မာတိကာသို့ ခုန်သွားရန်

မိလိန္ဒပဥှာ ပါဠိတော်

ဝီကီရင်းမြစ် မှ

ခုဒ္ဒကနိကာယ်

မိလိန္ဒပဥှာပါဠိတော်

မြန်မာပြန်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

။ ဂင်္ဂါမြစ်သည် သမုဒ္ဒရာသို့ စီးဆင်းသက်ဝင်သကဲ့သို့ တိုင်းတကာတို့ထက် မြတ်သော (ယောနက) တိုင်း သာဂလမြို့တော်၌ (စိုးစံသော) မိလိန္ဒမည်သော မင်းသည် အသျှင်နာဂသေနမထေရ်မြတ်ထံသို့ ချဉ်းကပ်လေ၏။ ချဉ်းကပ်ပြီးသော် မိလိန္ဒမင်းသည် (ပညာဟူသော) မီးရှူးမီးတိုင်ကို ဆောင်သော၊ (သူတစ်ပါးတို့ ယုံမှားခြင်းဟူသော) အမိုက်တိုက်ကို ပယ်နုတ်နိုင်သော၊ ဆန်းကြယ်သော စကားကို ပြောဟောတတ်သော အသျှင်နာဂသေနမထေရ်မြတ်အား သိမ်မွေ့နက်နဲကုန်သော အရာဟုတ်သည်၊ မဟုတ်သည်၌ ဖြစ်ကုန်သော များစွာသော အမေးပုစ္ဆာ ပြဿနာတို့ကို မေးလျှောက်လေ၏။ မိလိန္ဒမင်း၏ အမေးပုစ္ဆာတို့သည်လည်းကောင်း၊ အသျှင်နာဂသေန မထေရ်မြတ်၏ ဖြေရှင်းချက်တို့သည်လည်းကောင်း နက်နဲသော အနက်အဓိပ္ပါယ်ကို မှီကုန်၏။ ပညာရှိတို့ စိတ်နှလုံးသို့လည်း သက်ရောက်ကုန်၏။ ပညာရှိတို့၏ နားကိုလည်း ချမ်းသာစေနိုင်ကုန်၏။ မဖြစ်ဖူးမြဲ ဖြစ်ကုန်၏။ ကြက်သီးမွေးညင်းထဖွယ်လည်း ဖြစ်ကုန်၏။ အသျှင်နာဂသေနမထေရ်၏ အဖြေစကားတို့သည်လည်း အဘိဓမ္မာပိဋက၊ ဝိနည်း ပိဋကနှစ်ရပ်သို့လည်း သက်ဝင်ကုန်၏။ သုတ္တန်ဟူသော ကွန်ရက်နှင့် ပြည့်စုံကုန်၏။ ဥပမာ ပုံပြင်တို့ဖြင့်လည်းကောင်း၊ နည်းအမျိုးမျိုးတို့ဖြင့်လည်းကောင်း (အံ့ဩစဖွယ်) ဆန်းကြယ်လှကုန်၏။ ထိုဆိုပြီးဂုဏ်နှင့် ပြည့်စုံသော မိလိန္ဒပဥှာကျမ်း၌ (သိမြင်နာယူရန် စွမ်းနိုင်သော) ဉာဏ်ကို မြဲစွာ စိုက်ထား၍ စိတ်ကို ရွှင်ကြည်စေလျက် သိမ်မွေ့နက်နဲကုန်သော အမေးပုစ္ဆာပြဿနာတို့ကိုလည်းကောင်း၊ ယုံမှားဖွယ်ရာကို ခွဲဖျက်နိုင်ကုန်သော အဖြေတို့ကိုလည်းကောင်း နားထောင်ကြပါကုန်လော့။

။ ထိုမိလိန္ဒပဥှာကျမ်းကို အဘယ်သို့သော အကြောင်းရင်းမူလအားဖြင့် ကြားနာရမည်နည်းဟူမူ- ယောနကတိုင်းသူ တိုင်းသားတို့၏ကုန်ထုပ်အမျိုးမျိုးကို ခွဲခြားဝေဖန်ရာ (အရောင်းအဝယ်ဗဟိုဌာန) ဖြစ်သော သာဂလမည်သော မြို့သည် ထင်ရှားရှိလတ်သတည်း။ (ထိုသာဂလမြို့သည်) မြစ်၊ ချောင်း၊ တောင်တန်းတို့ဖြင့် တင့်တယ်၏။ ပျော်မွေ့ဖွယ်ရာ မြေမျက်နှာပြင် အစိတ်အပိုင်းတို့လည်း ရှိ၏။ အရံ၊ ဥယျာဉ်၊ တောတန်း၊ တစ်ဖက်ဆည်ကန်၊ လေးထောင့်ကန်တို့နှင့် ပြည့်စုံ၏။ မြစ်၏ မွေ့လျော်ဖွယ်၊ တောင်၏ မွေ့လျော်ဖွယ်၊ တော၏ မွေ့လျော်ဖွယ်နှင့်လည်း ပြည့်စုံ၏။ အကြားအမြင် ဗဟုသုတရှိသူတို့ ဖန်ဆင်းတည်ထောင်အပ်သော မြို့လည်း ဖြစ်၏။ ရန်သူတို့ကို ပယ်ရှားပြီးဖြစ်၍ ရန်သူတို့ မဖျက်ဆီး မနှိပ်စက်နိုင်။ အထူးထူးအပြားပြား ဆန်းကြယ်၍ မြဲမြံခိုင်ခံ့သော ပြအိုး, တံခါးမုခ်ရှိ၏။ အတိုင်းထက် အလွန် ကောင်းမြတ်သော တံခါးခုံ, တုရိုဏ်တိုင်လည်း ရှိ၏။ နက်စွာသော ကျုံးမြောင်း, ဖွေးဖွေးဖြူသော တံတိုင်းတို့ဖြင့် ဝန်းရံအပ်သော မြို့တွင်းနန်းတော်လည်း ရှိ၏။ ကောင်းစွာ ခွဲခြားဝေဖန်အပ်သော လမ်းကြီး, လမ်းငယ်, လမ်းလေးခွလမ်းဆုံရှိ၏။ တင့်တယ်သပ်ယပ်စွာ ဖြန့်ခင်းရောင်းချအပ်သော တန်ဖိုးရှိသောကုန်စည်ပစ္စည်းအမျိုးမျိုးတို့ဖြင့် ပြည့်နှက်သည့် ဈေးတော်ကြီးလည်း ရှိ၏။ အလှူမဏ္ဍပ် အမျိုးမျိုးတို့ဖြင့် အမြဲအစဉ် တင့်တယ်၏။ ဟိမဝန္တာတောင်ထွတ်နှင့် တူသော လွန်ကဲမြင့်မြတ်သည့် နန်းဘုံဗိမာန် အသိန်းတို့ဖြင့် တန်ဆာဆင်ယင်အပ်၏။ ဆင်, မြင်း, ရထား, ခြေသည်ဟူသော စစ်အင်္ဂါတို့ဖြင့် ပြွမ်း၏။ အဆင်းလှသော ယောက်ျား၊ မိန်းမအပေါင်းတို့ မပြတ်လှည့်လည်ရာ ဖြစ်၏။ လူမျိုးစုံတို့ဖြင့် ရောပြွမ်းပြည့်ကြပ် နေ၏။ များပြားသော မင်း၊ ပုဏ္ဏား၊ကုန်သည်၊ ဆင်းရဲသားမျိုးတို့၏ နေရာဖြစ်၏။

--

အညီအမျှ ခွဲခြားဝေဖန်ထားသည့် အမျိုးမျိုး အစားစားသော သမဏဗြာဟ္မဏတို့နှင့် စပ်ယှဉ်၏။ မြောက်မြားစွာသော အတတ်ပညာ ပညာရှိသူတို့ ကြာမြင့်စွာ နေထိုင်ရာ ဖြစ်၏။ ကာသိတိုင်း ကောဋုမ္ဗရတိုင်းဖြစ် စသော အထူးထူး အပြားပြားသော အထည်ဈေးရုံတို့နှင့် ပြည့်စုံ၏။ ကောင်းစွာ ဖြန့်ခင်းအပ်၍ စိတ်နှစ်သက်ဖွယ်ရာ များပြားစွာသော ပန်းဈေး, နံ့သာဈေး ရှိ၏။ အမွှေးနံ့သာတို့ဖြင့် မွှေးကြိုင်လျက် ရှိ၏။ တောင့်တလိုချင်ဖွယ်ရာ များစွာသော ရတနာမျိုးတို့နှင့် ပြည့်စုံ၏။ ထိုထိုအရပ်သို့ ရှေးရှုဖြန့်ခင်းအပ်သော ဈေးဆိုင်ရှိ၏။ တင့်တယ်ဖွယ်ရာ လိမ္မာကျွမ်းကျင်သောကုန်သည်အပေါင်းတို့၏ မပြတ် ကျက်စားရာဖြစ်၏။ အသပြာ ငွေ၊ ရွှေ၊ ကြေးတို့ကို ခင်းကျင်းထားသော ဆိုင်တို့ဖြင့် ပြည့်၏။ တပြောင်ပြောင်တောက်သော အိမ်ဆောင်ဘုံနန်းရှိ၏။ များစွာသော ဥစ္စာစပါး, အသုံးအဆောင်, လက်ဝတ် လက်စား ရှိ၏။ ပြည့်လျှံသော ကျီကြရှိ၏။ များစွာသော ထမင်း, အဖျော်ရှိ၏။ နှစ်သက်ဖွယ်ရာ များစွာသော ခဲဖွယ်၊ စားဖွယ်၊ လျက်ဖွယ်၊ သောက်ဖွယ်ရှိ၏။ ဥတ္တရကုရုကျွန်းနှင့် တူ၏။ ပြည့်စုံသော ကောက်စပါးရှိ၏။ အာဠကမန္ဒာမည်သော နတ်မြို့တော်နှင့် တူ၏။

ဤအရာ၌ ပုစ္ဆာဝိသဇ္ဇနာအချက်ကို ဆိုင်းငံ့ရပ်ထား၍ ထိုမိလိန္ဒမင်းနှင့် အသျှင်နာဂသေနမထေရ် မြတ်တို့၏ ရှေးကံအကြောင်းရင်းကို ပြဆိုသင့် ပြဆိုထိုက်၏။ ပြဆိုသော ဆရာသည်လည်း ခြောက်ပါး အပြားဖြင့် ဝေဖန်ပိုင်းခြားကာ ပြဆိုသင့် ပြဆိုထိုက်၏။ ခြောက်ပါးအပြားဟူသည် အဘယ်နည်း- ရှေး ဆုတောင်းခန်း၊ မိလိန္ဒမင်း၏ ပြဿနာခန်း၊ မှတ်ကြောင်းလက္ခဏာကို မေးခန်း၊ ဆိတ်ချိုနှင့် တူစွာ ကောက်တကျစ် မေးခွန်းအခန်း၊ အနုမာန (မှန်းဆသော)အားဖြင့် မေးသောအခန်း၊ ဥပမာစကားကို မေးသောအခန်း ဤသို့ အခန်းခြောက်ပါး အပြားရှိ၏။

ထိုခြောက်ခန်းတို့တွင် မိလိန္ဒပဥှာသည် လက္ခဏာပဥှာအခန်းနှင့် ယုံမှားသော အရာကို ပယ်ဖျောက်သော ပြဿနာမေးခွန်းအခန်းဟု နှစ်ခန်းရှိ၏။

ဆိတ်ချိုနှင့် တူစွာ ကောက်တကျစ်အမေးမေဏ္ဍကပဥှာသည်လည်း မဟာဝဂ်နှင့် ယောဂီပုဂ္ဂိုလ်တို့ကိုမေးသော အခန်းဟု နှစ်မျိုးရှိ၏။

ရှေးဆုတောင်း ပုဗ္ဗယောဂ

ထိုအခန်းခြောက်မျိုးတို့တွင် ရှေးဆုတောင်းခန်းဟူသည် ထိုမိလိန္ဒမင်းနှင့် အသျှင်နာဂသေနမထေရ် မြတ်တို့၏ ရှေး၌ ပြုအပ်သော ကံအကြောင်းရင်းတည်း။

--

၁-ဗာဟိရကထာ

ပုဗ္ဗယောဂစသည်

။ တစ်ဆင့်စကား ကြားရဖူးသည်ကား- ရှေးလွန်လေပြီးသောအခါ ကဿပမြတ်စွာဘုရား၏ သာသနာတော် တည်ထွန်းဖြစ်ပေါ်လတ်သော် ဂင်္ဂါမြစ်၏အနီး ကျောင်းတိုက်တစ်ခု၌ ရဟန်းသံဃာအများ (သီတင်းသုံး) နေထိုင်လေ၏။ ထိုကျောင်းတိုက်၌ ဝတ်ကြီး, ဝတ်ငယ် အကျင့်သီလနှင့် ပြည့်စုံကုန်သော ရဟန်းတို့သည် နံနက်စောစောထကုန်၍၊ အရိုးရှည် တံမြက်စည်းတို့ကို ယူကြကုန်ပြီးလျှင်၊ မြတ်စွာဘုရား ဂုဏ်ကျေးဇူးတို့ကို ဆင်ခြင်ကုန်လျက်၊ ကျောင်းတလင်းကို တံမြက်လှည်းကြကုန်၍ အမှိုက်သရိုက်စုပုံခြင်း ကို ပြုလုပ်ကြကုန်၏။ ထိုအခါ ရဟန်းတစ်ပါးသည် သာမဏေတစ်ဦးကို “သာမဏေ လာလော့၊ ဤတံမြက်ချေးကို စွန့်ပစ်ချေလော့”ဟု ပြောဆို၏။ ထိုသာမဏေသည် မကြားယောင်ပြု၍ သွားလေ၏။ နှစ်ကြိမ်, သုံးကြိမ်တိုင်တိုင် ခေါ်အပ်သော်လည်း ထိုသာမဏေသည် မကြားယောင်ပြု၍ သွားမြဲသွားသည် သာတည်း။ ထို့နောက် ထိုရဟန်းသည် “ဤသာမဏေကား အပြောရခက်လှလေစွ”ဟု အမျက်ထွက်၍ တံမြက်စည်းရိုးဖြင့် ရိုက်ပုတ်လေ၏။ ထိုသို့ရိုက်ပုတ်ခြင်းကြောင့် ထိုသာမဏေသည် ငိုလျက် ကြောက်ရွံ့သဖြင့် တံမြက်ချေးကို စွန့်ပစ်စဉ် “အကျွန်ုပ်သည် တံမြက်ချေးကို စွန့်ပစ်ရသော ကောင်းမှုကြောင့် နိဗ္ဗာန်ရောက်သည့်တိုင်အောင် ဤအတွင်း ဖြစ်လေရာရာ ဘဝ၌ မွန်းတည့်နေကဲ့သို့ ဘုန်းကံကြီးသူ၊ တန်ခိုးတေဇော်ကြီးသူ ဖြစ်ရပါလို၏”ဟု ပထမအကြိမ် ဆုတောင်း၏။ တံမြက်ချေးကို စွန့်ပစ်ပြီးနောက် ရေချိုးရန် ဂင်္ဂါမြစ်ဆိပ်သို့ သွားပြန်ခဲ့သော် တဝုန်းဝုန်းမြည်နေသော မြစ်၏ လှိုင်းတံပိုးအဟုန်ကို မြင်ရ ပြန်၍ “အကျွန်ုပ်သည် နိဗ္ဗာန်ရောက်သည့်တိုင်အောင် ဤအတွင်း ဖြစ်လေရာရာ ဘဝ၌ ဤလှိုင်းတံပိုး အဟုန်ကဲ့သို့ အရာအားလျော်စွာ ဖြစ်ပေါ်လာသော ဉာဏ်ပဋိဘာန်ရှိသူ၊ မကုန်နိုင်သော ဉာဏ်ပဋိဘာန်ရှိသူ ဖြစ်ရပါလို၏”ဟု ဒုတိယအကြိမ် ဆုတောင်းပြန်၏။

ထိုသာမဏေကို စေခိုင်းသော ရဟန်းသည်လည်း တံမြက်စည်းထားရာစင်၌ တံမြက်စည်းကိုထား၍ ရေချိုးရန် ဂင်္ဂါမြစ်ဆိပ်သို့ သွားလတ်သော် သာမဏေ၏ ဆုတောင်းသံကို ကြားရသဖြင့် “ငါစေခိုင်း အပ်သော ဤသာမဏေသည်ပင် ဤမျှလောက် ဆုတောင်းဘိသေး၏။ ငါ့အား အဘယ်မှာ (ဆုတောင်း) မပြည့်စုံဘဲ ရှိလိမ့်မည်နည်း”ဟု ကြံစည်၍ “ငါသည် နိဗ္ဗာန်သို့ ရောက်သည့်တိုင်အောင် ဤအတွင်း ဖြစ်လေရာရာ ဘဝ၌ ဤဂင်္ဂါမြစ်၏ လှိုင်းတံပိုးအဟုန်ကဲ့သို့ မကုန်နိုင်သော ဉာဏ်ပဋိဘာန်ရှိသူ ဖြစ်ရပါ လို၏၊ ဤသာမဏေ မေးတိုင်း မေးတိုင်းသော ပြဿနာအလုံးစုံကို ရှင်းလင်းရန်၊ ဖြေရှင်းရန် စွမ်းနိုင်သူ ဖြစ်ရပါလို၏”ဟု ဆုတောင်းလေ၏။

ထိုသူနှစ်ဦးတို့သည်လည်း နတ်ဘုံ၊ လူ့ဘုံ လှည့်လည်ကျင်လည်ကုန်လျက် ကဿပမြတ်စွာဘုရားနှင့် ငါတို့မြတ်စွာဘုရား၏ တစ်ခုသော အကြားကိုကုန်လွန်စေကြကုန်၏။ ထို့နောက် ငါတို့၏ မြတ်စွာဘုရားသည်လည်း မောဂ္ဂလိပုတ္တတိဿထေရ်ကို ဗျာဒိတ်ညွှန်ကြားတော်မူအပ်သကဲ့သို့၊ ထို့အတူ ထိုသူ နှစ်ဦးတို့ကိုလည်း ဗျာဒိတ်ညွှန်ကြားအပ်ကုန်၏ “ငါဘုရား ပရိနိဗ္ဗာန်စံလွန်သည်မှနောက် နှစ်ပေါင်းငါးရာ ကျော်လွန်လတ်သော် ထိုသူနှစ်ဦးတို့သည် ဖြစ်ပေါ်လာကုန်လတ္တံ့။ ထိုသူနှစ်ဦးတို့သည် သိမ်မွေ့ နက်နဲစွာ ပြု၍ ငါဟောကြားအပ်သော ထိုသုတ်၊ အဘိဓမ္မာ၊ ဝိနည်းတရားတော်ကို ပြဿနာမေးခွန်း၊ ဥပမာ ဥပမေယျ၊ ညီမျှသင့်တင့်သောနည်းတို့၏ အစွမ်းဖြင့် အရှုပ်အထွေးမရှိအောင် ပြု၍ ဝေဖန်ကြကုန်လတ္တံ့”ဟု ဗျာဒိတ်ညွှန်ကြားအပ်ကုန်၏။

--

မိလိန္ဒမင်းအကြောင်း

။ ထိုသူနှစ်ဦးတို့တွင် သာမဏေသည် ဇမ္ဗူဒိပ်ကျွန်း သာဂလမြို့၌ မိလိန္ဒမည်သော မင်းဖြစ် လေ၏။ (ထိုမင်းသည်) အသိဉာဏ်ရှိသူ၊ လိမ္မာသူ၊ ထိုးထွင်းဉာဏ်ရှိသူဖြစ်၍ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဖြစ်ကုန်သော ပညာနှင့် ယှဉ်၍ စီရင်ခြင်း၊ ပြုလုပ်ခြင်းတို့ကို စွမ်းဆောင်နိုင်၏။ ပြုလုပ်သော အခါ၌လည်း စူးစမ်းဆင်ခြင်၍ ပြုလုပ်လေ့ရှိ၏။ အထူးအားဖြင့် ထိုမိလိန္ဒမင်းသည် များစွာသော ကျမ်းဂန် အတတ်တို့ကို သင်ယူအပ်ကုန်၏။

အတတ်တစ်ဆယ့်ကိုးမျိုး

ထိုမင်း သင်အပ်သော ကျမ်းဂန်တို့ဟူသည် အဘယ်နည်း-

သုတိ-ဝေဒကျမ်း၁၊ သမိတိ-ကမ္ဘာ့ဥပဒေသကျမ်း၂၊ သင်္ချာ-သင်္ချာခေါ် အဘိဓမ္မာကျမ်း၃၊ ယောဂ-ယောဂခေါ် အဘိဓမ္မာကျမ်း၄၊ နီတိ-နီတိကျမ်း၅၊ ဝိသေသိက-ဝိသေသိကခေါ် အဘိဓမ္မာကျမ်း၆၊ ဂဏိတ-အတွက်အချက် -သင်္ချာကျမ်း၇၊ ဂန္ဓဗ္ဗ-အတီးအမှုတ် တူရိယာ-ပညာကျမ်း၈၊ တိကိစ္ဆ-ဆေးကုခြင်း အတတ်ကို ပြသော တိကိစ္ဆကျမ်း၉၊ ဓနုဗ္ဗေဒ-ဓနုဗ္ဗေဒကျမ်း၁၀၊ ပုရာဏ-ပုရာဏ်ကျမ်း၁၁၊ ဣတိဟာသ-ဣတိဟာသကျမ်း၁၂၊ ဇောတိသ-ဇောတိသခေါ် ဗေဒင်ကျမ်း၁၃၊ မာယာ-လှည့်စားခြင်း-အလိမ္မာသုံးခြင်းကို ပြသော မာယာကျမ်း၁၄၊ ဟေတု-တက္ကဗေဒခေါ် ဟေတု ဝိဇ္ဇာကျမ်း၁၅၊ မန္တန-မန္တာန်ကျမ်း၁၆၊ ယုဒ္ဓါ-ယုဒ္ဓကျမ်း၁၇၊ ဆန္ဒသာ-ဆန်းကျမ်း၁၈၊ ဗုဒ္ဓဝစန မြတ်စွာဘုရားပါဠိတော်နှင့်တကွ တစ်ဆယ့်ကိုးပါးသော ကျမ်းအတတ်တို့ကို သင်ယူအပ်ကုန်၏။ ပညာရှိတို့ စိတ်နှလုံးကို တုန်လှုပ်အောင် ပြောဆိုတတ်၏။ သူတစ်ပါးတို့က ညှဉ်းဆဲနိုင်ခဲ၏။ သူတစ်ပါးတို့က နှိမ်နင်းခြင်းငှါ ခက်ခဲ၏။ များစွာသော အယူကို တီထွင်သူတို့တွင် အထွတ်အမြတ်ဟု ဆိုထိုက်၏။ ဉာဏ်အစွမ်းအားဖြင့်လည်းကောင်း၊ ဉာဏ်လျင် လျားခြင်းအားဖြင့်လည်းကောင်း၊ ရဲရင့်ခြင်းအားဖြင့်လည်းကောင်း၊ ပညာအားဖြင့်လည်းကောင်း ဇမ္ဗူဒိပ်ကျွန်းလုံး၌ မိလိန္ဒမင်းနှင့် တူသောသူ တစ်ဦးတစ်ယောက်မျှ မဖြစ်ပေါ်။ ပစ္စည်းဥစ္စာ ကြွယ်ဝ၏။ များသော ဥစ္စာရှိ၏။ များသော စည်းစိမ်ရှိ၏။ များစွာသော စစ်သည်, ဗိုလ်ပါ, ဆင်ယာဉ်စသည် ရှိ၏။

၁။ ဣရု, ယဇု, သာမ-ဟူသော ဝေဒကျမ်းရင်း သုံးပုံနှင့် နောက်တိုးသော အထဗ္ဗဏကျမ်းပါ ဝေဒလေးပုံ။

၂။ ဗြဟ္မာကြီး၏ ဟောကြားချက်မှ လူသားဆရာတို့ မှတ်သားမိသမျှ ရေးသားထားသော မနုဓမ္မသတ် စသော ကျမ်းများနှင့် ကမ္ဘာသူ ကမ္ဘာသားတို့ စောင့်စည်းအပ်၊ ရှောင်ကြဉ်အပ်၊ လိုက်နာဆောင်ရွက်အပ်သော ဥပဒေသအားလုံး။

၃။ တတွခေါ် ပရမတ္ထသဘောတရား နှစ်ဆယ့်ငါးပါး၏ သရုပ်သဘောကို ရေတွက်စီစစ်သော ကျမ်းဖြစ်သည်။ ၎င်းသင်္ချာ အဘိဓမ္မာကို ကပိလရသေ့ တည်ထောင်သည်။ သင်္ချာအဘိဓမ္မာနှင့် စပ်လျဉ်းသော ရှေးအကျဆုံးစာအုပ်များသည် သင်္ချာပါဝစနသုတ္တနှင့် တတွပမာသတို့ ဖြစ်ကြ၏။ ၎င်းနှစ်အုပ်ကို ကပိလရသေ့ စီရင်သည်ဟု အဆိုရှိကြသော်လည်း ထင်ရှားသော အထောက်အထား မရှိချေ။ သမိုင်းမှတ်တမ်းအရ ကပိလရသေ့သည် စာအုပ်ရေးသားစီရင်မှု မပြုခဲ့ဘဲ ၎င်း၏ပညာကို အာသူရိအား သင်ကြားပေးခဲ့၍ အာသူရိက ပဉ္စသီခကို တစ်ဆင့် သင်ကြားပေးခဲ့သည်ဟု ဆိုပေသည်။ သို့ဖြင့် အထက်ပါ ကျမ်းနှစ်ကျမ်းသည် ပေါ်ပေါက်ခဲ့၏။ သင်္ချာအဘိဓမ္မာနှင့် စပ်လျဉ်း၍ စံယူလောက်သော စာအုပ်မှာ ဤဆွရကရိသျှန ရေးသော “သင်္ချာကာရိကာ” ပင် ဖြစ်လေသည်။

--

၄။ ပုဂ္ဂိုလ်အသီးသီး၏ ဇီဝအတ္တကို ဣဿရ၊ သို့မဟုတ် ပရမအတ္တနှင့် ပေါင်းဆုံနိုင်ရန် သမထကမ္မဋ္ဌာန်းများကို ဖော်ပြသောကျမ်း ဖြစ်သည်။ ယောဂအဘိဓမ္မာသည် သင်္ချာအဘိဓမ္မာကို အမှီပြုသည်။ ထိုယောဂအဘိဓမ္မာကို တည်ထောင်သူမှာ ပတဉ္ဇလီရသေ့ဖြစ်သည်။ ရှေးအကျဆုံးသော ယောဂအဘိဓမ္မာစာအုပ်သည် ပတဉ္ဇလီရသေ့၏ “ယောဂသုတ္တ"ပင်ဖြစ်၏။ ဗျာသဆရာရေးသော “ဘာသာ” မည်သော ယောဂအဘိဓမ္မာအဖွင့်ကျမ်းနှင့် ဝိညာဏဘိက္ခု၏ အဘိဓမ္မာအဖွင့်ကျမ်းအပြင် ဝိညာဏဘိက္ခု၏ “ယောဂ ဝုတ္တိကာ"နှင့် “ယောဂသာရသင်္ဂဟ” စသော ကျမ်းများလည်း ရှိကြသေးသည်။

၅။ နိုင်ငံအုပ်ချုပ်ရေးကို ညွှန်ပြသော ရာဇနီတိ, အမျိုးလေးပါးတို့၏ ယဉ်ကျေးမှုကို ညွှန်ပြသော လောကနီတိ, အကျင့်သိက္ခာ စောင့်စည်းမှုကို ညွှန်ပြသော ဓမ္မနီတိစသော ကျမ်းများ။

၆။ အမြဲတည်တံ့၍ အားလုံးသော အရာတို့ထက် ထူးခြားသော ပထဝီ, အာပေါ, တေဇော, ဝါယော, အာကာသ, ကာလ, ဒိသာ, အတ္တမနဟူသော ပရမတ္ထတရား ကိုးမျိုးကို ခွဲခြားသိခြင်းအားဖြင့် သစ္စဉာဏ်ကို ရအပ်သည်ဟု ဖော်ပြသောကျမ်း။ ဤဝိသေသိကအဘိဓမ္မာကို ကဏာဒဟူ၍လည်းကောင်း၊ ကဏဘုဇဟူ၍လည်းကောင်း၊ ကဏဘက္ခဟူ၍လည်းကောင်း ထင်ရှားသော ရသေ့ပညာရှိ တီထွင်အပ်သည်။ ၎င်း၏ အမည်ရင်းမှာ ကဿပဖြစ်သော်လည်း ဖော်ပြပါ ပရမတ္ထတရားတို့ကို အဏုမြူခေါ် အသေးငယ်ဆုံး အစိတ်အပိုင်းတိုင်အောင် ခွဲခြမ်းစိတ်ဖြာ၍ ဖော်ပြနိုင်သောကြောင့် အဏုမြူကိုစားသူဟု အဓိပ္ပါယ်ရှိသော ကဏာဒ, ကဏဘုဇ, ကဏဘက္ခ အမည်များဖြင့် ထင်ရှားနေရပေသည်။

၇။ ဂဏန်းဖြင့် တွက်ချက်သော ဂဏန်းသင်္ချာ, အက္ခရာဖြင့် တွက်ချက်သော အက္ခရသင်္ချာ, အရေးအကြောင်းဖြင့် တွက်ချက်သော ရေခသင်္ချာ (ဂဲဩမေထရီ)။ ဂဏိကဟု ပုဒ်နေရှိတတ်သည်။ များစွာသော သင်္သကရိုက်မူ၊ ပြာကရိုက်မူတို့၌ ဂဏိတချည်းသာ ရှိကြသည်။

၈။ ဆာမိုနာဝီလျံ၏ အဘိဓာန်၌ အနက်များစွာ ဖွင့်ဆို၏။ ၎င်းတို့တွင် နတ်သီချင်းသည်, နတ်အတီးအမှုတ်သည်ဟု ပါရှိသည်။ ဂန္ဓဗ္ဗ ဝိဇ္ဇာပုဒ်၏ အနက်ကိုကား အတီးအမှုတ် တူရိယာပညာဟု ဖွင့်ဆိုသည်။ အဘယာရာမဆရာတော်၏ အဘိဓာန် နိဿယသစ်၌ ဂန္ဓဗ္ဗဗေဒကို သံဂီတကျမ်းဟုပြန်ဆို၍၊ အရှင်အာဒိစ္စဝံသ၏ မိလိန္ဒပဥှာနိဿယ၌ ဂန္ဓဗ္ဗကို သံဂီတမူလကျမ်းဟု ပြန်ဆိုသည်။ ၎င်းသံဂီတပုဒ်ကို သံဂီတရတ္နာကရ၌ “နစ္စံ ဂီတံ တထာဝါဒျံ (ဝဇ္ဇံ)၊ တယံ သံဂီတ မုစ္စတေ”ဟု ကခြင်း၊ သီဆိုခြင်း၊ တီးမှုတ်ခြင်း သုံးမျိုးလုံးကို သံဂီတခေါ်ကြောင်း ပြဆို၍ ဆာမိုနာဝီလျံက သာမန် သီဆို, တီးမှုတ်ခြင်း အပြင် အစုအဖွဲ့နှင့် တစ်စုတစ်ပေါင်းတည်း သံပြိုင် သီဆို, တီးမှုတ်, ကခုန်ခြင်းဟု ပြန်ဆိုသည်။

၉။ စရက, သုဿုတ, ဘာဝပ္ပကာသ စသော ဆေးကျမ်းများဟု ပြန်ဆိုကြသည်။

၁၀။ လေးအတတ်ကို ပြသောကျမ်း။ စတုဗ္ဗေဒဟု ပါဌ်ရှိနေတတ်သည်။ စတုဗ္ဗေဒဆိုလျှင် ဝေဒလေးကျမ်းကို ဆိုသဖြင့် သုတိ၌ ပါဝင်ပြီးဖြစ်သည်။ သင်္သကရိုက်ကျမ်းအားလုံးတွင် ဓနုဗ္ဗေဒချည်းသာရှိသည်။

၁၁။ ရှေးဟောင်း ကမ္ဘာ့အဖြစ်သနစ် အခြင်းအရာ အစုံအလင် ပုရာဏ်ကျမ်းသည် တစ်ဆယ့်ရှစ်ကျမ်း ရှိသည်ဟု ဆိုသည်။

၁၂။ “ဤသို့ ဖြစ်သတတ်”ဟု ပြောဆိုလေ့ရှိသော မဟာဘာရတ စသည်ရာဇဝင် ပုံပြင် နိပါတ်နှင့် ရှေးစကားများ။

၁၃။ ကောင်းကင်ရှိ နေ၊ လ၊ ဂြိုဟ်၊ နက္ခတ်တို့၏ အသွားအလာကို တွက်ချက်ဟောပြောသော သူရိယသိဒ္ဓန္တ စသော ကျမ်းမျိုးများ။

၁၄။ လိမ်လည်ကောက်ကျစ်ခြင်း, မျက်လှည့်ပြခြင်း အနက်များကိုသာ အဓိပ္ပါယ် ကောက်ယူလေ့ ရှိကြသည်။ မင်း၏ ဂုဏ်ကို ပြသော နေရာဖြစ်၍ ရာဇမာယာဟု ဆိုအပ်သော ပရိယာယ် ဥပါယ်မျိုးကိုယူလျှင် သင့်မည်ဟု ထင်သည်။ ဥပါယ်လေးမျိုးကား ဘေဒဥပါယ်, သာမဥပါယ်, ဒါနဥပါယ်, ဒဏ္ဍဥပါယ်တို့ ဖြစ်ကြ၏။

၁၅။ ဆာမိုနာဝီလျံ၏ အဘိဓာန်၌ အကျိုးအကြောင်း, ဆင်ခြင်တုံပညာ, အခြေအတင်, ဝေဖန်စီစစ်ခြင်းပညာဟု အဓိပ္ပါယ် ပြန်ဆိုသည်။ ကေတုဟု ပုဒ်နေရှိတတ်သည်။ ကေတုသဒ္ဒါသည် ကိတ်ဂြိုဟ်, အန္တလိက္ခကိတ်, ဘောမကိတ် စသော အနက်ကို ဟောသည်။ ၎င်းတို့အကြောင်းကို တွက်ချက်ဟောပြောသော ကျမ်းဟု ဆိုလိုလျှင်လည်း ဤအချက်သည် ဇောတိသကျမ်း၌ ပါဝင်ပြီးဖြစ်၍ ပုနရုတ္တိ ဖြစ်ဖွယ်ရှိပေသည်။ ၎င်းပြင် ကေတုကို “ကေတုဘ” ဖြစ်သင့်သည်ဟု ကြံ၍ “အလင်္ကာကျမ်း”ဟု အနက်ဆိုကြပြန်သည်။ မုဒ္ဓဇနှင့် ကေဋုဘ သည်သာ အလင်္ကာကျမ်းဟု အနက်ထွက်၍ ဒန္တဇနှင့် ကေတုဘသည် မိုးတိမ်ဟူသော အနက်ထွက်ရကား ဤနေရာနှင့် ကွာလှမ်းလွန်းလှ၏။ ထို့ကြောင့် ဟေတုသည်သာ ဤနေရာနှင့် သင့်မြတ်ပေသည်။ တရုတ်ရဟန်းတော် ဟီယန်ဆင်သည် နာဠန္ဒတက္ကသိုလ်၌ ပညာသင်ယူစဉ် သင်ယူရသော ပညာရပ်တို့တွင် ဤဟေတုဝိဇ္ဇာခေါ် တက္ကဗေဒပညာရပ် တစ်ရပ်လည်း ပါဝင်ကြောင်းနှင့် ၎င်း၏ မှတ်တမ်းတွင် ပါရှိသည်။

--

၁၆။ ဂါထာ မန္တာန် သရဇ္ဈာယ်နည်း, ယဇ်ပူဇော်နည်း စသည်များ။

၁၇။ စစ်နှင့် ဆိုင်သော အတတ်ကို ပြသော ကျမ်း။

၁၈။ ဝေဒဆိုင်ရာ ဂါထာကျမ်းနှင့် ကဗျာလင်္ကာအစီအကုံးဆိုင်ရာ ကျမ်းများ။

ပညာရှိစူးစမ်းခန်း

။ ထိုအခါ တစ်နေ့သ၌ မိလိန္ဒမင်းသည် များစွာသော စစ်သည်, ဗိုလ်ပါ, ဆင်ယာဉ်, မြင်းယာဉ် စသည့် စစ်အင်္ဂါလေးပါးရှိသော စစ်အင်ကျင်းပပွဲကို ရှုစားတော်မူလိုသဖြင့် သာဂလမြို့မှ ထွက်တော်မူ၍၊ မြို့၏ ပြင်ပ၌ စစ်အင်ကျင်းပပွဲကို ရှုစားတော်မူ၍ ပြီးဆုံးလတ်သော် စကားပြောဆိုလိုသော ထိုမိလိန္ဒမင်းသည် လောကကို ချဲ့ထွင်တတ်သူ၊ ပညာရှိတို့၏ စိတ်နှလုံးကို တုန်လှုပ်စေတတ်သောသူတို့နှင့် ဆွေးနွေးပြောဆိုမှု၌ စိတ်အားထက်သန်သည်ဖြစ်ရကား ရဲရဲရင့်ရင့် တင့်တယ်စံပယ်လျက် နေကို မော့ကြည့်ပြီးလျှင် အမတ်တို့ကို ပြောဆိုတိုင်ပင်တော်မူ၏ “အချင်းအမတ်တို့ အချိန်များစွာ ကျန်ရှိသေး၏။ အဘယ်ကို ပြုလုပ်ရကုန်အံ့နည်း။ ယခုပင်လျှင် မြို့တွင်းသို့ ဝင်၍ တပည့်သံဃာရှိသော၊ ဂိုဏ်းရှိသော၊ ဂိုဏ်းဆရာ ဖြစ်သော၊ ပူဇော်အထူးကို ခံထိုက်၍ သမ္မာသမ္ဗုဒ္ဓဟူ၍ပင် ဝန်ခံသော သမဏဖြစ်စေ၊ ဗြာဟ္မဏဖြစ်စေ တစ်စုံတစ်ယောက်သော ပညာရှိသူသည် ရှိသည်ဖြစ်ရာ၏။ အကြင်ပညာရှိသည် ငါနှင့် အတူတကွ ပြောဆို တိုင်ပင်ခြင်းငှါ၊ ငါ၏ ယုံမှား ‘ကင်္ခါ’ ကို ပယ်ဖျောက်ခြင်းငှါ စွမ်းနိုင်၏။ ထိုပညာရှိထံသို့ ချဉ်းကပ်၍ အမေးပုစ္ဆာပြဿနာကို မေးမြန်းကုန်အံ့။ ယုံမှား ‘ကင်္ခါ’ ကို ပယ်ဖျောက်ကုန်အံ့”ဟု (ပြောဆိုတိုင်ပင်တော်မူ၏)။

ဤသို့ ပြောဆိုလတ်သော် ငါးရာသော ယောနကအမတ်တို့သည် မိလိန္ဒမင်းအား ဤသို့သော စကားကို လျှောက်ထားကြကုန်၏ “မင်းမြတ် ပူရဏကဿပ၊ မက္ခလိဂေါသာလ၊ နိဂဏ္ဌနာဋပုတ္တ၊ သဉ္ဇယဗေလဋ္ဌပုတ္တ၊ အဇိတကေသကမ္ဗလ၊ ပကုဓကစ္စာယနဟု ခြောက်ဦးသော ဂိုဏ်းဆရာကြီးတို့သည်၁ ရှိကြပါကုန်၏။ ထိုသူတို့သည် တပည့်အပေါင်းနှင့် ပြည့်စုံကုန်၏။ ဂိုဏ်းနှင့်လည်း ပြည့်စုံကုန်၏။ ဂိုဏ်းဆရာတို့လည်း ဖြစ်ကုန်၏။ ထင်ရှားကြပါကုန်၏။ ကျော်စောကြပါကုန်၏။ အယူဝါဒတီထွင်သူတို့ ဖြစ်ကြ ပါကုန်၏။ လူအများက သူတော်ကောင်းဟု သမုတ်ထားသူတို့ ဖြစ်ကြပါကုန်၏။ မင်းမြတ် အရှင်မင်းမြတ် သည် ကြွချီတော်မူပါ။ ထိုဂိုဏ်းဆရာကြီးတို့အား အမေးပုစ္ဆာပြဿနာကို မေးမြန်းတော်မူပါ။ ယုံမှား ‘ကင်္ခါ’ ကို ပယ်ဖျောက်တော်မူပါ”ဟု (လျှောက်ထားကြကုန်၏)။

၁။ ဘုရားလက်ထက်ကရှိသော ဂိုဏ်းဆရာကြီးခြောက်ဦးတို့၏ အဆက်အနွယ်များ ဖြစ်ကြသည်။

--

ပူရဏကဿပသို့ မေးမြန်းခန်း

။ ထိုအခါ မိလိန္ဒမင်းသည် ယောနကအမတ်ငါးရာခြံရံလျက် ကောင်းသော မြင်းယာဉ် က,သော ရထားမြတ်ကို တက်စီး၍ ပူရဏကဿပထံသို့ ချဉ်းကပ်လေ၏။ ချဉ်းကပ်ပြီးသော် ပူရဏကဿပနှင့် အတူတကွ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏။ အသက်ထက်ဆုံး အောက်မေ့အပ်သော နှစ်သက် ဝမ်းမြောက်ဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် သင့်လျော်လျောက်ပတ်သော နေရာအရပ်၌ ထိုင် နေပြီးသော် “အသျှင်ကဿပ အဘယ်သည် လောကကို စောင့်ရှောက်ပါသနည်း”ဟု မေးမြန်းပြောဆို၏။ မင်းမြတ် မြေကြီးသည် လောကကို စောင့်ရှောက်ပါ၏ဟု ဖြေဆို၏။ အသျှင်ကဿပ မြေကြီးသည် လောကကို စောင့်ရှောက်သည်ဖြစ်ခဲ့မူ အဝီစိငရဲကြီးသို့ ကျရောက်သော သတ္တဝါတို့သည် မြေကြီးကို ကျော်လွန်၍ အဘယ့်ကြောင့် ကျရောက်ရပါကုန်သနည်းဟု မေးမြန်းပြောဆိုပြန်၏။ ဤသို့ မေးမြန်း ပြောဆိုလတ်သော် ပူရဏကဿပသည် မထွေးနိုင်, မမျိုနိုင်၊ မျက်နှာအောက်ချကာ ဦးခေါင်းငိုက်စိုက် တိတ်ဆိတ်စွာ ကြံမှိုင်လျက် နေလေ၏။

မက္ခလိဂေါသာလသို့ မေးမြန်းခန်း

။ ထိုသို့ မေးမြန်းပြီးနောက် မိလိန္ဒမင်းသည် မက္ခလိဂေါသာလကို “အသျှင်ဂေါသာလ ကုသိုလ်ကံ၊ အကုသိုလ်ကံတို့သည် ရှိပါကုန်သလော။ ကောင်းမှု၊ မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် ရှိပါ သလော”ဟု မေးမြန်းပြောဆို၏။ မင်းမြတ် ကုသိုလ်ကံ၊ အကုသိုလ်ကံတို့သည် မရှိပါကုန်။ ကောင်းမှု၊ မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် မရှိပါ။ မင်းမြတ် ဤလောက၌ (ရှိသော) မင်းမျိုးတို့သည် တစ်ပါးသော လောကသို့ ပြောင်း သွားကုန်သော်လည်း တစ်ဖန် မင်းမျိုးတို့သာ ဖြစ်ကြရပါကုန်လတ္တံ့။ ပုဏ္ဏား၊ကုန်သည်၊ သူဆင်းရဲ၊ ဒွန်းစဏ္ဍား၊ ပန်းမှိုက်သွန်မျိုးတို့သည် တစ်ပါးသော လောကသို့ ပြောင်းသွားကုန်သော်လည်း တစ်ဖန် ပုဏ္ဏား၊ကုန်သည်၊ သူဆင်းရဲ၊ ဒွန်းစဏ္ဍား၊ ပန်းမှိုက်သွန်မျိုးတို့သာ ဖြစ်ကြရပါကုန်လတ္တံ့။ ကုသိုလ်ကံ၊ အကုသိုလ်ကံတို့ဖြင့် အဘယ်အကျိုးရှိပါအံ့နည်းဟု ဖြေဆို၏။ အသျှင်ဂေါသာလ ဤလောက၌ (ရှိသော) မင်း၊ ပုဏ္ဏား၊ကုန်သည်၊ သူဆင်းရဲ၊ ဒွန်းစဏ္ဍား၊ ပန်းမှိုက် သွန်မျိုးတို့သည် တစ်ပါးသော လောကသို့ ပြောင်းသွားကုန်သော်လည်း တစ်ဖန် မင်း၊ ပုဏ္ဏား၊ကုန်သည်၊ သူဆင်းရဲ၊ ဒွန်းစဏ္ဍား၊ ပန်းမှိုက်သွန်မျိုးတို့သာ အကယ်၍ ဖြစ်ကြရကုန်မူ၊ ကုသိုလ်ကံ၊ အကုသိုလ်ကံတို့ဖြင့် ပြုလုပ်ဖွယ်သည် အကယ်၍ မရှိခဲ့မူ အသျှင်ဂေါသာလ ဤလောက၌ ရှိသော လက်ပြတ်သူတို့သည် တစ်ပါးသော လောကသို့ ပြောင်းသွားကုန်သော်လည်း တစ်ဖန် လက်ပြတ် သူတို့ပင် ဖြစ်ရကုန်လိမ့်တကား။ ခြေပြတ်သောသူတို့သည် ထိုခြေပြတ်သောသူတို့သာ ဖြစ်ရကုန်လိမ့်တကား။ လက်,ခြေ ပြတ်သောသူတို့သည် လက်,ခြေပြတ်သောသူတို့သာ ဖြစ်ရကုန်လိမ့်တကား။ နားပြတ်သောသူတို့သည် နားပြတ်သောသူတို့သာ ဖြစ်ရကုန်လိမ့်တကား။ နှာခေါင်းပြတ်သောသူတို့သည် နှာခေါင်းပြတ်သောသူတို့ပင် ဖြစ်ရကုန်လိမ့်တကား။ နား,နှာခေါင်းပြတ်သောသူတို့သည် နား, နှာခေါင်းပြတ်သောသူတို့ပင် ဖြစ်ရကုန်လိမ့်တကားဟု ဤသို့ ပြောဆိုသည်ရှိသော် ဂေါသာလသည် စကားမပြော တိတ်ဆိတ်၍ နေ၏။

--

ထိုအခါ၌ မိလိန္ဒမင်းအား ဤသို့သော တွေးတောမှု ဖြစ်လေ၏ “အချင်းတို့ ဇမ္ဗူဒိပ်ကျွန်းသည် အချည်းနှီးဖြစ်လေစွ။ အချင်းတို့ ဇမ္ဗူဒိပ်ကျွန်းသည် အဖျင်းအတိ ဖြစ်လေစွ။ ငါနှင့် ဖက်ပြိုင် ပြောဆိုခြင်းငှါ ငါ၏ ယုံမှား ‘ကင်္ခါ’ ကို ပယ်ဖျောက်ခြင်းငှါ စွမ်းနိုင်သည့် တစ်စုံတစ်ယောက်သော သမဏ သော်လည်းကောင်း၊ ဗြာဟ္မဏသော်လည်းကောင်း မရှိတော့ချေ”ဟု တွေးတောမှု ဖြစ်လေ၏။

ထို့နောက် မိလိန္ဒမင်းသည် အမတ်တို့ကို ပြောဆိုမေးမြန်းတော်မူ၏ “အချင်းတို့ ညဉ့်သည် အပြစ် ကင်း၍ မွေ့လျော်ဖွယ်ရှိစွတကား။ ယခုအခါကာလ၌ အဘယ်သမဏ, ဗြာဟ္မဏသို့ အမေးပုစ္ဆာ ပြဿနာ မေးရန် ဆည်းကပ်ရပါအံ့နည်း။ အဘယ်သမဏ, ဗြာဟ္မဏသည် ငါနှင့် ဖက်ပြိုင်ပြောဆိုခြင်းငှါ ငါ၏ ယုံမှား ‘ကင်္ခါ’ ကို ပယ်ဖျောက်ခြင်းငှါ စွမ်းနိုင်မည်နည်း”ဟု (ပြောဆိုမေးမြန်းတော်မူ၏)။ ဤသို့ မေးမြန်း လတ်သော် အမတ်တို့သည် ဆိတ်ဆိတ်ဖြစ်ကုန်၍ မိလိန္ဒမင်း၏ မျက်နှာကို မော့ကြည့်ကုန်လျက် ရပ်တည် နေကြကုန်၏။

ထိုအခါ သာဂလမြို့သည် တစ်ဆယ့်နှစ်နှစ်သို့တိုင်တိုင် သမဏပညာရှိ၊ ဗြာဟ္မဏပညာရှိ၊ ဂဟပတိ ပညာရှိတို့မှ ဆိတ်သုဉ်း၏။ အကြင်အရပ်၌ သမဏပညာရှိ၊ ဗြာဟ္မဏပညာရှိ၊ ဂဟပတိပညာရှိတို့သည် နေကြကုန်၏ဟု သတင်းကြား၏။ ထိုအရပ်သို့ သွားရောက်၍ မိလိန္ဒမင်းသည် ထိုပညာရှိတို့ကို ပြဿနာ မေး၏။ ထိုပညာရှိအားလုံးတို့သည်လည်း ပြဿနာကို ဖြေဆိုခြင်းဖြင့် မိလိန္ဒမင်းကို နှစ်ခြိုက်စေခြင်းငှါ မတတ်နိုင်ကုန်သည်ဖြစ်၍ ထိုထိုအရပ်မျက်နှာသို့ ဖဲသွားကြရကုန်၏။ အကြင်ပညာရှိတို့သည် သာဂလ ပြည်မှ တစ်ပါးသော အရပ်သို့ မသွားကုန်။ ထိုပညာရှိအားလုံးတို့သည် တိတ်ဆိတ်စွာ နေကြရကုန်၏။ ရဟန်းတို့ကား များသောအားဖြင့် ဟိမဝန္တာသို့သာ ကြွသွားကြကုန်၏။

--

နာဂသေနနတ်သားကို တောင်းပန်ခန်း

။ ထိုသို့ သာဂလပြည်ဝယ် ပညာရှိဆိတ်သုဉ်းသော အခါ၌ များစွာကုန်သော ရဟန္တာတို့သည် ဟိမဝန္တာတောင်, ရက္ခိတမည်သောကုန်းပြင်၌ (သီတင်းသုံး) နေထိုင်ကြကုန်၏။ ထိုအခါ အသျှင် အဿဂုတ္တမထေရ်သည် ဒိဗ္ဗသောတအဘိညာဏ်ဖြင့် မိလိန္ဒမင်း၏ ညည်းတွားသော စကားကို ကြားရ၍ ယုဂန္ဓိုရ် တောင်ထိပ်၌ ရဟန်းအပေါင်းကို စည်းဝေးစေပြီးလျှင် “ငါ့သျှင်တို့ မိလိန္ဒမင်းနှင့် ဖက်ပြိုင် ပြောဆိုခြင်းငှါ၊ မိလိန္ဒမင်း၏ ယုံမှား ‘ကင်္ခါ’ ကို ပယ်ဖျောက်ခြင်းငှါ စွမ်းဆောင်နိုင်သော တစ်စုံတစ်ဦးသော ရဟန်းရှိသလော”ဟု ရဟန်းတို့ကို မေးတော်မူ၏။

ဤသို့ မေးတော်မူသော် များစွာကုန်သော ရဟန္တာတို့သည် ဆိတ်ဆိတ်နေကြကုန်၏။ နှစ်ကြိမ်, သုံးကြိမ်မေးမြန်းအပ်ကုန်သော်လည်း ဆိတ်ဆိတ်ပင် နေကြကုန်၏။ ထိုအခါ အသျှင်အဿဂုတ္တသည် ရဟန်းသံဃာအား “ငါ့သျှင်တို့ တာဝတိံသာနတ်ဘုံ သိကြားနတ်မင်း၏ ဗိမာန် ဝေဇယန္တာပြာသာဒ်၏ အရှေ့မျက်နှာအရပ်၌ ကေတုမတီမည်သော ဗိမာန်သည် ရှိ၏။ ထိုကေတုမတီဗိမာန်၌ မဟာသေနမည်သော နတ်သားသည် နေ၏။ ထိုမဟာသေနနတ်သားသည် မိလိန္ဒမင်းနှင့် ဖက်ပြိုင်ပြောဆိုခြင်းငှါ၊ မိလိန္ဒမင်း၏ ယုံမှား ‘ကင်္ခါ’ ကို ပယ်ဖျောက်ခြင်းငှါ စွမ်းဆောင်နိုင်၏”ဟု ပြောကြားတော်မူ၏။

ထို့နောက် များစွာကုန်သော ရဟန္တာတို့သည် ယုဂန္ဓိုရ်တောင်ထိပ်မှ ကွယ်ခဲ့ကုန်၍ တာဝတိံသာ နတ်ပြည်၌ ထင်ရှားဖြစ်ကုန်၏။ နတ်တို့အရှင် သိကြားမင်းသည် ကြွလာသော ရဟန်းတို့ကို အဝေးမှပင် မြင်၍ အသျှင်အဿဂုတ္တရှိရာ အရပ်သို့ ချဉ်းကပ်ပြီးသော် အသျှင်အဿဂုတ္တကို ရှိခိုး၍ သင့်လျော်သော နေရာ၌ ရပ်၏။ သင့်လျော်သော နေရာ၌ ရပ်ပြီးသော် နတ်တို့အရှင် သိကြားမင်းသည် အသျှင် အဿဂုတ္တအား “အသျှင်ဘုရား များပြားလှစွာသော ရဟန်းသံဃာသည် ကြွရောက်တော်မူလာ၏။ အကျွန်ုပ်သည် သံဃာတော်၏ အရံစောင့် ဖြစ်ပါ၏။ အဘယ်ဝတ္ထုဖြင့် အလိုရှိပါသနည်း။ အကျွန်ုပ်သည် အဘယ်ကို ပြုရပါအံ့နည်း”ဟု (လျှောက်၏)။

ထိုအခါ အသျှင်အဿဂုတ္တသည် နတ်တို့အရှင် သိကြားမင်းအား “မင်းမြတ် ဇမ္ဗူဒိပ်ကျွန်း သာဂလ ပြည်၌ မိလိန္ဒအမည်ရှိသော ဤမင်းသည် ပညာရှိတို့ စိတ်နှလုံးကို တုန်လှုပ်အောင် ပြောဆိုတတ်၏။ သူတစ်ပါးတို့က ညှဉ်းဆဲနိုင်ခဲ၏။ သူတစ်ပါးတို့က နှိမ်နင်းခြင်းငှါ ခက်ခဲ၏။ များစွာသော အယူကို တီထွင်သူတို့တွင် အထွတ်အမြတ်ဟု ဆိုထိုက်၏။ ထိုမိလိန္ဒမင်းသည် ရဟန်းသံဃာကို ဆည်းကပ်၍ အယူဝါဒကို ပြောဆိုသဖြင့် အမေးပုစ္ဆာ ပြဿနာကို မေးလျက် ရဟန်းသံဃာကို ညှဉ်းဆဲနှိပ်စက် နေပါ၏”ဟု (ဆို၏)။

ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် အသျှင်အဿဂုတ္တအား “အသျှင်ဘုရား ဤမိလိန္ဒမင်းသည် ဤ (တာဝတိံသာ) နတ်ပြည်မှ စုတေ၍ လူ့ပြည်၌ ဖြစ်ပါ၏။ အသျှင်ဘုရား ကေတုမတီအမည်ရှိသော ဗိမာန်၌ မဟာသေနအမည်ရှိသော ဤနတ်သားသည် နေပါ၏။ ထိုမဟာသေနနတ်သားသည် ထိုမိလိန္ဒမင်းနှင့် ဖက်ပြိုင်ပြောဆိုခြင်းငှါ၊ ယုံမှား ‘ကင်္ခါ’ ကို ပယ်ဖျောက်ခြင်းငှါ စွမ်းဆောင်နိုင်ပါ၏၊ ထိုနတ်သားကို လူ့ပြည်၌ဖြစ်ရန် တောင်းပန်ကြပါကုန်စို့”ဟု လျှောက်၏။

ထို့နောက် နတ်တို့အရှင် သိကြားမင်းသည် ရဟန်းသံဃာကို ရှေ့သွားပြု၍ ကေတုမတီဗိမာန်သို့ ဝင်ပြီးလျှင် မဟာသေနနတ်သားကို လည်ဖက်လျက် “အဆွေမဟာသေနနတ်သား သင့်ကို ရဟန်းသံဃာ သည် လူ့ပြည်၌ ဖြစ်ရန် တိုက်တွန်းပါ၏”ဟု ပြောဆို၏။ “အရှင်သိကြားမင်း အမှုကိစ္စများလှသော လူ့ပြည်လောကဖြင့် အကျွန်ုပ် အလိုမရှိပါ။ လူ့ပြည်လောကသည် (လောဘစသည်) ထက်သန်လှချေ၏။ အရှင်သိကြားမင်း အကျွန်ုပ်သည် ဤနတ်ပြည်လောက၌ပင် အဆင့်ဆင့်ဖြစ်ပြီးလျှင် ပရိနိဗ္ဗာန်ပြုလိုပါ၏”ဟု ပြောဆို၏။ နတ်တို့အရှင် သိကြားမင်းသည် နှစ်ကြိမ်,သုံးကြိမ်တောင်းပန်အပ်သော် မဟာသေနနတ်သား သည် “အရှင်သိကြားမင်း အမှုကိစ္စ့များလှသော လူ့ပြည်လောကဖြင့် အကျွန်ုပ် အလိုမရှိပါ။ လူ့ပြည် လောကသည် (လောဘစသည်) ထက်သန်လှချေ၏။ အရှင်သိကြားမင်း အကျွန်ုပ်သည် ဤနတ်ပြည် လောက၌ပင် အဆင့်ဆင့်ဖြစ်ပြီးလျှင် ပရိနိဗ္ဗာန်ပြုလိုပါ၏”ဟု ပြောဆို၏။

--

ထိုသို့ သုံးကြိမ်တိုင် ငြင်းပယ်သောအခါ အသျှင်အဿဂုတ္တသည် မဟာသေနနတ်သားအား “သူတော် ကောင်းနတ်သား နတ်နှင့်တကွသော လောကကို အစဉ်လျှောက်၍ ကြည့်ကုန်သော် သင် နတ်သားမှ တစ်ပါး မိလိန္ဒမင်း၏ အယူဝါဒကို နှိမ်နင်းဖျက်ဆီး၍ သာသနာတော်ကို ချီးမြှောက်ခြင်းငှါ စွမ်းနိုင်မည့်သူ တစ်စုံတစ်ယောက်ကိုမျှ ငါတို့ မမြင်မိကုန်။ သူတော်ကောင်းနတ်သား ရဟန်းသံဃာသည် သင်နတ်သားကို တိုက်တွန်း တောင်းပန်ပါ၏။ သူတော်ကောင်းနတ်သား တောင်းပန်ပါ၏။ လူ့ပြည်လောက၌ ဖြစ်၍ မြတ်စွာဘုရား၏ သာသနာတော်ကို ထောက်ပံ့ချီးမြှင့်ပါလော့”ဟု တိုက်တွန်းပြောဆို၏။ ဤသို့ ပြောဆို လတ်သော် မဟာသေနနတ်သားသည် “ငါကား မိလိန္ဒမင်း၏ အယူဝါဒကို ဖျက်ဆီး၍ မြတ်စွာဘုရား သာသနာတော်ကို ချီးမြှောက်ခြင်းငှါ စွမ်းဆောင်နိုင်သူ ဖြစ်သတတ်”ဟု အလွန် ရွှင်ပျဝမ်းမြောက်သော စိတ်ရှိသည် ဖြစ်၍ “အသျှင်ဘုရားတို့ ကောင်းလှပါပြီ၊ အကျွန်ုပ်သည် လူ့ပြည်လောက၌ ဖြစ်ပါတော့အံ့”ဟု ဝန်ခံ၏။

အသျှင်ရောဟဏကို ဒဏ်ပေးခန်း

။ ထိုအခါ ထိုရဟန်းတို့သည် နတ်ပြည်၌ ထိုကိစ္စကို ပြီးဆုံးစေ၍၊ တာဝတိံသာနတ်ပြည်တို့မှ ကွယ်ခဲ့ကုန်ပြီးလျှင်၊ ဟိမဝန္တာတောင်, ရက္ခိတကုန်းပြင်၌ ထင်ရှားဖြစ်ကုန်၏။

ထိုအခါ အသျှင်အဿဂုတ္တမထေရ်သည် ရဟန်းသံဃာအား “ငါ့သျှင်တို့ ဤရဟန်းသံဃာ၌ အစည်း အဝေးသို့ မလာသော ရဟန်းတစ်ဦးတစ်ယောက် ရှိပါသလော”ဟု ပြောဆို၏။ ဤသို့ ဆိုသည်ရှိသော် ရဟန်းတစ်ပါးက အသျှင်အဿဂုတ္တအား “အသျှင်ဘုရား ရှိပါ၏၊ အသျှင်ရောဟဏသည် ဤနေ့မှစ၍ ခုနစ်ရက်က ဟိမဝန္တာတောင်သို့ ဝင်၍ နိရောဓသမာပတ်ကို ဝင်စားနေထိုင်ပါ၏၊ ထိုရဟန်း၏ အထံသို့ တမန်စေလွှတ်တော်မူပါကုန်လော့”ဟု လျှောက်၏။ အသျှင်ရောဟဏသည်လည်း ထိုခဏ၌ပင် နိရောဓ သမာပတ်မှ ထ၍ “သံဃာသည် ငါ့ကို မျှော်လင့်တောင့်တ၏”ဟု ဟိမဝန္တာတောင်မှ ကွယ်ခဲ့ပြီးလျှင် ရက္ခိတကုန်းပြင်၌ သီတင်းသုံးနေကြသော များစွာသော ရဟန္တာတို့၏ ရှေ့၌ ထင်ရှားဖြစ်ပေါ်၏။

ထိုအခါ အသျှင်အဿဂုတ္တသည် အသျှင်ရောဟဏအား “ငါ့သျှင်ရောဟဏ မြတ်စွာဘုရား သာသနာ တော် ပျက်စီးသည်ရှိသော် သံဃာပြုရမည့် ကိစ္စတို့ကို မမြင်သလော”ဟု ပြောဆို၏။ အသျှင်ဘုရား အကျွန်ုပ် နှလုံးမသွင်းခဲ့မိပါဟု လျှောက်ထား၏။

ယင်းသို့ နှလုံးမသွင်းမိခဲ့မူ ဒဏ်ထမ်းခြင်းအမှုကို ပြုလော့ဟု မိန့်တော်မူ၏။ အသျှင်ဘုရား အဘယ်အမှုကို ပြုရပါအံ့နည်းဟု လျှောက်ထား၏။ “ငါ့သျှင်ရောဟဏ ဟိမဝန္တာတောင်ခြေရင်း၌ ဂဇင်္ဂလ အမည်ရှိသော ပုဏ္ဏားရွာသည် ရှိ၏။ ထိုပုဏ္ဏားရွာ၌ သောဏုတ္တရအမည်ရှိသော ပုဏ္ဏားသည် နေ၏။ ထိုပုဏ္ဏားအား နာဂသေနအမည်ရှိသော သားသူငယ်သည် ဖြစ်ပေါ်မွေးဖွားလတ္တံ့။ ငါ့သျှင်ရောဟဏ ထိုသို့ မွေးဖွားမည်ဖြစ်သောကြောင့် သင်သည် ခုနစ်နှစ်, ဆယ်လတို့ပတ်လုံး ထိုပုဏ္ဏားအိမ်သို့ ဆွမ်းခံဝင်၍ နာဂသေနအမည်ရှိသောသူငယ်ကို လူ့ဘောင်မှ ထုတ်နုတ်လျက် ရှင်သာမဏေပြုစေလော့၊ ထိုနာဂသေန ရှင်သာမဏေပြုပြီးမှသာ သင်သည် ဒဏ်ထမ်းသော အမှုမှ လွတ်လတ္တံ့”ဟု မိန့်တော်မူ၏။ အသျှင် ရောဟဏသည်လည်း “ကောင်းပါပြီ”ဟု ဝန်ခံလေ၏။ ။

--

နာဂသေနသူငယ် ဖွားမြင်ခန်း

၁၀။ မဟာသေနနတ်သားသည်လည်း နတ်ပြည်မှ စုတေရွေ့လျောခဲ့၍ သောဏုတ္တရပုဏ္ဏား၏ ခင်ပွန်းမ့ဝမ်း၌ ပဋိသန္ဓေကို ယူ၏။ ပဋိသန္ဓေယူသည်နှင့် တစ်ပြိုင်နက် လက်နက်ဘဏ္ဍာတို့သည် ထွန်း တောက်ပကုန်၏။ မြတ်သော ကောက်စပါးသည် ပြည့်စုံ၏။ မိုးကြီး သည်းထန်စွာ ရွာသွန်း၏။ ဤသို့ အံ့ဖွယ်သရဲ မဖြစ်ဖူးမြဲ ထူးကဲသော ဖြစ်ပေါ်ခြင်းသဘောသုံးမျိုးတို့သည် ထင်ရှားဖြစ်ကုန်၏။

အသျှင်ရောဟဏသည်လည်း ထိုနာဂသေနသူငယ် ပဋိသန္ဓေယူသောနေ့မှစ၍ ခုနစ်နှစ်, ဆယ်လတို့ပတ်လုံး ထိုပုဏ္ဏားအိမ်သို့ ဆွမ်းခံဝင်သော်လည်း တစ်ယောက်မ, မျှလောက်သော ဆွမ်းကိုသော်လည်းကောင်း၊ တစ်ယောက်ချိုမျှလောက်သော ယာဂုကိုသော်လည်းကောင်း၊ ရှိခိုးခြင်းကိုသော်လည်းကောင်း၊ လက်အုပ်ချီခြင်းကိုသော်လည်းကောင်း၊ အရိုအသေပြုခြင်းကိုသော်လည်းကောင်း တစ်နေ့မျှပင် မရခဲ့ချေ။ ဆဲရေးခြင်း, ကြိမ်းမောင်းခြင်းကိုသာလျှင် ရလေ၏။ “အသျှင် ကန်တော့ပါသေး၏”ဟူသော စကားကိုမျှလည်း ပြောဆိုသူမည်သည် မရှိခဲ့စဖူး။ ခုနစ်နှစ်, ဆယ်လတို့ လွန်သဖြင့် တစ်နေ့သ၌ “အသျှင် ကန်တော့ပါသေး၏”ဟူသော စကားမျှကို ရလေ၏။ ထိုနေ့၌ပင်လျှင် သောဏုတ္တရပုဏ္ဏားသည်လည်း အပြင်ပအလုပ်လုပ်ရာမှ လာသည်ရှိသော် ရောဟဏမထေရ်ကို ခရီးရင်ဆိုင် မြင်၍ “ရဟန်း ငါတို့၏ အိမ်သို့ ရောက်ခဲ့ပါ၏လော”ဟု မေး၏။ ပုဏ္ဏား ရောက်ခဲ့ပါကုန်၏။ တစ်စုံတစ်ခုမျှကို ရခဲ့ပါ၏လောဟု မေး၏။ ပုဏ္ဏား ရခဲ့ပါကုန်၏ဟု (ဖြေ၏)။ ထိုပုဏ္ဏားသည် နှလုံးမသာဘဲ အိမ်သို့ သွား၍ “ထိုရဟန်း အား တစ်စုံတစ်ခုကို ပေးမိသလော”ဟု မေး၏။ တစ်စုံတစ်ခုကိုမျှ မပေးပါကုန်ဟု ပြောကြားကုန်၏။ ပုဏ္ဏားသည် ဒုတိယနေ့၌ “ယနေ့ ရဟန်းကို မုသာဝါဒဖြင့် နှိပ်အံ့”ဟု အိမ်တံခါး၌သာလျှင် ထိုင်နေ၏။ ရောဟဏမထေရ်သည် ဒုတိယနေ့၌ ပုဏ္ဏား၏ အိမ်တံခါးသို့ ကြွရောက်၏။

ပုဏ္ဏားသည် မထေရ်ကို မြင်လျှင်မြင်ခြင်းပင်လျှင် “သင်တို့သည် ယမန်နေ့က ငါတို့၏ အိမ်၌ တစ်စုံတစ်ရာကိုမျှ မရဘဲလျက်သာလျှင် ‘ရကုန်၏ ‘ဟု ဆိုကုန်၏။ သင်ရဟန်းတို့အား မဟုတ်မမှန် ပြောဆိုခြင်းသည် အပ်သလော”ဟု ပြောဆို၏။ ရောဟဏမထေရ်က ပုဏ္ဏား “ငါတို့သည် သင်တို့အိမ်၌ ခုနစ်နှစ်, ဆယ်လတို့ပတ်လုံး ‘ကန်တော့ပါသေး၏’ဟူသော စကားကိုမျှလည်း မရစဖူး။ ယမန်နေ့က ‘အသျှင် ကန်တော့ပါသေး၏ ‘ဟူသော စကားမျှကို ရခဲ့ကုန်၏။ ထိုသို့ ရသောကြောင့် ထိုပဋိသန္ဓာရ စကားတစ်ခွန်းကို အကြောင်းပြု၍ ဤသို့ ရခဲ့ကုန်၏ဟူသော စကားကို ငါတို့ ဆိုကုန်၏”ဟု ပြော ဆို၏။

ပုဏ္ဏားသည် “ဤရဟန်းတို့ကား ပဋိသန္ဓာရစကားကို ရရုံမျှလည်း လူတို့၏ အလယ်၌ ‘ရကုန်၏’ဟု ချီးမွမ်းကြကုန်သေး၏။ တစ်ပါးသော တစ်စုံတစ်ခုသောခဲဖွယ်ကိုလည်းကောင်း၊ စားဖွယ်ကိုလည်းကောင်း ရသည်ရှိသော် အဘယ့်ကြောင့် မချီးမွမ်းဘဲ ရှိကုန်အံ့နည်း”ဟု ကြံစည်ကြည်ညို၍ မိမိအလို့ငှါ စီရင်အပ်သော ထမင်းမှ တစ်ဇွန်းသော ဆွမ်းကိုလည်းကောင်း၊ ထိုဆွမ်းအားလျော်သော ဟင်းကိုလည်းကောင်း ပေးလှူစေ၍ “ဤမျှသော ဆွမ်းကို အခါခပ်သိမ်း အသျှင်ဘုရားတို့ ရကုန်လတ္တံ့”ဟု ပြောဆို၏။

--

ထိုပုဏ္ဏားသည် နောက်တစ်နေ့မှ စ၍ ချဉ်းကပ်လာသော မထေရ်၏ ငြိမ်သက်သော ဣန္ဒြေကို မြင်ရ၍ အတိုင်းထက်အလွန် ကြည်ညိုပြီးလျှင် မထေရ်ကို အခါခပ်သိမ်း မိမိအိမ်၌ ဆွမ်းအမြဲဘုဉ်းပေးရန် တောင်းပန်၏။ မထေရ်သည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံ၍ နေ့တိုင်း နေ့တိုင်း ဆွမ်းစားခြင်းကိစ္စကို ပြုလျက် ကြွသွားသည်ရှိသော် အနည်းငယ် အနည်းငယ်သော ဘုရားစကားကို ဟောပြောပြီးမှ ကြွသွား လေ၏။ ထိုပုဏ္ဏေးမသည်လည်း ဆယ်လလွန်သဖြင့် သားကို ဖွားမြင်လေ၏။ ထိုသူငယ်အား “နာဂသေန”ဟူသော အမည်ကို မှည့်ကုန်၏။ ထိုနာဂသေနသူငယ်သည် အစဉ်သဖြင့် ကြီးပွားလတ်၍ ခုနစ်နှစ်သားရှိလာ၏။ ။

နာဂသေန ပညာသင်ခန်း

၁၁။ ထိုအခါ နာဂသေနသူငယ်၏ ဖခင်ပုဏ္ဏားသည် နာဂသေနသူငယ်အား “ချစ်သား နာဂသေန ဤငါတို့ ပုဏ္ဏားမျိုး၌ သင်ကြားအပ်သော အတတ်ပညာတို့ကို သင်ကြားပါလော့”ဟု ပြောဆို၏။ ဖခင့်ဤပုဏ္ဏားမျိုး၌ သင်ကြားအပ်သော အတတ်ပညာတို့မည်သည် အဘယ်ပါနည်းဟု မေး၏။ ချစ်သား နာဂသေန ဗေဒင်သုံးပုံတို့သည် သင်ကြားအပ်သော အတတ်ပညာ မည်ကုန်၏။ ဗေဒင်သုံးပုံမှ ကြွင်းသော အတတ်ပညာတို့သည် သိပ္ပ မည်၏ဟု ပြောဆို၏။ ဖခင် သို့ဖြစ်လျှင် သင်ကြားပါအံ့ဟု ဝန်ခံ၏။

ယင်းသို့ နာဂသေနဝန်ခံသော အခါ၌ သောဏုတ္တရပုဏ္ဏားသည် ဆရာပုဏ္ဏားအား အသပြာ တစ်ထောင်ကို ဆရာစားပေး၍ ပြာသာဒ်အတွင်း တိုက်ခန်းတစ်ခုဝယ် တစ်ဖက်မှ ညောင်စောင်းကို ခင်းထားစေ၍ ဆရာပုဏ္ဏားအား “ဆရာပုဏ္ဏား သင်သည် ဤနာဂသေနသူငယ်အား ဗေဒင်တို့ကို ရွတ်ဖတ်သင်ကြားပါစေလော့”ဟု ပြောကြား၏။ ချစ်သား သို့ဖြစ်လျှင် ဗေဒင်သုံးပုံတို့ကို သင်ယူလော့ဟု ဆို၍ ဆရာပုဏ္ဏားသည် ချပို့သရဇ္ဈာယ်၏။ နာဂသေနသတို့သားအား တစ်ကြိမ်ရွတ်ဆို သင်ယူကာမျှဖြင့် ပင်လျှင် ဗေဒင်သုံးပုံတို့သည် နှလုံးသို့ သက်ဝင်ကုန်၍ နှုတ်တက်ကုန်ပြီ၊ ကောင်းစွာ ဆောင်မိကုန်ပြီ၊ ကောင်းစွာ ပိုင်းခြားမှတ်သားမိကုန်ပြီ၊ ကောင်းစွာ နှလုံးသွင်းထားမိကုန်ပြီ။ တစ်ကြိမ်သင်ကာမျှဖြင့်ပင် ဗေဒင်သုံးပုံ၊ (အဘိဓာန်) နိဃဏ္ဍုကျမ်း၊ (အလင်္ကာ) ကေဋုဘကျမ်း၊ (သဒ္ဒါ) အက္ခရပ္ပဘေဒကျမ်းနှင့်တကွ ငါးခုမြောက် ဣတိဟာသကျမ်းတို့၌ ပညာမျက်စိ ထင်ရှားဖြစ်ပြီ။ ပဒကျမ်းကို တတ်မြောက်၏။ ဗျာကရုဏ်းကျမ်းကို တတ်မြောက်၏။ လောကာယတကျမ်း၊ မဟာပုရိသလက္ခဏာ ကျမ်းတို့၌ အကြွင်းမဲ့ တတ်မြောက်၏။

ထိုအခါ နာဂသေနသူငယ်သည် ဖခင်အား “ဖခင် ဤပုဏ္ဏားမျိုး၌ ဤဗေဒင်သုံးပုံစသည်ထက် အပို အလွန်လည်း သင်ကြားဖွယ်တို့ ရှိပါကုန်သေးသလော၊ သို့မဟုတ် ဤမျှတို့သာလော”ဟု ပြောဆို၏။ ချစ်သား နာဂသေန ဤပုဏ္ဏားမျိုး၌ ဤဗေဒင်သုံးပုံစသည်ထက် အပိုအလွန် သင်ကြားဖွယ်တို့ မရှိကုန်၊ ဤဗေဒင်သုံးပုံတို့ကိုသာ သင်ကြားအပ်ကုန်၏ဟု ပြန်ကြား ပြောဆို၏။

--

ထိုအခါ နာဂသေနသတို့သားသည် ဆရာပုဏ္ဏားအား မေးမြန်းစိစစ်ဖွယ်ကို မေးမြန်း စိစစ်ပြီးလျှင် ပြာသာဒ်မှ သက်ဆင်း၍ ရှေးအထုံ (ဝါသနာ) သည် တိုက်တွန်းအပ်သော စိတ်ရှိလတ်ရကား ဆိတ်ငြိမ်ရာသို့ ချဉ်းကပ်လျက် တစ်ယောက်တည်း ကိန်းအောင်းကာ မိမိအတတ်၏ အစ၊ အလယ်၊ အဆုံးကို ကြည့်ရှုဆင်ခြင်သည်ရှိသော် အစ၌လည်းကောင်း၊ အလယ်၌လည်းကောင်း၊ အဆုံး၌လည်းကောင်း အနှစ်သာရ အနည်းငယ်မျှကိုသော်လည်း မမြင်မတွေ့ရသောကြောင့် “အချင်းတို့ ဤဗေဒင်တို့သည် အချည်းနှီးဖြစ်ကုန်စွတကား။ အချင်းတို့ ဤဗေဒင်တို့သည် အဖျင်းအတိသာ ဖြစ်ကုန်စွတကား။ အနှစ်မရှိကုန် အနှစ်ကင်းကုန်၏”ဟု နှလုံးမသာ စိတ်မချမ်းမသာ ဖြစ်လေ၏။ ။

ရောဟဏမထေရ်နှင့် နာဂသေနတွေ့ဆုံခန်း

၁၂။ ထိုအခါ အသျှင်ရောဟဏသည် ဝတ္တနိယကျောင်း၌ နေလျက် နာဂသေနသတို့သား၏ စိတ် အကြံကို မိမိ၏ စိတ်ဖြင့် သိ၍ သင်္ကန်းကို ပြင်ဝတ်လျက် သပိတ်သင်္ကန်းကို ယူပြီးလျှင် ဝတ္တနိယကျောင်း မှ ကွယ်ခဲ့၍ ဂဇင်္ဂလပုဏ္ဏားရွာ၏ ရှေ့မျက်နှာစာအရပ်၌ ထင်ရှားဖြစ်လေ၏။ နာဂသေနသတို့သားသည် မိမိ၏ အိမ်တံခါးမုခ်၌ ရပ်တည်နေစဉ် ကြွလာသော အသျှင်ရောဟဏကို အဝေးကပင် မြင်ရသောကြောင့် နှစ်လိုတက်ကြွ အားရရွှင်လန်း ဝမ်းပန်းတသာရှိသည်ဖြစ်၍ “ဤရဟန်းသည် တစ်စုံတစ်ခုသော အနှစ်သာရကို သိတန်ကောင်းရာ၏”ဟု ကြံစည်လျက် အသျှင်ရောဟဏထံ ချဉ်းကပ်ပြီးလျှင် အသျှင် ရောဟဏအား “အသျှင် ဤသို့ သဘောရှိသော ဦးပြည်းလျက် ဖန်ရည်ဆိုးအဝတ်ကို ဝတ်သော အသျှင် ကား အဘယ်လူမျိုးမည်သနည်း”ဟု လျှောက်၏။ သူငယ် ငါသည် ရဟန်းမည်သတည်း။ အသျှင် သင် သည် အဘယ့်ကြောင့် ရဟန်းမည်ပါနည်းဟု လျှောက်၏။ သူငယ် ငါသည် ယုတ်ညံ့သော (အကုသိုလ်) အညစ်အကြေးတို့ကို နှင်ထုတ်သောကြောင့် ရဟန်း မည်၏။ အသျှင် သင်၏ ဆံပင်တို့သည် အဘယ့် ကြောင့် တစ်ပါးသောသူတို့၏ ဆံပင်တို့ကဲ့သို့ မဟုတ်ပါသနည်းဟု (လျှောက်၏)။ သူငယ် ဤ့ကြောင့်ကြမှု တစ်ဆယ့်ခြောက်ပါးတို့ကို မြင်သောကြောင့် ဆံမုတ်ဆိတ်ကို ပယ်၍ ရဟန်းပြု၏။

ဆံပင်၌ ကြောင့်ကြခြင်း တစ်ဆယ့်ခြောက်ပါးဟူသည် အဘယ်တို့နည်း၊ တန်ဆာဆင်ရခြင်း၌ ကြောင့်ကြမှု၊ ပြေပြစ်ချောမွေ့အောင် ပြုရခြင်း၌ ကြောင့်ကြမှု၊ ဆီလိမ်းရခြင်း၌ ကြောင့်ကြမှု၊ ခေါင်းလျှော် ရခြင်း၌ ကြောင့်ကြမှု၊ ပန်းပန်ဆင်ရခြင်း၌ ကြောင့်ကြမှု၊ အမွှေးအကြိုင်လိမ်းရခြင်း၌ ကြောင့်ကြမှု၊ ခေါင်းလျှော်ရန် တရော်ကင်ပွန်းစသည် စိမ်ထုံရခြင်း၌ ကြောင့်ကြမှု၊ သဖန်းခါးသီးရှာရခြင်း၌ ကြောင့်ကြမှု၊ သျှိသျှားသီးရှာရခြင်း၌ ကြောင့်ကြမှု၊ ဆံပင်နက်အောင် ဆိုးရည်ဆိုးရခြင်း၌ ကြောင့်ကြမှု၊ သျှောင်ထုံးရ ခြင်း၌ ကြောင့်ကြမှု၊ ဘီးဖြင့်ဖြီးရခြင်း၌ ကြောင့်ကြမှု၊ ဆတ္တာသည်တို့ဖြင့် ပြုပြင်ရခြင်း၌ ကြောင့်ကြမှု၊ ထုံးပြီးသျှောင်ကို ဖြေပြန်ရခြင်း၌ ကြောင့်ကြမှု၊ သန်းရှာရခြင်း၌ ကြောင့်ကြမှု၊ ဆံပင်တို့ ကျွတ်ခဲ့ ပြတ်ခဲ့ကုန်သော် စိုးရိမ်ရကုန်၏၊ ပင်ပန်းရကုန်၏၊ ငိုကြွေးမြည်တမ်း ရကုန်၏၊ ရင်ဘတ်စည်တီး ညည်းတွား မြည်တမ်းရကုန်၏၊

--

လွန်စွာ တွေဝေခြင်းသို့ ရောက်ရကုန်၏၊ သူငယ် ဤကြောင့်ကြမှု တစ်ဆယ့် ခြောက်ပါးတို့ဖြင့် ရစ်ပတ်နှောင့်ယှက်ကုန်သော လူတို့သည် အလွန်သိမ်မွေ့နူးညံ့လှကုန်သော အလုံးစုံသော အတတ်ပညာတို့ကို ဖျက်ဆီးကြလေကုန်၏ဟု (အသျှင်ရောဟဏ မိန့်တော်မူ၏)။ အသျှင် သင်၏အဝတ်တို့သည် အဘယ့်ကြောင့် တစ်ပါးသောသူတို့၏ အဝတ်ကဲ့သို့ မဟုတ်ကုန်သနည်း။ သူငယ် အဝတ်တို့ သည် ကာမဂုဏ်တို့၌သာ မှီကုန်၏၊ လူတို့၏ အသွင်အပြင်, လူတို့၏ အဝတ်ဘဏ္ဍာ အသုံးအဆောင်တို့သည် ကာမဂုဏ်တို့၌သာ မှီကုန်၏၊ အဝတ်ကြောင့်ဖြစ်ကုန်သော ဘေးရန်ဟူသမျှတို့သည် ဖန်ရည်ဆိုး ဝတ်သောသူအား မဖြစ်နိုင်ကုန်၊ ထို့ကြောင့် ငါ၏ အဝတ်တို့သည် တစ်ပါးသောသူတို့၏ အဝတ်ကဲ့သို့ မဟုတ်ကုန်။ အသျှင် သင်သည် အတတ်ပညာမည်သည်တို့ကို တတ်ကျွမ်းပါ၏လောဟု လျှောက်၏။ သူငယ် ငါသည် လောက၌ အတတ်ပညာတို့ကိုလည်း တတ်ကျွမ်း၏၊ လောကထက် မြတ်သော မန္တန်ကိုလည်း ငါတတ်ကျွမ်း၏။ အသျှင် ထိုမန္တန်ကို အကျွန်ုပ်အားလည်း သင်ကြားပေးနိုင်ပါအံ့လောဟု (လျှောက်၏)။ သူငယ် သင်ကြားပေးနိုင်၏။ ယင်းသို့ ဖြစ်ပါမူ အကျွန်ုပ်အား သင်ကြားပေးပါလော့ဟု (လျှောက်၏)။ သူငယ် သင်ကြားပေးရန် အခါမဟုတ်သေး၊ ရွာတွင်းသို့ ဆွမ်းခံဝင်ဆဲဖြစ်သေး၏ဟု (အသျှင်ရောဟဏ မိန့်တော်မူ၏)။

ထိုအခါ နာဂသေနသူငယ်သည် အသျှင်ရောဟဏလက်မှ သပိတ်ကို ယူ၍ အိမ်တွင်းသို့ ပင့်ဆောင် ပြီးလျှင် မွန်မြတ်သော ခဲဖွယ် ဘောဇဉ်ဖြင့် ရောင့်ရဲသည့်တိုင်အောင်, တန်ပြီဟု တားမြစ်သည့်တိုင်အောင် ကိုယ်တိုင်လုပ်ကျွေး၍ အသျှင်ရောဟဏ ဆွမ်းစားပြီး၍ သပိတ်မှ လက်ကို ဖယ်ပြီးသောအခါ အသျှင် ရောဟဏအား “အသျှင် မန္တန်ကို ယခုအခါ အကျွန်ုပ်အား သင်ကြားပေးပါလော့”ဟု ပြောဆို၏။ “သူငယ် သင်သည် ကြောင့်ကြမှု အနှောင့်အယှက်ကင်းသည် ဖြစ်၍ အမိအဖတို့ကို ခွင့်ပြုစေလျက် ငါယူအပ်သော ရဟန်းအသွင်အပြင်ကို ယူသောအခါ၌ သင့်အား မန္တန်ကို သင်ကြားပေးအံ့”ဟု အသျှင် ရောဟဏ မိန့်တော်မူ၏။

နာဂသေန ရှင်ပြုခန်း

ထိုအခါ နာဂသေနသည် အမိအဖတို့ထံသို့ ချဉ်းကပ်ပြီးလျှင် “မိခင်ဖခင်တို့ ဤရဟန်းသည် ‘လောကထက် လွန်မြတ်သော မန္တန်ကို ငါသိ၏ ‘ဟု ပြောဆိုဘိ၏၊ မိမိထံ၌ ရဟန်းမပြုသူအားလည်း မပေး၊ အကျွန်ုပ်သည် ဤရဟန်း၏ အထံ၌ ရဟန်းပြု၍ ထိုမြတ်သော မန္တန်ကို သင်ယူပါအံ့”ဟု ပြော ဆို၏။ ထိုအခါ ထိုနာဂသေန၏ အမိအဖတို့သည် “ငါတို့၏ သားသည် ရဟန်းပြု၍ မန္တန်ကို သင်ယူ ပါစေ၊ သင်ယူပြီးသော် တစ်ဖန် ပြန်လာလတ္တံ့”ဟု မှတ်ထင်ကုန်၍ “ချစ်သား သင်ယူပါလော့”ဟု အခွင့်လွှတ်ကုန်၏။

၁၃။ ထိုအခါ အသျှင်ရောဟဏသည် နာဂသေနသူငယ်ကို ခေါ်ယူခဲ့၍ ဝိဇမ္ဘဝတ္ထုကျောင်းတိုက်, ဝတ္တနိယကျောင်းသို့ ချဉ်းကပ်ပြီးလျှင် ဝိဇမ္ဘဝတ္ထုကျောင်းတိုက်၌ တစ်ညဉ့်မျှနေ၍ ထိုရက္ခိတကုန်းပြင်သို့ ချဉ်းကပ်လျက် များစွာသော ရဟန္တာတို့၏ အလယ်၌ နာဂသေနသူငယ်ကို ရှင်ပြုပေး၏၊ ရှင်ပြုပြီးသော သျှင်နာဂသေနသည် အသျှင်ရောဟဏအား “အသျှင်ဘုရား အကျွန်ုပ်သည် အသျှင်ဘုရား၏ အသွင်ကို ယူပြီးပါပြီ၊ ယခု အကျွန်ုပ်အား မန္တန်ကို သင်ကြားပေးတော်မူပါလော့”ဟု (လျှောက်၏)။ ထိုအခါ အသျှင် ရောဟဏသည် “ငါသည် နာဂသေနအား အဘယ်ပိဋကတ်၌ သင်ကြားပေးရအံ့နည်း၊ ဝိနည်း၌သော်လည်း ရှေးဦးစွာ သင်ကြားပေးရအံ့လော၊ သုတ္တန်၌သော်လည်း ရှေးဦးစွာ သင်ကြားပေးရအံ့လော၊ အဘိဓမ္မာ၌ သော်လည်း ရှေးဦးစွာ သင်ကြားပေးရအံ့လော”ဟု ကြံစည်၍ ဤနာဂသေနသည် ပညာရှိ၏၊ လွယ်ကူ သဖြင့်သာ အဘိဓမ္မာပိဋကကို သင်ယူခြင်းငှါ စွမ်းနိုင်၏ဟု ကြံစည်၍ ရှေးဦးစွာ အဘိဓမ္မာ၌ သင်ကြား ပေး၏။

--

အသျှင်နာဂသေနသည်လည်း “ကုသလာ ဓမ္မာ, အကုသလာ ဓမ္မာ, အဗျာကတာ ဓမ္မာ” အစရှိသော တိက်, ဒုတ်တို့ဖြင့် တန်ဆာဆင်အပ်သော ဓမ္မသင်္ဂဏီကျမ်း၊ ခန္ဓဝိဘင်းအစရှိသော တစ်ဆယ့် ရှစ်ပါးသော ဝိဘင်းတို့ဖြင့် တန်ဆာဆင်အပ်သော ဝိဘင်းကျမ်း၊ “သင်္ဂဟော အသင်္ဂဟော” အစရှိသော တစ်ဆယ့်လေးပါးအပြားအားဖြင့် ဝေဖန်အပ်သော ဓာတုကထာကျမ်း၊ “ခန္ဓပညတ်, အာယတန ပညတ်” အစရှိသော ခြောက်ပါးအပြားဖြင့် ဝေဖန်အပ်သော ပုဂ္ဂလပညတ်ကျမ်း၊ မိမိ၏ ဝါဒ၌သုတ် ငါးရာ, သူတစ်ပါးဝါဒ၌ သုတ်ငါးရာ ဤသို့ သုတ်တစ်ထောင်ကို ပေါင်း၍ ဝေဖန်အပ်သော ကထာဝတ္ထုကျမ်း၊ “မူလယမိုက်, ခန္ဓယမိုက်” အစရှိသော ဆယ်ပါးအပြားဖြင့် ဝေဖန်အပ်သော ယမိုက်ကျမ်း၊ “ဟေတုပစ္စယော, အာရမ္မဏ ပစ္စယော” အစရှိသော နှစ်ဆယ့်လေးပါးအပြားဖြင့် ဝေဖန်အပ်သော ပဋ္ဌာန်းကျမ်း၊ ဤသို့ ထိုအဘိဓမ္မာ ပိဋကတ်အားလုံးကို တစ်ကြိမ်ရွတ်အံ (သရဇ္ဈာယ်) ခြင်းဖြင့်ပင် လေ့လာသည်ကို ပြု၍ “အသျှင်ဘုရား ရပ်ဆိုင်းတော်မူပါကုန်၊ အဆုံးမသတ်ပါကုန်လင့်ဦး၊ အကျွန်ုပ်သည် ဤမျှဖြင့်ပင် ပြန်လှန် သရဇ္ဈာယ်ပါဦး အံ့”ဟု လျှောက်၏။

၁၄။ ထိုအခါ သျှင်နာဂသေနသည် များစွာသော ရဟန္တာတို့ထံသို့ ချဉ်းကပ်ပြီးသော် များစွာသော ရဟန္တာတို့အား “အသျှင်ဘုရားတို့ အကျွန်ုပ်သည် အဘိဓမ္မာပိဋကတ်အားလုံးကို ‘ကုသလာ ဓမ္မာ, အကုသလာ ဓမ္မာ, အဗျာကတာ ဓမ္မာ’ဟူသော ဤသုံးပုဒ်တို့၌ ထည့်ထား၍ အကျယ်အားဖြင့် ပြီးဆုံး စေပါအံ့”ဟု လျှောက်၏၊ ငါ့သျှင်နာဂသေန ကောင်းပြီ ပြီးဆုံးစေလော့ဟု မိန့်ဆိုကုန်၏။

ထိုအခါ သျှင်နာဂသေနသည် အဘိဓမ္မာခုနစ်ကျမ်းတို့ကို ခုနစ်လတို့အတွင်း အကျယ်အားဖြင့် ပြီးဆုံးစေ၏၊ မြေကြီးသည် ပဲ့တင်ထပ်၏၊ နတ်တို့သည် ကောင်းချီးပေးကြကုန်၏၊ ဗြဟ္မာတို့သည် လက်ပန်းပေါက်ခတ်ကုန်၏၊ နတ်၌ ဖြစ်ကုန်သော စန္ဒကူးနံ့သာမှုန့်မိုးတို့သည်လည်းကောင်း၊ နတ်၌ ဖြစ်ကုန်သော မန္ဒာရဝပန်းမိုးတို့သည်လည်းကောင်း ရွာချကုန်၏။ ။

--

အသျှင်နာဂသေန ဆရာကို ပြစ်မှား၍ ဒဏ်ထားခန်း

၁၅။ ထိုအခါ များစွာသော ရဟန္တာတို့သည် အသက်နှစ်ဆယ်ပြည့်သော သျှင်နာဂသေနကို ရက္ခိတကုန်းပြင်၌ ရဟန်းပြုပေးကြကုန်၏။ ရဟန်းဖြစ်ပြီးသော သျှင်နာဂသေနသည်လည်း ထိုရဟန်းဖြစ်ပြီး ညဉ့်လွန်သောအခါ နောက်တစ်နေ့ နံနက်အချိန် သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် ဥပဇ္ဈာယ်ဖြစ်သော ရောဟဏမထေရ်နှင့်အတူ ရွာတွင်းသို့ ဆွမ်းခံဝင်သည်ရှိသော် “ငါ၏ ဥပဇ္ဈာယ်ဆရာ သည် အချည်းနှီးပေတကား၊ ငါ၏ ဥပဇ္ဈာယ်ဆရာသည် မသိတတ်လှပေသည်တကား၊ အဘိဓမ္မာမှ ကြွင်းသော မြတ်စွာဘုရား ပါဠိတော်ကို ချွင်းချန်ထား၍ ငါ့ကို အဘိဓမ္မာ၌ ရှေးဦးစွာ သင်ကြားဆုံးမဘိ၏”ဟု ဤသို့ သဘောရှိသော အကြံအစည်ကို ဖြစ်စေ၏။

ထိုအခါ အသျှင်ရောဟဏသည် အသျှင်နာဂသေန၏ စိတ်အကြံကို မိမိစိတ်ဖြင့် သိ၍ အသျှင် နာဂသေနကို “နာဂသေန မသင့်လျော်သော အကြံအစည်ကိုသာ ကြံစည်ဘိ၏၊ နာဂသေန သင်၏ ဤ အကြံသည် မသင့်မလျော်ချေ”ဟု (မိန့်တော်မူ၏)။

ထိုအခါ အသျှင်နာဂသေနအား အချင်းတို့ အံ့ဩဖွယ်ရှိပေစွတကား၊ အချင်းတို့ မဖြစ်ဖူးမြဲ ဖြစ် ပေစွတကား၊ ငါ၏ ဥပဇ္ဈာယ်ဆရာသည် မိမိ၏ စိတ်ဖြင့် ငါ၏ စိတ်အကြံကို သိနိုင်ပါပေ၏၊ ငါ၏ ဥပဇ္ဈာယ်ဆရာသည် ပညာရှိလှပေသည်တကား၊ ငါသည် ဥပဇ္ဈာယ်ဆရာကို ကန်တော့ဝန်ချရမူကား ကောင်းလေစွ”ဟု အကြံဖြစ်၏။ ထိုသို့အကြံဖြစ်သောအခါ သျှင်နာဂသေနသည် အသျှင်ရောဟဏအား “အသျှင်ဘုရား အကျွန်ုပ်အား သည်းခံတော်မူပါ၊ တစ်ဖန် ဤသို့သော အကြံအစည်ကို မကြံစည် တော့ပါ”ဟု လျှောက်၏။

ထိုအခါ အသျှင်ရောဟဏသည် အသျှင်နာဂသေနအား “နာဂသေန ငါသည် ဤမျှဖြင့် သင့်အား သည်းမခံနိုင်သေး၊ နာဂသေန သာဂလမည်သော မြို့သည် ရှိ၏၊ ထိုသာဂလမြို့၌ မိလိန္ဒမည်သော မင်းသည် မင်းအဖြစ်ကို ပြု၏၊ ထိုမိလိန္ဒမင်းသည် အယူဝါဒကို ပြောဆိုသဖြင့် အမေးပုစ္ဆာပြဿနာကို မေး၍ ရဟန်းသံဃာကို ညှဉ်းဆဲ၏၊ သင်သည် ထိုသာဂလမြို့သို့ သွား၍ ထိုမိလိန္ဒမင်းကို ဆုံးမပြီးလျှင် မြတ်စွာဘုရားသာသနာတော်၌ ကြည်ညိုစေနိုင်ခဲ့မူ ငါသည် သင့်ကို သည်းခံအံ့”ဟု မိန့်ဆို၏။

အသျှင်ဘုရား မိလိန္ဒမင်းတစ်ယောက်တည်းကို ထားဘိဦး၊ ဇမ္ဗူဒိပ်ကျွန်းလုံးက မင်းအားလုံးတို့သည် လာကုန်၍ အကျွန်ုပ်အား ပြဿနာကို မေးစေကုန်ဦးတော့၊ ထိုပြဿနာအားလုံးကို ဖြေ၍ အယူကို ဖောက်ခွဲ (ဖြိုခွင်း) ပါအံ့၊ “အသျှင်ဘုရား အကျွန်ုပ်အား သည်းခံတော်မူပါ”ဟု လျှောက်ထား၍ “သည်း မခံနိုင်သေး”ဟု ဆိုလတ်သော် “အသျှင်ဘုရား သို့ဖြစ်လျှင် ဤဝါတွင်းသုံးလပတ်လုံး အဘယ်ဆရာ၏ အထံ၌ နေရပါအံ့နည်း”ဟု လျှောက်ထား၏။ နာဂသေန ဤအသျှင်အဿဂုတ္တသည် ဝတ္တနိယကျောင်း၌ နေ၏၊ နာဂသေန သင်သည် သွားချေလော့၊ အသျှင်အဿဂုတ္တထံ ချဉ်းကပ်လေလော့၊ ချဉ်းကပ်ပြီးလျှင် ငါ၏ စကားဖြင့် အသျှင်အဿဂုတ္တ၏ ခြေတော်တို့ကို ဦးခိုက်ရှိခိုးလေလော့၊ ထိုအသျှင်အဿဂုတ္တအား ဤသို့လည်း လျှောက်ထားလေလော့ “အသျှင်ဘုရား အကျွန်ုပ်၏ ဥပဇ္ဈာယ်ဆရာသည် အသျှင်ဘုရားတို့၏ ခြေတော်တို့ကို ဦးခိုက်ရှိခိုးလိုက်ပါ၏၊ အနာကင်းခြင်း, ဆင်းရဲကင်းခြင်း, လျင်မြန်စွာ ထနိုင်ခြင်း, ခွန်အားရှိခြင်း, ချမ်းသာစွာ နေရခြင်းကို မေးလိုက်ပါ၏၊ အသျှင်ဘုရား အကျွန်ုပ်၏ ဥပဇ္ဈာယ်ဆရာသည် ဤဝါတွင်းသုံးလပတ်လုံး အသျှင်ဘုရားတို့၏အထံ၌ နေခြင်းငှါ အကျွန်ုပ်ကို စေလွှတ်လိုက်ပါ၏”ဟု (လျှောက်လေလော့)၊ ထို့ပြင်လည်း “သင်၏ ဥပဇ္ဈာယ်ဆရာသည် အဘယ်အမည်ရှိသနည်း”ဟု မေးခဲ့မူ “အသျှင်ဘုရား ရောဟဏထေရ်အမည်ရှိပါ၏”ဟု လျှောက်ထားလေလော့၊ “ငါသည် အဘယ်အမည်ရှိ သနည်း”ဟု မေးပြန်မူ “အသျှင်ဘုရား အကျွန်ုပ်၏ ဥပဇ္ဈာယ်ဆရာသည် အသျှင်ဘုရားတို့၏ အမည်ကို သိပါ၏”ဟု လျှောက်ထားလေလော့ဟု မှာကြားတော်မူလိုက်လေ၏။

--

“အသျှင်ဘုရား ကောင်းလှပါပြီ”ဟု အသျှင်နာဂသေနသည် အသျှင်ရောဟဏကို ရိုသေစွာရှိခိုးလျက်, အရိုအသေပြု၍ သပိတ်သင်္ကန်းကို ယူကာ အစဉ်အတိုင်း သွားလာလှည့်လည်သော် ဝတ္တနိယကျောင်း အသျှင်အဿဂုတ္တထံ ချဉ်းကပ်လေ၏၊ ချဉ်းကပ် ပြီးလျှင် အသျှင်အဿဂုတ္တအား ရိုသေစွာ ရှိခိုးပြီး၍ သင့်တင့်လျောက်ပတ်သော အရပ်၌ ရပ်တည်၏၊ သင့်တင့်လျောက်ပတ်သော အရပ်၌ ရပ်တည်နေထိုင်ပြီးသော် အသျှင်နာဂသေနသည် အသျှင်အဿဂုတ္တအား “အသျှင်ဘုရား အကျွန်ုပ်၏ ဥပဇ္ဈာယ်ဆရာသည် အသျှင်ဘုရားတို့၏ ခြေတော်တို့ကို ဦးခိုက်လိုက်ပါ၏၊ ဤသို့လည်း မှာကြားလိုက်ပါ၏၊ အနာရောဂါကင်းခြင်း, ဆင်းရဲကင်းခြင်း, လျင်စွာထနိုင်ခြင်း, ခွန်အား ရှိခြင်း, ချမ်းသာစွာ နေရခြင်းကိုလည်း မေးလိုက်ပါ၏၊ အသျှင်ဘုရား အကျွန်ုပ်၏ ဥပဇ္ဈာယ်ဆရာသည် ဝါတွင်းသုံးလပတ်လုံး အသျှင်ဘုရားတို့၏အထံ၌ နေခြင်းငှါ အကျွန်ုပ်ကို စေလွှတ်လိုက်ပါ၏”ဟု လျှောက် ထား၏။

ထိုအခါ အသျှင်အဿဂုတ္တသည် အသျှင်နာဂသေနကို “သင်သည် အဘယ်အမည်ရှိသနည်း”ဟု (မိန့်ဆို၏)။ အသျှင်ဘုရား အကျွန်ုပ်သည် နာဂသေနမည်ပါ၏ဟု လျှောက်၏။ သင်၏ ဥပဇ္ဈာယ် ဆရာ သည် အဘယ်အမည်ရှိသနည်း၊ အသျှင်ဘုရား အကျွန်ုပ်၏ ဥပဇ္ဈာယ်ဆရာသည် ရောဟဏအမည် ရှိပါ၏။ ငါသည် အဘယ်အမည်ရှိသနည်း၊ အသျှင်ဘုရား အကျွန်ုပ်၏ ဥပဇ္ဈာယ်ဆရာသည် အသျှင်ဘုရားတို့၏ အမည်ကို သိပါ၏ဟု (လျှောက်၏)။

နာဂသေန ကောင်းပေ၏ သပိတ်သင်္ကန်းကို ထားသိုလော့ဟု မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းလှပါပြီ”ဟု သပိတ်သင်္ကန်းကို ထားသို၍ နောက်နေ့၌ ပရိဝုဏ်ကို တံမြက်လှည်း၍ မျက်နှာသစ် ရေ တံပူကို ဆက်ကပ်တည်ထား၏၊ အဿဂုတ္တမထေရ်သည် တံမြက်လှည်းပြီးသော နေရာကို ထပ်၍ တံမြက်လှည်း၏၊ ထိုနာဂသေန ဆက်ကပ်တည်ထားသော ရေကို စွန့်၍ အခြားရေကို ဆောင်၏၊ ထို နာဂသေန တည်ထားသော တံပူကို ပယ်၍ တစ်ပါးသော တံပူကို ယူ၏၊ စကားမေးမြန်း ပြောဆိုခြင်းကို မပြု၊ ဤသို့ချည်း ခုနစ်ရက်ပတ်လုံးပြု၍ ခုနစ်ရက်မြောက်သောနေ့၌ တစ်ဖန် မေးမြန်းပြန်သော် ထို နာဂသေနသည် ထိုရှေးနည်းတူသာ လျှောက်ထားမှ ဝါဆိုနေထိုင်ခြင်းကို အခွင့်ပြုလေ၏။

၁၆။ ထိုအခါ ဒါယိကာမကြီးတစ်ဦးသည် အသျှင်အဿဂုတ္တအား အနှစ်သုံးဆယ်တိုင်တိုင် ဆည်းကပ် လုပ်ကျွေး၏။ ထိုအခါ ထိုဒါယိကာမကြီးသည် ဝါတွင်းသုံးလကို လွန်သောအခါ ထိုအသျှင်အဿဂုတ္တထံသို့ ချဉ်းကပ်၏၊ ချဉ်းကပ်ပြီးသော် အသျှင်အဿဂုတ္တအား “အသျှင်ဘုရား အသျှင်တို့၏အထံ၌ အခြားသော ရဟန်းလည်း ရှိပါသေးသလော”ဟု လျှောက်၏။ ဒါယိကာမကြီး ငါတို့၏ အထံ၌ နာဂသေနအမည်ရှိသော ရဟန်းသည် ရှိသေး၏ဟု ဖြေကြား၏။ အသျှင်အဿဂုတ္တသို့ဖြစ်မူ နာဂသေနရဟန်းနှင့်အတူ နက်ဖြန်အတွက် ဆွမ်းဘုဉ်းပေးခြင်းအလို့ငှါ လက်ခံတော်မူပါလော့ဟု လျှောက်၏။ အသျှင်အဿဂုတ္တသည် ဆိတ်ဆိတ်နေသဖြင့် လက်ခံ၏။

ထိုအခါ အသျှင်အဿဂုတ္တသည် ထိုညဉ့်လွန်သောအခါ နံနက်အချိန် သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ဆောင်ယူပြီးလျှင် နောက်လိုက်ရဟန်းဖြစ်သော အသျှင်နာဂသေနနှင့်အတူ ထိုဒါယိကာမကြီး၏ အိမ်သို့ ချဉ်းကပ်၏၊ ချဉ်းကပ်ပြီးလျှင် ပြင်ထားသော နေရာ၌ ထိုင်နေ၏။ ထိုအခါ ထိုဒါယိကာမကြီးသည် အသျှင် အဿဂုတ္တကိုလည်းကောင်း၊ အသျှင်နာဂသေနကိုလည်းကောင်း မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲသည့် တိုင်အောင်, တန်ပြီဟု တားမြစ်သည့်တိုင်အောင် မိမိကိုယ်တိုင် လုပ်ကျွေး၏။ ထိုအခါ အသျှင်အဿဂုတ္တသည် ဆွမ်းစားပြီး၍ သပိတ်မှ လက်ကို ဖယ်ပြီးသောအခါ အသျှင်နာဂသေနကို “နာဂသေန သင်သည် ဒါယိကာမကြီးအား ဝမ်းမြောက်ဖွယ်ရာ အနုမောဒနာတရားကို ဟောပြောခဲ့ လော့”ဟု မိန့်တော်မူပြီးသော် နေရာမှ ထကာ ဖဲကြွတော်မူ၏။

--

ထိုအခါ ထိုဒါယိကာမကြီးသည် အသျှင်နာဂသေနကို “အသျှင်ဘုရားနာဂသေန အကျွန်ုပ်သည် အရွယ်ကြီး ရင့်ပါပြီ၊ နက်နဲသော တရားစကားဖြင့် အကျွန်ုပ်အား အနုမောဒနာတရားကို ပြောဟောတော်မူပါလော့”ဟု လျှောက်၏။ ထိုအခါ အသျှင်နာဂသေနသည် ထိုဒါယိကာမကြီးအား နက်နဲသော၊ လောကမှ လွန်နိုင်ရာဖြစ်သော၊ ပုဂ္ဂိုလ်, သတ္တဝါ, ယောက်ျား, မိန်းမ ကင်းပျောက်ကွယ်သုဉ်းခြင်းနှင့် စပ်ဆိုင်သော တရားစကားဖြင့် အနုမောဒနာ ပြုတော်မူ၏။ ထိုအခါ ထိုဒါယိကာမကြီးအား ထိုနေရာ၌ပင်လျှင် “ဖြစ်ခြင်းသဘောရှိသော တရားအားလုံးသည် ချုပ်ခြင်းသဘောရှိ၏”ဟု ကိလေသာမြူ ကင်းစင်သော ကိလေသာအညစ်အကြေးမှ ကင်းဝေးသော တရားမျက်စိ ‘သောတာပတ္တိဉာဏ် ‘သည် ဖြစ်ပေါ်၏။ အသျှင် နာဂသေနသည်လည်း ထိုဒါယိကာမကြီးအား အနုမောဒနာပြုပြီး၍ မိမိဟောအပ်သော တရားကို ဆင်ခြင် အောက်မေ့လျက် (အနိစ္စစသည်ဖြင့်) ဝိပဿနာကို ဖြစ်စေ၍ ထိုနေရာ၌ ထိုင်နေလျက်ပင်လျှင် သောတာ ပတ္တဖိုလ်၌ တည်၏။

ထိုအခါ အသျှင်အဿဂုတ္တသည် စည်းဝေးရာ တန်ဆောင်းဝန်း၌ ထိုင်နေလျက် သျှင်နာဂသေနနှင့်ဒါယိကာမကြီးနှစ်ဦးလုံးတို့၏လည်း သောတာပတ္တိဉာဏ်မျက်စိရခြင်းကို သိရှိတော်မူ၍ “နာဂသေန ကောင်းပေစွ၊ ကောင်းပေစွ၊ မြားချက်တစ်ခုတည်းဖြင့် နှစ်ခုသော ခန္ဓာကိုယ်တို့ကို ပစ်ခွဲဖောက်ထွင်းနိုင် ပေကုန်၏”ဟု ကောင်းချီးနုမော် သာဓုခေါ်တော်မူ၏။ ထို့ပြင် အထောင်မက များစွာသော နတ်ဗြဟ္မာတို့ သည် ကောင်းချီးနုမော် သာဓုခေါ်ကြကုန်၏။ ။

သျှင်နာဂသေန ပိဋကတ်သင်ကြွခန်း

၁၇။ ယင်းသို့ အနုမောဒနာတရား ဟောကြားပြီးနောက် သျှင်နာဂသေနသည် နေရာမှထကာ အသျှင်အဿဂုတ္တထံသို့ ချဉ်းကပ်၍ အသျှင်အဿဂုတ္တကို ရှိခိုးပြီးလျှင် သင့်တင့်လျောက်ပတ်သော အရပ်၌ ထိုင်နေ၏၊ သင့်တင့်လျောက်ပတ်သော အရပ်၌ ထိုင်နေသော သျှင်နာဂသေနအား အသျှင်အဿဂုတ္တသည် ဤစကားကို မိန့်ဆို၏- “နာဂသေန သင်သည် ပါဋလိပုတ်ပြည်သို့ သွားချေလော့၊ ပါဋလိပုတ်ပြည် အသောကာရုံကျောင်းတိုက်၌ အသျှင်ဓမ္မရက္ခိတသည် နေ၏၊ ထိုအသျှင်ဓမ္မရက္ခိတအထံ၌ မြတ်စွာဘုရား စကားတော်ကို သင်ချေလော့”ဟု (မိန့်ဆို၏)။ အသျှင်ဘုရား ပါဋလိပုတ်ပြည်သည် ဤဝတ္တနိယကျောင်းမှ အဘယ်မျှလောက် ဝေးပါသနည်းဟု လျှောက်၏။ နာဂသေန ယူဇနာတစ်ရာတိုင်တိုင် ဝေး၏။ အသျှင် ဘုရား ခရီးသည် ဝေးလှ၏၊ လမ်းခရီးအကြား၌ ဆွမ်းရရန် ခက်ခဲပါလိမ့်မည်၊ အကျွန်ုပ် အဘယ်ကဲ့သို့ သွားရပါအံ့နည်းဟု လျှောက်ပြန်၏။ နာဂသေန သွားသာသွားလော့၊ သင်သည် လမ်းခရီးအကြား၌ ဆန်မည်းကင်းစင်သော၊ များသော ဟင်း, များသော စမဲဟင်းလျာရှိသော သလေးဆွမ်းကို ရလတ္တံ့ဟု မိန့်ဆို၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု သျှင်နာဂသေနသည် အသျှင်အဿဂုတ္တကို ရှိခိုးပြီး၍ အရိုအသေပြုကာ သပိတ်သင်္ကန်းကို ယူပြီးလျှင် ပါဋလိပုတ်ပြည်သို့ ဒေသစာရီ လှည့်လည်ကြွသွားလေ၏။

၁၈။ ထိုသျှင်နာဂသေနသည် ဒေသစာရီ လှည့်လည်ကြွသွားခိုက်၌ ပါဋလိပုတ်ပြည်သား သူဌေး (တစ်ဦး) သည် လှည်းငါးရာတို့ဖြင့် ပါဋလိပုတ်ပြည်သွား လမ်းခရီးသို့ သွားနေ၏၊ ပါဋလိပုတ်သူဌေးသည် သျှင်နာဂသေန ကြွလာသည်ကို အဝေးမှပင် မြင်သောကြောင့် ထိုသျှင်နာဂသေနထံသို့ ချဉ်းကပ်ပြီးလျှင် သျှင်နာဂသေနကို ရိုသေစွာ ရှိခိုးလျက် “အသျှင်ဘုရား အဘယ်အရပ်သို့ သွားမည်နည်း”ဟု လျှောက်၏။ ဒါယိကာ ပါဋလိပုတ်ပြည်သို့ သွားအံ့ဟု ပြောဆိုသော် အသျှင်ဘုရား ကောင်းလှပါပြီ၊ အကျွန်ုပ်တို့သည်လည်း ပါဋလိပုတ်ပြည်သို့ သွားပါကုန်အံ့၊ အကျွန်ုပ်တို့နှင့်အတူ ချမ်းသာစွာ ကြွတော်မူပါကုန်လော့ဟု (လျှောက်၏)။

--

ထိုအခါ ပါဋလိပုတ်သူဌေးသည် သျှင်နာဂသေန၏ ဣရိယာပုထ်၌ ကြည်ညို၍ သျှင်နာဂသေနကို မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲသည့်တိုင်အောင်, တန်ပြီဟု တားမြစ်သည့်တိုင်အောင် မိမိ ကိုယ်တိုင် လုပ်ကျွေးပြီးနောက် သျှင်နာဂသေန ဆွမ်းစားပြီး၍ သပိတ်မှ လက်ကို ဖယ်ပြီးသောအခါ နိမ့်သော ထိုင်စရာတစ်ခုကို ယူလျက် သင့်တင့်လျောက်ပတ်သော နေရာ၌ ထိုင်နေ၏၊ သင့်တင့်လျောက်ပတ်သော နေရာ၌ ထိုင်နေပြီးသော ပါဋလိပုတ်သူဌေးသည် သျှင်နာဂသေနကို “အသျှင်ဘုရား အသျှင်သည် အဘယ်အမည်ရှိပါသနည်း”ဟု လျှောက်၏၊ ဒါယကာ ငါသည် နာဂသေနအမည်ရှိ၏။ အသျှင်ဘုရား အသျှင်သည် မြတ်စွာဘုရားစကားတော်မည်သည်ကို သိပါ၏လော။ ဒါယကာ ငါသည် အဘိဓမ္မာပိဋကမျှ လောက်ကိုသာ သိပါ၏။ အသျှင်ဘုရား အကျွန်ုပ်တို့အား အရတော်ပေစွတကား၊ အသျှင်ဘုရား အကျွန်ုပ်တို့အား (လူ၏အဖြစ်ကို) ကောင်းစွာ ရအပ်ပေစွတကား၊ အသျှင်ဘုရား အကျွန်ုပ်သည် အဘိဓမ္မာပိဋကကို ဆောင်ပါ၏၊ အသျှင်ဘုရားသည်လည်း အဘိဓမ္မာပိဋကကို ဆောင်၏၊ အသျှင်ဘုရား အဘိဓမ္မာပိဋကတို့ကို ရွတ်ဆိုဟောကြားတော်မူပါလော့ဟု လျှောက်၏။ ထိုအခါ သျှင်နာဂသေနသည် ပါဋလိပုတ်သူဌေးအား ဟောကြားလေ၏၊ ဟောစဉ်ပင်လျှင် ပါဋလိပုတ်သူဌေးအား “ဖြစ်ခြင်းသဘောရှိသော တရားအားလုံးသည် ချုပ်ခြင်းသဘောရှိ၏”ဟု ကိလေသာမြူ့အညစ်အကြေးကင်းသော တရားမျက်စိ ‘သောတာပတ္တိမဂ်ဉာဏ် ‘သည် ထင်ရှားဖြစ်ပေါ်၏။

ထိုအခါ ပါဋလိပုတ်သူဌေးသည် လှည်းငါးရာတို့ကို ရှေ့ကလွှတ်လိုက်၍ မိမိသည် နောက်မှ သွားလျက် ပါဋလိပုတ်ပြည်၏အနီး ခရီးလမ်း နှစ်ကြောင်းအဆုံ၌ ရပ်၍ သျှင်နာဂသေနကို “အသျှင်ဘုရား နာဂသေန ဤလမ်းသည် အသောကာရုံကျောင်းတိုက်သို့ သွားသော လမ်းပါတည်း၊ အသျှင်ဘုရား အကျွန်ုပ်၏ ဤကမ္ဗလာရတနာသည် အလျား တစ်ဆယ့်ခြောက်တောင် ရှိပါ၏၊ အနံ ရှစ်တောင်ရှိပါ၏၊ အသျှင်ဘုရား သနားသောအားဖြင့် ဤကမ္ဗလာရတနာကို ခံယူတော်မူပါလော့”ဟု လျှောက်၏။ သျှင်နာဂသေနသည် သနားသောအားဖြင့် ထိုကမ္ဗလာရတနာကို ခံယူတော်မူ၏၊ ထိုအခါ ပါဋလိပုတ် သူဌေးသည် နှစ်လိုတက်ကြွ အားရရွှင်လန်း ဝမ်းပန်တသာ ဖြစ်၍ သျှင်နာဂသေနကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ဖဲသွားလေ၏။

၁၉။ ထို့နောက် သျှင်နာဂသေနသည် အသောကာရုံကျောင်းတိုက် အသျှင်ဓမ္မရက္ခိတထံသို့ ချဉ်းကပ် ပြီးလျှင် အသျှင်ဓမ္မရက္ခိတကို ရိုသေစွာ ရှိခိုးလျက် မိမိ၏ လာခဲ့သော အကြောင်းကို လျှောက်ထား၍ အသျှင်ဓမ္မရက္ခိတအထံ၌ ပိဋကတ်သုံးပုံဟူသော မြတ်စွာဘုရားစကားတော်ကို တဆက်တည်း ရွတ်ဆိုခြင်း ဖြင့် သုံးလတို့ပတ်လုံး သဒ္ဒါ, ပုဒ်, ဗျည်းအားဖြင့် သင်ယူပြီး၍ နောက်သုံးလတို့ပတ်လုံး အနက်အဓိပ္ပါယ်အားဖြင့် နှလုံးသွင်းလေ၏။

ထိုအခါ အသျှင်ဓမ္မရက္ခိတသည် သျှင်နာဂသေနကို “နာဂသေန နွားကျောင်းသားသည် နွားတို့ကို ထိန်းကျောင်းရ၍ အခြားသောသူတို့သည် နွားနို့မှဖြစ်သော အရသာကို သုံးဆောင်ကြရကုန်သကဲ့သို့ နာဂသေန ဤအတူပင် သင်သည် ပိဋကတ်သုံးပုံတည်းဟူသော ဘုရားစကားတော်ကို ဆောင်သော်လည်း မဂ်ဖိုလ်အဖို့အစု ရှိသူ မဖြစ်ခဲ့”ဟု မိန့်ဆို၏။ အသျှင်ဘုရား ရှိပါစေ၊ ဤမျှသော ဩဝါဒဖြင့် သင့်တော် လောက်ပါပြီဟု (လျှောက်၏)။ ထိုနေ့အဖို့ ထိုညဉ့်အဖို့ဖြင့်ပင် ပဋိသမ္ဘိဒါဉာဏ်လေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်၏၊ သစ္စာလေးပါးကို ထိုးထွင်း၍ သိသည်နှင့် တစ်ပြိုင်နက် သျှင်နာဂသေနအား အလုံးစုံသော နတ်တို့သည် ကောင်းချီးနုမော် သာဓုခေါ်ကြကုန်၏၊ မြေကြီးသည် ပဲ့တင်ထပ်၏၊ ဗြဟ္မာတို့ သည် လက်ပန်းပေါက်ခတ်ကုန်၏၊ နတ်တို့၌ ဖြစ်ကုန်သော စန္ဒကူးမှုန့်မိုးတို့သည်လည်းကောင်း၊ နတ်၌ ဖြစ်ကုန်သော မန္ဒာရဝပန်းမိုးတို့သည်လည်းကောင်း ရွာသွန်းကြဲချကုန်၏။

--

သံဃာတော်တို့ သာဂလပြည်သို့ ဝင်ရောက်ခန်း

၂၀။ ထိုအခါရာပေါင်းများစွာသော ရဟန္တာတို့သည် ဟိမဝန္တာတောင် ရက္ခိတကုန်းပြင်၌ စည်းဝေးကုန်၍ အသျှင်နာဂသေန၏ အထံသို့ “နာဂသေနသည် လာစေသတည်း၊ ငါတို့သည် နာဂသေနကို တွေ့မြင်လိုကုန်၏”ဟု တမန်စေလွှတ်ကုန်၏၊ ထိုအခါ သျှင်နာဂသေနသည် တမန်၏ စကားကို ကြား၍ အသောကာရုံကျောင်းတိုက်မှ ကွယ်ခဲ့ပြီးလျှင် ဟိမဝန္တာတောင် ရက္ခိတကုန်းပြင်၌ရာပေါင်းများစွာသော ရဟန္တာတို့၏ ရှေ့မှောက်၌ ထင်ရှားဖြစ်၏။

ထိုအခါရာပေါင်းများစွာသော ရဟန္တာတို့သည် သျှင်နာဂသေနကို “နာဂသေန မိလိန္ဒအမည်ရှိသော ထိုမင်းသည် ရဟန်းသံဃာအား မူလစကားကို ဆန့်ကျင်ဖက်စကားဖြင့် အမေးပုစ္ဆာပြဿနာ မေးမြန်း၍ ညှဉ်းဆဲ နေပါ၏၊ နာဂသေန တောင်းပန်ပါကုန်၏၊ သင် သွားချေလော့၊ မိလိန္ဒမင်းကို ဆုံးမလော့”ဟု ဆိုကုန်၏၊ အသျှင်ဘုရားတို့ မိလိန္ဒမင်းတစ်ယောက်တည်းကို ထားဘိဦး၊ ဇမ္ဗူဒိပ်တစ်ကျွန်းလုံးက မင်းတို့သည် လာကုန်၍ အကျွန်ုပ်အား ပြဿနာကို မေးစေကုန်ဦးတော့၊ ထိုပြဿနာအားလုံးကို ဖြေ၍ အယူကို ကောင်းစွာ ဖောက်ခွဲ (ဖြိုခွင်း) ပါအံ့၊ အသျှင်ဘုရားတို့ အသျှင်တို့သည် ကြောက်ရွံ့ခြင်း မရှိကုန်ဘဲ သာဂလမြို့သို့ ကြွတော်မူကြပါကုန်ဟု (လျှောက်၏)၊ ထိုအခါ မထေရ်ရဟန်းတို့သည် သာဂလပြည်ကို သင်္ကန်းရောင်ဖြင့် ပြောင်ပြောင် တောက်ထွန်းစေလျက် ရဟန်းသံဃာတို့၏့သွားလာသောကြောင့် ဖြစ်သော လေစုန်, လေဆန်တိုက်ခတ်သည်ကို ပြုကုန်၏။ ။

--

အသျှင်အာယုပါလသို့ မိလိန္ဒမင်းမေးခန်း

၂၁။ ထိုအခါ အသျှင်အာယုပါလသည် သင်္ချေယျပရိဝုဏ်၌ နေ၏၊ ထိုအခါ မိလိန္ဒမင်းသည် အမတ်တို့ကို “အချင်းတို့ ညဉ့်သည် အပြစ်ကင်း၍ မွေ့လျော်ဖွယ်ရှိပေစွတကား၊ ယခုအခါ ကာလ၌ ဆွေးနွေးခြင်းငှါ, ပြဿနာမေးခြင်းငှါ အဘယ်သမဏ, ဗြာဟ္မဏသို့ ဆည်းကပ်ရပါကုန်အံ့နည်း၊ အဘယ် သမဏ, ဗြာဟ္မဏသည် ငါနှင့် ဖက်ပြိုင်ပြောဆိုခြင်းငှါ, ငါ၏ ယုံမှား ‘ကင်္ခါ ‘ကို ပယ်ဖျောက်ခြင်းငှါ စွမ်းနိုင် မည်နည်း”ဟု မိန့်ကြား၏၊ ဤသို့ မိန့်ကြားသော် ယောနကအမတ်ငါးရာတို့သည် မိလိန္ဒမင်းကို “မင်းမြတ် ပိဋကတ်သုံးပုံဆောင်သော, များသော အကြားအမြင်ရှိသော, အာဂုံပါဠိ အရအမိရှိသော အာယုပါလမည်သော မထေရ်သည် ရှိပါ၏၊ ထိုအာယု ပါလမထေရ်သည် ယခုအခါ သင်္ချေယျပရိဝုဏ်၌ နေပါ၏၊ မင်းမြတ် အသျှင်မင်းမြတ်သည် ကြွတော်မူပါလော့၊ အသျှင်အာယုပါလအား ပြဿနာ မေးတော်မူပါလော့”ဟု လျှောက်တင်ကြကုန်၏။ အချင်းတို့ သို့ဖြစ်လျှင် အသျှင်ကောင်းအား ပန်ကြားလျှောက်ထားကုန်လော့ဟု မိန့်ကြား၏။

ထိုအခါ နေမိတ္တိကအမတ်သည် အသျှင်အာယုပါလအထံသို့ “အသျှင်ဘုရား မိလိန္ဒမင်းသည် အသျှင် အာယုပါလကို ဖူးမြင်လိုပါ၏”ဟု တမန်စေလွှတ်၏၊ အသျှင်အာယုပါလသည်လည်း “သို့ဖြစ်လျှင် လာပါစေ”ဟု ပြောဆို၏၊ ထိုအခါ မိလိန္ဒမင်းသည် ယောနကအမတ်ငါးရာခြံရံလျက် မြတ်သော ရထားကို တက်စီး၍ သင်္ချေယျပရိဝုဏ်၌ အသျှင်အာယုပါလထံသို့ ဆည်းကပ်၏၊ ဆည်းကပ်ပြီးသော် အသျှင်အာယုပါလနှင့် အတူ ဝမ်းမြောက် ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ်, အမှတ်ရဖွယ် စကားကို ပြောဆို ပြီးဆုံးစေပြီးနောက် သင့်လျော်လျောက်ပတ်သော နေရာ၌ ထိုင်နေ၏၊ သင့်လျော်လျောက်ပတ်သော နေရာ၌ ထိုင်နေပြီးသော မိလိန္ဒမင်းသည် အသျှင်အာယုပါလအား “အသျှင်ဘုရားအာယုပါလ အသျှင်ဘုရားတို့၏ ရှင်ရဟန်းအဖြစ်သည် အဘယ်အကျိုးရှိပါသနည်း၊ ထို့ပြင် အသျှင်ဘုရားတို့ အလွန်အလိုရှိအပ် မြတ်သော အကျိုးသည် အဘယ်ပါနည်း”ဟု လျှောက်၏၊ အာယုပါလမထေရ်သည် “မင်းမြတ် ရှင်ရဟန်းအဖြစ် သည် တရားသဖြင့် ကျင့်ကြံခြင်း, အညီအမျှ ကျင့်ကြံခြင်း အကျိုးရှိ၏၊ ထို့ပြင် ငါတို့ အလွန် အလိုရှိအပ် မြတ်သော အကျိုးသည် မဂ်ဖိုလ်ပေတည်း”ဟု ပြောဆို၏။ အသျှင်ဘုရား မေးလျှောက်ပါဦးအံ့၊ လူဝတ် ကြောင်ဖြစ်ပါလျက်လည်း တရားသဖြင့် ကျင့်ကြံသူ, အညီအမျှကျင့်ကြံသူ တစ်စုံတစ်ယောက် ရှိပါ၏လောဟု (မေးလျှောက်ပြန်၏)။ မင်းမြတ် လူဝတ်ကြောင်ဖြစ်ပါလျက်လည်း တရားသဖြင့် ကျင့်ကြံသူ, အညီအမျှ ကျင့်ကြံသူ ရှိပေ၏၊ မင်းမြတ် ဗာရာဏသီပြည် ဣသိပတနမိဂဒါဝုန်တော၌ မြတ်စွာဘုရားသည် ဓမ္မစကြာဒေသနာကို ဟောတော်မူလတ်သော် ဗြဟ္မာတစ်ဆယ့်ရှစ်ကုဋေတို့၏ တရားသိခြင်း, တရားရခြင်း သည် ဖြစ်ခဲ့၏၊ ထိုမှတစ်ပါး နတ်တို့၏ တရားသိခြင်း, တရားရခြင်းသည် ဂဏန်းအရေအတွက်ကို လွန်၏၊ (မရေတွက်နိုင်)၊ ထိုနတ်ဗြဟ္မာအားလုံးတို့သည် လူဝတ်ကြောင်ဖြစ်ကုန်၏၊ ရဟန်း မဟုတ်ကုန်။

မင်းမြတ် ထိုမှတစ်ပါးလည်း မြတ်စွာဘုရားသည် မဟာသမယသုတ္တန်ကို ဟောတော်မူအပ်သော်လည်းကောင်း၊ မဟာမင်္ဂလသုတ္တန်ကို ဟောတော်မူအပ်သော်လည်းကောင်း၊ သမစိတ္တပရိယာယသုတ္တန်ကို ဟောတော်မူအပ်သော်လည်းကောင်း၊ရာဟုလောဝါဒသုတ္တန်ကို ဟောတော်မူအပ်သော်လည်းကောင်း၊ ပရာ ဘဝသုတ္တန်ကို ဟောတော်မူအပ်သော်လည်းကောင်း ဂဏန်းအရေအတွက်ကို လွန်ကုန်သော (မရေမတွက် နိုင်ကုန်သော) နတ်တို့၏ တရားသိခြင်း, တရားရခြင်းသည် ဖြစ်ခဲ့၏၊ ထိုအားလုံးတို့သည်ပင် လူဝတ် ကြောင် ဖြစ်ကုန်၏၊ ရဟန်း မဟုတ်ကုန်ဟု ဖြေကြား၏။ အသျှင်ဘုရားအာယုပါလ ထိုသို့ လူဝတ်ကြောင် ဖြစ်ပါလျက်လည်း တရားကျင့်၍ ရဘိမူကား အသျှင်ဘုရားတို့၏ ရဟန်းအဖြစ်သည့်အကျိုးမရှိလေစွ တကား၊ ရှေးရှေးဘဝ၌ ပြုကျင့်ခဲ့သော မကောင်းမှုကံ၏ အကျိုးဆက်ကြောင့် သာကီဝင်မင်းသား ဘုရား သားတော်ဖြစ်ကုန်သော ရဟန်းတို့သည် ရဟန်း ပြုကြရကုန်၏၊ ဓူတင်တို့ကိုလည်း ကျင့်ဆောင်ကြရကုန်၏၊

--

အသျှင်ဘုရားအာယုပါလ အကြင်ရဟန်းတို့သည် တစ်နေရာတည်း၌ တစ်ထပ်သာ စားရသော ဧကာသနိက် (ဓူတင်) ဆောင်ကုန်၏၊ ထိုရဟန်းတို့သည် ရှေးရှေးဘဝ၌ သူတစ်ပါးတို့၏ ဥစ္စာကို ခိုးဝှက် ယူဆောင်သော ခိုးသူတို့ဖြစ်ခဲ့ကြလေယောင်တကား၊ ထိုရဟန်းတို့သည် သူတစ်ပါးတို့၏ ဥစ္စာတို့ကို ခိုးယူ၍ ထိုခိုးယူမိသော ကံ၏ အကျိုးဆက်ကြောင့် ယခုဘဝဝယ် တစ်နေရာတည်း၌ တစ်ထပ်သာ စားရ သူတို့ ဖြစ်ကြရကုန်၏၊ အခါခပ်သိမ်း စားသောက်ခြင်းငှါ မရကြကုန်၊ ထိုရဟန်းတို့အား သီလမရှိ, အကျင့်မရှိ, အကျင့်မြတ် မရှိ၊ ထိုမှတစ်ပါး အသျှင်ဘုရား အာယုပါလ အကြင်ရဟန်းတို့သည် လွင်တီးခေါင်၌ နေရသော အဗ္ဘောကာသိက (ဓူတင်) ဆောင်ကုန်၏၊ ထိုရဟန်းတို့သည် ရှေးရှေးဘဝ၌ ရွာကို ဖျက်ဆီးသော ခိုးသူတို့ ဖြစ်ခဲ့ကြလေယောင်တကား၊ ထိုရဟန်းတို့သည် သူတစ်ပါးတို့၏ အိမ်တို့ကို ဖျက်ဆီး၍ ထိုဖျက်ဆီးမိသော ကံ၏ အကျိုးဆက်ကြောင့် ယခုဘဝဝယ် လွင်တီးခေါင်၌ နေရသော အဗ္ဘောကာသိက (ဓူတင်) ဆောင်ဖြစ်ကြရကုန်၏၊ အိပ်ရာနေရာကျောင်းတို့ကို သုံးဆောင်ခြင်းငှါ မရကြကုန်၊ ထိုရဟန်းတို့အား သီလမရှိ, အကျင့်မရှိ, အကျင့်မြတ်မရှိ၊ ထိုမှတစ်ပါး အသျှင်ဘုရား အာယုပါလ အကြင်ရဟန်းတို့သည် ထိုင်၍သာ နေရသော နိသဇ် (ဓူတင်) ဆောင်ကုန်၏၊ ထိုရဟန်းတို့သည် ရှေးရှေး ဘဝ၌ လမ်းခရီးဝယ် ဖျက်ဆီးတတ်ကုန်သော ခိုးသူတို့ ဖြစ်ခဲ့ကြလေယောင်တကား။ ထိုရဟန်းတို့သည် တစ်ပါးသော ခရီးသွားလူအပေါင်းတို့ကို ဖမ်းယူ၍ နှောင်ဖွဲ့ကာ ထိုင်နေစေခဲ့မိသဖြင့် ထိုထိုင်နေစေခဲ့မိသော ကံ၏ အကျိုးဆက်ကြောင့် ယခုဘဝ၌ ထိုင်၍သာ နေရသော နိသဇ် (ဓူတင်) ဆောင်ဖြစ်ကြရကုန်၏၊ အိပ်ခြင်းငှါ မရကြလေကုန်၊ ထိုရဟန်းတို့အား သီလမရှိ, အကျင့်မရှိ, အကျင့်မြတ်မရှိဟု လျှောက်ထား၏။

ဤသို့ လျှောက်ထားသော် အသျှင်အာယုပါလသည် ဆိတ်ဆိတ်နေ၏၊ စကားတစ်စုံတစ်ရာ မမြွက်ဆို။ ထိုအခါ ယောနကအမတ်ငါးရာတို့သည် မိလိန္ဒမင်းကို “မင်းမြတ် မထေရ်သည် ပညာကား ရှိ၏၊ သို့သော်လည်း ရဲရင့်ခြင်းမရှိသည်ဖြစ်၍ တစ်စုံတစ်ရာ စကားတုံ့မပြန်ပါ”ဟု လျှောက်ကြကုန်၏။

ထိုအခါ မိလိန္ဒမင်းသည် ဆိတ်ဆိတ်နေသော အသျှင်အာယုပါလကို မြင်လျှင် လက်ပန်းပေါက်ခတ်၍ ကြွေးကြော်ခြင်းကို ပြုလျက် ယောနကအမတ်တို့ကို “အချင်းတို့ ဇမ္ဗူဒိပ်ကျွန်းသည် အချည်းနှီးဖြစ်လေစွ တကား၊ အချင်းတို့ ဇမ္ဗူဒိပ်ကျွန်းသည် အဖျင်းအတိဖြစ်လေစွတကား၊ ငါနှင့်အတူ ဖက်ပြိုင်ပြောဆိုခြင်းငှါ, ငါ၏ ယုံမှား ‘ကင်္ခါ ‘ကို ပယ်ဖျောက်ခြင်းငှါ စွမ်းဆောင်နိုင်သော သမဏ, ဗြာဟ္မဏ တစ်စုံတစ်ယောက်မျှ မရှိတော့ချေ”ဟု မိန့်ဆို၏။ ။

--

မိလိန္ဒမင်းနှင့် သျှင်နာဂသေနတွေ့ဆုံခန်း

၂၂။ ထိုအခါ မိလိန္ဒမင်းသည် အလုံးစုံသော ထိုပရိသတ်ကို ကြည့်ရှုစဉ် မကြောက်မရွံ့ မျက်နှာ ရွှင်ပျရှိနေကြကုန်သော ယောနကအမတ်တို့ကို မြင်၍ “ငါနှင့်အတူ ဖက်ပြိုင်ပြောဆိုခြင်းငှါ, ငါ၏ ယုံမှား ‘ကင်္ခါ ‘ကို ပယ်ဖျောက်ခြင်းငှါ စွမ်းဆောင်နိုင်သော ပညာရှိရဟန်းတစ်ဦးတစ်ယောက် ရှိသေးမည်ထင်၏၊ ယင်းသို့ ရှိသေးသောကြောင့် ဤယောနကအမတ်တို့သည် မျက်နှာရွှင်ပျ ဖြစ်ကြလေကုန်ယောင်တကား”ဟု မိလိန္ဒမင်းအား အကြံအစည်ဖြစ်၏၊ ထိုအခါ မိလိန္ဒမင်းသည် ယောနကအမတ်တို့ကို အချင်းတို့ ငါနှင့် အတူ ဖက်ပြိုင်ပြောဆိုခြင်းငှါ, ငါ၏ ယုံမှား ‘ကင်္ခါ ‘ကို ပယ်ဖျောက်ခြင်းငှါ စွမ်းဆောင်နိုင်သော ပညာရှိ ရဟန်းတစ်ဦးတစ်ယောက် ရှိသေးသလော”ဟု မေးမြန်းတော်မူ၏။

ထိုအခါ သျှင်နာဂသေနသည် ရဟန်းအပေါင်းခြံရံလျက် သံဃာရှိသူ, ဂိုဏ်းနှင့်လည်း ပြည့်စုံသူ,့ဂိုဏ်းဆရာဖြစ်သူ, ထင်ရှားသူ, ကျော်စောသူ, လူအပေါင်းက သူတော်ကောင်းဟု သမုတ်အပ်သူ, ပညာ ရှိသူ, ထက်မြက်သူ, ထိုးထွင်းသောဉာဏ်ရှိသူ, သိကြားလိမ္မာသူ, ထင်စွာပြနိုင်သူ, ဆုံးမတတ်သူ, ရဲရင့် သူ, အကြားအမြင် ဗဟုသုတရှိသူ, ပိဋကတ်သုံးပုံကို ဆောင်သူ, အရဟတ္တဖိုလ်သို့ ရောက်သူ, ခွဲခြမ်းနိုင်သော ဉာဏ်ပညာရှိသူ, အာဂုံပါဠိရှိသူ, ခွဲခြမ်းနိုင်သော ပဋိသမ္ဘိဒါဉာဏ်ရှိသူ, အင်္ဂါကိုးပါးရှိသော မြတ်စွာဘုရားသာသနာတော်၌ ပရိယတ်ကို ဆောင်သူ, သာဝကပါရမီဉာဏ်အထွတ်အထိပ်သို့ ရောက်သူ, မြတ်စွာဘုရားစကားတော်ဝယ် အကြောင်း၌လည်းကောင်း, အကျိုး၌လည်းကောင်း, အကြောင်းအကျိုး နှစ်ပါးကို ဝေဖန်၍ ဟောပြောခြင်း၌လည်းကောင်း, မချွတ်မယွင်း သိမြင်ခြင်း၌လည်းကောင်း လိမ္မာကျွမ်းကျင်သူ, မကုန်မခန်းဆန်းကြယ်သော ဉာဏ်အမြင်ရှိသူ, ဆန်းကြယ်သော တရားစကားရှိသူ, ကောင်းသောစကား ရှိသူ, သူတစ်ပါးတို့က ညှဉ်းဆဲနိုင်ခဲသူ, ဖိနှိပ်နိုင်ခဲသူ, ကျော်လွန်နိုင်ခဲသူ, ပိတ်ပင်နိုင်ခဲသူ, တားမြစ်နိုင်ခဲ သူ, သမုဒ္ဒရာပင်လယ်နှင့် တူ၍ သူတစ်ပါးတို့ မလှုပ်ချောက်နိုင်သူ, မြင်းမိုရ်တောင်မင်းနှင့် တူ၍ တုန်လှုပ်ခြင်းကင်းသူ, ကိလေသာကို စွန့်ပယ်ပြီးသူ, မောဟမှောင်ကို နုတ်ပယ်ပြီး သူ, ပညာဉာဏ် ရောင်ကို ထွန်းပြောင်စေနိုင်သူ, မြင့်မြတ်သောစကားကို ဆိုတတ်သူ, သာသနာတော်မှ အပဖြစ်သော ဂိုဏ်း၏ အကြီးအမှူးအပေါင်းကို ဖျက်ချိုးနိုင်သူ, သာသနာတော်မှ အပဖြစ်သော တိတ္ထိတို့ကို နှိမ်နင်းနိုင် သူ, ရဟန်း, ရဟန်းမိန်းမ, ဒါယကာ, ဒါယိကာမ, မင်း, မင်း၏အမတ်တို့သည် ရိုသေအပ်သူ, အလေးမူအပ်သူ, မြတ်နိုးအပ်သူ, ပူဇော်အပ်သူ, ကျိုးနွံအပ်သူ, သင်္ကန်း, ဆွမ်း, ကျောင်းနေရာ, သူနာ အထောက်အပံ့ဖြစ်သော ဆေးပစ္စည်းပရိက္ခရာတို့ကို ရလွယ်သူ, မြတ်သော လာဘ် လာဘမြတ်သော အခြံအရံကို ရသူဖြစ်၍ ကြီးပွါးလိုကုန်, လိမ္မာလိုကုန် နားထောင်လိုက်နာခြင်းနှင့် ပြည့်စုံကုန်သောသူတို့ အား အင်္ဂါကိုးပါးရှိသော မြတ်စွာဘုရား၏ သာသနာသုံးရပ်ဟူသော ရတနာသုံးပါးကို ဟောပြောပြသလျက် တရားဟူသော ခရီးလမ်းကို ညွှန်ကြား ဖော်ပြလျက် တရားဆီမီးတိုင်ကို ဆောင်ယူညှိထွန်းလျက်, တရားယဇ်တိုင်ကို စိုက်ထောင်လျက်, တရားယဇ်ကို ပူဇော်လျက်, တရားအောင်လံကို မြှောက်ချီလျက်, တရား တံခွန်ကို စိုက်ထူလျက်, တရားခရုသင်းကို မှုတ်လျက်, တရားစည်ကြီးကို ဆော်ရွမ်းတီးခတ်လျက်, မကြောက်မရွံ့ ခြင်္သေ့သံကဲ့သို့ ဟိန်းဟောက်လျက်, မိုးကြိုးသံကဲ့သို့ ကြုံးဝါးလျက်, ချိုသာသော အသံ ဖြင့် ထစ်ချုန်းသော ဉာဏ်တည်းဟူသော မြတ်သော လျှပ်နွယ်ကွန်ရက်ဖြင့် ယှက်သန်း ရစ်ပတ်အပ်သော သနားခြင်းကရုဏာရေဖြင့် ပြည့်လျှံသော ကြီးကျယ်လှစွာသော တရားအမြိုက်ဟူသော မိုးဖြင့် အလုံးစုံသော လူအပေါင်းကို ရောင့်ရဲတင်းတိမ်စေလျက် ရွာ, နိဂုံး, မင်း နေပြည်တို့၌ လှည့်လည်လတ်သော် အစဉ်သဖြင့် သာဂလမြို့သို့ ရောက်တော်မူလာ၍ ရှစ်သောင်းသော ရဟန်းတို့နှင့် အတူတကွ ထိုသာဂလမြို့ သင်္ချေယျပရိဝုဏ်၌ပင် နေတော်မူ၏၊

--

ထို့ကြောင့် ရှေးပဝေဏီ မထေရ်မြတ်တို့သည် ဤသို့ မိန့်ဆိုကုန်၏- “နာဂသေနမထေရ်သည် များစွာသော အကြားအမြင်လည်း ရှိ၏၊ ဆန်းကြယ်သော စကားလည်း ရှိ၏၊ သိမ်မွေ့နူးညံ့ခြင်းလည်း ရှိ၏၊ ကြောက်ရွံ့ခြင်း မရှိ၊ ပကတိအားဖြင့်လည်း ရဲရင့်၏၊ ဘာသာ အယူ၌လည်း သိကျွမ်းလိမ္မာ၏၊ အရာဌာန တိုင်း၌ လိမ္မာ၏။ ပိဋကတ်သုံးပုံ ဆောင်သည်လည်းဖြစ်ကုန်သော၊ နိကာယ်ငါးရပ်ကို ဆောင်သည်လည်းဖြစ်ကုန်သော၊ နိကာယ်လေးရပ်ကို ဆောင်သည်လည်းဖြစ်ကုန်သော ထိုရဟန်းတို့သည်လည်း နာဂသေနမထေရ်ကို ဝန်းရံကုန်၏။ နက်နဲသော ဉာဏ်ပညာရှိသော၊ ထိုးထွင်းသော ဉာဏ်ရှိသော၊ နည်းလမ်းဟုတ်, မဟုတ်၌ လိမ္မာကျွမ်းကျင်သော၊ မြတ်သော အရဟတ္တဖိုလ်အကျိုးထူးသို့ အစဉ် ရောက်သော၊ ပိဋကတ်၌ ရဲရင့်သော နာဂသေနမထေရ်သည်- သိမ်မွေ့သော ပညာ ရှိကုန်သော၊ မှန်ကန်သော စကားကို ဆိုလေ့ရှိကုန်သော ထိုရဟန်းအပေါင်းတို့ဖြင့် ဝန်းဝိုင်းခြံရံလျက် ရွာနိဂုံးသို့ လှည့်လည်သည်ရှိသော့်သာဂလမြို့သို့ ကပ်ရောက် လေ၏။ ထိုသာဂလမြို့သို့ ကပ်ရောက်သော အခါ၌ နာဂသေနမထေရ်သည် သင်္ချေယျ ပရိဝုဏ်၌ နေတော်မူ၏၊ ထိုနာဂသေနမထေရ်သည် တောင်လိုဏ်ဂူ၌ ခြင်္သေ့မင်းကဲ့သို့ လူအပေါင်းတို့နှင့် စကားဆွေးနွေး ပြောဆိုတော်မူ၏”ဟု (မိန့်ဆိုကုန်၏)။

၂၃။ ထိုအခါ ဒေဝမန္တိယအမတ်သည် မိလိန္ဒမင်းအား “မင်းမြတ် အရှင်မင်းမြတ်သည် ဆိုင်းငံ့တော်မူပါဦးလော့၊ မင်းမြတ် ပညာရှိသော၊ ထိုးထွင်းသော ဉာဏ်ရှိသော၊ ဉာဏ်ဖြင့် ထိုးထွင်းနိုင်သော၊ ရဲရင့်သော၊ များသော အကြားအမြင်ရှိသော၊ ဆန်းကြယ်သော တရားစကားရှိသော၊ ကောင်းမြတ်သော ထိုးထွင်းဉာဏ်ရှိသော၊ အတ္ထပဋိသမ္ဘိဒါ, ဓမ္မပဋိသမ္ဘိဒါ, နိရုတ္တိပဋိသမ္ဘိဒါ, ပဋိဘာနပဋိသမ္ဘိဒါတို့၌ အထွတ် အထိပ်သို့ ရောက်သော နာဂသေနမည်သော မထေရ်သည် ရှိပါ၏၊ ထိုနာဂသေနမထေရ်သည် ယခုအခါ သင်္ချေယျပရိဝုဏ်၌ နေပါ၏၊ မင်းမြတ် အရှင်မင်းမြတ်သည် ကြွသွားတော်မူပါလော့၊ အသျှင်နာဂသေနကို ပြဿနာမေးတော်မူပါလော့၊ ထိုအသျှင်နာဂသေနသည် အရှင်နှင့်အတူ ဖက်ပြိုင်ပြောဟောခြင်းငှါ, အရှင် မင်းကြီး၏ ယုံမှား ‘ကင်္ခါ ‘ကို ပယ်ဖျောက်ခြင်းငှါ စွမ်းနိုင်ပါ၏”ဟု လျှောက်၏၊ ထိုအခါ မိလိန္ဒမင်းအား အဆောတလျင် “နာဂသေန”ဟူသော အသံကို ကြားရရုံမျှဖြင့်ပင်လျှင် ကြောက်ခြင်း, ကိုယ်တုန်လှုပ်ခြင်း, ကြက်သီးမွေးညင်းထခြင်း ဖြစ်၏၊ ထိုအခါ မိလိန္ဒမင်းသည် ဒေဝမန္တိယအမတ်ကို “ဒေဝမန္တိယအမတ် နာဂသေနရဟန်းသည် ငါနှင့် ဖက်ပြိုင်ပြောဟောခြင်းငှါ စွမ်းနိုင်အံ့လော”ဟု မေးမြန်း၏၊ “မင်းမြတ် ဣန္ဒနတ်၊ ယမနတ်၊ ဝရုဏနတ်၊ ကုဝေရနတ်၊ ပဇာပတိနတ်၊ သုယာမနတ်၊ သန္တုသိတနတ်၊ လောက ပါလနတ်တို့နှင့်သော်လည်းကောင်း၊ ဗြဟ္မာကြီးနှင့်သော်လည်းကောင်း ဖက်ပြိုင်ပြောဆိုခြင်းငှါ စွမ်းနိုင်ပါ၏၊ လူအချင်းချင်းဖြစ်သောသူနှင့်အတူ ဖက်ပြိုင်ပြောဆိုခြင်းငှါကား အဘယ့်ကြောင့် မစွမ်းဆောင်နိုင်ဘဲ ရှိပါ မည်နည်းဟု လျှောက်၏။

ထိုအခါ မိလိန္ဒမင်းသည် ဒေဝမန္တိယအမတ်အား “ဒေဝမန္တိယ ထိုသို့ဖြစ်လျှင် သင်သည် အသျှင် မြတ်၏အထံသို့ တမန်စေလွှတ်လော့”ဟု မိန့်ဆို၏၊ “မင်းမြတ် ကောင်းပါပြီ”ဟု ဒေဝမန္တိယအမတ် သည် အသျှင်နာဂသေနအထံသို့ “အသျှင်ဘုရား မိလိန္ဒမင်းသည် အသျှင်ဘုရားကို ဖူးမြင်လိုပါ၏”ဟု တမန်စေလွှတ်၏၊ အသျှင်နာဂသေနသည်လည်း “သို့ဖြစ်လျှင် လာခဲ့လော့”ဟု (မိန့်တော်မူ၏)။

ထိုအခါ မိလိန္ဒမင်းသည် ယောနကအမတ်ငါးရာတို့ခြံရံလျက် မြတ်သော ရထားကို တက်စီး၍၊ များစွာသော ဗိုလ်လူအပေါင်းနှင့်တကွ သင်္ချေယျပရိဝုဏ်ရှိ အသျှင်နာဂသေနထံသို့ ဆည်းကပ်လေ၏။ ထိုအခါ အသျှင်နာဂသေနသည် ရှစ်သောင်းသော ရဟန်းနှင့် အတူ စည်းဝေးရာတန်ဆောင်း၌ ထိုင်နေ၏။ မိလိန္ဒမင်းသည် အသျှင်နာဂသေန၏ ပရိသတ်ကို အဝေးမှပင် မြင်သောကြောင့် ဒေဝမန္တိယအမတ်ကို “ဒေဝမန္တိယအမတ် များလှသော ပရိသတ်သည် အဘယ်သူ၏ ပရိသတ်နည်း”ဟု မေး၏။ မင်းမြတ် အသျှင်နာဂသေန၏ ပရိသတ်ပါတည်းဟု (လျှောက်၏)။

ထိုအခါ မိလိန္ဒမင်းသည် အသျှင်နာဂသေန၏ ပရိသတ်ကို အဝေးမှပင် မြင်၍ ကြောက်ခြင်း, ကိုယ် တုန်လှုပ်ခြင်း, ကြက်သီးမွေးညင်းထခြင်း ဖြစ်၏။ ထိုအခါ မိလိန္ဒမင်းသည် ကြံ့သတ္တဝါတို့ ဝန်းဝိုင်းမိ သာ ဆင်ပြောင်ကဲ့သို့လည်းကောင်း၊ ဂဠုန်တို့ ဝန်းဝိုင်းမိသော နဂါးကဲ့သို့လည်းကောင်း၊ စပါးကြီးမြွေ ဝန်းဝိုင်းမိသော မြေခွေးကဲ့သို့လည်းကောင်း၊ ကျွဲတို့ ဝန်းဝိုင်းမိသော ဝံသတ္တဝါကဲ့သို့လည်းကောင်း၊ မြွေ လိုက်ခံရသော ဖားကဲ့သို့လည်းကောင်း၊

--

ကျားသစ်လိုက်ခံရသော သမင်ကဲ့သို့လည်းကောင်း၊ အလမ္ပာယ် သမားလက်သို့ ရောက်သော မြွေကဲ့သို့လည်းကောင်း၊ ကြောင်လက်သို့ ရောက်သော ကြွက်ကဲ့သို့လည်းကောင်း၊ ဖုတ်မန္တရားတတ်သူ, ပယောဂဆရာရှိရာသို့ ရောက်သော မြေဖုတ်ဘီလူးကဲ့သို့လည်းကောင်း၊ရာဟုခံတွင်းသို့ ရောက်သော လကဲ့သို့လည်းကောင်း၊ ပခြုပ်တွင်းသို့ရောက်သော မြွေကဲ့သို့လည်းကောင်း၊ နှောင်ချိုင့်တွင်းသို့ ရောက်သော ငှက်ကဲ့သို့လည်းကောင်း၊ ပိုက်ကွန်အတွင်းသို့ ရောက့်သော ငါးကဲ့သို့လည်းကောင်း၊ သားရဲရှိသော တောအုပ်သို့ ဝင်မိသော ယောက်ျားကဲ့သို့လည်းကောင်း၊ ဝေဿဝဏ်နတ်မင်းကို ပြစ်မှားမိသော နတ်ဘီလူးကဲ့သို့လည်းကောင်း၊ နတ်သက်ကုန်ဆုံးသော နတ်သားကဲ့သို့လည်းကောင်း ကြောက်ရွံ့တုန်လှုပ် ထိတ်လန့်ချောက်ချားလျက် ကြက်သီးမွေးညင်းထကာ စိတ် ဖောက်ပြန်ခြင်း, နှလုံးမသာခြင်းရှိလျက် တုန်လှုပ်သော စိတ်, နိမ့်ကျသော စိတ်ထားရှိသည် ဖြစ်၍ ငါ့ကို ဤလူအပေါင်းသည် မနှိပ်စက်ပါစေသားဟု သတိကို ဖြစ်စေလျက် ဒေဝမန္တိယအမတ်ကို “ဒေဝမန္တိယ အမတ် သင်သည် ငါ့အား ဤသူ အသျှင်နာဂသေနတည်းဟု မပြောကြားလင့်၊ မပြောကြားဘဲသာလျှင် ငါသည် နာဂသေနကို သိအောင် ပြုအံ့”ဟု (မိန့်ဆို၏)။ “မင်းမြတ် ကောင်းပါပြီ၊ အရှင်မင်းမြတ်သည် သာလျှင် သိအောင်ပြုတော်မူပါလော့”ဟု (လျှောက်၏)။

ထိုအခါ၌ အသျှင်နာဂသေနသည် ထိုရှစ်သောင်းသော ရဟန်းပရိသတ်ဝယ် ရှေ့လေးသောင်းသော ရဟန်းတို့အောက် ငယ်၏၊ နောက်လေးသောင်းသော ရဟန်းတို့ထက် ကြီး၏။

ထိုအခါ မိလိန္ဒမင်းသည် ထိုအလုံးစုံသော ရဟန်းအပေါင်းကို ရှေ့မှလည်းကောင်း၊ နောက်မှလည်းကောင်း၊ အလယ်မှလည်းကောင်း အစဉ်လှည့်လည်ကြည့်ရှုလတ်သော် ရဟန်းအပေါင်း၏ အလယ် ခြင်္သေ့မင်းကဲ့သို့ ထိတ်လန့်မှုကင်းသည်ဖြစ်၍ ကြက်သီးမွေးညင်းထခြင်းကင်းလျက် လန့်ထိတ်တွန့်ရွံ့ခြင်း အလျှင်းမရှိဘဲ ထိုင်နေသော နာဂသေနကို အဝေးမှပင် မြင်ရသော် ထိုနေဟန် အမူအရာဖြင့်ပင် “ဤပရိသတ်၌ ဤသူသည် နာဂသေနပင်တည်း”ဟု သိလေ၏။

ထိုအခါ မိလိန္ဒမင်းသည် ဒေဝမန္တိယအမတ်ကို “ဒေဝမန္တိယအမတ် ဤသူပင် အသျှင်နာဂသေနပင်တည်း”ဟု ပြောဆို၏၊ မင်းမြတ် ဤသူပင် အသျှင်နာဂသေနဟုတ်ပါ၏၊ မင်းမြတ် အရှင်မင်းမြတ်သည် ကောင်းစွာသာလျှင် အသျှင်နာဂသေနကို သိပေ၏ဟု ပြန်ကြားလျှောက်ထား၏။ ထို့နောက် မိလိန္ဒမင်း သည် “သူတစ်ပါး မပြောကြားဘဲပင် ငါသည် အသျှင်နာဂသေနကို သိနိုင်ပေ၏”ဟု ကြည်ရွှင် ဝမ်းမြောက်မှုဖြစ်၏၊ ထိုအခါ မိလိန္ဒမင်းအား အသျှင်နာဂသေနကို မြင်ရသောကြောင့်သာလျှင် ကြောက် ခြင်း, ကိုယ်တုန်လှုပ်ခြင်း, ကြက်သီးမွေးညင်းထခြင်းဖြစ်တော့သည်သာတည်း။ ထို့ကြောင့် ရှေးပဝေဏီ မထေရ်မြတ်တို့သည် ဤသို့ မိန့်ဆိုကုန်၏- “မိလိန္ဒမင်းသည် နိဗ္ဗာန်ရောက်ကြောင်း ကောင်းသော အခြေပါဒစရဏ တစ်ဆယ့် ငါးပါးနှင့်ပြည့်စုံသည်လည်းဖြစ်သော၊ လွန်မြတ်သော ဣန္ဒြေစောင့်ထိန်းခြင်း၌ ကောင်းစွာ ယဉ်ကျေးပြီးသည်လည်းဖြစ်သော နာဂသေနမထေရ်ကို မြင်လတ်၍ ဤသို့သောစကားကို ပြောဆို၏။ ငါသည် များစွာသော ပညာရှိတို့ကို တွေ့မြင်ရ၍ စကားပြောဖူးလှကုန်ပြီ၊ များစွာသော ဆွေးနွေးပွဲတို့သို့ သက်ဝင်ဖူးလှပြီ၊ ယခုတစ်ကြိမ် ငါ့အား ထိတ်လန့်ခြင်းကဲ့သို့ ထိုထိတ်လန့်ခြင်းနှင့် တူစွာ ကြောက်ရွံ့ထိတ်လန့်ခြင်း မဖြစ်စဖူးချေ။ အကြင်သို့ ထိတ်လန့်သောကြောင့် ငါ၏ စိတ်သည် မတည်တံ့နိုင်၊ ထိုသို့ မတည်တံ့နိုင်အောင် ကြောက်လန့်သောကြောင့် ယခုတစ်ကြိမ် ငါ၏ ရှုံးရခြင်းသည် ဧကန်မုချဖြစ်လတ္တံ့၊ နာဂသေန၏ အောင်မြင်ခြင်းသည် ဖြစ်လတ္တံ့သတည်း”ဟု ပြောဆို၏။ ။

ဗာဟိရကထာ ပြီး၏။

--

၂-မိလိန္ဒပဥှာ

၁-မဟာဝဂ်

၁-ပညတ္တိပဥှာ

(ဘွဲ့မည်တော်ကို မေးခြင်း)

။ထိုအခါ မိလိန္ဒမင်းသည် အသျှင်နာဂသေနထံ ချဉ်းကပ်၍ အသျှင်နာဂသေနနှင့် အတူ ဝမ်းမြောက် ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ်, အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေပြီးနောက့်သင့်တင့်လျောက်ပတ်သော နေရာ၌ ထိုင်နေ၏၊ အသျှင်နာဂသေနသည်လည်း ဝမ်းမြောက်ဝမ်းသာ ပြောကြားခြင်းဖြင့်ပင် မိလိန္ဒမင်း၏ စိတ်ကို နှစ်သိမ့်စေ၏။ ထိုအခါ မိလိန္ဒမင်းသည် အသျှင်နာဂသေနအား “အသျှင့်ကို အဘယ်သို့ သိအပ်ပါသနည်း၊ အသျှင်ဘုရား အသျှင်ဘုရားသည် အဘယ်အမည် ရှိပါ သနည်း”ဟု လျှောက်၏။ မင်းမြတ် ငါ့ကို “နာဂသေန”ဟူ၍ သီတင်းသုံးဖော်တို့က ခေါ်ကုန်၏၊ စင်စစ် သော်ကား “နာဂသေန”ဟူ၍လည်းကောင်း၊ “သူရသေန”ဟူ၍လည်းကောင်း၊ “ဝီရသေန”ဟူ၍လည်းကောင်း၊ “သီဟသေန”ဟူ၍လည်းကောင်း အမိအဖတို့က အမည်မှည့်ကုန်၏၊ မင်းမြတ် ဤသို့မှည့်ကြပါကုန်သော်လည်း နာဂသေနဟူသော အမည်သည် ရေတွက်ခေါ်ဆိုခြင်းမျှသာတည်း၊ သမုတ်ခြင်းမျှသာတည်း၊ ပညတ်ခြင်းမျှသာတည်း၊ ဝေါဟာရမျှသာတည်း၊ အမည်မျှသာတည်း၊ ဤနာဂသေနဟူရာ၌ ပုဂ္ဂိုလ်ကို (ဉာဏ်ဖြင့်) ရှုကြည့်၍ မရနိုင်ဟု မိန့်ဆို၏။

ထိုအခါ မိလိန္ဒမင်းသည် ဤသို့ ဆို၏ “ငါးရာကုန်သော ယောနကအမတ်တို့နှင့် ရှစ်သောင်းသော အသျှင်ရဟန်းတို့ အကျွန်ုပ်၏ စကားကို နားထောင်တော်မူပါကုန်လော့၊ ဤနာဂသေနသည် ‘ဤနာဂသေနဟူရာ၌ ပုဂ္ဂိုလ်ကို (ဉာဏ်ဖြင့်) ရှုကြည့်၍ မရနိုင် ‘ဟု မိန့်ဆို၏၊ ထိုနာဂသေနမထေရ် စကားကို (ကောင်းပေ၏ဟု) နှစ်ခြိုက်ခြင်းငှါ လျော်ကန်သင့်မြတ်နိုင်ပါမည်လော”ဟု တိုင်ကြားပြောဆို၏၊ ထို့နောက် မိလိန္ဒမင်းသည် အသျှင်နာဂသေနအား ဤစကားကို လျှောက်ထား၏- အသျှင်ဘုရား နာဂသေန ပုဂ္ဂိုလ် သတ္တဝါကို အကယ်၍ မရနိုင်သည် ဖြစ်အံ့၊ အဘယ်သူသည် အသျှင်ဘုရားတို့အား သင်္ကန်း, ဆွမ်း, ကျောင်းအိပ်ရာနေရာ, သူနာ၏အထောက်အပံ့ ဆေးအသုံးအဆောင်ကို ပေးလှူပါသနည်း၊ အဘယ်သူသည် ထိုပေးလှူသော ပစ္စည်းကို သုံးဆောင်ပါသနည်း၊ အဘယ်သူသည် သီလကို စောင့်ထိန်းပါသနည်း၊ အဘယ်သူသည် ဘာဝနာကို အားထုတ်ပါသနည်း၊ အဘယ်သူသည် မဂ်ဖိုလ်နိဗ္ဗာန်တို့ကို မျက်မှောက်ပြုပါ သနည်း၊ အဘယ်သူသည် သတ္တဝါကို သတ်ပါသနည်း၊ အဘယ်သူသည် အရှင်မပေးသောသူတစ်ပါး ဥစ္စာကို ခိုးယူပါသနည်း၊ အဘယ်သူသည် ကာမဂုဏ်တို့၌ မှားယွင်းသော အကျင့်ကို ကျင့်ပါသနည်း၊ အဘယ်သူသည် မမှန်ချွတ်ယွင်းသော စကားကို ပြောဆိုပါသနည်း၊ အဘယ်သူသည် သေအရက်ကို သောက်ပါသနည်း၊ အဘယ်သူသည် မာတုဃာတကကံစသော ပဉ္စာနန္တရိယကံကို ပြုလုပ်ပါသနည်း၊ ထို့ကြောင့် ကုသိုလ်မည်သည် မရှိ၊ အကုသိုလ်မည်သည် မရှိ၊ ကုသိုလ်, အကုသိုလ်ကံတို့ကို ပြုလုပ် သူသည်လည်းကောင်း၊ ပြုလုပ်စေသူသည်လည်းကောင်း မရှိပြီ၊ ကောင်းစွာ ပြုအပ်, မကောင်းသဖြင့် ပြုအပ်သော ကံတို့၏ အကျိုးဝိပါက်သည် မရှိပြီ၊ အသျှင်ဘုရားနာဂသေန အကြင်သူသည် အသျှင်ဘုရားတို့ကို အကယ်၍ သတ်သည် ဖြစ်အံ့၊ ထိုသတ်သောသူအားလည်း ပါဏာတိပါတကံ မရှိတော့ပြီ၊ အသျှင် နာဂသေန အသျှင်ဘုရားတို့အားလည်း ဆရာသည် မရှိတော့ပြီ၊ ဥပဇ္ဈာယ်သည် မရှိတော့ပြီ၊ ပဉ္စင်း အဖြစ်သည် မရှိတော့ပြီ၊ “မင်းမြတ် သီတင်းသုံးဖော်တို့သည် ငါ့ကို နာဂသေန”ဟူ၍ ခေါ်ဝေါ်ကုန်၏ဟု ပြောဆိုသော အသျှင်ဘုရား၏ စကား၌ အဘယ်သည် နာဂသေနမည်ပါသနည်း၊ အသျှင်ဘုရား အသို့ပါ နည်း၊ ဆံပင်တို့သည် နာဂသေနလောဟု မေးလျှောက်၏။

--

မင်းမြတ် (ဆံပင်သည်) နာဂသေနမမည်ချေ။ အမွေးတို့သည် နာဂသေနလော။ မင်းမြတ် အမွေးတို့သည် နာဂသေနမမည်ချေ။ ခြေသည်း လက်သည်းတို့သည်။ပ။ သွားတို့သည်။ အရေသည်။ အသား သည်။ အကြောသည်။ အရိုးသည်။ ခြင်ဆီသည်။ အညှို့သည်။ နှလုံးသည်။ အသည်းသည်။ အမြှေး သည်။ အဖျင်းသည်။ အဆုပ်သည်။ အူမသည်။ အူသိမ်သည်။ အစာသစ်သည်။ အစာဟောင်းသည်။ သည်းခြေသည်။ သလိပ်သည်။ ပြည်သည်။ သွေးသည်။ ချွေးသည်။ အဆီခဲသည်။ မျက်ရည်သည်။ ဆီကြည်သည်။ တံတွေးသည်။ နှပ်သည်။ အစေးသည်။ ကျင်ငယ်သည်။ပ။ ဦးထိပ်၌ ဦးနှောက်သည့်နာဂသေနမည်ပါသလော။ မင်းမြတ် ဦးနှောက်သည် နာဂသေနမမည်ချေ။ အသျှင်ဘုရား အသို့ပါနည်း၊ ရုပ်သည် နာဂသေနမည်ပါသလော။ မင်းမြတ် ရုပ်သည် နာဂသေနမမည်ချေ။ ဝေဒနာသည် နာဂသေန မည်ပါသလော။ မင်းမြတ် ဝေဒနာသည် နာဂသေနမမည်ချေ။ သညာသည် နာဂသေနမည်ပါသလော။ မင်းမြတ် သညာသည် နာဂသေန မမည်ချေ။ သင်္ခါရတို့သည် နာဂသေနမည်ပါသလော။ မင်းမြတ် သင်္ခါရတို့သည် နာဂသေနမမည်ချေ။ ဝိညာဏ်သည် နာဂသေန မည်ပါသလော။ မင်းမြတ် ဝိညာဏ်သည် နာဂသေနမမည်ချေ။ အသျှင်ဘုရား အသို့ပါနည်း၊ ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်သည် နာဂသေနမည်ပါသလော။ မင်းမြတ် ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်သည် နာဂသေန မမည် ချေ။ အသျှင်ဘုရား အသို့ပါနည်း၊ ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်မှ တစ်ပါးသော တရား သည် နာဂသေနမည်ပါသလော။ မင်းမြတ် ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်မှ တစ်ပါးသော တရားသည် နာဂသေနမမည်ချေ။ အသျှင်ဘုရား အကျွန်ုပ်သည် မေးတိုင်းမေးတိုင်း ထိုနာဂသေနကို မမြင်ရပါ၊ အသျှင်ဘုရားနာဂသေနဟု ပြောဆိုသော အသံသည်ပင် နာဂသေနမည်ပါသလာ။ မင်းမြတ် နာဂသေနဟု ပြောဆိုသော အသံသည်ပင် နာဂသေနမမည်ပါ။ ဤအရာ၌ အဘယ်သည် နာဂသေနမည် ပါသနည်း၊ အသျှင်ဘုရား အသျှင်ဘုရားသည် မမှန်ချွတ်ယွင်းသော စကားကို ဆိုဘိ၏၊ နာဂသေနသည် မရှိချေတကားဟု (လျှောက်၏)။

ထိုအခါ အသျှင်နာဂသေနသည် မိလိန္ဒမင်းအား ဤစကားကို ဆို၏ “မင်းမြတ် သင်မင်းမြတ်သည် မင်းမျိုးတို့၏ နူးညံ့ခြင်းရှိ၍ စင်စစ် နူးညံ့လှ၏၊ မင်းမြတ် သင်မင်းမြတ်သည် မွန်းတည့်ရှိန်ရှိန် ပူလောင် လှသော မြေအပြင်ဝယ် ပူပြင်းလှသော သဲပြင်, ကြမ်းတမ်းသော ကျောက်စရစ်ခဲ, အိုးခြမ်းကွဲ၌ နင်း၍ ခြေဖြင့် လာခဲ့ရလျှင် ခြေထောက်တို့သည် ကျင်နာ, ကျိန်းစပ်ကုန်လိမ့်မည်၊ ကိုယ်သည် ပင်ပန်းလိမ့်မည်၊ စိတ်သည် ညှိုးနွမ်းပေလိမ့်မည်၊ ဆင်းရဲနှင့်တကွသော ကာယဝိညာဏ်စိတ်သည် ဖြစ်ပေါ်ပေလိမ့်မည်၊ အသို့နည်း၊ သင်မင်းမြတ်သည် ခြေဖြင့် လာခဲ့သလော၊ သို့မဟုတ် ယာဉ်ဖြင့် လာခဲ့သလော”ဟု (မေးတော်မူ၏)။ အသျှင်ဘုရား အကျွန်ုပ်သည် ခြေဖြင့် မလာခဲ့ပါ၊ ရထားဖြင့် လာခဲ့ပါ၏။ မင်းမြတ် သင် မင်းမြတ်သည် ရထားဖြင့် လာခဲ့သည် ဖြစ်အံ့၊ ငါ့အား ရထားကို ပြောကြားပါလော့၊ မင်းမြတ် အသို့ နည်း၊ ရထားသန်သည် ရထားပေလော။ မဟုတ်ပါ အသျှင်ဘုရား။ ဝင်ရိုးသည် ရထားပေလော။ မဟုတ်ပါ အသျှင်ဘုရား။ ရထားဘီးတို့သည် ရထားပေလော။ မဟုတ်ပါ အသျှင်ဘုရား။ ရထားအိမ် သည် ရထားပေလော။ မဟုတ်ပါ အသျှင်ဘုရား။ ရထားထောက်သည် ရထားပေလော။ မဟုတ်ပါ အသျှင်ဘုရား။ ထမ်းပိုးတုံးသည် ရထားပေလော။ မဟုတ်ပါ အသျှင်ဘုရား။ ကြိုးတို့သည် ရထားပေ လော။ မဟုတ်ပါ အသျှင်ဘုရား။ နှင်တံကြိမ်လုံးသည် ရထားပေလော။ မဟုတ်ပါ အသျှင်ဘုရား။ မင်းမြတ် အသို့နည်း၊ ရထားသန်, ဝင်ရိုး, ရထားဘီး, ရထားအိမ်, ရထားထောက်, ထမ်းပိုးတုံး, ကြိုး, ကြိမ်လုံးတို့သည် ရထားပေလော။ မဟုတ်ပါ အသျှင်ဘုရား။ မင်းမြတ် အသို့နည်း၊ ရထားသန်, ဝင်ရိုး, ရထားဘီး, ရထားအိမ်, ရထားထောက်, ထမ်းပိုးတုံး, ကြိုး, ကြိမ်လုံးတို့ကို ထား၍ ရထားရှိ သလော။ မရှိပါ အသျှင်ဘုရား။ မင်းမြတ် ငါသည် သင်မင်းမြတ်ကို မေးတိုင်းမေးတိုင်း ရထားကို မမြင် တွေ့ရ၊ မင်းမြတ် ရထားဟု ခေါ်ဝေါ်ပြောဆိုသော အသံသည်ပင် ရထားလေလော။ မဟုတ်ပါ အသျှင် ဘုရား။ ဤအရာ၌ အဘယ်သည် ရထားပေနည်း၊ မင်းမြတ် သင်မင်းမြတ်သည် မမှန်ချွတ်ယွင်းသော စကားကို ဆိုဘိ၏၊ ရထားသည် မရှိချေတကား၊ မင်းမြတ် သင်မင်းမြတ်သည် ဇမ္ဗူဒိပ်တစ်ကျွန်းလုံး၌ မြတ်သော မင်းဖြစ်ပေ၏၊ သို့ဖြစ်ပါလျက် အဘယ်သူကို ကြောက်၍ မမှန်သော စကားကို ဆိုတုံဘိ သနည်း၊ ငါးရာကုန်သော ယောနကအမတ်တို့နှင့် ရှစ်သောင်းသော ရဟန်းတို့ အကျွန်ုပ်၏ စကားကို နားထောင်ကြကုန်လော့၊ ဤမိလိန္ဒမင်းသည် “ရထားနှင့် အကျွန်ုပ် လာခဲ့ပါ၏ဟု ပြောဆိုဘိ၏၊ မင်းမြတ် သင်သည် အကယ်၍ ရထားနှင့် လာခဲ့သည် ဖြစ်အံ့၊ ‘ငါ့အား ရထားကို ပြောကြားပါလော့ ‘ဟု ဆိုလတ့်သော် ရထားကို ပြည့်စုံအောင် မပြောဆိုနိုင်၊ ထိုမိလိန္ဒမင်း၏ စကားကို နှစ်သက်ခြင်းငှါ သင့်ပါအံ့လော”ဟု ပြောဆို၏။ ဤသို့ ပြောဆိုသည်ရှိသော် ငါးရာသော ယောနကအမတ်တို့သည် အသျှင်နာဂသေန အား ကောင်းချီးပေး၍ မိလိန္ဒမင်းကို “မင်းမြတ် ယခုအခါ သင်မင်းမြတ်သည် စွမ်းနိုင်သည်ရှိသော် ဆိုတော်မူပါလော့”ဟု လျှောက်ကုန်၏။

--

ထိုအခါ မိလိန္ဒမင်းသည် အသျှင်နာဂသေနကို “အသျှင်ဘုရားနာဂသေန အကျွန်ုပ်သည် မမှန် စကားကို ဆိုသည် မဟုတ်ပါ၊ ရထားသန်ကိုလည်းကောင်း၊ ရထားဝင်ရိုးကိုလည်းကောင်း၊ ရထားဘီးတို့ကိုလည်းကောင်း၊ ရထားအိမ်ကိုလည်းကောင်း၊ ရထားထောက်ကိုလည်းကောင်း အစွဲပြု၍ ရထားဟူသော အရေအတွက်, ရထားဟု သမုတ်ခြင်း, ရထားဟူသော ပညတ်ခြင်း, ရထားဟူသော အခေါ်ဝေါ်, ရထားဟူသော အမည်မျှသာ ဖြစ်ပါ၏”ဟု လျှောက်၏။ မင်းမြတ် သင်မင်းမြတ်သည် ရထားကို ကောင်းစွာ သိပါပေ၏၊ မင်းမြတ် ဤအတူသာလျှင် ဆံပင်တို့ကိုလည်းကောင်း၊ အမွေးတို့ကိုလည်းကောင်း။ပ။ ဦးထိပ်၌ ဦးနှောက်ကိုလည်းကောင်း၊ အစွဲပြု၍ ရုပ်ကိုလည်းကောင်း၊ ဝေဒနာကိုလည်းကောင်း၊ သညာကိုလည်းကောင်း၊ သင်္ခါရတို့ကိုလည်းကောင်း၊ ဝိညာဏ်ကိုလည်းကောင်း အစွဲပြု၍ ငါ့အားလည်း နာဂသေနဟူသော အရေအတွက်, နာဂသေနဟု သမုတ်ခြင်း, နာဂသေနဟူသော ပညတ်, နာဂသေနဟူသော အခေါ်ဝေါ်, နာဂသေနဟူသော အမည်မျှသာ ဖြစ်ပေ၏၊ စင်စစ်သော်ကား ဤနာဂသေနဟူရာ၌ မဖောက်မပြန် မှန်သော အနက်သဘောအားဖြင့် ပုဂ္ဂိုလ် သတ္တဝါကို မရကောင်းပေ၊ မင်းမြတ် ဝဇိရာ မည်သော ဘိက္ခုနီသည် မြတ်စွာဘုရား၏ မျက်မှောက်တော်၌- “ရထားသန်, ဝင်ရိုး, ထမ်းပိုးစသော ရထား၏ အစိတ်အပိုင်း အဆောက်အဦ ကြောင့် ရထားဟူသော သဒ္ဒပညတ်သည် ဖြစ်သကဲ့သို့၊ ဤအတူ ရူပက္ခန္ဓာစသော ခန္ဓာတို့ ရှိကုန်လတ်သော် သတ္တဝါဟူသော သမုတ်ခြင်း, သတ္တဝါဟူသော အခေါ် အဝေါ်, သတ္တဝါဟူသော ပညတ်တရားသည် ဖြစ်ရလေ၏”ဟု မြွက်ဆို ကျူးရင့် အပ်၏။

အသျှင်ဘုရားနာဂသေန အံ့ဖွယ်ရှိပါပေစွ၊ အသျှင်ဘုရားနာဂသေန မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အလွန် ဆန်းကြယ်ကုန်သော ပြဿနာမေးခွန်းစကားတို့ကို ဖြေဆိုတော်မူအပ်ပါကုန်၏၊ မြတ်စွာဘုရားသည် အကယ်၍ ထင်ရှားရှိပါမူကား “နာဂသေန ကောင်းပေစွ၊ ကောင်းပေစွ၊ အလွန်ဆန်းကြယ်ကုန်သော ပြဿနာမေးခွန်းစကားတို့ကို ဖြေဆိုအပ်ကုန်၏”ဟု ကောင်းချီးပေးရာပါ၏ဟု (လျှောက်၏)။ ။

ရှေးဦးစွာသော ပညတ္တိပဥှာ ပြီး၏။

--

၂-ဝဿဂဏနပဥှာ

(သိက္ခာတော်ကို မေးခြင်း)

။ အသျှင်ဘုရားနာဂသေန အသျှင်ဘုရားသည် ဝါတော် အဘယ်မျှရှိပါသနည်းဟု လျှောက်၏။ မင်းမြတ် ငါသည် ခုနစ်ဝါ ရှိပါပြီဟု မိန့်ဆို၏။ အသျှင်ဘုရား ထိုခုနစ်ဝါတို့သည် အဘယ်သည်တို့ ပါနည်း၊ အသျှင်ဘုရားသည်မူလည်း ခုနစ်ဝါတို့ပါလော၊ အရေအတွက်ဂဏန်းတို့သည်မူလည်း ခုနစ်ဝါတို့ ပါလောဟု လျှောက်၏။

ထိုဝါကို မေးနေစဉ်အခါ၌ အလုံးစုံသောတန်ဆာတို့ဖြင့် တန်ဆာဆင်ယင်၍ တန်ဆာဆင်ခြင်းနှင့် ဆက်စပ်သော မိလိန္ဒမင်း၏ ကိုယ်ရိပ်သည် မြေ၌လည်း ထင်၏၊ ရေအိုးကြီး၌လည်း ထင်၏။ ထိုအခါ အသျှင်နာဂသေနသည် မိလိန္ဒမင်းအား “မင်းမြတ် မေးပါအံ့၊ သင်မင်းမြတ်သည်မူလည်း မိလိန္ဒမင်းလော၊ ကိုယ်ရိပ်မူသည်လည်း မိလိန္ဒမင်းလောဟု မေး၏။ အသျှင်ဘုရားနာဂသေန အကျွန်ုပ်သည်သာ မိလိန္ဒမင်းပါတည်း၊ ဤကိုယ်ရိပ်သည် မိလိန္ဒမင်း မဟုတ်ပါ၊ စင်စစ်သော်ကား အကျွန်ုပ်ကို မှီ၍ ကိုယ်ရိပ် သည် ဖြစ်ပါ၏ဟု လျှောက်၏။ မင်းမြတ် ဤအတူသာလျှင် သိက္ခာဝါအရေအတွက်တို့သည် ခုနစ်ဝါတို့ပေ့တည်း၊ ငါသည်ကား ခုနစ်ဝါမဟုတ်ချေ၊ စင်စစ်သော်ကား ငါ့ကို မှီ၍ ခုနစ်အရေအတွက်သည် ဖြစ်၏၊ မင်းမြတ် အရိပ်လျှင် ဥပမာရှိ၏ဟု မိန့်တော်မူ၏။ အသျှင်ဘုရားနာဂသေန အံ့ဖွယ်ရှိပါပေစွ၊ အသျှင် ဘုရားနာဂသေန မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အလွန်ဆန်းကြယ်ကုန်သော ပြဿနာမေးခွန်းစကားတို့ကို ဖြေကြားတော်မူပါပေ၏ဟု (လျှောက်၏)။ ။

နှစ်ခုမြောက် ဝဿဂဏနပဥှာ ပြီး၏။

--

၃-ဝီမံသနပဥှာ

စုံစမ်းလျှောက်မေးခြင်း

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန အကျွန်ုပ်နှင့် အတူတကွ တိုင်ပင်ပြောဆိုပါအံ့လော”ဟု လျှောက်၏။ မင်းမြတ် သင်သည် ပညာရှိတို့၏ တိုင်ပင်ပြောဆိုခြင်းမျိုးကို အကယ်၍ တိုင်ပင်ပြော ဆိုပါသည် ဖြစ်အံ့၊ တိုင်ပင်ပြောဆိုပါအံ့။ မင်းတို့၏ တိုင်ပင်ပြောဆိုခြင်းမျိုးကို အကယ်၍ တိုင်ပင်ပြောဆို သည်ဖြစ်အံ့၊ မတိုင်ပင် မပြောဆိုလိုဟု မိန့်ဆို၏။ အသျှင်ဘုရားနာဂသေန ပညာရှိတို့သည် အဘယ်သို့ လျှင် တိုင်ပင်ပြောဆိုပါကုန်သနည်းဟု လျှောက်၏။ မင်းမြတ် စင်စစ် ပညာရှိတို့၏ တိုင်ပင် ပြောဆိုရာ၌ စကားဖြင့် ရစ်ပတ်ချည်နှောင်ခြင်းကိုလည်း ပြုလုပ်အပ်၏၊ တုံ့ပြန်ဖြေချွတ်ခြင်းကိုလည်း ပြုလုပ်အပ်၏၊ နှိမ်နင်းရှုတ်ချခြင်းကိုလည်း ပြုလုပ်အပ်၏၊ မြှင့်တင်ချီးမြှောက်ခြင်းကိုလည်း ပြုလုပ်အပ်၏၊ ထိုသို့ပြုလုပ် ခြင်းကြောင့် ပညာရှိတို့သည် အမျက်လည်း မထွက်ကုန်၊ မင်းမြတ် ပညာရှိတို့သည် ဤသို့လျှင် တိုင်ပင် ပြောဆိုကုန်၏ဟု မိန့်ဆို၏။ အသျှင်ဘုရား မင်းတို့သည် အဘယ်သို့လျှင် တိုင်ပင်ပြောဆိုပါကုန်သနည်းဟု လျှောက်၏။ မင်းမြတ် မင်းတို့သည် တိုင်ပင်ပြောဆိုသော အခါ၌ အကြောင်းတစ်ခုကို ဝန်ခံခွင့်ပြုကုန်၏။ အကြင်သူသည် ထိုအကြောင်းကို ချွတ်ယွင်းစေ၏၊ “ဤသူ့အား ဒဏ်တပ်ကုန်လော့”ဟု ထိုသူ့ အား ဒဏ်ထားကုန်၏၊ မင်းမြတ် ဤသို့လျှင် မင်းတို့သည် တိုင်ပင် ပြောဆိုကုန်၏ဟု မိန့်ဆို၏။ အသျှင်ဘုရား အကျွန်ုပ်သည် ပညာရှိတို့၏ တိုင်ပင်ပြောဆိုခြင်းမျိုးဖြင့် တိုင်ပင်ပြောဆိုပါအံ့၊ မင်းတို့၏ တိုင်ပင်ပြောဆိုခြင်းမျိုးဖြင့် မတိုင်ပင် မပြောဆိုပါ၊ အသျှင်မြတ်သည် ရဲရဲဝံ့ဝံ့တိုင်ပင် ပြောဆိုတော်မူပါ၊ ရဟန်းနှင့်လည်းကောင်း၊ သာမဏေနှင့်လည်းကောင်း၊ ဒါယကာနှင့်လည်းကောင်း၊ အရံစောင့်နှင့်လည်းကောင်း အတူတကွ တိုင်ပင်ပြောဆိုသကဲ့သို့၊ ထို့အတူ အသျှင်မြတ်သည် ရဲရဲဝံ့ဝံ့ တိုင်ပင်ပြောဆိုတော်မူပါ, မကြောက်ပါလင့်ဟု လျှောက်၏။ “မင်းမြတ် ကောင်းလှပြီ”ဟု နာဂသေနမထေရ်သည် ဝမ်းမြောက် တော်မူ၏။

မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန မေးပါအံ့”ဟု လျှောက်၏။ မင်းမြတ် မေးလော့။ အသျှင်ဘုရား အကျွန်ုပ် မေးအပ်ပါပြီ။ မင်းမြတ် ဖြေအပ်ပြီ။ အသျှင်ဘုရား အသျှင်ဘုရားသည် အဘယ် ကို ဖြေအပ်ပါသနည်းဟု မေးလျှောက်သော် မင်းမြတ် သင်သည် အဘယ်ကို မေးအပ်သနည်းဟု မိန့်ဆို တော်မူ၏။ ။

သုံးခုမြောက် ဝီမံသနပဥှာ ပြီး၏။

--

၄-အနန္တကာယပဥှာ

(အနန္တကာယအမတ်၏ လျှောက်ထားမေးမြန်းချက်)

။ ထိုအခါ မိလိန္ဒမင်းအား ဤသို့သော အကြံအစည်ဖြစ်၏ “ဤရဟန်းသည် ပညာရှိ၏၊ ဤရဟန်းသည် ငါနှင့်အတူ တိုင်ပင်ပြောဆိုခြင်းငှါ စွမ်းနိုင်၏၊ စင်စစ်သော်ကား များပြားသော မေးမြန်း ဖွယ် အကြောင်းအရာတို့ကို ပြည့်စုံစွာ မမေးရသေးဘဲပင် နေဝင်လတ္တံ့၊ ငါသည် နက်ဖြန် နန်းတွင်း၌ လျှောက်ထားပြောဆိုရမူကား ကောင်းပေစွ”ဟု(အကြံအစည်ဖြစ်၏)။ ထိုအခါ မိလိန္ဒမင်းသည် ဒေဝမန္တိယ့အမတ်အား ဒေဝမန္တိယအမတ် သို့ဖြစ်လျှင် သင်သည် အသျှင်မြတ်အား “နက်ဖြန် နန်းတွင်း၌ မင်းနှင့် အတူ ပြောဆိုဆွေးနွေးခြင်းသည် ဖြစ်ပါလိမ့်မည်”ဟု လျှောက်ထားပြောဆိုချေလော့ဟု မိန့်တော်မူ၏၊ မိလိန္ဒမင်းသည် ဤစကားကို မိန့်တော်မူပြီး၍ နေရာမှထကာ နာဂသေနမထေရ်ကို ပန်ကြား၍ ရထားစီးလျက် “နာဂသေန, နာဂသေန”ဟု တတွတ်တွတ် မြွက်ဆိုလျက် ဖဲသွားလေ၏။

ထိုအခါ ဒေဝမန္တိယအမတ်သည် အသျှင်နာဂသေနအား “အသျှင်ဘုရား အရှင်ဘုရားသည် နက်ဖြန် နန်းတွင်း၌ ဘုရင်မင်းမြတ်နှင့်အတူ ပြောဆိုဆွေးနွေးခြင်းသည် ဖြစ်ပါလိမ့်မည်ဟု မိလိန္ဒမင်းက ပြောဆိုပါ သည်”ဟူ၍ လျှောက်၏။ မထေရ်သည် “ကောင်းပြီ”ဟု ဝမ်းမြောက်၏။ ထို့နောက် ထိုညဉ့်လွန်သော အခါ ဒေဝမန္တိယအမတ်သည်လည်းကောင်း၊ အနန္တကာယအမတ်သည်လည်းကောင်း၊ မင်္ကုရအမတ်သည်လည်းကောင်း၊ သဗ္ဗဒိန္နအမတ်သည်လည်းကောင်း မိလိန္ဒမင်းထံသို့ ချဉ်းကပ်ကုန်ပြီးသော် မိလိန္ဒမင်းကို “မင်းမြတ် အသျှင်နာဂသေနသည် ကြွလာစေအံ့လော”ဟု လျှောက်တင်ကြကုန်၏။ ကြွလာပါစေဟု မိန့်တော်မူ၏။ အဘယ်မျှလောက်သော ရဟန်းတို့နှင့်အတူ ကြွလာစေရအံ့နည်းဟု လျှောက်တင်ကြကုန်၏။ အလိုရှိသမျှ ရဟန်းတို့နှင့် အတူ ကြွလာပါစေလော့ဟု (မိန့်ဆို၏)။

ထိုအခါ သဗ္ဗဒိန္နအမတ်သည် “မင်းမြတ် တစ်ကျိပ်သော ရဟန်းတို့နှင့်အတူ ကြွလာစေရမည်လော”ဟု လျှောက်၏။ နှစ်ကြိမ်တိုင်အောင်လည်း မိလိန္ဒမင်းသည် အလိုရှိသမျှ ရဟန်းတို့နှင့်အတူကြွလာ ပါစေလော့ဟု (မိန့်ဆို၏)။ နှစ်ကြိမ်တိုင်အောင်လည်း သဗ္ဗဒိန္နအမတ်သည် “မင်းမြတ် တစ်ကျိပ်သော ရဟန်းတို့နှင့်အတူ ကြွလာစေရမည်လော”ဟု လျှောက်၏။ သုံးကြိမ်မြောက်လည်း မိလိန္ဒမင်းသည် အလို ရှိသမျှ ရဟန်းတို့နှင့်အတူ ကြွလာပါစေလော့ဟု (မိန့်ဆို၏)။ သုံးကြိမ်မြောက်လည်း သဗ္ဗဒိန္နအမတ်သည် “မင်းမြတ် တစ်ကျိပ်သော ရဟန်းတို့နှင့်အတူ ကြွလာစေရမည်လော”ဟု လျှောက်၏။ အလုံးစုံသော ဤပူဇော်သက္ကာရကို စီရင်ပြီးပြီ၊ “အလိုရှိသမျှ ရဟန်းတို့နှင့် အတူ လာစေလော့”ဟု ငါမိန့်ဆိုပါလျက် အချင်းတို့ ဤသဗ္ဗဒိန္နအမတ်သည် တစ်မျိုးတစ်မည်အားဖြင့် လျှောက်တင်နေ၏၊ ငါတို့သည် ရဟန်းတို့ အား ဘောဇဉ်ကို ပေးလှူခြင်းငှါ မစွမ်းနိုင်ကုန်သလောဟု မိန့်ဆို၏။ ဤသို့ မိန့်ဆိုသည်ရှိသော် သဗ္ဗဒိန္န အမတ်သည် မျက်နှာမသာ ဖြစ်လေ၏။

ထိုအခါ၌ ဒေဝမန္တိယအမတ်သည်လည်းကောင်း၊ အနန္တကာယအမတ်သည်လည်းကောင်း၊ မင်္ကုရ အမတ်သည်လည်းကောင်း အသျှင်နာဂသေနအထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်နာဂသေနကို အသျှင်ဘုရား မိလိန္ဒမင်းသည် “အလိုရှိသမျှသော ရဟန်းတို့နှင့် အတူ ကြွလာတော်မူပါလော့”ဟု ပြောဆိုပါသည်ဟု လျှောက်ထားကုန်၏။ ထိုအခါ အသျှင်နာဂသေနသည် နံနက်အခါ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် ရှစ်သောင်းသော ရဟန်းတို့နှင့်အတူ သာဂလမြို့သို့ ဝင်တော်မူ၏။

--

ထိုအခါ၌ အနန္တကာယအမတ်သည် အသျှင်နာဂသေနကို ကပ်မှီသွားစဉ် အသျှင်နာဂသေနကို “အသျှင်ဘုရားနာဂသေန မေးလျှောက်ပါရစေ၊ ‘နာဂသေန’ဟူသော ဤစကား၌ အဘယ်သည် နာဂသေန ဖြစ်ပါသနည်းဟု လျှောက်၏။ အသျှင်နာဂသေနမထေရ်သည် “ဤနာဂသေနဆိုရာ၌ အဘယ်ကို နာဂသေနဟူ၍ သင် မှတ်ထင်သနည်း”ဟု ဆို၏။ အသျှင်ဘုရား ကိုယ်တွင်း၌ လေဟုဆိုအပ်သော အကြင်အသက်သည် အတွင်းသို့လည်း ဝင်ပါ၏၊ အပသို့လည်း ထွက်ပါ၏၊ ထိုဝင်ချည်, ထွက်ချည် ဖြစ်သော အသက်သည် ‘နာဂသေန ဖြစ်၏ ‘ဟူ၍ မှတ်ထင်ပါသည်”ဟု လျှောက်၏။ ဤအသက်ခေါ်သော လေသည် အပသို့ ထွက်ပြီးသော် ဤလေသည် ထွက်ပြီးလျှင် အကယ်၍ အတွင်းသို့ မဝင်ခဲ့မူ အတွင်းသို့ ဝင်ပြီး၍ အပသို့ မထွက်ခဲ့မူ ထိုယောက်ျားသည် အသက်ရှင်နိုင်ရာအံ့လောဟု မေး၏။ အသျှင်ဘုရား အသက်မရှင်နိုင်ရာပါ။ အကြင်ခရုသင်းမှုတ်တတ်ကုန်သောသူတို့သည် ခရုသင်းကို မှုတ်ကုန်၏၊ ထို ခရုသင်းမှုတ်သူတို့၏ ထွက်လေသည် ပြန်ဝင်သေးသလော။ ပြန်မဝင်ပါ အသျှင်ဘုရား၊ အကြင်ပြွေ မှုတ်တတ်သောသူတို့သည် ပြွေကို မှုတ်ကုန်၏၊ ထိုပြွေမှုတ်သူတို့၏့ထွက်လေသည် ပြန်ဝင်သေး သလော။ ပြန်မဝင်ပါ အသျှင်ဘုရား။ အကြင် တံပိုးမှုတ်တတ်သောသူတို့သည် တံပိုးကို မှုတ်ကုန်၏၊ ထိုသူတို့၏ ထွက်လေသည် ပြန်ဝင်သေးသလော။ ပြန်မဝင်ပါ အသျှင်ဘုရား။ ထိုသို့ဖြစ်လျက် သူတို့သည် အဘယ့်ကြောင့် မသေရကုန်သနည်းဟု (မိန့်တော်မူ၏)။ အကျွန်ုပ်သည် စကားကပ်ပြောတတ်သော အသျှင်ဘုရားနှင့်အတူ ပြောဆိုခြင်းငှါ မစွမ်းနိုင်ပါ၊ အသျှင်ဘုရား တောင်းပန်ပါ၏ လိုအပ်သော အနက် အဓိပ္ပါယ်ကို ဟောကြားဖြေဆိုတော်မူပါလော့ဟု (လျှောက်၏)။ ဤသင် ပြောသော လေသည် အသက် မဟုတ်၊ ဤလေတို့ကား ကရဇကာယဟူသော စတုသမုဋ္ဌာနိကရုပ်အပေါင်းသည် ပြုပြင်စီမံအပ်ကုန်သော ထွက်သက် ဝင်သက်တို့ပေတည်းဟု မထေရ်သည် သင်္ခါရယမိုက်လာ အဘိဓမ္မာတရားစကားကို ဖြေရှင်း မိန့်ကြားတော်မူ၏။ ထို့နောက် အနန္တကာယအမတ်သည် ရတနာသုံးပါးကို ဆည်းကပ်သော ဒါယကာ အဖြစ်ကို လျှောက်ကြား၏။ ။

လေးခုမြောက် အနန္တကာယပဥှာ ပြီး၏။

--

၅-ပဗ္ဗဇ္ဇပဥှာ

ရဟန်းပြုခြင်းဆိုင်ရာ ပြဿနာ

။ ထိုအခါ အသျှင်နာဂသေနသည် မိလိန္ဒမင်းနန်းတော်သို့ ချဉ်းကပ်ပြီးသော် ခင်းထားသော နေရာ၌ ထိုင်နေ၏၊ ထိုအခါ မိလိန္ဒမင်းသည် ပရိသတ်နှင့်တကွသော အသျှင်နာဂသေနကို မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့်တိုင်အောင် ကိုယ်တိုင် လုပ်ကျွေး၍ တစ်ပါး တစ်ပါးသော ရဟန်းအား သင်္ကန်းတစ်စုံစီ, တစ်စုံစီ ဆက်ကပ်လှူဒါန်း၍ အသျှင်နာဂသေနအား တိစီဝရိက် သင်္ကန်းကို ဆက်ကပ်လှူဒါန်းပြီးလျှင် “အသျှင်ဘုရားနာဂသေန ရဟန်းတော်ဆယ်ပါးတို့နှင့် ဤနန်းတော်၌ ထိုင်နေတော်မူခဲ့ပါကုန်၊ ကြွင်းသော ရဟန်းတော်တို့သည် ကြွကြပါစေကုန်”ဟု အသျှင် နာဂသေနအား လျှောက်ထား၏။

ထိုအခါ မိလိန္ဒမင်းသည် အသျှင်နာဂသေန ဆွမ်းစားပြီး၍ သပိတ်မှ လက်ကို ဖယ်ပြီးသောအခါ နိမ့်သော ထိုင်နေစရာ တစ်ခုကိုယူ၍ သင့်တင့်လျောက်ပတ်သော နေရာ၌ ထိုင်နေ၏၊ သင့်တင့်လျောက် ပတ်သော နေရာ၌ ထိုင်ပြီးသော မိလိန္ဒမင်းသည် အသျှင်နာဂသေနကို “အသျှင်ဘုရားနာဂသေန အဘယ် အရာမျိုး၌ စကားပြောဟောခြင်းသည် ဖြစ်ပါအံ့နည်း”ဟု လျှောက်၏။ မင်မြတ် ငါတို့သည် အကျိုး စီးပွါးကို အလိုရှိကုန်၏၊ အကျိုးစီးပွါးနှင့် စပ်ယှဉ်သော အရာ၌ စကားပြောဟောခြင်း ဖြစ်ပါစေလော့ဟု (မိန့်တော်မူ၏)။

မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန အသျှင်ဘုရားတို့၏ ရဟန်းအဖြစ်သည် အဘယ်အကျိုး ရှိပါသနည်း၊ အသျှင်ဘုရားတို့ တောင့်တအပ် မြတ်သော အကျိုးကား အဘယ်ပါနည်း”ဟု မေးလျှောက်၏။ နာဂသေနမထေရ်သည် “မင်းမြတ် ဤသံသရာဆင်းရဲသည် အဘယ်သို့သော နည်းနာ အကြောင်းဖြင့် ချုပ်ငြိမ်းရာအံ့နည်းဟု ကြံစည်၍ ရဟန်းပြုကြရကား ငါတို့၏ ရဟန်းအဖြစ်သည် ဤ ပြဆိုခဲ့သည့် အကျိုးရှိ၏၊ ထို့ပြင် ငါတို့ တောင့်တအပ် မြတ်သော အကျိုးသည် တဏှာဒိဋ္ဌိကပ်ငြိ စွဲလမ်းခြင်း မရှိမူ၍ တဏှာညွှတ်မှ လွတ်မြောက်ရခြင်းပင်တည်း”ဟု ဖြေကြားတော်မူ၏။

အသျှင်နာဂသေန မေးလျှောက်ပါဦးအံ့ ရဟန်းအားလုံးတို့သည်ပင် ဤပြဆိုခဲ့သည့် အကျိုးငှါ ရဟန်းပြုကြပါကုန်သလောဟု မေးလျှောက်၏။ မင်းမြတ် အချို့သောသူတို့သည် ဤပြဆိုခဲ့သည့် အကျိုးငှါ ရဟန်းပြုသည် မဟုတ်ကုန်၊ အချို့သောသူတို့သည် မင်းနှိပ်စက်ကုန်၍ ရဟန်းပြုကုန်၏၊ အချို့သောသူတို့သည် ခိုးသူနှိပ်စက်ကုန်၍ ရဟန်းပြုကုန်၏၊ အချို့သောသူတို့သည် ကြွေးမြီနှိပ်စက်ကုန်၍ ရဟန်းပြုကုန်၏၊ အချို့သောသူတို့သည် အသက်မွေးဝမ်းကျောင်းအလို့ငှါ ရဟန်းပြုကုန်၏၊ အထူးအားဖြင့် အကြင်သူတို့သည် ကောင်းစွာ ရဟန်းပြုကုန်၏၊ ထိုသူတို့သည် ဤပြဆိုခဲ့သည် အကျိုးငှါ့ရဟန်းပြုကုန်၏ဟု ဖြေကြားတော်မူ၏။

အသျှင်ဘုရား အသျှင်ဘုရားကား ဤပြဆိုခဲ့သည့် အကျိုးငှါ ရဟန်းပြုပါသလောဟု မေးလျှောက်၏။ မင်းမြတ် ငါသည်ကား ငယ်ငယ်ရွယ်ရွယ်ကပင် ရဟန်းပြု၏၊ ဤမည်သော နိဗ္ဗာန်၏ အကျိုးငှါ ရဟန်းပြု၏ဟု ငါမသိ၊ အကြောင်းမှန်သော်ကား “ဤသာကီဝင်မင်းသား ဘုရားသားတော် ရဟန်းတို့သည် ပညာ ရှိကုန်၏၊ ထိုပညာရှိ ရဟန်းတို့သည် ငါ့ကို သင်ကြားပေးကုန်လတ္တံ့”ဟု ငါ့အား အကြံအစည်ဖြစ်၏၊ ထိုငါသည် ထိုသာကီဝင်မင်းသား ဘုရားသားတော်ရဟန်းတို့က သင်ကြားပေးရကား “ဤမည်သော နိဗ္ဗာန်အကျိုးငှါ ရဟန်းပြု၏”ဟု သိလည်း သိရ၏၊ မြင်လည်း မြင်ရ၏ဟု မိန့်တော်မူ၏။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

ငါးခုမြောက် ပဗ္ဗဇ္ဇပဥှာ ပြီး၏။

--

၆-ပဋိသန္ဓိပဥှာ

ပဋိသန္ဓေ နေ မနေ ပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန သေလွန်ပြီး၍ တစ်ဖန် ပဋိသန္ဓေမနေသောသူ တစ်စုံတစ်ယောက်ရှိပါသလော”ဟု မေးလျှောက်၏။ နာဂသေနမထေရ်သည် အချို့သောသူသည် တစ်ဖန် ပဋိသန္ဓေနေ၏၊ အချို့သောသူသည် တစ်ဖန် ပဋိသန္ဓေမနေ”ဟု ဖြေကြားတော်မူ၏။ အဘယ်သူသည် တစ်ဖန် ပဋိသန္ဓေနေပါသနည်း၊ အဘယ်သူသည် တစ်ဖန် ပဋိသန္ဓေမနေပါသနည်း။ မင်းမြတ် ကိလေသာ ရှိသူသည် တစ်ဖန် ပဋိသန္ဓေ၏၊ ကိလေသာမရှိသူသည် တစ်ဖန် ပဋိသန္ဓေမနေ။ အသျှင်ဘုရားနာဂသေန အသျှင်ဘုရားကား ပဋိသန္ဓေနေလတ္တံ့ပါလော။ မင်းမြတ် အကယ်၍ ငါသည် ဥပါဒါန်ရှိသေးသည် ဖြစ်အံ့၊ တစ်ဖန် ပဋိသန္ဓေနေရလတ္တံ့၊ အကယ်၍ ဥပါဒါန်မရှိသည် ဖြစ်အံ့၊ တစ်ဖန် ပဋိသန္ဓေမနေရလတ္တံ့ဟု မိန့်တော်မူ၏။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

ခြောက်ခုမြောက် ပဋိသန္ဓိပဥှာ ပြီး၏။

၇-ယောနိသောမနသိကာရပဥှာ

ယောနိသောမနသိကာရ ပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန ပဋိသန္ဓေမနေရသူသည် အသင့်အတင့်နှလုံးသွင်းမှု ‘ယောနိသောမနသိကာရ’ ကြောင့် ပဋိသန္ဓေမနေရသည် မဟုတ်ပါလော”ဟု မေးလျှောက်၏။ မင်းမြတ် ယောနိသောမနသိကာရကြောင့်လည်းကောင်း၊ ပညာဉာဏ်ကြောင့်လည်းကောင်း၊ တစ်ပါးသော သဒ္ဓါစသော ကုသိုလ်တရားတို့ကြောင့်လည်းကောင်း ပဋိသန္ဓေမနေရဟု ဖြေကြားတော်မူ၏။ အသျှင်ဘုရား ယောနိ သောမနသိကာရသည်ပင် ပညာမဟုတ်ပါလောဟု မေးလျှောက်၏။ မင်းမြတ် ယောနိသောမနသိကာရ သည် ပညာမဟုတ်ချေ၊ ယောနိသောမနသိကာရသည် တစ်ပါးတစ်ခြား, ပညာသည် တစ်ပါး တစ်ခြားသာတည်း။ မင်းမြတ် ဧကန်အားဖြင့် ဤဆိတ် မြန်မာ, ဆိတ်ကုလား, နွား, ကျွဲ, ကုလား အုတ်, မြည်း သတ္တဝါတို့အားလည်းကောင်း မနသိကာရသည် ရှိ၏၊ ထိုသတ္တဝါတို့အား ပညာကား မရှိချေဟု ဖြေကြား တော်မူ၏။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

ခုနစ်ခုမြောက် ယောနိသောမနသိကာရပဥှာ ပြီး၏။

--

၈-မနသိကာရလက္ခဏပဥှာ

မနသိကာရလက္ခဏာ ပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန မနသိကာရသည် အဘယ်လက္ခဏာရှိပါသနည်း။ ပညာသည် အဘယ်လက္ခဏာရှိပါသနည်း”ဟု မေးလျှောက်၏။ မင်းမြတ် မနသိကာရသည် ရုံးစုခြင်း လက္ခဏာရှိ၏၊ ပညာသည် ပိုင်းဖြတ်ခြင်းလက္ခဏာရှိ၏ဟု (ဖြေကြား၏)။

မနသိကာရသည် အဘယ်သို့လျှင် ရုံးစုခြင်းလက္ခဏာရှိပါသနည်း။ ပညာသည် အဘယ်သို့လျှင် ပိုင်းဖြတ်ခြင်းလက္ခဏာရှိပါသနည်း၊ ဥပမာပြုတော်မူပါလော့ဟု (လျှောက်၏)။ မင်းမြတ် မုယောစပါးရိတ် သမားတို့ကို သင်သိပါ၏လော။ သိပါ၏ အသျှင်ဘုရား။ မင်းမြတ် မုယောစပါးရိတ်သမားတို့သည် မုယောစပါးကို အဘယ်သို့ ရိတ်ကုန်သနည်း။ အသျှင်ဘုရား လက်ဝဲလက်ဖြင့် မုယောစပါးဆုပ်ကို ကိုင်ဆုပ်၍ လက်ယာလက်ဖြင့် တံစဉ်ကို ကိုင်ပြီးလျှင် တံစဉ်ဖြင့် ရိတ်ဖြတ်ပါကုန်၏။

မင်းမြတ် မုယောစပါးရိတ်သမားသည် လက်ဝဲလက်ဖြင့် မုယောစပါးဆုပ်ကို ကိုင်ဆုပ်၍ လက်ယာ လက်ဖြင့် တံစဉ်ကို ကိုင်ဆုပ်ပြီးလျှင် မုယောစပါးဆုပ်ကို ရိတ်ဖြတ်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းအားထုတ်သော ပုဂ္ဂိုလ်သည် မနသိကာရဖြင့် စိတ်ကို ဖမ်းယူဆုပ်ကိုင်၍ ပညာဖြင့် ကိလေသာတို့ကို ပိုင်းဖြတ်၏၊ မင်းမြတ် ဤသို့လျှင် မနသိကာရသည် ရုံးစုခြင်းလက္ခဏာရှိ၏၊ ပညာသည် ပိုင်းဖြတ်ခြင်းလက္ခဏာရှိ၏ဟု ဖြေကြားတော်မူ၏။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

ရှစ်ခုမြောက် မနသိကာရလက္ခဏပဥှာ ပြီး၏။

၉-သီလလက္ခဏပဥှာ

သီလလက္ခဏာ ပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန ‘ယောနိသောမနသိကာရပညာမှ တစ်ပါးသော ကုသိုလ်တရားတို့ကြောင့်’ဟူသော အကြင်စကားကို မိန့်တော်မူဘိ၏၊ ထိုဆိုခဲ့ပြီး ကုသိုလ်တရားတို့သည် အဘယ်တို့ပါနည်း”ဟု မေးလျှောက်၏။ မင်းမြတ် သီလ၊ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ ဤတရားတို့သည် ထိုဆိုခဲ့ပြီး ကုသိုလ်တရားတို့ပေတည်းဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား သီလသည် အဘယ် လက္ခဏာရှိပါသနည်း”ဟု (လျှောက်၏)။ မင်းမြတ် သီလသည် ကုသိုလ်တရားအားလုံးတို့၏ တည်ရာ မှီရာလက္ခဏာရှိ၏၊ သီလသည် ဣန္ဒြေ၊ ဗိုလ်၊ ဗောဇ္ဈင်၊ မဂ္ဂင်၊ သတိပဋ္ဌာန်၊ သမ္မပ္ပဓာန်၊ ဣဒ္ဓိပါဒ်၊ ဈာန်၊ ဝိမောက္ခ၊ သမာဓိ၊ သမာပတ်ဟူသော ဗောဓိပက္ခိယတရား ကုသိုလ်များတို့၏ တည်ရာမှီရာဖြစ်၏၊ မင်းမြတ် သီလ၌တည်သော ကမ္မဋ္ဌာန်းအားထုတ်သူ ပုဂ္ဂိုလ်သည် သီလကို မှီ၍၊ သီလ၌ တည်၍ သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေဟူသော ဣန္ဒြေငါးပါးတို့ကို ပွါးများ၏၊ ကုသိုလ်တရား အားလုံးတို့သည် မဆုတ်မယုတ်ကုန်ဟု (ဖြေကြားတော်မူ၏)။ ဥပမာ ပြုတော်မူပါဦးလော့ဟု (လျှောက် ၏)။ မင်းမြတ် ကြီးပွါးခြင်း, စည်ပင်ခြင်း, ပြန့်ပွားခြင်းသို့ ရောက်ကုန်သော ဗီဇဂါမ်, ဘူတဂါမ်ဟူသမျှ အားလုံးတို့သည် မြေပြင်ကို မှီ၍၊ မြေပြင်၌ တည်၍ ကြီးပွါးခြင်း, စည်ပင်ခြင်း, ပြန့်ပွားခြင်းသို့ ရောက်ရကုန်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းအားထုတ်သော ပုဂ္ဂိုလ်သည် သီလကို မှီ၍၊ သီလ၌ တည်၍ သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေဟူသော ဣန္ဒြေ ငါးပါးတို့ကို ပွါးများ၏ဟု (ဖြေကြားတော်မူ၏)။

--

ထို့ထက်အလွန် ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် အင်အားဖြင့် ပြုလုပ်အပ်သော အမှုမျိုးဟူသမျှအားလုံးတို့ကို မြေပြင်ကို မှီ၍၊ မြေပြင်၌ တည်၍ ပြုလုပ်အပ်ကုန်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းအားထုတ်သော ပုဂ္ဂိုလ်သည် သီလကို မှီ၍၊ သီလ၌တည်၍ သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေဟူသော ဣန္ဒြေငါးပါးတို့ကို ပွါးများ၏ဟု (ဖြေကြားတော့်မူ၏)။

ထို့ထက်အလွန် ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် မြို့ကို တည်ဆောက်သော ဗိသုကာလက်သမားသည် မြို့ကို တည်ဆောက်ဖန်ဆင်းလိုသော် ရှေးဦးစွာ မြို့နေရာကို သုတ်သင် ရှင်းလင်းစေပြီးမှ သစ် ငုတ်, ဆူးငြောင့်ကို ပယ်နုတ်စေလျက် မြေကို ညီညီညွတ်ညွတ် ပြုလုပ်စေပြီးလျှင် ထိုသို့ သုတ်သင်မြေညှိပြီး နောက်အဖို့၌ လမ်းမ,လမ်းခွ,လမ်းဆုံစသည် ပိုင်းခြားသဖြင့် ဝေဖန်ကာ မြို့ကို တည်ဆောက်ဖန်ဆင်းသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းအားထုတ်သော ပုဂ္ဂိုလ်သည် သီလ ကို မှီ၍၊ သီလ၌ တည်၍ သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေဟူသော ဣန္ဒြေငါးပါးတို့ကို ပွါးများ၏ဟု (ဖြေကြားတော်မူ၏)။

ထို့ထက်အလွန် ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် ကျွမ်းသမားသည် ကျွမ်း အတတ်ကို ပြလိုလတ်သော် မြေကို တူးစေ၍ ကျောက်စရစ်အိုခြမ်းကွဲကို ဖယ်ရှားစေပြီးမှ မြေကို ညီညီ ညွတ်ညွတ် ပြုလုပ်စေပြီးလျှင် နူးညံ့သိမ်မွေ့သော မြေပြင်၌ အတတ်ကို ပြသကဲ့သို့၊ မင်းမြတ် ဤအတူ သာလျှင် ကမ္မဋ္ဌာန်း အားထုတ်သော ပုဂ္ဂိုလ်သည် သီလကို မှီ၍၊ သီလ၌ တည်၍ သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေဟူသော ဣန္ဒြေငါးပါးတို့ကို ပွါးများ၏။ မင်းမြတ် မြတ်စွာဘုရားသည်- “ကမ္မဇတိဟိတ်ပဋိသန္ဓေပညာရှိ၍ ကိလေသာကို ပူပန်စေတတ်သော လုံ့လ ရှိသော၊ ရင့်ကျက်သော ပါရိဟာရိယပညာ၁၇ှိသော၊ သံသရာဘေးကို ရှုလေ့ရှိသောသူသည် သီလ၌ တည်၍ သမာဓိစိတ်ကိုလည်းကောင်း၊ ဝိပဿနာပညာကိုလည်းကောင်း ပွါးများစေလျက် ဤအတွင်း, အပ နှစ်ဝသော တဏှာအရှုပ်အထွေးကို ဖြေရှင်းနိုင်ရာ၏”ဟု (ဟောတော်မူ၏)။ “မြေသည် သတ္တဝါအပေါင်းတို့၏ တည်ရာဖြစ်သကဲ့သို့ မြတ်သော ပါတိမောက်၌ အကျုံးဝင်သော ဤသီလအစုသည် ကုသိုလ်တရားတို့၏ တည်ရာမှီရာဖြစ်၏၊ ဤ သီလသည် ကုသိုလ်ပွါးစီးခြင်း၏ အရင်းအမြစ်လည်း ဖြစ်၏၊ ဤသီလသည် အလုံးစုံသော မြတ်စွာဘုရား၏ ဩဝါဒအဆုံးအမအပေါင်း၌ တံခါးပေါက်ဝ ပဓာန အချက်လည်း ဖြစ်ပေ၏”ဟု (သံယုတ္တနိကာယ်၌ ဟောလည်း ဟောအပ်ပြီဟု ဖြေကြား တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

ကိုးခုမြောက် သီလလက္ခဏပဥှာ ပြီး၏။

၁။ ပါရိဟာရိယပညာ= ကိစ္စအားလုံးကို ဆောင်ရွက်နိုင်စွမ်းရှိသော ပညာ။

--

၁၀-သမ္ပသာဒနလက္ခဏသဒ္ဓါပဥှာ

သဒ္ဓါ၏ ကြည်လင်းခြင်းလက္ခဏာ ပြဿနာ

၁၀။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန သဒ္ဓါသည် အဘယ်လက္ခဏာရှိပါသနည်း”ဟု မေးလျှောက်၏။ မင်းမြတ် သဒ္ဓါသည် ကြည်လင်စေခြင်းလက္ခဏာလည်း ရှိ၏၊ ကုသိုလ်အဖို့သို့ ပြေးဝင်ခြင်း လက္ခဏာလည်း ရှိ၏ဟု ဖြေကြားတော်မူ၏။ အသျှင်ဘုရား သဒ္ဓါသည် အဘယ်သို့လျှင် ကြည်လင်စေခြင်း လက္ခဏာ ရှိပါသနည်းဟု (မေးလျှောက်၏)။ မင်းမြတ် သဒ္ဓါဖြစ်သည်ရှိသော် နီဝရဏတို့ကို ကင်းကွာ စေ၏၊ နီဝရဏကင်းသောစိတ်သည် ကြည်လင်၏၊ အထူးသဖြင့် သန့်စင်၏၊ မနောက်ကျု။ မင်းမြတ် ဤသို့လျှင် သဒ္ဓါသည် ကြည်လင်စေခြင်းလက္ခဏာလည်း ရှိ၏ဟု (ဖြေကြားတော်မူ၏)။

ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် စကြဝတေးမင်းသည် အင်္ဂါလေးပါးရှိသော စစ်သည်နှင့် အတူ ရှည်လျားဝေးကွာသော ခရီးသို့ ကြွချီထွက်သွားသော် အနည်းငယ်သော ရေကို ဖြတ်ကူးရာ၏၊ ထိုရေသည် ဆင်၊ မြင်း၊ ရထား၊ ခြေသည်တို့ လှုပ်ရှားသွားလာသည်ဖြစ်၍ နောက်ကျု သည်, ညစ်ကျုသည်, ရွှံ့ညွန် သဖွယ်ဖြစ်သည် ဖြစ်ရာ၏၊ စစ်အင်္ဂါလေးပါးဖြတ်ကူးပြီးသော် စကြဝတေး မင်းသည် “အချင်းတို့ သောက်ရေကို ဆောင်ယူဆက်ကြကုန်လော့၊ ရေသောက်အံ့”ဟု လူတို့ကို စေခိုင်းရာ၏၊ ရေကို ကြည်လင်စေတတ်သော မင်း၏ ပတ္တမြားသည်လည်း ရှိသည် ဖြစ်ရာ၏။ “မင်းမြတ် ကောင်းပါပြီ”ဟု ဤသို့လျှင် ထိုလူတို့သည် စကြဝတေးမင်းအား တုံ့ပြန်လျှောက်ထား၍ ရေကို ကြည်လင် စေတတ်သော ထိုပတ္တမြားကို ရေ၌ ထည့်ကုန်ရာ၏၊ ထိုပတ္တမြားကို ရေ၌ ထည့်ကာမျှပင် မှော်ကြီး, မှော်သေး, မှော်ညင်းသည် ကင်းပျောက်ရာ၏၊ ညွန်နှစ်သည်လည်း နစ်မြုပ်ရာ၏၊ ရေသည် ကြည်လင် သည်, အထူးသဖြင့် သန့်စင်သည်, မနောက်ကျုသည် ဖြစ်ရာ၏၊ ထို့နောက်မှ စကြဝတေးမင်းအား “မင်းမြတ် သောက်တော်ရေကို သောက်တော်မူပါလော့”ဟု သောက်ရေကို ဆက်ကပ်ကုန်ရာ၏။

မင်းမြတ် ရေကဲ့သို့ စိတ်ကို မှတ်အပ်၏၊ ထိုလူတို့ကဲ့သို့ ကမ္မဋ္ဌာန်အားထုတ်သော ပုဂ္ဂိုလ်ကို မှတ် အပ်၏၊ မှော်ကြီး, မှော်သေး, မှော်ညင်းကဲ့သို့လည်းကောင်း၊ ညွန်ကဲ့သို့လည်းကောင်း ကိလေသာတို့ကို မှတ်အပ်ကုန်၏၊ ရေကို ကြည်လင်စေတတ်သောပတ္တမြားကဲ့သို့ သဒ္ဓါကို မှတ်အပ်၏၊ ရေကို ကြည်လင်စေ တတ်သော ပတ္တမြားကို ရေ၌ ထည့်ကာမျှပင် မှော်ကြီး, မှော်သေး, မှော်ညင်း ကင်းရာသကဲ့သို့လည်းကောင်း၊ ညွန်နှစ်သည်လည်း နစ်မြုပ်ရာသကဲ့သို့လည်းကောင်း၊ ရေသည် ကြည်လင်သည်, အထူးသဖြင့် သန့်စင်သည်, မနောက်ကျုသည် ဖြစ်ရာသကဲ့သို့လည်းကောင်း သဒ္ဓါဖြစ်သည်ရှိသော် နီဝရဏတို့ကို ဖယ်ရှား၏၊ နီဝရဏမှ ကင်းသော စိတ်သည် ကြည်လင်၏, အထူးသဖြင့် သန့်စင်၏, မနောက်ကျု၊ မင်းမြတ် ဤသို့လျှင် သဒ္ဓါသည် ကြည်လင်စေခြင်း လက္ခဏာလည်း ရှိ၏ဟု (ဖြေကြားတော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

ဆယ်ခုမြောက် သမ္ပသာဒနလက္ခဏသဒ္ဓါပဥှာ ပြီး၏။

--

၁၁-သမ္ပက္ခန္ဒနလက္ခဏသဒ္ဓါပဥှာ

သဒ္ဓါ၏ ပြေးဝင်ခြင်းလက္ခဏာ ပြဿနာ

၁၁။ အသျှင်ဘုရားနာဂသေန သဒ္ဓါသည် အဘယ်သို့လျှင် ပြေးဝင်ခြင်းလက္ခဏာရှိပါသနည်းဟု (မေးလျှောက်၏)။ မင်းမြတ် ကမ္မဋ္ဌာန်းအားထုတ်သော ပုဂ္ဂိုလ်သည် တစ်ပါးသောသူတို့၏ ကိလေသာမှ လွတ်မြောက်သောစိတ်ကို ရှုမြင်၍ သောတာပတ္တိဖိုလ်၌လည်းကောင်း၊ သကဒါဂါမိဖိုလ်၌လည်းကောင်း၊ အနာဂါမိဖိုလ်၌လည်းကောင်း၊ အရဟတ္တဖိုလ်၌လည်းကောင်း ကောင်းစွာပြေးဝင်၏၊ မရောက်သေးသော မဂ်ဖိုလ်သို့ ရောက်ခြင်းငှါ၊ မရသေးသော မဂ်ဖိုလ်ကို ရခြင်းငှါ၊ မျက်မှောက်မပြုရသေးသော မဂ်ဖိုလ်ကို မျက်မှောက်ပြုရခြင်းငှါ အားထုတ်မှုကို ပြုလုပ်၏၊ မင်းမြတ် ဤသို့လျှင် သဒ္ဓါသည် ပြေးဝင်ခြင်း လက္ခဏာရှိ၏ဟု ဖြေကြားတော်မူ၏။

ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် တောင်ပေါ်၌ မိုးကြီးသည်းထန်စွာ ရွာသွန်းရာ၏၊ ထိုမိုးရေသည် ချိုင့်ဝှမ်းရာအတိုင်း စီးဆင်းလျက် တောင်မြောင် ချောက်ကြား ချောင်းလက်တက်တို့ကို ပြည့်လျှံစေ၍ မြစ်ကို ပြည့်စေရာ၏၊ ထိုမြစ်သည် ကမ်းနှစ်ဖက်တို့ကို လျှံတက်ယိုစီး၍ သွားရာ၏၊ ထိုစဉ်အခါ၌ လူများအပေါင်းသည် လာ၍ ထိုမြစ်၏ တိမ်သည့်အဖြစ်ကိုလည်းကောင်း၊ နက်သည့်အဖြစ်ကိုလည်းကောင်း မသိသဖြင့် ကြောက်သည်ဖြစ်၍ တွန့်ရွံ့လျက် ကမ်းနား၌ ရပ်တည်နေရာ၏၊ ထိုစဉ်အခါ၌ တစ်ယောက်သော ယောက်ျားသည် လာလတ်၍ မိမိအားအင်ကိုလည်းကောင်း၊ သတ္တိအစွမ်းကိုလည်းကောင်း ကောင်းစွာမြင်သဖြင့် မြဲစွာ ခါးတောင်းကျိုက်လျက် မြစ်သို့ သက်ဆင်း၍ ကူးရာ၏၊ ထိုကူးနေ့သော ယောက်ျားကို မြင်သည်ရှိသော် လူများအပေါင်းသည်လည်း ကူးရာသကဲ့သို့၊ မင်းမြတ် ကမ္မဋ္ဌာန်း အားထုတ်သောပုဂ္ဂိုလ်သည် တစ်ပါးသောသူတို့၏ ကိလေသာမှ လွတ်မြောက်သောစိတ်ကို ရှုမြင်၍ သောတာပတ္တိဖိုလ်၌လည်းကောင်း၊ သကဒါဂါမိဖိုလ်၌လည်းကောင်း၊ အနာဂါမိဖိုလ်၌လည်းကောင်း၊ အရဟတ္တဖိုလ်၌လည်းကောင်း၊ ကောင်းစွာ သက်ဝင်၏၊ မရောက်သေးသော မဂ်ဖိုလ်သို့ ရောက်ခြင်းငှါ၊ မရသေးသော မဂ်ဖိုလ်ကို ရခြင်းငှါ၊ မျက်မှောက် မပြုရသေးသော မဂ်ဖိုလ်ကို မျက်မှောက်ပြုရခြင်းငှါ အားထုတ်မှုကို ပြုလုပ်၏၊ မင်းမြတ် ဤသို့လျှင် သဒ္ဓါသည် ပြေးဝင်ခြင်း လက္ခဏာရှိ၏ဟု ဖြေကြား တော်မူ၏။ မင်းမြတ် မြတ်စွာဘုရားသည် သံယုတ္တနိကာယ်မြတ်၌- “သဒ္ဓါတရားဖြင့် ဝဋ်ဩဃ'ရေအလျင်'ကို ကူးခတ်လွန်မြောက်နိုင်၏၊ မမေ့ မလျော့ခြင်း သတိတရားဖြင့် သံသရာပင်လယ်ကြီးကို ကူးခတ်လွန်မြောက်နိုင်၏၊ အားထုတ်မှုလုံ့လ ‘ဝီရိယ’ ဖြင့် ဆင်းရဲမျိုးအပေါင်းကို လွန်မြောက်နိုင်၏၊ ပညာဖြင့် စင်ကြယ်နိုင်၏”ဟူသော ဤစကားကိုလည်း ဟောကြားတော်မူ၏ဟု သာဓက ဆောင်၍ မိန့်တော်မူ၏။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

တစ်ဆယ့်တစ်ခုမြောက် သမ္ပက္ခန္ဒနလက္ခဏသဒ္ဓါပဥှာ ပြီး၏။

--

၁၂-ဝီရိယလက္ခဏပဥှာ

ဝီရိယလက္ခဏာ ပြဿနာ

၁၂။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန ဝီရိယသည် အဘယ်လက္ခဏာရှိပါသနည်း”ဟု မေးလျှောက်၏။ မင်းမြတ် ဝီရိယသည် ထောက်ကန်ခြင်းလက္ခဏာရှိ၏၊ ဝီရိယ ထောက်ကန်အပ်ကုန်သော ကုသိုလ်တရားအားလုံးတို့သည် မဆုတ်ယုတ်ကြကုန်ဟု ဖြေကြားတော်မူ၏။

ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် ယောက်ျားသည် အိမ်ပြိုကျသည်ရှိသော် အခြားသော သစ်ဖြင့် ထောက်ကန်ထားရာ၏၊ ထောက်ကန်ထားသည်ရှိသော် ထိုအိမ်သည် မပြိုကျရာသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ဝီရိယသည် ထောက်ကန်ထားခြင်းလက္ခဏာရှိ၏၊ ဝီရိယဖြင့် ထောက်ကန်ထား အပ်ကုန်သော ကုသိုလ်တရားအားလုံးတို့သည် မဆုတ်ယုတ်ကြကုန်ဟု ဖြေကြား တော်မူ၏။

ထို့ထက်အလွန် ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် အနည်းငယ်သော စစ်သည် ကို များပြားသော စစ်သည်သည် ဖျက်ဆီးရာ၏၊ ထိုသို့ဖျက်ဆီးသောအခါ၌ မင်းသည် အချင်းချင်း သတိ ပေးရာ၏၊ ထပ်ပို့ဖြည့်စွက်ရာ၏၊ မိမိ၏ အနည်းငယ်သော စစ်သည်အား တပ်ကူစစ်အင်အားကို ဖြည့်စွက် ပေးရာ၏၊ ထိုတပ်ကူစစ်အင်အားနှင့်တကွ အနည်းငယ်သော စစ်သည်သည် များစွာသော စစ်သည်ကို ဖျက်ဆီးရာသကဲ့သို့ မင်းမြတ် ဤအတူသာလျှင် ဝီရိယသည် ချီးမြှောက်ထောက်ကန် ထားခြင်း လက္ခဏာရှိ၏၊ ဝီရိယဖြင့် ထောက်ကန်ထားအပ်ကုန်သော ကုသိုလ်တရားအားလုံးတို့သည် မဆုတ်ယုတ် ကြကုန်။ မင်းမြတ် မြတ်စွာဘုရားသည် “ရဟန်းတို့ လုံ့လနှင့် ပြည့်စုံသော အရိယာတပည့်သည် အကုသိုလ်ကို ပယ်စွန့်၏၊ ကုသိုလ်ကို ပွါးများ၏၊ အပြစ်ရှိသည်ကို ပယ်စွန့်၏ အပြစ်ကင်းသည်ကို ပွါးများ၏၊ ကိလေသာမှ စင်ကြယ်သော မိမိကိုယ်ကို ဆောင်ရာ၏”ဟု ဤစကားကိုလည်း ဟောကြား တော်မူအပ်၏ဟု (သာဓကဆောင်၍ မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

တစ်ဆယ့်နှစ်ခုမြောက် ဝီရိယလက္ခဏပဥှာ ပြီး၏။

--

၁၃-သတိလက္ခဏပဥှာ

သတိလက္ခဏာ ပြဿနာ

၁၃။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန သတိသည် အဘယ်လက္ခဏာရှိပါသနည်း”ဟု မေးလျှောက်၏။ မင်းမြတ် သတိသည် မပျောက်ပျက်စေခြင်းလက္ခဏာလည်း ရှိ၏၊ သိမ်းဆည်းခြင်း လက္ခဏာလည်း ရှိ၏ဟု (ဖြေကြားတော်မူ၏)။ အသျှင်ဘုရား သတိသည် အဘယ်သို့လျှင် မပျောက်ပျက်စေခြင်း လက္ခဏာ ရှိပါသနည်းဟု (မေးလျှောက်၏)။ မင်းမြတ် သတိဖြစ်သည်ရှိသော် ကုသိုလ်, အကုသိုလ်၊ အပြစ်ရှိ, အပြစ်မဲ့၊ အယုတ်, အမြတ်၊ မည်းညစ်, ဖြူစင်သော အဖို့ရှိသော တရားတို့ကို “ဤတရားတို့ကား သတိပဋ္ဌာန်လေးပါးတို့တည်း၊ ဤတရားတို့ကား သမ္မပ္ပဓာန်လေးပါးတို့တည်း၊ ဤတရားတို့ ကား ဣဒ္ဓိပါဒ်လေးပါးတို့တည်း၊ ဤတရားတို့ကား ဣန္ဒြေငါးပါးတို့တည်း၊ ဤတရားတို့ကား ဗိုလ်ငါးပါးတို့တည်း၊ ဤတရားတို့ကား ဗောဇ္ဈင်ခုနစ်ပါးတို့တည်း၊ ဤတရားတို့ကား အင်္ဂါရှစ်ပါးရှိသော အရိယာ မဂ်တည်း၊ ဤတရားကား သမထတည်း၊ ဤတရားကား ဝိပဿနာတည်း၊ ဤတရားကား ဝိဇ္ဇာတည်း၊ ဤတရားကား ဝိမုတ္တိတည်း”ဟု မပျောက်ပျက်စေတတ်၊ ထိုသို့ မပျောက်ပျက်စေတတ်သောကြောင့် ကမ္မဋ္ဌာန်းအားထုတ်သော ပုဂ္ဂိုလ်သည် မှီဝဲသင့်သော တရားတို့ကို မှီဝဲ၏၊ မမှီဝဲသင့်သော တရားတို့ကို မမှီဝဲ၊ ဆည်းကပ်သင့်သော တရားတို့ကို ဆည်းကပ်၏၊ မဆည်းကပ်သင့်သော တရားတို့ကို မဆည်း ကပ်။ မင်းမြတ် ဤသို့လျှင် သတိသည် မပျောက်ပျက်စေခြင်း လက္ခဏာရှိ၏ဟု (ဖြေကြားတော်မူ၏)။

ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် စကြဝတေးမင်း၏ ဘဏ္ဍာစိုးသည် စကြဝတေးမင်းကို ညဉ့်တိုင်း, နံနက်တိုင်း “မင်းမြတ် သင်မင်းမြတ်၏ ဆင်တို့သည် ဤမျှရှိကုန်၏၊ မြင်းတို့သည် ဤမျှ ရှိကုန်၏၊ ရထားတို့သည် ဤမျှရှိကုန်၏၊ ခြေသည်တို့သည် ဤမျှရှိကုန်၏၊ ငွေသည် ဤမျှရှိကုန်၏၊ ရွှေသည် ဤမျှရှိကုန်၏၊ ဥစ္စာဘဏ္ဍာအစုသည် ဤမျှရှိကုန်၏ ထိုစည်းစိမ်ကို အရှင် မင်းမြတ်သည် အောက်မေ့တော်မူပါလော့”ဟု စည်းစိမ်ကို အောက်မေ့လျက် မင်း၏ ဥစ္စာဘဏ္ဍာအစုကို မပျောက်ပျက်စေသကဲ့သို့၊ မင်းမြတ် သတိဖြစ်သည်ရှိသော် ကုသိုလ်, အကုသိုလ်၊ အပြစ်ရှိ, အပြစ်မဲ့၊ အယုတ်, အမြတ်၊ မည်းညစ်, ဖြူစင်သော အဖို့ရှိသော တရားတို့ကို “ဤတရားတို့ကား သတိပဋ္ဌာန် လေးပါးတို့တည်း၊ ဤတရားတို့ကား သမ္မပ္ပဓာန်လေးပါးတို့တည်း၊ ဤတရားတို့ကား ဣဒ္ဓိပါဒ်လေးပါးတို့တည်း၊ ဤတရားတို့ကား ဣန္ဒြေငါးပါးတို့တည်း၊ ဤတရားတို့ကား ဗိုလ်ငါးပါးတို့တည်း၊ ဤတရားတို့ကား ဗောဇ္ဈင်ခုနစ်ပါးတို့တည်း၊ ဤတရားတို့ကား အင်္ဂါရှစ်ပါးရှိသော အရိယာမဂ်တည်း၊ ဤတရား ကား သမထတည်း၊ ဤတရားကား ဝိပဿနာတည်း၊ ဤတရားကား ဝိဇ္ဇာတည်း၊ ဤတရားကား ဝိမုတ္တိတည်း”ဟု မပျောက်ပျက်စေတတ်၊ ထိုသို့ မပျောက်ပျက်စေတတ်သောကြောင့် ကမ္မဋ္ဌာန်းအားထုတ်သော ပုဂ္ဂိုလ်သည် မှီဝဲသင့်သော တရားတို့ကို မှီဝဲ၏၊ မမှီဝဲသင့်သော တရားတို့ကို မမှီဝဲ၊ ဆည်းကပ် သင့်သော တရားတို့ကို ဆည်းကပ်၏၊ မဆည်းကပ်သင့်သော တရားတို့ကို မဆည်းကပ်။ မင်းမြတ် ဤသို့လျှင် သတိသည် မပျောက်ပျက်စေခြင်း လက္ခဏာရှိ၏ဟု (ဖြေကြားတော်မူ၏)။

အသျှင်ဘုရား သတိသည် အဘယ်သို့လျှင်သိမ်းဆည်းခြင်း လက္ခဏာရှိပါသနည်းဟု(မေးလျှောက်၏)။ မင်းမြတ် သတိဖြစ်သည်ရှိသော် အစီးအပွါးရှိ, အစီးအပွါးမဲ့ဖြစ်ကုန်သော တရားတို့၏ ဖြစ်ခြင်း သဘောတို့ကို “ဤတရားတို့ကား အစီးအပွါးရှိကုန်၏၊ ဤတရားတို့ကား အစီးအပွါးမရှိကုန်၊ ဤတရားတို့ကား ကျေးဇူးများကုန်၏၊ ဤတရားတို့ကား ကျေးဇူးမများကုန်”ဟု ကောင်းစွာ စူးစမ်းတတ်၏၊ ထိုသို့ စူစမ်းတတ်သောကြောင့် ကမ္မဋ္ဌာန်းအားထုတ်သော ပုဂ္ဂိုလ်သည် အစီးအပွါးမရှိသော တရားတို့ကို ပယ်၍, အစီးအပွါးရှိသော တရားတို့ကို သိမ်းဆည်း၏၊ ကျေးဇူးမများသော တရားတို့ကို ပယ်၍, ကျေးဇူးများသော တရားတို့ကို သိမ်းဆည်း၏၊ မင်းမြတ် ဤသို့လျှင် သတိသည် သိမ်းဆည်းခြင်း လက္ခဏာရှိ၏ဟု (ဖြေကြားတော်မူ၏)။

--

ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် စကြဝတေးမင်း၏ သားကြီးရတနာသည် “ဤသူတို့ကား မင်းအား အစီးအပွားရှိကုန်၏၊ ဤသူတို့ကား မင်းအား အစီးအပွားမရှိကုန်၊ ဤသူတို့ ကား ကျေးဇူးများကုန်၏၊ ဤသူတို့ကား ကျေးဇူးမများကုန်”ဟု မင်း၏ အစီးအပွါးရှိသူ, မရှိသူတို့ကို သိ၏၊ ထိုသို့သိခြင်းကြောင့် အစီးအပွါးမရှိသူတို့ကို ပယ်၍ အစီးအပွါးရှိသူတို့ကို သိမ်းဆည်းသကဲ့သို့၊ ကျေးဇူးမရှိသူတို့ကို ပယ်၍ ကျေးဇူးရှိသူတို့ကို သိမ်းဆည်းသကဲ့သို့, မင်းမြတ် ဤသို့လျှင် သတိဖြစ် သည်ရှိသော် အစီးအပွါးရှိ, အစီးအပွါးမရှိကုန်သော တရားတို့၏ ဖြစ်ခြင်းသဘောတို့ကို “ဤတရားတို့ ကား အစီးအပွားရှိကုန်၏၊ ဤတရားတို့ကား အစီးအပွားမရှိကုန်၊ ဤတရားတို့ကား ကျေးဇူးများကုန်၏၊ ဤတရားတို့ကား ကျေးဇူးမများကုန်”ဟု ကောင်းစွာ စူးစမ်းတတ်၏၊ ထိုသို့ စူစမ်းတတ်သော ကြောင့် ကမ္မဋ္ဌာန်းအားထုတ်သော ပုဂ္ဂိုလ်သည် အစီးအပွါးမရှိသော တရားတို့ကို ပယ်၍, အစီးအပွါး ရှိသော တရားတို့ကို သိမ်းဆည်း၏၊ ကျေးဇူးမများသော တရားတို့ကို ပယ်၍, ကျေးဇူးများသော တရားတို့ကို သိမ်းဆည်း၏၊ မင်းမြတ် ဤသို့လျှင် သတိသည် သိမ်းဆည်းခြင်းလက္ခဏာရှိ၏။ မင်းမြတ် မြတ်စွာဘုရားသည် “ရဟန်းတို့ ငါသည် အောက်မေ့မှု'သတိ'ကို အရာခပ်သိမ်း၌ အလိုရှိအပ်၏”ဟူသော ဤစကားကိုလည်း ဟောကြားတော်မူ၏ဟု (သာဓကဆောင်၍ မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

တစ်ဆယ့်သုံးခုမြောက် သတိလက္ခဏပဥှာ ပြီး၏။

--

၁၄-သမာဓိလက္ခဏပဥှာ

သမာဓိလက္ခဏာ ပြဿနာ

၁၄။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန သမာဓိသည် အဘယ်လက္ခဏာရှိပါသနည်း”ဟု မေးလျှောက်၏။ မင်းမြတ် သမာဓိသည် ကြီးမှူးပြဋ္ဌာန်းခြင်းလက္ခဏာရှိ၏၊ ကုသိုလ်တရားအားလုံးတို့သည် သမာဓိလျှင် ပြဋ္ဌာန်းကုန်၏၊ သမာဓိ၌ ညွတ်ကုန်၏၊ သမာဓိ၌ ကိုင်းကုန်၏၊ သမာဓိ၌ ရှိုင်းကုန်၏ဟု (ဖြေကြားတော်မူ၏)။

ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် စုလစ်မွန်ချွန်အထွတ်တပ်သော အိမ်၏ အခြင်ဟူသမျှအားလုံးတို့သည် စုလစ်မွန်ချွန်အထွတ်သို့ ရောက်ကုန်၏၊ အထွတ်၌ ညွတ်ကိုင်းကုန်၏၊ အထွတ်၌ စုရုံးကုန်၏၊ စုလစ်မွန်ချွန်အထွတ်ကို ထိုအခြင်သစ်ဝါးတို့ထက် မြတ်၏ဟု ဆိုရသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကုသိုလ်တရားအားလုံးတို့သည် သမာဓိလျှင် ပြဋ္ဌာန်းကုန်၏၊ သမာဓိ၌ ညွတ်ကုန်၏၊ သမာဓိ၌ ကိုင်းကုန်၏၊ သမာဓိ၌ ရှိုင်းကုန်၏ဟု (ဖြေကြားတော်မူ၏)။

ထို့ထက်အလွန် ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် တစ်စုံတစ်ဦးသောမင်းသည် အင်္ဂါလေးပါးရှိသော စစ်သည်နှင့်အတူ စစ်မြေပြင်သို့ သက်ရောက်ရာ၏၊ ဆင်တပ်, မြင်တပ်, ရထားတပ်, ခြေသည်သူရဲတပ်ဟူသော စစ်တပ်အင်အားတို့သည် ထိုမင်းသာလျှင် အကြီးအမှူးရှိကုန်၏၊ ထိုမင်း၌ ညွတ်ကုန်၏၊ ထိုမင်း၌ ကိုင်းကုန်၏၊ ထိုမင်း၌ ရှိုင်းကုန်၏ ထိုမင်းသို့သာလျှင် အစဉ်လိုက်ကုန်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကုသိုလ်တရားအားလုံးတို့သည် သမာဓိလျှင် ပြဋ္ဌာန်းကုန်၏၊ သမာဓိ၌ ညွတ်ကုန်၏၊ သမာဓိ၌ ကိုင်းကုန်၏၊ သမာဓိ၌ ရှိုင်းကုန်၏၊ မင်းမြတ် ဤသို့လျှင် သမာဓိသည်၊ကီးမှူး ပြဋ္ဌာန်းခြင်းလက္ခဏာ ရှိ၏။ မင်းမြတ် မြတ်စွာဘုရားသည် “ရဟန်းတို့ တည်ကြည်မှု ‘သမာဓိ'တရားကို ပွါးများကုန်လော့၊ တည်ကြည်သော ရဟန်းသည်ဟုတ်တိုင်းမှန်စွာ သိ၏”ဟု ဤဒေသနာကိုလည်း ဟော တော်မူအပ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

တစ်ဆယ့်လေးခုမြောက် သမာဓိလက္ခဏပဥှာ ပြီး၏။့

--

၁၅-ပညာလက္ခဏပဥှာ

ပညာလက္ခဏာ ပြဿနာ

၁၅။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန ပညာသည် အဘယ်လက္ခဏာရှိပါသနည်း”ဟု မေးလျှောက်၏။ မင်းမြတ် ငါသည် ရှေးမနသိကာရအမေး၌ပင် “ပညာသည် ပိုင်းဖြတ်ခြင်းလက္ခဏာရှိ၏”ဟူ၍ ဆိုအပ်ခဲ့ပြီ၊ တစ်နည်းသော်ကား ပညာသည် ထွန်းလင်းတောက်ပခြင်းလက္ခဏာရှိ၏ဟု (ဖြေကြားတော်မူ၏)။ အသျှင်ဘုရား ပညာသည် အဘယ်သို့ ထွန်းလင်းတောက်ပခြင်း လက္ခဏာရှိပါသနည်းဟု (မေးလျှောက်၏)။ မင်းမြတ် ပညာဖြစ်သည်ရှိသော် အဝိဇ္ဇာအမိုက်မှောင်တိုက်ကို မှုတ်လွင့်(ဖျက်ဆီး)၏၊ ဝိဇ္ဇာအလင်းရောင်ကို ဖြစ်ပေါ်စေ၏၊ ဉာဏ်အလင်းရောင်ကို ထွန်းပြ၏၊ အရိယာသစ္စာတို့ကို ထင်ရှား ပေါ်လွင်အောင်ပြု၏၊ ထိုသို့ ထင်ရှားခြင်းကြောင့် ကမ္မဋ္ဌာန်းအားထုတ်သော ပုဂ္ဂိုလ်သည် “အမြဲမရှိ ‘အနိစ္စ’ဟု"လည်းကောင်း၊ “ဆင်းရဲအတိ ‘ဒုက္ခ’ဟု"လည်းကောင်း၊ “သာယာတပ်မက်စရာ အစိုင်အခဲအနှစ် မရှိ ‘အနတ္တ’ဟု"လည်းကောင်း ကောင်းမွန်ဖြောင့် မှန်သော ဉာဏ်ဖြင့် ရှုမြင်နိုင်၏ဟု (ဖြေကြားတော်မူ၏)။

ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် ယောက်ျားသည် မိုက်မှောင်သော အိမ်၌ ဆီမီးကို သွင်းရာ၏၊ သွင်းပြီးသော ဆီမီးသည် အမိုက်မှောင်ကို မှုတ်လွှင့်လျက် အရောင်ကို ဖြစ်စေကာ အလင်းကို ထွန်းပြ၍ အဆင်းတို့ကို ပေါ်လွင်အောင်ပြုသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ပညာဖြစ် သည်ရှိသော် အဝိဇ္ဇာအမိုက်မှောင်တိုက်ကို မှုတ်လွင့်(ဖျက်ဆီး)၏၊ ဝိဇ္ဇာအလင်းရောင်ကို ဖြစ်ပေါ်စေ၏၊ ဉာဏ်အလင်းရောင်ကို ထွန်းပြ၏၊ အရိယာသစ္စာတို့ကို ထင်ရှားပေါ်လွင်အောင် ပြု၏၊ ထိုသို့ ထင်ရှားခြင်း ကြောင့် ကမ္မဋ္ဌာန်းအားထုတ်သော ပုဂ္ဂိုလ်သည် “အမြဲမရှိ ‘အနိစ္စ’ဟု"လည်းကောင်း၊ “ဆင်းရဲအတိ ‘ဒုက္ခ’ဟု"လည်းကောင်း၊ “သာယာ တပ်မက်စရာ အစိုင်အခဲ အနှစ်မရှိ ‘အနတ္တ’ဟု"လည်းကောင်း ကောင်းမွန် ဖြောင့်မှန်သော ဉာဏ်ဖြင့် ရှုမြင်နိုင်၏။ မင်းမြတ် ဤသို့လျှင် ပညာသည် ထွန်းလင်းတောက်ပခြင်း လက္ခဏာရှိ၏ဟု (ဖြေကြားတော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

တစ်ဆယ့်ငါးခုမြောက် ပညာလက္ခဏပဥှာ ပြီး၏။

--

၁၆-နာနာဓမ္မာနံ ဧကကိစ္စအဘိနိပ္ဖါဒနပဥှာ

တရားအသီးသီးတို့ အကျိုးတစ်ခုတည်းကို ပြီးစီးခြင်း ပြဿနာ

၁၆။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန ဤဆိုခဲ့ပြီးသော တရားအသီးသီးတို့သည် အသီးသီး ဖြစ်ကြကုန်လျက် တစ်ခုတည်းသော အကျိုးကို ပြီးစေနိုင်သလော”ဟု မေးလျောက်၏။ မင်းမြတ် ဆိုခဲ့ပြီးသော တရားတို့သည် အသီးသီးဖြစ်ကုန်လျက် တစ်ခုတည်းသော အကျိုးကို ပြီးစေနိုင်ကုန်၏၊ ကိလေသာတို့ကို သတ်နိုင်ကုန်၏ဟု (ဖြေကြားတော်မူ၏)။

အသျှင်ဘုရား အဘယ်သို့လျှင် ဤဆိုခဲ့ပြီးသော တရားတို့သည် အသီးသီး ဖြစ်ကုန်ကြလျက် တစ်ခုတည်းသော အကျိုးကို ပြီးစေပါကုန်သနည်း၊ ကိလေသာတို့ကို သတ်နိုင်ကုန်သနည်း၊ ဥပမာ ပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် ဆင်တပ်, မြင်တပ်, ရထားတပ်, ခြေလျင်တပ်ဟူသော စစ်တပ်တို့သည် အသီးသီး ဖြစ်ကြကုန်လျက် စစ်မြေပြင်၌ တစ်ပါးစစ်သည်ကို နှိမ်နင်းအောင်မြင်ခြင်းဟူသော တစ်ခုတည်းသော အကျိုးကို ပြီးစေကုန်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ဆိုခဲ့ပြီးသော တရားတို့သည် အသီးသီး ဖြစ်ကြကုန်လျက် တစ်ခုတည်းသောအကျိုးကို ပြီးစေကုန်၏၊ ကိလေသာတို့ကို သတ်နိုင်ကုန်၏ဟု (ဖြေကြားတော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

တစ်ဆယ့်ခြောက်ခုမြောက် ဧကကိစ္စအဘိနိပ္ဖါဒနပဥှာ ပြီး၏။

ရှေးဦးစွာသော မဟာဝဂ် ပြီး၏။

ဤမဟာဝဂ်၌ အမေးပုစ္ဆာပြဿနာ တစ်ဆယ့်ခြောက်ပါးတို့တည်း။

--

၂-အဒ္ဓါနဝဂ်

၁-ဓမ္မသန္တတိ ပဥှာ

တရားအစဉ်အဆက် ဆက်စပ်ပုံ ပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန အကြင်သူသည် ပဋိသန္ဓေအားဖြင့် ဘဝသစ်၌ ဖြစ် ပေါ်၏၊ ထိုပဋိသန္ဓေစွဲနေဖြစ်ပေါ်လာသောသူသည် ထိုရှေးဘဝကသူပင် ဖြစ်ပါသလော၊ သို့မဟုတ် အခြား သူလော”ဟု မေးလျှောက်၏။ နာဂသေနမထေရ်သည် “ထိုရှေးဘဝက သူလည်း မဟုတ်, အခြားသူလည်း မဟုတ်”ဟု (မိန့်တော်မူ၏)။

ဥပမာပြုတော်မူပါဦးလော့။ မင်းမြတ် ထိုအရာကို အဘယ်သို့မှတ်ထင်သနည်း။ အကြင်အခါ၌ သင် မင်းကြီးသည် ငယ်ရွယ်သူ, နုပျိုသူ, သေးကွေးသူ, ပက်လက်အိပ်တက်ကာမျှဖြစ်သော ကလေးသူငယ် ဖြစ်ခဲ့၏၊ ယခုအခါ ကြီးလာသော သင်မင်းကြီးသည် ထိုသူငယ်ပင် ဖြစ်လေသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ယင်းသို့မဟုတ်ပါ ငယ်ရွယ်နုပျိုသေးကွေး၍ ပက်လက် အိပ်တတ်ကာမျှဖြစ်သော ကလေး သူငယ်သည် တစ်ခြားဖြစ်၍ ယခုအခါ ကြီးလာသော အကျွန်ုပ်သည် တစ်ခြားဖြစ်ပါ၏ဟု (လျှောက်၏)။ မင်းမြတ် ဤသို့ ငယ်သူ တစ်ခြား, ကြီးသူတစ်ခြား ဖြစ်ခဲ့သော် အမိဟူ၍လည်း ဖြစ်နိုင်တော့မည် မဟုတ်၊ အဖဟူ၍လည်း, ဆရာသမားဟူ၍လည်း, အတတ်တတ်သောသူဟူ၍လည်း, သီလရှိသောသူဟူ၍လည်း, ပညာရှိသောသူဟူ၍လည်း ဖြစ်နိုင်တော့မည် မဟုတ်၊ မင်းမြတ် အသို့နည်း ဘဝအစ ကလလ ရေကြည်တည်စဉ်က အမိသည် အခြားတစ်ယောက် ဖြစ်လေသလော၊ အမြှုပ်ဖြစ်စဉ်က အမိသည် အခြား တစ်ယောက်ဖြစ်လေသလော၊ သားတစ်ဖြစ်စဉ်က အမိသည် အခြားတစ်ယောက်ဖြစ်လေသလော၊ အတုံး အခဲဖြစ်စဉ်က အမိသည် အခြားတစ်ယောက်ဖြစ်လေသလော၊ သူငယ်ဖြစ်စဉ်က အမိသည် အခြား တစ်ယောက် ဖြစ်လေသလော၊ ကြီးလာသောအခါ အမိသည် အခြားတစ်ယောက်ဖြစ်လေသလော၊ အခြား တစ်ယောက်သည် အတတ်ပညာသင်ယူ၍ အခြားတစ်ယောက်သည် အတတ်ပညာတတ်မြောက်သူ ဖြစ်လေ သလော၊ အခြားတစ်ယောက်သည် မကောင်းမှုကို ပြု၍ အခြားတစ်ယောက်သည် လက်ခြေအဖြတ်ခံရ သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဤသို့ကား မဖြစ်သင့်ပါ။ အသျှင်ဘုရား ဤအတိုင်း သူတစ်ပါးကမေးသော် အသျှင်ဘုရားက အဘယ်သို့ ဖြေဆိုမည်နည်းဟု (လျှောက်၏)။ အသျှင်နာဂသေန မထေရ်သည် “မင်းမြတ် ငါသည်ပင်လျှင် ငယ်ရွယ်နုပျိုသေးကွေး၍ ပက်လက် အိပ်တက်ကာမျှ သူငယ် သည် ဖြစ်ခဲ့ပြီးလျှင် ငါသည်ပင်လျှင် ယခုအခါ၌ ကြီးရင့်၏၊ ဤကိုယ်ကိုသာလျှင် အမှီပြု၍ ထိုအလုံးစုံသော ငယ်သောအရွယ်စသည်တို့ကို တစ်ပေါင်းတည်း သိမ်းရုံးအပ်ကုန်၏”ဟု (ဖြေကြားတော်မူ၏)။

ထို့ထက်အလွန် ဥပမာပြုတော်မူပါလော့ဟု (လျှောက်၏)။ မင်းမြတ် ဥပမာအားဖြင့် တစ်စုံ တစ်ယောက်သော ယောက်ျားသည် မီးတိုင်ကို ညှိထွန်းရာ၏၊ ထိုမီးတိုင်သည် တစ်ညဉ့်လုံးလုံး ထွန်း တောက်ရာအံ့လောဟု (မေးတော်မူ၏)။ အသျှင်ဘုရားဟုတ်မှန်ပါ၏၊ တစ်ညဉ့်လုံးလုံး ထွန်းတောက်ရာ ပါ၏ဟု (လျှောက်၏)။ မင်းမြတ် အသို့နည်း ညဉ့်ဦးယံ၌ အကြင်မီးတောက်မီးလျှံသည် ရှိ၏၊ သန်းခေါင်ယံ၌ မီးတောက်မီးလျှံသည် ထိုညဉ့်ဦးယံကရှိသော မီးတောက်မီးလျှံပင်လောဟု (မေးတော်မူ၏)။ မဟုတ်ပါ အသျှင်ဘုရား။ သန်းခေါင်ယံ၌ အကြင်မီးတောက်မီးလျှံသည် ရှိ၏၊

--

မိုးသောက်ယံ၌ မီးတောက် မီးလျှံသည် ထိုသန်းခေါင်ယံကရှိသော မီးတောက် မီးလျှံပင်လောဟု (မေးတော်မူ၏)။ မဟုတ်ပါ အသျှင်ဘုရား။ မင်းမြတ်အသို့နည်း ညဉ့်ဦးယံ၌ရှိသော ထိုမီးလျှံသည် တစ်ပါးတခြားဖြစ်သလော၊ သန်းခေါင်းယံ၌ရှိသော ထိုမီးလျှံသည် တစ်ပါးတခြားဖြစ်သလော၊ မိုးသောက်ယံ၌ ရှိသော ထိုမီးလျှံသည် တစ်ပါးတခြား ဖြစ် သလောဟု (မေးတော်မူ၏)။ ထိုသို့မဟုတ်ပါ ထိုညဉ့်ဦးယံ၌ ရှိသော မီးလျှံကိုသာလျှင် အမှီပြု၍ တစ်ညဉ့်လုံးလုံး ထွန်းတောက်ပါ၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူ သာလျှင် တရားအစဉ်အဆက် သည် ရှေးနောက်ဆက်စပ်၏၊ တစ်ပါးတခြားသော တရားသည် ဖြစ်ပေါ်လာ၏။ တစ်ပါးတခြားသော တရားသည် ချုပ်ငြိမ်း၏၊ မရှေးမနှောင်း တစ်ပြိုင်နက်ကဲ့သို့ ရှေးနောက်ဆက်စပ်၏၊ ထိုသို့ တစ်ပြိုင်နက်ကဲ့သို့ ဖြစ်၍ ချုပ်ပျက်ဆက်စပ်သောကြောင့် ထိုရှေးသူလည်း မဟုတ်၊ ထိုရှေးသူမှတစ်ပါး တခြားကသူလည်း မဟုတ်၊ ရှေးဘဝဖြစ်သော ဝိညာဉ်တရား၌ နောက်ဘဝဖြစ်သော ဝိညာဉ်တရားသည် ပေါင်းရုံးခြင်း သို့ ရောက်၏ဟု (မိန့်တော်မူ၏)။

ထို့ထက်အလွန် ဥပမာပြုတော်မူပါလော့ဟု (လျှောက်၏)။ မင်းမြတ် ဥပမာအားဖြင့် ညှစ်အပ်သော နို့ရည်သည် ကာလခြားသဖြင့် နို့ဓမ်းဖြစ်ရာ၏၊ နို့ဓမ်းမှ ဆီဦး, ဆီဦးမှ ထောပတ်ဖြစ်ရာ၏၊ ယင်း နို့ရည်သည်ပင် နို့ဓမ်း, ယင်းနို့ဓမ်းသည်ပင် ဆီဦး, ယင်းဆီဦးသည်ပင် ထောပတ်တည်းဟု အကြင် သူသည် ဆိုငြားအံ့၊ ထိုသို့ ဆိုသောသူသည် မဖောက်မပြန် မှန်ကန်စွာ ဆိုသည် မည်ရာပါအံ့လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မှန်ကန်စွာ ဆိုသည် မမည်ရာပါ၊ ထိုနို့ရည်ကိုသာ အမှီပြု၍ နို့ဓမ်း စသည် ဖြစ်ချေ၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် တရားအစဉ်အဆက်သည် ရှေးနောက် ဆက်စပ်၏၊ တစ်ပါးတခြားသော တရားသည် ဖြစ်ပေါ်လာ၏။ တစ်ပါးတခြားသော တရားသည် ချုပ်ငြိမ်း ၏၊ မရှေးမနှောင်း တစ်ပြိုင်နက်ကဲ့သို့ ရှေးနောက်ဆက်စပ်၏၊ ထိုသို့ တစ်ပြိုင်နက်ကဲ့သို့ ဖြစ်၍ ချုပ်ပျက်ဆက်စပ်သောကြောင့် ထိုရှေးသူလည်း မဟုတ်၊ ထိုရှေးသူမှတစ်ပါး တခြားကသူလည်း မဟုတ်၊ ရှေးဘဝဖြစ်သော ဝိညာဉ်တရား၌ နောက်ဘဝဖြစ်သော ဝိညာဉ်တရားသည် ပေါင်းရုံးခြင်းသို့ ရောက်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

ရှေးဦးစွာသော ဓမ္မသန္တတိပဥှာ ပြီး၏။

--

၂-ပဋိသန္ဒဟနပဥှာ

ပဋိသန္ဓေ မနေရမှုကို သိ မသိ ပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန ပဋိသန္ဓေမနေရသောသူသည် ‘ငါ ပဋိသန္ဓေ နေရတော့မည် မဟုတ်’ဟု သိပါသလော”ဟု မေးလျှောက်၏။ မင်းမြတ်ဟုတ်ပေ၏၊ ပဋိသန္ဓေမနေရသောသူသည် “ငါ ပဋိသန္ဓေနေရတော့မည် မဟုတ်”ဟု သိ၏။ အသျှင်ဘုရား အဘယ်သို့ သိပါသနည်း”ဟု (မေးလျှောက်၏)။ မင်းမြတ် ပဋိသန္ဓေနေရခြင်း၏ အကြင်အကြောင်းအထောက်အပံ့သည် ရှိ၏၊ ထို အကြောင်းအထောက်အပံ့ကင်းခြင်းကြောင့် ထိုသူသည် “ငါ ပဋိသန္ဓေနေရတော့မည် မဟုတ်”ဟု သိ၏ဟု (ဖြေကြားတော်မူ၏)။

ထို့ထက်အလွန် ဥပမာပြုတော်မူပါလော့ဟု (လျှောက်၏)။ မင်းမြတ် ဥပမာအားဖြင့် လယ်ထွန် ယောက်ျားသည် ထွန်ယက်၍လည်းကောင်း၊ စိုက်ပျိုး၍လည်းကောင်း စပါးကျီကို ပြည့်စေရာ၏၊ ထိုလယ်ထွန်ယောက်ျားသည် အခါတစ်ပါး၌ မထွန်ယက်ရာ, မစိုက်ပျိုးရာ၊ ကောင်းစွာ ဆည်းပူးထားအပ်သော စပါးကို စားမူလည်း စားရာ၏၊ စွန့်မူလည်း စွန့်ရာ၏၊ အကြောင်းအားလျော်စွာ ပြုမူလည်း ပြုရာ၏။ မင်းမြတ် ထိုလယ်ထွန်ယောက်ျားသည် “ငါ၏ စပါးကျီသည် ပြည့်နေတော့မည်မဟုတ်”ဟု သိရာသလောဟု (မေးတော်မူ၏)။ သိနိုင်ရာပါ၏ အသျှင်ဘုရား။ အသို့ သိနိုင်ရာသနည်း၊ စပါးကျီ ပြည့်ခြင်း၏ အကြင်အကြောင်းအထောက်အပံ့သည် ရှိ၏၊ ထိုအကြောင်းအထောက်အပံ့ကင်းခြင်းကြောင့် “ငါ၏ စပါးကျီသည် ပြည့်နေတော့မည် မဟုတ်”ဟု သိနိုင်ပါသည်ဟု (လျှောက်ထား၏)။ မင်းမြတ် ဤအတူသာလျှင် ပဋိသန္ဓေနေရခြင်း၏ အကြင်အကြောင်းအထောက်အပံ့သည် ရှိ၏၊ ထိုအကြောင်း အထောက်အပံ့ကင်းခြင်းကြောင့် ထိုသူသည် “ငါ ပဋိသန္ဓေနေရတော့မည် မဟုတ်”ဟု သိ၏ဟု (မိန့်ကြား တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

နှစ်ခုမြောက် ပဋိသန္ဒဟနပဥှာ ပြီး၏။

--

၃-ဉာဏပညာပဥှာ

ဉာဏ်နှင့် ပညာ ပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန ဉာဏ်ဖြစ်သောသူအား ပညာဖြစ်ပါသလော”ဟု မေးလျှောက်၏။ မင်းမြတ် ဉာဏ်ဖြစ်သောသူအား ပညာသည် ဖြစ်၏ဟု (ဖြေကြားတော်မူ၏)။ အသျှင် ဘုရား အသို့ပါနည်း ဉာဏ်သည်ပင် ပညာဖြစ်ပါသလောဟု (မေးလျှောက်၏)။ မင်းမြတ် ဉာဏ်သည်ပင် ပညာဖြစ်၏ဟု (ဖြေကြားတော်မူ၏)။ အသျှင်ဘုရား အကြင်သူအား ထိုဉာဏ်သည်ပင် ထိုပညာသာ ဖြစ်၏၊ ထိုဉာဏ်ပညာဖြစ်သောသူသည် တွေဝေရာသလော၊ သို့မဟုတ် မတွေဝေရာသလောဟု (မေးလျှောက်၏)။ မင်းမြတ် အချို့သော အရာ၌ တွေဝေရာ၏၊ အချို့သောအရာ၌ မတွေဝေရာဟု (ဖြေကြား တော်မူ၏)။ အသျှင်ဘုရား အဘယ်အရာ၌ တွေဝေရာပါသနည်းဟု (မေးလျှောက်၏)။ မင်းမြတ် မသိဖူး သေးသော အတတ်ပညာအရာ၌လည်းကောင်း၊ မလာရောက်ဖူးသေးသော အရပ်၌လည်းကောင်း၊ မကြား ဖူးသေးသော အမည်ပညတ်၌လည်းကောင်း တွေဝေရာ၏ဟု (ဖြေကြားတော်မူ၏)။ အသျှင်ဘုရား အဘယ် အရာ၌ မတွေဝေရာပါသနည်းဟု (မေးလျှောက်၏)။ မင်းမြတ် ထိုပညာဖြင့် “အနိစ္စ”ဟူ၍လည်းကောင်း၊ “ဒုက္ခ”ဟူ၍လည်းကောင်း၊ “အနတ္တ”ဟူ၍လည်းကောင်း၊ ပြုအပ်သော ဘာဝနာကံ၌ မတွေဝေရာဟု (ဖြေကြားတော်မူ၏)။ အသျှင်ဘုရား ထိုဘာဝနာကံကို ပြုသော ပညာရှိအား တွေဝေမှု ‘မောဟ'သည် အဘယ်သို့ ရောက်သွားပါသနည်းဟု (မေးလျှောက်၏)။ မင်းမြတ်ဉာဏ်ဖြစ်ပေါ်သည်ရှိသော် မောဟ သည် ဉာဏ်ဖြစ်ပေါ်ကာမျှ ထိုခဏ၌ပင် ချုပ်ပျောက်လေတော့၏။

ဥပမာပြုတော်မူပါလော့ဟု (လျှောက်၏)။ မင်းမြတ် တစ်စုံတစ်ယောက်သော ယောက်ျားသည် မှောင်သော အိမ်၌ ဆီမီးကို ထွန်းရာ၏၊ ထိုဆီမီးညှိထွန်းခြင်းကြောင့် အမိုက်မှောင်သည် ချုပ်ပျောက်၍ အရောင်အလင်း ထင်ရှားဖြစ်ပေါ်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ဉာဏ်ဖြစ်ပေါ်သည်ရှိသော် မောဟ သည် ဉာဏ်ဖြစ်ပေါ်ကာမျှ ထိုခဏ၌ပင် ချုပ်ပျောက်လေတော့၏ဟု (မိန့်ကြားတော်မူ၏)။

အသျှင်ဘုရား ပညာသော်ကား အဘယ်သို့ ရောက်သွားပါသနည်းဟု (မေးလျှောက်၏)။ မင်းမြတ် ပညာသည်လည်း မိမိပြုလုပ်ဖွယ်ကို သိခြင်းကိစ္စကို ပြုပြီး၍ ပြုပြီးကာမျှ ထိုခဏ၌ပင် ချုပ်ပျောက်၏၊ “အနိစ္စ”ဟူ၍လည်းကောင်း၊ “ဒုက္ခ”ဟူ၍လည်းကောင်း၊ “အနတ္တ”ဟူ၍လည်းကောင်း ပညာက ပြုအပ်သော ဘာဝနာကံသည် မချုပ်ပျောက်ဟု (ဖြေကြားတော်မူ၏)။

အသျှင်ဘုရားနာဂသေန “ပညာသည် မိမိပြုလုပ်ဖွယ် သိခြင်းကိစ္စကို ပြုပြီး၍ ပြုပြီးကာမျှ ထိုခဏ၌ပင် ချုပ်ပျောက်၏၊ “အနိစ္စ”ဟူ၍လည်းကောင်း၊ “ဒုက္ခ”ဟူ၍လည်းကောင်း၊ “အနတ္တ”ဟူ၍လည်းကောင်း ပညာက ပြုအပ်သော ဘာဝနာကံသည် မချုပ်ပျောက်”ဟု အကြင်စကားကို အသျှင်ဘုရား ဆို တော်မူ၏၊ ထိုစကား၏ ဥပမာကို ပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် တစ်စုံတစ်ယောက်သောယောက်ျားသည် ညဉ့်အခါ သဝဏ်လွှာစာကို စေလွှတ်လိုသည်ဖြစ်၍ စာရေးကိုခေါ်စေပြီးလျှင် ဆီမီးညှိ ထွန်းလျက် သဝဏ်လွှာစာကို ရေးသားစေရာ သဝဏ်လွှာစာကို ရေးသားပြီးသောအခါ ဆီမီးကို ငြိမ်း စေရာ၏၊ ဆီမီးကို ငြိမ်းစေပြီးသော်လည်း သဝဏ်လွှာစာသည် မပျောက်ပျက်ရာသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ပညာသည် မိမိပြုလုပ်ဖွယ် သိခြင်းကိစ္စကို ပြုပြီး၍ ပြုပြီးကာမျှ ထိုခဏ၌ပင် ချုပ် ပျောက်၏၊ အနိစ္စ”ဟူ၍လည်းကောင်း၊ “ဒုက္ခ”ဟူ၍လည်းကောင်း၊ “အနတ္တ”ဟူ၍လည်းကောင်း ပညာက ပြုအပ်သော ဘာဝနာကံသည် မချုပ်ပျောက်ဟု (မိန့်ကြားတော်မူ၏)။

ထို့ထက်အလွန် ဥပမာပြတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် ဥပမာအားဖြင့် အရှေ့တိုင်းတို့၌ ရှိသော လူတို့သည် လောင်သော မီးကို ငြိမ်းစိမ့်သောငှါ အိမ်တိုင်းအိမ်တိုင်း ရေအိုး ငါးလုံးငါးလုံးစီ ထားကုန်၏၊

--

အိမ်ကို မီးလောင်ခဲ့သော် ထိုငါးလုံးသော ရေအိုးတို့ကို အိမ်၏ အထက်၌ ပစ်လွှင့်ကုန်၏၊ ယင်းသို့ ပစ်လွှင့်သောကြောင့် မီးသည် ငြိမ်းလေ၏၊ မင်းမြတ် အသို့နည်း လူတို့အား တစ်ဖန် ထိုပစ် လွှင့်လိုက်သော ရေအိုးတို့ဖြင့် အိုးကိစ္စကို ပြုကုန်ဦးအံ့ဟု စိတ်အကြံဖြစ်လေဦးမည်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား အိုးကိစ္စကို ပြုရကုန်အံ့ဟု စိတ်အကြံမဖြစ်နိုင်တော့ပါ၊ ထိုရေအိုးတို့ဖြင့် အလိုမရှိ တော့ပါ၊ ထိုရေအိုးတို့ဖြင့် အဘယ်ပြုတော့အံ့နည်းဟု (လျှောက်ထားဖြေကြား၏)။ မင်းမြတ် ငါးလုံးသော ရေအိုးတို့ကဲ့သို့ သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေဟူသော ဣန္ဒြေငါးပါးတို့ကို မှတ်ယူ အပ်ကုန်၏။ ထိုလူတို့ကဲ့သို့ ကမ္မဋ္ဌာန်းအားထုတ်အပ်သော ပုဂ္ဂိုလ်ကို မှတ်ယူအပ်၏၊ မီးကဲ့သို့ ကိလေသာတို့ကို မှတ်အပ်ကုန်၏။ ငါးလုံးသော အိုးတို့ဖြင့် မီးကို ငြိမ်းစေအပ်သကဲ့သို့ ဣန္ဒြေငါးပါးတို့ဖြင့် ကိလေသာတို့ကို ငြိမ်းအေးစေကုန်၏၊ ငြိမ်းစေအပ်ပြီးသော ကိလေသာတို့သည်လည်း တစ်ဖန် မဖြစ်ကုန်၊ မင်းမြတ် ဤသို့လျှင် ပညာသည် မိမိပြုလုပ်ဖွယ် သိခြင်းကိစ္စကို ပြုပြီး၍ ပြုပြီးကာမျှ ထိုခဏ၌ပင် ချုပ် ပျောက်၏၊ “အနိစ္စ”ဟူ၍လည်းကောင်း၊ “ဒုက္ခ”ဟူ၍လည်းကောင်း၊ “အနတ္တ”ဟူ၍လည်းကောင်း ပညာက ပြုအပ်သော ဘာဝနာကံသည် မချုပ်ပျောက်ဟု (မိန့်ကြားတော်မူ၏)။

ထို့ထက်အလွန် ဥပမာပြုတော်မူဦးလော့ဟု (လျှောက်၏)။ မင်းမြတ် ဥပမာအားဖြင့် ဆေးဆရာ သည် ငါးပါးသော အမြစ်ဆေးတို့ကို ကြိတ်၍ သူနာသို့ ချဉ်းကပ်ပြီးလျှင် ထိုငါးပါးသော အမြစ်ဆေးတို့ကို ကြိတ်၍ သူနာကို တိုက်ရာ၏၊ ထိုဆေးတို့ဖြင့်လည်း အနာရောဂါတို့သည် ပျက်စီးပျောက်ငြိမ်းကုန်ရာ၏၊ မင်းမြတ် အသို့နည်း ထိုဆေးဆရာအား “တစ်ဖန် ထိုငါးပါးသော အမြစ်ဆေးတို့ဖြင့် ဆေးကိစ္စပြုလုပ်ရဦး မည်”ဟု ဤသို့သော စိတ်အကြံ ဖြစ်ရာသေးသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဆေးကိစ္စ ပြုလုပ်ရဦးမည်ဟု စိတ်အကြံ မဖြစ်တော့ပါ၊ ထိုငါးပါးသော အမြစ်ဆေးတို့ဖြင့် အကျိုးမရှိတော့ပါ၊ ထိုငါးပါးသော အမြစ်ဆေးတို့ဖြင့် အဘယ်သို့ ပြုတော့အံ့နည်းဟု (လျှောက်၏)။ မင်းမြတ် ငါးပါးသော အမြစ်ဆေးတို့ကဲ့သို့ သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေဟူသော ဣန္ဒြေငါးပါးတို့ကို မှတ်အပ်ကုန်၏၊ ဆေးဆရာကဲ့သို့ ကမ္မဋ္ဌာန်းအားထုတ်သော ပုဂ္ဂိုလ်ကို မှတ်အပ်၏၊ အနာရောဂါကဲ့သို့ ကိလေသာတို့ကို မှတ်အပ်ကုန်၏၊ နာသော ယောက်ျားကဲ့သို့ ပုထုဇဉ်ကို မှတ်အပ်၏။ ငါးပါးသော အမြစ် ဆေးတို့ဖြင့် သူနာ၏ အနာရောဂါ ပျက်စီးပျောက်ငြိမ်းပြီးလျှင် အနာရောဂါ ပျက်စီးပျောက်ငြိမ်းခြင်း ကြောင့် သူနာသည် အနာကင်းသကဲ့သို့၊ ဤအတူ ငါးပါးသောဣန္ဒြေတို့ဖြင့် ကိလေသာတို့ကို ဖျက်ဆီး အပ်ကုန်၏၊ ဖျက်ဆီးအပ်ကုန်သော ကိလေသာတို့သည်လည်း တစ်ဖန် မဖြစ်ကုန်။ မင်းမြတ် ဤသို့လျှင် ပညာသည် မိမိ၏ ပြုလုပ်ဖွယ်သိခြင်းကိစ္စကို ပြုပြီး၍ ပြုပြီးကာမျှ ထိုခဏ၌ပင် ချုပ်ပျောက်၏၊ “အနိစ္စ”ဟူ၍လည်းကောင်း၊ “ဒုက္ခ”ဟူ၍လည်းကောင်း၊ “အနတ္တ”ဟူ၍လည်းကောင်း ထိုပညာက ပြုအပ်သော ဘာဝနာကံသည် မချုပ်ပျောက်ဟု (မိန့်တော်မူ၏)။

ထို့ထက်အလွန် ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် ဥပမာအားဖြင့် စစ်မြေပြင်၌့ကျက်စားသောသူရဲကောင်းသည် မြားငါးစင်းတို့ကို ကိုင်စွဲ၍ တစ်ဖက်စစ်သည်ကို အောင်နိုင်ခြင်းငှါ စစ်တလင်းသို့ သက်ဆင်းရာ၏၊ ထိုစစ်သူရဲကောင်းသည် စစ်မြေပြင်သို့ ရောက်သည်ရှိသော် ထိုမြားငါးစင်းတို့ကို ပစ်ရာ၏၊ ထိုမြားငါးစင်းတို့ဖြင့် တစ်ဖက်စစ်သည်သည် ပျက်စီးရာ၏၊ မင်းမြတ် အသို့နည်း စစ်မြေပြင်၌ ကျက်စားသော ထိုသူရဲကောင်းအား တစ်ဖန် ထိုမြားတို့ဖြင့် မြားကိစ္စကို ပြုလုပ်ရဦးမည်ဟု ဤသို့သော စိတ်အကြံ ဖြစ်ရာသေးသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မြား ကိစ္စကို ပြုလုပ်ရဦးမည်ဟု စိတ်ကြံ မဖြစ်ရာပါ၊ ထိုမြားတို့ဖြင့် အကျိုးမရှိတော့ပါ၊ ထိုမြားတို့ဖြင့် အဘယ်ပြုတော့အံ့နည်းဟု (လျှောက်၏)။ မင်းမြတ် မြားငါးစင်းတို့ကဲ့သို့ သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေဟူသော ဣန္ဒြေငါးပါးတို့ကို မှတ်အပ်ကုန်၏၊ မင်းမြတ် စစ်မြေပြင်၌ ကျက်စားသောသူရဲကောင်းကဲ့သို့ ကမ္မဋ္ဌာန်းအားထုတ်သောပုဂ္ဂိုလ်ကို မှတ်အပ်၏၊ တစ်ဖက်စစ်သည်ကဲ့သို့ ကိလေသာတို့ကို မှတ်အပ်ကုန်၏၊ မြှားငါးစင်းတို့ဖြင့် တစ်ဖက်စစ်သည်သည် ပျက်စီးသကဲ့သို့ ငါးပါးသော ဣန္ဒြေတို့ ဖြင့် ကိလေသာတို့သည် ပျက်စီးကုန်၏၊ ပျက်စီးကုန်ပြီးသော ကိလေသာတို့သည်လည်း တစ်ဖန် မဖြစ်ကုန်၊ မင်းမြတ် ဤအတူသာလျှင် ပညာသည် မိမိ၏ ပြုလုပ်ဖွယ် သိခြင်းကိစ္စကို ပြုပြီး၍ ပြုပြီးကာမျှ ထိုခဏ၌ပင် ချုပ်ပျောက်၏၊ “အနိစ္စ”ဟူ၍လည်းကောင်း၊ “ဒုက္ခ”ဟူ၍လည်းကောင်း၊ “အနတ္တ”ဟူ၍လည်းကောင်း ထိုပညာက ပြုအပ်သော ဘာဝနာကံသည် မချုပ်ပျောက်ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

သုံးခုမြောက် ဉာဏပညာပဥှာ ပြီး၏။

--

၄-ပဋိသန္ဒဟနပုဂ္ဂလဝေဒိယနပဥှာ

ပဋိသန္ဓေမနေသူ ဝေဒနာခံစား မခံစားပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန ပဋိသန္ဓေမနေရသူ (ရဟန္တာ) ပုဂ္ဂိုလ်သည် တစ်စုံ တစ်ရာသော ဒုက္ခဝေဒနာကို ခံစားပါသေးသလော”ဟု မေးလျှောက်၏။ နာဂသေနမထေရ်သည် အချို့သော ဝေဒနာကို ခံစားရ၏၊ အချို့သော ဝေဒနာကို မခံစားရဟု (ဖြေတော်မူ၏)။ အဘယ်ဝေဒနာကို ခံစားရပါသနည်း၊ အဘယ်ဝေဒနာကို မခံစားရပါသနည်း။ မင်းမြတ် ကိုယ်၌ဖြစ်သော ဝေဒနာကို ခံစား ရ၏၊ စိတ်၌ဖြစ်သော ဝေဒနာကို မခံစားရ။ အသျှင်ဘုရား အဘယ်သို့လျှင် ကိုယ်၌ဖြစ်သော ဝေဒနာကို ခံစားရပါသနည်း၊ အဘယ်သို့လျှင် စိတ်၌ ဖြစ်သော ဝေဒနာကို မခံစားရပါသနည်း။ ကိုယ်၌ ဆင်းရဲ ဝေဒနာ၏ ဖြစ်ပေါ်ခြင်းငှါ အကြင်အကြောင်းအထောက်အပံ့သည် ရှိ၏။ ထိုအကြောင်းအထောက်အပံ့၏ မကင်းခြင်းကြောင့် ကိုယ်၌ဖြစ်သော ဆင်းရဲဝေဒနာကို ခံစားရ၏။ စိတ်၌ဖြစ်သော ဆင်းရဲဝေဒနာ၏ ဖြစ်ပေါ်ခြင်းငှါ အကြင်အကြောင်းအထောက်အပံ့သည် ရှိ၏။ ထိုအကြောင်းအထောက်အပံ့ ကင်းခြင်းကြောင့် စိတ်၌ဖြစ်သော ဆင်းရဲဝေဒနာကို မခံစားရ၊ မင်းမြတ် မြတ်စွာဘုရားသည် “ထိုပဋိသန္ဓေ မနေရသူ (ရဟန္တာပုဂ္ဂိုလ်) သည် ကိုယ်၌ဖြစ်သော ဝေဒနာတစ်ခုကိုသာ ခံစားရ၏၊ စိတ်၌ဖြစ်သော ဝေဒနာကို မခံစားရ”ဟု ဤဒေသနာတော်ကိုလည်း ဟောတော်မူအပ်၏ဟု (ဖြေတော်မူ၏)။

အသျှင်ဘုရားနာဂသေန အကြင် (ရဟန္တာ) ပုဂ္ဂိုလ်သည် ဒုက္ခဝေဒနာကို ခံစားရ၏၊ ထို (ရဟန္တာ) ပုဂ္ဂိုလ်သည် အဘယ့်ကြောင့် ပရိနိဗ္ဗာန်မပြုသနည်းဟု (မေးလျှောက်၏)။ မင်းမြတ် ရဟန္တာပုဂ္ဂိုလ်အား ချစ်ခင်တပ် မက်မှု ‘တဏှာ’ သည်လည်းကောင်း၊ ငြိုငြင်ထိပါးမှု ‘ဒေါသ’ သည်လည်းကောင်း မရှိ၊ ရဟန္တာ ပုဂ္ဂိုလ်တို့သည် ပညာရှိကြကုန်၍ မရင့်ကျက်သေးသည်ကို မချွေချကုန်၊ ရင့်ကျက်အောင် ဆိုင်းငံ့ကုန်၏၊ မင်းမြတ် တရားစစ်သူကြီးဖြစ်သော အသျှင်သာရိပုတ္တရာမထေရ်သည်- “သေလွန်ခြင်းကိုလည်း ငါ မနှစ်သက်၊ အသက်မသေ တည်နေရခြင်းကိုလည်း ငါ မနှစ်သက်၊ စင်စစ်သော်ကား အခစားလုပ်သားသည် နှစ်တွက် လခကြေးငွေစကို မျှော်လင့်တောင့်တသကဲ့သို့ ထို့အတူ သေရမည့်အခါကိုသာ ငါ မျှော်လင့်နေ၏။ သေလွန်ရခြင်းကိုလည်း ငါ မနှစ်သက်၊ အသက်မသေ တည်နေရခြင်းကိုလည်း ငါ မနှစ်သက်၊ စင်စစ်သော်ကား ပညာဉာဏ်ဖြင့် ကောင်းစွာ ယှဉ်လျက် ထင်စွာ မှတ်ရှိ သတိနှင့် ပြည့်စုံသည်ဖြစ်၍ သေရမည့်အခါကိုသာ ငါ မျှော်လင့်နေ၏ဟု မိန့်တော်မူ၏”ဟု (ဖြေကြားတော်မူ၏)။ အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

လေးခုမြောက် ပဋိသန္ဒဟနပုဂ္ဂလဝေဒိယနပဥှာ ပြီး၏။

--

၅-ဝေဒနာပဥှာ

ဝေဒနာပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန သုခဝေဒနာသည် ကုသိုလ်ပင်လော, အကုသိုလ်ပင် လော, အဗျာကတပင်လော”ဟု မေးလျှောက်၏။ မင်းမြတ် အချို့သော ဝေဒနာသည် ကုသိုလ်ပေတည်း၊ အချို့ကား အကုသိုလ်ပေတည်း၊ အချို့ကား အဗျာကတပေတည်းဟု (ဖြေကြားတော်မူ၏)။ အသျှင်ဘုရား သုခဝေဒနာသည် ကုသိုလ်ဖြစ်ခဲ့မူ ဒုက္ခမဖြစ်ပေရာ၊ ဒုက္ခဖြစ်ပြန်ခဲ့မူ ကုသိုလ် မဖြစ်ရာ၊ ကုသိုလ်မည်သည် ဒုက္ခဟူ၍ မဖြစ်သင့်ဟု (အပြစ်တင်ကာ) (လျှောက်ထား၏)။ မင်းမြတ် ထိုအရာကို အဘယ်သို့ မှတ်ထင် သနည်း၊ ဤလောက၌ ယောက်ျား၏ လက်၌ ရဲရဲတောက်ပူသော သံတွေခဲကို တင်ထားရာ၏၊ ဒုတိယ လက်၌ အေးသော ဆီးနှင်းခဲကို တင်ထားရာ၏၊ မင်းမြတ် အသို့နည်း ထိုအပူ, အအေး နှစ်ပါးစုံတို့သည်လည်း လောင်မြိုက်ကုန်ရာသလော။ အသျှင်ဘုရားဟုတ်ပါပေ၏၊ ထိုနှစ်ပါးစုံတို့သည်လည်း လောင်မြိုက်ကုန်ရာပါ၏။ မင်းမြတ် အသို့နည်း ထိုနှစ်ပါးစုံတို့သည် အပူတို့ချည်းလော။ အသျှင်ဘုရား အပူချည်း မဟုတ်ပါ၊ မင်းမြတ် ထိုနှစ်ပါးစုံတို့သည် အအေးတို့ချည်းလော။ အသျှင်ဘုရား အအေးချည်းလည်း မဟုတ်ပါ။ သင်မင်းကြီး၏ စကား၌ နှိပ်အပ်သည်ကို သိမှတ်လော့၊ ရဲရဲတောက်ပူလောင်သော သံတွေ ခဲပူလောင်ခဲ့မူ ထိုနှစ်ပါးစုံတို့သည်လည်း အပူတို့ချည်း မဟုတ်ကုန်ခဲ့တကား၊ ယင်းသို့ အပူချည်း မဟုတ် သောကြောင့် သံတွေခဲလောင်သည် မဖြစ်ပေရာ၊ အေးသော ဆီးနှင်းခဲပူလောင်ခဲ့မူ ထိုနှစ်ပါးစုံတို့သည်လည်း အအေးတို့ချည်း မဟုတ်ကုန်ခဲ့တကား၊ ယင်းသို့ အအေးချည်း မဟုတ်သောကြောင့် ဆီးနှင်းခဲ ပူလောင်သည် မဖြစ်ပေရာ၊ ထိုနှစ်ပါးစုံတို့သည်လည်း အဘယ့်ကြောင့် လောင်ကြကုန်သနည်း၊ ထိုနှစ်ပါးစုံတို့သည်လည်း အပူတို့ချည်းလည်း မဟုတ်ကုန်ခဲ့၊ အအေးတို့ချည်းလည်း မဟုတ်ကုန်ခဲ့တကား၊ တစ်ခုသော သံတွေခဲသည် ပူ၍ တစ်ခုသော ဆီးနှင်းခဲသည် အေးခဲ့၏၊ ထိုနှစ်ပါးစုံတို့သည်လည်း လောင်မြိုက်ကုန်၏တကား၊ ထို့ကြောင့် အပူ, အအေး လောင်ခြင်းမဖြစ်သင့်ဟု (မိန့်တော်မူ၏)။ အကျွန်ုပ်သည် ဤသို့ စကားကပ်ဆိုလေ့ရှိသော အသျှင်မြတ်နှင့် အတူ ဖက်ပြိုင်ပြောဆိုရန် မစွမ်းဆောင်နိုင်တော့ပါ၊ တောင်းပန်ပါ၏၊ ဆိုလိုသော အနက်အဓိပ္ပါယ်ကိုသာ ပြီးပြေအောင် ဖြေဆိုပါလော့ဟု (လျှောက်၏)။ ထို့နောက် နာဂသေနမထေရ်သည် အဘိဓမ္မာနှင့် စပ်ဆိုင်သော စကားဖြင့် မိလိန္ဒမင်းကို-

မင်းမြတ် ကာမဂုဏ်၌ မှီကုန်သော ဤ'ဂေဟဿိတ’ သောမနဿဝေဒနာတို့ကား ခြောက်ပါးအပြား ရှိကုန်၏၊ ကာမဂုဏ်မှ ထွက်မြောက်ကြောင်း ဈာန်မဂ်၌ မှီကုန်သော ‘နေက္ခမ္မဿိတ’ သောမနဿ ဝေဒနာတို့ကား ခြောက်ပါးအပြားရှိကုန်၏၊ ကာမဂုဏ်၌ မှီကုန်သော ဒေါမနဿဝေဒနာတို့ကား ခြောက်ပါး အပြားရှိကုန်၏၊ ကာမဂုဏ်မှ ထွက်မြောက်ကြောင်း ဈာန်မဂ်၌ မှီကုန်သော ဒေါမနဿဝေဒနာတို့ကား ခြောက်ပါးအပြားရှိကုန်၏၊ ကာမဂုဏ်၌ မှီကုန်သော ဥပေက္ခာဝေဒနာတို့ကား ခြောက်ပါးအပြားရှိကုန်၏၊ ကာမဂုဏ်မှ ထွက်မြောက်ကြောင်း ဈာန်မဂ်၌ မှီကုန်သော ဥပေက္ခာဝေဒနာတို့ကား ခြောက်ပါးအပြား ရှိကုန်၏၊ ဤသို့ ဤ(ဝေဒနာအပြားသုံးဆယ့်ခြောက်ပါး) ဆက္ကခြောက်ပါးတို့ ဖြစ်ကုန်၏၊ အတိတ်ဝေဒနာတို့သည်လည်း သုံးဆယ့်ခြောက်ပါးအပြားရှိကုန်၏၊ အနာဂတ်ဝေဒနာတို့သည်လည်း သုံးဆယ့်ခြောက်ပါး အပြားရှိကုန်၏၊ ပစ္စုပ္ပန်ဝေဒနာတို့သည်လည်း သုံးဆယ့်ခြောက်ပါးအပြားရှိကုန်၏၊ ထိုကာလသုံးပါး၌ ဖြစ်သော ဆဆက္ကဝေဒနာကို တစ်ပေါင်းတစ်စုတည်း ပေါင်းရုံးစုစည်း၍ ဝေဒနာတစ်ရာ့ရှစ်ပါး၁တို့ ဖြစ်ကုန်၏ဟု သိစေတော်မူ၏။ အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

ငါးခုမြောက် ဝေဒနာပဥှာ ပြီး၏။

၁။ သောမနဿ, ဒေါမနဿ, ဥပေက္ခာဝေဒနာသုံးမျိုးတို့ကို ဂေဟဿိတ နေက္ခမ္မဿိတ နှစ်ပါးနှင့်မြှောက်၊ ခြောက်မျိုး ဖြစ်၏။ ယင်းခြောက်မျိုးကို အာရုံခြောက်ပါးနှင့်မြှောက်၊ (၆*၆)= ၃၆ ဖြစ်၏။ ယင်း ၃၆ ကို အတိတ်, အနာဂတ်, ပစ္စုပ္ပန် ကာလသုံးပါးနှင့် မြှောက်သော် (၃၆*၃)= ၁၀၈-ဝေဒနာ တစ်ရာ့ရှစ်မျိုး ဖြစ်၏။

--

၆-နာမရူပဧကတ္တနာနတ္တပဥှာ

နာမ်ရုပ် တူ မတူ ပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန အဘယ်တရားသည် ပဋိသန္ဓေနေသနည်း”ဟု မေးလျှောက်၏။ နာဂသေနမထေရ်သည် “မင်းမြတ် နာမ်ရုပ်သည် ပဋိသန္ဓေနေ၏”ဟု (မိန့်ဆို၏)။ ဤ ပစ္စုပ္ပန်နာမ်ရုပ်သည်ပင်လျှင် ပဋိသန္ဓေနေသလောဟု (မေးလျှောက်၏)။ မင်းမြတ် ဤပစ္စုပ္ပန်နာမ်ရုပ် သည်ပင်လျှင် ပဋိသန္ဓေနေသည် မဟုတ်၊ မင်းမြတ် စင်စစ်သော်ကား ဤပစ္စုပ္ပန်နာမ်ရုပ်ဖြင့် ကောင်းသည်လည်းဖြစ်သော, မကောင်းသည်လည်းဖြစ်သော ကုသိုလ်ကံ, အကုသိုလ်ကံကို ပြုလုပ်၏၊ ထိုကုသိုလ်ကံ, အကုသိုလ်ကံကြောင့် တစ်ပါးသော နာမ်ရုပ်သည် ပဋိသန္ဓေနေ၏ဟု (ဖြေတော်မူ၏)။ အသျှင်ဘုရား ဤပစ္စုပ္ပန်နာမ်ရုပ်တရားသည်သာ အကယ်၍ ပဋိသန္ဓေမနေသည် ဖြစ်အံ့၊ ထိုသူသည် ယုတ်ညံ့ကုန်သော အကုသိုလ်ကံတို့မှ လွတ်ရမည် မဟုတ်လောဟု (မေးလျှောက်၏)။ ထိုသူသည် အကယ်၍ ပဋိသန္ဓေ မနေရခဲ့မူ ယုတ်ညံ့ကုန်သော အကုသိုက်ကံတို့မှ လွတ်မြောက်သည် ဖြစ်ရာ၏၊ မင်းမြတ် စင်စစ်သော်ကား ထိုသူသည် ပဋိသန္ဓေနေရသေးသောကြောင့် ယုတ်ညံ့ကုန်သော အကုသိုလ်ကံတို့မှ မလွတ်နိုင်ဟု အသျှင် နာဂသေနမထေရ် (ဖြေကြားတော်မူ၏)။

ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် ဥပမာအားဖြင့် တစ်စုံတစ်ယောက်သော ယောက်ျားသည် အခြားယောက်ျားတစ်ယောက်၏ သရက်သီးကို ခိုးရာ၏၊ ထို (ခိုးသော) ယောက်ျားကို သရက်သီးအရှင်သည် ဖမ်းယူ၍ “မင်းကြီး ဤယောက်ျားသည် အကျွန်ုပ်၏ သရက်သီးတို့ကို ခိုးအပ်ပါ၏”ဟု မင်းအား ပြရာ၏၊ ထိုခိုးသောသူသည် “မင်းကြီး အကျွန်ုပ်သည် ဤသူ၏ သရက်သီးတို့ကို မခိုး ယူပါ၊ ဤယောက်ျား စိုက်ပျိုးအပ်သော သရက်သီးတို့သည် တခြားတစ်ပါးတို့ပါတည်း၊ အကျွန်ုပ် ခိုးအပ်သော သရက်သီးတို့သည် တခြားတစ်ပါးတို့ပါတည်း၊ အကျွန်ုပ်သည် အပြစ်ဒဏ်မရောက်သင့်ပါ”ဟု ပြောဆိုရာ၏၊ မင်းမြတ် အသို့နည်း ထိုခိုးသောသူသည် အပြစ်ဒဏ်ရောက်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရားဟုတ်ပါ၏၊ အပြစ်ဒဏ် ရောက်ရာပါ၏ဟု (ဖြေကြား၏)။ အဘယ်အကြောင်းကြောင့် အပြစ်ဒဏ်ရောက်ရသနည်း။ အသျှင်ဘုရား ထိုခိုးသူသည် ဤသို့ပင် ဆိုစေကာမူ ရှေးစိုက်ပျိုးရင်း သရက်သီးကို မပယ်မစွန့်သောကြောင့်နောက် (သီးသော) သရက်သီးဖြင့် ထိုခိုးသော ယောက်ျားသည် အပြစ်ဒဏ်ရောက်ရာပါ၏ဟု (ဖြေကြားလျှောက်ထား၏)။ မင်းမြတ့်ဤအတူသာလျှင် ဤပစ္စုပ္ပန် နာမ်ရုပ်ဖြင့် ကောင်းသည်လည်းဖြစ်သော, မကောင်းသည်လည်းဖြစ်သော ကုသိုလ်ကံ, အကုသိုက်ကံကို ပြု၏၊ ထိုကုသိုလ်ကံ, အကုသိုလ်ကံကြောင့် အခြားနာမ်ရုပ်သည် ပဋိသန္ဓေနေ၏၊ ထို့ကြောင့် ယုတ်ညံ့ကုန်သော အကုသိုလ်ကံတို့မှ မလွတ်နိုင်ဟု (မိန့်တော်မူ၏)။

--

ထို့အထက်လွန် ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် ဥပမာအားဖြင့် တစ်စုံ တစ်ယောက်သော ယောက်ျားသည် အခြားယောက်ျားတစ်ယောက်၏ သလေးစပါးကို ခိုးရာ၏။ပ။ ကြံကို ခိုးရာ၏။ပ။ မင်းမြတ် ဥပမာအားဖြင့် တစ်စုံတစ်ယောက်သော ယောက်ျားသည် ဆောင်းအခါ မီးညှိပျိုး၍ မီးလှုံပြီးလျှင် မငြိမ်းသတ်ခဲ့ဘဲ ဖဲသွားရာ၏၊ ထိုအခါ ထိုမီးသည် အခြားသော ယောက်ျား၏ လယ်ကို လောင်မြိုက်ရာ၏၊ ထိုမီးလှုံသော ယောက်ျားကို လယ်ရှင်က ဖမ်းယူ၍ မင်းကြီး ဤသူသည် အကျွန်ုပ်၏ လယ်ကို မီးရှို့ပါ၏ဟု မင်းအား ပြရာ၏၊ ထိုမီးလှုံသော ယောက်ျားသည် မင်းကြီး အကျွန်ုပ်သည် ဤ ယောကျာ်း၏ လယ်ကို မီးမရှို့ပါ၊ အကျွန်ုပ် မငြိမ်းခဲ့မိသော မီးသည် အခြားတစ်ပါးပါတည်း၊ ဤသူ၏ လယ်ကို လောင်မြိုက်သော မီးသည် အခြားတစ်ပါးပါတည်း၊ အကျွန်ုပ်သည် အပြစ်ဒဏ်မရောက်သင့်ပါဟု ပြောဆိုရာပါ၏၊ မင်းမြတ် အသို့နည်း ထိုမီးလှုံသော ယောက်ျားသည် အပြစ်ဒဏ်ရောက်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရားဟုတ်ပါ၏၊ အပြစ်ဒဏ်ရောက်ရာပါ၏ဟု (ဖြေကြား၏)။ အဘယ် အကြောင်းကြောင့် အပြစ်ဒဏ်ရောက်ရာသနည်းဟု (မေးတော်မူ၏)။ ထိုမီးလှုံသောသူသည် ဤသို့ပင် ဆိုစေကာမူ အသျှင်ဘုရား ရှေးလှုံသော မီးကို မပယ်မစွန့်သောကြောင့် နောက်လောင်သော မီးဖြင့် ထိုမီးလှုံသောသူသည် အပြစ်ဒဏ်ရောက်ရာပါ၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် ဤပစ္စုပ္ပန် နာမ်ရုပ်ဖြင့် ကောင်းသည်လည်းဖြစ်သော, မကောင်းသည်လည်းဖြစ်သော ကုသိုလ်ကံ, အကုသိုလ် ကံကို ပြု၏၊ ထိုကုသိုလ်ကံ, အကုသိုလ်ကံကြောင့် တစ်ပါးသော နာမ်ရုပ်သည် ပဋိသန္ဓေနေ၏၊ ထို့ကြောင့် ယုတ်ညံ့သော အကုသိုလ်ကံတို့မှ မလွတ်နိုင်ဟု (မိန့်တော်မူ၏)။

ထို့ထက်အလွန် ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် ဥပမာအားဖြင့် တစ်စုံ တစ်ယောက်သော ယောက်ျားသည် ဆီမီးတိုင်ကို ယူ၍ ပြာသာဒ်ထက်သို့ တက်ပြီးလျှင် ဘောဇဉ် စားရာ ၏။ ဆီမီးတိုင်သည် လောင်မြိုက်သည်ရှိသော် မိုးသော မြက်ကို လောင်မြိုက်ရာ၏၊ မိုးသော မြက်ကို လောင်မြိုက်သည်ရှိသော် အိမ်ကို လောင်မြိုက်ရာ၏၊ အိမ်ကို လောင်မြိုက်သည်ရှိသော် ရွာကို လောင်မြိုက်ရာ၏၊ ရွာသားအပေါင်းသည် ယောက်ျားကို ဖမ်း၍ “အချင်းယောက်ျား သင်သည် အဘယ့်ကြောင့် ရွာကို မီးရှို့ရသနည်း”ဟု ပြောဆိုရာ၏။ ထိုယောက်ျားက “အချင်းတို့ အကျွန်ုပ်သည် ရွာကို မီးမရှို့ရပါ၊ အကျွန်ုပ်သည် အကြင်မီး၏ အရောင်ဖြင့် ဘောဇဉ်စား၏၊ ထိုမီးတိုင်မီးသည် အခြားတစ်ပါးပါတည်း၊ ရွာကို လောင်မြိုက်သော မီးသည် အခြားတစ်ပါးပါတည်း”ဟု ပြောဆိုရာ၏။ ထိုမီးတိုင်ရှင်နှင့် ရွာသားတို့သည် ငြင်းခုံကြကုန်လျက် သင်မင်းကြီး၏အထံသို့ လာကုန်ငြားအံ့၊ မင်းမြတ် သင်မင်းမြတ်သည် အဘယ်သူအား တရားကို အနိုင်ပေးရအံ့နည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား ရွာသားအပေါင်းအား တရားကို အနိုင်ပေးရပါမည်ဟု (လျှောက်၏)။ အဘယ်အကြောင်းကြောင့် တရားကို အနိုင်ပေးအံ့နည်းဟု (မေးတော်မူ၏)။ ထိုမီးတိုင်ရှင်ယောက်ျားသည် ဤသို့ပင် ဆိုစေကာမူ စင်စစ်သော်ကား ထိုရွာကို လောင်သော မီးသည် ထိုယောက်ျား၏ မီးမှသာလျှင် ဖြစ်ပေါ်လာပါ၏ဟု (လျှောက်ထား၏)။ မင်းမြတ် ဤအတူသာလျှင် သေသည့်အဆုံးဖြစ်သော နာမ်ရုပ်သည် အကယ်၍လည်း အခြားတစ်ပါးဖြစ်၏၊ ပဋိသန္ဓေအခါ၌ နာမ်ရုပ် သည် အကယ်၍ကား အခြားတစ်ပါးဖြစ်၏၊ သို့ဖြစ်သော်ကား ထိုရှေးနာမ်ရုပ်ကြောင့် သာလျှင် ထိုနောက် နာမ်ရုပ်သည် ဖြစ်၏၊ ထို့ကြောင့် ယုတ်ညံ့ကုန်သော အကုသိုလ်ကံတို့မှ မလွတ်နိုင်ဟု (မိန့်တော်မူ၏)။

ထို့ထက်အလွန် ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် ဥပမာအားဖြင့် တစ်စုံ တစ်ယောက်သော ယောက်ျားသည် ငယ်ရွယ်သောသူငယ်မကို စေ့စပ်ကြောင်းလမ်း တောင်းရမ်းပြောဆို၍့အသွင်းဥစ္စာကို ပေးခဲ့ပြီးလျှင် ဖဲသွားရာ၏၊ ထိုသူငယ်မသည် နောက်အခါ၌ ထိမ်းမြားသင့်လောက် အရွယ် ရောက်လေ၏။ ထို့နောက်မှ အခြားယောက်ျားသည် အသွင်းဥစ္စာကို ပေး၍ ထိမ်းမြားမှုကို ပြုရာ၏၊ ထိုအခါ ပထမယောက်ျားသည် ပြန်လာ၍ “အချင်းယောက်ျား သင်သည် အဘယ့်ကြောင့် ငါ၏ မယားကို သိမ်းပိုက်ဘိသနည်း”ဟု (ပြောဆိုရာ၏)။

--

ထိုထိမ်းမြားသူသည် “သင့်မယားကို ငါ မဆောင်ယူ၊ သင် စေ့စပ်ကြောင်းလမ်း တောင်းရမ်း ပြောဆို၍ အသွင်းဥစ္စာပေးထားသောသူငယ်မသည် ငယ်ရွယ်နုပျိုသော အခြားတစ်ပါးသော မိန်းမပါတည်း၊ အသွင်းဥစ္စာပေး၍ ငါထိမ်းမြားသော ထိမ်းမြားသင့်လောက် အရွယ် ရောက်သော ဤသူငယ်မသည်ကား အခြားတစ်ပါးသာတည်း”ဟု (ပြောဆိုရာ၏)။ ထိုယောက်ျား နှစ်ယောက်တို့သည် ငြင်းခုံကြကုန်လျက် သင်မင်းမြတ်အထံသို့ လာကုန်ရာ၏၊ မင်းမြတ် သင်မင်းမြတ် သည် အဘယ်သူအား တရားကို အနိုင်ပေးမည်နည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား ပထမရှေးဦး ယောက်ျားအား တရားကို အနိုင်ပေးပါအံ့။ အဘယ်အကြောင်းကြောင့် တရားကို အနိုင်ပေးရာသနည်း။ ထိုဒုတိယယောက်ျားသည် ဤသို့ပင် ဆိုစေကာမူ စင်စစ်သော်ကား ထိုထိမ်းမြားသင့်လောက် အရွယ်ရောက်သော မိန်းမသည် ထိုငယ်ရွယ်သော မိန်းမမှသာလျှင် ဖြစ်လာပါ၏။ မင်းမြတ် ဤအတူသာလျှင် သေသည့် အဆုံးဖြစ်သော နာမ်ရုပ်သည် အကယ်၍ကား အခြားတစ်ပါးဖြစ်၏၊ ပဋိသန္ဓေအခါ၌ နာမ်ရုပ်သည် အကယ်၍ကား အခြားတစ်ပါးဖြစ်၏၊ သို့ဖြစ်သော်လည်း ထိုနောက်နာမ်ရုပ်သည် ထိုရှေးနာမ်ရုပ်ကြောင့် သာလျှင် ဖြစ်၏၊ ထို့ကြောင့် ယုတ်ညံ့ကုန်သော အကုသိုလ်ကံတို့မှ မလွတ်နိုင်ဟု (မိန့်တော်မူ၏)။

ထို့ထက်အလွန် ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် ဥပမာအားဖြင့် တစ်စုံ တစ်ယောက်သော ယောက်ျားသည် နွားကျောင်းသား၏ လက်မှ နွားနို့အိုးကို ဝယ်၍ “နက်ဖြန်မှ ယူ၍ သွားအံ့”ဟု ထိုနွားကျောင်းသား၏ လက်၌ပင်လျှင် အပ်နှံခဲ့၍ ဖဲသွားရာ၏၊ ထိုနွားနို့သည် နက်ဖြန်၌ နို့ဓမ်းဖြစ်လေရာ၏၊ ထိုနွားနို့အိုးဝယ်သော ယောက်ျားသည် လာ၍ “ငါ၏ နွားနို့အိုးကို ပေးလော့”ဟု (ဆိုရာ၏)။ ထိုနွားကျောင်းသားသည် နို့ဓမ်းကို ပြရာ၏။ နွားနို့ဝယ်သော ယောက်ျားသည် “ငါသည် သင်၏ လက်မှ နို့ဓမ်းကို မဝယ်၊ ငါ၏ နွားနို့အိုးကိုသာ ပေးလော့”ဟု (ဆိုရာ၏)။ ထိုနွားကျောင်း သားသည် “နို့သည် သင် မသိစဉ် နို့ဓမ်း ဖြစ်လေ၏”ဟု (ပြောဆိုရာ၏)။ ထိုသူတို့သည် ငြင်းခုံကြကုန်လျက် သင်မင်းမြတ်၏ အထံသို့ လာကုန်ရာ၏၊ မင်းမြတ် သင်မင်းမြတ်သည် အဘယ်သူအား တရား ကို အနိုင်ပေးမည်နည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား နွားကျောင်းသားအား တရားကို အနိုင်ပေးပါ အံ့ဟု (လျှောက်၏)။ အဘယ်အကြောင်းကြောင့် တရားကို အနိုင်ပေးအံ့နည်းဟု (မေးတော်မူ၏)။ ထိုနွားနို့အိုးဝယ်သော ယောက်ျားသည် ဤသို့ပင် ဆိုစေကာမူ စင်စစ်သော်ကား ထိုနို့ဓမ်းသည် ထိုနွားနို့မှသာလျှင် ဖြစ်လာပါ၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် သေသည့်အဆုံး ဖြစ်သော နာမ်ရုပ်သည် အကယ်၍ကား အခြားတစ်ပါးဖြစ်၏၊ ပဋိသန္ဓေအခါ၌ဖြစ်သော နာမ်ရုပ်သည် အကယ်၍ကား အခြားတစ်ပါးဖြစ်၏၊ သို့ဖြစ်သော်လည်း ထိုနောက်နာမ်ရုပ်သည် ထိုရှေးနာမ်ရုပ်ကြောင့်သာလျှင် ဖြစ်၏၊ ထို့ကြောင့် ယုတ်ညံ့ကုန်သော အကုသိုလ်ကံတို့မှ မလွတ်နိုင်ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

ခြောက်ခုမြောက် နာမရူပဧကတ္တနာနတ္တပဥှာ ပြီး၏။

--

၇-ထေရပဋိသန္ဒဟနာပဋိသန္ဒဟနပဥှာ

နာဂသေနမထေရ် တစ်ဖန်ပဋိသန္ဓေနေ မနေ ပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန အသျှင်ဘုရားသည်ကား ပဋိသန္ဓေနေရဦးမည်လော”ဟု မေးလျှောက်၏။ မင်းမြတ် မမေးပါလင့် သင်မင်းကြီးအား ထိုအမေးဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ “မင်းမြတ် ဥပါဒါန်ရှိသေးသည် ဖြစ်အံ့ ပဋိသန္ဓေနေရလတ္တံ့၊ ဥပါဒါန်မရှိသည် ဖြစ်အံ့ ပဋိသန္ဓေ မနေရလတ္တံ့”ဟု ငါသည် ရှေးမဆွကပင် ပြောကြားအပ်ပြီ မဟုတ်လောဟု (မိန့်တော်မူ၏)။

ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် ဥပမာအားဖြင့် တစ်စုံတစ်ယောက်သော ယောက်ျားသည် မင်းအား ကျေးဇူးကို ပြုလေရာ၏၊ မင်းသည် နှစ်သက်သည်ဖြစ်၍ ကျေးဇူးတုံ့ ချီးမြှောက်ခြင်းကို ပြုပြန်ရာ၏၊ ထိုယောက်ျားသည် ထိုမင်းပြုသော ချီးမြှောက်ခြင်းဖြင့် ကာမဂုဏ်ငါးပါးတို့ဖြင့် ကုံလုံပြည့်စုံသည်ဖြစ်၍ သုံးဆောင်ခံစားရာ၏၊ ထိုယောက်ျားသည် လူအပေါင်းအား “မင်းသည် ငါ့အား တစ်စုံတစ်ခုသော ကျေးဇူးတုံ့ကို မပြု”ဟု အကယ်၍ ပြောကြားအံ့၊ မင်းမြတ် အသို့နည်း ထိုယောက်ျားသည် သင့်လျော်စွာ ပြုလုပ်သည် ဖြစ်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား သင့်လျော်စွာ ပြုလုပ်သည် မဖြစ်ရာပါဟု (လျှောက်ထား၏)။ မင်းမြတ် ဤအတူသာလျှင် သင်မင်းမြတ် အား ထိုအမေးဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ငါသည် “ဥပါဒါန်ရှိသေးသည် ဖြစ်အံ့ ပဋိသန္ဓေနေရလတ္တံ့၊ အကယ်၍ ဥပါဒါန်မရှိသည် ဖြစ်အံ့ ပဋိသန္ဓေမနေရလတ္တံ့ဟု ငါသည် ရှေးမဆွကပင် ဟောကြားအပ်ပြီး မဟုတ်ပါလော”ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

ခုနစ်ခုမြောက် ထေရပဋိသန္ဒဟနာပဋိသန္ဒဟနပဥှာ ပြီး၏။

--

၈-နာမရူပပဋိသန္ဒဟနပဥှာ

နာမ်ရုပ်နှင့် ပဋိသန္ဓေနေမှု ပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန ‘နာမ်ရုပ်’ဟူ၍ အကြင်စကားကို မိန့်ဆိုတော်မူ၏၊ ထိုနာမ်ရုပ်နှစ်ပါးတို့တွင် အဘယ်တရားသည် နာမ်ပါနည်း၊ အဘယ်တရားသည် ရုပ်ပါနည်း”ဟုမေးလျှောက်၏။ မင်းမြတ် ထိုနာမ်ရုပ်နှစ်ပါးတို့တွင် ထင်ရှားကြမ်းတမ်းသော သဘောသည် ရုပ်တည်း၊ သိမ်မွေ့နူးညံ့ကုန်သော စိတ်, စေတသိက်တရားတို့သည် နာမ်တည်းဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား နာဂသေန အဘယ်အကြောင်းကြောင့် နာမ်ချည်းသာ၊ သို့မဟုတ် ရုပ်ချည်းသာ ပဋိသန္ဓေမနေပါသနည်းဟု (လျှောက်ထား၏)။ မင်းမြတ် ထိုနာမ်ရုပ်တရားတို့သည် အချင်းချင်း တစ်ပါးသည် တစ်ပါး၌ မှီကုန်ရကား တစ်ပေါင်းတည်းသာလျှင် ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် ဥပမာအားဖြင့် ကြက်မအား ကလလ ရေကြည်သည် မဖြစ်တုံငြားအံ့၊ အဥသည်လည်း မဖြစ်လေရာ။ ထိုနှစ်ပါးတို့တွင် ရေကြည်, အဥ= နှစ်ပါးစုံတို့သည် အချင်းချင်း တစ်ပါးသည် တစ်ပါး၌ မှီကုန်၏၊ ထိုရေကြည်, အဥတို့၏ တစ်ပေါင်းတည်း သာလျှင် ဖြစ်ခြင်းသည် ထင်ရှားသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ထိုနာမ်ရုပ်နှစ်ပါးတို့တွင် နာမ်သည် မဖြစ်ခဲ့မူ ရုပ်သည်လည်း မဖြစ်ရာ၊ ထိုနာမ်ရုပ်နှစ်ပါးတို့တွင် နာမ်နှင့်ရုပ်နှစ်ပါးစုံတို့သည် အချင်းချင်း တစ်ပါးသည် တစ်ပါး၌ မှီကုန်၏၊ ထိုနာမ်ရုပ်တို့၏ တစ်ပေါင်းတည်းသာလျှင် ဖြစ်ခြင်းသည် ထင်ရှား၏၊ ဤသို့ ထိုနာမ်ရုပ်နှစ်ပါးသည် ရှည်စွာသော ကာလပတ်လုံး ကျင်လည်ပြေးသွားရလေ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

ရှစ်ခုမြောက် နာမရူပပဋိသန္ဒဟနပဥှာ ပြီး၏။

--

၉-အဒ္ဓါနပဥှာ

ကာလ ပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန ‘ရှည်စွာသော ကာလ’ဟူ၍ အကြင်စကားကို့မိန့်ဆိုတော်မူ၏၊ ဤကာလမည်သည် အဘယ်ပါနည်း”ဟု (လျှောက်၏)။ မင်းမြတ် အတိတ်သည် ကာလ မည်၏၊ အနာဂတ်သည် ကာလ မည်၏၊ ပစ္စုပ္ပန်သည် ကာလ မည်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား အလုံးစုံသော ကာလတို့သည် ရှိပါလေကုန်သလောဟု (လျှောက်ထား၏)။ မင်းမြတ် အချို့သော ကာလ သည် ရှိ၏၊ အချို့သော ကာလသည် မရှိဟု (ဖြေကြားတော်မူ၏)။ အသျှင်ဘုရား အဘယ်ကာလသည် ရှိ၍ အဘယ်ကာလသည် မရှိပါသနည်းဟု (မေးလျှောက်၏)။ မင်းမြတ် အကြင်သင်္ခါရတို့သည် အတိတ် ဖြစ်ကုန်၏၊ ပစ္စပ္ပုန်မှ ကင်းလွတ်ကုန်၏၊ ချုပ်ငြိမ်းကုန်ပြီ၊ ဖောက်ပြန်ပျက်စီးကုန်ပြီ၊ ထိုသင်္ခါရတို့၏ ထိုကာလသည် မရှိ၊ အကြင်တရားတို့သည် အကျိုးတရားဖြစ်ကုန်၏၊ ထို့ပြင် အကြင်တရားတို့သည် အကျိုးကို ဖြစ်စေတတ်သော သဘောရှိသော အကြောင်းတရားဖြစ်ကုန်၏၊ အကြင်တရားတို့သည် တစ်ပါးသော ဘဝ၌ ပဋိသန္ဓေကို ပေးကုန်ဆဲ၊ ထိုတရားတို့၏ ထိုကာလသုံးမျိုးသည် ရှိ၏၊ အကြင်သတ္တဝါတို့သည် သေလွန်ကုန်သော် တစ်ပါးသော ဘဝ၌ ဖြစ်ကုန်ဆဲ၊ ထိုသတ္တဝါတို့၏ ထိုကာလသည် ရှိ၏၊ အကြင်သတ္တဝါတို့သည် သေလွန်ကုန်သော် တစ်ပါးသော ဘုံဘဝ၌ မဖြစ်ကုန်၊ ထိုသတ္တဝါတို့၏ ထိုကာလ သည်လည်း မရှိ၊ အကြင်သတ္တဝါတို့သည် ဘဝမှ လွတ်ငြိမ်းအေးမြကုန်၏၊ ထိုသတ္တဝါတို့၏ ထိုကာလ သည်လည်း မရှိ၊ အဘယ့်ကြောင့်နည်းဟူမူ-ပရိနိဗ္ဗာန်စံလွန်ချုပ်ငြိမ်း ခန္ဓာဇာတ်သိမ်းသောကြောင့်တည်းဟု (ဖြေဆိုမိန့်ကြားတော်မူ၏)။ အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

ကိုးခုမြောက် အဒ္ဓါနပဥှာ ပြီး၏။

နှစ်ခုမြောက် အဒ္ဓါနဝဂ် ပြီး၏။

ဤအဒ္ဓါနဝဂ်၌ အမေးပုစ္ဆာပြဿနာ ကိုးပါးတို့တည်း။

--

၃-ဝိစာရဝဂ်

၁-အဒ္ဓါနမူလပဥှာ

ကာလ၏ အရင်းမူလ ပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန အတိတ်ကာလ၏ အရင်းမူလသည် အဘယ်ပါနည်း၊ အနာဂတ်ကာလ၏ အရင်းမူလသည် အဘယ်ပါနည်း၊ ပစ္စုပ္ပန်ကာလ၏ အရင်းမူလသည် အဘယ်ပါနည်း”ဟု မေးလျှောက်၏။ မင်းမြတ် အတိတ်ကာလ၊ အနာဂတ်ကာလ၊ ပစ္စုပ္ပန်ကာလ၏ အရင်းမူလသည် သစ္စာလေးပါးကို မသိမှု ‘အဝိဇ္ဇာ’ ပင်တည်း၊ အဝိဇ္ဇာဟူသော အကြောင်းကြောင့် သင်္ခါရတို့ ဖြစ်ကုန်၏၊ သင်္ခါရဟူသော အကြောင်းကြောင့် ဝိညာဏ် ဖြစ်၏၊ ဝိညာဏ်ဟူသော အကြောင်းကြောင့် နာမ်ရုပ် ဖြစ်၏၊ နာမ်ရုပ်ဟူသော အကြောင်းကြောင့် အဇ္ဈတ္တိကာယတနခြောက်ပါးဖြစ်၏၊ အဇ္ဈတ္တိကာယတနခြောက်ပါးဟူသော အကြောင်းကြောင့် ဖဿဖြစ်၏၊ ဖဿဟူသော အကြောင်းကြောင့် ဝေဒနာဖြစ်၏၊ ဝေဒနာဟူသော အကြောင်းကြောင့် တဏှာ ဖြစ်၏၊ တဏှာဟူသော အကြောင်းကြောင့် ဥပါဒါန် ဖြစ်၏၊ ဥပါဒါန်ဟူသော အကြောင်းကြောင့် ဘဝဖြစ်၏၊ ဘဝဟူသော အကြောင်းကြောင့် ဇာတိ ဖြစ်၏၊ ဇာတိဟူသော အကြောင်း ကြောင့် ဇရာ, မရဏသည်လည်းကောင်း၊ သောက, ပရိဝေဒ, ဒုက္ခ, ဒေါမနဿ, ဥပါယာသတို့သည်လည်းကောင်း ဖြစ်ကုန်၏၊ ဤသို့လျှင် အလုံးစုံသော ကာလ၏ ရှေးအစွန်းသည် မထင်ရှားဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

ရှေးဦးစွာသော အဒ္ဓါနမူလပဥှာ ပြီး၏။

၂-ပုရိမကောဋိပဥှာ

ရှေးအစွန်း ပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန ရှေးဖြစ်သော အစွန်း (အပိုင်းအခြား) သည် မထင်ဟု အကြင်စကားကို မိန့်ဆိုတော်မူ၏၊ ထိုစကား၏ ဥပမာကို ပြုတော်မူပါဦးလော့”ဟု (လျှောက်၏)။ မင်းမြတ် ဥပမာအားဖြင့် ယောက်ျားသည် သေးငယ်သော မျိုးစေ့ကို မြေ၌ စိုက်ပျိုးရာ၏၊ ထိုမျိုးစေ့မှ အညွန့်ထွက်လတ်၍ အစဉ်အတိုင်း ကြီးပွါးခြင်း, စည်ပင်ခြင်း, ပြန့်ပြောခြင်းသို့ ရောက်လတ်သော် အသီး, သီးရာ၏။ ထိုအသီးမှလည်း မျိုးစေ့ကို ယူ၍ တစ်ဖန် စိုက်ပျိုးပြန်ရာ၏၊ ထိုမျိုးစေ့မှလည်း အညွန့်ထွက်လတ်၍ အစဉ်အတိုင်း ကြီးပွါးခြင်း, စည်ပင်ခြင်း, ပြန့်ပြောခြင်းသို့ ရောက်လတ်သော် အသီး, သီးရာ၏။ ဤသို့လျှင် ဤ (မျိုးစေ့) အစဉ်၏ အစွန်း (အပိုင်းအခြား)သည် ရှိပါသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မရှိပါဟု (လျှောက်ထား၏)။ မင်းမြတ် ဤအတူသာလျှင် ရှည်စွာသော ကာလ၏လည်း ရှေးဖြစ်သော အစွန်း (အပိုင်းအခြား) သည် မထင်ဟု (ဖြေကြားတော်မူ၏)။

ထို့ထက်အလွန် ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် ကြက်မမှ ကြက်ဥသည် ဥရာ၏၊ ကြက်ဥမှ ကြက်မသည် ပေါက်ရာ၏၊ ကြက်မမှ ကြက်ဥသည် ဥရာ၏၊ ဤသို့ အဆင့်ဆင့် ဖြစ်သော် ဤအစွန်း (အပိုင်းအခြား) သည် ရှိကောင်းပါအံ့လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မရှိ နိုင်ပါဟု (လျှောက်ထားဖြေကြား၏)။ မင်းမြတ် ဤအတူသာလျှင် ဤရှည်စွာသော ကာလ၏လည်း အစွန်း (အပိုင်းအခြား) သည် မထင်ဟု (မိန့်တော်မူ၏)။

--

အသျှင်ဘုရား ထို့ထက်အလွန် ဥပမာပြုတော်မူပါဦးလော့။ နာဂသေနမထေရ်သည် မြေ၌ စက်ဝိုင်း ရေး၍ မိလိန္ဒမင်းကြီးအား “မင်းမြတ် ဤစက်ဝိုင်း၏ အစွန်း (အပိုင်းအခြား) သည် ရှိပါသလော”ဟု ဤစကားကို မိန့်တော်မူ၏။ မရှိပါ အသျှင်ဘုရား။ မင်းမြတ် ဤအတူသာလျှင် စက္ခုပသာဒရုပ်ကိုလည်းကောင်း၊ ရူပါရုံတို့ကိုလည်းကောင်း အစွဲအမှီပြု၍ စက္ခုဝိညာဏ်ဖြစ်ပေါ်၏၊ စက္ခုပသာဒရုပ်၊ ရူပါရုံ၊ စက္ခုဝိညာဏ်စိတ် သုံးမျိုးတို့၏ ရောစပ်ပေါင်းဆုံမိသည်ဖြစ်၍ တွေ့ထိမှု ‘ဖဿ’ ဖြစ်ပေါ်၏၊ တွေ့ထိမှု ‘ဖဿ’ဟူသော အကြောင်းကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်ပေါ်၏၊ ခံစားမှု ‘ဝေဒနာ’ဟူသော အကြောင်း ကြောင့် ကပ်ငြိတွယ်တာမှု ‘တဏှာ’ ဖြစ်ပေါ်၏၊ ကပ်ငြိတွယ်တာမှု ‘တဏှာ’ဟူသော အကြောင်းကြောင့် ပြင်းစွာစွဲလမ်းမှု ‘ဥပါဒါန်’ ဖြစ်ပေါ်၏၊ ဥပါဒါန်ဟူသော အကြောင်းကြောင့် ကုသိုလ်, အကုသိုလ်စေတနာကံ ဖြစ်ပေါ်၏၊ ကံကြောင့် တစ်ဖန် စက္ခုပသာဒရုပ် ဖြစ်ပေါ်ပြန်၏”ဟူ၍ ဤစက်တို့ကို မြတ်စွာဘုရားသည် (နိဒါနသံယုတ်ဂဟပတိဝဂ်၌) ဟောကြားတော်မူအပ်ကုန်၏၊ ဤသို့လျှင် မြတ်စွာဘုရား ဟောတော်မူအပ် သည့်အတိုင်း ဤစက္ခုဝိညာဏ် အစဉ်အဆက်၏ အစွန်း (အပိုင်းအခြား) သည် ရှိပါအံ့လောဟု (မေးတော်မူ၏)။ မရှိပါ အသျှင်ဘုရားဟု (လျှောက်၏)။

သောတပသာဒရုပ်ကိုလည်းကောင်း၊ သဒ္ဒါရုံတို့ကိုလည်းကောင်း အစွဲအမှီပြု၍။ပ။ မနောဒွါရကိုလည်းကောင်း၊ ဓမ္မာရုံတို့ကိုလည်းကောင်း အစွဲအမှီပြု၍ မနောဝိညာဏ်သည် ဖြစ်ပေါ်၏၊ မနောဒွါရ၊ ဓမ္မာရုံ၊ မနောဝိညာဏ်သုံးမျိုးတို့ ရောစပ်ပေါင်းဆုံမိသည်ဖြစ်၍ တွေ့ထိမှု ‘ဖဿ’ ဖြစ်ပေါ်၏၊ တွေ့ထိမှု ‘ဖဿ’ဟူသော အကြောင်းကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်ပေါ်၏၊ ခံစားမှု ‘ဝေဒနာ’ဟူသော အကြောင်း ကြောင့် ကပ်ငြိတွယ်တာမှု ‘တဏှာ’ ဖြစ်ပေါ်၏၊ ကပ်ငြိတွယ်တာမှု ‘တဏှာ’ဟူသော အကြောင်းကြောင့် ပြင်းစွာစွဲလမ်းမှု ‘ဥပါဒါန်’ ဖြစ်ပေါ်၏၊ ဥပါဒါန်ဟူသော အကြောင်းကြောင့် ကုသိုလ်, အကုသိုလ်စေတနာကံ ဖြစ်ပေါ်၏၊ ကံကြောင့် တစ်ဖန် စက္ခုပသာဒရုပ် ဖြစ်ပေါ်ပြန်၏”ဟူ၍ ဤစက်တို့ကို မြတ်စွာဘုရားသည် ဟောကြားတော်မူအပ်ကုန်၏၊ ဤသို့လျှင် မြတ်စွာဘုရား ဟောတော်မူအပ်သည့်အတိုင်း ဤစက္ခုဝိညာဏ် အစဉ်အဆက်၏ အစွန်း (အပိုင်းအခြား) သည် ရှိပါအံ့လောဟု (မေးတော်မူ၏)။ မရှိပါ အသျှင်ဘုရား။ မင်းမြတ် ဤသို့လျှင် ရှည်စွာသော ကာလ၏လည်း ရှေးဖြစ်ပြီးသော အစွန်း (အပိုင်းအခြား)သည် မထင်ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

နှစ်ခုမြောက် ပုရိမကောဋိပဥှာ ပြီး၏။

--

၃-ကောဋိပညာယနပဥှာ

ရှေးအစွန်း ထင်မထင် ပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန ‘ရှေးဖြစ်သော အစွန်း (အပိုင်းအခြား) သည် မထင်ဟု အကြင်စကားကို မိန့်ဆိုတော်မူ၏၊ ထိုရှေးဖြစ်သော အစွန်း (အပိုင်းအခြား) သည် အဘယ်ပါနည်း”ဟု မေးလျှောက်၏။ မင်းမြတ် အတိတ်ဖြစ်သော ကာလသည်ပင် ရှေးဖြစ်သော အစွန်း(အပိုင်းအခြား) မည်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန “ရှေးဖြစ်သော အစွန်း (အပိုင်းအခြား) သည် မထင်”ဟု အကြင်စကားကို မိန့်ကြားတော်မူ၏၊ အသျှင်ဘုရား အလုံးစုံသာဖြစ်သော ရှေးဖြစ်သော အစွန်း (အပိုင်း အခြား) သည် မထင်ပါသလောဟု (မေးလျှောက်၏)။မင်းမြတ် အချို့သော ရှေးအစွန်း (အပိုင်းအခြား) သည် ထင်၏၊ အချို့သော ရှေးအစွန်း (အပိုင်းအခြား) သည် မထင်ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား အဘယ်ရှေးအစွန်း (အပိုင်းအခြား) သည် ထင်ပါသနည်း၊ အဘယ် ရှေးအစွန်း (အပိုင်းအခြား) သည် မထင် ပါသနည်းဟု (မေးလျှောက်၏)။ မင်းမြတ် ဤကာလမှ ရှေးကာလ၌ အခါခပ်သိမ်း အချင်းခပ်သိမ်း အဝိဇ္ဇာတရားသည် မဖြစ်ဖူး၊ ရှေးအစွန်း (အပိုင်းအခြား)သည် မထင်၊ အကြင်တရားသည် ထင်ရှားမရှိ လတ်ဘဲ ထင်စွာ ဖြစ်ပေါ်လာ၏၊ ထင်ရှားရှိပြီး၍ ချုပ်ကင်းပျောက်ကွယ်လေ၏၊ ဤရှေးအစွန်း (အပိုင်း အခြား) သည် ထင်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန အကြင်တရားသည် ထင်ရှားမရှိလတ်ဘဲ ထင်စွာ ဖြစ်ပေါ်လာ၏၊ ထင်ရှား ရှိပြီး၍ ချုပ်ကင်းပျောက်ကွယ်လေ၏၊ ထိုတရားသည် ရှေ့နောက် အစွန်း (အပိုင်းအခြား) နှစ်ပါးစုံအားဖြင့် ပြတ်သည်ဖြစ်၍ ချုပ်ကင်းပျောက်ကွယ်ခြင်းသို့ ရောက်လတ်သည် မဟုတ်ပါလောဟု (လျှောက်၏)။ မင်းမြတ် ရှေ့နောက်အစွန်း (အပိုင်းအခြား) နှစ်ပါးစုံအားဖြင့် ပြတ်သည်ဖြစ်၍ ချုပ်ကင်းပျောက်ကွယ်ခြင်း သို့ ရောက်ခဲ့မူ ရှေ့နောက်အစွန်း (အပိုင်းအခြား) နှစ်ပါးစုံအားဖြင့် ပြတ်သည်ကို ဆက်ပွားခြင်းငှါ စွမ်းနိုင် အံ့လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ထိုနှစ်ပါးစုံအားဖြင့် ပြတ်သည်ကိုလည်း ဆက်ပွားခြင်းငှါ စွမ်းနိုင်သင့်ပါ၏၊ အသျှင်ဘုရားသို့ပင်စွမ်းနိုင်သော်လည်း အကျွန်ုပ်သည် ဤနှစ်ပါးစုံပြတ်သည်ကို မမေးပါ၊ ရှေးနောက်အစွန်း (အပိုင်းအခြား)အားဖြင့် ဆက်ပွားခြင်းငှါ စွမ်းနိုင်ပါသလောဟုသာ မေးပါ သည်ဟု (လျှောက်၏)။ဟုတ်၏ ဆက်ပွားခြင်းငှါ စွမ်းနိုင်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ နာဂသေနမထေရ်သည် ထိုမိလိန္ဒမင်းအား သစ်ပင်ဥပမာကို ပြုတော်မူ၏၊ ခန္ဓာငါးပါးတို့သည်လည်း အလုံးစုံသော ဒုက္ခအစု၏ မျိုးစေ့တို့ပင်တည်းဟု (ပြတော်မူ၏)။ အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

သုံးခုမြောက် ကောဋိပညာယနပဥှာ ပြီး၏။

--

၄-သင်္ခါရဇာယမာနပဥှာ

ဖြစ်ဆဲသင်္ခါရ ရှိ မရှိ ပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန အကြင်သင်္ခါရတို့သည် ဖြစ်ဆဲဖြစ်ကုန်၏၊ အချို့ကုန်သော ထိုသင်္ခါရတို့သည် ရှိပါကုန်သလော”ဟု မေးလျှောက်၏။ မင်းမြတ်ဟုတ်၏။ အကြင်သင်္ခါရတို့ သည် ဖြစ်ဆဲဖြစ်ကုန်၏၊ ထိုသင်္ခါရတို့သည် ရှိကုန်၏ဟု (မိန့်တော်မူ၏)။ ထိုဖြစ်ဆဲသင်္ခါရတို့သည် အဘယ်သည်တို့ပါနည်းဟု (မေးလျှောက်၏)။ စက္ခုပသာဒသည် ရှိလတ်သော်လည်းကောင်း၊ ရူပါရုံတို့သည် ရှိလတ်ကုန်သော်လည်းကောင်း စက္ခုဝိညာဏ်စိတ် ဖြစ်ပေါ်၏၊ စက္ခုဝိညာဏ်စိတ်ရှိလတ်သော် စက္ခု သမ္ဖဿဖြစ်ပေါ်၏၊ စက္ခုသမ္ဖဿရှိလတ်သော် ဝေဒနာဖြစ်ပေါ်၏၊ ဝေဒနာရှိလတ်သော် တဏှာဖြစ်ပေါ်၏၊ တဏှာရှိလတ်သော် ဥပါဒါန်ဖြစ်ပေါ်၏၊ ဥပါဒါန်ရှိလတ်သော် ဘဝဖြစ်ပေါ်၏၊ ဘဝရှိလတ်သော် ဇာတိဖြစ် ပေါ်၏၊ ဇာတိရှိလတ်သော် ဇရာ, မရဏသည်လည်းကောင်း၊ သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသတို့သည်လည်းကောင်း ဖြစ်ပေါ်ကုန်၏။ ဤသို့လျှင် အလုံးစုံသော ဤဆင်းရဲအပေါင်း၏ ဖြစ်ပေါ် ရခြင်းသည် ထင်ရှား၏။ မင်းမြတ် စက္ခုပသာဒမရှိသော်လည်းကောင်း၊ ရူပါရုံတို့သည် မရှိကုန်သော်လည်းကောင်း စက္ခုဝိညာဏ်စိတ် မဖြစ်ပေါ်၊ စက္ခုဝိညာဏ် စိတ်မရှိလတ်သော် စက္ခုသမ္ဖဿ မဖြစ်ပေါ်၊ စက္ခုသမ္ဖဿ မရှိလတ်သော် ဝေဒနာမဖြစ်ပေါ်၊ ဝေဒနာမရှိလတ်သော် တဏှာမဖြစ်ပေါ်၊ တဏှာမရှိလတ် သော် ဥပါဒါန်မဖြစ်ပေါ်၊ ဥပါဒါန်မရှိလတ်သော် ဘဝမဖြစ်ပေါ်၊ ဘဝ မရှိလတ်သော် ဇာတိမဖြစ်ပေါ်၊ ဇာတိ မရှိလတ်သော် ဇရာ, မရဏသည်လည်းကောင်း၊ သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသတို့သည်လည်းကောင်း မဖြစ်ပေါ်ကုန်၊ ဤသို့လျှင် အလုံးစုံသော ဤဆင်းရဲအပေါင်း၏ ချုပ်ငြိမ်း ပြတ်စဲခြင်းသည် ထင်ရှား၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

လေးခုမြောက် သင်္ခါရဇာယမာနပဥှာ ပြီး၏။

--

၅-ဘဝန္တသင်္ခါရဇာယမာနပဥှာ

ဖြစ်ရာမရှိဘဲ သင်္ခါရ ဖြစ် မဖြစ် ပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန ထင်ရှားဖြစ်ရာ ဘဝမရှိကုန်ဘဲ ဖြစ်ပေါ်ကြသည့် အချို့သင်္ခါရတို့သည် ရှိပါကုန်သလော”ဟု မေးလျှောက်၏။ မင်းမြတ် ထင်ရှားဖြစ်ရာ ဘဝမရှိကုန်ဘဲ ဖြစ်ပေါ်ကြသည့် အချို့သင်္ခါရတို့သည် မရှိကုန်။ မင်းမြတ် သင်္ခါရထင်ရှားဖြစ်ရာ ဘဝရှိကုန်၍သာလျှင် သင်္ခါရတို့ ဖြစ်ပေါ်ကြကုန်၏။

ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ သင် မင်းမြတ် နေထိုင်သော ဤနန်းတော်သည် ဖြစ်ရာ ထင်ရှားမရှိဘဲ ဖြစ်ပေါ်လာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဤနန်းတော်၌ ဖြစ်ရာ ထင်ရှားမရှိဘဲ ဖြစ်ပေါ်လာသော ဝတ္ထုတစ်စုံတစ်ရာမျှ မရှိချေ၊ ဖြစ်ရာ ထင်ရှားရှိ၍သာ ဖြစ်ပေါ်လာ၏၊ အသျှင်ဘုရား ဤထိုင်နေသော သစ်သားတို့သည် သစ်တော၌ ဖြစ်ပါကုန်၏၊ ဤနံရံလိမ်းကျံသော မြေညက်သည်လည်း မြေကြီး၌ ဖြစ်၏၊ မိန်းမတို့၏လည်းကောင်း၊ ယောကျာ်းတို့၏လည်းကောင်း ထိုနန်းတော်ကို ဖြစ်စေတတ်သော လုံ့လဖြင့် ဤသို့လျှင် ဤနန်းတော်သည် ဖြစ်ပါ၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် ဖြစ်ရာ ထင်ရှားမရှိဘဲ ဖြစ်ပေါ် ကြသည့် အချို့သင်္ခါရတို့သည် မရှိကုန်၊ သင်္ခါရတို့သည် ဖြစ်ရာ ထင်ရှားရှိကုန်၍သာလျှင် ဖြစ်ပေါ်ကုန်၏ဟု (မိန့်တော်မူ၏)။

ထို့ထက်အလွန် ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် ဥပမာအားဖြင့် ဗီဇဂါမ်, ဘူတဂါမ်၁ဟူသမျှ အားလုံးတို့သည် မြေ၌ ချထားစိုက်ပျိုးကုန်သော် အစဉ်သဖြင့် ကြီးပွား, စည်ပင်, ပြန့်ပြောခြင်းသို့ ရောက်ကုန်လျက် အပွင့်, အသီးတို့ ပွင့်သီးကုန်ရာ၏။ ထိုသစ်ပင်တို့သည် ဖြစ်ရာ ထင်ရှားရှိကုန်၍သာလျှင် ဖြစ်ပေါ်ကုန်၏၊ မင်းမြတ် ဤအတူသာလျှင် ဖြစ်ရာ ထင်ရှားမရှိကုန်ဘဲ ဖြစ်ပေါ် ကြသည့် အချို့သင်္ခါရတို့သည် မရှိကုန်၊ ထိုသင်္ခါရတို့သည် ဖြစ်ရာ ထင်ရှားရှိကုန်၍သာလျှင် ဖြစ်ပေါ်ကုန်၏ဟု (မိန့်တော်မူ၏)။

ထို့ထက်အလွန် ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် ဥပမာအားဖြင့် အိုးလုပ် သမားသည် မြေမှ မြေညက်ကို ထုတ်ယူ၍ အမျိုးမျိုးသော အိုးခွက်တို့ကို ပြုလုပ်၏၊ ထိုအိုးခွက်တို့သည့်ဖြစ်ရာ ထင်ရှားမရှိကုန်ဘဲ မဖြစ်ပေါ်ကုန်၊ ဖြစ်ရာ ထင်ရှားရှိကုန်၍သာလျှင် ဖြစ်ပေါ်ကုန်၏၊ မင်းမြတ် ဤအတူသာလျှင် ဖြစ်ရာ ထင်ရှားမရှိကုန်ဘဲ ဖြစ်ပေါ်ကြသည့် သင်္ခါရတို့သည် မရှိကုန်၊ သင်္ခါရတို့သည် ဖြစ်ရာ ထင်ရှားရှိကုန်၍သာလျှင် ဖြစ်ပေါ်ကုန်၏ဟု (မိန့်တော်မူ၏)။

ထို့ထက်အလွန် ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် ဥပမာအားဖြင့် စောင်း၏ ကိုယ်ထည် မရှိခဲ့မူ, စောင်းကြက်သားရေ မရှိခဲ့မူ, စောင်းခွက် (စောင်းကျင်း) မရှိခဲ့မူ, စောင်းလက် (မင်ရိုး) မရှိခဲ့မူ, စောင်းကြိုးချည်ရာ ခလုတ် (ဒလက်) မရှိခဲ့မူ, စောင်းညှို့ (စောင်းကြိုး)တို့ မရှိခဲ့မူ, စောင်းတီးလက်ခတ် မရှိခဲ့မူ, စောင်းသမားယောက်ျား၏ ထိုစောင်းသံဖြစ်ရန် လျော်ကန်သော လုံ့လမရှိခဲ့မူ စောင်းသံသည် ဖြစ်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား စောင်းသံမဖြစ်ရာပါဟု (လျှောက်၏)။ မင်းမြတ် စောင်း၏ ကိုယ်ထည်ရှိခဲ့မူ, စောင်းကြက်သားရေ ရှိခဲ့မူ, စောင်းခွက် (စောင်းကျင်း) ရှိခဲ့မူ, စောင်းလက် (မင်ရိုး) ရှိခဲ့မူ, စောင်းကြိုးချည်ရာ ခလုတ် (ဒလက်) ရှိခဲ့မူ, စောင်းညှို့ (စောင်းကြိုး)တို့ ရှိခဲ့မူ, စောင်းတီးလက်ခတ် ရှိခဲ့မူ, စောင်းသမားယောက်ျား၏ ထိုစောင်းသံဖြစ်ရန် လျော်ကန်သော လုံ့လလည်းရှိခဲ့မူ စောင်းသံသည် ဖြစ်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရားဟုတ်ပါ၏ စောင်းသံ ဖြစ်ရာပါ၏။ မင်းမြတ် ဤအတူသာလျှင် ဖြစ်ရာ ထင်ရှား မရှိကုန်ဘဲ ဖြစ်ပေါ်ကြသည့် အချို့သော သင်္ခါရတို့မရှိကုန်၊ သင်္ခါရတို့ဖြစ်ရာ ထင်ရှားရှိကုန်၍သာလျှင် ဖြစ်ပေါ်ကုန်၏ဟု (မိန့်တော်မူ၏)။

--

ထို့ထက်အလွန် ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် ဥပမာအားဖြင့် မီးပွတ်ခုံ မရှိခဲ့မူ, မီးပွတ်ကျည် (တုတ်ချောင်း) မရှိခဲ့မူ, မီးပွတ်ကြိုးမရှိခဲ့မူ, မီးပွတ်နှိပ်မရှိခဲ့မူ, မီးပွတ်စာမရှိခဲ့မူ, မီးပွတ်သမား ယောက်ျား၏ ထိုမီးဖြစ်ရန် လျော်ကန်သော လုံ့လမရှိခဲ့မူ ထိုမီးသည် ဖြစ်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မီး မဖြစ်ရာပါ။ မင်းမြတ် မီးပွတ်ခုံရှိခဲ့မူ, မီးပွတ်ကျည် (တုတ်ချောင်း) ရှိခဲ့မူ, မီးပွတ်ကြိုးရှိခဲ့မူ, မီးပွတ်နှိပ်ရှိခဲ့မူ, မီးပွတ်စာရှိခဲ့မူ, မီးပွတ်သမား ယောက်ျား၏ ထိုမီးဖြစ်ရန် လျော်ကန်သော လုံ့လရှိခဲ့မူ ထိုမီးသည် ဖြစ်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရားဟုတ်ပါ၏ မီးဖြစ်ရာပါ၏။ မင်းမြတ် ဤအတူသာလျှင် ဖြစ်ရာ ထင်ရှားမရှိကုန်ဘဲ ဖြစ်ပေါ်ကြသည့် အချို့ကုန်သော သင်္ခါရတို့မရှိကုန်၊ သင်္ခါရတို့သည်ဖြစ်ရာ ထင်ရှားရှိကုန်၍သာလျှင် ဖြစ်ပေါ်ကုန်၏ဟု (မိန့်တော်မူ၏)။

ထို့ထက်အလွန် ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် ဥပမာအားဖြင့် သူရိယ ကန်ကျောက်သည် မရှိခဲ့မူ, နေပူသည် မရှိခဲ့မူ, မီးစာသည် မရှိခဲ့မူ ထိုမီးသည် ဖြစ်ရာသလော။ အသျှင် ဘုရား မီး မဖြစ်ရာ။ မင်းမြတ် သူရိယကန်ကျောက်သည် ရှိခဲ့မူ, နေပူသည် ရှိခဲ့မူ, မီးစာသည် ရှိခဲ့မူ ထိုမီးသည် ဖြစ်ရာသလော (မေးတော်မူ၏)။ အသျှင်ဘုရားဟုတ်ပါ၏ ဖြစ်ရာပါ၏။ မင်းမြတ် ဤအတူ သာလျှင် ဖြစ်ရာ ထင်ရှားမရှိကုန်ဘဲ ဖြစ်ပေါ်ကြသည့် အချို့သော သင်္ခါရတို့မရှိကုန်၊ သင်္ခါရတို့သည် ဖြစ်ရာ ထင်ရှားရှိကုန်၍သာလျှင် ဖြစ်ပေါ်ကုန်၏ဟု (မိန့်တော်မူ၏)။

ထို့ထက်အလွန် ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် ဥပမာအားဖြင့် မှန်သည် မရှိခဲ့မူ, အလင်းရောင်သည် မရှိခဲ့မူ, မျက်နှာသည် မရှိခဲ့မူ ကိုယ်အရိပ် ဖြစ်ပေါ်ရာသလော။ အသျှင်ဘုရား ကိုယ်အရိပ်သည် မဖြစ်ပေါ်ရာပါ။ မင်းမြတ် မှန်သည် ရှိခဲ့မူ, အလင်းရောင်သည် ရှိခဲ့မူ, မျက်နှာသည် ရှိခဲ့မူ ကိုယ်အရိပ်သည် ဖြစ်ပေါ်ရာသလော။ အသျှင်ဘုရားဟုတ်ပါ၏ ကိုယ်အရိပ်သည် ဖြစ်ပေါ်ရာပါ၏။ မင်းမြတ် ဤအတူသာလျှင် ဖြစ်ရာ ထင်ရှားမရှိကုန်ဘဲ ဖြစ်ပေါ်ကြသည့် အချို့သော သင်္ခါရတို့သည် မရှိကုန်၊ သင်္ခါရတို့ဖြစ်ရာ ထင်ရှားရှိကုန်၍သာလျှင် ဖြစ်ပေါ်ကုန်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

ငါးခုမြောက် ဘဝန္တသင်္ခါရဇာယမာနပဥှာ ပြီး၏။

၁။ အစေ့, အညွန့်, အပင်, အမြစ်, အဆစ်-ဟူသော ဤမျိုးစေ့ ငါးမျိုးကို ဗီဇဂါမ်ဟု ယူအပ်၏၊ ၎င်းမျိုးစေ့တို့မှ ပေါက်လာ၍ စိမ်းစိုသော အရွက် အညွန့်ထွက်လာသည်မှ စ၍ အပင်ဟူသမျှကို ဘူတဂါမ်ဟု ယူအပ်၏။

--

၆-ဝေဒဂူပဥှာ

ဇီဝမည်သော လိပ်ပြာကောင်အတ္တပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန ဝေဒဂူမည်သော အရာစုကို ပရမတ်သဘောအားဖြင့် ရအပ်ပါသလော”ဟု မေးလျှောက်၏။ မင်းမြတ် ဤသင်မင်းမြတ်ပြောသော ဝေဒဂူမည်သည် အဘယ် ပါနည်းဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား ကိုယ်တွင်း၌ အကြင်ဇီဝမည်သော လိပ်ပြာကောင် အတ္တသည် မျက်စိဖြင့် အဆင်း ‘ရူပါရုံ'ကို မြင်၏။ နားဖြင့် အသံ ‘သဒ္ဒါရုံ'ကို ကြား၏။ နှာခေါင်းဖြင့် အနံ့ ‘ဂန္ဓာရုံ’ ကို နမ်းရှူ၏၊ လျှာဖြင့် အရသာ ‘ရသာရုံ'ကို လျက်၏၊ ကိုယ်ဖြင့် အတွေ့အထိ ‘ဖောဋ္ဌဗ္ဗာရုံ’ ကို တွေ့ထိ၏၊ စိတ်ဖြင့် သဘောတရား ‘ဓမ္မာရုံ'ကို သိ၏၊ ဥပမာအားဖြင့်-အကျွန်ုပ်တို့သည် ဤနန်းပြာသာဒ်ထက်၌ နေထိုင်ကုန်လျက် ကြည့်ရှုရန် အလိုရှိရာ လေသာပြူတင်းတံခါးဖြင့် ကြည့်ရှုနိုင်ကြပါကုန်၏၊ အရှေ့လေသာ ပြူတင်းတံခါးဖြင့်လည်း ကြည့်ရှုနိုင်ကြပါကုန်၏၊ အနောက်လေသာပြူတင်းတံခါးဖြင့်လည်း ကြည့်ရှုနိုင်ကြပါကုန်၏၊ မြောက်လေသာပြူတင်းတံခါးဖြင့်လည်း ကြည့်ရှုနိုင်ကြပါကုန်၏၊ တောင်လေသာပြူတင်းတံခါးဖြင့်လည်း ကြည့်ရှုနိုင်ကြပါကုန်၏၊ အသျှင်ဘုရား ဤအတူသာလျှင် ကိုယ်တွင်း၌ ဤဇီဝမည်သော လိပ်ပြာ ကောင်အတ္တသည် အကြင်အကြင်စက္ခုစသော ဒွါရဖြင့် မြင်ခြင်းငှါ အလိုရှိ၏၊ ထိုထိုစက္ခုစသော ဒွါရဖြင့် မြင်နိုင်ပါ၏၊ (ဇီဝမည်သော လိပ်ပြာကောင်အတ္တသည် ဝေဒဂူ မည်ပါ၏ဟု လျှောက်ထား၏)။

နာဂသေနမထေရ်သည် “မင်းမြတ် စက္ခုစသော ငါးဒွါရကို ပြဆိုပေအံ့၊ ထိုစကားကို သင်မင်းမြတ် နားထောင်လော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ကိုယ်တွင်း၌ရှိသော ဇီဝမည်သော လိပ်ပြာကောင်အတ္တသည် မျက်စိဖြင့် အဆင်း ‘ရူပါရုံ’ ကို အကယ်၍ မြင်သည် ဖြစ်အံ့၊ ဥပမာအားဖြင့်-ငါတို့သည် ဤနန်းပြာသာဒ် ထက်၌ နေထိုင်ကုန်လျက် ကြည့်ရှုရန် အလိုရှိသော လေသာပြူတင်းတံခါးဖြင့် အဆင်း ‘ရူပါရုံ'ကိုသာ မြင်ကြရကုန်၏၊ အရှေ့လေသာပြူတင်းတံခါးဖြင့်လည်း အဆင်း ‘ရူပါရုံ’ ကိုပင် မြင်ကြရကုန်၏၊ အနောက် လေသာပြူတင်းတံခါးဖြင့်လည်း အဆင်း ‘ရူပါရုံ’ ကိုပင် မြင်ကြရကုန်၏၊ မြောက်လေသာပြူတင်းတံခါးဖြင့်လည်း အဆင်း ‘ရူပါရုံ’ ကိုပင် မြင်ကြရကုန်၏၊ တောင်လေသာပြူတင်းတံခါးဖြင့်လည်း အဆင်း ‘ရူပါရုံ’ ကိုပင် မြင်ကြရကုန်၏၊ ဤအတူ ကိုယ်တွင်း၌ရှိသော ဤသင်မင်းမြတ်ပြသော ဇီဝမည်သောလိပ်ပြာကောင် အတ္တသည် နားဖြင့်လည်း အဆင်း ‘ရူပါရုံ'ကိုပင် မြင်အပ်ရာ၏၊ နှာခေါင်းဖြင့်လည်း အဆင်း ‘ရူပါရုံ’ ကိုပင် မြင်အပ်ရာ၏၊ လျှာဖြင့်လည်း အဆင်း ‘ရူပါရုံ'ကိုပင် မြင်အပ်ရာ၏၊ ကိုယ်ဖြင့်လည်း အဆင်း ‘ရူပါရုံ’ ကိုပင် မြင်အပ်ရာ၏၊ စိတ်ဖြင့်လည်း အဆင်း ‘ရူပါရုံ’ ကိုပင် မြင်အပ်ရာ၏။ မျက်စိဖြင့်လည်း အသံ ‘သဒ္ဒါရုံ’ ကို ပင် ကြားအပ်ရာ၏၊ နှာခေါင်းဖြင့်လည်း အသံ ‘သဒ္ဒါရုံ’ ကိုပင် ကြားအပ်ရာ၏၊ လျှာဖြင့်လည်း အသံ ‘သဒ္ဒါရုံ’ ကိုပင် ကြားအပ်ရာ၏၊ ကိုယ်ဖြင့်လည်း အသံ ‘သဒ္ဒါရုံ’ ကိုပင် ကြားအပ်ရာ၏၊ စိတ်ဖြင့်လည်း အသံ ‘သဒ္ဒါရုံ’ ကိုပင် ကြားအပ်ရာ၏။ မျက်စိဖြင့်လည်း အနံ့ ‘ဂန္ဓာရုံ’ ကိုပင် နမ်းရှူအပ်ရာ၏၊ နားဖြင့်လည်း အနံ့ ‘ဂန္ဓာရုံ’ ကိုပင် နမ်းရှူအပ်ရာ၏၊ လျှာဖြင့်လည်း အနံ့ ‘ဂန္ဓာရုံ’ ကိုပင် နမ်းရှူအပ်ရာ၏၊ ကိုယ်ဖြင့်လည်း အနံ့ ‘ဂန္ဓာရုံ’ ကိုပင် နမ်းရှူအပ်ရာ၏၊ စိတ်ဖြင့်လည်း အနံ့ ‘ဂန္ဓာရုံ’ ကိုပင် နမ်းရှူအပ်ရာ ၏။ မျက်စိဖြင့်လည်း အရသာ ‘ရသာရုံ’ ကိုပင် လျက်အပ်ရာ၏၊ နားဖြင့်လည်း အရသာ ‘ရသာရုံ’ ကိုပင် လျက်အပ်ရာ၏၊ နှာခေါင်းဖြင့်လည်း အရသာ ‘ရသာရုံ’ ကိုပင် လျက်အပ်ရာ၏၊ ကိုယ်ဖြင့်လည်း အရသာ ‘ရသာရုံ’ ကိုပင် လျက်အပ်ရာ၏၊ စိတ်ဖြင့်လည်း အရသာ ‘ရသာရုံ’ ကိုပင် လျက်အပ်ရာ၏။ မျက်စိဖြင့်လည်း ဖောဋ္ဌဗ္ဗာရုံကိုပင် တွေ့ထိအပ်ရာ၏၊ နားဖြင့်လည်း ဖောဋ္ဌဗ္ဗာရုံကိုပင် တွေ့ထိအပ်ရာ၏၊ နှာခေါင်းဖြင့်လည်း ဖောဋ္ဌဗ္ဗာရုံကိုပင် တွေ့ထိအပ်ရာ၏၊ လျှာဖြင့်လည်း ဖောဋ္ဌဗ္ဗာရုံကိုပင် တွေ့ထိ အပ်ရာ၏၊ စိတ်ဖြင့်လည်း ဖောဋ္ဌဗ္ဗာရုံကိုပင် တွေ့ထိအပ်ရာ၏။ မျက်စိဖြင့်လည်း ဓမ္မာရုံကိုပင် သိအပ်ရာ၏၊ နားဖြင့်လည်း ဓမ္မာရုံကိုပင် သိအပ်ရာ၏၊ နှာခေါင်းဖြင့်လည်း ဓမ္မာရုံကိုပင် သိအပ်ရာ၏၊ လျှာဖြင့်လည်း ဓမ္မာရုံကိုပင် သိအပ်ရာ၏၊ ကာယပသာဒဖြင့်လည်း ဓမ္မာရုံကိုပင် သိအပ်ရာ၏”ဟု မိန့်တော်မူ၏။ အသျှင်ဘုရား ဤသို့ကား မဟုတ်ပါဟု (လျှောက်၏)။

--

မင်းမြတ် သင်မင်းမြတ်၏ ယခင် ရှေးစကားနှင့် ယခု နောက်စကားသည်လည်းကောင်း၊ ယခု နောက်စကားနှင့် ယခင် ရှေးစကားသည်လည်းကောင်း မညီညွတ် မသင့်တင့်ချေ၊ မင်းမြတ် ဥပမာ တစ်နည်းသော်ကား ငါတို့သည် ဤနန်းပြာသာဒ်၌ နေထိုင်ကုန်လျက် ဤဇာကွန်ရက်တပ်ထားသော လေသာတံခါးတို့ကို ဖွင့်လှစ်အပ်ကုန်သော် ကျယ်စွာသော ဟင်းလင်းအပြင် ကောင်းကင်ဖြင့် အပြင်ဘက်သို့ မျက်နှာရှေးရှုကုန်၍ အလွန်ထင်ရှားစွာ အဆင်း ‘ရူပါရုံ’ ကို မြင်ကြရကုန်သကဲ့သို့၊ ဤအတူ ကိုယ်တွင်း၌ ရှိသည့် သင်မင်းမြတ်ပြသော ဇီဝမည်သော လိပ်ပြာကောင် အတ္တသည်လည်း စက္ခုဒွါရတို့ကို ဖွင့်လှစ် ခွါထုတ်အပ်ကုန်သော် ကျယ်စွာသော ဟင်းလင်းအပြင် ကောင်းကင်ဖြင့် အလွန်ထင်ရှားစွာ အဆင်း ‘ရူပါရုံ’ ကို မြင်ကောင်းရာ၏၊ သောတဒွါရတို့ကို ဖွင့်လှစ်ခွါထုတ်အပ်ကုန်သော်။ ဃာနဒွါရကို ဖွင့်လှစ် ခွါထုတ်အပ်သော်။ ဇိဝှါဒွါရကို ဖွင့်လှစ်ခွါထုတ်အပ်သော်။ ကာယဒွါရကို ဖွင့်လှစ်ခွါထုတ်အပ်သော် ကျယ်စွာသော ဟင်းလင်းအပြင် ကောင်းကင်ဖြင့် အလွန်ထင်ရှားစွာ အသံ ‘သဒ္ဒါရုံ’ ကို ကြားကောင်းရာ၏၊ အနံ့ ‘ဂန္ဓာရုံ’ ကို နမ်းရှူကောင်းရာ၏၊ အရသာ ‘ရသာရုံ’ ကို လျက်ကောင်းရာ၏၊ အတွေ့အထိ ‘ဖောဋ္ဌဗ္ဗာရုံ’ ကို တွေ့ထိကောင်းရာ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား ဤသို့ကား မဟုတ်ပါဟု (လျှောက်၏)။

မင်းမြတ် သင်မင်းမြတ်၏ ယခင် ရှေးစကားနှင့် ယခု နောက်စကားသည်လည်းကောင်း၊ ယခု နောက်စကားနှင့် ယခင် ရှေးစကားသည်လည်းကောင်း မညီညွတ် မသင့်တင့်ချေ၊ မင်းမြတ် ဥပမာ တစ်နည်းသော်ကား ဤဒိန္နအမတ်သည် ထွက်သွားပြီးလျှင် တံခါးမုခ်အပြင်ဘက်၌ ရပ်နေငြားအံ့၊ မင်းမြတ် “ဤဒိန္နအမတ်သည် ထွက်သွားပြီးလျှင် တံခါးမုခ်အပြင်ဘက်၌ ရပ်နေ၏”ဟု သင်မင်းမြတ် သိနိုင်ပါမည် လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား သိနိုင်ပါ၏ဟု (လျှောက်၏)။ မင်းမြတ် ဥပမာတစ်နည်း သော်ကား ဤဒိန္နအမတ်သည် အတွင်းသို့ ဝင်၍ သင်မင်းမြတ်၏ ရှေ့၌ ရပ်ရာ၏၊ မင်းမြတ် “ဤဒိန္န အမတ်သည် အတွင်းသို့ ဝင်၍ ငါ၏ ရှေ့၌ ရပ်၏”ဟု သင်မင်းမြတ် သိပါ၏လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား သိနိုင်ပါ၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် ကိုယ်တွင်း၌ရှိသည့် သင်မင်းမြတ် ပြသော ဇီဝမည်သောလိပ်ပြာကောင် အတ္တသည် လျှာ၌ အရသာကို တင်ထားသော် ချဉ်သော အရသာကိုလည်းကောင်း၊ ငန်သော အရသာကိုလည်းကောင်း၊ ခါးသော အရသာကိုလည်းကောင်း၊ စပ်သော အရသာကိုလည်းကောင်း၊ ဖန်သော အရသာကိုလည်းကောင်း၊ ချိုသော အရသာကိုလည်းကောင်း သိရာ သည် မဟုတ်လော။ အသျှင်ဘုရားဟုတ်ပါ၏၊ သိနိုင်ရာပါ၏။ အတွင်းသို့ ဝင်ကုန်သော ထိုအရသာတို့ကို ချဉ်သော အရသာ၊ ငန်သော အရသာ, ခါးသော အရသာ, စပ်သော အရသာ, ဖန်သော အရသာ, ချိုသော အရသာဟူ၍ သိနိုင်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မသိနိုင်ရာပါဟု (လျှောက် ၏)။

မင်းမြတ် သင်မင်းမြတ်၏ ယခင် ရှေးစကားနှင့် ယခု နောက်စကားသည်လည်းကောင်း၊ ယခု နောက်စကားနှင့် ယခင် ရှေးစကားသည်လည်းကောင်း မညီညွတ် မသင့်တင့်ချေ၊ မင်းမြတ် ဥပမာအားဖြင့် တစ်စုံတစ်ယောက်သော ယောက်ျားသည် ပျားရည်အိုးတစ်ရာကို ဆောင်ယူစေ၍့ပျားရည်စားကျင်းကို ပြည့်စေလျက် ယောက်ျား၏ ခံတွင်းဝကို ပိတ်၍ ပျားရည်စားကျင်း၌ ချရာ၏၊ မင်းမြတ် ထိုယောက်ျား သည် အချိုကို ချိုမြိန်၏ဟူ၍လည်းကောင်း၊ မချိုမြိန်ဟူ၍လည်းကောင်း သိနိုင်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မသိနိုင်ရာပါဟု (လျှောက်၏)။ အဘယ်အကြောင်းကြောင့် မသိနိုင်ရာသနည်း။ အသျှင်ဘုရား ထိုယောက်ျား၏ ခံတွင်း၌ ပျားရည်မဝင်သောကြောင့် မသိနိုင်ရာပါဟု (လျှောက်၏)။

--

မင်းမြတ် သင်မင်းမြတ်၏ ယခင် ရှေးစကားနှင့် ယခု နောက်စကားသည်လည်းကောင်း၊ ယခု နောက်စကားနှင့် ယခင် ရှေးစကားသည်လည်းကောင်း မညီညွတ် မသင့်တင့်ချေဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား အကျွန်ုပ်သည် အသျှင်ဘုရားကဲ့သို့ စကားကပ်သောသူနှင့် အတူယှဉ်ပြိုင်၍ စကား ပြောဆိုရန် မစွမ်းနိုင်တော့ပါ။ အသျှင်ဘုရား တောင်းပန်ပါ၏၊ ဆိုလိုသော အနက်အဓိပ္ပါယ်ကိုသာ မိန့်ကြားတော်မူပါလော့ဟု (လျှောက်၏)။

နာဂသေနမထေရ်သည် အဘိဓမ္မာနှင့် စပ်ဆိုင်သော စကားဖြင့် မိလိန္ဒမင်းကို သိစေ၏- “မင်းမြတ် ဤလောက၌ စက္ခုပသာဒကိုလည်းကောင်း၊ ရူပါရုံတို့ကိုလည်းကောင်း စွဲမှီ၍ စက္ခုဝိညာဏ်ဖြစ်ပေါ်၏၊ ထို စက္ခုဝိညာဏ်နှင့် အတူတကွ ဖြစ်ကုန်သော တွေ့ထိမှု ‘ဖဿ’၊ ခံစားမှု ‘ဝေဒနာ’၊ မှတ်သားမှု ‘သညာ’၊ စေ့ဆော်မှု ‘စေတနာ’၊ တည်ကြည်မှု ‘ဧကဂ္ဂတာ’၊ သဟဇာတ်တရားတို့ကို စောင့်ရှောက်မှု ‘ဇီဝိတိန္ဒြေ’၊ နှလုံးသွင်းမှု ‘မနသိကာရ’ဟူသော ဤတရားရှစ်ပါးတို့သည် စက္ခုပသာဒနှင့် ရူပါရုံထိခိုက်ခြင်းဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာကုန်၏၊ အဟုတ်အမှန်အားဖြင့် ဤအရာဌာန၌ ဇီဝမည်သော ဝေဒဂူကို မရနိုင် မရသင့်ချေ။ သောတပသာဒကိုလည်းကောင်း၊ သဒ္ဒါရုံတို့ကိုလည်းကောင်း စွဲမှီ၍။ပ။ မနောဒွါရကိုလည်းကောင်း၊ ဓမ္မာရုံတို့ကိုလည်းကောင်း စွဲမှီ၍ မနောဝိညာဏ်သည် ဖြစ်ပေါ်၏၊ ထိုမနောဝိညာဏ်နှင့် အတူတကွ ဖြစ်ကုန်သော တွေ့ထိမှု ‘ဖဿ’၊ ခံစားမှု ‘ဝေဒနာ’၊ မှတ်သားမှု ‘သညာ’၊ စေ့ဆော်မှု ‘စေတနာ’၊ တည်ကြည်မှု ‘ဧကဂ္ဂတာ’ သဟဇာတ် တရားတို့ကို စောင့်ရှောက်မှု ‘ဇီဝိတိန္ဒြေ’၊ နှလုံးသွင်းမှု ‘မနသိကာရ’ဟူသော ဤတရားရှစ်ပါးတို့သည် မနောဒွါရနှင့် ဓမ္မာရုံထိခိုက်ခြင်းဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာကုန်၏၊ အဟုတ်အမှန်အားဖြင့် ဤအရာ၌ ဇီဝ မည်သော ဝေဒဂူကို မရနိုင် မရသင့်ချေ”ဟု (သိစေ၏)။ အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

ခြောက်ခုမြောက် ဝေဒဂူပဥှာ ပြီး၏။

--

၇-စက္ခုဝိညာဏာဒိပဥှာ

စက္ခုဝိညာဏ်စသည် ဖြစ်ပုံ ပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန အကြင်စက္ခုဒွါရ၌ စက္ခုဝိညာဏ်စိတ် ဖြစ်၏၊ ထိုစက္ခုဒွါရ၌ မနောဝိညာဏ်ဖြစ်နိုင်ပါသလော”ဟု မေးလျှောက်၏။ မင်းမြတ် အကြင်စက္ခုဒွါရ၌ စက္ခု ဝိညာဏ်စိတ်ဖြစ်၏၊ ထိုစက္ခုဒွါရ၌ မနောဝိညာဏ်လည်း ဖြစ်နိုင်ပါသည်ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန အသို့ပါနည်း၊ ရှေးဦးစွာ စက္ခုဝိညာဏ်ဖြစ်၍ နောက်မှ မနောဝိညာဏ် ဖြစ်ပါသလော၊ သို့မဟုတ် မနောဝိညာဏ် ရှေးဦးစွာ ဖြစ်၍ နောက်မှ စက္ခုဝိညာဏ်ဖြစ်ပါသလောဟု (မေးလျှောက်၏)။ မင်းမြတ် ရှေးဦးစွာ စက္ခုဝိညာဏ်ဖြစ်၍ နောက်မှ မနောဝိညာဏ်ဖြစ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန အသို့ပါနည်း စက္ခုဝိညာဏ်က “ငါသည် အကြင်စက္ခုဒွါရ၌ ဖြစ်အံ့၊ သင်သည်လည်း ထိုစက္ခုဒွါရ၌ ဖြစ်လော့”ဟု မနောဝိညာဏ်ကို စေခိုင်းပါသလော၊ သို့မဟုတ် မနော ဝိညာဏ်က “အကြင်စက္ခုဒွါရ၌ သင်ဖြစ်လတ္တံ့၊ ငါသည်လည်း ထိုစက္ခုဒွါရ၌ ဖြစ်အံ့”ဟု စက္ခုဝိညာဏ်ကို့စေခိုင်းပါသလောဟု လျှောက်ထား၏။ မင်းမြတ် မစေခိုင်း၊ ထိုဝိညာဏ်တို့အား အချင်းချင်းတိုင်ပင် ပြောဆိုခြင်းမရှိချေဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန အကြင်ဒွါရ၌ စက္ခုဝိညာဏ်ဖြစ်၏၊ ထိုဒွါရ၌ မနောဝိညာဏ်သည်လည်း အဘယ်အကြောင်းကြောင့် ဖြစ်ပေါ်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် ညွတ်ကိုင်းသည်၏အဖြစ်ကြောင့်လည်းကောင်း ဖြစ်ပေါ်ရာ တံခါး ‘ဒွါရ’ ၏ အဖြစ်ကြောင့်လည်းကောင်း၊ လေ့လာသည့်အဖြစ်ကြောင့်လည်းကောင်း၊ အလွန်လေ့ကျက်သည့်အဖြစ်ကြောင့်လည်းကောင်း ဖြစ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ညွတ်ကိုင်းသည့်အဖြစ်ကြောင့် အကြင်ဒွါရ၌ စက္ခုဝိညာဏ် ဖြစ်၏၊ ထိုဒွါရ၌ မနောဝိညာဏ်သည် အသို့ဖြစ်ပါသနည်း၊ ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။

မင်းမြတ် ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ မိုးရွာသွန်းသည်ရှိသော် ရေသည် အဘယ် အရပ်သို့ သွားရာသနည်း။ အသျှင်ဘုရား နိမ့်ရှိုင်းရာ အရပ်သို့ သွားရာပါ၏ဟု (လျှောက်ထား၏)။ ထို့နောက် အခါတစ်ပါး၌ မိုးသည် ရွာသွန်းပြန်ရာ၏၊ ထို နောက်ရွာသော မိုးရေသည် အဘယ်အရပ်သို့ သွားရာသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား အကြင်အရပ်သို့ ရှေးမိုးရေသည် စီးသွား၏၊ ထို နောက်မိုးရေသည်လည်း ထိုရှေးမိုးရေ လမ်းကြောင်းခရီးဖြင့်သာ စီးသွားရာပါ၏ဟု (လျှောက်၏)။

မင်းမြတ် အသို့နည်း ရှေးမိုးရေက “ငါသည် အကြင်အရပ်သို့ သွားအံ့၊ သင်သည်လည်း ထိုငါ သွားသော အရပ်သို့ စီးသွားလော့”ဟု နောက်ဖြစ်သော မိုးရေကို စေခိုင်းသလော၊ နောက်ဖြစ်သော မိုးရေကလည်း “သင်သည် အကြင်အရပ်သို့ စီးသွားလတ္တံ့၊ ငါသည်လည်း ထိုအရပ်သို့ စီးသွားအံ့”ဟု ရှေးမိုးရေကို စေခိုင်းသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မစေခိုင်းပါ၊ ထိုမိုးရေတို့အား အချင်း ချင်း တိုင်ပင်ပြောဆိုခြင်း မရှိပါ၊ နိမ့်ရှိုင်းသောကြောင့် စီးသွားပါကုန်၏ဟု (လျှောက်၏)။ မင်းမြတ် ဤ အတူသာလျှင် ညွတ်ကိုင်းသောကြောင့် အကြင်ဒွါရ၌ စက္ခုဝိညာဏ်သည် ဖြစ်၏၊ ထိုဒွါရ၌ မနောဝိညာဏ် သည်လည်း ဖြစ်၏၊ စက္ခုဝိညာဏ်က “ငါသည် အကြင်ဒွါရ၌ ဖြစ်အံ့၊ သင်သည်လည်း ထိုဒွါရ၌ ဖြစ်လော့”ဟု မနောဝိညာဏ်ကို မစေခိုင်း၊ မနောဝိညာဏ်ကလည်း “အကြင်ဒွါရ၌ သင်သည် ဖြစ်လတ္တံ့၊ ငါသည်လည်း ထိုဒွါရ၌ ဖြစ်အံ့”ဟု စက္ခုဝိညာဏ်ကို မစေခိုင်း၊ ထိုဝိညာဏ်တို့အား အချင်းချင်း တိုင်ပင်ပြော ဆိုခြင်း မရှိ၊ ညွတ်ကိုင်းသောကြောင့် ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

--

အသျှင်ဘုရားနာဂသေန ဖြစ်ပေါ်ရာ တံခါး ‘ဒွါရ'၏ ဖြစ်ခြင်းကြောင့် အကြင်ဒွါရ၌ စက္ခုဝိညာဏ်သည် ဖြစ်၏၊ ထိုဒွါရ၌ မနောဝိညာဏ်သည် အသို့ဖြစ်ပါသနည်း၊ ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။

မင်းမြတ် ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ မင်း၏ တိုင်းစွန်ပြည်နားဖြစ်သော မြို့သည် မြဲမြံခိုင်ခံ့သော တံတိုင်း, တုရိုဏ်တိုင်ရှိ၏၊ တံခါးတစ်ပေါက်သာ ရှိ၏၊ ယောက်ျားသည် ထိုမြို့မှ ထွက်လို သည် ဖြစ်ရာ၏၊ အဘယ်အရပ်ဖြင့် ထွက်မည်နည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား တံခါးဖြင့် ထွက်ရာ ပါ၏ဟု (လျှောက်၏)။ ထိုမှ နောက်၌ တစ်ယောက်သော ယောက်ျားသည် ထွက်လိုသည် ဖြစ်ရာ၏၊ ထိုယောက်ျားသည် အဘယ်အရပ်ဖြင့် ထွက်မည်နည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား အကြင်တံခါးဖြင့် ပထမယောက်ျားသည် ထွက်၏၊ ထိုတံခါးဖြင့်ပင် ထိုယောက်ျားသည်လည်း ထွက်ရာ၏ဟု (လျှောက်၏)။

မင်းမြတ် အသို့နည်း၊ ပထမထွက်သော ယောက်ျားက “ငါသည် အကြင်တံခါးဖြင့် သွားအံ့၊ သင် သည်လည်း ထိုတံခါးဖြင့်ပင် ထွက်ခဲ့လော့”ဟု နောက်မှ ထွက်သော ယောက်ျားကို စေခိုင်းသလော၊ နောက်မှ ထွက်သော ယောက်ျားကလည်း သင်သည် “အကြင်တံခါးဖြင့် သွားလတ္တံ့၊ ငါသည်လည်း ထိုတံခါးဖြင့် သွားအံ့”ဟု ပထမယောက်ျားကို စေခိုင်းသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မစေ ခိုင်းပါ ထိုသူနှစ်ယောက်တို့အား အချင်းချင်း တိုင်ပင်ပြောဆိုခြင်း မရှိပါ၊ ထွက်ရာတံခါး၏ ဖြစ်ခြင်းကြောင့်သွားကြပါကုန်၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် ဖြစ်ပေါ်ရာ တံခါး ‘ဒွါရ’ ဖြစ်ခြင်းကြောင့် အကြင်ဒွါရ၌ စက္ခုဝိညာဏ်သည် ဖြစ်၏၊ ထိုဒွါရ၌ မနောဝိညာဏ်သည်လည်း ဖြစ်ပေါ်၏။ စက္ခု ဝိညာဏ်က “အကြင်ဒွါရ၌ ငါ ဖြစ်အံ့၊ ထိုဒွါရ၌ သင်သည်လည်း ဖြစ်လော့”ဟု မနောဝိညာဏ်ကို မစေခိုင်း၊ မနောဝိညာဏ်ကလည်း “အကြင်ဒွါရ၌ သင်ဖြစ်လတ္တံ့၊ ထိုဒွါရ၌လည်း ငါဖြစ်အံ့”ဟု စက္ခု ဝိညာဏ်ကို မစေခိုင်း၊ ထိုဝိညာဏ်တို့အား အချင်းချင်း တိုင်ပင်ပြောဆိုခြင်း မရှိ၊ ဖြစ်ပေါ်ရာ ဒွါရဖြစ်ခြင်း ကြောင့် ဖြစ်ပေါ်ကုန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန လေ့လာသည့်အဖြစ်ကြောင့် အကြင်ဒွါရ၌ စက္ခုဝိညာဏ်ဖြစ်၏၊ ထိုဒွါရ၌ မနောဝိညာဏ်သည် အသို့ဖြစ်ပါသနည်း၊ ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။

မင်းမြတ် ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ရှေးဦးစွာ တစ်စီးသော လှည်းသည် သွားရာ ၏၊ ထို့နောက်၌ နှစ်ခုမြောက်သော လှည်းသည် အဘယ်လမ်းဖြင့် သွားရာသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား အကြင်ခရီးလမ်းဖြင့် ရှေးလှည်းသည် သွား၏၊ ထိုနောက်လှည်းသည်လည်း ထိုခရီး လမ်းဖြင့်ပင် သွားရာပါ၏ဟု (လျှောက်၏)။

မင်းမြတ် အသို့နည်း၊ ရှေးဦးဖြစ်သော လှည်းက အကြင်လမ်းဖြင့် “ငါသည် သွားအံ့၊ သင်သည်လည်း ထိုလမ်းဖြင့်ပင် သွားလော့”ဟု နောက်လှည်းကို စေခိုင်းသလော၊ နောက်ဖြစ်သော လှည်းကလည်း သင်သည် “အကြင်လမ်းဖြင့် သွားလတ္တံ့၊ ငါသည်လည်း ထိုလမ်းဖြင့် သွားအံ့”ဟု ရှေးဦးလှည်းကို စေခိုင်း သလောဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား မစေခိုင်းပါ၊ ထိုလှည်းတို့အား အချင်းချင်း တိုင်ပင် ပြောဆို ခြင်း မရှိပါ၊ လေ့လာသည့် အဖြစ်ကြောင့် သွားကြပါကုန်၏ဟု (လျှောက်ထား၏)။ မင်းမြတ် ဤအတူ သာလျှင် လေ့လာသည့်အဖြစ်ကြောင့် အကြင်ဒွါရ၌ စက္ခုဝိညာဏ်ဖြစ်၏၊ ထိုဒွါရ၌ မနောဝိညာဏ်သည်လည်း ဖြစ်၏၊ စက္ခုဝိညာဏ်က “ငါသည် အကြင်ဒွါရ၌ ဖြစ်အံ့၊ သင်သည်လည်း ထိုဒွါရ၌ ဖြစ်လော့”ဟု မနောဝိညာဏ်ကို မစေခိုင်း၊ မနောဝိညာဏ်ကလည်း “အကြင်ဒွါရ၌ သင်သည် ဖြစ်လတ္တံ့၊ ထိုဒွါရ၌ ငါသည်လည်း ဖြစ်အံ့”ဟု စက္ခုဝိညာဏ်ကို မစေခိုင်း၊ ထိုဝိညာဏ်တို့အား အချင်းချင်း တိုင်ပင်ပြောဆို ခြင်းမရှိ၊ လေ့လာသည့်အဖြစ်ကြောင့် ဖြစ်ပေါ်ကုန်၏ဟု (မိန့်တော်မူ၏)။

--

အသျှင်ဘုရားနာဂသေန အလွန်လေ့ကျက်သည့်အဖြစ်ကြောင့် အကြင်ဒွါရ၌ စက္ခုဝိညာဏ် ဖြစ်၏၊ ထိုဒွါရ၌ မနောဝိညာဏ်သည် အသို့ ဖြစ်ပါသနည်း၊ ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။

မင်းမြတ် လက်ဆစ်ချိုးရေတွက်အတတ်, ကိုးကြောင်းတွက်အတတ်, အပေါင်းရေတွက်အတတ်, စာရေးအတတ်တို့၌ အစဦး လေ့ကျက်သူအား နုံ့နှေး၏၊ နောင်အခါ၌ ဆင်ခြင်စူးစမ်း၍ ပြုသဖြင့် အလွန် လေ့ကျက်သည့်အဖြစ်ကြောင့် သွက်လက်ခြင်း ဖြစ်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် အလွန်လေ့ကျက် သည့်အဖြစ်ကြောင့် အကြင်ဒွါရ၌ စက္ခုဝိညာဏ်ဖြစ်၏၊ ထိုဒွါရ၌ မနောဝိညာဏ်သည်လည်း ဖြစ်၏၊ စက္ခုဝိညာဏ်က “ငါသည် အကြင်ဒွါရ၌ ဖြစ်အံ့၊ သင်သည်လည်း ထိုဒွါရ၌ ဖြစ်လော့”ဟု မနောဝိညာဏ် ကို မစေခိုင်း၊ မနောဝိညာဏ်ကလည်း “အကြင်ဒွါရ၌ သင်သည် ဖြစ်လတ္တံ့၊ ထိုဒွါရ၌ ငါသည်လည်း ဖြစ်အံ့”ဟု စက္ခုဝိညာဏ်ကို မစေခိုင်း၊ ထိုဝိညာဏ်တို့အား အချင်းချင်း တိုင်ပင်ပြောဆိုခြင်းမရှိ၊ အလွန် လေ့ကျက်သည့်အဖြစ်ကြောင့် ဖြစ်ပေါ်ကုန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန အကြင်ဒွါရ၌ သောတဝိညာဏ်သည် ဖြစ်၏၊ ထိုဒွါရ၌ မနောဝိညာဏ်သည် ဖြစ်ပါသလောဟု (လျှောက်ထား၏)။ပ။ အကြင်ဒွါရ၌ ဃာနဝိညာဏ်သည် ဖြစ်၏။ အကြင်ဒွါရ၌ ဇိဝှါ ဝိညာဏ်သည် ဖြစ်၏။ အကြင်ဒွါရ၌ ကာယဝိညာဏ်သည် ဖြစ်၏၊ ထိုဒွါရ၌ မနောဝိညာဏ်သည် ဖြစ်ပါ သလောဟု (လျှောက်ထား၏)။ မင်းမြတ်ဟုတ်၏၊ အကြင်ဒွါရ၌ ကာယဝိညာဏ်ဖြစ်၏၊ ထိုဒွါရ၌ မနော ဝိညာဏ်သည်လည်း ဖြစ်၏ဟု (မိန့်ဆို၏)။

အသျှင်ဘုရားနာဂသေန အသို့ပါနည်း၊ ရှေးဦးစွာ ကာယဝိညာဏ်ဖြစ်၍ နောက်မှ မနောဝိညာဏ် ဖြစ်ပါသလော၊ သို့မဟုတ် မနောဝိညာဏ်သည် ရှေးဦးစွာ ဖြစ်၍ နောက်မှ ကာယဝိညာဏ် ဖြစ်ပါသလောဟု (မေးလျှောက်၏)။ မင်းမြတ် ကာယဝိညာဏ်သည် ရှေးဦးစွာ ဖြစ်၍ နောက်မှ မနောဝိညာဏ် ဖြစ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန အသို့ပါနည်း။ပ။ ထိုဝိညာဏ်တို့အား အချင်းချင်း တိုင်ပင်ပြောဆိုခြင်းမရှိ၊ အလွန်လေ့ကျက်သည့်အဖြစ်ကြောင့် ဖြစ်ပေါ်ကုန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

ခုနစ်ခုမြောက် စက္ခုဝိညာဏာဒိပဥှာ ပြီး၏။

--

၈-ဖဿလက္ခဏပဥှာ

ဖဿလက္ခဏာပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန အကြင်ဒွါရ၌ မနောဝိညာဏ်ဖြစ်၏၊ ထိုဒွါရ၌ ဖဿ သည်လည်းကောင်း၊ ဝေဒနာသည်လည်းကောင်း ဖြစ်ပါသလော”ဟု မေးလျှောက်၏။ မင်းမြတ်ဟုတ်၏ ဖြစ်ပါ၏၊ အကြင်ဒွါရ၌ မနောဝိညာဏ်သည် ဖြစ်၏၊ ထိုဒွါရ၌ ဖဿသည်လည်း ဖြစ်၏၊ ထိုဒွါရ၌ ဝေဒနာ သည်လည်း ဖြစ်၏၊ ထိုဒွါရ၌ သညာသည်လည်း ဖြစ်၏၊ ထိုဒွါရ၌ စေတနာသည်လည်း ဖြစ်၏၊ ထိုဒွါရ၌ ဝိတက်သည်လည်း ဖြစ်၏၊ ထိုဒွါရ၌ ဝိစာရသည်လည်း ဖြစ်၏၊ ဖဿအမှူးရှိကုန်သော တရားအားလုံးတို့သည် ထိုဒွါရ၌ ဖြစ်ကုန်၏ဟု (မိန့်တော်မူ)။

အသျှင်ဘုရားနာဂသေန ဖဿသည် အဘယ်လက္ခဏာရှိပါသနည်းဟု (မေးလျှောက်၏)။ မင်းမြတ် ဖဿသည် တွေ့ထိခြင်းလက္ခဏာရှိ၏ဟု (မိန့်တော်မူ၏)။

ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် ဥပမာအားဖြင့် ဆိတ်နှစ်ကောင်တို့သည် ဝှေ့ကြကုန်ရာ၏၊ ထိုဆိတ်နှစ်ကောင်တို့တွင် တစ်ကောင်သော ဆိတ်ကဲ့သို့ မျက်စိ ‘စက္ခုပသာဒ'ကို မှတ်ရာ၏၊ ဒုတိယဆိတ်ကဲ့သို့ အဆင်း ‘ရူပါရုံ'ကို မှတ်ရာ၏၊ ထိုဆိတ်နှစ်ကောင်တို့၏ ဝှေ့ခတ်ပေါင်းဆုံခြင်းကဲ့သို့ တွေ့ထိမှု ‘ဖဿ'ကို မှတ်အပ်၏ဟု (မိန့်တော်မူ၏)။

ထို့ထက်အလွန် ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် ဥပမာအားဖြင့် လက်ဝါး နှစ်ခုတို့ကို တီးခတ်ကုန်ရာ၏၊ ထိုလက်ဝါးနှစ်ခုတို့တွင် တစ်ခုသော လက်ဝါးကဲ့သို့ မျက်စိ ‘စက္ခုပသာဒ’ ကို မှတ်ရာ၏၊ ဒုတိယလက်ဝါးကဲ့သို့ အဆင်း ‘ရူပါရုံ’ ကို မှတ်ရာ၏၊ ထိုလက်ဝါးနှစ်ခုတို့၏ ထိခတ် ပေါင်းဆုံခြင်းကဲ့သို့ တွေ့ထိမှု ‘ဖဿ’ ကို မှတ်ရာ၏ဟု (မိန့်တော်မူ၏)။

ထို့ထက်အလွန် ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် ဥပမာအားဖြင့် လင်းကွင်း နှစ်ခုတို့ကို တီးခတ်ကုန်ရာ၏၊ ထိုနှစ်ခုတို့တွင် တစ်ခုသော လင်းကွင်းကဲ့သို့ မျက်စိ ‘စက္ခုပသာဒ'ကို မှတ်ရာ၏၊ ဒုတိယလင်းကွင်းကဲ့သို့ အဆင်း ‘ရူပါရုံ'ကို မှတ်ရာ၏၊ ထိုလင်းကွင်းနှစ်ခုတို့၏ ထိခတ် ပေါင်းဆုံခြင်းကဲ့သို့ တွေ့ထိမှု ‘ဖဿ’ ကို မှတ်ရာ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

ရှစ်ခုမြောက် ဖဿလက္ခဏပဥှာ ပြီး၏။

--

၉-ဝေဒနာလက္ခဏပဥှာ

ဝေဒနာလက္ခဏာပြဿနာ

။ အသျှင်ဘုရားနာဂသေန ဝေဒနာသည် အဘယ်လက္ခဏာရှိပါသနည်းဟု (မေးလျှောက်၏)။ မင်းမြတ် ဝေဒနာသည် ခံစားခြင်းလက္ခဏာရှိ၏၊ သုံးဆောင်ခြင်းလက္ခဏာလည်း ရှိ၏ဟု (မိန့်တော်မူ၏)။

ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် ဥပမာအားဖြင့် တစ်စုံတစ်ယောက်သော ယောက်ျားသည် မင်းအား ကျေးဇူးပြုရာ၏၊ ထိုယောက်ျားအား မင်းသည် နှစ်သက်သည်ဖြစ်၍ ကျေးဇူး တုံ့စည်းစိမ်ကို ပေးရာ၏၊ ယောက်ျားသည် ထိုကျေးဇူးတုံ့စည်းစိမ်တို့ဖြင့် ကာမဂုဏ်ငါးပါးတို့နှင့် ကုံလုံပြည့်စုံစွာ ခံစားရာ၏၊ ထိုယောက်ျားအား ဤသို့သော အကြံဖြစ်ရာ၏၊ ငါသည် ရှေးအခါက မင်းအား ကျေးဇူးပြုခဲ့၏၊ ထိုငါ့အား မင်းသည် နှစ်သက်သည်လည်းဖြစ်၍ ကျေးဇူးတုံ့စည်းစိမ်ကို ပေး၏၊ ထိုငါသည် ထိုစည်းစိမ်ကို ရခြင်းကြောင့် ဤသို့သဘောရှိသော ဤခံစားခြင်းကို ခံစားရ၏ဟု အကြံ ဖြစ်ရာ၏။

မင်းမြတ် ဥပမာတစ်နည်းသော်ကား တစ်စုံတစ်ယောက်သော ယောက်ျားသည် ကုသိုလ်ကံကို ပြု၍ ခန္ဓာကိုယ်ပျက်စီးခြင်းကြောင့် သေပြီးသည်မှနောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရာ၏၊ ထိုသူသည်လည်း ထိုနတ်ပြည်၌ နတ်၌ဖြစ်ကုန်သော ကာမဂုဏ်ငါးပါးတို့ဖြင့် ကုံလုံပြည့်စုံစွာ ခံစားရာ၏၊ ထိုသူအား ဤသို့သော အကြံဖြစ်ရာ၏၊ ထိုငါသည် စင်စစ် ရှေးအခါက ကုသိုလ်ကံကို ပြုခဲ့၏၊ ထိုငါသည် ထိုကောင်းမှုကုသိုလ်ကို ပြုသောကြောင့် ဤသို့သဘောရှိသော ဤခံစားခြင်းကို ခံစားရ၏ဟု အကြံဖြစ်ရာ၏၊ မင်းမြတ် ဤသို့လျှင် ဝေဒနာသည် ခံစားခြင်းလက္ခဏာရှိ၏၊ သုံးဆောင်ခြင်း လက္ခဏာလည်းရှိ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

ကိုးခုမြောက် ဝေဒနာလက္ခဏပဥှာ ပြီး၏။

--

၁၀-သညာလက္ခဏပဥှာ

သညာလက္ခဏာပြဿနာ

၁၀။ အသျှင်ဘုရားနာဂသေန သညာသည် အဘယ်လက္ခဏာရှိပါသနည်းဟု (မေးလျှောက်၏)။ မင်းမြတ် သညာသည် အမှတ်ပြု၍ သိခြင်းလက္ခဏာရှိ၏၊ အဘယ်ကို အမှတ်ပြု၍ သိသနည်းဟူမူ- အညိုကိုလည်း အမှတ်ပြု၍ သိ၏၊ အရွှေကိုလည်း အမှတ်ပြု၍ သိ၏၊ အနီကိုလည်း အမှတ်ပြု၍ သိ၏၊ အဖြူကိုလည်း အမှတ်ပြု၍ သိ၏၊ အမောင်းကိုလည်း အမှတ်ပြု၍ သိ၏၊ မင်းမြတ် ဤသို့လျှင် သညာ သည် အမှတ်ပြု၍ သိခြင်းလက္ခဏာရှိ၏ဟု (မိန့်တော်မူ၏)။

ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် ဥပမာသော်ကား မင်း၏ ဘဏ္ဍာစိုးသည် ဘဏ္ဍာတိုက်သို့ ဝင်၍ ညို, ရွှေ, နီ, ဖြူ, မောင်းသော အရောင်ရှိကုန်သော မင်းအသုံးအဆောင် အထည်တို့ကို မြင်၍ အမှတ်ပြုကာ သိသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် သညာသည် အမှတ်ပြု၍ သိခြင်း လက္ခဏာရှိ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

ဆယ်ခုမြောက် သညာလက္ခဏပဥှာ ပြီး၏။

--

၁၁-စေတနာလက္ခဏပဥှာ

စေတနာလက္ခဏာပြဿနာ

၁၁။ အသျှင်ဘုရားနာဂသေန စေတနာသည် အဘယ်လက္ခဏာရှိပါသနည်းဟု (မေးလျှောက်၏)။ မင်းမြတ် စေတနာသည် စေ့ဆော်အားထုတ်ခြင်းလက္ခဏာရှိ၏၊ ပြုပြင်စီရင်ခြင်း လက္ခဏာလည်းရှိ၏ဟု (မိန့်တော်မူ၏)။

ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် ဥပမာအားဖြင့် တစ်စုံတစ်ယောက်သော ယောက်ျားသည် အဆိပ်ကို ပြုပြင်စီရင်၍ မိမိသည်လည်း သောက်ရာ၏၊ သူတစ်ပါးတို့ကိုလည်း သောက့်စေရာ၏၊ ထိုယောက်ျားသည် မိမိသည်လည်း ဆင်းရဲရာ၏၊ သူတစ်ပါးတို့သည်လည်း ဆင်းရဲကုန်ရာ၏၊ မင်းမြတ် ဤအတူသာလျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အကုသိုလ်ကံကို စေတနာဖြင့် စေ့ဆော် အားထုတ်၍ ခန္ဓာကိုယ်ပျက်စီးခြင်းကြောင့် သေပြီးသည်မှနောက်၌ ချမ်းသာကင်းသော, မကောင်းသော လားရာ ပျက်စီးကျရောက်ရာဖြစ်သော ငရဲသို့ ကပ်ရောက်ရ၏၊ အကြင်သူတို့သည်လည်း ထိုအကုသိုလ်ကံ ပြုသောသူသို့ အတုလိုက်၍ ကျင့်ကုန်၏၊ ထိုသူတို့သည်လည်း ခန္ဓာကိုယ်ပျက်စီးခြင်းကြောင့် သေပြီး သည်မှနောက်၌ ချမ်းသာကင်းသော, မကောင်းသောလားရာ ပျက်စီးကျရောက်ရာဖြစ်သော ငရဲသို့ ကပ်ရောက်ရကုန်၏။

မင်းမြတ် ဥပမာတစ်နည်းသော်ကား တစ်စုံတစ်ယောက်သော ယောက်ျားသည် ထောပတ်, ဆီဦး, ဆီ, ပျား, တင်လဲကို တစ်ပေါင်းတည်း ပြုပြင်စီရင်၍ မိမိသည်လည်း သောက်ရာ၏၊ သူတစ်ပါးတို့ကိုလည်း သောက်စေရာ၏၊ ထိုယောက်ျားသည် မိမိသည်လည်း ချမ်းသာရာ၏၊ သူတစ်ပါးတို့သည်လည်း ချမ်းသာကုန်ရာ၏၊ မင်းမြတ် ဤအတူသာလျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကုသိုလ်ကံကို စေတနာဖြင့် စေ့ဆော်အားထုတ်၍ ခန္ဓာကိုယ်ပျက်စီးခြင်းကြောင့် သေပြီးသည်မှနောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်သို့ ကပ်ရောက်ရ၏၊ အကြင်သူတို့သည်လည်း ထိုကုသိုလ်ကံပြုသောသူသို့ အတုလိုက်၍ ကျင့်ကုန်၏၊ ထိုသူတို့သည်လည်း ခန္ဓာကိုယ်ပျက်စီးခြင်းကြောင့် သေပြီးသည်မှနောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်သို့ ကပ်ရောက်ကြရကုန်၏။ မင်းမြတ် ဤသို့လျှင် စေတနာ သည် စေ့ဆော်ခြင်းလက္ခဏာရှိ၏၊ ပြုပြင်စီရင်ခြင်း လက္ခဏာလည်း ရှိ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

တစ်ဆယ့်တစ်ခုမြောက် စေတနာလက္ခဏပဥှာ ပြီး၏။

--

၁၂-ဝိညာဏလက္ခဏပဥှာ

ဝိညာဏ်လက္ခဏာပြဿနာ

၁၂။ အသျှင်ဘုရားနာဂသေန ဝိညာဏ်သည် အဘယ်လက္ခဏာရှိပါသနည်းဟု (မေးလျှောက်၏)။ မင်းမြတ် ဝိညာဏ်သည် အာရုံကို သိခြင်းလက္ခဏာရှိ၏ဟု (မိန့်တော်မူ၏)။

ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် ဥပမာသော်ကား မြို့စောင့်သူသည် မြို့လယ် လမ်းဆုံ၌ နေလျက် အရှေ့အရပ်မှ လာသော ယောက်ျားကို မြင်ရာ၏၊ တောင်အရပ်မှ လာသော ယောက်ျားကို မြင်ရာ၏၊ အနောက်အရပ်မှ လာသော ယောက်ျားကို မြင်ရာ၏၊ မြောက်အရပ်မှ လာသော ယောက်ျားကို မြင်ရာ၏၊ မင်းမြတ် ဤအတူသာလျှင် ယောက်ျားသည် မျက်စိ ‘စက္ခုပသာဒ'ဖြင့် အကြင် အဆင်း ‘ရူပါရုံ'ကို မြင်၏၊ ထိုအဆင်း ‘ရူပါရုံ'ကို ဝိညာဏ်ဖြင့် သိ၏။ နား ‘သောတပသာဒ'ဖြင့် အကြင် အသံ ‘သဒ္ဒါရုံ'ကို ကြား၏၊ ထိုအသံ ‘သဒ္ဒါရုံ'ကို ဝိညာဏ်ဖြင့် သိ၏၊ နှာခေါင်း ‘ဃာနပသာဒ'ဖြင့် အကြင် အနံ့ ‘ဂန္ဓာရုံ'ကို နမ်းရှူ၏၊ ထိုအနံ့ ‘ဂန္ဓာရုံ'ကို ဝိညာဏ်ဖြင့် သိ၏၊ လျှာ ‘ဇိဝှါပသာဒ'ဖြင့် အကြင် အရသာ ‘ရသာရုံ'ကို လျက်၏၊ ထိုအရသာ ‘ရသာရုံ'ကို ဝိညာဏ်ဖြင့် သိ၏၊ ကိုယ် ‘ကာယပသာဒ'ဖြင့် အကြင်အတွေ့အထိ ‘ဖောဋ္ဌဗ္ဗာရုံ'ကို တွေ့ထိ၏၊ ထိုအတွေ့အထိ ‘ဖောဋ္ဌဗ္ဗာရုံ'ကို ဝိညာဏ်ဖြင့် သိ၏၊ စိတ်ဖြင့် အကြင်ဓမ္မာရုံကို သိ၏၊ ထိုဓမ္မာရုံကို ဝိညာဏ်ဖြင့် သိ၏၊ မင်းမြတ် ဤသို့လျှင် ဝိညာဏ်သည် အာရုံကို သိခြင်းလက္ခဏာရှိ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

တစ်ဆယ့်နှစ်ခုမြောက် ဝိညာဏလက္ခဏပဥှာ ပြီး၏။

--

၁၃-ဝိတက္ကလက္ခဏပဥှာ

ဝိတက်လက္ခဏာပြဿနာ

၁၃။ အသျှင်ဘုရားနာဂသေန ဝိတက်သည် အဘယ်လက္ခဏာရှိပါသနည်းဟု (မေးလျှောက်၏)။ မင်းမြတ် ဝိတက်သည် အာရုံသို့ သွင်းခြင်းလက္ခဏာရှိ၏ဟု (မိန့်တော်မူ၏)။

ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် ဥပမာသော်ကား လက်သမားသည် ချောမွေ့ သေသပ် အပြေအပြစ် ပြုအပ်လေပြီးသော သစ်သားကို အဆက်အစပ်၌ သွတ်သွင်း၏၊ မင်းမြတ် ဤအတူသာလျှင် ဝိတက်သည် အာရုံသို့ သွင်းခြင်းလက္ခဏာရှိ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

တစ်ဆယ့်သုံးခုမြောက် ဝိတက္ကလက္ခဏပဥှာ ပြီး၏။

၁၄-ဝိစာရလက္ခဏပဥှာ

ဝိစာရလက္ခဏာပြဿနာ

၁၄။ အသျှင်ဘုရားနာဂသေန ဝိစာရသည် အဘယ်လက္ခဏာရှိပါသနည်းဟု (မေးလျှောက်၏)။ မင်းမြတ် ဝိစာရသည် အဖန်ဖန်သုံးသပ်ခြင်းလက္ခဏာရှိ၏ဟု (မိန့်တော်မူ၏)။

ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် ဥပမာသော်ကား ကြေးခွက်ကို တီးခေါက် အပ်သော် နောက်၌ မပြတ်ြ မည်၏၊ အဆက်မပြတ်ြ မည်၏၊ မင်းမြတ် လက်ဦးတီးခေါက်ခြင်းကဲ့သို့ ဤအတူ ဝိတက်ကို မှတ်အပ်၏၊ နောက်မှ လိုက်၍ အဆက်မပြတ် မြည်သကဲ့သို့ ဤအတူ ဝိစာရကို မှတ်အပ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

တစ်ဆယ့်လေးခုမြောက် ဝိစာရလက္ခဏပဥှာ ပြီး၏။

သုံးခုမြောက် ဝိစာရဝဂ် ပြီး၏။

ဤဝိစာရဝဂ်၌ အမေးပုစ္ဆာပြဿနာ တစ်ဆယ့်လေးပါးတို့တည်း။

--

၄-နိဗ္ဗာနဝဂ်

၁-ဖဿာဒိဝိနိဗ္ဘုဇနပဥှာ

ဖဿစသည်တို့ကို ခွဲခြား၍ သိ၊ မသိ ပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန တစ်ပေါင်းတည်းအဖြစ်သို့ ရောက်ကုန်သော ဤ ဖဿစသော တရားတို့ကို ခွဲခြား၍ ခွဲခြား၍ ဤတရားကား ဖဿတည်း၊ ဤတရားကား ဝေဒနာတည်း၊ ဤတရားကား သညာတည်း၊ ဤတရားကား စေတနာတည်း၊ ဤတရားကား ဝိညာဏ်တည်းဟု အသီး အသီးပြုလျက် သိသာထင်ရှားစေခြင်းငှါ တတ်ကောင်းပါအံ့လော”ဟု မေးလျှောက်၏။ မင်းမြတ် တစ်ပေါင်းတည်းအဖြစ်သို့ ရောက်ကုန်သော ဤဖဿစသော တရားတို့ကို ခွဲခြား၍ ခွဲခြား၍ “ဤတရားကား ဖဿတည်း၊ ဤတရားကား ဝေဒနာတည်း၊ ဤတရားကား သညာတည်း၊ ဤတရားကား စေတနာတည်း၊ ဤတရားကား ဝိညာဏ်တည်း၊ ဤတရားကား ဝိတက်တည်း၊ ဤတရားကား ဝိစာရတည်း”ဟု အသီးအသီးပြုလျက် သိသာထင်ရှားစေခြင်းငှါ မတတ်ကောင်းဟု (မိန့်တော်မူ၏)။

ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် ဥပမာအားဖြင့် ဘုရင့်စားဖိုသည်သည် လက်သုပ်ဟင်းလျာကိုလည်းကောင်း၊ အရေသောက်ဟင်းလျာကိုလည်းကောင်း ချက်ပြုတ်စီရင်ရာ၏၊ ထို စားဖိုသည်သည် ထိုဟင်းလျာ၌ နို့ဓမ်းကိုလည်း ထည့်ရာ၏၊ ဆားကိုလည်း ထည့်ရာ၏၊ ချင်းကိုလည်း ထည့်ရာ၏၊ ဇီရာကိုလည်း ထည့်ရာ၏၊ ငရုတ်ကိုလည်း ထည့်ရာ၏၊ ဤမှ တစ်ပါးသော ဟင်းအဆောက့်အဦတို့ကိုလည်း ထည့်ရာ၏၊ ထိုစားဖိုသည်ကို မင်းသည် ဤသို့ ဆိုရာ၏ “နို့ဓမ်း၏ အရသာကို ငါ့အား ထုတ်ဆောင်ပေးလော့၊ ဆား၏ အရသာကို ငါ့အား ထုတ်ဆောင်ပေးလော့၊ ချင်း၏ အရသာကို ငါ့အား ထုတ်ဆောင်ပေးလော့၊ ဇီရာ၏ အရသာကို ငါ့အား ထုတ်ဆောင်ပေးလော့၊ ငရုတ်၏ အရသာကို ငါ့အား ထုတ်ဆောင်ပေးလော့၊ အလုံးစုံထည့်သမျှသော ဟင်းအဆောက်အဦတို့၏ အရသာကို ငါ့အား ထုတ်ဆောင် ပေးလော့”ဟု (ဆိုရာ၏)။ မင်းမြတ် တစ်ပေါင်းတည်းအဖြစ်သို့ ရောက်ကုန်သော ထိုအရသာတို့ကို ခွဲခြား၍ ခွဲခြား၍ အချဉ်အရသာကိုလည်းကောင်း၊ အငန်အရသာကိုလည်းကောင်း၊ အခါးအရသာကိုလည်းကောင်း၊ အစပ်အရသာကိုလည်းကောင်း၊ အဖန်အရသာကိုလည်းကောင်း၊ အချိုအရသာကိုလည်းကောင်း ထုတ်ဆောင်ခြင်းငှါ တတ်ကောင်းရာအံ့လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား တစ်ပေါင်းတည်းအဖြစ်သို့ ရောက်ကုန်သော ထိုအရသာတို့ကို ခွဲခြား၍ ခွဲခြား၍ အချဉ်အရသာကိုလည်းကောင်း၊ အငန်အရသာကိုလည်းကောင်း၊ အခါးအရသာကိုလည်းကောင်း၊ အစပ်အရသာကိုလည်းကောင်း၊ အဖန်အရသာကိုလည်းကောင်း၊ အချိုအရသာကိုလည်းကောင်း ထုတ်ဆောင်ခြင်းငှါ မတတ်ကောင်းပါ၊ အမှန် စင်စစ်သော်ကား မိမိမိမိတို့၏ ချဉ်, ဖန်, ခါးစသော မှတ်ကြောင်းလက္ခဏာဖြင့် ထင်စွာ တည်ပေကုန်၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် တစ်ပေါင်းတည်းအဖြစ်သို့ ရောက်ကုန်သော ဤဖဿစသော တရားတို့ကို ခွဲခြား၍ ခွဲခြား၍ “ဤတရားကား ဖဿတည်း၊ ဤတရားကား ဝေဒနာတည်း၊ ဤတရားကား သညာတည်း။ ဤတရားကား စေတနာတည်း၊ ဤတရားကား ဝိညာဏ်တည်း၊ ဤတရားကား ဝိတက်တည်း၊ ဤတရားကား ဝိစာရတည်း”ဟု သိသာထင်ရှားစေခြင်းငှါ မတတ်ကောင်း၊ အမှန်စင်စစ်သော်ကား မိမိ မိမိတို့၏ ဖဿစသော လက္ခဏာဖြင့် ထင်စွာ တည်ပေကုန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

ရှေးဦးစွာသော ဖဿာဒိဝိနိဗ္ဘုဇနပဥှာ ပြီး၏။

--

၂-နာဂသေနပဥှာ

အသျှင်နာဂသေနမေးသော ပြဿနာ

။ နာဂသေနမထေရ်သည် “မင်းမြတ် ဆားကို၁ မျက်စိ ‘စက္ခုဝိညာဏ်'ဖြင့် သိအပ်သလော”ဟု မေးတော်မူ၏။ အသျှင်ဘုရားဟုတ်ပါ၏၊ စက္ခုဝိညာဏ်ဖြင့် သိအပ်ပါ၏ဟု (လျှောက်၏)။ မင်းမြတ် ကောင်းစွာ သိပါလော့ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား လျှာဖြင့် သိအပ်ပါသလောဟု (မေးလျှောက်၏)။ မင်းမြတ်ဟုတ်၏၊ လျှာ ‘ဇိဝှါဝိညာဏ်'ဖြင့် သိအပ်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား အလုံးစုံသော ဆားကို လျှာ ‘ဇိဝှါဝိညာဏ်'ဖြင့် သိနိုင်ပါသလောဟု (မေးလျှောက်၏)။ မင်းမြတ်ဟုတ်၏။ အလုံးစုံသော ဆားကို လျှာ ‘ဇိဝှါဝိညာဏ်'ဖြင့် သိနိုင်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား အလုံးစုံသော ဆားကို လျှာ ‘ဇိဝှါဝိညာဏ်'ဖြင့် အကယ်၍ သိနိုင်ခဲ့သော် အဘယ့်ကြောင့် ထိုဆားကို လှည်းတို့ဖြင့် နွားလားတို့သည် ဆောင်ကုန်သနည်း၊ ဆားနှင့် မဖက် အငန်အရသာ သက်သက်ကိုသာလျှင် ဆောင်သင့်သည် မဟုတ်လောဟု (လျှောက်၏)။ မင်းမြတ် ငန်သော အရသာ သက်သက်ကိုသာလျှင် ဆောင်ခြင်းငှါ မတတ်ကောင်း၊ ဆား၏ ငန်သော အရသာ, ဆား၏ လေးသော အဖြစ်ဟူသော ဤသဘောတရားတို့သည် တစ်ပေါင်းတည်းအဖြစ်သို့ ရောက်ကုန်၏။ အာရုံထူးထွေသည့် အဖြစ်သို့သာ ရောက်ကုန်၏။ မင်းမြတ် ဆားကို ချိန်ခွင်ဖြင့် ချိန်စက်ခြင်းငှါ တတ်ကောင်းပါသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရားဟုတ်ပါ၏ တတ်ကောင်းပါ၏ဟု (လျှောက်၏)။ မင်းမြတ် ဆား၏ အရသာ သက်သက်ကို ချိန်ခွင်ဖြင့် ချိန်ခြင်းငှါ မတတ်ကောင်း၊ လေးသော အဖြစ်ဟူသော ဆားဒြပ်ကို ချိန်ခွင်ဖြင့် ချိန်စက်အပ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

နှစ်ခုမြောက် နာဂသေနပဥှာ ပြီး၏။

၁။ ဆားဟူသည် နာဂသေနမထေရ်၏ အလိုအားဖြင့် အငန်အရသာကို ဆိုလို၍၊ မိလိန္ဒမင်း၏ အလိုအားဖြင့် ဆားဒြပ်ကို ဆိုလိုသည်။

--

၃-ပဉ္စာယတနကမ္မနိဗ္ဗတ္တပဥှာ

အာယတနငါးပါး ကံကြောင့် ဖြစ်ပုံ ပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန အကြင်အာယတနငါးပါးတို့သည် ရှိကုန်၏၊ ထို အာယတနငါးပါးတို့သည် အမျိုးမျိုးသော ကံတို့ကြောင့် ဖြစ်ပါကုန်သလော၊ သို့မဟုတ် တစ်ခုတည်းသော ကံကြောင့်သာ ဖြစ်ပါကုန်သလော”ဟု မေးလျှောက်၏။ မင်းမြတ် အမျိုးမျိုးသော ကံတို့ကြောင့် ဖြစ်ကုန်၏၊ တစ်ခုတည်းသော ကံကြောင့် မဖြစ်ကုန်ဟု (မိန့်တော်မူ၏)။

ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ တစ်ခုသော လယ်၌ မျိုးစေ့အမျိုးမျိုးတို့ကို စိုက်ပျိုးကုန်ရာ၏၊ ထိုမျိုးစေ့အမျိုးမျိုးတို့၏ အသီးအမျိုးမျိုးတို့သည် ဖြစ်ကုန်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရားဟုတ်ပါ၏၊ ဖြစ်ကုန်ရာပါ၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် အကြင် အကြင်အာယတနငါးပါးတို့သည် ရှိကုန်၏၊ ထိုထို အာယတနငါးပါးတို့သည် အမျိုးမျိုးသော ကံတို့ကြောင့် ဖြစ်ကုန်၏၊ တစ်ခုသော ကံကြောင့် မဖြစ်ကုန်ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

သုံးခုမြောက် ပဉ္စာယတနကမ္မနိဗ္ဗတ္တပဥှာ ပြီး၏။

--

၄-ကမ္မနာနာကရဏပဥှာ

ကုသိုလ်ကံ၊ အကုသိုလ်ကံ ခြားနားမှု ပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန အချို့သော လူတို့သည် အသက်တိုကုန်၏၊ အချို့သော လူတို့သည် အသက်ရှည်ကုန်၏၊ အချို့သော လူတို့သည် အနာများကုန်၏၊ အချို့သော လူတို့သည် အနာနည်းကုန်၏၊ အချို့သော လူတို့သည် အဆင်းမလှကုန်၊ အချို့သော လူတို့သည် အဆင်းလှကုန်၏၊ အချို့သော လူတို့သည် တန်ခိုးနည်းကုန်၏၊ အချို့သော လူတို့သည် တန်ခိုးကြီးကုန်၏၊ အချို့သော လူတို့သည် ဥစ္စာစည်းစိမ်နည်းပါးကုန်၏၊ အချို့သော လူတို့သည် ဥစ္စာစည်းစိမ်များပြားကုန်၏၊ အချို့သော လူတို့သည် အမျိုးဇာတ်ယုတ်နိမ့်ကုန်၏၊ အချို့သော လူတို့သည် အမျိုးဇာတ်မြင့်မြတ်ကုန်၏၊ အချို့သော လူတို့သည် ပညာမဲ့ကုန်၏၊ အချို့သော လူတို့သည် ပညာရှိကုန်၏၊ လူအားလုံးတို့သည် အဘယ့်ကြောင့် မတူမျှကြပါကုန်သနည်း”ဟု မေးလျှောက်၏။

နာဂသေနမထေရ်သည် “မင်းမြတ် အချို့သစ်ပင်တို့သည် ချဉ်ကုန်၏၊ အချို့သစ်ပင်တို့သည် ငန်ကုန်၏၊ အချို့သစ်ပင်တို့သည် ခါးကုန်၏၊ အချို့သစ်ပင်တို့သည် စပ်ကုန်၏၊ အချို့သစ်ပင်တို့သည် ဖန်ကုန်၏၊ အချို့သစ်ပင်တို့သည် ချိုကုန်၏၊ သစ်ပင်အားလုံးတို့သည် အဘယ့်ကြောင့် မတူမျှကြကုန် သနည်း”ဟု မိန့်တော်မူ၏။ အသျှင်ဘုရား မျိုးစေ့တို့၏ ခြားနားခြင်းကြောင့် မတူမျှကြကုန်ဟု မှတ်ထင် ပါ၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် ကုသိုလ်ကံ, အကုသိုလ်ကံတို့၏ ခြားနားခြင်းကြောင့် အချို့လူတို့သည် အသက်တိုကုန်၏၊ အချို့လူတို့သည် အသက်ရှည်ကုန်၏၊ အချို့လူတို့သည် အနာများကုန်၏၊ အချို့လူတို့သည် အနာနည်းကုန်၏၊ အချို့လူတို့သည် အဆင်းမလှကုန်၊ အချို့လူတို့သည် အဆင်းလှကုန်၏၊ အချို့လူတို့သည် တန်ခိုးနည်းကုန်၏၊ အချို့လူတို့သည် တန်ခိုးကြီးကုန်၏၊ အချို့ လူတို့သည် ဥစ္စာစည်းစိမ်နည်းပါးကုန်၏၊ အချို့လူတို့သည် ဥစ္စာစည်းစိမ် များပြားကုန်၏၊ အချို့လူတို့ သည် အမျိုးဇာတ်ယုတ်နိမ့်ကုန်၏၊ အချို့လူတို့သည် အမျိုးဇာတ် မြင့်မြတ်ကုန်၏၊ အချို့လူတို့သည် ပညာမဲ့ကုန်၏၊ အချို့လူတို့သည် ပညာရှိကုန်၏၊ မင်းမြတ် မြတ်စွာဘုရားသည် “လုလင် သတ္တဝါတို့သည် ကံသာလျှင် မိမိဥစ္စာရှိကုန်၏၊ ကံ၏ အမွေခံဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် ဆွေမျိုးရှိကုန်၏၊ ကံသာလျှင် ကိုးစားရာ ရှိကုန်၏၊ အကြင်ကံသည် ရှိ၏၊ ထိုကံသည် သတ္တဝါတို့ကို အယုတ်အမြတ်ဖြစ်ခြင်းငှါ ဝေဖန်၏”ဟု ဤတရားကိုလည်း ဟောကြားအပ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

လေးခုမြောက် ကမ္မနာနာကရဏပဥှာ ပြီး၏။

--

၅-ဝါယာမကရဏပဥှာ

လုံ့လဝီရိယထုတ်ခြင်း ပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန ‘ဤဝဋ်ဆင်းရဲသည် အဘယ်သို့သော နည်းဖြင့် ချုပ်ရာအံ့နည်း၊ တစ်ပါးသော ဆင်းရဲသည်လည်း မဖြစ်ပေါ်ရာပါအံ့နည်း’ဟု ကြံစည်၍ ငါတို့၏ ရဟန်း အဖြစ်သည် ဤဆိုခဲ့ပြီးသော အကျိုးရှိ၏ဟု အောက် (ပဗ္ဗဇ္ဇပဥှာ)၌ အသျှင်ဘုရားတို့ မိန့်ဆိုတော်မူခဲ့ကုန်၏၊ အခွင့်မရောက်မီ ရှေးဦးစွာကလျှင် လုံ့လထုတ်ခြင်းဖြင့် အဘယ်အကျိုးရှိသနည်း၊ အခွင့်အခါ ရောက်မှသာ လုံ့လထုတ်သင့်သည် မဟုတ်ပါလော”ဟု မေးလျှောက်၏။ နာဂသေနမထေရ်သည် “မင်းမြတ် အခွင့်အခါရောက်မှ လုံ့လထုတ်ခြင်းသည် လိုအပ်သော အမှုကိစ္စ မပြီးစီးနိုင်၊ (အခွင့်မရောက်မီ) ကြိုတင်လုံ့လထုတ်ခြင်းသည် လိုအပ်သော အမှုကိစ္စပြီးစီးနိုင်၏”ဟု မိန့်ဆိုဖြေကြားတော်မူ၏။

ဥပမာ ပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ သင်မင်းမြတ်သည် ရေမွတ်သိပ်သော အခါမှ “ရေသောက်အံ့”ဟု ရေတွင်းကို တူးစေရာသလော၊ ရေကန်ကို တူးစေရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မဟုတ်ပါ (ရေငတ်မှ ရေတွင်းရေကန်ကို မတူးစေရာပါဟု လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် အခါရောက်မှ လုံ့လထုတ်ခြင်းသည် လိုအပ်သော အမှုကိစ္စမပြီးစီးနိုင်၊ (အခါမရောက်မီ) ကြိုတင်လုံ့လထုတ်ခြင်းသည်သာ လိုအပ်သော အမှုကိစ္စ ပြီးစီးနိုင်၏ဟု (မိန့်တော်မူ၏)။

ထို့ထက်အလွန် ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ အကြင်အခါ၌ သင်မင်းမြတ်သည် ဆာလောင်သည် ဖြစ်ရာ၏၊ ထိုအခါမှ သင်သည် “ထမင်းကို စားအံ့”ဟု လယ်ကို ထွန်ယက်စေရာသလော၊ သလေးစပါးကို စိုက်ပျိုးစေရာသလော၊ စပါးကို ဆောင်စေရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မဟုတ်ပါဟု (လျှောက်၏)။ မင်းမြတ် ဤအတူ သာလျှင် အခါရောက်မှ လုံ့လထုတ်ခြင်းသည် လိုအပ်သော အမှုကိစ္စမပြီးစီးနိုင်၊ (အခါမရောက်မီ) ကြိုတင် လုံ့လထုတ်ခြင်းသည် လိုအပ်သော အမှုကိစ္စပြီးစီးနိုင်၏ဟု (မိန့်တော်မူ၏)။

ထို့ထက်အလွန် ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ အကြင်အခါ၌ သင်မင်းမြတ်အား စစ်တိုက်ရန် အခွင့်ကြုံကြိုက်လာသည် ဖြစ်ရာ၏၊ ထိုအခါမှ သင်မင်းမြတ်သည် ကျုံးမြောင်းကို တူးစေရာသလော၊ တံတိုင်းကို ပြုလုပ်စေရာသလော၊ တံခါးမုခ်ကို ပြုလုပ်စေရာသလော၊ ပြအိုးကို ပြုလုပ်စေရာသလော၊ ရိက္ခာစပါးကို ဆောင်သွင်းစေရာ သလော၊ ထိုအခါမှ သင်မင်းမြတ်သည် ဆင်စီးအတတ်ကို သင်စေရာသလော၊ မြင်းစီးအတတ်ကို သင်စေ့ရာသလော၊ ရထားစီးအတတ်ကို သင်စေရာသလော၊ လေးပစ်အတတ်ကို သင်စေရာသလော၊ ဓားလှံ အတတ်ကို သင်စေရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မဟုတ်ပါဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် အခါရောက်မှ လုံ့လထုတ်ခြင်းသည် လိုအပ်သော အမှုကိစ္စမပြီးစီးနိုင်၊ (အခါမရောက်မီ) ကြိုတင်လုံ့လထုတ်ခြင်းသည်သာ လိုအပ်သော အမှုကိစ္စ ပြီးစီးနိုင်၏၊ မင်းမြတ် မြတ်စွာဘုရားသည်- “ပညာရှိသူတော်ကောင်းသည် မိမိ၏ အစီးအပွါးကို သိခဲ့အံ့၊ ထိုအစီးအပွါးကို ရှေးဦးစွာကပင်လျှင် ပြုလုပ်ရာ၏၊ လှည်းသမား၏ အကြံအစည်မျိုးဖြင့် နုံ့နုံ့ နှေးနှေး အားမထုတ်ရာ။ လှည်းသမားသည် ညီညွတ်သော ခရီးလမ်းမကို ဖဲကြဉ်၍ မညီညွတ်သော ခရီး လမ်းဆိုးသို့ မောင်းနှင်တက်သွားသည်ရှိသော် ဝင်ရိုးကျိုးလျက်သာ ကြံမှိုင်ရရှာဘိသကဲ့သို့၊ ဤအတူ လူမိုက်သည် သူတော်ကောင်းတရားမှ ဖဲကြဉ်၍ မသူတော် တရားသို့ အစဉ်လိုက်သည်ရှိသော် သေမင်း၏ ခံတွင်းဝသို့ ရောက်ရသည်ဖြစ်၍ ဝင်ရိုးကျိုးသော လှည်းသမားကဲ့သို့ စိုးရိမ်ပူဆွေးရ၏”ဟု ဤတရားဒေသနာကိုလည်း ဟောအပ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

ငါးခုမြောက် ဝါယာမကရဏပဥှာ ပြီး၏။

--

၆-နေရယိကဂ္ဂိဥဏှဘာဝပဥှာ

ငရဲမီးပူလောင်ပုံ ပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန အသျှင်ဘုရားတို့သည် ‘ပြကတေ့မီးထက် ငရဲမီးသည် လွန်လွန်မင်းမင်း ပူလောင်၏၊ ပြကတေ့မီး၌ ပစ်ချအပ်သော သေးငယ်သော ကျောက်ခဲသည် တစ်နေ့ပတ်လုံး လောင်ကျွမ်းသော်လည်း ကြေညက်ခြင်းသို့ မရောက်နိုင်၊ အိမ်အထွတ်မျှရှိသော ကျောက်ခဲ ပင် ဖြစ်သော်လည်း ငရဲမီး၌ ထည့်ခဲ့သော် တစ်ခဏခြင်းဖြင့်ပင် ကြေညက်ခြင်းသို့ ရောက်နိုင်၏ ‘ဟု (မိန့်ဆိုကြပါကုန်၏)၊ ထိုစကားကို အကျွန်ုပ် မယုံကြည်နိုင်ပါ၊ ထို့ပြင်လည်း ငရဲမီး၌ ဖြစ်ကုန်သော သတ္တဝါတို့သည် များစွာသော နှစ်အထောင်တို့ပတ်လုံး ငရဲ၌ လောင်ကျွမ်းကုန်လျက် ကြေညက်ခြင်းသို့ မရောက်ကုန်ဟု ဤသို့လည်း အသျှင်ဘုရားတို့ ဆိုတော်မူကြကုန်သေး၏။ ထိုစကားကိုလည်း အကျွန်ုပ် မယုံကြည်နိုင်ပါ”ဟု လျှောက်၏။

နာဂသေနမထေရ်သည် “မင်းမြတ် ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ မကရ်းမတို့သည်လည်းကောင်း၊ မိကျောင်းမတို့သည်လည်းကောင်း၊ လိပ်မတို့သည်လည်းကောင်း၊ ဥဒေါင်းမတို့သည်လည်းကောင်း၊ ခိုမတို့သည်လည်းကောင်း ကြမ်းတမ်းကုန်သော ကျောက်ခဲတို့ကိုဖြစ်စေ၊ ကျောက်စရစ်ခဲတို့ကို ဖြစ်စေ စားမျိုကြကုန်သည် မဟုတ်လော”ဟု မေးတော်မူ၏။ အသျှင်ဘုရားဟုတ်ပါ၏၊ စားမျိုကြပါကုန်၏ဟု (လျှောက်၏)။ ထိုကျောက်ခဲတို့သည် ထိုမကရ်းမစသည်တို့၏ ဝမ်း၌ အူအတွင်းသို့ ရောက်ကုန် သည်ရှိသော် ကြေညက်ခြင်းသို့ ရောက်ကုန်သည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရားဟုတ်ပါ၏၊ ကြေညက်ခြင်းသို့ ရောက်ပါကုန်၏ဟု (လျှောက်၏)။ ထိုမကရ်းမစသည်တို့၏ ဝမ်း၌ရှိသော ကိုယ်ဝန်သည်လည်း ကြေညက်ခြင်းသို့ ရောက်ပါသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ထိုကိုယ်ဝန် သည် ကြေညက်ခြင်းသို့ မရောက်ပါဟု (လျှောက်၏)။ အဘယ့်ကြောင့် ကြေညက်ခြင်းသို့ မရောက် သနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား ပြုခဲ့သောကံကြောင့် ကြေညက်ခြင်းသို့ မရောက်ရာဟု အောက်မေ့မှတ်ထင်ပါသည်ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် ပြုခဲ့သော ကံကြောင့် ငရဲသူ သတ္တဝါတို့သည် များစွာသော နှစ်အထောင်တို့ပတ်လုံး ငရဲ၌ လောင်ကျွမ်းကုန်သော်လည်း ကြေညက်ခြင်း သို့ မရောက်ကုန်၊ မင်းမြတ် မြတ်စွာဘုရားသည်- “ငရဲသူသတ္တဝါတို့အား အကြင်မျှလောက် ကာလပတ့်လုံး ထိုမကောင်းမှုကံသည်ကုန်ခြင်းသို့ မရောက်သေး၊ ထိုမျှလောက်သော ကာလပတ်လုံး ငရဲသူ သတ္တဝါသည် မသေ”ဟု ဤဒေသနာတော်ကိုလည်း ဟောတော်မူ၏ဟု (မိန့်တော်မူ၏)။

--

ထို့ထက်အလွန် ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ခြင်္သေ့မတို့သည်လည်းကောင်း၊ ကျားမတို့သည်လည်းကောင်း၊ ကျားသစ်မတို့သည်လည်းကောင်း၊ ခွေးမတို့သည်လည်းကောင်း ကြမ်းတမ်းသော အရိုးအသားတို့ကို စားကြသည် မဟုတ် လောဟု (မေးတော်မူ၏)။ အသျှင်ဘုရားဟုတ်ပါ၏၊ စားပါကုန်၏ဟု (လျှောက်၏)။ ထိုကြမ်းတမ်းကုန်သော အရိုးအသားတို့သည် ထိုခြင်္သေ့မစသည်တို့၏ ဝမ်း၌ အူအတွင်းသို့ ရောက်ကုန်သည်ရှိသော် ကြေညက်ခြင်းသို့ ရောက်ကုန်သည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရားဟုတ်ပါ၏၊ ကြေညက် ခြင်းသို့ ရောက်ပါကုန်၏ဟု (လျှောက်၏)။ ထိုခြင်္သေ့မ စသည်တို့၏ ဝမ်း၌ရှိသော ကိုယ်ဝန်သည်လည်း ကြေညက်ခြင်းသို့ ရောက်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ကြေညက်ခြင်းသို့ မရောက်ပါဟု (လျှောက်၏)။ အဘယ့်ကြောင့် ကြေညက်ခြင်းသို့ မရောက်သနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား ပြုခဲ့သော ကံကြောင့် ကြေညက်ခြင်းသို့ မရောက်ပါဟု မှတ်ထင်ပါသည်ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် ပြုခဲ့သော ကံကြောင့် ငရဲသူသတ္တဝါတို့သည် များစွာသော နှစ်အထောင်တို့ ပတ်လုံး ငရဲ၌ လောင်ကျွမ်းကုန်သော်လည်း ကြေညက်ခြင်းသို့ မရောက်ကုန်ဟု (မိန့်တော်မူ၏)။

ထို့ထက်အလွန် ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ နူးညံ့သိမ်မွေ့သော ယောနကတိုင်းသူတို့သည်လည်းကောင်း၊ နူးညံ့သိမ်မွေ့သော ခတ္တိယ အမျိုးသမီးတို့သည်လည်းကောင်း၊ နူးညံ့သိမ်မွေ့သော ဗြာဟ္မဏအမျိုးသမီးတို့သည်လည်းကောင်း၊ နူးညံ့ သိမ်မွေ့သော ဂဟပတိအမျိုးသမီးတို့သည်လည်းကောင်း ကြမ်းတမ်းသော ခဲဖွယ်အသားတို့ကို စားကုန် သည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရားဟုတ်ပါ၏၊ စားပါကုန်၏ဟု (လျှောက်၏)။ ထို မိန်းမတို့၏ ဝမ်း၌ အူအတွင်းသို့ ရောက်ကုန်သော ထိုကြမ်းတမ်းသော ခဲဖွယ်အသားတို့သည် ကြေညက် ခြင်းသို့ ရောက်ကုန်သည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရားဟုတ်ပါ၏၊ ကြေညက်ခြင်းသို့ ရောက်ပါကုန်၏ဟု (လျှောက်၏)။ ထိုမိန်းမတို့၏ ဝမ်း၌ရှိသော ကိုယ်ဝန်သော်ကား ကြေညက်ခြင်းသို့ ရောက်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ကိုယ်ဝန်သည် ကြေညက်ခြင်းသို့ မရောက်နိုင်ပါဟု (လျှောက်၏)။ အဘယ်အကြောင်းကြောင့် ကြေညက်ခြင်းသို့ မရောက်နိုင်သနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား ပြုခဲ့သော ကံကြောင့် ကြေညက်ခြင်းသို့ မရောက်နိုင်ပါဟု မှတ်ထင်ပါသည်ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် ပြုခဲ့သော ကံကြောင့် ငရဲသူသတ္တဝါတို့သည် များစွာသော နှစ်အထောင်တို့ပတ်လုံး ငရဲ၌ လောင်ကျွမ်းကုန်သော်လည်း ကြေညက်ခြင်းသို့ မရောက်ကုန်၊ မင်းမြတ် မြတ်စွာဘုရား သည်- “အကြင်မျှလောက်သော ကာလပတ်လုံး ထိုမကောင်းမှုကံသည်ကုန်ခြင်းသို့ မရောက်သေး၊ ထိုမျှလောက်သော ကာလပတ်လုံး ထိုငရဲသူသတ္တဝါသည် မသေ”ဟု ဤဒေသနာတော်ကိုလည်း ဟောကြား အပ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

ခြောက်ခုမြောက် နေရယိကဂ္ဂိဥဏှဘာဝပဥှာ ပြီး၏။

--

၇-ပထဝိသန္ဓာရကပဥှာ

မြေကြီးတည်နေပုံ ပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန ‘ဤမြေကြီးသည် ရေပြင်၌ တည်၏၊ ရေသည် လေပေါ်၌့တည်၏၊ လေသည် ကောင်းကင်၌ တည်၏’ဟု အသျှင်ဘုရားတို့ ဆိုတော်မူကြပါကုန်၏၊ ထိုစကားကိုလည်း အကျွန်ုပ် မယုံကြည်ပါ”ဟု လျှောက်၏။ နာဂသေနမထေရ်သည် ဓမကရိုဏ် (ရေစစ်) ဖြင့် ရေကို ယူ၍ မိလိန္ဒမင်းကို “မင်းမြတ် ဤရေကို လေသည် ဆောင်ယူအပ်သကဲ့သို့၊ ဤအတူ ထို (ကမ္ဘာမြေကြီးကို ခံသော) ရေကိုလည်း လေသည် ဆောင်ယူအပ်၏”ဟု သိစေ၏။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

ခုနစ်ခုမြောက် ပထဝိသန္ဓာရကပဥှာ ပြီး၏။

၈-နိရောဓနိဗ္ဗာနပဥှာ

ချုပ်ခြင်းသည် နိဗ္ဗာန်မည် မမည် ပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန ချုပ်ခြင်းသည် နိဗ္ဗာန်မည်ပါသလော”ဟု မေးလျှောက်၏။ မင်းမြတ် ချုပ်ခြင်းသည် နိဗ္ဗာန် မည်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန အဘယ် သို့လျှင် ချုပ်ခြင်းသည် နိဗ္ဗာန်မည်ပါသနည်းဟု (မေးလျှောက်၏)။ မင်းမြတ် ပုထုဇဉ်မိုက်အားလုံးတို့ သည် အတွင်းအပဖြစ်သော အာယတနတို့ကို အလွန်နှစ်သက်ကုန်၏၊ အလွန်စွဲလမ်းပြောဆိုကုန်၏၊ အဆုံးတိုင် သက်ဝင်၍ တည်ကုန်၏၊ ထိုပုထုဇဉ်မိုက်တို့သည် ထိုတဏှာရေအယဉ်ဖြင့် မျောပါကုန်၏၊ ပဋိသန္ဓေနေရခြင်း, အိုရခြင်း, သေရခြင်း, ပူဆွေးရခြင်း, ငိုကြွေးရ ခြင်း, ဆင်းရဲခြင်း, နှလုံးမသာခြင်း, ပြင်းစွာပင်ပန်းခြင်းဘေးတို့မှ မလွတ်ကုန်၊ ဆင်းရဲအပေါင်းမှ မလွတ်ကုန်ဟု (ဘုရားစကားနှင့်အညီ) ငါဆို၏။ မင်းမြတ် ထိုမှပြန်သော နည်းအားဖြင့် အကြားအမြင်ရှိသော အရိယာတပည့်သည်ကား အတွင်း အပဖြစ်သော အာယတနတို့ကို အလွန်နှစ်သက်မှုမရှိ၊ အလွန်စွဲလမ်းပြောဆိုမှုမရှိ၊ အဆုံးတိုင်သက်ဝင်၍ မတည်၊ ထို (အတွင်းအပ၌ဖြစ်သော) အာယတနတို့ကို မနှစ်သက်သော၊ အလွန်စွဲလမ်းပြောဆိုမှုမရှိသော၊ အဆုံးတိုင်သက်ဝင်၍ မတည်သော ထိုအရိယာတပည့်အား တပ်မက်မှု ‘တဏှာ'သည် ချုပ်၏၊ တပ်မက်မှု ‘တဏှာ'ချုပ်ခြင်းကြောင့် ပြင်းစွာစွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်၏၊ ပြင်းစွာစွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်ခြင်းကြောင့် ဘဝချုပ်၏၊ ဘဝချုပ်ခြင်းကြောင့် ပဋိသန္ဓေနေခြင်း ‘ဇာတိ’ ချုပ်၏၊ ပဋိသန္ဓေနေခြင်း ‘ဇာတိ’ ချုပ်ခြင်းကြောင့် အိုခြင်း, သေခြင်းသည်လည်းကောင်း၊ ပူဆွေးခြင်း, ငိုကြွေးခြင်း, ဆင်းရဲခြင်း, နှလုံးမသာခြင်း, ပြင်းစွာ ပင်ပန်းခြင်းတို့သည်လည်းကောင်း ချုပ်ကုန်၏၊ ဤသို့လျှင် အလုံးစုံသော ထိုဆင်းရဲအစု ချုပ်၏၊ မင်းမြတ် ဤသို့လျှင် ချုပ်ခြင်းသည် နိဗ္ဗာန် မည်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

ရှစ်ခုမြောက် နိရောဓနိဗ္ဗာနပဥှာ ပြီး၏။

--

၉-နိဗ္ဗာနလဘနပဥှာ

နိဗ္ဗာန်ရခြင်း ပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန အလုံးစုံသောသူတို့သည်ပင် နိဗ္ဗာန်ကို ရကုန်ပါ သလော”ဟု မေးလျှောက်၏။ မင်းမြတ် အလုံးစုံသောသူတို့သည်ပင် နိဗ္ဗာန်ကို မရကုန်။ မင်းမြတ် စင်စစ်သော်ကား အကြင်သူသည် ကောင်းစွာ ကျင့်သည်ဖြစ်၍ သိအပ်သော ဒုက္ခသစ္စာတရားတို့ကို ဉာဏ်ဖြင့် ရှေးရှုသိ၏၊ ပိုင်းခြား၍ သိအပ်သော ဒုက္ခသစ္စာတရားတို့ကို ပိုင်းခြား၍ သိ၏၊ ပယ်အပ်သော သမုဒယသစ္စာတရားတို့ကို ပယ်စွန့်၏၊ ပွါးများအပ်သော မဂ္ဂသစ္စာတရားတို့ကို ပွါးများ၏၊ မျက်မှောက် ပြုအပ်သော နိရောဓသစ္စာတရားတို့ကို မျက်မှောက်ပြု၏၊ ထိုသူသည်သာ နိဗ္ဗာန်ကို ရ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။

ကိုးခုမြောက် နိဗ္ဗာနလဘနပဥှာ ပြီး၏။

--

၁၀-နိဗ္ဗာနသုခဇာနနပဥှာ

နိဗ္ဗာန်ချမ်းသာကို သိမသိ ပြဿနာ

၁၀။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန အကြင်သူသည် နိဗ္ဗာန်ကို မရ၊ ထိုနိဗ္ဗာန်ကို မရသောသူသည် နိဗ္ဗာန်သည် ချမ်းသာ၏ဟု သိပါသလော”ဟု မေးလျှောက်၏။ မင်းမြတ် အကြင်သူသည် နိဗ္ဗာန်ကို မရသေး၊ ထိုသူသည် “နိဗ္ဗာန်သည် ချမ်းသာ၏”ဟု သိနိုင်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန မရသေးဘဲလျက် “နိဗ္ဗာန်သည် ချမ်းသာ၏”ဟု အဘယ်သို့ သိနိုင်ပါသနည်းဟု (လျှောက်၏)။ မင်းမြတ် ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ အကြင်သူတို့၏ လက်ခြေတို့သည် မပြတ်ကုန်၊ မင်းမြတ် ထိုသူတို့သည် “လက်ခြေ၏ ပြတ်ခြင်းသည် ဆင်းရဲ၏”ဟု သိနိုင်ကုန်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရားဟုတ်ပါ၏၊ သိနိုင်ကုန်ရာပါ၏ဟု (လျှောက်၏)။ အဘယ်သို့ သိနိုင်ကုန်ရာ သနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား အခြားတစ်ပါးသော လက်ခြေပြတ်ကုန်သောသူတို့၏ ငိုကြွေးသံကို ကြား၍ “လက်ခြေပြတ်ခြင်းသည် ဆင်းရဲ၏”ဟု သိပါကုန်၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် အကြင်သူတို့သည် နိဗ္ဗာန်ကို မျက်မှောက်ထင်ထင် မြင်အပ်၏၊ ထိုသူတို့ ပြောဆိုသံကို ကြား၍ “နိဗ္ဗာန်သည် ချမ်းသာ၏”ဟု သိ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

ဆယ်ခုမြောက် နိဗ္ဗာနသုခဇာနနပဥှာ ပြီး၏။

လေးခုမြောက် နိဗ္ဗာနဝဂ် ပြီး၏။

ဤနိဗ္ဗာနဝဂ်၌ အမေးပုစ္ဆာပြဿနာ ဆယ်ပါးတို့တည်း။

--

၅-ဗုဒ္ဓဝဂ်

၁-ဗုဒ္ဓဿ အတ္ထိ နတ္ထိဘာဝပဥှာ

မြတ်စွာဘုရား ရှိ မရှိ ပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန အသျှင်ဘုရားသည် မြတ်စွာဘုရားကို ဖူးမြင်ဖူးပါ သလောဟု မေးလျှောက်၏။ မင်းမြတ် မဖူးမြင်ဖူးပါဟု (မိန့်တော်မူ၏)။ ယင်းသို့ မဖူးမြင်ဖူးသည်ရှိသော် အသျှင်ဘုရား၏ ဆရာတို့သည် မြတ်စွာဘုရားကို ဖူးမြင်ဖူးပါကုန်သလော”ဟု မေးလျှောက်၏။ မင်းမြတ် မဖူးမြင်ဘူးပါကုန်ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန သို့ဖြစ်လျှင် မြတ်စွာဘုရား မရှိချေ တကားဟု (လျှောက်၏)။ မင်းမြတ် ဟိမဝန္တာအရပ်၌ ဦဟာမြစ်ကို သင်မင်းမြတ် မြင်ဖူးသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မမြင်ဘူးပါဟု (လျှောက်၏)။ ယင်းသို့ မမြင်ဘူးသော် သင်မင်းမြတ်၏ အဖသည် ဦဟာမြစ်ကို မြင်ဖူးပါသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မမြင်ဖူးပါဟု (လျှောက်၏)။ မင်းမြတ် သို့ဖြစ်မူ ဦဟာမြစ်သည် မရှိချေတကားဟု (မိန့်ဆို၏)။ အသျှင်ဘုရား ရှိပါ၏၊ အကျွန်ုပ်သည် ဦဟာမြစ်ကို အကယ်၍ကား မမြင်ဘူးပါ၊ အကျွန်ုပ်၏ အဖသည်လည်း ဦဟာမြစ်ကို အကယ်၍ကား မမြင်ဖူးပါ၊ သို့သော်လည်း ဦဟာမြစ်သည် ရှိပါ၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် ငါသည် မြတ်စွာဘုရားကို အကယ်၍ကား မျက်မြင် ‘ဒိဋ္ဌ’ မဖူးမြင်လိုက်ရ၊ ငါ၏ ဆရာတို့သည်လည်း မြတ်စွာဘုရားကို အကယ်၍ကား မျက်မြင် ‘ဒိဋ္ဌ’ မဖူးမြင်လိုက်ရပါ၊ သို့သော်လည်း မြတ်စွာဘုရားသည် ရှိ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

ရှေးဦးစွာသော ဗုဒ္ဓဿ အတ္ထိ နတ္ထိဘာဝပဥှာ ပြီး၏။

--

၂-ဗုဒ္ဓဿ အနုတ္တရဘာဝပဥှာ

မြတ်စွာဘုရား အတုမရှိမြတ်ပုံ ပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန မြတ်စွာဘုရားသည် အတုမရှိ မြတ်ပါသလော”ဟု မေးလျှောက်၏။ မင်းမြတ် မြတ်စွာဘုရားသည် အတုမရှိ မြတ်သည် မှန်၏ဟု (မိန့်တော်မူ၏)။ အသျှင် ဘုရားနာဂသေန မမြင်ဖူးပါဘဲလျက် “မြတ်စွာဘုရားသည် အတုမရှိ မြတ်၏”ဟု အဘယ်သို့ သိပါ သနည်းဟု (လျှောက်၏)။ မင်းမြတ် ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ မဟာသမုဒ္ဒရာကို မမြင်ဖူး သေးသောသူတို့သည် မဟာသမုဒ္ဒရာသည် ကျယ်၏၊ အစောက်နက်၏၊ မရေတွက်နိုင်၊ သက်ဝင်ကူးခပ် နိုင်ခဲ၏၊ အကြင် မဟာသမုဒ္ဒရာ၌ ဂင်္ဂါ၊ ယမုနာ၊ အစိရဝတီ၊ သရဘူ၊ မဟီဟူသော ဤမြစ်ကြီးငါးသွယ်တို့ အမြဲမပြတ် စီးဝင်ကုန်၏၊ ထိုမဟာသမုဒ္ဒရာ၏ ယုတ်လျော့သော အဖြစ်သည်လည်းကောင်း၊ ပြည့်လျှံသော အဖြစ်သည်လည်းကောင်း မထင်နိုင်လေဟု သိနိုင်ကုန်ရာသလောဟု (မေးတော်မူ၏)။ အသျှင် ဘုရားဟုတ်ပါ၏ သိနိုင်ကုန်ရာပါ၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် ကြီးမြတ်တော်မူကုန်သော ပရိနိဗ္ဗာန်ဝင်စံတော်မူကုန်ပြီးသော တပည့်သာဝကတို့ကို မြင်ရသောကြောင့် မြတ်စွာဘုရားသည် အတုမရှိ မြတ်၏ဟူ၍ သိနိုင်ရာ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

နှစ်ခုမြောက် ဗုဒ္ဓဿ အနုတ္တရဘာဝပဥှာ ပြီး၏။

--

၃-ဗုဒ္ဓဿ အနုတ္တရဘာဝဇာနနပဥှာ

မြတ်စွာဘုရား၏ အတုမရှိသည့်အဖြစ်ကို သိ မသိ ပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန မြတ်စွာဘုရားသည် အတုမရှိ မြတ်၏ဟု သိခြင်းငှါ တတ်ကောင်းပါသလော”ဟု မေးလျှောက်၏။ မင်းမြတ် “မြတ်စွာဘုရားသည် အတုမရှိ မြတ်၏”ဟု သိခြင်းငှါ တတ်ကောင်းသည် မှန်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန အဘယ်သို့လျှင် “မြတ်စွာဘုရားသည် အတုမရှိ မြတ်၏”ဟု သိခြင်းငှါ တတ်ကောင်းပါသနည်းဟု (လျှောက်၏)။ မင်းမြတ် ရှေးကဖြစ်ဖူးသည်ကား တိဿထေရအမည်ရသော စာရေးဆရာကြီးသည် ရှိခဲ့ဖူးပြီ၊ ထိုစာရေးဆရာကြီး ကွယ်လွန်ခြင်းသည် နှစ်ပေါင်းများစွာ ကျော်လွန်ပြီးဖြစ်ပါလျက် ထိုစာရေးဆရာကြီးကို အဘယ်သို့ သိနိုင်ပါသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား ထိုဆရာကြီး ရေးထားသော စာဖြင့် သိရပါ၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် အကြင်သူသည် တရားကို မြင်၏၊ ထိုသူသည် မြတ်စွာဘုရားကို မြင်၏၊ မင်းမြတ် ထိုစကားမှန်၏၊ မြတ်စွာဘုရားသည် တရားတော်ကို ဟောကြားတော်မူအပ်ခဲ့၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

သုံးခုမြောက် ဗုဒ္ဓဿ အနုတ္တရဘာဝဇာနနပဥှာ ပြီး၏။

၄-ဓမ္မဒိဋ္ဌပဥှာ

တရားတော်ကို မြင် မမြင် ပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန အသျှင်ဘုရားသည် တရားတော်ကို မြင်ပါ သလော”ဟု မေးလျှောက်၏။ မင်းမြတ် မြတ်စွာဘုရား ညွှန်ကြားတော်မူသော နည်းဖြင့်သာ၊ မြတ်စွာဘုရား ပညတ်တော်မူချက်ဖြင့်သာ အသက်ထက်ဆုံး တပည့်သာဝကတို့သည် လိုက်နာကျင့်ဆောင်အပ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျောက်၏)။ ။

လေးခုမြောက် ဓမ္မဒိဋ္ဌပဥှာ ပြီး၏။

--

၅-အသင်္ကမနပဋိသန္ဒဟနပဥှာ

မပြောင်းရွှေ့ဘဲ ပဋိသန္ဓေနေ မနေ ပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန (ဤဘဝမှ တစ်စုံတစ်ရာမပါ) မပြောင်းရွှေ့ရဘဲ ပဋိသန္ဓေ စွဲနေရပါသလော”ဟု မေးလျှောက်၏။ မင်းမြတ် (ဤဘဝမှ တစ်စုံတစ်ရာမပါ) မပြောင်းရွှေ့ရဘဲ ပဋိသန္ဓေစွဲနေရသည် မှန်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန (ဤဘဝမှ တစ်စုံတစ်ရာမပါ) မပြောင်းရွှေ့ရဘဲ အဘယ်သို့ ပဋိသန္ဓေစွဲနေရပါသနည်း၊ ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် ဥပမာအားဖြင့် တစ်စုံတစ်ယောက်သော ယောက်ျားသည် မီးတိုင်တစ်ခုမှ မီးတိုင်တစ်ခုကို ညှိထွန်းရာ၏၊ မင်းမြတ် အသို့နည်း ထိုမီးသည် ထိုမီးတိုင်မှ ပြောင်းရွှေ့သွားသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မပြောင်းရွှေ့ပါဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် (ဤဘဝမှ တစ်စုံတစ်ရာမပါ) မပြောင်းရွှေ့ရဘဲ ပဋိသန္ဓေစွဲနေရ၏ဟု (မိန့်တော်မူ၏)။

ထို့ထက်အလွန် ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် သင်မင်းမြတ်သည် ငယ်ရွယ် စဉ်က ကဗျာဆရာ၏ အထံ၌ တစ်စုံတစ်ခုသော ကဗျာကို သင်ယူဖူးသည်ကို မှတ်မိပါ၏လောဟု (မေးတော်မူ၏)။ အသျှင်ဘုရားဟုတ်ပါ၏ မှတ်မိပါ၏ဟု (လျှောက်၏)။ မင်းမြတ် အသို့နည်း ထိုကဗျာ သည် ဆရာ့ထံမှ ပြောင်းရွှေ့လာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မပြောင်းရွှေ့ပါဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် (ဤဘဝမှ တစ်စုံတစ်ရာမပါ) မပြောင်းရွှေ့ရဘဲ ပဋိသန္ဓေစွဲနေ ရ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

ငါးခုမြောက် အသင်္ကမနပဋိသန္ဒဟနပဥှာ ပြီး၏။

၆-ဝေဒဂူပဥှာ

ဝေဒဂူ ‘အတ္တလိပ်ပြာကောင်'ပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန ဝေဒဂူကို ပရမတ်ဖြင့် ရအပ်ပါသလော”ဟု မေးလျှောက်၏။ မင်းမြတ် ပရမတ္ထအားဖြင့် ဝေဒဂူကို မရနိုင်ဟု နာဂသေနမထေရ်သည် (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေနသည် သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

ခြောက်ခုမြောက် ဝေဒဂူပဥှာ ပြီး၏။

--

၇-အညကာယသင်္ကမနပဥှာ

အခြားကိုယ်သို့ ပြောင်းသော သတ္တဝါ ရှိ မရှိပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန အကြင်သတ္တဝါသည် ဤကိုယ်ကောင်မှ တစ်ပါးသော ကိုယ်ကောင်သို့ ရွှေ့ပြောင်း၏၊ တစ်စုံတစ်ယောက်သော ထိုသတ္တဝါမျိုးရှိပါသလော”ဟု မေးလျှောက်၏။ မင်းမြတ် မရှိဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန ဤကိုယ်ကောင်မှ တစ်ပါးသော ကိုယ်ကောင် သို့ ပြောင်းရွှေ့သော သတ္တဝါသည် အကယ်၍ မရှိမူ ယုတ်ညံ့သော ကံတို့မှ လွတ်မြောက်သူ ဖြစ်ပါလတ္တံ့ လောဟု (မေးလျှောက်၏)။ မင်းမြတ်ဟုတ်မှန်၏၊ အကယ်၍ ပဋိသန္ဓေမနေခဲ့မူ ယုတ်ညံ့သော ကံတို့မှ လွတ်မြောက်သူ ဖြစ်လတ္တံ့၊ မင်းမြတ် အကြင့်ကြောင့် ပဋိသန္ဓေနေရသေး၏၊ ထို့ကြောင့် ယုတ်ညံ့သော ကံတို့မှ မလွတ်နိုင်ဟု (မိန့်တော်မူ၏)။

ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် တစ်ယောက်သော ယောက်ျားသည် အခြားသောသူ၏ သရက်သီးကို ခိုးယူရာ၏၊ ထိုသရက်သီးခိုးသောသူသည် အပြစ်ဒဏ်သို့ ရောက်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရားဟုတ်ပါ၏ အပြစ်ဒဏ်သို့ ရောက်ရာပါ၏ဟု (လျှောက်၏)။ မင်းမြတ် ထိုခိုးသူသည် အခြားသူ စိုက်ပျိုးအပ်သော သရက်သီးတို့ကို ခိုးသည် မဟုတ်ပါဘဲလျက် အဘယ့်ကြောင့် အပြစ်ဒဏ်သို့ ရောက်ရာသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား ထိုခိုးယူအပ်သော သရက်သီးတို့သည် အခြားသူ စိုက်ပျိုးသော သရက်သီးတို့ကို မှီ၍ ဖြစ်ပေါ်ကုန်၏၊ ထို့ကြောင့် အပြစ်ဒဏ်သို့ ရောက်ရာပါ၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် ဤ (ပစ္စုပ္ပန်) နာမ်ရုပ်ဖြင့် ကောင်းသည်လည်းဖြစ်သော၊ မကောင်းသည်လည်းဖြစ်သော ကံကို ပြု၏၊ ထိုကံကြောင့် အခြားသော နာမ်ရုပ်သည် ပဋိသန္ဓေနေ၏၊ ထို့ကြောင့် ယုတ်ညံ့သော ကံတို့မှ မလွတ်နိုင်ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

ခုနစ်ခုမြောက် အညကာယသင်္ကမနပဥှာ ပြီး၏။

--

၈-ကမ္မဖလအတ္ထိဘာဝပဥှာ

ကံ၏ အကျိုးရှိသည်၏ အဖြစ်ပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန ဤနာမ်ရုပ်ဖြင့် ကုသိုလ်ကံကိုလည်းကောင်း၊ အကုသိုလ်ကံကိုလည်းကောင်း ပြုလုပ်အပ်၏၊ ထိုကံတို့သည် အဘယ်၌ တည်ရှိနေပါကုန်သနည်း”ဟု မေးလျှောက်၏။ မင်းမြတ် ထိုကံတို့သည် အစဉ်တစိုက် နောက်မှ လိုက်သော အရိပ်ကဲ့သို့ အစဉ်တစိုက် နောက်မှ လိုက်တတ်ကုန်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား “ဤနေရာ၌လည်းကောင်း၊ ဤနေရာ၌လည်းကောင်း ထိုကံတို့သည် တည်ရှိကုန်၏”ဟု ပြခြင်းငှါ တတ်ကောင်းပါသလောဟု (မေးလျှောက်၏)။ မင်းမြတ် “ဤနေရာ၌လည်းကောင်း၊ ဤနေရာ၌လည်းကောင်း ထိုကံတို့သည် တည်ရှိကုန်၏”ဟု ထိုကံတို့ကို ပြခြင်းငှါ မတတ်ကောင်းဟု (မိန့်တော်မူ၏)။

ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ အကြင်သစ်ပင်တို့သည် အသီးတို့ မသီးသေးကုန်၊ “ဤနေရာ၌လည်းကောင်း၊ ဤနေရာ၌လည်းကောင်း ထိုအသီးတို့သည် တည်ကုန်၏”ဟု ထိုသစ်ပင်တို့၏ အသီးတို့ကို ပြခြင်းငှါ တတ်ကောင်းပါသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မတတ်ကောင်းပါဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် အစဉ်၏ မပြတ်ခြင်းကြောင့် “ဤနေရာ၌လည်းကောင်း၊ ဤနေရာ၌လည်းကောင်း ထိုကံတို့သည် တည်ရှိကုန်၏”ဟု ပြခြင်းငှါ မတတ်ကောင်းဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

ရှစ်ခုမြောက် ကမ္မဖလအတ္ထိဘာဝပဥှာ ပြီး၏။

၉-ဥပ္ပဇ္ဇတိဇာနနပဥှာ

ပဋိသန္ဓေဖြစ်တည်မှုကို သိ, မသိပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန အကြင်သူသည် ပဋိသန္ဓေတည်နေရသေး၏၊ ထိုသူသည် ‘ပဋိသန္ဓေတည်နေရဦးအံ့’ဟု သိပါသလော”ဟု မေးလျှောက်၏။ မင်းမြတ် အကြင်သူသည် ပဋိသန္ဓ တည်နေရသေး၏၊ ထိုသူသည် “ပဋိသန္ဓေတည်နေရဦးအံ့”ဟု သိပါ၏ဟု (မိန့်တော်မူ၏)။ ဥပမာ ပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် ဥပမာအားဖြင့် လယ်ထွန်ယောက်ျားသည် မျိုးစေ့တို့ကို မြေ၌ စိုက်ပျိုးကြဲချ၍ မိုးကောင်းစွာ ရွာသော် “စပါးဖြစ်လတ္တံ့”ဟု သိနိုင်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မှန်ပါ၏၊ သိနိုင်ရာပါ၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် အကြင်သူသည့်ပဋိသန္ဓေတည်နေရသေး၏၊ ထိုသူသည် “ပဋိသန္ဓေ တည်နေရဦးလတ္တံ့”ဟု သိ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

ကိုးခုမြောက် ဥပ္ပဇ္ဇတိဇာနနပဥှာ ပြီး၏။

--

၁၀-ဗုဒ္ဓနိဒဿနပဥှာ

မြတ်စွာဘုရားကို ပြနိုင်၊ မပြနိုင်ပြဿနာ

၁၀။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန မြတ်စွာဘုရားသည် ရှိပါ၏လော”ဟု မေးလျှောက်၏။ မင်းမြတ် မြတ်စွာဘုရားသည် ရှိပေ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန “မြတ်စွာဘုရားသည် ဤနေရာ၌လည်းကောင်း၊ ဤနေရာ၌လည်းကောင်း ရှိ၏”ဟု ပြခြင်းငှါ တတ်ကောင်း ပါသလောဟု (မေးလျှောက်၏)။ မင်းမြတ် မြတ်စွာဘုရားသည် ရုပ်နာမ်အကြွင်းမရှိသော နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူလေပြီ၊ မြတ်စွာဘုရားသည် “ဤနေရာ၌လည်းကောင်း၊ ဤနေရာ၌လည်းကောင်း ရှိ၏”ဟု ပြခြင်းငှါ မတတ်ကောင်းဟု (မိန့်တော်မူ၏)။

ဥပမာပြုတော်မူပါဦးလော့ဟု လျှောက်၏။ မင်းမြတ် ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ တောက်လောင်နေသော မီးပုံကြီး၏ အကြင်မီးတောက်သည် ချုပ်ပျောက်ပြီ၊ ထိုမီးတောက်မီးလျှံသည် “ဤနေရာ၌လည်းကောင်း၊ ဤနေရာ၌လည်းကောင်း ရှိ၏”ဟု ပြခြင်းငှါ တတ်ကောင်းပါသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ပြခြင်းငှါ မတတ်ကောင်းပါ၊ ထိုမီးတောက်မီးလျှံသည် ချုပ်ပျောက်ပြီ၊ မီးဟူသော ပညတ်မရှိခြင်းသို့ ရောက်ခဲ့ပြီဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရား သည် ရုပ်နာမ်အကြွင်း မရှိသော နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူလေပြီ၊ ချုပ်ကွယ်ခြင်းသို့ ရောက် တော်မူလေပြီ၊ မြတ်စွာဘုရားသည် “ဤနေရာ၌လည်းကောင်း၊ ဤနေရာ၌လည်းကောင်း ရှိ၏”ဟု ပြခြင်း ငှါ မတတ်ကောင်း၊ မင်းမြတ် တရားအပေါင်းဖြင့် မြတ်စွာဘုရားကို ပြခြင်းငှါ တတ်ကောင်း၏၊ မင်းမြတ် ထိုစကားမှန်၏၊ မြတ်စွာဘုရားသည် တရားတော်ကို ဟောထားတော်မူခဲ့၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

ဆယ်ခုမြောက် ဗုဒ္ဓနိဒဿနပဥှာ ပြီး၏။

ငါးခုမြောက် ဗုဒ္ဓဝဂ် ပြီး၏။

ဤဗုဒ္ဓဝဂ်၌ အမေးပုစ္ဆာ ပြဿနာ ဆယ်ခုတို့တည်း။

--

၆-သတိဝဂ်

၁-ကာယပိယာယနပဥှာ

မိမိကိုယ်ကို ချစ်၊ မချစ်ပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန ရဟန်းတို့သည် ကိုယ်ကို ချစ်ပါသလော”ဟု မေးလျှောက်၏။ မင်းမြတ် ရဟန်းတို့သည် ကိုယ်ကို မချစ်ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား သို့ဖြစ်ပါလျက် အဘယ့်ကြောင့် ခင်မင်ကုန်သနည်း၊ မြတ်နိုးကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် တစ်ခါတစ်ရံ၌ စစ်တိုက်ရာသို့ သွားသော သင်မင်းမြတ်အား မြားထိမှန်ဖူးသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မြားထိမှန်ဖူးပါ၏ဟု (လျှောက်၏)။ မင်းမြတ် အသို့နည်း ထိုမြားထိမှန်သော အနာကို လိမ်းဆေးဖြင့်လည်း လိမ်းအပ်သည် မဟုတ်လော၊ ဆီဖြင့်လည်း သုတ်လူးအပ်သည် မဟုတ်လော၊ နူးညံ့သော အဝတ်စပြားဖြင့်လည်း ပတ်စည်းအပ်သည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရားဟုတ်ပါ၏၊ လိမ်းဆေးဖြင့်လည်း လိမ်းအပ်ပါ၏၊ ဆီဖြင့်လည်း သုတ်လူးအပ်ပါ၏၊ နူးညံ့သော အဝတ်စပြားဖြင့်လည်း ပတ်စည်းအပ်ပါ၏ဟု (လျှောက်၏)။ မင်းမြတ် အသို့နည်း အနာကို သင်ချစ်သလော၊ ထိုသို့ ချစ်သောကြောင့် လိမ်းဆေးဖြင့်လည်း လိမ်းအပ်သလော၊ ဆီဖြင့်လည်း သုတ်လူးအပ်သလော၊ နူးညံ့သော အဝတ်စပြားဖြင့်လည်း ပတ်စည်းအပ်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား အကျွန်ုပ်သည် အနာကို မချစ်ပါ၊ စင်စစ်သော်ကား အသားနုတက်စေခြင်းငှါ လိမ်းဆေးဖြင့်လည်း လိမ်းအပ်ပါ၏၊ ဆီဖြင့်လည်း သုတ်လူးအပ်ပါ၏၊ နူးညံ့သော အဝတ်စပြားဖြင့်လည်း ပတ်စည်းအပ်ပါ၏ဟု လျှောက်၏။ မင်းမြတ် ဤအတူပင်လျှင် ရဟန်းတို့သည် ကိုယ်ကို မချစ်၊ သို့မချစ်သော်လည်း ရဟန်းတို့သည် တပ်မက်မှု၌ မနစ်မြုပ်ကုန်ဘဲ မြတ်သော သာသနာတော်ကို ချီးမြှောက်ခြင်းငှါ ကိုယ်ကို ဆောင်ကုန်၏၊ မင်းမြတ် စင်စစ် သော်ကား မြတ်စွာဘုရားသည် ကိုယ်ကို အနာနှင့် တူ၏ဟူ၍ ဟောတော်မူအပ်၏၊ ထို့ကြောင့် ရဟန်းတို့ သည် တပ်မက်မှု၌ မနစ်မြုပ်ကုန်ဘဲ အနာကဲ့သို့ ကိုယ်ကို ဆောင်ကုန်၏၊ မင်းမြတ် မြတ်စွာဘုရားသည်- “စိုသော အရေဖြင့် ရစ်ပတ်ဖုံးလွှမ်းအပ်သော (ဤကိုယ်သည်) ကိုးပေါက်ဒွါရ အမာဝရှိ၏၊ အိုင်းအမာကြီးလည်း ဖြစ်၏၊ မစင် မသန့် ပုပ်နံ့ညှီစွာ ထွက်ကျ လာ၍ အရပ်ထက်ဝန်းကျင်မှ ယိုစီး၏”ဟု ဤဒေသနာတော်ကိုလည်း ဟောအပ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

ရှေးဦးစွာသော ကာယပိယာယနပဥှာ ပြီး၏။

--

၂-သဗ္ဗညူဘာဝပဥှာ

မြတ်စွာဘုရား တရားအားလုံးကို သိ၊ မသိပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန မြတ်စွာဘုရားသည် အလုံးစုံကို အကုန်အစင် သိပါ၏လော၊ အလုံးစုံကို အကုန်အစင် မြင်ပါ၏လော”ဟု မေးလျှောက်၏။ မင်းမြတ် မြတ်စွာဘုရားသည် အလုံးစုံကို အကုန်အစင် သိ၏၊ အလုံးစုံကို အကုန်အစင် မြင်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား နာဂသေန ထိုသို့ သိပါ, မြင်ပါလျက် တပည့်သာဝကတို့အား သိက္ခာပုဒ်ကို အဘယ့်ကြောင့် အစဉ်အားဖြင့် ပညတ်တော်မူပါသနည်းဟု (မေးလျှောက်၏)။ မင်းမြတ် ဤမြေပြင်၌ အလုံးစုံသော ဆေးမျိုးတို့ကို သိသော တစ်စုံတစ်ဦးသော ဆေးဆရာသည် သင်မင်းမြတ်အား ရှိပါ၏လောဟု (မေးတော်မူ၏)။ အသျှင် ဘုရား ရှိပါ၏ဟု (လျှောက်၏)။ မင်းမြတ် အသို့နည်း၊ ထိုဆေးဆရာသည် သူနာကို ဆေးတိုက်ရန် အခါ အခွင့်ရောက်မှ ဆေးတိုက်သလော၊ သို့မဟုတ် ဆေးတိုက်ရန် အခါအခွင့်မရောက်မီ ဆေးတိုက်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား သူနာကို ဆေးတိုက်ရန် အခါအခွင့်ရောက်မှ ဆေးတိုက်ပါ၏၊ ဆေးတိုက် ရန် အခါအခွင့်မရောက်မီ ဆေးမတိုက်ပါဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရားသည် အလုံးစုံကို အကုန်အစင် သိ၏၊ အလုံးစုံကို အကုန်အစင် မြင်၏၊ သိက္ခာပုဒ်ပညတ်ရန် အချိန်အခါ မရောက်မီ တပည့်သာဝကတို့အား သိက္ခာပုဒ်ကို ပညတ်တော်မမူ၊ သိက္ခာပုဒ်ပညတ်ရန် အချိန်အခါ ရောက်မှသာလျှင် အသက်ထက်ဆုံး မလွန်ကျူးအပ်သော သိက္ခာပုဒ်ကို တပည့်သာဝကတို့အား ပညတ် တော်မူ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

နှစ်ခုမြောက် သဗ္ဗညူဘာဝပဥှာ ပြီး၏။

--

၃-မဟာပုရိသလက္ခဏပဥှာ

မြတ်စွာဘုရား မဟာပုရိသလက္ခဏာ ပြည့်စုံ၊ မပြည့်စုံပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန မြတ်စွာဘုရားသည် သုံးဆယ့်နှစ်ပါးသော မဟာပုရိသလက္ခဏာတို့နှင့် ပြည့်စုံပါသလော၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့ဖြင့်လည်း နှစ်သက်စဖွယ့်တင့်တယ်ပါသလော၊ ရွှေအဆင်းကဲ့သို့ တင့်တယ်သော အဆင်းရှိပါသလော၊ ရွှေသားသဘော ညက်ညော သန့်စင်ကြည်လင်သော အရေအဆင်းရှိပါသလော။ တစ်လံမျှလောက်သော အရောင်တော်ရှိပါသလော”ဟု မေးလျှောက်၏။ မင်းမြတ် မြတ်စွာဘုရားသည် သုံးဆယ့်နှစ်ပါးသော မဟာပုရိသလက္ခဏာတို့နှင့် ပြည့်စုံ တော်မူ၏။ ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့ဖြင့်လည်း နှစ်သက်စဖွယ် တင့်တယ်တော်မူပါ၏။ ရွှေ အဆင်းကဲ့သို့သော အဆင်းတော်ရှိပါ၏။ ရွှေသားသဘော ညက်ညောသန့်စင်ကြည်လင်သော အရေအဆင်း ရှိပါ၏။ တစ်လံမျှလောက်သော အရောင်တော်ရှိပါ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား ထိုမြတ်စွာဘုရား၏ မယ်တော်ခမည်းတော်တို့သည်လည်း သုံးဆယ့်နှစ်ပါးသော မဟာ ပုရိသလက္ခဏာတို့နှင့် ပြည့်စုံပါကုန်သလော၊ ရှစ်ဆယ်သော လက္ခဏာငယ်တို့ဖြင့် နှစ်သက်စဖွယ် တင့်တယ်ပါကုန်သလော၊ ရွှေအဆင်းကဲ့သို့ တင့်တယ်သော အဆင်းရှိပါကုန်သလော၊ ရွှေသားသဘော ညက်ညောသန့်စင်ကြည်လင်သော အရေအဆင်းရှိပါကုန်သလော၊ တစ်လံမျှလောက်သော အရောင်ရှိပါကုန် သလောဟု (မေးလျှောက်၏)။ မင်းမြတ် ထိုမြတ်စွာဘုရား၏ မယ်တော်ခမည်းတော်တို့သည် သုံးဆယ့် နှစ်ပါးသော မဟာပုရိသလက္ခဏာတို့နှင့် မပြည့်စုံကုန်၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့ဖြင့်လည်း နှစ်သက်စဖွယ် မတင့်တယ်ကုန်၊ ရွှေအဆင်းကဲ့သို့ တင့်တယ်သော အဆင်းမရှိကုန်၊ ရွှေသားသဘော ညက်ညောသန့်စင်ကြည်လင်သော အရေအဆင်းမရှိကုန်၊ တစ်လံမျှလောက်သော အရောင်မရှိကုန်ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ဤသို့ဖြစ်သည်ရှိသော် မြတ်စွာဘုရားသည် သုံးဆယ့်နှစ်ပါးသော မဟာ ပုရိသလက္ခဏာတော်တို့နှင့် ပြည့်စုံခြင်းသည် မဖြစ်တန်ရာပါ၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့ဖြင့်လည်း နှစ်သက်စဖွယ် မတင့်တယ်ရာပါ၊ ရွှေအဆင်းကဲ့သို့ တင့်တယ်သော အဆင်းလည်း မရှိတန်ရာပါ၊ ရွှေသားသဘော ညက်ညောသန့်စင်ကြည်လင်သော အရေအဆင်းတော်လည်း မရှိတန်ရာပါ၊ တစ်လံမျှ လောက်သော အရောင်တော်လည်း မရှိတန်ရာပါ၊ စင်စစ်သော်ကား အမိနှင့် တူသော သားသည်မူလည်း ဖြစ်သင့်ပါ၏။ အမိဘက်လိုက်သော သားသည်မူလည်း ဖြစ်သင့်ပါ၏။ အဖနှင့် တူသော သားသည်မူလည်း ဖြစ်သင့်ပါ၏၊ အဖဘက်လိုက်သော သားသည်မူလည်း ဖြစ်သင့်ပါ၏ဟု (လျှောက်၏)။ နာဂသေနမထေရ် သည် “မင်းမြတ် ပွင့်ချပ်များသော တစ်စုံတစ်ခုသော ကြာသည် ရှိသည်မဟုတ်လော”ဟု မေးတော်မူ၏။ အသျှင်ဘုရား ရှိပါသည်ဟု (လျှောက်၏)။ ထိုကြာ၏ ဖြစ်ရာသည် အဘယ်၌ ဖြစ်သနည်းဟု (မေးတော်မူ၏)။ ညွန်၌ ဖြစ်ပါ၏၊ ရေ၌ မှီပါ၏ဟု (လျှောက်၏)။ မင်းမြတ် အသို့နည်း၊ ကြာသည် ညွန်နှင့် အဆင်းအားဖြင့်လည်းကောင်း၊ အနံ့အားဖြင့်လည်းကောင်း၊ အရသာအားဖြင့်လည်းကောင်း တူပါသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မတူပါဟု (လျှောက်၏)။ သို့မဟုတ် ရေနှင့် အဆင်းအားဖြင့်လည်းကောင်း၊ အနံ့အားဖြင့်လည်းကောင်း၊ အရသာအားဖြင့်လည်းကောင်း တူပါသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မတူပါဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရားသည် သုံးဆယ့် နှစ်ပါးသော မဟာပုရိသလက္ခဏာတော်တို့နှင့် ပြည့်စုံတော်မူ၏၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့ဖြင့်လည်း နှစ်သက်စဖွယ် တင့်တယ်တော်မူ၏။

--

ရွှေအဆင်းကဲ့သို့ တင့်တယ်သော အဆင်း ရှိတော်မူ၏၊ ရွှေသားသဘော ညက်ညောသန့်စင်ကြည်လင်သော အရေအဆင်းတော်လည်း ရှိတော်မူ၏၊ တစ်လံမျှ လောက်သော ရောင်ခြည်တော်လည်း ရှိတော်မူ၏၊ ထိုမြတ်စွာဘုရား၏ မယ်တော်ခမည်းတော်တို့သည် သုံးဆယ့်နှစ်ပါးသော မဟာပုရိသလက္ခဏာတို့နှင့် မပြည့်စုံပါကုန်၊ ရှစ်ဆယ်သော လက္ခဏာငယ်တို့ဖြင့် နှစ်သက်စဖွယ် မတင့်တယ်ပါကုန်၊ ရွှေအဆင်းကဲ့သို့ တင့်တယ်သော အဆင်းမရှိပါကုန်၊ ရွှေသားသဘော ညက်ညော သန့်စင်ကြည်လင်သော အရေအဆင်းမရှိပါကုန်၊ တစ်လံမျှလောက်သော အရောင်မရှိပါကုန်ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

သုံးခုမြောက် မဟာပုရိသလက္ခဏပဥှာ ပြီး၏။

၄-ဘဂဝတော ဗြဟ္မစာရိပဥှာ

မြတ်စွာဘုရား ဗြဟ္မစာရီ မည်၊ မမည်ပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန မြတ်စွာဘုရားသည် ဗြဟ္မာမင်း၏ အကျင့်ကိုကျင့်သူ ‘ဗြဟ္မစာရီ’မည်ပါသလော”ဟု မေးလျှောက်၏။ မင်းမြတ် မြတ်စွာဘုရားသည် ဗြဟ္မာမင်း၏ အကျင့်ကို ကျင့်သူ ဗြဟ္မစာရီမည်တော်မူ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန သို့ဖြစ်လျှင် မြတ်စွာဘုရား သည် ဗြဟ္မာ၏ တပည့်လေလောဟု (မေးလျှောက်၏)။ မင်းမြတ် မင်းမြတ်အား ဆင်တို့၏ အကြီးအမှူး ဖြစ်သော မင်္ဂလာဆင်တော်သည် ရှိပါသလောဟု မေးတော်မူ၏။ အသျှင်ဘုရား ရှိပါ၏ဟု လျှောက်၏။ မင်းမြတ် အသို့နည်း ထိုဆင်တို့ အကြီးအမှူးဖြစ်သော မင်္ဂလာဆင်တော်သည် တစ်ခါတစ်ရံ ကြိုးကြာသံနှင့် တူသော အသံကို မြည်သည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရားဟုတ်ပါ၏၊ မြည်ပါ၏ဟု (လျှောက်၏)။ မင်းမြတ် သို့ ဖြစ်လျှင် ထိုဆင်သည် ကြိုးကြာငှက်၏ တပည့်လေလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မဟုတ်ပါဟု (လျှောက်၏)။ မင်းမြတ် အသို့နည်း၊ ဗြဟ္မာသည် သိသင့် သိထိုက်သော တရားရှိသေးသလော၊ သိသင့်သိထိုက်သော တရား မရှိတော့ပြီလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား သိသင့်သိထိုက်သော တရားရှိပါသေး၏ဟု (လျှောက်၏)။ မင်းမြတ် သို့ဖြစ်လျှင် ဗြဟ္မာသည် မြတ်စွာဘုရား၏ တပည့်သာတည်းဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

လေးခုမြောက် ဘဂဝတော ဗြဟ္မစာရိပဥှာ ပြီး၏။

--

၅-ဘဂဝတော ဥပသမ္ပဒါပဥှာ

မြတ်စွာဘုရား ပဉ္စင်း ဖြစ်၊ မဖြစ်ပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန ရဟန်းပဉ္စင်း၏ အဖြစ်သည် ကောင်းမြတ်ပါ၏ လော”ဟု မေးလျှောက်၏။ မင်းမြတ် ရဟန်းပဉ္စင်း၏ အဖြစ်သည် ကောင်းမြတ်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား နာဂသေန မြတ်စွာဘုရားအား ပဉ္စင်းအဖြစ်သည် ရှိပါသလော၊ သို့မဟုတ် မရှိပါသလောဟု (မေးလျှောက်၏)။ မင်းမြတ် မြတ်စွာဘုရားသည် ဗောဓိပင်ရင်း၌ သဗ္ဗညုတဉာဏ်တော်ကို ရသည်နှင့် တစ်ပြိုင်နက် ရဟန်းပဉ္စင်း ဖြစ်လေပြီ၊ မြတ်စွာဘုရားသည် အသက်ထက်ဆုံး မလွန်ကျူးအပ်ဟု တပည့် သာဝကတို့အား သိက္ခာပုဒ်ကို ပညတ်ဘိသည့်အလား မြတ်စွာဘုရားအား အခြားသူတို့က ပေးသင့် ပေးထိုက်သော ပဉ္စင်းအဖြစ် မရှိခဲ့ပေဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

ငါးခုမြောက် ဘဂဝတော ဥပသမ္ပဒါပဥှာ ပြီး၏။

၆-အဿုဘေသဇ္ဇာဘေသဇ္ဇပဥှာ

မျက်ရည်၏ ဆေးနှင့် ဘေးဖြစ်ပုံပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန အကြင်သူသည် အမိသေသည်ရှိသော် ငိုကြွေး၏၊ အကြင်သူသည်ကား တရားခင်မင်သဖြင့် ငိုကြွေး၏၊ ငိုကြွေးကုန်သော ထိုသူနှစ်ယောက်တို့တွင် အဘယ် သူ၏ မျက်ရည်သည်ရာဂငြိမ်းကြောင်း ဆေးကောင်းဖြစ်ပါသနည်း၊ အဘယ်သူ၏ မျက်ရည်သည် ဆေး ကောင်း မဖြစ်ပါသနည်း”ဟု လျှောက်၏။ မင်းမြတ် တစ်ယောက်သောသူ၏ မျက်ရည်သည်ကားရာဂ, ဒေါသ, မောဟတို့ဖြင့် ညစ်နွမ်း၏၊ ပူလောင်၏၊ တစ်ယောက်သောသူ၏ မျက်ရည်သည်ကား နှစ်သက့်ခြင်း, ဝမ်းသာခြင်းဖြင့် အညစ်အကြေးကင်း၏၊ သီတာရေသို့ အေးမြ၏၊ မင်းမြတ် အကြင်မျက်ရည်သည် အေးမြ၏၊ ထိုမျက်ရည်သည်ရာဂငြိမ်းကြောင်း ဆေးကောင်းဖြစ်ပါ၏။ အကြင်မျက်ရည်သည် ပူလောင်၏။ ထိုမျက်ရည်သည် ဆေးကောင်းမဖြစ်နိုင်ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

ခြောက်ခုမြောက် အဿုဘေသဇ္ဇာဘေသဇ္ဇပဥှာ ပြီး၏။

--

၇-သရာဂဝီတရာဂနာနာကရဏပဥှာ

ရာဂရှိသူနှင့်ရာဂကင်းသူ ထူးပုံ ပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေနရာဂရှိသူ၏လည်းကောင်း၊ ရာဂကင်းသူ၏ လည်းကောင်း ထူးခြားသော အကြောင်းသည် အဘယ်ပါနည်း”ဟု မေးလျှောက်၏။ မင်းမြတ် တစ်ယောက်သောသူသည် လွှမ်းမိုးသက်ဝင်၍ တည်၏၊ တစ်ယောက်သောသူသည်ကား လွှမ်းမိုးသက်ဝင်၍ မတည်၊ ဤသို့ ထူးခြား၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား လွှမ်းမိုးသက်ဝင်၍တည်သူ၊ လွှမ်းမိုးသက်ဝင်၍ မတည်သူဟူသော ဤစကားသည် အဘယ်သဘော အဓိပ္ပါယ်ပါနည်းဟု မေးလျှောက်၏။ မင်းမြတ် တစ်ယောက်သောသူသည် အလိုရှိတတ်၏၊ တစ်ယောက်သောသူသည်ကား အလိုမရှိတတ်ဟု မိန့်တော်မူ၏။ အသျှင်ဘုရားရာဂရှိသောသူဖြစ်စေ၊ရာဂကင်းသောသူဖြစ်စေ ဤနှစ်ဦးလုံးသည်လည်းကောင်းမြတ်သည်သာဖြစ်သော ခဲဖွယ်ဘောဇဉ်ကို အလိုရှိပါ၏၊ တစ်ယောက်သောသူမျှ မကောင်းသော ခဲဖွယ်ဘောဇဉ်ကို အလိုမရှိ၊ အကျွန်ုပ်သည် ဤသို့သော အရာကို တွေ့မြင်ရပါ၏ဟု လျှောက်၏။ မင်းမြတ်ရာဂမကင်းသောသူသည် အရသာကို ခံစားသည်ဖြစ်၍လည်းကောင်း၊ ရသတဏှာဖြင့် ခံစား သည်ဖြစ်၍လည်းကောင်း ဘောဇဉ်ကို သုံးဆောင်၏၊ရာဂကင်းသောသူသည်ကား အရသာကို ခံစား၍ သာ ဘောဇဉ်ကို သုံးဆောင်၏၊ ရသတဏှာဖြင့် ခံစား၍မူကား ဘောဇဉ်ကို မသုံးဆောင်လေဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

ခုနစ်ခုမြောက် သရာဂဝီတရာဂနာနာကရဏပဥှာ ပြီး၏။

၈-ပညာပတိဋ္ဌာနပဥှာ

ပညာ၏ တည်နေရာ ပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန ပညာသည် အဘယ်အရပ်၌ ထင်ရှားစွာ နေပါ သနည်း”ဟု မေးလျှောက်၏။ မင်းမြတ် ပညာသည် တစ်စုံတစ်ခုသော အရပ်၌ ထင်ရှားစွာ မနေဟု မိန့်တော်မူ၏၊ အသျှင်ဘုရားနာဂသေန သို့ဖြစ်လျှင် ပညာသည် မရှိပါသလောဟု (မေးလျှောက်၏)။ မင်းမြတ် လေသည် အဘယ်အရပ်၌ ထင်ရှားစွာ နေသနည်းဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား လေသည် တစ်စုံတစ်ခုသော အရပ်၌ ထင်ရှားစွာ မနေဟု (လျှောက်၏)။ မင်းမြတ် သို့ဖြစ်လျှင် လေသည် မရှိ သလောဟု (မေးတော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

ရှစ်ခုမြောက် ပညာပတိဋ္ဌာနပဥှာ ပြီး၏။

--

၉-သံသာရပဥှာ

သံသရာ ပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန သံသရာဟူ၍ အကြင်စကားကို ဆိုတော်မူ၏၊ ထိုသံသရာသည် အဘယ်ပါနည်း”ဟု မေးလျှောက်၏။ မင်းမြတ် ဤအရပ်, ဤဘုံ၌ ဖြစ်၍ ဤအရပ်, ဤဘုံ၌ပင်လျှင် သေ၏၊ ဤအရပ်, ဤဘုံ၌ သေ၍ တစ်ပါးသော အရပ်, တစ်ပါးသော ဘုံ၌ ဖြစ်ပြန်၏၊ ထိုအရပ်, ထိုဘုံ၌ ဖြစ်၍ ထိုအရပ်, ထိုဘုံ၌ပင်လျှင် သေ၏၊ ထိုအရပ်, ထိုဘုံ၌ သေ၍ တစ်ပါးသော အရပ်, တစ်ပါးသော ဘုံ၌ ဖြစ်ပြန်၏၊ မင်းမြတ် ဤသို့လျှင် သံသရာသည် ဖြစ်၏ဟု (မိန့်တော်မူ၏)။

ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် ဥပမာအားဖြင့် တစ်စုံတစ်ယောက်သော ယောက်ျားသည် သရက်သီးမှည့်ကို စား၍ အစေ့ကို စိုက်ပျိုးရာ၏၊ ထိုသရက်သီးမှည့်မှ ကြီးစွာသော သရက်ပင်သည် ဖြစ်၍ အသီးသီးရာ၏၊ ထိုအခါ ထိုယောက်ျားသည် ထိုသရက်ပင်မှလည်း သရက်သီး မှည့်ကို စား၍ အစေ့ကို စိုက်ပျိုးပြန်ရာ၏၊ ထိုသရက်သီးအစေ့မှလည်း ကြီးစွာသော သရက်ပင်သည် ဖြစ်ပြန်၍ အသီးသီးပြန်ရာ၏၊ ဤသို့ (ဆက်ကာ ဆက်ကာ စိုက်ပျိုးသော်) ထိုသရက်ပင်တို့၏ အဆုံး သည် မထင်၊ မင်းမြတ် ဤအတူသာလျှင် ဤအရပ်, ဤဘုံ၌ ဖြစ်၍ ဤအရပ်, ဤဘုံ၌ပင်လျှင် သေ၏၊ ဤအရပ်, ဤဘုံ၌ သေ၍ တစ်ပါးသော အရပ်, တစ်ပါးသော ဘုံ၌ ဖြစ်ပြန်၏၊ ထိုအရပ်, ထိုဘုံ၌ ဖြစ်၍ ထိုအရပ်, ထိုဘုံ၌ပင်လျှင် သေ၏၊ ထိုအရပ်, ထိုဘုံ၌ သေ၍ တစ်ပါးသော အရပ်, တစ်ပါးသော ဘုံ၌ ဖြစ်ပြန်၏၊ မင်းမြတ် ဤသို့လျှင် သံသရာသည် ဖြစ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

ကိုးခုမြောက် သံသာရပဥှာ ပြီး၏။

၁၀-စိရကတသရဏပဥှာ

ကြာမြင့်စွာက ပြုပြီးသည်ကို အောက်မေ့နိုင်မှု ပြဿနာ

၁၀။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန လွန်လေပြီးသော၊ ကြာမြင့်စွာက ပြုအပ်ပြီးသော အရာကို အဘယ်တရားဖြင့် အောက်မေ့နိုင်ပါသနည်း”ဟု မေးလျှောက်၏။ မင်းမြတ် သတိတရားဖြင့် အောက်မေ့နိုင်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန သတိဖြင့် မအောက်မေ့နိုင်၊ စိတ်ဖြင့်သာ အောက်မေ့နိုင်သည် မဟုတ်ပါလောဟု (မေးလျှောက်၏)။ မင်းမြတ် သင်မင်းမြတ်သည် တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စကို ပြုပြီး၍ မေ့လျော့သည်ကို မှတ်မိဖူးသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မှတ်မိပါ၏ဟု (လျှောက်၏)။ မင်းမြတ် အသို့နည်း၊ သင်မင်းမြတ်သည် ထိုမေ့လျော့နေစဉ် အခါက စိတ်မရှိသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား စိတ်မရှိသည် မဟုတ်ပါ၊ ထိုမေ့လျော့ခိုက်အခါက သတိသည် မဖြစ်ပါဟု (လျှောက်၏)၊ မင်းမြတ် သို့ဖြစ်ပါလျက် သင်သည် သတိဖြင့် မအောက်မေ့နိုင်၊ စိတ်ဖြင့်သာ အောက် မေ့နိုင်၏ဟု အဘယ့်ကြောင့် ဆိုဘိသနည်းဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

ဆယ်ခုမြောက် စိရကတသရဏပဥှာ ပြီး၏။

--

၁၁-အဘိဇာနန္တသတိပဥှာ

သတိသည် အမြဲသိမှတ်၍ ဖြစ်၊ မဖြစ် ပြဿနာ

၁၁။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန အလုံးစုံသော သတိသည် အမြဲသိမှတ်၍ ဖြစ်ပါ သလော၊ သို့မဟုတ် (အခြားသူတို့) လှုံ့ဆော်မှသာ ဖြစ်ပါသလော”ဟု မေးတော်မူ၏။ မင်းမြတ် သတိ သည် အမြဲသိမှတ်၍လည်း ဖြစ်၏၊ (အခြားသူတို့) လှုံ့ဆော်၍လည်း ဖြစ်၏ဟု (မိန့်တော်မူ၏)။ အသျှင် ဘုရားနာဂသေန အလုံးစုံသော သတိသည် ဤသို့လျှင် အမြဲသိမှတ်၍ ဖြစ်ခဲ့ပါမူကား (အခြားသူတို့) လှုံ့ဆော်၍ ဖြစ်သော သတိသည် မရှိတန်ရာဟု (လျှောက်၏)။ မင်းမြတ် (အခြားသူတို့) လှုံ့ဆော်၍ ဖြစ်သော သတိသည် အကယ်၍ မရှိခဲ့မူ (ဆင်စွယ်ပွတ်ပန်းချီစသော) အတတ်သည်တို့၏ ပြုလုပ်ဖွယ်အမှု့တို့ဖြင့်လည်းကောင်း၊ အတတ်ပညာတို့ဖြင့်လည်းကောင်း၊ ပညာ၏အကြောင်းတို့ဖြင့်လည်းကောင်း ပြုဖွယ် မရှိတော့ရာ၊ အတတ်သင်ဆရာတို့သည် အကျိုးမရှိကုန်ရာ၊ မင်းမြတ် အကြင့်ကြောင့်လည်း (အခြားသူတို့) လှုံ့ဆော်၍ဖြစ်သော သတိသည် ရှိ၏၊ ထို့ကြောင့် ပြုလုပ်ဖွယ်အမှုတို့ဖြင့်လည်းကောင်း၊ အတတ်ပညာတို့ဖြင့်လည်းကောင်း၊ ပညာ၏အကြောင်းတို့ဖြင့်လည်းကောင်း ပြုလုပ်ဖွယ်သည် ရှိပါ၏၊ အတတ်သင် ဆရာတို့ဖြင့် အကျိုးလည်း ရှိ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

တစ်ဆယ့်တစ်ခုမြောက် အဘိဇာနန္တသတိပဥှာ ပြီး၏။

ခြောက်ခုမြောက် သတိဝဂ် ပြီး၏။

ဤသတိဝဂ်၌ အမေးပုစ္ဆာပြဿနာ တစ်ဆယ့်တစ်ခုတို့တည်း။

--

၇-အရူပဓမ္မဝဝတ္တာနဝဂ်

၁-သတိဥပ္ပဇ္ဇနပဥှာ

သတိဖြစ်ပေါ်ပုံ ပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန အဘယ်မျှလောက်သော အကြောင်းတို့ဖြင့် သတိ ဖြစ်ပါသနည်း”ဟု မေးလျှောက်၏။ မင်းမြတ် တစ်ဆယ့်ခုနစ်ပါးသော အကြောင်းတို့ဖြင့် သတိဖြစ်၏ဟု (မိန့်တော်မူ၏)။ အဘယ်တစ်ဆယ့်ခုနစ်ပါးသော အကြောင်းတို့ဖြင့် သတိဖြစ်ပါသနည်းဟု (လျှောက်၏)။ မင်းမြတ် အမြဲသိမှတ်သောအားဖြင့်လည်း သတိဖြစ်၏၊ (အခြားသူတို့) လှုံ့ဆော်သောအားဖြင့်လည်း သတိ ဖြစ်၏၊ ထင်ရှားသော အာရုံကို သိသောအားဖြင့်လည်း သတိဖြစ်၏၊ အကျိုးစီးပွါးရှိ၏ဟု သိသောအားဖြင့်လည်း သတိဖြစ်၏၊ အကျိုးစီးပွါးမရှိဟု သိသောအားဖြင့်လည်း သတိဖြစ်၏၊ သဘောတူအာရုံအားဖြင့်လည်း သတိဖြစ်၏၊ သဘောကွဲ အာရုံအားဖြင့်လည်း သတိဖြစ်၏၊ စကားကို ကြားသိသောအားဖြင့်လည်း သတိဖြစ်၏၊ မှတ်ကြောင်း အင်္ဂါလက္ခဏာအားဖြင့်လည်း သတိဖြစ်၏၊ သူတစ်ပါးသတိပေးသောအားဖြင့်လည်း သတိဖြစ်၏၊ အက္ခရာအရေးအသားအားဖြင့်လည်း သတိဖြစ်၏၊ ဂဏန်းသင်္ချာအရေအတွက်အား ဖြင့်လည်း သတိဖြစ်၏၊ နှုတ်တက်အာဂုံဆောင် သောအားဖြင့်လည်း သတိဖြစ်၏၊ ကမ္မဋ္ဌာန်းဘာဝနာအားဖြင့်လည်း သတိဖြစ်၏၊ ပေပရပိုက်စာအုပ်တို့နှင့် ဖွဲ့ယှက် ဆက်စပ်သောအားဖြင့်လည်း သတိဖြစ်၏၊ အနီး၌ ထားသောအားဖြင့်လည်း သတိဖြစ်၏၊ သုံးဆောင်ခံစားဖူးသောအားဖြင့်လည်း သတိဖြစ်၏ဟု (မိန့်တော်မူ၏)။

၁။ အမြဲသိမှတ်သောအားဖြင့် အဘယ်သို့ သတိဖြစ်သနည်းဟူမူ၊ မင်းမြတ် အသျှင်အာနန္ဒာနှင့် ခုဇ္ဇုတ္တရာဥပါသိကာမတို့သည် (ပိဋကတ်သုံးပုံကို) အောက်မေ့နိုင်ကုန်သကဲ့သို့လည်းကောင်း၊ ဇာတိဿရ ဉာဏ်ကို ရသူတို့သည် မိမိတို့ဖြစ်ပြီးဘဝကို အောက်မေ့နိုင်ကုန်သကဲ့သို့လည်းကောင်းတည်း၊ ဤသို့လျှင် သတိသည် အမြဲသိမှတ်သောအားဖြင့် ဖြစ်၏။

၂။ (အခြားသူတို့) လှုံ့ဆော်သောအားဖြင့် အဘယ်သို့ သတိဖြစ်သနည်းဟူမူ၊ ပြကတေ့အားဖြင့် သတိမေ့လျော့တတ်သူကို သူတစ်ပါးတို့က သတိရစေခြင်းငှါ အမြဲမပြတ် ဖွဲ့စပ်နှိုးဆော်ရကုန်၏၊ ဤသို့လျှင် သတိသည် (အခြားသူတို့) လှုံ့ဆော်သောအားဖြင့် ဖြစ်၏။

၃။ ထင်ရှားသော အာရုံကို သိသောအားဖြင့် အဘယ်သို့ သတိဖြစ်သနည်းဟူမူ၊ မင်းအဖြစ်၌မူလည်း အဘိသိက်သွန်းခံရသူဖြစ်၏၊ သောတာပတ္တိဖိုလ်သို့မူလည်း ရောက်ရသူဖြစ်၏၊ ဤသို့လျှင် သတိသည် ထင်ရှားသော အာရုံကို သိသောအားဖြင့် ဖြစ်၏။

၄။ အကျိုးစီးပွါးရှိ၏ဟု သိသောအားဖြင့် အဘယ်သို့ သတိဖြစ်သနည်းဟူမူ၊ အကြင်အရပ်၌ ချမ်းသာစေအပ်၏၊ “ဤမည်သော အရပ်၌ ဤသို့ ချမ်းသာစေအပ်ပြီ”ဟု (ထိုအရပ်ကို) အောက်မေ့၏၊ ဤသို့လျှင် သတိသည် အကျိုးစီးပွါးရှိ၏ဟု သိသောအားဖြင့် ဖြစ်၏။

၅။ အကျိုးစီးပွါးမရှိဟု သိသောအားဖြင့် အဘယ်သို့ သတိဖြစ်သနည်းဟူမူ၊ အကြင်အရပ်၌ ဆင်းရဲ စေအပ်၏၊ “ဤမည်သော အရပ်၌ ဤသို့ ဆင်းရဲစေအပ်ပြီ”ဟု (ထိုအရပ်ကို) အောက်မေ့၏၊ ဤသို့လျှင် သတိသည် အကျိုးစီးပွါးမရှိဟု သိသောအားဖြင့် ဖြစ်၏။

၆။ သဘောတူအာရုံအားဖြင့် အဘယ်သို့ သတိဖြစ်သနည်းဟူမူ၊ အမိစသည်နှင့်တူသော ပုဂ္ဂိုလ်ကို မြင်၍ အမိကိုလည်းကောင်း၊ အဖကိုလည်းကောင်း၊ အစ်ကိုကိုလည်းကောင်း၊ အစ်မ,ညီမကိုလည်းကောင်း သတိရ၏၊ ကုလားအုပ်ကိုလည်းကောင်း၊ နွားကိုလည်းကောင်း၊ မြည်းကိုလည်းကောင်း မြင်၍ အခြား တစ်ပါးသော ထိုသို့ သဘောရှိသော ကုလားအုပ်ကိုလည်းကောင်း၊ နွားကိုလည်းကောင်း၊ မြည်းကိုလည်းကောင်း သတိရ၏၊ ဤသို့လျှင် သတိသည် သဘောတူအာရုံအားဖြင့် ဖြစ်၏။

--

၇။ သဘောကွဲအာရုံအားဖြင့် အဘယ်သို့ သတိဖြစ်သနည်းဟူမူ၊ ဤမည်သောသူ၏ အဆင်းသည် ဤသို့ သဘောရှိ၏၊ အသံသည် ဤသို့ သဘောရှိ၏၊ အနံ့သည် ဤသို့ သဘောရှိ၏၊ အရသာသည် ဤသို့ သဘောရှိ၏၊ အတွေ့အထိသည် ဤသို့ သဘောရှိ၏ဟု အောက်မေ့၏၊ ဤသို့လျှင် သတိသည် သဘောကွဲ အာရုံအားဖြင့် ဖြစ်၏။

၈။ စကားကို ကြားသိသောအားဖြင့် အဘယ်သို့ သတိဖြစ်သနည်းဟူမူ၊ ပြကတေ့အားဖြင့် မေ့လျော့တတ်သူကို သူတစ်ပါးတို့က သတိရစေကုန်၏၊ ထိုစကားဖြင့် ထိုသူသည် အောက်မေ့နိုင်၏၊ ဤသို့လျှင် သတိသည် စကားကို ကြားသိသောအားဖြင့် ဖြစ်၏။

၉။ မှတ်ကြောင်းအင်္ဂါလက္ခဏာအားဖြင့် အဘယ်သို့ သတိဖြစ်သနည်းဟူမူ၊ အကြင်သူသည် ပြကတေ့အားဖြင့် နွားတို့၏ ခြေလက်စသော အင်္ဂါဖြင့် သိ၏၊ ဗွေ,အိမ်မြှောင်စသော လက္ခဏာဖြင့် သိ၏၊ ဤသို့လျှင် သတိသည် မှတ်ကြောင်းအင်္ဂါလက္ခဏာအားဖြင့် ဖြစ်၏။

၁၀။ သူတစ်ပါးသတိပေးသောအားဖြင့် အဘယ်သို့ သတိဖြစ်သနည်းဟူမူ၊ ပြကတေ့အားဖြင့် မေ့လျော့တတ်သူကို “အချင်း သတိရလော့၊ အချင်း သတိရလော့”ဟု အတန်တန် အောက်မေ့စေ၏၊ ဤသို့လျှင် သတိသည် သူတစ်ပါးသတိပေးသောအားဖြင့် ဖြစ်၏။

၁၁။ အက္ခရာအရေးအသားအားဖြင့် အဘယ်သို့ သတိဖြစ်သနည်းဟူမူ၊ အက္ခရာအရေးအသားကို သင်ကြားထားသည်၏ အဖြစ်ကြောင့် “ဤအက္ခရာ၏ အခြားမဲ့၌ ဤအက္ခရာကို ပြုအပ်၏”ဟု သိ၏၊ ဤသို့လျှင် သတိသည် အက္ခရာအရေးအသားအားဖြင့် ဖြစ်၏။

၁၂။ ဂဏန်းသင်္ချာအတွက်အားဖြင့် အဘယ်သို့ သတိဖြစ်သနည်းဟူမူ၊ ဂဏန်းသင်္ချာ၌ သင်ကြား ထားပြီးသည်၏ အဖြစ်ကြောင့် ဂဏန်းသင်္ချာတတ်သူတို့သည် များစွာသော ဂဏန်းကိုလည်း ရေတွက်နိုင်ကုန်၏၊ ဤသို့လျှင် သတိသည် ဂဏန်းသင်္ချာအတွက်အားဖြင့် ဖြစ်၏။

၁၃။ နှုတ်တက်အာဂုံဆောင်သောအားဖြင့် အဘယ်သို့ သတိဖြစ်သနည်းဟူမူ၊ နှုတ်တက်ဆောင်ခြင်း ဖြင့် သင်ကြားထားပြီးသည်၏ အဖြစ်ကြောင့် နှုတ်တက်အာဂုံဆောင်သူတို့သည် များစွာသော ကျမ်းဂန်တို့ကို ဆောင်နိုင်ကုန်၏၊ ဤသို့လျှင် သတိသည် နှုတ်တက်အာဂုံဆောင်သောအားဖြင့် ဖြစ်၏။

၁၄။ ကမ္မဋ္ဌာန်းဘာဝနာအားဖြင့် အဘယ်သို့ သတိဖြစ်သနည်းဟူမူ၊ ဤသာသနာတော်၌ ရဟန်းသည် များပြားသော ရှေး၌ နေဖူးသော ဘဝကို အောက်မေ့နိုင်၏၊ ဤသည်ကား အဘယ်နည်း၊ တစ်ဘဝ ကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာနှင့်တကွ၊ ညွှန်းပြဖွယ် (အမည်, အနွယ်)နှင့်တကွ ရှေး၌ နေဖူးသည်ကို အောက်မေ့နိုင်၏၊ ဤသို့လျှင် သတိသည် ကမ္မဋ္ဌာန်းဘာဝနာအားဖြင့် ဖြစ်၏။

၁၅။ ပေပရပိုက်စာအုပ်တို့နှင့် ဖွဲ့ယှက်ဆက်စပ်သောအားဖြင့် အဘယ်သို့ သတိဖြစ်သနည်းဟူမူ၊ မင်းတို့သည် (အပြစ်ဒဏ်စသည် ချပေးဆုံးဖြတ်ရာ၌) စည်းမျဉ်းဥပဒေကို မေ့လျော့ကုန်သည်ဖြစ်၍့ဤမည်သော (စည်းမျဉ်းဥပဒေ) ကျမ်းကို ဆောင်ယူခဲ့ကုန်လော့ဟု ဆို၍ ထို (စည်းမျဉ်းဥပဒေ) ကျမ်းဖြင့် အောက်မေ့သတိရကုန်၏၊ ဤသို့လျှင် သတိသည် ပေပရပိုက်စာအုပ်တို့နှင့် ဖွဲ့ယှက်ဆက်စပ်သောအားဖြင့် ဖြစ်၏။

၁၆။ အနီး၌ ထားသောအားဖြင့် အဘယ်သို့ သတိဖြစ်သနည်းဟူမူ၊ အနီး၌ ထားသော ဥစ္စာဘဏ္ဍာ ကို မြင်၍ သတိရ၏၊ ဤသို့လျှင် သတိသည် အနီး၌ ထားသောအားဖြင့် ဖြစ်၏။

--

၁၇။ သုံးဆောင်ခံစားဖူးသောအားဖြင့် အဘယ်သို့ သတိဖြစ်သနည်းဟူမူ၊ မြင်ဖူးသည်၏ အဖြစ် ကြောင့် အဆင်းကို အောက်မေ့၏၊ ကြားဖူးသည်၏အဖြစ်ကြောင့် အသံကို အောက်မေ့၏၊ နမ်းရှူဖူးသည်၏ အဖြစ်ကြောင့် အနံ့ကို အောက်မေ့၏၊ လျက်ဖူးသည်၏အဖြစ်ကြောင့် အရသာကို အောက်မေ့၏၊ တွေ့ထိဖူး သည်၏အဖြစ်ကြောင့် အတွေ့အထိကို အောက်မေ့၏၊ သိဖူးသည်၏အဖြစ်ကြောင့် သဘောတရားကို အောက်မေ့၏၊ ဤသို့လျှင် သတိသည် သုံးဆောင်ခံစားဖူးသောအားဖြင့် ဖြစ်၏၊ မင်းမြတ် ဤတစ်ဆယ့် ခုနစ်ပါးကုန်သော အကြောင်းတို့ဖြင့် သတိဖြစ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

ရှေးဦးစွာသော သတိဥပ္ပဇ္ဇနပဥှာ ပြီး၏။

၂-ဗုဒ္ဓဂုဏသတိပဋိလာဘပဥှာ

ဘုရားဂုဏ်တော်ကို သတိရမှု ပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန ‘အကြင်သူသည် အနှစ်တစ်ရာပတ်လုံး အကုသိုလ်ကို ပြုရာ၏၊ သေခါနီးအခါ၌မူကား တစ်ခုသော ဘုရားဂုဏ်တော်ကို သတိရငြားအံ့၊ ထိုသူသည် နတ်ပြည်တို့၌ ဖြစ်၏ ‘ဟု ဤစကားကို အရှင်ဘုရားတို့ ဆိုတော်မူကြကုန်၏၊ ထိုစကားကို အကျွန်ုပ် မယုံကြည်ပါ၊ ‘တစ်ခုသော ပါဏာတိပါတကံဖြင့် ငရဲ၌ ဖြစ်ရာ၏ ‘ဟူ၍ ဤသို့လည်း ဆိုတော်မူကြကုန်သေး၏၊ ထိုစကားကိုလည်း အကျွန်ုပ် မယုံကြည်ပါ”ဟု လျှောက်၏။

မင်းမြတ် ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ကျောက်သည် ငယ်သော်လည်း လှေနှင့် ကင်း၍ ရေ၌ ပေါ်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မပေါ်ရာပါဟု (လျှောက်၏)။ မင်းမြတ် အသို့နည်း ကျောက်တို့၏ လှည်းအစီးတစ်ရာတင် ဝန်သည်လည်း လှေဖြင့် တင်ထားခဲ့သည်ရှိသော် ရေ၌ ပေါ်ရာသည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ပေါ်ရာပါ၏ဟု (လျှောက်၏)။ မင်းမြတ် လှေကဲ့သို့ ထို့အတူ ကုသိုလ်တို့ကို မှတ်အပ်ကုန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

နှစ်ခုမြောက် ဗုဒ္ဓဂုဏသတိပဋိလာဘပဥှာ ပြီး၏။

--

၃-ဒုက္ခပ္ပဟာနဝါယမပဥှာ

ဒုက္ခကို ပယ်စွန့်ခြင်း ပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန အသျှင်ဘုရားတို့သည် အတိတ်ဒုက္ခကို ပယ်စွန့်ခြင်းငှါ လုံ့လပြုပါကုန်သလော”ဟု မေးလျှောက်၏။ မင်းမြတ် အတိတ်ဒုက္ခကို ပယ်စွန့်ခြင်းငှါ လုံ့လ မပြုကုန်ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား ထိုသို့မဟုတ်ခဲ့မူ အနာဂတ်ဒုက္ခကို ပယ်စွန့်ခြင်းငှါ လုံ့လ ပြုပါကုန်သလော”ဟု မေးလျှောက်၏။ မင်းမြတ် အနာဂတ်ဒုက္ခကို ပယ်စွန့်ခြင်းငှါ လုံ့လမပြုကုန်ဟု (မိန့်တော်မူ၏)။ ထိုသို့မဟုတ်ခဲ့မူ ပစ္စုပ္ပန်ဒုက္ခကို ပယ်စွန့်ခြင်းငှါ လုံ့လပြုပါကုန်သလော”ဟု မေးလျှောက်၏။ မင်းမြတ် ပစ္စုပ္ပန်ဒုက္ခကို ပယ်စွန့်ခြင်းငှါ လုံ့လမပြုကုန်ဟု (မိန့်တော်မူ၏)။ အသျှင် ဘုရားတို့သည် အတိတ်ဒုက္ခကို ပယ်စွန့်ခြင်းငှါ အကယ်၍ လုံ့လ မပြုကုန်အံ့၊ အနာဂတ်ဒုက္ခကို ပယ်စွန့်ခြင်းငှါ အကယ်၍ လုံ့လမပြုကုန်အံ့၊ ပစ္စုပ္ပန်ဒုက္ခကို ပယ်စွန့်ခြင်းငှါ အကယ်၍ လုံ့လမပြုကုန်အံ့၊ ထိုသို့ ဖြစ်ခဲ့လျှင် အဘယ်အကျိုးငှါ လုံ့လပြုကြပါကုန်သနည်းဟု (မေးလျှောက်၏)။ နာဂသေနမထေရ်သည် “ဤပစ္စုပ္ပန်ဒုက္ခသည်လည်း အသို့လျှင် ချုပ်ငြိမ်းရာအံ့နည်း၊ ပစ္စုပ္ပန်ဒုက္ခမှ အခြားတစ်ပါးသော ဒုက္ခသည်လည်း အသို့လျှင် နောက်ထပ် မဖြစ်ရာအံ့နည်း”ဟု ဤသို့သော အကျိုးငှါ လုံ့လပြုကြကုန်၏ဟု မိန့်တော်မူ၏။

အသျှင်ဘုရားနာဂသေန အနာဂတ်ဒုက္ခသည် ထင်စွာ ရှိပါသလောဟု (မေးလျှောက်၏)။ မင်းမြတ် အနာဂတ်ဒုက္ခသည် ထင်စွာ မရှိဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန အသျှင်ဘုရားတို့သည် ထင်ရှား မရှိကုန်သော အနာဂတ်ဒုက္ခကို ပယ်စွန့်ခြင်းငှါ လုံ့လပြုကုန်၏။ ထိုအသျှင်ဘုရားတို့သည် လွန်ကဲသော ပညာရှိတို့ ဖြစ်ကုန်၏ဟု (လျှောက်၏)။ မင်းမြတ် သင်မင်းမြတ်အား ဆန့်ကျင်ဘက်ကို လိုလားကုန်သော၊ ပြိုင်ဘက်ရန်သူဖြစ်ကုန်သော၊ စစ်ပြိုင်ရန် ရှေးရှုတည်လာကုန်သော အချို့သော ရန်သူ မင်းတို့သည် ရှိကုန်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ရှိပါကုန်၏ဟု (လျှောက်၏)။ မင်းမြတ် အသို့နည်း၊ ထိုစစ်ပြိုင်ရန် ရောက်လာမှ သင်မင်းမြတ်တို့သည် ကျုံးကို တူးစေကုန်ရာသလော၊ မြို့ တံတိုင်းကို ဆင့်စီစေကုန်ရာသလော၊ တံခါးမုခ်ကို ပြုစေကုန်ရာသလော၊ ပြအိုးကို ပြုစေကုန်ရာသလော၊ ရိက္ခာစပါးကို ဆောင်ယူသွင်းစေကုန်ရာသလောဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား မဟုတ်ပါ၊ ထိုကျုံး တူးခြင်းစသည်ကို ကြိုကြိုတင်တင် စီရင်ပြီးဖြစ်ပါ၏ဟု (လျှောက်၏)။ မင်းမြတ် သင်မင်းမြတ်တို့သည် ထိုစစ်ပြိုင်ရန် ရောက်လာမှ ဆင်စီးအတတ်ကို သင်ကုန်ရာသလော၊ မြင်းစီးအတတ်ကို သင်ကုန်ရာ သလော၊ ရထားစီးအတတ်ကို သင်ကုန်ရာသလော၊ လေးအတတ်ကို သင်ကုန်ရာသလော၊ ဓားလှံအတတ် ကို သင်ကုန်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မဟုတ်ပါ၊ ကြိုကြိုတင်တင်ပင်လျှင် အလုံးစုံသော အတတ်ကို သင်ကြားပြီးဖြစ်ပါ၏ဟု (လျှောက်၏)။ အဘယ်အကျိုးငှါ သင်အပ်သနည်းဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား မရောက်လာသေးကုန်သော ဘေးတို့ကို တားမြစ်ခြင်းအကျိုးငှါ သင်ကြားအပ်ပါကုန်၏ဟု (လျှောက်၏)။ မင်းမြတ် အသို့နည်း မရောက်လာသေးသော ဘေးသည် ထင်ရှားရှိသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ထင်ရှားမရှိပါဟု (လျှောက်၏)။ မင်းမြတ် သင် မင်းမြတ်တို့သည် ထင်ရှားမရှိကုန်သော၊ မရောက်လာသေးကုန်သော ဘေးတို့ကို တားမြစ်ခြင်းငှါ စီရင်ကုန်၏၊ ထိုသင်မင်းမြတ်တို့သည်လည်း လွန်ကဲသော ပညာရှိတို့ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

--

ထို့ထက်အလွန် ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ အကြင်အခါ၌ သင်မင်းမြတ်သည် ရေမွတ်သိပ်သည် ဖြစ်ရာ၏၊ ထိုအခါမှ သင်သည် ရေကို သောက်အံ့ဟု ရေတွင်းကို တူးစေရာသလော၊ လေးထောင့်ကန်ကို တူးစေရာသလော၊ တစ်ဖက် ဆည်ကန်ကို တူးစေရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မဟုတ်ပါ၊ ကြိုကြိုတင်တင်ကပင် ထိုရေတွင်းတူးခြင်းစသော ကိစ္စကို ပြုစီရင်အပ်ပါ၏ဟု (လျှောက်၏)။ အဘယ်အကျိုးငှါ ပြုစီရင်အပ် သနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား မရောက်လာသေးကုန်သော ရေမွတ်သိပ်ခြင်းတို့ကို တားမြစ်ခြင်းငှါ စီရင်အပ်ပါ၏ဟု (လျှောက်၏)။ မင်းမြတ် မရောက်လာသေးသော ရေမွတ်သိပ်ခြင်းသည် ထင်ရှား ရှိပါသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ထင်ရှားမရှိပါဟု (လျှောက်၏)။ မင်းမြတ် အကြင် သင် မင်းမြတ်တို့သည် ထင်ရှားမရှိကုန်သော၊ မရောက်လာသေးကုန်သော ရေမွတ်သိပ်ခြင်းတို့ကို တားမြစ်ခြင်းငှါ စီရင်ကုန်၏။ ထိုသင်မင်းမြတ်တို့သည် လွန်ကဲသော ပညာရှိတို့ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

ထို့ထက်အလွန် ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ အကြင်အခါ၌ သင်မင်းမြတ်သည် ဆာလောင်သည် ဖြစ်ရာ၏၊ ထိုအခါမှ သင် မင်းမြတ် သည် ပွဲတော်တည်အံ့ဟု လယ်ကို ထွန်စေရာသလော၊ သလေးစပါးကို စိုက်ပျိုးစေရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မဟုတ်ပါ၊ ကြိုကြိုတင်တင်ကပင် ထိုလယ်ထွန်ခြင်း, သလေးစပါး စိုက်ပျိုးခြင်းကိစ္စကို ပြုစီရင်အပ်ကုန်၏ဟု (လျှောက်၏)။ အဘယ်အကျိုးငှါ ပြုစီရင်အပ်သနည်းဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား မရောက်လာသေးကုန်သော ဆာလောင်မှုကို တားမြစ်ခြင်းငှါ စီရင်အပ်ပါကုန်၏ဟု (လျှောက်၏)။ မင်းမြတ် မရောက်လာသေးသော ဆာလောင်မှုရှိပါသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မရှိပါဟု (လျှောက်၏)။ မင်းမြတ် သင်မင်းမြတ်တို့သည် ထင်ရှားမရှိကုန်သော၊ မရောက် လာသေးကုန်သော ဆာလောင်မှုကို တားမြစ်ခြင်းငှါ စီရင်ကုန်၏၊ ထိုသင်မင်းမြတ်တို့သည် လွန်ကဲသော ပညာရှိတို့ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

သုံးခုမြောက် ဒုက္ခပ္ပဟာနဝါယမပဥှာ ပြီး၏။

--

၄-ဗြဟ္မလောကပဥှာ

ဗြဟ္မာ့ပြည်နှင့် လူ့ပြည် အကွာအဝေး ပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန ဤလူ့ပြည်မှ ဗြဟ္မာ့ပြည်သည် အဘယ်မျှလောက် ဝေးကွာပါသနည်း”ဟု မေးလျှောက်၏။ မင်းမြတ် ဤလူ့ပြည်မှ ဗြဟ္မာ့ပြည်သည် ဝေးကွာလှ၏၊ အိမ် အထွတ်မျှရှိသော ကျောက်ကြီးသည် ထိုဗြဟ္မာ့ပြည်မှ ကျလာလတ်သော် တစ်နေ့နှင့် တစ်ညဉ့်အားဖြင့် ယူဇနာပေါင်းလေးသောင်း ရှစ်ထောင်တိုင်တိုင်လျှောကျသော် လေးလကြာမှ မြေ၌ တည်ရာ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန “အားရှိသော ယောက်ျားသည် ကွေးသော လက်မောင်းကို ဆန့်ရာသကဲ့ သို့လည်းကောင်း၊ ဆန့်သော လက်မောင်းကို ကွေးရာသကဲ့သို့လည်းကောင်း ဤအတူသာလျှင် တန်ခိုးရှိသော ရဟန်းသည် စိတ်၏ လေ့လာခြင်းသို့ ရောက်သည်ဖြစ်၍ ဇမ္ဗူဒိပ်ကျွန်း၌ ကွယ်ပျောက်ကာ ဗြဟ္မာ့ပြည်၌ ထင်ရှားဖြစ်နိုင်ရာ၏”ဟု အသျှင်ဘုရားတို့ ဟောတော်မူကုန်၏၊ ဤစကားကို အကျွန်ုပ် မယုံကြည်နိုင်ပါ၊ ထိုမျှလောက် ယူဇနာပေါင်းများစွာတို့တိုင်အောင် ဤသို့ အလွန်လျင်မြန်စွာ သွားရောက် နိုင်ပါအံ့လောဟု (မေးလျှောက်၏)။ နာဂသေနမထေရ်သည် မင်းမြတ် သင်မင်းမြတ်၏ မွေးဖွားရာ အရပ်သည် အဘယ်အရပ်နည်း”ဟု (မေးတော်မူ၏)။ အသျှင်ဘုရား အလသန္ဒမည်သော ကျွန်းသည် ရှိပါ၏၊ ထိုကျွန်း၌ အကျွန်ုပ်သည် မွေးဖွားပါ၏ဟု (လျှောက်၏)။ မင်းမြတ် အလသန္ဒကျွန်းသည် ဤသာဂလမြို့မှ အဘယ်မျှလောက် ဝေးကွာသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား ယူဇနာနှစ်ရာ တိုင်တိုင် ဝေးကွာပါ၏ဟု (လျှောက်၏)။ မင်းမြတ် သင်မင်းမြတ်သည် ထိုအလသန္ဒကျွန်း၌ တစ်စုံတစ်ရာသော ပြုဖွယ်ကိစ္စကို ပြုခဲ့ပြီး၍ ထိုသို့ပြုလုပ်ခဲ့သည်ကို မှတ်မိပါ၏လောဟု (မေးတော်မူ၏)။ အသျှင် ဘုရား မှတ်မိပါ၏ဟု (လျှောက်၏)။ မင်းမြတ် သင်မင်းမြတ်သည် ယူဇနာနှစ်ရာတိုင်တိုင် လျင်စွာ သွားရောက်နိုင်လေဘိသည်တကားဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

လေးခုမြောက် ဗြဟ္မလောကပဥှာ ပြီး၏။

--

၅-ဒွိန္နံ လောကုပ္ပန္နာနံ သမကဘာဝပဥှာ

လောကနှစ်ခု၌ ဖြစ်ရမှု၏ တူမျှပုံ ပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန အကြင်သူသည် ဤလူ့ပြည်၌ သေလွန်၍ ဗြဟ္မာ့ပြည်၌ ဖြစ်ရာ၏၊ အကြင်သူသည်လည်း ဤလူ့ပြည်၌ သေလွန်၍ ကသ္မိရတိုင်း၌ ဖြစ်ရာ၏၊ အဘယ်သူက ကြာမြင့်၍ အဘယ်သူက လျင်မြန်ပါသနည်း”ဟု မေးလျှောက်၏။ မင်းမြတ် ထိုသူနှစ်ယောက်တို့သည့်အညီအမျှပင် ဖြစ်ရာပါ၏ဟု (မိန့်တော်မူ၏)။

ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် သင်မင်းမြတ်၏ မွေးဖွားရာမြို့သည် အဘယ်မှာနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား (အလသန္ဒကျွန်းဝယ်) ကလသိမည်သော ရွာသည် ရှိပါ၏၊ ထိုကလသိရွာ၌ အကျွန်ုပ်သည် မွေးဖွားပါ၏ဟု (လျှောက်၏)။ မင်းမြတ် ကလသိရွာသည် ဤသာဂလမြို့မှ အဘယ်မျှလောက် ဝေးကွာသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား ယူဇနာနှစ်ရာ တိုင်တိုင် ဝေးကွာပါ၏ဟု (လျှောက်၏)။ မင်းမြတ် ကသ္မိရတိုင်းသည် ဤသာဂလပြည်မှ အဘယ်မျှ လောက် ဝေးကွာသနည်းဟု မေးတော်မူ၏။ အသျှင်ဘုရား တစ်ဆယ့်နှစ်ယူဇနာတိုင်အောင် ဝေးကွာပါ၏ဟု (လျှောက်၏)။ မင်းမြတ် တိုက်တွန်းပါ၏၊ သင်မင်းမြတ်သည် ကလသိရွာကို ကြံစည်အောက်မေ့ပါလော့ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား ကြံစည် အောက်မေ့ပြီးပါပြီဟု (လျှောက်၏)။ မင်းမြတ် တိုက်တွန်း ပါ၏၊ သင်မင်းမြတ်သည် ကသ္မိရတိုင်းကို ကြံစည် အောက်မေ့ပါဦးလော့ဟု (မိန့်တော်မူ၏)။ အသျှင် ဘုရား ကြံစည်အောက်မေ့ပြီးပါပြီဟု (လျှောက်၏)။ မင်းမြတ် အဘယ်အရပ်ကို ကြာမြင့်စွာ ကြံစည် အောက်မေ့ရသနည်း၊ အဘယ်အရပ်ကို လျင်မြန်စွာ ကြံစည် အောက်မေ့ရသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား အညီအမျှပင် ကြံစည်အောက်မေ့ရပါ၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် အကြင်သူသည် ဤလူ့ပြည်၌ သေလွန်၍ ဗြဟ္မာ့ပြည်၌ ဖြစ်ရာ၏၊ အကြင်သူသည်လည်း ဤလူ့ပြည်၌ သေလွန်၍ ကသ္မိရတိုင်း၌ ဖြစ်ရာ၏၊ ထိုသူနှစ်ယောက်တို့သည် အညီအမျှသာလျှင် ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

ထို့ထက်အလွန် ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ ငှက်နှစ်ကောင်တို့သည် ကောင်းကင်ဖြင့် ပျံသွားကုန်ရာ၏၊ ထိုငှက်နှစ်ကောင်တို့တွင် ငှက်တစ်ကောင်သည် မြင့်သော သစ်ပင်၌ နားရာ၏၊ ငှက်တစ်ကောင်သည် နိမ့်သော သစ်ပင်၌ နားရာ၏၊ အညီအမျှ တစ်ပြိုင်နက် နား၍ ရပ်တည်ကုန်သော ထိုငှက်နှစ်ကောင်တို့တွင် အဘယ်ငှက်၏ အရိပ်သည် ရှေးဦးစွာ မြေ၌ ထင်ရာသနည်း၊ အဘယ်ငှက်၏ အရိပ်သည် ကြာမြင့်မှ မြေ၌ ထင်ရာသနည်းဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား အရိပ်သည် တစ်ပြိုင်နက်ပင် မြေ၌ ထင်ပါ၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် အကြင်သူသည် ဤလူ့ပြည်၌ သေလွန်၍ ဗြဟ္မာ့ပြည်၌ ဖြစ်ရာ၏၊ အကြင် သူသည်လည်း ဤလူ့ပြည်၌ သေလွန်၍ ကသ္မိရတိုင်း၌ ဖြစ်ရာ၏၊ ထိုသူနှစ်ယောက်တို့သည် အညီအမျှ သာလျှင် ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

ငါးခုမြောက် ဒွိန္နံ လောကုပ္ပန္နာနံ သမကဘာဝပဥှာ ပြီး၏။

--

၆-ဗောဇ္ဈင်္ဂပဥှာ

ဗောဇ္ဈင်ပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန ဗောဇ္ဈင်တို့သည် အဘယ်မျှ ရှိပါကုန်သနည်း”ဟု မေးလျှောက်၏။ မင်းမြတ် ဗောဇ္ဈင်တို့သည် ခုနစ်ပါးရှိကုန်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား အဘယ်မျှလောက်ကုန်သော ဗောဇ္ဈင်တို့ဖြင့် သိနိုင်ပါသနည်းဟု (မေးလျှောက်၏)။ မင်းမြတ် ဓမ္မဝိစယ သမ္ဗောဇ္ဈင်ဟူသော တစ်ပါးတည်းသော ဗောဇ္ဈင်ဖြင့် သိနိုင်ပါ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား ထိုသို့ တစ်ပါးတည်းသော ဗောဇ္ဈင်ဖြင့် သိနိုင်ပါလျက် အဘယ့်ကြောင့် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ဟောအပ်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ သန်လျက်အိမ်၌ ထည့်ထားသော သန်လျက်သည် လက်ဖြင့် မကိုင်ဘဲ ဖြတ်တောက်ဖွယ်ရာ ဝတ္ထုကို ဖြတ်ခြင်းငှါ စွမ်းနိုင်ရာ သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မစွမ်းနိုင်ပါဟု (လျှောက်၏)။

မင်းမြတ် ဤအတူသာလျှင် ဗောဇ္ဈင်ခြောက်ပါးတို့နှင့် ကင်း၍ ဓမ္မဝိစယသမ္ဗောဇ္ဈင်ဖြင့် မသိနိုင်ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

ခြောက်ခုမြောက် ဗောဇ္ဈင်္ဂပဥှာ ပြီး၏။

၇-ပါပပုညာနံ အပ္ပါနပ္ပဘာဝပဥှာ

အကုသိုလ်နှင့် ကုသိုလ် အနည်းအများ ပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန ကုသိုလ်ကောင်းမှုသည်လည်းကောင်း၊ အကုသိုလ် မကောင်းမှုသည်လည်းကောင်း အဘယ်က များပြားပါသနည်း”ဟု မေးလျှောက်၏။ မင်းမြတ် ကုသိုလ် ကောင်းမှုသည်ကား များပြား၏၊ အကုသိုလ်မကောင်းမှုသည် နည်းပါး၏ဟု (မိန့်တော်မူ၏)။ အဘယ် အကြောင်းကြောင့်ပါနည်းဟု (လျှောက်၏)။ မင်းမြတ် အကုသိုလ်မကောင်းမှုပြုသောသူသည်ကား ငါသည် အကုသိုလ်မကောင်းမှုကံကို ပြုမိပြီဟု နှလုံးမရွှင်ခြင်းဖြစ်၏၊ ထိုသို့ စိတ်မကြည်ဖြူ နှလုံးပူသော ကြောင့် အကုသိုလ်မကောင်းမှုသည် မတိုးပွါး။ မင်းမြတ် ကောင်းမှုကုသိုလ်ကို ပြုသောသူသည်ကား ပူပန်မှု မရှိ၊ ပကတိ အေးမြ စိတ်ရွှင်ပျ၏၊ စိတ်ရွှင်ပျသူအား ဝမ်းမြောက်ခြင်းဖြစ်ပေါ်၏။ ဝမ်းမြောက်သောသူအား နှစ်သိမ့်ခြင်းဖြစ်ပေါ်၏၊ နှစ်သိမ့်သော စိတ်ရှိသူ၏ ကိုယ်သည် ငြိမ်းအေး၏၊ ငြိမ်းအေးသော ကိုယ်ရှိသောသူသည် ချမ်းသာကို ခံစား၏၊ ချမ်းသာသောသူ၏ စိတ်သည် တည်ကြည်၏၊ တည်ကြည် သောသူသည်ဟုတ်မှန်သောအတိုင်း သိ၏၊ ထိုအကြောင်းကြောင့် ကုသိုလ်ကောင်းမှုသည် တိုးပွါး၏။ မင်းမြတ် လက်ခြေပြတ်သော ယောက်ျားသည် မြတ်စွာဘုရားအား တစ်ခုသော ကြာလက်ကြာခိုင်ကို ပေးလှူ၍ ကိုးဆယ့်တစ်ကမ္ဘာတို့ပတ်လုံး ဖရိုဖရဲပျက်စီးကျရောက်ရာ အပါယ်ငရဲသို့ မရောက်ရလတ္တံ့၊ မင်းမြတ် ဤအကြောင်းကြောင့်လည်း ကုသိုလ်ကောင်းမှုသည် များပြား၏၊ အကုသိုလ်မကောင်းမှုသည် နည်းပါး၏ဟု ငါဆို၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

ခုနစ်ခုမြောက် ပါပပုညာနံ အပ္ပါနပ္ပဘာဝပဥှာ ပြီး၏။

--

၈-ဇာနန္တာဇာနန္တပါပကရဏပဥှာ

သိလျက် မကောင်းမှုကို ပြုခြင်း၊ မသိဘဲ မကောင်းမှုကို ပြုခြင်း ပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန အကြင်သူသည် သိလျက် မကောင်းမှုကံကို ပြု၏၊ အကြင်သူသည် မသိမူ၍ မကောင်းမှုကံကို ပြု၏၊ အဘယ်သူ၏ မကောင်းမှုအကုသိုလ်ကံသည် များပြား ပါသနည်း”ဟု မေးလျှောက်၏။ နာဂသေနမထေရ်သည် မင်းမြတ် အကြင်သူသည် မသိမူ၍ မကောင်းမှုကံ ကို ပြု၏၊ ထိုမသိမူ၍ မကောင်းမှုကံပြုသူ၏ မကောင်းမှုအကုသိုလ်သည် များပြား၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန သို့ဖြစ်လျှင် အကျွန်ုပ်တို့၏ အကြင်မင်းသားသည်လည်းကောင်း၊ အကြင်မင်း အမတ်သည်လည်းကောင်း မသိမူ၍ မကောင်းမှုကံကို ပြုအံ့၊ ထိုသူ့အား အကျွန်ုပ်တို့သည် နှစ်ဆထက်သော ဒဏ်ကို ပေးရကုန်အံ့လောဟု (လျှောက်၏)။ မင်းမြတ် ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ပူလောင်သော၊ ရဲရဲတောက်သော၊ အလျှံပြောင်ပြောင် တောက်လောင်သော မီးနှင့်တကွဖြစ်သော သံခဲ သံတုံးကို တစ်ယောက်သောသူသည် သိလျက် ကိုင်ရာ၏၊ တစ်ယောက်သောသူသည် မသိမူ၍ ကိုင်ရာ၏၊ အဘယ်သူကို ပြင်းထန်စွာ လောင်ရာသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား အကြင် သူသည်ကား မသိမူ၍ ကိုင်ရာ၏၊ ထိုသူ့အား ပြင်းထန်စွာ လောင်ရာပါ၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် အကြင်သူသည့်မသိမူ၍ အကုသိုလ်မကောင်းမှုကံကို ပြု၏၊ ထိုသူ့အား မကောင်းမှု ကံသည် များပြား၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

ရှစ်ခုမြောက် ဇာနန္တာဇာနန္တပါပကရဏပဥှာ ပြီး၏။

--

၉-ဥတ္တရကုရုကာဒိဂမနပဥှာ

မြောက်ကျွန်းစသည်သို့ သွားနိုင်၊ မသွားနိုင် ပြဿနာ

။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန ဤကိုယ်ဖြင့် မြောက်ကျွန်းသို့ ဖြစ်စေ၊ ဗြဟ္မာ့ပြည်သို့ ဖြစ်စေ၊ သို့မဟုတ် အခြားကျွန်းသို့ ဖြစ်စေ သွားနိုင်သူ တစ်စုံတစ်ယောက် ရှိပါသလော”ဟုမေးလျှောက်၏။ မင်းမြတ် မဟာဘုတ်လေးပါးရှိသော ဤကိုယ်ဖြင့် မြောက်ကျွန်းသို့ ဖြစ်စေ၊ ဗြဟ္မာ့ပြည်သို့ ဖြစ်စေ၊ သို့မဟုတ် အခြားကျွန်းသို့ ဖြစ်စေ သွားနိုင်သူ ရှိ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန မဟာဘုတ်လေးပါးရှိသော ဤကိုယ်ဖြင့် မြောက်ကျွန်းသို့ ဖြစ်စေ၊ ဗြဟ္မာ့ပြည်သို့ ဖြစ်စေ၊ သို့မဟုတ် အခြားကျွန်းသို့ ဖြစ်စေ အဘယ်သို့ သွားနိုင်ရာပါသနည်းဟု (လျှောက်၏)။ မင်းမြတ် သင်မင်းမြတ်သည် ဤမြေကြီး၌ တစ်ထွာဖြစ်စေ၊ တစ်တောင်ဖြစ်စေ ခုန်ဖူးပါ၏ လော၊ ခုန်ဖူးသည်ကို မှတ်မိပါ၏လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မှတ်မိပါ၏၊ အသျှင်ဘုရား နာဂသေန အကျွန်ုပ်သည် ရှစ်တောင်မျှ အမြင့်ကိုလည်း ခုန်နိုင်ပါ၏ဟု (လျှောက်၏)။ မင်းမြတ် သင် မင်းမြတ်သည် ရှစ်တောင်မျှအမြင့်ကို အသို့ခုန်သနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား အကျွန်ုပ်သည် ဤအရပ်၌ ကျရောက်အံ့ဟု စိတ်ကို ဖြစ်စေ၏၊ စိတ်ဖြစ်သည်နှင့် တစ်ပြိုင်နက် အကျွန်ုပ်၏ ကိုယ်သည် ပေါ့ပါးပါ၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် တန်ခိုးနှင့် ပြည့်စုံသော၊ စိတ်လေ့လာပြီးသည့် အဖြစ်သို့ ရောက်သော ရဟန်းသည် ကိုယ်ကို စိတ်၌ ကောင်းစွာ တင်၍ စိတ်၏အစွမ်းဖြင့် ကောင်းကင်သို့ သွားနိုင်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

ကိုးခုမြောက် ဥတ္တရကုရုကာဒိဂမနပဥှာ ပြီး၏။

၁၀-ဒီဃဋ္ဌိပဥှာ

အရိုးရှည်ပြဿနာ

၁၀။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန ‘အရိုးတို့သည် ယူဇနာတစ်ရာတိုင်အောင် ရှည်ကုန်၏ ‘ဟု အသျှင်ဘုရားတို့ ဆိုတော်မူကုန်၏၊ သစ်ပင်သော်မျှလည်း ထိုမျှလောက် ယူဇနာတစ်ရာ မရှိနိုင်၊ အရိုးတို့သည် အဘယ်မှာ ယူဇနာတစ်ရာတိုင် ရှည်နိုင်လတ္တံ့နည်း”ဟု မေးလျှောက်၏။

မင်းမြတ် ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ “မဟာသမုဒ္ဒရာ၌ ယူဇနာငါးရာတိုင် ရှိကြကုန်သော ငါးတို့သည် ရှိကုန်၏”ဟု သင်ကြားဖူးသည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင် ဘုရားဟုတ်ပါ၏၊ ကြားဖူးပါ၏ဟု (လျှောက်၏)။ မင်းမြတ် ယူဇနာငါးရာရှိသော ငါး၏ အရိုးတို့သည် ယူဇနာတစ်ရာရှည်ကုန်သည် ဖြစ်သင့်သည် မဟုတ်လောဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

ဆယ်ခုမြောက် ဒီဃဋ္ဌိပဥှာ ပြီး၏။

--

၁၁-အဿာသ ပဿာသ နိရောဓပဥှာ

ထွက်သက်၊ ဝင်သက်ချုပ်ရန် တတ်နိုင်၊ မတတ်နိုင်ပြဿနာ

၁၁။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန ‘ထွက်သက်ဝင်သက်တို့ကို ချုပ်စေခြင်းငှါ တတ်စွမ်း နိုင်၏ ‘ဟု အသျှင်ဘုရားတို့ ဆိုတော်မူကုန်သည် မဟုတ်လော”ဟု မေးလျှောက်၏။ မင်းမြတ်ဟုတ်၏၊ ထွက်သက် ဝင်သက်တို့ကို ချုပ်စေခြင်းငှါ တတ်စွမ်းနိုင်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန အဘယ်သို့လျှင် ထွက်သက်ဝင်သက်တို့ကို ချုပ်စေခြင်းငှါ တတ်စွမ်းနိုင်ပါသနည်းဟု (လျှောက်၏)။ မင်းမြတ် ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ သင်မင်းမြတ်သည် တစ်စုံတစ်ယောက်သောသူ၏ ဟောက်သံကို ကြားဖူးသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ကြားဖူးပါ၏ဟု (လျှောက်၏)။ မင်းမြတ် အသို့နည်း၊ ထိုဟောက်သံသည် ကိုယ်ကို ကွေးညွတ်လိုက်သော် ပျောက်ကင်းရာသည် မဟုတ် လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ပျောက်ကင်းရာပါ၏ဟု (လျှောက်၏)။ မင်းမြတ် ကမ္မဋ္ဌာန်း အာရုံမထုံအပ်သော ကိုယ်ရှိသော၊ ဝိရတီအာရုံမထုံအပ်သော သီလရှိသော၊ ကမ္မဋ္ဌာန်းအာရုံမထုံအပ်သော စိတ်ရှိသော၊ ပွါးထုံအပ်သော ပညာမရှိသောသူ၏ ထိုဟောက်သော အသံစင်လျက် ကိုယ်ကို ကွေးညွတ် ကာမျှ ပျောက်ကင်းဘိသေး၏၊ ကမ္မဋ္ဌာန်းအာရုံထုံအပ်ပြီးသော ကိုယ်ရှိသော၊ ဝိရတီအာရုံထုံအပ်ပြီးသော သီလရှိသော၊ ကမ္မဋ္ဌာန်းအာရုံထုံအပ်ပြီးသော စိတ်ရှိသော၊ ပွါးအပ်ထုံအပ်ပြီးသော ပညာရှိသော၊ စတုတ္ထ ဈာန်ကို ဝင်စားသောသူ၏ ထွက်သက်ဝင်သက်တို့သည် အဘယ်မှာ မချုပ်ဘဲ ရှိလတ္တံ့နည်းဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

တစ်ဆယ့်တစ်ခုမြောက် အဿာသ ပဿာသနိရောဓပဥှာ ပြီး၏။

၁၂-သမုဒ္ဒပဥှာ

သမုဒ္ဒရာပြဿနာ

၁၂။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန ‘သမုဒ္ဒရာ သမုဒ္ဒရာ’ဟူ၍ ဆိုအပ်ပါ၏၊ အဘယ် အကြောင်းကြောင့် ရေကို ‘သမုဒ္ဒရာ’ဟူ၍ ဆိုအပ်ပါသနည်း”ဟု မေးလျှောက်၏။ နာဂသေနမထေရ်သည် “မင်းမြတ် အကြင်မျှလောက် ရေရှိ၏၊ ထိုမျှလောက် ငန်၏။ အကြင်မျှလောက် ငန်၏၊ ထိုမျှလောက် ရေရှိ၏။ ထို့ကြောင့် ‘သမုဒ္ဒရာ’ဟူ၍ ဆိုအပ်၏”ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

တစ်ဆယ့်နှစ်ခုမြောက် သမုဒ္ဒပဥှာ ပြီး၏။

--

၁၃-သမုဒ္ဒဧကရသပဥှာ

သမုဒ္ဒရာ၏ အငန်အရသာတစ်ခုတည်းရှိပုံပြဿနာ

၁၃။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန အဘယ်အကြောင်းကြောင့် သမုဒ္ဒရာသည် ငန်သော အရသာ တစ်ခုတည်းသာ ရှိပါသနည်း”ဟု မေးလျှောက်၏။ မင်းမြတ် ရေ၏ ကြာမြင့်စွာ တည်သည်၏ အဖြစ်ကြောင့်သာလျှင် သမုဒ္ဒရာသည် ငန်သော အရသာ တစ်ခုတည်းသာ ရှိ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

တစ်ဆယ့်သုံးခုမြောက် သမုဒ္ဒဧကရသပဥှာ ပြီး၏။

၁၄-သုခုမပဥှာ

သိမ်မွေ့သော အရာဝတ္ထုပြဿနာ

၁၄။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန သိမ်မွေ့သော အရာဟူသမျှအားလုံးကို ဖြတ်တောက်ခြင်းငှါ တတ်နိုင်ပါသလောဟု မေးလျှောက်၏။ မင်းမြတ် သိမ်မွေ့သော အရာဟူသမျှ အားလုံးကို ဖြတ်တောက်ခြင်းငှါ တတ်နိုင်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား သိမ်မွေ့သောအရာ အားလုံးသည် အဘယ်ပါနည်းဟု (မေးလျှောက်၏)။ မင်းမြတ် တရားသည်သာလျှင် သိမ်မွေ့သော အရာဟူသမျှတို့ထက် သိမ်မွေ့၏၊ မင်းမြတ် တရားဟူသမျှအားလုံးတို့သည် သိမ်မွေ့ကြသည် မဟုတ်ကုန်၊ “သိမ်မွေ့၏”ဟူသော ဤအမည်သည်လည်းကောင်း၊ “ရုန့်ရင်း၏”ဟူသော ဤအမည်သည်လည်းကောင်း ကုသိုလ်, အကုသိုလ်တရားတို့၏ အမည်တည်း။ ဖြတ်တောက်ဖွယ်ဟူသမျှအားလုံးကို ပညာဖြင့် ဖြတ် တောက်၏။ ပညာမှ နှစ်ခုမြောက်ဖြစ်သော ဖြတ်တောက်ကြောင်း တရားမရှိဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

တစ်ဆယ့်လေးခုမြောက် သုခုမပဥှာ ပြီး၏။

--

၁၅-ဝိညာဏနာနတ္ထပဥှာ

ဝိညာဏ်၏ အနက်အထူးထူးပြဿနာ

၁၅။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန ‘ဝိညာဏ်’ဟူသော တရားလည်းကောင်း၊ ‘ပညာ’ဟူသော တရားလည်းကောင်း၊ ‘ကိုယ်၌ ဇီဝခေါ်သော လိပ်ပြာကောင် အတ္တ'လည်းကောင်း ဤတရား သုံးပါးတို့သည် အနက်လည်း ထူးခြား၊ သဒ္ဒါလည်း ထူးခြားပါကုန်သလော၊ သို့မဟုတ် အနက် တူကုန်၍ သဒ္ဒါမျှသာ ထူးခြားပါကုန်သလော”ဟု မေးလျှောက်၏။ မင်းမြတ် ဝိညာဏ်သည် အာရုံကို သိခြင်း လက္ခဏာရှိ၏၊ ပညာသည် ခွဲခြား၍ သိခြင်းလက္ခဏာရှိ၏။ ကိုယ်၌ ဇီဝခေါ်သော လိပ်ပြာကောင် အတ္တကို မရအပ်ဟု (မိန့်တော်မူ၏)။ ဇီဝခေါ်သော လိပ်ပြာကောင် အတ္တကို အကယ်၍ မရအပ်သည် ဖြစ်အံ့၊ ထိုသို့ မရအပ်သော် အဘယ်သူသည် မျက်စိ ‘စက္ခု'ဖြင့် အဆင်း'ရူပါရုံ'ကို မြင်ရပါသနည်း၊ နား'သောတ’ ဖြင့် အသံ ‘သဒ္ဒါရုံ'ကို ကြားရပါသနည်း၊ နှာခေါင်း'ဃာန'ဖြင့် အနံ့ ‘ဂန္ဓာရုံ'ကို နမ်းရှူ ရပါသနည်း၊ လျှာ ‘ဇိဝှါ'ဖြင့် အရသာ ‘ရသာရုံ'ကို လျက်ရပါသနည်း၊ ကိုယ် ‘ကာယ'ဖြင့် အတွေ့အထိ ‘ဖောဋ္ဌဗ္ဗာရုံ'ကို တွေ့ထိရပါသနည်း၊ စိတ် ‘မနော'ဖြင့် သဘောတရား ‘ဓမ္မာရုံ'ကို သိရပါသနည်းဟု (မေးလျှောက်၏)။ နာဂသေနမထေရ်သည် “ဇီဝခေါ်သော လိပ်ပြာကောင် အတ္တသည် မျက်စိ ‘စက္ခု'ဖြင့် အဆင်း ‘ရူပါရုံ'ကို အကယ်၍ မြင်သည် ဖြစ်အံ့။ပ။ စိတ် ‘မနော'ဖြင့် သဘောတရား'ဓမ္မာရုံ'ကို အကယ်၍ သိသည် ဖြစ်အံ့၊ စက္ခုဒွါရတို့ကို ဖွင့်လှစ်ကုန်သည်ရှိသော် ကျယ်စွာသော ကောင်းကင်ဖြင့် အပြင်သို့ မျက်နှာမူလျက် ရူပါရုံကို ကောင်းစွာ မြင်ရာသလော၊ သောတဒွါရတို့ကို ဖွင့်လှစ်ကုန်သည်ရှိသော်၊ ဃာနဒွါရကို ဖွင့်လှစ် သည်ရှိသော်၊ ဇိဝှါဒွါရကို ဖွင့်လှစ်သည်ရှိသော်၊ ကာယဒွါရကို ဖွင့်လှစ်သည်ရှိသော် ကျယ်စွာသော ကောင်းကင်ဖြင့် အသံ ‘သဒ္ဒါရုံ'ကို ကောင်းစွာ ကြားရာသလော၊ အနံ့'ဂန္ဓာရုံ'ကို နမ်းရှူရာ သလော၊ အရသာ ‘ရသာရုံ'ကို လျက်ရာသလော၊ အတွေ့အထိ ‘ဖောဋ္ဌဗ္ဗာရုံ'ကို တွေ့ထိရာသလော”ဟု မေးတော်မူ၏။ အသျှင်ဘုရား မတွေ့ထိပါဟု (လျှောက်၏)။ မင်းမြတ် သို့ဖြစ်လျှင် ကိုယ်၌ ဇီဝခေါ်သော လိပ်ပြာကောင်အတ္တကို မရအပ်ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော်လျောက်ပတ်ပါပေ၏ဟု (လျှောက်၏)။ ။

တစ်ဆယ့်ငါးခုမြောက် ဝိညာဏနာနတ္ထပဥှာ ပြီး၏။

--

၁၆-အရူပဓမ္မဝဝတ္ထာနဒုက္ကရပဥှာ

နာမ်တရားကို ပိုင်းခြားခြင်း၌ ခဲယဉ်းပုံ ပြဿနာ

၁၆။ မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန မြတ်စွာဘုရားပြုလုပ်ခဲ့သော ခဲယဉ်းသော အရာ ရှိအပ်ပါသလော”ဟု မေးလျှောက်၏။ နာဂသေနမထေရ်သည် မင်းမြတ် မြတ်စွာဘုရားပြုလုပ်ခဲ့သော ခဲယဉ်းသော အရာရှိ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန မြတ်စွာဘုရားခဲယဉ်းစွာ ပြုခဲ့သောအရာသည် အဘယ်နည်းဟု (လျှောက်၏)။ မင်းမြတ် မြတ်စွာဘုရားသည် တစ်ခုတည်းသော အာရုံ၌ ဖြစ်ကုန်သော၊ နာမ်ဖြစ်ကုန်သော ဤစိတ်,စေတသိက်တရားတို့ကို “ဤတရားသဘောကား ဖဿတည်း၊ ဤတရားသဘောကား ဝေဒနာတည်း၊ ဤတရားသဘောကား သညာတည်း၊ ဤတရားသဘောကား စေတနာတည်း၊ ဤတရားသဘောကား စိတ်တည်း”ဟု ပိုင်းခြားဝေဖန်လျက် ဟောကြားတော်မူ ရခြင်းသည် ခဲယဉ်းစွာ ပြုအပ်သော အရာ မည်၏ဟု (မိန့်တော်မူ၏)။

ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် ဥပမာအားဖြင့် တစ်စုံတစ်ယောက်သော ယောက်ျားသည် လှေဖြင့် မဟာသမုဒ္ဒရာသို့ သက်ဝင်၍ လက်ခုပ်ဖြင့် ရေကို ယူပြီးလျှင် လျှာဖြင့် လျက်၍ “ဤရေသည် ဂင်္ဂါမြစ်ရေတည်း၊ ဤရေသည် ယမုန်နာမြစ်ရေတည်း၊ ဤရေသည် အစိရဝတီမြစ်ရေတည်း၊ ဤရေသည် သရဘူမြစ်ရေတည်း၊ ဤရေသည် မဟီမြစ်ရေတည်း”ဟု သိနိုင်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား သိနိုင်ရန် ခဲယဉ်းလှပါ၏ဟု (လျှောက်၏)။ မင်းမြတ် တစ်ခုသော အာရုံ၌ ဖြစ်ကုန်သော၊ နာမ်ဖြစ်ကုန်သော ဤစိတ်, စေတသိက်တရားတို့ကို “ဤတရားသဘောကား ဖဿတည်း၊ ဤတရားသဘောကား ဝေဒနာတည်း၊ ဤတရားသဘောကား သညာတည်း၊ ဤတရားသဘောကား စေတနာတည်း၊ ဤတရားသဘောကား စိတ်တည်း”ဟု ပိုင်းခြားဝေဖန်လျက် ဟောကြားတော်မူရခြင်း သည် ဤရေကို အသိခက်သည်ထက် အလွန်ခဲယဉ်းစွာ ပြုတော်မူအပ်သော အရာဖြစ်၏ဟု (မိန့်တော်မူ၏)။

မိလိန္ဒမင်းသည် အသျှင်ဘုရား ကောင်းလှပါပေ၏ဟု ဝမ်းမြောက်စကား လျှောက်ထား၏။ ။

တစ်ဆယ့်ခြောက်ခုမြောက် အရူပဓမ္မဝဝတ္ထာနဒုက္ကရပဥှာ ပြီး၏။

ခုနစ်ခုမြောက် အရူပဓမ္မဝဝတ္ထာနဝဂ် ပြီး၏။

ဤဝဂ်၌ အမေးပုစ္ဆာပြဿနာ တစ်ဆယ့်ခြောက်ပါးတို့တည်း။

--

မိလိန္ဒပဥှာပုစ္ဆာဝိသဇ္ဇနာ

မိလိန္ဒမင်း၏ ပြဿနာနှင့် အမေးအဖြေများ

နာဂသေနမထေရ်သည် “မင်းမြတ် ယခုဘယ်အချိန်ရှိပြီဟု သိပါ၏လော”ဟု မိန့်တော်မူ၏။ အသျှင် ဘုရား သိပါ၏၊ “ယခုအချိန်ကား ညဉ့်ဦးယံလွန်ပါပြီ၊ သန်းခေါင်ယံဖြစ်ပါ၏၊ ဆီမီးတိုင်တို့ကို ထွန်းအပ်ပါကုန်ပြီ၊ အောင်လံလေးခုတို့ကို စိုက်ထူရန် စေခိုင်းအပ်ပါကုန်ပြီ၊ မင်းတို့အားသာ ထိုက်တန်ကုန်သော လှူဖွယ်ဝတ္ထုတို့သည် ဘဏ္ဍာတိုက်မှ ရောက်လာပါကုန်လိမ့်မည်”ဟု (လျှောက်၏)။

ဤသို့ လျှောက်ထားပြီးသော် အသျှင်နာဂသေနအား ခေတ္တဆိုင်းတော်မူရန် လျှောက်ထားခဲ့၍ မထေရ်အား လှူဒါန်းဖွယ် ကမ္ဗလာကို ပြင်ဆင်စေခိုင်းရန် အမတ်တို့နှင့်တကွ အပြင်သို့ ထွက်သွား၏၊ ထိုအခါ အမတ်တို့သည် မင်းအား ဤဆိုလတ္တံ့သော စကားကို လျှောက်တင်ကြကုန်၏)။

ယောနကအမတ်တို့သည် “မင်းမြတ် နာဂသေနမထေရ်သည် သင့်လျော်ပါ၏လော၊ ပညာရှိပါ၏ လော”ဟု ပြောဆိုလျှောက်တင်ကြကုန်၏။ အချင်းတို့ နာဂသေနမထေရ်သည် ပညာရှိမှန်ပါပေ၏၊ ဆရာ သည် ဤသို့ သဘောရှိသောသူဖြစ်၍ တပည့်ကလည်း ငါကဲ့သို့သဘောရှိသူ ဖြစ်ခဲ့မူ ပညာရှိသူသည် မကြာမြင့်မီပင် တရားကို သိနိုင်ရာ၏ဟု (အမတ်တို့အား ပြောကြား၏။ ထိုသို့ အမတ်တို့နှင့် ပြောကြား ပြီးနောက် နာဂသေနမထေရ်ထံ ချဉ်းကပ်၍) ထိုနာဂသေနမထေရ်၏ ပြဿနာကို ဖြေကြားခြင်းဖြင့် မိလိန္ဒမင်းသည် နှစ်သက်ရကား နာဂသေနမထေရ်အား အဖိုးတစ်သိန်းထိုက်တန်သော သားမွေးကမ္ဗလာ ကို လှူဒါန်း၍ “အသျှင်ဘုရားနာဂသေန ယနေ့မှစ၍ အသျှင်ဘုရားအား တစ်ရာ့ရှစ်အုပ်သော ဆွမ်းအုပ်ကို ဝတ်တည်ပါ၏၊ နန်းတော်တွင်း၌ အသျှင်ဘုရားတို့အား အပ်သော ပစ္စည်းဝတ္ထုမျိုး အလုံးစုံသည် ရှိ၏၊ ထိုအလုံးစုံသော အပ်သော ဝတ္ထုပစ္စည်းဖြင့်လည်း ဖိတ်ကြားပါ၏”ဟု လျှောက်၏။

မင်းမြတ် တော်သင့်ပြီ၊ အသက်မွေးနိုင်ပါ၏ဟု ပယ်လှန်တားမြစ်တော်မူ၏။ အသျှင်ဘုရားနာဂသေန အသျှင်ဘုရား အသက်မွေး နိုင်၏ဟု အကျွန်ုပ် သိပါ၏၊ သို့သော်လည်း မိမိကိုယ်ကိုလည်း စောင့်ရှောက်တော်မူပါ၊ အကျွန်ုပ်ကိုလည်း စောင့်ရှောက်တော်မူပါ၊ အသို့လျှင် မိမိကိုယ်ကို စောင့်ရှောက်ရမည်နည်းဟူမူ “အသျှင် နာဂသေနသည် မိလိန္ဒမင်းကို ကြည်ညိုစေနိုင်၏၊ တစ်စုံတစ်ရာကိုကား မရပါလေ”ဟု သူတစ်ပါးတို့ ကဲ့ရဲ့ခြင်းသည် ရောက်လာရာ၏၊ ဤသို့လျှင် မိမိကိုယ်ကို စောင့်ရှောက်တော်မူပါ၊ အသို့လျှင် အကျွန်ုပ်ကို စောင့်ရှောက် ရမည်နည်းဟူမူ “မိလိန္ဒမင်းသည် ကြည်ညို၏၊ ကြည်ညိုသော အခြင်းအရာကိုကား မပြု”ဟု သူတစ်ပါးတို့ ကဲ့ရဲ့ခြင်းသည် ရောက်လာရာ၏၊ ဤသို့လျှင် အကျွန်ုပ်ကို စောင့်ရှောက်တော်မူပါဟု (လျှောက်၏)။ မင်းမြတ် သင်မင်းမြတ် အလိုအတိုင်း ဖြစ်စေလော့ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား၊ သားတို့သနင်း ခြင်္သေ့မင်းသည် ရွှေချိုင့်၌ သွင်းထားပါသော်လည်း ပြင်ပသို့ မျက်နှာမူသည်သာလျှင် ဖြစ်သကဲ့သို့ အသျှင် ဘုရား အကျွန်ုပ်သည် အိမ်ရာထောင်သော လူ့ဘောင်၌ နေပင်နေလင့်ကစား သာသနာဟူသော အပသို့ သာ မျက်နှာမူလျက် နေပါ၏။ အသျှင်ဘုရား အကျွန်ုပ်သည် အိမ်ရာတည်ထောင် လူ၏ဘောင်မှ (ဖဲခွါ၍) အိမ်ရာမထောင် ရဟန်းဘောင်၌ အကယ်၍ ရဟန်းပြုသည် ဖြစ်ပါအံ့၊ အကျွန်ုပ်အား ရန်သူတို့ များပြား သောကြောင့် ကြာမြင့်စွာ အသက်မရှင်ရာပါဟု (လျှောက်၏)။

--

ထို့နောက် အသျှင်နာဂသေနသည် မိလိန္ဒမင်း၏ အမေးပြဿနာကို ဖြေပြီးသော် နေရာမှ ထကာ သံဃာ့အရံသို့ ကြွသွားတော်မူ၏။ အသျှင်နာဂသေန ကြွသွား၍ မကြာမြင့်မီ မိလိန္ဒမင်းအား “ငါသည် အဘယ်ကို မေးခဲ့သနည်း၊ အသျှင်နာဂသေနသည် အဘယ်ကို ဖြေလေသနည်း”ဟု ဤသို့သော အကြံ ဖြစ်၏။ ထို့နောက်၌ “ငါသည် အလုံးစုံကို ကောင်းစွာ မေးအပ်၏၊ အသျှင်နာဂသေနသည် ငါမေးသမျှ အလုံးစုံကို ကောင်းစွာ ဖြေအပ်ပေ၏”ဟု ဤသို့ အကြံဖြစ်ပြန်၏။ “မိလိန္ဒမင်းသည် အဘယ်ကို မေးသနည်း၊ ငါသည် အဘယ်ကို ဖြေသနည်း”ဟု သံဃာ့အရံသို့ ကြွသွားသော အသျှင်နာဂသေနအား ဤသို့သော အကြံဖြစ်၏။ ထို့နောက် မိလိန္ဒမင်းသည် အလုံးစုံကို ကောင်းစွာ မေးအပ်၏၊ ငါသည် မေးသမျှ အလုံးစုံကို ကောင်းစွာ ဖြေအပ်၏”ဟု ဤသို့သော အကြံဖြစ်ပြန်၏။

ထို့နောက် အသျှင်နာဂသေနသည် ထိုညဉ့်လွန်သဖြင့် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ဆောင်ယူပြီးလျှင် မိလိန္ဒမင်း၏ နန်းတော်သို့ ချဉ်းကပ်လျက် ခင်းထားသော နေရာ၌ ထိုင် နေ၏။ ထိုအခါ မိလိန္ဒမင်းသည် အသျှင်နာဂသေနကို ရှိခိုးပြီး၍ တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် အသျှင်နာဂသေနအား ဤစကားကို လျှောက်၏။

“ငါသည် အသျှင်နာဂသေနကို ပြဿနာမေးရ၏”ဟု ထိုသို့သော ဝမ်းမြောက်ခြင်းဖြင့်သာ ထိုညဉ့်ကြွင်းကို လွန်မြောက်စေ၏ဟု အသျှင့်အား ဤသို့သော အကြံမဖြစ်ပါစေလင့်၊ အသျှင်ဘုရားသည် ဤသို့ မမှတ်ထိုက်ပါ၊ အသျှင်ဘုရား ထိုအကျွန်ုပ်အား ထိုညဉ့်ကြွင်းပတ်လုံး “ငါသည် အဘယ်ကို မေးအပ်သနည်း၊ အသျှင်မြတ်သည် အဘယ်ကို ဖြေအပ်သနည်း"၊ “ငါသည် အလုံးစုံသော ပြဿနာကို ကောင်းစွာ မေးအပ်၏၊ အသျှင်မြတ်သည် မေးသမျှအလုံးစုံကို ကောင်းစွာ ဖြေအပ်၏”ဟု အကြံဖြစ်ပါ သည်ဟု (လျှောက်၏)။

နာဂသေနမထေရ်သည်လည်း ဤသို့ မိန့်တော်မူ၏ - “ငါသည် မိလိန္ဒမင်း၏ ပြဿနာကို ဖြေအပ် ၏”ဟု ထိုသို့သော ဝမ်းမြောက်ခြင်းဖြင့်သာ ထို့ညဉ့်ကြွင်းကို လွန်မြောက်စေ၏ဟု မင်းမြတ်အား ဤသို့ အကြံမဖြစ်ပါစေလင့်၊ သင်မင်းမြတ်သည် ဤသို့ မမှတ်ထိုက်ပါ၊ “ထိုငါ့အား ထိုညဉ့်ကြွင်းပတ်လုံး မိလိန္ဒမင်းသည် အဘယ်ကို မေးအပ်သနည်း၊ ငါသည် အဘယ်ကို ဖြေအပ်သနည်း၊ မိလိန္ဒမင်းသည် အလုံးစုံကို ကောင်းစွာ မေးအပ်၏၊ ငါသည် အလုံးစုံကို ကောင်းစွာ ဖြေအပ်၏”ဟု အကြံဖြစ်၏ဟု (မိန့်တော်မူ၏)။ ဤသို့လျှင် ထိုယောက်ျားမြတ်တို့သည် အချင်းချင်း ကောင်းစွာ ဆိုအပ်သည်ကို အညီအမျှ ဝမ်းမြောက်ကြကုန်၏။ ။

မိလိန္ဒပဥှာပုစ္ဆာဝိသဇ္ဇနာ ပြီး၏။

--

၃-မေဏ္ဍကပဥှာရမ္ဘကထာ

တိုင်ပင်ခြင်း၏ ရှောင်ကြဉ်ရာ အရပ်ရှစ်မျိုး

စကားနှိမ်နင်း ငြင်းခုံခြင်းအလေ့ရှိ၍ ပညာရှိတို့၏ နှလုံးကို တုန်လှုပ်စေတတ်သော အလွန်ပညာလည်းရှိ, စူးစမ်းနိုင်သော ပညာလည်းရှိသည့် မိလိန္ဒမင်းသည် ဉာဏ်ထူးခြား ကွဲပြားစိမ့်သောငှါ နာဂသေနမထေရ်သို့ ဆည်းကပ်၏။ ထိုနာဂသေနမထေရ်၏ အရိပ်၌ နေလျက် အဖန်တလဲလဲ မေးလျှောက်၏၊ ထိုမိလိန္ဒမင်းသည်လည်း ခွဲခြမ်းနိုင်သော ဉာဏ်ရှိသည်ဖြစ်၍ ပိဋကတ်သုံးပုံကို တတ်ကျွမ်း နားလည်လေပြီ။ ညဉ့်ဘက်၌ ဆိတ်ငြိမ်ရာသို့ ကပ်လျက် အင်္ဂါကိုးပါးရှိသော ပရိယတ်ကို အဖန်ဖန် သုံးသပ်သည်ရှိသော် ဖြေရှင်းရန် ခဲယဉ်းကုန်သော၊ နှိမ်နင်းဖွယ်နှင့်တကွ ဖြစ်ကုန်သော၊ ဆိတ်ချိုပမာ ဝင်္ကဝုတ်သဘောရှိကုန်သော ပြဿနာတို့ကို မြင်လေပြီ။ တရားမင်းဘုရား၏ သာသနာတော်၌ ပရိယာယ်အားဖြင့် ဟောတော်မူသော တရားတော်သည်လည်း ရှိ၏၊ ရည်ညွှန်း၍ ဟောတော်မူသော တရားတော်သည်လည်း ရှိ၏၊ သဘောအားဖြင့် ဟောတော်မူသော တရားတော်သည်လည်း ရှိ၏။ မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ဆိတ်ချိုပမာ ဝင်္ကဝုတ်ဒေသနာတော်၌ ထိုဒေသနာတော်တို့၏ အနက် အဓိပ္ပါယ်ကို မသိနိုင်သောကြောင့် နောင်အနာဂတ် ကာလဝယ် ထိုဘုရားစကားတော်၌ အငြင်းအခုံ ဖြစ်လတ္တံ့။ ယခုအခါကပင် အမေးစကားကို ကြည်ညိုစေ၍ ဆိတ်ချိုပမာ ဝင်္ကဝုတ်ဒေသနာတို့ကို ခွဲဖြတ်ရှင်းလင်းစေအံ့၊ ထိုနာဂသေနမထေရ်မြတ်၏ မြွက်ဆိုညွှန်ပြသော စကားလမ်းစဉ်ဖြင့် အနာဂတ်အခါ၌ ညွှန်ပြကြကုန်လတ္တံ့။

ထိုအခါ မိလိန္ဒမင်းသည် ညဉ့်မိုးသောက်၍ အရုဏ်တက်သော် ဦးခေါင်းကို ဆေးလျှော်၍ ဦးထိပ် ထက်၌ လက်အုပ်ချီမြှောက်လျက် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဘုရားတို့ကို အောက်မေ့ပြီးလျှင် ကျင့်ဝတ် ရှစ်ပါးတို့ကို ဆောက်တည်၏၊ “ဤနေ့မှ (အစပြု၍) ငါသည် လာမည့် ခုနစ်ရက်တို့ပတ်လုံး ကျင့်ဝတ် ရှစ်ပါးတို့ကို ဆောက်တည်၍ ခြိုးခြံသော အကျင့်ကို ကျင့်အံ့၊ ထိုငါသည် လေ့ကျက်သော အကျင့်ရှိ သည်ဖြစ်၍ ဆရာ(နာဂသေန) ကို နှစ်သက်စေလျက် ဆိတ်ချိုပမာ ဝင်္ကဝုတ္တိပြဿနာတို့ကို မေးအံ့”ဟု ကြံစည်၍ ဆောက်တည်၏။ ထို့နောက် မိလိန္ဒမင်းသည် ဝတ်မြဲတိုင်းပုဆိုးအစုံကိုပယ်၍ ဘယက်တန်ဆာတို့ကိုလည်း ချွတ်ပြီးလျှင်၊ ဖန်ရည်ဆိုးအဝတ်ကို ဝတ်လျက်၊ ခေါင်းတုံးနှင့် တူသော ဦးစွပ်ကို ဦးခေါင်း၌ ဆောင်း (စွပ်) ကာ ရဟန်း၏ အဖြစ်သို့ ကပ်၍ ကျင့်ဝတ်ရှစ်ပါးတို့ကို ဆောက်တည်၏ “ဤခုနစ်ရက်ပတ် လုံး ငါသည် မင်းနှင့် စပ်သော ကိစ္စကို မဆုံးမအပ်၊ရာဂနှင့် စပ်သော စိတ်ကို မဖြစ်စေအပ်၊ ဒေါသနှင့် စပ်သော စိတ်ကို မဖြစ်စေအပ်၊ မောဟနှင့် စပ်သော စိတ်ကို မဖြစ်စေအပ်၊ ကျွန်, အလုပ်သမားဖြစ်ကုန်သောသူအပေါင်း၌သော်လည်း နှိမ့်ချခြင်းရှိသည် ဖြစ်ရာ၏။ ကိုယ် နှုတ်ကို အစဉ်စောင့်ရှောက်အံ့၊ အာယတနခြောက်ပါးတို့ကိုလည်း အကြွင်းမဲ့ စောင့်စည်းအပ်ကုန်၏၊ မေတ္တာဘာဝနာ၌ စိတ်ကို ထည့်သွင်း ထားအပ်၏”ဟု ဆောက်တည်၏။ ဤသို့ ဤကျင့်ဝတ်ရှစ်ပါးတို့ကို ကောင်းစွာ ဆောက်တည်၍ ထိုကျင့်ဝတ်ရှစ်ပါးတို့၌သာလျှင် စိတ်ကို တည်စေ၍ ပြင်ပသို့ မထွက်ဘဲ ခုနစ်ရက်ကို လွန်စေ၍ ရှစ်ရက် မြောက်သောနေ့၌ မိုးသောက်သည်ရှိသော် စောစောကပင်လျှင် နံနက်ပွဲတော်စာကို စား၍၊ မျက်လွှာ အောက်ချလျက် ချင့်ချိန်ပြောဆို၍၊ ကောင်းစွာ ထားသော ဣရိယာပုထ်ရှိလျက်၊ မပျံ့မလွင့် ရွှင်လန်းတက်ကြွ ကြည်လင်လှသော စိတ်ဖြင့် နာဂသေနမထေရ်သို့ ချဉ်းကပ်၍၊ မထေရ်၏ ခြေတို့ကို ဦးတိုက်ကာ တစ်ခုသော နေရာ၌ ရပ်တည်လျက် ဤစကားကို လျှောက်ထား၏ -

--

အသျှင်ဘုရားနာဂသေန အကျွန်ုပ်အား အသျှင်ဘုရားတို့နှင့် အတူတကွ ဆွေးနွေးတိုင်ပင်ဖွယ် တစ်စုံတစ်ခုသော အကျိုးအကြောင်း (ကိစ္စ) သည် ရှိပါ၏၊ ထိုကိစ္စ၌ အသျှင်နှင့် တပည့်တော်မှ တစ်ပါးသော သုံးယောက်မြောက် တစ်စုံတစ်ယောက်ကိုမျှ အလိုမရှိအပ်ပါ၊ အသံဆိတ်ငြိမ်ရာဖြစ်သော၊ လူသူ ကင်းဆိတ်သော အင်္ဂါရှစ်ပါးရှိ၍ ရဟန်းတို့အား လျောက်ပတ်သော တောအရပ်၌ ထိုသို့သဘောရှိသော ပြဿနာကို မေးအပ်သည် ဖြစ်ပါလတ္တံ့၊ ထိုပြဿနာ၌ အကျွန်ုပ်အား ဖုံးကွယ်ခြင်းကို မပြုသင့်၊ လျှို့ဝှက်ခြင်းကို မပြုသင့်၊ အကျွန်ုပ်သည် ကောင်းစွာ တိုင်ပင်ရန် ကြိမ်ရောက်ခဲ့သော် လျှို့ဝှက်ဖွယ်ကို နာယူခြင်းငှါ ထိုက်သင့်ပါ၏၊ ထိုဆိုအပ်ပြီးသော အနက်အဓိပ္ပါယ်ကို ပုံထုံးဥပမာဖြင့်လည်း ပြအပ်ပါ၏၊ အဘယ်ကဲ့သို့နည်းဟူမူ- အသျှင်ဘုရားနာဂသေန ပစ်ချထားသိုခြင်းသို့ ကပ်ရောက်ခဲ့သော် မဟာပထဝီ မြေကြီးသည်ပင် ရတနာကို မြှုပ်နှံရန် ကြိမ်ရောက်ခဲ့သော် မဟာပထဝီမြေကြီးသည် မြှုပ်နှံရန်ထိုက်သကဲ့သို့၊ အသျှင်ဘုရားနာဂသေန ဤအတူသာလျှင် ကောင်းစွာ တိုင်ပင်ရန် ကြိမ်ရောက်ခဲ့သော် အကျွန်ုပ် သည် လျှို့ဝှက်ဖွယ်ကို နာယူခြင်းငှါ ထိုက်သင့်ပါ၏ဟု (ကြိုတင်လျှောက်ထား၏)။

ဆရာထေရ်မြတ်နှင့် အတူတူ ဆိတ်ငြိမ်သော တောသို့ ဝင်၍ ဤစကားကို လျှောက်ပြန်၏- အသျှင် ဘုရားနာဂသေန ဤလောက၌ တိုင်ပင်လိုသော ယောက်ျားသည် အရပ်ရှစ်မျိုးတို့ကို ရှောင်ကြဉ်အပ်ကုန်၏၊ ထိုအရပ်ရှစ်မျိုးတို့၌ လိမ္မာသော ယောက်ျားသည် အကျိုးအကြောင်းကို မတိုင်ပင်၊ တိုင်ပင်မိသော်လည်း အကျိုးပျက်စီး၏၊ အကျိုးမဖြစ်။ အဘယ်အရပ်ရှစ်မျိုးတို့နည်းဟူမူ-

မညီညွတ်ရာ အရပ်ကို ရှောင်ကြဉ်အပ်၏၊

ဘေးဘျမ်းရှိရာ အရပ်ကို ရှောင်ကြဉ်အပ်၏၊

အလွန်လေထန်သော အရပ်ကို ရှောင်ကြဉ်အပ်၏၊

နံရံစသည် ဖုံးကွယ်ရာ အရပ်ကို ရှောင်ကြဉ်အပ်၏၊

နတ်စင်, နတ်ကွန်းအရပ်ကို ရှောင်ကြဉ်အပ်၏၊

ခရီးလမ်းမကို ရှောင်ကြဉ်အပ်၏၊

စစ်မြေပြင်အရပ်ကို ရှောင်ကြဉ်အပ်၏၊

ရေဆိပ်အရပ်ကို ရှောင်ကြဉ်အပ်၏၊

ဤအရပ်ရှစ်မျိုးတို့ကို ရှောင်ကြဉ်အပ်ပါကုန်၏ဟု (လျှောက်၏)။

အသျှင်နာဂသေနမထေရ်သည် “မြေမညီညွတ်သော အရပ်၌ အဘယ်အပြစ်ရှိသနည်း၊ ဘေးဘျမ်း ရှိရာ အရပ်၊ အလွန်လေထန်သော အရပ်၊ နံရံစသည် ဖုံးကွယ်ရာအရပ်၊ နတ်စင်နတ်ကွန်း၊ ခရီးလမ်းမ၊ စစ်မြေပြင်အရပ်၊ ရေဆိပ်၌ အဘယ်အပြစ်ရှိသနည်း”ဟု မိန့်တော်မူ၏။ အသျှင်ဘုရားနာဂသေန မညီ ညွတ်ရာ အရပ်၌ တိုင်ပင်သော် အကျိုးသည် ပြန့်ကြဲ၏၊ လွင့်စင်၏၊ လျှောကျ၏၊ မပြီးမြောက်နိုင်။ ဘေးဘျမ်းရှိရာ အရပ်၌ စိတ်နှလုံးတုန်လှုပ်၏၊ စိတ်နှလုံးတုန်လှုပ်သော် ကောင်းမွန်မှန်ကန်သော အကျိုး ကို မမြင်နိုင်။ အလွန်လေထန်သော အရပ်၌ အသံသည် မထင်ရှား။ နံရံစသည် ဖုံးကွယ်ရာအရပ်၌ ချောင်းမြောင်း နားထောင်သူတို့သည် လာတတ်ကုန်၏၊ နတ်စင်နတ်ကွန်း၌ တိုင်ပင်သော် အကျိုးသည် နှောင့်နှေးလေးဖင့်စွာ သက်ရောက်၏။ ခရီးလမ်းမ၌ တိုင်ပင်သော် အကျိုးသည် အချည်းနှီးဖြစ်တတ်၏၊ စစ်မြေပြင်အရပ်၌ တိုင်ပင်သော် လှုပ်ရှားခြင်း ဖြစ်၏၊ ရေဆိပ်၌ တိုင်ပင်သော် ပေါက်ကြား လွယ်၏။

ဤမိလိန္ဒမင်း လျှောက်ထားသော အရာဌာန၌- “မညီညွတ်သောအရပ်၊ ဘေးဘျမ်းရှိရာအရပ်၊ လေထန်သောအရပ်၊ နံရံစသည် ဖုံးကွယ်ရာအရပ်၊ နတ်စင်နတ်ကွန်းအရပ်၊ ခရီးလမ်းမ၊ စစ်မြေပြင်အရပ်၊ ရေဆိပ် ဤအရပ်ရှစ်မျိုးတို့ကို ကြဉ်ရှောင်အပ်ကုန်၏”ဟု (ရှေးဆရာတို့ဂါထာ သိမ်းကျုံး ခြင်းဖြစ်၏)။ ဤကား တိုင်ပင်ခြင်း၏ ရှောင်ကြဉ်ရာ အရပ်ရှစ်မျိုးတို့တည်း။

--

တိုင်ပင်မှုကို ဖျက်ဆီးတတ်သော ပုဂ္ဂိုလ်ရှစ်ယောက်

အသျှင်ဘုရားနာဂသေန ဤရှစ်ယောက်သော ပုဂ္ဂိုလ်တို့သည် တိုင်ပင်အပ်ကုန်သော် တိုင်ပင်အပ်သော အကျိုးကို ပျက်စီးစေတတ်ကုန်၏။ အဘယ်ပုဂ္ဂိုလ်ရှစ်ယောက်တို့နည်းဟူမူ-ရာဂစရိုက်ရှိသူ၊ ဒေါသစရိုက် ရှိသူ၊ မောဟစရိုက်ရှိသူ၊ မာနစရိုက်ရှိသူ၊ လာဘ်၌ လိုချင်တပ်မက်ခြင်းအားကြီးသူ၊ ပျင်းရိ သောသူ၊ အကြံတစ်ခုတည်းကိုသာ စူးစိုက်ကြံစည်သူ၊ ငယ်ရွယ်မိုက်မဲသူ၊ ဤရှစ်ယောက်သော ပုဂ္ဂိုလ်တို့သည် တိုင်ပင်အပ်သော အကျိုးကို ပျက်စီးစေပါကုန်၏ဟု (လျှောက်၏)။

အသျှင်နာဂသေနမထေရ်သည် “ထိုပုဂ္ဂိုလ်ရှစ်ယောက်တို့အား (တိုင်ပင်သော်) အဘယ်အပြစ်ရှိပါ သနည်း”ဟု မိန့်တော်မူ၏။ အသျှင်ဘုရားနာဂသေနရာဂစရိုက်ရှိသူသည်ရာဂ၏ အစွမ်းဖြင့် တိုင်ပင် အပ်သော အကျိုးကို ပျက်စီးစေ၏။ ဒေါသစရိုက်ရှိသူသည် ဒေါသ၏ အစွမ်းဖြင့် တိုင်ပင်အပ်သော အကျိုးကို ပျက်စီးစေ၏။ မောဟစရိုက်ရှိသူသည် မောဟ၏ အစွမ်းဖြင့် တိုင်ပင်အပ်သော အကျိုးကို ပျက်စီးစေ၏။ မာနစရိုက်ရှိသူသည် မာန၏ အစွမ်းဖြင့် တိုင်ပင်အပ်သော အကျိုးကို ပျက်စီးစေ၏။ လာဘ်၌ လိုချင်တပ်မက်အားကြီးသူသည် လောဘ၏ အစွမ်းဖြင့် တိုင်ပင်အပ်သော အကျိုးကို ပျက်စီး စေ၏။ ပျင်းရိသောသူသည် ပျင်းရိသည့်အဖြစ်ကြောင့် တိုင်ပင်အပ်သော အကျိုးကို ပျက်စီးစေ၏။ အကြံ တစ်ခုတည်းကိုသာ စူးစိုက်ကြံစည်သူသည် အကြံတစ်ခုတည်းကိုသာ စူးစိုက်ကြံစည်သောကြောင့် တိုင်ပင် အပ်သော အကျိုးကို ပျက်စီးစေ၏။ ငယ်ရွယ်မိုက်မဲသူသည် ငယ်ရွယ်မိုက်မဲသည့်အဖြစ်ကြောင့် တိုင်ပင် အပ်သော အကျိုးကို ပျက်စီးစေ၏။

ဤမိလိန္ဒမင်း လျှောက်ထားသော အရာဌာန၌- “ရာဂကြီးသူလည်းကောင်း၊ အမျက်ဒေါသကြီးသူလည်းကောင်း၊ တွေဝေခြင်း မောဟကြီးသူလည်းကောင်း၊ မာန်ထောင်တက်ကြွသူလည်းကောင်း၊ လာဘ်၌ လိုချင် တတ်သူလည်းကောင်း၊ ထိုမှတစ်ပါး ပျင်းရိသူလည်းကောင်း၊ အကြံတစ်ခုတည်း ကိုသာ စူးစိုက်ကြံစည်တတ်သူလည်းကောင်း၊ ငယ်ရွယ်မိုက်မဲသူလည်းကောင်း၊ ဤပုဂ္ဂိုလ်ရှစ်ဦးတို့သည် တိုင်ပင်အပ်သော အကျိုးကို ဖျက်ဆီးတတ်ကုန်၏”ဟု (ရှေးဆရာတို့ ဂါထာသိမ်းကျုံးခြင်းဖြစ်၏)။

တိုင်ပင်ခြင်းကို ဖျက်ဆီးတတ်သော ပုဂ္ဂိုလ်ရှစ်ယောက် ပြီး၏။

--

လျှို့ဝှက်တိုင်ပင်ချက်ကို ဖျက်ဆီးတတ်သော ပုဂ္ဂိုလ်ကိုးယောက်

အသျှင်ဘုရားနာဂသေန ဤပုဂ္ဂိုလ်ကိုးယောက်တို့သည် လျှို့ဝှက်အပ်သော အတိုင်အပင်ကို ဖွင့်ဖော် တတ်ကုန်၏၊ သိုသိပ်၍ မထားနိုင်ကုန်။ အဘယ်ပုဂ္ဂိုလ် ကိုးယောက်တို့နည်းဟူမူ-ရာဂစရိုက်ရှိသူ၊ ဒေါသစရိုက်ရှိသူ၊ မောဟစရိုက်ရှိသူ၊ ကြောက်ရွံ့ထိတ်လန့်တတ်သူ၊ လာဘ်အာမိသ၌ အလေးပြုသူ၊ မိန်းမ၊ သေသောက်ကြူး၊ ပဏ္ဍုက်၊ သူငယ်၊ ဤပုဂ္ဂိုလ်ကိုးယောက်တို့တည်းဟု (လျှောက်၏)။

အသျှင်နာဂသေနမထေရ်သည် “ထိုကိုးယောက်သော ပုဂ္ဂိုလ်တို့အား တိုင်ပင်သော် အဘယ်အပြစ် ရှိသနည်း”ဟု မိန့်တော်မူ၏။ အသျှင်ဘုရားနာဂသေနရာဂစရိုက်ရှိသူသည်ရာဂ၏ အစွမ်းဖြင့် လျှို့ဝှက် အပ်သော အတိုင်အပင်ကို ဖွင့်ဖော်တတ်၏၊ သိုသိပ်မထားနိုင်။ ဒေါသစရိုက်ရှိသူသည် ဒေါသ၏ အစွမ်းဖြင့် လျှို့ဝှက်အပ်သော အတိုင်အပင်ကို ဖွင့်ဖော်တတ်၏၊ သိုသိပ်မထားနိုင်။ မောဟစရိုက်ရှိသူသည် မောဟ၏ အစွမ်းဖြင့် လျှို့ဝှက်အပ်သော အတိုင်အပင်ကို ဖွင့်ဖော်တတ်၏၊ သိုသိပ်မထားနိုင်။ ကြောက်တတ်သောသူသည် ကြောက်သည်၏ အစွမ်းဖြင့် လျှို့ဝှက်အပ်သော အတိုင်အပင်ကို ဖွင့်ဖော်တတ်၏၊ သိုသိပ့်မထားနိုင်။ လာဘ်အာမိသ၌ အလေးပြုသူသည် လာဘ်အာမိသဟူသော အကြောင်းကြောင့် လျှို့ဝှက်အပ်သော အတိုင်အပင်ကို ဖွင့်ဖော်တတ်၏၊ သိုသိပ်မထားနိုင်။ မိန်းမသည် ပညာနည်းသည့် အဖြစ်ကြောင့် လျှို့ဝှက်အပ်သော အတိုင်အပင်ကို ဖွင့်ဖော်တတ်၏၊ သိုသိပ်မထားနိုင်။ သေသောက်ကြူးသူသည်လည်း သေရည်သေရက်သောက်စားခြင်း၌ လျှပ်ပေါ်သည့်အဖြစ်ကြောင့် လျှို့ဝှက်အပ်သော အတိုင်အပင်ကို ဖွင့်ဖော် တတ်၏၊ သိုသိပ်မထားနိုင်။ ပဏ္ဍုက်သည် စိတ်ထားမတည့်မတ်သောကြောင့် လျှို့ဝှက်အပ်သော အတိုင် အပင်ကို ဖွင့်ဖော်တတ်၏၊ သိုသိပ်မထားနိုင်။ သူငယ်သည် စိတ်နေနုနယ် ပြောင်းလဲလွယ်သောကြောင့် လျှို့ဝှက်အပ်သော အတိုင်အပင်ကို ဖွင့်ဖော်တတ်၏၊ သိုသိပ်မထားနိုင်။

ဤမိလိန္ဒမင်း လျှောက်ထားသော အရာဌာန၌- “ရာဂများသူ၊ ဒေါသများသူ၊ မောဟများသူ၊ ကြောက်လန့်တတ်သူ၊ လာဘ် အာမိသ၌ အလေးပြုသူ၊ မိန်းမ၊ သေသောက်ကြူး၊ ပဏ္ဍုက်၊ ကိုးယောက်မြောက် သူငယ် (အားဖြင့် ပုဂ္ဂိုလ်ကိုးယောက်) ဖြစ်၏။ လောက၌ ဤပုဂ္ဂိုလ်ကိုးယောက်တို့သည် ယုတ်မာဆိုးစွ တစ်ခဏမျှ ဖြစ်ကုန်၏။ စိတ်တုန်လှုပ်ကုန်၏။ လျှပ်ပေါ်လော်လည်ကုန်၏။ ဤပုဂ္ဂိုလ်ကိုးယောက်တို့နှင့် တိုင်ပင်အပ်သော် လျှို့ဝှက်အပ်သော အတိုင်အပင်သည် လျင်မြန်စွာ ပေါက်ကြားတတ်၏”ဟု (ရှေးဆရာတို့ ဂါထာသိမ်းကျုံးခြင်းဖြစ်၏)။

လျှို့ဝှက်တိုင်ပင်ချက်ကို ဖျက်ဆီးတတ်သော ပုဂ္ဂိုလ်ကိုးယောက် ပြီး၏။

--

ပညာကြီးရင့်ကြောင်းရှစ်ပါး

အသျှင်ဘုရားနာဂသေန ရှစ်ပါးသော အကြောင်းတို့ကြောင့် ပညာသည် ကြီးရင့်၏၊ ရင့်ကျက်ခြင်းသို့ ရောက်၏။ အဘယ်ရှစ်ပါးသော အကြောင်းတို့ကြောင့်နည်းဟူမူ-

- အရွယ်ကြီးရင့်သောကြောင့် ပညာသည် ကြီးရင့်၏၊ ရင့်ကျက်ခြင်းသို့ ရောက်၏။

- အခြံအရံအကျော်အစောများသောကြောင့် ပညာသည် ကြီးရင့်၏၊ ရင့်ကျက်ခြင်းသို့ ရောက်၏။

- အဖန်ဖန် မေးမြန်းသောကြောင့် ပညာသည် ကြီးရင့်၏၊ ရင့်ကျက်ခြင်းသို့ ရောက်၏။

- ရေဆိပ်ပမာ ဆရာနှင့် ပေါင်းဖော်သောကြောင့် ပညာသည် ကြီးရင့်၏၊ ရင့်ကျက်ခြင်းသို့ ရောက်၏။

- သင့်လျော်စွာ နှလုံးသွင်းသောကြောင့် ပညာသည် ကြီးရင့်၏၊ ရင့်ကျက်ခြင်းသို့ ရောက်၏။

- တိုင်ပင်ဆွေးနွေးသောကြောင့် ပညာသည် ကြီးရင့်၏၊ ရင့်ကျက်ခြင်းသို့ ရောက်၏။

- ချစ်ခင်သူနှင့် ပေါင်းဖော်ရသောကြောင့် ပညာသည် ကြီးရင့်၏၊ ရင့်ကျက်ခြင်းသို့ ရောက်၏။

- သင့်လျော်သော အရပ်ဌာန၌ နေထိုင်ရသောကြောင့် ပညာသည် ကြီးရင့်၏၊ ရင့်ကျက်ခြင်းသို့ ရောက်၏။

ဤမိလိန္ဒမင်း လျှောက်ထားသော အရာဌာန၌- “အရွယ်ကြီးရင့်သောကြောင့်လည်းကောင်း၊ အခြံအရံအကျော်အစောများခြင်း၊ မေးမြန်းခြင်းတို့ကြောင့်လည်းကောင်း၊ ရေဆိပ်ပမာ ဆရာနှင့်ပေါင်းဖော်သောကြောင့်လည်းကောင်း၊ သင့်လျော်စွာ နှလုံးသွင်းသောကြောင့်လည်းကောင်း၊ တိုင်ပင် ဆွေးနွေးသောကြောင့်လည်းကောင်း၊ ချစ်ခင်သူနှင့် အတူပေါင်းသင်းရသောကြောင့်လည်းကောင်း၊ သင့်လျော်သော အရပ်ဌာန၌ နေထိုင်ရသောကြောင့်လည်းကောင်း။ (ပညာသည် ကြီးရင့်၏ ရင့်ကျက်ခြင်းသို့ ရောက်၏)။ ဤရှစ်ပါးသော အကြောင်းတို့သည် ပညာသန့်ရှင်းနိုင်သော အကြောင်းတို့ပေတည်း။ ဤဆိုခဲ့ပြီး အကြောင်းရှစ်ပါးတို့သည် အကြင်သူတို့အား ရှိကုန်၏၊ ထိုသူတို့အား ဉာဏ်ပညာသည် ထူးခြားကွဲပြား၏”ဟု (ရှေးဆရာတို့ ဂါထာ သိမ်းကျုံးခြင်းဖြစ်၏)။

ပညာကြီးရင့်ကြောင်း ရှစ်ပါး ပြီး၏။

--

ဆရာ၏ ဂုဏ်အင်္ဂါ

အသျှင်ဘုရားနာဂသေန ဤမြေအဖို့သည် တိုင်ပင်ခြင်း၏ အပြစ်ရှစ်ပါးမှ လွတ်ကင်းပါ၏။ အကျွန်ုပ် သည်လည်း လောက၌ လွန်မြတ်သော တိုင်ပင်သင့်သော အဖော်သဟဲပါတည်း။ အကျွန်ုပ်သည် လျှို့ဝှက် အပ်သော အတိုင်အပင်ကို အစဉ်စောင့်စည်းနိုင်လောက်သူလည်း ဖြစ်ပါ၏။ အကျွန်ုပ်သည် အသက်ရှည် သမျှ ကာလပတ်လုံး လျှို့ဝှက်အပ်သော အတိုင်အပင်ကို စောင့်စည်းပါအံ့။ အကျွန်ုပ်သည် ပြဆိုပြီး ရှစ်ပါးသော အကြောင်းတို့ဖြင့် ပညာကြီးရင့်ခြင်းသို့ ရောက်ပါ၏။ ယခုအခါ၌ အကျွန်ုပ်ကဲ့သို့သော တပည့် ကို ရနိုင်ခဲပါ၏။ ကောင်းစွာ ကျင့်သော တပည့်အပေါ်၌ အကြင်နှစ်ဆယ့်ငါးပါးသော ဆရာ၏ ဝတ်နိဗဒ် အဖို့အရာတို့ ရှိပါ၏။ ထိုနှစ်ဆယ့်ငါးပါးသော ဆရာ၏ ဝတ်နိဗဒ်အဖို့အရာတို့ဖြင့် ဆရာသည် ဖြောင့်မှန် စွာ လိုက်နာကျင့်ဆောင်အပ်၏။ နှစ်ဆယ့်ငါးပါးသော ဆရာ၏ ဝတ်နိဗဒ်အဖို့အရာတို့ဟူသည် အဘယ်တို့ နည်းဟူမူ-

အသျှင်ဘုရားနာဂသေန ဤလောက၌ ဆရာသည် မိမိတပည့်အပေါ်၌ အမြဲမပြတ် အစောင့် အရှောက်ကို ဖြစ်စေအပ်၏။ တပည့်၏ မဆည်းကပ်သင့်သော ပုဂ္ဂိုလ်၊ ဆည်းကပ်သင့်သော ပုဂ္ဂိုလ်ကို သိအပ်၏၊ တပည့် ပေါ့တန်သည်၊ မပေါ့တန်သည်ကို သိအပ်၏။ တပည့်အတွက် နေရာထိုင်ခင်းကို သိအပ်၏။ နာဖျားမကျန်းသည်ကို သိအပ်၏။ ဆွမ်းဘောဇဉ်ရ၊ မရကို သိအပ်၏။ တပည့်၏ ထူးခြား၊ မထူးခြားကို သိအပ်၏။ မိမိသပိတ် အတွင်းရောက်ရှိသော ဘောဇဉ်ကို ဝေဖန်အပ်၏။ “မကြောက်လင့်၊ သင်၏ အကျိုးစီးပွားသည် တိုးတက်နေ၏”ဟု အားပေးအားမြှောက် ပြုအပ်၏။ “ဤသို့သော ပုဂ္ဂိုလ်နှင့် အတူတကွ ဆက်ဆံပေါင်းသင်းနေ၏”ဟု တပည့်၏ အပေါင်းအသင်းကို သိအပ်၏။ ရွာ၌ အပေါင်း အသင်းကို သိအပ်၏။ ကျောင်း၌ အပေါင်းအသင်းကို သိအပ်၏။ ထိုတပည့်နှင့်အတူ ရယ်မောခြင်း, မြူးထူးခြင်းကို မပြုအပ်။ ထိုတပည့်နှင့် အတူတကွ စကားပြောဆိုခြင်းကို ပြုအပ်၏။ အနည်းငယ် ချွတ်ချော်တိမ်းပါးသည်ကို မြင်သော် သည်းခံအပ်၏။ လေးစားသမှု ကောင်းစွာ ပြုရာ၏။ ဆရာ့ဝတ်ကို မချိုးမဖျက်ရာ။ မလျို့မဝှက် ပြုလုပ်ရာ၏။ အတတ်ပညာကို အကြွင်းမထား သင်ကြားပေးရာ၏။ “ဤတပည့်ကို အတတ်ပညာတို့၌ ဖြစ်စေအံ့”ဟု အဖစိတ် ထားရာ၏။ “ဤတပည့်သည် အဘယ်သို့ အကျိုးမဆုတ်ယုတ်ပေမည်နည်း”ဟု ကြီးပွါးစေလိုစိတ် ထားရာ၏။ “ဤတပည့်ကို အတတ်ပညာ အင်အားအစွမ်းဖြင့် အားရှိသည်ကို ပြုအံ့”ဟူသော စိတ်ကို ထားရာ၏။ မေတ္တာစိတ်ကို ရှေးရှုထားရာ၏။ ဘေးရန်ရောက်သော အခါတို့၌ မစွန့်ပစ်ရာ။ ပြုလုပ်ဖွယ်ဝတ်၌ မမေ့လျော့ရာ။ ချွတ်ချော်ဖောက်ပြန် လတ်သော် တရားသဖြင့် ချီးမြှောက်ဟောကြားရာ၏။ ဤကား တပည့်၌ ကျင့်ရန် ဆရာ၏ ဝတ်နိဗဒ်ဂုဏ် အင်္ဂါတို့တည်း။ ထိုဆိုခဲ့ပြီး ဝတ်နိဗဒ်ဂုဏ်အင်္ဂါတို့ဖြင့် အကျွန်ုပ်၌ ကောင်းစွာ ကျင့်တော်မူပါလော့။ အသျှင်ဘုရား အကျွန်ုပ်အား ယုံမှားခြင်း ဖြစ်ပါ၏။ ဆိတ်ချိုပမာ ဝင်္ကဝုတ်ဒေသနာဖြစ်သော မြတ်စွာဘုရား၏ စကားတော်သည် ရှိပါ၏။ ထိုဆိတ်ချိုပမာ ဝင်္ကဝုတ်ပြဿနာ၌ နောင်လာလတ္တံ့သော အဓွန့် ကာလဝယ် သူမှန်၊ ငါမှန် ငြင်းခုံခြင်းသည် ဖြစ်ပါလတ္တံ့။ နောင်လာလတ္တံ့သော အဓွန့်ကာလ၌လည်း အသျှင်ဘုရားနှင့် တူသော ပညာရှိတို့ကို ရခဲပါကုန်လတ္တံ့။ သူတစ်ပါးတို့ စွပ်စွဲခြင်းကို နှိပ်နင်းခြင်းငှါ ထိုမေဏ္ဍကပြဿနာတို့၌ အကျွန်ုပ်အား ပညာမျက်စိကို ပေးတော်မူပါလော့ဟု (လျှောက်ထား၏)။

--

ဥပါသကာ၏ ဂုဏ်အင်္ဂါ

နာဂသေနမထေရ်သည် “ကောင်းပြီဟု ဝန်ခံ၍ ဆယ်ပါးကုန်သော ဥပါသကာ၏ ကျင့်ဝတ်ဂုဏ် အင်္ဂါတို့ကို ပြတော်မူ၏။ မင်းမြတ် ဥပါသကာ၏ ကျင့်ဝတ်ဂုဏ်အင်္ဂါတို့သည် ဤဆယ်ပါးတို့တည်း။ အဘယ်ဆယ်ပါးတို့နည်းဟူမူ- မင်းမြတ် ဤလောက၌ ဥပါသကာသည် သံဃာနှင့် တူမျှသော ချမ်းသာ ဆင်းရဲရှိသူ ဖြစ်၏။ တရားတော်လျှင် အကြီးအမှူးထားသူ ဖြစ်၏။ ဥစ္စာပစ္စည်းအင်အားအလျောက့်ဝေဖန် ခွဲခြားခြင်း၌ မွေ့လျော်သူ ဖြစ်၏။ ဘုရားသာသနာတော် ပျက်ပြားဆုတ်ယုတ်သည်ကို ကြားသိတွေ့မြင် သော် တိုးတက်စည်ပင်ခြင်းငှါ လုံ့လ စိုက်ထုတ်၏။ ကောင်းသော အယူဝါဒရှိသူဖြစ်၏။ ဒိဋ္ဌ၊ သုတ၊ မုတ မင်္ဂလာအယူမှ ကင်းလွတ်၍ အသက်ဟူသော အကြောင်းကြောင့်လည်း သာသနာတော်မှ တစ်ပါးသောသူကို ဆရာဟူ၍ မညွှန်ကြား၊ ထိုဥပါသကာသည် ကိုယ်အမူအရာ နှုတ်အမူအရာကိုလည်း စောင့်စည်း၏။ သင့်တင့်ညီညွတ်ခြင်း၌ မွေ့လျော်သူ၊ သင့်တင့် ညီညွတ်ခြင်း၌ ပျော်ပိုက်သူ ဖြစ်၏။ မငြူစူတတ်သူ ဖြစ်၏။ ကောက်ကျစ်စဉ်းလဲသည့်အစွမ်းဖြင့် သာသနာတော်၌ ကျက်စားကျင်လည်သူ မဟုတ်။ ဘုရားကို ကိုးကွယ်ရာဟု ဆည်းကပ်သူ ဖြစ်၏။ တရားတော်ကို ကိုးကွယ်ရာဟု ဆည်းကပ်သူ ဖြစ်၏။ သံဃာတော်ကို ကိုးကွယ်ရာဟု ဆည်းကပ်သူ ဖြစ်၏။ မင်းမြတ် ဤသည်တို့ကား ဥပါသကာ၏ ကျင့်ဝတ်ဂုဏ် အင်္ဂါ ဆယ်ပါးတို့တည်း။ ထိုအလုံးစုံသော ကျင့်ဝတ်ဂုဏ်အင်္ဂါတို့သည် သင်မင်းမြတ်၌ ကောင်းစွာ ရှိကုန်၏။ သင်မင်းမြတ်သည် ဘုရားသာသနာတော်ဆုတ်ယုတ်မည်ကို မြင်၍ ကြီးပွါးခြင်းကို အလိုရှိခြင်းသည် သင့်မြတ်၏။ အခွင့်ရောက်၏။ လျောက်ပတ်၏။ သင့်တင့်၏။ သင့်အား ငါခွင့်ပြု၏။ သင်မင်းမြတ်သည် အလိုရှိတိုင်း ငါ့ကို မေးလော့ဟု (မိန့်တော်မူ၏)။

မေဏ္ဍကပဥှာရမ္ဘကထာ ပြီး၏။

--

၄-မေဏ္ဍကပဥှာ

၁-ဣဒ္ဓိဗလဝဂ်

၁-ကတာဓိကာရသဖလပဥှာ

ပရိနိဗ္ဗာန်ပြုသော မြတ်စွာဘုရားအား ပူဇော်မှုအကျိုး ရှိ မရှိပြဿနာ

။ ထိုအခါ မိလိန္ဒမင်းသည် ပုစ္ဆာမေးခွင့် ပြုအပ်သည် ဖြစ်ရကား ဆရာမထေရ်၏ ခြေရင်း၌ တုပ်ဝပ်နှိမ့်ချ၍ ဦးထိပ်၌ လက်အုပ်တင်ကာ ဤစကားကို လျှောက်ထား၏- “အသျှင်ဘုရားနာဂသေန ဤတိတ္ထိတို့သည် ဤသို့ ပြောဆိုပါကုန်၏- “မြတ်စွာဘုရားသည် ပူဇော်သက္ကာရကို အကယ်၍ သာယာ သည် ဖြစ်အံ့၊ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုပြီးသူ မဟုတ်နိုင်၊ လောကသုံးပါးနှင့် စပ်ယှဉ်တွဲနေ၏၊ လောကသုံးပါး၌ အတွင်းဝင် ဖြစ်နေသေး၏၊ လောကနှင့် ဆက်ဆံနေသေး၏၊ ထို့ကြောင့် ထိုမြတ်စွာဘုရားအား ပြုအပ်သော ကျေးဇူးသည် မမြုံ၊ အကျိုးရှိ၏။ အကယ်၍ ပရိနိဗ္ဗာန်ပြုအံ့၊ လောကသုံးပါးနှင့် မယှဉ်စပ်တော့ဘဲ အလုံးစုံသော ဘုံဘဝတို့မှ လွတ်လပ်လေရကား ထိုမြတ်စွာဘုရားအား ပူဇော်ခြင်းသည် မဖြစ်နိုင်၊ ပရိနိဗ္ဗာန်စံဝင်ဇာတ်သိမ်း ခန္ဓာငြိမ်းပြီးဖြစ်၍ တစ်စုံတစ်ခုသော ပူဇော်ဖွယ်ကို မသာယာနိုင် တော့ပေ၊ မသာယာသော မြတ်စွာဘုရားအား ပြုအပ်သော ကျေးဇူးသည် မြုံ၏၊ အကျိုးမရှိ”။ ဤသို့ လျှင် တိတ္ထိတို့သည် ပြောဆိုကြကုန်၏။ ဤအမေးပုစ္ဆာပြဿနာသည် အစွန်းနှစ်ဖက်ထွက်၏၊ ဤအမေးပုစ္ဆာပြဿနာသည် ရဟန္တာအဖြစ်သို့ မရောက်ကုန်သေးသောသူတို့ ဖြေဆိုရန် အရာမဟုတ်ပါ၊ ဤအမေးပုစ္ဆာပြဿနာကား ပဋိသမ္ဘိဒါပတ္တမြတ်လှသော ပုဂ္ဂိုလ်တို့၏ အရာသာ ဖြစ်ပါ၏၊ ဤမှားယွင်းသော အယူ ကွန်ရက်ကို ဖြတ်ခွဲပယ်ဖျက်တော်မူ၍ တစ်ခုတည်းသော မှန်ကန်သော အဖို့၌ တည်ထားတော်မူပါလော့။ ဤအမေးပုစ္ဆာပြဿနာသည် အသျှင်ဘုရားသို့ ရှေးရှုရောက်လတ်ပြီ၊ နောင်လာလတ္တံ့သော ဘုရား သားတော်တို့အား သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပုဂ္ဂိုလ်တို့ကို နှိပ်ခြင်းငှါ ပညာမျက်စိ ကို ပေးတော်မူပါလော့”ဟု (လျှောက်၏)။

နာဂသေနမထေရ်သည် မင်းမြတ် “မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုတော်မူပြီ၊ မြတ်စွာဘုရားသည် ပူဇော်သက္ကာရကို သာလည်း သာယာတော်မမူ။ မြတ်စွာဘုရားသည် ဗောဓိပင်ရင်း၌ပင်လျှင် သာယာ တပ်မက်မှုကို ပယ်စွန့်အပ်ပြီ။ (ထိုသို့ဖြစ်သောကြောင့်) ရုပ်နာမ်အကြွင်းမရှိသော နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူသော မြတ်စွာဘုရားအား အဘယ်မှာလျှင် ပူဇော်သက္ကာရကို သာယာပါတော့မည့်နည်း။ မင်းမြတ် တရားစစ်သူကြီးဖြစ်တော်မူသော အသျှင်သာရိပုတြာမထေရ်သည်- ‘နတ်နှင့်တကွသော လူအပေါင်းတို့သည် ပူဇော်အပ်ကုန်သော၊ အတုမရှိသော ရှေးဘုရားတို့နှင့်သာ တူတော်မူကုန်သော ထိုမြတ်စွာဘုရားတို့သည် ပူဇော် သက္ကာရကို မသာယာကုန်၊ ဤသို့ မသာယာခြင်းကား မြတ်စွာဘုရားတို့၏ သဘောတံထွာ ဓမ္မတာ ပင်တည်း’ဟု ဟောအပ်ပြီ”ဟု မိန့်ဆို၏။

မိလိန္ဒမင်းသည် “အသျှင်ဘုရားနာဂသေန သားသည်မူလည်း အဖ၏ ဂုဏ်ကို ပြောဆိုတတ်ပါ၏။ အဖသည်မူလည်း သား၏ ဂုဏ်ကို ပြောဆိုတတ်ပါ၏။ ဤယခု အသျှင်တင်ပြသော စကားသည် တစ်ပါးသော အယူရှိသော ပုဂ္ဂိုလ်တို့ကို နှိပ်ခြင်းငှါ အကြောင်းမဟုတ်သေးပါ။ ဤယခု အသျှင်တင်ပြသော စကားသည် ကြည်ညိုဖွယ်ကို ဖော်ပြခြင်းမျှသာ ဖြစ်ပါ၏။ တိုက်တွန်းပါ၏၊ အသျှင်ဘုရားသည် ထိုနှစ်ဖက် အစွန်းထွက်သော ပြဿနာ၌ မိမိအယူ၏ တည်တံ့ခိုင်မြဲစေခြင်းငှါလည်းကောင်း၊ မိစ္ဆာကွန်ရက်ကို ဖြေရှင်းခြင်းငှါလည်းကောင်း အကျွန်ုပ်အား အကြောင်းကို ကောင်းစွာ ဟောတော်မူပါလော့”ဟု လျှောက်၏။

--

နာဂသေနမထေရ်သည် “မင်းမြတ် မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုတော်မူလေပြီ၊ မြတ်စွာဘုရား သည် ပူဇော်သက္ကာရကို သာယာတော်မမူ။ မသာယာသည်သာဖြစ်သော မြတ်စွာဘုရား၏ ဓာတ်တော် ရတနာကို နတ်လူတို့သည် တည်ရာမှီရာပြုလျက် မြတ်စွာဘုရား၏ ဉာဏ်တော်ရတနာကို အာရုံပြုသဖြင့် ကောင်းသော အကျင့်ကို မှီဝဲကုန်သည်ဖြစ်၍ လူ, နတ်, နိဗ္ဗာန် သုံးတန်သော ချမ်းသာစည်းစိမ်တို့ကို ရရှိကုန်၏”ဟု မိန့်တော်မူ၏။

မင်းမြတ် ဥပမာအားဖြင့် မီးပုံကြီးသည် ရဲရဲပြောင်ပြောင်တောက်လောင်၍ ငြိမ်းလေရာ၏။ မင်းမြတ် ထိုမီးပုံကြီးသည် မြက်ထင်းဟူသော လောင်စာကို သာယာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ထိုမီးပုံကြီးသည် ရဲရဲပြောင်ပြောင်တောက်လောင်နေစဉ်သော်မှလည်း မြက်,ထင်းဟူသော လောင်စာကို မသာ ယာပေ၊ ထိုသို့ ဖြစ်ပါလျက် ငြိမ်းလေပြီးသော၊ အေးမြပြီးသော၊ စိတ်စေတနာမရှိသော မီးပုံကြီးသည် အဘယ်မှာ သာယာပါလိမ့်မည်နည်းဟု (လျှောက်၏)။ မင်းမြတ် ထိုမီးပုံကြီးသည် ပြတ်စဲငြိမ်းအေးခဲ့သော် လောက၌ မီးသည် ဆိတ်သုဉ်းသွားသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မီးသည် မဆိတ်သုဉ်းပါ၊ ထင်းသည် မီး၏တည်ရာ မီးစာဖြစ်ပါ၏။ မီးကို အလိုရှိကုန်သောသူအားလုံးတို့သည် အသီးအခြား ယောက်ျားတို့ပြုအပ်သော မိမိ၏ အားစွမ်းလုံ့လဖြင့် ထင်းကို ဖိနှိပ်ပွတ်တိုက်ပြီးလျှင် မီးကို ဖြစ်စေ၍ ထိုမီးဖြင့် မီးနှင့်ဆိုင်ရာပြုလုပ်ဖွယ်ဖြစ်ကုန်သော အမှုကိစ္စတို့ကို ပြုလုပ်ကြပါကုန်၏ဟု (လျှောက်၏)။ မင်းမြတ် သို့ဖြစ်လျှင် “မသာယာသောသူအား ပြုအပ်သော ကျေးဇူးသည် မြုံ၏၊ အကျိုးမရှိ”ဟူသော တိတ္ထိတို့၏ စကားသည် အမှားစင်စစ်သာ ဖြစ်၏။

မင်းမြတ် မီးပုံကြီးသည် ရဲရဲပြောင်ပြောင်တောက်လောင်သကဲ့သို့၊ ထို့အတူ မြတ်စွာဘုရားသည် တစ်သောင်းသော လောကဓာတ်၌ ဘုရား၏ အသရေတော်ဖြင့် ထိန်လင်းတောက်ပတော်မူပြီ။ မင်းမြတ် မီးပုံကြီးသည် ရဲရဲပြောင်ပြောင်တောက်လောင်၍ ငြိမ်းလေသကဲ့သို့၊ ထို့အတူ မြတ်စွာဘုရားသည် တစ်သောင်းသော လောကဓာတ်၌ ဘုရား၏ အသရေတော်ဖြင့် ထိန်လင်းတောက်ပတော်မူပြီး၍၊ ခန္ဓာ အကြွင်းမရှိသော နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူ၏။ မင်းမြတ် ငြိမ်းလေပြီးသော မီးပုံသည် မြက်, ထင်းဟူသော လောင်စာကို မသာယာသကဲ့သို့၊ ထို့အတူ (မြတ်စွာဘုရားသည်) လောကအစီးအပွါးကို သာယာခြင်းကို ပယ်တော်မူလျက် ငြိမ်းအေးလေပြီ။ မင်းမြတ် မီးပုံငြိမ်းအေးပြီးသော် လောင်စာမရှိခဲ့သော် လူတို့သည် အသီးအခြား ယောက်ျားတို့ ပြုအပ်သော မိမိ၏ အားစွမ်းလုံ့လဖြင့် ထင်းကို ပွတ်တိုက်ပြီးလျှင် မီးကို ဖြစ်စေ၍ ထိုမီးဖြင့် မီးနှင့်ဆိုင်ရာ ပြုလုပ်ဖွယ်ဖြစ်ကုန်သော အမှုကိစ္စတို့ကို ပြုလုပ်ကြကုန်သကဲ့သို့၊ ထို့အတူသာလျှင် နတ်လူတို့သည် ပရိနိဗ္ဗာန်ပြုတော်မူပြီးသော၊ သာယာခြင်း ကင်းတော်မူသော မြတ်စွာဘုရား၏ ဓာတ်တော်ရတနာကိုသာလျှင် တည်ရာပြု၍ မြတ်စွာဘုရား၏ ဉာဏ့်တော်ရတနာကို အာရုံပြုသဖြင့် ကောင်းသော အကျင့်ကို မှီဝဲကုန်သည်ဖြစ်၍ လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာတို့ကို ရကုန်၏။ မင်းမြတ် ဤအကြောင်းဖြင့်လည်း ပရိနိဗ္ဗာန်ပြုတော်မူပြီးသော၊ မသာယာသည် သာလျှင်ဖြစ်သော မြတ်စွာဘုရားအား ပြုအပ်သော ကျေးဇူးသည် မမြုံ အကျိုးရှိ၏။

မင်းမြတ် ပရိနိဗ္ဗာန်ပြုတော်မူပြီးသော၊ မသာယာသည်သာလျှင်ဖြစ်သော မြတ်စွာဘုရားအား ပြုအပ်သော ကျေးဇူးသည် မမြုံ အကျိုးရှိ၏ဟူသော ဤအကြောင်းမှ ထို့ထက်အလွန် အခြားအကြောင်း တစ်မျိုးကိုလည်း နာဦးလော့။ မင်းမြတ် ဥပမာအားဖြင့် လေပြင်းမုန်တိုင်းသည် တိုက်ခတ်၍ ကင်းပြတ် ငြိမ်းစဲရာ၏၊ မင်းမြတ် ကင်းပြတ်ငြိမ်းစဲပြီးသော လေသည် နောင်တစ်ဖန် ဖြစ်စေခြင်းကို သာယာပါ သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ကင်းပြတ်ငြိမ်းစဲပြီးသော လေ၏ တစ်ဖန် ဖြစ်စေခြင်းငှါ နှလုံး သွင်းခြင်းသည်လည်းကောင်း၊ စိတ်ထားပြုခြင်းသည်လည်းကောင်း မရှိပါ။ အဘယ်အကြောင်းကြောင့် နည်းဟူမူ- ထိုဝါယောဓာတ်သည် စေ့ဆော်မှု လုံ့လဗျာပါရမရှိသောကြောင့်ပါတည်း။ သို့ပင် နှလုံးသွင်းမှု မရှိသော်လည်း ကင်းပြတ်ငြိမ်းစဲပြီးသော ထိုလေ၏ လေဟူသော အမည်သည် ကင်းပျောက်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား လေဟူသော အမည်သည် မကင်းမပျောက်ပါ၊ ယပ်ဝန်း ယပ်တောင်တို့ သည် လေဖြစ်ခြင်း၏ အကြောင်းတို့ပါတည်း၊ အလွန်ပူကုန်သော၊ ပူအိုက်ခြင်းနှိပ်စက်ခံရကုန်သော လူအားလုံးတို့သည် ယပ်ဝန်းဖြင့်လည်းကောင်း၊ ယပ်တောင်ဖြင့်လည်းကောင်း အသီးအခြား ယောက်ျားတို့ ပြုအပ်သော မိမိ၏ အားစွမ်းလုံ့လဖြင့် ထိုလေကို ဖြစ်စေလျက် ထိုလေဖြင့် အပူကို ငြိမ်းအေးစေပါကုန်၏။ အအိုက်ကို ပြေပျောက်စေပါကုန်၏ဟု (လျှောက်၏)။ မင်းမြတ် သို့ဖြစ်လျှင် “သာယာခြင်း ကင်းတော်မူသော မြတ်စွာဘုရားအား ပြုအပ်သော ကျေးဇူးသည် မြုံ၏ အကျိုးမရှိ”ဟူသော တိတ္ထိတို့၏ စကား သည် မှား၏။

--

မင်းမြတ် လေပြင်းမုန်တိုင်းတိုက်ခတ်သကဲ့သို့၊ ထို့အတူသာလျှင် မြတ်စွာဘုရားသည် တစ်သောင်းသော လောကဓာတ်၌ အေးမြသာယာသိမ်မွေ့နူးညံ့သော မေတ္တာတော်လေဖြင့် တိုက်ခတ်တော်မူ၏။ မင်းမြတ် လေမုန်တိုင်းသည် တိုက်ခတ်၍ ကင်းပြတ်ငြိမ်းစဲသကဲ့သို့၊ ထို့အတူသာလျှင် မြတ်စွာဘုရားသည် အေးမြသာယာသိမ်မွေ့နူးညံ့သော မေတ္တာတော်လေဖြင့် တိုက်ခတ်တော်မူ၍၊ ခန္ဓာအကြွင်းမရှိသော နိဗ္ဗာန ဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူလေပြီ။ မင်းမြတ် ကင်းပြတ်ငြိမ်းစဲပြီးသော လေသည် နောင်တစ်ဖန် ဖြစ်စေခြင်းကို မသာယာသကဲ့သို့၊ ထို့အတူသာလျှင် လောက၏ အစီးအပွါးဖြစ်တော်မူသော မြတ်စွာဘုရား သည် သာယာခြင်းကို ပယ်တော်မူအပ်ပြီ၊ ကင်းပြတ်ငြိမ်းစဲပြီ။ မင်းမြတ် ထိုလူတို့သည် အပူဖြင့် ပူလောင်ကုန်သည်၊ အအိုက်ဖြင့် နှိပ်စက်ခံရကုန်သည် ဖြစ်ကုန်သကဲ့သို့၊ ထို့အတူသာလျှင် နတ်လူတို့သည် လောဘ၊ ဒေါသ၊ မောဟတည်းဟူသော မီးသုံးမျိုးတို့၏ ပူလောင်အိုက်စပ်ခြင်းဖြင့် နှိပ်စက်ခံရကုန်၏။ ယပ်ဝန်း,ယပ်တောင်တို့သည် လေဖြစ်ခြင်း၏ အကြောင်းဖြစ်ကုန်သကဲ့သို့၊ ထို့အတူသာလျှင် မြတ်စွာဘုရား ၏ ဓာတ်တော်သည်လည်းကောင်း၊ ဉာဏ်တော်ရတနာသည်လည်းကောင်း လူနတ်နိဗ္ဗာန်သုံးတန်သော ပြည့်စုံခြင်းတို့ကို ရခြင်းငှါ အကြောင်းအထောက်အပံ့သည် ဖြစ်၏။ လူတို့သည် အပူဖြင့် ပူလောင်ကုန် သည်၊ အအိုက်ဖြင့် နှိပ်စက်ခံရကုန်သည်ဖြစ်၍ ယပ်ဝန်းဖြင့်လည်းကောင်း၊ ယပ်တောင်ဖြင့်လည်းကောင်း လေကို ဖြစ်စေ၍ အပူကို ငြိမ်းအေးစေကုန်သကဲ့သို့၊ အအိုက်ကို ပြေပျောက်စေကုန်သကဲ့သို့၊ ထို့အတူ သာလျှင် နတ်လူတို့သည် ပရိနိဗ္ဗာန်ပြုတော်မူသော၊ မသာယာသည်သာ ဖြစ်တော်မူသော မြတ်စွာဘုရား၏ ဓာတ်တော်ကိုလည်းကောင်း၊ ဉာဏ်တော်ရတနာကိုလည်းကောင်း ပူဇော်၍ ကုသိုလ်ကို ဖြစ်စေလျက် ထိုကုသိုလ်ဖြင့် လောဘ၊ ဒေါသ၊ မောဟတည်းဟူသော မီးသုံးမျိုးတို့၏ ပူလောင်အိုက်စပ်ခြင်းကို ငြိမ်းစေကုန်၏၊ အေးစေကုန်၏။ မင်းမြတ် ဤသို့သော အကြောင်းဖြင့်လည်း ပရိနိဗ္ဗာန်ပြုတော်မူသော၊ မသာယာ သည်သာ ဖြစ်တော်မူသော မြတ်စွာဘုရားအား ပြုအပ်သော ကျေးဇူးသည် မမြုံ အကျိုးရှိ၏။

မင်းမြတ် သူတစ်ပါးအယူတို့ကို နှိပ်ခြင်းငှါ ထို့ထက်အလွန် အခြားအကြောင်းတစ်မျိုးကိုလည်း နာဦးလော့။ မင်းမြတ် ဥပမာအားဖြင့် ယောက်ျားသည် စည်ကို တီးခတ်၍ အသံကို ဖြစ်စေရာ၏၊ အကြင် စည်သံကို ယောက်ျားသည် ဖြစ်စေအပ်၏၊ ထိုအသံသည် ကွယ်ပျောက်ရာ၏၊ မင်းမြတ် ထိုစည်သံသည် နောင်တစ်ဖန် ဖြစ်စေခြင်းကို သာယာသေးသလောဟု မေးတော်မူ၏။ အသျှင်ဘုရား မသာယာပါ၊ ထို စည်သံသည် ကွယ်ပျောက်ပါပြီ၊ ထိုအသံအား နောင်တစ်ဖန် ဖြစ်စေခြင်းငှါ နှလုံးသွင်းခြင်းသည်လည်းကောင်း၊ စိတ်ထားခြင်းသည်လည်းကောင်း မရှိတော့ပါ၊ တစ်ကြိမ်ဖြစ်ပြီးသော စည်သံသည် ကွယ်ပျောက် သည်ရှိသော် ထိုစည်သံသည် ပြတ်စဲသွားပါ၏၊ အသျှင်ဘုရား ယင်းသို့ ပြတ်စဲပါသော်လည်း စည်သည် စည်သံဖြစ်ခြင်းအကြောင်းအထောက်အပံ့ဖြစ်ပါ၏။ ထိုသို့ဖြစ်သောကြောင့် ယောက်ျားသည် တီးခတ်ရန် အကြောင်းဖြစ်ပေါ်လတ်သော် မိမိသည် ဖြစ်စေအပ်သော လုံ့လဖြင့် စည်ကို တီးခတ်၍ အသံကို ဖြစ်စေရာ ပါ၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရားသည် သီလ၊ သမာဓိ၊ ပညာ၊ အရဟတ္တဖိုလ်၊ ပစ္စဝေက္ခဏာဉာဏ်တော်တို့ဖြင့် ထုံအပ်သော ဓာတ်တော်ရတနာကိုလည်းကောင်း၊ သုတ်၊ အဘိဓမ္မာကိုလည်းကောင်း၊ ဝိနည်းကိုလည်းကောင်း၊ အဆုံးအမတော်ကိုလည်းကောင်း ကိုယ်တော်စား ဘုရားအရာ၌ ထားခဲ့၍၊ ကိုယ်တော်သည်ကား ခန္ဓာအကြွင်းမရှိသော နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန် ပြုတော်မူ၏။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးသော်လည်း လူ, နတ်, နိဗ္ဗာန်သုံးတန်သော ပြည့်စုံမှုကို ရခြင်းသည် မကင်းပြတ်၊ ဘုံသုံးပါးအတွင်း ဆင်းရဲအမျိုးမျိုးဖြင့် နှိပ်စက်ခံရကုန်သည်ဖြစ်၍ စည်းစိမ် ချမ်းသာကို အလိုရှိကုန်သော သတ္တဝါတို့သည် ဓာတ်တော်ရတနာကိုလည်းကောင်း၊ သုတ်, အဘိဓမ္မာကိုလည်းကောင်း၊ ဝိနည်းကိုလည်းကောင်း၊ အဆုံးအမတော်ကိုလည်းကောင်း အကြောင်းအထောက်အပံ့ပြုလျက် လူ, နတ်, နိဗ္ဗာန်သုံးတန်သော စည်းစိမ်ချမ်းသာတို့ကို ရကြကုန်၏။ မင်းမြတ် ဤအကြောင်းဖြင့်လည်း ပရိနိဗ္ဗာန် ပြုတော်မူသော၊ မသာယာသည်သာဖြစ်တော်မူသော မြတ်စွာဘုရားအား ပြုအပ်သော ကျေးဇူးသည် မမြုံ အကျိုး ရှိ၏။

--

မင်းမြတ် အနာဂတ်ကာလ၌ ဖြစ်ပေါ်လတ္တံ့သော ဤသင်မင်းမြတ်ပြဆိုသော အကြောင်းအရာကို မြင်လည်း မြင်တော်မူခဲ့ပါ၏၊ ဟောလည်း ဟောတော်မူခဲ့ပါ၏၊ မှာဆိုလည်း မှာဆိုခဲ့ပါ၏၊ ပြောကြားလည်း ပြောကြားတော်မူခဲ့ပါ၏ “အာနန္ဒာ တရားစကားတော်သည် ဟောကြားသော ဆရာ (ဘုရား)မှ ကင်းကွာခဲ့ လေပြီ၊ ငါတို့ ဆရာ (ဘုရား) သည် မရှိတော့ပြီဟု သင်တို့အား ဤသို့သော ထင်မှတ်ခြင်းဖြစ်သော်လည်း ဖြစ်ရာ၏၊ အာနန္ဒာ ဤအရာကို ဤသို့ မထင်မှတ်သင့်၊ အာနန္ဒာ ငါဟောကြားပညတ်ထားသော တရား တော်နှင့် ဝိနည်းတော်သည် ငါကွယ်လွန်သော အခါ၌ သင်တို့၏ ဆရာ(ဘုရား) ပင် ဖြစ်ပေ၏”ဟု ဟော တော်မူ၏။ ပရိနိဗ္ဗာန်ပြုတော်မူပြီးသော၊ သာယာတော်မမူသော မြတ်စွာဘုရားအား ပြုအပ်သော ကျေးဇူး သည် မြုံ၏ အကျိုးမရှိဟူသော ထိုတိတ္ထိတို့၏ စကားသည် မှားယွင်း၏၊ မမှန်ကန် ချွတ်ယွင်း၏၊ ချော်ချွတ်၏၊ ဆန့်ကျင်၏၊ ဖောက်ပြန်၏၊ ဆင်းရဲတို့ကို ပေးတတ်၏၊ ဆင်းရဲသော အကျိုးရှိ၏၊ အပါယ်သို့ လားကြောင်းဖြစ်၏။

မင်းမြတ် အကြင်ပရိနိဗ္ဗာန်ပြုတော်မူသော၊ သာယာတော်မမူသော မြတ်စွာဘုရားအား ပြုအပ်သော ကျေးဇူးသည် မမြုံ အကျိုးရှိ၏ဟူသော ဤအကြောင်းမှ ထို့ထက်အလွန် အခြားအကြောင်းတစ်မျိုးကိုလည်း နာဦးလော့။ မင်းမြတ် ဤမြေကြီးသည် “ငါ၌ မျိုးစေ့အားလုံးတို့ ပေါက်ရောက်စေကုန်”ဟု သာယာသလော။ အသျှင်ဘုရား မသာယာပါ။ မင်းမြတ် သာယာခြင်းမရှိသော်လည်း ထိုမျိုးစေ့တို့သည် မြေကြီး၌ ကောင်းစွာ ပေါက်ပွါးကုန်လျက် သန်စွမ်းသော အမြစ်တို့ဖြင့် ထွေးယှက်ကုန်လျက် တည်ခိုင်သော ပင်စည်အနှစ်ရှိကုန်၍ အခက်ကြီးငယ် ကျယ်ပြန့်ပွါးစီးကုန်လျက် အပွင့်အသီးတို့ကို အဘယ့်ကြောင့်ဆောင်ကုန်သနည်း၊ အသျှင်ဘုရား မြေကြီးသည် သာယာခြင်းမရှိပါသော်လည်း ထိုမျိုးစေ့တို့၏ တည်ရာ ဖြစ်ပါ၏၊ ပေါက်ရောက်စည်ပင်ပြန့်ပွါးခြင်းငှါ အကြောင်းအထောက်အပံ့ကို ပေးပါ၏။ ထိုမျိုးစေ့တို့သည် ထိုမြေကြီးတည်းဟူသော တည်ရာကို မှီ၍ ထိုအကြောင်းအထောက်အပံ့ဖြင့် ကောင်းစွာ ပေါက်ရောက် စည်ပင်ပြန့်ပွါးကုန်လျက် သန်စွမ်းသော အမြစ်တို့ဖြင့် ထွေးယှက်ကုန်လျက် တည်ခိုင်သော ပင်စည်အနှစ် ရှိကုန်၍ အခက်ကြီးငယ် ကျယ်ပြန့်ပွါးစီးကုန်လျက် အပွင့်အသီးတို့ကို ဆောင်ပါကုန်၏၊ မင်းမြတ် ထိုသို့ ဖြစ်လျှင် ထိုတိတ္ထိတို့သည် “သာယာခြင်းကင်းသော မြတ်စွာဘုရားအား ပြုအပ်သော ကျေးဇူးသည် မြုံ၏ အကျိုးမရှိ”ဟု အကယ်၍ ဆိုကုန်အံ့၊ ဤသို့ဆိုမူ တိတ္ထိတို့သည် မိမိတို့ အယူဝါဒ၌ ပျက်စီးကုန်၏၊ ပုတ်ခတ်ကုန်၏၊ ဆန့်ကျင်ကုန်၏။

မင်းမြတ် မြေကြီးကဲ့သို့၊ ထို့အတူ ပူဇော်အထူးကို ခံတော်မူထိုက်သော (သစ္စာလေးပါးတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားကို (မှတ်အပ်၏)။ မင်းမြတ် မြေကြီးသည် တစ်စုံ တစ်ခုသော ဝတ္ထုကိုမျှ မသာယာသကဲ့သို့၊ ထို့အတူ မြတ်စွာဘုရားသည် တစ်စုံတစ်ခုသော ဝတ္ထုကိုမျှ သာယာတော်မမူ။ မင်းမြတ် ထိုမျိုးစေ့တို့သည် မြေကြီးကို တည်မှီ၍ ပေါက်ဖွားကုန်လျက် သန်စွမ်းသော အမြစ်တို့ဖြင့် ထွေးယှက်ကုန်လျက် တည်ခိုင်သော ပင်စည်အနှစ်ရှိကုန်၍ အခက်ကြီးငယ် ကျယ်ပြန့်ပွါးစီးကုန်လျက် အပွင့်အသီးကို ဆောင်ကုန်သကဲ့သို့၊ ထို့အတူ နတ်, လူတို့သည် ပရိနိဗ္ဗာန်ပြုတော်မူပြီးသော၊ မသာယာသည်သာဖြစ်သော မြတ်စွာဘုရား၏ ဓာတ်တော်ကိုလည်းကောင်း၊ ဉာဏ်တော်ရတနာကိုလည်းကောင်း မှီ၍ မြဲစွာသော ကုသိုလ်တည်းဟူသော အမြစ်၌ တည်ကုန်လျက်၊ သမာဓိဟူသော ပင်စည်၊ တရားဟူသော အနှစ်၊ သီလဟူသော အကိုင်း အခက်တို့ဖြင့် ထက်ဝန်းကျင် ပြန့်ပွါးကုန်၍ ဝိမုတ္တိဟူသော အပွင့်၊ မဂ်ဖိုလ်ဟူသော အသီးတို့ကို ပွင့်သီးကုန်၏။ မင်းမြတ် ဤအကြောင်းဖြင့်လည်း ပရိနိဗ္ဗာန်ပြု တော်မူပြီးသော၊ သာယာခြင်းရှိတော်မမူသော မြတ်စွာဘုရားအား ပြုအပ်သော ကျေးဇူးသည် မမြုံ အကျိုးရှိ၏။

--

မင်းမြတ် ပရိနိဗ္ဗာန်ပြုတော်မူပြီးသော၊ မသာယာသည်သာလျှင်ဖြစ်တော်မူသော မြတ်စွာဘုရားအား ပြုအပ်သော ကျေးဇူးသည် မမြုံ အကျိုးရှိ၏ဟူသော ဤအကြောင်းမှ ထို့ထက်အလွန် အခြားအကြောင်း တစ်မျိုးကိုလည်း နာဦးလော့။ မင်းမြတ် ဤကုလားအုပ်၊ နွား၊ မြည်း၊ ဆိတ်၊ သားသမင်၊ လူတို့သည် (မိမိတို့၏) ဝမ်းတွင်း၌ ပိုးမျိုးတို့၏ ဖြစ်ခြင်းကို သာယာကုန်သလော။ အသျှင်ဘုရား မသာယာပါ။ မင်းမြတ် ထိုသို့ မသာယာပါဘဲလျက် ထိုပိုးမျိုးတို့သည် သာယာခြင်းမရှိကုန်သော ထိုသတ္တဝါတို့၏ ဝမ်း၌ ကောင်းစွာ ဖြစ်ကုန်၍ များစွာသော သားမြေးရှိကုန်လျက် ပြန့်ပွားခြင်းသို့ အဘယ့်ကြောင့် ရောက်ကုန် သနည်း။ အသျှင်ဘုရား မကောင်းမှု ကံ၏ အားကြီးသည်၏အဖြစ်ကြောင့် မသာယာသည်သာလျှင်ဖြစ်ကုန်သော ထိုသတ္တဝါတို့၏ ဝမ်းတွင်း၌ ပိုးမျိုးတို့သည် ကောင်းစွာ ဖြစ်ကုန်၍ များစွာသော သားမြေးရှိကုန်လျက် ပြန့်ပွါးခြင်းသို့ ရောက်ကုန်၏။ မင်းမြတ် ဤအတူသာလျှင် ပရိနိဗ္ဗာန်ပြုတော်မူပြီးသော မသာယာ သည်သာလျှင် ဖြစ်တော်မူသော မြတ်စွာဘုရား၏ ဓာတ်တော်၏လည်းကောင်း၊ ဉာဏ်တော်အာရုံ၏လည်းကောင်း အားကောင်းသည့်အဖြစ်ကြောင့် မြတ်စွာဘုရား၌ ပြုအပ်သော ကျေးဇူးသည် မမြုံ အကျိုးရှိ၏။

မင်းမြတ် ပရိနိဗ္ဗာန်ပြုတော်မူပြီးသော၊ သာယာခြင်းရှိတော်မမူသော မြတ်စွာဘုရားအား ပြုအပ်သော ကျေးဇူးသည် မမြုံ အကျိုးရှိ၏ဟူသော ဤအကြောင်းမှ ထို့ထက်အလွန် အခြားအကြောင်းတစ်မျိုး ကိုလည်း နာဦးလော့။ မင်းမြတ် ဤကိုးဆယ့်ရှစ်ပါးသော ရောဂါတို့သည် ကိုယ်၌ ဖြစ်စေကုန်သတည်းဟု ဤလူတို့သည် သာယာကုန်သလော။ အသျှင်ဘုရား မသာယာပါကုန်။ မင်းမြတ် ထိုရောဂါတို့သည် သာယာခြင်းမရှိကုန်သော လူတို့၏ ကိုယ်၌ အဘယ့်ကြောင့် ဖြစ်ကုန်သနည်း။ အသျှင်ဘုရား ရှေးကပြုခဲ့သော မကောင်းမှု ‘ဒုစရိုက်’ ကြောင့် ဖြစ်ပါကုန်၏။ မင်းမြတ် ရှေးကပြုခဲ့သော အကုသိုလ်ကံ သည် ဤဘဝ၌ ခံစားအပ်သည် ဖြစ်အံ့၊ မင်းမြတ် သို့ဖြစ်မူ ရှေးကပြုအပ်သည်မူလည်းဖြစ်သော၊ ဤဘဝ၌ ပြုအပ်သည်မူလည်းဖြစ်သော ကုသိုလ်ကံ, အကုသိုလ် ကံသည် မမြုံ အကျိုးရှိ၏။ မင်းမြတ် ဤအကြောင်းဖြင့်လည်း ပရိနိဗ္ဗာန်ပြုတော်မူပြီးသော၊ မသာယာသည်သာလျှင်ဖြစ်သော မြတ်စွာဘုရား အား ပြုအပ်သော ကျေးဇူးသည် မမြုံ အကျိုးရှိ၏။

မင်းမြတ် နန္ဒကမည်သော ဘီလူးသည် သာရိပုတ္တရာမထေရ်ကို ပြစ်မှားမိသောကြောင့် မြေမျိုခံရ လေ၏ဟု သင်မင်းမြတ် ကြားဖူးသလော။ အသျှင်ဘုရား ကြားဖူးပါ၏၊ ဤအကြောင်းသည် လောက၌ ထင်ရှားပါ၏။ မင်းမြတ် သာရိပုတ္တရာမထေရ်သည် နန္ဒကဘီလူး မြေမျိုခံရခြင်းကို သာယာသလော။ အသျှင်ဘုရား နတ်, ဗြဟ္မာနှင့်တကွသော လောကသည် ထက်အောက်ပြောင်းပြန်ဖြစ်သော်လည်းကောင်း၊ လ,နေနှစ်ပါးသည် မြေသို့ ကျသော်လည်းကောင်း၊ မြင်းမိုရ်တောင်မင်းသည် ဖရိုဖရဲပြန့်ကြဲသော်လည်းကောင်း သာရိပုတ္တရာမထေရ်သည် သူတစ်ပါး၏ ဆင်းရဲခြင်းကို သာယာခြင်းမရှိပါ၊ ထိုသို့ မသာယာခြင်း သည် အဘယ့်ကြောင့်နည်းဟူမူ- အကြင်အကြောင်းကြောင့် သာရိပုတ္တရာမထေရ်သည် အမျက်ထွက်မူလည်း ထွက်ရာ၏၊ ပြစ်မှားမူလည်း ပြစ်မှားရာ၏၊ ထိုအကြောင်းကို သာရိပုတ္တရာမထေရ်သည် အကြွင်းမဲ့ နုတ်အပ်ပါပြီ၊ အကြွင်းမဲ့ ဖြတ်အပ်ပါပြီ၊ အသျှင်ဘုရား အကြောင်းကို အကြွင်းမဲ့ ပယ်ဖျက်ပြီးသည့် အဖြစ် ကြောင့် သာရိပုတ္တရာမထေရ်သည် မိမိအသက်ကို ပျက်အောင် ဆောင်တတ်သူ၌သော်လည်း အမျက်ဒေါသ ကို မပြုရာပါ။ မင်းမြတ် သာရိပုတ္တရာမထေရ်သည် နန္ဒကဘီလူး မြေမျိုခံရခြင်းကို အကယ်၍ မသာယာ သည် ဖြစ်အံ့၊ ဤသို့ မသာယာဘဲလျက် အဘယ့်ကြောင့် နန္ဒကဘီလူး မြေမျိုခံရသနည်း။ အသျှင်ဘုရား အကုသိုလ်ကံအားကြီးခြင်းကြောင့် မြေမျိုခံရပါ၏။ မင်းမြတ် အကုသိုလ်ကံ အားကြီးခြင်းကြောင့် နန္ဒက ဘီလူးသည် မြေမျိုခံရသည် ဖြစ်အံ့၊ ဤသို့ဖြစ်သော် မသာယာသော သာရိပုတ္တရာအားလည်း ပြုအပ်သော ပြစ်မှားမှုသည် မမြုံ အကျိုးရှိ၏။ မင်းမြတ် သို့ဖြစ်လျှင် အကုသိုလ်ကံအားကြီးခြင်းကြောင့် မသာယာသောသူအား ပြုအပ်သော ပြစ်မှားမှုသည် မမြုံ အကျိုးရှိ၏။ မင်းမြတ် ဤသို့သော အကြောင်းဖြင့်လည်း ပရိနိဗ္ဗာန်ပြုပြီးတော်မူပြီးသော၊ မသာယာသည်သာလျှင်ဖြစ်သော မြတ်စွာဘုရားအား ပြုအပ်သော ကျေးဇူးသည် မမြုံ အကျိုးရှိ၏။

--

မင်းမြတ် မျက်မှောက်ဘဝ၌ မြေမျိုခံရသူတို့သည် အဘယ်မျှလောက်ရှိကုန်သနည်း၊ ထိုအရာ၌ သင့်အား ကြားဖူးနားဝရှိပါ၏လော။ အသျှင်ဘုရား ကြားဖူးပါ၏။ မင်းမြတ် တိုက်တွန်းပါ၏၊ သင်သည် ပြောကြားပါလော့။ အသျှင်ဘုရား စိဉ္စမာဏဝိကာမည်သော မိန်းမတစ်ဦး၊ သာကီဝင်မင်းမျိုးဖြစ်သော သုပ္ပဗုဒ္ဓမင်းလည်းတစ်ဦး၊ ဒေဝဒတ်ထေရ်လည်းတစ်ဦး၊ နန္ဒကမည်သော ဘီလူးလည်းတစ်ဦး၊ နန္ဒမည်သောသူဌေးသားလုလင်လည်းတစ်ဦး ဤငါးဦးတို့ပါတည်း။ အသျှင်ဘုရား ဤသူငါးဦးတို့သည် မြေမျို ခံရကုန်၏ဟု ဤအကြောင်းကို ကြားဖူးပါ၏။ မင်းမြတ် ထိုသူငါးဦးတို့သည် အဘယ်ပုဂ္ဂိုလ်၌ ပြစ်မှားကုန် သနည်း။ အသျှင်ဘုရား မြတ်စွာဘုရား၌လည်းကောင်း၊ တပည့်သာဝကတို့၌လည်းကောင်း ပြစ်မှားပါကုန်၏။ မင်းမြတ် မြတ်စွာဘုရားသည်လည်းကောင်း၊ တပည့်သာဝကတို့သည်လည်းကောင်း ဤသူတို့၏ မြေမျိုခံရခြင်းကို သာယာကုန်သလော။ အသျှင်ဘုရား မသာယာပါကုန်။ မင်းမြတ် သို့ဖြစ်လျှင် ပရိနိဗ္ဗာန် ပြုတော်မူပြီးသော၊ မသာယာသည်သာလျှင်ဖြစ်သော မြတ်စွာဘုရားအား ပြုအပ်သော ကျေးဇူးသည် မမြုံ အကျိုးရှိ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန အမေးပြဿနာကို ကောင်းစွာ သိစေတော်မူအပ်ပါပြီ။ မပေါ်ခက်ခဲ နက်နဲသည်ကို ပေါ်လွင်အောင် ပြုအပ်ပါပြီ။ လျို့ဝှက်သည်ကို ဖျက်ဆီးအပ်ပြီ။ ခက်ဆစ်ကို ဖျက်ဆီးရှင်းလင်းအပ်ပြီ။ တောရှုပ်ကို အရှုပ်မရှိအောင် ပြုအပ်ပြီ။ ဂိုဏ်းတို့ထွတ်ထီး ကြီးမြတ်သူတို့ထက် အလွန်မြတ်သော အသျှင်ဘုရားသို့ ကပ်ရောက်ရပါသောကြောင့် တစ်ပါးသော အယူတို့သည် ပြေပျောက်ပျက်စီးကုန်ပါပြီ။ မကောင်းသော အယူတို့သည် ကျိုးပျက်ကုန်ပါပြီ။ မကောင်းသော အယူရှိသော တိတ္ထိတို့သည် အရောင်အဝါမရှိ ဖြစ်ပါကုန်ပြီဟု (လျှောက်၏)။ ။

ရှေးဦးစွာသော ကတာဓိကာရသဖလပဥှာ ပြီး၏။

--

၂-သဗ္ဗညုတာဘာဝဥှာ

သဗ္ဗညုတဉာဏ် ဖြစ်ပုံပြဿနာ

။ အသျှင်ဘုရားနာဂသေန မြတ်စွာဘုရားသည် တရားအားလုံးကို သိသူ သဗ္ဗညု ဖြစ်ပါသလော။ မင်းမြတ်ဟုတ်၏၊ မြတ်စွာဘုရားသည် တရားအားလုံးကို သိသူ သဗ္ဗညု ဖြစ်တော်မူ၏။ သို့ပင်ဖြစ်သော်လည်း မြတ်စွာဘုရားအား ဉာဏ်အမြင်သည် အမြဲမပြတ် ထင်နေသည် မဟုတ်ပေ။ မြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ်တော်သည် ဆင်ခြင်ခြင်းနှင့် စပ်၏။ ဆင်ခြင်တော်မူလျှင် အလိုရှိတိုင်း သိတော်မူ၏။ အသျှင် ဘုရားနာဂသေန ထိုမြတ်စွာဘုရားအား ဆင်ခြင်ရှာမှီးသဖြင့်သာ သဗ္ဗညုတဉာဏ်တော်သည် အကယ်၍ ဖြစ်အံ့၊ ထိုသို့ဖြစ်မူ မြတ်စွာဘုရားသည် တရားအားလုံးကို သိသူ သဗ္ဗညု မဟုတ်နိုင်ရာပါ။ မင်းမြတ် စပါးလှည်း အစီးတစ်ရာ (တင်းရေ-၈၀၀၀) တို့လည်းကောင်း၊ လှည်းတစ်စီးတို့၏ ထက်ဝက် (တင်းရေ လေးဆယ်) လည်းကောင်း၊ ခုနစ်အမ္ဗဏ (တစ်ဆယ့်ကိုးတင်း တစ်စိတ်) တို့ လည်းကောင်း၊ နှစ်ပြည်တို့လည်းကောင်း ရှိကုန်၏။ ဤမျှလောက် (စပါးတင်းရေ-၈၀၅၉-တင်း တစ်စိတ် နှစ်ပြည်ရှိ) စပါးတို့သည် လက်ဖျစ်တစ်တွက်ခဏ၌ ဖြစ်ပေါ်လာသော တစ်ခုခုသော စိတ်ကို အမှတ်အသားပြု၍ ထားအပ်ကုန်သော်ကုန်ခြင်း, ခန်းခြင်းသို့ ရောက်ကုန်ရာ၏။

ထိုအရာ၌ ခုနစ်မျိုးရှိသော ဤစိတ်တို့သည် ဖြစ်ကြကုန်၏။ မင်းမြတ် အကြင်သူတို့သည်ရာဂ ရှိကုန်၏။ ဒေါသရှိကုန်၏။ မောဟရှိကုန်၏။ ကိလေသာဆယ်ပါးရှိကုန်၏။ မပွားစေအပ်သော ကိုယ်၊ မပွါးစေအပ်သော သီလရှိကုန်၏။ မပွါးစေအပ်သော စိတ်ရှိကုန်၏။ မပွါးစေအပ်သော ပညာရှိကုန်၏။ ထိုသူတို့၏ ထိုစိတ်သည် လေးလေးဖင့်ဖင့် ဖြစ်၏။ နုံ့နုံ့နှေးနှေးလည်၏။ အဘယ့်ကြောင့်နည်းဟူမူ- စိတ်ကို မပွါးစေအပ်သည့် အဖြစ်ကြောင့်တည်း။ မင်းမြတ် ဥပမာအားဖြင့် ကျယ်ဝန်းပြန့်ပြောစည်ကား၍ အရင်းနှင့် အဖျား၊ အဖျားနှင့် အရင်း စပ်ယှက်ပူးပေါင်းလျက် အခက်အလက်တို့ဖြင့် ရှုပ်ယှက်ထွေးရစ် နေသော ဝါးပင်ကို ဆွဲယူငင်ထုတ်သော် လေးလေးဖင့်ဖင့် နုံ့နုံ့နှေးနှေးပါလာ၏။ အဘယ့်ကြောင့်နည်းဟူမူ-ဝါးရုံခက်တို့၏ အရင်းနှင့် အဖျား၊ အဖျားနှင့် အရင်း စပ်ယှက်ပူးပေါင်းနေသောကြောင့်တည်း။ မင်းမြတ် ဤအတူသာလျှင် အကြင်သူတို့သည်ရာဂရှိကုန်၏။ ဒေါသ ရှိကုန်၏။ မောဟရှိကုန်၏။ ကိလေသာဆယ်ပါးရှိကုန်၏။ မပွားစေအပ်သော ကိုယ်ရှိကုန်၏။ မပွါးစေအပ်သော သီလရှိကုန်၏။ မပွါး စေအပ်သော စိတ်ရှိကုန်၏။ မပွါးစေအပ်သော ပညာရှိကုန်၏။ ထိုသူတို့၏ ထိုစိတ်သည် လေးလေး ဖင့်ဖင့်ဖြစ်၏။ နုံ့နုံ့နှေးနှေးလည်၏။ အဘယ့်ကြောင့်နည်းဟူမူ-ကိလေသာတို့နှင့် ပူးပေါင်းစပ်ယှက်နေ သောကြောင့်တည်း။ ဤစိတ်သည်ကား ပထမဖြစ်သော ပုထုဇဉ်စိတ်မျိုးပေတည်း။

ထိုအရာ၌ ဤဒုတိယဖြစ်သော စိတ်သည် ဝေဖန်ခြင်းသို့ ရောက်၏- မင်းမြတ် အကြင်သောတာပန် ပုဂ္ဂိုလ်တို့သည် အပါယ်တံခါးပိတ်ကုန်၏။ သစ္စာလေးပါးကို သိမြင်ခြင်းဖြင့် နိဗ္ဗာန်သို့ ရောက်ကုန်၏။ ဘုရားသခင်၏ ပဋိဝေဓသာသနာကို သိပြီးဖြစ်ကုန်၏။ ထိုသောတာပန်ပုဂ္ဂိုလ်တို့၏ ထိုစိတ်သည် သုံးပါးသော အရာတို့၌ ပေါ့ပါးစွာ ဖြစ်၏။ ပေါ့ပါးစွာ လည်၏။ အထက်မဂ်ဖိုလ်အရာတို့၌ လေးလေး ဖင့်ဖင့် ဖြစ်၏။ နုံ့နုံ့နှေးနှေး လည်၏။ အဘယ့်ကြောင့်နည်းဟူမူ-သုံးပါးသော အရာတို့၌ စိတ်၏စင်ကြယ်သည် ၏ အဖြစ်ကြောင့်လည်းကောင်း၊ အထက်၌ ကိလေသာတို့ကို မပယ်အပ်သေးသည်၏ အဖြစ်ကြောင့်လည်းကောင်းတည်း။ မင်းမြတ် ဥပမာအားဖြင့် အောက်သုံးဆစ် အဖုအထစ်စင်ကြယ်ပြီးသော၊ အထက်၌ အခက်အလက်တို့ဖြင့် ရှုပ်ယှက်ထွေးရစ်နေသော ဝါးပင်ကို ဆွဲယူငင်ထုတ်သော် အဖုအထစ်စင်ကြယ်သော သုံးဆစ်ရောက်အောင် လျင်စွာ ပါလာ၏။ ထိုသုံးဆစ်အထက်၌ လေးလံနေသေး၏။ အဘယ့်ကြောင့်နည်းဟူမူ-အောက်၌ စင်ကြယ်၍ အထက်၌ အခက်အလက်တို့ဖြင့် ရှုပ်ယှက်ထွေးရစ်နေသည်၏အဖြစ်ကြောင့်တည်း။ မင်းမြတ် ဤအတူသာလျှင် အကြင်သောတာပန် ပုဂ္ဂိုလ်တို့သည် အပါယ်တံခါးပိတ်ကုန်၏။ သစ္စာ လေးပါးကို သိမြင်ခြင်းဖြင့် နိဗ္ဗာန်သို့ ရောက်ကုန်၏။ ဘုရားသခင်၏ ပဋိဝေဓသာသနာကို သိပြီးဖြစ်ကုန်၏။ ထိုသောတာပန်ပုဂ္ဂိုလ်တို့၏ ထိုစိတ်သည် သုံးပါးသော အရာတို့၌ ပေါ့ပါးစွာ ဖြစ်၏။ ပေါ့ပါးစွာ လည်၏။ အထက်မဂ်ဖိုလ်အရာတို့၌ လေးလေးဖင့်ဖင့် ဖြစ်၏။ နုံ့နုံ့နှေးနှေး လည်၏။ အဘယ့်ကြောင့် နည်းဟူမူ-သုံးပါးသောအရာတို့၌ စိတ်၏ စင်ကြယ်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ အထက်၌ ကိလေသာတို့ကို မပယ်ရသေးသည်၏ အဖြစ်ကြောင့် လည်းကောင်းတည်း။ ဤစိတ်သည်ကား ဒုတိယ ဖြစ်သော သောတာပန်စိတ်မျိုးပေတည်း။

--

ထိုအရာ၌ ဤတတိယဖြစ်သော စိတ်သည် ဝေဖန်ခြင်းသို့ ရောက်၏-မင်းမြတ် အကြင်သကဒါဂါမ် ပုဂ္ဂိုလ်တို့သည် ရှိကုန်၏။ ယင်းသကဒါဂါမ်ပုဂ္ဂိုလ်တို့၏ရာဂ၊ ဒေါသ၊ မောဟတို့သည် ခေါင်းပါးကုန်ပြီ။ ထိုသကဒါဂါမ်ပုဂ္ဂိုလ်တို့၏ ထိုစိတ်သည် ငါးပါးသော အရာတို့၌ ပေါ့ပါးစွာ ဖြစ်၏။ ပေါ့ပါးစွာ လည်၏။ အထက် မဂ်ဖိုလ်အရာတို့၌ လေးလေးဖင့်ဖင့် ဖြစ်၏။ နုံ့နုံ့နှေးနှေး လည်၏။ အဘယ့်ကြောင့်နည်းဟူမူ- ငါးပါးသော အရာတို့၌ စိတ်၏ စင်ကြယ်သည်၏အဖြစ်ကြောင့်လည်းကောင်း၊ အထက်၌ ကိလေသာတို့ကို မပယ်ရသေးသည်၏အဖြစ်ကြောင့်လည်းကောင်းတည်း။ မင်းမြတ် ဥပမာအားဖြင့် အောက်ငါးဆစ် အဖု အထစ် စင်ကြယ်ပြီးသော၊ အထက်၌ အခက်အလက်တို့ဖြင့် ရှုပ်ယှက်ထွေးရစ်နေသော ဝါးပင်ကို ဆွဲယူငင် ထုတ်သော် အဖုအထစ် စင်ကြယ်သော ငါးဆစ်ရောက်အောင် လျင်စွာ ပါလာ၏။ ထိုငါးဆစ်အထက်၌ လေးလံနေသေး၏။ အဘယ့်ကြောင့်နည်းဟူမူ-ငါးဆစ်အောက်၌ စင်ကြယ်၍ အထက်၌ အခက်အလက်တို့ဖြင့် ရှုပ်ယှက်ထွေးရစ်နေသည်၏ အဖြစ်ကြောင့်တည်း။ မင်းမြတ် ဤအတူသာလျှင် အကြင်သကဒါဂါမ် ပုဂ္ဂိုလ်တို့သည် ရှိကုန်၏။ ယင်းသကဒါဂါမ် ပုဂ္ဂိုလ်တို့၏ရာဂ၊ ဒေါသ၊ မောဟတို့သည် ခေါင်းပါးကုန်ပြီ။ ထိုသကဒါဂါမ်ပုဂ္ဂိုလ်တို့၏ စိတ်သည် ငါးပါးသော အရာတို့၌ ပေါ့ပါးစွာ ဖြစ်၏။ ပေါ့ပါးစွာ လည်၏။ အထက်မဂ်ဖိုလ်အရာတို့၌ လေးလေးဖင့်ဖင့်ဖြစ်၏။ နုံ့နုံ့နှေးနှေးလည်၏။ အဘယ့်ကြောင့်နည်းဟူမူ- ငါးပါးသော အရာတို့၌ စိတ်၏ စင်ကြယ်သည်၏အဖြစ် ကြောင့်လည်းကောင်း၊ အထက်၌ ကိလေသာတို့ကို မပယ်ရသေးသည်၏အဖြစ်ကြောင့်လည်းကောင်းတည်း။ ဤစိတ်သည်ကား တတိယ ဖြစ်သော သကဒါဂါမ်စိတ်မျိုးပေတည်း။

ထိုအရာ၌ ဤစတုတ္ထဖြစ်သော စိတ်သည် ဝေဖန်ခြင်းသို့ ရောက်၏-မင်းမြတ် အကြင်အနာဂါမ် ပုဂ္ဂိုလ်တို့သည် ရှိကုန်၏။ ယင်းအနာဂါမ်ပုဂ္ဂိုလ်တို့သည် ဩရမ္ဘာဂိယသံယောဇဉ်ငါးမျိုးတို့ကို ပယ်အပ်ကုန်ပြီ။ ထိုအနာဂါမ်ပုဂ္ဂိုလ်တို့၏ ထိုစိတ်သည် ဆယ်ပါးသော အရာတို့၌ ပေါ့ပါးစွာ ဖြစ်၏။ ပေါ့ပါးစွာ လည်၏။ အထက်မဂ်ဖိုလ်အရာတို့၌ လေးလေးဖင့်ဖင့် ဖြစ်၏။ နုံ့နုံ့နှေးနှေး လည်၏။ အဘယ့်ကြောင့် နည်းဟူမူ-ဆယ်ပါးသော အရာတို့၌ စိတ်၏ စင်ကြယ်သည်၏အဖြစ်ကြောင့်လည်းကောင်း၊ အထက်၌ ကိလေသာတို့ကို မပယ်ရသေးသည်၏အဖြစ်ကြောင့်လည်းကောင်းတည်း။ မင်းမြတ် ဥပမာအားဖြင့် ဆယ်ဆစ်သော အဖုအထစ် စင်ကြယ်ပြီးသော၊ အထက်၌ အခက်အလက်တို့ဖြင့် ရှုပ်ယှက်ထွေးရစ်နေသော ဝါးပင်ကို ဆွဲယူငင်ထုတ်သော် အဖုအထစ် စင်ကြယ်သော ဆယ်ဆစ်ရောက်အောင် လျင်စွာ ပါလာ၏။ ထိုဆယ်ဆစ်အထက်၌ လေးလံနေသေး၏။ အဘယ့်ကြောင့်နည်းဟူမူ-အောက်၌ စင်ကြယ်၍ အထက်၌ အခက်အလက်တို့ဖြင့် ရှုပ်ယှက်ထွေးရစ်နေသည်၏အဖြစ်ကြောင့်တည်း။ မင်းမြတ် ဤအတူသာလျှင် အကြင် အနာဂါမ်ပုဂ္ဂိုလ်တို့သည် ရှိကုန်၏။ ယင်းအနာဂါမ်ပုဂ္ဂိုလ်တို့သည် ဩရမ္ဘာဂိယသံယောဇဉ်ငါးမျိုးတို့ကို ပယ်အပ်ကုန်၏။ ထိုအနာဂါမ်ပုဂ္ဂိုလ်တို့၏ စိတ်သည် ဆယ်ပါးသော အရာတို့၌ ပေါ့ပါးစွာ ဖြစ်၏။ ပေါ့ပါးစွာ လည်၏။ အထက်မဂ်ဖိုလ်အရာတို့၌ လေးလေးဖင့်ဖင့် ဖြစ်၏။ နုံ့နုံ့နှေးနှေး လည်၏။ အဘယ့်ကြောင့်နည်းဟူမူ-ဆယ်ပါးသော အရာတို့၌ စိတ်၏ စင်ကြယ်သည်ဖြစ်၍ အထက်၌ ကိလေသာတို့ကို မပယ်ရသေးသည်၏အဖြစ်ကြောင့်လည်းကောင်းတည်း။ ဤစိတ်သည်ကား စတုတ္ထဖြစ်သော အနာဂါမ်စိတ်မျိုးပေတည်း။

--

ထိုအရာ၌ ပဉ္စမဖြစ်သော စိတ်သည် ဝေဖန်ခြင်းသို့ ရောက်၏-မင်းမြတ် အကြင်ရဟန္တာပုဂ္ဂိုလ်တို့ သည် အာသဝေါကုန်ခန်းကုန်ပြီ။ အညစ်အကြေးကို ဆေးကြောပြီး ဖြစ်ကုန်ပြီ။ ကိလေသာတို့ကို ထွေး အန်ပြီး ဖြစ်ကုန်ပြီ။ မဂ်ဟူသော မြတ်သော အကျင့်ကို သုံးပြီးကုန်ပြီ။ ပြုဖွယ်ကိစ္စကို ပြုပြီးကုန်ပြီ။ ခန္ဓာဝန်ကို ချထားပြီးကုန်ပြီ။ အရဟတ္တဖိုလ်သို့ အစဉ်ရောက်ပြီးဖြစ်ကုန်ပြီ။ ဘဝသံယောဇဉ်ကုန်ပြီး ဖြစ်ကုန်၏။ အရဟတ္တဖိုလ်သို့ အစဉ်ရောက်ပြီးဖြစ်ကုန်ပြီ။ ဘဝသံယောဇဉ်ကုန်ပြီးဖြစ်ကုန်၏။ ပဋိသမ္ဘိဒါ လေးပါးသို့ ရောက်ကုန်ပြီ။ သာဝကအရာတို့၌ စင်ကြယ်ကုန်ပြီ။ ထိုရဟန္တာပုဂ္ဂိုလ်တို့၏ ထိုစိတ်သည် သာဝကအရာ၌ ပေါ့ပါးစွာ ဖြစ်၏။ ပေါ့ပါးစွာ လည်၏။ ပစ္စေကဗုဒ္ဓါအရာတို့၌ လေးလေးဖင့်ဖင့် ဖြစ်၏။ နုံ့နုံ့နှေးနှေး လည်၏။ အဘယ့်ကြောင့်နည်းဟူမူ-သာဝက အရာ၌ စင်ကြယ်သည် ဖြစ်၍၊ ပစ္စေကဗုဒ္ဓါ အရာ၌ မစင်ကြယ်သည်၏အဖြစ်ကြောင့်တည်း။ မင်းမြတ် ဥပမာအားဖြင့် အလုံးစုံ အဆစ်အဖုအထစ် စင်ကြယ်ပြီးသော ဝါးကို ဆွဲယူငင်ထုတ်သော် လျင်စွာ ပါလာ၏။ မလေးလံတော့ပေ။ အဘယ့်ကြောင့် နည်းဟူမူ-ဝါး၏ အလုံးစုံသော အဆစ်အဖုအထစ်စင်ကြယ်ပြီးဖြစ်၍ အရှုပ်အထွေးမရှိသောကြောင့်တည်း။ မင်းမြတ် ဤအတူသာလျှင် အကြင်ရဟန္တာပုဂ္ဂိုလ်တို့သည် အာသဝေါကုန်ခန်းကုန်ပြီ။ အညစ်အကြေးကို ဆေးကြောပြီးဖြစ်ကုန်ပြီ။ ကိလေသာတို့ကို ထွေးအန်ပြီးဖြစ်ကုန်ပြီ။ မဂ်ဟူသော မြတ်သော အကျင့်ကို သုံးပြီးကုန်ပြီ။ ပြုဖွယ်ကိစ္စကို ပြုပြီးကုန်ပြီ။ ခန္ဓာဝန်ကို ချထားပြီးကုန်ပြီ။ အရဟတ္တဖိုလ်သို့ အစဉ် ရောက်ပြီးဖြစ်ကုန်ပြီ။ ဘဝသံယောဇဉ်ကုန်ပြီးဖြစ်ကုန်၏။ အရဟတ္တဖိုလ်သို့ အစဉ်ရောက်ပြီးဖြစ်ကုန်ပြီ။ ဘဝသံယောဇဉ်ကုန်ပြီးဖြစ်ကုန်၏။ ပဋိသမ္ဘိဒါလေးပါးသို့ ရောက်ကုန်ပြီ။ သာဝကအရာတို့၌ စင်ကြယ်ကုန်ပြီ။ ထိုရဟန္တာပုဂ္ဂိုလ်တို့၏ ထိုစိတ်သည် သာဝကအရာ၌ ပေါ့ပါးစွာ ဖြစ်၏။ ပေါ့ပါးစွာ လည်၏။ ပစ္စေကဗုဒ္ဓါအရာတို့၌ လေးလေးဖင့်ဖင့် ဖြစ်၏။ နုံ့နုံ့နှေးနှေး လည်၏။ အဘယ့်ကြောင့်နည်းဟူမူ- သာဝက အရာ၌ စင်ကြယ်သည် ဖြစ်၍ ပစ္စေကဗုဒ္ဓါအရာ၌ မစင်ကြယ်သည်၏ အဖြစ်ကြောင့်တည်း။ ဤစိတ်သည်ကား ပဉ္စမဖြစ်သော ရဟန္တာစိတ်မျိုးပေတည်း။

ထိုအရာ၌ ဤဆဋ္ဌဖြစ်သော စိတ်သည် ဝေဖန်ခြင်းသို့ ရောက်၏-မင်းမြတ် အကြင်ပစ္စေကဗုဒ္ဓါတို့ သည် မိမိအလိုလို ကိုယ်တိုင် သိနိုင်ကုန်၏။ ဆရာမရှိကုန်၊ တစ်ပါးတည်း ကျက်စားကုန်၏။ ကြံ့ချိုနှင့် တူစွာ ဖြစ်ကုန်၏။ မိမိအရာ၌ စင်ကြယ်သန့်ရှင်း ညစ်ကြေးကင်းသော စိတ်ရှိကုန်၏။ ထိုပစ္စေက ဗုဒ္ဓါတို့၏ ထိုစိတ်သည် မိမိအရာ၌ ပေါ့ပါးစွာ ဖြစ်၏။ ပေါ့ပါးစွာ လည်၏။ သဗ္ဗညုဘုရားတို့၏ အရာတို့၌ လေးလေးဖင့်ဖင့် ဖြစ်၏။ နုံ့နုံ့နှေးနှေး လည်၏။ အဘယ့်ကြောင့်နည်းဟူမူ-မိမိ၏ အရာ၌ စင်ကြယ်သည် ဖြစ်၍၊ သဗ္ဗညုဘုရားတို့ အရာ၏ ကျယ်ဝန်းသည်၏အဖြစ်ကြောင့်တည်း။ မင်းမြတ် ဥပမာအားဖြင့် ယောက်ျားသည် မိမိအရာဖြစ်သော သေးငယ်သော မြစ်ကို ညဉ့်အခါ၌ ဖြစ်စေ၊ နေ့အခါ၌ ဖြစ်စေ အလို ရှိတိုင်း ကြောက်ရွံ့ထိတ်လန့်ခြင်းမရှိဘဲ ဆင်းသက် ကူးမြောက်ဝံ့ရာ၏။ ထို့နောက် အခါတစ်ပါး၌ နက်သော၊ ကျယ်ပြန့်သော၊ ထောက်မမှီသော၊ ကမ်းမရှိသော မဟာသမုဒ္ဒရာကို မြင်သော် စိတ်၌ ကြောက် ထိတ်ရာ၏။ လေးဖင့်ရာ၏။ ဆင်းသက်ကူးခပ်ခြင်းငှါ မဝံ့ရာ။ အဘယ့်ကြောင့်နည်းဟူမူ-မိမိအရာ၌သာ ကူးဖူးသည်ဖြစ်၍ မဟာသမုဒ္ဒရာ၏ ကျယ်ဝန်းသည်၏ အဖြစ်ကြောင့်တည်း။ မင်းမြတ် ဤအတူသာလျှင် အကြင်ပစ္စေကဗုဒ္ဓါတို့သည် မိမိအလိုလို ကိုယ်တိုင် သိနိုင်ကုန်၏။ ဆရာ မရှိကုန်။ တစ်ပါးတည်း ကျက်စားကုန်၏။ ကြံ့ချိုနှင့် တူစွာ ဖြစ်ကုန်၏။ မိမိအရာ၌ ပေါ့ပါးစွာ ဖြစ်၏။ ပေါ့ပါးစွာ လည်၏။ သဗ္ဗညုဘုရားတို့၏ အရာတို့၌ လေးလေးဖင့်ဖင့် ဖြစ်၏။ နုံ့နုံ့နှေးနှေး လည်၏။ အဘယ့်ကြောင့်နည်းဟူမူ-မိမိအရာ၌ စင်ကြယ်သည်ဖြစ်၍၊ သဗ္ဗညုဘုရားအရာ၏ ကျယ်ဝန်းသည်၏အဖြစ်ကြောင့်တည်း။ ဤစိတ်သည်ကား ဆဋ္ဌဖြစ်သော ပစ္စေကဗုဒ္ဓါစိတ်မျိုးပေတည်း။

ထိုအရာ၌ ဤသတ္တမဖြစ်သော စိတ်သည် ဝေဖန်ခြင်းသို့ ရောက်၏-မင်းမြတ် အကြင်မြတ်စွာဘုရားတို့သည် (အလုံးစုံသော တရားတို့ကို) သိတော်မူနိုင်ကုန်၏။ (ဉာဏ်တော်) အား ဆယ်ပါးကို ဆောင် တော်မူကုန်၏။ ဝေသာရဇ္ဇဉာဏ်လေးပါးတို့၌ ရဲရင့်တော်မူကုန်၏။ ဘုရားတို့၏ ကျေးဇူးဂုဏ်တရား တစ်ဆယ့်ရှစ်ပါးတို့နှင့် ပြည့်စုံတော်မူကုန်၏။ အဆုံးမရှိသော ရန်ကို အောင်မြင်တော်မူကုန်၏။ အပိတ် အပင်မရှိ အကြွင်းမဲ့ သိသော သဗ္ဗညုတဉာဏ်ရှိတော်မူကုန်၏။ ထိုမြတ်စွာဘုရားတို့၏ ထိုစိတ်သည် အလုံးစုံသော အရာတို့၌ ပေါ့ပါးစွာ ဖြစ်၏။ ပေါ့ပါးစွာ လည်၏။ အဘယ့်ကြောင့်နည်းဟူမူ- အလုံးစုံသော အရာတို့၌ စင်ကြယ်သည်၏ အဖြစ်ကြောင့်တည်း။ မင်းမြတ် ကောင်းစွာ ဆေးအပ်သော၊ အညစ် အကြေးကင်းသော၊ အဆစ်အဖုမရှိသော၊ သိမ်မွေ့သော အသွားရှိသော၊ မတွန့်လိမ်သော၊ မကွေး မကောက်သော၊ သန်မာခိုင်ခန့်သော လေး၌ တင်ထားအပ်သော မြားသည် ခေါမအဝတ်နု၌ ဖြစ်စေ၊ ဝါချည်အဝတ်နု၌ ဖြစ်စေ၊ သားမွေးကမ္ဗလာအဝတ်နု၌ ဖြစ်စေ အားရှိသောသူ ပစ်ချအပ်သည်ရှိသော် ဖင့်နှေးလေးကန်ခြင်းသည်လည်းကောင်း၊ ငြိကပ်ခြင်းသည်လည်းကောင်း ဖြစ်ပါအံ့လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဖင့်နှေးလေးကန်ခြင်း၊ ငြိကပ်ခြင်းဖြစ်ရန် မရှိပါ။ အဘယ့်ကြောင့်နည်းဟူမူ- အဝတ်ပုဆိုးတို့၏ သိမ်မွေ့သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ တံချွန်ဖြား၏လည်းကောင်းစွာ သွေးအပ် သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ ပစ်ချခြင်း၏လည်း အရှိန်ပြင်းသည်၏ အဖြစ်ကြောင့်လည်းကောင်း ပါတည်းဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် အကြင်မြတ်စွာဘုရားတို့သည် (အလုံးစုံသော တရားတို့ကို) သိတော်မူနိုင်ကုန်၏။ (ဉာဏ်တော်) အား ဆယ်ပါးကို ဆောင်တော်မူနိုင်ကုန်၏။ ဝေသာရဇ္ဇ ဉာဏ်လေးပါးတို့၌ ရဲရင့်တော်မူကုန်၏။ ဘုရားတို့၏ ဂုဏ်ကျေးဇူး တစ်ဆယ့်ရှစ်ပါးတို့နှင့် ပြည့်စုံတော်မူကုန်၏။ အဆုံးမရှိသောရန်ကို အောင်မြင်တော်မူကုန်၏။ အပိတ်အပင်မရှိ၊ အကြွင်းမဲ့သိသော သဗ္ဗညုတ ဉာဏ် ရှိတော်မူ၏။ ထိုဘုရားတို့၏ ထိုစိတ်သည် အလုံးစုံသော အရာတို့၌ ပေါ့ပါးစွာ ဖြစ်၏။ ပေါ့ပါးစွာ လည်၏။ အဘယ့်ကြောင့်နည်းဟူမူ- အလုံးစုံသော အရာတို့၌ စင်ကြယ်သည်၏ အဖြစ်ကြောင့်တည်း။ ဤစိတ်သည်ကား သတ္တမဖြစ်သော သဗ္ဗညုဘုရားစိတ်မျိုးပေတည်း။

--

မင်းမြတ် ထိုစိတ်ခုနှစ်မျိုးတို့တွင် သဗ္ဗညုဘုရားရှင်တို့၏ စိတ်တော်သည် ခြောက်မျိုးသော စိတ်တို့ ထက် အရေအတွက်ဂဏန်းကို လွန်၍ အဆအပြန်ပေါင်း အသင်္ချေအားဖြင့် စင်ကြယ်လည်း စင်ကြယ်လှ၏။ လျင်မြန်လည်း လျင်မြန်လှ၏။ စိတ်တော်၏ စင်ကြယ်လျင်မြန်ခြင်းကြောင့်လည်း မြတ်စွာဘုရားသည် ရေအစုံ၊ မီးအစုံဟူသော တန်ခိုးပြာဋိဟာကို ပြတော်မူနိုင်၏။ မင်းမြတ် ရေအစုံ၊ မီးအစုံဟူသော တန်ခိုး ပြာဋိဟာကို ပြတော်မူသောအခါ၌ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူကုန်သော ဘုရားရှင်တို့၏ စိတ်တော်ကို ဤသို့ လျင်စွာ လည်၏ဟူ၍ သိသင့် သိထိုက်၏။ ထိုစိတ်လျင်မြန်ရာ၌ ယမိုက်ပြာဋိဟာ ပြခြင်းထက် လွန်သော အကြောင်းကို ဆိုခြင်းငှါ မစွမ်းနိုင်ပေ။ မင်းမြတ် ထိုပြာဋိဟာတို့သည်လည်း သဗ္ဗညုဘုရားရှင်တို့၏ စိတ်တော်ကို ထောက်ထား၍ တစ်စိတ်မျှသော်လည်းကောင်း၊ တစ်စိတ်တစ်ဝက်မျှ သော်လည်းကောင်း ပြန့်၏ဟု ရေတွက်ခြင်း, ခေါ်ဝေါ်ခြင်းသို့ မရောက်နိုင်ကုန်၊ မင်းမြတ် မြတ်စွာဘုရား ၏ သဗ္ဗညုတဉာဏ်တော်သည် ဆင်ခြင်ခြင်းနှင့် စပ်၏။ ဆင်ခြင်တော်မူ၍သာ အလိုရှိတိုင်း သိ၏။

မင်းမြတ် ဥပမာအားဖြင့် ယောက်ျားသည် လက်၌ တင်ထားအပ်သော တစ်စုံတစ်ရာသော ဝတ္ထုကို အခြားတစ်ဖက်သော လက်ပေါ်၌ ပြောင်းရွှေ့တင်ထားရာ၏။ ဖွင့်သော ခံတွင်းဖြင့် စကားကို ပြောဆိုရာ၏။ ခံတွင်း၌ရှိသော ဘောဇဉ်ကို မျိုချရာ၏။ မျက်စိကို ဖွင့်ပြီး၍လည်း မှိတ်ရာ၏။ မှိတ်ပြီး၍လည်း ဖွင့်ရာ၏။ ကွေးထားသော လက်မောင်းကိုလည်း ဆန့်ရာ၏။ ဆန့်ထားသော လက်မောင်းကိုလည်း ကွေးရာ၏။ မင်းမြတ် ဤလက်ပြောင်းခြင်း၊ စကားပြောခြင်းစသည်သည် ကြာမြင့်သေး၏။ မြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ်တော်သည် အလွန် လျင်မြန်၏။ ဆင်ခြင်ခြင်းသည် အလွန်လျင်မြန်၏။ ဆင်ခြင် တော်မူ၍သာ အလိုရှိတိုင်း သိနိုင်၏။ ထိုမျှလောက် ဆင်ခြင်ခြင်း အောက်မေ့မှု ချို့တဲ့ကာမျှဖြင့် ဘုန်းတော် ခြောက်ပါးနှင့် ပြည့်စုံကုန်သော မြတ်စွာဘုရားတို့သည် သဗ္ဗညု မမည်ကုန်သည် မဟုတ်ကုန်ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ဆင်ခြင်ခြင်းကိုလည်း ရှာမှီးသဖြင့် ပြုလုပ်ရ၏။ တောင်းပန်တိုက်တွန်းပါ၏။ ထိုသဗ္ဗညုမည်သင့်ရာ၌ အကျွန်ုပ်ကို (ခိုင်လုံသော) အကြောင်းဖြင့် သိစေတော်မူပါလော့ဟု (လျှောက်၏)။ မင်းမြတ် ဥပမာအားဖြင့် ကြွယ်ဝသော၊ များသော ဥစ္စာရှိသော၊ များသော စည်းစိမ် ရှိသော၊ များသော ရွှေငွေရှိသော၊ များသော အသုံးအဆောင်ရှိသော၊ များသော ဥစ္စာစပါးရှိသော ယောက်ျား၏ သလေးစပါး၊ ကောက်စပါး၊ မုယောစပါး၊ ဆန်၊ နှမ်း၊ ပဲနောက်၊ ပဲကြီး၊ ကောက်ပဲ၊ ထောပတ်၊ ဆီ၊ ဆီဦး၊ နို့၊ နို့ဓမ်း၊ ပျား၊ တင်လဲခဲ၊ တင်လဲရည်တို့သည်လည်း အိုးကြီး၊ အိုးလတ်၊ အိုးငယ်၊ ကျီကြခွက်တို့၌ ရောက်ကုန်ရာ၏။ ထိုယောက်ျားအားလည်း ထမင်းကျွေးထိုက်သော ထမင်း ဆာသူဧည့်သည်သည် ရောက်လာရာ၏။ ထိုယောက်ျား၏ အိမ်၌လည်း ချက်ထားသော ဘောဇဉ်သည် စား၍ကုန်ပြီးသည် ဖြစ်ရာ၏။ ဆန်အိုးမှ ဆန်တို့ကို ထုတ်၍ ထမင်းဘောဇဉ်ကို ချက်ပြန်ရာ၏။ မင်းမြတ် စင်စစ်သော်ကား ထိုယောက်ျားသည် ထိုမျှလောက်သော ဘောဇဉ် ချို့တဲ့ကာမျှဖြင့် ဥစ္စာမရှိသောသူမည်သည်၊ ဆင်းရဲသောသူမည်သည် ဖြစ်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မဖြစ်နိုင်ပါ။ အသျှင်ဘုရား စကြဝတေးမင်း၏ နန်းတော်၌သော်လည်း အချိန်အခါမဟုတ်သည်၌ ထမင်းမရှိဘဲ ချို့တဲ့ခြင်းသည် ဖြစ်တတ်ပါသေး၏။ သူကြွယ်၏ အိမ်၌ကား အဘယ်ဆိုဖွယ်ရာရှိပါအံ့နည်းဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရား၏ ဆင်ခြင်မှုချို့တဲ့ကာမျှဖြစ်သော သဗ္ဗညုတဉာဏ်တော်သည် ဆင်ခြင်တော်မူသည်ရှိသော် အလိုရှိတိုင်း သိတော်မူနိုင်၏။

--

မင်းမြတ် ဥပမာတစ်မျိုးအားဖြင့် သစ်ပင်သည် အသီး သီးသည်ဖြစ်၍ ညွတ်ကိုင်းကောက်ကွေးသည်၊ အသီးအခိုင်ဝန်ဖြင့် ပြည့်နှက်သည် ဖြစ်ရာ၏။ ထိုသစ်ပင်၌ တစ်လုံးမျှသော အသီးသည်လည်း ကြွေကျ သည် မဖြစ်ခဲ့ရာ။ မင်းမြတ် ထိုသစ်ပင်သည် ထိုမျှလောက် အသီးကြွေကျမှု ချို့တဲ့ကာမျှဖြင့် အသီး မရှိသော သစ်ပင်မည်သည် ဖြစ်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မဖြစ်နိုင်ပါ။ ထိုသစ်သီးတို့သည် ကြွေကျခြင်းနှင့် စပ်ယှဉ်ပါကုန်၏။ သစ်သီးတို့သည် ကြွေကျသည်ရှိသော် အလိုရှိတိုင်း ရနိုင် ပါ၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရား၏ ဆင်ခြင်ခြင်းနှင့် စပ်သော သဗ္ဗညုတ ဉာဏ်တော်သည် ဆင်ခြင်သည်ရှိသော် အလိုရှိတိုင်း သိနိုင်ပါ၏ဟု (ဖြေတော်မူ၏)။

အသျှင်ဘုရားနာဂသေန မြတ်စွာဘုရားသည် ဆင်ခြင်၍ ဆင်ခြင်၍ အလိုရှိတိုင်း သိနိုင်ပါသလောဟု (မေးတော်မူ၏)။ မင်းမြတ် မြတ်စွာဘုရားသည် ဆင်ခြင်၍ ဆင်ခြင်၍ အလိုရှိတိုင်း သိနိုင်သည် မှန်၏ဟု (ဖြေတော်မူ၏)။

မင်းမြတ် စကြဝတေးမင်းသည် အကြင်အခါ၌ “ငါ၏ စကြာရတနာသည် ကပ်ရောက်လာစေသတည်း”ဟု စကြာရတနာကို အောက်မေ့လိုက်၏။ အောက်မေ့လိုက်သည်ရှိသော် စကြာရတနာသည် ကပ်ရောက်လာသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရားသည် ဆင်ခြင်၍ ဆင်ခြင်၍ အလိုရှိ တိုင်း သိတော်မူနိုင်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန အကြောင်းခိုင်လုံပါ၏။ မြတ်စွာဘုရား သည် သဗ္ဗညုမည်ထိုက်ပါပေ၏။ မြတ်စွာဘုရားသည် သဗ္ဗညုပါတည်းဟု ဝန်ခံပါကုန်၏ဟု(လျှောက်၏)။ ။

နှစ်ခုမြောက် ဗုဒ္ဓသဗ္ဗညုဘာဝပဥှာ ပြီး၏။

--

၃-ဒေဝဒတ္တပဗ္ဗဇ္ဇပဥှာ

ဒေဝဒတ်အား ရဟန်းပြုပေးမှု ပြဿနာ

။ အသျှင်ဘုရားနာဂသေန ဒေဝဒတ်ကို အဘယ်သူသည် ရဟန်းပြုအပ်ပါသနည်း။ မင်းမြတ် မြတ်စွာဘုရားသည် သစ္စာလေးပါးကို ထိုးထွင်းသိတော်မူ၍ သာကီဝင်မင်းမျိုးတို့၏ ကြည်ညိုနှစ်သက်ခြင်း ကို ဖြစ်စေလတ်သော် ဘဒ္ဒိယမင်းသား၊ အနုရုဒ္ဓါမင်းသား၊ အာနန္ဒာမင်းသား၊ ဘဂုမင်းသား၊ ကိမိလ မင်းသား၊ ဒေဝဒတ်မင်းသား ဤခြောက်ယောက်သော သာကီဝင်မင်းသားတို့သည်လည်းကောင်း၊ ခုနှစ် ယောက်မြောက် ဥပါလိဆတ္တာသည်လည်းကောင်း မြတ်စွာဘုရားသို့ အတုလိုက်ကာ ရဟန်းပြုလိုကုန်သည် ဖြစ်၍ ထွက်လာကုန်၏။ ထိုသူတို့ကို မြတ်စွာဘုရားသည် ရဟန်းပြုပေးတော်မူ၏။ အသျှင်ဘုရား ဒေဝဒတ်သည် ရဟန်းပြု၍ သံဃာကို သင်းခွဲသည် မဟုတ်ပါလော။ မင်းမြတ် ဒေဝဒတ်သည် ရဟန်းပြု၍ သံဃာကို သင်းခွဲ၏။ လူသည် သံဃာကို သင်းမခွဲ။ ဘိက္ခုနီမ၊ သိက္ခမာန်မ၊ သာမဏေယောက်ျား၊ သာမဏေမိန်းမသည် သံဃာကို သင်းမခွဲ။ တူသော ပေါင်းသင်းခြင်းရှိသော ကံပြုခြင်းနှင့် စပ်သည်ဖြစ်၍ ပကတတ်ဖြစ်သော ရဟန်းသည် တစ်သိမ်တည်း၌ တည်နေလျက် သံဃာကို သင်းခွဲ၏။ အသျှင်ဘုရား သံဃာကို သင်းခွဲသော ပုဂ္ဂိုလ်သည် အဘယ်ကံသို့ ရောက်ရပါသနည်း။ မင်းမြတ် တစ်ကမ္ဘာပတ်လုံး တည်သော ကံသို့ ရောက်ရ၏။

အသျှင်ဘုရားနာဂသေန “ဒေဝဒတ်သည် ရဟန်းပြု၍ သံဃာကို သင်းခွဲလတ္တံ့။ သံဃာကို သင်းခွဲ၍ တစ်ကမ္ဘာပတ်လုံး ငရဲ၌ ကျက်ရလတ္တံ့”ဟု မြတ်စွာဘုရားသည် သိပါသလော။ မင်းမြတ် ဒေဝဒတ်သည် ရဟန်း ပြု၍ သံဃာကို သင်းခွဲလတ္တံ့၊ သံဃာကို သင်းခွဲ၍ တစ်ကမ္ဘာပတ်လုံး ငရဲ၌ ကျက်ရလတ္တံ့”ဟု မြတ်စွာဘုရားသည် သိတော်မူ၏။ အသျှင်ဘုရားနာဂသေန “ဒေဝဒတ်သည် ရဟန်းပြု၍ သံဃာကို သင်းခွဲလတ္တံ့၊ သံဃာကို သင်းခွဲ၍ တစ်ကမ္ဘာပတ်လုံး ငရဲ၌ ကျက်ရလတ္တံ့”ဟု မြတ်စွာဘုရားသည် အကယ်၍ သိသည် ဖြစ်ပါအံ့။ အသျှင်ဘုရားနာဂသေန ယင်းသို့ သိခဲ့မူ မြတ်စွာဘုရားသည် သနားခြင်း ‘ကရုဏာ’ ရှိတော်မူ၏။ အစဉ်စောင့်ရှောက်တော်မူတတ်၏။ အစီးအပွါးကို ရှာမှီးလေ့ရှိတော်မူ၏။ သတ္တဝါ အားလုံးတို့၏ အကျိုးမဲ့ကို ပယ်၍ အစီးအပွါးကို ဆောင်ရွက်တော်မူ၏ဟူသော စကားသည် မှားယွင်းရာ၏။ ထိုအကြောင်းကို မသိသောကြောင့် အကယ်၍ ရဟန်းပြုပေးသည် ဖြစ်အံ့။ ထိုသို့ဖြစ်ခဲ့သော် မြတ်စွာဘုရားသည် သဗ္ဗညုမဖြစ်ရာ။ အစွန်းနှစ်ဖက်ထွက်သော ပြဿနာသည်လည်း အသျှင်ဘုရားသို့ အစဉ်ရောက်လာပါ၏။ ထိုအရှုပ်အထွေးကြီးကို ဖြေရှင်းတော်မူပါလော့။ တစ်ပါးသောသူတို့၏ အယူကို ဖျက်ဆီးတော်မူပါလော့။ နောင်လာလတ္တံ့သောအခါ၌ အသျှင်ဘုရားနှင့် တူကုန်သော ပညာနှင့် ပြည့်စုံသော ရဟန်းတို့ကို ရခဲပါကုန်လတ္တံ့။ ဤအချက်၌ အသျှင်ဘုရား၏ ပညာဉာဏ်စွမ်းကို ပြတော်မူပါလော့ဟု (မေးလျှောက်၏)။

မင်းမြတ် မြတ်စွာဘုရားသည် သနားခြင်း ‘ကရုဏာ'လည်း ရှိတော်မူ၏။ အလုံးစုံသော တရားတို့ကိုလည်း သိတော်မူ၏။ မင်းမြတ် သနားတော်မူသောကြောင့် မြတ်စွာဘုရားသည် သဗ္ဗညုတဉာဏ် တော်ဖြင့် ဒေဝဒတ်၏ လားရာ ‘ဂတိ'ကို ကြည့်တော်မူသည်ရှိသော် အပါယ်၌ ကျစေတတ်သော ကံကို အားထုတ်၍ ကုဋေတစ်သိန်းမက များစွာသော ကမ္ဘာတို့ပတ်လုံး ငရဲတစ်ခုမှ ငရဲတစ်ခုသို့၊ ပျက်စီး ကျရောက်ရာ တစ်ခုမှ ပျက်စီးကျရောက်ရာ တစ်ခုသို့ လားရောက်ရလတ္တံ့သော ဒေဝဒတ်ကို မြင်တော်မူ၏။ ထိုအကြောင်းကို မြတ်စွာဘုရားသည် သဗ္ဗညုတဉာဏ်တော်ဖြင့် သိတော်မူ၍ ဤဒေဝဒတ်၏ အဆုံးအပိုင်းအခြားမရှိသော ကံသည် ငါဘုရား၏ သာသနာတော်၌ ရဟန်းပြုသည်ရှိသော် အဆုံးအပိုင်း အခြားရှိသည် ဖြစ်လတ္တံ့။ ဆင်းရဲသည် ရှေးဆိုခဲ့ပြီးသော အပိုင်းအခြားမရှိသော ကံကို ထောက်၍ အဆုံး အပိုင်းအခြားရှိသည် ဖြစ်လတ္တံ့။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ဤသူသည် ရဟန်း မပြုသော်လည်း တစ်ကမ္ဘာပတ်လုံး တည်လိမ့်မည်သာဖြစ်သော ကံကို အားထုတ်လတ္တံ့ဟု သိတော်မူ၍ သနားတော်မူသော ကြောင့် ဒေဝဒတ်ကို ရဟန်းပြုပေးတော်မူ၏။

--

အသျှင်ဘုရားနာဂသေန ထိုသို့ဖြစ်လျှင် မြတ်စွာဘုရားသည် ရိုက်ပုတ်ပြီးမှ ဆီဖြင့် သုတ်လိမ်း ယောင်တကား။ ကမ်းပါးပြတ်၌ တွန်းချပြီးမှ လက်ကမ်းယောင်တကား။ သတ်ပြီးမှ အသက်ရှည်ကြောင်း ကို ရှာယောင်တကား။ ယင်းအကြောင်းကြောင့် ထိုမြတ်စွာဘုရားသည် ရှေးဦးစွာ ဆင်းရဲကို ပေးပြီး နောက်မှ ချမ်းသာကို ဆောင်ရွက်၏ဟု လျှောက်၏။ မင်းမြတ် မြတ်စွာဘုရားသည် သတ္တဝါတို့၏ အစီး အပွါး၏ အစွမ်းဖြင့် ရိုက်ပုတ်လည်း ရိုက်ပုတ်တော်မူ၏။ သတ္တဝါတို့၏ အစီးအပွါး၏ အစွမ်းဖြင့် တွန်းချလည်း တွန်းချတော်မူ၏။ သတ္တဝါတို့၏ အစီးအပွါး၏ အစွမ်းဖြင့် သတ်လည်း သတ်တော်မူ၏။ မင်းမြတ် မြတ်စွာဘုရားသည် ရိုက်ပုတ်၍သာလျှင် သတ္တဝါတို့၏ အစီးအပွါးကို ဆောင်ရွက်တော်မူ၏။ တွန်းချ၍ သာလျှင် သတ္တဝါတို့၏ အစီးအပွါးကို ဆောင်ရွက်တော်မူ၏။ သတ်၍သာလျှင် သတ္တဝါတို့၏ အစီးအပွါးကို ဆောင်ရွက်တော်မူ၏။ မင်းမြတ် အမိအဖတို့မည်သည် ရိုက်၍သော်လည်းကောင်း၊ တွန်းချ၍သော်လည်းကောင်း သားသမီးတို့၏ အစီးအပွါးကိုသာလျှင် ဆောင်ရွက်ကုန်သကဲ့သို့၊ မင်းမြတ် ဤအတူသာ လျှင် မြတ်စွာဘုရားသည် သတ္တဝါတို့၏ အစီးအပွါး၏ အစွမ်းဖြင့် ရိုက်ပုတ်လည်း ရိုက်ပုတ်တော်မူ၏။ သတ္တဝါတို့၏ အစီးအပွါး၏ အစွမ်းဖြင့် တွန်းချလည်း တွန်းချတော်မူ၏။ သတ္တဝါတို့၏ အစီးအပွါး၏ အစွမ်းဖြင့် သတ်လည်း သတ်တော်မူ၏။ မင်းမြတ် မြတ်စွာဘုရားသည် ရိုက်ပုတ်၍သာလျှင် သတ္တဝါတို့၏ အစီးအပွါးကို ဆောင်ရွက်တော်မူ၏။ တွန်းချ၍သာလျှင် သတ္တဝါတို့၏ အစီးအပွါးကို ဆောင်ရွက်တော်မူ၏။ သတ်ပြီး၍သာလျှင် သတ္တဝါတို့၏ အစီးအပွါးကို ဆောင်ရွက်တော်မူ၏။ အကြင်အကြင်သို့သော လုံ့လဖြင့် သတ္တဝါတို့၏ ဂုဏ်ကျေးဇူးတိုးပွါးခြင်းသည် ဖြစ်၏။ ထိုသို့သော လုံ့လဖြင့် အလုံးစုံသော သတ္တဝါတို့၏ အစီးအပွါးကိုသာလျှင် ဆောင်ရွက်တော်မူ၏။

မင်းမြတ် ဒေဝဒတ်သည် အကယ်၍ ရဟန်းမပြုသည် ဖြစ်ငြားအံ့၊ ဤသို့ ရဟန်းမပြုသော် လူဖြစ်လျက် ငရဲ၌ ဖြစ်စေတတ်သော မကောင်းမှုကံကို များစွာပြု၍ ကုဋေတစ်သိန်းမက များစွာသော ကမ္ဘာတို့ ပတ်လုံး ငရဲတစ်ခုမှ ငရဲတစ်ခုသို့၊ ပျက်စီးကျရောက်ရာ တစ်ခုမှ ပျက်စီးကျရောက်ရာ တစ်ခုသို့ လားရောက်ရသည်ဖြစ်၍ များစွာသော ဆင်းရဲကို ခံစားရလတ္တံ့။ မြတ်စွာဘုရားသည် ထိုအကြောင်းကို သိတော်မူသည်ဖြစ်၍ သနားတော်မူသောကြောင့် ဒေဝဒတ်ကို ရဟန်းပြုပေးတော်မူ၏။ “ငါဘုရား၏ သာသနာတော်၌ ရဟန်းပြုသော ဒေဝဒတ်၏ ဆင်းရဲသည် အဆုံးအပိုင်းအခြားရှိသည် ဖြစ်လတ္တံ့”ဟု သိတော်မူ၍ သနားတော်မူသောကြောင့် လေးလံသော ဆင်းရဲကို ပေါ့ပါးအောင် ပြုတော်မူ၏။

မင်းမြတ် ဥပမာအားဖြင့် ဥစ္စာအင်အား၊ အခြံအရံအင်အား၊ ဘုန်းကျက်သရေအင်အား၊ ဆွေမျိုး ဉာတိအင်အားဖြင့် အားအစွမ်းရှိသော ယောက်ျားသည် ကြီးလေးသော မင်းပြစ်မင်းဒဏ်သင့်ရောက်နေသော မိမိ၏ ဆွေမျိုးကိုလည်းကောင်း၊ အဆွေခင်ပွန်းကိုလည်းကောင်း မိမိ၏ များစွာ မင်းကျွမ်းဝင်သည်၏ အဖြစ်ဖြင့် စွမ်းရည်သတ္တိရှိသည်၏အဖြစ်ကြောင့် လေးသော ဒဏ်ကို ပေါ့ပါးအောင် ပြု၏။ မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရားသည် ကုဋေတစ်သိန်းမက များစွာသော ကမ္ဘာတို့ပတ်လုံး ဆင်းရဲကို ခံစားရလတ္တံ့သော ဒေဝဒတ်ကို ရဟန်းပြုပေးတော်မူလျက် သီလ၊ သမာဓိ၊ ပညာ၊ ဝိမုတ္တိအစွမ်းဖြင့် စွမ်းဆောင်နိုင်သည်၏အဖြစ်ကြောင့် လေးလံသော ဆင်းရဲကို ပေါ့ပါးအောင် ပြုတော်မူ၏။

မင်းမြတ် ဥပမာတစ်နည်းသော်ကား ဆေးကုသရာ၌ လိမ္မာသော၊ ရောဂါကို ထုတ်ပယ်နိုင်သော ဆေးသမားသည် လေးလံသော ရောဂါကို အားရှိသော ဆေး၏ အစွမ်းဖြင့် ပေါ့ပါးအောင် ပြုသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကုဋေတစ်သိန်းမက များစွာသော ကမ္ဘာတို့ပတ်လုံး ဆင်းရဲကို ခံစားရလတ္တံ့သော ဒေဝဒတ်ကို မြတ်စွာဘုရားသည် အနာရောဂါဟူသော ဒုက္ခကို သိခြင်းကြောင့် ရဟန်းပြုပေးတော့်မူလျက် သနားခြင်းအင်အားရှိသည်ဖြစ်၍ ထောက်ပံ့အပ်သော တရားတည်းဟူသော ဆေးအစွမ်းဖြင့် လေးလံသော ဆင်းရဲကို ပေါ့ပါးအောင် ပြုတော်မူ၏။

--

မင်းမြတ် များစွာ ဆင်းရဲခံစားရလတ္တံ့သော ဒေဝဒတ်ကို အနည်းငယ်မျှ ဆင်းရဲခံစားရမည်ကို ပြုတော်မူသော ထိုမြတ်စွာဘုရားသည် တစ်စုံတစ်ခုသော မကောင်းမှုသို့ ရောက်ရာသလော။ အသျှင် ဘုရား တစ်စုံတစ်ခုသော မကောင်းမှုသို့ မရောက်ရာပါ။ အယုတ်သဖြင့် နို့တစ်ခါညှစ်မျှသော မကောင်းမှု မျှသို့လည်း မရောက်ရာပါ။ မင်းမြတ် အကြင်အကြောင်းကြောင့် မြတ်စွာဘုရားသည် ဒေဝဒတ်ကို ရဟန်း ပြုပေးတော်မူ၏။ ဤအကြောင်းကိုလည်း သဘောမှန်အားဖြင့် ဝန်ခံလေလော့။

မင်းမြတ် “မြတ်စွာဘုရားသည် ဒေဝဒတ်ကို ရဟန်းပြုပေးတော်မူ၏”ဟူသော ဤအကြောင်းမှ ထို့ထက် အလွန်ဖြစ်သော အခြားအကြောင်းတစ်မျိုးကိုလည်း နာဦးလော့၊ မင်းမြတ် ဥပမာအားဖြင့် မကောင်းမှုကို ပြုကျင့်သော ခိုးသူကို ဖမ်းယူ၍ “မင်းမြတ် ဤသူသည်ကား မကောင်းမှုကို ပြုကျင့်သော ခိုးသူပါတည်း၊ ဤခိုးသူအား အလိုရှိရာ အပြစ်ဒဏ်ကို တပ်စေတော်မူပါလော့”ဟု မင်းအား ပြကြကုန်၏။ မင်းသည် “အချင်းတို့ သို့ဖြစ်လျှင် ဤခိုးသူကို မြို့ပြင်သို့ ထုတ်၍ သူသတ်ကုန်း၌ ဦးခေါင်းကို ဖြတ်လော့”ဟု ဆိုရာ၏။ မင်းမြတ် ကောင်းပါပြီဟု ထိုမင်းချင်းတို့သည် မင်းအား ဝန်ခံ၍ ထိုခိုးသူကို မြို့ပြင်သို့ ထုတ်လျက် သူသတ်ကုန်းသို့ ဆောင်ကုန်ရာ၏။ မင်း၏ထံမှ ရအပ်သော ဆုရှိသော၊ ရအပ်သော အခြံအရံ ဥစ္စာစည်းစိမ်ရှိသော၊ နာယူအပ်သော စကားရှိသော၊ အားကြီးစွာ အလိုအတိုင်း ပြုနိုင်သော၊ တစ်စုံတစ်ယောက်သော ယောက်ျားသည် ထိုခိုးသူကို မြင်ရာ၏။ ထိုယောက်ျားသည် ထိုခိုးသူအား သနားသောကြောင့် ထိုမင်းချင်းယောက်ျားတို့ကို “အချင်းတို့ ဤခိုးသူ၏ ဦးခေါင်းကို ဖြတ်သဖြင့် သင်တို့အား အဘယ်အကျိုးရှိအံ့နည်း။ အချင်းတို့ ထိုသို့ အကျိုးမရှိသောကြောင့် ဤခိုးသူ၏ လက်ကို သော်လည်းကောင်း၊ ခြေကိုသော်လည်းကောင်း ဖြတ်၍ အသက်ကို စောင့်ရှောက်ကြကုန်လော့။ ထို လက်ခြေကို ဖြတ်၍ မသတ်ဘဲထားခြင်း၏ အကြောင်းကြောင့် မင်း၏အထံ၌ အကြောင်းပြန် စကားကို ငါပြုအံ့”ဟု ပြောဆိုရာ၏။ ထိုမင်းချင်းယောက်ျားတို့သည် မင်းကို ပြောဆိုနိုင်ရန် အားအစွမ်းရှိသော ထိုယောက်ျားစကားဖြင့် ထိုခိုးသူ၏ လက်ကိုသော်လည်းကောင်း၊ ခြေကိုသော်လည်းကောင်း ဖြတ်၍ အသက်ကို စောင့်ရှောက်ကုန်ရာ၏။ မင်းမြတ် ဤသို့ပြုလုပ်သော ထိုယောက်ျားသည် ထိုခိုးသူ၏ ပြုခွင့်ကိစ္စကို ပြုသည် ဖြစ်ရာသလော။ အသျှင်ဘုရား ထိုယောက်ျားသည် ထိုခိုးသူအား အသက်ပေးသောသူပါတည်း။ အသက်ကို ပေးသည်ရှိသော် ထိုယောက်ျားအား ပြုခွင့်ကိစ္စကို မပြုသောမည်သည် အဘယ်မှာရှိပါအံ့နည်း။ ထိုခိုးသူ၏ လက်ခြေကို ဖြတ်ခြင်း၌ အကြင်ဆင်းရဲဝေဒနာသည် ရှိ၏။ ထိုသနား တတ်သော ယောက်ျား သည် ထိုဆင်းရဲဝေဒနာကြောင့် တစ်စုံတစ်ခုသော မကောင်းမှုသို့ ရောက်ရာ သလော။ အသျှင်ဘုရား ထိုခိုးသူသည် မိမိပြုသော ခိုးမှုကြောင့် ဆင်းရဲဝေဒနာကို ခံစားရ၏။ အသက်ကို ပေးသော ယောက်ျားသည်ကား တစ်စုံတစ်ခုသော မကောင်းမှုသို့ မရောက်ရာပါ။ မင်းမြတ် ဤအတူ သာလျှင် မြတ်စွာဘုရားသည် သနားတော်မူသောကြောင့် “ငါဘုရား၏ သာသနာတော်၌ ရဟန်းပြုသော ဒေဝဒတ်၏ ဆင်းရဲသည် အဆုံးအပိုင်းအခြားရှိသည် ဖြစ်လတ္တံ့”ဟု သိ၍ ဒေဝဒတ်ကို ရဟန်းပြု ပေးတော်မူ၏။ မင်းမြတ် ဒေဝဒတ်၏ ဆင်းရဲသည် အဆုံးအပိုင်းအခြားရှိ၏။ မင်းမြတ် ဒေဝဒတ်သည် သေခါနီးသောအခါ၌- “လောကသုံးပါးထက် မြတ်သော ပုဂ္ဂိုလ်ဖြစ်တော်မူသော၊ သမ္မုတိနတ်, ဥပပတ္တိ နတ်တို့ထက် လွန်သော ဝိသုဒ္ဓိနတ်ဖြစ်တော်မူသော၊ ဆုံးမထိုက်သူအပေါင်းကို ကောင်းစွာ ဆုံးမတော်မူသော၊ ထက်ဝန်းကျင် အပိတ်အပင်မရှိ သိမြင်နိုင်သော၊ သဗ္ဗညုတဉာဏ်ရှင် ဖြစ်တော်မူသော၊ အရာမကသော ဘုန်းတော်, ယောက်ျားမြတ်တို့၏ အမှတ်လက္ခဏာတော် ရှိသော ထိုမြတ်စွာဘုရားကို ဤအရိုးတို့ဖြင့်လည်းကောင်း၊ ဤအသက်ဝိညာဉ်တို့ဖြင့်လည်းကောင်း ဆည်းကပ်ခိုကိုးခြင်းသို့ကပ်ရောက်ပါ၏”ဟု အသက်ထက်ဆုံး ကိုးကွယ်ရာဟူ၍ ဆည်းကပ်လေပြီ။

--

မင်းမြတ် ဒေဝဒတ်သည် ကမ္ဘာကို ခြောက်ဖို့ခြောက်စုပြု၍ ပထမအဖို့အစုကို လွန်သောအခါ၌ သံဃာကို သင်းခွဲ၏။ ငါးဖို့ငါးစုတို့ပတ်လုံး ငရဲ၌ ကျက်၍ ထိုငရဲမှ လွတ်သည်ရှိသော် အဋ္ဌိဿရအမည် ရှိသော ပစ္စေကဗုဒ္ဓါ ဖြစ်လတ္တံ့။ မင်းမြတ် ဤသို့ပြုသော ထိုမြတ်စွာဘုရားသည် ဒေဝဒတ်အား ပြုခွင့် ကိစ္စကို ပြုသည်ဖြစ်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရားနာဂသေန အကြင့်ကြောင့် မြတ်စွာဘုရားသည် ဒေဝဒတ်ကို ပစ္စေကဗောဓိဉာဏ်သို့ ရောက်စေလတ္တံ့။ ထို့ကြောင့် မြတ်စွာဘုရားသည် ဒေဝဒတ်အား အလုံးစုံကို ပေးတော်မူ၏။ မြတ်စွာဘုရားသည် ဒေဝဒတ်အား ပြုသင့်သည်ကို မပြုသော မည်သည် အဘယ်မှာရှိနိုင်အံ့နည်းဟု (လျှောက်၏)။ မင်းမြတ် ဒေဝဒတ်သည် သံဃာကို သင်းခွဲ၍ အကြင့်ကြောင့် ငရဲ၌ ဆင်းရဲသော ဝေဒနာကို ခံစားရ၏။ ထိုအကြောင်းကြောင့် မြတ်စွာဘုရားသည် တစ်စုံတစ်ခုသော မကောင်းမှုသို့ ရောက်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မရောက်ရာပါ။ အသျှင်ဘုရား ဒေဝဒတ်သည် မိမိပြုသော ကံကြောင့် တစ်ကမ္ဘာပတ်လုံး ငရဲ၌ ကျက်ရ၏။ ဆင်းရဲ၏ အဆုံးကို ပြုတော်မူသော မြတ်စွာဘုရားသည် တစ်စုံတစ်ခုသော မကောင်းမှုသို့ မရောက်ရာပါဟု (လျှောက်၏)။ မင်းမြတ် အကြင်အကြောင်းကြောင့် မြတ်စွာဘုရားသည် ဒေဝဒတ်ကို ရဟန်းပြုပေးတော်မူ၏။ ဤအကြောင်းကိုလည်း သင်မင်းမြတ်သည် သဘောမှန်အားဖြင့် ဝန်ခံလေလော့။

မင်းမြတ် “မြတ်စွာဘုရားသည် ဒေဝဒတ်ကို ရဟန်းပြုပေးတော်မူ၏”ဟူသော ဤအကြောင်းမှ ထို့ထက် အလွန်ဖြစ်သော အခြားအကြောင်းတစ်မျိုးကိုလည်း နာဦးလော့။ မင်းမြတ် ဥပမာအားဖြင့် ဆေးကုရာ၌ လိမ္မာသော၊ ရောဂါကို ထုတ်ပယ်နိုင်သာ ဆေးသမားသည် လေ၊ သည်းခြေ၊ သလိပ်တို့၏ ပေါင်းစုသည်ဖြစ်၍ ဥတုဟူသော ပါစကတေဇောဓာတ်၏ ဖောက်ပြန်ခြင်းကြောင့် အစာအာဟာရတို့၏ မညီမညွတ် ကြေကျက်ခြင်းရှိသော၊ အပုပ်, ပိုးလောက်, မကောင်းသော အနံ့တို့ဖြင့် ပြွမ်းသော၊ အတွင်း၌ ထိုးကျင်ကိုက်ခဲသော၊ အတွင်း၌ ပြည်ပုပ်အောင်းရာ အခေါင်းရှိသော၊ ပြည်ပုပ်, သွေးပုပ်တို့ဖြင့် ပြည့်နှက်သော အနာကို ငြိမ်းစေလိုသည် ဖြစ်၍ အနာဝကို ကြမ်းတမ်းထက်မြက်စွာ စားတတ်၍ စပ်လှ သောဆေးဖြင့် အနာကျက်စိမ့်သောငှါ သုတ်လိမ်း၏။ အနာကျက်၍ နူးညံ့ပျော့ပျောင်းခြင်းသို့ ရောက်သော အနာကို ဓားငယ်ဖြင့် ခွဲဖောက်၍ တုတ်တံဖြင့် ပွတ်သပ်၏။ ပွတ်သပ်ပြီးသော် ဆပ်ပြာငန် လိမ်း ထည့်၏။ အသားနုတက်စေခြင်းငှါ အနာရှိသူ၏ ချမ်းသာသည်၏အဖြစ်သို့ အစဉ်ရောက်စေခြင်းငှါ ဆေးဖြင့် သုတ်လိမ်း၏။ မင်းမြတ် ရောဂါကို ပယ်ထုတ်တတ်သော ထိုဆေးသမားသည် အကျိုးမဲ့စေလိုသော စိတ်ရှိ သည်ဖြစ်၍ ဆေးဖြင့် သုတ်လိမ်းသလော။ ဓားငယ်ဖြင့် ဖောက်ခွဲသလော။ တုတ်တံဖြင့် ပွတ်သပ် သလော။ ဆပ်ပြာငန်ကို လိမ်းထည့်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မဟုတ်ပါ။ အကျိုးကို အလိုရှိသော စိတ်ရှိသည်ဖြစ်၍၊ ချမ်းသာခြင်းကို အလိုရှိသည်ဖြစ်၍ ထိုပြုလုပ်ဖွယ်တို့ကို ပြုပါ၏ဟု (လျှောက်၏)။ ထိုလူနာအား ဆေးလိမ်းခြင်းဟူသော ပြုလုပ်ဖွယ်တို့ကို ပြုခြင်းကြောင့်ဖြစ်သော အကြင် ဆင်းရဲသော ဝေဒနာသည် ရှိ၏။ ထိုဆင်းရဲကို ဖြစ်စေသောကြောင့် ရောဂါကို ထုတ်ပယ်တတ်သော ထိုဆေးသမားသည် တစ်စုံတစ်ခုသော မကောင်းမှုသို့ ရောက်ရာသလောဟု (မေးတော်မူ၏)။ အသျှင် ဘုရား ရောဂါကို ပယ်ထုတ်တတ်သော ဆေးသမားသည် အကျိုးကို လိုသော စိတ်ရှိသည်ဖြစ်၍၊ ချမ်းသာ ခြင်းကို အလိုရှိသည်ဖြစ်၍ ထိုဆေးလိမ်းခြင်းစသော ပြုလုပ်ဖွယ်တို့ကို ပြုလုပ်ပါ၏။ ထိုဆေးသမားသည် ထိုသို့ပြုလုပ်ခြင်းကြောင့် အဘယ်မှာ မကောင်းမှုသို့ ရောက်နိုင်ပါအံ့နည်း။ အသျှင်ဘုရား ရောဂါကို ပယ်ထုတ်တတ်သော ထိုဆေးသမားသည် နတ်ပြည်သို့ ရောက်ရာပါ၏ဟု (လျှောက်၏)။ မင်းမြတ် ဤ အတူသာလျှင် မြတ်စွာဘုရားသည် သနားတော်မူသောကြောင့် ဆင်းရဲမှ လွတ်စေခြင်းငှါ ဒေဝဒတ်ကို ရဟန်းပြုပေးတော်မူ၏။

မင်းမြတ် “မြတ်စွာဘုရားသည် ဒေဝဒတ်ကို ရဟန်းပြုပေးတော်မူ၏”ဟူသော ဤအကြောင်းမှ ထို့ထက် အလွန်ဖြစ်သော အခြားအကြောင်းတစ်မျိုးကိုလည်း နာဦးလော့။ မင်းမြတ် ဥပမာအားဖြင့် ယောက်ျားသည် ဆူးစူးရာ၏။ ထိုအခါ၌ တစ်ယောက်သော ယောက်ျားသည် ထိုသူ၏ အကျိုးကို အလိုရှိ သည်ဖြစ်၍၊ ချမ်းသာခြင်းကို အလိုရှိသည်ဖြစ်၍ ထက်စွာသော ဆူးဖြင့်သော်လည်းကောင်း၊ ဓားဖြင့်သော်လည်းကောင်း ထက်ဝန်းကျင်မှ ဖြတ်ခွဲ၍ ယိုစီးသော သွေးဖြင့် ထိုဆူးကို ထုတ်နုတ်ရာ၏။ မင်းမြတ် ထိုယောက်ျားသည် အကျိုးမဲ့ကို လိုလားသည်ဖြစ်၍ ထိုဆူးကို ထုတ်နုတ်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မဟုတ်ပါ။ အသျှင်ဘုရား ထိုယောက်ျားသည် အကျိုးကို အလိုရှိသည်ဖြစ်၍၊ ချမ်းသာခြင်း ကို အလိုရှိသည်ဖြစ်၍ ထိုဆူးကို ထုတ်နုတ်ပါ၏။ အသျှင်ဘုရား ထိုယောက်ျားသည် ထိုဆူးကို အကယ်၍ မထုတ်နုတ်ငြားအံ့၊ ထိုဆူးစူးခံရသောသူသည် ထိုဆူးကို မနုတ်ထွင်သောကြောင့် သေခြင်းသို့သော်လည်းကောင်း၊ သေလောက်သော ဆင်းရဲသို့သော်လည်းကောင်း ရောက်ရာပါ၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရားသည် သနားတော်မူသောကြောင့် ဆင်းရဲမှ လွတ်စေခြင်းငှါ ဒေဝဒတ်ကို ရဟန်းပြုပေးတော်မူ၏။ မင်းမြတ် မြတ်စွာဘုရားသည် ဒေဝဒတ်ကို အကယ်၍ ရဟန်းပြုမပေးသည် ဖြစ်ငြားအံ့၊ ကမ္ဘာကုဋေအသိန်းတို့ပတ်လုံး ဒေဝဒတ်သည် ဘဝအဆက်ဆက်အားဖြင့် ငရဲ၌ ကျက်ခဲ့ရာ၏ဟု (မိန့်တော်မူ၏)။

--

အသျှင်ဘုရားနာဂသေန မြတ်စွာဘုရားသည် သံသရာဝဋ်ဆင်းရဲဟူသော မြစ်အောက်ရေစုန်သို့ မျောလတ္တံ့သော ဒေဝဒတ်ကို သံသရာဝဋ်ဆင်းရဲဟူသော မြစ်ညာရေဆန်သို့ ပို့ဆောင်တော်မူပါပေ၏။ ခရီးမှားသို့ လျှောက်သွားသော ဒေဝဒတ်ကို ခရီးလမ်းမသို့ ရောက်စေတော်မူပါပေ၏။ ကမ်းပါးပြတ်၌ ကျရောက်သော ဒေဝဒတ်အား ထောက်တည်ရာကို ပေးတော်မူပါပေ၏။ မြတ်စွာဘုရားသည် မညီ မညွတ်သော ခရီးသို့ ရောက်သော ဒေဝဒတ်ကို ညီညွတ်သော ခရီးသို့ တင်ပို့တော်မူပါပေ၏။ အသျှင် ဘုရားနာဂသေန ဤဇနကအကြောင်းရင်းမျိုးတို့ကိုလည်းကောင်း၊ ဤဥပတ္ထမ္ဘက, ယုတ္တိသမ္ပာပက အကြောင်းဖျားမျိုးတို့ကိုလည်းကောင်း အသျှင်ဘုရားကဲ့သို့သော ပညာရှင်ကို ကြဉ်ထား၍ တစ်ပါးသောသူသည် ကောင်းစွာ ဖော်ပြခြင်းငှါ မစွမ်းနိုင်ပါဟု (လျှောက်၏)။ ။

သုံးခုမြောက် ဒေဝဒတ္တပဗ္ဗဇ္ဇပဥှာ ပြီး၏။

--

၄-ပထဝိစလနပဥှာ

မြေလှုပ်ပုံ ပြဿနာ

။ အသျှင်ဘုရားနာဂသေန “ရဟန်းတို့ မြေငလျင် ပြင်းစွာတုန်လှုပ်ခြင်းဖြစ်ပေါ်မှု၏ အကြောင်း အထောက်အပံ့တို့သည် ဤရှစ်ပါးတို့တည်း”ဟု ဤစကားကိုလည်း မြတ်စွာဘုရား ဟောကြားအပ်၏။ ဤ စကားတော်သည် အကြွင်းမဲ့စကားတော်ပါတည်း။ အကြွင်းမထားသော စကားတော်ပါတည်း။ ပရိယာယ် မဟုတ် မုချစကားတော်ပါတည်း။ မြေငလျင် ပြင်းစွာတုန်လှုပ်ခြင်းဖြစ်ပေါ်မှု၏ ကိုးခုမြောက် အကြောင်း တစ်ပါးမရှိ။ အသျှင်ဘုရားနာဂသေန မြေငလျင် ပြင်းစွာတုန်လှုပ်ခြင်းဖြစ်ပေါ်မှု၏ ကိုးခုမြောက် အကြောင်း တစ်ပါးသည် အကယ်၍ ရှိသည်ဖြစ်ငြားအံ့၊ ထိုအကြောင်းကိုလည်း မြတ်စွာဘုရားသည် ဟောတော်မူခဲ့ရာ၏။ အသျှင်ဘုရားနာဂသေန မြေငလျင် ပြင်းစွာ တုန်လှုပ်ခြင်းဖြစ်ပေါ်မှု၏ ကိုးခုမြောက် အကြောင်း တစ်ပါးသည် အကြင့်ကြောင့်ကား မရှိ၊ ထို့ကြောင့် မြတ်စွာဘုရားသည် မဟောကြားအပ်။ ဝေဿန္တရာ မင်းသည် အလှူကြီးကို ပေးလှူလတ်သော် မြေကြီးခုနစ်ကြိမ်တိုင် တုန်လှုပ်၏ဟူသော မြေငလျင် ပြင်းစွာ တုန်လှုပ်ခြင်း ထင်ရှားဖြစ်ပေါ်မှု၏ ဤကိုးခုမြောက်သော အကြောင်းသည်လည်း ထင်ခဲ့၏။ အသျှင်ဘုရား နာဂသေန မြေငလျင် ပြင်းစွာတုန်လှုပ်ခြင်းထင်ရှားဖြစ်ပေါ်မှု၏ အကြောင်းအထောက်အပံ့တို့သည် အကယ်၍ ရှစ်ပါးသာ့ဖြစ်ကုန်အံ့၊ ထိုသို့ဖြစ်ခဲ့မူ ဝေဿန္တရာမင်းသည် အလှူကြီးကို ပေးလှူလတ်သော် မြေကြီးခုနစ်ကြိမ်တိုင် တုန်လှုပ်၏ဟူသော စကားသည် မှားယွင်းခဲ့ရာ၏။ ဝေဿန္တရာမင်းသည် အလှူကြီး ကို ပေးလှူလတ်သော် မြေကြီးခုနစ်ကြိမ်တိုင် တုန်လှုပ်ခြင်းသည် အကယ်စင်စစ် ဖြစ်ခဲ့အံ့၊ ထိုသို့ဖြစ်ခဲ့မူ မြေငလျင်ပြင်းစွာတုန်လှုပ်ခြင်းဖြစ်ပေါ်မှု၏ အကြောင်းအထောက်အပံ့တို့သည် ရှစ်ပါးတို့တည်းဟူသော ထိုစကားသည်လည်း မှားယွင်းခဲ့ရာ၏။ ဤပြဿနာသည်လည်း အစွန်းနှစ်ဖက်ထွက်ပါ၏။ သိမ်မွေ့လှ ပါ၏။ လူသာမန်တို့ ဖြေနိုင်ခဲပါ၏။ တွေဝေမှု အမိုက်မှောင်ကိုလည်း ပြုတတ်ပါ၏။ နက်လည်း နက်နဲ ပါ၏။ ထိုပြဿနာသည် အသျှင်ဘုရားသို့ အစဉ်ရောက်လာပါ၏။ ဤပြဿနာကို အသျှင်ဘုရားနှင့် တူသော ပညာရှိကို ထား၍၊ ပညာနည်းသောသူသည် ဖြေခြင်းငှါ မတတ်နိုင်ရာပါဟု (လျှောက်၏)။

မင်းမြတ် “ရဟန်းတို့ မြေငလျင် ပြင်းစွာတုန်လှုပ်ခြင်းဖြစ်ပေါ်မှု၏ အကြောင်းအထောက်အပံ့တို့သည် ဤရှစ်ပါးတို့တည်း”ဟူသော စကားကိုလည်း မြတ်စွာဘုရား ဟောကြားတော်မူအပ်၏။ ထို့ပြင် ဝေဿန္တရာ မင်းသည် အလှူကြီးပေးလှူလတ်သော် ခုနစ်ကြိမ်တိုင် မြေကြီးတုန်လှုပ်ခြင်းသည်ကား အခါမဲ့ ဖြစ်၏။ တစ်ခါတစ်ရံ ဖြစ်ပေါ်ခြင်းဖြစ်၏။ မြေလှုပ်ကြောင်းရှစ်မျိုးတို့မှ ကင်းလွတ်လေ၏။ ထိုသို့ ကင်းလွတ်သော ကြောင့် မြေလှုပ်ကြောင်း ရှစ်မျိုးတို့ဖြင့် မရေတွက်အပ်။

မင်းမြတ် ဥပမာအားဖြင့် လောက၌ မိုးဦးကျရွာသော မိုးဟုလည်းကောင်း၊ မိုးနှောင်းဆောင်းစ၌ ရွာသော မိုးဟုလည်းကောင်း၊ မိုးလယ်၌ ရွာသော မိုးဟုလည်းကောင်း ဤသို့ မိုးသုံးမျိုးတို့ကိုသာ ရေတွက်အပ်ကုန်၏။ ထိုမိုးသုံးမျိုးတို့ကို လွှတ်၍ တစ်ပါးသော မိုးသည် အကယ်၍ကား ရွာသွန်းငြားအံ့၊ ထိုမိုးကို သမုတ်အပ်ပြီး မိုးတို့ဖြင့် မရေတွက်ရ၊ အခါမဲ့ရွာသော မိုးဟူ၍သာလျှင် ရေတွက်ခြင်းသို့ ရောက်၏။ မင်းမြတ် ဤအတူသာလျှင် ဝေဿန္တရာမင်းသည် အလှူကြီးကို ပေးလှူသည်ရှိသော် ခုနစ် ကြိမ်တိုင် မြေတုန်လှုပ်ခြင်းသည်ကား အခါမဲ့ဖြစ်၏။ တစ်ရံတစ်ခါ ဖြစ်ပေါ်ခြင်းဖြစ်၏။ မြေလှုပ်ကြောင်း ရှစ်မျိုးတို့မှ ကင်းလွတ်၏။ ထိုမြေလှုပ်ခြင်းကို ရှစ်ပါးသော အကြောင်းတို့ဖြင့် မရေတွက်အပ်။

မင်းမြတ် ဥပမာတစ်နည်းသော်ကား ဟိမဝန္တာတောင်မှ ငါးရာသော မြစ်တို့သည် စီးထွက်ကုန်၏။ မင်းမြတ် ထိုငါးရာသော မြစ်တို့တွင် ဆယ်စင်းသော မြစ်တို့ကိုသာလျှင် မြစ်ဟူသော အရေအတွက်ဖြင့် ရေတွက်အပ်ကုန်၏။ ဤဆယ်စင်းသော မြစ်တို့သည်ကား အဘယ်တို့နည်းဟူမူ-ဂင်္ဂါမြစ်၊ ယမုန်နာမြစ်၊ အစိရဝတီမြစ်၊ သရဘူမြစ်၊ မဟီမြစ်၊ သိန္ဓုမြစ်၊ သရဿတီမြစ်၊ ဝေတြဝတီမြစ်၊ ဝီတံသာမြစ်၊ စန္ဒဘာဂါမြစ်တို့ပေတည်း။ ကြွင်းသော မြစ်တို့ကို မြစ်ဟူသော အရေအတွက်ဖြင့် မရေတွက် မသွတ်သွင်း အပ်ကုန်။ အဘယ်အကြောင်းကြောင့်နည်းဟူမူ- ထိုကြွင်းသော မြစ်တို့သည် အမြဲစီးသော ရေမရှိသော ကြောင့်တည်း။ မင်းမြတ် ဤအတူသာလျှင် ဝေဿန္တရာမင်းသည် အလှူကြီးကို ပေးလှူသည်ရှိသော် ခုနစ်ကြိမ်တိုင် မြေတုန်လှုပ်ခြင်းသည် အခါမဲ့ ဖြစ်၏။ တစ်ရံတစ်ခါ ဖြစ်ပေါ်ခြင်း ဖြစ်၏။ ရှစ်ပါးသော အကြောင်းတို့မှ လွတ်၏။ ထိုမြေလှုပ်ခြင်းကို ရှစ်ပါးသော အကြောင်းတို့ဖြင့် မရေတွက်အပ်။

--

မင်းမြတ် ဥပမာတစ်မျိုးသော်ကား မင်းအား တစ်ရာ၊ နှစ်ရာ၊ သုံးရာသော အမတ်တို့ရှိသည် ဖြစ်ကုန်၏။ ထိုအမတ်တို့တွင် ခြောက်ယောက်သောသူတို့ကိုသာလျှင် အမတ်အရေအတွက်ဖြင့် ရေတွက် အပ်ကုန်၏။ ဤခြောက်ယောက်တို့သည် အဘယ်တို့နည်းဟူမူ- စစ်သူကြီး၊ ပုရောဟိတ်၊ တရားသူကြီး၊ ဘဏ္ဍာစိုး၊ ထီးတော်မိုး၊ သန်လျက်စွဲသော သက်တော်စောင့်တို့တည်း။ ထိုခြောက်ယောက်တို့ကိုသာလျှင် အမတ်အရေအတွက်ဖြင့် ရေတွက်အပ်ကုန်၏။ အဘယ်အကြောင်းကြောင့်နည်းဟူမူ- မင်း၏ အကျိုးတို့နှင့် အလွန်ယှဉ်စပ်သောကြောင့်တည်း။ ကြွင်းသော အမတ်တို့ကို မရေတွက်အပ်ကုန်။ အလုံးစုံသော အမတ်တို့သည် သာမညအမတ်ဟူသော ရေတွက်ခြင်းသို့ ရောက်ကုန်၏။ မင်းမြတ် ဤအတူသာလျှင် ဝေဿန္တရာ မင်းသည် အလှူကြီးကို ပေးလှူသည်ရှိသော် ခုနစ်ကြိမ်တိုင် မြေကြီးတုန်လှုပ်ခြင်းသည် အခါမဲ့ဖြစ်၏။ တစ်ရံတစ်ခါ ဖြစ်ပေါ်ခြင်းဖြစ်၏။ ရှစ်ပါးသော အကြောင်းတို့မှ လွတ်၏။ ထိုမြေလှုပ်ခြင်းကို ရှစ်ပါးသော အကြောင်းတို့ဖြင့် မရေတွက်အပ်။

မင်းမြတ် ယခုအခါ မြတ်စွာဘုရားသာသနာတော်ဝယ် အကြင်ပုဂ္ဂိုလ်တို့၏ ကျော်ကြားခြင်းသည် နတ်လူတို့၌ ပျံ့နှံ့၍ တက်၏။ ပြုအပ်သော ဒါနကျေးဇူးရှိကုန်သော ထိုသူတို့၏ မျက်မှောက်သော ကိုယ်၏အဖြစ်၌ပင် ချမ်းသာသုခကို ခံစားရသော ကုသိုလ်ကံကို ကြားဖူးပါ၏လောဟု (မေးတော်မူ၏)။ အသျှင်ဘုရားဟုတ်ပါ၏။ ယခုအခါ မြတ်စွာဘုရားသာသနာတော်ဝယ် အကြင်ပုဂ္ဂိုလ်တို့၏ ကျော်ကြားခြင်း သည် နတ်လူတို့၌ ပျံ့နှံ့၍ တက်၏။ ပြုအပ်သော ဒါနကျေးဇူးရှိကုန်သော ထိုသူတို့၏ မျက်မှောက်သော ကိုယ်၏အဖြစ်၌ပင် ချမ်းသာသုခကို ခံစားရသော ကုသိုလ်ကံကို ကြားဖူးပါ၏။ ထိုသူတို့သည် ခုနစ် ယောက်တို့ပါတည်း။ မင်းမြတ် ထိုခုနစ်ယောက်တို့သည် အဘယ်သူတို့နည်း။ အသျှင်ဘုရား သုမနပန်းသည်၊ ဧကသာဋကပုဏ္ဏား၊ ပုဏ္ဏသူရင်းငှါး၊ မလ္လိကာ မိဖုရား၊ ဂေါပါလမာတာမိဖုရား၊ သုပ္ပိယာ ဥပါသိကာမ၊ ပုဏ္ဏာမည်သော ကျွန်မတို့ပါတည်း။ ဤခုနစ်ယောက်တို့သည် မျက်မှောက်သော ကိုယ်၏ အဖြစ်၌ပင် ချမ်းသာသုခကို ခံစားရသောသူတို့ပါတည်း။ ဤသူတို့၏ ကျော်စောခြင်းသည်လည်း နတ်လူတို့၌ ပျံ့နှံ့၍ တက်ပါ၏။

လွန်လေပြီးသော အခါက လူ့ခန္ဓာကိုယ်ဖြင့်ပင် နတ်ပြည်သို့ ရောက်ရကုန်သော တစ်ပါးသောသူတို့ကိုလည်း ကြားဖူးပါကုန်သလော။ အသျှင်ဘုရားဟုတ်ပါ၏၊ ကြားဖူးပါကုန်၏။ မင်းမြတ် ထိုသူတို့ သည်ကား အဘယ်သူတို့နည်း။ ဂုတ္တိလစောင်းသမား၊ သာဓိနမင်း၊ နေမိမင်း၊ မန္ဓာတ်မင်းတို့တည်း။ ဤလေးယောက်သောသူတို့သည် ထိုလူ့ခန္ဓာကိုယ်ဖြင့်ပင်လျှင် နတ်ပြည်သို့ ရောက်ရကုန်၏ဟု ကြားဖူးပါကုန်၏။ အလွန်ကြာမြင့်မှလည်း ပြုအပ်သော ကောင်းမှု၊ မကောင်းမှုကို ကြားဖူးပါ၏။ မင်းမြတ် လွန်လေပြီးသော အတိတ်ကာလ၌ ဖြစ်စေ၊ ယခုပစ္စုပ္ပန်ကာလ၌ ဖြစ်စေ ဤမည်သောသူသည် အလှူကို ပေးလှူသည်ရှိသော် တစ်ကြိမ်လည်းကောင်း၊ နှစ်ကြိမ်လည်းကောင်း၊ သုံးကြိမ်လည်းကောင်း မြေကြီး တုန်လှုပ်၏ဟူ၍ သင်မင်းမြတ်သည် ကြားဖူး၏လော။ အသျှင်ဘုရား မကြားဖူးပါ။ မင်းမြတ် ပါဠိ နှုတ်တက်ရခြင်း၊ အနက်အဓိပ္ပါယ်ကို သိခြင်း၊ သင်ယူခြင်း၊ ကြားနာခြင်း၊ သင်ကြားမှုစွမ်းအား၊ ဆရာ့ ခြေရင်း၌ ဝပ်စင်းလေးမြတ်စွာ နာယူခြင်း၊ အဋ္ဌကထာနည်းနာ စိစစ် မေးမြန်းခြင်း၊ ဆရာ့ခြေရင်း ဝပ်စင်း ဆည်းကပ်ခြင်းသည် ငါ့အား ရှိပါ၏၊ သို့သော်လည်း ဤအမည်ရှိသောသူသည် ဒါနပေးလှူလတ်သော် တစ်ကြိမ်လည်းကောင်း၊ နှစ်ကြိမ်လည်းကောင်း၊ သုံးကြိမ်လည်းကောင်း မြေကြီးတုန်လှုပ်၏ဟု ဝေဿန္တရာမင်းမြတ်၏ အလှူမြတ်ကို ကြဉ်ထား၍ မကြားစဖူးချေ။ မင်းမြတ် ကဿပမြတ်စွာဘုရား၊ သာကီဝင်မင်းမျိုးမှ ဘုရားဖြစ်သော ဂေါတမမြတ်စွာဘုရား ဤဘုရားနှစ်ဆူတို့၏ အကြား၌ အရေအတွက် ကို လွန်ကုန်သော နှစ်ပေါင်းအကုဋေတို့သည် လွန်ကုန်ပြီ။ ထိုဘုရားနှစ်ဆူအတွင်း၌လည်း “ဤမည်သောသူသည် အလှူကို ပေးလတ်သော် တစ်ကြိမ်လည်းကောင်း၊ နှစ်ကြိမ်လည်းကောင်း၊ သုံးကြိမ်လည်းကောင်း မြေကြီးတုန်လှုပ်၏”ဟု ငါ့အား ကြားနာဖူးခြင်းမရှိ။ မင်းမြတ် ထိုမျှလောက်သော လုံ့လဖြင့်၊ ထိုမျှလောက်သော အားထုတ်ခြင်းဖြင့် မြေကြီးမတုန်မလှုပ်ပေ။ မင်းမြတ် ဂုဏ်ကျေးဇူးဟူသော ဝန်ဖြင့် အလွန်ပြည့်နှက်သည်ဖြစ်၍ အလုံးစုံစင်ကြယ်သော အပြုအမူဟူသော ဂုဏ်ကျေးဇူးဝန်ဖြင့် ပြည့်နှက်နေရ ကား မြေကြီးသည် ဆောင်ရွက်ခြင်းငှါ မစွမ်းနိုင်သည်ဖြစ်၍ တုန်လှုပ်၏။ တငြိမ့်ငြိမ့်လှုပ်၏။ ပြင်းစွာ လှုပ်၏။

--

မင်းမြတ် ဥပမာအားဖြင့် အလွန်လေးသော ဝန်တို့ဖြင့် ပြည့်နှက်သည်၏အဖြစ်ကြောင့် လှည်း၏ ပုန်တောင်းတို့သည်လည်းကောင်း၊ အကွပ်တံကူတို့သည်လည်းကောင်း ကွဲလေကုန်၏။ ဝင်ရိုးသည် ကျိုး၏။ မင်းမြတ် ဤအတူသာလျှင် အလုံးစုံစင်ကြယ်သော အပြုအမူဟူသော ဂုဏ်ကျေးဇူးဝန်ဖြင့် ပြည့်နှက် နေရကား မြေကြီးသည် ဆောင်ရွက်ထားခြင်းငှါ မစွမ်းနိုင်သည်ဖြစ်၍ တုန်လှုပ်၏။ တငြိမ့်ငြိမ့် လှုပ်၏။ ပြင်းစွာ လှုပ်၏။

မင်းမြတ် ဥပမာတစ်မျိုးသော်ကား ကောင်းကင်ပြင်သည် လေအဟုန်၊ ရေအဟုန်တို့ဖြင့် လွှမ်းမိုး ဖုံးအုပ်သည်ဖြစ်၍ များစွာသော ရေလုံး၊ ရေခဲဝန်တို့ဖြင့် ပြည့်နှက်ရကား အလွန်တိုက်ခတ်သော လေကြမ်း ဖြင့် တွေ့ဆုံ ထိခိုက်မိသောကြောင့် ချုန်း၏။ မြည်ဟည်း၏။ တဂျုန်းဂျုန်းအသံပြု၏။ မင်းမြတ် ဤအတူ သာလျှင် မြေကြီးသည် ဝေဿန္တရာမင်း၏ အလှူ၏ အစွမ်းအင်အားဟူသော ပြန့်ပွါးများမြတ်သော ဝန်တို့ဖြင့် ပြည့်နှက်ရကား ဆောင်ထားခြင်းငှါ မစွမ်းနိုင်သည်ဖြစ်၍ တုန်လှုပ်၏။ တငြိမ့်ငြိမ့်လှုပ်၏။ ပြင်းစွာ လှုပ်၏။ မင်းမြတ် မှန်၏၊ ဝေဿန္တရာမင်း၏ စိတ်သည် တပ်မက်မှု'ရာဂ'၏ အစွမ်းဖြင့် မဖြစ်။ အမျက်ထွက်မှု ‘ဒေါသ'၏ အစွမ်းဖြင့် မဖြစ်။ တွေဝေမှု ‘မောဟ'၏ အစွမ်းဖြင့် မဖြစ်။ ထောင်လွှားမှု ‘မာန'၏ အစွမ်းဖြင့် မဖြစ်။ မကောင်းသော အမြင် ‘ဒိဋ္ဌိ’ ၏ အစွမ်းဖြင့် မဖြစ်။ ညစ်နွမ်းမှု ‘ကိလေသာ'၏ အစွမ်းဖြင့် မဖြစ်။ ကြံစည်မှု ‘ဝိတက်'၏ အစွမ်းဖြင့် မဖြစ်။ မမွေ့လျော်ခြင်း ‘အရတိ'၏ အစွမ်းဖြင့် မဖြစ်။ စင်စစ်သော်ကား ဒါန၏ အစွမ်းအားဖြင့် များစွာ ဖြစ်၏။ “အသို့သော အကြောင်းအားဖြင့် မလာရောက်ကုန်သေးသော ဖုန်းတောင်းယာစကာတို့သည် ငါ၏ အထံသို့ လာပါကုန်အံ့နည်း၊ လာရောက်ကုန်ပြီးသော ဖုန်းတောင်းယာစကာတို့သည် မိမိတို့ အလိုရှိတိုင်းရ၍ ဝမ်းမြောက်ခြင်းဖြစ်ပါကုန်အံ့နည်း”ဟု အမြဲမပြတ် အလှူဒါနသို့ ရှေးရှုမျှော်လင့်သော စိတ်ကို ထား၏။ မင်းမြတ် ဝေဿန္တရာမင်းသည် အမြဲမပြတ် ဆယ်ပါးသော အရာတို့၌ စိတ်ကို ထား၏။ အဘယ်ဆယ်ပါးတို့၌ ထားသနည်းဟူမူ- ကျိုးနွံစွာ ဆုံးမခြင်း၌လည်းကောင်း၊ ညီညွတ်မျှတခြင်း၌လည်းကောင်း၊ သည်းခံခြင်း၌လည်းကောင်း၊ ဣန္ဒြေကို စောင့်စည်းခြင်း၌လည်းကောင်း၊ အမြဲစောင့်သော သီလ၌လည်းကောင်း၊ အခါခါစောင့်သော သီလ၌လည်းကောင်း၊ အမျက် မထွက်ခြင်း၌လည်းကောင်း၊ မညှဉ်းဆဲခြင်း၌လည်းကောင်း၊ ဖြောင့်မှန်သော ဝစီသစ္စာ၌လည်းကောင်း၊ ဖြူစင်ခြင်း၌လည်းကောင်း ဤဆယ်ပါးတို့၌ စိတ်ကို ထား၏။

မင်းမြတ် ဝေဿန္တရာမင်းသည် ကာမဂုဏ်၌ လိုလားတောင့်တမှုကို ပယ်အပ်၏။ လူ့ဘဝ၊ နတ်ဘဝကို လိုလားတောင့်တခြင်းသည် အေးငြိမ်းလေ၏။ မြတ်သော အကျင့်ကို လိုလားတောင့်တခြင်း၌ သာ ကြောင့်ကြခြင်းသို့ ရောက်၏။ မင်းမြတ် ဝေဿန္တရာမင်းသည် မိမိကိုယ်ကို စောင့်ရှောက်ခြင်းကို ပယ်အပ်၏။ အလုံးစုံသော သတ္တဝါတို့အား စောင့်ရှောက်ခြင်း၌ ကြောင့်ကြခြင်းသို့ ရောက်၏။ “အသို့ လျှင် ဤသတ္တဝါတို့သည် ညီညွတ်ပါကုန်အံ့နည်း၊ အနာရောဂါကင်းကုန်အံ့နည်း၊ ဥစ္စာရှိပါကုန်အံ့နည်း၊ အသက်ရှည်ပါကုန်အံ့နည်း”ဟူသော စိတ်ထားသာလျှင် များစွာ ဖြစ်၏။ မင်းမြတ် ဝေဿန္တရာမင်းသည် အလှူပေးသည်ရှိသော် ထိုအလှူကို ဘဝသမ္ပတ္တိဟူသော အကြောင်းကြောင့် ပေးလှူသည် မဟုတ်။ ဥစ္စာ ရလိုမှုဟူသော အကြောင်းကြောင့် ပေးလှူသည် မဟုတ်၊ တုံ့ပြန်ပေးလိုသည်ဟူသော အကြောင်းကြောင့် ပေးလှူသည် မဟုတ်။ ဖြားယောင်းသွေးဆောင်လိုသောကြောင့် ပေးလှူသည် မဟုတ်။ အသက်ရှည် လိုသောကြောင့် ပေးလှူသည် မဟုတ်။ အဆင်းလှလိုသောကြောင့် ပေးလှူသည် မဟုတ်။ ချမ်းသာ လိုသောကြောင့် ပေးလှူသည် မဟုတ်။ ခွန်အားကြီးလိုသောကြာင့် ပေးလှူသည် မဟုတ်။ အခြံအရံ အကျော်အစောရလိုသောကြောင့် ပေးလှူသည် မဟုတ်။ သားဟူသော အကြောင်းကြောင့် ပေးလှူသည် မဟုတ်။ သမီးဟူသော အကြောင်းကြောင့် ပေးလှူသည် မဟုတ်။ စင်စစ်သော်ကား သဗ္ဗညုတဉာဏ်တော်ဟူသော အကြောင်းကြောင့် သဗ္ဗညုတဉာဏ်ရတနာ၏ အကြောင်းကြောင့် ဤမျှလောက်သော အတုမဲ့ကင်း ပြန့်ပွါးခြင်းနှင့် လွန်မင်းထွတ်မြတ်လှကုန်သော ဒါနတော်မြတ်တို့ကို ပေးလှူလေသတည်း။ ထိုစကား မှန်၏။ သဗ္ဗညုဘုရားအဖြစ်သို့ ရောက်တော်မူပြီးသော မြတ်စွာဘုရားသည်- “ငါသည် ဇာလီမင်းသားကိုလည်းကောင်း၊ ကဏှာဇိန်ချစ်သမီးကိုလည်းကောင်း၊ လင့်အလို အတိုင်း ကျင့်သော မဒ္ဒီမိဖုရားကိုလည်းကောင်း ပေးလှူစွန့်ကြဲသည်ရှိသော် သဗ္ဗညုတဉာဏ် တော်၏့အကြောင်းကြောင့်ပင် ပေးလှူစွန့်ကြဲ၏။ တစ်စုံတစ်ခုသော စည်းစိမ်၏ ပြည့်စုံခြင်းကိုမျှ မကြံစည်”ဟု ဟောတော်မူ၏။

--

မင်းမြတ် ဝေဿန္တရာမင်းသည် အမျက်မထွက်သဖြင့် အမျက်ထွက်သူကို အောင်နိုင်၏။ မကောင်း သူကို ကောင်းအောင် စောင့်စည်းခြင်းဖြင့် အောင်နိုင်၏။ နှမြောစဉ်းလဲသူကို ပေးကမ်းလှူဒါန်းခြင်းဖြင့် အောင်နိုင်၏။ မမှန်ပြောဆိုသူကို အမှန်ပြောဆိုခြင်းဖြင့် အောင်နိုင်၏။ အကုသိုလ်အားလုံးကို ကုသိုလ်ဖြင့် အောင်နိုင်၏။ ဤသို့ ပေးလှူသော တရားသို့ အစဉ်လိုက်သော၊ တရားလျှင်အမှီရှိသော ထိုဝေဿန္တရာ မင်း၏ အလှူ၏ အကျိုးဆက်နှင့် အားကြီးသော လုံ့လတို့၏ ပြန့်စည်ပွါးစည်းသောကြောင့် (ရေကို ခံသော) အောက်ခံလေကြမ်းကြီးတို့သည် လှုပ်ကုန်၏။ ဖြည်းဖြည်း တစ်ကြိမ်တစ်ကြိမ် လုံးထွေးလုံးထွေးကုန်လျက် တိုက်ခတ်ကုန်၏။ အောက်သို့ ညွှတ် ရှိုင်းကုန်၏၊ အထက်သို့ ပင့်တက်ကုန်၏။ ယိမ်းယိုင် ညွတ်ကွေး နံဘေးသို့ ပျံ့ကုန်၏။ ကျိုးပြတ်ခြင်းသို့ ရောက်ကုန်သော သစ်ပင်ကြီးငယ်တို့သည် လဲကျကုန်၏။ မိုးတိမ်တို့သည် အစုလိုက် အစုလိုက် ကောင်းကင်ပြင်၌ ထို ဤလှုပ်ရှား ပြေးသွားကုန်၏။ မြူနှင့်ပေါင်းရုံး လုံးစည်းမိသော လေတို့သည် ကြမ်းတမ်းပြင်းထန်ကုန်၏။ လေတို့သည် ကောင်းကင် ပြင်ကို နှိမ်နင်းကုန်လျက် တိုက်ခတ်ကုန်၏။ ဆောလျင်စွာ လွှင့်မှုတ် လွှင့်မှုတ်ပင့်၍ ထုတ်ကုန်၏။ အသံသည် သည်းစွာ ကြောက်မက်ဖွယ်ဖြစ်လျက် ပေါ်ထွက်၏။ ထိုလေတို့သည် ပကတိမဟုတ် လွှင့်မှုတ် ဖောက်ပြန်ခဲ့ကုန်သော် ရေသည် ဖြည်းဖြည်းဖြည်းဖြည်း လှုပ်၏။ ရေလှုပ်သော် ငါးလိပ်အပေါင်းတို့သည် လှုပ် ချောက်ချားကုန်၏။ လှိုင်းတံပိုးတို့သည် အဆိုင်အဆိုင် အပြိုင်ပြိုင်ဖြစ်ကုန်၏။ ရေ၌ ကျက်စားကုန်သော သတ္တဝါအပေါင်းတို့သည် ထိတ်လန့်ကုန်၏။ ရေလှိုင်းရေလုံးသည် အစုံအစုံ ဖွဲ့ယှက်ရောပြွမ်းလျက် စီး၏။ ရေလှိုင်း ပုတ်ခတ်သံ ဖြစ်ပေါ်လာ၏။ ပြင်းထန်ကြမ်းတမ်းကုန်သော ရေလုံးရေပွက်တို့ ထကုန်၏။ ရေမြှုပ် ရေပန်းတို့ဖြစ်ကုန်၏။ သမုဒ္ဒရာပင်လယ်ကြီးသည် လျှံတက်၏။ ရေသည် တူရူအဖြောင့်အထောင့် အရပ်သို့ စီးသွား ပြေးထွက်၏။ ရေအလျဉ်တို့သည် အထက်သို့ တက်ကာ ရေညာသို့ ရှေးရှုကုန်လျက် စီးကုန်၏။ အသုရာ၊ ဂဠုန်၊ နဂါး၊ ဘီလူးတို့သည် “အသို့လေနည်း၊ အဘယ်လေနည်း၊ သမုဒ္ဒရာသည် ထက်အောက်ပြောင်းပြန် ဖောက်ပြန်စီးခဲ့၏တကား”ဟု ထိတ်လန့်ကြကုန်၏။ ကြောက်ရွံ့သော စိတ်ရှိကုန် သည်ဖြစ်၍ ပြေးရာလမ်းစ ရှာမှီးကြကုန်၏။ ရေအလျဉ် လှုပ်ချောက်ချား၍ ကျိုက်ကျိုက်ဆူပွက်သော် မြေအလုံးသည် တော၊ တောင်၊ သမုဒ္ဒရာနှင့်တကွ လှုပ်၏။ မြေကြီးတုန်လှုပ်လတ်သော် မြင်းမိုရ် သတ္တရဗ္ဘန် တောင်ထွတ်၊ ကျောက်ထွတ်ဟူသမျှသည် ချာချာလည်၏၊ မီးအုံးသော ကြိမ်ညွန့်အလား ညွှတ်ပြားတိမ်းယိမ်း၏။ မြွေ၊ မြွေပါ၊ ကြောင်၊ မြေခွေး၊ ဝက်၊ သားငှက်အပေါင်းတို့သည် စိတ်ထားမမှန် ဖောက်ပြန်ကုန်၏။ တန်ခိုးနည်းသော နတ်တို့သည် ငိုကြွေးအော်ဟစ်ကုန်၏။ တန်ခိုးကြီးသော နတ်တို့ သည် ရယ်ရွှင်ကုန်၏။

မင်းမြတ် ဥပမာအားဖြင့် ဆန်လောင်း၍ ရေအပြည့်ထည့်ထားသော ထမင်းအိုးကြီးကို ဖိုခုံလောက်သို့ တင်လျက် အောက်မှ မီးတိုက်လတ်သော် မီးသည် ရှေးဦးစွာ ထမင်းအိုးကို ပူလောင်စေ၏။ ပူလောင်သော ထမင်းအိုးသည် ရေကို ပူလောင်စေ၏။ ပူလောင်သော ရေသည် ဆန်ကို ပူလောင်စေ၏။ ဆန်သည် ပူလောင်သည်ရှိသော် ပေါ်လည်းပေါ်၏၊ မြုပ်လည်း မြုပ်၏။ ပွက်ပွက်ဆူ၏။ အမြှုပ်ထလျက် လျှံတက်၏။ မင်းမြတ် ဤအတူသာလျှင် ဝေဿန္တရာမင်းသည် လောက၌ စွန့်နိုင်ခဲသော သားမယား စသည်ကို စွန့်ပေ၏။ စွန့်နိုင်ခဲသည့် ထိုသားမယားစသည်ကို စွန့်သော ထိုဝေဿန္တရာမင်း၏ အလှူဒါန၏ သဘာဝဖြစ်သော အကျိုးဆက်ကြောင့် ရေကို ခံသော အောက်ခံလေကြီးတို့သည် ဝန်ကို ဆောင်ခြင်းငှါ မစွမ်းနိုင်ကုန်သည်ဖြစ်၍ လွှင့်မှုတ် ဖောက်ပြန်ကုန်၏။ လေကြီးတို့ လွှင့်မှုတ်ဖောက်ပြန်ကုန်သော် ရေသည် တုန်လှုပ်၏။ ရေတုန်လှုပ်သော် မြေကြီး တုန်လှုပ်၏။ ဤသို့လျှင် ထိုဝေဿန္တရာမင်း လှူသောအခါ၌ လေ၊ ရေ၊ မြေကြီးဟူသော ဤသုံးမျိုးတို့သည် အလှူကြီး၏့အကျိုးဆက်ကြောင့်လည်းကောင်း၊ ပြန့်ပွါးသော အစွမ်းလုံ့လကြောင့်လည်းကောင်း တစ်စိတ် တစ်ဝမ်းတည်းကဲ့သို့ ဖြစ်ကုန်၏။ မင်းမြတ် ဝေဿန္တရာမင်း အလှူမြတ်၏ အာနုဘော်ကဲ့သို့သော ဤဝေဿန္တရာမင်း၏ အလှူနှင့်တူသော တစ်ပါးသောသူ၏ အလှူအာနုဘော်သည် မရှိပေ။ မင်းမြတ် ဥပမာအားဖြင့် ဣန္ဒနီလာကျောက်၊ နီလာ ကြီး၊ ဇောတိရသ်ကျောက်၊ ကြောင်မျက်ရွဲ၊ ပတ္တမြားညို၊ စိန်ဖြူ၊ မနောဟရပတ္တမြား၊ သူရိယကန် ကျောက်၊ စန္ဒရကန်ကျောက်၊ ဝဇိရစိန်၊ ခဇ္ဇောပနကကျောက်၊ ဖုဿရာဂမည်သော ဥဿဖရားကျောက်၊ ပတ္တမြားနီ၊ ပတ္တမြားပြောက်ဟူသော များစွာသော ဤကျောက်မျိုးတို့သည် မြေ၌ ရှိကုန်၏။ ထိုအလုံးစုံသော ကျောက်မျိုးတို့ကို လွန်၍ စကြာဝတေးမင်း၏ ပတ္တမြားရတနာကို အမြတ်ဆုံးဟူ၍ ဆိုရ၏။ မင်းမြတ် စကြဝတေးမင်း၏ ပတ္တမြားရတနာသည် ထက်ဝန်းကျင်မှ တစ်ယူဇနာတိုင်တိုင် ထွန်းလင်း တောက်ပ၏။ မင်းမြတ် ဤအတူသာလျှင် အလွန်ကဲဆုံးသော အသဒိသဒါနပင်ဖြစ်စေကာမူ မြေပြင်၌ အလုံးစုံသော ဒါနကို လွန်၍ ဝေဿန္တရာမင်း၏ ဒါနကြီးကို အမြတ်ဆုံးဟူ၍ ဆိုရ၏။ မင်းမြတ် ဝေဿန္တရာမင်းသည် အလှူကြီးကို ပေးလှူသည်ရှိသော် ခုနစ်ကြိမ်တိုင် မြေကြီးတုန်လှုပ်၏။

--

အသျှင်ဘုရားနာဂသေန ဘုရားရှင်တို့၏ ဂုဏ်တော်သည် လက်ဖျစ်ခတ်တီး အံ့ချီးလောက်ပါပေ၏။ အသျှင်ဘုရားနာဂသေန ဘုရားရှင်တို့၏ ဂုဏ်တော်သည် မဖြစ်ဖူးမြဲ ဖြစ်ပါပေ၏။ အကြင့်ကြောင့် မြတ်စွာဘုရားသည် ဘုရားလောင်းသာဖြစ်ပါလျက် လူများအပေါင်းနှင့် မတူမတန်သော ဤမျှ သည်းခံ တော်မူနိုင်ပါပေ၏။ ဤသို့ စိတ်ရှိတော်မူပါပေ၏။ ဤသို့ အာသာဆန္ဒတောင့်တခြင်းရှိတော်မူပါပေ၏။ ဤသို့ အလိုရှိတော်မူပါပေ၏။ အသျှင်ဘုရားနာဂသေန ဘုရားလောင်းတို့၏ အစွမ်းလုံ့လကို ထင်ရှား ပြအပ်ပါပေပြီ။ ဘုရားရှင်တို့၏ ပါရမီတော်ကိုလည်း အလွန်ထွန်းလင်းစေအပ်ပါပြီ။ စရိယသုံးပါးကို ရှေးဦးစွာ ကျင့်ဆဲလည်းဖြစ်ပေသော ဘုရားရှင်တို့၏ နတ်နှင့်တကွသော လောက၌ မြတ်သည့်အဖြစ်ကို ကောင်းစွာ ပြအပ်ပါပြီ။ အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏။ မြတ်စွာဘုရားသာသနာတော်ကို ချီးကျူးအပ်ပါပြီ။ မြတ်စွာဘုရား၏ ပါရမီတော်ကို တောက်ထွန်းစေအပ်ပါပြီ။ တိတ္ထိတို့၏ ဝါဒအဖုအထုံးကို ဖြတ်အပ်ပါပြီ။ သူတစ်ပါးတို့ စွဲဆိုခြင်းဟူသော အိုးကို ခွဲအပ်ပါပြီ။ နက်နဲသော အမေးပုစ္ဆာပြဿနာကို ပေါ်လွင်အောင် ပြုအပ်ပါပြီ။ တောရှုပ်ကို အရှုပ်မရှိအောင် ပြုအပ်ပါပြီ။ ဘုရားသားတော်တို့သည် ငြိမ်းအေးဖွယ်ကို ကောင်းစွာ ရအပ်ပါပြီ။ ဂိုဏ်းမှူးအမြတ်တို့ထက် မြတ်စွာသော အသျှင်ဘုရား ဤအတိုင်းဟုတ်ပါပေ၏။ ထိုအသျှင်ဘုရားဆိုတိုင်းပင် ဝန်ခံပါကုန်၏ဟု (လျှောက်၏)။ ။

လေးခုမြောက် ပထဝိစလနပဥှာ ပြီး၏။

--

၅-သိဝိရာဇစက္ခုဒါနပဥှာ

သိဝိမင်း မျက်လုံးကို ထုတ်၍ ပေးလှူခြင်း ပြဿနာ

။ အသျှင်ဘုရားနာဂသေန “သိဝိမင်းသည် တောင်းခံလာသော ပုဏ္ဏားအား မျက်လုံးတော်တို့ကို ပေးလှူအပ်ကုန်၏၊ စုံလုံးကန်းသည် ဖြစ်ရလျက် တစ်ဖန် နတ်မျက်စိတို့သည် ဖြစ်ပေါ်ကုန်၏”ဟု အသျှင်ဘုရားတို့ ဆိုကုန်၏၊ ဤစကားသည်လည်း အပြစ်နှင့်တကွ ဖြစ်၏။ နှိပ်ဖွယ်နှင့်တကွ ဖြစ်၏။ ဒေါသနှင့်တကွ ဖြစ်၏။ “အကြောင်းကို ပယ်ဖြတ်အပ်သော်၊ အကြောင်းမဲ့လတ်သော်၊ မှီရာမရှိလတ်သော် နတ်မျက်စိနှင့် တူသော မျက်စိ၏ဖြစ်ခြင်းသည် မရှိ”ဟု သုတ္တန်၌ ဟောတော်မူအပ်၏။ အသျှင်ဘုရား နာဂသေန သိဝိမင်းသည် တောင်းခံလာသော ပုဏ္ဏားအား မျက်လုံးတော်တို့ကို ပေးလှူအပ်ကုန်၏ဟူသော စကားသည် မှားရာ၏။ ဤပြဿနာသည်လည်း အစွန်းနှစ်ဖက်ထွက်ပါ၏။ အထုံးအဖွဲ့ဖြစ်သည်ထက် အထုံးအဖွဲ့ဖြစ်ပါ၏။ ထွေးလုံးရစ်ပတ်သည်ထက် ထွေးလုံးရစ်ပတ်ပါ၏။ ရှုပ်ထွေးသည်ထက် ရှုပ်ထွေး ပါ၏။ ထိုအစွန်းနှစ်ဖက်ထွက်သော ပြဿနာသည် အသျှင်ဘုရားသို့ အစဉ်ရောက်လာပါ၏။ ထိုပြဿနာ၌ ငြိမ်းအေးခြင်းငှါလည်းကောင်း၊ ပရဝါဒီပုဂ္ဂိုလ်တို့ကို နှိပ်ခြင်းငှါလည်းကောင်း အလိုဆန္ဒတော်ကို ဖြစ်စေ ပါလော့ဟု (လျှောက်၏)။

မင်းမြတ် သိဝိမင်းသည် တောင်းခံလာသော ပုဏ္ဏားအား မျက်လုံးတော်တို့ကို ပေးလှူတော်မူ၏။ ထိုမျက်လုံးတော်တို့ကို ပေးလှူရာ၌ ယုံမှားခြင်းကို မဖြစ်စေလင့်။ တစ်ဖန် နတ်မျက်စိတို့သည်လည်း ဖြစ်ပေါ်ကုန်၏။ ထိုသို့ နတ်မျက်စိဖြစ်ပေါ်ရာ၌လည်း ယုံမှားခြင်းကို မဖြစ်စေလင့်။ အသျှင်ဘုရား နာဂသေန မေးလျှောက်ပါဦးအံ့။ အကြောင်းကို ပယ်ဖြတ်အပ်သော်၊ အကြောင်းမဲ့လတ်သော်၊ မှီရာမရှိ လတ်သော် နတ်မျက်စိသည် ဖြစ်ပေါ်ပါသလောဟု (လျှောက်၏)။ မင်းမြတ် မဖြစ်နိုင်။ အသျှင်ဘုရား အကြင်အကြောင်းကြောင့် အကြောင်းကို ပယ်ဖြတ်အပ်ပြီးသော်၊ အကြောင်းမဲ့လတ်သော်၊ တည်ရာ မရှိလတ်သော် နတ်မျက်စိသည် ဖြစ်၏။ ဤအရာ၌ ထိုအကြောင်းကား အဘယ်ပါနည်း၊ တိုက်တွန်း တောင်းပန်ပါ၏။ ရှေးဦးစွာ (ခိုင်လုံသော) အကြောင်းဖြင့် အကျွန်ုပ်ကို သိစေတော်မူပါလော့။

မင်းမြတ် အသို့နည်း လောက၌ အကြင်သစ္စာဖြင့် သစ္စာကို ဆိုလေ့ရှိသောသူတို့သည် သစ္စာ ဆိုခြင်းအမှုကို ပြု၏၊ ထိုသစ္စာမည်သည် ရှိသည် မဟုတ်လော။ အသျှင်ဘုရားနာဂသေန ရှိပါ၏။ လောက၌ သစ္စာဖြင့် သစ္စာဆိုလေ့ရှိကုန်သောသူတို့သည် သစ္စာဆိုခြင်းအမှုကို ပြု၍ မိုးကို ရွာစေကုန်၏။ မီးကို ငြိမ်းစေကုန်၏။ အဆိပ်ကို ပယ်ဖျောက်နိုင်ကုန်၏။ အခြားတစ်ပါးသော အထူးထူးအထွေထွေသော ပြုဖွယ်ကိစ္စကို ပြုပါကုန်၏။ မင်းမြတ် သို့ဖြစ်လျှင် သိဝိမင်း၏ သစ္စာအစွမ်းကြောင့် နတ်မျက်စိတို့သည် ဖြစ်ကုန်၏ဟူသော စကားသည် သင့်လျော်၏။ ညီညွတ်၏။ မင်းမြတ် သစ္စာ၏ အစွမ်းကြောင့် အမှီ မရှိလျှင်မူလည်း နတ်မျက်စိသည် ဖြစ်၏။ သစ္စာသည်ပင် ထိုနတ်မျက်စိဖြစ်ရာ၌ နတ်မျက်စိဖြစ်ခြင်းငှါ မှီရာဖြစ်၏။

မင်းမြတ် ဥပမာအားဖြင့် အလုံးစုံကုန်သော သတ္တဝါတို့သည် “မိုးကြီးသည်းစွာ ရွာစေသတည်း”ဟု သစ္စာဆိုကုန်၏။ ထိုသူတို့၏ သစ္စာဆိုသည်နှင့် တစ်ပြိုင်နက် မိုးကြီးသည် ရွာ၏။ မင်းမြတ် အကြင် အကြောင်းဖြင့် မိုးကြီးသည် ရွာ၏၊ ကောင်းကင်၌ ထိုမိုးရွာခြင်း၏ အကြောင်းသည် စုဝေးလျက်ရှိသလော။ အသျှင်ဘုရား မရှိပါ၊ ထိုမိုးကြီးရွာရာ၌ မိုးကြီးရွာခြင်းငှါ သစ္စာသည်သာလျှင် တည်ရာအကြောင်းဖြစ်ပါ၏။ မင်းမြတ် ဤအတူသာလျှင် ထိုနတ်မျက်စိဖြစ်ခြင်း၏ ပြကတေ့သော အကြောင်းသည် မရှိ၊ ဤနတ်မျက်စိ ဖြစ်ပေါ်ရာ၌ နတ်မျက်စိဖြစ်ခြင်းငှါ သစ္စာသည်သာလျှင် တည်ရာအကြောင်းဖြစ်၏။

--

မင်းမြတ် ဥပမာတစ်မျိုးသော်ကား အလုံးစုံသော သတ္တဝါတို့သည် “အလျှံပြောင်ပြောင်တောက်သော မီးပုံကြီးသည် ငြိမ်းစေသတည်း”ဟု သစ္စာဆိုကုန်၏၊ ထိုသူတို့ သစ္စာဆိုသည်နှင့် တစ်ပြိုင်နက် အလျှံ ပြောင်ပြောင် တောက်သော မီးပုံကြီးသည် တစ်ခဏချင်းဖြင့် ငြိမ်း၏။ မင်းမြတ် အကြင်အကြောင်းဖြင့် အလျှံပြောင်ပြောင် တောက်သော မီးပုံကြီးသည် တစ်ခဏချင်းဖြင့် ငြိမ်း၏၊ အလျှံပြောင်ပြောင်တောက်သော ထိုမီးပုံးကြီး၌ ထိုမီးငြိမ်းခြင်း အကြောင်းသည် စုဝေးလျက် ရှိသလော။ အသျှင်ဘုရား မရှိပါ၊ ထိုမီးငြိမ်းရာ၌ အလျှံပြောင်ပြောင်တောက်သော ထိုမီးပုံကြီး၏ ခဏချင်းဖြင့် ငြိမ်းခြင်းငှါ သစ္စာသည်သာလျှင် တည်ရာ အကြောင်းဖြစ်ပါ၏။ မင်းမြတ် ဤအတူသာလျှင် ထိုသိဝိမင်းအား ပြကတေ့သော အကြောင်းသည် မရှိ၊ ဤနတ်မျက်စိဖြစ်ရာ၌ နတ်မျက်စိဖြစ်ခြင်းငှါ သစ္စာသည်သာလျှင် တည်ရာအကြောင်းဖြစ်၏။

မင်းမြတ် ဥပမာတစ်နည်းသော်ကား အလုံးစုံသော သတ္တဝါတို့သည် “လတ်တလော သေစေတတ်သော အဆိပ်သည် ဆေးဖြစ်စေသတည်း”ဟု သစ္စာဆိုကြကုန်၏၊ ထိုသူတို့ သစ္စာဆိုသည်နှင့် တစ်ပြိုင်နက် လတ်တလော သေစေတတ်သော အဆိပ်သည် ခဏချင်းဖြင့် ဆေးဖြစ်၏။ မင်းမြတ့်အကြင်အကြောင်းဖြင့် လတ်တလော သေစေတတ်သော အဆိပ်သည် ခဏချင်းဖြင့် ဆေးဖြစ်၏။ ထိုလတ်တလော သေစေ တတ်သော အဆိပ်၌ ထိုအကြောင်းသည် စုဝေးလျက်ရှိပါသလော။ အသျှင်ဘုရား မရှိပါ။ ထိုဆေး ဖြစ်ရာ၌ လက်တလော သေစေတတ်သော အဆိပ်၏ ခဏချင်းဖြင့် ပယ်ဖျောက်ခြင်းငှါ သစ္စာသည်သာလျှင် တည်ရာအကြောင်းဖြစ်ပါ၏။ မင်းမြတ် ဤအတူသာလျှင် ပြကတေ့သောအကြောင်းကို ကြဉ်၍ ဤနတ် မျက်စိဖြစ်ရာ၌ နတ်မျက်စိ၏ ဖြစ်ခြင်းငှါသစ္စာသည်သာလျှင် တည်ရာအကြောင်းဖြစ်၏။

မင်းမြတ် အရိယသစ္စာလေးပါးတို့ကိုလည်း ထိုးထွင်း၍ သိခြင်းငှါ သစ္စာမှ တစ်ပါးသော တည်ရာ အကြောင်းသည် မရှိ၊ သစ္စာကို တည်ရာအကြောင်းပြု၍ အရိယသစ္စာလေးပါးတို့ကို ထိုးထွင်း၍ သိကုန်၏။ မင်းမြတ် စိန့်တိုင်းပြည်၌ စိန့်မင်းသည် ရှိ၏၊ ထိုစိန့်မင်းသည် မဟာသမုဒ္ဒရာ၌ ရေသဘင် ကစားလိုသည်ဖြစ်၍ လေးလတစ်ကြိမ် လေးလတစ်ကြိမ် သစ္စာဆိုခြင်းကို ပြုလျက် ရထားနှင့်တကွ မဟာ သမုဒ္ဒရာအတွင်းသို့ တစ်ယူဇနာတိုင်တိုင် သက်ဝင်လေ၏၊ ထိုရထားဦး၏ ရှေ့မှ ရှေ့မှ ရေလုံးကြီးသည် ရှဲဆုတ်လေ၏၊ ရထားပြန်ထွက်သွားပြီးနောက် ပြန်၍ လွှမ်းမိုး၏၊ မင်းမြတ် ထိုမဟာသမုဒ္ဒရာကို နတ်နှင့်တကွသော လောကသည်လည်း ပြကတေ့ ကိုယ်အင်အားဖြင့် ရှဲဆုတ်စေခြင်းငှါ စွမ်းနိုင်အံ့လော။ အသျှင် ဘုရား အလွန်ရေနည်းသော တစ်ဖက်ဆည် ကန်၌သော်လည်း နတ်နှင့်တကွသော လောကသည် ပြကတေ့သော ကိုယ်အင်အားဖြင့် ရေကို ရှဲဆုတ်စေခြင်းငှါ မစွမ်းနိုင်ပါ၊ မဟာသမုဒ္ဒရာ၌ ရေကို အဘယ်မှာ ရှဲဆုတ် စေခြင်းငှါ စွမ်းနိုင်ပါအံ့နည်း။ မင်းမြတ် ဤအကြောင်းဖြင့်လည်း “သစ္စာဖြင့် မရောက်အပ်သော အရပ်သည် မရှိ”ဟု သစ္စာ၏ စွမ်းအားကို သိအပ်၏။

မင်းမြတ် ပါဋလိပုတ်ပြည်၌ အသောကမည်သော တရားမင်းမြတ်သည် နိဂုံးဇနပုဒ်သူတို့နှင့်တကွသော အမတ်၊ မင်းခစား၊ စစ်သည်ဗိုလ်ပါ၊ အမတ်ကြီးတို့ဖြင့် ခြံရံလျက် ရေသစ်တို့ဖြင့် ပြည့်လျှံသော၊ ကမ်းနှင့် အညီအမျှ ပြည့်သော၊ အလျား ယူဇနာငါးရာရှည်သော၊ တစ်ယူဇနာကျယ်ပြန့်သော ဂင်္ဂါမြစ်ရေ စီးနေသည်ကို မြင်တော်မူ၍ အမတ်တို့ကို “အမတ်တို့ အကြင်သူသည် ဤဂင်္ဂါမြစ်ကြီးကို ရေဆန်ရေညာသို့ ပြန်စီးစေခြင်းငှါ စွမ်းနိုင်၏၊ တစ်စုံတစ်ယောက်သော ထိုသူသည် ရှိပါသလော”ဟု မိန့်ဆို၏။ အမတ်တို့ သည် “မင်းမြတ် ခဲယဉ်းလှ၏”ဟု (လျှောက်ကုန်၏)။

ထိုဂင်္ဂါမြစ်ကမ်း၌ပင် ရပ်နေသော ဗန္ဓုမတီမည်သော ပြည့်တန်ဆာမသည် “ဤဂင်္ဂါမြစ်ကြီးကို ရေဆန်ရေ ညာသို့ ပြန်စီးစေခြင်းငှါ တတ်ကောင်းအံ့လော”ဟု မင်းကြီးသည် ဤသို့ ဆိုသတတ်ဟု ကြားလေ၏၊ ထိုပြည့်တန်ဆာမသည် “ငါသည်ကား ပါဋလိပုတ်ပြည်၌ ပြည့်တန်ဆာမတည်း၊ အဆင်းကို မှီလျက် အသက်မွေးရသည် ဖြစ်၍ ယုတ်ညံ့သော အသက်မွေးခြင်းရှိသော မိန်းမတည်း၊ မင်းသည် ငါ၏ သစ္စာပြုခြင်းကို မြင်စေသတည်း”ဟု ဆို၏။ ထို့နောက် ထိုပြည့်တန်ဆာမသည် သစ္စာပြု၏၊ ထိုပြည့်တန် ဆာမ သစ္စာပြုသည်နှင့် တစ်ပြိုင်နက် ထိုဂင်္ဂါမြစ်ကြီးသည် တဝုန်းဝုန်းမြည်လျက် လူအများ ကြည့်ရှုစဉ် ရေဆန်ရေညာသို့ စီးလေ၏။

--

ထိုအခါ၌ အသောကမင်းသည် ရေဝဲလှိုင်းတံပိုး အဟုန်တို့ကြောင့်ဖြစ်သော ဝုန်းဝုန်းသံကို ကြား၍ အံ့ဩလျက် မဖြစ်ဖူးမြဲ အံ့ဖွယ်သရဲရှိသည်ဖြစ်၍ “အမတ်တို့ အဘယ့်ကြောင့် ဤဂင်္ဂါမြစ်ကြီးသည် ရေဆန် ရေညာသို့ စီးသနည်း”ဟု အမတ်တို့ကို မေးတော်မူ၏။ မင်းမြတ် ဗန္ဓုမတီပြည့်တန်ဆာမသည် အရှင် မင်းမြတ်၏ စကားကို ကြား၍ သစ္စာပြုပါ၏၊ ထိုပြည့်တန်ဆာမ သစ္စာပြုခြင်းကြောင့် ဂင်္ဂါမြစ်ကြီးသည် ရေညာသို့ ရှေးရှုစီးပါ၏ဟု (လျှောက်ကုန်၏)။

ထိုအခါ အသောကမင်းကြီးသည် ထိတ်လန့်သော နှလုံးရှိသည်ဖြစ်၍ အလျင်အမြန် ကိုယ်တိုင် သွားလျက် “ဟယ် ပြည့်တန်ဆာမ သင်သည် သစ္စာပြုခြင်းဖြင့် ဤဂင်္ဂါမြစ်ကြီးကို ရေညာသို့ စီးစေ၏ဟု ဆိုသော စကားသည် မှန်သလော”ဟု ထိုပြည့်တန်ဆာမကို မေးတော်မူ၏။ မင်းမြတ်ဟုတ်မှန်ပါ၏ဟု လျှောက်၏။ “သင် ပြည့်တန်ဆာမအား ထိုသစ္စာပြုခြင်း၌ အဘယ်အစွမ်းရှိသနည်း၊ မရူးမသွပ်ဘဲ အဘယ်သူသည်မူလည်း သင်၏ စကားကို နာယူမည်နည်း၊ သင်သည် အဘယ်သို့သော အစွမ်းဖြင့် ဤဂင်္ဂါမြစ်ကြီးကို ရေညာသို့ ပြန်စီးစေသနည်း”ဟု အသောကမင်းသည် မိန့်တော်မူ၏။ မင်းမြတ် “အကျွန်ုပ်သည် သစ္စာ၏ အစွမ်းဖြင့် ဤဂင်္ဂါမြစ်ကြီးကို ရေညာသို့ ပြန်စီးစေပါ၏”ဟု ထိုပြည့်တန်ဆာမ လျှောက်၏။

“(သူ့လင် သူ့သားကို) ခိုးယူတတ်သော၊ ကာမကြူးသော၊ သတိမရှိသော၊ အရှက်မရှိသော၊ ယုတ်ညံ့သော၊ သီလပျက်သော၊ အရှက်ကုန်သော၊ မိုက်မဲသူကို ဖြားယောင်းလှည့်ပတ်တတ်သော သင့်အား အဘယ် သစ္စာအစွမ်းရှိသနည်း”ဟု အသောကမင်း မိန့်တော်မူ၏။ မင်းမြတ် ကျွန်တော်မျိုးမသည် ထိုဆို တိုင်းသော သဘောရှိသည် မှန်ပါ၏၊ မင်းမြတ် ထိုသို့ ဆိုတိုင်းသော သဘောရှိသော်လည်း အကျွန်ုပ်အား သစ္စာပြုခြင်း ရှိပါ၏။ အကျွန်ုပ်သည် ယင်းသစ္စာပြုခြင်းဖြင့် အလိုရှိသော် နတ်နှင့်တကွသော လောကကို ပြန်လှန်နိုင်ရာပါ၏ဟု လျှောက်၏။ “ထိုသစ္စာပြုခြင်းသည် အဘယ်သစ္စာ ဖြစ်ပါသနည်း။ တိုက်တွန်းပါ၏။ ငါ့ကို လျှောက်တင်ပါလော့”ဟု အသောကမင်း မိန့်တော်မူ၏။ မင်းမြတ် အကျွန်ုပ်အား မင်းမူလည်း ဖြစ်စေ၊ ပုဏ္ဏားမူလည်း ဖြစ်စေ၊ကုန်သည်မူလည်းဖြစ်စေ၊ သူဆင်းရဲမူလည်းဖြစ်စေ၊ ဆိုအပ်ပြီးသည်မှ တစ်ပါးသောသူ တစ်စုံတစ်ယောက်ဖြစ်စေ အကြင်သူသည် ဥစ္စာကြေးငွေကို ပေး၏၊ ထိုသူတို့အား အတူ အမျှသာ လုပ်ကျွေးပြုစုပါ၏။ “မင်းပေတည်း”ဟု အထူးအထွေ မရှိပါ။ “သူဆင်းရဲပေတည်း”ဟု မထီမဲ့မြင် ပြုခြင်းမရှိပါ။ ချစ်ခြင်း၊ မုန်းခြင်း လွတ်ကင်း၍ ဥစ္စာရှင်ကို လုပ်ကျွေးပြုစုပါ၏။ မင်းမြတ် အကြင်သစ္စာပြုခြင်းဖြင့် ကျွန်တော်မျိုးမသည် ဤဂင်္ဂါမြစ်ကြီးကို ရေညာသို့ ပြန်စီးစေပါ၏။ ဤသည်ကား အကျွန်ုပ်၏ သစ္စာပြုခြင်းပါတည်းဟု လျှောက်တင်၏။

မင်းမြတ် ဤသို့လျှင် သစ္စာ၌ တည်ခဲ့ကုန်သော် တစ်စုံတစ်ခုသော အကျိုးကို မရသည်မဟုတ်၊ ရကုန်လိမ့်သာတည်း။ မင်းမြတ် သိဝိမင်းသည် တောင်းခံလာသော ပုဏ္ဏားအား မျက်စိတော်တို့ကို ပေးလှူလည်း ပေးလှူအပ်ကုန်၏။ နတ်မျက်စိတို့သည်လည်း ဖြစ်ပေါ်ကုန်၏။ ထိုနတ်မျက်စိဖြစ်ပေါ် ခြင်းသည်လည်း သစ္စာပြုသောကြောင့် ဖြစ်ပေါ်ကုန်၏။ “မံသစက္ခုပျက်သည်ရှိသော်၊ အကြောင်းမရှိလတ် သော်၊ တည်ရာမရှိလတ်သော် ဒိဗ္ဗစက္ခုဖြစ်ပေါ်ခြင်း မရှိ”ဟု သုတ္တန်၌ အကြင်စကားကို ဟောတော်မူအပ်၏၊ ထိုစကားကို ဘာဝနာဖြင့် ပြီးသော ဒိဗ္ဗစက္ခုမည်သော မျက်စိကို ရည်ရွယ်၍ ဟောတော်မူအပ်၏၊ ထို့ကြောင့် မင်းမြတ် သင်မင်းမြတ်သည် ဤယခု ပြဆိုသည့်အတိုင်း ဤအကြောင်းကို မှတ်လော့ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏။ ပြဿနာကို ကောင်းစွာ ဖြေရှင်းတော်မူ နိုင်ပါ၏။ နှိပ်ဖွယ်ကို ကောင်းစွာ ညွှန်ကြားပြဆိုအပ်ပါပြီ။ သူတစ်ပါးတို့ စွပ်စွဲစကားကို ကောင်းစွာ ချိုးဖဲ့အပ်ပါပြီ။ ဤအတိုင်းဟုတ်မှန်ပါပေ၏။ အသျှင်ဘုရား မိန့်ဆိုတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

ငါးခုမြောက် သိဝိရာဇစက္ခုဒါနပဥှာ ပြီး၏။

--

၆-ဂဗ္ဘာဝက္ကန္တိပဥှာ

ကိုယ်ဝန်တည် ပြဿနာ

။ အသျှင်ဘုရားနာဂသေန “ရဟန်းတို့ အကြောင်းသုံးပါးတို့၏ ပေါင်းဆုံညီညွတ်ခြင်းကြောင့် ကိုယ်ဝန်တည်ခြင်းဖြစ်၏။ ဤအရာ၌ အမိအဖတို့သည်လည်း ညီညွတ်ပေါင်းဆုံ စပ်ယှက်ကုန်၏။ အမိ သည်လည်း မိန်းမဓမ္မတာ ဥတုလာပြီးစ ဖြစ်၏။ ပဋိသန္ဓေနေမည့် သတ္တဝါသည်လည်း ရှေးရှုတည်၏။ ရဟန်းတို့ ဤအကြောင်းသုံးပါးတို့၏ ပေါင်းဆုံညီညွတ်ခြင်းကြောင့် ကိုယ်ဝန်တည်ခြင်းဖြစ်၏”ဟူသော ဤစကားတော်ကိုလည်း မြတ်စွာဘုရား ဟောတော်မူအပ်၏။ ဤစကားတော်သည် အကြွင်းမဲ့သော စကား တော်ပါတည်း။ အကြွင်းမထားသော စကားတော်ပါတည်း။ ပရိယာယ်မဟုတ် မုချစကားတော်ပါတည်း။ မလျှို့ဝှက်သော စကားတော်ပါတည်း။ နတ်နှင့်တကွသော လူတို့၏ အလယ်၌ နေ၍ ဟောတော်မူအပ် ပါ၏။ အကြောင်းနှစ်ပါးတို့၏ ပေါင်းဆုံညီညွတ်ခြင်းကြောင့် ကိုယ်ဝန်တည်ခြင်းသည်လည်း ထင်ပါ၏။ ဒုကူလရသေ့သည် ပါရိကာရသေ့မ၏ ဥတုလာပြီးစအခါ၌ လက်ယာလက်မဖြင့် ချက်ကို သုံးသပ်အပ်၏။ ထိုဒုကူလရသေ့၏ ထိုချက်ကို သုံးသပ်ခြင်းဖြင့် သာမသတို့သား ဖြစ်လာ၏။ မာတင်္ဂရသေ့သည်လည်း ဒိဋ္ဌမင်္ဂလိကာမည်သော ပုဏ္ဏေးမပျို၏ ဥတုလာပြီးစအခါ၌ လက်ယာလက်မဖြင့် သုံးသပ်၏။ ထိုမာတင်္ဂ ရသေ့၏ ထိုချက်ကို သုံးသပ်ခြင်းဖြင့် မဏ္ဍဗျအမည်ရှိသော လုလင်သည် ဖြစ်လာ၏။ အသျှင်ဘုရား နာဂသေန “ရဟန်းတို့ အကြောင်းသုံးပါးတို့၏ ပေါင်းဆုံညီညွတ်ခြင်းကြောင့် ကိုယ်ဝန်တည်ခြင်းဖြစ်၏ဟု အကယ်၍ မြတ်စွာဘုရား ဟောတော်မူသည် ဖြစ်အံ့၊ ထိုသို့ဖြစ်မူ “သာမသတို့သားသည်လည်းကောင်း၊ မဏ္ဍဗျလုလင်သည်လည်းကောင်း ထိုနှစ်ယောက်သောသူတို့သည်လည်း ချက်ကို သုံးသပ်ခြင်းဖြင့် ဖြစ် လာကုန်၏”ဟူသော စကားသည် မှားရာ၏။ အသျှင်ဘုရား “သာမသတို့သားသည်လည်းကောင်း၊ မဏ္ဍဗျလုလင်သည်လည်းကောင်း ချက်ကို သုံးသပ်ခြင်းကြောင့် ဖြစ်လာကုန်၏”ဟု မြတ်စွာဘုရားသည် အကယ်၍ ဟောတော်မူသည် ဖြစ်အံ့၊ ထိုသို့ဖြစ်မူ “ရဟန်းတို့ အကြောင်းသုံးပါးတို့၏ ပေါင်းဆုံ ညီညွတ် ခြင်းကြောင့်သာလျှင် ကိုယ်ဝန်တည်ခြင်းဖြစ်၏”ဟူသော စကားသည်လည်း မှားရာ၏။ အစွန်းနှစ်ဖက် ထွက်သော ဤပြဿနာသည်လည်း အလွန်နက်နဲပါ၏။ အလွန်သိမ်မွေ့ပါ၏၊ ပညာရှိသောသူတို့၏ အရာ သာ ဖြစ်ပါ၏။ ထိုပြဿနာသည် အသျှင်ဘုရားသို့ အစဉ်ရောက်ပါ၏။ ယုံမှားခြင်းတည်းဟူသော ခရီးစဉ်ကို ဖြတ်တော်မူပါလော့။ ဉာဏ်တည်းဟူသော မြတ်သော ဆီမီးတိုင်ကို ညှိထွန်းတော်မူပါလော့ဟု လျှောက်၏။

မင်းမြတ် “ရဟန်းတို့ အကြောင်းသုံးပါးတို့၏ ပေါင်းဆုံညီညွတ်ခြင်းကြောင့် ကိုယ်ဝန်တည်ခြင်း ဖြစ်၏၊ ဤအရာ၌ အမိအဖတို့သည်လည်း ညီညွတ်ပေါင်းဆုံ စပ်ယှက်ကုန်၏၊ အမိသည်လည်း မိန်းမ ဓမ္မတာဥတုလာပြီးစ ဖြစ်၏။ ပဋိသန္ဓေနေမည့် သတ္တဝါသည်လည်း ရှေးရှုတည်၏။ ဤသို့ အကြောင်း သုံးပါးတို့၏ ပေါင်းဆုံညီညွတ်ခြင်းကြောင့် ကိုယ်ဝန်တည်ခြင်းဖြစ်၏”ဟု ဤတရားကိုလည်း မြတ်စွာဘုရား ဟောတော်မူအပ်၏။ သာမသတို့ သားသည်လည်းကောင်း၊ မဏ္ဍဗျလုလင်သည်လည်းကောင်း ချက်ကို သုံးသပ်ခြင်းကြောင့် ဖြစ်ကုန်၏ဟူသော ဤတရားကိုလည်း မြတ်စွာဘုရား ဟောတော်မူအပ်၏။ အသျှင် ဘုရားနာဂသေန ထိုသို့ ဟောသည်ဖြစ်မူ အကြင်အကြောင်းဖြင့် ပြဿနာကို ကောင်းစွာ ဆုံးဖြတ် အပ်၏။ ထိုအကြောင်းဖြင့် အကျွန်ုပ်ကို သိစေတော်မူပါလော့ဟု (လျှောက်၏)။

မင်းမြတ် သံကိစ္စသတို့သားသည်လည်းကောင်း၊ ဣသိသိင်္ဂရသေ့သည်လည်းကောင်း၊ ကုမာရ ကဿပမထေရ်သည်လည်းကောင်း “ထိုသူသုံးဦးတို့သည် ဤမည်သော အကြောင်းကြောင့် (ပဋိသန္ဓေ နေခြင်း) ဖြစ်ကုန်၏”ဟု သင်မင်းမြတ် ကြားဖူးသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ကြားဖူးပါ၏။ ထိုသူတို့၏ ပဋိသန္ဓေနေခြင်းသည် ပျံ့နှံ့၍ တက်၏။ သမင်မနှစ်ကောင်တို့သည် ဥတုလာပြီးစအခါ၌ နှစ်ယောက်ကုန်သော ရသေ့တို့၏ ကျင်ငယ်စွန့်ရာအရပ်သို့ လာကုန်၍ သုက်နှင့်တကွသော ကျင်ငယ်ကို သောက်ကုန်၏။ ထိုကျင်ငယ်နှင့်တကွသော သုက်ကြောင့် သံကိစ္စသတို့သားသည်လည်းကောင်း၊ ဣသိသိင်္ဂရသေ့သည်လည်းကောင်း ဖြစ်လာကုန်၏။ ဘိက္ခုနီမကျောင်းသို့ ကပ်ရောက်သော ဥဒါယီ မထေရ်သည် တပ်မက်သော စိတ်ဖြင့် ဘိက္ခုနီမ၏ အင်္ဂါဇာတ်ကို တစိမ့်စိမ့်ရှုကြည့်စဉ် သုက်သည် သင်္ကန်း၌ လွတ်၏။ ထိုအခါ၌ အသျှင်ဥဒါယီသည် ထိုဘိက္ခုနီမကို “နှမ သွားလော့၊ ရေကို ဆောင်ခဲ့လော့၊ သင်းပိုင်ကို ဖွပ်လျှော်အံ့”ဟု ဤစကားကို ဆို၏။ အသျှင် သင်းပိုင်ကို ဆောင်ခဲ့လော့၊ အကျွန်ုပ်သည် ပင်လျှင် ဖွပ်လျှော်ပါအံ့ဟု ဆို၏။ ထို့နောင်မှ့ထိုဘိက္ခုနီမသည် ဥတုလာပြီးစ အခါ၌ ထိုသုက်ကို အချို့ကို ခံတွင်းဖြင့် စုပ်ယူ၍ အချို့ကို အင်္ဂါဇာတ်၌ ထည့်၏။ ထို့ကြောင့် ကုမာရကဿပမထေရ်ဖြစ်လာ၏။ ဤသို့ ဤအကြောင်းကို လူအပေါင်းသည် ပြောဆိုပါ၏ဟု လျှောက်၏။

--

မင်းမြတ် သင်မင်းမြတ်သည် ထိုစကားကို ယုံကြည်သလောဟု မေးတော်မူ၏။ အသျှင်ဘုရား ယုံကြည်ပါ၏။ ထိုအရာ၌ “ဤအကြောင်းကြောင့် ဖြစ်ကုန်၏”ဟု ယုံကြည်လောက်သော အကြောင်းကို အားကြီးစွာ အမှီရပါကုန်၏ဟု လျှောက်၏။ မင်းမြတ် ဤအရာ၌ အကြောင်းကား အဘယ်နည်းဟု မေးတော်မူ၏။ အသျှင်ဘုရား ထွန်ယက်ခြင်းစသော ပရိကံကို ကောင်းစွာ ပြုပြီးသော တမန်းညွန်ပြင်၌ မျိုးစေ့ကျသည်ရှိသော် လျင်စွာ ပေါက်ပွါးသည် မဟုတ်ပါလောဟု လျှောက်၏။ မင်းမြတ် ပေါက်ပွါးရာ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား ဤအတူသာလျှင် ထိုဘိက္ခုနီမသည် ဥတုလာဆဲဖြစ်လျက် သားအိမ်သည် ကောင်းစွာတည်သော် လာဆဲဥတုသွေးသည် အဟုန်ပြတ်စဲ၍ရာသီဓာတ်သည် တည်တန့်ရပ်စဲလတ်သော် ထိုသင်းပိုင်တွင်းရှိ သုက်ကို ယူ၍ ထိုသားအိမ်၌ ထည့်လေ၏။ ထိုသုက်ကို ထည့်သောကြောင့် ထိုဘိက္ခုနီမ အား ကိုယ်ဝန်သည် ကောင်းစွာ တည်၏။ ဤသို့ ထိုအရာ၌ ထိုကိုယ်ဝန်ဖြစ်ခြင်း၏ အကြောင်းကို ယုံကြည်ပါကုန်၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတိုင်းဟုတ်ပေ၏။ အင်္ဂါဇာတ်တွင် သုက်ရည်ဝင် သဖြင့် ကိုယ်ဝန်ဖြစ်တတ်၏ဟု ထိုအတိုင်း ငါဝန်ခံ၏။ မင်းမြတ် ကုမာရကဿပမထေရ်၏ အမိဝမ်းတိုက်၌ သက်ဝင်ခြင်းကို သင်မင်းမြတ် ဝန်ခံနိုင်သလောဟု မေးတော်မူ၏။ အသျှင်ဘုရား ဝန်ခံနိုင်ပါ၏။ မင်းမြတ် ကောင်းပြီ၊ သင်ကား ငါ၏ အရာသို့ ပြန်ရောက်လာပြီ။ သင်သည် တစ်ခုသော အကြောင်းဖြင့်လည်း ကိုယ်ဝန်တည်ခြင်းကို ပြောဆိုလတ်သော် ငါ့အား အထောက်အပံ့ဖြစ်လတ္တံ့။ ထိုမှတစ်ပါး အကြင်သမင်မ နှစ်ကောင်တို့သည် (သုက်ပါသော) ကျင်ငယ်ကို သောက်ကုန်၍ ကိုယ်ဝန်ကို ရကုန်၏။ ထိုသမင်မ နှစ်ကောင်တို့၏ ကိုယ်ဝန်တည်ခြင်းကို သင်မင်းမြတ် ယုံကြည်ပါ၏လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ယုံကြည်ပါ၏။ စားအပ်၊ သောက်အပ်၊ ခဲအပ်၊ လျက်အပ်သော အာဟာရဟူသမျှအားလုံးသည် သားအိမ် သို့ သက်ရောက်ပါ၏။ အကြောင်းအခွင့် သင့်စွာရောက်ရှိသော် ကြီးပွါးခြင်းသို့ ရောက်တတ်ပါ၏။ အသျှင် ဘုရား နာဂသေန စီးဆင်းတတ်သော မြစ်ဟူသမျှ အားလုံးတို့သည် မဟာသမုဒ္ဒရာသို့ သက်ဝင်ပါကုန်၏။ အကြောင်း အခွင့်သင့်စွာရောက်ရှိသော် ကြီးပွါးခြင်းသို့ ရောက်ပါကုန်၏။ အသျှင်ဘုရားနာဂသေန ဤအတူသာလျှင် စားအပ်၊ သောက်အပ်၊ ခဲအပ်၊ လျက်အပ်သော အာဟာရဟူသမျှအားလုံးသည် သားအိမ်သို့ သက်ရောက်ပါ၏။ အကြောင်းအခွင့် သင့်စွာရောက်ရှိသော် ကြီးပွါးခြင်းသို့ ရောက်တတ် ပါ၏၊ ထိုအကြောင်းကြောင့် အကျွန်ုပ်သည် ယုံကြည်ပါ၏၊ ခံတွင်းမှ ဝင်ရောက်သွားခြင်းဖြင့်လည်း ကိုယ်ဝန်စွဲနေခြင်း ဖြစ်နိုင်ပါ၏ဟု (လျှောက်၏)။ မင်းမြတ် ကောင်းပြီ ငါ၏ အရာသို့ ခိုင်မြဲစွာ သင်ကပ် ရောက်လာပြီ၊ ခံတွင်းဖြင့် သောက်ခြင်း စုပ်ခြင်းဖြင့်လည်း နှစ်ပါးသော အကြောင်း၏ ပေါင်းဆုံခြင်းဖြစ်၏။ မင်းမြတ် သံကိစ္စသတို့သား၏လည်းကောင်း၊ ဣသိသိင်္ဂရသေ့၏လည်းကောင်း၊ ကုမာရကဿပမထေရ်၏လည်းကောင်း ကိုယ်ဝန်တည်ခြင်းကို ဝန်ခံပါသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဝန်ခံပါ၏၊ ပေါင်းဆုံစုဝေးခြင်းသို့ သက်ရောက်ပါ၏ဟု (လျှောက်၏)။

မင်းမြတ် သာမသတို့သားသည်လည်းကောင်း၊ မဏ္ဍဗျလုလင်သည်လည်းကောင်း သုံးပါးသော ပေါင်းဆုံခြင်းတို့၌ အတွင်းဝင်ကုန်၏။ ရှေးဆိုခဲ့ပြီး ဝတ္ထုနှင့် ကိစ္စတူကုန်သည်သာလျှင်တည်း။ ထိုအရာ၌ အကြောင်းကို ငါဆိုအံ့။ မင်းမြတ် ဒုကူလရသေ့နှင့် ပါရိကာရသေ့မ ထိုနှစ်ယောက်တို့သည် တော၌ နေကုန်၏။ ဆိတ်ငြိမ်မှုသို့ ညွတ်သော စိတ်ရှိကုန်၏။ မြတ်သော ဈာန်မဂ်ဖိုလ်အကျိုးကို ရှာမှီးကုန်၏။ အကျင့်တန်ခိုးဖြင့် ဗြဟ္မာ့ပြည်တိုင်အောင် ပူလောင်စေကုန်၏။ ထိုအခါက နတ်တို့အရှင် သိကြားမင်းသည် ညဉ့်နံနက်တိုင်း ထိုရသေ့တို့အား ဆည်းကပ်ရန် လာရောက်၏။ ထိုသိကြားမင်းသည် ထိုရသေ့တို့အား အလေးပြုအပ်သော မေတ္တာစိတ်ရှိသည့်အဖြစ်ဖြင့် စုံစမ်းဆင်ခြင်သည်ရှိသော် နောင်အခါ၌ ထိုရသေ့ နှစ်ယောက်တို့သည် မျက်စိကွယ်ပျောက်မည်ကို မြင်သောကြောင့် ထိုရသေ့တို့အား ဤသို့ ပြောဆို၏ “အသျှင်ရသေ့တို့ အကျွန်ုပ်၏ တစ်ခွန်းသော စကားကို လိုက်နာကြပါကုန်လော့။ တောင်းပန်ပါ၏။ သား တစ်ယောက်ကို ဖြစ်ပါစေကုန်လော့။ ထိုသားသည် အရှင်ရသေ့တို့အား အလုပ်အကျွေးသည်လည်းကောင်း၊ လက်ကသုံးတောင်ဝှေးသည်လည်းကောင်း ဖြစ်ပါလတ္တံ့”ဟု (ပြောဆို၏)။ သိကြားမင်း တန်တော့။ ဤသို့သော စကားကို မပြောဆိုလင့်ဟု တားမြစ်၍ ထိုရသေ့တို့သည် ထိုသိကြားမင်း၏ စကားကို ဝန်မခံ ကြကုန်။ အစဉ်စောင့်ရှောက်သော အကျိုးကို လိုလားသော နတ်တို့အရှင် သိကြားမင်းသည် နှစ်ကြိမ်, သုံးကြိမ် ထိုရသေ့တို့ကို ဤသို့ ပြောဆို၏- “အသျှင်ရသေ့တို့ အကျွန်ုပ်၏ တစ်ခွန်းသော စကားကို လိုက်နာကြပါကုန်လော့။ တောင်းပန်ပါ၏။ သားတစ်ယောက်ကို ဖြစ်ပါစေကုန်လော့။ ထိုသားသည် အသျှင်ရသေ့တို့အား အလုပ်အကျွေးသည်လည်းကောင်း၊ လက်ကသုံးတောင်ဝှေးသည်လည်းကောင်း ဖြစ်ပါလတ္တံ့”ဟု (ပြောဆို၏)။ သုံးကြိမ်မြောက်လည်း ထိုရသေ့တို့သည် “သိကြားမင်း တန်တော့။ သင်သည် စင်စစ် ငါတို့ကို အကျိုးမရှိသည်၌ မတိုက်တွန်းပါနှင့်။ ဤငါတို့၏ ကိုယ်သည် အဘယ်အခါ၌ မပျက်မကွဲ ရှိလိမ့်မည်နည်း။ ဤငါတို့၏ ကိုယ်သည် ကွဲပျက်ရိုးဓမ္မတာဖြစ်၍ ကွဲပျက်ပါစေတော့။ မဟာပထဝီ မြေကြီးသည် ပြိုပျက်သော်လည်းကောင်း၊ ကျောက်တောင်ထွတ်သည် ပြိုကျသော်လည်းကောင်း၊ ကောင်းကင်သည် ကွဲအက်သော်လည်းကောင်း၊ လနေတို့ ပြုတ်ကျသော်လည်းကောင်း ငါတို့သည် လောက ဓမ္မတာ ယုတ်မာညစ်ညမ်း တရားကြမ်းတို့ဖြင့် မရောယှက်ကုန်အံ့။ သင်သည် ငါတို့၏ မျက်မှောက်သို့ မချဉ်းကပ်လာပါလင့်။ သင် သိကြားမင်းသည် အနီးသို့ ကပ်ရောက်ခြင်းကြောင့် အကျွမ်းဝင်ခြင်းဖြစ် လာ၏။ သင်သည် ငါတို့၏ အကျိုးမဲ့ကို ပြုကျင့်မည့်သူ ထင်ပါ၏”ဟု (ပြောဆိုကုန်၏)။

--

ထို့နောက် နတ်တို့အရှင် သိကြားမင်းသည် ထိုရသ့တို့၏ နှလုံးအလိုကို မရသည်ဖြစ်၍ အလေး ပြုကာ လက်အုပ်ချီလျက် တောင်းပန်ပြန်၏ “အကျွန်ုပ်၏ စကားကို လိုက်နာရန် မစွမ်းနိုင်ကြမူ ပါရိကာ ရသေ့မ ဥတုလာသောအခါ၌ အသျှင်ရသေ့သည် လက်ယာလက်မဖြင့် (ပါရိကာရသေ့မ၏) ချက်ကို သုံးသပ် ပါလော့၊ ထိုသို့သုံးသပ်ခြင်းကြောင့် ထိုပါရိကာရသေ့မသည် ကိုယ်ဝန်ကို ရပါလတ္တံ့၊ ဤသုံးသပ်ခြင်းသည် ကိုယ်ဝန်တည်ကြောင်း ပေါင်းဆုံခြင်းပါတည်း”ဟု (လျှောက်ပြန်၏)။ “သိကြားမင်း ငါသည် ထိုစကားကို လိုက်နာခြင်းငှါ စွမ်းနိုင်၏၊ ထိုမျှလောက်ဖြင့် ငါတို့၏ အကျင့်သီလသည် မပျက်၊ သင် တောင်းပန်တိုင်း ပင် ဖြစ်စေတော့”ဟု ဝန်ခံကုန်၏။ ထိုအခါ နတ်ပြည်၌ ဆည်းပူးအပ်သော ကုသိုလ်အရင်းခံရှိသော နတ်သက်ကုန်ပြီးသော၊ နတ်သက်ကုန်ခြင်းသို့ ရောက်သော၊ အလိုရှိခဲ့သော် စကြဝတေးမင်းမျိုး၌သော်လည်း သက်ရောက်ခြင်းငှါ စွမ်းနိုင်သော နတ်သားတစ်ယောက်သည် ရှိ၏။ ထို့နောက် နတ်တို့အရှင် သိကြားမင်းသည် ထိုနတ်သားသို့ ချဉ်းကပ်ပြီးလျှင် ဤသို့ ပြောဆို၏ “အချင်းနတ်သား လာပါလှည့်၊ နေ့သည် သင့်အတွက် ကောင်းစွာ မိုးသောက်သောနေ့ ဖြစ်ပါပေ၏၊ အကျိုးပြီးစီးခြင်းသည် သင့်ထံသို့ ကပ်ရောက်ခဲ့ပြီ၊ ငါသည် အကြင်အရပ်သို့ ဆည်းကပ်ခြင်းသို့ ကပ်ရောက်ခဲ့ပြီ၊ အသင်နတ်သားအား မွေ့လျော်ဖွယ်ရှိသော ထိုအရပ်၌ သင်နေရခြင်းသည် ဖြစ်ပါလတ္တံ့၊ သင့်လျော်သော အမျိုး၌ ပဋိသန္ဓေ နေရခြင်းသည် ဖြစ်ပါလတ္တံ့၊ ကောင်းသော မိခင်ဖခင်တို့ဖြင့် ကြီးပွါးရသည် ဖြစ်ပါလတ္တံ့၊ လာပါလှည့် ငါ၏ စကားကို လိုက်နာပါလော့ဟု တောင်းပန်၏၊ နှစ်ကြိမ်သုံးကြိမ်လည်း ဦးခေါင်း၌ လက်အုပ်ချီလျက် တောင်းပန်၏။

ထို့နောက် ထိုနတ်သားသည် “အရှင်သိကြားမင်း အရှင်သိကြားမင်းသည် အကြင်အမျိုးကို မပြတ် အဖန်ဖန် အထပ်ထပ် ပြောဆိုချီးကျူး၏၊ ထိုအမျိုးသည် အဘယ်အမျိုးပါနည်း”ဟု (မေးမြန်း၏)။

--

ဒုကူလရသေ့၊ ပါရိကာရသေ့မဖြစ်ပါ၏ဟု ဖြေ၏။ ထိုနတ်သားသည် ထိုသိကြားမင်း၏ စကားကို ကြား၍ နှစ်ခြိုက်ရကား ဝန်ခံ၍ “အရှင်သိကြားမင်း ကောင်းပါပြီ၊ သင့်အလိုဆန္ဒအတိုင်း ဖြစ်ပါစေတော့၊ အရှင် သိကြားမင်း အကျွန်ုပ်သည် အလိုရှိခဲ့သော် တောင့်တသောအမျိုး၌ ဖြစ်နိုင်ပါ၏၊ အဘယ်အမျိုး၌ ဖြစ်ရအံ့ နည်း၊ ဥမှ ပေါက်သော အန္ဓဇမျိုး၌မူလည်း ဖြစ်ရအံ့လော၊ သားအိမ်ဝမ်းခေါင်း၌ အောင်းရသော ဇလာ ဗုဇမျိုး၌မူ ဖြစ်ရအံ့လော၊ အညှိ၌ ဖြစ်သော သံသေဒဇမျိုး၌မူလည်း ဖြစ်ရအံ့လော၊၁၆-နှစ်သွင် ထင်စွာ ဖြစ်ရိုး ဩပပါတိကမျိုး၌မူလည်း ဖြစ်ရအံ့လော”ဟု (မေးမြန်း၏)။ အချင်းနတ်သား သားအိမ် ဝမ်းခေါင်း၌ အောင်းရသော ဇလာဗုဇအမျိုး၌ ဖြစ်ပါလော့ဟု (ဆို၏)။ ထို့နောက် နတ်တို့အရှင် သိကြား မင်းသည် ဖြစ်လတ္တံ့သော နေ့ရက်ကို ပိုင်းဖြတ်ရေတွက်၍ “ဒုကူလရသေ့အား ဤအမည်ရှိသော နေ့၌ ရသေ့မသည် ဥတုပန်းပွင့်သည် ဖြစ်လတ္တံ့၊ အသျှင်ရသေ့ ထိုအခါ၌ သင်သည် လက်ယာလက်မဖြင့် ရသေ့မ၏ ချက်ကို သုံးသပ်ပါလော့”ဟု ပြောကြား၏။ မင်းမြတ် ထို (သိကြားမင်းပြောကြားသော) နေ့၌ ရသေ့မသည် ဥတုပန်းပွင့်လေ၏၊ နတ်သားသည်လည်း ရသေ့မဝမ်းသို့ ကပ်ရောက်၍ ရှေးရှုတည်၏၊ ရသေ့သည်လည်း လက်ယာလက်မဖြင့် ရသေ့မ၏ ချက်ကို သုံးသပ်၏၊ ဤသို့လျှင် ထိုအကြောင်းသုံးပါးတို့ ညီညွတ်ပေါင်းဆုံးခြင်းဖြစ်ကုန်၏။ ချက်ကို သုံးသပ်သဖြင့် ရသေ့မအား တပ်မက်မှု ‘ရာဂ’ သည် ထင် ရှား ဖြစ်၏။ ထိုရသေ့မအား ထိုရာဂသည် ချက်ကို သုံးသပ်ခြင်းကို စွဲ၍ ဖြစ်၏။ သင်မင်းမြတ်သည် လွန်ကျူး၍ ကျင့်ခြင်းကိုသာ ပေါင်းဆုံမိခြင်းဟု မမှတ်လင့်။ ရယ်ရွှင်ခြင်းသည်လည်း ပေါင်းဆုံမိခြင်းပင် ဖြစ်၏။ စကားရွှင်မောပြောဆိုခြင်းသည်လည်း ပေါင်းဆုံမိခြင်းပင် ဖြစ်၏။ တစိမ့်စိမ့်ရှုကြည့်ခြင်းသည်လည်း ပေါင်းဆုံမိခြင်းပင် ဖြစ်၏။ရာဂဖြစ်ခြင်းငှါ ရှေ့အဖို့ဖြစ်သောကြောင့် သုံးသပ်ခြင်းအားဖြင့် ပေါင်း ဆုံမိခြင်း ဖြစ်၏။ ပေါင်းဆုံမိခြင်းကြောင့် ပဋိသန္ဓေသက်ရောက်ခြင်းဖြစ်၏။

မင်းမြတ် မလွန်ကျူးသော်လည်း သုံးသပ်ကာမျှဖြင့် ကိုယ်ဝန်တည်ခြင်းသည် ဖြစ်၏။ မင်းမြတ် ဥပမာအားဖြင့် တောက်လောင်သော မီးသည် မသုံးသပ်သော်လည်း အနီးသို့ ချဉ်းကပ်လာသောသူအား အချမ်းကို ပယ်ဖျောက်နိုင်၏။ မင်းမြတ် ဤအတူသာလျှင် မလွန်ကျူးသော်လည်း သုံးသပ်ကာမျှဖြင့် ကိုယ်ဝန်တည်ခြင်းသည် ဖြစ်၏။

မင်းမြတ်လေးပါးသော အကြောင်းတို့၏ အစွမ်းအားဖြင့် သတ္တဝါတို့၏ ကိုယ်ဝန်တည်ခြင်းဖြစ်၏။ ကံ၏ အစွမ်းကြောင့်လည်းကောင်း၊ ဘဝယောနိ၏ အစွမ်းကြောင့်လည်းကောင်း၊ အမျိုးဇာတ်၏ အစွမ်း ကြောင့်လည်းကောင်း၊ ဆုတောင်းပတ္ထနာ၏ အစွမ်းကြောင့်လည်းကောင်း သတ္တဝါတို့၏ ကိုယ်ဝန်တည်ခြင်း ဖြစ်၏။ စင်စစ်သော်ကား ဤသတ္တဝါအားလုံးတို့သည် ကံကြောင့်သာ ဖြစ်ကုန်၏။ ကံလျှင် ဖြစ်ကြောင်း ရှိကုန်၏။

မင်းမြတ် ကံ၏အစွမ်းကြောင့် သတ္တဝါတို့၏ ကိုယ်ဝန်တည်ခြင်းသည် အဘယ်သို့ ဖြစ်သနည်းဟူမူ- မင်းမြတ်များသော ကုသိုလ်အရင်းခံရှိကုန်သော သတ္တဝါတို့သည် ကြွယ်ဝသော မင်းမျိုး၌သော်လည်းကောင်း၊ ကြွယ်ဝသော ပုဏ္ဏားမျိုး၌သော်လည်းကောင်း၊ ကြွယ်ဝသောသူဌေးမျိုး၌သော်လည်းကောင်း၊ နတ်ပြည်၌သော်လည်းကောင်း၊ အဥ၌ ပဋိသန္ဓေနေရသော အဏ္ဍဇမျိုး၌သော်လည်းကောင်း၊ သားအိမ်၌ ပဋိသန္ဓေနေရသော ဇလာဗုဇမျိုး၌သော်လည်းကောင်း၊ အညှိ၌ ပဋိသန္ဓေနေရသော သံသေဒဇမျိုး၌သော်လည်းကောင်း၊ ကိုယ်ထင်ရှားဖြစ်ရသော ဩပပါတိကမျိုး၌သော်လည်းကောင်း အလိုရှိတိုင်း ဖြစ်ကုန်၏။ မင်းမြတ် ဥပမာအားဖြင့် ကြွယ်ဝသော၊ များသော ဥစ္စာရှိသော၊ များသော စည်းစိမ်ရှိသော၊ များသော ရွှေငွေရှိသော၊ များသော နှစ်သက်ဖွယ် အသုံးအဆောင်ရှိသော၊ များသော ဥစ္စာစပါးရှိသော၊ များသော ဆွေမျိုးအသင်းအပင်းရှိသော ယောက်ျားသည် ကျွန်မိန်းမကိုလည်းကောင်း၊ ကျွန်ယောက်ျားကိုလည်းကောင်း၊ လယ်ကိုလည်းကောင်း၊ ယာကိုလည်းကောင်း၊ ရွာကိုလည်းကောင်း၊ နိဂုံးကိုလည်းကောင်း၊ ဇနပုဒ်ကိုလည်းကောင်း မည်သည့်ဝတ္ထုမဆို စိတ်ဖြင့် တောင့်တ၏။ အလိုရှိတိုင်း နှစ်ဆတက်, သုံးဆတက့်ဖြစ်သော ဥစ္စာကို ပေး၍ ဝယ်ယူ၏။ မင်းမြတ် ဤအတူသာလျှင် များသော ကုသိုလ်အရင်းခံရှိကုန်သော သတ္တဝါတို့သည် ကြွယ်ဝသော မင်းမျိုး၌သော်လည်းကောင်း၊ ကြွယ်ဝသော ပုဏ္ဏားမျိုး၌သော်လည်းကောင်း၊ ကြွယ်ဝသောသူဌေးမျိုး၌သော်လည်းကောင်း၊ နတ်ပြည်တို့၌သော်လည်းကောင်း၊ အဥ၌ ပဋိသန္ဓေနေရသော အဏ္ဍဇမျိုး၌သော်လည်းကောင်း၊ သားအိမ်၌ ပဋိသန္ဓေနေရသော ဇလာဗုဇမျိုး၌သော်လည်းကောင်း၊ အညှိ၌ ပဋိသန္ဓေနေရသော သံသေဒဇမျိုး၌သော်လည်းကောင်း၊ ကိုယ်ထင်ရှားဖြစ်ရသော ဩပပါတိကမျိုး၌သော်လည်းကောင်း အလိုရှိတိုင်း ဖြစ်ကုန်၏။ ဤသို့လျှင် ကံ၏ အစွမ်းကြောင့် သတ္တဝါတို့၏ ကိုယ်ဝန်တည်ခြင်းသည် ဖြစ်၏။

--

မင်းမြတ် ဘဝယောနိ၏ အစွမ်းကြောင့် သတ္တဝါတို့၏ ကိုယ်ဝန်တည်ခြင်းသည် အဘယ်သို့ဖြစ် သနည်းဟူမူ- မင်းမြတ် လေကြောင့် ကြက်တို့၏ ကိုယ်ဝန်တည်ခြင်းဖြစ်၏။ မိုးသံကြောင့် ဗျိုင်းအောက်တို့၏ ကိုယ်ဝန်တည်ခြင်းဖြစ်၏။ အလုံးစုံသော နတ်တို့သည်လည်း အမိဝမ်းတိုက်၌ မကိန်းကုန်သော သတ္တဝါတို့သာတည်း၊ ထိုသတ္တဝါတို့အား အထူးထူးသော အသွင်အပြင်အားဖြင့် ကိုယ်ဝန်တည်ခြင်းဖြစ်၏။ မင်းမြတ် ဥပမာအားဖြင့် လူတို့သည် အထူးထူးသော အသွင်အပြင်အားဖြင့် မြေ၌ သွားကုန်၏။ အချို့သော လူတို့သည် ရှေ့မှ (အဝတ်) ဖုံးလွှမ်းကုန်၏။ အချို့သော လူတို့သည် နောက်မှ (အဝတ်) ဖုံးလွှမ်းကုန်၏။ အချို့သော လူတို့သည် အချည်းနှီးဖြစ်ကုန်၏။ အချို့သော လူတို့သည် ခေါင်းတုံးကုန်၍ ဖြူသော အဝတ်ကို ဝတ်ကုန်၏။ အချို့သော လူတို့သည် သျှောင်ထုံးကုန်၏။ အချို့သော လူတို့သည် ခေါင်းတုံးကုန်၍ ဖန်ရည်ဆိုးသော အဝတ်ကို ဝတ်ကုန်၏။ အချို့သော လူတို့သည် ဖန်ရည်ဆိုးသော အဝတ်ကို ဝတ်ကုန်၍ သျှောင်ထုံးကုန်၏။ အချို့သော လူတို့သည် ဆံကျစ် ထုံးကုန်လျက် လျှော်တေ သင်္ကန်းကို ဝတ်ကုန်၏။ အချို့သော လူတို့သည် သားရေကို ဝတ်ကုန်၏။ အချို့သော လူတို့သည် ကြိုးတို့ကို (ရစ်ပတ်၍) ဝတ်ကြကုန်၏။ အလုံးစုံသော ထိုလူတို့သည်လည်း အထူးထူးသော အသွင်အပြင်အားဖြင့် မြေ၌ သွားကုန်၏။ မင်းမြတ် ဤအတူသာလျှင် ထိုအလုံးစုံတို့သည် သတ္တဝါတို့ချည်းသာလျှင်တည်း။ ထိုသတ္တဝါတို့အား အထူးထူးသော အမျိုးဇာတ် အသွင်အပြင်အားဖြင့် ကိုယ်ဝန်တည်ခြင်း ဖြစ်၏။ ဤသို့လျှင် ဘဝယောနိ၏ အစွမ်းဖြင့် သတ္တဝါတို့၏ ကိုယ်ဝန်တည်ခြင်းဖြစ်၏။

အမျိုးဇာတ်၏ အစွမ်းဖြင့် သတ္တဝါတို့၏ ကိုယ်ဝန်တည်ခြင်းသည် အဘယ်သို့ ဖြစ်သနည်းဟူမူ- မင်းမြတ် အမျိုးမည်သည်ကား အဥ၌ ဖြစ်သော အဏ္ဍဇမျိုး၊ သားအိမ်၌ ဖြစ်သော ဇလာဗုဇမျိုး၊ အညှိ၌ ဖြစ်သော သံသေဒဇမျိုး၊ ကိုယ်ထင်ရှားဖြစ်သော ဥပပါတ်မျိုးဟု အမျိုးတို့သည် လေးပါးရှိကုန်၏။ ထိုလေးပါးတို့တွင် ပဋိသန္ဓေသို့ ရောက်လတ္တံ့သောသူသည် အမှတ်မရှိသော ဘုံဘဝမျိုးဇာတ်မှ လာ၍ အဏ္ဍဇမျိုး၌ အကယ်၍ ဖြစ်အံ့၊ ထိုအမျိုး၌ ထိုဖြစ်လာသူသည် အဏ္ဍဇဖြစ်၏။ပ။ ဇလာဗုဇမျိုး၌။ ဥပပါတ်မျိုး၌ အကယ်၍ ဖြစ်အံ့၊ ထိုအမျိုး၌ ထိုဖြစ်သော သတ္တဝါသည် ဥပပါတ်ဖြစ်၏၊ ထိုထိုအမျိုးတို့၌ ထိုသို့သဘောတူသည်သာလျှင် ဖြစ်ကုန်သော သတ္တဝါတို့ ဖြစ်ကုန်၏။ မင်းမြတ် ဥပမာအားဖြင့် ဟိမဝန္တာ တော၌ နေရုမည်သော တောင်သို့ အလုံးစုံသော သားငှက်တို့သည် ကပ်ရောက်ကုန်၏။ (နေရုတောင်သို့ ကပ်ရောက်ကုန်သော) ထိုအလုံးစုံသော သားငှက်တို့သည် မိမိတို့၏ အဆင်းကို စွန့်၍ ရွှေနှင့် တူသော အဆင်းတို့သည်သာ ဖြစ်ကုန်၏။ မင်းမြတ် ဤအတူသာလျှင် ပဋိသေန္ဓသို့ ရောက်လတ္တံ့သော တစ်စုံ တစ်ယောက်သောသူသည် အမျိုးဇာတ်ဘုံဘဝမှ လာ၍ အဏ္ဍဇမျိုးသို့ ကပ်ရောက်လာသည်ရှိသော် မိမိ ဖြစ်မြဲ သဘောအမျိုးအနွယ်ကို စွန့်၍ အဏ္ဍဇဖြစ်၏။ပ။ ဇလာဗုဇမျိုးသို့။ သံသေဒဇမျိုးသို့။ ဥပပါတ်မျိုးသို့ ကပ်ရောက်လာသည်ရှိသော် မိမိဖြစ်မြဲ သဘောအမျိုးအနွယ်ကို စွန့်၍ ဥပပါတ် ဖြစ်၏။ ဤသို့လျှင် အမျိုးဇာတ်၏ အစွမ်းဖြင့် သတ္တဝါတို့၏ ကိုယ်ဝန်တည်ခြင်းဖြစ်၏။

ဆုတောင်းပတ္ထနာ၏ အစွမ်းဖြင့် သတ္တဝါတို့၏ ကိုယ်ဝန်တည်ခြင်းသည် အဘယ်သို့ ဖြစ်သနည်းဟူမူ- မင်းမြတ် ဤလောက၌ သားသမီးမရှိသော၊ များသော ဥစ္စာရှိသော၊ ကံ, ကံ၏အကျိုးကို ယုံကြည့်သော၊ ရတနာသုံးပါး၌ ကြည်ညိုသော၊ သီလရှိသော၊ ကောင်းသော သဘောရှိသော အကျင့်၌ မှီသော အမျိုးသည် ရှိ၏။ များသော ကုသိုလ်အရင်းခံရှိသော နတ်သားသည်လည်း စုတေခြင်းသဘော ရှိ၏။ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် ထိုအမျိုးအား အစဉ်စောင့်ရှောက်ခြင်းအလို့ငှါ ထိုနတ်သားကို “အချင်းနတ်သား ဤမည်သော အမျိုး၏ မိဖုရား၏ ဝမ်းကို တောင့်တပါလော့”ဟု တောင်းပန်၏။ ထိုနတ်သားသည် ထိုသိကြားမင်း၏ တောင်းပန်ခြင်းဟူသော အကြောင်းကြောင့် ထိုအမျိုးကို တောင့်တ၏။ မင်းမြတ် လူတို့သည် ကောင်းမှုကို အလိုရှိကုန်၏။ စိတ်၌ ကြည်ညိုနှစ်ခြိုက်သော ရဟန်းကို ဤရဟန်း သည် ကပ်ရောက်လာသော် အလုံးစုံသော အမျိုး၏ ချမ်းသာကို ဆောင်လတ္တံ့ဟု တောင်းပန်၍ အိမ်သို့ ပင့်ဆောင်ကုန်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် နတ်တို့အရှင် သိကြားမင်းသည် ထိုနတ်သားကို တောင်းပန်၍ ထိုအမျိုးသို့ ဆောင်၏။ ဤသို့လျှင် ဆုတောင်းပတ္ထနာ၏ အစွမ်းဖြင့် သတ္တဝါတို့၏ ကိုယ်ဝန်တည်ခြင်းဖြစ်၏။

--

မင်းမြတ် သာမသတို့သားသည် နတ်တို့အရှင် သိကြားမင်း တောင်းပန်သောကြောင့် ပါရိကာ ရသေ့မ၏ ဝမ်းသို့ သက်ရောက်၏။ မင်းမြတ် သာမသတို့သားသည် ပြုဆည်းပူးပြီးသော ကောင်းမှုရှိ၏။ အမိအဖတို့သည် သီလရှိကုန်၏။ ကောင်းသော သဘောရှိကုန်၏။ တောင်းပန်သောသူသည် သိကြားမင်းတည်း။ သုံးယောက်သောသူတို့၏ စိတ်ဖြင့် တောင့်တခြင်းကြောင့် သာမသတို့သားဖြစ်လာ၏။ မင်းမြတ် ဤလောက၌ လယ်ယာလုပ်နည်း၌ လိမ္မာသော ယောက်ျားသည် ကောင်းစွာ ထွန်ယက်အပ်ပြီးသော ရေလုံလောက်သော လယ်၌ မျိုးစေ့ကို စိုက်ပျိုးရာ၏။ အန္တရာယ်ကင်းလွတ်သည်ရှိသော် ထိုမျိုးစေ့ကြီးပွါး ခြင်း၏ တစ်စုံတစ်ခုသော အန္တရာယ်သည် ဖြစ်ရာဦးမည်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မဖြစ်ရာပါ။ အသျှင်ဘုရား ဘေးရန်အဖျက်အဆီးမှ ကင်းသော မျိုးစေ့သည် လျင်စွာ ကြီးပွါးရာ၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် သာမသတို့သားသည် ဖြစ်ပေါ်လာမည့် အန္တရာယ်တို့မှ လွတ်မြောက်သည်ဖြစ်၍ သုံးယောက်သောသူတို့၏ စိတ်တောင့်တခြင်းကြောင့် ဖြစ်လာ၏။

မင်းမြတ် ရသေ့တို့အား စိတ်ပြစ်မှားသောကြောင့် ကြွယ်ဝသော၊ စည်ပင်သော ဇနပုဒ်ကြီးသည် လူ အပေါင်းနှင့်တကွ ပျက်စီးကင်းပျောက်သွား၏ဟု သင်မင်းမြတ် ကြားဖူးသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ကြားဖူးပါ၏။ မြေပေါ်၌ ဒဏ္ဍာကတော၊ မဇ္ဈတော၊ ကာလိင်္ဂတော၊ မာတင်္ဂတောဟူသော ထိုအလုံးစုံသော တောသည် မြို့မှ ပြောင်းလွဲလာသော တောပင်တည်း။ ထိုအလုံးစုံသော ဇနပုဒ်တို့သည် ရသေ့တို့အား စိတ်ပြစ်မှားသောကြောင့် ပျက်စီးကင်းပျောက်ခြင်းသို့ ရောက်ကုန်၏ဟု ကြားဖူးပါ၏ဟု (လျှောက်၏)။ မင်းမြတ် ထိုရသေ့တို့အား စိတ်ပြစ်မှားသောကြောင့် အလွန်ကြွယ်ဝပြည့်စုံကုန်သော ဇနပုဒ်တို့သည် အကယ်၍ ပျက်စီးကင်းပျောက်ကုန်သည် ဖြစ်အံ့၊ ဤသို့ ဖြစ်သော် ထိုရသေ့တို့အား စိတ်ကြည်ညိုခြင်းကြောင့် တစ်စုံတစ်ရာ ဖြစ်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဖြစ်ရာပါ၏ဟု (လျှောက်၏)။ မင်းမြတ် သို့ဖြစ်လျှင် သာမသတို့သားသည် အားကြီးကုန်သော သုံးယောက်သောသူတို့၏ စိတ်ကြည်လင်ခြင်းကြောင့် ဖြစ်ရ၏။ ရသေ့နှစ်ဦးတို့ ဖန်ဆင်းအပ်၏။ သိကြားဖန်ဆင်းအပ်၏။ ကောင်းမှုဖန်ဆင်းအပ်၏။ မင်းမြတ် ဤအတိုင်းမှတ်လော့။

မင်းမြတ် ဤသုံးယောက်သော နတ်သားတို့သည် နတ်တို့အရှင် သိကြားမင်းတောင်းပန်အပ်သော ကြောင့် လူတို့အမျိုးဇာတ်၌ ဖြစ်ကုန်၏။ အဘယ်သုံးယောက်တို့နည်း။ သာမသတို့သား၊ မဟာ ပနာဒမင်း၊ ကုသမင်း၊ ဤသုံးယောက်သောသူတို့တည်း။ ဤသုံးယောက်တို့သည်လည်း ဘုရားလောင်းတို့ချည်းသာတည်းဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန ကိုယ်ဝန်တည်ခြင်းကို ကောင်းစွာ ညွှန်ပြတော်မူအပ်ပါပေ၏။ အကြောင်းကို ကောင်းစွာ မိန့်ကြားတော်မူအပ်ပါပေ၏။ အမိုက်မှောင်ကို အလင်းရောင် ပြုတော်မူအပ်ပါပေ၏။ အထွေးအရှုပ်ကို ဖြေရှင်းတော်မူအပ်ပါပေ၏။ သူတစ်ပါးတို့အယူဝါဒ၊ သူတစ်ပါးတို့ ပြောဆိုခြင်းမှ ကင်းလွတ်ကုန်ပြီ။ ဤသို့လျှင် ဤအကြောင်းကို အသျှင်ဘုရား မိန့်တော်မူသည့်အတိုင်း အကျွန်ုပ်ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

ခြောက်ခုမြောက် ဂဗ္ဘာဝက္ကန္တိပဥှာ ပြီး၏။

--

၇-သဒ္ဓမ္မန္တရဓာနပဥှာ

သာသနာကွယ် မကွယ်ပြဿနာ

။ အသျှင်ဘုရားနာဂသေန “အာနန္ဒာ ယခုအခါ သာသနာသည် အနှစ်ငါးရာပတ်လုံးသာ တည်လတ္တံ့”ဟု ဤစကားတော်ကိုလည်း မြတ်စွာဘုရား ဟောတော်မူအပ်ပါပေ၏။ တစ်ဖန်လည်း ပရိနိဗ္ဗာန် စံတော်မူခါနီးအခါ၌ သုဘဒ်ပရိဗိုဇ်သည် ပြဿနာကို မေးလျှောက်အပ်သည်ဖြစ်၍ “သုဘဒ်ပရိဗိုဇ် ဤ ရဟန်းအပေါင်းတို့သည်ကား ကောင်းစွာ နေထိုင်ကုန်ငြားအံ့၊ ဤသို့ နေထိုင်ကြမူ လောကသည် ရဟန္တာတို့မှ မဆိတ်မသုဉ်းသည် ဖြစ်ရာ၏”ဟု မြတ်စွာဘုရား ဟောတော်မူအပ်ပြန်ပါ၏။ ဤစကားသည် အကြွင်းမဲ့သော စကားတော်ပါတည်း။ ဤစကားသည် အကြွင်းမရှိသော စကားတော်ပါတည်း။ ဤစကား သည် ပရိယာယ်မဟုတ် မုချစကားတော်ပါတည်း။ အသျှင်ဘုရားနာဂသေန “အာနန္ဒာ ယခုအခါ သာသနာ သည် အနှစ်ငါးရာတို့ပတ်လုံးသာ တည်လတ္တံ့”ဟု အကယ်၍ မြတ်စွာဘုရား ဟောတော်မူအပ်သည် ဖြစ်အံ့၊ ထိုသို့ဖြစ်မူ လောကသည် ရဟန္တာတို့မှ မဆိတ် မကွယ်သည် ဖြစ်ရာ၏ဟူသော စကားသည် မှားရာ၏။ “လောကသည် ရဟန္တာတို့မှ မဆိတ်မကွယ်သည် ဖြစ်ရာ၏”ဟု အကယ်၍ မြတ်စွာဘုရား ဟောတော်မူအပ်သည် ဖြစ်အံ့၊ ထိုသို့ဖြစ်မူ “အာနန္ဒာ ယခုအခါ သာသနာသည် အနှစ်ငါးရာတို့ပတ်လုံးသာ တည်လတ္တံ့”ဟူသော ထိုစကားသည် မှားရာ၏။ ဤပြဿနာသည်လည်း အစွန်းနှစ်ဖက် ထွက်၏။ ရှုပ်ထွေးသည်ထက် ရှုပ်ထွေးလှပါ၏။ အားကြီးသည်ထက်လည်း အားကြီးပါ၏။ အထုံးအဖွဲ့ ဖြစ်သည် ထက် အထုံးအဖွဲ့ဖြစ်ပါ၏။ ထိုပြဿနာသည် အသျှင်ဘုရားသို့ အစဉ်ရောက်လာပါ၏။ ထိုပြဿနာ၌ သမုဒ္ဒရာအတွင်းသို့ ရောက်သော မကရ်းကဲ့သို့ အသျှင်ဘုရား၏ ဉာဏ်တော်စွမ်းဖြင့် ပျံ့နှံ့ခြင်းကို ပြတော်မူပါလော့ဟု (လျှောက်၏)။

မင်းမြတ် “အာနန္ဒာ ယခုအခါ သာသနာသည် အနှစ်ငါးရာတို့ပတ်လုံးသာ တည်လတ္တံ့”ဟု ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မူအပ်၏။ ပရိနိဗ္ဗာန်ပြုခါနီးအခါ၌လည်း သုဘဒ်ပရိဗိုဇ်အား “သုဘဒ်ပရိဗိုဇ် ဤရဟန်းတို့သည်ကား ကောင်းစွာ နေကုန်ငြားအံ့၊ ဤသို့ နေထိုင်ကြမူ လောကသည် ရဟန္တာတို့မှ မဆိတ်မကွယ်သည် ဖြစ်ရာ၏”ဟုလည်း မြတ်စွာဘုရား ဟောတော်မူအပ်ပါ၏။ မင်းမြတ် မြတ်စွာဘုရား၏ ထိုစကားတော် နှစ်ရပ်သည်ကား အနက်အဓိပ္ပါယ်လည်း ထူး၏။ သဒ္ဒါလည်းထူး၏။ ဤသာသနာငါးရာဟူသော ရှေးစကားတော်သည် သာသနာတော်နှစ်ကို ပိုင်းခြား၍ ပြသော စကားတော်တည်း။ ဤရဟန္တာတို့မှ မဆိတ်မကွယ်ဟူသော နောက်စကားတော်သည် ပဋိပတ်စွမ်းအင်ကို ဖော်ပြသော စကားတော်တည်း။ ထို့ကြောင့် ထိုစကားတော်နှစ်ရပ်တို့သည် အချင်းချင်း ဝေးကွာကင်းပြတ် ခြားနား လှ၏။ မင်းမြတ် ကောင်းကင်သည် မြေကြီးမှ ဝေးကွာကင်းပြတ် ခြားနားသကဲ့သို့၊ ငရဲသည် နတ်ပြည်မှ ဝေးကွာကင်းပြတ် ခြားနားသကဲ့သို့၊ ကုသိုလ်သည် အကုသိုလ်မှ ဝေးကွာကင်းပြတ် ခြားနားသကဲ့သို့၊ ချမ်းသာသည် ဆင်းရဲမှ ဝေးကွာကင်းပြတ် ခြားနားသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ထိုစကားနှစ်ရပ်တို့သည် အချင်းချင်း ဝေးကွာကင်းပြတ် ခြားနားကုန်၏။

မင်းမြတ် သို့သော်လည်း သင်မင်းမြတ်၏ အမေးပုစ္ဆာသည် အချည်းနှီး မဖြစ်ပါစေလင့်။ ကိစ္စအားဖြင့် နှီးနှော၍ သင့်အား ဖြေဆိုအံ့။ “အာနန္ဒာ ယခုအခါ သာသနာသည် အနှစ်ငါးရာတို့ပတ်လုံးသာ တည်လတ္တံ့”ဟု အကြင်စကားကို မြတ်စွာဘုရားသည် ဟောတော်မူ၏။ ထိုစကားသည်ကုန်ဆုံးလျော့ပါး သည်ကို ဖော်ပြတော်မူလျက် ကြွင်းသောသာသနာတော်ကို အာနန္ဒာ ဘိက္ခုနီမတို့သည် အကယ်၍့သာသနာတော်၌ ရဟန်း မပြုကုန်အံ့၊ သာသနာတော်သည် အနှစ်တစ်ထောင်ပတ်လုံး တည်နိုင်ရာ၏၊ အာနန္ဒာ ယခုအခါ သာသနာသည် အနှစ်ငါးရာတို့ပတ်လုံးသာ တည်လတ္တံ့ဟု ပိုင်းခြားတော်မူ၏။ မင်းမြတ် မြတ်စွာဘုရားသည် ဤသို့ ဟောတော်မူလတ်သော် သာသနာတော်၏ ကွယ်လတ်မည်ကိုမူလည်း ဟောတော်မူသလော၊ သစ္စာလေးပါးသိခြင်းကိုမူလည်း တားမြစ်တော်မူသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မဟုတ်ပါဟု (လျှောက်၏)။ မင်းမြတ် ပျောက်ပျက်သည်ကို ပြောကြားကာ အကြွင်းကို ဖော်ပြလျက် ပိုင်းခြားတော်မူ၏။ မင်းမြတ် ဥပမာအားဖြင့် ဥစ္စာပျောက်ပျက်သော ယောက်ျားသည် အကြွင်းအကျန်အားလုံးကို ယူ၍ ဤမျှသော ဥစ္စာသည် ပျောက်၏၊ ဤဥစ္စာကား အကြွင်းအကျန်တည်းဟု လူအများအား ပြရာ၏။ မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရားသည် ပျောက်ပျက်သည်ကို ပြတော်မူလျက် “အာနန္ဒာ ယခုအခါ သာသနာသည် အနှစ်ငါရာတို့ပတ်လုံးသာ တည်လတ္တံ့”ဟု နတ်လူတို့အား အကြွင်းကို ဟောတော်မူ၏။ မင်းမြတ် မြတ်စွာဘုရားသည် “အာနန္ဒာ ယခုအခါ သာသနာသည် အနှစ်ငါးရာတို့ပတ်လုံးသာ တည်လတ္တံ့”ဟု အကြင်စကားကို ဟောတော်မူ၏၊ ဤစကားတော်သည် သာသနာတော်နှစ်ကို ပိုင်းဖြတ်သော စကားတော်တည်း။

--

ပရိနိဗ္ဗာန်ပြုတော်မူခါနီးအခါ၌ “သုဘဒ်ပရိဗိုဇ် ရဟန်းတို့သည် ကောင်းစွာ နေကုန်ငြားအံ့၊ လောက သည် ရဟန္တာတို့မှ မဆိတ်မကွယ်သည် ဖြစ်ရာ၏”ဟု ရဟန်းတို့ကို ပြောကြားတော်မူလိုသည်ဖြစ်၍ သုဘဒ်ပရိဗိုဇ်အား မိန့်တော်မူသော စကားသည် ပဋိပတ္တိစွမ်းအင်ကို ပြသော စကားတည်း။ သင်သည် ကား ထိုအပိုင်းအခြားကိုလည်းကောင်း၊ ထိုသို့ ဖော်ပြခြင်းကိုလည်းကောင်း တူသော သဘောကို ပြု၏။ သင်မင်းမြတ်၏ အလိုဆန္ဒသည် တူသော သဘောကို အကယ်၍ အလိုရှိတုံအံ့၊ တူသော သဘောကို ပြု၍ ဖြေဆိုအံ့၊ မပျံ့လွင့်သော စိတ်ရှိသည် ဖြစ်၍ ကောင်းစွာ နာလော့ နှလုံးသွင်းလော့။

မင်းမြတ် ဤအရာ၌ ရေသစ်တို့ဖြင့် ပြည့်လျှံသောကန်ပေါင်ကို လျှံတက်သော ရေရှိသော ထက်ဝန်း ကျင်မှ ကန်ပေါင်ဖြင့် ပိုင်းခြားအပ်သော ကန်ပေါင်အပိုင်းအခြားအားဖြင့် ပြုအပ်သော တစ်ဖက်ဆည်ကန် သည် ရှိသည် ဖြစ်ရာ၏၊ ထိုတစ်ဖက်ဆည်ကန်၌ ရေမကုန်မခန်းမီသာ ရေ၏ အထက်၌ မိုးကြီးသည် အထပ်ထပ် အစဉ်မပြတ်ဘဲ ရွာသွန်းရာ၏၊ မင်းမြတ် ထိုတစ်ဖက်ဆည်ကန်၌ ရေသည်ကုန်ခန်းခြင်း, လျော့ပါးခြင်းသို့ ရောက်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ရေကုန်ခန်းခြင်း, လျော့ပါးခြင်း သို့ မရောက်ရာပါဟု (လျှောက်၏)။ မင်းမြတ် အဘယ်အကြောင်းကြောင့်နည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား မိုးအစဉ်မပြတ်သည့်အဖြစ်ကြောင့်ပါတည်းဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရား၏ သာသနာတော်မြတ်တည်းဟူသောသူတော်ကောင်း တရားကန်တော်ကြီးသည် အကျင့် သီလ ဂုဏ် ဝတ် အကျင့်ဟူသော ညစ်ကြေးမတင် ဖြူစင်သော ရေသစ်တို့ဖြင့် ပြည့်လျှံလျက်၊ သာသနာ ကန်တော်ကြီး၏ ကန်ပေါင်ကို လွန်၍ ဘဝဂ်တိုင်အောင် လျှံတက်ပွါးစီးလျက် တည်၏၊ ထိုသာသနာ ကန်တော်ကြီး၌ ဘုရားသားတော်တို့သည် အကျင့်သီလဂုဏ်ဝတ်အကျင့်တည်းဟူသော မိုးရေကို အစဉ် မပြတ် အထပ်ထပ် ရွာစေကုန်ငြားအံ့၊ ဤသို့ ရွာသွန်းကုန်မူကား ဤဘုရားရှင်၏ သာသနာတော်မြတ်တည်းဟူသောသူတော်ကောင်းတရားကန်တော်ကြီးသည် ရှည်မြင့်စွာသော ကာလပတ်လုံး တည်ရာ၏၊ လောကသည် ရဟန္တာတို့မှ မဆိတ်မကွယ်သည် ဖြစ်ရာ၏၊ မြတ်စွာဘုရားသည် ဤအကြောင်းကို ရည်ရွယ်တော်မူ၍ “သုဘဒ်ပရိဗိုဇ် ဤရဟန်းတို့သည် ကောင်းစွာ နေကုန်ငြားအံ့၊ လောကသည် ရဟန္တာတို့မှ မဆိတ်မကွယ်သည် ဖြစ်ရာ၏”ဟု ဟောတော်မူအပ်၏။

မင်းမြတ် ထို့ပြင် ဤအရာ၌ ကြီးမားသော မီးပုံကြီးသည် ပြောင်ပြောင်တောက်သည်ရှိသော် မြက် ခြောက်၊ ထင်းခြောက်၊ နွားချေးခြောက်တို့ကို အထပ်ထပ် ဆောင်ပို့ကုန်ငြားအံ့၊ မင်းမြတ် ထိုမီးပုံကြီး သည် ငြိမ်းရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မငြိမ်းရာပါ၊ ထိုမီးပုံကြီးသည် အလွန်အမင်း တောက်ပရာပါ၏၊ အလွန်အမင်း ထွန်းလင်းရာပါ၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင့်တစ်သောင်းသော လောကဓာတ်၌ ဘုရားရှင်သာသနာတော်မြတ်သည်လည်း အကျင့် သီလ ဂုဏ် ဝတ် အကျင့်ဖြင့် တောက်ပ၏၊ ထွန်းလင်း၏၊ မင်းမြတ် ထို့ထက်အလွန် ဘုရားသားတော်တို့သည် ငါးပါးသော ကမ္မဋ္ဌာန်းအားထုတ်နိုင်ကြောင်း အင်္ဂါတို့နှင့် ပြည့်စုံကုန်လျက် အမြဲမပြတ် မမေ့မလျော့ကုန်ဘဲ အကယ်၍ အားထုတ်ကုန်ငြားအံ့၊ အဓိသီလစသော သိက္ခာသုံးပါးတို့၌ လိုလားသော အာသာဆန္ဒရှိကုန်သည်ဖြစ်၍ ကျင့်ကုန်ငြားအံ့၊ စာရိတ္တသီလကိုလည်းကောင်း၊ ဝါရိတ္တသီလကိုလည်းကောင်း အပြည့်အစုံဖြင့် ကျင့်ကုန် ငြားအံ့၊ ဤသို့ ကျင့်ကုန်သည်ရှိသော် ဤဘုရားရှင်သာသနာတော်မြတ်သည် အလွန်အမင်း ရှည်မြင့်စွာသော ကာလပတ်လုံး တည်ရာ၏၊ လောကသည် ရဟန္တာတို့မှ မဆိတ်မကွယ်သည် ဖြစ်ရာ၏။ ဤသို့ လျှင် ဤအကြောင်းကို ရည်ရွယ်တော်မူ၍ “သုဘဒ်ပရိဗိုဇ် ဤရဟန်းတို့သည် ကောင်းစွာ နေကုန်ငြားအံ့၊ လောကသည် ရဟန္တာတို့မှ မဆိတ်မကွယ်သည် ဖြစ်ရာ၏”ဟု မြတ်စွာဘုရား ဟောတော်မူအပ်၏။

--

မင်းမြတ် ထို့ပြင် ဤအရာ၌ ချောညက်ညီညွတ်သည်ဖြစ်၍ ကောင်းစွာ ပွတ်တိုက်သောကြောင့် အရောင်ထိန်လင်း အညစ်အကြေးကင်းသော မှန်ပြင်ကို သိမ်မွေ့နူးညံ့သော ဂွေ့နီမှုန့်ဖြင့် အထပ်ထပ် ပွတ်တိုက်ကုန်ငြားအံ့၊ မင်းမြတ် ထိုမှန်ပြင်၌ အညစ်အကြေး ရွှံ့ညွန်အညစ်သည် ဖြစ်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မဖြစ်ရာပါ၊ စင်စစ် ညစ်ကြေးမတင် စင်ကြယ်သည်ထက် စင်ကြယ်သည် သာ ဖြစ်ရာပါ၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရားသာသနာတော်သည် ပကတိ အညစ်အကြေး ကင်းစင်၏၊ ကိလေသာ အညစ်အကြေး မြူမှုန်ကင်း၏၊ ထိုမြတ်စွာဘုရားသာသနာတော် မြတ်ကို ဘုရားသားတော်တို့သည် အကျင့် သီလ ဂုဏ် ဝတ် အကျင့်နှင့် ကိလေသာခေါင်းပါးကြောင်း ဓူတင် ဂုဏ်ကျေးဇူးဖြင့် အကယ်၍ ကောင်းစွာ မှတ်သား ကျင့်ဆောင်ကုန်ငြားအံ့၊ ဤသို့ မှတ်သား ကျင့်ဆောင်ကုန်သည်ရှိသော် ဤမြတ်စွာဘုရားသာသနာတော်မြတ်သည် ရှည်မြင့်စွာသော ကာလပတ်လုံး တည်ရာ၏၊ လောကသည်လည်း ရဟန္တာတို့မှ မဆိတ်မကွယ်သည် ဖြစ်ရာ၏။ ဤသို့လျှင် ဤအကြောင်းကို ရည်ရွယ် တော်မူ၍ “သုဘဒ်ပရိဗိုဇ် ဤရဟန်းတို့သည် ကောင်းစွာ နေကုန်ငြားအံ့၊ လောကသည် ရဟန္တာတို့မှ မဆိတ်မကွယ်သည် ဖြစ်ရာ၏”ဟု မြတ်စွာဘုရား ဟောတော်မူအပ်၏။ မင်းမြတ် မြတ်စွာဘုရား၏ သာသနာတော်သည် အကျင့်ပဋိပတ်လျှင် အရင်းအမြစ်ရှိ၏။ အကျင့်ပဋိပတ် မကွယ်သည်ရှိသော် အကျင့် ပဋိပတ်လျှင် အကြောင်းရှိသော သာသနာတော်သည် တည်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန “သာသနာတော် ကွယ်ပျောက်ခြင်း”ဟူ၍ အကြင်စကားကို ဆို၏၊ ထိုစကား သည် အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းမြတ် သာသနာတော် ကွယ်ပျောက်ခြင်းတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်းဟူမူ- မဂ်ဖိုလ်ရမှု ‘အဓိဂမ’ ကွယ်ခြင်း၊ အကျင့် ‘ပဋိပတ် ‘ကွယ်ခြင်း၊ ရဟန်းအသွင် ‘လိင်္ဂ’ ကွယ်ခြင်းတို့တည်း။ မင်းမြတ် မဂ်ဖိုလ်ရမှု ‘အဓိဂမ’ ကွယ်ပျောက်သည်ရှိသော် ကောင်းစွာ ကျင့်သောသူအားလည်း မဂ်ဖိုလ်ကို သိမှု မဖြစ်၊ အကျင့် ‘ပဋိပတ် ‘ကွယ်ပျောက်သည်ရှိသော် သိက္ခာပုဒ် ပညတ်တော်သည် ကွယ်ပျောက်၏၊ ရဟန်းအသွင်အပြင်သည်သာလျှင် တည်၏။ ရဟန်း အသွင်အပြင် ‘လိင်္ဂ’ ကွယ်ပျောက်သည်ရှိသော် သာသနာတော်အစဉ်အဆက် ပြတ်တော့၏။ မင်းမြတ် ဤသုံးပါးတို့သည် သာသနာကွယ်ပျောက်ခြင်းတို့တည်းဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ပြဿနာကို ကောင်းစွာ သိစေအပ်ပါ၏။ နက်နဲသည်ကို ပေါ်လွင်အောင် ပြုတော်မူအပ်ပါပေ၏။ အထုံးအဖွဲ့ကို ဖျက်ဆီးတော်မူနိုင်ပါပေ၏။ ဂိုဏ်းဆရာမြတ်တို့ထက် မြတ်သော အသျှင်ဘုရားသို့ ကပ်ရောက်ကုန်သည်ရှိသော် တစ်ပါးသော အယူတို့သည် ပျောက်ပျက်ကုန်ပြီ။ မကောင်းသော အယူတို့ကို ချိုးဖျက်အပ်ကုန်ပြီ။ အသျှင်ဘုရားသည် (တစ်ပါးသောအယူတို့) အရောင်အဝါမရှိ သည်ကို ပြုတော်မူအပ်ပါပေ၏ဟု (လျှောက်၏)။ ။

ခုနစ်ခုမြောက် သဒ္ဓမ္မန္တရဓာနပဥှာ ပြီး၏။့

--

၈-အကုသလစ္ဆေဒနပဥှာ

မြတ်စွာဘုရား အကုသိုလ် အကြွင်းမဲ့ ဖြတ် မဖြတ်ပြဿနာ

။ အသျှင်ဘုရားနာဂသေန မြတ်စွာဘုရားသည် အကုသိုလ်အားလုံးကို ကုန်ခန်းလောင်ကျွမ်းစေ၍ သဗ္ဗညုအဖြစ်သို့ ရောက်တော်မူပါသလော၊ ထိုသို့မဟုတ် အကုသိုလ်တို့ကို အကြွင်းထားလျက်ကုန်ခန်း လောင်ကျွမ်းစေ၍ သဗ္ဗညုအဖြစ်သို့ ရောက်တော်မူပါသလောဟု (မေးလျှောက်၏)။ မင်းမြတ် မြတ်စွာဘုရားသည် အကုသိုလ်အားလုံးကိုကုန်ခန်းလောင်ကျွမ်းစေ၍ သဗ္ဗညုအဖြစ်သို့ ရောက်တော်မူ၏၊ မြတ်စွာဘုရားသည် အကုသိုလ်အကြွင်းအကျန်မရှိဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား မြတ်စွာဘုရား၏ ကိုယ်၌ ဒုက္ခဝေဒနာတို့သည် ဖြစ်ဖူးကုန်သည် မဟုတ်ပါသလောဟု (လျှောက်၏)။ မင်းမြတ် ဖြစ်ဖူးကုန်၏။ရာဇဂြိုဟ်ပြည်၌ (သီတင်းသုံးစဉ်) ကျောက်ချပ်လွှာသည် မြတ်စွာဘုရား၏ ခြေတော်ကို ထိခိုက်ဖောက်ခွဲအပ်၏။ ဝမ်းသွေးသွန်သော ရောဂါဖြစ်၏။ ကိုယ်တော်သည် တောင့်တင်းခက်မာသည်ရှိသော် ဇီဝကဆေးဆရာသည် ဝမ်းလျှောခြင်းကို ပြုအပ်၏။ လေနာဖြစ်လတ်သော် အလုပ်အကျွေးမထေရ်သည် ရေနွေးကို ရှာမှီးစီရင်အပ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန မြတ်စွာဘုရားသည် အကုသိုလ်အားလုံးကိုကုန်ခန်းလောင်ကျွမ်းစေ၍ သဗ္ဗညုအဖြစ်သို့ အကယ်၍ ရောက်သည်ဖြစ်အံ့၊ ထိုသို့ဖြစ်မူ ကျောက်ချပ်လွှာသည် မြတ်စွာဘုရား၏ ခြေတော်ကို ထိခိုက်ဖောက်ခွဲအပ်၏၊ ဝမ်းသွေးသွန်သော ရောဂါသည်လည်း ဖြစ်၏ဟူသော ထိုစကားသည် မှားရာ၏၊ ကျောက်ချပ်လွှာသည် မြတ်စွာဘုရား၏ ခြေတော်ကို အကယ်၍ ထိခိုက်ဖောက်ခွဲအပ်သည် ဖြစ်အံ့၊ ဝမ်းသွေးသွန်သော ရောဂါသည်လည်း အကယ်၍ ဖြစ်အံ့၊ သို့ဖြစ်လျှင် မြတ်စွာဘုရားသည် အကုသိုလ်အားလုံးကိုကုန်ခန်းလောင်ကျွမ်းစေ၍ သဗ္ဗညုအဖြစ်သို့ ရောက်၏ဟူသော ထိုစကားသည် မှားရာ၏၊ အသျှင်ဘုရား ကံနှင့် ကင်း၍ ခံစားမှု ‘ဝေဒနာ’ သည် မရှိ၊ ထိုခံစားမှု ‘ဝေဒနာ’ အားလုံးသည် ကံလျှင် အကြောင်းရင်း ရှိ၏၊ ထိုဝေဒနာကို ကံကြောင့်သာလျှင် ခံစားရ၏၊ ဤပြဿနာသည်လည်း အစွန်းနှစ်ဖက် ထွက်ပါ၏၊ အသျှင်ဘုရားသို့ အစဉ်ရောက်ပါ၏၊ အသျှင်ဘုရားသည် ထိုပြဿနာကို ဖြေရှင်းတော်မူပါဟု (လျှောက်၏)။

မင်းမြတ် ထိုခံစားမှု ‘ဝေဒနာ’ အားလုံးသည် ကံလျှင် အကြောင်းရင်းရှိသည် မဟုတ်။ မင်းမြတ် ရှစ်ပါးသော အကြောင်းတို့ကြောင့် ခံစားမှု ‘ဝေဒနာ'တို့သည် ဖြစ်တတ်ကုန်၏။ ယင်းအကြောင်းရှစ်မျိုးတို့ ကြောင့် များစွာသော သတ္တဝါတို့သည် ဝေဒနာတို့ကို ခံစားကြရကုန်၏။ အဘယ်ရှစ်မျိုးတို့ကြောင့် ခံစားကြရကုန်သနည်းဟူမူ-

မင်းမြတ် ဤလောက၌ အချို့သော ဝေဒနာတို့သည် လေကြောင့်လည်း ဖြစ်ပေါ်လာကုန်၏။

သည်းခြေကြောင့်လည်း ဖြစ်ပေါ်လာကုန်၏။

သလိပ်ကြောင့်လည်း ဖြစ်ပေါ်လာကုန်၏။

လေ၊ သည်းခြေ၊ သလိပ် သုံးပါးအစုအဝေး ‘သန္နိပါတ် ‘ကြောင့်လည်း ဖြစ်ပေါ်လာကုန်၏။

ဥတုဖောက်ပြန်ခြင်းကြောင့်လည်း ဖြစ်ပေါ်လာကုန်၏။

မသင့်သော အစာအာဟာရကြောင့်လည်း ဖြစ်ပေါ်လာကုန်၏။

--

လုံ့လကြောင့်လည်း ဖြစ်ပေါ်လာကုန်၏။

မင်းမြတ် ဤလောက၌ အချို့သော ဝေဒနာတို့သည် ကံ၏ အကျိုးကြောင့်လည်း ဖြစ်ကုန်၏။

မင်းမြတ် ဤရှစ်ပါးသော အကြောင်းတို့ကြောင့် များစွာသော သတ္တဝါတို့သည် ဝေဒနာတို့ကို ခံစား ရကုန်၏။ ထိုရှစ်မျိုးတို့တွင် အကြင်ပုဂ္ဂိုလ်တို့သည် “သတ္တဝါတို့ကို ကံက ညှဉ်းဆဲ၏”ဟု ဆိုကုန်ရာ၏။ ထိုပုဂ္ဂိုလ်တို့သည် ခုနစ်ပါးသော အကြောင်းကို ပယ်ကုန်၏။ ထိုပုဂ္ဂိုလ်တို့၏ ထိုစကားသည် မှား၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန အကြင်လေကြောင့် ဖြစ်သော အနာ၊ သည်းခြေကြောင့် ဖြစ်သော အနာ၊ သလိပ်ကြောင့် ဖြစ်သော အနာ၊ လေ, သည်းခြေ, သလိပ် သုံးပါးအစုအဝေး ‘သန္နိပါတ် ‘ကြောင့် ဖြစ်သော အနာ၊ ဥတုဖောက်ပြန်ခြင်းကြောင့် ဖြစ်သော အနာ၊ မသင့်သော အစာအာဟာရကြောင့် ဖြစ်သော အနာ၊ လုံ့လကြောင့် ဖြစ်သော အနာမျိုးသည် ရှိပါ၏။ ထိုအနာအားလုံးတို့သည် ကံသာလျှင် ဖြစ်ကြောင်းရှိပါကုန်၏။ ထိုအနာအားလုံးတို့သည် ကံကြောင့်သာလျှင် ဖြစ်ပါကုန်၏ဟု (လျှောက်၏)။

မင်းမြတ် ထိုအနာအားလုံးတို့သည် ကံကြောင့်သာလျှင် အကယ်၍ ဖြစ်ကုန်ငြားအံ့၊ ထိုအနာ ရောဂါတို့၏ မိမိတို့၏ သီးခြားအဖို့အစုအားဖြင့် မှတ်ကြောင်းလက္ခဏာတို့သည် မဖြစ်ပေကုန်ရာ။ မင်းမြတ် လေသည် ပျက်သည်ရှိသော် အအေး၊ အပူ၊ ဆာလောင်မှု၊ မွတ်သိပ်မှု၊ အစားလွန်မှု၊ အထိုင် အရပ်များမှု၊ အလွန်အားထုတ်မှု၊ အပြေးအလွှားလွန်မှု၊ လုံ့လပယောဂလွန်မှု၊ ကံ၏အကျိုးဟူသော ဤဆယ်ပါးသော အကြောင်းကြောင့် ပျက်၏။ ထိုဆယ်ပါးတို့တွင် ရှေ့ကိုးပါးတို့သည် အတိတ်ဘဝ၌ မဖြစ်ကုန်။ အနာဂတ်ဘဝ၌ မဖြစ်ကုန်။ ပစ္စုပ္ပန်ဘဝ၌သာ ဖြစ်ကုန်၏။ ထို့ကြောင့် “ဝေဒနာအားလုံးတို့ကို ကံကြောင့်သာ ဖြစ်ကုန်၏”ဟု မဆိုရကုန်။ မင်းမြတ် သည်းခြေပျက်သော် အအေး၊ အပူ၊ မသင့်သော အစာအာဟာရဟူသော သုံးပါးသောအကြောင်းကြောင့် ပျက်၏။ မင်းမြတ် သလိပ်ပျက်သော် အအေး၊ အပူ၊ စားဖွယ်သောက်ဖွယ်ဟူသော သုံးပါးသော အကြောင်းကြောင့် ပျက်၏။ မင်းမြတ် အကြင် လေသည်လည်းကောင်း၊ အကြင်သည်းခြေသည်လည်းကောင်း၊ အကြင်သလိပ်သည်လည်းကောင်း ထိုထို မိမိတို့၏ ပျက်ကြောင်းတို့ဖြင့် ပျက်လတ်၍ ရောနှောပူးပေါင်းသည် ဖြစ်လျက် မိမိ မိမိတို့နှင့် ဆိုင်ရာ ဝေဒနာကို တိုးပွါးအောင် ငင်ဆွဲ၏။ မင်းမြတ် ဥတုပျက်၍ ဖြစ်သော ဝေဒနာသည် ဥတုပျက်သောကြောင့် ဖြစ်လေ၏။ မသင့်သော အစာအာဟာရကြောင့် ဖြစ်သော ဝေဒနာသည် မသင့်သော အစာအာဟာရ ကြောင့် ဖြစ်၏။ မင်းမြတ် လုံ့လကြောင့် ဖြစ်သော ဝေဒနာသည်ကား ပစ္စုပ္ပန်တွင် ပြုလုပ်သော အမှုကြောင့် ဖြစ်သော ဝေဒနာသည် ရှိ၏။ ရှေးကံအကျိုးဖြစ်သော ဝေဒနာသည် ရှိ၏။ ကံ၏ အကျိုး ကြောင့် ဖြစ်သော ဝေဒနာသည် ရှေး၌ ပြုလုပ်အပ်သော ကံကြောင့် ဖြစ်၏။ မင်းမြတ် ဤသို့လျှင် ကံ အကျိုးကြောင့် ဖြစ်သော ဝေဒနာသည် နည်း၏။ ထိုမှ ကြွင်းသော အကြောင်းကြောင့် ဖြစ်သော ဝေဒနာ သည် များ၏။ ထိုသို့ ဝေဒနာဖြစ်ရာ၌ သူမိုက်တို့သည် “အလုံးစုံသော ဝေဒနာကို ကံအကျိုးကြောင့် သာလျှင် ဖြစ်ကုန်၏”ဟု အယူသည်းကြကုန်၏။ ထိုကံကို ဘုရားဉာဏ်တော်နှင့် ကင်း၍ ခြားနား ပိုင်းဖြတ်ခြင်းကို ပြုလုပ်ခြင်းငှါ မစွမ်းနိုင်။

မင်းမြတ် ခြေတော်ကို ကျောက်ချပ်လွှာ ထိခိုက်ဖောက်ခွဲအပ်သည် ဖြစ်၍ မြတ်စွာဘုရား ခံစားရသော ဝေဒနာသည် လေကြောင့် ဖြစ်သည်လည်း မဟုတ်ချေ၊ သည်းခြေကြောင့် ဖြစ်သည်လည်း မဟုတ်ချေ၊ သလိပ်ကြောင့် ဖြစ်သည်လည်း မဟုတ်ချေ၊ လေ, သည်းခြေ, သလိပ် သုံးပါးအစုအဝေး သန္နိပါတ် ကြောင့် ဖြစ်သည်လည်း မဟုတ်ချေ၊ ဥတုပျက်၍ ဖြစ်သည်လည်း မဟုတ်ချေ၊ မသင့်သော အစာကြောင့် ဖြစ်သည်လည်း မဟုတ်ချေ၊ ကံအကျိုးကြောင့် ဖြစ်သည်လည်း မဟုတ်ချေ၊ လုံ့လကြောင့်သာ ဖြစ်ပေ၏။ မင်းမြတ် ဒေဝဒတ်သည် ဘဝသိန်းပေါင်းများစွာတို့ပတ်လုံး မြတ်စွာဘုရားအပေါ်၌ ရန်ငြိုးဖွဲ့ခဲ့၏၊ ထိုဒေဝဒတ်သည် ထိုရန်ငြိုးဖြင့် ကြီးမားလေးလံသော ကျောက်တုံးကို (ယန္တရားဖြင့်) ယူ၍ “မြတ်စွာဘုရား၏ ဦးခေါင်းတော်ထက်၌ ချအံ့”ဟု လွှတ်လိုက်၏၊ ထိုအခါ တစ်ပါးကုန်သော ကျောက်တောင်ထွတ် နှစ်ခုတို့သည် လာကုန်၍ ထိုဒေဝဒတ်လွှတ်လိုက်သော ကျောက်တုံးကြီးကို မြတ်စွာဘုရားထံသို့ မရောက်မီ သာလျှင် ခံလင့်ကုန်၏၊ ထိုကျောက်တောင်ထွတ်နှစ်ခုတို့၏ တိုက်ခတ်မိခြင်းကြောင့် ကျောက်ချပ်လွှာသည် ကွဲထွက်ကာ စဉ်ကျလျက် မြတ်စွာဘုရား၏ ခြေတော်၌ ကျ၍ သွေးကို ဖြစ်စေ၏။ မင်းမြတ် မြတ်စွာဘုရား၏ ဤသွေးစိမ်းတည်သော ဝေဒနာသည် ရှေးကံဝိပါက်ကြောင့်လည်းကောင်း၊ ပစ္စုပ္ပန်လုံ့လပြုမှု့ကြောင့်လည်းကောင်း ဖြစ်ရလေ၏၊ ထိုနှစ်မျိုးထက် အလွန်တစ်ပါးသော အကြောင်းကြောင့် ဖြစ်သော ဝေဒနာသည် မရှိ။

--

မင်းမြတ် လယ်ယာမကောင်းသောကြောင့်လည်းကောင်း၊ မျိုးစေ့မကောင်းသောကြောင့်လည်းကောင်း မျိုးစေ့သည် ကောင်းစွာ မဖြစ်ထွန်းသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရား၏ ဤသွေးစိမ်း တည်သော ဝေဒနာသည် ရှေးကံဝိပါက်ကြောင့်လည်းကောင်း၊ ပစ္စုပ္ပန်လုံ့လပြုမှုကြောင့်လည်းကောင်း ဖြစ်ရလေ၏၊ ထိုနှစ်မျိုးထက် အလွန် တစ်ပါးသော အကြောင်းကြောင့် ဖြစ်သော ဝေဒနာသည် မရှိ။

မင်းမြတ် ဥပမာတစ်မျိုးသော်ကား ဝမ်းတွင်းဓာတ်ပျက်စီးသောကြောင့်လည်းကောင်း၊ အာဟာရဓာတ် ပျက်စီးသောကြောင့်လည်းကောင်း စားဖွယ်သည် ကောင်းစွာ မကြေညက်၊ မင်းမြတ် ဤအတူ သာလျှင် မြတ်စွာဘုရား၏ ဤဝေဒနာသည် ရှေးကံဝိပါတ်ကြောင့်လည်းကောင်း၊ ပစ္စုပ္ပန်လုံ့လပြုမှုကြောင့်လည်းကောင်း ဖြစ်ရလေ၏၊ ထိုနှစ်မျိုးထက် အလွန် တစ်ပါးသော အကြောင်းကြောင့် ဖြစ်သော ဝေဒနာ သည် မရှိ။ မင်းမြတ် စင်စစ်ဧကန် အမှန်သော်ကား မြတ်စွာဘုရားအား ကံအကျိုးကြောင့် ဖြစ်သော ဝေဒနာသည် မရှိ၊ မသင့်သော အစာအာဟာရကြောင့် ဖြစ်သော ဝေဒနာသည် မရှိ၊ ကြွင်းကုန်သော (ခြောက်ပါးသော) အကြောင်းသမုဋ္ဌာန်တို့ကြောင့် မြတ်စွာဘုရားအား ဝေဒနာသည် ဖြစ်၏။ စင်စစ်အားဖြင့် ကြွင်းသော အကြောင်းဖြစ်သော ထိုဝေဒနာဖြင့်လည်း မြတ်စွာဘုရားကို အသက် (ဇီဝိတိန္ဒြေ)မှ ချခြင်းငှါ မတတ်နိုင်။

မင်းမြတ် မဟာဘုတ်လေးပါးလျှင် အရင်းရှိသော ဤကိုယ်၌ အလိုရှိအပ်ကုန်, အလိုမရှိအပ်ကုန်သော၊ ကောင်း, မကောင်းသော ဝေဒနာတို့သည် ကျရောက်တတ်ကုန်၏။ မင်းမြတ် ကောင်းကင်၌ပစ်သော ခဲသည် မြေကြီး၌ ကျရောက်၏၊ မင်းမြတ် ခဲသည် ရှေး၌ ပြုဖူးသော ကံကြောင့် မြေကြီး၌ ကျသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မဟုတ်ပါ၊ အသျှင်ဘုရား မြေကြီး၌ ကုသိုလ်၊ အကုသိုလ်၏ အကျိုး ကို ခံစားရာသော အကြောင်းသည် မရှိပါ၊ အသျှင်ဘုရား ပစ္စုပ္ပန်ဖြစ်သော ရှေးကံဟောင်း ကင်းသော အကြောင်းဖြင့် ထိုခဲသည် မြေ၌ ကျရောက်၏။ မင်းမြတ် မြေကြီးကဲ့သို့ ထို့အတူ မြတ်စွာဘုရားကို မှတ်အပ်၏၊ ခဲသည် ရှေးကပြုခဲ့သော ကံကြောင့် မဟုတ်ဘဲ မြေကြီး၌ ကျရောက်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ရှေးကပြုခဲ့သော ကံကြောင့် မဟုတ်ဘဲ (မြေကြီး၏) ထိုကျောက်ချပ်လွှာသည် မြတ်စွာဘုရား၏ ခြေတော်၌ ကျရောက်၏။

မင်းမြတ် ဤလောက၌ကား လူတို့သည် မြေကြီးကို ဖျက်လည်း ဖျက်ကုန်၏၊ တူးလည်း တူးကုန်၏၊ မင်းမြတ် ရှေးကပြုအပ်သော ကံကြောင့် ထိုလူတို့သည် မြေကြီးကို ဖျက်လည်း ဖျက်ကုန် သလော၊ တူးလည်း တူးကုန်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မဟုတ်ပါဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် အကြင်ကျောက်ချပ်လွှာသည် မြတ်စွာဘုရား၏ ခြေတော်၌ ကျရောက်၏။ ထိုကျောက်ချပ်လွှာသည် မြတ်စွာဘုရား၏ ရှေးကပြုအပ်သော ကံကြောင့် မြတ်စွာဘုရား၏ ခြေတော်၌ ကျသည် မဟုတ်။ မင်းမြတ် မြတ်စွာဘုရားအား အကြင်ဝမ်းသွေးသွန်သော အနာသည်လည်း ဖြစ်၏၊ ထိုဝမ်းသွေးသွန်သော အနာသည်လည်း ရှေးကပြုအပ်သော ကံကြောင့် မဖြစ်၊ လေ, သည်းခြေ, သလိပ် အစုအဝေးဟူသော သန္နိပါတ်ကြောင့်သာလျှင် ဖြစ်၏၊ မင်းမြတ် မြတ်စွာဘုရား၏ ကိုယ်၌ ကျရောက် ဖြစ်ပေါ်ကုန်သော အလုံးစုံသော အနာရောဂါတို့သည် ရှေးကံကြောင့် မဖြစ်ကုန်၊ ခြောက်ပါးကုန်သော ထိုအနာရောဂါဖြစ်ခြင်းအကြောင်းသမုဋ္ဌာန်တို့တွင် တစ်ပါးပါးသော အကြောင်းသမုဋ္ဌာန်ကြောင့် ဖြစ်ကုန်၏။

--

မင်းမြတ် နတ်ထက်နတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် သံယုတ္တနိကာယ်ဟု မြတ်သော အမည် တံဆိပ်ခပ်နှိပ်အပ်သော မောဠိယသီဝကအဖြေ၌ ဤစကားကိုလည်း ဟောတော်မူအပ်ပြီ- “သီဝက ဤလောက၌ သည်းခြေလျှင် ဖြစ်ကြောင်းရှိကုန်သော အချို့သော ဝေဒနာတို့သည် ဖြစ်ကုန်၏၊ သီဝက ဤလောက၌ သည်းခြေလျှင် ဖြစ်ကြောင်းရှိကုန်သော အချို့သော ဝေဒနာတို့သည့်ဖြစ်ကုန်၏ဟူသော ဤအကြောင်းကို ကိုယ်တိုင်လည်း ဤသို့ သိအပ်၏၊ သီဝက ဤ လောက၌ သည်းခြေလျှင် ဖြစ်ကြောင်းရှိကုန်သော အချို့သော ဝေဒနာတို့သည် ဖြစ်ကုန်၏ဟူသော ဤအကြောင်းကို လောကသည်လည်း အမှန်ဟု သမုတ်အပ်၏၊ သီဝက ထိုသို့ဖြစ်ရာ ဤသတ္တဝါ ပုဂ္ဂိုလ်သည် တစ်စုံတစ်ခု သုခကို ဖြစ်စေ၊ ဒုက္ခကို ဖြစ်စေ၊ ဥပေက္ခာကို ဖြစ်စေ ခံစား၏၊ ထိုအားလုံးသည် ရှေးကံကြောင့် ဖြစ်၏ဟု ဤသို့ ဆိုလေ့ရှိကုန်၊ ဤသို့ ယူလေ့ရှိကုန်သော သမဏဗြာဟ္မဏတို့သည် ကိုယ်တိုင် သိအပ်သည်ကိုလည်း ကျော်လွန်ကုန်၏၊ လောက၌ အမှန်ဟု သမုတ်အပ်သည်ကိုလည်း ကျော်လွန်ကုန်၏၊ ထို့ကြောင့် ထိုသမဏဗြာဟ္မဏတို့၏ စကားကို အမှားဟု (ငါ) ဆို၏။ သီဝက ဤလောက၌ သလိပ်လျှင် ဖြစ်ကြောင်းရှိကုန်သော အချို့သော ဝေဒနာတို့သည် ဖြစ်ကုန်၏၊ သီဝက လေလျှင် ဖြစ်ကြောင်းရှိကုန်သော။ပ။ သီဝက သည်းခြေ,လေ,သလိပ် အပေါင်း အစု သန္နိပါတ်လျှင် ဖြစ်ကြောင်းရှိကုန်သော။ပ။ သီဝက ဥတုပျက်ခြင်းလျှင် ဖြစ်ကြောင်းရှိကုန်သော။ပ။ သီဝက မသင့်သော အစာအာဟာရလျှင် ဖြစ်ကြောင်းရှိကုန်သော။ပ။ သီဝက လုံ့လလျှင် ဖြစ်ကြောင်းရှိကုန်သော။ပ။ သီဝက ဤလောက၌ ကံဝိပါက်ကြောင့် ဖြစ်ကုန်သော အချို့သော ဝေဒနာတို့သည် ဖြစ်ကုန်၏၊ သီဝက ဤလောက၌ ကံဝိပါက်ကြောင့်လည်း ဖြစ်ကုန်သော အချို့သော ဝေဒနာတို့သည် ဖြစ်ကုန်၏ဟူသော ဤအကြောင်းကို ဤသို့ ကိုယ်တိုင်လည်း သိအပ် ၏၊ သီဝက ဤလောက၌ ကံဝိပါက်ကြောင့် ဖြစ်ကုန်သော အချို့သော ဝေဒနာတို့သည် ဖြစ်ကုန်၏ဟူသော ဤအကြောင်းကို လောကသည်လည်း အမှန်ဟု သမုတ်အပ်၏၊ သီဝက ထိုသို့ဖြစ်ရာ သတ္တဝါပုဂ္ဂိုလ်သည် တစ်စုံတစ်ခု သုခကို ဖြစ်စေ၊ ဒုက္ခကို ဖြစ်စေ၊ ဥပေက္ခာကို ဖြစ်စေ ခံစား၏၊ ထိုခံစားမှုအားလုံးသည် ရှေးကံကြောင့် ဖြစ်၏ဟု ဆိုလေ့ရှိကုန်၊ ယူလေ့ရှိကုန်သော သမဏ ဗြာဟ္မဏတို့သည် ကိုယ်တိုင်သိအပ်သည်ကိုလည်း ကျော်လွန်ကုန်၏၊ လောက၌ အမှန်ဟု သမုတ်အပ်သည်ကိုလည်း ကျော်လွန်ကုန်၏၊ ထို့ကြောင့် ထိုသမဏဗြာဟ္မဏတို့၏ စကားကို အမှားဟု (ငါ) ဆို၏”ဟု ဟောအပ်၏။

မင်းမြတ် ဤပြခဲ့သော စကားနှင့် အညီလည်း အလုံးစုံသော ဝေဒနာတို့သည် ကံဝိပါက်ကြောင့်သာ ဖြစ်ကုန်သည် မဟုတ်ကုန်၊ မင်းမြတ် မြတ်စွာဘုရားသည် အကုသိုလ်အားလုံးကို လောင်ကျွမ်းစေ၍ သဗ္ဗညုအဖြစ်သို့ ရောက်တော်မူ၏ဟု ဤသို့ဆိုခဲ့တိုင်း မှတ်လေလော့ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား နာဂသေန ကောင်းလှပါ၏၊ ဤသို့ ဤအကြောင်းကို အသျှင်ဘုရားမိန့်တော်မူသည့်အတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

ရှစ်ခုမြောက် အကုသလစ္ဆေဒနပဥှာ ပြီး၏။

--

၉-ဥတ္တရိကရဏီယပဥှာ

မြတ်စွာဘုရားအား ထပ်မံပွါးများရမှု ရှိ မရှိ ပြဿနာ

။ အသျှင်ဘုရားနာဂသေန “မြတ်စွာဘုရားအား ပြုဖွယ်ကိစ္စအားလုံးသည် ဗောဓိပင်ရင်း၌သာလျှင် ပြီးဆုံးခြင်းသို့ ရောက်၏၊ မြတ်စွာဘုရားအား ထို့ထက်အလွန် ပြုဖွယ်မရှိပြီ၊ ပြုအပ်ပြီးသည်ကိုလည်း ထပ်မံပွါးစီးအောင် ပြုရန်မရှိပြီ”ဟု အသျှင်ဘုရားတို့ မိန့်ဆိုတော်မူကြကုန်၏၊ သုံးလပတ်လုံး ဤတစ်ပါးတည်း ကိန်းအောင်းတော်မူခြင်းသည်လည်း ထင်ရှားခဲ့ပြန်၏၊ အသျှင်ဘုရားနာဂသေန မြတ်စွာဘုရားအား ပြုဖွယ်ကိစ္စအားလုံးသည် ဗောဓိပင်ရင်း၌သာလျှင် အကယ်၍ ပြီးဆုံးခြင်းသို့ ရောက်သည် ဖြစ်အံ့၊ မြတ်စွာဘုရားအား ထို့ထက်အလွန် ပြုဖွယ်ရာသည် အကယ်၍ မရှိသည် ဖြစ်ပါအံ့၊ ပြုအပ်ပြီးသည်ကိုလည်း ထပ်မံပွါးစီးအောင်ပြုရန် အကယ်၍ မရှိသည် ဖြစ်ပါအံ့၊ ထိုသို့ဖြစ်ပါမူ သုံးလပတ်လုံး တစ်ပါးတည်း ကိန်းအောင်းတော်မူ၏ဟူသော စကားသည် မှားရာ၏၊ သုံးလပတ်လုံး တစ်ပါးတည်း ကိန်းအောင်း တော်မူသည် ဖြစ်ပါအံ့၊ မြတ်စွာဘုရားအား ပြုဖွယ်ကိစ္စ အားလုံးသည် ဗောဓိပင်ရင်း၌သာလျှင် ပြီးဆုံး ခြင်းသို့ ရောက်၏ဟူသော စကားသည်လည်း မှားရာ၏၊ ပြုအပ်ပြီးသော အမှုကိစ္စရှိသောသူအား တစ်ပါးတည်း ကိန်းအောင်းခြင်းသည် မရှိသင့်၊ ပြုဖွယ်ကိစ္စရှိသောသူအားသာလျှင် တစ်ပါးတည်း ကိန်း အောင်းခြင်းသည် ရှိ၏။ ဥပမာမည်သည်ကား အနာရှိသောသူအားသာလျှင် ဆေးဖြင့် ပြုဖွယ်ကိစ္စသည် ဖြစ်ပါ၏၊ အနာမရှိသူအား ဆေးဖြင့် အဘယ်မှာ ပြုဖွယ်ကိစ္စရှိပါအံ့နည်း၊ မွတ်သိပ်ဆာလောင်သူအား သာလျှင် စားဖွယ်ဖြင့် ပြုဖွယ်ကိစ္စသည် ဖြစ်ပါ၏၊ မွတ်သိပ်ဆာလောင်ခြင်းမရှိသောသူအား စားဖွယ်ဖြင့် အဘယ်ပြုပါအံ့နည်း၊ အသျှင်ဘုရားနာဂသေန ဤအတူသာလျှင် ပြုအပ်ပြီးသော ကိစ္စရှိသောသူအား တစ်ပါးတည်း ကိန်းအောင်းခြင်းသည် မရှိသင့်၊ ပြုဖွယ်ကိစ္စရှိသောသူအားသာလျှင် တစ်ပါးတည်း ကိန်းအောင်းခြင်းသည် ရှိ၏။ အစွန်းနှစ်ဖက်ထွက်သော ဤပြဿနာသည်လည်း အသျှင်ဘုရားအား အစဉ် ရောက်ပါ၏။ အသျှင်ဘုရားသည် ထိုပြဿနာကို ဖြေရှင်းတော်မူပါဟု (လျှောက်၏)။

မင်းမြတ် မြတ်စွာဘုရားအား ပြုဖွယ်ကိစ္စအားလုံးသည် ဗောဓိပင်ရင်း၌သာလျှင် ပြီးဆုံးခြင်းသို့ ရောက်၏၊ မြတ်စွာဘုရားအား ထို့ထက်အလွန် ပြုဖွယ်ကိစ္စသည် မရှိ၊ ပြုအပ်ပြီးသည်ကိုလည်း ထပ်မံ ပွါးစီးအောင် ပြုရန်မရှိ၊ ထိုသို့ပြုဖွယ်မရှိသော်လည်း မြတ်စွာဘုရားသည် သုံးလပတ်လုံး တစ်ပါးတည်း ကိန်းအောင်းတော်မူ၏၊ မင်းမြတ် အကြောင်းသော်ကား တစ်ပါးတည်း ကိန်းအောင်းတော်မူခြင်းသည် ကျေးဇူးများလှ၏၊ ဘုရားရှင်အားလုံးတို့ပင် တစ်ပါးတည်း ကိန်းအောင်းတော်မူကုန်၍ သဗ္ဗညုအဖြစ်သို့ ရောက်တော်မူကုန်၏၊ ထိုမြတ်စွာဘုရားတို့သည် ထိုသို့ ကောင်းစွာ ပြုအပ်သော ကျေးဇူးကို အစဉ် အောက်မေ့တော်မူကုန်လျက် တစ်ပါးတည်း ကိန်းအောင်းတော်မူခြင်းကို မှီဝဲတော်မူကုန်၏၊ မင်းမြတ် မင်း၏အထံမှ ရအပ်သော ဆုရှိသော၊ ရအပ်သော စည်းစိမ်ရှိသော ယောက်ျားသည် ထိုကောင်းစွာ ပြုအပ်သော ကျေးဇူးကို အောက်မေ့သည်ဖြစ်၍ မင်းထံ အထပ်ထပ်ဆည်းကပ်ခြင်းသို့ ရောက်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် အလုံးစုံသော ဘုရားရှင်တို့သည်လည်း တစ်ပါးတည်း ကိန်းအောင်းတော်မူကြကုန်၍ သဗ္ဗညုအဖြစ်သို့ ရောက်တော်မူကုန်၏၊ ထိုဘုရားရှင်တို့သည် ထိုသို့ ကောင်းစွာ ပြုအပ်သော ကျေးဇူးကို အစဉ်အောက်မေ့တော်မူကုန်လျက် တစ်ပါးတည်း ကိန်းအောင်းခြင်းကို မှီဝဲတော်မူကုန်၏။

--

မင်းမြတ် ဥပမာတစ်မျိုးသော်ကား ရောဂါနှိပ်စက်သော၊ ရောဂါနှိပ်စက်၍ ဆင်းရဲခြင်းသို့ ရောက်သော၊ ပြင်းထန်စွာ နာဖျားသော ယောက်ျားသည် ဆေးဆရာကို မှီဝဲရ၍ ချမ်းသာခြင်းသို့ ရောက်သည်ရှိသော် ထိုကောင်းစွာ ပြုအပ်သော ဂုဏ်ကျေးဇူးကို အောက်မေ့လျက် ဆေးဆရာထံသို့ အထပ်ထပ် မှီဝဲ ဆည်းကပ်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် အလုံးစုံသော ဘုရားရှင်တို့သည်လည်း တစ်ပါးတည်း ကိန်းအောင်းတော်မူကြကုန်၍ သဗ္ဗညုအဖြစ်သို့ ရောက်တော်မူကုန်၏၊ ထိုဘုရားရှင်တို့သည် ထိုကောင်းစွာ ပြုအပ်သော ဂုဏ်ကျေးဇူးကို အစဉ်အောက်မေ့ကုန်လျက် တစ်ပါးတည်း ကိန်းအောင်းတော်မူခြင်းကို မှီဝဲတော်မူကုန်၏။

မင်းမြတ် အကြင်ဂုဏ်ကျေးဇူးတို့ကို ရှုမျှော်ကုန်၍ မြတ်စွာဘုရားတို့သည် တစ်ပါးတည်း ကိန်းအောင်းတော်မူခြင်းကို မှီဝဲတော်မူကုန်၏။ ထိုတစ်ပါးတည်း ကိန်းအောင်းတော်မူခြင်းဟူသော ဂုဏ် ကျေးဇူးတို့သည် ဤနှစ်ဆယ့်ရှစ်ပါးတို့တည်း။ အဘယ်နှစ်ဆယ့်ရှစ်ပါးတို့နည်း- မင်းမြတ် ဤလောက၌ တစ်ပါးတည်း ကိန်းအောင်းခြင်းဖြင့် ကိန်းအောင်းသည်ရှိသော် မိမိကိုယ်ကို စောင့်ရှောက်၏။ အသက်ကို တိုးပွါးစေ၏။ ကိုယ်အားဉာဏ်အားကို ပေး၏။ အပြစ်ဒေါသကို ပိတ်ပင်၏။ ကျော်စောမဲ့ကို ပယ်နိုင်၏။ အကျော်အစောကို ဆောင်နိုင်၏။ မမွေ့လျော်ခြင်းကို ပယ်ဖျောက်နိုင်၏။ မွေ့လျော်ခြင်းကို ဆောင်၏။ ကြောက်လန့်ခြင်းကို ပယ်နိုင်၏။ ရဲရင့်ခြင်းကို ပြု၏။ ပျင်းရိခြင်းကို ပယ်နိုင်၏။ လုံ့လကို ဖြစ်စေ၏။ရာဂကို ပယ်နိုင်၏။ ဒေါသကို ပယ်နိုင်၏။ မောဟကို ပယ်နိုင်၏။ မာနကို သတ်နိုင်၏။ ဝိတက်ကို ချိုးဖျက်နိုင်၏။ စိတ်ကို တည်ကြည်အောင် ပြုနိုင်၏။ စိတ်ကို ပျော့ပျောင်းစေနိုင်၏။ ရွှင်ပျကြည်လင်ခြင်း ကို ဖြစ်စေနိုင်၏။ လေးမြတ်သည်ကို ပြုနိုင်၏။ လာဘ်ကို ဖြစ်စေနိုင်၏။ ရှိခိုးထိုက်သည်ကို ပြုနိုင်၏။ နှစ်သက်ခြင်းသို့ ရောက်စေနိုင်၏။ ဝမ်းမြောက်ခြင်းကို ပြုနိုင်၏။ သင်္ခါရတရားတို့၏ သဘောကို ပြနိုင်၏။ ဘဝအစပ် (ပဋိသန္ဓေ) ကို ခွါဖြတ်နိုင်၏။ အလုံးစုံသော ငြိမ်းအေးခြင်းကို ပေးနိုင်၏။ မင်းမြတ် အကြင်ဂုဏ် ကျေးဇူးတို့ကို ရှုမျှော်ကုန်၍ မြတ်စွာဘုရားတို့သည် တစ်ပါးတည်း ကိန်းအောင်းတော်မူခြင်းကို မှီဝဲတော်မူကုန်၏၊ ထိုတစ်ပါးတည်း ကိန်းအောင်းတော်မူခြင်း၏ ဂုဏ်ကျေးဇူးတို့သည် ဤနှစ်ဆယ့် ရှစ်ပါးတို့တည်း။

မင်းမြတ် စင်စစ်ဧကန် အမှန်အားဖြင့် မြတ်စွာဘုရားတို့သည် အကြံအစည်ပြီးဆုံး ထမြောက်ကုန်ရကား ငြိမ်သက်အေးမြသော၊ ချမ်းသာသော ဖလသမာပတ်၌ မွေ့လျော်ခြင်းကို ခံစားတော်မူလိုကုန် သည်ဖြစ်၍ တစ်ပါးတည်း ကိန်းအောင်းတော်မူခြင်းကို မှီဝဲတော်မူကုန်၏။ မင်းမြတ် မြတ်စွာဘုရားတို့ သည် လေးပါးသော အကြောင်းတို့ကြောင့် တစ်ပါးတည်း ကိန်းအောင်းတော်မူခြင်းကို မှီဝဲတော်မူကုန်၏။ အဘယ်လေးပါးသော အကြောင်းတို့ကြောင့်နည်းဟူမူ- မင်းမြတ် မြတ်စွာဘုရားတို့သည် နေထိုင်ရမှု ချမ်းသာသောကြောင့်လည်း တစ်ပါးတည်း ကိန်းအောင်းတော်မူခြင်းကို မှီဝဲတော်မူကုန်၏။ အပြစ်မရှိသော ဂုဏ်ကျေးဇူးများသောကြောင့်လည်း တစ်ပါးတည်း ကိန်းအောင်းတော်မူခြင်းကို မှီဝဲတော်မူကုန်၏။ အလုံးစုံသော ဘုရားရှင်တို့၏ ဓမ္မတာအစဉ်ဖြစ်သောကြောင့်လည်း တစ်ပါးတည်း ကိန်းအောင်းတော်မူ ခြင်းကို မှီဝဲတော်မူကုန်၏။ အလုံးစုံသော မြတ်စွာဘုရားတို့ ချီးမွမ်းထောမနာ ဖွဲ့ဆိုချီးကျူး အပ်သော ကြောင့်လည်း တစ်ပါးတည်း ကိန်းအောင်းတော်မူခြင်းကို မှီဝဲတော်မူကုန်၏။ မင်းမြတ် မြတ်စွာဘုရားတို့ သည် ဤလေးပါးသော အကြောင်းတို့ကြောင့် တစ်ပါးတည်း ကိန်းအောင်းတော်မူခြင်းကို မှီဝဲတော်မူကုန်၏။ မင်းမြတ် ဤပြဆိုခဲ့ပြီးနည်းအကြောင်းကြောင့် မြတ်စွာဘုရားတို့သည် တစ်ပါးတည်း ကိန်း အောင်းတော်မူခြင်းကို မှီဝဲတော်မူကုန်၏။ ပြုဖွယ်ကိစ္စရှိသေးသောကြောင့်လည်းကောင်း၊ ပြုအပ်ပြီးသည် ကိုလည်း ထပ်မံပွါးစီးအောင် ပြုလိုသောကြောင့်လည်းကောင်း မှီဝဲတော်မူကြသည် မဟုတ်ကုန်။ စင်စစ် သော်ကား မြတ်စွာဘုရားတို့သည် ဂုဏ်ကျေးဇူးအထူးကို မြင်တော်မူသောကြောင့် တစ်ပါးတည်း ကိန်းအောင်းတော်မူခြင်းကို မှီဝဲတော်မူကုန်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏၊ ဤသို့ ထိုအကြောင်းကို အသျှင်ဘုရား မိန့်တော်မူသည့်အတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

ကိုးခုမြောက်ဥတ္တရိကရဏီယပဥှာ ပြီး၏။

--

၁၀-ဣဒ္ဓိဗလဒဿနပဥှာ

ဣဒ္ဓိပါဒ်စွမ်းအားကို ပြခြင်း ပြဿနာ

၁၀။ အသျှင်ဘုရားနာဂသေန “အာနန္ဒာ မြတ်စွာဘုရားသည် ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများ ထားပြီးဖြစ်၏၊ လေ့ကျက်ထားပြီးဖြစ်၏၊ ယာဉ်ကဲ့သို့ ပြုထားပြီးဖြစ်၏၊ တည်ရာကဲ့သို့ ပြုထားပြီးဖြစ်၏၊ ဆောက်တည်ထားပြီး ဖြစ်၏၊ ကောင်းစွာ ဆည်းပူးထားပြီးဖြစ်၏၊ ကောင်းစွာ အားထုတ်ထားပြီးဖြစ်၏၊ အာနန္ဒာ သို့ဖြစ်၍ ထိုမြတ်စွာဘုရားသည် အလိုရှိခဲ့သော် တစ်ကပ်လုံးဖြစ်စေ၊ တစ်ကပ်ထက် လွန်၍ ဖြစ်စေ တည်နိုင်ပေ၏”ဟု ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မူအပ်ပါ၏။ “ဤနေ့ ဤရက်မှ သုံးလလွန်မြောက်သောအခါ ဘုရားရှင်သည် ပရိနိဗ္ဗာန်ပြုတော်မူလတ္တံ့”ဟုလည်း တစ်ဖန် ဟောတော်မူခဲ့ပြန်ပါ၏။ အသျှင်ဘုရားနာဂသေန “မြတ်စွာဘုရားသည် အာနန္ဒာ ဘုရားရှင်သည် ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများထားပြီးဖြစ်၏။ပ။ တစ်ကပ်ထက် လွန်၍ဖြစ်စေ တည်နိုင်ပေ၏”ဟု အကယ်၍ ဟောတော်မူအပ်သည် ဖြစ်ပါအံ့၊ ထိုသို့ဖြစ်မူ သုံးလဟု ပိုင်းခြားခြင်းသည် မှားရာ၏။ အသျှင်ဘုရား “ဤနေ့ ဤရက်မှ သုံးလလွန်မြောက်သောအခါ ပရိနိဗ္ဗာန်ပြုလတ္တံ့”ဟု အကယ်၍ မြတ်စွာဘုရား ဟောတော်မူခဲ့ သည် ဖြစ်ပါအံ့၊ ထိုသို့ဖြစ်မူ အာနန္ဒာ ဘုရားရှင်သည် ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများအပ်ကုန်ပြီ။ပ။ တစ်ကပ်ထက် လွန်၍ဖြစ်စေ တည်နိုင်ပေ၏”ဟူသော ထိုစကားသည်လည်း မှားရာ၏။ ဘုရားရှင်တို့အား အရာမဟုတ်သည်၌ ကြုံးဝါးခြင်း မရှိပေ၊ ဘုန်းတော်ကြီးတော်မူကုန်သော မြတ်စွာဘုရားတို့သည် အချည်း နှီးသော စကားမရှိကုန်၊ဟုတ်မှန်သော စကားသာရှိကုန်၏၊ နှစ်ခွန်းသော စကားမရှိကုန်။ ဤပြဿနာ သည်လည်း အစွန်းနှစ်ဖက် ထွက်ပါ၏၊ နက်နဲလှပါ၏၊ အလွန် သိမ်မွေ့လှပါ၏၊ ဉာဏ်ဖြင့် ရှုဆင်ခြင်နိုင် ရန် ခဲယဉ်းလှပါ၏၊ အသျှင်ဘုရားသို့ အစဉ်ရောက်ပါ၏၊ ဤမှားသော ဒိဋ္ဌိကွန်ရက်ကို ဖျက်ဆီးတော်မူ ပါလော့၊ မှန်ကန်သော တစ်ခုသော အဖို့၌ တည်ပါစေလော့၊ သူတစ်ပါးတို့၏ အယူဝါဒကို ဖျက်ဆီးတော်မူပါလော့ဟု (လျှောက်၏)။

မင်းမြတ် မြတ်စွာဘုရားသည် “အာနန္ဒာ ဘုရားရှင်တို့သည် ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများထားပြီး ဖြစ်၏။ပ။ တစ်ကပ်ထက်လွန်၍ ဖြစ်စေ တည်နိုင်ပေ၏”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏၊ သုံးလဟု ပိုင်းခြားခြင်းကိုလည်း ဟောတော်မူခဲ့၏၊ ထိုဘုရားရှင်မိန့်သော ကပ်ကိုလည်း အာယုကပ်ကို ဆိုအပ်၏၊ မင်းမြတ် မြတ်စွာဘုရားသည် ကိုယ်တော်၏ အသက်အင်အားကို ပြောကြားတော်မူလို၍ ဤသို့ တစ်ကပ်လုံးနေနိုင်၏ဟူသော စကားကို ဟောတော်မမူ၊ စင်စစ်သော်ကား မြတ်စွာဘုရားသည် ဣဒ္ဓိပါဒ် တန်ခိုးကို ပြောကြားလိုရကား “အာနန္ဒာ ဘုရားရှင်သည် ဣဒ္ဓိပါဒ်အစွမ်းလေးပါးတို့ကို ပွါးများထားပြီး ဖြစ်၏။ပ။ တစ်ကပ်ထက် လွန်၍ဖြစ်စေ တည်နိုင်ပေ၏”ဟု ဤသို့ ဟောတော်မူ၏။

--

မင်းမြတ် ဥပမာအားဖြင့် မင်းအား လေအဟုန်ကဲ့သို့ အသွားလျင်မြန်သော အာဇာနည်မြင်းသည် ရှိသည် ဖြစ်ရာ၏၊ မင်းသည် ထိုအာဇာနည်မြင်း၏ လျင်သော အစွမ်းကို ပြောကြားလိုရကား နိဂုံး၊ ဇနပုဒ်သား၊ မင်းခစား၊ ဗိုလ်ပါ၊ ပုဏ္ဏား၊ သူကြွယ်၊ အမတ်နှင့်တကွသော လူအများတို့အလယ်၌ ဤသို့ ဆိုရာ၏ “အချင်းတို့ ငါ၏ ဤအာဇာနည်မြင်းမြတ်သည် အလိုရှိခဲ့သော် သမုဒ္ဒရာအပိုင်းအခြားရှိသော မြေအပြင်ကို သွားရောက် လှည့်လည်၍ တစ်ခဏချင်းဖြင့် ဤနေရာအရပ်သို့ လှည့်ပတ်ပြန်လာ နိုင်ရာ၏”ဟု ဆိုရာ၏၊ ထိုမြင်း၏ လျင်သော သွားခြင်းကို ထိုပရိသတ်၌ ပြကားမပြပေရာ၊ ထိုမြင်း၏ ထိုသို့သော လျင်ခြင်းသည် ရှိလည်း ရှိပေ၏၊ ထိုမြင်းသည် တစ်ခဏချင်းဖြင့် သမုဒ္ဒရာအပိုင်းအခြား ရှိသော မြေ အပြင်ကို သွားရောက်လှည့်လည်ခြင်းငှါ စွမ်းလည်း စွမ်းနိုင်၏၊ မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရား သည် ကိုယ်တော်၏ ဣဒ္ဓိပါဒ်အစွမ်းတန်ခိုးကို ပြောကြားလိုရကား ဤသို့ ဟောတော်မူ၏၊ ထိုစကားကိုလည်း ဝိဇ္ဇာသုံးပါး, အဘိညာဉ်ခြောက်ပါးရှိကုန်သော၊ အညစ်အကြေးကင်းသည်ဖြစ်၍ အာသဝေါကုန်ပြီး သောရဟန္တာတို့၏လည်းကောင်း၊ နတ်လူတို့၏လည်းကောင်း အလယ်၌ နေတော်မူလျက် “အာနန္ဒာ ဘုရားရှင်သည် ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများထားပြီးဖြစ်၏၊ လေ့ကျက်ထားပြီးဖြစ်၏၊ ယာဉ်ကဲ့သို့ ပြုထားပြီးဖြစ်၏၊ တည်ရာကဲ့သို့ ပြုထားပြီးဖြစ်၏၊ ဆောက်တည်ထားပြီးဖြစ်၏၊ ကောင်းစွာ ဆည်းပူး ထားပြီးဖြစ်၏၊ ကောင်းစွာ အားထုတ်ထားပြီးဖြစ်၏၊ အာနန္ဒာ သို့ဖြစ်၍ ထိုမြတ်စွာဘုရားသည် အလို ရှိခဲ့သော် တစ်ကပ်လုံးဖြစ်စေ၊ တစ်ကပ်ထက် လွန်၍ဖြစ်စေ တည်နိုင်ပေရာ၏”ဟု (ဟောတော်မူ၏)။ မင်းမြတ် မြတ်စွာဘုရားအား ထိုဣဒ္ဓိပါဒ်အစွမ်းတန်ခိုးသည် ရှိလည်း ရှိပေ၏၊ မြတ်စွာဘုရားသည် ဣဒ္ဓိပါဒ် အစွမ်းတန်ခိုးဖြင့် တစ်ကပ်လုံးဖြစ်စေ၊ တစ်ကပ်ထက် လွန်၍ဖြစ်စေ တည်ခြင်းငှါ စွမ်းလည်း စွမ်းနိုင်၏၊ မြတ်စွာဘုရားသည် ထိုဣဒ္ဓိပါဒ်အစွမ်းတန်ခိုးကို ထိုပရိသတ်၌ ပြကား ပြတော်မမူ၊ မင်းမြတ် မြတ်စွာဘုရားသည် ဘဝအားလုံးတို့ကို အလိုရှိတော်မမူ၊ မြတ်စွာဘုရားသည် ဘဝအားလုံးတို့ကို ကဲ့ရဲ့လည်း ကဲ့ရဲ့အပ်ကုန်၏၊ မင်းမြတ် မြတ်စွာဘုရားသည် “ရဟန်းတို့ ဥပမာအားဖြင့် အနည်းငယ်မျှ သာဖြစ်သော မစင်ကျင်ကြီးသည် မကောင်းသော အနံ့ရှိသည် ဖြစ်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင့်ငါဘုရားသည် အနည်းငယ်မျှသော ဘဝကိုလည်း ချီးမွမ်းတော်မမူ၊ အယုတ်သဖြင့် လက်ဖျစ်တစ်တွက်မျှ လောက်သော ဘဝကိုလည်း ချီးမွမ်းတော် မမူ”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ မင်းမြတ် မြတ်စွာဘုရားသည် အလုံးစုံသော ဖြစ်ရာ'ဘဝ’၊ လားရာ'ဂတိ’၊ ပဋိသန္ဓေ ‘ယောနိ'တို့ကို မစင်နှင့်အတူ ရှုမြင်တော်မူလျက် ဣဒ္ဓိပါဒ်တန်ခိုးအစွမ်းကို မှီတော်မူ၍ ဘဝတို့၌ လိုလားတပ်စွန်းမှု ‘ဆန္ဒရာဂ’ ကို ပြုတော်မူရာပါ သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဆန္ဒရာဂကို ပြုတော်မမူရာပါဟု (လျှောက်၏)။ မင်းမြတ် သို့ဖြစ်လျှင် မြတ်စွာဘုရားသည် ဣဒ္ဓိပါဒ်တန်ခိုးအစွမ်းကို ထင်စွာ ပြောကြားတော်မူ လိုရကား ဤသို့ သဘောရှိသော မြတ်စွာဘုရားတို့၏ ကြုံးဝါးခြင်းကို အလွန်ကြုံးဝါး မိန့်ကြားတော်မူ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏၊ ဤသို့လျှင် ဤအကြောင်းကို အသျှင်ဘုရား မိန့်တော်မူသည့်အတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

ဆယ်ခုမြောက် ဣဒ္ဓိဗလဒဿနပဥှာ ပြီး၏။

ရှေးဦးစွာသော ဣဒ္ဓိဗလဝဂ် ပြီး၏။

ဤဣဒ္ဓိဗလဝဂ်၌ အမေးပုစ္ဆာပြဿနာ ဆယ်ခုတို့တည်း။

--