာသမျှကို မပြတ် ရှုမှတ်နေရမယ်” လို့ ဆိုလိုတာပါပဲ။ မရှုမမှတ်ဘဲနဲ့တော့ မြင်ရုံမျှ စသည်တွင် တည်အောင် မတတ်နိုင်ပါဘူး၊ မပြတ် ရှုနေတာတောင်မှ အားထုတ်ကာစဆိုရင် မြင်ရုံမျှစသည်တွင် မတည်သေးပါဘူး၊ မြင်လိုက် ကြားလိုက်တာနဲ့ မိန်းမပဲ ယောက်ျားပဲ ဘယ်သူပဲ စသည်ဖြင့် ပညတ်တွေဆီကို ရောက်သွား တတ်ပါသေးတယ်။ တချို့က အနိစ္စ စသည်ဖြင့် ဆင်ခြင်ရုံနဲ့ မြင်ရုံမျှ စသည်မှာ တည်တယ်လို့လဲ ဆိုကြ တယ်။ တချို့ကလဲ စိတ်ကို စိတ်အတိုင်း ထားရုံနဲ့ မြင်ရုံမျှ စသည်မှာ တည်တယ်လို့လဲ ဆိုကြတယ်။
အဲဒီလို ပြောနေကြတဲ့ သူတွေမှာ နားမခံသာတဲ့ စကားကို ကြားရတဲ့အခါ ကိုယ် မကြိုက်တဲ့ စာကို ဖတ်ရတဲ့အခါ ဒေါသစိတ်ဖြစ် မဖြစ်ကို၎င်းင်း၊ ကိုယ်ထဲ၌ နာကျင်မှု မခံသာမှု ဖြစ်တဲ့အခါ ညည်းညူခြင်း သည်းမခံလိုခြင်း ဖြစ်မဖြစ်ကို၎င်းင်း၊ စိစစ် ဝေဖန်၍ မှန်မမှန် ဆုံးဖြတ်သင့်ပါတယ်။
မြင်တိုင်း ကြားတိုင်း စသည် ပေါ်လာသမျှကို မပြတ် ရှုမှတ်နေရင်တော့ ဘင်္ဂဉာဏ် စသည် ရောက်တဲ့အခါ မြင်ရုံမျှ စသည်တွင်သာ တည်နေပုံကို ကိုယ်တိုင်တွေ့အားဖြင့် သိရပါတယ်။ ဒါကြောင့် အဲဒီလို မပြတ်ရှုမှတ်လို့ မြင်ရုံမျှ စသည်တွင်သာ တည်နေရင် ဝိပဿနာဉာဏ်၏ အကျိုးသက်ရောက်ပုံ ကိုလဲ ဒီလိုဆက်ပြီး ဟောကြားတော် မူပါတယ်။
ဝိပဿနာ၏ အကျိုးအာနိသင် ပြဆိုချက်
ယတော ခေါ တေ မာလုကျပုတ္တ ဒိဋ္ဌ သုတ မုတ ဝိညာတေသု ဓမ္မေသု ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ၊ သုတေ သုတမတ္တံ ဘဝိဿတိ၊ မုတေ မုတမတ္တံ ဘဝိဿတိ၊ ဝိညာတေ ဝိညာတမတ္တံ ဘဝိဿတိ၊ တတော တွံ မာလုကျပုတ္တေ န တေန။
မာလုကျပုတ္တ - မာလုကျာ၏ သားဖြစ်သောရဟန်း၊
ယတော - အကြင်အခါ၌၊
တေ - သင်အား၊
ဒိဋ္ဌေ - မြင်ရသည်၌၊
ဒိဋ္ဌမတ္တံ ဘဝိဿတိ - မြင်ရုံမျှ ဖြစ်လတ္တံ့၊
သုတေ သုတမတ္တံ ဘဝိဿတိ - ကြားရသည်၌ ကြားရုံမျှ ဖြစ်လတ္တံ့၊
မုတေ မုတမတ္တံ ဘဝိဿတိ - ရောက်ရသည်၌ ရောက်ရုံမျှဖြစ်လတ္တံ့၊
ဝိညာတေ ဝိညာမတ္တံ ဘဝိဿတိ - သိရသည်၌ သိရုံမျှဖြစ်လတ္တံ့၊
မာလုကျပုတ္တ - မာလုကျာ၏ သားဖြစ်သောရဟန်း၊
တတော - ထိုအခါ၌၊
တွံ - သင်သည်၊
န တေန - ထိုမြင်ရသော အဆင်း စသည်နှင့်တကွ မစပ်မဆိုင်ဘဲ ရှိလတ္တံ့။
အတိုချုပ် ဆိုလိုတာကတော့ မြင်တိုင်း ကြားတိုင်း စသည်မှာ မြင်ရုံမျှ ကြားရုံမျှ စသည်သာ ဖြစ်နေလျှင် အဲဒီအခါမှာ သင်ဟာ ထိုမြင်ရတဲ့ အဆင်း စသည်နှင့် (သာယာတဲ့ ရာဂ, ရွံ့မုန်းတဲ့ ဒေါသ, သိမှားတဲ့ မောဟတို့ အလိုအားဖြင့်) မစပ်မဆိုင်ဘဲ ရှိပါလိမ့်မယ်လို့ ဆိုလိုတာပါပဲ။ မရှုမမှတ်တဲ့ သူတွေမှာတော့ မြင်ရုံမျှ စသည်တွင် မရပ်မတည်ဘဲ မြင်ရတဲ့ အဆင်း စသည်ကို စိတ်ထဲမှာ စွဲမှတ်ထားတယ်၊ ဒါကြောင့် အဲဒီ အဆင်းစသည်ကို ပြန်လည် စဉ်းစားပြီး သာယာတပ်မက်တဲ့ ရာဂလဲ ဖြစ်နေတယ်၊ ရွံ့မုန်းပြစ်မှားတဲ့ ဒေါသလဲ ဖြစ်နေတယ်၊ အမြဲတည်ရှိနေတယ်၊ စသည်ဖြင့် အသိမှားတဲ့ မောဟလဲ ဖြစ်နေတယ်၊ ဒါကြောင့် မရှုမမှတ်နိုင်တဲ့ သူတွေမှာ အဲဒီ မြင်ရတဲ့ အဆင်းစသည်နှင့် အမျှင်မပြတ် ဆက်စပ်လျက် ရှိနေတယ်။
ထင်ရှားပေါ်လာသမျှကို မမေ့မလျော့ မပြတ် ရှုမှတ်နေတဲ့ ပုဂ္ဂိုလ်မှာတော့ ဘင်္ဂဉာဏ် စသည်ရောက်ပြီး ဝိပဿနာဉာဏ် ထက်သန်နေတဲ့ အခါဆိုရင် ရှုသိရတဲ့ အာရုံရော ရှုသိမှုရော ချက်ချင်းပင် ပျောက်ပျောက်သွားတာကို ထင်ရှားတွေ့ပြီး အနိစ္စ ဒုက္ခ အနတ္တ မျှပဲလို့ သိသိနေတဲ့အတွက် မြင်ရုံမျှ စသည်တွင်သာ တည်တယ်၊ ဘာမျှစွဲပြီး မကျန်ရစ်ဘူး။ အဲဒီအာရုံကို ဆက်လက် ဆင်ခြင်ခြင်းလဲ မဖြစ်ဘူး၊ ဒါကြောင့် အဲဒီ မြင်ရတဲ့ အဆင်းစသည်နှင့် စပ်ပြီး ဘာကိလေသာမျှ မဖြစ်ဘူး၊ မမြင်ရတာ စသည်လိုပင် ဖြစ်သွားတယ်၊ မရှုမသိရင်တော့ ကိလေသာတွေ အဲဒီ အာရုံမှာ ဖြစ်နိုင်ခွင့် ရှိနေတယ်၊ အဲဒီလို ဖြစ်နိုင်ခွင့်ရှိတဲ့ ကိလေသာကို အာရမ္မဏာနုသယ ခေါ်တာဘဲ၊
ရှုသိရတဲ့ အာရုံ၌ အဲဒီ ကိလေသာတွေ မဖြစ်နိုင်တာကို “ရှုမှုဝိပဿနာက တဒင်္ဂပဟာန် ဖြင့် ပယ်တယ်” လို့ ဆိုရတာဘဲ၊ အဲဒီလို တဒင်္ဂပဟာန်ဖြင့် ပယ်သွားတဲ့အတွက် အဲဒီလို ရှုသိတဲ့ ပုဂ္ဂိုလ်ဟာ အဲဒီ ရှုသိရတဲ့ အာရုံတွေနဲ့ (ရာဂစသည် အလိုအားဖြင့်) မစပ်ဆိုင်တော့ဘဲ ကင်းကွာသွားတာပဲ။ အဲဒါကို “န တေန - ထိုမြင်ရတဲ့ အဆင်း စသည်နှင့်တကွ မစပ်မဆိုင်ဘဲ ရှိလတ္တံ့” လို့ ဟောတော် မူတာပါဘဲ။ အဲဒါကို ရှေ့နားက ဆိုခဲ့တဲ့ မြန်မာပြန် အကျဉ်းချုပ်နဲ့ ဆက်စပ်ပြီး ဆိုကြရမယ်။
မြန်မာပြန် အကျဉ်းချုပ် ဆောင်ပုဒ်
မာလုကျပုတ္တ ရဟန်း၊ (သင် ဝန်ခံခဲ့သည့်အတိုင်း မမေ့မလျော့ မပြတ်ရှုမှတ်နေလျှင်) မြင်ရ ကြားရ ရောက်ရ သိရတဲ့ ဒီတရားတွေထဲကလဲ သင့်မှာ မြင်ရသည်၌ မြင်ရုံမျှ ဖြစ်လိမ့်မည်၊ ကြားရသည်၌ ကြားရုံမျှ ဖြစ်လိမ့်မည်၊ ရောက်ရသည်၌ ရောက်ရုံမျှ ဖြစ်လိမ့်မည်၊ သိရသည်၌ သိရုံမျှ ဖြစ်လိမ့်မည်။ အဲဒီလိုဖြစ်လျှင် သင်ဟာ ထိုမြင်ရသည့် အဆင်းစသည်နှင့် (သာယာမုန်းထား သိမှားတဲ့ အလို အားဖြင့်) မစပ် မဆိုင်ဘဲ ရှိလိမ့်မည်။
မြင်ရုံမျှ စသည်ဖြစ်အောင် ရှုပုံကို ဖွင့်ပြတဲ့ အဋ္ဌကထာ၌ မြင်ဆဲ စသည်မှာပင် အကုသိုလ်ဇော မဖြစ်အောင် အားထုတ်ဖို့လဲ ပြထားပါတယ်၊ အဲဒါကတော့ တမင် ကြောင့်ကြ စိုက်နေဖို့ မလိုပါဘူး၊ မပြတ်ရှုနေတဲ့ ယောဂီမှာ သူ့အလိုလိုပင် အကုသိုလ်ဇော မဖြစ်ဘဲ ကင်းပါတယ်၊ ဝိပဿနာဉာဏ် အလွန်ထက်သန်တဲ့ အခါ ကျတော့ ဇောတောင် မဖြစ်တော့ဘဲ ဝုဋ္ဌောမျှတွင် ရပ်သွားတာလဲ ရှိကြောင်းကို အရှင်ပေါဋ္ဌိလမထေရ် ဝတ္ထုနှင့် စပ်ပြီးရှေ့နားက ပြောခဲ့ပါပြီ။
လိုရင်းကတော့ ဘင်္ဂဉာဏ် စသည်ဖြစ်ပြီး ရှုသိရသမျှ အာရုံမှာ ကိလေသာ ဖြစ်ခွင့် မရှိဘဲ ကင်းငြိမ်းဖို့ရာက လိုရင်းပါပဲ။ အဲဒီလို ရှုသိရတဲ့ အာရုံ၌ ကိလေသာ ဖြစ်ခွင့် မရှိရင် တဒင်္ဂပဟာန်ကိစ္စလဲ ပြီးတယ်၊ ဒီသုတ်မှာ ဟောပြထားတဲ့အတိုင်း မြင်ရတဲ့ အဆင်းစသည်နှင့် ရာဂစသည် အလိုအားဖြင့် မစပ်မဆိုင်တော့ဘူး ဆိုတာလဲ ထင်ရှားတယ်။ အဲဒီလိုမစပ်ဆိုင်လျှင် အဲဒီ အာရုံတွေ၌ မတည်တော့ဘူး ဆိုတာကိုလဲ ဒီလို ဆက်ပြီး ဟောတော်မူပါတယ်။
ယတော တွံ မာလုကျပုတ္တ န တေန၊
တတော တွံ မာလုကျပုတ္တ န တတ္ထ။
မာလုကျပုတ္တ - မာလုကျာ၏ သားဖြစ်သော ရဟန်း၊
ယတော - အကြင်အခါ၌၊
တွံ - သင်သည်၊
န တေန - ထိုမြင်ရသည့် အဆင်းစသည်နှင့် မစပ်ဆိုင်ဘဲ ရှိလတ္တံ့၊
မာလုကျပုတ္တ - မာလုကျာ၏ သားဖြစ်သော ရဟန်း၊
တတော - ထိုသို့ မစပ်ဆိုင်သောအခါ၌၊
တွံ - သင်သည်၊
န တတ္ထ - ထိုမြင်ရသည့် အဆင်းစသည်၌ မတည်ဘဲ ရှိလတ္တံ့တဲ့။
မတည် ဆိုတာ “ငါဘဲ၊ ငါ့ဥစ္စာဘဲ၊ ငါ့အတ္တဘဲ” လို့ တဏှာမာန ဒိဋ္ဌိဖြင့် ကပ်ငြိ၍ မတည်တော့ဘူးလို့ ဆိုလိုကြောင်း ဥဒါန်းအဋ္ဌကထာမှာ ဖွင့်ပြထားတယ်၊ အဲဒီ ပါဠိ၏ မြန်မာပြန်ကို ဆိုကြရမယ်။
မစပ်မဆိုင်လျှင်၊ အဲဒီ မြင်ရသည့် အဆင်းစသည်၌ မတည်ဘဲ ရှိလိမ့်မည်။
“အဲဒီ မြင်ရတဲ့အဆင်း စသည်နှင့် ရာဂစသည် အလိုအားဖြင့် မစပ်မဆိုင်ဘူး” ဆိုတာနဲ့ “အဲဒီ အာရုံများ၌ တဏှာ စသည်ဖြင့် ကပ်ငြိ၍ မတည်ဘူး” ဆိုတာဟာ အရအားဖြင့် အတူတူပါပဲ၊ ဝေါဟာရမျှသာ ကွဲပြားပါတယ်။ တစ်နည်းအားဖြင့် ယူမယ်ဆိုရင်တော့ အဲဒီအာရုံတွေ၌ မတည်တော့ဘူးဆိုတဲ့ စကားတော်ဖြင့် အဲဒီမြင်ရတဲ့ အဆင်းစသည်ကို စွန့်လွှတ်ပြီး နိဗ္ဗာန်အာရုံသို့ ရောက်သွားတာကို ဆိုတယ်လို့ ယူရင်လဲ သင့်စရာ ရှိပါတယ်။ ဒါကြောင့် အဲဒီအာရုံတွေ၌ မတည်လျှင် ဆင်းရဲ၏ အဆုံးနိဗ္ဗာန်သို့ ရောက်သွားကြောင်းကို ဒီလိုဆက်ပြီး ဟောတော်မူပါတယ်။
နိဗ္ဗာန် ဆိုက်ရောက်ပုံ
ယတော တွံ မာလုကျပုတ္တ န တတ္ထ။ တတော တွံ မာလုကျပုတ္တ နေဝိဓ န ဟုရံ န ဥဘယမန္တရေန၊ ဧသေဝန္တော ဒုက္ခဿ။
မာလုကျပုတ္တ - မာလုကျာ၏ သားဖြစ်သော ရဟန်း၊
ယတော - အကြင်အခါ၌၊
တွံ - သင်သည်၊
န တတ္ထ - ထိုမြင်ရသည့် အဆင်းစသည်၌ မတည်ဘဲ ရှိလတ္တံ့၊
မာလုကျပုတ္တ - မာလုကျာ၏ သားဖြစ်သော ရဟန်း၊
တတော - ထိုသို့ မတည်သောအခါ၌၊
တွံ - သင်သည်၊
ဝါ - သင်ဟု ဆိုရသည့် ရုပ်နာမ် အစဉ်သည်၊
နေဝ ဣဓ - ဤ လူလောက၌လဲ မရှိ၊
န ဟုရံ - ဟို လောက၌လဲ မရှိ၊
န ဥဘယ မန္တရေန- (ဤလောက ဟိုလောကဆိုတဲ့ ထိုနှစ်ပါးကို ကြဉ်၍) အခြား၌လဲ မရှိတော့ပြီ၊
ဧသေဝ - ဤသို့ပင် (ဟုဆိုအပ်သော ရုပ်နာမ်အစဉ်) ၏ မရှိတော့ခြင်း သည်ပင်လျှင်၊
ဒုက္ခဿ အန္တော - ဆင်းရဲ၏ အဆုံးပေတည်း၊
ဝါ - ဆင်းရဲ၏ ကုန်ဆုံးရာ နိဗ္ဗာန်ပေတည်းတဲ့။
မြင်ရသော အဆင်း စသည်၌ “ငါ၊ ငါ့ဟာ၊ ငါ့အတ္တ” လို့ စွဲလမ်းကပ်ငြိလျက် မတည် တော့ဘူးဆိုလျှင် ဘုရားရှင်က သင်လို့ဆိုတဲ့ (မာလုကျပုတ္တအနေဖြင့် ငါလို့ ဆိုရတဲ့) ရုပ်နာမ်အစဉ်ဟာ မျက်မှောက် ဖြစ်တဲ့ ဤလူလောကမှာလဲ မရှိတော့ဘူး၊ မျက်ကွယ် ဖြစ်တဲ့ နတ်ဘဝ စသော ဟိုလောကမှာလဲ မရှိတော့ဘူး၊ အဲဒီလောက ၂ ပါးမှ အလွတ်ဖြစ်သော အခြားမှာလဲ မရှိတော့ဘူး၊ အဲဒီလို သင်လို့ ငါလို့ ဆိုရတဲ့ ရုပ်နာမ်အစဉ် မရှိခြင်းဟာ ဆင်းရဲ၏ ဆုံးရာ နိဗ္ဗာန်ပါပဲ တဲ့။ မရှိပုံက ဘယ်လိုလဲ ဆိုတော့ အရိယမဂ်ဖြင့် နိဗ္ဗာန်ကိုတွေ့နေဆဲမှာ မိမိကိုယ်လို့ဆိုရတဲ့ ဖြစ်ပျက်ရုပ်နာမ် ဟူသမျှ အကုန်လုံး ကင်းဆိတ် နေတာကိုသာတွေ့ရတယ်၊
တနည်းအားဖြင့် ပြောရရင် ရှုသိရတဲ့ ရုပ်နာမ်တွေရော ရှုသိမှုရော လုံးဝ ပြတ်စဲ ကင်းရှင်းနေတာကိုသာ တွေ့ရတယ်၊ အဲဒါဟာ အရိယမဂ်ဖိုလ် ဖြစ်ခိုက်၌ ငါလို့ ဆိုစရာ ကင်းနေပုံ မရှိပုံပါဘဲ၊ အဲဒီလို ငါမရှိတာဟာ ဆင်းရဲဆုံးရာ နိဗ္ဗာန်ပါပဲတဲ့။ နောက်တနည်း အားဖြင့်တော့ ရဟန္တာများ ပရိနိဗ္ဗာန် စံတဲ့အခါ ငါလို့ ဆိုစရာ ရုပ်နာမ်တွေဟာ ဘယ်မှာမျှ မရှိတော့ဘူး၊ ပရိနိဗ္ဗာန် စုတိစိတ် ချုပ်သည်နှင့် တစ်ပြိုင်နက် အကုန်လုံး ကင်းသွားတယ်၊ ဒါကတော့ ဆင်းရဲဟူသမျှ ကုန်ဆုံးရာ အနုပါဒိသေသနိဗ္ဗာန်ပဲ၊ အရိယမဂ်ဖိုလ်၏ အာရုံဟာလဲ ဒီ အနုပါဒိသေသနိဗ္ဗာန်နဲ့ ရုပ်နာမ် ကင်းဆိတ်သည့် အလိုအားဖြင့် သဘောတူပါတယ်။
အဋ္ဌကထာမှာ အညေလို့ ပြဆိုထားတဲ့ အခြားဆရာတို့၏ အလိုအားဖြင့် …
နေဝ ဣဓ - ဤ၌လဲ သင်မရှိ ဆိုတာဟာ မျက်စိ နား နှာ လျှာ ကိုယ် စိတ်ဆိုတဲ့ ဒွါရ ၆ ပါး၌လဲ မရှိတော့ဘူးလို့ ဆိုပါသတဲ့၊
န ဟုရံ - ဟို၌လဲ မရှိ ဆိုတာဟာ အဆင်း အသံ အနံ့ အရသာ အတွေ့ သဘောအာရုံ ဆိုတဲ့ အာရုံ ၆ ပါး၌လဲ မရှိတော့ဘူးလို့ ဆိုသတဲ့၊
န ဥဘယမန္တရေန - ထိုနှစ်ပါးကို ကြဉ်၍ အခြား၌လဲမရှိ ဆိုတာဟာ မြင်သိ ကြားသိ နံသိ စားသိ ထိသိ ကြံသိ ရှုသိ ဆိုတဲ့ ဝိညာဏ် ၆ ပါး၌လဲ မရှိတော့ဘူးလို့ ဆိုပါသတဲ့။
အဲဒီ အညေဝါဒ အဆိုအဖွင့်ဟာ ယခုယောဂီ၏ တွေ့ပုံ အရအားဖြင့် ပေါ်လွင်ပါတယ်။ ဝိပဿနာ ရှုနေတဲ့ ယောဂီဟာ ဘင်္ဂဉာဏ်စသည်နှင့် သင်္ခါရုပေက္ခာဉာဏ်များသို့ ရောက်နေတဲ့အခါ မြင်မှု ကြားမှုစသည် ထင်ပေါ်တိုင်း ရှုမှတ်ပြီး ချက်ချင်းပင် ချုပ်ပျက် ချုပ်ပျက် သွားတာကို သိရတယ်၊ ရှုသိမှုကိုလဲ ချက်ချင်းပင် ချုပ်ပျက် ချုပ်ပျက်သွားတယ်လို့ သိရတယ်၊ အဲဒီလို သိတဲ့အတွက် မြင်ရတဲ့အဆင်း စသည်နှင့် စပ်ပြီး သာယာတပ်မက်တဲ့ ရာဂလဲ ဖြစ်ခွင့်မရှိဘူး၊ စိတ်ဆိုးတဲ့ ဒေါသလဲ ဖြစ်ခွင့် မရှိဘူး၊ မြဲတယ် စသည်ဖြင့် သိမှားတဲ့ မောဟလဲ ဖြစ်ခွင့်မရှိဘူး၊
ဒါကြောင့် အဲဒီမြင်ရတဲ့ အဆင်းစသည်နှင့် မစပ်မဆိုင်တော့ဘူး၊ အဲဒီလို မစပ်မဆိုင်ပဲ ရှိနေလျှင် သင်္ခါရုပေက္ခာဆိုတဲ့ ဝိပဿနာဉာဏ် ရင့်သန် အားပြည့်တဲ့အခါမှာ ရှုသ ိနေကျဖြစ်တဲ့ မြင်ရသော အဆင်း စသည်ကို အနုလောမဉာဏ်ဖြင့် ရှုသိပြီးတော့ ဂေါတြဘူဉာဏ်၏ အစွမ်းဖြင့် စွန့်လွှတ်သွားတယ်၊ အဲဒီလို စွန့်လွှတ် သွားတာဟာ မြင်ရတဲ့ အဆင်းစသည်၌ မတည်ဘဲ ဖြစ်သွားတာဘဲ၊ အဲဒီလို မတည်တော့ အရိယ မဂ်ဉာဏ်ဖြင့် ရုပ်နာမ်ခပ်သိမ်း ကင်းငြိမ်းတဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုသွားတယ်၊
အဲဒီအခါမှာ ဘုရားရှင်က သင်လို့ဆိုတဲ့ (မာလုကျပုတ္တအနေ, အခြားယောဂီ အများအနေနဲ့တော့ ငါလို့ဆိုရတဲ့) ရုပ်နာမ်အစဉ်ဟာ မျက်စိ နား စသော ဒွါရ ၆ ပါး၌လဲ မထင်ရှားဘဲ ရှိမယ်၊ မြင်သိမှု ကြားသိမှု စသော ဖြစ်ရိုး ဖြစ်စဉ် အသိစိတ်များ၌လဲ မထင်ရှားဘဲ ရှိမယ်၊ သင်လို့ ငါလို့ဆိုရတဲ့ ရုပ်နာမ်အစဉ် အဲဒီလို မထင်ရှားဘဲ ပြတ်စဲချုပ်ငြိမ်းသွားတာဟာ ဆင်းရဲ၏အဆုံး နိဗ္ဗာန်ပဲလို့ ဆိုလိုပါတယ်။ အဲဒီ အညေဝါဒအဆိုဟာ ယခုယောဂီများ ဝိပဿနာ လမ်းဆုံး ရောက်ပုံနဲ့ နှီးနှော ကြည့်ရင် ပေါ်လွင်ပါတယ်၊ မိလိန္ဒပဉှာမှာ နိဗ္ဗာန် မျက်မှောက်ပြုပုံ ပြထားတာနဲ့လဲ ကိုက်ညီပါတယ်။ မိလိန္ဒပဉှာ၌ ပြထားပုံကတော့ -
နိဗ္ဗာန် မျက်မှောက်ပြုပုံ
တဿ တံ စိတ္တံ အပရာပရံ မနသိကရောတော ပဝတ္တံ သမတိက္ကမိတွာ အပ္ပဝတ္တံ ဩက္ကမတိ၊ အပဝတ္တမနုပ္ပတ္တော မဟာရာဇ သမ္မာပဋိပန္နော နိဗ္ဗာနံ သစ္ဆိကရောတီတိ ဝုစ္စတိ။ (မိလိန္ဒပဉှာ ၃၁၁)
အပရာပရံ - တစ်မှတ်ပြီးတစ်မှတ် အဆင့်ဆင့်၊
မနသိ ကရောတော - နှလုံးသွင်း ရှုသိနေသော၊
တဿ - ထိုယောဂီ၏၊
တံ စိတ္တံ - ရှုသိနေသော ထိုစိတ်သည်၊
(အပရာပရံ မနသိ ကရောတော - တစ်မှတ်ပြီးတစ်မှတ် အဆင့်ဆင့် နှလုံးသွင်း ရှုသိနေစဉ်၊)
ပဝတ္တံ သမတိက္ကမိတွာ - မပြတ်ဖြစ်နေသော ရုပ် နာမ် အလျဉ်ကို ကျော်လွန်၍၊
အပ္ပဝတ္တံ - မပြတ်ဖြစ်နေသော ရုပ် နာမ် အလျဉ်၏ ပြတ်စဲ ချုပ်ငြိမ်းခြင်း သဘောသို့၊
ဩက္ကမတိ - သက်ဝင်၍ သွားလေတော့၏။
ယောဂီဟာ မူလက ဒွါရ ၆ ပါး၌ ထင်ပေါ်လာတဲ့ ထိရတာ ကြံသိရတာ ကြားသိရတာ မြင်သိရတာ စသော (အတွေ့များရာက စ၍ စဉ်ထားသည်) မပြတ်ဖြစ်နေတဲ့ ရုပ်နာမ်တွေကို တစ်မှတ်ပြီး တစ်မှတ် အဆင့်ဆင့် မပြတ် ရှုသိနေရတယ်၊ ရှုသိလို့ မကုန်နိုင်တဲ့ ရုပ်နာမ် အဖြစ်အပျက်တွေကိုချည်း တွေ့သိနေရတယ်၊ အဲဒီလို မကုန်မဆုံးနိုင်တဲ့ ရုပ်နာမ်တွေကို အနိစ္စ စသော အခြင်းအရာတို့ဖြင့် ရှုသိနေရင်းထဲက နောက်ဆုံးအကြိမ် သိပြီးတဲ့အခါ အဲဒီ သိစရာတွေရော ရှုသိမှုရော ပြတ်စဲ ချုပ်ငြိမ်းခြင်း သဘောထဲသို့ ရုတ်တရက် ကျရောက်သွားတယ်၊ အဲဒီလို ကျရောက် သွားတဲ့ အခိုက်အတန့်မှာ ထိရတာ သိရတာ ကြားရတာ မြင်တာ နံရတာ စားသိရတာ ဆိုတဲ့ အာရုံ ၆ ပါးလဲ မထင်ရှားဘူး၊ သိစရာရော သိတာရော ကင်းငြိမ်းနေတဲ့ သဘောဟာ ထင်ရှားတယ်၊ အဲဒါဟာ အရိယမဂ် ဖိုလ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက် ပြုတာပါပဲ … တဲ့။ ဒါကြောင့် -
မဟာရာဇ - မိလိန္ဒမင်းကြီး၊
သမ္မာပဋိပန္နော - မြင်ရုံမျှ စသည်တွင် တည်အောင် မမေ့မလျော့ မပြတ်ရှုသိလျက် မှန်ကန်စွာ ကျင့်ခဲ့သည်ဖြစ်၍၊
အပ္ပဝတ္တမနုပ္ပတ္တော - ရုပ်နာမ်အလျဉ်၏ ပြတ်စဲချုပ်ငြိမ်းခြင်း သဘောထဲသို့ အသိဉာဏ်ဖြင့် ဆိုက်ရောက်သွားသော ယောဂီကို၊
နိဗ္ဗာနံ သစ္ဆိကရောတီတိ - နိဗ္ဗာန်ကို မျက်မှောက်ပြုသည်ဟူ၍၊
ဝုစ္စတိ - ပြောဆိုရပါသည် … တဲ့။
ဒီ မိလိနပဉှာက ပြဆိုထားတာနဲ့လဲ ကိုက်ညီပါတယ်။ ယခု မာလုကျပုတ္တမထေရ်အား ဝိပဿနာ အလုပ်ပေးပုံ စသည်၏ မြန်မာပြန် အတိုချုပ်ကို အပြည့်အစုံ လိုက်ဆို ကြရမယ်။
မာလုကျပုတ္တသုတ် တရားတော်၏ မြန်မာပြန် အတိုချုပ်
(၁) မာလုကျပုတ္တရဟန်း၊ (သင် ဝန်ခံခဲ့သည့်အတိုင်း မမေ့မလျော့ မပြတ်ရှုမှတ် နေလျှင်)
မြင်ရ ကြားရ ရောက်ရ သိရတဲ့ ဒီတရားတွေထဲကလဲ သင့်မှာ -
မြင်ရသည်၌ မြင်ရုံမျှ ဖြစ်လိမ့်မည်၊
ကြားရသည်၌ ကြားရုံမျှ ဖြစ်လိမ့်မည်၊
ရောက်ရသည်၌ ရောက်ရုံမျှ ဖြစ်လိမ့်မည်၊
သိရသည်၌ သိရုံမျှ ဖြစ်လိမ့်မည်။
(၂) အဲဒီလိုဖြစ်လျှင် သင်ဟာ ထိုမြင်ရသည့် အဆင်း စသည်နှင့် (သာယာ မုန်းထား သိမှားသည့် အလိုအားဖြင့်) မစပ်မဆိုင်ဘဲ ရှိလိမ့်မည်။
(၃) မစပ်မဆိုင်လျှင် သင်ဟာ အဲဒီမြင်ရတဲ့ အဆင်း စသည်၌ မတည်ဘဲ ရှိလိမ့်မည်။
(၄) အဲဒီမြင်ရတဲ့ အဆင်း စသည်၌ မတည်လျှင် သင်ဟာ ဒီမှာလဲမရှိ၊ ဟိုမှာလဲမရှိ၊ အခြားမှာလဲမရှိ၊ ဒီလို သင် မရှိတာပင်လျှင် ဆင်းရဲ၏ အဆုံး နိဗ္ဗာန်ပေတည်း။
အဲဒီ ၄ ပိုဒ်ထဲက အမှတ် (၁) အပိုဒ်ဖြင့် “မြင်ရုံမျှ စသည်၌သာ တည်အောင် ပေါ်လာ သမျှကို မမေ့မလျော့ မပြတ် ရှုသိသွားဖို့” ညွှန်ကြားတော်မူတယ်၊ အဲဒါဟာ ဝိပဿနာ အလုပ်ကို အကျဉ်းချုပ် ဟောတော်မူတာဘဲ။
အမှတ် (၂) အပိုဒ်ဖြင့် အဲဒီလို ရှုသိရတဲ့ အာရုံတိုင်းမှာ အာရမ္မဏာနုသယခေါ်တဲ့ ကိလေသာကင်းပုံကို ပြတော်မူတယ်။
အမှတ် (၃) အပိုဒ်ဖြင့် ကိလေသာကင်းပုံကို တနည်းအားဖြင့် ပြတော်မူတယ်။ သို့မဟုတ် “မြင်ရ ကြားရ ရောက်ရ ကြံသိရတဲ့ လောကီအာရုံများ၌ မတည်တော့ဘဲ နိဗ္ဗာန်အာရုံ ရောက်သွားပုံကို ပြတော်မူတယ်” လို့လဲ ယူသင့်ပါတယ်။
ဒါကြောင့်ပင် အမှတ် (၄) အပိုဒ်ဖြင့် အဲဒီမြင်ရတဲ့ အဆင်း စသည်၌ မတည်လျှင် ဆင်းရဲ၏အဆုံး ရောက်သွားပုံကို ဆက်ပြီး ပြတော်မူတာပဲ။
မာလုကျပုတ္တမထေရ်အား ဝိပဿနာ အလုပ်ပေးတဲ့ ဘုရားစကားတော်ကတော့ ပြည့်စုံသွားပါပြီ။ အဲဒီ အလုပ်ပေးတရားကို ကြားနာရတော့ မာလုကျပုတ္တမထေရ်က သူ့ဉာဏ်ထဲမှာ သဘောပေါက် သိနားလည်ပုံကို ဂါထာ ၂၄ ပုဒ် တို့ဖြင့် မြတ်စွာဘုရား အား တင်ပြ လျှောက်ထားပါတယ်။ မြတ်စွာဘုရားရှင်ကလဲ သာဓုခေါ်တော်မူပြီးတော့ အဲဒီ ဂါထာတွေကို ကိုယ်တော်တိုင် ထပ်ပြီး ဟောတော်မူပါတယ်၊ ဒါကြောင့် အဲဒီဂါထာတွေကိုလဲ ဘုရားဟောတရားလို့ပဲ အသိအမှတ် ပြုကြရပါတယ်။
အဲဒီ၂၄ ဂါထာထဲက တစ်ဒွါရ တစ်ဒွါရနဲ့ ဆိုင်တဲ့ ၄ ဂါထာ ၄ ဂါထာကို ထုတ်ပြပြီး တစ်ပိုင်း တစ်ပိုင်းချင်း ရှင်းလင်း ဟောပြသွားမယ်။ အဲဒီ ၄ ဂါထာ ၄ ဂါထာ ထဲမှာ ၂ ဂါထာ ၂ ဂါထာက ဝိပဿနာမရှုသူမှာ နိဗ္ဗာန်နှင့်ဝေးပုံကို ဖော်ပြတယ်။ အခြား ၂ ဂါထာ ၂ ဂါထာက ဝိပဿနာ ရှုသူမှာ နိဗ္ဗာန်နှင့် နီးပုံကို ဖော်ပြတယ်။ ယခု မြင်ခိုက်၌ မရှုမမှတ်လျှင် နိဗ္ဗာန်နှင့် ဝေးပုံပြတဲ့ ဂါထာ ၂ ပုဒ်ကို ရွတ်ဆို ဟောပြမယ်။
မြင်ခိုက်၌ မရှုသူမှာ နိဗ္ဗာန်နှင့် ဝေးသည်
၁။ ရူပံ ဒိသွာ သတိ မုဋ္ဌာ၊
ပိယံ နိမိတ္တံ မနသိ ကရောတော။
သာရတ္တစိတ္တော ဝေဒေဟိ၊
တဉ္စ အဇ္ဈောသ တိဋ္ဌတိ။
ပိယံ နိမိတ္တံ - ချစ်ဖွယ်အာရုံကို၊
မနသိကရောတော - နှလုံးသွင်းနေသော သူအား၊
ရူပံ ဒိသွာ - အဆင်းကို မြင်ပြီးလျှင်၊
သတိ မုဋ္ဌာ - အမှတ်မရဘဲ သတိမေ့သွား၏ တဲ့။
လူတွေက ချစ်ဖွယ် အာရုံကောင်းတွေနဲ့သာ တွေ့ချင်နေကြတယ်၊ အာရုံဆိုးကိုတော့ မတွေ့ချင်ကြဘူး၊ ဒါကြောင့် မျက်စိဖြင့် စူးစိုက်ပြီး ကြည့်ကတည်းက အကောင်းကို တွေ့ချင်လို့ ကြည့်တာပဲ၊ အဲဒီလို အာရုံကောင်းကို တွေ့ချင်မြင်ချင်တဲ့စိတ်နဲ့ ကြည့်ကြတာ ဖြစ်တဲ့အတွက် ချစ်ဖွယ်အာရုံကို မြင်ရရင် တရားဘက်ဆိုင်ရာ သတိ မရှိဘဲ သတိမေ့သွားတော့တာဘဲ၊
တရားဘက် လိုက်စားနေတဲ့ ပုဂ္ဂိုလ်ဖြစ်ပေမယ်လို့ အဲဒီလို အာရုံကောင်း နှလုံးသွင်း မျှော်လင့် နေခိုက်မှာ အာရုံကောင်းကို မြင်ရရင် အရင်က ရှုမှတ်နေကျဖြစ်ပေမဲ့ ချစ်ဖွယ်လို့ ထင်သွားတော့တာပဲ၊ ရှုမှတ်မှု သတိ ကင်းသွားတော့တာပဲ၊ ဒါကြောင့် အဆင်းကို မြင်ပြီးရင် မေ့သွားတယ်လို့ ဆိုတာပါဘဲ၊ လောကဘက်က ဖြစ်ရိုးဖြစ်စဉ် သတိကတော့ မမေ့ပါဘူး၊ မမေ့တဲ့အတွက် မိန်းမပဲ ယောက်ျားပဲ၊ ဘယ်သူ ဘယ်ဝါပဲ ချစ်စရာပဲ စသည်ဖြင့် မှတ်စွဲသွားတော့တာပဲ။
တရားရှုမှတ်ခြင်း မရှိဘဲ သာမန် လူတွေမှာတော့ “ချစ်ဖွယ်အာရုံကို မြင်ပြီးရင် ချစ်စရာပဲ စသည်ဖြင့် နှလုံးသွင်းပြီး မေ့သွားတယ်” ဆိုတာ ဖြစ်ရိုးဖြစ်စဉ်ပါပဲ၊ ချစ်ဖွယ်လို့ နှလုံးသွင်းတာနဲ့ “မေ့တယ်” ဆိုတာဟာ သဘောအားဖြင့် အတူတူပါပဲ။ ဒါကြောင့် -
ရူပံ ဒိသွာ - အဆင်းကို မြင်ပြီးလျှင်၊
ပိယံ နိမိတ္တံ - ချစ်ဖွယ်အာရုံကို၊
မနသိ ကရောတော - နှလုံးသွင်းသောသူအား၊
သတိ မုဋ္ဌာ - အမှတ်မရဘဲ သတိမေ့သွား၏ - လို့ ဒီလို အနက်လဲ ပြန်နိုင်ပါတယ်၊
အဲဒါဟာ စောစောကတည်းက ချစ်ဖွယ်ကို လိုလားနေတဲ့အတွက် အဆင်းကောင်းကို မြင်ပြီးလျှင် မရှုမမှတ်နိုင်ဘဲ ချစ်ဖွယ်လို့ နှလုံးသွင်းမိတာပါပဲ။ အဲဒါကို “အဆင်း မြင်လျှင်၊ ချစ်ဖွယ်ထင်၊ ထိုတွင် မေ့လေသည်” လို့ ဆောင်ပုဒ် စီထားတယ်။ အဲဒါကို ဆိုကြရမယ်။
နိဗ္ဗာန်နှင့် ဝေးပုံ ဆောင်ပုဒ်များ
၁။ အဆင်းမြင်လျှင်၊ ချစ်ဖွယ်ထင်၊ ထိုတွင် မေ့လေသည်။
ဒါကတော့ သာမန်လူတွေမှာ ဖြစ်ရိုးဖြစ်စဉ်ပါဘဲ၊ သာမန်လူတွေမှာ မြင်ပြီးလျှင် ပြီးချင်း ရှုမှတ်ရမယ် ဆိုတာ မသိတာကပဲ များပါတယ်၊ ကြားနာဖူးလို့ သိတောင်မှ တင်းတင်းရင်းရင်း ရှုမှတ်ဆဲ မဟုတ်ရင် မြင်ပြီးရင် ချစ်ဖွယ်ထင်ပြီး မရှုနိုင်ဘဲ မေ့နေ ကြတာချည်းပါဘဲ၊ အားထုတ်နေဆဲ ယောဂီတောင်မှ သတိ သမာဓိ အားမကောင်း သေးရင် မရှုမမှတ်နိုင်ဘဲ ချစ်ဖွယ်ထင်ပြီး မေ့နေတတ်သေးတာပါပဲ။ အဲဒီလို ချစ်ဖွယ်ထင်သွားရင် မြင်ဆဲမှာလဲ တပ်မက်တဲ့စိတ်ဖြစ်ပြီး တပ်မက် သာယာလျက် ခံစားမှုတွေလဲ ဖြစ်တော့တာပဲ။ မြင်ပြီးတဲ့နောက်လဲ ပြန်လည်စဉ်းစားပြီး တပ်မက် သာယာလျက် ခံစားမှုတွေ ဖြစ်ပွားနေတော့တာပဲ။ ဒါကြောင့် -
သော - မြင်ပြီးလျှင် ချစ်ဖွယ်ထင်လျက် မရှုမမှတ်နိုင်ဘဲ မေ့သွားသော ထိုသူသည်၊
သာရတ္တစိတ္တော - တပ်မက်သာယာသော စိတ်ရှိလျက်၊
ဝေဒေတိ - ခံစား၏၊
တဉ္စ - ထိုမြင်ရသော အဆင်းအာရုံကိုလည်း၊
အဇ္ဈောသ တိဋ္ဌတိ - မျို၍ သိမ်းထားသကဲ့သို့ စိတ်ထဲ၌ သိမ်းပိုက်လျက် တည်၏ လို့ ဟောထားတာပါဘဲ။
မြင်စဉ်က ပြုံးပြုံးကလေး မြင်ခဲ့ရင် အဲဒီ ပြုံးပြုံး ရုပ်ပုံကလေးကို စိတ်ထဲမှာ စွဲမှတ်ထားတယ်၊ ပြန်လည် စဉ်းစားမိတိုင်း အဲဒီ ပြုံးပြုံး ရုပ်ပုံ ချစ်စရာကလေး ပေါ်နေတာပဲ၊ ဓာတ်ပုံ အရုပ်ကလေးများကို ကြည့်ရသလိုပဲ၊ စဉ်းစားမိတိုင်း အဲဒီ ပြုံးပြုံးရုပ်ကလေး စိတ်ထဲမှာပေါ်ပြီး တပ်မက်သာယာလျက် ခံစားနေတယ်၊ ရက်ပေါင်း လပေါင်း နှစ်ပေါင်း များစွာ ကြာသည် တိုင်အောင်လဲ ပေါ်နေတာပဲ။ အဲဒီ ပါဠိ၏ အနက်ကို “သာယာ တပ်စွဲ၊ ခံစားမြဲ၊ စိတ်ထဲ သိမ်းလျက်တည်” လို့ ဆောင်ပုဒ်စီထားတယ်။ အဲဒါကို ဆိုကြရမယ်။
၂။ သာယာ တပ်စွဲ၊ ခံစားမြဲ၊ စိတ်ထဲ သိမ်းလျက်တည်။
အများအားဖြင့် လူတွေဟာ ချစ်ဖွယ်အဆင်းကို မြင်ရရင် ဒီအတိုင်းချည်း စိတ်ထဲမှာ စွဲနေကြတာပါပဲ။ ယခုပြောခဲ့တဲ့အတိုင်း ချစ်ဖွယ်အဆင်းကို မြင်ပြီး သာယာ တပ်စွဲတယ် ဆိုတာက ပဓာနနည်းဖြင့် ပြဆိုတာပါဘဲ၊ ထို့အတူပင် မြင်ရတဲ့အဆင်းကို မုန်းဖွယ်ထင်ပြီး နှလုံးမသာဖြစ်လျက် ခံစားနေတာလဲ ရှိတာပါပဲ၊ အလယ်အလတ် ရိုးရိုး အဆင်းကို မြင်ပြီး မချစ်မမုန်းဘဲ အမြဲရှိနေတဲ့ ပုဂ္ဂိုလ်အနေနဲ့ အမြင်မှားလျက် ခံစားစွဲလမ်း နေတာလဲ ရှိတာပါပဲ။
ယခုပြောခဲ့တဲ့အတိုင်း မြင်ရတဲ့အဆင်းကို စိတ်ထဲစွဲပြီး သိမ်းပိုက်ထားရင် အဲဒီအဆင်း အဲဒီမိန်းမ ယောက်ျားစသည်ကို အကြောင်းပြုပြီးတော့ ချမ်းသာဆင်းရဲ ဝေဒနာအမျိုးမျိုးလဲ ဖြစ်ပွားတယ်၊ လောဘ ဒေါသစသော ကိလေသာတွေ ကံတွေ ကံ၏အကျိုးဝိပါက် ဝဋ်ဆင်းရဲတွေလဲ ဖြစ်ပွားတော့တာပဲ၊ အဲဒီလို ဖြစ်ပွားပြီး ဆင်းရဲနေပုံကို ဒီလိုလဲ ပြဆိုထားပါတယ်။
၂။ တဿ ဝဍ္ဎုန္တိ ဝေဒနာ၊ အနေကာ ရူပသမ္ဘဝါ။
အဘိဇ္ဈာ စ ဝိစေသာ စ၊ စိတ္တမဿူပဟညတိ။
ဧဝံ အာစိနတော ဒုက္ခံ၊ အာရာ နိဗ္ဗာန ဝုစ္စတိ။
တဿ - မြင်ရတဲ့ အဆင်းကို စိတ်ထဲ၌စွဲပြီး သိမ်းပိုက်ထားသော ထိုသူအား၊
ရူပသမ္ဘဝါ - စွဲလျက် သိမ်းပိုက်ထားသည့် အဆင်းကြောင့် ဖြစ်ကုန်သော၊
အနေကာ - များစွာကုန်သော၊
ဝေဒနာ - အကောင်းအဆိုး အမျိုးမျိုးသော ခံစားမှုတို့သည်၊
ဝဍ္ဎုန္တိ - ဖြစ်ပွားကုန်၏ တဲ့။
အဲဒီအနက်ကို “အဆင်းဆိုင်ရာ၊ ဝေဒနာ၊ များစွာပွါးတော့သည်” လို့ ဆောင်ပုဒ် စီထားတယ်။ အဲဒါကို ဆိုကြရမယ်။
၃။ အဆင်းဆိုင်ရာ၊ ဝေဒနာ၊ များစွာပွားတော့သည်။
ချစ်စရာ အဆင်းဆိုတဲ့ မိန်းမ ယောက်ျား အသုံးအဆောင် တွေကိုစွဲပြီး အဲဒါတွေနဲ့ ပြည့်စုံလို့ သုံးဆောင် ခံစားနေရင် စိတ်ချမ်းသာ ကိုယ်ချမ်းသာ သုခ ဝေဒနာတွေ ပွါးနေတယ်၊ မပြည့်စုံရင်၊ သို့မဟုတ် ပြည့်စုံပြီးတွေ ပျက်စီးကင်းသွားရင် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဒုက္ခဝေဒနာတွေ ပွါးနေတယ်။ အမြင်ဆိုး အာရုံကို သိမ်းပိုက်ထား မိရင်တော့ ပြန်လည် စဉ်းစားမိတိုင်း စိတ်ဆင်းရဲ ဒုက္ခ ဝေဒနာတွေ ပွားနေတော့တာပဲ။ နောက်ပြီးတော့ -
အဘိဇ္ဈာ စ - ရလိုသမှု ရှေးရှုကြံစည်သော လောဘသည်၎င်း၊
ဝိဟေသာ စ - ညှဉ်းဆဲလိုသော ဒေါသသည်၎င်း၊
ဝဍ္ဎုန္တိ - ဖြစ်ပွားကုန်၏။
အဿ - ထိုပုဂ္ဂိုလ်၏၊
စိတ္တံ - စိတ်သည်၊
ဥပဟညတိ - လောဘ ဒေါသတို့ကြောင့် ပင်ပန်းလျက် ရှိနေချေသည်တဲ့။
အဲဒီမြင်ရတဲ့ အဆင်းအာရုံကို ရလိုသော လောဘ၊ ရပြီးကို ခင်မင်တွယ်တာတဲ့ လောဘ ဆိုတာတွေလဲ ဖြစ်ပွားနေကြတယ်။ အဲဒီ အဆင်းအာရုံကို မရအောင် ဖြစ်စေ၊ ရပြီးကို ပျက်စီးဆုံးရှုံးအောင်ဖြစ်စေ ပြုလုပ်တယ်လို့ ထင်ရတဲ့သူကို ညှဉ်းဆဲလိုတဲ့ ဒေါသတွေလဲ ဖြစ်ပွားနေကြတယ်၊ အဲဒီလောဘ ဒေါသတွေက စေခိုင်းတိုက်တွန်းတဲ့ အတိုင်း ကြောင့်ကြစိုက်ထုတ် ပြုလုပ်နေရတဲ့ အတွက် စိတ်ဟာ ပင်ပန်းဆင်းရဲ နေပါတယ်တဲ့။ အဲဒါကို “လောဘစည်ကား၊ ဒေါသပွား၊ ဗျာများ စိတ်ပန်းသည်” လို့ ဆောင်ပုဒ် စီထားတယ်။ အဲဒါကို ဆိုကြရမယ်။
၄။ လောဘစည်ကား၊ ဒေါသပွား၊ ဗျာများ စိတ်ပန်းသည်။
အဲဒါဟာ အလွန်ထင်ရှားပါတယ်၊ ယခုလူတွေ ပင်ပန်းနေကြရတာဟာ အဲဒီလောဘ ဒေါသတွေက တိုက်တွန်း စေခိုင်းရာတွေကို ကြောင့်ကြဗျာပါရ စိုက်ပြီး ပြုလုပ်နေကြ ရတဲ့အတွက် ပင်ပန်းဆင်းရဲ နေကြရတာဘဲ။ မြင်ဆဲမှာ မရှုမမှတ်နိုင်ဘဲ မေ့လာခဲ့တဲ့ အတွက် အဲဒီမြင်ရတာကို ချစ်ဖွယ်မုန်းဖွယ်ထင်တာဟာ အလွဲသိတဲ့ သိမှားတဲ့ အဝိဇ္ဇာဘဲ၊ အဲဒီလို ချစ်ဖွယ် မုန်းဖွယ်ထင်တဲ့ အဝိဇ္ဇာကြောင့် လိုချင်တဲ့ လောဘ ညှဉ်းဆဲလိုတဲ့ ဒေါသတွေ ဖြစ်ပွားတယ်၊ အဲဒီလောဘ ဒေါသက တိုက်တွန်းတဲ့အတိုင်း အဆိုးအကောင်း အမှုတွေကို ပြုနေကြရတယ်၊ အထူးအားဖြင့် လောဘ တဏှာကြောင့် ပြုလုပ်နေကြရတာပါပဲ။
အဲဒီလို ပြုလုပ်မှု အကုသိုလ်ကံကြောင့် အပါယ်လေးပါး ကျရောက်ပြီးတော့ ဆင်းရဲ နေကြတယ်၊ ဘဝချမ်းသာကို တောင့်တပြီး ပြုလုပ်တဲ့ ကုသိုလ်ကံကြောင့် လူ့ဘဝ နတ်ဘဝမှာ ဖြစ်ပြီး အို နာ သေ ဆိုတဲ့ ဆင်းရဲတွေကို ခံစားနေကြရတယ်၊ ဒါကြောင့် မြင်ဆဲမှာ မရှုမမှတ်ပဲ မေ့မေ့လျော့လျော့ နေလာတာဟာ အဲဒီ ဆင်းရဲတွေကို လက်ခံစုဆောင်းနေသည် မည်တယ်၊ အဲဒီလို မရှုမမှတ်ဘဲ ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲတွေကို လက်ခံဆည်းပူး စုဆောင်းနေတဲ့သူမှာ ဆင်းရဲငြိမ်းတဲ့ နိဗ္ဗာန်နဲ့ ဝေးနေတယ်၊ အဲဒီအကြောင်းအရာကိုလဲ ဒီလို ဖော်ပြထားပါတယ်။
ဧဝံ - မရှုမမှတ်ဘဲနေသော ဤနည်းဖြင့်၊
ဒုက္ခံ - ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲကို၊
အာစိနတော - လက်ခံ၍ ဆည်းပူးစုဆောင်း နေသောသူအား၊
နိဗ္ဗာနံ - ဆင်းရဲငြိမ်းသော နိဗ္ဗာန်သည်၊
ဝါ - နိဗ္ဗာန်ကို၊
အာရာ - ဝေးသည်ဟူ၍၊
ဝုစ္စတိ - ဆိုအပ်ပါသည်တဲ့။
အဲဒါကို (ဤနည်းဖြင့်ပဲ၊ မပြောင်းလဲ၊ ဆင်းရဲရှာသူမည်။ ဆင်းရဲကိုသာ ရှာသူမှာ၊ ဝေးစွာနိဗ္ဗာန်ပြည်-လို့) ဆောင်ပုဒ် စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။
၅။ ဤနည်းဖြင့်ပဲ၊ မပြောင်းလဲ၊ ဆင်းရဲရှာသူမည်။
ဤနည်းဖြင့်ပဲ မပြောင်းလဲဆိုတာ မြင်ခိုက်စသည်မှာ မရှုမမှတ်ဘဲ မေ့မေ့လျော့လျော့ နေတဲ့ နည်းပါဘဲ၊ အဲဒီနည်းအတိုင်း အမှတ်တမဲ့နေလာတာ တစ်သက်လုံး တစ် ဘဝလုံး ကြာလှပြီ၊ ယခုမှတော့ မပြောင်းလဲဘူးဆိုရင် အဲဒါဟာ မြင်တိုင်း မြင်တိုင်း ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲကို လက်ခံနေသူ ရှာနေသူ စုဆောင်းနေသူ မည်ပါတယ်၊ အဲဒီလို မရှုမမှတ်ပဲနေရင် နိဗ္ဗာန်နဲ့ ဝေးတာဘဲ၊ အဲဒီ နောက်အပိုဒ်လဲ ဆိုကြရမယ်။
၆။ ဆင်းရဲကိုသာ၊ ရှာသူမှာ၊ ဝေးစွာ နိဗ္ဗာန်ပြည်။
မြင်ဆဲမှာ မရှုမမှတ်နိုင်လို့ အနိစ္စ ဒုက္ခ အနတ္တ သဘောမှန်ကို မသိဘဲ ချစ်ဖွယ်ထင်ရင် အဲဒီ ချစ်ဖွယ်အာရုံကို မှီပြီး ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲတွေ ဖြစ်ပွါးတယ်၊ ဒါကြောင့် အဲဒီ ဆင်းရဲတွေကို လက်ခံစုဆောင်းနေသူ မည်တယ်၊ အဲဒီဆင်းရဲတွေကို လက်ခံ စုဆောင်းနေတော့ ဆင်းရဲငြိမ်းဖို့နှင့် ဝေးနေတာပေါ့၊ ဘာလို့လဲဆိုရင် မီးလျှံမီးပုံထဲ လောင်စာတွေ ထပ်ကာ ထပ်ကာ မပြတ် ထည့်ပေးနေရင် မီးငြိမ်းဖို့နှင့် ဝေးသလိုပါပဲ၊ ယခု ရွတ်ပြခဲ့တဲ့ ဂါထာ ၂ ပုဒ်ဖြင့် အတိုချုပ် ဆိုလိုတာကတော့ “မြင်ခိုက်၌ မရှုမမှတ်သူမှာ နိဗ္ဗာန်ဝေးသည်” လို့ ဆိုလိုတာပါဘဲ၊ အဲဒါကိုလဲ ဆိုကြရမယ်။
မြင်ခိုက်၌ မရှုမမှတ်သူမှာ နိဗ္ဗာန်ဝေးသည်။
ယခု မြင်ခိုက်၌ ရှုမှတ်သူမှာ နိဗ္ဗာန်နှင့်နီးပုံကို ပြဆိုထားတဲ့ ဂါထာ ၂ ပုဒ်ကို ရွတ်ဆိုဟောပြမယ်။ ရွတ်ပြခဲ့ပြီး ဂါထာနှစ်ပုဒ်ကို ကျမ်းဂန်သုံး ဝေါဟာရအားဖြင့် ကဏှပက္ခ အမည်းပိုင်း အဖို့လို့ ခေါ်တယ်၊ ယခု ရွတ်ဆိုဟောပြမည့် ဂါထာ ၂ ပုဒ် ကိုတော့ သုက္ကပက္ခ အဖြူပိုင်းအဖို့လို့ ခေါ်ကြတယ်။
မြင်ခိုက်၌ ရှုသိသူမှာ နိဗ္ဗာန်နှင့် နီးသည်
၃။ န သော ရဇ္ဇတိ ရူပေသု၊ ရူပံ ဒိသွာ ပဋိဿတော။
ဝိရတ္တစိတ္တော ဝေဒေတတိ၊ တဉ္စ နာဇ္ဈောသ တိဋ္ဌတိ။
ယော - အကြင်ပုဂ္ဂိုလ်သည်၊
ရူပံ ဒိသွာ - အဆင်းကို မြင်ပြီး၍၊
ဝါ - အဆင်းကို မြင်ပြီးလျှင်၊
ပဋိဿတော- တဖန်အမှတ်ရသည်၊
ဟောတိ - ဖြစ်၏၊
(ဒီ ပါဠိအနက်ကို အထူး သတိပြုကြရမယ်၊ “အဆင်းကို မြင်ပြီးလျှင် တဖန် အမှတ်ရတယ်” ဆိုတာဟာ “မြင်ပြီးလျှင်ပြီးချင်း ရှုမှတ်ရမယ်” လို့ ဆိုတာဘဲ၊ ဒါဟာ ဝိပဿနာရှုပုံကို ဒါရိုက် ထင်ရှားပြတဲ့ စကားဘဲ၊ ဒီစကားအရအားဖြင့် “ဝိပဿနာ ရှုတယ်ဆိုတာ မြင်ပြီးတရား ကြားပြီး တွေ့ပြီး သိပြီး တရားကိုသာ ရှုရတယ်၊ မမြင်ရ မကြားရ မတွေ့ရ မသိရတာတွေကို သုတမယဉာဏ်မျှဖြင့် ဆင်ခြင်ပြီး ရှုရတာ မဟုတ်ကြောင်း” ခိုင်မြဲစွာ မှတ်ထားကြရမယ်။)
သော - အဆင်းကို မြင်ပြီးလျှင် အမှတ်ရသော ထိုပုဂ္ဂိုလ်သည်၊
ရူပေသု - မြင်ရသော အဆင်းတို့၌၊
နရဇ္ဇတိ - မတပ်မက်၊
ဝါ - တပ်မက်မှု ရာဂကင်းသည်တဲ့။
ဒီနေရာမျာ ပိုပြီး ခိုင်မြဲအောင် ထေရဂါထာ အဋ္ဌကထာ အဖွင့်ကိုလဲ ထုတ်ပြပါဦးမယ်။
န သော ရဇ္ဇတိ ရူပေသု ရူပံ ဒိသွာ ပဋိဿတောတိ - ပဋိဿတော ဟူရာ၌ ဆိုလိုသော အနက်မှာ၊
ယော ပုဂ္ဂလော - အကြင်ပုဂ္ဂိုလ်သည်၊
ရူပံ ဒိသွာ - အဆင်းကို မြင်ပြီး၍၊
အာပါထဂတံ ရူပါရမ္မဏံ - မျက်စိထဲ၌ ထင်ပေါ်လာသော အဆင်းအာရုံကို၊
စက္ခုဒွါရိကေန ဝိညာဏသန္တာနေန - စက္ခုဒွါရ၌ ဖြစ်သော စိတ်အစဉ်ဖြင့်၊ (အာဝဇ္ဇန်းမှ တဒါရုံ တိုင်အောင် စိတ်အစဉ်ကို ဆိုတာပါပဲ)
ဂဟေတွာ - ယူပြီး သိပြီး၍၊
စတုသမ္ပဇညဝသေန - သမ္ပဇဉ်လေးပါး အလိုအားဖြင့်၊
သမ္ပဇာနကာရိတာယ - မှန်စွာသိလျက် ပြုလေ့ရှိသည်၏ အဖြစ်ဖြင့်၊
ပဋိဿတော ဟောတိ - တဖန် အမှတ်ရသည် စသည်ဖြင့် ဖွင့်ပြထားပါတယ်။
အဲဒါဟာ ရှေ့နားပိုင်းတုန်းက ထုတ်ပြခဲ့တဲ့ မြင်သိဝီထိ၏ အခြားမဲ့၌ ရှုမှတ်ပုံကို ပြတာပါပဲ၊ အဲဒါလောက် မြန်မြန် မမှတ်နိုင်သေးခင်တော့ ကြံသိတဲ့ ပထမဝီထိ၏ အခြားမဲ့၌ ရှုမှတ်နိုင်ရင်လဲ သင့်လျော်တာပါပဲ။ အဲဒီလို မြင်ပြီးလျှင်ပြီးချင်း အမှတ်ရတဲ့သူဟာ မြင်တဲ့ ပရမတ် အဆင်းမျှကိုသာ မှန်စွာ သိရတယ် အဲဒီအဆင်းနှင့် မြင်သိစိတ် စသည် ချက်ချင်းပင် ပျောက်ကွယ် ပျက်စီးသွားတာကို အမှန်အတိုင်း သိရတယ်၊ မိန်းမပဲ, ယောက်ျားပဲ လှတယ် စသည်ဖြင့် ချစ်ဖွယ်ပညတ်ကို မတွေ့ရဘူး၊ ဒါကြောင့် မြင်ရတာကို ဆက်လက် မဆင်ခြင်တော့ဘဲ မြင်ရုံမျှသာ တည်တယ်၊ (ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ) မြင်ရသည်၌ မြင်ရုံမျှ ဖြစ်လတ္တံ့ ဆိုတဲ့စကားတော်နဲ့ အညီပါဘဲ။
အဲဒီအဆင်းကို မြင်ရပေမယ့် မမြင်ရတဲ့ အဆင်းမှာပင် တပ်မက်သာယာမှုစသော ကိလေသာမဖြစ်ဘဲ ကင်းတယ်၊ ဒါကြောင့် (န သော ရဇ္ဇတိ ရူပေသု) အမှတ်ရတဲ့ ထိုသူဟာ မြင်ရတဲ့အဆင်းတို့၌ မတပ်မက်ဘူးလို့ ဆိုလိုတာပါဘဲ၊ အဲဒီ ပါဠိအနက်ကို (အဆင်းမြင်က အမှတ်ရ ရာဂ ကင်းတော့သည် - လို့) ဆောင်ပုဒ် စီထားတယ်။ အဲဒါကို ဆိုကြရမယ်။
နိဗ္ဗာန်နှင့် နီးပုံ ဆောင်ပုဒ်များ
၁။ အဆင်းမြင်က၊ အမှတ်ရ၊ ရာဂ ကင်းတော့သည်။
ယခု ဒီကယောဂီတွေ “မြင်လျှင် မြင်တယ်” လို့ ရှုမှတ်နေကြတာဟာ ဒီသုတ် တရားတော်နဲ့လဲ အံကျကိုက်ပြီး ညီနေတာပါဘဲ။ ဒါပေမဲ့ ရှုမှတ်ကာစမှာတော့ သတိ သမာဓိဉာဏ်က အားမရှိသေးလို့ မြင်သိဝီထိ ပြီးလျှင်ပြီးချင်းတော့ မရှုမမှတ်နိုင် သေးဘူး၊ သမ္မသနဉာဏ် ဥဒယဗ္ဗယဉာဏ် အဆင့်များ ရောက်တဲ့အခါကျမှ အသိမြန်ပုံ ထင်ရှားလာတယ်၊ ဘင်္ဂဉာဏ်ရောက်တဲ့ အခါကျတော့ မြင်ရုံမျှတည်ပုံ တပ်မက်မှု စသော ကိလေသာ ကင်းပုံတွေဟာ အင်မတန် ထင်ရှားပါတယ်။
ဒါကြောင့် ဖောင်းတယ် ပိန်တယ် စသည်ဖြင့် မပြတ်ရှုမှတ်နေရင်း အဆင့်အထူးကို မြင်ရင် မြင်တယ် မြင်တယ်လို့ ရှုမှတ်ပြီး ဖောင်းတာ ပိန်တာကိုပဲ ပြန်မှတ်သွားရတယ်၊ အဲဒီလို ရှုမှတ်လို့ သတိ သမာဓိဉာဏ် အားကောင်းတဲ့ အခါကျတော့ မြင်ရတဲ့ အဆင်းကို သာယာခြင်းမရှိဘဲ ခံစားရုံမျှ ဖြစ်တာလဲ ထင်ရှားတယ်၊ အဲဒီ အဆင်းစိတ် ထဲမှာ စွဲမတည်တာလဲ ထင်ရှားတယ်၊ ဒါကြောင့် အဲဒီလို ကိလေသာကင်းပုံ အစွဲကင်းပုံကိုလဲ ဒီလို ဆက်ပြီး ပြဆိုထားတယ်။
သော - မြင်ပြီးလျှင် ချက်ချင်းအမှတ်ရသော ထိုပုဂ္ဂိုလ်သည်
ဝိရတ္တစိတ္တော - တပ်မက်ကင်းသော စိတ်ရှိသည်ဖြစ်၍၊
ဝါ - မတပ်မက်သောစိတ်ဖြင့်၊
ဝေဒေတိ - ခံစား၏၊
တဉ္စ - ထို အဆင်းကိုလည်း၊
န အဇ္ဈောသ တိဋ္ဌတိ - သိမ်းပိုက်ဆုပ်ကိုင်လျက် မတည်တဲ့။
အဲဒါကိုလဲ (မတပ်မက်ဘဲ၊ ခံစားမြဲ၊ စိတ်ထဲမသိမ်းပြီ) လို့ ဆောင်ပုဒ်စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။
၂။ မတပ်မက်ဘဲ၊ ခံစားမြဲ၊ စိတ်ထဲ မသိမ်းပြီ။
အဲဒီလို တပ်မက်ခြင်း စသည်မရှိဘဲ ခံစားမှု ဝေဒနာမျှ ဖြစ်ခြင်း စိတ်ထဲမှာ စွဲလမ်းသိမ်းပိုက် မထားခြင်းများကြောင့် အဲဒီ မြင်ရတဲ့ အဆင်းဟာ မမြင်ရတဲ့ အဆင်းလိုပင် ဖြစ်သွားတယ်၊ ရှုမှတ်ခြင်း မရှိတဲ့ သာမန်ပုဂ္ဂိုလ်များမှာ (ဝေဒနာပစ္စယာ တဏှာ) ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်အရ ဝေဒနာကြောင့် တဏှာ ဖြစ်ရိုးဖြစ်စဉ် ရှိသော်လဲ မြင်ပြီးလျှင်ပြီးချင်း ရှုမှတ်ပြီး အမှန်အတိုင်း သိသိနေတဲ့ ယောဂီမှာတော့ အမှားသိ အဝိဇ္ဇာ ကင်းသွားတဲ့အတွက် တဏှာစသော ကိလေသာ တွေလဲ မဖြစ်ဘူး၊ ကိလေသာကို မှီပြီးဖြစ်မည့် ကံလဲမဖြစ်ဘူး၊ အဲဒီကံ မဖြစ်တဲ့အတွက် ကံ၏ အကျိုးဝိပါက် ဘဝသစ်ဆင်းရဲတွေလဲ မဖြစ်တော့ဘူး၊ အဲဒီလို ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲ တွေ ကင်းပုံကိုလဲ ဒီလိုဆက်ပြီး ပြဆိုထားပါတယ်။
၄။ ယထာဿ ပဿတော ရူပံ၊ သေဝတော စာပိ ဝေဒနံ။
ခီယတိ နောပစီယတိ၊ ဧဝံ သော စရတိဿတော။
ဧဝံ အပစိနတော ဒုက္ခံ၊ သန္တိကေ နိဗ္ဗာန ဝုစ္စတိ။
ယထာ - အခြားမဲ့၌ မှတ်သိမှုပါသော အကြင် အခြင်းအရာဖြင့်၊
ရူပံ ပဿတော စာပိ - အဆင်းကို မြင်လဲ မြင်သော်လဲ၊
ဝေဒနံ - ခံစားမှု ဝေဒနာကို၊
သေဝတော စာပိ - မှီလဲမှီဝဲသော်လဲ၊
ဒုက္ခံ - မရှုမသိလျှင် ဖြစ်နိုင်သော ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲသည်၊
ခီယတိ - ကုန်သာ ကုန်ခန်း၏၊
နောပစီယတိ - ဆည်းပူးအပ်သည်ကား မဟုတ်ပေ၊
ဧဝံ - ဤသို့သော အခြင်းအရာဖြင့်၊
သတော - အမှတ်ရလျက်၊
သော - ထိုယောဂီပုဂ္ဂိုလ်သည်၊
စရတိ - ကျင့်ပေ၏တဲ့။
မြင်သိမှု မြင်ခံစားမှု ဖြစ်ပြီးလျှင် ပြီးချင်း မှတ်သိမှုပါတဲ့ အခြင်းအရာအားဖြင့် မြင်လဲ မြင်တယ်၊ ခံလဲ ခံစားတယ်၊ သို့ပေမယ့် သာမန်လူများမှာလို အဘိဇ္ဈာစသော ကိလေသာ ဆင်းရဲကို လက်ခံစုဆောင်းရာ မရောက်ဘူး၊ အဲဒီ ကိလေသာ ဆင်းရဲကို ကုန်သာ ကုန်စေပါတယ်၊ အဲဒီကိလေသာကို မှီပြီးဖြစ်မည့် ကမ္မဝဋ်နှင့် ဝိပါကဝဋ် ဆင်းရဲကိုလဲ ကုန်သာ ကုန်စေပါတယ်၊ အဲဒီ အခြင်းအရာအားဖြင့် မြင်ပြီးလျှင်ပြီးချင်း ရှုမှတ်လျက် ကျင့်နေပါတယ်တဲ့။
ဒီနေရာမှာ ထေရဂါထာ အဋ္ဌကထာ ဖွင့်ပုံကိုလဲ ထုတ်ပြပါဦးမယ်။
ယာထဿ ပဿသော ရူပန္တိ - ရူပံ ဟူရာ၌ ဆိုလိုသည်မှာ၊
အဿ ယောဂိနော - ရှုမှတ်နေသော ထိုယောဂီအား၊
ယထာ - အကြင် အခြင်းအရာဖြင့် ရှုမှတ်လျှင်၊
တတ္ထ - ထိုမြင်ရသော အဆင်း၌၊
အဘိဇ္ဈာဒယော - အဘိဇ္ဈာ စသည်တို့သည်၊
နပ္ပဝန္တိ - မဖြစ်ကုန်၊
ဧဝံ - ဤ အခြင်းအရာဖြင့်၊
အနိစ္စာဒိတော - အနိစ္စ စသော အခြင်းအရာအားဖြင့်၊
ရူပံ - အဆင်းကို၊
ပဿန္တဿ - ရှုမြင်သောသူအားဟု ဆိုလို၏တဲ့။
သေဝတော စာပိ ဝေဒနန္တိ - ဝေဒနံ ဟူရာ၌ ဆိုလိုသည်မှာ၊
တံ အာရ ဗ္ဘ - ထို အဆင်းကို အာရုံပြု၍၊
ဥပ္ပန္နံ ဝေဒနံ စ - ဖြစ်သော ဝေဒနာကို၎င်း၊
တံ သမ္ပယုတ္တ ဓမ္မေ စ - ထိုဝေဒနာနှင့် ယှဉ်သော တရားတို့ကို၎င်း၊
ဂေါစရသေဝနာယ - ဂေါစရသမ္ပဇဉ်အလို မှီဝဲခြင်းဖြင့်၊
သေဝတော စာပိ - မှီလဲ မှီဝဲငြားသော်လည်းဟု ဆိုလိုပါတယ်တဲ့။
ပါဠိဂါထာမှာ (ဧဝံ - ဤသို့သော အခြင်းအရအားဖြင့်၊ သတော - အမှတ်ရလျက်၊ စရတိ - ကျင့်သည်) ဆိုတဲ့ စကားရပ်ကို အထူး သတိပြုကြရမယ်၊ မြင်တိုင်း မြင်တိုင်း မြင်ပြီးလျှင် ချက်ချင်းပင် ရှုမှတ်ပြီး သိသိသွားဖို့ ညွှန်ကြားတာပဲ၊ အဲဒီလို ရှုမှတ်ပြီး အမှန်အတိုင်း သိသိသွားမှ ဝိပဿနာအစစ် ဖြစ်တယ်ဆိုတာ အထူးသတိပြုပြီး မှတ်ထားကြရမယ်။ အဲဒီစကားရပ်ကို (မှတ်သိလျက်ပင်၊ မြင်လဲမြင်၊ ထို့ပြင် ခံစားသည်။ သို့ပါသော်လဲ၊ ဝဋ်ဆင်းရဲ၊ ကုန်မြဲ ကုန်ခန်းသည်။ ဤနည်းဖြင့်သာ၊ ယောဂီမှာ၊ မှတ်ကာ ကျင့်ရသည်လို့) ဆောင်ပုဒ် ၃ ခုစီထားတယ်။ အဲဒါကို ဆိုကြရမယ်။
၃။ မှတ်သိလျက်ပင်၊ မြင်လဲမြင်၊ ထို့ပြင် ခံစားသည်။
၄။ သို့ပါသော်လဲ၊ ဝဋ်ဆင်းရဲ၊ ကုန်မြဲ ကုန်ခန်းသည်။
၅။ ဤနည်းဖြင့်သာ၊ ယောဂီမှာ၊ မှတ်ကာ ကျင့်ရသည်။
နောက် ၂ ပိုဒ်ကတော့
ဧဝံ - ဤ ဆိုအပ်ခဲ့သည့် အတိုင်း မြင်ပြီးလျှင်ပြီးခြင်း ရှုမှတ်သောအားဖြင့်၊
ဒုက္ခံ - မရှုမမှတ်လျှင် ဖြစ်ခွင့်ရှိသော ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲကို၊
အပစိနတော - ဖျက်ဆီးနေသော ပုဂ္ဂိုလ်အား၊
နိဗ္ဗာနံ - ဆင်းရဲ ငြိမ်းသော နိဗ္ဗာန်သည်၊
ဝါ - နိဗ္ဗာန်ကို၊
သန္တိကေ - နီးသည်ဟူ၍၊
ဝုစ္စတိ - ဆိုအပ်ပါသည် တဲ့။
မြင်တိုင်း မြင်တိုင်း ရှုမှတ်နေတဲ့ ယောဂီမှာ မရှုလျှင် ဖြစ်နိုင်တဲ့ ကိလေသာတွေ ကင်းငြိမ်းနေတာပဲ၊ အဲဒါဟာ ရှုမှတ်မှု ဝိပဿနာက တဒင်္ဂပဟာန်အားဖြင့် ပယ်ပယ် သွားလို့ပါပဲ။ ဒါကြောင့် အဲဒီလို ကိလေသာ ငြိမ်းတာကို တဒင်္ဂနိဗ္ဗာန် လို့ခေါ်ရတယ်၊ ရှုသိရတဲ့အာရုံ၌ ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲတွေ ရှုသိမှုဉာဏ်စိတ်ဖြင့် ငြိမ်းခြင်းလို့ ဆိုလိုတာပါပဲ၊ ယောဂီဟာ ရှုမှတ်တိုင်း ရှုမှတ်တိုင်း အဲဒီ တဒင်္ဂနိဗ္ဗာန်ကို ဆိုက်ရောက် နေတာပဲ။
အဲဒီ တဒင်္ဂနိဗ္ဗာန်ကို ဆိုက်ရောက် ဆိုက်ရောက်ပြီးတော့ မှတ်သိဉာဏ်က အားကောင်းပြီး သက္ကာယဒိဋ္ဌိ စသော ကိလေသာက အားနည်းတဲ့အခါ အရိယမဂ်ဉာဏ်ဖြင့် နိဗ္ဗာန်အစစ်ကို မျက်မှောက်ပြုသွားတာပဲ၊ ဒါကြောင့် မြင်တိုင်း မြင်တိုင်း ရှုမှတ်ပြီး သိသိနေတဲ့ယောဂီမှာ နိဗ္ဗာန်နီးတယ်လို့ ပြဆိုတာပါပဲ၊ အဲဒါကို “မြင်တိုင်း ရှုမှတ်၊ ဆင်းရဲသတ်၊ နီးကပ် နိဗ္ဗာန်ပြည်” လို့ ဆောင်ပုဒ် စီထားတယ်။ အဲဒါကို ဆိုကြရမယ်။
၆။ မြင်တိုင်း ရှုမှတ်၊ ဆင်းရဲသတ်၊ နီးကပ် နိဗ္ဗာန်ပြည်။
မြင်တိုင်း မြင်တိုင်းရှုမှတ်ပြီး အမှန်အတိုင်း သိသိနေတဲ့ယောဂီဟာ မရှုလျှင် ဖြစ်နိုင်တဲ့ ကိလေသာနဲ့ ဝဋ်ဆင်းရဲတွေကို ပယ်ပယ်နေသည် မည်ပါတယ်၊ အဲဒီလို ဆင်းရဲကို ပယ်သတ်ပြီး ငြိမ်းစေတဲ့အတွက် ဆင်းရဲငြိမ်းတဲ့ နိဗ္ဗာန် နီးကပ်နေတယ်လို့ ဆိုရတာ ပါပဲ။ မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း ရှုမှတ်ပြီး အမှန်အတိုင်း သိသိနေတဲ့ ယောဂီမှာ နာမရူပပရိစ္ဆေဒဉာဏ်မှ သင်္ခါရုပေက္ခာဉာဏ်အထိ ဝိပဿနာဉာဏ်တွေ အစဉ်အတိုင်း ဖြစ်ပွားသွားတယ်၊ သင်္ခါရုပေက္ခာဉာဏ် အားပြည့်တဲ့အခါ အနုလောမဉာဏ်ဆိုတာ ဖြစ်ပြီးတော့ နိဗ္ဗာန်ကို အာရုံပြုလျက် ဂေါတြဘူဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ်ဆိုတာတွေ အစဉ်အတိုင်း ဖြစ်သွားတယ်။ ဒါကြောင့် အဲဒီလို ဖြစ်ပုံကို ပဋ္ဌာန်း ပါဠိတော်မှာ -
အနုလောမံ ဂေါတြဘုဿ၊ ဂေါတြဘု မဂ္ဂဿ၊ မဂ္ဂေါဖလဿ အနန္တရပစ္စယေန ပစ္စယော - လို့ ဟောထားတာပါဘဲ။
အနုလောမံ - အနုလောမဉာဏ်သည်၊
ဂေါတြဘုဿ - နိဗ္ဗာန်ဆီသို့ ညွတ်သော ဂေါတြဘူဉာဏ်အား၊
အနန္တရပစ္စယေန ပစ္စယော - အခြားမဲ့၌ ကျေးဇူးပြုခြင်းဖြင့် ကျေးဇူးပြု၏၊
ဂေါတြဘု - ဂေါတြဘူဉာဏ်သည်၊
မဂ္ဂဿ - မဂ်အား၊
အနန္တရပစ္စယေနပစ္စယော - အခြားမဲ့၌ ကျေးဇူးဆပ်ခြင်းဖြင့် ကျေးဇူးပြု၏၊
မဂ္ဂေါ - မဂ်သည်၊
ဖလဿ - ဖိုလ်အား၊
အနန္တရပစ္စယေန ပစ္စယော - အခြားမဲ့၌ ကျေးဇူးပြုခြင်းဖြင့် ကျေးဇူးပြု၏ တဲ့။
အထူး သတိပြုရန်
ယခု ဖော်ပြခဲ့သော “ရူပံ ဒိသွာ သတိ မုဋ္ဌာ” ဟူသော ပါဠိ၊ “ရူပံ ဒိသွာ ပဋိဿတော” ဟူသော ပါဠိတို့ဖြင့် “မျက်စိဖြင့် အဆင်းရုပ်ကို မြင်ပြီးလျှင် မရှုသူမှာ ရာဂစသော ကိလေသာ ဖြစ်ပွားကြောင်း၊ ရှုသူမှာ ရာဂစသော ကိလေသာ မဖြစ် ကြောင်း ငြိမ်းကြောင်း” ပြထားသည်မှာ အလွန်ပင် ထင်ရှားပါတယ်။
မဟာသတိပဋ္ဌာနသုတ် တရားတော်ဖြင့်လဲ “ဖြစ်ဆဲဖြစ်သော ကာယ ဝေဒနာ စိတ္တ ဓမ္မတို့ကို ရှုမှတ်၍ သိအပ်ကြောင်း၊ ထိုသို့ ရှုမှတ်၍သိသော သတိပဋ္ဌာန်မှကင်း၍ မဂ်ဖိုလ်နိဗ္ဗာန်ကို မရနိုင်ကြောင်း” အတိအလင်း ထင်ရှား ပြထားပါတယ်၊
“အနုလောမံ ဂေါတြဘုဿ၊ ဂေါတြဘု မဂ္ဂဿ အနန္တရပစ္စယေန ပစ္စယော” ဟူသော ပဋ္ဌာန်းပါဠိတော် ဖြင့်လဲ ဝိပဿနာ မရှုဘဲ အရိယမဂ်ဉာဏ် ဖြစ်ရိုး မရှိကြောင်း အတိအလင်း ထင်ရှားပြထားပါတယ်။
“ဧဝံ အာစိနတော ဒုက္ခံ၊ အာရာနိဗ္ဗာန ဝုစ္စတိ” ဟူသော ပါဠိဖြင့် “မြင်ပြီးလျှင် ပြီးချင်း အမှတ်မရသူ မရှုသူမှာ ရာဂစသော ကိလေသာဆင်းရဲ ကမ္မဝဋ် ဝိပါကဝဋ် ဆင်းရဲများကို လက်ခံစုဆောင်းနေရာ ရောက်သောကြောင့် မရှုသူမှာ နိဗ္ဗာန်ဝေး ကြောင်း” ထင်ရှား ဖော်ပြထားပါတယ်၊
“ဧဝံ အပစိနတော ဒုက္ခံ၊ သန္တိကေ နိဗ္ဗာန ဝုစ္စတိ” ဟူသော ပါဠိဖြင့် “မြင်ပြီးလျှင် ပြီးချင်း အမှတ်ရသူ ရှုသူမှာ ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲများကို ပယ်ဖျက်ရာ ရောက်သောကြောင့် ရှုသူမှာ နိဗ္ဗာန်နီးကြောင်း” ထင်ရှား ဖော်ပြထားပါတယ်၊
ဒါကြောင့် ဖြစ်ခိုက် ရုပ်နာမ်ကို မရှုဘဲ၊ သို့မဟုတ် သီလအခြေခံ၍ သမာဓိ ပညာ ဘာဝနာအလုပ်ကို အားမထုတ်ဘဲ မဂ်ဖိုလ် နိဗ္ဗာန်တရားထူးကို ရနိုင်ကြောင်း ပြောဟောချက်များကို ဘုရားအလိုတော်နှင့် ညီ, မညီ၊ သင့်, မသင့်၊ မှန်, မမှန် အထူးသတိပြု၍ ဆင်ခြင်သင့်ပါတယ်။
ရှုမှတ်မှ ဘုရားအလိုတော်ကျဖြစ်သည်
▬▬▬▬▬▬▬▬▬▬▬▬▬▬
အမှန်ကတော့ မြင်ပြီးလျှင် (ပဋိဿတော) တဖန် အမှတ်ရသည်လို့ ဆိုတဲ့အတိုင်း မြင်ပြီးလျှင် ရှုမှတ်ဖို့က ဘုရား၏ အလိုတော်ကျပဲ၊ နောက်ပြီးတော့ (ဧဝံ သော စရတိဿတော-လို့) ဆိုတဲ့အတိုင်း ရှုမှတ်ပြီး ကျင့်တယ်ဆိုတာနဲ့ အဲဒီလို ရှုမှတ်ပြီး အနိစ္စစသည်ဖြင့် အမှန်အတိုင်းသိရင် သိတိုင်း သိတိုင်း ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲကို ဖျက်ဆီးသည် မည်တယ်။
အဲဒီလို ရှုပြီး ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲကို ဖျက်ဆီး ပယ်ရှင်းနေတဲ့ သူမှာ နိဗ္ဗာန်နီးတယ် ဆိုတာဟာ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ အလိုတော်အစစ်ဖြစ်ကြောင်း အလွန်ပင် ထင်ရှားနေပါတယ်။ ဒါကြောင့် အဲဒီ ဘုရားအလိုတော် ထင်ရှားပေါ်အောင် ဘုန်းကြီးက “မြင်ခိုက်၌ ရှုမှတ်သူမှာ နိဗ္ဗာန်နီးသည်” လို့ နိဂုံးချုပ် ဆောင်ပုဒ် တစ်ခုလဲ စီထားပါတယ်။ အဲဒါကို ဆိုကြရမယ်။ .
မြင်ခိုက်၌ ရှုမှတ်သူမှာ နိဗ္ဗာန်နီးသည်
▬▬▬▬▬▬
မြင်ခိုက်၌ မရှုသူမှာ နိဗ္ဗာန်နှင့်ဝေးကြောင်း အမှတ် (၁-၂) ဂါထာများဖြင့် ပြထားတယ်၊ ဒါကြောင့် မြင်ခိုက်၌ မရှုရင် နိဗ္ဗာန်နှင့် ဝေးတာပဲ၊ နိဗ္ဗာန်နဲ့ ဝေးချင်ရင် မရှုဘဲနေကြရုံပဲ၊ နိဗ္ဗာန်နှင့် ဝေးချင်ကြသလား၊ နီးချင်ကြသလား၊ (နီးချင်ကြပါတယ်ဘုရား)။ နိဗ္ဗာန်နှင့် နီးချင်ကြရင် မြင်တိုင်း မြင်တိုင်း မြင်တယ် မြင်တယ်လို့ ရှုမှတ်သွားကြဖို့ပါပဲ။ မြင်ရ သည်၌ မြင်ရုံမျှ ဖြစ်လတ္တံ့ဆိုတဲ့ ဝိပဿနာ လုပ်ငန်းစဉ်နှင့်စပ်ပြီး ပြောစရာကတော့ စုံလောက်ပါပြီ၊ ယခုကြားရတာနှင့် စပ်ပြီး မေးခွန်းမှစ၍ ဝိပဿနာအလုပ်ပေးပုံ ဟောရမယ်။ .
ဝိပဿနာ၏ အခြေခံ မေးခွန်းတော် (၂)
▬▬▬▬▬▬▬
ယေ တေ သောတဝိညေယျာ သဒ္ဒါ အဿုတာ အဿုတပုဗ္ဗာ၊ န စ သုဏာသိ၊ န စ တေ ဟောတိ သုဏေယျန္တိ၊ အတ္ထိ တေ တတ္ထ ဆန္ဒော ဝါ ရာဂေါ ဝါ ပေမံ ဝါ။
(မာလုကျပုတ္တ - မာလုကျာ၏ သားဖြစ်သော ရဟန်း၊)
သောတဝိညေယျာ - နားဖြင့် တကယ်ကြားနိုင်ကောင်းကုန်သော၊
ယေ သဒ္ဒါ - အကြင်အသံတို့ကို၊
တေ - သင်သည်၊
အဿုတာ - မကြာမီကလဲ မကြားဘူးသေး၊
အဿုတပုဗ္ဗာ - ရှေးကာလ ရှေးဘဝတွေကလဲ မကြားဘူးခဲ့သေး၊
န စ သုဏာသိ - ယခုလဲ ကြားနေဆဲ မဟုတ်၊
တေ - သင့်အား၊
န စ ဟောတိ သုဏေယျန္တိ - ကြားနိုင်သည်ဟူ၍လဲ စိတ်ကူးထဲမှာ မဖြစ်သေး၊
တတ္ထ - ကြားလဲ မကြားဘူးသေး၊ ကြားဆဲလဲမဟုတ်၊ ကြားနိုင်တယ် - ကြားရ လိမ့်မယ်လို့တောင် စိတ်ကူးထဲမှာ မပေါ်သေး၊ ထိုအသံတို့၌၊
တေ - သင့်အား၊
ဆန္ဒော ဝါ - လိုချင်နှစ်သက်မှု ဆန္ဒသည်၎င်းင်း၊
ရာဂေါ ဝါ - တပ်မက်စွဲလမ်းမှု ရာဂသည်၎င်းင်း၊
ပေမံ ဝါ - ချစ်ခင်မှုသည်၎င်းင်း၊
အတ္ထိ - ရှိပါသလား ဖြစ်ပါသလားတဲ့၊
ဒီလို မေးတော်မူပါတယ်။
ရှေးကလဲ မကြားဘူးသေးတဲ့အသံ၊ ယခုလဲ ကြားဆဲ မဟုတ်တဲ့အသံ၊ ကြားနိုင်တယ် - ကြားရလိမ့်မယ်လို့ စိတ်ကူးထဲမှာတောင် မပေါ်သေးတဲ့အသံ၊ အဲဒီလိုအသံနှင့် အသံရှင် မိန်းမ ယောက်ျားကို အာရုံပြုပြီး လိုချင်နှစ်သက်ခြင်း တပ်မက်ခြင်း ချစ်ခင်ခြင်း ဖြစ်ပါ့မလားတဲ့၊ အဲဒီလို လုံးဝမကြားရ မသိရသေးတဲ့ အသံနဲ့ အသံရှင်ကို လိုချင်နှစ်သက်ခြင်း တပ်မက်ခြင်း ချစ်ခင်ခြင်းဆိုတာ ဘယ်ဖြစ်မလဲ၊ မဖြစ်ပါဘူး၊ ဒါကြောင့် အရှင်မာလုကျပုတ္တမထေရ်က အဲဒီလို လိုချင်နှစ်သက်ခြင်း တပ်မက်ခြင်း ချစ်ခင်ခြင်း မဖြစ်ပါဘုရားလို့ ဖြေကြား လျှောက်ထားပါတယ်။
အဲဒါဟာ တိကျမှန်ကန်တဲ့ အဖြေပါဘဲ။ ဒီအမေးဖြင့် မကြားရတဲ့အသံကို အာရုံပြုပြီး လိုချင်နှစ်သက်ခြင်း စသည် မဖြစ်ဘူး၊ ဒါကြောင့် အဲဒီ မကြားရတဲ့ အသံတွေကိုတော့ ဝိပဿနာရှုဖို့ မလိုဘူး၊ အဲဒီ အသံတွေမှာ ကိလေသာ မဖြစ်ရအောင် ဝိပဿနာရှုဖို့ မလိုဘူး ဆိုတာကိုလဲ သိစေပါတယ်။ အဲဒါကို “မကြားရရာ၊ ကိလေသာ၊ သူ့ဟာသူ ငြိမ်းသည်” လို့ ဆောင်ပုဒ် စီထားတယ်။ အဲဒါကို ဆိုကြရမယ်။
၁။ မကြားရရာ၊ ကိလေသာ၊ သူ့ဟာသူငြိမ်းသည်။
ကြားရရင်တော့ အဲဒီကြားရတဲ့အသံနဲ့ အသံရှင်ကို အာရုံပြုပြီး ချစ်ခင်နှစ်သက်မှု စသော ကိလေသာတွေ ဖြစ်နိုင်တယ်၊ အဲဒီလို ကိလေသာ ဖြစ်နိုင်ပုံကိုလဲ မေးခွန်းတော်ဖြင့်ပင် သိစေပါတယ်၊ အဲဒါကိုလဲ “ကြားရရာမှာ၊ ကိလေသာ၊ ကိန်းကာ ဖြစ်နိုင်သည်” လို့ ဆောင်ပုဒ် စီထားတယ်။ အဲဒါကို ဆိုကြရမယ်။
၂။ ကြားရရာမှာ၊ ကိလေသာ၊ ကိန်းကာဖြစ်နိုင်သည်။
ကိလေသာ ကိန်းတယ်ဆိုတာ မြင်တာ ကြားတာ စသည်ကို မရှုမသိလျှင် အဲဒီ မြင်ရကြားရတဲ့ အာရုံစသည်ကို ပြန်လည် ဆင်ခြင်ပြီး ကိလေသာ ဖြစ်နိုင်တာကို ဆိုတာပါပဲ၊ ဒါကြောင့် အဲဒီလို ကိလေသာ ဖြစ်နိုင်ခွင့်ဆိုတဲ့ ကိန်းမှု မရှိရအောင် မြင်တိုင်း ကြားတိုင်းစသည်မှာ ရှုမှတ်ကြရတာပဲ၊ အဲဒီလို ရှုမှတ်ပြီး ကိန်းမည့် ကိလေသာတွေကို ပယ်သင့်တယ် ဆိုတာကိုလဲ မေးခွန်းတော်ဖြင့်ပင် သိနားလည်စေ ပါတယ်၊ အဲဒါကိုလဲ “ကြားတိုင်း မှတ်ရှု၊ ကိလေစု၊ ကိန်းမှု ပယ်သင့်သည်” လို့ ဆောင်ပုဒ် စီထားတယ်။ အဲဒါကို ဆိုကြရမယ်။
၃။ ကြားတိုင်း မှတ်ရှု၊ ကိလေစု၊ ကိန်းမှု ပယ်သင့်သည်။
ယခုဆိုခဲ့ကြတဲ့ အမှတ် (၁-၂-၃) ဆောင်ပုဒ်များအရ ဝိပဿနာလုပ်ငန်းစဉ်ကို မေးခွန်းဖြင့်ပင် သိနားလည်စေကြောင်းကိုလဲ နိဂုံးချုပ်အနေဖြင့် ဆောင်ပုဒ်တစ်ခု စီထားပါသေးတယ်။ “မေးခွန်းဖြင့်ပင်၊ လုပ်ငန်းစဉ်၊ ပေါ်လွင်စေခဲ့သည်” တဲ့။ အဲဒါကိုလဲ ဆိုကြရမယ်။
၄။ မေးခွန်းဖြင့်ပင်၊ လုပ်ငန်းစဉ်၊ ပေါ်လွင်စေခဲ့သည်။
အဲဒီလို မေးခွန်းဖြင့်ပင် “ကြားရတဲ့ အာရုံမှာ ကိလေသာ မဖြစ်ရအောင် ကြားပြီးလျှင် ပြီးချင်း ရှုသိဖို့လိုတယ်” ဆိုတဲ့ ဝိပဿနာ လုပ်ငန်းစဉ်ကို နားလည်စေပြီးတဲ့အခါ ကြားမှုနှင့် ဆိုင်တဲ့ ဝိပဿနာအလုပ်ကို (သုတေ သုတမတ္တံ ဘဝိဿတိ-လို့) ညွှန်ကြားတော် မူပါတယ်၊ အပြည့်အစုံ ညွှန်ကြားပုံကိုတော့ ဤ စာအုပ်မှာ (နှာ ၂၇ မှ ၄၈ အထိ) ပြခဲ့ပါပြီ။
မာလုကျပုတ္တ - မာလုကျာ၏ သားဖြစ်သော ရဟန်း၊
တေ - သင်အား၊
ဧတ္ထ စ ဒိဋ္ဌ သုတ မုတ ဝိညာတေသု ဓမ္မေသု - မြင်ရ ကြားရ ရောက်ရ သိရသော ဤတရားတို့တွင်လဲ၊
သုတေ - ကြားရသည်၌၊
သုတမတ္တံ ဘဝိဿတိ - ကြားရုံမျှ ဖြစ်လတ္တံ့တဲ့။
ဒီစကားရပ်ဖြင့် ကြားရတဲ့ အာရုံမှာလဲ သင်ဝန်ခံခဲ့သည့်အတိုင်း မမေ့မလျော့ မပြတ်ရှုမှတ်နေလျှင် ကြားရုံမျှ ဖြစ်ပါလိမ့်မယ်၊ ကြားရုံမျှဖြစ်-ဆိုတာ မကြားရတဲ့ အသံအာရုံတို့၌ ကိလေသာ မဖြစ်နိုင် သလိုပင် ဒီကြားရတဲ့ အသံ၌ ကြားပြီးလျှင် ပြီးခြင်း ရှုမှတ်ပြီး သိသွားရင် နောက်ဆက်တွဲ ကိလေသာ အကြံတွေ မဖြစ်တော့ဘဲ ကြားရုံမျှသာ ဖြစ်ပါလိမ့်မယ်လို့ ဆိုလိုတာပါပဲ။ ဒီလိုဖြစ်ပုံနဲ့ စပ်ပြီး အသေးစိပ်အားဖြင့် နားလည်ရအောင် ဤစာအုပ် (နှာ ၂၉ စသည်)မှာ မြင်ဆဲ၌ စိတ်အစဉ်ဖြစ်ပုံဆိုတဲ့ စာညွှန်းခေါင်းဖြင့် ပြခဲ့ပါပြီ။ အဲဒီမှာ မြင်သိဝီထိ စိတ်စဉ်အရာ၌ ဒီက ကြားသိ ဝီထိစိတ်စဉ်ကို လဲထည့်ပြီး မှတ်သားရုံပါပဲ၊ လဲထည့်ပုံ အစဉ်ကို လိုက်ဆိုကြရမယ်။ .
ကြားပြီး မရှုနိုင်လျှင် ပညတ်ရောက်ပုံ
▬▬▬▬▬▬
ထင်ဆဲ အသံဓာတ် ကြားလတ်ဦးစွာ၊
(ဒါက ကြားသိဝီထိ ဖြစ်ပုံဘဲ)
ကြားပြီးတရား စဉ်းစားပြန်ရာ၊
(ကြားပြီးနောက် ပထမ ကြံသိဝီထိ ဖြစ်ပုံဘဲ)
အမည်နာမ သိရပြီးကား၊
(ဒါက စကားသံအမည်သိပုံ ဒု-ကြံသိဝီထိပဲ)
အနက်ပညတ် သိလတ် နောက်ဆုံးမှာ၊
(စကား၏အနက်ပညတ်ကို သိပုံပဲ)
ဒီဆောင်ပုဒ်အရ ကြားစဉ်က ကြားရတဲ့ အသံမျှကိုသာ သိတယ်။ အဲဒီအနေမှာ ရှုမှတ်နိုင်ရင် ကြားရုံမျှပဲ ရပ်စဲသွားတယ်၊ မမှတ်နိုင်တော့ အဲဒီကြားရတာကို ပြန်လည်ကြံသိတဲ့ စိတ်အစဉ် ဖြစ်လာတယ်၊ ဒီစိတ်အစဉ်မှာလဲ ကြားပြီး အသံမျှကိုသာ သိပါသေးတယ်၊ ပညတ်အာရုံ မပေါ်သေးပါဘူး၊ ဥပမာ လူ ဆိုတဲ့ အသံကို ကြားရရင် အဲဒီ အသံလောက်သာ ပေါ်ပါသေးတယ်၊ လူဆိုတဲ့ အမည်ပညတ်တော့ မပေါ် သေးပါဘူး၊
ဒါကြောင့် အဲဒီကြံသိဝီထိ အခြားမဲ့၌ ရှုမှတ်နိုင်ရင်လဲ ပရမတ်အသံမျှကို သိရုံတွင်သာ ရပ်စဲသွားပါတယ်။ မရှုမမှတ် နိုင်ရင်တော့ လူဆိုတဲ့ အမည်ဝေါဟာရ ပညတ်လဲ ထင်ရှားတဲ့ ဒုတိယ ကြံသိဝီထိဖြစ်သွားတယ်၊ အဲဒီကနောက် လူပုံသဏ္ဌာန် ပညတ် ထင်ရှားတဲ့ တတိယ ကြံသိဝီထိ စသည်လဲ ဖြစ်သွားတော့တာပဲ၊ အဲဒီလို ပညတ်တွေ ပေါ်သွားရင်တော့ ပြန်လည်ဆင်ခြင်ပြီး ချစ်ခြင်း မုန်းခြင်းစသော ကိလေသာတွေ ဖြစ်ပွားသွားတော့တာပဲ၊ အဲဒီလို ကိလေသာ ကြံသိဝီထိတွေ ဆက်လက် မဖြစ်ဘဲ ကြားရုံမျှတွင် ရပ်စဲသွားအောင် ကြားပြီးလျှင်ပြီးချင်း ရှုမှတ်ပြီး သိသိသွားဖို့ပါပဲ၊ အဲဒီလို ဖြစ်ပုံကိုလဲ လိုက်ဆိုကြရမယ်။ .
ကြားပြီး ရှုနိုင်လျှင် ပရမတ်၌ တည်ပုံ-ဉာဏ်ဖြစ်ပုံ
▬▬▬▬▬▬▬▬▬▬▬▬▬
ကြားလျှင် ကြားချင်း လက်ငင်းမှတ်လျှင် (ကြားသိဝီထိ၏ အခြားမဲ့၌၊ သို့မဟုတ် ပထမ ကြံသိဝီထိ၏ အခြားမဲ့၌ ရှုမှတ်နိုင်လျှင်လို့ ဆိုလိုတာပါပဲ။)
ကြားရုံတွင်ပဲ ရပ်စဲစိတ်စဉ်၊ (အဲဒီလို ရှုမှတ်နိုင်လျှင် ကြားရုံမျှတွင်ပဲ စိတ်အစဉ် ရပ်စဲသွားတယ်၊ဒုတိယ ကြံသိဝီထိစသည် မဖြစ်တော့ဘူးလို့ ဆိုလိုတယ်၊ သုတေ သုတမတ္တံ ဘဝိဿတိ - ဆိုတဲ့ ဒီ ဒေသနာတော်နှင့် အညီပါဘဲ။)
ရုပ်နာမ်ကွဲလျက် ဖြစ်ပျက်သိမြင်၊ (ကြားရတာက ရုပ် + ကြားသိတာက ရှုသိတာက နာမ် - ဒီရုပ်နာမ် ၂ ပါးကိုလဲ ခွဲခြားသိတယ်၊ ကြားရတာရော + ကြားသိတာရော + ရှုသိတာရော ပေါ်လာပြီး ချက်ခြင်းပင် ပျောက်ကွယ်သွားတယ် ဆိုတာကိုလဲ ကိုယ်ပိုင်ဉာဏ်ဖြင့် သိမြင်တယ်လို့ ဆိုလိုပါတယ်။)
အနိစ္စ ဒုက္ခ သဘောထင်။ (အနိစ္စ - မမြဲဘူး၊ ဒုက္ခ - ဆင်းရဲမျှဘဲ၊ အတ္တမဟုတ်တဲ့ သဘောတရားမျှပဲလို့ ဒီလိုလဲ အသိဉာဏ်မှာ ထင်ပေါ်တယ်လို့ ဆိုလိုပါတယ်။)
ဘုန်းကြီးတို့၏ တပည့်ယောဂီတွေဟာ ဖောင်းတာ ပိန်တာမှစပြီး ပေါ်ရာပေါ်ရာကို မမေ့မလျော့ မပြတ် ရှုမှတ်နေကြရတယ်၊ အဲဒီလို ရှုမှတ်နေရင်း အသံကြားရင်လဲ ကြားတယ်လို့ ရှုမှတ်နေရတယ်၊ အဲဒီလို ရှုမှတ်လိုက်တော့ ကြားရုံမျှတွင် တည်တယ်၊ ကြားတာကို ဆက်လက်ဆင်ခြင်ပြီး ကိလေသာတွေ မဖြစ်ရတော့ဘူး၊ အဲဒီလို မရှုမမှတ်ဘဲ အမှတ်တမဲ့ နေမြဲနေကြတဲ့ သာမန် လူတွေမှာတော့ ကြားတာကို ကြားတယ်လို့ ရှုရမယ်ဆိုတာလဲ မသိကြဘူး၊ ရှုမှတ်လိုတဲ့စိတ်လဲ အများအားဖြင့် မရှိကြဘူး၊ ဒါကြောင့် ကြားပြီးလျှင် ချစ်ဖွယ် အာရုံကောင်းကိုသာ မျှော်ပြီး မေ့နေကြတာဘဲ၊ အဲဒီလို ရှုမှတ်ခြင်းမရှိဘဲ မေ့နေသူမှာ နိဗ္ဗာန်ဝေးကြောင်း ဂါထာ ၂ ပုဒ်ဖြင့် ဒီလို ပြဆိုထားပါတယ်။ .
ကြားခိုက်၌ မရှုသူမှာ နိဗ္ဗာန်နှင့် ဝေးသည်
▬▬▬▬▬▬▬
၁။ သဒ္ဒံ သုတွာ သတိ မုဋ္ဌာ၊
ပိယ နိမိတ္တံ မနသိ ကရောတော။
သာရတ္တစိတ္တော ဝေဒေတိ၊
တဉ္စ အဇ္ဈောသ တိဋ္ဌတိ။
ပိယံ နိမိတ္တံ - ချစ်ဖွယ်အာရုံကို၊
မနသိ ကရောတော - နှလုံးသွင်း မျှော်လင့်နေသောသူအား၊
(တရားအားထုတ်ခြင်း မရှိတဲ့ ပကတိပုဂ္ဂိုလ်တွေဟာ ချစ်ဖွယ်အာရုံကောင်းကို အမြဲပင် လိုချင်တောင့်တ နေကြတယ်၊ ဒါကြောင့် မျက်စိထဲ အဆင်းရိပ် ထင်ပေါ်လာရင် ဘာပါလိမ့်မလဲလို့ ဆင်ခြင်တဲ့ အာဝဇ္ဇန်း စိတ်ကတည်းက ချစ်ဖွယ်ကို အများအားဖြင့် မျှော်လင့်ဆင်ခြင်ပြီး ဖြစ်တယ်၊ နားထဲ အသံ ထင်ပေါ်လာတဲ့ အခါလဲ အသံကောင်းကို မျှော်လင့်လျက် ဆင်ခြင်တယ်၊ တခါတရံတော့ အဆင်းဆိုး အသံဆိုးကို ရှောင်ရန် ဖျက်ရန်အတွက် ဆင်ခြင်တာလဲ ရှိပါသေးရဲ့၊ ဒါပေမယ့် အများအားဖြင့်တော့ အကောင်းကို မျှော်လင့်တာကပဲ များပါတယ်၊ အဲဒီလို အကုသိုလ်ဖြစ်ရေး အားပေးတဲ့ ဆင်ခြင်မှုကို အယောနိသော မနသိကာရလို့ ခေါ်တယ်၊ အဲဒီလို ချစ်ဖွယ်အသံကောင်းကို နှလုံးသွင်း မျှော်လင့် ဆင်ခြင်သူမှာ)
သဒ္ဒံ သုတွာ - အသံကို ကြားပြီး၍၊
ဝါ - ကြားပြီးလျှင်၊
(ပိယံ နိမိတ္တံ မနသိ ကရောတော - ချစ်ဖွယ်အာရုံကို နှလုံးသွင်းမိသောသူအား အစ ပထမက ချစ်ဖွယ်ကို မျှော်လင့်နေသူမှာ အသံကို ကြားပြီးလျှင် ချစ်ဖွယ်အနေဖြင့် နှလုံးသွင်းမိတော့တာပါဘဲ။ အဲဒီ နှလုံးသွင်းမိတဲ့သူမှာ)
သတိ မုဋ္ဌာ - အမှတ်မရပဲ သတိမေ့သွားလေတော့ သည်တဲ့။
အဲဒါကို “အသံကြားလျှင်၊ ချစ်ဖွယ်ထင်၊ ထိုတွင်မေ့လေသည်” လို့ “အဆင်း မြင်လျှင်” ဆိုရာမှာ “အသံ ကြားလျှင်” လို့ ပြင်ပြီး ဆိုကြရမယ်။
၁။ အသံကြားလျှင်၊ ချစ်ဖွယ်ထင်၊ ထိုတွင် မေ့လေသည်။
အဲဒီမှာ မေ့၊ ဆိုတာက ရှုမှတ်မှုမရှိတာကို ပြောတာပါပဲ၊ လောကရေး ဘက်ကတော့ မမေ့ပါဘူး၊ ဘာပြောတာဘဲ၊ ဘယ်သူ့အသံပဲ စသည်ဖြင့် စွဲလမ်းသိမ်းပိုက်လျက် အမှတ်ရနေတာပါဘဲ။ ဒါကြောင့် -
သော - ကြားပြီးလျှင် ချစ်ဖွယ်ထင်လျက် မရှုမမှတ်နိုင်သော ထိုသူသည်၊
သာရတ္တ စိတ္တော - တပ်မက်သော စိတ်ရှိလျက်၊
ဝေဒေတိ - ကြားရသည့် အသံကို ခံစား၏၊
တဉ္စ - ထိုအသံကိုလည်း၊
အဇ္ဈောသ တိဋ္ဌတိ - မျို၍ သိမ်းထားသကဲ့သို့ စိတ်ထဲ၌ သိမ်းပိုက်လျက်တည်၏လို့ ဟောထားတာပါဘဲ၊
ဆောင်ပုဒ်ကတော့ မြင်ရာ၌လိုပါဘဲ။ အဲဒီဆောင်ပုဒ်ကို ဆိုကြရမယ်။
၂။ သာယာတပ်စွဲ၊ ခံစားမြဲ၊ စိတ်ထဲ သိမ်းလျက်သည်။
နောင်ပြန်လည် ဆင်ခြင်တိုင်း အဲဒီကြားရစဉ်ကလိုပင် အသံကလေး ထင်ရှားပေါ် နေတယ်၊ အဲဒီလို ထင်ပေါ်ပုံနဲ့ စပ်ပြီးမှ မှတ်ဖွယ်ကောင်းတာကတော့ အရှင်နန္ဒ မထေရ်၏ ဝတ္ထုပါပဲ။ .
အရှင်နန္ဒမထေရ် ဝတ္ထု
▬▬▬▬▬▬▬▬
အရှင်နန္ဒဆိုတာ မြတ်စွာဘုရား၏ အဖတူ အမိကွဲ ညီတော်ပါပဲ၊ မြတ်စွာဘုရားရှင်က သုဒ္ဓေါဒနမင်းကြီးနှင့် မယ်တော် မဟာမာယာဒေဝီတို့မှ ဖွားမြင်တော်မူတယ်၊ အရှင်နန္ဒကတော့ မဟာမာယာဒေဝီ၏ ညီမတော် မဟာပဇာပတိဂေါတမီမှ ဖွားမြင် တော်မူတယ်။ အရှင်နန္ဒဟာ မြတ်စွာဘုရားအောက် အသက်က လေးငါးရက်လောက် သာ ငယ်ပါတယ်၊ ဘုရားအလောင်း ဖွားမြင်တော်မူပြီးနောက် ၇ ရက်မြောက်မှာ မယ်တော် မဟာမာယာက နတ်ရွာစံသွားတယ်၊ အဲဒီအခါ မဟာပဇာပတိ ဂေါတမီက သားရင်းဖြစ်တဲ့ နန္ဒသူငယ်ကို အထိန်းတော်နှင့် လွှဲထား ပြီးတော့ ဘုရား အလောင်းတော်ကို ကိုယ်တိုင် နို့တိုက်ကျွေးပြီး စောင့်ရှောက်လာခဲ့တယ်လို့ ဆိုတယ်။
မြတ်စွာဘုရားရှင်ဟာ ပထမဝါကျွတ်ပြီးတဲ့နောက် ရာဇဂြိုလ်မြို့၌ ကြွရောက်ပြီး ဟောပြောလျက် ရှိတယ်၊ အဲဒီအခါ ခမည်းတော် သုဒ္ဓေါဒနမင်းကြီး၏ ပင့်လျှောက် ချက်အရ ကပိလဝတ် နေပြည်တော်သို့ ကြွတော်မူတယ်၊ ၃ ရက်မြောက်နေ့ နံနက်မှာ နန္ဒမင်းသားကို ဇနပဒကလျာဏီဆိုတဲ့ နှမတော် မင်းသမီးနှင့် လက်ထပ်မင်္ဂလာ၊ မင်းအဖြစ် အဘိသိက်မင်္ဂလာများ အတွက် ကပ်လှူတဲ့ ဆွမ်းကို ဘုဉ်းပေးတော် မူပြီးတဲ့အခါ နန္ဒမင်းသားကို သပိတ်ဆောင်ယူစေပြီး ကျောင်းတော်သို့ ပြန်ကြွတော် မူတယ်။
နန္ဒမင်းသားက ဟိုနားကျရင် သပိတ်ပြန်ယူနိုးနိုး ဒီနားကျရင် သပိတ်ပြန်ယူနိုးနိုးနဲ့ သပိတ်တော်ကို စွဲကိုင်လျက် မြတ်စွာဘုရား၏ နောက်တော်က လိုက်ပါသွားရပါတယ်၊ အဲဒီအနေမှာ ဇနပဒကလျာဏီက အဲဒီသတင်းကို ကြားသိရလို့ ခေါင်းလျှော်ပြုပြင် နေရာက ဆံပင်များကို လက်နဲ့ကိုင်လျက် စိတ်ပူပြီး (တုဝဋံ ခေါ အယျပုတ္တ အာဂစ္ဆေယျာသိ) အရှင့်သားရေ မြန်မြန် ပြန်လာခဲ့ပါနော် - လို့ နန္ဒမင်းသားကို မှာလိုက် သတဲ့။
ကျောင်းရောက်တဲ့ အခါကျတော့ မြတ်စွာဘုရားရှင်က “ညီတော်နန္ဒ ရှင်ရဟန်း ပြုမလား” လို့ မေးတော်မူတယ်။ နန္ဒမင်းသားက ရှင်ရဟန်းပြုလိုတဲ့ စိတ်တော့ မရှိပါဘူး၊ ဒါပေမယ့် မြတ်စွာဘုရားကို ရိုသေလေးစားသော အားဖြင့် (အာမ ပဗ္ဗဇိဿာမိ) မှန်ပါ ရှင်ရဟန်းပြုပါမယ် - လို့ လျှောက်တယ်။ အဲဒီတော့ မြတ်စွာဘုရားရှင်က “ဒါဖြင့် နန္ဒကို ရှင်ရဟန်းပြုပေးကြ” လို့ မိန့်တော်မူပြီး နန္ဒမင်းသားကို ရှင်ရဟန်းပြုစေတယ်။
နောက်ကာလ ဇေတဝန်ကျောင်းတိုက်၌ သီတင်းသုံး နေတော်မူတဲ့အခါ အရှင်နန္ဒက ရဟန်းဘောင်မှာ မပျော်မဝေ့ ငြီးငွေ့နေတာနဲ့ သီတင်းသုံးဖော်များအား သူက ဒီလို ပြောသတဲ့ “ငါ့ရှင်တို့ ငါဟာ မပျော်မဝေ့ဘဲ အကျင့်မြတ်ကို ကျင့်နေရတယ်၊ အကျင့်မြတ်ကို မိမိသန္တာန်၌ တည်စေရန် မစွမ်းနိုင် တော့ပါဘူး၊ သိက္ခာချပြီး လူထွက် ပါတော့မယ်” လို့ ပြောသတဲ့။
အဲဒီအကြောင်းအရာကို ကြားတော်မူတဲ့အတွက် မြတ်စွာဘုရားရှင်က အရှင်နန္ဒကို ခေါ်ပြီး မေးတော်မူတယ်၊ အရှင်နန္ဒက ဟုတ်မှန်ကြောင်း လျှောက်တယ်၊ ဘာ့ကြောင့် ရဟန်းဘဝ၌ ပျင်းသလဲလို့ မေးတော်မူတယ်၊ အိမ်က ထွက်ခွါလာခဲ့စဉ်က ဇနပဒကလျာဏီဟာ ခေါင်းဖီး၍ ထက်ဝက်မျှ ပြီးသေးတဲ့ ဆံပင်တွေနဲ့ တပည့်တော်ကို ကြည့်ပြီး “အရှင့်သားရေ မြန်မြန် ပြန်လာခဲ့ပါနော်” လို့ မှာလိုက်ပါတယ်၊ တပည့်တော်ဟာ အဲဒီစကားသံ ကြားနေရသလိုပင် သတိရလျက် ရဟန်းဘဝ၌ မပျော်မဝေ့ပဲ ဖြစ်နေပါတယ် စသည်ဖြင့် လျှောက်ထားပါသတဲ့။
အဲဒီတော့ မြတ်စွာဘုရားရှင်က အရှင်နန္ဒ၏ လက်မောင်းကိုကိုင်ပြီး တန်ခိုးတော်ဖြင့် ဆောင်ယူခဲ့ပြီးတော့ မီးလောင်ထားတဲ့ လယ်ယာကွက် တစ်နေရာမှာ မီးလောင် ငုတ်ပေါ် ထိုင်နေတဲ့ မျောက်အိုမ တစ်ကောင်ကို ပြခဲ့ပါတယ်၊ အဲဒီ မျောက်အိုမမှာ နား နှာခေါင်း အမြီးတွေလဲ ပြတ်နေလို့ အလွန်အရုပ်ဆိုးတဲ့ မျောက်မဖြစ်ပါသတဲ့၊ အဲဒီက နောက် တာဝတိံသာ နတ်ပြည်သို့ ဆောင်သွားတယ်၊ အဲဒီ တာဝတိံသာ ရောက်တော့ သိကြားမင်းထံ လာကြတဲ့ အလွန်လှပတဲ့ နတ်သမီးငါးရာကိုလဲ အရှင်နန္ဒက မြင်တွေ့ ရတယ်။
အဲဒီအခါ မြတ်စွာဘုရားရှင်က “ဘယ်လိုထင်သလဲ ညီတော်နန္ဒ ဇနပဒကလျာဏီနဲ့ ဒီ နတ်သမီးငါးရာဟာ ဘယ်သူက ပိုပြီးလှပါသလဲ” လို့ မေးတော်မူတယ်။ ဒီနတ်သမီး ငါးရာနှင့် နှိုင်းယှဉ်ကြည့်ရင်တော့ ဇနပဒကလျာဏီက ဟို မျောက်အိုမလိုပဲ ဖြစ်နေ ပါတယ်။ ဒီနတ်သမီးတွေရဲ့ အလှကို ၁၆ ပုံပြီး တစ်ပုံတောင်မရှိပါဘူးလို့ အရှင်နန္ဒက လျှောက်တယ်။
အဲဒီတော့ မြတ်စွာဘုရားရှင်က “ညီတော်နန္ဒ ရဟန်းဘဝ၌ ပျော်မွေ့ပါ၊ ဟောဒီ နတ်သမီးတွေကို ရဖို့အတွက် ငါဘုရားက တာဝန်ခံပါသည်” လို့ မိန့်တော်မူတယ်။ “အဲဒီလိုဆိုယင် ဘုရားရှင်၏ သာသနာအကျင့်မြတ်၌ ပျော်မွေ့ပါမည်” လို့ အရှင်နန္ဒက ဝန်ခံပါသတဲ့။ လူ့လောက ပြန်ရောက်လာတဲ့အခါ အရှင်နန္ဒဟာ နတ်သမီး တွေ ရလိမ့်မယ်လို့ မျှော်လင့်ပြီး ရဟန်းအကျင့် တရားကို ပျော်ရွှင်စွာ အားထုတ် နေပါသတဲ့။
အဲဒီအခါ အချို့ရဟန်းတော်များက “မြတ်စွာဘုရားဟာ အရှင်နန္ဒအား နတ်သမီးတွေ ရရေးအတွက် အာမခံ ထားသတဲ့၊ အရှင်နန္ဒက နတ်သမီးတွေရအောင် ကျင့်နေသတဲ့၊ ဒီလိုဆိုတော့ နေ့စား လစား အလုပ်သမားမျိုး ဖြစ်နေတာပေါ့၊ ငွေဖြင့် ဝယ်ထားတဲ့ အလုပ်သမားမျိုး ဖြစ်နေတာပေါ့” လို့ ကဲ့ရဲ့ ပြောဆိုကြသတဲ့။
အဲဒီလို ပြောဆိုတာတွေကို ကြားရတော့ အရှင်နန္ဒဟာ အလွန်ရှက်ပြီးတော့ (ဧကော ဝူပကဋ္ဌော) တစ်ပါးတည်း ဆိတ်ငြိမ်ရာသို့ ကပ်ရောက်လျက် (အပ္ပမတ္တော) ကမ္မဋ္ဌာန်းအာရုံ၌ အမှတ်ရမှုသတိကို မစွန့်မူ၍ (ဒါက အဋ္ဌကထာ အဖွင့်ပဲ၊ မြန်မာလို အချောအားဖြင့် ဆိုရင်တော့) ရှုမှတ်ဖွယ် အာရုံကို မမေ့မလျော့ မပြတ်ရှုမှတ်လျက် (အာတာပီ) ကိလေသာကို ပူလောင်သွေ့ခြောက် ကင်းပျောက် စေနိုင်သော သမ္မပ္ပဓာန် လုံ့လနှင့် ပြည့်စုံသည်ဖြစ်၍ (ပဟိတတ္တော) ကိုယ်နှင့်အသက်ကို မငဲ့ကွက်ပဲ မဂ်ဖိုလ်နိဗ္ဗာန် တရားထူးရရန်သာ စေလွှတ်အပ်သောစိတ် စွန့်လွှတ်အပ်သော ကိုယ်စိတ် ရှိသည်ဖြစ်၍ ကျင့်နေတယ်၊ ဒါကြောင့် မကြာခင်ပဲ အရဟတ္တမဂ် အရဟတ္တဖိုလ် ရောက်ပြီး ရဟန္တာ ဖြစ်သွားတော်မူပါသတဲ့။
ဒီဝတ္ထုထဲမှာ လိုရင်း သိစရာကတော့ ရှုမှတ်မှု လုံးဝ မရှိသေးခင်က သူ့ဇနီး ဇနပဒကလျာဏီက မှာလိုက်တဲ့ စကားသံကလေးကို စိတ်ထဲမှာ ကြားယောင်ယောင် ဖြစ်နေပုံပါဘဲ။ အခြားသူတွေလဲ တရားရှုမှတ်ခြင်းမရှိရင် ကြားရတဲ့ ချစ်ဖွယ် စကားသံ ကလေးတွေ စိတ်ထဲမှာ စွဲတည်နေတာချည်းဘဲ၊ အဲဒီလို ဖြစ်ပုံကို (သာယာတပ်စွဲ၊ ခံစားမြဲ၊ စိတ်ထဲသိမ်းလျက်တည် လို့) ဆိုထားတာပါဘဲ။
၂။ တဿ ဝဍ္ဎုန္တိ ဝေဒနာ၊ အနေကာ သဒ္ဒသမ္ဘဝါ။
အဘိဇ္ဈာ စ ဝိဟေသာ စ၊ စိတ္တမဿူ ပဟညတိ။
ဧဝံ အာစိနတော ဒုက္ခံ၊ အာရာ နိဗ္ဗာန ဝုစ္စတိ။
တဿ - ကြားရတဲ့အသံကို စိတ်ထဲ၌စွဲပြီး သိမ်းပိုက်ထားသော ထိုသူအား
သဒ္ဒသမ္ဘဝါ - စွဲလျက် သိမ်းပိုက်ထားသည့် အသံကြောင့် ဖြစ်ကုန်သော၊
အနေကာ - များစွာကုန်သော၊
ဝေဒနာ - အကောင်းအဆိုး အမျိုးမျိုးသော ခံစားမှုတို့သည်၊
ဝဍ္ဎုန္တိ - ဖြစ်ပွားကုန်၏ တဲ့။
ဆောင်ပုဒ်ကတော့ “အဆင်းဆိုင်ရာ” လို့ ဆိုထားရာမှာ “အသံဆိုင်ရာ” လို့ ပြင်ဆို ရုံမျှသာ ထူးပါတယ်။ အဲဒါကို ဆိုကြရမယ်။
၃။ အသံဆိုင်ရာ၊ ဝေဒနာ၊ များစွာ ပွါးတော့သည်။
အဲဒီ အသံကောင်းကလေးတွေကို အာရုံ ပြုပြီး စိတ်ကူးထဲမှာ သုခဝေဒနာတွေလဲ ဖြစ်ပွား နေတယ်၊ အဲဒီအသံကောင်းဆိုင်ရာ အာရုံကို မရနိုင်မယ့်အရေး ကြံတွေးပြီး တော့ ဒုက္ခဝေဒနာတွေလဲ ဖြစ်ပွားနေတယ်၊ အဲဒီလို ဖြစ်ပုံတွေဟာ ကိုယ်တိုင် အားဖြင့်ပင် ထင်ရှားနေပါတယ်။ နောက်ပြီးတော့ -
အဘိဇ္ဈာ စ - ရလိုသမှု ရှေးရှုကြံစည်သော လောဘသည်၎င်းင်း၊
ဝိဟေသာ စ - ညှဉ်းဆဲလိုသော ဒေါသသည်၎င်းင်း၊
ဝဍ္ဎုန္တိ - ဖြစ်ပွားကုန်၏၊
အဿ - ထိုပုဂ္ဂိုလ်၏၊
စိတ္တံ - စိတ်သည်၊
ဥပဟညတိ - လောဘ ဒေါသတို့ကြောင့် ပင်ပန်းလျက် ရှိနေချေသည်တဲ့။
အဲဒီ ကြားရတဲ့ အသံအာရုံကို ရလိုတဲ့ လောဘ၊ ရပြီးကို ခင်မင်တွယ်တာတဲ့ လောဘ ဆိုတာတွေလဲ ဖြစ်ပွားနေကြတယ်၊ အဲဒီအသံအာရုံကို မရအောင်ဖြစ်စေ၊ ရပြီးကို ပျက်စီးဆုံးရှုံးအောင်ဖြစ်စေ ပြုမယ် ပြုတယ်လို့ ထင်ရတဲ့သူကို ညှဉ်းဆဲလိုတဲ့ ဒေါသတွေလဲ ဖြစ်ပွားနေကြတယ်၊ အဲဒီ လောဘ ဒေါသ တွေက စေခိုင်းတိုက်တွန်း တဲ့အတိုင်း ကြောင့်ကြစိုက်ထုတ် ပြုလုပ်နေကြရတဲ့အတွက် စိတ်ဟာ ပင်ပန်းဆင်းရဲ နေပါတယ် .. တဲ့။
အဲဒါအတွက် ဆောင်ပုဒ်ကတော့ ရှေးကနဲ့ အတူတူပါဘဲ၊ ဆိုကြရမယ်။
၄။ လောဘစည်ကား၊ ဒေါသပွား၊ ဗျာများ စိတ်ပန်းသည်။
အဲဒီအတိုင်း ကိလေသာတွေ ကံတွေ အကျိုးဝိပါက် ဆင်းရဲတွေ ဖြစ်ပွားနေကြောင်း၊ မရှုမမှတ်သူမှာ အဲဒီ ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲတွေကို လက်ခံ စုဆောင်းနေသည် မည်ကြောင်းများကို ရှေ့နားပိုင်းက ပြောခဲ့ပါပြီ။ ဒါကြောင့် …
ဧဝံ - မရှုမမှတ်ဘဲနေသော ဤနည်းဖြင့်၊
ဒုက္ခံ - ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲကို၊
အာစိနတော - လက်ခံ၍ ဆည်းပူး စုဆောင်းနေသောသူအား၊
နိဗ္ဗာနံ - ဆင်းရဲငြိမ်းသော နိဗ္ဗာန်သည်၊
ဝါ - နိဗ္ဗာန်ကို၊
အာရာ - ဝေးသည်ဟူ၍၊
ဝုစ္စတိ - ဆိုအပ်ပါသည် တဲ့၊
ရှေးကလဲ ငါတို့ဟာ မရှုမမှတ်ဘဲ အမှတ်တမဲ့ နေလာခဲ့တာပဲ၊ မပြုပြင် မပြောင်းလဲ တော့ပါဘူးလို့ ကြံပြီး နေမြဲ နေသွားရင် မီးပုံကြီးထဲ လောင်စာတွေ မပြတ် ထည့်ပေး နေလို့ မီးမငြိမ်းသလိုပင် ဆင်းရဲတွေဟာ ဖြစ်မြဲဖြစ်ပွားပြီး မငြိမ်းဘဲ နေမယ်၊ အဲဒီတော့ ဆင်းရဲငြိမ်းတဲ့ နိဗ္ဗာန် ဝေးနေမြဲ ဝေးနေတာပေါ့၊ ဆောင်ပုဒ်တွေကတော့ ရှေးကနဲ့ အတူတူပါဘဲ၊ ဆိုကြရမယ်။
၅။ ဤနည်းဖြင့်ပဲ၊ မပြောင်းလဲ၊ ဆင်းရဲရှာသူမည်။
၆။ ဆင်းရဲကိုသာ၊ ရှာသူမှာ၊ ဝေးစွာ နိဗ္ဗာန်ပြည်။
ယခု ရွတ်ပြခဲ့တဲ့ ဂါထာ ၂ ပုဒ်ဖြင့် အတိုချုပ် ဆိုလိုတာကတော့ (ကြားခိုက်၌ မရှုမမှတ် သူမှာ နိဗ္ဗာန် ဝေးသည်လို့) ဆိုလိုတာပါဘဲ။ အဲဒါကို ဆိုကြရမယ်။
ကြားခိုက်၌ မရှုမမှတ်သူမှာ နိဗ္ဗာန်ဝေးသည်။
ကြားတိုင်း ကြားတိုင်း မပြတ်ရှုမှတ်နေရင်တော့ နိဗ္ဗာန်နဲ့ နီးကပ်နီးကပ်သွားတယ်၊ အဲဒီလို နိဗ္ဗာန်နဲ့ နီးပုံကို ဒါရိုက်ပြတဲ့ ဂါထာ ၂ ပုဒ်ကိုလဲ ရွတ်ဆိုပြီး ဟောပြမယ်။ .
ကြားခိုက်၌ ရှုသိသူမှာ နိဗ္ဗာန်နှင့် နီးသည်
▬▬▬▬▬▬▬
၃။ န သော ရဇ္ဇတိ သဒ္ဒေသု၊ သဒ္ဒံ သုတွာ ပဋိဿတော။
ဝိရတ္တစိတ္တော ဝေဒေတိ၊ တဉ္စ နာဇ္ဈောသ တိဋ္ဌတိ။
ယော - အကြင်ပုဂ္ဂိုလ်သည်၊
သဒ္ဒံ သုတွာ - အသံကို ကြားပြီး၍၊
ဝါ - အသံကို ကြားပြီးလျှင်၊
ပဋိဿတော - တဖန် အမှတ်ရသည်၊
ဟောတိ - ဖြစ်၏။
(အသံကို ကြားပြီးလျှင် တဖန် အမှတ်ရတယ်ဆိုတဲ့ ဒီပါဠိအနက်ကို အထူး သတိပြုကြရမယ်၊ အဲဒါဟာ ကြားပြီးလျှင်ပြီးချင်း ရှုမှတ်ရမယ်လို့ ဝိပဿနာရှုပုံကို ဒါရိုက်ထင်ရှားပြတဲ့ စကားဘဲ၊ ဒါကြောင့် “ဝိပဿနာ ရှုတယ်ဆိုတာ ကြားပြီး တရား, မြင်ပြီး, တွေ့ပြီး, သိပြီး တရားကိုသာ ရှုရတယ်။ မကြားရ မမြင်ရ မတွေ့ရ မသိရတာတွေကို သုတမယဉာဏ်မျှဖြင့် ဆင်ခြင်ပြီး ရှုရတာမဟုတ်ဘူး” ဆိုတာက ခိုင်မြဲစွာ မှတ်သားထားကြရမယ်)
သော - အသံကိုကြားပြီးလျှင် ချက်ချင်း အမှတ်ရသော ထိုပုဂ္ဂိုလ်သည်၊
သဒ္ဒေသု - ကြားရသော အသံတို့၌၊
န ရဇ္ဇတိ - မတပ်မက်၊
ဝါ - တပ်မက်မှု ရာဂကင်းသည် တဲ့။
အဲဒါဟာ ရှေ့နားပိုင်းတုန်းက ထုတ်ပြခဲ့တဲ့ မြင်သိဝီထိ ဖြစ်ပုံနှင့် အလားတူ ကြားသိဝီထိ၏ အခြားမဲ့၌ ရှုမှတ်ပုံကို ပြတာပဲ၊ အဲဒီလို ကြားပြီးလျှင် ပြီးချင်း အမှတ်ရတဲ့ သူဟာ ကြားရတဲ့ အသံရုပ်မျှကိုသာ မှန်စွာသိရတယ်၊ အဲဒီအသံရုပ်နဲ့ ကြားသိ နာမ်-စသည် ချက်ချင်းပင် ပျောက်ကွယ် ပျက်စီး သွားတာကိုလဲ အမှန် အတိုင်း သိရတယ်၊ မိန်းမအသံပဲ ယောက်ျားအသံပဲ ဘာကိုပြောတာပဲ စသည်ဖြင့် ချစ်ဖွယ် ပညတ်အာရုံကို မတွေ့ရဘူး၊
ဒါကြောင့် အဲဒီ ကြားရတာကို ဆက်လက်ပြီး မဆင်ခြင်တော့ဘဲ ကြားရုံမျှ၌သာ တည်တယ်၊ (သုတေ သုတမတ္တံ ဘဝိဿတိ) ကြားရသည်၌ ကြားရုံမျှ ဖြစ်လတ္တံ့ ဆိုတဲ့ စကားတော်နဲ့ အညီပါဘဲ၊ အဲဒီအသံကို ကြားရပေမယ့် မကြားရတဲ့ အသံမှာလိုပင် တပ်မက်သာယာမှု စသော ကိလေသာ မဖြစ်တော့ဘဲ ကင်းတယ်၊ ဒါကြောင့် (န သော ရဇ္ဇတိ သဒ္ဒေသု) အမှတ်ရတဲ့ ထိုသူဟာ ကြားရတဲ့ အသံတို့၌ မတပ်မက်ဘူး လို့ ဆိုတာပါဘဲ။ ဆောင်ပုဒ်ကတော့ “အဆင်းမြင်က” လို့ ဆိုတာကို “အသံကြားက” လို့ ပြင်ဆိုရုံမျှသာ ထူးပါတယ်၊ အဲဒါကိုဆိုကြရမယ်။
၁။ ဒီအသံကြားက၊ အမှတ်ရ၊ ရာဂ ကင်းတော့သည်။
ယခု ဒီရိပ်သာက ယောဂီတွေ ကြားလျှင် ကြားတယ်လို့ ရှုမှတ်နေကြတာဟာ ဒီသုတ် တရားတော်နဲ့လဲ အံကျကိုက်ပြီး ညီနေပါတယ်၊ သမာဓိဉာဏ်အား ရှိလာတဲ့အခါမှာ ကြားတယ် ကြားတယ်လို့ မှတ်တိုင်း မှတ်တိုင်း ကြားရတဲ့အသံရော ကြားသိတာရော- ရှုသိတာရော ချက်ခြင်းပင် ပျောက်ပျောက် သွားတာကို တွေ့ကြရတယ်၊ အဲဒီတော့ ကြားရတဲ့အသံနဲ့စပ်ပြီး တပ်မက်သာယာတဲ့ ရာဂလဲ မဖြစ်ရတော့ဘူး၊ တပ်မက် သာယာခြင်းမရှိပဲ ခံစားရုံမျှသာ ရှိတယ်၊ နောက်ပြီးတော့ အဲဒီအသံကို စိတ်ထဲမှာစွဲပြီး သိမ်းပိုက်မထားဘူး၊ အဲဒီလို ကိလေသာ ကင်းပုံ အစွဲကင်းပုံကိုလဲ ဒီလိုဆက်ပြီး ပြဆို ထားပါတယ်။
သော - ကြားပြီးလျှင် ချက်ချင်း အမှတ်ရသော ထိုပုဂ္ဂိုလ်သည်၊
ဝိရတ္တစိတ္တော - တပ်မက်ကင်းသော စိတ်ရှိသည်ဖြစ်၍၊
ဝါ - မတပ်မက်သော စိတ်ဖြင့်၊
ဝေဒေတိ - ခံစား၏၊
တဉ္စ - ထိုအသံကိုလည်း၊
န အဇ္ဈောသ တိဋ္ဌတိ - သိမ်းပိုက်ဆုပ်ကိုင်လျက် မတည်တဲ့။
ဆောင်ပုဒ်ကတော့ မြင်ခိုက်ရှုပုံဆောင်ပုဒ်နဲ့ အတူတူပါဘဲ။ အဲဒါကို ဆိုကြရမယ်။
၂။ မတပ်မက်ပဲ၊ ခံစားမြဲ၊ စိတ်ထဲ မသိမ်းပြီ။
အဲဒီလို တပ်မက်ခြင်းမရှိဘဲ ခံစားရုံမျှသာ ဖြစ်သောကြောင့် သူများလိုပင် အသံကို ကြားပြီး ခံစားမှု ဖြစ်ပေမဲ့ ဝေဒနာကြောင့် တဏှာ စသော ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲတော့ ဖြစ်ပွားခြင်း မရှိဘူး၊ အဲဒါကိုလဲ ဒီလိုဆက်ပြီး ပြဆိုထားတယ်။
၄။ ယထာဿ သုဏတော သဒ္ဒံ၊ သေဝတော စာပိဝေဒနံ။
ခီယတိ နောပစီယတိ၊ ဧဝံ သော စရတိဿတော။
ဧဝံ အပစိနတော ဒုက္ခံ၊ သန္တိကေ နိဗ္ဗာန ဝုစ္စတိ။
ယထာ - အခြားမဲ့၌ မှတ်သိမှုပါသော အကြင် အခြင်းအရာဖြင့်၊
သဒ္ဒံ သုဏတော စာပိ - အသံကို ကြားလဲ ကြားသော်လဲ၊
(ထေရဂါထာ အဋ္ဌကထာမှာ ပဿတော ရူပံ - ဆိုတဲ့ ပါဌ်ကို အနိစ္စာဒိတော ရူပံ ပဿန္တဿ - လို့ ဖွင့်ပြထားကြောင်း နှာ ၈၃ မှာ ထုတ်ပြထားခဲ့တယ်၊ အဲဒီမှာ ပါဠိဂါထာ၌ ပဿတော ပုဒ်က စက္ခုဝိညာဏ်ဖြင့် မြင်တာကိုသာ ဆိုလိုကြောင်း ထင်ရှားနေပါတယ်၊ ယင်း ပဿတော ပုဒ်ဖြင့် ဝိပဿနာရှုမြင်ပုံကို ပြတာမဟုတ်ပါဘူး၊ ယခု ကြားသိဆိုင်ရာ ဒီဂါထာမှာ သုဏတော-ပုဒ်ဖြင့် ရှုသိပုံကို မပြ၊ ကြားသိပုံကိုသာ ပြကြောင်း အလွန်ပင် ထင်ရှားလျက် ရှိနေပါတယ်၊ ဒီကနောက် နံသိစားသိ ဆိုင်ရာ ဂါထာများကျတော့လဲ ဃာယတော သာယတောလို့ ပြဆိုထားတာတွေကို တွေ့ရပါလိမ့်မယ်၊ အဲဒီပုဒ်များဖြင့်လဲ ရှုသိပုံကို မပြ၊ နံသိပုံ စားသိပုံကိုသာ ပြကြောင်း ထင်ရှားပါတယ်၊ ရှုသိပုံကိုတော့ “ယထာ- အခြားမဲ့၌ မှတ်သိမှု ပါသော အကြင် အခြင်းအရာဖြင့်” ဆိုတဲ့ ပုဒ်ကသာ ပြပါတယ်၊ အဲဒါဟာ ပါဠိပညာရှင်များ အထူးသတိပြုဖို့ပါဘဲ၊ အဲဒီ အဋ္ဌကထာပါဌ်ဟာ အဆက်ဆက် ရေးကူးရာမှာ ချွတ်ယွင်းလာဟန် တူပါတယ်)
ဝေဒနံ - ခံစားမှု ဝေဒနာကို၊
သေဝတော စာပိ - မှီလဲ မှီဝဲသော်လဲ၊
ဒုက္ခံ - မရှုမသိလျှင် ဖြစ်နိုင်သော ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲသည်၊
ခီယတိ - ကုန်သာ ကုန်ခမ်း၏၊
နောပစီယတိ - ဆည်းပူးအပ်သည်ကား မဟုတ်ပေ၊
ဧဝံ - ဤသို့သော အခြင်းအရာဖြင့်၊
သတော - အမှတ်ရလျက်၊
သော - ထိုယောဂီပုဂ္ဂိုလ်သည်၊
စရတိ - ကျင့်ပေ၏ တဲ့။
ကြားသိမှု ကြားခံစားမှု ဖြစ်ပြီးလျှင်ပြီးခြင်း မှတ်သိမှုပါသော အခြင်းအရာဖြင့် ကြားလဲ ကြားတယ်၊ ခံစားလဲ ခံစားတယ်၊ သို့ပေမယ့် သာမန်လူများမှာလို အဘိဇ္ဈာ စသော ကိလေသဝဋ် ကမ္မဝဋ်ဆင်းရဲတွေတော့ ဆက်လက်ပြီး မဖြစ်တော့ဘူး၊ ကမ္မဝဋ် မဖြစ်တဲ့အတွက် အဲဒီကံကြောင့် ဖြစ်မည့် ဘဝသစ် ဝိပါကဝဋ်ဆင်းရဲတွေလဲ မဖြစ်တော့ဘူး၊ မရှုမိလျှင် ဖြစ်မည့် အဲဒီဝဋ်ဆင်းရဲတွေဟာ ရှုမှတ်ပြီး အမှန်အတိုင်း သိရတဲ့ အဲဒီ အာရုံနဲ့ စပ်ပြီး ဖြစ်ခွင့်မရတော့ဘဲ လုံးဝ ကင်းငြိမ်းသွားတယ်၊ အဲဒါဟာ အာရမ္မဏာနုသယခေါ်တဲ့ ကိလေသာဝဋ် စသော ဆင်းရဲတွေ ငြိမ်းသွားတာပဲ၊
ဘာနဲ့တူသလဲဆိုရင် ရောဂါပျောက်ခါစ ပုဂ္ဂိုလ်များမှာ မတော်တဲ့အစာကို စားမိရင် ရောဂါပြန်ဖြစ် တတ်တယ်၊ ဒါပေမဲ့ အဲဒီ မသင့်တဲ့အစာကို စားပြီးလျှင် အစာဖျက် အစာကြေဆေးကို စားလိုက်ရင်တော့ ရောဂါမဖြစ်ဘဲ ရှိတတ်ပါတယ်၊ အဲဒီလို “စားချင်တာလဲ စားရတယ်၊ ရောဂါလဲ မဖြစ်ဘဲ ရှိတယ်” ဆိုတာဟာ ဘာကြောင့်လဲ ဆိုရင် မသင့်တာကို စားပြီးလျှင်ပြီးခြင်း အစာဖျက် အစာကြေဆေးကို စားလိုက်လို့ပဲ၊ အဲဒါလိုပင် ကြားသိပြီးလျှင် ပြီးခြင်း ရှုသိမှုဆိုတဲ့ မဇ္ဈိမပဋိပဒါ အကျင့်ကို ထည့်ပေးလိုက်တဲ့အတွက် ကိလေသာ ဆင်းရဲစသည်တွေ ဖြစ်ခွင့်မရဘဲ ကင်းငြိမ်း သွားတာပါဘဲ။ ဒါကြောင့် ကြားတိုင်း ကြားတိုင်း ရှုမှတ်ပြီး သိသိသွားဖို့ ညွှန်ကြားတာပါဘဲ။ အဲဒီ စကားရပ်အတွက် ဆောင်ပုဒ် အမှတ် ၂ မှာ (မှတ်သိ လျက်သား၊ ကြားလဲကြား၊ ခံစားမှီဝဲသည်) လို့ ပြင်ဆို ကြရမယ်။
၃။ မှတ်သိလျက်သား၊ ကြားလဲကြား၊ ခံစားမှီဝဲသည်။
အမှတ် (၄၊၅) ဆောင်ပုဒ်များကတော့ ရှေးကအတိုင်းပါဘဲ၊ ပြင်ဖို့မလိုပါဘူး။ အဲဒီ ဆောင်ပုဒ်တွေလဲ ဆိုကြရမယ်။
၄။ သို့ပါသော်လဲ၊ ဝဋ်ဆင်းရဲ၊ ကုန်မြဲ ကုန်ခန်းသည်။
၅။ ဤနည်းဖြင့်သာ၊ ယောဂီမှာ၊ မှတ်ကာ ကျင့်ရသည်။
ယောဂီဟာ သူများလိုပင် အသံကို ကြားလဲ ကြားပါတယ်၊ ခံစားမှုကို မှီဝဲခြင်းလဲ ရှိပါတယ်၊ ဒါပေမဲ့ ကြားပြီးလျှင် ချက်ခြင်း ရှုသိရှုသိ သွားသောကြောင့် ကိလေသာ ဆင်းရဲနှင့် ဝဋ်ဆင်းရဲတွေဟာ ဖြစ်ခွင့်မရှိတော့ဘဲ ကင်းငြိမ်း ကုန်ခန်းသွားတယ်လို့ ဆိုလိုပါတယ်၊ အဲဒါဟာ တဒင်္ဂနိဗ္ဗာန်သို့ ဆိုက်ရောက်သည် မည်ကြောင်း မြင်ခိုက် ဆိုင်ရာမှာ အကျယ်ပြောခဲ့ပါပြီ။
ဒါကြောင့် နိဗ္ဗာန်ရောက်ချင်တဲ့သူဟာ ကြားတိုင်း ကြားတိုင်း ရှုမှတ်လျက် ကျင့်ရတယ် ဆိုတာကိုလဲ ညွှန်ပြထားတာပါပဲ။ အဲဒီလို ရှုမှတ်နေယင် ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲ ကို ပယ်သတ်ခြင်းကိစ္စ ပြီးသောကြောင့် ဆင်းရဲငြိမ်းတဲ့ နိဗ္ဗာန် နီးကပ်နေကြောင်း ကိုလဲ ဒီလို ဖေါ်ပြထားပါတယ်။
ဧဝံ - ဤဆိုအပ်ခဲ့သည့်အတိုင်း ကြားပြီးလျှင် ပြီးခြင်း ရှုမှတ်သောအားဖြင့်၊
ဒုက္ခံ - မရှုမမှတ်လျှင် ဖြစ်ခွင့်ရှိသော ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲကို၊
အပစိနတော - ဖျက်ဆီးနေသော ပုဂ္ဂိုလ်အား၊
နိဗ္ဗာနံ - ဆင်းရဲ ငြိမ်းသော နိဗ္ဗာန်သည်၊
ဝါ - နိဗ္ဗာန်ကို၊
သန္တိကေ - နီးသည်ဟူ၍၊
ဝုစ္စတိ - ဆိုအပ်ပါသည် တဲ့။
ဆောင်ပုဒ်ကတော့ “မြင်တိုင်း ရှုမှတ်” လို့ ဆိုရာမှာ “ကြားတိုင်း ရှုမှတ်” လို့ ပြင်ဆို ရုံလောက်သာ ထူးပါတယ်။ အဲဒါကို ဆိုကြရမယ်။
၆။ ကြားတိုင်း ရှုမှတ်၊ ဆင်းရဲသတ်၊ နီးကပ် နိဗ္ဗာန်ပြည်။
ဒီဂါထာများ ဆောင်ပုဒ်များ၏ အဓိပ္ပါယ် အကျယ်ကို သိချင်ရင်တော့ မြင်ခိုက်ဆိုင်ရာ မှာ ပြန်ကြည့် ကြရုံပါပဲ။ ယခု ရွတ်ပြခဲ့တဲ့ အမှတ် (၃၊၄) ဂါထာ ၂ ပုဒ်ဖြင့် အတိုချုပ် ဆိုလိုတာကတော့ (ကြားခိုက်၌ ရှုမှတ်သူမှာ နိဗ္ဗာန်နီးသည်) လို့ ဆိုလိုတာပါဘဲ။ အဲဒါကို ဆိုကြရမယ်။
ကြားခိုက်၌ ရှုမှတ်သူမှာ နိဗ္ဗာန်နီးသည်။
ကြားခိုက်နှင့်ဆိုင်တဲ့ အမှတ် (၁၊၂) ဂါထာ ၂ ပုဒ်ဖြင့် ကြားခိုက်၌ မရှုမမှတ်သူမှာ နိဗ္ဗာန်နှင့် ဝေးကြောင်း ပြဆိုထားတယ်၊ ရှုမှတ်သူမှာတော့ နိဗ္ဗာန်နှင့် နီးကြောင်း အမှတ် (၃၊၄) ဂါထာ ၂ ပုဒ်ဖြင့် ပြဆိုထားတယ်၊ ဒါဟာ အရှင်မာလုကျပုတ္တမထေရ်၏ တင်ပြချက်ကို မြတ်စွာဘုရားရှင် ကိုယ်တိုင်က သာဓုခေါ်တော်မူပြီးတော့ ဟောတော်မူတဲ့ ဂါထာတော်များပဲ၊
ဒီတော့ နိဗ္ဗာန်နှင့်မနီးဘဲ ဝေးချင်ရင် ကြားခိုက်စသည်၌ မရှုမမှတ်ဘဲ နေကြရုံပါပဲ၊ နိဗ္ဗာန်နှင့် နီးချင်ရင် နိဗ္ဗာန်သို့ အမြန်ရောက်ချင်ရင်တော့ ကြားခိုက်စသည်၌ ကြားတယ် ကြားတယ်စသည်ဖြင့် မပြတ် ရှုမှတ်သွားကြရုံပါပဲ။ ကြားရသည်၌ ကြားရုံမျှဖြစ်လတ္တံ့ ဆိုတဲ့ ဝိပဿနာ လုပ်ငန်းစဉ်နှင့်စပ်ပြီး ပြောစရာကတော့ ပြည့်စုံလောက်ပါပြီ။ ယခု နံသိလျက် ရောက်ရတာနှင့်စပ်ပြီး မေးခွန်းမှစ၍ ဝိပဿနာ အလုပ်ပေးပုံကို ဟောရမယ်။ .
ဝိပဿနာ၏ အခြေခံ မေးခွန်းတော် (၃)
▬▬▬▬▬▬▬
ယေ တေ ဃာနဝိညေယျာ ဂန္ဓာ အဃာယိတာ အဃာယိတပုဗ္ဗာ၊ န စ ဃာယသိ၊ န စ တေ ဟောတိ ဃာယေယျန္တိ၊ အတ္ထိ တေ တတ္ထ ဆန္ဒော ဝါ ရာဂေါဝါ ပေမံ ဝါ။
မာလုကျပုတ္တ - မာလုကျာ၏ သားဖြစ်သော ရဟန်း၊
ဃာနဝိညေယျာ - နှာခေါင်းဖြင့် နံသိနိုင်ကောင်းကုန်သော။
ယေ ဂန္ဓာ - အကြင် အနံ့တို့ကို၊
တေ - သင်သည်၊
အဃာယိတာ - မကြာမီကလဲ မနံဘူးသေး၊
အဃာယိတပုဗ္ဗာ - ရှေးကာလ ရှေးဘဝတွေကလဲ မနံဘူးခဲ့သေး၊
န စ ဃာယသိ - ယခုလဲ နံနေဆဲမဟုတ်၊
တေ - သင်အား၊
န စ ဟောတိ ဃာယေယျန္တိ - နံနိုင်သည် ဟူ၍လဲ စိတ်ကူးထဲမှာ မဖြစ်သေး၊
တတ္ထ - ထိုနံလဲ မနံဘူးသေး၊ နံဆဲလဲမဟုတ်၊ နံနိုင်သည်၊ နံရလိမ့်မယ်လို့တောင် စိတ်ကူး ထဲမှာမပေါ်သေးတဲ့ ထိုအနံ့တို့၌၊
တေ - သင်အား၊
ဆန္ဒော ဝါ - လိုချင် နှစ်သက်မှုသည်၎င်းင်း၊
ရာဂေါ ဝါ - တပ်မက်စွဲလမ်းမှုသည်၎င်းင်း၊
ပေမံ ဝါ - ချစ်ခင်မှုသည်၎င်းင်း၊
အတ္ထိ - ရှိပါသလား ဖြစ်ပါသလားတဲ့၊ ဒီလိုမေးတော်မူပါတယ်။
နံလဲမနံဘူးသေး၊ နံဆဲလဲမဟုတ်၊ နံရလိမ့်မယ် လို့တောင် စိတ်ကူးထဲ၌ မပေါ်သေးတဲ့ အနံ့နှင့် အဲဒီအနံ့၏ တည်ရာ ပုဂ္ဂိုလ် မိန်းမ ယောကျာ်းကို အာရုံပြုပြီး လိုချင်နှစ်သက်ခြင်း တပ်မက်ခြင်း ချစ်ခင်ခြင်း ဖြစ်ပါ့မလားတဲ့၊ အဲဒီလို အနံ့နဲ့ အနံ့ရှင် ပုဂ္ဂိုလ် ရှိတယ်လို့တောင် မသိရသေးဘဲနဲ့ အဲဒီလို အနံနဲ့ အနံ့ရှင်ကို လိုချင်နှစ်သက် တပ်မက်ချစ်ခင်ခြင်းဆိုတာ ဘယ်ဖြစ်မလဲ၊ မဖြစ်ပါဘူး။ ဒါကြောင့် အရှင်မာလုကျပုတ္တ မထေရ်က အဲဒီလို လိုချင်နှစ်သက် တပ်မက်ချစ်ခင်ခြင်း မဖြစ်ပါဘုရားလို့ ဖြေကြား လျှောက်ထားပါတယ်၊
အဲဒါဟာ တိကျမှန်ကန်တဲ့ အဖြေပါပဲ။ ဒီမေးခွန်းဖြင့် မနံမသိရတဲ့ အနံ့ကို အာရုံြုပပြီး လိုချင်နှစ်သက်ခြင်း စသည် မဖြစ်ဘူး၊ ဒါကြောင့် အဲဒီ မနံရ မသိရတဲ့ အနံ့တွေကိုတော့ ဝိပဿနာရှုဖို့ မလိုဘူး၊ အဲဒီ အနံ့တွေမှာ ကိလေသာ မဖြစ်ရအောင် ကြောင့်ကြစိုက်ဖို့ မလိုဘူး ဆိုတာကိုလဲ သိစေပါတယ်။ အဲဒီအတွက် ဆောင်ပုဒ်ကတော့ “မနံရရာ၊ ကိလေသာ၊ သူ့ဟာသူ ငြိမ်းသည်” လို့ ဆိုရုံပါပဲ။
၁။ မနံရရာ၊ ကိလေသာ၊ သူ့ဟာသူ ငြိမ်းသည်။
နံရယင်တော့ နံရတဲ့အနံ့နဲ့ အနံ့ရှင်ကို အာရုံ ပြုပြီး ချစ်ခင်နှစ်သက်မှု စသော ကိလေသာတွေ ဖြစ်နိုင်တယ်၊ အဲဒီလို ကိလေသာ ဖြစ်နိုင်ပုံကိုလဲ မေးခွန်းတော်ဖြင့်ပင် သိစေပါတယ်၊ ဆောင်ပုဒ် ကတော့ “နံရရာမှာ၊ ကိလေသာ၊ ကိန်းကာ ဖြစ်နိုင်သည်” လို့ ဆိုကြရုံပါဘဲ။
၂။ နံရရာမှာ၊ ကိလေသာ၊ ကိန်းကာ ဖြစ်နိုင်သည်။
မရှုမိတဲ့အာရုံမှာ ကိလေသာ ဖြစ်နိုင်တယ်၊ အဲဒီလို ဖြစ်နိုင်တာကိုပင် ကိန်းတယ်လို့ ဆိုတာပါပဲ၊ အဲဒီလို မရှုမိတဲ့ အာရုံ၌ဖြစ်နိုင်တဲ့ ကိလေသာကို အာရမ္မဏာနုသယလို့လဲ ခေါ်တယ်၊ အဲဒီလို အာရမ္မဏာနုသယ ကိလေသာကို ကင်းငြိမ်းစေလိုရင် နံတိုင်း နံတိုင်း ရှုမှတ်ပြီး ပယ်ရတယ်။ အဲဒီ အနက်ကိုလဲ “နံတိုင်း မှတ်ရှု၊ ကိလေစု၊ ကိန်းမှု ပယ်သင့်သည်” လို့ ဆိုကြရုံပါဘဲ။
၃။ နံတိုင်းမှတ်ရှု၊ ကိလေစု၊ ကိန်းမှု ပယ်သင့်သည်။
နိဂုံးချုပ် ညွှန်ပြချက် ဆောင်ပုဒ်ကိုလဲ ဆိုကြရမယ်။
၄။ မေးခွန်းဖြင့်ပင်၊ လုပ်ငန်းစဉ်၊ ပေါ်လွင်စေခဲ့သည်။
ထုတ်ပြခဲ့တဲ့ မေးခွန်းဖြင့် အနံ့ကို နံတိုင်း နံတိုင်း မမေ့မလျော့ မပြတ်ရှုသင့်ကြောင်း သိနားလည်စေပြီးတဲ့အခါ အဲဒီလို မပြတ်ရှုနေရင် နံရသည်၌ နံရုံမျှ တည်လိမ့်မည် - စသည်ဖြင့် ရှုမှတ်ပုံနှင့်တကွ အကျိုးဆက်များကိုပါ ဟောကြားတော်မူပါတယ်။ အနံ့ကို နံသိပြီး ရောက်တာ တွေ့တာကိုတော့ (မုတေ မုတမတ္တံ ဘဝိဿတိ) လို့ ဟောတော်မူပါတယ်။ အကျယ် အပြည့်အစုံ ဟောတော်မူပုံကိုတော့ နှာ ၂၇ စသည်မှာ ထုတ်ပြခဲ့ပါပြီ။
မုတေ - နံလျက် ရောက်ရ တွေ့ရသည်၌၊
မုတမတ္တံ - ရောက်ရုံမျှ တွေ့ရုံမျှသည်၊
ဘဝိဿတိ - ဖြစ်လတ္တံ့တဲ့။
ရောက်တယ်ဆိုရင် တွေ့တာပါပဲ၊ ရောက်တယ်ဆိုတာထက် မြန်မာစကားမှာ တွေ့တယ် ဆိုတာက ပိုပြီးပေါ်လွင်တယ်၊ ဒါကြောင့် မုတ - ရောက်တယ် ဆိုရမည့်နေရာမှာ တွေ့တယ်လို့ ပြောသွားမယ်။ နံလျက် တွေ့ရသည်၌ တွေ့ရုံမျှ ဖြစ်လိမ့်မယ်လို့ ဟောတော်မူတဲ့ ဒေသနာတော်အရ နံခိုက်၌ မရှုသူမှာ နိဗ္ဗာန် ဝေးပုံနှင့် ရှုသူမှာ နီးပုံကို အရှင်မာလုကျပုတ္တ မထေရ်က ဂါထာ ၄ ပုဒ်ဖြင့် တင်ပြတယ်၊ အဲဒါကို မြတ်စွာဘုရားရှင်က မှန်ကန်ကြောင်း သာဓုခေါ်ပြီး ကိုယ်တော်တိုင်လဲ ထပ်ဟောတော် မူပါတယ်။ အဲဒီ ဂါထာ ၄ ပုဒ် အနက်အဓိပ္ပါယ်ကို ရှင်းပြမယ်။
နံခိုက်၌ မရှုသူမှာ
နိဗ္ဗာန်နှင့် ဝေးသည်
▬▬▬▬▬▬▬
၁။ ဂန္ဓံ ဃတွာ သတိ မုဋ္ဌာ၊ ပိယံ နိမိတ္တံ မနသိ ကရောတော။
သာရတ္တစိတ္တော ဝေဒေတိ၊ တဉ္စ အဇ္ဈောသ တိဋ္ဌတိ။
ပိယံ နိမိတ္တံ - ချစ်ဖွယ်အာရုံကို၊
မနသိကရောတော - နှလုံးသွင်း မျှော်လင့်နေသော သူ့အား၊
ဂန္ဓံ ဃတွာ - အနံ့ကို နံပြီး၍၊
ဝါ - နံပြီးလျှင်၊
(ပိယံ နိမိတ္တံ - ချစ်ဖွယ်အာရုံကို၊
မနသိ ကရောတော - နှလုံးသွင်းမိသောသူအား၊
အစပထမ ကတည်းက အနံ့ကောင်းကို မျှော်လင့်နေသူမှာ အနံ့ကောင်းကို နံရလျှင် ချစ်ဖွယ်နေဖြင့် နှလုံး သွင်းမိတော့တာဘဲ၊ အဲဒီလို နှလုံးသွင်းမိသူမှာ)
သတိမုဋ္ဌာ - အမှတ်မရပဲ သတိမေ့သွားလေတော့သည် တဲ့။
ဆောင်ပုဒ်ကတော့ “အဆင်း မြင်လျှင်” လို့ ဆိုထားရာမှာ “အနံ့ နံလျှင်” လို့ ပြင်ဆိုရုံလောက်ပဲ ထူးပါတယ်၊ အဲဒါကို ဆိုကြရမယ်။
၁။ အနံ့ နံလျှင်၊ ချစ်ဖွယ်ထင်၊ ထိုတွင် မေ့လေသည်။
အဲဒီမှာလဲ မေ့ဆိုတာက မရှုမမှတ်မိတာကို ဆိုတာပါပဲ၊ လောကရေးဘက်ကတော့ မမေ့ပါဘူး၊ ရေမွှေးနံ့ပဲ နံ့သာနံ့ပဲ ဘယ်သူ့ကိုယ်က အနံ့ပဲလို့ စွဲလမ်းသိမ်းပိုက်လျက် အမှတ်ရနေတာပါဘဲ။ ဒါကြောင့်-
သော - နံပြီးလျှင် ချစ်ဖွယ်ထင်လျက် မရှုမမှတ်နိုင်သော ထိုသူသည်၊
သာရတ္တစိတ္တော - တပ်မက်သော စိတ်ရှိလျက်၊
ဝေဒေတိ - နံရတဲ့အနံ့ကို ခံစား၏။
တဉ္စ - ထိုအနံ့ကိုလဲ၊
အဇ္ဈောသ တိဋ္ဌတိ - မျို၍ သိမ်းထားသကဲ့သို့ စိတ်ထဲ၌ သိမ်းပိုက်လျက် တည်၏ - လို့ ဟောတော် မူတာပါဘဲ၊
ဆောင်ပုဒ်ကတော့ မြင်ရာ၌ လိုပါပဲ။ အဲဒီဆောင်ပုဒ် ကို ဆိုကြရမယ်။
၂။ သာယာတပ်စွဲ၊ ခံစားမြဲ၊ စိတ်ထဲသိမ်းလျက်တည်။
ဝိပဿနာ ရှုနေတဲ့ ယောဂီမှာတော့ သာယာဖွယ် အနံ့ကို မနံရဘဲ ရွံဖွယ်ကို နံရတာက များတတ်ပါတယ်၊ အဲဒီလို ရွံဖွယ် အပုပ်အညှီ အနံ့ကိုလဲ မရှုနိုင်တဲ့သူမှာ ရွံစရာအနေနဲ့ စိတ်ထဲ စွဲကျန်နေတာပါပဲ၊ အဲဒီလို စွဲကျန်နေရင် အဲဒီ အနံ့ဆိုးကို ရွံမုန်းပြီး ခံစားမှု အနံ့ကောင်းကို တောင့်တမှု စသည်တွေ ဖြစ်တော့တာပါပဲ။ ဒါကြောင့် ဒီလိုလဲ ဆက်ပြီး ဟောပြထားပါသေးတယ်။
၂။ တဿ ဝဍ္ဎုန္တိ ဝေဒနာ၊ အနေကာ ဂန္ဓသမ္ဘဝါ။
အဘိဇ္ဈာ စ ဝိဟေသာ စ၊ စိတ္တ မဿူပဟညတိ။
ဧဝံ အာစိနတော ဒုက္ခံ၊ အာရာ နိဗ္ဗာန ဝုစ္စတိ။
တဿ - နံရတဲ့ အနံ့ကို စွဲပြီး သိမ်းပိုက်ထားသော ထိုသူအား၊
ဂန္ဓသမ္ဘဝါ - စွဲလျက် သိမ်းပိုက်ထားသည့် အနံ့ကြောင့် ဖြစ်ကုန်သော၊
အနေကာ - များစွာကုန်သော၊
ဝေဒနာ - အကောင်းအဆိုး အမျိုးမျိုးသော ခံစားမှုတို့သည်၊
ဝဍ္ဎုန္တိ - ဖြစ်ပွားကုန်၏ တဲ့။
“အနံ့ဆိုင်ရာ” လို့ ပြင်ဆိုရုံမျှသာ ထူးပါတယ်။ အဲဒါကို ဆိုကြရမယ်။
၃။ အနံ့ဆိုင်ရာ၊ ဝေဒနာ၊ များစွာ ပွါးတော့သည်။
နောက်ပြီးတော့ …
အဘိဇ္ဈာ စ - ရလိုသမှု ရှေးရှုကြံစည်သော လောဘသည်၎င်းင်း၊
ဝိဟေသာ စ - ညှဉ်းဆဲလိုသော ဒေါသသည်၎င်းင်း၊
ဝဍ္ဎုန္တိ - ဖြစ်ပွါးကုန်၏၊
အဿ - ထိုပုဂ္ဂိုလ်၏၊
စိတ္တံ - စိတ်သည်
ဥပဟညတိ-လောဘ ဒေါသတို့ကြောင့် ပင်ပန်းလျက် ရှိနေချေသည်တဲ့။
အဲဒီအနံ့ကို အကြောင်းပြုပြီး လောဘ ဒေါသတွေ ထိုက်သည် အားလျော်စွာ ဖြစ်ပွားတတ်ပါတယ်၊ အဲဒီလောဘ ဒေါသတွေက တိုက်တွန်းတဲ့အတိုင်း ကြောင့်ကြ ဗျာပါရစိုက်ပြီး စိတ်လဲပင်ပန်း နေတတ်ပါတယ်တဲ့၊ ဆောင်ပုဒ်ကတော့ ရှေးကနဲ့ အတူတူပါဘဲ၊ ဆိုကြရမယ်။
၄။ လောဘစည်ကား၊ ဒေါသပွါး၊ ဗျာများ စိတ်ပန်းသည်။
အဲဒီကိလေသာတွေမှ ဆက်ပြီး ကမ္မဝဋ် ဝိပါကဝဋ်တွေလဲ ဖြစ်ပွါးတော့တာပဲ၊ ဒါကြောင့် မရှုမမှတ်ပဲ အမှတ်တမဲ့ နေသူမှာ နံတိုင်း နံတိုင်း အဲဒီ ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲတွေကို လက်ခံစုဆောင်း နေသည်မည်တယ်၊ အဲဒီလို ဖြစ်ပုံများကို ရှေ့နားပိုင်းက ပြောခဲ့ပါပြီ။ ဒါကြောင့် ---
ဧဝံ - မရှုမမှတ်ဘဲနေသော ဤနည်းဖြင့်၊
ဒုက္ခံ - ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲကို၊
အာစိနတော - လက်ခံ၍ ဆည်းပူး စုဆောင်းနေသောသူအား၊
နိဗ္ဗာနံ - ဆင်းရဲငြိမ်းသော နိဗ္ဗာန်သည်၊
ဝါ - နိဗ္ဗာန်ကို၊
အာရာ - ဝေးသည်ဟူ၍၊
ဝုစ္စတိ - ဆိုအပ်ပါသည် တဲ့။
ရှေးကလဲ ငါတို့ဟာ မရှုမမှတ်ဘဲ အမှတ်တမဲ့ နေလာခဲ့တာပဲ၊ မပြုပြင် မပြောင်းလဲ တော့ပါဘူးလို့ ကြံပြီး နေမြဲနေသွားရင် မီးပုံကြီးဟာ လောင်စာတွေ မပြတ်ရနေလို့ မငြိမ်းသလိုပင် ဝဋ်ဆင်းရဲတွေဟာလဲ ဖြစ်မြဲ ဖြစ်ပွားပြီး မငြိမ်းဘဲ ရှိနေမယ်၊ အဲဒီတော့ ဆင်းရဲငြိမ်းတဲ့ နိဗ္ဗာန် ဝေးမြဲဝေးနေတာပေါ့၊ ဆောင်ပုဒ် ကတော့ ရှေးက အတိုင်းပါဘဲ၊ ဆိုကြရမယ်။
၅။ ဤနည်းဖြင့်ပဲ၊ မပြောင်းလဲ၊ ဆင်းရဲ ရှာသူမည်။
၆။ ဆင်းရဲကိုသာ၊ ရှာသူမှာ၊ ဝေးစွာ နိဗ္ဗာန်ပြည်။
ယခုရွတ်ဆိုပြခဲ့တဲ့ ဂါထာ ၂ ပုဒ်ဖြင့် အတိုချုပ် ဆိုလိုတာကတော့ (နံခိုက်၌ မရှု မမှတ်သူမှာ နိဗ္ဗာန် ဝေးသည် လို့) ဆိုလိုတာပါဘဲ၊ အဲဒါကို ဆိုကြရမယ်။
နံခိုက်၌ မရှုမမှတ်သူမှာ နိဗ္ဗာန်နှင့် ဝေးသည်။
အနံ့နံတိုင်း မပြတ်ရှုမှတ်နေရင်တော့ နိဗ္ဗာန်နဲ့ နီးကပ်နီးကပ်သွားတယ်၊ အဲဒီလို နီးပုံကို ဒါရိုက်ပြတဲ့ ဂါထာ ၂ ပုဒ်ကိုလဲ ရွတ်ဆိုပြီး ဟောပြမယ်။
နံခိုက်၌ ရှုသိသူမှာ
နိဗ္ဗာန်နှင့် နီးသည်
▬▬▬▬▬▬▬
၃။ န သော ရဇ္ဇတိ ဂန္ဓေသု၊ ဂန္ဓံ ဃတွာ ပဋိဿတော၊
ဝိရတ္တစိတ္တော ဝေဒေတိ၊ တဉ္စ နာဇ္ဈောသ တိဋ္ဌတိ။
ယော - အကြင်ပုဂ္ဂိုလ်သည်၊
ဂန္ဓံ ဃတွာ - အနံ့ကို နံပြီး၍၊
ဝါ - အနံ့ကို နံပြီးလျှင်၊
ပဋိဿတော - တဖန် အမှတ်ရသည်။
ဟောတိ - ဖြစ်၏၊
(ဒါဟာ အနံ့နံပြီးလျှင် ပြီးခြင်း ဝိပဿနာရှုဖို့ ဒါရိုက်ညွှန်ပြတာပါပဲ၊ မနံရတဲ့ အနံ့ကိုတော့ ကြံတွေးပြီး ရှုဖို့ မလိုဘူး၊ အဲဒီလို ကြံတွေးရှုရုံမျှဖြင့် အာရမ္မဏာနုသယ ကိလေသာကို ပယ်နိုင်တဲ့ ဝိပဿနာအစစ် မဖြစ်ဘူးဆိုတာကိုလဲ ခိုင်မြဲစွာ မှတ်ထားကြရမယ်။)
သော - အနံ့ကို နံပြီးလျှင် ချက်ချင်း အမှတ်ရသော ထိုပုဂ္ဂိုလ်သည်၊
ဂန္ဓေသု - နံရသော အနံ့တို့၌၊
န ရဇ္ဇတိ - မတပ်မက်၊
ဝါ - တပ်မက်မှုတဏှာ ကင်းသည် တဲ့။
အဲဒါဟာ ရှေ့နားပိုင်းတုန်းက ထုတ်ပြခဲ့တဲ့ မြင်သိဝီထိ ဖြစ်ပုံနှင့် အလားတူ နံသိဝီထိ၏ အခြားမဲ့၌ ရှုမှတ်ပုံကို ပြတာပဲ၊ အဲဒီလို နံပြီးလျှင်ပြီးခြင်း အမှတ်ရတဲ့ သူဟာ နံရတဲ့ အနံ့ရုပ်မျှကိုသာ မှန်စွာသိရတယ်။ အဲဒီအနံ့ရုပ်နဲ့ နံသိစိတ်နာမ် စသည် ချက်ချင်းပင် ပျောက်ကွယ် ပျက်စီး သွားတာကိုလဲ အမှန်အတိုင်း သိရတယ်၊ မွှေးတယ် မည်သူ၏အနံ့ပဲ စသည်ဖြင့် ချစ်ဖွယ် အာရုံကို မတွေ့ရဘူး၊ ဒါကြောင့် အဲဒီ နံရတာကို ဆက်လက်ပြီး မဆင်ခြင်တော့ဘဲ နံရုံမျှ၌သာလျှင် တည်တယ်၊ (မုတေ မုတ မတ္တံ ဘဝိဿတိ) နံသိလျက် တွေ့ရသည်၌ တွေ့ရုံမျှဖြစ်လတ္တံ့ ဆိုတဲ့ စကားတော်နှင့် အညီပါဘဲ။
အဲဒီ အနံ့ကို နံရပေမဲ့ မနံရ မသိရတဲ့ အနံ့မှာလိုပင် တပ်မက်သာယာမှုစသော ကိလေသာ မဖြစ်တော့ဘဲ ကင်းငြိမ်းတယ်၊ ဒါကြောင့် (န သော ရဇ္ဇတိ ဂန္ဓေသု) အမှတ်ရတဲ့ ထိုသူဟာ နံရတဲ့ အနံ့တို့၌ မတပ်မက်ဘူးလို့ ဆိုတာပါပဲ၊ ဆောင်ပုဒ် ကတော့ “အဆင်း မြင်က” လို့ ဆိုထားရာမှာ “အနံ့ နံက” လို့ ပြင်ဆိုရုံမျှသာ ထူးပါတယ်၊ အဲဒါကို ဆိုကြရမယ်။
၁။ အနံ့ နံက၊ အမှတ်ရ၊ ရာဂ ကင်းတော့သည်။
ယခုဒီရိပ်သာက ယောဂီတွေ အနံ့နံလျှင် နံတယ်လို့ ရှုမှတ်နေကြတာဟာ ဒီသုတ် တရားတော်နဲ့လဲ အံကျကိုက်ပြီး ညီနေတာပါဘဲ၊ သမာဓိဉာဏ် အားရှိလာတဲ့ အခါမှာ နံတယ်လို့ မှတ်တိုင်း မှတ်တိုင်း နံရတဲ့ အနံ့ရော + နံသိတာရော + ရှုသိတာရော ချက်ခြင်းပင် ပျောက်ပျောက် သွားတာကို တွေ့ကြရတယ်၊ အဲဒီတော့ နံရတဲ့ အနံ့နဲ့စပ်ပြီး တပ်မက်သာယာတဲ့ ရာဂလဲ မဖြစ်ရတော့ဘူး၊ တပ်မက်သာယာခြင်း မရှိဘဲ ခံစားရုံမျှသာရှိတယ်၊ နောက်ပြီးတော့ အဲဒီအနံ့ကို စိတ်ထဲမှာစွဲပြီး သိမ်းပိုက်မထားတော့ဘူး၊ အဲဒီလို ကိလေသာကင်းပုံ အစွဲကင်းပုံကိုလဲ ဒီလိုဆက်ပြီး ပြဆို ထားပါတယ်။
သော - နံပြီးလျှင် ချက်ချင်းအမှတ်ရသော ထိုပုဂ္ဂိုလ်သည်၊
ဝိရတ္တစိတ္တော - တပ်မက်ကင်းသော စိတ်ရှိသည်ဖြစ်၍၊
ဝါ - မတပ်မက်သော စိတ်ဖြင့်၊
ဝေဒေတိ - ခံစား၏။
တဉ္စ - ထိုအနံ့ကိုလည်း၊
န အဇ္ဈောသ တိဋ္ဌတိ - သိမ်းပိုက် ဆုပ်ကိုင်လျက် မတည်-တဲ့။
ဆောင်ပုဒ်ကတော့ ရှေးကအတိုင်းပါဘဲ။ ဆိုကြရမယ်။
၂။ မတပ်မက်ဘဲ၊ ခံစားမြဲ၊ စိတ်ထဲ မသိမ်းပြီ။
အဲဒီလို တပ်မက်ခြင်းမရှိဘဲ ခံစားရုံမျှသာ ဖြစ်သောကြောင့် သူများလိုပင် အနံ့ကိုနံပြီး ခံစားမှုဖြစ်ပေမယ့် ဝေဒနာကြောင့် တဏှာစသော ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲတော့ ဖြစ်ပွားခြင်း မရှိဘူး၊ အဲဒါကို ဒီလိုဆက်ပြီး ပြဆိုထားပါတယ်။
၄။ ယထာဿ ဃာယတော ဂန္ဓံ၊ သေဝတော စာပိ ဝေဒနံ။
ခီယတိ နောပစီယတိ၊ ဧဝံ သော စရတိဿတော။
ဧဝံ အပစိနတော ဒုက္ခံ၊ သန္တိကေ နိဗ္ဗာန ဝုစ္စတိ။
ယထာ - အခြားမဲ့၌ မှတ်သိမှုပါသော အကြင် အခြင်းအရာဖြင့်၊
ဂန္ဓံ ဃာယတော စာပိ - အနံ့ကို နံလဲ နံသော်လဲ၊
ဝေဒနံ - ခံစားမှုဝေဒနာကို၊
သေဝတော စာပိ - မှီလဲမှီဝဲသော်လဲ၊
ဒုက္ခံ - မရှုမသိလျှင် ဖြစ်နိုင်သော ကိလေသာ ဆင်းရဲ ဝဋ်ဆင်းရဲသည်၊
ခီယတိ - ကုန်သာ ကုန်ခန်း၏၊
နောပစီယတိ - ဆည်းပူး စုဆောင်းအပ်သည်ကား မဟုတ်ပေ၊
ဧဝံ - ဤသို့သော အခြင်းအရာဖြင့်၊
သတော - အမှတ်ရလျက်၊
သော - ထိုယောဂီပုဂ္ဂိုလ်သည်၊။
စရတိ - ကျင့်ပေ၏ တဲ့။
နံသိမှု နံခံစားမှု ဖြစ်ပြီးလျှင် ပြီးချင်း မှတ်သိမှုပါသော အခြင်းအရာဖြင့် နံလဲနံတယ်၊ ခံစားလဲ ခံစားတယ်၊ သို့ပေမယ့် သာမန်လူများလို အဘိဇ္ဈာစသော ကိလေသဝဋ် ကမ္မဝဋ် ဆင်းရဲတွေတော့ ဆက်လက်ပြီး မဖြစ်တော့ဘူး၊ ကမ္မဝဋ် မဖြစ်တဲ့အတွက် အဲဒီကံကြောင့်ဖြစ်မည့် ဘဝသစ် ဝိပါကဝဋ်ဆင်းရဲတွေလဲ မဖြစ်တော့ဘူး၊
မရှုမိလျှင်ဖြစ်မည့် အဲဒီ ဝဋ်ဆင်းရဲတွေဟာ ရှုမှတ်ပြီး အမှန်အတိုင်းသိရတဲ့ အဲဒီ အာရုံနဲ့စပ်ပြီး ဖြစ်ခွင့်မရတော့ဘဲ လုံးဝကင်းငြိမ်းသွားတယ်၊ အဲဒါဟာ အာရမ္မဏာနုသယ ခေါ်တဲ့ ကိလေသဝဋ် စသော ဆင်းရဲတွေ ငြိမ်းသွားတာပဲ၊ ဒီနေရာမှာ အစာဖျက် အစာကြေဆေးကြောင့် ရောဂါမဖြစ်တာနဲ့ တူပုံကို ကြားခိုက်ရှုမှု ဆိုင်ရာ၌ ပြခဲ့ပါပြီ။ ဒါကြောင့် ဆင်းရဲငြိမ်းချင်ရင် နံတိုင်း ရှုသိသွားဖို့ ညွှန်ကြားတော် မူတာပါပဲ။
ဆောင်ပုဒ်က အမှတ် ၃ မှာ (မှတ်သိလျက်သား၊ နံသိသွား၊ ခံစားမှီဝဲသည်) လို့ ပြင်ဆိုကြရမယ်။
၃။ မှတ်သိလျက်သား၊ နံသိသွား၊ ခံစားမှီဝဲသည်။
အမှတ် (၄၊ ၅) ဆောင်ပုဒ်များကိုတော့ ရှေးကအတိုင်း ဆိုကြရုံပါဘဲ။
၄။ သို့ပါသော်လဲ၊ ဝဋ်ဆင်းရဲ၊ ကုန်မြဲ ကုန်ခန်းသည်။
၅။ ဤနည်းဖြင့်သာ၊ ယောဂီမှာ၊ မှတ်ကာ ကျင့်ရသည်။
ယောဂီဟာ နှာခေါင်းရုပ်က ရှိနေတဲ့အတွက် နံစရာရှိရင် နံလဲ နံပါတယ်၊ ခံစားမှုကို မှီဝဲခြင်းလဲ ရှိပါတယ်၊ (ခံစားမှုဆိုတာ ဘုရား ရဟန္တာများမှာလဲ ရှိနေတာပဲ၊) ဒါပေမဲ့ ရှုမှတ်နေတဲ့ ယောဂီမှာ ထူးတာကတော့ အဲဒီရှုသိရတဲ့ အနံနဲ့စပ်ပြီး ကိလေသာနှင့် ဝဋ်ဆင်းရဲတွေဟာ ဖြစ်ခွင့်မရှိဘဲ ကင်းငြိမ်းသွားကြတယ်၊ အဲဒါကို ကုန်ခန်းတယ်လို့ ဆိုတာပါပဲ၊ အဲဒါဟာ တဒင်္ဂနိဗ္ဗာန်သို့ ဆိုက်ရောက်သည် မည်ကြောင်း မြင်ခိုက် ဆိုင်ရာမှာ အကျယ်ဖွင့်ပြခဲ့ပါပြီ။ ဒါကြောင့် နိဗ္ဗာန်ကို ယခုဘဝတွင် ရောက်ချင်ရင် နံတိုင်းနံတိုင်းလဲ ရှုမှတ်လျက် ကျင့်ရမယ် ဆိုတာလဲ ညွှန်ကြားထားတာပါပဲ၊ အဲဒီလို ရှုမှတ်နေရင် ဆင်းရဲကို ပယ်သတ်ခြင်း ကိစ္စပြီးသောကြောင့် ဆင်းရဲငြိမ်းတဲ့ နိဗ္ဗာန် နီးကပ် နေကြောင်းကိုလဲ ဒီလို ဖော်ပြထားပါတယ်။
ဧဝံ - ဤဆိုအပ်ခဲ့သည့်အတိုင်း နံပြီးလျှင်ပြီးချင်း ရှုမှတ်သောအားဖြင့်၊
ဒုက္ခံ - မရှုမမှတ်လျှင် ဖြစ်ခွင့်ရှိသော ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲကို၊
အပစိနတော - ဖျက်ဆီးနေသော ပုဂ္ဂိုလ်အား၊
နိဗ္ဗာနံ - ဆင်းရဲငြိမ်းသော နိဗ္ဗာန်သည်၊
ဝါ - နိဗ္ဗာန်ကို၊
သန္တိကေ - နီးသည်ဟူ၍၊
ဝုစ္စတိ - ဆိုအပ်ပါသည်တဲ့။
ဆောင်ပုဒ်ကတော့ “မြင်တိုင်းရှုမှတ်” လို့ဆိုရာမှာ “နံတိုင်း ရှုမှတ်” လို့ ပြင်ဆိုကြရုံ ပါဘဲ။
၆။ နံတိုင်း ရှုမှတ်၊ ဆင်းရဲသတ်၊ နီးကပ် နိဗ္ဗာန်ပြည်။
ဒီဂါထာများ, ဆောင်ပုဒ်များ၏ အဓိပ္ပာယ်အကျယ်ကို သိချင်ရင်တော့ မြင်ခိုက် ဆိုင်ရာမှာ ပြန်ကြည့်ကြရုံပါပဲ။ ယခုရွတ်ပြခဲ့တဲ့ အမှတ် (၃၊၄) ဂါထာ ၂ ပုဒ်ဖြင့် အတိုချုပ် ဆိုလိုတာကတော့ (နံခိုက်၌ ရှုမှတ်သူမှာ နိဗ္ဗာန်နီးသည် လို့) ဆိုလိုတာပါပဲ။ အဲဒါကို ဆိုကြရမယ်။
နံခိုက်၌ ရှုမှတ်သူမှာ နိဗ္ဗာန်နီးသည်။
နံရသည်၌ နံရုံမျှ ဖြစ်လတ္တံ့ ဆိုတဲ့ ဝိပဿနာ လုပ်ငန်းစဉ်နှင့် စပ်ပြီး ပြောစရာကတော့ ပြည့်စုံ လုံလောက်ပါပြီ၊ ယခု စားသိလျက် တွေ့ရတာနဲ့စပ်ပြီး မေးခွန်းမှစ၍ ဝိပဿနာ အလုပ်ပေးပုံကို ဟောရမယ်။
ဝိပဿနာအခြေခံ
မေးခွန်းတော် (၄)
▬▬▬▬▬▬▬
ယေ တေ ဇိဝှါဝိညေယျာ ရသာ အသာယိတာ၊ အသာယိတပုဗ္ဗာ၊ န စ သာယသိ၊ န စ တေ ဟောတိ သာယေယျန္တိ၊ အတ္ထိ တေ တတ္ထ ဆန္ဒော ဝါ ရာဂေါ ဝါ ပေမံ ဝါ။
(မာလုကျပုတ္တ - မာလုကျာ၏ သားဖြစ်သော ရဟန်း)
ဇိဝှါ ဝိညေယျာ - လျှာဖြင့် စားသိနိုင်ကောင်းကုန်သော၊
ယေ ရသာ - အကြင် အရသာတို့ကို၊
တေ - သင်သည်၊
အသာယိတာ - မကြာမီကလဲ မစားသိဘူးသေး (မလျက်ဘူးသေးဟု ပြန်လျှင် စားသိရသမျှတွေ အကုန်မပြန့်နှံ့ပဲ နေမည်စိုး၍ မစားသိဘူးသေးဟု ပြန်သည်)
အသာယိတပုဗ္ဗာ - ရှေးကာလ ရှေးဘဝတွေကလဲ မစားသိခဲ့ဘူးသေး၊
န စ သာယသိ - ယခုလဲ စားသိနေဆဲမဟုတ်၊
တေ - သင်အား၊
န စ ဟောတိ သာယေယျ န္တိ - စားသိနိုင်သည် ဟူ၍လဲ စိတ်ကူးထဲမှာ မဖြစ်သေး၊
တတ္ထ - ထိုစားလဲ မစားသိဘူးသေး၊ စားသိဆဲလဲမဟုတ်၊ စားသိနိုင်သည်-စားသိရလိမ့်မည်လို့တောင် စိတ်ကူးထဲမှာ မပေါ်သေးတဲ့ ထိုအရသာတို့၌၊
တေ - သင်အား၊
ဆန္ဒောဝါ - လိုချင်နှစ်သက်မှုသည်၎င်းင်း၊
ရာဂေါ ဝါ - တပ်မက်စွဲလန်းမှုသည်၎င်းင်း၊
ပေမံ ဝါ - ချစ်ခင်မှုသည်၎င်းင်း၊
အတ္ထိ - ရှိပါသလား ဖြစ်ပါသလားတဲ့၊ ဒီလို မေးတော်မူပါတယ်။
စားလဲမစားဘူးသေး၊ စားရဆဲလဲမဟုတ်၊ စားရလိမ့်မယ်လို့တောင် စိတ်ကူးထဲ၌ မပေါ်သေးတဲ့ အရသာနှင့် စားသောက်ဖွယ်ကို အာရုံပြုပြီး လိုချင်နှစ်သက်ခြင်း တပ်မက်ခြင်း ချစ်ခင်ခြင်း ဖြစ်ပါ့မလားတဲ့၊ အဲဒီလို အရသာနဲ့ စားသောက်ဖွယ် ရှိတယ်လို့တောင် မသိရသေးပဲနဲ့ အဲဒီလို အရသာနဲ့ စားသောက်ဖွယ်ကို လိုချင်နှစ်သက် တပ်မက်ချစ်ခင်ခြင်းဆိုတာ ဘယ်ဖြစ်မလဲ မဖြစ်ပါဘူး။ ဒါကြောင့် အရှင်မာလုကျပုတ္တမထေရ်က အဲဒီလို လိုချင်နှစ်သက် တပ်မက်ချစ်ခင်ခြင်း မဖြစ်ပါဘုရား လို့ဖြေကြား လျှောက်ထားပါတယ်၊
အဲဒါဟာ တိကျမှန်ကန်တဲ့ အဖြေပါပဲ။ ဒီမေးခွန်းဖြင့် မစားမသိရတဲ့ အရသာကို အာရုံပြုပြီး လိုချင်နှစ်သက်ခြင်း စသည်မဖြစ်ဘူး၊ ဒါကြောင့် အဲဒီ မစားရ မသိရတဲ့ စားသောက်ဖွယ် အရသာတွေကိုတော့ ဝိပဿနာရှုဖို့ မလိုဘူး၊ အဲဒီ အရသာတွေမှာ ကိလေသာ မဖြစ်ရအောင် ကြောင့်ကြစိုက်ဖို့ မလိုဘူး ဆိုတာကိုလဲ သိစေပါတယ်။ အဲဒီအတွက် ဆောင်ပုဒ်ကတော့ “မစားရရာ၊ ကိလေသာ၊ သူ့ဟာသူ ငြိမ်းသည်” လို့ ဆိုကြရုံပါဘဲ။
၁။ မစားရရာ၊ ကိလေသာ၊ သူ့ဟာသူ ငြိမ်းသည်။
ယခုခေတ်မှ ပေါ်တဲ့မုန့်တို့ အခြားနိုင်ငံကလာတဲ့ သစ်သီးတို့ စသော စားကောင်း သောက်ဖွယ် အသစ်အဆန်းတွေဆိုတာ များစွာရှိတယ်၊ အဲဒီလိုဟာတွေ မစား ဘူးသေးတဲ့ သူမှာ နှစ်သက် တောင့်တခြင်း စားလိုခြင်းဆိုတဲ့ လောဘ ကိလေသာတွေ မဖြစ်နိုင်ဘူး၊ ဘာကြောင့်လဲဆိုရင် မစားရဘူးသေးတဲ့အတွက် မသိလို့ပါဘဲ၊ စားရရင် တော့ အဲဒါမျိုးကို စားချင်တယ်၊ တချို့ရသတဏှာ လွန်ကဲတဲ့သူဆိုရင် မစားရပါက သေသည်အထိတောင် ဆင်းရဲဒုက္ခရောက်သွားတာ ရှိကြောင်း ကျမ်းဂန်များမှာ ပြဆိုထားတာ ရှိတယ်၊ ဒါကြောင့် “စားရရာမှာ၊ ကိလေသာ၊ ကိန်းကာ ဖြစ်နိုင်သည်” လို့ ဆောင်ပုဒ်ကို ဆိုကြရမယ်။
၂။ စားရရာမှာ၊ ကိလေသာ၊ ကိန်းကာ ဖြစ်နိုင်သည်။
စားသောက်နေတဲ့အခါ အရသာကောင်းကလေးများကို စားသိရရင် မရှုမမှတ်နိုင်သူမှာ အဲဒီအရသာနှင့်စပ်ပြီး စားလိုမှုစသော ကိလေသာတွေ ဖြစ်နိုင်တယ်၊ အဲဒီလို ဖြစ်နိုင် တာကို ကိလေသာ ကိန်းတယ်လို့ ဆိုရတာပဲ၊ ယောဂီမှာ အဲဒီ ကိလေသာကိန်းမှုကို ပယ်ဖျက်ဖို့ လိုပါတယ်၊ ဘယ်လို ပယ်ဖျက်ရသလဲ ဆိုတော့ အရသာကို စားသိပြီးလျှင် ပြီးချင်း သိတယ် ချိုတယ် စသည်ဖြင့် ရှုမှတ်ပြီး ပယ်ရတာပါပဲ၊ ဒါကြောင့် “စားတိုင်း မှတ်ရှု၊ ကိလေစု၊ ကိန်းမှု ပယ်သင့်သည်” လို့ ဆောင်ပုဒ်ကို ဆိုကြရမယ်။
၃။ စားတိုင်း မှတ်ရှု၊ ကိလေစု၊ ကိန်းမှု ပယ်သင့်သည်။
အဲဒီလို ရှုမှတ်ပြီး ကိလေသာကို ပယ်ရမယ်ဆိုတာ မြတ်စွာဘုရားရှင်က မေးခွန်း တော်ဖြင့်ပင် သိနားလည်စေပါတယ်၊ အဲဒါကိုလဲ “မေးခွန်းဖြင့်ပင်၊ လုပ်ငန်းစဉ်၊ ပေါ်လွင်စေခဲ့သည်” ဆိုတဲ့ ဆောင်ပုဒ်ကို ဆိုကြရမယ်။
၄။ မေးခွန်းဖြင့်ပင်၊ လုပ်ငန်းစဉ်၊ ပေါ်လွင်စေခဲ့သည်။
အဲဒီလို နားလည်စေပြီးတော့ စားသိတိုင်း မပြတ်ရှုနေရင် စားသိရုံမျှ၌သာ ရပ်တည်ပြီး ကိလေသာ ငြိမ်းမည် ဆိုတာကိုလဲ (မုတေ မုတမတ္တံ ဘဝိဿတိ) စားသိလျက် တွေ့ရသည်၌ စားသိရုံမျှ တွေ့ရုံမျှ ဖြစ်လိမ့်မည်လို့လဲ ညွှန်ကြားတော်မူပါတယ်၊ အကျယ်ကိုတော့ နှာ ၂၈ စသည်မှာ ဖော်ပြခဲ့ပါပြီ။ အဲဒီ ဒေသနာတော်အရ အရှင် မာလုကျပုတ္တမထေရ်က စားသိခိုက်၌ မရှုသူမှာ နိဗ္ဗာန်ဝေးပုံနှင့် ရှုသူမှာ နီးပုံကို ဂါထာ ၄ ပုဒ်ဖြင့် တင်ပြလျှောက်ထားပါတယ်၊ အဲဒါကို မြတ်စွာဘုရားရှင်က မှန်ကန်ကြောင်း သာဓုခေါ်တော်မူပြီး ကိုယ်တော်တိုင်လဲ ထပ်ဟောတော်မူပါတယ်။ အဲဒီဂါထာ ၄ ပုဒ်၏ အနက် အဓိပ္ပါယ်ကို အကျဉ်းချုပ် ရှင်းပြပါဦးမယ်။
စားသိခိုက်၌ မရှုသူမှာ
နိဗ္ဗာန်နှင့် ဝေးသည်
▬▬▬▬▬▬▬
၁။ ရသံ ဘောတွာ သတိ မုဋ္ဌာ၊ ပိယံ နိမိတ္တံ မနသိ ကရောတော။
သာရတ္တစိတ္တော ဝေဒေတိ၊ တဉ္စ အဇ္ဈောသ တိဋ္ဌတိ။
ပိယံ နိမိတ္တံ - ချစ်ဖွယ်အာရုံကို၊
မနသိ ကရောတော - နှလုံးသွင်း မျှော်လင့်နေသောသူအား၊
ရသံ ဘောတွာ - အရသာကို စားသိပြီး၍၊
ဝါ - စားသိပြီးလျှင်
(ပိယံ နိမိတ္တံ - ချစ်ဖွယ် အာရုံကို၊
မနသိကရောတော - နှလုံးသွင်းမိသော သူအား၊
အစ ပထမကတည်းက အရသာကောင်းကို မျှော်လင့် နေကြတာပဲ များတယ်၊ ဒါကြောင့် အရသာကောင်းကို စားသိရလျှင် ကောင်းလိုက်တာ ကောင်းလိုက်တာလို့ နှလုံးသွင်းမိတော့တာပါပဲ၊ အဲဒီတော့)
သတိ မုဋ္ဌာ - အမှတ်ရမှု သတိမရှိပဲ မေ့သွားလေတော့သည်တဲ့။
ကောင်းလိုက်တာလို့ နှလုံးသွင်း မိတာနဲ့ မေ့သွားတယ်ဆိုတာ ဒီနေရာမှာ အတူတူပါပဲ၊ ပကတိလူတွေမှာ စားသိရတာကို ရှုမှတ်ရမယ်လို့ နားလဲ မလည်ကြပါဘူး၊ သာမန်လူတွေ ထားလိုက်ပါဦးတော့၊ တချို့ စာပေကျမ်းဂန်တတ် ပုဂ္ဂိုလ်တွေတောင် အရသာ သိပြီးလျှင်ပြီးချင်း ရှုပြီး သိရမယ်ဆိုတာ နားမလည် တာကဘဲ များပါတယ်၊
တစ်ချို့က အရသာသိနေတာဟာ သိပြီးသားပဲ၊ ရှုနေဘို့ မလိုပါဘူးလို့တောင် မရိုမသေ ပြောတတ်ကြသေးတယ်၊ တစ်ချို့ကလဲ ဖြည်းဖြည်းချင်း ရှုမှတ်ပြီး စားနေတယ်ဆိုတာ အချိန် ကုန်ရုံမျှဘဲ၊ မြန်မြန်စားပြီးတော့မှ တရားအားထုတ်ရတယ်လို့လဲ ပြောတတ်ကြ သေးတယ်၊ ဒါကြောင့် စားသိတာကို အမှတ်ရတဲ့သူက အလွန် နည်းပါတယ်။ သတိပဋ္ဌာန်ဒေသနာတော်အရ မပြတ် ရှုမှတ်နေကြတဲ့ ယောဂီထဲကတောင် ရှုစားသိ ရာမှာ မရှုမမှတ်မိပဲ မေ့သွားတာတွေ တော်တော်များများ ရှိနေတတ်ကြသေးတာပါဘဲ။ အဲဒီလို မရှုမမှတ်မိပဲ မေ့သွားရင်၊
သော - စားသိပြီးလျှင် ချစ်ဖွယ်ထင်လျက် မရှုမမှတ်နိုင်သော ထိုသူသည်၊
သာရတ္တစိတ္တော - တပ်မက်သော စိတ်ရှိလျက်၊
ဝေဒေတိ - ခံစား၏၊
တဉ္စ - ထိုအရသာကိုလဲ၊
အဇ္ဈောသ တိဋ္ဌတိ - မျို၍ သိမ်းထားသကဲ့သို့ စိတ်ထဲ၌ စွဲလျက်တည်၏ တဲ့။
ဆောင်ပုဒ်များကတော့ “အဆင်းမြင်လျှင်” လို့ဆိုထားရာမှာ “အရသာသိလျှင်” လို့ ပြင်ဆိုရုံလောက်ပဲ ထူးပါတယ်၊ အဲဒီဆောင်ပုဒ်များကို ဆိုကြရမယ်။
၁။ အရသာသိလျှင်၊ ချစ်ဖွယ်ထင်၊ ထိုတွင်မေ့လေသည်။
၂။ သာယာတပ်စွဲ၊ ခံစားမြဲ၊ စိတ်ထဲ သိမ်းလျက်တည်။
ယခု အများလူစုတွေ စားသောက်နေကြတာဟာ အဲဒီလို သာယာတပ်မက်ပြီး ခံစားဖို့ ရည်ရွယ်ပြီး တတ်နိုင်သမျှ အရသာကောင်းအောင် ချက်ပြုတ်ပြုပြင်ပြီး စားနေကြ တာပဲ၊ ရဟန်း သံဃာတော် တွေအား ကျွေးမွေး လှူဒါန်းတဲ့အခါလဲ ကောင်းသည် ထက် ကောင်းအောင် ပြုပြင်ပြီး လှူဒါန်းနေ ကြတာပဲ။
မော်လမြိုင် တောင်ဝိုင်းကလေးတိုက်ကျောင်း ဆရာတော်ကြီးက ဒီကိစ္စနဲ့ စပ်ပြီးတော့ ပြောဖူးတာ ကလေးကို အမှတ်ရနေပါတယ်၊ တစ်ချိန်က သူဟာ ဒါယကာတစ်ဦးအား အစာအာဟာရတွေ စက်ဆုပ်ဖွယ်ထင်အောင် ရှုပြီး စားသုံးရတဲ့အကြောင်း ဟောပြော ပါသတဲ့၊ အဲဒီတော့ အဲဒီဒကာက “တပည့်တော်တို့က စားသောက်ဖွယ်ကို ကောင်းသည်ထက် ကောင်းအောင် တမင်ပြုလုပ်ပြီးတော့ လှူကြရတာပဲ၊ စက်ဆုပ် ဖွယ်ထင်အောင် ဆင်ခြင်ပြီး စားသုံးဖို့ မသင့်ပါဘူး” လို့ လျှောက်ပါသတဲ့။
ဟုတ်မှာဘဲ၊ ဒကာ ဒကာမများက မြိန်မြိန်ရှက်ရှက် သုံးဆောင်ဖို့ အထူးပြုပြင်ပြီး ကျွေးတာ လှူတာကို “ရွံ့စရာဖြစ်အောင် ဆင်ခြင်ပြီး သုံးဆောင်တယ်” ဆိုတော့ ကျေနပ်ကြမှာ မဟုတ်ပေဘူး။ ဒါပေမယ့် အရသာကောင်းဖြစ်အောင် ပြုပြင်ပြီးလှူတာ က ဒကာဒကာမတို့၏ တာဝန်ပဲ၊ စားရတာနဲ့ စပ်ပြီး ကိလေသာကင်းအောင် နှလုံးသွင်းဖို့ ဆိုတာကတော့ ရဟန်းမြတ်တို့၏ တာဝန်ပဲ။
ဒါကြောင့် ရဟန်းတော်များမှာ စားသုံးတဲ့အခါ အောက်ထစ်ဆုံးအားဖြင့် ပစ္စဝေက္ခဏာ အရ ဆင်ခြင်ပြီးတော့ စားသုံးရတယ်၊ ဆင်ခြင်ပုံ အကျဉ်းချုပ်ကတော့ -
နေဝ ဒဝါယ - ဆွမ်းခဲဖွယ်ဘောဇဉ်ကို စားသုံးရတာဟာ အရပ်ထဲက လူများလို ပျော်ရွှင်မြူးတူးနိုင်ဖို့လဲ မဟုတ်ဘူး၊
န မဒါယ - မာန်ယစ်ဖို့လဲ မဟုတ်ဘူး၊
န မဏ္ဍနာယ - ရုပ်ရေ ကြည်လင်ဖို့လဲ မဟုတ်ဘူး၊
န ဝိဘူသနာယ - အသားအရေ ပြည့်ဝ တောင့်တင်းစေဖို့လဲ မဟုတ်ဘူး၊
ဒါဖြင့် ဘာအတွက်လဲဆိုတော့ …
ဣမဿ ကာယဿ ဌိတိယာ - ဤရုပ်ကိုယ်ကြီး တည်မြဲတည်နေဖို့ သုံးဆောင်ရတယ်၊
နောက်ပြီးတော့ ယာပနာယ - မျှတနိုင်ဖို့ပဲ၊
နောက်ပြီးတော့ ဝိဟိံ သူပရတိယာ - ဆာလောင်ပင်ပန်းမှု ငြိမ်းဖို့ပဲ၊
နောက်ပြီးတော့ ဗြဟ္မစရိယာနုဂ္ဂဟာယ - သီလ သမာဓိ ပညာအကျင့်မြတ်ကို ကျင့်နိုင်ဖို့ပဲ-
ဤသို့ စသည်ဖြင့် ဆင်ခြင်ပြီး သုံးဆောင်ရတယ်။ ဒါထက် တတ်နိုင်ယင်တော့ ခုတင်က ပြောခဲ့တဲ့ အာဟာရေ ပဋိကူလသညာကမ္မဋ္ဌာန်းအရ စက်ဆုပ်ဖွယ်ဖြစ်အောင် ဆင်ခြင်ပြီး သုံးဆောင်ရတယ်၊ စက်ဆုပ်ဖွယ်ထင်အောင် ဆင်ခြင်ပုံတွေကိုတော့ ဝိသုဒ္ဓိမဂ် မြန်မာပြန် ဒုတိယတွဲမှာ ကြည့်နိုင်ပါတယ်။
အကောင်းဆုံးကတော့ သတိပဋ္ဌာန်ဒေသနာတော် နည်းအရ ရှုမှတ်ပြီး သုံးဆောင် တာက အကောင်းဆုံးပါဘဲ၊ အဲဒါကို နောက်နားကျမှ ပြောရမယ်။ အဲဒီလို မရှုနိုင် ရင်တော့ စားသိရတဲ့ အရသာကို တပ်မက်စွဲလမ်းပြီး ကိလေသာဆင်းရဲ စသည်တွေ ဖြစ်ပွားသွားတော့ တာပါဘဲ။
အဲဒီလို ဖြစ်ပွါးပုံကို ဒီလို ဆက်ပြီး ဖော်ပြတော်မူပါတယ်။
၂။ တဿ ဝဍ္ဎုန္တိ ဝေဒနာ၊ အနေကာ ရသသမ္ဘဝါ။
အဘိဇ္ဈာ စ ဝိဟေသာ စ၊ စိတ္တ မဿူပဟညတိ။
ဧဝံ အာစိနတော ဒုက္ခံ၊ အာရာ နိဗ္ာန ဝုစ္စတိ။
တဿ - စားသိရတဲ့ အရသာကို စွဲပြီး သိမ်းပိုက်ထားသော ထိုသူအား၊
ရသသမ္ဘဝါ - စွဲလျက် သိမ်းပိုက်ထားသည့် အရသာကြောင့်ဖြစ်ကုန်သော၊
အနေကာ - များစွာကုန်သော ဝေဒနာ အကောင်းအဆိုး အမျိုးမျိုးသော ခံစားမှုတို့သည်၊
ဝဍ္ဎုန္တိ - ဖြစ်ပွားကုန်၏ တဲ့၊
ဆောင်ပုဒ်ကတော့- “အဆင်းဆိုင်ရာ ဆိုထားရာ” လို့ ဆိုထားရာမှာ “အရသာ ဆိုင်ရာ” လို့ ပြင်ဆို ရုံမျှသာ ထူးပါတယ်။ အဲဒါကို ဆိုကြရမယ်။
၃။ အရသာဆိုင်ရာ၊ ဝေဒနာ၊ များစွာ ပွါးတော့သည်။
နောက်ပြီးတော့
အဘိဇ္ဈာ စ - ရလိုသမှု ရှေးရှုကြံစည်သော လောဘသည်၎င်းင်း၊
ဝိဟေသာ စ - ညှဉ်းဆဲလိုသော ဒေါသသည်၎င်းင်း၊
ဝဍ္ဎုန္တိ - ဖြစ်ပွါးကုန်၏၊
အဿ - ထိုပုဂ္ဂိုလ်၏၊
စိတ္တံ - စိတ်သည်၊
ဥပဟညတိ - လောဘ ဒေါသတို့ကြောင့် ပင်ပန်းလျက် ရှိနေချေသည်တဲ့။
စားသုံးရတဲ့ အရသာကောင်းကို စွဲမက်ပြီး အဲဒီလို အစာကောင်းတွေကို စားရအောင် လိုချင် တောင့်တတဲ့ လောဘလဲ ဖြစ်ပွါးတယ်၊ စား ဝတ် နေရေး ဆိုရာမှာ အဝတ် ကတော့ တစ်ထည်လောက် ရထားရင် တစ်နှစ်လောက်သုံးလို့ ရတတ်ပါတယ်၊ နေရာ အိမ်သို့ ဆိုတာကလဲ တစ်ခါလောက်ပြုပြင် ထားရင် တော်တော်ကြာအောင် သုံးရ ပါတယ်၊ စားရေးကတော့ တစ်နေ့ ၂ ကြိမ် ထက်မနည်း သုံးဆောင်နေရတာမို့ တော်တော် တာဝန်လေးပါတယ်၊ ဈေးတွေ အဆမတန် ကြီးမြင့်နေတဲ့အခါ သာပြီး တာဝန် လေးတာပဲ၊ ကံကောင်းထောက်မထားတဲ့ သူတွေမှာတော့ သိပ်တာဝန် မလေး ပေဘူး၊
အများအားဖြင့် လူ့လောကကြီး တစ်ခုလုံးမှာ ဆင်းရဲတဲ့လူတွေက များတာဘဲ၊ ဒါကြောင့် စားရေး အတွက် ရှာကြံကြရတာဟာ အလွန် ဝန်လေးပုံ ရပါတယ်။ ရရာနည်းဖြင့် ရှာကြံရတော့ အကုသိုလ်ကံတွေ ဖြစ်ပွါးကြမှာပါပဲ၊ ကိုယ့်အလုပ် နှောင့်ရှက်တယ်လို့ ထင်ရတဲ့သူတွေကို ညှဉ်းဆဲလိုတဲ့ ဒေါသလဲ ဖြစ်ပွါးတတ်တယ်၊ အင်အားရှိရင် တကယ်ကို ညှဉ်းဆဲမှုတွေလဲ ဖြစ်တာပဲ၊
အဲဒီ စားသောက်ရေးနဲ့ စပ်ပြီး ရှာကြံရတဲ့အတွက် စိတ်လဲ ပင်ပန်းဆင်းရဲ နေရ ပါတယ်တဲ့။ အဲဒါတွေဟာ အရသာစားသိစဉ်က အမှတ်မရခဲ့လို့ တပ်မက်စွဲလမ်းပြီး ဖြစ်တဲ့ ကိလေသဝဋ် ကမ္မဝဋ်တွေပဲ၊ အဲဒီကမ္မဝဋ်ကြောင့် ဘဝသစ် ဝိပါကဝဋ်လဲ ဖြစ်ရဦးမယ်၊ အရသာစားသိတိုင်း မရှုမမှတ်ရင် အဲဒီ ကိလေသာဝဋ်စသော ဆင်းရဲတွေကို လက်ခံဆည်းပူးနေသည် မည်တယ်။ အဲဒီစကားဆိုင်ရာ ဆောင်ပုဒ်များ ကို ဆိုကြရမယ်။
၄။ လောဘစည်ကား၊ ဒေါသပွါး၊ ဗျာများစိတ်ပန်းသည်။
၅။ ဤနည်းဖြင့်ပဲ၊ မပြောင်းလဲ၊ ဆင်းရဲရှာသူမည်။
ရှေးကလဲ စားရာမှာ အမှတ်တမဲ့ စားလာတာပဲ၊ စားသိတိုင်း ရှုမှတ်တဲ့နည်းဖြင့် မပြုပြင် မပြောင်းလဲတော့ပါဘူးလို့ နေမြဲအတိုင်း နေသွားရင် ဆင်းရဲကို ရှာနေသူ မည်တယ်၊ ဆင်းရဲကို ရှာမှီး စုဆောင်းနေတော့ ဆင်းရဲငြိမ်းဖို့ ဝေးတာပေါ့၊ ဘာလို့ တုန်းဆိုရင် - မီးပုံကြီးထဲ လောင်စာတွေ အသစ်အသစ် ထည့်ပေးနေရင် အဲဒီမီးပုံကြီး မငြိမ်းဘဲ ကြာရှည် တည်နေသလိုပါပဲ၊ ဒါကြောင့် -
ဧဝံ - မရှုမမှတ်ပဲနေသော ဤနည်းဖြင့်၊
ဒုက္ခံ - ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲကို၊
အာစိနတော - လက်ခံ၍ ဆည်းပူး စုဆောင်းသောသူအား၊
နိဗ္ဗာနံ - ဆင်းရဲငြိမ်းသော နိဗ္ဗာန်သည်၊
ဝါ - နိဗ္ဗာန်ကို၊
အာရာ - ဝေးသည်ဟူ၍၊
ဝုစ္စတိ - ဆိုအပ်ပါသည် တဲ့။
ဆောင်ပုဒ်ကို ဆိုကြရမယ်။
၆။ ဆင်းရဲကိုသာ။ ရှာသူမှာ၊ ဝေးစွာ နိဗ္ဗာန်ပြည်။
ယခုရွတ်ဆိုပြခဲ့တဲ့ ဂါထာ ၂ ပုဒ်ဖြင့် အတိုချုပ် ဆိုလိုတာကတော့ (စားသိခိုက်၌ မရှုမမှတ်သူမှာ နိဗ္ဗာန်ဝေးသည်-လို့) ဆိုလိုတာပါပဲ။ အဲဒါကို ဆိုကြရမယ်။
စားသိခိုက်၌ မရှု မမှတ်သူမှာ နိဗ္ဗာန်ဝေးသည်။
အရသာ စားသိတိုင်း မပြတ်ရှုမှတ်နေရင်တော့ နိဗ္ဗာန်နဲ့ နီးကပ် နီးကပ်သွားတယ်။ အဲဒီလို နီးပုံကို ဒါရိုက်ပြတဲ့ ဂါထာ ၂ ပုဒ်လဲ ရွတ်ဆိုပြီး ဟောပြမယ်။
စားသိခိုက်၌ ရှုသိသူမှာ နိဗ္ဗာန်နှင့် နီးသည်
▬▬▬▬▬▬▬
၃။ န သော ရဇ္ဇတိ ရသေသု၊ ရသံ ဘောတွာ ပဋိဿတော။
ဝိရတ္တစိတ္တော ဝေဒေတိ၊ တဉ္စ နာဇ္ဈောသ တိဋ္ဌတိ။
ယော - အကြင် ပုဂ္ဂိုလ်သည်၊
ရသံ ဘောတွာ - အရသာကို စားသိပြီး၍၊
ဝါ - စားသိပြီးလျှင်၊
ပဋိဿတော - တစ်ဖန် အမှတ်ရသည်၊
ဟောတိ - ဖြစ်၏ တဲ့။
ဒါဟာ အရသာကို စားသိပြီးလျှင်ပြီးချင်း ဝိပဿနာရှုဖို့ ဒါရိုက်ညွှန်းပြတာဘဲ၊ မစားမသိရတဲ့ အရသာရုပ်ကိုတော့ ကြံတွေးပြီး ရှုဖို့ မလိုဘူး၊ အဲဒီလို ကြံတွေး ရှုရုံမျှဖြင့် အာရမ္မဏာ - နုသယကိလေသာကို ပယ်နိုင်တဲ့ ဝိပဿနာဉာဏ်အစစ် မဖြစ်ဘူးဆိုတာကိုလဲ ခိုင်မြဲစွာ မှတ်သား ထားကြရမယ်။ ရှုပုံကတော့ စားသောက်ဖို့ ထမင်းစားပွဲ ဆွမ်းစားပွဲရှေ့မှာ ထိုင်ပြီးတဲ့နောက် -
ထမင်းပွဲကို ကြည့်ရင် ကြည့်တယ် မြင်တယ် ကြည့်တယ် မြင်တယ်လို့ ရှုမှတ်ရတယ်၊
ဒါက မြင်သိမှုနဲ့ ဆိုင်တဲ့ မှတ်ပုံဘဲ၊
ထမင်းပွဲဆီကို လက်လှမ်းရင် ကြွတယ် လှမ်းတယ်စသည်ဖြင့် ရှုမှတ်ရတယ်၊
ထမင်းလုပ်ကို ကိုင်ရင် ပြင်ရင်လဲကိုင်တယ် ပြင်တယ်လို့ မှတ်ရတယ်၊
ထမင်းလုပ်ကို မ-ပြီး ယူလာရင် မတယ် ယူတယ် လို့ မှတ်ရတယ်၊
ပါးစပ်ထိရင် ထိတယ်လို့ မှတ်၊
ပါးစပ်ဖွင့်ရင် ဖွင့်တယ်လို့ မှတ်၊
ထမင်းလုပ် ပါးစပ်ထဲထည့်လျှင် ထည့်တယ်မှတ်၊
ပါးစပ်ပြန်ပိတ်တာကို ပိတ်တယ်လို့ မှတ်၊
လက်ပြန်ချတော့ ချတယ်ချတယ်မှတ်၊
ပန်းကန်ပြားနဲ့ထိတော့ ထိတယ်မှတ်၊
ဝါးတော့ ဝါးတိုင်း ဝါးတိုင်း ဝါးတယ် ဝါးတယ်လို့ ရှုမှတ်ရတယ်၊
ဒါတွေကတော့ ကာယဒွါရက ထိသိမှုနှင့်ဆိုင်တယ်၊
စားစရာမှာ ထိသိမှု ရှုမှတ်ရတာတွေက များတယ်၊ လက်က လှုပ်ရှားပြုပြင်ရာမှာ တောင့်တင်း လှုပ်ရှားတဲ့ ဝါယောရုပ် အတွေ့အထိကို ရှုသိရတာပဲ၊ ထမင်းအပူကို ထိရတဲ့အခါ တေဇောရုပ် အတွေ့ကို ရှုသိရတာပဲ၊ ပါးစပ်က ဝါးတဲ့အခါ တောင့်တင်း လှုပ်ရှားတဲ့ ဝါယောရုပ် အတွေ့ကို ရှုသိရတာပဲ၊ ဒီလို ထိသိမှု မှတ်သိရတာတွေကပဲ များပါတယ်။ လျှာပေါ်မှာ အရသာပေါ်လာတော့ ချိုတယ် ချဉ်တယ် စသည်ဖြင့် ရှုမှတ်ရတယ်၊ အဲဒါကတော့ စားသိမှုကို ရှုသိရတာပဲ။
အဲဒီလို အရသာ ထင်ပေါ်လာတိုင်း ရှုမှတ်ပြီး သိသိနေလျှင် အဲဒီအရသာနှင့်စပ်ပြီး သာယာ တပ်မက်ခြင်း မဖြစ်တော့ဘူး၊ ဒါကြောင့် …
သော - အရသာကို စားသိပြီးလျှင် ချက်ချင်း အမှတ်ရသော ထိုပုဂ္ဂိုလ်သည်၊
ရသေသု - စားသိရသော အရသာတို့၌၊
န ရဇ္ဇတိ - မတပ်မက်၊
ဝါ - တပ်မက်မှု ရာဂကင်းသည် လို့ ဆိုထားတာပါပဲ။
ဆောင်ပုဒ်ကတော့ (အရသာသိက၊ အမှတ်ရ၊ ရာဂကင်းတော့သည်-လို့) ဆိုကြရုံပါပဲ။
၁။ အရသာသိက၊ အမှတ်ရ၊ ရာဂကင်းတော့သည်။
အရသာစားသိပြီးလျှင် ချက်ချင်း အမှတ်ရတယ်လို့ ဆိုတာက ရှေ့ပိုင်းနားတုန်းက ပြခဲ့တဲ့ မြင်သိဝီထိနှင့် အလားတူတဲ့ စားသိဝီထိ၏ အခြားမဲ့၌ ရှုမှတ်သိတာကို ဆိုတာပါပဲ၊ အဲဒီလိုရှုမှတ်ပြီး သိသိနေရင် သမာဓိဉာဏ် အားကောင်းတဲ့ အခါကျတော့ စားသိရတဲ့ အရသာရုပ်မျှကိုသာ မှန်စွာသိရတယ်၊ အဲဒီ အရသာရုပ်နဲ့ စားသိနာမ် ရှုသိနာမ်များ ချက်ချင်းပင် ပျောက်ကွယ် ပျက်စီးသွားတာကိုလဲ အမှန်အတိုင်း သိရတယ်၊
ကောင်းလိုက်တာ ကြက်သားဟင်းပဲ စသည်ဖြင့် ချစ်ဖွယ်အာရုံကိုတော့ မတွေ့ ရတော့ဘူး၊ ဒါကြောင့် အဲဒီ စားသိရတာကို မကြံစည်တော့ဘဲ အရသာသိရုံမျှ၌သာ တည်တယ်၊ အဲဒါဟာ (မုတေ မုတမတ္တံ ဘဝိဿတိ) စားသိလျက် တွေ့ရသည်၌ တွေ့ရုံမျှသာ ဖြစ်လတ္တံ့- ဆိုတဲ့ စကားတော်နှင့် အညီပါပဲ၊ အဲဒီအရသာကို စားသိရ ပေမယ့် မစားရ မသိရတဲ့ အရသာမှာလိုပင် တပ်မက်သာယာမှုစသော ကိလေသာတွေ မဖြစ်တော့ဘဲ ကင်းငြိမ်းသွားတယ်။
ယခုဒီရိပ်သာက ယောဂီတွေ မြင်သိတိုင်း ထိသိတိုင်း နံသိတိုင်း စားသိတိုင်း ရှုမှတ်ပြီး သိနေကြတာဟာ မဟာသတိပဋ္ဌာနသုတ် ဒေသနာတော်နှင့် ညီသည့်ပြင် ယခုဟော ခဲ့တဲ့ မာလုကျပုတ္တသုတ်တော်နှင့်လဲ အံကျကိုက်ပြီး ညီနေကြောင်း အလွန်ပင် ထင်ရှားပါတယ်။ သမာဓိဉာဏ် အထူးကောင်းတဲ့ အခါကျတော့ ဟင်းနံ့နှင့် အရသာကို တွေ့ရတိုင်း နံတယ်၊ သိတယ်၊ ချိုတယ်၊ ချဉ်တယ် စသည်ဖြင့် ရှုမှတ်ပြီး အနံ့အရသာရော + အနံ့အရသာ သိမှုရော + ရှုသိမှုရော ချက်ချင်းပင် ပျောက်ပျက် သွားတာကို တွေ့ကြရတယ်၊ အဲဒီတော့ စားသိရတဲ့ အရသာနဲ့စပ်ပြီး တပ်မက်သာယာ တဲ့ ရာဂလဲ မဖြစ်ရတော့ဘူး၊
တပ်မက်သာယာခြင်း မရှိဘဲ ခံစားရုံမျှသက်သက်သာ ဖြစ်နေတယ်။ ဒါကြောင့် ဒီလိုတောင် ထင်မြင်တတ် ပြောတတ်ကြပါသေးတယ်၊ ရှုမှတ်ပြီး စားနေရတဲ့အတွက် မြိန်မြိန်ရှက်ရှက် အရသာ မပေါ်ဘဲ ရှိနေတာပဲ၊ မရှုမမှတ်ဘဲ စားရရင်တော့ မြိန်မြိန် ရှက်ရှက် စားလို့ကောင်းမှာပဲလို့တောင် ပြောတတ်ကြပါသေးတယ်၊ အဲဒီလို ထင်တာ ပြောတာဟာ ဟုတ်လဲဟုတ်ပါတယ်၊ ရှုမှတ်လို့ ကိလေသာ ကင်းနေတဲ့အတွက် မြိန်ရှက်တဲ့အနေနဲ့ မထင်ရှားဘဲ ဖြစ်နေတာပဲ၊ အဲဒီလို ကိလေသာ ကင်းပုံ အစွဲကင်းပုံကို ဒီလိုဆက်ပြီး ပြဆိုထားပါတယ်။
သော - မတပ်မက်သော ထိုပုဂ္ဂိုလ်သည်၊
ဝိရတ္တစိတ္တော - တပ်မက်ကင်းသော စိတ်ရှိသည်ဖြစ်၍၊
ဝါ - မတပ်မက်သော စိတ်ဖြင့်၊
ဝေဒေတိ - ခံစား၏၊
တဉ္စစ - ထိုအရသာကိုလဲ၊
န အဇ္ဈောသ တိဋ္ဌတိ - သိမ်းပိုက် ဆုပ်ကိုင်လျက် မတည်တဲ့။
ဆောင်ပုဒ်ကတော့ ရှေးကအတိုင်းပါဘဲ၊ ဆိုကြရမယ်။
၂။ မတပ်မက်ဘဲ၊ ခံစားမြဲ၊ စိတ်ထဲမသိမ်းပြီ။
၄။ ယထာဿ သာယတော ရသံ၊ သေဝတော စာပိ ဝေဒနံ။
ခီယတိ နောပစီယတိ၊ ဧဝံ သော စရတိဿတော။
ဧဝံ အပစိနတော ဒုက္ခံ၊ သန္တိကေ နိဗ္ဗာန ဝုစ္စတိ။
ယထာ - အခြားမဲ့၌ မှတ်သိမှုပါသော အကြင် အခြင်းအရာဖြင့်၊
ရသံ - အရသာကို၊
သာယတော စာပိ - စားသိလဲ စားသိငြားသော်လဲ၊
ဝေဒနံ - ခံစားမှုကို၊
သေဝတော စာပိ - မှီဝဲလဲ မှီဝဲငြားသော်လဲ၊
ဒုက္ခံ - ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲသည်၊
ခီယတိ - ကုန်သာ ကုန်ခန်း၏၊
နောပစိယတိ - ဆည်းပူးအပ်သည်ကား မဟုတ်ပေတဲ့။
ဝိပဿနာယောဂီပုဂ္ဂိုလ်ဟာလဲ သူများလိုပင် အစာအရသာကို စားလဲစားပါတယ်၊ ခံစားမှုကိုလဲ မှီဝဲပါတယ်၊ သို့ပေမယ့် သာမန်ပုဂ္ဂိုလ် များမှာလို အရသာနဲ့စပ်ပြီး ကိလေသာတွေလဲ မဖြစ်ဘူး၊ အဲဒီ အရသာမျိုးကို ရှာမှီးခြင်းစသည်ဖြင့် အကုသိုလ်ကံ ကုသိုလ်ကံတွေလဲ မဖြစ်ဘူး၊ ကံ မဖြစ်တော့ ကံကြောင့်ဖြစ်မည့် ဘဝသစ် ဝိပါက် ဆင်းရဲတွေလဲ မဖြစ်ဘူး၊ ကင်းငြိမ်းတယ်၊ ဘာကြောင့်လဲဆိုတော့ စားသိပြီးလျှင် ပြီးချင်း မှတ်သိမှုပါနေလို့ ပါပဲတဲ့။
ဆောင်ပုဒ်ကတော့ (မှတ်သိလျက်သား၊ စားသိသွား၊ ခံစားမှီဝဲသည်) လို့ ဆိုကြရမယ်။
၃။ မှတ်သိလျက်သား၊ စားသိသွား၊ ခံစားမှီဝဲသည်။
နောက်တပုဒ်ကတော့ ရှေးကအတိုင်း ဆိုကြရုံပါဘဲ။
၄။ သို့ပါသော်လဲ၊ ဝဋ်ဆင်းရဲ၊ ကုန်မြဲ ကုန်ခန်းသည်။
သူများလိုပင် စားလဲစားပေမယ့် ခံစားမှုလဲ ဖြစ်ပေမယ့် မရှုမမှတ်တဲ့ သာမန်လူများမှာလို (ဝေဒနာပစ္စယာတဏှာ) ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်အရ ခံစားမှု အကြောင်းပြုပြီး တဏှာ မဖြစ်တော့ဘူး၊ တဏှာ မဖြစ်တဲ့အတွက် ဥပါဒါန်နဲ့ ကံလဲ မဖြစ်တော့ဘူး၊ ကံ မဖြစ်တဲ့အတွက် အဲဒီကံ၏ အကျိုးဝိပါက် ဆင်းရဲတွေ ဆိုတာလဲ မဖြစ်တော့ဘူး၊ အဲဒါဟာ မရှုမိတဲ့ အရသာနဲ့စပ်ပြီး ဖြစ်ခွင့်ရှိတဲ့ ကိလေသာ တွေ ကံတွေ ဝိပါက်ဆင်းရဲတွေ ကင်းငြိမ်းကုန်ခန်းပုံပါဘဲ။ ဒါကြောင့် အဲဒီ ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲ ငြိမ်းစေချင်တဲ့ ယောဂီဟာ စားသိတိုင်း အမှတ်ရတဲ့ ဒီနည်းဖြင့် မပြတ်ကျင့်ရတယ် ဆိုတဲ့ အကြောင်း ကိုလဲ ဒီလိုဆက်ပြီး ပြဆို ထားပါတယ်။
ဧဝံ - စားသိတိုင်း ရှုသိမှုပါသော ဤနည်းဖြင့်၊
သော - ထို ယောဂီသည်၊
သတော - အမှတ်ရလျက်၊
စရတိ - ကျင့်သည်တဲ့။
အဲဒါဟာ စားသိပြီးလျှင် ပြီးချင်း ရှုမှတ်ပြီး အမှန်အတိုင်း သိသိသွားရမယ် ဆိုတာကို ဒါရိုက်ပြတာပါဘဲ၊
ဆောင်ပုဒ်ကတော့ ရှေးကအတိုင်း ဆိုကြရုံပါဘဲ။
၅။ ဤနည်းဖြင့်သာ၊ ယောဂီမှာ၊ မှတ်ကာ ကျင့်ရသည်။
အဲဒီလို ရှုမှတ်တိုင်းရှုမှတ်တိုင်း စားရတဲ့အရသာနဲ့ စပ်ပြီးဖြစ်ပွားမည့် ကိလေသာ စသော ဆင်းရဲတွေကို တဒင်္ဂပဟာန်ဖြင့် ပယ်သတ်ပယ်သတ်သွားရင် တဒင်္ဂနိဗ္ဗာန်ကို ဆိုက်ရောက် ဆိုက်ရောက် သွားတယ်၊ ဝိပဿနာ ဉာဏ်အားပြည့်တဲ့အခါကျတော့ ဒီလိုရှုမှတ်နေရင်းထဲကပင် အရိယမဂ်ဉာဏ်ဖြင့် နိဗ္ဗာန် အစစ်ကို ဆိုက်ရောက်ပြီး မျက်မှောက်ပြုသွားတယ်၊ ဒါကြောင့် ရှုမှတ်တိုင်း ရှုမှတ်တိုင်း နိဗ္ဗာန်အစစ်ကို ရောက်ဖို့လဲ နီးကပ် နီးကပ်နေတာပဲ။ ဒါကြောင့်-
ဧဝံ - ဤဆိုအပ်ခဲ့သည့်အတိုင်း စားသိပြီးလျှင်ပြီးချင်း ရှုမှတ်သောအားဖြင့်၊
ဒုက္ခံ - မရှုမမှတ်လျှင် ဖြစ်ခွင့်ရှိသော ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲကို၊
အပစိနတော - ဖျက်ဆီးသော ပုဂ္ဂိုလ်အား၊
နိဗ္ဗာနံ - ဆင်းရဲငြိမ်းသော နိဗ္ဗာန်သည်၊
ဝါ - နိဗ္ဗာန်ကို၊
သန္တိကေ - နီးသည်ဟူ၍၊
ဝုစ္စတိ - ဆိုအပ်ပါသည်တဲ့။
ဆောင်ပုဒ်ကတော့ (စားတိုင်း ရှုမှတ်၊ ဆင်းရဲသတ်၊ နီးကပ် နိဗ္ဗာန်ပြည်) လို့ ဆိုကြရုံပါဘဲ။
၆။ စားတိုင်းရှုမှတ်၊ ဆင်းရဲသတ်၊ နီးကပ် နိဗ္ဗာန်ပြည်။
ယခုရွတ်ပြခဲ့တဲ့ ဂါထာ ၂ ပုဒ်ဖြင့် အတိုချုပ် ဆိုလိုတာကတော့ (စားသိခိုက်၌ ရှုမှတ် သူမှာ နိဗ္ဗာန်နီးသည်) လို့ဆိုလိုတာပါဘဲ၊ အဲဒါကို ဆိုကြရမယ်။
ရှုသူမှာ ဘယ်အချိန်မဆို တရားထူးကိုရနိုင်သည်
▬▬▬▬▬▬▬▬▬
စားနေရင်း ရှုမှတ်လို့ နိဗ္ဗာန်ဆိုက်ရောက်ပုံကတော့ အဋ္ဌကထာများမှာ ထင်ရှားပြထား တာတွေ ရှိပါတယ်။ ဘယ်လိုလဲဆိုတော့ ရှေးတုန်းက သီဟိုဠ်ကျွန်းမှာ မြို့ထဲ ရွာထဲ၌ သံဃာတော်များ ဆွမ်းခံပြီး ဆွမ်းဘုဉ်းပေးဖို့ ဆောက်လုပ်ထားတဲ့ ဆွမ်းစားဇရပ် ဆိုတာတွေ ရှိတယ်၊ နံနက်စောစောပိုင်းမှာ ယာဂုခေါ်တဲ့ ဆန်ပြုတ်ဆွမ်းကို ခံယူပြီး အဲဒီ ဆွမ်းစားဇရပ်မှာပဲ ဘုဉ်းပေးကြရမယ်၊ နေ့ပိုင်းကျတော့ ဆွမ်းကိုခံယူပြီး အဲဒီဇရပ်မှာပဲ ဘုဉ်းပေးကြရတယ်၊
အဲဒီလို ဘုဉ်းပေးနေကြရင်း ဝိပဿနာရှုပြီး အရဟတ္တမဂ်ဖိုလ် တရားထူးများ ရသွား ကြတယ်၊ အဲဒီ ဇရပ်တွေမှာ ရဟန္တာ မဖြစ်ဖူးလို့ ပြစရာနေရာတောင် မရှိဘူး၊ ရဟန္တာ ဖြစ်ဖူးတဲ့ နေရာချည်းပဲ တဲ့၊ ဒီလို အဋ္ဌကထားများမှာ ပြဆိုထားပါတယ်။
နောက်ပြီးတော့ တစ်နေ့က ခုနစ်ဝါမြောက် ဗုဒ္ဓဝါတော်စဉ်အရ အဘိဓမ္မာပိဋကတ် ပုဂ္ဂလပညတ်မှ အသမယ ဝိမုတ္တ ပုဂ္ဂိုလ်ကို ဟောရင်း အဲဒီက အဋ္ဌကထာ အဖွင့်ကို ထုတ်ပြပြီး ဟောခဲ့တယ်၊ ဘယ်လိုလဲ ဆိုတော့ …
ယဿ သဒ္ဓါ ဗလဝတီ ဝိပဿနာ စ အာရဒ္ဓါ၊ တဿ ဂစ္ဆန္တဿ တိဋ္ဌန္တဿ နိသီဒန္တဿ နိပဇ္ဇန္တဿ ခါဒန္တဿ ဘုဉ္ဇန္တဿ မဂ္ဂဖလပဋိဝေဓော နာမ န ဟောတီတိ နတ္ထိ-တဲ့။
(ပုဂ္ဂလပညတ္တိ အဋ္ဌကထာ နှာ-၃၂)
ယဿ - အကြင်ပုဂ္ဂိုလ်မှာ၊
သဒ္ဓါ စ - ယုံကြည်မှု သဒ္ဓါတရားသည်လည်း၊
ဗလဝတီ - အားကြီး၏ အားကောင်း၏။
(ပေါ်လာသမျှကို ရှုမှတ်နေခြင်းဖြင့် မဂ်ဖိုလ်နိဗ္ဗာန်ကို ရောက်မယ်လို့ ယုံကြည်မှုကလဲ အားကောင်းတယ် တဲ့၊ အဲဒါက အရေးကြီးတယ်၊ နှစ်နှစ်ခြိုက်ခြိုက် ယုံကြည်ဖို့ လိုပါတယ်)
ဝိပဿနာ စ- ဝိပဿနာကိုလည်း၊
အာရဒ္ဓါ - ဥဒယဗ္ဗယ ဉာဏ်ရောက်အောင် အားထုတ်စ ပြုအပ်ပြီ၊
(ဝိပဿနာကို အားထုတ်စ ပြုပြီးခဲ့တဲ့ အောက်ထစ်ဆုံးအားဖြင့် ဥဒယဗ္ဗယ ဉာဏ်ရောက်နေပြီလို့ ဆိုလိုပါတယ်၊ အဲဒါထက် ဘင်္ဂဉာဏ် စသည် ရောက်နေရင်တော့ သာပြီးပြည့်စုံ နေတာပါဘဲ၊)
တဿ - ထိုပုဂ္ဂိုလ်မှာ၊
ဂစ္ဆန္တဿ - သွားနေစဉ် ဖြစ်စေ၊
တိဋ္ဌန္တိဿ - ရပ်နေစဉ်ဖြစ်စေ၊
နိသီဒန္တဿ - ထိုင်နေစဉ် ဖြစ်စေ၊
နိပဇ္ဇန္တဿ - လဲလျောင်းနေစဉ်ဖြစ်စေ၊
ခါဒန္တဿ - မုန့်သစ်သီးစသည်ကို ခဲစားနေစဉ်ဖြစ်စေ၊
ဘုဉ္ဇန္တဿ - ဆွမ်းထမင်းကို သုံးဆောင်နေစဉ်ဖြစ်စေ၊
မဂ္ဂဖလပဋိဝေဓောနာမ - မဂ်ဖိုလ်ကို ထိုးထွင်းသိခြင်း ရခြင်းမည်သည်၊
န ဟောတီတိ - မဖြစ်ဟူ၍၊
နတ္ထိ - မရှိပေ တဲ့။
မြင်တိုင်း ကြားတိုင်း နံတိုင်း စားသိတိုင်း ထိသိတိုင်း ကြံသိတိုင်း မပြတ်ရှုမှတ်နေလျှင် မဂ်ဖိုလ် တရားထူးကို ရနိုင်တယ်လို့ ယုံကြည်မှု သဒ္ဓါလဲ အားကောင်းနေရင်၊ ရှုမှတ်အားထုတ်စ ပြုခဲ့ပြီးဖြစ်၍ အဖြစ်အပျက်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် တွေ့သိလဲ တွေ့သိနေရင် သွားနေဆဲဖြစ်ဖြစ်၊ ရပ်နေဆဲဖြစ်ဖြစ်၊ ထိုင်နေဆဲဖြစ်ဖြစ်၊ လျောင်းနေဆဲ ဖြစ်ဖြစ်၊ စားသောက်နေဆဲဖြစ်ဖြစ် ဘယ်အချိန်မဆို (ဝိပဿနာဉာဏ်အားပြည့်ရင်) မဂ်ဖိုလ်ကို ရောက်နိုင် ရနိုင်တာချည်းပဲ၊ မရောက်နိုင် မရနိုင်တဲ့ အချိန်ရယ်လို့ မရှိ ပါဘူးတဲ့၊ ဒီအဆိုဟာ တကယ်အားထုတ်နေတဲ့ ယောဂီများအတွက် အင်မတန် အားရ စရာ ကောင်းတာဘဲ။ အဲဒါကို ဆောင်ပုဒ်ကလေးများ စီထားတယ်၊ လိုက်ဆိုကြရမယ်။
၁။ ယုံကြည်အားပြည့်၊ ဖြစ်ပျက်မိ၊ မြင်သိနေပါမူ။
၂။ သွားစဉ် ရပ်စဉ် ထိုင်လျောင်းစဉ် ဘယ်တွင်မဆို ရှိပါစေ။
၃။ စားစဉ် ခဲစဉ် သုံးဆောင်စဉ် ဘယ်တွင်မဆို ရှိပါစေ။
၄။ ရှုနေသူမှာ မဂ်ဖိုလ်ဟာ ဘယ်ခါမဆို ဖြစ်နိုင်ပေ။
ဒါကြောင့် စားသောက်နေတဲ့ အခါလဲ စေ့စေ့စပ်စပ် မပြတ်ရှုပြီး စားသောက်ဖို့ လိုပါတယ်။ ကိုယ်တစ်ဦးတည်း စားသောက်နေတဲ့အခါ ဆိုရင်တော့ ဖြေးဖြေးချင်း ပြုလုပ်ပြီး စေ့စေ့စပ်စပ် ရှုမှတ်နေရင် ထမင်းတစ်လုပ်မှာပင် မှတ်ချက်ပေါင်း လေးငါးခြောက်ဆယ်ထက် မနည်း ရနိုင်တယ်၊ အဲဒီလို ရှုမှတ်နေရင်တော့ ထမင်းစားတာက တစ်နာရီလောက်လဲ ကြာတတ်တယ်၊ ယခု ဒီမှာ အများနဲ့အတူ စားရတဲ့အခါမှာတော့ အဲဒီလောက် စေ့စပ်အောင် ရှုမှတ်ဖို့ မလွယ်ပါဘူး၊ ဒါပေမယ့် ရနိုင်သမျှ ရအောင် အထူး အလေးပြုပြီး ရှုမှတ်ကြရမယ်။
စားသိမှုနှင့်စပ်ပြီး ဝိပဿနာရှုပုံ လုပ်ငန်းစဉ်ကတော့ ပြည့်စုံလောက်ပါပြီ။ ယခု ထိသိမှုနှင့်စပ်ပြီး မေးခွန်းမှစ၍ ဝိပဿနာ အလုပ်ပေးပုံကို ဟောရမယ်။
ဝိပဿနာအခြေခံ မေးခွန်းတော် (၅)
▬▬▬▬▬▬▬
ယေ တေ ကာယ ဝိညေယျာ ဖောဋ္ဌဗ္ဗာ အသံဖုဋ္ဌာ အသံဖုဋ္ဌပုဗ္ဗာ၊ န စ ဖုသသိ၊ န စ တေ ဟောတိ ဖုသေယျန္တိ၊ အတ္ထိ တေ တတ္ထ ဆန္ဒော ဝါ ရာဂေါ ဝါ ပေမံ ဝါ၊
(မာလုကျပုတ္တ - မာလုကျာ၏ သားဖြစ်သော ရဟန်း၊)
ကာယဝိညေယျာ - ကိုယ်ဖြင့် ထိသိနိုင်ကောင်းကုန်သော၊
ယေဖောဋ္ဌဗ္ဗာ - အကြင် အတွေ့ရုပ်တို့ကို၊
တေ - သင်သည်၊
အသံဖုဋ္ဌာ - မကြာမီကလဲ မထိသိဘူးသေး၊ (အတွေ့ရုပ်တွေဆိုတာ ကြမ်းတမ်းခက်မာ နူးညံ့ ချောညက်တဲ့ အတွေ့ကတစ်မျိုး၊ ပူအေးနွေးတဲ့ အတွေ့က တစ်မျိုး၊ တောင့်တင်း လှုပ်ရှားတဲ့ အတွေ့ကတစ်မျိုး၊ ဒီလို ၃ မျိုးရှိတယ်၊ အဲဒီ တွေ့ထိစရာတွေကို မကြာမီကလဲ မထိသိရသေးဘူးလို့ ဆိုလိုပါတယ်။)
န အသံဖုဋ္ဌပုဗ္ဗာ - ရှေးကာလ ရှေးဘဝတွေကလဲ မထိသိရဘူးသေး၊
န စ ဖုသသိ - ယခုလဲ ထိသိနေဆဲမဟုတ်၊
တေ - သင်အား၊
န စ ဟောတိ ဖုသေယျန္တိ - ထိသိနိုင်သည်ဟူ၍လဲ စိတ်ကူးထဲမှာတောင် မဖြစ်သေး၊
တတ္ထ - ထို ထိလဲ မထိသိဘူးသေး၊ ထိသိဆဲလဲမဟုတ်၊ ထိသိနိုင်သည်- ထိသိရ လိမ့်မည်ဟူ၍ စိတ်ကူးထဲမှာတောင် မပေါ်သေးသော တွေ့ထိစရာ အတွေ့ရုပ်တို့၌၊
တေ - သင်အား၊
ဆန္ဒော ဝါ - လိုချင်နှစ်သက်မှုသည်၎င်းင်း၊
ရာဂေါ ဝါ - တပ်မက်စွဲလမ်းမှုသည်၎င်းင်း၊
ပေမံ ဝါ - ချစ်ခင်မှုသည်၎င်းင်း၊
အတ္ထိ - ရှိပါသလား ဖြစ်ပါသလားတဲ့၊ ဒီလို မေးတော်မူပါတယ်။
တွေ့ထိလဲ မတွေ့ထိဘူးသေး၊ တွေ့ထိရဆဲလဲ မဟုတ်၊ တွေ့ထိရလိမ့်မယ်လို့တောင် စိတ်ကူးထဲ၌ မပေါ်သေးတဲ့ သက်ရှိသက်မဲ့ တွေ့ထိစရာကိုအာရုံြုပပြီး လိုချင်နှစ်သက် တပ်မက်ချစ်ခင်ခြင်း ဖြစ်ပါ့မလားတဲ့၊ အဲဒီလို တွေ့ထိစရာ ရှိတယ်လို့တောင် မသိရသေးပဲနဲ့ အဲဒီသက်ရှိသက်မဲ့ တွေ့ထိစရာကို လိုချင်နှစ်သက် တပ်မက်ချစ်ခင်ခြင်း ဆိုတာ ဘယ်ဖြစ်မလဲ၊ မဖြစ်ပါဘူး၊ ဒါကြောင့် အရှင်မာလုကျပုတ္တမထေရ်က အဲဒီလို တွေ့ထိစရာမှာ လိုချင်နှစ်သက် တပ်မက်ချစ်ခင်ခြင်း မဖြစ်ပါ ဘုရား-လို့ ဖြေကြား လျှောက်ထားပါတယ်။ အဲဒါဟာ တိကျမှန်ကန်တဲ့အဖြေဘဲ။
ဒီမေးခွန်းတော်ဖြင့် မတွေ့မထိရတဲ့ အာရုံမှာ လိုချင်နှစ်သက်ခြင်းစသော ကိလေသာ မဖြစ်နိုင်ကြောင်း ဒါရိုက်ပြတော်မူတယ်၊ ဥပမာ နိုင်ငံခြားက ထုတ်လုပ်တဲ့ အဝတ် အထည် အခင်းကောင်းကလေးတွေ၊ ခြုံထည်ကောင်းကလေးတွေ ဆိုတာရှိတယ်၊ အဲဒီလို အဝတ်အထည် ခြုံစရာနှင့်စပ်ပြီး မမြင်ဘူး မကြားဘူး မထိဘူးတဲ့သူမှာ လိုချင်တောင့်တခြင်း ဖြစ်ပါ့မလား၊ မဖြစ်ကြောင်း ထင်ရှားပါတယ်၊ ထို့အတူပင် သက်ရှိလူပုဂ္ဂိုလ်အတွေ့နှင့် စပ်ပြီးတော့ မထိဘူး မသိဘူးသေးတဲ့သူမှာ တွေ့ထိလိုတဲ့ စိတ် မဖြစ်ပါဘူး။
ဒါကြောင့် မထိရ မသိရသေးတဲ့ တွေ့ထိစရာ အာရုံမှာ လိုချင်နှစ်သက်မှု စသော ကိလေသာတွေ မဖြစ်ဘူး၊ ကိလေသာတွေ မဖြစ်နိုင်ဘဲ သူ့အလိုလိုပင် ကင်းငြိမ်းနေတဲ့ အတွက် အဲဒီလို မထိရ မသိရတဲ့ အတွေ့အထိအာရုံမှာ ကိလေသာ မဖြစ်ရအောင် ဝိပဿနာရှုဖို့ မလိုဘူးဆိုတာကိုလဲ ဒီမေးခွန်းတော်ဖြင့်ပင် သိနားလည်စေပါတယ်။
တွေ့ထိရရင်တော့ အဲဒီ တွေ့ထိရတဲ့အာရုံမှာ လိုချင်နှစ်သက်ခြင်း စသော ကိလေသာ တွေ ဖြစ်နိုင်တယ်၊ ဒါကြောင့် အဲဒီလို တွေ့ထိရတဲ့ အာရုံမှာ ကိလေသာ ဖြစ်ခွင့်မရအောင် ဝိပဿနာဖြင့် ရှုမှတ်ပြီး ပယ်သင့်တယ် ဆိုတာကိုလဲ ဒီမေးခွန်း တော်ဖြင့် သိနားလည်စေပါတယ်၊ ဒါကြောင့် မြင်မှုနှင့်စပ်ပြီး ပြဆိုခဲ့တဲ့ ဆောင်ပုဒ် တွေလိုပင် အလားတူ ဆောင်ပုဒ်များကိုလဲ ဆိုကြရမယ်။
၁။ မထိရရာ၊ ကိလေသာ၊ သူ့ဟာသူ ငြိမ်းသည်။
မထိရတဲ့ အာရုံမှာ ကိလေသာ ဖြစ်ခွင့်မရှိဘဲ သူ့ဟာသူပင် ငြိမ်းနေတယ်၊ ဒါကြောင့် အဲဒီ မထိရ မသိရတဲ့ အာရုံတွေကို ဆင်ခြင် စဉ်းစားပြီး ဝိပဿနာရှုနေဖို့ မလိုဘူး ဆိုတာကိုလဲ သိနားလည် စေပါတယ်၊ နောက်တစ်ပုဒ်လဲ ဆိုကြရမယ်။
၂။ ထိရရာမှာ၊ ကိလေသာ၊ ကိန်းတာ ဖြစ်နိုင်သည်။
ထိရရင်တော့ အဲဒီ ထိရတဲ့အာရုံကို ပြန်လည်ဆင်ခြင်ပြီး ကိလေသာတွေ ဖြစ်နိုင်တယ်၊ ဒါကြောင့် အဲဒီ ထိရတဲ့အာရုံမှာ ကိလေသာ မကိန်းနိုင်အောင် မဖြစ်နိုင်အောင် ထိသိပြီးလျှင် ပြီးခြင်း ရှုမှတ်ပြီး ဖြစ်မည့် ကိလေသာတွေကို ပယ်သင့်တယ် ဆိုတာကိုလဲ သိနားလည်စေပါတယ်။ အဲဒီဆောင်ပုဒ်ကိုလဲ ဆိုကြရမယ်။
၃။ ထိတိုင်း မှတ်ရှု၊ ကိလေစု၊ ကိန်းမှု ပယ်သင့်သည်။
အဲဒီလို ဝိပဿနာရှုပုံ လုပ်ငန်းစဉ်ကို ခုတင်က ပြဆိုခဲ့တဲ့ မေးခွန်းတော်ဖြင့်ပင် သိနား လည် စေပါတယ်၊အဲဒီဆောင်ပုဒ်ကိုလဲ ဆိုကြရမယ်။
၄။ မေးခွန်းဖြင့်ပင်၊ လုပ်ငန်းစဉ်၊ ပေါ်လွင်စေခဲ့သည်။
အဲဒီလို သိနားလည်စေပြီးသော ထိသိတိုင်း ထိသိတိုင်း မပြတ်ရှုနေလျှင် ထိသိရုံ မျှ၌သာတည်ပြီး ကိလေသာငြိမ်းမယ် ဆိုတာကိုလဲ (မုတေ မုတမတ္တံ ဘဝိဿတိ) ထိသိလျက် တွေ့ရသည်၌ ထိသိရုံမျှ တွေ့ရုံမျှ ဖြစ်လိမ့်မယ်လို့လဲ ညွှန်ကြားတော် မူပါတယ်၊ အကျယ်ကိုတော့ နှာ ၂၇ စသည်မှာ ဖော်ပြခဲ့ပါပြီ။ မဂ်ရောက် ဖိုလ်ရောက် ရည်သန်ပြီး မမေ့မလျော့ မပြတ်ရှုမှတ်နေတဲ့ ယောဂီမှာ ဒီ အတွေ့အထိ ရှုမှတ်ရတာက အများဆုံးပါဘဲ။
ထိုင်ပြီး ရှုမှတ်နေတဲ့အခါ မြင်တာ ကြားတာကို တရံတခါမျှသာ ရှုမှတ်ရတယ်၊ နံတာကိုတော့ ရှုမှတ်ရခဲပါတယ်၊ စားသောက်တဲ့ အခါများမှာတော့ ထမင်းနံ့ ဟင်းနံ့ ဖျော်ရည်နံ့များကို နံသိပြီး ရှုမှတ်ရတာ ရှိပါတယ်၊ စားသိတာကို ရှုမှတ်ရတာကလဲ စားသောက်နေဆဲမှာသာ ရှုမှတ်ရတာဘဲ၊ အများအားဖြင့် တစ်နေ့လုံး တစ်ညလုံး ရှုမှတ်နေရတာဟာ ဒီ အတွေ့အထိကို ရှုမှတ်နေရတာပါဘဲ။
လမ်းလျှောက်သွားနေတဲ့အခါ (ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ) သွားနေစဉ်လဲ သွားတယ်လို့ သိရမယ်လို့ ဟောကြား ညွှန်ပြထားတော်မူသည့် အတိုင်း သွားတယ် သွားတယ်၊ ညာလှမ်းတယ် ဘယ်လှမ်းတယ်၊ ကြွတယ် လှမ်းတယ် ချတယ်-လို့ မပြတ်ရှုမှတ်ပြီး သွားရတယ်။ အဲဒါဟာ ခြေထောက်လဲ ကိုယ်ထဲက အတွေ့အထိ အာရုံကို ရှုမှတ်ရတာပဲ၊ ကျမ်းဂန်ဝေါဟာရနဲ့ ပြောရရင်တော့ ခြေထောက်ထဲ ကိုယ်ထဲက တောင့်တင်း တွန်းကန် လှုပ်ရှားတဲ့ ဝါယောအတွေ့အထိကို ရှုမှတ်ပြီး သိရတာပါပဲ၊ ရံခါမှာတော့ ခြေထောက်ထဲ ကိုယ်ထဲက ပူတဲ့ နွေးတဲ့ အေးတဲ့ တေဇောဓာတ်ကိုလဲ ရှုသိရတယ်၊ ကြမ်းတမ်း နူးညံ့ချောညက်တဲ့ ပထဝီဓာတ်ကိုလဲ ရှုသိရတယ်။ အများအားဖြင့်တော့ ဝါယောဓာတ်ကို ရှုသိရတာကပဲ များပါတယ်။
မတ်တတ်ရပ်နေတဲ့အခါလဲ (ဌိတော ဝါ ဌိတောမှီတိ ပဇာနာတိ) ရပ်နေလဲ ရပ်တယ်လို့ သိရမယ်လို့ ဟောကြား ညွှန်ပြထားတဲ့အတိုင်း ရပ်တယ် ရပ်တယ်လို့ မပြတ်ရှုမှတ်နေရုံပါပဲ။ ရပ်တာတစ်မျိုးတည်း ရှုမှတ်ရုံနဲ့ အားမရသေးရင် အဲဒီ ရပ်နေ ခိုက်မှာ ထင်ရှားတဲ့ အတွေ့အထိနဲ့ တွဲပြီး ရပ်တယ် ထိတယ် ရပ်တယ် ထိတယ်လို့ ရှုမှတ်ရုံပါပဲ။ အဲဒီလို ရှုမှတ်ရုံနဲ့ အားမရသေးရင်တော့ ဝမ်းဗိုက်က အတွေ့အထိကို အာရုံြုပပြီး ဖောင်းတယ် ပိန်တယ် စသည်ဖြင့် ရှုမှတ်သွားရုံပါပဲ။
ထိုင်နေတဲ့အခါလဲ (နိသိန္နော ဝါနိသိန္နောမှီတိ ပဇာနာတိ) ထိုင်နေစဉ်လဲ ထိုင်တယ်-လို့ သိရမယ်-လို့ ဟောကြား ညွှန်ပြထားတဲ့အတိုင်း ထိုင်တယ် ထိုင်တယ်လို့ မပြတ်ရှုမှတ် နေရုံပါပဲ၊ အဲဒါ တမျိုးတည်း မှတ်ရုံမျှနဲ့ အားမရသေးရင် ထိုင်နေစဉ်မှာ ထင်ရှားတဲ့ အတွေ့အထိနဲ့ တွဲပြီး ထိုင်တယ် ထိတယ်၊ ထိုင်တယ် ထိတယ်လို့ ရှုမှတ်နေရုံပါပဲ။ အဲဒါနဲ့ အားမရသေးရင်တော့ ဝမ်းဗိုက်ထဲက တောင့်တင်းလှုပ်ရှားတဲ့ ဝါယောဓာတ် အတွေ့အထိကို ပဓာနပြုပြီး ဖောင်းတယ် ပိန်တယ်၊ ဖောင်းတယ် ပိန်တယ် စသည်ဖြင့် ရှုမှတ်နေရုံပါပဲ။ လဲလျောင်းနေတဲ့အခါလဲ လျောင်းတာ ထိတာ ဖောင်းတာ ပိန်တာကို နည်းတူပင် ရှုနေရုံပါပဲ။
အာနာပါနကို ရှုဘို့ ဘာ့ကြောင့် မညွှန်းသလဲ
▬▬▬▬▬▬▬▬▬
ဒီနေရာမှာ ရှုရှိုက်လေလဲ ဝါယောဓာတ်ပဲ၊ အဲဒီ ရှုရှိုက် အတွေ့အထိကိုတော့ ရှုဖို့ရာ ဘာ့ကြောင့် မညွှန်ကြားပါသလဲလို့ မေးစရာ ရှိပါတယ်။
အဖြေကတော့ မိမိ၏ သဘောအရ ဆိုရင်တော့ ရှုရှိုက်လေ ရုပ်ကို ရှုခြင်းဖြင့်လဲ ဝါယောရုပ်နဲ့ ရှုသိနာမ်ကိုသိပြီး ဝိပဿနာဉာဏ် ဖြစ်သင့်တယ်လို့ဘဲ သဘောကျ ပါတယ်။ ဒါပေမယ့် ဝိသုဒ္ဓိမဂ်၌ ကာယာနုပဿနာ (၁၄) ပိုင်းကို သမထကမ္မဋ္ဌာန်း, ဝိပဿနာကမ္မဋ္ဌာန်း တို့ဖြင့် ခွဲခြားပြရာတွင် အာနာပါနကို သမထကမ္မဋ္ဌာန်းလို့သာ ပြထားတယ်။ ပြပုံကတော့ -
ဣရိယာပထပဗ္ဗံ စတုသမ္ပဇညပဗ္ဗံ ဓာတုမနသိကာရပဗ္ဗန္တိ ဣမာနိ တီဏိ ဝိပဿနာဝသေန ဝုတ္တာနိ။ပ။ အာနာပါနပဗ္ဗံ ပန ပဋိကူလမန သိကာရပဗ္ဗဉ္စ ဣမာနေဝေတ္ထ ဒွေ သမာဓိဝသေန ဝုတ္တာနိ။
(ဝိသုဒ္ဓိမဂ် ပထမတွဲ နှာ ၂၃၂)
ဣရိယာပထပဗ္ဗံ စတုသမ္ပဇညပဗ္ဗံ ဓာတုမနသိကာရ ပဗ္ဗန္တိ - ဣရိယာပုထ် ၄ ပါးရှုပုံ အပိုင်း၊ သမ္ပဇဉ် ၄ ပါးဖြင့် ရှုပုံအပိုင်း၊ ဓာတ်လေးပါး နှလုံးသွင်းပုံအပိုင်းဟူသော၊
ဣမာနိ တီဏိ - ဤသုံးပိုင်းတို့ကို၊
ဝိပဿနာဝသေန - ဝိပဿနာ ဘာဝနာ အလိုအားဖြင့်၊
ဝုတ္တာနိ - ဟောတော်မူအပ်ကုန်၏။ ပ။
ပန - ထိုမှတပါး၊
အာနာပါနပဗ္ဗံ ပဋိကူလမနသိကာရပဗ္ဗဉ္စ - ရှူရှိုက်လေ ရှုပုံကိုပြသော အာနာပါန ပိုင်းနှင့် ဆံပင် မွှေးညှင်း စသည်တို့ကို စက်ဆုပ်ဖွယ် ရှုပုံပြသော အပိုင်းဟူသော၊
ဣမာနေဝ ဒွေ - ဤနှစ်ပိုင်း တို့ကိုသာလျှင်၊
ဧတ္ထ - ဤ ကာယာနုပဿနာ ၁၄ ပိုင်းတို့တွင်၊
သမာဓိဝသေန - သမာဓိဘာဝနာ အလိုအားဖြင့်၊
ဝုတ္တာနိ - ဟောတော်မူအပ်ကုန်၏။
အထက်ပါ ဝိသုဒ္ဓိမဂ်၌ အာနာပါနပိုင်းကို သမာဓိဘာဝနာ၊ သမာဓိကမ္မဋ္ဌာန်းလို့ အတိအလင်း ပြဆိုထားတယ်၊ အဲဒီတော့ ဘုန်းကြီးတို့က အာနာပါနကိုရှုဖို့ ညွှန်ကြား ရင် မလိုလားတဲ့ သူတွေက အထက်ပါ ဝိသုဒ္ဓိမဂ်ကိုကိုင်ပြီး ဘုန်းကြီးတို့ ညွှန်ပြနေတာ ကို သမထကမ္မဋ္ဌာန်းဘဲ၊ ဝိပဿနာ မဟုတ်ဘူးလို့ စွပ်စွဲ ပယ်ဖျက်ကြမှာ သေချာ ပါတယ်၊ ဘုန်းကြီးတို့ကလဲ အထက်ပါ ဝိသုဒ္ဓိမဂ်ကို ပယ်ဖျက်ပြီး ဝိပဿနာပါလို့ ဖြေရှင်းဖို့ မဖြစ်နိုင်ပါဘူး၊ ဒါကြောင့် ဘုန်းကြီးတို့ ကိုယ်တိုင်ကတော့ အာနာပါနကို ဝိပဿနာအနေဖြင့် မညွှန်ကြားခြင်းဖြစ်ပါတယ်။
ဒါပေမယ်လို့ အာနာပါနကိုသာ ရှုချင်ပါတယ်ဆိုတဲ့ သူတွေကိုတော့ သူတို့သဘော အတိုင်း ရှုဖို့ ခွင့်ပြုပါတယ်၊ မတားမြစ်ပါဘူး။ နောက်တစ်ခုကတော့ အာနာပါနကို ရှုရင် နှာသီးဖျား တစ်နေရာထဲ၌သာ စူးစိုက်ပြီး ရှုရမယ်၊ အတွင်းသို့ ဝင်လာသော လေကိုလဲ လိုက်မရှုရဘူးလို့ ပဋိသမ္ဘိဒါမဂ်နှင့် ဝိသုဒ္ဓိမဂ်မှာ အတိအလင်း ပြဆို ထားတယ်။ အဲဒါဟာ အဲဒီကျမ်းဆရာတို့၏ ရည်ရွယ်ချက်အားဖြင့် ဥပစာရသမာဓိ, အပ္ပနာဈာန် သမာဓိရအောင် ရှုဖို့ရည်ရွယ်ပြီး ပြဆိုတာပါဘဲ။ ဝိပဿနာဉာဏ် ဖြစ်အောင် ရှုရာမှာတော့ တစ်နေရာတည်းက ရုပ်ကိုသာ ရှုရမယ်လို့ အကန့်အသတ် မရှိပါဘူး။
ဒါပေမဲ့ အာနာပါနကို ရှုနေရင်း ကိုယ်ထဲမှာ ထင်ရှားပေါ်လာတဲ့ အတွေ့အထိရုပ်တွေကို လိုက်ရှုဖို့ ဘုန်းကြီးတို့က ညွှန်ကြားရင်၊ စိတ်ကူး အကြားအမြင်တွေကိုလဲ လိုက်ရှုဖို့ ညွှန်ကြားရင်၊ အဲဒီ ပဋိသမ္ဘိဒါမဂ် ဝိသုဒ္ဓိမဂ်တို့နှင့် ဆန့်ကျင်တယ် မှားတယ်လို့ အပြောအဆို အစွပ်အစွဲခံရဖို့ သေချာနေပါတယ်။ ဒါကြောင့် ဘုန်းကြီးတို့က အာနာပါနကို ဝိပဿနာအနေဖြင့် ရှုဖို့ မညွှန်ကြား တာပါဘဲ၊ ဒါလောက်ဆိုရင် အာနာပါနကို ရှုဖို့ ဘာကြောင့် မညွှန်ကြားသလဲဆိုတဲ့ မေးခွန်း ပြေလည်လောက်ပါပြီ။
အဖောင်းအပိန် မှတ်တာဟာ ပါဠိတော်နဲ့ မဝေးဘူးလား
▬▬▬▬▬▬▬▬▬
လူတယောက်က ဖောင်းတာပိန်တာ မှတ်နေရင် ဘုရားဟော ပါဠိတော်နဲ့ ဝေးကွာ မနေပေဘူးလားလို့ ဒီလို စောဒနာ ပါတယ်။
အဖြေကတော့ ဘုရားဟော ပါဠိတော်များနဲ့ မဝေးပါဘူး၊ အံကျကိုက်ညီ နေပါတယ်လို့ ဖြေကြားပါတယ်။ ဒီလို ဖြေကြားနိုင်ခြင်း၏ ခိုင်လုံတဲ့ သာဓက ပါဠိတော်တွေက ရာထောင်မက များစွာရှိနေပါတယ်၊
ဘယ်လိုပါဠိတော်တွေလဲ ဆိုလျှင် သဠာယတနဝဂ္ဂသံယုတ် ပါဠိတော် စသည်တွေပါဘဲ၊ အဲဒီ ပါဠိတော်တွေမှာ ဒွါရ ၆ ပါးက ထင်ရှားပေါ်လာတဲ့ ရုပ်နာမ်တွေကို မရှုရင် ကိလေသာဖြစ်ကြောင်း, ရှုပြီး အမှန်အတိုင်းသိမှ ကိလေသာ ကင်းငြိမ်းပြီး မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြောင်း အတိအလင်း ပြဆိုထားပါတယ်၊ ယခု ဟောနေတဲ့ မာလုကျပုတ္တသုတ် တစ်ခုတည်းဖြင့်ပင် အဲဒီလို ဟောပြထားပုံဟာ အလွန် ထင်ရှားနေပါတယ်။
ဘယ်လိုလဲဆိုလျှင် မတွေ့မထိရတဲ့အာရုံမှာ ကိလေသာ မဖြစ်ဘူး၊ တွေ့ထိရတဲ့အာရုံမှာ ကိလေသာဖြစ်တယ် ဆိုတာကို ယခုဟောပြခဲ့တဲ့ စကားထဲမှာ ထင်ရှား တွေ့ခဲ့ကြပြီ မဟုတ်ပါလား၊ တော်တော်ကြာတော့ ဂါထာ ၄ ပုဒ်ဖြင့်လဲ ထင်ရှားပြထားတာကို တွေ့ကြရပါလိမ့်မယ်။ နောက်ပြီးတော့ သတိပဋ္ဌာန် ဒေသနာတော်မှာပင် ဓာတုမနသိကာရပိုင်း၌ ဓာတ်လေးပါးကို ရှုတယ် ဆိုတာဟာ ထင်ရှားပေါ်လာတဲ့ ဓာတ်တွေကို ရှုရတာဘဲ။ ဝမ်းဗိုက် ဖေါင်းခိုက် ပိန်ခိုက်၌ တောင့်တင်းလှုပ်ရှားတဲ့ ဝါယောဓာတ် ထင်ရှားတဲ့အတွက် အဲဒီ ဝါယောဓာတ်ကို ရှုတာဟာ ဓာတုမနသိကာရ ပါပဲ၊
ဓာတ်ဆိုတဲ့ ကျမ်းဂန်စကားကို မသုံးဘဲ ဖောင်းတယ် ပိန်တယ်လို့ အရပ်သုံးစားနဲ့ ရှုတာကတော့ (ဂစ္ဆာမီတိ ပဇာနာတိ) စသည်ဖြင့် ညွှန်ပြထားတဲ့ ဘုရား စကားတော်နှင့် အညီပါဘဲ၊ အဲဒီလို အရပ်သုံးစကားဖြင့် ရှုမှတ်လို့ သမာဓိဉာဏ် ရင့်လာတဲ့အခါကျတော့ တောင့်တင်း လှုပ်ရှားတဲ့ ဓာတ်သဘော အဆက်ဆက်မျှ ဖြစ်ပျက်နေတာကို ကိုယ်ပိုင်ဉာဏ်ဖြင့် တွေ့သိကြရတာပါပဲ။ နောက်ပြီးတော့ သတိပဋ္ဌာန် ပါဠိတော် အာယတနဓမ္မာနုပဿနာပိုင်း၌ (ကာယဉ္စ ပဇာနာတိ၊ ဖောဋ္ဌဗ္ဗေ စ ပဇာနာတိ) လို့ ညွှန်ပြထားတဲ့ ပါဠိတော်နဲ့လဲ အံကျကိုက်ညီနေပါတယ်။
အဲဒီ ပါဠိက ကိုယ်ထဲမှာ ဘယ်အစိတ်အပိုင်းကမဆို ထိတွေ့ရတဲ့ အာရုံနဲ့ ထိတွေ့ရာ ဌာန ကာယပသာဒ သိပုံကို ဟောထားတာပါပဲ။ ဒါကြောင့် သတိပဋ္ဌာနသုတ် ပါဠိတော်နဲ့လဲ မဝေးပါဘူး အံကျ ကိုက်ညီနေတာပါပဲ၊ သံယုတ်ပါဠိတော်တွေမှာတော့ အလားတူပြထားတဲ့ သုတ္တန် စကားတော်တွေ ရာပေါင်းများစွာ ရှိနေပါတယ်။ ဒါကြောင့် ဘုန်းကြီးတို့က ဣရိယာပထပိုင်း ဒေသနာတော်မှာ (ယထာ ယထာ ဝါ မနဿကာယော ပဏိဟိတော ဟောတိ၊ တထာ တထာ နံ ပဇာနာတိ) ဆိုတဲ့ စကားရပ်ဖြင့် ဣရိယာပုထ် လေးပါးမှ အလွတ်ဖြစ်တဲ့ ကိုယ်အမူ အရာဟူသမျှကိုလဲ ညွှန်ပြတယ်လို့ ကောက်ယူထားပါတယ်။
ယခု ပြောခဲ့တဲ့အတိုင်း ဖောင်းတယ် ပိန်တယ်လို့ ရှုမှတ်ရတာကို အားမရဘူး၊ သတိပဋ္ဌာန်ပါဠိတော် ကာယာနုပဿနာပိုင်း၌ တိုက်ရိုက်ဟောပြထားတဲ့ အမည်နဲ့သာ ရှုမှတ်ချင်တယ်ဆိုရင်တော့ ထိုင်နေဆဲမှာ ထိုင်တယ် ထိုင်တယ်လို့ချည်း မပြတ်ရှုမှတ် နေဖို့ ညွှန်ကြားပါတယ်၊ ရပ်နေဆဲ လျောင်းအိပ်နေဆဲမှာလဲ ရပ်တယ် ရပ်တယ်၊ အိပ်တယ် အိပ်တယ်လို့ချည်း မပြတ်ရှုမှတ်နေဖို့ ညွှန်ကြားပါတယ်၊
ဒါပေမဲ့ အာနာပါန ရှုဖို့တော့ ဘုန်းကြီးတို့အနေနဲ့ မညွှန်ကြားပါဘူး၊ ဘာ့ကြောင့်လဲ ဆိုရင် ရှေ့နားပိုင်းက ပြောခဲ့တဲ့အတိုင်း ဝိသုဒ္ဓိမဂ်နဲ့ ဆန့်ကျင်ရာရောက်နေမည့်ပြင်၊ သတိပဋ္ဌာနသုတ် အဖွင့် အဋ္ဌကထာ စသည်မှာ ဝင်လေထွက်လေကို ရှု၍ ဈာန်ရပြီး မှသာ ဝိပဿနာရှုပုံကို ပြထားတဲ့ စကားများနဲ့လဲ ဆန့်ကျင်ရာ ရောက်နေမည် ဖြစ်သောကြောင့်ပါပဲ။ ဒါပေမဲ့ အာနာပါနကို ရှုချင်တယ် ဆိုရင်တော့ ဘယ်သူ့ကိုမှ မတားမြစ်ပါဘူး၊ သူ့သဘောအတိုင်း ခွင့်ပြုပါတယ်။ ဝမ်းဗိုက်က အဖောင်းအပိန် အထိအသိကို ရှုပုံနဲ့စပ်ပြီး ရှင်းပြနေရတာနဲ့ စကားက အတော် ကျယ်ပြန့်သွားတယ်၊ ယခု မူရင်း ဒေသနာကို ဆက်ပြီးပြောရမယ်၊
မြတ်စွာဘုရားရှင်က မထိရတဲ့အာရုံမှာ ကိလေသာမဖြစ်ဘူး၊ ထိရတဲ့ အာရုံမှာတော့ ကိလေသာ ဖြစ်နိုင်တယ်၊ အဲဒီဖြစ်နိုင်တဲ့ ကိလေသာကို ထိပြီးလျှင် ပြီးချင်း ရှုမှတ်ပြီး ပယ်သင့်တယ်ဆိုတာကို မေးခွန်းတော်ဖြင့် နားလည်စေပြီးတဲ့ နောက်မှာ (မုတေ မုတမတ္တံ ဘဝိဿတိ) စသည်ဖြင့် မပြတ်ရှုသိနေသူမှာ ကိလေသာငြိမ်းပုံ ဆင်းရဲအဆုံး နိဗ္ဗာန်တွေ့ပုံများကို ဟောကြားတော် မူပါတယ်။ အဲဒီတရားတော်ကို နာကြားပြီး မာလုကျပုတ္တမထေရ်က သူ၏ သဘောကျထင်မြင်ပုံကို ဂါထာ ၂၄ ပုဒ်တို့ဖြင့် မြတ်စွာဘုရားအား တင်ပြတယ်၊ မြတ်စွာဘုရားရှင်က သာဓုခေါ်တော်မူပြီး အဲဒီဂါထာ တွေကို ကိုယ်တော်တိုင်လဲ ထပ်ပြီး ဟောတော်မူပါတယ်။ အဲဒီ ဂါထာတွေထဲက အတွေ့အထိနဲ့ဆိုင်တဲ့ ဂါထာ ၄ ပုဒ်ကို ထုတ်ပြီး ဟောရမယ်။
ထိသိခိုက်၌ မရှုသူမှာ နိဗ္ဗာန်နှင့် ဝေးသည်
၁။ ဖဿံ ဖုဿ သတိ မုဋ္ဌာ၊ ပိယံ နိမိတ္တံ မနသိ ကရောတော။
သာရတ္တစိတ္တော ဝေဒေတိ၊ တဉ္စ အဇ္ဈောသ တိဋ္ဌတိ။
ပိယံ နိမိတ္တံ - ချစ်ဖွယ်အာရုံကို၊
မနသိ ကရောတော - နှလုံးသွင်း မျှော်လင့်နေသော သူအား၊
ဖဿံ ဖုဿ - အတွေ့အာရုံကို တွေ့ထိပြီး၍၊
ဝါ - တွေ့ထိပြီးလျှင်၊
(ပိယံ နိမိတ္တံ - ချစ်ဖွယ်အာရုံကို၊
မနသိ ကရောတော - နှလုံးသွင်းမိသောသူအား)
သတိ မုဋ္ဌာ - အမှတ်ရမူ သတိမရှိပဲ မေ့သွားလေတော့သည် တဲ့။
အတွေ့အထိဆိုတာက ကိုယ်ထဲမှာ အမြဲလိုလိုပင် ထင်ရှားပေါ်နေတယ်၊ သက်ရှိ သက်မဲ့ ကိုယ့်အာရုံနဲ့ တွေ့ထိတာလဲရှိတယ်၊ ကိုယ်ထဲက အသား အသွေး စသည်နဲ့ တွေ့ထိနေတာလဲ ရှိတယ်၊ ကိုယ့်လက် ကိုယ့်ခြေ စသည်နဲ့ တွေ့ထိတာလဲ ရှိတယ်။ အဲဒီ အတွေ့အထိတွေထဲမှာ အသား အသွေး စသည်အချင်းချင်း တွေ့ထိတာကိုတော့ တွေ့ထိတယ်လို့တောင် မသိကြ နားမလည်ကြတာပဲ များပါတယ်၊ သတိပဋ္ဌာန် ရှုနည်းအရ နားမလည်တဲ့ သူတွေမှာတော့ အင်မတန် ထင်ရှားတဲ့ အပြင်ပက အာရုံတွေနဲ့ တွေ့ထိရတဲ့အခါလဲ ရှုမှတ်ရမှန်း မသိတဲ့အတွက် အမှတ်မရပဲ မေ့နေကြတာချည်း များပါတယ်၊
ထိတိုင်း ထိတိုင်း ရှုမှတ်ရမယ်လို့ ကြားသိဖူးတဲ့ သူတွေထဲကလဲ တင်းတင်းရင်းရင်း ရှုမှတ်နေဆဲ မဟုတ်ရင် ထိတာတွေကို မရှုမိပဲ မေ့နေတာကပဲ များတတ်ပါတယ်။ လူတွေဟာ အာရုံကောင်းကိုသာ မျှော်လင့်တောင့်တနေကြတဲ့အတွက် အာရုံကောင်းနဲ့ တွေ့ထိရလျှင် တရား နှလုံးသွင်းနေတဲ့သူလဲ အမှတ်မရပဲ မေ့သွားတတ်တာပဲ၊ သတိပဋ္ဌာန်နည်းအရ မပြတ်ရှုမှတ်နေတဲ့ သူတောင်မှ သမာဓိဉာဏ် အားမရှိသေးရင် မေ့သွားတတ်သေးတာပဲ၊ မေ့ဆိုတာကလဲ တခြားမဟုတ်ပါဘူး၊ ချစ်ဖွယ်အာရုံဆိုလျှင် ချစ်ဖွယ်အနေဖြင့် ထင်မှတ်သွားတာကို မေ့တယ်လို့ ဆိုလိုတာပါပဲ၊
မုန်းဖွယ် အာရုံဆိုရင်လဲ မုန်းဖွယ်အနေဖြင့် ထင်မှတ်သွားတာဟာ မေ့တာပါပဲ၊ ရိုးရိုးအာရုံနဲ့ ထိရတဲ့အခါလဲ မြဲတဲ့အနေ မိန်းမယောက်ျား စသည်အနေနဲ့ ထင်မှတ်သွားတာလဲ မေ့သွားတာပါပဲ၊ ဆိုလိုရင်းကတော့ ထိတိုင်း ထိတိုင်း ထိတယ် ထိတယ်လို့ မရှုမသိလျှင် မေ့တယ်လို့ ဆိုရတာချည်းပါပဲ။ အဲဒီလို မရှုမိဘဲ မေ့သွားရင် အဲဒီ ထိသိရတဲ့ အာရုံက အာရုံကောင်းလဲ ဖြစ်ရင် သာယာနှစ်သက်ပြီး ခံစားမှုဖြစ်တယ်၊ အာရုံက မကောင်းရင်တော့ အဲဒီအာရုံကို ရွံမုန်းပြီး ခံစားတာလဲ ရှိတယ်၊ အာရုံကောင်းကို တောင့်တပြီး စိတ်ကူးမျှဖြင့် နှစ်သက်သာယာလျက် ခံစားတာလဲ ရှိတယ်၊ ဒါကြောင့် -
သော - ထိသိပြီးလျှင် ချစ်ဖွယ်ထင်လျက် မရှုမမှတ်နိုင်သော ထိုသူသည်၊
သာရတ္တစိတ္တော - တပ်မက်သော စိတ်ရှိလျက်၊
ဝေဒေတိ - ခံစား၏၊
တဉ္စ - ထိုတွေ့ထိရတာကိုလဲ၊
အဇ္ဈောသ တိဋ္ဌတိ - မျို၍ သိမ်းထားသကဲ့သို့ စိတ်ထဲ၌ စွဲလျက်တည်၏-လို့ ဟောထားတာပါဘဲ။
ဆောင်ပုဒ်ကတော့ “အဆင်းမြင်လျှင်” လို့ ဆိုရာမှာ “အတွေ့ထိလျှင်” လို့ ပြင်ဆိုရုံ လောက်ပဲ ထူးပါတယ်၊ အဲဒီဆောင်ပုဒ်များကို ဆိုကြရမယ်။
၁။ အတွေ့ထိလျှင်၊ ချစ်ဖွယ်ထင်၊ ထိုတွင် မေ့လေသည်။
၂။ သာယာတပ်စွဲ၊ ခံစားမြဲ၊ စိတ်ထဲ သိမ်းလျက်တည်။
ယခု အများလူစုတွေမှာ ကာမဂုဏ်အတွေ့အထိတွေနဲ့စပ်ပြီး သာယာတပ်စွဲလျက် ခံစားနေကြတာ အလွန် ထင်ရှားနေတာပါပဲ၊ နူးညံ့ချောညက်တဲ့ အိပ်ရာနေရာ အတွေ့နဲ့စပ်ပြီးတော့လဲ သာယာ ခံစားနေကြတာ အင်မတန် ထင်ရှားပါတယ်၊ နူးညံ့ချောညက်တဲ့ အဝတ်အထည် ဘိနပ် ပုဝါ စသော အသုံးအဆောင် အတွေ့များနဲ့ စပ်ပြီးတော့လဲ သာယာလျက် ခံစားနေကြတာဟာ ထင်ရှားပါတယ်၊ ကျန်းမာ ပေါ့ပါးနေတဲ့ သူတွေမှာ လက်ခြေများကို ကွေးလိုက် ဆန့်လိုက်စသည်ဖြင့် ပြုပြင်မှုနဲ့ စပ်ပြီးတော့ နှစ်သက်သာယာ နေကြတာပဲ၊ ထိုင်လိုက် ထလိုက် သွားလိုက်စသည်ဖြင့် အတွေ့အထိ များနှင့် စပ်ပြီးတော့ နှစ်သက် သာယာနေကြတာပဲ။ အဲဒီလို ကိုယ်တွင်းကိုယ်ပ အတွေ့အထိများနဲ့ စပ်ပြီး သာယာနှစ်သက်လျှင် ခံစားမှုအမျိုးမျိုး ကိလေသာ အမျိုးမျိုးတွေလဲ ဖြစ်ပွါးတော့တာပဲ၊ ဒါကြောင့် -
၂။ တဿ ဝဍ္ဎုန္တိ ဝေဒနာ၊ အနေကာ ဖဿသမ္ဘဝါ။
အဘိဇ္ဈာ စ ဝိဟေသာ စ၊ စိတ္တ မဿူပဟညတိ။
ဧဝံ အာစိနတော ဒုက္ခံ၊ အာရာ နိဗ္ဗာန ဝုစ္စတိ။
တဿ - ထိသိရတဲ့ အတွေ့အာရုံကို စွဲပြီး စိတ်ထဲ သိမ်းပိုက်ထားသော ထိုသူအား၊
ဖဿ သမ္ဘဝါ - အတွေ့အာရုံကို စွဲမှီ၍ ဖြစ်ကုန်သော၊
အနေကာ - များစွာကုန်သော၊
ဝေဒနာ - အကောင်းအဆိုး အမျိုးမျိုးသော ခံစားမှုတို့သည်၊
ဝဍ္ဎုန္တိ - ဖြစ်ပွါးကုန်၏။
စသည်ဖြင့် ဟောတော်မူတာပါဘဲ။
ဆောင်ပုဒ်ကတော့ (အတွေ့ဆိုင်ရာ၊ ဝေဒနာ၊ များစွာ ပွါးတော့သည်) လို့ ဆိုကြရမယ်။
၃။ အတွေ့ဆိုင်ရာ၊ ဝေဒနာ၊ များစွာပွါးတော့သည်။
နောက်ပြီးတော့-
အဘိဇ္ဈာ စ - ရလိုသမှု ရှေးရှုကြံစည်သော လောဘသည်၎င်း၊
ဝိဟေသာ စ - ညှဉ်းဆဲလိုသော ဒေါသသည်၎င်း၊
ဝဍ္ဎုန္တိ - ဖြစ်ပွါးကုန်၏။
အဿ - ထိုပုဂ္ဂိုလ်၏၊
စိတ္တံ - စိတ်သည်၊
ဥပဟညတိ - လောဘ ဒေါသတို့ကြောင့် ပင်ပန်းလျက်ရှိနေချေသည် တဲ့။
အတွေ့အထိကောင်းနှင့်ဆိုင်တဲ့ အဝတ်အထည်ကောင်း အသုံးအဆောင်ကောင်း တွေကိုရအောင်၊ နေရာကောင်း ယာဉ်ကောင်းတွေ သုံးရအောင်၊ သက်ရှိသက်မဲ့ အတွေ့ ကောင်းတွေနှင့် တွေ့ထိရအောင် လိုချင်တောင့်တတဲ့ လောဘတွေလဲ ဖြစ်ပွါးတယ်၊ ပေါ့ပေါ့ပါးပါးနဲ့ ထိုင်ထသွားလာနိုင် ကွေးဆန့်နိုင်အောင်၊ နေကောင်းထိုင်သာနဲ့ ကိုယ်ထဲ၌ အတွေ့အထိ ကောင်းအောင် လိုချင်တောင့်တတာလဲ ဒီအတွေ့အထိနှင့် ဆိုင်တာပဲ၊ ကိုယ့်အလိုအတိုင်း မဖြစ်အောင် နှောင့်ရှက်တယ် ထင်ရတဲ့သူကို ညှဉ်းဆဲလိုတဲ့ ဒေါသလဲ ဖြစ်ပွါးတယ်။
အဲဒီ လောဘ ဒေါသတွေ၏ အလိုလိုက်ပြီး ရှာကြံပြလုပ်နေတဲ့ အတွက် ကြောင့်ကြ ဗျာပါရတွေများပြီး စိတ်လဲ ပင်ပန်းနေတယ်၊ အဲဒီလို အတွေ့ကောင်းနှင့် ပြည့်စုံ ရအောင် ရှာကြံရာ ပြုလုပ်ရာမှာ အကုသိုလ်အမှုလဲ ဖြစ်တတ်တယ်၊ နောင်ဘဝအတွက် ရည်ရွယ်ပြီး ဒါနစသည်ကို ပြုရင်တော့ ကုသိုလ်အမှုလဲ ဖြစ်တတ်တယ်၊ အဲဒီ အကုသိုလ်အမှု ကုသိုလ်အမှုတွေကြောင့် ဘဝသစ် ရုပ်နာမ် အကျိုးဝိပါက်တွေ ဖြစ်ပြီး အိုရ နာရ သေရစသည်ဖြင့် ဆင်းရဲတွေကို တွေ့ရတယ်၊ ဒါကြောင့် တွေ့ထိတိုင်း မရှုမမှတ်ရင် ဖြစ်နိုင်တဲ့ ကိလေသာတွေနှင့် ကမ္မဝဋ် ဝိပါကဝဋ်ဆင်းရဲတွေကို လက်ခံ စုဆောင်းနေရာ ရောက်တယ်။ ဆောင်ပုဒ်တွေကတော့ ရှေးကအတိုင်းပါဘဲ၊ ဆိုကြရမယ်။
၄။ လောဘစည်ကား၊ ဒေါသပွါး၊ ဗျာများ စိတ်ပန်းသည်။
၅။ ဤနည်းဖြင့်ပဲ၊ မပြောင်းလဲ၊ ဆင်းရဲ ရှာသူမည်။
ရှေးကလဲ ငါတို့ဟာ ကိုယ်အတွေ့အထိကို မရှုမမှတ်ဘဲ နေလာခဲ့ကြတာပဲ၊ သွား ရပ် ထိုင် လျောင်း ကွေး ဆန့် စသည်ကိုလဲ မရှုမမှတ်ဘဲ နေလာခဲ့ကြတာပဲ၊ ရှုမှတ်နေရင် ပင်ပန်းရုံရှိမှာပဲ၊ မပြင်တော့ပါဘူးလို့ အမှုမဲ့ အမှတ်မဲ့ နေမြဲတိုင်းသာ နေသွားရင်တော့ ယခုပြောခဲ့တဲ့ ကိုယ်အတွေ့အထိနဲ့ စပ်ဆိုင်တဲ့ ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲတွေကို ရှာကြံလက်ခံ စုဆောင်းနေသူ မည်ပါတယ်၊ အဲဒီလို ဆင်းရဲတွေကို ရှာကြံလက်ခံ စုဆောင်း နေတဲ့သူမှာ နိဗ္ဗာန်ဝေးပါတယ်တဲ့။ ဒါကြောင့် ဒီလိုဆက်ပြီးတော့ ဟောပြ ထားပါတယ်။
ဧဝံ - မရှုမမှတ်ပဲနေသော ဤနည်းဖြင့်၊
ဒုက္ခံ - ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲကို၊
အာစိနတော - လက်ခံ၍ ဆည်းပူးစုဆောင်းနေသောသူအား၊
နိဗ္ဗာနံ - ဆင်းရဲငြိမ်းသော နိဗ္ဗာန်သည်၊
ဝါ - နိဗ္ဗာန်ကို၊
အာရာ - ဝေးသည်ဟူ၍၊
ဝုစ္စတိ - ဆိုအပ်ပါသည်တဲ့။
ဆောင်ပုဒ်ကတော့ ရှေးကအတိုင်း ဆိုကြရုံပါဘဲ။
၆။ ဆင်းရဲကိုသာ၊ ရှာသူမှာ၊ ဝေးစွာ နိဗ္ဗာန်ပြည်။
ယခုရွတ်ဆိုပြတဲ့ ဂါထာ ၂ ပုဒ်ဖြင့် အတိုချုပ် ဆိုလိုတာကတော့ (ထိသိခိုက်၌ မရှုမမှတ်သူမှာ နိဗ္ဗာန် ဝေးသည်) လို့ ဆိုလိုတာပါဘဲ။ အဲဒါကို ဆိုကြရမယ်။
ထိသိခိုက်၌ မရှုမမှတ်သူမှာ နိဗ္ဗာန်ဝေးသည်။
သွား ရပ် ထိုင် လျောင်း ကွေး ဆန့်တာမှစပြီး ထိသိတိုင်း ရှုမှတ်နေရင်တော့ နိဗ္ဗာန်နဲ့ နီးကပ် နီးကပ်သွားတယ်၊ အဲဒီလို နီးပုံကို ဒါရိုက်ပြတဲ့ ဂါထာ ၂ ပုဒ်ကိုလဲ ရွတ်ဆိုပြီး ဟောပြမယ်။
ထိသိခိုက်၌ ရှုသိသူမှာ နိဗ္ဗာန်နှင့် နီးသည်
၃။ န သော ရဇ္ဇတိ ဖဿေသု၊ ဖဿံ ဖုဿ ပဋိဿတော။
ဝိရတ္တစိတ္တော ဝေဒေတိ၊ တဉ္စ နာဇ္ဈောသ တိဋ္ဌတိ၊
ယော - အကြင်ပုဂ္ဂိုလ်သည်၊
ဖဿံ ဖုဿ - အတွေ့အာရုံကို ထိသိပြီး၍၊
ဝါ - ထိသိပြီးလျှင်၊
ပဋိဿတော - တစ်ဖန်အမှတ်ရသည်၊
ဟောတိ - ဖြစ်၏ တဲ့။
ဒါဟာ ထိသိပြီးလျှင်ပြီးချင်း ရှုမှတ်ဖို့ ဒါရိုက်ညွှန်ပြတဲ့စကားဘဲ၊ အဲဒီမှာ (ဖုဿ) ထိသိပြီး၍ ထိသိပြီးလျှင် ဆိုတဲ့စကားဖြင့် ထိသိရတဲ့ အာရုံကိုသာ ရှုမှတ်ဖို့ ပြထားသောကြောင့် မထိမသိရတဲ့ အတွေ့ရုပ်ကိုတော့ ကြံတွေးဆင်ခြင်ပြီး ရှုဖို့ မလိုဘူး၊ အဲဒီလို ကြံတွေး ဆင်ခြင်ပြီး ရှုရုံမျှဖြင့် ဘယ်အာရုံမှာမျှ ဖြစ်ခွင့်ရှိတဲ့ ကိလေသာကိန်းတဲ့ ကိလေသာကို မပယ်နိုင်ဘူး၊ အာရမ္မဏာနုသယကို ပယ်နိုင်တဲ့ ဝိပဿနာဉာဏ် အစစ်မဖြစ်ဘူး ဆိုတာကိုလဲ ခိုင်မြဲစွာ မှတ်သားထားကြရမယ်။ ရှုပုံက တော့ -
ထိသိမှုက အင်မတန်ကျယ်ပြန့်ပါတယ်၊ ခြေဖဝါးမှ ခေါင်းအရေအထိ၊ ခေါင်းအရေမှ ခြေဖဝါးအထိ အသွေးအသား ကောင်းတဲ့ ကိုယ်ထဲက နေရာတိုင်းမှာ ထိသိမှုတွေ ရှိနေတာပဲ၊ ဘယ်နေရာကမဆို ထင်ရှားပေါ်လာတဲ့ အဲဒီထိသိမှုကို ထိတယ် ထိတယ်လို့ ရှုမှတ်ဖို့ပါပဲ။ သတိပဋ္ဌာန် ဒေသနာတော်နှင့် နှီးနှောပြီး ပြောရရင်တော့ သွားနေတဲ့အခါ သွားတယ် သွားတယ်၊ ညာလှမ်းတယ် ဘယ်လှမ်းတယ်၊ ကြွတယ် လှမ်းတယ် ချတယ် စသည်ဖြင့် မပြတ်ရှုမှတ်သွားဖို့ပါပဲ၊ အဲဒီလို ရှုမှတ်ရာမှာ ခြေထဲ ကိုယ်ထဲက တောင့်တင်း တွန်းကန် လှုပ်ရှားတဲ့ အတွေ့ဟာ ဝါယောဓာတ်ခေါ်တဲ့ ပရမတ်ရုပ် အစစ်ပါဘဲ၊ အများအားဖြင့် အဲဒီ ဝေါယောရုပ်ကို သိရတာပါပဲ၊
အဲဒီလို သိအောင် ရှုမှတ်ဖို့ရာ (ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ) လို့ ဟောထားတာပါပဲ၊ အဲဒီမှာ ဝါယောဓာတ်ဟုသိ၏ လို့လဲ မဟောခဲ့ဘူး၊ ရုပ်ဟုသိ၏ လို့လဲ မဟောခဲ့ဘူး၊ အရပ်သုံးစကားဖြင့် (ဂစ္ဆာမီတိ) သွားသည်ဟုသိ၏ လို့သာ ဟောတော်မူခဲ့ပါတယ်၊ အဲဒါဟာ သုတနည်းသူတွေလဲ အလွယ်တကူ ရှုမှတ်နိုင်အောင် လို့ ဟောတော်မူခဲ့တာပါပဲ။ အဲဒီလို သွားတယ် ညာလှမ်းတယ် ဘယ်လှမ်းတယ်၊ ကြွတယ် လှမ်းတယ် ချတယ်လို့ အရပ်သုံးစကားနဲ့ ရှုမှတ်နေပေမယ့် သမာဓိဉာဏ် အားရှိလာတဲ့ အခါကျတော့ တောင့်တင်း တွန်းကန် လှုပ်ရှားတဲ့ သဘောတရားမျှ ဘဲလို့လဲ မှန်စွာသိပါတယ်၊ ခဏမစဲ ဖြစ်ပျက်နေတာကိုလဲ မှန်စွာသိပါတယ်၊ ခဏမစဲ ဖြစ်ပျက်နေလို့ မမြဲဘူး၊ ဆင်းရဲဘဲ၊ အစိုးမရတဲ့ အနတ္တ သဘောတရားမျှဘဲ ဆိုတာလဲ အမှန်အတိုင်း သိပါတယ်။
ထို့အတူပင် မတ်တတ်ရပ်နေဆဲမှာ ရပ်တယ်ရပ်တယ်လို့ မပြတ် ရှုမှတ်နေရမယ်။ ထိုင်တဲ့အခါလဲ ထိုင်တယ် ထိုင်တယ်လို့ မပြတ်ရှုမှတ်နေရမယ်၊ ထိုင်တာတခုတည်းကို ရှုမှတ်နေရုံမျှဖြင့် အားမရလျှင် တစ်နေရာ နှစ်နေရာက ထင်ရှားနေတာနဲ့ တွဲပြီးတော့ ထိုင်တယ် ထိတယ်၊ ထိုင်တယ်ထိတယ်လို့ ဒီလိုလဲ ရှုမှတ်နိုင်ပါတယ်။ ညောင်းတာ ပူတာ နာတာ ယားတာ အစရှိတဲ့ မခံသာမှု ဒုက္ခဝေဒနာတွေဟာလဲ အာရုံဆိုးနဲ့ ထိပြီး ဖြစ်နေတာတွေဘဲ၊ ဒါကြောင့် အဲဒီလို ဒုက္ခဝေဒနာတခုခု ထင်ရှားပေါ်နေရင်လဲ အဲဒီ အခံခက်တဲ့နေရာကို စူးစိုက်ပြီး ညောင်းတယ် ညောင်းတယ်၊ ပူတယ် ပူတယ်၊ နာတယ် နာတယ်၊ ယားတယ် ယားတယ် စသည်ဖြင့် ရှုမှတ်နေရမယ်၊ အဲဒါဟာ ဒုက္ခဝေဒနာကို ရှုတာ ဖြစ်သောကြောင့် ဝေဒနာနုပဿနာလို့လဲ ခေါ်ရပါတယ်။ အတွေ့ကောင်းနဲ့ တွေ့ထိပြီး ကောင်းတဲ့အခါလဲ ကောင်းတယ် ကောင်းတယ် စသည်ဖြင့် ရှုမှတ်ရမယ်၊ ဒါလဲ သုခဝေဒနာကို ရှုတာ ဖြစ်သောကြောင့် ဝေဒနာနုပဿနာ လို့လဲခေါ်ရတာပါပဲ။
ကိုယ်ထဲက အပူဓာတ်နဲ့ တွေ့ထိရလို့ဖြစ်စေ၊ အပြင်က မီးပူ နေပူ လေပူတို့နှင့် တွေ့ထိရလို့ဖြစ်စေ ပူတာကို ပူတယ် ပူတယ်လို့ ရှုမှတ်ရတယ်၊ အဲဒီလို ရှုမှတ်ရာမှာ ထိသိရတဲ့ အပူကို ရှုမိရင် တေဇောဓာတ်ကို သိတာပဲ၊ ကိုယ်ထဲက မခံသာတဲ့ အပူကို သိရင်တော့ ဒုက္ခဝေဒနာကို သိတာဘဲ။ ထို့အတူပင် လေအေး ရေအေး စသည်နှင့် တွေ့ထိရတဲ့အခါလဲ အေးတယ် အေးတယ်လို့ ရှုမှတ်ရတယ်၊ ရံခါ တေဇောဓာတ်ကို သိတယ်၊ ရံခါ အခံဓါတ်ကိုတော့သိတယ်၊ သာမန် အတွေ့အထိ ထင်ရှားတဲ့ အခါကျတော့ ထိတယ် ထိတယ်လို့ ရှုမှတ်ရတယ်၊ ရံခါ နူးညံ့ချောညက်တဲ့ ပထဝီရုပ်ကို သိတယ်၊ ရံခါ ကြမ်းတမ်းတဲ့ ပထဝီရုပ်ကို သိတယ်၊ ရံခါ ဝါယော တေဇောရုပ်များ ကိုလဲ သိတယ်။
လက်ခြေများကို ကွေးဆန့်လှုပ်ရှား ပြုပြင်တဲ့အခါ ကွေးတယ် ဆန့်တယ် လှုပ်တယ် စသည်ဖြင့် ရှုမှတ်ရတယ်၊ ခေါင်းငုံ့တာ မော့တာတွေ ကိုယ်လှုပ်ရှား ပြုပြင်တာတွေလဲ ခေါ်နေကျ အရပ်သုံးစကားနဲ့ ရှုမှတ်ထားရုံပါပဲ၊ မျက်စိမှိတ်တာ ဖွင့်တာ မျက်တောင် ခတ်တာတွေလဲ ရှုမှတ်နိုင်ယင် ရှုမှတ်ရတာဘဲ၊ အဝတ်အစား ပြင်ဝတ်တာတွေလဲ ရှုမှတ်ရတာပဲ၊ စားသောက်တဲ့အခါ ကိုယ်အတွေ့ရှုပုံတွေကိုတော့ စားသိရှုပုံအပိုင်းက ပြောခဲ့ပါပြီ။ မျက်နှာသစ်တာ ရေချိုးတာတွေလဲ တတ်နိုင်သမျှ ရှုမှတ်ရတာပဲ။ ကျင်ကြီးကျင်ငယ် စွန့်တဲ့အခါလဲ ကိုယ်အတွေ့နဲ့ ပြုလုပ်မှုတွေကို တတ်နိုင်သမျှ ရှုမှတ်ရတာပဲ။ စကားပြောတဲ့အခါလဲ တတ်နိုင်သမျှ ရှုမှတ်ရတာပဲ။ ကိုယ်ထဲမှာ ထင်ပေါ်သမျှ အထိအသိတွေဆိုယင် ရှုမှတ်ရတာချည်းပါပဲ၊ မရှုမမှတ် ကောင်းတာရယ် လို့ မရှိပါဘူး။
ဒါကြောင့် ဘုန်းကြီးတို့ကို ဝမ်းဗိုက်ထဲက ထင်ရှားတဲ့ ဝါယောရုပ်အတွေ့ကို အမှန်အတိုင်း သိပြီး သမာဓိဉာဏ်အစစ် ဖြစ်အောင်လို့ ဖောင်းတာ ပိန်တာကစပြီး အခြေခံအဖြစ်ဖြင့် ရှုမှတ်ဖို့ရာ ညွှန်ကြားနေပါတယ်။ ညွှန်ကြားတဲ့အတိုင်း ရှုမှတ်လို့ ထူးခြားတဲ့ ဝိပဿနာဉာဏ်တွေကို ကိုယ်တိုင် တွေ့သိသွားတဲ့ သူတွေ ထောင်သောင်းများစွာ ရှိနေပါပြီ။ အဲဒီ ပုဂ္ဂိုလ်တွေထဲမှာ အချို့က အဖောင်းအပိန် မရှုချင်ဘူး၊ ဝင်လေ ထွက်လေ ရှုချင်တယ် ဆိုတာနဲ့ သူ့သဘောအတိုင်း ရှုဘို့ ခွင့်ပြု ထားပါတယ်၊ နောက်ပိုင်းကျတော့ အဖောင်းအပိန်ကို ပြောင်းရွှေ့ပြီး ရှုမှတ်သော အားဖြင့် ဉာဏ်ထူးများကို တွေ့သိသွားတဲ့ သူတွေလဲ ရှိပါတယ်။
ဖောင်းတာ ပိန်တာကို ရှုမှတ်ဖို့ ညွှန်ကြားနေတယ် ဆိုပေမယ့် အဲဒါ ၂ ခုတည်း ရှုမှတ်ရမယ်လို့ ချုပ်ချယ်ထားတာတော့ မဟုတ်ပါဘူး၊ ဖောင်းတယ် ပိန်တယ်လို့ ရှုမှတ်နေရင်း စိတ်ကူးဖြစ်ပေါ် လာရင် အဲဒီစိတ်ကူးကိုလဲ ရှုမှတ်ရတယ်၊ ညောင်း ပူ နာ ကျင် စသည်ဝေဒနာ ထင်ရှားပေါ်လာရင် အဲဒါကိုလဲ ရှုမှတ်ရတယ်၊ အခြား ကိုယ်အမူအရာတွေပေါ်လာရင် အဲဒါတွေကိုလဲ ရှုရတယ်။ ကြားမှု မြင်မှု စသည်တွေ ပေါ်လာရင် အဲဒါတွေကိုလဲ ရှုရတယ်။ သမာဓိဉာဏ် အထူး အားကောင်းလာတဲ့ အခါကျတော့ ဒွါရ ၅ ပါးက ထင်ရှားပေါ်လာသမျှကို ဖြစ်ပေါ်စဉ်အတိုင်းလိုက်ပြီး ရှုမှတ်ဖို့လဲ ညွှန်ကြားပါတယ်၊ ညွှန်ကြားတဲ့အတိုင်း ပေါ်ရာပေါ်ရာကို အစဉ်အတိုင်း လိုက်ပြီးတော့လဲ ရှုနိုင်ကြပါတယ်၊ အဲဒီလို အခါကျတော့ ဖောင်းတာ ပိန်တာကို အထူး ပြုပြီး ရှုနေဖို့တောင် မလိုတော့ပါဘူး၊ ထင်ပေါ်စဉ်အတိုင်း အလွယ်တကူနဲ့ လိုက်ပြီး ရှုသွားရုံပါပဲ။
လျောင်းအိပ်နေတဲ့အခါလဲ အိပ်တယ် အိပ်တယ် စသည်ဖြင့် ထိုင်စဉ်ကလိုပင် ရှုမှတ်သွားရုံပါပဲ။ ဒါလောက်ဆိုရင် ထိသိမှုနှင့်စပ်ပြီး ရှုမှတ်ပုံကို နားလည်လောက် ပါပြီ။ ယခု ပြောခဲ့တဲ့အတိုင်း ထိသိမှု ဖြစ်တိုင်း ဖြစ်တိုင်း မပြတ်ရှုမှတ်နေတဲ့ ယောဂီမှာ သမာဓိဉာဏ် အားကောင်းတဲ့အခါကျတော့ ထိသိပြီး ချက်ခြင်းပင် ပျောက်ပျောက် သွားတာကိုချည်း တွေ့သိနေရတယ်၊ အဲဒီတော့ (မုတေ မုတမတ္တံ ဘဝိဿတိ) ရောက်ရတွေ့ရသည်၌ ရောက်ရုံတွေ့ရုံမျှ ဖြစ်လတ္တံ့ လို့ဆိုတဲ့ စကားတော်နဲ့ အညီပါပဲ၊ အဲဒီအတွေ့ကို ထိသိရပေမယ့် မထိမသိရတဲ့ အတွေ့မှာလိုပင် တပ်မက် သာယာမှုစသော ကိလေသာတွေ ဖြစ်ခွင့်မရှိတော့ဘဲ ကင်းငြိမ်းသွားတယ်။
ယခု ဒီရိပ်သာက ယောဂီတွေ ဖောင်းတာ ပိန်တာမှစပြီး ထိသိရသမျှတွေကို မပြတ်ရှုမှတ်ပြီး ခဏမစဲ ဖြစ်ပျက်နေတာကို အမှန်အတိုင်း ထိသိနေကြတာဟာ မဟာသတိပဋ္ဌာနသုတ် ဒေသနာတော်နှင့် ညီသည့်ပြင် ဒီမာလုကျပုတ္တသုတ် တရားတော်နှင့်လဲ အံကျကိုက်ပြီး ညီနေကြောင်း ထင်ရှားပါတယ်။ သမာဓိဉာဏ် အထူးအားကောင်းတဲ့အခါ ကျတော့ ဖောင်းမှု ပိန်မှုပဲဖြစ်ဖြစ်၊ ကွေးမှု ဆန့်မှု လှုပ်ရှားပြုပြင်မှုပဲ ဖြစ်ဖြစ်၊ ခြေကို ကြွမှု လှမ်းမှု ချမှုပဲဖြစ်ဖြစ်၊ ရိုးရိုးထိသိမှုပဲ ဖြစ်ဖြစ် ရှုမှတ်တိုင်း ရှုမှတ်တိုင်း ထိသိရတာရော + မှတ်သိတာရော ချက်ခြင်းပင် ပျောက်ပျက် သွားတာကိုချည်း တွေ့ရတယ်၊
ထိသိပြီး အဆိုးအကောင်း ခံစားမှုတွေလဲ ချက်ချင်းပင် ပျောက်ပျက်သွားတာကို တွေ့ရတယ်။ အဲဒီတော့ ထိသိရတာနဲ့စပ်ပြီး တပ်မက်သာယာမှု မဖြစ်ရတော့ဘူး၊ တပ်မက်သာယာခြင်း မရှိပဲ ခံစားရုံမျှ သက်သက်သာ ဖြစ်နေတယ်။ ဒါကြောင့်
“သော - ထိသိပြီးလျှင် ချက်ခြင်းအမှတ်ရသော ထိုပုဂ္ဂိုလ်သည်၊
ဖဿေသု - အတွေ့အာရုံတို့၌၊
န ရဇ္ဇတိ - မတပ်မက်၊
ဝါ - တပ်မက်မှု ရာဂကင်းသည်” လို့ ဆိုထားတာပါပဲ။
ဆောင်ပုဒ်ကတော့ (အတွေ့ထိက၊ အမှတ်ရ၊ ရာဂကင်းတော့သည်) လို့ ဆိုကြရုံပါပဲ။
၁။ အတွေ့ထိက၊ အမှတ်ရ၊ ရာဂကင်းတော့သည်။
အဲဒီလို တပ်မက်မှု ရာဂကင်းသောကြောင့်
သော - မတပ်မက်သော ထိုပုဂ္ဂိုလ်သည်၊
ဝိရတ္တစိတ္တော - တပ်မက်ကင်းသော စိတ်ရှိသည်ဖြစ်၍၊
ဝါ - မတပ်မက်သော စိတ်ဖြင့်၊
ဝေဒေတိ - ခံစား၏၊
တဉ္စ - ထိုအတွေ့အာရုံကိုလဲ၊
န အဇ္ဈောသ တိဋ္ဌတိ - မျိုထားသကဲ့သို့ သိမ်းပိုက်ဆုပ်ကိုင်လျက် မတည်တဲ့၊
ဒီလိုဆက်ပြီး ပြဆိုထားပါတယ်။ ဆောင်ပုဒ်ကတော့ ရှေးကအတိုင်းဆိုကြရုံပါဘဲ။
၂။ မတပ်မက်ပဲ၊ ခံစားမြဲ၊ စိတ်ထဲ မသိမ်းပြီ။
၄။ ယထာဿ ဖုသတော ဖဿံ၊ သေဝတော စာပိဝေဒနံ။
ခီယတိ နောပစီယတိ၊ ဧဝံ သော စရတိဿတော။
ဧဝံ အပစိနတော ဒုက္ခံ၊ သန္တိကေ နိဗ္ဗာန ဝုစ္စတိ။
ယထာ - အခြားမဲ့၌ မှတ်သိမှုပါသော အကြင် အခြင်းအရာဖြင့်၊
ဖဿံ - အတွေ့အာရုံကို၊
ဖုသတော စာပိ - ထိသိလဲ ထိသိငြားသော်လဲ၊
ဝေဒနံ - ခံစားမှုကို၊
သေဝတော စာပိ - မှီလဲ မှီဝဲခြင်းသော်လဲ၊
ဒုက္ခံ - ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲသည်၊
ခီယတိ - ကုန်သာကုန်ခန်း၏။
နောပစီယတိ - ဆည်းပူးအပ်သည်ကား မဟုတ်ပေတဲ့။
ဝိပဿနာယောဂီ ပုဂ္ဂိုလ်ဟာလဲ သူများလိုပင် အတွေ့အာရုံကို တွေ့ထိလဲ တွေ့ထိ ပါတယ်၊ အဲဒီ အတွေ့အထိနဲ့စပ်ပြီး ခံစားမှုကိုလဲ မှီဝဲပါတယ်၊ သို့ပေမယ့် သာမန် ပုဂ္ဂိုလ်များမှာလို အဲဒီ အတွေ့အထိနဲ့စပ်ပြီး ကိလေသာတွေလဲ မဖြစ်ဘူး၊ အဲဒီ အတွေ့အထိမျိုးကို ရအောင် ရှာကြံ ပြုလုပ်တဲ့ အကုသိုလ်ကံ ကုသိုလ်ကံတွေလဲ မဖြစ်ဘူး၊ ကံမဖြစ်တော့ အဲဒီကံကြောင့်ဖြစ်မည့် ဘဝသစ် ဝိပါက်ဆင်းရဲတွေလဲ ဖြစ်ခွင့်မရှိတော့ဘဲ ကင်းငြိမ်းသွားတယ်၊ ဘာကြောင့်လဲဆိုလျှင် ထိသိပြီးလျှင် ပြီးခြင်း မှတ်သိမှု ပါနေလို့ပါပဲ၊ မဇ္ဈိမပဋိပဒါခေါ်တဲ့ အလယ်လမ်းအကျင့်ဆိုတာ အဲဒီလို မှတ်သိမှု ပါဘဲ။
ဆောင်ပုဒ်ကတော့ (မှတ်သိလျက်သား၊ ထိသိသွား၊ ခံစားမှီဝဲသည်) လို့ ဆိုကြရုံပါဘဲ။
၃။ မှတ်သိလျက်သား၊ ထိသိသွား၊ ခံစားမှီဝဲသည်။
နောင်တစ်ပုဒ်ကတော့ ရှေးကအတိုင်း ဆိုကြရုံပါဘဲ။
၄။ သို့ပါသော်လဲ၊ ဝဋ်ဆင်းရဲ၊ ကုန်မြဲ ကုန်ခန်းသည်။
သူများလို ထိသိပြီး ခံစားနေပေမယ်လို့ ရှုမှတ်တဲ့ လူများမှာ “ဝေဒနာကြောင့် တဏှာ ဖြစ်သည်” ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်အရ တဏှာ မဖြစ်တော့ဘူး၊ တဏှာ မဖြစ်တော့ ဥပါဒါန်နဲ့ ကံ မဖြစ်ဘူး။ ကံ မဖြစ်တော့ အဲဒီကံ၏ အကျိုးဝိပါက် ဆင်းရဲတွေ ဆိုတာလဲ မဖြစ်ဘူး၊ အဲဒါဟာ မရှုမိတဲ့ အတွေ့အာရုံနဲ့စပ်ပြီး ဖြစ်ခွင့်ရှိတဲ့ ကိလေသာ တွေ ကံတွေ ဝိပါက်ဆင်းရဲတွေ ကင်းငြိမ်ကုန်ခန်းပုံပါဘဲ။ ဒါကြောင့် အဲဒီကိလေသာ ဆင်းရဲ ဝဋ်ဆင်းရဲတွေ ငြိမ်းစေချင်ယင် သွား ရပ် ထိုင် လျောင်း ထိသိတိုင်း ကွေး ဆန့် လှုပ်ရှား ပြုပြင် ထိသိတိုင်း ရိုးရိုးထိသိတိုင်း ချကချင်း အမှတ်ရတဲ့ ဒီနည်းဖြင့် မပြတ် ကျင့်ရတယ်၊ အဲဒီလို ကျင့်သင့်ပုံကို ဒီလို ဆက်ပြီး ညွှန်ပြတော်မူပါတယ်။
ဧဝံ - ထိသိတိုင်း ရှုသိမှုပါသော ဤနည်းဖြင့်၊
သော - ထိုယောဂီသည်၊
သတော - အမှတ်ရလျက်၊
စရတိ - ကျင့်သည်တဲ့။
အဲဒါဟာ ကိုယ်ထဲ၌ ဘယ်အစိတ်အပိုင်းကမဆို ထိသိပြီးလျှင် ပြီးချင်း ရှုမှတ်ပြီး အမှန်အတိုင်း သိသိသွားရမယ် ဆိုတာကို ဒါရိုက်အတိအလင်းပြတဲ့ ဒေသနာပါဘဲ။ ဆောင်ပုဒ်ကတော့ ရှေးက အတိုင်း ဆိုကြရုံပါပဲ။
၅။ ဤနည်းဖြင့်သာ၊ ယောဂီမှာ၊ မှတ်ကာ ကျင့်ရသည်။
နည်းမှန်ကို ရှုတ်ချ ပစ်ပယ်တာတွေလဲ ရှိတယ်
တချို့က ကိုယ်တိုင်လဲ ဘာတရားမှ ထိထိ ရောက်ရောက် အားမထုတ်ဘူး၊ သူများဟောပြနေတာကိုလဲ မလိုလားဘူး၊ အဲဒီလို ပုဂ္ဂိုလ်တွေက ဒီ မာလုကျပုတ္တသုတ် မဟာသတိပဋ္ဌာန်သုတ် စသည်နှင့်အညီ ရှုမှတ်အားထုတ် နေကြတာကို ပစ်ပယ် ရှုတ်ချပြီး ပြောလေ့ရှိကြတယ်၊ ပြောပုံကတော့ “သွားတယ် ရပ်တယ် ထိုင်တယ် အိပ်တယ် ကွေးတယ် ဆန့်တယ် ဖောင်းတယ် ပိန်တယ် ဆိုတာတွေက သိပြီး တွေဘဲ၊ ရှုဖို့မလိုပါဘူး” တဲ့။ ဒီလိုပြောကြတယ်။
အမှန်ကတော့ သိပြီးအာရုံတွေမှာ ကိလေသာ ဖြစ်ခွင့်မရအောင် ချက်ချင်း ရှုရတာပဲ၊ မသိသေး တာတွေတော့ ကြံတွေးပြီး ရှုနေဖို့မလိုပါဘူး၊ အဲဒီအကြောင်းကို “မမြင်ရရာ၊ ကိလေသာ၊ သူ့ဟာသူ ငြိမ်းသည်” စသည်ဖြင့် ရှေ့ပိုင်းက အထပ်ထပ် ပြောခဲ့ပါပြီ။ “သွားတယ် ဖောင်းတယ် ပိန်တယ် စသည်ဖြင့် ရှုဖို့မလိုဘူး” ဆိုတာက ဘုန်းကြီး တို့ကို ရည်ရွယ်ပြီး ပစ်ပယ် ရှုတ်ချတာပါပဲ၊ ဒါပေမယ့် အရင်းစစ်ကြည့်လိုက်တော့ ဒီ မာလုကျပုတ္တသုတ်နှင့်တကွ မဟာသတိပဋ္ဌာနသုတ် စသော မြတ်စွာဘုရားရှင်၏ စကားတော်တွေကို ပစ်ပယ် ရှုတ်ချရာ ရောက်ပါတယ်။ ဒီနေရာမှာ တိုတိုနဲ့ နားလည်ချင်ရင်တော့ ဝင်သက် ထွက်သက် အာနာပါန ဆိုတာ လူတိုင်း လူတိုင်း သိနေကြတာပဲ၊ ဒါပေမဲ့ အဲဒါကိုတော့ မရှုကောင်းဘူးလို့ ဘယ်သူမျှ ပြောဝံ့မယ် မဟုတ်ပါဘူး။
အဓမ္မ ဆိုတဲ့ မတရားကို ဟောရာ ရောက်တယ်
နောက်ပြီးတော့ တချို့က “ရုပ်ကိုယ်ကြီးကို မရှုကောင်းဘူး၊ ခေါင်းကို၊ လက်ခြေကို၊ ဝမ်းဗိုက်ကို မရှုကောင်းဘူး” လို့ ဒီလိုလဲ ပစ်ပယ်ရှုတ်ချပြီး ပြောနေကြတယ်။ အဲဒါဟာ ဒီမာလုကျပုတ္တစသော ဘုရားဟော တရားတော်ကို နားမလည်ခြင်း၊ သူတို့ကိုယ်တိုင် ဝိပဿနာဉာဏ်အစစ်ကို မတွေ့ မသိဖူးခြင်း စသည်ကြောင့် မပြောသင့်တဲ့ စကားကို ပြောနေကြတာပါပဲ။ ကိုယ်ကြီးတစ်ခုလုံးမှ အဆင်းကို မြင်လျှင် (ရူပံ ဒိသွာ ပဋိဿတော) စသော ဘုရားဟောဒေသနာတော်များနှင့်အညီ ရှုမှတ်ရမှာပဲ မဟုတ်ပါလား၊ ထိရာ ထိရာ ကိုယ်ရုပ်ကိုလဲ (ဖဿံ ဖုဿ ပဋိဿ တော) စသည်နှင့်အညီ ရှုမှတ်ရမှာပဲ မဟုတ်ပါလား။
အဲဒီတော့ ရုပ်ကိုယ်ကြီးလဲ ရှုမှတ်ရမှာပဲ၊ လက် ခြေ ဝမ်းဗိုက် စသည်တွေလဲ ရှုမှတ်ရမှာပဲ၊ မရှုမမှတ်ရဘူးလို့ ဘယ်ပါဠိ အဋ္ဌကထာ ဋီကာကျမ်းဂန်ကမျှ တားမြစ်ခြင်း မရှိပါဘူး။ နောက်ပြီးတော့ မျက်စိရုပ် နားရုပ် နှာခေါင်းရုပ် လျှာရုပ် ဆိုတာတွေဟာ ခေါင်းထဲမှာ ရှိနေတာတွေပဲ၊ အဆင်း အသံ အနံ့ အရသာ ရုပ်ဆိုတာတွေလဲ ခေါင်းထဲက ပေါ်နေတာတွေပဲ၊ ကိုယ်အကြည်နဲ့ အတွေ့အထိရုပ်လဲ ခေါင်းထဲမှာရှိတာပဲ၊ ခေါင်းကိုမရှုရဘူး ဆိုတော့ အဲဒီရုပ်တွေကို မရှုရဘူးလို့ ပစ်ပယ်ရာရောက်တယ်။ ဒါကြောင့် ဘုရားဟောနဲ့ ဆန့်ကျင်တဲ့ အဲဒီလို တရားကို ဟောတာဟာ အဓမ္မ-ဆိုတဲ့ မတရားကို ဟောရာရောက်တယ်။
ဘုန်းကြီးတို့ကတော့ ဒွါရ ၆ ပါးမှာ ထင်ရှားပေါ်လာသမျှ ရုပ်နာမ်တွေကို စွမ်းနိုင်ရင် အကုန်လုံးကို ရှုဖို့ပဲ ဟောပြော ညွှန်ကြား နေပါတယ်။ အကျဉ်းချုပ် ဆောင်ပုဒ်ကိုလဲ ဒီလို စီထားပါတယ်။
ဝိပဿနာရှုနည်း အကျဉ်းဆုံး ဆောင်ပုဒ်
ပေါ်တိုင်း မပြတ် ရှုမှတ်နေလျှင်၊
ရုပ်နာမ် နှစ်မျိုး ကြောင်းကျိုးသိမြင်၊
မမြဲ ဆင်းရဲ ဉာဏ်ထဲ ပေါ်လွင်၊
အနတ္တ သိရ နိဗ္ဗာန်ဝင်။
အဲဒီမှာ ပေါ်တိုင်း ဆိုတာက မြင်လိုက် ကြားလိုက် စသည်ဖြင့် ဒွါရ ၆ ပါးက ပေါ်လာသမျှကို ဆိုတာပါပဲ။ မပြတ် ရှုမှတ်နေလျှင် ဆိုတာက အိပ်ပျော်နေချိန်ကို ချန်လှပ်ပြီး တစ်စက္ကန့်မျှ မနားမရပ်ဘဲ မပြတ် ရှုမှတ်နေဖို့ ညွှန်ကြားတာပါပဲ။ ရုပ်နာမ် ၂ ပါးကို ခွဲခြားပြီး သိမြင်ပုံ အကြောင်းနှင့်အကျိုးကို ပိုင်းခြားပြီး သိမြင်ပုံ၊ အနိစ္စ ဒုက္ခ အနတ္တသဘောကို ကိုယ်ပိုင်ဉာဏ်ဖြင့် တွေ့မြင်ပုံ ဆိုတာတွေကိုတော့ ဝိပဿနာရှုနည်း ကျမ်းဂန်မှစ၍ ယခုနောက်ဆုံး ပေါ်ထွက်လာတဲ့ တက္ကသိုလ် ဝိပဿနာ တရားတော် စာအုပ်အထိ အထပ်ထပ် ဖော်ပြထားခဲ့ပါပြီ၊ ယခုဒီစာအုပ်ထဲမှာလဲ အကျဉ်းချုပ် လောက်တော့ ပြခဲ့ပါပြီ။ ထို့အတူပင် နိဗ္ဗာန်ဝင်ပုံကိုလဲ အကြိမ်ကြိမ် ပြခဲ့ပါပြီ၊ ဒီမာလုကျပုတ္တသုတ်မှာလဲ နိဗ္ဗာန်နီးပုံနှင့် စပ်ပြီး ၄ ကြိမ်တိုင်တိုင် ပြခဲ့ပါပြီ၊ ယခု ဖွင့်ပြနေတဲ့ ထိသိမှုနှင့် စပ်ပြီးတော့လဲ ဒီလို ပြတော်မူပါတယ်။
ဧဝံ - ဤ ဆိုအပ်ခဲ့သည့်အတိုင်း ထိသိပြီးလျှင်ပြီးချင်း ရှုမှတ်သောအားဖြင့်၊
ဒုက္ခံ - မရှုမမှတ်လျှင် ဖြစ်ခွင့်ရှိသော ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲကို၊
အပစိနတော - ဖျက်ဆီးလိုသောပုဂ္ဂိုလ်အား၊
နိဗ္ဗာနံ - ဆင်းရဲငြိမ်းသော နိဗ္ဗာန်သည်၊
ဝါ - နိဗ္ဗာန်ကို၊
သန္တိကေ - နီးသည်ဟူ၍၊
ဝုစ္စတိ - ဆိုအပ်ပါသည်တဲ့။
ဆောင်ပုဒ်ကတော့ (ထိတိုင်း ရှုမှတ်၊ ဆင်းရဲသတ်၊ နီးကပ် နိဗ္ဗာန်ပြည်) လို့ ဆိုကြရုံပါပဲ။
၆။ ထိတိုင်း ရှုမှတ်၊ ဆင်းရဲသတ်၊ နီးကပ် နိဗ္ဗာန်ပြည်။
ယခုရွတ်ပြခဲ့တဲ့ ထိသိမှုဆိုင်ရာ အမှတ် (၃၊၄) ဂါထာ ၂ ပုဒ်ဖြင့် အတိုချုပ် ဆိုလိုတာကတော့ (ထိသိခိုက်၌ ရှုမှတ်သူမှာ နိဗ္ဗာန် နီးသည်) လို့ ဆိုလိုတာပါပဲ၊ အဲဒါကို ဆိုကြရမယ်။
ထိသိခိုက်၌ ရှုမှတ်သူမှာ နိဗ္ဗာန်နီးသည်။
ရိုးရိုး ထိသိမှုဖြစ်စေ၊ ဒုက္ခ သုခဝေဒနာ ထင်ရှားပေါ်စေတဲ့ ထိသိမှုဖြစ်စေ၊ သွား ရပ် ထိုင် လျောင်း ကွေး ဆန့် စသည်ဆိုင်ရာ ထိသိမှုဖြစ်စေ ထိသိမှုကို မပြတ်ရှုနေလျှင် ဘယ်အချိန်မဆို မဂ်ဖိုလ် တရားထူးကို ရနိုင်ကြောင်း ဤစာအုပ် (နှာ ၁၃၀) ၌ ပုဂ္ဂလပညတ် အဋ္ဌကထာအဆိုကို ထုတ်ပြခဲ့ပြီ၊ အရှင်အာနန္ဒာဟာ စြင်္ကံလျှောက်ရာမှ ခုတင် အိပ်ရာမှာထိုင်တယ်၊ ထိုင်ရာက လှဲချလိုက်စဉ်မှာ အထက် မဂ်ဖိုလ် သုံးပါးသို့ရောက်ပြီး ရဟန္တာဖြစ်သွားကြောင်း (ဝိ-ဌ-ပ နှင့် ဒီ ဌ-ပ-နှာ ၁၀) တို့၌ ဖော်ပြထားတယ်၊ အဲဒါဟာ ထိသိမှုနှင့် စပ်ပြီး ရှုမှတ်လျက် ရဟန္တာ ဖြစ်သွားတယ်လို့ မှတ်ယူသင့်တာပါပဲ။ ဒါကြောင့် မည်သည့်ထိသိမှုကို ဖြစ်စေ လေးလေးစားစား ရှုမှတ်ဖို့ လိုပါတယ်။
ထိသိမှုနှင့်စပ်ပြီး ဝိပဿနာရှုပုံ လုပ်ငန်းစဉ်ကတော့ ပြည့်စုံလောက်ပါပြီ။ ယခု ကြံသိမှုနှင့်စပ်ပြီး မေးခွန်းမှစ၍ ဝိပဿနာ အလုပ်ပေးပုံကို ဟောရမယ်။
ဝိပဿနာအခြေခံ မေးခွန်းတော် (၆)
ယေ တေ မနောဝိညေယျာ ဓမ္မာ အဝိညာတာ အဝိညာတပုဗ္ဗာ၊ န စ ဝိဇာနာသိ၊ န စ တေ ဟောတိ ဝိဇာနေယျန္တိ၊ အတ္ထိ တေ တတ္ထ ဆန္ဒော ဝါ ရာဂေါ ဝါ ပေမံ ဝါ။
(မာလုကျပုတ္တ - မာလုကျာ၏ သားဖြစ်သော ရဟန်း)
မနော ဝိညေယျာ - စိတ်ဖြင့် ကြံသိနိုင်ကောင်းကုန်သော၊
ယေ ဓမ္မာ - အကြင် သဘောအာရုံတို့ကို၊
တေ - သင်သည်၊
အဝိညာတာ - မကြာမီကလဲ မသိဘူးသေး၊ (သဘောအာရုံဆိုတာ စိတ်ကူးထဲမှာ ပေါ်လာသမျှ အာရုံတွေပါဘဲ။ ရုပ်နာမ် ပရမတ်တရားတွေလဲ ရှိတယ်၊ အမည်ပညတ် ပုံသဏ္ဌာန် ပညတ်စသော ပညတ်အာရုံ တွေလဲ ရှိတယ်၊ အတိုချုပ် ပြောရယင်တော့ စိတ်ကူး အာရုံတွေပါဘဲ။)
အဝိညာတပုဗ္ဗာ - ရှေးကာလ ရှေးဘဝတွေကလဲ မသိခဲ့ဘူးသေး၊
န စ ဝိဇာနာသိ - ယခုလဲ သိနေဆဲ မဟုတ်၊
တေ - သင်အား၊
န စ ဟောတိ ဝိဇာနေယျန္တိ - သိနိုင်သည် ဟူ၍လဲ စိတ်ကူးထဲမှာတောင် မဖြစ်သေး၊
တတ္ထ - ထို သိလဲမသိဘူးသေး၊ သိဆဲလဲ မဟုတ်၊ သိနိုင်သည်-သိရလိမ့်မည်လို့တောင် စိတ်မကူး မိသေးသော သဘောအာရုံတို့၌၊
တေ - သင်အား၊
ဆန္ဒော ဝါ - လိုချင်နှစ်သက်မှုသည်၎င်း၊
ရာဂေါ ဝါ - တပ်မက် စွဲလမ်းမှုသည်၎င်း၊
ပေမံ ဝါ - ချစ်ခင်မှုသည်၎င်း၊
အတ္ထိ - ရှိပါသလား ဖြစ်ပါသလားတဲ့။ ဒီလိုမေးတော်မူပါတယ်။
ရှေးကလဲ မသိဘူးသေး၊ ယခုလဲ ကြံသိနေဆဲ မဟုတ်၊ သိနိုင်တယ် သိရလိမ့်မယ် လို့တောင် စိတ်ကူးထဲမှာ မပေါ်သေးတဲ့ သဘောအာရုံ ဆိုတာ ဘယ်လိုဟာမှန်းမှ မသိရသေးတဲ့ ဟာပါပဲ၊ အဲဒီလို ဘာမှန်းမှ မသိရသေးတာကို အာရုံပြုပြီး လိုချင်နှစ်သက် တပ်မက်ချစ်ခင်ခြင်းဆိုတာ ဘယ်ဖြစ်နိုင်မလဲ၊ မဖြစ်နိုင်ပါဘူး၊ ဒါကြောင့် အရှင် မာလုကျပုတ္တမထေရ်က အဲဒီလို လုံးဝမသိရသေးတဲ့အာရုံမှာ လိုချင်နှစ်သက် တပ်မက်ချစ်ခင်ခြင်း မဖြစ်ပါဘုရား - လို့ ဖြေကြား လျှောက်ထား ပါတယ်။ အဲဒါဟာ တိကျမှန်ကန်တဲ့ အဖြေပါပဲ။
လောကမှာ မမြင်ဘူး မကြားဘူး မတွေ့ဘူး မကြုံဘူးသဖြင့် လုံးဝမသိရဘူးတဲ့ သက်ရှိသက်မဲ့ အာရုံဝတ္ထုတွေဆိုတာ ရှိတော့ ရှိနေတာပဲ၊ ဒါပေမယ့် မိမိကိုယ်တိုင် စိတ်ကူးမျှဖြင့်တောင် မသိရသေးရင် အဲဒီလို အာရုံတွေမှာ လိုချင်နှစ်သက် တပ်မက် ချစ်ခင်ခြင်း ဆိုတာ မဖြစ်နိုင်ကြောင်း ဒီမေးခွန်းတော်ဖြင့် ဒါရိုက်ပြတော်မူပါတယ်။ နောက်ပြီးတော့ စိတ်ကူးထဲမှာ ပေါ်လာတဲ့ အာရုံမှာတော့ လိုချင်နှစ်သက်ခြင်း စသော ကိလေသာတွေ ဖြစ်နိုင်တယ် ဆိုတာကိုလဲ ပြောင်းပြန်နည်းဖြင့် ဆင်ခြင်၍ သိစေ ပါတယ်။
အဲဒီ နှစ်ချက်နဲ့စပ်ပြီး ဆောင်ပုဒ်များကတော့ (မသိရရာ၊ ကိလေသာ၊ သူ့ဟာသူ ငြိမ်းသည်။ သိရရာမှာ၊ ကိလေသာ၊ ကိန်းကာ ဖြစ်နိုင်သည်) လို့ စီထားတယ်။ အဲဒါတွေကို ဆိုကြရမယ်။
၁။ မသိရရာ၊ ကိလေသာ၊ သူ့ဟာသူ ငြိမ်းသည်။
၂။ သိရရာမှာ၊ ကိလေသာ၊ ကိန်းကာ ဖြစ်နိုင်သည်။
သိရတဲ့ အာရုံဆိုတာ မြင်သိဝီထိ၏ အခြားမဲ့၌သိရတဲ့ အဆင်းအာရုံလဲရှိတယ်၊ ထို့အတူပင် ကြားသိဝီထိ၏ အခြားမဲ့၊ နံသိဝီထိ၏ အခြားမဲ့၊ စားသိဝီထိ၏ အခြားမဲ့၊ ထိသိဝီထိ၏ အခြားမဲ့များ၌ သိရတဲ့ အသံ အနံ့ အရသာ အတွေ့အာရုံများလဲ ရှိတယ်၊ အဲဒါတွေလဲ မရှုမသိနိုင်ရင် ကိလေသာ ကိန်းပြီး ဖြစ်နိုင်တာဘဲ၊ သက်သက် ကြံသိရတဲ့ အာရုံတွေလဲ မရှုမသိနိုင်ရင် ကိလေသာကိန်းပြီး ဖြစ်နိုင်တာပဲ၊ ဒါကြောင့် အဲဒီလို အာရုံတွေမှာ ကိလေသာ မကိန်းနိုင်အောင်၊ ကိလေသာတွေ ဖြစ်ခွင့်မရအောင် ချက်ခြင်း ရှုမှတ်ပြီး သိဖို့လိုပါတယ်၊ အဲဒါကို (သိတိုင်း မှတ်ရှု၊ ကိလေစု၊ ကိန်းမှု ပယ်သင့်သည်) လို့ ဆောင်ပုဒ် စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။
၃။ သိတိုင်းမှတ်ရှု၊ ကိလေစု၊ ကိန်းမှုပယ်သင့်သည်။
ဒါကြောင့် ဖောင်းတယ် ပိန်တယ် ထိုင်တယ် ထိတယ် စသည်ဖြင့် မပြတ် ရှုမှတ်နေစဉ်မှာ စိတ်ကူးကြံစည်မှု ဖြစ်လာရင် စိတ်ကူးတယ်၊ ကြံစည်တယ်၊ စဉ်းစားတယ် စသည်ဖြင့် ရှုမှတ်ရတာပဲ။ ယခုပြခဲ့တဲ့ ဆောင်ပုဒ် ၃ ခု အရ မသိရတဲ့ အာရုံမှာ ကိလေသာဖြစ်ခွင့်မရှိဘူး၊ သူ့အလိုလိုပင် အဲဒီမသိရတဲ့ အာရုံမှာ ကိလေသာ ကင်းငြိမ်းနေတယ် ဆိုတာရယ်၊ သိရတဲ့ အာရုံမှာတော့ မရှုမသိနိုင်ယင် ကိလေသာ ဖြစ်နိုင်တယ်၊ အဲဒီလို ကိလေသာ ဖြစ်နိုင်တာကိုပင် ကိလေသာ ကိန်းတယ်လို့ ခေါ်တယ်-ဆိုတာရယ်၊ အဲဒီလို ကိလေသာဖြစ်ခွင့် မရအောင် ရှုမှတ်ပြီး ကိလေသာ ကိန်းမှုကို ပယ်သင့်တယ် ဆိုတာရယ် အဲဒီ အနက် အဓိပ္ပါယ် ၃-ချက်ကို မေးခွန်းတော်ဖြင့်ပင် သိနားလည်စေပါတယ်။ အဲဒါကို (မေးခွန်းဖြင့်ပင်၊ လုပ်ငန်းစဉ်၊ ပေါ်လွင်စေခဲ့သည်) လို့ ဆိုကြရုံပါပဲ။
၄။ မေးခွန်းဖြင့်ပင်၊ လုပ်ငန်းစဉ်၊ ပေါ်လွင်စေခဲ့သည်။
အဲဒီလို ဝိပဿနာ လုပ်ငန်းစဉ်ကို သိနားလည်အောင် မေးခွန်းဖြင့် သိစေပြီးတော့ မြတ်စွာဘုရားရှင်က ဝိပဿနာ လုပ်ငန်းစဉ်နှင့်တကွ အကျိုးအာနိသင်ကို ဒီလို ဟောကြားတော်မူပါတယ်။
လုပ်ငန်းစဉ်နှင့်တကွ အကျိုးအာနိသင်
ဧတ္ထ စ တေ မာလုကျပုတ္တ ဒိဋ္ဌ သုတ မုတ ဝိညာတေသု ဓမ္မေသု ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ၊ သုတေ သုတမတ္တံ ဘဝိဿတိ၊ မုတေ မုတမတ္တံ ဘဝိဿတိ၊ ဝိညာတေ ဝိညာတမတ္တံ ဘဝိဿတိ။ ယတော ခေါ တေ မာလုကျပုတ္တ ဒိဋ္ဌ သုတ မုတ ဝိညာတေသု ဓမ္မေသု ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ၊ သုတေ သုတမတ္တံ ဘဝိဿတိ၊ မုတေ မုတမတ္တံ ဘဝိဿတိ၊ ဝိညာတေ ဝိညာတမတ္တံ ဘဝိဿတိ၊ တတော တွံ မာလုကျပုတ္တ န တေန၊ ယတော တွံ မာလုကျပုတ္တ န တေန၊ တတော တွံ မာလုကျပုတ္တ န တတ္ထ၊ ယတော တွံ မာလုကျပုတ္တ နတ္ထ၊ တတော တွံ မာလုကျပုတ္တ နေဝိဓ န ဟုရံ န ဥဘယမန္တရေန၊ ဧသေဝန္တော ဒုက္ခဿ။
မာလုကျပုတ္တ - မာလုကျာ၏ သားဖြစ်သော ရဟန်း၊
တေ - သင်အား၊
ဧတ္ထ စ ဒိဋ္ဌ သုတ မုတ ဝိညာတေသု ဓမ္မေသု - မြင်ရ ကြားရ ရောက်ရ သိရသော ဤတရားတို့တွင်လဲ၊
ဒိဋ္ဌေ - မြင်ရသည်၌၊
ဒိဋ္ဌမတ္တံ ဘဝိဿတိ - မြင်ရုံမျှ ဖြစ်လတ္တံ့၊
သုတေ သုတ မတ္တံ ဘဝိဿတိ - ကြားရသည်၌ ကြားရုံမျှ ဖြစ်လတ္တံ့၊
မုတေ မုတမတ္တံ ဘဝိဿတိ - နံလျက် စားသိလျက် ထိသိလျက် ရောက်ရသည်၌ ရောက်ရုံမျှ ဖြစ်လတံ့၊
ဝိညာတေ ဝိညာတမတ္တံ ဘဝိဿတိ - သိရသည်၌ သိရုံမျှ ဖြစ်လတ္တံ့၊
(အဲဒါဟာ မာလုကျပုတ္တမထေရ်က မမေ့မလျော့ မပြတ် အားထုတ်နေပါမည်လို့ ဝန်ခံခဲ့တဲ့အတိုင်း မေးခွန်းတော်အရ သိနားလည်ပြီး မြင်တိုင်း ကြားတိုင်း နံတိုင်း စားသိတိုင်း ထိသိတိုင်း ကြံသိတိုင်း မမေ့မလျော့ မပြတ်ရှုနေလျှင် မြင်ရသည်၌ မြင်ရုံမျှ ဖြစ်လိမ့်မည်၊ ကြားရ ရောက်ရ သိရသည်၌ ကြားရုံမျှ ရောက်ရုံမျှ သိရုံမျှ ဖြစ်လိမ့်မည် လို့ ဝိပဿနာလုပ်ငန်းစဉ်ကို ညွှန်ကြားတော်မူတာပါပဲ၊ မြင်ရုံမျှ စသည်ဖြစ်အောင် ရှုပါလို့ ဆိုလိုပါတယ်။ အဲဒီကနောက် အကျိုးအာနိသင်ကိုလဲ ဒီလို ဆက်ပြီး ပြတော်မူပါတယ်။)
မာလုကျပုတ္တ - မာလုကျပုတ္တ၏ သားဖြစ်သောရဟန်း၊
ယတော - အကြင် အခါ၌၊
တေ - သင်အား၊
ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ - မြင်ရသည်၌ မြင်ရုံမျှ ဖြစ်လတ္တံ့၊
သုတေ သုတမတ္တံ ဘဝိဿတိ - ကြားရသည်၌ ကြားရရုံမျှ ဖြစ်လတ္တံ့၊
မုတေ မုတမတ္တံ ဘဝိဿတိ - ရောက်ရသည်၌ ရောက်ရုံမျှ ဖြစ်လတ္တံ့၊
ဝိညာတေ ဝိညာတမတ္တံ ဘဝိဿတိ - သိရသည်၌ သိရုံမျှဖြစ်လတ္တံ့၊
မာလုကျပုတ္တ - မာလုကျပုတ္တ၏ သားဖြစ်သောရဟန်း၊
တတော - ထိုသို့ မြင်ရုံမျှ ကြားရုံမျှ ရောက်ရုံမျှ သိရုံမျှ ဖြစ်သောအခါ၌၊
တွံ - သင်သည်၊
န တေန - ထိုမြင်ရသော အဆင်းစသည်နှင့် မစပ်မဆိုင်ဘဲ ရှိလတ္တံ့၊
(အဲဒါဟာ မြင်ရုံမျှ စသည် ဖြစ်သောအခါ အဲဒီ မြင်ရတဲ့ အဆင်းစသည်နှင့် သာယာမုန်းထား သိမှားတဲ့ ရာဂ ဒေါသ မောဟ အလိုအားဖြင့် မစပ်မဆိုင်ဘဲ ရှိလိမ့်မယ် လို့ ဆိုလိုတာပါဘဲ။)
မာလုကျပုတ္တ - မာလုကျပုတ္တ၏ သားဖြစ်သောရဟန်း၊
ယတော - အကြင်အခါ၌၊
တွံ - သင်သည်၊
န တေန - ထိုမြင်ရသော အဆင်းစသည်နှင့် မစပ်မဆိုင်ဘဲ ရှိလတ္တံ့၊
မာလုကျပုတ္တ - မာလုကျပုတ္တ၏ သားဖြစ်သောရဟန်း၊
တတော - ထိုအခါ၌၊
တွံ - သင်သည်၊
န တတ္ထ - ထို မြင်ရသည့် အဆင်းစသည်၌ မတည်ဘဲ ရှိလတ္တံ့။
(မတည် ဆိုတာ “ငါ့, ငါ့ဥစ္စာ, ငါ့အတ္တ” လို့ တဏှာ မာန ဒိဋ္ဌိဖြင့် ကပ်ငြိ၍ မတည်တော့ဘူးလို့ ဆိုလိုကြောင်း ဥဒါန်း အဋ္ဌကထာမှာ ဖွင့်ပြထားတယ်၊ အဲဒီ အဖွင့်အရ ဆိုရင်တော့ “န တေန - ထို အဆင်းစသည်နှင့်တကွ မဖြစ်ဘူး, ရာဂ စသည်အလိုအားဖြင့် မစပ်မဆိုင်ဘူး” လို့ ဆိုတာနဲ့ “န တတ္ထ-ထိုအဆင်း စသည်၌ မတည်တော့ဘူး” လို့ ဆိုတာဟာ ဝေါဟာရမျှသာ ကွဲတယ်၊ အရအားဖြင့်တော့ အတူတူပဲလို့ ဆိုရမှာပဲ၊ တနည်းအားဖြင့် ယူမယ်ဆိုရင်တော့ န တတ္ထ - ထို အဆင်း အာရုံ စသည်တို့၌ မတည်တော့ဘူး ဆိုတဲ့စကားဖြင့် မြင်ရတဲ့အဆင်း အစရှိသော လောကီအာရုံတွေကို စွန့်လွှတ်ပြီး နိဗ္ဗာန်အာရုံ၌ တည်တယ်လို့ ယူရင်လဲ သင့်စရာ ရှိပါတယ်။ ဒါကြောင့်ပင် အခြားမဲ့ နောက်စကားဖြင့် နိဗ္ဗာန်အာရုံသို့ ရောက်သွားပုံကို ဒီလို ပြထားတာပါဘဲ။)
မာလုကျပုတ္တ - မာလုကျပုတ္တ၏ သားဖြစ်သောရဟန်း၊
ယတော - အကြင်အခါ၌၊
တွံ - သင်သည်၊
ဝါ - သင်လို့ ခေါ်ဆိုရသော ရုပ်နာမ်အစဉ်သည်၊
န တတ္ထ - ထို မြင်ရသော အဆင်းစသည်၌ မတည်ဘဲရှိလတ္တံ့၊
မာလုကျပုတ္တ - မာလုကျပုတ္တ၏ သားဖြစ်သောရဟန်း၊
တတော - ထိုမြင်ရသည့် အဆင်းစသည်၌ မတည်သော အခါ၌၊
တွံ - သင်သည်၊
ဝါ - သင်ဟု ခေါ်ရသော ရုပ်နာမ်အစဉ်သည်၊
နေဝ ဣဓ - ဤ၌လဲ မရှိ၊
န ဟုရံ - ဟို၌လဲ မရှိ၊
န ဥဘယမန္တရေန - ဤနှင့် ဟိုနှစ်ပါးကို ကြဉ်၍ အခြား၌လဲ မရှိတော့ပြီ၊
ဧသေဝ - ဤသို့ သင် မရှိခြင်းသည်ပင်လျှင်၊
ဝါ - သင်ဟု ခေါ်ဆိုရသော ရုပ်နာမ်အစဉ် မရှိခြင်းသည်ပင်လျှင်၊
ဒုက္ခဿ အန္တော - ဆင်းရဲ၏ အဆုံးပေတည်း၊
ဝါ - ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲ၏ ကုန်ဆုံးရာ နိဗ္ဗာန်ပေတည်းတဲ့။
(အနက် အဓိပ္ပါယ် အကျယ်ကိုတော့ ဤစာအုပ် နှာ ၄၇ စသည်မှာ ပြခဲ့ပါပြီ။)
ယခု အဲဒီ သုတ်တရားတော်၏ မြန်မာပြန် အတိုချုပ်ကို ဆိုကြရမယ်။
မြန်မာပြန် အတိုချုပ် ဆောင်ပုဒ်များ
(၁) မာလုကျပုတ္တရဟန်း၊ (သင် ဝန်ခံခဲ့သည့်အတိုင်း မမေ့မလျော့ မပြတ်ရှုမှတ် နေလျှင်) မြင်ရ ကြားရ ရောက်ရ သိရတဲ့ ဒီတရားတွေထဲကလဲ သင့်မှာ မြင်ရသည်၌ မြင်ရုံမျှ ဖြစ်လိမ့်မည်၊ ကြားရသည်၌ ကြားရုံမျှ ဖြစ်လိမ့်မည်၊ ရောက်ရသည်၌ ရောက်ရုံမျှ ဖြစ်လိမ့်မည်၊ သိရသည်၌ သိရုံမျှ ဖြစ်လိမ့်မည်၊ (မြင်ရုံမျှ စသည်ဖြစ်အောင် မြင်ခိုက်စသည်၌ မပြတ် ရှုမှတ်နေရမယ်လို့ ဆိုလိုပါတယ်)
(၂) အဲဒီလို ဖြစ်လျှင် သင်ဟာ ထိုမြင်ရသည့် အဆင်းစသည်နှင့် (သာယာ မုန်းထား သိမှားသည့် အလိုအားဖြင့်) မစပ်မဆိုင်ဘဲ ရှိလိမ့်မည်။
(၃) မစပ်မဆိုင်လျှင်၊ သင်ဟာ အဲဒီ မြင်ရတဲ့အဆင်း စသည်၌ မတည်ဘဲ ရှိလိမ့်မည်။
(၄) အဲဒီမြင်ရတဲ့ အဆင်း စသည်၌ မတည်လျှင်၊ သင်ဟာ ဒီမှာလဲ မရှိ၊ ဟိုမှာလဲမရှိ၊ အခြားမှာလဲ မရှိ၊ ဒီလို သင်မရှိတာသည်ပင် ဆင်းရဲ၏ အဆုံး နိဗ္ဗာန်ပေတည်း။
အဲဒီ မြန်မာပြန်အတိုချုပ် (၄) ပိုဒ်ထဲက အမှတ် (၁) အပိုဒ်ဖြင့် “မြင်ရုံမျှ စသည်၌သာ တည်အောင် ပေါ်လာသမျှကို မမေ့မလျော့ မပြတ်ရှုသိသွားဖို့” ညွှန်ကြားတော် မူတယ်၊ အဲဒါဟာ ဝိပဿနာ အလုပ်ကို အကျဉ်းချုပ် ဟောကြားတော်မူတာပဲ။
အမှတ် (၂) အပိုဒ်ဖြင့် အဲဒီလို ရှုသိတဲ့ အာရုံတိုင်းမှာ အာရမ္မဏာနုသယခေါ်တဲ့ ကိလေသာ ကင်းပုံကို ပြတော်မူတယ်။
အမှတ် (၃) အပိုဒ်ဖြင့် အဲဒီ ကိလေသာ ကင်းပုံကို တနည်း ပြတော်မူတယ်။ သို့မဟုတ် “မြင်ရ ကြားရ ရောက်ရ ကြံသိရတဲ့ လောကီအာရုံများ၌ မတည်တော့ဘဲ နိဗ္ဗာန်အာရုံ ရောက်သွားပုံကို ပြတော်မူတယ်” လို့လဲ ယူသင့်ပါတယ်။
ဒါကြောင့်ပင် အမှတ်(၄) အပိုဒ်ဖြင့် အဲဒီမြင်ရတဲ့ အဆင်း စသည်၌ မတည်လျှင် ဆင်းရဲ၏ အဆုံးရောက်သွားပုံကို ဆက်ပြီး ပြတော်မူတာဘဲ။
အဲဒီ အလုပ်ပေးတရားတော်ကို ကြားနာရတော့ မာလုကျပုတ္တမထေရ်က သူ့ဉာဏ်မှာ သဘောပေါက် သိနားလည်ပုံ ကိုဂါထာ ၂၄ ပုဒ်တို့ဖြင့် မြတ်စွာဘုရားအား တင်ပြ လျှောက်ထားပါတယ်။ မြတ်စွာဘုရားရှင်ကလဲ သာဓုခေါ်တော်မူပြီးတော့ အဲဒီဂါထာ တွေကို ကိုယ်တော်တိုင် ထပ်ပြီး ဟောတော်မူပါတယ်။
အဲဒါကို ထောက်ဆကြည့်ခြင်းအားဖြင့် မာလုကျပုတ္တရဟန်းဆိုတာဟာ သာမန်ပုဂ္ဂိုလ် မဟုတ်ဘူး၊ ဘုရားဟောတရားကို တိတိကျကျ နားလည်တဲ့ ပုဂ္ဂိုလ်ထူးလဲဖြစ်တယ်၊ တခဏကလေးအတွင်းမှာ ဂါထာဆိုတဲ့ ပါဠိကဗျာတွေကို အချိုးတကျ စီကုံးနိုင်တဲ့ ကဗျာပညာရှိလဲ ဖြစ်တယ်လို့ သိရပါတယ်။ နောက်ပြီးတော့ ဒီသုတ်၏အဆုံးမှာ မကြာမီပင် ရဟန္တာ ဖြစ်သွားကြောင်းကိုလဲ တွေ့ရတဲ့အတွက် ပါရမီထူးရှိသူလဲ ဖြစ်ကြောင်း သိရပါတယ်။
အဲဒီ အရှင်မာလုကျပုတ္တမထေရ် တင်ပြတဲ့ ဂါထာ ၂၄ ပုဒ်ထဲက ငါးဒွါရဆိုင်ရာ ဂါထာ ၂၀ ကိုတော့ ထုတ်ဖော်ဖွင့်ပြခဲ့ပါပြီ၊ ယခု မနောဒွါရဆိုင်ရာ ဂါထာ ၄ ပုဒ်ကို ရွတ်ဆိုဟောပြရမယ်၊ အဲဒီ ၄ ဂါထာ ထဲက ၂ ဂါထာကတော့ ဝိပဿနာမရှုသူမှာ နိဗ္ဗာန်နှင့်ဝေးပုံကို ဖော်ပြတယ်၊ အခြား ၂ ဂါထာ ကတော့ ဝိပဿနာရှုသူမှာ နိဗ္ဗာန်နှင့်နီးပုံကို ဖော်ပြတယ်။ ယခု ကြံသိခိုက်၌ မရှုမမှတ်လျှင် နိဗ္ဗာန်နှင့် ဝေးပုံကို ဖော်ပြတဲ့ဂါထာ ၂ ပုဒ်ကို စပြီး ရွတ်ဆိုဟောပြမယ်။
ကြံသိခိုက်၌ မရှုသူမှာ နိဗ္ဗာန်နှင့်ဝေးသည်
၁။ ဓမ္မံ ဉတွာ သတိ မုဋ္ဌာ၊
ပိယံ နိမိတ္တံ မနသိကရောတော။
သာရတ္တစိတ္တော ဝေဒေတိ၊
တဉ္စ အဇ္ဈောသ တိဋ္ဌတိ။
ပိယံ နိမိတ္တံ - ချစ်ဖွယ် အာရုံကို၊
မနသိကရောတော - နှလုံးသွင်းနေသူအား၊
ဓမ္မံ - သဘောအာရုံဟု ခေါ်သော စိတ်ကူးအာရုံကို၊
ဉတွာ - ကြံသိပြီး၍၊
ဝါ - ကြံသိပြီးလျှင်၊
သတိမုဋ္ဌာ - အမှတ်မရဘဲ သတိမေ့သွား၏တဲ့။
လူတွေက ချစ်ဖွယ်အာရုံကောင်းကိုသာ အလိုရှိနေကြတယ်၊ အာရုံဆိုးကိုတော့ အလို မရှိကြဘူး၊ ဒါကြောင့် အိပ်ရာက နိုးလာကတည်းက အာရုံကောင်းကိုသာ ကြံစည် မျှော်လင့်နေကြတာပဲ၊ သတိပဋ္ဌာန်ဒေသနာတော်နည်းအရ ရှုမှတ်နည်းကို မသိကြ သော အများလူစုတွေဟာ စိတ်ကူးကြံစည် တိုင်း အမှတ်သတိမရှိဘဲ မေ့နေကြတာ ချည်းပါပဲ၊ မေ့တယ်ဆိုပေမယ့် ဘာကိုမျှ မသိပဲ မူးမေ့ နေတာမျိုးတော့ မဟုတ်ဘူး၊ အဲဒီ ကြံသိခိုက်မှာ ဖြစ်ပေါ် ထင်ပေါ်နေတဲ့ သဘောတရားအမှန်ကို အမှတ်မရပဲ မသိဘဲ ဖြစ်နေတာကိုသာ ဆိုပါတယ်၊
ဒါကြောင့် ကြံသိခိုက်၌ ထင်ရှားပေါ်ခဲ့တဲ့ အာရုံကို မရှုမသိသူမှာ မိန်းမ ယောက်ျား ဘယ်သူဘယ်ဝါ ဘယ်လိုဟာ စသည်ဖြင့် မိရိုးဖလာ ဓမ္မတာ အသိကတော့ သိနေ တာပါပဲ၊ အဲဒီ စိတ်ကူးထဲမှာ ပေါ်လာတဲ့ ဘယ်ဟာကလေးက ကောင်းတယ်၊ အဲဒါကို ရအောင် ဘာလုပ်ရမယ်၊ ဘယ်သွားရမယ် စသည်ဖြင့် ဒီလိုချစ်ဖွယ်လိုချင်ဖွယ် အာရုံ ကိုလဲ သိနေတာပါပဲ၊ အဲဒီလို သိရိုးသိစဉ် ဓမ္မတာ အသိမျှ ဆက်လက်ဖြစ်ပွါးနေတာကို မေ့တယ်လို့ ဆိုရတာပါပဲ။ ဒါကြောင့်---
ပိယံ နိမိတ္တံ - ချစ်ဖွယ်အာရုံကို၊
မနသိ ကရောတော - မူလကပင် နှလုံးသွင်းလျက် မျှော်လင့်နေသော သူအား၊
ဓမ္မံ - သဘောအာရုံကို၊
ဝါ - စိတ်ကူးထဲမှာ ပေါ်လာသည့် အာရုံကို၊
ဉ တွာ - သိရိုး သိစဉ် ဓမ္မတာအသိဖြင့် သိပြီး၍၊
(ပိယံ နိမိတ္တံ - ချစ်ဖွယ်အာရုံကို၊
ဝါ - ချစ်ဖွယ်အာရုံဟူ၍၊
မနသိကရောတော - နှလုံးသွင်းမိသောသူအား၊)
သတိမုဋ္ဌာ - အမှတ်မရပဲ သတိမေ့သွားသည်လို့ ပြဆိုထားတာပါဘဲ။
ဆောင်ပုဒ်ကတော့ (သဘောသိလျှင်၊ ချစ်ဖွယ်ထင်၊ ထိုတွင်မေ့လေသည်) လို့ ဆိုကြရုံပါပဲ။
၁။ သဘောသိလျှင်၊ ချစ်ဖွယ်ထင်၊ ထိုတွင်မေ့လေသည်။
အဲဒီမှာ (ဓမ္မ) အရ သဘောဆိုပေမဲ့ ပရမတ်သဘောတရားလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး၊ စိတ်ကူးထဲမှာ ပေါ်လာတဲ့ အာရုံပါပဲ၊ မျက်စိ နား နှာခေါင်း လျှာ ကိုယ် ဆိုတဲ့ ပသာဒရုပ် ငါးပါးလဲ ပါတယ်၊ အာပေါ, အမဖြစ်ကြောင်းရုပ်, အဖိုဖြစ်ကြောင်း ရုပ်, နှလုံးရုပ်, အသက်ရုပ်, ဩဇာရုပ် ဆိုတာတွေလဲ ပါတယ်၊ မိန်းမ, ယောကျာ်း, လူ, နတ်, ကျွဲ, နွား, ကြက်, ငှက်, အိုး, အိမ် စသော ပညတ်အမျိုးမျိုးလဲ ပါတယ်၊ အဲဒါတွေဟာ သဘောအာရုံတွေပဲ၊ နောက်ပြီးတော့ မြင်ရတဲ့အဆင်း ကြားရတဲ့အသံ နံရတဲ့အနံ့ စားသိရတဲ့အရသာ ထိသိရတဲ့အတွေ့ ဆိုတဲ့ ဒီအာရုံငါးပါးလဲ စိတ်ကူးထဲမှာ ပေါ်တာပဲ၊
အတိုချုပ် ပြောရရင်တော့ တကယ်ရှိတဲ့အာရုံဖြစ်စေ၊ မရှိတဲ့အာရုံဖြစ်စေ စိတ်ကူးထဲမှာ ပေါ်လာတဲ့ အာရုံဟူသမျှကို သဘောအာရုံလို့ ဒီနေရာမှာ ဆိုတာပါပဲ။ သမ္မသနဉာဏ် ဥဒယဗ္ဗယဉာဏ် ရောက်နေတဲ့ ပုဂ္ဂိုလ်မှာဆိုရင် အနီးအပါးမှာ တစုံတယောက်က ရောက်လာနေသလို၊ နတ်သား နတ်သမီးစသည်ကို မြင်နေရသလို၊ ဘုရားရဟန္တာကို မြင်ဖူးရသလို၊ တောတောင် အဆောက်အအုံ အထူးတွေကို တွေ့နေရသလို၊ တစုံတယောက်က ပြောဆိုတာကို ကြားနေရသလိုလို စသည်ဖြင့် တကယ် မဟုတ်တာ တွေကိုလဲ ဟုတ်သလို ထင်ရတတ်တယ်၊ ပကတိလူတွေမှာတော့ လောကရေးရာ နှင့်စပ်ပြီး ပညတ်အာရုံ အမျိုးမျိုးတွေ ထင်ပေါ်နေတာပဲ များပါတယ်။
အဲဒါတွေကို ချစ်ဖွယ်အကောင်း ထင်နေရင် မေ့သည် မည်တာပဲ။ မုန်းဘွယ် ထင်ယင်လဲ မေ့သည် မည်တာပါပဲ၊ သိရိုးသိစဉ်အတိုင်း အမြဲရှိနေတဲ့အနေ စသည်ဖြင့် ထင်ရင်လဲ မေ့သည် မည်တာပါပဲ။ ဒါကြောင့် ချစ်ဖွယ်ထင်ပြီး ခံစားမှုဝေဒနာ ဖြစ်ပုံကို ပဓာနပြုပြီး ဒီလို ပြဆိုထားတယ်။
သော - စိတ်ကူးထဲမှာ ပေါ်လာတဲ့ အာရုံကို ချစ်ဖွယ်ထင်လျက် မရှုမမှတ်နိုင်ဘဲ မေ့သွားသော ထိုသူသည်၊
သာရတ္တ စိတ္တော - တပ်မက် သာယာသော စိတ်ရှိလျက်၊
ဝေဒေတိ - ခံစား၏၊
တဉ္စ - ထိုအာရုံကိုလည်း၊
အဇ္ဈောသ တိဋ္ဌတိ - မျို၍ သိမ်းထားသကဲ့သို့ စိတ်ထဲ၌ စွဲလျက် တည်၏တဲ့။
အဲဒီစိတ်ကူးထဲ ပေါ်လာတဲ့ အာရုံဟာ ဆင်ခြင်တိုင်း ဆင်ခြင်တိုင်း အမြဲပေါ်နေတာပဲ၊ ဓာတ်ပုံ ရိုက်ကူးထားသလိုပင် ပေါ်နေတယ်၊ မုန်းစရာဆိုရင်လဲ မုန်းစရာအနေနဲ့ ပေါ်နေတာပဲ၊ သာမန်အာရုံ ဆိုရင်လဲ မြဲတဲ့အနေပုဂ္ဂိုလ် သတ္တဝါအနေ စသည်ဖြင့် ပေါ်နေတာပဲ။ ဆောင်ပုဒ်ကတော့ ရှေးကအတိုင်း ဆိုကြရုံပါပဲ။
၂။ သာယာတပ်စွဲ၊ ခံစားမြဲ၊ စိတ်ထဲ သိမ်းလျက်တည်၊
အဲဒီလို စိတ်ထဲမှာ စွဲပြီး တည်နေတဲ့ အာရုံနဲ့စပ်ပြီး ခံစားမှု ဝေဒနာ အမျိုးမျိုးလဲ ဖြစ်ပွါးတယ်၊ အဲဒီအာရုံ ရလိုတဲ့ လောဘ၊ ရပြီးဆိုရင် တွယ်တာတဲ့ လောဘ၊ ပျောက်ပျက်သွားမည်ကို သည်းမခံနိုင်တဲ့ ဒေါသ၊ မရအောင် ပျက်စီး ဆုံးရှုံးအောင် ပြုတယ် ထင်ရသူကို ညှဉ်းဆဲလိုတဲ့ ဒေါသ စသည်တွေလဲ ဖြစ်ပွါးတယ်၊ အဲဒီလို ဖြစ်ပွါးပုံကို ဒီလို ပြဆိုတော်မူပါတယ်။
၃။ တဿ ဝဍ္ဎုန္တိ ဝေဒနာ၊ အနေကာ ဓမ္မသမ္ဘဝါ။
အဘိဇ္ဈာ စ ဝိဟေသာ စ၊ စိတ္တ မဿူပဟညတိ။
ဧဝံ အာစိနတော ဒုက္ခံ၊ အာရာ နိဗ္ဗာန ဝုစ္စတိ။
တဿ - ကြံသိရတဲ့ အာရုံကို စိတ်ထဲ၌ စွဲလျက် သိမ်းပိုက်ထားသော ထိုသူအား၊
ဓမ္မသမ္ဘဝါ - စိတ်ကူးအာရုံကို မှီ၍ ဖြစ်ကုန်သော၊
အနေကာ - များစွာကုန်သော၊
ဝေဒနာ - အကောင်းအဆိုး အမျိုးမျိုးသော ခံစားမှုတို့သည်၊
ဝဍ္ဎုန္တိ - ဖြစ်ပွါးကုန်၏ တဲ့။
ဆောင်ပုဒ်ကတော့ (သဘောဆိုင်ရာ၊ ဝေဒနာ၊ များစွာ ပွါးတော့သည်) စသည်ဖြင့် ဆိုကြရုံပါဘဲ။
၃။ သဘောဆိုင်ရာ၊ ဝေဒနာ၊ များစွာ ပွါးတော့သည်။
အဘိဇ္ဈာ စ - ရလိုသမှု ရှေးရှုကြံစည်သော လောဘသည်၎င်း၊
ဝိဟေသာ စ - ညှဉ်းဆဲလိုသော ဒေါသသည်၎င်း၊
ဝဍ္ဎုန္တိ - ဖြစ်ပွါးကုန်၏ ၊
အဿ - ထိုပုဂ္ဂိုလ်၏၊
စိတ္တံ - စိတ်သည်၊
ဥပဟညတိ - လောဘ ဒေါသ တို့ကြောင့် ပင်ပန်းလျက် ရှိနေချေသည် တဲ့။
ဆောင်ပုဒ်ကတော့ ရှေးကအတိုင်း ဆိုကြရုံပါဘဲ။
၄။ လောဘစည်းကား၊ ဒေါသပွါး၊ ဗျာများစိတ်ပန်းသည်။
စိတ်ကူး ကြံစည်ပြီး လောဘ ဒေါသ ပွါးနေကြတာကတော့ အင်မတန် ထင်ရှား ပါတယ်၊ အဲဒီ လောဘ ဒေါသ စသည်တွေက ကိလေသာ ဝဋ်ဆင်းရဲတွေပဲ၊ အဲဒီ လောဘ ဒေါသစသည်ကို မှီပြီး မိမိအလိုရှိတဲ့ အရာကိုရအောင်၊ အလိုရှိတဲ့ ကိစ္စပြီး အောင် ပြုလုပ်ပြောဆို နေကြရတာတွေက အကုသိုလ်ကံ ကုသိုလ်ကံဆိုတဲ့ ကမ္မဝဋ်ဆင်းရဲတွေပဲ၊ အဲဒီကံကြောင့် အပါယ်လေးဘုံမှာ ဖြစ်ပြီးတော့ ခံစားရမည့် ဆင်းရဲတွေနဲ့ လူ့ဘဝ နတ်ဘဝမှာ ဖြစ်ပြီး ခံစားရမည့် အိုနာသေစသော ဆင်းရဲတွေ အဲဒါတွေက ဝိပါကဝဋ်ဆင်းရဲတွေပဲ၊ စိတ်ကူး စဉ်းစား ကြံစည်တိုင်း မရှုမသိသူမှာ အဲဒီဆင်းရဲကို လက်ခံရှာမှီး ဆည်းပူး စုဆောင်းနေသည် မည်တယ်၊ မရှုမမှတ်ဘဲ အဲဒီနည်းအတိုင်းသာ မပြောင်းလဲပဲ နေသွားရင် နိဗ္ဗာန်နှင့် ဝေးပါတယ်တဲ့။ ဒါကြောင့် အဲဒီအနက်အဓိပ္ပါယ်ကို ဒီလိုဆက်ပြီး ဖော်ပြထားပါတယ်။
ဧဝံ - မရှုမမှတ်ဘဲနေသော ဤနည်းဖြင့်၊
ဒုက္ခံ - ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲကို၊
အာစိနတော - လက်ခံ၍ ဆည်းပူးစုဆောင်း နေသောသူအား၊
နိဗ္ဗာနံ - ဆင်းရဲငြိမ်းသော နိဗ္ဗာန်သည်၊
ဝါ - နိဗ္ဗာန်ကို၊
အာရာ - ဝေးသည်ဟူ၍၊
ဝုစ္စတိ - ဆိုအပ်ပါသည်တဲ့။
ဆောင်ပုဒ်ကတော့ ရှေးကအတိုင်း ဆိုကြရုံပါဘဲ။
၅။ ဤနည်းဖြင့်ပဲ၊ မပြောင်းလဲ၊ ဆင်းရဲ ရှာသူမည်။
၆။ ဆင်းရဲကိုသာ၊ ရှာသူမှာ၊ ဝေးစွာ နိဗ္ဗာန်ပြည်။
ယခု ရွတ်ဆို ဟောပြခဲ့တဲ့ အမှတ် (၁၊ ၂) ဂါထာ ၂ ပုဒ်အရ အတိုချုပ် ဆိုလိုတာကတော့ “ကြံသိခိုက်၌ မရှုမမှတ်သူမှာ နိဗ္ဗာန်ဝေးသည်” လို့ ဆိုလိုတာပါပဲ။ အဲဒါကို ဆိုကြရမယ်။
ကြံသိခိုက်၌ မရှုမမှတ်သူမှာ နိဗ္ဗာန်ဝေးသည်။
ကဏှာပက္ခဆိုတဲ့ အမည်းပိုင်း ဂါထာ ၂ ခုကတော့ ပြီးပါပြီ၊ ယခု သုက္ကပက္ခ ဆိုတဲ့ အဖြူပိုင်း ဂါထာ ၂ ခုကို ရွတ်ဆိုပြီး ဟောပြရမယ်။
ကြံသိခိုက် ရှုသိသူမှာ နိဗ္ဗာန်နှင့် နီးသည်
၃။ န သော ရဇ္ဇတိ ဓမ္မေသု၊ ဓမ္မံ ဉ တွာ ပဋိဿတော။
ဝိရတ္တစိတ္တော ဝေဒေတိ၊ တဉ္စ နာဇ္ဈောသ တိဋ္ဌတိ။
ယော - အကြင် ပုဂ္ဂိုလ်သည်၊
ဓမ္မံ - သဘောအာရုံ စိတ်ကူးအာရုံကို၊
ဉတွာ - သိပြီး၍၊
ဝါ - သိပြီးလျှင်၊
ပဋိဿတော - တဖန် အမှတ်ရသည်၊
ဟောတိ - ဖြစ်၏၊
(ဒီစကားဖြင့် စိတ်ကူးကြံသိတိုင်း စိတ်ကူးတယ် ကြံတယ် စသည်ဖြင့် ချက်ချင်းပင် ရှုမှတ်ပြီး သိဖို့ ညွှန်ပြတယ်၊ မသိရတဲ့အာရုံကိုတော့ ကြံစည်တွေးတောပြီး ရှုဖို့ မညွှန်ပြဘူး၊ အဲဒါကို အထူး သတိပြုကြရမယ်။)
သော - ကြံသိပြီးလျှင် ချက်ချင်း အမှတ်ရသော ထိုပုဂ္ဂိုလ်သည်၊
ဓမ္မေသု - ကြံသိရသော အာရုံတို့၌၊
န ရဇ္ဇတိ - မတပ်မက်၊
ဝါ - တပ်မက်မှုရာဂ ကင်းသည်တဲ့။
ဖောင်းတယ် ပိန်တယ် စသည်ဖြင့် မပြတ် ရှုမှတ် နေရင်း စိတ်ကူး ကြံစည်မိယင် စိတ်ကူးတယ် ကြံစည်တယ် လိုချင်တယ် စသည်ဖြင့် ရှုမှတ်တာဟာ ဒီဒေသနာတော်နဲ့ အညီဘဲ။
ဆောင်ပုဒ်ကတော့ (သဘောသိက၊ အမှတ်ရ၊ ရာဂ ကင်းတော့သည်) လို့ ဆိုကြရုံပါဘဲ။
၁။ သဘောသိက၊ အမှတ်ရ၊ ရာဂ ကင်းတော့သည်။
ဒီနေရာမှာလဲ (ဓမ္မ) အရ သဘောလို့ ဆိုပေမယ့် ပရမတ် သဘောရယ်လို့တော့ ဆိုလိုတာ မဟုတ်ပါဘူး၊ ဓမ္မာရုံလို့ ဆိုရတဲ့ စိတ်ကူးအာရုံတွေနဲ့ မြင်သိရတဲ့ အာရုံ စသည်တွေပါပဲ။ အဲဒီ အထဲမှာ ပညတ်အာရုံတွေကတော့ တကယ်ရှိတဲ့ အာရုံ, ဖြစ်ပျက်တဲ့ အာရုံမဟုတ်ပါဘူး။ ဒါပေမယ့် ကြံသိတဲ့စိတ် နာမ်ကတော့ တကယ်ရှိတဲ့ ပရမတ်ပဲ၊ ဖြစ်ပြီး ချက်ချင်းပင် ပျောက်ကွယ် ပျက်စီးသွားတဲ့ အနိစ္စတရားပဲ၊ ဒါပေမဲ့ ရှုမှတ်နေတဲ့ ယောဂီမှာတော့ စိတ်ကူးဖြင့် မြင်တာကို မြင်တယ်လို့ မြင်တယ်လို့ ရှုမှတ်လိုက်ရင် မြင်ရတဲ့ ပုံသဏ္ဌာန်ပါ ပျောက်ပျက်သွားတယ်လို့ ထင်ရတတ်ပါတယ်၊ အမှန်စင်စစ်ကတော့ ကြံသိတဲ့စိတ် နာမ်တရား ပျောက်ကွယ်သွားတာကို သိတာပါပဲ၊ အာရုံကို ဂရုစိုက်ပြီး ရှုနေသောကြောင့် အာရမ္မဏိကစိတ်နာမ် ပျောက်ကွယ် သွားတာကိုပင် အာရုံ ပျောက်သွားတယ်လို့ ထင်ရတာပါပဲ။ အဲဒီလို ရှုမှတ်မိလို့ တပ်မက်ခြင်း မရှိတဲ့အတွက်
သော - ကြံသိပြီးလျှင် ချက်ချင်း အမှတ်ရသဖြင့် မတပ်မက်သော ထိုပုဂ္ဂိုလ်သည်၊
ဝိရတ္တစိတ္တော - တပ်မက်ကင်းသောစိတ် ရှိသည်ဖြစ်၍၊
ဝါ - မတပ်မက်သော စိတ်တို့ဖြင့်၊
ဝေဒေတိ - ခံစား၏၊
တဉ္စ - ထိုစိတ်ကူးအာရုံကိုလည်း၊
န အဇ္ဈောသတိဋ္ဌတိ - မျို၍ သိမ်းထားသကဲ့သို့ စိတ်ထဲ၌ စွဲလျက် မတည်တဲ့။
ဆောင်ပုဒ်ကတော့ ရှေးကအတိုင်း ဆိုကြရုံပါပဲ။
၂။ မတပ်မက်ပဲ၊ ခံစားမြဲ၊ စိတ်ထဲ မသိမ်းပြီ။
အဲဒီလို တပ်မက်ခြင်း မရှိဘဲ ခံစားရုံသက်သက်မျှသာ ဖြစ်သောကြောင့် ကြံသိရ သော်လဲ မသိရတဲ့ အာရုံလိုပဲ ဖြစ်နေတယ်၊ (ဝိညာတေ ဝိညာတမတ္တံ ဘဝိဿတိ) ကြံသိရသည်၌ ကြံသိရုံမျှ ဖြစ်လတ္တံ့ ဆိုတဲ့ ဒေသနာတော်နှင့်လဲ အညီဖြစ်နေတယ်၊ မရှုမသိတဲ့ သာမန်လူတွေမှာ (ဝေဒနာကြောင့် တဏှာဖြစ်သည်) လို့ ဟောထားတဲ့ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်အရ ခံစားမှု ဝေဒနာအကြောင်းပြုပြီး တပ်မက် လိုချင်တဲ့ တဏှာ ဖြစ်ရိုးဖြစ်စဉ် ရှိသော်လဲ ကြံသိပြီးလျှင်ပြီးချင်း ရှုသိနိုင်တဲ့ ယောဂီမှာတော့ ဝေဒနာသာ ဖြစ်တယ်၊ တဏှာ မဖြစ်တော့ဘူး၊ ဒိပြင် ကိလေသာတွေလဲ မဖြစ်တော့ဘူး၊ ကိလေသာမှ ဆက်ပြီးဖြစ်မည့် ကံလဲ မဖြစ်ရတော့ဘူး၊ ကံ၏ အကျိုး ဝိပါကဝဋ်ဆင်းရဲလဲ မဖြစ်ရတော့ဘူး။ အဲဒီလို ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲတွေ ငြိမ်းပုံကို ဒီလိုဖော်ပြတော် မူပါတယ်။
၄။ ယထာဿ ဇာနတော ဓမ္မံ၊ သေဝတော စာပိ ဝေဒနံ။
ခီယတိ နောပစီယတိ၊ ဧဝံ သော စရတိဿတော။
ဧဝံ အပစိနတော ဒုက္ခံ၊ သန္တိကေ နိဗ္ဗာန ဝုစ္စတိ။
ယထာ - အခြားမဲ့၌ မှတ်သိမှုပါသော အကြင် အခြင်းအရာဖြင့်၊
ဓမ္မံ - သဘောအာရုံ စိတ်ကူးအာရုံကို၊
ဇာနတော စာပိ - သိလဲ သိငြားသော်လဲ၊
ဝေဒနံ - ခံစားမှုကို၊
သေဝတေတာ စာပိ - မှီလဲ မှီဝဲငြားသော်လဲ၊
ဒုက္ခံ - မရှုမသိလျှင် ဖြစ်နိုင်သော ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲသည်၊
ခီယတိ - ကုန်သာကုန်ခန်း၏၊
နော ပစီယတိ - ဆည်းပူးအပ်သည်ကား မဟုတ်ပေ၊
ဧဝံ - ဤသို့သော အခြင်းအရာအားဖြင့်၊
သတော - အမှတ်ရလျက်၊
သော - ထို ယောဂီပုဂ္ဂိုလ်သည်၊
စရတိ - ကျင့်ပေ၏ တဲ့။
ရှုမှတ်နေတဲ့ ယောဂီပုဂ္ဂိုလ်မှာ သူများလိုပင် ကြံသိမှုလဲ ရှိတာပဲ၊ ကြံသိရတဲ့ အာရုံကို ခံစားမှုလဲ ရှိတာပဲ၊ သို့ပေမယ့် ကြံသိပြီးလျှင်ပြီးချင်း မှတ်သိမှုက အမြဲပါနေတဲ့အတွက် သာမန်လူများမှာလို ကြံသိရတဲ့အာရုံနဲ့ ခံစားမှုကိုမှီပြီး ကိလေသာတွေလဲ မဖြစ်ဘူး၊ အဲဒီ ကိလေသာမှ ဆက်ပြီးဖြစ်မည့် ကံနှင့် အကျိုးဝိပါက်လဲမဖြစ်ဘူး၊ အဲဒါ ဘာကြောင့်လဲဆိုရင် မဇ္ဈိမပဋိပဒါ ခေါ်တဲ့ ရှုသိမှုက ချက်ချင်း ဆက်ပြီး ပါလာလို့ပါဘဲ။
ဆောင်ပုဒ်ကတော့ (မှတ်သိလျက်သား၊ ကြံသိသွား၊ ခံစားမှီဝဲသည်) လို့ ဆိုကြရုံပါဘဲ။
၃။ မှတ်သိလျက်သား၊ ကြံသိသွား၊ ခံစားမှီဝဲသည်။
နောက် ၂ ပုဒ်ကတော့ ရှေးကအတိုင်း ဆိုကြရုံပါဘဲ။
၄။ သို့ပါသော်လဲ၊ ဝဋ်ဆင်းရဲ၊ ကုန်မြဲ ကုန်ခန်းသည်။
၅။ ဤနည်းဖြင့်သာ၊ ယောဂီမှာ၊ မှတ်ကာကျင့်ရသည်။
ဒီအမှတ် ၅ ဆောင်ပုဒ်ဟာ (ဧဝံ သော စရတိဿတော) ဆိုတဲ့အပိုဒ်၏ အတိအကျ မြန်မာပြန်ပဲ၊ ဝိပဿနာရှုတဲ့ ယောဂီမှန်လျှင် အာရုံတခုခုကို သိပြီးလျှင် ပြီးချင်း အမှတ်ရရမယ်၊ ရှုမှတ်ပြီး သိရမယ်ဆိုတာ ကိန်းသေမှတ်ထားကြရမယ်။
နောက် ၂ ပိုဒ်ကတော့
ဧဝံ - ဤ ဆိုအပ်ခဲ့သည့် အတိုင်း ကြံသိပြီးလျှင် ပြီးချင်း ရှုမှတ်သောအားဖြင့်၊
ဒုက္ခံ - မရှုမမှတ်လျှင် ဖြစ်ခွင့်ရှိသော ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲကို၊
အပစိနတော - ဖျက်ဆီးနေသောပုဂ္ဂိုလ်အား၊
နိဗ္ဗာနံ - ဆင်းရဲငြိမ်းသော နိဗ္ဗာန်သည်၊
ဝါ - နိဗ္ဗာန်ကို၊
သန္တိကေ - နီးသည်ဟူ၍၊
ဝုစ္စတိ - ဆိုအပ်ပါသည်တဲ့။
ကြံသိပြီးလျှင်ပြီးချင်း ရှုမှတ်ပြီး အနိစ္စစသည်ဖြင့် အမှန်အတိုင်း သိသိသွားလျှင် သိတိုင်းသိတိုင်း အာရမ္မဏာနုသယဆိုတဲ့ ဖြစ်ခွင့်ရှိသော ကိလေသာဆင်းရဲငြိမ်းတယ်၊ အဲဒီ ကိလေသာမှ ဆက်ပြီး ဖြစ်မည့် ကမ္မဝဋ်ဆင်းရဲနှင့် ဝိပါကဝဋ်ဆင်းရဲလဲ ငြိမ်းတယ်၊ အဲဒီလို ဆင်းရဲငြိမ်းတာကို တဒင်္ဂနိဗ္ဗာန်လို့ ကျမ်းဂန်တို့၌ ဆိုတာပဲ၊ ရှုမှတ်တိုင်း ရှုမှတ်တိုင်း အဲဒီတဒင်္ဂနိဗ္ဗာန် ရောက်ပြီးတော့ ဝိပဿနာဉာဏ် ရင့်သန် ပြည့်စုံတဲ့အခါမှာ အရိယမဂ်ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်အစစ်သို့ ဆိုက်ရောက်သွားတာပဲ၊
အဲဒီလို ဆိုက်ရောက်ပုံကိုတော့ ဝိပဿနာရှုနည်းကျမ်း မှစ၍ မကြာမီက ထွက်ပေါ်တဲ့ တက္ကသိုလ် ဝိပဿနာ တရားတော် စာအုပ်အထိ အကြိမ်ကြိမ် ပြောပြခဲ့ပါပြီ၊ ဒီ တရားစာအုပ်မှာလဲ (နှာ ၆၁နှင့် ၈၆)မှာ အကျဉ်းချုပ် ပြောပြခဲ့ပါပြီ။ ဒါကြောင့် ရှုမှတ်တိုင်း ရှုမှတ်တိုင်း နိဗ္ဗာန်နှင့် နီးကပ် နီးကပ်သွားတယ်ဆိုတာ အင်မတန် ထင်ရှားပါတယ်။ ဆောင်ပုဒ်ကတော့ (ကြံတိုင်း ရှုမှတ်၊ ဆင်းရဲသတ်၊ နီးကပ် နိဗ္ဗာန်ပြည်) လို့ ဆိုကြရုံပါပဲ။
၆။ ကြံတိုင်း ရှုမှတ်၊ ဆင်းရဲသတ်၊ နီးကပ်နိဗ္ဗာန်ပြည်။
ယခုရွတ်ဆိုပြီး ဟောပြခဲ့တဲ့ အမှတ် (၃၊ ၄) ဂါထာ ၂ ပုဒ်အရ အတိုချုပ် ဆိုလိုတာကတော့ (ကြံသိခိုက်၌ ရှုမှတ်သူမှာ နိဗ္ဗာန်နီးသည်) လို့ ဆိုလိုတာပါဘဲ။ အဲဒါကို ဆိုကြရမယ်။
ကြံသိခိုက်၌ ရှုမှတ်သူမှာ နိဗ္ဗာန်နီးသည်။
ဒီမာလုကျပုတ္တသုတ် တစ်သုတ်လုံးမှာ အတိုချုပ် ဆိုလိုတာကလဲ (မရှုမမှတ်သူမှာ နိဗ္ဗာန်ဝေးသည်၊ ရှုမှတ်သူမှာ နိဗ္ဗာန် နီးသည်) လို့ ဆိုလိုတာပါပဲ။ အဲဒါကိုလဲ နိဂုံးချုပ် အနေဖြင့် ဆိုကြရမယ်။
နိဗ္ဗာန်နှင့် ဝေးပုံ နီးပုံ နိဂုံးချုပ် ဆောင်ပုဒ်
မရှုမမှတ်သူမှာ နိဗ္ဗာန်ဝေးသည်။
ရှုမှတ်သူမှာ နိဗ္ဗာန်နီးသည်။
ယခု ရွတ်ဆိုပြခဲ့တဲ့ ဂါထာ ၂၄ ပုဒ်ကို မြတ်စွာဘုရားရှင်က ကိုယ်တော်တိုင် ထပ်မံရွတ်ဆို ဟောကြားတော်မူပြီးတော့ ဒီလို နိဂုံးချုပ် စကားတော်ကိုလဲ မိန့်ကြားတော်မူပါတယ်။
နိဂုံးချုပ် စကားတော်
ဣမဿ ခေါ မာလုကျပုတ္တ မယာ သံခိတ္တေန ဘာသိတဿ ဧဝံ ဝိတ္ထာရေန အတ္ထော ဒဋ္ဌဗ္ဗော။
မာလုကျပုတ္တ - မာလုကျာ၏ သားဖြစ်သော ရဟန်း၊
မယာ - ငါဘုရားသည်၊
သံခိတ္တေန ဘာသိတဿ ဣမဿ - သင့်အား အကျဉ်းအားဖြင့် ဟောခဲ့သော (ဧတ္ထ စ တေ မာလုကျပုတ္တ ဒိဋ္ဌ သုတ မုတ ဝိညာတေသု ဓမ္မေသု ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ-မှစ၍ ဧသေဝန္တော ဒုက္ခဿ-တိုင်အောင်) ဤစကားရပ်၏၊
ဝိတ္ထာရေန အတ္ထော - အကျယ်အားဖြင့် အနက်ကို၊
ဧဝံ - ဤဆိုခဲ့သော ၂၄ ဂါထာ အတိုင်း၊
ဒဋ္ဌဗ္ဗော - ကိန်းသေမုချ မှတ်ရမည်။ လို့လဲ
နိဂုံးချုပ်အနေဖြင့် မှာကြားတော်မူခဲ့ပါတယ်။
မာလုကျပုတ္တသုတ် တရားတော် တရားသားကတော့ ပြည့်စုံပါပြီ၊ ယခု အဲဒီသုတ်က သံဂါယနာတင် မှတ်တမ်းကို ဖော်ပြ ဟောကြားရမယ်။ ပါဠိအနက် ပူးတွဲပြီး ဖော်ပြထားမယ်။
သင်္ဂါယနာတင် မှတ်တမ်း
အထခေါ - ထိုအခါ၌၊
အာယသ္မာ မာလုကျပုတ္တော - အရှင်မာလုကျပုတ္တသည်၊
ဘဂဝတော ဘာသိတံ - မြတ်စွာဘုရား ဟောကြားသော တရားတော်ကို၊
အဘိနန္ဒိတွာ - နှစ်သက်ကြည်ဖြူ သဘောတူ လက်ခံပြီး၍၊
အနုမောဒိတွာ - ဝမ်းမြောက်သမှု သာဓုခေါ်ပြီး၍၊
ဥဋ္ဌာယာသနာ - ထိုင်နေရာမှ ထပြီးလျှင်၊
ဘဂဝန္တံ အဘိဝါဒေတွာ - မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးလျက်၊
ပဒက္ခိဏံ ကတွာ - အရိုအသေပြု၍၊
ပက္ကာမိ - ဖဲခွါသွားလေသတဲ့။
အထ ခေါ - ထိုသို့ ဖဲခွါသွားပြီးသောအခါ၌၊
အာယသ္မာ မာလုကျပုတ္တော - အရှင် မာလုကျပုတ္တသည်၊
ဧကော - တပါးတည်း၊
ဝူပကဋ္ဌော - ဆိတ်ငြိမ်ရာသို့ ကပ်ရောက်လျက်၊
အပ္ပမတ္တော - မမေ့မလျော့ သည်ဖြစ်၍၊
အာတာပီ - ကိလေသာကို ပူလောင်သွေ့ခြောက် ကင်းပျောက်စေနိုင်သော ပြင်းစွာ အားထုတ်မှု သမ္မပ္ပဓာန် လုံ့လဝီရိယနှင့် ပြည့်စုံသည်ဖြစ်၍၊
ပဟိတတ္တော - တရားထူးကိုရရန် စေလွတ်အပ်သောစိတ် စွန့်လွှတ်အပ်သော ကိုယ်စိတ်ရှိသည် ဖြစ်၍၊ (ဧကော ဝူပကဋ္ဌော အပ္ပမတ္တော အာတာပီ ပဟိတတ္တော ဟူသော ဤစကားများဟာ ကမ္မဋ္ဌာန်းတောင်းစဉ်က လျှောက်ထားတဲ့စကားများနဲ့ ထပ်တူဖြစ်နေပါတယ်၊ အဲဒီပုဒ်များဖြင့် မြင်ရုံမျှ စသည်၌တည်အောင် မမေ့မလျော့ မပြတ်ရှုမှတ်နေပုံကို ပြတာပါဘဲ၊ အဲဒီပုဒ်များ၏ အနက် အဓိပ္ပါယ်ကိုလဲ ဒီစာအုပ်၌ နှာ ၄ မှ ၁၀ အထိ ဖော်ပြခဲ့ပါပြီ။)
ဝိဟရန္တော - နေသည်ဖြစ်၍၊
န စိရဿေဝ - မကြာမြင့်မီပင်လျှင်၊
(ယဿတ္ထာယ ကုလပုတ္တာ သမ္မဒေဝ အဂါရသ္မာ အနဂါရိယံ - ပဗ္ဗဇန္တိ - အမျိုးကောင်းသားတို့သည် လူ့ဘောင်မှ ရဟန်းဘောင်သို့ နည်းလမ်းမှန်စွာ ဝင်ရောက် ၍ ရဟန်းပြုကြလျှင် အကြင် အရဟတ္တဖိုလ် အကျိုးငှါ ပြုကြမြဲ ဖြစ်ပေသည်။)
တဒနုတ္တရ ဗြဟ္မစရိယ ပရိယောသာနံ - သူ့ထက် အလွန်အကဲမရှိ အမြတ်ဆုံးဖြစ်သော အကျင့်မြတ် ၏ အဆုံးဖြစ်သော ထိုအရဟတ္တဖိုလ် အကျိုးကို၊
ဒိဋ္ဌေဝ ဓမ္မေ - မျက်မှောက် အတ္တဘော၊ မျက်မှောက်ကိုယ်၌ပင်လျှင်၊
ဘယံ အဘိညာ - ကိုယ်တိုင်ပင် ထူးသောဉာဏ်ဖြင့်သိပြီး၍၊
သစ္ဆိကတွာ - မျက်မှောက်ပြုလျက်၊
ဥပသမ္ပဇ္ဇ - ပြည့်စုံစေ၍၊
ဝါ - ဆိုက်ရောက်၍၊
ဝိဟာသိ - နေလေပြီ၊
ခီဏာ ဇာတိ - ဘဝအသစ်ဖြစ်မှု ကုန်ပြီ၊
ဝုသိတံ ဗြဟ္မစရိယံ - မဂ္ဂင်ရှစ်ရပ် အကျင့်မြတ်ကို ကျင့်သုံးခြင်း ကိစ္စပြီးပြီ၊
ကတံ ကရဏီယံ - ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊
နာပရံ ဣတ္ထတ္တာယ - ဤကိစ္စ အလို့ငှါ တဖန်ပြုဖွယ် မရှိတော့ပြီ၊
ဣတိ အဗ္ဘညာသိ - ဤသို့ သိသွားလေပြီ၊
ပန - ဆက်၍ ဖော်ပြရလျှင်၊
အာယသ္မာ မာလုကျပုတ္တော-အရှင်မာလုကျပုတ္တသည်၊
အရဟတံ - အရှင်ကောဏ္ဍည အစရှိသော ရဟန္တာအရှင်မြတ်တို့တွင်၊
အညတရော စ - အပါအဝင် ရဟန္တာအရှင်မြတ် တစ်ပါးသည်လည်း၊
အဟောသိ - ဖြစ်တော် မူလေသတည်း တဲ့။
အဲဒါဟာ ပထမသင်္ဂါယနာတင်စဉ်က မှတ်တမ်းတင်ခဲ့တဲ့ စကားပါပဲ၊ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ-စသည်ဖြင့် မြတ်စွာဘုရားရှင်က အကျဉ်းချုပ် ညွှန်ပြတဲ့ ဝိပဿနာ လုပ်ငန်းစဉ်အရ အရှင် မာလုကျပုတ္တဟာ မြင်တိုင်း ကြားတိုင်း နံတိုင်း စားသိတိုင်း ထိသိတိုင်း ကြံသိတိုင်း ချက်ချင်း ရှုမှတ်ပြီးတော့ အရဟတ္တမဂ် အရဟတ္တဖိုလ်သို့ နေ့ရက်အချိန် မကြာမီပင်ရောက်ပြီး ရဟန္တာ ဖြစ်တော်မူပုံပါပဲ။
ယခုဒီရိပ်သာမှာ ဘုန်းကြီးတို့ ညွှန်ပြသည့်အတိုင်း ထိသိမှုဆိုင်ရာ ဖောင်းတာပိန်တာ မှစပြီး ပေါ်လာသမျှကို မပြတ် ရှုသိနေကြတဲ့ ယောဂီတွေလဲ မိမိတို့၏ ပါရမီ အားလျော်စွာ ဉာဏ်ထူး တရားထူး ရကြမှာ သေချာပါတယ်၊ ၁၃၀ဝ ပြည့်နှစ်မှစပြီး ဘုန်းကြီးတို့၏ ညွှန်ကြားချက်အရ ရှုမှတ်အားထုတ်ကြပြီးတော့ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ် ပစ္စဝေက္ခဏာဉာဏ်အထိ ဖြစ်ပြီး ဉာဏ်စဉ် တရားကို နာရတဲ့သူတွေ ထောင်သောင်းများစွာ ရှိနေပါပြီ၊ အဲဒီအထဲမှာ အရိယမဂ်ဖိုလ်ဉာဏ်အထိ ပြည့်စုံတဲ့ သူတွေလဲ များစွာပါတယ်ဆိုတာ ယုံကြည်စိတ်ချရလောက်တဲ့ အခြေအနေ ရှိပါတယ်။
ဗာဟိယဝတ္ထု အကျဉ်းချုပ်
မြတ်စွာဘုရားလက်ထက်တော်က ဗာဟိယ ဒါရုစီရိယ ဆိုတဲ့ ပုဂ္ဂိုလ်ဟာ သာဝတ္ထိမြို့ထဲ ဆွမ်းခံကြွနေစဉ် မြတ်စွာဘုရားထံမှာ အကျဉ်းချုပ်တရား ဟောဖို့ လျှောက်တောင်းတဲ့ အတွက် မြတ်စွာဘုရားက ခေတ္က ရပ်တန့်ပြီးတော့ …
တသ္မာတိဟ တေ ဗာဟိယ ဧဝံ သိက္ခိတဗ္ဗံ (ဗာဟိယ-အကျဉ်းချုပ် ဟောရန် သင်က သုံးကြိမ်တိုင်တိုင် တောင်းပန်သောကြောင့်၊ သင်ဟာ ဤသို့ ကျင့်ရမည်၊) ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ၊ သုတေ သုတမတ္တံ ဘဝိဿတိ၊ မုတေ မုတမတ္တံ ဘဝိဿတိ၊ ဝိညာတေ ဝိညာတမတ္တံ ဘဝိဿတိ - (မြင်ရသည်၌ မြင်ရုံမျှ ဖြစ်လတံ့၊ ကြားရသည်၌ ကြားရုံမျှ ဖြစ်လတံ့၊ ရောက်ရသည်၌ ရောက်ရုံမျှ ဖြစ်လတံ့၊ သိရသည်၌ သိရုံမျှ ဖြစ်လတံ့၊) စသည်ဖြင့် -
ဒီ မာလုကျပုတ္တသုတ်မှာလိုပဲ ဟောကြားတော် မူပါတယ်။ အဲဒီတရားကို နာရင်း ရှုမှတ်အားထုတ်၍ ဗာဟိယဆိုတဲ့ ပုဂ္ဂိုလ်ဟာ ရဟန္တာ ဖြစ်သွားတယ်၊ အဲဒီအကြောင်း ကို ဝမ္မိကသုတ် တရားတော်စာအုပ် (နှာ ၃၅ စသည်)မှာ ဖော်ပြထားပြီး ရှိပါတယ်။
ဒါကြောင့် မြင်တိုင်း ကြားတိုင်း နံတိုင်း စားသိတိုင်း ထိသိတိုင်း ကြံသိတိုင်း မြင်ရုံမျှ ကြားရုံမျှ စသည်တွင် တည်အောင် ရှုသိတဲ့နည်းဟာ တိုတိုကလေးနဲ့ အင်မတန်ခရီး ရောက်စေနိုင်တဲ့ နည်းပဲ၊ သွားလျှင်မူလည်း သွားသည်ဟု သိ၏ - စသည်ဖြင့် ဟောပြထားတဲ့ သတိပဋ္ဌာနသုတ် တရားတော နှင့်လဲ ထပ်တူပါပဲ။ အဲဒီ အနက်အဓိပ္ပါယ်ကို သိနားလည်ကြပြီး မဂ်ရောက် ဖိုလ်ရောက် ရှုမှတ် အားထုတ်နိုင်ကြ ပါစေလို့ ရည်ရွယ်ပြီးတော့ ဒီမာလုကျပုတ္တသုတ်တရားတော်ကို ဖွင့်ပြဟောကြား ပါတယ်၊ အဲဒါ ပြည့်စုံပါပြီ။ ယခု အမျှဝေပြီး တရားသိမ်းကြရမယ်။ လိုက်ဆိုကြ။
ယနေ့အဖို့၌ ကျွန်ုပ်တို့ ပြုစုပွါးများ အားထုတ်အပ်သော ဒါနကုသိုလ် သီလကုသိုလ် ဘာဝနာကုသိုလ် ဝေယျာဝစ္စကုသိုလ် တရားဟောရသောကုသိုလ် တရားနာရသော ကုသိုလ် အစရှိသော ဤ ကောင်းမှုအပေါင်း၏ အဖို့ဘာဂကို အမိအဖတို့အား အမျှပေးဝေပါကုန်၏၊ ဆွေမျိုးတို့အား အမျှပေးဝေပါကုန်၏၊ ဤအရပ်၌ ရောက်ရှိ နေကြသော လူပရိသတ် နတ်ပရိသတ် အပေါင်းတို့အား အမျှပေးဝေပါကုန်၏၊ အလုံးစုံသော သတ္တဝါအပေါင်းတို့အား အမျှပေးဝေပါကုန်၏၊ အမိအဖတို့မှ စ၍ အလုံးစုံသော သတ္တဝါတို့သည် ဤကောင်းမှု အပေါင်း၏ အဖို့ဘာဂကို အမျှရကြ၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊
အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့၊
သာဓု သာဓု သာဓု
မာလုကျပုတ္တသုတ် တရားတော် ပြီး၏။
မာလုကျပုတ္တသုတ် တရားတော်
နောက်ဆက်တွဲ မှတ်ချက်များ
မာလုကျပုတ္တသုတ်တရားကို ဟောစဉ်က အချိန်မကြာစေရန်အတွက် အချို့သော အဋ္ဌကထာ အဖွင့်များကို မဖော်ပြပဲ အချိန်ထားခဲ့၏။ ထိုအဖွင့် များနှင့်လည်း တိုက်ဆိုင်၍နားလည်ပြီး မှတ်သားနိုင်ကြစေရန် ဤနောက်ဆက်တွဲများကို မှတ်ချက် အနေဖြင့် ဖြည့်စွက်ဖော်ပြလိုက်ပါသည်။
စာမျက်နှာ ၂၉-စသည်နှင့် ဆိုင်သော မှတ်ချက်များ
ဒိဋ္ဌေ ဒိဋ္ဌမတ္တန္တိ ရူပါယယနေ စက္ခုဝိညာဏေန ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ၊ စက္ခုဝိညာဏံ ဟိ ရူပေ ရူပမတ္တ မေဝ ပဿတိ၊ န နိစ္စာဒိသဘာဝံ၊ ဣတိ သေသဝိညာဏေဟိပိ မေ ဧတ္ထ ဒိဋ္ဌမတ္တမေဝ စိတ္တံ ဘဝိဿတီတိ အတ္ထော။
(သံ ဋ္ဌ တတိယအုပ် ၂၈)
ဒိဋ္ဌေ ဒိဋ္ဌမတ္တန္တိ-ဒိဋ္ဌမတ္တံဟူရာ၌ ဆိုလိုသော အနက်ကား၊
စက္ခုဝိညာဏေန၊ မြင်သိမှု စက္ခုဝိညာဏ်စိတ်ဖြင့်၊
ဒိဋ္ဌေ- မြင်အပ်သော မြင်ရသော၊
ရူပါတယနေ-ရူပါယတနခေါ် ပရမတ် အဆင်းရုပ်၌၊
ဒိဋ္ဌမတ္တံ-မြင်အပ်ရုံမျှ-မြင်ရရုံမျှသည်၊
ဘဝိဿတိ-ဖြစ်လတံ့။
ဟိ-ပေါ်လွင်အောင် ချဲ့ပြဦးအံ့၊
စက္ခုဝိညာဏံ-မြင်သိမှု စက္ခုဝိညာဏ်စိတ်သည်၊
ရူပေ-အဆင်း၌၊
ရူပမတ္တမေဝ-အဆင်းမျှကို သာလျှင်၊
ပဿတိ-မြင်သိ၏၊
နိစ္စာဒိသဘာဝံ-မြဲသည် စသော ပညတ်သဘောကို၊
ဝါ-မြဲသည့်အနေစသော အခြင်းအရာကို၊
န ပဿတိ-မမြင်မသိပေ၊
ဣတိ-ဤသို့ ဖြစ်သောကြောင့်၊
ဝါ-ဤအတူပင်လျှင်၊
သေသဝိညာဏေပိဟိ-စက္ခုဝိညာဏ်မှ ကြွင်းသော (မြင်သိဝီထိ) စိတ်ဝိညာဏ် တို့ဖြင့် လည်း၊
(ဥဒါန-ဋ္ဌ-၌ သေသစက္ခုဒွါရိကဝိညာဏေန-ဟု ရှိ၏။)
မေ-ငါအား၊
ဧတ္ထ-ဤမြင်အပ်သော-မြင်ရသော အဆင်း၌၊
ဒိဋ္ဌမတ္တမေဝ စိတ္တံ-မြင်ရရုံမျှစိတ်သည်သာလျှင်၊
ဝါမြင်ရရုံမျှသာလျှင်၊
(စိတ္တံ-ပုဒ် မပါရှိသော ဥဒါန-ဋ္ဌနှင့် အညီ ယုတ္တတရ အနက် ဖြစ်သည်)
ဘဝိဿတိ-ဖြစ်လတံ့၊
ဣတိ-ဤသည်ကား၊
အတ္ထော-ဆိုလိုသော အနက်ပေတည်း။
ဤအဖွင့် အလိုအားဖြင့် စက္ခုဝိညာဏ်ခေါ် မြင်သိစိတ်ဖြင့် မြင်ရသော ပရမတ် အဆင်းရုပ်၌ သမ္ပဋိစ္ဆိုန်းစသော နောက်နောက် စိတ်များဖြင့်လည်း မြင်ရရုံမျှသာ ဖြစ်စေရမည်၊ မြင်သိစဉ်က ထိုအဆင်းရုပ်ကို မြင်ရရုံမျှသာရှိသည်၊ မြဲသည့်အနေ ချမ်းသာသည့်အနေ အတ္တကောင်အနေအားဖြင့် မထင်ပေါ်ခဲ့သေးပေ၊ ထိုအတိုင်းပင် နောက်နောင်စိတ်များဖြင့်လည်း မြဲသည့်အနေ စသည်ဖြင့် မကြံမသိပဲ မြင်ရုံမျှသာ တည်စေရ မည်ဟု ဆိုလို၏၊ ထိုတွင် မြင်သိဝီထိ၌ ပါဝင်သော စိတ်ဟူသမျှသည်၎င်း၊ ပြန်လည်ဆင်ခြင်သော ကြံသိပဌမဝီထိ၌ ပါဝင်သော စိတ်ဟူသမျှသည်၎င်း၊ ပကတိ ဖြစ်ရိုးဖြစ်စဉ် အားဖြင့်ပင် မြင်ရသည့် အဆင်းပရမတ်မျှကိုသာ အာရုံ ပြုမြဲဖြစ်သည်၊ မြဲသည့် အနေစသည်ဖြင့် အာရုံ ပြုခြင်း မရှိသေးပေ၊ ထို့ကြောင့် ထိုမြင်သိဝီထိနှင့် ပဌမကြံသိဝီထိ၌ ပါဝင်သော စိတ်များ အတွက်မူကား အထူး ပြုပြင် အားထုတ်ဖွယ် မရှိပါ။ ဒုတိယ တတိယ ကြံသိဝီထိ စသည်တို့၌ကား မြင်သိရသော အဆင်းနှင့်စပ်၍ မြဲသည့်အနေ လှပသည့် ချမ်းသာသည့်အနေ အသက်ရှင်နေသည့် အတ္တကောင်အနေ တို့ဖြင့် ပုံသဏ္ဌာန် ပညတ် အမည်ပညတ်များကို အာရုံ ပြုလျက် အာဝဇ္ဇန်းစိတ် ဇောစိတ်တဒါရုံစိတ်များ ဖြစ်ကြလေတော့သည်၊ ထိုသို့သော စိတ်များဖြင့် မြဲသည့်အနေ စသည် မထင်မြင်ပဲ (ထိုသို့သော စိတ်များ လုံးဝမဖြစ်ပဲ) မြင်ရရုံမျှ အနေ၌သာ တည်နေအောင် နှလုံးသွင်းရှုရန် ဖွင့်ပြညွှန်ကြားချက် ဖြစ်ပေသည်။
သို့သော် မြင်သိစိတ်၏အခြားမဲ့၌ကား ထိုသို့သော နှလုံးသွင်းဆင်ခြင်မှု ရှုမှတ်မှု မဖြစ်နိုင်ပေ၊ သမ္ပဋိစ္ဆိုန်း, သန္တီရဏ, ဝုဋ္ဌော, ဇော, တဒါရုံစိတ်များသာလျှင် တဆက် တည်း ဖြစ်ရိုးရှိပေသည်၊ သို့ဖြစ်၍ မြင်သိဝီထိ၏နောက်၌ ဘဝင်မှထ၍ ဖြစ်စေ၊ ပဌမ ကြံသိဝီထိ၏နောက်၌ ဘဝင်မှထ၍ဖြစ်စေ၊ နှလုံးသွင်းရှုမှတ်နိုင်အောင် အားထုတ်ရန် သာလျှင် လိုရင်းဖြစ်ပေသည်။
အထဝါ ဒိဋ္ဌေ ဒိဋ္ဌံ နာမ စက္ခုဝိညာဏံ၊ ရူပေ ရူပဝိဇာနနန္တိ အတ္ထော။ မတ္တာတိ ပမာဏံ၊ ဒိဋ္ဌံ မတ္တာ အဿာတိ ဒိဋ္ဌမတ္တံ၊ စိတ္တံ၊ စက္ခုဝိညာဏမတ္တမေဝ မေစိတ္တံ ဘဝိဿတီတိ အတ္ထော။ ဣဒံ ဝုတ္တံ ဟောတိ-ယထာ အာပါထဂတရူပေ စက္ခုဝိညာဏံ န ရဇ္ဇတိ န ဒုဿတိ န မမုယှတိ၊ ဧဝံ ရာဂါဒိဝိရဟေန စက္ခုဝိညာဏ မတ္တမေဝ ဇဝနံ ဘဝိဿတိ၊ စက္ခုဝိညာဏပမာဏေ နေဝ ဇဝနံ ဌပေဿာမီတိ။ (၎င်း ဋ္ဌ-ပင်)။
အထဝါ-တနည်းကား၊ ဒိဋ္ဌေ ဒိဋ္ဌံ နာမ-မြင်ရသော အဆင်း၌ ဒိဋ္ဌမည်သည်ကား၊ စက္ခုဝိညာဏံ-မြင်သိသော စက္ခုဝိညာဏ်စိတ်ပေတည်း၊ ရူပေ-မြင်ရသောအဆင်း၌၊ ရူပဝိဇာနနံ-အဆင်းကို မြင်သိသော စိတ်ပေတည်း၊ ဣတိ အတ္ထော ဤကား ဒိဋ္ဌေ ဒိဋ္ဌ၏ အနက်ပေတည်း။ မတ္တာတိ-မတ္တာဟူသည်ကား၊ ပမာဏံ အတိုင်း အရှည်ပေတည်း၊ အဿ-ထိုဇောစိတ်အား၊ ဒိဋ္ဌံ မြင်သိစိတ်ဟူသော၊ မတ္တာ-အတိုင်းအရှင်သည်၊ အတ္ထိ-ရှိ၏၊ ဣတိ-ထို့ကြောင့်၊ ဒိဋ္ဌမတ္တံ- ဒိဋ္ဌမတ္တမည်၏၊ စိတ္တံ ဇောစိတ်ပေတည်း၊ မေ- ငါ၏၊ စိတ္တံ- စိတ်သည်၊ စက္ခုဝိညာဏ မတ္တမေဝ- မြင်သိစိတ် အတိုင်း အရှည်ရှိသည်သာလျှင်၊ ဘဝိဿတိ-ဖြစ်လတံ့၊ ဣတိ အတ္ထော ဤကား ဒိဋ္ဌမတ္တံ ဘဝိဿတိ-၏ အနက်ပေတည်း၊ ဣဒံ ဝုတ္တံ ဟောတိ-ဤသို့သော အနက်ကို ဆိုလိုပါသည်=အာပါထဂတရူပေ- မျက်စိထဲ ပေါ်လာသော အဆင်းရူပါရုံ၌၊ စက္ခုဝိညာဏံ- မြင်သိသောစိတ်သည်၊ န ရဇ္ဇတိ န ဒုဿတိ န မုယှတိ ယထာ- မတပ်မက် မပြစ်မှား မတွေဝေ (မသိမှား) သကဲ့သို့၊ ဧဝံ-ဤအတူ၊ ရာဂါဒိဝိရဟေန- တပ်မက်မှုစသည် ကင်းသဖြင့်၊ စက္ခုဝိညာဏမတ္တမေဝ- မြင်သိစိတ် အတိုင်းအရှည် ရှိသည်သာလျှင် ဖြစ်သော၊ ဇဝနံ- ဇောစိတ်သည်၊ ဘဝိဿတိ-ဖြစ်လတံ့၊ စက္ခုဝိညာဏပမာဏေနေဝ- မြင်သိစိတ် အတိုင်းအရှည် ဖြင့်သာလျှင်၊ ဇောစိတ်ကို၊ ဌပေဿာမီတိ-ထားမည် ဖြစ်စေမည်ဟု ဆိုလိုပါသည်။
ဒီဒုတိယအဖွင့် အလိုအားဖြင့် ဆိုလိုတာကတော့- (ဒိဋ္ဌေ ဒိဋ္ဌ မတ္တံ ဘဝိဿတိ) မြင်ရသည်၌ မြင်ရုံမျှ ဖြစ်လတံ့- ဟူသောစကားဖြင့် မြင်ရသောအဆင်း၌ မြင်သိစိတ်မှာ ရာဂစသည်မပါဘဲ ကင်းရှင်းနေသလိုပင် အဲဒီအဆင်းကို အာရုံပြုပြီး ဖြစ်မည့် ဇောစိတ်မှာလဲ ရာဂစသည်မပါဘဲ ကင်းစေရမယ်၊ သိရုံမျှဇောစိတ်ကိုသာ ဖြစ်စေရမယ်လို့ ဆိုလိုတာပါဘဲ။
သို့သော်လဲ အဲဒီလို ကိလေသာကင်းသည့် ဇောစိတ် ဖြစ်အောင် မြင်သိစိတ်၏ အခြားမဲ့မှာတော့ နှလုံးသွင်းဆင်ခြင် လို့ရှုလို့ မဖြစ်ပါဘူး၊ မြင်သိဝီထိနောက်၌ ဘဝင်စိတ်များဖြစ်ပြီး အဲဒီဘဝင်မှ ထပြီးတော့သာလျှင် ရှုမှတ်မှုဟာ အမြန်ဆုံး ဖြစ်နိုင်ပါသည်၊ ထို့ကြောင့် ဝိပဿနာဉာဏ်နုစဉ်မှာဆိုလျှင် မြင်သိဝီထိထဲမှာလဲ ရာဂ ဒေါသ မောဟဇောစိတ်များလဲ ဖြစ်တတ်ကြသေးတာပါဘဲ။ ဒါပေမဲ့ အဲဒီလို မြင်သိဝီထိ၏ အခြားမဲ့၌ ဘဝင်မှထပြီး ရှုမှတ်နိုင်ယင်တော့ အဲဒီလို ရာဂ ဒေါသ မောဟ စိတ်တွေ တဖန်မဖြစ်ပဲ ကင်းငြိမ်းသွားနိုင်ပါတယ်၊ အဲဒီလို ကိလေသာစိတ်တွေ တဖန်မဖြစ်ပဲ ကင်းငြိမ်းသွားအောင်လို့ လဲ မြင်လျှင် မြင်တယ်စသည်ဖြင့် ရှုမှတ်ရတာပါဘဲ။
ထို့ပြင် ဝိပဿနာရှုမှတ်နေကြသော ယောဂီများသည် ကိလေသာ ဖြစ်ဖွယ်အာရုံကိုလဲ အလိုမရှိကြ၊ ကိလေသာစိတ် ကိုလဲ မဖြစ်စေလိုကြ၊ ရုပ်နာမ်သဘောတရားမျှ အနိစ္စ ဒုက္ခ အနတ္တအခြင်းအရာမျှကိုသာ သိမြင်လိုကြပေသည်၊ ထို့ကြောင့် မျက်စိထဲ၌ ချစ်ဖွယ် မုန်းဖွယ် အဆင်းအာရုံ ထင်ပေါ်လာငြားသော်လည်း ယောနိသောမနသိကာရခေါ် သင့်လျော်သော ဆင်ခြင်မှု အာဝဇ္ဇန်းကစ၍ ဖြစ်ပေါ်လာတတ်ပေသည်၊ ထိုဆင်ခြင်မှု အာဝဇ္ဇန်း၏ အခြားမဲ့၌ စက္ခုဝိညာဏ်ဖြင့် မြင်ပြီးနောက် လက်ခံစိတ် စုံစမ်းစိတ်များ ဖြစ်ပြီးလျှင် ဝုဋ္ဌောစိတ်ကလဲ ထိုယောနိသောမနသိကာရ အားလျော်စွာ ကုသိုလ်ဖြစ်ရေး အနေဖြင့် သာဆုံးဖြတ်သည်၊ ထိုဆုံးဖြတ်ချက် အားလျော်စွာ ကုသိုလ်ဇောစိတ်သာလျှင် အများအားဖြင့် ဖြစ်တတ်ပေသည်၊ ဝိပဿနာဉာဏ် ရင့်သန်သောအခါ၌မူ ဝုဋ္ဌော-ဟု ခေါ်သော အာဝဇ္ဇန်းစိတ်သည်လည်း အာရုံကို မဆုံးဖြတ်နိုင်သောကြောင့် ၂-ကြိမ် ၃- ကြိမ်မျှ ဖြစ်ပြီးနောက် ဝီထိစိတ်အစဉ် ပြတ်စဲ၍ ဘဝင်ကျသွားသည်။ ထိုအခါ၌ မြင်သည်ဟု ရှုသိသော ဝိပဿနာစိတ် ဖြစ်ရ သည်၊ ဤပုံ ဤနည်းဖြင့် ပဉ္စဒွါရ၌ ဇောဆိတ်၍ မနောဒွါရ၌သာ ဝိပဿနာဇော ဖြစ်စေနိုင်ပုံကိုလဲ (မ-ဋ္ဌ ဒု-၁၂၉ ၌) ဖော်ပြထားပါသည်။ ထိုသို့ မြင်ဝီထိ၌ ဇောဆိတ်အောင်၊ သို့မဟုတ် ကုသိုလ်ဇောမျှသာ ဖြစ်အောင် စောစောကပင် ယောနိသော မနသိကာရရှိခဲ့၍ မြင်သိဝီထိ၏ အခြားမဲ့၌ ဘဝင်မှထ၍ ဤဒုတိယအဖွင့်ဖြင့် ညွှန်ပြတော်မူပါသည်။ မြင်ပြီးလျှင် ပြီးခြင်း ရှုမှတ်ရမယ်လို့ ဘုန်းကြီးတို့က ညွှန်ကြားသည်မှာလည်း ဒီနည်းအရပင် ဖြစ်ပါသည်။
ထိုအဋ္ဌကထာမှာ တတိယနည်းလဲ ဖွင့်ပြထားပါသေးတယ်၊ ထိုအဖွင့်ကတော့ စက္ခုဝိညာဏ်ဖြင့် မြင်ရသည့် အဆင်း၌ (ဒိဋ္ဌမတ္တ) မြင်သိရုံမျှ အနေဖြင့် လက်ခံတဲ့စိတ် စုံးစမ်းတဲ့စိတ် ဆုံးဖြတ်တဲ့စိတ်ဆိုတဲ့ ဒီစိတ်သုံးခုမှာ ရာဂစသည် ကင်းသလို ပင် ဇောစိတ်မှာ ရာဂစသည် ကင်းစေရမည်တဲ့၊ အဲဒါကတော့ ဒုတိယအနက်နှင့်လဲ သဘောတူပင်ဖြစ်တယ်၊ အနောဒွါရကျ တော့လဲ အဲဒီအနက်မျိုးမဖြစ်နိုင်ပါဘူး၊ ထို့ကြောင့် အဲဒီအဖွင့်ကိုတော့ ဒီနောက်ဆက်တွဲမှတ်ချက်ထဲမှာ မပြတော့ပါဘူး။
စာမျက်နှာ ၇၃-စသည်နှင့် ဆိုင်သောမှတ်ချက်
မြင်ပြီးလျှင် ချက်ခြင်းပင် အမှတ်ရသော သတိဖြင့် ရှုမှတ်ရမည်ဟူသော အနက်ကို ရူပံ ဒိသွာ ပဋိဿတော-ဟူသော ဤမာလုကျပုတ္တသုတ် ဂါထာစကားရပ်ဖြင့် အတိအကျ တိုက်ရိုက်ပြထားပေသည်။ ထိုသို့ ပြထားရာ၌ မည်သို့ မည်ပုံ ရှုမှတ်ရ မည် ဟူသောအနက်ကို ထေရဂါထာ အဋ္ဌကထာ ဒုတိယအုပ် (နှာ ၃ဝ၃၊ ၃ဝ၄) ၌ အောက်ပါအတိုင်း ဖွင့်ပြထားပါသည်။
န သော ရဇ္ဇတိ ရူပေသု၊ ရူပံ ဒိသွာ ပဋိဿတောတိ ယော ပုဂ္ဂလော ရူပံ ဒိသွာ အာပါထဂတံ ရူပါရမ္မဏံ စက္ခုဒွါရိကေန ဝိညာဏသန္တာနေန ဂဟေတွာ စတု သမ္ပဇည ဝသေန သမ္ပဇာနကာရိတာယ ပဋိဿတော ဟောတိ၊ သော ရူပါရမ္မဏေသု န ရဇ္ဇတိ ရာဂံ န ဇနေတိ။
န သော။ပ။ ပဋိဿတောတိ-ဟူရာ၌ ဆိုလိုသော အနက်မှာ၊ ယော ပုဂ္ဂလော-အကြင် ပုဂ္ဂိုလ်သည်၊ ရူပံ-အဆင်းကို၊ ဒိသွာ-မြင်ပြီး၍၊ (ဤစကားဖြင့် ဖွင့်ရမည့်မူလရင်း ပုဒ်များကို ဖော်ပြသည်) အာပါထဂတံ-မျက်စိ၌ ထင်ပေါ်လာသော၊ ရူပါရမ္မဏံ ပရမတ်ရူပါရုံ အဆင်းရုပ်ကို၊ (ရူပံ-ပုဒ်ကို ဖွင့်ပြသည်၊) စက္ခု ဒွါရိကေန-စက္ခုဒွါရ၌ ဖြစ်သော၊ ဝိညာဏသန္တာနေန-စိတ်ဝိညာဏ် အစဉ်ဖြင့်၊ ဂဟေတွာ-ယူပြီး၍၊ (ဤသုံးပုဒ်ဖြင့် ဒိသွာပုဒ်ကို ဖွင့်ပြသည်၊ စက္ခုဝိညာဏ်စိတ်ဖြင့် မြင်ပြီး၍ဟု ဆိုသော်လည်း ယင်းစိတ် တခုတည်းဖြင့် မြင်ပြီးလျှင်ပြီးချင်း ဟူ၍ကား ဆိုလိုသည်မဟုတ်၊ စက္ခုဒွါရ၌ ဖြစ်သော စက္ခုဝိညာဏ် သမ္ပဋိစ္ဆိုန်း သန္တီရဏ ဝုဋ္ဌော ဇော တဒါရုံဟူသော စိတ်အစဉ်ဖြင့် မြင်လျက် အာရုံပြုပြီးလျှင်ဟူ၍ ဆိုလိုကြောင်း ကို ဖွင့်ပြပါသည်။ ဤအဖွင့်ကို အထူးသတိပြုသင့်ပါသည်၊ စက္ခုဝိညာဏ်၏အခြားမဲ့၌ နှလုံးသွင်း ရှုမှတ်ရန်ကား မဖြစ်နိုင်ပါ၊ ဝုဋ္ဌောဇော တဒါရုံ အထိမြင်သိဝီထိ ပြီးဆုံးသွားမှသာ နှလုံးသွင်းရှုမှတ်ရန် ဖြစ်နိုင်ပါသည်၊ ထိုသို့ဖြစ်နိုင်ရာမှာလဲ ဘဝင်စိတ် များဖြစ်ပြီးနောက် အဲဒီ ဘဝင်စိတ်များမှထ၍ သာလျှင် ရှုမှတ်ရန် ဖြစ်နိုင်ပါသည်၊ ထိုသို့ ရှုပုံ ရှုနည်းကိုလဲ ဤသို့ ဆက်လက် ဖွင့်ပြတော်မူပါသည်။) စတုသမ္ပဇညဝသေန-လေးပါးသော မှန်စွာသိမှု သမ္ပဇဉ်၏အစွမ်းအားဖြင့်၊ သမ္ပဇာနကာ ရိတာယ- မှန်စွာသိခြင်းကို ပြုလေ့ရှိသည်၏ အဖြစ်ဖြင့်၊ ဝါ-မှန်စွာသိလျက် ပြုသောအားဖြင့်၊ ပဋိဿတော တဖန် အမှတ်ရသည်၊ ဟောတိ-ဖြစ်၏တဲ့။
ရူပံ ဒိသွာ ပဋိဿတော-အဆင်းကိုမြင်ပြီးလျှင် တဖန်အမှတ် ရသည်ဟု ဆိုရာ၌ ဆိုလိုသော အနက်မှာ-မျက်စိထဲ၌ ထင်ပေါ်လာသော အဆင်းရူပါရုံကို မြင်သိဝီထိစိတ်အစဉ်ဖြင့် မြင်သိပြီးလျှင် သမ္ပဇဉ်လေးပါးအရ မှန်စွာသိလျက် ပြန်လည် အမှတ်ရသည်ဟူ၍ ဆိုလိုပါသည်တဲ့။ ထိုစကားရပ်ထဲမှာ သမ္ပဇဉ် လေးပါးဆိုတာက (၁) သာတ္ထကသမ္ပဇဉ်၊ (၂) သပ္ပါယသမ္ပဇဉ်၊ (၃) ဂေါစရသမ္ပဇဉ်၊ (၄) အသမ္မောဟသမ္ပဇဉ် ဆိုတဲ့ ဒီလေးပါးပင်ဖြစ်သည်။
ထိုလေးပါးတို့တွင် သာတ္ထကသမ္ပဇဉ်ဆိုတာ ကြည့်လျှင် ပြောလျှင် ပြုလျှင် အကျိုး ရှိ-မရှိ ဆင်ခြင်ပြီးလျှင် အကျိုးရှိ မည်ဖြစ်ပါက ကြည့်ရ ပြောရ ပြုရသည်၊ ဤသို့ အကျိုးရှိ-မရှိ ဆင်ခြင်ခြင်းကို သာတ္ထကသမ္ပဇဉ်ဟု ဆိုသည်။
သပ္ပါယသမ္ပဇဉ်ဆိုတာ အကျိုးရှိမည် ဖြစ်သောလည်း သင့်မသင့်ဆင်ခြင်၍ သင့်လျော်ပါက ကြည့်ရပြောရ ပြုရသည်၊ ဤသို့ သင့် မသင့် ဆင်ခြင်ခြင်းကို သပ္ပါယသမ္ပဇဉ်ဟု ဆိုသည်။
ဤသာတ္ထကနှင့် သပ္ပါယသမ္ပဇဉ်တို့မှာ ဘာဝနာအလုပ်ကို အားမထုတ်မီ ရှေးအဖို့၌သာ ပြုလုပ်ဖို့လိုပါသည်၊ ရှုမှတ်မှု ဘာဝနာအလုပ်ကို မပြတ် တင်းတင်းရင်းရင်း အားထုတ်နေဆဲမှာမူ ယင်းတို့ကို ပြုလုပ်နေရန် မလိုလှတော့ပါ၊ အကယ်၍ မြင်တိုင်း ကြားတိုင်းစသည်မှာ ရှုမှတ်၍ အကျိုး ရှိ-မရှိ သင့်-မသင့်ကို ဆင်ခြင်နေပါက သမာဓိဖြစ်မည် မဟုတ်ပါ၊ သမာဓိ မဖြစ်လျှင် ပညာလဲ မဖြစ်နိုင်တော့ပါ။ ထို့ကြောင့် မပြတ်ရှုမှတ်နေသော အခါ၌မူ ဂေါစရသမ္ပဇဉ်အရသာလျှင် ရှုသင့်သမျှကို မပြတ်ရှုမှတ်နေရန်သာ လိုပါသည်။
ထိုသို့ ဂေါစရသမ္ပဇဉ်အရ မပြတ်ရှုမှတ်၍ သမာဓိအား ရှိလာသောအခါ ရုပ်နှင့်နာမ်ကို ပိုင်းခြားသိသော နာမရူပပရိစ္ဆေဒဉာဏ် ဖြစ်ပါသည်။ ဖြစ်ပုံကတော့-မြင်ပြီးလျှင် ပြီးချင်း မြင်သည်ဟု မှတ်ဆဲမှာပင် မြင်ရတာက တခြား+ မြင်သိတာ မှတ်သိတာက တခြား ပိုင်းခြား၍ သိသည်၊ သွားဆဲ၌ သွားသည်ဟု မှတ်ဆဲမှာပင် သွားတာက တခြား+မှတ်သိတာက တခြား ပိုင်းခြား၍ သိသည်၊ ထိုသို့ သိခြင်းသည် အာရုံကို မသိတတ်သော ရုပ်သဘောနှင့် အာရုံကို သိတတ်သော နာမ်သဘောကို ပိုင်းခြား၍ သိသော နာမရူပပရိစ္ဆေဒဉာဏ် ဖြစ်သည်၊ ထို့ပြင် မြင်စရာရှိသောကြောင့် မြင်သိမှုဖြစ်ရသည်၊ မြင်မှုရှိသောကြောင့် မြင်သည်ဟု ရှုသိမှုဖြစ်ရမည်၊ သွားချင်မှုရှိသောကြောင့် သွားမှုဖြစ်ရသည်၊ သွားမှုရှိသောကြောင့် သွားသည်ဟု ရှုသိမှု ဖြစ်ရသည် စသည်ဖြင့် အကြောင်းနှင့် အကျိုးမျှ ရှိကြောင်းကိုလည်း ပိုင်းခြား၍ သိသည်၊ ယင်းသို့ သိခြင်းသည် ပစ္စယပရိဂ္ဂဟဉာဏ်ပေတည်း။ ယင်းသို့ နာမ်နှင့် ရုပ်မျှ, အကြောင်းနှင့်အကျိုးမျှသာရှိသည်၊ အတ္တကောင်ဟူ၍ကားမရှိဟု သဘောကျ သိမြင်ခြင်းသည် ဝိပဿနာ၏ အခြေခံဖြစ်သော အသမ္မောဟ သမ္ပဇဉ် ဖြစ်ပေသည်။
ထိုမှနောက်၌ သမာဓိဉာဏ် တိုးတက်ရင့်သန်လာသောအခါ မြင်တယ် ကြားတယ်စသည်ဖြင့် ရှုမှတ်ဆဲမှာပင် မြင်တာ နဲ့မှတ်သိမှု, ကြားတာနဲ့ မှတ်သိမှုစသည်တို့၏ အသစ်အသစ်ဖြစ်ပေါ်လာပြီးလျှင် ချက်ခြင်းပင် ပျောက်ပျက်သွားတာကို အထင်အရှားတွေ့ရသောကြောင့် မမြဲဟူ၍၎င်း၊ ဆင်းရဲချည်းသာ ဟူ၍၎င်း၊ အတ္တမဟုတ် သူ့အလိုလိုဖြစ်ပျက်နေသော သဘောတရားမျှသာဟူ၍၎င်း တွေဝေ (သိမှား) ခြင်းမရှိပဲ ရှင်းလင်းစွာ သိသိသွားသည်၊ ယင်းသို့ မတွေမဝေသိခြင်းသည် အသမ္မောဟ သမ္ပဇဉ်ပေတည်း。
ထိုသို့ သမ္ပဇဉ်လေးပါးအရ (ပဋိဿတော) တဖန်အမှတ်ရရမည်ဟု ပြခြင်းသည် မဟာသတိပဋ္ဌာနသုတ် ဒေသနာ တော်နှင့်အညီ မြင်ဆဲစသည်၌ ရှုမှတ်ရန်ပြခြင်း ဖြစ်ပေသည်။ ထို့ကြောင့် (ဂစ္ဆန္တော ဝါ ဂစ္ဆမီတိ ပဇာနာတိ-စသည်ဖြင့်) ရှုမှတ်သိပုံကို သွားသည်၊ ရပ်သည်၊ ထိုင်သည်၊ လျောင်းသည် ဟု အရပ်သုံးစကားဖြင့်ပင် ရှုမှတ်သိရန် ပြထားသည့် အတိုင်း မြင်ဆဲ၌ မြင်သည် (မြင်တယ်) ဟု အရပ်သုံးစကားဖြင့် ရှုမှတ်ရန် ဘုန်းကြီးတို့က ညွှန်ကြားပြသနေရပေသည်။
ထိုသို့ ညွှန်ကြားပြသနေခြင်း၌ အပြစ်တင်ရှုတ်ချနေသူများလည်း အနည်းငယ်ရှိပါသည်၊ သူတို့ ရှုတ်ချပုံကတော့ သွားတယ် ရပ်တယ် ထိုင်တယ် အိပ်တယ်ဆိုတာတွေ သိပြီးသားပဲ၊ ရှုနေဘို့ မလိုပါဘူး၊ မြင်တယ် ကြားတယ် စသည်တွေလဲ သိပြီးသားတွေပဲ၊ ရှုနေဘို့ မလိုပါဘူးတဲ့။
သူတို့ပြောတဲ့အတိုင်း အဲဒါတွေဟာ သိပြီးသားတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ အဲဒီလိုမရှုပဲအလိုလို သိနေတာတွေ ကတော့ ရှုမှတ်ပြီးသိတာလို သတိပညာဖြင့် သိတာတွေမဟုတ်ပါဘူး၊ သိရိုးသိစဉ် ဓမ္မတာအတိုင်း မြဲတဲ့အနေ ချမ်းသာတဲ့ အနေ အတ္တကောင်အနေဖြင့် သိနေကြတာဘဲ၊ မြင်ဆဲစသည်၌ ပဌမမြင်သိ ကြားသိစသော ဝီထိ၊ ဒုတိယ ပြန်လည်ဆင်ခြင်တဲ့ ကြံသိဝီထိ ထို့နောက်မှာ တတိယပုံသဏ္ဌာန် ပညတ်သိဝီထိ၊ စတုတ္ထအမည် ပညတ်သိ ဝီထိတို့ဖြင့် ပညတ်တွေကို သိသိ နေကြတာဘဲ၊ မြဲတည်နေသည့်အနေ ချမ်းသာသည့်ကောင်းသည့်အနေ, အသက်ရှင်နေသည့် ပုဂ္ဂိုလ်အနေအားဖြင့် သိသိနေကြ တာဘဲ၊ အဲဒါတွေဟာ အဝိဇ္ဇာဦးဆောင်ပြီး သိနေသော အမှားသိတွေဘဲ၊ အဲဒီအမှားသိတွေ ကင်းပျောက်အောင် အမှန်သိတွေ ဖြစ်ရအောင်လို့ မြင်သိစသော ပဌမဝီထိနောင်ဖြစ်စေ၊ အတိတ်အဆင်း စသည်ကို ပြန်လည်သိတဲ့ ဒုတိယဝီထိနောင်ဖြစ်စေ မြင်တယ် ကြားတယ် သွားတယ် စသည်ဖြင့် ချက်ခြင်း ရှုမှတ်နေကြရတာပါဘဲ။ ဒီလို မြင်ပြီးလျှင် ပြီးခြင်းစသည်မှာရော၊ သွားနေဆဲ စသည်မှာရော ပညတ်သိဝီထိ မဖြစ်သေးမီ ချက်ခြင်း ရှုမှတ်ပြီး ပရမတ်သဘောတရားအမှန်ကို သိသိနေတာဟာ (ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ-စသည်ဖြင့်) အတိအကျ ညွှန်ပြတော်မူတဲ့ မြတ်စွာဘုရားရှင်၏ စကားတော်နှင့်အညီပင် ဖြစ်ပါသည်။ ဤအချက်ကို အလေးအနက် သတိပြုသင့်လှပါပေသည်။ ဤသို့ ချက်ခြင်းပင် ရှုမှတ်၍ အမှန်အတိုင်း သိသိ သွားလျှင် ထိုရှုမှတ်သိရသော အာရုံနှင့်စပ်၍ ရာဂစသော ကိလေသာများဖြစ်ခွင့် မရှိတော့ပြီ။ ထိုကြောင့် ယင်းအဋ္ဌကထာ၌ ဤသို့ ဆက်လက်ဖွင့်ပြထားပါသည်။
သော-မြင်ပြီးလျှင် တဖန်အမှတ်ရလျက် မမြဲစသည်ဖြင့် မှန်စွာသိသော ထိုပုဂ္ဂိုလ်သည်၊ ရူပါရမ္မဏေသု-မြင်ရသော အဆင်းရူပါရုံတို့၌၊ န ရဇ္ဇတိ-မတပ်မက်၊ ရာဂံ န ဇနေတိ- တပ်မက်မှု- ရာဂကို မဖြစ်စေတော့ပေ တဲ့။
စာမျက်နှာ ၄၃-နှင့် ဆိုင်သော မှတ်ချက်
တသ္မာ တိဟ တေ ဗာဟိယ ဧဝံ သိက္ခိတဗ္ဗံ။ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ၊ သုတေ သုတမတ္တံ ဘဝိဿတိ၊ မုတေ မုတမတ္တံ ဘဝိဿတိ၊ ဝိညာတေ ဝိညာတမတ္တံ ဘဝိဿတိ။ ဧဝဥှိ တေ ဗာဟိယ သိက္ခိတဗ္ဗံ-ဟူသော ဗာဟိယသုတ်၌မူ---
ဗာဟိယ-ဗာဟိယ၊ တသ္မာ-တရားဟောရန် သင်ကတောင်းပန်သော ထိုအကြောင်းကြောင့်၊ (တိဟ-ကား အနက် မရှိဟု ဋ္ဌ-၌ဆို၏) တေ-သင်သည်၊ ဧဝံ သိက္ခိတဗ္ဗံ-ဤသို့ ကျင့်ရမည်။ (ယထာ အကြင် အခြင်းအရာဖြင့် ကျင့်လျှင်၊ တေ သင့်အား) ဒိဌေ-မြမင်ရသည်၌၊ ဒိဋ္ဌမတ္တံ-မြင်ရုံမျှသည်၊ ဘဝိဿတိ-ဖြစ်လတံ့။ ပ။ ဝိညာတေ-ကြံသိရသည်၌၊ ဝိညာတ မတ္တံ-ကြံသိရုံမျှသည်၊ ဘဝိဿတိ-ဖြစ်လတံ့။ ဗာဟိယ-ဗာဟိယ၊ ဧဝံ ဟိ-ဤသို့လျှင်၊ ဝါ-ဤသို့သော အခြင်းအရာဖြင့်သာ လျှင်၊ တေ-သင်သည်၊ သိက္ခိတဗ္ဗံ-ကျင့်ရမည်ဟု (ဧဝဥှိ တေ သိက္ခိတဗ္ဗံနှင့် ဆက်စပ်ရန် ယထာ-အကြင် အခြင်းအရာဖြင့် ကျင့်လျှင် ဟူသော ပုဒ်ကိုထည့်၍) အနက်ပြန်သင့်၏။
ထို့အတူပင် ဤမာလုကျပုတ္တသုတ်၌လည်း (အပ္ပမတ္တဿ ဝိဟရတော-ဟူသော) ရှေ့မှယူ၍ စပ်ပြသော ပုဒ်အစား (ယထာ အကြင် အခြင်းအရာဖြင့် ကျင့်လျှင်-ဟူသော) ပုဒ်ကိုလဲထည့်၍ (ဝိညာတမတ္တံ ဘဝိဿတိ-ဖြစ်လတံ့၏ အခြားမဲ့ ၌) ဧဝံ-ဤသို့သောအခြင်းအရာဖြင့် ကျင့်အပ်၏-ကျင့်ရမည် ဟု အနက်ပြန်လျှင်လဲ သင့်လျှော်ပါသည်။
နောက်ဆက်တွဲ မှတ်ချက်များ ဤတွင် ပြည့်စုံပါပြီ။