မာတိကာသို့ ခုန်သွားရန်

မိလိန္ဒပဥှာ ပါဠိတော်-ဒု

ဝီကီရင်းမြစ် မှ
5642ပိဋကတ်တော် မြန်မာပြန်မိလိန္ဒပဥှာ ပါဠိတော်-ဒုသာသနာရေးဦးစီးဌာန

၂-အဘေဇ္ဇဝဂ်

၁-ခုဒ္ဒါနုခုဒ္ဒကပဥှာ

ဒုက္ကဋ်၊ ဒုဗ္ဘာသီ သိက္ခာပုဒ်တို့ကို နုတ်ပယ်စေသော ပြဿနာ

။ အသျှင်ဘုရားနာဂသေန “ရဟန်းတို့ ငါဘုရားသည် ထူးသော ဉာဏ်ဖြင့် သိ၍သာလျှင် တရားကို ဟော၏၊ မသိဘဲ ဟောသည် မဟုတ်”ဟု ဤစကားကို မြတ်စွာဘုရား ဟောတော်မူ အပ်ပါ၏။ “အာနန္ဒာ သံဃာသည် ငါဘုရားကွယ်လွန်သောအခါ ခုဒ္ဒါနုခုဒ္ဒကသိက္ခာပုဒ်တို့ကို နုတ်ပယ်လိုက နုတ်ပယ် လေလော့”ဟုလည်း ဝိနည်းပညတ်၌ တစ်ဖန် ဟောတော်မူခဲ့ပြန်ပါ၏၊ အသျှင်ဘုရားနာဂသေန အသို့ ပါနည်း၊ မြတ်စွာဘုရားသည် မိမိ ကွယ်လွန်သောအခါ ခုဒ္ဒါနုခုဒ္ဒကသိက္ခာပုဒ်တို့ကို အကြင့်ကြောင့် နုတ်ပယ် စေတော်မူ၏၊ ထို့ကြောင့် ခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ်တို့ကို မကောင်းသဖြင့် ပညတ်တော်မူအပ်ပါကုန်သလော၊ သို့မဟုတ် အရာမဟုတ်ရာ၌ မသိဘဲ ပညတ်တော်မူအပ်ပါကုန်သလော။ အသျှင်ဘုရားနာဂသေန “ရဟန်းတို့ ငါဘုရားသည် ထူးသော ဉာဏ်ဖြင့် သိ၍သာလျှင် တရားကို ဟောတော်မူ၏၊ မသိဘဲ ဟော သည် မဟုတ်”ဟု အကယ်၍ မြတ်စွာဘုရား ဟောတော်မူအပ်သည် ဖြစ်အံ့၊ ထိုသို့ဖြစ်ပါမူ “အာနန္ဒာ သံဃာသည် ငါဘုရားကွယ်လွန်သောအခါ ခုဒ္ဒါနုခုဒ္ဒကသိက္ခာပုဒ်တို့ကို နုတ်ပယ်လိုက နုတ်ပယ် လေလော့”ဟူသော စကားသည် မှားရာ၏။ “အာနန္ဒာ သံဃာသည် ငါဘုရားကွယ်လွန်သောအခါ ခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ်တို့ကို နုတ်ပယ်လိုက နုတ်ပယ်လေလော့”ဟု ဝိနည်းပညတ်တော်၌ မြတ်စွာဘုရားသည် အကယ်၍ ဟောတော်မူအပ်သည် ဖြစ်ပါအံ့၊ ထိုသို့ဖြစ်မူ “ရဟန်းတို့ ငါဘုရားသည် ထူးသော ဉာဏ်ဖြင့် သိ၍သာလျှင် တရားကို ဟောတော်မူ၏၊ မသိဘဲ ဟောသည် မဟုတ်”ဟူသော ထိုစကားသည်လည်း မှားရာ၏။ ဤပြဿနာသည်လည်း အစွန်းနှစ်ဖက်ထွက်၏၊ သိမ်မွေ့၏၊ နူးညံ့၏၊ နက်နဲ၏၊ အလွန် နက်နဲ၏၊ ကပ်၍ ရှုနိုင်ခဲ၏၊ ထိုပြဿနာသည် အသျှင်ဘုရားသို့ အစဉ်ရောက်ပါ၏၊ ထိုပြဿနာ၌ အသျှင် ဘုရား၏ ဉာဏ်အားအစွမ်း ပျံ့နှံ့ခြင်းကို ပြတော်မူပါလော့ဟု (လျှောက်၏)။

မင်းမြတ် “ရဟန်းတို့ ငါဘုရားသည် ထူးသော ဉာဏ်ဖြင့် သိ၍သာလျှင် တရားကို ဟောတော်မူ၏၊ မသိဘဲ ဟောသည် မဟုတ်”ဟူသော ဤစကားကိုလည်း ဟောတော်မူအပ်၏။ “အာနန္ဒာ သံဃာသည် ငါဘုရား ကွယ်လွန်သောအခါ ခုဒ္ဒါနုခုဒ္ဒကသိက္ခာပုဒ်တို့ကို နုတ်ပယ်လိုက နုတ်ပယ်လေလော့”ဟု ဝိနည်း ပညတ်တော်၌လည်း ဤသို့ ဟောတော်မူအပ်၏။ မင်းမြတ် ထိုစကားကိုကား မြတ်စွာဘုရားသည် “ငါ၏့တပည့်သာဝကတို့သည် ငါ စွန့်ပယ်စေအပ်ကုန်သည်ရှိသော် ငါဘုရားကွယ်လွန်သော အခါ၌ ခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ်တို့ကို စွန့်ပယ်ကုန်လိမ့်မည်လော၊ ထိုသို့မဟုတ်မူ ကျင့်သုံးကုန်လိမ့်မည်လော”ဟု ရဟန်းတို့ကို စူးစမ်းတော်မူလိုသည်ဖြစ်၍ ဟောတော်မူ၏။

မင်းမြတ် ဥပမာအားဖြင့် စကြဝတေးမင်းသည် သားတော်တို့ကို ဤသို့ ဆိုရာ၏ “သားတော်တို့ ဤတိုင်း နိုင်ငံဇနပုဒ်ကြီးသည် အရပ်မျက်နှာအားလုံးတို့၌ သမုဒ္ဒရာလျှင် အပိုင်းအခြားရှိ၏၊ သားတော်တို့ ထိုမျှလောက်သော ဗိုလ်ပါအင်အားဖြင့် ဆောင်ရွက်ခြင်းငှါ ခဲယဉ်းလှ၏၊ သားတော်တို့ သင်တို့ လာကြကုန် လော့၊ ငါ ကွယ်လွန်သောအခါ တိုင်းစွန်ပြည်နားဖြစ်ကုန်သော တိုင်းနယ်ရပ်ကွက်တို့ကို စွန့်ကြကုန်လော့”ဟု ဆိုရာ၏။ မင်းမြတ် ထိုမင်းသားတို့သည် ခမည်းတော်ကွယ်လွန်သည်ရှိသော် လက်ဝယ်ရောက်လေပြီးသော တိုင်းစွန်ပြည်နားဖြစ်ကုန်သော တိုင်းနယ်ရပ်ကွက်တို့ကို စွန့်လွှတ်ကုန်ရာသလော”ဟု (မေးတော်မူ၏)။ အသျှင်ဘုရား မစွန့်လွှတ်ကုန်ရာပါ၊ အသျှင်ဘုရား ခမည်းတော်မင်းမြတ်ထက် ပိုလွန်၍ လောဘ ကြီးလွန်းသော မင်းသားတို့သည် တိုင်းနိုင်ငံ၌ တပ်မက်မှုဖြင့် ခမည်းတော်ထံမှ ရရှိသော တိုင်းနိုင်ငံထက် အလွန် နှစ်ပြန်သုံးပြန်သော ဇနပုဒ်ကို သိမ်းယူကုန်ရာပါသေး၏၊ ထိုမင်းသားတို့သည် လက်ဝယ် ရောက်ပြီးသော ဇနပုဒ်ကို အဘယ်မှာ စွန့်ကုန်ပါအံ့နည်းဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရားသည် ရဟန်းတို့ကို စူးစမ်းတော်မူလိုသည်ဖြစ်၍ “အာနန္ဒာ သံဃာသည် ငါဘုရား ကွယ်လွန် သောအခါ ခုဒ္ဒါနုခုဒ္ဒကသိက္ခာပုဒ်တို့ကို နုတ်ပယ်လိုက နုတ်ပယ်လေလော့”ဟု ဤသို့ ဟောတော်မူ၏။ မင်းမြတ် ဘုရားသားတော်တို့သည် ဝဋ်ဆင်းရဲမှ လွတ်ခြင်းငှါ တရားကို လိုလားမှုဖြင့် ပညတ်တော်မူပြီးသော သိက္ခာပုဒ်မှတစ်ပါး ပညတ်ပြီးသော သိက္ခာပုဒ်ထက် အလွန်ဖြစ်သော တစ်ရာ့ငါးဆယ်သော သိက္ခာပုဒ်ကိုသော်လည်း စောင့်ထိန်းနိုင်ကုန်ရာပါသေး၏၊ ပကတိပညတ်ပြီးသော သိက္ခာပုဒ်ကို အဘယ်မှာ စွန့်လွှတ်ကုန်ရာအံ့နည်းဟု (မိန့်တော်မူ၏)။

--

အသျှင်ဘုရားနာဂသေန မြတ်စွာဘုရားသည် “ခုဒ္ဒါနုခုဒ္ဒကသိက္ခာပုဒ်တို့”ဟူ၍ အကြင်စကားကို ဟောကြားတော်မူ၏၊ ဤစကား၌ လူအပေါင်းသည် တွေဝေခဲ့ပါ၏၊ ယုံမှားခြင်းဖြစ်ခဲ့ပါ၏၊ အလွန်အားဖြင့် ယုံမှားခြင်းသို့ ပြေးဝင်ခဲ့ပါ၏၊ ခုဒ္ဒကသိက္ခာပုဒ်တို့သည် အဘယ်သိက္ခာပုဒ်တို့ပါနည်း၊ အနုခုဒ္ဒကသိက္ခာပုဒ်တို့သည် အဘယ်သိက္ခာပုဒ်တို့ပါနည်းဟု (မေးလျှောက်၏)။ မင်းမြတ် ဒုက္ကဋ်အာပတ်သည် ခုဒ္ဒက သိက္ခာပုဒ် မည်၏၊ ဒုဗ္ဘာသီအာပတ်သည် အနုခုဒ္ဒကသိက္ခာပုဒ် မည်၏၊ ဤနှစ်မျိုးသော သိက္ခာပုဒ်တို့သည် ခုဒ္ဒါနုခုဒ္ဒကသိက္ခာပုဒ်တို့ပေတည်း။ မင်းမြတ် ရှေး၌ဖြစ်ကုန်သော မဟာထေရ်တို့သည်လည်း ဤခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ်အရာ၌ ယုံမှားသံသယကို ဖြစ်စေအပ်ပြီ။ ထိုမဟာထေရ်တို့သည်လည်း ဝိနည်းသိက္ခာပုဒ်တည်ရာ ဝိနည်းဒေသနာ၌ မြတ်စွာဘုရား ထုတ်ညွှန်တော်မူအပ်သော ဤပြဿနာကို တစ်ပေါင်းတစ်စုတည်း မပြု အပ်ပေဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန ကြာမြင့်စွာ ထားအပ်သော ဘုရားရှင် ဝှက်ထားအပ်သော ပြဿနာကို ယနေ့ ယခုအခါ လောက၌ ပွင့်လင်းထင်ရှားစွာ ပြုတော်မူအပ်ပါ၏ဟု (လျှောက်၏)။ ။

ရှေးဦးစွာသော ခုဒ္ဒါနုခုဒ္ဒကပဥှာ ပြီး၏။

၂-အဗျာကရဏီယပဥှာ

မြတ်စွာဘုရား ဖြေကြားခြင်းမပြုသော ပုစ္ဆာပြဿနာ

။ အသျှင်ဘုရားနာဂသေန “အာနန္ဒာ မြတ်စွာဘုရားအား တရား (အရာ)တို့၌ ဆရာ့လက်ဆုပ်ပြုထားသော လျှို့ဝှက်ချက် မရှိ”ဟု ဤစကားတော်ကိုလည်း မြတ်စွာဘုရား ဟောတော်မူအပ်ပါ၏၊ ထိုသို့ ဟောပြီးလျက်လည်း မာလုကျပုတ္တမထေရ် မေးလျှောက်အပ်သော ပြဿနာကို ဖြေတော်မမူ၊ အသျှင်ဘုရား နာဂသေန ဤပြဿနာသည်ကား သိတော်မမူသော ကြောင့်သော်လည်းကောင်း၊ လျှို့ဝှက်ခြင်းကို ပြုသော ကြောင့်သော်လည်းကောင်း ဤသို့လျှင် နှစ်မျိုးသော အစွန်းရှိသည်ဖြစ်၍ အစွန်းတစ်ဖက်ကို မှီသည်ဖြစ်ပါလတ္တံ့၊ အသျှင်ဘုရား နာဂသေန “အာနန္ဒာ မြတ်စွာဘုရားအား တရား (အရာ)တို့၌ ဆရာ့လက်ဆုပ် ပြုထားသော လျှို့ဝှက်ချက် မရှိ”ဟု အကယ်၍ ဟောသည် ဖြစ်ပါအံ့၊ ထိုသို့ဖြစ်မူ မာလုကျပုတ္တမထေရ် အား မသိခြင်းကြောင့် မဖြေကြားသည်၊ မသိသောကြောင့် မဖြေကြားသည် မဟုတ်ခဲ့မူ မြတ်စွာဘုရားအား တရား (အရာ)တို့၌ ဆရာ့လက်ဆုပ်ပြုထားသော လျှို့ဝှက်ချက် ရှိသေး၏၊ အစွန်းနှစ်ဖက်ထွက်သော ဤ ပြဿနာသည်လည်း အသျှင်ဘုရားထံသို့ အစဉ်ရောက်ပါ၏၊ အသျှင်ဘုရားသည် ထိုပြဿနာကို ဖြေရှင်းတော်မူပါလော့ဟု (လျှောက်၏)။

--

မင်းမြတ် “အာနန္ဒာ မြတ်စွာဘုရားအား တရား (အရာ)တို့၌ ဆရာ့လက်ဆုပ်ပြုထားသော လျှို့ဝှက်ချက် မရှိ”ဟု ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မူအပ်ပါ၏၊ မာလုကျပုတ္တမထေရ် မေးအပ်သော ပြဿနာကို ဖြေကြားခြင်းလည်း ပြုတော်မမူ၊ ထိုသို့ မဖြေခြင်းသည်ကား သိတော် မမူသောကြောင့်လည်း မဟုတ်၊ လျှို့ဝှက်ခြင်းကို ပြုသောကြောင့်လည်း မဟုတ်။ မင်းမြတ် ပြဿနာကို ဖြေကြားခြင်းတို့သည် ဤလေးမျိုးတို့တည်း၊ အဘယ်လေးမျိုးတို့နည်း၊ တစ်မျိုးတည်း ဖြေဆိုအပ်သော မေးခွန်းပုစ္ဆာ ‘ဧကံသဗျာကရဏီယပဥှာ’၊ ခွဲခြားဝေဖန်၍ ဖြေဆိုအပ်သော မေးခွန်းပုစ္ဆာ ‘ဝိဘဇ္ဇဗျာကရဏီ ယပဥှာ’၊ တုံ့ပြန်မေးမြန်း၍ ဖြေဆိုအပ်သော မေးခွန်းပုစ္ဆာ ‘ပဋိပုစ္ဆာဗျာကရဏီယပဥှာ’၊ မဖြေဘဲထားအပ်သော မေးခွန်းပုစ္ဆာ ‘ဌပနီယပဥှာ’ဟူ၍ လေးမျိုးတို့တည်း။

မင်းမြတ် ဧကံသဗျာကရဏီယပဥှာသည် အဘယ်နည်းဟူမူ- “ရုပ်သည် မမြဲသလော”ဟူသော အမေးပုစ္ဆာသည် ဧကံသဗျာကရဏီယပဥှာ မည်၏။ “ဝေဒနာသည် မမြဲသလော”။ပ။ “သညာသည် မမြဲ သလော”။ပ။ “သင်္ခါရတို့သည် မမြဲကုန်သလော”။ပ။ “ဝိညာဏ်သည် မမြဲသလော”ဟူသော အမေးပုစ္ဆာ သည် ဧကံသဗျာ ကရဏီယပဥှာ မည်၏၊ ဤမေးခွန်းပုစ္ဆာမျိုးသည် ဧကံသဗျာကရဏီယပဥှာတည်း။

ဝိဘဇ္ဇဗျာကရဏီယပဥှာသည် အဘယ်နည်းဟူမူ- “ရုပ်သည် အနိစ္စသာ မည်သလော” ဟူသော မေးခွန်း ပုစ္ဆာသည် ဝိဘဇ္ဇဗျာကရဏီယပဥှာ မည်၏။ “ဝေဒနာသည် အနိစ္စသာ မည်သလော”။ပ။ “သညာသည် အနိစ္စသာ မည်သလော”။ပ။ “သင်္ခါရတို့သည် အနိစ္စသာမည်ကုန်သလော”။ပ။ “ဝိညာဏ်သည် အနိစ္စသာ မည်သလော”ဟူသော အမေးပုစ္ဆာသည် ဝိဘဇ္ဇဗျာကရဏီယပဥှာ မည်၏၊ ဤမေးခွန်းပုစ္ဆာမျိုးသည် ဝိဘဇ္ဇဗျာကရဏီယပဥှာတည်း။

ပဋိပုစ္ဆာဗျာကရဏီယပဥှာသည် အဘယ်နည်းဟူမူ- “အသို့နည်း စက္ခုဝိညာဏ်ဖြင့် အလုံးစုံကို သိနိုင်ပါသလော”ဟူသော အမေးပုစ္ဆာသည် ပဋိပုစ္ဆာဗျာကရဏီယပဥှာ မည်၏။

ဌပနီယပဥှာသည် အဘယ်နည်းဟူမူ- “လောကသည် မြဲသလော”ဟူသော မေးခွန်းပုစ္ဆာသည် ဌပနီယပဥှာ မည်၏။ “လောကသည် မမြဲသလော”။ “လောကသည် အဆုံးရှိသလော”။ “လောကသည် အဆုံးမရှိသလော”။ “လောကသည် အဆုံးလည်းရှိ, အဆုံးလည်းမရှိသလော”။ “လောကသည် အဆုံး ရှိသည်လည်းမဟုတ်, အဆုံးမရှိသည်လည်းမဟုတ်သလော”။ “ထိုအသက်သည် ထိုကိုယ်ပင်လော”။ “အသက်သည် တစ်ပါးတခြား, ကိုယ်သည် တစ်ပါးတခြားလော”။ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သလော”။ “သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်သလော”။ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ်, မဖြစ်လည်းမဖြစ်သလော”။ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်းမဟုတ်, မဖြစ်သည်လည်း မဟုတ်သလော”ဟူသော မေးခွန်းပုစ္ဆာသည် ဌပနီယပဥှာ မည်၏၊ ဤကား ဌပနီယပဥှာတည်း။

မင်းမြတ် မြတ်စွာဘုရားသည် မာလုကျပုတ္တမထေရ်၏ ထိုမေးခွန်းပုစ္ဆာပြဿနာကို မဖြေဘဲ ထားအပ်သော ပုစ္ဆာဖြစ်သောကြောင့် ဖြေတော်မမူ၊ ထိုပြဿနာကို အဘယ့်ကြောင့် မဖြေဘဲ ထားအပ်သနည်းဟူ မူ-ထိုအမေးကို အဖြေထင်စွာပြခြင်းငှါ အကြောင်းရင်းသော်လည်းကောင်း၊ အကြောင်းဖျားသော်လည်းကောင်း မရှိသောကြောင့် ထိုပြဿနာကို မဖြေဘဲ ထားအပ်၏၊ ဘုန်းတော်ကြီးကုန်သော မြတ်စွာဘုရားတို့အား အကြောင်းယုတ္တိမရှိသော၊ အခြေအမြစ်မရှိသော စကားကို ပြောဆိုတော်မူရိုး မရှိချေဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန ကောင်းလှပါပေ၏၊ ဤသို့လျှင် ဤအကြောင်းကို မိန့်တော်မူတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

နှစ်ခုမြောက် အဗျာကရဏီယပဥှာ ပြီး၏။

--

၃-မစ္စုဘာယနာဘာယနပဥှာ

သေခြင်းမှ ကြောက် မကြောက် ပြဿနာ

။ အသျှင်ဘုရားနာဂသေန “သတ္တဝါအားလုံးတို့သည် ဒဏ်မှ ထိတ်လန့်ကုန်၏၊ သတ္တဝါအားလုံးတို့သည် သေခြင်းမှ ကြောက်ကြကုန်၏”ဟု ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မူအပ်၏။ “ရဟန္တာပုဂ္ဂိုလ်သည် အလုံးစုံသော ကြောက်ရွံ့ထိတ်လန့်ခြင်း ဘေးအပေါင်းကို လွန်မြောက်လေ၏”ဟု တစ်ဖန် ဟောတော်မူပြန်၏။ အသျှင်ဘုရားနာဂသေန အသို့နည်း၊ ရဟန္တာပုဂ္ဂိုလ်သည် ဒဏ်ဘေးမှ ထိတ်လန့်ပါသေးသလော၊ ငရဲ၌မူ ပြောင်ပြောင်တောက်လောင်သော၊ ကျိုက်ကျိုက်ဆူသော၊ ရဲရဲပူသော၊ အလွန်ပူလောင်သော၊ ပြောင်ပြောင်တောက်လောင်သော မီးလျှံရှိသော ထိုငရဲကြီးမှ စုတေခါနီးကုန်သော ငရဲသူသတ္တဝါတို့သည် သေခြင်းမှ ကြောက်လန့်ပါကုန်သေးသလော။ အသျှင်ဘုရားနာဂသေန “သတ္တဝါအားလုံးတို့သည် ဒဏ်မှ ထိတ်လန့်ကုန်၏၊ သတ္တဝါအားလုံးတို့သည် သေခြင်းမှ ကြောက်ကြကုန်၏”ဟု အကယ်၍ မြတ်စွာဘုရား ဟောတော်မူအပ်သည် ဖြစ်အံ့၊ ထိုသို့ ဖြစ်မူ “ရဟန္တာပုဂ္ဂိုလ်သည် အလုံးစုံသော ကြောက်ရွံ့ထိတ်လန့်ခြင်းဘေးအပေါင်းကို လွန်မြောက်လေ၏”ဟူသော စကားသည် မှားရာ၏၊ “ရဟန္တာ ပုဂ္ဂိုလ်သည် အလုံးစုံသော ကြောက်ရွံ့ထိတ်လန့်ခြင်းဘေးအပေါင်းကို လွန်မြောက်လေ၏”ဟု အကယ်၍ မြတ်စွာဘုရား ဟောတော်မူအပ်သည် ဖြစ်အံ့၊ ထိုသို့ဖြစ်မူ “သတ္တဝါအားလုံးတို့သည် ဒဏ်မှ ထိတ်လန့်ကုန်၏၊ သတ္တဝါအားလုံးတို့သည် သေခြင်းမှ ကြောက်ကြကုန်၏”ဟူသော ထိုစကားသည် မှားရာ၏၊ အစွန်းနှစ်ဖက်ထွက်သော ဤပြဿနာသည် အသျှင်ဘုရားထံသို့ အစဉ်ရောက်ပါ၏၊ အသျှင်ဘုရားသည် ထိုပြဿနာကို ဖြေရှင်းတော်မူပါလော့ဟု (လျှောက်၏)။

မင်းမြတ် “သတ္တဝါအားလုံးတို့သည် ဒဏ်မှ ထိတ်လန့်ကုန်၏၊ သတ္တဝါအားလုံးတို့သည် သေခြင်းမှ ကြောက်ကြကုန်၏”ဟူသော ဤစကားတော်ကို ရဟန္တာပုဂ္ဂိုလ်တို့ကို အကြောင်းပြု၍ ဟောတော်မူအပ်သည်မဟုတ်၊ ထိုစကားအရာ၌ ရဟန္တာပုဂ္ဂိုလ်ကို ချန်၍ ထားအပ်၏၊ ရဟန္တာပုဂ္ဂိုလ်သည် ကြောက်ရွံ့ထိတ်လန့်ခြင်း၏ အကြောင်းရင်းကို ပယ်နုတ်အပ်ပြီ၊ မင်းမြတ် အကြင်သတ္တဝါတို့သည် ကိလေသာ ရှိကုန်၏၊ အကြင်သတ္တဝါတို့အားလည်း ငါ့ကိုယ်ဟု ပြင်းစွာ လွန်ကဲသော စွဲလမ်းမှုရှိ၏၊ အကြင်သတ္တဝါတို့သည်လည်း ချမ်းသာဆင်းရဲတို့၌ စိတ်ထား မြင့်တုံနိမ့်တုံရှိ၏၊ ထိုသတ္တဝါတို့ကို အကြောင်းပြု၍ “သတ္တဝါအားလုံးတို့သည် ဒဏ်မှ ထိတ်လန့်ကုန်၏၊ သတ္တဝါအားလုံးတို့သည် သေခြင်းမှ ကြောက်ကြကုန်၏”ဟု မြတ်စွာဘုရား ဟောတော်မူအပ်၏၊ မင်းမြတ် ရဟန္တာပုဂ္ဂိုလ်သည် အလုံးစုံသော ဘဝသွား လမ်းကို ဖြတ်အပ်ပြီ၊ ဘဝအကြောင်းကို ဖျက်ဆီးအပ်ပြီ၊ (ဘဝအစပ်) ပဋိသန္ဓေနေခြင်းကို သတ်အပ်ပြီ၊ ကိလေသာ အခြင်ရနယ်တို့ကို ချိုးဖျက်အပ်ကုန်ပြီ၊ ဘဝအားလုံး၌ တပ်မက် တွယ်တာမှုကို ပယ်နုတ်အပ်ပြီ၊ ပြုပြင်မှု ‘သင်္ခါရ’ အားလုံးတို့ကို အကြွင်းမဲ့ဖြတ်အပ်ကုန်ပြီ၊ ကုသိုလ်အကုသိုလ်ကို ပယ်သတ်အပ်ပြီ၊ အဝိဇ္ဇာ ကို ပယ်ဖျောက်အပ်ပြီ၊ ပဋိသန္ဓေဝိညာဏ်ကို မျိုးစေ့မဖြစ်အောင် ပြုအပ်ပြီ၊ ကိလေသာအားလုံးတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ လောကဓံတရားမှ လွန်မြောက်ပြီ၊ ထို့ကြောင့် ရဟန္တာပုဂ္ဂိုလ်သည် အလုံးစုံသော ကြောက်ရွံ့ထိတ်လန့်ခြင်း ဘေးအပေါင်းတို့မှ မထိတ်လန့်။

--

မင်းမြတ် ဤလောက၌ အစဉ်စောင့်ရှောက်တတ်ကုန်သော၊ ရအပ်သော အခြံအရံစည်းစိမ်ရှိကုန်သော၊ အကျွမ်းဝင်ကုန်သော၊ ကြီးစွာအစိုးရသောအရာ၌ ခန့်ထားအပ်ကုန်သော အမတ်ကြီး လေးယောက်တို့သည် ရှိသည် ဖြစ်ကုန်ရာ၏။ ထိုအခါ၌ မင်းသည် ပြုဖွယ်ကိစ္စ တစ်စုံတစ်ရာဖြစ်ပေါ်လတ်သော် မိမိ၏ တိုင်းနိုင်ငံ၌ ရှိသမျှလူအပေါင်းအား တိုင်းသားပြည်သူလူအားလုံးတို့ပင် “ငါ့အတွက် အခွန်အတုတ်ကို ပြုကြကုန်လော့၊ သင်အမတ်ကြီးလေးဦးတို့သည် ထိုပြုဖွယ်ကိစ္စကို ပြီးစေကုန်လော့”ဟု စေရာ၏၊ မင်းမြတ် စင်စစ် ထိုအမတ်ကြီးလေးယောက်တို့အား အခွန်အတုတ်ဘေးကြောင့် ထိတ်လန့်ခြင်းဖြစ်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ထိတ်လန့်ခြင်း မဖြစ်ရာပါဟု (လျှောက်၏)။ မင်းမြတ် အဘယ်အကြောင်းကြောင့်နည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား မင်းသည် ထိုအမတ်တို့ကို မြင့်မြတ်သော အရာဌာန၌ ထားအပ်ပါကုန်၏၊ ထိုအမတ်တို့အား အခွန်အတုတ်သည် မရှိ၊ ထိုအမတ်တို့သည် အခွန်အတုတ်ကို လွန်မြောက်ကုန်၏၊ အမတ်ကြီးလေးဦးမှ ကြွင်းသောသူတို့ကို အကြောင်းပြု၍ မင်းသည် တိုင်းသားပြည်သူ လူအားလုံးတို့ပင် “ငါ့အတွက် အခွန်အတုတ်ကို ပြုကြကုန်လော့”ဟု စေခိုင်းအပ်ပါ၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် “သတ္တဝါအားလုံးတို့”ဟူသော ဤစကားကို ရဟန္တာ ပုဂ္ဂိုလ်တို့ကို အကြောင်းပြု၍ မြတ်စွာဘုရား ဟောတော်မူအပ်သည် မဟုတ်၊ ထိုစကားအရာ၌ ရဟန္တာ ပုဂ္ဂိုလ်ကို ချန်ထားအပ်၏၊ ရဟန္တာပုဂ္ဂိုလ်သည် ကြောက်ခြင်း၏ အကြောင်းကို ပယ်နုတ်အပ်ပြီ၊ မင်းမြတ် အကြင် သတ္တဝါတို့သည် ကိလေသာရှိကုန်၏၊ အကြင်သတ္တဝါတို့ အားလည်း ငါ့ကိုယ်ဟု လွန်ကဲသော စွဲလမ်းမှု ရှိ၏၊ ထို့ပြင် အကြင်သတ္တဝါတို့သည် ချမ်းသာဆင်းရဲတို့၌ စိတ်ထား မြင့်တုံနိမ့်တုံရှိကုန်၏၊ ထိုသတ္တဝါတို့ကို အကြောင်းပြု၍ “သတ္တဝါအားလုံးတို့သည် ဒဏ်မှ ထိတ်လန့်ကုန်၏၊ သတ္တဝါအားလုံးတို့သည် သေခြင်းမှ ကြောက်ကြကုန်၏”ဟု မြတ်စွာဘုရား ဟောတော်မူအပ်၏။ ထို့ကြောင့် ရဟန္တာ ပုဂ္ဂိုလ်သည် အလုံးစုံသော ကြောက်ရွံ့ထိတ်လန့်ခြင်းဘေးအပေါင်းတို့မှ မထိတ်လန့်ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန “သတ္တဝါအားလုံး”ဟူသော ဤစကားတော်သည် အကြွင်းရှိသော စကားတော် မဟုတ်၊ “သတ္တဝါအားလုံး”ဟူသော ဤစကားသည် အကြွင်းမရှိသော စကားသာလျှင် ဖြစ်၏၊ ထိုအရာ၌ အကျွန်ုပ်အား ထိုစကားတည်စေခြင်းငှါ လွန်ကဲသော အကြောင်းကို မိန့်တော်မူပါဦးလော့ဟု (လျှောက်၏)။

မင်းမြတ် ဤလောကဝယ် ရွာ၌ ရွာသူကြီးသည် လက်အောက်ခံအစေအပါးကို “အချင်း လာလှည့်၊ ရွာ၌ ရှိသမျှသော ရွာသူရွာသားအားလုံးတို့သည် ငါ့အထံ၌ လျင်မြန်စွာ စည်းဝေးစေလော့”ဟု စေခိုင်းရာ၏၊ ထိုလက်အောက်ခံအစေအပါးသည် “အရှင် ကောင်းပါပြီ”ဟု ဝန်ခံ၍ ရွာလယ်၌ ရပ်၍ “ရွာ၌ ရှိသမျှသော ရွာသူရွာသားအားလုံးတို့သည် လျင်လျင်မြန်မြန် ရွာသူကြီး၏ အထံ၌ စုရုံးကြကုန်လော့”ဟု သုံးကြိမ်အော်ဟစ်ကြွေးကြော်ရာ၏၊ ထို့နောင်မှ ထိုရွာသူရွာသားတို့သည် ထိုသူ၏ စကားဖြင့် ဆောဆော လျင်လျင် စုရုံးကြကုန်၍ “အရှင် သူကြီးမင်း ရွာသူရွာသားအားလုံးတို့သည် စုရုံးမိပါကုန်ပြီ၊ အရှင် သူကြီးမင်း၏ ပြုဖွယ်ကိစ္စကို ပြုပါလော့”ဟု ရွာသူကြီးအား ပြောကြားကုန်၏၊ မင်းမြတ် ဤသို့လျှင် ထိုရွာသူကြီးသည် ခေါင်းဆောင်ယောက်ျားတို့ကို စုရုံးစေလို၍ ရွာသားအားလုံးတို့ကို စုရုံးစေ၏၊ စုရုံး စေအပ်ကုန်သော ထိုရွာသားအားလုံးတို့သည်လည်း စုရုံးကြသည် မဟုတ်ကုန်၊ ခေါင်းဆောင် ယောက်ျားတို့သည်သာ စုရုံးကုန်၏၊ “ငါ၏ ရွာသားတို့သည် ဤမျှတို့ပင်တည်း”ဟု ရွာသူကြီးသည်လည်း ထိုစုရုံးသည့်အတိုင်းပင် ဝန်ခံလေ၏၊ လာရောက်စုရုံးသူမှ တစ်ပါးကုန်သော မလာရောက်သော မိန်းမ၊ ယောက်ျား၊ ကျွန်မိန်းမ၊ ကျွန်ယောက်ျား၊ သူရင်းငှါး၊ အမှုလုပ်၊ ရွာသူ၊ သူနာ၊ နွား၊ ကျွဲ၊ ဆိတ်မြန်မာ၊ ဆိတ်ကုလား၊ ခွေးတို့သည် များလှကုန်သေး၏၊ မလာရောက်သူအားလုံးတို့ကို မရေတွက် အပ်ကုန်။ အဘယ့်ကြောင့်နည်းဟူမူ-ခေါင်းဆောင်ယောက်ျားတို့ကိုသာလျှင် အကြောင်းပြု၍ “ရွာသူရွာသား အားလုံးတို့ကို စုရုံးစေကုန်”ဟု စေခိုင်းအပ်သည့် အဖြစ်ကြောင့်တည်း။ မင်းမြတ် ဤအတူသာလျှင် “သတ္တဝါအားလုံး”ဟူသော ဤစကားကို ရဟန္တာပုဂ္ဂိုလ်တို့ကို အကြောင်းပြု၍့မြတ်စွာဘုရား ဟောတော်မူအပ်သည်မဟုတ်၊ ထိုအရာ၌ ရဟန္တာပုဂ္ဂိုလ်ကို ချန်ထားအပ်၏၊ ရဟန္တာပုဂ္ဂိုလ်သည် ကြောက်ခြင်း၏ အကြောင်းကို နုတ်ပယ်အပ်ပြီ၊ မင်းမြတ် အကြင်သတ္တဝါတို့သည် ကိလေသာရှိကုန်၏၊ အကြင်သတ္တဝါတို့အားလည်း ငါ့ကိုယ်ဟု လွန်ကဲသော စွဲလမ်းမှုရှိ၏၊ အကြင်သတ္တဝါတို့သည်လည်း ချမ်းသာဆင်းရဲတို့၌ စိတ်ထား မြင့်တုံနိမ့်တုံရှိကုန်၏၊ ထိုသတ္တဝါတို့ကို အကြောင်းပြု၍ “သတ္တဝါအားလုံးတို့သည် ဒဏ်မှ ထိတ်လန့်ကုန်၏၊ သတ္တဝါအားလုံးတို့သည် သေခြင်းမှ ကြောက်ကြကုန်၏”ဟု မြတ်စွာဘုရား ဟောတော်မူအပ်၏၊ ထို့ကြောင့် ရဟန္တာပုဂ္ဂိုလ်သည် အလုံးစုံသော ကြောက်ရွံ့ထိတ်လန့်ခြင်းဘေးတို့မှ မထိတ်လန့်။

--

မင်းမြတ် သဒ္ဒါလည်းအကြွင်းရှိ၊ အနက်အဓိပ္ပါယ်လည်းအကြွင်းရှိသော စကားမျိုး၊ သဒ္ဒါသာ အကြွင်းရှိ၍ အနက်အဓိပ္ပါယ်အကြွင်းမရှိသော စကားမျိုး၊ သဒ္ဒါကား အကြွင်းမရှိ အနက်အဓိပ္ပါယ်သာ အကြွင်းရှိသော စကားမျိုး၊ သဒ္ဒါလည်းအကြွင်းမရှိ အနက်အဓိပ္ပါယ်လည်းအကြွင်းမရှိသော စကားမျိုးဟူ၍ ရှိ၏၊ ထိုထိုသဒ္ဒါဖြင့် အနက်အဓိပ္ပါယ်ကို လက်ခံအပ်၏။

မင်းမြတ် အာဟစ္စပဒ - ရသ - အာစရိယဝံသ - အဓိပ္ပါယ - ကာရဏုတ္တရိယဟူသော ဤငါးပါးသော အကြောင်းတို့ဖြင့် အနက်အဓိပ္ပါယ်ကို လက်ခံအပ်၏။ ဤငါးပါးတို့တွင် ဘုရားဟောပါဠိတော်ကို “အာဟစ္စပဒ”ဟူ၍ အလိုရှိအပ်၏။ ပါဠိတော်အားလျော်သော သုတ္တာနုလောမကို “ရသ”ဟူ၍ အလို ရှိအပ်၏။ အဋ္ဌကထာဆရာတို့၏ အယူကို “အာစရိယဝံသ”ဟူ၍ အလိုရှိအပ်၏။ မိမိအယူကို “အဓိပ္ပါယ”ဟူ၍ အလိုရှိအပ်၏။ ရှေးဆိုပြီး ဤလေးမျိုးတို့နှင့် ညီညွတ်သော အကြောင်းကို “ကာရဏုတ္တရိယ”ဟူ၍ အလိုရှိအပ်၏။ မင်းမြတ် ဤငါးပါးသော အကြောင်းတို့ဖြင့် အနက်အဓိပ္ပါယ်ကို လက်ခံအပ်၏။ ဤသို့လျှင် ထိုပြဿနာကို ကောင်းစွာ ဆုံးဖြတ်အပ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ရှိပါစေတော့၊ အသျှင်ဘုရားဆိုတိုင်း ထိုစကားကို ဝန်ခံပါ၏၊ ထိုအရာ၌ ရဟန္တာကို ချန်ထားရသည် ရှိပါစေတော့၊ ရဟန္တာမှ တစ်ပါးသော သတ္တဝါတို့သည် ကြောက်ရွံ့ ထိတ်လန့်ကြသည် ရှိပါစေတော့၊ ငရဲ၌ ငရဲသူသတ္တဝါတို့ကား ဆင်းရဲတုံးအတိဖြစ်ကုန်သော၊ ထက်လှကုန်သော၊ ခါးစပ်ကုန်သော ဝေဒနာတို့ကို ခံစားကုန်၍ ပြောင်ပြောင်တောက်သော အင်္ဂါကြီးငယ်ရှိကုန်လျက် ငိုယိုသော မျက်နှာ၊ သနားကြင်နာစဖွယ် ကျယ်လောင်စွာ အော်ဟစ်ငိုကြွေးကာ ထွေထွေရာရာ မြည်တမ်းသော ပါးစပ်ရှိကုန်လျက်၊ သည်းမခံနိုင်အောင် ပြင်းထန်လှသော ဆင်းရဲဒုက္ခတို့သည် ညှဉ်းဆဲ နှိပ်စက်အပ်ကုန်၍၊ ခိုကိုးပုန်းအောင်းရာ ကိုးစားအားထားရာ ကင်းမဲ့သကဲ့သို့ဖြစ်ကုန်၍ များစွာသော စိုးရိမ်ပူဆွေးခြင်းဖြင့် နာကျင်ကုန်လျက်၊ အယုတ်ညံ့ဆုံးဖြစ်သော ဒုဂ္ဂတိသို့ ရောက်ရှိကုန်၍၊ စင်စစ်အားဖြင့် စိုးရိမ်ပူဆွေးခြင်းလျှင် မှီခိုလဲလျောင်းရာရှိကုန်လျက်၊ ပူလောင် ထက်မြက် ကြမ်းတမ်းစူးရှစွာ လောင်ကျွမ်းသော မီးအတိဖြစ်လေ၍၊ အလွန်ကြောက်မက်ဖွယ်ကို ဖြစ်စေတတ်သော အော်ဟစ်သံတို့ဖြင့် ကျယ်လောင်သော အသံရှိသော နံပါးလေးဖက် အထက်အောက်စပ်ယှက်လျက် ခြောက်ချက်သော မီးတောက်မီးလျှံပန်းတို့ဖြင့် ရောပြွမ်းကာ ထက်ဝန်းကျင်မှ ယူဇနာတစ်ရာအရပ်သို့ ပျံ့နှံ့သော မီးလျှံ အဟုန်ရှိ၍ ပြင်းထန်စွာ ပူလောင်သော ငရဲကြီးမှ စုတေရကုန်သော် သေခြင်းမှ ကြောက်ကြပါကုန်သေး သလောဟု (လျှောက်၏)။ မင်းမြတ် ကြောက်ကြကုန်သေး၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ငရဲသည် စင်စစ် ဆင်းရဲဒုက္ခကိုသာ ခံစားရသည် ဖြစ်လျက် ထိုငရဲသူ သတ္တဝါတို့သည် စင်စစ် ဆင်းရဲဒုက္ခကိုသာ ခံစားရ၍ ငရဲမှ စုတေကုန်သော် သေခြင်းမှ အဘယ့်ကြောင့် ကြောက်ကြပါကုန်သနည်း၊ အဘယ့်ကြောင့် ငရဲ၌ မွေ့လျော်နိုင်ပါကုန်သနည်းဟု (လျှောက်၏)။ မင်းမြတ် ထိုငရဲသူသတ္တဝါတို့သည် ငရဲ၌ မမွေ့လျော်ကုန်၊ ငရဲမှ လွတ်လိုကုန်သည်ပင်တည်း၊ မင်းမြတ် ကြောက် ခြင်းကို မပယ်နိုင်သေးသောကြောင့် ထိုငရဲသူသတ္တဝါတို့အား ထိတ်လန့်ခြင်းသည် သေခြင်းဟူသောဘေး၏ အကျိုးဆက်ပေတည်းဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန လွတ်မြောက်လိုကုန်သော ငရဲသူ့သတ္တဝါတို့အား စုတေသေလွန်ရခြင်းမှ ထိတ်လန့်ခြင်းဖြစ်၏ဟူသော စကားကို အကျွန်ုပ် မယုံကြည်နိုင်ပါ၊ အသျှင်ဘုရားနာဂသေန ထိုအရာသည် ရယ်ရွှင်ဖွယ်သာတည်း၊ ထိုငရဲသူသတ္တဝါတို့ တောင့်တအပ်သော လွတ်မြောက်ခွင့်စုတိကို ရနိုင်ကြသည် မဟုတ်ပါလော၊ အကြောင်းဖြင့် အကျွန်ုပ်ကို သိပါစေလော့ဟု (လျှောက်၏)။

--

မင်းမြတ် သေရခြင်းဟူသော ဤအရာသည် အရိယသစ္စာကို မမြင်သောသူတို့အား ထိတ်လန့် ဖွယ်ရာ ဖြစ်၏၊ ဤအရာ၌ ဤ (အရိယသစ္စာကို မမြင်သော) သတ္တဝါအပေါင်းသည် ထိတ်လည်း ထိတ်၏၊ လန့်လည်း လန့်၏၊ မင်းမြတ် အကြောင်းကို ဆိုအံ့၊ မြွေဟောက်မှ ကြောက်သောသူသည် သေခြင်းမှ ကြောက်သည်ဖြစ်၍ မြွေဟောက်မှ ကြောက်လေသတတ်၊ ထို့ပြင် အကြင်သတ္တဝါသည် ဆင်မှကြောက်၏။ပ။ ခြင်္သေ့မှ။ ကျားမှ။ သစ်မှ။ ဝံမှ။ အောင်းမှ။ ကျွဲမှ။ နွားနောက်မှ။ မီးမှ။ ရေမှ။ သစ်ငုတ်မှ။ ဆူးမှ ကြောက်၏၊ ထို့ပြင် အကြင်သူသည် လှံမှ ကြောက်၏၊ မင်းမြတ် ထိုသူသည် သေခြင်းမှ ကြောက်သည်ဖြစ်၍ လှံမှ ကြောက်၏၊ ထိုမြွေစသည်ကို ကြောက်ခြင်းသည် သေခြင်း၏သာလျှင် ကိစ္စ လက္ခဏာသဘာဝနှင့်တကွသော တန်ခိုးပင်ဖြစ်၏၊ ထိုသေခြင်းတရား၏ ကိစ္စလက္ခဏာ သဘာဝနှင့်တကွသော တန်ခိုးကြောင့် ကိလေသာရှိသော သတ္တဝါတို့သည် သေခြင်းမှ ထိတ်လန့်ကုန်၏၊ ကြောက်ကြကုန်၏၊ မင်းမြတ် ငရဲသူသတ္တဝါတို့သည် ငရဲမှ လွတ်လိုကုန်သော်လည်း သေခြင်းမှ ထိတ်လန့်ကုန်သေး၏၊ ကြောက်ကြကုန်သေး၏။

မင်းမြတ် ဤလောက၌ ယောက်ျား၏ ခန္ဓာကိုယ်၌ အဆီခဲသည် (ကျပ်ဖု၊ မြင်းဖုစသော) အဖု အထုံးဖြစ်ငြားအံ့၊ ထိုယောက်ျားသည် ထိုအနာရောဂါဖြင့် ဆင်းရဲသည်ဖြစ်၍ အနာဘေးမှ လွတ်လိုရကား အနာရောဂါကို နုတ်ပယ်တတ်သော ဆေးသမားကို ခေါ်စေရာ၏၊ အနာကို နုတ်ပယ်တတ်သော ဆေး သမားသည် ထိုအနာ ရောဂါရှိသော ယောက်ျား၏ စကားကို ဝန်ခံ၍ ထိုအနာရောဂါကို ဖောက်ထုတ်ခြင်းငှါ အဆောက်အဦကို ဖြစ်စေရာ၏၊ ဓားငယ်ကို ထက်အောင် ပြုရာ၏၊ ညှပ်တံတို့ကို မီး၌ ထည့်ရာ၏၊ ဆပ်ပြာနှင့် ဆားကို ကျောက်ပြင်၌ ကြိတ်စေရာ၏၊ မင်းမြတ် ထိုအနာနှိပ်စက်သော ယောက်ျားအား ထက်စွာသောဓားငယ်နှင့် ဖြတ်ခွဲခြင်း၊ ညှပ်တံဖြင့် ပူလောင်စေခြင်း၊ ဆပ်ပြာ, ဆားထည့်သွင်းခြင်းမှ ထိတ်လန့်ခြင်း ဖြစ်ရာသေးသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ထိတ်လန့်ခြင်း ဖြစ်ရာပါသေး၏ဟု (လျှောက်၏)။ မင်းမြတ် ဤသို့ ထိုအနာနှိပ်စက်သော ယောက်ျားအား အနာရောဂါမှ လွတ်လိုသော်လည်း ဝေဒနာဘေးမှ ထိတ်လန့်ခြင်းဖြစ်၏၊ မင်းမြတ် ဤအတူသာလျှင် ငရဲမှ လွတ်လိုကုန်သော ငရဲသူ သတ္တဝါတို့အားလည်း သေဘေးမှ ထိတ်လန့်ခြင်းဖြစ်၏။

မင်းမြတ် ဤလောက၌ မင်းပြစ်သင့်သော၊ သံခြေကျဉ်းအနှောင်အဖွဲ့ဖြင့် နှောင်ဖွဲ့အပ်သော၊ နှောင်အိမ်၌ သွင်းထားသော ယောက်ျားသည် လွတ်လိုသည် ဖြစ်ရာ၏၊ ထိုမင်းသည် ထိုယောက်ျားကို လွတ်စေလိုသည်ဖြစ်၍ ခေါ်စေရာ၏၊ မင်းမြတ် ငါသည် ပြုအပ်သော အပြစ်ရှိ၏ဟု သိသော မင်းပြစ်သင့်သော ယောက်ျားအား မင်းကို မြင်သဖြင့် ထိတ်လန့်ခြင်းဖြစ်ရာသလောဟု (မေးတော်မူ၏)။ ထိတ်လန့် ခြင်း ဖြစ်ရာပါသေး၏ဟု (လျှောက်၏)။ မင်းမြတ် ဤသို့လျှင် မင်းပြစ်သင့်သော ထိုယောက်ျားအား အနှောင်အဖွဲ့မှ လွတ်လိုသော်လည်း မင်းမှ ကြောက်သောကြောင့် ထိတ်လန့်ခြင်းဖြစ်သေး၏၊ မင်းမြတ် ဤအတူသာလျှင် ငရဲမှ လွတ်လိုသော ငရဲသူသတ္တဝါတို့အားလည်း သေဘေးမှ ထိတ်လန့်ခြင်း ဖြစ်သေး၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ် သက်ဝင်ယုံကြည်နိုင်လောက်သော ထို့ထက်အလွန် အခြားအကြောင်း တစ်မျိုးကိုလည်း မိန့်တော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် ဤလောက၌ ယောက်ျားသည် ပူပြင်းသော အဆိပ်ရှိသော မြွေအကိုက်ခံရသည် ဖြစ်ရာ၏၊ ထိုယောက်ျားသည် ထိုအဆိပ်ဖောက်ပြန်ခြင်းဖြင့် ကျရာ၏၊ လဲရာ၏၊ လိမ့်ရာ၏၊ အပြန်ပြန်လိမ့်ရာ၏၊ ထိုအခါ၌ ယောက်ျားတစ်ယောက်သည် အစွမ်းထက့်သော မန္တရားဂါထာဖြင့် ပူပြင်းသော အဆိပ်ရှိသော ထိုမြွေကို ခေါ်၍ ပူပြင်းသော အဆိပ်ကို တစ်ဖန် စုပ်ယူစေရာ၏၊ မင်းမြတ် ထိုမြွေဆိပ်တက်သော ထိုယောက်ျားအား ပူပြင်းသော အဆိပ်ရှိသော ထိုမြွေ သည် ချမ်းသာစေရန် အကြောင်းကြောင့် ကပ်ရောက်လတ်သော် ထိတ်လန့်ခြင်းဖြစ်ရာသေးသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ထိတ်လန့်ခြင်း ဖြစ်ရာပါသေး၏ဟု (လျှောက်၏)။ မင်းမြတ် ဤသို့လျှင် ထိုသို့ အဆိပ်ကို စုပ်ယူရန် သဘောရှိသော မြွေသည် ချမ်းသာစေရန် အကြောင်းကြောင့် အနီးသို့ ကပ်ရောက်လာသော်လည်း ထိုယောက်ျားအား ထိတ်လန့်ခြင်းဖြစ်သေး၏၊ မင်းမြတ် ဤအတူသာလျှင် ငရဲမှ လွတ်လိုကုန်သော ငရဲသူသတ္တဝါတို့အားလည်း သေဘေးမှ ထိတ်လန့်ခြင်းဖြစ်သေး၏၊ မင်းမြတ် သတ္တဝါအားလုံးတို့သည် သေခြင်းကို အလိုမရှိအပ်၊ ထို့ကြောင့် ငရဲသူသတ္တဝါတို့သည် ငရဲမှ လွတ်လိုကုန် သော်လည်း သေခြင်းမှ ကြောက်ကုန်သေး၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏၊ ဤသို့လျှင် ဤအကြောင်းကို မိန့်တော်မူတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

သုံးခုမြောက် မစ္စုဘာယနာဘာယနပဥှာ ပြီး၏။

--

၄-မစ္စုပါသမုတ္တိပဥှာ

သေမင်းကျော့ကွင်းမှ လွတ် မလွတ် ပြဿနာ

။ အသျှင်ဘုရားနာဂသေန- “ကောင်းကင်၌ တည်နေသော်လည်း သေမင်းကျော့ကွင်းမှ မလွတ်ရာ၊ သမုဒ္ဒရာ အလယ်၌ တည်နေသော်လည်း သေမင်းကျော့ကွင်းမှ မလွတ်ရာ၊ တောင်တို့၏ အခေါင်းကျောက်လိုဏ်သို့ ဝင်၍ တည်နေသော်လည်း သေမင်းကျော့ကွင်းမှ မလွတ်ရာ၊ အကြင်အရပ်၌ တည်နေသူသည် သေမင်းကျော့ကွင်းမှ လွတ်ရာ၏၊ ထိုလွတ်ရာမြေအရပ်သည် မရှိ”ဟု ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မူအပ်၏။

တစ်ဖန် ရတနသုတ်၊ မေတ္တသုတ်၊ ခန္ဓပရိတ်၊ မောရပရိတ်၊ ဓဇဂ္ဂပရိတ်၊ အာဋာနာဋိယပရိတ်၊ အင်္ဂုလိမာလပရိတ်ဟူသော အရံအတားပရိတ်တို့ကိုလည်း မြတ်စွာဘုရားထုတ်ညွှန်ဟောကြားအပ်ကုန်၏။ အသျှင်ဘုရားနာဂသေန ကောင်းကင်၌ တည်နေသူသည်လည်းကောင်း၊ သမုဒ္ဒရာအလယ်၌ တည်နေသူ သည်လည်းကောင်း၊ ပြာသာဒ်အိမ်၊ လိုဏ်ဂူ၊ တောင်ခေါင်း၊ ချောက်ကြား၊ တွင်း၊ အပေါက်၊ တောင်ကြားတို့၌ ခိုအောင်းတည်နေသူသည်လည်းကောင်း သေမင်းကျော့ကွင်းမှ အကယ်၍ မလွတ်သည် ဖြစ်အံ့၊ ထိုသို့ဖြစ်မူ ပရိတ် ‘အရံအတား'ကို ပြုခြင်းသည် မှားရာ၏၊ ပရိတ် ‘အရံအတား’ ကို ပြုသဖြင့် သေမင်း ကျော့ကွင်းမှ အကယ်၍ လွတ်ရခြင်းသည် ဖြစ်အံ့၊ ထိုသို့ဖြစ်မူ “ကောင်းကင်၌ တည်နေသော်လည်း။ပ။ သေမင်း၏ ကျော့ကွင်းမှ မလွတ်ရာ”ဟူသော ထိုစကားသည်လည်း မှားရာ၏။ အစွန်းနှစ်ဖက်ထွက်သော ထုံးဖွဲ့သည်ထက်လည်း ထုံးဖွဲ့သော ဤပြဿနာသည်လည်း အသျှင်ဘုရားထံသို့ အစဉ်ရောက်ပါ၏၊ အသျှင်ဘုရားသည် ထိုပြဿနာကို ဖြေရှင်းတော်မူပါလော့ဟု (လျှောက်၏)။

မင်းမြတ် “ကောင်းကင်၌ တည်နေသော်လည်း။ပ။ သေမင်း၏ ကျော့ကွင်းမှ မလွတ်ရာ”ဟူ၍ ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မူအပ်၏။ မြတ်စွာဘုရားသည် ပရိတ် ‘အရံအတား'တို့ကိုလည်း ထုတ်ညွှန် ဟောကြားတော်မူအပ်ကုန်၏။ ထိုပရိတ် ‘အရံအတား’ သည်လည်း နေနိုင်ရန် အသက် အကြွင်းရှိသေး၍ အရွယ်နှင့် ပြည့်စုံသော (မာတုဃာတကကံစသော ပဉ္စာနန္တရိယ) ကံ ပိတ်ပင်တားမြစ် ခြင်းမှ လွတ်ကင်းသောသူ၏ အကျိုးငှါ ဖြစ်၏။ မင်းမြတ် အသက်ကုန်ပြီးသောသူအား တည်နေနိုင်ရန် ပြုနိုင်ခြင်းသည်လည်းကောင်း၊ အစွမ်းလုံ့လသည်လည်းကောင်း မရှိပေ။

--

မင်းမြတ် ဥပမာအားဖြင့် သေ၍ ခြောက်သွေ့နေသော၊ အဆီဩဇာမရှိသော၊ အသက်ချုပ် လေပြီးသော၊ အသက်ရှင်အောင် ပြုပြင်စီရင်ခြင်းကင်းသော၊ အခေါင်းရှိသော သစ်ပင်အား ရေအိုးတစ်ထောင်ဖြင့်ရေကို ပက်ဖျန်းသွန်းလောင်းသော်လည်း စိုပြည်ခြင်းသည်လည်းကောင်း၊ အရွက်၊ အညွန့်စိမ်းရှင်ခြင်း သည်လည်းကောင်း မဖြစ်နိုင်တော့ရာ။ မင်းမြတ် ဤအတူသာလျှင် အသက်ကုန်ခါနီးသောသူအား ဆေး ကုခြင်း၊ ပရိတ်ရွတ်ခြင်း အမှုဖြင့် အသက်တည်နေနိုင်ရန် ပြုနိုင်ခြင်းသည်လည်းကောင်း၊ အစွမ်းလုံ့လ သည်လည်းကောင်း မရှိပေ။ မင်းမြတ် မြေအပြင်၌ ရှိကုန်သော ဆေးအမျိုးမျိုးတို့သည်လည်း အသက်ကုန်ခါနီးသူအား ဆေးကိစ္စကို မပြုနိုင်ကုန်။ မင်းမြတ် အသက်အကြွင်းရှိသေး၍ အရွယ်နှင့် ပြည့်စုံသော (မာတုဃာတကကံစသော ပဉ္စာနန္တရိယ) ကံ ပိတ်ပင်တားမြစ်ခြင်းမှ လွတ်ကင်းသောသူကို ပရိတ် ‘အရံအတား’ သည် စောင့်ရှောက်၏။ လုံခြုံစေ၏။ ထိုသူ၏ အကျိုးငှါ မြတ်စွာဘုရားသည် ပရိတ် ‘အရံအတား’ ကို ထုတ်ညွှန်ဟောကြားတော်မူအပ်၏။

မင်းမြတ် ဥပမာအားဖြင့် လယ်ထွန်ယောက်ျားသည် စပါးမှည့်ရင့်၍ ကောက်ပင်သေခဲ့သော် ရေသွင်း ခြင်းကို တားမြစ်ရာ၏။ နုသေး၍ မိုးတိမ်ရောင်ရှိသော၊ အရွယ်နှင့် ပြည့်စုံသော ကောက်ပင်သည် ရေ၏ အားအစွမ်းဖြင့် ကြီးပွား၏။ မင်းမြတ် ဤအတူသာလျှင် အသက်ကုန်ပြီးသောသူအား ဆေးကုခြင်း၊ ပရိတ်ရွတ်ခြင်းအမှုကို ပယ်ထားအပ်၏။ အကြင်သူတို့သည်ကား အသက်အကြွင်းရှိကုန်သေး၏။ အရွယ်နှင့် ပြည့်စုံကုန်သေး၏။ ထိုသူတို့၏ အကျိုးငှါ ပရိတ်ရွတ်ခြင်း၊ ဆေးကုခြင်းတို့ကို ဟောကြားတော်မူအပ်ကုန်၏။ ထိုသူတို့သည် ပရိတ်ရွတ်ခြင်း၊ ဆေးကုခြင်းတို့ဖြင့် တိုးတက်ကြီးပွားကုန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန အသက်ကုန်ခါနီးသောသူသည် အကယ်၍ သေသည် ဖြစ်အံ့၊ အသက် အကြွင်းရှိသေးသောသူသည် အကယ်၍ ရှင်သည် ဖြစ်အံ့၊ ထိုသို့ဖြစ်မူ ပရိတ်ရွတ်ခြင်း၊ ဆေးကုခြင်းတို့သည် အကျိုးမဲ့ဖြစ်ပါကုန်၏ဟု (လျှောက်၏)။ မင်းမြတ် သင်သည် ဆေးတို့ကြောင့် ဆုတ်နစ်လျှော ကျသော တစ်စုံတစ်ရာသော အနာရောဂါကို မြင်ဖူးပါ၏လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား အရာ မကများစွာ မြင်ဖူးပါ၏ဟု (လျှောက်၏)။ မင်းမြတ် ထိုသို့ဖြစ်မူ “ပရိတ်ရွတ်ခြင်း၊ ဆေးကုခြင်းကို ပြု သဖြင့် အကျိုးမရှိ”ဟူသော စကားသည် အမှားဖြစ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ဆေးဆရာတို့၏ လုံ့လဖြစ်ကုန်သော ဆေးသောက်ခြင်း၊ ဆေးလိမ်း ကျံခြင်းတို့သည် ထင်ရှားပေကုန်၏၊ ထိုဆေးသောက်ခြင်း၊ ဆေးလိမ်းကျံခြင်းဟူသော ဆေးဆရာတို့၏ လုံ့လကြောင့် ရောဂါသည် ဆုတ်နစ်လျှောကျပါ၏ဟု (လျှောက်၏)။ မင်းမြတ် ပရိတ်တို့ကို ရွတ်ဆိုအပ်ကုန်သည်ရှိသော် ပရိတ်ရွတ်သံကို ကြားရ၏၊ လျှာခြောက်၏၊ စိတ်နှလုံးတွန့်လည်၏၊ လည်ချောင်း နာကျင်၏၊ ထိုပရိတ်တို့ကို ရွတ်ဆိုသံကြောင့် အလုံးစုံသော ရောဂါတို့သည် ငြိမ်းကုန်၏၊ အလုံးစုံသော ဘေးရန်တို့သည် ဖဲရှောင်ကုန်၏ဟု (မိန့်တော်မူ၏)။

မင်းမြတ် မြွေကိုက်ခံရသည်ဖြစ်၍ မန္တန်မန်းမှုတ်သဖြင့် အဆိပ်ကို ချအပ်၊ အဆိပ်ကို ယိုစီးစေ အပ်သည်ရှိသော် အထက်အောက် ပျို့အန်ဝမ်းလျှောသူ တစ်စုံတစ်ယောက်ကို သင် မြင်ဖူး၏လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မြင်ဖူးပါ၏၊ လောက၌ ယခုအထိပင် ထိုအဆိပ်ချခြင်း ဖြစ်ပါသေး၏ဟု (လျှောက်၏)။ မင်းမြတ် ထိုသို့ဖြစ်မူ “ပရိတ်ရွတ်ခြင်း၊ ဆေးကုခြင်းကို ပြုသဖြင့် အကျိုးမရှိ”ဟူသော စကားသည် အမှားဖြစ်၏။ မင်းမြတ် ပရိတ် ‘အရံအတား’ ပြုထားသော ယောက်ျားကို ကိုက်လိုသော မြွေ သည် မကိုက်ဝံ့၊ ဟင်းလင်းပွင့်သော မြွေခံတွင်းသည် ပိတ်၏၊ ခိုးသူတို့၏ မြှောက်ချီရွယ်မိုးထားသော တင်းပုတ်သည်လည်း (ရိုက်ပုတ်ရန်) မဖြစ်မြောက်နိုင်၊ ထိုတင်းပုတ်ကိုင်သူတို့သည် တင်းပုတ်ကို လွှတ်ချကုန်ပြီးလျှင် ချစ်ခင်ကြကုန်၏၊ အမျက်ထွက်သော ဆင်ပြောင်ကြီးသည်လည်း (ထိုးအံ့သောငှါ) လာပြီး၍ ကြဉ်ဖဲလေ၏၊ ပြောင်ပြောင်တောက်သော မီးပုံကြီးသည်လည်း အနီးသို့ ရောက်လာ၍ ငြိမ်း၏၊ ခဲစား အပ်သော လတ်တလော သေစေတတ်သော အဆိပ်အတောက်သည်လည်း ဆေးဖြစ်၍ အာဟာရအကျိုးငှါ ပျံ့နှံ့၏၊ သူသတ်တို့သည် သတ်လိုကုန်သည်ဖြစ်၍ အနီးသို့ ရောက်လာသော် ကျွန်အဖြစ်သို့ ကပ်ရောက့်ကုန်၏၊ နင်းမိသော ကျော့ကွင်းသည်လည်း မဖွဲ့မိ။

--

မင်းမြတ် ပရိတ် ‘အရံအတား'ကို ပြုသော ဥဒေါင်းမင်းအား မုဆိုးသည် အနှစ်ခုနစ်ရာတို့ပတ်လုံး ကျော့ကွင်းကို ထောင်ခြင်းငှါ မစွမ်းနိုင်၊ ပရိတ် ‘အရံအတား’ ကို မပြုမိသော ဥဒေါင်းမင်းအား ထိုနေ့၌ ပင်လျှင် ကျော့ကွင်းဖြင့် ဆောင်ယူဖမ်းဆီးခြင်းငှါ စွမ်းနိုင်၏”ဟူသော စကားကို သင်မင်းမြတ် ကြားဖူး သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ကြားဖူးပါ၏၊ ထိုစကားအသံသည် နတ်နှင့်တကွသော လောက၌ ပျံ့နှံ့၍ ထွက်ပါ၏ဟု (လျှောက်၏)။ မင်းမြတ် ထိုသို့ဖြစ်မူ “ပရိတ်ရွတ်ခြင်း၊ ဆေးကုခြင်းကို ပြုခြင်းသည် အကျိုးမရှိ”ဟူသော စကားသည် အမှားဖြစ်၏။

မင်းမြတ် “ဒါနဝဘီလူးသည် မယားကို စောင့်ရှောက်လိုသည်ဖြစ်၍ ကြုပ်၌ ထည့်သွင်းပြီးလျှင် မျိုလျက် ဝမ်းပိုက်ဖြင့် ဆောင်ယူ၏၊ ထိုအခါ၌ ဝိဇ္ဇာဓိုရ်တစ်ယောက်သည် ထိုဒါနဝဘီလူး၏ ခံတွင်းဖြင့် ဝင်၍ ထိုမိန်းမနှင့်အတူ မွေ့လျော်ပျော်ပါး၏၊ ထိုဒါနဝဘီလူး သိသောအခါ ကြုပ်ကို အန်ထုတ်၍ ဖွင့်လိုက် သည်နှင့် တစ်ပြိုင်နက် ဝိဇ္ဇာဓိုရ်သည် အလိုရှိရာသို့ ဖဲသွားလေပြီ”ဟူသော စကားကို သင် မင်းမြတ် ကြားဖူးသည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ကြားဖူးပါ၏၊ ထိုစကားသံသည်လည်း နတ်နှင့်တကွသော လောက၌ ပျံ့နှံ့၍ ထွက်ပါ၏ဟု (လျှောက်၏)။ မင်းမြတ် ထိုဝိဇ္ဇာဓိုရ်သည် ပရိတ် မန္တန်၏ အစွမ်းဟုန်ကြောင့် ဖမ်းယူခြင်းမှ လွတ်သည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရားဟုတ်ပါ၏ဟု (လျှောက်၏)။ မင်းမြတ် ထိုသို့ဖြစ်မူ ပရိတ်မန္တန်၏ စွမ်းအားသည် ရှိ၏။

မင်းမြတ် “အခြားဝိဇ္ဇာဓိုရ်တစ်ယောက်သည်လည်း ဗာရာဏသီမင်း၏ နန်းတော်တွင်း၌ မိဖုရားနှင့် အတူတကွ ပြစ်မှား၍ အဖမ်းခံရခြင်းသို့ ရောက်သည်ဖြစ်လျက် တစ်ခဏချင်းဖြင့် မန္တန်၏ စွမ်းအား ကြောင့် ကွယ်ပျောက်ခြင်းသို့ ရောက်လေ၏”ဟူသော စကားကို သင် ကြားဖူးသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ကြားဖူးပါ၏ဟု (လျှောက်၏)။ မင်းမြတ် ထိုဝိဇ္ဇာဓိုရ်သည် မန္တန်၏ စွမ်းအားကြောင့် ဖမ်းယူခံရခြင်းမှ လွတ်သည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရားဟုတ်ပါ၏ဟု (လျှောက်၏)။ မင်းမြတ် ထိုသို့ဖြစ်မူ ပရိတ် ‘အရံအတား’ ၏ စွမ်းအားသည် ရှိ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန အလုံးစုံသောသူတို့ကိုပင်လျှင် ပရိတ် ‘အရံအတား’ သည် စောင့်ပါသလောဟု (မေးလျှောက်၏)။ မင်းမြတ် အချို့သောသူတို့ကို စောင့်၏၊ အချို့သောသူတို့ကိုမစောင့်ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန ထိုသို့ အချို့ကို စောင့်၍ အချို့ကို မစောင့်မူ ပရိတ် ‘အရံအတား’ သည် အလုံးစုံသော အကျိုးကို မပြီးစေနိုင်တကားဟု (လျှောက်၏)။ မင်းမြတ် အစာသည် အလုံးစုံသောသူတို့၏ အသက်ကို စောင့်ရှောက်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား အချို့သောသူတို့ကို စောင့်ရှောက်၏၊ အချို့သောသူတို့ကို မစောင့်ရှောက်ပါဟု (လျှောက်၏)။ အဘယ်အကြောင်း ကြောင့်နည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား အချို့သောသူတို့သည် ထိုအစာကိုပင်လျှင် အလွန်အမင်း စားသည်ဖြစ်၍ ဝမ်းလျှောသဖြင့် သေရကုန်သောကြောင့်ပါတည်းဟု (လျှောက်၏)။ မင်းမြတ် ထိုသို့ဖြစ်မူ အစာသည် အလုံးစုံသောသူတို့၏ အသက်ကို မစောင့်ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန အလွန်အမင်း စားသဖြင့်လည်းကောင်း၊ ဝမ်းမီးအားနည်းသဖြင့်လည်းကောင်း ဤအကြောင်းနှစ်ပါးတို့ဖြင့် အစာသည် အသက်ကို ဆောင်ယူသတ်ဖြတ်နိုင်၏၊ အသျှင်ဘုရားနာဂသေန အစာသည် အသက်ကို ပေးနိုင် လင့်ကစား မကောင်းသဖြင့် မှီဝဲခြင်းကြောင့် အသက်ကို ဆောင်ယူသတ်ဖြတ်သွား၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် ပရိတ် ‘အရံအတား’ သည် အချို့သောသူတို့ကို စောင့်ရှောက်၏၊ အချို့သောသူတို့ကို မစောင့်ရှောက်။

--

မင်းမြတ် ပဉ္စာနန္တရိယကံက တားမြစ်သဖြင့်လည်းကောင်း၊ နိယတမိစ္ဆာဒိဋ္ဌိဟူသောကိလေသာက တားမြစ်သဖြင့်လည်းကောင်း၊ ကာကွယ်လိမ့်မည်ဟု မယုံကြည်သဖြင့်လည်းကောင်း ဤအကြောင်းသုံးပါးတို့ဖြင့် ပရိတ် ‘အရံအတား’ သည် မစောင့်ရှောက်။ မင်းမြတ် ပရိတ် ‘အရံအတား’ သည် သတ္တဝါတို့ကို အစဉ်စောင့်ရှောက်လင့်ကစား မိမိပြုသော အမှုဖြင့် အစောင့်အရှောက်ကို စွန့်၏။ မင်းမြတ် ဥပမာအားဖြင့် အမိသည် ဝမ်း၌ တည်သော သားကို မွေးမြူ၏၊ အစီးအပွားကို ကောင်းစွာ ကျင့်ခြင်းဖြင့် မွေးဖွား၏၊ မွေးဖွားပြီးနောက် မစင်အညစ်အကြေးနှပ်ကို ပယ်ရှင်းလျက် မွန်မြတ်ကောင်းမွန်သော နံ့သာကို လိမ်း ကျံ၏၊ ထိုသားငယ်သည် တစ်ပါးသောအခါ၌ အခြားသူတို့၏ သားတို့ကို မိမိအား ဆဲရေးသောကြောင့်လည်းကောင်း၊ ပုတ်ခတ်သောကြောင့်လည်းကောင်း ပြန်လှန်ပုတ်ခတ်၏၊ ထိုအပုတ်အခတ်ခံရသောသူ တစ်ပါးသားတို့သည် ထိုပုတ်ခတ်သောသူငယ်အား အမျက်ထွက်ကြကုန်၍ ပရိသတ်အလယ်၌ ဆွဲငင်ကြကုန်လျက် သူငယ်ကို ဖမ်းယူ၍ အစိုးရသူ အရှင်ထံသို့ အပ်နှင်းကုန်၏၊ ယင်းသို့ အပ်နှင်းခဲ့သော် ထိုအမိ၏ သားသည် အပြစ်ရှိသူ၊ မင်း၏ စည်းကမ်းဥပဒေကို ကျူးလွန်သူ အကယ်၍ ဖြစ်ခဲ့အံ့၊ ထိုသို့ ဖြစ်ခဲ့သော် ထိုသားကို အစိုးရသူ အရှင်၏ မင်းချင်းတို့က ဆွဲငင်ကုန်လျက် တုတ်၊ ဆောက်ပုတ်၊ ဒူး၊ လက်သီးတို့ဖြင့် ရိုက်နှက်ကုန်၏၊ ပုတ်ခတ်ကုန်၏၊ မင်းမြတ် ထိုသူငယ်၏ အမိသည် ဆွဲဆောင်ငင်ထုတ်ခြင်းငှါလည်းကောင်း၊ သိမ်းပိုက်နုတ်ယူခြင်းငှါလည်းကောင်း၊ အစိုးရသော အရှင်၏ အနီးသို့ ကပ်ရောက် ခြင်းကို ပြုခြင်းငှါလည်းကောင်း ရနိုင်အံ့လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မရနိုင်ပါဟု(လျှောက်၏)။ မင်းမြတ် အဘယ်အကြောင်းကြောင့်နည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား မိမိ၏ အပြစ်ကြောင့်ပါတည်းဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် ပရိတ် ‘အရံအတား’ သည် သတ္တဝါတို့အား စောင့်ရှောက် လင့်ကစား မိမိ၏ အပြစ်ကြောင့် အကျိုးမပေးဘဲ မြုံသည်ကို ပြု၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား နာဂသေန ကောင်းလှပါ၏၊ ပြဿနာကို ကောင်းစွာ ဆုံးဖြတ်အပ်ပါ၏၊ အရှုပ်အထွေးကို မရှုပ်ထွေးအောင် ပြုအပ်ပါပေ၏၊ အမိုက်တိုက်ကို လင်းအောင် ပြုနိုင်ပါပေ၏၊ အကျွန်ုပ်သည် ဂိုဏ်းဆရာတို့အထွတ် ဆရာမြတ်ဖြစ်သော အသျှင်ဘုရားသို့ ဆည်းကပ်ရသောကြောင့် မိစ္ဆာဒိဋ္ဌိကွန်ရက်ကို ဖြေရှင်းနိုင်ပါ၏ဟု (လျှောက်၏)။ ။

လေးခုမြောက် မစ္စုပါသမုတ္တိပဥှာ ပြီး၏။

၅-ဗုဒ္ဓလာဘန္တရာယပဥှာ

မြတ်စွာဘုရားအား လာဘ်အန္တရာယ် ရှိ မရှိ ပြဿနာ

။ အသျှင်ဘုရားနာဂသေန “မြတ်စွာဘုရားသည် သင်္ကန်း၊ ဆွမ်း၊ ကျောင်း အိပ်ရာ နေရာ၊ သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်တို့ကို ရတော်မူ၏”ဟု အသျှင်ဘုရားတို့ ဆိုတော်မူကုန်၏။ တစ်ဖန်လည်း “မြတ်စွာဘုရားသည် ပဉ္စသာလပုဏ္ဏားရွာသို့ ဆွမ်းခံဝင်တော်မူသော် တစ်စုံတစ်ရာကိုမျှ မရခဲ့ဘဲ ဆေးကြောတိုင်းသော သပိတ်တော်ဖြင့် ပြန်လည်ထွက်ခဲ့ရ၏”ဟု အသျှင်ဘုရားတို့ ဆိုတော်မူကုန်၏။ အသျှင်ဘုရားနာဂသေန “မြတ်စွာဘုရားသည် သင်္ကန်း၊ ဆွမ်း၊ ကျောင်း အိပ်ရာ နေရာ၊ သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်တို့ကို အကယ်၍ ရတော်မူသည် ဖြစ်အံ့၊ ထိုသို့ဖြစ်မူ “ပဉ္စသာလ ပုဏ္ဏားရွာသို့ ဆွမ်းခံဝင်တော်မူသော် တစ်စုံတစ်ရာကိုမျှ မရခဲ့ဘဲ ဆေးကြောတိုင်းသော သပိတ်တော်ဖြင့် ပြန်လည်ထွက်ခဲ့ရ၏”ဟူသော စကားသည် မှားရာ၏။ ပဉ္စသာလပုဏ္ဏားရွာသို့ ဆွမ်းခံဝင်တော်မူသော် တစ်စုံတစ်ရာကိုမျှ မရခဲ့ဘဲ ဆေးကြောတိုင်းသော သပိတ်တော်ဖြင့် အကယ်၍ ပြန်လည်ထွက်ခဲ့ရသည် ဖြစ်အံ့၊ ထိုသို့ဖြစ်မူ “မြတ်စွာဘုရားသည် သင်္ကန်း၊ ဆွမ်း၊ ကျောင်း အိပ်ရာ နေရာ၊ သူနာ၏ အထောက် အပံ့ ဆေးအသုံးအဆောင်တို့ကို ရတော်မူ၏”ဟူသော ထိုစကားသည် မှားရာ၏။ အစွန်းနှစ်ဖက်ထွက်သော ဤပြဿနာသည်လည်း အလွန်ကြီးကျယ်၏၊ ဖြေနိုင်ရန်ခဲယဉ်း၏၊ အသျှင်ဘုရားထံသို့ အစဉ် ရောက်၏၊ အသျှင်ဘုရားသည် ထိုပြဿနာကို ဖြေရှင်းတော်မူပါလော့ဟု (လျှောက်၏)။

--

မင်းမြတ် မြတ်စွာဘုရားသည် သင်္ကန်း၊ ဆွမ်း၊ ကျောင်း အိပ်ရာ နေရာ၊ သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်တို့ကို ရတော်မူ၏၊ ပဉ္စသာလပုဏ္ဏားရွာသို့ ဆွမ်းခံဝင်တော်မူသော် တစ်စုံတစ်ရာကိုမျှ မရရှိခဲ့ဘဲ ဆေးကြောတိုင်းသော သပိတ်တော်ဖြင့် ပြန်လည်ထွက်ခဲ့ရ၏၊ ထိုသို့တစ်စုံတစ်ရာမျှ မရခဲ့ဘဲ ပြန်လည်၍ ထွက်တော်မူရခြင်းသည် ယုတ်မာသော မာရ်မင်း၏ အကြောင်းကြောင့် ဖြစ်ရပေ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန သို့ဖြစ်မူ အရေအတွက်ဂဏန်းကို လွန်ကုန်သော ကမ္ဘာတို့ ပတ်လုံး ပြုလုပ်စီရင်တော်မူအပ်သော မြတ်စွာဘုရား၏ ပါရမီကုသိုလ်တော်သည်ကုန်ဆုံးသွားပြီလော၊ ယခုမှသာ ဖြစ်ပေါ်သော ယုတ်မာသော မာရ်မင်းသည် ထိုပါရမီကုသိုလ်တော်၏ အစွမ်းအဟုန်ကို အသို့ ပိတ်ပင်နိုင်လေသနည်း၊ အသျှင်ဘုရားနာဂသေန ထိုသို့ ပိတ်ပင်နိုင်မူကား ထိုအရာ၌ ကုသိုလ်ထက်လည်း အကုသိုလ်တရားသည် အထူးသဖြင့် အားကြီး၏၊ မြတ်စွာဘုရား၏ အားတော်ထက်လည်း မာရ်နတ်၏ အားသည် အထူးသဖြင့် အားကြီး၏ဟု နှစ်ပါးသော အရာတို့၌ ပြောဆိုစွပ်စွဲဖွယ်သည် ဆိုက်ရောက်၏၊ ထိုသို့ဖြစ်ပြန်မူ သစ်ပင်ရင်းထက်လည်း အဖျားသည် သာ၍ လေးရာ၏၊ ထက်ဝန်းကျင်မှ ပြွမ်းသော ဂုဏ် ကျေးဇူးတရားထက်လည်း ယုတ်ညံ့သော အကုသိုလ်တရားသည် လွန်စွာ အားရှိပါ၏ဟု (လျှောက်၏)။ မင်းမြတ် ထိုမျှလောက်တည်းဖြင့် ကုသိုလ်ထက်လည်း အကုသိုလ်သည် အထူးသဖြင့် အားကြီးသည် မည်သည် မဖြစ်နိုင်ပေ၊ မြတ်စွာဘုရားအားတော်ထက်လည်း မာရ်မင်း၏ အားသည် အထူးသဖြင့် အားကြီးသည် မည်သည် မဖြစ်နိုင်ပေ၊ စင်စစ်သော်ကား ဤနေရာ၌အကြောင်းကို (ရှာရန်) လိုလား အပ်၏။

မင်းမြတ် ဥပမာအားဖြင့် ယောက်ျားသည် စကြဝတေးမင်း၏ (အကျိုးငှါ) ပျားရည်ကိုလည်းကောင်း၊ ပျား မုန့်ဆုပ်ကိုလည်းကောင်း၊ အခြားသော လက်ဆောင်ပဏ္ဏာကိုလည်းကောင်း ဆောင်ခဲ့ရာ၏၊ ထိုယောက်ျားကို မင်း၏ တံခါးစောင့်သည် “အချင်း ဤအချိန်အခါသည်ကား မင်းအား ဖူးမြင်ရန် အချိန် အခါ မဟုတ်ချေ၊ အချင်း ထို့ကြောင့်ပင် သင့်အား မင်းသည် ဒဏ်မထားမီ သင်၏ လက်ဆောင်ပဏ္ဏာကို ယူ၍ အလွန်လျင်မြန်စွာ ပြန်သွားလော့”ဟု ပြောဆိုရာ၏၊ ထိုသို့ပြောဆိုသောကြောင့် ထိုယောက်ျားသည် မင်းဒဏ်မှ ကြောက်သည်ဖြစ်၍ ထိတ်လန့်တုန်လှုပ်လျက် ထိုလက်ဆောင်ပဏ္ဏာကို ယူ၍ အလွန်လျင်မြန်စွာ ပြန်ခဲ့ရာ၏၊ မင်းမြတ် ထိုစကြဝတေးမင်းသည် ထိုမျှလောက်သော လက်ဆောင်ပဏ္ဏာမှ ချို့တဲ့ကာမျှဖြင့် တံခါးစောင့်အောက် အားအစွမ်း ယုတ်လျော့နေသလော၊ ထို့ပြင် အခြားတစ်စုံတစ်ရာသော လက်ဆောင်ကိုလည်း မရရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မဟုတ်ပါ၊ အသျှင်ဘုရား ငြူစူခြင်းနှိပ်စက်သည် ဖြစ်၍ ထိုတံခါးစောင့်သည် လက်ဆောင်ပဏ္ဏာကို တားမြစ်၏၊ တစ်ပါးသော တံခါးဖြင့်ကား အဆအသိန်း မကသော လက်ဆောင်ပဏ္ဏာသည် မင်းအား ရောက်ပါ၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် ငြူစူခြင်းနှိပ်စက်သည်ဖြစ်၍ ယုတ်မာသော မာရ်နတ်သည် ပဉ္စသာလပုဏ္ဏားနှင့် အမျိုးသားတို့သို့ ပူးဝင်၏၊ ထိုသို့ ဖြစ်သော်လည်း တစ်ပါးကုန်သော များစွာကုန်သော အသိန်းမကသော နတ်တို့သည် နတ်၌ ဖြစ်သော အမြိုက်သုဓာဘုတ်ကို ကိုင်ယူ၍ “မြတ်စွာဘုရား ကိုယ်တော်၌ နတ်ဩဇာကို ထည့်သွင်းကုန်အံ့ဟု ကပ်ရောက်ကြကာ မြတ်စွာဘုရားကို လက်အုပ်ချီမိုးရှိခိုးကုန်လျက် ရပ်တည်ကုန်၏”ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ရှိပါစေတော့၊ လောက၌ ယောက်ျားမြတ်ဖြစ်တော်မူသော မြတ်စွာဘုရားအား ပစ္စည်းလေးပါးတို့သည် ရလွယ်ပေကုန်၏၊ မြတ်စွာဘုရားသည် နတ်လူတို့ တောင်းပန်အပ်သည် ဖြစ်၍သာ ပစ္စည်းလေးပါးတို့ကို သုံးဆောင်တော်မူ၏၊ စင်စစ်သော်ကား ထိုမာရ်နတ်သည် မြတ်စွာဘုရား၏ စားဖွယ်ဘောဇဉ်၏ အန္တရာယ်ကို ပြုနိုင်ရကား ထိုမျှလောက်ဖြင့် မာရ်နတ်၏ အလိုအတိုင်း ပြီးလေ တော့၏၊ အသျှင်ဘုရား ဤအရာဌာန၌ အကျွန်ုပ်၏ ယုံမှားခြင်းသည် မပြတ်စဲသေးပါ၊ ထိုအရာဌာန၌ အကျွန်ုပ်သည် နှလုံးအလို့လို့ဖြစ်၍ ယုံမှားခြင်းသို့ ပြေးဝင်လျက် ရှိနေပါသေး၏၊ ပူဇော်အထူးကို ခံတော့်မူထိုက်သော၊ (သစ္စာလေးပါးတရားတို့ကို) မိမိ အလိုလို ကိုယ်တော်တိုင်သာ သိတော်မူသော၊ နတ်နှင့်တကွသော လူအပေါင်း၌ အမြတ်ဆုံးပုဂ္ဂိုလ်၊ ထက်မြတ်သော ပုဂ္ဂိုလ်ဖြစ်တော်မူသော၊ ကုသိုလ်ထူး ကုသိုလ်မြတ်တို့၏ ဖြစ်ထွန်းရာဖြစ်သော၊ အတုမဲ့သော ရှေးဘုရားတို့နှင့်သာ တူတော်မူသော၊ နှိုင်းရှည့် စရာ ဥပမာမရှိသော အတုမဲ့ဖြစ်တော်မူသော၊ တူသူရှိတော်မမူသော မြတ်စွာဘုရားအား ယုတ်သော၊ ညံ့သော၊ နည်းသော၊ မကောင်းသော၊ မစင်ကြယ်သော၊ ဖောက်ပြန်သော လာဘ်အန္တရာယ်ကို မာရ်နတ် သည် ပြုနိုင်သောကြောင့် ထိုအရာ၌ အကျွန်ုပ်၏ စိတ်သည် မသက်ဝင် မဆုံးဖြတ်နိုင်ပါဟု (လျှောက်၏)။

--

မင်းမြတ် လာဘ်အန္တရာယ်တို့သည်ကား-

- မရည်မရွယ် မျက်ကွယ်လာဘ်အန္တရာယ်၊

- ရည်ရွယ်၍ ပြုအပ်ပြီးသော လာဘ်အန္တရာယ်၊

- ရှေးရှုနီးကပ် ပြုစီရင်အပ်သော လာဘ်အန္တရာယ်၊

- သုံးဆောင်ဆဲဖြစ်သော လာဘ်အန္တရာယ်ဟူ၍ လေးပါးရှိ၏။

ထိုလေးပါးတို့တွင် မရည်မရွယ် မျက်ကွယ်လာဘ်အန္တရာယ်ဟူသည် အဘယ်နည်း၊ မရည်မရွယ် သေးမူ၍ မျက်ကွယ်အားဖြင့် မစီရင်ရသေးသော လာဘ်ကို တစ်စုံတစ်ယောက်သောသူသည် “သူတစ်ပါး အား ပေးသဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု အန္တရာယ်ကို ပြု၏၊ ဤသည်ကား မရည်မရွယ် မျက်ကွယ် လာဘ်အန္တရာယ်တည်း။

ရည်ရွယ်၍ ပြုအပ်ပြီးသော လာဘ်အန္တရာယ်သည် အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်ကို ရည်ရွယ်ညွှန်ပြ၍ စားဖွယ်ဘောဇဉ်ကို စီရင်အပ်၏၊ ထိုလာဘ်ကို တစ်စုံတစ်ယောက်သောသူသည် အန္တရာယ် ပြု၏၊ ဤသည်ကား ရည်ရွယ်၍ ပြုအပ်ပြီးသော လာဘ်အန္တရာယ်တည်း။

ရှေးရှုနီးကပ် ပြုစီရင်အပ်သော လာဘ်အန္တရာယ်သည် အဘယ်နည်း၊ ဤလောက၌ တစ်စုံတစ်ခုသော လာဘ်ကို ရှေးရှုနီးကပ် ပြုစီရင်အပ်၏၊ မခံမယူအပ်သေး၊ ထိုလာဘ်၌ တစ်စုံတစ်ယောက်သောသူသည် အန္တရာယ်ပြု၏၊ ဤသည်ကား ရှေးရှုနီးကပ် ပြုစီရင်အပ်သော လာဘ်အန္တရာယ်တည်း။

သုံးဆောင်ဆဲဖြစ်သော လာဘ်အန္တရာယ်သည် အဘယ်နည်း၊ ဤလောက၌ တစ်စုံတစ်ခုသော ပစ္စည်းလာဘ်ကို သုံးဆောင်ခံစားဆဲဖြစ်၏၊ ထိုသုံးဆောင်ခံစားဆဲဖြစ်သော ပစ္စည်းလာဘ်၌ တစ်စုံ တစ်ယောက်သောသူသည် အန္တရာယ်ပြု၏၊ ဤသည်ကား သုံးဆောင်ဆဲဖြစ်သော လာဘ်အန္တရာယ်တည်း။ မင်းမြတ် ဤသည်တို့ကား အန္တရာယ်လေးပါးတို့တည်း။

အကြင်ဘောဇဉ်ဟူသော အကြောင်းကြောင့် ယုတ်မာသော မာရ်နတ်သည် ပဉ္စသာလရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့ကို ပူးဝင်၏၊ ထိုဘောဇဉ်သည် မြတ်စွာဘုရားသုံးဆောင်တော်မူဆဲဖြစ်သော လာဘ်ပစ္စည်းလည်း မဟုတ်၊ ရှေးရှုနီးကပ် ပြုစီရင်အပ်သော လာဘ်ပစ္စည်းလည်း မဟုတ်၊ ရည်ရွယ်၍ ပြုအပ်ပြီးသော လာဘ်ပစ္စည်းလည်း မဟုတ်၊ မရောက်လာသေးသော ရှေးရှုမျက်မှောက် မရောက်သေးသော လာဘ်ကို မျက်ကွယ်အားဖြင့် အန္တရာယ်ပြု၏၊ ဧကန်စင်စစ်သော်ကား ထိုအန္တရာယ်သည် ဘုရားရှင် တစ်ပါးတည်းအားသာ မဟုတ်၊ အကြင်အသျှင်တို့သည် ထိုအခိုက် ထိုအခါ၌ ဆွမ်းခံထွက်ကုန်၏၊ ရှေးရှု လာရောက်ကုန်၏၊ ထိုအသျှင်အားလုံးတို့သည်ပင် ထိုနေ့၌ ဘောဇဉ်ကို မရရှိနိုင်ကြကုန်၊ မင်းမြတ် အကြင် သူသည် ထိုမြတ်စွာဘုရားအား ရည်ရွယ်၍ ပြုအပ်ပြီးသော လာဘ်ကိုလည်းကောင်း၊ ရှေးရှုနီးကပ် ပြုစီရင်အပ်သော လာဘ်ကိုလည်းကောင်း၊ သုံးဆောင်ဆဲဖြစ်သော လာဘ်ကိုလည်းကောင်း အန္တရာယ် ပြုရာ၏၊ ထိုအန္တရာယ်ပြုနိုင်မည့်သူကို နတ်၊ မာရ်နတ်၊ ဗြဟ္မာနှင့်တကွသော၊ နတ်လောကနှင့် သမဏဗြာဟ္မဏမင်းများ၊ လူများနှင့်တကွသော လူ့လောက၌ ငါမမြင်၊ တစ်စုံတစ်ယောက်သောသူ သည် ငြူစူခြင်းနှိပ်စက်အပ်သည်ဖြစ်၍ ရည်ရွယ်၍ ပြုအပ်ပြီးသော လာဘ်ကိုလည်းကောင်း၊ ရှေးရှု နီးကပ် ပြုစီရင်အပ်သော လာဘ်ကိုလည်းကောင်း၊ သုံးဆောင်ဆဲဖြစ်သော လာဘ်ကိုလည်းကောင်း အန္တရာယ် ပြုခဲ့မူ ထိုပြုသူ၏ ဦးခေါင်းသည် အစိတ်အရာသော်လည်းကောင်း၊ အစိတ်အထောင်သော်လည်းကောင်း ကွဲရာ၏။

--

မင်းမြတ် တစ်စုံတစ်ယောက်သောသူသည် မတားမြစ်မပိတ်ပင်နိုင်သော မြတ်စွာဘုရား၏ ဂုဏ် ကျေးဇူးတရားတို့သည် ဤလေးပါးတို့တည်း။ အဘယ်လေးပါးတို့နည်းဟူမူ- မင်းမြတ် မြတ်စွာဘုရား အား ရည်ညွှန်း၍ ပြုထားသော ရှေးရှုနီးကပ် ပြုစီရင်အပ်ပြီးသော လာဘ်ကို တစ်စုံတစ်ယောက်သောသူသည် အန္တရာယ်ပြုခြင်းငှါ မတတ်နိုင်၊ မင်းမြတ် မြတ်စွာဘုရား၏ကိုယ်တော်သို့ အစဉ်လိုက်သော တစ်လံမျှလောက်သော ရောင်ခြည်တော်ကို တစ်စုံတစ်ယောက်သောသူသည် အန္တရာယ်ပြုခြင်းငှါ မတတ်နိုင်၊ မင်းမြတ် မြတ်စွာဘုရား၏ သဗ္ဗညုတ ဉာဏ်တော်ရတနာကို တစ်စုံတစ်ယောက်သောသူသည် အန္တရာယ်ပြုခြင်းငှါ မတတ်နိုင်၊ မင်းမြတ် မြတ်စွာဘုရား၏ အသက်တော် ‘ဇီဝိတိန္ဒြေ ‘ကို တစ်စုံ တစ်ယောက်သောသူသည် အန္တရာယ်ပြုခြင်းငှါ မတတ်နိုင်၊ မင်းမြတ် တစ်စုံတစ်ယောက်သောသူသည် မတားမြစ် မပိတ်ပင်နိုင်သော မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးတရားတို့သည် ဤလေးပါးတို့တည်း။ မင်းမြတ် ထိုအလုံးစုံသော ဂုဏ်ကျေးဇူးတရားတို့သည်လည်း တူသောသဘောရှိကုန်၏။ အန္တရာယ် မရှိကုန်၊ မပျက်စီးကုန်၊ သူတစ်ပါးတို့ လုံ့လမပြုနိုင်ကုန်၊ မထိမရောက်နိုင်ကုန်သော အမူအရာတို့ပေတည်း။ မင်းမြတ် ယုတ်မာသော မာရ်နတ်သည် မမြင်အောင်ပုန်းကွယ်၍ ပဉ္စသာလရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့ကို ပူးဝင်၏။

မင်းမြတ် ဥပမာအားဖြင့် မင်း၏ တိုင်းစွန်ဖြစ်သော မညီမညွတ်သော အရပ်၌ ခိုးသူတို့သည် မမြင်အောင် ပုန်းကွယ်၍ ခရီးလမ်းကို ဖျက်ဆီးကုန်၏၊ မင်းမြတ် ထိုခိုးသူတို့ကို မင်းသည် အကယ်၍ တွေ့မြင်ငြားအံ့၊ ထိုခိုးသူတို့သည် ချမ်းသာခြင်းကို ရကုန်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ချမ်းသာခြင်းကို မရကုန်ရာပါ၊ ပုဆိန်ဖြင့် အစိတ်အရာ,အစိတ်အထောင် ခွဲစေရာပါ၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် ယုတ်မာသော မာရ်နတ်သည် မမြင်အောင် ပုန်းကွယ်၍ ပဉ္စသာလရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့ကို ပူးဝင်၏။

မင်းမြတ် ဥပမာတစ်မျိုးသော်ကား လင်ရှိမိန်းမသည် မမြင်အောင် ပုန်းလျှိုး၍ ယောက်ျားတစ်ပါးကို ပေါင်းဖော်မှီဝဲ၏၊ မင်းမြတ် ဤအတူသာလျှင် ယုတ်မာသော မာရ်နတ်သည် မမြင်အောင် ပုန်းကွယ်၍ ပဉ္စသာလရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့ကို ပူးဝင်၏၊ မင်းမြတ် လင်ရှိမိန်းမသည် လင်၏ မျက်မှောက်၌ ယောက်ျားတစ်ပါးကို အကယ်၍ ပေါင်းဖော်မှီဝဲသည် ဖြစ်အံ့၊ ထိုမိန်းမသည် ချမ်းသာခြင်းကို ရနိုင်မည်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ချမ်းသာခြင်းကို မရနိုင်ရာပါ၊ အသျှင်ဘုရား လင်ယောက်ျားသည် ထိုမိန်းမကို သတ်သော်လည်း သတ်ရာပါ၏၊ ညှဉ်းဆဲသော်လည်း ညှဉ်းဆဲရာပါ၏၊ နှောင်ဖွဲ့သော်လည်း နှောင်ဖွဲ့ရာပါ၏၊ ကျွန်မ၏ အဖြစ်သို့သော်လည်း ဆောင်ရာပါ၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် ယုတ်မာသော မာရ်နတ်သည် မမြင်အောင် ပုန်းကွယ်၍ ပဉ္စသာလရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့ကို ပူးဝင်၏၊ မင်းမြတ် ယုတ်မာသော မာရ်နတ်သည် မြတ်စွာဘုရားအား ရည်ညွှန်း၍ ပြုထားပြီးသော လာဘ်ကိုလည်းကောင်း၊ ရှေးရှုနီးကပ် ပြုစီရင်အပ်သော လာဘ်ကိုလည်းကောင်း၊ သုံးဆောင်ဆဲဖြစ်သော လာဘ်ကိုလည်းကောင်း၊ အန္တရာယ်ပြုခဲ့မူ ထိုမာရ်နတ်၏ ဦးခေါင်းသည်လည်း အစိတ်အရာ, အစိတ်အထောင် ကွဲလေရာ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန ဤစကားသည် ဤသို့ ဆိုတိုင်းဟုတ်ပါ၏၊ ယုတ်မာသော မာရ်နတ်သည် ခိုးကြောင်ခိုးဝှက် ပြုအပ်၏၊ ယုတ်မာသော မာရ်နတ်သည် ပုန်းကွယ်၍ ပဉ္စသာလရွာသားပုဏ္ဏားနှင့် အမျိုးသားတို့ကို ပူးဝင်ပါ၏၊ အသျှင်ဘုရား ယုတ်မာသော ထိုမာရ်နတ်သည် မြတ်စွာဘုရားအား ရည်ညွှန်း၍ ပြုအပ်ပြီးသော လာဘ်ကိုလည်းကောင်း၊ ရှေးရှုနီးကပ် ပြုစီရင်အပ်သော လာဘ်ကိုလည်းကောင်း၊ သုံးဆောင်ဆဲ ဖြစ်သော လာဘ်ကိုလည်းကောင်း အန္တရာယ်ပြုခဲ့မူ ထိုမာရ်နတ်၏ ဦးခေါင်းသည်လည်း အစိတ်အရာ အစိတ့်အထောင်ကွဲလေရာပါ၏၊ ထိုမာရ်နတ်၏ ကိုယ်သည်လည်း ဖွဲဆုပ်ကဲ့သို့ ဖရိုဖရဲ ပြန့်ကြဲရာ၏၊ အသျှင် ဘုရားနာဂသေန ကောင်းလှပါ၏၊ ဤသို့လျှင် ဤစကားကို ထိုသို့ဆိုတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။

ငါးခုမြောက် ဗုဒ္ဓလာဘန္တရာယပဥှာ ပြီး၏။

--

၆-အပုညပဥှာ

မကောင်းမှု ပွားစီး၊ မပွားစီး ပြဿနာ

။ အသျှင်ဘုရားနာဂသေန “မသိမူ၍ သူ့အသက်သတ်ခြင်းကို ပြုသူသည် အလွန်အားကြီးသော မကောင်းမှုကို ပွားစီးစေ၏”ဟု အသျှင်ဘုရားတို့ ဆိုပါကုန်၏။ တစ်ဖန်လည်း ဝိနည်းပညတ်တော်၌ “မသိသော ရဟန်းအား အာပတ်မသင့်”ဟု မြတ်စွာဘုရား ဟောတော်မူအပ်ပါ၏။ အသျှင်ဘုရားနာဂသေန မသိမူ၍ သူ့အသက်သတ်ခြင်းကို ပြုသောသူသည် အလွန်အားကြီးသော မကောင်းမှုကို အကယ်၍ ပွားစီးစေသည် ဖြစ်အံ့၊ ထိုသို့ဖြစ်ပါမူ “မသိသော ရဟန်းအား အာပတ်မသင့်”ဟူသော ထိုစကားသည် မှားရာ၏။ မသိသော ရဟန်းအား အကယ်၍ အာပတ်မသင့်သည် ဖြစ်အံ့၊ ထိုသို့ဖြစ်ပါမူ “မသိမူ၍ သူ့အသက်သတ်ခြင်းကို ပြုသောသူသည် အလွန်အားကြီးသော မကောင်းမှုကို ပွားစီးစေ၏”ဟူသော ထိုစကားသည် မှားရာ၏။ အစွန်းနှစ်ဖက် ထွက်သော၊ သက်ဝင်ရန် ခဲယဉ်းသော၊ လွန်မြောက်နိုင်ခဲသော ဤပြဿနာသည်လည်း အသျှင်ဘုရားထံသို့ အစဉ်ရောက်ပါ၏။ ထိုပြဿနာကို အသျှင်ဘုရားသည် ဖြေရှင်းတော်မူပါလော့ဟု (လျှောက်၏)။

မင်းမြတ် “မသိမူ၍ သူ့အသက်သတ်ခြင်းကို ပြုသူသည် အလွန်အားကြီးသော မကောင်းမှုကို ပွားစီးစေ၏”ဟု ထိုစကားကိုလည်း မြတ်စွာဘုရား ဟောတော်မူအပ်၏။ တစ်ဖန်လည်း ဝိနည်းပညတ် တော်၌ “မသိသော ရဟန်းအား အာပတ်မသင့်”ဟု မြတ်စွာဘုရား ဟောတော်မူအပ်၏။ ထိုသို့ ဟောရာ၌ အဓိပ္ပါယ်အထူးရှိ၏။ အဓိပ္ပါယ်အထူးသည် အဘယ်နည်းဟူမူ-မင်းမြတ် သညာကြောင့် အပြစ်လွတ်သော အာပတ်သည် ရှိ၏။ သညာကြောင့် အပြစ်မလွတ်သော အာပတ်သည် ရှိ၏။ မင်းမြတ် အကြင်အာပတ် သည် သညာကြောင့် အပြစ်မှ လွတ်၏၊ ထိုအာပတ်ကို အကြောင်းပြု၍ မြတ်စွာဘုရားသည် “မသိသော ရဟန်းအား အာပတ်မသင့်”ဟု ဟောတော်မူအပ်၏။ အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏ဟု ဤသို့ လျှင် ဤစကားကို ထိုသို့ဆိုတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

ခြောက်ခုမြောက် အပုညပဥှာ ပြီး၏။

--

၇-ဘိက္ခုသံဃပရိဟရဏပဥှာ

ရဟန်းသံဃာကို ထိန်းသိမ်းဆောင်ရွက်ခြင်း ပြဿနာ

။ အသျှင်ဘုရားနာဂသေန “အာနန္ဒာ ‘ငါသည် ရဟန်းသံဃာကို ထိန်းသိမ်းဆောင်ရွက်ဦးအံ့’ဟူ၍လည်းကောင်း၊ ‘ရဟန်းသံဃာသည် ငါဘုရားလျှင် ရည်ညွှန်းခြင်းရှိ၏ ‘ဟူ၍လည်းကောင်း မြတ်စွာဘုရားအား ဤသို့သော တွယ်တာငဲ့ကွက်မှု မဖြစ်”ဟု ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မူအပ်ပါ၏။ တစ်ဖန်လည်း မေတ္တေယျမြတ်စွာဘုရား၏ သဘာဝဂုဏ်တော်ကို ပြတော်မူသော မြတ်စွာဘုရားသည် “ငါဘုရားသည် ယခုအခါ၌ရာပေါင်းများစွာသော ရဟန်းသံဃာကို ထိန်းသိမ်းဆောင်ရွက်သကဲ့သို့၊ ထို့အတူ ထိုမေတ္တေယျမြတ်စွာဘုရားသည် ထောင်ပေါင်းများစွာသော ရဟန်းသံဃာကို ထိန်းသိမ်း ဆောင်ရွက်လတ္တံ့”ဟု ဤသို့ ဟောတော်မူခဲ့ပြန်ပါ၏။ အသျှင်ဘုရားနာဂသေန “အာနန္ဒာ ‘ငါသည် ရဟန်းသံဃာကို ထိန်းသိမ်းဆောင်ရွက်၏ ‘ဟူ၍လည်းကောင်း၊ ‘ရဟန်းသံဃာသည် ငါဘုရားလျှင် ရည်ညွှန်းခြင်းရှိ၏ ‘ဟူ၍လည်းကောင်း မြတ်စွာဘုရားအား ဤသို့သောတွယ်တာ ငဲ့ကွက်မှုသည် မဖြစ်”ဟု အကယ်၍ မြတ်စွာဘုရား ဟောတော်မူသည် ဖြစ်အံ့၊ ထိုသို့ဖြစ်မူရာပေါင်းများစွာသော ရဟန်းသံဃာကို့ထိန်းသိမ်းဆောင်ရွက်၏ဟူသော စကားသည် မှားရာ၏။ “ငါဘုရားသည် ယခုအခါ၌ရာပေါင်းများစွာသော ရဟန်းသံဃာကို ထိန်းသိမ်းဆောင်ရွက်သကဲ့သို့၊ ထို့အတူ ထိုမေတ္တေယျမြတ်စွာဘုရားသည် ထောင်ပေါင်း များစွာသော ရဟန်းသံဃာကို ထိန်းသိမ်းဆောင်ရွက်လတ္တံ့”ဟု အကယ်၍ ဟောတော်မူခဲ့ပြန်သည် ဖြစ်အံ့၊ ထိုသို့ဖြစ်မူ “အာနန္ဒာ ငါသည် ရဟန်းသံဃာကို ထိန်းသိမ်းဆောင်ရွက်အံ့”ဟူ၍လည်းကောင်း၊ “ရဟန်း သံဃာသည် ငါဘုရားလျှင် ရည်ညွှန်းခြင်းရှိ၏”ဟူ၍လည်းကောင်း မြတ်စွာဘုရားအား ဤသို့သော ငဲ့ကွက် တွယ်တာမှုသည် မဖြစ်ဟူသော ထိုစကားသည်လည်း မှားရာ၏။ အစွန်းနှစ်ဖက်ထွက်သော ဤပြဿနာ သည်လည်း အသျှင်ဘုရားထံသို့ အစဉ်ရောက်ပါ၏၊ ထိုပြဿနာကို အသျှင်ဘုရားသည် ဖြေရှင်းတော်မူပါ လော့ဟု (လျှောက်၏)။

မင်းမြတ် “အာနန္ဒာ ‘ငါသည် ရဟန်းသံဃာကို ထိန်းသိမ်းဆောင်ရွက်အံ့’ဟူ၍လည်းကောင်း၊ ‘ရဟန်းသံဃာသည် ငါဘုရားလျှင် ရည်ညွှန်းခြင်းရှိ၏ ‘ဟူ၍လည်းကောင်း၊ မြတ်စွာဘုရားအား ငဲ့ကွက် တွယ်တာမှုသည် မဖြစ်”ဟူ၍လည်းကောင်း ထိုစကားကိုလည်း မြတ်စွာဘုရား ဟောတော်မူအပ်၏။ တစ်ဖန်လည်း မေတ္တေယျမြတ်စွာဘုရား၏ သဘာဝဂုဏ်တော်ကို ပြတော်မူသော မြတ်စွာဘုရားသည် “ငါဘုရား သည် ယခုအခါ၌ရာပေါင်းများစွာသော ရဟန်းသံဃာကို ထိန်းသိမ်းဆောင်ရွက်သကဲ့သို့၊ ထို့အတူ ထိုမေတ္တေယျမြတ်စွာဘုရားသည် ထောင်ပေါင်းများစွာသော ရဟန်းသံဃာကို ထိန်းသိမ်းဆောင်ရွက်လတ္တံ့”ဟု ဟောတော်မူအပ်၏။ မင်းမြတ် စင်စစ် ထိုပြဿနာ၌ တစ်စိတ်သော အဓိပ္ပါယ်သည် အကြွင်း ရှိ၏၊ တစ်စိတ်သော အဓိပ္ပါယ်သည် အကြွင်းမရှိ။ မင်းမြတ် မြတ်စွာဘုရားသည် ပရိသတ်သို့ အစဉ်လိုက် တော်မမူ၊ ပရိသတ်ကသာ မြတ်စွာဘုရားသို့ အစဉ်လိုက်ရ၏။ မင်းမြတ် “ငါ”ဟူ၍လည်းကောင်း၊ “ငါ့ဥစ္စာ”ဟူ၍လည်းကောင်း ဤစကားသည် လောကအမှတ် ပညတ်ခေါ်ဝေါ်ခြင်းမျှသာတည်း။ ဤ (ငါ, ငါ၏ ဥစ္စာဟူသော) စကားသည် ပရမတ်စကားမဟုတ်။ မင်းမြတ် မြတ်စွာဘုရားအား ချစ်ခြင်းတဏှာ ကင်းတော်မူ၏။ တပ်မက်လေးမြတ်ခြင်းကင်းတော်မူ၏။ မြတ်စွာဘုရားအား “ငါ၏ဥစ္စာ”ဟူ၍လည်း စွဲလမ်းယူခြင်းသည် မရှိ။ ဧကန်အမှန်သော်ကား ဥပါဒါပညတ်၏ ထောက်ထားမှီတွယ်ရာဖြစ်၏။

--

မင်းမြတ် ဥပမာအားဖြင့် မြေကြီးသည် မြေ၌ တည်ကုန်သော သတ္တဝါတို့၏ တည်ရာမှီရာဖြစ်၏။ ဤသတ္တဝါတို့သည် မြေ၌သာ တည်ရကုန်၏။ မြေကြီးအား “ဤသတ္တဝါတို့ကား ငါ၏ ဥစ္စာတို့တည်း”ဟူ၍ ငဲ့ကွက်ခြင်းသည် ရှိလည်း မရှိပေ။ မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရားသည် အလုံးစုံသော သတ္တဝါတို့၏ တည်ရာမှီရာဖြစ်၏။ ဤသတ္တဝါတို့သည် မြတ်စွာဘုရားသာ တည်ရာမှီရာ ရှိကုန်၏။ မြတ်စွာဘုရားအား ဤသတ္တဝါတို့ကား “ငါ၏ ဥစ္စာတို့တည်း”ဟု ငဲ့ကွက်ခြင်းသည် မဖြစ်။ မင်းမြတ် ဥပမာတစ်နည်းသော်ကား သည်းထန်သော မိုးကြီးသည် ရွာသွန်းသည်ရှိသော် မြက်သစ်ပင်၊ သားကောင်၊ လူသားတို့အား ကြီးပွားခြင်းကို ပေး၏။ အစဉ်ကို စောင့်ရှောက်၏။ အလုံးစုံသော ဤသတ္တဝါတို့သည်လည်း မိုးကြီးကို မှီ၍သာ အသက်မွေးရကုန်၏။ မိုးကြီးအား “ဤသတ္တဝါတို့ကား ငါ၏ သတ္တဝါတို့တည်း”ဟု ငဲ့ကွက်ခြင်းသည် မဖြစ်။ မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရားသည် အလုံးစုံသော သတ္တဝါတို့အား ကုသိုလ်တရားတို့ကို ဖြစ်စေ၏၊ အစဉ် စောင့်၏၊ အလုံးစုံသော ဤသတ္တဝါတို့သည်လည်း မြတ်စွာဘုရားကို မှီ၍ အသက်မွေးကုန်၏။ မြတ်စွာဘုရားအား “ဤသတ္တဝါတို့သည်ကား ငါ၏ သတ္တဝါတို့တည်း”ဟု ငဲ့ကွက်ခြင်းသည် မဖြစ်။ ထိုသို့ မဖြစ်ခြင်းသည် အဘယ် အကြောင်းကြောင့်နည်းဟူမူ-ငါဟု စွဲလမ်းသော အယူမှားကို ပယ်ပြီးသည်၏ အဖြစ်ကြောင့်တည်းဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏။ ပြဿနာကို များစွာသော အကြောင်းတို့ဖြင့် ကောင်းစွာ့ဖြေရှင်းတော်မူအပ်ပါပေ၏။ နက်နဲသည်ကို ပေါ်လွင်အောင် ပြုနိုင်ပါပေ၏။ အထုံးအဖွဲ့ကို ဖျက်ဆီးနိုင်ပါ ပေ၏။ ရှုပ်ထွေးသည်ကို မရှုပ်ထွေးအောင် ပြုတော်မူနိုင်ပါပေ၏။ အမိုက်တိုက်ကို လင်းအောင်ပြုတော်မူ နိုင်ပါပေ၏။ တစ်ပါးသော အယူတို့ကို ချိုးဖျက်တော်မူနိုင်ပါပေ၏။ မြတ်စွာဘုရားသားတော်တို့အား ပညာ မျက်စိကို ဖြစ်စေတော်မူအပ်ပါပေ၏ဟု (လျှောက်၏)။ ။

ခုနစ်ခုမြောက် ဘိက္ခုသံဃပရိဟရဏပဥှာ ပြီး၏။

၈-အဘေဇ္ဇပရိသပဥှာ

မြတ်စွာဘုရားအား မကွဲပျက်သော ပရိသတ် ရှိ မရှိ ပြဿနာ

။ အသျှင်ဘုရားနာဂသေန “မြတ်စွာဘုရားသည် မကွဲပျက်သော ပရိသတ်ရှိ၏”ဟု အသျှင် ဘုရားတို့ ဆိုတော်မူကုန်၏။ “ဒေဝဒတ်သည် ရဟန်းငါးရာတို့ကို တစ်ပြိုင်နက် ခွဲဖျက်အပ်ကုန်၏”ဟူ၍လည်း တစ်ဖန်ဆိုပြန်ကုန်၏။ အသျှင်ဘုရားနာဂသေန မြတ်စွာဘုရားသည် အကယ်၍ မပျက်စီးသော ပရိသတ်ရှိသည် ဖြစ်အံ့၊ ထိုသို့ဖြစ်ပါမူ ဒေဝဒတ်သည် ရဟန်းငါးရာတို့ကို တစ်ပြိုင်နက် ခွဲဖျက်အပ်ကုန်၏ဟူသော စကားသည် မှားရာ၏၊ ဒေဝဒတ်သည် ရဟန်းငါးရာတို့ကို တစ်ပြိုင်နက် အကယ်၍ ခွဲဖျက်အပ်ကုန်သည် ဖြစ်အံ့၊ ထိုသို့ဖြစ်ပါမူ မြတ်စွာဘုရားသည် မပျက်စီးသော ပရိသတ်ရှိ၏ဟူသော ထိုစကားသည် မှားရာ၏၊ အစွန်းနှစ်ဖက်ထွက်သော ဤပြဿနာသည်လည်း အသျှင်ဘုရားထံသို့ အစဉ် ရောက်၏၊ နက်နဲ၏၊ ဖြေရှင်းနိုင်ခဲ၏၊ ထုံးဖွဲ့သည်ထက်လည်း အထူးသဖြင့် ထုံးဖွဲ့၏၊ ဤအရာ၌ ဤလူ အပေါင်းသည် ပိတ်ပင်၏၊ ဖုံးကွယ်၏၊ ကွယ်ကာ၏၊ ပိတ်ဆို့၏၊ ထက်ဝန်းကျင် မြှေးယှက်ဖွဲ့စပ်၏၊ ဤပြဿနာဝယ် သူတစ်ပါးအယူတို့၌ အသျှင်ဘုရား၏ ဉာဏ်အားကို ပြတော်မူပါလော့ဟု (လျှောက်၏)။

--

မင်းမြတ် မြတ်စွာဘုရားသည် မပျက်စီးသော ပရိသတ်ရှိ၏။ ဒေဝဒတ်သည်လည်း ရဟန်းငါးရာတို့ကို တစ်ပြိုင်နက် ခွဲဖျက်အပ်ကုန်၏။ စင်စစ်အားဖြင့် ထိုသို့ ခွဲဖျက်ခြင်းသည်လည်း ခွဲဖျက်တတ်သူ၏ အစွမ်းကြောင့် ဖြစ်၏။ မင်းမြတ် ခွဲဖျက်မည့်သူ ရှိခဲ့သော် မကွဲပျက်သော အရာမည်သည် မရှိပေ။ ခွဲမည့်သူရှိခဲ့သော် အမိသည်လည်း သားနှင့် ကွဲရ၏။ သားသည်လည်း အမိနှင့် ကွဲရ၏။ အဖသည်လည်း သားနှင့် ကွဲရ၏။ သားသည်လည်း အဖနှင့် ကွဲရ၏။ အစ်ကိုသည်လည်း နှမနှင့် ကွဲရ၏။ နှမသည်လည်း အစ်ကိုနှင့် ကွဲရ၏။ အပေါင်းအဖော်သည်လည်း အပေါင်းအဖော်နှင့် ကွဲရ၏။ လှေသည်လည်း အမျိုးမျိုးသော ပျဉ်ချပ်သစ်သားတို့ကို အထူးထူးသော သစ်ဖြင့် ဖွဲ့စပ်အပ်လျက် လှိုင်းတံပိုးအဟုန် ပုတ်ခတ်ခြင်း ကြောင့် ကွဲပျက်၏။ ပျားကဲ့သို့ ချိုမြိန်သော အသီးရှိသော သစ်ပင်သည်လည်း လေ၏ အစွမ်းအဟုန် တိုက်ခတ်အပ်သည်ဖြစ်၍ လဲပြိုပျက်စီး၏။ အမျိုးမှန်သော ဇမ္ဗူရဇ်ရွှေစင်ပင်ဖြစ်သော်လည်း ကြေးနီကြောင့် ပျက်စီး၏။ မင်းမြတ် စင်စစ်သော်ကား မြတ်စွာဘုရားသည် ပျက်စီးသော ပရိသတ်ရှိ၏ဟူသော ဤအလို သည် ပညာရှိတို့၏ အလိုမဟုတ်။ ဤနှလုံးသွင်းသည် ဘုရားရှင်တို့၏ နှလုံးသွင်းမဟုတ်။ ဤအလိုဆန္ဒ သည် ပညာရှိတို့၏ အလိုဆန္ဒမဟုတ်။ စင်စစ်သော်ကား အကြင်အကြောင်းဖြင့် မြတ်စွာဘုရားကို “မပျက် စီးသော ပရိသတ်ရှိ၏”ဟူ၍ ဆိုအပ်၏။ ဤအရာ၌ ထိုအကြောင်းသည် ရှိ၏။ ဤအရာ၌ အကြောင်း သည် အဘယ်နည်း။ မင်းမြတ် မြတ်စွာဘုရားသည် တစ်စုံတစ်ခုသော ဘဝ၌ အကျင့်ကို ကျင့်တော်မူစဉ် သော်လည်း ပြုအပ်သော အပေးအကမ်းမရှိသောကြောင့်သော်လည်းကောင်း၊ မချစ်ဖွယ်ကို ဆိုသော ကြောင့်သော်လည်းကောင်း၊ အကျိုးမဲ့ကို ကျင့်သောကြောင့်သော်လည်းကောင်း၊ ကိုယ်တူပြု၍ မကျင့်ခြင်း ကြောင့်သော်လည်းကောင်း ပရိသတ်သည် ကွဲပျက်၏ဟူ၍ မကြားဖူးပေ။ ထို့ကြောင့် မြတ်စွာဘုရားကို “မပျက်စီးသော ပရိသတ်ရှိ၏”ဟု ဆိုရ၏။ မင်းမြတ် သင်မင်းမြတ်သည်လည်း “မြတ်စွာဘုရားသည် ဘုရားလောင်းဖြစ်စဉ်က ပြုကျင့်အပ်သော ဤမည်သော အကြောင်းကြောင့် ပရိသတ်သည် ကွဲပျက်လေ၏ဟု အင်္ဂါကိုးပါးရှိသော မြတ်စွာဘုရားပါဠိတော်၌ လာသော စကားတစ်စုံတစ်ရာသည် ရှိ၏”ဟု သိအပ်ဖူးပါသလောဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား မရှိပါ။ လောက၌လည်း ဤအကြောင်းသည် မထင်ရှားပါ။ ကြားလည်း မကြားမိပါ။ အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏။ ဤသို့ ဆိုတိုင်း မှန်ပါပေ၏။ ထိုစကားကို အသျှင်ဘုရား မိန့်ဆိုတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။

ရှစ်ခုမြောက် အဘေဇ္ဇပရိသပဥှာ ပြီး၏။

နှစ်ခုမြောက် အဘေဇ္ဇဝဂ် ပြီး၏။

ဤအဘေဇ္ဇဝဂ်၌ အမေးပုစ္ဆာ ပြဿနာ ရှစ်ခုတို့တည်း။

--

၃-ပဏာမိတဝဂ်

၁-သေဋ္ဌဓမ္မပဥှာ

တရားတော်သည် အမြတ်ဆုံး ဖြစ် မဖြစ် ပြဿနာ

။ အသျှင်ဘုရားနာဂသေန “ဝါသေဋ္ဌ တရားတော်သည်သာလျှင် ထိုလူအပေါင်းဝယ် မျက်မှောက်၌လည်းကောင်း၊ တမလွန်၌လည်းကောင်း အမြတ်ဆုံးတည်း”ဟု ဤစကားကို မြတ်စွာဘုရား ဟောတော်မူအပ်၏။ တစ်ဖန်လည်း “အပါယ်တံခါးပိတ်ပြီးသော၊ မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်သို့ ရောက်ပြီးသော၊ သိက္ခာ သုံးရပ်တည်းဟူသော သာသနာတော်ကို သိပြီးသော သောတာပန်လူဒါယကာသည် ပုထုဇဉ်ဖြစ်သော ရဟန်းတော်ကိုလည်းကောင်း၊ သာမဏေကိုလည်းကောင်း ရှိခိုးရ၏၊ ခရီးဦးကြိုဆိုရ၏”ဟူ၍ ဟောတော်မူခဲ့ပြန်၏၊ အသျှင်ဘုရားနာဂသေန “ဝါသေဋ္ဌ တရားတော်သည်သာလျှင် ထိုလူအပေါင်းဝယ် မျက်မှောက်၌လည်းကောင်း၊ တမလွန်၌လည်းကောင်း အမြတ်ဆုံးတည်း”ဟူ၍ အကယ်၍ ဟောတော်မူအပ်သည် ဖြစ်အံ့၊ ထိုသို့ဖြစ်ပါမူ “အပါယ်တံခါး ပိတ်ပြီးသော၊ မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်သို့ ရောက်ပြီးသော၊ သိက္ခာ သုံးရပ်တည်းဟူသော သာသနာတော်ကို သိပြီးသော သောတာပန်လူဒါယကာသည် ပုထုဇဉ်ဖြစ်သော ရဟန်းတော်ကိုလည်းကောင်း၊ သာမဏေကိုလည်းကောင်း ရှိခိုးရ၏၊ ခရီးဦးကြိုဆိုရ၏”ဟူသော စကား သည် မှားရာ၏။ “အပါယ်တံခါး ပိတ်ပြီးသော၊ မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်သို့ ရောက်ပြီးသော၊ သိက္ခာသုံးရပ်တည်းဟူသော သာသနာတော်ကို သိပြီးသော သောတာပန်လူဒါယကာသည် ပုထုဇဉ်ဖြစ်သော ရဟန်းတော် ကိုလည်းကောင်း၊ သာမဏေကိုလည်းကောင်း ရှိခိုးရသည်, ခရီးဦးကြိုဆိုရသည် ဖြစ်ခဲ့မူ “ဝါသေဋ္ဌ တရားတော်သည်သာလျှင် ထိုလူအပေါင်းဝယ် မျက်မှောက်၌လည်းကောင်း၊ တမလွန်၌လည်းကောင်း အမြတ် ဆုံးတည်း”ဟူသော ထိုစကားသည် မှားရာ၏။ အစွန်းနှစ်ဖက်ထွက်သော ဤပြဿနာသည်လည်း အသျှင်ဘုရားထံသို့ အစဉ်ရောက်ပါ၏၊ အသျှင်ဘုရားသည် ထိုပြဿနာကို ဖြေရှင်းတော်မူပါလော့ဟု (လျှောက်၏)။

မင်းမြတ် “ဝါသေဋ္ဌ တရားတော်သည်သာလျှင် ထိုလူအပေါင်းဝယ် မျက်မှောက်၌လည်းကောင်း၊ တမလွန်၌လည်းကောင်း အမြတ်ဆုံးတည်း”ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မူအပ်၏။ “အပါယ်တံခါးပိတ်ပြီးသော၊ မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်သို့ ရောက်ပြီးသော၊ သိက္ခာသုံးရပ်တည်းဟူသော သာသနာတော်ကို သိပြီးသော သောတာပန်လူဒါယကာသည် ပုထုဇဉ်ရဟန်းတော်ကိုလည်းကောင်း၊ သာမဏေကိုလည်းကောင်း ရှိခိုးရ၏၊ ခရီးဦးကြိုဆိုရ၏၊ ထိုသို့ ရှိခိုးရာ၌ကား အကြောင်းရှိ၏၊ ထိုအကြောင်းသည် အဘယ်နည်း-

မင်းမြတ် အကြင် အကျင့်တရား, အသွင်အပြင်တို့ဖြင့် ရဟန်းသည် ရှိခိုးခြင်း၊ ခရီးဦးကြိုဆိုခြင်း၊ လေးမြတ်ခြင်း၊ ပူဇော်ခြင်းငှါ ထိုက်၏။ ရဟန်း၏ ရဟန်းအဖြစ်ကို ပြုတတ်ကုန်သော ထိုအကျင့်တရားတို့သည် နှစ်ဆယ်တို့တည်း။ ထိုအသွင်အပြင်တို့သည် နှစ်မျိုးတို့တည်း။ ရဟန်း၏ ရဟန်းအဖြစ်ကို ပြုတတ်ကုန်သော အကျင့်တရားနှစ်ဆယ်တို့သည် အဘယ်သည်တို့နည်း။ အသွင်အပြင်နှစ်မျိုးတို့သည် အဘယ်သည်တို့နည်း။

မြတ်သော တရား၌ မွေ့လျော်ခြင်း၊ မြတ်သော ဥပုသ်ပြုမှု နိယမရှိခြင်း၊

မြတ်သော ဆွမ်းခံမှုစသော အကျင့်ရှိခြင်း၊ ကောင်းမွန်စွာ ဝတ်ရုံနေထိုင်ခြင်း၊

စက္ခုစသော ဣန္ဒြေကို စောင့်စည်းခြင်း၊ ကိုယ်, နှုတ်, နှလုံးကို စောင့်စည်းခြင်း၊

အချမ်းအပူစသည်ကိုသည်းခံခြင်း၊ ကောင်းသော အကျင့်၌ မွေ့လျော်ခြင်း၊

--

တစ်ယောက်တည်း တရားကျင့်ခြင်း၊ တစ်ယောက်တည်း မွေ့လျော်ခြင်း၊

တစ်ယောက်တည်း ကိန်းအောင်းခြင်း၊ မကောင်းမှုမှ ရှက်ခြင်း ကြောက်ခြင်း၊

ကောင်းမှု၌ အားထုတ်ပြုကျင့်ခြင်း၊ ကုသိုလ်ကျင့်ဝတ်၌ မမေ့မလျော့မပေါ့တန်ခြင်း၊

သိက္ခာကို ကောင်းစွာ ယူခြင်း၊ ဘုရားဟောပါဠိတော်ကို သင်ယူခြင်း၊

အဋ္ဌကထာကို သင်ယူခြင်း၊ သီလစသော သိက္ခာသုံးပါး၌ မွေ့လျော်ခြင်း၊

တပ်မက်မောမှု ကင်းလွတ်ခြင်း၊ သိက္ခာပုဒ်တို့၌ ဖြည့်ကျင့်ခြင်းတို့တည်း။ (ဤသည်တို့ကား အကျင့်တရားနှစ်ဆယ်တို့တည်း)။

ဖန်ရည်ဆိုးသင်္ကန်းကို ဝတ်ရုံခြင်း၊

ဦးပြည်း (ခေါင်းတုံးရိတ်) ခြင်းတို့တည်း။ (ဤသည်ကား အသွင်အပြင်နှစ်ပါးတို့တည်း)။

မင်းမြတ် ရဟန်း၏ ရဟန်းဖြစ်ခြင်းကို ပြုတတ်ကုန်သော အကျင့်တရားတို့သည် ဤနှစ်ဆယ်တို့ပင်တည်း။ အသွင်အပြင်တို့သည် ဤနှစ်မျိုးတို့တည်း။ ရဟန်းသည် ဤအကျင့်ဂုဏ်ကျေးဇူးတို့ကို ဆောက် တည်၍ ကျင့်ကြံ၏၊ ထိုရဟန်းသည် ထိုအကျင့်ဂုဏ်ကျေးဇူးတရားတို့၏ မယုတ်မလျော့သည်၏အဖြစ်, ပြည့်စုံသည်၏ အဖြစ်ကြောင့်၊ အလွန်လုံခြုံပြည့်စုံသည်၏အဖြစ်ကြောင့် ကြီးပွားသော သိက္ခာ၏ဖြစ်ရာ ဖြစ်သော ရဟန္တာတို့၏ ဖြစ်ရာ အရဟတ္တမဂ်, အရဟတ္တဖိုလ်သို့ သက်ရောက်နိုင်၏။ ချီးမွမ်းအပ်, မြတ်သော အရဟတ္တမဂ်, အရဟတ္တဖိုလ် တရားအထူးသို့ သက်ရောက်နိုင်၏။ အရဟတ္တမဂ်, အရဟတ္တဖိုလ်၏ အနီးသို့ ရောက်သော အကျင့်ရှိပေ၏ဟု နှလုံးသွင်း၍ သောတာပန်လူဒါယကာသည် ပုထုဇဉ်ရဟန်းကို ရှိခိုးခြင်းငှါ, ခရီးဦးကြိုဆိုခြင်းငှါ ထိုက်ပေ၏။

“ထိုပုထုဇဉ်ရဟန်းသည် ရဟန္တာတို့နှင့် တူသော ဇာတ်အသွင်အပြင်အကျင့်သို့ ကပ်ရောက်ပေ၏၊ ငါ့အား ထိုဇာတ်တူအဖြစ်ကို ရရှိခြင်း မရှိချေ”ဟု နှလုံးသွင်း၍ သောတာပန်လူဒါယကာသည် ပုထုဇဉ် ရဟန်းကို ရှိခိုးခြင်းငှါ, ခရီးဦးကြိုဆိုခြင်းငှါ ထိုက်ပေ၏။

“ထိုပုထုဇဉ်ရဟန်းသည် မြင့်မြတ်သော ပရိသတ်အသင်းအပင်းသို့ ကပ်ရောက်ပေ၏၊ ငါသည် ထိုမြင့်မြတ်သော အရာသို့ မကပ်ရောက်, မသက်ဝင်ပေ”ဟု နှလုံးသွင်း၍ သောတာပန်လူဒါယကာသည် ပုထုဇဉ်ရဟန်းကို ရှိခိုးခြင်းငှါ, ခရီးဦးကြိုဆိုခြင်းငှါ ထိုက်ပေ၏။

“ထိုပုထုဇဉ်ရဟန်းသည် အာဏာပါတိမောက်ရွတ်သည်ကို နာယူခြင်းငှါ ရပေ၏၊ ငါသည် ထိုအာဏာ ပါတိမောက်ရွတ်သည်ကို နာယူခြင်းငှါ မရပေ”ဟု နှလုံးသွင်း၍ သောတာပန်လူဒါယကာသည် ပုထုဇဉ် ရဟန်းကို ရှိခိုးခြင်းငှါ, ခရီးဦးကြိုဆိုခြင်းငှါ ထိုက်ပေ၏။

“ထိုပုထုဇဉ်ရဟန်းသည် တစ်ပါးသောသူတို့ကို ရှင်ပြုပေးနိုင်၏၊ ရဟန်းခံပေးနိုင်၏၊ မြတ်စွာဘုရား သာသနာတော်ကို တိုးပွားစေနိုင်၏၊ ငါသည် ထိုဆိုခဲ့သည့် အမှုတို့ကို ပြုလုပ်ခြင်းငှါ မရပေ”ဟု နှလုံးသွင်း၍ သောတာပန်လူဒါယကာသည် ပုထုဇဉ်ရဟန်းကို ရှိခိုးခြင်းငှါ, ခရီးဦးကြိုဆိုခြင်းငှါ ထိုက် ပေ၏။

“ထိုပုထုဇဉ်ရဟန်းသည် အတိုင်းအရှည်မရှိ များပြားကုန်သော သိက္ခာပုဒ်တို့၌ ပြည့်စုံစွာ ကျင့်လေ့ ရှိပေ၏၊ ငါသည် ထိုသိက္ခာပုဒ်တို့၌ မကျင့်နိုင်ပေ”ဟု နှလုံးသွင်း၍ သောတာပန်လူဒါယကာသည် ပုထုဇဉ် ရဟန်းကို ရှိခိုးခြင်းငှါ, ခရီးဦးကြိုဆိုခြင်းငှါ ထိုက်ပေ၏။

“ထိုပုထုဇဉ်ရဟန်းသည် ရဟန်း၏ အသွင်အပြင်သို့ ကပ်ရောက်၍ ဘုရား၏ အလိုတော်၌ တည်နေ့ပေ၏၊ ငါသည် ထိုအသွင်အပြင်မှ ဝေးစွာ ဖဲကြဉ်ကင်းလွတ်ပေ၏”ဟု နှလုံးသွင်း၍ သောတာပန် လူဒါယကာသည် ပုထုဇဉ်ရဟန်းကို ရှိခိုးခြင်းငှါ, ခရီးဦးကြိုဆိုခြင်းငှါ ထိုက်ပေ၏။

--

“ထိုပုထုဇဉ်ရဟန်းသည် ပွားများရှည်လျားသော လက်ကတီးမွေးရှိလျက် မျက်စိကို ဆေးမချယ် ကိုယ်ဝတ်တန်ဆာမဆင်ဘဲ အစဉ်ထာဝရ လိမ်းကျံအပ်သော သီလနံ့သာ ရှိပေ၏၊ ငါမူကား တန်ဆာ ဆင်ယင်ခြင်း, အပြေအပြစ်ပြုခြင်း၌ မွေ့လျော်ပေ၏”ဟု နှလုံးသွင်း၍ သောတာပန်လူဒါယကာသည် ပုထုဇဉ် ရဟန်းကို ရှိခိုးခြင်းငှါ, ခရီးဦးကြိုဆိုခြင်းငှါ ထိုက်ပေ၏။

မင်းမြတ် စင်စစ်သော်ကား “ရဟန်းအဖြစ်ကို ပြုတတ်ကုန်သော အကြင်နှစ်ဆယ်သော အကျင့် တရားတို့သည်လည်းကောင်း၊ အကြင်နှစ်ပါးသော အသွင်အပြင်တို့သည်လည်းကောင်း ရှိကုန်၏၊ ထိုအလုံးစုံသော တရားတို့သည်လည်း ရဟန်းအား ရှိကုန်၏၊ ထိုပုထုဇဉ်ရဟန်းသည်ပင် ထိုတရားတို့ကို ကျင့်ဆောင်၏၊ သူတစ်ပါးတို့ကိုလည်း ထိုတရားတို့၌ ကျင့်စေ၏၊ ငါ့အား ထိုရဟန်း၏ ကောင်းသော ကျင့်ဝတ်အလားသည်လည်းကောင်း၊ ကျင့်စေခြင်းသည်လည်းကောင်း မရှိ”ဟု နှလုံးသွင်း၍ သောတာပန် လူဒါယကာသည် ပုထုဇဉ်ရဟန်းကို ရှိခိုးခြင်းငှါ, ခရီးဦးကြိုဆိုခြင်းငှါ ထိုက်ပေ၏။

မင်းမြတ် ဥပမာအားဖြင့် မင်းသားသည် ပုရောဟိတ်အထံ၌ အတတ်ပညာကို သင်ယူ၏၊ မင်း ကျင့်ဝတ်ကို သင်ယူ၏၊ တစ်ပါးသော အခါ၌ ထိုမင်းသားသည် (မင်းအဖြစ်၌) အဘိသိက်သွန်းပြီးသည်ရှိသော် “ဤပုရောဟိတ်သည် ငါ့ကို အတတ်ပညာ သင်ကြားပေးသောသူတည်း”ဟု ဆရာကို ရှိခိုး၏၊ ခရီးဦးကြိုဆို၏၊ မင်းမြတ် ဤအတူသာလျှင် “ပုထုဇဉ်ရဟန်းသည် သိက္ခာပုဒ်ကို ကျင့်စေပေ၏၊ အနွယ်ကို ဆောင်ပေ၏”ဟု နှလုံးသွင်း၍ သောတာပန်လူဒါယကာသည် ပုထုဇဉ်ရဟန်းကို ရှိခိုးခြင်းငှါ, ခရီးဦး ကြိုဆိုခြင်းငှါ ထိုက်ပေ၏။

မင်းမြတ် စင်စစ်သော်ကား ဤဆိုလတ္တံ့သော အကြောင်းဖြင့်လည်း ရဟန်းအဖြစ်၏ ဤမြတ်သည်၏ အဖြစ်ကို ဤအတုမရှိ ပြန့်ပြောသည်၏အဖြစ်ကို သိလော့၊ မင်းမြတ် သောတာပန်လူဒါယကာသည် အရဟတ္တဖိုလ်ကို အကယ်၍ မျက်မှောက်ပြုအံ့၊ ထိုလူရဟန္တာအား ထိုရဟန္တာဖြစ်သော နေ့၌ပင်လျှင် ပရိနိဗ္ဗာန်သော်လည်း စံလွန်ပေရာ၏၊ ရဟန်းအဖြစ်သို့သော်လည်း ကပ်ရောက်ပေရာ၏ဟူသော နှစ်မျိုးသော အလားတို့ ဖြစ်ကုန်၏၊ ထိုနှစ်မျိုးမှ တစ်ပါး အခြားသော အလား မရှိကုန်၊ အကြောင်းမူကား အကြင်ရဟန်း၏ အဖြစ်သည် ရှိ၏၊ ထိုရဟန်း၏ အဖြစ်သည် မတုန်လှုပ်၊ လွန်မြတ်၏၊ အလွန် မြင့်မြတ်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန ပြဿနာသည် သိနိုင်ခြင်းသို့ ရောက်ပါပြီ၊ အားကြီးသော အလွန်ပညာရှိသော အသျှင်ဘုရားသည် ပြဿနာကို ကောင်းစွာ ဖြေအပ်ပါပြီ၊ အသျှင် ဘုရားနှင့် တူသော ပညာရှိကို ထား၍ တစ်ပါးသောသူသည် ဤပြဿနာကို ဤသို့ ဖြေခြင်းငှါ မစွမ်း နိုင်ရာပါဟု (လျှောက်၏)။ ။

ရှေးဦးစွာသော သေဋ္ဌဓမ္မပဥှာ ပြီး၏။

--

၂-သဗ္ဗသတ္တဟိတဖရဏပဥှာ

မြတ်စွာဘုရားသည် သတ္တဝါအားလုံးတို့၏ အကျိုးစီးပွားကို ဆောင် မဆောင်ပြဿနာ

။ အသျှင်ဘုရားနာဂသေန “မြဝာ်စွာဘုရားသည် သတ္တဝါအားလုံးတို့၏ အကျိုးစီးပွားမဲ့ကို ပယ်စွန့်တော်မူ၍ အကျိုးစီးပွားကို ရွက်ဆောင်တော်မူ၏”ဟု အသျှင်ဘုရားတို့ ဆိုကုန်၏။ အဂ္ဂိက္ခန္ဓော ပမသုတ်တရား ဒေသနာတော်ကို ဟောတော်မူသည်ရှိသော် ခြောက်ကျိပ်မျှကုန်သော ရဟန်းတို့၏ ခံတွင်းမှ သွေးပူသည် အန်ထွက်၏ဟူ၍လည်း တစ်ဖန် ဆိုပြန်ကုန်၏။ အသျှင်ဘုရား အဂ္ဂိက္ခန္ဓောပမသုတ်ဒေသနာ တော်ကို ဟောတော်မူသော မြတ်စွာဘုရားသည် ခြောက်ကျိပ်မျှကုန်သော ရဟန်းတို့၏ အကျိုးစီးပွားကို ပယ်၍ အကျိုးစီးပွားမဲ့ကို ဆောင်အပ်လေ၏တကား။ အသျှင်ဘုရားနာဂသေန မြဝာ်စွာဘုရားသည် သတ္တဝါအားလုံး၏ အကျိုးစီးပွားမဲ့ကို ပယ်၍ အကျိုးစီးပွားကို အကယ်၍ ရွက်ဆောင်သည် ဖြစ်အံ့၊ ထိုသို့ ဖြစ်ပါမူ အဂ္ဂိက္ခန္ဓောပမသုတ်တရားဒေသနာတော်ကို ဟောတော်မူသည်ရှိသော် ခြောက်ကျိပ်မျှကုန်သော ရဟန်းတို့၏ ခံတွင်းမှ သွေးပူသည် အန်၏ဟူသော စကားသည် မှားရာ၏၊ အဂ္ဂိက္ခန္ဓောပမသုတ်တရား ဒေသနာတော်ကို ဟောတော်မူသည်ရှိသော် ခြောက်ကျိပ်မျှကုန်သော ရဟန်းတို့၏ ခံတွင်းမှ သွေးပူသည် အကယ်၍ အန်သည် ဖြစ်အံ့၊ ထိုသို့ဖြစ်ပါမူ မြတ်စွာဘုရားသည် သတ္တဝါအားလုံးတို့၏ အကျိုးစီးပွားမဲ့ကို ပယ်၍ အကျိုးစီးပွားကို ရွက်ဆောင်၏ဟူသော ထိုစကားသည်လည်း မှားရာပါ၏၊ အစွန်းနှစ်ဖက် ထွက်သော ဤပြဿနာသည်လည်း အသျှင်ဘုရားထံသို့ အစဉ်ရောက်ပါ၏၊ အသျှင်ဘုရားသည် ထိုပြဿနာကို ဖြေရှင်းတော်မူပါလော့ဟု (လျှောက်၏)။

မင်းမြတ် မြဝာ်စွာဘုရားသည် သတ္တဝါအားလုံးတို့၏ အကျိုးစီးပွားမဲ့ကို ပယ်၍ အကျိုးစီးပွားကို ရွက်ဆောင်တော်မူ၏။ အဂ္ဂိက္ခန္ဓောပမသုတ်တရားဒေသနာကို ဟောတော်မူသည်ရှိသော် ခြောက်ကျိပ်မျှကုန်သော ရဟန်းတို့၏ ခံတွင်းမှ သွေးပူသည် အန်၏။ သို့ဖြစ်လင့်ကစား ထိုသွေးအန်ခြင်းသည်ကား မြတ်စွာဘုရားသည် ပြုအပ်သော တရားဟောခြင်းကြောင့် မဟုတ်။ ထိုရဟန်းတို့၏သာလျှင် မိမိတို့ပြုအပ်သော မကောင်းမှုကံကြောင့် သွေးပူအန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန မြတ်စွာဘုရားသည် အဂ္ဂိက္ခန္ဓောပမသုတ်တရားဒေသနာတော်ကို အကယ်၍ မဟောသည် ဖြစ်အံ့၊ ထိုရဟန်းတို့၏ ခံတွင်းမှ သွေးပူသည် အန်ထွက်ရာသလောဟု (မေးလျှောက်၏)။ မင်းမြတ် မအန်ထွက်ရာ၊ ဖောက်ပြန်စွာ ကျင့်ကုန်သော ထိုရဟန်းတို့အား မြတ်စွာဘုရား၏ တရား ဒေသနာတော်ကို ကြားနာရကုန်၍ ကိုယ်၌ ပူလောင်ခြင်းသည် ဖြစ်၏၊ ထိုသို့ ပူလောင်ခြင်းကြောင့် ထိုရဟန်းတို့၏ ခံတွင်းမှ သွေးပူသည် အန်ထွက်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန ထိုသို့ ဖြစ်ပါမူ မြတ်စွာဘုရားသည်ပင် ပြုအပ်သော တရားဒေသနာကြောင့် ထိုရဟန်းတို့၏ ခံတွင်းမှ သွေးပူ သည် အန်ထွက်ရ၏တကား၊ မြတ်စွာဘုရားသည်ပင် ထိုရဟန်းခြောက်ကျိပ်တို့ သွေးအန်ရာ၌ ထိုရဟန်းတို့၏ သေကြေပျက်စီးခြင်းငှါ ပြုကျင့်သည် မည်၏၊ အသျှင်ဘုရားနာဂသေန ဥပမာအားဖြင့် မြွေသည် တောင်ပို့သို့ ဝင်ရာ၏၊ ထိုအခိုက်၌ မြေမှုန့်ကို အလိုရှိသော ယောက်ျားတစ်ယောက်သည် တောင်ပို့ကို ဖြိုဖျက်၍ မြေမှုန့်ကို ဆောင်ယူရာ၏၊ ထိုယောက်ျား၏ မြေမှုန့်ကို ဆောင်ယူခြင်းကြောင့် ထိုတောင်ပို့၏ အပေါက်သည် ပိတ်ရာ၏၊ ထိုအခါ ထိုတောင်ပို့၌ပင် ထိုမြွေသည် ရှူရှိုက်လေကို မရသည် ဖြစ်၍ သေရာ၏၊ အသျှင်ဘုရား ထိုမြွေသည် ထိုယောက်ျား၏ ပြုသော အမှုကြောင့် သေခြင်းသို့ ရောက်သည် မဟုတ်လောဟု (မေးလျှောက်၏)။ မင်းမြတ်ဟုတ်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန ဤအတူသာလျှင် မြတ်စွာဘုရားသည်ပင် ထိုရဟန်းခြောက်ကျိပ်တို့ သွေးအန်ရာ၌ ထိုရဟန်းတို့၏ သေကြေပျက်စီးခြင်းငှါ ပြုကျင့်သည် မည်၏ဟု (လျှောက်၏)။

--

မင်းမြတ် မြတ်စွာဘုရားသည် တရားကို ဟောတော်မူသည်ရှိသော် ချစ်ခင်ခြင်း၊ မုန်းထားခြင်းကို မပြု၊ ချစ်ခင်ခြင်း၊ မုန်းထားခြင်းမှ ကင်းလွတ်သည်ဖြစ်၍ တရားကို ဟောတော်မူ၏၊ ဤသို့ တရားကို ဟောတော်မူသည်ရှိသော် ထိုသို့ ဟောတော်မူရာ၌ အကြင်သူတို့သည် ကောင်းစွာ ကျင့်ကုန်၏၊ ထိုသူတို့ သည် သစ္စာလေးပါးကို သိမြင်နိုင်ကုန်၏၊ ထိုသို့မဟုတ်ဘဲ အကြင်သူတို့သည်ကား ဖောက်ပြန်သဖြင့် ကျင့်ကုန်၏၊ ထိုသူတို့သည် လျောကျကုန်၏။ မင်းမြတ် ဥပမာအားဖြင့် ယောက်ျားသည် သရက်ပင်ကို သော်လည်းကောင်း၊ သပြေပင်ကိုသော်လည်းကောင်း၊ သစ်မည်စည်ပင်ကိုသော်လည်းကောင်း လှုပ်သည်ရှိသော် ထိုသစ်ပင်၌ အကြင်အသီးတို့သည် ရင့်မာသန်စွမ်းကုန်၍ မြဲသော အညှာရှိကုန်၏၊ ထိုအသီးတို့ သည် သစ်ပင်၌သာလျှင် မလျောကျကုန်သည်ဖြစ်၍ တည်ကုန်၏၊ ထိုသစ်ပင်၌ အကြင်အသီးတို့သည် ပုပ်ဆွေးသော အညှာရင်းရှိကုန်၏၊ အားနည်းသော အညှာရှိကုန်၏၊ ထိုအသီးတို့သည် လျောကျကုန်၏၊ မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရားသည် တရားကို ဟောတော်မူသည်ရှိသော် ချစ်ခင်ခြင်း၊ မုန်းထားခြင်းကို မပြု၊ ချစ်ခင်ခြင်း၊ မုန်းထားခြင်းမှ လွတ်ကင်းသည်ဖြစ်၍ တရားကို ဟောတော်မူ၏၊ ဤသို့လျှင် တရားကို ဟောသည်ရှိသော် ထိုသို့ ဟောတော်မူရာ၌ အကြင်သူတို့သည် ကောင်းစွာ ကျင့်ကုန်၏၊ ထိုသူတို့သည် သစ္စာလေးပါးကို သိမြင်ကုန်၏၊ ထိုသို့မဟုတ်ဘဲ အကြင်သူတို့သည် ဖောက်ပြန်သဖြင့် ကျင့်ကုန်၏၊ ထိုသူတို့သည် လျောကျကုန်၏။

မင်းမြတ် ဥပမာတစ်နည်းသော်ကား လယ်သမားသည် စပါးကို စိုက်ပျိုးလိုသည် ဖြစ်၍ လယ်ကို ထွန်ယက်၏၊ ထိုလယ်သမားသည် ထွန်ယက်နေစဉ် အသိန်းမကများကုန်သော မြက်တို့သည် သေကုန်၏။ မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရားသည် ရင့်ကျက်သော စိတ်ရှိကုန်သော သတ္တဝါတို့ကို သိစေ လိုရကား ချစ်ခင်ခြင်း၊ မုန်းထားခြင်းမှ လွတ်ကင်းသည် ဖြစ်၍ တရားကို ဟောတော်မူ၏၊ ဤသို့လျှင် တရားကို ဟောတော်မူသည်ရှိသော် အကြင်သူတို့သည် ထိုတရား၌ ကောင်းစွာ ကျင့်ကုန်၏၊ ထိုသူတို့သည် သစ္စာလေးပါးကို သိကြကုန်၏၊ ထိုသို့မဟုတ်ဘဲ အကြင်သူတို့သည် ဖောက်ပြန်သဖြင့် ကျင့်ကုန်၏၊ ထိုသူတို့သည် မြက်ကဲ့သို့ သေကုန်၏။

မင်းမြတ် ဥပမာတစ်နည်းသော်ကား လူတို့သည် ကြံရည်ကို လိုသောကြောင့် ကြံညှစ်ယန္တရားဖြင့် ကြံချောင်းကို ကြိတ်ညှစ်ကုန်၏၊ ထိုသူတို့ ကြံကို ကြိတ်ညှစ်ကုန်စဉ် ထိုသို့ ကြိတ်ညှစ်ရာ၌ အကြင် ပိုးကောင်တို့သည် စက်ယန္တရားအဝသို့ ရောက်ကုန်၏၊ ထိုပိုးကောင်တို့ကို ကြိတ်မိကုန်၏။ မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရားသည် ရင့်ကျက်သော စိတ်ရှိကုန်သော သတ္တဝါတို့ကို သစ္စာလေးပါးကို သိစေလို၍ တရားတည်းဟူသော စက်ယန္တရားကြီးကို ကြိတ်ညှစ်တော်မူ၏၊ ထိုသို့ ကြိတ်ညှစ်ရာ၌ အကြင် သူတို့သည် ဖောက်ပြန်သဖြင့် ကျင့်ကုန်၏၊ ထိုသူတို့သည် ပိုးတို့ကဲ့သို့ သေကုန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ထိုခြောက်ကျိပ်သော ရဟန်းတို့သည် ထိုအဂ္ဂိက္ခန္ဓောပမသုတ်ဒေသနာကြောင့် လျောကျကုန်သည် မဟုတ်လောဟု (မေးလျှောက်၏)။ မင်းမြတ် သစ်ရွေသမားသည် သစ်တုံးကို စောင့်ရှောက်လျက် ဖြောင့်ဖြောင့်စင်ကြယ်စွာ ပြုလုပ်ခုတ်ဖြတ်လေသလောဟု (မေးတော်မူ၏)။ အသျှင် ဘုရား သစ်တုံးကို မစောင့်ရှောက်ပါ။ သစ်ရွေသမားသည် ပယ်သင့်သည်ကို ပယ်ခုတ်၍ သစ်တုံးကို ဖြောင့်ဖြောင့်စင်ကြယ်စွာ ပြုလုပ်ခုတ်ဖြတ်ပါ၏ဟု (ဖြေကြားလျှောက်ထား၏)။ မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရားသည် ပရိသတ်ကို စောင့်ရှောက်ရမူကား သစ္စာလေးပါးကို သိထိုက်သော သတ္တဝါတို့ကို သိစေခြင်းငှါ မစွမ်းနိုင်။ စင်စစ်သော်ကား ဖောက်ပြန်သဖြင့် ကျင့်ကုန်သော သတ္တဝါတို့ကို ပယ်၍ သစ္စာ လေးပါးကို သိထိုက်သော သတ္တဝါတို့ကို သိစေတော်မူ၏။ မင်းမြတ် ထိုရဟန်းတို့သည် မိမိတို့ပြုသော ကံကြောင့် ဖောက်ပြန်သဖြင့် ကျင့်ကုန်၍ လျောကျကုန်၏။

--

မင်းမြတ် ဥပမာအားဖြင့် ငှက်ပျောပင်သည်လည်းကောင်း၊ ဝါးပင်သည်လည်းကောင်း၊ အဿတိုရ် မြင်းမသည်လည်းကောင်း မိမိမှဖြစ်သော အသီးနှင့် သားငယ်ကြောင့် သေရသကဲ့သို့၊ မင်းမြတ် ဤအတူ သာလျှင် အကြင်သူတို့သည် ဖောက်ပြန်သဖြင့် ကျင့်ကုန်၏၊ ထိုသူတို့သည် မိမိတို့ပြုသော ကံကြောင့် သေရကုန်၏၊ လျောကျကုန်၏။

မင်းမြတ် ဥပမာအားဖြင့် ခိုးသူတို့သည် မိမိတို့ပြုသော ကံကြောင့် မျက်လုံးထုတ်ခြင်း၊ တံကျင် လျှိုခြင်း၊ ဦးခေါင်းဖြတ်ခြင်းသို့ ရောက်ကုန်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် အကြင်သူတို့သည် ဖောက်ပြန်သဖြင့် ကျင့်ကုန်၏၊ ထိုသူတို့သည် မိမိတို့ပြုသော ကံကြောင့် သေရကုန်၏၊ လျောကျကုန်၏။ မင်းမြတ်ခြောက်ကျိပ်မျှကုန်သော အကြင်ရဟန်းတို့၏ ခံတွင်းမှ သွေးပူသည် အန်ထွက်၏၊ ထိုရဟန်းတို့၏ ထိုသွေးအန်ခြင်းသည် မြတ်စွာဘုရား ပြုတော်မူသောကြောင့် မဟုတ်ချေ၊ တစ်ပါးသောသူတို့ ပြုသောကြောင့်လည်း မဟုတ်ချေ၊ စင်စစ်သော်ကား မိမိတို့ပြုသော ကံကြောင့်သာလျှင် အန်ထွက်၏။

မင်းမြတ် ဥပမာအားဖြင့် ယောက်ျားသည် အလုံးစုံသော လူအပေါင်းအား အမြိုက်သုဓာဘုတ်ကို ပေးလှူရာ၏၊ ထိုလူတို့သည် ထိုအမြိုက်သုဓာဘုတ်ကို စားရသောကြောင့် ရောဂါကင်းကုန်လျက်၊ အသက် ရှည်ကုန်လျက် ဘေးဥပဒ်အားလုံးမှ ကင်းလွတ်ကုန်ရာ၏။ ထိုအခါ ယောက်ျားတစ်ယောက်သည် ဖောက်ပြန်၍ ကျင့်သဖြင့် ထိုအမြိုက်သုဓာဘုတ်ကို စား၍ သေခြင်းသို့ ရောက်လေရာ၏။ မင်းမြတ် အမြိုက်သုဓာဘုတ်ကို ပေးလှူသော ထိုယောက်ျားသည် ထိုပေးခြင်းတည်းဟူသော အကြောင်းကြောင့် တစ်စုံတစ်ခုသော မကောင်းမှုသို့ ရောက်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မရောက်ရာပါဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရားသည် တစ်သောင်းသော လောကဓာတ်၌ နတ်လူတို့အား မသေစေတတ်သော ဓမ္မဒါနကို ပေးလှူတော်မူ၏၊ အကြင်သတ္တဝါတို့သည် ကျွတ်ထိုက်ကုန်၏၊ ထိုကျွတ်ထိုက်သူတို့သည် တရားအမြိုက်ဖြင့် သစ္စာလေးပါးကို သိကုန်၏၊ အကြင်သတ္တဝါတို့သည်ကား မကျွတ်ထိုက်ကုန်၊ ထိုသတ္တဝါတို့သည် တရားအမြိုက်ကြောင့် သေကုန်၏၊ လျောကျကုန်၏။ မင်းမြတ် စားဖွယ်ဘောဇဉ်သည် သတ္တဝါအားလုံးတို့၏ အသက်ကို စောင့်ရှောက်၏၊ အချို့သောသူတို့သည် ထိုစားဖွယ်ဘောဇဉ်ကို စား၍ ဝမ်းလျောသဖြင့် သေကုန်၏။ မင်းမြတ် စားဖွယ်ဘောဇဉ်ကို ပေးသော ထိုယောက်ျားသည် ထိုပေးခြင်းဟူသော အကြောင်းကြောင့် တစ်စုံတစ်ရာသော မကောင်းမှုသို့ ရောက်ရာ သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မရောက်ရာပါဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရားသည် တစ်သောင်းသော လောကဓာတ်၌ နတ်လူတို့အား မသေစေတတ်သော အမြိုက်တရား ဓမ္မဒါနကို ပေးလှူတော်မူ၏၊ အကြင်သတ္တဝါတို့သည် ကျွတ်ထိုက်ကုန်၏၊ ထိုသတ္တဝါတို့သည် တရား အမြိုက်ဖြင့် သစ္စာလေးပါးကို သိကုန်၏၊ အကြင်သတ္တဝါတို့သည်ကား မကျွတ်ထိုက်ကုန်၊ ထိုသတ္တဝါတို့ သည် တရားအမြိုက်ကြောင့် သေကုန်၏၊ လျောကျကုန်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏။ ဤသို့လျှင် ထိုတရားတော်ကို ထိုသို့ဟောတော်မူတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

နှစ်ခုမြောက် သဗ္ဗသတ္တဟိဘဖရဏပဥှာ ပြီး၏။

--

၃-ဝတ္ထဂုယှနိဒဿနပဥှာ

လျှို့ဝှက်သော အင်္ဂါကို ပြခြင်းဆိုင်ရာ ပြဿနာ

။ အသျှင်ဘုရားနာဂသေန- “ကိုယ်ဖြင့် စောင့်စည်းခြင်းသည် ကောင်း၏၊ နှုတ်ဖြင့် စောင့်စည်းခြင်းသည် ကောင်း၏၊ စိတ်ဖြင့် စောင့်စည်းခြင်းသည် ကောင်း၏၊ ကိုယ်, နှုတ်, စိတ် အလုံးစုံတို့၌ စောင့်စည်းခြင်းသည် ကောင်း၏”ဟု မြတ်စွာဘုရားသည် ဤ စကားကိုလည်း ဟောတော်မူအပ်၏။

တစ်ဖန်လည်း မြတ်စွာဘုရားသည် ပရိသတ်လေးပါးတို့၏ အလယ်၌ နေထိုင်တော်မူ၍ နတ်လူတို့၏ မျက်မှောက်၌ သေလပုဏ္ဏားအား အအိမ်ဖြင့် ဖုံးလွှမ်းသော အင်္ဂါဇာတ်ကို ပြတော်မူ၏။ အသျှင်ဘုရား နာဂသေန “ကိုယ်ဖြင့် စောင့်စည်းခြင်းသည် ကောင်း၏”ဟု အကယ်၍ မြတ်စွာဘုရား ဟောတော်မူအပ်သည် ဖြစ်အံ့၊ ထိုသို့ ဖြစ်ပါမူ သေလပုဏ္ဏားအား အအိမ်ဖြင့် ဖုံးလွှမ်းသော အင်္ဂါဇာတ်ကို ပြတော်မူ၏ဟူသော စကားသည် မှားရာ၏၊ သေလပုဏ္ဏားအား အအိမ်ဖြင့် ဖုံးလွှမ်းသော အင်္ဂါဇာတ်ကို အကယ်၍ ပြတော်မူသည် ဖြစ်အံ့၊ ထိုသို့ဖြစ်ပါမူ “ကိုယ်ဖြင့် စောင့်စည်းခြင်းသည် ကောင်း၏”ဟူသော ထိုစကား သည် မှားရာ၏။ အစွန်းနှစ်ဖက်ထွက်သော ဤပြဿနာသည်လည်း အသျှင်ဘုရားထံသို့ အစဉ်ရောက် ပါ၏၊ အသျှင်ဘုရားသည် ထိုပြဿနာကို ဖြေရှင်းတော်မူပါလော့ဟု (လျှောက်၏)။

မင်းမြတ် “ကိုယ်ဖြင့် စောင့်စည်းခြင်းသည် ကောင်း၏”ဟု မြတ်စွာဘုရားသည် ဤစကားကိုလည်း ဟောတော်မူအပ်၏။ သေလပုဏ္ဏားအားလည်း အအိမ်ဖြင့် ဖုံးလွှမ်းသော အင်္ဂါဇာတ်ကို ပြတော်မူ၏။

မင်းမြတ် အကြင်သေလပုဏ္ဏားအား မြတ်စွာဘုရား၌ ဘုရားဟုတ်, မဟုတ် ယုံမှားခြင်းသည် ဖြစ်လေ၏၊ ထိုသေလပုဏ္ဏားအား သိမြင်စေခြင်းငှါ မြတ်စွာဘုရားသည် တန်ခိုးတော်ဖြင့် ထိုအင်္ဂါဇာတ်အတုဖြစ်သော ယောက်ျားကိုယ်ကို ပြတော်မူ၏၊ ထိုယုံမှား၍ ပြခံရသူတစ်ဦးသည်သာ ထိုတန်ခိုးပြာဋိဟာကို မြင်ရလေ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ပရိသတ်အများအတွင်း၌ ကပ်ရောက်သော တစ်ယောက်တည်းသောသူသည် ထိုလျှို့ဝှက်အပ်သော အင်္ဂါဇာတ်ကို မြင်ရ၍ ကြွင်းသော ပရိသတ်တို့သည် ထိုပရိသတ်အတွင်း၌ နေပါကုန်လျက် မမြင်ရကုန်ဟူသော ဤစကားကို အဘယ်သူ ယုံနိုင်လိမ့်မည်နည်း။ တောင်းပန်ပါ၏။ အသျှင်ဘုရားသည် အကျွန်ုပ်အား ထိုပြဿနာ၌ အကြောင်းကို ညွှန်ကြားတော်မူပါလော့၊ အကျွန်ုပ်ကို အကြောင်းဖြင့် သိစေတော်မူပါလော့ဟု (လျှောက်၏)။ မင်းမြတ် ရောဂါနှိပ်စက်ခံနေရ၍ ဆွေမျိုးမိတ်သင်္ဂဟတို့ ဝိုင်းဝန်းစောင်မအပ်သော တစ်စုံတစ်ယောက်သော ယောက်ျားကို သင်မင်းမြတ် မြင်ဖူးပါသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မြင်ဖူးပါ၏ဟု (လျှောက်၏)။ မင်းမြတ် ထိုယောက်ျားခံစားနေရသော ရောဂါဝေဒနာကို ထိုခြံရံနေသော ဆွေမျိုးပရိသတ်တို့ မြင်ရပါ၏လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မမြင်ရပါ၊ အသျှင်ဘုရား ထိုယောက်ျားသည် မိမိချည်းသာလျှင် ခံစားရပါ၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် အကြင်သူအားသာလျှင် မြတ်စွာဘုရား၌ ဘုရားဟုတ်, မဟုတ် ယုံမှားဖြစ်၏၊ ထိုသူအား သာလျှင် သိစေခြင်းငှါ မြတ်စွာဘုရားသည် တန်ခိုးဖြင့် ထိုအင်္ဂါဇာတ်အတုဖြစ်သော ယောက်ျားကိုယ်ကို ပြတော်မူ၏၊ ထိုယုံမှားဖြစ်သူ တစ်ဦးသည်သာ ထိုတန်ခိုးပြာဋိဟာကို မြင်ရလေ၏။

မင်းမြတ် ဥပမာတစ်နည်းသော်ကား တစ်စုံတစ်ယောက်သော ယောက်ျားကို ဖုတ်တစ္ဆေပူးကပ် ငြားအံ့၊ မင်းမြတ် ထိုဖုတ်တစ္ဆေပူးကပ်သူ၏ ထက်ဝန်းကျင်ရှိ ပရိသတ်သည် ထိုဖုတ်တစ္ဆေ၏ လာခြင်းကို မြင်ရ၏လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မမြင်ရပါ၊ ထိုဖုတ်တစ္ဆေပူးကပ် နှိပ်စက်ခံနေရသောသူသာ ထိုဖုတ်တစ္ဆေ၏ လာခြင်းကို မြင်ရပါ၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် အကြင် သူအားသာလျှင် မြတ်စွာဘုရား၌ ဘုရားဟုတ်, မဟုတ် ယုံမှားခြင်းဖြစ်၏၊ ထိုသူအားသာလျှင် သိစေခြင်းငှါ မြတ်စွာဘုရားသည် ထိုအင်္ဂါဇာတ် အတုဖြစ်သော ယောက်ျားကိုယ်ကို တန်ခိုးဖြင့် ပြတော်မူ၏၊ ထိုယုံမှားဖြစ်သူ တစ်ဦးသည်သာ ထိုတန်ခိုးပြာဋိဟာကို မြင်ရ၏ဟု (မိန့်တော်မူ၏)။

--

အသျှင်ဘုရားနာဂသေန မြတ်စွာဘုရားသည် မည်သူ့အားမျှ မပြသင့်, မပြထိုက်သော အင်္ဂါဇာတ်ကို ပြတော်မူသဖြင့် ပြုနိုင်ခဲသည်ကို ပြုတော်မူအပ်ပါပေ၏ဟု (လျှောက်၏)။ မင်းမြတ် မြတ်စွာဘုရားသည် အင်္ဂါဇာတ်ကို ပြတော်မမူချေ၊ စင်စစ်သော်ကား တန်ခိုးတော်ဖြင့် အရိပ်အယောင်မျှကို ပြတော်မူ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား အရိပ်အယောင်ကို မြင်ရသော်လည်း ယင်းအရိပ်အယောင်ကို မြင်၍ ဆုံးဖြတ်နိုင်ခြင်းသို့ ရောက်ရကား အင်္ဂါဇာတ်ကို မြင်ပြီးပင်ဖြစ်၏ဟု (လျှောက်၏)။ မင်းမြတ် မြတ်စွာဘုရားသည် သစ္စာလေးပါးကို သိသင့်, သိထိုက်သော သတ္တဝါတို့ကို သိစေခြင်းငှါ ပြုနိုင်ခဲသည်ကိုလည်း ပြုတော်မူ၏၊ မင်းမြတ် မြတ်စွာဘုရားသည် ပြုသင့်သော အမူအရာကို အကယ်၍ ဆုတ်ယုတ်စေသည် ဖြစ်အံ့၊ သစ္စာလေးပါးကို သိထိုက်သော သတ္တဝါတို့သည် မသိကုန်ရာ။ မင်းမြတ် မြတ်စွာဘုရားသည် သစ္စာလေးပါးကို သိထိုက်သော သတ္တဝါတို့ကို သိစေခြင်းငှါ အကြောင်းလုံ့လကို သိတော်မူသောကြောင့် အကြင်အကြင်သို့သော လုံ့လဖြင့် သစ္စာလေးပါးကို သိထိုက်သော သတ္တဝါတို့သည် သိကုန်၏၊ မြတ်စွာဘုရားသည် ထိုထိုသို့သော လုံ့လဖြင့် သစ္စာလေးပါးကို သိထိုက်သော သတ္တဝါတို့ကို သိစေ၏။

မင်းမြတ် ဥပမာအားဖြင့် အနာကို ထုတ်ပယ်တတ်သော ဆေးသမားသည် အကြင်အကြင်ဆေးဖြင့် အနာရောဂါနှိပ်စက်ခံနေရသောသူသည် ရောဂါပျောက်ကင်း၏၊ ထိုထိုဆေးဖြင့် အနာနှိပ်စက်ခံနေရသောသူသို့ ကပ်၏၊ ပျို့အန်ထိုက်သူကို ပျို့အန်စေ၏၊ ဝမ်းလျောထိုက်သူကို ဝမ်းလျောစေ၏၊ လိမ်းဆေးတင်ထိုက်သူကို လိမ်းဆေးတင်၏၊ ချွေးထုတ်သင့်သူကို ချွေးထုတ်၏။ မင်းမြတ် ဤအတူသာလျှင် အကြင်အကြင်လုံ့လဖြင့် သစ္စာလေးပါးကို သိထိုက်သော သတ္တဝါတို့သည် သိကုန်၏၊ မြတ်စွာဘုရားသည် ထိုထိုသို့သော လုံ့လဖြင့် သိစေ၏။

မင်းမြတ် ဥပမာတစ်နည်းသော်ကား ကိုယ်ဝန်လမ်းမှား သားမဖွားနိုင်သော မိန်းမသည် ဆေး သမားအား မပြသင့်သော အင်္ဂါဇာတ်ကို ပြရသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရားသည် သစ္စာလေးပါးကို သိထိုက်သော သတ္တဝါတို့ကို သိစေခြင်းငှါ မပြသင့်သော အင်္ဂါဇာတ်ကို တန်ခိုးတော်ဖြင့် အရိပ်အယောင် ပြတော်မူ၏။ မင်းမြတ်ပုဂ္ဂိုလ်ကို ထောက်ဆ၍ မပြသင့်သော အရပ်မည်သည် မရှိပေ။ မင်းမြတ် တစ်စုံတစ်ယောက်သောသူသည် မြတ်စွာဘုရား၏ နှလုံးသားတော်ကို မြင်ရသောကြောင့် သစ္စာလေးပါးကို သိမြင်နိုင်မူ ထိုသူ့အားလည်း မြတ်စွာဘုရားသည် လုံ့လဖြင့် နှလုံးသားတော်ကို ပြတော်မူရာ၏။ မင်းမြတ် မြတ်စွာဘုရားသည် သစ္စာလေးပါးသိကြောင်းလုံ့လ၌ သိမြင်တော်မူ၏။ ဒေသနာတော်၌ လိမ္မာတော်မူ၏။

မင်းမြတ် “ဤအမျိုးကောင်းသားသည် ဤအကြောင်းလုံ့လဖြင့် သစ္စာလေးပါးကို သိလတ္တံ့”ဟု မြတ်စွာဘုရားသည် နန္ဒမထေရ်၏ အလိုအဇ္ဈာသယကို သိတော်မူ၍ ထိုနန္ဒမထေရ်ကို နတ်ဘုံသို့ ဆောင်လျက် နတ်သမီးကညာတို့ကို ပြတော်မူသည် မဟုတ်လော၊ ထိုအကြောင်းလုံ့လဖြင့်လည်း ထိုအမျိုး ကောင်းသားသည် သစ္စာလေးပါးကို သိလေပြီ။ မင်းမြတ် ဤသို့လျှင် မြတ်စွာဘုရားသည် များစွာသော အကြောင်းဖြင့် (နှစ်သက်စရာ, သာယာဖွယ်ဟု မှတ်အပ်သော) သုဘအာရုံကို ရှုတ်ချကဲ့ရဲ့စက်ဆုပ်တော်မူပါလျက် ထိုနန္ဒမထေရ် သစ္စာလေးပါးသိနိုင်ရန် အကြောင်းကြောင့် ခိုခြေသဏ္ဌာန် ကြန်အင်ရှိကုန်သော နတ်သမီးတို့ကို ပြတော်မူဘိသေး၏။ ဤသို့လည်း မြတ်စွာဘုရားသည် သိကြောင်းလုံ့လ၌ သိမြင် တော်မူ၏။ ဒေသနာ၌ လိမ္မာတော်မူ၏။

မင်းမြတ် ထို့ပြင်လည်း မြတ်စွာဘုရားသည် အစ်ကိုနှင်ထုတ်ထားသည် ဖြစ်၍ ဆင်းရဲခြင်းရှိလျက် စိတ်နှလုံးမသာယာသော စူဠပန္ထကမထေရ်သို့ ကပ်ရောက်၍ “ဤအမျိုးကောင်းသားသည် ဤအကြောင်း ဖြင့် သစ္စာလေးပါးကို သိလတ္တံ့”ဟု နှလုံးပြု၍ သိမ်မွေ့သော ပုဆိုးပိုင်းကို ပေးတော်မူ၏၊ ထိုအမျိုး ကောင်းသားသည်လည်း ထိုအကြောင်းကြောင့် မြတ်စွာဘုရားသာသနာတော်၌ လေ့လာပွားထုံသည့် အဖြစ်သို့ ရောက်၏။ မင်းမြတ် ဤသို့လည်း မြတ်စွာဘုရားသည် သိကြောင်းလုံ့လ၌ သိမြင်တော်မူ၏။ ဒေသနာတော်၌ လိမ္မာတော်မူ၏။

--

မင်းမြတ် ထို့ပြင်လည်း မြတ်စွာဘုရားသည် မောဃရာဇပုဏ္ဏားက သုံးကြိမ်တိုင်တိုင် ပြဿနာ မေးအပ်ပါလျက် ဤသို့ ပုစ္ဆာမဖြေသဖြင့် “ဤအမျိုးကောင်းသား၏ တက်ကြွမှုမာန်သည် အေးငြိမ်း ကွယ်ပျောက်လတ္တံ့၊ မာန်ငြိမ်းအေးခြင်းကြောင့် သစ္စာလေးပါးကို သိခြင်းဖြစ်လတ္တံ့”ဟု နှလုံးသွင်း၍ ဖြေဆိုတော်မမူချေ။ ထို့ကြောင့်လည်း ထိုအမျိုးကောင်းသား၏ တက်ကြွမှုမာန်သည် ငြိမ်းအေး၏၊ မာန်ငြိမ်းအေးခြင်းကြောင့် ထိုပုဏ္ဏားသည် အဘိညာဉ်ခြောက်ပါးတို့၌ လေ့လာပွားထုံသည့်အဖြစ်သို့ ရောက်၏။ မင်းမြတ် ဤသို့လည်း မြတ်စွာဘုရားသည် သိကြောင်းလုံ့လ၌ သိမြင်တော်မူ၏။ “ဒေသနာ၌ လိမ္မာတော်မူ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏။ များစွာသော အကြောင်းတို့ဖြင့် ပြဿနာကို ကောင်းစွာ ဖြေရှင်းနိုင်ပါပေ၏။ ရှုပ်ထွေးသည်ကို မရှုပ်ထွေးအောင် ပြုနိုင်ပါပေ၏။ အမိုက်တိုက်ကို လင်းအောင် ပြုနိုင်ပါပေ၏။ အထုံးအဖွဲ့ကို ဖျက်ဆီးတော်မူနိုင်ပါပေ၏။ သူတစ်ပါးအယူဝါဒတို့ကို ချိုးဖျက်နိုင်ပါပေ၏။ အသျှင်ဘုရားသည် မြတ်စွာဘုရားသားတော်တို့အား ပညာမျက်စိဖြစ်စေအပ်ပါပေ၏။ ဂိုဏ်းဆရာမြတ်တို့ ထက် မြတ်သော အသျှင်ဘုရားသို့ ကပ်ရောက်ရပါသောကြောင့် တိတ္ထိတို့သည် စကားဆိုစရာ မရနိုင်ကြပါကုန်ဟု (လျှောက်၏)။ ။

သုံးခုမြောက် ဝတ္ထဂုယှနိဒဿနပဥှာ ပြီး၏။

--

၄-ဖရုသဝါစာဘာဝပဥှာ

မြတ်စွာဘုရား စကားကြမ်းသည်၏ အဖြစ်ကို ပြသော ပြဿနာ

။ အသျှင်ဘုရားနာဂသေန တရားစစ်သူကြီးဖြစ်သော သာရိပုတ္တရာမထေရ်သည် “ငါ့သျှင်တို့ မြတ်စွာဘုရားသည် သန့်စင်ကောင်းမြတ်သော နှုတ်အလေ့အကျင့်ရှိတော်မူ၏၊ မြတ်စွာဘုရားသည် ‘ငါ၏ ဤမကောင်းသော နှုတ်အကျင့်ကို တစ်ပါးသောသူသည် မသိစေလင့် ‘ဟု အကြင်မကောင်းသော နှုတ် အကျင့်ကို စောင့်ရှောက်ရာ၏၊ ထိုမကောင်းသော နှုတ်အကျင့်သည် မြတ်စွာဘုရားအား မရှိ”ဟု ဤစကား ကိုလည်း ဆိုတော်မူ၏။ တစ်ဖန်လည်း မြတ်စွာဘုရားသည် ကလန္ဒသူဌေးသားသုဒိန်မထေရ်၏ ပထမမှု ပြစ်၌ သာသနာတော်မှ ဆုံးရှုံးစေဟူသော ပါရာဇိကအာပတ်ကို ပညတ်တော်မူသည်ရှိသော် ရုန့်ရင်း ကြမ်းတမ်းသော စကားတို့ဖြင့် မဂ်ဖိုလ်မှ ‘အချည်းနှီးယောက်ျား’ဟူသော စကားဖြင့် ပြောဆိုလတ်ပြီ။ ထိုသုဒိန်မထေရ်သည် ထိုအချည်းနှီးယောက်ျားဟူသော စကားဖြင့် မျက်နှာမလှ မကြည်မြသော စိတ်၏ အစွမ်းဖြင့် ပိတ်ပင်အပ်သည်၏အဖြစ်ကြောင့် နှလုံးမသာယာသည် ဖြစ်၍ အရိယမဂ်ကို ထိုးထွင်း၍ သိခြင်း ငှါ မစွမ်းနိုင်တော့ပေ။ အသျှင်ဘုရားနာဂသေန မြတ်စွာဘုရားသည် အကယ်၍ သန့်စင် ကောင်းမြတ်သော စင်ကြယ်သော နှုတ်အလေ့အကျင့်ရှိတော်မူ၍ မကောင်းသော နှုတ်အလေ့အကျင့် မရှိသည် ဖြစ်အံ့၊ ထိုသို့ဖြစ်ပါမူ မြတ်စွာဘုရားသည် ကလန္ဒသူဌေးသားဖြစ်သော သုဒိန်မထေရ်၏ ပထမမှု ပြစ်၌ အချည်းနှီး ယောက်ျားဟူသော စကားဖြင့် ပြောဆိုတော်မူ၏ဟူသော စကားသည် မှားရာ၏။ မြတ်စွာဘုရားသည် ကလန္ဒသူဌေးသားသုဒိန်မထေရ်၏ ပထမမှုပြစ်၌ အချည်းနှီးယောက်ျားဟူသော စကားဖြင့် အကယ်၍ ပြောဆိုသည် ဖြစ်အံ့၊ ထိုသို့ဖြစ်ပါမူ မြတ်စွာဘုရားသည် သန့်စင်ကောင်းမြတ်သော နှုတ် အလေ့အကျင့် ရှိတော်မူ၏၊ မြတ်စွာဘုရားအား မကောင်းသော နှုတ်အလေ့အကျင့်သည် မရှိဟူသော ထိုစကားသည် မှားရာ၏။ အစွန်းနှစ်ဖက်ထွက်သော ဤပြဿနာသည်လည်း အသျှင်ဘုရားထံသို့ အစဉ် ရောက်ပါ၏၊ အသျှင်ဘုရားသည် ထိုပြဿနာကို ဖြေရှင်းတော်မူပါလော့ဟု (လျှောက်၏)။

မင်းမြတ် တရားစစ်သူကြီးဖြစ်သော သာရိပုတ္တရာမထေရ်သည် “ငါ့သျှင်တို့ မြတ်စွာဘုရားသည် သန့်စင် ကောင်းမြတ်သော နှုတ်အလေ့အကျင့်ရှိတော်မူ၏၊ မြတ်စွာဘုရားသည် ‘ငါ၏ ဤမကောင်းသော နှုတ်အကျင့်ကို တစ်ပါးသောသူသည် မသိပါစေလင့် ‘ဟု အကြင်မကောင်းသော နှုတ်အကျင့်ကို စောင့် ရှောက်ရာ၏၊ ထိုမကောင်းသော နှုတ်အကျင့်သည် မြတ်စွာဘုရားအား မရှိ”ဟု ဤစကားကိုလည်း ဆိုတော်မူ၏။ ကလန္ဒသူဌေး သားအသျှင်သုဒိန်၏လည်း ပထမမှုပြစ်၌ ပါရာဇိကအာပတ်ကို ပညတ်တော်မူသော မြတ်စွာဘုရားသည် အချည်းနှီး ယောက်ျားဟူသော စကားဖြင့် ပြောဆိုတော်မူ၏။ ထိုသို့ ပြောဆို လင့်ကစား ထိုပြောဆိုခြင်းသည်လည်း မခြုတ်ခြယ်သော၊ဟုတ်မှန်တိုင်းသော သဘောလက္ခဏာရှိသော၊ မပြစ်မှားသော စိတ်ဖြင့် ဆိုတော်မူ၏။ ထိုစကား၌ဟုတ်မှန်တိုင်းသော သဘောလက္ခဏာဟူသည် အဘယ်နည်းဟူမူ-မင်းမြတ် အကြင်ပုဂ္ဂိုလ်အား ဤကိုယ်၏ အဖြစ်၌ သစ္စာလေးပါးကို သိခြင်းမဖြစ်၊ ထိုပုဂ္ဂိုလ်၏ ယောက်ျားအဖြစ်သည် အကျိုးမပြီးအချည်းနှီးပင်တည်း၊ ကောင်းသည်ကို ပြုလိုလျက် (ကောင်းသည်မှ) အခြားတစ်ပါး မကောင်းသောအားဖြင့် ဖြစ်တတ်လေ၏၊ ထို့ကြောင့် “(မဂ်ဖိုလ်)မှ အချည်းနှီးယောက်ျား”ဟု ဆိုအပ်၏။ မင်းမြတ် ဤသို့လျှင် မြတ်စွာဘုရားသည် ကလန္ဒသူဌေးသား အသျှင်သုဒိန်အား သဘာဝကျကျ မှန်သော စကားဖြင့် ပြောဆိုတော်မူ၏၊ မဟုတ်မမှန်သော စကားဖြင့် ဆိုတော်မမူဟု (မိန့်တော်မူ၏)။

--

အသျှင်ဘုရားနာဂသေန အကြင်သူသည် သဘာဝကျကျ မှန်တိုင်းကိုလည်း ဆဲရေးလိုသည် ဖြစ်၍့ပြောဆို၏၊ ထိုသူ့အား အကျွန်ုပ်တို့သည် တစ်ကျပ်ဒဏ်တပ်ပါကုန်၏၊ ထိုသူသည် အပြစ်ရှိသည် ဖြစ်၍ သာလျှင် သဘောမှန်ဝတ္ထုကို မှီ၍ အသီးအခြား ခေါ်ဝေါ်ပြောဆိုခြင်းကို ပြောဆိုလျက် ဆဲရေး၏ဟု (လျှောက်၏)။ မင်းမြတ် သင်မင်းမြတ်သည် ချွတ်ချော်မှားယွင်းသောသူအား ရှိခိုးခြင်းကိုလည်းကောင်း၊ ခရီးဦးကြိုဆိုခြင်းကိုလည်းကောင်း၊ အရိုအသေပြုခြင်းကိုလည်းကောင်း၊ လက်ဆောင်ပေးခြင်းကိုလည်းကောင်း ကြားဖူးပါ၏လောဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား မကြားဖူးပါ၊ အကြင်သူသည် တစ်စုံတစ်ခုသော အကြောင်းကြောင့် တစ်စုံတစ်ခုသောအရာ၌ ချွတ်ချော်မှားယွင်းမိ၏၊ ထိုသူသည် ခြိမ်းခြောက် ငေါက်ငမ်းခံထိုက်သူ ဖြစ်ပါ၏၊ ထိုသူ၏ ဦးခေါင်းကိုမူလည်း ဖြတ်ကြပါကုန်၏၊ ရိုက်မူလည်း ရိုက်ကြပါကုန်၏၊ နှောင်ဖွဲ့မူလည်း နှောင်ဖွဲ့ကြပါကုန်၏၊ သတ်မူလည်း သတ်ကြပါကုန်၏၊ မီးတိုက်မူလည်း မီးတိုက်ကြပါကုန်၏ဟု (လျှောက်၏)။ မင်းမြတ် သို့ဖြစ်လျှင် မြတ်စွာဘုရားသည် ပြုသင့်သည်ကိုသာ ပြုတော်မူ၏၊ မပြုသင့်သည်ကို မပြုပေဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ပြုသင့်သည်ကို ပြုလုပ်သူသည် ပြုရန် အခွင့်သင့်လျော်သဖြင့်သာ၊ ပြုရန် အခွင့် လျောက်ပတ်သဖြင့်သာ ပြုသင့်ပေ၏။ အသျှင်ဘုရားနာဂသေန ကြားရကာမျှဖြင့်လည်း မြတ်စွာဘုရားအား နတ်နှင့်တကွသော လူသည် ထိတ်လန့်တုံဘိသေး၏။ ရှက်ကြောက်တုံဘိသေး၏။ မြင်ပြန်ရ သဖြင့်ကား လွန်မင်းစွာ ထိတ်လန့်ပေ၏။ ရှက်ကြောက်ပေ၏။ အနီးသို့ ချဉ်းကပ်၍ ဆည်းကပ်ခစားမိ သဖြင့် ထို့ထက်လွန်မင်းစွာ ထိတ်လန့်ပေ၏။ ရှက်ကြောက်ပေ၏ဟု (လျှောက်၏)။ မင်းမြတ် ဆေးသမား သည် ကိုယ်၌ စမြင်းဒေါသအလွန်များ၍ စွတ်စိုခဲ့သော်၊ သွေး, သည်းခြေ, သလိပ်ဟူသော တြိဒေါသ ဖောက်ပြန်ပျက်စီးခဲ့သော် သိမ်မွေ့ကုန်သော ဆေးတို့ကို ပေးရာသလောဟု (မေးတော်မူ၏)။ အသျှင် ဘုရား မပေးပါ၊ ထက်မြက်၍ ရောဂါကို လျော့ပါးလွင့်စဉ်စေတတ်ကုန်သော ဆေးတို့ကိုသာ ပေးပါ၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရားသည် အလုံးစုံသော ကိလေသာအနာကို ငြိမ်းအေးစေခြင်းငှါ အဆုံးအမကို ပေးတော်မူ၏။ မင်းမြတ် မြတ်စွာဘုရား၏ စကားတော်သည် ကြမ်း သော်လည်း သတ္တဝါတို့ကို နူးညံ့ပျော့ပျောင်းစေ၏၊ နူးညံ့သည်တို့ကို ပြု၏။ မင်းမြတ် ဥပမာအားဖြင့် ပူသော ရေသည်လည်း အလုံးစုံပျော့ပျောင်းဖွယ်ကို ပျော့ပျောင်းစေ၏၊ နူးညံ့အောင် ပြု၏။ မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရား၏ စကားတော်သည် ကြမ်းသော်လည်း အကျိုးစီးပွါးရှိ၏၊ သနားခြင်း ‘ကရုဏာ'နှင့်တကွ ဖြစ်၏။

မင်းမြတ် ဥပမာအားဖြင့် အဖ၏စကားသည် သားသမီးတို့အား အကျိုးစီးပွါးရှိ၏၊ သနားခြင်း ‘ကရုဏာ'နှင့်တကွ ဖြစ်၏။ မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရား၏ စကားတော်သည် ကြမ်းသော်လည်း အကျိုးစီးပွါးရှိ၏၊ သနားခြင်း ‘ကရုဏာ'နှင့်တကွ ဖြစ်၏။ မင်းမြတ် မြတ်စွာဘုရား၏ စကားတော်သည် ကြမ်းသော်လည်း သတ္တဝါတို့၏ ကိလေသာတို့ကို ပယ်နိုင်၏။ မင်းမြတ် ဥပမာအားဖြင့် သောက်အပ်သော နွားကျင်ငယ်သည် အနံ့မကောင်းသော်လည်း သတ္တဝါတို့၏ အနာရောဂါကို ပယ်ဖျောက် နိုင်၏၊ ခဲစားအပ်သော ဆေးသည် အရသာမကောင်းသော်လည်း သတ္တဝါတို့၏ အနာရောဂါကို ပယ် ဖျောက်နိုင်၏။ မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရား၏ စကားတော်သည် ကြမ်းသော်လည်း အကျိုး စီးပွါးရှိ၏၊ သနားခြင်း ‘ကရုဏာ'နှင့်တကွ ဖြစ်၏။ မင်းမြတ် ဥပမာအားဖြင့် လဲဝါဂွမ်းစိုင်သည် ကြီးမား သော်လည်း သူတစ်ပါး၏ ကိုယ်၌ ကျသောကြောင့် နာကျင်ခြင်းကို မပြု။ မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရား၏ စကားတော်သည် ကြမ်းသော်လည်း တစ်ဦးတစ်ယောက်သောသူအား ဆင်းရဲကိုမဖြစ် စေတတ်ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန ပြဿနာကို အကြောင်းများစွာတို့ဖြင့် ကောင်းစွာ ဆုံးဖြတ်တော်မူအပ်ပါပေ၏။ အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏၊ ဤသို့လျှင် ထိုစကားတော်ကို ထိုသို့ဆိုတော်မူတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

လေးခုမြောက် ဖရုသဝါစာဘာဝပဥှာ ပြီး၏။

--

၅-ရုက္ခအစေတနာဘာဝပဥှာ

သစ်ပင်တို့ စိတ်စေတနာမရှိသည့်အဖြစ် ပြဿနာ

။ အသျှင်ဘုရားနာဂသေန- “ပုဏ္ဏား သင်သည် သိသောသူ ဖြစ်ပါလျက် စိတ်စေတနာမရှိသော၊ ကြားလည်း မကြားတတ်သော၊ သိလည်း မသိတတ်သော ဤပေါက်ပင်ကို ဝီရိယစိုက်ထုတ်၍ အမြဲ မမေ့မလျော့ ချမ်းသာစွာ အိပ်ရပါသလောဟု အဘယ့်ကြောင့် မေးရပါ သနည်း”ဟု ဤစကားတော်ကိုလည်း မြတ်စွာဘုရား ဟော တော်မူအပ်ပါ၏။

တစ်ဖန်လည်း- “ကြို့ပင်သည်လည်း ထိုခဏ၌ပင် ဘာရဒွါဇပုဏ္ဏား ငါ့အားလည်း စကားပြောရန် ရှိပါသေး၏၊ ငါ၏ စကားကို နားထောင်ပါလော့ဟု ပြောဆို၏”ဟု ဟောတော်မူခဲ့ ပြန်၏။

အသျှင်ဘုရားနာဂသေန သစ်ပင်သည် အကယ်၍ စိတ်စေတနာမရှိအံ့၊ ထိုသို့ဖြစ်ပါမူ ကြို့ပင်သည် ဘာရဒွါဇပုဏ္ဏားနှင့် အတူ စကားပြော၏ဟူသော စကားသည် မှားရာ၏။ ကြို့ပင်သည် ဘာရဒွါဇပုဏ္ဏားနှင့် အတူ အကယ်၍ စကားပြောသည် ဖြစ်အံ့၊ ထိုသို့ဖြစ်ပါမူ သစ်ပင်သည် စိတ်စေတနာမရှိဟူသော ထိုစကားသည် မှားရာ၏။ အစွန်းနှစ်ဖက်ထွက်သော ဤပြဿနာသည်လည်း အသျှင်ဘုရားထံသို့ အစဉ် ရောက်ပါ၏၊ အသျှင်ဘုရားသည် ထိုပြဿနာကို ဖြေရှင်းတော်မူပါလော့ဟု (လျှောက်၏)။

မင်းမြတ် “သစ်ပင်သည် စိတ်စေတနာမရှိ”ဟု မြတ်စွာဘုရားသည် ဤစကားကိုလည်း ဟောတော်မူအပ်၏၊ ကြို့ပင်သည်လည်း ဘာရဒွါဇပုဏ္ဏားနှင့်အတူ စကားပြော၏၊ ထိုကြို့ပင်က ပြော၏ဟူသော စကားကိုလည်း လောကပညတ်အားဖြင့်သာ ဆိုအပ်၏။ မင်းမြတ် စိတ်စေတနာမရှိသော သစ်ပင်အား စကားပြောခြင်းမည်သည် မရှိ၊ မင်းမြတ် စင်စစ်သော်ကား သစ်ပင်ဟူသော ဤအမည်သည် ထိုသစ်ပင်၌ စောင့်သော နတ်၏အမည်တည်း၊ သစ်ပင်သည် စကားပြော၏ဟူသော ဤစကားကား လောကပညတ်တည်း။ မင်းမြတ် ဥပမာအားဖြင့် စပါးဖြင့် ပြည့်သော လှည်းကို စပါးလှည်းဟူ၍ လူအပေါင်းသည် ခေါ်ဝေါ်၏၊ စင်စစ်သော်ကား ထိုလှည်းသည် စပါးဖြင့် ပြုလုပ်ထားသော လှည်းမဟုတ်၊ သစ်သားဖြင့် ပြုလုပ်ထားသော လှည်းတည်း၊ ထို(သစ်သားဖြင့် ပြီးသော) လှည်း၌ စပါးကို လောင်းသည့်အဖြစ်ကြောင့် စပါးလှည်းဟူ၍ လူအပေါင်းက ခေါ်ဝေါ်၏။ မင်းမြတ် ဤအတူသာလျှင် သစ်ပင်သည် စကားမပြော၊ သစ်ပင်သည် စိတ်စေတနာမရှိ၊ ထိုသစ်ပင်၌ စောင့်သော အကြင်နတ်သည် ရှိ၏၊ သစ်ပင်ဟူသော အမည် သည် ထိုနတ်၏ အမည်သာတည်း၊ ထို့ပြင် သစ်ပင် စကားပြော၏ဟူသော စကားသည် လောကပညတ်တည်း။

မင်းမြတ် ဥပမာတစ်နည်းသော်ကား နို့ဓမ်းကို မွှေနှောက်သော် ရက်တက်ကို မွှေနှောက်၏ဟု ခေါ်ဝေါ်၏၊ ထိုသူသည် အကြင်နို့ဓမ်းကို မွှေနှောက်၏၊ ထိုမွှေနှောက်သော နို့ဓမ်းသည် ရက်တက် မဟုတ်၊ ထိုသူသည် နို့ဓမ်းကိုသာလျှင် မွှေနှောက်သော် ရက်တက်ကို မွှေနှောက်၏ဟု ခေါ်ဝေါ်၏။ မင်းမြတ် ဤအတူသာလျှင် သစ်ပင်သည် စကားမပြော၊ သစ်ပင်သည် စိတ်စေတနာ မရှိ၊ ထိုသစ်ပင်၌ စောင့်သော အကြင်နတ်သည် ရှိ၏၊ သစ်ပင်ဟူသော အမည်သည် ထိုသစ်ပင်စောင့်နတ်၏ အမည်သာတည်း၊ သစ်ပင် စကားပြော၏ဟူသော ဤစကားသည် လောကပညတ်တည်း။

--

မင်းမြတ် ဥပမာတစ်နည်းသော်ကား ထင်ရှားမရှိသော ယုန်ချိုစသည်ကို ပြီးစေလိုသောသူသည် ထင်ရှားရှိသည်ကို ငါပြီးစေ၏ဟု ခေါ်ဝေါ်၏၊ မပြီးသည်ကို ပြီး၏ဟု ခေါ်ဝေါ်၏၊ ဤသို့လျှင် ဤစကားကို လူတို့သည် သမုတ်အပ်၏။ မင်းမြတ် ဤအတူသာလျှင် သစ်ပင်သည် စကားမပြော၊ သစ်ပင်သည် စိတ်စေတနာ မရှိ၊ ထိုသစ်ပင်၌ စောင့်သော အကြင်နတ်သည် ရှိ၏၊ ထိုသစ်ပင်ဟူသော အမည်သည့်နတ် ၏ အမည်သာတည်း၊ သစ်ပင် စကားပြော၏ဟူသော ဤစကားသည် လောကပညတ်တည်း။ မင်းမြတ် လောကသည် သမုတ်အပ်သော အကြင်ပညတ်ဖြင့် လူအပေါင်းသည် ခေါ်ဝေါ်၏၊ မြတ်စွာဘုရားသည်လည်း ထိုလောက သမုတ်အပ်သော ပညတ်အားဖြင့်သာလျှင် သတ္တဝါတို့အား တရားဒေသနာကို ဟောတော်မူ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား နာဂသေန ကောင်းလှပါ၏၊ ဤသို့လျှင် ဤစကားကို ထိုသို့ ဆိုတော်မူတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

ငါးခုမြောက် ရုက္ခအစေတနာဘာဝပဥှာ ပြီး၏။

၆-ပိဏ္ဍပါတမဟပ္ဖလပဥှာ

ဆွမ်းနှစ်မျိုး၏ အကျိုးကြီးမှု တူပုံပြဿနာ

။ အသျှင်ဘုရားနာဂသေန - “မြတ်စွာဘုရားသည် စုန္ဒမည်သော ရွှေပန်းထိမ်သည်၏ ဆွမ်းကို ဘုဉ်းပေး တော်မူ၍ သေလောက်အောင် ပြင်းထန်သော အနာရောဂါကို ရတော်မူရပြီဟု အကျွန်ုပ် ကြားဖူးပါ၏”ဟူသော ဤစကားကို ပါဠိတော်သင်္ဂါယနာတင်သော မထေရ်တို့ မိန့်ဆိုတော်မူအပ်၏။

တစ်ဖန်လည်း မြတ်စွာဘုရားသည် “အာနန္ဒာ ဤနှစ်ပါးသော ဆွမ်းတို့သည် အလုံးစုံသော အခြင်း အရာအားဖြင့် တူမျှသော အကျိုးဝိပါက်ရှိကုန်သည် ဖြစ်၍ တစ်ပါးသော ဆွမ်းတို့ထက် အလွန်အကဲလျှင် အကျိုးကြီးကုန်၏၊ အလွန်လည်း အာနိသင်ကြီးကုန်၏၊ အဘယ်နှစ်ပါးသော ဆွမ်းတို့နည်းဟူမူ - အကြင်ဆွမ်းကို ဘုဉ်းပေးတော်မူ၍ မြတ်စွာဘုရားသည် အတုမရှိလွန်မြတ်သော အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်တော်ကို ထိုးထွင်း၍ သိတော်မူ၏၊ (ထိုဆွမ်းလည်းကောင်း)၊ အကြင်ဆွမ်းကို ဘုဉ်းပေး တော်မူ၍ မြတ်စွာဘုရားသည် အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူ၏၊ (ထိုဆွမ်းလည်းကောင်းတည်း)၊ ဤနှစ်ပါးသော ဆွမ်းတို့သည် အလုံးစုံသော အခြင်းအရာအားဖြင့် တူမျှသော အကျိုး ဝိပါက်ရှိကုန်သည် ဖြစ်၍ တစ်ပါးသော ဆွမ်းတို့ထက် အလွန်အကဲလျှင် အကျိုးကြီးကုန်၏၊ အလွန်လည်း အာနိသင်ကြီးကုန်၏”ဟု ဟောတော်မူခဲ့၏။ အသျှင်ဘုရားနာဂသေန စုန္ဒ၏ ဆွမ်းကို ဘုဉ်းပေးသော မြတ်စွာဘုရားအား ကြမ်းတမ်းသော ဝမ်းတော်လားသော ရောဂါသည် အကယ်၍ ဖြစ်ခဲ့အံ့၊ သေလောက် အောင် ပြင်းထန်သော ဝေဒနာသည် အကယ်၍ ဖြစ်ခဲ့အံ့၊ ထိုသို့ဖြစ်ပါမူ အာနန္ဒာ ဤနှစ်ပါးသော ဆွမ်းတို့သည် အလုံးစုံသော အခြင်းအရာအားဖြင့် တူမျှသော အကျိုးဝိပါက်ရှိကုန်သည် ဖြစ်၍ တစ်ပါးသော ဆွမ်းတို့ထက် အလွန်အကဲလျှင် အထူးသဖြင့် အကျိုးကြီးကုန်၊ အလွန်လည်း အာနိသင်ကြီးကုန်၏ဟူသော စကားသည် မှားရာ၏၊ ဤနှစ်ပါးသော ဆွမ်းတို့သည် အလုံးစုံသော အခြင်းအရာအားဖြင့် တူမျှသော အကျိုးဝိပါက်ရှိကုန်သည် ဖြစ်၍ တစ်ပါးသော ဆွမ်းတို့ထက် အလွန်အကဲလျှင် အကယ်၍ အထူးသဖြင့် အကျိုးကြီးကုန်အံ့၊ အလွန်လည်း အာနိသင်ကြီးကုန်အံ့၊ ထိုသို့ဖြစ်ပါမူ စုန္ဒ၏ ဆွမ်းကို ဘုဉ်းပေးသော မြတ်စွာဘုရားအား ကြမ်းတမ်းသော ဝမ်းတော်လားသော ရောဂါသည် ဖြစ်၏၊ သေလောက်အောင် ပြင်းထန်သော ဝေဒနာသည် ဖြစ်၏ဟူသော ထိုစကားသည် မှားရာ၏၊ အသျှင်ဘုရား နာဂသေန အသို့နည်း ထိုဆွမ်းသည် အဆိပ်နှင့်တကွဖြစ်သောကြောင့် အကျိုးကြီးပါသလော၊ ရောဂါကို ဖြစ်စေတတ်သောကြောင့် အကျိုးကြီးပါသလော၊ အသက်ကို ဖျက်ဆီးတတ်သောကြောင့် အကျိုးကြီးပါ သလော၊ မြတ်စွာဘုရား၏ အသက်ကို ဆောင်တတ်သောကြောင့် အကျိုးကြီးပါသလော၊ ထိုအရာ၌ သူတစ်ပါးအယူဝါဒတို့ကို နှိပ်စက်ခြင်းငှါ အကျွန်ုပ်အား အကြောင်းကို မိန့်တော်မူပါလော့၊ ဤအရာ၌ ဤလူအပေါင်းသည် လောဘ၏အစွမ်းအားဖြင့် အလွန်အမင်း စားသုံးတော်မူသောကြောင့် ဝမ်းသွန်နာသည် ဖြစ်ရလေ၏ဟု အလွန်တွေဝေပါ၏။ အစွန်းနှစ်ဖက်ထွက်သော ဤပြဿနာသည်လည်း အသျှင်ဘုရားထံ သို့ အစဉ်ရောက်ပါ၏၊ ထိုပြဿနာကို အသျှင်ဘုရားသည် ဖြေရှင်းတော်မူပါလော့ဟု (လျှောက်၏)။

--

မင်းမြတ် -

“မြတ်စွာဘုရားသည် စုန္ဒမည်သော ရွှေပန်းထိမ်သည်၏ ဆွမ်းကို ဘုဉ်းပေးတော်မူ၍ သေလောက်အောင် ပြင်းထန်သော အနာရောဂါကို ရတော်မူရပြီဟူသော စကားကို အကျွန်ုပ် ကြားဖူးပါ၏”ဟူသော ဤစကားကို ပါဠိတော်သင်္ဂါယနာတင်သော မထေရ်တို့ မိန်ဆိုတော်မူအပ်၏။

မြတ်စွာဘုရားသည်လည်း “အာနန္ဒာ ဤနှစ်ပါးသော ဆွမ်းတို့သည် အလုံးစုံသော အခြင်းအရာအားဖြင့် တူမျှသော အကျိုးဝိပါက်ရှိကုန်သည် ဖြစ်၍ တစ်ပါးသော ဆွမ်းတို့ထက် အလွန်အကဲလျှင် အထူးသဖြင့် အကျိုးကြီးကုန်၏၊ အလွန်လည်း အာနိသင်ကြီးကုန်၏။ အဘယ်နှစ်ပါးတို့နည်းဟူမူ - အကြင်ဆွမ်းကို ဘုဉ်းပေးတော်မူ၍ မြတ်စွာဘုရားသည် အတုမရှိ လွန်မြတ်သော သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိတော်မူ၏၊ (ထိုဆွမ်းလည်းကောင်း)၊ အကြင်ဆွမ်းကို ဘုဉ်းပေးတော်မူ၍ အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူ၏၊ (ထိုဆွမ်းလည်းကောင်းတည်း)၊ ဤနှစ်ပါးသော ဆွမ်းတို့သည် အလုံးစုံသော အခြင်းအရာအားဖြင့် တူမျှသော အကျိုးဝိပါက်ရှိကုန်သည် ဖြစ်၍ တစ်ပါးသော ဆွမ်းတို့ ထက် အလွန်အကဲလျှင် အထူးသဖြင့်လည်း အကျိုးကြီးကုန်၏၊ အလွန်လည်း အာနိသင်ကြီးကုန်၏”ဟု ဟောတော်မူအပ်၏။

စင်စစ်သော်ကား ထိုဆွမ်းသည် များစွာသော ဂုဏ်ကျေးဇူးရှိ၏၊ များစွာသော အာနိသင်ရှိ၏၊ မင်းမြတ် နတ်တို့သည် ရွှင်လန်းကြကုန်သည်, ကြည်လင်သော စိတ်ရှိကြကုန်သည် ဖြစ်၍ “ဤဆွမ်းသည် ကား မြတ်စွာဘုရား၏ နောက်ဆုံးဖြစ်သော ဆွမ်းပေတည်း”ဟု နှလုံးသွင်းလျက် နတ်ဩဇာကို ဝက်ပျိုသား၌ လောင်းထည့်ကုန်၏၊ ထိုဘောဇဉ်သည်ကား ကောင်းစွာ ကျက်၏၊ လျင်စွာ ကျက်၏၊ နှစ်သက်စဖွယ်ရှိ၏၊ အရသာ များစွာ ရှိ၏၊ ဝမ်းမီးတေဇောဓာတ်၏ အစီးအပွါးဖြစ်၏၊ မင်းမြတ် ထိုဆွမ်း ကို ဘုဉ်းပေးခြင်းကြောင့် မြတ်စွာဘုရားအား တစ်စုံတစ်ရာသော မဖြစ်သေးသော ရောဂါသည် မဖြစ် ပေါ်ပေ၊ မင်းမြတ် စင်စစ်သော်ကား မြတ်စွာဘုရား၏ ပကတိအားနည်းသော ကိုယ်တော်၌ ဖြစ်ပေါ်လာသော အနာရောဂါသည် အာယုသင်္ခါရကုန်လတ်သော် လွန်စွာ တိုးပွါးလေ၏။

မင်းမြတ် ဥပမာသော်ကား ပကတိအားဖြင့် တောက်သော မီးသည် အခြားသော လောင်စာကို ထည့်ပေးသည်ရှိသော် လွန်စွာ တောက်ပလေ၏။ မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရား၏ ပကတိ အားနည်းသော ကိုယ်တော်၌ ဖြစ်ပေါ်လာသော အနာရောဂါသည် အာယုသင်္ခါရကုန်လတ်သော် လွန်စွာ တိုးပွါးလေ၏။

မင်းမြတ် ဥပမာတစ်နည်းသော်ကား ပကတိအားဖြင့် ရေအယဉ်သည် စီးဆင်းနေစဉ် မိုးကြီး သည်းထန်စွာ ရွာသွန်းသည်ရှိသော် သည်းထန်စွာသော ဝဲဩဃသည် ရေအယဉ်ဖြစ်၏။ မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရား၏ ပကတိအားနည်းသော ကိုယ်တော်၌ ဖြစ်ပေါ်လာသော ရောဂါသည် အာယုသင်္ခါရကုန်လတ်သော် လွန်စွာ တိုးပွါးလေ၏။

မင်းမြတ် ဥပမာတစ်နည်းသော်ကား ပကတိအားဖြင့် အလွန်ပြိုပျက်သော ဓာတ်ရှိသော ဝမ်းတိုက် သည် တစ်ပါးသော အစာအာဟာရကို စားမျိုခဲ့သော် အလွန်ပြိုပျက်ရာ၏။ မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရား၏ ပကတိအားနည်းသော ကိုယ်တော်၌ ဖြစ်ပေါ်လာသော အနာရောဂါသည် အာယုသင်္ခါရကုန်လတ်သော် လွန်စွာ တိုးပွါးလေ၏။ မင်းမြတ် ထိုဆွမ်း၌ အပြစ်ဒေါသမရှိ၊ စင်စစ် ထိုဆွမ်းအား အပြစ်တင်ခြင်းငှါ မတတ်ကောင်းပေဟု (မိန့်တော်မူ၏)။

--

အသျှင်ဘုရားနာဂသေန အဘယ်အကြောင်းကြောင့် ထိုနှစ်ပါးသော ဆွမ်းတို့သည် အလုံးစုံသော အခြင်းအရာအားဖြင့် တူမျှသော အကျိုးဝိပါက်ရှိပါကုန်သနည်း၊ တစ်ပါးသော ဆွမ်းတို့ထက် အလွန်အကဲ အထူးသဖြင့် အကျိုးကြီးပါကုန်သနည်း၊ အလွန်လည်း အာနိသင်ကြီးပါကုန်သနည်းဟု (လျှောက်၏)။ မင်းမြတ် တရားကို အဖန်ဖန် သုံးသပ်ဝင်စားသည်၏ အစွမ်းကြောင့် ထိုနှစ်ပါးသော ဆွမ်းတို့သည့်အလုံးစုံသော အခြင်းအရာအားဖြင့် တူမျှသော အကျိုးဝိပါက်ရှိကုန်သည် ဖြစ်၍ တစ်ပါးသော ဆွမ်းတို့ ထက် အလွန်အကဲလျှင် အထူးသဖြင့် အကျိုးကြီးကုန်၏၊ အလွန်လည်း အာနိသင်ကြီးကုန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန အဘယ်တရားတို့ကို အဖန်ဖန် သုံးသပ်ဝင်စားသည်၏ အစွမ်းကြောင့် ထိုနှစ်ပါးသော ဆွမ်းတို့သည် အလုံးစုံသော အခြင်းအရာအားဖြင့် တူမျှသော အကျိုးဝိပါက်ရှိပါကုန် သနည်း၊ တစ်ပါးသော ဆွမ်းတို့ထက် အလွန်အကဲလျှင် အကျိုးကြီးပါကုန်သနည်း၊ အလွန်လည်း အာနိသင်ကြီးပါကုန်သနည်းဟု (လျှောက်၏)။ မင်းမြတ် အစဉ်အတိုင်း ဝင်စားအပ်ကုန်သော သမာပတ် ကိုးပါးတို့ကို အနုလုံ၊ ပဋိလုံ (အပြန်အလှန်) ဝင်စားသည်၏ အစွမ်းကြောင့် ထိုနှစ်ပါးသော ဆွမ်းတို့ သည် အလုံးစုံသော အခြင်းအရာအားဖြင့် တူမျှသော အကျိုးဝိပါက်ရှိကုန်သည် ဖြစ်၍ တစ်ပါးသော ဆွမ်းတို့ထက် အလွန်အကဲလျှင် အထူးသဖြင့် အကျိုးကြီးကုန်၏၊ အလွန်လည်း အာနိသင်ကြီးကုန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ဘုရားဖြစ်တော်မူသောနေ့၊ ပရိနိဗ္ဗာန်ဝင်စံတော်မူသောနေ့ ဤနေ့ နှစ်ပါးတို့၌သာ မြတ်စွာဘုရားသည် အစဉ်အတိုင်း ဝင်စားအပ်ကုန်သော သမာပတ်ကိုးပါးတို့ကို အနုလုံ၊ ပဋိလုံ လွန်လွန် ကဲကဲ ဝင်စားတော်မူပါသလောဟု (လျှောက်၏)။ မင်းမြတ်ဟုတ်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန အံ့ဖွယ်ရှိပါပေ၏၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေ၏၊ ဤဘုရားရှင်ခေတ်၌ အတုမရှိလွန်မြတ်သော ‘အသဒိသ’ ဒါနကိုပင်သော်လည်း ဤနှစ်မျိုးသော ဆွမ်းတို့ဖြင့် မရေတွက်ခဲ့လေတကား၊ အသျှင် ဘုရားနာဂသေန အံ့ဖွယ်ရှိပါပေ၏၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေ၏၊ အစဉ်အတိုင်း ဝင်စားအပ်ကုန်သော သမာပတ်ကိုးပါးတို့သည် အလွန် မြတ်ပါကုန်၏၊ ယင်းအကြောင်းကြောင့် အစဉ်အတိုင်း ဝင်စားအပ်ကုန်သော သမာပတ်ကိုးပါးတို့၏ အစွမ်းဖြင့် နှစ်ပါးသော ဆွမ်းဒါနသည် အထူးသဖြင့် အကျိုးကြီး၏၊ အလွန်လည်း အာနိသင်ကြီး၏၊ အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏၊ ဤသို့လျှင် ဤစကားကို ထိုသို့ မိန့်တော်မူတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

ခြောက်ခုမြောက် ပိဏ္ဍပါတမဟပ္ဖလပဥှာ ပြီး၏။

--

၇-ဗုဒ္ဓပူဇနပဥှာ

မြတ်စွာဘုရားအား ပူဇော်ခြင်း ပြဿနာ

။ အသျှင်ဘုရားနာဂသေန “အာနန္ဒာ သင်တို့သည် ငါဘုရား၏ အလောင်းတော်ကို ပူဇော်မှု၌ ကြောင့်ကြမစိုက်ကြကုန်လင့်”ဟု ဤစကားကို မြတ်စွာဘုရား ဟောတော်မူအပ်၏။

တဖန်လည်း - “ပူဇော်ထိုက်သော ဘုရားရှင်၏ သရီရဓာတ်တော်ကို ပူဇော်ကုန်လော့၊ ဤသို့ ပူဇော်ခြင်းပြုကုန်သောသူတို့သည် ဤကောင်းမှုကြောင့် ဤလူ့ပြည်မှ နတ်ပြည်သို့ သွားရောက်ရပေကုန်လတ္တံ့”ဟု ဟောတော်မူပြန်၏။

အသျှင်ဘုရားနာဂသေန “အာနန္ဒာ သင်တို့သည် ငါဘုရား၏ အလောင်းတော်ကို ပူဇော်မှု၌ ကြောင့်ကြ မစိုက်ကြကုန်လင့်”ဟု အကယ်၍ မြတ်စွာဘုရား ဟောတော်မူအပ်သည် ဖြစ်အံ့၊ ထို့သို့ ဖြစ်ပါမူ “ပူဇော်ထိုက်သော ဘုရားရှင်၏ သရီရဓာတ်တော်ကို ပူဇော်ကုန်လော့၊ ဤသို့ ပူဇော်ခြင်း ပြုကုန်သောသူတို့သည် ဤကောင်းမှုကြောင့် ဤလူ့ပြည်မှ နတ်ပြည်သို့ သွားရောက်ရပေကုန်လတ္တံ့”ဟူသော စကားသည် မှားရာ၏။ မြတ်စွာဘုရားသည် “ပူဇော်ထိုက်သော ဘုရားရှင်၏ ထိုသရီရဓာတ် တော်ကို ပူဇော်ကြကုန်လော့၊ ဤသို့ ပူဇော်ခြင်းပြုကုန်သောသူတို့သည် ဤကောင်းမှုကြောင့် ဤလူ့ပြည်မှ နတ်ပြည်သို့ သွားရောက်ရပေကုန်လတ္တံ့”ဟု အကယ်၍ ဟောတော်မူအပ်သည် ဖြစ်အံ့၊ ထိုသို့ဖြစ်ပါမူ့"အာနန္ဒာ သင်တို့သည် ငါဘုရား၏ အလောင်းတော်ကို ပူဇော်မှု၌ ကြောင့်ကြမစိုက်ကြကုန်လင့်”ဟူသော ထိုစကားသည် မှားရာ၏။ အစွန်းနှစ်ဖက်ထွက်သော ဤပြဿနာသည်လည်း အသျှင်ဘုရားထံသို့ အစဉ်ရောက်ပါ၏၊ အသျှင်ဘုရားသည် ထိုပြဿနာကို ဖြေရှင်းတော်မူပါလော့ဟု (လျှောက်၏)။

မင်းမြတ် “အာနန္ဒာ သင်တို့သည် ငါဘုရား၏ အလောင်းတော်ကို ပူဇော်မှု၌ ကြောင့်ကြ မစိုက်ကြကုန်လင့်”ဟူသော ဤစကားကို မြတ်စွာဘုရား ဟောတော်မူအပ်၏။ တစ်ဖန်လည်း “ပူဇော်ထိုက်သော ဘုရားရှင်၏ သရီရဓာတ်တော်ကို ပူဇော်ကုန်လော့၊ ဤသို့ ပူဇော်ခြင်းကို ပြုကုန်သောသူတို့သည် ဤကောင်းမှုကြောင့် ဤလူ့ပြည်မှ နတ်ပြည်သို့ ရောက်ရပေကုန်လတ္တံ့”ဟု ဟောတော်မူအပ်၏၊ ထိုသို့ ဟောလင့်ကစား ထိုသရီရဓာတ် ပူဇော်ခြင်း၌ ကြောင့်ကြမစိုက်ကြလင့်ဟူသော စကားကိုမူကား သတ္တဝါ အားလုံးတို့ကို အကြောင်းပြု၍ ဟောတော်မူသည် မဟုတ်၊ ဘုရားသားတော် (ရဟန်းတော်)တို့ကိုသာ အကြောင်းပြု၍ “အာနန္ဒာ ငါဘုရား၏ အလောင်းတော်ကို ပူဇော်မှု၌ ကြောင့်ကြမစိုက်ကြလင့်”ဟု (မိန့်တော်မူအပ်၏)။ မင်းမြတ် ထိုစကားမှန်၏၊ အကြင်ပူဇော်သက္ကာရပြုခြင်းသည် ရှိ၏၊ ဤပူဇော် သက္ကာရပြုခြင်းသည် မြတ်စွာဘုရားသားတော်တို့၏ အလုပ်ဝတ္တရား မဟုတ်ပေ၊ သင်္ခါရတရားတို့ကို သုံးသပ်ဆင်ခြင်ခြင်း၊ သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်း၊ သတိပဋ္ဌာန်လေးပါးကို အဖန်တလဲလဲ ရှုခြင်း၊ အာရုံအထွတ်အမြတ်ကို လက်ကိုင်စွဲယူခြင်း၊ ကိလေသာကို စစ်ထိုးခြင်း၊ အရဟတ္တဖိုလ်ဟူသော မိမိအကျိုးကို အားထုတ်ခြင်း ဤအမှုမျိုးသည်သာ ဘုရားသားတော်တို့ ပြုသင့်ပြုထိုက်သော အမှုတည်း။ ပူဇော်သက္ကာရပြုမှုသည် ဘုရားသားတော်တို့မှ ကြွင်းကုန်သော နတ်လူတို့ ပြုသင့်ထိုက်ပြုထိုက်သော အမှုတည်း။

--

မင်းမြတ် ဥပမာအားဖြင့် မြေအပြင်၌ ဆင်အတတ်၊ မြင်းအတတ်၊ ရထားအတတ်၊ လေးအတတ်၊ ဓားရိုးကိုင်အတတ်၊ စာရေးအတတ်၊ လက်ဆစ်ချိုးအတတ်၊ သင်္ချာအတတ်၊ သန်လျက်အတတ်၊ မန္တန် အတတ်၊ ဝေဒကျမ်းအတတ်၊ ကမ္ဘာ့ဥပဒေသကျမ်းအတတ်၊ စစ်ထိုးခြင်း၊ စစ်ထိုးစေခြင်းအတတ်ဟူသမျှ သည် မင်းသားတို့၏ ပြုအပ်သောအမှုတို့ဖြစ်ကုန်၏။ ထွန်ယက်ခြင်း၊ကုန်သွယ်ခြင်း၊ နွားကျောင်းခြင်း အမှုတို့သည် ကြွင်းသော များစွာသောကုန်သည်, သူဆင်းရဲတို့ ပြုအပ်သော အမှုတို့ဖြစ်ကုန်၏။ မင်းမြတ် ဤအတူသာလျှင် အကြင် ပူဇော်သက္ကာရပြုခြင်းသည် ရှိ၏၊ ဤပူဇော်သက္ကာရပြုခြင်းသည် မြတ်စွာဘုရားသားတော်တို့ ပြုအပ်သော အမှု မဟုတ်၊ သင်္ခါရတို့ကို သုံးသပ်ဆင်ခြင်ခြင်း၊ သင့်လျော် သောအားဖြင့် နှလုံးသွင်းခြင်း၊ သတိပဋ္ဌာန်လေးပါးကို အဖန်တလဲလဲရှုခြင်း၊ အာရုံအထွတ်အမြတ်ကို လက်ကိုင်စွဲယူခြင်း၊ ကိလေသာကို စစ်ထိုးခြင်း၊ အရဟတ္တဖိုလ်ဟူသော မိမိအကျိုးကို အားထုတ်ခြင်း ဤအမှုမျိုးသည်သာ ဘုရားသားတော်တို့ ပြုအပ်သော အမှုတည်း။ ပူဇော်သက္ကာရပြုမှုသည် ဘုရား သားတော်တို့မှ ကြွင်းကုန်သော နတ်လူတို့ ပြုလုပ်အပ်သော အမှုတည်း။

မင်းမြတ် ဥပမာတစ်နည်းသော်ကား ဣရုဝေဒကျမ်းအတတ်၊ ယဇုဝေဒကျမ်းအတတ်၊ သာမဝေဒ ကျမ်းအတတ်၊ အထဗ္ဗဏဝေဒကျမ်းအတတ်၊ လက္ခဏာဟောအတတ်၊ စကားဟောင်းအတတ်၊ ပုရာဏ် ကျမ်းအတတ်၊ အဘိဓာန်ကျမ်းအတတ်၊ အလင်္ကာကျမ်းအတတ်၊ သဒ္ဒါကျမ်းအတတ်၊ ပဒကျမ်းအတတ်၊ ဗျာကရုဏ်းကျမ်းအတတ်၊ ဟောပြောကြောင်းဖြစ်သောအတတ်၊ ဥပါတ်ပျံသည်ကို ဟောအတတ်၊ အိပ်မက် ကျမ်းအတတ်၊ နိမိတ်ကောက်အတတ်၊ ဗေဒင်ခြောက်ကျမ်းအတတ်၊ လကြတ်ဟောအတတ်၊ နေကြတ်ဟော အတတ်၊ သောကြာဂြိုဟ်,ရာဟုဂြိုဟ်တို့၏ လှည့်လည်ခြင်းကို သိသော အတတ်၊ ကြယ်ဂြိုဟ်တို့ စစ်ထိုးခြင်းကို သိသော အတတ်၊ တော်လဲသံကို ဟောသော အတတ်၊ ဂြိုဟ်ပြောင်း ကြယ်ကြွေအတတ်၊ ဥက္ကာပျံ ကြယ်ကြွေဟော အတတ်၊ မြေအိမ်၌ နေ၍ မန္တန်စုပ်ခြင်းအတတ်၊ အရပ်မျက်နှာပူပန် နှောင့်ယှက်ဟောအတတ်၊ မြေကြိတ် (ဘူမိ ကိတ်) ကောင်းကင်ကြိတ် (အန္တလိက္ခကိတ်) ဟောအတတ်၊ ဇောတိသခေါ် ဗေဒင်ကျမ်းအတတ်၊ လောကကို ရှည်လျားစေတတ်သော အတတ်၊ ခွေးမြည်သံဟော အတတ်၊ သားငှက်မြည်သံဟော အတတ်၊ အခြားသော သတ္တဝါတို့၏ ရောနှောပေါင်းသင်း၍ ဖြစ်ခြင်းကို ဟောသော အတတ်၊ ငှက်တို့၏ မြည်သံတွန်သံဟောအတတ် ဤသည်တို့ကား ပုဏ္ဏားလုလင်ပျိုတို့ ပြုသင့်ပြုထိုက်သော အမှုတို့ဖြစ်ကုန်၏။ ထွန်ယက်ခြင်း၊ကုန်သွယ်ခြင်း၊ နွားကျောင်းခြင်း အမှုတို့သည် ကြွင်းသော များစွာသောကုန်သည်, သူဆင်းရဲတို့ ပြုအပ်သော အမှုတို့ဖြစ်ကုန်၏။

မင်းမြတ် ဤအတူသာလျှင် အကြင်ပူဇော်သက္ကာရပြုမှုသည် ရှိ၏၊ ထိုပူဇော်သက္ကာရပြုမှုသည် ဘုရားသားတော်တို့ ပြုအပ်သော အမှုမဟုတ်၊ သင်္ခါရတို့ကို သုံးသပ်ဆင်ခြင်ခြင်း၊ သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်း၊ သတိပဋ္ဌာန်လေးပါးကို အဖန်တလဲလဲရှုခြင်း၊ အာရုံအထွတ်အမြတ်ကို လက်ကိုင်စွဲယူခြင်း၊ ကိလေသာကို စစ်ထိုးခြင်း၊ အရဟတ္တဖိုလ်ဟူသော မိမိအကျိုးကို အားထုတ်ခြင်း ဤအမှုမျိုး သည်သာ ဘုရားသားတော်တို့ ပြုအပ်သော အမှုတည်း။ ပူဇော်သက္ကာရပြုမှုသည် ဘုရားသားတော်တို့မှ ကြွင်းကုန်သော နတ်လူတို့ ပြုအပ်သော အမှုတည်း။ မင်းမြတ် ထို့ကြောင့် မြတ်စွာဘုရားသည် ဤမပြုအပ်သော အမှုတို့ကို အားမထုတ်ကြကုန်လင့်၊ ဤပြုအပ်သော အမှုတို့ကို အားထုတ်ကုန်လော့ဟု မိန့်တော်မူလို၍ “အာနန္ဒာ သင်တို့သည် ငါဘုရား၏ အလောင်းတော်ကို ပူဇော်မှု၌ ကြောင့်ကြမစိုက်ကြကုန်လင့်”ဟု ဟောတော်မူ၏။ မင်းမြတ် မြတ်စွာဘုရားသည် ဤစကားကို အကယ်၍ မဟောခဲ့ငြားအံ့၊ ရဟန်းတို့သည် မိမိ၏ သပိတ်သင်္ကန်းကိုပင်လည်းကုန်ဆုံးစေ၍ မြတ်စွာဘုရားအား ပူဇော်ခြင်းကိုသာလျှင် ပြုကုန်ရာ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏၊ ဤသို့လျှင် ဤစကားကို ထိုသို့ဆိုတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

ခုနစ်ခုမြောက် ဗုဒ္ဓပူဇနပဥှာ ပြီး၏။

--

၈-ပါဒသကလိကာဟတပဥှာ

ခြေတော်၌ ကျောက်ချပ်လွှာထိခြင်း ပြဿနာ

။ အသျှင်ဘုရားနာဂသေန “မြတ်စွာဘုရား ကြွသွားတော်မူစဉ် စိတ်စေတနာမရှိသော ဤမြေကြီး သည် နိမ့်သည် ဖြစ်ခဲ့သော် မြင့်မောက်ရ၏၊ မြင့်မောက်သည် ဖြစ်ခဲ့သော် နိမ့်ရ၏”ဟု အသျှင်ဘုရားတို့ ဆိုတော်မူကြကုန်၏။ တစ်ဖန်လည်း “မြတ်စွာဘုရား၏ ခြေတော်ကို ကျောက်ချပ်လွှာ ထိခိုက်မိ၏”ဟု (ဆိုတော်မူ၏)။ အကြင် ကျောက်ချပ်လွှာသည် မြတ်စွာဘုရား၏ ခြေတော်ပေါ်၌ ကျ၏၊ ထိုကျောက်ချပ်လွှာ သည် အဘယ့်ကြောင့် မြတ်စွာဘုရား၏ ခြေတော်ပေါ်မှ မဆုတ်မခွါပါသနည်း၊ အသျှင်ဘုရားနာဂသေန မြတ်စွာဘုရား ကြွသွားတော်မူစဉ် စိတ်စေတနာမရှိသော ဤမြေကြီးသည် နိမ့်သည် ဖြစ်ခဲ့သော် မြင့်မောက် ရသည် ဖြစ်အံ့၊ မြင့်မောက်သည် ဖြစ်ခဲ့သော် နိမ့်ရသည် ဖြစ်အံ့၊ ထိုသို့ဖြစ်ပါမူ “မြတ်စွာဘုရား၏ ခြေတော်ကို ကျောက်ချပ်လွှာ ထိခိုက်မိ၏”ဟူသော စကားသည် မှားရာ၏။ “မြတ်စွာဘုရား၏ ခြေတော် ကို ကျောက်ချပ်လွှာသည် အကယ်၍ ထိခိုက်မိသည် ဖြစ်အံ့၊ ထိုသို့ဖြစ်ပါမူ မြတ်စွာဘုရား ကြွသွား တော်မူစဉ် စိတ်စေတနာမရှိသော ဤမြေကြီးသည် နိမ့်သည် ဖြစ်ခဲ့မူ မြင့်မောက်ရ၏၊ မြင့်မောက်သည် ဖြစ်ခဲ့မူ နိမ့်ရ၏”ဟူသော ထိုစကားသည် မှားရာ၏။ အစွန်းနှစ်ဖက်ထွက်သော ဤပြဿနာ သည်လည်း အသျှင်ဘုရားထံသို့ အစဉ်ရောက်ပါ၏၊ အသျှင်ဘုရားသည် ဤပြဿနာကို ဖြေရှင်းတော်မူပါလော့ဟု (လျှောက်၏)။

မင်းမြတ် မြတ်စွာဘုရား ကြွသွားတော်မူစဉ် စိတ်စေတနာမရှိသော ဤမြေကြီးသည် နိမ့်သည် ဖြစ်ခဲ့သော် မြင့်မောက်ရ၏၊ မြင့်မောက်သည် ဖြစ်ခဲ့သော် နိမ့်ရ၏၊ မြတ်စွာဘုရား၏ ခြေတော်ကို ကျောက်ချပ်လွှာသည် ထိခိုက်မိ၏ဟူသော ထိုစကားသည် မှန်၏။ ထိုကျောက်ချပ်လွှာသည်ကား မိမိ၏့သဘောအားဖြင့် ကျသည် မဟုတ်၊ ဒေဝဒတ်၏ လုံ့လကြောင့်သာလျှင် ကျ၏၊ မင်းမြတ် ဒေဝဒတ်သည် များစွာသော ဘဝအသိန်းတို့ပတ်လုံး မြတ်စွာဘုရား၌ ရန်ငြိုးဖွဲ့၏၊ ထိုဒေဝဒတ်သည် ထိုသို့ ရန်ငြိုး ဖွဲ့သဖြင့် “ကြီးစွာသော အိမ်အထွတ် ပမာဏရှိသော ကျောက်ကို မြတ်စွာဘုရား၏ အပေါ်၌ ကျစေအံ့”ဟု လွှတ်၏၊ ထိုအခါ နှစ်လုံးသော ကျောက်တို့သည် မြေမှ ထ၍ ထို (ချလိုက်သော) ကျောက်တုံးကို ခံလင့်ကုန်၏၊ ထိုအခါ ထိုကျောက်နှစ်ခုတို့၏ ရိုက်ခတ်မိသောကြောင့် ကျောက်မှ အစိတ်အလွှာသည် ကွဲ၍ ထိုထို ဤဤအရပ်ဖြင့် ကျလာလျက် မြတ်စွာဘုရား၏ ခြေတော်၌ ကျ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန နှစ်လုံးသော ကျောက်တို့သည် (ချလိုက်သော) ကျောက်တုံးကို ခံကုန်သကဲ့သို့၊ ထို့အတူသာလျှင် အစိတ်အလွှာကိုလည်း ခံထိုက်သည် မဟုတ်ပါလောဟု (လျှောက်၏)။ မင်းမြတ် ခံလင့်သော်လည်း ဤလောက၌ အချို့သော ဝတ္ထုသည် လျောကျ၏၊ စီးဆင်း၏၊ ထားသော နေရာအတိုင်း တည်ခြင်းသို့ မရောက်။ မင်းမြတ် ဥပမာအားဖြင့် ရေကို လက်ဖြင့် ယူသည်ရှိသော် လက်ချောင်းကြားတို့မှ လျောကျ၏၊ စီးဆင်း၏၊ ထားသော နေရာအတိုင်း တည်ခြင်းသို့ မရောက်၊ နို့ရည်၊ ရက်တက်ရည်၊ ပျားရည်၊ ထောပတ်၊ ဆီ၊ ငါးရည်၊ အမဲရည်ကို လက်ဖြင့် ယူသည်ရှိသော် လက်ချောင်းကြားတို့မှ လျောကျ၏၊ စီးဆင်း၏၊ ထားသော နေရာအတိုင်း တည်ခြင်းသို့ မရောက်။ မင်းမြတ် ဤအတူသာလျှင် (ကျောက်တုံးကို) ခံလင့်ခြင်းငှါ ကပ်ရောက်လာကုန်သော ကျောက်နှစ်လုံးတို့၏ ရိုက်ခတ်မိခြင်းကြောင့် ကျောက်တုံးမှ အစိတ်အလွှာသည် ကွဲ၍ ထိုထို ဤဤအရပ်ဖြင့် ကျလာလျက် မြတ်စွာဘုရား၏ ခြေတော်၌ ကျ၏။

--

မင်းမြတ် ဥပမာတစ်နည်းသော်ကား သိမ်မွေ့သေးငယ်သော အဏုမြူနှင့် ညီမျှသော သဲမှုန့်ကို လက်ဆုပ်ဖြင့် ယူသည်ရှိသော် လက်ချောင်းကြားတို့မှ လျောကျ၏၊ စီးဆင်း၏၊ ထားသော နေရာအတိုင်း တည်ခြင်းသို့ မရောက်။ မင်းမြတ် ဤအတူသာလျှင် (ကျောက်လုံးကို) ခံခြင်းငှါ ကပ်ရောက်လာကုန်သော ကျောက်နှစ်လုံးတို့၏ ရိုက်ခတ်မိခြင်းကြောင့် ကျောက်တုံးမှ အစိတ်အလွှာသည် ကွဲ၍ ထိုထို ဤဤ အရပ်ဖြင့် ကျလာလျက် မြတ်စွာဘုရား၏ ခြေတော်၌ ကျ၏။

မင်းမြတ် ဥပမာတစ်နည်းသော်ကား ဤလောက၌ ထမင်းလုပ်ကို ခံတွင်းဖြင့် ယူသည်ရှိသော် အချို့သောသူ၏ ထမင်းလုပ်သည် ခံတွင်းမှ လွတ်၍ လျောကျ၏၊ ယိုထွက်၏၊ ထားသော နေရာအတိုင်း တည်ခြင်းသို့ မရောက်။ မင်းမြတ် ဤအတူသာလျှင် (ကျောက်တုံးကို) ခံခြင်းငှါ ကပ်ရောက်လာကုန်သော ကျောက်နှစ်လုံးတို့၏ ရိုက်ခတ်မိခြင်းကြောင့် ကျောက်တုံးမှ အစိတ်အလွှာသည် ကွဲ၍ ထိုထို ဤဤအရပ် ဖြင့် ကျလာလျက် မြတ်စွာဘုရား၏ ခြေတော်၌ ကျ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ရှိပါစေတော့၊ ကျောက် (နှစ်လုံး)တို့သည် (ချလိုက်သော) ကျောက်တုံးကို ခံအပ်သည် ရှိပါစေတော့၊ သို့သော် မြေကြီးသည် ရိုသေခြင်းကို ပြုအပ်သကဲ့သို့ အစိတ်အလွှာသည်လည်း ရိုသေခြင်းကို ပြုသင့်ပါ၏ဟု (လျှောက်၏)။ မင်းမြတ် ဤတစ်ဆယ့်နှစ်ဦးသောသူတို့သည် ရိုသေခြင်းကို မပြုကုန်။ အဘယ်တစ်ဆယ့်နှစ်ဦးတို့နည်းဟူမူ -

ရာဂကြီးသူသည် တပ်မက်ခြင်း ‘ရာဂ၏ ‘အစွမ်းကြောင့် ရိုသေခြင်းကို မပြု။

ဒေါသကြီးသူသည် ဒေါသ၏ အစွမ်းကြောင့်၊

မောဟကြီးသူသည် မောဟ၏ အစွမ်းကြောင့်၊

စိတ်မာန် တက်ကြွသူသည် မာန၏ အစွမ်းကြောင့်၊

ဂုဏ်ကျက်သရေမရှိသူသည် ဂုဏ်အထူးမရှိသောကြောင့်၊

အလွန်ခက် ထန်သူသည် အချုပ်အတည်းအတားအမြစ် မရှိသောကြောင့်၊

ယုတ်ညံ့သူသည် ယုတ်ညံ့သော သဘောထားရှိသောကြောင့်၊ သူတစ်ပါးအလိုကို လိုက်နာရသူသည် မိမိကိုယ်ကို မစိုးမပိုင်သောကြောင့်၊

ယုတ်မာသော အကျင့်ရှိသူသည် ကောက်ကျစ်စဉ်းလဲသော သဘောထားရှိသောကြောင့်၊

နှိပ်စက်ဆင်းရဲ ခံနေရသူသည် နှိပ်စက်တုံ့ပြုလိုသောကြောင့်၊

လောဘကြီးသူသည် လိုချင်ခြင်း ‘လောဘ’ ဖိစီးနှိပ်စက်သောကြောင့်၊

တစ်စုံတစ်ရာကို အားထုတ်ပြုလုပ် ဆောင်ရွက်ဆဲဖြစ်သူသည် အကျိုးကိစ္စကို ပြီးမြောက်စေလိုသော ကြောင့် ရိုသေခြင်းကို မပြု။

မင်းမြတ် ဤတစ်ဆယ့်နှစ်ဦးသောသူတို့သည် ရိုသေခြင်းကို မပြုကုန်။ စင်စစ်သော်ကား ထိုကျောက်ချပ်လွှာသည် ကျောက်ချင်းထိခတ် ဆတ်မိသောကြောင့် ကွဲပဲ့၍ မရည်စူးမမှန်းဆသော အရပ်ရှိ သည် ဖြစ်၍ ထိုထို ဤဤ မတည်သော အရပ်ဖြင့် ကျဆင်းလာလျက် မြတ်စွာဘုရား၏ ခြေတော်၌ ကျ၏။

မင်းမြတ် ဥပမာတစ်နည်းသော်ကား လေဟုန်ဆောင်ကြဉ်းအပ်သော သေးငယ်သော အဏုမြူသည် မရည်စူးမမှန်းဆသော အရပ်ရှိသည် ဖြစ်၍ ထိုထိုဤဤ မတည်သော အရပ်ဖြင့် အလွန်ပြန့်ကြဲ၏။ မင်းမြတ် ဤအတူသာလျှင် ထိုကျောက်ချပ်လွှာသည် ကျောက်ချင်းရိုက်ခတ်ဆတ်မိသောကြောင့် ကွဲပဲ့၍ မရည်စူးမမှန်းဆသော အရပ်ရှိသည် ဖြစ်လျက် ထိုထိုဤဤ မတည်သော အရပ်ဖြင့် ကျဆင်းလာလျက် မြတ်စွာဘုရားခြေတော်၌ ကျ၏၊ မင်းမြတ် ထိုကျောက်ချပ်လွှာသည် ကျောက်လုံးမှ အသီးအခြား မဖြစ်ခဲ့မူ ထိုကျောက်ချပ်လွှာကိုလည်း ထိုခံသော ကျောက်တို့သည် ပျံတက်ခုန်ကျော်၍ ယူကုန်ရာ၏၊ မင်းမြတ် ထိုကျောက်ချပ်လွှာသည် မြေ၌ တည်သည် မဟုတ်၊ ကောင်းကင်၌ တည်သည် မဟုတ်၊ ကျောက်ချင်း တိုက်ခတ် ဆတ်မိသော အဟုန်ကြောင့် ကွဲပဲ့ကာ မရည်စူးမမှန်းဆသော အရပ်ရှိသည် ဖြစ်၍ ထိုထိုဤဤ မတည်သော အရပ်ဖြင့် ကျဆင်းလာလျက် မြတ်စွာဘုရား၏ ခြေတော်၌ ကျ၏။

--

မင်းမြတ် ဥပမာတစ်နည်းသော်ကား လေဗွေမြှောက်လွှင့်အပ်သော သစ်ရွက်ဟောင်း, သစ်ရွက်ခြောက် သည် မရည်စူးမမှန်းဆသော အရပ်ရှိသည် ဖြစ်၍ ထိုထိုဤဤ မတည်သော အရပ်ဖြင့် ကျ၏။ မင်းမြတ် ဤအတူသာလျှင် ဤကျောက်ချပ်လွှာသည် ကျောက်ခြင်းရိုက်ခတ်ဆတ်မိသော အဟုန်ကြောင့် မရည်စူး မမှန်းဆသော အရပ်ရှိသည် ဖြစ်၍ ထိုထိုဤဤ မတည်သော အရပ်ဖြင့် ကျဆင်းလာလျက် မြတ်စွာဘုရား၏ ခြေတော်၌ ကျ၏။ မင်းမြတ် စင်စစ်သော်ကား သူ၏ ကျေးဇူးကို မသိတတ်သော၊ ကောက်ကျစ်စဉ်းလဲခြင်းရှိသော၊ ကောက်ကျစ်သော ဒေဝဒတ်အား ဆင်းရဲ ‘ဒုက္ခ’ ငရဲ၌ ခံရရန် အလို့ငှါ ကျောက်ချပ်လွှာသည် မြတ်စွာဘုရား၏ ခြေတော်၌ ကျ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏၊ ဤသို့လျှင် ဤစကားကို ထိုသို့ ဆိုတော်မူတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

ရှစ်ခုမြောက် ပါဒသကလိကာဟတပဥှာ ပြီး၏။

၉-အဂ္ဂဂ္ဂသမဏပဥှာ

အမြတ်ဆုံးရဟန်း ပြဿနာ

။ အသျှင်ဘုရားနာဂသေန “အာသဝေါတရားလေးပါးတို့၏ကုန်ခြင်းကြောင့် သမဏဖြစ်၏”ဟု ဤစကားကို မြတ်စွာဘုရား ဟောတော်မူအပ်၏။

တစ်ဖန်လည်း - “သည်းခံခြင်းစသော သဘောတရားလေးပါးတို့နှင့် ပြည့်စုံသော ထိုသူ့ကို စင်စစ် လောက၌ သမဏဟူ၍ ဆိုကုန်၏”ဟု ဟောတော်မူခဲ့ပြန်၏။

ထိုစကားတော်၌ ဤသည်တို့ကား တရားလေးပါးတို့တည်း။ သည်းခံခြင်း၊ နည်းပါးသော အစာ အာဟာရရှိခြင်း၊ ကာမ၌ မွေ့လျော်မှုကို ပယ်ခြင်း၊ ကြောင့်ကြဖွယ် ‘ပလိဗောဓ’ မရှိခြင်းတို့တည်း။ ဤ့အလုံးစုံသော တရားလေးပါးတို့သည်ကား အာသဝေါမကုန်သေးသော ကိလေသာရှိသောသူအားသာလျှင် ဖြစ်ပါကုန်၏။ အသျှင်ဘုရားနာဂသေန အာသဝေါတရားလေးပါးတို့၏ကုန်ခြင်းကြောင့် သမဏမည်သည် အကယ်၍ ဖြစ်ပါအံ့၊ ထိုသို့ ဖြစ်ပါမူ “(သည်းခံခြင်းစသော) တရားလေးပါးတို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို လောက၌ သမဏဟူ၍ ဆိုကုန်၏”ဟူသော စကားသည် မှားရာ၏။ (သည်းခံခြင်းစသော) တရား လေးပါးတို့နှင့် ပြည့်စုံသူသည် သမဏမည်သည် အကယ်၍ ဖြစ်အံ့၊ ထိုသို့ဖြစ်ပါမူ “အာသဝေါတရား လေးပါးတို့၏ကုန်ခြင်းကြောင့် သမဏ မည်၏”ဟူသော ထိုစကားသည်လည်း မှားရာ၏။ အစွန်းနှစ်ဖက် ထွက်သော ဤပြဿနာသည်လည်း အသျှင်ဘုရားထံသို့ အစဉ်ရောက်ပါ၏၊ အသျှင်ဘုရားသည် ထိုပြဿနာကို ဖြေရှင်းတော်မူပါလော့ဟု (လျှောက်၏)။

မင်းမြတ် အာသဝေါတရားလေးပါးတို့၏ကုန်ခြင်းကြောင့် သမဏဖြစ်၏ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မူအပ်၏၊ “(သည်းခံခြင်းစသော) တရားလေးပါးတို့နှင့် ပြည့်စုံသောသူကို လောက၌ သမဏဟူ၍ ဆိုကုန်၏”ဟူ၍လည်း တစ်ဖန် ဟောတော်မူအပ်၏။ မင်းမြတ် ထိုထိုပုဂ္ဂိုလ်တို့၏ ဂုဏ်ကျေးဇူး၏ အစွမ်းဖြင့် “(သည်းခံခြင်းစသော) တရားလေးပါးတို့နှင့် ပြည့်စုံသောသူကို လောက၌ သမဏဟု ဆိုကုန်၏”ဟူသော ထိုစကားကို ဟောတော်မူအပ်၏၊ “အာသဝေါတရားလေးပါးတို့၏ကုန်ခြင်းကြောင့် သမဏဖြစ်၏”ဟူသော ဤစကားသည် အကြွင်းမရှိသော စကားတည်း။

--

မင်းမြတ် ကိလေသာငြိမ်းခြင်းငှါ ကျင့်ကြသူဟူသမျှအားလုံးတို့ကို ထောက်၍ ထောက်၍ အာသဝေါကုန်ပြီးသော သမဏကို အထွတ်အမြတ်ဟု ဆိုရ၏။ မင်းမြတ် ဥပမာအားဖြင့် ရေပန်း၊ ကြည်းပန်း ရှိသမျှပန်းအားလုံးတို့တွင် မြတ်လေးပန်းကို အထွတ်အမြတ်ဟု ဆိုရ၏၊ ကြွင်းကုန်သော အထူးထူး အပြားပြား ပန်းမျိုးဟူသမျှ အားလုံးတို့ကို ထောက်၍ ထောက်၍ မြတ်လေးပန်းကိုသာလျှင် လူအပေါင်း သည် တောင့်တအပ်၏၊ ချစ်မြတ်နိုးအပ်၏။ မင်းမြတ် ဤအတူသာလျှင် ကိလေသာငြိမ်းခြင်းငှါ ကျင့်ကုန်သောသူဟူသမျှအားလုံးတို့ကို ထောက်၍ ထောက်၍ အာသဝေါကုန်ပြီးသော သမဏကို အထွတ်အမြတ်ဟု ဆိုရ၏။

မင်းမြတ် ဥပမာတစ်နည်းသော်ကား စပါးအားလုံးတို့တွင် သလေးစပါးကို အထွတ်အမြတ်ဟု ဆိုရ၏၊ သလေးစပါးမှ ကြွင်းကုန်သော အထူးထူး အပြားပြားကုန်သော စပါးမျိုးဟူသမျှ အားလုံးတို့ကို ထောက်၍ ထောက်၍ ခန္ဓာကိုယ်၏ တည်တံ့မျှတခြင်းငှါ ဘောဇဉ်တို့သာ မည်ကုန်၏၊ သလေးစပါးကို သာလျှင် ထိုစပါးအားလုံးတို့ထက် အထွတ်အမြတ်ဟု ဆိုရ၏။ မင်းမြတ် ဤအတူသာလျှင် ကိလေသာ ငြိမ်းခြင်းငှါ ကျင့်ကုန်သောသူဟူသမျှအားလုံးတို့ကို ထောက်၍ ထောက်၍ အာသဝေါကုန်ပြီးသော သမဏကိုသာ အထွတ်အမြတ်ဟု ဆိုရ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏၊ ဤသို့လျှင် ဤစကားကို ထိုသို့ဆိုတော်မူ တိုင်းဝန်ခံပါ၏ဟု (လျှောက်၏)။ ။

ကိုးခုမြောက် အဂ္ဂဂ္ဂသမဏပဥှာ ပြီး၏။

၁၀-ဝဏ္ဏဘဏနပဥှာ

ဂုဏ်ကို ပြောဆိုခြင်း ပြဿနာ

၁၀။ အသျှင်ဘုရားနာဂသေန “ရဟန်းတို့ သူတစ်ပါးတို့သည် ငါဘုရား၏ ဂုဏ်ကို ဖြစ်စေ၊ တရားတော်၏ ဂုဏ်ကို ဖြစ်စေ၊ သံဃာတော်၏ ဂုဏ်ကို ဖြစ်စေ ပြောကြလျှင် ထို (ပြောကြရာ)၌ သင်တို့သည် နှစ်သက်ခြင်း၊ ဝမ်းသာခြင်း၊ စိတ်တက်ကြွခြင်း မဖြစ်သင့်”ဟု ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မူအပ်ပါ၏။ သေလပုဏ္ဏားသည်ဟုတ်မှန်တိုင်းသော ဂုဏ်ကျေးဇူးကို ပြောဆိုသည်ရှိသော် မြတ်စွာဘုရားသည် ဝမ်းမြောက်ဝမ်းသာ စိတ်ထားကြည်လင် ပေါ်လွင်ပျံ့တက်၍ - “သေလပုဏ္ဏား ငါဘုရားသည် မင်းဖြစ်၏၊ အတုမရှိသော တရားမင်းဖြစ်၏၊ သူတစ်ပါးတို့မလည်စေနိုင်သော စကြာရတနာသဖွယ်ဖြစ်သောသူတစ်ပါးတို့ မဟောနိုင်သော ဒေသနာစက်ကြီးကို သဗ္ဗညုတဉာဏ်တော်ဖြင့် လှည့်လည်ဟောကြား နိုင်ပေ၏”ဟု သေလပုဏ္ဏားအား အတိုင်းထက်အလွန် မိမိဂုဏ်ကျေးဇူးကို ချီးကျူး ပြောဆိုပါ၏။

--

အသျှင်ဘုရားနာဂသေန မြတ်စွာဘုရားသည် “ရဟန်းတို့ သူတစ်ပါးတို့သည် ငါဘုရား၏ ဂုဏ်ကို ဖြစ်စေ၊ တရားတော်၏ ဂုဏ်ကို ဖြစ်စေ၊ သံဃာတော်၏ ဂုဏ်ကို ဖြစ်စေ ပြောကြလျှင် ထို (ပြောကြရာ)၌ သင်တို့သည် နှစ်သက်ခြင်း, ဝမ်းသာခြင်း, စိတ်တက်ကြွခြင်း မဖြစ်စေသင့်”ဟု မြတ်စွာဘုရားသည် အကယ်၍ ဟောတော်မူသည် ဖြစ်အံ့၊ ထိုသို့ဖြစ်ပါမူ သေလပုဏ္ဏားသည်ဟုတ်မှန်တိုင်းသော ဂုဏ် ကျေးဇူးကို ပြောဆိုသည်ရှိသော် မြတ်စွာဘုရားသည် ဝမ်းမြောက်ဝမ်းသာ စိတ်ထားကြည်လင်ပေါ်လွင် ပျံ့တက်၍ အတိုင်းထက်အလွန် မိမိဂုဏ်ကျေးဇူးကို သေလပုဏ္ဏားအား ချီးမွမ်းပြောဆိုတော်မူ၏ဟူသော စကားသည် မှားရာ၏။ သေလပုဏ္ဏားသည်ဟုတ်မှန်တိုင်းသော ဂုဏ်ကျေးဇူးကို ပြောဆိုသည်ရှိသော် မြတ်စွာဘုရားသည် ဝမ်းမြောက်ဝမ်းသာ စိတ်ထား ကြည်လင်ပေါ်လွင်ပျံ့တက်၍ အတိုင်းထက်အလွန် မိမိ ဂုဏ်ကျေးဇူးကို သေလပုဏ္ဏားအား အကယ်၍ ပြောဆိုသည်ဖြစ်အံ့၊ ထိုသို့ဖြစ်ပါမူ “ရဟန်းတို့ သူတစ်ပါးတို့သည် ငါဘုရား၏ ဂုဏ်ကို ဖြစ်စေ၊ တရားတော်၏ ဂုဏ်ကို ဖြစ်စေ၊ သံဃာတော်၏ဂုဏ်ကို ဖြစ်စေ ပြောကြလျှင် ထို (ပြောကြရာ)၌ သင်တို့သည် နှစ်သက်ခြင်း, ဝမ်းသာခြင်း, စိတ်တက်ကြွခြင်း မဖြစ် စေသင့်”ဟူသော ထိုစကားသည် မှားရာ၏။ အစွန်းနှစ်ဖက်ထွက်သော ဤပြဿနာသည်လည်း အသျှင် ဘုရားထံသို့ အစဉ်ရောက်ပါ၏၊ အသျှင်ဘုရားသည် ထိုပြဿနာကို ဖြေရှင်းတော်မူပါလော့ဟု (လျှောက်၏)။

မင်းမြတ် မြတ်စွာဘုရားသည် “ရဟန်းတို့ သူတစ်ပါးတို့သည် ငါဘုရား၏ ဂုဏ်ကို ဖြစ်စေ၊ တရားတော်၏ ဂုဏ်ကို ဖြစ်စေ၊ သံဃာတော်၏ ဂုဏ်ကို ဖြစ်စေ ပြောကြလျှင် ထို (ပြောကြရာ)၌ သင်တို့ သည် နှစ်သက်ခြင်း,ဝမ်းသာခြင်း,စိတ်တက်ကြွခြင်း မဖြစ်စေသင့်”ဟု ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မူအပ်ပါ၏၊ သေလပုဏ္ဏားသည်ဟုတ်မှန်တိုင်းသော ဂုဏ်ကျေးဇူးကို ချီးမွမ်းပြောဆို သည်ရှိသော် - “သေလပုဏ္ဏား ငါဘုရားသည် မင်းဖြစ်၏၊ အတုမရှိသော တရားမင်းဖြစ်၏၊ သူတစ်ပါးတို့ မလည်စေနိုင်သော စကြာရတနာသဖွယ်ဖြစ်သောသူတစ်ပါးတို့ မဟောနိုင်သော ဒေသနာစက်ကြီးကို သဗ္ဗညုတဉာဏ်တော်ဖြင့် လှည့်လည် ဟော ကြားနိုင်ပေ၏”ဟု အတိုင်းထက်အလွန် မိမိဂုဏ်ကို သေလပုဏ္ဏားအား ပြောဆို တော်မူ၏။

မင်းမြတ် တရားတော်၏ သဘာဝ မိမိကိစ္စလက္ခဏာ သဘာဝအတိုင်း မချွတ်မယွင်း မှန်ကန်သော ဖြောင့်စင်းသော အဓိပ္ပါယ်နက်ကို ဖော်ပြတော်မူလိုသဖြင့် “ရဟန်းတို့ သူတစ်ပါးတို့သည် ငါဘုရား၏ ဂုဏ်ကို ဖြစ်စေ၊ တရားတော်၏ ဂုဏ်ကို ဖြစ်စေ၊ သံဃာတော်၏ ဂုဏ်ကို ဖြစ်စေ ပြောကြလျှင် ထို (ပြောကြရာ)၌ သင်တို့သည် နှစ်သက်ခြင်း, ဝမ်းသာခြင်း, စိတ်တက်ကြွခြင်း မဖြစ်သင့်”ဟု ပထမစကား ကို မြတ်စွာဘုရား ဟောတော်မူအပ်၏၊ဟုတ်မှန်တိုင်းသော ဂုဏ်ကျေးဇူးကို သေလပုဏ္ဏားက ချီးမွမ်း ပြောဆိုသည်ရှိသော် “သေလပုဏ္ဏား ငါဘုရားသည် မင်းဖြစ်၏၊ အတုမရှိသော တရားမင်းဖြစ်၏”ဟု သေလပုဏ္ဏားအား အတိုင်းထက်အလွန် မိမိဂုဏ်ကို မြတ်စွာဘုရား ပြောဆိုတော်မူခြင်းသည် လာဘ်ဟူသော အကြောင်းကြောင့်၊ အကျော်အစောဟူသော အကြောင်းကြောင့်၊ မိမိ (အကျိုး)ဟူသော အကြောင်း ကြောင့်၊ အသင်းအပင်းဟူသော အကြောင်းကြောင့်၊ တပည့်ပြုစေလိုသောကြောင့် ပြောဆိုတော်မူသည် မဟုတ်ပေ၊ စင်စစ်သော်ကား အစဉ်စောင့်ရှောက်လိုသဖြင့်၊ သနားသဖြင့်၊ အစီးအပွါး၏ အစွမ်းဖြင့်၊ ဤသို့ လိုက်လျောပြောဆိုသဖြင့် ဤသေလပုဏ္ဏား၏လည်းကောင်း၊ တပည့်လုလင်သုံးရာတို့၏လည်းကောင်း သစ္စာလေးပါးကို သိခြင်းဖြစ်လတ္တံ့ဟု နှလုံးသွင်းလျက့်"သေလပုဏ္ဏား ငါဘုရားသည် မင်း ဖြစ်၏၊ အတုမရှိသော တရားမင်းဖြစ်၏”ဟု အတိုင်းထက်အလွန် သေလပုဏ္ဏားအား မိမိဂုဏ်ကို ပြောဆို ချီးမွမ်းတော်မူအပ်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏၊ ဤသို့လျှင် ဤစကား ကို ထိုသို့ဆိုတော်မူတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

ဆယ်ခုမြောက် ဝဏ္ဏဘဏနပဥှာ ပြီး၏။

--

၁၁-အဟိံသာနိဂ္ဂဟပဥှာ

မညှဉ်းဆဲခြင်းနှင့် ဖိနှိပ်ခြင်း ပြဿနာ

၁၁။ အသျှင်ဘုရားနာဂသေန “လောက၌ သူတစ်ပါးကို မညှဉ်းဆဲသူသည် ချစ်ထိုက်သူ၊ မြတ်နိုး ထိုက်သူဖြစ်လတ္တံ့”ဟူသော ဤစကားကို မြတ်စွာဘုရားသည် ဟောတော်မူအပ်၏၊ “ဖိနှိပ်ထိုက်သောသူကို ဖိနှိပ်ရာ၏၊ ချီးမြှောက်ထိုက်သောသူကို ချီးမြှောက်ရာ၏”ဟူ၍လည်း တစ်ဖန် ဟောတော်မူပြန်၏။ အသျှင်ဘုရားနာဂသေန ဖိနှိပ်ခြင်းသည်ကား လက်ကို ဖြတ်ခြင်း၊ ခြေကို ဖြတ်ခြင်း၊ ရိုက်ခြင်း၊ ဖွဲ့နှောင် ခြင်း၊ နှောင်အိမ်သို့ သွင်းခြင်းစသော အထူးထူးပြုခြင်း၊ သတ်ခြင်း၊ ဇီဝိတိန္ဒြေအစဉ်ကို ဖျက်ခြင်းတည်း၊ ဤဖိနှိပ်ထိုက်သောသူကို ဖိနှိပ်ရာ၏ဟူသော စကားသည် မြတ်စွာဘုရားအား မသင့်တော်၊ မြတ်စွာဘုရား သည်လည်း ဤစကားကို ဆိုတော်မူခြင်းငှါ မထိုက်။ အသျှင်ဘုရားနာဂသေန “လောက၌ သူတစ်ပါးကို မညှဉ်းဆဲသူသည် ချစ်ထိုက်သူ၊ မြတ်နိုးထိုက်သူ ဖြစ်လတ္တံ့”ဟု အကယ်၍ မြတ်စွာဘုရားသည် ဟော သည် ဖြစ်အံ့၊ ထိုသို့ဖြစ်ပါမူ ဖိနှိပ်ထိုက်သောသူကို ဖိနှိပ်ရာ၏၊ ချီးမြှောက်ထိုက်သောသူကို ချီးမြှောက်ရာ၏ဟူသော စကားသည် မှားရာ၏။ ဖိနှိပ်ထိုက်သူကို ဖိနှိပ်ရာ၏၊ ချီးမြှောက်ထိုက်သူကို ချီးမြှောက်ရာ၏ဟူသော ဤစကားကို အကယ်၍ မြတ်စွာဘုရား ဟောတော်မူအပ်သည် ဖြစ်အံ့၊ ထိုသို့ ဖြစ်ပါမူ “လောက၌ သူတစ်ပါးကို မညှဉ်းဆဲသူသည် ချစ်ထိုက်သူ၊ မြတ်နိုးထိုက်သူ ဖြစ်လတ္တံ့”ဟူသော ထိုစကားသည်လည်း မှားရာပါ၏။ အစွန်းနှစ်ဖက်ထွက်သော ဤပြဿနာသည်လည်း အသျှင်ဘုရားထံ သို့ အစဉ်ရောက်ပါ၏၊ အသျှင်ဘုရားသည် ထိုပြဿနာကို ဖြေရှင်းတော်မူပါလော့ဟု (လျှောက်၏)။

မင်းမြတ် “လောက၌ သူတစ်ပါးကို မညှဉ်းဆဲသူသည် ချစ်ထိုက်သူ၊ မြတ်နိုးထိုက်သူ ဖြစ်လတ္တံ့”ဟု ဤစကားကို မြတ်စွာဘုရားသည် ဟောတော်မူအပ်၏၊ “ဖိနှိပ်ထိုက်သောသူကို ဖိနှိပ်ရာ၏၊ ချီးမြှောက် ထိုက်သောသူကို ချီးမြှောက်ရာ၏”ဟူ၍လည်း ဟောတော်မူအပ်၏။ မင်းမြတ် “လောက၌ သူတစ်ပါးကို မညှဉ်းဆဲသောသူသည် ချစ်ထိုက်သူ၊ မြတ်နိုးထိုက်သူ ဖြစ်လတ္တံ့”ဟူသော ဤစကားတော်သည် အလုံးစုံသော မြတ်စွာဘုရားတို့၏ အနူးအညွတ် ခွင့်လွှတ်လိုလားသော စကားတော်ပေတည်း၊ ဤစကားတော်သည် ဆုံးမရိုးစကားတော်ပေတည်း၊ ဤစကားတော်သည် တရားဒေသနာဟောရိုးပေတည်း၊ မင်းမြတ် ထိုစကားဟုတ်မှန်၏၊ တရားတော်သည် မညှဉ်းဆဲ, မနှိပ်စက်ခြင်း လက္ခဏာရှိ၏၊ ဤစကားတော်သည် သဘောဟုတ်မှန်သော စကားတော်ပေတည်း၊ မင်းမြတ် “ဖိနှိပ်ထိုက်သူကို ဖိနှိပ်ရာ၏၊ ချီးမြှောက်ထိုက်သူကို ချီးမြှောက်ရာ၏”ဟူသော အကြင်စကားကို မြတ်စွာဘုရား ဟောတော်မူ၏၊ ဤစကားတော်သည် လောကအလေ့အလာ ဆိုရိုးစကားတည်း၊ မင်းမြတ် တက်ကြွသော စိတ်ကို ဖိနှိပ်ရာ၏၊ တွန့်ဆုတ်သော စိတ်ကို ချီးမြှောက်ရာ၏၊ အကုသိုလ်စိတ်ကို ဖိနှိပ်ရာ၏၊ ကုသိုလ်စိတ်ကို ချီးမြှောက်ရာ၏၊ မသင့်လျော်သော နှလုံးသွင်းကို ဖိနှိပ်ရာ၏၊ သင့်လျော်သော နှလုံးသွင်းကို ချီးမြှောက်ရာ၏၊ မှားယွင်းသော အကျင့်ကို ဖိနှိပ်ရာ၏၊ မှန်ကန်သော အကျင့်ကို ချီးမြှောက်ရာ၏၊ သူတော်မဟုတ် သူယုတ်ကို ဖိနှိပ်ရာ၏၊ သူတော်သူမြတ်ကို ချီးမြှောက်ရာ၏၊ ခိုးသူကို ဖိနှိပ်ရာ၏၊ ခိုးသူ မဟုတ်သူကို ချီးမြှောက်ရာ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ရှိပါစေတော့၊ ယခုအခါ၌ အသျှင်ဘုရားသည် အကျွန်ုပ်၏ အရာအခွင့်သို့ ရှေးရှု ရောက်လာလတ်ပြီ၊ အကျွန်ုပ်သည် အကြင်ဖိနှိပ်ခြင်းမျိုးကို မေးပါ၏၊ အကျွန်ုပ်၏ ထိုမေးလိုသော အဓိပ္ပါယ်သည် ဆိုက်ရောက်လာပါ၏၊ အသျှင်ဘုရားနာဂသေန ခိုးသူကို ဖိနှိပ်လိုသောသူသည် အဘယ်သို့ ဖိနှိပ်အပ်ပါသနည်းဟု (လျှောက်၏)။ မင်းမြတ် ခိုးသူကို ဖိနှိပ်လိုသောသူသည် ဤသို့ ဖိနှိပ်ရာ၏၊ ဆဲရေး ရေရွတ်ထိုက်သူကို ဆဲရေး ရေရွတ်ရာ၏၊ ဒဏ်ပေးထိုက်သူကို ဒဏ်ပေးရာ၏၊ နှင်ထုတ်ထိုက်သူကို နှင်ထုတ်ရာ၏၊

--

ချုပ်နှောင်ထိုက်သူကို ချုပ်နှောင်ရာ၏၊ သတ်ထိုက်သူကို သတ်ရာ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန ခိုးသူတို့အား သတ်ခြင်းကို မြတ်စွာဘုရားတို့ အနူးအညွတ် ခွင့်လွတ်အပ်ပါ သလောဟု (လျှောက်၏)။ မင်းမြတ် မဟုတ်ပါဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရားတို့သည် ခိုးသူကို ဆုံးမကံမြစ်အပ်၏ဟု အဘယ်ကြောင့် ခွင့်ပြုတော်မူအပ်ပါသနည်းဟု (လျှောက်၏)။ မင်းမြတ် သတ်ထိုက်သော ခိုးသူကို မြတ်စွာဘုရားတို့၏ အလိုတော်ဖြင့် သတ်အပ်သည် မဟုတ်၊ မိမိပြုအပ်သော ခိုးမှုကြောင့် သာ ထိုခိုးသူကို သတ်အပ်၏၊ တစ်နည်းသော်ကား တရားနှင့် လျော်သော အဆုံးအမ (ဥပဒေအရ) ဖြင့် သာ ဆုံးမကံမြစ်အပ်၏၊ မင်းမြတ် သင်သည် ပြုလုပ်သူမဟုတ်သော အပြစ်ကင်းသော ခရီးလမ်း၌ သွားသော ယောက်ျားကို ဖမ်း၍ သတ်ခြင်းငှါ တတ်နိုင်ပါအံ့လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား သတ်ခြင်းငှါ မတတ်ကောင်းပါဟု (လျှောက်၏)။ မင်းမြတ် အဘယ်အကြောင်းကြောင့်နည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား ပြုလုပ်သူ မဟုတ်သောကြောင့်ပါတည်းဟု (လျှောက်၏)။ မင်းမြတ် ဤအတူ သာလျှင် ခိုးသူကို မြတ်စွာဘုရားတို့၏ အလိုတော်ဖြင့် သတ်အပ်သည် မဟုတ်၊ ကိုယ်တိုင် ပြုအပ်သော အမှုကြောင့်သာ ထိုခိုးသူကို သတ်အပ်၏၊ အသို့နည်း၊ ဤခိုးသူကို သတ်ရာ၌ (ဤအမှုကို ကျုးလွန်လျှင် အပြစ်ဖြစ်သည်ဟု) ဆုံးမကံမြစ်သောသူသည် တစ်စုံတစ်ခုသော အပြစ်သို့ ရောက်ထိုက်ပါသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မရောက်ထိုက်ပါဟု (လျှောက်၏)။ မင်းမြတ် သို့ဖြစ်လျှင် မြတ်စွာဘုရားတို့၏ အဆုံးအမသည် ကောင်းသော အဆုံးအမပင်ဖြစ်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား နာဂသေန ကောင်းလှပါ၏၊ ဤသို့လျှင် ဤစကားကို ထိုသို့ဆိုတော်မူတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

တစ်ဆယ့်တစ်ခုမြောက် အဟိံသာနိဂ္ဂဟပဥှာ ပြီး၏။

၁၂-ဘိက္ခုပဏာမိတပဥှာ

ရဟန်းတို့ကို မြတ်စွာဘုရား နှင်ထုတ်ခြင်း ပြဿနာ

၁၂။ အသျှင်ဘုရားနာဂသေန “ငါဘုရားသည် အမျက်ထွက်လေ့မရှိ၊ ကင်းသော ဒုစရိုက်ငြောင့် သစ်ငုတ်ရှိ၏”ဟု ဤစကားကို မြတ်စွာဘုရား ဟောတော်မူအပ်၏။ တစ်ဖန်လည်း မြတ်စွာဘုရားသည် အသျှင်သာရိပုတ္တရာ၊ အသျှင်မဟာမောဂ္ဂလာန်မထေရ်တို့ကို ပရိသတ်နှင့်တကွ နှင်ထုတ်တော်မူ၏။ အသျှင် ဘုရားနာဂသေန အသို့ပါနည်း မြတ်စွာဘုရားသည် အမျက်ထွက်သည် ဖြစ်၍ ပရိသတ်ကို နှင်ထုတ်တော်မူပါသလော၊ သို့မဟုတ် ကျေနပ်နှစ်သက်သည်ဖြစ်၍ နှင်ထုတ်တော်မူပါသလော၊ ရှေးဦးစွာ ဤအကြောင်း ကို ဤမည်သော အကြောင်းဟု သိတော်မူပါဦးလော့၊ အသျှင်ဘုရားနာဂသေန အမျက်ထွက်သည် ဖြစ်၍ အကယ်၍ နှင်ထုတ်တော်မူသည် ဖြစ်အံ့၊ ထိုသို့ဖြစ်ပါမူ မြတ်စွာဘုရားသည် အမျက်ထွက်မှုကို မနုတ်ပယ်အပ်သေး၊ ကျေနပ်နှစ်သက်သည် ဖြစ်၍ အကယ်၍ နှင်ထုတ်တော်မူသည် ဖြစ်အံ့၊ ထိုသို့ဖြစ်ပါမူ အကြောင်းမဟုတ်ရာ၌ မသိသဖြင့် နှင်ထုတ်တော်မူအပ်၏။ အစွန်းနှစ်ဖက်ထွက်သော ဤပြဿနာသည်လည်း အသျှင်ဘုရားထံသို့ အစဉ်ရောက်ပါ၏၊ အသျှင်ဘုရားသည် ထိုပြဿနာကို ဖြေရှင်းတော်မူပါလော့ဟု (လျှောက်၏)။

--

မင်းမြတ် “ငါဘုရားသည် အမျက်ထွက်လေ့မရှိ၊ ဒုစရိုက်ငြောင့်သစ်ငုတ်ကင်း၏”ဟု ဤစကားကို မြတ်စွာဘုရား ဟောတော်မူအပ်၏။ အသျှင်သာရိပုတ္တရာ၊ အသျှင်မဟာမောဂ္ဂလာန်မထေရ်တို့ကိုလည်း ပရိသတ်နှင့်တကွ နှင်ထုတ်တော်မူ၏။ ထိုသို့ နှင်ထုတ်ခြင်းသည်ကား အမျက်ထွက်ခြင်းကြောင့် နှင်ထုတ့်တော်မူသည် မဟုတ်။ မင်းမြတ် ဤလောက၌ တစ်စုံတစ်ယောက်သော ယောက်ျားသည် သစ်မြစ်ကြောင့် သော်လည်းကောင်း၊ သစ်ငုတ်ကြောင့်သော်လည်းကောင်း၊ ကျောက်ကြောင့်သော်လည်းကောင်း၊ အိုးခြမ်းကွဲ ကြောင့်သော်လည်းကောင်း၊ မညီမညွတ်သော မြေအဖို့ကြောင့်သော်လည်းကောင်း မြေကြီးပေါ်၌ ချော်၍ လဲကျ၏၊ မင်းမြတ် မြေကြီးသည် အမျက်ထွက်သည် ဖြစ်၍ ထိုသူကို လဲစေသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မဟုတ်ပါ၊ မြေကြီးအား အမျက်ဒေါသသည်လည်းကောင်း၊ ဝမ်းမြောက်ကြည်ရွှင်ခြင်းသည်လည်းကောင်း မရှိပါ၊ မဟာပထဝီမြေကြီးသည် ချစ်ခြင်း၊ မုန်းခြင်းမှ လွတ်ပါ၏၊ ထိုညံ့ဖျင်းသူသည် မိမိအလိုလိုသာလျှင် ချော်၍ လဲပါ၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရားတို့အား အမျက်ထွက်ခြင်းသည်လည်းကောင်း၊ ကြည်လင်ရွှင်ပျခြင်းသည်လည်းကောင်း မရှိပါ။ ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူကုန်သော မြတ်စွာဘုရားတို့သည် ချစ်ခြင်း၊ မုန်းခြင်းမှ လွတ်တော်မူကုန်၏၊ စင်စစ်သော်ကား ကိုယ်တိုင်ပြုအပ်သော မိမိ၏ အပြစ်ကြောင့်သာလျှင် ထိုသူတို့ကို နှင်ထုတ်အပ်ကုန်၏။

မင်းမြတ် ဤလောက၌ မဟာသမုဒ္ဒရာသည် သေသော အကောင်ပုပ်နှင့် အတူမနေ၊ မဟာသမုဒ္ဒရာ၌ အကြင်သေသော အကောင်ပုပ်သည် ရှိ၏၊ ထိုသေသော အကောင်ပုပ်ကို လျင်စွာသာလျှင် ထုတ်ပယ်၏၊ကုန်းသို့ (တင်ပို့) ဖယ်ရှား၏၊ မင်းမြတ် မဟာသမုဒ္ဒရာသည် အမျက်ထွက်သည် ဖြစ်၍ ထိုအကောင်ပုပ် ကို ထုတ်ပယ်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မဟုတ်ပါ၊ မဟာသမုဒ္ဒရာအား အမျက်ထွက်ခြင်း သည်လည်းကောင်း၊ ကြည်လင်ရွှင်ပျ ခြင်းသည်လည်းကောင်း မရှိပါ၊ မဟာသမုဒ္ဒရာသည် ချစ်ခြင်း၊ မုန်းခြင်းမှ လွတ်ပါ၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရားတို့အား အမျက်ထွက် ခြင်းသည်လည်းကောင်း၊ ကြည်လင်ရွှင်ပျ ခြင်းသည်လည်းကောင်း မရှိ၊ ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူကုန်သော မြတ်စွာဘုရားတို့သည် ချစ်ခြင်း၊ မုန်းခြင်းမှ လွတ်တော်မူကုန်၏၊ စင်စစ်သော်ကား ကိုယ်တိုင်ပြုအပ်သော မိမိ၏ အပြစ်ကြောင့်သာလျှင် ထိုသူတို့ကို နှင်ထုတ်အပ်ကုန်၏။

မင်းမြတ် မြေ၌ ချော်သည် ဖြစ်၍ လဲကျသကဲ့သို့၊ ထို့အတူ မြတ်စွာဘုရားသာသနာတော်မြတ်၌ ချော်သည် ဖြစ်၍ နှင်ထုတ်အပ်၏။ မင်းမြတ် မဟာသမုဒ္ဒရာ၌ အသေကောင်ပုပ်ကို ထုတ်ပယ်သကဲ့သို့၊ ထို့အတူ မြတ်စွာဘုရားသာသနာတော်မြတ်၌ ချွတ်ချော်သူကို နှင်ထုတ်အပ်၏။ မင်းမြတ် မြတ်စွာဘုရား သည် ထိုရဟန်းတို့၏ အကျိုးကို အလိုရှိတော်မူ၍၊ အစီးအပွါးကို အလိုရှိတော်မူ၍၊ ချမ်းသာခြင်းကို အလိုရှိတော်မူ၍၊ စင်ကြယ်ခြင်းကို အလိုရှိတော်မူ၍ “ဤသို့ နှင်ထုတ်သဖြင့် ဤရဟန်းတို့သည် ပဋိသန္ဓေ နေခြင်း၊ အိုခြင်း၊ သေခြင်းတို့မှ လွတ်ကုန်လတ္တံ့”ဟု နှလုံးသွင်းလျက် နှင်ထုတ်တော်မူ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏၊ ဤသို့လျှင် ဤစကားကို ထိုသို့ဆိုတော်မူတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

တစ်ဆယ့်နှစ်ခုမြောက် ဘိက္ခုပဏာမိတပဥှာ ပြီး၏။

သုံးခုမြောက် ပဏာမိတဝဂ် ပြီး၏။

ဤပဏာမိတဝဂ်၌ အမေးပုစ္ဆာ ပြဿနာ တစ်ဆယ့်နှစ်ပါးတို့တည်း။

--

၄-သဗ္ဗညုတဉာဏဝဂ်

၁-ဣဒ္ဓိကမ္မဝိပါကပဥှာ

တန်ခိုးနှင့် ကံ၏အကျိုး ပြဿနာ

။ အသျှင်ဘုရားနာဂသေန “ရဟန်းတို့ ငါဘုရား၏ တပည့်ဖြစ်သော တန်ခိုးကြီးသော ရဟန်းတို့ တွင် မဟာမောဂ္ဂလာန်သည် အမြတ်ဆုံးတည်း”ဟု ဤစကားကို မြတ်စွာဘုရား ဟောတော်မူအပ်၏။ တစ်ဖန်လည်း ထိုအသျှင်မဟာမောဂ္ဂလာန်သည် ဆောက်ပုတ်တို့ဖြင့် (ခိုးသားငါးရာတို့) ရိုက်ပုတ်ခံရသည် ဖြစ်၍ ဦးခေါင်းတော်ကွဲလျက် အရိုးအသား ညက်ညက်ကြေပြီးလျှင် အကြောပြတ်သော ကိုယ်ရှိသည် ဖြစ်၍ ပရိနိဗ္ဗာန်ပြုတော်မူရသတတ်၊ အသျှင်ဘုရားနာဂသေန မဟာမောဂ္ဂလာန်မထေရ်သည် တန်ခိုး၏ အထွတ် အထိပ်သို့ ရောက်သည်ဖြစ်ပါမူ ဆောက်ပုတ်တို့ဖြင့် အရိုက်အပုတ်ခံရသည် ဖြစ်၍ ပရိနိဗ္ဗာန် ပြုတော်မူရ၏ဟူသော ထိုစကားသည် မှားရာ၏။ ဆောက်ပုတ်တို့ဖြင့် အရိုက်အပုတ်ခံရသည် ဖြစ်၍ ပရိနိဗ္ဗာန် ပြုရသည်ဖြစ်ပါမူ တန်ခိုး၏ အထွတ်အထိပ်သို့ ရောက်၏ဟူသော ထိုစကားသည် မှားရာပါ၏။ မိမိအား နှိပ်စက်သတ်ဖြတ်ခြင်းကို တန်ခိုးဖြင့် ဟန့်တားပယ်မြစ်ခြင်းငှါ မစွမ်းနိုင်လေသလော၊ နတ်နှင့်တကွသော လူအပေါင်း၏လည်း ကိုးကွယ်ရာဖြစ်ခြင်းငှါ ထိုက်တော်မူသည် မဟုတ်ပါလောဟု အစွန်းနှစ်ဖက်ထွက်သော ဤပြဿနာသည်လည်း အသျှင်ဘုရားထံသို့ အစဉ်ရောက်ပါ၏၊ အသျှင်ဘုရားသည် ထိုပြဿနာကို ဖြေရှင်းတော်မူပါလော့ဟု (လျှောက်၏)။

မင်းမြတ် ရဟန်းတို့ ငါဘုရား၏ တပည့်ဖြစ်သော တန်ခိုးကြီးသော ရဟန်းတို့တွင် မဟာ မောဂ္ဂလာန်သည် အမြတ်ဆုံးတည်း”ဟု ဤစကားကို မြတ်စွာဘုရား ဟောတော်မူအပ်၏။ အသျှင်မဟာ မောဂ္ဂလာန်သည်လည်း ဆောက်ပုတ်ဖြင့် အရိုက်အပုတ်ခံရသည် ဖြစ်၍ ပရိနိဗ္ဗာန်ပြုတော်မူရ၏၊ ထိုဆောက် ပုတ်ဒဏ်ကြောင့် ပရိနိဗ္ဗာန်ပြုရခြင်းသည်လည်း အကုသိုလ်ကံ ဖိစီးနှိပ်စက်ခံရသောကြောင့် ဖြစ်ရပေ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန တန်ခိုးကြီးသောသူ၏ တန်ခိုးအရာနှင့် ကံ၏အကျိုးနှစ်ပါးစုံတို့သည် မကြံစည်အပ်သော အရာတို့ချည်း မဟုတ်ပါကုန်လော၊ မကြံစည်အပ်သော တန်ခိုးဖြင့် မကြံစည်အပ်သော ကံအကျိုး ကို ပယ်နိုင်ရမည်မဟုတ်ပါလော၊ အသျှင်ဘုရား ဥပမာအားဖြင့် အသီးကို အလိုရှိသော အချို့ သူတို့သည် သီးသီးဖြင့် သီးသီးကို ပစ်ခတ်ကုန်၏၊ သရက်သီးဖြင့် သရက်သီးကို ပစ်ခတ်ကုန်၏၊ အသျှင် ဘုရားနာဂသေန ဤအတူသာလျှင် မကြံစည်အပ်သော တန်ခိုးဖြင့် မကြံစည်အပ်သော ကံအကျိုးကို ပစ်ခတ်၍ ပယ်နိုင်ရမည် မဟုတ်ပါလောဟု (လျှောက်၏)။ မင်းမြတ် မကြံစည်အပ်သည်ချည်း ဖြစ်သော်လည်း တစ်ပါးသည် အတိုင်းထက်အလွန် အားကြီးလှ၏၊ မင်းမြတ် ဥပမာအားဖြင့် မြေအပြင်၌ တူမျှသော ဇာတ်ရှိကုန်သော မင်းတို့သည် ရှိကုန်၏၊ တူမျှသော ဇာတ်ရှိကုန်သော ထိုမင်းတို့တွင်လည်း တစ်ဦးသော မင်းသည် အလုံးစုံသော မင်းတို့ကို လွှမ်းမိုး လွန်ကဲ၍ အာဏာစက်ကို ဖြစ်စေ၏။ မင်းမြတ် ဤအတူ သာလျှင် ထိုမကြံစည်အပ်သော အရာတို့တွင် ကံ၏ အကျိုးသည်သာလျှင် အတိုင်းထက်အလွန် အားကြီး လှ၏၊ ကံ၏ အကျိုးသည်သာလျှင် အလုံးစုံသော အစိန္တိယ အရာတို့ကို လွှမ်းမိုး၍ အာဏာကို ဖြစ်စေ၏၊ အကုသိုလ်ကံ နှိပ်စက်သောသူအား (ကံမှ) ကြွင်းသော အမှုမျိုးတို့သည် အခွင့်မရနိုင်ကုန်။

မင်းမြတ် ဤလောက၌ တစ်စုံတစ်ယောက်သော ယောက်ျားသည် တစ်စုံတစ်ခုသော အရာ၌ ကျူးလွန်ပြစ်မှား၏၊ ထိုကျူးလွန်ပြစ်မှားသော ယောက်ျား၏ အမိသည်လည်းကောင်း၊ အဖသည်လည်းကောင်း၊ ညီမ, အစ်မတို့သည်လည်းကောင်း၊ ညီ,အစ်ကိုတို့သည်လည်းကောင်း၊ အဆွေခင်ပွန်းတို့သည်လည်းကောင်း၊ အပေါင်းအဖော်တို့သည်လည်းကောင်း မစောင့်ရှောက်နိုင်ကုန်၊ စင်စစ်သော်ကား မင်းသည် သာလျှင် ထိုယောက်ျားအမှု၌ လွှမ်းမိုး၍ အာဏာကို ဖြစ်စေ၏၊ ထိုအရာ၌့မင်းအာဏာဖြစ်ကြောင်းကား အဘယ့်ကြောင့်နည်း၊ ထိုယောက်ျား၏ အပြစ် ကျူးလွန်မိသည်၏ အဖြစ်ကြောင့်တည်း၊ မင်းမြတ် ဤအတူ သာလျှင် ထိုမကြံစည်အပ်သော အရာတို့တွင် ကံ၏ အကျိုးသည်သာလျှင် အတိုင်းထက်အလွန် အားကြီး လှ၏၊ ကံ၏ အကျိုးသည်သာလျှင် အလုံးစုံသော အစိန္တိယအရာတို့ကို လွှမ်းမိုး၍ အာဏာကို ဖြစ်စေ၏၊ အကုသိုလ်ကံ နှိပ်စက်သောသူအား (ကံမှ) ကြွင်းသော အမှုမျိုးတို့သည် အခွင့်မရနိုင်ကုန်။

--

မင်းမြတ် ဥပမာတစ်နည်းသော်ကား မြေအပြင်၌ တောမီးတောက်လောင်လတ်သော် အိုးတစ်ထောင် ရေသည်လည်း ငြိမ်းစေခြင်းငှါ မတတ်နိုင်၊ စင်စစ်သော်ကား မီးသည်သာလျှင်ထိုအရာ၌ လွှမ်းမိုး၍ အာဏာကို ဖြစ်စေ၏၊ ထိုအရာ၌ အကြောင်းကား အဘယ့်ကြောင့်နည်း၊ မီး၏ အားကြီးသောကြောင့် ပါတည်း။ မင်းမြတ် ဤအတူသာလျှင် ထိုမကြံစည်အပ်သော အရာတို့တွင် ကံ၏ အကျိုးသည်သာလျှင် အတိုင်းထက်အလွန် အားကြီးလှ၏၊ ကံ၏ အကျိုးသည်သာလျှင် အလုံးစုံသော အစိန္တိယအရာတို့ကို လွှမ်းမိုး၍ အာဏာကို ဖြစ်စေ၏၊ အကုသိုလ်ကံ နှိပ်စက်သောသူအား (ကံမှ) ကြွင်းသော အမှုမျိုးတို့သည် အခွင့်မရနိုင်ကုန်။ မင်းမြတ် ထို့ကြောင့် အကုသိုလ်ကံနှိပ်စက်သည် ဖြစ်၍ ဆောက်ပုတ်တို့ဖြင့် အရိုက် အပုတ်ခံရသော အသျှင်မဟာမောဂ္ဂလာန်အား တန်ခိုးဖြင့် ဆောင်စွမ်းနိုင်မှု မဖြစ်နိုင်တော့ပေဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏၊ ဤသို့လျှင် ဤစကားကို ထိုသို့ဆိုတော်မူတိုင်း ဝန်ခံပါ ၏ဟု (လျှောက်၏)။ ။

ရှေးဦးစွာသော ဣဒ္ဓိကမ္မဝိပါကပဥှာ ပြီး၏။

၂-ဓမ္မဝိနယပဋိစ္ဆန္နာပဋိစ္ဆန္နပဥှာ

ဓမ္မဝိနယကို ဖုံးထားသင့် မထားသင့် ပြဿနာ

။ အသျှင်ဘုရားနာဂသေန “ရဟန်းတို့ မြတ်စွာဘုရား ဟောကြားတော်မူသော သုတ်၊ အဘိဓမ္မာ၊ ဝိနည်းသည် ဖွင့်ထားသော်သာလျှင် တင့်တယ်၏၊ ဖုံးထားခဲ့သော် မတင့်တယ်”ဟု ဤစကားကို မြတ်စွာဘုရား ဟောတော်မူအပ်ပါ၏။ တစ်ဖန်လည်း ပါတိမောက်ပြခြင်းကိုလည်းကောင်း၊ အလုံးစုံသော ဝိနည်း ပိဋကကိုလည်းကောင်း ပိတ်ထားအပ်၏၊ ဖုံးထားအပ်၏။ အသျှင်ဘုရားနာဂသေန မြတ်စွာဘုရား သာသနာတော်၌ သင့်လျော်သော အခွင့်ကိုလည်းကောင်း၊ လျောက်ပတ်သော အခွင့်ကိုလည်းကောင်း အကယ်၍ ရခဲ့မူ ဝိနည်းပညတ်တော်သည် ဖွင့်ထားသော်သာ တင့်တယ်ရာ၏။ အဘယ်အကြောင်းကြောင့် တင့်တယ်ရာသနည်း၊ ထိုဝိနည်း ပိဋက၌ အကျင့်သိက္ခာ, စောင့်စည်းမှု, ရှောင်ကြဉ်မှုသီလဂုဏ်နှင့် အကျင့် အာစာရကို ပညတ်မှုအပြင် အတ္ထရသ၊ ဓမ္မရသ၊ ဝိမုတ္တိရသတို့ အပြည့်အစုံရှိသောကြောင့်တည်း။ အသျှင် ဘုရားနာဂသေန “ရဟန်းတို့ မြတ်စွာဘုရား ဟောကြားတော်မူသော သုတ်၊ အဘိဓမ္မာ၊ ဝိနည်းသည် ဖွင့်ထားသော်သာလျှင် တင့်တယ်၏၊ ဖုံးထားခဲ့သော် မတင့်တယ်”ဟု မြတ်စွာဘုရား ဟောတော်မူသည် ဖြစ်ပါမူ “ပါတိမောက်ပြခြင်းကိုလည်းကောင်း၊ အလုံးစုံသော ဝိနည်းပိဋကကိုလည်းကောင်း ပိတ်ထား အပ်၏၊ ဖုံးထားအပ်၏”ဟူသော စကားသည် မှားရာ၏။ ပါတိမောက်ပြ ခြင်းကိုလည်းကောင်း၊ အလုံးစုံသော ဝိနည်းပိဋကကိုလည်းကောင်း ပိတ်ထားအပ်၏၊ ဖုံးထားအပ်၏”ဟု ဟောတော်မူသည် ဖြစ်ပါမူ “ရဟန်းတို့ မြတ်စွာဘုရား ဟောကြားတော်မူသော သုတ်၊ အဘိဓမ္မာ၊ ဝိနည်းသည် ဖွင့်ထားသော် သာလျှင် တင့်တယ်၏။ ဖုံးထားခဲ့သော် မတင့်တယ်”ဟူသော စကားသည်လည်း မှားရာ၏။ အစွန်း နှစ်ဖက်ထွက်သော ဤပြဿနာသည်လည်း အသျှင်ဘုရားထံသို့ အစဉ်ရောက်ပါ၏။ အသျှင်ဘုရားသည် ထိုပြဿနာကို ဖြေရှင်းတော်မူပါလော့ဟု (လျှောက်၏)။

--

မင်းမြတ် “ရဟန်းတို့ မြတ်စွာဘုရား ဟောကြားတော်မူသော သုတ်၊ အဘိဓမ္မာ၊ ဝိနည်းသည့်ဖွင့်ထားသော်သာလျှင် တင့်တယ်၏။ ဖုံးထားခဲ့သော် မတင့်တယ်”ဟု ဤစကားကို မြတ်စွာဘုရား ဟောတော်မူအပ်၏။ တစ်ဖန်လည်း ပါတိမောက်ပြခြင်းကိုလည်းကောင်း၊ အလုံးစုံသော ဝိနည်းပိဋကကိုလည်းကောင်း ပိတ်ထားအပ်၏၊ ဖုံးထားအပ်၏။ ထိုသို့ ပိတ်ဖုံးထားသော်လည်း ထိုပိတ်ဖုံးခြင်းသည်ကား အလုံးစုံတို့အား ပိတ်ဖုံးထားသည် မဟုတ်ပေ။ အပိုင်းအခြားပြု၍ ပိတ်ဖုံးထားအပ်၏။

မင်းမြတ် အကြောင်းသုံးမျိုးတို့ဖြင့် ပါတိမောက်ပြခြင်းကို အပိုင်းအခြားပြု၍ မြတ်စွာဘုရားသည် ပိတ်ထားတော်မူအပ်၏။

(၁) ရှေးဘုရားတို့၏ အစဉ်အလာ၏အစွမ်းကြောင့် ပါတိမောက်ပြခြင်းကို အပိုင်းအခြားပြု၍ ပိတ်ထားတော်မူအပ်၏။

(၂) ပါတိမောက်တရားတော်၏ အလေးပြုအပ်သည်၏ အဖြစ်ကြောင့် (ပါတိမောက်ပြခြင်းကို) ပိတ်ထားတော်မူအပ်၏။

(၃) ရဟန်းအဖြစ်၏ အလေးပြုအပ်သည်၏ အဖြစ်ကြောင့် (ပါတိမောက်ပြခြင်းကို) ပိတ်ထားတော်မူအပ်၏။

(၁) ရှေးဘုရားတို့၏ အစဉ်အလာ၏ အစွမ်းကြောင့် ပါတိမောက်ပြခြင်းကို အပိုင်းအခြားပြု၍ အသို့ ပိတ်ထားအပ်သနည်း။ မင်းမြတ် ရဟန်းတို့အလယ်၌ ပါတိမောက်ပြ၍၊ ရဟန်းမှ ကြွင်းသောသူတို့အား ပိတ်ထားခြင်းသည် အလုံးစုံသော ရှေးဘုရားတို့၏ အစဉ်အလာပေတည်း။ မင်းမြတ် ဥပမာအားဖြင့် မင်းတို့၏ ခတ္တိယမာယာသည် မင်းတို့၌သာလျှင် ဖြစ်၏။ ဤသို့လျှင် မင်းတို့၏ လောကအစဉ် အလာကို ကြွင်းသော လူတို့အား ပိတ်ထားအပ်၏။ မင်းမြတ် ဤအတူသာလျှင် ရဟန်းတို့အလယ်၌ ပါတိမောက် ပြ၍၊ ရဟန်းမှ ကြွင်းသောသူတို့အား ပိတ်ထားခြင်းသည် အလုံးစုံသော ရှေးဘုရားတို့၏ အစဉ် အလာပေတည်း။

မင်းမြတ် ဥပမာတစ်နည်းသော်ကား မြေအပြင်၌ မလ္လာဂိုဏ်း၊ အတောဏဂိုဏ်း၊ ပဗ္ဗတဂိုဏ်း၊ ဓမ္မဂိရိယဂိုဏ်း၊ ဗြဟ္မဂိရိယဂိုဏ်း၊ နဋကဂိုဏ်း၊ နစ္စကဂိုဏ်း၊ လင်္ဃကဂိုဏ်း၊ ပိသာစဂိုဏ်း၊ မဏိ ဘဒ္ဒဂိုဏ်း၊ ပုဏ္ဏဗဒ္ဓဂိုဏ်း၊ စန္ဒိမသူရိယဂိုဏ်း၊ သိရိဒေဝတာဂိုဏ်း၊ ကာလိဒေဝတာဂိုဏ်း၊ သိဝဂိုဏ်း၊ ဝသုဒေဝဂိုဏ်း၊ ဃနိကာဂိုဏ်း၊ အသိပါသဂိုဏ်း၊ ဘဒ္ဒိပုတ္တဂိုဏ်းဟူသော ဂိုဏ်းတို့သည် ရှိကုန်၏။ ထိုထိုဂိုဏ်း လျှို့ဝှက်ချက်သည် ထိုထိုဂိုဏ်းတို့၌သာလျှင် ဖြစ်၏။ ကြွင်းသော ဂိုဏ်းတို့အား ပိတ်ထား အပ်၏။ မင်းမြတ် ဤအတူသာလျှင် ရဟန်းတို့အလယ်၌ ပါတိမောက်ကို ပြ၍၊ ရဟန်းမှ ကြွင်းသောသူတို့အား ပိတ်ထားခြင်းသည် အလုံးစုံသော ရှေးဘုရားတို့၏ အစဉ်အလာတည်း။ ဤသို့လျှင် ရှေးဘုရားတို့၏ အစဉ်အလာ၏ အစွမ်းကြောင့် ပါတိမောက်ပြခြင်းကို အပိုင်းအခြားပြု၍ ပိတ်ထားအပ်၏။

(၂) ပါတိမောက်တရားတော်၏ အလေးပြုအပ်သည်၏ အဖြစ်ကြောင့် ပါတိမောက်ပြခြင်းကို အပိုင်း အခြား ပြု၍ အဘယ်သို့ ပိတ်ထားအပ်သနည်းဟူမူ-မင်းမြတ် ပါတိမောက်တရားတော်သည် လေး၏၊ တာဝန်ကြီး၏။ ထိုပါတိမောက်တရားတော်၌ မှန်ကန်စွာ လိုက်နာကျင့်ကြံသူသည် အရဟတ္တဖိုလ်သို့ ရောက် နိုင်၏။ ထိုပါတိမောက်၌ အဆက်ဆက် မှန်ကန်စွာ လိုက်နာကျင့်ကြံသည်၏ အဖြစ်ကြောင့် ထိုအရဟတ္တဖိုလ်သို့ ရောက်နိုင်၏။ ထိုပါတိမောက်၌ အဆက်ဆက် မှန်ကန်စွာ မလိုက်နာ၊ မကျင့်ကြံသည်၏ အဖြစ် ကြောင့် ထိုအရဟတ္တဖိုလ်သို့ မရောက်နိုင်။ ဤအနှစ်နှင့် ပြည့်စုံသော တရား၊ မြတ်သော တရားသည် မှန်ကန်စွာ လိုက်နာ ကျင့်ကြံလေ့မရှိကုန်သောသူတို့၏ လက်သို့ ရောက်သည်ရှိသော် အထင်သေးအပ် သည်၊ မထီမဲ့မြင် ပြုအပ်သည်၊ ရှုတ်ချအပ်သည်၊ အပြစ်တင်အပ်သည်၊ ကဲ့ရဲ့အပ်သည် မဖြစ်ပါစေလင့်။ ဤအနှစ်နှင့် ပြည့်စုံသောတရား၊ မြတ်သော တရားသည် သူယုတ်မာတို့ထံသို့ ရောက်သည်ရှိသော် အထင်သေးအပ်သည်၊ မထီမဲ့မြင် ပြုအပ်သည်၊ ရှုတ်ချအပ်သည်၊ အပြစ်တင်အပ်သည်၊ ကဲ့ရဲ့အပ်သည် မဖြစ်စေသတည်း။ ဤသို့ တရားတော်၏့အလေးအမြတ်ပြုအပ်သည်၏ အဖြစ်ကြောင့် ပါတိမောက်ပြခြင်း ကို အပိုင်းအခြားပြု၍ ပိတ်ထားအပ်၏။

--

မင်းမြတ် ဥပမာအားဖြင့် အနှစ် ဖြစ်၍၊ အမြတ်ဆုံး ဖြစ်၍၊ ကောင်းစွာ ပေါက်ရောက်သော အမျိုး ဇာတ်ရှိသော ရဲရဲနီသော စန္ဒကူးနံ့သာမည်သည်ကား လူရိုင်းတို့၏ လက်သို့ ရောက်သည်ရှိသော် အထင်သေးအပ်သည်၊ မထီမဲ့မြင် ပြုအပ်သည်၊ ရှုတ်ချအပ်သည်၊ အပြစ်တင်အပ်သည်၊ ကဲ့ရဲ့အပ်သည် ဖြစ်၏။ မင်းမြတ် ဤအတူသာလျှင် ဤအနှစ်နှင့် ပြည့်စုံသော တရား၊ မြတ်သော တရားသည် အဆက်ဆက် မှန်ကန်စွာ ပြုကျင့်လေ့မရှိကုန်သောသူတို့၏ လက်သို့ ရောက်သည်ရှိသော် အထင်သေး အပ်သည်၊ မထီမဲ့မြင် ပြုအပ်သည်၊ ရှုတ်ချအပ်သည်၊ အပြစ်တင်အပ်သည်၊ ကဲ့ရဲ့အပ်သည် မဖြစ်ပါစေ လင့်။ ဤအနှစ်နှင့် ပြည့်စုံသော တရား၊ မြတ်သော တရားသည် သူယုတ်တို့၏ လက်သို့ ရောက်သည် ဖြစ်၍ အထင်သေးအပ်သည်၊ မထီမဲ့မြင် ပြုအပ်သည်၊ ရှုတ်ချအပ်သည်၊ အပြစ်တင်အပ်သည်၊ ကဲ့ရဲ့အပ် သည် မဖြစ်ပါစေလင့်။ ဤသို့လျှင် တရားတော်၏ အလေးပြုအပ်သည်၏ အဖြစ်ကြောင့် ပါတိမောက် ပြခြင်းကို အပိုင်းအခြားပြု၍ ပိတ်ထားအပ်၏။

(၃) ရဟန်းအဖြစ်၏ အလေးအမြတ်ပြုအပ်သောကြောင့် ပါတိမောက်ပြခြင်းကို အပိုင်းအခြားပြု၍ အဘယ်သို့ ပိတ်ထားအပ်သနည်းဟူမူ-မင်းမြတ် စင်စစ် လောက၌ ရဟန်း၏ အဖြစ်သည် မချိန်စက်နိုင်၊ မနှိုင်းရှည့်နိုင်၊ အဖိုးမဖြတ်နိုင်။ တစ်စုံတစ်ယောက်သောသူသည် အဖိုးဖြတ်ခြင်းငှါ၊ ချိန်စက်ခြင်းငှါ၊ နှိုင်းရှည့်ခြင်းငှါ မတတ်ကောင်း။ ဤသို့ သဘောရှိသော၊ ရဟန်းအဖြစ်၌ တည်သော ဤရဟန်းသည် နတ်လူအပေါင်းနှင့် တူတန်ညီမျှသည် မဖြစ်ပါစေသတည်းဟု နှလုံးသွင်း၍၊ ရဟန်းတို့၏ အတွင်း၌သာလျှင် ပါတိမောက်ပြခြင်းသည် ဖြစ်၏။ မင်းမြတ် ဥပမာအားဖြင့် လောက၌ အမြတ်ဆုံး ဘဏ္ဍာဟူသော အဝတ် သော်လည်း ဖြစ်စေ၊ အခင်းသော်လည်း ဖြစ်စေ၊ ဆင်, မြင်း, ရထား, ရွှေ, ငွေ, ပတ္တမြား, ပုလဲ, မိန်းမရတနာစသည်တို့သော်လည်း ဖြစ်စေ၊ ရန်အောင်နိုင်သော အမှု၌ ရဲရင့်ကုန်သူတို့သော်လည်း ဖြစ်စေ ထိုအလုံးစုံတို့သည် မင်းထံသို့ ရောက်ရကုန်၏။ မင်းမြတ် ဤအတူသာလျှင် လောက၌ မုခပါဌ်ပါဠိတော်ကို သင်ကြားမှု၊ ကျင့်ကြံမှု၊ ဣန္ဒြေကို ဆုံးမမှု၊ သိလစောင့်စည်းမှုဟူသော ဂုဏ်ကျေးဇူးဟူသမျှတို့သည် ရဟန်းသံဃာထံသို့ ဆိုက်ရောက်ရကုန်၏။ ဤသို့လျှင် ရဟန်းအဖြစ်၏ အလေးပြုအပ်သည်၏ အဖြစ် ကြောင့် ပါတိမောက်ပြခြင်းကို အပိုင်းအခြားပြု၍ ပိတ်ထားအပ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏။ ဤသို့လျှင် ဤစကားကို ထိုသို့ ဆိုတော်မူတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

နှစ်ခုမြောက် ဓမ္မဝိနယပဋိစ္ဆန္နာပဋိစ္ဆန္နပဥှာ ပြီး၏။

--

၃-မုသာဝါဒဂရု, လဟုဘာဝပဥှာ

မုသားစကား၏ အလေး, အပေါ့ဖြစ်ပုံ ပြဿနာ

။ အသျှင်ဘုရားနာဂသေန “သိလျက် မုသားစကားကို ပြောဆိုခြင်းကြောင့် သာသနာတော်မှ ဆုံးရှုံး၏”ဟု ဤစကားကို မြတ်စွာဘုရား ဟောတော်မူအပ်၏။ “သိလျက် မုသားစကားကို ပြောဆိုခြင်း ကြောင့် ရဟန်းတစ်ပါး၏အထံ၌ ဒေသနာကြားခြင်းလျှင် အကြောင်းရင်းရှိသော လဟုကအာပတ်သို့ ရောက်၏”ဟူ၍လည်း တစ်ဖန်ဟောတော်မူပြန်၏။ အသျှင်ဘုရားနာဂသေန “မုသားစကားတစ်မျိုးကို ပြောဆိုခြင်းကြောင့် သာသနာတော်မှ အရင်းအမြစ် ပြတ်၏။ မုသားစကားတစ်မျိုးကို ပြောဆိုခြင်းကြောင့် ကုစားခြင်းနှင့်တကွ ဖြစ်၏”ဟူသော ဤမုသားနှစ်မျိုးတို့၌ အထူးကား အဘယ်ပါနည်း။ အကြောင်း ကား အဘယ်ပါနည်း။ အသျှင်ဘုရားနာဂသေန “သိလျက် မုသားစကားကို ပြောဆိုခြင်းကြောင့် သာသနာ တော်မှ ဆုံးရှုံး၏”ဟု အကယ်၍ ဟောတော်မူသည် ဖြစ်အံ့။ ထိုသို့ဖြစ်ပါမူ “သိလျက့်မုသားစကားကို ပြောဆိုခြင်းကြောင့် ရဟန်းတစ်ပါး၏အထံ၌ ဒေသနာကြားခြင်းလျှင် အကြောင်းရင်းရှိသော လဟုက (ပါစိတ်) အာပတ်သို့ ရောက်၏”ဟူသော စကားသည် မှားရာ၏။ “သိလျက် မုသားစကားကို ပြောဆို ခြင်းကြောင့် ရဟန်းတစ်ပါး၏အထံ၌ ဒေသနာကြားခြင်းလျှင် အကြောင်းရင်းရှိသော လဟုက (ပါစိတ်) အာပတ်သို့ ရောက်၏”ဟု မြတ်စွာဘုရားသည် အကယ်၍ ဟောတော်မူသည် ဖြစ်အံ့။ ထိုသို့ဖြစ်မူ “သိလျက် မုသားစကားကို ပြောဆိုခြင်းကြောင့် သာသနာတော်မှ ဆုံးရှုံး၏”ဟူသော ထိုစကားသည်လည်း မှားရာ၏။ အစွန်းနှစ်ဖက်ထွက်သော ဤပြဿနာသည်လည်း အသျှင်ဘုရားထံသို့ အစဉ်ရောက်ပါ၏။ အသျှင်ဘုရားသည် ထိုပြဿနာကို ဖြေရှင်းတော်မူပါလော့ဟု (လျှောက်၏)။

မင်းမြတ် “သိလျက် မုသားစကားကို ပြောဆိုခြင်းကြောင့် သာသနာတော်မှ ဆုံးရှုံး၏”ဟု ဤ စကားကို မြတ်စွာဘုရား ဟောတော်မူအပ်၏။ “သိလျက် မုသားစကားကို ပြောဆိုခြင်းကြောင့် ရဟန်း တစ်ပါး၏အထံ၌ ဒေသနာကြားခြင်းလျှင် အကြောင်းရင်းရှိသော လဟုကအာပတ်သို့ ရောက်၏”ဟူသော စကားကိုလည်း မြတ်စွာဘုရား ဟောတော်မူအပ်၏။ ထိုသို့ ဟောခြင်းသည်ကား လွန်ကျူးပြောဆိုသော အကြောင်းရင်းဝတ္ထု၏ အစွမ်းဖြင့် ဂရုက, လဟုက ဖြစ်၏။ မင်းမြတ် ထိုဆိုလတ္တံ့သော စကားကို အသို့ မှတ်ထင်သနည်း။ ဤလောက၌ တစ်စုံတစ်ယောက်သော ယောက်ျားသည် လူတစ်ဦးအား လက်ဖြင့် ရိုက်ပုတ်ငြားအံ့။ ထိုယောက်ျားအား သင်တို့သည် အဘယ်မျှသော ဒဏ်ကို ဆောင်စေကုန်သနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား ထိုအရိုက်ခံရသူသည် “သည်းမခံနိုင်ပါ”ဟု အကယ်၍ ဆိုအံ့၊ သည်းမခံ သည်ရှိသော် ထိုရိုက်သောသူအား အကျွန်ုပ်တို့သည် အသပြာဒဏ်ကို ဆောင်စေပါကုန်၏ဟု (လျှောက်၏)။

မင်းမြတ် ဤလောက၌ ထိုယောက်ျားသည်ပင်လျှင် သင်မင်းမြတ်အား လက်ဖြင့် ရိုက်ပုတ်ငြားအံ့။ ထိုယောက်ျားအား အဘယ်ဒဏ်ထိုက်သနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား ထိုယောက်ျား၏ လက်ကို သော်လည်း ဖြတ်စေကုန်ရာပါ၏။ ခြေကိုသော်လည်း ဖြတ်စေကုန်ရာပါ၏။ ဦးခေါင်းပြတ်သည်တိုင်အောင် ဖြတ်စေကုန်ရာပါ၏။ ရိုက်သော ယောက်ျား၏ အိုးအိမ်အားလုံးကိုသော်လည်း ဖျက်ဆီးစေကုန်ရာပါ၏။ ဆွေမျိုးနှစ်ဖက်၌ အမျိုးခုနစ်ဆက်တိုင်အောင်သော်လည်း သတ်ဖြတ်ဖျက်ဆီးစေကုန်ရာပါ၏ဟု (လျှောက်၏)။ မင်းမြတ် တစ်ဦးသောသူအား လက်ဖြင့် ရိုက်ပုတ်ရာ၌ အနည်းငယ်သော အသပြာမျှ ဒဏ်တပ်ခြင်းနှင့် သင့်အား လက်ဖြင့် ရိုက်ပုတ်ရာ၌ လက်ဖြတ်ခြင်း၊ ခြေဖြတ်ခြင်း၊ ဦးခေါင်းဖြတ်ခြင်း၊ အိုးအိမ်အားလုံးကို သိမ်းယူခြင်း၊ ဆွေမျိုးနှစ်ဖက်၌ အမျိုးခုနစ်ဆက်တိုင် သတ်ဖြတ်ဖျက်ဆီးခြင်းဟူသော ဤအပြစ်ဒဏ် ပေးခြင်းနှစ်မျိုး၌ အထူးကား အဘယ်နည်း။ အကြောင်းကား အဘယ်နည်းဟု (မေးတော်မူ၏)။ အသျှင် ဘုရား လူချင်းထူးခြားသောကြောင့်ပါတည်းဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် သိလျက် မုသား စကားကို ပြောဆိုခြင်းသည် အကြောင်းရင်းဝတ္ထု၏ အစွမ်းဖြင့် ဂရုက, လဟုက ဖြစ်၏ဟု (မိန့်တော်မူ၏)။ ။

အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏။ ဤသို့လျှင် ဤစကားကို ထိုသို့ ဆိုတော်မူတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

သုံးခုမြောက် မုသာဝါဒဂရုလဟုဘာဝပဥှာ ပြီး၏။

--

၄-ဗောဓိသတ္တဓမ္မတာပဥှာ

ဘုရားလောင်းဓမ္မတာ ပြဿနာ

။ အသျှင်ဘုရားနာဂသေန ဓမ္မတာအပြားကို ဆိုရာ တရားဒေသနာတော်၌ “(ဗျာဒိတ်ကြားရာ) ရှေးဦးစွာ၌ပင် ဘုရားလောင်းတို့၏ အမိအဖတို့သည် မြဲကုန်၏။ သဗ္ဗညုတဉာဏ်တော်သည် မြဲ၏။ အဂ္ဂသာဝကတို့သည် မြဲကုန်၏။ သားတော်သည် မြဲ၏။ အလုပ်အကျွေးသည် မြဲ၏”ဟု ဤစကားကို မြတ်စွာဘုရား ဟောတော်မူအပ်၏။ တစ်ဖန် ဘုရားလောင်းသည် “တုသိတာနတ်အဖြစ်၌ တည်လျက် ရှစ်ပါးသော ကြည့်ခြင်းကြီးတို့ကို ကြည့်၏။

(၁) ဘုရားဖြစ်ရန် အခါကို ကြည့်၏။ (၂) ဘုရားဖြစ်ရာ ကျွန်းကို ကြည့်၏။

(၃) ဖွားတော်မူရာ အရပ်ကို ကြည့်၏။ (၄) ဖြစ်ရာ အမျိုးဇာတ်ကို ကြည့်၏။

(၅) မယ်တော်ကို ကြည့်၏။ (၆) အသက်အပိုင်းအခြားကို ကြည့်၏။

(၇) ဖွားမည့်လကို ကြည့်၏။ (၈) တောထွက်ခြင်းကို ကြည့်၏”ဟု

အသျှင်ဘုရားတို့ ဆိုတော်မူကြပြန်ပါကုန်၏။

အသျှင်ဘုရားနာဂသေန ဉာဏ်မရင့်ကျက်ခဲ့သော် သိမြင်နိုင်ခြင်း မရှိပေ။ ဉာဏ်ရင့်ကျက်သည်ရှိသော် အကြောင်းအရာအထူးကိုလည်း ဆိုင်းငံ့ခြင်းငှါ မတတ်ကောင်း။ ရင့်ကျက်သော စိတ်ကို မလွန်အပ်။ အဘယ့်ကြောင့် ဘုရားလောင်းသည် “အဘယ်အခါ၌ ငါ ဖြစ်ရအံ့နည်း”ဟု အခါကို ကြည့်ရ လေသနည်း။ ဉာဏ်မရင့်ကျက်ခဲ့သော် သိမြင်နိုင်ခြင်း မရှိပေ။ ဉာဏ်ရင့်ကျက်သည်ရှိသော် အကြောင်း အရာအထူးကိုလည်း ဆိုင်းငံ့ခြင်းငှါ မတတ်ကောင်း။ အဘယ့်ကြောင့် ဘုရားလောင်းသည် “အဘယ် အမျိုး၌ ငါ ဖြစ်ရအံ့နည်း”ဟု အမျိုးကို ကြည့်ရလေသနည်း။ အသျှင်ဘုရားနာဂသေန (ဗျာဒိတ် ကြားရာ) ရှေးဦးစွာ၌ပင် ဘုရားလောင်း၏ အမိအဖတို့သည် အကယ်၍ မြဲကုန်သည် ဖြစ်အံ့။ ထိုသို့ ဖြစ်မူ “အမျိုးကို ကြည့်၏”ဟူသော စကားသည် မှားရာ၏။ အမျိုးကို အကယ်၍ ကြည့်သည် ဖြစ်အံ့။ ထိုသို့ ဖြစ်မူ “(ဗျာဒိတ်ကြားရာ) ရှေးဦးစွာ၌ပင် ဘုရားလောင်း၏ အမိအဖတို့သည် မြဲကုန်၏”ဟူသော ထိုစကားသည်လည်း မှားရာပါ၏။ အစွန်းနှစ်ဖက်ထွက်သော ဤပြဿနာသည်လည်း အသျှင်ဘုရား ထံသို့ အစဉ်ရောက်ပါ၏။ အသျှင်ဘုရားသည် ထိုပြဿနာကို ဖြေရှင်းတော်မူပါလော့ဟု (လျှောက်၏)။

--

မင်းမြတ် (ဗျာဒိတ်ကြားရာ) ရှေးဦးစွာ၌ပင် ဘုရားလောင်း၏ အမိအဖတို့သည် မြဲကုန်၏။ ဘုရား လောင်းသည် အမျိုးကိုလည်း ကြည့်ပေ၏။ အဘယ်သို့လျှင် အမျိုးကို ကြည့်ပေသနည်း “ငါ၏ အမိအဖတို့သည် မင်းမျိုးတို့လော။ သို့မဟုတ် ပုဏ္ဏားမျိုးတို့လော”ဟု ဤသို့လျှင် ဘုရားလောင်းသည် အမျိုး ကို ကြည့်ပေ၏။

မင်းမြတ် ရှစ်ယောက်ကုန်သောသူတို့သည် အနာဂတ်အရေးကို ရှေးမဆွကပင် ကြည့်ရှုအပ်၏။ အဘယ်ရှစ်ယောက်တို့နည်း။ မင်းမြတ်

(၁) ကုန်သည်သည် ရောင်းရန် ဥစ္စာကို ရှေးမဆွကပင် ကြည့်အပ်၏။

(၂) ဆင်ပြောင်ကြီးသည် နှာမောင်းဖြင့် မရောက်မီ ရှေးမဆွကပင် ခရီးကို ကြည့်အပ်၏။

(၃) လှည်းကုန်သည်သည် အနာဂတ် (လှည်းစခန်း) ဆိပ်ကို ရှေးမဆွကပင် ကြည့်အပ်၏။

(၄) လှေသူကြီးသည် မရောက်သေးသော ကမ်းကို ရှေးမဆွကပင် ကြည့်၍ လှေကို လွှင့်အပ်၏။

(၅) ဆေးသမားသည် ရှေးမဆွကပင် အသက်ကို ကြည့်၍ သူနာထံသို့ ချဉ်းကပ်အပ်၏။

(၆) တံတားကို ကူးသောသူသည် ရှေးမဆွကပင် ခိုင်သည်၊ မခိုင်သည်ကို သိပြီးမှ တက်အပ်၏။

(၇) ရဟန်းသည် ရှေးမဆွကပင် မရောက်သေးသော အခါကို ဆင်ခြင်၍ သုံးဆောင်ဖွယ်ကို သုံး ဆောင်အပ်၏။

(၈) ဘုရားလောင်းတို့သည် ရှေးမဆွကပင် မင်းမျိုးကိုလည်းကောင်း၊ ပုဏ္ဏားမျိုးကိုလည်းကောင်း ကြည့်အပ်၏။ မင်းမြတ် ဤရှစ်ယောက်သောသူတို့သည် အနာဂတ်အရေးကို ရှေးမဆွကပင် ကြည့်ရှု အပ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏။ ဤသို့လျှင် ဤစကားကို ထိုသို့ ဆိုတော်မူတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

လေးခုမြောက် ဗောဓိသတ္တဓမ္မတာပဥှာ ပြီး၏။

--

၅-အတ္တနိပါတနပဥှာ

မိမိကိုယ်ကို သတ်ခြင်း ပြဿနာ

။ အသျှင်ဘုရားနာဂသေန “ရဟန်းတို့ မိမိကိုယ်ကို မသတ်အပ်၊ အကြင်ရဟန်းသည် သတ်ငြား အံ့၊ အပြစ်အားလျော်စွာ ပြုစေအပ်၏”ဟု ဤစကားကို မြတ်စွာဘုရား ဟောတော်မူ၏။ တစ်ဖန်လည်း “အမှတ်မရှိသော အရပ်၌ မြတ်စွာဘုရားသည် တပည့်သားတို့အား တရားဟောတော်မူသည်ရှိသော် အကြောင်းအမျိုးမျိုးဖြင့် ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းကို အကြွင်းမဲ့ဖြတ်ခြင်းငှါ တရား ဟောတော်မူအပ်၏။ အမှတ်မရှိသောသူသည် ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းကို ကောင်းစွာ လွန်မြောက်၏။ ထိုသူကို လွန်ကဲစွာသော ချီးမွမ်းခြင်းဖြင့် ချီးမွမ်း၏”ဟု အသျှင်ဘုရားတို့ ဆိုတော်မူကုန်၏။ အသျှင်ဘုရား နာဂသေန “ရဟန်းတို့ မိမိကိုယ်ကို မသတ်အပ်။ အကြင်ရဟန်းသည် သတ်ငြားအံ့။ အပြစ်အားလျော်စွာ ပြုစေအပ်၏”ဟု အကယ်၍ မြတ်စွာဘုရား ဟောတော်မူသည် ဖြစ်အံ့။ ထိုသို့ ဖြစ်ပါမူ “ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းကို အကြွင်းမဲ့ ဖြတ်ခြင်းငှါ တရား ဟောတော်မူ၏”ဟူသော ထိုစကားသည် မှားရာပါ၏။ ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းကို အကြွင်းမဲ့ ဖြတ်ခြင်းငှါ တရားကို အကယ်၍ ဟောတော်မူသည် ဖြစ်အံ့။ ထိုသို့ ဖြစ်ပါမူ “ရဟန်းတို့ မိမိ ကိုယ်ကို မသတ်အပ်။ အကြင်ရဟန်းသည် သတ်ငြားအံ့။ အပြစ်အားလျော်စွာ ပြုစေအပ်၏”ဟူသော ထိုစကားသည်လည်း မှားရာပါ၏။ အစွန်းနှစ်ဖက်ထွက်သော ဤပြဿနာသည်လည်း အသျှင်ဘုရားထံသို့ အစဉ်ရောက်ပါ၏။ အသျှင်ဘုရားသည် ထိုပြဿနာကို ဖြေရှင်းတော်မူပါလော့ဟု (လျှောက်၏)။

မင်းမြတ် “ရဟန်းတို့ မိမိကိုယ်ကို မသတ်အပ်။ အကြင်ရဟန်းသည် သတ်ငြားအံ့။ အပြစ်အား လျော်စွာ ပြုစေအပ်၏”ဟု ဤစကားကို မြတ်စွာဘုရားသည် ဟောတော်မူအပ်၏။ အမှတ်မရှိသော အရပ်၌ မြတ်စွာဘုရားသည် တပည့်သားတို့အား တရားဟောတော်မူသည်ရှိသော် အကြောင်းအမျိုးမျိုး ဖြင့် ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းကို အကြွင်းမဲ့ ဖြတ်ခြင်းငှါ တရားဟောတော်မူ၏။ ထိုသို့ ဟောရာ၌ အကြင်အကြောင်းဖြင့် မြတ်စွာဘုရားသည် ပယ်လည်း ပယ်တော်မူ၏။ ဆောက်တည်လည်း ဆောက်တည်စေတော်မူ၏။ ထိုအကြောင်းကား ရှိပေ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ဤအရာ၌ အကြင်အကြောင်းဖြင့် မြတ်စွာဘုရားသည် ပယ်လည်း ပယ်တော်မူ၏။ ဆောက်တည်လည်း ဆောက်တည်စေတော်မူ၏။ ထိုအကြောင်းသည် အဘယ်ပါနည်းဟု (မေးလျှောက်၏)။ မင်းမြတ် သီလရှိသူ၊ သီလနှင့် ပြည့်စုံသူသည် သတ္တဝါတို့၏ ကိလေသာအဆိပ်ကို ဖျက်ဆီးရာ၌ အဆိပ်ဖြေဆေးနှင့် တူပေ၏။ သတ္တဝါတို့၏ ကိလေသာအနာကို ကင်းငြိမ်းစေရာ၌ ဗိန္ဒော ဆေးနှင့် တူ၏။ သတ္တဝါတို့၏ ကိလေသာမြူအညစ်အကြေးကို ဆေးကြောရာ၌ ရေနှင့် တူ၏။ သတ္တဝါတို့အား အလုံးစုံသော စည်းစိမ်ချမ်းသာကို ပေးရာ၌ ပတ္တမြားရတနာနှင့် တူ၏။ သတ္တဝါတို့အား ဩဃ လေးပါးတို့မှ ကမ်းတစ်ဖက်သို့ ကူးရာ၌ လှေနှင့် တူ၏။ သတ္တဝါတို့အား ဇာတိခရီးခဲမှ ကယ်တင်ရာ၌ လှည်းမှူးနှင့် တူ၏။ သတ္တဝါတို့အား သုံးပါးသော သောကမီးပူကို ငြိမ်းစေရာ၌ လေနှင့် တူ၏။ သတ္တဝါတို့၏ စိတ်နှလုံးကို ပြည့်စေရာ၌ မိုးကြီးနှင့် တူ၏။ သတ္တဝါတို့အား ကုသိုလ်ကို ကျင့်စေရာ၌ ဆရာနှင့် တူ၏။ သတ္တဝါတို့အား ဘေးကင်းရာ ခရီးကို ပြောကြားရာ၌ ကောင်းသော ခရီးညွှန်နှင့် တူ၏။ မင်းမြတ် ဤသို့ သဘောရှိသော၊ များသော ကျေးဇူးရှိသော၊ တစ်ပါးမက ကျေးဇူးရှိသော၊ အတိုင်းမသိ ကျေးဇူး ရှိသော၊ ကျေးဇူးအစု ကျေးဇူးအပုံ ဖြစ်သော၊ သတ္တဝါတို့ ကြီးပွားအောင် ပြုနိုင်သော၊ သီလရှိသောသူသည် “မပျက်စီးပါစေလင့်”ဟု သတ္တဝါတို့အား သနားတော်မူသဖြင့် “ရဟန်းတို့မိမိကိုယ်ကို မသတ် အပ်။ အကြင်ရဟန်းသည် သတ်ငြားအံ့။ အပြစ်အားလျော်စွာ ပြုစေအပ်၏”ဟု မြတ်စွာဘုရားသည် သိက္ခာပုဒ်ကို ပညတ်တော်မူ၏။ မင်းမြတ် အကြင်အကြောင်းဖြင့် မြတ်စွာဘုရားသည် ပယ်တော်မူ၏။ ဤသည်ပင် ဤအရာ၌ အကြောင်းတည်း။ မင်းမြတ် ပါယာသိရာဇညမင်းအား တမလွန်လောကကို ဆောင်ပြတော်မူသော၊ ဆန်းကြယ်သော တရားစကားကို ဟောကြားတော်မူတတ်သော ကုမာရကဿပ မထေရ်သည်- “ရာဇညမင်း အကြင်,အကြင်သို့သော အခြင်းအရာဖြင့် သီလရှိကုန်သော၊ ကောင်းသော သဘောရှိကုန်သော သမဏဗြာဟ္မဏတို့သည် ရှည်မြင့်စွာသော ကာလပတ်လုံး တည်နေကုန်၏။ ထိုထိုသို့သော အခြင်းအရာဖြင့် ကုသိုလ်များစွာ ပွားစီးကုန်၏။ များစွာသော လူတို့၏ အစီးအပွားရှိခြင်းငှါ၊ များစွာသော လူတို့၏ ချမ်းသာခြင်းငှါ၊ လောကကို အစဉ်စောင့်ခြင်းငှါ၊ နတ်လူတို့၏ အကျိုးဖြစ်ခြင်းငှါ၊ အစီးအပွားဖြစ်ခြင်းငှါ၊ ချမ်းသာခြင်းငှါ ကျင့်ကုန်၏”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။

--

အဘယ်အကြောင်းကြောင့် မြတ်စွာဘုရားသည် ဆောက်တည်စေသနည်းဟူမူ- မင်းမြတ် ပဋိသန္ဓေ နေရခြင်းသည်လည်း ဆင်းရဲ၏။ အိုရခြင်းသည်လည်း ဆင်းရဲ၏။ နာရခြင်းသည်လည်း ဆင်းရဲ၏။ သေရ ခြင်းသည်လည်း ဆင်းရဲ၏။ ပူဆွေးရခြင်းသည်လည်း ဆင်းရဲ၏။ ငိုကြွေးရခြင်းသည်လည်း ဆင်းရဲ၏။ ကိုယ်ဆင်းရဲခြင်းသည်လည်း ဆင်းရဲ၏။ စိတ်ဆင်းရဲခြင်းသည်လည်း ဆင်းရဲ၏။ ပြင်းစွာ ပင်ပန်းခြင်း သည်လည်း ဆင်းရဲ၏။ မချစ်သူတို့နှင့် ပေါင်းဖော်ရခြင်းသည်လည်း ဆင်းရဲ၏။ ချစ်သူတို့နှင့် ကွေကွင်း ရခြင်းသည်လည်း ဆင်းရဲ၏။ အမိသေခြင်းသည်လည်း ဆင်းရဲ၏။ အဖသေခြင်းသည်လည်း ဆင်းရဲ၏။ အစ်ကိုသေခြင်းသည်လည်း ဆင်းရဲ၏။ နှမသေခြင်းသည်လည်း ဆင်းရဲ၏။ သားသမီးသေခြင်းသည်လည်း ဆင်းရဲ၏။ မယားသေခြင်းသည်လည်း ဆင်းရဲ၏။ ကျေးကျွန်သေခြင်းသည်လည်း ဆင်းရဲ၏။ ဆွေမျိုး သေခြင်းသည်လည်း ဆင်းရဲ၏။ အဆွေအမျိုး ပျက်စီးခြင်းသည်လည်း ဆင်းရဲ၏။ အနာရောဂါ နှိပ်စက် ဖျက်ဆီးခြင်းသည်လည်း ဆင်းရဲ၏။ စည်းစိမ်ဥစ္စာ ပျက်စီးခြင်းသည်လည်း ဆင်းရဲ၏။ အကျင့်သီလ ပျက်စီးခြင်းသည်လည်း ဆင်းရဲ၏။ အယူမှားယွင်း ပျက်စီးခြင်းသည်လည်း ဆင်းရဲ၏။ မင်းမှဖြစ်သော ဘေးသည်လည်း ဆင်းရဲ၏။ ခိုးသူမှဖြစ်သော ဘေးသည်လည်း ဆင်းရဲ၏။ ရန်သူမှ ဖြစ်သော ဘေးသည်လည်း ဆင်းရဲ၏။ ငတ်မွတ်ခြင်းဘေးသည်လည်း ဆင်းရဲ၏။ မီးဘေးသည်လည်း ဆင်းရဲ၏။ ရေဘေး သည်လည်း ဆင်းရဲ၏။ လှိုင်းတံပိုးဘေးသည်လည်း ဆင်းရဲ၏။ ရေဝဲစုပ်သော ဘေးသည်လည်း ဆင်းရဲ ၏။ မိကျောင်းဘေးသည်လည်း ဆင်းရဲ၏။ ငါးရဲဘေးသည်လည်း ဆင်းရဲ၏။ မိမိကိုယ်ကို မိမိ စွပ်စွဲခြင်း ဘေးသည်လည်း ဆင်းရဲ၏။ မိမိကိုယ်ကို သူတစ်ပါးစွပ်စွဲခြင်းဘေးသည်လည်း ဆင်းရဲ၏။ ဒဏ်သင့်ခြင်း ဘေးသည်လည်း ဆင်းရဲ၏။ မကောင်းသော ဂတိဘေးသည်လည်း ဆင်းရဲ၏။ ပရိသတ်ကို ကြောက်ရွံ့ ခြင်း ဘေးသည်လည်း ဆင်းရဲ၏။ အခြားသူတို့ကို မှီ၍ အသက်မွေးရခြင်း ဘေးသည်လည်း ဆင်းရဲ၏။ သေရခြင်း ဘေးသည်လည်း ဆင်းရဲ၏။ ကြိမ်လုံးတို့ဖြင့် ရိုက်နှက်ခံရခြင်းသည်လည်း ဆင်းရဲ၏။ အဆူးရှိသော ကြိမ်တို့ဖြင့် ရိုက်နှက်ခံရခြင်းသည်လည်း ဆင်းရဲ၏။ လေးတောင့်ထက်ဝက် တုတ်တိုတို့ဖြင့် ရိုက်နှက်ခံရခြင်းသည်လည်း ဆင်းရဲ၏။ လက်ဖြတ်ခံရခြင်းသည်လည်း ဆင်းရဲ၏။ ခြေဖြတ်ခံရခြင်းသည်လည်း ဆင်းရဲ၏။ လက်ခြေဖြတ်ခံရခြင်းသည်လည်း ဆင်းရဲ၏။ နားဖြတ်ခံရခြင်းသည်လည်း ဆင်းရဲ၏။ နှာခေါင်းဖြတ်ခံရခြင်းသည်လည်း ဆင်းရဲ၏။ နား, နှာခေါင်းဖြတ်ခံရခြင်းသည်လည်း ဆင်းရဲ၏။ (ဦးခေါင်းခွံတွင် သံပူခဲထည့်၍ ကျိုက်ကျိုက်ဆူသော) ပုန်းရည်အိုးကဲ့သို့ ပြုလုပ်ခံရခြင်းသည်လည်း ဆင်းရဲ၏။ (ဦးခေါင်းခွံကို ခွါ၍) ခရုသင်းကဲ့သို့ ဦးခေါင်းပြည်းအောင် ပြုလုပ်ခံရခြင်းသည်လည်း ဆင်းရဲ၏။ (လ, နေကို ငုံသော)ရာဟုခံတွင်းကဲ့သို့ ပြုလုပ်ခံရခြင်းသည်လည်း ဆင်းရဲ၏။ (ကိုယ်ကို ဆီပတ်ရစ်၍) မီးပန်းကဲ့သို့ ပြုလုပ်ခံရခြင်းသည်လည်း ဆင်းရဲ၏။ လက်၌ (ဆီပတ်ရစ်၍) ဆီမီးခွက်ကဲ့သို့ ပြုလုပ်ခံရခြင်းသည်လည်း ဆင်းရဲ၏။ လည်မျိုမှ ဖမျက်တိုင် အရေကို ခွါဆုတ်လျက် ပိန်းရွက်ကဲ့သို့ပြုလုပ်ခံရခြင်းသည်လည်း ဆင်းရဲ၏။ အရေကို ခွါဆုတ်လျက် လျှော်တေကဲ့သို့ ပြုလုပ်ခံရခြင်းသည်လည်း ဆင်းရဲ၏။ ခြေလက်၌ သံကွင်းတပ် သံချောင်းနှက်၍ မီးရှို့လျက် လေးဖက်ထောက်တွား ဧဏီသားကဲ့သို့ ပြုလုပ်ခံရခြင်းသည်လည်း ဆင်းရဲ၏။ နှစ်ဖက်သွား သံမြားချိတ်ဖြင့် အရေအသားအကြောကို ခွါစေ၍၊ အရိုးကြဲကြဲရှိအောင် ပြုလုပ်ခံရခြင်းသည်လည်း ဆင်းရဲ၏။ ထက်သော ပဲခွပ်ဖြင့် တစ်ကျပ်သားမျှ ကျစေလျက် အသားရွေခံရခြင်းသည်လည်း ဆင်းရဲ၏။ လှံစသည်ဖြင့် မွှမ်း၍ ဆပ်ပြာဆားတို့ဖြင့် ပက်ဖြူး ခံရခြင်းသည်လည်း ဆင်းရဲ၏။ ဘေးစောင်းအိပ်စေလျက် တံသင်းနှက်၍ တံခါးကျည်းကဲ့သို့ အလှည့်ခံ ရခြင်းသည်လည်း ဆင်းရဲ၏။ အရေမဆုတ်ဘဲ အရိုးကို ညက်စွာထုကာ ပစ်ချ ၍၊ ကောက်ရိုးခွေကဲ့သို့ ပြုလုပ်ခံရခြင်းသည်လည်း ဆင်းရဲ၏။ ဆီပူဖြင့် သွန်းလောင်းခံရခြင်းသည်လည်း ဆင်းရဲ၏။ ခွေးစားခံ ရခြင်းသည်လည်း ဆင်းရဲ၏။ အသက်ရှင်စဉ် တံကျင်အလျှိုခံရခြင်းသည်လည်း ဆင်းရဲ၏။ သန်လျက်ဖြင့် ဦးခေါင်းကို အဖြတ်ခံရခြင်းသည်လည်း ဆင်းရဲ၏။ မင်းမြတ် ဤသို့ သဘောရှိကုန်သော၊ များသော အပြားရှိကုန်သော၊ တစ်ပါးမက များကုန်သော ဆင်းရဲမျိုးတို့ကို သံသရာ၌ ကျင်လည်သောသူသည် အစဉ် ခံစားနေရ၏။

--

မင်းမြတ် ဥပမာအားဖြင့် ဟိမဝန္တာတောင်၌ သည်းစွာရွာသော မိုးရေသည် ဂင်္ဂါမြစ်၌ ကျောက်ခဲ၊ ကျောက်စရစ်၊ ကြမ်းသော သဲကျောက်၊ ရေဝဲလှိုင်း၊ တံပိုး၊ ကံသင်း၊ ဆည်ရိုး၊ သစ်မြစ်၊ သစ်ခက်တို့ကို ထက်ဝန်းကျင် ဖိစီးလွှမ်းမိုး၏။ မင်းမြတ် ဤအတူသာလျှင် ဤသို့ သဘောရှိကုန်သော၊ များသော အပြား ရှိကုန်သော၊ တစ်ပါးမက များကုန်သော ဆင်းရဲမျိုးတို့ကို သံသရာ၌ ကျင်လည်သောသူသည် အစဉ်ခံစားနေရ၏။ မင်းမြတ် ဝဋ်အစဉ်ဖြစ်ခြင်းသည် ဆင်းရဲ၏။ ဝဋ်အစဉ်ပြတ်ခြင်းသည် ချမ်းသာ၏။ မင်းမြတ် ဝဋ်အစဉ်ပြတ်ခြင်း၏ ဂုဏ်ကျေးဇူးကိုလည်းကောင်း၊ ဝဋ်အစဉ်ဖြစ်ခြင်း၏ ဘေးကိုလည်းကောင်း ပြတော်မူလျက်၊ မြတ်စွာဘုရားသည် ဝဋ်အစဉ်ပြတ်ရာ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါ ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းကို လွန်မြောက်ခြင်းငှါ ကောင်းစွာ ဆောက်တည်စေ၏။ မင်းမြတ် အကြင် အကြောင်းဖြင့် မြတ်စွာဘုရားသည် ကောင်းစွာ ဆောက်တည်စေ၏။ ဤဆောက်တည်စေခြင်းသည် ဤအရာ၌ အကြောင်းတည်းဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏။ ပြဿနာကို ကောင်းစွာ ဖြေရှင်းအပ်ပါပေ၏။ အကြောင်း ကို ကောင်းစွာ ပြောဆိုနိုင်ပါပေ၏။ ဤသို့လျှင် ဤစကားကို ထိုသို့ ဆိုတော်မူတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

ငါးခုမြောက် အတ္တနိပါတနပဥှာ ပြီး၏။

၆-မေတ္တာဘာဝနာနိသံသပဥှာ

မေတ္တာပွားများကျိုး ပြဿနာ

။ အသျှင်ဘုရားနာဂသေန “ရဟန်းတို့ (ကောဓ စသည်မှ) စိတ်၏ ထွက်မြောက်ကြောင်းဖြစ်သော မေတ္တာကို အဖန်တလဲလဲ မှီဝဲသည်ရှိသော်၊ ပွားများသည်ရှိသော်၊ ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော်၊ ယာဉ်ကဲ့သို့ ပြုသည်ရှိသော်၊ မှီရာကဲ့သို့ ပြုသည်ရှိသော်၊ စွဲမြဲ၍ တည်ခဲ့သော်၊ ပွားစီးစေအပ် သော်၊ ကောင်းစွာ အားထုတ်သည်ရှိသော် တစ်ဆယ့်တစ်ပါးသော အကျိုးအာနိသင်တို့ကို (မချွတ်ရလိမ့် မည်ဟု) မျှော်လင့်အပ်ကုန်၏။ အဘယ်တစ်ဆယ့်တစ်ပါးတို့နည်းဟူမူ-ချမ်းသာစွာ အိပ်ရ၏။ ချမ်းသာစွာ နိုးရ၏။ ယုတ်ညံ့သော အိပ်မက်ကို မမြင်မက်။ လူတို့ ချစ်၏။ နတ်တို့ ချစ်၏။ နတ်တို့ စောင့်ရှောက်ကုန်၏။ ထို (မေတ္တာပွားများသော) သူအား မီးသည်လည်းကောင်း၊ အဆိပ်သည်လည်းကောင်း၊ လက်နက်သည်လည်းကောင်း မကျရောက်နိုင်။ လျင်စွာ စိတ်တည်ကြည်၏။ မျက်နှာအဆင်းသည် အထူး ကြည်လင်၏။ မတွေမဝေ သေရ၏။ ဈာန်မှ အလွန်ဖြစ်သော မဂ်ဖိုလ်ကို ထိုးထွင်း၍ မသိနိုင်ခဲ့သော့်ဗြဟ္မာ့ပြည်တိုင်အောင် ရောက်နိုင်၏”ဟု ဤစကားကို မြတ်စွာဘုရား ဟောတော်မူအပ်ပါ၏။ တစ်ဖန်လည်း “မေတ္တာဖြင့် နေလေ့ရှိသော “သာမ” သတို့သားသည် သမင်အပေါင်းခြံရံလျက် (မိဂသမ္မဒါမြစ်အနီး) တောတွင်း၌ လှည့်လည်လတ်သော် ပီဠိယက္ခမင်းသည် ဆိပ်လူးမြားဖြင့် ပစ်အပ်သည် ဖြစ်ရကား ထိုပစ်သော နေရာ၌ပင်လျှင် မိန်းမော၍ လဲကျလေပြီ”ဟု အသျှင်ဘုရားတို့ ဆိုတော်မူပါကုန်၏။

--

အသျှင်ဘုရားနာဂသေန “ရဟန်းတို့ မေတ္တာဖြင့်။ပ။ ဗြဟ္မာ့ပြည်တိုင်အောင် ရောက်နိုင်၏”ဟု မြတ်စွာဘုရားသည် အကယ်၍ ဟောတော်မူအပ်သည် ဖြစ်ပါအံ့။ ထိုသို့ ဖြစ်ပါမူ “မေတ္တာဖြင့် နေလေ့ ရှိသော သာမသတို့သားသည် သမင်အပေါင်းခြံရံလျက် (မိဂသမ္မဒါမြစ်အနီး) တောတွင်း၌ လှည့်လည် လတ်သော် ပီဠိယက္ခမင်းသည် ဆိပ်လူးမြားဖြင့် ပစ်အပ်သည် ဖြစ်ရကား ထိုပစ်သော နေရာ၌ပင်လျှင် မိန်းမော၍ လဲကျလေပြီ”ဟူသော စကားသည် မှားရာပါ၏။ မေတ္တာဖြင့် နေလေ့ရှိသော သာမ သတို့သားသည် သမင်အပေါင်းခြံရံလျက် (မိဂသမ္မဒါမြစ်အနီး) တောတွင်း၌ လှည့်လည်လတ်သော် ပီဠိယက္ခမင်းသည် ဆိပ်လူးမြားဖြင့် ပစ်အပ်သည် ဖြစ်ရကား ထိုပစ်သော နေရာ၌ပင် မိန်းမောကာ အကယ်၍ လဲကျသည် ဖြစ်ပါအံ့။ ထိုသို့ ဖြစ်ပါမူ “ရဟန်းတို့ မေတ္တာဖြင့်။ပ။ ထိုသူ့အား လက်နက်သည် မကျရောက်နိုင်”ဟူသော ထိုစကားသည်လည်း မှားရာပါ၏။ အစွန်းနှစ်ဖက်ထွက်သော ဤပြဿနာ သည်လည်း အလွန်သိမ်မွေ့လှပါ၏။ ထက်ဝန်းကျင် နူးညံ့ပါ၏၊ သိမ်မွေ့လှပါ၏၊ နက်နဲပါ၏။ သိမ်မွေ့သော ပညာရှိတို့သော်လည်း ကိုယ်၌ ချွေးယိုထွက်စေရာပါ၏။ ထိုပြဿနာသည် အသျှင်ဘုရားထံသို့ အစဉ် ရောက်ပါ၏။ များစွာသော အရှုပ်အထွေးတို့ဖြင့် ရှုပ်ထွေးသော ထိုပြဿနာကို ဖြေရှင်းတော်မူပါ လော့။ လာလတ္တံ့သော မြတ်စွာဘုရား သားတော်တို့အား ငြိမ်းအေးစေခြင်းငှါ ပညာမျက်စိကို ပေးတော်မူပါ လော့ဟု (လျှောက်၏)။

မင်းမြတ် “ရဟန်းတို့ မေတ္တာဖြင့်။ပ။ ထို (မေတ္တာပွားများသော) သူအား လက်နက်သည် မကျ ရောက်နိုင်”ဟု ထိုစကားကို မြတ်စွာဘုရား ဟောတော်မူအပ်၏။ မေတ္တာဖြင့် နေလေ့ရှိသော သာမ သတို့သားသည် သမင်အပေါင်းခြံရံလျက် (မိဂသမ္မဒါမြစ်အနီး) တောတွင်း၌ လှည့်လည်လတ်သော် ပီဠိယက္ခမင်းသည် ဆိပ်လူးမြားဖြင့် ပစ်အပ်သည် ဖြစ်၍ ထိုပစ်သော နေရာ၌ပင် မိန်းမောကာ လဲကျ ပေ၏။ မင်းမြတ် ထိုအရာ၌ အကြောင်းရှိပေ၏။ ထိုအရာ၌ အကြောင်းကား အဘယ်နည်းဟူမူ-မင်းမြတ် ဤချမ်းသာစွာ အိပ်ရခြင်းစသော ဂုဏ်ကျေးဇူးတို့သည် ပုဂ္ဂိုလ်၏ ဂုဏ်ကျေးဇူးတို့ မဟုတ်ကုန်။ ဤ (ချမ်းသာစွာ အိပ်ရခြင်းစသော) ဂုဏ်ကျေးဇူးတို့သည် မေတ္တာဘာဝနာ၏ ဂုဏ်ကျေးဇူးတို့တည်း။ မင်းမြတ် သာမသတို့သားသည် ရေအိုးကို ချီမ၍ ထိုချီမခိုက်၌ မေတ္တာပွားများမှု မေ့လျော့ခဲ့၏။

မင်းမြတ် အကြင်ခဏ၌ ပုဂ္ဂိုလ်သည် မေတ္တာကို ဆိုက်ရောက်ပွားများ၏။ ထိုခဏ၌ ထိုပုဂ္ဂိုလ်အား မီးသည်လည်းကောင်း၊ အဆိပ်သည်လည်းကောင်း၊ လက်နက်သည်လည်းကောင်း မကျရောက်။ ထိုမေတ္တာ ပွားများသောသူ၏ အစီးအပွားမဲ့ကို အလိုရှိကုန်သော၊ အမှတ်မရှိကုန်သောသူတို့သည် ကပ်ရောက်လာကုန်သော် ထို (မေတ္တာပွားများသော) သူကို မမြင်ရကုန်။ ထို (မေတ္တာပွားများသော) အခိုက်၌ အခွင့်ကို မရကုန်။ မင်းမြတ် ဤ (ချမ်းသာစွာ အိပ်ရခြင်းစသော) ဂုဏ်ကျေးဇူးတို့သည် ပုဂ္ဂိုလ်၏ ဂုဏ်ကျေးဇူးတို့ မဟုတ်ကုန်။ ဤဂုဏ်ကျေးဇူးတို့သည် မေတ္တာပွားများခြင်း၏ ဂုဏ်ကျေးဇူးတို့ပေတည်း။ မင်းမြတ် ဤလောက၌ စစ်သားသည် မကွဲမပျက်သော ချပ်ဝတ်တန်ဆာကွန်ရက်ကို ဝတ်၍ စစ်မြေပြင်သို့ သက်ဆင်းရာ၏။ ပစ်လိုက်သော မြားတို့သည် ထိုစစ်သားထံသို့ ရောက်လာကုန်သော် ပြန်၍ ကျကုန်၏။ ပြန့်ကျဲကုန်၏။ ထိုချပ်ဝတ်တန်ဆာကို ဖွဲ့ဝတ်ထားခိုက်၌ မြားမှန်ခွင့်ကို မရကုန်။ မင်းမြတ် အကြင်ဂုဏ် ကျေးဇူး ကြောင့် ပစ်လိုက်သော မြားတို့သည် ထိုစစ်သားထံသို့ ကပ်ရောက်လာကုန်သော် ပြန်၍ ကျကုန်၏၊ ပြန့်ကျဲကုန်၏။ ဤ (မြားမစူးသော) ဂုဏ်ကျေးဇူးသည် စစ်သား၏ ဂုဏ်ကျေးဇူး မဟုတ်၊ မကွဲမပျက်သော ချပ်ဝတ်တန်ဆာကွန်ရက်၏ ဂုဏ်ကျေးဇူးပေတည်း။ မင်းမြတ် ဤအတူသာလျှင် ဤ(ချမ်းသာစွာ အိပ်ရခြင်းစသော) ဂုဏ်ကျေးဇူးတို့သည် ပုဂ္ဂိုလ်၏ ဂုဏ်ကျေးဇူးတို့ မဟုတ်ကုန်။ ဤဂုဏ်ကျေးဇူးတို့ သည် မေတ္တာပွားများခြင်း၏ ဂုဏ်ကျေးဇူးတို့ပေတည်း။

--

မင်းမြတ် အကြင်ခဏ၌ ပုဂ္ဂိုလ်သည် မေတ္တာပွားများနေ၏။ ထိုခဏ၌ ထိုပုဂ္ဂိုလ်အား မီးသည်လည်းကောင်း၊ အဆိပ်သည်လည်းကောင်း၊ လက်နက်သည်လည်းကောင်း မကျရောက်နိုင်။ ထိုမေတ္တာ ပွားများသောသူ၏ အစီးအပွားမဲ့ကို အလိုရှိကုန်သော၊ အမှတ်မရှိကုန်သောသူတို့သည် ကပ်ရောက်လာကုန်သော် ထို (မေတ္တာပွားများသော) သူကို မမြင်ရကုန်။ ထို (မေတ္တာပွားများသော) အခိုက်၌ မြင်ခွင့်ကို မရကုန်။ မင်းမြတ် ဤ (ချမ်းသာစွာ အိပ်ရခြင်းစသော) ဂုဏ်ကျေးဇူးတို့သည် ပုဂ္ဂိုလ်၏ ဂုဏ်ကျေးဇူးတို့ မဟုတ်ကုန်။ ဤဂုဏ်ကျေးဇူးတို့သည် မေတ္တာပွားများခြင်း၏ ဂုဏ်ကျေးဇူးတို့ပေတည်း။ မင်းမြတ် ဤလောက၌ ယောက်ျားသည် နတ်၌ ဖြစ်သော ကိုယ်ပျောက်ဆေးမြစ်ကို လက်၌ ထားရာ၏။ တိုနတ်၌ ဖြစ်သော ကိုယ်ပျောက်ဆေးမြစ်သည် ထိုယောက်ျား၏ လက်၌ တည်သမျှ ကာလပတ်လုံး အခြားတစ်ဦး တစ်ယောက်သော ပကတိလူသည် ထိုယောက်ျားကို မမြင်နိုင်။ မင်းမြတ် အကြင့်ကြောင့် ထိုဆေးမြစ် လက်ကိုင်ရှိသူသည် ပကတိလူတို့၏ မျက်စိအမြင်၌ မထင်နိုင်။ ဤ (မထင်သော) ဂုဏ်ကျေးဇူးသည် ထိုယောက်ျား၏ ဂုဏ်ကျေးဇူးမဟုတ်။ ဤဂုဏ်ကျေးဇူးသည် ထိုကိုယ်ပျောက်ဆေးမြစ်၏ ဂုဏ်ကျေးဇူးတည်း။ မင်းမြတ် ဤအတူသာလျှင် ဤ (ချမ်းသာစွာ အိပ်ရခြင်းစသော) ဂုဏ်ကျေးဇူးတို့သည် ပုဂ္ဂိုလ်၏ ဂုဏ်ကျေးဇူးတို့ မဟုတ်ကုန်။ ဤဂုဏ်ကျေးဇူးတို့သည် မေတ္တာပွားများခြင်း၏ ဂုဏ်ကျေးဇူးတို့ပေတည်း။

မင်းမြတ် အကြင်ခဏ၌ ပုဂ္ဂိုလ်သည် မေတ္တာပွားများနေ၏။ ထိုခဏ၌ ထိုပုဂ္ဂိုလ်အား မီးသည်လည်းကောင်း၊ အဆိပ်သည်လည်းကောင်း၊ လက်နက်သည်လည်းကောင်း မကျရောက်နိုင်။ ထိုမေတ္တာ ပွားများသောသူ၏ အစီးအပွားမဲ့ကို အလိုရှိကုန်သော၊ အမှတ်မရှိကုန်သောသူတို့သည် ကပ်ရောက်လာကုန်သော် ထို (မေတ္တာပွားများသော) သူကို မမြင်ရကုန်။ ထို (မေတ္တာပွားများသော) အခိုက်၌ မြင်ခွင့်ကို မရကုန်။ မင်းမြတ် ဤ (ချမ်းသာစွာ အိပ်ရခြင်းစသော) ဂုဏ်ကျေးဇူးတို့သည် ပုဂ္ဂိုလ်၏ ဂုဏ်ကျေးဇူးတို့ မဟုတ်ကုန်။ ဤဂုဏ်ကျေးဇူးတို့သည် မေတ္တာပွားများခြင်း၏ ဂုဏ်ကျေးဇူးတို့ပေတည်း။ မင်းမြတ် ဥပမာတစ်နည်းသော်ကား ကောင်းစွာ ပြုထားသော လိုဏ်ဂူကြီးသို့ ဝင်သော ယောက်ျားကို သည်းစွာသော မိုးသည် ရွာသွန်းလျက် စွတ်စိုစိမ့်သောငှါ မတတ်နိုင်။ မင်းမြတ် အကြင့်ကြောင့် သည်းစွာရွာသော မိုးသည် ရွာသွန်းသည်ရှိသော် ထိုသူကို မစွတ်စိုစေနိုင်။ ဤမိုးမစွတ်သော ဂုဏ်ကျေးဇူးသည် ထိုယောက်ျား၏ ဂုဏ်ကျေးဇူးမဟုတ်။ ဤမိုးမစွတ်သော ဂုဏ်ကျေးဇူးသည် လိုဏ်ဂူကြီး၏ ဂုဏ်ကျေးဇူးပေတည်း။ မင်းမြတ် ဤအတူသာလျှင် ဤ (ချမ်းသာစွာအိပ်ရခြင်းစသော) ဂုဏ်ကျေးဇူးတို့သည် ပုဂ္ဂိုလ်၏ ဂုဏ်ကျေးဇူးတို့ မဟုတ်ကုန်။ ဤဂုဏ်ကျေးဇူးတို့သည် မေတ္တာပွားများခြင်း၏ ဂုဏ်ကျေးဇူးတို့ပေတည်း။

မင်းမြတ် အကြင်ခဏ၌ ပုဂ္ဂိုလ်သည် မေတ္တာပွားများနေ၏။ ထိုခဏ၌ ထိုပုဂ္ဂိုလ်အား မီးသည်လည်းကောင်း၊ အဆိပ်သည်လည်းကောင်း၊ လက်နက်သည်လည်းကောင်း မကျရောက်နိုင်။ ထို(မေတ္တာ ပွားများသော) သူ၏ အစီးအပွားမဲ့ကို အလိုရှိကုန်သော၊ အမှတ်မရှိကုန်သောသူတို့သည် ကပ်ရောက် လာကုန်သော် ထိုမေတ္တာပွားများသောသူကို မမြင်ရကုန်။ ထို(မေတ္တာပွားများသော) သူ၏ အစီး အပွားမဲ့ကို ပြုခြင်းငှါ မတတ်နိုင်ကုန်။ မင်းမြတ် ဤဂုဏ်ကျေးဇူးတို့သည် ပုဂ္ဂိုလ်၏ ဂုဏ်ကျေးဇူးတို့ မဟုတ်ကုန်။ ဤဂုဏ်ကျေးဇူးတို့သည် မေတ္တာပွားများခြင်း၏ ဂုဏ်ကျေးဇူးတို့ပေတည်းဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန အံ့ဖွယ်ရှိပါပေ၏။ အသျှင်ဘုရားနာဂသေန မဖြစ်ဖူးမြဲ ဖြစ်ပါပေ၏။ မေတ္တာပွားများခြင်းသည် မကောင်းမှုအားလုံးကို တားမြစ်နိုင်ပါပေ၏ဟု (လျှောက်၏)။

မင်းမြတ် မေတ္တာပွားများခြင်းသည် အစီးအပွားကို အလိုရှိသူတို့၏လည်းကောင်း၊ အစီးအပွားကို အလိုမရှိ သူတို့၏လည်းကောင်း ကုသိုလ်ကျေးဇူးအားလုံးကို ရွက်ဆောင်နိုင်ပါပေ၏။ အကြင်သူတို့သည် ဝိညာဉ်နှင့် စပ်ယှဉ်ကုန်၏။ အလုံးစုံသော တိုသူတို့သည် အကျိုးအာနိသင် ကြီးမားလှစွာသော မေတ္တာ ပွားများခြင်းကို ကောင်းစွာ မှီဝဲအပ်၏ဟု (မိန့်တော်မူ၏)။ ။

ခြောက်ခုမြောက် မေတ္တာဘာဝနာနိသံသပဥှာ ပြီး၏။

--

၇-ကုသလာကုသလသမဝိသမပဥှာ

ကုသိုလ်နှင့် အကုသိုလ် အကျိုးတူ၊ မတူ ပြဿနာ

။ အသျှင်ဘုရားနာဂသေန “ကုသိုလ်ပြုသူနှင့် အကုသိုလ်ပြုသူတို့၏ အကျိုးတရားသည် တူညီပါသလော။ သို့မဟုတ် တစ်စုံတစ်ရာ အထူးရှိပါသေးသလော”ဟု (လျှောက်၏)။ မင်းမြတ် ကုသိုလ်နှင့် အကုသိုလ်တို့၏ အထူးသည် ရှိပေ၏။ မင်းမြတ် ကုသိုလ်သည် ကောင်းကျိုးကို ပေး၏။ နတ်ရွာ သုဂတိ၌ ဖြစ်စေတတ်၏။ အကုသိုလ်သည် မကောင်းကျိုးကို ပေး၏။ ငရဲဒုဂ္ဂတိ၌ ဖြစ်စေတတ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန “ဒေဝဒတ်သည် စင်စစ် မည်းညစ်ယုတ်မာ၏။ စင်စစ် မည်းညစ်ယုတ်ညံ့သော တရားတို့နှင့် ပြည့်စုံ၏။ ဘုရားလောင်းသည် စင်စစ် ဖြူစင်ကောင်းမြတ်၏။ စင်စစ် ဖြူစင်ကောင်းမြတ်သော တရားတို့နှင့် ပြည့်စုံ၏”ဟု အသျှင်ဘုရားတို့ ဆိုတော်မူကုန်၏။ တစ်ဖန်လည်း ဒေဝဒတ်သည် ဘဝတိုင်း, ဘဝတိုင်း၌ အခြံအရံ စည်းစိမ်အားဖြင့်လည်းကောင်း၊ အသင်းအပင်းအားဖြင့်လည်းကောင်း ဘုရားလောင်းနှင့် တူညီ၏၊ တစ်ရံတစ်ခါ၌ ဘုရားလောင်းထက်ပင် လွန်ကဲပေသေး၏။ ဒေဝဒတ်သည် ဗာရာဏသီမြို့ဝယ် ဗြဟ္မဒတ်မင်း၏ ပုရောဟိတ်၏ သားဖြစ်စဉ်အခါ ဘုရားလောင်းသည် မန္တန်အတတ်ကို ဆောင်သော ယုတ်ညံ့သော ဒွန်းစဏ္ဍားမျိုး ဖြစ်ခဲ့၏။ မန္တန်စုတ်၍ အခါမဲ့၌ သရက်သီးတို့ကို သီးစေ၏။ ဤဇာတ်၌ ဘုရားလောင်းသည် ဒေဝဒတ်အောက် အမျိုးအားဖြင့် ယုတ်နိမ့်၏။ အခြံအရံစည်းစိမ်အားဖြင့်လည်း ယုတ်နိမ့်ပါ၏။

ထိုမှတစ်ပါးလည်း ဒေဝဒတ်သည် မြင့်မြတ်သော၊ မြေကြီးကို အစိုးရသော၊ အလုံးစုံသော အလိုနှင့် ပြည့်စုံသော မင်းဖြစ်စဉ်အခါက ဘုရားလောင်းသည် ထိုမင်း၏ အသုံးအဆောင်ဖြစ်သော၊ အလုံးစုံသော လက္ခဏာနှင့် ပြည့်စုံသော ဆင်ပြောင်ကြီး ဖြစ်ခဲ့၏။ မင်းသည် ထိုဆင်ပြောင်ကြီး၏ တင့်တယ်သော သွားခြင်း၏ ကွန့်မြူးခြင်းတို့ကို သည်းမခံနိုင်သည် ဖြစ်၍ သတ်လိုရကား “ဆင်ဆရာ သင်သည် ဆင်ပြောင်ကြီးကို (အသွား အလာအတတ်ပညာ) မသင်အပ်သေး။ ထိုဆင်ပြောင်ကြီးအား ကောင်းကင်၌ သွားလာခြင်းမည်သော အတတ်အကြောင်းကို သင်ပေးလော့”ဟု ဆင်ဆရာကို မိန့်တော်မူ၏။ ထိုဇာတ်၌လည်း ဘုရားလောင်းသည် ဒေဝဒတ်အောက် ဇာတ်အားဖြင့် အလွန်ယုတ်နိမ့်သော တိရစ္ဆာန်မျိုး၌ ဖြစ်ပါ၏။

ထိုမှတစ်ပါးလည်း ဒေဝဒတ်သည် တောထဲ၌ နွားပျောက်ကို ရှာသော လူဖြစ်စဉ်အခါက ဘုရားလောင်းသည် မဟာပထဝီမည်သော မျောက် ဖြစ်ခဲ့၏။ ဤနေရာ၌လည်း လူနှင့် တိရစ္ဆာန်တို့၏ ထူးခြားသည့်အဖြစ်ကို တွေ့မြင်ရ၏။ ထိုဇာတ်၌လည်း ထိုမျှလောက် ဘုရားလောင်းသည် ဒေဝဒတ်အောက် အမျိုးဇာတ်အားဖြင့် ယုတ်နိမ့်ခဲ့ပါ၏။

ထိုမှတစ်ပါးလည်း ဒေဝဒတ်သည် ဆင်ပြောင်ကြီးကဲ့သို့ အားကြီးသော၊ သောဏုတ္တရမည်သော လူသားမုဆိုးဖြစ်စဉ်အခါက ဘုရားလောင်းသည် ဆဒ္ဒန္တမည်သော ဆင်မင်း ဖြစ်ခဲ့၏။ ထိုအခါက ထိုမုဆိုးသည် ထိုဆင်ပြောင်ကို သတ်၏။ ထိုဇာတ်၌လည်း ဒေဝဒတ်ကသာလျှင် ဘုရားလောင်းထက် သာလွန်ပါ၏။

--

ထိုမှတစ်ပါးလည်း ဒေဝဒတ်သည် အိုးအိမ်မဲ့ နေလေ့ရှိသော၊ တော၌ ကျက်စားသော လူဖြစ်စဉ် အခါက ဘုရားလောင်းသည် မန္တန်သရဇ္ဈာယ်တတ်သော ခါငှက် ဖြစ်ခဲ့၏။ ထိုအခါကလည်း ထိုတော၌ ကျက်စားသော မုဆိုးသည် ထိုခါငှက်ကို သတ်၏။ ထိုဇာတ်၌လည်း ဒေဝဒတ်ကသာလျှင် အမျိုးဇာတ်အားဖြင့် ဘုရားလောင်းထက် သာလွန်ပါ၏။

ထိုမှတစ်ပါးလည်း ဒေဝဒတ်သည် ကလာဗုမည်သော ကာသိမင်းဖြစ်စဉ်အခါက ဘုရားလောင်းသည် ခန္တီဝါဒီရသေ့ ဖြစ်ခဲ့၏။ ထိုအခါက ထိုမင်းသည် ထိုရသေ့အား အမျက်ထွက်သည် ဖြစ်၍ လက်ခြေတို့ကို ဝါးမျှစ်စို့တို့ကဲ့သို့ ဖြတ်စေ၏။ ထိုဇာတ်၌လည်း ဒေဝဒတ်ကသာလျှင် အမျိုးဇာတ်အားဖြင့်လည်းကောင်း၊ အခြံအရံစည်းစိမ်အားဖြင့်လည်းကောင်း ဘုရားလောင်းထက် သာလွန်ပါ၏။

ထိုမှတစ်ပါးလည်း ဒေဝဒတ်သည် လူသားမုဆိုးဖြစ်စဉ်အခါက ဘုရားလောင်းသည် နန္ဒိယမည်သော မျောက်မင်း ဖြစ်၏။ ထိုအခါကလည်း ထိုတော၌ ကျက်စားသော မုဆိုးသည် ထိုမျောက်မင်းကို အမိ ညီတို့နှင့်အတူ သတ်၏။ ထိုဇာတ်၌လည်း ဒေဝဒတ်ကသာလျှင် အမျိုးဇာတ်အားဖြင့် ဘုရားလောင်းထက် သာလွန်ပါ၏။

ထိုမှတစ်ပါးလည်း ဒေဝဒတ်သည် အဝတ်မဝတ်သော ကာရမ္ဘိယမည်သော ရသေ့စဉ်းလဲဖြစ်စဉ် အခါက ဘုရားလောင်းသည် ပဏ္ဍရကမည်သော နဂါးမင်း ဖြစ်ခဲ့၏။ ထိုဇာတ်၌လည်း ဒေဝဒတ်ကသာလျှင် အမျိုးဇာတ်အားဖြင့် ဘုရားလောင်းထက် သာလွန်ပါ၏။

ထိုမှတစ်ပါးလည်း ဒေဝဒတ်သည် တော၌ လူသားရသေ့ဖြစ်စဉ်အခါက ဘုရားလောင်းသည် တစ္ဆက အမည်ရှိသော ဝက်ကြီး ဖြစ်ခဲ့၏။ ထိုဇာတ်၌လည်း ဒေဝဒတ်ကသာလျှင် အမျိုးဇာတ်အားဖြင့် ဘုရား လောင်းထက် သာလွန်ပါ၏။

ထိုမှတစ်ပါးလည်း ဒေဝဒတ်သည် စေတီတိုင်းဝယ် တသူမျှလောက်သော အထက်ကောင်းကင်ပြင်၌ သွားလာနိုင်သောသူရပရိစရမည်သော မင်းဖြစ်စဉ်အခါက ဘုရားလောင်းသည် ကပိလမည်သော ပုဏ္ဏား ဖြစ်ခဲ့၏။ ထိုဇာတ်၌လည်း ဒေဝဒတ်ကသာလျှင် အမျိုးဇာတ်အားဖြင့်လည်းကောင်း၊ အခြံအရံစည်းစိမ်အားဖြင့်လည်းကောင်း ဘုရားလောင်းထက် သာလွန်ပါ၏။

ထိုမှတစ်ပါးလည်း ဒေဝဒတ်သည် သာမမည်သော လူဖြစ်စဉ်အခါက ဘုရားလောင်းသည် ရုရု မည်သော သမင်မင်း ဖြစ်ခဲ့၏။ ထိုဇာတ်၌လည်း ဒေဝဒတ်ကသာလျှင် အမျိုးဇာတ်အားဖြင့် ဘုရားလောင်း ထက် သာလွန်ပါ၏။

ထိုမှတစ်ပါးလည်း ဒေဝဒတ်သည် တော၌ ကျက်စားသော လူသားမုဆိုးဖြစ်စဉ်အခါက ဘုရား လောင်းသည် ဆင်ပြောင်ကြီး ဖြစ်ခဲ့၏။ ထိုမုဆိုးသည် ထိုဆင်ပြောင်ကြီး၏ အစွယ်တို့ကို ခုနစ်ကြိမ်တိုင်တိုင် ဖြတ်၍ ဆောင်ယူ၏။ ထိုဇာတ်၌လည်း ဒေဝဒတ်ကသာလျှင် အမျိုးဇာတ်အားဖြင့် ဘုရားလောင်းထက် သာလွန်ပါ၏။

ထိုမှတစ်ပါးလည်း ဒေဝဒတ်သည် မင်းမျိုးသဘောရှိသော (ပထဝီဇယမန္တန်တတ်သော) မြေခွေး ဖြစ်ခဲ့၍၊ ဇမ္ဗူဒိပ်ကျွန်းဝယ် ရှိသမျှ ပဒေသရာဇ်မင်းအားလုံးတို့ကို စစ်ပြိုင်သည်တို့ကို ပြုစဉ်အခါက ဘုရားလောင်းသည် ဝိဓုရမည်သော ပညာရှိ ဖြစ်ခဲ့၏။ ထိုဇာတ်၌လည်း ဒေဝဒတ်ကသာလျှင် အခြံအရံအားဖြင့် ဘုရားလောင်းထက် သာလွန်ပါ၏။

ထိုမှတစ်ပါးလည်း ဒေဝဒတ်သည် ဆင်ပြောင်ကြီး ဖြစ်၍၊ နှံစုတ်ငှက်မ၏ သားငယ်တို့ကိုသတ်၏။ ထိုအခါက ဘုရားလောင်းသည်လည်း ဆင်ပြောင်ကြီးပင် ဖြစ်၍၊ ဆင်အပေါင်းတို့၏ အရှင်ဖြစ်၏။ ထိုဇာတ်၌လည်း နှစ်ဦးကုန်သော ထိုသူတို့သည်ကား တူညီပါကုန်၏။

ထိုမှတစ်ပါးလည်း ဒေဝဒတ်သည် အဓမ္မမည်သော နတ်ဖြစ်စဉ်အခါက ဘုရားလောင်းသည်လည်း ဓမ္မအမည်ရှိသော နတ် ဖြစ်ခဲ့၏။ ထိုဇာတ်၌လည်း နှစ်ဦးသောသူတို့သည်ကား တူညီကြပါကုန်၏။

--

ထိုမှတစ်ပါးလည်း ဒေဝဒတ်သည် အမျိုးသားငါးရာတို့ကို အစိုးရသော လှေသူကြီးဖြစ်စဉ်အခါက ဘုရားလောင်းသည်လည်း အမျိုးသားငါးရာတို့ကို အစိုးရသော လှေသူကြီး ဖြစ်ခဲ့၏။ ထိုဇာတ်၌လည်း နှစ်ဦးသောသူတို့သည် တူညီကြပါကုန်၏။

ထိုမှတစ်ပါးလည်း ဒေဝဒတ်သည် လှည်းငါးရာတို့ကို အစိုးရသော လှည်းမှူးဖြစ်စဉ်အခါက ဘုရား လောင်းသည်လည်း လှည်းငါးရာတို့ကို အစိုးရသော လှည်းမှူး ဖြစ်ခဲ့၏။ ထိုဇာတ်၌လည်း နှစ်ဦးသောသူတို့သည် တူညီကြပါကုန်၏။

ထိုမှတစ်ပါးလည်း ဒေဝဒတ်သည် သာခမည်သော သမင်မင်း ဖြစ်စဉ်အခါက ဘုရားလောင်းသည်လည်း နိဂြောဓမည်သော သမင်မင်း ဖြစ်ခဲ့၏။ ထိုဇာတ်၌လည်း နှစ်ဦးသောသူတို့သည် တူညီကြပါကုန်၏။

ထိုမှတစ်ပါးလည်း ဒေဝဒတ်သည် သာခမည်သော စစ်သူကြီးဖြစ်စဉ်အခါက ဘုရားလောင်းသည်လည်း နိဂြောဓမည်သော မင်း ဖြစ်ခဲ့၏။ ထိုဇာတ်၌လည်း နှစ်ယောက်သောသူတို့သည် တူညီကြပါကုန်၏။

ထိုမှတစ်ပါးလည်း ဒေဝဒတ်သည် ခဏ္ဍဟာလမည်သော ပုဏ္ဏားဖြစ်စဉ်အခါက ဘုရားလောင်းသည် စန္ဒမည်သော မင်းသား ဖြစ်ခဲ့၏။ ထိုအခါက ခဏ္ဍဟာလပုဏ္ဏားကသာလျှင် သာလွန်ပါ၏။

ထိုမှတစ်ပါးလည်း ဒေဝဒတ်သည် ထိုဗြဟ္မဒတ်မည်သော မင်းဖြစ်စဉ်အခါက ဘုရားလောင်းသည် ထို ဗြဟ္မဒတ်မင်း၏ သားတော်ဖြစ်သော မဟာပဒုမမည်သော မင်းသား ဖြစ်ခဲ့၏။ ထိုအခါက ထိုဗြဟ္မဒတ်မင်း သည် မိမိ၏ သားတော်ကို စောရပပါဘမည်သော ချောက်၌ ပစ်ချစေလေ၏။ အဖသည်သာ သားသမီးတို့ထက် တစ်စုံတစ်ခုဖြင့် သာလွန်ထူးကဲသည်သာတည်း။ ထိုဇာတ်၌လည်း ဒေဝဒတ်ကသာလျှင် ဘုရားလောင်းထက် သာလွန်ပါ၏။

ထိုမှတစ်ပါးလည်း ဒေဝဒတ်သည် မဟာပတာပမည်သော မင်းဖြစ်စဉ်အခါက ဘုရားလောင်းသည် ထိုမဟာပတာပမင်း၏ သားဖြစ်သော ဓမ္မပါလမည်သော မင်းသား ဖြစ်၏။ ထိုအခါက ထိုမဟာပတာပ မင်းသည် မိမိသား၏ လက်ခြေတို့ကိုလည်းကောင်း၊ ဦးခေါင်းကိုလည်းကောင်း ဖြတ်စေပါ၏။ ထိုဇာတ်၌လည်း ဒေဝဒတ်ကသာလျှင် ဘုရားလောင်းထက် သာလွန်ပါ၏။

ယခု (နောက်ဆုံး) ဘဝ၌ နှစ်ဦးသောသူတို့သည်လည်း သာကီဝင်မင်းအမျိုး၌ ဖြစ်ကြပါကုန်၏။ ဘုရားလောင်းသည် အလုံးစုံသော တရားကို သိတော်မူသော၊ လောက၏ အကြီးအမှူးဖြစ်တော်မူသော ဘုရား ဖြစ်တော်မူပါ၏။ ဒေဝဒတ်သည် ထိုနတ်ထက်နတ်ဖြစ်သော မြတ်စွာဘုရား၏ သာသနာတော်၌ ရဟန်းပြု၍၊ တန်ခိုးကို ဖြစ်စေလျက် ဘုရားအတုကို ပြုပါ၏။

အသျှင်ဘုရားနာဂသေန အကျွန်ုပ် ပြောဆိုလျှောက်ထားသော စကားအားလုံးသည် မှန်ပါသလော။ သို့မဟုတ် ချွတ်ယွင်းပါသလောဟု (လျှောက်၏)။ မင်းမြတ် သင်မင်းမြတ်သည် များစွာသော အကြောင်းကို ဆောင်ပြပေ၏။ ထိုအားလုံးသည် မှန်သည်သာတည်း။ မမှားပေဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား နာဂသေန မည်းညစ်ယုတ်ညံ့သော တရားနှင့် ဖြူစင်သန့်ရှင်းသော တရားတို့ တူမျှသော သဘောရှိခဲ့မူ ကုသိုလ်နှင့် အကုသိုလ်သည် တူမျှသော အကျိုးရှိသည် ဖြစ်ရာ၏ဟု (လျှောက်၏)။ မင်းမြတ် ကုသိုလ်နှင့် အကုသိုလ် တူမျှသော အကျိုးရှိသည် မဖြစ်နိုင်။ မင်းမြတ် ဒေဝဒတ်သည် အလုံးစုံသောသူတို့နှင့် ဆန့်ကျင်သည် မဟုတ်။ ဘုရားလောင်းနှင့်သာ ဆန့်ကျင်၏။ ထိုဒေဝဒတ်အား ဘုရားလောင်းနှင့် ဆန့်ကျင်ခြင်းသည် ထိုထိုဘဝ၌သာလျှင် ခံရ၏၊ အကျိုးပေး၏။ မင်းမြတ် ဒေဝဒတ်သည်လည်း အစိုးရသော အရာ၌ တည်စဉ် ဇနပုဒ်တို့၌ အစောင့်အရှောက်ကို ပေးပေ၏။ တံတားကို၊ သဘင်ကို၊ အလှူ တင်းကုပ် (အလှူမဏ္ဍပ်) ကို ပြုလုပ်စေပေ၏။ သမဏဗြာဟ္မဏ၊ အထီးကျန်သူ၊ ခရီးသွား၊ သူတောင်း စား၊ ကိုးကွယ်ရာရှိသူ၊ ကိုးကွယ်ရာမဲ့သူတို့အား တောင့်တတိုင်းသော အလှူကို ပေးလှူပေ၏။ ထိုအလှူ ၏ အကျိုးကြောင့် ထိုဒေဝဒတ်သည် ဘဝတိုင်း, ဘဝတိုင်း၌ စည်းစိမ်ချမ်းသာတို့ကို ရ၏။ မင်းမြတ် အလှူပေးခြင်း၊ ဣန္ဒြေကို ဆုံးမခြင်း၊ ကိုယ်နှုတ်ကို စောင့်စည်းခြင်း၊ ဥပုသ်စောင့်သုံးခြင်းကို ဖဲကြဉ်ထား၍ စည်းစိမ်ချမ်းသာကို ခံစားရလတ္တံ့ဟု ဤစကားကို ဆိုခြင်းငှါ အဘယ်သူအား စွမ်းဆောင်နိုင်အံ့နည်း။

--

မင်းမြတ် “ဒေဝဒတ်နှင့် ဘုရားလောင်းတို့သည် အတူတကွ အစဉ်မပြတ် ဖြစ်ကုန်၏”ဟု သင် မင်းမြတ်သည် ယင်းပေါင်းဆုံမိခြင်းကို ဆို၏။ ထိုကြုံကြိုက်ပေါင်းဆုံမိခြင်းသည် ဘဝတစ်ရာ လွန်သော်လည်း မဖြစ်နိုင်ပေ။ ဘဝတစ်ထောင် လွန်သော်လည်း မဖြစ်နိုင်ပေ။ ဘဝတစ်သိန်း လွန်သော်လည်း မဖြစ်နိုင်ပေ။ တစ်ခါတစ်ရံ တစ်ကြိမ်တလေ အချိန်ကာလများစွာကုန်လွန်သဖြင့် ကြုံကြိုက် ပေါင်းဆုံမိခြင်းသည် ဖြစ်ပေ၏။ ဧကန်သော်ကား မြတ်စွာဘုရားသည် လူ့အဖြစ်ကို ရရှိခြင်း၌ လိပ်ကန်းဥပမာကို ညွှန်ပြတော်မူအပ်သကဲ့သို့၊ မင်းမြတ် ဤဘုရားလောင်းနှင့် ဒေဝဒတ်တို့၏ ကြုံကြိုက်ပေါင်းဆုံမိခြင်းကို ထိုဥပမာအတူပင် မှတ်လော့။

မင်းမြတ် ဘုရားလောင်းအား ဒေဝဒတ်နှင့်သာလျှင် အတူကြုံကြိုက်ပေါင်းဆုံမိခြင်း ဖြစ်သည်မဟုတ်သေး။ မင်းမြတ် သာရိပုတ္တရာမထေရ်သည်လည်း များစွာကုန်သော ဘဝအသိန်းတို့၌ ဘုရားလောင်း၏ အဖဖြစ်ခဲ့ဖူး၏။ ဘကြီး ဖြစ်ခဲ့ဖူး၏။ ဘထွေး ဖြစ်ခဲ့ဖူး၏။ ညီအစ်ကို ဖြစ်ခဲ့ဖူး၏။ သားဖြစ်ခဲ့ဖူး၏။ တူ ဖြစ်ခဲ့ဖူး၏။ အဆွေခင်ပွန်း ဖြစ်ခဲ့ဖူး၏။

မင်းမြတ် ဘုရားလောင်းသည်လည်း များစွာကုန်သော ဘဝအသိန်းတို့၌ သာရိပုတ္တရာမထေရ်၏ အဖ ဖြစ်ခဲ့ဖူး၏။ ဘကြီး ဖြစ်ခဲ့ဖူး၏။ ဘထွေး ဖြစ်ခဲ့ဖူး၏။ ညီအစ်ကို ဖြစ်ခဲ့ဖူး၏။ သား ဖြစ်ခဲ့ဖူး၏။ တူ ဖြစ်ခဲ့ဖူး၏။ အဆွေခင်ပွန်း ဖြစ်ခဲ့ဖူး၏။ မင်းမြတ် သတ္တလောက၌ အကျုံးဝင်ကုန်၍၊ သံသရာ အယဉ်သို့ အစဉ်လိုက်ပါရကုန်လျက်၊ သံသရာအယဉ်ဖြင့် မျောပါရကုန်သောသူအားလုံးတို့သည်ပင် မချစ်မနှစ်သက်သူတို့နှင့် လည်းကောင်း၊ ချစ်ခင်နှစ်သက်သူတို့နှင့်လည်းကောင်း ကြုံကြိုက်ပေါင်းဆုံမိကြရကုန်၏။ မင်းမြတ် အယဉ်ဖြင့် မျောပါသော ရေသည် စင်ကြယ်သော ဝတ္ထု၊ မစင်ကြယ်သော ဝတ္ထု၊ ကောင်းသော ဝတ္ထု၊ မကောင်းသော ဝတ္ထုနှင့် ကြုံကြိုက်ပေါင်းဆုံသကဲ့သို့၊ မင်းမြတ် ဤအတူပင် သတ္တလောက၌ အကျုံးဝင်ကုန်၍၊ သံသရာအယဉ်သို့ အစဉ်လိုက်ပါရကုန်လျက်၊ သံသရာအယဉ်ဖြင့် မျောပါကုန်သောသူအားလုံးတို့သည်ပင် မချစ်မနှစ်သက်သူတို့နှင့် လည်းကောင်း၊ ချစ်ခင်နှစ်သက်သူတို့နှင့်လည်းကောင်း ကြုံကြိုက်ပေါင်းဆုံခြင်းသို့ ရောက်ကုန်၏။ မင်းမြတ် ဒေဝဒတ်သည် နတ်ဖြစ်သည်ရှိသော် မိမိသည် မတရားဘဲ သူတစ်ပါးတို့ကို မတရား၌ တိုက်တွန်း၍၊ နှစ်ပေါင်းငါးဆယ့်ခုနစ်ကုဋေ အနှစ်ခြောက်သန်းတို့ ပတ်လုံး အဝီစိငရဲကြီး၌ ကျက်ရ၏။ မင်းမြတ် ဘုရားလောင်းသည်လည်း နတ်ဖြစ်သည်ရှိသော် မိမိသည် တရားသည် ဖြစ်၍၊ သူတစ်ပါးတို့ကို တရား၌ တိုက်တွန်းလျက်၊ နှစ်ပေါင်းငါးဆယ့်ခုနစ်ကုဋေ အနှစ် ခြောက်သန်းတို့ပတ်လုံး အလုံးစုံသော ကာမဂုဏ်နှင့် ပြည့်စုံသည် ဖြစ်၍ နတ်ပြည်၌ မွေ့လျော် ဝမ်းမြောက်ရပေ၏။ မင်းမြတ် စင်စစ်သောကား ဒေဝဒတ်သည် ဤဘဝ၌ မပြစ်မှားထိုက်သော ဘုရားကို ပြစ်မှား၍လည်းကောင်း၊ ညီညွတ်သော သံဃာကို သင်းခွဲ၍လည်းကောင်း မြေမျိုခံရ၏။ မြတ်စွာဘုရား သည် အလုံးစုံသော တရားတို့ကို သိတော်မူ၍၊ ဥပဓိမရှိသော နိဗ္ဗာန်၌ ပရိနိဗ္ဗာန်ဝင်စံတော်မူရ၏ဟု (မိန်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏။ ဤသို့လျှင် ဤစကားကို ထိုသို့ ဆိုတော်မူတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

ခုနစ်ခုမြောက် ကုသလာကုသလသမဝိသမပဥှာ ပြီး၏။

--

၈-အမရာဒေဝီပဥှာ

အမရာဒေဝီ “မကောင်းမှုမပြုသော’ ပြဿနာ

။ အသျှင်ဘုရားနာဂသေန-

“မိန်းမအားလုံးတို့သည်ပင် အခွင့်အခါကိုလည်းကောင်း၊ ဆိတ်ကွယ်ဖုံးလွှမ်းရာကို လည်းကောင်း အကယ်၍ ရကုန်သည် ဖြစ်အံ့၊ မိမိလင်နှင့်တူသော ဖိတ်မန်သူကိုမူလည်း အကယ်၍ ရကုန်သည် ဖြစ်အံ့၊ မကောင်းမှုကို ပြုကုန်ရာ၏။ တစ်ပါးသောသူကို မရသာခဲ့သော် ခြေလက်ဆွံ့သူနှင့်သော်လည်း အတူတကွ မကောင်းမှုကို ပြုကုန်ရာ၏”ဟု ဤစကားကို မြတ်စွာဘုရား ဟောတော်မူအပ်၏။

တစ်ဖန်လည်း “မဟောသဓာပညာရှိ၏ မယား “အမရာ” မည်သော မိန်းမသည် ရွာငယ်၌ ပစ်ထားခဲ့၍၊ လင်နှင့်ကွေကွင်း လွတ်လပ်လျက် ဆိတ်ကွယ်ရာ၌ နေရ၍၊ ဆိတ်ငြိမ်ပါလျက် မင်းနှင့်တူသော လင်ကို ပြု၍၊ တစ်ထောင်သော အသပြာဖြင့် ဖိတ်မန်အပ်ပါလျက် မကောင်းမှုကို မပြုပေ”ဟု ဆိုပြန်ပါ၏။ အသျှင်ဘုရားနာဂသေန မိန်းမအားလုံးတို့သည်ပင်။ပ။ ခြေလက်ဆွံ့သူနှင့်သော်လည်း အတူတကွ မကောင်းမှုကို ပြုကုန်ရာ၏”ဟု အကယ်၍ မြတ်စွာဘုရား ဟောတော်မူအပ်သည် ဖြစ်ပါအံ့။ ထိုသို့ ဖြစ်ပါမူ “မဟောသဓာပညာရှိ၏ မယား အမရာမည်သော မိန်းမသည်။ပ။ မကောင်းမှုကို မပြု”ဟူသော စကားသည် မှားရာပါ၏။ မဟောသဓာပညာရှိ၏ မယား အမရာမည်သော မိန်းမသည်။ပ။ မကောင်းမှုကို မပြု”ဟု အကယ်၍ ဟောတော်မူသည် ဖြစ်ပါအံ့။ ထိုသို့ ဖြစ်ပါမူ “အလုံးစုံသော မိန်းမတို့သည်ပင်။ပ။ ခြေလက်ဆွံ့သူနှင့်သော်လည်း အတူတကွ မကောင်းမှုကို ပြုကုန်ရာ၏”ဟူသော ထိုစကားသည်လည်း မှားရာပါ၏။ အစွန်းနှစ်ဖက်ထွက်သော ဤပြဿနာသည်လည်း အသျှင်ဘုရားထံသို့ အစဉ်ရောက်ပါ၏။ အသျှင်ဘုရားသည် ထိုပြဿနာကို ဖြေရှင်းတော်မူပါလော့ဟု (လျှောက်၏)။

မင်းမြတ် “အလုံးစုံသော မိန်းမတို့သည်ပင်။ပ။ ခြေလက်ဆွံ့သူနှင့်သော်လည်း အတူတကွ မကောင်းမှုကို ပြုရာ၏”ဟူသော ဤစကားကို မြတ်စွာဘုရား ဟောတော်မူအပ်၏။ မဟောသဓာ ပညာရှိ၏ မယား အမရာမည်သော မိန်းမသည်။ပ။ မကောင်းမှုကိုမပြု”ဟု မြတ်စွာဘုရား ဟောတော်မူအပ်ပါ၏။ မင်းမြတ် အကြင်မိန်းမသည် အခွင့်အခါကိုလည်းကောင်း၊ ဆိတ်ကွယ်ဖုံးလွှမ်းရာကိုလည်းကောင်း၊ မိမိလင်နှင့် တူသော ဖိတ်မန်သူကိုလည်းကောင်း အကယ်၍ ရငြားအံ့။ ထိုမိန်းမသည် အသပြာ တစ်ထောင်ကို ရလတ်မူကား မိမိလင်နှင့်တူသော ယောက်ျားနှင့် အတူတကွ မကောင်းမှုကို ပြုရာ၏၊ မင်းမြတ် ထိုအမရာမည်သော မိန်းမသည် ဆိတ်ကွယ်ရာအခါကို စိစစ် စူးစမ်းလတ်သော် အခွင့်အခါကိုလည်းကောင်း၊ ဆိတ်ကွယ်ရာကိုလည်းကောင်း၊ ထိုလင်နှင့်တူသော ဖိတ်မန်သူကိုလည်းကောင်း မမြင်လေ။ ထို့ကြောင့် ထိုအမရာမည်သော မိန်းမသည် မကောင်းမှုကို မပြုပေ။

ဤလူ့ပြည်လောက၌ သူတစ်ပါးကဲ့ရဲ့မည်မှ ကြောက်သောကြောင့် အခွင့်အခါကို မမြင်လေ။ တမလွန်လောက၌ ငရဲဘေးမှ ကြောက်သောကြောင့် အခွင့်အခါကို မမြင်လေ။ မကောင်းမှုသည် ခါးစပ်သော အကျိုးရှိ၏ဟု စိစစ်၍ အခွင့်အခါကို မမြင်လေ။ ချစ်သော လင်ကို မလွှတ်လိုသောကြောင့် အခွင့်အခါကို မမြင်လေ။ လင်ကို အလေးအမြတ် ပြုသည်၏ အဖြစ်ကြောင့် အခွင့်အခါကို မမြင်လေ။ တရားကို ရိုသေသည် ဖြစ်၍ အခွင့်အခါကို မမြင်လေ။ မစင်ကြယ်သော အကျင့်ကို ကဲ့ရဲ့စက်ဆုပ်သည် ဖြစ်၍ အခွင့်အခါကို မမြင်လေ။ မိမိပြုသင့်သည့် ဝတ်အကျင့်ကို မဖျက်ဆီးလိုသည် ဖြစ်၍ အခွင့်အခါကို မမြင်လေ။ ဤသို့ သဘောရှိကုန်သော များပြားကုန်သော အကြောင်းတို့ကြောင့် အခွင့်အခါကို မမြင်လေ။

--

ထိုအမရာသည် လောက၌ စိစစ်စူစမ်းသည်ရှိသော် ဆိတ်ကွယ်ရာကို မမြင်သည် ဖြစ်၍လည်း မကောင်းမှုကို မပြု။ ထိုအမရာသည် လူတို့မှ ဆိတ်ကွယ်ရာကို အကယ်၍ ရငြားအံ့။ နတ်တို့မှ ဆိတ်ကွယ်ရာကို မရရာ။ နတ်တို့မှ ဆိတ်ကွယ်ရာကို အကယ်၍ ရငြားအံ့။ သူတစ်ပါးစိတ်ကို သိကုန်သော ရဟန်းတို့မှ ဆိတ်ကွယ်ရာကို မရရာ။ သူတစ်ပါးစိတ်ကို သိကုန်သော ရဟန်းတို့မှ ဆိတ်ကွယ်ရာကို အကယ်၍ ရငြားအံ့။ သူတစ်ပါးစိတ်ကို သိကုန်သော နတ်တို့မှ ဆိတ်ကွယ်ရာကို မရရာ။ သူတစ်ပါးစိတ်ကို သိကုန်သော နတ်တို့မှ ဆိတ်ကွယ်ရာကို အကယ်၍ ရငြားအံ့။ မိမိသည်ပင်လျှင် မကောင်းမှုတို့မှ ဆိတ်ကွယ်ရာကို မရရာ။ မိမိသည်ပင်လျှင် မကောင်းမှုတို့မှ ဆိတ်ကွယ်ရာကို အကယ်၍ ရငြားအံ့။ မတရားဖြင့် ဆိတ်ကွယ်ရာကို ရသည် ဖြစ်ရာ၏။ ဤသို့ သဘောရှိကုန်သော များပြားကုန်သော အကြောင်းတို့ကြောင့် ဆိတ်ကွယ်ရာကို မရသည် ဖြစ်၍ မကောင်းမှုကို မပြု။

ထိုအမရာသည် လောက၌ စိစစ်သည်ရှိသော် ထိုမိမိလင်နှင့် တူသော ဖိတ်မန်သူကို မရသည် ဖြစ်၍ မကောင်းမှုကို မပြု။ မင်းမြတ် မဟောသဓာပညာရှိသည် နှစ်ဆယ့်ရှစ်ပါးသော ဂုဏ်အင်္ဂါတို့နှင့် ပြည့်စုံ၏။ အဘယ်နှစ်ဆယ့်ရှစ်ပါးသော ဂုဏ်အင်္ဂါတို့နှင့် ပြည့်စုံသနည်းဟူမူ-မင်းမြတ် မဟောသဓာသည် (၁) ရဲရင့်၏၊ (၂) မကောင်းမှုမှ ရှက်တတ်၏။ (၃) မကောင်းမှုမှ ကြောက်လန့်တတ်၏။ (၄) အသင်း အပင်းရှိ၏။ (၅) အဆွေ ခင်ပွန်းနှင့် ပြည့်စုံ၏။ (၆) သည်းခံတတ်၏။ (၇) သီလ ရှိ၏။ (၈) မှန်သော စကားကို ဆိုတတ်၏။ (၉) စင်ကြယ်သော အကျင့်နှင့် ပြည့်စုံ၏။ (၁၀) အမျက် ‘ဒေါသ’ မရှိ။ (၁၁) ထောင်လွှားမှုမာန မရှိ။ (၁၂) ငြူစူစောင်းမြောင်းမှု မရှိ။ (၁၃) လုံ့လရှိ၏။ (၁၄) အားထုတ်၏။ (၁၅) သူတစ်ဦးကို ချီးမြှင့်တတ်၏။ (၁၆) ခွဲခြမ်းဝေဖန်လေ့ရှိ၏။ (၁၇) အပြောအဆို ပြေပြစ်၏။ (၁၈) နှိမ့်ချထားသော သဘောရှိ၏။ (၁၉) သိမ်မွေ့၏။ (၂၀) စဉ်းလဲခြင်း မရှိ။ (၂၁) လှည့်ပတ်ခြင်း မရှိ။ (၂၂) လွန်ကဲသော ပညာနှင့် ပြည့်စုံ၏။ (၂၃) ကျော်စောခြင်း ရှိ၏။ (၂၄) အတတ်ပညာနှင့် ပြည့်စုံ၏။ (၂၅) မှီခိုလာသောသူတို့၏ အစီးအပွားကို ရှာမှီးလိုလားလေ့ ရှိ၏။ (၂၆) လူအားလုံးက တောင့်တ အပ်၏။ (၂၇) ပစ္စည်းဥစ္စာ ရှိ၏။ (၂၈) အခြံအရံ များ၏။ မင်းမြတ် မဟောသဓာပညာရှိသည် ဤနှစ်ဆယ့်ရှစ်ပါးသော ဂုဏ်အင်္ဂါတို့နှင့် ပြည့်စုံ၏။ ထိုအမရာသည် မိမိလင်မှ တစ်ပါးသော မိမိလင်နှင့် တူသော ဖိတ်မန်သူကို မရသည် ဖြစ်၍ မကောင်းမှုကို မပြုဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏။ ဤသို့လျှင် ဤစကားကို ထိုသို့ ဆိုတော်မူတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

ရှစ်ခုမြောက် အမရာဒေဝီပဥှာ ပြီး၏။

--

၉-အရဟန္တအဘာယနပဥှာ

ရဟန္တာပုဂ္ဂိုလ် ကြောက်ရွံ့ခြင်း ကင်း၊ မကင်း ပြဿနာ

။ အသျှင်ဘုရားနာဂသေန “ရဟန္တာပုဂ္ဂိုလ်တို့သည် ကြောက်ခြင်း၊ ထိတ်လန့်ခြင်းမှ ကင်းလွတ်ကုန်၏”ဟု ဤစကားကို မြတ်စွာဘုရား ဟောတော်မူအပ်ပါ၏။ တစ်ဖန်လည်းရာဇဂြိုဟ်မြို့၌ မြတ်စွာဘုရားထံသို့ ရှေးရှုလာလတ်သော ဓနပါလကအမည်ရှိသော ဆင်ကြမ်းကို မြင်ကုန်၍၊ ရဟန္တာငါးရာတို့သည် မြတ်စွာဘုရားကို စွန့်ကုန်လျက်၊ အာနန္ဒာမထေရ်တစ်ပါးတည်းကို ထား၍၊ ထိုထိုအရပ်သို့ ဖဲသွားကုန်၏ဟု ဟောတော်မူပါ၏။ အသျှင်ဘုရားနာဂသေန အဘယ်သို့ပါနည်း။ ထိုရဟန္တာတို့သည် ကြောက်ကုန်သည် ဖြစ်၍ ဖဲသွားပါကုန်သလော။ မိမိတို့ ပြုအပ်သော အမှုဖြင့် ထင်ရှားလတ္တံ့ဟု နှလုံး သွင်း၍၊ မြတ်စွာဘုရားကို (ဇီဝိတိန္ဒြေမှ) ကျစေလိုကုန်သည် ဖြစ်လျက် ဖဲသွားပါကုန်သလော။ သို့မဟုတ် မြတ်စွာဘုရား၏ အတုမရှိသော၊ ပြန့်ပြောသော၊ ရဟန္တာတို့နှင့် မတူတန်သော တန်ခိုးပြာဋိဟာကို ရှုမြင်လိုကုန်သည် ဖြစ်၍ ဖဲသွားပါကုန်သလော။ အသျှင်ဘုရားနာဂသေန “ရဟန္တာပုဂ္ဂိုလ်တို့သည် ကြောက်ခြင်း ထိတ်လန့်ခြင်းမှ ကင်းကုန်၏”ဟု အကယ်၍ မြတ်စွာဘုရား ဟောတော်မူသည် ဖြစ်အံ့။ ထိုသို့ ဖြစ်ပါမူ “ရာဇဂြိုဟ်မြို့၌။ပ။ အာနန္ဒာတစ်ပါးတည်းကို ထားခဲ့ကုန်၍ ထိုထိုအရပ်သို့ ဖဲသွားကြကုန်၏”ဟူသော ထိုစကားသည် မှားရာပါ၏။ရာဇဂြိုဟ်မြို့၌ မြတ်စွာဘုရားထံသို့ ရှေးရှုလာလတ်သော ဓနပါလကအမည်ရှိသော ဆင်ကြမ်းကို မြင်ကုန်၍၊ ရဟန္တာငါးရာတို့သည် မြတ်စွာဘုရားကို စွန့်ကုန် လျက်၊ အာနန္ဒာမထေရ်တစ်ပါးတည်းကို ထားခဲ့ကုန်၍၊ ထိုထိုအရပ်သို့ အကယ်၍ ဖဲသွားကြကုန်သည့်ဖြစ်အံ့။ ထိုသို့ ဖြစ်ပါမူ “ရဟန္တာပုဂ္ဂိုလ်တို့သည် ကြောက်ခြင်း, ထိတ်လန့်ခြင်းမှ ကင်းလွတ်ကုန်၏”ဟူသော ထိုစကားသည်လည်း မှားရာပါ၏။ အစွန်းနှစ်ဖက်ထွက်သော ဤပြဿနာသည်လည်း အသျှင် ဘုရားထံသို့ အစဉ်ရောက်ပါ၏။ အသျှင်ဘုရားသည် ထိုပြဿနာကို ဖြေရှင်းတော်မူပါလော့ဟု (လျှောက်၏)။

မင်းမြတ် “ရဟန္တာပုဂ္ဂိုလ်တို့သည် ကြောက်ခြင်း, ထိတ်လန့်ခြင်းမှ ကင်းလွတ်ကုန်၏”ဟူ၍ ဤစကားကို မြတ်စွာဘုရား ဟောတော်မူအပ်၏။ရာဇဂြိုဟ်မြို့၌ မြတ်စွာဘုရားထံသို့ ရှေးရှုလာလတ်သော ဓနပါလကအမည်ရှိသော ဆင်ကြမ်းကို မြင်ကုန်၍၊ ရဟန္တာငါးရာတို့သည် မြတ်စွာဘုရားကို စွန့်ကုန်လျက်၊ အာနန္ဒာမထေရ် တစ်ပါးတည်းကို ထားခဲ့ကုန်၍၊ ထိုထိုအရပ်သို့ ဖဲသွားကုန်၏။ ထို့သို့ ဖဲသွားခြင်းသည်ကား ကြောက်သောကြောင့် မဟုတ်။ မြတ်စွာဘုရားကို (ဇီဝိတိန္ဒြေမှ) ကျစေလိုသော ကြောင့်လည်း မဟုတ်။ မင်းမြတ် စင်စစ်သော်ကား အကြင်အကြောင်းကြောင့် ရဟန္တာတို့သည် ကြောက်မူလည်း ကြောက်ကုန်ရာ၏။ ထိတ်လန့်မူလည်း ထိတ်လန့်ကုန်ရာ၏။ ရဟန္တာတို့သည် ထိုအကြောင်းကို အကြွင်းမဲ့ ပယ်ဖြတ်အပ်ပြီ။ ထို့ကြောင့် ရဟန္တာတို့သည် ကြောက်ခြင်း, ထိတ်လန့်ခြင်းမှ ကင်းလွတ်ကုန်၏။ မင်းမြတ် မြေကြီးသည် တူးဆွသော်လည်းကောင်း၊ ခွဲသော်လည်းကောင်း၊ သမုဒ္ဒရာနှင့် တောင်ထွတ်ကို ရွက်ဆောင်ထားရသော်လည်းကောင်း ကြောက်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မကြောက်ပါဟု (လျှောက်၏)။ မင်းမြတ် အဘယ်အကြောင်းကြောင့်နည်းဟု (မေးတော်မူ၏)။ အသျှင် ဘုရား အကြင်အကြောင်းကြောင့် မြေကြီးသည် ကြောက်လည်း ကြောက်ရာ၏။ ထိတ်လန့်လည်း ထိတ်လန့်ရာ၏။ ထိုအကြောင်းသည် မြေကြီး၌ မရှိပါဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် အကြင်အကြောင်းကြောင့် ရဟန္တာတို့သည် ကြောက်လည်း ကြောက်ကုန်ရာ၏။ ထိတ်လန့်လည်း ထိတ် လန့်ကုန်ရာ၏။ ထိုအကြောင်းသည် ရဟန္တာတို့အား မရှိကုန်။

--

မင်းမြတ် တောင်ထွတ်သည် ဖြတ်သော်လည်းကောင်း၊ ခွဲသော်လည်းကောင်း၊ ပြိုကျသော်လည်းကောင်း၊ မီးဖြင့် ရှို့မြှိုက်သော်လည်းကောင်း ကြောက်သလောဟု(မေးတော်မူ၏)။ အသျှင်ဘုရား မကြောက်ပါဟု (လျှောက်၏)။ မင်းမြတ် အဘယ်အကြောင်းကြောင့်နည်းဟု (မေးတော်မူ၏)။ အသျှင် ဘုရား အကြင်အကြောင်းကြောင့် တောင်ထွတ်သည် ကြောက်လည်း ကြောက်ရာ၏။ ထိတ်လန့်လည်း ထိတ်လန့်ရာ၏။ ထိုအကြောင်းသည် တောင်ထွတ်အား မရှိပါဟု (လျှောက်၏)။ မင်းမြတ် ဤအတူ သာလျှင် အကြင်အကြောင်းကြောင့် ရဟန္တာတို့သည် ကြောက်လည်း ကြောက်ကုန်ရာ၏။ ထိတ်လန့်လည်း ထိတ်လန့်ကုန်ရာ၏။ ထိုအကြောင်းသည် ရဟန္တာတို့အား မရှိ။

မင်းမြတ် လောကဓာတ်တစ်သိန်းဝယ် သတ္တဝါအပေါင်း၌ အကျုံးဝင်ကုန်သောသူအားလုံးတို့သည် လှံတံကိုင်စွဲကုန်လျက်၊ ရဟန္တာတစ်ပါးထံသို့ ရှေးရှုပြေးလာကုန်၍ ထိတ်လန့်စေကုန်ငြားအံ့။ ရဟန္တာ၏ စိတ် တစ်မျိုးတစ်မည် ဖြစ်ခြင်းသည် စိုးစဉ်းမျှ မဖြစ်နိုင်ရာ။ အကြောင်းအဘယ်နည်းဟူမူ - အကြောင်း မဟုတ်၊ အရာမဟုတ်သောကြောင့်တည်း။

မင်းမြတ် စင်စစ်သော်ကား ထိုရဟန္တာတို့အား ဤဆိုလတ္တံ့အတိုင်း စိတ်အကြံသည် ဖြစ်၏ “ယနေ့ မြတ်သောသူတို့ထက် အထူးသဖြင့် မြတ်သော၊ မြတ်သည်ထက် မြတ်တော်မူသော မြတ်စွာဘုရားသည်ရာဇဂြိုဟ်မြို့တော်မြတ်သို့ အစဉ်လျှောက်၍ ဝင်တော်မူလတ်သော် ဓနပါလကဆင်ကြမ်းသည် ခရီးလမ်းမ ဖြင့် ရှေးရှုလာလတ္တံ့။ နတ်ထက်နတ်ဖြစ်တော်မူသော မြတ်စွာဘုရားကို အလုပ်အကျွေးဖြစ်သော ညီတော် အာနန္ဒာသည်ကား ဧကန်စွန့်ခွါလိမ့်မည် မဟုတ်။ ငါတို့အားလုံးသည်လည်း မြတ်စွာဘုရားကို အကယ်၍ မစွန့်ကုန်သည် ဖြစ်အံ့။ အသျှင်အာနန္ဒာ၏ ဂုဏ်ကျေးဇူးသည် မထင်ရှားလတ္တံ့။ ဆင်ပြောင်ကြီးသည် မြတ်စွာဘုရားအထံသို့ ကောင်းစွာ မရောက်နိုင်လတ္တံ့။ ယခု ငါတို့ ဖဲသွားကုန်အံ့။ ဤသို့ ဖဲသွားကုန့်သည်ရှိသော် များစွာသော လူအပေါင်းအား ကိလေသာတည်းဟူသော အနှောင်အဖွဲ့မှ လွတ်သည် ဖြစ်လတ္တံ့။ အသျှင်အာနန္ဒာ၏ ဂုဏ်ကျေးဇူးသည်လည်း ထင်ရှားလတ္တံ့”ဟု အကြံဖြစ်၏။ ဤသို့လျှင် ထိုရဟန္တာတို့သည် အကျိုးအာနိသင်ကို မြင်ကုန်၍ ထိုထိုအရပ်သို့ ဖဲသွားကုန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ပြဿနာကို ကောင်းစွာ ဝေဖန်တော်မူနိုင်ပါပေ၏။ ရဟန္တာတို့အား ကြောက်ခြင်းသည်လည်းကောင်း၊ ထိတ်လန့်ခြင်းသည်လည်းကောင်း မရှိဟူသော စကားသည် မှန်ပါပေ၏။ ရဟန္တာတို့သည် အကျိုးအာနိသင်ကို မြင်ကုန်၍ ထိုထိုအရပ်ရပ်သို့ ဖဲသွားပါကုန်၏ဟု (လျှောက်၏)။ ။

ကိုးခုမြောက် အရဟန္တအဘာယနပဥှာ ပြီး၏။

--

၁၀-ဗုဒ္ဓသဗ္ဗညုဘာဝပဥှာ

မြတ်စွာဘုရား အလုံးစုံကို သိတော်မူပုံ ပြဿနာ

၁၀။ အသျှင်ဘုရားနာဂသေန “မြတ်စွာဘုရားသည် အလုံးစုံကို သိတော်မူ၏”ဟု အသျှင်ဘုရားတို့ ဆိုတော်မူကုန်၏။ တစ်ဖန်လည်း မြတ်စွာဘုရားသည် သာရိပုတ္တရာ၊ မောဂ္ဂလ္လာန်အမှူးရှိသော ရဟန်း သံဃာကို နှင်ထုတ်တော်မူသည်ရှိသော် စာတုမမြို့နေ သာကီဝင်မင်းတို့သည်လည်းကောင်း၊ သဟမ္ပတိ ဗြဟ္မာမင်းသည်လည်းကောင်း မျိုးစေ့ဥပမာ၊ နွားငယ်ဥပမာကို ညွှန်းပြလျှောက်ထား၍၊ မြတ်စွာဘုရားကို ကြည်လင်ရွှင်ပျစေကုန်ပြီ၊ သည်းခံကြေချမ်းစေကုန်ပြီ၊ သိစေကုန်ပြီ”ဟု ဆိုတော်မူကုန်၏။ အသျှင်ဘုရား နာဂသေန မြတ်စွာဘုရားသည် အကြင်ဥပမာတို့ဖြင့် နှစ်သက်စေလျက်၊ သည်းခံကြေချမ်းစေလျက်၊ ငြိမ်းအေးစေလျက် သိမြင်ခြင်းသို့ ရောက်တော်မူ၏။ ထိုဥပမာတို့ကို မြတ်စွာဘုရားသည် မသိမမြင်အပ်ပါကုန်သလော။ အသျှင်ဘုရားနာဂသေန မြတ်စွာဘုရားသည် ထိုဥပမာတို့ကို အကယ်၍ မသိသည်ဖြစ်အံ့။ ထိုသို့ဖြစ်ပါမူ မြတ်စွာဘုရားသည် အလုံးစုံကို သိတော်မမူရာ။ အကယ်၍ သိတော်မူသည် ဖြစ်အံ့။ ထိုသို့ ဖြစ်ပါမူ ဆွဲငင်နှိပ်စက်လျက် စုံစမ်းတော်မူလိုသည် ဖြစ်၍ နှင်ထုတ်တော်မူ၏။ ထိုသို့ ဖြစ်ပါမူ မြတ်စွာဘုရားအား ကရုဏာတော်မရှိသော အဖြစ် ဖြစ်သင့်ပါ၏။ အစွန်းနှစ်ဖက်ထွက်သော ဤပြဿနာသည်လည်း အသျှင်ဘုရားထံသို့ အစဉ်ရောက်ပါ၏။ အသျှင်ဘုရားသည် ထိုပြဿနာကို ဖြေရှင်းတော်မူပါ လော့ဟု (လျှောက်၏)။

မင်းမြတ် မြတ်စွာဘုရားသည် အလုံးစုံကို သိတော်မူ၏။ ထိုဥပမာတို့ဖြင့်လည်း မြတ်စွာဘုရားသည် ကြည်လင်ရွှင်ပျလျက်၊ နှစ်သက်လျက်၊ သည်းခံကြေချမ်းလျက်၊ ငြိမ်းအေးလျက် သိမြင်ခြင်းသို့ ရောက် တော်မူ၏။ မင်းမြတ် မြတ်စွာဘုရားသည် တရားတော်၏အရှင် ဖြစ်တော်မူ၏။ မြတ်စွာဘုရား ဟောတော်မူပြီးသည်သာလျှင် ဖြစ်ကုန်သော ဥပမာတို့ဖြင့် ထိုသာကီဝင်မင်းနှင့် သဟမ္ပတိဗြဟ္မာတို့သည် မြတ်စွာဘုရားကို အားရစေကုန်ပြီ၊ နှစ်သက်စေကုန်ပြီ၊ ကြည်လင်ရွှင်ပျစေကုန်ပြီ။ မြတ်စွာဘုရား ကြည်ကြည် လင်လင်ဖြစ်ရကား ထိုသာကီဝင်မင်းနှင့် သဟမ္ပတိဗြဟ္မာတို့အားလည်း “ကောင်းပြီ”ဟု ဝမ်းမြောက်ခြင်း ဖြစ်လေပြီ။

မင်းမြတ် ဥပမာအားဖြင့် မိန်းမသည် လင်၏ပစ္စည်းဖြစ်သော ဥစ္စာဖြင့်သာ လင်ကို အားရစေ၏၊ နှစ်သက်စေ၏၊ ကြည်လင်ရွှင်ပျစေ၏။ ထိုမယားကိုလည်း လင်သည် “ကောင်းပြီ”ဟု ဝမ်းမြောက်၏။ မင်းမြတ် ဤအတူသာလျှင် စာတုမမြို့နေ သာကီဝင်မင်းတို့သည်လည်းကောင်း၊ သဟမ္ပတိဗြဟ္မာသည်လည်းကောင်း မြတ်စွာဘုရား ဟောကြားတော်မူပြီးသည်သာ ဖြစ်သော ဥပမာတို့ဖြင့် မြတ်စွာဘုရားကို အားရစေကုန်၏၊ နှစ်သက်စေကုန်၏၊ ကြည်လင်ရွှင်ပျစေကုန်၏။ မြတ်စွာဘုရားသည် ကြည်လင်ရွှင်ပျသည် ဖြစ်၍ ထိုသူတို့အားလည်း “ကောင်းပြီ”ဟု ဝမ်းမြောက်တော်မူ၏။

မင်းမြတ် ဥပမာတစ်နည်းသော်ကား ဆတ္တာသည်သည် မင်း၏ ပစ္စည်းသာဖြစ်သော ရွှေဘီးဖြင့် မင်း၏့ဦးခေါင်းကို ပြုပြင်ဖြီးလိမ်းလျက် မင်းကို အားရစေ၏၊ နှစ်သက်စေ၏၊ ကြည်လင်ရွှင်ပျစေ၏။ မင်းသည် ကြည်လင်ရွှင်ပျသည် ဖြစ်၍ ထိုဆတ္တာသည်အားလည်း “ကောင်းပြီ”ဟု ဝမ်းမြောက်၏၊ အလို ရှိတိုင်း ပေးကမ်း၏၊ မင်းမြတ် ဤအတူသာလျှင် စာတုမမြို့နေ သာကီဝင်မင်းတို့သည်လည်းကောင်း၊ သဟမ္ပတိဗြဟ္မာသည်လည်းကောင်း မြတ်စွာဘုရား ဟောတော်မူပြီးသည်သာ ဖြစ်သော ဥပမာတို့ဖြင့် မြတ်စွာဘုရားကို အားရစေကုန်၏၊ နှစ်သက်စေကုန်၏၊ ကြည်လင်ရွှင်ပျစေကုန်၏။ မြတ်စွာဘုရားသည် ကြည်လင်ရွှင်ပျသည် ဖြစ်၍ ထိုသူတို့အားလည်း “ကောင်းပြီ”ဟု ဝမ်းမြောက်တော်မူ၏။

--

မင်းမြတ် ဥပမာတစ်နည်းသော်ကား အတူနေတပည့်သည် ဥပဇ္ဈာယ်ဆရာဆောင်ယူလာသော ဆွမ်းကို ယူ၍ ဥပဇ္ဈာယ်ဆရာအား ကပ်လျက် ဥပဇ္ဈာယ်ဆရာကို အားရစေ၏၊ နှစ်သက်စေ၏၊ ကြည်လင် ရွှင်ပျစေ၏။ ထိုအတူနေတပည့်ကိုလည်း ဥပဇ္ဈာယ်ဆရာသည် ကြည်လင်ရွှင်ပျသည် ဖြစ်၍ “ကောင်းပြီ”ဟု ဝမ်းမြောက်၏၊ မင်းမြတ် ဤအတူသာလျှင် စာတုမမြို့နေ သာကီဝင်မင်းတို့သည်လည်းကောင်း၊ သဟမ္ပတိဗြဟ္မာသည်လည်းကောင်း မြတ်စွာဘုရား ဟောတော်မူအပ်ပြီးသာလျှင် ဖြစ်သော ဥပမာတို့ဖြင့် မြတ်စွာဘုရားကို အားရစေကုန်၏၊ နှစ်သက်စေကုန်၏၊ ကြည်လင်ရွှင်ပျစေကုန်၏။ မြတ်စွာဘုရားသည် ကြည်လင်ရွှင်ပျတော်မူသည် ဖြစ်၍၊ ထိုသူတို့အားလည်း “ကောင်းပြီ”ဟု ဝမ်းမြောက်တော်မူ၍ ဆင်းရဲ ဒုက္ခအားလုံးမှ လွတ်ခြင်းငှါ တရားဟောတော်မူ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏။ ဤသို့လျှင် ဤစကားကို ထိုသို့ ဆိုတော်မူတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

ဆယ်ခုမြောက် ဗုဒ္ဓသဗ္ဗညုဘာဝပဥှာ ပြီး၏။

လေးခုမြောက် သဗ္ဗညုတဉာဏဝဂ် ပြီး၏။

ဤသဗ္ဗညုတဉာဏဝဂ်၌ အမေးပုစ္ဆာပြဿနာ ဆယ်ပါးတို့တည်း။

--

၅-သန္ထဝဝဂ်

၁-သန္ထဝပဥှာ

သန္ထဝ စသော ဂါထာနှင့် စပ်သော ပြဿနာ

။ အသျှင်ဘုရားနာဂသေန - “ပေါင်းသင်းဆက်ဆံခြင်းကြောင့် ဘေးဖြစ်ရ၏။ နေရာအိမ်ကြောင့် ကိလေသာမြူ ဖြစ်ပေါ် ရ၏။ နေရာအိမ် မရှိသော၊ ပေါင်းသင်းဆက်ဆံမှု မရှိသော ဤနိဗ္ဗာန်ကို မြတ်စွာဘုရားသည် စင်စစ် မြင်တော်မူပါပေ၏”ဟု ဤစကားကို မြတ်စွာဘုရား ဟောတော်မူအပ်၏။

တစ်ဖန်လည်း မြတ်စွာဘုရားသည် “မွေ့လျော်ဖွယ်ရှိကုန်သော ကျောင်းတို့ကို ဆောက်လုပ် (လှူဒါန်း)ရာ၏။ ဤကျောင်း၌ များသော အကြားအမြင်ရှိကုန်သော ရဟန်းတို့ကို နေစေရာ၏”ဟု ဟောတော်မူပြန်၏။ အသျှင်ဘုရားနာဂသေန မြတ်စွာဘုရားသည် “ပေါင်းသင်းဆက်ဆံခြင်းကြောင့် ဘေးဖြစ်ရ၏။ နေရာအိမ်ကြောင့် ကိလေသာမြူ ဖြစ်ပေါ်ရ၏။ နေရာအိမ် မရှိသော၊ ပေါင်းသင်းဆက်ဆံမှု မရှိသော ဤနိဗ္ဗာန်ကို မြတ်စွာဘုရားသည် စင်စစ် မြင်တော်မူပါပေ၏”ဟု အကယ်၍ မြတ်စွာဘုရား ဟောတော်မူအပ်သည် ဖြစ်အံ့။ ထိုသို့ ဖြစ်ပါမူ “မွေ့လျော်ဖွယ်ရှိကုန်သော ကျောင်းတို့ကို ဆောက်လုပ် (လှူဒါန်း)ရာ၏။ ဤကျောင်း၌ များသော အကြားအမြင်ရှိကုန်သော ရဟန်းတို့ကို နေစေရာ၏”ဟူသော ထိုစကားသည် မှားရာ၏။ မြတ်စွာဘုရားသည် မွေ့လျော်ဖွယ် ရှိကုန်သော ကျောင်းတို့ကို ဆောက်လုပ် (လှူဒါန်း)ရာ၏။ ဤကျောင်း၌ များသော အကြားအမြင်ရှိကုန်သော ရဟန်းတို့ကို နေစေရာ၏”ဟု အကယ်၍ မြတ်စွာဘုရား ဟောတော်မူသည် ဖြစ်အံ့။ ထိုသို့ ဖြစ်ပါမူ “ပေါင်းသင်းဆက်ဆံခြင်းကြောင့်ဘေးဖြစ်ရ၏။ နေရာအိမ်ကြောင့် ကိလေသာမြူ ဖြစ်ပေါ်ရ၏။ နေရာအိမ် မရှိသော၊ ပေါင်းသင်းဆက်ဆံ မှု မရှိသော ဤနိဗ္ဗာန်ကို မြတ်စွာဘုရားသည် မြင်တော်မူပါပေ၏”ဟု မြတ်စွာဘုရား ဟောတော်မူသော ထိုစကားသည်လည်း မှားရာပါ၏။ အစွန်းနှစ်ဖက်ထွက်သော ဤပြဿနာသည်လည်း အသျှင်ဘုရားထံသို့ အစဉ်ရောက်ပါ၏။ အသျှင်ဘုရားသည် ထိုပြဿနာကို ဖြေရှင်းတော်မူပါလော့ဟု (လျှောက်၏)။

မင်းမြတ် မြတ်စွာဘုရားသည် “ပေါင်းသင်းဆက်ဆံခြင်းကြောင့် ဘေးဖြစ်ရ၏။ နေရာအိမ်ကြောင့် ကိလေသာမြူ ဖြစ်ပေါ်ရ၏။ နေရာအိမ် မရှိသော၊ ပေါင်းသင်းဆက်ဆံမှု မရှိသော ဤနိဗ္ဗာန်ကို စင်စစ် မြတ်စွာဘုရားသည် မြင်တော်မူပါပေ၏”ဟူသော ဤစကားကို မြတ်စွာဘုရား ဟောတော်မူအပ်၏။ “မွေ့လျော်ဖွယ်ရှိကုန်သော ကျောင်းတို့ကို ဆောက်လုပ် (လှူဒါန်း)ရာ၏။ ဤကျောင်း၌ များသော အကြား အမြင်ရှိကုန်သော ရဟန်းတို့ကို နေစေရာ၏”ဟူ၍လည်း မြတ်စွာဘုရား ဟောတော်မူအပ်၏။ မင်းမြတ် မြတ်စွာဘုရားသည် “ပေါင်းသင်းဆက်ဆံခြင်းကြောင့် ဘေးဖြစ်ရ၏။ နေရာအိမ်ကြောင့် ကိလေသာမြူဖြစ် ပေါ်ရ၏။ နေရာအိမ်မရှိသော၊ ပေါင်းသင်းဆက်ဆံမှုမရှိသော ဤနိဗ္ဗာန်ကို စင်စစ် မြတ်စွာဘုရားသည် မြင်တော်မူပါပေ၏”ဟူသော အကြင်စကားကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုစကားသည် သဘောမှန် စကားတည်း။ အကြွင်းမရှိသော စကားတည်း။ အကျန်မရှိသော စကားတည်း။ မုချစကားတည်း။ ရဟန်းတို့အား လျောက်ပတ်သော စကားတည်း။ ရဟန်းတို့အား သင့်တင့်သော စကားတည်း။ ရဟန်းတို့အား ထိုက်တန်သော စကားတည်း။ ရဟန်းတို့၏ ကျက်စားရာတည်း။ ရဟန်းတို့၏ အကျင့်တည်း။ ရဟန်းတို့၏ ကျင့်ဝတ်တည်း။ မင်းမြတ် ဥပမာအားဖြင့် တော၌ ကျက်စားသော သမင်သည် တော၌ လှည့်လည်လျက် နေရာမရှိသည် ဖြစ်၍ အိမ်မရှိသည် ဖြစ်၍ အလိုအတိုင်း နေရ၏။ မင်းမြတ် ဤအတူသာလျှင် ရဟန်းသည် “ပေါင်းသင်းဆက်ဆံမှုကြောင့် ဘေးဖြစ်ရ၏။ နေရာအိမ်ကြောင့် ကိလေသာမြူ ဖြစ်ပေါ်ရ၏။ နေရာအိမ် မရှိသော၊ ပေါင်းသင်းဆက်ဆံမှု မရှိသော ဤနိဗ္ဗာန်ကို စင်စစ် မြတ်စွာဘုရားသည် မြင်တော်မူပါပေ၏”ဟု ကြံအပ် ကြံသင့်၏။

--

မင်းမြတ် ထို့ပြင် “နှလုံးမွေ့လျော်ဖွယ်ရှိကုန်သော ကျောင်းတို့ကို ဆောက်လုပ် (လှူဒါန်း)ရာ၏။ ဤကျောင်း၌ များသောအကြားအမြင်ရှိကုန်သော ရဟန်းတို့ကို နေစေရာ၏”ဟူသော ထိုစကားကိုမူကား အကျိုးထူးနှစ်ပါးတို့ကို ကောင်းစွာ မြင်တော်မူသည် ဖြစ်၍၊ မြတ်စွာဘုရား ဟောတော်မူအပ်၏။ အကျိုး ထူးနှစ်ပါးတို့ဟူသည် အဘယ်တို့နည်း -

(၁) ကျောင်းအလှူမည်သည်ကို အလုံးစုံသော ဘုရားရှင်တို့သည် ချီးမွမ်းတော်မူအပ်၏၊ ခွင့်ပြု တော်မူအပ်၏၊ ထောမနာတော်မူအပ်၏၊ ချီးကျူးတော်မူအပ်၏။ ထိုဒါယကာတို့သည် ထိုကျောင်းအလှူကို ပေးလှူရသောကြောင့် ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ သေခြင်းမှ လွတ်ကုန်လတ္တံ့။ ဤသည်ကား ကျောင်း အလှူ၌ ရှေးဦးစွာသော အကျိုးအာနိသင်တည်း။

(၂) နောက်တစ်မျိုးသော်ကား ကျောင်းရှိလတ်သော် ဘိက္ခုနီမတို့သည် “ရဟန်းတို့နေရာ”ဟု အမှတ်သင်္ကေတ ထင်ရှားကြကုန်လတ္တံ့။ ဖူးမြင်လိုသောသူတို့အား ဖူးမြင်ရလွယ်သည် ဖြစ်လတ္တံ့။ ကျောင်းမရှိသော် ဖူးမြင်ရန် ခက်ခဲကုန်လတ္တံ့။ ဤသည်ကား ကျောင်းအလှူ၌ နှစ်ခုမြောက်ဖြစ်သော အကျိုးအာနိသင်တည်း။ ဤနှစ်ပါးသော အကျိုးထူးတို့ကို ကောင်းစွာ မြင်တော်မူသော မြတ်စွာဘုရား သည် “နှလုံးမွေ့လျော်ဖွယ်ရှိကုန်သော ကျောင်းတို့ကို ဆောက်လုပ် (လှူဒါန်း)ရာ၏။ ဤကျောင်း၌ များသော အကြားအမြင်ရှိသော ရဟန်းတို့ကို နေစေရာ၏”ဟု ဟောတော်မူအပ်၏။ ထိုကျောင်း၌ မြတ်စွာဘုရားသားတော်သည် ငြိကပ်တပ်မက်မှုကို မပြုသင့်ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏။ ဤသို့လျှင် ဤစကားကို ထိုသို့ ဆိုတော်မူတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

ရှေးဦးစွာသော သန္ထဝပဥှာ ပြီး၏။

--

၂-ဥဒရသံယတပဥှာ

ဝမ်း ‘အစာအိမ်’၌ စောင့်စည်းမှု ပြဿနာ

။ အသျှင်ဘုရားနာဂသေန - “ဆွမ်းခံအကျင့်၌ မမေ့မလျော့ရာ။ ဝမ်း၌ အစားမကြီး စောင့်စည်းသည် ဖြစ်ရာ ၏”ဟု ဤစကားကို မြတ်စွာဘုရား ဟောတော်မူအပ်၏။

တစ်ဖန်လည်း “ဥဒါယီ ငါသည်ကား တစ်ရံတစ်ခါ ဤသပိတ်အနားရေးနှင့် ညီမျှသောဆွမ်းကိုလည်း ဘုဉ်းပေး၏။ ထို့ထက် လွန်စွာလည်း ဘုဉ်းပေး၏”ဟု မြတ်စွာဘုရား ဟောတော်မူပြန်ပါ၏။ အသျှင်ဘုရားနာဂသေန “ဆွမ်းခံအကျင့်၌ မမေ့မလျော့ရာ။ ဝမ်း၌ အစားမကြီး စောင့်စည်းသည် ဖြစ်ရာ၏”ဟု အကယ်၍ မြတ်စွာဘုရား ဟောတော်မူသည် ဖြစ်ပါအံ့။ ထိုသို့ ဖြစ်ပါမူ ဥဒါယီ “ငါသည် ကား တစ်ရံတစ်ခါ ဤသပိတ်အနားရေးနှင့် ညီမျှသော ဆွမ်းကိုလည်း ဘုဉ်းပေး၏။ ထို့ထက် လွန်စွာလည်း ဘုဉ်းပေး၏”ဟူသော ထိုစကားသည် မှားရာ၏။ ဥဒါယီ “ငါသည်ကား တစ်ရံတစ်ခါ ဤသပိတ် အနားရေးနှင့် ညီမျှသော ဆွမ်းကိုလည်း ဘုဉ်းပေး၏။ ထို့ထက် လွန်စွာလည်း ဘုဉ်းပေး၏”ဟု အကယ်၍ မြတ်စွာဘုရား ဟောတော်မူသည် ဖြစ်ပါအံ့။ ထိုသို့ ဖြစ်ပါမူ “ဆွမ်းခံအကျင့်၌ မမေ့မလျော့ရာ။ ဝမ်း၌ အစားမကြီး စောင့်စည်းသည် ဖြစ်ရာ၏”ဟူသော ထိုစကားသည်လည်း မှားရာပါ၏။ အစွန်း နှစ်ဖက်ထွက်သော ဤပြဿနာသည်လည်း အသျှင်ဘုရားထံသို့ အစဉ်ရောက်ပါ၏။ အသျှင်ဘုရားသည် ထိုပြဿနာကို ဖြေရှင်းတော်မူပါလော့ဟု (လျှောက်၏)။

မင်းမြတ် “ဆွမ်းခံအကျင့်၌ မမေ့မလျော့ရာ။ ဝမ်း၌ အစားမကြီး စောင့်စည်းသည် ဖြစ်ရာ၏”ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မူအပ်၏။ ဥဒါယီ “ငါသည်ကား တစ်ရံတစ်ခါ ဤ သပိတ်အနားရေးနှင့် ညီမျှသော ဆွမ်းကိုလည်း ဘုဉ်းပေး၏။ ထို့ထက် လွန်စွာလည်း ဘုဉ်းပေး၏”ဟုလည်း ဟောတော်မူအပ်၏။ မင်းမြတ် “ဆွမ်းခံအကျင့်၌ မမေ့မလျော့ရာ။ ဝမ်း၌ အစားမကြီး စောင့်စည်း သည် ဖြစ်ရာ၏”ဟု အကြင်စကားကို မြတ်စွာဘုရား ဟောတော်မူအပ်၏။ ထိုစကားသည် သဘောမှန် စကားတည်း။ အကြွင်းမရှိသော စကားတည်း။ အကျန်မရှိသော စကားတည်း။ ပရိယာယ်မဟုတ် မုချဖြစ်သော စကားတည်း။ဟုတ်သော စကားတည်း။ မှန်သော စကားတည်း။ မဖောက်မပြန် သဘော မှန်သော စကားတည်း။ မချွတ်ယွင်းသော စကားတည်း။ သီလစသော ဂုဏ်ကို ရှာမှီးသူတို့၏ စကားတည်း။ မုနိငါးပါးတို့ထက် မြတ်သော ဘုရားမြတ်၏ စကားတည်း။ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံသော မြတ်စွာဘုရားတို့၏ စကားတည်း။ ရဟန္တာတို့၏ စကားတည်း။ ပစ္စေကဗုဒ္ဓါတို့၏ စကားတည်း။ မာရ်ငါးပါးကို အောင်တော်မူသော ဘုရားရှင်တို့၏ စကားတည်း။ အလုံးစုံသော တရားကို သိတော်မူသော သဗ္ဗညုမြတ်စွာဘုရားတို့၏ စကားတည်း။ ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူသော၊ ပူဇော် အထူးကို ခံတော်မူထိုက်သော ဘုရားရှင်တို့၏ စကားတော်တည်း။

မင်းမြတ် ဝမ်း၌ မစောင့်မစည်း အစားကြီးသောသူသည် သူ၏ အသက်ကိုလည်းသတ်၏။ သူမပေးသော ဥစ္စာကိုလည်း ခိုးယူ၏။ သူတစ်ပါးသားမယားကိုလည်း လွန်ကျူးသွားလာ၏။ မမှန် ချွတ်ယွင်းသော စကားကိုလည်း ပြောဆို၏။ သေအရက်ကိုလည်း သောက်၏။ အမိကိုလည်း အသက်မှ ချ၏။ အဖကိုလည်း အသက်မှ ချ၏။ ရဟန္တာကိုလည်း အသက်မှ ချ၏။ သံဃာကိုလည်း သင်းခွဲ၏။ ပြစ်မှားသော စိတ်ဖြင့် မြတ်စွာဘုရားအား သွေး (စိမ်းတည်ခြင်း)ကိုလည်း ဖြစ်စေ၏။ မင်းမြတ် ဒေဝဒတ် သည် ဝမ်း၌ မစောင့်စည်းသည် ဖြစ်၍၊ သံဃာကို သင်းခွဲသောကြောင့် တစ်ကမ္ဘာပတ်လုံး တည်ရသော မကောင်းမှုကံကို အားထုတ်သည် မဟုတ်လော။ မင်းမြတ် ဤသို့ သဘောရှိကုန်သော၊ အခြား များစွာ့သော အကြောင်းတို့ကို မြင်တော်မူ၍ “ဆွမ်းခံအကျင့်၌ မမေ့မလျော့ရာ။ ဝမ်း၌ အစားမကြီး စောင့်စည်း သည် ဖြစ်ရာ၏”ဟု မြတ်စွာဘုရား ဟောတော်မူအပ်၏။

--

မင်းမြတ် ဝမ်း၌ စောင့်စည်းသောသူသည် ထိုးထွင်း၍ သိထိုက်သော သစ္စာလေးပါးတရားကို ထိုးထွင်း၍ သိ၏။ လေးပါးကုန်သော မဂ်ဖိုလ်တို့ကို မျက်မှောက်ပြုနိုင်၏။ ပဋိသမ္ဘိဒါလေးပါး၊ သမာပတ် ရှစ်ပါး၊ အဘိညာဉ်ခြောက်ပါးတို့၌ ပွါးထုံသည့်အဖြစ်သို့ ရောက်၏။ အလုံးစုံသော ရဟန်းတရားကိုလည်း ပြည့်စေ၏။ မင်းမြတ် ကျေးသားငယ်သည် ဝမ်း၌ စောင့်စည်းသည် ဖြစ်၍၊ တာဝတိံသာနတ် ပြည်တိုင်အောင် တုန်လှုပ်စေလျက်၊ နတ်တို့အရှင် သိကြားမင်းကို အလုပ်အကျွေးအဖြစ်သို့ ရောက်စေနိုင် သည် မဟုတ်လော။ မင်းမြတ် ဤသို့ သဘောရှိကုန်သော၊ အခြားများစွာသော အကြောင်းတို့ကို မြင်တော်မူ၍ “ဆွမ်းခံအကျင့်၌ မမေ့မလျော့ရာ။ အစားမကြီး ဝမ်း၌ စောင့်စည်းသည် ဖြစ်ရာ၏”ဟု မြတ်စွာဘုရား ဟောတော်မူအပ်၏။

မင်းမြတ် “ဥဒါယီ ငါသည်ကား တစ်ရံတစ်ခါ ဤသပိတ်အနားရေးနှင့်ညီမျှသော ဆွမ်းကိုလည်း ဘုဉ်းပေး၏။ ထို့ထက် လွန်စွာလည်း ဘုဉ်းပေးတော်မူ၏”ဟု အကြင်စကားကို မြတ်စွာဘုရား ဟော တော်မူအပ်၏။ ထိုစကားကို ပြုပြီးသော ကိစ္စရှိတော်မူသော၊ ပြီးပြီးသော ပြုဖွယ်ရှိတော်မူသော၊ အကျိုး ပြီးတော်မူပြီးသော၊ သီတင်းသုံးမှု ပြီးဆုံးတော်မူပြီးသော၊ နီဝရဏ ကင်းတော်မူပြီးသော၊ အလုံးစုံသော တရားကို သိတော်မူပြီးသော၊ ဆရာမရှိ ကိုယ်တိုင်သိတော်မူပြီးသော မြတ်စွာဘုရားသည် မိမိကိုယ်တော်ကို ထောက်နှိုင်း၍ ဟောတော်မူအပ်၏။

မင်းမြတ် ဥပမာသော်ကား ပျို့အန်သော အနာရောဂါ မပြတ်သော၊ အမြဲမပြတ် ရောဂါ စွဲကပ် နေသောသူနာအား သင့်လျော်လျောက်ပတ်သော အစာအာဟာရ၌ ပြုကျင့်ဖွယ်ကို အလိုရှိအပ်၏။ မင်းမြတ် ဤအတူသာလျှင် ကိလေသာရှိသော၊ သစ္စာလေးပါးကို မသိမမြင်သေးသောသူအား ဝမ်း၌ အစားမကြီး စောင့်စည်းခြင်းကို ပြုအပ်၏။ မင်းမြတ် ဥပမာအားဖြင့် အရောင်ရှိသော၊ အမျိုးမှန်သော၊ အမျိုးစစ်၍ စင်ကြယ်သော ပတ္တမြားရတနာကို သုတ်ခြင်း၊ ပွတ်တိုက်ခြင်း၊ စင်ကြယ်စေခြင်းဖြင့် ပြုလုပ်ဖွယ် မရှိ။ မင်းမြတ် ဤအတူသာလျှင် ဘုရားအရာ၌ အထွတ်အထိပ်သို့ ရောက်တော်မူပြီးသော မြတ်စွာဘုရားအား ပြုလုပ်ဖွယ် ပြုသင့်ပြုရာတို့ကို ပြုလုပ်ခြင်းတို့၌ အနှောင့်အယှက် အပိတ်အပင် မဖြစ်ပေဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏။ ဤသို့လျှင် ဤစကားကို ထိုသို့ ဆိုတော်မူတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

နှစ်ခုမြောက် ဥဒရသံယတပဥှာ ပြီး၏။

--

၃-ဗုဒ္ဓအပ္ပါဗာဓပဥှာ

မြတ်စွာဘုရားနှင့် အနာကင်းသူ ပြဿနာ

။ အသျှင်ဘုရားနာဂသေန “ရဟန်းတို့ ငါသည် မကောင်းမှုမှ အပပြုပြီးသော၊ အရိယာ သူတော်ကောင်းတို့၏ တောင်းခြင်း၌ အားထုတ်သော၊ အခါခပ်သိမ်း ဖြန့်ထားသော လက်ရှိသော၊ အဆုံး စွန်သော ကိုယ်ကို ဆောင်သော၊ အတုမရှိမူ၍ ရောဂါကို နုတ်ပယ်နိုင်သော ဆေးဆရာ ဖြစ်၏”ဟု ဤစကားကို မြတ်စွာဘုရား ဟောတော်မူအပ်ပါ၏။ တစ်ဖန်လည်း “ရဟန်းတို့ ငါ၏ တပည့် ‘သာဝက’ ဖြစ်ကုန်သော၊ အနာကင်းကုန်သော ရဟန်းတို့တွင် ဤဗာကုလသည် အမြတ်ဆုံးတည်း”ဟု မြတ်စွာဘုရား ဟောတော်မူပြန်ပါ၏။ မြတ်စွာဘုရား၏ ကိုယ်တော်၌လည်း အကြိမ်များစွာ အနာဖြစ်ခြင်းသည် ထင်ခဲ့ပါ၏။ အသျှင်ဘုရားနာဂသေန မြတ်စွာဘုရားသည် အကယ်၍ အတုမရှိသည် ဖြစ်ပါအံ့။ ထိုသို့ ဖြစ်ပါမူ “ရဟန်းတို့ ငါ၏ တပည့်ဖြစ်ကုန်သော။ပ။ ဤဗာကုလသည် အမြတ်ဆုံးတည်း”ဟူသော ထိုစကားသည် မှားရာပါ၏။ ဗာကုလမထေရ်သည် အနာကင်းသော ရဟန်းတို့တွင် အမြတ်ဆုံး ဖြစ်ပါမူ “ရဟန်းတို့ ငါသည်။ပ။ ရောဂါကို နုတ်ပယ်နိုင်သော ဆေးဆရာ ဖြစ်၏”ဟူသော ထိုစကားသည်လည်း မှားရာပါ၏။ အစွန်းနှစ်ဖက်ထွက်သော ဤပြဿနာသည်လည်း အသျှင်ဘုရားထံသို့ အစဉ်ရောက်ပါ၏။ အသျှင်ဘုရားသည် ထိုပြဿနာကို ဖြေရှင်းတော်မူပါလော့ဟု (လျှောက်၏)။

မင်းမြတ် “ရဟန်းတို့ ငါသည်။ပ။ ရောဂါကို နုတ်ပယ်နိုင်သော ဆေးဆရာ ဖြစ်၏”ဟူသော ဤစကားကို မြတ်စွာဘုရား ဟောတော်မူအပ်၏။ “ရဟန်းတို့ ငါ၏ တပည့် ‘သာဝက’ ဖြစ်ကုန်သော။ပ။ ဤဗာကုလသည် အမြတ်ဆုံးတည်း”ဟုလည်း ဟောတော်မူအပ်၏။ စင်စစ်သော်ကား ထိုစကားကိုလည်း အပပြုအပ်, ပယ်အပ်ကုန်သော တရားတို့၏လည်းကောင်း၊ ရောက်ကြောင်းတရားတို့၏လည်းကောင်း၊ လက်ရောက်ရပြီးသော တရားတို့၏လည်းကောင်း၊ ပရိယတ်တရားတို့၏လည်းကောင်း မိမိ၌ ထင်ရှား ရှိသည်၏ အဖြစ်ကို ရည်ရွယ်ချင့်နှိုင်းတော်မူ၍ ဟောတော်မူအပ်၏။

မင်းမြတ် ရပ်ခြင်း၊ စင်္ကြံသွားခြင်းသာ ရှိကြကုန်သော မြတ်စွာဘုရား၏ တပည့် ‘သာဝက'တို့သည် ရှိကြကုန်၏။ ထိုတပည့် ‘သာဝက'တို့သည် ရပ်ခြင်း၊ စင်္ကြံသွားခြင်းဖြင့် နေ့ညဉ့်ကို လွန်စေကုန်၏။ မင်းမြတ် မြတ်စွာဘုရားသည်ကား ရပ်တော်မူခြင်းဖြင့်လည်းကောင်း၊ စင်္ကြံသွားတော်မူခြင်းဖြင့်လည်းကောင်း၊ ထိုင်တော်မူခြင်းဖြင့်လည်းကောင်း၊ လျောင်းတော်မူခြင်းဖြင့်လည်းကောင်း နေ့ညဉ့်ကို လွန်စေ တော်မူ၏။ မင်းမြတ် အကြင်ရဟန်းတို့သည် ရပ်ခြင်း, စကြ øသွားခြင်းသာ ရှိကုန်၏။ ထိုရဟန်းတို့သည် ထိုဣရိယာပုထ် အစိတ်အပိုင်းဖြင့် လွန်ကဲကုန်၏။

မင်းမြတ် ဧကာသနိက်ဓူတင်ကို ဆောက်တည်ကုန်သော မြတ်စွာဘုရား၏ တပည့် ‘သာဝက'တို့သည် ရှိကုန်၏။ ထိုရဟန်းတို့သည် အသက်ဟူသော အကြောင်းကြောင့်သော်လည်း နှစ်ထပ်သော ဘောဇဉ်ကို မသုံးဆောင်ကုန်။ မင်းမြတ် မြတ်စွာဘုရားသည်ကား နှစ်ထပ်လည်းကောင်း၊ သုံးထပ်တိုင်လည်းကောင်း ဘောဇဉ်ကို ဘုဉ်းပေးသုံးဆောင်တော်မူ၏။ မင်းမြတ် အကြင်ရဟန်းတို့သည် ဧကာသနိက် ဓူတင် ဆောက်တည်ကုန်၏။ ထိုရဟန်းတို့သည် ထိုဓူတင် အစိတ်အပိုင်းဖြင့် လွန်ကဲကုန်၏။ မင်းမြတ် များပြားကုန်သော ထို (ဓုတင်္ဂ) အကြောင်းတို့ကို ထိုထိုရဟန်းတို့၏ ထိုထိုလွန်ကဲသော ဂုဏ်ကို ရည်၍ ဆိုအပ်ကုန်၏။ မင်းမြတ် မြတ်စွာဘုရားသည် သီလအားဖြင့်လည်းကောင်း၊ သမာဓိအားဖြင့်လည်းကောင်း၊ ပညာအားဖြင့်လည်းကောင်း၊ အရဟတ္တဖိုလ်အားဖြင့်လည်းကောင်း၊ အရဟတ္တဖိုလ်ကို ဆင်ခြင်သော ပစ္စေဝေက္ခဏာဉာဏ်အားဖြင့်လည်းကောင်း၊ အားတော်ဆယ်ပါးတို့ဖြင့်လည်းကောင်း၊ ဝေသာရဇ္ဇ ဉာဏ်လေးပါးတို့ဖြင့်လည်းကောင်း၊ တစ်ဆယ့်ရှစ်ပါးသော ဘုရားဂုဏ်ကျေးဇူးတရားတို့ဖြင့်လည်းကောင်း၊ အသာဓာရဏဉာဏ်ခြောက်ပါးတို့ဖြင့်လည်းကောင်း အတုမရှိပေ။ အလုံးစုံသော ဘုရားအရာ၌လည်း အတုမရှိပေ။ ထိုသို့သော အရာကို ရည်ရွယ်၍ “ငါသည်။ပ။ ရောဂါကို နုတ်ပယ်နိုင်သော ဆေးဆရာ ဖြစ်၏”ဟု ဟောတော်မူ၏။

--

မင်းမြတ် ဤလောက၌ လူတို့တွင် တစ်ယောက်သောသူသည် အမျိုးဇာတ်နှင့် ပြည့်စုံ၏။ တစ်ယောက်သောသူသည် ဥစ္စာ ရှိ၏။ တစ်ယောက်သောသူသည် ပညာ ရှိ၏။ တစ်ယောက်သောသူသည် လက်မှုအတတ် ရှိ၏။ တစ်ယောက်သောသူသည် ရဲစွမ်းသတ္တိ ရှိ၏။ တစ်ယောက်သောသူသည် မြော်မြင်တတ်၏။ ထိုအလုံးစုံသောသူတို့ကိုလည်း လွှမ်းမိုးလွန်ကဲ၍ မင်းသည်သာလျှင် ထိုသူတို့ ထက် မြတ်၏။ မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရားသည် အလုံးစုံသော သတ္တဝါတို့ထက် မြတ်၏၊ ကြီး၏၊ ထူး၏။

အသျှင်ဗာကုလသည် အနာကင်း၏။ ထိုသို့ အနာကင်းခြင်းသည် ဆုတောင်း၏ အစွမ်းဖြင့် ဖြစ်၏။ မင်းမြတ် အကြောင်းကား ထိုအသျှင်ဗာကုလမထေရ်သည် အနောမဒဿီမြတ်စွာဘုရားအား လေနာဖြစ်စဉ် အခါ၌လည်းကောင်း၊ ဝိပဿီမြတ်စွာဘုရားနှင့် ခြောက်သန်း, ရှစ်သိန်းသော ရဟန်းတို့အား မြက်ပွင့်နံ့ကြောင့် ရောဂါဖြစ်သော အခါ၌လည်းကောင်း သူကိုယ်တိုင် ရသေ့ဖြစ်၍ (ရသေ့ဘဝဖြင့်) အထူးထူးသော ဆေးတို့ဖြင့် ထိုအနာရောဂါကို ပယ်ဖျောက်ခဲ့သောကြောင့် အနာရောဂါကင်းသည်၏ အဖြစ်သို့ ရောက်၏။ ရဟန်းတို့ “ငါ၏ တပည့် ‘သာဝက’ ဖြစ်ကုန်သော။ပ။ ဤဗာကုလသည် အမြတ်ဆုံးတည်း”ဟုလည်း ဟောတော်မူအပ်၏။

မင်းမြတ် မြတ်စွာဘုရားအား အနာရောဂါ ဖြစ်သော်လည်းကောင်း၊ မဖြစ်သော်လည်းကောင်း၊ ဓူတင်အကျင့်ကိုကျင့်သော်လည်းကောင်း၊ မကျင့်သော်လည်းကောင်း မြတ်စွာဘုရားနှင့်တူသော တစ်ဦ်း တစ်ယောက်သော သတ္တဝါဟူသည် မရှိပေ။ မင်းမြတ် နတ်ထက်နတ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် သံယုတ္တနိကာယ်ဟု မြတ်သော တံဆိပ်အမှတ်ရှိသော ပါဠိတော်၌ - “ရဟန်းတို့ အခြေမရှိသည်လည်း ဖြစ်ကုန်သော၊ အခြေနှစ်ချောင်းရှိသည်လည်း ဖြစ်ကုန်သော၊ အခြေလေးချောင်းရှိသည်လည်း ဖြစ်ကုန်သော၊ အခြေများစွာရှိသည်လည်း ဖြစ်ကုန်သော၊ ရုပ်ရှိသည်လည်း ဖြစ်ကုန်သော၊ နာမ်ရှိသည်လည်း ဖြစ်ကုန်သော၊ သညာရှိသည်လည်း ဖြစ်ကုန်သော၊ သညာမရှိသည်လည်း ဖြစ်ကုန်သော၊ သညာရှိသည်လည်း မဟုတ် သညာ မရှိသည်လည်း မဟုတ်ကုန်သော အကြင်မျှလောက်ကုန်သော သတ္တဝါတို့သည် ရှိကုန်၏။ ထိုသတ္တဝါတို့ထက် ပူဇော်အထူးကို ခံတော်မူထိုက်သော၊ (သစ္စာလေးပါးတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားကို ‘အမြတ်ဆုံး’ဟု ဆိုအပ်၏”ဟု ထိုစကားကိုလည်း ဟောတော်မူအပ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏။ ဤသို့လျှင် ဤစကားကို ထိုသို့ ဆိုတော်မူတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

သုံးခုမြောက် ဗုဒ္ဓအပ္ပါဗာဓပဥှာ ပြီး၏။

--

၄-မဂ္ဂုပ္ပါဒနပဥှာ

မဂ်ကို ဖြစ်စေပုံ ပြဿနာ

။ အသျှင်ဘုရားနာဂသေန “ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (သစ္စာလေးပါး တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် မဖြစ်ပေါ်သေးသော မဂ်လမ်းစဉ်ကို ဖြစ်ပေါ်စေနိုင်၏”ဟု ဤစကားကို မြတ်စွာဘုရား ဟောတော်မူအပ်ပါ၏။ တစ်ဖန်လည်း “ရဟန်းတို့ ရှေး၌ ပွင့်တော်မူကုန်ပြီးသော မြတ်စွာဘုရားတို့ ကြွသွားတော်မူမြဲ ခရီးဟောင်းဖြစ်သော ရှေးမဂ် လမ်းစဉ်ကို ငါဘုရား မြင်ပြီ”ဟု ဟောတော်မူပြန်ပါ၏။ အသျှင်ဘုရားနာဂသေန မြတ်စွာဘုရားသည် မဖြစ်ပေါ်သေးသော မဂ်လမ်းစဉ်ကို အကယ်၍ ဖြစ်ပေါ်စေတော်မူနိုင်သည် ဖြစ်အံ့။ ထိုသို့ ဖြစ်ပါမူ “ရဟန်းတို့ ရှေး၌ ပွင့်တော်မူကုန်ပြီးသော မြတ်စွာဘုရားတို့ ကြွသွားတော်မူမြဲ ခရီးဟောင်းဖြစ်သော ရှေးမဂ်လမ်းစဉ်ကို ငါဘုရား မြင်ပြီ”ဟူသော ထိုစကားသည် မှားရာပါ၏။ မြတ်စွာဘုရားသည် “ရဟန်းတို့ ရှေး၌ ပွင့်တော်မူကုန်ပြီးသော မြတ်စွာဘုရားတို့ ကြွသွားတော်မူမြဲ ခရီးဟောင်းဖြစ်သော ရှေးမဂ်လမ်းစဉ်ကို ငါဘုရား မြင်ပြီ”ဟု အကယ်၍ ဟောတော်မူအပ်သည် ဖြစ်အံ့။ ထိုသို့ ဖြစ်ပါမူ “ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (သစ္စာလေးပါးတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် မဖြစ်ပေါ်သေးသော မဂ်လမ်းစဉ်ကို ဖြစ်ပေါ်စေနိုင်၏”ဟူသော ထိုစကားသည်လည်း မှားရာပါ၏။ အစွန်းနှစ်ဖက်ထွက်သော ဤပြဿနာသည်လည်း အသျှင်ဘုရားထံသို့ အစဉ် ရောက်ပါ၏။ အသျှင်ဘုရားသည် ထိုပြဿနာကို ဖြေရှင်းတော်မူပါလော့ဟု (လျှောက်၏)။

မင်းမြတ် “ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (သစ္စာလေးပါးတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် မဖြစ်ပေါ်သေးသော မဂ်လမ်းစဉ်ကို ဖြစ်ပေါ်စေနိုင်၏”ဟူသော ဤစကားကို မြတ်စွာဘုရား ဟောတော်မူအပ်၏။ “ရဟန်းတို့ ရှေး၌ ပွင့်တော်မူကုန်ပြီးသော မြတ်စွာဘုရားတို့ ကြွသွားတော်မူမြဲ ခရီးဟောင်းဖြစ်သော ရှေးမဂ်လမ်းစဉ်ကို ငါဘုရားမြင်ပြီ”ဟုလည်း ဟောတော်မူအပ်၏။ ထိုစကားနှစ်ရပ်လုံးပင် သဘောဖြောင့်မှန်သော စကားချည်းတည်း၊ မင်းမြတ် ရှေး၌ ပွင့်တော်မူကုန်ပြီးသော မြတ်စွာဘုရားတို့ ပရိနိဗ္ဗာန်စံလွန်တော်မူသဖြင့် ဆုံးမတတ်သော ဆရာမရှိလတ် သော် မဂ်လမ်းစဉ်သည် ကွယ်ပျောက်လေပြီ။ ပျက်စီးလေပြီး၊ ပြတ်စဲလေပြီး၊ တိမ်မြုပ်လေပြီး၊ ပိတ်ကွယ်လေပြီး၊ ဖုံးလွှမ်းလေပြီး၊ အသွားအလာပြတ်လေပြီးသော ထိုမဂ်လမ်းစဉ်ကို ပညာမျက်စိဖြင့် ကောင်းစွာ မြင်တော်မူသော မြတ်စွာဘုရားသည် ရှေး၌ ပွင့်တော်မူကုန်ပြီးသော မြတ်စွာဘုရားတို့ ကြွသွားတော်မူမြဲ လမ်းစဉ်ကို မြင်တော်မူပြီ။ ထိုအကြောင်းကြောင့် “ရဟန်းတို့ ရှေး၌ ပွင့်တော်မူကုန်ပြီးသော မြတ်စွာဘုရားတို့ ကြွသွားတော်မူမြဲ ခရီးဟောင်းဖြစ်သော ရှေးမဂ်လမ်းစဉ်ကို ငါဘုရား မြင်ပြီ”ဟု ဟောတော်မူ၏။

မင်းမြတ် ရှေး၌ ပွင့်တော်မူကုန်ပြီးသော မြတ်စွာဘုရားတို့ ပရိနိဗ္ဗာန်စံလွန်တော်မူသဖြင့် ဆုံးမ တတ်သော ဆရာမရှိလတ်သော် ပျက်စီးလေပြီး၊ ပြတ်စဲလေပြီး၊ တိမ်မြုပ်လေပြီး၊ ပိတ်ကွယ်လေပြီး၊ ဖုံးလွှမ်းလေပြီး၊ အသွားအလာပြတ်လေပြီးသော မဂ်လမ်းစဉ်ကို ယခုအခါ၌ အကြင်အကြောင်းကြောင့် မြတ်စွာဘုရားသည် ကြွသွားခြင်းကို ပြုတော်မူ၏။ ထိုအကြောင်းကြောင့် ရဟန်းတို့ “ပူဇော်အထူးကို ခံတော်မူထိုက်သော (သစ္စာလေးပါးတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ငါဘုရားသည် မဖြစ်ပေါ် သေးသော မဂ်လမ်းစဉ်ကို ဖြစ်ပေါ်စေနိုင်၏”ဟု ဟောတော်မူ၏။

မင်းမြတ် ဤလောက၌ စကြဝတေးမင်း ကွယ်လွန်သဖြင့် ပတ္တမြားရတနာသည် တောင်ထွတ်ကြား၌ ဖုံးလွှမ်းကွယ်ပျောက်နေ၏။ အခြားသော စကြဝတေးမင်း၏ ကောင်းစွာ ကျင့်ခြင်းဖြင့် ဆိုက်ရောက်လာ ပြန်၏။ မင်းမြတ် ထိုပတ္တမြားရတနာသည် နောက်စကြဝတေးမင်းအား အသစ်ဖြစ်ပေါ်လာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မဟုတ်ပါ။ ပြကတေ့ရှိပြီးသားဖြစ်သော ထိုပတ္တမြားရတနာကိုသာ နောက် စကြဝတေးမင်းသည် ဖြစ်စေအပ်ပါ၏။ မင်းမြတ် ဤအတူသာလျှင် ပြကတေ့ရှိပြီး ဖြစ်၍ ရှေး၌ ဘုရားရှင်တို့ လေ့ကျက်အပ်သော အေးမြသော ဆုံးမတတ်သော ဆရာမရှိသောကြောင့် ပျက်စီးလေပြီး၊ ပြတ်စဲလေ ပြီး၊ တိမ်မြုပ်လေပြီး၊ ပိတ်ကွယ်လေပြီး၊ ဖုံးလွှမ်းလေပြီး၊ အသွားအလာပြတ်လေပြီးသော မဂ်လမ်းစဉ်ကို မြတ်စွာဘုရားသည် ပညာမျက်စိဖြင့် ကောင်းစွာ မြင်တော်မူသည် ဖြစ်၍ ဖြစ်စေတော်မူ၏။ ကြွသွားတော်မူခြင်းကို ပြုတော်မူ၏။ ထိုအကြောင်းကြောင့် ရဟန်းတို့ “ပူဇော်အထူးကို ခံတော်မူထိုက်သော (သစ္စာလေးပါးတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် မဖြစ်ပေါ်သေးသော မဂ်လမ်းစဉ်ကို ဖြစ်ပေါ်စေနိုင်၏”ဟု (ဟောတော်မူ၏)။

--

မင်းမြတ် ဥပမာတစ်နည်းသော်ကား ထင်ရှားရှိသည်သာလျှင် ဖြစ်သော သားကို (ယောနိ) မဂ်ဖြင့် မွေးဖွားတတ်သောကြောင့် အမိကို “ဖြစ်စေတတ်သူ”ဟု ဆိုအပ်၏။ မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရားသည် ပျက်စီးလေပြီး၊ ပြတ်စဲလေပြီး၊ တိမ်မြုပ်လေပြီး၊ ပိတ်ကွယ်လေပြီး၊ ဖုံးလွှမ်းလေပြီး၊ အသွားအလာပြတ်လေပြီးသော ထင်ရှားရှိပြီးသာလျှင် ဖြစ်သော မဂ်လမ်းစဉ်ကို ပညာမျက်စိဖြင့် ကောင်းစွာ မြင်တော်မူသည် ဖြစ်၍ ဖြစ်ပေါ်စေနိုင်၏။ ကြွသွားခြင်းကို ပြုတော်မူ၏။ ထိုအကြောင်းကြောင့် “ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (သစ္စာလေးပါးတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် မဖြစ်ပေါ်သေးသော မဂ်လမ်းစဉ်ကို ဖြစ်ပေါ်စေနိုင်၏”ဟု (ဟောတော်မူ၏)။

မင်းမြတ် ဥပမာတစ်နည်းသော်ကား တစ်စုံတစ်ယောက်သော ယောက်ျားသည် ပျောက်သော ပစ္စည်းဘဏ္ဍာ တစ်စုံတစ်ခုကို ပြန်၍ တွေ့မြင်၏။ “ထို့ကြောင့် ထိုယောကျ်ားသည် ထိုပစ္စည်းဘဏ္ဍာကို ဖြစ်စေ၏”ဟု လူအပေါင်းက ခေါ်ဝေါ်၏။ မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရားသည် ပျက်စီးလေပြီး၊ ပြတ်စဲလေပြီး၊ တိမ်မြုပ်လေပြီး၊ ပိတ်ကွယ်လေပြီး၊ ဖုံးလွှမ်းလေပြီး၊ အသွားအလာပြတ်လေပြီးသော ထင်ရှားရှိပြီးသာလျှင် ဖြစ်သော မဂ်လမ်းစဉ်ကို ပညာမျက်စိဖြင့် ကောင်းစွာ မြင်တော်မူသည် ဖြစ်၍ ဖြစ်ပေါ်စေ၏။ ကြွသွားခြင်းကို ပြုတော်မူ၏။ ထိုအကြောင်းကြောင့် “ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (သစ္စာလေးပါးတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် မဖြစ်ပေါ် သေးသော မဂ်လမ်းစဉ်ကို ဖြစ်ပေါ်စေနိုင်၏”ဟု (ဟောတော်မူ၏)။

မင်းမြတ် ဥပမာတစ်နည်းသော်ကား တစ်စုံတစ်ယောက်သော ယောက်ျားသည် တောကို သုတ်သင် ရှင်းလင်း၍ မြေရာကို တီထွင်၏။ ထိုနေရာကို “ထိုယောက်ျား၏ မြေ”ဟု လူအပေါင်းက ခေါ်ဝေါ်၏။ စင်စစ်သော်ကား ဤမြေကို ထိုယောကျ်ားသည် ဖြစ်စေအပ်သည် မဟုတ်။ ထိုမြေကို အကြောင်းပြု၍ မြေရှင်သာ မည်၏။ မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရားသည် ပျက်စီးလေပြီး၊ ပြတ်စဲလေပြီး၊ တိမ်မြုပ်လေပြီး၊ ပိတ်ကွယ်လေပြီး၊ ဖုံးလွှမ်းလေပြီး၊ အသွားအလာပြတ်လေပြီးသော ထင်ရှားရှိပြီး သာလျှင် ဖြစ်သော မဂ်လမ်းစဉ်ကို ပညာမျက်စိဖြင့် ကောင်းစွာ မြင်တော်မူသည် ဖြစ်၍ ဖြစ်ပေါ်စေ၏။ ကြွသွားခြင်းကို ပြုတော်မူ၏။ ထိုအကြောင်းကြောင့် “ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (သစ္စာလေးပါးတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် မဖြစ်ပေါ်သေးသော မဂ်လမ်းစဉ်ကို ဖြစ်ပေါ်စေနိုင်၏”ဟု (ဟောတော်မူ၏)။

အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏။ ဤသို့လျှင် ဤစကားကို ထိုသို့ ဆိုတော်မူတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

လေးခုမြောက် မဂ္ဂုပ္ပါဒနပဥှာ ပြီး၏။

--

၅-ဗုဒ္ဓအဝိဟေဌကပဥှာ

မြတ်စွာဘုရား သတ္တဝါတို့ကို မညှဉ်းဆဲပုံ ပြဿနာ

။ အသျှင်ဘုရားနာဂသေန “ငါသည် ရှေးရှေးဘဝ လူဖြစ်စဉ်က သတ္တဝါတို့အား မညှဉ်းဆဲခြင်း သဘောရှိသည် ဖြစ်ခဲ့ပြီ”ဟု ဤစကားကို မြတ်စွာဘုရား ဟောတော်မူအပ်ပါ၏။ တစ်ဖန်လည်း “လောမသကဿပမည်သော ရသေ့ဖြစ်စဉ်က အရာမက များစွာကုန်သော သတ္တဝါတို့ကို သတ်၍ ဝါဇ ပေယျအမည်ရှိသော ယဇ်ကြီးကို ပူဇော်ခဲ့ပြီ”ဟု ဟောတော်မူပြန်ပါ၏။ အသျှင်ဘုရားနာဂသေန “ငါသည် ရှေးရှေးဘဝ လူဖြစ်စဉ်က သတ္တဝါတို့အား မညှဉ်းဆဲခြင်းသဘောရှိသည် ဖြစ်ခဲ့ပြီ”ဟု အကယ်၍ မြတ်စွာဘုရား ဟောတော်မူအပ်သည် ဖြစ်ပါအံ့။ ထိုသို့ ဖြစ်ပါမူ “လောမသကဿပမည်သော ရသေ့သည် အရာမက များစွာကုန်သော သတ္တဝါတို့ကို သတ်၍ ဝါဇပေယျယဇ်ကြီးကို ပူဇော်အပ်ပြီ”ဟူသော စကား သည် မှားရာပါ၏။ လောမသကဿပရသေ့သည် အရာမက များစွာကုန်သော သတ္တဝါတို့ကို သတ်၍ ဝါဇပေယျအမည်ရှိသော ယဇ်ကြီးကို အကယ်၍ ပူဇော်အပ်သည် ဖြစ်ပါအံ့၊ ထိုသို့ ဖြစ်ပါမူ “ငါသည် ရှေးရှေးဘဝ လူဖြစ်စဉ်က သတ္တဝါတို့အား မညှဉ်းဆဲခြင်း သဘောရှိသည် ဖြစ်ခဲ့၏”ဟူသော ထိုစကား သည်လည်း မှားရာပါ၏။ အစွန်းနှစ်ဖက်ထွက်သော ဤပြဿနာသည်လည်း အသျှင်ဘုရားထံသို့ အစဉ်ရောက်ပါ၏။ အသျှင်ဘုရားသည် ထိုပြဿနာကို ဖြေရှင်းတော်မူပါလော့ဟု (လျှောက်၏)။

မင်းမြတ် “ငါသည် ရှေးရှေးဘဝ လူဖြစ်စဉ်က သတ္တဝါတို့အား မညှဉ်းဆဲခြင်း သဘောရှိသည် ဖြစ်ခဲ့၏”ဟု ဤစကားကို မြတ်စွာဘုရား ဟောတော်မူအပ်၏။ “လောမသကဿပမည်သော ရသေ့သည် အရာမက များစွာကုန်သော သတ္တဝါတို့ကို သတ်၍ ဝါဇပေယျယဇ်ကြီးကို ပူဇော်အပ်ပြီ။ စင်စစ်အားဖြင့် ထိုယဇ်ပူဇော်ခြင်းကိုလည်းရာဂ၏ အစွမ်းကြောင့် မိန်းမောသည် ဖြစ်၍ ပူဇော်အပ်၏။ (သေစေလိုသော) စေတနာရှိသည်ဖြစ်လျက် ပူဇော်အပ်သည်ကား မဟုတ်”ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ဤရှစ်ယောက်သော ပုဂ္ဂိုလ်တို့သည် သူတစ်ပါးအသက်ကို သတ်တတ်ကုန်၏။

အဘယ်ရှစ်ယောက်တို့နည်းဟူမူ - (၁) တပ်မက်သောသူသည် တပ်မက်မှု ‘ရာဂ’ ၏ အစွမ်းဖြင့် သတ္တဝါတို့၏ အသက်ကို သတ်၏။ (၂) အမျက်ထွက်သောသူသည် အမျက် ‘ဒေါသ’ ၏ အစွမ်းဖြင့် သတ္တဝါတို့၏ အသက်ကို သတ်၏။ (၃) တွေဝေမိုက်မဲသောသူသည် တွေဝေမိုက်မဲမှု ‘မောဟ’ ၏ အစွမ်း ဖြင့် သတ္တဝါတို့၏ အသက်ကို သတ်၏။ (၄) မာန်ထောင်တက်ကြွသူသည် မာန၏ အစွမ်းဖြင့် သတ္တဝါတို့၏ အသက်ကို သတ်၏။ (၅) လောဘရမ္မက်ကြီးသူသည် လောဘ၏ အစွမ်းဖြင့် သတ္တဝါတို့၏ အသက်ကို သတ်၏။ (၆) ဆင်းရဲမွဲတေသူသည် အသက်မွေးခြင်းအကျိုးငှါ သတ္တဝါတို့၏ အသက်ကို သတ်၏။ (၇) မိုက်သောသူသည် ရွှင်မြူးလိုသည်၏ အစွမ်းဖြင့် သတ္တဝါတို့၏ အသက်ကိုသတ်၏။ (၈) မင်းသည် ဆုံးမ (နှိမ်နင်း) လိုသည်၏ အစွမ်းဖြင့် သတ္တဝါတို့၏ အသက်ကို သတ်၏။ အသျှင်ဘုရား နာဂသေန ဤရှစ်ယောက်သော ပုဂ္ဂိုလ်တို့သည် သတ္တဝါတို့၏ အသက်ကို သတ်တတ်ကုန်၏။ အသျှင် ဘုရားနာဂသေန ဘုရားလောင်းသည် အသက်သတ်သူတို့၏အလေ့ ပြကတေ့ သဘောအတိုင်းသာ ပြုသည် မဟုတ်ပါလောဟု (လျှောက်၏)။ မင်းမြတ် ဘုရားလောင်းသည် အသက်သတ်သူတို့အလေ့ ပြကတေ့ သဘောအတိုင်းသာ ပြုအပ်သည် မဟုတ်။ မင်းမြတ် ဘုရားလောင်းသည် ပကတိသော အဖြစ်အားဖြင့် ယဇ်ကြီးပူဇော်ခြင်းငှါ အကယ်၍ ညွတ်ခဲ့အံ့။ ဤသို့ ညွတ်ပါမူ - “သမုဒ္ဒရာအရံနှင့်တကွသော သမုဒ္ဒရာတည်းဟူသော နားတောင်းရှိသော မြေကြီးကို ကဲ့ရဲ့ခြင်းနှင့်တကွ ဖြစ်သောကြောင့် ငါ အလိုမရှိပေ။ သေယှအမတ် ဤသို့ ငါအလိုမရှိသော သဘောကို သိမှတ်လော့”ဟူသော ဤဂါထာကို မဆိုရာ။

--

မင်းမြတ် ဘုရားလောင်းသည် ဤသို့ ဆိုလေ့ရှိပါလျက် စန္ဒဝတီမင်းသမီးကို မြင်သည်နှင့် တစ်ပြိုင် နက် မိန်းမောတွေဝေ ဖြစ်ရလေ၏။ ပျံ့လွင့်သော စိတ်ရှိသူ တပ်မက်မောသူ ဖြစ်၍ သညာချွတ်ယွင်းသကဲ့သို့ ဖြစ်ကာ နောက်နောက်ကျုကျု ချောက်ချားတုန်လှုပ်လေ၏။ ပျံ့လွင့်တုန်လှုပ် ရှုပ်ယှက် နောက်ကျုသော ထိုစိတ်ဖြင့် များလှစွာသော သားကောင်အပေါင်းကို သတ်၍ လည်ချောင်းသွေးကို စုပေါင်း ရသော ဝါဇပေယျမည်သော ယဇ်ကြီးကို ပူဇော်လတ်သတည်း။

မင်းမြတ် ဥပမာအားဖြင့် သူရူးသည် ပျံ့လွင့်သော စိတ်ရှိသည် ဖြစ်၍ တောက်လောင်နေသော မီးကိုသော်လည်း နင်း၏။ အမျက်ထွက်သော မြွေကိုသော်လည်း ကိုင်၏။ အမုန်ယစ်သော ဆင်ပြောင် ကြီးသို့သော်လည်း ချဉ်းကပ်၏။ ကမ်းမမြင်ရသော သမုဒ္ဒရာသို့သော်လည်း ပြေးဆင်း၏။ တံစီးတွင်းကိုလည်းကောင်း၊ အညစ်အကြေးစီးဆင်းရာ ညွန်အိုင်ကိုလည်းကောင်း နင်းနယ်၏။ ဆူးစိုက်ထားရာကိုလည်း တက်နင်း၏။ ကမ်းပါးပြတ်၌သော်လည်း ခုန်ချ၏။ မစင်ကိုသော်လည်း စား၏။ အချည်းနှီး အဝတ် မဝတ်ဘဲလည်း လမ်းမ၌ လှည့်လည် သွားလာ၏။ အခြားများပြားသော မပြုအပ်သည်ကိုသော်လည်း ပြု၏။ မင်းမြတ် ဤအတူသာလျှင် ဘုရားလောင်းသည် စန္ဒဝတီမင်းသမီးကို မြင်သည်နှင့် တစ်ပြိုင်နက် မိန်းမောတွေဝေ ဖြစ်ရလေ၏။ ပျံ့လွင့်သော စိတ်ရှိသူ တပ်မက်မောသူ ဖြစ်၍ သညာချွတ်ယွင်းသကဲ့သို့ ဖြစ်ကာ နောက်နောက်ကျုကျု ချောက်ချား တုန်လှုပ်လေ၏။ ပျံ့လွင့် တုန်လှုပ် ရှုပ်ယှက် နောက်ကျုသော ထိုစိတ်ဖြင့် များလှစွာသော သားကောင်အပေါင်းကို သတ်၍ လည်ချောင်းသွေးကို စုပေါင်းရသော ဝါဇပေယျမည်သော ယဇ်ကြီးကို ပူဇော်လတ်သတည်း။

မင်းမြတ် ပျံ့လွင့်သော စိတ်ဖြင့် ပြုအပ်သော မကောင်းမှုသည် မျက်မှောက်ဘဝ၌လည်း ကြီးလေးသော အပြစ် မဖြစ်။ တမလွန်ဘဝ၌ အကျိုးအားဖြင့်လည်း ထို့အတူ ကြီးလေးသော အပြစ်မဖြစ်။ မင်းမြတ် ဤလောက၌ တစ်စုံတစ်ယောက်သောသူရူးသည် အပြစ်သို့ ရောက်ငြားအံ့။ သင်မင်းမြတ်တို့သည် ထိုသူရူးအား အဘယ်ဒဏ်ကို ဆောင်စေသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရာ အရူးအား ဒဏ်ပေးခြင်းသည် အဘယ်မှာ ဖြစ်ပါလတ္တံ့နည်း။ အကျွန်ုပ်တို့သည် ထိုသူရူးကို ပုတ်ခတ်စေ၍ နှင်ထုတ် စေပါကုန်အံ့။ ဤရိုက်နှက် ပုတ်ခတ်ခြင်းသည်သာလျှင် ထိုသူရူးအား ထိုက်သင့်သော အပြစ်ဒဏ်ပါတည်းဟု (လျှောက်၏)။ မင်းမြတ် ဤသို့လျှင် သူရူး၏ လွန်ကျူးသော အပြစ်ကြောင့် ဒဏ်ပေးခြင်းသော်လည်း မဖြစ်။ ထို့ကြောင့် သူရူးသည် တစ်စုံတစ်ခုပြုသော်လည်း အပြစ်မဖြစ် ကုစားကောင်း၏။ မင်းမြတ် ဤအတူသာလျှင် လောမသကဿပအမည်ရှိသော ရသေ့သည် စန္ဒဝတီမင်းသမီးကို မြင်သည်နှင့် တစ်ပြိုင် နက် မိန်းမောတွေဝေ ဖြစ်ရလေ၏။ ပျံ့လွင့်သော စိတ်ရှိသူ တပ်မက်မောသူ ဖြစ်၍ သညာချွတ်ယွင်းသကဲ့သို့ ဖြစ်ကာ နောက်နောက်ကျုကျု ချောက်ချားတုန်လှုပ်လေ၏။ ပျံ့လွင့် တုန်လှုပ် ရှုပ်ယှက် နောက်ကျုသော ထိုစိတ်ဖြင့် များစွာသော သားကောင်အပေါင်းကို သတ်၍ လည်ချောင်းသွေးကို စုပေါင်း ရသော ဝါဇပေယျအမည်ရှိသော ယဇ်ကြီးကို ပူဇော်လေ၏။ အကြင်အခါ၌ကား သဘောမှန်သော (ပကတိ) စိတ်ရှိ၍ တစ်ဖန် သတိရ၏။ ထိုအခါ၌ တစ်ဖန်လျှင် ရဟန်းပြု၍ အဘိညာဉ်ငါးပါးတို့ကို ဖြစ်စေလျက် ဗြဟ္မာ့ဘုံသို့ လားရ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏။ ဤသို့လျှင် ဤစကားကို ထိုသို့ ဆိုတော်မူတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

ငါးခုမြောက် ဗုဒ္ဓအဝိဟေဌကပဥှာ ပြီး၏။

--

၆-ဆဒ္ဒန္ထဇောတိပါလာရဗ္ဘပဥှာ

ဆဒ္ဒန်ဆင်မင်းနှင့် ဇောတိပါလလုလင်တို့၏ အပြုအမူ ပြဿနာ

။ အသျှင်ဘုရားနာဂသေန ဆဒ္ဒန်ဆင်မင်းသည် - “ဤ (လေးနှင့်ပစ်) သူကို သတ်ပေအံ့ဟု ဆွဲထုတ် သုံးသပ်လတ်သော် ပစ္စေကဗုဒ္ဓါ ဘုရားရှင်တို့၏ တံခွန် (အောင်လံ) ဖြစ်သော မုဆိုးဝတ်ထားသော သင်္ကန်းကို မြင်ရ လေ၏။ (မြင်သောကြောင့်) မြားဒဏ်ဒုက္ခဖြင့် တွေ့ကြုံရသော ဆင်မင်းအား ဘုရားရှင်တို့၏ တံခွန် (အောင်လံ) ဖြစ်သော သင်္ကန်းသည်ကား ကောင်းမြတ်သည် ဖြစ်၍ မသတ်အပ်သော သဘောရှိပေ၏ဟု အမှတ်သညာ ထင်စွာ ဖြစ်၏”ဟူသော ဤစကားကို မြတ်စွာဘုရား ဟောတော်မူအပ်၏။

တစ်ဖန်လည်း “ဇောတိပါလလုလင်ဖြစ်စဉ်က ပူဇော်အထူးကို ခံတော်မူထိုက်သော၊ (သစ္စာလေးပါး တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရားကို ဦးပြည်း (ခေါင်းတုံး)ဟူသော ခေါ်ဝေါ်ခြင်း, ရှင်ယောင် (ရဟန်းယုတ်)ဟူသော ခေါ်ဝေါ်ခြင်းဖြင့် ယုတ်မာကုန်သော၊ ကြမ်းတမ်းကုန်သော စကားတို့ဖြင့် ဆဲရေးခဲ့၏။ ရေရွတ်ခဲ့၏”ဟု ဟောတော်မူပြန်ပါ၏။ အသျှင်ဘုရားနာဂသေန ဘုရား လောင်း (ဆဒ္ဒန်ဆင်မင်း) သည် တိရစ္ဆာန်ဖြစ်လျက် ဖန်ရည်စွန်းသော အဝတ် (သင်္ကန်း)ကို အကယ်၍ ပူဇော်သည် ဖြစ်အံ့။ ထိုသို့ ဖြစ်မူ “ဇောတိပါလလုလင်သည် ပူဇော်အထူးကို ခံတော်မူထိုက်သော၊ (သစ္စာလေးပါးတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရားကို ဦးပြည်း (ခေါင်းတုံး)ဟူသော ခေါ်ဝေါ်ခြင်း၊ ရှင်ယောင် (ရဟန်းယုတ်)ဟူသော ခေါ်ဝေါ်ခြင်းဖြင့် ယုတ်မာကုန်သော၊ ကြမ်းတမ်းကုန်သော စကားတို့ဖြင့် ဆဲရေးခဲ့၏။ ရေရွတ်ခဲ့၏”ဟူသော စကားသည် မှားရာပါ၏။ “ဇောတိပါလလုလင်သည် ပူဇော်အထူးကို ခံတော်မူထိုက်သော၊ (သစ္စာလေးပါးတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရားကို ဦးပြည်း (ခေါင်းတုံး)ဟူသော ခေါ်ဝေါ်ခြင်း၊ ရှင်ယောင် (ရဟန်းယုတ်)ဟူသော ခေါ်ဝေါ်ခြင်းဖြင့် ယုတ်မာကုန်သော၊ ကြမ်းတမ်းကုန်သော စကားတို့ဖြင့် အကယ်၍ ဆဲရေးရေရွတ်ခဲ့သည် ဖြစ်အံ့။ ထိုသို့ ဖြစ်ပါမူ “ဆဒ္ဒန်ဆင်မင်းသည် ဖန်ရည်စွန်းသော အဝတ် (သင်္ကန်း) ကို ပူဇော်အပ်၏”ဟူသော ထိုစကားသည်လည်း မှားရာပါ၏။ တိရစ္ဆာန်ဖြစ်သော၊ ရုန့်ရင်း ကြမ်းကြုတ် ခါးစပ်သော ဝေဒနာကို ခံစားရသော ဘုရားလောင်းသည် မုဆိုးဝတ်သော ဖန်ရည်စွန်းသော အဝတ် (သင်္ကန်း) ကို အကယ်၍့ပူဇော်အပ်သည် ဖြစ်အံ့၊ လူဖြစ်၍ဖြစ်သော ဇောတိပါလလုလင်သည် ရင့်ကျက်ပြီးသော ဗောဓိဉာဏ်ဖြင့် ရင့်ကျက်ပြီးဉာဏ်ရှိသူ ဖြစ်ပါလျက် ပူဇော်အထူးကို ခံတော်မူထိုက်သော၊ (သစ္စာလေးပါးတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော၊ အားဆယ်ပါးနှင့် ပြည့်စုံတော်မူသော၊ လောက၏ အကြီးအမှူး ဖြစ်တော်မူသော၊ အလွန်ကျော်စောထင်ရှားသော၊ ပြောင်ပြောင်တောက်သော ကိုယ်တော်ရောင် ရှိတော်မူသော၊ အလွန်မြတ်တော်မူသော မွန်မြတ်သော နှစ်သက်စဖွယ် ကာသိတိုင်းဖြစ် သင်္ကန်းကို ဝတ်ရုံတော်မူသော ကဿပ မြတ်စွာဘုရားကို ဖူးမြင်ရပါလျက် အဘယ့်ကြောင့် မပူဇော်ဘဲ ရှိပါသနည်း။ အစွန်နှစ်ဖက်ထွက်သော ဤပြဿနာသည်လည်း အသျှင်ဘုရားထံသို့ အစဉ်ရောက်ပါ၏။ အသျှင်ဘုရားသည် ထိုပြဿနာကို ဖြေရှင်းတော်မူပါလော့ဟု (လျှောက်၏)။

--

မင်းမြတ် ဆဒ္ဒန်ဆင်မင်းသည် “ဤ (လေးနှင့်ပစ်) သူကို သတ်ပေအံ့ဟု။ပ။ မသတ်အပ်သော သဘောရှိ၏ဟု အမှတ်သညာ ထင်စွာ ဖြစ်၏”ဟူသော ဤစကားတော်ကို မြတ်စွာဘုရား ဟောတော်မူအပ်၏။ ထို့ပြင် ဇောတိပါလလုလင်သည် ပူဇော်အထူးကို ခံတော်မူထိုက်သော၊ (သစ္စာလေးပါးတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရားကို ဦးပြည်း (ခေါင်းတုံး)ဟူသော ခေါ်ဝေါ် ခြင်း၊ ရှင်ယောင် (ရဟန်းယုတ်)ဟူသော ခေါ်ဝေါ်ခြင်းဖြင့် ယုတ်မာကုန်သော၊ ကြမ်းကြုတ်ကုန်သော စကားတို့ဖြင့် ဆဲရေးခဲ့၏။ ရေရွတ်ခဲ့၏။ ထိုဆဲရေး, ရေရွတ်ခြင်းသည်ကား ဇာတ်၏အစွမ်း၊ အမျိုး၏ အစွမ်းဖြင့် ဖြစ်၏။ မင်းမြတ် ဇောတိပါလလုလင်သည် ယုံကြည်မှု ‘သဒ္ဓါ’ မရှိသော မကြည်ညိုသော ပုဏ္ဏားမျိုး၌ ဖြစ်၏၊ ထိုဇောတိပါလလုလင်၏ အမိအဖတို့သည်လည်းကောင်း၊ ညီမ, အစ်မ, အစ်ကိုတို့ သည်လည်းကောင်း၊ ကျွန်မိန်းမ, ကျွန်ယောက်ျား, အစေအပါးအခြံအရံဖြစ်သော လူတို့သည်လည်းကောင်း ဗြဟ္မာလျှင်ကိုးစားရာနတ် ရှိကုန်၏။ ဗြဟ္မာကိုသာ အလေးပြုကုန်၏။ ထိုအမျိုးတို့သည် “ပုဏ္ဏားတို့သည်သာ လွန်မြတ်ကုန်၏။ မွန်မြတ်ကုန်၏”ဟု စွဲယူကုန်၍ ပုဏ္ဏားမှ ကြွင်းသော ရဟန်းတို့ကို ကဲ့ရဲ့ကုန်၏။ စက်ဆုပ်ကုန်၏။ ထိုအမျိုးအစေအပါးတို့၏ ထိုကဲ့ရဲ့စကားကို ကြားရ၍ ဇောတိပါလ လုလင်ကို ဃဋိကာရအိုးထိန်းသည်သည် မြတ်စွာဘုရားကို ဖူးမြင်ခြင်းငှါ ခေါ်အပ်သည်ရှိသော် “ဦးပြည်း (ခေါင်းတုံး) ဖြစ်သော ထိုရဟန်းယုတ်ကို ဖူးမြင်ခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု ပြောဆို၏။

မင်းမြတ် ဥပမာအားဖြင့် အမြိုက်သုဓာဘုတ်သည် အဆိပ်နှင့် ရောယှက်ခြင်းသို့ ရောက်လတ်သော် ခါးသောအရသာ ဖြစ်လာ၏။ ဥပမာတစ်နည်းသော်ကား ရေအေးသည် မီးနှင့် နီးကပ်လတ်သော် ပူ၏။ မင်းမြတ် ဤအတူသာလျှင် ဇောတိပါလလုလင်သည် ကြည်ညိုမှု ‘သဒ္ဓါ’ မရှိသော မကြည်ညိုသော ပုဏ္ဏား မျိုး၌ ဖြစ်၏။ ထိုဇောတိပါလလုလင်သည် ပုဏ္ဏားမျိုး၏ အစွမ်းဖြင့် မိုက်ကန်းသည် ဖြစ်၍ မြတ်စွာဘုရားကို ဆဲရေး ရေရွတ်၏။

မင်းမြတ် ဥပမာအားဖြင့် အရောင်နှင့်တကွဖြစ်သော ပြောင်ပြောင်တောက်သော မီးပုံကြီးသည် ရေသို့ ကပ်ရောက်လတ်သော် အရောင်တန်ခိုး ကင်းငြိမ်းသည် ဖြစ်၏။ အေးမြ၍ မှည့်သော ကြောင်ပန်း သီးနှင့်တူစွာ မည်းနက်၏။ မင်းမြတ် ဤအတူသာလျှင် ဇောတိပါလလုလင်သည် ဘုန်းရှိ၏၊ ယုံကြည်မှု ‘သဒ္ဓါ’ ရှိ၏။ ဉာဏ်ပြန့်ပြောသော အရောင်ရှိ၏။ ယုံကြည်မှု ‘သဒ္ဓါ’ မရှိသော မကြည်ညိုသော ပုဏ္ဏား မျိုး၌ ဖြစ်၏။ ထိုဇောတိပါလလုလင်သည် အမျိုး၏ အစွမ်းဖြင့် မိုက်ကန်းသည် ဖြစ်၍ မြတ်စွာဘုရားကို ဆဲရေး၏၊ ရေရွတ်၏။ ထိုမှ နောက်၌ကား ဆည်းကပ်မိသော် ဘုရားဂုဏ်တော်ကို သိလေ၍ အစေခံကဲ့သို့ ဖြစ်၏။ မြတ်စွာဘုရား သာသနာတော်၌ ရဟန်းပြု၍ အဘိညာဉ်တို့ကိုလည်းကောင်း၊ သမာပတ်တို့ကိုလည်းကောင်း ဖြစ်စေ၍ ဗြဟ္မာ့ပြည်သို့ လားရောက်ရ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏၊ ဤသို့လျှင် ဤစကားကို ထိုသို့ ဆိုတော်မူတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

ခြောက်ခုမြောက် ဆဒ္ဒန္တဇောတိပါလာရဗ္ဘပဥှာ ပြီး၏။

--

၇-ဃဋိကာရပဥှာ

ဃဋိကာရအိုးထိန်းသည် ‘အိမ် ‘ပြဿနာ

။ အသျှင်ဘုရားနာဂသေန “ဃဋိကာရအိုးထိန်းသည်၏ အိမ်တစ်ခုလုံးသည် မိုးသုံးလပတ်လုံး ကောင်းကင်လျှင် အမိုးရှိသည် ဖြစ်၍ တည်၏။ မိုးရေမစွတ်”ဟု ဤစကားကို မြတ်စွာဘုရား ဟောတော်မူအပ်ပါ၏။ တစ်ဖန်လည်း “ကဿပမြတ်စွာဘုရား၏ ကျောင်းတော်သည် မိုးရေစွတ်၏”ဟု ဟောတော်မူ ပြန်ပါ၏။ အသျှင်ဘုရား နာဂသေန ဤမျှလောက် များပြားသော ကုသိုလ်မြစ်ရင်းရှိတော်မူသော မြတ်စွာဘုရား၏ ကျောင်းတော်သည် အဘယ့်ကြောင့် မိုးရေစိုစွတ်ရပါသနည်း။ မြတ်စွာဘုရား၏ ထိုကဲ့သို့သော တန်ခိုးအာနုဘော်မည်သည်ကို အလိုရှိအပ်သည် မဟုတ်ပါလော။ အသျှင်ဘုရားနာဂသေန ဃဋိကာရ အိုးထိန်းသည်၏ အိမ်သည် မိုးရေမစိုစွတ်ဘဲ ကောင်းကင်လျှင် အမိုးရှိသည် အကယ်၍ ဖြစ်ခဲ့ပါအံ့။ ထိုသို့ ဖြစ်ပါမူ “မြတ်စွာဘုရား၏ ကျောင်းတော်သည် မိုးရေစွတ်၏”ဟူသော ထိုစကားသည် မှားရာပါ၏။ မြတ်စွာဘုရား၏ ကျောင်းတော်သည် အကယ်၍ မိုးရေစိုစွတ်သည် ဖြစ်ပါအံ့။ ထိုသို့ ဖြစ်ပါမူ “ဃဋိကာရ အိုးထိန်းသည်၏ အိမ်သည် မိုးရေမစိုစွတ်ဘဲ ကောင်းကင်လျှင် အမိုးရှိ၏”ဟူသော ထိုစကားသည်လည်း မှားရာပါ၏။ အစွန်းနှစ်ဖက်ထွက်သော ဤပြဿနာသည်လည်း အသျှင်ဘုရားထံသို့ အစဉ် ရောက်ပါ၏။ အသျှင်ဘုရားသည် ထိုပြဿနာကို ဖြေရှင်းတော်မူပါလော့ဟု (လျှောက်၏)။

မင်းမြတ် “ဃဋိကာရအိုးထိန်းသည်၏ အိမ်တစ်ခုလုံးသည် မိုးသုံးလပတ်လုံး ကောင်းကင်လျှင် အမိုး ရှိသည် ဖြစ်၍ တည်၏။ မိုးရေမစိုစွတ်”ဟု ဤစကားကို မြတ်စွာဘုရား ဟောတော်မူအပ်၏။ “ကဿပ မြတ်စွာဘုရား၏ ကျောင်းတော်သည် မိုးရေစိုစွတ်၏”ဟူ၍လည်း ဟောတော်မူအပ်၏၊ မင်းမြတ် ဃဋိကာရအိုးထိန်းသည်သည် သီလ ရှိ၏။ ကောင်းသော သဘောရှိ၏။ များပြားသော ကုသိုလ်အရင်း မူလ ရှိ၏။ မျက်မမြင်ဖြစ်ကုန်သော၊ အိုမင်းကုန်သော အမိ အဖတို့ကို လုပ်ကျွေး၏၊ ထိုဃဋိကာရ၏ မျက်ကွယ်၌ မပန်ကြားဘဲသာလျှင် ထိုအိုးထိန်းသည်၏ အိမ်၌ (မိုးထားသော) မြက်သက်ငယ်ကို ဆောင်၍ မြတ်စွာဘုရား၏ ကျောင်းတော်ကို မိုးကုန်၏။ ထိုဃဋိကာရအိုးထိန်းသည်သည် ထိုမြက်သက်ငယ်ကို ဆောင်ခြင်းကြောင့် မတုန်လှုပ် မရွေ့ရှားဘဲ ကောင်းစွာ တည်တံ့သော၊ ပြန့်ပြောသော၊ အတုမရှိသော နှစ်သိမ့်မှု ‘ပီတိ’ ကို ရ၏ “လောက၌ ထွတ်မြတ်တော်မူသော မြတ်စွာဘုရားသည် ငါ့အပေါ်၌ အလွန့်အလွန် အကျွမ်းဝင်သည် ဖြစ်၍ ငါ့အား အရတော်လေစွတကား”ဟု အတုမဲ့ ဝမ်းမြောက်မှုကိုလည်း ဖြစ်စေပြီ။ ထို့ကြောင့် ထိုအိုးထိန်းသည်အား မျက်မှောက်၌ ခံစားရသော (အိမ်မိုးရေမစိုစွတ်ခြင်း) အကျိုးဖြစ်ရ လေ၏။ မင်းမြတ် မြတ်စွာဘုရားသည် ထိုမျှလောက် ကျောင်းတော် မိုးရေစွတ်၍ ဖောက်ပြန်ကာမျှဖြင့် တုန်လှုပ်တော်မမူ။

မင်းမြတ် ဥပမာအားဖြင့် မြင်းမိုရ်တောင်မင်းသည် အသိန်းမက များစွာသော လေတိုက်ခတ် ခြင်းကြောင့် မတုန်လှုပ်၊ မရွေ့ရှား၊ များသော ရေ၏ တည်ရာဖြစ်သော မြတ်သည်ထက်မြတ်သော သမုဒ္ဒရာသည် သန်းပေါင်းများစွာ မဟာဂင်္ဂါမြစ်ပေါင်း အသိန်းတို့ ဖြင့်လည်း မပြည့်နိုင်၊ ဖောက်ပြန် ခြင်းသို့ မရောက်နိုင်။ မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရားသည် ထိုမျှလောက် ကျောင်းတော် မိုးရေ စွတ်၍ ဖောက်ပြန်ကာမျှဖြင့် တုန်လှုပ်တော်မမူ။

--

မင်းမြတ် စင်စစ်သော်ကား မြတ်စွာဘုရား၏ ကျောင်းတော်ကို မိုးရေစွတ်ခြင်းသည် များစွာသော လူအပေါင်းအား အစဉ်စောင့်ရှောက်ခြင်းငှါ ဖြစ်၏၊ မင်းမြတ် အကျိုးထူးနှစ်ပါးတို့ကို ကောင်းစွာ မြင်တော်မူသည် ဖြစ်၍ မြတ်စွာဘုရားတို့သည် ကိုယ်တိုင်ဖန်ဆင်းသော ပစ္စည်းကို မမှီဝဲကုန်။ “ဤမြတ်စွာဘုရားသည် မြတ်သော အလှူကို ခံတော်မူထိုက်၏”ဟု မြတ်စွာဘုရားအား နတ်လူတို့သည် ပစ္စည်းကို ပေးလှူကုန်၍ အလုံးစုံသော မကောင်းသော လားရောက်ရာ ‘ဒုဂ္ဂတိ’ မှ လွတ်ကုန်လတ္တံ့ဟူ၍လည်းကောင်း၊ တန်ခိုးပြာဋိဟာကို ပြ၍ အသက်မွေးခြင်းကို ရှာမှီးကုန်၏ဟု “သူတစ်ပါးတို့ မစွပ်စွဲစေကုန်ရာသတည်း”ဟူ၍လည်းကောင်း ဤအကျိုးနှစ်ပါးတို့ကို ကောင်းစွာ မြင်တော်မူကုန်သော မြတ်စွာဘုရားတို့သည် ကိုယ်တော်တိုင် ဖန်ဆင်းတော်မူသော ပစ္စည်းကို မှီဝဲတော်မမူကုန်။ မင်းမြတ် သိကြားမင်းသည် မူလည်း ထိုကျောင်းတော်ကို မိုးရေမစွတ်အောင် အကယ်၍ ပြုငြားအံ့။ ဗြဟ္မာသည်မူလည်း မိုးရေ မစွတ် အောင် အကယ်၍ ပြုငြားအံ့။ ကိုယ်တော်တိုင်မူလည်း မိုးရေမစွတ်အောင် အကယ်၍ ပြုငြားအံ့။ ထိုသို့ မိုးရေမစွတ်အောင် ပြုခြင်းသည်ပင် ပြောဆိုဖွယ်ရှိသည်၊ အပြစ်ရှိသည်၊ နှိမ်နင်းဖွယ်ရှိသည် ဖြစ်ရာ၏။ အကြောင်းသော်ကား ဤသိကြား၊ ဗြဟ္မာတို့သည် ထင်ရှားစွာပြု၍ လူအပေါင်းကို တွေဝေစေကုန်၏။ အတိုင်းထက် အလွန်ကို ပြုကုန်၏။ ဤသို့သော အကြောင်းကြောင့် ထိုမိုးရေမစွတ်အောင် ပြုခြင်းသည် ပြောဖွယ်ရှိသည် ဖြစ်ရာ၏။ ထို့ကြောင့် ထိုအကြောင်းကို ကြဉ်ရှောင်အပ်၏။ မင်းမြတ် မြတ်စွာဘုရားတို့သည် ပစ္စည်းလေးပါးတည်းဟူသော ဝတ္ထုကို တောင်းတော်မမူကုန်။ ထိုပစ္စည်းလေးပါးတည်းဟူသော ဝတ္ထုကို မတောင်းခြင်းကြောင့် မစွပ်စွဲ၊ မကြံစည်အပ်ကုန်ဟု (ဖြေတော်မူ၏))။

အသျှင်ဘုရားနာဂသေန ကောင်းလှပါပေ၏။ ဤသို့လျှင် ဤစကားကို ထိုသို့ ဆိုတော်မူတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။

ခုနစ်ခုမြောက် ဃဋိကာရပဥှာ ပြီး၏။

၈-ဗြာဟ္မဏရာဇဝါဒပဥှာ

မြတ်စွာဘုရား၏ ဗြာဟ္မဏ, ရာဇဟူသော စကားပြဿနာ

။ အသျှင်ဘုရားနာဂသေန “ရဟန်းတို့ ငါသည် တောင်းစားခြင်းနှင့် ယှဉ်သော ဗြာဟ္မဏဖြစ်၏”ဟု ဤစကားကို မြတ်စွာဘုရား ဟောတော်မူအပ်၏။ တစ်ဖန်လည်း “သေလပုဏ္ဏား ငါသည်ရာဇာ ဖြစ်၏”ဟု ဟောတော်မူပြန်ပါ၏။ အသျှင်ဘုရားနာဂသေန “ရဟန်းတို့ ငါသည် တောင်းစားခြင်းနှင့် ယှဉ်သော ဗြာဟ္မဏ ဖြစ်၏”ဟု အကယ်၍ မြတ်စွာဘုရား ဟောတော်မူသည် ဖြစ်အံ့။ ထိုသို့ ဖြစ်ပါမူ “သေလပုဏ္ဏား ငါသည်ရာဇာဖြစ်၏”ဟူသော စကားသည် မှားရာပါ၏။ “သေလပုဏ္ဏား ငါသည်ရာဇာ ဖြစ်၏”ဟု အကယ်၍ မြတ်စွာဘုရား ဟောတော်မူသည် ဖြစ်အံ့။ ထိုသို့ ဖြစ်ပါမူ “ရဟန်းတို့ ငါသည် တောင်းစားခြင်းနှင့် ယှဉ်သော ဗြာဟ္မဏဖြစ်၏”ဟူသော ထိုစကားသည်လည်း မှားရာပါ၏။ရာဇာမျိုး သော်လည်း ဖြစ်ရာ၏။ ဗြာဟ္မဏမျိုးသော်လည်း ဖြစ်ရာ၏။ တစ်ခုသော ဘဝ၌ နှစ်ပါးသော အမျိုးတို့ မည်သည် မရှိကုန်။ အစွန်းနှစ်ဖက်ထွက်သော ဤပြဿနာသည်လည်း အသျှင်ဘုရားထံသို့ အစဉ်ရောက် ပါ၏။ အသျှင်ဘုရားသည် ထိုပြဿနာကို ဖြေရှင်းတော်မူပါလော့ဟု (လျှောက်၏)။

--

မင်းမြတ် “ရဟန်းတို့ ငါသည် တောင်းစားခြင်းနှင့် ယှဉ်သော ဗြာဟ္မဏ ဖြစ်၏”ဟု ဤစကားကို မြတ်စွာဘုရား ဟောတော်မူအပ်၏။ တစ်ဖန်လည်း “သေလပုဏ္ဏား ငါသည်ရာဇာ ဖြစ်၏”ဟု ဟောတော်မူပြန်၏။ အကြင်အကြောင်းဖြင့် မြတ်စွာဘုရားသည် ဗြာဟ္မဏလည်း ဖြစ်၏။ရာဇာလည်း ဖြစ်၏။ ဗြာဟ္မဏ,ရာဇာနှစ်မျိုး ဖြစ်ရာ၌ အကြောင်းရှိ၏ဟု (မိန့်ဆို၏)။

အသျှင်ဘုရားနာဂသေန အကြင်အကြောင်းဖြင့် မြတ်စွာဘုရားသည် ဗြာဟ္မဏလည်း ဖြစ်၏။ရာဇာလည်း ဖြစ်၏။ ထိုအကြောင်းကား အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းမြတ် မြတ်စွာဘုရားသည် ယုတ်ညံ့ကုန်သော အကုသိုလ်တရားအားလုံးတို့ကို အပပြုအပ်ကုန်ပြီ၊ ပယ်အပ်ကုန်ပြီ၊ ကင်းကုန်ပြီ၊ အထူးသဖြင့် ကင်းကုန်ပြီ၊ ပြတ်ကုန်ပြီ၊ကုန်ခန်းကုန်ပြီ၊ ပျက်ခြင်းသို့ ရောက်ကုန်ပြီ၊ ငြိမ်းကုန်ပြီ၊ အေးမြကုန်ပြီ။ ထို့ကြောင့် မြတ်စွာဘုရားကို “ဗြာဟ္မဏ”ဟူ၍ ဆိုအပ်၏။

ဗြာဟ္မဏမည်သည်ကား ယုံမှားမှု၊ မဆုံးဖြတ်နိုင်မှု၊ နှလုံးနှစ်ခွဖြစ်မှုကို လွန်မြောက်၏။ မင်းမြတ် မြတ်စွာဘုရားသည်လည်း ယုံမှားမှုကို၊ မဆုံးဖြတ်နိုင်မှုကို၊ နှလုံးနှစ်ခွဖြစ်မှုကို လွန်မြောက်တော်မူ၏။ ထိုအကြောင်းကြောင့်လည်း မြတ်စွာဘုရားကို “ဗြာဟ္မဏ”ဟူ၍ ဆိုအပ်၏။

ဗြာဟ္မဏမည်သည်ကား အလုံးစုံသော ဘဝကိုးပါး၊ ဂတိငါးပါး၊ ယောနိလေးပါးမှ လွတ်မြောက်၏။ (ကိလေသာ) မြူအညစ်အကြေးသို့ ရောက်ခြင်းမှ လွတ်မြောက်၏၊ အဖော်မရှိ။ မင်းမြတ် မြတ်စွာဘုရား သည်လည်း အလုံးစုံသော ဘဝကိုးပါး၊ ဂတိငါးပါး၊ ယောနိလေးပါးမှ လွတ်မြောက်တော်မူ၏။ ကိလေသာ မြူအညစ်အကြေးသို့ ရောက်ခြင်းမှ လွတ်မြောက်တော်မူ၏၊ အဖော် ရှိတော်မမူ။ ထိုအကြောင်းကြောင့် မြတ်စွာဘုရားကို “ဗြာဟ္မဏ”ဟူ၍ ဆိုအပ်၏။

ဗြာဟ္မဏမည်သည်ကား အလွန့်အလွန် မြင့်မြတ်သော နတ်တို့၏ နေခြင်းမျိုး ‘ဒိဗ္ဗဝိဟာရ’ ဖြင့် အနေများ၏၊ မင်းမြတ် မြတ်စွာဘုရားသည်လည်း အလွန့်အလွန် မြင့်မြတ်သောနတ်တို့၏ နေခြင်းမျိုး ‘ဒိဗ္ဗဝိဟာရ’ ဖြင့် အနေများ၏၊ ထိုအကြောင်းကြောင့်လည်း မြတ်စွာဘုရားကို “ဗြာဟ္မဏ”ဟူ၍ ဆိုအပ်၏။

ဗြာဟ္မဏမည်သည်ကား ဗေဒင်ရွတ်ခြင်း၊ ရွတ်ဆိုစေခြင်း၊ အလှူခံခြင်း၊ ဣန္ဒြေကို ဆုံးမခြင်း၊ စောင့်စည်းခြင်း၊ မြဲသော အကျင့်ရှိခြင်း၊ ရှေးအဆုံးအမ အစဉ်အနွယ်ကို ဆောင်ခြင်း ရှိ၏။ မင်းမြတ် မြတ်စွာဘုရားသည်လည်း တရားဟောခြင်း၊ ဟောစေခြင်း၊ အလှူခံခြင်း၊ ဣန္ဒြေကို ဆုံးမခြင်း၊ စောင့်စည်းခြင်း၊ မြဲသော အကျင့်ရှိခြင်း၊ ရှေးဘုရားတို့၏ အလေ့အကျင့်ဖြစ်သော အဆုံးအမ အစဉ် အနွယ်ကို ဆောင်ခြင်း ရှိတော်မူ၏။ ထိုအကြောင်းကြောင့်လည်း မြတ်စွာဘုရားကို “ဗြာဟ္မဏ”ဟူ၍ ဆိုအပ်၏။

ဗြာဟ္မဏမည်သည်ကား ကြီးပွါးသော၊ ချမ်းသာစွာ နေခြင်းဟူသော ဈာန်ကို ရှုဆင်ခြင်လေ့ရှိ၏။ မင်းမြတ် မြတ်စွာဘုရားသည်လည်း ကြီးပွါးသော၊ ချမ်းသာစွာ နေခြင်းဟူသော ဈာန်ကို ရှုလေ့ရှိ တော်မူ၏။ ထိုအကြောင်းကြောင့်လည်း မြတ်စွာဘုရားကို “ဗြာဟ္မဏ”ဟူ၍ ဆိုအပ်၏။

ဗြာဟ္မဏမည်သည်ကား အလုံးစုံသော ဘဝကြီးငယ် လားရောက်ရာ ‘ဂတိ'တို့၌ ဘဝဇာတ်၌ ဖြစ်သော၊ အစဉ်ဖြစ်သော စရိုက်အလေ့အကျင့်ကို သိတတ်၏။ မင်းမြတ် မြတ်စွာဘုရားသည်လည်း အလုံးစုံသော ဘဝကြီးငယ် လားရောက်ရာ ‘ဂတိ'တို့၌ ဘဝဇာတ်၌ ဖြစ်သော၊ အစဉ်ဖြစ်သော စရိုက် အလေ့အကျင့်ကို သိတော်မူ၏။ ထိုအကြောင်းကြောင့်လည်း မြတ်စွာဘုရားကို “ဗြာဟ္မဏ”ဟူ၍ ဆိုအပ်၏။

--

မင်းမြတ် မြတ်စွာဘုရား၏ “ဗြာဟ္မဏ”ဟူသော ဤအမည်တော်ကို မယ်တော်က မှည့်ခေါ်အပ်သည် မဟုတ်။ ခမည်းတော်က မှည့်ခေါ်အပ်သည် မဟုတ်။ ညီတော်က မှည့်ခေါ်အပ်သည် မဟုတ်။ နှမတော်၊ အစ်မတော်က မှည့်ခေါ်အပ်သည် မဟုတ်။ အဆွေခင်ပွန်းချစ်ကျွမ်းဝင်သူတို့က မှည့်ခေါ်အပ်သည် မဟုတ်။ ဆွေတော်မျိုးတော်တို့က မှည့်ခေါ်အပ်သည် မဟုတ်။ သမဏ၊ ဗြာဟ္မဏတို့က မှည့်ခေါ်အပ်သည် မဟုတ်။ နတ်တို့က မှည့်ခေါ်အပ်သည် မဟုတ်။ “ဗြာဟ္မဏ”ဟူသော အကြင်အမည်တော်သည် ရှိ၏။ ထိုအမည်တော်သည် ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူကုန်သော မြတ်စွာဘုရားတို့၏ အရဟတ္တမဂ်၏ အဆုံး၌ တည်သော၊ ဗောဓိပင်ရင်း၌သာလျှင် မာရ်စစ်သည်ကို ဖျက်ဆီး၍၊ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဖြစ်ကုန်သော၊ ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့ကို အပပြုပြီးလျှင်၊ သဗ္ဗညုတဉာဏ်ကို ရတော်မူသည်နှင့် တစ်ပြိုင်နက် ရအပ်ကာမျှ၊ ထင်ရှားစွာ ဖြစ်ကာမျှ၌ မျက်မှောက်ပြုအပ်သော အမည် ပညတ်တော်တည်း။ ထိုအကြောင်းကြောင့်လည်း မြတ်စွာဘုရားကို “ဗြာဟ္မဏ”ဟူ၍ ဆိုအပ်၏။

အသျှင်ဘုရားနာဂသေန အဘယ်အကြောင်းကြောင့် မြတ်စွာဘုရားကို “ရာဇာ”ဟူ၍ ဆိုအပ်ပါ သနည်း။ မင်းမြတ်ရာဇာမည်သည်ကား အမှတ်မရှိ (တစ်ဦးတစ်ယောက်)သောသူသည် မင်းပြု၏။ (ထိုမင်းသည်) လူအပေါင်းကို ဆုံးမ၏။ မင်းမြတ် မြတ်စွာဘုရားသည်လည်း တစ်သောင်းသော လောက ဓာတ်၌ တရားဖြင့် မင်းပြု၏။ နတ်၊ မာရ်နတ်၊ ဗြဟ္မာနှင့်တကွသော နတ်လောက၊ သမဏ၊ ဗြာဟ္မဏ၊ မင်းများ၊ လူများနှင့်တကွသော သတ္တလောကကို ဆုံးမတော်မူ၏။ ထိုအကြောင်းကြောင့်လည်း မြတ်စွာဘုရားကို “ရာဇာ”ဟူ၍ ဆိုအပ်၏။

မင်းမြတ်ရာဇာမည်သည်ကား အလုံးစုံသော လူသူအပေါင်းတို့ကို လွှမ်းမိုး၍၊ ဆွေမျိုးအပေါင်းကို နှစ်သက်စေလျက်၊ ရန်သူအပေါင်းကို စိုးရိမ်စေလျက်၊ ကြီးကျယ်များပြားစွာသော အခြံအရံ၊ အသရေကို ဆောင်နိုင်သော၊ မြဲမြံခိုင်ခံ့သော အနှစ်အရိုးရှိသော၊ တစ်ရာအောက် မယုတ်သော ခရိုင်အချက်တို့ဖြင့် တန်ဆာဆင်အပ်သော၊ ဖြူဖြူစင်စင် ညစ်ကြေးမတင်သော ထီးဖြူတော်ကို စိုက်ထူ၏။ မင်းမြတ် မြတ်စွာဘုရားသည်လည်း မှားယွင်းသော အကျင့်ရှိသော မာရ်စစ်သည်ကို စိုးရိမ်စေလျက်၊ ကောင်းသော အကျင့် ရှိကုန်သော နတ်လူတို့ကို နှစ်သက်စေလျက်၊ တစ်သောင်းသော လောကဓာတ်၌ ကြီးကျယ် များပြားစွာသော အခြံအရံ၊ အသရေကို ဆောင်တော်မူနိုင်သော၊ သည်းခံခြင်းတည်းဟူသော မြဲမြံခိုင်ခံ့သော အနှစ် အရိုးရှိသော၊ ဉာဏ်တော်မြတ်တည်းဟူသော အရာမကသော ခရိုင်အချက်တို့ဖြင့် တန်ဆာဆင်အပ်သော၊ အလွန့်အလွန် မြတ်သော၊ အရဟတ္တဖိုလ်တည်းဟူသော ညစ်ကြေးမတင် ဖြူစင်သော ထီးဖြူတော်ကို စိုက်ထူတော်မူ၏။ ထိုအကြောင်းကြောင့်လည်း မြတ်စွာဘုရားကို “ရာဇာ”ဟူ၍ ဆိုအပ်၏။

ရာဇာမည်သည်ကား များစွာကုန်သော၊ ဆည်းကပ်, ရောက်လာကုန်သော လူတို့သည် ရှိခိုးထိုက်၏။ မင်းမြတ် မြတ်စွာဘုရားသည်လည်း များစွာကုန်သော၊ ဆည်းကပ်, ရောက်လာကုန်သော နတ်လူတို့သည် အလွန်ရိုကျိုး, ရှိခိုးထိုက်၏။ ထိုအကြောင်းကြောင့်လည်း မြတ်စွာဘုရားကို “ရာဇာ”ဟူ၍ ဆိုအပ်၏။

ရာဇာမည်သည်ကား နှစ်သက်, ကျေနပ်စေတတ်သူ တစ်စုံတစ်ယောက်အား ကြည်ရွှင်စေ၍၊ တောင့်တလိုလားသော ဆုကို ပေးလျက်၊ လိုအင်ဆန္ဒဖြင့် ရောင့်ရဲစေ၏။ မင်းမြတ် မြတ်စွာဘုရားသည်လည်း ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း နှစ်သက်, ကျေနပ်စေ တတ်သူ တစ်စုံတစ်ယောက်အား ကြည်ရွှင်စေ၍၊ တောင့်တလိုလားသော၊ အတုမရှိသော၊ အလုံးစုံသော ဝဋ်ဆင်းရဲမှ လွတ်ရာ အရဟတ္တဖိုလ်ဆုကို ပေးတော်မူလျက်၊ အကြွင်းမဲ့ အလိုရှိအပ်သော ဆုဖြင့်လည်း တင်းတိမ်ရောင့်ရဲစေ၏။ ထိုအကြောင်းကြောင့်လည်း မြတ်စွာဘုရားကို “ရာဇာ”ဟူ၍ ဆိုအပ်၏။

ရာဇာမည်သည်ကား အာဏာကို လွန်ကျူးသောသူကို ရှုတ်ချ၏၊ ပူလောင်စေ၏၊ ဖျက်ဆီး၏။ မင်းမြတ် မြတ်စွာဘုရား၏ သာသနာတော်မြတ်၌လည်း အာဏာဒေသနာကို လွန်ကျူးသော အလဇ္ဇီ ပုဂ္ဂိုလ်ကို မျက်နှာမလှ အရှက်ရစေသော အဖြစ်ဖြင့် ဖိနှိပ်တော်မူ၊ ရှုတ်ချတော်မူ၊ ကဲ့ရဲတော်မူလျက် နှိပ်စက်၍ မြတ်စွာဘုရား၏ သာသနာတော်မြတ်မှ ကြဉ်ထုတ်တော်မူ၏။ ထိုအကြောင်းကြောင့်လည်း မြတ်စွာဘုရားကို “ရာဇာ”ဟူ၍ ဆိုအပ် ၏။

--

ရာဇာမည်သည်ကား ရှေး၌ ဖြစ်ကုန်သော၊ တရားစောင့်ကုန်သော မင်းတို့၏ အစဉ်အဆက်ကို ဆုံးမသဖြင့် တရားသည်၊ မတရားသည်ကို လျော်စွာ ညွှန်ပြ၍၊ တရားဖြင့် မင်းပြုလျက် လူသူ အပေါင်းတို့ ချစ်ခင်အပ်သူ၊ မြတ်နိုးအပ်သူ၊ တောင့်တအပ်သူ ဖြစ်လျက်၊ မင်းမျိုးအစဉ်အဆက်ကို တရားဂုဏ်အစွမ်းဖြင့် ကြာမြင့်စွာ တည်စေ၏။ မင်းမြတ် မြတ်စွာဘုရားသည်လည်း ရှေး၌ ဖြစ်ကုန်သော မြတ်စွာဘုရားတို့၏ အစဉ်အဆက်ကို ဆုံးမသဖြင့် တရားသည်၊ မတရားသည်ကို လျော်စွာ ညွှန်ပြ တော်မူ၍၊ တရားဖြင့် လောကကို ဆုံးမတော်မူလျက် နတ်လူတို့ ချစ်ခင်အပ်သူ၊ မြတ်နိုးအပ်သူ၊ တောင့်တ အပ်သူ ဖြစ်၍ သာသနာတော်ကို တရားဂုဏ်တော် အစွမ်းဖြင့် ကြာမြင့်စွာ တည်စေ၏။ ထိုအကြောင်း ကြောင့်လည်း မြတ်စွာဘုရားကို “ရာဇာ”ဟူ၍ ဆိုအပ်၏။

မင်းမြတ် အကြင်အကြောင်းဖြင့် မြတ်စွာဘုရားသည် ဗြာဟ္မဏမည်သည်လည်း ဖြစ်ရာ၏။ရာဇာ မည်သည်လည်း ဖြစ်ရာ၏။ ဤသို့ အကြောင်းသည် များပြား၏။ အလွန်ပညာရှိသော ရဟန်းသည့်တစ်ကမ္ဘာပတ်လုံးလည်း မပြည့်စုံစေနိုင်ရာ။ အလွန်များစွာ ပြောဆိုခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း။ အကျဉ်းမျှကို လက်ခံအပ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏။ ဤသို့လျှင် ဤစကားကို ထိုသို့ ဆိုတော်မူတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။

ရှစ်ခုမြောက် ဗြာဟ္မဏရာဇဝါဒပဥှာ ပြီး၏။

၉-ဂါထာဘိဂီတဘောဇနကထာပဥှာ

ဂါထာတို့ကို သီဆို၍ ရအပ်သော ဘောဇဉ်ကို မသုံးဆောင်ဟူသော စကားဆိုင်ရာ ပြဿနာ

။ အသျှင်ဘုရားနာဂသေန- “ပုဏ္ဏား ငါ့အား ဂါထာတို့ကို သီဆို၍ ရအပ်သော ဘောဇဉ်ကို စားခြင်းငှါ မထိုက်။ ဤဘောဇဉ်ကို စားခြင်းသဘောသည် (စင်ကြယ်ခြင်းကို) ကောင်းစွာ ရှုမြင်ကုန်သော ဘုရားရှင်တို့၏ သဘောမဟုတ်။ မြတ်စွာဘုရားတို့သည် ဂါထာ သီဆို၍ ရအပ်သော ဘောဇဉ်ကို ပယ်တော်မူကုန်၏။ ပုဏ္ဏား (အသက်မွေးမှု စင်ကြယ်ခြင်း)သဘောရှိလတ်သော် ဤတရားသဖြင့် ရှာမှီးခြင်းသည် ဘုရားရှင်တို့၏ အသက်မွေးခြင်းတည်း”ဟု ဤစကားကို မြတ်စွာဘုရား ဟောတော်မူအပ်ပါ၏။

တစ်ဖန်လည်း မြတ်စွာဘုရားသည် ပရိသတ်အား တရားဟောပြောတော်မူသည်ရှိသော် အစဉ် အတိုင်း စကားတော်ဖြစ်သော ရှေးဦးစွာ ပေးလှူခြင်းနှင့် စပ်သော စကား ‘ဒါနကထာ’ ကို ဟောတော်မူ၏။ နောက်မှ စောင့်ထိန်းခြင်းနှင့် စပ်သော စကား ‘သီလကထာ’ ကို ဟောတော်မူ၏။ လောက အားလုံးကို အစိုးရတော်မူသော ထိုမြတ်စွာဘုရား၏ ဟောတော်မူသော တရားတော်ကို ကြားနာရ၍၊ နတ်လူတို့သည် ပြုပြင်စီမံလျက် အလှူကို ပေးလှူကုန်၏။ ထိုမြတ်စွာဘုရား၏ တိုက်တွန်းအပ်သော ထိုအလှူကို တပည့် ‘သာဝက'တို့သည် သုံးဆောင်ကုန်၏။ အသျှင်ဘုရားနာဂသေန “ပုဏ္ဏား ငါ့အား ဂါထာတို့ကို သီဆို၍ ရအပ်သော ဘောဇဉ်ကို စားခြင်းငှါ မထိုက်”ဟု အကယ်၍ မြတ်စွာဘုရား ဟောတော်မူအပ်သည် ဖြစ်ပါအံ့။ ထိုသို့ဖြစ်ပါမူ “ဒါနကထာကို ရှေးဦးစွာ မြတ်စွာဘုရား ဟောတော်မူ၏”ဟူသော ထိုစကားသည် မှားရာပါ၏။ အကယ်၍ ဒါနကထာကို ရှေးဦးစွာ ဟောတော်မူသည် ဖြစ်ပါအံ့။ ထိုသို့ ဖြစ်ပါမူ “ပုဏ္ဏား ငါ့အား ဂါထာတို့ကို သီဆို၍ ရအပ်သော ဘောဇဉ်တို့ကို စားခြင်းငှါ မထိုက်”ဟူသော ထိုစကားသည်လည်း မှားရာပါ၏။ အကြောင်းအဘယ်နည်းဟူမူ- အသျှင်ဘုရား အကြင် အလှူခံပုဂ္ဂိုလ်သည် လူတို့အား ဆွမ်းဒါန၏အကျိုးကို ဟော၏။ ထိုပုဂ္ဂိုလ်၏ တရားစကားကို ကြားနာရ၍ ကြည်ညိုသော စိတ်ရှိကုန်သော ထိုနတ်လူတို့သည် အဆက်ဆက် အလှူဒါနကို ပေးလှူကြကုန်၏။ အကြင် ပုဂ္ဂိုလ်တို့သည် ထိုဒါနကို သုံးဆောင်ကုန်၏။ ထိုအလုံးစုံသော ပုဂ္ဂိုလ်တို့သည် ဂါထာတို့ကို သီဆို၍ ရအပ်သော ဘောဇဉ်ကို သုံးဆောင်ပါကုန်၏။ အစွန်းနှစ်ဖက်ထွက်သော ဤပြဿနာသည်လည်း သိမ်မွေ့ ပါ၏၊ နက်နဲပါ၏။ အသျှင်ဘုရားထံသို့ အစဉ်ရောက်ပါ၏။ အသျှင်ဘုရားသည် ထိုပြဿနာကို ဖြေရှင်း တော်မူပါလော့ဟု (လျှောက်၏)။

--

မင်းမြတ် “ငါ့အား ဂါထာတို့ကို သီဆို၍ ရအပ်သော ဘောဇဉ်ကို စားခြင်းငှါ မထိုက်။ ဤဘောဇဉ်ကို စားခြင်းသဘောသည် စင်ကြယ်ခြင်းကို ကောင်းစွာ ရှုမြင်ကုန်သော ဘုရားရှင်တို့၏ သဘောမဟုတ်။ မြတ်စွာဘုရားတို့သည် ဂါထာတို့ကို သီဆို၍ ရအပ်သော ဘောဇဉ်ကို ပယ်တော်မူကုန်၏။ ပုဏ္ဏား (အသက်မွေးမှု စင်ကြယ်ခြင်း) သဘောရှိလတ်သော် ဤတရားသဖြင့် ရှာမှီးခြင်းသည် ဘုရားရှင်တို့၏ အသက်မွေးခြင်းတည်း”ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မူအပ်ပါပေ၏။ မြတ်စွာဘုရားသည် “ဒါနကထာကို ရှေးဦးစွာ ဟောလည်း ဟောတော်မူအပ်ပေ၏။ ယင်းသို့ ဟောတော်မူခြင်းသည်ကား အလုံးစုံကုန်သော မြတ်စွာဘုရားတို့၏ အပြုအမူပေတည်း။ ရှေးဦးစွာ့ပေးလှူခြင်းနှင့် စပ်သော စကား ‘ဒါနကထာ'ဖြင့် ထိုဒါနကထာ၌ စိတ်ကို မွေ့လျော်စေ၍၊ နောက်မှ စောင့်ထိန်းမှု ‘သီလ’၌ ယှဉ်စေတော်မူကုန်၏။ မင်းမြတ် ဥပမာသော်ကား လူတို့သည် ကလေးသူငယ်တို့အား ရှေးဦးစွာ ကစားဖွယ် အရာဝတ္ထုတို့ကို ပေးကုန်၏။ ဤကစားဖွယ်တို့သည် အဘယ်နည်း။ ထွန်ငယ်၊ ကျည်းသားတုတ်၊ စကြာ၊ ခြင်ခွက်ငယ်၊ ရထားငယ်၊ လေးငယ်ကို (ပေးကုန်၏)။ နောက်မှ ထိုသူငယ်တို့ကို မိမိ,မိမိတို့၏ အမှု၌ ယှဉ်စေကုန်၏။ မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရားသည် ရှေးဦးစွာ ပေးလှူခြင်းနှင့် စပ်သော ‘ဒါနကထာ'ဖြင့် စိတ်ကို မွေ့လျော်စေ၍၊ နောက်မှ စောင့်ထိန်းမှု ‘သီလ’၌ ယှဉ်စေတော်မူ၏။

မင်းမြတ် ဥပမာတစ်နည်းသော်ကား ဆေးဆရာမည်သည် သူနာတို့အား ရှေးဦးစွာ အားရှိအောင် ပြုခြင်းငှါ၊ ပျော့ပျောင်းစေခြင်းငှါ လေးငါးရက်ပတ်လုံး ဆီကို သောက်စေ၏။ နောက်မှ ဝမ်းလျှောစေ၏။ မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရားသည် ရှေးဦးစွာ ပေးလှူခြင်းနှင့် စပ်သော ‘ဒါနကထာ'ဖြင့် စိတ်ကို မွေ့လျော်စေ၍၊ နောက်မှ စောင့်ထိန်းမူ ‘သီလ’၌ ယှဉ်စေတော်မူ၏။ မင်းမြတ် အလှူပေးကုန်သော အလှူရှင်တို့၏ စိတ်သည် နူးညံ့၏၊ ပျော့ပျောင်း၏၊ ပြေပြစ်၏။ ထိုအလှူပေးသူတို့သည် ထိုဒါနတည်းဟူသော တံတား၊ ဒါနတည်းဟူသော လှေဖြင့် သံသရာတည်းဟူသော သမုဒ္ဒရာကမ်းတစ်ဖက် နိဗ္ဗာန်သို့ အစဉ်သွားရကုန်၏။ ထို့ကြောင့် ထိုသူတို့အား ရှေးဦးစွာ ဘာဝနာကံ၏ ဖြစ်မြောက်ရာ ဖြစ်သော ဒါနဖြင့် ဆုံးမတော်မူ၏။ တစ်စုံတစ်ခုသော အကြောင်းအားဖြင့် ဝိညတ်သို့ မရောက်ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန “ဝိညတ်”ဟူ၍ အကြင်စကားကို ဆို၏။ ထိုဝိညတ်တို့သည် အဘယ်မျှတို့ ဖြစ်ပါကုန်သနည်း။ မင်းမြတ် ဝိညတ်တို့သည် ကာယဝိညတ်၊ ဝစီဝိညတ် ဤနှစ်ပါးတို့တည်း။ ထိုနှစ်ပါးတို့တွင် အပြစ်ရှိသော ကာယဝိညတ်သည် ရှိ၏။ အပြစ်မရှိသော ကာယဝိညတ်သည် ရှိ၏။ အပြစ်ရှိသော ဝစီဝိညတ်သည် ရှိ၏။ အပြစ်မရှိသော ဝစီဝိညတ်သည် ရှိ၏။

အပြစ်ရှိသော ကာယဝိညတ်သည် အဘယ်နည်းဟူမူ- ဤသာသနာတော်၌ အချို့သော ရဟန်းသည် ဒါယကာတို့သို့ ကပ်၍ မရပ်သင့်ရာ၌ ရပ်လျက် ရပ်ခြင်းနှင့် စပ်သော သိက္ခာပုဒ်ကို ချိုးဖျက်၏။ ဤသည်ကား အပြစ်ရှိသော ကာယဝိညတ်တည်း။ ထိုအပြစ်ရှိသော ကာယဝိညတ်ဖြင့်လည်း သိစေအပ်, ဖြစ်စေအပ်သော ပစ္စည်းကို အရိယာပုဂ္ဂိုလ်တို့သည် မသုံးဆောင်ကုန်။ ထိုပုဂ္ဂိုလ်ကိုလည်း အရိယာတို့၏ အယူ၌ မထီမဲ့မြင် ပြုအပ်၏၊ ကဲ့ရဲ့အပ်၏၊ ရှုတ်ချအပ်၏၊ အပြစ်ဆိုအပ်၏၊ နှိပ်စက်အပ်၏၊ အရိုအသေ မပြုအပ်။ “အသက်မွေးမှု ပျက်စီးသူ”ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။

--

မင်းမြတ် နောက်တစ်မျိုးကား ဤသာသနာတော်၌ အချို့သော ရဟန်းသည် ဒါယကာတို့သို့ ကပ်၍ မရပ်သင့်ရာ၌ ရပ်လျက် လည်ပင်းကို ညွတ်၍ “ဤသို့ ကြည့်သည်ရှိသော် ဤဒါယကာတို့သည် မြင်နိုင်ကုန်၏”ဟု ဥဒေါင်းကြည့်ဟန်ဖြင့် ကြည့်၏။ ထိုသို့ကြည်ခြင်းဖြင့်လည်း ထိုဒါယကာတို့သည် မြင်ကုန်၏။ ဤသည်လည်း အပြစ်ရှိသော ကာယဝိညတ်တည်း။ ထိုဝိညတ်ဖြင့်လည်း သိစေအပ်, ဖြစ်စေအပ်သော ပစ္စည်းကို အရိယာပုဂ္ဂိုလ်တို့သည် မသုံးဆောင်ကုန်။ ထိုပုဂ္ဂိုလ်ကိုလည်း အရိယာတို့၏ အယူ၌ မထီမဲ့မြင် ပြုအပ်၏၊ ကဲ့ရဲ့အပ်၏၊ ရှုတ်ချအပ်၏၊ အပြစ်ဆိုအပ်၏၊ နှိပ်စက်အပ်၏၊ အရိုအသေ မပြုအပ်။ “အသက်မွေးမှု ပျက်စီးသူ”ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။

မင်းမြတ် နောက်တစ်မျိုးကား ဤသာသနာတော်၌ အချို့သော ရဟန်းသည် မေးဖြင့်လည်းကောင်း၊ မျက်မှောင်ဖြင့်လည်းကောင်း၊ လက်ချောင်းဖြင့်လည်းကောင်း သိစေ, ဖြစ်စေ၏။ ဤသည်လည်း အပြစ်ရှိသော ကာယဝိညတ်တည်း။ ထိုဝိညတ်ဖြင့်လည်း သိစေအပ်,ဖြစ်စေအပ်သော ပစ္စည်းကို အရိယာ ပုဂ္ဂိုလ်တို့သည် မသုံးဆောင်ကုန်။ ထိုပုဂ္ဂိုလ်ကိုလည်း အရိယာတို့၏ အယူ၌ မထီမဲ့မြင် ပြုအပ်၏၊ ကဲ့ရဲ့ အပ်၏၊ ရှုတ်ချအပ်၏၊ အပြစ်ဆိုအပ်၏၊ နှိပ်စက်အပ်၏၊ အရိုအသေ မပြုအပ်။ “အသက်မွေးမှု့ပျက်စီးသူ”ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။

အပြစ်မရှိသော ကာယဝိညတ်သည် အဘယ်နည်းဟူမူ- ဤသာသနာတော်၌ ရဟန်းသည် ဒါယကာတို့သို့ ကပ်၍ သတိရှိသည်၊ တည်ကြည်သည်၊ ပညာအဆင်အခြင်ရှိသည် ဖြစ်၍ အရာဟုတ်သည်၌လည်းကောင်း၊ အရာမဟုတ်သည်၌လည်းကောင်း ဘုရားဆုံးမသည့်အတိုင်း သွားလျက် ရပ်သင့်သော အရပ်၌ ရပ်၏။ ပေးလှူလိုကုန်သော် ရပ်၏။ မပေးလှူလိုကုန်သော် ဖဲသွား၏။ ဤသည်ကား အပြစ် မရှိသော ကာယဝိညတ်တည်း။ ထိုကာယဝိညတ်ဖြင့်ကား သိစေအပ်, ဖြစ်စေအပ်သော ပစ္စည်းကို အရိယာ ပုဂ္ဂိုလ်တို့သည် သုံးဆောင်ကုန်၏။ ထိုပုဂ္ဂိုလ်ကိုလည်း အရိယာတို့၏ အယူ၌ ချီးမွမ်းအပ်၏၊ ထောမနာ အပ်၏၊ ချီးမြှောက်၍ ဆိုအပ်၏။ ခေါင်းပါးသော အကျင့်ရှိသည် ဖြစ်၍၊ “စင်ကြယ်သော အသက်မွေးမှု ရှိသူ”ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ မင်းမြတ် နတ်ထက်နတ် ဖြစ်တော်မူသော မြတ်စွာဘုရားသည်- “ပညာရှိ, သူမြတ်တို့သည် စင်စစ် မတောင်းကုန်၊ ပညာရှိသည် သိခြင်းငှါ ထိုက်၏။ အရိယာပုဂ္ဂိုလ်တို့သည် ရည်ညွှန်း၍ ရပ်ကုန်၏။ ဤသို့ ရပ်ခြင်းသည် ကား အရိယာတို့၏ တောင်းခံခြင်းပင် မည်၏”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။

အပြစ်ရှိသော ဝစီဝိညတ်သည် အဘယ်နည်းဟူမူ- ဤသာသနာတော်၌ ရဟန်းသည် နှုတ်ဖြင့် များပြားသော သင်္ကန်း၊ ဆွမ်း၊ ကျောင်း,အိပ်ရာ,နေရာ၊ သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်ကို တောင်း၏။ ဤသည်ကား အပြစ်ရှိသော ဝစီဝိညတ်တည်း။ ထိုအပြစ်ရှိသော ဝစီဝိညတ်ဖြင့်လည်း တောင်း၍ ရသော ပစ္စည်းကို အရိယာပုဂ္ဂိုလ်တို့သည် မသုံးဆောင်ကြကုန်။ ထိုပုဂ္ဂိုလ်ကိုလည်း အရိယာတို့၏ အယူ၌ မထီမဲ့မြင် ပြုအပ်၏၊ ကဲ့ရဲ့အပ်၏၊ ရှုတ်ချအပ်၏၊ အပြစ်ဆိုအပ်၏၊ နှိပ်စက်အပ်၏၊ အရိုအသေ မပြုအပ်။ “အသက်မွေးမှု ပျက်စီးသူ”ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။

မင်းမြတ် နောက်တစ်မျိုးကား ဤသာသနာတော်၌ အချို့သော ရဟန်းသည် သူတစ်ပါးတို့အား နှုတ်မြွက်ပြောကြားလျက် “ငါသည် ဤမည်သော ပစ္စည်းကို အလိုရှိ၏”ဟု ဤသို့ဆို၏။ သူတစ်ပါးတို့အား နှုတ်မြွက် ပြောကြားအပ်သော ထိုဝစီဝိညတ်ဖြင့်လည်း ထိုရဟန်းအား လာဘ်လာဘ ဖြစ်၏။ ဤသည်လည်း အပြစ်ရှိသော ဝစီဝိညတ်တည်း။ ထိုဝိညတ်ဖြင့် တောင်း၍ ရသော ပစ္စည်းကို အရိယာပုဂ္ဂိုလ်တို့သည် မသုံးဆောင်ကြကုန်။ ထိုပုဂ္ဂိုလ်ကိုလည်း အရိယာတို့၏ အယူ၌ မထီမဲ့မြင် ပြုအပ်၏၊ ကဲ့ရဲ့အပ်၏၊ ရှုတ်ချအပ်၏၊ အပြစ်ဆိုအပ်၏၊ နှိပ်စက်အပ်၏၊ အရိုအသေ မပြုအပ်။ “အသက်မွေးမှု ပျက်စီးသူ”ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။

မင်းမြတ် နောက်တစ်မျိုးကား ဤသာသနာတော်၌ အချို့သော ရဟန်းသည် နှုတ်မြွက်သဖြင့် ပရိသတ်အား “ဤသို့ ဤသို့လည်း ရဟန်းတို့အား ပေးလှူအပ်၏”ဟု ပြောကြား၏။ ထိုလူတို့သည် ထိုစကားကို ကြားကုန်သည်ရှိသော် ပြောကြားအပ်သော အလှူပစ္စည်းကို ရှေးရှုဆောင်ကုန်၏။ ဤသည်လည်း အပြစ်ရှိသော ဝစီဝိညတ်တည်း။ ထိုဝိညတ်ဖြင့်လည်း တောင်း၍ရသော ပစ္စည်းကို အရိယာပုဂ္ဂိုလ်တို့သည် မသုံးဆောင်ကုန်။ ထိုပုဂ္ဂိုလ်ကိုလည်း အရိယာတို့၏ အယူ၌ မထီမဲ့မြင် ပြုအပ်၏၊ ကဲ့ရဲ့အပ်၏၊ ရှုတ်ချအပ်၏၊ အပြစ်ဆိုအပ်၏၊ နှိပ်စက်အပ်၏၊ အရိုအသေ မပြုအပ်။ “အသက်မွေးမှု ပျက်စီးသူ”ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။

--

မင်းမြတ် သာရိပုတ္တရာမထေရ်သည်လည်း နေဝင်ပြီးနောက် ညဉ့်အဖို့၌ လေနာရောဂါရှိသည် ဖြစ်၍၊ မဟာမောဂ္ဂလ္လာန်မထေရ်က ပျောက်ဖူးသော ဆေးကို မေးသည်ရှိသော် (နို့ထမင်းဖြင့် ပျောက်ဖူး သည်ဟူသော) စကားကို နှုတ်မြွက်ပြောဆို၏။ ထိုသာရိပုတ္တရာမထေရ်၏ ထိုသို့ နှုတ်မြွက်ပြောဆိုခြင်းဖြင့် (နို့ထမင်း) ဆေးသည် ဖြစ်၏။ ထိုအခါ၌ သာရိပုတ္တရာမထေရ်သည် ငါ၏ နှုတ်မြွက်ခြင်းကြောင့် ဤဆေးသည် ဖြစ်၏။ “ငါ့အား အသက်မွေးမှု မပျက်စေလင့်”ဟု အသက်မွေးမှု, ပျက်အံ့သည်မှ ကြောက်သော ကြောင့် ထိုဆေးကို စွန့်၏၊ မမှီဝဲ။ ဤသို့လျှင် ဝစီဝိညတ်သည် အပြစ်ရှိ၏။ ထိုဝိညတ်ဖြင့်လည်း တောင်း၍ ရသော ပစ္စည်းကို အရိယာပုဂ္ဂိုလ်တို့သည် မသုံးဆောင်ကြကုန်။ ထိုပုဂ္ဂိုလ်ကိုလည်း အရိယာတို့၏ အယူ၌ မထီမဲ့မြင် ပြုအပ်၏၊ ကဲ့ရဲ့အပ်၏၊ ရှုတ်ချအပ်၏၊ အပြစ်ဆိုအပ်၏၊ နှိပ်စက်အပ်၏၊ အရိုအသေ မပြုအပ်။ “အသက်မွေးမှု ပျက်စီးသူ”ဟူ၍ သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။

အပြစ်မရှိသော ဝစီဝိညတ်သည် အဘယ်နည်းဟူမူ- မင်းမြတ် ဤသာသနာတော်၌ ရဟန်းသည် အကြောင်းရှိလတ်သော် ဆွေမျိုးတော်သူ၊ ဖိတ်ကြားအပ်သောသူတို့၌ ဆေးကို တောင်း၏။ ဤသည်ကား အပြစ်မရှိသော ဝစီဝိညတ်တည်း။ ထိုဝိညတ်ဖြင့် တောင်း၍ ရသော ပစ္စည်းကိုကား အရိယာပုဂ္ဂိုလ်တို့သည် သုံးဆောင်ကုန်၏။ ထိုပုဂ္ဂိုလ်ကို အရိယာတို့၏ အယူ၌ ချီးမွမ်းအပ်၏၊ ထောမနာအပ်၏၊ ချီးမြှောက်ပြောဆိုအပ်၏။ ခေါင်းပါးသော အကျင့်ရှိသည် ဖြစ်၍၊ “စင်ကြယ်သော အသက်မွေးမှုရှိသူ”ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော၊ (သစ္စာလေးပါးတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူကုန်သော မြတ်စွာဘုရားတို့သည် ခွင့်ပြုတော်မူအပ်၏။

မင်းမြတ် မြတ်စွာဘုရားသည် ကသိဘာရဒွါဇအမည်ရှိသော ပုဏ္ဏား၏ ဆွမ်းဘောဇဉ်ကို ပယ်တော်မူ၏။ ထိုဆွမ်းသည် စကားဖြင့် ရစ်ပတ်ခြင်း၊ ဖြေချွတ်ခြင်း၊ ဆွဲငင်ခြင်း၊ နှိပ်ခြင်း၊ ကုစားဖြေရှင်းခြင်း ကြောင့် ဖြစ်ရကား မြတ်စွာဘုရားသည် ထိုဆွမ်းကို ပယ်တော်မူ၏။ မှီဝဲသုံးဆောင်တော်မမူဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန မြတ်စွာဘုရား ဆွမ်းဘုဉ်းပေးတော်မူသည်ရှိသော် နတ်တို့သည် နတ် ဩဇာကို အခါခပ်သိမ်း သပိတ်၌ လောင်းထည့်ကြပါကုန်သလော။ သို့မဟုတ် ဝက်ပျိုသားပြွမ်း ဆွမ်း၌လည်းကောင်း၊ နို့ဃနာဆွမ်း၌လည်းကောင်း ဤသို့ နှစ်ပါးသော ဆွမ်းတို့၌သာလျှင် လောင်းထည့်ကြပါကုန်သလောဟု (လျှောက်၏)။ မင်းမြတ် မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးတော်မူသည်ရှိသော် အခါ ခပ်သိမ်း နတ်တို့သည် နတ်ဩဇာကို ယူကုန်၍ အနီး၌ တည်လျက် ထုတ်ယူတိုင်း, ထုတ်ယူတိုင်းသော ဆွမ်းလုပ်၌ လောင်းထည့်ကုန်၏။

မင်းမြတ် ဥပမာသော်ကား မင်း၏ စားတော်ချက်သည် ဘုရင်ပွဲတော်တည်စဉ် ဟင်းကို ယူ၍၊ အနီး၌ တည်လျက် ထမင်းလုပ်တိုင်း ထမင်းလုပ်တိုင်း ဟင်းလျာကို လောင်းထည့်၏။ မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးတော်မူသည်ရှိသော် အခါခပ်သိမ်း နတ်တို့သည် နတ် ဩဇာကို ယူကုန်၍ အနီး၌ တည်လျက် ထုတ်ယူတိုင်း, ထုတ်ယူတိုင်းသော ဆွမ်းလုပ်၌ နတ်ဩဇာကို လောင်း ထည့်ကုန်၏။ မင်းမြတ် ဝေရဉ္ဇာမြို့၌လည်း မြတ်စွာဘုရား၏ ခြောက်သော မုယောဆန်တို့ကို ဘုဉ်းပေး တော်မူစဉ် နတ်တို့သည် နတ်ဩဇာဖြင့် ဆွတ်ဖြန်းပေးကုန်၏။ ထို့ကြောင့် မြတ်စွာဘုရား၏ ကိုယ်တော် သည် ပွါးစီးလေ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ထိုနတ်တို့အား မြတ်စွာဘုရား၏ ကိုယ်တော်ကို လုပ်ကျွေးခြင်း၌ အမြဲမပြတ် ကြောင့်ကြစိုက်ထုတ်ခြင်းသို့ ရောက်ခြင်းသည် အရတော်လေစွတကား။ အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏။ ဤသို့လျှင် ဤစကားကို ထိုသို့ ဆိုတော်မူတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

ကိုးခုမြောက် ဂါထာဘိဂီတဘောဇနကထာပဥှာ ပြီး၏။

--

၁၀-ဓမ္မဒေသနာယ အပ္ပေါဿုက္ကပဥှာ

မြတ်စွာဘုရား တရားဟောမှု၌ ကြောင့်ကြမဲ့ နေလိုခြင်း ပြဿနာ

၁၀။ အသျှင်ဘုရားနာဂသေန “မြတ်စွာဘုရားသည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းအတွင်း၌့များစွာသော လူအပေါင်းကို ကယ်တင်ထုတ်ဆောင်ခြင်းငှါ သဗ္ဗညုတဉာဏ်တော်ကို ဆည်းပူးတော်မူအပ်၏”ဟု အသျှင်ဘုရားတို့ ဆိုတော်မူကုန်၏။ တစ်ဖန်လည်း “ဘုရားအဖြစ်သို့ ရောက်သော မြတ်စွာဘုရား၏ စိတ်တော်သည် ကြောင့်ကြမဲ့နေခြင်းငှါ ညွတ်တော်မူ၏။ တရားဟောတော်မူခြင်းငှါ ညွတ်တော် မမူ”ဟု ဆိုတော်မူကုန်၏။

အသျှင်ဘုရားနာဂသေန လေးသမားသည်လည်းကောင်း၊ လေးသမား၏ တပည့်သည်လည်းကောင်း များစွာသော နေ့တို့ပတ်လုံး စစ်တိုက်ခြင်းအကျိုးငှါ မြားပစ်လေ့လာခြင်းကို သင်ပြီးမှ စစ်ပွဲကြီးကြိမ် ရောက်ခဲ့သည်ရှိသော် ဆုတ်နစ်လေရာသကဲ့သို့၊ အသျှင်ဘုရားနာဂသေန ဤအတူသာလျှင် မြတ်စွာဘုရား သည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းအတွင်း၌ များစွာသော လူအပေါင်းကို ကယ်တင်ထုတ်ဆောင်ခြင်းငှါ သဗ္ဗညုတဉာဏ်တော်ကို ရင့်ကျက်စေလျက် သဗ္ဗညုဘုရားအဖြစ်သို့ ရောက်ပြီး၍ တရားဟောတော်မူ လိုခြင်းမှ ဆုတ်နစ်တော်မူဘိ၏။

အသျှင်ဘုရားနာဂသေန ဥပမာတစ်နည်းသော်ကား လက်ဝှေ့သမားသည်လည်းကောင်း၊ လက်ဝှေ့ သမား၏ တပည့်သည်လည်းကောင်း များစွာသော နေ့တို့ပတ်လုံး လက်ဝှေ့အတတ်ကို သင်ပြီးမှ လက်ဝှေ့ပွဲကြီးကြိမ်ရောက်ခဲ့သည်ရှိသော် ဆုတ်နစ်လေရာ၏၊ အသျှင်ဘုရားနာဂသေန ဤအတူသာလျှင် မြတ်စွာဘုရားသည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းအတွင်း၌ များစွာသော လူအပေါင်းကို ကယ်တင်ထုတ် ဆောင်ခြင်းငှါ သဗ္ဗညုတဉာဏ်တော်ကို ရင့်ကျက်စေလျက် သဗ္ဗညုဘုရားအဖြစ်သို့ ရောက်ပြီး၍ တရား ဟောတော်မူလိုခြင်းမှ ဆုတ်နစ်တော်မူဘိ၏။

အသျှင်ဘုရားနာဂသေန အသို့ပါနည်း။ မြတ်စွာဘုရားသည် ကြောက်သောကြောင့် ဆုတ်နစ်တော်မူ ပါသလော။ သို့မဟုတ် ဉာဏ်၌ မပေါ်လွင် မထင်ရှားသောကြောင့် ဆုတ်နစ်တော်မူပါသလော။ သို့မဟုတ် အားနည်းသောကြောင့် ဆုတ်နစ်တော်မူပါသလော။ သို့မဟုတ် သဗ္ဗညုဘုရားမဟုတ်သောကြောင့် ဆုတ်နစ် တော်မူပါသလော။ ထိုအရာ၌ အကြောင်းကား အသို့ပါနည်း။ အသျှင်ဘုရားသည် အကျွန်ုပ်၏ ယုံမှား ခြင်းကို ပယ်ဖျောက်ခြင်းငှါ အကြောင်းကို ဆိုတော်မူပါလော့။ အသျှင်ဘုရားနာဂသေန မြတ်စွာဘုရားသည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းအတွင်း၌ များစွာသော လူအပေါင်းကို ကယ်တင်ခြင်းငှါ သဗ္ဗညုတ ဉာဏ်တော်ကို အကယ်၍ ရင့်ကျက်စေတော်မူသည် ဖြစ်အံ့။ ထိုသို့ ဖြစ်ပါမူ “သဗ္ဗညုဘုရားအဖြစ်သို့ ရောက်တော်မူသော မြတ်စွာဘုရား၏ စိတ်တော်သည် ကြောင့်ကြမဲ့နေခြင်းငှါ ညွတ်တော်မူ၏။ တရား ဟောခြင်းငှါ ညွတ်တော်မမူ”ဟူသော စကားသည် မှားရာပါ၏။ သဗ္ဗညုဘုရားအဖြစ်သို့ ရောက်တော်မူသော မြတ်စွာဘုရား၏ စိတ်တော်သည် ကြောင့်ကြမဲ့ နေခြင်းငှါ အကယ်၍ ညွတ်တော်မူသည် ဖြစ်အံ့။ တရားဟောခြင်းငှါ အကယ်၍ ညွတ်တော်မမူသည် ဖြစ်အံ့။ ထိုသို့ ဖြစ်ပါမူ “မြတ်စွာဘုရားသည် လေး သင်္ချေနှင့် ကမ္ဘာတစ်သိန်းအတွင်း၌ များစွာသော လူအပေါင်းကို ကယ်တင်ထုတ်ဆောင်ခြင်းငှါ သဗ္ဗညုတ ဉာဏ်ကို ဆည်းပူးတော်မူ၏”ဟူသော ထိုစကားသည်လည်း မှားရာပါ၏။ အစွန်းနှစ်ဖက်ထွက်သော ဤပြဿနာသည်လည်း နက်နဲလှပါ၏၊ ဖြေနိုင်ခဲလှပါ၏။ အသျှင်ဘုရားထံသို့ အစဉ်ရောက်ပါ၏။ အသျှင် ဘုရားသည် ထိုပြဿနာကို ဖြေရှင်းတော်မူပါလော့ဟု (လျှောက်၏)။

--

မင်းမြတ် မြတ်စွာဘုရားသည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းအတွင်း၌ များစွာသော လူအပေါင်းကို ကယ်တင်ထုတ်ဆောင်ခြင်းငှါ သဗ္ဗညုတဉာဏ်တော်ကို ဆည်းပူးတော်မူအပ်၏။ ထို့ပြင် သဗ္ဗညုဘုရား အဖြစ်သို့ ရောက်တော်မူသော မြတ်စွာဘုရား၏ စိတ်တော်သည် ကြောင့်ကြမဲ့နေခြင်းငှါ ညွတ်တော်မူ၏။ တရားဟောခြင်းငှါ ညွတ်တော်မမူ။ ထိုသို့ ဖြစ်ခြင်းသည်ကား တရားတော်၏ နက်နဲသည်၏ အဖြစ်၊ သိမ်မွေ့သည်၏အဖြစ်၊ မြင်နိုင်ခဲသည်၏ အဖြစ်၊ သိနိုင်ခဲသည်၏ အဖြစ်၊ နူးညံ့သည်၏ အဖြစ်၊ ထိုးထွင်း၍ သိနိုင်ခဲသည်၏ အဖြစ်ကိုလည်းကောင်း၊ သတ္တဝါတို့၏ တဏှာ၌ ပျော်ပိုက်သည်၏့အဖြစ်ကိုလည်းကောင်း၊ (ငါ,ငါဟု စွဲလမ်းသော) သက္ကာယဒိဋ္ဌိ၏ ပြင်းထန်စွဲမြဲစွာ ယူသည်၏ အဖြစ်ကိုလည်းကောင်း မြင်တော်မူ၍ “အသို့ ဟောရအံ့နည်း။ အဘယ်အကြောင်းဖြင့် ဟောရအံ့နည်း”ဟု စူးစမ်းတော်မူလို၍၊ တရားဟောရန် လုံ့လပြုတော်မမူသေးသောအားဖြင့် စိတ်ညွတ်တော်မူ၏။ (လျင်လျင် မြန်မြန်) တရားဟောခြင်းငှါ ညွတ်တော်မမူ။ ဤသို့ ကြံစည်ခြင်း၊ တရားဟောရန် စိတ်မညွတ်ခြင်းသည်ကား သတ္တဝါတို့ (တရားကို) သိမြင်နိုင်ရန် ကြံစည်သော စိတ်ဖြစ်ရုံမျှသာတည်း။

မင်းမြတ် ဥပမာသော်ကား ရောဂါကို ပယ်ထုတ်တတ်သော ဆေးသမားသည် များစွာသော အနာဖြင့် နှိပ်စက်သောသူသို့ ချဉ်းကပ်၍ “အဘယ်သို့သော လုံ့လဖြင့်၊ အဘယ်သို့သော ဆေးဖြင့် ဤသူနာ၏ အနာကို ငြိမ်းစေရအံ့နည်း”ဟု ဤသို့ ကြံစည်၏။ မင်းမြတ် ဤအတူသာလျှင် အလုံးစုံသော ကိလေသာတည်းဟူသော အနာသည် နှိပ်စက်အပ်သော လူအပေါင်းကိုလည်းကောင်း၊ တရားတော်၏ နက်နဲသည်၏ အဖြစ်၊ သိမ်မွေ့သည်၏ အဖြစ်၊ မြင်နိုင်ခဲသည်၏ အဖြစ်၊ သိနိုင်ခဲသည်၏ အဖြစ်၊ နူးညံ့သည်၏ အဖြစ်၊ ထိုးထွင်း၍ သိနိုင်ခဲသည်၏ အဖြစ်ကိုလည်းကောင်း မြင်တော်မူ၍ “အသို့ ဟောရအံ့နည်း။ အဘယ် အကြောင်းဖြင့် ဟောရအံ့နည်း”ဟု စူးစမ်းတော်မူလို၍၊ မြတ်စွာဘုရား၏ စိတ်တော်သည် တရားဟောရန် လုံ့လပြုတော်မမူသေးသောအားဖြင့် စိတ်ညွတ်တော်မူ၏။ (လျင်လျင် မြန်မြန်) တရားဟောခြင်းငှါ ညွတ်တော်မမူ။ ဤသို့ ကြံစည်ခြင်း၊ တရားဟောရန် စိတ်မညွတ်ခြင်းသည်ကား သတ္တဝါတို့ (တရားကို) သိမြင်နိုင်ရန် ကြံစည်သော စိတ်ဖြစ်ရုံမျှသာတည်း။

မင်းမြတ် ဥပမာသော်ကား ဦးထိပ်၌ အဘိသိက်သွန်းအပ်ပြီးသော၊ မင်းမျိုးဖြစ်သော မင်းအား တံခါးစောင့်၊ ကိုယ်ရံတော်၊ အခြံအရံပရိသတ်၊ နိဂုံးသူ၊ အခစား၊ စစ်သည်ဗိုလ်ပါ၊ အမတ်အပေါင်း၊ လက်အောက်ခံမင်း၊ မင်းကို မှီ၍ အသက်မွေးသောသူတို့ကို မြင်တော်မူ၍ ဤသူတို့ကို “အသို့လျှင် ချီးမြှောက်ရအံ့နည်း။ အဘယ်အကြောင်းဖြင့် ချီးမြှောက်ရအံ့နည်း”ဟု ဤသို့ စိတ်ဖြစ်ရာ၏။ မင်းမြတ် ဤအတူသာလျှင် တရားတော်၏ နက်နဲသည်၏ အဖြစ်၊ သိမ်မွေ့သည်၏ အဖြစ်၊ မြင်နိုင်ခဲသည်၏ အဖြစ်၊ သိနိုင်ခဲသည်၏ အဖြစ်၊ နူးညံ့သည်၏ အဖြစ်၊ ထိုးထွင်း၍ သိနိုင်ခဲသည်၏ အဖြစ်၊ သတ္တဝါတို့၏ တဏှာ၌ ပျော်ပိုက်သည်၏ အဖြစ်ကိုလည်းကောင်း၊ သက္ကာယဒိဋ္ဌိ၏ မြဲမြံပြင်းထန်စွာ စွဲယူသည်၏ အဖြစ်ကိုလည်းကောင်း မြင်တော်မူ၍ “အသို့ဟောရအံ့နည်း။ အဘယ်အကြောင်းဖြင့် ဟောရအံ့နည်း”ဟု မြတ်စွာဘုရား၏ စိတ်တော်သည် တရားဟောရန် လုံ့လပြုတော် မမူသေးသောအားဖြင့် စိတ်ညွတ်တော်မူ၏။ (လျင်လျင် မြန်မြန်) တရားဟောခြင်းငှါ ညွတ်တော်မမူ။ ဤသို့ ကြံစည်ခြင်း၊ တရားဟောရန် စိတ်မညွတ်ခြင်းသည် သတ္တဝါတို့ (တရားကို) သိမြင်နိုင်ရန် ကြံစည်သော စိတ်ဖြစ်ရုံမျှသာတည်း။

--

မင်းမြတ် စင်စစ်သော်ကား ဗြဟ္မာတောင်းပန်အပ်သည် ဖြစ်၍ တရားကို ဟောတော်မူကုန်၏။ ဤသို့ ဗြဟ္မာတောင်းပန်မှ တရားဟောတော်မူခြင်းသည် ဘုရားအားလုံးတို့၏ ထုံးစံ (ဓမ္မတာ)ပေတည်း။ ထိုအရာ၌ အကြောင်းကား အဘယ်နည်းဟူမူ- ထိုစဉ်အခါက အကြင်ရသေ့ ပရိဗိုဇ် သမဏ ဗြာဟ္မဏ ဖြစ်ကုန်သော လူအားလုံးတို့သည် ဗြဟ္မာလျှင် နတ်ရှိကုန်၏။ ဗြဟ္မာကို အလေးပြုကုန်၏။ ဗြဟ္မာလျှင်လည်းလျောင်းရာ ရှိကုန်၏။ ထို့ကြောင့် အားကြီးသော အခြံအရံ၊ အကျော်အစောရှိသော၊ အများ သိသော၊ ထင်ရှားသော၊ လွန်ကဲသော၊ အလွန် မြင့်မြတ် ထင်ရှားသော ထိုဗြဟ္မာ၏ ဦးညွတ်နှိမ့်ချသဖြင့် နတ်နှင့်တကွသော လူအပေါင်းသည် ဦးညွတ်နှိမ့်ချလတ္တံ့၊ သက်ဝင်ယုံကြည်လတ္တံ့၊ စိတ်ဝင်စားလတ္တံ့။ မင်းမြတ် ဤသို့သော အကြောင်းကြောင့်လည်း မြတ်စွာဘုရားတို့သည် ဗြဟ္မာတောင်းပန်မှ တရားကို ဟောတော်မူကုန်၏။

မင်းမြတ် ဥပမာသော်ကား တစ်စုံတစ်ယောက်သော မင်းသည်လည်းကောင်း၊ မင်းအမတ်ကြီးသည်လည်းကောင်း အကြင်ပုဂ္ဂိုလ်အား ဦးညွတ်နှိမ့်ချ၏၊ အရိုအသေပြု၏။ အားကြီးသော ထို (မင်းအမတ်ကြီး) ၏ ဦးညွတ်နှိမ့်ချခြင်းကြောင့် ကြွင်းသော လူအပေါင်းသည် ဦးညွတ်နှိမ့်ချ၏၊ အရိုအသေပြု၏။ မင်းမြတ် ဤအတူသာလျှင် ဗြဟ္မာသည် ဦးညွတ်နှိမ့်ချသော် မြတ်စွာဘုရားတို့အား နတ်နှင့်တကွသော လူအပေါင်းသည် ဦးညွတ်နှိမ့်ချလတ္တံ့။ မင်းမြတ် လူအပေါင်းသည် ပူဇော်အပ်သူကိုသာပူဇော်၏။ ထို့ကြောင့် ထိုဗြဟ္မာသည် အလုံးစုံသော မြတ်စွာဘုရားတို့အား တရားဟောတော်မူခြင်းငှါ တောင်းပန်၏။ ထိုအကြောင်းကြောင့်လည်း မြတ်စွာဘုရားတို့သည် ဗြဟ္မာတောင်းပန်မှသာ တရားကို ဟောတော်မူကုန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏။ ပြဿနာကို ကောင်းစွာ ဖြေဆိုအပ်ပါပေ၏။ အဖြေ ဝိသဇ္ဇနာသည် အလွန်ကောင်းပါပေ၏။ ဤသို့လျှင် ဤစကားတော်ကို ထိုသို့ ဆိုတော်မူတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။

ဆယ်ခုမြောက် ဓမ္မဒေသနာယ အပ္ပေါဿုက္ကပဥှာ ပြီး၏။

--

၁၁-အာစရိယာနာစရိယပဥှာ

မြတ်စွာဘုရားအား ဆရာ ရှိ၊ မရှိ ပြဿနာ

၁၁။ အသျှင်ဘုရားနာဂသေန- “နတ်နှင့်တကွသော လောက၌ ငါ့အား ဆရာ မရှိ။ ငါ့အား တူသောသူ မရှိ။ ငါ့အား ပြိုင်ဘက်ပုဂ္ဂိုလ် မရှိ”ဟု ဤစကားကို မြတ်စွာဘုရား ဟောတော်မူအပ်ပါ၏။

တစ်ဖန်လည်း “ရဟန်းတို့ ဤသို့လျှင် ကာလာမ၏ သားဖြစ်သော အာဠာရရသေ့သည် ငါ၏ ဆရာဖြစ်လျက်၊ တပည့်ဖြစ်သော ငါ့ကို မိမိနှင့် ထပ်တူထပ်မျှ ထား၏။ မွန်မြတ်သော ပူဇော်ခြင်းဖြင့်လည်း ငါ့ကို ပူဇော်၏”ဟု ဟောတော်မူပြန်ပါ၏။ အသျှင်ဘုရားနာဂသေန “နတ်နှင့်တကွသော လောက၌ ငါ့အား ဆရာ မရှိ။ ငါ့အား တူသောသူ မရှိ။ ငါ့အား ပြိုင်ဘက်ပုဂ္ဂိုလ် မရှိ”ဟု မြတ်စွာဘုရား ဟော တော်မူသည် ဖြစ်ပါအံ့။ ထိုသို့ ဖြစ်ပါမူ “ရဟန်းတို့ ဤသို့လျှင် ကာလာမ၏ သားဖြစ်သော အာဠာရ ရသေ့သည် ငါ၏ ဆရာဖြစ်လျက်၊ တပည့်ဖြစ်သော ငါ့ကို မိမိနှင့် ထပ်တူထပ်မျှ ထား၏”ဟူသော စကားသည် မှားရာပါ၏။ “ရဟန်းတို့ ဤသို့လျှင် ကာလာမ၏ သားဖြစ်သော အာဠာရရသေ့သည် ငါ၏ ဆရာဖြစ်လျက်၊ တပည့်ဖြစ်သော ငါ့ကို မိမိနှင့် ထပ်တူထပ်မျှ ထား၏”ဟု အကယ်၍ မြတ်စွာဘုရား ဟောတော်မူသည် ဖြစ်ပါအံ့။ ထိုသို့ ဖြစ်ပါမူ “နတ်နှင့်တကွသော လောက၌ ငါ့အား ဆရာ မရှိ။ ငါ့အား တူသောသူ မရှိ။ ငါအား ပြိုင်ဘက်ပုဂ္ဂိုလ် မရှိ”ဟူသော ထိုစကားသည်လည်း မှားရာပါ၏။ အစွန်းနှစ်ဖက်ထွက်သော ဤပြဿနာသည်လည်း အသျှင်ဘုရားထံသို့ အစဉ် ရောက်ပါ၏။ အသျှင်ဘုရား သည် ထိုပြဿနာကို ဖြေရှင်းတော်မူပါလော့ဟု (လျှောက်၏)။

မင်းမြတ် “နတ်နှင့်တကွသော လောက၌ ငါ့အား ဆရာ မရှိ။ ငါ့အား တူသောသူ မရှိ။ ငါ့အား ပြိုင်ဘက်ပုဂ္ဂိုလ် မရှိ”ဟူသော ဤစကားကို မြတ်စွာဘုရား ဟောတော်မူအပ်ပါ၏။ “ရဟန်းတို့ ဤသို့ လျှင် ကာလာမ၏ သားဖြစ်သော အာဠာရရသေ့သည် ငါ၏ ဆရာဖြစ်လျက်၊ တပည့်ဖြစ်သော ငါ့ကို မိမိနှင့် ထပ်တူထပ်မျှ ထား၏။ မွန်မြတ်သော ပူဇော်ခြင်းဖြင့်လည်း ငါ့ကို ပူဇော်၏”ဟု မြတ်စွာဘုရား ဟောတော်မူအပ်၏။

ထိုစကားကိုကား သစ္စာလေးပါးကို မသိမီ၊ သစ္စာလေးပါးကို ထင်ရှားမသိသေးသော ဘုရားလောင်း ဖြစ်စဉ်က ဆရာအဖြစ်ကို ရည်ရွယ်တော်မူ၍ ဟောတော်မူ၏။

“မင်းမြတ် သစ္စာလေးပါးကို မသိမီ၊ သစ္စာလေးပါးကို ထင်ရှားမသိသေးသော ဘုရားလောင်း ဖြစ်စဉ်က အကြင်ဆရာတို့သည် ဆုံးမအပ်သည် ဖြစ်၍၊ ဘုရားလောင်းသည် ထိုဆရာ့အထံ၌ နေ့ကိုကုန်စေ၏။ ဤဆရာတို့သည် ငါးဦးတို့တည်း။ အဘယ်ငါးဦးတို့နည်းဟူမူ- (၁) မင်းမြတ် ဘုရားလောင်းဖွားကာမျှ၌ လက္ခဏာ ဖတ်ကုန်သောရာမပုဏ္ဏား၊ ဓဇပုဏ္ဏား၊ လက္ခဏ ပုဏ္ဏား၊ မန္တီပုဏ္ဏား၊ ယညပုဏ္ဏား၊ သုယာမပုဏ္ဏား၊ သုဘောဇပုဏ္ဏား၊ သုဒတ္တပုဏ္ဏားဟူသော ဤရှစ်ယောက်သော ပုဏ္ဏားတို့သည် ထိုဘုရားလောင်း၏ ချမ်းသာခြင်းကို ကြားလျှောက်ကုန်၍ စောင့်ရှောက်မှုကို ပြုကုန်၏။ ထိုပုဏ္ဏားတို့သည်ကား ပထမဆရာတို့တည်း။

(၂) မင်းမြတ် ထိုမှတစ်ပါး ဘုရားလောင်း၏ ခမည်းတော်သုဒ္ဓေါဒနမင်းသည် ထိုအခါက ကောင်းသော ဇာတ်ရှိသော၊ ဥဒိစ္စပုဏ္ဏားမျိုးဖြစ်သော၊ ပုဒ်ကို တတ်သော၊ ဗျာကရုဏ်းတတ်သော၊ ဆဠင်္ဂကျမ်း အတတ်ရှိသော သဗ္ဗမိတ္တမည်သော ပုဏ္ဏားကို ပင့်ဆောင်၍ ရွှေကရားဖြင့် ရေကို သွန်ချလျက် ဤ မင်းသားကို အတတ်ပညာသင်ပေးလော့ဟု အပ်နှင်း၏။ ဤပုဏ္ဏားသည်ကား ဒုတိယဆရာတည်း။

--

(၃) မင်းမြတ် ထိုမှတစ်ပါး အကြင်နတ်သားသည် ဘုရားလောင်းကို ထိတ်လန့်စေ၏။ အကြင် နတ်သား၏ စကားကို ကြား၍ ဘုရားလောင်းသည် ထိတ်လန့်တုန်လှုပ်လျက် ထိုခဏ၌ပင်လျှင် တောထွက် တော်မူ၍ ရဟန်းပြု၏။ ဤနတ်သားသည်ကား တတိယဆရာတည်း။

(၄) မင်းမြတ် ထိုမှတစ်ပါး ကာလာမ၏ သားဖြစ်သော အာဠာရရသေ့သည် အာကိဉ္စညာယတန ဈာန်၏ ပရိကံကို ပြောကြား၏။ ဤရသေ့သည်ကား စတုတ္ထဆရာတည်း။

(၅) မင်းမြတ် ထိုမှတစ်ပါးရာမ၏ သားဖြစ်သော ဥဒကရသေ့သည် နေဝသညာနာသညာယတန ဈာန်၏ ပရိကံကို ပြောကြား၏။ ဤရသေ့သည်ကား ပဉ္စမဆရာတည်း။ မင်းမြတ် ဤငါးယောက်သော ဆရာတို့သည် သစ္စာလေးပါးကို မသိမီ၊ သစ္စာလေးပါးကို ထင်ရှားမသိသေးသော ဘုရားလောင်းဖြစ်စဉ်က ဆရာတို့တည်း။

ထိုဆရာတို့သည်ကား လောကီတရား၌ ဆရာတို့ မည်ကုန်၏။ မင်းမြတ် ဤလောကုတ္တရာ တရား၌ကား သဗ္ဗညုတဉာဏ်တော်ကို ရခြင်းငှါ မြတ်စွာဘုရားအား လွန်မြတ်သော ဆုံးမနိုင်သူ မရှိ။ မင်းမြတ် မြတ်စွာဘုရားသည် သစ္စာလေးပါးကို အလိုလို သိမြင်သော ဘုရားဖြစ်၍ ဆရာ မရှိပေ။ ထိုအကြောင်းကြောင့် မြတ်စွာဘုရားသည် “နတ်နှင့်တကွသော လောက၌ ငါ့အား ဆရာ မရှိ။ ငါ့အား တူသောသူ မရှိ။ ငါ့အား ပြိုင်ဘက်ပုဂ္ဂိုလ် မရှိ”ဟု ဟောတော်မူ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏။ ဤသို့လျှင် ဤစကားကို ထိုသို့ ဆိုတော်မူတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

တစ်ဆယ့်တစ်ခုမြောက် အာစရိယာနာစရိယပဥှာ ပြီး၏။

ငါးခုမြောက် သန္ထဝဝဂ် ပြီး၏။

ဤသန္ထဝဝဂ်၌ အမေးပုစ္ဆာပြဿနာ တစ်ဆယ့်တစ်ခုတို့တည်း။

မေဏ္ဍကပဥှာ ပြီး၏။

--

၁-ဗုဒ္ဓဝဂ်

၁-ဒွိန္နံ ဗုဒ္ဓါနံ အနုပ္ပဇ္ဇမာနပဥှာ

ဘုရားနှစ်ဆူ တစ်ပြိုင်နက် မပွင့်ခြင်း ပြဿနာ

။ အသျှင်ဘုရားနာဂသေန “ရဟန်းတို့ တစ်ခုသော လောကဓာတ်၌ ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော မြတ်စွာဘုရားနှစ်ဆူတို့သည် မရှေးမနှောင်းတစ်ပြိုင်နက် ပွင့်ကုန်ရာ၏ဟူသော ဤ အကြောင်းမျိုးသည် အကြောင်းမဟုတ်၊ အခွင့်မဟုတ်။ ထိုအကြောင်းမျိုး မရှိနိုင်”ဟု ဤစကားကို မြတ်စွာဘုရား ဟောတော်မူပါ၏။ အသျှင်ဘုရားနာဂသေန အလုံးစုံသော မြတ်စွာဘုရားတို့သည် ဟောကြားတော်မူလျှင်လည်း သုံးဆယ့်ခုနစ်ပါးသော ဗောဓိပက္ခိယတရားတို့ကို ဟောတော်မူကုန်၏။ ဖြေကြားတော်မူလျှင်လည်း အရိယသစ္စာလေးပါးတို့ကို ဖြေကြားတော်မူကုန်၏။ ကျင့်စေတော်မူလျှင်လည်း သုံးပါးကုန်သော သိက္ခာတို့၌ ကျင့်စေတော်မူကုန်၏။ ဆုံးမတော်မူလျှင်လည်း မမေ့လျော့မှု ‘အပ္ပမာဒ’ ပဋိပတ်၌ ဆုံးမတော်မူကုန်၏။ အသျှင်ဘုရားနာဂသေန အလုံးစုံလည်းဖြစ်ကုန်သော မြတ်စွာဘုရားတို့၏ တစ်ခုသော ဒေသနာတော်၊ တစ်ခုသော အဖြေတော်၊ တစ်ခုသော အကျင့် သိက္ခာ၊ တစ်ခုသော အဆုံးအမ တော်သည် အကယ်၍ ဖြစ်ပါကုန်အံ့။ အဘယ်အကြောင်းကြောင့် မြတ်စွာဘုရားနှစ်ဆူတို့သည် တစ်ပြိုင် နက် ခဏ၌ မပွင့်ပါကုန်သနည်း။ ဘုရားတစ်ဆူတည်းသာ ပွင့်တော်မူခြင်းဖြင့်လည်း ဤလောကသည် ထိုရွေ့လောက် ပြောင်ပြောင်တောက်သော တရားအရောင်အလင်း ဖြစ်ပေါ်ချေသေး၏။ နှစ်ဆူမြောက် ဘုရားသည် အကယ်၍ ပွင့်တော်မူငြားအံ့။ ဘုရားနှစ်ဆူတို့၏ တရားအရောင်အလင်းဖြင့် ဤလောကသည် အတိုင်းထက်အလွန် တရားအရောင်အလင်း ဖြစ်ရာပါ၏။ ဆုံးမတော်မူကုန်သည်ရှိသော် နှစ်ဆူသော ဘုရားတို့သည် ချမ်းသာစွာ ဆုံးမတော်မူကုန်ရာပါ၏။ သွန်သင်တော်မူကုန်သည်ရှိသော် ချမ်းသာစွာ သွန်သင်တော်မူကုန်ရာပါ၏။ အကြင်အခြင်းအရာဖြင့် အကျွန်ုပ်သည် ယုံမှားကင်းသည် ဖြစ်ရာ၏။ ထို စကား၌ အကျွန်ုပ်အား အကြောင်းကို ဟောတော်မူပါလော့ဟု (လျှောက်၏)။

မင်းမြတ် ဤတစ်သောင်းသော လောကဓာတ်သည် ဘုရားတစ်ဆူကိုသာ ဆောင်နိုင်၏။ ဘုရား တစ်ဆူ၏ ဂုဏ်ကိုသာလျှင် ဆောင်နိုင်၏။ နှစ်ဆူမြောက်ဘုရားသည် အကယ်၍ ပွင့်တော်မူငြားအံ့။ ဤတစ်သောင်းသော လောကဓာတ်သည် မဆောင်နိုင်ရာ။ လှုပ်ရာ၏၊ တုန်ရာ၏၊ နိမ့်ရှိုင်းရာ၏၊ ညွတ်ကိုင်းရာ၏၊ ယိမ်းယိုင်ရာ၏၊ ဖရိုဖရဲ ဖြစ်ရာ၏၊ လွင့်ကျရာ၏၊ ပျက်စီးရာ၏၊ မိမိတည်နေရာသို့ မကပ်ရောက်နိုင်ပေရာ။

မင်းမြတ် ဥပမာသော်ကား လှေသည် ယောက်ျားတစ်ယောက်ကိုသာ ဆောင်နိုင်ရာ၏။ တစ်ယောက်သော ယောက်ျားသည် တက်စီးသည်ရှိသော် ထိုလှေသည် ရေနှင့် ညီမျှရာ၏။ အသက်ဖြင့်လည်းကောင်း၊ အဆင်းဖြင့်လည်းကောင်း၊ အရွယ်ဖြင့်လည်းကောင်း၊ သဏ္ဌာန်ဖြင့်လည်းကောင်း၊ အကြုံ, အဆူ (အပိန်, အဝ) ဖြင့်လည်းကောင်း အလုံးစုံသော အင်္ဂါကြီးငယ်ဖြင့် ထိုရှေးယောက်ျားနှင့် တူသော သဘောရှိသော နှစ်ယောက်မြောက် ယောကျာ်းသည် လာရာ၏၊ ထိုယောက်ျားသည် ထိုလှေကို အကယ်၍ တက်စီးငြားအံ့။ မင်းမြတ် ထိုလှေသည် ယောက်ျားနှစ်ယောက်တို့အား ဆောင်နိုင်ရာအံ့လောဟု (မေးတော်မူ၏)။ အသျှင် ဘုရား မဆောင်နိုင်ရာပါ။ လှုပ်ရာပါ၏၊ တုန်ရာပါ၏၊ နိမ့်ရှိုင်းရာပါ၏၊ ညွတ်ကိုင်းရာပါ၏၊ ယိမ်းယိုင်ရာပါ၏၊ ဖရိုဖရဲ ဖြစ်ရာပါ၏၊ လွင့်ကျရာ ပါ၏၊ ပျက်စီးရာပါ၏၊ မိမိတည်နေရာသို့ မကပ်ရောက် နိုင်ရာပါ၊ ရေ၌ နစ်ရာပါ၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် ဤတစ်သောင်းသော လောက ဓာတ်သည် ဘုရားတစ်ဆူကိုသာ ဆောင်နိုင်ရာ၏။ ဘုရားတစ်ဆူ၏ ဂုဏ်ကျေးဇူးကိုသာလျှင် ဆောင်နိုင်ရာ၏။ နှစ်ဆူမြောက်ဘုရားသည် အကယ်၍ ပွင့်တော်မူငြားအံ့။ ဤတစ်သောင်းသော လောကဓာတ်သည် မဆောင်နိုင်ရာ။ လှုပ်ရာ၏၊ တုန်ရာ၏၊ နိမ့်ရှိုင်းရာ၏၊ ညွတ်ကိုင်းရာ၏၊ ယိမ်းယိုင်ရာ၏၊ ဖရိုဖရဲ ဖြစ်ရာ၏၊ လွင့်ကျရာ၏၊ ပျက်စီးရာ၏၊ မိမိတည်နေရာသို့ မကပ်ရောက်နိုင်ရာ။

--

မင်းမြတ် ဥပမာတစ်နည်းသော်ကား ယောက်ျားသည် အလိုရှိတိုင်း စားဖွယ်ကို လည်မျိုတိုင်အောင် အပြည့်အသိပ် စားငြားအံ့။ ထိုယောက်ျားသည် တင်းတိမ်အားရပြည့်ဝလျက် ပျင်းရိထိုင်းမှိုင်းသည်ကို မပြတ်ပြု၍ မကိုင်းမညွတ်နိုင်သော တုတ်ချောင်းသဖွယ် ဖြစ်စေပြီးလျှင် ထိုမျှလောက်သော စားဖွယ်ကို ထပ်၍ စားငြားအံ့။ မင်းမြတ် ထိုယောက်ျားသည် ချမ်းသာခြင်းဖြစ်နိုင်ရာအံ့လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ချမ်းသာခြင်း မဖြစ်နိုင်ရာပါ။ တစ်ကြိမ်ထပ်၍ စားပြန်လျှင် သေဆုံးရာပါ၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် ဤတစ်သောင်းသော လောကဓာတ်သည် ဘုရားတစ်ဆူကိုသာ ဆောင်နိုင်ရာ၏။ ဘုရားတစ်ဆူ၏ ဂုဏ်ကိုသာလျှင် ဆောင်နိုင်၏။ နှစ်ဆူမြောက်ဘုရားသည် အကယ်၍့ထပ်၍ ပွင့်တော်မူငြားအံ့။ ဤတစ်သောင်းသော လောကဓာတ်သည် မဆောင်နိုင်ရာ။ လှုပ်ရာ၏၊ တုန်ရာ ၏၊ နိမ့်ရှိုင်းရာ၏၊ ညွတ်ကိုင်းရာ၏၊ ယိမ်းယိုင်ရာ၏၊ ဖရိုဖရဲ ဖြစ်ရာ၏၊ လွင့်ကျရာ၏၊ ပျက်စီးရာ၏၊ မိမိတည်နေရာသို့ မကပ်ရောက်နိုင်ရာဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန အသို့နည်း၊ လွန်ကဲသော တရားတည်းဟူသော ဝန်ကြောင့် မြေကြီးသည် တုန်လှုပ်ပါသလောဟု (မေးလျှောက်၏)။ မင်းမြတ် ဤလောက၌ လှည်းနှစ်စီးတို့သည် လှည်းမျက်နှာဝနှင့် အမျှတိုင်အောင် ရတနာတို့ဖြင့် ပြည့်သည် ဖြစ်ကုန်အံ့။ လှည်းတစ်စီးမှ ရတနာကို ယူ၍ လှည်းတစ်စီး၌ လောင်းကုန်ငြားအံ့။ မင်းမြတ် ထိုလှည်းသည် လှည်းနှစ်စီးတို့၏ ရတနာကို ဆောင်နိုင်ရာအံ့လောဟု (မေးတော်မူ၏)။ အသျှင်ဘုရားနာဂသေန မဆောင်နိုင်ရာပါ။ ထိုလှည်း၏ ပုန်တောင်းသော်လည်း ကွဲထွက်ရာပါ၏။ ထိုလှည်း၏ အကန့်ထောက်တို့သည်လည်း ကျိုးကုန်ရာပါ၏။ ထိုလှည်း၏ အကွပ်တံကူသည်လည်း ကျွတ်ကျရာပါ၏။ ထိုလှည်း၏ ဝင်ရိုးသည်လည်း ကျိုးကျရာပါ၏ဟု (လျှောက်၏)။ မင်းမြတ် အသို့နည်း လွန်ကဲသော ရတနာတည်းဟူသော ဝန်ကြောင့် လှည်းသည် ကျိုးသည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရားဟုတ်ပါ၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် လွန်ကဲသော တရားတည်းဟူသော ဝန်ကြောင့် မြေကြီးသည် တုန်လှုပ်၏ဟု (မိန့်တော်မူ၏)။

မင်းမြတ် ထို့ပြင်လည်း မြတ်စွာဘုရား၏ အစွမ်းသတ္တိကို ပြခြင်းငှါ ဤအကြောင်းကို ထည့်သွင်း အပ်၏။ ထိုအရာ၌ ဘုရားနှစ်ဆူတို့ တစ်ပြိုင်နက်သော ခဏ၌ ပွင့်တော်မမူနိုင်သော အခြားလျောက်ပတ်သော အကြောင်းကိုလည်း နာဦးလော့။ မင်းမြတ် ဘုရားနှစ်ဆူတို့သည် တစ်ပြိုင်နက်သော ခဏ၌ အကယ်၍ ပွင့်တော်မူကုန်ငြားအံ့။ ထိုမြတ်စွာဘုရားတို့၏ ပရိသတ်၌ “သင်တို့၏ ဘုရားတည်း။ ငါတို့၏ ဘုရားတည်း”ဟု ငြင်းခုံခြင်းသည် ဖြစ်ရာ၏။ နှစ်ဖို့နှစ်သင်း ဖြစ်ကုန်ရာ၏။ မင်းမြတ် ဥပမာသော်ကား အင်အားကြီးကုန်သော အမတ်နှစ်ယောက်တို့၏ ပရိသတ်၌ “သင်တို့၏ အမတ်တည်း။ ငါတို့၏ အမတ်တည်း”ဟု ငြင်းခုံခြင်းဖြစ်ပေါ်၍ နှစ်ဖို့နှစ်သင်းဖြစ်ကုန်ရာ၏။ မင်းမြတ် ဤအတူသာလျှင် ဘုရားနှစ်ဆူတို့သည် တစ်ပြိုင်နက်သော ခဏ၌ အကယ်၍ ပွင့်တော်မူကုန်ငြားအံ့။ ထိုမြတ်စွာဘုရားတို့၏ ပရိသတ်၌ “သင်တို့၏ ဘုရားတည်း။ ငါတို့၏ ဘုရားတည်း”ဟု ငြင်းခုံခြင်းသည် ဖြစ်ပေါ်၍ နှစ်ဖို့နှစ်သင်း ဖြစ်ကုန်ရာ၏။ မင်းမြတ် အကြင်အကြောင်းဖြင့် ဘုရားနှစ်ဆူတို့သည် တစ်ပြိုင်နက်သော ခဏ၌ မပွင့်ကုန်။ ဤသည်ကား ရှေးဦးစွာသော အကြောင်း ဖြစ်၏။

မင်းမြတ် ထို့ပြင်လည်း ဘုရားနှစ်ဆူတို့ တစ်ပြိုင်နက်သော ခဏ၌ ပွင့်တော်မမူသော အခြား အကြောင်းကို နာဦးလော့။ မင်းမြတ် ဘုရားနှစ်ဆူတို့သည် တစ်ပြိုင်နက်သော ခဏ၌ အကယ်၍ ပွင့်တော်မူကြကုန်ငြားအံ့။ “မြတ်စွာဘုရားသည် အမြတ်ဆုံးတည်း”ဟူသော အကြင်စကားသည် ရှိ၏၊ ထိုစကား သည် အမှားဖြစ်ရာ၏။ “မြတ်စွာဘုရားသည် အကြီးဆုံး ဖြစ်၏”ဟူသော အကြင်စကားသည် ရှိ၏။ ထိုစကားသည် အမှားဖြစ်ရာ၏။ “မြတ်စွာဘုရားသည် အလွန်ချီးမွမ်းအပ်၏”ဟူသော၊ “မြတ်စွာဘုရား သည် ထူး၏”ဟူသော၊ “မြတ်စွာဘုရားသည် လွန်မြတ်၏”ဟူသော၊ “မြတ်စွာဘုရားသည် မွန်မြတ်၏”ဟူသော၊ “မြတ်စွာဘုရားသည် အတုမရှိ”ဟူသော၊ “မြတ်စွာဘုရားသည် အတုမဲ့သော ရှေးဘုရားတို့နှင့်သာ တူတော်မူ၏”ဟူသော၊ “မြတ်စွာဘုရားသည် နှိုင်းယှဉ်ဘက် မရှိ”ဟူသော၊ “မြတ်စွာဘုရား သည် ပြိုင်ဘက် မရှိ”ဟူသော၊ “မြတ်စွာဘုရားသည် တုပြိုင်ဘက် ပုဂ္ဂိုလ် မရှိ”ဟူသော အကြင်စကား သည် ရှိ၏။ ထိုစကားသည် အမှားဖြစ်ရာ၏။ မင်းမြတ် အကြင်အကြောင်းဖြင့် ဘုရားနှစ်ဆူတို့သည် တစ်ပြိုင်နက်သော ခဏ၌ ပွင့်တော်မမူကုန်။ ဤအကြောင်းကိုလည်း သင်မင်းမြတ်သည် ဝန်ခံလော့။

--

မင်းမြတ် ထို့ပြင်လည်း လောက၌ တစ်ဆူသော ဘုရားသည်သာလျှင် ပွင့်တော်မူ၏။ ဤသို့ပွင့်တော်မူခြင်းသည် ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူကုန်သော မြတ်စွာဘုရားတို့၏ ပကတိသဘော ပင်တည်း။ အဘယ်အကြောင်းကြောင့်နည်းဟူမူ- သဗ္ဗညုတဉာဏ်ရတော်မူကုန်သော မြတ်စွာဘုရား ဂုဏ်တော်တို့၏ ကြီးမြတ်သည်၏ အဖြစ်ကြောင့်တည်း။ မင်းမြတ် (ဘုရားမှ)တစ်ပါးလည်း လောက၌ အကြင်အရာသည် ကြီးမြတ်၏။ ထိုကြီးမြတ်သော အရာသည် တစ်ခုတည်းသာလျှင် ဖြစ်၏။ မင်းမြတ် မြေကြီးသည် ကြီးကျယ်၏၊ ထိုမြေကြီးသည် တစ်ခုတည်းသာလျှင် ဖြစ်၏။ သမုဒ္ဒရာသည် ကြီးကျယ်၏။ ထိုသမုဒ္ဒရာသည် တစ်စင်းတည်းသာလျှင် ဖြစ်၏။ မြင်းမိုရ်တောင်မင်းသည် ကြီးကျယ်၏၊ ထိုမြင်းမိုရ် တောင်မင်းသည် တစ်ခုတည်းသာလျှင် ဖြစ်၏။ ကောင်းကင်သည် ကြီးကျယ်၏။ ထိုကောင်းကင်သည် တစ်ခုတည်းသာလျှင် ဖြစ်၏။ သိကြားမင်းသည် ကြီးမြတ်၏။ ထိုသိကြားမင်းသည် တစ်ယောက်တည်း သာလျှင် ဖြစ်၏။ မာရ်နတ်သည် ကြီးမြတ်၏။ ထိုမာရ်နတ်သည် တစ်ယောက်တည်းသာလျှင် ဖြစ်၏။ မဟာဗြဟ္မာသည် ကြီးမြတ်၏။ ထိုမဟာဗြဟ္မာသည် တစ်ယောက်တည်းသာလျှင် ဖြစ်၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော၊ (သစ္စာလေးပါးတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် ကြီးကျယ်မြင့်မြတ်၏။ ထိုမြတ်စွာဘုရားသည် လောက၌ တစ်ဆူတည်းသာလျှင် ဖြစ်၏။ အကြင်ဌာန၌ ထိုမြတ်စွာဘုရားတို့သည် ပွင့်တော်မူကုန်၏။ ထိုဌာန၌ တစ်ပါးသောသူ၏ အခွင့်သည် မဖြစ်။ မင်းမြတ် ထို့ကြောင့် ပူဇော်အထူးကို ခံတော်မူထိုက်သော၊ (သစ္စာလေးပါးတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် လောက၌ တစ်ဆူတည်းသာလျှင် ပွင့်တော်မူ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ပြဿနာကို ဥပမာအကြောင်းတို့ဖြင့် ကောင်းစွာ ဖြေအပ်ပါပေ၏။ ပညာမရှိသူပင်သော်မှ ဤအကြောင်းကို ကြားရမူကား ဝမ်းမြောက်ခြင်း ဖြစ်ရာပါ၏။ အကျွန်ုပ်ကဲ့သို့ ပညာကြီးသောသူကား အဘယ်ဆိုဖွယ်ရာ ရှိပါအံ့နည်း။ အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏။ ဤသို့လျှင် ဤစကားကို ထိုသို့ ဆိုတော်မူတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

ရှေးဦးစွာသော ဒွိန္နံ ဗုဒ္ဓါနံ အနုပ္ပဇ္ဇမာနပဥှာ ပြီး၏။

--

၂-ဂေါတမိဝတ္ထဒါနပဥှာ

မိထွေးတော်ဂေါတမီ သင်္ကန်းလှူခြင်း ပြဿနာ

။ အသျှင်ဘုရားနာဂသေန မိထွေးတော် မဟာပဇာပတိဂေါတမီက မိုးရေခံသင်္ကန်းကို လှူအပ်သည်ရှိသော် “ဂေါတမီ သင်သည် သံဃာအား လှူလော့။ သင်သည် သံဃာကို လှူအပ်သည်ရှိသော် ငါဘုရားကိုလည်းကောင်း၊ သံဃာကိုလည်းကောင်း ပူဇော်အပ်သည် ဖြစ်လတ္တံ့”ဟု ဤစကားကို မြတ်စွာဘုရား ဟောတော်မူအပ်ပါ၏။ အသျှင်ဘုရားနာဂသေန အသို့ပါနည်း။ မြတ်စွာဘုရားသည် သံဃာ ရတနာထက် မလေးစားထိုက်ပါသလော။ အလေးမပြုထိုက်ပါသလော။ မြတ်သော အလှူကို မခံထိုက်ပါ သလော။ အကြင့်ကြောင့် မြတ်စွာဘုရားသည် မိမိ၏ မိထွေးတော်သည် ကိုယ်တိုင်ဖန်အပ်၊ ကိုယ်တိုင် ကြိတ်အပ်၊ ကိုယ်တိုင်ဖတ်အပ်၊ ကိုယ်တိုင်ငင်အပ်၊ ကိုယ်တိုင်ရက်အပ်သော မိမိအား လှူသော မိုးရေခံ သင်္ကန်းကို သံဃာအား လှူစေ၏။ အသျှင်ဘုရားနာဂသေန မြတ်စွာဘုရားသည် သံဃာရတနာထက် အကယ်၍ မြတ်သည် ဖြစ်အံ့။ လွန်သည်မူလည်း ဖြစ်အံ့။ ထူးသည်မူလည်း ဖြစ်အံ့။ “ငါ့အား လှူအပ် သည်ရှိသော် ကြီးသော အကျိုးရှိသည် ဖြစ်လတ္တံ့”ဟု မြတ်စွာဘုရားသည် မိထွေးတော်ဂေါတမီ ကိုယ်တိုင် ဖန်အပ်သော၊ ကိုယ်တိုင်ကြိတ်အပ်သော၊ ကိုယ်တိုင်ဖတ်အပ်သော၊ ကိုယ်တိုင်ငင်အပ်သော၊ ကိုယ်တိုင် ရက်အပ်သော မိုးရေခံသင်္ကန်းကို သံဃာအား မလှူစေရာ။ အသျှင်ဘုရားနာဂသေန အကြင့်ကြောင့်လျှင် မြတ်စွာဘုရားသည် မိမိကိုယ်ကို တောင့်တတော်မမူ။ အားကြီးစွာ အမှီပြုတော်မမူ။ ထို့ကြောင့် မြတ်စွာဘုရားသည် မိထွေးတော်ဂေါတမီ၏ ထိုမိုးရေခံသင်္ကန်းကို သံဃာအား လှူစေ၏ဟု (လျှောက်၏)။

မင်းမြတ် မြတ်စွာဘုရားသည် မိထွေးတော် မဟာပဇာပတိဂေါတမီက မိုးရေခံသင်္ကန်းကို လှူအပ် သည့်ရှိသော် “ဂေါတမီ သင်သည် သံဃာအား လှူလော့။ သင်သည် သံဃာကို လှူသည်ရှိသော် ငါဘုရားကိုလည်းကောင်း၊ သံဃာကိုလည်းကောင်း ပူဇော်အပ်သည် ဖြစ်လတ္တံ့”ဟု ဤစကားကိုလည်း ဟောတော်မူအပ်ပါ၏။ ထိုသို့ ဟောတော်မူခြင်းသည်ကား မိမိအား ရှေးရှုမြတ်နိုးခြင်း၏ အကျိုးမရှိ သည်၏ အဖြစ်ကြောင့် ဟောတော်မူသည် မဟုတ်ချေ။ မြတ်သော အလှူကို မခံထိုက်သောကြောင့် ဟော တော်မူသည် မဟုတ်ချေ။ မင်းမြတ် စင်စစ်သော်ကား အစီးအပွါးအလို့ငှါ၊ စောင့်ရှောက်ခြင်းငှါ လာလတ္တံ့သော အခါ၌ ငါကွယ်လွန်သဖြင့် သံဃာသည် အရိုအသေပြုခံရသည် ဖြစ်လတ္တံ့ဟု ထင်ရှားရှိသည်သာလျှင် ဖြစ်ကုန်သော ဂုဏ်ကျေးဇူးတို့ကို ချီးကျူးလိုရကား “ဂေါတမီ သင်သည် သံဃာအား လှူလော့။ သံဃာကို လှူအပ်သည်ရှိသော် ငါ့ကိုလည်းကောင်း၊ သံဃာကိုလည်းကောင်း ပူဇော်အပ်သည် ဖြစ်လတ္တံ့”ဟု ဤသို့ (ဟောတော်မူ၏)။

မင်းမြတ် “ဤငါ့လက်ထက်၌ မြှင့်တင်၍ ထားအပ်သည်ရှိသော် နောင်လာလတ္တံ့သော အခါ၌ဝယ် လူတို့ အလယ်၌ ပူဇော်ခံရသည် ဖြစ်လတ္တံ့”ဟု ဖခမည်းတော်သည် မိမိထင်ရှားရှိစဉ်ပင်လျှင် အမတ်, အခစား, ဗိုလ်ပါ, တံခါးစောင့်, ကိုယ်ရံတော်, အခြွေအရံလူများ၏ အလယ် မင်း၏ ညီလာခံသဘင်ဝယ် သားတော်၏ ထင်ရှားရှိသည်သာလျှင်ဖြစ်သော ဂုဏ်ကျေးဇူးကို ပြောကြားသကဲ့သို့၊ မင်းမြတ် ဤအတူ သာလျှင် မြတ်စွာဘုရားသည် အစီးအပွားအလို့ငှါ အစဉ်စောင့်ရှောက် သနားတော်မူခြင်းငှါ နောင်လာလတ္တံ့သော အခါ၌ ငါကွယ်လွန်တော်မူသဖြင့် သံဃာသည် အရိုအသေပြုခံရသည် ဖြစ်လတ္တံ့ဟု ထင်ရှားရှိသည် သာလျှင်ဖြစ်ကုန်သော ဂုဏ်ကျေးဇူးတို့ကို ချီးကျူးပြောကြားတော်မူလိုရကား “ဂေါတမီ သင်သည် သံဃာ အား လှူလော့။ သင်သည် သံဃာကို လှူသည်ရှိသော် ငါ ဘုရားကိုလည်းကောင်း၊ သံဃာကိုလည်းကောင်း ပူဇော်အပ်သည် ဖြစ်လတ္တံ့”ဟု (ဟောတော်မူ၏)။

--

မင်းမြတ် ထိုမျှလောက် မိုးရေခံသင်္ကန်းကို လှူဒါန်းစေကာမျှဖြင့် သံဃာသည် မြတ်စွာဘုရားထက် လွန်ကဲသည်မည်သည် မဖြစ်ချေ။ ထူးသည်လည်း မဖြစ်ချေ။ မင်းမြတ် ဥပမာသော်ကား အမိအဖတို့ သည် သားသမီးတို့အား (နံ့သာဖြင့်) ပွတ်သပ်ပေးကုန်၏။ (ဆီဖြင့်) ဆုပ်နယ်ပေးကုန်၏။ (နံ့သာဖြင့်) ရေချိုးပေးကုန်၏။ (လက်ရုံး ကြီးထွားရန်) ထုရိုက်ပေးကုန်၏။ မင်းမြတ် ထိုမျှလောက် (နံ့သာဖြင့်) ပွတ်သပ်ပေးခြင်း၊ (ဆီဖြင့်) ဆုပ်နယ်ပေးခြင်း၊ (နံ့သာဖြင့်) ရေချိုးပေးခြင်း၊ (လက်ရုံးကြီးထွားရန်) ထုရိုက်ပေးခြင်းမျှဖြင့် “သားသမီးသည် မိဘတို့ထက် လွန်ကဲသည်မူလည်း ဖြစ်သလော။ ထူးချွန်သည်မူလည်း ဖြစ်သလော”ဟု (မေးတော်မူ၏)။ အသျှင်ဘုရား မဖြစ်နိုင်ပါ။ အသျှင်ဘုရား မိဘတို့သည် သားသမီးတို့က အလိုမရှိသော်လည်း ပြုအပ်ကုန်၏။ ထို့ကြောင့် မိဘတို့သည် သားသမီးတို့အား (နံ့သာဖြင့်) ပွတ်သပ်ပေးခြင်း၊ (ဆီဖြင့်) ဆုပ်နယ်ပေးခြင်း၊ (နံ့သာဖြင့်) ရေချိုးပေးခြင်း၊ (လက်ရုံး ကြီးထွားရန်) ထုရိုက်ပေးခြင်းကို ပြုကြပါကုန်၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် ထိုမျှ လောက် မိုးရေခံသင်္ကန်းကို လှူစေကာမျှဖြင့် သံဃာတော်သည် မြတ်စွာဘုရားထက် လွန်ကဲသည်မူလည်း မဖြစ်ချေ။ ထူးချွန်သည်မူလည်း မဖြစ်ချေ။ မင်းမြတ် မြတ်စွာဘုရားသည် စင်စစ်သော်ကား အလိုမရှိ သော်လည်း ပြုအပ်သောကိစ္စကို ပြုတော်မူလျက် မိထွေးတော်ဂေါတမီ၏ ထိုမိုးရေခံသင်္ကန်းကို သံဃာအား လှူစေတော်မူ၏။

မင်းမြတ် ဥပမာတစ်နည်းသော်ကား တစ်စုံတစ်ယောက်သောယောက်ျားသည် မင်း၏ လက်ဆောင် ပဏ္ဏာကို ဆောင်ယူခဲ့၏။ မင်းသည် ထိုလက်ဆောင်ပဏ္ဏာကို အခြားသော အခစားအားလည်းကောင်း၊ ဗိုလ်ပါအားလည်းကောင်း၊ စစ်သူကြီးအားလည်းကောင်း၊ ပုရောဟိတ်အားလည်းကောင်း ပေးငြားအံ့။ ထိုယောက်ျားသည် ထိုမျှလောက်သော လက်ဆောင်ကိုရကာမျှဖြင့် မင်းထက် လွန်ကဲသည်မူလည်း ဖြစ်သ လော။ ထူးချွန်သည်မူလည်း ဖြစ်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မဖြစ်ပါ။ အသျှင်ဘုရား ထိုယောက်ျားသည် မင်းခစားပါတည်း။ မင်းကို မှီ၍ အသက်မွေးရပါ၏။ ထိုမင်းခစားအရာ၌ ထားလိုသော မင်းသည် လက်ဆောင်ပဏ္ဏာကို ပေးပါ၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် ထိုမျှ လောက် မိုးရေခံသင်္ကန်းကို လှူစေကာမျှဖြင့် သံဃာတော်သည် မြတ်စွာဘုရားထက် လွန်ကဲသည်မူလည်း မဖြစ်ချေ။ ထူးချွန်သည်မူလည်း မဖြစ်ချေ။ စင်စစ်သော်ကား မြတ်စွာဘုရား၏ အလုပ်အကျွေးသာတည်း။ မြတ်စွာဘုရားကို မှီ၍ အသက်မွေးရ၏။ ထိုမိမိအရာ၌ ထားတော်မူလိုသော မြတ်စွာဘုရားသည် သံဃာ အား မိုးရေခံသင်္ကန်းကို ပေးလှူစေ၏။

မင်းမြတ် ထို့ပြင်လည်း မြတ်စွာဘုရားအား ဤသို့သော အကြံသည် ဖြစ်၏။ “သံဃာကို သဘောအားဖြင့် ပူဇော်အပ်၏။ ငါ၏ ဥစ္စာဖြင့် သံဃာကို ရှေးရှု ပူဇော်အံ့”ဟု သံဃာအား မိုးရေခံသင်္ကန်းကို ပေးလှူစေ၏။ မင်းမြတ် မြတ်စွာဘုရားသည် မိမိအားသာလျှင် ရှေးရှုပူဇော်ခြင်းကို ချီးမွမ်းတော်မမူ။ စင်စစ်သော်ကား လောက၌ အကြင်သူတို့သည် ပူဇော်ထိုက်ကုန်၏။ ထိုသူတို့အားလည်း ရှေးရှုပူဇော်ခြင်း ကို မြတ်စွာဘုရားသည် ချီးမွမ်းတော်မူ၏။

မင်းမြတ် နတ်ထက်နတ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် မဇ္ဈိမနိကာယ်မြတ်ဟု တံဆိပ်ခပ်အပ်သော ဓမ္မဒါယာဒသုတ် တရားဒေသနာတော်၌ အလိုနည်းသော အကျင့်ကို ချီးကျူးတော်မူလိုရကား “စားကြွင်းကို မစားမူ၍ တရားအားထုတ်သော ရှေးဦးရဟန်းကို အထူးသဖြင့်လည်း ပူဇော်အပ်၏။ အလွန်လည်း ချီးမွမ်းအပ်၏”ဟူသော စကားကို (ဟောတော်မူအပ်၏)။ မင်းမြတ် ဘဝသုံးပါးတို့၌ မြတ်စွာဘုရားထက် အလှူကို ခံထိုက်သည်လည်းဖြစ်သော, လွန်သည်လည်းဖြစ်သော, လွန်ကဲသည်လည်းဖြစ်သော, ထူးချွန်သည်လည်းဖြစ်သော, တစ်စုံ တစ်ယောက်သော သတ္တဝါသည် မရှိ။ မြတ်စွာဘုရားသည်သာလျှင် လွန်၏၊ လွန်ကဲ၏၊ ထူးချွန်၏။

--

မင်းမြတ် သံယုတ္တနိကာယ်မြတ်၌ မာဏဝဂါမိကအမည်ရှိသော နတ်သားသည် မြတ်စွာဘုရား၏ ရှေ့တော်မှောက် နတ်လူတို့၏ အလယ်၌ ရပ်တည်လျက်- “ရာဇဂြိုဟ်မြို့ရှိ တောင်ငါးလုံးတို့တွင် ဝေပုလ္လတောင်ကို အမြတ်ဆုံးဟူ၍ ဆိုအပ်၏။ ဟိမဝန္တာရှိ တောင်အပေါင်းတို့တွင် ကေလာသတောင်ကို အမြတ်ဆုံးဟူ၍ ဆိုအပ်၏။ ကောင်းကင်၌ သွားသော ကြယ်နက္ခတ်အပေါင်းတို့တွင် နေမင်းကို အမြတ်ဆုံးဟူ၍ ဆိုအပ်၏။ မြစ်အပေါင်းတို့တွင် သမုဒ္ဒရာကို အမြတ်ဆုံးဟူ၍ ဆိုအပ်၏။ နက္ခတ်အပေါင်းတို့တွင် လကို အမြတ်ဆုံးဟူ၍ ဆိုအပ်၏။ နတ်နှင့်တကွသော လူအပေါင်းတွင် ဘုရားကို အမြတ်ဆုံးဟူ၍ ဆိုအပ်၏”ဟူ၍ ဤစကားကိုလည်း ဆိုအပ်၏။

မင်းမြတ် ထိုမာဏဝဂါမိက အမည်ရှိသော နတ်သားသည် ထိုဂါထာကို ကောင်းစွာ သီကုံးအပ်၏။ မကောင်းသဖြင့် သီကုံးအပ်သည် မဟုတ်။ ကောင်းစွာ ရွတ်ဆိုအပ်၏။ မကောင်းသဖြင့် ရွတ်ဆိုအပ်သည် မဟုတ်။ မြတ်စွာဘုရားကလည်း ခွင့်ပြုတော်မူအပ်၏။ မင်းမြတ် တရားစစ်သူကြီးဖြစ်တော်မူသော သာရိ ပုတ္တရာမထေရ်သည်- “မာရ်စစ်သည်ဗိုလ်ပါကို နုတ်ပယ်တော်မူပြီးသော ဘုရားရှင်၌ တစ်ကြိမ် တစ်ခါမျှ စိတ်ဖြင့် ကြည်ညိုခြင်းသည်လည်းကောင်း၊ သရဏဂုံဆောက်တည်ခြင်းသည်လည်းကောင်း၊ လက်အုပ်ချီမိုး ရှိခိုးခြင်းသည်လည်းကောင်း စောင့်ရှောက်ကယ်တင်ခံရခြင်းငှါ စွမ်းဆောင်နိုင်၏”ဟု (ဟောတော်မူအပ်၏)။

နတ်ထက်နတ် ဖြစ်တော်မူသော မြတ်စွာဘုရားသည်လည်း “ရဟန်းတို့ လောက၌ တစ်ဦးတည်းသော ပုဂ္ဂိုလ်သည် ဖြစ်ပေါ်လာသည်ရှိသော် များစွာသော လူတို့၏ အစီးအပွားအလို့ငှါ၊ များစွာသော လူတို့၏ ချမ်းသာခြင်းငှါ၊ လူအပေါင်းကို အစဉ်စောင့်ရှောက်ခြင်းငှါ၊ နတ်လူတို့၏ အကျိုးငှါ၊ အစီးအပွား ရှိခြင်းငှါ၊ ချမ်းသာခြင်းငှါ ဖြစ်ပေါ်၏။ တစ်ယောက်သော ပုဂ္ဂိုလ်သည် အဘယ်နည်းဟူမူကား- ပူဇော် အထူးကို ခံတော်မူထိုက်သော (သစ္စာလေးပါးတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားတည်း။ပ။ နတ်လူတို့၏ အကျိုးငှါ၊ အစီးအပွားရှိခြင်းငှါ၊ ချမ်းသာခြင်းငှါ ဖြစ်ပေါ်၏”ဟု ဟောတော့်မူအပ်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏။ ဤသို့လျှင် ဤစကားကို ထိုသို့ ဆိုတော်မူတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။

နှစ်ခုမြောက် ဂေါတမီဝတ္ထဒါနပဥှာ ပြီး၏။

--

၃-ဂိဟိပဗ္ဗဇိတသမ္မာပဋိပတ္တိပဥှာ

လူနှင့် ရဟန်းတို့ ကောင်းစွာ ကျင့်ခြင်း ပြဿနာ

။ အသျှင်ဘုရားနာဂသေန “ရဟန်းတို့ လူ၏လည်းကောင်း၊ ရဟန်း၏လည်းကောင်း ကောင်းစွာ ကျင့်ခြင်းကို ငါဘုရား ချီးမွမ်း၏။ ရဟန်းတို့ လူသည်မူလည်းဖြစ်စေ၊ ရဟန်းသည်မူလည်းဖြစ်စေ ကောင်းစွာ ကျင့်ခဲ့သော် ကောင်းစွာ ကျင့်ခြင်းဟူသော အကြောင်းကြောင့် မဂ်ကုသိုလ်တရားကို ပြီးစီး စေနိုင်၏”ဟု ဤစကားကို မြတ်စွာဘုရား ဟောတော်မူအပ်၏။ အသျှင်ဘုရားနာဂသေန လူသည် အဝတ် ဖြူကို ဝတ်ကာ ကာမဂုဏ်ခံစား၍ သားမယားတို့ဖြင့် ကျဉ်းမြောင်းစွာ အိမ်ရာတည်ထောင် နေထိုင်လျက်၊ ကာသိတိုင်းထွက် အဝတ်, စန္ဒကူးနံ့သာကို သုံးဆောင်ခံစားပြီးလျှင်၊ ပန်း, နံ့သာ, နံ့သာ ပျောင်းကို ဆောင်လျက်၊ ရွှေ, ငွေကို သာယာလျက်၊ ပတ္တမြားနားတောင်းကို ပန်ဆင်လျက်၊ ဆန်းကြယ်သော ဥသျှောင်ကို ထုံးလျက် ကောင်းစွာ ကျင့်သည်ရှိသော် မဂ်ကုသိုလ်တရားကို အကယ်၍ ပြီးစီး စေငြားအံ့။ ရဟန်းသည်လည်း ဦးခေါင်းတုံးကာ ဖန်ရည်ဆိုးသော အဝတ်ကို ဝတ်လျက်၊ သူတစ်ပါးတို့၏ ထမင်းကို ရည်ရွယ်ချဉ်းကပ်ရလျက်၊ လေးပါးကုန်သော သီလအစုတို့၌ ကောင်းစွာ ဖြည့်ကျင့်လေ့ရှိသည် ဖြစ်၍ နှစ်ရာ့နှစ်ဆယ်ခုနစ်သွယ်သော သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်လျက်၊ တစ်ဆယ့်သုံးပါးကုန်သော ဓူတင်ဂုဏ်တို့၌ အကြွင်းမရှိဘဲ ကျင့်လျက် မဂ်ကုသိုလ်တရားကို ပြီးစီးစေနိုင်ငြားအံ့။ အသျှင်ဘုရား ဤသို့ဖြစ်သော် ထိုနှစ်ဦးတို့တွင် လူ၏လည်းကောင်း၊ ရဟန်း၏လည်းကောင်း အထူးအထွေသည် အဘယ်ပါနည်း။ အကျင့်ကို ကျင့်သုံးရခြင်းသည် အကျိုးမရှိ ဖြစ်၏။ ရဟန်းပြုခြင်းသည် အကျိုးမရ။ သိက္ခာပုဒ်ကို စောင့်ထိန်းရခြင်းသည် မြုံတော့သည်တကား။ ဓူတင်ဂုဏ်ကို ဆောက်တည်ခြင်းသည် အချည်းနှီးပေတကား။ ရဟန်းအဖြစ်၌ ဆင်းဆင်းရဲရဲ ကျင့်သုံးရခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း။ (ကာမ) ချမ်းသာဖြင့်သာလျှင် (နိဗ္ဗာန်) ချမ်းသာသို့ ရောက်နိုင်သည်မည်သည် မဟုတ်ပါလောဟု (လျှောက်၏)။

မင်းမြတ် “ရဟန်းတို့ လူ၏လည်းကောင်း၊ ရဟန်း၏လည်းကောင်း ကောင်းစွာ ကျင့်ခြင်းကို ငါဘုရား ချီးမွမ်း၏။ ရဟန်းတို့ လူသည်မူလည်းဖြစ်စေ၊ ရဟန်းသည်မူလည်းဖြစ်စေ ကောင်းစွာ ကျင့်ခဲ့သော် ကောင်းစွာ ကျင့်ခြင်းဟူသော အကြောင်းကြောင့် မဂ်ကုသိုလ်တရားကို ပြီးစီးစေနိုင်၏”ဟု ဤစကားကို မြတ်စွာဘုရား ဟောတော်မူအပ်၏။ မင်းမြတ် ဤစကားသည် ဤအတိုင်းပင်တည်း။ ကောင်းစွာ ကျင့်သောသူသည်သာ မြတ်၏။ မင်းမြတ် ရဟန်းပြုသူသည်လည်း “ငါ ရဟန်း ဖြစ်၏”ဟု ကောင်းစွာ မကျင့်ငြားအံ့။ ယင်းသို့ မကျင့်သော်ကား ထိုသူသည် ရဟန်း၏ အဖြစ်မှ ဝေးသည်သာလျှင်တည်း။ မြတ်သော အဖြစ်မှ ဝေးသည်သာလျှင်တည်း။ အဝတ်ဖြူကို ဝတ်သော လူသည် အဘယ် ဆိုဖွယ်ရာ ရှိအံ့နည်း။ မင်းမြတ် လူဖြစ်သောသူသည်လည်းကောင်းစွာ ကျင့်သည်ရှိသော် မဂ်ကုသိုလ် တရားကို ပြီးစီးစေနိုင်၏။ မင်းမြတ် ရဟန်းဖြစ်သောသူသည်လည်းကောင်းစွာ ကျင့်သည်ရှိသော် မဂ်ကုသိုလ်တရားကို ပြီးစီးစေနိုင်၏။

မင်းမြတ် စင်စစ်သော်ကား ရဟန်းသည်သာလျှင် ရဟန်း၏ အဖြစ်ကို အစိုးရ၏၊ ကြီးမှူးနိုင်၏။ မင်းမြတ် ရဟန်းအဖြစ်သည် များသော ဂုဏ်ရှိ၏။ တစ်ပါးမက များပြားသော ဂုဏ်ရှိ၏။ မနှိုင်းရှည့် နိုင်သော ဂုဏ်ရှိ၏။ ရဟန်း၏ ဂုဏ်ကို နှိုင်းရှည့်ခြင်းငှါ မတတ်ကောင်း။

မင်းမြတ် “ပတ္တမြားရတနာ၏ အဖိုးသည် ဤမျှလောက်ပင်တည်း”ဟု အလိုဆန္ဒဟူသမျှကို ပေးစွမ်းနိုင်သော ပတ္တမြားရတနာ၏ တန်ဖိုးကို ဥစ္စာဖြင့် နှိုင်းရှည့်ခြင်းငှါ မတတ်နိုင်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ရဟန်းအဖြစ်သည် များသော ဂုဏ်ရှိ၏။ တစ်ပါးမက များပြားသော ဂုဏ်ရှိ၏။ မနှိုင်းရှည့်နိုင်သော ဂုဏ်ရှိ၏။ ရဟန်း၏ ဂုဏ်ကို နှိုင်းရှည့်ခြင်းငှါ မတတ်ကောင်း။

--

မင်းမြတ် ဥပမာတစ်နည်းသော်ကား “မဟာသမုဒ္ဒရာ၌ လှိုင်းတံပိုးတို့သည် ဤရွေ့ဤမျှ ရှိကုန်၏”ဟု မဟာသမုဒ္ဒရာ၌ လှိုင်းတံပိုးတို့ကို နှိုင်းရှည့်ခြင်းငှါ မတတ်နိုင်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ရဟန်း၏ အဖြစ်သည် များသော ဂုဏ်ရှိ၏။ တစ်ပါးမက များပြားသော ဂုဏ်ရှိ၏။ မနှိုင်းရှည့်နိုင်သော ဂုဏ်ရှိ၏။ ရဟန်း၏ ဂုဏ်ကို နှိုင်းရှည့်ခြင်းငှါ မတတ်ကောင်း။

မင်းမြတ် ရဟန်းအား ပြုဖွယ်ကိစ္စ တစ်စုံတစ်ရာ ရှိငြားအံ့။ ပြုဖွယ်ကိစ္စအားလုံးသည် လျင်မြန်စွာ သာလျှင် ပြီးပြည့်စုံ၏။ ကြာမြင့်မှ ပြီးသည် မဟုတ်။ အဘယ်အကြောင်းကြောင့်နည်းဟူမူ-မင်းမြတ် ရဟန်းဖြစ်သူသည် အလိုနည်း၏၊ ရောင့်ရဲလွယ်၏၊ ကာမမှ ကင်းဆိတ်၏၊ ကာမနှင့် မနှီးနှော၊ မြဲမြံသော ဝီရိယရှိ၏၊ ငြိကပ်မှု ကင်းလွတ်၏၊ တပ်မက်မှုတဏှာဟူသော အိမ်မရှိ၊ ပြည့်စုံသော သီလရှိ၏၊ ခေါင်းပါးသော အကျင့်ရှိ၏၊ ဓူတင် အကျင့်၌ လိမ္မာ၏၊ ထိုသို့သော အကြောင်းကြောင့် ရဟန်းအား ပြုဖွယ်ကိစ္စ တစ်စုံတစ်ရာ ရှိငြားအံ့။ ပြုဖွယ်ကိစ္စအားလုံးသည် လျင်မြန်စွာသာလျှင် ပြီးပြည့်စုံ၏။ ကြာမြင့်မှ ပြီးသည် မဟုတ်။ မင်းမြတ် အဖုအထစ် မရှိသော၊ ကောင်းစွာ ပွတ်တိုက်အပ်သည် ဖြစ်၍ ဖြောင့်မတ်လျက် အညစ် အကြေးကင်းသော မြားသည် ကောင်းစွာ ပြင်ဆင်အပ်သော် ကောင်းစွာ ရွက်ဆောင်နိုင်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ရဟန်းအား ပြုဖွယ်ကိစ္စ တစ်စုံတစ်ရာ ရှိငြားအံ့။ ထိုပြုဖွယ်ကိစ္စအားလုံးသည် လျင်မြန်စွာသာလျှင် ပြီးပြည့်စုံ၏။ ကြာမြင့်မှ ပြီးသည် မဟုတ်ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား နာဂသေန ကောင်းလှပါ၏။ ဤသို့လျှင် ဤစကားကို ထိုသို့ ဆိုတော်မူတိုင်း ဝန်ခံပါ၏ဟု(လျှောက်၏)။ ။

သုံးခုမြောက် ဂိဟိပဗ္ဗဇိတသမ္မာပဋိပတ္တိပဥှာ ပြီး၏။

၄-ပဋိပဒါဒေါသပဥှာ

ဒုက္ကရစရိယာအကျင့်၏ အပြစ် ပြဿနာ

။ အသျှင်ဘုရားနာဂသေန အကြင်အခါ၌ ဘုရားလောင်းသည် ဒုက္ကရစရိယာအကျင့်ကို ကျင့်တော်မူ၏။ ထိုဒုက္ကရစရိယာအကျင့်ကို ကြဉ်ထား၍ ထိုသို့ သဘောရှိသော အားထုတ်မှုမျိုး၊ မတွန့်မဆုတ် အားထုတ်မှုမျိုး၊ ကိလေသာကို တိုက်ခိုက်မှုမျိုး၊ မာရ်စစ်သည်ကို ဖျက်ဆီးမှုမျိုး၊ အာဟာရကို ချုပ်တည်း သိမ်းဆည်းမှုမျိုး မည်သည် မရှိ။ ထိုအခါ ဤသို့ သဘောရှိသော အားပါးစိုက်ထုတ်ခြင်း၌ စိုးစဉ်းမျှသော သာယာဖွယ်ကို မရနိုင်သောကြောင့် ထိုအားထုတ်သော စိတ်တော်ကိုပင် ယုတ်လျော့စေ၍ “ငါသည် ပြင်းထန် ခါးစပ်သော ဤမျှသော ဒုက္ကရစရိယာအကျင့်ဖြင့် လူတို့၏ ကုသိုလ်ကမ္မပထတရားတို့ထက် လွန်မြတ်သော၊ အရိယာတို့၏ ဉာဏ်ဖြင့်သာ မြင်စွမ်းနိုင်သော တရားအထူးကို မရနိုင်ပေ။ တရား အထူးကို သိမြင်ခြင်းငှါ အခြားလမ်းသည် ရှိသေးသလော”ဟု ဆိုခဲ့၏။ ထိုဒုက္ကရစရိယာအကျင့်၌ ငြီးငွေ့ တော်မူ၍ အခြားသော အကျင့်လမ်းဖြင့် ဘုရားအဖြစ်သို့ ရောက်တော်မူ၏။ တစ်ဖန် ထိုငြီးငွေ့ခဲ့သော အကျင့်ဖြင့်ပင် တပည့်သာဝကတို့ကို- “မြတ်စွာဘုရားသာသနာတော်၌ အားထုတ်ကြကုန်လော့။ မတွန့်မဆုတ် အား ထုတ်ကြကုန်လော့။ အမြဲနိစ္စ ကြိုးပမ်းကြကုန်လော့။ ဆင်ပြောင်ကြီးသည် ကျူအိမ်ကို နင်းနယ်ခြေမှုန်းသကဲ့သို့ မာရ်မင်း၏ ကိလေသာစစ်သည်ကို ဖျက်ဆီး ကြကုန်လော့”ဟု ဆုံးမတော်မူပြန်၏။ ဆောက်တည်စေတော်မူပြန်၏။

--

အသျှင်ဘုရားနာဂသေန မြတ်စွာဘုရားသည် အကြင်ဒုက္ကရစရိယာအကျင့်၌ ကိုယ်တိုင် ငြီးငွေ့တော်မူခဲ့၏။ တပ်ခြင်းကင်းတော်မူခဲ့၏။ ထိုအကျင့်ဖြင့်ပင် တပည့်သာဝကတို့ကို အဘယ့်ကြောင့် ဆုံးမတော့်မူပြန်ပါသနည်း။ ဆောက်တည်စေတော်မူပြန်ပါသနည်းဟု (လျှောက်၏)။

မင်းမြတ် ထိုစဉ်အခါကသော်လည်းကောင်း၊ ယခုအခါ၌သော်လည်းကောင်း ထိုဒုက္ကရစရိယာ အကျင့် ပင်တည်း။ ထိုအကျင့်ကို ကျင့်၍ ဘုရားလောင်းသည် သဗ္ဗညုဘုရားအဖြစ်သို့ ရောက်၏။ မင်းမြတ် စင်စစ်သော်ကား ဘုရားလောင်းသည် လွန်ကဲသော လုံ့လကို ပြုသည်ရှိသော် အကြွင်းမဲ့အားဖြင့် အာဟာရ ကို ပိတ်ပင်ပယ်ဖြတ်တော်မူ၏။ ထိုဘုရားလောင်းအား အာဟာရကို ဖြတ်ခြင်းကြောင့် စိတ်အားနည်း ခြင်းသည် ဖြစ်ပေါ်လာ၏။ ထိုဘုရားလောင်းသည် ယင်းသို့ စိတ်အားနည်းခြင်းကြောင့် သဗ္ဗညုဘုရား အဖြစ်သို့ ရောက်ခြင်းငှါ မစွမ်းနိုင်။ ထိုဘုရားလောင်းသည် အနည်းငယ်, အနည်းငယ်မျှသော ကဗဠီ ကာရအာဟာရကို မှီဝဲသည်ရှိသော် ထိုအကျင့်ဖြင့်သာလျှင် မကြာမြင့်မီပင် သဗ္ဗညုဘုရားအဖြစ်သို့ ရောက်၏။ မင်းမြတ် ထိုအကျင့်သည်ပင်လျှင် အလုံးစုံသော ဘုရားရှင်တို့အား သဗ္ဗညုတဉာဏ်တော်ကို ရခြင်းငှါ ဖြစ်၏။

မင်းမြတ် ဥပမာသော်ကား အလုံးစုံသော သတ္တဝါတို့အား အစာအာဟာရသည် ထောက်ပံ့တတ်၏။ အာဟာရကို မှီကုန်သော အလုံးစုံသော သတ္တဝါတို့သည် ချမ်းသာကို ခံစားရကုန်၏။ မင်းမြတ် ဤအတူသာလျှင် ထိုအကျင့်သည်ပင်လျှင် ဘုရားရှင်အားလုံးတို့အား သဗ္ဗညုတဉာဏ်တော်ကို ရခြင်းငှါ ဖြစ်၏။ မင်းမြတ် အကြင်အကြောင်းကြောင့် မြတ်စွာဘုရားသည် ထိုဒုက္ကရစရိယာအကျင့်ကို ကျင့်သောအခါ သဗ္ဗညုတဉာဏ်တော်သို့ မရောက်။ ဤသို့ မရောက်ခြင်းသည် အားထုတ်ခြင်း၏ အပြစ်မဟုတ်။ မတွန့် မဆုတ် အားထုတ်ခြင်း၏ အပြစ် မဟုတ်။ ကိလေသာကို တိုက်ခိုက်ခြင်း၏ အပြစ်မဟုတ်။ စင်စစ် သော်ကား ဤသို့ (သဗ္ဗညုတဉာဏ်တော်သို့) မရောက်ခြင်းသည် အာဟာရကို ပိတ်ပင် ပယ်ဖြတ် တော်မူခြင်း၏ အပြစ်သာတည်း။ ဤအကျင့်သည် အခါခပ်သိမ်း သဗ္ဗညုတဉာဏ်နှင့် စပ်ယှဉ်သည်သာ လျှင်တည်း။

မင်းမြတ် ဥပမာသော်ကား ယောက်ျားသည် အဓွန့်ရှည်သော ခရီးသို့ အလွန်လျင်မြန်စွာ သွားရာ၏။ ထို့ကြောင့် ထိုယောက်ျားသည် ခြေဆွံ့ခြင်း၊ ခြေထိုင်းခြင်းသည်မူလည်း ဖြစ်ရာ၏။ အသွား ဆွံ့သည်မူလည်း ဖြစ်ရာ၏။ မြေအပြင်၌ မသွားနိုင်။ မင်းမြတ် အကြင်အကြောင်းကြောင့် ထိုယောက်ျား သည် ခြေဆွံ့ခြင်း ဖြစ်၏။ ထိုခြေဆွံ့ခြင်းသည် မြေကြီး၌ အပြစ်ရှိသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား အပြစ်မရှိပါ။ အသျှင်ဘုရား မြေကြီးသည် အခါခပ်သိမ်း သွားခြင်းနှင့် စပ်ယှဉ်၏။ ထိုမြေကြီးအား အဘယ်မှာ အပြစ်ရှိနိုင်အံ့နည်း။ အကြင် (လျင်စွာသွားခြင်းဟူသော) အကြောင်းကြောင့် ထိုယောက်ျားသည် ခြေဆွံ့ခြင်း ဖြစ်၏။ ဤခြေဆွံ့ခြင်းသည် အားထုတ်ခြင်း၏သာလျှင် အပြစ်ပါတည်းဟု (လျှောက်၏)။ မင်းမြတ် ဤအတူပင် အကြင်အကြောင်းကြောင့် မြတ်စွာဘုရားသည် ထိုဒုက္ကရစရိယာ အကျင့်ကို ကျင့်သောအခါ သဗ္ဗညုတဉာဏ်တော်သို့ မရောက်။ ဤသို့ မရောက်ခြင်းသည် အားထုတ်ခြင်း၏ အပြစ် မဟုတ်။ မတွန့်မဆုတ် အားထုတ်ခြင်း၏ အပြစ် မဟုတ်။ ကိလေသာကို တိုက်ခိုက်ခြင်း၏ အပြစ် မဟုတ်။ စင်စစ်သော်ကား ဤသို့ မရောက်ခြင်းသည် အာဟာရကို ပိတ်ပင်ပယ်ဖြတ် တော်မူခြင်း၏ သာလျှင် အပြစ်တည်း။ ဤအကျင့်သည် အခါခပ်သိမ်း သဗ္ဗညုတဉာဏ်နှင့် စပ်ယှဉ်သည်သာလျှင်တည်း။

--

မင်းမြတ် ဥပမာတစ်နည်းသော်ကား ယောက်ျားသည် ညစ်နွမ်းသော ပုဆိုးကို ဝတ်ရာ၏။ ထိုယောက်ျားသည် ထိုပုဆိုးကို မဖွပ်မလျှော်ရာ။ ဤသို့ မဖွပ်မလျှော်ခြင်းသည် ရေ၏ အပြစ်မဟုတ်။ ရေသည် အခါခပ်သိမ်း စင်ကြယ်ခြင်းနှင့် စပ်ယှဉ်၏။ ပုဆိုးညစ်နွမ်းခြင်းဟူသော ထိုအပြစ်သည် ယောက်ျား၏သာလျှင် အပြစ်တည်း။ မင်းမြတ် ဤအတူသာလျှင် အကြင်အကြောင်းကြောင့် မြတ်စွာဘုရား သည် ထိုဒုက္ကရစရိယာအကျင့်ကို ကျင့်သောအခါ၌ သဗ္ဗညုတဉာဏ်တော်သို့ မရောက်။ ဤသို့ မရောက်ခြင်းသည် အားထုတ်ခြင်း၏ အပြစ် မဟုတ်။ မတွန့်မဆုတ် အားထုတ်ခြင်း၏့အပြစ်မဟုတ်။ ကိလေသာကို တိုက်ခိုက်ခြင်း၏ အပြစ် မဟုတ်။ စင်စစ်သော်ကား ဤသို့ မရောက်ခြင်းသည် အာဟာရကို ပိတ်ပင် ပယ်မြစ်တော်မူခြင်း၏သာလျှင် အပြစ်တည်း။ ဤအကျင့်သည် အခါခပ်သိမ်း သဗ္ဗညုတဉာဏ်နှင့် စပ်ယှဉ်သည်သာလျှင်တည်း။ ထို့ကြောင့် မြတ်စွာဘုရားသည် ထိုအကျင့်ဖြင့်သာလျှင် တပည့်သာဝကတို့ကို ဆုံးမတော်မူ၏။ ဆောက်တည်စေတော်မူ၏။ မင်းမြတ် ဤသို့လျှင် ထိုဒုက္ကရစရိယာအကျင့်သည် သဗ္ဗညုတ ဉာဏ်နှင့် စပ်ယှဉ်၏၊ အပြစ်မရှိဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏။ ဤသို့ လျှင် ဤစကားကို ထိုသို့ ဆိုတော်မူတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

လေးခုမြောက် ပဋိပဒါဒေါသပဥှာ ပြီး၏။

၅-ဟီနာယာဝတ္တနပဥှာ

သာသနာတော်မှ ပြန်လည်ဆုတ်နစ် ‘လူထွက်’ ခြင်း ပြဿနာ

။ အသျှင်ဘုရားနာဂသေန ဤမြတ်စွာဘုရား၏ သာသနာတော်ကြီးသည် ကြီးကျယ်လှပါပေ၏၊ ကောင်းမြတ်လှပါပေ၏၊ တောင့်တအပ်လှပါပေ၏၊ ချီးမွမ်းအပ်လှပါပေ၏၊ အလွန်မြတ်လှပါပေ၏၊ နှိုင့်ရှည့် ဖွယ် ကင်းပါပေ၏၊ စင်ကြယ်လှပါပေ၏၊ အညစ်အကြေး ကင်းပါပေ၏၊ ဖြူစင်လှပါပေ၏၊ အပြစ်မျိုးမှ ကင်းလွတ်ပါပေ၏။ ထိုမျှလောက်သော လူသာမန်ကို ရှင်ရဟန်းပြုခြင်းငှါ မသင့်ပါ။ လူ့ဘဝကပင်လျှင် တစ်ခုသော ဖိုလ်၌ တည်စေပြီး၍ တစ်မဂ်တစ်ဖိုလ် ရပြီး၍ တစ်ဖန် ဆုတ်နစ်ခြင်းသဘော မရှိသည့် လူကိုသာ ရှင်ရဟန်းပြုပေးသင့်၏။ အဘယ်အကြောင်းကြောင့်နည်းဟူမူ-ဤသူယုတ်တို့သည် ထိုမျှလောက် စင်ကြယ်သော ထိုသာသနာတော်၌ ရဟန်းပြုပြီးမှ တစ်ဖန် ဆုတ်နစ်၍ လူထွက်ကုန်၏။ ထိုသူယုတ်တို့၏ (လူ့ဘောင်သို့) တစ်ဖန် ပြန်လာခြင်းကြောင့် ဤလူအပေါင်းသည် “အချင်းတို့ ရဟန်းဂေါတမ၏ ဤ သာသနာတော်သည် စင်စစ် အချည်းနှီးဖြစ်လတ္တံ့။ ယင်းသို့ အချည်းနှီးဖြစ်သောကြောင့် ဤရဟန်းတို့ သည် ပြန်လည်ဆုတ်နစ်ကုန်၏”ဟု ကြံစည်အောက်မေ့တတ်၏။ ဤအရာ၌ ဤသည်ကား အကြောင်းပါတည်းဟု (လျှောက်၏)။

မင်းမြတ် ဥပမာသော်ကား ပြည့်လျှံသည် ဖြစ်၍ စင်ကြယ်ကာ အညစ်အကြေး ကင်းလျက် အေးမြသော ရေရှိသော တစ်ဖက်ဆည်ကန်သည် ရှိရာ၏။ ထိုအခါ၌ ညစ်နွမ်းပေကျံသော အညစ်အကြေး ညွန် အလိမ်းလိမ်းကပ်သော တစ်စုံတစ်ယောက်သောသူသည် ထိုတစ်ဖက်ဆည်ကန်သို့ သွား၍ ရေမချိုးဘဲ ညစ်နွမ်းပေကျံလျက်ပင် တစ်ဖန် ပြန်လာငြားအံ့။ မင်းမြတ် ထိုသို့ ပြန်လာရာ၌ လူအပေါင်းသည် အဘယ်ကို ကဲ့ရဲ့ရာသနည်း။ ညစ်နွမ်းပေကျံသူကိုသော်မူလည်း ကဲ့ရဲ့ရာသလော။ တစ်ဖက်ဆည်ကန်ကို သော်မူလည်း ကဲ့ရဲ့ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား “ဤသူသည် တစ်ဖက်ဆည်ကန်သို့ သွား၏။ ရေမချိုးဘဲ ညစ်နွမ်းပေကျံလျက်ပင် ပြန်ခဲ့၏။ ရေချိုးခြင်းငှါ အလိုမရှိသော ဤသူကို တစ်ဖက်ဆည်ကန်က အလိုအလျောက် အဘယ်မှာ ရေချိုးပေးနိုင်လိမ့်မည်နည်း။ တစ်ဖက်ဆည်ကန်အား အဘယ်မှာ အပြစ်ရှိအံ့နည်း”ဟု လူအပေါင်းက ညစ်နွမ်းပေကျံသူကိုသာ ကဲ့ရဲ့ရာပါ၏။ မင်းမြတ် ဤအတူ သာလျှင် မြတ်စွာဘုရားသည် ကိလေသာမှ လွတ်မြောက်မှု ‘ဝိမုတ္တိ’ဟူသော မြတ်သောရေဖြင့် ပြည့်လျှံသောသူတော်ကောင်းတရားမြတ်တည်းဟူသော တစ်ဖက်ဆည်ကန်ကို “ကိလေသာအညစ်အကြေးဖြင့် ညစ်နွမ်းပေကျံသည် ဖြစ်၍ (စင်ကြယ်လိုသည့်) စေတနာရှိကုန်သော အကြင်အချို့သော ပညာရှိတို့ ရှိကုန်၏။ ထိုသူတို့သည် ဤသူတော်ကောင်းတရားတည်းဟူသော ကန်၌ ရေချိုး၍ ကိလေသာအားလုံးတို့ကို မျှောကုန်လတ္တံ့”ဟု ဖန်ဆင်းတော်မူ၏။ တစ်စုံတစ်ယောက်သောသူသည် ထိုသူတော်ကောင်း တရားမြတ်တည်းဟူသော တစ်ဖက်ဆည်ကန်သို့ သွား၍ ရေမချိုးဘဲ ကိလေသာနှင့်တကွသာလျှင် တစ်ဖန် ပြန်လည် ဆုတ်နစ်၍ လူထွက်အံ့။ “ဤသူသည် မြတ်စွာဘုရားသာသနာတော်၌ ရဟန်းပြုပြီးမှ့ထိုသာသနာတော်၌ ထောက်တည်ရာကို မရသည် ဖြစ်၍ လူထွက်ခဲ့၏။ တရားမကျင့်သော ဤသူကို မြတ်စွာဘုရားသာသနာတော်က အလိုအလျောက် အဘယ်မှာ သိစေနိုင်လိမ့်မည်နည်း။ မြတ်စွာဘုရား သာသနာတော်အား အဘယ်အပြစ်ရှိအံ့နည်း”ဟု ထိုလူထွက်သောသူကိုသာလျှင် လူအပေါင်းက ကဲ့ရဲ့ရာ၏။

--

မင်းမြတ် ဥပမာတစ်နည်းသော်ကား အလွန်ရောဂါနှိပ်စက်သော ယောက်ျားသည် ရောဂါဖြစ် ကြောင်း၌ လိမ္မာသော၊ ဆေးကုမှု၌ အချည်းနှီး မဖြစ်မူ၍ အမြဲပြီးမြောက် သိဒ္ဓိပေါက်လျက် ရောဂါကို ပယ်ထုတ်နိုင်သော ဆေးသမားကို မြင်လျက် ဆေးမကုစေမူ၍ အနာနှင့်တကွသာလျှင် ပြန်ခဲ့ငြားအံ့။ ထိုသို့ပြန်လာရာ၌ လူအပေါင်းက အဘယ်သူကို ကဲ့ရဲ့ရာသနည်း။ အနာနှိပ်စက်သောသူကိုသော်မူလည်း ကဲ့ရဲ့ရာသလော။ ဆေးသမားကိုသော်မူလည်း ကဲ့ရဲ့ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား “ဤသူသည် ရောဂါဖြစ်ကြောင်း၌ လိမ္မာသော၊ ဆေးကုမှု၌ အချည်းနှီး မဖြစ်မူ၍ အမြဲပြီးမြောက် သိဒ္ဓိ ပေါက်လျက် ရောဂါကို ပယ်ထုတ်နိုင်သော ဆေးသမားကို မြင်လျက် ဆေးမကုစေမူ၍ အနာနှင့်တကွသာ လျှင် ပြန်ခဲ့၏။ ဆေးမကုစေသော ဤသူနာကို ဆေးသမားက အလိုအလျောက် အဘယ်မှာ ဆေးကုပေး နိုင်လိမ့်မည်နည်း။ ဆေးသမားအား အဘယ်မှာ အပြစ်ရှိပါအံ့နည်း”ဟု အနာနှိပ်စက်ခံရသူကိုသာ လူ အပေါင်းက ကဲ့ရဲ့ရာ၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရားသည် သာသနာတော်တည်းဟူသောဆေးအစ်အတွင်း၌ ကိလေသာဟူသော အနာရောဂါအားလုံးကို ငြိမ်းစေခြင်းငှါ စွမ်းနိုင်သော နိဗ္ဗာန်အမြိုက်ဆေးကို ထည့်ထားတော်မူ၏။ “ကိလေသာအနာ နှိပ်စက်ခံရသည် ဖြစ်၍ (အနာပျောက် လိုသည့်) စေတနာရှိကုန်သော အချို့သော ပညာရှိတို့သည် ဤနိဗ္ဗာန်အမြိုက်ဆေးကို သောက်ကုန်၍ ကိလေသာအနာဟူသမျှ အားလုံးကို ငြိမ်းစေကုန်လတ္တံ့”ဟု နိဗ္ဗာန်အမြိုက်ဆေးကို ထည့်ထားတော်မူ၏။ တစ်စုံတစ်ယောက်သောသူသည် ထိုနိဗ္ဗာန်အမြိုက်ဆေးကို မသောက်ဘဲ ကိလေသာနှင့်တကွသာလျှင် တစ်ဖန် ပြန်လည်ဆုတ်နစ်၍ လူထွက်အံ့။ “ဤသူသည် မြတ်စွာဘုရားသာသနာတော်၌ ရဟန်းပြုပြီးမှ ထိုသာသနာတော်၌ ထောက်တည်ရာကို မရသည် ဖြစ်၍ လူထွက်ခဲ့၏။ တရားမကျင့်သော ဤသူကို မြတ်စွာဘုရားသာသနာတော်က အလိုအလျောက် အဘယ်မှာ သိစေနိုင်လိမ့်မည်နည်း။ မြတ်စွာဘုရား သာသနာတော်အား အဘယ်အပြစ်ရှိအံ့နည်း”ဟု ထိုလူထွက်သောသူကိုသာလျှင် လူအပေါင်းက ကဲ့ရဲ့ရာ၏။

မင်းမြတ် ဥပမာတစ်နည်းသော်ကား ဆာလောင်မွတ်သိပ်သော ယောက်ျားသည် ဘုန်းကံကြီးမားသူ ကောင်းမှုရှင်တို့၏ ထမင်းကျွေးရာသို့ သွား၍ ထိုကျွေးမွေးသောထမင်းကို မစားဘဲ ဆာလောင်မွတ်သိပ် လျက်သာ ပြန်လည်ဆုတ်နစ်ရာ၏။ ထိုသို့ပြန်လည်ဆုတ်နစ်ရာ၌ လူအပေါင်းက အဘယ်သူကို ကဲ့ရဲ့ရာ သနည်း။ ဆာလောင်မွတ်သိပ်သူကိုသော်မူလည်း ကဲ့ရဲ့ရာသလော။ ကောင်းမှုရှင်တို့၏ ထမင်းကိုသော်မူလည်း ကဲ့ရဲ့ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား “ဤသူသည် ဆာလောင်မွတ်သိပ်မှု နှိပ်စက် အပ်သည် ဖြစ်၍ ကောင်းမှုရှင်တို့၏ ထမင်းကို ရပါလျက် မစားဘဲ ဆာလောင်မွတ်သိပ်လျက်သာလျှင် ပြန်လည်ဆုတ်နစ်ခဲ့၏။ မစားမသောက်သော ဤယောက်ျား၏ ခံတွင်းသို့ ဘောဇဉ်က အဘယ်မှာ အလို အလျောက် ဝင်လာလတ္တံ့နည်း။ ဘောဇဉ်အား အဘယ်မှာ အပြစ်ရှိအံ့နည်း”ဟု ဆာလောင်မွတ်သိပ် သူကိုသာ လူအပေါင်းက ကဲ့ရဲ့၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရားသည် သာသနာတော်ဟူသော ထမင်းအုပ်တွင်း၌ အလွန်အကြူး ကောင်းမြတ်သော၊ အေးမြသော၊ ဘေးကင်းသော၊ မွန်မြတ်သော၊ မသေစေနိုင်သော၊ အလွန်ချိုမြိန်သော၊ ကာယဂတာသတိဟူသော ဘောဇဉ်ကို “အတွင်း၌ ကိလေသာဆာလောင်မွတ်သိပ်မှုရှိကုန်သည်၊ တဏှာနှိပ်စက်အပ်သော စိတ်ရှိကုန်သည် ဖြစ်၍ (လွတ်လိုသည့်) စေတနာရှိကုန်သော အချို့သော ပညာရှိတို့သည် ဤ (ကာယဂတာသတိဟူသော) ဘောဇဉ်ကို စားရ၍ ကာမ, ရူပ, အရူပဘဝတို့၌ တပ်မက်မှုအားလုံးကို ပယ်ကုန်လတ္တံ့”ဟု ထားတော့်မူခဲ့၏။ တစ်စုံတစ်ယောက်သောသူသည် ထို (ကာယဂတာသတိဟူသော) ဘောဇဉ်ကို မသုံးဆောင်ဘဲ တဏှာဟူသော ဆာလောင်မွတ်သိပ်မှု ရှိလျက်သာလျှင် ပြန်လည် ဆုတ်နစ်၍ လူထွက်အံ့။ “ဤသူသည် မြတ်စွာဘုရားသာသနာတော်၌ ရှင်ရဟန်းပြုလျက် ထိုသာသနာတော်၌ ထောက်တည်ရာ မရသည် ဖြစ်၍ လူထွက်ခဲ့၏။ တရားမကျင့်သော ဤသူကို မြတ်စွာဘုရားသာသနာတော်က အလိုအလျောက် အဘယ်မှာ သိစေနိုင်လိမ့်မည်နည်း။ မြတ်စွာဘုရားသာသနာတော်အား အဘယ်မှာ အပြစ်ရှိပါအံ့နည်း”ဟု ထိုလူထွက်သောသူကိုသာလျှင် လူအပေါင်းက ကဲ့ရဲ့ရာ၏။

--

မင်းမြတ် မြတ်စွာဘုရားသည် တစ်မဂ်တစ်ဖိုလ်၌ တည်ပြီးသောသူကိုသာ အကယ်၍ ရဟန်းပြု ပေးငြားအံ့။ ဤရဟန်းအဖြစ်သည် ကိလေသာကို ပယ်ခြင်းငှါလည်းကောင်း၊ (ကိလေသာမှ) စင်ကြယ်ခြင်းငှါလည်းကောင်း မဖြစ်တော့ပေ။ ရဟန်းအဖြစ်၌ ပြုဖွယ်ကိစ္စ မရှိတော့ပေ။ မင်းမြတ် ဥပမာသော် ကား ယောက်ျားသည် အရာမကသော ပြုလုပ်မှုဖြင့် တစ်ဖက်ဆည်ကန်ကို တူးစေ၍ ပရိသတ်အား “အချင်းတို့ ညစ်နွမ်းကုန်သော အချို့သောသူတို့သည် ငါ၏ ဤတစ်ဖက်ဆည်ကန်သို့ မသက်ဆင်းကုန်လင့်။ အညစ်အကြေး ဆေးကြောပြီး၍ စင်ကြယ်ပြီးကုန်သော၊ အညစ်အကြေး ကင်း၍ ချောမွေ့ကုန်သောသူတို့သည်သာ ဤတစ်ဖက်ဆည်ကန်သို့ သက်ဆင်းကြကုန်လော့”ဟု ကြွေးကြော်ရာ၏။ မင်းမြတ် အညစ်အကြေး ဆေးကြောပြီး၍ စင်ကြယ်ပြီးကုန်သော၊ အညစ်အကြေးကင်း၍ ချောမွေ့ကုန်သော ထိုသူတို့အား ထိုတစ်ဖက်ဆည်ကန်ဖြင့် ပြုဖွယ်ကိစ္စ ရှိရာသေးသလောဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား တစ်ဖက်ဆည်ကန်ဖြင့် ပြုဖွယ်ကိစ္စ မရှိတော့ပါ။ ထိုသူတို့သည် အညစ်အကြေး စင်ကြယ်ခြင်း အကျိုးငှါ ထိုတစ်ဖက်ဆည်ကန်သို့ ချဉ်းကပ်ကုန်ရာပါ၏။ ထိုသူတို့သည် ထိုပြုလုပ်ဖွယ်ကို အခြားအရပ်၌သာလျှင် ပြုအပ်ပြီးလေပြီ။ ထိုသူတို့အား ထိုတစ်ဖက်ဆည်ကန်ဖြင့် အဘယ်ပြုဖွယ် ရှိပါအံ့နည်းဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရားသည် တစ်မဂ်တစ်ဖိုလ်၌ တည်ပြီးသော လူကိုသာလျှင် အကယ်၍ ရဟန်းပြုပေးငြားအံ့။ ထိုသူတို့သည် ထိုဖိုလ်၌သာလျှင် ပြုဖွယ်ကို ပြုပြီးဖြစ်၏။ ထိုသူတို့အား ရဟန်း၏ အဖြစ်ဖြင့် အဘယ်ပြုဖွယ်ရှိအံ့နည်း။

မင်းမြတ် ဥပမာတစ်နည်းသော်ကား သဘာဝတည်းဟူသော ရသေ့ဆရာသို့ ဆည်းကပ်သော၊ အကြားအမြင်မန္တန်ပုဒ်ကို ဆောင်သော၊ ကြံဆမနေရဘဲ ရောဂါဖြစ်ကြောင်း၌ လိမ္မာသော၊ ဆေးကုမှု၌ အချည်းနှီး မဖြစ်မူ၍ အမြဲပြီးမြောက် သိဒ္ဓိပေါက်လျက် ရောဂါကို ထုတ်ပယ်တတ်သော ဆေးသမားသည် ရောဂါခပ်သိမ်း ပြီးငြိမ်းစေတတ်သော ဆေးကို စုရုံးဖော်စပ်၍ “အချင်းတို့ အနာရှိကုန်သော အချို့သူတို့ သည် ငါ၏ အထံသို့ မချဉ်းကပ်ကြကုန်လင့်။ အနာမရှိကုန်သော, ရောဂါမရှိကုန်သောသူတို့သည် ငါ၏ အထံသို့ ချဉ်းကပ်ကြကုန်လော့”ဟု ပရိသတ်အလယ်၌ ကြွေးကြော်ရာ၏။ မင်းမြတ် အနာမရှိကုန်သော၊ ရောဂါမရှိကုန်သော၊ ပြည့်ဖြိုးကုန်သော၊ တက်ကြွကုန်သော ထိုသူတို့အား ထိုဆေးသမားဖြင့် ပြုဖွယ်ကိစ္စ ဖြစ်ရာသေးသလောဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား မဖြစ်ရာပါ။ အကြင်အနာပျောက်ကင်းခြင်းအကျိုးငှါ ထိုသူတို့သည် အနာကို ထုတ်ပယ်တတ်သော ထိုဆေးသမားကို ချဉ်းကပ်ကုန်ရာပါ၏။ ထိုသူတို့သည် ထိုရောဂါပျောက်ကင်းမှုကို အခြားအရပ်၌သာလျှင် ပြုအပ်ပြီးလေပြီ။ ထိုသူတို့အား ထိုဆေးသမားဖြင့် အဘယ်ပြုဖွယ် ရှိပါအံ့နည်းဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရားသည် တစ်မဂ် တစ်ဖိုလ်၌ တည်ပြီးသော လူကိုသာလျှင် အကယ်၍ ရဟန်းပြုပေးငြားအံ့။ ထိုသူတို့သည် ထိုဖိုလ်၌ သာလျှင် ပြုဖွယ်ကို ပြုပြီး ဖြစ်၏။ ထိုသူတို့အား ရဟန်းအဖြစ်ဖြင့် အဘယ်ပြုဖွယ်ရှိအံ့နည်း။

--

မင်းမြတ် ဥပမာတစ်နည်းသော်ကား တစ်စုံတစ်ယောက်သော ယောက်ျားသည် အရာမကသော ထမင်းအိုးဖြင့် ချက်ပြီးသော ဘောဇဉ်ကို စီရင်စေပြီး၍ “အိုလူအပေါင်းတို့ ဆာလောင်မွတ်သိပ်သောသူတို့ သည် ငါ၏ ဤထမင်းကျွေးရာ အရပ်သို့ မချဉ်းကပ်ကြကုန်လင့်။ ကောင်းစွာ စားကုန်ပြီးသော၊ (တင်းတိမ်) ရောင့်ရဲကုန်ပြီးသော၊ ပြည့်စုံကုန်ပြီးသော၊ ဝမ်းဝအောင် ဆောင်ကုန်ပြီးသော၊ ဝပြောကုန်ပြီးသော၊ ထက်ဝန်းကျင် ပြည့်စုံကုန်ပြီးသော အချို့သူတို့သည်သာ ငါ၏ ဤထမင်းကျွေးရာသို့ ချဉ်းကပ်ကြကုန်လော့”ဟု ပရိသတ်အလယ်၌ ကြွေးကြော်ရာ၏။ မင်းမြတ် စားကုန်ပြီးသော၊ (တင်းတိမ်) ရောင့်ရဲကုန် ပြီးသော၊ ပြည့်စုံကုန်ပြီးသော၊ ဝမ်းဝအောင် ဆောင်ကုန်ပြီးသော၊ ဝပြောကုန်ပြီးသော၊ ထက်ဝန်းကျင် ပြည့်စုံကုန်ပြီးသော ထိုသူတို့အား ထိုဘောဇဉ်ဖြင့် ပြုဖွယ်ကိစ္စ ရှိသေးသလောဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား ထိုဘောဇဉ်ဖြင့် ပြုဖွယ်ကိစ္စ မရှိတော့ပါ။ အကြင် ဆာလောင်မွတ်သိပ်မှုပျောက်ခြင်းအကျိုးငှါ ဆာလောင်မွတ်သိပ်သောသူတို့သည် ထိုထမင်းကျွေးရာ အရပ်သို့ ချဉ်းကပ်ကုန်ရာ၏။ ထိုသူတို့သည် ထိုထမင်းစားခြင်းကိစ္စကို အခြားအရပ်၌သာလျှင် ပြုအပ်ပြီးလေပြီ။ ထိုသူတို့အား ထိုထမင်းကျွေးရာ အရပ်သို့ ချဉ်းကပ်သဖြင့် အဘယ်ပြုဖွယ် ရှိပါအံ့နည်းဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရားသည် တစ်မဂ်တစ်ဖိုလ်၌ တည်ပြီးသော လူကိုသာလျှင် အကယ်၍ ရဟန်းပြုပေးငြားအံ့။ ထိုသူတို့သည် ထိုဖိုလ်၌သာလျှင် ပြုဖွယ်ကိစ္စကို ပြုပြီးဖြစ်၏။ ထိုသူတို့အား ရဟန်းအဖြစ်ဖြင့် အဘယ် ပြုဖွယ် ရှိအံ့နည်း။

မင်းမြတ် စင်စစ်သော်ကား အကြင်သူတို့သည် လူထွက်လာကုန်၏။ ထိုသူတို့သည် မြတ်စွာဘုရား သာသနာတော်၏ ငါးပါးကုန်သော အတုမရှိသော ဂုဏ်ကျေးဇူးတို့ကို ပြကုန်၏။ အဘယ်ငါးပါးတို့နည်းဟူမူ- (၁) သာသနာတော်၏ တည်ရာ မြင့်မြတ်သည်၏ အဖြစ်ကို ပြကုန်၏။ (၂) စင်ကြယ်သန့်ရှင်း အညစ်အကြေး ကင်းသည်၏ အဖြစ်ကို ပြကုန်၏။ (၃) မကောင်းမှုတို့နှင့် မရောနှောသည်၏ အဖြစ်ကို ပြကုန်၏။ (၄) ထိုးထွင်း၍ သိမြင်နိုင်ခဲသည်၏ အဖြစ်ကို ပြကုန်၏။ (၅) များစွာ ထိန်းသိမ်း စောင့်ရှောက်ရသည်၏ အဖြစ်ကို ပြကုန်၏။

(၁) အဘယ်သို့လျှင် မြတ်စွာဘုရားသာသနာတော်၏ တည်ရာ မြင့်မြတ်သည်၏ အဖြစ်ကို ပြကုန် သနည်းဟူမူ-မင်းမြတ် ဥပမာသော်ကား ဥစ္စာမရှိသော၊ အမျိုးယုတ်သော၊ ဂုဏ်ထူးမရှိသော၊ ပညာချို့တဲ့သော ယောက်ျားသည် ကြီးကျယ်မြင့်မြတ်သောမင်းအဖြစ်ကို ရသော်လည်း မကြာမြင့်မီပင်လျှင် လျော ကျ၏၊ ပျက်စီး၏၊ အခြံအရံမှ ဆုတ်ယုတ်၏။ အစိုးရခြင်းကို ကောင်းစွာ တည်စိမ့်သောငှါ မစွမ်းနိုင်။ အကြောင်း အဘယ်နည်းဟူမူ- အစိုးရခြင်း၏ မြင့်မြတ်သည်၏ အဖြစ်ကြောင့်ပင်တည်း။ မင်းမြတ် ဤအတူသာလျှင် ဂုဏ်ထူးမရှိကုန်သော၊ ဆည်းပူးအပ်သော ကောင်းမှုမရှိကုန်သော၊ ပညာချို့တဲ့ကုန်သော အချို့သူတို့သည် မြတ်စွာဘုရား သာသနာတော်၌ ရဟန်းပြုကုန်၏။ ထိုသူတို့သည် မြတ်သည်ထက် မြတ်သော ထိုရဟန်းအဖြစ်ကို တည်စိမ့်သောငှါ မစွမ်းနိုင်ကုန်သည် ဖြစ်၍ မကြာမြင့်မီပင် မြတ်စွာဘုရား သာသနာတော်မှ လျောကျကုန်သည်၊ ပျက်စီးကုန်သည်၊ ဆုတ်ယုတ်ကုန်သည် ဖြစ်၍ လူထွက်ကုန်၏။ မြတ်စွာဘုရားသာသနာတော်ကို ကောင်းစွာ ထမ်းဆောင်ခြင်းငှါ မစွမ်းနိုင်ကုန်။ အကြောင်းအဘယ်နည်းဟူမူ - တည်ရာ သာသနာတော်၏ မြင့်မြတ်သည်၏ အဖြစ်ကြောင့်ပင်တည်း။ ဤသို့လျှင် မြတ်စွာဘုရား သာသနာတော်၏ တည်ရာ မြင့်မြတ်သည်၏ အဖြစ်ကို ပြကုန်၏။

(၂) အဘယ်သို့လျှင် မြတ်စွာဘုရားသာသနာတော်၏ စင်ကြယ်သန့်ရှင်း အပြစ်ကင်းသည်၏ အဖြစ် ကို ပြကုန်သနည်းဟူမူ-မင်းမြတ် ဥပမာသော်ကား ရေပေါက်သည် ကြာရွက်၌ ပျံ့ကြဲနေ၏၊ လွင့်ကျ၏၊ ပျောက်ပျက်၏၊ ထောက်တည်ရာသို့ မကပ်ရောက်၊ မလိမ်းကျံ။ အကြောင်းကား အဘယ်နည်းဟူမူ- ပဒုမ္မာကြာ၏ စင်ကြယ်သန့်ရှင်း အညစ်အကြေးကင်းသည်၏ အဖြစ်ကြောင့်တည်း။ မင်းမြတ် ဤအတူ သာလျှင် စဉ်းလဲကုန်သော၊ ကောက်ကျစ်ကုန်သော၊ ကွေးကုန်သော၊ လိမ်တွန့်ကုန်သော၊ မညီညွတ်သော အယူရှိကုန်သော အချို့သူတို့သည် မြတ်စွာဘုရားသာသနာတော်၌ ရဟန်းပြုကုန်၏။ ထိုသူတို့သည် စင်ကြယ်သန့်ရှင်း အညစ်အကြေးကင်း၍ ဆူးမရှိ ဖြူစင်မြင့်မြတ်သော သာသနာတော်မှ မကြာမြင့်မီပင်လျှင် ပျံ့ကြဲလွင့်ကျ ပျောက်ပျက်၍ မတည်တံ့နိုင်၊ မကပ်တွယ်နိုင်ဘဲ လူထွက်ကုန်၏။ အကြောင်း အဘယ်နည်းဟူမူ-မြတ်စွာဘုရားသာသနာတော်၏ စင်ကြယ်သန့်ရှင်း အညစ်အကြေးကင်းသည်၏ အဖြစ်ကြောင့်ပင်တည်း။ ဤသို့လျှင် မြတ်စွာဘုရားသာသနာတော်၏ စင်ကြယ်သန့်ရှင်း အညစ်အကြေးကင်းသည်၏ အဖြစ်ကို ပြကုန်၏။

--

(၃) အဘယ်သို့လျှင် မြတ်စွာဘုရားသာသနာတော်၏ မကောင်းမှုတို့နှင့် မရောနှောသည်၏ အဖြစ်ကို ပြကုန်သနည်းဟူမူ- မင်းမြတ် ဥပမာသော်ကား မဟာသမုဒ္ဒရာသည် အသေကောင်ပုပ်နှင့် အတူ မနေ။ မဟာသမုဒ္ဒရာ၌ အသေကောင်ပုပ်ကို လျင်စွာသာလျှင် ကမ်းသို့ ဆောင်ပို့၏။ ကြည်းကုန်းထက်သို့ မူလည်း လွှင့်တင်ဖယ်ရှား၏။ အကြောင်းအဘယ်နည်းဟူမူ-မဟာသမုဒ္ဒရာသည် ကြီးကုန်သော သတ္တဝါတို့၏ နေရာဖြစ်သောကြောင့်တည်း။ မင်းမြတ် ဤအတူသာလျှင် ယုတ်မာကုန်သော၊ (ကိုယ်နှုတ်) မစောင့် စည်းကုန်သော၊ အရှက် မရှိကုန်သော၊ မကျင့်နိုင်ကုန်သော၊ ဆုတ်နစ်သော လုံ့လရှိကုန်သော၊ ပျင်းရိကုန်သော၊ ညစ်နွမ်းကုန်သော၊ သူယုတ်မာဖြစ်ကုန်သော အချို့လူတို့သည် မြတ်စွာဘုရားသာသနာတော်၌ ရဟန်းပြုကုန်၏။ ထိုသူတို့သည် မကြာမြင့်မီပင်လျှင် ပူဇော်အထူးကို ခံတော်မူထိုက်သော၊ အညစ် အကြေးကင်းသော၊ အာသဝေါကုန်ပြီးသော၊ ကြီးမြတ်သော ရဟန္တာတို့၏ နေရာဖြစ်သော မြတ်စွာဘုရား၏ သာသနာတော်မှ ထွက်၍ အတူမနေနိုင်ဘဲ လူထွက်ကုန်၏။ အကြောင်း အဘယ်နည်းဟူမူ - မြတ်စွာဘုရားသာသနာတော်သည် မကောင်းမှုတို့နှင့် ပေါင်းဖော်ရောနှောခြင်း မရှိသည်၏ အဖြစ်ကြောင့်တည်း။ ဤသို့လျှင် မြတ်စွာဘုရားသာသနာတော်၏ မကောင်းမှုတို့နှင့် မရောနှောသည်၏ အဖြစ်ကို ပြ၏။

(၄) အဘယ်သို့လျှင် မြတ်စွာဘုရားသာသနာတော်၏ ထိုးထွင်း၍ သိမြင်နိုင်ခဲသည်၏ အဖြစ်ကို ပြသနည်းဟူမူ - မင်းမြတ် ဥပမာသော်ကား မလိမ္မာကုန်သော၊ အတတ်မသင်ကုန်သော၊ အတတ်မဲ့ကုန်သော၊ ပညာဉာဏ်ချို့တဲ့ကုန်သော အချို့သော လေးသမားတို့သည် သားမြီးဖျားကို ပစ်ခွင်းထွင်းဖောက်ခြင်းငှါ မစွမ်းနိုင်ကုန်သည် ဖြစ်၍ လျောကျကုန်၏၊ ဖဲသွားကြကုန်၏။ အကြောင်းအဘယ်နည်းဟူမူ- သားမြီးဖျား၏ နူးညံ့သိမ်မွေ့သည် ဖြစ်၍ ပစ်ခွင်းထိုးဖောက်ခြင်းငှါ ခဲယဉ်းသည်၏ အဖြစ်ကြောင့်တည်း။ မင်းမြတ် ဤအတူသာလျှင် ပညာမဲ့ကုန်သော၊ ထူထိုင်းကုန်သော၊ အ,ကုန်သော၊ မိုက်မဲတွေဝေကုန်သော၊ နုံ့နှေးသော ပညာရှိကုန်သော အချိုသော လူတို့သည် မြတ်စွာဘုရားသာသနာတော်၌ ရဟန်းပြုကုန်၏။ ထိုသူတို့သည် ထိုလွန်စွာ နူးညံ့သိမ်မွေ့သော သစ္စာလေးပါးတရားကို ထိုးထွင်း၍ သိခြင်းငှါ မစွမ်းနိုင်ကုန်သည် ဖြစ်၍ မြတ်စွာဘုရားသာသနာတော်မှ လျောကျကုန်လျက် ဖဲသွားကုန်ပြီးလျှင် မကြာမြင့်မီပင် လူထွက်ကုန်၏။ အကြောင်းအဘယ်နည်းဟူမူ - သစ္စာလေးပါးတရားတို့၏ လွန်စွာ သိမ်မွေ့နူးညံ့သည် ဖြစ်၍ ထိုးထွင်းသိနိုင်ခဲသည်၏ အဖြစ်ကြောင့်ပင်တည်း။ ဤသို့လျှင် မြတ်စွာဘုရားသာသနာတော်၏ ထိုးထွင်းသိနိုင်ခဲသည်၏ အဖြစ်ကို ပြကုန်၏။

(၅) အဘယ်သို့လျှင် မြတ်စွာဘုရားသာသနာတော်၏ များစွာ ထိန်းသိမ်းစောင့်ရှောက်ရသည်၏ အဖြစ်ကို ပြသနည်းဟူမူ-မင်းမြတ် ဥပမာသော်ကား ကြီးကျယ်သော စစ်မြေပြင်သို့ ရောက်သော တစ်စုံ တစ်ယောက်သော ယောက်ျားသည် တစ်ဖက်စစ်သည်က ထက်ဝန်းကျင် အရပ်ရှစ်မျက်နှာတို့မှ ဝန်းရံအပ် သည် ဖြစ်၍ လှံလက်စွဲလျက် အနီးသို့ ရောက်လာသော စစ်သည်အပေါင်းကို မြင်ရသော် ကြောက်ရွံ့ရ ကား ဆုတ်နစ်၏၊ တုံ့လည်၏၊ ထွက်ပြေး၏။ အကြောင်းအဘယ်နည်းဟူမူ- များစွာ ဗိုလ်ထုရှိသော တပ်ဦးကို စောင့်ရှောက်ခြင်းမှ ကြောက်သောကြောင့်တည်း။ မင်းမြတ် ဤအတူသာလျှင် ယုတ်မာကုန်သော၊ (ကိုယ်နှုတ်) စောင့်စည်းခြင်း မရှိကုန်သော၊ အရှက် မရှိကုန်သော၊ မကျင့်နိုင်ကုန်သော၊ သည်းခံ ခြင်း မရှိကုန်သော၊ လျှပ်ပေါ်ကုန်သော၊ တုန်လှုပ်ကုန်သော၊ ခေတ္တခဏမျှ ဖြစ်ကုန်သော အချို့သောသူမိုက်တို့သည် မြတ်စွာဘုရားသာသနာတော်၌ ရဟန်းပြုကုန်၏။ ထိုသူမိုက်တို့သည် များစွာသော သိက္ခာ ပုဒ်ကို အပြည့်အစုံ စောင့်ရှောက်ထိန်းသိမ်းခြင်းငှါ မစွမ်းနိုင်ကုန်သည် ဖြစ်၍ ဆုတ်နစ်လျက် တုံ့လည့်ထွက်ပြေးပြီးလျှင် မကြာမြင့်မီပင် လူထွက်ကုန်၏။ အကြောင်းအဘယ်နည်းဟူမူ -မြတ်စွာဘုရား သာသနာ တော်၏ များစွာသော စောင့်စည်းခြင်းဖြင့် စောင့်စည်းအပ်သည်၏ အဖြစ်ကြောင့်တည်း။ ဤသို့လျှင် မြတ်စွာဘုရားသာသနာတော်၏ များစွာ ထိန်းသိမ်းစောင့်ရှောက်ရခြင်း သဘောရှိသည်၏ အဖြစ်ကို ပြကုန်၏။

--

မင်းမြတ် ကြည်းကုန်း၌ ဖြစ်သော ပန်းတို့တွင် အထွတ်မြတ်ဆုံးဖြစ်သော မြတ်လေးပန်းချုံ၌လည်း ပိုးကိုက်ကုန်သော ပန်းတို့သည် ရှိကုန်၏။ ထိုပန်းညွန့်တို့သည် တွန့်လိပ်ကောက်ကွေးကုန်လျက် မရင့် ရော်မီ အတွင်း၌ပင် ကြွေကျကုန်၏။ စင်စစ် ထိုကြွေကျသောပန်းတို့ကြောင့် မြတ်လေးပန်းချုံသည် ရှုတ်ချ ကဲ့ရဲ့အပ်သည် မည်သည် မဖြစ်။ ထိုမြတ်လေးပန်းချုံ၌ တည်ရှိနေကုန်သော ပန်းတို့သည် ကောင်းသော အနံ့ဖြင့် ထိုထိုအရပ်မျက်နှာတို့ကို နှံ့စေကုန်၏။ မင်းမြတ် ဤအတူသာလျှင် အကြင်သူတို့သည် မြတ်စွာဘုရားသာသနာတော်၌ ရဟန်းပြု၍ လူထွက်ကုန်၏။ ထိုသူတို့သည် မြတ်စွာဘုရားသာသနာတော်၌ ပိုးကိုက်ကုန်သော၊ အဆင်းအနံ့မှ ကင်းကုန်သော မြတ်လေးပန်းတို့ကဲ့သို့ သီလတည်းဟူသော အဆင်း မရှိကုန်သည် ဖြစ်၍ ပြန့်ပြောခြင်းငှါ မထိုက်ကုန်။ ထိုသူတို့၏ လူထွက်ခြင်းကြောင့် မြတ်စွာဘုရား သာသနာတော်သည် ရှုတ်ချကဲ့ရဲ့အပ်သည်မည်သည် မဖြစ်။ ထိုသာသနာတော်၌ တည်ရှိနေသေးသော ရဟန်းကောင်းတို့သည် နတ်နှင့်တကွသော လောကကို သီလတည်းဟူသော မြတ်သော အနံ့ဖြင့် ပျံ့နှံ့ စေကုန်၏။

မင်းမြတ် ကောက်နာကင်း၍ ချင်းချင်းနီကုန်သော သလေးစပါးတို့၏ အတွင်း၌လည်း ကရုမ္ဘက မည်သော သလေးမျိုးသည် ပေါက်ရောက်ဖြစ်ပေါ်လာ၍ မရင့်ရော်မီ အတွင်း၌ပင်လျှင် ပျက်စီး၏။ ထိုကရုမ္ဘကမည်သော သလေးမျိုး၏ ပျက်စီးသည့် အဖြစ်ကြောင့် ချင်းချင်းနီသော သလေးစပါးမျိုးသည် ရှုတ်ချကဲ့ရဲ့အပ်သည်မည်သည် မဖြစ်။ ထိုသလေးခင်း၌ တည်ကုန်သော အကြင်သလေးနီစပါးမျိုးတို့သည် ရှိကုန်၏။ ထိုသလေးနီစပါးတို့သည်သာ မင်းသုံးမင်းဆောင်တို့ ဖြစ်ကုန်၏။ မင်းမြတ် ဤအတူသာလျှင် အကြင်သူတို့သည် မြတ်စွာဘုရားသာသနာတော်၌ ရဟန်းပြုပြီးမှ လူထွက်ကုန်၏။ ထိုသူတို့သည် သလေးနီတို့၏ အတွင်း၌ ကရုမ္ဘကမည်သော သလေးမျိုးကဲ့သို့ မြတ်စွာဘုရားသာသနာတော်၌ မကြီး ပွားဘဲ ပြန့်ပြောသည်၏ အဖြစ်သို့ မရောက်မူ၍ အကြား၌ပင်လျှင် လူထွက်ကုန်၏။ ထိုသူတို့၏ လူထွက် ခြင်းကြောင့် မြတ်စွာဘုရားသာသနာတော်သည် ရှုတ်ချကဲ့ရဲ့အပ်သည်မည်သည် မဖြစ်။ ထိုသာသနာတော်၌ တည်နေသေးသော ရဟန်းကောင်းတို့သည် အရဟတ္တမဂ်အား လျောက်ပတ်ကုန်၏။

မင်းမြတ် အလိုရှိရာ ပေးတတ်သော ပတ္တမြားရတနာ၏လည်း တစ်စိတ်တစ်ဒေသ ကြမ်းတမ်း ခက်မာသည် ဖြစ်၏။ ထိုပတ္တမြား၌ ကြမ်းတမ်းခက်မာသော အရာဖြစ်သောကြောင့် ပတ္တမြားရတနာသည် ရှုတ်ချကဲ့ရဲ့အပ်သည် မည်သည် မဖြစ်။ ပတ္တမြားဥပမာ၌ ပတ္တမြားရတနာ၏ သန့်ရှင်းစင်ကြယ်ခြင်းသည် လူအပေါင်းအား ရွှင်ပျခြင်းကို ပြုတတ်၏။ မင်းမြတ် ဤအတူသာလျှင် အကြင်သူတို့သည် မြတ်စွာဘုရား သာသနာတော်၌ ရဟန်းပြုပြီးမှ လူထွက်ကုန်၏။ ထိုသူတို့သည် မြတ်စွာဘုရားသာသနာတော်၌ ကြမ်းတမ်းသော ကျောက်လွှာကျောက်ချပ်တို့ပင်တည်း။ ထိုသူတို့၏ လူထွက်ခြင်းကြောင့် မြတ်စွာဘုရား သာသနာတော်သည် ရှုတ်ချကဲ့ရဲ့အပ်သည်မည်သည် မဖြစ်။ ထိုသာသနာတော်၌ တည်ရှိနေသေးသော ရဟန်းကောင်းတို့သည် နတ်လူတို့၏ ရွှင်ပျခြင်းကို ဖြစ်စေတတ်ကုန်၏။

မင်းမြတ် ဇာတ်နှင့် ပြည့်စုံသော (အမျိုးကောင်းသော) စန္ဒကူးနီအားလည်း တစ်စိတ်တစ်ဒေသ ဆွေးမြေ့သည် ဖြစ်၍ အမွှေးနံ့ နည်း၏။ ထိုသို့ အမွှေးနံ့နည်းခြင်းကြောင့် စန္ဒကူးနီသည် ရှုတ်ချကဲ့ရဲ့ အပ်သည်မည်သည် မဖြစ်။ ထိုစန္ဒကူးနီ၌ မပုပ်မဆွေးသော အနံ့ကောင်းသော စန္ဒကူးသည် ထက်ဝန်းကျင် လှိုင်စေ၏။ အလွန် ပျံ့နှံ့စေ၏။ မင်းမြတ် ဤအတူသာလျှင် အကြင်သူတို့သည် မြတ်စွာဘုရားသာသနာတော်၌ ရဟန်းပြုပြီးမှ လူထွက်ကုန်၏။ ထိုသူတို့ကို စန္ဒကူးနီအနှစ်အတွင်း၌ ပုပ်ဆွေးသော အရပ်ကို စွန့်ရသကဲ့သို့ မြတ်စွာဘုရားသာသနာတော်၌လည်း စွန့်အပ်ကုန်၏။ ထိုသူတို့၏ လူထွက်ခြင်းကြောင့် မြတ်စွာဘုရားသာသနာတော်သည် ရှုတ်ချကဲ့ရဲ့အပ်သည်မည်သည် မဖြစ်။ ထိုသာသနာ တော်၌ တည်ရှိနေသေးသော ရဟန်းကောင်းတို့သည် နတ်နှင့်တကွသော လောကကို သီလတည်းဟူသော မြတ်သော စန္ဒကူးနီအနံ့ဖြင့် လိမ်းကျံစေကုန်၏ဟု (မိန့်တော်မူ၏)။

--

အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏။ လျောက်ပတ်သော ထိုထိုအကြောင်း၊ တူညီသော ထိုထို အကြောင်းဖြင့် မြတ်စွာဘုရားသာသနာတော်ကို အပြစ်မဲ့ခြင်းသို့ အစဉ်ရောက်စေအပ်ပါ၏။ မြင့်မြတ်သည့် အဖြစ်ဖြင့် ထင်ရှားပြအပ်ပါ၏။ ထိုသူတို့သည် လူထွက်ကုန်သော်လည်း မြတ်စွာဘုရားသာသနာတော်၏ မြင့်မြတ်သည်၏ အဖြစ်ကိုသာလျှင် ပြပါကုန်၏ဟု (လျှောက်၏)။ ။

ငါးခုမြောက် ဟီနာယာဝတ္တနပဥှာ ပြီး၏။

၆-အရဟန္တဝေဒနာဝေဒိယနပဥှာ

ရဟန္တာဝေဒနာခံစားခြင်း ပြဿနာ

။ အသျှင်ဘုရားနာဂသေန “ရဟန္တာပုဂ္ဂိုလ်သည် ကိုယ်၌ ဖြစ်သော တစ်ခုတည်းသော ဝေဒနာကို ခံစား၏။ စိတ်၌ ဖြစ်သော ဝေဒနာကို မခံစား”ဟု အသျှင်ဘုရားတို့ ဆိုတော်မူပါကုန်၏။ အသျှင်ဘုရား နာဂသေန အသို့ပါနည်း ရဟန္တာ၏ စိတ်သည် အကြင်ကိုယ်ကို မှီ၍ ဖြစ်၏။ ရဟန္တာသည် ထိုကိုယ်၌ အစိုးမရလေသလော။ ကိုယ်ပိုင် မဟုတ်လေသလော။ အလိုသို့ မလိုက်စေနိုင်လေသလောဟု (လျှောက်၏)။ မင်းမြတ် ဪဟုတ်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန ထိုရဟန္တာသည် မိမိစိတ်၏ ဖြစ်ရာ ဖြစ်သော ကိုယ်၌ အစိုးမရ၊ ကိုယ်ပိုင်မဟုတ်။ အလိုသို့ မလိုက်စေနိုင်။ ဤသို့ ဖြစ်ရခြင်းသည် မသင့် လျော်ပေ။ အသျှင်ဘုရား ငှက်သော်မှလည်း အသိုက်၌နေသမျှ ကာလပတ်လုံး ထိုငှက်သည် ထိုအသိုက်၌ အစိုးရဘိသေး၏။ ကိုယ်ပိုင် ဖြစ်ဘိသေး၏။ အလိုသို့ လိုက်စေနိုင်ဘိသေး၏ဟု (လျှောက်၏)။

မင်းမြတ် ကိုယ်သို့ အစဉ်လိုက်တတ်ကုန်သော ဤဆယ်ပါးသော တရားတို့သည် ဖြစ်လေရာရာ ဘဝ၌ ကိုယ်သို့ အစဉ်ပြေးလိုက်ကုန်၏၊ အစဉ်လည်၍ လိုက်ပါကုန်၏။ အဘယ်ဆယ်ပါးတို့နည်းဟူမူ- အချမ်း၊ အပူ၊ ဆာလောင်ခြင်း၊ ရေမွတ်သိပ်ခြင်း၊ ကျင်ကြီး၊ ကျင်ငယ်၊ ငိုက်မျဉ်းခြင်း၊ အိုခြင်း၊ ဖျားနာခြင်း၊ သေခြင်းတို့တည်း။ မင်းမြတ် ကိုယ်သို့ အစဉ်လိုက်ကုန်သော ဤဆယ်ပါးသော တရားတို့သည် ဖြစ်လေရာရာ ဘဝ၌ ကိုယ်သို့ အစဉ်ပြေးလိုက်ကုန်၏။ အစဉ်လည်၍ လိုက်ပါကုန်၏။ ရဟန္တာသည် တရားဆယ်ပါး၌ အစိုးမရပေ။ ကိုယ်ပိုင် မဟုတ်ပေ။ အလိုသို့ မလိုက်စေနိုင်ပေဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန အဘယ်အကြောင်းကြောင့် ရဟန္တာသည် ကိုယ်၌ အာဏာ မဖြစ်ပါသနည်း။ အစိုးတရ မဖြစ်ပါသနည်း။ ထိုစကား၌ အကျွန်ုပ်အား အကြောင်းကို ဟောတော်မူပါလော့ဟု (လျှောက်၏)။ မင်းမြတ် ဥပမာသော်ကား မြေကြီးကို မှီ၍ ဖြစ်ကုန်သော သတ္တဝါဟူသမျှအားလုံးတို့သည် မြေကြီးကို မှီ၍ သွားကုန်၏၊ နေကုန်၏။ အသက်မွေးခြင်းကို ပြုကုန်၏။ မင်းမြတ် ထိုသတ္တဝါတို့အား မြေကြီး၌ အာဏာသည် ဖြစ်သလော။ အစိုးရခြင်းသည်လည်း ဖြစ်သလောဟု (မေးတော်မူ၏)။ အသျှင် ဘုရား မဖြစ်ပါဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် ရဟန္တာ၏ စိတ်သည် ကိုယ်ကို မှီ၍ကား ဖြစ်၏။ သို့သော် ရဟန္တာပုဂ္ဂိုလ်အား ကိုယ်၌ အာဏာ မဖြစ်။ အစိုးရခြင်းသည်လည်း မဖြစ်ဟု (မိန့်တော်မူ၏)။

--

အသျှင်ဘုရားနာဂသေန အဘယ်အကြောင်းကြောင့် ပုထုဇဉ်ပုဂ္ဂိုလ်သည် ကိုယ်၌လည်းဖြစ်၊ စိတ်၌လည်းဖြစ်သော ဝေဒနာကို ခံစားပါသနည်းဟု (လျှောက်၏)။ မင်းမြတ် စိတ်ကို မပွားများ မထုံအပ် သည်၏ အဖြစ်ကြောင့် ပုထုဇဉ်ပုဂ္ဂိုလ်သည် ကိုယ်၌လည်း ဖြစ်၊ စိတ်၌လည်း ဖြစ်သော ဝေဒနာကို ခံစား၏။ မင်းမြတ် ဥပမာသော်ကား ဆာလောင်မွတ်သိပ်သော နွားကို အားနည်းချို့တဲ့၍ အနည်းငယ်သော မြက်ပင်တို့၌လည်းကောင်း၊ နွယ်၌လည်းကောင်း ဖွဲ့ချည်ထားသည် ဖြစ်ရာ၏။ ထိုနွားသည် အမျက် ထွက်သောအခါ ဖွဲ့ချည်ထားသော မြက် နွယ်နှင့်တကွ ထွက်သွား၏။ မင်းမြတ် ဤအတူသာလျှင် မပွားစေ အပ်သော စိတ်ရှိသော ပုထုဇဉ်ပုဂ္ဂိုလ်အား ခံစားမှု ‘ဝေဒနာ’ သည် ဖြစ်၍ စိတ်ဖောက်ပြန်၏။ စိတ်ဖောက် ပြန်လတ်သော် ကိုယ်ကို တန့်စေ၏၊ မစောင့်ထိန်းနိုင်၊ တပြောင်းပြန်ပြန် ဖြစ်၏။ ထိုအခါ၌ ထိုပုဂ္ဂိုလ် သည် မပွားစေအပ်သော စိတ်ရှိသည် ဖြစ်၍ ထိတ်လန့်၏၊ မြည်တမ်း၏။ ကြောက်ဖွယ်သော အသံကို အော်၏။ မင်းမြတ် အကြင်အကြောင်းကြောင့် ပုထုဇဉ်သည် ကိုယ်၌လည်း ဖြစ်၊ စိတ်၌လည်း ဖြစ်သော ဝေဒနာကို ခံစား၏။ ဤအရာ၌ ဤသည်ကား အကြောင်းတည်း။

အကြင်အကြောင်းကြောင့် ရဟန္တာသည် ကိုယ်၌ ဖြစ်သော တစ်ခုတည်းသော ဝေဒနာကိုသာ ခံစား၏။ စိတ်၌ ဖြစ်သော ဝေဒနာကို မခံစား။ ထိုအကြောင်းကား အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းမြတ် ရဟန္တာ၏ စိတ်သည် ပွားများအပ်ပြီး၊ ကောင်းစွာ ပွားများစေအပ်ပြီး၊ ဆုံးမယဉ်ကျေးပြီး၊ ကောင်းစွာ ဆုံးမယဉ်ကျေးပြီး၊ ကောင်းစွာ နာယူပြီး၊ ဆိုဆုံးမတိုင်း လိုက်နာပြီး ဖြစ်၏။ ထိုရဟန္တာပုဂ္ဂိုလ်သည် ဒုက္ခဝေဒနာဖြင့် တွေ့ထိသည်ရှိသော် အမြဲမရှိ “အနိစ္စ”ဟူ၍ မြဲစွာ စွဲယူ၏။ သမာဓိတည်းဟူသော တိုင်၌ စိတ်ကို မြဲစွာ ဖွဲ့ချည်ထား၏။ ထိုရဟန္တာပုဂ္ဂိုလ်၏ ထိုစိတ်သည် သမာဓိတည်းဟူသော တိုင်၌ မြဲစွာ ဖွဲ့ချည်ထားအပ်သည်ရှိသော် မယိမ်းမယိုင်၊ မတုန်လှုပ်၊ တည်တံ့၏၊ မပျံ့လွင့်။ ထိုရဟန္တာ၏ ကိုယ်သည် ဝေဒနာဖြင့် ဖောက်ပြန်ပျံ့နှံ့ခြင်းကြောင့် တွန့်ခွေ၏၊ မစောင့်ထိန်းနိုင်၊ တပြောင်းပြန်ပြန် ဖြစ်၏။ မင်းမြတ် အကြင်အကြောင်းကြောင့် ရဟန္တာသည် ကိုယ်၌ ဖြစ်သော တစ်ခုတည်းသော ကာယိက ဝေဒနာကိုသာ ခံစား၏။ စိတ်၌ ဖြစ်သော (စေတသိကဝေဒနာ) ကိုကား မခံစား။ ဤအရာ၌ ဤသည်ကား အကြောင်းတည်းဟု ဖြေတော်မူ၏။

အသျှင်ဘုရားနာဂသေန ကိုယ်တုန်လှုပ်ပါလျက် စိတ်မတုန်လှုပ်ခြင်းသည် အံ့ဖွယ်ရှိပါ၏။ ထိုသို့ ဖြစ်ရာ၌ အကျွန်ုပ်အား အကြောင်းကို ဆိုတော်မူပါလော့ဟု (လျှောက်၏)။ မင်းမြတ် ဥပမာသော်ကား ပင်စည်အခက် အရွက်နှင့် ပြည့်စုံသော သစ်ပင်ကြီးကို အားကြီးသော လေတိုက်ခတ်သော် အကိုင်း အခက် သည် တုန်လှုပ်၏။ ထိုသစ်ပင်ကြီး၏ ပင်စည်သည်လည်း တုန်လှုပ်သလောဟု (မေးတော်မူ၏)။ အသျှင် ဘုရား မတုန်လှုပ်ပါဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် ရဟန္တာသည် ဆင်းရဲသော ဒုက္ခ ဝေဒနာနှင့် တွေ့ထိသည်ရှိသော် “အနိစ္စ”ဟူ၍ မြဲစွာ စွဲယူ၏။ သမာဓိတည်းဟူသော တိုင်၌ စိတ်ကို ဖွဲ့ချည်ထား၏။ ထိုရဟန္တာပုဂ္ဂိုလ်၏ ထိုစိတ်သည် သမာဓိတည်းဟူသော တိုင်၌ ဖွဲ့ချည်ထားအပ်သည်ရှိသော် မတုန်မလှုပ်၊ တည်တံ့၏၊ မပျံ့လွင့်။ ထိုရဟန္တာပုဂ္ဂိုလ်၏ ကိုယ်သည် ဝေဒနာဖောက်ပြန်ခြင်း၏ ပျံ့နှံ့သောကြောင့် တွန့်ခွေ၏၊ မစောင့်ထိန်းနိုင်၊ တပြောင်းပြန်ပြန် ဖြစ်၏။ မင်းမြတ် ထိုရဟန္တာပုဂ္ဂိုလ်၏ စိတ်သည်ကား သစ်ပင်ကြီး၏ ပင်စည်ကဲ့သို့ မတုန်မလှုပ်ဟု (ဖြေတော်မူ၏)။ အသျှင်ဘုရားနာဂသေန အံ့ဖွယ်ရှိပါပေစွ။ အသျှင်ဘုရားနာဂသေန မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ။ အကျွန်ုပ်သည် ဤသို့ သဘောရှိသော၊ အခါခပ်သိမ်း တည်သော၊ တရားတည်းဟူသော ဆီမီးကို မမြင်ဖူးပါဟု (လျှောက်၏)။ ။

ခြောက်ခုမြောက် အရဟန္တဝေဒနာဝေဒိယနပဥှာ ပြီး၏။

--

၇-အဘိသမယန္တရာယကရပဥှာ

တရားကို ထိုးထွင်းသိမြင်ခြင်း၏ အန္တရာယ် ပြဿနာ

။ အသျှင်ဘုရားနာဂသေန ဤလောက၌ တစ်စုံတစ်ယောက်သော လူသည် သာသနာတော်မှ ဆုံးရှုံးခြင်း ‘ပါရာဇိက’ သို့ ရောက်ရာ၏။ ထိုသူသည် အခါတစ်ပါး၌ ရဟန်းပြုရာ၏။ မိမိကိုယ်တိုင်ကလည်း “လူအဖြစ်ဖြင့်ပင် ပါရာဇိကသို့ ငါ ရောက်၏”ဟု မသိရာ။ အခြားတစ်စုံတစ်ယောက်သောသူက့လည်း “လူအဖြစ်ဖြင့်ပင် ပါရာဇိကသို့ သင် ရောက်၏”ဟု ထိုသူ့အား မပြောကြားရာ။ ထိုသူသည် ထို (ဈာန်မဂ်ဖိုလ်) အကျိုးငှါ ကျင့်ရာပါ၏။ ထိုသူ့အား (သစ္စာလေးပါး) တရားကို သိခြင်းသည် ဖြစ်နိုင်ရာပါ သလောဟု (လျှောက်၏)။ မင်းမြတ် မဖြစ်နိုင်ရာပါဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား အဘယ် အကြောင်းကြောင့်ပါနည်းဟု (လျှောက်၏)။ ထိုသူသည် (သစ္စာလေးပါး) တရားကို သိခြင်း၏ အကြောင်းကို ဖြတ်ပြီး ဖြစ်၏။ ထို့ကြောင့် (သစ္စာလေးပါး) တရားကို ထိုးထွင်း၍ သိခြင်းသည် မဖြစ်နိုင်ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန “သိသောသူအား နောင်တပူပန်မှု ‘ကုက္ကုစ္စ'သည် ဖြစ်၏။ နောင်တ ပူပန်မှု ‘ကုက္ကုစ္စ’ ဖြစ်လတ်သော် တားမြစ်ပိတ်ပင်ခြင်းသည် ဖြစ်၏။ တားမြစ်ပိတ်ပင်သော စိတ်ဖြစ်ခဲ့သော် (သစ္စာလေးပါး) တရားကို သိခြင်းသည် မဖြစ်”ဟု အသျှင်ဘုရားတို့ ဆိုတော်မူကုန်၏။ အမှန်အားဖြင့် သော်ကား ပါရာဇိကရောက်သည်ကို မသိသော၊ နောင်တပူပန်မှု ‘ကုက္ကုစ္စ’ မဖြစ်သော၊ ငြိမ်သက်သော စိတ်ရှိသည် ဖြစ်၍ နေသော ဤသူ့အား အဘယ်အကြောင်းကြောင့် (သစ္စာလေးပါး) တရားကို သိခြင်း မဖြစ်ပါသနည်း။ ဤပြဿနာကား မညီမညွတ်သောအားဖြင့် (အသျှင်ဘုရားထံသို့) ရောက်လာပါ၏။ ကြံစည်စဉ်းစား၍ ဖြေကြားတော်မူပါလော့ဟု (လျှောက်၏)။

မင်းမြတ် ကောင်းစွာ ထွန်ယက်ထားသော တမန်းညွန်ရှိသော ကြည်လင်သန့်စင်သော လယ်၌ သရဒရတုပတ်လုံး ကောင်းစွာ တည်နေရပြီးသော မျိုးစေ့သည် အပင်ပေါက်နိုင်သည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ပေါက်နိုင်ပါ၏ဟု (လျှောက်၏)။ မင်းမြတ် ထိုမျိုးစေ့ပင်လျှင် တစ်ခဲနက်သော ကျောက်တောင်ထက်ရှိ ကျောက်ခဲအပြင်၌မူ အပင်ပေါက်နိုင်ရာသလောဟု (မေးတော်မူ၏)။ အသျှင် ဘုရား မပေါက်နိုင်ရာပါဟု (လျှောက်၏)။ မင်းမြတ် ထိုမျိုးစေ့ပင်လျှင် တမန်းညွန်၌ကား အဘယ့်ကြောင့် အပင်ပေါက်ရောက်နိုင်၍ တစ်ခဲနက်သော ကျောက်တောင်၌မူကား အဘယ့်ကြောင့် အပင်မပေါက်ရောက်နိုင် သနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား တစ်ခဲနက်သောကျောက်တောင်၌ ထိုမျိုးစေ့အပင်ပေါက် ရောက်ခြင်း၏ အကြောင်း မရှိ။ အကြောင်းမရှိသောကြောင့် မျိုးစေ့သည် အပင်မပေါက်ရောက်နိုင်ပါဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် ထိုပုဂ္ဂိုလ်သည် (သစ္စာလေးပါး) တရားကို သိခြင်း၏ အကြောင်းကို ဖြတ်အပ်ပြီ။ အကြောင်းမရှိသောကြောင့် (သစ္စာလေးပါး) တရားကို သိခြင်းသည် မဖြစ်နိုင်ဟု (မိန့်တော်မူ၏)။ မင်းမြတ် ဥပမာတစ်နည်းသော်ကား တုတ်, ခဲ, တင်းပုတ်, လက်ရိုက်တို့သည် မြေကြီး၌ တည်ခြင်းသို့ ရောက်ကုန်၏။ မင်းမြတ် ထိုတုတ်, ခဲ, တင်းပုတ်, လက်ရိုက်တို့သည်ပင်လျှင် ကောင်းကင်၌ တည်ခြင်းသို့ ရောက်ကုန်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မရောက်ပါဟု (လျှောက်၏)။ မင်းမြတ် ထိုတုတ်, ခဲ, တင်းပုတ်, လက်ရိုက်တို့သည်ပင် မြေ၌ တည်ခြင်းသို့ ရောက်ကုန်၏။ ဤအရာ၌ အကြောင်းကား အဘယ်နည်း။ အဘယ်အကြောင်းကြောင့် ကောင်းကင်၌ မတည်ကုန်သနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား ထိုတုတ်, ခဲ, တင်းပုတ်, လက်ရိုက်တို့၏ တည်နေရန် ကောင်းကင်၌ အကြောင်း မရှိပါ။ အကြောင်းမရှိခြင်းကြောင့် မတည်ပါကုန်ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် ထိုပုဂ္ဂိုလ်သည် ထိုပါရာဇိကကျခြင်းဟူသော အပြစ်ကြောင့် (သစ္စာလေးပါး) တရားကို ထိုးထွင်း၍ သိခြင်း၏ အကြောင်းကို ဖြတ်အပ်၏။ အကြောင်းပြတ်သည်ရှိသော် အကြောင်းမရှိသောကြောင့် (သစ္စာလေးပါး) တရားကို သိခြင်းသည် မဖြစ်ဟု (မိန့်တော်မူ၏)။

--

မင်းမြတ် ဥပမာတစ်နည်းသော်ကား မီးသည် ကြည်းကုန်း၌ တောက်လောင်၏။ မင်းမြတ် ထိုမီးသည်ပင်လျှင် ရေ၌ တောက်လောင်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မတောက်လောင်ပါဟု (လျှောက်၏)။ မင်းမြတ် ထိုမီးသည်ပင်လျှင် ကြည်းကုန်း၌ တောက်လောင်၏။ အဘယ်အကြောင်းကြောင့် ရေ၌ မတောက်လောင်သနည်း။ ဤအရာ၌ အကြောင်းကား အဘယ်နည်းဟု (မေးတော်မူ၏)။ အသျှင် ဘုရား ရေ၌ မီး၏ တောက်လောင်ခြင်းငှါ အကြောင်း မရှိပါ။ အကြောင်းမရှိခြင်းကြောင့် မတောက် လောင်ပါဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် ထိုပုဂ္ဂိုလ်သည် ထိုပါရာဇိကကျခြင်းဟူသော အပြစ်ကြောင့် (သစ္စာလေးပါး) တရားကို သိခြင်း၏ အကြောင်းကို ဖြတ်အပ်၏။ အကြောင်းပြတ်သည်ရှိသော် အကြောင်းမရှိခြင်းကြောင့် (သစ္စာလေးပါး) တရားကို သိခြင်းသည် မဖြစ်ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန တစ်ဖန်လည်း ဤအကြောင်းကို ကြံပါဦးလော့။ မသိသောသူအား နောင်တ ပူပန်မှု ‘ကုက္ကုစ္စ’ မရှိလတ်သော် ပိတ်ပင်မှု ဖြစ်၏ဟု ထိုအရာဝယ် အကျွန်ုပ်၏ စိတ်၌ စွဲမှတ်မှု မဖြစ်နိုင်ပါ။ အကြောင်းဖြင့် အကျွန်ုပ်ကို သိစေပါလော့ဟု (လျှောက်၏)။ မင်းမြတ် လတ်တလောချင်း သေစေတတ်သော အဆိပ်သည် (အဆိပ်ဟု) မသိသဖြင့် ခဲစားမိသော်လည်း သေစေနိုင်သည် မဟုတ်လောဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား သေစေနိုင်ပါ၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် မသိသဖြင့် ပြုအပ်သော မကောင်းမှုကံသည်လည်း (သစ္စာလေးပါး) တရားကို သိခြင်း၏ အန္တရာယ်ကို ပြုတတ်၏။

မင်းမြတ် မီးသည် မသိသဖြင့် နင်းသောသူကို လောင်သည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား လောင်ပါ၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် မသိသဖြင့် ပြုအပ်သော မကောင်းမှုကံသည်လည်း (သစ္စာလေးပါး) တရားကို သိခြင်း၏ အန္တရာယ်ကို ပြုတတ်၏။

မင်းမြတ် မြွေဟောက်သည် (မြွေဟု) မသိသောသူကို ကိုက်လျှင် သေစေနိုင်သည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား သေစေနိုင်ပါ၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် မသိသဖြင့် ပြုအပ်သော မကောင်းမှုကံသည်လည်း (သစ္စာလေးပါး) တရားကို သိခြင်း၏ အန္တရာယ်ကို ပြုတတ်၏။

မင်းမြတ် ရသေ့တို့၏သားဖြစ်သော ကာလိင်္ဂစကြာမင်းသည် ရတနာခုနစ်ပါးတို့ဖြင့် ပြွမ်းလျက် ဆင်ရတနာကို တက်စီး၍ မယ်တော်ခမည်းတော်တို့ကို ကြည့်ရှုဖူးမြင်ခြင်းငှါ (ကောင်းကင်ခရီးဖြင့်) သွား သည်ရှိသော် မသိဘဲလျက်လည်း ဗောဓိမဏ္ဍိုင်၏ အထက်မှ သွားခြင်းငှါ မတတ်နိုင်သည် မဟုတ်လော။ မင်းမြတ် မသိသဖြင့် ပြုအပ်သော မကောင်းမှုကံသည်လည်း (သစ္စာလေးပါး) တရားကို သိခြင်း၏ အန္တရာယ်ကို ပြုတတ်၏။ ဤသည်ကား ဤအရာ၌ အကြောင်းတည်းဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန မြတ်စွာဘုရား ဟောတော်မူအပ်သော အကြောင်းကို တားမြစ်ခြင်းငှါ မတတ် ကောင်းပါ။ ဤအသျှင် မိန့်ဆိုတိုင်းသာလျှင် ထိုပုစ္ဆာ၏ဟုတ်မှန်သော အဓိပ္ပါယ်ပါတည်း။ ထိုသို့ ဆိုတော်မူတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

ခုနစ်ခုမြောက် အဘိသမယန္တရာယကရပဥှာ ပြီး၏။

--

၈-ဒုဿီလပဥှာ

ဒုဿီလ ‘ရဟန်းနှင့် လူ အထူး’ ပြဿနာ

။ အသျှင်ဘုရားနာဂသေန လူဒုဿီလနှင့် ရဟန်းဒုဿီလတို့၏ အထူးကား အဘယ်ပါနည်း။ ထူးသော အကြောင်းကား အဘယ်ပါနည်း။ ဤနှစ်ဦးသောသူတို့သည် တူမျှသော ဖြစ်ခြင်း၊ တူမျှသော အလားအလာ ရှိပါကုန်သလော။ နှစ်ဦးသောသူတို့၏လည်း တူမျှသော အကျိုးဖြစ်နိုင်ပါသလော။ သို့မဟုတ် တစ်စုံတစ်ရာ ထူးသောအကြောင်း ရှိပါသေးသလောဟု (မေးလျှောက်၏)။

မင်းမြတ် ရဟန်းဒုဿီလ၏ ဤဆယ်ပါးသော ဂုဏ်တို့သည် လူဒုဿီလထက် အထူးသဖြင့် လွန်ကဲကုန်၏။ ဆယ်ပါးသောအကြောင်းတို့ဖြင့်လည်း လွန်ကဲစွာ မြတ်သောအလှူကို သုတ်သင်နိုင်၏။ အဘယ် သို့လျှင် ရဟန်းဒုဿီလ၏ ဤဆယ်ပါးသော ဂုဏ်တို့သည် လူဒုဿီလထက် အထူးသဖြင့် လွန်ကဲကုန် သနည်းဟူမူ- မင်းမြတ် ဤသာသနာတော်၌ ရဟန်းဒုဿီလသည်-

(၁) ဘုရား၌ ရိုသေခြင်း ရှိ၏။

(၂) တရား၌ ရိုသေခြင်း ရှိ၏။

(၃) သံဃာ၌ ရိုသေခြင်း ရှိ၏။

(၄) သီတင်းသုံးဖော်တို့၌ ရိုသေခြင်း ရှိ၏။

(၅) ပါဠိသင်ကြားခြင်း, အဋ္ဌကထာသင်ကြားခြင်း၌ လုံ့လထုတ်၏။

(၆) ကြားနာရခြင်း များ၏။

(၇) မင်းမြတ် သီလပျက်သော်လည်း ဒုဿီလသည် ပရိသတ်ဘောင်သို့ ရောက်လတ်သော် (သီလဝန်) အသွင်အပြင်တို့ကို ဖြစ်စေ၏။ ကဲ့ရဲ့ခြင်းမှ ကြောက်သောကြောင့် ကိုယ်မှု၊ နှုတ်မှုကို စောင့်ရှောက်၏။

(၈) ထို့ပြင် ထိုဒုဿီလရဟန်း၏ စိတ်သည် ကမ္မဋ္ဌာန်းသို့ ရှေးရှုသည်လည်း ဖြစ်၏။

(၉) ရဟန်းသာမန်သို့ ကပ်ရောက်၏။

(၁၀) မင်းမြတ် ရဟန်းဒုဿီလသည် မကောင်းမှုကို ပြုသော်လည်း ပုန်းလျှိုးကွယ်လျှိုး ကျင့်၏။

မင်းမြတ် ဥပမာသော်ကား လင်ရှိသော မိန်းမသည် ပုန်းကွယ်၍ လျှို့ဝှက်သဖြင့်သာလျှင် မကောင်းမှုကို ကျင့်၏။ မင်းမြတ် ဤအတူသာလျှင် ရဟန်းဒုဿီလသည် မကောင်းမှုကို ပြုသော်လည်း ပုန်းလျှိုးကွယ်လျှိုး ကျင့်၏။ မင်းမြတ် ရဟန်းဒုဿီလ၏ ဤဂုဏ်ဆယ်ပါးတို့သည် လူဒုဿီလထက် အထူးသဖြင့် လွန်ကဲကုန်၏။

အဘယ်သို့လျှင် ဆယ်ပါးသော အကြောင်းတို့ဖြင့် လွန်ကဲစွာ အလှူကို သုတ်သင်နိုင်သနည်း။

(၁) အပြစ်ကင်းသော ချပ်မိန်ညိုနှင့်တူသော သင်္ကန်းကို ဆောင်သည်၏ အဖြစ်ကြောင့်လည်း မြတ်သော အလှူကို သုတ်သင်နိုင်၏။

(၂) ဘုရားအရိယာတို့နှင့် တူစွာ ဦးပြည်းသော အသွင်ကို ဆောင်သောကြောင့်လည်း မြတ်သော အလှူကို သုတ်သင်နိုင်၏။

--

(၃) ရဟန်းသံဃာအပေါင်းသို့ သက်ဝင်သည့်အဖြစ်ကြောင့်လည်း မြတ်သော အလှူကို သုတ်သင် နိုင်၏။

(၄) ဘုရားတရားသံဃာကို ကိုးကွယ်ဆည်းကပ်ခြင်းသို့ ကပ်ရောက်သည့် အဖြစ်ကြောင့်လည်း မြတ်သော အလှူကို သုတ်သင်နိုင်၏။

(၅) ကမ္မဋ္ဌာန်းအလုပ်ရှိသူတို့၏ တည်နေရာ ကျောင်းကန်၌ နေထိုင်သည့် အဖြစ်ကြောင့်လည်း မြတ်သော အလှူကို သုတ်သင်နိုင်၏။

(၆) ဘုရားသာသနာတော်၏ တည်တံ့ခြင်းကို လိုလား ရှာမှီးသောကြောင့်လည်း မြတ်သောအလှူကို သုတ်သင်နိုင်၏။

(၇) မြတ်သော တရားကို ဟောကြားတတ်သောကြောင့်လည်း မြတ်သော အလှူကို သုတ်သင်နိုင်၏။

(၈) တရားလျှင် မှီခိုရာ လားရာလည်းလျောင်းရာရှိသည့် အဖြစ်ကြောင့်လည်း မြတ်သော အလှူကို သုတ်သင်နိုင်၏။

(၉) ဘုရားသည် အမြတ်ဆုံးဟု ဧကန်စင်စစ် ဖြောင့်မတ်သော အယူရှိသည့်အဖြစ်ကြောင့်လည်း မြတ်သော အလှူကို သုတ်သင်နိုင်၏။

(၁၀) (တစ်လလျှင် နှစ်ကြိမ် ပါရိသုဒ္ဓိစသော) ဥပုသ်ကို ဆောက်တည်သောကြောင့်လည်း မြတ်သော အလှူကို သုတ်သင်နိုင်၏။ မင်းမြတ် ဤသို့လျှင် ဤဆယ်ပါးသော အကြောင်းတို့ဖြင့် လွန်ကဲစွာ မြတ်သော အလှူကို သုတ်သင်နိုင်၏။

မင်းမြတ် ရဟန်းဒုဿီလသည် အလွန်အကျင့်ဖောက်ပြန်သော်လည်း ဒါယကာတို့၏ အလှူကို သုတ်သင်နိုင်၏။ မင်းမြတ် ဥပမာသော်ကား ရေသည် အလွန် နောက်ကျုချွဲပျစ်သော်လည်း ညွန်ပျောင်း ရွှံ့ကြမ်း မြူအညစ်အကြေးကို ပယ်နိုင်၏။ မင်းမြတ် ဤအတူသာလျှင် ရဟန်းဒုဿီလသည် အကျင့်အလွန် ဖောက်ပြန်သော်လည်း ဒါယကာတို့၏ မြတ်သော အလှူကို သုတ်သင်နိုင်၏။

မင်းမြတ် ဥပမာတစ်နည်းသော်ကား ရေနွေးသည် ကျိုက်ကျိုက်ဆူသော်လည်း အလျှံတပြောင်ပြောင် တောက်လောင်သော မီးပုံကြီးကို ငြိမ်းစေနိုင်၏။ မင်းမြတ် ဤအတူသာလျှင် ရဟန်းဒုဿီလသည် အလွန် အကျင့်ပျက်သော်လည်း ဒါယကာတို့၏ မြတ်သော အလှူကို သုတ်သင်နိုင်၏။

မင်းမြတ် ဥပမာတစ်နည်းသော်ကား ဘောဇဉ်သည် အရသာမရှိသော်လည်း ဆာလောင်ခြင်း အား နည်းခြင်းကို ပယ်နိုင်၏။ မင်းမြတ် ဤအတူသာလျှင် ရဟန်းဒုဿီလသည် အကျင့်ပျက်သော်လည်း ဒါယကာတို့၏ မြတ်သော အလှူကို သုတ်သင်နိုင်၏။

မင်းမြတ် နတ်ထက်နတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် မဇ္ဈိ မနိကာယ်မြတ်ဟု တံဆိပ်ခတ်အပ်သော ဒက္ခိဏဝိဘင်္ဂသုတ် ပါဠိတော်၌- “သီလရှိသော အကြင်ဒါယကာသည် အလွန်ကြည်လင်သော စိတ်ရှိသည် ဖြစ်၍ မွန်မြတ်သော ကံ၏ အကျိုးကို ယုံကြည်လျက် တရားသဖြင့် ရအပ်သော လှူဖွယ်ကို ဒုဿီလရဟန်းတို့အား ပေးလှူ၏။ ထိုအလှူသည် ဒါယကာကြောင့် စင်ကြယ်၏”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏ဟု (မိန့်တော်မူ၏)။

--

အသျှင်ဘုရားနာဂသေန အံ့ဖွယ်ရှိပါပေ၏။ အသျှင်ဘုရားနာဂသေန မဖြစ်ဖူးမြဲ ဖြစ်ပါပေ၏။ အကျွန်ုပ်တို့သည် ထိုမျှလောက်သော ပြဿနာကို အသျှင်ဘုရားအား မေးလျှောက်ခဲ့ပါကုန်ပြီ။ ထို ပြဿနာကို အသျှင်ဘုရားသည် ဥပမာတို့ဖြင့်လည်းကောင်း၊ အကြောင်းတို့ဖြင့်လည်းကောင်း ထင်ရှားစွာ ပြတော်မူလျက် အမြိုက်သုဓာဘုတ်ကဲ့သို့ ချိုမြိန်ကောင်းမြတ်စွာ နာကြားနိုင်လောက်သော အခြေရောက် အောင် ပြုတော်မူပါပေ၏။ အသျှင်ဘုရား ဥပမာမည်သည်ကား စားတော်ကဲသည်လည်းကောင်း၊ စားတော် ကဲ၏ တပည့်သည်လည်းကောင်း ထိုမျှလောက်သော အမဲဟင်းလျာကို ရ၍ အထူးထူး အပြားပြားသော ဟင်းအဆောက်အဦတို့ဖြင့် စီရင်ချက်ပြုတ်ပြီးလျှင် မင်းသုံးမင်းဆောင်ကို ပြု၏။ အသျှင်ဘုရားနာဂသေန ဤအတူသာလျှင် အကျွန်ုပ်သည် ထိုမျှလောက်သော ပြဿနာကို မေးလျှောက်ခဲ့ပါကုန်ပြီ။ ထိုပြဿနာကို အသျှင်ဘုရားသည် ဥပမာတို့ဖြင့်လည်းကောင်း၊ အကြောင်းတို့ဖြင့်လည်းကောင်း ထင်ရှားစွာ ပြတော်မူလျက် အမြိုက်သုဓာဘုတ်ကဲ့သို့ ချိုမြိန်ကောင်းမြတ်စွာ နာကြားနိုင်လောက်သော အခြေရောက်အောင် ပြုတော်မူပါပေ၏ဟု (လျှောက်၏)။ ။

ရှစ်ခုမြောက် ဒုဿီလပဥှာ ပြီး၏။

၉-ဥဒကသတ္တဇီဝပဥှာ

ရေသည် သတ္တဇီဝ ဟုတ်၊ မဟုတ် ပြဿနာ

။ အသျှင်ဘုရားနာဂသေန ဤရေသည် မီး၌ ကျိုချက်အပ်သော် စိဋ်စိဋ် အသံထွက်၏။ စိဋ်စိဋ် စစ်စစ် ြ မည်၏။ အသံအမျိုးမျိုး ထွက်၏။ အသျှင်ဘုရားနာဂသေန အသို့ပါနည်း ရေသည် အသက် ရှိပါ သလော။ မြူးထူးသည် ဖြစ်၍ အသံပြုပါသလော။ သို့မဟုတ်မူ အခြားသော ဝတ္ထုက နှိပ်စက်အပ်သည် ဖြစ်၍ အသံပြုပါသလောဟု (မေးလျှောက်၏)။ မင်းမြတ် ရေသည် အသက်မရှိ။ ရေ၌ အသက် ‘ဇီဝ’ သည်လည်းကောင်း၊ သတ္တဝါသည်လည်းကောင်း မရှိ။ မင်းမြတ် စင်စစ်သော်ကား မီးပူအဟုန်၏ ကြီးမား (ပြင်းထန်) သည်၏ အဖြစ်ကြောင့် ရေသည် စိဋ်စိဋ် အသံထွက်၏။ စိဋ်စိဋ်စစ်စစ် ြ မည်၏။ အသံအမျိုး မျိုး ထွက်၏ဟု (ဖြေတော်မူ၏)။

အသျှင်ဘုရားနာဂသေန ဤလောက၌ အချို့သော တိတ္ထိတို့သည် ရေကို အသက်ရှိ၏ဟု ရေအေးကို ပယ်လျက် ရေကို ပူစေပြီးလျှင် ရေကို ဖောက်ပြန်ပြောင်းလဲသည်ကို ပြု၍ သုံးဆောင်ကြကုန်၏။ “သာကီဝင်မင်းသား ရဟန်းတို့သည် (ရုပ်) ဣန္ဒြေတစ်ခုသာရှိသော အသက် ‘ဇီဝ’ ကို ညှဉ်းဆဲကြကုန်၏”ဟု ထိုတိတ္ထိတို့သည် အသျှင်ဘုရားတို့ကို ကဲ့ရဲ့ကုန်၏၊ နှိမ့်ချကုန်၏။ ထိုတိတ္ထိတို့၏ ထိုကဲ့ရဲ့ ခြင်း၊ နှိမ့်ချခြင်းကို ဖျောက်တော်မူပါလော့၊ ပယ်တော်မူပါလော့၊ မိန့်မြွက်တော်မူပါလော့ဟု (လျှောက်၏)။ မင်းမြတ် ရေသည် အသက်မရှိ။ ရေ၌ အသက် ‘ဇီဝ’ သည်လည်းကောင်း၊ သတ္တဝါသည်လည်းကောင်း မရှိ။ မင်းမြတ် စင်စစ်သော်ကား မီးပူအဟုန်၏ ကြီးမား (ပြင်းထန်) သည်၏အဖြစ်ကြောင့် ရေသည် စိဋ်စိဋ် အသံထွက်၏။ စိဋ်စိဋ်စစ်စစ် ြ မည်၏။ အသံအမျိုးမျိုး ထွက်၏။

မင်းမြတ် ဥပမာအားဖြင့် ထုံးအိုင်၊ ရေကန်၊ မြစ်ချောင်း၊ အိုင်ကြီး၊ တစ်ဖက်ဆည်ကန်၊ ချောက်၊ ချောက်လက်တက်၊ ရေတွင်း၊ နိမ့်ရှိုင်းရာ လေးထောင့်ကန်တို့၌ တည်ရှိသော ရေသည် လေ, နေပူ အဟုန်၏ ကြီးမား (ပြင်းထန်) သည်၏ အဖြစ်ကြောင့် လျော့ပါး၏။ကုန်ခြင်းသို့ ရောက်၏။ ထိုထုံးအိုင် စသည်တို့၌ ရေသည် စိဋ်စိဋ် အသံထွက်သလော။ စိဋ်စိဋ်စစ်စစ် ြ မည်သလော။ အသံအမျိုးမျိုး ထွက်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား အသံမထွက်ပါဟု (လျှောက်၏)။ မင်းမြတ် ရေသည် အကယ်၍ အသက်ရှိသည် ဖြစ်အံ့။ ထိုထုံးအိုင်စသည်၌လည်း ရေသည် အသံ ဖြစ်ရာ၏။ မင်းမြတ် ဤသို့သော အကြောင်းကြောင့်လည်း “ရေ၌ အသက် ‘ဇီဝ’ သည်လည်းကောင်း၊ သတ္တဝါသည်လည်းကောင်း မရှိ။ မီးပူအဟုန်၏ ကြီးမား (ပြင်းထန်) သည်၏ အဖြစ်ကြောင့် ရေသည် စိဋ်စိဋ် အသံ ထွက်၏။ စိဋ်စိဋ်စစ်စစ် ြ မည်၏။ အသံအမျိုးမျိုး ထွက်၏”ဟု သိလော့ဟု (မိန့်တော်မူ၏)။

--

မင်းမြတ် ထို့ပြင်လည်း “ရေ၌ အသက် ‘ဇီဝ’ သည်လည်းကောင်း၊ သတ္တဝါသည်လည်းကောင်း မရှိ။ မီးပူအဟုန်၏ ကြီးမား (ပြင်းထန်) သည်၏ အဖြစ်ကြောင့် ရေသည် အသံထွက်၏”ဟူသော အခြား အကြောင်းကိုလည်း နာဦးလော့။ မင်းမြတ် အကြင်အခါ၌ကား ရေကို ဆန်တို့နှင့် ရောနှောလျက် အိုး၌ ထည့်ကာ ပိတ်ထားအပ်၏။ ဖိုခုံလောက်၌ကား မထားရသေး။ ထိုအိုး၌ ရေသည် အသံထွက်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား အသံမထွက်ပါ။ မတုန်မလှုပ် ငြိမ်ငြိမ်သက်သက် ဖြစ်ပါ၏ဟု (လျှောက်၏)။ မင်းမြတ် စင်စစ်သော်ကား အိုး၌ ထည့်ထားသော ထိုရေကိုပင်လျှင် မီးထိုးလျက် ဖိုခုံလောက်၌ ထားသည် ဖြစ်အံ့။ ထိုအိုး၌ ရေသည် မတုန်မလှုပ် ငြိမ်ငြိမ်သက်သက် ဖြစ်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မတုန်မလှုပ် ငြိမ်ငြိမ်သက်သက် မဖြစ်ပါ၊ လှုပ်ပါ၏၊ ချောက်ချားပါ၏၊ လိမ့်စီးပါ၏၊ နောက်ကျုပါ၏၊ လှိုင်းထပါ၏၊ အထက်အောက်တူရူ ဖီလာအရပ်သို့ ပြေးသွားပါ၏၊ ဆူတက် ပါ၏၊ ဝေတက်ပါ၏၊ အမြှုပ်ထပါ၏ဟု (လျှောက်၏)။ မင်းမြတ် ပြကတေ့ရေသည် အဘယ့်ကြောင့် မလှုပ် သနည်း။ ငြိမ်ငြိမ်သက်သက် ဖြစ်သနည်း။ မီးသို့ ရောက်သည်ရှိသော် အဘယ့်ကြောင့် လှုပ်သနည်း၊ ချောက်ချားသနည်း၊ လိမ့်စီးသနည်း၊ နောက်ကျုသနည်း၊ လှိုင်းထသနည်း၊ အထက်အောက် တူရူ ဖီလာ အရပ်သို့ ပြေးသွားသနည်း၊ ဆူတက်သနည်း၊ ဝေတက်သနည်း၊ အမြှုပ်ထသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား ပြကတေ့ရေသည် မလှုပ်ပါ။ မီးသို့ ရောက်သော်ကား ရေသည် မီးပူ အဟုန်၏ ကြီးမား (ပြင်းထန်) သည်၏ အဖြစ်ကြောင့် စိဋ်စိဋ် အသံထွက်၏။ စိဋ်စိဋ်စစ်စစ် ြ မည်၏။ အသံအမျိုးမျိုး ထွက်ပါ၏ဟု (လျှောက်၏)။ မင်းမြတ် ဤအကြောင်းကြောင့်လည်း “ရေ၌ အသက် ‘ဇီဝ’ သည်လည်းကောင်း၊ သတ္တဝါသည်လည်းကောင်း မရှိ။ မီးပူအဟုန်၏ ကြီးမား (ပြင်းထန်) သည်၏ အဖြစ်ကြောင့် ရေသည် အသံဖြစ်၏”ဟု သိလော့ဟု (မိန့်တော်မူ၏)။

မင်းမြတ် ထို့ပြင်လည်း အခြားအကြောင်းကိုလည်း နာဦးလော့။ ရေ၌ အသက် ‘ဇီဝ’ သည်လည်းကောင်း၊ သတ္တဝါသည်လည်းကောင်း မရှိ။ မီးပူအဟုန်၏ ကြီးမား (ပြင်းထန်) သည်၏ အဖြစ်ကြောင့် ရေ သည် အသံ ဖြစ်၏။ မင်းမြတ် ရေအိုး၌ ထည့်ထားသည် ဖြစ်၍ ပိတ်ထားအပ်သော ရေသည် အိမ်တိုင်း အိမ်တိုင်း၌ ရှိသည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ရှိပါ၏ဟု (လျှောက်၏)။ မင်းမြတ် ထိုရေသည် လှုပ်သလော၊ ချောက်ချားသလော၊ လိမ့်စီးသလော၊ နောက်ကျုသလော၊ လှိုင်းထသလော၊ အထက်အောက်တူရူ ဖီလာအရပ်သို့ ပြေးသွားသလော၊ ဆူတက်သလော၊ ဝေတက်သလော၊ အမြှုပ်ထ သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ထိုရေအိုး၌ တည်သော ပြကတေ့သော ထိုရေသည် မတုန် လှုပ်ပါဟု (လျှောက်၏)။

မင်းမြတ် “မဟာသမုဒ္ဒရာ၌ ရေသည် လှုပ်၏၊ ချောက်ချား၏၊ လိမ့်စီး၏၊ နောက်ကျု၏၊ လှိုင်းထ၏၊ အထက်အောက် တူရူ ဖီလာအရပ်သို့ ပြေးသွား၏၊ ဆူတက်၏၊ ဝေတက်၏၊ အမြှုပ်ထ၏၊ ဆန်တက်၍လည်းကောင်း၊ လျှောကျ၍လည်းကောင်း ကမ်း၌ ပုတ်ခတ်၏၊ အသံများစွာ ပြု၏”ဟု သင်မင်းမြတ် ကြားဖူးပါသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ကြားဖူးပါ၏။ ထိုအခြင်းအရာကို အကျွန်ုပ်သည် မြင်လည်း မြင်ဖူးပါ၏။ မဟာသမုဒ္ဒရာ၌ ရေသည် အတောင်တစ်ရာတိုင်အောင်လည်းကောင်း၊ အတောင် နှစ်ရာတိုင်အောင်လည်းကောင်း ကောင်းကင်၌ တက်ပါ၏ဟု (လျှောက်၏)။ မင်းမြတ် အိုး၌ တည်သော ရေသည် အဘယ့်ကြောင့် မလှုပ်သနည်း။ အဘယ့်ကြောင့် အသံမဖြစ်သနည်း။ မင်းမြတ် မဟာသမုဒ္ဒရာ၌ ရေသည် အဘယ့်ကြောင့် လှုပ်သနည်း။ အဘယ့်ကြောင့် အသံပြုသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား လေအဟုန် ပြင်းထန်သည်၏ အဖြစ်ကြောင့် မဟာသမုဒ္ဒရာ၌ ရေသည် လှုပ်ပါ၏၊ အသံဖြစ်ပါ၏။ ရေအိုး၌ တည်သော ရေသည် တစ်စုံတစ်ရာတို့ဖြင့် မထိခိုက်ခြင်းကြောင့် မလှုပ်ပါ၊ အသံမပြုပါဟု (လျှောက်၏)။ မင်းမြတ် လေအဟုန် ပြင်းထန်သည်၏ အဖြစ်ကြောင့် မဟာသမုဒ္ဒရာ၌ ရေသည် လှုပ်သကဲ့သို့၊ အသံဖြစ်သကဲ့သို့ ဤအတူသာလျှင် မီးပူအဟုန်၏ ကြီးမားပြင်းထန်သည်၏ အဖြစ်ကြောင့် ရေသည် အသံပြု၏ဟု (မိန့်တော်မူ၏)။

--

မင်းမြတ် သွေ့ခြောက်သော စည်အခေါင်းစည်ခွက်ကို ခြောက်သော နွားရေဖြင့် ဖွဲ့ကျက်အပ်သည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရားဟုတ်ပါ၏ဟု (လျှောက်၏)။ မင်းမြတ် စည်၌ အသက် ‘ဇီဝ’ သည်လည်းကောင်း၊ သတ္တဝါသည်လည်းကောင်း ရှိသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မရှိပါဟု (လျှောက်၏)။ မင်းမြတ် စည်သည် အဘယ့်ကြောင့် အသံပြုသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား မိန်းမ၏သော်လည်းကောင်း၊ ယောက်ျား၏သော်လည်းကောင်း ထိုအသံအားလျော်သော လုံ့လဖြင့် စည်သည် အသံဖြစ်ပါ၏ဟု(လျှောက်၏)။ မင်းမြတ် မိန်းမ၏သော်လည်းကောင်း၊ ယောက်ျား၏ သော်လည်းကောင်း ထိုအသံအားလျော်သော လုံ့လဖြင့် စည်သည် အသံဖြစ်သကဲ့သို့၊ ဤအတူသာလျှင် မီးပူအဟုန်၏ ကြီးမားပြင်းထန်သည်၏ အဖြစ်ကြောင့် ရေသည် အသံဖြစ်၏။ မင်းမြတ် ဤအကြောင်း ကြောင့်လည်း “ရေ၌ အသက် ‘ဇီဝ’ သည်လည်းကောင်း၊ သတ္တဝါသည်လည်းကောင်း မရှိ။ မီးပူအဟုန်၏ ကြီးမားပြင်းထန်သည်၏ အဖြစ်ကြောင့် ရေသည် အသံပြု၏”ဟု (မိန့်တော်မူ၏)။

မင်းမြတ် သင်မင်းမြတ်အား ငါ၏ မေးမြန်းဖွယ်သည် ရှိပေသေး၏။ ဤသို့ မေးသဖြင့် ထိုပြဿနာကို ကောင်းစွာ ဆုံးဖြတ်အပ်သည် ဖြစ်ပေလတ္တံ့။ မင်းမြတ် အသို့နည်း၊ အိုးအားလုံးတို့မှ ပူသောရေသည် အသံပြုသလော။ သို့မဟုတ် အချို့အိုးတို့မှသာ ပူသော ရေသည် အသံပြုသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား အိုးအားလုံးတို့မှ ပူသော ရေသည် အသံမပြုပါ။ အချို့အိုးတို့မှသာ ပူသောရေသည် အသံပြုပါ၏ဟု (လျှောက်၏)။ မင်းမြတ် သို့ဖြစ်လျှင် မိမိအယူကို စွန့်အပ်၏။ ငါ၏ အရာသို့ တစ်ဖန် ရောက်လာပြီ။ ရေ၌ အသက် ‘ဇီဝ’ သည်လည်းကောင်း၊ သတ္တဝါသည်လည်းကောင်း မရှိ။ မင်းမြတ် အိုးအားလုံးတို့မှ ပူသော ရေသည် အကယ်၍ အသံပြုငြားအံ့။ ရေသည် အသက် ‘ဇီဝ’ ရှိ၏ဟု ဤစကားကို ဆိုခြင်းငှါ သင့်၏။ မင်းမြတ် “အသံပြုသော ရေသည် အသက် ‘ဇီဝ’ ရှိ၏။ အသံမပြုသော ရေသည် အသက် ‘ဇီဝ’ မရှိ”ဟု ရေသည် နှစ်မျိုး မဖြစ်စကောင်း။ မင်းမြတ် ရေသည် အကယ်၍ အသက် ‘ဇီဝ’ ရှိငြားအံ့။ ကြီးကျယ်ကုန်သော၊ ပွါးစည်းသော ကိုယ်ရှိကုန်သော၊ အမုန်ယစ်ကုန်သော၊ နှာမောင်းဖြင့် ပင့်တင်စုတ်ယူ၍ ခံတွင်း၌ ထည့်သွင်းလျက် ဝမ်းသို့ သွင်းကုန်သော ဆင်တို့၏ ထိုရေသည်လည်း သွားကြား၌ စုတ်၍ ကြိတ်အပ်သည်ရှိသော် အသံပြုရာ၏။ အတောင်တစ်ရာ ရှိကုန်သော လှေသင်္ဘောတို့သည် လေးကုန်သည့် ဝန်တို့ဖြင့် ပြည့်ကုန်သည်ဖြစ်၍ အသိန်းမကသော ဝန်တို့ဖြင့် ပြည့်နှက်ကုန်လျက် မဟာသမုဒ္ဒရာ၌ လှည့်လည်ကုန်၏။ ထိုလှေသင်္ဘောတို့ဖြင့်လည်း ကြိတ်မိသည်ရှိသော် ရေသည် အသံပြုရာ၏။ ယူဇနာအရာမကသော ကိုယ်ရှိကုန်သော တိမီ၊ တိမိင်္ဂလ၊ တိမိရပိင်္ဂလ အမည်ရှိကုန်သော ငါးကြီးတို့သည်လည်း သမုဒ္ဒရာအတွင်း၌ ငုပ်ကုန်လျက် မဟာသမုဒ္ဒရာ၌ နေရာဌာန အဖြစ်ဖြင့် နေကုန်လျက် များစွာသော ရေအယဉ်တို့ကို ငုံထားကုန်၏။ ထွေးထုတ်လည်း ထွေးထုတ်ကုန်၏။ ထိုငါးကြီးတို့၏ သွားကြား၌လည်းကောင်း၊ ဝမ်းတွင်း၌လည်းကောင်း ကြိတ်အပ်သော် ထိုရေ သည် အသံပြုရာ၏။ မင်းမြတ် စင်စစ်လျှင် အကြင်အကြောင်းကြောင့်လည်း ဤသို့ ဤသို့သဘောရှိကုန်သော ကြီးမားကုန်သော နှိပ်စက်ခြင်းတို့ဖြင့် နှိပ်စက်အပ်သော ထိုရေသည် အသံမပြု။ ထို့ကြောင့်လည်း ရေ၌ အသက် ‘ဇီဝ’ သည်လည်းကောင်း၊ သတ္တဝါသည်လည်းကောင်း မရှိ။ မင်းမြတ် ဤသို့လျှင် ထိုအကြောင်းကို မှတ်လော့ဟု (မိန့်တော်မူ၏)။

--

အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏။ အပြစ်သို့ ရောက်သော ပြဿနာကို လျောက်ပတ်သော ဝေဖန်ခြင်းဖြင့် ဝေဖန်တော်မူပါပေ၏။ အသျှင်ဘုရားနာဂသေန ဥပမာမည်သည်ကား အဖိုးများစွာထိုက်သော ပတ္တမြားရတနာသည် ကျွမ်းကျင်သော၊ သင်အပ်ပြီးသော ကျောက်သွေးအတတ်ရှိသော၊ လိမ္မာသော ဆရာလက်သို့ ရောက်၍ ကျော်စောခြင်းကို ရရာပါ၏။ ချီးမွမ်းခြင်း, ချီးကျူးခြင်းကို ရရာပါ၏။ ပုလဲ ရတနာသည်လည်း ပုလဲ သွေးဆရာလက်သို့၊ ပုဆိုးရတနာသည်လည်း ပုဆိုးရက်ဆရာလက်သို့၊ စန္ဒကူး နီသည်လည်း နံ့သာဆိုင်သို့ ရောက်၍ ကျော်စောခြင်းကို ရရာပါ၏။ ချီးမွမ်းခြင်း, ချီးကျူးခြင်းကို ရရာပါ၏။ အသျှင်ဘုရားနာဂသေန ဤအတူသာလျှင် အပြစ်သို့ ရောက်သော ပြဿနာကို လျောက်ပတ်သော ဝေဖန်ခြင်းဖြင့် ဝေဖန်တော်မူပါပေ၏။ ဤသို့လျှင် ဤစကားကို ထိုသို့ ဆိုတော်မူတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

ကိုးခုမြောက် ဥဒကသတ္တဇီဝပဥှာ ပြီး၏။

ရှေးဦးစွာသော ဗုဒ္ဓဝဂ် ပြီး၏။

ဤဗုဒ္ဓဝဂ်၌ အမေးပုစ္ဆာပြဿနာ ကိုးခုတို့တည်း။

--

၂-နိပ္ပပဉ္စဝဂ်

၁-နိပ္ပပဉ္စပဥှာ

သံသရာမချဲ့တတ်သော တရား ပြဿနာ

။ အသျှင်ဘုရားနာဂသေန “ရဟန်းတို့ သံသရာကို အကျယ်မချဲ့တတ်သော ‘နိပ္ပပဉ္စ’ တရားတို့၌ မွေ့လျော်ကုန်သည်၊ နိပ္ပပဉ္စတရားတို့၌ ပျော်ပိုက်ကုန်သည်ဖြစ်၍ နေကြကုန်လော့”ဟု ဤစကားကို မြတ်စွာဘုရား ဟောတော်မူအပ်၏။ ထိုနိပ္ပပဉ္စတရားဟူသည် အဘယ်ပါနည်းဟု (မေးလျှောက်၏)။ မင်းမြတ် သောတာပတ္တိဖိုလ်သည် နိပ္ပပဉ္စတရားတည်း။ သကဒါမိဖိုလ်သည် နိပ္ပပဉ္စတရားတည်း။ အနာဂါမိဖိုလ်သည် နိပ္ပပဉ္စတရားတည်း။ အရဟတ္တဖိုလ်သည် နိပ္ပပဉ္စတရားတည်းဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သောတာပတ္တိဖိုလ်သည် အကယ်၍ နိပ္ပပဉ္စတရား ဖြစ်အံ့။ သကဒါမိဖိုလ် သည်၊ အနာဂါမိဖိုလ်သည်၊ အရဟတ္တဖိုလ်သည် အကယ်၍ နိပ္ပပဉ္စတရား ဖြစ်အံ့။ အဘယ့်ကြောင့် ဤရဟန်းတို့သည် သုတ်ကို၊ ဂေယျကို၊ ဝေယျာကရုဏ်းကို၊ ဂါထာကို၊ ဥဒါန်းကို၊ ဣတိဝုတ်ကို၊ ဇာတ်ကို၊ အဗ္ဘုတဓမ္မကို၊ ဝေဒလ္လကို သင်ကုန်သနည်း၊ မေးမြန်းကုန်သနည်း။ အမှုသစ်ဖြင့်လည်းကောင်း၊ အလှူပေးခြင်းဖြင့်လည်းကောင်း၊ ပူဇော်ခြင်းဖြင့်လည်းကောင်း ကြောင့်ကြစိုက်ကြကုန်သနည်း။ ထိုရဟန်းတို့သည် မြတ်စွာဘုရား ပယ်တော်မူအပ်သော အမှုကို ပြုကုန်သည် မဟုတ်ပါလောဟု (လျှောက်၏)။

မင်းမြတ် အကြင်ရဟန်းတို့သည် သုတ်ကို၊ ဂေယျကို၊ ဝေယျာကရုဏ်းကို၊ ဂါထာကို၊ ဥဒါန်းကို၊ ဣတိဝုတ်ကို၊ ဇာတ်ကို၊ အဗ္ဘုတဓမ္မကို၊ ဝေဒလ္လကို သင်ကုန်၏၊ မေးမြန်းကုန်၏။ အမှုသစ်ဖြင့်လည်းကောင်း၊ အလှူပေးခြင်းဖြင့်လည်းကောင်း၊ ပူဇော်ခြင်းဖြင့်လည်းကောင်း ကြောင့်ကြစိုက်ကြကုန်၏။ ထို ရဟန်းအားလုံးတို့သည် နိပ္ပပဉ္စတရားသို့ ရောက်ခြင်းငှါ ပြုလုပ်ကြကုန်၏။ မင်းမြတ် အကြင်ရဟန်းတို့ သည် သဘောအားဖြင့် စင်ကြယ်ကုန်၏။ ရှေးဘဝက ထုံခဲ့သော အထုံ ‘ဝါသနာ’ ရှိကုန်၏။ ထိုရဟန်းတို့ သည် စိတ္တက္ခဏတစ်ချက်ဖြင့် နိပ္ပပဉ္စပုဂ္ဂိုလ်တို့ ဖြစ်ကြကုန်၏။ အကြင်ရဟန်းတို့သည်ကား ပညာမျက်စိ၌ ကိလေသာမြူ အားကြီးကုန်၏။ ထိုရဟန်းတို့သည် ဤ (ပါဠိသင်ကြားခြင်း စသော) လုံ့လတို့ဖြင့် နိပ္ပပဉ္စ ဖြစ်ကုန်၏။

မင်းမြတ် ဥပမာသော်ကား ယောက်ျားတစ်ယောက်သည် လယ်၌ မျိုးစေ့ကို စိုက်ပျိုး၍ မိမိ၏ စွမ်း အား အလျောက်ဖြစ်သော လုံ့လဖြင့် အရံစောင်ရန်းမှ ကင်း၍ စပါးကို ထုတ်ဆောင်ရာ၏။ ယောက်ျား တစ်ယောက်သည် လယ်၌ မျိုးစေ့ကို စိုက်ပျိုး၍ တောသို့ ဝင်လျက် သစ်သားကိုလည်းကောင်း၊ သစ်ခက် ကိုလည်းကောင်း ဖြတ်လျက် စည်းစောင်ရန်းကို ပြုလုပ်၍ စပါးကို ထုတ်ဆောင်ရာ၏။ ထိုအရာ၌ ထိုယောက်ျား၏ အကြင် စည်းစောင်ရန်းကို ရှာမှီးခြင်းသည် ရှိ၏။ ထိုရှာမှီးခြင်းသည် စပါးအလို့ငှါ ရှာမှီး၏။ မင်းမြတ် ဤအတူသာလျှင် အကြင်ရဟန်းတို့သည် သဘောအားဖြင့် စင်ကြယ်ကုန်၏။ ရှေးဘဝက ထုံခဲ့သော အထုံ ‘ဝါသနာ’ ရှိကုန်၏။ ထိုရဟန်းတို့သည် စည်းစောင်ရန်းအရံမှ ကင်း၍ စပါးကို ထုတ်ဆောင်သော ယောက်ျားကဲ့သို့ စိတ္တက္ခဏ တစ်ချက်ဖြင့်ပင် နိပ္ပပဉ္စ ဖြစ်ကုန်၏။ အကြင် ရဟန်းတို့သည်ကား ပညာမျက်စိ၌ ကိလေသာမြူ အားကြီးကုန်၏။ ထိုရဟန်းတို့သည် စည်းစောင်ရန်း အရံကို ပြု၍ စပါးကို ထုတ်ဆောင်သော ယောက်ျားကဲ့သို့ ဤ (ပါဠိသင်ကြားခြင်းစသော) လုံ့လတို့ဖြင့် နိပ္ပပဉ္စ ဖြစ်ကုန်၏။

--

မင်းမြတ် ဥပမာတစ်နည်းသော်ကား အလွန်ကြီးမားသော သရက်ပင်ထိပ်ဖျား၌ အသီးခိုင်, အသီး ပြွတ်သည် ဖြစ်ငြားအံ့။ ထိုသို့ ဖြစ်သော် ထိုသစ်ပင်၌ အကြင်အမှတ်မရှိ တစ်ဦးတစ်ယောက်သော တန်ခိုးရှိသူသည် လာ၍ ထိုအပင်၏ အသီးကို ဆောင်ယူရာ၏။ အကြင်သူသည်ကား ထိုသို့ ဆောင် ယူခြင်း၌ တန်ခိုးမရှိ။ ထိုသူသည် သစ်သားကိုလည်းကောင်း၊ နွယ်ကိုလည်းကောင်း ဖြတ်၍ လှေကားကို ဖွဲ့ပြီးလျှင် ထိုလှေကားဖြင့် ထိုသရက်ပင်သို့ တက်၍ သရက်သီးကို ဆွတ်ခူးယူရာ၏။ ထိုအရာ၌ ထိုယောက်ျား၏ လှေကားကို ရှာမှီးခြင်းသည် သရက်သီးအကျိုးငှါ ဖြစ်၏။ မင်းမြတ် ဤအတူသာလျှင် အကြင်ရဟန်းတို့သည် သဘောအားဖြင့် စင်ကြယ်ကုန်၏။ ရှေးဘဝက ထုံခဲ့သော အထုံ ‘ဝါသနာ’ ရှိကုန်၏။ ထိုရဟန်းတို့သည် တန်ခိုးကြီးသူ သစ်သီးကို ဆောင်ယူသကဲ့သို့ စိတ္တက္ခဏတစ်ချက်ဖြင့်ပင် နိပ္ပပဉ္စ ဖြစ်ကုန်၏။ အကြင်ရဟန်းတို့သည်ကား ပညာမျက်စိ၌ ကိလေသာမြူ အားကြီးကုန်၏။ ထိုရဟန်းတို့သည် ယောက်ျားသည် လှေကားဖြင့် သစ်သီးကို ဆွတ်ခူးသကဲ့သို့ ဤ (ပါဠိသင်ကြားခြင်းစသော) လုံ့လတို့ဖြင့် သစ္စာလေးပါးတို့ကို ထိုးထွင်း၍ သိကုန်၏။

မင်းမြတ် ဥပမာတစ်နည်းသော်ကား ယောက်ျားတစ်ယောက်သည် မိမိအကျိုးကို ပြုလုပ်လိုသည် ဖြစ်၍ တစ်ယောက်တည်းသာလျှင် အရှင်သခင်၏အထံသို့ ကပ်လျက် အကျိုးကို ပြီးစေ၏။ တစ်ယောက် သည်ကား ဥစ္စာရှိသည် ဖြစ်၍ ဥစ္စာ၏ အစွမ်းဖြင့် ပရိသတ်ကို ပွါးစေလျက် ပရိသတ်ဖြင့် အကျိုးကို ပြီးစေ၏။ ထိုအရာ၌ ထိုဥစ္စာရှိသော ယောက်ျား၏ ပရိသတ်ကို ရှာမှီးခြင်းသည် မိမိအကျိုးငှါ ဖြစ်၏။ မင်းမြတ် ဤအတူသာလျှင် အကြင်ရဟန်းတို့သည် သဘောအားဖြင့် စင်ကြယ်ကုန်၏။ ရှေးဘဝက ထုံခဲ့သော အထုံ ‘ဝါသနာ’ ရှိကုန်၏။ ထိုရဟန်းတို့သည် ယောက်ျားသည် တစ်ယောက်တည်း အကျိုးပြီးခြင်းကို ပြုသကဲ့သို့ စိတ္တက္ခဏတစ်ချက်ဖြင့် အဘိညာဉ်ခြောက်ပါးတို့၌ လေ့လာသည်၏ အဖြစ်သို့ ရောက်ကုန်၏။ အကြင်ရဟန်းတို့သည်ကား ပညာမျက်စိ၌ ကိလေသာမြူ အားကြီးကုန်၏။ ထိုရဟန်းတို့သည် ပရိသတ်ဖြင့် အကျိုးပြီးခြင်းကို ပြုသော ယောက်ျားကဲ့သို့ ဤ (ပါဠိသင်ကြားခြင်းစသော) လုံ့လတို့ဖြင့် အရဟတ္တဖိုလ်တည်းဟူသော ရဟန်းပြုခြင်းအကျိုးကို ပြီးစေကုန်၏။

မင်းမြတ် ထိုထိုပြုဖွယ်ကိစ္စတို့၌ ပါဠိသင်ခြင်းသည်လည်း ကျေးဇူးများ၏။ မေးမြန်းခြင်းသည်လည်း ကျေးဇူးများ၏။ အမှုသစ်သည်လည်း ကျေးဇူးများ၏။ လှူဒါန်းခြင်းသည်လည်း ကျေးဇူးများ၏။ ပူဇော်ခြင်းသည်လည်း ကျေးဇူးများ၏။ မင်းမြတ် ဥပမာသော်ကား ယောက်ျားသည် အမတ်၊ အခစား၊ ဗိုလ်ပါ၊ တံခါးစောင့်၊ ကိုယ်ရံတော်၊ ပရိသတ်ဖြစ်သူ လူတို့နှင့်အတူပင် မင်းအား ဆည်းကပ်ခစား လေ့ရှိ၏။ မင်း၏ ကိစ္စကို ပြုလုပ်လေ့ရှိ၏။ ပြုဖွယ်ကိစ္စရောက်လတ်သော် ထိုအလုံးစုံသောသူတို့သည်လည်း ထိုယောက်ျားအား ကျေးဇူးပြုကုန်၏။ မင်းမြတ် ဤအတူသာလျှင် ထိုထိုပြုဖွယ်ကိစ္စတို့၌ ပါဠိ သင်ခြင်းသည်လည်း ကျေးဇူးများ၏။ မေးမြန်းခြင်းသည်လည်း ကျေးဇူးများ၏။ အမှုသစ်သည်လည်း ကျေးဇူးများ၏။ လှူဒါန်းခြင်းသည်လည်း ကျေးဇူးများ၏။ ပူဇော်ခြင်းသည်လည်း ကျေးဇူးများ၏။ မင်းမြတ် အကယ်၍ အလုံးစုံသော ပုဂ္ဂိုလ်တို့သည်လည်း ပဋိသန္ဓေအားဖြင့် စင်ကြယ်ကုန်မူ အဆုံးအမ စကားဖြင့် ပြုကျင့်ဖွယ် မရှိ။ မင်းမြတ် စင်စစ်သော်ကား ပဋိသန္ဓေအားဖြင့် စင်ကြယ်ခြင်း မဖြစ်သေး သောကြောင့်သာ ကြားနာခြင်းဖြင့် ပြုကျင့်ရ၏။ မင်းမြတ် အသျှင်သာရိပုတ္တရာမထေရ်သည် မနှိုင်းရှည့် နိုင်သော ကမ္ဘာအသင်္ချေကို အစပြု၍ ဆည်းပူးအပ်ပြီးသော ကုသိုလ်အရင်းခံ ရှိ၏။ ပညာပါရမီ၏ အထွတ်အထိပ်သို့ ရောက်တော်မူ၏။ ထိုသာရိပုတ္တရာအသျှင်မြတ်ကြီးသော်မှလည်း ကြားနာခြင်းနှင့် ကင်း၍ အာသဝေါကုန်ခန်းခြင်းသို့ ရောက်ခြင်းငှါ မစွမ်းနိုင်ပေ။ မင်းမြတ် ထို့ကြောင့် ကြားနာရခြင်းသည် ကျေးဇူးများ၏။ ထို့အတူ ပါဠိသင်ခြင်းသည်လည်းကောင်း၊ မေးမြန်းခြင်းသည်လည်းကောင်း ကျေးဇူး များ၏။ ထို့ကြောင့် ပါဠိသင်ခြင်း၊ မေးမြန်းခြင်းကိုလည်း နိပ္ပပဉ္စတရားဟု ရေတွက်အပ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ပြဿနာကို ကောင်းစွာ သိစေအပ်ပါပြီ၊ ဤသို့ ဤစကားကို ထိုသို့ ဆိုတော်မူတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

ရှေးဦးစွာသော နိပ္ပပဉ္စပဥှာ ပြီး၏။

--

၂-ခီဏာသဝဘာဝပဥှာ

လူ့အသွင်ဖြင့် ရဟန္တာအဖြစ် ပြဿနာ

။ အသျှင်ဘုရားနာဂသေန “အကြင်သူသည် လူ့အသွင်အပြင်ဖြင့်ပင် အရဟတ္တဖိုလ်သို့ ရောက်၏။ ထိုသူအား နှစ်ပါးသာလျှင်ဖြစ်ကုန်သော ဂတိတို့သည် ဖြစ်ကုန်၏။ အခြားဂတိ မရှိကုန်။ ထို (အရဟတ္တဖိုလ်သို့ ရောက်သည့်) နေ့၌ပင်လျှင် ရဟန်းသော်လည်း ပြုရာ၏။ ပရိနိဗ္ဗာန်သော်လည်း ပြုရာ၏။ ထိုနေ့ကို လွန်ခြင်းငှါ မတတ်ကောင်း”ဟု အသျှင်ဘုရားတို့ ဆိုတော်မူကုန်၏။ အသျှင်ဘုရား နာဂသေန ထိုလူရဟန္တာသည် ထိုနေ့၌ ကမ္မဝါဆရာကိုလည်းကောင်း၊ ဥပဇ္ဈာယ်ဆရာကိုလည်းကောင်း၊ သပိတ် သင်္ကန်းကိုလည်းကောင်း အကယ်၍ မရသည် ဖြစ်အံ့။ ထိုလူရဟန္တာသည် ကိုယ်တိုင်လည်း ရဟန်းပြုရာသလော။ နေ့ကိုသော်လည်း လွန်စေရာသလော။ အခြားတစ်စုံတစ်ယောက်သော၊ တန်ခိုးနှင့် ပြည့်စုံသော ရဟန္တာသည် ကြွလာ၍ ထိုလူရဟန္တာကို ရဟန်းသော်လည်း ပြုပေးရာပါသလော။ ထိုလူ ရဟန္တာသည် ပရိနိဗ္ဗာန်သော်လည်း စံရာသလောဟု (မေးလျှောက်၏)။ မင်းမြတ် ထိုလူရဟန္တာသည် ကိုယ်တိုင် ရဟန်းမပြုရာ။ ကိုယ်တိုင် ရဟန်းပြုသည်ရှိသော် ရဟန်းအသွင် ခိုးမှုသို့ ရောက်၏။ နေ့ကိုမူလည်း မလွန်စေရာ။ အခြားသော ရဟန္တာ၏ လာခြင်းသည် ဖြစ်မူလည်း ဖြစ်ရာ၏။ မဖြစ်မူလည်း မဖြစ်ရာ။ ထိုရဟန္တာဖြစ်သည့် နေ့၌ပင်လျှင် ပရိနိဗ္ဗာန်ပြုရာ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား နာဂသေန အရဟတ္တဖိုလ်ကြောင့် အရဟတ္တဖိုလ်ကို ရသော ပုဂ္ဂိုလ်၏ အသက်ကို ဆောင်သည် ဖြစ်ခဲ့မူ၊ အရဟတ္တဖိုလ်၏ ငြိမ်းချမ်းသည့်အဖြစ်ကို စွန့်အပ်သည် မဟုတ်ပါလောဟု (လျှောက်၏)။

မင်းမြတ် လူ၏ အသွင်အပြင်သည် မညီညွတ်။ မညီညွတ်သော အသွင်အပြင်၌ အသွင်အပြင် အားနည်းသည်၏ အဖြစ်ကြောင့် အရဟတ္တဖိုလ်သို့ ရောက်သော လူပုဂ္ဂိုလ်သည် ထိုနေ့၌ပင်လျှင် ရဟန်း သော်လည်း ပြုရ၏။ ပရိနိဗ္ဗာန်သော်လည်း ပြုရ၏။ မင်းမြတ် အသွင်အပြင်အားနည်းသည်၏ အဖြစ် သည် လူ့အသွင်အပြင်၏ အပြစ်သာ ဖြစ်၏။ အရဟတ္တဖိုလ်၏ အပြစ်မဟုတ်။

မင်းမြတ် ဥပမာအားဖြင့် သတ္တဝါအားလုံးတို့၏ အသက်ကို စောင့်တတ်သော၊ ဇီဝိတိန္ဒြေကို စောင့်တတ်သော စားဖွယ်ဘောဇဉ်သည် မကျေကျက်သဖြင့် မညီညွတ်သော ဝမ်းရှိသူ၊ နုံ့ညံ့ အားနည်းသော ဝမ်းမီးရှိသောသူ၏ အသက်ကို ဆောင်ယူတတ်၏။ မင်းမြတ် ဝမ်းမီး အားနည်းသော အဖြစ်သည် ဝမ်း၏ အပြစ်သာတည်း။ စားဖွယ်ဘောဇဉ်၏ အပြစ်မဟုတ်။ မင်းမြတ် ဤအတူသာလျှင် မညီညွတ်သော လူ့အသွင်အပြင်၌ အသွင်အပြင်၏ အားနည်းသည်၏ အဖြစ်ကြောင့် အရဟတ္တဖိုလ်သို့ ရောက်သော လူပုဂ္ဂိုလ်သည် ထိုနေ့၌ပင်လျှင် ရဟန်းသော်လည်း ပြုရ၏။ ပရိနိဗ္ဗာန်သော်လည်း ပြုရ၏။ မင်းမြတ် အသွင်အပြင်အားနည်းသည်၏ အဖြစ်သည် လူ့အသွင်အပြင်၏ အပြစ်သာ ဖြစ်၏။ အရဟတ္တဖိုလ်၏ အပြစ်မဟုတ်။

မင်းမြတ် ဥပမာတစ်နည်းသော်ကား အနည်းငယ်သော မြက်၊ ဝါးခြမ်းသည် အထက်၌ လေးသော ကျောက်ခဲကို တင်ထားအပ်သည်ရှိသော် အားနည်းသည်၏ အဖြစ်ကြောင့် ပြို၍ ကျ၏။ မင်းမြတ် ဤအတူ သာလျှင် အရဟတ္တဖိုလ်သို့ ရောက်သော လူပုဂ္ဂိုလ်သည် ထိုလူ့အသွင်အပြင်ဖြင့် အရဟတ္တဖိုလ်ကို ဆောင်ခြင်းငှါ မစွမ်းနိုင်သည် ဖြစ်၍ ထိုနေ့၌ပင်လျှင် ရဟန်းသော်လည်း ပြုရ၏။ ပရိနိဗ္ဗာန်သော်လည်း ပြုရ၏။

မင်းမြတ် ဥပမာတစ်နည်းသော်ကား ဘုန်းကံနည်းပါးသော အမျိုးယုတ်သော ယောက်ျားသည် အားမရှိသည်၊ အားနည်းသည် ဖြစ်၍ ကြီးစွာသော မင်းအဖြစ်ကို ရလတ်သော် ခဏချင်းဖြင့် လျောကျ၏၊ ပျက်စီး၏၊ ဆုတ်နစ်၏။ မင်းစည်းစိမ်ကို ဆောင်ခြင်းငှါ မစွမ်းနိုင်။ မင်းမြတ် ဤအတူသာလျှင် အရဟတ္တဖိုလ်သို့ ရောက်သော လူပုဂ္ဂိုလ်သည် ထိုလူ့အသွင်အပြင်ဖြင့် အရဟတ္တဖိုလ်ကို ဆောင်ခြင်းငှါ မစွမ်းနိုင်။ ထိုအကြောင်းကြောင့် ထိုနေ့၌ပင်လျှင် ရဟန်းသော်လည်း ပြုရ၏။ ပရိနိဗ္ဗာန်သော်လည်း ပြုရ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏။ ဤသို့လျှင် ဤစကားကို ထိုသို့ ဆိုတော်မူတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

နှစ်ခုမြောက် ခီဏာသဝဘာဝပဥှာ ပြီး၏။

--

၃-ခီဏာသဝသတိသမ္မောသပဥှာ

ရဟန္တာနှင့် သတိမေ့လျော့မှုပြဿနာ

။ အသျှင်ဘုရားနာဂသေန ရဟန္တာအား သတိမေ့လျော့မှု ရှိပါသေးသလောဟု (မေးလျှောက်၏)။ မင်းမြတ် ရဟန္တာတို့သည် သတိမေ့လျော့မှုမှ ကင်းကုန်၏။ ရဟန္တာတို့အား သတိမေ့လျော့မှုမရှိဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား ရဟန္တာတို့သည် အာပတ်သင့်ပါသေးသလောဟု (လျှောက်၏)။ မင်းမြတ် အာပတ်သင့်သေး၏ဟု (မိန့်တော်မူ၏)။ အဘယ် အကြောင်းကြောင့် အာပတ် သင့်ပါသနည်းဟု (လျှောက်၏)။ မင်းမြတ် ကုဋိကာရသိက္ခာပုဒ်ကြောင့်လည်းကောင်း၊ အောင်တမန်အလုပ်သဉ္စရိတ္တသိက္ခာပုဒ့်ကြောင့်လည်းကောင်း၊ နေလွဲသောအခါ၌ နေမလွဲသေးဟူသော အမှတ်သညာကြောင့်လည်းကောင်း၊ (စားဖွယ်ကို) တားမြစ်မိရာ၌ မတားမြစ်မိဟူသော အမှတ်သညာကြောင့်လည်းကောင်း၊ အတိရိတ်ဝိနည်းကံ မပြုရသေးဘဲ အတိရိတ်ဝိနည်းကံ ပြုပြီးဟူသော အမှတ်သညာကြောင့်လည်းကောင်း အာပတ်သင့်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန “အာပတ်သင့်ခြင်းသို့ ရောက်ကုန်သော ထိုရဟန်းတို့သည် မရိုသေခြင်း ကြောင့်လည်းကောင်း၊ မသိခြင်းကြောင့်လည်းကောင်း နှစ်ပါးသော အကြောင်းတို့ကြောင့် သင့်ကုန်၏”ဟု အသျှင်ဘုရားတို့ ဆိုတော်မူကြပါကုန်၏။ အသျှင်ဘုရား ရဟန္တာအား (သိက္ခာပုဒ်ကို) မရိုသေမှု ရှိပါသေး သလော။ ယင်းမရိုသေမှုဟူသော အကြောင်းကြောင့် ရဟန္တာအား အာပတ်သင့်ပါသေးသလောဟု (မေးလျှောက်၏)။ မင်းမြတ် မသင့်ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ရဟန္တာသည် အာပတ်သင့်ခြင်းသို့ အကယ်၍ ရောက်သည်ဖြစ်အံ့။ ရဟန္တာအား သိက္ခာပုဒ်ကို မရိုသေမှု မရှိသည် ဖြစ်အံ့။ ထိုသို့ဖြစ်မူ ရဟန္တာပုဂ္ဂိုလ်အား သတိ မေ့လျော့ခြင်း ရှိသေးသည် မဟုတ်ပါလောဟု (မေးလျှောက်၏)။ မင်းမြတ် ရဟန္တာအား သတိမေ့လျော့မှု မရှိ။ ရဟန္တာသည် အာပတ်သင့်ခြင်းသို့ကား ရောက်သေး၏ဟု (မိန့်တော်မူ၏)။

--

အသျှင်ဘုရား သို့ဖြစ်မူ အကြောင်းဖြင့် အကျွန်ုပ်ကို သိစေတော်မူပါလော့။ ထိုသတိသမ္မောသမရှိဘဲ အာပတ်သင့်ရာ၌ အကြောင်းကား အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းမြတ် ညစ်နွမ်းမှုအပြစ်တို့သည် လောကပြစ်၊ ပညတ်တော်ပြစ်ဟု နှစ်ပါးရှိကုန်၏။ မင်းမြတ် လောကပြစ်သည် အဘယ်နည်းဟူမူ- အကုသိုလ်ကမ္မပထတရားဆယ်ပါးတို့တည်း။ ဤအကုသလကမ္မပထတရားဆယ်ပါးကို လောကပြစ်ဟု ဆို အပ်၏။ ပညတ်တော်ပြစ်သည် အဘယ်နည်းဟူမူ- လောက၌ လူတို့အား အပြစ်မရှိစေကာမူ ရဟန်းတို့ အားသာ မလျောက်ပတ် မလျော်ကန်သော အမှု၌ မြတ်စွာဘုရားသည် တပည့်သာဝကတို့အား “အသက် ထက်ဆုံး မလွန်ကျူးအပ်”ဟု သိက္ခာပုဒ်ကို ပညတ်တော်မူ၏။ မင်းမြတ် နေ့လွဲညစာ စားခြင်းသည် လူ၌ အပြစ်မရှိ။ ထိုနေ့လွဲညစာ စားခြင်းသည် မြတ်စွာဘုရားသာသနာတော်၌ကား အပြစ်ရှိ၏။ မင်းမြတ် မြက်သစ်ပင်အပေါင်းကို ဖျက်ဆီးခြင်းသည် လူ၌ အပြစ်မရှိ။ ထိုဖျက်ဆီးခြင်းသည် မြတ်စွာဘုရား သာသနာတော်၌ကား အပြစ်ရှိ၏။ မင်းမြတ် ရေ၌ ရွှင်မြူး ကစားခြင်းသည် လူ၌ အပြစ် မရှိ။ ထိုရေ၌ ရွှင်မြူးကစားခြင်းသည် မြတ်စွာဘုရားသာသနာတော်၌ကား အပြစ် ရှိ၏။ မင်းမြတ် ဤသို့ ဤသို့ သဘောရှိကုန်သော အမှုတို့သည် မြတ်စွာဘုရားသာသနာတော်၌ အပြစ်တို့တည်း။ ဤအမှုကို ပညတ် တော်ပြစ်ဟု ဆိုအပ်၏။ လောကပြစ်ကို ရဟန္တာပုဂ္ဂိုလ်သည် လွန်ကျူး၍ ကျင့်ခြင်းငှါ မထိုက်။ ပညတ် တော်ပြစ်ကိုမူကား ရဟန္တာသည် မသိသည် ဖြစ်၍ ရောက်သော် ရောက်ရာ၏။ မင်းမြတ် အချို့သော ရဟန္တာအား အလုံးစုံကို သိခြင်းငှါ အရာအခွင့် မဟုတ်ချေ။ ထိုရဟန္တာအား အလုံးစုံကို သိခြင်းငှါ အားအစွမ်းသည် မရှိနိုင်ပေ။ မင်းမြတ် ရဟန္တာသည် မိန်းမယောက်ျားတို့၏ အမည်ကိုလည်းကောင်း၊ အနွယ်ကိုလည်းကောင်း မသိအပ် မသိနိုင်ပေ။ ထိုရဟန္တာသည် မြေအပြင်၌လည်း လမ်းခရီးကို မသိနိုင်ပေ။ မင်းမြတ် အချို့သော ရဟန္တာသည် မဂ်ဖိုလ်နိဗ္ဗာန်ကိုသာ သိနိုင်ရာ၏။ အဘိညာဉ် ခြောက်ပါးနှင့် ပြည့်စုံသော ရဟန္တာသည် မိမိ၏ အရာကို သိနိုင်ရာ၏။ မင်းမြတ် သဗ္ဗညုတဉာဏ်တော်ရှင် ဖြစ်သော မြတ်စွာဘုရားသည်သာ အလုံးစုံကို သိမြင်နိုင်ပေ၏ဟု (ဖြေတော်မူ၏)။

အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏။ ဤသို့လျှင် ဤစကားကို ထိုသို့ဆိုတော်မူတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

သုံးခုမြောက် ခီဏာသဝသတိသမ္မောသပဥှာ ပြီး၏။

--

၄-လောကေ နတ္ထိဘာဝပဥှာ

လောက၌ မရှိသော ဝတ္ထု ပြဿနာ

။ အသျှင်ဘုရားနာဂသေန လောက၌ မြတ်စွာဘုရားတို့သည် ထင်ရှားရှိကုန်၏။ ပစ္စေကဗုဒ္ဓါတို့သည် ထင်ရှားရှိကုန်၏။ မြတ်စွာဘုရား၏ တပည့်သာဝကတို့သည် ထင်ရှားရှိကုန်၏။ စကြဝတေး မင်းတို့သည် ထင်ရှားရှိကုန်၏။ ပဒေသရာဇ်မင်းတို့သည် ထင်ရှားရှိကုန်၏။ နတ်လူတို့သည် ထင်ရှားရှိကုန်၏။ ဥစ္စာရှိသောသူတို့သည် ထင်ရှားရှိကုန်၏။ ဥစ္စာမရှိသောသူတို့သည် ထင်ရှားရှိကုန်၏။ ကောင်းသော သဘောရှိသောသူတို့သည် ထင်ရှားရှိကုန်၏။ မကောင်းသော သဘောရှိသောသူတို့သည် ထင်ရှားရှိကုန်၏။ ယောက်ျားအား ဣတ္ထိလိင်ဖြစ်ပေါ်လာခြင်းသည် ထင်ရှားရှိ၏။ မိန်းမအား ပုရိသလိင် ဖြစ်ပေါ်လာခြင်းသည် ထင်ရှားရှိ၏။ ကောင်းစွာ ပြုအပ်၊ မကောင်းသဖြင့် ပြုအပ်သော ကံသည် ထင်ရှား ရှိ၏။ ကောင်းသော ကံ၊ မကောင်းသော ကံတို့၏ အကျိုးကို ခံစားကုန်သော သတ္တဝါတို့သည် ထင်ရှား ရှိကုန်၏။ လောက၌ အဥ၌ ဖြစ်သော သတ္တဝါ၊ သားအိမ်၌ ဖြစ်သော သတ္တဝါ၊ ရေညှိစသည်၌ ဖြစ်သော သတ္တဝါ၊ ကိုယ်ထင်ရှားဖြစ်ကုန်သော သတ္တဝါတို့သည် ရှိကုန်၏။ အခြေမရှိကုန်သော သတ္တဝါ၊ အခြေ နှစ်ချောင်းရှိကုန်သော သတ္တဝါ၊ အခြေလေးချောင်းရှိကုန်သော သတ္တဝါ၊ အခြေများစွာ ရှိကုန်သော သတ္တဝါတို့သည် ရှိကုန်၏။ လောက၌ ဘီလူး၊ ရက္ခိုသ်၊ ကုမ္ဘဏ်၊ အသုရာ၊ ဒါနော၊ ဂန္ဓဗ္ဗနတ်၊ ပြိတ္တာ၊ မြေဖုတ်ဘီလူးတို့သည် ရှိကုန်၏။ ကိန္နရာ၊ မြွေကြီး၊ နဂါး၊ ဂဠုန်၊ သိဒ္ဓနတ်မျိုး၊ ဝိဇ္ဇာဓိုရ်တို့သည် ရှိကုန်၏။ ဆင်၊ မြင်း၊ နွား၊ ကျွဲ၊ ကုလားအုတ်၊ မြည်း၊ ဆိတ်နှင့်သိုး၊ သမင်၊ ဝက်၊ ခြင်္သေ့၊ ကျားသစ်၊ ဝံ၊ တောခွေး၊ အောင်း၊ အိမ်ခွေး၊ မြေခွေးတို့သည် ရှိကုန်၏။ များသော အပြားရှိကုန်သော ငှက်တို့သည် ရှိကုန်၏။ ရွှေ၊ ငွေ၊ ပုလဲ၊ ပတ္တမြား၊ ခရုသင်း၊ ကျောက်သလင်း၊သန္တာ၊ ပတ္တမြားနီ၊ ပတ္တမြားပြောက်၊ ကြောင်မျက်ရွဲ၊ စိန်၊ ဖန်၊ ကြေးမည်း၊ ကြေးနီ၊ ကြေးပုပ်၊ ကြေးဖြူတို့သည် ရှိကုန်၏။ ခေါမအထည်၊ ပိုးချည်ထည်၊ ဝါချည်ထည်၊ လျှော်မြှင်အထည်၊ ရောစပ်၍ ရက်သော အထည်၊ သားမွေးကမ္ဗလာအထည်သည် ရှိ၏။ သလေးစပါး၊ ကောက်စပါး၊ မုယောစပါး၊ ဆတ်စပါး၊ လူး၊ ပြောင်း၊ နတ်ကောက်၊ ပဲနောက်၊ ပဲကြီး၊ နှမ်း၊ ကုလားပဲသည် ရှိ၏။ အမြစ်နံ့သာ၊ အနှစ်နံ့သာ၊ အကာနံ့သာ၊ အခေါက်နံ့သာ၊ အရွက်နံ့သာ၊ အပွင့် နံ့သာ၊ အသီးနံ့သာ၊ အလုံးစုံသော နံ့သာသည် ရှိ၏။ မြက်၊ နွယ်ခြုံ၊ သစ်ပင်၊ ဆေးပင်၊ တောစိုးသစ်ပင်၊ မြစ်၊ တောင်၊ သမုဒ္ဒရာ၊ ငါး၊ လိပ်တို့သည် ရှိကုန်၏။ လောက၌ အလုံးစုံသည် ရှိ၏။ အသျှင်ဘုရား လောက၌ မရှိသော အရာကို အကျွန်ုပ်အား ပြောကြားတော်မူပါလော့ဟု (လျှောက်၏)။

မင်းမြတ် လောက၌ ဤသုံးမျိုးတို့သည် မရှိကုန်။ အဘယ်သုံးမျိုးတို့နည်းဟူမူကား-

(၁) စိတ် စေတနာ ရှိသည်မူလည်းဖြစ်စေ၊ စိတ် စေတနာ မရှိသည်မူလည်းဖြစ်စေ မအို မသေရသော အရာမျိုးသည် လောက၌ မရှိ။

(၂) သင်္ခါရတရားတို့၏ မြဲသော အဖြစ်သည် မရှိ။

(၃) မဖောက်မပြန် အမှန်သဘော ‘ပရမတ္ထ'အားဖြင့် သတ္တဝါဟု ရနိုင်ခြင်း မရှိ။

မင်းမြတ် ဤသုံးမျိုးသော အရာတို့သည် လောက၌ မရှိကုန်ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏။ ဤသို့လျှင် ဤစကားကို ထိုသို့ ဆိုတော်မူတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

လေးခုမြောက် လောကေ နတ္ထိဘာဝပဥှာ ပြီး၏။

--

၅-အကမ္မဇာဒိပဥှာ

ကံစသည်ကြောင့် မဖြစ်သော အရာဝတ္ထု ပြဿနာ

။ အသျှင်ဘုရားနာဂသေန လောက၌ ကံကြောင့်ဖြစ်သော အရာတို့သည် ထင်ရှားရှိကုန်၏။ အကြောင်းကြောင့်ဖြစ်ကုန်သော အရာတို့သည် ထင်ရှားရှိကုန်၏။ ဥတုကြောင့်ဖြစ်ကုန်သော အရာတို့သည် ထင်ရှားရှိကုန်၏။ လောက၌ အကြင်အရာသည် ကံကြောင့် မဖြစ်။ အကြောင်းကြောင့် မဖြစ်။ ထိုအရာကို အကျွန်ုပ်အား ဟောကြားတော်မူပါလော့ဟု (လျှောက်၏)။ မင်းမြတ် လောက၌ ဤနှစ်ပါးတို့သည် ကံကြောင့်လည်း မဖြစ်ကုန်။ အကြောင်းကြောင့်လည်း မဖြစ်ကုန်။ ဥတုကြောင့်လည်း မဖြစ်ကုန်။ အဘယ်နှစ်ပါးတို့နည်းဟူမူ-

(၁) မင်းမြတ် ကောင်းကင်သည် ကံကြောင့်လည်း မဖြစ်။ အကြောင်းကြောင့်လည်း မဖြစ်။ ဥတုကြောင့်လည်း မဖြစ်၊

(၂) မင်းမြတ် နိဗ္ဗာန်သည် ကံကြောင့်လည်း မဖြစ်။ အကြောင်းကြောင့်လည်း မဖြစ်။ ဥတုကြောင့်လည်း မဖြစ်။ မင်းမြတ် ဤနှစ်ပါးတို့သည် ကံကြောင့်လည်း မဖြစ်ကုန်။ အကြောင်းကြောင့်လည်း မဖြစ်ကုန်။ ဥတုကြောင့်လည်း မဖြစ်ကုန်ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန မြတ်စွာဘုရား စကားတော်ကို မချေဖျက်ပါလင့်။ မသိဘဲလျက် ပြဿနာကို မဖြေဆိုပါလင့်ဟု (လျှောက်၏)။ မင်းမြတ် သင်မင်းမြတ်သည် ငါ့ကို “အသျှင်ဘုရားနာဂသေန မြတ်စွာဘုရား စကားတော်ကို မချေဖျက်ပါလင့်။ မသိဘဲလျက် ပြဿနာကို မဖြေပါလင့်”ဟု ဆိုဘိ၏။ ငါသည် အသို့ဆိုရအံ့နည်းဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန “ကောင်းကင်သည် ကံကြောင့်လည်း မဖြစ်။ အကြောင်းကြောင့်လည်း မဖြစ်။ ဥတုကြောင့်လည်း မဖြစ်”ဟု ရှေးဦးစွာ ဤစကားကို ဆိုခြင်းငှါ သင့်တန်ပါစေ။ အသျှင်ဘုရားနာဂသေန အရာမကများစွာကုန်သော အကြောင်းတို့ဖြင့် မြတ်စွာဘုရားသည် တပည့်သာဝကတို့အား နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါ အကြောင်းဖြစ်သော မဂ်ကို ဟော တော်မူအပ်ပါ၏။ ထိုသို့ ဟောအပ်ပါလျက် အသျှင်ဘုရားက “နိဗ္ဗာန်သည် အကြောင်းကြောင့် မဖြစ်”ဟု ဆိုဘိ၏ဟု (လျှောက်၏)။ မင်းမြတ် မြတ်စွာဘုရားသည် အရာမကများစွာသော အကြောင်းတို့ဖြင့် တပည့် သာဝကတို့အား နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါ အကြောင်းဖြစ်သော မဂ်ကို ဟောတော်မူသည်ကား မှန်ပေ၏။ ထိုသို့ ဟောသော်လည်း နိဗ္ဗာန်၏ ဖြစ်ကြောင်းကိုကား မဟောပေဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ဤအရာ၌ အကျွန်ုပ်တို့သည် အမိုက်မှောင်ထက် အလွန်မိုက်သော မှောင် မိုက်ကြီးသို့ ဝင်ရပါကုန်၏။ တောတကာထက် အလွန်နက်သော တောကြီးသို့ ဝင်ရပါကုန်၏။ အရှုပ် တကာထက် ရှုပ်သော အရှုပ်သို့ ဝင်ရပါကုန်၏။ အကြင့်ကြောင့် နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါ အကြောင်းရှိ၏။ ထိုနိဗ္ဗာန်တရား၏ ဖြစ်ကြောင်းသည်ကား မရှိ။ အသျှင်ဘုရားနာဂသေန နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါ အကြောင်းသည် အကယ်၍ ရှိသည် ဖြစ်အံ့။ ထိုသို့ ရှိပါမူ နိဗ္ဗာန်၏ ဖြစ်ကြောင်း ကိုလည်း အလိုရှိအပ်ပါ၏။

အသျှင်ဘုရားနာဂသေန ဥပမာသော်ကား သား၏ အဖသည် ရှိ၏။ ထို (သား၏ အဖရှိသော) ကြောင့် အဖ၏ အဖကိုလည်း အလိုရှိအပ်ပေ၏၊ ဥပမာတစ်နည်းသော်ကား တပည့်၏ ဆရာသည် ရှိ၏။ ထို (တပည့်၏ ဆရာရှိသော) ကြောင့် ဆရာ၏ ဆရာကိုလည်း အလိုရှိအပ်၏။ ဥပမာတစ်နည်းသော်ကား အညွန့်အညှောက်၏ မျိုးစေ့သည် ရှိ၏။ ထို့ကြောင့် မျိုးစေ့၏ မျိုးစေ့ကိုလည်း အလိုရှိအပ်၏။ အသျှင် ဘုရားနာဂသေန ဤအတူသာလျှင် နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါ အကြောင်းသည် အကယ်၍ ရှိသည် ဖြစ်အံ့။ ထိုအကြောင်းကြောင့် နိဗ္ဗာန်၏ ဖြစ်ကြောင်းကိုလည်း အလိုရှိအပ်၏။

--

ဥပမာတစ်နည်းသော်ကား သစ်ပင်၏လည်းကောင်း၊ နွယ်၏လည်းကောင်း အဖျားသည် ရှိခဲ့သော် ထိုအကြောင်းကြောင့် အလယ်သည်လည်း ရှိ၏။ အရင်းသည်လည်း ရှိ၏။ အသျှင်ဘုရားနာဂသေန ဤ အတူသာလျှင် နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါ အကြောင်းသည် အကယ်၍ ရှိသည်ဖြစ်အံ့။ ထိုအကြောင်း ကြောင့် နိဗ္ဗာန်၏ ဖြစ်ကြောင်းကိုလည်း အလိုရှိအပ်ပါ၏ဟု (လျှောက်၏)။

မင်းမြတ် နိဗ္ဗာန်ကို တစ်စုံတစ်ခုသော အကြောင်းက မဖြစ်စေအပ်။ ထို့ကြောင့် နိဗ္ဗာန်၏ ဖြစ် ကြောင်းကို ဟောတော်မမူအပ်ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန တိုက်တွန်းပါ၏။ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါသာ အကြောင်းရှိ၍ နိဗ္ဗာန်၏ ဖြစ်ကြောင်းသည်ကား မရှိဟု သိနိုင်ရာသော အကြောင်းကို ပြလျက် အကျွန်ုပ်အား သိစေတော်မူပါလော့ဟု (လျှောက်၏)။

မင်းမြတ် ထိုသို့သိလိုမူကား ရိုသေစွာ နားထောင်လော့။ ကောင်းစွာ နာလော့။ ထိုအရာ၌ အကြောင်းကို ဟောပေအံ့။ မင်းမြတ် ယောက်ျားသည် ပကတိသော အင်အားဖြင့် ဤအရပ်မှ ဟိမဝန္တာ တောင်မင်းသို့ ချဉ်းကပ်ခြင်းငှါ စွမ်းနိုင်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား စွမ်းနိုင်ရာပါ၏ဟု (လျှောက်၏)။ မင်းမြတ် ထိုယောက်ျားသည် ပကတိသော အင်အားဖြင့် ဟိမဝန္တာတောင်မင်းကို ဤအရပ် သို့ ဆောင်ယူခြင်းငှါ စွမ်းနိုင်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မစွမ်းနိုင်ရာပါဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း၏ အကြောင်းဖြစ်သော မဂ်ကို ဟောကြားခြင်းငှါ တတ်နိုင်ကောင်း၏။ နိဗ္ဗာန်၏ ဖြစ်ကြောင်းကို ပြခြင်းငှါကား မတတ်ကောင်း။

မင်းမြတ် ယောက်ျားသည် ပကတိသော အင်အားဖြင့် မဟာသမုဒ္ဒရာကို လှေဖြင့် ကူး၍ ထိုမှာ ဘက်ကမ်းသို့ သွားခြင်းငှါ တတ်ကောင်းရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား တတ်ကောင်းရာ ပါ၏ဟု (လျှောက်၏)။ မင်းမြတ် ထိုယောက်ျားသည် ပကတိသော အင်အားဖြင့် မဟာသမုဒ္ဒရာ၏ ထိုမှာ ဖက်ကမ်းကို ဤအရပ်သို့ ဆောင်ယူခြင်းငှါ တတ်ကောင်းရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မတတ်ကောင်းရာပါဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း၏ အကြောင်းဖြစ်သော မဂ်ကို ဟောကြားခြင်းငှါ တတ်ကောင်း၏။ နိဗ္ဗာန်၏ ဖြစ်ကြောင်းကို ပြခြင်းငှါကား မတတ်ကောင်း။ အဘယ်အကြောင်းကြောင့်နည်းဟူမူ- နိဗ္ဗာန်တရား၏ အသင်္ခတဖြစ်သောကြောင့်တည်းဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန နိဗ္ဗာန်ကို အကြောင်းတရားလေးပါးတို့က မပြုပြင်အပ်ပါသလောဟု (လျှောက်၏)။ မင်းမြတ် နိဗ္ဗာန်ကို အကြောင်းတရား လေးပါးတို့က မပြုပြင်အပ်။ နိဗ္ဗာန်ကို တစ်စုံတစ်ခုသော အကြောင်းတရားတို့က မပြုပြင်အပ်။ မင်းမြတ် နိဗ္ဗာန်ကို ခဏတ္တယသို့ ရောက်ဆဲ ‘ဥပ္ပန္န’ဟူ၍လည်းကောင်း၊ ခဏတ္တယသို့ ရောက်ပြီး, ရောက်ဆဲ မဟုတ် ‘အနုပ္ပန္န’ဟူ၍လည်းကောင်း၊ မချွတ် ဖြစ်လတ္တံ့ဟူ၍လည်းကောင်း၊ အတိတ်, အနာဂတ်, ပစ္စုပ္ပန်ဟူ၍လည်းကောင်း၊ စက္ခုဝိညာဏ်ဖြင့် သိအပ်၏ဟူ၍လည်းကောင်း၊ သောတဝိညာဏ်ဖြင့် သိအပ်၏ဟူ၍လည်းကောင်း၊ ဃာနဝိညာဏ်ဖြင့် သိအပ်၏ဟူ၍လည်းကောင်း၊ ဇိဝှါဝိညာဏ်ဖြင့် သိအပ်၏ဟူ၍လည်းကောင်း၊ ကာယဝိညာဏ်ဖြင့် သိအပ်၏ဟူ၍လည်းကောင်း မဆိုအပ်ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန နိဗ္ဗာန်သည် အကယ်၍ ခဏတ္တယသို့ ရောက်ဆဲ ‘ဥပ္ပန္န’ မဟုတ်ခဲ့မူ၊ ခဏတ္တယသို့ ရောက်ပြီး, ရောက်ဆဲ မဟုတ်သော ‘အနုပ္ပန္န’ မဟုတ်ခဲ့မူ၊ မချွတ်ဖြစ်လတ္တံ့ မဟုတ်ခဲ့မူ၊ အတိတ်, အနာဂတ်, ပစ္စုပ္ပန် မဟုတ်ခဲ့မူ၊ စက္ခုဝိညာဏ်၊ သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှါဝိညာဏ်၊ ကာယဝိညာဏ်ဖြင့် သိအပ်သော တရားမဟုတ်ခဲ့မူ အသျှင်ဘုရားနာဂသေန ထိုသို့ မဟုတ်သောကြောင့် အသျှင်ဘုရားတို့သည် မရှိသောတရားသည် နိဗ္ဗာန်ပင်တည်း “နိဗ္ဗာန်သည် မရှိ”ဟု ညွှန်ပြတော်မူပါကုန်လော့ဟု (လျှောက်၏)။ မင်းမြတ် နိဗ္ဗာန်သည် ရှိပေ၏။ နိဗ္ဗာန်ကို မနော ဝိညာဏ်ဖြင့် သိအပ်၏။ အထူးသဖြင့် စင်ကြယ်သော၊ မွန်မြတ်သော၊ ဖြောင့်မတ်သော၊ ကမ္မာဝရဏ စသည် အပိတ်အပင်ကင်းသော၊ ကာမဂုဏ် (အာမိသ) ကင်းသော၊ စိတ်ဖြင့် ကောင်းစွာ ကျင့်သော အရိယ သာဝကသည် နိဗ္ဗာန်ကို မြင်ရ၏ဟု (မိန့်တော်မူ၏)။

--

အသျှင်ဘုရား အကြင်နိဗ္ဗာန်ကို ဥပမာတို့ဖြင့် ကောင်းစွာ ပြအပ်၏။ ထိုနိဗ္ဗာန်သည် အဘယ်သို့ သဘော ရှိပါသနည်း။ ဥပမာတို့ဖြင့် ကောင်းစွာ ပြအပ်သော နိဗ္ဗာန်ကို အကြောင်းတို့ဖြင့် အကျွန်ုပ်အား သိစေတော်မူပါလော့။ ထိုနိဗ္ဗာန်သည် အသို့ ဖြစ်လေသနည်းဟု (မေးလျှောက်၏)။ မင်းမြတ် လေမည် သည်ရှိ၏ မဟုတ်လောဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား ရှိပါ၏ဟု (လျှောက်၏)။ မင်းမြတ် ငါ တိုက်တွန်း၏။ လေကို အဆင်းအားဖြင့်လည်းကောင်း၊ သဏ္ဌာန်အားဖြင့်လည်းကောင်း ပြပါလော့။ ငယ် သလော၊ ကြီးသလော၊ ရှည်သလော၊ တိုသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရားနာဂသေန လေကို (အဆင်းသဏ္ဌာန်စသည်ဖြင့်) ညွှန်ပြခြင်းငှါ မတတ်ကောင်းပါ။ ထိုလေသည် လက်ဖြင့် ဆုပ်ကိုင်နိုင်ခြင်း သို့လည်းကောင်း၊ သုံးသပ်ဆုပ်နယ်နိုင်ခြင်းသို့လည်းကောင်း မရောက်နိုင်ပါ။ ထိုသို့ မရောက်နိုင်သော်လည်း ထိုလေသည် ရှိပါ၏ဟု (လျှောက်၏)။ မင်းမြတ် လေကို (အဆင်းသဏ္ဌာန်စသည်ဖြင့်) ပြခြင်းငှါ အကယ်၍ မတတ်ကောင်းသည် ဖြစ်အံ့။ ထိုသို့ဖြစ်မူ လေသည် မရှိသလောဟု (မိန့်တော်မူ၏)။ အသျှင် ဘုရားနာဂသေန အကျွန်ုပ်သည် လေရှိ၏ဟု သိရပါ၏၊ လေရှိ၏ဟု အကျွန်ုပ်၏ နှလုံး၌ စွဲမြဲနေပါ၏။ သို့ပင်သိပါသော်လည်း အကျွန်ုပ်သည် လေကို (အဆင်းသဏ္ဌာန်စသည်ဖြင့်) ပြခြင်းငှါ မတတ်နိုင်ပါဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် နိဗ္ဗာန်သည် ရှိ၏။ ထိုသို့ရှိသော်လည်း နိဗ္ဗာန်ကို အဆင်းအားဖြင့်လည်းကောင်း၊ သဏ္ဌာန်အားဖြင့်လည်းကောင်း ပြခြင်းငှါ မတတ်ကောင်းဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏။ ဥပမာကို ကောင်းစွာ ပြအပ်ပါပေ၏။ အကြောင်းကို ကောင်းစွာ ထုတ်ပြတော်မူပါပေ၏။ ဤသို့လျှင် ဤစကားကို ထိုသို့ဆိုတော်မူတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

ငါးခုမြောက် အကမ္မဇာဒိပဥှာ ပြီး၏။

--

၆-ကမ္မဇာဒိပဥှာ

ကံစသည်ကြောင့် ဖြစ်သော အရာဝတ္ထု ပြဿနာ

။ အသျှင်ဘုရားနာဂသေန ဤတရားအပေါင်းတို့တွင် အဘယ်တရားတို့သည် ကံကြောင့် ဖြစ်ပါကုန်သနည်း။ အဘယ်တရားတို့သည် အကြောင်းကြောင့် ဖြစ်ပါကုန်သနည်း။ အဘယ်တရားတို့သည် ဥတုကြောင့် ဖြစ်ပါကုန်သနည်း။ အဘယ်တရားတို့သည် ကံကြောင့် မဖြစ်ပါကုန်သနည်း။ အကြောင်း ကြောင့် မဖြစ်ပါကုန်သနည်း။ ဥတုကြောင့် မဖြစ်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် စိတ်စေတနာရှိကုန်သော အကြင်အမှတ်မရှိသော သတ္တဝါတို့သည် ရှိကုန်၏။ ထိုအလုံးစုံသော သတ္တဝါတို့ သည် ကံကြောင့် ဖြစ်ကုန်၏။ မီးသည်လည်းကောင်း၊ အလုံးစုံသော မျိုးစေ့အပေါင်းတို့သည်လည်းကောင်း အကြောင်းကြောင့် ဖြစ်ကုန်၏။ မြေသည်လည်းကောင်း၊ တောင်တို့သည်လည်းကောင်း၊ ရေသည်လည်းကောင်း၊ လေသည်လည်းကောင်း ထိုအလုံးစုံတို့သည် ဥတုကြောင့် ဖြစ်ကုန်၏။ ကောင်းကင်သည်လည်းကောင်း၊ နိဗ္ဗာန်သည်လည်းကောင်း ဤနှစ်ပါးတို့သည် ကံကြောင့်လည်း မဖြစ်ကုန်။ အကြောင်း ကြောင့်လည်း မဖြစ်ကုန်။ ဥတုကြောင့်လည်း မဖြစ်ကုန်။ မင်းမြတ် နိဗ္ဗာန်ကိုကား ကံကြောင့် ဖြစ်၏ဟူ၍လည်းကောင်း၊ အကြောင်းကြောင့် ဖြစ်၏ဟူ၍လည်းကောင်း၊ ဥတုကြောင့် ဖြစ်၏ဟူ၍လည်းကောင်း၊ ခဏတ္တယသို့ ရောက်ဆဲ ‘ဥပ္ပန္န’ဟူ၍လည်းကောင်း၊ ခဏတ္တယသို့ ရောက်ပြီး, ရောက်ဆဲ မဟုတ် ‘အနုပ္ပန္န’ဟူ၍လည်းကောင်း၊ မချွတ်ဖြစ်လတ္တံ ‘ဥပ္ပါဒနိယ’ဟူ၍လည်းကောင်း၊ အတိတ်ဟူ၍လည်းကောင်း၊ အနာဂတ်ဟူ၍လည်းကောင်း၊ ပစ္စုပ္ပန်ဟူ၍လည်းကောင်း၊ စက္ခုဝိညာဏ်ဖြင့် သိအပ်၏ဟူ၍လည်းကောင်း၊ သောတဝိညာဏ်ဖြင့် သိအပ်၏ဟူ၍လည်းကောင်း၊ ဃာနဝိညာဏ်ဖြင့် သိအပ်၏ဟူ၍လည်းကောင်း၊ ဇိဝှါဝိညာဏ်ဖြင့် သိအပ်၏ဟူ၍လည်းကောင်း၊ ကာယဝိညာဏ်ဖြင့် သိအပ်၏ဟူ၍လည်းကောင်း မဆိုအပ်, မဆိုထိုက်။ မင်းမြတ် စင်စစ်သော်ကား နိဗ္ဗာန်ကို မနောဝိညာဏ်ဖြင့် သိအပ်၏။ အကြင်နိဗ္ဗာန်သည် ရှိ၏။ ထိုနိဗ္ဗာန်ကို ကောင်းစွာ ကျင့်သော အရိယသာဝကသည် အထူးသဖြင့်စင်ကြယ်သော မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ဖြင့် မြင်ရ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ပြဿနာကို ကောင်းစွာ ဆုံးဖြတ်တော်မူအပ်သည် ဖြစ်၍ နှစ်သက်ဖွယ် ရှိလှပါပေ၏။ (အကျွန်ုပ်သည်) ယုံမှားကင်းရပါပေ၏။ ဧကန်ဟု ဆုံးဖြတ်နိုင်ခြင်းသို့ ရောက်ရပါပေ၏။ ဂိုဏ်းဆရာမြတ်တို့ထက် မြတ်သော အသျှင်ဘုရားကို ဆည်းကပ်ရ၍ ယုံမှားကင်းပြတ်ရပါပြီဟု (လျှောက်၏)။ ။

ခြောက်ခုမြောက် ကမ္မဇာဒိပဥှာ ပြီး၏။

--

၇-ယက္ခပဥှာ

ဘီလူး ရှိ၊ မရှိ ပြဿနာ

။ အသျှင်ဘုရားနာဂသေန လောက၌ ဘီလူးတို့မည်သည် ရှိပါကုန်သလောဟု (မေးလျှောက်၏)။ မင်းမြတ် လောက၌ ဘီလူးတို့မည်သည် ရှိကုန်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား ထိုဘီလူးတို့သည် ထိုဘီလူးမျိုးမှ စုတေကြပါကုန်သလောဟု (မေးလျှောက်၏)။ မင်းမြတ် ထိုဘီလူးတို့သည် ထိုဘီလူးမျိုးမှ စုတေကြကုန်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန သေကုန်သော ထိုဘီလူးတို့၏ ကိုယ်ကောင် ကို အဘယ့်ကြောင့် မတွေ့မြင်ရပါသနည်း။ အပုပ်နံ့သည်လည်း အဘယ့်ကြောင့် မလှိုင်ပါသနည်းဟု (မေးလျှောက်၏)။ မင်းမြတ် သေကုန်သော ဘီလူးတို့၏ ကိုယ်ကောင်ကို တွေ့မြင်ရ၏။ ထိုဘီလူးတို့၏ အပုပ်နံ့သည်လည်း လှိုင်၏။ မင်းမြတ် သေကုန်သော ဘီလူးတို့၏ ကိုယ်ကောင်ကို ပိုးကောင်အသွင်ဖြင့်လည်း တွေ့မြင်ရ၏။ ပေါက်ဖတ်အသွင်ဖြင့်လည်း တွေ့မြင်ရ၏။ ခြပုန်းအသွင်ဖြင့်လည်း တွေ့မြင်ရ၏။ ပိုးနှံကောင်အသွင်ဖြင့်လည်း တွေ့မြင်ရ၏။ မြွေအသွင်ဖြင့်လည်း တွေ့မြင်ရ၏။ ကင်းမြီးကောက် အသွင်ဖြင့်လည်း တွေ့မြင်ရ၏။ ကင်းခြေများ အသွင်ဖြင့်လည်း တွေ့မြင်ရ၏။ ငှက်အသွင်ဖြင့်လည်း တွေ့မြင်ရ၏။ သမင်အသွင်ဖြင့်လည်း တွေ့မြင်ရ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန အသျှင်ဘုရားကဲ့သို့သော ပညာရှိကို ဖယ်ထား၍ အခြားအဘယ်သူသည် ဤမေးအပ်သော ပြဿနာကို ဖြေဆိုနိုင်ရာအံ့နည်းဟု (လျှောက်၏)။ ။

ခုနစ်ခုမြောက် ယက္ခပဥှာ ပြီး၏။

--

၈-အနဝသေသသိက္ခာပဒပဥှာ

သိက္ခာပုဒ်ကို အကြွင်းမဲ့ ပညတ်ခဲ့ခြင်း ပြဿနာ

။ အသျှင်ဘုရားနာဂသေန ဆေးသမားတို့၏ ရှေးဦးဖြစ်ကုန်သော ဆရာကြီးတို့သည် ရှိကုန်၏။ အဘယ်ဆရာကြီးတို့နည်းဟူမူ- နာရဒဆေးဆရာကြီး၊ ဓနွန္တရီဆေးဆရာကြီး၊ အင်္ဂီရသဆေးဆရာကြီး၊ ကပိလဆေးဆရာကြီး၊ ကဏ္ဍရဂ္ဂိသာမဆေးဆရာကြီး၊ အတုလဆေးဆရာကြီး၊ ပုဗ္ဗကစ္စာယနဆေး ဆရာကြီးတို့တည်း။ ထိုအလုံးစုံသော ဆရာကြီးတို့သည် တစ်ကြိမ်သာလျှင် ရောဂါ၏ ဖြစ်ပေါ်ခြင်းကိုလည်းကောင်း၊ ရောဂါ၏ ဖြစ်ကြောင်းကိုလည်းကောင်း၊ ရောဂါ၏ သဘာဝကိုလည်းကောင်း၊ ရောဂါ ဖြစ်စေတတ်သော ဝတ္ထုကိုလည်းကောင်း၊ ဆေးကုသခြင်းကိုလည်းကောင်း၊ ရောဂါ (အထ, အကြွ, အတိုး, အဆုတ်) အမူအရာကိုလည်းကောင်း၊ ဆေးဖြင့် ကုသ၍ ပြီး, မပြီးကိုလည်းကောင်း ထိုအလုံးစုံကို အကြွင်းမဲ့ သိကုန်ပြီး၍ “ဤကိုယ်၌ ဤမျှလောက်ကုန်သော ရောဂါတို့သည် ဖြစ်ကုန်လတ္တံ့”ဟု တစ်ပြိုင်နက် ဉာဏ်၌ ပေါင်းစုစွဲယူခြင်းကို ပြု၍ ဆေးကျမ်းကို စီကုံးဖွဲ့ထားကုန်ပြီ။ ဤဆရာအားလုံးတို့သည် သဗ္ဗညုမဟုတ်ကုန် (အလုံးစုံကို မသိကုန်)၊ မြတ်စွာဘုရားသည် အလုံးစုံသော တရားတို့ကို သိသော သဗ္ဗညုဖြစ်ပါလျက် မရောက်သေးသော ပြုဖွယ်ကိစ္စမျိုးကို ဘုရားဉာဏ်တော်ဖြင့် သိတော်မူ၍ “ဤရွေ့ ဤမျှသော အကြောင်းကြောင့် ဤရွေ့ ဤမျှလောက်သော သိက္ခာပုဒ်ကို့ပညတ်အပ်သည် ဖြစ်လတ္တံ့”ဟု ပိုင်းခြားလျက် အကြွင်းမရှိသောအားဖြင့် သိက္ခာပုဒ်ကို အဘယ့်ကြောင့် ပညတ်တော်မမူပါ သနည်း။ (ပညတ်ရန်) အကြောင်းဖြစ်ပေါ်မှ၊ အရှိန်အစော်မဲ့ ဖြစ်ပေါ်ထင်ရှားလာမှ၊ အပြစ်ပြန့်ပွားလျက် များစွာ ဖြစ်မှ၊ လူတို့ ကဲ့ရဲ့ကုန်မှ ထိုထိုအခါ၌သာ တပည့်သာဝကတို့အား သိက္ခာပုဒ်ကို အဘယ့်ကြောင့် ပညတ်တော်မူရပါ သနည်းဟု (လျှောက်၏)။

မင်းမြတ် မြတ်စွာဘုရားသည် “ယခုအခါ ဤလူတို့၌ တစ်ရာ့ငါးဆယ်ကျော်သော သိက္ခာပုဒ်ကို ပညတ်အပ်သည် ဖြစ်လတ္တံ့”ဟု ဤအကြောင်းကို သိတော်မူအပ်၏။ ထိုသို့ သိတော်မူသော်လည်း မြတ်စွာဘုရားအား ဤသို့ အကြံဖြစ်တော်မူ၏ “ငါဘုရားသည် တစ်ရာ့ငါးဆယ်ကျော်သော သိက္ခာပုဒ်ကို အကယ်၍ တစ်ပြိုင်နက် ပညတ်လိုက်မူ လူများအပေါင်းသည် ဤသာသနာတော်၌ စောင့်စည်းဖွယ် များလှ၏။ အချင်းတို့ ရဟန်းဂေါတမ၏ သာသနာတော်၌ ရဟန်းပြုခြင်းငှါ ခဲယဉ်းစွတကား”ဟု ထိတ်လန့်ခြင်းသို့ ရောက်လတ္တံ့။ ရဟန်းပြုလိုသူတို့သည်လည်း ရဟန်းမပြုကုန်လတ္တံ့။ ငါဘုရား၏ စကားကိုလည်း မယုံကြည်ကြကုန်လတ္တံ့။ မယုံကြည်ကြကုန်သော ထိုလူတို့သည် အပါယ်သို့ လားကုန်လတ္တံ့။ ပညတ်ရန် အကြောင်းဖြစ်ပေါ် ဖြစ်ပေါ်ကာမှ တရားဒေသနာတော်ဖြင့် သိစေ၍ အပြစ်ထင်ရှားမှ သိက္ခာပုဒ်ကို ပညတ်အံ့”ဟု အကြံဖြစ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန မြတ်စွာဘုရားတို့၏ အဖြစ်သည် အံ့ဖွယ်ရှိပါပေစွ။ အသျှင်ဘုရား နာဂသေန မြတ်စွာဘုရားတို့၏ အဖြစ်သည် မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ။ မြတ်စွာဘုရား၏ သဗ္ဗညုတ ဉာဏ်တော်သည် အလွန်လျှင် ကြီးကျယ်ပါပေစွ။ အသျှင်ဘုရားနာဂသေန ဤစကားသည် ဤသို့ မိန့်တော်မူတိုင်း မှန်ပါပေ၏။ မြတ်စွာဘုရားသည် ဤအနက်သဘောကို ဤသို့လျှင် ကောင်းစွာ မြင်တော်မူပါပေ၏။ “ဤရဟန်းဂေါတမ သာသနာတော်၌ များစွာကျင့်ရ၏”ဟု ကြားကုန်သည်ရှိသော် သတ္တဝါတို့အား ထိတ်လန့်ခြင်း ဖြစ်ရာပါ၏။ တစ်ဦးတစ်ယောက်သောသူမျှလည်း မြတ်စွာဘုရား သာသနာတော်၌ ရဟန်းမပြုရာပါ။ ဤသို့လျှင် ဤစကားကို ထိုသို့ဆိုတော်မူတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

ရှစ်ခုမြောက် အနဝသေသသိက္ခာပဒပဥှာ ပြီး၏။

--

၉-သူရိယတပနပဥှာ

နေ၏ ထွန်းလင်းတောက်ပမှု ပြဿနာ

။ အသျှင်ဘုရားနာဂသေန ဤနေသည် အခါခပ်သိမ်း ပြင်းထန်စွာ ထွန်းလင်းတောက်ပပါသလော။ သို့မဟုတ် တစ်ရံတစ်ခါ၌ နုံ့နုံ့ညင်းညင်း ထွန်းလင်းတောက်ပပါသေးသလောဟု (မေးလျှောက်၏)။ မင်းမြတ် ဤနေသည် အခါခပ်သိမ်း ပြင်းထန်စွာ ထွန်းလင်းတောက်ပ၏။ တစ်ရံ တစ်ခါမျှ နုံ့နုံ့ညင်းညင်း မထွန်းလင်း မတောက်ပပေဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန နေသည် အခါခပ်သိမ်း ပြင်းထန်စွာ အကယ်၍ ထွန်းလင်းတောက်ပသည် ဖြစ်အံ့၊ အဘယ့်ကြောင့် နေသည် တစ်ရံတစ်ခါ ပြင်းထန်စွာ ထွန်းလင်းတောက်ပပါသနည်း။ အဘယ့် ကြောင့် တစ်ရံတစ်ခါ နုံ့နုံ့ညင်းညင်း ထွန်းလင်းတောက်ပပါသနည်းဟု (မေးလျှောက်၏)။ မင်းမြတ် နေ၏ ရောဂါတို့သည် ဤလေးပါးတို့တည်း။ အကြင်ရောဂါတို့တွင် တစ်ပါးပါးသော ရောဂါဖြင့် နှိပ်စက်အပ်သော နေသည် နုံ့နုံ့ညင်းညင်း ထွန်းလင်းတောက်ပ၏။ အဘယ်လေးပါးတို့နည်းဟူမူ-

(၁) မင်းမြတ် တိမ်တိုက်သည် နေ၏ ရောဂါတည်း။ ထိုရောဂါဖြင့် နှိပ်စက်အပ်သော နေသည် နုံ့နုံ့ညင်းညင်း ထွန်းလင်းတောက်ပ၏။

(၂) မင်းမြတ် ဆီးနှင်းသည် နေ၏ ရောဂါတည်း။ ထိုရောဂါဖြင့် နှိပ်စက်အပ်သော နေသည် နုံ့နုံ့ညင်းညင်း ထွန်းလင်းတောက်ပ၏။

(၃) မင်းမြတ် မိုးသည် နေ၏ ရောဂါတည်း။ ထိုရောဂါဖြင့် နှိပ်စက်အပ်သော နေသည် နုံ့နုံ့ညင်းညင်း ထွန်းလင်းတောက်ပ၏။

(၄) မင်းမြတ်ရာဟုအသုရိန်သည် နေ၏ ရောဂါတည်း။ ထိုရောဂါဖြင့် နှိပ်စက်အပ်သော နေသည် နုံ့နုံ့ညင်းညင်း ထွန်းလင်းတောက်ပ၏။

မင်းမြတ် စင်စစ်လျှင် နေ၏ ရောဂါတို့သည် ဤလေးပါးတို့ ဖြစ်ကုန်၏။ အကြင်ရောဂါတို့တွင် တစ်ပါးပါးသော ရောဂါဖြင့် နှိပ်စက်အပ်သော နေသည် နုံ့နုံ့ညင်းညင်း ထွန်းလင်းတောက်ပ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန အံ့ဖွယ် ရှိပါပေစွ။ အသျှင်ဘုရားနာဂသေန မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ။ တန်ခိုးနှင့် ပြည့်စုံသော နေမင်းအားလည်း ထိုမျှလောက်သော ရောဂါသည် ဖြစ်ဘိသေး၏။ အခြားသော သတ္တဝါတို့အား ရောဂါသည် အဘယ်မှာ မဖြစ်ဘဲ ရှိလိမ့်မည်နည်း။ အသျှင်ဘုရားနှင့် တူသော ပညာရှိကို ထား၍ အခြားသူအား ဤသို့သော ဝေဖန်နိုင်ခြင်း မရှိပါဟု (လျှောက်၏)။ ။

ကိုးခုမြောက် သူရိယတပနပဥှာ ပြီး၏။

--

၁၀-ကဌိနတပနပဥှာ

နေ၏ ပြင်းစွာ ထွန်းလင်းတောက်ပမှု ပြဿနာ

၁၀။ အသျှင်ဘုရားနာဂသေန ဆောင်းတွင်း၌ နေသည် အဘယ့်ကြောင့် ပြင်းထန်စွာ ထွန်းလင်း တောက်ပပါသနည်း။ နွေလအခါ၌ ထိုဆောင်းတွင်းအတူ အဘယ့်ကြောင့် မထွန်းလင်း မတောက်ပပါ သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် နွေလအခါ၌ မြူမှုန် အညစ်အကြေးသည် အစဉ် ကပ်ငြိစုဝေး၏။ လေကြောင့် ချောက်ချားထကြွကုန်သော မြူတို့သည် ကောင်းကင်သို့ အစဉ် တက်ရောက်ကုန်၏။ ကောင်းကင်၌လည်း တိမ်တိုက်တို့သည် အလွန် ထူထပ်ကုန်၏။ လေပြင်းသည်လည်း လွန်စွာ တိုက်ခတ် လာ၏။ ထိုအလုံးစုံတို့သည် အထူးထူးအားဖြင့် ရောယှက်ကုန်လျက် အညီအမျှပင် စပ်ယှဉ်ကုန်၍ နေရောင်ခြည်တို့ကို ဆို့ပိတ်ကုန်၏။ ထို့ကြောင့် နွေလအခါ၌ နေသည် နုံ့နုံ့ညင်းညင်း ထွန်းလင်း တောက်ပ၏။

မင်းမြတ် ဆောင်းတွင်း၌မူ အောက်၌ မြေကြီးသည် အေးမြ၏။ အထက်ကောင်းကင်၌ ကြီးစွာသော မိုးတိမ်သည် လွှမ်းမိုး၍ တည်၏။ မြူမှုန် အညစ်အကြေးသည် ငြိမ်သက်၏။ မြူမှုန်သည်လည်း ငြိမ်ငြိမ် ကောင်းကင်၌ ရွေ့ရှား၏။ ကောင်းကင်သည်လည်း တိမ်တိုက် ကင်း၏။ လေသည်လည်း အေးအေး ညင်းညင်း တိုက်၏။ ထို (တိမ်စသော) ဘေးရန်တို့၏ ကင်းခြင်းကြောင့် နေရောင်ခြည်တို့သည် အထူး သဖြင့် စင်ကြယ်ကုန်၏။ ဘေးရန်မှ လွတ်သော နေ၏ အရောင်အလင်းသည် လွန်စွာ ထွန်းလင်း တောက်ပ၏။ မင်းမြတ် ဆောင်းတွင်း၌ နေသည် ပြင်းထန်စွာ ထွန်းလင်းတောက်ပ၏၊ နွေလအခါ၌ ထိုဆောင်းတွင်းအတူ မထွန်းလင်း မတောက်ပ။ ဤသည်လျှင် ဤအရာ၌ အကြောင်းတည်းဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား ဘေးရန်အားလုံးမှ လွတ်သော နေသည် ပြင်းထန်စွာ ထွန်းလင်းတောက်ပ၏။ မိုးစသော ဘေးရန်နှင့်တကွဖြစ်သော နေသည် ပြင်းထန်စွာ မထွန်းလင်း မတောက်ပပါဟု (လျှောက်၏)။

ဆယ်ခုမြောက် ကဌိနတပနပဥှာ ပြီး၏။

နှစ်ခုမြောက် နိပ္ပပဉ္စဝဂ် ပြီး၏။

ဤနိပ္ပပဉ္စဝဂ်၌ အမေးပုစ္ဆာပြဿနာ ဆယ်ပါးတို့တည်း။

--

၃-ဝေဿန္တရဝဂ်

၁-ဝေဿန္တရပဥှာ

ဝေဿန္တရာမင်းကြီး၏ ပေးလှူမှု ပြဿနာ

။ အသျှင်ဘုရားနာဂသေန ဘုရားလောင်းအားလုံးတို့သည်ပင် သား မယားကို ပေးလှူကြပါသ လော။ သို့မဟုတ် ဝေဿန္တရာမင်းသည်သာ သား မယားကို ပေးလှူပါသလောဟု (မေးလျှောက်၏)။ မင်းမြတ် ဘုရားလောင်းအားလုံးတို့သည်ပင် သားမယားကို ပေးလှူကြကုန်၏။ ဝေဿန္တရာမင်းသည်သာ သားမယားကို ပေးလှူသည် မဟုတ်ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန စင်စစ်သော်ကား (ထိုဘုရားလောင်းတို့သည်) ထိုသားမယားတို့၏ ခွင့်ပြုချက်ဖြင့် ပေးလှူကြပါကုန်သလောဟု (မေးလျှောက်၏)။ မင်းမြတ် မယားသည် အလိုတူ၏။ သူငယ်တို့သည်ကား မသိ မလိမ္မာသေးသည်၏ အဖြစ် ကြောင့် ငိုမြည်တမ်းကုန်၏။ ထိုသူငယ်တို့သည် အကျိုးအားဖြင့် အကယ်၍ သိကုန်ငြားအံ့၊ ဝမ်းမြောက်ကုန်ရာ၏။ မငိုယို မမြည်တမ်းကုန်ရာဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ထိုဘုရားလောင်းသည် မိမိ၏ ရင်သွေးဖြစ်ကုန်သော ချစ်လှစွာကုန်သော သားသမီးတို့ကို (ဇူဇကာ) ပုဏ္ဏားအား ကျွန်အလို့ငှါ ပေးလှူလေ၏။ (ထိုပေးလှူခြင်းဖြင့်) ဘုရားလောင်း သည် ပြုနိုင်ခဲသော အမှုကို ပြုတော်မူပါပေ၏။

ထိုဘုရားလောင်းသည် မိမိ၏ ရင်သွေးဖြစ်ကုန်သော၊ ချစ်လှစွာကုန်သော၊ မလိမ္မာသေးကုန်သော၊ နုနယ်ကုန်သော သားသမီးတို့ကို နွယ်ဖြင့် တုပ်နှောင်၍ နွယ်ဖြင့် ဆွဲငင်သည်တို့ကို မြင်ပါလျက် လျစ်လျူ ရှု၍ နေနိုင်ဘိ၏။ ဤလျစ်လျူရှု၍ နေခြင်းသည်လည်း နှစ်ကြိမ်မြောက် ပြုနိုင်ခဲသည်ထက် အလွန်ပြုနိုင်ခဲသော ပြုခြင်းပင်တည်း။

ထိုဘုရားလောင်းသည် မိမိအားအစွမ်းဖြင့် အနှောင်အဖွဲ့မှ လွတ်၍ ပြေးလာကုန်သော၊ ကြောက် လန့်၍ ကပ်လာကုန်သော သားသမီးတို့ကို တစ်ဖန်လျှင် နွယ်ဖြင့် တုပ်နှောင်၍ ပေး၏။ ဤသို့ ပေးခြင်း သည်လည်း သုံးကြိမ်မြောက်ပြုနိုင်ခဲသည်ထက် အထူးသဖြင့် ပြုနိုင်ခဲသော အမှုကို ပြုခြင်းပင်တည်း။

ထိုဘုရားလောင်းသည် “ခမည်းတော် ဤသူကား ဘီလူးပါတည်း၊ အကျွန်ုပ်တို့ကို စားခြင်းငှါ ဆောင်ယူပါ၏”ဟု ငိုယိုမြည်တမ်းကုန်သော သားသမီးတို့ကို မကြောက်ကြကုန်လင့်”ဟု သက်သာရာကို မရစေ။ ဤသို့ မရစေခြင်းသည်လည်း လေးကြိမ်မြောက်ပြုနိုင်ခဲသည်ထက် အထူးသဖြင့် ပြုနိုင်ခဲသော အမှုကို ပြုခြင်းပင်တည်း။

ထိုဘုရားလောင်းသည် ဇာလီမင်းသားကလေးက ငိုယိုလျက် ခြေအစုံတို့၌ ဝပ်တွား၍ “ခမည်းတော် မသင့်တော်ပါ၊ ကဏှာဇိန် (နှမငယ်) ကို ပြန်လာပါစေလော့။ အကျွန်ုပ်သည်သာ ဘီလူးနှင့် အတူတကွ လိုက်ပါသွားပါအံ့။ ဘီလူးသည် အကျွန်ုပ်ကို စားပါစေလော့”ဟု တောင်းပန်လျက် လက်မခံ။ ဤသို့ လက်မခံခြင်းသည်လည်း ငါးကြိမ်မြောက် ပြုနိုင်ခဲသည်ထက် အထူးသဖြင့် ပြုနိုင်ခဲသော အမှုကို ပြုခြင်းပင်တည်း။

ထိုဘုရားလောင်းသည် ဇာလီမင်းသားက “ခမည်းတော် သင်ခမည်းတော်သည် ဆင်းရဲခြင်းသို့ ရောက်ကုန်သော အကျွန်ုပ်တို့ကို တွေ့ မြင်ရပါလျက် လူမရှိသော တောကြီးမြိုင်ယံ၌ ဘီလူးဆောင်ယူ သည်ရှိသော် တားမြစ်တော်မမူပေ။ သင်ခမည်းတော်၏ နှလုံးတော်သည် ကျောက်ခဲအတိ ဖြစ်လေဘိ သလော”ဟု ငိုယိုမြည်တမ်းစဉ် ငဲ့ညှာသနားခြင်း အမှုကို မပြု။ ဤသို့ မပြုခြင်းသည်လည်း ခြောက်ကြိမ် မြောက် ပြုနိုင်ခဲသည်ထက် အထူးသဖြင့် ပြုနိုင်ခဲသော အမှုကို ပြုခြင်းပင်တည်း။

--

ထိုဘုရားလောင်းသည် ကြောက်ကြောက်လန့်လန့် ရှိုက်ကြီးတငင် ငိုယိုနေစဉ် ဆောင်ယူအပ်ကုန်သောသူငယ်တို့သည် မမြင်ရခြင်းသို့ ရောက်ကုန်လတ်သော် (ဘုရားလောင်း၏) နှလုံးတော်သည် အစိတ် တစ်ရာလည်းကောင်း၊ အစိတ်တစ်ထောင်လည်းကောင်း မကွဲခဲ့ပေ။ ဤသို့ မကွဲခြင်းသည်လည်း ခုနစ်ကြိမ် မြောက် ပြုနိုင်ခဲသည်ထက် အထူးသဖြင့် ပြုနိုင်ခဲသောအမှုကို ပြုခြင်းပင်တည်း။ ကောင်းမှုကို အလိုရှိသောသူသည် သူတစ်ပါးကို ဆင်းရဲစေသဖြင့် အဘယ်အကျိုး ရှိအံ့နည်း၊ စင်စစ် မိမိကိုယ်ကိုသာ့ပေးလှူအပ် သည် မဟုတ်ပါလောဟု (လျှောက်၏)။

မင်းမြတ် ပြုနိုင်ခဲသော အမှုကို ပြုနိုင်သည်၏ အဖြစ်ကြောင့် ဘုရားလောင်း၏ ကျော်စောသံသည် တစ်သောင်းသော လောကဓာတ်ဝယ် နတ်ဗြဟ္မာနှင့်တကွသော လူတို့၌ ပျံ့နှံ့၍ တက်၏။ နတ်တို့သည် နတ်ပြည်၌ ချီးကျူး ထောမနာကုန်၏။ အသုရာတို့သည် အသုရာပြည်၌ ချီးကျူး ထောမနာကုန်၏။ ဂဠုန်တို့သည် ဂဠုန်ပြည်၌ ချီးကျူး ထောမနာကုန်၏။ နဂါးတို့သည် နဂါးပြည်၌ ချီးကျူး ထောမနာကုန်၏။ ဘီလူးတို့သည် ဘီလူးပြည်၌ ချီးကျူး ထောမနာကုန်၏။ အစဉ်သဖြင့် ထိုဘုရားလောင်း၏ ကျော်စောသံသည် ယခု ဤအခါ ဤအရပ်၌ ငါတို့၏ အခွင့်အခိုက်သို့ ဆိုက်ရောက်ခဲ့၏။ ထိုအလှူသည် ကောင်းစွာ ပေးလှူအပ်သော အလှူတည်း။ သို့မဟုတ် မကောင်းသဖြင့် ပေးလှူအပ်သော အလှူတည်းဟု ထိုအလှူကို ငါတို့ ချီးကျူး,ကဲ့ရဲ့ကုန်လျက် နေကြပေကုန်၏။ မင်းမြတ် စင်စစ်လျှင် ထိုချီးကျူးသံသည် သိမ်မွေ့ကုန်သော၊ သိကြားလိမ္မာကုန်သော၊ သိမြင်နိုင်ကုန်သော၊ ပညာရှိကုန်သော ဘုရားလောင်းတို့၏ ဆယ်ပါးသော ဂုဏ်ကျေးဇူးတို့ကို ထင်စွာ ဖော်ပြ၏။ အဘယ် ဆယ်ပါးတို့နည်း-

(၁) တပ်မက်မှုမရှိခြင်း၊ (၂) မကပ်ငြိခြင်း၊

(၃) ပေးကမ်းနိုင်ခြင်း၊ (၄) စွန့်လွတ်နိုင်ခြင်း၊

(၅) နောက်မဆုတ်ခြင်း၊ (၆) သိမ်မွေ့နူးညံ့ခြင်း၊

(၇) ကြီးကျယ်မြင့်မြတ်ခြင်း၊ (၈) သိနိုင်ခဲခြင်း၊

(၉) ရနိုင်ရန် ခဲယဉ်းခြင်း၊ (၁၀) ဘုရားဖြစ်ကြောင်းတရား၏ အတုမရှိခြင်းတို့တည်း။

မင်းမြတ် စင်စစ်လျှင် ထိုချီးကျူးသံသည် သိမ်မွေ့ကုန်သော၊ သိကြားလိမ္မာကုန်သော၊ သိမြင်နိုင်ကုန်သော၊ ပညာရှိကုန်သော ဘုရားလောင်းတို့၏ ဤဆယ်ပါးသော ဂုဏ်ကျေးဇူးတို့ကို ထင်စွာ ဖော်ပြ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန အကြင်သူသည် သူတစ်ပါးကို ဆင်းရဲစေ၍ အလှူကို ပေးလှူ၏။ ထိုအလှူ သည် ကောင်းသော အကျိုးရှိပါသလော။ နတ်ပြည်၌ ဖြစ်စေတတ်ပါသလောဟု (မေးလျှောက်၏)။ မင်းမြတ် ဖြစ်စေတတ်ပေ၏။ အဘယ်ဆိုဖွယ်ရှိသနည်းဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန အကြောင်းကို ဆောင်ပြတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် ဤလောက၌ တစ်စုံတစ်ယောက်သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း သီလ ရှိ၏။ ကောင်းသော သဘောရှိ၏။ ထိုသမဏဗြာဟ္မဏသည် ခြေထိုင်းလျက် အသွားပျက်သူမူလည်း ဖြစ်ရာ၏။ အသွားဆွံ့သူမူလည်း ဖြစ်ရာ၏။ တစ်စုံတစ်ခုသော အနာရောဂါသို့မူလည်း ရောက်သူ ဖြစ်ရာ၏။ ထိုသမဏဗြာဟ္မဏကို ကောင်းမှုလိုလားသော တစ်စုံတစ်ယောက်သော ယောက်ျားသည် ယာဉ်ထက်သို့ တင်၍ အလိုရှိရာအရပ်သို့ ရောက်စေရာ၏။ မင်းမြတ် ထိုယောက်ျားအား ထိုကောင်းမှုကို ပြုခြင်းတည်းဟူသော အကြောင်းကြောင့် တစ်စုံတစ်ခုသော ချမ်းသာသည် ဖြစ်ရာသလော။ ထိုအမှုသည် နတ်ပြည်၌ ဖြစ်စေရာသလောဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား ဖြစ်စေရာပါ၏။ အဘယ်ဆိုဖွယ် ရှိပါသနည်း။ အသျှင်ဘုရား ထိုယောက်ျားသည် ဆင်ယာဉ်ကိုသော်လည်းကောင်း၊ မြင်းယာဉ်ကိုသော်လည်းကောင်း၊ ရထားယာဉ်ကို သော်လည်းကောင်း ရရာပါ၏။ ကြည်းကုန်း၌ကုန်းယာဉ်ကိုသော်လည်းကောင်း၊ ရေ၌ ရေယာဉ်ကိုသော်လည်းကောင်း၊ နတ်ပြည်တို့၌ နတ်ယာဉ်ကိုသော်လည်းကောင်း၊ လူ့ပြည်တို့၌ လူယာဉ်ကိုသော်လည်းကောင်း ရရာပါ၏။

--

(ထိုယောက်ျားသည်) ထိုအား လျောက်ပတ်သော၊ ထိုအားလျော်သော အကျိုးသည် ဘဝတိုင်း ဘဝတိုင်း ဖြစ်ရာပါ၏။ ထိုယောက်ျားအား ထိုအား လျောက်ပတ်ကုန်သော၊ ထိုအား လျော်ကုန်သော ချမ်းသာတို့သည် ဖြစ်ကုန်ရာပါ၏။ သုဂတိဘုံတစ်ခုမှ သုဂတိဘုံတစ်ခုသို့ သွားရာပါ၏။ ထိုကံ၏ အကျိုးဆက်ကြောင့်သာ ဣဒ္ဓိယာဉ်ကို တက်စီး၍ တောင့်တသော နိဗ္ဗာန်မြို့တော်သို့ ရောက်ရာပါ၏ဟု (လျှောက်၏)။ မင်းမြတ် ထိုသို့ ဖြစ်မူ သူတစ်ပါးကို ဆင်းရဲစေသဖြင့် ပေးလှူသော အလှူသည် ကောင်းသော အကျိုးကို ပေးလေ့ရှိ၏။ နတ်ပြည်၌ ဖြစ်စေတတ်၏။ ယင်းသို့ ကောင်းကျိုးရှိသောကြောင့် ထိုယောက်ျားသည် ဝန်ဆောင်နွားတို့ကို ဆင်းရဲစေ၍ ဆိုခဲ့ပြီးသော သဘောရှိသော ချမ်းသာကို ခံစား ရ၏။

မင်းမြတ် အကြင်အခြင်းအရာဖြင့် သူတစ်ပါးကို ဆင်းရဲစေသဖြင့် ပေးလှူသော အလှူသည် ကောင်းသော အကျိုးရှိ၏။ နတ်ပြည်၌ ဖြစ်စေတတ်၏။ ထိုအခြင်းအရာဖြင့် ထို့ထက်လွန်သော အခြားအကြောင်း ကိုလည်း နာဦးလော့။ မင်းမြတ် ဤလောက၌ တစ်စုံတစ်ယောက်သော မင်းသည် ဇနပုဒ်မှ တရားနှင့် လျော်သော အခွန်အတုတ်ကို ထုတ်ဆောင်စေ၍ အာဏာဖြစ်စေသဖြင့် အလှူကို ပေးလှူရာ၏။ မင်းမြတ် ထိုမင်းသည် ထိုသို့ ပေးလှူခြင်းတည်းဟူသော အကြောင်းကြောင့် တစ်စုံတစ်ရာသော ချမ်းသာကို ခံစားရရာသလော။ ထိုအလှူသည် နတ်ပြည်၌ ဖြစ်စေရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဖြစ်စေရာ ပါ၏။ အဘယ်ဆိုဖွယ် ရှိပါသနည်း။ အသျှင်ဘုရား ထိုသို့ ပေးလှူခြင်းတည်းဟူသော အကြောင်းကြောင့် ထိုမင်းသည် လွန်စွာ အသိန်းမကသော ဂုဏ်ကျေးဇူးကို ရရာပါ၏။ မင်းတို့ထက် လွန်ကဲသောမင်း ဖြစ်ရာပါ၏။ နတ်တို့ထက် လွန်ကဲသော နတ် ဖြစ်ရာပါ၏။ ဗြဟ္မာတို့ထက် လွန်ကဲသော ဗြဟ္မာ ဖြစ်ရာပါ၏။ သမဏတို့ထက် လွန်ကဲသော သမဏ ဖြစ်ရာပါ၏။ ဗြာဟ္မဏတို့ထက် လွန်ကဲသော ဗြာဟ္မဏ ဖြစ်ရာပါ၏။ ရဟန္တာတို့ထက် လွန်ကဲသော ရဟန္တာ ဖြစ်ရာပါ၏ဟု (လျှောက်၏)။ မင်းမြတ် ထိုသို့ဖြစ်မူကား သူတစ်ပါးကို ဆင်းရဲစေသဖြင့် ပေးလှူအပ်သော အလှူသည် ကောင်းသော အကျိုး ရှိ၏။ နတ်ပြည်၌ ဖြစ်စေတတ်၏။ ယင်းသို့ ကောင်းကျိုးရှိသောကြောင့် ထိုမင်းသည် အခွန်အတုတ်ဖြင့် လူအပေါင်းကို နှိပ်စက်၍ ပေးလှူသော အလှူကြောင့် ဤသို့သဘောရှိသော အခြံအရံ ချမ်းသာကို ခံစားရ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ဝေဿန္တရာမင်းသည် လွန်ကဲသော အလှူကို ပေးလှူအပ်ပါ၏။ အကြင့် ကြောင့် ထိုဝေဿန္တရာမင်းသည် မိမိမယားကို တစ်ပါးသောသူ၏ မယားအလို့ငှါ ပေးလှူ၏။ မိမိရင်နှစ် ဖြစ်ကုန်သော သားသမီးတို့ကို ပုဏ္ဏားအား ကျွန်အလို့ငှါ ပေးလှူ၏။ အသျှင်ဘုရားနာဂသေန လောက၌ လွန်ကဲသော အလှူမည်သည်ကို ပညာရှိတို့သည် ကဲ့ရဲ့ရှုတ်ချအပ်ပါ၏။ အသျှင်ဘုရားနာဂသေန ဥပမာ သော်ကား အလွန် ဝန်လေးသဖြင့် လှည်း၏ ဝန်ရိုးသည် ကျိုး၏၊ အလွန် ဝန်လေးသဖြင့် လှေသည် နစ်မြုပ်၏။ အလွန် စားသဖြင့် အစာသည် မညီညွတ် ကြေကျက်၏။ အလွန် မိုးရွာသဖြင့် စပါးသည် ပျက်စီး၏။ အလွန် ပေးလှူသဖြင့် ဥစ္စာစည်းစိမ်ကုန်ခြင်းသို့ ရောက်၏။ အလွန် ပူသဖြင့် မြေကြီးသည် လောင်ကျွမ်း၏။ အလွန် တပ်မက်သဖြင့် ရူးသွပ်၏။ အလွန် အမျက်ထွက်သဖြင့် သတ်ထိုက်သူ ဖြစ်၏။ အလွန် တွေဝေသဖြင့် ပျက်စီးခြင်းသို့ ရောက်၏။ အလွန် လိုချင်သဖြင့် ခိုးယူခံရ၏။ အလွန်ကြောက် သဖြင့် ချုပ်ပျက်ရ၏။ အလွန် ပြည့်လျှံသဖြင့် မြစ်သည် ကမ်းကို လွန်၏။ အလွန် လေတိုက်သဖြင့် မိုးကြိုး ကျ၏။ အလွန် မီးပြင်းသဖြင့် ထမင်း ဝေကျ၏။ အလွန် လှည့်လည် သွားလာသဖြင့် ကြာမြင့်စွာ အသက်မရှည်နိုင်။ အသျှင်ဘုရားနာဂသေန ဤအတူသာလျှင် လောက၌ လွန်ကဲသော ပေးလှူခြင်းကို ပညာရှိတို့ ကဲ့ရဲ့ရှုတ်ချအပ်ပါ၏။ အသျှင်ဘုရားနာဂသေန ဝေဿန္တရာမင်းသည် လွန်ကဲသော အလှူကို ပေးလှူအပ်ပါ၏။ ထိုသို့ ပေးလှူရာ၌ တစ်စုံတစ်ရာသော အကျိုးကို အလိုမရှိအပ်ပါဟု (လျှောက်၏)။

မင်းမြတ် လောက၌ လွန်ကဲသော ပေးလှူခြင်းကို ပညာရှိတို့ ချီးကျူးအပ်၏။ ထောမနာအပ်၏။ အထူးသဖြင့် ချီးကျူးအပ်၏။ အလုံးစုံသော လူသာမန်တို့သည်ဟူးဟူးငြားငြား (မည်ကာမတ္တ) အလှူကို ပေးလှူကုန်၏။ လွန်ကဲသော အလှူကို ပေးလှူသောသူသည် လောက၌ ကျော်စောခြင်းသို့ ရောက်၏။

--

မင်းမြတ် ဥပမာသော်ကား နတ်ဆေးမြစ်သည် အလွန် ကောင်းမြတ်ခြင်းကြောင့် နတ်ဆေးကိုင်ထားသူကို့သော်လည်း ဟတ္ထပါသ်အတွင်း၌ တည်ကုန်သော တစ်ပါးသောသူတို့အား မမြင်စေ။ ဆေးသည် အလွန် အမျိုးမှန်ခြင်းကြောင့် အိုင်းအမာကို ပယ်ဖျောက်နိုင်၏။ ရောဂါတို့၏ ပျောက်ခြင်းကို ပြုနိုင်၏။ မီးသည် အလွန်ပူသောကြောင့် လောင်မြိုက်၏။ ရေသည် အလွန် အေးသောကြောင့် အပူကို ငြိမ်းစေနိုင်၏။ ပဒုမ္မာကြာသည် အလွန် စင်ကြယ်သောကြောင့် ရေ, ညွန်ဖြင့် မလိမ်းကျံ။ ပတ္တမြားသည် ဂုဏ်လွန်ကဲသော ကြောင့် အလိုဆန္ဒကို ပေးနိုင်၏။ စိန်သည် အလွန် ထက်မြက်သောကြောင့် ပတ္တမြား၊ ပုလဲ၊ ဖလ်၊ မှန်ကို ထွင်းဖောက်နိုင်၏။ မြေကြီးသည် အလွန် ကြီးသောကြောင့် လူ၊ မြွေ၊ သားငှက်၊ ရေ၊ ကျောက်တောင်၊ သစ်ပင်တို့ကို ဆောင်နိုင်၏။ သမုဒ္ဒရာသည် အလွန် ကျယ်သောကြောင့် မပြည့်နိုင်။ မြင်းမိုရ်တောင်သည် အလွန် လေးသောကြောင့် မတုန်လှုပ်။ ကောင်းကင်သည် အလွန် ကျယ်သောကြောင့် အဆုံးမရှိ။ နေသည် အလွန် အရောင်တောက်သောကြောင့် အမိုက်တိုက်ကို ပယ်ဖျက်နိုင်၏။ ခြင်္သေ့သည် ဇာတ်မြင့် သောကြောင့် ကြောက်ခြင်း ကင်း၏။ လက်ဝှေ့သမားသည် အလွန် အားကြီးသောကြောင့် ပြိုင်ဘက် လက်ဝှေ့သမားကို လျင်မြန်စွာ ပစ်ချနိုင်၏။ ဘုရင်သည် အလွန် ဘုန်းကြီးသောကြောင့် တစ်ပါးသောသူတို့ကို အစိုးရ၏။ ရဟန်းသည် အလွန် သီလရှိသောကြောင့် နဂါး၊ ဘီလူး၊ လူနတ်တို့ ရှိခိုးထိုက်၏။ မြတ်စွာဘုရားသည် အလွန် မြတ်သောကြောင့် နှိုင်းခိုင်းစရာ ဥပမာမရှိ။ မင်းမြတ် ဤအတူသာလျှင် လောက၌ လွန်ကဲသော ပေးလှူခြင်းကို ပညာရှိတို့ ချီးကျူးအပ်၏။ ထောမနာအပ်၏။ အထူးသဖြင့် ချီးကျူးအပ်၏။ အလုံးစုံသော လူသာမန်တို့သည်ဟူးဟူးငြားငြား (မည်ကာမတ္တ) အလှူကို ပေးလှူကုန်၏။ လွန်ကဲသော အလှူကို ပေးလှူသောသူသည် လောက၌ ကျော်စောခြင်းသို့ ရောက်၏။ လွန်ကဲသော အလှူကြောင့် ဝေဿန္တရာမင်းကို တစ်သောင်းသော လောကဓာတ်၌ ချီးကျူးအပ်၏။ ထောမနာအပ်၏။ အထူးသဖြင့် ချီးကျူးအပ်၏။ ပူဇော်အပ်၏။ ချီးပင့် ပြောကြားအပ်၏။ ထိုလွန်ကဲသော အလှူကြောင့်သာလျှင် ဝေဿန္တရာမင်းသည် ယခုအခါ၌ နတ်နှင့်တကွသော လောက၌ အမြတ်ဆုံးသော ဘုရားဖြစ်တော်မူ၏။

မင်းမြတ် အလှူခံပုဂ္ဂိုလ် ရောက်လာသည်ရှိသော် အကြင်အလှူကို မပေးမလှူအပ်။ မပေးမလှူဘဲ ထားအပ်သော ထိုအလှူသည် လောက၌ ရှိသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရားနာဂသေန ဆယ်ပါးသော ဤအလှူတို့သည် ရှိပါကုန်၏။ ယင်းအလှူတို့ကို လောက၌ မပေးလှူသင့်သော အလှူဟု သမုတ် အပ်ကုန်၏။ အကြင်သူသည် ထိုအလှူတို့ကို ပေးလှူ၏၊ ထိုသူသည် အပါယ်သို့ လား၏။ အဘယ် ဆယ်ပါးတို့နည်းဟူမူ- အသျှင်ဘုရားနာဂသေန (၁) သေအရက် အလှူကို လောက၌ မပေးလှူသင့်သော အလှူဟူ၍ သမုတ်အပ်၏။ အကြင်သူသည် ထို (သေအရက်) အလှူကို ပေးလှူ၏၊ ထိုသူသည် အပါယ်သို့ လား၏။ (၂) သဘင်အလှူကို။ပ။ (၃) မိန်းမအလှူကို၊ (၄) နွားလားဥသဘအလှူကို၊ (၅) ပန်းချီဆေးရေးအလှူကို၊ (၆) လက်နက်အလှူကို၊ (၇) အဆိပ်အလှူကို၊ (၈) သံခြေကျင်းအလှူကို၊ (၉) ကြက် ဝက် အလှူကို၊ (၁၀) ချိန်စဉ်းလဲ တောင်းစဉ်းလဲအလှူကို လောက၌ မပေးလှူသင့်သော အလှူဟူ၍ သမုတ်အပ်၏။ အကြင်သူသည် ထိုအလှူကို ပေးလှူ၏။ ထိုသူသည် အပါယ်လား၏။ အသျှင်ဘုရား နာဂသေန လောက၌ မပေးလှူ သင့်သော အလှူဟု သမုတ်အပ်ကုန်သော အလှူတို့သည် ဤဆယ်ပါးတို့တည်း။ အကြင်သူသည် ထိုအလှူတို့ကို ပေးလှူ၏။ ထိုသူသည် အပါယ်သို့ လား၏ဟု (လျှောက်၏)။

မင်းမြတ် ငါသည် ထိုမပေးလှူသင့်သော အလှူဟု သမုတ်သည်ကို မမေး။ မင်းမြတ် ငါသည် ဤဆိုလတ္တံ့သော ဒါနကိုသာ သင့်အား မေး၏ “မင်းမြတ် အလှူခံပုဂ္ဂိုလ် ရောက်လာသည်ရှိသော် အကြင် အလှူကို မပေးလှူအပ်။ မပေးလှူဘဲ ထားအပ်သော ထိုအလှူသည် လောက၌ ရှိသလောဟုသာ ငါသည် သင့်အား မေး၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန အလှူခံပုဂ္ဂိုလ် ရောက်လာသည်ရှိသော် အကြင်အလှူကို မပေးလှူအပ်၊ မပေးလှူဘဲ ထားအပ်သော ထိုအလှူသည် လောက၌ မရှိပါ။

--

စိတ်၌့ကြည်ညိုခြင်းဖြစ်သည်ရှိသော် အချို့သောသူတို့သည် အလှူခံပုဂ္ဂိုလ်တို့အား ဘောဇဉ်ကို ပေးလှူပါကုန်၏။ အချို့သောသူတို့သည် အဝတ်အထည်ကို ပေးလှူပါကုန်၏။ အချို့သောသူတို့သည် အိပ်ရာ နေရာကို ပေးလှူပါကုန်၏။ အချို့သောသူတို့သည် ဇရပ် တန်ဆောင်း ကျောင်းကန်ကို ပေးလှူပါကုန်၏။ အချို့သောသူတို့သည် အခင်းအရုံကို ပေးလှူပါကုန်၏။ အချို့သောသူတို့သည် ကျွန်မိန်းမ ကျွန်ယောက်ျားကို။ အချို့သောသူတို့သည် လယ်ယာခြံမြေကို။ အချို့သောသူတို့သည် အခြေနှစ်ချောင်း အခြေလေးချောင်းရှိသော သတ္တဝါကို။ အချို့သောသူတို့သည် အရာကို အထောင်ကို အသိန်းကို။ အချို့သောသူတို့သည် ကြီးစွာသော မင်းအဖြစ်ကို ပေးလှူကုန်၏။ အချို့သောသူတို့သည် အသက်ကို သော်လည်း ပေးလှူပါကုန်၏။ မင်းမြတ် အချို့သောသူတို့သည် အသက်ကိုသော်လည်း အကယ်၍ ပေးလှူကုန်အံ့။ သားငယ် သမီးငယ်တို့ကိုလည်းကောင်း မယားကိုလည်းကောင်း ကောင်းစွာ ပေးလှူအပ် သည်ရှိသော် အလှူရှင်ဖြစ်သော ဝေဿန္တရာမင်းကို အဘယ့်ကြောင့် အလွန်ပြင်းထန်စွာ နှိမ့်ချရပေ သနည်း။

မင်းမြတ် လောကသဘော လောကအလေ့အကျင့်သည် ရှိသလော။ အဖသည် ကြွေးမြီ နှိပ်စက်၍ သော်လည်းကောင်း၊ အသက်မွေးမှု ခက်ခဲ၍သော်လည်းကောင်း သားသမီးကို ပေါင်နှံခြင်းငှါ ဖြစ်စေ၊ ရောင်းစားခြင်းငှါ ဖြစ်စေရပါသလောဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား ရပါ၏။ အဖသည် ကြွေးမြီ နှိပ်စက်၍သော်လည်းကောင်း၊ အသက်မွေးမှု ခက်ခဲ၍သော်လည်းကောင်း သားသမီးကို ပေါင်နှံခြင်းငှါ ဖြစ်စေ၊ ရောင်းစားခြင်းငှါ ဖြစ်စေရပါ၏ဟု(လျှောက်၏)။ မင်းမြတ်အဖသည် ကြွေးမြီနှိပ်စက်၍သော်လည်းကောင်း၊ အသက်မွေးမှုခက်ခဲ၍သော်လည်းကောင်း သားသမီးကို ပေါင်နှံခြင်းငှါဖြစ်စေ၊ ရောင်းစားခြင်းငှါ ဖြစ်စေ အကယ်၍ရခဲ့မူ မင်းမြတ် ဝေဿန္တရာမင်းသည်လည်း သဗ္ဗညုတဉာဏ်တော်ကို မရသည် ဖြစ်၍ နှိပ်စက်အပ်သည် ဆင်းရဲခြင်းသို့ ရောက်သည်ဖြစ်ရကား ထိုတရားတည်းဟူသော ဥစ္စာကို ရခြင်းငှါ သားမယားကို ပေါင်လည်း ပေါင်နှံပြီ။ ရောင်းလည်း ရောင်းပြီ၊ မင်းမြတ် ဤသို့လျှင် ဝေဿန္တရာမင်း သည် တစ်ပါးသောသူတို့ ပေးလှူအပ်သည်ကိုသာလျှင် ပေးလှူအပ်၏။ တစ်ပါးသောသူတို့ပြုအပ် သည်ကိုသာလျှင် ပြုအပ်၏။ မင်းမြတ် သို့ဖြစ်လျက် သင်မင်းမြတ်သည် ထိုအလှူဖြင့် အလှူရှင် ဝေဿန္တရာမင်းကို အလွန် ပြင်းထန်စွာ အဘယ့်ကြောင့် မောင်းမဲပြစ်တင်ရသနည်းဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန အကျွန်ုပ်သည် အလှူရှင် ဝေဿန္တရာမင်း၏ အလှူကို မကဲ့ရဲ့ပါ။ စင်စစ် သော်ကား သားမယားကို တောင်းလာသည်ရှိသော် နှိုင်းချိန်၍ မိမိကိုယ်ကို ပေးလှူအပ်ပါ၏ဟု (လျှောက်၏)။ မင်းမြတ် သားမယားကို တောင်းလာသည်ရှိသော် မိမိကိုယ်ကို ပေးလှူခြင်းသည် စင်စစ် သူယုတ်တို့ ပြုလုပ်မှုတည်း။ ထိုစကားသင့်ပါ၏။ အကြင် အကြင်ပစ္စည်းကို တောင်းသည်ရှိသော် ထိုထို တောင်းသော ပစ္စည်းကိုသာလျှင် ပေးလှူအပ်၏။ ဤသို့ ပေးလှူခြင်းသည်သာ သူတော်ကောင်းတို့၏ အမှုတည်း။ မင်းမြတ် ဥပမာသော်ကား တစ်စုံတစ်ယောက်သော ယောက်ျားသည် ရေကို ဆောင်ယူ စေငြားအံ့။ ထိုသူအား အကြင်သူသည် သုံးဆောင်ဖွယ် ဘောဇဉ်ကို ပေးရာ၏။ မင်းမြတ် ထိုပေးသော ယောက်ျားသည် ထိုအလိုရှိသော ယောက်ျား၏ ကိစ္စကို ပြုလုပ်သည် ဖြစ်ပေအံ့လောဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား ပြုလုပ်သည် မဖြစ်ပါ။ ထိုသူသည် အကြင်ပစ္စည်းဝတ္ထုကို ဆောင်ယူစေ၏။ ထိုပစ္စည်း ဝတ္ထုကိုသာလျှင် ထိုသူအား ပေးသည်ရှိသော် ကိစ္စကို ပြုလုပ်သည် ဖြစ်ရာပါ၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် ဝေဿန္တရာမင်းသည် ပုဏ္ဏားက သားမယားကို တောင်းလာသည်ရှိသော် သား မယားကိုသာလျှင် ပေးလှူ၏။ မင်းမြတ် (ဇူဇကာ) ပုဏ္ဏားသည် ဝေဿန္တရာမင်း၏ ကိုယ်ကို အကယ်၍ တောင်းငြားအံ့။ မင်းမြတ် ထိုဝေဿန္တရာမင်းသည် မိမိကိုယ်ကို မစောင့်ရှောက်ရာ၊ မတုန်လှုပ်ရာ၊ မတပ်မက်ရာ၊ ထိုပုဏ္ဏားအား မိမိကိုယ်ကိုပင် ပေးလှူအပ် စွန့်လွှတ်အပ်သည်သာ ဖြစ်ရာ၏။ မင်းမြတ် တစ်စုံတစ်ယောက်သောသူသည် အလှူရှင်ဝေဿန္တရာမင်းထံသို့ ချဉ်းကပ်၍ “ငါ၏့ကျွန်အဖြစ်သို့ ရောက်ပါလော့”ဟု အကယ်၍ တောင်းငြားအံ့။ ထိုဝေဿန္တရာမင်း၏ ကိုယ်ကို ပေးလှူအပ် စွန့်လွှတ်အပ် သည်သာ ဖြစ်ရာ၏။ ထိုဝေဿန္တရာမင်းသည် ပေးလှူပြီး၍ မပူပန်ရာ။ မင်းမြတ် ဝေဿန္တရာမင်း၏ ကိုယ်သည် အများနှင့် ဆက်ဆံ၏။

--

မင်းမြတ် ဥပမာအားဖြင့် ကျက်ပြီးသော အသားတစ် အသားတုံးသည် အများနှင့် ဆက်ဆံ၏။ မင်းမြတ် ဤအတူသာလျှင် ဝေဿန္တရာမင်း၏ ကိုယ်သည် အများနှင့် ဆက်ဆံ၏။ မင်းမြတ် ဥပမာ တစ်နည်းသော်ကား အသီးရှိသော သစ်ပင်သည် အထူးထူးသော ငှက်အပေါင်းတို့နှင့် ဆက်ဆံ၏။ မင်းမြတ် ဤအတူသာလျှင် ဝေဿန္တရာမင်း၏ ကိုယ်သည် အများနှင့် ဆက်ဆံ၏။ အဘယ်အကြောင်း ကြောင့်နည်းဟူမူ-ငါသည် ဤသို့ ကျင့်သည်ရှိသော် သဗ္ဗညုဘုရားအဖြစ်သို့ ရောက်ရလတ္တံ့ဟု စိတ်ထား သောကြောင့်တည်း။

မင်းမြတ် ဥပမာသော်ကား ဥစ္စာမရှိသော ယောက်ျားသည် ဥစ္စာကို အလိုရှိသည်ဖြစ်၍ ဥစ္စာ ရှာမှီးခြင်းငှါ လှည့်လည်သည်ရှိသော် ဆိတ်ဖြင့် သွားရသော ခရီးသို့၊ ချွန်းကောက်ချိတ်ဖြင့် ချိတ်ဆွဲ၍ သွားရသော ခရီးသို့၊ ကြိမ်နွယ်တို့ဖြင့် ဆွဲတက်၍ သွားရသော ခရီးသို့ သွား၏။ ရေလမ်းခရီးကုန်းလမ်းခရီး၌ကုန်သွယ်ခြင်းကို ပြု၏။ ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ဥစ္စာကို နှစ်သက် ပြီးစီးစေ၏၊ ဥစ္စာကို ရခြင်းငှါ လုံ့လထုတ်၏။ မင်းမြတ် ဤအတူ သာလျှင် အလှူရှင်ဝေဿန္တရာမင်းသည် သဗ္ဗညုတဉာဏ်တည်းဟူသော ဥစ္စာမရှိသည် ဖြစ်၍ ဘုရား အဖြစ်တည်းဟူသောဥစ္စာဖြင့် သဗ္ဗညုတဉာဏ်တော် ရတနာကို ရခြင်းငှါ ဖုန်းတောင်းယာစကာတို့အား ဥစ္စာစပါးကိုလည်းကောင်း၊ ကျွန်မိန်းမ ကျွန်ယောက်ျားကိုလည်းကောင်း၊ ယာဉ် ဝေါကိုလည်းကောင်း၊ အလုံးစုံသော ဥစ္စာနှစ်ကိုလည်းကောင်း၊ မိမိ၏ သားမယားကိုလည်းကောင်း၊ မိမိကိုယ်ကိုလည်းကောင်း စွန့်၍ သဗ္ဗညုဘုရားအဖြစ်ကိုသာလျှင် ရှာမှီးတော်မူ၏။

မင်းမြတ် ဥပမာတစ်နည်းသော်ကား ဘွဲ့တံဆိပ်ကို အလိုရှိသော အမတ်သည် ဘွဲ့တံဆိပ်ဟူသော အကြောင်းကြောင့် အိမ်၌ ရှိသော ရွှေငွေ အလုံးစုံကို ပေး၍သော်လည်း ဘွဲ့တံဆိပ်ကို ရခြင်းငှါ လုံ့လ ထုတ်၏။ မင်းမြတ် ဤအတူသာလျှင် အလှူရှင်ဝေဿန္တရာမင်းသည် ထိုအတွင်းအပဖြစ်သော ဥစ္စာ အားလုံးကို ပေးလှူ၍ အသက်ကိုသော်လည်း သူတစ်ပါးတို့အား ပေးလှူ ပြီးလျှင် သဗ္ဗညုဘုရားအဖြစ်ကို သာလျှင် ရှာမှီးတော်မူ၏။

မင်းမြတ် စင်စစ်သော်ကား အလှူရှင်ဝေဿန္တရာမင်းအား ဤသို့သော အကြံသည် ဖြစ်၏- “ထိုပုဏ္ဏားသည် အကြင်လှူဖွယ်ဝတ္ထုကို တောင်းခံ၏။ ငါသည် ထိုပုဏ္ဏားအား တောင်းခံသော လှူဖွယ် ဝတ္ထုကိုသာ ပေးလှူသည်ရှိသော် လိုသော အမှုကိစ္စကို ပြုသူ မည်၏”ဟု အကြံဖြစ်၏။ ဤသို့ အကြံ ဖြစ်သဖြင့် ထိုအလှူရှင် ဝေဿန္တရာမင်းသည် ထို (ဇူဇကာ) ပုဏ္ဏားအား သားမယားကို ပေးလှူ၏။ မင်းမြတ် အလှူရှင်ဝေဿန္တရာမင်းသည် မုန်းသည်၏ အဖြစ်ကြောင့် ပုဏ္ဏားအား သားမယားကို ပေးလှူ သည် မဟုတ်။ မတွေ့မမြင်လိုသည်၏ အဖြစ်ကြောင့် သားမယားကို ပေးလှူသည် မဟုတ်။ ငါ့အား သားမယားတို့သည် အလွန်များကုန်၏၊ ထိုသားမယားတို့ကို ကျွေးမွေးခြင်းငှါ မတတ်နိုင်ဟု သားမယား ကို ပေးလှူသည် မဟုတ်။ ငါသည် မချစ်တော့ပြီဟု ငြီးငွေ့သည် ဖြစ်၍ နှင်ထုတ်လိုသောကြောင့် သားမယားကို ပေးလှူသည် မဟုတ်။ စင်စစ်သော်ကား သဗ္ဗညုတဉာဏ်တော် ရတနာကိုသာလျှင် ဝေဿန္တရာမင်းသည် ဤသို့ သဘောရှိသော အတုမရှိသော၊ ပြန့်ပြောသော၊ အလွန်မြတ်သော၊ ချစ်စဖွယ်သော၊ နှစ်သက်ဖွယ်သော၊ သနားဖွယ်သော၊ အသက်နှင့် တူသော သားမယားတည်းဟူသော အလှူမြတ်ကို ပုဏ္ဏားအား ပေးလှူ၏။

မင်းမြတ် နတ်ထက်နတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် စရိယာပိဋကပါဠိတော်၌- “ငါသည် နှစ်ယောက်ကုန်သော သားသမီးငယ်တို့ကို မုန်းသည် မဟုတ်။ မဒ္ဒီမိဖုရားကို မုန်းသည့်မဟုတ်။ ငါသည် သဗ္ဗညုတဉာဏ်တော်ကို ချစ်ခင်အပ်၏။ ထို့ကြောင့် ချစ်လှစွာသော သားမယားတို့ကို ငါပေးလှူဖူးခဲ့လေပြီ”ဟု ဤစကားကို ဟောတော်မူအပ်၏။

--

မင်းမြတ် ထို့ကြောင့် ဝေဿန္တရာမင်းသည် သားသမီးအလှူကို ပေးလှူပြီးနောက် သင်္ခမ်းကျောင်းသို့ ဝင်၍ လျောင်းစက်၏။ အလွန် ချစ်ခင်ခြင်းကြောင့် ဆင်းရဲသို့ ရောက်သော ထိုဝေဿန္တရာမင်းအား ကြီးစွာသော စိုးရိမ်ခြင်း ဖြစ်လေပြီ။ နှလုံးသား ပူလောင်ခြင်း ဖြစ်လေပြီ။ နှာခေါင်းဖြင့် မဆံ့နိုင်၍ ခံတွင်းဖြင့် ပူလောင်သော ထွက်သက်ဝင်သက်လေတို့ကို လွှတ်ရလေပြီ။ မျက်ရည်တို့သည် ယိုစီးကျကုန် သည်ရှိသော် သွေးပေါက်တို့ ဖြစ်ကုန်၍ မျက်စိတို့မှ ထွက်ကုန်ပြီ။ မင်းမြတ် ဤမျှလောက်ပင် ဆင်းရဲ ဒုက္ခရောက်သဖြင့် ငါ၏ အလှူဝတ်သည် မဆုတ်ယုတ်စေသတည်း”ဟု ဝေဿန္တရာမင်းသည် ပုဏ္ဏားအား သားမယားကို ပေးလှူ၏။

မင်းမြတ် စင်စစ်သော်ကား ဝေဿန္တရာမင်းသည် နှစ်ပါးသော အကျိုးထူးတို့ကို စွဲ၍ ပုဏ္ဏားအား နှစ်ယောက်သောသူငယ်တို့ကို ပေးလှူ၏။ အဘယ်နှစ်ပါးတို့နည်းဟူမူ-(၁) ငါ၏ အလှူဝတ်သည်လည်း မယုတ်လျော့ခြင်း ဖြစ်လတ္တံ့၊ (၂) တောသစ်မြစ် တောသစ်သီးတို့ဖြင့် ဆင်းရဲခြင်းသို့ ရောက်ကုန်သော ငါ၏ သားသမီးတို့ကို ဤသို့ ဆင်းရဲခြင်းအကြောင်းကြောင့် ဘိုးတော်သိဉ္စည်းမင်းကြီးသည် (ပုဏ္ဏား လက်မှ) လွတ်စေလတ္တံ့။ ဤနှစ်ပါးတို့တည်း။ မင်းမြတ် ဝေဿန္တရာမင်းသည် “ငါ၏ သားငယ် သမီး ငယ်တို့ကို တစ်စုံတစ်ယောက်သောသူသည် ကျွန်အသုံးအဆောင်ဖြင့် သုံးဆောင်ခြင်းငှါ မတတ်နိုင်ရာ။ စင်စစ်အားဖြင့်လည်း ဤသားငယ် သမီးငယ်တို့ကို ဘိုးတော်သိဉ္စည်းမင်းကြီးသည် ရွေးနုတ်လတ္တံ့။ ဤသို့ သားငယ် သမီးငယ်တို့ကို လှူရခြင်းကြောင့် ငါတို့မှာလည်း (တိုင်းတော် ပြည်တော်သို့) ပြန်သွားရခြင်း ဖြစ်လတ္တံ့”ဟု သိပေ၏။ မင်းမြတ် စင်စစ်လျှင် ဤနှစ်ပါးသော အကျိုးထူးတို့ကို စွဲ၍ ပုဏ္ဏားအား နှစ်ယောက်သော သားငယ် သမီးငယ်တို့ကို ပေးလှူ၏။

မင်းမြတ် တစ်နည်းသော်ကား ဝေဿန္တရာမင်းသည် စင်စစ် “ဤပုဏ္ဏားသည် အိုမင်းပြီ၊ အရွယ် ကြီးပြီ၊ ရင့်ရော်ပြီ၊ အားနည်း၏၊ ခါးကိုင်း၏၊ တောင်ဝှေးလျှင် မှီခိုရာရှိ၏။ အသက်ကုန်ခါနီးဖြစ်၏။ ဘုန်းကံနည်း၏။ ဤပုဏ္ဏားသည် ဤသူငယ်တို့ကို ကျွန်အဖြစ်ဖြင့် သုံးဆောင်ခြင်းငှါ မစွမ်းနိုင်ရာ”ဟု သိ၏။ မင်းမြတ် ယောက်ျားသည် ပကတိသော အားအစွမ်းဖြင့် ဤသို့ တန်ခိုးကြီးကုန်သော၊ ဤသို့ အာနုဘော်ကြီးကုန်သော ဤလနေတို့ကို ယူ၍ ပခြုပ်၌လည်းကောင်း၊ ကလပ်၌လည်းကောင်း ထည့်၍ အရောင်မရှိအောင် ပြုပြီးလျှင် ခွက်ငယ်ဟူသော သုံးဆောင်ခြင်းဖြင့် သုံးဆောင်ခြင်းငှါ စွမ်းနိုင်ရာသလောဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား မစွမ်းနိုင်ရာပါဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် ဤလောက၌ ထိုလနေနှင့်တူသော ဝေဿန္တရာမင်း၏ သူငယ်တို့ကို တစ်စုံတစ်ယောက်သောသူသည် ကျွန်အသုံး အဆောင်ဖြင့် သုံးဆောင်ခြင်းငှါ မစွမ်းနိုင်ဟု (မိန့်တော်မူ၏)။

မင်းမြတ် ဝေဿန္တရာမင်း၏ သားသမီးငယ်တို့ကို တစ်စုံတစ်ယောက်သောသူသည် ကျွန်အသုံး အဆောင်ဖြင့် သုံးဆောင်ခြင်းငှါ မစွမ်းနိုင်သော အကြောင်းတစ်ပါးကိုလည်း နားထောင်ဦးလော့။ မင်းမြတ် ကောင်းမြတ်သော၊ အမျိုးမှန်သော၊ ရှစ်မြှောင့်ရှိသော၊ ကောင်းစွာ ပွတ်တိုက်၍ သွေးအပ်သော၊ လေးတောင်ခန့် အလျားရှိ၍ လှည်းပုံတောင်းမျှ အဝန်းရှိသော စကြဝတေးမင်း၏ ပတ္တမြားရတနာကို တစ်စုံတစ်ယောက်သောသူသည် ပုဆိုးပိုင်းဖြင့် ရစ်ပတ်၍ ပခြုပ်၌ ထည့်ပြီးလျှင် ဓားသွေးကျောက် အသုံးအဆောင်ဖြင့် သုံးဆောင်ခြင်းငှါ မစွမ်းနိုင်သကဲ့သို့ မင်းမြတ် ဤအတူသာလျှင် လောက၌ စကြဝတေး မင်း၏ ပတ္တမြားရတနာနှင့် တူကုန်သော ထိုဝေဿန္တရာမင်း၏ သူငယ်တို့ကို တစ်စုံတစ်ယောက်သောသူသည် ကျွန်အသုံးအဆောင်ဖြင့် သုံးဆောင်ခြင်းငှါ မစွမ်းနိုင်။

မင်းမြတ် ဝေဿန္တရာမင်း၏သားသမီးငယ်တို့ကို တစ်စုံတစ်ယောက်သောသူသည် ကျွန်အသုံး အဆောင်ဖြင့် သုံးဆောင်ခြင်းငှါ မစွမ်းနိုင်သော အကြောင်းတစ်ပါးကိုလည်း နားထောင်ဦးလော့။ မင်းမြတ့်သုံးပါးသော အရပ်မှ မုန်ယိုသော၊ ကိုယ်လုံးဖြူသော (အမြီး အင်္ဂါဇာတ် နှာမောင်း ခြေလက်အားဖြင့်) ခုနစ်ပါးသော ထိခြင်းရှိသော၊ ရှစ်တောင်မြင့်သော၊ ကိုးတောင်ရှည်လျား၍ ထိုအားလျော်သော ကိုယ်လုံး ရှိသော၊ စိတ်ကြည်ရွှင်ဖွယ် ရှိသော၊ ရှုချင်စဖွယ်ရှိသော၊ ဥပေါသထမျိုးဖြစ်သော ဆင်မင်းကို တစ်စုံ တစ်ယောက်သောသူသည် ဆန်ကောဖြင့်လည်းကောင်း၊ ခွက်ဖြင့်လည်းကောင်း ဖုံးပိတ်ခြင်းငှါ ဖြစ်စေ၊ နွားငယ်ကဲ့သို့ နွားခြံ၌ ထည့်၍ ဆောင်ယူထားခြင်းငှါ ဖြစ်စေ မစွမ်းနိုင်သကဲ့သို့၊ မင်းမြတ် ဤအတူ သာလျှင် လောက၌ ဥပေါသထမျိုးဖြစ်သော ဆင်မင်းနှင့် တူသော ဝေဿန္တရာမင်း၏ သားသမီးငယ်တို့ကို တစ်စုံတစ်ယောက်သောသူသည် ကျွန်အသုံးအဆောင်ဖြင့် သုံးဆောင်ခြင်းငှါ မစွမ်းနိုင်။

--

မင်းမြတ် ဝေဿန္တရာမင်း၏သားသမီးငယ်တို့ကို တစ်စုံတစ်ယောက်သောသူသည် ကျွန်အသုံး အဆောင်ဖြင့် သုံးဆောင်ခြင်းငှါ မစွမ်းနိုင်သော အကြောင်းတစ်ပါးကိုလည်း နားထောင်ဦးလော့။ မင်းမြတ် ရှည်လျား ကျယ်ဝန်းပြန့်ပြောသော၊ နက်ရှိုင်းသော၊ မခြင်တွယ်နိုင်သော၊ ကူးခပ်နိုင်ခဲသော၊ မသက်ဝင် နိုင်သော၊ မပိတ်ပင်နိုင်သော မဟာသမုဒ္ဒရာကို တစ်စုံတစ်ယောက်သောသူသည် အလုံးစုံသော ရေဆိပ်တို့၌ ပိတ်၍ တစ်ခုသော ရေဆိပ်ဖြင့် သုံးဆောင်ခြင်းကို ပြုခြင်းငှါ မစွမ်းနိုင်သကဲ့သို့၊ ဤအတူသာလျှင် မဟာသမုဒ္ဒရာနှင့်တူသော ဝေဿန္တရာမင်း၏ သားသမီးငယ်တို့ကို တစ်စုံတစ်ယောက်သောသူသည် ကျွန် အသုံးအဆောင်ဖြင့် သုံးဆောင်ခြင်းငှါ မစွမ်းနိုင်။

မင်းမြတ် ဝေဿန္တရာမင်း၏သားသမီးငယ်တို့ကို တစ်စုံတစ်ယောက်သောသူသည် ကျွန်အသုံး အဆောင်ဖြင့် သုံးဆောင်ခြင်းငှါ မစွမ်းနိုင်သော အကြောင်းတစ်ပါးကိုလည်း နားထောင်ဦးလော့။ မင်းမြတ် ယူဇနာငါးရာတိုင်တိုင် ကောင်းကင်သို့ မြင့်တက်သော၊ ယူဇနာသုံးထောင် အရှည်အပြန့်ရှိသော၊ ရှစ်သောင်းလေးထောင်သော တောင်ထွတ်တို့ဖြင့် တန်ဆာဆင်ထားသော၊ ငါးရာသော မြစ်ကြီးတို့၏ စီးထွက်ရာဖြစ်သော၊ များစွာသော နတ်ဘီလူးအပေါင်းတို့၏ မှီနေရာဖြစ်သော၊ အထူးထူး အပြားပြားသော နံ့သာမျိုးကို ဆောင်သော၊ နတ်ဆေးပင်အရာတို့ဖြင့် ကောင်းစွာ တန်ဆာဆင်အပ်သော ဟိမဝန္တာ တောင်မင်းသည် ကောင်းကင်၌ တိမ်တိုက်ကဲ့သို့ အလွန်မြင့်တက်သည် ဖြစ်၍ ထင်ရှားသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ထိုလောက၌ ဟိမဝန္တာတောင်မင်းနှင့် တူသော ဝေဿန္တရာမင်း၏ သားသမီးငယ်တို့ကို တစ်စုံတစ်ယောက်သောသူသည် ကျွန်အသုံးအဆောင်ဖြင့် သုံးဆောင်ခြင်းငှါ မစွမ်းနိုင်။

မင်းမြတ် ဝေဿန္တရာမင်း၏သားသမီးငယ်တို့ကို တစ်စုံတစ်ယောက်သောသူသည် ကျွန်အသုံး အဆောင်ဖြင့် သုံးဆောင်ခြင်းငှါ မစွမ်းနိုင်သော အကြောင်းတစ်ပါးကိုလည်း နားထောင်ဦးလော့။ မင်းမြတ် ညဉ့်မှောင်မိုက်ဝယ် တောင်ထိပ်ထက်၌ တောက်လောင်သော မီးပုံကြီးသည် အလွန်ဝေးသော အရပ်၌သော်လည်း ထင်ရှားသကဲ့သို့ မင်းမြတ် ဤအတူသာလျှင် ဝေဿန္တရာမင်းသည် တောင်ထိပ်၌ တောက်လောင်သော မီးပုံကြီးကဲ့သို့၊ ဝေးသော အရပ်၌သော်လည်း ထင်ရှား၏။ ထိုဝေဿန္တရာမင်း၏ သားသမီး ငယ်တို့ကို တစ်စုံတစ်ယောက်သောသူသည် ကျွန်အသုံးအဆောင်ဖြင့် သုံးဆောင်ခြင်းငှါ မစွမ်းနိုင်။

မင်းမြတ် ဝေဿန္တရာမင်း၏သားသမီးငယ်တို့ကို တစ်စုံတစ်ယောက်သောသူသည် ကျွန်အသုံး အဆောင်ဖြင့် သုံးဆောင်ခြင်းငှါ မစွမ်းနိုင်သော အကြောင်းတစ်ပါးကိုလည်း နားထောင်ဦးလော့။ မင်းမြတ် ဟိမဝန္တာတောင်၌ ကံ့ကော်ပန်းပွင့်သောအခါ လေဖြောင့်ဖြောင့် တိုက်ခတ်သည်ရှိသော် ဆယ်ယူဇနာ တစ်ဆယ့်နှစ်ယူဇနာတို့တိုင် ပန်းရနံ့သည် ကြိုင်လှိုင်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ဝေဿန္တရာ မင်း၏ ကျော်စောသံသည်လည်း ယူဇနာအထောင်တို့ တိုင်အောင်လည်းကောင်း၊ အကနိဋ္ဌဗြဟ္မာ့ပြည် တိုင်အောင်လည်းကောင်း ဤအတွင်း နတ်ဘုံ အသုရာဘုံ ဂဠုန်တို့ နေရာ ဂန္ဓဗ္ဗနတ်ဘုံ ဘီလူးတို့နေရာ ရက္ခိုသ်တို့နေရာ နဂါးဘုံ ကိန္နရာဘုံ သိကြားဘုံတို့၌ ပျံ့နှံ့၍ တက်၏။ ထိုဝေဿန္တရာမင်း သီလ၏ မြတ်သော အနံ့သည်လည်းကောင်းစွာ သင်းလှိုင်၏။ ထို့ကြောင့် ထိုဝေဿန္တရာမင်း၏ သားသမီးငယ့်တို့ကို တစ်စုံတစ်ယောက်သောသူသည် ကျွန်အသုံးအဆောင်ဖြင့် သုံးဆောင်ခြင်းငှါ မစွမ်းနိုင်။ မင်းမြတ် ဇာလီမင်းသားကို ခမည်းတော်ဖြစ်သော ဝေဿန္တရာမင်းသည် “ချစ်သား သင် ချစ်သား၏ ဘိုးတော်သည် ပုဏ္ဏားအား ဥစ္စာကို ပေး၍ သင်ချစ်သားတို့ကို ရွေးနုတ်လိုသည်ရှိသော် သင် ချစ်သားကို ရွှေစင်နိက္ခ တစ်ထောင်ပေး၍ ရွေးနုတ်ပါစေ။ ကဏှာဇိန်ကို ရွေးနုတ်လိုသည်ရှိသော် ကျွန်ယောက်ျားတစ်ရာ၊ ကျွန်မိန်းမတစ်ရာ၊ ဆင်တစ်ရာ၊ မြင်းတစ်ရာ၊ နို့ညှစ်နွားမတစ်ရာ၊ နွားလားဥသဘတစ်ရာ၊ ရွှေစင် နိက္ခတစ်ရာ ဤသို့ အလုံးစုံ (ခုနစ်ခုပေါင်း) တစ်ရာစီ ပေး၍ ရွေးနုတ်ပါစေ။

--

ချစ်သား သင်တို့၏ အဘိုး သည် သင်ချစ်သားတို့ကို ပုဏ္ဏား၏ လက်မှ မင်းအာဏာဖြင့် အနိုင်အထက် အချည်းနှီး အကယ်၍ ယူလေ ငြားအံ့၊ သစ်ချစ်သားတို့သည် ဘိုးတော်၏စကားကို မလိုက်နာကြကုန်လင့်၊ ပုဏ္ဏားသို့သာ အစဉ် လိုက်ကြကုန်လေ့ာ”ဟု သွန်သင်ဆုံးမတော်မူလိုက်၏။ ဤသို့ သွန်သင်ဆုံးမတော်မူ၍ သားတော်သမီး တော်တို့ကို စေလွှတ်တော်မူလိုက်၏။ ထို့နောင်မှ ဇာလီမင်းသားသည် သွား၍ ဘိုးတော်က မေးအပ်သည်ရှိသော်- “ဘိုးတော်ဘုရား ခမည်းတော်သည် အကျွန်ုပ်ကို ရွှေစင်နိက္ခ တစ်ထောင်ဖိုးကိုသာ ပေးစေပါပြီ။ ထို့ပြင် ကဏှာဇိန် နှမပျိုကို ဆင်တစ်ရာစသော ခုနစ်ပါးပေါင်း တစ်ရာစီကို ပေးစေပါပြီ”ဟု (လျှောက်၏)။

အသျှင်ဘုရားနာဂသေန ပြဿနာကို ကောင်းစွာ ဖြေအပ်ပါပြီ။ ဒိဋ္ဌိတည်းဟူသော ကွန်ရက်ကို ကောင်းစွာ ဖျက်ဆီးအပ်ပါပြီ။ သူတစ်ပါး၏ အစွပ်အစွဲကို ကောင်းစွာ နှိမ်နင်းအပ်ပါပြီ။ မိမိ၏ အယူကို ကောင်းစွာ ပြတော်မူအပ်ပါပြီ။ သဒ္ဒါကို ကောင်းစွာ ပြင်ဆင် သုတ်သင်အပ်ပါပြီ၊ အနက်ကို ကောင်းစွာ ဝေဖန်အပ်ပါပြီ၊ ဤသို့လျှင် ဤစကားကို ထိုသို့ဆိုတော်မူတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

ရှေးဦးစွာသော ဝေဿန္တရပဥှာ ပြီး၏။

၂-ဒုက္ကရကာရိကပဥှာ

ဒုက္ကရစရိယာ အကျင့် ပြဿနာ

။ အသျှင်ဘုရားနာဂသေန ဘုရားလောင်းအားလုံးတို့သည်ပင် ပြုနိုင်ခဲလှစွာသော ဒုက္ကရစရိယာ အကျင့်ကို ပြုကျင့်ပါကုန်သလော။ သို့မဟုတ် ဂေါတမဘုရားအလောင်းတော်သည်သာ ဒုက္ကရစရိယာ အကျင့်ကို ပြုကျင့်ရပါသလောဟု (မေးလျှောက်၏)။ မင်းမြတ် ဘုရားလောင်းအားလုံးတို့အား ဒုက္ကရ စရိယာအကျင့်သည် မရှိ။ ဂေါတမဘုရားလောင်းသည်သာလျှင် ဒုက္ကရစရိယာအကျင့်ကို ပြုကျင့်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ဤသို့ဖြစ်ခဲ့မူ ဘုရားလောင်းတို့၏ ဘုရားလောင်းတို့နှင့် ထူးခြားသည်၏ အဖြစ်သည် မသင့်တော်ချေဟု (လျှောက်၏)။ မင်းမြတ် အကြောင်းအရာလေးပါးတို့ဖြင့် ဘုရားလောင်းတို့၏ ဘုရားလောင်းတို့နှင့် ထူးခြားသော အဖြစ်သည် ဖြစ်၏။ အဘယ်လေးပါးတို့ဖြင့်နည်းဟူမူ-(၁) အမျိုးဇာတ် ထူးခြားသော အဖြစ်၊ (၂) ကမ္မဋ္ဌာန်းအကျင့် ထူးခြားသော အဖြစ်၊ (၃) အသက်တော် ထူးခြားသော အဖြစ်၊ (၄) အရပ်တော်ပမာဏ ထူးခြားသော အဖြစ်တို့တည်း။ မင်းမြတ် ဤလေးပါးသော အကြောင်းတို့ဖြင့် ဘုရားလောင်းတို့၏ ဘုရားလောင်းတို့နှင့် ထူးခြားသော အဖြစ်သည်ဖြစ်၏။ မင်းမြတ် အလုံးစုံသော ဘုရားရှင်တို့အား အသွင်၌လည်းကောင်း၊ သီလ၌လည်းကောင်း၊ သမာဓိ၌လည်းကောင်း၊ ပညာ၌လည်းကောင်း၊ ဝိမုတ္တိဉာဏ်၌လည်းကောင်း၊ ဝိမုတ္တိဉာဏ်အမြင်၌လည်းကောင်း၊ ဝေသာ ရဇ္ဇဉာဏ်လေးပါး၌လည်းကောင်း၊ ဘုရားရှင်တို့၏ အားတော်ဆယ်ပါး၌လည်းကောင်း၊ အသာဓာရဏ ဉာဏ်တော်ခြောက်ပါး၌လည်းကောင်း၊ ဘုရားဉာဏ်တော်တစ်ဆယ့်လေးပါး၌လည်းကောင်း၊ ဘုရားဂုဏ် ကျေးဇူးတရားတစ်ဆယ့်ရှစ်ပါး၌လည်းကောင်း၊ အလုံးစုံသော ဘုရားဂုဏ်တော်၌လည်းကောင်း ထူးခြားသော အဖြစ်သည် မရှိ။ အလုံးစုံသော မြတ်စွာဘုရားတို့သည်လည်း ဘုရားရှင်တို့၏ ဂုဏ်ကျေးဇူးတို့နှင့်တူမျှကြကုန်၏ဟု (မိန့်တော်မူ၏)။

--

အသျှင်ဘုရားနာဂသေန အလုံးစုံသော မြတ်စွာဘုရားတို့သည်လည်း ဘုရားရှင်တို့၏ ဂုဏ်ကျေးဇူးတို့နှင့် အကယ်၍ တူမျှကြပါကုန်သည် ဖြစ်အံ့။ အဘယ်အကြောင်းကြောင့် ဂေါတမဘုရားအလောင်း သည်သာ ဒုက္ကရစရိယာအကျင့်ကို ပြုကျင့်အပ်ပါသနည်းဟု (လျှောက်၏)။ မင်းမြတ် ဂေါတမဘုရား အလောင်းတော်သည် ဉာဏ် မရင့်ကျက်မီ သဗ္ဗညုတဉာဏ်တော် မရင့်ကျက်သေးမီ တောထွက်သည် ဖြစ်ရကား မရင့်ကျက်သေးသော ဉာဏ်ကို ရင့်ကျက်စေသောကြောင့် ဒုက္ကရစရိယာအကျင့်ကို ပြုကျင့်တော်မူရ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား နာဂသေန အဘယ်အကြောင်းကြောင့် ဘုရားအလောင်းသည် ဉာဏ်မရင့်ကျက်သေးမီ သဗ္ဗညုတဉာဏ် မရင့်ကျက်သေးမီ တောထွက်ဘိသနည်း။ ဉာဏ်ကို ရင့်ကျက်စေ၍ ဉာဏ်ရင့်ကျက်မှ ထွက်သင့်သည် မဟုတ်ပါလောဟု (လျှောက်၏)။

မင်းမြတ် ဘုရားလောင်းသည် ဖောက်ပြန်သော မောင်းမအပေါင်းကို မြင်၍ နှလုံးမသာယာခြင်း ဖြစ်၏။ နှလုံးမသာယာခြင်းဖြစ်သော ထိုဘုရားလောင်းအား မမွေ့လျော်ခြင်း ဖြစ်၏။ မမွေ့လျော်သော စိတ်ဖြစ်သည်ကို မြင်၍ မာရ်နတ်၏ အသင်းအပင်းဖြစ်သော တစ်ဦးသော နတ်သားသည် “ဤအခါသည် ကား စင်စစ် မမွေ့လျော်သော စိတ်ကို ဖျောက်ပယ်ခြင်းငှါ အခါတည်း”ဟု ကောင်းကင်၌ ရပ်လျက် ဤ စကားကို ဆို၏ “အလောင်းမင်း သင်အလောင်းမင်းသည် ပျင်းရိခြင်း မဖြစ်ပါလင့်။ သင်အလောင်းမင်း အား ဤနေ့မှ ခုနစ်ရက်မြောက်သော နေ့၌ အကန့်တစ်ထောင်ရှိသော၊ အကွပ်နှင့်တကွသော၊ ပုံတောင်းနှင့်တကွသော၊ အလုံးစုံသော အခြင်းအရာနှင့် ပြည့်စုံသော၊ နတ်၌ ဖြစ်သော စကြာရတနာသည် ထင်ရှား ဖြစ်ပါလတ္တံ့။ သင်အလောင်းမင်းအား မြေ၌ ရောက်ကုန်သော ရတနာတို့သည်လည်းကောင်း၊ ကောင်းကင်၌ တည်သော ရတနာတို့သည်လည်းကောင်း အလိုလိုသာလျှင် ကပ်ရောက်လာပါကုန်လတ္တံ့။ ကျွန်းငယ်နှစ်ထောင် အခြံအရံရှိကုန်သော ကျွန်းကြီးလေးကျွန်းတို့၌ တစ်ဦးတည်း ပြဋ္ဌာန်းသောအားဖြင့် အာဏာပျံ့နှံ့လတ္တံ့။ အလောင်းမင်းအား ရဲရင့်ကုန်သော၊ သူရဲကောင်း အင်္ဂရုပ်ရှိကုန်သော၊ တစ်ဖက် စစ်သည်တို့ကို နှိမ်နင်းနိုင်ကုန်သော၊ အထောင်မကသော သားတော်တို့သည် ဖြစ်ကုန်လတ္တံ့။ ထိုသားတော်တို့ ခြံရံလျက် ရတနာခုနစ်ပါးနှင့် ပြည့်စုံသည် ဖြစ်၍ လေးကျွန်းသူ လူအပေါင်းကို ဆုံးမရလတ္တံ့”ဟု ဆို၏။

တစ်နေ့လုံး ပူလောင်ထားသော တစ်ခုလုံး ပူလောင်နေသော သံတံကျင်သည် နားတွင်းသို့ စူးဝင်ရာသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ထိုနတ်သား၏ စကားသည် ဘုရားလောင်း၏ နားတွင်းသို့ စူးဝင်လေ၏။ ဤသို့လျှင် ထိုဘုရားလောင်းသည် ပြကတေ့အားဖြင့်သာလျှင် ပျင်းရိငြီးငွေ့နေသည် ဖြစ်လျက် ထိုနတ်၏ စကားကြောင့်ကား အတိုင်းထက်အလွန် ထိတ်လန့်ကြောက်ရွံ့၏၊ ထိတ်လန့်ခြင်းသို့ ရောက်၏။

မင်းမြတ် ကြီးစွာသော မီးပုံကြီးသည် တောက်လောင်နေစဉ် တစ်ပါးသော ထင်းမီးစာဖြင့် ထပ်မံ တောက်လောင်စေခဲ့သော် အတိုင်းထက်အလွန် တောက်လောင်ရာသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ဘုရားလောင်းသည် ပြကတေ့အားဖြင့်သာလျှင် ငြီးငွေ့နေသည် ဖြစ်လျက် ထိုနတ်၏ စကားကြောင့်ကား အတိုင်းထက်အလွန် ထိတ်လန့်ကြောက်ရွံ့၏၊ ထိတ်လန့်ခြင်းသို့ ရောက်၏။

မင်းမြတ် ဥပမာတစ်နည်းသော်ကား ပြကတေ့ စိုစွတ်သည် ဖြစ်၍ ကောင်းစွာ ပေါက်သဖြင့် စိမ်းစိုသော နေဇာမြက်နုရှိသော မြေကြီးသည် နောက်ထပ် ရေလောင်းအပ်သည်ရှိသော် ရွှံ့ညွန်အတိ ဖြစ်လျက် တစ်ဖန်လျှင် မိုးကြီးရွာသွန်းပြန်သော် အတိုင်းထက်အလွန် ရွှံ့ညွန်အတိ ဖြစ်ရာ၏၊ မင်းမြတ် ဤအတူသာလျှင် ဘုရားလောင်းသည် ပြကတေ့အားဖြင့်သာလျှင် ငြီးငွေ့နေသည် ဖြစ်လျက် ထိုနတ်၏ စကားကြောင့်ကား အတိုင်းထက်အလွန် ထိတ်လန့်ကြောက်ရွံ့၏၊ ထိတ်လန့်ခြင်းသို့ ရောက်၏ဟု (မိန့်တော်မူ၏)။

--

အသျှင်ဘုရားနာဂသေန ဘုရားလောင်းအား ခုနစ်ရက်မြောက်သောနေ့ဝယ် နတ်၌ ဖြစ်သော စကြာ ရတနာသည် အကယ်၍ ဖြစ်ငြားအံ့။ ဘုရားလောင်းသည် နတ်၌ ဖြစ်သော စကြာရတနာ ဖြစ်ပေါ်လတ် သော် ဆုတ်နစ်ပြန်လည်ရာပါသလောဟု (မေးလျှောက်၏)။ မင်းမြတ် ခုနစ်ရက်မြောက်သောနေ့၌ ဘုရား လောင်းအား နတ်၌ ဖြစ်သော စကြာရတနာသည် မဖြစ်ရာ။ ထိုသို့ စကြာရတနာမဖြစ်ဘဲလျက်လည်း ထိုနတ်သည် ဖြားယောင်း သွေးဆောင်ခြင်းအကျိုးငှါ မမှန်သော စကားကို ဆိုအပ်၏၊ မင်းမြတ် ခုနစ်ရက် မြောက်သောနေ့၌ နတ်၌ ဖြစ်သော စကြာရတနာသည် အကယ်၍ ဖြစ်စေဦးတော့၊ ဘုရားလောင်းသည် မဆုတ်နစ် မပြန်လည်ရာ။ အကြောင်းအဘယ်နည်းဟူမူ-မင်းမြတ် ဘုရားလောင်းသည် “အနိစ္စ”ဟု မြဲမြံစွာ စွဲယူ၏။ “ဒုက္ခ”ဟု၊ “အနတ္တ”ဟု မြဲမြံစွာ စွဲယူ၏၊ (နိစ္စ သုခ အတ္တဟု တဏှာ ဒိဋ္ဌိအားဖြင့်) ပြင်းစွာ စွဲလမ်းမှုကုန်ပျက်ခြင်းသို့ ရောက်၏။ (ထို့ကြောင့် မဆုတ်နစ် မပြန်လည်ရာ)။

မင်းမြတ် ဥပမာအားဖြင့် အနောတတ်အိုင်ကြီးမှရေသည် ဂင်္ဂါမြစ်သို့ ဝင်၏။ ဂင်္ဂါမြစ်မှ မဟာ သမုဒ္ဒရာသို့ ဝင်၏။ မဟာသမုဒ္ဒရာမှ (နဂါးပြည်) ပါတာလမုခသို့ ဝင်၏။ မင်းမြတ် ပါတာလမုခသို့ ရောက်ပြီးသော ထိုရေသည် ပြန်လည်၍ မဟာသမုဒ္ဒရာသို့ ဝင်နိုင်ရာသလော။ မဟာသမုဒ္ဒရာမှ ဂင်္ဂါမြစ် သို့ ဝင်နိုင်ရာသလော။ ဂင်္ဂါမြစ်မှ တစ်ဖန် အနောတတ်အိုင်သို့ ဝင်နိုင်ရာသလောဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား မဝင်နိုင်ရာပါဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် ဘုရားလောင်းသည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ပတ်လုံး ဤ (ပစ္ဆိမဘဝိကဘုရားဖြစ်မည့်) ဘဝ၏ အကြောင်းကြောင့် ကုသိုလ်ကို ဆည်းပူးအပ်ပြီ။ ထိုဘုရားလောင်းသည် နောက်ဆုံးဘဝသို့ ရောက်လတ်ပြီ။ သဗ္ဗညုတ ဉာဏ်တော်သည် ရင့်ကျက်ပြီ။ ခြောက်နှစ်တို့ဖြင့် တရားအားလုံးကို ထင်ရှားစွာ သိ၍ လောက၌ အထွတ် အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်တော်မူသော ဘုရားဖြစ်လတ္တံ့။ မင်းမြတ် ဘုရားလောင်းသည် စကြာရတနာဟူသော အကြောင်းကြောင့် ဆုတ်နစ်ပြန်လည်နိုင်ရာအံ့လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မဆုတ်နစ် မပြန် လည်ရာပါဟု (လျှောက်၏)။

မင်းမြတ် စင်စစ်သော်ကား မြေကြီးသည် တောနှင့်တကွ တောင်နှင့်တကွ ဆုတ်နစ်သော် ဆုတ်နစ်ရာသေး၏၊ ဘုရားလောင်းသည် သဗ္ဗညုတဉာဏ်သို့ မရောက်ရဘဲ မဆုတ်နစ်ရာပေ။ မင်းမြတ် ဂင်္ဂါ မြစ်ရေသည် ရေဆန်ရေညာသို့ ဆန်တက်သော် ဆန်တက်ရာ၏၊ ဘုရားလောင်းသည် သဗ္ဗညုတဉာဏ်သို့ မရောက်ရဘဲ မဆုတ်နစ်ရာပေ။ မင်းမြတ် မနှိုင်းရှည့်နိုင်သော ရေကို ဆောင်သော မဟာသမုဒ္ဒရာသည် နွားခြေရာကွက်၌ ရေကဲ့သို့ ခြောက်ခန်းသော်လည်း ခြောက်ခန်းရာ၏၊ ဘုရားလောင်းသည် သဗ္ဗညုတ ဉာဏ်သို့ မရောက်ဘဲ မဆုတ်နစ်ရာပေ။ မင်းမြတ် မြင်းမိုရ်တောင်မင်းသည် အစိတ်အရာသော်လည်းကောင်း၊ အစိတ်အထောင်သော်လည်းကောင်း ကွဲသော်လည်း ကွဲရာ၏၊ ဘုရားလောင်းသည် သဗ္ဗညုတ ဉာဏ်သို့ မရောက်ရဘဲ မဆုတ်နစ်ရာပေ။ မင်းမြတ် လနေတို့သည် ကြယ်တာရာတို့နှင့်တကွ မြေ၌ ခဲကဲ့သို့ ကျသော်လည်း ကျရာ၏၊ ဘုရားလောင်းသည် သဗ္ဗညုတဉာဏ်သို့ မရောက်ရဘဲ မဆုတ်နစ်ရာပေ။ မင်းမြတ် ကောင်းကင်သည် ဖျာကဲ့သို့ လိပ်သော်လည်း လိပ်ရာ၏၊ ဘုရားလောင်းသည် သဗ္ဗညုတဉာဏ်သို့ မရောက်ရဘဲ မဆုတ်နစ်ရာပေ။ အဘယ်အကြောင်းကြောင့်နည်းဟူမူ-အလုံးစုံသော အနှောင်အဖွဲ့တို့ကို ဖြတ်တောက်အပ်ပြီးသည်၏ အဖြစ်ကြောင့်တည်းဟု (မိန့် တော်မူ၏)။

အသျှင်ဘုရားနာဂသေန လောက၌ အနှောင်အဖွဲ့တို့သည် အဘယ်မျှလောက် ရှိပါကုန်သနည်းဟု (မေးလျှောက်၏)၊ မင်းမြတ် လောက၌ အနှောင်အဖွဲ့တို့သည် ဤဆယ်ပါးတို့ပေတည်း၊ ယင်းအနှောင် အဖွဲ့တို့ဖြင့် နှောင်ဖွဲ့အပ်ကုန်သော သတ္တဝါတို့သည် မထွက်ခွါနိုင်ကုန်။ ထွက်ခွါပါကုန်သော်လည်း ပြန်လည်ရကုန်၏။ အဘယ် ဆယ်ပါးတို့နည်းဟူမူ-

(၁) မင်းမြတ် လောက၌ အမိသည် အနှောင်အဖွဲ့တည်း။

(၂) မင်းမြတ် လောက၌ အဖသည် အနှောင်အဖွဲ့တည်း။

(၃) မင်းမြတ် လောက၌ မယားသည် အနှေင်အဖွဲ့တည်း။

--

(၄) မင်းမြတ် လောက၌ သားသမီးတို့သည် အနှောင်အဖွဲ့တည်း။

(၅) မင်းမြတ် လောက၌ ဆွေမျိုးတို့သည် အနှောင်အဖွဲ့တည်း။

(၆) မင်းမြတ် လောက၌ မိတ်ဆွေသည် အနှောင်အဖွဲ့တည်း။

(၇) မင်းမြတ် လောက၌ ဥစ္စာသည် အနှောင်အဖွဲ့တည်း။

(၈) မင်းမြတ် လောက၌ လာဘ်ပူဇော်သကာသည် အနှောင်အဖွဲ့တည်း။

(၉) မင်းမြတ် လောက၌ အစိုးရခြင်းသည် အနှောင်အဖွဲ့တည်း။

(၁၀) မင်းမြတ် လောက၌ ကာမဂုဏ်ငါးပါးတို့သည် အနှောင်အဖွဲ့တည်း။

မင်းမြတ် လောက၌ အနှောင်အဖွဲ့တို့သည် ဤဆယ်ပါးတို့တည်း။ ယင်းအနှောင်အဖွဲ့တို့ဖြင့် နှောင်ဖွဲ့အပ်ကုန်သော သတ္တဝါတို့သည် မထွက်ခွါနိုင်ကြကုန်။ ထွက်ခွါပါကုန်သော်လည်း ပြန်လည်ရကုန်၏။ ထိုဆယ်ပါးသော အနှောင်အဖွဲ့တို့ကို ဘုရားလောင်းသည် ဖြတ်အပ်ပြီးကုန်ပြီ။ ခွဲဖျက်အပ်ပြီးကုန်ပြီ။ မင်းမြတ် ထို့ကြောင့် ဘုရားလောင်းသည် ဆုတ်နစ်တော်မမူဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ဘုရားလောင်းသည် နတ်၏ စကားကြောင့် မမွေ့လျော်သော စိတ်ဖြစ်ပေါ် လတ်သော် ဉာဏ်မရင့်ကျက်သေးမီ သဗ္ဗညုတဉာဏ် မရင့်ကျက်သေးမီ အကယ်၍ တောထွက်ခဲ့ငြားအံ့။ ထိုဘုရားလောင်း ပြုလုပ်အပ်သော ဒုက္ကရစရိယာအကျင့်ဖြင့် အဘယ်အကျိုးရှိအံ့နည်း။ အလုံးစုံသော စားသောက်ဖွယ်ကို စားသောက်ခြင်းဖြင့် ဉာဏ်ရင့်ကျက်ခြင်းကို ငံ့လင့်လျက် ဖြစ်ရမည် မဟုတ်ပါလောဟု (လျှောက်၏)။

မင်းမြတ် လောက၌ မထီမဲ့မြင် ပြုအပ်ကုန်သော၊ အယုတ်ဟု မှတ်အပ်ကုန်သော၊ ရှုတ်ချအပ်ကုန်သော၊ ကဲ့ရဲ့အပ်ကုန်သော၊ ပြစ်တင်အပ်ကုန်သော၊ နှိပ်စက်အပ်ကုန်သော၊ အရိုအသေ မပြုအပ်ကုန်သော ပုဂ္ဂိုလ်တို့သည် ဤဆယ်ယောက်တို့တည်း။ အဘယ်ဆယ်ယောက်တို့နည်းဟူမူ-

(၁) မင်းမြတ် လင်ကင်းသော မိန်းမကို လောက၌ မထီမဲ့မြင် ပြုအပ်၏။ အယုတ်ဟု မှတ်အပ်၏။ ရှုတ်ချအပ်၏၊ ကဲ့ရဲ့အပ်၏၊ ပြစ်တင်အပ်၏၊ နှိပ်စက်အပ်၏၊ အရိုအသေမပြုအပ်။

(၂) မင်းမြတ် အားအင်နည်းပါးသော ပုဂ္ဂိုလ်ကို။ပ။

(၃) အဆွေအမျိုးမဲ့သော ပုဂ္ဂိုလ်ကို။

(၄) အစားကြီးသော ပုဂ္ဂိုလ်ကို။

(၅) ဆရာ့ထံ မဆည်းကပ်ဖူးသော ပုဂ္ဂိုလ်ကို။

(၆) ယုတ်မာသော အဆွေခင်ပွန်းရှိသော ပုဂ္ဂိုလ်ကို။

(၇) ဥစ္စာပစ္စည်းချို့တဲ့သော ပုဂ္ဂိုလ်ကို။

(၈) အကျင့်ယုတ်သော ပုဂ္ဂိုလ်ကို။

(၉) အလုပ်လက်မဲ့ ပုဂ္ဂိုလ်ကို။

(၁၀) လုံ့လချို့တဲ့သော ပုဂ္ဂိုလ်ကို လောက၌ မထီမဲ့မြင် ပြုအပ်၏။ အယုတ်ဟု မှတ်အပ်၏။ ရှုတ်ချအပ်၏၊ ကဲ့ရဲ့အပ်၏၊ ပြစ်တင်အပ်၏၊ နှိပ်စက်အပ်၏၊ အရိုအသေ မပြုအပ်။

မင်းမြတ် လောက၌ မထီမဲ့မြင် ပြုအပ်ကုန်သော၊ အယုတ်ဟု မှတ်အပ်ကုန်သော၊ ရှုတ်ချအပ်ကုန်သော၊ ကဲ့ရဲအပ်ကုန်သော၊ အပြစ်တင်အပ်ကုန်သော၊ နှိပ်စက်အပ်ကုန်သော၊ အရိုအသေ မပြုအပ်ကုန်သော ပုဂ္ဂိုလ်တို့သည် ဤဆယ်ယောက်တို့တည်း။

--

မင်းမြတ် ဤဆယ်ပါးသော အကြောင်းအရာတို့ကို အောက်မေ့သော ဘုရားလောင်းအား ဤသို့သော အမှတ်သညာ ဖြစ်၏။ ငါသည် အလုပ်လက်မဲ့ လုံ့လချို့တဲ့၍ နတ်လူတို့ ကဲ့ရဲ့အပ်သည် မဖြစ်ပါ့စေလင့်။ အကယ်၍ “ငါသည် အမှုလုပ်အရှင် ဖြစ်အံ့။ အမှုလုပ်ခြင်းကို အလေးပြုအံ့။ အမှုလုပ်ခြင်းလျှင် အကြီးအမှူးရှိသည် ဖြစ်အံ့။ အမှုလုပ်ခြင်းလျှင် အလေ့အကျင့်ရှိသည် ဖြစ်အံ့။ အမှုလုပ်ခြင်းကို ဆောင်ရွက်အံ့။ အမှုလုပ်ခြင်းလျှင် အိမ်နေရာရှိသည် ဖြစ်၍ မမေ့မလျော့နေတော့အံ့”ဟု (အမှတ်သညာ ဖြစ်၏)။ မင်းမြတ် ဤသို့လျှင် ဘုရားလောင်းသည် ဉာဏ်ကို ရင့်ကျက်စေလျက် ဒုက္ကရစရိယာအကျင့်ကို ပြုကျင့်တော်မူ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ဘုရားလောင်းသည် ဒုက္ကရစရိယာအကျင့်ကို ပြုသည်ရှိသော် “ငါသည် ဤဆင်းရဲငြိုငြင်လှစွာသော ဒုက္ကရစရိယာအကျင့်ကို ကျင့်သဖြင့် လူတို့၏ ကုသိုလ်ကမ္မပထတရားထက် လွန်မြတ်သော အရိယာတို့၏ ဉာဏ်အမြင်အထူးကို မရခဲ့။ သစ္စာလေးပါးကို သိခြင်းငှါ အခြားလမ်းရှိရာ သေးသလောဟု ဆိုပါ၏။ ထိုအခါ ဘုရားလောင်းအား မဂ်ကို အကြောင်းပြု၍ သတိလွတ်ကင်းတွေဝေ ခြင်း ဖြစ်ပါသေးသလော”ဟု (မေးလျှောက်၏)။

မင်းမြတ် စိတ်ကို အားနည်းအောင် ပြုတတ်ကုန်သော တရားတို့သည် ဤနှစ်ဆယ့်ငါးပါးတို့တည်း။ ယင်းနှစ်ဆယ့်ငါးပါးသော တရားတို့က အားနည်းအောင် ပြုအပ်သောစိတ်သည် မတည်ကြည်နိုင်။ အာသဝေါတရားတို့ကုန်ခြင်းငှါ မဖြစ်နိုင်။ အဘယ်နှစ်ဆယ့်ငါးပါးတို့နည်းဟူမူ- မင်းမြတ်

(၁) အမျက်ဒေါသသည် စိတ်ကို အားနည်းအောင် ပြုတတ်သော တရားတည်း။ ယင်းအမျက် ဒေါသက အားနည်းအောင် ပြုအပ်သော စိတ်သည် မတည်ကြည်နိုင်။ အာသဝေါတရားတို့ကုန်ခြင်းငှါ မဖြစ်။

(၂) ရန်ငြိုးဖွဲ့ခြင်းသည်။ပ။ (၃) ကျေးဇူးကို ချေဖျက်ခြင်းသည်။ (၄) ဂုဏ်ပြိုင်ခြင်းသည်။

(၅) ငြူစူစောင်းမြောင်းခြင်းသည်။ (၆) ဝန်တိုခြင်းသည်။ (၇) လှည့်ပတ်ခြင်းသည်။

(၈) ကောက်ကျစ်စဉ်းလဲခြင်းသည်။ (၉) ခက်ထန်တင်းမာခြင်းသည်။ (၁၀) ခြုတ်ခြယ်ခြင်းသည်။

(၁၁) မာန်မူခြင်းသည်။ (၁၂) အလွန်မာန်မူခြင်းသည်။ (၁၃) မာန်ယစ်ခြင်းသည်။

(၁၄) မေ့လျော့ပေါ့တန်ခြင်းသည်။ (၁၅) လေးလံထိုင်းမှိုင်းခြင်းသည်။ (၁၆) ငြီးငွေ့ခြင်းသည်။

(၁၇) ပျင်းရိခြင်းသည်။ (၁၈) ယုတ်ညံ့သော အဆွေခင်ပွန်းရှိခြင်းသည်။

(၁၉) အဆင်း ‘ရူပါရုံ'တို့သည်။

(၂၀) အသံ'သဒ္ဒါရုံ'တို့သည်။ (၂၁) အနံ့'ဂန္ဓာရုံ'တို့သည်။ (၂၂) အရသာ'ရသာရုံ'တို့သည်။

(၂၃) အတွေ့အထိ ‘ဖောဋ္ဌဗ္ဗာရုံ'တို့သည်။ (၂၄) ဆာလောင်မွတ်သိပ်ခြင်းသည်။

(၂၅) မင်းမြတ် မမွေ့လျော်ခြင်းသည် စိတ်ကို အားနည်းအောင် ပြုတတ်သော တရားတည်း။ ယင်းမမွေ့လျော်ခြင်းက အားနည်းအောင် ပြုအပ်သောစိတ်သည် မတည်ကြည်နိုင်။ အာသဝေါတရားတို့ကုန်ခြင်းငှါ မဖြစ်နိုင်။

မင်းမြတ် နှစ်ဆယ့်ငါးပါးကုန်သော ဤတရားတို့သည် စိတ်ကို အားနည်းအောင် ပြုတတ်ကုန်သော တရားတို့တည်း။ ယင်းတရားတို့က အားနည်းအောင် ပြုအပ်သော စိတ်သည် မတည်ကြည်။ အာသဝေါ တရားတို့ကုန်ခြင်းငှါ မဖြစ်နိုင်။

--

မင်းမြတ် ဘုရားလောင်း၏ ဆာလောင်မွတ်သိပ်မှုတို့သည် ကိုယ်ကို ချုံးစေကုန်၏။ ကိုယ်ချုံး လတ်သော် စိတ်သည် မတည်ကြည်နိုင်။ အာသဝေါတရားတို့ကုန်ခြင်းငှါ မဖြစ်နိုင်။ မင်းမြတ် လေး သင်္ချေနှင့် ကမ္ဘာတစ်သိန်းပတ်လုံး ဘုရားလောင်းသည် ထိုထိုဘဝတို့၌ အရိယသစ္စာလေးပါးတို့ကိုသာလျှင် ထိုးထွင်း၍ သိကြောင်းကို ရှာဖွေခဲ့လှလေပြီ။ သို့ဖြစ်လျက် ထိုဘုရားလောင်းအား အဆုံးစွန်ဘဝဖြစ်သော သစ္စာလေးပါးကို ထိုးထွင်း၍ သိရမည့်ဘဝ၌ မဂ်ကို အာရုံပြု၍ သတိလွတ်ကင်း တွေဝေခြင်းသည် အဘယ်မှာ ဖြစ်နိုင်လတ္တံ့နည်း။ မင်းမြတ် ဘုရားလောင်းအား “သစ္စာလေးပါးကို သိခြင်းငှါ အခြားလမ်း သည် ရှိရာသေးသလော”ဟု အမှတ်သညာမျှသည် ဖြစ်၏။ မင်းမြတ် ဘုရားလောင်းသည် တစ်လသားမျှ သာ ဖြစ်လျက်၊ သာကီဝင်မင်းဖြစ်သော ဖခမည်းတော် လယ်ထွန်မင်္ဂလာအမှုကို ပြုလုပ်စဉ် အေးမြသော သပြေပင်ရိပ်ဝယ် ကျက်သရေရှိသော နေရာ၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေလျက်၊ ကာမဂုဏ်တို့မှ ကင်းဆိတ် လျက်သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်မှု ‘ဝိတက်’၊ သုံးသပ်ဆင်ခြင်မှု ‘ဝိစာရ'နှင့်တကွဖြစ်သော၊ နီဝရဏကင်းဆိတ်ခြင်းကြောင့်ဖြစ်သော၊ နှစ်သိမ့်မှု'ပီတိ’၊ ချမ်းသာမှု ‘သုခ’ ရှိသော ပဌမဈာန်ကို ပြည့်စုံစေ၍နေ၏။ပ။ စတုတ္ထဈာန်ကို ပြည့်စုံစေ၍နေ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏။ ဤသို့လျှင် ဤစကားကို ထိုသို့ ဆိုတော်မူတိုင်း ဝန်ခံပါ၏။ ဘုရားလောင်းသည် ဉာဏ်ကို ရင့်ကျက်စေတော်မူလျက် ဒုက္ကရစရိယာအကျင့်ကို ပြုကျင့်တော်မူပါ၏ဟု (လျှောက်၏)။ ။

နှစ်ခုမြောက် ဒုက္ကရကာရိကပဥှာ ပြီး၏။

၃-ကုသလာကုသလဗလဝတရပဥှာ

ကုသိုလ် အကုသိုလ်၏ အားကြီးမှု ပြဿနာ

။ အသျှင်ဘုရားနာဂသေန အဘယ်တရားသည် အလွန်အကဲ အားကြီးလေသနည်း။ ကုသိုလ် သည်မူလည်း အားကြီးသလော။ အကုသိုလ်သည်မူလည်း အားကြီးသလောဟု (မေးလျှောက်၏)။ မင်းမြတ် ကုသိုလ်သည် အလွန်အကဲ အားကြီး၏။ ထိုကုသိုလ်အတူ အကုသိုလ်သည် အားမကြီးဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန “ကုသိုလ်သည် အလွန်အကဲ အားကြီး၏။ ထိုကုသိုလ်အတူ အကုသိုလ်သည် အားမကြီး”ဟူသော ထိုစကားကို အကျွန်ုပ် လက်မခံနိုင်ပါ။ အသျှင်ဘုရားနာဂသေန ဤလောက၌ သူ၏ အသက်ကို သတ်ကုန်သူတို့သည် ထင်ရှားရှိကုန်၏။ မပေးသည်ကို ခိုးယူသူတို့သည် ထင်ရှားရှိကုန်၏။ ကာမတို့၌ မှားသောအားဖြင့် ကျင့်သူတို့သည် ထင်ရှားရှိကုန်၏။ မဟုတ်မမှန် ပြောဆိုသူတို့သည် ထင်ရှားရှိကုန်၏။ ရွာကို တိုက်ဖျက်သူတို့သည် ထင်ရှားရှိကုန်၏။ လမ်းခရီး၌ လုယက်သူတို့သည် ထင်ရှားရှိကုန်၏။ စဉ်းလဲသူတို့သည် ထင်ရှားရှိကုန်၏။ လှည့်ပတ်ဖြားယောင်းသူတို့သည် ထင်ရှားရှိကုန်၏။ ထိုအလုံးစုံသောသူတို့သည် ထိုမျှလောက်သော မကောင်းမှုဖြင့် လက်ဖြတ် ခြင်းကို ခံရကုန်၏။ ခြေဖြတ်ခြင်းကို၊ လက်ခြေဖြတ်ခြင်းကို၊ နားဖြတ်ခြင်းကို၊ နှာခေါင်းဖြတ်ခြင်းကို၊ နား, နှာခေါင်းဖြတ်ခြင်းကို၊ ပုန်းရည်အိုးခေါ် ညှဉ်းပန်းမှုကို၊ ခရုသင်းဦးပြည်းခေါ် ညှဉ်းပန်းမှုကို၊ရာဟုခံတွင်း ခေါ် ညှဉ်းပန်းမှုကို၊ မီးပန်းခေါ် ညှဉ်းပန်းမှုကို၊ လက်ဆီမီးခေါ် ညှဉ်းပန်းမှုကို၊ ပြိန်းရွက်ခေါ် ညှဉ်းပန်းမှုကို၊ လျော်တေအဝတ်ခေါ် ညှဉ်းပန်းမှုကို၊ ဧဏီသားမီးမြှိုက်ခေါ် ညှဉ်းပန်းမှုကို၊ ငါးမျှား ချိတ်ဖြင့် အသားလွှာခြင်းကို၊ ကျပ်ပြားမျှလောက် အသားဖြတ်ခြင်းကို၊ (အသားကို မွမ်း၍) ဆားငံရေ လောင်းခြင်းကို၊ တံခါးကျည်လှည့်ခေါ် ညှဉ်းပန်းမှုကို၊ ကောက်ရိုးထုံးခေါ် ညှဉ်းပန်းမှုကို၊ ဆီပူဖြင့် သွန်းလောင်းခြင်းကို၊ ခွေးတို့ကို ကိုက်စားစေသည်တို့ကို၊ အရှင်လတ်လတ် သံတံကျင်လျှိုခြင်းကို၊ သန်လျက်ဖြင့် ဦးခေါင်းဖြတ်ခြင်းကို ခံရကုန်၏။

--

အချို့သောသူတို့သည် ညဉ့်အခါ၌ မကောင်းမှုကို ပြု၍၊ ညဉ့်အခါ၌ပင်လျှင် မကောင်းကျိုးကို ခံစားရကုန်၏။ အချို့သောသူတို့သည် ညဉ့်အခါ၌ (မကောင်းမှုကို) ပြု၍၊ နေ့အခါ၌ပင်လျှင် (မကောင်း ကျိုးကို) ခံစားရကုန်၏။ အချို့သောသူတို့သည် နေ့အခါ၌ (မကောင်းမှုကို) ပြု၍၊ နေ့အခါ၌ပင်လျှင် (မကောင်းကျိုးကို) ခံစားရကုန်၏။ အချို့သောသူတို့သည် နေ့အခါ၌ (မကောင်းမှုကို) ပြု၍၊ ညဉ့်အခါ၌ ပင်လျှင် (မကောင်းကျိုးကို) ခံစားရကုန်၏။ အချို့သောသူတို့သည် နှစ်ရက် သုံးရက်လွန်သည်ရှိသော် (မကောင်းကျိုးကို) ခံစားရကုန်၏။ ထိုအလုံးစုံသောသူတို့သည်လည်း မျက်မှောက်ဖြစ်သောကိုယ်၏ အဖြစ်၌သာလျှင် မကောင်းကျိုးကို ခံစားရကုန်၏။ အသျှင်ဘုရားနာဂသေန တစ်ယောက်သောသူအားလည်းကောင်း၊ နှစ်ယောက်သောသူတို့အားလည်းကောင်း၊ သုံးယောက်သောသူတို့အားလည်းကောင်း၊ လေးယောက်သောသူတို့အားလည်းကောင်း၊ ငါးယောက်သော သူတို့အားလည်းကောင်း၊ ဆယ်ယောက်သောသူတို့အားလည်းကောင်း၊ တစ်ရာသောသူအားလည်းကောင်း၊ တစ်ထောင်သောသူအားလည်းကောင်း၊ တစ်သိန်းသောသူအားလည်းကောင်း အခြံအရံနှင့်တကွသော အလှူကို ပေး၍၊ သီလဖြင့်လည်းကောင်း၊ ဥပုသ်ကံဖြင့်လည်းကောင်း၊ မျက်မှောက်ဖြစ်သော စည်းစိမ်ကိုလည်းကောင်း၊ အခြံအရံကိုလည်းကောင်း၊ ချမ်းသာကိုလည်းကောင်း ခံစားရသောသူ တစ်စုံတစ်ယောက် ရှိပါ၏လောဟု (မေးလျှောက်၏)။

မင်းမြတ် ယောက်ျားလေးယောက်တို့သည် အလှူကို ပေးသောကြောင့်၊ သီလကို ဆောက်တည် သောကြောင့်၊ ဥပုသ်စောင့်သုံးမှုကို ပြုလုပ်သောကြောင့် မျက်မှောက်ဘဝ၌ပင် ထိုလူကိုယ်ဖြင့်သာလျှင် တာဝတိံသာ နတ်ပြည်သို့ ရောက်ဖူးသောသူတို့ ရှိကုန်၏ဟု (မိန့်တော်မူ၏)၊ အသျှင်ဘုရား အဘယ် သူ၊ အဘယ်သူတို့ပါနည်းဟု (မေးလျှောက်၏)။ မင်းမြတ် မန္ဓာတုစကြာမင်း၊ နေမိမင်း၊ သာဓိနမင်း၊ ဂုတ္တိလစောင်းသမားတို့ပေတည်းဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ထိုဒိဋ္ဌဓမ္မအကျိုးသည် များစွာသော ဘဝအထောင်တို့ ခြားကွာနေ၏။ ဤ အသျှင်ဘုရားပြသော အကြောင်းကား နှစ်ဦးသော အကျွန်ုပ်တို့၏ မျက်ကွယ် ဖြစ်ချေ၏။ အကယ်၍ စွမ်းနိုင်သည် ဖြစ်ပါအံ့။ မြတ်စွာဘုရား ထင်ရှားရှိတော်မူသောအခါ ပစ္စုပ္ပန်ဘဝ၌ပင် ဖြစ်ဖူးသည်ကို မိန့်ကြားတော်မူပါလော့ဟု (လျှောက်၏)။ မင်းမြတ် ပစ္စုပ္ပန်ဘဝ၌လည်း ပုဏ္ဏကကျွန်သည် အသျှင် သာရိပုတ္တရာမထေရ်အား ဘောဇဉ်ကို ပေးလှူသောကြောင့် ထိုပေးလှူသော နေ့၌ပင်လျှင် သူဌေးအရာသို့ ရောက်ရလေ၏။ ထိုပုဏ္ဏကသည် ယခုလက်ထက်၌ ပုဏ္ဏကသူဌေးဟူ၍ ထင်ရှား၏။ ဂေါပါလမာတာ မည်သော မိဖုရားသည် မိမိ၏ ဆံပင်တို့ကို ရောင်း၍ ရအပ်ကုန်သော ရှစ်သပြာတို့ဖြင့် အသျှင်မဟာ ကစ္စည်း မထေရ်အပါအဝင် မထေရ်ရှစ်ပါးအား ဆွမ်းကို ပေးလှူသောကြောင့် ထိုပေးလှူသော နေ့၌ ပင်လျှင် စန္ဒပဇ္ဇောတမင်း၏ မိဖုရားအရာသို့ ရောက်ရ၏။ သုပ္ပိယာဥပါသိကာမသည် မကျန်းမာသော ရဟန်းတစ်ပါးအား မိမိ၏ ပေါင်သားဖြင့် အသားဟင်းကို ပေးလှူသောကြောင့် နှစ်ရက်မြောက်သော နေ့၌ပင်လျှင် အသားနုတတ်ကာ ကောင်းသော အသားအရေဖြစ်၍ အနာကင်းရလေ၏။ မလ္လိကာဒေဝီသည် မြတ်စွာဘုရားအား တစ်ညဉ့်လွန်ပြီးသော မုယောမုံ့လုံးကို ပေးလှူသောကြောင့် ထိုပေးလှူသော နေ့၌ ပင်လျှင် ကောသလမင်း၏ မိဖုရားခေါင်ကြီး ဖြစ်ရလေ၏။ သုမနပန်းသည်သည် ရှစ်ဆုပ်သော မုလေးပန်းတို့ဖြင့် မြတ်စွာဘုရားကို ပူဇော်သောကြောင့် ထိုပူဇော်သောနေ့၌ပင်လျှင် များစွာသော စည်းစိမ်ချမ်းသာ ပြည့်စုံခြင်းသို့ ရောက်ရလေ၏။ ဧကသာဋကပုဏ္ဏားသည် အပေါ်ရုံပုဆိုးဖြင့် မြတ်စွာဘုရားကို ပူဇော်သော ကြောင့် ထိုပူဇော်သော နေ့၌ပင် အလုံးစုံသော ဆင်စသည်တို့၏ ရှစ်ခုအပေါင်းကို ရ၏။ ထိုအလုံးစုံသောသူတို့သည် မျက်မှောက်ဖြစ်သော စည်းစိမ်ကိုလည်းကောင်း၊ အခြံအရံကိုလည်းကောင်း ခံစားရကုန်၏ဟု (မိန့်တော်မူ၏)။

--

အသျှင်ဘုရားနာဂသေန ခြောက်ယောက်သောသူတို့ကိုသာလျှင် ရွေးချယ်ရှာမှီး၍ ပြတော်မူရသည် မဟုတ်ပါလောဟု (လျှောက်၏)။ မင်းမြတ်ဟုတ်ပေ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန ထိုသို့ ဖြစ်ပါမူ အကုသိုလ်သည်သာလျှင် အလွန်အကဲ အားကြီး၏။ ထိုအကုသိုလ်အတူ ကုသိုလ်သည် အားမကြီး။ အသျှင်ဘုရားနာဂသေန အကျွန်ုပ်သည်ကား တစ်နေ့တည်း၌ပင် မကောင်းမှုကံ၏ အကျိုး ကြောင့် တံကျင်လျှို တင်ခံရကုန်သော ဆယ်ယောက်သော ယောက်ျားတို့ကိုလည်း မြင်ရပါ၏။ မကောင်းမှု ကံ၏ အကျိုးကြောင့် တံကျင်လျှိုတင်ခံရကုန်သော နှစ်ဆယ်သော ယောက်ျားတို့ကိုလည်းကောင်း၊ သုံးဆယ်သော ယောက်ျားတို့ကိုလည်းကောင်း၊ လေးဆယ်သော ယောက်ျားတို့ကိုလည်းကောင်း၊ ငါးဆယ်သော ယောက်ျားတို့ကိုလည်းကောင်း၊ ယောက်ျားတစ်ရာကိုလည်းကောင်း၊ ယောက်ျားတစ်ထောင်ကိုလည်း ကောင် မြင်ရပါ၏။ အသျှင်ဘုရားနာဂသေန နန္ဒကုလမည်သော မင်း၏ ဘဒ္ဒသာလမည်သော စစ်သူကြီး သားသည် ရှိလေ၏။ ထိုဘဒ္ဒသာလနှင့် စန္ဒဂုတ်မင်းသည် စစ်မြေပြင်၌ တိုက်ခိုက်ခြင်း ဖြစ်လေ၏။ အသျှင်ဘုရားနာဂသေန ထိုစစ်မြေပြင်၌ နှစ်ဖက်သော ဗိုလ်ပါအပေါင်းဝယ် ရှစ်ဆယ်သော ခေါင်းပြတ် အလောင်းကောင်တို့ ဖြစ်လေကုန်၏။ ခေါင်းပြတ်အလောင်းကောင် တစ်ခုလဲကျသည်ရှိသော် ခေါင်းပြတ် အလောင်းကောင် တစ်ခုသည် ထ၏။ ထိုအလုံးစုံသောသူတို့သည်လည်း မကောင်းမှုကံ၏ အကျိုးကြောင့် ပင် အကျိုးမဲ့ပျက်စီးခြင်းသို့ ရောက်ရကုန်၏။ အသျှင်ဘုရားနာဂသေန ဤအကြောင်းကြောင့်လည်း အကုသိုလ်သည်သာလျှင် အလွန်အကဲ အားကြီး၏။ ထိုအကုသိုလ်အတူ ကုသိုလ်သည် အားမကြီးဟု ဆိုပါ၏။

အသျှင်ဘုရားနာဂသေန ဤမြတ်စွာဘုရားသာသနာတော်၌ ကောသလမင်းသည် အသဒိသအလှူကြီး ကို ပေးလှူ၏ဟု ကြားဖူးပါသလောဟု (မေးလျှောက်၏)။ မင်းမြတ် ကြားဖူး၏ (ဟု မိန့်ဆို၏)။ အသျှင် ဘုရားနာဂသေန ကောသလမင်းသည် ထိုအသဒိသအလှူကြီးကို ပေးလှူ၍ ထိုသို့ ပေးလှူခြင်းဟူသော အကြောင်းကြောင့် တစ်စုံတစ်ရာသော မျက်မှောက်ဖြစ်သော စည်းစိမ်ကိုသော်လည်းကောင်း၊ အခြံအရံကို သော်လည်းကောင်း၊ ချမ်းသာကိုသော်လည်းကောင်း ရပါသလောဟု (မေးလျှောက်၏)။ မင်းမြတ် မရဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန ကောသလမင်းသည် ဤသို့သော သဘောရှိသော အတုမရှိသော အလှူဒါနကို ပေးလှူလျက်လည်း ထိုသို့ ပေးလှူခြင်းဟူသော အကြောင်းကြောင့် မျက်မှောက်ဖြစ်သော စည်းစိမ်ကိုသော်လည်းကောင်း၊ အခြံအရံကိုသော်လည်းကောင်း၊ ချမ်းသာကိုသော်လည်းကောင်း အကယ်၍ မရအံ့၊ အသျှင်ဘုရားနာဂသေန ထိုသို့ဖြစ်ပါမူ အကုသိုလ်သည်သာလျှင် အလွန်အကဲ အားကြီး၏။ ထိုအကုသိုလ်အတူ ကုသိုလ်တရားသည် အားမကြီးပါဟု (လျှောက်၏)။

မင်းမြတ် အကုသိုလ်၏ နည်းပါးသည်၏ အဖြစ်ကြောင့် အကုသိုလ်သည် လျင်မြန်စွာ အကျိုးပေး၏။ ကုသိုလ်၏ များမြတ်ပြန့်ပွါးသည်၏ အဖြစ်ကြောင့် ကာလရှည်ကြာမှ အကျိုးပေး၏။ မင်းမြတ် ဤအရာကို ဥပမာအားဖြင့်လည်း စူးစမ်းဆင်ခြင်အပ်၏။ မင်းမြတ် ဥပမာအားဖြင့် အပရန္တဇနပုဒ်၌ ကုမုဒဘဏ္ဍိက အမည်ရှိသော စပါးမျိုးသည် (စိုက်၍) တစ်လပြည့်သည်ရှိသော် အိမ်အတွင်းသို့ ရောက်၏။ သလေးစပါးတို့သည် ခြောက်လ ငါးလကြာမှ မှည့်ရင့်ကုန်၏။ မင်းမြတ် ဤအရာ၌ ကုမုဒဘဏ္ဍိကစပါး၏လည်းကောင်း၊ သလေးစပါးတို့၏လည်းကောင်း ထူးခြားချက်ကား အဘယ်နည်းဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား ကုမုဒဘဏ္ဍိကစပါး၏ အာနိသင်နည်း ပါးသည်၏ အဖြစ်ကြောင့် (စိုက်၍) တစ်လပြည့်သော် အိမ်တွင်းသို့ ရောက်၏။ သလေးစပါးတို့ ပြန့်ပြောသည်၏ အဖြစ်ကြောင့် ခြောက်လငါးလကြာမှ မှည့်ရင့် ပါကုန်၏။ အသျှင်ဘုရားနာဂသေန သလေးစပါးတို့သည် မင်းအား ထိုက်ပါကုန်၏။ မင်းသုံးမင်းဆောင် ဘောဇဉ်ပါတည်း။ ကုမုဒဘဏ္ဍိကစပါးမျိုးသည် ကျွန်အမှုလုပ်တို့၏ အစာ ဘောဇဉ်ပါတည်းဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် အကုသိုလ်၏ နည်းပါးသည်၏ အဖြစ်ကြောင့် အကုသိုလ်သည် လျင်မြန်စွာ အကျိုးပေး၏။ ကုသိုလ်၏ များမြတ်ပြန့်ပြောသည်၏ အဖြစ်ကြောင့် ကာလရှည်ကြာမှ အကျိုး ပေး၏ဟု (မိန့်တော်မူ၏)။

--

အသျှင်ဘုရားနာဂသေန ထိုစကား၌ အကြင်အရာသည် လျင်မြန်စွာ အကျိုးပေး၏။ ထိုအရာ မည်သည် လောက၌ အလွန်အကဲ အားကြီး၏။ ထို့ကြောင့် အကုသိုလ်သည် အလွန်အကဲ အားကြီး၏။ ထိုအကုသိုလ်အတူ ကုသိုလ်သည် အားမကြီး။ အသျှင်ဘုရားနာဂသေန ဥပမာမည်သည်ကား တစ်စုံ တစ်ယောက်သော စစ်သည်သူရဲသည် ကြီးစွာသော စစ်ပွဲသို့ ဝင်၍ ရန်သူ၏ ခါးတောင်းကျိုက်ကို ကိုင်ယူ ဆွဲငင်လျက် အလွန်လျင်စွာ အရှင်သခင်အား ဆောင်နှင်းရာ၏။ ထိုစစ်သူရဲသည် လောက၌ စွမ်းနိုင်သော ရဲရင့်သောသူရဲကောင်း မည်၏။ ထို့ပြင် အကြင်ဆေးသမားသည်လည်း ဆူးငြောင့်ကို လျင်စွာ ထုတ်ပယ် နိုင်၏။ ရောဂါကို ပယ်ဖျောက်နိုင်၏။ ထိုဆေးသမားသည် လိမ္မာ(ကျွမ်းကျင်) သူ မည်၏။ အကြင်ဂဏန်းတွက်သမားသည် အလွန်လျင်မြန်စွာ ရေတွက်၍ လျင်စွာ ပြ၏၊ ထိုဂဏန်းတွက်သမားသည် လိမ္မာ (ကျွမ်းကျင်) သူ မည်၏။ အကြင်လက်ဝှေ့သမားသည် အပြိုင် လက်ဝှေ့သမားကို လျင်စွာ မြှောက်ချီ၍ ပက်လက်ကျစေ၏။ ထိုလက်ဝှေ့သမားသည် စွမ်းနိုင်သောသူရဲကောင်း မည်၏။ အသျှင်ဘုရားနာဂသေန ဤအတူပင်လျှင် အကြင်ကုသိုလ်သည်လည်းကောင်း၊ အကြင်အကုသိုလ်သည်လည်းကောင်း လျင်စွာ အကျိုး ပေး၏။ ထိုကုသိုလ်၊ အကုသိုလ်ကံသည် လောက၌ လွန်ကဲစွာ အားကြီးပါ၏ဟု (လျှောက်၏)။

မင်းမြတ် နှစ်ပါးစုံလည်းဖြစ်သော ထိုကုသိုလ်၊ အကုသိုလ်ကံသည် တမလွန်၌ အကျိုးခံစားရသည် ချည်းသာတည်း။ သို့ဖြစ်သော်လည်း အကုသိုလ်သည် အပြစ်နှင့်တကွ ဖြစ်သည်၏ အဖြစ်ကြောင့် ခဏ ချင်းဖြင့်ပင် မျက်မှောက်ဘဝ၌ ခံစားရ၏။ မင်းမြတ် ရှေးမင်းတို့သည် “အကြင်သူသည် သူ့အသက်ကို သတ်၏။ ထိုသူသည် ဒဏ်ထိုက်၏။ အကြင်သူသည် မပေးသည်ကို ခိုးယူ၏။ အကြင်သူသည် သူတစ်ပါး ၏ မယားကို သွားလာ လွန်ကျူး၏။ အကြင်သူသည် မဟုတ်မမှန်သော စကားကို ပြောဆို၏။ အကြင်သူ သည် ရွာကို တိုက်ဖျက်၏။ အကြင်သူသည် လမ်းခရီးကို လုယက်၏။ အကြင်သူသည် စဉ်းလဲခြင်းကို ပြု၏။ အကြင်သူသည် လှည့်ပတ်ခြင်းကို ပြု၏။ ထိုသူသည် အပြစ်ဒဏ်ထိုက်၏၊ သတ်အပ်၏၊ ဖြတ်အပ် ၏၊ ခွဲအပ်၏၊ ရိုက်ပုတ်အပ်၏”ဟူသော စည်းမျဉ်းဥပဒေကို ထားအပ်၏။ ထိုရှေးမင်းတို့သည် ထိုထားသော စည်းမျဉ်းဥပဒေကို စွဲယူ၍ စူးစမ်းစိစစ်၍ ဒဏ်ထားကုန်၏။ သတ်ကုန်၏၊ ဖြတ်ကုန်၏၊ ခွဲကုန်၏၊ ရိုက်ပုတ်ကုန်၏။ မင်းမြတ် တစ်စုံတစ်ယောက်သော မင်းစသည်တို့သည် “အကြင်သူသည် ဒါနကိုမူလည်း ပေး၏။ သီလကိုမူလည်း စောင့်၏။ ဥပုသ်စောင့်သုံးမှုကိုမူလည်း ပြု၏၊ ထိုသူအား ဥစ္စာကိုလည်းကောင်း၊ အခြံအရံကိုလည်းကောင်း ပေးအပ်၏”ဟု ထားအပ်သော မြဲသော စည်းမျဉ်းဥပဒေသည် ရှိသလော။ ပြုအပ်သော ခိုးမှုရှိသော ခိုးသူအား သတ်ခြင်း၊ နှောင်ဖွဲ့ခြင်းကဲ့သို့၊ ထိုကုသိုလ်ပြုသူကို စူးစမ်းစိစစ်၍ ဥစ္စာကိုလည်းကောင်း၊ အခြံအရံကိုလည်းကောင်း ပေးကြကုန်သလောဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား မပေးကြပါဟု (လျှောက်၏)။ မင်းမြတ် ပေးလှူကုန်သောသူတို့အား စူးစမ်းစိစစ်၍ ဥစ္စာကိုလည်းကောင်း၊ အခြံအရံကိုလည်းကောင်း အကယ်၍ ပေးကုန်ငြားအံ့။ ကုသိုလ်သည်လည်း မျက်မှောက် ဘဝ၌ ခံစားရသည် ဖြစ်ရာ၏။ မင်းမြတ် အကြင့်ကြောင့်လျှင် “ဥစ္စာကိုလည်းကောင်း၊ အခြံအရံကိုလည်းကောင်း ပေးကုန်အံ့”ဟု ပေးလှူသောသူတို့ကို မစူးစမ်း၊ မစိစစ်ကုန်။ ထို့ကြောင့် ကုသိုလ်သည် မျက်မှောက် ဘဝ၌ မခံစားရပေ။ မင်းမြတ် ဤအကြောင်းကြောင့်လည်း အကုသိုလ်သည် ဒိဋ္ဌဓမ္မအကျိုး ခံစားရ၏။ တမလွန်ဘဝ၌ ထိုအကုသိုလ်ပြုသူသည် အလွန်အကဲ အားကြီးသော ဆင်းရဲဝေဒနာကို ခံစားရ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏။ အသျှင်ဘုရားနှင့် တူသော ပညာရှိသူနှင့် ကင်း၍ ဤ ပြဿနာကို ကောင်းစွာ မဖြေဆိုနိုင်ပေရာ။ အသျှင်ဘုရားနာဂသေန လောကီအကြောင်းကို လောကုတ္တရာ အကြောင်းဖြင့် သိစေအပ်ပါပြီဟု (လျှောက်၏)။ ။

သုံးခုမြောက် ကုသလာကုသလဗလဝတရပဥှာ ပြီး၏။

--

၄-ပုဗ္ဗပေတာဒိသပဥှာ

ရှေးက သေလွန်ပြီးသူတို့အား ရည်ညွှန်း၍ လှူသော အလှူပြဿနာ

။ အသျှင်ဘုရားနာဂသေန ဤပေးလှူသောသူတို့သည် အလှူကို ပေးလှူကုန်၍ “ဤအလှူသည် သေလွန်ကုန်ပြီးသောသူတို့အား ရောက်ပါစေသတည်း”ဟု ရှေးက သေလွန်ပြီးသူတို့အား ရည်ညွှန်းကုန်၏။ ထိုသေလွန်ပြီးသူတို့သည် ထိုလှူဒါန်းရည်ညွှန်းခြင်းလျှင် အကြောင်းရှိသော တစ်စုံတစ်ရာသော အကျိုးကို ရပါကုန်သလောဟု (မေးလျှောက်၏)။ မင်းမြတ် အချို့သောသူတို့သည် ရကုန်၏။့အချို့သောသူတို့သည် မရကုန်ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား အဘယ်သူတို့သည် ရပါကုန် သနည်း။ အဘယ်သူတို့သည် မရပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် ငရဲသို့ ကျရောက်ကုန် သူတို့သည် မရကုန်။ နတ်ပြည်သို့ ရောက်ကုန်သူတို့သည် မရကုန်။ တိရစ္ဆာန်မျိုး၌ ဖြစ်ကုန်သောသူတို့သည် မရကုန်။ ပြိတ္တာလေးမျိုးတို့တွင် (၁) အစာကို အန်ရသော ဝန္တာသိကပြိတ္တာမျိုး၊ (၂) စား၍ မဝင် ငတ်မွတ်သော ခုပ္ပိပါသပြိတ္တာမျိုး၊ (၃) ဝမ်းခေါင်းပြောင်ပြောင် တောက်လောင်နေသော နိဇ္ဈာမ တဏှိကပြိတ္တာမျိုး၊ ဤသုံးဦးသော ပြိတ္တာမျိုးတို့သည် မရကုန်။ (၄) သူတစ်ပါးပေးကမ်းသည်ကို မှီ၍ အသက်မွေးရကုန်သော ပရဒတ္တူပဇီဝီပြိတ္တာတို့သည်သာ ရကုန်၏။ ထိုပြိတ္တာတို့သည်လည်း ပေးလှူသည် ကို သိကုန်သော်မှသာလျှင် ရကုန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ထိုသို့ဖြစ်ပါမူ အကြင်သူတို့အား ရည်မှတ်၍ ပြုအပ်၏။ ထိုသူတို့သည် အကယ်၍ မရကုန်သည် ဖြစ်အံ့။ ပေးလှူသောသူတို့၏ အလှူသည် ခန်းခြောက်ရာပါ၏၊ အကျိုး မရှိရာပါဟု (လျှောက်၏)။ မင်းမြတ် အလှူသည် အကျိုးမရှိသည် မဟုတ်။ အကျိုးမပေးသည် မဟုတ်။ ပေးလှူသော ဒါယကာတို့သည်သာလျှင် ထိုအလှူ၏ အကျိုးကို ခံစားရကုန်၏ဟု(မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန ထိုသို့ဖြစ်ပါမူ အကြောင်းဖြင့် အကျွန်ုပ်ကို သိစေတော်မူပါလော့ဟု (လျှောက်၏)။ မင်းမြတ် ဤလောက၌ အချို့သောသူတို့သည် ငါး၊ အမဲ၊ အရက်၊ ထမင်း၊ ခဲဖွယ်တို့ကို စီရင်၍ ဆွေမျိုးတို့ထံသို့ သွားကုန်၏။ ထိုဆွေမျိုးတို့သည် ထိုလက်ဆောင်ကို အကယ်၍ မခံယူကုန်သည် ဖြစ်အံ့။ ထိုလက်ဆောင်သည် ခြောက်ကပ်ခြင်းသို့ ရောက်မူလည်း ရောက်ရာသလော။ ပျက်စီးမူလည်း ပျက်စီးရာ သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မပျက်စီးရာပါ။ ထိုလက်ဆောင်သည် ဥစ္စာရှင်တို့အားသာ လျှင် ဖြစ်ပါ၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် ပေးလှူသူတို့သည်သာလျှင် ထိုအလှူ၏ အကျိုးကို ခံစားရကုန်၏။ မင်းမြတ် ဥပမာတစ်နည်းသော်ကား တိုက်ခန်းသို့ ဝင်သော ယောက်ျားသည် ရှေ့မှ ထွက်ရာ တံခါးမရှိခဲ့သော် အဘယ်တံခါးဖြင့် ထွက်ရာသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဝင်ရာတံခါးဖြင့်သာလျှင် ထွက်ရာပါ၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် ထိုအလှူ၏ အကျိုးကို ပေးလှူသူတို့သည်သာလျှင် ခံစားရကုန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ဤအတိုင်းဖြစ်စေလော့။ ဤသို့လျှင် ဤစကားကို ထိုသို့ ဆိုတော်မူတိုင်း လက်ခံပါ၏။ ထိုအလှူ၏ အကျိုးကို ပေးလှူသူတို့သည်သာ ခံစားရကုန်၏။ အကျွန်ုပ်တို့သည် ထိုအကြောင်းကို ဆန့်ကျင်ဘက် မပြုလိုပါကုန်ဟု (လျှောက်၏)။

အသျှင်ဘုရားနာဂသေန ဤပေးလှူသောသူတို့၏ ပေးလှူသော အလှူသည် သေသွားသူတို့အား အကယ်၍ ရောက်သည် ဖြစ်အံ့။ ထိုသေသွားသောသူတို့သည် ထိုအလှူ၏ အကျိုးကို အကယ်၍ ခံစား ရကုန်အံ့။ ထိုသို့ ဖြစ်ပါမူ သူ၏ အသက်ကို သတ်လေ့ရှိသော၊ ကြမ်းတမ်းသော၊ သွေးစွန်းသော လက်ရှိသော၊ ပြစ်မှားတတ်သော စိတ်ရှိသောသူတို့သည် လူတို့ကို သတ်၍ ကြမ်းကြုတ်သော အမှုကို ပြုလျက် သေသွားသူတို့အား “ငါ၏ ဤမကောင်းမှုကံအကျိုးသည် သေသွားသူတို့အား ရောက်ပါစေသတည်း”ဟု ရည်ညွှန်းခဲ့အံ့။ ထိုမကောင်းမှု၏ အကျိုးသည် သေသွားသူတို့အား ရောက်ပါသလောဟု (မေးလျှောက်၏)။ မင်းမြတ် မရောက်ဟု (မိန့်တော်မူ၏)။

--

အသျှင်ဘုရားနာဂသေန အကြင့်ကြောင့် ကုသိုလ်သည် ရောက်၏။ အကုသိုလ်သည် မရောက်ဟူရာ၌ အကြောင်းကား အဘယ်ပါနည်း။ အထောက်အထားကား အဘယ်ပါနည်းဟု (လျှောက်၏)။ မင်းမြတ် ဤပြဿနာကို မမေးထိုက် မမေးသင့်။ မင်းမြတ် သင်သည် ဖြေတတ်သောသူ ရှိ၏ဟူ၍ မမေးထိုက် မမေးသင့်သော ပြဿနာကို မမေးလင့်။ ကောင်းကင်သည် အဘယ့်ကြောင့် မှီရာ မရှိသနည်း။ ဂင်္ဂါမြစ် သည် အဘယ့်ကြောင့် အထက်ရေဆန်သို့ ရှေးရှုမစီးသနည်း။ ဤလူတို့သည်လည်းကောင်း၊ ဤငှက်တို့သည်လည်းကောင်း အဘယ့်ကြောင့် အခြေနှစ်ချောင်းရှိကုန်သနည်း။ ဤသားသမင်တို့သည် အဘယ့် ကြောင့် အခြေလေးချောင်းရှိကုန်သနည်း။ ဤသို့ ထိုအကြောင်းကိုလည်း ငါ့ကို သင် မေးလတ္တံ့ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန အကျွန်ုပ်သည် ထိုပြဿနာကို ညှဉ်းဆဲလို၍ မေးလျှောက်သည် မဟုတ်ပါ။ စင်စစ်သော်ကား ယုံမှားခြင်း အေးငြိမ်းရန်အလို့ငှါ မေးလျှောက်ပါ၏။ လောက၌ လက်ဝဲ လမ်းမှားသို့ လိုက်ကုန်သော ဉာဏ်စက္ခု ကင်းကုန်သော လူတို့သည် များပြားလှပါကုန်၏။ ထိုလူတို့ သည် အဘယ်သို့လျှင် အခွင့်မရဘဲ ရှိကုန်အံ့နည်းဟု နှလုံးသွင်း၍ အကျွန်ုပ်သည် အသျှင်ဘုရားကို မေးလျှောက်ပါ၏ဟု (လျှောက်၏)။ မင်းမြတ် မကောင်းမှုကို မပြုကျင့်သူ၊ အလိုမတူသူနှင့် အညီအမျှ မကောင်းမှုကံကို ခွဲဝေပေးခြင်းငှါ မတတ်နိုင်ပေ။

မင်းမြတ် လူတို့သည် ရေတံလျှောက်ဖြင့် ရေကို အလွန်ဝေးသော အရပ်သို့လည်း ဆောင်ယူကုန်သကဲ့သို့ တစ်ခဲနက်သော ကျောက်တောင်ကြီးကို ရေတံလျှောက်ဖြင့် အလိုရှိရာ အရပ်သို့ ယူဆောင်ခြင်းငှာ တတ်ကောင်းပါအံ့လောဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား မတတ်နိုင်ပါဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် ကုသိုလ်ကို ခွဲဝေပေးခြင်းငှါ တတ်နိုင်၏။ အကုသိုလ်ကို ခွဲဝေပေးခြင်းငှါ မတတ်နိုင်။ မင်းမြတ် ဆီဖြင့် ဆီမီးကို ညှိထွန်းခြင်းငှါ တတ်ကောင်းသကဲ့သို့၊ မင်းမြတ် ရေဖြင့် ဆီမီးကို ညှိထွန်းခြင်းငှါ တတ်နိုင်ပါသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မတတ်နိုင်ပါဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် ကုသိုလ်ကို ခွဲဝေပေးခြင်းငှါ တတ်နိုင်၏။ အကုသိုလ်ကို ခွဲဝေပေးခြင်းငှါ မတတ်နိုင်။ မင်းမြတ် ဥပမာတစ်နည်းသော်ကား လယ်သမားတို့သည် တစ်ဖက်ဆည်ကန်မှ ရေကို ထုတ်၍ စပါးကို မှည့်ရင့်စေကုန်သကဲ့သို့၊ မင်းမြတ် မဟာသမုဒ္ဒရာမှ ရေကို ထုတ်၍ စပါးကို မှည့်ရင့်စေခြင်းငှါ တတ်နိုင်ပါ သလောဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား မတတ်နိုင်ပါဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် ကုသိုလ်ကို ခွဲဝေပေးခြင်းငှါ တတ်နိုင်၏။ အကုသိုလ်ကို ခွဲဝေပေးခြင်းငှါ မတတ်နိုင်ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန အဘယ်အကြောင်းကြောင့် ကုသိုလ်ကို ခွဲဝေပေးခြင်းငှါ တတ်နိုင်ပါသနည်း။ အကုသိုလ်ကို ခွဲဝေပေးခြင်းငှါ မတတ်နိုင်ပါသနည်း။ အကြောင်းဖြင့် အကျွန်ုပ်ကို သိစေပါလော့။ အကျွန်ုပ် သည် ပညာမျက်စိ မကန်းပါ။ ပညာအလင်းမရသူ မဟုတ်ပါ။ ကြားနာရပါမူ သိနိုင်ပါ၏ဟု(လျှောက်၏)။ မင်းမြတ် အကုသိုလ်သည် နည်းပါး၏။ ကုသိုလ်သည် များပြား၏။ အကုသိုလ်သည် နည်းပါးသည်၏ အဖြစ်ကြောင့် ပြုတတ်သူကိုသာ သိမ်းယူနိုင်၏။ ကုသိုလ်သည် များပြားသည်၏ အဖြစ်ကြောင့် နတ်နှင့်တကွသော လောကကို လွှမ်းမိုးနိုင်၏ဟု (မိန့်တော်မူ၏)။ ဥပမာပြုတော်မူပါဦးလော့ဟု (လျှောက်၏)။

မင်းမြတ် ဥပမာအားဖြင့် ရေပေါက်ငယ်တစ်ခုသည် မြေ၌ ကျရာ၏။ မင်းမြတ် ထိုရေပေါက် ရေစက်သည် ဆယ်ယူဇနာ၊ ဆယ့်နှစ်ယူဇနာတို့တိုင်အောင် လွှမ်းမိုးနိုင်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မလွှမ်းမိုးနိုင်ရာပါ။ ထိုရေပေါက်ရေစက်သည် ကျရာအရပ်၌ပင်လျှင်ကုန်ပျောက်သွားပါ၏ဟု (လျှောက်၏)။ မင်းမြတ် အဘယ်အကြောင်းကြောင့်နည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား ရေပေါက် ရေစက်၏ နည်းလှသည်၏ အဖြစ်ကြောင့်ပါတည်းဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် အကုသိုလ်သည် နည်းပါးသည်၏ အဖြစ်ကြောင့် ပြုသူကိုသာလျှင် သိမ်းယူနိုင်၏။ ခွဲဝေပေးခြင်းငှါ မတတ်နိုင်။

--

မင်းမြတ် ဥပမာတစ်နည်းသော်ကား သည်းစွာသော မိုးကြီးသည် မြေအပြင်ကို တင်းတိမ်ရောင့်ရဲ စေလျက် ရွာသွန်းရာ၏။ မင်းမြတ် ထိုသည်းစွာသော မိုးကြီးသည် ထက်ဝန်းကျင်မှ ရွာသွန်းလွှမ်းမိုးရာ သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ရွာသွန်းလွှမ်းမိုးရာပါ၏။ မိုးကြီးသည် ထုံးအိုင်၊ အိုင်ကြီး၊ အိုင်ငယ်၊ မြစ်ချောင်း၊ မြစ်လက်တက်၊ ချောင်းကြား၊ ရှို၊ မြောင်၊ တစ်ဖက်ဆည်ကန်၊ ရေတွင်း၊ ရေကန်တို့ကို ပြည့်စေ၍ ဆယ်ယူဇနာတို့တိုင်အောင် လွှမ်းမိုးရာပါ၏ဟု (လျှောက်၏)။ မင်းမြတ့်အဘယ် အကြောင်းကြောင့်နည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား မိုး၏ အားကြီးများပြားသည်၏ အဖြစ်ကြောင့် ပါတည်းဟု(လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် ကုသိုလ်သည် များပြား၏။ များပြားသည်၏ အဖြစ်ကြောင့် နတ်လူတို့နှင့် အတူတကွလည်း ခွဲဝေခြင်းငှါ တတ်နိုင်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန အဘယ်အကြောင်းကြောင့် အကုသိုလ်သည် နည်းပါးပါသနည်း၊ ကုသိုလ် သည် များပြားပါသနည်းဟု (လျှောက်၏)။ မင်းမြတ် ဤလောက၌ တစ်စုံတစ်ယောက်သောသူသည် အလှူကို ပေး၏။ သီလကို ဆောက်တည်၏။ ဥပုသ်ကို စောင့်သုံး၏။ ထိုသူသည် ရွှင်ပျ၏။ အလွန် ရွှင်ပျ၏။ ပြုံးရယ်၏။ ဝမ်းမြောက်၏။ ကြည်လင်သော စိတ်ရှိ၏။ နှစ်သက်စွာ ဖြစ်၏။ ထိုသူ့အား အဆင့်ဆင့် နှစ်သိမ့်မှု ‘ပီတိ’ ဖြစ်၏။ နှစ်သိမ့်သော စိတ်ရှိသောသူအား အလွန့်အလွန် ကုသိုလ်တရား တိုးပွါး၏။

မင်းမြတ် ဥပမာသော်ကား များစွာသော ရေပြည့်လျှံသော ရေတွင်း၌ ရေသည် တစ်ခုသောအရပ် ဖြင့် ဝင်ရာ၏။ တစ်ခုသော အရပ်ဖြင့် ထွက်ရာ၏။ ထွက်သော်လည်း အဆင့်ဆင့် ဖြစ်၏။ကုန်ခန်းခြင်း သို့ ရောက်စိမ့်သောငှါ မတတ်နိုင်။ မင်းမြတ် ဤအတူသာလျှင် ကုသိုလ်သည် အလွန့်အလွန် တိုးပွါး၏။ မင်းမြတ် ယောက်ျားသည် အနှစ်တစ်ရာမြောက်၌လည်း ပြုအပ်သော ကုသိုလ်ကို အကယ်၍ ဆင်ခြင် ငြားအံ့။ ဆင်ခြင်တိုင်း ဆင်ခြင်တိုင်း အလွန့်အလွန် ကုသိုလ်တရား တိုးပွါး၏။ ထိုယောက်ျား၏ ထိုကုသိုလ်ကို အလိုရှိသောသူတို့နှင့်အတူ အမျှခွဲဝေခြင်းငှါ တတ်နိုင်၏။ မင်းမြတ် အကြင်အကြောင်းဖြင့် ကုသိုလ်သည် များပြား၏။ ဤကုသိုလ်သည် များပြား၏ဟူသော စကား၌ ဤသည်ကား အကြောင်းတည်း။

မင်းမြတ် အကုသိုလ်ကို ပြုသောသူသည် နောက်၌ နှလုံးမသာယာ။ နှလုံးမသာယာသောသူ၏ စိတ်သည် တွန့်၏၊ ဆုတ်၏၊ ဆုတ်နစ်၏၊ မပျံ့ပျူး၊ စိုးရိမ်၏၊ ပူပန်၏၊ အားယုတ်၏၊ အားကုန်၏၊ မတိုးပွါး၊ ထိုဖြစ်သော အခိုက်အတန့်၌သာကုန်ခန်းနေ၏။ မင်းမြတ် ဥပမာသော်ကား ရေခန်းခြောက်သော သဲအားကြီးသောကုန်းကြီးရှိသော ကောက်ကွေ့သော မြစ်၌ အထက်မှ လာသော ရေအနည်းငယ် သည် ဆုတ်ယုတ်၏။ကုန်ခန်း၏၊ မတိုးပွား။ ထိုလာရာအရပ်၌သာကုန်ခန်းနေ၏။ မင်းမြတ် ဤအတူ သာလျှင် အကုသိုလ်ပြုသောသူ၏ စိတ်သည် တွန့်တို၏၊ ဆုတ်၏၊ ဆုတ်နစ်၏၊ မပျံ့ပျူး၊ စိုးရိမ်၏၊ ပူပန်၏၊ အားယုတ်၏၊ အားကုန်၏၊ မတိုးပွါး၊ ထိုဖြစ်သော အခိုက်အတန့်၌သာကုန်ခန်း၏။ မင်းမြတ် အကြင်အကြောင်းကြောင့် အကုသိုလ်သည် နည်း၏။ ဤအရာ၌ ဤဆိုခဲ့ပြီးသည်ကား အကြောင်းတည်းဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏။ ဤသို့လျှင် ဤစကားကို ထိုသို့ ဆိုတော်မူတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

လေးခုမြောက် ပုဗ္ဗပေတာဒိသပဥှာ ပြီး၏။

--

၅-သုပိနပဥှာ

အိပ်မက် ပြဿနာ

။ အသျှင်ဘုရားနာဂသေန ဤလောက၌ ယောက်ျားမိန်းမတို့သည် ကောင်းသည်လည်းဖြစ်သော၊ မကောင်းသည်လည်း ဖြစ်သော၊ မြင်ဖူးသည်လည်း ဖြစ်သော၊ မမြင်ဖူးသည်လည်း ဖြစ်သော၊ ပြုလုပ်ဖူး သည်လည်းဖြစ်သော၊ မပြုလုပ်ဖူးသည်လည်းဖြစ်သော၊ ဘေးကင်းသည်လည်းဖြစ်သော၊ ဘေးနှင့်တကွလည်းဖြစ်သော အိပ်မက်ကို မြင်မက်ကုန်၏။ ဝေးသောအရပ်၌လည်းကောင်း၊ နီးသောအရပ်၌လည်းကောင်း များပြားကုန်သော၊ အထောင်မက များလှသော အကြောင်းအရာတို့ကိုလည်း တွေ့မြင်ရကုန်၏။ ဤအိပ်မက်မည်သည် အဘယ်ပါနည်း။ ဤအိပ်မက်ကို အဘယ်သူသည်မူလည်း မြင်မက်ပါသနည်းဟု (မေးလျှောက်၏)။ မင်းမြတ် အကြင်အာရုံသည် စိတ်အား ထင်ခြင်းသို့ ရောက်၏။ ထိုအာရုံသည် အိပ်မက် မည်၏။ မင်းမြတ် ဤခြောက်ယောက်သောသူတို့သည် အိပ်မက်မြင်မက်ကုန်၏။

(၁) လေနာရှိသူသည် အိပ်မက်ကို မြင်မက်၏။

(၂) သည်းခြေနာရှိသူသည် အိပ်မက်ကို မြင်မက်၏။

(၃) သလိပ်နာရှိသူသည် အိပ်မက်ကို မြင်မက်၏။

(၄) နတ်တို့ဆောင်ပြသောအားဖြင့် အိပ်မက်ကို မြင်မက်၏။

(၅) လေ့ကျက်ဖူးသောအားဖြင့် အိပ်မက်ကို မြင်မက်၏။

(၆) ရှေ့ပြေးနိမိတ်အားဖြင့် အိပ်မက်ကို မြင်မက်၏။

မင်းမြတ် ထိုခြောက်ပါးသော အိပ်မက်တို့တွင် ရှေ့ပြေးနိမိတ်အားဖြင့် မြင်မက်သော အိပ်မက်သည် သာလျှင် မှန်၏။ ထိုမှ ကြွင်းသော အိပ်မက်သည် မမှန်ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန အကြင်သူသည် ရှေ့ပြေးနိမိတ်အားဖြင့် အိပ်မက်ကို မြင်မက်၏။ ထိုသူ၏ စိတ်သည် မိမိအလိုလို သွား၍ ထိုအာရုံကို စူးစမ်းသလော။ ထိုအာရုံကမူလည်း စိတ်အား ရှေးရှု ထင်ခြင်းသို့ ရောက်ပါသလော။ တစ်ပါးသောသူသည်မူလည်း လာ၍ ထိုသူအား ပြောကြားပါသလောဟု (မေးလျှောက်၏)။ မင်းမြတ် ထိုအိပ်မက်မက်သောသူ၏ စိတ်သည် အလိုလို သွား၍ ထိုအာရုံကို မစူးစမ်း။ အခြားတစ်စုံတစ်ယောက်သောသူသည်မူလည်း လာ၍ ထိုသူအား မပြောကြား။ စင်စစ်သော်ကား ထိုအာရုံသည်သာလျှင် စိတ်အား ရှေးရှုထင်ခြင်းသို့ ရောက်၏။ မင်းမြတ် ဥပမာအားဖြင့် ကြေးမုံမှန်သည် မိမိအလိုလို တစ်စုံတစ်ရာသော အရပ်သို့ သွား၍ အရိပ်ကို မစူးစမ်း။ အခြား တစ်စုံတစ်ယောက်သောသူသည်မူလည်း အရိပ်ကို ဆောင်ခဲ့၍ ကြေးမုံမှန်ပေါ်သို့ မတင်၊ စင်စစ်သော်ကား အရိပ်သည် အမှတ်မထင် တစ်ခုခုသော အရပ်မှ လာ၍ ကြေးမုံမှန်အား ရှေးရှုထင်ခြင်းသို့ ရောက်၏။ မင်းမြတ် ဤအတူသာလျှင် ထိုအိပ်မက်မက်သောသူ၏ စိတ်သည် မိမိအလိုသို့ သွား၍ ထိုအာရုံနိမိတ်ကို မစူးစမ်း။ အခြားတစ်စုံတစ်ယောက်သောသူသည်မူလည်း လာ၍ မပြောကြား။ စင်စစ်သော်ကား အာရုံသည် အမှတ် မထင် တစ်ခုခုသော အရပ်မှ လာ၍ စိတ်အား ရှေးရှုထင်ခြင်းသို့ ရောက်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန အိပ်မက်မြင်မက်သော စိတ်သည် “ဤမည်သော အကျိုးသည် ဖြစ်လတ္တံ့။ ဘေးကင်းသည်မူလည်း ဖြစ်လတ္တံ့။ ဘေးရှိသည်မူလည်း ဖြစ်လတ္တံ့”ဟု သိနိုင်ပါသလောဟု (မေးလျှောက်၏)။ မင်းမြတ် ထိုအိပ်မက်မြင်မက်သော စိတ်သည် “ဤမည်သော အကျိုးသည် ဖြစ်လတ္တံ့။ ဘေးကင်းသည်မူလည်း ဖြစ်လတ္တံ့။ ဘေးရှိသည်မူလည်း ဖြစ်လတ္တံ့”ဟု မသိနိုင်ပါ။ စင်စစ်သော်ကား အာရုံနိမိတ်ဖြစ်သည်ရှိသော် တစ်ပါးသောသူတို့အား ပြောကြား၏။ ထို့နောက်မှ ထိုသူတို့သည် အကျိုး အပြစ်ကို ပြောကြားကုန်၏ဟု (မိန့်တော်မူ၏)။

--

အသျှင်ဘုရားနာဂသေန တိုက်တွန်းပါ၏။ အကျွန်ုပ်အား အကြောင်းကို ပြတော်မူပါလော့ဟု (လျှောက်၏)။ မင်းမြတ် ဥပမာသော်ကား ကိုယ်၌ မှဲ့တို့သည်လည်းကောင်း၊ အဖုအပိမ့်တို့သည်လည်းကောင်း၊ ပွေးတို့သည်လည်းကောင်း လာဘ်ရခြင်းငှါလည်းကောင်း၊ လာဘ်မရခြင်းငှါလည်းကောင်း၊ အခြံအရံများခြင်းငှါလည်းကောင်း၊ အခြံအရံမများခြင်းငှါလည်းကောင်း၊ ကဲ့ရဲခြင်းငှါလည်းကောင်း၊ ချီးမွမ်းခြင်းငှါလည်းကောင်း၊ ချမ်းသာခြင်းငှါလည်းကောင်း၊ ဆင်းရဲခြင်းငှါလည်းကောင်း ပေါ်ပေါက်ကုန်၏။ မင်းမြတ် ထိုအဖုအပိမ့်တို့သည် “ငါတို့သည် ဤမည်သော အကျိုးကို ပြီးစေကုန်အံ့”ဟု သိ၍ ပေါ်ပေါက်ကုန်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဤသို့လျှင် အကျိုးကို သိ၍ ပေါ်ပေါက်သည် မဟုတ်ပါ။ အကြင်သို့ သဘောရှိသော အရပ်တို့၌ အဖုအပိမ့်တို့ ဖြစ်ပေါ်ကုန်၏။ ထိုပေါ်ပေါက်ရာ အရပ်၌ ထိုအဖု အပိမ့်တို့ကို မြင်၍ နိမိတ်ဖတ်သူတို့သည် “ဤမည်သော အကျိုးဖြစ်လတ္တံ့”ဟု ပြောကြားပါကုန်၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် အိပ်မက်မြင်မက်သော စိတ်သည် ဤမည်သော အကျိုးဖြစ်လတ္တံ့။ ဘေးကင်းသည်မူလည်း ဖြစ်လတ္တံ့။ ဘေးရှိသည်မူလည်း ဖြစ်လတ္တံ့”ဟု မသိ။ စင်စစ်သော်ကား အာရုံနိမိတ် ဖြစ်ပေါ်လာသည်ရှိသော် တစ်ပါးသောသူတို့အား ပြောကြား၏။ ထို့နောင်မှ ထိုသူတို့သည် အကျိုးအပြစ်ကို ပြောကြားကုန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန အိပ်မက်မြင်မက်သောသူသည် အိပ်ပျော်စဉ် မြင်မက်ပါသလော။ ထိုသို့ မဟုတ် နိုးကြားစဉ် မြင်မက်ပါသလောဟု (လျှောက်၏)။ မင်းမြတ် အိပ်မက်မြင်မက်သောသူသည် အိပ်ပျော်စဉ်လည်း မမြင်မက်။ နိုးကြားစဉ်လည်း မမြင်မက်။ စင်စစ်သော်ကား ငိုက်မျဉ်းခြင်းသို့ သက် ရောက်သော် ဘဝင်အယဉ်သို့ မရောက်မီ ဤအတွင်း၌ အိပ်မက်ကို မြင်မက်၏။ ငိုက်မျဉ်းခြင်းသို့ သက် ရောက်သောသူ၏ စိတ်သည် ဘဝင်အယဉ်သို့ ရောက်၏။ ဘဝင်အယဉ်သို့ ရောက်သော စိတ်သည် (ဇောဝီထိအားဖြင့်) မဖြစ်နိုင်။ (ဇောဝီထိအားဖြင့်) မဖြစ်သော စိတ်သည် ချမ်းသာဆင်းရဲကို မသိ။ ချမ်းသာဆင်းရဲကို မသိသောသူအား အိပ်မက်ကို မြင်မက်ခြင်းသည် မဖြစ်။ (ဇောဝီထိအားဖြင့်) စိတ်ဖြစ် သည်ရှိသော် အိပ်မက်ကို မြင်မက်၏။

မင်းမြတ် ဥပမာအားဖြင့် မှောင်မိုက်သော၊ အရောင်အလင်းမရှိသော အမိုက်တိုက်၌ အလွန် စင်ကြယ်သော ကြေးမုံ (မှန်)၌သော်လည်း အရိပ်သည် မထင်။ မင်းမြတ် ဤအတူသာလျှင် ငိုက်မျဉ်းခြင်း သို့ သက်ရောက်သော စိတ်သည် ဘဝင်အယဉ်သို့ ရောက်သည်ရှိသော် ကိုယ်သည် ရပ်တည်နေသော်လည်း စိတ်သည် (ဇောဝီထိအားဖြင့်) မဖြစ်။ စိတ်သည် (ဇောဝီထိအားဖြင့်) မဖြစ်သော် အိပ်မက်ကို မမြင်မက်။ မင်းမြတ် ကြေးမုံ (မှန်) အတူ ကိုယ်ကို မှတ်အပ်၏။ အမိုက်တိုက်အတူ အိပ်ပျော်ခြင်းကို မှတ်အပ်၏။ အရောင်အလင်းအတူ စိတ်ကို မှတ်အပ်၏။

မင်းမြတ် ဥပမာတစ်နည်းသော်ကား ဆီးနှင်းဖုံးလွှမ်းသော နေ၏အရောင်သည် မထင်။ နေရောင် ခြည်သည် တင်ရှားစွာ ရှိလျက်သာ မဖြစ်ပေါ်။ နေရောင်ခြည် မဖြစ်ပေါ်သည်ရှိသော် အရောင်အလင်း မဖြစ်ပေါ်။ မင်းမြတ် ဤအတူသာလျှင် ငိုက်မျဉ်းခြင်းသို့ သက်ရောက်သောသူ၏ စိတ်သည် ဘဝင် အယဉ်သို့ ရောက်၏။ ဘဝင်အယဉ်သို့ ရောက်သော စိတ်သည် (ဇောဝီထိအားဖြင့်) မဖြစ်။ (ဇောဝီထိအားဖြင့်) မဖြစ်သော စိတ်သည် အိပ်မက်ကို မမြင်မက်။ မင်းမြတ် နေနှင့် အတူ ကိုယ်ကို မှတ်အပ်၏။ ဆီးနှင်းဖုံးလွှမ်းသည်နှင့်အတူ ငိုက်မျဉ်းခြင်းကို မှတ်အပ်၏။ နေရောင်ခြည်နှင့် အတူ စိတ်ကို မှတ်အပ်၏။

--

မင်းမြတ် နှစ်ဦးသောသူတို့၏ ကိုယ်သည် ထင်ရှားရှိသော်လည်း စိတ်သည် မဖြစ်ပေါ်။ ငိုက်မျဉ်း ခြင်းသို့ သက်ရောက်သည် ဖြစ်၍ ဘဝင်အယဉ်ကျသောသူ၏ ကိုယ်သည် ထင်ရှားရှိသော်လည်း စိတ် သည် မဖြစ်ပေါ်။ နိရောဓသမာပတ်ကို ဝင်စားသော ပုဂ္ဂိုလ်၏ ကိုယ်သည် ထင်ရှားရှိသော်လည်း စိတ်သည် မဖြစ်ပေါ်။ မင်းမြတ် နိုးကြားသောသူ၏ စိတ်သည် လှုပ်၏၊ ပွင့်၏၊ ပေါ်၏၊ မမြဲ။ ဤသို့ သဘောရှိသောသူ၏ စိတ်၌ အာရုံသည် ထင်ခြင်းသို့ မရောက်။ မင်းမြတ် ဥပမာသော်ကား ဟင်းလင်း ပွင့်တတ်သော၊ ပေါ်လွယ်သော၊ ကောင်းသော အမူအရာမရှိသော၊ မလျှို့ဝှက်တတ်သော ယောက်ျားကို လျှို့ဝှက်လိုသူတို့သည် ရှောင်ကြဉ်ကုန်၏။ မင်းမြတ် ဤအတူသာလျှင် နိုးကြားသောသူအား နတ်၌ ဖြစ်သော အကြောင်းအရာသော်လည်း ထင်ခြင်းသို့ မရောက်။ ထို့ကြောင့် နိုးကြားသောသူသည် အိပ်မက်ကို မမြင်မက်နိုင်။ မင်းမြတ် ဥပမာတစ်နည်းသော်ကား အာဇီဝပျက်သော၊ မလျောက်ပတ်သော အကျင့်ရှိသော၊ အဆွေခင်ပွန်းယုတ်ရှိသော၊ သီလကင်းသော၊ ပျင်းရိသော၊ လုံ့လလျော့သော ရဟန်းကို ကုသိုလ်ဖြစ်ကုန်သော ဗောဓိပက္ခိယတရားတို့သည် ထင်ခြင်းသို့ မရောက်ကုန်။ မင်းမြတ် ဤအတူသာလျှင် နိုးကြားသောသူအား နတ်၌ ဖြစ်သော အကြောင်းအရာသော်လည်း ထင်ခြင်းသို့ မရောက်။ ထို့ကြောင့် နိုးကြားသောသူသည် အိပ်မက်ကို မမြင်မက်နိုင်ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန အိပ်ခြင်း၏ အစ အလယ် အဆုံးသည် ရှိပါသလောဟု (မေးလျှောက်၏)။

မင်းမြတ် အိပ်ခြင်း၏ အစ အလယ် အဆုံးသည် ရှိ၏။ အသျှင်ဘုရားနာဂသေန အဘယ်သည် အစပါ နည်း။ အဘယ်သည် အလယ်ပါနည်း။ အဘယ်သည် အဆုံးပါနည်းဟု (မေးလျှောက်၏)။ မင်းမြတ် ကိုယ်၏ လေးလံထိုင်းမှိုင်းခြင်း၊ အလွန် လေးလံထိုင်းမှိုင်းခြင်း၊ အားနည်းခြင်း၊ နုံ့နှေးခြင်း၊ မခံ့ခြင်း သည် အိပ်ခြင်း၏ အစတည်း။ အကြင်သူသည် မျောက်၏ အိပ်ခြင်းကဲ့သို့သော အိပ်ခြင်းနှင့် ယှဉ်သည် ဖြစ်၍ စိတ်အစဉ် ဘဝင်ရောပြွမ်းခြင်းသို့ ရောက်၏။ ဤသည်ကား အိပ်ခြင်း၏ အလယ်တည်း။ ဘဝင် အယဉ်သို့ ရောက်ခြင်းသည် အိပ်ခြင်း၏ အဆုံးတည်း။ အိပ်ခြင်း၏ အလယ်၌ ရောက်လျက် မျောက်၏ အိပ်ခြင်းကဲ့သို့သော အိပ်ခြင်းနှင့် ယှဉ်သောသူသည် အိပ်မက်ကို မြင်မက်၏။ မင်းမြတ် ဥပမာသော်ကား တစ်စုံတစ်ယောက်သော လုံ့လအကျင့်ရှိသောသူသည် တည်ကြည်သော စိတ်ရှိလျက် တည်ကြည်သော တရားရှိ၍ မတုန်လှုပ်သော ဉာဏ်အမြင်ရှိလျက် ပယ်အပ်ပြီးသော အုတ်အုတ်ကျက်ကျက် အသံရှိသော တောသို့ သက်ဝင်၍ သိမ်မွေ့သော အနက်အဓိပ္ပါယ်ကို ကြံ၏။ ထိုပုဂ္ဂိုလ်သည် ထိုတော၌ အိပ်ပျော်ခြင်းသို့ မသက်ရောက်။ ထိုသူသည် ထိုတော၌ တည်ကြည်သော တစ်ခုတည်းသော စိတ်ရှိသည်ဖြစ်၍ သိမ်မွေ့သော အနက်အဓိပ္ပါယ်ကို ထိုးထွင်း၍ သိ၏။ မင်းမြတ် ဤအတူသာလျှင် နိုးကြားသော အိပ်ပျော်ခြင်းသို့ မရောက်သော အိပ်ခြင်း၏ အလယ်သို့ ရောက်သော မျောက်၏ အိပ်ခြင်းကဲ့သို့ အိပ်ခြင်းနှင့်ယှဉ်သောသူသည် အိပ်မက်ကို မြင်မက်၏။ မင်းမြတ် အုတ်အုတ်ကျက်ကျက် အသံနှင့်အတူ နိုးကြားခြင်းကို မှတ်အပ်၏။ ဆိတ်ငြိမ်သော တောနှင့်အတူ မျောက်၏ အိပ်ခြင်းကဲ့သို့သော အိပ်ခြင်းနှင့် ယှဉ်သောသူကို မှတ်အပ်၏။ ထိုသူသည် အုတ်အုတ်ကျက်ကျက်အသံကို ပယ်၍ အိပ်ပျော်ခြင်းကို ကြဉ်လျက် လျစ်လျူရှု သည် ဖြစ်၍ သိမ်မွေ့သော အနက်အဓိပ္ပါယ်ကို ထိုးထွင်း၍ သိသည်နှင့်အတူ နိုးကြားသော အိပ်ပျော်ခြင်း သို့ မရောက်သေးသော၊ မျောက်၏ အိပ်ခြင်းကဲ့သို့သော၊ အိပ်ခြင်းနှင့်ယှဉ်သောသူသည် အိပ်မက်ကို မြင်မက်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏။ ဤသို့လျှင် ဤစကားကို ထိုသို့ ဆိုတော်မူတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

ငါးခုမြောက် သုပိနပဥှာ ပြီး၏။

--

၆-အကာလမရဏပဥှာ

သေချိန်မရောက်မီ သေခြင်း ပြဿနာ

။ အသျှင်ဘုရားနာဂသေန သေသော သတ္တဝါအားလုံးတို့သည် သေချိန်အခါ၌သာ သေပါကုန် သလော။ သို့မဟုတ် သေချိန်အခါ မရောက်မီလည်း သေပါကုန်သလောဟု (မေးလျှောက်၏)။ မင်းမြတ် သေချိန်အခါ၌ သေခြင်းလည်း ရှိ၏။ သေချိန်အခါ မရောက်မီ သေခြင်းလည်း ရှိ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန အဘယ်သူတို့သည် သေချိန်အခါ၌ သေပါကုန်သနည်း။ အဘယ်သူတို့သည် သေချိန်အခါ မရောက်မီ သေပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် သရက်ပင်မှသော်လည်းကောင်း၊ သပြေပင်မှသော်လည်းကောင်း၊ ထို့ပြင် အသီးရှိသော အခြား သစ်ပင်မှသော်လည်းကောင်း ကြွေကျကုန်သော၊ စိမ်းသည်လည်း ဖြစ်ကုန်သော၊ မှည့်သည်လည်းဖြစ်ကုန်သော သစ်သီးတို့ကို သင် မင်းမြတ် မြင်ဖူးသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မြင်ဖူးပါ၏ဟု (လျှောက်၏)။ မင်းမြတ် သစ်ပင်မှ ကြွေကျသော သစ်သီးအားလုံးတို့သည် ကြွေချိန်အခါ၌သာ ကြွေကျပါကုန်သလော။ သို့မဟုတ် ကြွေချိန်အခါ မရောက်မီလည်း ကြွေကျပါကုန်သလောဟု (မေးတော်မူ၏)။

အသျှင်ဘုရားနာဂသေန အကြင်သစ်သီးတို့သည် မှည့်ရင့် ပျော့အိကုန်သည် ဖြစ်၍ ကြွေကျကုန်သော သစ်သီးအားလုံးတို့သည် ကြွေချိန်အခါ၌သာ ကြွေကျပါကုန်၏။ ထိုမှတစ်ပါး မှည့်သောအသီးမှ ကြွင်းကုန်သော သစ်သီးတို့တွင် အချို့သော သစ်သီးတို့သည် ပိုးထိုးကုန်သည် ဖြစ်၍ ကြွေကျပါကုန်၏။့အချို့သော သစ်သီးတို့သည် တုတ်၊ ဆောက်ပုတ်တို့ ခတ်မိကုန်၍ ကြွေကျပါကုန်၏။ အချို့သော သစ်သီးတို့သည် လေတိုက်ခတ်ကုန်၍ ကြွေကျပါကုန်၏။ အချို့သော သစ်သီးတို့သည် အတွင်းပုပ်ကုန် သည် ဖြစ်၍ ကြွေကျပါကုန်၏။ ထိုအလုံးစုံသော သစ်သီးတို့သည် ကြွေချိန်အခါ မရောက်မီ ကြွေကျပါကုန်၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် အိုခြင်း ‘ဇရာ’ အဟုန် ပုတ်ခတ်ကုန်၍ သေကုန်သောသူတို့သည်သာ သေချိန်အခါ၌ သေကုန်၏။ ကြွင်းသော သတ္တဝါတို့သည် အချို့တို့ကား ကံနှိပ်စက် ၍ သေကုန်၏။ အချို့တို့ကား ဂတိနှိပ်စက်၍ သေကုန်၏။ အချို့တို့ကား အပြုအမူနှိပ်စက်၍ သေကုန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ကံနှိပ်စက်၍ သေသော သတ္တဝါ၊ ဂတိနှိပ်စက်၍ သေသော သတ္တဝါ၊ အပြု အမူ နှိပ်စက်၍ သေသော သတ္တဝါ၊ အိုခြင်း ‘ဇရာ'အဟုန် ပုတ်ခတ်၍ သေသော သတ္တဝါ အားလုံးတို့သည် သေချိန်အခါ၌သာလျှင် သေပါကုန်၏။ အကြင်သူသည်ကား အမိဝမ်းသို့ ကပ်ရောက်စဉ် သေပါ၏။ ထိုအချိန် ထိုအခါသည် ထိုသူ၏ သေချိန်ပါတည်း။ ထိုသူသည် သေချိန်အခါ၌သာ သေပါ၏။ အကြင်သူ သည် ဖွားရာအိမ်၌ သေပါ၏။ ထိုအချိန် ထိုအခါသည် ထိုသူ၏ သေချိန်ပါတည်း။ ထိုသူသည်လည်း သေချိန်အခါ သေပါ၏။ အကြင်သူသည်ကား အသက်တစ်လရှိသည် ဖြစ်၍ သေပါ၏။ပ။ အကြင်သူသည် ကား အနှစ်တစ်ရာရှိသည် ဖြစ်၍ သေပါ၏။ ထိုသူသည် သေချိန်အခါ၌သာ သေပါ၏။ အသျှင်ဘုရား နာဂသေန ထိုသို့ဖြစ်ပါမူ သေချိန်အခါ မရောက်မီ သေသည်မည်သည် မဖြစ်သင့်ပြီ။ သေသော သတ္တဝါ အားလုံးတို့သည် သေချိန်အခါ၌သာ သေပါကုန်၏ဟု (လျှောက်၏)။

မင်းမြတ် ခုနစ်ဦးကုန်သော ဤသူတို့သည် ပိုလွန်နေရရန် အသက်ရှိသေးသော်လည်း သေချိန်အခါ မရောက်မီ သေပါကုန်၏။ အဘယ်ခုနစ်ဦးတို့နည်းဟူမူ-

--

(၁) မင်းမြတ် ငတ်မွတ်ဆာလောင်သောသူသည် အစာကို မရခဲ့မူ ဝမ်းတွင်း၌ လေခတ်သည် ဖြစ်၍ ပိုလွန်နေရရန် အသက်ရှိသေးသော်လည်း သေချိန်အခါ မရောက်မီ သေပါ၏။

(၂) မင်းမြတ် ရေငတ်သောသူသည် သောက်ရေကို မရခဲ့မူ ခြောက်ကပ်သော နှလုံးရှိသည် ဖြစ်၍ ပိုလွန်နေရရန် အသက်ရှိသေးသော်လည်း သေချိန်အခါ မရောက်မီ သေပါ၏။

(၃) မင်းမြတ် မြွေကိုက်ခံရသောသူသည် အဆိပ်ဟုန်နှိပ်စက်သည် ဖြစ်၍ ဆေးဆရာကို မရခဲ့မူ ပိုလွန်နေရရန် အသက်ရှိသေးသော်လည်း သေချိန်အခါ မရောက်မီ သေပါ၏။

(၄) မင်းမြတ် အဆိပ်ကို စားမိသောသူသည် အင်္ဂါကြီးငယ်တို့ ပူလောင်ကုန်သည်ရှိသော် ဆေးကို မရခဲ့မူ ပိုလွန်နေရရန် အသက်ရှိသေးသော်လည်း သေချိန်အခါ မရောက်မီ သေပါ၏။

(၅) မင်းမြတ် မီး၌ ရောက်သည် ဖြစ်၍ လောင်မြိုက်သောသူသည် အေးငြိမ်းကြောင်းကို မရခဲ့မူ ပိုလွန်နေရရန် အသက်ရှိသေးသော်လည်း သေချိန်အခါ မရောက်မီ သေပါ၏။

(၆) မင်းမြတ် ရေနစ်မြုပ်သောသူသည် ထောက်တည်ရာကို မရခဲ့မူ ပိုလွန်နေရရန် အသက်ရှိသေး သော်လည်း သေချိန်အခါ မရောက်မီ သေပါ၏။

(၇) မင်းမြတ် လက်နက် ထိခိုက်မိ၍ အနာရှိသောသူသည် ဆေးသမားကို မရခဲ့မူ ပိုလွန်နေရရန် အသက်ရှိသေးသော်လည်း သေချိန်အခါ မရောက်မီ သေပါ၏။

မင်းမြတ် ဤခုနစ်ဦးသောသူတို့သည် ပိုလွန်နေရရန် အသက်ရှိသေးသော်လည်း သေချိန်အခါ မရောက်မီ သေပါကုန်၏။ မင်းမြတ် ထိုအရာ၌လည်း ငါသည် ဧကန်စင်စစ်အားဖြင့် ဆိုဦးအံ့။

မင်းမြတ် ရှစ်ပါးသော အကြောင်းအားဖြင့် သတ္တဝါတို့၏ သေခြင်းသည် ဖြစ်၏။ လေကြောင့်လည်းကောင်း၊ သည်းခြေကြောင့်လည်းကောင်း၊ သလိပ်ကြောင့်လည်းကောင်း၊ လေ, သည်းခြေ, သလိပ်တို့ ပေါင်းဆုံစုဝေးခြင်း ‘သန္နိပါတ်'ကြောင့်လည်းကောင်း၊ ဥတုဖောက်ပြန်သောကြောင့်လည်းကောင်း၊ မညီညွတ်သော အစာကြောင့်လည်းကောင်း၊ သူတစ်ပါးလုံ့လပယောဂကြောင့်လည်းကောင်း၊ ကံ၏အကျိုးကြောင့်လည်းကောင်း၊ သတ္တဝါတို့၏ သေခြင်းဖြစ်၏။ မင်းမြတ် ထိုရှစ်မျိုးတို့တွင် ကံ၏အကျိုးကြောင့် သေခြင်း သည်သာလျှင် ထိုသေခြင်းတို့တွင် အခါကာလနှင့် ယှဉ်သော သေရခြင်း မည်၏။ ကြွင်းသော သေခြင်းတို့သည် အခါကာလနှင့် မယှဉ်သော သေရခြင်း မည်ကုန်၏။

“ထိုသို့သေရာ၌ ထမင်းငတ်မွတ်ဆာလောင်ခြင်းကြောင့်လည်းကောင်း၊ ရေငတ်ခြင်း ကြောင့်လည်းကောင်း၊ မြွေကိုက်ခြင်းကြောင့်လည်းကောင်း၊ အဆိပ်ကိုစားမိသော ကြောင့်လည်းကောင်း၊ မီးလောင်ခြင်း, ရေနစ်ခြင်း, လက်နက်ထိခိုက်ခြင်းတို့ ကြောင့်လည်းကောင်း သေချိန်အခါ မရောက်မီ သေ၏။ ထိုသို့သေရာ၌ လေ, သည်းခြေကြောင့်လည်းကောင်း၊ သလိပ်ကြောင့်လည်းကောင်း၊ လေ, သည်းခြေ, သလိပ်တို့၏ စုပေါင်းခြင်း ‘သန္နိပါတ်'ကြောင့်လည်းကောင်း၊ ဥတုမညီ ညွတ်ခြင်းတို့ကြောင့်လည်းကောင်း၊ မညီညွတ်သော အာဟာရ၊ သူတစ်ပါးလုံ့လ၊ ကံ၏ အကျိုးတို့ကြောင့်လည်းကောင်း သေချိန်အခါ မရောက်မီ သေ၏” ဤကား (အကျဉ်းချုပ်) သင်္ဂဟဂါထာ ဖြစ်၏။

မင်းမြတ် အချို့သော သတ္တဝါတို့သည် ရှေးဘဝက ပြုခဲ့ဖူးသော ထိုထိုအကုသိုလ်ကံ၏ အကျိုး ကြောင့် သေရကုန်၏။ မင်းမြတ် ဤလောက၌ ရှေးဘဝက သူတစ်ပါတို့ကို ဆာလောင်ငတ်မွတ်စေခြင်းဖြင့် သတ်ခဲ့သောသူသည် သိန်းပေါင်းများစွာသော နှစ်တို့ပတ်လုံး ဆာလောင်ငတ်မွတ်ခြင်းဖြင့် နှိပ်စက်သည် ဖြစ်၍ ဆာလောင်ငတ်မွတ်လျက် ပင်ပန်းသည်၊ ခြောက်ခန်းညှိုးနွမ်းသော နှလုံးရှိသည်၊ အလွန် ဆာလောင်သည်၊ တစ်ကိုယ်လုံး ခြောက်ကပ်၍ လောင်းကျွမ်းသည်၊ ဝမ်းအတွင်း၌ ပူလောင်သည် ဖြစ်၍ ဆာလောင်ခြင်းဖြင့်သာလျှင် ငယ်ရွယ် နုပျိုစဉ်ဖြစ်စေ၊ အလယ်အလတ်အရွယ် ဖြစ်စေ၊ ကြီးရင့်အိုမင်းသော အရွယ်ဖြစ်စေ သေရ၏။ ဤသို့သော သေခြင်းသည်လည်း ထိုသူ၏ အခါကာလနှင့် ယှဉ်သော သေခြင်းတည်း။

--

ရှေးဘဝက သူတစ်ပါးတို့ကို ရေငတ်စေခြင်းဖြင့် သတ်ခဲ့သောသူသည် သိန်းပေါင်းများစွာသော နှစ်တို့ပတ်လုံး နိဇ္ဈာမတဏှိကမည်သော ပြိတ္တာဖြစ်လျက် ခေါင်းပါးကြုံလှီသည် ခြောက်ကပ်သော နှလုံး ရှိသည် ဖြစ်၍ ရေငတ်ခြင်းဖြင့်သာလျှင် ငယ်ရွယ်နုပျိုစဉ် ဖြစ်စေ၊ အလယ်အလတ်အရွယ် ဖြစ်စေ၊ ကြီးရင့် အိုမင်းသော အရွယ်ဖြစ်စေ သေရ၏၊ ဤသို့သော သေခြင်းသည်လည်း ထိုသူ၏ အခါကာလနှင့် ယှဉ်သော သေခြင်းတည်း။

ရှေးဘဝက သူတစ်ပါးတို့ကို မြွေကိုက်စေ၍ သတ်ခဲ့သောသူသည် သိန်းပေါင်းများစွာသော နှစ်တို့ ပတ်လုံး စပါးကြီးမြွေခံတွင်းတစ်ခုမှသာလျှင် စပါးကြီးမြွေခံတွင်းတစ်ခုသို့၊ မြွေဟောက်ခံတွင်း တစ်ခုမှသာ လျှင် မြွေဟောက်ခံတွင်းတစ်ခုသို့ ပြောင်းလွှဲကာ ထိုမြွေတို့ ကိုက်အပ်ခဲအပ်သည် ဖြစ်ရကား မြွေကိုက် ခံရ၍သာ ငယ်ရွယ်နုပျိုစဉ် ဖြစ်စေ၊ အလယ်အလတ် အရွယ် ဖြစ်စေ၊ ကြီးရင့်အိုမင်းသော အရွယ် ဖြစ်စေ သေရ၏၊ ဤသို့သော သေခြင်းသည်လည်း ထိုသူ၏ အခါကာလနှင့် ယှဉ်သော သေခြင်းတည်း။

ရှေးဘဝက သူတစ်ပါးတို့ကို အဆိပ်ကို ပေးလျက် သတ်ခဲ့သောသူသည် သိန်းပေါင်းများစွာသော နှစ်တို့ပတ်လုံး ပူလောင်သော အင်္ဂါကြီးငယ် ကွဲပျက်သော ကိုယ်ဖြင့် အပုပ်နံ့ကို လှိုင်စေလျက် အဆိပ်ဖြင့် သာလျှင် ငယ်ရွယ်နုပျိုစဉ် ဖြစ်စေ၊ အလယ်အလတ် အရွယ် ဖြစ်စေ၊ ကြီးရင့်အိုမင်းသော အရွယ် ဖြစ်စေ သေရ၏။ ဤသို့သော သေခြင်းသည်လည်း ထိုသူ၏ အခါကာလနှင့် ယှဉ်သော သေခြင်းတည်း။

ရှေးဘဝက သူတစ်ပါးတို့ကို မီးဖြင့် သတ်ခဲ့သောသူသည် သိန်းပေါင်းများစွာသော နှစ်တို့ပတ်လုံး မီးတောင်တစ်ခုမှသာလျှင် မီးတောင်တစ်ခုသို့၊ ယမမင်းနိုင်ငံတစ်ခုမှသာလျှင် ယမမင်းနိုင်ငံတစ်ခုသို့ ပြောင်း လှည့်ကာ ပူလောင်ကျွမ်းကျက်သော ကိုယ်ရှိသည် ဖြစ်၍ မီးဖြင့်သာလျှင် ငယ်ရွယ်နုပျိုစဉ် ဖြစ်စေ၊ အလယ်အလတ် အရွယ် ဖြစ်စေ၊ ကြီးရင့်အိုမင်းသော အရွယ်ဖြစ်စေ သေရ၏။ ဤသို့သော သေခြင်း သည်လည်း ထိုသူ၏ အခါကာလနှင့် ယှဉ်သော သေခြင်းတည်း။

ရှေးဘဝက သူတစ်ပါးတို့ကို ရေဖြင့် သတ်ခဲ့သောသူသည် သိန်းပေါင်းများစွာသော နှစ်တို့ပတ်လုံး တိုက်ခိုက် ပျက်ယွင်း ကျိုးပဲ့ အားမဲ့သော ကိုယ်ရှိသည်ဖြစ်၍ ချောက်ချားသော စိတ်ရှိလျက် ရေဖြင့်သာ လျှင် ငယ်ရွယ်နုပျိုစဉ် ဖြစ်စေ၊ အလယ်အလတ် အရွယ် ဖြစ်စေ၊ ကြီးရင့်အိုမင်းသော အရွယ် ဖြစ်စေ သေရ၏။ ဤသို့သော သေခြင်းသည်လည်း ထိုသူ၏ အခါကာလနှင့် ယှဉ်သော သေခြင်းတည်း။

ရှေးဘဝက သူတစ်ပါးတို့ကို လှံဖြင့် သတ်ခဲ့သောသူသည် သိန်းပေါင်းများစွာသော နှစ်တို့ပတ်လုံး စုတ်ပြတ် ကွဲပျက် ထုနှက် မှုန့်ချေအပ်သော ကိုယ်ရှိ၍ လှံသွားဖြင့် အထိုးခံရသည် ဖြစ်လျက် လှံဖြင့် သာလျှင် ငယ်ရွယ်နုပျိုစဉ် ဖြစ်စေ၊ အလယ်အလတ် အရွယ် ဖြစ်စေ၊ ကြီးရင့်အိုမင်းသော အရွယ် ဖြစ်စေ သေရ၏။ ဤသို့သော သေခြင်းသည်လည်း ထိုသူ၏ အခါကာလနှင့် ယှဉ်သော သေခြင်းတည်းဟု (မိန့်တော်မူ၏

အသျှင်ဘုရားနာဂသေန သေချိန်အခါ မရောက်မီ သေခြင်းသည် ရှိ၏ဟု အကြင်စကားကို အသျှင် ဘုရား ဆို၏။ တိုက်တွန်းတောင်းပန်ပါ၏။ ထိုစကား၌ အသျှင်ဘုရားသည် အကျွန်ုပ်အား အကြောင်းကို ညွှန်ပြတော်မူပါလော့ဟု (လျှောက်၏)။ မင်းမြတ် ဥပမာသော်ကား ကြီးစွာသော မီးပုံကြီးသည် စွဲလောင် အပ်သော မြက် ထင်း သစ်ခက် သစ်ရွက်ရှိ၍ လောင်ကျွမ်းပြီးသော မီးစာရှိလျက် မီးလောင်စာကုန်သော ကြောင့် ငြိမ်း၏။ ထိုမီးဘေးကို “ဘေးရန်မရှိဘဲ ဥပဒ်မရှိဘဲ ငြိမ်းချိန်တန်သော အခါ၌ ငြိမ်းအေးသော မီး မည်၏”ဟု ဆိုအပ်၏။ မင်းမြတ် ဤ အတူသာလျှင် တစ်စုံတစ်ယောက်သောသူသည် ထောင်ပေါင်း များစွာသော နေ့တို့ပတ်လုံး အသက်ရှင်၍ အိုမင်း ရင့်ရော်လျက် အသက်ကုန်ခြင်းကြောင့် ဘေးရန်မရှိဘဲ ဥပဒ်မရှိဘဲ သေရ၏၊ ထိုသူကို “သေချိန်အခါ၌ သေခြင်းသို့ ရောက်သောသူ”ဟု ဆိုအပ်၏။

--

မင်းမြတ် ဥပမာတစ်နည်းသော်ကား ကြီးစွာသော မီးပုံကြီးသည် စွဲလောင်အပ်သော မြက် ထင်း သစ်ခက် သစ်ရွက်ရှိသည် ဖြစ်ရာ၏။ ထိုမီးပုံကြီးသည် မြက် ထင်း သစ်ခက် သစ်ရွက် လောင်၍ မကုန်မီပင် မိုးကြီးသည်းစွာ ရွာ၍ ငြိမ်းရာ၏။ မင်းမြတ် မေးဦးအံ့။ ထိုမီးပုံကြီးသည် ငြိမ်းချိန်တန်သော အခါ၌ ငြိမ်းအေးသည်မည်သည် ဖြစ်သလောဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား မဖြစ်ပါဟု (လျှောက်၏)။ မင်းမြတ် နောက်ဆိုသော မီးပုံသည် ရှေးဦးဆိုသော မီးပုံနှင့် တူမျှသော သဘောရှိသည် အဘယ့်ကြောင့် မဖြစ်ပါသနည်းဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား ရုတ်တရက် ရွာသွန်းလာသော မိုးသည် နှိပ်စက် သည်ဖြစ်၍ ထိုမီးသည် ငြိမ်ချိန်မရောက်ဘဲ ငြိမ်း၏။ ထို့ကြောင့် ရှေးမီးပုံနှင့် မတူပါဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် တစ်စုံတစ်ယောက်သောသူသည် သေချိန်အခါ မဟုတ်ဘဲ သေ၏။ ထိုသူသည် ရုတ်တရက် ဖြစ်ပေါ်လာသော ရောဂါသည် နှိပ်စက်အပ်သည်ဖြစ်၍ လေကြောင့်လည်းကောင်း၊ သည်းခြေ ကြောင့်လည်းကောင်း၊ သလိပ်ကြောင့်လည်းကောင်း၊ လေ, သည်းခြေ, သလိပ်ပေါင်းဆုံခြင်း ‘သန္နိပါတ်’ ကြောင့်လည်းကောင်း၊ ဥတုဖောက်ပြန်သော ရောဂါကြောင့်လည်းကောင်း၊ မညီညွတ်သော အစာကြောင့်လည်းကောင်း၊ သူတစ်ပါးလုံ့လကြောင့်လည်းကောင်း၊ ငတ်မွတ်ဆာလောင်သောကြောင့်လည်းကောင်း၊ ရေမွတ်သိပ်သောကြောင့်လည်းကောင်း၊ မြွေကိုက်သောကြောင့်လည်းကောင်း၊ အဆိပ်ကို စားမိသောကြောင့်လည်းကောင်း၊ မီးလောင်သောကြောင့်လည်းကောင်း၊ ရေနစ်သောကြောင့်လည်းကောင်း၊ လက်နက်ဟုန် နှိပ်စက်အပ်သောကြောင့်လည်းကောင်း သေချိန်အခါ မရောက်မီ သေရ၏။ မင်းမြတ် ဤသည်ကား သေချိန်အခါ မရောက်မီ သေရခြင်း၌ အကြောင်းတည်း။

မင်းမြတ် ဥပမာတစ်နည်းသော်ကား ကောင်းကင်၌ မိုးကြီးသည်းထန်စွာ တက်လတ်၍ ချိုင့်ဝှမ်းရာ အရပ်ကိုလည်းကောင်း၊ ကြည်းကုန်းရာအရပ်ကိုလည်းကောင်း ပြည့်လျှမ်းစေလျက် ရွာသွန်း၏။ ထိုမိုးကို ဘေးရန် မရှိဘဲ ဥပဒ်မရှိဘဲ ရွာသော မိုးဟူ၍ ဆိုအပ်၏။ မင်းမြတ် ဤအတူသာလျှင် တစ်စုံတစ်ယောက့်သောသူသည် ကြာမြင့်စွာ အသက်ရှင်၍ အိုမင်းရင့်ရော်လျက် အသက်ကုန်ခြင်းကြောင့် ဘေးရန်, ဥပဒ်မရှိဘဲ သေရ၏၊ ထိုသူကို “သေချိန်အခါ၌ သေခြင်းသို့ ရောက်သောသူ”ဟူ၍ ဆိုအပ်၏။

မင်းမြတ် ဥပမာတစ်နည်းသော်ကား ကောင်းကင်၌ မိုးကြီးသည်းစွာ ရွာတက်လတ်၍ လမ်းခရီး ကြား၌ပင်လျှင် ကြီးစွာသော လေကြောင့် ကင်းပြတ်ပျက်စီးခြင်းသို့ ရောက်၏။ မင်းမြတ် ထိုမိုးကြီးသည် ကင်းပြတ်ပျက်စီးခြင်းသို့ ရောက်သင့်သော အချိန်၌ ကင်းပြတ်သည်မည်သည် ဖြစ်ရာသလောဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား မဖြစ်ရာပါဟု (လျှောက်၏)။ မင်းမြတ် နောက်ဆိုသော မိုးသည် ရှေးဦး ဆိုသော မိုးနှင့် အဘယ့်ကြောင့် တူမျှသော သဘောရှိသည် မဖြစ်ပါသနည်းဟု (မိန့်တော်မူ၏)။ အသျှင် ဘုရား တစ်ခဏချင်း တိုက်ခတ်လာသော လေသည် နှိပ်စက်အပ်သည် ဖြစ်၍ ထိုမိုးသည် အခါသို့ မရောက်မီပင် ကင်းပြတ်ပါ၏၊ (ထို့ကြောင့် ရှေးမိုးနှင့် မတူပါဟု လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် တစ်စုံတစ်ယောက်သောသူသည် သေချိန်အခါ မရောက်မီ သေရ၏။ ထိုသူသည် ရုတ်တရက်ရောက်လာသော ရောဂါနှိပ်စက်အပ်သည် ဖြစ်၍ လေကြောင့်လည်းကောင်း။ပ။ လက်နက်ဟုန် နှိပ်စက်အပ်သော ကြောင့်လည်းကောင်း သေချိန်အခါ မရောက်မီ သေရ၏၊ မင်းမြတ် ဤသည်ကား သေချိန်အခါ မရောက်မီ သေရခြင်း၌ အကြောင်းတည်း။

မင်းမြတ် ဥပမာတစ်နည်းသော်ကား အားကြီးသော အဆိပ်ပြင်းသော မြွေသည် အမျက်ထွက်သည် ဖြစ်၍ တစ်စုံတစ်ယောက်သော ယောက်ျားကို ကိုက်ရာ၏။ ထိုယောက်ျားအား ထိုအဆိပ်သည် အဆိပ်ဖြေ ဆေးစသော အထိအခိုက်မရှိဘဲ သေခြင်းသို့ ရောက်စေရာ၏။ ထိုအဆိပ်ကို အဆိပ်ဖြေဆေးစသော၊ အထိအခိုက်မရှိသော အဆိပ်၊ အထက်မြက်ဆုံးဖြစ်သော အဆိပ်ဟူ၍ ဆိုအပ်၏။ မင်းမြတ် ဤအတူ သာလျှင် တစ်စုံတစ်ယောက်သောသူသည် ကြာမြင့်စွာ အသက်ရှင်၍ အိုမင်းရင့်ရော်လျက် အသက်ကုန်ခြင်းကြောင့် ဘေးရန်ဥပဒ်မရှိဘဲ သေရ၏။ ထိုသူ့ကို “အထိအခိုက်မရှိဘဲ အသက်အဆုံးသို့ ရောက်သော၊ သေချိန်နှင့် ယှဉ်သော သေခြင်းသို့ ရောက်သောသူ”ဟူ၍ ဆိုအပ်၏။

မင်းမြတ် ဥပမာတစ်နည်းသော်ကား အားကြီးသော အဆိပ်ပြင်းသော မြွေကိုက်ခံရသောသူအား ကိုက်သည့်အတွင်း၌ပင်လျှင် မြွေဆရာသည် အဆိပ်ဖြေဆေးကို ပေး၍ အဆိပ်မရှိသည်ကို ပြုရာ၏။ မင်းမြတ် ထို အဆိပ်သည် အချိန်အခါ၌ ကင်းပြတ်သည် မည်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မမည်ပါဟု (လျှောက်၏)။ မင်းမြတ် နောက်ဆိုသော အဆိပ်သည် ရှေးဆိုသော အဆိပ်နှင့် အဘယ့်ကြောင့် တူမျှသော သဘောရှိသည် မဖြစ်သနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား တစ်ခဏချင်းရောက်လာသော အဆိပ်ဖြေဆေးက တိုက်ဖျက်အပ်သော မူလအဆိပ်သည် အဆုံးသို့ မရောက်ဘဲသာလျှင် ကင်းပြတ်ပါ၏။ ထို့ကြောင့် တူမျှသော သဘောမရှိပါဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် တစ်စုံတစ်ယောက်သောသူသည် သေချိန်အခါ မဟုတ်ဘဲ သေ၏။ ထိုသူသည် တစ်ခဏချင်း ရောက်လာသော ရောဂါ နှိပ်စက်အပ်သည် ဖြစ်၍ လေကြောင့်လည်းကောင်း။ပ။ လက်နက်ဟုန် နှိပ်စက်သောကြောင့်လည်းကောင်း သေချိန်အခါ မရောက်မီ သေရ၏၊ မင်းမြတ် ဤသည်ကား သေချိန်အခါ မရောက်မီ သေခြင်း၌ အကြောင်း ပင်တည်း။

--

မင်းမြတ် ဥပမာတစ်နည်းသော်ကား လေးသမားသည် မြားကို ပစ်လွှတ်ရာ၏။ ထိုမြားသည် သွားမြဲတိုင်းသော ခရီးလမ်းအဆုံးသို့ ကပ်၍ရောက်သည် ဖြစ်အံ့။ ထိုမြားကို “အထိအခိုက်မရှိဘဲ သွားမြဲတိုင်းသော ခရီးလမ်းအဆုံးသို့ ရောက်သော မြား မည်၏”ဟူ၍ ဆိုအပ်၏။ မင်းမြတ် ဤအတူ သာလျှင် တစ်စုံတစ်ယောက်သောသူသည် ကြာမြင့်စွာ အသက်ရှင်၍ အိုမင်းရင့်ရော်လျက် အသက်ကုန်ခြင်း ကြောင့် ဘေးရန်ဥပဒ်မရှိဘဲ သေရ၏။ ထိုသူ့ကို “အထိအခိုက်မရှိဘဲ သေချိန်အခါ၌ သေခြင်းသို့ ရောက်သူ”ဟူ၍ ဆိုအပ်၏။

မင်းမြတ် ဥပမာတစ်နည်းသော်ကား လေးသမားသည် မြားကို ပစ်လွှတ်ရာ၏။ ထိုသူ၏ ထိုမြားကို ထိုပစ်သော ခဏ၌ပင် တစ်စုံတစ်ယောက်သောသူသည် ဆွဲကိုင်ရာ၏။ မင်းမြတ် ထိုမြားသည် သွားမြဲ တိုင်းသော ခရီးလမ်းအဆုံးသို့ ရောက်ခြင်းမည်သည် ဖြစ်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မဖြစ်ပါဟု (လျှောက်၏)။ မင်းမြတ် နောက်ဆိုသော မြားသည် ရှေးဆိုသော မြားနှင့် အဘယ့်ကြောင့် တူမျှသော သဘောရှိသည် မဖြစ်သနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား ရုတ်တရက်ဖြစ်ပေါ်လာသော ဆွဲကိုင်ခြင်းသည် ထိုမြား၏ သွားခြင်းကို ဖြတ်အပ်ပါ၏။ ထို့ကြောင့် တူမျှသော သဘောမရှိပါဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် တစ်စုံ တစ်ယောက်သောသူသည် အခါမရောက်မီ သေရ၏။ ထိုသူသည် ရုတ်တရက်ဖြစ်ပေါ်လာသော ရောဂါနှိပ်စက်အပ်သည် ဖြစ်၍ လေကြောင့်လည်းကောင်း။ပ။ လက်နက်ဟုန် နှိပ်စက်သောကြောင့်လည်းကောင်း သေချိန်အခါ မရောက်မီ သေရ၏၊ မင်းမြတ် ဤသည် ကား သေချိန်အခါ မရောက်မီ သေရခြင်း၌ အကြောင်းပင်တည်း။

မင်းမြတ် ဥပမာတစ်နည်းသော်ကား တစ်စုံတစ်ယောက်သောသူသည် သံခွက်ကို တီးခေါက်ရာ၏။ ထိုသူ၏ တီးခေါက်ခြင်းကြောင့် အသံဖြစ်ပေါ်လာ၍ သွားမြဲတိုင်းသော ခရီးလမ်းအဆုံးသို့ ရောက်၏။ ထိုအသံကို “အထိအခိုက်မရှိဘဲ သွားမြဲတိုင်းသော ခရီးလမ်းအဆုံးသို့ ရောက်သော အသံ မည်၏”ဟူ၍ ဆိုအပ်၏။ မင်းမြတ် ဤအတူသာလျှင် တစ်စုံတစ်ယောက်သောသူသည် နေ့ ရက် ထောင်ပေါင်းများစွာတို့ပတ်လုံး အသက်ရှင်၍ အိုမင်းရင့်ရော်ကာ အသက်ကုန်ခြင်းကြောင့် ဘေးရန်ဥပဒ်မရှိဘဲ သေရ၏။ ထိုသူ့ကို “အထိအခိုက်မရှိဘဲ သေရမည့်အချိန်အခါ၌ သေခြင်းသို့ ရောက်သောသူ”ဟူ၍ ဆိုအပ်၏။

မင်းမြတ် ဥပမာတစ်နည်းသော်ကား တစ်စုံတစ်ယောက်သောသူသည် သံခွက်ကို တီးခေါက်ရာ၏။ ထိုသူ၏ တီးခေါက်ခြင်းကြောင့် အသံသည် ဖြစ်ပေါ်လာရာ၏။ ဖြစ်သော အသံသည် အဝေးသို့ မရောက်မီ တစ်စုံတစ်ယောက်သောသူက ခွက်ကို ကိုယ်တွယ်ငြားအံ့။ ကိုင်တွယ်သည်နှင့် တစ်ပြိုင်နက် အသံချုပ် ပျောက်ရာ၏။ မင်းမြတ် အသံသည် သွားမြဲတိုင်းသော ခရီးလမ်းအဆုံးသို့ ရောက်ခြင်းမည်သည် ဖြစ် သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မဖြစ်ပါဟု (လျှောက်၏)။ မင်းမြတ် နောက်ဆိုသော အသံ သည် ရှေးဆိုသော အသံနှင့် အဘယ့်ကြောင့် တူမျှသော သဘောရှိသည် မဖြစ်သနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား ရုတ်တရက်ဖြစ်ပေါ်လာသော သုံးသပ်ကိုင်တွယ်ခြင်းကြောင့် ထိုအသံသည် ကင်းပြတ် ပါ၏။ ထို့ကြောင့် တူမျှသော သဘောမရှိပါဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် တစ်စုံ တစ်ယောက်သောသူသည် သေချိန်အခါ မရောက်မီ သေရ၏။ ထိုသူသည် ရုတ်တရက်ဖြစ်ပေါ်လာသော ရောဂါနှိပ်စက်အပ်သည် ဖြစ်၍ လေကြောင့်လည်းကောင်း။ပ။ လက်နက်ဟုန် နှိပ်စက်သောကြောင့်လည်းကောင်း သေချိန်အခါ မရောက်မီ သေရ၏၊ မင်းမြတ် ဤသည်ကား သေချိန်အခါ မရောက်မီ သေရခြင်း၌ အကြောင်းပင်တည်းဟု (မိန့်တော်မူ၏)။

--

မင်းမြတ် ဥပမာတစ်နည်းသော်ကား လယ်၌ ကောင်းစွာ စည်ပင်သော စပါးမျိုးသည် ကောင်းစွာ ရွာသော မိုးဖြင့် အထက်အောက် စည်ပင် ထွားကျိုင်း ပွါးများကာ အသီးအနှံများပြားသည် ဖြစ်၍ စပါးအောင်မြင်သော အခါသို့ ရောက်၏။ ထိုစပါးကို အထိအခိုက်မရှိဘဲ အခါသို့ ကောင်းစွာရောက်သော စပါး မည်၏”ဟု ဆိုအပ်၏။ မင်းမြတ် ဤအတူသာလျှင် တစ်စုံတစ်ယောက်သောသူသည် ထောင်ပေါင်း များစွာသော နေ့တို့ပတ်လုံး အသက်ရှင်၍ အိုမင်းရင့်ရော်ကာ အသက်ကုန်ခြင်းကြောင့် အထိအခိုက်မရှိဘဲ သေရ၏။ ထိုသူ့ကို အထိအခိုက်မရှိဘဲ သေချိန်အခါ၌ သေခြင်းသို့ ရောက်သူ”ဟူ၍ ဆိုအပ်၏။

မင်းမြတ် ဥပမာတစ်နည်းသော်ကား လယ်၌ ကောင်းစွာ စည်ပင်သော စပါးမျိုးသည် မိုးရေ ချို့တဲ့သည် ဖြစ်၍ သေရာ၏။ မင်းမြတ် ထိုမိုးလိုနေသော စပါးသည် အချိန်အခါသို့ ရောက်သောစပါး မည်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မမည်ပါဟု (လျှောက်၏)။ မင်းမြတ် နောက်ဆိုသော စပါးသည် ရှေးဆိုသော စပါးနှင့် အဘယ့်ကြောင့် တူမျှသော သဘောရှိသည် မဖြစ်သနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား ရုတ်တရက်ရောက်လာသော အပူနှိပ်စက်အပ်သည် ဖြစ်၍ ထိုစပါးသည် သေပါ၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် တစ်စုံတစ်ယောက်သောသူသည် သေချိန်အခါ မရောက်မီ သေရ၏။ ထိုသူသည် ရှေးရှု ကပ်ရောက်လာသော ရောဂါနှိပ်စက်အပ်သည် ဖြစ်၍ လေကြောင့်လည်းကောင်း၊ လက်နက်ဟုန် နှိပ်စက်သောကြောင့်လည်းကောင်း သေချိန်အခါ မရောက်မီ သေရ၏။ မင်းမြတ် ဤသည်ကား သေချိန်အခါ မရောက်မီ သေရခြင်း၌ အကြောင်းပင်တည်း။

မင်းမြတ် “ကောင်းစွာ ပြည့်စုံသော ကောက်နုကို ပိုးတို့သည် ထကြွကုန်၍ အမြစ်ရင်းနှင့်တကွ ဖျက်ဆီးကုန်၏”ဟု သင်ကြားဖူးသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ထိုအကြောင်းကို အကျွန်ုပ်တို့သည် ကြားလည်း ကြားဖူးပါ၏။ မြင်လည်း မြင်ဖူးပါ၏ဟု (လျှောက်၏)။ မင်းမြတ် ထိုပိုးဖျက်ဆီးသော ကောက်သည် အချိန်အခါသို့ ရောက်မှ ပျက်စီးသလော။ သို့မဟုတ် အချိန်အခါ မရောက်မီ ပျက်စီး သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား အချိန်အခါ မရောက်မီ ပျက်စီးပါ၏။ အသျှင်ဘုရား ထိုကောက်ပင်ကို ပိုးတို့သည် အကယ်၍ မကိုက်ကုန်ငြားအံ့။ ကောက်စပါးထုတ်ယူသိမ်းဆည်းသော အချိန် အခါသို့ ရောက်ရာပါ၏ဟု (လျှောက်၏)။ မင်းမြတ် ရုတ်တရက်ရောက်လာသော ဘေးရန်အဖျက်အဆီး ကြောင့် ကောက်ပင်သည် ပျက်စီးရ၏။ ဘေးရန် အဖျက်အဆီးကင်းသော ကောက်ပင်သည် ကောက်စပါး ထုတ်ယူသိမ်းဆည်းသော အချိန်အခါသို့ ရောက်နိုင်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ရောက်နိုင် ပါ၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် တစ်စုံတစ်ယောက်သောသူသည် သေချိန်အခါ မရောက်မီ သေရ၏။ ထိုသူသည် ရုတ်တရက်ဖြစ်ပေါ်လာသော ရောဂါနှိပ်စက်အပ်သည် ဖြစ်၍ လေကြောင့်လည်းကောင်း။ပ။ လက်နက်ဟုန် နှိပ်စက်သောကြောင့်လည်းကောင်း သေရ၏။ မင်းမြတ် ဤသည်ကား အခါမဟုတ်ဘဲ သေရခြင်း၌ အကြောင်းပင်တည်း။

မင်းမြတ် “ကောက်စပါးသည် ပြည့်စုံလျက် အသီးဝန်ဖြင့် ညွတ်ကိုင်းသော ကောက်နှံခိုင်အဖြစ်သို့ ရောက်သည်ရှိသော် ရှောက်ရွာမိုးမည်သော မိုးမျိုးသည် ကျ၍ ပျက်စီးစေ၏။ အသီးမရှိသည်ကို ပြု၏”ဟု သင်ကြားဖူးသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ထိုအကြောင်းကို အကျွန်ုပ်တို့သည် ကြားလည်း ကြားဖူးပါ၏၊ မြင်လည်း မြင်ဖူးပါ၏ဟု (လျှောက်၏)။ မင်းမြတ် ကောက်ပင်သည် အချိန် အခါ၌ ပျက်စီးပါသလော။ သို့မဟုတ် အချိန်အခါ မရောက်မီ ပျက်စီးပါသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား အချိန်အခါမရောက်မီ ပျက်စီးပါ၏။ အသျှင်ဘုရား ကောက်စပါးသည် အကယ်၍ ရှောက်ရွာ မိုး မရွာသည်ဖြစ်အံ့၊ ကောက်စပါးထုတ်ယူ သိမ်းဆည်းသော အချိန်အခါသို့ရောက်ရာပါ၏ဟု (လျှောက်၏)။ မင်းမြတ် ရုတ်တရက်ဖြစ်ပေါ်ရောက်လာသော ဘေးရန်အဖျက်အဆီးကြောင့် ကောက်ပင်သည် ပျက်စီးရ၍ ဘေးရန်အဖျက်အဆီးကင်းသော ကောက်ပင်သည် ကောက်စပါး ထုတ်ယူသိမ်းဆည်းသော အချိန်အခါသို့ ရောက်ရာသည် မဟုတ်ပါလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ကောက်စပါး ထုတ်ယူသိမ်းဆည်းသော အချိန်အခါသို့ ရောက်ရာပါ၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် တစ်စုံတစ်ယောက်သောသူသည် သေချိန်မဟုတ်ဘဲ အခါမရောက်မီ သေရ၏။ ထိုသူသည် ရုတ်တရက် ဖြစ်ပေါ်လာသော ရောဂါ ဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ လေကြောင့်လည်းကောင်း၊ သည်းခြေကြောင့်လည်းကောင်း၊ သလိပ်ကြောင့်လည်းကောင်း၊ လေ သည်းခြေ သလိပ်တို့၏ စုဝေးခြင်း ‘သန္နိပါတ် ‘ကြောင့်လည်းကောင်း၊ ဥတု ဖောက်ပြန်သောကြောင့်လည်းကောင်း၊ မညီညွတ်သော အာဟာရကြောင့်လည်းကောင်း၊ သူတစ်ပါး လုံ့လ ကြောင့်လည်းကောင်း၊ ငတ်မွတ်ဆာလောင်သောကြောင့်လည်းကောင်း၊ ရေမွတ်သိပ်သောကြောင့်လည်းကောင်း၊ မြွေကိုက်သောကြောင့်လည်းကောင်း၊ အဆိပ်သင့်သောကြောင့်လည်းကောင်း၊ မီးလောင်သော ကြောင့်လည်းကောင်း၊ ရေနစ်သောကြောင့်လည်းကောင်း၊ လက်နက်ဟုန် နှိပ်စက်သောကြောင့်လည်းကောင်း သေချိန်အခါ မရောက်မီ သေရ၏။ ရုတ်တရက်ဖြစ်ပေါ်လာသော ရောဂါနှိပ်စက်အပ်သည် မဖြစ့်ငြားအံ့၊ သေချိန်အခါ၌သာ သေခြင်းသို့ ရောက်ရာ၏။ မင်းမြတ် ဤသည်ကား သေချိန်အခါ မရောက်မီ သေရခြင်း၌ အကြောင်းပင်တည်းဟု (မိန့်တော်မူ၏)။

--

အသျှင်ဘုရားနာဂသေန အံ့ဖွယ်ရှိပါပေ၏။ အသျှင်ဘုရားနာဂသေန မဖြစ်ဖူးမြဲ ဖြစ်ပါပေ၏၊ သေချိန်အခါ မရောက်မီ သေခြင်းကို ပြခြင်းငှါ အကြောင်းကို ကောင်းစွာ ပြအပ်ပေ၏။ ဥပမာကို ကောင်းစွာ ပြအပ်ပါပေ၏။ “သေချိန်အခါ မရောက်မီ သေခြင်းသည် ရှိ၏”ဟု ပေါ်လွင်စွာ ပြုအပ်ပါပြီ၊ ထင်ရှားစွာ ပြုအပ်ပါပြီ၊ ထင်စွာ ဖြစ်အောင် ပြုအပ်ပါပြီ။ အသျှင်ဘုရားနာဂသေန စိတ်မရှိသကဲ့သို့ ပျံ့လွင့်သော လူသော်မှလည်း တစ်ခုတစ်ခုသော ဥပမာဖြင့်ပင် “သေချိန်အခါ မရောက်မီ သေရခြင်းသည် ရှိ၏”ဟု ဆုံးဖြတ်နိုင်ခြင်းသို့ ရောက်ရာပါသေး၏။ စိတ်ရှိသော လူဖြစ်ပါမူကား အဘယ်ဆိုဖွယ်ရာ ရှိပါ အံ့နည်း။ အသျှင်ဘုရား အကျွန်ုပ်သည် ရှေးဦးစွာသော ဥပမာဖြင့်ပင် “သေချိန်အခါ မရောက်မီ သေခြင်း သည် ရှိ၏”ဟု သိမှတ်ပြီးပါပြီ။ သို့သော်လည်း အထပ်ထပ် ဖြေရှင်းခြင်းကို နာယူလို၍ ဝန်မခံခဲ့ပါဟု (လျှောက်၏)။ ။

ခြောက်ခုမြောက် အကာလမရဏပဥှာ ပြီး၏။

၇-စေတိယပါဋိဟာရိယပဥှာ

စေတီ တန်ခိုးပြခြင်း ပြဿနာ

။ အသျှင်ဘုရားနာဂသေန ပရိနိဗ္ဗာန်စံတော်မူကုန်ပြီးသော ဘုရားရှင်အားလုံးတို့၏ စေတီတော်၌ တန်ခိုးပြာဋိဟာသည် ဖြစ်ပါသလော။ သို့မဟုတ် အချို့သော ဘုရားရှင်တို့၏ စေတီ၌သာ တန်ခိုးပြာဋိဟာ သည် ဖြစ်ပါသလောဟု (မေးလျှောက်၏)။ မင်းမြတ် အချို့သော ဘုရားရှင်တို့၏ စေတီ၌ ဖြစ်၏။ အချို့သော ဘုရားရှင်တို့၏ စေတီ၌ မဖြစ်ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား အဘယ်ဘုရားရှင်တို့၏ စေတီ၌ ဖြစ်ပါသနည်း။ အဘယ်ဘုရားရှင်တို့၏ စေတီ၌ မဖြစ်ပါသနည်းဟု (မေးလျှောက်၏)။ မင်းမြတ် သုံးယောက်သော ပုဂ္ဂိုလ်တို့တွင် တစ်ယောက်ယောက်သော ပုဂ္ဂိုလ်၏ အဓိဋ္ဌာန်ကြောင့် ပရိနိဗ္ဗာန်စံတော်မူပြီးသော ဘုရားရှင်၏ စေတီတော်၌ တန်ခိုးပြာဋိဟာသည် ဖြစ်၏။ အဘယ်သုံးယောက်သော ပုဂ္ဂိုလ်တို့နည်းဟူမူ- မင်းမြတ် (၁) ဤသာသနာတော်၌ ရဟန္တာပုဂ္ဂိုလ်သည် နတ်လူတို့အား အစဉ်သနား သဖြင့် ရပ်တည်တော်မူလျက် ဤမည် ဤမည်သော တန်ခိုးပြာဋိဟာသည် “စေတီ၌ ဖြစ်စေသတည်း”ဟု အဓိဋ္ဌာန်၏။ ထိုရဟန္တာ၏ အဓိဋ္ဌာန်အစွမ်းဖြင့် စေတီတော်၌ တန်ခိုးပြာဋိဟာသည် ဖြစ်၏။ ဤသို့လျှင် ရဟန္တာပုဂ္ဂိုလ် အဓိဋ္ဌာန်ပြုသည်၏ အစွမ်းဖြင့် ပရိနိဗ္ဗာန်စံတော်မူကုန်ပြီးသော ဘုရားရှင်၏ စေတီတော်၌ တန်ခိုးပြာဋိဟာသည် ဖြစ်၏။

--

မင်းမြတ် နောက်တစ်မျိုးကား (၂) နတ်တို့သည် လူတို့အား အစဉ်သနားသဖြင့် ပရိနိဗ္ဗာန်စံတော်မူပြီးသော ဘုရားရှင်၏ စေတီတော်၌ “ဤတန်ခိုးပြာဋိဟာဖြင့် သူတော်ကောင်းတရားတည်းဟူသော သာသနာသည် အမြဲချီးမြှောက်အပ်သည် ဖြစ်လတ္တံ့။ လူတို့သည်လည်း ကြည်ညိုကုန်သည် ဖြစ်၍ ကုသိုလ် ကောင်းမှု တိုးပွါးကုန်လတ္တံ့”ဟု တန်ခိုးပြာဋိဟာကို ပြကုန်၏။ ဤသို့လျှင် နတ်တို့အဓိဋ္ဌာန်၏ အစွမ်း ဖြင့် ပရိနိဗ္ဗာန်စံတော်မူပြီးသော ဘုရားရှင်၏ စေတီတော်၌ တန်ခိုးပြာဋိဟာသည် ဖြစ်၏။

မင်းမြတ် နောက်တစ်မျိုးကား (၃) မိန်းမမူလည်းဖြစ်စေ၊ ယောက်ျားမူလည်းဖြစ်စေ ယုံကြည်မှု ‘သဒ္ဓါ ‘အား ရှိသော ရတနာသုံးပါး၌ ကြည်ညိုတတ်သော၊ ပညာရှိသော၊ လိမ္မာသော၊ ထိုးထွင်းနိုင်သော ပညာရှိသော၊ အသိဉာဏ်နှင့် ပြည့်စုံသောသူသည် သင့်လျော်သောအားဖြင့် ကြံစည်၍ နံ့သာကိုလည်းကောင်း၊ ပန်းကိုလည်းကောင်း၊ အဝတ်ပုဆိုးကိုလည်းကောင်း၊ တစ်ခုခုသော လှူဖွယ်ဝတ္ထု တစ်စုံတစ်ရာ ကိုလည်းကောင်း “ဤသို့သော တန်ခိုးပြာဋိဟာမည်သည် ဖြစ်ပါစေသတည်း”ဟု အဓိဋ္ဌာန်၍ စေတီတော်၌ တင်မြှောက်၏။ ထိုသူ၏ အဓိဋ္ဌာန်အစွမ်းဖြင့်လည်း ပရိနိဗ္ဗာန်စံတော်မူပြီးသော ဘုရားရှင်၏့စေတီတော်၌ တန်ခိုးပြာဋိဟာသည် ဖြစ်၏။ ဤသို့လျှင် လူတို့၏ အဓိဋ္ဌာန်အစွမ်းဖြင့် ပရိနိဗ္ဗာန်စံတော်မူပြီးသော ဘုရားရှင်၏ စေတီတော်၌ တန်ခိုးပြာဋိဟာသည် ဖြစ်၏။

မင်းမြတ် ဤသို့လျှင် သုံးယောက်သော ပုဂ္ဂိုလ်တို့တွင် တစ်ယောက်ယောက်သော ပုဂ္ဂိုလ်၏ အဓိဋ္ဌာန်အစွမ်းဖြင့် ပရိနိဗ္ဗာန်စံတော်မူပြီးသော ဘုရားရှင်၏ စေတီတော်၌ တန်ခိုးပြာဋိဟာသည် ဖြစ်၏။

မင်းမြတ် ထိုပုဂ္ဂိုလ်တို့၏ အဓိဋ္ဌာန်ပြုခြင်းသည် အကယ်၍ မဖြစ်ငြားအံ့။ အဘိညာဉ်ခြောက်ပါးနှင့် ပြည့်စုံသော စိတ်၏ ဝသီဘော်သို့ ရောက်ပြီးသော၊ အာသဝေါကုန်ခန်းပြီးသော ရဟန္တာပုဂ္ဂိုလ်၏လည်း စေတီတော်၌ တန်ခိုးပြာဋိဟာသည် မဖြစ်။ မင်းမြတ် တန်ခိုးပြာဋိဟာမရှိသော်လည်း အလွန်စင်ကြယ်သော အကျင့်ကို မြင်၍ “ဤမြတ်စွာဘုရား သားတော်သည် ကောင်းစွာ ပရိနိဗ္ဗာန်စံတော်မူ၏”ဟု သက်ဝင် အပ်၏။ ဆုံးဖြတ်ခြင်းသို့ ရောက်အပ်၏။ ယုံကြည်အပ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏။ ဤသို့လျှင် ဤစကားကို ထိုသို့ ဆိုတော်မူတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

ခုနစ်ခုမြောက် စေတိယပါဋိဟာရိယပဥှာ ပြီး၏။

--

၈-ဓမ္မာဘိသမယပဥှာ

မဂ်ဖိုလ်ကို ထိုးထွင်း၍ သိခြင်း ပြဿနာ

။ အသျှင်ဘုရားနာဂသေန ကောင်းစွာ ကျင့်ကြသူ အားလုံးတို့အားပင် မဂ်ဖိုလ်တရားကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်ပါသလော။ သို့မဟုတ် အချို့သောသူအား တရားကို ထိုးထွင်းသိခြင်းသည် မဖြစ်ပါသလောဟု (မေးလျှောက်၏)။ မင်းမြတ် အချို့သောသူအား တရားကို ထိုးထွင်းသိခြင်းသည် ဖြစ်၏။ အချို့သောသူအား မဖြစ်ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား အဘယ်ပုဂ္ဂိုလ်အား ဖြစ်ပါ သနည်း။ အဘယ်ပုဂ္ဂိုလ်အား မဖြစ်ပါသနည်းဟု (မေးလျှောက်၏)။ မင်းမြတ် ကောင်းစွာကျင့်သော်လည်း တိရစ္ဆာန်အား တရားကို ထိုးထွင်း၍ သိခြင်းသည် မဖြစ်နိုင်။ ပြိတ္တာဘုံ၌ ဖြစ်သူအား။ မိစ္ဆာဒိဋ္ဌိ အယူရှိသူအား။ ကောက်ကျစ်စဉ်းလဲသောသူအား။ အမိကို သတ်သူအား။ အဖကို သတ်သူအား။ ရဟန္တာကို သတ်သူအား။ သံဃာကို သင်းခွဲသူအား။ ဘုရားကို သွေးစိမ်းတည်အောင် ပြုသူအား။ ရဟန်းအသွင်ကို ခိုး၍ နေသူအား၊ တိတ္ထိဘောင်သို့ ပြောင်းသွားသူအား။ ဘိက္ခုနီမကို ဖျက်ဆီးသူအား။ တစ်ဆယ့်သုံးပါးကုန်သော သံဃာဒိသိသ်အာပတ်တို့တွင် တစ်ပါးပါးသော အာပတ်သို့ ရောက်၍ အာပတ်မှ မထသေးသောသူအား။ ပဏ္ဍုက်ငါးမျိုးအား။ ဥဘတောဗျည်းအား ကောင်းစွာ ကျင့်ငြားသော်လည်း မဂ်ဖိုလ်တရားကို ထိုးထွင်း၍ သိခြင်းသည် မဖြစ်နိုင်။ ခုနစ်နှစ်အောက်ငယ်၍ လူဖြစ်သောသူငယ်အား ကောင်းစွာ ကျင့်သော်လည်း တရားကို ထိုးထွင်း၍ သိခြင်းသည် မဖြစ်နိုင်။ မင်းမြတ် ဤတစ်ကျိပ် ခြောက်ယောက်သော ပုဂ္ဂိုလ်တို့အား ကောင်းစွာ ကျင့်ကုန်သော်လည်း တရားကို ထိုးထွင်း၍ သိခြင်းသည် မဖြစ်နိုင်ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန အကြင်တစ်ကျိပ်ငါးယောက်သော ပုဂ္ဂိုလ်တို့သည် (သာသနာတော်နှင့်) ဆန့်ကျင်သည်သာလျှင် ဖြစ်ပါစေကုန်။ ထိုပုဂ္ဂိုလ်တို့အား တရားကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်မူလည်း ဖြစ်ပါစေ။ မဖြစ်လျှင်မူလည်း မဖြစ်ပါစေ။ ခုနစ်နှစ်အောက်ငယ်သည့် လူဖြစ်သောသူငယ်အား ကောင်းစွာ ကျင့်လျက်လည်း တရားကို ထိုးထွင်း၍ သိခြင်းသည် အဘယ်အကြောင်းကြောင့် မဖြစ်ပါသနည်း။ ဤအရာ၌ ရှေးဦးစွာ မေးအပ်သော ပြဿနာသည် ဖြစ်၏ “သူငယ်အား တပ်မက်မှု ‘ရာဂ’ သည် မဖြစ်။ အမျက်ထွက်မှု ‘ဒေါသ'သည် မဖြစ်။ တွေဝေမှု ‘မောဟ’ သည် မဖြစ်။ ထောင်လွှားမှု ‘မာန’ သည် မဖြစ်။ မှားသော အယူသည် မဖြစ်။ မမွေ့လျော်ခြင်းသည် မဖြစ်။့ကာမဂုဏ်ကို ကြံစည်မှုသည် မဖြစ်။ ကိလေသာတို့နှင့် မရောနှောသေး။ ထိုသို့သောသူငယ်ဖြစ်လျက်လည်း သစ္စာလေးပါးတို့ကို တစ်ကြိမ်တည်း ထိုးထွင်း၍ သိခြင်းဖြင့် ထိုးထွင်း၍ သိခြင်းငှါ သင့်လျော်လည်း သင့်လျော်ရမည် မဟုတ်တုံလော။ လျောက်ပတ်လည်း လျောက်ပတ်ရမည် မဟုတ်တုံလော။ ထိုက်တန်လည်း ထိုက်တန်ရမည် မဟုတ်တုံ လော”ဟု (လျှောက်၏)။

မင်းမြတ် ငါသည် အကြင်အကြောင်းဖြင့် “ခုနစ်နှစ်အောက်ငယ်သောသူငယ်အား တရားကို ထိုးထွင်း၍ သိခြင်းသည် မဖြစ်”ဟူ၍ ဆို၏။ ထိုတင်ပြသော အကြောင်းသည်ပင်လျှင် ဤအရာ၌ အကြောင်း ပင်တည်း။ မင်းမြတ် ခုနစ်နှစ်အောက်ငယ်သောသူငယ်သည် တပ်မက်ဖွယ်အာရုံ၌ အကယ်၍ တပ်မက် ငြားအံ့။ ပြစ်မှားဖွယ်အာရုံ၌ အကယ်၍ ပြစ်မှားငြားအံ့။ တွေဝေဖွယ်အာရုံ၌ အကယ်၍ တွေဝေ ငြားအံ့။ မာန်ယစ်ဖွယ်အာရုံ၌ အကယ်၍ မာန်ယစ်ငြားအံ့။ အယူမှား အယူမှန်ကို ခွဲခြား၍ သိငြားအံ့။ မွေ့လျော်ဖွယ်အာရုံကိုလည်းကောင်း၊ မမွေ့လျော်ဖွယ်အာရုံကိုလည်းကောင်း ခွဲခြား၍ သိငြားအံ့၊ ကုသိုလ် အကုသိုလ်ကို ကြံစည်ငြားအံ့၊ ထိုသူငယ်အား တရားကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်ရာ၏။ မင်းမြတ် စင်စစ်သော်ကား ခုနစ်နှစ်အောက်ငယ်သောသူငယ်၏ စိတ်သည် အားမရှိ။ အားနည်း၏။ သေး၏၊ ငယ်၏၊ နည်းပါး၏၊ နုံ့နှေး၏၊ မထင်ရှားသေး။ အသင်္ခတနိဗ္ဗာနဓာတ်သည် လေး၏၊ ဝန်လေး၏၊ ပြန့်ပြော၏၊ ကြီးကျယ် မြင့်မြတ်၏။ မင်းမြတ် ခုနစ်နှစ်အောက်ငယ်သောသူငယ်သည် အားနည်းသော၊ သေးငယ်သော၊ နုံ့နှေးသော၊ မထင်ရှားသေးသော၊ ထိုစိတ်ဖြင့် လေးသော၊ ဝန်လေးသော၊ ပြန့်ပြောသော၊ ကြီးကျယ်မြင့်မြတ်သော အသင်္ခတနိဗ္ဗာနဓာတ်ကို ထိုးထွင်း၍ သိခြင်းငှါ မစွမ်းနိုင်။

--

မင်းမြတ် ဥပမာအားဖြင့် မြင်းမိုရ်တောင်မင်းသည် လေး၏၊ ဝန်လေး၏၊ ပြန့်ပြော၏၊ ကြီးကျယ်၏။ မင်းမြတ် ထိုယောက်ျားသည် ထိုမြင်းမိုရ်တောင်မင်းကို မိမိ၏ ပကတိသော စွမ်းအား လုံ့လဖြင့် ထုတ်ဆောင်ခြင်းငှါ စွမ်းနိုင်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မစွမ်းနိုင်ရာပါဟု (လျှောက်၏)။ မင်းမြတ် အဘယ်အကြောင်းကြောင့်နည်းဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား ယောက်ျား၏ အားသေးသည်၏ အဖြစ်နှင့် မြင်းမိုရ်တောင်မင်း၏ ကြီးကျယ်သည်၏ အဖြစ်ကြောင့်ပါတည်းဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် ခုနစ်နှစ်အောက်ငယ်သောသူငယ်၏ စိတ်သည် အားမရှိ၊ အားနည်း၏၊ သေး၏၊ ငယ်၏၊ နည်းပါး၏၊ နုံ့နှေး၏၊ မထင်ရှားသေး။ အသင်္ခတနိဗ္ဗာနဓာတ်သည် လေး၏၊ ဝန်လေး၏၊ ပြန့်ပြော၏၊ ကြီးကျယ်၏၊ မြင့်မြတ်၏။ ခုနစ်နှစ်အောက်ငယ်သောသူငယ်သည် အားနည်းသော၊ သေးငယ်သော၊ နုံ့နှေးသော၊ မထင်ရှားသေးသော ထိုစိတ်ဖြင့် လေးသော၊ ဝန်လေးသော၊ ပြန့်ပြောသော၊ ကြီးကျယ်မြင့်မြတ်သော အသင်္ခတနိဗ္ဗာနဓာတ်ကို ထိုးထွင်း၍ သိခြင်းငှါ မစွမ်းနိုင်။ ထိုအကြောင်းကြောင့် ခုနစ်နှစ်အောက်ငယ်သောသူငယ်အား ကောင်းစွာ ကျင့်သော်လည်း တရားကို ထိုးထွင်း၍ သိခြင်းငှါ မဖြစ်နိုင်။

မင်းမြတ် ဥပမာတစ်နည်းသော်ကား ဤမြေကြီးသည် ရှည်၏၊ လျား၏၊ ထူ၏၊ ပျံ့၏၊ ကျယ်၏၊ ကျယ် ပြော၏၊ ကျယ်ပြန့်၏၊ ကြီး၏။ မင်းမြတ် ထိုမြေကြီးကို အနည်းငယ်သော ရေပေါက်ကလေးဖြင့် ဆွတ်ဖျန်း၍ ရွှံ့ညွန်ကို ပြုခြင်းငှါ တတ်ကောင်းပါမည်လောဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား မတတ် ကောင်းပါဟု (လျှောက်၏)။ မင်းမြတ် အဘယ်အကြောင်းကြောင့်နည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား ရေပေါက်၏ နည်းသည်၏ အဖြစ်နှင့် မြေကြီး၏ ကြီးကျယ်သည်၏ အဖြစ်ကြောင့်ပါတည်းဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် ခုနစ်နှစ်အောက်ငယ်သောသူငယ်၏ စိတ်သည် အားမရှိ၊ အားနည်း၏၊ သေး၏၊ ငယ်၏၊ နည်းပါး၏၊ နုံ့နှေး၏၊ မထင်ရှားသေး။ အသင်္ခတနိဗ္ဗာနဓာတ်သည် ရှည်၏၊ လျား၏၊ ထူ၏၊ ပျံ့၏၊ ကျယ်၏၊ ကျယ်ပြော၏၊ ကျယ်ပြန့်၏၊ ကြီး၏။ ခုနစ်နှစ်အောက် ငယ်သောသူငယ်သည် အားနည်းသော၊ သေးငယ်သော၊ နုံ့နှေးသော၊ မထင်ရှားသေးသော ထိုစိတ်ဖြင့် ကြီးကျယ်သော အသင်္ခတနိဗ္ဗာနဓာတ်ကို ထိုးထွင်း၍ သိခြင်းငှါ့မစွမ်းနိုင်။ ထိုအကြောင်းကြောင့် ခုနစ်နှစ် အောက်ငယ်သောသူငယ်အား ကောင်းစွာ ကျင့်သော်လည်း တရားကို ထိုးထွင်း၍ သိခြင်းငှါ မဖြစ်နိုင်။

မင်းမြတ် ဥပမာတစ်နည်းသော်ကား စွမ်းအားမရှိသော၊ အားနည်းသော၊ သေးငယ်သော၊ နုံ့နှေးသော၊ မထင်ရှားသေးသော မီးသည် ရှိရာ၏။ မင်းမြတ် ထိုမျှလောက် နုံ့နှေးသော မီးဖြင့် နတ်နှင့်တကွသော လောက၌ အမိုက်တိုက်ကို မှုတ်လွှင့်ပယ်ဖျောက်၍ အရောင်အလင်းကို ပြခြင်းငှါ တတ်ကောင်းပါ မည်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မတတ်ကောင်းပါဟု (လျှောက်၏)။ မင်းမြတ် အဘယ် အကြောင်းကြောင့်နည်းဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား မီး၏ နုံ့သည်အဖြစ်နှင့် လောက၏ ကြီးကျယ် သည်၏ အဖြစ်ကြောင့်ပါတည်းဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် ခုနစ်နှစ်အောက် ငယ်သောသူငယ်၏ စိတ်သည်လည်း အားမရှိ။ အားသေး၏၊ ငယ်၏၊ နည်းပါး၏၊ နုံ့နှေး၏၊ မထင်ရှားသေး။ ထို့ပြင် ကြီးစွာသော အဝိဇ္ဇာတည်းဟူသော အမိုက်တိုက်ဖြင့် ပိတ်ဆို့အပ်၏။ ထို့ကြောင့် ဉာဏ်တည်းဟူသော အရောင်အလင်းကို ပြခြင်းငှါ ခဲယဉ်းလှပေ၏။ ထိုအကြောင်းကြောင့် ခုနစ်နှစ်အောက် ငယ်သောသူငယ်အား ကောင်းစွာ ကျင့်သော်လည်း တရားကို ထိုးထွင်း၍ သိခြင်းငှါ မဖြစ်နိုင်။

--

မင်းမြတ် ဥပမာတစ်နည်းသော်ကား ရောဂါရှိသော၊ ကြုံလှီသော၊ အဏုမြူနှင့် နှိုင်းရှည့်အပ်သော ကိုယ်ရှိသော ကမျဉ်းနီမည်သော ပိုးသည် သုံးပါးသော အရပ်၌ မုန်ယို၍ (ဦးကင်း ရင်အုံ ကျောပြင်) အကျယ်သုံးပါးရှိသော၊ အလျားကိုးတောင် လုံးပတ်ဆယ်တောင် အမြင့်ရှစ်တောင်ရှိသော၊ မိမိနေရာဌာနသို့ ကပ်ရောက်လာသော ဆင်ပြောင်ကြီးကို မြင်၍ မျိုခြင်းငှါ ဆွဲငင်ငြားအံ့။ မင်းမြတ် ထိုကမျဉ်းနီမည်သော ပိုးကောင်သည် ထိုဆင်ပြောင်ကြီးကို မျိုခြင်းငှါ စွမ်းနိုင်ပါအံ့လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မစွမ်းနိုင်ပါဟု (လျှောက်၏)။ မင်းမြတ် အဘယ်အကြောင်းကြောင့်နည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား ကမျဉ်းနီမည်သော ပိုးကောင်ကား သေးငယ်၍ ဆင်ပြောင်ကြီးက ကြီးမားသောကြောင့်ပါတည်းဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် ခုနစ်နှစ်အောက်ငယ်သောသူငယ်၏ စိတ်သည် အားမရှိ။ အားသေး၏၊ ငယ်၏၊ နည်းပါး၏၊ နုံ့နှေး၏၊ မထင်ရှားသေး။ အသင်္ခတနိဗ္ဗာနဓာတ်သည် ကြီးကျယ် မြင့်မြတ်၏။ ထိုသူငယ်သည် အားမရှိသော၊ အားသေးသော၊ ငယ်သော၊ နုံ့နှေးသော၊ မထင်ရှားသေးသော ထိုစိတ်ဖြင့် ကြီးကျယ်မြင့်မြတ်သော အသင်္ခတနိဗ္ဗာနဓာတ်ကို ထိုးထွင်း၍ သိခြင်းငှါ မစွမ်းနိုင်။ ထိုအကြောင်းကြောင့် ခုနစ်နှစ်အောက်ငယ်သောသူငယ်အား ကောင်းစွာ ကျင့်သော်လည်း တရားကို ထိုးထွင်း၍ သိခြင်းငှါ မဖြစ်နိုင်ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏၊ ဤသို့လျှင် ဤစကားကို ထိုသို့ ဆိုတော်မူတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

ရှစ်ခုမြောက် ဓမ္မာဘိသမယပဥှာ ပြီး၏။

၉-ဧကန္တသုခနိဗ္ဗာနပဥှာ

နိဗ္ဗာန်၏ စင်စစ် ချမ်းသာအတိ ဖြစ်ပုံ ပြဿနာ

။ အသျှင်ဘုရားနာဂသေန နိဗ္ဗာန်သည် စင်စစ် ချမ်းသာအတိ ဖြစ်ပါသလော။ ထိုသို့ မဟုတ်မူ ဆင်းရဲနှင့် ရောပြွမ်းပါသေးသလောဟု (မေးလျှောက်၏)။ မင်းမြတ် နိဗ္ဗာန်သည် စင်စစ် ချမ်းသာအတိ ဖြစ်၍ ဆင်းရဲနှင့် မရောပြွမ်းပေဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန “နိဗ္ဗာန်သည် စင်စစ် ချမ်းသာအတိ ဖြစ်၏”ဟူသော ထိုစကားကို အကျွန်ုပ်တို့ မယုံကြည်နိုင်ပါကုန်။ အသျှင်ဘုရားနာဂသေန “နိဗ္ဗာန်သည် ဆင်းရဲနှင့် ရောပြွမ်း၏”ဟူ၍ ဤသို့လျှင် ဤအရာ၌ အကျွန်ုပ်တို့သည် ယုံကြည်ပါကုန်၏။ “နိဗ္ဗာန်သည် ဆင်းရဲနှင့် ရောပြွမ်း၏”ဟူ၍ ဤအရာ၌ အကြောင်းကိုလည်း ရပါကုန်၏။ ဤအရာ၌ အကြောင်းသည် အဘယ်ပါနည်း။ အသျှင်ဘုရား နာဂသေန့နိဗ္ဗာန်ကို ရှာမှီးသောသူတို့သည် ကိုယ်၏လည်းကောင်း၊ စိတ်၏လည်းကောင်း အားထုတ် ခြင်း၊ အလွန်အားထုတ်ခြင်း၊ ရပ်ခြင်း၊ သွားခြင်း၊ ထိုင်ခြင်း၊ အိပ်ခြင်း၊ စားသောက်ရခြင်းတို့၌ သိမ်းဆည်းခြင်း၊ ငိုက်မျဉ်းခြင်းကို ပိတ်ပင် တားဆီးရခြင်း၊ (စက္ခုစသော) အာယတနတို့ကို ဖိနှိပ်ခြင်း၊ ဥစ္စာစပါး ချစ်ခင်သူ ဆွေမျိုးမိတ်သင်္ဂဟတို့ကို စွန့်ပစ်ရခြင်းကို တွေ့မြင်ရပါ၏။ လောက၌ ချမ်းသာသူ၊ ချမ်းသာခြင်းနှင့် ပြည့်စုံသူ အားလုံးတို့သည်လည်း ကာမဂုဏ် ငါးပါးတို့ဖြင့် (စက္ခုစသော) အာယတနတို့ကို မွေ့လျော်စေကုန်၏။ တိုးပွါးစေကုန်၏။ သာယာဖွယ် နှစ်သက်ဖွယ်ရှိသော၊ များပြားစွာသော၊ သုဘနိမိတ်ဖြစ်သော အဆင်းဖြင့် မျက်စိကို မွေ့လျော်စေပါကုန်၏။ တိုးပွါးစေပါကုန်၏။ သာယာဖွယ် နှစ်သက်ဖွယ်ရှိသော၊ သီဆိုခြင်း၊ တီးမှုတ်ခြင်း များပြားစွာသော၊ သုဘနိမိတ်ဖြစ်သော အသံဖြင့် နားကို မွေ့လျော်စေပါကုန်၏။ တိုးပွါးစေပါကုန်၏။ သာယာဖွယ် နှစ်သက်ဖွယ်ရှိသော၊ ပန်း သစ်သီး အရွက် အခေါက် အမြစ် အနှစ် များပြားစွာသော၊ သုဘနိမိတ်ဖြစ်သော အနံ့ဖြင့် နှာခေါင်းကို မွေ့လျော်စေပါကုန်၏။ တိုးပွါးစေပါကုန်၏။ သာယာဖွယ် နှစ်သက်ဖွယ်ရှိသော၊ ခဲဖွယ် စားဖွယ် လျက်ဖွယ် သောက်ဖွယ် သာယာဖွယ် များပြားစွာသော၊ သုဘနိမိတ်ဖြစ်သော အရသာဖြင့် လျှာကို မွေ့လျော်စေပါကုန်၏။ တိုးပွါးစေပါကုန်၏။

--

သာယာဖွယ် နှစ်သက်ဖွယ် သိမ်မွေ့နူးညံ့ပျော့ပျောင်း ချောမွေ့သော၊ များပြားသော၊ သုဘနိမိတ်ဖြစ်သော အတွေ့ဖြင့် ကိုယ်ကို မွေ့လျော်စေပါကုန်၏။ တိုးပွါးစေပါကုန်၏။ သာယာဖွယ်, နှစ်သက်ဖွယ်သော ကောင်း, ဆိုး, ဖွယ်ရာ, မဖွယ်ရာသော၊ များပြားစွာသော အကြံအစည်ကို နှလုံးပြု သဖြင့် စိတ်ကို မွေ့လျော်စေပါကုန်၏။ တိုးပွါးစေပါကုန်၏။ အသျှင်ဘုရားတို့သည် ထိုမျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်တို့၏ တိုးပွါးခြင်းကို ပယ်ဖျက်ပါကုန်၏။ နှိပ်စက်ပါကုန်၏။ ဖြတ်ကြပါကုန်၏။ ပြင်းစွာ ဖြတ်ကြပါကုန်၏။ ပိတ်ပင်ကြပါကုန်၏။ ပြင်းစွာ ပိတ်ပင်ကြပါကုန်၏။ ထို့ကြောင့် ကိုယ်သည်လည်း ပူလောင်ပါ၏။ စိတ်သည်လည်း ပူလောင်ပါ၏။ ကိုယ်ပူလောင်သည်ရှိသော် ကိုယ်၌ ဖြစ်သော ဒုက္ခဝေဒနာကို ခံစားရ၏။ စိတ်ပူလောင်သည်ရှိသော် စိတ်၌ဖြစ်သော ဒုက္ခဝေဒနာကို ခံစားရ၏။ မာဂဏ္ဍိကမည်သော ပရိဗိုဇ်သည်လည်း မြတ်စွာဘုရားကို ကဲ့ရဲ့လျက် “ရဟန်းဂေါတမသည် ကြီးပွါးမှုကို ဖျက်ဆီးတတ်၏”ဟု ဆိုခဲ့သည် မဟုတ်ပါလော။ ဤအရာ၌ နိဗ္ဗာန်သည် ဆင်းရဲနှင့် ရောပြွမ်း၏ဟု အကျွန်ုပ်ဆိုသော အကြောင်းကား ဤသည်ပင်တည်းဟု (လျှောက်၏)။

မင်းမြတ် နိဗ္ဗာန်သည် ဆင်းရဲနှင့် မရောပြွမ်း။ နိဗ္ဗာန်သည် စင်စစ် ချမ်းသာအတိ ဖြစ်ပေ၏။ မင်းမြတ် သင်မင်းမြတ်သည် “အကြင်ဆင်းရဲကို နိဗ္ဗာန်”ဟု ဆို၏။ ထိုဆင်းရဲသည် နိဗ္ဗာန်မမည်ပေ။ စင်စစ်သော်ကား ဆင်းရဲဒုက္ခသည် နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း၏ ရှေးအဖို့ပေတည်း။ ဤဆင်းရဲဒုက္ခ သည် နိဗ္ဗာန်ကို ရှာမှီးသော ဆင်းရဲဒုက္ခတည်း။ မင်းမြတ် နိဗ္ဗာန်သည် စင်စစ် ချမ်းသာအတိသာလျှင် ဖြစ်၏။ ဆင်းရဲနှင့် မရောပြွမ်း။ ဤနေရာ၌ အကြောင်းကို ဆိုဦးအံ့။ မင်းမြတ် မင်းတို့အား မင်း စည်းစိမ်ချမ်းသာမည်သည် ရှိသလောဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား မင်းတို့အား မင်းစည်းစိမ် ချမ်းသာသည် ရှိပါ၏ဟု (လျှောက်၏)။ မင်းမြတ် ထိုမင်းစည်းစိမ်ချမ်းသာသည် ဆင်းရဲနှင့် ရောပြွမ်း သလောဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား မရောပြွမ်းပါဟု (လျှောက်၏)။ မင်းမြတ် တိုင်းစွန်ပြည်နား လှုပ်ရှားထကြွခဲ့သော် ထိုမင်းတို့သည် တိုင်းစွန်ပြည်နားကိုမှီလျက် ထကြွသောင်းကျန်းကုန်သော ထိုသူတို့ ကို တားမြစ်ခြင်းငှါ အမတ် ဗိုလ်မှူး အခစား ဗိုလ်ပါတို့ဖြင့် ခြံရံလျက် တိုင်းစွန်ပြည်နားသို့ သွား၍ ခြင်၊ မှက်၊ လေ၊ နေပူတို့ နှိပ်စက်ခံရကုန်လျက် ညီညွတ်သော အရပ်၊ မညီညွတ်သော အရပ်သို့ အဘယ့် ကြောင့် ပြေးသွားရကုန်သနည်း။ အဘယ့်ကြောင့် ကြီးကျယ်သော စစ်တိုက်ခြင်းကိုလည်း ပြုရကုန် သနည်း။ အဘယ့်ကြောင့် အသက်သေရမည်၊ ရှင်ရမည် တွေးတော ယုံမှားခြင်းသို့လည်း ရောက်ရကုန် သနည်းဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန ထိုသို့ ပြုလုပ်ရခြင်းသည် မင်းချမ်းသာ့မဟုတ်ပါ။ ဤသို့ ပြုလုပ်ရခြင်းသည် မင်းချမ်းသာကို ရှာမှီးခြင်း၏ ရှေးအဖို့ပါတည်း။ အသျှင်ဘုရား နာဂသေန မင်းတို့သည် ဆင်းရဲဖြင့် မင်းအဖြစ်ကို ရှာမှီး၍ မင်းချမ်းသာကို ခံစားရကုန်၏။ အသျှင်ဘုရား နာဂသေန ဤသို့ မင်းချမ်းသာသည် ဆင်းရဲနှင့် မရောပြွမ်းပါ။ ထိုမင်းချမ်းသာသည် တခြားပါတည်း။ ဆင်းရဲ ‘ဒုက္ခ’ သည် တခြားပါတည်းဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် နိဗ္ဗာန်သည် စင်စစ် ချမ်းသာအတိ ဖြစ်၏။ ဆင်းရဲနှင့် မရောပြွမ်း။ ထိုနိဗ္ဗာန်ကို ရှာမှီးသောသူတို့သည် ကိုယ်ကိုလည်းကောင်း၊ စိတ်ကိုလည်းကောင်း ပူလောင်စေ၍ ရပ်ခြင်း၊ သွားခြင်း၊ ထိုင်ခြင်း၊ အိပ်ခြင်း၊ စားသောက်ခြင်းတို့ကို ချုပ်တည်းသိမ်းဆည်းကာ ငိုက်မျဉ်းခြင်းကို ပိတ်ပင်တားဆီးလျက် (စက္ခုစသော) အာယတနတို့ကို ဖိနှိပ်ပြီးလျှင် ကိုယ်ကိုလည်းကောင်း၊ အသက်ကိုလည်းကောင်း စွန့်လျက် ရန်သူကို နှိမ်နင်းပြီးသော် မင်းတို့သည် မင်းချမ်းသာကို ခံစားရကုန်သကဲ့သို့ ဆင်းရဲခြင်းဖြင့် နိဗ္ဗာန်ကို ရှာမှီး၍ စင်စစ် ချမ်းသာသော နိဗ္ဗာန်ကို ခံစားရကုန်၏။ မင်းမြတ် ဤသို့လျှင် နိဗ္ဗာန်သည် စင်စစ် ချမ်းသာအတိ ဖြစ်၏။ ဆင်းရဲနှင့် မရောပြွမ်း။ နိဗ္ဗာန်သည် တခြား၊ ဆင်းရဲသည် တခြားတည်း။

--

မင်းမြတ် နိဗ္ဗာန်သည် စင်စစ် ချမ်းသာအတိ ဖြစ်၏။ ဆင်းရဲနှင့် မရောပြွမ်း။ ဆင်းရဲသည် တခြား၊ နိဗ္ဗာန်သည် တခြားတည်းဟူသော ထို့ထက်လွန်သော အခြားအကြောင်းကိုလည်း နာဦးလော့။ မင်းမြတ် အတတ်ပညာရှင် ဆရာတို့အား အတတ်ပညာချမ်းသာမည်သည် ရှိသည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား အတတ်ပညာရှင် ဆရာတို့အား အတတ်ပညာချမ်းသာသည် ရှိပါ၏ဟု (လျှောက်၏)။ မင်းမြတ် ထိုအတတ်ပညာ ချမ်းသာသည် ဆင်းရဲနှင့် ရောပြွမ်းသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မရောပြွမ်းပါဟု (လျှောက်၏)။ မင်းမြတ် ထိုအတတ်ပညာရှင် ဆရာတို့သည် မိမိ ဆရာကြီးတို့အား ရှိခိုးခြင်း၊ ခရီးဦးကြိုဆိုခြင်းဖြင့်လည်းကောင်း၊ ရေခပ်ခြင်း၊ အိမ်ကို တံမြက်လှည်းခြင်း၊ တံပူကမ်းခြင်း၊ မျက်နှာသစ်ရေကို ပေးဆက်ခြင်း၊ စားကြွင်းကို ခံယူခြင်း၊ အဝတ်အခြုံပြုလုပ်ခြင်း၊ ချိုးရေပေးခြင်း၊ ခြေလက်ဆုပ်နယ်ခြင်းဖြင့်လည်းကောင်း မိမိ၏ စိတ်ကို ချထား၍ သူတစ်ပါးစိတ်အလိုသို့ လိုက်ရသဖြင့် ဆင်းရဲစွာ အိပ်ရခြင်း၊ မညီညွတ်သော အစာကို စားရခြင်းဖြင့် ကိုယ်ကို အဘယ့်ကြောင့် ပူပန်စေ ရပါကုန်သနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရားနာဂသေန ဤသို့ ပြုလုပ်ရခြင်းသည် အတတ်ပညာ ချမ်းသာ မဟုတ်ပါ။ ဤသို့ ပြုလုပ်ရခြင်းသည် အတတ်ပညာချမ်းသာကို ရှာမှီးခြင်း၏ ရှေးအဖို့ ပါတည်း။ အသျှင်ဘုရားနာဂသေန ဆရာတို့သည် ဆင်းရဲသဖြင့် အတတ်ပညာကို ရှာမှီး၍ အတတ်ပညာ ချမ်းသာကို ခံစားရပါကုန်၏။ အသျှင်ဘုရားနာဂသေန ဤသို့လျှင် အတတ်ပညာချမ်းသာသည် ဆင်းရဲနှင့် မရောပြွမ်း။ ထိုအတတ်ပညာချမ်းသာသည် တခြား၊ ဆင်းရဲသည် တခြားပါတည်းဟု(လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် နိဗ္ဗာန်သည် စင်စစ် ချမ်းသာအတိ ဖြစ်၏။ ဆင်းရဲနှင့်မရောပြွမ်း။ ထိုနိဗ္ဗာန်ကို ရှာမှီးသောသူတို့သည် ကိုယ်ကိုလည်းကောင်း၊ စိတ်ကိုလည်းကောင်း ပူလောင်စေ၍ ရပ်ခြင်း၊ သွားခြင်း၊ ထိုင်ခြင်း၊ လျောင်းခြင်း၊ စားသောက်ခြင်းတို့ကို ချုပ်တည်း သိမ်းဆည်းကာ ငိုက်မျဉ်းခြင်းကို ပိတ်ပင်တားဆီးလျက် (စက္ခုစသော) အာယတနတို့ကို ဖိနှိပ်ပြီးလျှင် ကိုယ်ကိုလည်းကောင်း၊ အသက်ကိုလည်းကောင်း စွန့်လျက် ဆရာကြီးတို့၏ အတတ်ပညာချမ်းသာကို ခံစားရကုန်သော ဆရာကဲ့သို့ ဆင်းရဲဖြင့် နိဗ္ဗာန်ကို ရှာမှီး၍ စင်စစ် ချမ်းသာ အတိဖြစ်သော နိဗ္ဗာန်ကို ခံစားရကုန်၏။ မင်းမြတ် ဤသို့လျှင် နိဗ္ဗာန်သည်စင်စစ် ချမ်းသာအတိ ဖြစ်၏။ ဆင်းရဲနှင့်မရောပြွမ်း။ ဆင်းရဲသည်တခြား၊ နိဗ္ဗာန်သည် တခြားတည်းဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏၊ ဤသို့လျှင် ဤစကားကို ထိုသို့ ဆိုတော်မူတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

ကိုးခုမြောက် ဧကန္တသုခနိဗ္ဗာနပဥှာ ပြီး၏။

--

၁၀-နိဗ္ဗာနရူပသဏ္ဌာနပဥှာ

နိဗ္ဗာန်၏ အဆင်း အသွင်သဏ္ဌာန် ပြဿနာ

၁၀။ အသျှင်ဘုရားနာဂသေန “နိဗ္ဗာန် နိဗ္ဗာန်”ဟု ဆို၏။ ထိုနိဗ္ဗာန်၏ အဆင်းကိုလည်းကောင်း၊ သဏ္ဌာန်ကိုလည်းကောင်း၊ အရွယ်ကိုလည်းကောင်း၊ အတိုင်းအရှည်ကိုလည်းကောင်း ဥပမာအားဖြင့် ဖြစ်စေ၊ အကြောင်းအားဖြင့် ဖြစ်စေ၊ အသင့်ယုတ္တိအားဖြင့် ဖြစ်စေ၊ နည်းအားဖြင့် ဖြစ်စေ ဆောင်ပြခြင်းငှါ တတ်နိုင်ပါလောဟု (မေးလျှောက်၏)။ မင်းမြတ် နိဗ္ဗာန်သည် အတူမရှိ။ နိဗ္ဗာန်၏ အဆင်းကိုလည်းကောင်း၊ သဏ္ဌာန်ကိုလည်းကောင်း၊ အရွယ်ကိုလည်းကောင်း၊ အတိုင်းအရှည်ကိုလည်းကောင်း ဥပမာအားဖြင့် ဖြစ်စေ၊ အကြောင်းအားဖြင့် ဖြစ်စေ၊ အသင့်ယုတ္တိအားဖြင့် ဖြစ်စေ၊ နည်းအားဖြင့် ဖြစ်စေ ဆောင်ပြခြင်းငှါ မတတ်နိုင်ပေဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန အရှိသဘောဖြစ်သော နိဗ္ဗာန်၏ အဆင်းကိုလည်းကောင်း၊ သဏ္ဌာန်ကိုလည်းကောင်း၊ အရွယ်ကိုလည်းကောင်း၊ အတိုင်းအရှည်ကိုလည်းကောင်း ဥပမာအားဖြင့် ဖြစ်စေ၊ အကြောင်းအားဖြင့် ဖြစ်စေ၊ အသင့်ယုတ္တိအားဖြင့် ဖြစ်စေ၊ နည်းအား ဖြင့် ဖြစ်စေ ထင်ရှားမပြနိုင်သော စကားကိုလည်း အကျွန်ုပ် လက်မခံနိုင်ပါ။ အကြောင်းဖြင့် အကျွန်ုပ်ကို သိမှတ်စေတော်မူပါလော့ဟု (လျှောက်၏)။ မင်းမြတ် ရှိပါစေ၊ အကြောင်းဖြင့် သင်မင်းမြတ်ကို သိစေအံ့။ မင်းမြတ် မဟာသမုဒ္ဒရာမည်သည် ရှိသည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဤမဟာ သမုဒ္ဒရာသည် ရှိပါ၏ဟု (လျှောက်၏)။ မင်းမြတ် တစ်စုံတစ်ယောက်သောသူသည် သင့်အား ဤသို့ မေးရာ၏ “မင်းမြတ် မဟာသမုဒ္ဒရာ၌ ရေသည် အဘယ်မျှလောက် ရှိသနည်း။ မဟာသမုဒ္ဒရာ၌ နေသော သတ္တဝါတို့သည် အဘယ်မျှလောက် ရှိကုန်သနည်း”ဟု မေးအံ့။ မင်းမြတ် ဤသို့ မေးသည်ရှိသော် သင်မင်းမြတ်သည် ထိုသူ့အား အဘယ်သို့ ဖြေကြားမည်နည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား အကျွန်ုပ်ကို တစ်စုံတစ်ယောက်သောသူသည် “မင်းမြတ် မဟာသမုဒ္ဒရာ၌ ရေသည် အဘယ်မျှလောက် ရှိသနည်း။ မဟာသမုဒ္ဒရာ၌ နေသော သတ္တဝါတို့သည် အဘယ်မျှလောက် ရှိကုန်သနည်း”ဟု အကယ်၍ မေးငြားအံ့။ အသျှင်ဘုရား ထိုသူ့ကို “အိုယောက်ျား သင်သည် မမေးထိုက်သည်ကို ငါ့အား မေး၏။ ဤအမေးကို တစ်စုံတစ်ယောက်သောသူသည် မမေးထိုက်။ ဤအမေးမျိုးကို မဖြေဘဲသာ ထားထိုက်၏။ လောကကို ကြံစည်ပြောကြားသော လူအပေါင်းတို့သည် မဟာသမုဒ္ဒရာကို မဝေဖန်ထိုက်။ မဟာသမုဒ္ဒရာ၌ ရေကို ခြင်တွယ်ခြင်းငှါ မတတ်နိုင်။ ထိုမဟာသမုဒ္ဒရာ၌ နေကြကုန်သော သတ္တဝါတို့ကိုလည်း ရေတွက်ခြင်း ငှါ မတတ်နိုင်”ဟု ဆိုရာပါ၏။ အသျှင်ဘုရား အကျွန်ုပ်သည် ဤသို့ ထိုမေးသောသူအား စကားတုံ့ ပေးရာပါ၏ဟု (လျှောက်၏)။

မင်းမြတ် သင်မင်းမြတ်သည် အရှိသဘောဖြစ်သော မဟာသမုဒ္ဒရာ၌ အဘယ့်ကြောင့် ဤသို့ စကားတုံ့ ပေးရသနည်း။ “မဟာသမုဒ္ဒရာ၌ ရေသည် ဤမျှရှိ၏။ မဟာသမုဒ္ဒရာ၌ ဤမျှလောက်ကုန်သော သတ္တဝါတို့သည်လည်း နေကြကုန်၏”ဟု ရေတွက်၍ ထိုသူ့အား ပြောကြားအပ်သည် မဟုတ်လောဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား မတတ်နိုင်ပါ။ ဤပြဿနာသည် မေးထိုက်သော ပြဿနာ မဟုတ်ပါဟု (လျှောက်၏)။

မင်းမြတ် အရှိသဘောဖြစ်သော မဟာသမုဒ္ဒရာ၌ပင် ရေကို ခြင်တွယ်တွက်ခြင်းငှါ မတတ်နိုင်သကဲ့သို့လည်းကောင်း၊ ထိုမဟာသမုဒ္ဒရာ၌ နေကုန်သော သတ္တဝါတို့ကို ရေတွက်ခြင်းငှါ မတတ်နိုင်သကဲ့သို့လည်းကောင်း၊ မင်းမြတ် ဤအတူသာလျှင် အရှိသဘောဖြစ်သော နိဗ္ဗာန်၏ အဆင်းကိုလည်းကောင်း၊ သဏ္ဌာန် ကိုလည်းကောင်း၊ အရွယ်ကိုလည်းကောင်း၊ အတိုင်းအရှည်ကိုလည်းကောင်း ဥပမာအားဖြင့် ဖြစ်စေ၊ အကြောင်းအားဖြင့် ဖြစ်စေ၊ အသင့်ယုတ္တိအားဖြင့် ဖြစ်စေ၊ နည်းအားဖြင့် ဖြစ်စေ ဆောင်ပြခြင်းငှါ မတတ်နိုင်။ မင်းမြတ် စိတ်ကို လေ့လာပြီးသော တန်ခိုးနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် မဟာသမုဒ္ဒရာ၌့ရေကို ခြင်တွယ်မည်ဆိုသော် ခြင်တွယ်နိုင်ရာသေး၏။ ထိုမဟာသမုဒ္ဒရာ၌ မှီနေသော သတ္တဝါတို့ကိုလည်း ရေတွက်မည်ဆိုသော် ရေတွက်နိုင်ရာသေး၏။ စိတ်ကို လေ့လာပြီးသော တန်ခိုးနှင့် ပြည့်စုံသော ထိုပုဂ္ဂိုလ်သည် နိဗ္ဗာန်၏ အဆင်းကိုလည်းကောင်း၊ သဏ္ဌာန်ကိုလည်းကောင်း၊ အရွယ်ကိုလည်းကောင်း၊ အတိုင်းအရှည်ကိုလည်းကောင်း ဥပမာအားဖြင့် ဖြစ်စေ၊ အကြောင်းအားဖြင့် ဖြစ်စေ၊ အသင့်ယုတ္တိအားဖြင့် ဖြစ်စေ၊ နည်းအားဖြင့် ဖြစ်စေ ထို့ပြင်လည်း ဆောင်ပြခြင်းငှါ မတတ်နိုင်။

--

မင်းမြတ် အရှိသဘောဖြစ်သော နိဗ္ဗာန်၏ အဆင်းကိုလည်းကောင်း၊ သဏ္ဌာန်ကိုလည်းကောင်း၊ အရွယ်ကိုလည်းကောင်း၊ အတိုင်းအရှည်ကိုလည်းကောင်း ဥပမာအားဖြင့် ဖြစ်စေ၊ အကြောင်းအားဖြင့် ဖြစ်စေ၊ အသင့်ယုတ္တိအားဖြင့် ဖြစ်စေ၊ နည်းအားဖြင့် ဖြစ်စေ ဆောင်ပြခြင်းငှါ မတတ်နိုင်ဟူသော အခြား အကြောင်းကိုလည်း နာဦးလော့။ မင်းမြတ် ဗြဟ္မာတို့တွင် အရူပဘုံ၌ ဖြစ်ကုန်သော ဗြဟ္မာတို့မည်သည် ရှိသည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား “ဗြဟ္မာတို့တွင် အရူပဘုံ၌ ဖြစ်ကုန်သော ဗြဟ္မာတို့မည်သည် ရှိ၏”ဟု ကြားဖူးပါ၏ဟု (လျှောက်၏)။ မင်းမြတ် ထိုအရူပဘုံ၌ ဖြစ်ကုန်သော ဗြဟ္မာတို့၏ အဆင်းကိုလည်းကောင်း၊ သဏ္ဌာန်ကိုလည်းကောင်း၊ အရွယ်ကိုလည်းကောင်း၊ အတိုင်းအရှည်ကိုလည်းကောင်း ဥပမာအားဖြင့် ဖြစ်စေ၊ အကြောင်းအားဖြင့် ဖြစ်စေ၊ အသင့်ယုတ္တိအားဖြင့် ဖြစ်စေ၊ နည်းအား ဖြင့် ဖြစ်စေ ဆောင်ပြခြင်းငှါ တတ်နိုင်ပါသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မတတ်နိုင်ပါဟု (လျှောက်၏)။ မင်းမြတ် ထိုသို့ဖြစ်မူကား အရူပဘုံ၌ ဖြစ်ကုန်သော ဗြဟ္မာတို့သည် မရှိပါကုန်သလောဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား အရူပဘုံ၌ ဖြစ်ကုန်သော ဗြဟ္မာတို့သည် ရှိပါကုန်၏။ ထိုဗြဟ္မာတို့၏ အဆင်းကိုလည်းကောင်း၊ သဏ္ဌာန်ကိုလည်းကောင်း၊ အရွယ်ကိုလည်းကောင်း၊ အတိုင်းအရှည်ကိုလည်းကောင်း ဥပမာအားဖြင့် ဖြစ်စေ၊ အကြောင်းအားဖြင့် ဖြစ်စေ၊ အသင့်ယုတ္တိအားဖြင့် ဖြစ်စေ၊ နည်းအား ဖြင့် ဖြစ်စေ ဆောင်ပြခြင်းငှါ မတတ်နိုင်ပါဟု (လျှောက်၏)။ မင်းမြတ် ထင်ရှားရှိကုန်သော အရူပဘုံ၌ ဖြစ်ကုန်သော ဗြဟ္မာတို့၏ အဆင်းကိုလည်းကောင်း၊ သဏ္ဌာန်ကိုလည်းကောင်း၊ အရွယ်ကိုလည်းကောင်း၊ အတိုင်းအရှည်ကိုလည်းကောင်း ဥပမာအားဖြင့် ဖြစ်စေ၊ အကြောင်းအားဖြင့် ဖြစ်စေ၊ အသင့်ယုတ္တိအားဖြင့် ဖြစ်စေ၊ နည်းအားဖြင့် ဖြစ်စေ ဆောင်ပြခြင်းငှါ မတတ်နိုင်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် အရှိသဘောသာလျှင်ဖြစ်သော နိဗ္ဗာန်၏ အဆင်းကိုလည်းကောင်း၊ သဏ္ဌာန်ကိုလည်းကောင်း၊ အရွယ်ကိုလည်းကောင်း၊ အတိုင်းအရှည်ကိုလည်းကောင်း ဥပမာအားဖြင့် ဖြစ်စေ၊ အကြောင်းအားဖြင့် ဖြစ်စေ၊ အသင့်ယုတ္တိအားဖြင့် ဖြစ်စေ၊ နည်းအားဖြင့် ဖြစ်စေ ဆောင်ပြခြင်းငှါ မတတ်နိုင်ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန နိဗ္ဗာန်သည် စင်စစ် ချမ်းသာသည် ဖြစ်ပါစေတော့။ ထိုနိဗ္ဗာန်၏ အဆင်း ကိုလည်းကောင်း၊ သဏ္ဌာန်ကိုလည်းကောင်း၊ အရွယ်ကိုလည်းကောင်း၊ အတိုင်းအရှည်ကိုလည်းကောင်း ဥပမာအားဖြင့် ဖြစ်စေ၊ အကြောင်းအားဖြင့် ဖြစ်စေ၊ အသင့်ယုတ္တိအားဖြင့် ဖြစ်စေ၊ နည်းအားဖြင့် ဖြစ်စေ ဆောင်ပြခြင်းငှါ မတတ်နိုင်သည် ဖြစ်ပါစေတော့။ အသျှင်ဘုရား အခြားသူတို့သည် သက်ဝင်နိုင်သော ဥပမာ ထုတ်ဆောင်ပြခြင်းမျှဖြစ်သော တစ်စုံတစ်ခုသော နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးသည် ရှိပါသလောဟု (မေးလျှောက်၏)။ မင်းမြတ် သရုပ် သကောင်အားဖြင့် မရှိ။ ဂုဏ်ကျေးဇူးအားဖြင့်မူကား စိုးစဉ်းမျှသော ဥပမာ ညွှန်ပြခြင်းမျှကို ဆောင်ပြခြင်းငှါ တတ်နိုင်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန ကောင်းလှပါပြီ။ အကြင်သို့သော အခြင်းအရာဖြင့် ဟောပြသည်ရှိသော် နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးအားဖြင့်လည်း တစ်စိတ်တစ်ဒေသ ပြဆိုကာမျှကို အကျွန်ုပ်ရပါ၏။ ထိုသို့သော အခြင်းအရာဖြင့် လျင်မြန်စွာ ဟောပြတော်မူပါလော့။ အကျွန်ုပ်၏ နှလုံးပူပန်ခြင်းကို ငြိမ်းစေတော်မူပါလော့။ အေးမြ ချိုသာသော စကားလေပြည်ဖြင့် ပယ်ဖျောက်တော်မူပါလော့ဟု (လျှောက်၏)။

--

မင်းမြတ် ပဒုမ္မာကြာ၏ ဂုဏ်တစ်ပါးသည် နိဗ္ဗာန်သို့ (ဥပမာအားဖြင့်) သက်ဝင်၏။ ရေ၏ဂုဏ် နှစ်ပါး၊ ဆေး၏ ဂုဏ်သုံးပါး၊ မဟာသမုဒ္ဒရာ၏ ဂုဏ်လေးပါး၊ ဘောဇဉ်၏ ဂုဏ်ငါးပါး၊ ကောင်းကင်၏ ဂုဏ်ဆယ်ပါး၊ ပတ္တမြားရတနာ၏ ဂုဏ်သုံးပါး၊ စန္ဒကူးနီ၏ ဂုဏ်သုံးပါး၊ ထောပတ်ကြည်၏ ဂုဏ်သုံးပါး၊ တောင်ထွတ်၏ ဂုဏ်ငါးပါးတို့သည် နိဗ္ဗာန်သို့ (ဥပမာအားဖြင့်) သက်ဝင်ကုန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန “ပဒုမ္မာကြာ၏ ဂုဏ်တစ်ပါးသည် နိဗ္ဗာန်သို့ သက်ဝင်၏”ဟူ၍ ယင်း စကားကို ဆိုတော်မူ၏။ ပဒုမ္မာကြာ၏ အဘယ်ဂုဏ်တစ်ပါးသည် နိဗ္ဗာန်သို့ သက်ဝင်ပါသနည်းဟု (မေးလျှောက်၏)။ မင်းမြတ် ပဒုမ္မာကြာသည် ရေဖြင့် မလိမ်းကျံသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် နိဗ္ဗာန်သည် အလုံးစုံသော ကိလေသာတို့ဖြင့် မလိမ်းကျံ။ မင်းမြတ် ပဒုမ္မာကြာ၏ ဤဂုဏ်တစ်ပါးသည် နိဗ္ဗာန်သို့ သက်ဝင်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန “ရေ၏ ဂုဏ်နှစ်ပါးတို့သည် နိဗ္ဗာန်သို့ သက်ဝင်ကုန်၏”ဟူ၍ ယင်းစကား ကို ဆိုတော်မူ၏။ ရေ၏အဘယ်ဂုဏ်နှစ်ပါးတို့သည် နိဗ္ဗာန်သို့ သက်ဝင်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် (၁) ရေသည် အေးမြသကဲ့သို့ ပူလောင်ခြင်းကို ငြိမ်းစေသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် နိဗ္ဗာန်သည် အေးမြ၏၊ အလုံးစုံသော ကိလေသာပူလောင်မှုကို ငြိမ်းစေတတ်၏။ မင်းမြတ် ရေ၏ ဤပဌမဂုဏ်သည် နိဗ္ဗာန်သို့ သက်ဝင်၏။ မင်းမြတ် နောက်တစ်မျိုးကား (၂) ရေသည် ပင်ပန်းခြင်း၊ ခြောက်ကပ်ခြင်း၊ မွတ်သိပ်ခြင်း၊ နေပူခြင်းတို့ဖြင့် နှိပ်စက်အပ်ကုန်သော လူနှင့် သားကောင်တို့၏ မွတ်သိပ်ခြင်းကို ပယ်ဖျောက်နိုင်သကဲ့သို့ မင်းမြတ် ဤအတူသာလျှင် နိဗ္ဗာန်သည် ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာတည်းဟူသော မွတ်သိပ်ခြင်းကို ပယ်ဖျောက်တတ်၏။ မင်းမြတ် ရေ၏ ဤဒုတိယဂုဏ်ကျေးဇူးသည် နိဗ္ဗာန်သို့ သက်ဝင်၏။ မင်းမြတ် ရေ၏ ဤဂုဏ်နှစ်ပါးတို့သည် နိဗ္ဗာန်သို့ သက်ဝင်ကုန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန “ဆေး၏ ဂုဏ်သုံးပါးတို့သည် နိဗ္ဗာန်သို့ သက်ဝင်ကုန်၏”ဟူ၍ ယင်း စကားကို ဆိုတော်မူ၏။ ဆေး၏ အဘယ်ဂုဏ်သုံးပါးတို့သည် နိဗ္ဗာန်သို့ သက်ဝင်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် (၁) ဆေးသည် အဆိပ်ဖြင့် နှိပ်စက်ခြင်းခံရကုန်သော သတ္တဝါတို့၏ ကိုးကွယ်ရာဖြစ်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် နိဗ္ဗာန်သည် ကိလေသာအဆိပ်ဖြင့် နှိပ်စက်ခြင်း ခံရကုန်သော သတ္တဝါတို့၏ ကိုးကွယ်ရာဖြစ်၏။ မင်းမြတ် ဆေး၏ ဤပဌမဂုဏ်သည် နိဗ္ဗာန်သို့ သက် ဝင်၏။ မင်းမြတ် နောက်တစ်မျိုးကား (၂) ဆေးသည် အနာရောဂါတို့၏ အဆုံးကို ပြုတတ်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် နိဗ္ဗာန်သည် အလုံးစုံသော ဝဋ်ဆင်းရဲတို့၏ အဆုံးကို ပြုတတ်၏။ မင်းမြတ် ဆေး၏ ဤဒုတိယဂုဏ်သည် နိဗ္ဗာန်သို့ သက်ဝင်၏။ မင်းမြတ် နောက်တစ်မျိုးကား (၃) ဆေးသည် အသက် ကို မသေစေနိုင်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် နိဗ္ဗာန်သည် မသေစေနိုင်။ မင်းမြတ် ဆေး ၏ ဤတတိယဂုဏ်သည် နိဗ္ဗာန်သို့ သက်ဝင်၏။ မင်းမြတ် ဆေး၏ ဤဂုဏ်သုံးပါးတို့သည် နိဗ္ဗာန်သို့ သက်ဝင်ကုန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန “မဟာသမုဒ္ဒရာ၏ ဂုဏ်လေးပါးတို့သည် နိဗ္ဗာန်သို့ သက်ဝင်ကုန်၏”ဟူ၍ ယင်းစကားကို ဆိုတော်မူ၏။ မဟာသမုဒ္ဒရာ၏ အဘယ်ဂုဏ်လေးပါးတို့သည် နိဗ္ဗာန်သို့ သက်ဝင်ပါကုန် သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် (၁) မဟာသမုဒ္ဒရာသည် အလုံးစုံသော အကောင်ပုပ်တို့မှ ဆိတ်သုဉ်းသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် နိဗ္ဗာန်သည် အလုံးစုံသော ကိလေသာအပုပ်တို့မှ ဆိတ် သုဉ်း၏။ မင်းမြတ် မဟာသမုဒ္ဒရာ၏ ဤပဌမဂုဏ်သည် နိဗ္ဗာန်သို့ သက်ဝင်၏။ မင်းမြတ် နောက် တစ်မျိုးကား (၂) မဟာသမုဒ္ဒရာသည် ကြီးကျယ်၏။ ထိုမှာဘက်ကမ်းမရှိ။ အလုံးစုံသော မြစ်တို့ဖြင့် (စီးဝင်သော်လည်း) မပြည့်နိုင်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် နိဗ္ဗာန်သည် ကြီးကျယ်၏။ ထိုမှာ ဘက်ကမ်းမရှိ။ အလုံးစုံသော သတ္တဝါတို့ဖြင့် မပြည့်နိုင်။ မင်းမြတ် မဟာသမုဒ္ဒရာ၏ ဤဒုတိယဂုဏ်သည် နိဗ္ဗာန်သို့ သက်ဝင်၏။ မင်းမြတ် နောက်တစ်မျိုးကား (၃) မဟာသမုဒ္ဒရာသည် ကြီးကုန်သော သတ္တဝါ့တို့၏ နေရာဖြစ်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် နိဗ္ဗာန်သည် ကြီးမြတ်ကုန်သော၊ အညစ်အကြေး ကင်းကုန်ပြီးသော၊ အာသဝေါကုန်ပြီးကုန်သော၊ (အရဟတ္တဖိုလ်တည်းဟူသော) အားအစွမ်းသို့ ရောက်ပြီးကုန်သော၊ လေ့လာပြီးခြင်း ‘ဝသီဘော် ‘ရှိသည် ဖြစ်ကုန်သော၊ ကြီးမြတ်သော သတ္တဝါဖြစ်ကုန်သော ရဟန္တာတို့၏ နေရာဖြစ်၏။

--

မင်းမြတ် မဟာသမုဒ္ဒရာ၏ ဤတတိယဂုဏ်သည် နိဗ္ဗာန်သို့ သက်ဝင်၏။ မင်းမြတ် နောက်တစ်မျိုးကား (၄) မဟာသမုဒ္ဒရာသည် မနှိုင်းရှည့်အပ်သော၊ အထူးထူး အပြားပြား ပြန့်ပြောသော လှိုင်းတံပိုးတို့ဖြင့် ပြွမ်းသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် နိဗ္ဗာန်သည် မနှိုင်းရှည့် အပ်သော၊ အထူးထူး အပြားပြား ပြန့်ပြောသော၊ အညစ်အကြေးမရှိ စင်ကြယ်သော အသိဉာဏ် ‘ဝိဇ္ဇာ’ လွတ်မြောက်မှု ‘ဝိမုတ္တိ ‘ပန်းတို့ဖြင့် ပြွမ်း၏။ မင်းမြတ် မဟာသမုဒ္ဒရာ၏ ဤစတုတ္ထဂုဏ်သည် နိဗ္ဗာန်သို့ သက်ဝင်၏။ မင်းမြတ် မဟာသမုဒ္ဒရာ၏ ဤဂုဏ်လေးပါးတို့သည် နိဗ္ဗာန်သို့ သက်ဝင်ကုန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန “ဘောဇဉ်၏ ဂုဏ်ငါးပါးတို့သည် နိဗ္ဗာန်သို့ သက်ဝင်ကုန်၏”ဟူ၍ ယင်း စကားကို ဆိုတော်မူ၏။ ဘောဇဉ်၏ အဘယ်ဂုဏ်ငါးပါးတို့သည် နိဗ္ဗာန်သို့ သက်ဝင်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် (၁) ဘောဇဉ်သည် အလုံးစုံသော သတ္တဝါတို့အား အသက်ကို ဆောင်ထားသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် နိဗ္ဗာန်သည် မိမိကို မျက်မှောက်ပြုသူတို့အား အိုခြင်း၊ သေခြင်း၊ ပျက်စီးခြင်းမှ အသက်ကို ဆောင်ထားတတ်၏။ မင်းမြတ် ဘောဇဉ်၏ ဤပဌမဂုဏ်သည် နိဗ္ဗာန်သို့ သက် ဝင်၏။ မင်းမြတ် နောက်တစ်မျိုးကား (၂) ဘောဇဉ်သည် အလုံးစုံသော သတ္တဝါတို့အား အားကို တိုးပွါး စေသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် နိဗ္ဗာန်သည် မိမိကို မျက်မှောက်ပြုသော သတ္တဝါအားလုံးတို့အား တန်ခိုးအားကို တိုးပွါးစေ၏။ မင်းမြတ် ဘောဇဉ်၏ ဤဒုတိယဂုဏ်သည် နိဗ္ဗာန်သို့ သက်ဝင်၏။ မင်းမြတ် နောက်တစ်မျိုးကား (၃) ဘောဇဉ်သည် အလုံးစုံသော သတ္တဝါတို့အား အဆင်းကို ဖြစ်စေသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် နိဗ္ဗာန်သည် မိမိကို မျက်မှောက်ပြုသော သတ္တဝါအားလုံးတို့အား ဂုဏ်တည်းဟူသော အဆင်းကို ဖြစ်စေတတ်၏။ မင်းမြတ် ဘောဇဉ်၏ ဤတတိယဂုဏ်သည် နိဗ္ဗာန်သို့ သက်ဝင်၏။ မင်းမြတ် နောက်တစ်မျိုးကား (၄) ဘောဇဉ်သည် အလုံးစုံသော သတ္တဝါတို့၏ ပူပန်ခြင်းကို ငြိမ်းစေသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် နိဗ္ဗာန်သည် မိမိကို မျက်မှောက်ပြုသော သတ္တဝါအားလုံးတို့၏ ကိလေသာတည်းဟူသော ပူပန်မှုအားလုံးကို ငြိမ်းစေတတ်၏။ မင်းမြတ် ဘောဇဉ်၏ ဤစတုတ္ထ ဂုဏ်သည် နိဗ္ဗာန်သို့ သက်ဝင်၏။ မင်းမြတ် နောက်တစ်မျိုးကား (၅) ဘောဇဉ်သည် အလုံးစုံသော သတ္တဝါတို့၏ ငတ်မွတ်ခြင်း၊ အားနည်းခြင်းကို ပယ်ဖျောက်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် နိဗ္ဗာန် သည် မိမိကို မျက်မှောက်ပြုသော သတ္တဝါအားလုံးတို့၏ အလုံးစုံသော ဆင်းရဲတည်းဟူသော ဆာလောင် အားနည်းမှုကို ပယ်ဖျောက်တတ်၏။ မင်းမြတ် ဘောဇဉ်၏ ဤပဉ္စမဂုဏ်သည် နိဗ္ဗာန်သို့ သက်ဝင်၏။ မင်းမြတ် ဘောဇဉ်၏ ဤဂုဏ်ငါးပါးတို့သည် နိဗ္ဗာန်သို့ သက်ဝင်ကုန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန “ကောင်းကင်၏ ဂုဏ်ဆယ်ပါးတို့သည် နိဗ္ဗာန်သို့ သက်ဝင်ကုန်၏”ဟူ၍ ယင်းစကားကို ဆိုတော်မူ၏။ ကောင်းကင်၏ အဘယ်ဂုဏ်ဆယ်ပါးတို့သည် နိဗ္ဗာန်သို့ သက်ဝင်ပါကုန် သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် ကောင်းကင်သည် ပဋိသန္ဓေမနေ၊ မအို၊ မသေ၊ မစုတေ မဖြစ်ပေါ်၊ ညှဉ်းဆဲ ပုတ်ခတ်နိုင်ရန် ခဲယဉ်း၏။ ခိုးသူတို့ မယူဆောင်နိုင်၊ တစ်စုံတစ်ရာ အမှီမရှိ၊ ငှက် အပေါင်းတို့ ပျံတက်သွားရောက်ရာ ဖြစ်၏၊ အပိတ်အပင် မရှိ၊ အဆုံးမရှိသကဲ့သို့ မင်းမြတ် ဤအတူ သာလျှင် နိဗ္ဗာန်သည် (၁) ပဋိသန္ဓေ မနေ၊ (၂) မအို၊ (၃) မသေ၊ (၄) မစုတေ မဖြစ်ပေါ်၊ (၅) သူတစ်ပါးတို့ မညှဉ်းဆဲနိုင်၊ (၆) ခိုးသူတို့ မယူဆောင်နိုင်၊ (၇) တစ်စုံတစ်ရာ အမှီမရှိ၊ (၈) အရိယာ ပုဂ္ဂိုလ်တို့၏ သွားရာဖြစ်၏၊ (၉) အပိတ်အပင်မရှိ၊ (၁၀) အဆုံးမရှိ၊ မင်းမြတ် ကောင်းကင်၏ ဤဂုဏ့်ဆယ်ပါးတို့သည် နိဗ္ဗာန်သို့ (ဥပမာအားဖြင့်) သက်ဝင်ကုန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန “ပတ္တမြားရတနာ၏ ဂုဏ်သုံးပါးတို့သည် နိဗ္ဗာန်သို့ သက်ဝင်ကုန်၏”ဟူ၍ ယင်းစကားကို ဆိုတော်မူ၏။ ပတ္တမြားရတနာ၏ အဘယ်ဂုဏ်သုံးပါးတို့သည် နိဗ္ဗာန်သို့ သက်ဝင်ပါကုန် သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် (၁) ပတ္တမြားရတနာသည် အလိုရှိရာ ပေးနိုင်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် နိဗ္ဗာန်သည် အလိုရှိရာကို ပေးနိုင်၏။ မင်းမြတ် ပတ္တမြားရတနာ၏ ဤပဌမဂုဏ်သည် နိဗ္ဗာန်သို့ သက်ဝင်၏။ မင်းမြတ် နောက်တစ်မျိုးကား (၂) ပတ္တမြားရတနာသည် ကြည်လင်ရွှင်လန်းခြင်း ကို ပြုတတ်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် နိဗ္ဗာန်သည် ကြည်လင်ရွှင်လန်းခြင်းကို ပြုတတ်၏။ မင်းမြတ် ပတ္တမြားရတနာ၏ ဤဒုတိယဂုဏ်သည် နိဗ္ဗာန်သို့ သက်ဝင်၏။ မင်းမြတ် နောက်တစ်မျိုးကား (၃) ပတ္တမြားရတနာသည် ထွန်းလင်းတောက်ပခြင်းကို ပြုတတ်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် နိဗ္ဗာန်သည် ထွန်းလင်းတောက်ပခြင်းကို ပြုတတ်၏။ မင်းမြတ် ပတ္တမြားရတနာ၏ ဤတတိယဂုဏ်သည် နိဗ္ဗာန်သို့ သက်ဝင်၏။ မင်းမြတ် ပတ္တမြားရတနာ၏ ဤဂုဏ်သုံးပါးတို့သည် နိဗ္ဗာန်သို့ သက်ဝင်ကုန်၏ဟု (မိန့်တော်မူ၏)။

--

အသျှင်ဘုရားနာဂသေန “စန္ဒကူးနီ၏ဂုဏ်သုံးပါးတို့သည် နိဗ္ဗာန်သို့ သက်ဝင်ကုန်၏”ဟူ၍ ယင်း စကားကို ဆိုတော်မူ၏။ စန္ဒကူးနီ၏ အဘယ်ဂုဏ်သုံးပါးတို့သည် နိဗ္ဗာန်သို့ သက်ဝင်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် (၁) စန္ဒကူးနီသည် ရနိုင်ခဲသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် နိဗ္ဗာန်သည် ရနိုင်ခဲ၏။ မင်းမြတ် စန္ဒကူးနီ၏ ဤပဌမဂုဏ်သည် နိဗ္ဗာန်သို့ သက်ဝင်၏။ မင်းမြတ် နောက်တစ်မျိုး ကား (၂) စန္ဒကူးနီသည် အတူမရှိ ကောင်းသော အနံ့ရှိသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် နိဗ္ဗာန် သည် အတူမရှိ ကောင်းသော အနံ့ ရှိ၏။ မင်းမြတ် စန္ဒကူးနီ၏ ဤဒုတိယဂုဏ်သည် နိဗ္ဗာန်သို့ သက် ဝင်၏။ မင်းမြတ် နောက်တစ်မျိုးကား (၃) စန္ဒကူးနီကို လူကောင်းသူကောင်းတို့ ချီးမွမ်းအပ်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် နိဗ္ဗာန်ကို အရိယာသူတော်ကောင်းတို့ ချီးမွမ်းအပ်၏။ မင်းမြတ် စန္ဒကူးနီ၏ ဤတတိယဂုဏ်သည် နိဗ္ဗာန်သို့ သက်ဝင်၏။ မင်းမြတ် စန္ဒကူးနီ၏ ဤဂုဏ်သုံးပါးတို့သည် နိဗ္ဗာန်သို့ သက်ဝင်ကုန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန “ထောပတ်ကြည်၏ ဂုဏ်သုံးပါးတို့သည် နိဗ္ဗာန်သို့ သက်ဝင်ကုန်၏”ဟူ၍ ယင်းစကားကို ဆိုတော်မူ၏။ ထောပတ်ကြည်၏ အဘယ်ဂုဏ်သုံးပါးတို့သည် နိဗ္ဗာန်သို့ သက်ဝင်ပါကုန် သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် (၁) ထောပတ်ကြည်သည် အဆင်းနှင့် ပြည့်စုံသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် နိဗ္ဗာန်သည် ဂုဏ်တည်းဟူသောအဆင်းနှင့် ပြည့်စုံ၏။ မင်းမြတ် ထောပတ်ကြည်၏ ဤ ပဌမဂုဏ်သည် နိဗ္ဗာန်သို့ သက်ဝင်၏။ မင်းမြတ် နောက်တစ်မျိုးကား (၂) ထောပတ်ကြည်သည် အနံ့နှင့် ပြည့်စုံသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် နိဗ္ဗာန်သည် သီလတည်းဟူသော အနံ့နှင့် ပြည့်စုံ၏။ မင်းမြတ် ထောပတ်ကြည်၏ ဤဒုတိယဂုဏ်သည် နိဗ္ဗာန်သို့ သက်ဝင်၏။ မင်းမြတ် နောက်တစ်မျိုးကား (၃) ထောပတ်ကြည်သည် အရသာနှင့် ပြည့်စုံသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် နိဗ္ဗာန်သည် လွတ်မြောက်မှု ‘ဝိမုတ္တိ ‘အရသာနှင့် ပြည့်စုံ၏။ မင်းမြတ် ထောပတ်ကြည်၏ ဤတတိယဂုဏ်သည် နိဗ္ဗာန် သို့ သက်ဝင်၏။ မင်းမြတ် ထောပတ်ကြည်၏ ဤဂုဏ်သုံးပါးတို့သည် နိဗ္ဗာန်သို့ သက်ဝင်ကုန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန “တောင်ထွတ်၏ ဂုဏ်ငါးပါးတို့သည် နိဗ္ဗာန်သို့ သက်ဝင်ကုန်၏”ဟူ၍ ယင်းစကားကို ဆိုတော်မူ၏။ တောင်ထွတ်၏ အဘယ်ဂုဏ်ငါးပါးတို့သည် နိဗ္ဗာန်သို့ သက်ဝင်ပါကုန် သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် (၁) တောင်ထွတ်သည် အလွန်မြင့်တက်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် နိဗ္ဗာန်သည် အလွန်မြင့်တက်၏။ မင်းမြတ် တောင်ထွတ်၏ ဤပဌမဂုဏ်သည် နိဗ္ဗာန်သို့ သက်ဝင်၏။ မင်းမြတ် နောက်တစ်မျိုးကား (၂) တောင်ထွတ်သည် မတုန်မလှုပ်သကဲ့သို့၊ မင်းမြတ့်ဤအတူသာလျှင် နိဗ္ဗာန်သည် မတုန်မလှုပ်။ မင်းမြတ် တောင်ထွတ်၏ ဤဒုတိယဂုဏ်သည် နိဗ္ဗာန်သို့ သက်ဝင်၏။ မင်းမြတ် နောက်တစ်မျိုးကား (၃) တောင်ထွတ်သည် တက်ရောက်နိုင်ခဲသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် နိဗ္ဗာန်သည် အလုံးစုံသော ကိလေသာတို့ တက်ရောက်နိုင်ခဲ၏။ မင်းမြတ် တောင်ထွတ်၏ ဤတတိယဂုဏ်သည် နိဗ္ဗာန်သို့ သက်ဝင်၏။ မင်းမြတ် နောက်တစ်မျိုးကား (၄) တောင်ထွတ်သည် အလုံးစုံသော မျိုးစေ့တို့၏ ပေါက်ရောက် ကြီးပွါးရာ မဟုတ်သကဲ့သို့ မင်းမြတ် ဤအတူသာလျှင် နိဗ္ဗာန် သည် အလုံးစုံသော ကိလေသာတို့၏ ပေါက်ရောက် ကြီးပွါးရာ မဟုတ်။ မင်းမြတ် တောင်ထွတ်၏ ဤစတုတ္ထဂုဏ်သည် နိဗ္ဗာန်သို့ သက်ဝင်၏။ မင်းမြတ် နောက်တစ်မျိုးကား (၅) တောင်ထွတ်သည် ချစ်ခြင်း၊ မုန်းခြင်းမှ ကင်းလွတ်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် နိဗ္ဗာန်သည် ချစ်ခြင်း၊ မုန်းခြင်းမှ ကင်းလွတ်၏။ မင်းမြတ် တောင်ထွတ်၏ ဤပဉ္စမဂုဏ်သည် နိဗ္ဗာန်သို့ သက်ဝင်၏။ မင်းမြတ် တောင်ထွတ်၏ ဤဂုဏ်ငါးပါးတို့သည် နိဗ္ဗာန်သို့ (ဥပမာအားဖြင့်) သက်ဝင်ကုန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏၊ ဤသို့လျှင် ဤစကားကို ထိုသို့ ဆိုတော်မူတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

ဆယ်ခုမြောက် နိဗ္ဗာနရူပသဏ္ဌာနပဥှာ ပြီး၏။

--

၁၁-နိဗ္ဗာနသစ္ဆိကရဏပဥှာ

နိဗ္ဗာန်သို့ မျက်မှောက်ပြုပုံ ပြဿနာ

၁၁။ အသျှင်ဘုရားနာဂသေန “နိဗ္ဗာန်သည် အတိတ်လည်း မဟုတ်။ အနာဂတ်လည်း မဟုတ်ပေ။ ပစ္စုပ္ပန်လည်း မဟုတ်။ ခဏတ္တယသို့ ရောက်ဆဲ ‘ဥပ္ပန္န’ တရားလည်း မဟုတ်။ ခဏတ္တယသို့ ရောက်ပြီး ရောက်ဆဲမဟုတ်သော ‘အနုပ္ပန္န’ တရားလည်း မဟုတ်။ မချွတ်ဖြစ်လတ္တံ့လည်း မဟုတ်”ဟု အသျှင်ဘုရားတို့ ဆိုတော်မူကုန်၏။ အသျှင်ဘုရားနာဂသေန ဤသာသနာတော်၌ အမှတ်မရှိ တစ်စုံတစ်ယောက်သောသူသည် ကောင်းစွာ ကျင့်သည်ရှိသော် နိဗ္ဗာန်ကို မျက်မှောက်ပြု၏။ ထိုသူသည် ဖြစ်ဆဲနိဗ္ဗာန်ကို မျက်မှောက်ပြုပါသလော။ သို့မဟုတ် ဖြစ်ပြီးနိဗ္ဗာန်ကို မျက်မှောက်ပြုပါသလောဟု (မေးလျှောက်၏)။ မင်းမြတ် အမှတ်မရှိ တစ်စုံတစ်ယောက်သောသူသည် ကောင်းစွာ ကျင့်သည်ဖြစ်၍ နိဗ္ဗာန်ကို မျက်မှောက် ပြု၏။ ထိုသူသည် ဖြစ်ဆဲ နိဗ္ဗာန်ကို မျက်မှောက် မပြု၊ ဖြစ်ပြီး နိဗ္ဗာန်ကိုလည်း မျက်မှောက်မပြု။ မင်းမြတ် စင်စစ်သော်ကား ကောင်းစွာ ကျင့်သောသူသည် အကြင်နိဗ္ဗာန်ကို မျက်မှောက်ပြု၏။ ထိုနိဗ္ဗာန် ဓာတ်သည် ရှိ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ဤပြဿနာကို ဖုံးကွယ်လျှို့ဝှက်၍ မပြပါလင့်။ ဆန္ဒရှိသည့်အတိုင်း ကြိုးစား ၍ ပွင့်လင်းထင်ရှားစွာ ပြတော်မူပါလော့။ အသျှင်ဘုရား သင်ကြားထားသော နည်းနာအားလုံးကို ဤ နိဗ္ဗာန်ပြဿနာ၌သာ လောင်းထည့်လိုက်ပါလော့။ ဤအရာ၌ ဤလူအပေါင်းသည် တွေဝေပါ၏။ ယုံမှား ခြင်းဖြစ်ပါ၏။ သံသယသို့ ပြေးဝင်ပါ၏။ ဤအတွင်း၌ အပြစ်တည်းဟူသော ဤဆူးငြောင့်ကို နုတ်ပယ် တော်မူပါလော့ဟု (လျှောက်၏)။ မင်းမြတ် ငြိမ်းအေးသော ချမ်းသာစစ်ဖြစ်သော မွန်မြတ် တောင့်တအပ်သော ဤနိဗ္ဗာနဓာတ်သည် ရှိ၏။ ကောင်းစွာ ကျင့်သောသူသည် မြတ်စွာဘုရား ဆုံးမတော်မူသည့် အတိုင်း သင်္ခါရတရားတို့ကို သုံးသပ်လျက် ပညာဖြင့် ထိုနိဗ္ဗာနဓာတ်ကို မျက်မှောက်ပြု၏။ မင်းမြတ် ဥပမာသော်ကား တပည့်သည် ဆရာဆုံးမတော်မူသည့်အတိုင်း အတတ်ကို ပညာဖြင့် မျက်မှောက် ပြု၏။ မင်းမြတ် ဤအတူသာလျှင် ကောင်းစွာ ကျင့်သောသူသည် မြတ်စွာဘုရား ဆုံးမတော်မူသည့် အတိုင်း နိဗ္ဗာန်ကို ပညာဖြင့် မျက်မှောက်ပြု၏။

--

ထိုနိဗ္ဗာန်ကို အဘယ်သို့ ရှုမြင်အပ်သနည်းဟူမူ-ထိုနိဗ္ဗာန်ကို အပြစ်မရှိသောအားဖြင့်၊ ဥပဒ်ကင်း သောအားဖြင့်၊ ဘေးမရှိသောအားဖြင့်၊ ရန်ကင်းသောအားဖြင့်၊ အေးငြိမ်းသောအားဖြင့်၊ ချမ်းသာသောအားဖြင့်၊ သာယာဖွယ်အားဖြင့်၊ မွန်မြတ်သောအားဖြင့်၊ စင်ကြယ်သောအားဖြင့်၊ အေးမြသောအားဖြင့် ရှုမြင်အပ်၏။

မင်းမြတ် ဥပမာသော်ကား ထင်းများစွာကို တောက်လောင်နေသော မီးသည် ယောက်ျားကို လောင်မြိုက်အပ်သော် (ထိုယောက်ျားသည်) လုံ့လဖြင့် ထိုမီးမှ လွတ်အောင် ရုန်းထွက်၍ မီးမရှိသော နေရာသို့ ဝင်ရောက်သည်ရှိသော် ထိုအရပ်၌ လွန်ကဲသော ချမ်းသာကို ရရာ၏။ မင်းမြတ် ဤအတူသာ လျှင် ကောင်းစွာ ကျင့်သောသူသည် သင့်လျော်သော နှလုံးသွင်းဖြင့် သုံးလောက မီးပူမှ လွတ်ကင်းသော လွန်စွာ ချမ်းသာသော နိဗ္ဗာန်ကို မျက်မှောက်ပြု၏။ မင်းမြတ် ပြကတေ့ မီးနှင့်အတူ သုံးပါးသော မီးကို မှတ်အပ်၏။ မီးပုံအလယ်သို့ ရောက်သော ယောက်ျားနှင့် အတူ ကောင်းစွာ ကျင့်သောသူကို မှတ်အပ်၏။ မီးကင်းသော အရပ်နှင့် အတူ နိဗ္ဗာန်ကို မှတ်အပ်၏။

မင်းမြတ် ဥပမာတစ်နည်းသော်ကား မြွေကောင်ပုပ်၊ ခွေးကောင်ပုပ်၊ လူကောင်ပုပ်၊ ကိုယ်အညစ် အကြေးတို့ စုပုံရာသို့ ရောက်၍ အပုပ်မျိုး ရှုပ်ယှက်ခပ်သော အရပ်သို့ ဝင်ရောက်သော ယောက်ျားသည် လုံ့လဖြင့် ထိုအကောင်ပုပ်ရှိရာ အရပ်မှ လွတ်ကင်းအောင် ရုန်းထွက်၍ အကောင်ပုပ်မရှိရာ အရပ်သို့ ဝင်ရောက်သည်ရှိသော် ထိုအရပ်၌ လွန်ကဲသော ချမ်းသာကို ရရာ၏။ မင်းမြတ် ဤအတူသာလျှင် ကောင်းစွာ ကျင့်သောသူသည် သင့်လျော်သော နှလုံးသွင်းဖြင့် ကိလေသာအကောင်ပုပ်မှ လွတ်သော လွန်စွာချမ်းသာသော နိဗ္ဗာန်ကို မျက်မှောက် ပြု၏။ မင်းမြတ် အကောင်ပုပ်နှင့် အတူ ကာမဂုဏ်ငါးပါးတို့ကို မှတ်အပ်၏။ အကောင်ပုပ်ရှိရာသို့ ရောက်သော ယောက်ျားနှင့်အတူ ကောင်းစွာ ကျင့်သောသူကို မှတ်အပ်၏။ အကောင်ပုပ်ကင်းသော အရပ်နှင့်အတူ နိဗ္ဗာန်ကို မှတ်အပ်၏။

မင်းမြတ် ဥပမာတစ်နည်းသော်ကား ကြောက်ရွံ့ ထိတ်လန့် တုန်လှုပ်နေသော၊ ဖောက်ပြန်စွာ တုန်လှုပ်သည့် စိတ်ရှိသော ယောက်ျားသည် လုံ့လဖြင့် ထိုကြောက်ဖွယ်အရပ်မှ လွတ်အောင် ရုန်းထွက်၍ မြဲမြံ ခိုင်ခံ့ မတုန်လှုပ်သော ဘေးလွတ်ရာ အရပ်သို့ ဝင်ရောက်သည်ရှိသော် ထိုအရပ်၌ လွန်ကဲသော ချမ်းသာကို ရရာ၏။ မင်းမြတ် ဤအတူသာလျှင် ကောင်းစွာကျင့်သောသူသည် သင့်လျော်သော နှလုံး သွင်းဖြင့် ကြောက်ရွံ့ထိတ်လန့်ခြင်း ကင်းသော လွန်စွာ ချမ်းသာသော နိဗ္ဗာန်ကို မျက်မှောက်ပြု၏။ မင်းမြတ် ဘေးနှင့်အတူ ပဋိသန္ဓေနေခြင်း ‘ဇာတိ’၊ အိုခြင်း ‘ဇရာ’၊ နာခြင်း ‘ဗျာဓိ’၊ သေခြင်း ‘မရဏ’ ကို စွဲ၍ အဆက်ဆက် (ထပ်ကာထပ်ကာ) ဖြစ်သော ဘေးကို မှတ်အပ်၏။ ကြောက်သော ယောက်ျားနှင့် အတူ ကောင်းစွာ ကျင့်သောသူကို မှတ်အပ်၏။ ဘေးလွတ်ရာ အရပ်နှင့် အတူ နိဗ္ဗာန်ကို မှတ်အပ်၏။

မင်းမြတ် ဥပမာတစ်နည်းသော်ကား ညစ်နွမ်းနောက်ကျုသော ညွန်ပုပ်ရွှံ့စေးရှိရာ အရပ်သို့ ကျရောက်သော ယောက်ျားသည် လုံ့လဖြင့် ထိုညွန်ပုပ်ရွှံ့စေးကို ဖဲကြဉ်ထုတ်နုတ်၍ စင်ကြယ်သန့်ရှင်း အညစ်အကြေးကင်းသော အရပ်သို့ ရောက်လျက် ထိုအရပ်၌ လွန်ကဲသော ချမ်းသာကို ရရာ၏။ မင်းမြတ် ဤအတူသာလျှင် ကောင်းစွာ ကျင့်သောသူသည် သင့်လျော်သော နှလုံးသွင်းဖြင့် ကိလေသာအညစ် အကြေးညွန်စေးကင်းသော လွန်စွာ ချမ်းသာသော နိဗ္ဗာန်ကို မျက်မှောက်ပြု၏။ မင်းမြတ် ညွန်ပြောင်းနှင့် အတူ လာဘ်ပူဇော်သကာ အကျော်အစောကို မှတ်အပ်၏။ ညွန်ပုပ်သို့ ရောက်သော ယောက်ျားနှင့်အတူ ကောင်းစွာ ကျင့်သောသူကို မှတ်အပ်၏။ အထူးသဖြင့် စင်ကြယ်သန့်ရှင်း အညစ်အကြေးကင်းသော အရပ်နှင့်အတူ နိဗ္ဗာန်ကို မှတ်အပ်၏။

ထိုနိဗ္ဗာန်ကိုလည်းကောင်းစွာ ကျင့်သောသူသည် အဘယ်သို့လျှင် မျက်မှောက်ပြုပါသနည်း။ မင်းမြတ် ကောင်းစွာ ကျင့်သောသူသည် သင်္ခါရတရားတို့၏ ဖြစ်ခြင်းကို သုံးသပ်၏။ ဖြစ်ခြင်းကို သုံးသပ်သည်ရှိသော် ထိုသင်္ခါရတရားတို၌ ဖြစ်ခြင်း ‘ဇာတိ’ ကို မြင်၏။ အိုခြင်း ‘ဇရာ’ ကို မြင်၏။ နာခြင်း ‘ဗျာဓိ’ ကို မြင်၏။ သေခြင်း ‘မရဏ’ ကို မြင်၏။ ထိုသင်္ခါရတရားတို့၌ အစမှလည်းကောင်း၊ အလယ်မှလည်းကောင်း၊ အဆုံးမှလည်းကောင်း တစ်စုံတစ်ခုသော ချမ်းသာဖွယ် သာယာဖွယ်ကို မမြင်။

--

ထိုသူသည် သင်္ခါရတရားတို့၌ တစ်စုံတစ်ခု စွဲယူလောက်သော အရာကို လုံးဝ မမြင်။ မင်းမြတ် ဥပမာ သော်ကား ယောက်ျားသည် တစ်နေ့လုံး ပြင်းစွာ ပူနေသော၊ တောက်လောင်သော၊ ပြောင်ပြောင်တောက်သော၊ ပြင်းထန်သော သံတွေခဲ၌ အစမှလည်းကောင်း၊ အလယ်မှလည်းကောင်း၊ အဆုံးမှလည်းကောင်း တစ်စုံတစ်ခု ယူလောက်ရာအရပ်ကို မမြင်။ ဤအတူသာလျှင် သင်္ခါရတရားတို့၏ ဖြစ်ခြင်းကို သုံးသပ်သောသူသည် ထိုသင်္ခါရတရားတို၌ ဖြစ်ခြင်း ‘ဇာတိ’ ကို မြင်၏။ အိုခြင်း ‘ဇရာ’ ကို မြင်၏။ နာခြင်း ‘ဗျာဓိ’ ကို မြင်၏။ သေခြင်း ‘မရဏ’ ကို မြင်၏။ ထိုသင်္ခါရတရားတို့၌ အစမှလည်းကောင်း၊ အလယ်မှလည်းကောင်း၊ အဆုံးမှလည်းကောင်း တစ်စုံတစ်ခု ချမ်းသာဖွယ် သာယာဖွယ်ကို မမြင်။ ထိုသူသည် ထိုသင်္ခါရတရားတို့၌ တစ်စုံတစ်ခု စွဲယူလောက်ရာကို မမြင်။ စွဲယူလောက်ရာကို မမြင်သော ထိုသူ၏ စိတ်ဝယ် သင်္ခါရတရားတို့၌ မမွေ့လျော်ခြင်းသည် ကောင်းစွာ တည်၏။ ကိုယ်၌ ပူလောင်လာ၏။ ထိုသူသည် ပုန်းခိုရာမရ၊ အားထားရာ မရ၊ ကိုးစားရာ မရှိသကဲ့သို့ ဖြစ်၍ ဘုံသုံးပါးတို့၌ ငြီးငွေ့၏။

မင်းမြတ် ဥပမာသော်ကား ယောက်ျားသည် တောက်လောင်သော မီးတောက်ရှိသော ကြီးစွာသော မီးပုံတွင်းသို့ ဝင်ငြားအံ့။ ထိုယောက်ျားသည် ထိုမီးပုံတွင်း၌ ပုန်းခိုရာမရ၊ အားထားရာမရ၊ ကိုးစားရာ မရှိသကဲ့သို့ ဖြစ်၍ မီး၌ ငြီးငွေ့ရာ၏။ မင်းမြတ် ဤအတူသာလျှင် ယူလောက်ရာကို မမြင်သော ထိုသူ၏ စိတ်၌ မမွေ့လျော်ခြင်းသည် ကောင်းစွာ တည်၏။ ကိုယ်၌ ပူလောင်လာ၏။ ထိုသူသည် ပုန်းခိုရာမရ၊ အားထားရာမရ၊ ကိုးစားရာ မရှိသကဲ့သို့ ဖြစ်၍ ဘုံသုံးပါးတို့၌ ငြီးငွေ့၏။

သင်္ခါရ၏ ဖြစ်စဉ်၌ ဘေးကို ရှုမြင်သော ထိုသူအား ဤသို့သော စိတ်သည် ဖြစ်၏ “ဤသင်္ခါရတို့၏ ဖြစ်စဉ်သည် ပူလောင်လှသည်သာတည်း။ ရဲရဲတောက်သည်သာတည်း။ အလျှံပြောင်ပြောင်တောက်လောင် သည်သာတည်း။ ဒုက္ခများလှသည်သာတည်း။ ပူပန်ခြင်း များလှသည်သာတည်း။ တစ်စုံတစ်ယောက်သောသူသည် သင်္ခါရတို့၏ မဖြစ်ရာကို ရလေရာ၏။ သင်္ခါရအားလုံးတို့၏ ငြိမ်းအေးရာ၊ အလုံးစုံသော ခန္ဓာ ငါးပါးတို့ကို လွတ်လွတ် စွန့်ပစ်ရာ၊ တဏှာကုန်ခန်းရာ၊ရာဂကင်းရာ၊ သင်္ခါရတို့၏ ချုပ်ရာ၊ တဏှာမှ ထွက်မြောက်ရာ နိဗ္ဗာန်သည် ငြိမ်သက်၏၊ မွန်မြတ်၏”ဟု စိတ်ဖြစ်၏။ ဤသို့လျှင် ထိုသူ၏ ဤစိတ်သည် သင်္ခါရအစဉ် မဖြစ်ရာ နိဗ္ဗာန်၌ ပြေးဝင်၏။ ကြည်လင်၏။ ရွှင်ပျ၏။ “ငါ့အား သင်္ခါရတို့မှ ထွက်မြောက် ကြောင်းကို ရအပ်ပေပြီ”ဟု နှစ်သက်၏။

မင်းမြတ် ဥပမာသော်ကား ပျက်စီးသော ခရီးမှားအရပ်သို့ ပြေးဝင်မိသော ယောက်ျားသည် ထွက်မြောက်ကြောင်း ခရီးလမ်းကို မြင်၍ ထိုလမ်းခရီး၌ ပြေးဝင်၏။ ကြည်လင်၏။ ရွှင်ပျ၏။ “ငါသည် ထွက်မြောက်ကြောင်း ခရီးလမ်းကို ရပြီ”ဟု နှစ်သက်၏။ မင်းမြတ် ဤအတူသာလျှင် သင်္ခါရတရားတို့၏ ဖြစ်စဉ်၌ ဘေးဟု ရှုသောသူအား သင်္ခါရတို့၏ အစဉ် မဖြစ်ရာ နိဗ္ဗာန်၌ စိတ်သည် ပြေးဝင်၏။ ကြည်လင်၏။ ရွှင်ပျ၏။ “ငါသည် ထွက်မြောက်ရာကို ရအပ်ပြီ”ဟု နှစ်သက်၏။

ထိုသူသည် သင်္ခါရတရားတို့၏ မဖြစ်ရာ နိဗ္ဗာန်အကျိုးငှါ ရောက်ကြောင်း မဂ်ကို အားထုတ်၏။ ရှာမှီး၏။ ပွားများ၏။ ကြိမ်ဖန်များစွာ ပြု၏။ ထိုထွက်မြောက်ရာ နိဗ္ဗာန်အကျိုးငှါ ထိုသူအား အောက်မေ့မှု ‘သတိ’ သည် ကောင်းစွာ တည်၏။ ထိုထွက်မြောက်ရာ နိဗ္ဗာန်အကျိုးငှါ အားထုတ်ခြင်း ‘ဝီရိယ’ သည် ကောင်းစွာ တည်၏။ ထို ထွက်မြောက်ရာ နိဗ္ဗာန်အကျိုးငှါ နှစ်သက်မှု ‘ပီတိ’ သည် ကောင်းစွာ တည်၏။ အဆင့်ဆင့် အထပ်ထပ် နှလုံးသွင်းသော ထိုသူ၏ ထိုစိတ်သည် သင်္ခါရတို့၏ ဖြစ်စဉ် ကို လွန်မြောက်၍ သင်္ခါရအစဉ် မဖြစ်ရာ နိဗ္ဗာန်သို့ သက်ဝင်၏။ မင်းမြတ် သင်္ခါရအစဉ် မဖြစ်ရာ နိဗ္ဗာန်သို့ အစဉ်ရောက်သော ကောင်းစွာ ကျင့်သောသူကို နိဗ္ဗာန်ကို မျက်မှောက်ပြုသူဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏။ ဤသို့လျှင် ဤစကားကို ထိုသို့ဆိုတော်မူတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

တစ်ဆယ့်တစ်ခုမြောက် နိဗ္ဗာနသစ္ဆိကရဏပဥှာ ပြီး၏။

--

၁၂-နိဗ္ဗာနသန္နိဟိတပဥှာ

နိဗ္ဗာန်၏ တည်ရာ ပြဿနာ

၁၂။ အသျှင်ဘုရားနာဂသေန အရှေ့အရပ်၌ ဖြစ်စေ၊ တောင်အရပ်၌ ဖြစ်စေ၊ အနောက်အရပ်၌ ဖြစ်စေ၊ မြောက်အရပ်၌ ဖြစ်စေ၊ အထက်အရပ်၌ ဖြစ်စေ၊ အောက်အရပ်၌ ဖြစ်စေ၊ ဖီလာအရပ်၌ ဖြစ်စေ၊ အကြင်အရပ်၌ နိဗ္ဗာန်သည် အမြဲအစွဲ တည်နေ၏။ ထိုနိဗ္ဗာန်တည်ရှိရာ အရပ်သည် ရှိပါသလောဟု (မေးလျှောက်၏)။ မင်းမြတ် အရှေ့အရပ်၌ ဖြစ်စေ၊ တောင်အရပ်၌ ဖြစ်စေ၊ အနောက်အရပ်၌ ဖြစ်စေ၊ မြောက်အရပ်၌ ဖြစ်စေ၊ အထက်အရပ်၌ ဖြစ်စေ၊ အောက်အရပ်၌ ဖြစ်စေ၊ ဖီလာအရပ်၌ ဖြစ်စေ အကြင် အရပ်၌ နိဗ္ဗာန်သည် အမြဲအစွဲ တည်နေ၏။ ထိုနိဗ္ဗာန်တည်ရှိရာ အရပ်သည် မရှိဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန နိဗ္ဗာန်၏ အမြဲအစွဲ တည်နေရာ အရပ်သည် အကယ်၍ မရှိသည် ဖြစ်ပါအံ့။ ထိုသို့ဖြစ်ပါမူ နိဗ္ဗာန်သည် မရှိ။ အကြင်သူတို့သည် ထိုနိဗ္ဗာန်ကို မျက်မှောက်ပြုအပ်ပါ၏။ ထိုသူတို့၏ မျက်မှောက်ပြုခြင်းသည်လည်း မှားယွင်းရာပါ၏။ ထိုအမှားကို ဆိုရာ၌ အကြောင်းကို လျှောက်ဆိုပါအံ့။ အသျှင်ဘုရားနာဂသေန မြေ၌ စပါး၏ဖြစ်ရာ လယ်သည် ရှိ၏။ အနံ့ဖြစ်ရာ ပန်းသည် ရှိ၏။ ပန်း၏ဖြစ်ရာ ပန်းရုံသည် ရှိ၏။ အသီး၏ဖြစ်ရာ သစ်ပင်သည် ရှိ၏။ ရတနာ၏ဖြစ်ရာ ဖြစ်သော တည်ရာသည် ရှိ၏။ ထိုအရပ်၌ အမှတ်မရှိ တစ်စုံတစ်ယောက်သောသူသည် အကြင်ဝတ္ထုကို အလိုရှိ၏။ ထိုသူသည် ထိုအရပ်သို့ သွား၍ ထိုထို လိုရာဝတ္ထုကို ဆောင်ယူသကဲ့သို့၊ အသျှင်ဘုရားနာဂသေန ဤအတူသာလျှင် နိဗ္ဗာန်သည် အကယ်၍ ရှိသည် ဖြစ်ပါအံ့။ ထိုနိဗ္ဗာန်၏ ဖြစ်ပေါ်ရာ အရပ်ကိုလည်း အလိုရှိအပ်ပါ၏။ အသျှင်ဘုရားနာဂသေန အကြင့်ကြောင့်လျှင် နိဗ္ဗာန်၏ ဖြစ်ရာ အရပ်သည် မရှိ။ ထို့ကြောင့် နိဗ္ဗာန် မရှိဟူ၍ ဆိုရာပါ၏။ အကြင်သူတို့သည် နိဗ္ဗာန်ကို မျက်မှောက်ပြုအပ်၏။ ထိုသူတို့၏ မျက်မှောက်ပြုခြင်းသည်လည်း မှားယွင်းရာပါ၏ဟု (လျှောက်၏)။

မင်းမြတ် နိဗ္ဗာန်၏ အမြဲအစွဲ တည်နေရာ အရပ်သည် မရှိ။ ထိုသို့တည်ရာအရပ် မရှိသော်လည်း ဤနိဗ္ဗာန်သည် ရှိသည်သာတည်း။ ကောင်းစွာ ကျင့်သောသူသည် သင့်လျော်သော နှလုံးသွင်းဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြု၏။ မင်းမြတ် ဥပမာအားဖြင့် မီးမည်သည် ထင်ရှားရှိ၏။ ထိုမီး၏ အမြဲအစွဲ တည်နေရာ အရပ်မရှိ။ ထင်းနှစ်ခုတို့ကို ပွတ်တိုက်သည်ရှိသော် မီးကို ရ၏။ မင်းမြတ် ဤအတူသာလျှင် နိဗ္ဗာန်သည် ထင်ရှားရှိ၏။ ထိုနိဗ္ဗာန်၏ အမြဲအစွဲ တည်နေရာ အရပ်သည် မရှိ။ ကောင်းစွာ ကျင့်သောသူသည် သင့်လျော်သော နှလုံးသွင်း ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြု၏။

မင်းမြတ် ဥပမာတစ်နည်းသော်ကား ရတနာခုနစ်ပါးတို့မည်သည် ရှိကုန်၏။ ဤရတနာခုနစ်ပါးတို့သည် အဘယ်သည်တို့နည်း။ စကြာရတနာ၊ ဆင်ရတနာ၊ မြင်းရတနာ၊ ပတ္တမြားရတနာ၊ မိန်းမ ရတနာ၊ သူကြွယ် ရတနာ၊ သားကြီးရတနာတို့တည်း။ ထိုရတနာခုနစ်ပါးတို့၏ အမြဲအစွဲ တည်နေရာ အရပ်ကား မရှိ။ ကောင်းစွာ ကျင့်သော မင်းအား အကျင့်၏ အစွမ်းဖြင့် ထိုရတနာတို့သည် ကပ်ရောက် လာကုန်၏။ မင်းမြတ် ဤအတူသာလျှင် နိဗ္ဗာန်သည် ထင်ရှားရှိ၏။ ထိုနိဗ္ဗာန်၏ အမြဲအစွဲ တည်နေရာ အရပ်ကား မရှိ။ ကောင်းစွာ ကျင့်သောသူသည် သင့်လျော်သော နှလုံးသွင်းဖြင့် နိဗ္ဗာန်ကို မျက်မှောက် ပြု၏ဟု (မိန့်တော်မူ၏)။

--

အသျှင်ဘုရားနာဂသေန နိဗ္ဗာန်၏ အမြဲအစွဲ တည်နေရာ အရပ်သည် မရှိလျှင် ဖြစ်ပါစေတော့။ အကြင်အရပ်၌ တည်လျက် ကောင်းစွာ ကျင့်သောသူသည် နိဗ္ဗာန်ကို မျက်မှောက်ပြု၏။ ထိုအရပ်သည် ရှိပါသလောဟု (မေးလျှောက်၏)။ မင်းမြတ် အကြင်အရပ်၌ တည်လျက် ကောင်းစွာ ကျင့်သောသူသည် နိဗ္ဗာန်ကို မျက်မှောက်ပြု၏။ ထိုအရပ်သည် ရှိ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား အကြင်အရပ်၌ တည်လျက် ကောင်းစွာ ကျင့်သောသူသည် နိဗ္ဗာန်ကို မျက်မှောက် ပြု၏။ ထိုအရပ်သည် အဘယ်အရပ်ပါနည်းဟု (မေးလျှောက်၏)။ မင်းမြတ် သီလသည် နိဗ္ဗာန်ကို မျက် မှောက်ပြုရာ တည်ရာပေတည်း။ သီလ၌ တည်လျက် သင့်လျော်သောအားဖြင့် နှလုံးသွင်းသော် သက္ကတိုင်း ယွန်းတိုင်း၌ ဖြစ်စေ၊ စိန့်တိုင်း ဝိလာတတိုင်း၌ ဖြစ်စေ၊ အလသန္ဒအရပ်၌ ဖြစ်စေ၊ နိဂုမ္ဗအရပ်၌ ဖြစ်စေ၊ ကာသိတိုင်း ကောသလတိုင်း၌ ဖြစ်စေ၊ ကသ္မီရတိုင်း၌ ဖြစ်စေ၊ ဂန္ဓာရတိုင်း၌ ဖြစ်စေ၊ တောင်ထိပ်၌ ဖြစ်စေ၊ ဗြဟ္မာ့ပြည်၌ ဖြစ်စေ အမှတ်မရှိ တစ်စုံတစ်ခုသော အရပ်၌ တည်လျက် ကောင်းစွာ ကျင့်သောသူသည်လည်း နိဗ္ဗာန်ကို မျက်မှောက်ပြု၏။ မင်းမြတ် ဥပမာသော်ကား အမှတ်မရှိ တစ်စုံတစ်ယောက်သော မျက်စိအမြင်နှင့် ပြည့်စုံသော ယောက်ျားသည် သက္ကတိုင်း ယွန်းတိုင်း၌ ဖြစ်စေ၊ စိန့်တိုင်း ဝိလာတ တိုင်း၌ ဖြစ်စေ၊ အလသန္ဒအရပ်၌ ဖြစ်စေ၊ နိဂုမ္ဗအရပ်၌ ဖြစ်စေ၊ ကာသိတိုင်း ကောသလတိုင်း၌ ဖြစ်စေ၊ ကသ္မီရတိုင်း၌ ဖြစ်စေ၊ ဂန္ဓာရတိုင်း၌ ဖြစ်စေ၊ တောင်ထိပ်၌ ဖြစ်စေ၊ ဗြဟ္မာ့ပြည်၌ ဖြစ်စေ အမှတ်မရှိ တစ်စုံတစ်ခုသော အရပ်၌ တည်လျက် ကောင်းကင်ကို မြင်နိုင်၏။ မင်းမြတ် ဤအတူသာလျှင် သီလ၌ တည်လျက် သင့်လျော်သော နှလုံးသွင်းရှိသောသူသည် သက္ကတိုင်း ယွန်းတိုင်း၌ ဖြစ်စေ။ပ။ အမှတ်မရှိ တစ်စုံတစ်ခုသော အရပ်၌ တည်လျက် ကောင်းစွာ ကျင့်သောသူသည်လည်း နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်၏။

မင်းမြတ် ဥပမာတစ်နည်းသော်ကား သက္ကတိုင်း ယွန်းတိုင်း၌ ဖြစ်စေ။ပ။ အမှတ်မရှိ တစ်စုံတစ်ခုသော အရပ်၌ တည်သောသူအားလည်း အရှေ့အရပ်သည် ရှိ၏။ မင်းမြတ် ဤအတူသာလျှင် သီလ၌ တည်လျက် သင့်လျော်သောအားဖြင့် နှလုံးသွင်းရှိသောသူအား သက္ကတိုင်း၌ ဖြစ်စေ၊ ယွန်းတိုင်း၌ ဖြစ်စေ။ပ။ အမှတ်မရှိ တစ်စုံတစ်ခုသော အရပ်၌ တည်လျက် ကောင်းစွာ ကျင့်သောသူအားလည်း နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏။ အသျှင် ဘုရားသည် နိဗ္ဗာန်ကို ဟောတော်မူနိုင်ပေ၏။ နိဗ္ဗာန်ကို မျက်မှောက်ပြုကြောင်းကို ဟောတော်မူနိုင်ပေ၏။ သီလဂုဏ်ကျေးဇူးတို့ ထက်ဝန်းကျင် ခြံရံအပ်ပါကုန်၏။ ကောင်းသော အကျင့်တရားကို ပြတော်မူအပ်ပါ ပေ၏။ တရားတည်းဟူသော တံခွန်ကို စိုက်ထူတော်မူအပ်ပါပေ၏။ တရားတည်းဟူသော ရေမြောင်းကို ကောင်းစွာ ထားတော်မူအပ်ပါပြီ။ ကောင်းစွာ ကျင့်သူတို့၏ ကောင်းသော လုံ့လသည် မမြုံပါပေ။ ဂိုဏ်း၏ အကြီးအမှူးဖြစ်၍ မြတ်သောသူတို့ထက် မြတ်တော်မူပေသော အသျှင်ဘုရား ဤအတိုင်းဟုတ်ပါပေ၏။ ဤအတိုင်း ဝန်ခံပါ၏ဟု (လျှောက်၏)။ ။

တစ်ဆယ့်နှစ်ခုမြောက် နိဗ္ဗာနသန္နိဟိတပဥှာ ပြီး၏။

သုံးခုမြောက် ဝေဿန္တရဝဂ် ပြီး၏။

ဤဝေဿန္တရဝဂ်၌ အမေးပုစ္ဆာပြဿနာ တစ်ဆယ့်နှစ်ပါးတို့တည်း။

--

၄-အနုမာနဝဂ်

၁-အနုမာနပဥှာ

မှန်းဆ၍ ‘မြတ်စွာဘုရားရှိကြောင်း’ သိရပုံ ပြဿနာ

။ ထိုအခါ မိလိန္ဒမင်းသည် အသျှင်နာဂသေနရှိရာသို့ ချဉ်းကပ်ပြီးလျှင် အသျှင်နာဂသေနမထေရ်ကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် သိလိုသည်၊ ကြားနာလိုသည်၊ ဆောင်လိုသည်၊ ဉာဏ် ရောင် အလင်းကို ရှုမြင်လိုသည်၊ မသိ မမြင်မှု ‘မောဟ’ ကို ပယ်ဖျက်လိုသည်၊ ဉာဏ်ရောင်အလင်းကို ဖြစ်စေလိုသည်၊ အဝိဇ္ဇာမှောင်ကို ဖျက်ဆီးလိုသည် ဖြစ်၍ လွန်ကဲသော တည်ကြည်ခြင်းကိုလည်းကောင်း၊ အားထုတ်မှု ‘ဝီရိယ’ ကိုလည်းကောင်း၊ အောက်မေ့မှု ‘သတိ’ ကိုလည်းကောင်း၊ ပညာကိုလည်းကောင်း ဖြစ်စေလျက် အသျှင်နာဂသေနအား “အသျှင်ဘုရားနာဂသေန အသျှင်ဘုရားသည် မြတ်စွာဘုရားကို မြင်ဖူးပါသလော”ဟု (မေးလျှောက်၏)။ မင်းမြတ် မမြင်ဘူးပါဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား၏ ဆရာတို့သည် မြတ်စွာဘုရားကို မြင်ဖူးပါသလော”ဟု (မေးလျှောက်၏)။ မင်းမြတ် မမြင်ဖူးပါဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန အသျှင်ဘုရားသည် မြတ်စွာဘုရားကို မမြင်ဖူးလေသတတ်။ အသျှင်ဘုရား၏ ဆရာတို့သည်လည်း မြတ်စွာဘုရားကို မမြင်ဖူးလေသတတ်။ အသျှင်ဘုရားနာဂသေန ထိုသို့ဖြစ်ပါမူ မြတ်စွာဘုရားသည် မရှိပေတကားဟု ဆိုသင့်ပါ၏။ ဤနေရာ၌ မြတ်စွာဘုရားသည် မထင်ရှားချေဟု (လျှောက်၏)။

မင်းမြတ် သင်၏ မင်းမျိုးမင်းနွယ်၌ ရှေးဦးအစဖြစ်ကုန်သော ရှေးရှေးမင်းတို့သည် ရှိပါကုန် သလောဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား ရှိပါကုန်၏။ အဘယ်သူသည် ယုံမှားရှိပါအံ့နည်း။ အကျွန်ုပ်၏ မင်းမျိုးမင်းနွယ်၌ ရှေးဦးအစဖြစ်ကုန်သော ရှေးရှေးမင်းတို့သည် ရှိပါကုန်၏ဟု (လျှောက်၏)။ မင်းမြတ် သင်မင်းမြတ်သည် ရှေးရှေး မင်းတို့ကို မြင်ဖူးပါသလော”ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား မမြင်ဖူး ပါဟု (လျှောက်၏)။ မင်းမြတ် သင့်ကို ဆုံးမကြကုန်သော ပုရောဟိတ်စစ်သူကြီး တရား ဆုံးဖြတ်တတ်သော အမတ်ကြီးတို့သည် ရှေးရှေးမင်းတို့ကို မြင်ဖူးပါကုန်သလော”ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား မမြင်ဖူးပါကုန်ဟု (လျှောက်၏)။ မင်းမြတ် သင်မင်းမြတ်သည် ရှေးရှေးမင်းတို့ကို အကယ်၍ မမြင်ဖူးသည် ဖြစ်အံ့။ သင်မင်းမြတ်အား ဆုံးမတတ်ကုန်သောသူတို့သည်လည်း အကယ်၍ မမြင်ဖူးကုန်သည် ဖြစ်ကုန်အံ့။ ထိုသို့ဖြစ်မူ ရှေးရှေးမင်းတို့သည် မရှိကုန်ဟု ဆိုသင့်ပါ၏။ ဤအရာဝယ် ရှေးရှေးမင်းတို့ သည် မထင်ရှားကုန်တကားဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ရှေးရှေးမင်းတို့၏ အသုံးအဆောင် ဖြစ်ကုန်သော ထီးဖြူ၊ သင်းကျစ်၊ ခြေနင်း၊ သားမြီးယပ်၊ သန်လျက်၊ သလွန်ညောင်စောင်းတို့ကို မြင်ရပါကုန်၏။ ယင်းအသုံးအဆောင်တို့ကြောင့် အကျွန်ုပ်တို့သည် “ရှေးရှေးမင်းတို့ ရှိကုန်၏”ဟု သိရပါကုန်၏။ ယုံကြည်ရပါကုန်၏ဟု (လျှောက်၏)။ မင်းမြတ် ဤအတူသာလျှင် အကြင်အကြောင်းကြောင့် “ထိုမြတ်စွာဘုရား ထင်ရှားရှိ၏”ဟူ၍ ငါတို့ သိရ၊ ယုံကြည်ရသော အကြောင်းသည် ရှိပါ၏။ ထိုအကြောင်းကား အဘယ်နည်းဟူမူ- မင်းမြတ် သစ္စာလေးပါးကို သိတော်မူသော၊ သစ္စာလေးပါးကို မြင်တော်မူသော၊ ပူဇော်အထူးကို ခံတော်မူထိုက်သော၊ (သစ္စာလေးပါးတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော၊ ထိုမြတ်စွာဘုရား သုံးဆောင်ခဲ့ကုန်သော သတိပဋ္ဌာန်လေးပါး၊ သမ္မပ္ပဓာန်လေးပါး၊ ဣဒ္ဓိပါဒ်လေးပါး၊ ဣန္ဒြေငါးပါး၊ ဗိုလ် ငါးပါး၊ ဗောဇ္ဈင်ခုနစ်ပါး၊ အရိယမဂ္ဂင် ရှစ်ပါးဟူသော အသုံးအဆောင် ဘဏ္ဍာတို့သည် ရှိပါကုန်၏။ ယင်း အသုံးအဆောင်ဘဏ္ဍာတို့ကြောင့် နတ်နှင့်တကွသော လောကသည် “ထိုမြတ်စွာဘုရား ရှိ၏”ဟု သိရ၏။ ယုံကြည်ရ၏။ မင်းမြတ် ဤအကြောင်း ဤအထောက်အပံ့ဖြင့် ဤသို့သောနည်း ဤသို့သော မှန်းဆခြင်း ဖြင့် “ထိုမြတ်စွာဘုရားသည် ရှိ၏”ဟု သိအပ်၏။ “အကြင် မြတ်စွာဘုရားသည် များစွာသော နတ်လူအပေါင်းတို့ကို နိဗ္ဗာန်သို့ ကယ်တင်ပြီး၍ ဥပဓိကုန်ရာ နိဗ္ဗာန်၌ ပရိနိဗ္ဗာန် စံဝင်တော်မူပြီ။ ထိုဘုရားရှင်သည် ရှိ၏”ဟု မှန်းဆသောအားဖြင့် သိအပ်၏။

--

အသျှင်ဘုရားနာဂသေန ဥပမာကို ပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် ဥပမာသော်ကား မြို့တည်ဆောက်သော လက်သမားသည် မြို့ကို ဖန်ဆင်းတည်ဆောက်လိုသည်ရှိသော် ရှေးဦးစွာ မမြင့်မနိမ့် ညီညွတ်သော၊ ကျောက်စရစ် ကျောက်ခဲ မရှိသော၊ ဘေးဥပဒ်ကင်းသော၊ အပြစ်ကင်းသော၊ မွေ့လျော် ပျော်ရွှင်ဖွယ်ရာဖြစ်သော မြေအဖို့ကို စိစစ်ကြည့်ရှု၍ ထိုမြေအဖို့၌ မညီညွတ်သော နေရာကို ညီညွတ်အောင် ပြုစေ၍ သစ်ငုတ် ဆူးငြောင့်တို့ကို တူးဖယ် သုတ်သင်စေလျက် ထိုအရပ်၌့တင့်တယ်သော အဖို့အားဖြင့် ဝေဖန်ခွဲခြမ်းအပ်သော၊ နှိုင်းရှည့်အပ်သော၊ ကောင်းစွာ စိစစ်အပ်သော၊ ကျုံးတံတိုင်းဖြင့် ခြံရံအပ်သော၊ မြဲမြံသော တံခါးတိုင် ပြအိုး တံခါးမုခ်ရှိသော၊ များစွာသော ခရီးလမ်းငယ် လမ်းလေးခွဆုံ ရှိသော၊ စင်ကြယ်သော အပြင်မင်းလမ်းမရှိသော၊ ကောင်းစွာ ဝေဖန်ထားသော အိမ်ဈေးရှိသော၊ အရံ ဥယျာဉ် တစ်ဖက်ဆည်ကန် လေးထောင့်ကန် ရေတွင်းနှင့် ပြည့်စုံသော၊ များစွာသော မင်း၏နေရာ နန်းတော် အိမ်တော်တို့ဖြင့် တန်ဆာဆင်အပ်သော၊ အလုံးစုံ အပြစ်ကင်းသော မြို့ကို ဖန်ဆင်းတည်ထောင်ရာ၏။ ထိုလက်သမားသည် ထိုမြို့၌ ခပ်သိမ်းသော အခြင်းအရာဖြင့် ပြန့်ပြောသည်၏ အဖြစ်သို့ရောက် သည်ရှိသော် တစ်ပါးသော အရပ်သို့ သွားရောက်ပြန်၏။ ထို့နောက် ထိုမြို့သည် အခါတစ်ပါး၌ ပြည့်စုံ သည်။ စည်ပင်ပွင့်လင်းသည်။ ရလွယ်သော ထမင်းရှိသည်။ ဘေးကင်းသည်။ ကုံလုံသည်။ အေးချမ်း သည်။ ဘေးရန် မရှိသည်။ ဥပဒ်မရှိသည် ဖြစ်၍ အထူးထူးသော လူမျိုးတို့ဖြင့် ပြွမ်းသည် ဖြစ်ရာ၏။

များစွာသော မင်း၊ ပုဏ္ဏား၊ကုန်သည်၊ သူဆင်းရဲများ၊ ဆင်စီးသူရဲများ၊ မြင်းစီးသူရဲများ၊ ရထားစီးသူရဲများ၊ ခြေသည်သူရဲများ၊ လေးသည်များ၊ ဓားကိုင်သမားများ၊ အောင်လံကိုင်များ၊ စစ်ဆင် သူများ၊ ရိက္ခာပို့သူများ၊ (စစ်၌) ထူးချွန်ကျော်စောသော မင်းသားများ၊ တစ်ဖက်စစ်တပ်ဖောက်ထွင်းပြီး ဝင်နိုင်သူများ၊ ဆင်ပြောင်ကြီးကဲ့သို့သောသူရဲများ၊ လွန်စွာရဲရင့်သူများ၊ ချပ်ဝတ်သူရဲများ၊ စစ်သည် တော်များ၊ ကျွန်ယုံတော်များ၊ အခစား၏ သားများ၊ လက်ပန်းသမားများ၊ ဂဏန်းတတ်သူများ၊ ထမင်းချက်သူများ၊ စားဖိုသည်များ၊ ဆတ္တာသည်များ၊ ရေချိုးပေးသူများ၊ ပန်းပွတ်သမားများ၊ ပန်းကုံး သူများ၊ ရွှေပန်းထိမ်သည်များ၊ ငွေပန်းထိမ်သည်များ၊ သလွဲမည်းသမားများ၊ သလွဲဖြူသမားများ၊ ပန်းပဲသမားများ၊ ကြေးသွန်းသမားများ၊ သံထည်သမားများ၊ ရွဲထွင်းသမားများ၁၊ ရက်ကန်းသမားများ၊ အိုးထိန်းသည်များ၊ ဒေါင်းရွေသမားများ၂၊ ဆားချက်သမားများ၊ သားရေနယ်သမားများ၊ ရထားလုပ်သမားများ၊ ဆင်စွယ်ပွတ်သမားများ၊ ကြိုးကျစ်သမားများ၊ ဘီးလုပ်သမားများ၊ ချည်သမားများ၊ နှီးရက်သမားများ၊ လေးလုပ်သမားများ၊ လေးညှို့သမားများ၊ မြားသမားများ၊ ပန်းချီသမားများ၊ ပန်းဆိုး သမားများ၊ ကဝါဖွတ်သမားများ၊ ချည်ငင်သမားများ၊ အပ်ချုပ်သမားများ၊ ငွေမှုတ်သမားများ၊ အထည်ကုန်သည်များ၊ သနပ်ခါးသွေးသမားများ၊ မြက်ထမ်းသမားများ၊ ထင်းထမ်းသမားများ၊ သူရင်းငှါးများ၊ အရွက်ရောင်းသမားများ၊ ဟင်းအရောင်းသမားများ၊ အမြစ်အဥအရောင်းသမားများ၊ ထမင်းရောင်းသမားများ၊ မုန့်သည်များ၊ ငါးရောင်းသူများ၊ အမဲရောင်းသူများ၊ အရက်ရောင်းသူများ၊ ကချေသည်များ၊ အငြိမ့်သည်များ၊ ကျွမ်းသမားများ၊ မျက်လှည့်သမားများ၊ မောင်းတီးသမားများ၊ လက်ဝှေ့သမားများ၊ သူကောင်မြှိုက်သမားများ၊ ပန်းမှိုက်သွန်ဘင်ကျုံးသမားများ၊ နှီးရက်သမားများ၊ မုဆိုးများ၊ ပြည့်တန်ဆာများ၊ ယိမ်းကဟန်သမားများ၊ အိုးထိန်းကျွန်မများ၊ သက္ကတိုင်း ယွန်းတိုင်း စိန့်တိုင်း ဝိလာတတိုင်းသားများ၊ ဥဇ္ဇေနီတိုင်းသားများ၊ ဘာရုကစ္ဆကအရပ်သားများ၊ ကာသိတိုင်း ကောသလတိုင်းသားများ၊ အပရန္တတိုင်းသားများ၊ မာဂဓတိုင်းသားများ၊ သာကေတမြို့သားများ၊ သောရေယျမြို့သားများ၊ ပါဝေယျကတိုင်းသားများ၊ ကောဋုမ္ပရတိုင်းသား မာထုရမြို့သားများ၊ အလသန္ဒအရပ် ကသ္မီရတိုင်း ဂန္ဓာရတိုင်းသားများတို့သည်လည်းကောင်း၊ ထိုမြို့သို့ နေခြင်းငှါ ကပ်ရောက် လာကုန်သော အထူးထူးသော အာရုံရှိကုန်သော လူတို့သည်လည်းကောင်း၊ အသစ်ဖြစ်သော၊ ကောင်းစွာ ဝေဖန်အပ်သော၊ အပြစ် မရှိသော၊ စွပ်စွဲကဲ့ရဲ့ရန် မရှိသော၊ မွေ့လျော်ဖွယ် ရှိသော ထိုမြို့ကို မြင်ရ၍ “အချင်းတို့ ဤမြို့ကို ဖန်ဆင်းတည်ဆောက်သော လက်သမားသည် ကျွမ်းကျင် လိမ္မာပေစွတကား”ဟု အမြင်ကို နှိုင်းဆသဖြင့် သိနိုင်ကုန်ရာ၏။

--

မင်းမြတ် ဤအတူသာလျှင် သူတစ်ပါးတို့နှင့် တူတော်မမူသော၊ အတူမရှိသည့် ရှေးဘုရားတို့နှင့်သာ တူတော်မူသော၊ ပြိုင်ဘက် ကင်းတော်မူသော၊ အတုမဲ့တော်မူသော၊ နှိုင်းယှဉ်ဘက် ကင်းတော်မူသော၊ မရေတွက်နိုင်သော၊ မနှိုင်းရှည့်နိုင်သော၊ မတုနှိုင်းနိုင်သော၊ မပြိုင်ယှဉ်နိုင်သည့် ဂုဏ်ရှိတော်မူသော၊ ဂုဏ်ကျေးဇူး၏ အထွတ်အမြတ်သို့ ရောက်တော်မူပြီးသော၊ အဆုံးမရှိသော ဉာဏ်ရှိတော်မူသော၊ အဆုံးမရှိသော တန်ခိုးရှိတော်မူသော၊ အဆုံးမရှိသော လုံ့လရှိတော်မူသော၊ အဆုံးမရှိသော အားအစွမ်း ရှိတော်မူသော၊ ဘုရားရှင်တို့၏ အားတော် ပါရမီတော်တို့သို့ ရောက်တော်မူပေသော ထိုမြတ်စွာဘုရား သည် စစ်သည်အပေါင်းနှင့်တကွသော မာရ်မင်းကို ရှုံးစေ၍ မိစ္ဆာဒိဋ္ဌိတည်းဟူသော ကွန်ရက်ကို ဖောက်ခွဲလျက် အဝိဇ္ဇာကိုကုန်စေပြီးလျှင် ပညာဉာဏ်ကို ဖြစ်စေ၍ တရားမီးရှူးတိုင်ကို ဆောင်တော်မူ၍ သဗ္ဗညုဘုရားအဖြစ်သို့ ရောက်တော်မူ၍ အောင်ပြီးသော စစ်ထိုးခြင်းရှိသည် ဖြစ်၍ တရားမြို့တော်ကြီးကို ဖန်ဆင်းတည်ထောင်တော်မူပေ၏။

မင်းမြတ် မြတ်စွာဘုရား၏ တရားမြို့တော်ကြီးသည် သီလဟူသော တံတိုင်း ရှိ၏။ ဟိရီဟူသော ကျုံးမြောင်း ရှိ၏။ ဉာဏ်တော်ဟူသော တံခါးမုခ် ရှိ၏။ ဝီရိယဟူသော ပြအိုး ရှိ၏။ သဒ္ဓါဟူသော တုရိုဏ်တိုင် ရှိ၏။ သတိဟူသော တံခါးစောင့် ရှိ၏။ ပညာဟူသော ပြာသာဒ် ရှိ၏။ သုတ္တန်ဟူသော လမ်းသွယ် ရှိ၏။ အဘိဓမ္မာဟူသော လမ်းဆုံ ရှိ၏။ ဝိနည်းဟူသော အဆုံးအဖြတ်မှတ်တိုင် ရှိ၏။ သတိပဋ္ဌာန်လေးပါးဟူသော လမ်းမ ရှိ၏။ မင်းမြတ် ထိုတရားမြို့တော်ကြီး၏ သတိပဋ္ဌာန်လမ်းမတော်၌ ပန်းဈေးရုံ၊ နံ့သာဈေးရုံ၊ အသီးဈေးရုံ၊ အဆိပ်ဖြေဆေးဈေးရုံ၊ ဆေးဈေးရုံ၊ အမြိုက်ရေစင်ဈေးရုံ၊ ရတနာအမျိုးမျိုးဈေးရုံ၊ကုန်စုံဈေးရုံဟူသော ဈေးရုံတို့ကို ဖြန့်ခင်း ရောင်းချအပ်ကုန်၏။

အသျှင်ဘုရားနာဂသေန ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား၏ ပန်းဈေးရုံတော်ဟူသည် အဘယ်ပါနည်းဟု (မေးလျှောက်၏)။ မင်းမြတ် သစ္စာလေးပါးကို သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (သစ္စာလေးပါးတရားတို့ကို) မဖောက်မပြန် သိတော်မူသော ထိုမြတ်စွာဘုရား ဟောတော်မူအပ်ကုန်သော အာရုံကို ဝေဖန်ခြင်းတို့သည် ရှိကုန်၏။ အာရုံကို ဝေဖန်ခြင်းတို့သည် အဘယ် နည်းဟူမူ- အနိစ္စသညာ၊ ဒုက္ခ သညာ၊ အနတ္တသညာ၊ အသုဘသညာ၊ အာဒီနဝသညာ၊ ပဟာန သညာ၊ ဝိရာဂသညာ၊ နိရောဓသညာ၊ သဗ္ဗလောကေ အနဘိရတိသညာ၊ သဗ္ဗသင်္ခါရေသု အနိစ္စသညာ၊ အာနာပါနဿတိ ဥဒ္ဓုမာတကသညာ၊ ဝိနီလကသညာ၊ ဝိပုဗ္ဗကသညာ၊ ဝိစ္ဆိ ဒ္ဒကသညာ၊ ဝိက္ခာယိတက သညာ၊ ဝိက္ခိတ္တကသညာ၊ ဟတဝိက္ခိတ္တကသညာ၊ လောဟိတကသညာ၊ ပုဠဝကသညာ၊ အဋ္ဌိကသညာ၊ မေတ္တာသညာ၊ ကရုဏာသညာ၊ မုဒိတာသညာ၊ ဥပေက္ခာသညာ၊ မရဏာနုဿတိ၊ ကာယဂတာသတိတို့ပေတည်း။ မင်းမြတ် သစ္စာလေးပါးကို သိတော်မူသော မြတ်စွာဘုရားသည် ဤနှစ်ဆယ့်ခုနစ်ပါးသော အာရုံဝေဖန်ခြင်းတို့ကို ဟောကြားတော်မူအပ်ကုန်၏။ ထိုအာရုံနှစ်ဆယ့်ခုနစ်ပါးကို ဝေဖန်ရာ၌ အိုခြင်း၊ သေခြင်းမှလွတ်လိုသူ တစ်စုံတစ်ယောက်သည် ထိုအာရုံနှစ်ဆယ့်ခုနစ်ပါးတို့တွင် တစ်ပါးပါးသောအာရုံကို ယူ၏။ ထို (အနိစ္စသညာစသော) အာရုံဖြင့်ရာဂမှ လွတ်၏၊ ဒေါသမှ လွတ်၏၊ မောဟမှ လွတ်၏၊ မာနမှ လွတ်၏၊ ဒိဋ္ဌိမှ လွတ်၏။ သံသရာကို ကူးမြောက်နိုင်၏။ တဏှာအလျဉ်ကို တားမြစ်နိုင်၏။ အညစ် အကြေးသုံးမျိုးကို သုတ်သင်နိုင်၏။ အလုံးစုံသော ကိလေသာတို့ကို သတ်ဖြတ်၍ ကိလေသာ အညစ် အကြေး ကင်းသော၊ရာဂတည်းဟူသော မြူမရှိသော၊ စင်ကြယ်သော၊ ဖြူဖွေးသော၊ ပဋိသန္ဓေနေခြင်း မရှိသော၊ အိုခြင်းမရှိသော၊ သေခြင်းမရှိသော၊ ချမ်းသာသော၊ အေးငြိမ်းသော၊ ဘေးကင်းသော၊ မြို့တော်မြတ်ဖြစ်သော နိဗ္ဗာန်မြို့တော်သို့ ဝင်၍ အရဟတ္တဖိုလ်၌ စိတ်ကို (ကိလေသာမှ) လွတ်မြောက် စေ၏။ မင်းမြတ် ဤဈေးရုံတော်ကို “မြတ်စွာဘုရား၏ ပန်းဈေးရုံတော်”ဟူ၍ ဆိုအပ်၏။ ကံတည်းဟူသော အဖိုးငွေကို ယူ၍ ပန်းဈေးရုံတော်သို့ ကပ်ရောက်ကြကုန်သော ထိုဈေးရုံတော်မှ အနိစ္စသညာစသော အာရုံတည်းဟူသော ပန်းကို ဝယ်ယူ၍ အရဟတ္တဖိုလ်ဖြင့် မောဟစသည်တို့မှ လွတ်မြောက်ကြကုန်လော့။

--

အသျှင်ဘုရားနာဂသေန ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား၏ နံ့သာဈေးရုံတော်ဟူသည့်အဘယ်ပါနည်းဟု (မေးလျှောက်၏)။ မင်းမြတ် ထိုမြတ်စွာဘုရားသည် ဟောကြားတော်မူအပ်ကုန်သော သီလကို ဝေဖန်မှုတို့သည် ရှိကုန်၏။ အကြင်သီလတည်းဟူသော နံ့သာဖြင့် လိမ်းကျံအပ်ကုန်သော မြတ်စွာဘုရား၏ သားတော်တို့သည် နတ်နှင့်တကွသော လောကကို သီလတည်းဟူသော အနံ့ဖြင့် မွှေးကြိုင် စေကုန်၏။ ကောင်းစွာ မွှေးကြိုင်စေကုန်၏။ တူရူအရပ်ကိုလည်းကောင်း၊ အထောင့်အရပ်ကိုလည်းကောင်း၊ လေအောက်ကိုလည်းကောင်း၊ လေညာကိုလည်းကောင်း ပျံ့လှိုင်စေကုန်၏။ အလွန် ပျံ့လှိုင်စေကုန်၏။ ပျံ့နှံ့၍တည်စေကုန်၏။ ထိုသီလကို ဝေဖန်ခြင်းတို့သည် အဘယ်သည်တို့နည်းဟူမူ- သရဏဂုံသီလ၊ ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ဆယ်ပါးသီလ၊ ဥဒ္ဒေသငါးပါး၌ အကျုံးဝင်သော ပါတိမောက္ခ သံဝရသီလတို့ပေတည်း။ မင်းမြတ် ဤအလုံးစုံသော သီလကို “မြတ်စွာဘုရား၏ နံ့သာဈေးရုံတော်”ဟူ၍ ဆိုအပ်၏။ မင်းမြတ် နတ်ထက်နတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဤတရားကိုလည်း ဟောတော်မူအပ်၏- “ပန်းတို့၏ အနံ့သည် လေညာသို့ မသွားရောက်နိုင်၊ စန္ဒကူးပန်းပင် ဖြစ်စေ၊ တောင်ဇလပ်ပန်းပင် ဖြစ်စေ၊ ကြက်ရုန်းပန်းပင် ဖြစ်စေ လေညာသို့ မသွား ရောက်နိုင်။ သူတော်ကောင်းတို့၏ အနံ့သည်ကား လေညာသို့ သွားရောက်နိုင်၏။ သူတော်ကောင်းတို့၏ ရနံ့သည် အလုံးစုံသော အရပ်သို့ ပျံ့လှိုင်၏။ စန္ဒကူးပန်းအမျိုးမျိုး၊ တောင်ဇလပ်ပန်း အမျိုးမျိုး၊ ကြာညိုပန်းအမျိုးမျိုး၊ မြတ်လေးပန်းအမျိုးမျိုး၊ ဤပန်းနံ့သာမျိုးတို့ထက် သီလတည်းဟူသော ပန်းနံ့သာ သည် အတိုင်းထက်အလွန် မွန်မြတ်လှပေ၏။ အကြင် တောင်ဇလပ်ပန်း စန္ဒကူးပန်း အနံ့သည် ရှိ၏။ ဤပန်း၏ အနံ့သည် အနည်းငယ်မျှသာတည်း။ သီလရှိကုန်သောသူတို့၏ ထိုသီလတည်းဟူသော အနံ့သည် မြတ်သည် ဖြစ်၍ နတ်ပြည်၊ ဗြဟ္မာ့ပြည်တို့၌ ပျံ့လှိုင်၏”ဟု မြတ်စွာဘုရား ဟောတော်မူအပ်၏ဟု (ဟောတော်မူ၏)။

အသျှင်ဘုရားနာဂသေန ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား၏ သစ်သီးဈေးရုံတော်ဟူသည် အဘယ်ပါနည်းဟု (မေးလျှောက်၏)။ မင်းမြတ် မြတ်စွာဘုရား ဟောကြားတော်မူအပ်ကုန်သော ဖိုလ် တရားတည်းဟူသော အသီးတို့သည် ရှိကုန်၏။ ဤဖိုလ်အသီးတို့သည် အဘယ်သည်တို့နည်းဟူမူ- သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်၊ အရဟတ္တဖိုလ်၊ သုညတဖလသမာပတ်၊ အနိမိတ္တဖလသမာပတ်၊ အပ္ပဏိဟိတဖလ သမာပတ်တို့ပေတည်း။ ထိုဖိုလ်အသီးတို့တွင် တစ်စုံတစ်ယောက်သောသူသည် အကြင်ဖိုလ် (အသီး) ကို အလိုရှိ၏။ သောတာပတ္တိဖိုလ် (အသီး) ကို အကယ်၍ အလိုရှိအံ့။ သကဒါဂါမိဖိုလ် (အသီး) ကို အကယ်၍ အလိုရှိအံ့။ အနာဂါမိဖိုလ် (အသီး) ကို အကယ်၍ အလိုရှိအံ့။ အရဟတ္တဖိုလ် (အသီး) ကို အကယ်၍ အလိုရှိအံ့။ သုညတဖလသမာပတ်ကို အကယ်၍ အလိုရှိအံ့။ အနိမိတ္တဖလသမာပတ်ကို အကယ်၍ အလိုရှိအံ့။ အပ္ပဏိဟိတဖလသမာပတ်ကို အကယ်၍ အလိုရှိအံ့။ ထိုသူသည် ကုသိုလ်ကံတည်းဟူသော အရင်းဥစ္စာကို ပေး၍ တောင့်တအပ်သော ဖိုလ်အသီးကို ဝယ်ယူ နိုင်၏။ မင်းမြတ် ဥပမာသော်ကား တစ်စုံတစ်ယောက်သော ယောက်ျားအား အမြဲသီးသော သရက်ပင် သည် ရှိရာ၏။ ထိုယောက်ျားသည် ဝယ်ယူလိုသောသူတို့ မရောက်လာကြကုန်သေးသမျှ ကာလပတ်လုံး ထိုသရက်ပင်မှ အသီးတို့ကို မဆွတ်ခူးသေး။ ဝယ်ယူလိုသောသူတို့ ရောက်လာကုန်မူကား အဖိုးငွေကို ယူ၍ “အချင်းယောက်ျား ဤသရက်ပင်သည် အမြဲသီး၏။ ထိုသရက်ပင်မှ အသီးစိမ်းနု (အကင်း)ကိုလည်းကောင်း၊ အစေ့မရှက်သော အသီးစိမ်းကိုလည်းကောင်း၊ အစေ့ရှက်သော အသီးကိုလည်းကောင်း၊ အသီးစိမ်းရင့်ကိုလည်းကောင်း၊ အသီးမှည့်ကိုလည်းကောင်း အလိုရှိသမျှသော အသီးကို ယူလော့”ဟု ပြောကြား၏။ ထိုယောက်ျားသည် ထိုမိမိပေးသော အဖိုးငွေဖြင့် အသီးစိမ်းနု (အကင်း) ကို အကယ်၍ အလိုရှိအံ့။ အသီးစိမ်းနု (အကင်း) ကို ယူ၏။ အစေ့ မရှက်သော အသီးစိမ်းကို အကယ်၍ အလိုရှိအံ့။ အစေ့ မရှက်သော အသီးစိမ်းကို ယူ၏။ အစေ့ ရှက်သော အသီးစိမ်းကို အကယ်၍ အလိုရှိအံ့။ အစေ့ရှက်သော အသီးစိမ်းကို ယူ၏။ အသီးစိမ်းရင့်ကို အကယ်၍ အလိုရှိအံ့။ အသီးစိမ်းရင့်ကို ယူ၏။ အသီး မှည့်ကို အကယ်၍ အလိုရှိအံ့။ အသီးမှည့်ကို ယူ၏။ မင်းမြတ် ဤအတူသာလျှင် အကြင်သူသည် အကြင် ဖိုလ် (အသီး) ကို အလိုရှိ၏။ သောတာပတ္တိဖိုလ် (အသီး) ကို အကယ်၍ အလိုရှိသည် ဖြစ်အံ့။ပ။ အပ္ပဏိဟိတဖလသမာပတ်ကို အကယ်၍ အလိုရှိသည် ဖြစ်အံ့။ ထိုသူသည် ကံတည်းဟူသော အဖိုးငွေကို ပေး၍ တောင့်တအပ်သော ဖိုလ် (အသီး) ကို ယူနိုင်၏။ မင်းမြတ် ဤသည်ကို “မြတ်စွာဘုရား၏ သစ်သီး ဈေးရုံတော်”ဟူ၍ ဆိုအပ်၏။ လူအပေါင်းတို့သည် ကုသိုလ်ကံတည်းဟူသော အဖိုးငွေကို ပေး၍ အမြိုက်မဂ်ဖိုလ်ဟူသော အသီးကို ဝယ်ယူကုန်၏။ အမြိုက်မဂ်ဖိုလ်တည်းဟူသော အသီးကို ဝယ်ယူကုန်သူတို့သည် ထိုမဂ်ဖိုလ်အသီးဖြင့် ချမ်းသာကုန်၏။

--

အသျှင်ဘုရားနာဂသေန ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား၏ အဆိပ်ဖြေဆေးဈေးရုံတော်ဟူသည် အဘယ်ပါနည်းဟု (မေးလျှောက်၏)။ မင်းမြတ် မြတ်စွာဘုရား ဟောကြားတော်မူအပ်ကုန်သော အဆိပ်ဖြေဆေးတို့သည် ရှိကုန်၏။ ယင်းအဆိပ်ဖြေဆေးတို့ဖြင့် ထိုမြတ်စွာဘုရားသည် နတ်နှင့်တကွသော လူအပေါင်းကို ကိလေသာအဆိပ်မှ လွတ်ကင်းစေတော်မူ၏။ ထိုအဆိပ်ဖြေဆေးတို့သည် အဘယ်သည်တို့နည်းဟူမူ- မင်းမြတ် မြတ်စွာဘုရားသည် အကြင် အရိယာသစ္စာလေးပါးတို့ကို ဟောတော်မူအပ်ကုန်၏။ ဤအရိယသစ္စာလေးပါးတို့သည် အဘယ်သည်တို့နည်းဟူမူ- ဒုက္ခဟူသော အရိယသစ္စာ၊ ဒုက္ခ ဖြစ်ပေါ်ကြောင်းဟူသော အရိယသစ္စာ၊ ဒုက္ခချုပ်ရာဟူသော အရိယသစ္စာ၊ ဒုက္ခချုပ်ရာ (နိဗ္ဗာန်) သို့ ရောက် ကြောင်း အကျင့်ဟူသော အရိယသစ္စာတို့တည်း။ သိလိုစိတ်ရှိ၍ သစ္စာလေးပါးတရားကို နာကြားကြ သူတို့သည် ပဋိသန္ဓေနေခြင်းမှ လွတ်ကုန်၏။ အိုခြင်းမှ လွတ်ကုန်၏။ သေခြင်းမှ လွတ်ကုန်၏။ ပူဆွေး ခြင်း၊ ငိုကြွေးခြင်း၊ ဆင်းရဲခြင်း၊ နှလုံးမသာယာခြင်း၊ ပြင်းစွာ ပင်ပန်းခြင်းတို့မှ လွတ်ကုန်၏။ မင်းမြတ် ဤသည်ကို “မြတ်စွာဘုရား၏ အဆိပ်ဖြေဆေးရောင်းသော ဈေးရုံတော်”ဟူ၍ ဆိုအပ်၏။ လောက၌ အဆိပ်တို့ကို တားမြစ် ပယ်ဖျောက်တတ်ကုန်သော အကြင် အမှတ်မရှိကုန်သော ဆေးတို့သည် ရှိကုန်၏။ တရားတည်းဟူသော အဆိပ်ဖြေဆေးနှင့် တူသော ဆေးသည် မရှိ။ ရဟန်းတို့ (သင်တို့သည်) ဤတရားတည်းဟူသော အဆိပ်ဖြေဆေးကို သောက်ကြကုန်လော့။

အသျှင်ဘုရားနာဂသေန ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား၏ (ရောဂါ) အနာကို ပျောက်စေ တတ်သော ဆေးအမျိုးမျိုးဈေးရုံတော်ဟူသည် အဘယ်ပါနည်းဟု (မေးလျှောက်၏)။ မင်းမြတ် မြတ်စွာဘုရား ဟောကြားအပ်ကုန်သော ဆေးအမျိုးမျိုးတို့သည် ရှိကုန်၏။ ယင်းဆေးအမျိုးမျိုးတို့ဖြင့် ထိုမြတ်စွာဘုရားသည် နတ်လူတို့ကို ကုစားတော်မူ၏။ ဤဆေးတို့သည် အဘယ်သည်တို့နည်းဟူမူ- သတိပဋ္ဌာန် လေးပါး၊ သမ္မပ္ပဓာန်လေးပါး၊ ဣဒ္ဓိပါဒ်လေးပါး၊ ဣန္ဒြေငါးပါး၊ ဗိုလ်ငါးပါး၊ ဗောဇ္ဈင်ခုနစ်ပါး၊ အရိယမဂ္ဂင် ရှစ်ပါးတို့တည်း။ ဤသတိပဋ္ဌာန်စသော တရားဆေးတော်အမျိုးမျိုးတို့ဖြင့် မြတ်စွာဘုရားသည် မိစ္ဆာဒိဋ္ဌိကို သက်လျှောကျစေ၏။ မိစ္ဆာသင်္ကပ္ပကို သက်လျှောကျစေ၏။ မိစ္ဆာဝါစာကို သက်လျှောကျစေ၏။ မိစ္ဆာ ကမ္မန္တကို သက်လျှောကျစေ၏။ မိစ္ဆာအာဇီဝကို သက်လျှောကျစေ၏။ မိစ္ဆာဝါယာမကို သက်လျှောကျ စေ၏။ မိစ္ဆာသတိကို သက်လျှောကျစေ၏။ မိစ္ဆာသမာဓိကို သက်လျှောကျစေ၏။ လောဘကို ပျို့အန် စေ၏။ ဒေါသကို ပျို့အန်စေ၏။ မောဟကို ပျို့အန်စေ၏။ မာနကို ပျို့အန်စေ၏။ ဒိဋ္ဌိကို ပျို့အန်စေ၏။ ဝိစိကိစ္ဆာကို ပျို့အန်စေ၏။ ဥဒ္ဓစ္စကို ပျို့အန်စေ၏။ ထိနမိဒ္ဓကို ပျို့အန်စေ၏။ အဟိရိကအနောတ္တပ္ပကို ပျို့အန်စေ၏။ ကိလေသာအားလုံးကို ပျို့အန်စေ၏။ မင်းမြတ် ဤသည်ကို “မြတ်စွာဘုရား၏ ဆေး အမျိုးမျိုးရောင်းသော ဈေးရုံတော်”ဟူ၍ ဆိုအပ်၏။ လောက၌ အမျိုးမျိုး များစွာကုန်သော အကြင်ဆေးတို့သည် ရှိကုန်၏။ ထိုဆေးတို့တွင် တရားနှင့်တူသော ဆေးသည် မရှိ။ ရဟန်းတို့ သင်တို့သည် ဤတရားတည်းဟူသော ဆေးကို သောက်ကြကုန်လော့။ တရားတည်းဟူသော ဆေးကို သောက်၍ မအို မသေရကုန်သည် ဖြစ်ကုန်လော့။ မဂ်ကို ပွား၍လည်းကောင်း၊ နိဗ္ဗာန်ကို မျက်မှောက်မြင်ရ၍လည်းကောင်း၊ ဥပဓိဟူသော ခန္ဓာငါးပါးကုန်ရာ နိဗ္ဗာန်၌ ငြိမ်းကြကုန်လော့။

--

အသျှင်ဘုရားနာဂသေန ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား၏ အမြိုက်ရေစင်ရောင်းသော ဈေးရုံတော်ဟူသည် အဘယ်ပါနည်းဟု (မေးလျှောက်၏)။ မင်းမြတ် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော အမြိုက် ရေစင်သည် ရှိ၏။ ယင်းအမြိုက်ရေစင်ဖြင့် ထိုမြတ်စွာဘုရားသည် နတ်နှင့်တကွသော လောကကို သွန်းလောင်းတော်မူ၏။ ယင်းအမြိုက်ရေစင်ဖြင့် သွန်းလောင်းခံရကုန်သော နတ်လူတို့သည် ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း၊ ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ ဆင်းရဲခြင်း၊ နှလုံးမသာ ယာခြင်း၊ ပြင်းစွာ ပင်ပန်းခြင်းတို့မှ လွတ်ကုန်၏။ ထိုအမြိုက်ရေစင်သည် အဘယ်နည်းဟူမူ- ကာယာ ဂတာသတိပင်တည်း။ မင်းမြတ် နတ်ထက်နတ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် “ရဟန်းတို့ အကြင်သူတို့သည် ကာယာဂတာသတိကို သုံးဆောင်ကုန်၏။ ထိုသူတို့သည် အမြိုက်ရေကို သုံးဆောင်ရ သည် မည်ကုန်၏”ဟု ဤစကားကို မြတ်စွာဘုရား ဟောတော်မူခဲ့၏။ မင်းမြတ် ဤသည်ကို “မြတ်စွာဘုရား၏ အမြိုက်ရေစင်ရောင်းသော ဈေးရုံတော်”ဟူ၍ ဆိုအပ်၏။ရာဂနာစသော ရောဂါနှိပ်စက်သော သတ္တဝါအပေါင်းကို မြင်တော်မူ၍ အမြိုက် ရေစင် ဈေးရုံတော်ကို (ဘုရားရှင်) ဖြန့်ခင်းတော်မူ၏။ ရဟန်းတို့ သင်တို့သည် ထိုအမြိုက်ရေကို ကုသိုလ်ကံဖြင့် ဝယ်ယူလျက် သုံးဆောင်ကြကုန်လော့။

အသျှင်ဘုရားနာဂသေန ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား၏ ရတနာရောင်းသော ဈေးရုံတော်ဟူသည် အဘယ်ပါနည်းဟု (မေးလျှောက်၏)။ မင်းမြတ် မြတ်စွာဘုရား ဟောကြားတော်မူအပ်ကုန်သော ရတနာတို့သည် ရှိကုန်၏။ ယင်းရတနာတို့ဖြင့် တန်ဆာဆင်ထားကုန်သော မြတ်စွာဘုရား၏ သားတော်တို့သည် နတ်နှင့်တကွသော လောကကို တင့်တယ်စေကုန်၏။ တောက်ပစေကုန်၏။ အပြားအားဖြင့် တောက်ပစေကုန်၏။ ထွန်းလင်းစေကုန်၏။ ထွန်းပစေကုန်၏။ အထက်အောက် ဖီလာအရပ်၌ အလင်းရောင်ကို ပြကုန်၏။ ထိုရတနာတို့သည် အဘယ်သည်တို့နည်းဟူမူ- သီလရတနာ၊ သမာဓိရတနာ၊ ပညာရတနာ၊ ဝိမုတ္တိရတနာ၊ ဝိမုတ္တိဉာဏ ဒဿနရတနာ၊ ပဋိသမ္ဘိဒါရတနာ၊ ဗောဇ္ဈင်ရတနာတို့တည်း။

မင်းမြတ် မြတ်စွာဘုရား၏ သီလရတနာသည် အဘယ်နည်းဟူမူ- ပါတိမောက္ခသံဝရသီလ၊ ဣန္ဒြိယသံဝရ သီလ၊ အာဇီဝပါရိသုဒ္ဓိသီလ၊ ပစ္စယသန္နိဿိတသီလ၊ စူဠသီလ၊ မဇ္ဈိမသီလ၊ မဟာသီလ၊ မဂ်သီလ၊ ဖိုလ်သီလတို့ပေတည်း။ မင်းမြတ် သီလတည်းဟူသော ရတနာဖြင့် တန်ဆာဆင်အပ်သော ပုဂ္ဂိုလ်အား နတ်၊ မာရ်နတ်၊ ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏမင်းများ လူများနှင့်တကွသော လူ့လောကသည် ချစ်မြတ်နိုး၏။ တောင့်တ၏။ မင်းမြတ် သီလရတနာကို ပန်ဆင်ထားသော ရဟန်းသည် တူရူအရပ်၊ အထောင့်အရပ်၊ အထက်အရပ်၊ အောက်အရပ်၊ ဖီလာအရပ်၌ တင့်တယ်၏။ အလွန် တင့်တယ်၏။ အောက် အဝီစိမှ အထက်ဘဝဂ်၏ အတွင်း၌ အလုံးစုံသော ရတနာတို့ကို လွန်၍၊ ဖိစီး၍၊ လွှမ်းမိုး၍ တည်၏။ မင်းမြတ် ဤသို့ သဘောရှိကုန်သော သီလရတနာတို့ကို မြတ်စွာဘုရား၏ ရတနာဈေးရုံတော်၌ ဖြန့်ခင်းအပ်ကုန်၏။ မင်းမြတ် ဤသည်ကို “မြတ်စွာဘုရား၏ သီလရတနာ ဈေးရုံတော်”ဟူ၍ ဆိုအပ်၏။ မြတ်စွာဘုရား၏ ရတနာဈေးရုံတော်၌ ဤသို့သဘောရှိကုန်သော သီလတည်းဟူသော ရတနာတို့သည် ရှိကုန်၏။ (သင်တို့သည်) ကုသိုလ်တည်းဟူသော အဖိုးငွေဖြင့် ဝယ်ယူ၍ ထိုသီလတည်းဟူသော ရတနာကို ပန်ဆင်ကြကုန်လော့။

မင်းမြတ် မြတ်စွာဘုရား၏ သမာဓိတည်းဟူသော ရတနာသည် အဘယ်နည်းဟူမူ- ကြံစည်ခြင်း ‘ဝိတက်’၊ သုံးသပ်ခြင်း ‘ဝိစာရ'နှင့်တကွဖြစ်သော၊ တည်ကြည်ခြင်း ‘သမာဓိ’၊ ကြံစည်ခြင်း ‘ဝိတက်’ မရှိ၊ သုံးသပ်ခြင်း ‘ဝိစာရ’ မျှသာ ရှိသော၊ တည်ကြည်ခြင်း ‘သမာဓိ’၊ ကြံစည်ခြင်း ‘ဝိတက်'လည်း မရှိ၊ သုံးသပ်ခြင်း ‘ဝိစာရ'လည်း မရှိသော၊ တည်ကြည်ခြင်း ‘သမာဓိ’၊ အတ္တမှ ဆိတ်သော တည်ကြည်ခြင်း ‘သုညတသမာဓိ’၊ နိစ္စနိမိတ်စသည်မှ ကင်းသော တည်ကြည်ခြင်း ‘အနိမိတ္တသမာဓိ’၊ တဏှာတောင့်တခြင်း ကင်းသော တည်ကြည်ခြင်း ‘အပ္ပဏိဟိတ သမာဓိ'တို့တည်း။ မင်းမြတ် သမာဓိရတနာကို ပန်ဆင်သော ရဟန်းအား ကာမကို ကြံစည်ခြင်း ‘ကာမဝိတက်’၊ ပျက်စီးစေရန် ကြံစည်ခြင်း ‘ဗျာပါဒဝိတက်’၊ ညှဉ်းဆဲရန် ကြံစည်ခြင်း ‘ဝိဟိံသာဝိတက်’၊ ထောင်လွှားခြင်း ‘မာန’၊ ပျံ့လွင့်ခြင်း ‘ဥဒ္ဓစ္စ’၊ အယူမှားခြင်း ‘ဒိဋ္ဌိ’၊ မဆုံးဖြတ် နိုင်ခြင်း ‘ဝိစိကိစ္ဆာ’ဟူသော ညစ်နွမ်းမှု ကိလေသာဝတ္ထုတို့သည်လည်းကောင်း၊ အထူးထူး အပြားပြား စက်ဆုပ်ဖွယ် အကြံအစည်တို့သည်လည်းကောင်း ရှိကုန်၏။ ထိုအလုံးစုံတို့သည် သမာဓိသို့ ကပ်ရောက် သည်ရှိသော် ဖရိုဖရဲကြဲကုန်၏။ လွင့်ထွက်ကုန်၏။ ပျက်စီးကုန်၏။ မတည်နိုင်ကုန်။ မလိမ်းကျံနိုင်ကုန်။

--

မင်းမြတ် ဥပမာသော်ကား ရေသည် ကြာရွက်၌ ဖရိုဖရဲ ကြဲ၏။ လွင့်ထွက်၏။ ပျက်စီး၏။ မတည်တံ့နိုင်။ မလိမ်းကျံနိုင်။ ထိုသို့ မလိမ်းကျံနိုင်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူ- ပဒုမ္မာကြာ၏ စင် ကြယ်သည်၏ အဖြစ်ကြောင့်တည်း။ မင်းမြတ် ဤအတူသာလျှင် သမာဓိရတနာကို ပန်ဆင်သော ရဟန်း အား အကြင်ကာမကို ကြံစည်မှု ‘ကာမဝိတက်’၊ ပျက်စီးစေရန် ကြံစည်မှု ‘ဗျာပါဒဝိတက်’၊ ညှဉ်းဆဲရန် ကြံစည်မှု ‘ဝိဟိံသာဝိတက်’၊ ထောင်လွှားခြင်း ‘မာန’၊ ပျံ့လွင့်ခြင်း ‘ဥဒ္ဓစ္စ’၊ အယူမှားခြင်း ‘ဒိဋ္ဌိ’၊ မဆုံးဖြတ် နိုင်ခြင်း ‘ဝိစိကိစ္ဆာ’ဟူသော ကိလေသာဝတ္ထုတို့သည်လည်းကောင်း၊ အထူးထူးအပြားပြား စက်ဆုပ်ဖွယ် အကြံအစည်တို့သည်လည်းကောင်း ရှိကုန်၏။ ထိုအလုံးစုံတို့သည် သမာဓိသို့ ကပ်ရောက်သည်ရှိသော် ဖရိုဖရဲကြဲကုန်၏။ လွင့်ထွက်ကုန်၏။ ပျက်စီးကုန်၏။ မတည်တံ့နိုင်ကုန်။ မလိမ်းကျံနိုင်ကုန်။ ထိုသို့ မလိမ်းကျံနိုင်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူ- တည်ကြည်မှု ‘သမာဓိ’ ၏ စင်ကြယ်သည်၏ အဖြစ်ကြောင့်တည်း။ မင်းမြတ် ဤသည်ကို “မြတ်စွာဘုရား၏ သမာဓိရတနာ”ဟူ၍ ဆိုအပ်၏။ မင်းမြတ် ဤသို့ သဘောရှိကုန်သော သမာဓိရတနာတို့ကို မြတ်စွာဘုရား၏ ရတနာဈေးရုံတော်၌ ဖြန့်ခင်း အပ်ကုန်၏။ တည်ကြည်မှု ‘သမာဓိ’ ရတနာပန်းကို ပန်ဆင်သော ရဟန်းအား စက်ဆုပ်ဖွယ် အကြံအစည်တို့သည် မဖြစ်ကုန်။ စိတ်သည်လည်း ပျံ့လွင့်ခြင်း မရှိ။ သင်တို့သည် ထိုသမာဓိရတနာတည်းဟူသော ပန်းကို ပန်ဆင်ကြကုန်လော့။

မင်းမြတ် မြတ်စွာဘုရား၏ ပညာရတနာသည် အဘယ်နည်းဟူမူ- မင်းမြတ် အကြင်ပညာဖြင့် မြတ်စွာဘုရား၏ တပည့်သည် “ဤကား ကုသိုလ်တည်း”ဟုဟုတ်မှန်သော အတိုင်း သိ၏။ “ဤကား အကုသိုလ်တည်း”ဟုဟုတ်မှန်သောအတိုင်း သိ၏။ “ဤကား အပြစ်ရှိ၏။ ဤကား အပြစ်မရှိ။ ဤသည်ကို မှီဝဲအပ်၏။ ဤသည်ကို မမှီဝဲအပ်။ ဤသည်ကား ယုတ်၏။ ဤသည်ကား မြတ်၏။ ဤ သည်ကား မည်းညစ်၏။ ဤသည်ကား ဖြူစင်၏။ ဤသည်ကား အမည်း အဖြူနှင့်တူသော သဘော ရှိ၏”ဟုဟုတ်မှန်သောအတိုင်း သိ၏။ “ဤကား ဒုက္ခတည်း”ဟုဟုတ်မှန်သောအတိုင်း သိ၏။ “ဤကား ဒုက္ခ၏ ဖြစ်ပေါ်ကြောင်းတည်း”ဟုဟုတ်မှန်သောအတိုင်း သိ၏။ “ဤကား ဒုက္ခချုပ်ရာတည်း”ဟုဟုတ်မှန်သောအတိုင်း သိ၏။ “ဤကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း”ဟုဟုတ်မှန်သောအတိုင်း သိ၏။ မင်းမြတ် ဤတရားကို “မြတ်စွာဘုရား၏ ပညာရတနာ”ဟူ၍ ဆိုအပ်၏။့ပညာရတနာပန်းကို ပန်ဆင်သူအား ဘဝသည် ကြာမြင့်စွာ မဖြစ်နိုင်။ ထိုသူသည် လျင်မြန်စွာ သေခြင်းကင်းသော နိဗ္ဗာန်ကို မြင်နိုင်၏။ ဘဝသုံးပါး၌ မနှစ်သက်နိုင်။

မင်းမြတ် မြတ်စွာဘုရား၏ ကိလေသာမှ လွတ်မြောက်မှု ‘ဝိမုတ္တိ’ ရတနာသည် အဘယ်နည်းဟူမူ- မင်းမြတ် “အရဟတ္တဖိုလ်ကို ကိလေသာမှ လွတ်မြောက်မှု ‘ဝိမုတ္တိ’ ရတနာဟု ဆိုအပ်၏။ မင်းမြတ် အရဟတ္တဖိုလ်သို့ ရောက်သောရဟန်းကို ‘ဝိမုတ္တိ’ ရတနာကို ပန်ဆင်သောသူ”ဟူ၍ ဆိုအပ်၏။ မင်းမြတ် ဥပမာသော်ကား ပုလဲကုံး၊ ပတ္တမြားကုံး၊ သန္တာကုံးတန်ဆာတို့ဖြင့် တန်ဆာဆင်ယင်အပ်သော၊ အကျော်၊ တောင်ဇလပ်၊ မုလေး၊ စန္ဒကူးနီတို့ဖြင့် လိမ်းကျံသော ကိုယ်ရှိသော၊ ကံ့ကော်ပန်း၊ ပုန်းညက်ပန်း၊ အင်ကြင်းပန်း၊ သရဖီပန်း၊ စကားဝါပန်း၊ နော်ဇာပန်း၊ ပင်လယ်ကသစ်ပန်း၊ ကြာညိုပန်း၊ မြတ်လေး ပန်း၊ ကြက်ရုန်းပန်းတို့ဖြင့် ဆန်းကြယ်စွာ တန်ဆာဆင်အပ်သော ယောက်ျားသည် ကြွင်းသော လူအပေါင်းတို့ကို လွန်၍ ပန်းနံ့သာ၊ ရတနာတန်ဆာတို့ဖြင့် တင့်တယ်၏။ အလွန် တင့်တယ်၏။ ထွန်း လင်း၏။ ထွန်းပ၏။ ကောင်းစွာ အပြားအားဖြင့် ထွန်းပ၏။ ထိန်လင်း၏။ အပြားအားဖြင့် ထိန် လင်း၏။ လွှမ်းမိုး၏။ ဖုံးအုပ်၏။ မင်းမြတ် ဤအတူသာလျှင် အရဟတ္တဖိုလ်သို့ ရောက်ပြီးသော အာသဝကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်သည် ကိလေသာမှ လွတ်မြောက်မှု ‘ဝိမုတ္တိ’ ရတနာကို တန်ဆာဆင်လျက် ထောက်ဆ၍ ထောက်ဆ၍ လွန်ဆဲဖြစ်ကုန်သော ရဟန်းတို့ကို လွန်၍ ကောင်းစွာ လွန်၍ အရဟတ္တဖိုလ် ဖြင့် တင့်တယ်၏။ အလွန် တင့်တယ်၏။ ထွန်းပ၏။ အပြားအားဖြင့် ထွန်းပ၏။ ကောင်းစွာ အပြားအားဖြင့် ထွန်းပ၏။ ထိန်လင်း၏။ အပြားအားဖြင့် ထိန်လင်း၏။ လွှမ်းမိုး၏။ ဖုံးအုပ်၏။ ထိုသို့ လွှမ်းမိုးနိုင်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- မင်းမြတ် ယင်းအရဟတ္တဖိုလ်တည်းဟူသော တန်ဆာ သည် ရှိ၏။ ဤအရဟတ္တဖိုလ်တည်းဟူသော တန်ဆာသည် အလုံးစုံသော တန်ဆာတို့ထက် မြတ်၏။ မင်းမြတ် ဤသည်ကို “မြတ်စွာဘုရား၏ ဝိမုတ္တိရတနာ”ဟူ၍ ဆိုအပ်၏။ ပတ္တမြားပန်းကို ပန်ဆင်သော အိမ်ရှင်ကို လူအပေါင်းသည် မော်၍ ကြည့်၏။ ဝိမုတ္တိရတနာပန်းကို ပန်ဆင်သူကိုကား နတ်နှင့်တကွသော လူတို့သည် မော်၍ ကြည့်ကုန်၏။

--

မင်းမြတ် မြတ်စွာဘုရား၏ ကိလေသာမှ လွတ်မြောက်မှုကို သိသော ဉာဏ်အမြင် ‘ဝိမုတ္တိဉာဏ ဒဿန’ ရတနာသည် အဘယ်နည်းဟူမူ- မင်းမြတ် ပစ္စဝေက္ခဏာဉာဏ်ကို မြတ်စွာဘုရား၏ ကိလေသာမှ လွတ်မြောက်မှုကို သိသော ဉာဏ်အမြင် ‘ဝိမုတ္တိဉာဏဒဿန’ ရတနာဟူ၍ ဆိုအပ်၏။ ယင်းပစ္စဝေက္ခဏာ ဉာဏ်ဖြင့် အရိယသာဝကသည် မဂ် ဖိုလ် နိဗ္ဗာန်တို့ကိုလည်းကောင်း၊ ပယ်အပ်ပြီးသော ကိလေသာ, ကြွင်း ကျန်သော ကိလေသာတို့ကိုလည်းကောင်း ဆင်ခြင်၏။ အကြင်ပစ္စဝေက္ခဏာဉာဏ်ဖြင့် အရိယာပုဂ္ဂိုလ်တို့သည် ပြုအပ်ပြီးသော ကိစ္စ ရှိသော ရဟန္တာ၏ အဖြစ်ကို သိမြင်နိုင်ကုန်၏။ ထိုဉာဏ်တော်ရတနာကို ရခြင်းငှါ ဘုရားရှင်၏ သားတော်ဖြစ်ကြကုန်သော သင်တို့သည် အားထုတ်ကြကုန်လော့။

မင်းမြတ် မြတ်စွာဘုရား၏ ပဋိသမ္ဘိဒါရတနာသည် အဘယ်နည်းဟူမူ- မင်းမြတ် ပဋိသမ္ဘိဒါတို့သည် အတ္ထပဋိသမ္ဘိဒါ၊ ဓမ္မပဋိသမ္ဘိဒါ၊ နိရုတ္တိပဋိသမ္ဘိဒါ၊ ပဋိဘာနပဋိသမ္ဘိဒါဟူ၍ လေးပါးတို့တည်း။ မင်းမြတ် ဤလေးပါးသော ပဋိသမ္ဘိဒါရတနာတို့ဖြင့် ကောင်းစွာ တန်ဆာဆင်ထားသော ရဟန်းသည် မင်းပရိသတ် သို့ ဖြစ်စေ၊ ပုဏ္ဏားပရိသတ်သို့ ဖြစ်စေ၊ သူကြွယ်ပရိသတ်သို့ ဖြစ်စေ၊ ရဟန်းပရိသတ်သို့ ဖြစ်စေ ချဉ်းကပ်လိုရာရာ ပရိသတ်သို့ ရဲရဲရင့်ရင့် ချဉ်းကပ်ရ၏။ မျက်နှာမသာမယာ မရှိသည်၊ မကြောက်သည်၊ မတုန်လှုပ်သည်၊ မထိတ်လန့်သည်၊ ကြက်သီးမွေးညင်း ထခြင်းမှ ကင်းသည် ဖြစ်၍ ပရိသတ်သို့ ချဉ်းကပ်ရ၏။

မင်းမြတ် ဥပမာသော်ကား စစ်မြေပြင် အရပ်၌ ရဲရင့်သောသူရဲကောင်းသည် လက်နက်ငါးပါးကို ဆောင်ယူလျက် ကြောက်ရွံ့ခြင်း မရှိသည် ဖြစ်၍ စစ်မြေပြင်သို့ ချီတက်၏။ ရန်သူတို့သည် အကယ်၍ အဝေး၌ ရှိကြကုန်မူ မြားဖြင့် ပစ်အံ့။ ထိုမြားပစ်လောက်အောင် ဝေးသောအရပ်မှ ဤမှာဘက်၌ အကယ်၍ ဖြစ်ခဲ့ကုန်မူ လှံဖြင့် ထိုးအံ့။ လှံဖြင့် ထိုးလောက်အောင် ဝေးသောအရပ်မှ ဤမှာဘက်၌ အကယ်၍ ဖြစ်ခဲ့ကုန်မူ ခက်ရင်းဖြင့် ထိုးအံ့။ ထင်ထင်ရှားရှား အနီးသို့ ကပ်ရောက်သောသူကို သန်လျက်ဖြင့် နှစ်ပိုင်းဖြတ်အံ့။ မိမိကိုယ်အနီးသို့ ရောက်လာသူကို ဓားမြှောင်ဖြင့် ထိုးစိုက်အံ့ဟု စစ်မြေပြင်သို့ ချီတက်၏။ မင်းမြတ် ဤအတူသာလျှင် လေးပါးသော ပဋိသမ္ဘိဒါရတနာတို့ဖြင့် တန်ဆာဆင်ထားသော ရဟန်းသည် တုန်လှုပ်ခြင်း မရှိသည် ဖြစ်၍ ပရိသတ်သို့ ကပ်ရ၏။ တစ်စုံတစ်ယောက်သောသူသည် ငါ့အား အတ္ထပဋိသမ္ဘိဒါ၌ ပြဿနာကို မေးအံ့။ ထိုသူ့အား ငါသည် အကျိုးဖြင့် အကျိုးကို ဖြေဆိုအံ့။ အကြောင်းဖြင့် အကြောင်းကို ဖြေဆိုအံ့။ အထောက်အထားဖြင့် အထောက်အထားကို ဖြေဆိုအံ့။ နည်း နယဖြင့် နည်းနယကို ဖြေဆိုအံ့။ သံသယကင်းသည်ကို ပြုအံ့။ ယုံမှားခြင်းကို ဖြေရှင်းအံ့။ ပြဿနာကို ဖြေသဖြင့် နှစ်သက်စေအံ့။

တစ်စုံတစ်ယောက်သောသူသည် ငါ့အား ဓမ္မပဋိသမ္ဘိဒါ၌ ပြဿနာကို မေးအံ့။ ထိုသူ့အား အကြောင်းဖြင့် အကြောင်းကို ဖြေဆိုအံ့။ အမြိုက်ဖြင့် အမြိုက်ကို ဖြေဆိုအံ့။ အသင်္ခတဖြင့် အသင်္ခတကို ဖြေဆိုအံ့။ နိဗ္ဗာန်ဖြင့် နိဗ္ဗာန်ကို ဖြေဆိုအံ့။ သုညတဖြင့် သုညတကို ဖြေဆိုအံ့။ အနိမိတ္တဖြင့် အနိမိတ္တကို ဖြေဆိုအံ့။ အပ္ပဏိဟိတဖြင့် အပ္ပဏိဟိတကို ဖြေဆိုအံ့။ တဏှာကင်းသော တရားဖြင့် တဏှာကင်းသော တရားကို ဖြေဆိုအံ့။ သံသယမရှိသည်ကို ပြုအံ့။ ယုံမှားခြင်းကို ဖြေရှင်းအံ့။ ပြဿနာကို ဖြေသဖြင့် နှစ်သက်စေအံ့။

--

တစ်စုံတစ်ယောက်သောသူသည် ငါ့အား နိရုတ္တိပဋိသမ္ဘိဒါ၌ ပြဿနာကို မေးအံ့။ ထိုသူ့အား သဒ္ဒါဖြင့် သဒ္ဒါကို ဖြေဆိုအံ့။ ပုဒ်ဖြင့် ပုဒ်ကို ဖြေဆိုအံ့။ ပုဒ်သို့ အစဉ်လိုက်သော ဝိဘတ်ပစ္စည်းဖြင့် ပုဒ်သို့ အစဉ်လိုက်သော ဝိဘတ်ပစ္စည်းကို ဖြေဆိုအံ့။ အက္ခရာဖြင့် အက္ခရာကို ဖြေဆိုအံ့။ အစပ်သန္ဓိဖြင့် အစပ် သန္ဓိကို ဖြေဆိုအံ့။ ဗျည်းဖြင့် ဗျည်းကို ဖြေဆိုအံ့။ ဗျည်းသို့အစဉ်လိုက်သော ဝဂ်စသည်ဖြင့် ဗျည်းသို့ အစဉ်လိုက်သော ဝဂ်စသည်ကို ဖြေဆိုအံ့။ ဝဏ္ဏဖြင့် ဝဏ္ဏကို ဖြေဆိုအံ့။ သရဖြင့် သရကို ဖြေဆိုအံ့။ ပညတ်ဖြင့် ပညတ်ကို ဖြေဆိုအံ့။ ဝေါဟာရဖြင့် ဝေါဟာရကို ဖြေဆိုအံ့။ သံသယကင်းခြင်းကို ပြုအံ့။ ယုံမှားခြင်းကို ဖြေရှင်းအံ့။ ပြဿနာကို ဖြေသဖြင့် နှစ်သက်စေအံ့။

တစ်စုံတစ်ယောက်သောသူသည် ငါ့အား ပဋိဘာနပဋိသမ္ဘိဒါ၌ ပြဿနာကို မေးအံ့။ ထိုသူ့အား ပဋိဘာန်ဖြင့် ပဋိဘာန်ကို ဖြေဆိုအံ့။ ဥပမာဖြင့် ဥပမာကို ဖြေဆိုအံ့။ အမှတ်လက္ခဏာဖြင့် အမှတ် လက္ခဏာကို ဖြေဆိုအံ့။ ကိစ္စဖြင့် ကိစ္စကို ဖြေဆိုအံ့။ သံသယကင်းခြင်းကို ပြုအံ့။ ယုံမှားခြင်းကို ဖြေရှင်း အံ့။ ပြဿနာကို ဖြေသဖြင့် နှစ်သက်စေအံ့။ မင်းမြတ် ဤသည်ကို “မြတ်စွာဘုရား၏ ပဋိသမ္ဘိဒါ ရတနာ”ဟူ၍ ဆိုအပ်၏။ အကြင်သူသည် ပဋိသမ္ဘိဒါတရားတို့ကို (ကုသိုလ်ကံတည်းဟူသော အဖိုးငွေဖြင့်) ဝယ်ယူ၍ ဉာဏ်ဖြင့် တွေ့ထိငြားအံ့။ ထိုသူသည် မတုန်လှုပ် မထိတ်လန့်ဘဲ၊ နတ်နှင့်တကွသော လောက၌ အလွန် တင့်တယ်၏။

မင်းမြတ် မြတ်စွာဘုရား၏ ဗောဇ္ဈင်ရတနာသည် အဘယ်နည်းဟူမူ- မင်းမြတ် ဗောဇ္ဈင်တို့သည် သတိသမ္ဗောဇ္ဈင်၊ ဓမ္မဝိစယသမ္ဗောဇ္ဈင်၊ ဝီရိယသမ္ဗောဇ္ဈင်၊ ပီတိသမ္ဗောဇ္ဈင်၊ ပဿဒ္ဓိသမ္ဗောဇ္ဈင်၊ သမာဓိ သမ္ဗောဇ္ဈင်၊ ဥပေက္ခာသမ္ဗောဇ္ဈင်ဟူ၍ ခုနစ်ပါးတို့တည်း။ မင်းမြတ် ဤခုနစ်ပါးသော ဗောဇ္ဈင်ရတနာတို့ဖြင့် တန်ဆာဆင်ထားသော ရဟန်းသည် အလုံးစုံသော အမိုက်တိုက်ကို လွှမ်းမိုး၍ နတ်နှင့်တကွသော လောကကို တောက်ပစေ၏။ အပြားအားဖြင့် တောက်ပစေ၏။ အရောင်အလင်းကို ဖြစ်စေ၏။ မင်းမြတ် ဤသည်ကို “မြတ်စွာဘုရား၏ ဗောဇ္ဈင် ရတနာ”ဟူ၍ ဆိုအပ်၏။့ဗောဇ္ဈင်ရတနာပန်းကို ပန်ဆင်သူအား နတ်နှင့်တကွသော လူအပေါင်းတို့သည် ခစားကုန်၏။ သင်တို့သည် ထိုဗောဇ္ဈင်ရတနာကို ကုသိုလ်ကံဖြင့် ဝယ်ယူ၍ ပန်ဆင်ကြကုန်လော့။

အသျှင်ဘုရားနာဂသေန ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား၏ကုန်မျိုးစုံရောင်းသော ဈေးရုံဟူသည် အဘယ်ပါနည်းဟု (မေးလျှောက်၏)။ မင်းမြတ် မြတ်စွာဘုရား၏ အင်္ဂါကိုးပါးနှင့် ပြည့်စုံသော စကားတော်သည်လည်းကောင်း၊ ကိုယ်တော်စားဖြစ်ကုန်သော ဥဒ္ဒိဿစေတီ၊ ဓာတုစေတီတို့သည်လည်းကောင်း၊ သုံးဆောင်တော်မူရာဖြစ်သော သပိတ်သင်္ကန်းစသော ပရိဘောဂစေတီတို့သည်လည်းကောင်း၊ သံဃာရတနာသည်လည်းကောင်းကုန်မျိုးစုံရောင်းသော ဈေးရုံ မည်၏။ မင်းမြတ်ကုန်မျိုးစုံရောင်းသော ဈေးရုံ၌ မြတ်စွာဘုရားသည် ဇာတ်နှင့် ပြည့်စုံမှု ‘ဇာတိသမ္ပတ္တိ’ဟူသောကုန်ကို ဖြန့်ခင်းအပ်၏။ စည်းစိမ် ဥစ္စာနှင့် ပြည့်စုံမှု ‘ဘောဂသမ္ပတ္တိ’ဟူသောကုန်ကို ဖြန့်ခင်းအပ်၏။ အသက်ရှည်ခြင်းနှင့် ပြည့်စုံမှု ‘အာယု သမ္ပတ္တိ’ဟူသောကုန်ကို ဖြန့်ခင်းအပ်၏။ အနာကင်းခြင်းနှင့် ပြည့်စုံမှု ‘အာရောဂျသမ္ပတ္တိ’ဟူသောကုန်ကို ဖြန့်ခင်းအပ်၏။ အဆင်းနှင့် ပြည့်စုံမှု ‘ဝဏ္ဏသမ္ပတ္တိ’ဟူသောကုန်ကို ဖြန့်ခင်းအပ်၏။ ပညာနှင့် ပြည့်စုံမှု ‘ပညာသမ္ပတ္တိ’ဟူသောကုန်ကို ဖြန့်ခင်းအပ်၏။ လူ၌ ဖြစ်သော ချမ်းသာနှင့် ပြည့်စုံမှု ‘မာနုသိကသမ္ပတ္တိ’ဟူသောကုန်ကို ဖြန့်ခင်းအပ်၏။ နတ်၌ ဖြစ်သော ချမ်းသာနှင့် ပြည့်စုံမှု ‘ဒိဗ္ဗသမ္ပတ္တိ’ဟူသောကုန်ကို ဖြန့်ခင်းအပ်၏။ နိဗ္ဗာန်ချမ်းသာနှင့် ပြည့်စုံမှု ‘နိဗ္ဗာနသမ္ပတ္တိ’ဟူသောကုန်ကို ဖြန့်ခင်းအပ်၏။ ထိုဈေး ရုံတော်၌ ထိုထိုသမ္ပတ္တိကို အလိုရှိကြသူတို့သည် ကံတည်းဟူသော အဖိုးငွေကို ပေး၍ တောင့်တတိုင်း တောင့်တတိုင်းသော သမ္ပတ္တိကို ဝယ်ယူကြကုန်၏။ အချို့သူတို့သည် သီလဆောက်တည်ခြင်းဖြင့် ဝယ်ယူကြကုန်၏။ အချို့သူတို့သည် ဥပုသ်ကံဖြင့် ဝယ်ယူကြကုန်၏။ အနည်းငယ်သော ကုသိုလ်ကံတည်းဟူသော အဖိုးငွေဖြင့်လည်း ထောက်၍ ထောက်၍ ပြည့်စုံမှု ‘သမ္ပတ္တိ'တို့ကို ရကုန်၏။

--

မင်းမြတ် ဥပမာသော်ကား အိမ်ဈေးသည်၏ အိမ်ဈေး၌ နှမ်း၊ ပဲနောက်၊ ပဲကြီးတို့ကို အနည်းငယ်သော ဆန်၊ ပဲနောက်၊ ပဲကြီးဖြင့်လည်းကောင်း၊ အနည်းငယ်သော အဖိုးငွေဖြင့်လည်းကောင်း ထောက်၍ ထောက်၍ ဝယ်ယူကုန်၏။ မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရား၏ကုန်မျိုးစုံရောင်းသော ဈေး ရုံတော်၌ အနည်းငယ်သော ကုသိုလ်ကံတည်းဟူသော အဖိုးငွေဖြင့်လည်း ထောက်၍ ထောက်၍ ပြည့်စုံမှု ‘သမ္ပတ္တိ'တို့ကို ရကုန်၏။ မင်းမြတ် ဤသည်ကို “မြတ်စွာဘုရား၏ကုန်မျိုးစုံ ရောင်းသော ဈေးရုံတော်”ဟူ၍ ဆိုအပ်၏။ မြတ်စွာဘုရား၏ကုန်မျိုးစုံရောင်းသော ဈေးရုံတော်၌ အသက်ရှည်ကြောင်းကုန်မျိုးသည်လည်းကောင်း၊ အနာကင်းကြောင်းကုန်မျိုးသည်လည်းကောင်း၊ အဆင်းလှကြောင်းကုန်မျိုးသည်လည်းကောင်း၊ နတ်ပြည်ရောက်ကြောင်းကုန်မျိုး သည်လည်းကောင်း၊ အမျိုးမြတ်ကြောင်းကုန်မျိုးသည်လည်းကောင်း၊ ပြုပြင် စီရင် ခြင်းကင်းသော အမြိုက်နိဗ္ဗာန်ကုန်မျိုးသည်လည်းကောင်း ရှိပေ၏။ နည်းသည်လည်းဖြစ်သော၊ များသည်လည်းဖြစ်သော ကံတည်းဟူသော အဖိုး ငွေဖြင့် ဝယ်ယူနိုင်၏။ ရဟန်းတို့ သင်တို့သည် သဒ္ဓါဟူသော အဖိုးငွေဖြင့် ဝယ်၍ ကြွယ်ဝချမ်းသာသည် ဖြစ်ကြကုန်လော့။

မင်းမြတ် မြတ်စွာဘုရား၏ တရားမြို့တော်ကြီး၌ ဤသို့သဘောရှိကုန်သောသူတို့သည် နေကုန်၏။ သုတ္တန်ဆောင်သူများ၊ ဝိနည်းဆောင်သူများ၊ အဘိဓမ္မာဆောင်သူများ၊ တရားဟောသူများ၊ ဇာတ်တော်ကို ဆောင်သူများ၊ ဒီဃနိကာယ်ကို ဆောင်သူများ၊ မဇ္ဈိ မနိကာယ်ကို ဆောင်သူများ၊ သံယုတ္တနိကာယ်ကို ဆောင်သူများ၊ အင်္ဂုတ္တရနိကာယ်ကို ဆောင်သူများ၊ ခုဒ္ဒကနိကာယ်ကို ဆောင်သူများ၊ သီလနှင့် ပြည့်စုံသူများ၊ သမာဓိနှင့် ပြည့်စုံသူများ၊ ပညာနှင့် ပြည့်စုံသူများ၊ ဗောဇ္ဈင်၌ မွေ့လျော်သူများ၊ ဝိပဿနာရှုသူများ၊ မိမိအကျိုးကို ကြိုးပမ်းသူများ၊ အရညကင်ဓူတင် ဆောက်တည်သူများ၊ ရုက္ခမူ ဓူတင် ဆောက်တည်သူများ၊ အဗ္ဘောကာသိကဓူတင် ဆောက်တည်သူများ၊ ကောက်ရိုးပုံ၌ ကျင့်သူများ၊ သုသာန် ဓူတင် ဆောက်တည်သူများ၊ နိသဇ်ဓူတင် ဆောက်တည်သူများ၊ မဂ်အကျင့်နှင့် ပြည့်စုံသူများ၊ ဖိုလ်၌့တည်ကုန်သူများ၊ ကျင့်ဆဲ သေက္ခပုဂ္ဂိုလ်များ၊ ဖိုလ်နှင့် ပြည့်စုံသူများ၊ သောတာပန်ပုဂ္ဂိုလ်များ၊ သကဒါဂါမ်ပုဂ္ဂိုလ်များ၊ အနာဂါမ်ပုဂ္ဂိုလ်များ၊ ရဟန္တာပုဂ္ဂိုလ်များ၊ ဝိဇ္ဇာသုံးပါးရှိသူများ၊ အဘိညာဉ် ခြောက်ပါးရှိသူများ၊ တန်ခိုးရှိသူများ၊ ပညာ၏ ကမ်းတစ်ဖက်သို့ ရောက်သူများ၊ သတိပဋ္ဌာန်၊ သမ္မပ္ပဓာန်၊ ဣဒ္ဓိပါဒ်၊ ဣန္ဒြေ၊ ဗိုလ်၊ ဗောဇ္ဈင်၊ မဂ္ဂင်၊ မြတ်သောဈာန်၊ ဝိမောက္ခ၊ ရူပ၊ အရူပ၊ သိမ်မွေ့ ချမ်းသာသော သမာပတ်တို့၌ လိမ္မာကုန်သူတို့သည် နေထိုင်ကုန်၏။ တရားမြို့တော်သည် ကျူတော မြားဆိပ်တောကဲ့သို့ ရဟန္တာတို့ဖြင့် ရောထွေးနေ၏။ အလွန်ရောထွေး၏၊ ပြွမ်း၏။ အလွန်ပြွမ်း၏။ ဤအရာ၌ အကျဉ်းချုပ်ကား- တရားမြို့တော်ကြီး၌ရာဂကင်းသူ၊ ဒေါသကင်းသူ၊ မောဟကင်းသူ၊ အာသဝ ကင်းသူ၊ တဏှာကင်းသူ၊ ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန် ‘မရှိသူတို့ နေကြကုန်၏။ တရားမြို့တော်ကြီး၌ တောကျောင်းနေသူ၊ ဓူတင်ဆောင်သူ၊ ဈာန်ဝင်စားသူ၊ ခေါင်းပါးသော သင်္ကန်းရှိသူ၊ ဆိတ်ငြိမ်ရာ၌ မွေ့လျော်သူ ပညာရှိတို့ နေကြကုန်၏။ တရားမြို့တော်ကြီး၌ နိသဇ်ဓူတင်ဆောင်သူ၊ ရသမျှ ကျောင်းနေရာ၌သာ နေထိုင်သူ၊ ရပ်ခြင်း စင်္ကြံသွားခြင်းဖြင့်သာ နေထိုင်သူ၊ ပံသုကူဓူတင်ဆောင် အားလုံးတို့ နေကြကုန်၏။ တရားမြို့တော်ကြီး၌ စမ္မခဏ်သားရေလျှင် လေးခုမြောက် ဖြစ်ကုန်၍ သင်္ကန်း သုံးထည်ကို ဆောင်ကုန်သောသူတော်ကောင်း ဖြစ်သူ၊ တစ်နေရာတည်း စားခြင်း နေခြင်း၌ မွေ့လျော်သူ ပညာရှိသူတို့ နေကြကုန်၏။ တရားမြို့တော်ကြီး၌ အလိုနည်းသူ၊ ပညာရင့်သူ၊ တည်ကြည်သူ၊ နည်းပါးသော အစာရှိသူ၊ အစာ၌ မလျှပ်ပေါ်သူ၊ လာဘ်ရမှု လာဘ်မရမှုဖြင့် ရောင့်ရဲလွယ်သူတို့ နေကြကုန်၏။ တရားမြို့တော်ကြီး၌ ဈာန်ဝင်စားလေ့ရှိသူ၊ ဈာန်၌မွေ့လျော်သူ၊ ဈာန်၌ တည်ကြည်သူ၊ ငြိမ်သက်သော စိတ်ရှိသူ၊ တည်ကြည်မှု ‘သမာဓိ ‘ရှိသူ၊ အာကိဉ္စညာ ယတနဈာန်ကို တောင့်တကုန်သူတို့ နေကြကုန်၏။ တရားမြို့တော်ကြီး၌ မဂ်အကျင့်ရှိသူ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်၊ သေက္ခပုဂ္ဂိုလ်၊ ဖိုလ်နှင့် ပြည့်စုံသူ၊ မြတ်သော အရဟတ္တဖိုလ်ကို တောင့်တသူတို့ နေကြကုန်၏။ တရားမြို့တော်ကြီး၌ အညစ်အကြေးကင်းကုန်သော သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်ကုန်သောသူတို့ နေကြကုန်၏။ တရားမြို့တော်ကြီး၌ သတိပဋ္ဌာန်၌ လိမ္မာသူ၊ ဗောဇ္ဈင်ကို ပွါးခြင်း၌ မွေ့လျော်သူ၊ ဝိပဿနာကို ရှုသူ၊ တရားတော်ကို ဆောင်သူတို့ နေကြကုန်၏။ တရားမြို့တော်ကြီး၌ ဣဒ္ဓိပါဒ်တို့၌ လိမ္မာသူ၊ သမာဓိဘာဝနာ၌ မွေ့လျော်သူ၊ သမ္မပ္ပဓာန်လုံ့လကို အမြဲယှဉ်သူတို့ နေကြကုန်၏။ တရားမြို့တော်ကြီး၌ အဘိညာဉ် အထွတ်အထိပ်သို့ ရောက်သူ၊ ဘုရားဟူသော ခမည်းတော်၏ ဥစ္စာဖြစ်သော သတိပဋ္ဌာန်စသော အာရုံ၌ မွေ့လျော်သူ၊ ကောင်းကင်၌ ဈာန်ဖြင့် သွားလာနိုင်သူတို့ နေကြကုန်၏။ တရားမြို့တော်ကြီး၌ ချအပ်သော မျက်လွှာရှိသူ၊ အတိုင်းအရှည်နှင့် ယှဉ်သော စကားရှိသူ၊ လုံခြုံသော တံခါးရှိသူ၊ ကောင်းစွာ စောင့်စည်းသူ၊ အမြတ်ဆုံး ဖြစ်သော ဣန္ဒြေကို ဆုံးမခြင်း၌ ကောင်းစွာ ဆုံးမ ယဉ်ကျေးပြီးသူတို့ နေကြကုန်၏။ တရားမြို့တော်ကြီး၌ ထိုသို့သဘောရှိကုန်သော ဝိဇ္ဇာသုံးပါးရှိသူ၊ အဘိညာဉ် ခြောက်ပါးရှိသူ၊ တန်ခိုးဣဒ္ဓိပါဒ်၌ လွန်မြတ်သည့် အဖြစ်သို့ ရောက်သူ၊ ပညာ လွန်မြတ်သည့်အဖြစ်သို့ ရောက်သူတို့ နေကြကုန်၏ဟု ဖြစ်၏။

--

မင်းမြတ် အကြင်ရဟန်းတို့သည်ကား မနှိုင်းရှည့်နိုင်သော၊ မြတ်သော ဉာဏ်ကို ဆောင်ကုန်၏။့ငြိတွယ်ပိတ်ပင်ခြင်း မရှိကုန်။ မနှိုင်းရှည့်နိုင်သော ဂုဏ်ရှိကုန်၏။ အတုမရှိသော အခြံအရံ ရှိကုန်၏။ အတုမရှိသော ဉာဏ်အားအစွမ်း ရှိကုန်၏။ အတုမရှိသော တန်ခိုးရှိကုန်၏။ တရားစက်ကို အတုပြု၍ လည်စေနိုင်ကုန်၏။ ပညာလွန်မြတ်သည့် အဖြစ်သို့ ရောက်ကုန်၏။ မင်းမြတ် ဤသို့သဘောရှိကုန်သော ရဟန်းတို့ကို “မြတ်စွာဘုရား၏ တရားမြို့တော်ကြီး၌ တရားစစ်သူကြီးတို့”ဟူ၍ ဆိုအပ်ကုန်၏။

မင်းမြတ် အကြင်ရဟန်းတို့သည် တန်ခိုးနှင့် ပြည့်စုံကုန်၏။ ရအပ်သော ပဋိသမ္ဘိဒါဉာဏ် ရှိကုန်၏။ ရအပ် ရောက်အပ်သော ဝေသာရဇ္ဇဉာဏ် ရှိကုန်၏။ ကောင်းကင်၌ ပျံသွားနိုင်ကုန်၏။ သူတစ်ပါးတို့ မနှိပ်စက်နိုင်ကုန်။ သူတစ်ပါးတို့ မညှဉ်းဆဲနိုင်ကုန်။ ဆွဲကိုင်ရာ မရှိဘဲ သွားလာနိုင်ကုန်၏။ သမုဒ္ဒရာ, တောင်ထုနှင့်တကွသော မြေကြီးကို တုန်လှုပ်စေနိုင်ကုန်၏။ လနေတို့ကို သုံးသပ်နိုင်ကုန်၏။ အထူး ဖန်ဆင်းခြင်း၊ တန်ခိုးဆောက်တည်ခြင်း၊ တန်ခိုးကို ရှေးရှုဆောင်ခြင်း၌ လိမ္မာကုန်၏။ တန်ခိုးအရာ၌ အထွတ်အထိပ်သို့ ရောက်ကုန်၏။ မင်းမြတ် ဤသို့သဘောရှိကုန်သော ရဟန်းတို့ကို “မြတ်စွာဘုရား၏ တရားမြို့တော်ကြီး၌ ပုရောဟိတ်တို့”ဟူ၍ ဆိုအပ်ကုန်၏။

မင်းမြတ် အကြင်ရဟန်းတို့သည် ဓူတင်အကျင့်သို့ အစဉ်လိုက်ကုန်၏။ အလိုနည်းကုန်၏။ ရောင့်ရဲ လွယ်ကုန်၏။ မအပ်သော သိစေမှု မအပ်သော ရှာမှီးမှုတို့ကို စက်ဆုပ်ကုန်၏။ ဆွမ်းအလို့ငှါ အိမ်စဉ် လှည့်လည်သော အကျင့် ရှိကုန်၏။ ပျားပိတုန်းတို့သည် ရနံ့ကို စုပ်နမ်း၍ တောသို့ ဝင်ကုန်သကဲ့သို့၊ ထို့အတူ ဆိတ်ငြိမ်သော တောအရပ်သို့ ဝင်ကုန်၏။ ကိုယ်၌လည်းကောင်း၊ အသက်၌လည်းကောင်း ငဲ့ကွက်ခြင်း မရှိကုန်ဘဲ အရဟတ္တဖိုလ်သို့ အစဉ် ရောက်ကုန်၏။ ဓူတင်ဂုဏ်ကျေးဇူးကို အမြတ်ဟု ထားကုန်၏။ မင်းမြတ် ဤသို့ သဘောရှိကုန်သော ရဟန်းတို့ကို “မြတ်စွာဘုရား၏ တရားမြို့တော်ကြီး၌ တရားဆုံးဖြတ်သော တရားသူကြီးတို့”ဟူ၍ ဆိုအပ်ကုန်၏။

မင်းမြတ် အကြင်ရဟန်းတို့သည် ထက်ဝန်းကျင် သန့်ရှင်းစင်ကြယ်ကုန်၏။ အညစ်အကြေးကင်းကုန်၏။ ကိလေသာ မရှိကုန်။ စုတိပဋိသန္ဓေ၌ လိမ္မာကုန်၏။ ဒိဗ္ဗစက္ခုအဘိညာဉ်၌ အထွတ်အထိပ်သို့ ရောက်ကုန်၏။ မင်းမြတ် ဤသို့သဘောရှိကုန်သော ရဟန်းတို့ကို “မြတ်စွာဘုရား၏ တရားမြို့တော်ကြီး၌ မြို့အသရေကို ထွန်းလင်းစေတတ်သော အတွင်းဝန်တို့”ဟူ၍ ဆိုအပ်ကုန်၏။

မင်းမြတ် အကြင်ရဟန်းတို့သည် များသော အကြားအမြင် ရှိကုန်၏။ နှုတ်တက်အာဂုံ ဆောင်ကုန်၏။ သုတ်အဘိဓမ္မာကို ဆောင်ကုန်၏။ ဝိနည်းကို ဆောင်ကုန်၏။ မာတိကာကို ဆောင်ကုန်၏။ လျော့၊ ပြင်း၊ ရှည်၊ တို၊ လေး၊ ပေါ့၍ ရွတ်ဖတ်အပ်သော အက္ခရာအပိုင်းအခြားတို့၌ လိမ္မာကုန်၏။ အဂ ၤါကိုးပါးရှိသော သာသနာတော်ကို ဆောင်ကုန်၏။ မင်းမြတ် ဤသို့သဘောရှိကုန်သော ရဟန်းတို့ကို “မြတ်စွာဘုရား၏ တရားမြို့တော်ကြီး၌ တရားမြို့တော်စောင့် အမတ်ကြီးတို့”ဟူ၍ ဆိုအပ်ကုန်၏။

မင်းမြတ် အကြင်ရဟန်းတို့သည်ကား ဝိနည်းကို တတ်သိကုန်၏။ ဝိနည်း၌ လိမ္မာကုန်၏။ အရာဟုတ်သည်၊ မဟုတ်သည်၌ လိမ္မာကုန်၏။ အာပတ်သင့်ခြင်း၊ အာပတ် မသင့်ခြင်း၊ ဂရုက အာပတ်၊ လဟုက အာပတ် ကုစားကောင်း၊ မကုစားကောင်းသော အာပတ်၊ ဝုဋ္ဌာနကံ၊ ဒေသနာကံ အာပတ်၊ ပုဂ္ဂိုလ်ကို နှိပ်သော နိဂ္ဂဟကံ၊ ကုစားသော ပဋိကမ္မကံ၊ သံဃာ့ဘောင်သို့ သွင်းသော ဩသာရဏကံ၊ သံဃာ့ဘောင်မှ ထုတ်သော နိဿရဏကံ၊ အောက်မေ့စေခြင်း ပဋိသာရဏကံတို့၌ လိမ္မာကုန်၏။ ဝိနည်း၌ အထွတ်အထိပ်သို့ ရောက်ကုန်၏။ မင်းမြတ် ဤသို့သဘောရှိကုန်သော ရဟန်းတို့ကို “မြတ်စွာဘုရား၏ တရားမြို့တော်ကြီး၌ မြို့၏ အဆင်း ‘ရူပါရုံ ‘ကို စောင့်ရှောက်တတ်သော အမတ်ကြီးတို့”ဟူ၍ ဆိုအပ်ကုန်၏။

--

မင်းမြတ် အကြင်ရဟန်းတို့သည် ကိလေသာမှ လွတ်မြောက်ခြင်း ‘ဝိမုတ္တိ ‘ဟူသော မြတ်သော ပန်းကုံးကို ဖွဲ့တတ်ကုန်၏။ မြတ်သည်ထက် အလွန်မြတ်၍ ကြေးတန်လှစွာ မြတ်သည့် အဖြစ်သို့ အစဉ် ရောက်ကုန်၏။ များစွာသောသူတို့ ချစ်ခင်အပ် တောင့်တအပ်ကုန်၏။ မင်းမြတ် ဤသို့သဘောရှိကုန့်သော ရဟန်းတို့ကို “မြတ်စွာဘုရား၏ တရားမြို့တော်ကြီး၌ ပန်းဈေးဆိုင်ရှင်တို့”ဟူ၍ ဆိုအပ်ကုန်၏။

မင်းမြတ် အကြင်ရဟန်းတို့သည် သစ္စာလေးပါးကို သိမြင်ခြင်း၌ ထွင်းဖောက်နိုင်ကုန်၏။ မြင်ပြီးသော သစ္စာလေးပါး ရှိကုန်၏။ သိပြီးသော ပဋိဝေဓသာသနာ ရှိကုန်၏။ လေးပါးသော မဂ်ဖိုလ်တို့၌ လွန်မြောက်ပြီးသော ဝိစိကိစ္ဆာ ရှိကုန်၏။ ရအပ်ပြီးသော ဖိုလ်ချမ်းသာ ရှိကုန်၏။ မဂ်အကျင့်ကို ကျင့်ကုန်သောသူတစ်ပါးတို့အားလည်း ထိုဖိုလ်တို့ကို ဝေဖန်ခွဲခြမ်းကုန်၏။ မင်းမြတ် ဤသို့သဘောရှိကုန်သော ရဟန်းတို့ကို “မြတ်စွာဘုရား၏ တရားမြို့တော်ကြီး၌ သစ်သီးဈေးဆိုင်ရှင်တို့”ဟူ၍ ဆိုအပ်ကုန်၏။

မင်းမြတ် အကြင်ရဟန်းတို့သည် စောင့်ထိန်းမှု ‘သီလ'တည်းဟူသော နံ့သာတို့ဖြင့် လိမ်းကျံကုန် သည် ဖြစ်၍ များပြားသော ဂုဏ်ကျေးဇူးကို ဆောင်ကုန်၏။ ကိလေသာ အညစ်အကြေးတည်းဟူသော မကောင်းသော အနံ့ကို မှုတ်လွှင့် ဖျက်ဆီးတတ်ကုန်၏။ မင်းမြတ် ဤသို့သဘောရှိကုန်သော ရဟန်းတို့ကို “မြတ်စွာဘုရား၏ တရားမြို့တော်ကြီး၌ နံ့သာဈေးဆိုင်ရှင်တို့”ဟူ၍ ဆိုအပ်ကုန်၏။

မင်းမြတ် အကြင်ရဟန်းတို့သည် တရားကို လိုလားကုန်သည် ဖြစ်၍ ချစ်ခင်ဖွယ်သော စကားဖြင့် ခေါ်ဝေါ်ပြောဆိုကုန်၏။ ထူးမြတ်သော သုတ်အဘိဓမ္မာ၌လည်းကောင်း၊ ထူးမြတ်သော ဝိနည်း၌လည်းကောင်း အလွန်ဝမ်းမြောက်ခြင်း ရှိကုန်၏။ တောသို့ ကပ်ရောက်ကုန်သော်လည်းကောင်း၊ သစ်ပင်ရင်းသို့ ကပ်ရောက်ကုန်သော်လည်းကောင်း၊ ဆိတ်ငြိမ်ရာအရပ်သို့ ကပ်ရောက်ကုန်သော်လည်းကောင်း တရားမြတ် အရသာကို သောက်ကုန်၏။ ကိုယ်နှုတ်စိတ်ဖြင့် တရားမြတ် အရသာသို့ သက်ဝင်ကုန်သည် ဖြစ်၍ လွန်ကဲသော ဉာဏ်ပဋိဘာန် ရှိကုန်၏။ တရားတော်တို့၌ တရားတော်ကို ရှာမှီးလျက်သာ သွားလာ ကျင့်ကြံကုန်၏။ ဤအရပ်မှလည်းကောင်း၊ ထိုအရပ်မှလည်းကောင်း၊ အကြင်အကြင်အရပ်၌ အလိုနည်းသည်ကို ချီးကျူးပြောဆိုကုန်၏။ ရောင့်ရဲလွယ်သည်ကို ချီးကျူးပြောဆိုကုန်၏။ ဆိတ်ငြိမ်ရာနှင့် စပ်သည်ကို ချီးကျူးပြောဆိုကုန်၏။ လူတို့နှင့် မရောနှောသည်ကို ချီးကျူးပြောဆိုကုန်၏။ လုံ့လထုတ်ခြင်းနှင့် စပ်သည်ကို ချီးကျူးပြောဆိုကုန်၏။ သီလနှင့် စပ်သော စကားကို ချီးကျူးပြောဆိုကုန်၏။ သမာဓိနှင့် စပ်သော စကားကို ချီးကျူးပြောဆိုကုန်၏။ ပညာနှင့်စပ်သော စကားကို ချီးကျူးပြောဆိုကုန်၏။ ကိလေသာမှ လွတ်မြောက်မှု ‘ဝိမုတ္တိ ‘နှင့်စပ်သော စကားကို ချီးကျူး ပြောဆိုကုန်၏။ ကိလေသာမှ လွတ်မြောက်မှု ‘ဝိမုတ္တိဉာဏ် ‘အမြင်နှင့် စပ်သော စကားကို ချီးကျူးပြောဆိုကုန်၏။ ထိုထိုအရပ်သို့ သွား၍ ထိုထိုအပ္ပိစ္ဆကထာ စသည်တို့၏ အရသာကို သောက်ကုန်၏။ မင်းမြတ် ဤသို့သဘောရှိကုန်သော ရဟန်းတို့ကို “မြတ်စွာဘုရား၏ တရားမြို့တော်ကြီး၌ (တရားအရသာကို) သောက်စားကြူးယစ်သူတို့”ဟူ၍ ဆိုအပ်ကုန်၏။

မင်းမြတ် အကြင်ရဟန်းတို့သည် ညဉ့်၏ ရှေးညဉ့်ဦးယံ မိုးသောက်ယံ၌ နိုးကြားမှုလုံ့လနှင့် ယှဉ်ကုန်သည်ဖြစ်၍ ထိုင်ခြင်း၊ ရပ်ခြင်း၊ သွားခြင်းတို့ဖြင့် ညဉ့်နေ့တို့ကို လွန်စေကုန်၏။ ပွါးများမှု ‘ဘာဝနာ’၌ အားထုတ်ခြင်းနှင့် ယှဉ်ကုန်သည် ဖြစ်၍ ကိလေသာကို တားမြစ်ခြင်းငှါ မိမိအကျိုးဟူသော အရဟတ္တဖိုလ်ကိုသာ လေ့လာအားထုတ်ကုန်၏။ မင်းမြတ် ဤသို့သဘောရှိကုန်သော ရဟန်းတို့ကို “မြတ်စွာဘုရား၏ တရားမြို့တော်ကြီး၌ တရားမြို့တော်စောင့်တို့”ဟူ၍ ဆိုအပ်ကုန်၏။

--

မင်းမြတ် အကြင်ရဟန်းတို့သည် အင်္ဂါကိုးပါးရှိသော မြတ်စွာဘုရား စကားတော်ကို အနက်အားဖြင့်လည်းကောင်း၊ သဒ္ဒါအားဖြင့်လည်းကောင်း၊ နည်းနယအားဖြင့်လည်းကောင်း၊ အကြောင်းအားဖြင့်လည်းကောင်း၊ အထောက်အပံ့အားဖြင့်လည်းကောင်း၊ ဥဒါဟရုဏ် (ပုံစံထုတ်ပြခြင်း)အားဖြင့်လည်းကောင်း ပို့ချကုန်၏။ အထောက်ပြု၍ ပို့ချကုန်၏။ ပြောဟောကုန်၏။ အထောက်ပြု၍ ပြောဟောကုန်၏။ မင်းမြတ် ဤသို့သဘောရှိကုန်သော ရဟန်းတို့ကို “မြတ်စွာဘုရား၏ တရားမြို့တော်ကြီး၌ တရားဈေးဆိုင်ရှင်တို့”ဟူ၍ ဆိုအပ်ကုန်၏။

မင်းမြတ် အကြင်ရဟန်းတို့သည် တရားရတနာဟူသော ဥစ္စာဖြင့် အာဂုံပရိယတ် အကြားအမြင်ဟူသော ဥစ္စာဖြင့် စည်းစိမ်ရှိကုန်၏။ ဥစ္စာ ရှိကုန်၏။ အကျယ်ညွှန်းပြအပ်သော သရ၊ ဗျည်းတို့၏ သဘောလက္ခဏာကို ထိုးထွင်း၍ သိနိုင်ကုန်၏။ ပညာရှိကုန်၏။ ဉာဏ်ပညာ ပျံ့နှံ့ကုန်၏။ မင်းမြတ် ဤသို့သဘောရှိကုန်သော ရဟန်းတို့ကို “မြတ်စွာဘုရား၏ တရားမြို့တော်ကြီး၌ တရားသူဌေးတို့”ဟူ၍ ဆိုအပ်ကုန်၏။

မင်းမြတ် အကြင်ရဟန်းတို့သည် မြတ်သော ဒေသနာကို ထိုးထွင်း၍ သိနိုင်ကုန်၏။ အဖန်တစ် လဲလဲ လေ့ကျင့်သော အာရုံကို ဝေဖန်၍ အကျယ် ညွှန်ကြားနိုင်ကုန်၏။ သိက္ခာဂုဏ်ကျေးဇူးတို့၏ အထွတ် အထိပ်သို့ ရောက်ကုန်၏။ မင်းမြတ် ဤသို့သဘောရှိကုန်သော ရဟန်းတို့ကို “မြတ်စွာဘုရား၏ တရား မြို့တော်ကြီး၌ ထင်ရှားသော တရားကျင့်သူတို့”ဟူ၍ ဆိုအပ်ကုန်၏။

မင်းမြတ် ဤသို့လျှင် မြတ်စွာဘုရား၏ တရားမြို့တော်ကြီးကို ကောင်းစွာ ဝေဖန်အပ်၏။ ဤသို့ ကောင်းစွာ ဖန်ဆင်းအပ်၏။ ဤသို့ ကောင်းစွာ စီရင်အပ်၏။ ဤသို့ ကောင်းစွာ ထက်ဝန်းကျင်မှ ပြည့်စုံ စေအပ် ၏။ ဤသို့ ကောင်းစွာ ပိုင်းခြားမှတ်သားအပ်၏။ ဤသို့ ကောင်းစွာ စောင့်ရှောက်အပ်၏။ ဤသို့ ကောင်းစွာ လုံခြုံစေအပ်၏။ ဤသို့ ဆန့်ကျင်ဘက်ကို လိုလားကုန်သော ရန်သူတို့ နှိပ်စက် နိုင်ခဲ၏။ မင်းမြတ် ဤသို့သော အကြောင်း၊ ဤသို့သော အထောက်အထား၊ ဤသို့သော နည်း၊ ဤသို့သော မှန်းဆခြင်းဖြင့် ထိုမြတ်စွာဘုရားသည် ထင်ရှားရှိ၏ဟု သိအပ်၏။ “ကောင်းစွာ ဝေဖန်ပိုင်းခြားအပ်သော နှလုံးမွေ့လျော်ဖွယ်ရှိသော မြို့တော်ကို မြင်ရသည်ရှိသော် တည်ဆောက်သော လက်သမား၏ လက်မှုအတတ် မြင့်မြတ် ကြီးကျယ်သည်၏ အဖြစ်ကို မှန်းဆသဖြင့် သိနိုင်ပေသကဲ့သို့၊ ထို့အတူသာလျှင် လူတို့၏ ကိုးကွယ်ရာဖြစ်တော်မူသော မြတ်စွာဘုရား၏ တရားတည်းဟူသော မြို့တော်မြတ်ကို မြင်ရသည်ရှိသော် ထိုမြတ်စွာဘုရားသည် ထင်ရှားရှိ၏ဟူ၍ မှန်းဆ သဖြင့် သိရကုန်၏။ သမုဒ္ဒရာ၌ လှိုင်းတံပိုးကို မြင်သည်ရှိသော် အကြင်အခြင်းအရာကြောင့် ဤလှိုင်း တံပိုးကို ရှုမြင်အပ်၏။ ထိုအခြင်းအရာကြောင့် ထိုသမုဒ္ဒရာသည် ကြီးကျယ်သည် ဖြစ်လတ္တံ့ဟု မှန်းဆသဖြင့် သိနိုင်ကုန်သကဲ့သို့၊ ထို့အတူ စိုးရိမ်မှု ‘သောက’ ကို ပယ်နုတ်တော်မူတတ်သော အလုံးစုံသော အရာဌာန၌ ရန်သူတို့ မအောင်နိုင်သော၊ တဏှာ၏ကုန်ခြင်းသို့ ရောက်တော်မူသော၊ ဘဝသံသရာမှ လွတ်တော်မူပြီးသော မြတ်စွာဘုရားကို မှန်းဆသဖြင့် သိရ၏။ နတ်နှင့်တကွသော လောကသမုဒ္ဒရာ၌ တရားလှိုင်းတံပိုးကို မြင်၍ အကြင် အခြင်းအရာကြောင့် တရားလှိုင်း၏ ပြန့်ကျယ်ခြင်းသည် ဖြစ်၏။ ထိုအခြင်းအရာ ကြောင့် ထင်ရှားမြင့်မြတ်သော ဘုရားဖြစ်လတ္တံ့ဟု မှန်းဆသဖြင့် သိအပ်၏။ မြင့်တက်သော တောင်ထွတ်ကို မြင်၍ အကြင် အခြင်းအရာကြောင့် ဤတောင်သည် မြင့်တက်၏။ ထိုအခြင်းအရာကြောင့် ထိုတောင်သည် ဟိမဝန္တာတောင် ဖြစ်လတ္တံ့ဟု မှန်းဆသဖြင့် သိကုန်သကဲ့သို့၊ ထို့အတူရာဂစသည်မှ ငြိမ်းအေးသည် ဖြစ်၍ ဖြစ်သော ဘဝ၌ စွဲကပ်မှု ဥပဓိမရှိသော မြင့်တက်သော တုန်လှုပ်ခြင်းမရှိသော ကောင်းစွာ တည်သော မြတ်စွာဘုရား၏ တရားဟူသော တောင်ကြီးကို မြင်ရ၏။ ထို့အတူပင်လျှင် တရားတောင်ကြီးကို မြင်ရ၍ ကြီးသော လုံ့လရှိတော်မူသော ထိုပုဂ္ဂိုလ်သည် မြတ်သော ဘုရားဖြစ်လတ္တံ့ဟု မှန်းဆသဖြင့် သိအပ်၏။ လူတို့သည် ဆင်မင်း၏ ခြေရာကို မြင်ကုန်၍ ဤဆင်သည် ကြီးသော ဆင်တည်းဟု မှန်းဆသဖြင့် သိကုန်သကဲ့သို့၊ ထို့အတူသာလျှင် သဗ္ဗညုတဉာဏ်ပညာ ရှိပေသော ဘုရားတည်းဟူသော ဆင်မင်း၏ တရားခြေရာကို မြင်၍ ထိုဘုရား သည် မြင့်မြတ်သည် ဖြစ်လတ္တံ့ဟု မှန်းဆသဖြင့် သိကုန်၏။ ကြောက်လန့်ကုန်သော သားငယ်တို့ကို မြင်၍ သားတို့သနင်း ခြင်္သေ့မင်း၏ အသံ ကြောင့်ဤသားငယ်တို့သည် ကြောက်လန့်ကုန်၏ဟု မှန်းဆသဖြင့် သိကုန်သကဲ့သို့၊ ထို့အတူသာလျှင် ကြောက်သော စိတ်ရှိကုန်သော တုန်လှုပ်တွန့်ရွံ့ကုန်သော တိတ္ထိတို့ကို မြင်၍ တရားမင်းဘုရားသည် ကြုံးဝါးဟောကြားတော်မူသော တရားတော်ကို မှန်းဆသဖြင့် သိအပ်၏။

--

မြေငွေ့အပူမှ ငြိမ်းအေးလျက် စိမ်းစိုသော မြက်သစ်ရွက်ရှိသော၊ များသော ရေလည်းရှိသော မြေကို မြင်၍ သည်းစွာ ရွာသွန်းသော မိုးကြီးကြောင့် အေးမြ၏ဟု မှန်းဆသဖြင့် သိကုန်သကဲ့သို့၊ ထို့အတူသာလျှင် လွန်စွာ နှစ်သက်ဝမ်းမြောက်သော ဤလူအပေါင်းကို မြင်၍ တရားမိုးကြီးကြောင့် နှစ်သက်ဝမ်းမြောက်၏ဟု မှန်းဆသဖြင့် သိအပ်၏။ ငြိတွယ်စေးကပ်သော ပြင်းထန်များပြားသော ရွှံ့ညွန်ရှိသော ညွန်ဖြင့် စိုစွတ်သော မြေအပြင်ကို မြင်၍ များပြားသော ရေလုံးရေစုသည် စီးသွား၏ဟု မှန်းဆသဖြင့် သိရကုန်သကဲ့သို့၊ ထို့အတူသာလျှင် တရားတည်းဟူသော မြစ်ရေ၌ မျှောအပ်သော တရားသမုဒ္ဒရာကြီး၌ စွန့်ပယ်အပ်သော ကိလေသာ မြူညွန်ကို ဆေးကြော စွန့်ချ အပ်သော ဤလူအပေါင်းကို မြင်၍ တရားအမြိုက်ရည်သို့ ရောက်သော နတ်နှင့်တကွသော ဤမြေနှင့်တူသော လူအပေါင်းကို မြင်၍ များစွာသော ဓမ္မက္ခန္ဓာတည်းဟူသော တရားအစုသည် စီးသွား၏ဟု မှန်းဆသဖြင့် သိအပ်၏။ မြတ်သော အနံ့ကို နမ်းရှူရ၍ အကြင်အခြင်းအရာကြောင့် ဤပန်း၏ အနံ့သည် ပျံ့လှိုင်၏။ ထိုအခြင်းအရာကြောင့် ပန်းပင်တို့သည် ပွင့်သည် ဖြစ်ကုန်လတ္တံ့ဟု မှန်းဆသဖြင့် သိကုန်သကဲ့သို့၊ ထို့အတူသာလျှင် အကြင်အခြင်းအရာကြောင့် ဤသီလတည်းဟူသော ပန်း၏ အနံ့သည် နတ်နှင့်တကွသော လောက၌ ပျံ့လှိုင်၏။ ထိုအခြင်းအရာကြောင့် အတုမရှိသော ဘုရားရှိ၏ဟု မှန်းဆသဖြင့် သိအပ်၏။

မင်းမြတ် ဤသို့သဘောရှိသည်သာ ဖြစ်သော အကြောင်းအရာဖြင့်လည်းကောင်း၊ အကြောင်း အထောင်ဖြင့်လည်းကောင်း၊ အထောက်အထား အရာဖြင့်လည်းကောင်း၊ အထောက်အထား အထောင်ဖြင့်လည်းကောင်း၊ နည်းအရာဖြင့်လည်းကောင်း၊ နည်းအထောင်ဖြင့်လည်းကောင်း၊ ဥပမာ အရာဖြင့်လည်းကောင်း၊ ဥပမာအထောင်ဖြင့်လည်းကောင်း မြတ်စွာဘုရား၏ အားအစွမ်းကို ထုတ်ဆောင်ပြဆိုခြင်းငှါ တတ်နိုင်၏။ မင်းမြတ် လိမ္မာသော ပန်းကုံးသမားသည် အမျိုးမျိုးသော ပန်းအစုအပုံမှ ဆရာ့အဆုံး အမဖြင့်လည်းကောင်း၊ မျက်မှောက်ဖြစ်သော ယောက်ျားလုံ့လဖြင့်လည်းကောင်း၊ ဆန်းကြယ်လှစွာသော ပန်းကုံးအစုကို သီကုံးပြုလုပ်ရာသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ထိုမြတ်စွာဘုရားသည် ဆန်းကြယ်သော ပန်းစုပန်းပုံကဲ့သို့ အဆုံးအပိုင်းအခြား မရှိသော ဂုဏ်ကျေးဇူး ရှိတော်မူ၏။ မနှိုင်းရှည့်နိုင်သော ဂုဏ်ကျေးဇူး ရှိတော်မူ၏။ ငါသည် ယခုအခါ မြတ်စွာဘုရား သာသနာတော်၌ ပန်းကို သီကုံးသောသူသည် ပန်းအမျိုးမျိုးကို သီကုံးသကဲ့သို့ ရှေး၌ ဖြစ်ကုန်သော ဆရာတို့၏ နည်းညွှန်လမ်းစဖြင့်လည်းကောင်း၊ ငါ၏ ပညာစွမ်းဖြင့်လည်းကောင်း မရေတွက်နိုင်ကုန်သည်သာဖြစ်သော အကြောင်းကို ချိန်ဆ သဖြင့် မြတ်စွာဘုရား၏ အားအစွမ်းကို ပြပေအံ့။ ဤသို့ ပြရာ၌ သင်မင်းမြတ်သည်ကား နာကြားခြင်းငှါ အလိုဆန္ဒကို ဖြစ်စေလော့ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန တစ်ပါးသောသူတို့အား ဤသို့ သဘောရှိသော အကြောင်းဖြင့်လည်းကောင်း၊ မှန်းဆခြင်းဖြင့်လည်းကောင်း မြတ်စွာဘုရား၏ အားအစွမ်းကို ထုတ်ဆောင်ပြဆိုခြင်းငှါ ခဲခက်လှ ပါ၏။ အသျှင်ဘုရားနာဂသေန အသျှင်ဘုရားတို့၏ အလွန် ဆန်းကြယ်သော ပြဿနာကို ဖြေသဖြင့် ငြိမ်းချမ်းခြင်း ဖြစ်ရပါ၏ဟု (လျှောက်၏)။ ။

ရှေးဦးစွာသော အနုမာနပဥှာ ပြီး၏။

၁။ ကျောက်သွေးသမားများ။

၂။ နှီးသမားများ။

--

၂-ဓုတင်္ဂပဥှာ

ဓူတင်အကျင့် ပြဿနာ

။ “မိလိန္ဒမင်းသည် ကိလေသာကို ခါတွက်နိုင်ကြောင်း ဓူတင်အကျင့်၌ (ကျင့်ကြံသောအားဖြင့်) သက်ဝင်ကုန်လျက် အရညကင်ဓူတင် ဆောက်တည်သော ရဟန်းတို့ကို မြင်ရ၏။ တစ်ဖန် အနာဂါမိဖိုလ်၌ တည်ကုန်သော လူပုဂ္ဂိုလ်တို့ကို မြင်ရပြန်၏။ ထိုလူ၊ ရဟန်း နှစ်ဦးသောသူတို့ကိုပင် ဆင်ခြင်ကြည့်ရှု၍ လူဖြစ်လျက် မဂ်ဖိုလ် တရားတို့ကို အကယ်၍ သိနိုင်ငြားအံ့။ ဓူတင်ကျင့်ဝတ်သည် အကျိုးမရှိ အချည်းနှီး ဖြစ်ရာ၏ဟု ကြီးစွာသော ယုံမှားခြင်း ဖြစ်လတ်၏။ ယခု ပိဋကတ်သုံးပုံ၌ ပရဝါဒီပုဂ္ဂိုလ်တို့၏ ဝါဒမှားကို ပယ်ဖျက်နိုင်သော သိမ်မွေ့သော ပညာရှိသော ဟောကြားတတ်သူတို့ထက် မြတ်သော အသျှင်နာဂသေနကို မေးလျှောက်ပါအံ့။ ထိုအသျှင်နာဂသေနသည် ငါ၏ ယုံမှားခြင်းကို ပယ်ဖျောက်ပေလတ္တံ့”ဟု ကြံစည်သတတ်။

ထိုသို့ ကြံပြီးသော် မိလိန္ဒမင်းသည် အသျှင်နာဂသေနရှိရာသို့ ချဉ်းကပ်ပြီးလျှင် အသျှင်နာဂသေန အား ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် ဤစကားကို လျှောက်၏- “အသျှင်ဘုရားနာဂသေန အကြင်သူသည် လောဘစသည်မှ ငြိမ်းအေးသော၊ အမြတ်ဆုံးသော အကျိုးဖြစ်သော နိဗ္ဗာန်ကို မျက်မှောက်ပြုအပ်၏။ အိမ်၌ နေထိုင်ကာ ကာမဂုဏ်ကို ခံစား၍ သားမယားတို့ဖြင့် ကျဉ်းမြောင်းစွာ နေထိုင်ခြင်းဖြင့် နေထိုင်လျက် ကာသိတိုင်းဖြစ် အဝတ် စန္ဒကူးနှစ် နံ့သာကို ဝတ်ရုံ လိမ်းကျံ၍ ပန်းအမွှေး နံ့သာပျောင်းကို ပန်ဆင် လိမ်းကျံပြီးလျှင် ရွှေငွေကို သုံးစွဲ သာယာ၍ ပတ္တမြား၊ ပုလဲ၊ ရွှေတို့ဖြင့် ခြယ် လယ်သော ဥသျှောင်ကို ဖွဲ့ထုံးလျက် လောဘစသည်မှ ငြိမ်းအေးရာ ပရမတ္ထနိဗ္ဗာန်ကို မျက်မှောက်ပြုသူ လူပုဂ္ဂိုလ် တစ်စုံတစ်ယောက် ရှိပါသလောဟု (မေးလျှောက်၏)။

မင်းမြတ် တစ်ရာမျှလည်းမက နှစ်ရာ၊ သုံးရာ၊ လေးရာ၊ ငါးရာ၊ တစ်ထောင်၊ တစ်သိန်း၊ တစ်သန်း၊ ကုဋေတစ်ရာ၊ ကုဋေတစ်ထောင်၊ ကုဋေတစ်သိန်းလည်းမက (များလှပေ၏)။ မင်းမြတ် တစ်ကျိပ်၊ နှစ်ကျိပ်၊ တစ်ရာ၊ တစ်ထောင်သော လူတို့၏ သစ္စာလေးပါးကို ထိုးထွင်း၍ သိခြင်းသည် တည်ရှိပါစေ။ (ဆယ်ရာ ထောင် သင်္ချေမှ ကြွင်းသော သောင်း သိန်းစသောသင်္ချေတို့တွင်) အဘယ်သင်္ချာ ပရိယာယ်ဖြင့် သင်မင်းမြတ်အား အဖြေပေးရမည်နည်းဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားသည်ပင်လျှင် ဖြေလိုသော သင်္ချာကို ဖြေဆိုတော်မူပါလော့ဟု (လျှောက်၏)။ မင်းမြတ် ထိုသို့ ဖြစ်မူ သင်မင်းမြတ်အား အရာဖြင့်လည်းကောင်း၊ အထောင်ဖြင့်လည်းကောင်း၊ အသိန်းဖြင့်လည်းကောင်း၊ ကုဋေဖြင့်လည်းကောင်း၊ ကုဋေအရာဖြင့်လည်းကောင်း၊ ကုဋေအထောင်ဖြင့်လည်းကောင်း၊ ကုဋေ အသိန်းဖြင့်လည်းကောင်း ဖြေဆိုပေအံ့။ အင်္ဂါကိုးပါးရှိသော မြတ်စွာဘုရားသာသနာတော်၌ ခေါင်းပါးသော အကျင့် ပဋိပတ္တိ ဓူတင်အကျင့်ကို ဆောင်ခြင်း၌ မှီကုန်သော အမှတ်မရှိ အလုံးစုံသော စကားတော်တို့သည် ဤဆိုလတ္တံ့သော စကား၌ ပေါင်းရုံးသက်ဝင်ကုန်လတ္တံ့။ မင်းမြတ် ဥပမာသော်ကား နိမ့်ရှိုင်း မြင့်မောက်ရာ ညီညွတ် မညီညွတ်ရာ ကြည်းကုန်း ချိုင့်ဝှမ်းရာ အရပ်ဒေသ၌ ရွာသော မိုးရေ အားလုံးသည် ထိုကြည်းကုန်း အရပ်မှ လျှောကျသက်ဆင်း၍ များစွာသော ရေ၏ တည်ရာ ဖြစ်သော မဟာ သမုဒ္ဒရာသို့ ပေါင်းရုံးသက်ဝင်၏။ မင်းမြတ် ဤအတူသာလျှင် ပြီးပြည့်စုံခြင်းကို လိုလားသည်ရှိသော် အင်္ဂါ ကိုးပါးရှိသော မြတ်စွာဘုရား စကားတော်၌ ခေါင်းပါးသော အကျင့် ပဋိပတ္တိဓူတင်အကျင့်ကို ဆောင်ခြင်း၌ မှီကုန်သော စကားအားလုံးတို့သည် ဤဆိုလတ္တံ့သော စကား၌ ပေါင်းရုံးသက်ဝင်ကုန်လတ္တံ့။

--

မင်းမြတ် ဤအရာ၌ ငါ၏ ထက်မြက်သော ပညာစွမ်းရည်ဖြင့်လည်း အကြောင်းကို ထင်စွာ ပြခြင်း သည် ပေါင်းရုံးသက်ဝင်လတ္တံ့။ ထို့ကြောင့် ဤပြဿနာကို ကောင်းစွာ ဝေဖန်အပ်သည်၊ အလွန် ဆန်းကြယ်၍ အဓိပ္ပါယ် ပြည့်စုံသည်၊ သန့်ရှင်းစင်ကြယ်သည်၊ ကောင်းစွာ ထုတ်ဆောင်သည် ဖြစ်လတ္တံ့၊ မင်းမြတ် ဥပမာသော်ကား ကောင်းစွာ သင်ကြားအပ်ပြီးသည် ဖြစ်၍ လိမ္မာတတ်ကျွမ်းသော စာရေးဆရာ သည် ရေးသားရန် အကြောင်းအရာကို အမှတ်ရစေသည်ရှိသော် မိမိ၏ အကြောင်းကို ပြကာမျှဖြင့် ပြည့်စုံစေ၏။ ဤသို့လျှင် ထိုအရေးအသားသည် ပြီးမြောက်ပြည့်စုံသည် မယုတ်လျော့သည် ဖြစ်လတ္တံ့။ မင်းမြတ် ဤအတူသာလျှင် ဤအရာ၌ ငါ၏ ထက်မြက်သော ပညာစွမ်းရည်ကြောင့်လည်း အကြောင်းကို ထင်စွာ ပြခြင်းသည် ပေါင်းရုံးသက်ဝင်လတ္တံ့။ ထို့ကြောင့် ဤပြဿနာကို ကောင်းစွာ ဝေဖန်အပ်သည်၊ အလွန် ဆန်းကြယ်၍ အဓိပ္ပါယ် ပြည့်စုံသည်၊ သန့်ရှင်းစင်ကြယ်သည်၊ ကောင်းစွာ ဆောင်ပြအပ်သည် ဖြစ်လတ္တံ့။

မင်းမြတ် သာဝတ္ထိပြည်၌ ဘုရား၏ အရိယသာဝကဖြစ်ကုန်သော ငါးကုဋေမျှလောက်သော ဥပါသကာယောက်ျား ဥပါသိကာမိန်းမတို့သည် ရှိကြကုန်၏။ သုံးသိန်း ငါးသောင်း ခုနစ်ထောင်တို့သည် အနာဂါမိဖိုလ်၌ တည်ကုန်၏။ ထိုအလုံးစုံသောသူတို့သည်လည်း လူပုဂ္ဂိုလ်တို့ချည်းသာတည်း။ ရဟန်း မဟုတ်ကုန်။ ထို့ပြင် ထိုသာဝတ္ထိပြည်၌ပင် ကဏ္ဍဥယျာဉ်မှူး၏ သရက်ဖြူပင်ရင်း၌ အစုံအစုံသော တန်ခိုး ပြာဋိဟာကို ပြတော်မူသောအခါဝယ် ကုဋေနှစ်ဆယ်သော သတ္တဝါတို့သည် သစ္စာလေးပါးကို သိကြကုန်၏။ ထို့ပြင် စူဠရာဟုလောဝါဒသုတ်ကို ဟောတော်မူသော အခါ၌လည်းကောင်း၊ မဟာမင်္ဂလသုတ္တန်ကို ဟောတော်မူသော အခါ၌လည်းကောင်း၊ သမစိတ္တဒေသနာကို ဟောတော်မူသော အခါ၌လည်းကောင်း၊ ပရာဘဝသုတ်ကို ဟောတော်မူသော အခါ၌လည်းကောင်း၊ ပုရာဘေဒသုတ်ကို ဟောတော်မူသောအခါ၌လည်းကောင်း၊ ကလဟဝိဝါဒသုတ်ကို ဟောတော်မူသော အခါ၌လည်းကောင်း၊ စူဠဗျူဟသုတ်ကို ဟော တော်မူသော အခါ၌လည်းကောင်း၊ မဟာဗျူဟသုတ်ကို ဟောတော်မူသော အခါ၌လည်းကောင်း၊ တုဝဋ္ဋကသုတ်ကို ဟောတော်မူသောအခါ၌လည်းကောင်း၊ သာရိပုတ္တသုတ်ကို ဟောတော်မူသောအခါ၌လည်းကောင်း၊ အရေအတွက်ဂဏန်းကို လွန်ကုန်သော နတ်တို့သည် သစ္စာလေးပါးကို ထိုးထွင်း၍ သိကြကုန်၏။

ရာဇဂြိုဟ်မြို့တော်၌ သုံးသိန်း ငါးသောင်းကုန်သော ဥပါသကာယောက်ျား၊ ဥပါသိကာမိန်းမတို့သည် မြတ်စွာဘုရား၏ အရိယသာဝက ဖြစ်ကုန်၏။ ထိုရာဇဂြိုဟ်မြို့တော်၌ပင်လျှင် ဓနပါလဆင်ကို ဆုံးမသောအခါ၌ ကုဋေကိုးဆယ်သော သတ္တဝါတို့သည်လည်းကောင်း၊ ပါရာယနပုဏ္ဏား အစည်းအဝေး ဖြစ်သော ပါသာဏကစေတီ၌ တစ်ဆယ့်လေးကုဋေသော သတ္တဝါတို့သည်လည်းကောင်း သစ္စာလေးပါးကို ထိုးထွင်း၍ သိကုန်၏။ ထို့ပြင် ဣန္ဒသာလလိုဏ်၌ ကုဋေရှစ်ဆယ်သော နတ်တို့သည်လည်းကောင်း၊ ဗာရာဏသီမြို့တော် ဣသိပတနမိဂဒါဝုန်တောဝယ် ရှေးဦးစွာ တရားဟောတော်မူသော အခါ၌ တစ်ဆယ့် ရှစ်ကုဋေသော ဗြဟ္မာတို့သည်လည်းကောင်း၊ မရေမတွက်နိုင်သော နတ်တို့သည်လည်းကောင်း၊ ထို့ပြင် တာဝတိံသာနတ်ပြည် ပဏ္ဍုကမ္ဗလာကျောက်ဖျာ၌ (ဝါတွင်းသုံးလပတ်လုံး) အဘိဓမ္မာဒေသနာကို ဟောတော်မူသောအခါ ကုဋေရှစ်ဆယ်သော နတ်တို့သည်လည်းကောင်း၊ နတ်ပြည်မှ ဆင်းသက်တော်မူသောအခါ သင်္ကဿနဂိုရ်မြို့တော်၏ မြို့တံခါးဝယ် လောကဝိဝရဏ တန်ခိုးပြာဋိဟာကို ပြတော်မူသော အခါ၌ ကြည်ညိုကုန်သော နတ်၊ လူ၊ ကုဋေသုံးဆယ်တို့သည်လည်းကောင်း သစ္စာလေးပါးကို ထိုးထွင်း၍ သိကြကုန်၏။

ထို့ပြင် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံ၌ ဗုဒ္ဓဝင်ဒေသနာကို ဟောတော်မူသောအခါ၌လည်းကောင်း၊ မဟာသမယသုတ်ကို ဟောတော်မူသော အခါ၌လည်းကောင်း၊ အရေအတွက်ဂဏန်းကို လွန်ကုန်သော နတ်တို့သည် သစ္စာလေးပါးကို ထိုးထွင်း၍ သိကြကုန်၏။ ထို့ပြင် သုမနပန်းသည်၏ အစည်းအဝေး၌လည်းကောင်း၊ ဂရဟဒိန္နသူကြွယ်၏ အစည်းအဝေး၌လည်းကောင်း၊ အာနန္ဒသူဌေး၏ အစည်းအဝေး၌လည်းကောင်း၊ ဇမ္ဗုကတက္ကတွန်း၏ အစည်းအဝေး၌လည်းကောင်း၊

--

ဖားနတ်သား၏ အစည်းအဝေး၌လည်းကောင်း၊ မဋ္ဌကုဏ္ဍလီနတ်သား၏ အစည်းအဝေး၌လည်းကောင်း၊ သုလသာမည်သော ပြည့်တန်ဆာမ၏ အစည်းအဝေး၌လည်းကောင်း၊ သိရိမာမည်သော ပြည့်တန်ဆာမ၏ အစည်း အဝေး၌လည်းကောင်း၊ ပေသကာရီမည်သော ယက်ကန်းသည်သမီး၏ အစည်းအဝေး၌လည်းကောင်း၊ စူဠသုဘဒ္ဒါ၏ အစည်းအဝေး၌လည်းကောင်း၊ သာကေတပုဏ္ဏား၏ သင်းချိုင်းကို ကြည့်ရှုရန်လာသော အစည်းအဝေး၌လည်းကောင်း၊ သုနာပရန္တအစည်းအဝေး၌လည်းကောင်း၊ သက္ကပဥှ အစည်းအဝေး၌လည်းကောင်း၊ တိရောကုဋ္ဋ အစည်းအဝေး၌လည်းကောင်း၊ ရတနသုတ် အစည်းအဝေး၌လည်းကောင်း အသီး အသီး ရှစ်သောင်းလေးထောင်သော သတ္တဝါတို့သည် သစ္စာလေးပါးတရားကို ထိုးထွင်း၍ သိကြကုန်၏။ မင်းမြတ် အကြင်မျှလောက် မြတ်စွာဘုရားသည် လောက၌ တည်ရှိတော်မူ၏။ ထိုမျှလောက် ဒေသစာရီ ကြွချီရာ မဟာမဏ္ဍလစသော သုံးပါးတို့၌ ပြည်ကြီး တစ်ဆယ့်ခြောက်ပြည်တို့တွင် အကြင်အကြင် ပြည်၌ မြတ်စွာဘုရားသည် နေတော်မူ၏။ ထိုထို အရပ်၌ များသောအားဖြင့် နှစ်ယောက်၊ သုံးယောက်၊ လေးယောက်၊ ငါးယောက်၊ တစ်ရာ၊ တစ်ထောင်၊ တစ်သိန်းသော နတ်တို့သည်လည်းကောင်း၊ လူတို့ သည်လည်းကောင်း ငြိမ်းအေးသော ပရမတ္ထနိဗ္ဗာန်ကို မျက်မှောက်ပြုကုန်၏။ မင်းမြတ် အကြင်နတ်တို့ သည် ရှိကုန်၏။ ထိုနတ်တို့သည် လူ(ဝတ်ကြောင်)ပုဂ္ဂိုလ်တို့သာတည်း။ ရဟန်း မဟုတ်ကြကုန်။ မင်းမြတ် ဤသို့ ပြဆိုခဲ့ပြီးသော နတ်တို့သည်လည်းကောင်း၊ ဤမှတစ်ပါးကုန်သော များစွာသော နတ် ကုဋေတစ်သိန်းတို့သည်လည်းကောင်း အိမ်၌ နေကြ၍ ကာမဂုဏ်တို့ကို ခံစားကြသူ လူ(ဝတ်ကြောင်) ပုဂ္ဂိုလ်ဖြစ်ကြကုန်လျက် ငြိမ်းအေးသော ပရမတ္ထနိဗ္ဗာန်ကို မျက်မှောက်ပြုကုန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန အိမ်၌ နေကြ၍ ကာမဂုဏ်ကို ခံစားကြသူ လူပုဂ္ဂိုလ် ဖြစ်ကြသောလူတို့ သည် ငြိမ်းအေးသော ပရမတ္ထနိဗ္ဗာန်ကို အကယ်၍ မျက်မှောက်ပြုကုန်သည် ဖြစ်ပါအံ့။ ထိုသို့ ဖြစ်ပါမူ ဤဓူတင်တို့သည် အဘယ်အကျိုးကို ပြီးစေနိုင်ပါကုန်သနည်း။ ထို့ကြောင့် ဓူတင်တို့သည် ပြုဖွယ်ကိစ္စကို မပြုနိုင်ကြပါကုန်။ အသျှင်ဘုရားနာဂသေန မန္တရားဆေးဝါးတို့နှင့် ကင်း၍ အနာရောဂါတို့သည် အကယ် ၍ ငြိမ်းကုန်အံ့။ ဤသို့ ငြိမ်းကုန်မူ ပျို့အန်စေခြင်း၊ ဝမ်းလျောစေခြင်းစသည့် ကိုယ်အားနည်းအောင် ပြုလုပ်ခြင်းဖြင့် အဘယ်အကျိုးရှိပါအံ့နည်း။ လက်သီးတို့ဖြင့် ရန်သူကို နှိမ်နင်းနိုင်ခဲ့ပါမူ သန်လျက်၊ လှံ၊ မြား၊ လင်းလေး၊ တူးလေး၊ တုတ်၊ ဆောက်ပုတ်တို့ဖြင့် အဘယ်အကျိုးရှိပါအံ့နည်း။ သစ်ဖု၊ သစ်ကောက်၊ သစ်ခေါင်း၊ ဆူး၊ နွယ်၊ သစ်ခက်တို့ကို ကိုင်ဆွဲ၍ သစ်ပင်သို့ တက်နိုင်ခဲ့ပါမူ ရှည်လျား ခိုင်မြဲသော လှေကားကို ရှာမှီးခြင်းဖြင့် အဘယ်အကျိုးရှိပါအံ့နည်း။ အိပ်ရန် ပြုလုပ်ထားသော မြေအမြင့်၌ အိပ်သဖြင့် ဓာတ်သဘာဝညီညွတ်မျှတခြင်း ဖြစ်နိုင်ခဲ့ပါမူ ကောင်းသော အတွေ့ရှိသော၊ ကြီးမြတ်သော အသရေရှိသော အိပ်ရာကို ရှာမှီးသဖြင့် အဘယ်အကျိုးရှိပါအံ့နည်း။ တစ်ယောက်တည်း ရွံရှာဖွယ် ရှိသော၊ ဘေးမရှိသော၊ မညီညွတ်သော ခရီးခဲသို့ ကူးမြောက်ရန် စွမ်းနိုင်သည် ဖြစ်နိုင်ခဲ့ပါမူ ချပ်မိန်ညို ဝတ်ဆင်ခြင်း များပြားသော လှည်းကုန်သည်တို့ကို ရှာမှီးခြင်းဖြင့် အဘယ်အကျိုးရှိပါအံ့နည်း။ မြစ်၊ ထုံးအိုင်ကို လက်ပစ်ကူးခြင်းငှါ စွမ်းနိုင်သည် ဖြစ်ခဲ့ပါမူ အမြဲခင်းထားသော တံတား လှေကို ရှာမှီးသဖြင့် အဘယ် အကျိုးရှိပါအံ့နည်း။ မိမိဥစ္စာဖြင့် စားသောက် ဝတ်ဆင်ရန် စွမ်းနိုင်သည် ဖြစ်ခဲ့ပါမူ သူတစ်ပါးကို မှီဝဲ၍ ချစ်ဖွယ်သော စကားကို ပြောဆိုခြင်း၊ နောက်လိုက် ရှေ့ပြေး ပြုရခြင်းဖြင့် အဘယ်အကျိုး ရှိပါအံ့ နည်း။ မတူးရသော တစ်ဖက်ဆည်ကန်၌ ရေကို ရနိုင်ခဲ့ပါမူ၊ ရေတွင်း တစ်ဖက်ဆည်ကန် လေးထောင့် ကန်ကို တူးသဖြင့် အဘယ် အကျိုးရှိပါအံ့နည်း။ အသျှင်ဘုရားနာဂသေန ဤအတူသာလျှင် အိမ်၌ နေကြ၍ ကာမဂုဏ်ကို ခံစားကုန်သော လူပုဂ္ဂိုလ်တို့သည် ငြိမ်းအေးသော ပရမတ္ထနိဗ္ဗာန်ကို အကယ်၍ မျက်မှောက်ပြုနိုင်ကုန်သည် ဖြစ်ပါအံ့။ ဓူတင်အကျင့်ကို ဆောက်တည်ခြင်းဖြင့် အဘယ်အကျိုးရှိပါအံ့နည်းဟု (လျှောက်၏)။

--

မင်းမြတ် အကြင်ဂုဏ်ကျေးဇူးတို့ဖြင့် ဓူတင်အကျင့်တို့ကို အလုံးစုံသော မြတ်စွာဘုရားတို့ လေးမြတ်အပ်ကုန်၏။ တောင့်တအပ်ကုန်၏။ဟုတ်မှန်တိုင်းသော ဂုဏ်ဖြစ်ကုန်သော ဤဓူတင်၏ ဂုဏ် ကျေးဇူးတို့သည် နှစ်ဆယ့်ရှစ်ပါးတို့တည်း။ အဘယ် နှစ်ဆယ့်ရှစ်ပါးတို့နည်း-

မင်းမြတ် ဤသာသနာတော်၌ ဓူတင်အကျင့်သည်-

(၁) အသက်မွေးစင်ကြယ်ခြင်း၊

(၂) ချမ်းသာသော အကျိုးရှိခြင်း၊

(၃)အပြစ်ဒေါသ လွတ်ကင်းခြင်း၊

(၄) သူတစ်ပါးကို မဆင်းရဲစေရခြင်း၊

(၅) ဘေးရန် ကင်းလွတ်ရခြင်း၊

(၆) မနှိပ်စက် မညှဉ်းပန်းရခြင်း၊

(၇) စင်စစ် ကုသိုလ်တိုးပွါးခြင်း၊

(၈) မဆုတ်ယုတ်နိုင်ခြင်း၊

(၉) မာယာမရှိခြင်း၊

(၁၀) ကိုယ်ကို စောင့်ရှောက်ခြင်း၊

(၁၁) တောင့်တအပ်သည်ကို ပေးနိုင်ခြင်း၊

(၁၂) သတ္တဝါအားလုံးကို ဆုံးမနိုင်ခြင်း၊

(၁၃) စောင့်စည်းမှုဟူသော စီးပွါးရှိခြင်း၊

(၁၄) သူတော်ကောင်းအား လျော်ကန်ခြင်း၊

(၁၅) သူတစ်ပါးကို မမှီရခြင်း၊

(၁၆) လာဘ်၌ မက်မောခြင်းမှ ကင်းလွတ်ခြင်း၊

(၁၇)ရာဂကုန်ခန်းလွယ်ခြင်း၊

(၁၈) ဒေါသကုန်ခန်းလွယ်ခြင်း၊

(၁၉) မောဟကုန်ခန်းလွယ်ခြင်း၊

(၂၀) မာနကို ပယ်ပစ်နိုင်ခြင်း၊

(၂၁) မကောင်းသော အကြံကို ပယ်ဖြတ်နိုင်ခြင်း၊

(၂၂) ယုံမှားမှုကို လွန်မြောက်ရခြင်း၊

(၂၃) ပျင်းရိမှုကို ဖျက်ဆီးနိုင်ခြင်း၊

(၂၄) မမွေ့လျော်မှုကို ပယ်နိုင်ခြင်း၊

(၂၅) အရာရာဝယ် သည်းခံနိုင်ခြင်း၊

(၂၆) အတုမရှိခြင်း၊

(၂၇) ပြိုင်ယှဉ်ဘက်ကင်းခြင်း၊

(၂၈) အလုံးစုံသော ဆင်းရဲကုန်ရာ နိဗ္ဗာန်ပေါက်မြောက်ခြင်းဟူသော အကျိုးရှိ၏။

မင်းမြတ် အကြင်ဂုဏ်ကျေးဇူးတို့ဖြင့် ဓူတင်အကျင့်တို့ကို အလုံးစုံသော ဘုရားရှင်တို့ လေးမြတ် အပ်ကုန်၏။ တောင့်တအပ်ကုန်၏။ဟုတ်မှန်တိုင်းသော ဂုဏ်ဖြစ်ကုန်သော ထိုဓူတင်၏ ဂုဏ်ကျေးဇူးတို့သည် ဤနှစ်ဆယ့်ရှစ်ပါးတို့တည်း။

မင်းမြတ် ဓူတင်အကျင့်ကို ကောင်းစွာကျင့်သုံးမှီဝဲကုန်သောသူတို့သည် တစ်ဆယ့်ရှစ်ပါးသော ဂုဏ် ကျေးဇူးတို့နှင့် ပြည့်စုံကုန်၏။ အဘယ်တစ်ဆယ့်ရှစ်ပါးတို့နှင့် ပြည့်စုံကုန်သနည်းဟူမူ-

ထိုဓူတင်ဆောင်ပုဂ္ဂိုလ်တို့၏ (၁) အကျင့်သည် စင်ကြယ်၏။ (၂) ကျင့်ဝတ်သည် ကောင်းစွာ ပြည့်စုံ၏။ (၃) ကာယကံ ဝစီကံကို ကောင်းစွာ စောင့်ရှောက်အပ်သည် မည်၏။ (၄) စိတ် အလေ့အကျင့် သည် ကောင်းစွာ စင်ကြယ်၏။ (၅) လုံ့လကို ကောင်းစွာ ချီးမြှောက်အပ်၏။ (၆) ဘေးဥပဒ် ငြိမ်း၏။(၇) အတ္တဟုစွဲယူမှု ဒိဋ္ဌိကင်း၏။ (၈) ရန်ငြိုးထားခြင်း ကင်းလွတ်၏။ (၉) မေတ္တာတရား ရှေးရှူထင်၏။ (၁၀) သုံးဆောင်ဖွယ်(အာဟာရ) ကို ပိုင်းခြားနိုင်၏။ (၁၁) သတ္တဝါအားလုံး အလေးပြုအပ်၏။ (၁၂) စားဖွယ် (ဘောဇဉ်)၌ အတိုင်းအရှည်ကို သိ၏။ (၁၃) နိုးကြားမှုကို အားထုတ်နိုင်၏။ (၁၄) (စွဲလမ်းဖွယ်ရာ) နေရာကျောင်း မရှိ။ (၁၅) ချမ်းသာရာ အရပ်၌ နေနိုင်၏။ (၁၆) မကောင်းမှုကို စက်ဆုပ်တတ်၏။ (၁၇) ဆိတ်ငြိမ်ရာ၌ မွေ့လျော်၏။ (၁၈) အမြဲမပြတ် မမေ့မလျော့။ မင်းမြတ် ဓူတင်အကျင့်ကို ကောင်းစွာ ကျင့်သုံးမှီဝဲကုန်သော ရဟန်းတို့သည် ဤတစ်ဆယ့်ရှစ်ပါးသော ဂုဏ်တို့နှင့် ကောင်းစွာ ပြည့်စုံကုန်၏။

--

မင်းမြတ် တစ်ကျိပ်ကုန်သော ဤပုဂ္ဂိုလ်တို့သည် ဓူတင်အကျင့်ကို ကျင့်ထိုက်ကုန်၏။ အဘယ် တစ်ကျိပ်တို့ နည်းဟူမူ-့ ယုံကြည်မှု ‘သဒ္ဓါ’ ရှိသူ၊ မကောင်းမှုမှ ရှက်တတ်သူ၊

တည်ကြည်မှု ‘သမာဓိ’ ရှိသူ၊ အံ့ဖွယ်ကို မပြုတတ်သူ၊

အကျိုးကို ထုံလေ့ရှိသူ၊ မလျှပ်ပေါ်သူ၊

သိက္ခာ အကျင့်ကို လိုလားသူ၊ မြဲစွာ ဆောက်တည်မှု ရှိသူ၊

ကဲ့ရဲ့ခြင်းသဘော မရှိသူ၊ မေတ္တာပွါး၍ နေလေ့ရှိသူတည်း။

မင်းမြတ် ဤတစ်ကျိပ်သော ပုဂ္ဂိုလ်တို့သည် ဓူတင်အကျင့်ကို ကျင့်ထိုက်ကုန်၏။

မင်းမြတ် အိမ်၌ နေကြ၍ ကာမဂုဏ်ကို ခံစားကြလျက် ငြိမ်းအေးသော ပရမတ္ထနိဗ္ဗာန်ကို မျက်မှောက်ပြုကြသူ လူပုဂ္ဂိုလ်အားလုံးတို့သည် ရှေးဘဝတို့၌ တစ်ဆယ့်သုံးပါးကုန်သော ဓူတင်အကျင့်တို့ကို ချဉ်းကပ် ကျင့်ကြံခဲ့ဖူးကုန်၏။ နိဗ္ဗာန်ရောက်ကြောင်း ကံ၏ တည်ရာကို ပြုလုပ်ခဲ့ဖူးကုန်၏။ ထိုသူတို့သည် ထိုရှေးဘဝတို့က အလေ့အကျက်ကိုလည်းကောင်း၊ အကျင့် ပဋိပတ်ကိုလည်းကောင်း သုတ်သင်၍ ယခု ဤဘဝ၌ လူပုဂ္ဂိုလ်တို့သာ ဖြစ်ကြကုန်လျက် ငြိမ်းအေးသော ပရမတ္ထနိဗ္ဗာန်ကို မျက်မှောက်ပြုကုန်၏။

မင်းမြတ် ဥပမာသော်ကား တတ်ကျွမ်းသော လေးသမားသည် တပည့်တို့ကို ရှေးဦးစွာ မြား လေ့ကျင့်ရာ တဲမဏ္ဍပ်၌ လေးကို ဖြန့်ခွဲခြင်း၊ လေးတင်ခြင်း၊ လက်ဖြင့် လေးကို ကိုင်ယူခြင်း၊ ဆုပ်ညှပ်ခြင်း၊ လက်ချောင်းဖြင့် တွန်းဖယ်ခြင်း၊ ခြေထားခြင်း၊ မြားကိုယူခြင်း၊ လေး၌တင်ထားခြင်း၊ ပစ်ရန်ငင်ဆွဲခြင်း၊ ချိန်ရွယ်ခြင်း၊ မှတ်တိုင်ကိုမှတ်သားခြင်း၊ ပစ်ခတ်ခြင်းတို့ကိုလည်းကောင်း၊ မြက်ရုပ်၊ နွားချေးပုံ၊ မြက်ပုံ၊ ကောက်ရိုးပုံ၊ ပျဉ်ချပ် မှတ်တိုင်ပေါက်တို့ကိုလည်းကောင်း အထပ်ထပ် ပစ်ခတ် သင်ကြားစေ၍ မင်း၏အထံ၌ မြားအတတ်ကို ပြခြင်းဖြင့် နှစ်သက်စေလျက် အာဇာနည်မြင်းကသော ရထား၊ ဆင်၊ မြင်း၊ ဥစ္စာ၊ စပါး၊ ငွေ၊ ရွှေ၊ ကျွန်မိန်းမ၊ ကျွန်ယောက်ျား၊ မယား၊ ရွာဆုကို ရ၏။ မင်းမြတ် ဤအတူသာလျှင် အိမ်၌ နေကြ၍ ကာမဂုဏ်ခံစားကြပြီးလျှင် ငြိမ်းအေးသော ပရမတ္ထနိဗ္ဗာန်ကို မျက်မှောက်ပြုကြသူ လူပုဂ္ဂိုလ်အားလုံးတို့သည် ရှေးဘဝတို့၌ တစ်ဆယ့်သုံးပါးကုန်သော ဓူတင်အကျင့်တို့ကို ချဉ်းကပ် ကျင့်ကြံခဲ့ဖူးကုန်၏။ နိဗ္ဗာန်ရောက်ကြောင်း ကံ၏ တည်ရာကို ပြုလုပ်ခဲ့ဖူးကုန်၏။ ထိုသူတို့သည် ထိုရှေးဘဝတို့၌ပင် အလေ့အကျက်ကိုလည်းကောင်း၊ အကျင့် ပဋိပတ်ကိုလည်းကောင်း သုတ်သင်၍ ယခု ဤဘဝ၌ လူတို့သာ ဖြစ်ကြကုန်လျက် ငြိမ်းအေးသော ပရမတ္ထနိဗ္ဗာန်ကို မျက်မှောက် ပြုကုန်၏။ မင်းမြတ် တစ်ဆယ့်သုံးပါးသော ဓူတင်၏ ဂုဏ်ကျေးဇူးတို့၌ ရှေးဘဝက ကျင့်ကြံခဲ့ဖူးသည်ကို ကြဉ်ထား၍ တစ်ဘဝတည်း၌ပင် အရဟတ္တဖိုလ်ကို မျက်မှောက်မပြုနိုင်။ မြတ်သော အားထုတ်ခြင်းလုံ့လ မြတ်သော အကျင့် ထိုသို့သဘောရှိသော ဆရာ ကောင်းသော အဆွေခင်ပွန်းဖြင့် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုနိုင်၏။

မင်းမြတ် ဥပမာ တစ်နည်းသော်ကား အနာကို ထုတ်ပယ်တတ်သော ဆေးသမားသည် ဆရာကို ဥစ္စာဖြင့်လည်းကောင်း၊ ဝတ်ကြီးဝတ်ငယ်ဖြင့်လည်းကောင်း နှစ်သက်စေ၍ ဓားကိုင်ခြင်း၊ ဖြတ်လှီးခြင်း၊ ခြစ်ဆွဲခြင်း၊ ထိုးဖောက်ခြင်း၊ ငြောင့်ထုတ်ခြင်း၊ အနာကို ဖန်ရေဆေးခြင်း၊ ပြည်ခန်းခြောက်စေခြင်း၊ ဆေးတင်လိမ်းကျံခြင်း၊ ပျို့အန်စေခြင်း၊ ဝမ်းသက်စေခြင်း၊ (အသားနုတက်ရန်) ဆေးဖြင့် ထုံခြင်း အမှု မျိုးကို သင်ကြား၍ ဆေးအတတ်တို့၌ သင်အပ်ပြီးသော အတတ်ရှိ၍ ပြုလုပ်ပြီးသော အလေ့အကျက် ရှိကာ လက်ကျင့်ရပြီးသော အခါမှ အနာရှိသောသူတို့ထံ ဆေးကုခြင်းငှါ ချဉ်းကပ်၏။ မင်းမြတ် ဤအတူ သာလျှင် အိမ်၌ နေကြ၍ ကာမဂုဏ်ခံစားကြပြီးလျှင် ငြိမ်းအေးသော ပရမတ္ထနိဗ္ဗာန်ကို မျက်မှောက်ပြုကြ သူ လူပုဂ္ဂိုလ်အားလုံးတို့သည် ရှေးဘဝတို့က တစ်ဆယ့်သုံးပါးကုန်သော ဓူတင်အကျင့်တို့၌ ချဉ်းကပ် ကျင့်ကြံခဲ့ဖူးကုန်၏။ နိဗ္ဗာန်ရောက်ကြောင်း ကံ၏တည်ရာကို ပြုလုပ်ခဲ့ဖူးကုန်၏။ ထိုသူတို့သည် ထိုရှေးဘဝတို့ကပင် အလေ့အကျက်ကိုလည်းကောင်း၊ အကျင့်ပဋိပတ်ကိုလည်းကောင်း သုတ်သင်၍ ယခု ဤဘဝ၌ လူတို့သည်ပင် ဖြစ်ကုန်လျက် ငြိမ်းအေးသော ပရမတ္ထနိဗ္ဗာန်ကို မျက်မှောက်ပြုကုန်၏။ မင်းမြတ် တစ်ဆယ့်သုံးပါးကုန်သော ဓူတင်အကျင့်ကို မကျင့်ဖူးသူတို့အား သစ္စာတရားကို ထိုးထွင်း၍ သိခြင်းသည် မဖြစ်။

--

မင်းမြတ် ဥပမာသော်ကား ရေကို မသွန်းလောင်းခြင်းကြောင့် မျိုးစေ့ မပေါက်ရောက်နိုင်။ မင်းမြတ် ဤအတူသာလျှင် ဓူတင်အကျင့်ကို မကျင့်ဖူးသူတို့အား သစ္စာတရားကို ထိုးထွင်း၍ သိခြင်းသည် မဖြစ်။

မင်းမြတ် ဥပမာ တစ်နည်းသော်ကား ကုသိုလ်မပြုဖူးသူတို့အားလည်းကောင်း၊ ကောင်းမှုမပြုဖူးသူတို့အားလည်းကောင်း သုဂတိသို့ လားခြင်းသည် မဖြစ်။ မင်းမြတ် ဤအတူသာလျှင် ဓူတင်အကျင့် မကျင့်ဖူးသူတို့အား သစ္စာတရားကို ထိုးထွင်း၍ သိခြင်းသည် မဖြစ်။

မင်းမြတ် ဓူတင်အကျင့်သည် အထူးသဖြင့် စင်ကြယ်ရာ နိဗ္ဗာန်ကို လိုလားသူတို့၏ တည်ရာသဘော ရှိသောကြောင့် မြေကြီးနှင့် တူ၏။

မင်းမြတ် ဓူတင်အကျင့်သည် နိဗ္ဗာန်ကို လိုလားသူတို့၏ အလုံးစုံသော ကိလေသာအညစ်အကြေးကို ဆေးကြောသုတ်သင်တတ်သော သဘောရှိသောကြောင့် ရေနှင့် တူ၏။

မင်းမြတ် ဓူတင်အကျင့်သည် နိဗ္ဗာန်ကို လိုလားသူတို့၏ အလုံးစုံသော ကိလေသာတည်းဟူသော အနာကို လောင်မြိုက်စေတတ်သော သဘောရှိသောကြောင့် မီးနှင့် တူ၏။

မင်းမြတ် ဓူတင်အကျင့်သည် နိဗ္ဗာန်ကို လိုလားသူတို့၏ အလုံးစုံသော ကိလေသာအညစ်အကြေး မြူမှုန်ကို မျှောတတ် လွှင့်တတ်သော သဘောရှိသောကြောင့် လေနှင့် တူ၏။

မင်းမြတ် ဓူတင်အကျင့်သည် နိဗ္ဗာန်ကို လိုလားသူတို့၏ အလုံးစုံသော ကိလေသာအနာကို ငြိမ်းစေ တတ်သော သဘောရှိသောကြောင့် အဆိပ်ဖြေဆေးနှင့် တူ၏။

မင်းမြတ် ဓူတင်အကျင့်သည် နိဗ္ဗာန်ကို လိုလားသူတို့၏ အလုံးစုံသော ကိလေသာအဆိပ်ကို ဖျောက်ဖျက်တတ်သော သဘောရှိသောကြောင့် အမြိုက်ရည်နှင့် တူ၏။

မင်းမြတ် ဓူတင်အကျင့်သည် နိဗ္ဗာန်ကို လိုလားသူတို့၏ အလုံးစုံသော မဂ်ဖိုလ်ဟူသော ကောက်ပင်၏ ပေါက်ရောက်ရာဖြစ်သော သဘောရှိသောကြောင့် လယ်နှင့် တူ၏။

မင်းမြတ် ဓူတင်အကျင့်သည် နိဗ္ဗာန်ကို လိုလားသူတို့၏ တောင့်တတိုင်း အလိုရှိတိုင်းသော အလုံးစုံသော စည်းစိမ်မြတ်ကို ပေးတတ်သော သဘောရှိသောကြောင့် မနောဟရပတ္တမြားနှင့် တူ၏။

မင်းမြတ် ဓူတင်အကျင့်သည် နိဗ္ဗာန်ကို လိုလားသူတို့၏ သံသရာတည်းဟူသော မဟာသမုဒ္ဒရာ၏ ကမ်းတစ်ဖက်သို့ ရောက်ကြောင်းဖြစ်သော သဘောရှိသောကြောင့် လှေနှင့် တူ၏။

မင်းမြတ် ဓူတင်အကျင့်သည် နိဗ္ဗာန်ကို လိုလားကုန်သော အိုခြင်း သေခြင်းမှ ကြောက်ကုန်သောသူတို့၏ သက်သာရာကို ပြုတတ်သော သဘောရှိသောကြောင့် ကြောက်ဖွယ်ဘေးရန်မှ စောင့်ရှောက်ရာ ပုန်းအောင်းရာနှင့် တူ၏။

မင်းမြတ် ဓူတင်အကျင့်သည် နိဗ္ဗာန်ကို လိုလားကုန်သော ကိလေသာဆင်းရဲဖြင့် နှိပ်စက်ခံရသောသူတို့ကို အစဉ်ချီးမြှောက်သော သဘောရှိသောကြောင့် မိခင်နှင့် တူ၏။

မင်းမြတ် ဓူတင်အကျင့်သည် နိဗ္ဗာန်ကို လိုလားကုန်သော ကုသိုလ်၏ တိုးပွါးခြင်းကို အလိုရှိကုန်သောသူတို့၏ အလုံးစုံသော မဂ်ဖိုလ်ကို ဖြစ်စေတတ်သော သဘောရှိသောကြောင့် အဖနှင့် တူ၏။

မင်းမြတ် ဓူတင်အကျင့်သည် နိဗ္ဗာန်ကို လိုလားသူတို့၏ အလုံးစုံသော ရဟန်း၏ ဂုဏ်ကျေးဇူးကို ရှာခြင်း၌ မချွတ်ယွင်းစေတတ်သော သဘောရှိသောကြောင့် မိတ်ဆွေနှင့် တူ၏။

--

မင်းမြတ် ဓူတင်အကျင့်သည် နိဗ္ဗာန်ကို လိုလားသူတို့၏ အလုံးစုံသော ကိလေသာ အညစ်အကြေးတို့ဖြင့် မလိမ်းကျံသော သဘောရှိသောကြောင့် ပဒုမ္မာကြာနှင့် တူ၏။

မင်းမြတ် ဓူတင်အကျင့်သည် နိဗ္ဗာန်ကို လိုလားသူတို့၏ ကိလေသာတည်းဟူသော မကောင်းသော အနံ့ဆိုးကို ပယ်ဖျောက်တတ်သော သဘောရှိသောကြောင့် နံ့သာမျိုးလေးပါး၏ မြတ်သော အနံ့နှင့် တူ၏။

မင်းမြတ် ဓူတင်အကျင့်သည် နိဗ္ဗာန်ကို လိုလားသူတို့၏ လောကဓံတရားရှစ်ပါးဟူသော လေတို့ဖြင့် မတုန်လှုပ်သော သဘောရှိသောကြောင့် မြင်းမိုရ်တောင်မြတ်နှင့် တူ၏။

မင်းမြတ် ဓူတင်အကျင့်သည် နိဗ္ဗာန်ကို လိုလားသူတို့၏ အလုံးစုံ၌ ကိုင်ယူခြင်းမှ ကင်း၍ ကြီးပျံ့ ရှည်လျား ကျယ်ဝန်းသော သဘောရှိသောကြောင့် ကောင်းကင်နှင့် တူ၏။

မင်းမြတ် ဓူတင်အကျင့်သည် နိဗ္ဗာန်ကို လိုလားသူတို့၏ ကိလေသာ အညစ်အကြေးကို မျှောတတ်သော သဘောရှိသောကြောင့် မြစ်နှင့် တူ၏။

မင်းမြတ် ဓူတင်အကျင့်သည် နိဗ္ဗာန်ကို လိုလားသူတို့၏ ပဋိသန္ဓေနေရခြင်း ခရီးခဲ ကိလေသာ တောခြုံမှ ထွက်မြောက်တတ်သော သဘောရှိသောကြောင့် လမ်းညွှန်လမ်းပြကောင်းနှင့် တူ၏။

မင်းမြတ် ဓူတင်အကျင့်သည် နိဗ္ဗာန်ကို လိုလားသူတို့ကို အလုံးစုံသော ဘေးတို့မှ ကင်းဆိတ်၍ ချမ်းအေးရာ ဘေးလွတ်ရာ ဖြစ်သော တောင့်တအပ် မြတ်သော နိဗ္ဗာန်မြို့တော်သို့ ရောက်စေတတ်သော သဘော ရှိသောကြောင့် လှည်းမှူးကြီးနှင့် တူ၏။

မင်းမြတ် ဓူတင်အကျင့်သည် နိဗ္ဗာန်ကို လိုလားသူတို့၏ သင်္ခါရသဘောကို ပြတတ်သော သဘောရှိ သောကြောင့် ကောင်းစွာ တိုက်ချွတ်ထားသော အညစ်အကြေး ကင်းသော ကြေးမုံ (မှန်)နှင့် တူ၏။

မင်းမြတ် ဓူတင်အကျင့်သည် နိဗ္ဗာန်ကို လိုလားသူတို့၏ ကိလေသာ ဆောက်ပုတ် မြား လှံတို့ကို တားမြစ်တတ်သော သဘောရှိသောကြောင့် ကာနှင့် တူ၏။

မင်းမြတ် ဓူတင်အကျင့်သည် နိဗ္ဗာန်ကို လိုလားသူတို့၏ ကိလေသာတည်းဟူသော မိုးနှင့် မီးသုံးပါးတို့၏ အပူဟူသော နေပူမှ တားမြစ်တတ်သော သဘောရှိသောကြောင့် ထီးနှင့် တူ၏။

မင်းမြတ် ဓူတင်အကျင့်သည် နိဗ္ဗာန်ကို လိုလားသူတို့၏ ချစ်အပ် တောင့်တအပ်သော သဘော ရှိသောကြောင့် လနှင့် တူ၏။

မင်းမြတ် ဓူတင်အကျင့်သည် နိဗ္ဗာန်ကို လိုလားသူတို့၏ မောဟဟူသော အလွန် မိုက်သော မှောင်ကို ပယ်ဖျောက်တတ်သော သဘောရှိသောကြောင့် နေနှင့် တူ၏။

မင်းမြတ် ဓူတင်အကျင့်သည် နိဗ္ဗာန်ကို လိုလားသူတို့၏ များသော အပြားရှိသော မဂ်ဖိုလ်ဟူသော မြတ်သော ရတနာကို ဖြစ်ပေါ်စေတတ်သော သဘောရှိသောကြောင့်လည်းကောင်း၊ မခြင်တွယ်နိုင် မရေတွက်နိုင် မနှိုင်းရှည့်နိုင်သော သဘောရှိသောကြောင့်လည်းကောင်း သမုဒ္ဒရာနှင့် တူ၏။

မင်းမြတ် ဤသို့လျှင် ဓူတင်အကျင့်သည် နိဗ္ဗာန်ကိုလိုလားသူတို့အား များသောကျေးဇူးရှိ၏။ အလုံးစုံသော ပူပန်ခြင်း၊ ပင်ပန်းခြင်းတို့ကို ပယ်ဖျောက်နိုင်၏။ မမွေ့လျော်ခြင်းကို ပယ်ဖျောက်နိုင်၏။ ကြောက်ဖွယ်ဘေးကို ပယ်ဖျောက်နိုင်၏။ ဘဝကို ပယ်ဖျောက်နိုင်၏။ ငြောင့်တံသင်းကို ပယ်ဖျောက်နိုင်၏။ အညစ်အကြေးကို ပယ်ဖျောက်နိုင်၏။ ပူဆွေးစိုးရိမ်ခြင်းကို ပယ်ဖျောက်နိုင်၏။ ဆင်းရဲခြင်းကို ပယ်ဖျောက် နိုင်၏။ရာဂကို ပယ်ဖျောက်နိုင်၏။ ဒေါသကို ပယ်ဖျောက်နိုင်၏။ မောဟကို ပယ်ဖျောက်နိုင်၏။ မာနကို ပယ်ဖျောက်နိုင်၏။ ဒိဋ္ဌိကို ပယ်ဖျောက်နိုင်၏။ အလုံးစုံသော အကုသိုလ်ဓမ္မကို ပယ်ဖျောက်နိုင်၏။ အခြံအရံ အကျော်အစောကို ဆောင်ရွက်နိုင်၏။ အစီးအပွါးကို ဆောင်ရွက်နိုင်၏။ ချမ်းသာကို ဆောင်ရွက်နိုင်၏။ ချမ်းသာစွာ နေရခြင်းကို ပြုနိုင်၏။ နှစ်သက်မှုကို ပြုနိုင်၏။ ယောဂ၏ကုန်ခြင်းကို ပြုနိုင်၏။ အပြစ်မရှိ အလိုရှိအပ်သော ချမ်းသာခြင်း အကျိုးရှိ၏။ ကျေးဇူးအစု ကျေးဇူးအပုံ မရေတွက်အပ် မနှိုင်းရှည့်အပ်သော မြတ်သော ဂုဏ်ရှိသည် ဖြစ်၍ တောင့်တအပ်၏။ အလွန် တောင့်တအပ်၏။ မြတ်၏။

--

မင်းမြတ် ဥပမာသော်ကား လူတို့သည် အထောက်အပံ့ အစွမ်းအားဖြင့် ဘောဇဉ်ကို မှီဝဲကုန်၏။ အစီးအပွါး၏ အစွမ်းဖြင့် ဆေးကို မှီဝဲကုန်၏။ ကျေးဇူး၏ အစွမ်းဖြင့် မိတ်ဆွေကို မှီဝဲကုန်၏။့ကူးမြောက်ခြင်း၏ အစွမ်းဖြင့် လှေကို မှီဝဲကုန်၏။ ကောင်းသော အနံ့၏ အစွမ်းဖြင့် ပန်းနံ့သာကို မှီဝဲကုန်၏။ ဘေးကင်းသည်၏ အစွမ်းဖြင့် ဘေးရန် တားမြစ်နိုင်သောသူကို မှီဝဲကုန်၏။ တည်ရာ အစွမ်းဖြင့် မြေကြီးကို မှီဝဲကုန်၏။ အတတ်ပညာ၏ အစွမ်းဖြင့် ဆရာကို မှီဝဲကုန်၏။ အခြံအရံ အကျော် အစော၏ အစွမ်းဖြင့် မင်းကို မှီဝဲကုန်၏။ အလိုရှိတိုင်းကို ပေးနိုင်သည်၏ အစွမ်းဖြင့် ပတ္တမြားရတနာကို မှီဝဲကုန်၏။ မင်းမြတ် ဤအတူသာလျှင် အလုံးစုံသော မဂ်ဖိုလ်ကို ပေးတတ်သည်၏ အစွမ်းဖြင့် အရိယာတို့သည် ဓူတင်အကျင့်ကို မှီဝဲကုန်၏။

မင်းမြတ် ဥပမာ တစ်နည်းသော်ကား ရေသည် မျိုးစေ့ ပေါက်ရောက်ခြင်းငှါ ဖြစ်၏။ မီးသည် လောင်ကျွမ်းခြင်းငှါ ဖြစ်၏။ အာဟာရသည် ခွန်အားကို ဆောင်ခြင်းငှါ ဖြစ်၏။ နွယ်ပင်သည် ဖွဲ့ချည်ခြင်းငှါ ဖြစ်၏။ ဓားသည် ခုတ်ဖြတ်ခြင်းငှါ ဖြစ်၏။ သောက်ရေသည် မွတ်သိပ်ခြင်းကို ပယ်ဖျောက်ခြင်းငှါ ဖြစ်၏။ ရွှေအိုးသည် သက်သာရာကို ပြုခြင်းငှါ ဖြစ်၏။ လှေသည် ကမ်းတစ်ဖက်သို့ ရောက်စေခြင်းငှါ ဖြစ်၏။ ဆေးသည် အနာကို ငြိမ်းစေခြင်းငှါ ဖြစ်၏။ ယာဉ်သည် ချမ်းသာစွာ သွားခြင်းငှါ ဖြစ်၏။ ကြောက်သူတို့၏ ခိုလှုံအားကိုးရာသည် ကြောက်လန့်မှုကို ပယ်ဖျောက်ခြင်းငှါ ဖြစ်၏။ မင်းသည် စောင့်ရှောက်ခြင်းငှါ ဖြစ်၏။ ကာသည် တုတ်၊ ခဲ၊ ဆောက်ပုတ်၊ မြား၊ လှံကို တားမြစ်ခြင်းငှါ ဖြစ်၏။ ဆရာသည် ဆုံးမ သွန်သင်ခြင်းငှါ ဖြစ်၏။ အမိသည် ကျွေးမွေးသုတ်သင်ခြင်းငှါ ဖြစ်၏။ ကြေးမုံ (မှန်) သည် ကြည့်ရှုခြင်းငှါ ဖြစ်၏။ တန်ဆာသည် တင့်တယ်စေခြင်းငှါ ဖြစ်၏။ အဝတ်သည် ဖုံးလွှမ်းခြင်းငှါ ဖြစ်၏။ လှေကားသည် တက်ခြင်းငှါ ဖြစ်၏။ ချိန်သည် မညီမျှသည်ကို ပယ်ခြင်းငှါ ဖြစ်၏။ မန္တရားသည် မန်းမှုတ်ခြင်းငှါ ဖြစ်၏။ လက်နက်သည် ခြိမ်းချောက်ခြင်းကို တားမြစ်ခြင်းငှါ ဖြစ်၏။ ဆီမီးသည် အမိုက်တိုက်ကို ပယ်ဖျောက် မှုတ်လွှင့်ခြင်းငှါ ဖြစ်၏။ လေသည် ပူအိုက်မှုကို ငြိမ်းစေခြင်းငှါ ဖြစ်၏။ အတတ်ပညာသည် အသက်မွေး မှုကို ပြီးစေခြင်းငှါ ဖြစ်၏။ ဆေးသည် အသက်ကို စောင့်ရှောက်ခြင်းငှါ ဖြစ်၏။ သတ္တုတွင်းသည် ရတနာကို ဖြစ်စေခြင်းငှါ ဖြစ်၏။ ရတနာသည် တန်ဆာဆင်ခြင်းငှါ ဖြစ်၏။ အာဏာသည် မလွန်ကျူး စိမ့်သောငှါ ဖြစ်၏။ အစိုးရမှုသည် အလိုသို့ လိုက်စေခြင်းငှါ ဖြစ်၏။

မင်းမြတ် ဤအတူသာလျှင် ဓူတင်အကျင့်သည် မဂ်ဖိုလ်မျိုးစေ့ကို ပေါက်ရောက်စေခြင်းငှါ ဖြစ်၏။ ကိလေသာ အညစ်အကြေးကို လောင်ကျွမ်းစေခြင်းငှါ ဖြစ်၏။ တန်ခိုးအစွမ်းကို ဆောင်ခြင်းငှါ၊ အောက်မေ့ စောင့်စည်းမှု ‘သတိသံဝရ’ ကို မြဲမြံစွာ ဖွဲ့ခြင်းငှါ၊ တွေးတောမှု မဝေခွဲနိုင်မှုကို ဖြတ်တောက်ခြင်းငှါ၊ တဏှာ မွတ်သိပ်မှုကို ပယ်ဖျောက်ခြင်းငှါ၊ သစ္စာလေးပါးတရားကို ထိုးထွင်း၍ သိမှုဟူသော သက်သာရာ ပြုခြင်း ငှါ၊ ဩဃလေးပါးမှ ထွက်မြောက်ခြင်းငှါ၊ ကိလေသာ အနာငြိမ်းခြင်းငှါ၊ နိဗ္ဗာန်ချမ်းသာကို ရခြင်းငှါ၊ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသဟူသော ဘေးတို့ကို ပယ်ဖျောက်ခြင်းငှါ၊ မဂ်ဖိုလ်ကို စောင့်ရှောက်ခြင်းငှါ၊ မမွေ့လျော်မှု မကောင်းသော ကြံစည်မှုကို ပယ် ဖျောက်ခြင်းငှါ၊ အလုံးစုံသော မဂ်ဖိုလ်ဟူသော အကျိုးကို ဆုံးမခြင်းငှါ၊ အလုံးစုံသော မဂ်ဖိုလ်ဟူသော ဂုဏ်ကျေးဇူးကို မွေးမြူခြင်းငှါ၊ သမထဝိပဿနာ မဂ်ဖိုလ်နိဗ္ဗာန်ကို မြင်ခြင်းငှါ၊ အလုံးစုံသော လောက၏ ချီးကျူးထောမနာမှု များစွာ တင့်တယ်မှုကို ပြုခြင်းငှါ၊ အလုံးစုံသော အပါယ်ကို ပိတ်ပင်ခြင်းငှါ၊ မဂ်ဖိုလ်ဟူသော တောင်ထွတ် တောင်ထိပ်သို့ တက်ရောက်ခြင်းငှါ၊ ကောက်ကျစ်လိမ်တွန့်၍ မညီမညွတ်သော စိတ်ကို ပယ်ဖျောက်ခြင်းငှါ၊ မှီဝဲအပ်သော တရား၊ မမှီဝဲအပ်သော တရားတို့ကို ကောင်းစွာ သရဇ္ဈာယ် မှုကို ပြုခြင်းငှါ၊ အလုံးစုံသော ကိလေသာရန်သူကို ခြိမ်းချောက်ခြင်းငှါ၊ အဝိဇ္ဇာတည်းဟူသော အမိုက် တိုက်ကို ပယ်ဖျောက် ဖုံးလွှမ်းခြင်းငှါ၊ သုံးပါးသော မီးဖြင့် ပူလောင်အိုက်စပ်မှုကို ငြိမ်းစေခြင်းငှါ၊ နူးညံ့ သိမ်မွေ့ငြိမ်သက်သော သမာပတ်ကို ပြီးစေခြင်းငှါ၊ အလုံးစုံသော မဂ်ဖိုလ်ကို ထက်ဝန်းကျင် စောင့် ရှောက်ခြင်းငှါ၊ ဗောဇ္ဈင်မြတ်ရတနာကို ဖြစ်စေခြင်းငှါ၊ ယောဂီပုဂ္ဂိုလ်တို့၏ တန်ဆာဆင်ခြင်းငှါ၊ အပြစ် မရှိသော သိမ်မွေ့နူးညံ့ ငြိမ်းအေးသော ချမ်းသာကို မလွန်ခြင်းငှါ၊ အလုံးစုံသော မဂ်ဖိုလ်ဟူသော အရိယ ဓမ္မ၏ အလိုသို့ လိုက်ခြင်းငှါ ဖြစ်၏။

--

မင်းမြတ် ဤသို့လျှင် တစ်ခုတစ်ခုစီသော ဓူတင်အကျင့်သည် ရှိ၏။ ဤဆိုအပ်ခဲ့ပြီးသော ဂုဏ်ကျေးဇူးတို့ကို ရခြင်းငှါ ဖြစ်၏။ မင်းမြတ် ဤသို့လျှင် ဓူတင်ဟူသော ဂုဏ် ကျေးဇူးသည် မချိန်စက်နိုင်။ မနှိုင်းရှည့်နိုင်။ အတုမရှိ ပြိုင်ဘက်ကင်း၏။ တူသော အဖို့မရှိ။ အတုမရှိ ချီးမွမ်းအပ်၏။ လွန်ကဲ၏။ မြတ်၏။ ထူး၏။ ပိုလွန်၏။ ရှည်၏။ ကြီး၏။ ပျံ့၏။ အရာကျယ်၏။ လေး၏။ ဝန်လေး၏။ ကြီးမြတ်လှ၏။

မင်းမြတ် ယုတ်မာသော အလိုရှိသော၊ အလိုဆိုး နှိပ်စက်သော၊ အံ့ဖွယ်ကို ပြုတတ်သော၊ လောဘ ကြီးသော၊ ဝမ်းရေးကို ငဲ့ကွက်သော၊ လာဘ်ကို တပ်မက်လိုလားသော၊ အခြံအရံ အကျော်အစောကို လိုလားသော၊ ကျော်ကြားသည်ကို လိုလားသော၊ ဓူတင်နှင့် မလျော်သော၊ ဓူတင်ကျင့်ခွင့် မသင့်သော၊ ဓူတင်အား မလျောက်ပတ်သော၊ ဓူတင်နှင့် မထိုက်တန်သော၊ ဓူတင်နှင့် မသင့်လျော်သော အကြင် ပုဂ္ဂိုလ် သည် ဓူတင်ကို ဆောက်တည် ကျင့်သုံး၏။ ထိုပုဂ္ဂိုလ်သည် နှစ်ပြန် နှစ်ဆတက်သော အပြစ်ဒဏ်သို့ ရောက်၏။ အလုံးစုံသော ဂုဏ်ကို ဖျက်ဆီးရာ ရောက်၏။ ဒိဋ္ဌဓမ္မဖြစ်သော ကဲ့ရဲ့ခြင်း၊ ရှုတ်ချခြင်း၊ အပြစ်ဆိုခြင်း၊ မျက်မှောက် ပြက်ရယ်ပြုခြင်း၊ နှိပ်ချခြင်း၊ အတူမပေါင်းသင်းခြင်း၊ ပယ်ထုတ်ခြင်း၊ ဖယ်ရှားခြင်း၊ အပပြုခြင်း၊ နှင်ထုတ်ခြင်းကို ရ၏။ တမလွန်ဘဝ၌လည်း ယူဇနာတစ်ရာ ရှိ၍ ပူလောင်သော၊ ပြင်းထန်စွာ ပူသော၊ ရဲရဲ ပူသော၊ ပြောင်ပြောင် တောက်လောင်သော၊ မီးတောက်မီးလျှံ မီးပန်း ထွက်သော အဝီစိငရဲကြီး၌ ကုဋေသိန်းပေါင်းများစွာသော နှစ်တို့ပတ်လုံး အထက်အောက် ဖီလာအားဖြင့် ဖူးဖူးရောင်သော ကိုယ်ရှိသည် ဖြစ်၍ တပြောင်းပြန်ပြန် ကျက်ရသေး၏။ ထိုအဝီစိငရဲကြီးမှ လွတ်ပြန်သော် ကြုံလှီကြမ်းကြုတ် မည်းညစ်သော ကိုယ်အင်္ဂါရှိသည် ဖြစ်၍၊ ခွေးကောင်ပုပ်ကဲ့သို့ ဖူးဖူးမောက်မောက် အပေါက်များသော ဦးခေါင်းရှိလျက် ဆာလောင်မွတ်သိပ်ကာ၊ မညီမညွတ် ကြောက်ဖွယ်သော အဆင်း သဏ္ဌာန်ရှိရ၍ နားပြတ် နှာခေါင်းကြိုးဖြစ်လျက် ဖွင့်တုံ မှိတ်တုံဖြစ်သော မျက်စိရှိရလျက်၊ အနာများသော ကိုယ် ခြောက်ကပ်သော ကိုယ်ရှိရ၍ ပိုးလောက်တို့ဖြင့် ပြွမ်းသော အလုံးစုံသော ကိုယ်ရှိရကား၊ လေပေါက်ဝ၌ တောက်လောင်နေသော မီးပုံစုကဲ့သို့ ကိုယ်တွင်း၌ တောက်လောင်လျက်၊ တပြောင်ပြောင် လောင်ကျွမ်း၍ မှီခိုရာမဲ့ ကိုးစားရာမရှိဘဲ ငိုကာ ယိုကာ သနားစရာသော အသံကို ဟစ်ကြွေး မြည် တမ်းလျက်၊ နိဇ္ဈာမတဏှိက အမည်ရှိသော ရဟန်းပြိတ္တာကြီး ဖြစ်ရ၍ မြေအပြင်၌ ထိုမှ ဤမှ လှည့်လည် သွားလာလျက် နာကျင်လှစွာသော အသံကို ပြုရလေ၏။

မင်းမြတ် မင်းနှင့် မလျော်သော၊ မင်းနှင့် အခွင့်မသင့်သော၊ မင်းနှင့် မလျောက်ပတ်သော၊ မင်းနှင့် မထိုက်တန်သော၊ မင်းနှင့် မသင့်လျော်သော၊ ယုတ်သော၊ မကောင်းသော အမျိုးဇာတ်ရှိသော၊ တစ်စုံ တစ်ယောက်သောသူသည် မင်းတို့၏ အဘိသိက်ဖြင့် အဘိသိက်သွန်း၏။ ထိုသူသည် လက်ဖြတ်ခြင်း၊ ခြေဖြတ်ခြင်း၊ လက်ခြေ ဖြတ်ခြင်း၊ နားဖြတ်ခြင်း၊ နှာခေါင်းဖြတ်ခြင်း၊ နားနှာခေါင်းဖြတ်ခြင်း၊ ပုန်းရည်အိုး ခေါ် ညှဉ်းပန်းမှုကို ပြုခြင်း၊ ခရုသင်းဦးပြည်းခေါ် ညှဉ်းပန်းမှုကို ပြုခြင်း၊ရာဟုခံတွင်းခေါ် ညှဉ်းပန်းမှု ကို ပြုခြင်း၊ မီးပန်းခေါ် ညှဉ်းပန်းမှုကို ပြုခြင်း၊ လက်ဆီမီးခေါ် ညှဉ်းပန်းမှုကို ပြုခြင်း၊ ပြိန်းရွက်ခေါ် ညှဉ်းပန်းမှုကို ပြုခြင်း၊ လျှော်တေအဝတ်ခေါ် ညှဉ်းပန်းမှုကို ပြုခြင်း၊ ဧဏီသားမီးမြှိုက်ခေါ် ညှဉ်းပန်းမှု ကို ပြုခြင်း၊ ငါးမျှားချိတ်ဖြင့် အသားလွှာမှုကို ပြုခြင်း၊ ကျပ်ပြားမျှလောက် အသားပြတ်မှု ပြုခြင်း၊ အသားကို မွန်း၍ ဆားငံရေလောင်းမှုကို ပြုခြင်း၊ တံခါးကျဉ်လှည့်ခေါ် ညှဉ်းပန်းမှုကို ပြုခြင်း၊ ကောက်ရိုးထုံးခေါ် ညှဉ်းပန်းမှုကို ပြုခြင်း၊ ဆီပူဖြင့် သွန်းလောင်းခြင်း၊ ခွေးတို့ကို ကိုက်စားစေခြင်း၊ အရှင်လတ်လတ် သံတံကျင်လျှိုခြင်း၊ သန်လျက်ဖြင့် ဦးခေါင်းကို ဖြတ်ခြင်းဟူသော များလှစွာသော ညှဉ်းပန်းမှုကိုလည်း ခံစားရ၏။ အဘယ်အကြောင်းကြောင့်နည်းဟူမူ- မင်းအဖြစ်နှင့် မလျော်သော၊ (မင်းအဖြစ်နှင့်) အခွင့် မသင့်သော၊ မင်းနှင့် မလျောက်ပတ်သော၊ မင်းနှင့် မထိုက်တန်သော၊ မင်းနှင့် မသင့်လျော်သော၊ ယုတ်သော၊ မကောင်းသော ဇာတ်ရှိသောသူသည် မြတ်သော၊ အစိုးရသော အရာ၌ မိမိကိုယ်ကို တင်ထားခြင်း၊ လောကစည်းကမ်းကို ဖျက်ဆီးခြင်းကြောင့်တည်း။ မင်းမြတ် ဤအတူသာ လျှင် အကြင်အမှတ်မရှိသော ပုဂ္ဂိုလ်သည် အလိုဆိုးရှိသည် ဖြစ်၍။ပ။ မြေအပြင်၌ နာကျင်လှစွာသော အသံကို ပြုရ၏။

--

မင်းမြတ် ဓူတင်နှင့် လျောက်ပတ်သော၊ ဓူတင် ကျင့်ခွင့် သင့်သော၊ ဓူတင်အား လျောက်ပတ်သော၊ ဓူတင်အား ထိုက်တန်သော၊ ဓူတင်အား သင့်လျော်သော၊ အလိုနည်းသော၊ ရောင့်ရဲလွယ်သော၊ ဆိတ်ငြိမ်ရာသို့ ကပ်သော၊ လူတို့နှင့် မရောနှောသော၊ ထက်သန်သော ဝီရိယရှိသော၊ နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိသော၊ မစဉ်းလဲသော၊ မာယာကင်းသော၊ ဝမ်းရေးကို ငဲ့ကွက်မှုမရှိသော၊ လာဘ်ကို မလိုလားသော၊ အခြံအရံကို မလိုလားသော၊ အကျော်အစောကို မလိုလားသော၊ ယုံကြည်မှု ‘သဒ္ဓါ’ တရားရှိသော၊ ယုံကြည်၍ ရဟန်းပြုသော၊ အိုခြင်း၊ သေခြင်းမှ လွတ်လိုသော အကြင်ပုဂ္ဂိုလ်သည်ကား သာသနာတော်ကို ချီးမြှောက်အံ့ဟု ဓူတင်ကို ဆောက်တည်ကျင့်သုံး၏၊ ထိုသူသည် နှစ်ပြန်နှစ်ဆတက်သော ပူဇော်ခြင်းကို ခံထိုက်၏၊ (ထိုသူကို) နတ်တို့သည်လည်းကောင်း (လူတို့သည်လည်းကောင်း) ချစ်ခင်အပ်၏၊ မြတ်နိုး အပ်၏၊ ခင်မင်အပ်၏၊ တောင့်တအပ်၏။ ရေချိုးဖြီးလိမ်းပြီးသောသူအား မြတ်လေး, ကြက်ရုန်းစသော ပန်းကို ထိုက်သကဲ့သို့၊ စားလိုသောသူအား မွန်မြတ်သော ဘောဇဉ်ကို ထိုက်သကဲ့သို့၊ ရေငတ်သောသူအား အေးမြသန့်ရှင်း ရနံ့သင်းသော ရေကို ထိုက်သကဲ့သို့၊ အဆိပ်မျိုမိသောသူအား အဆိပ်ဖြေ ဆေးကို ထိုက်သကဲ့သို့၊ လျင်မြန်စွာ ခရီးသွားလိုသောသူအား အာဇာနည်မြင်းက,သော ရထားမြတ်ကို ထိုက်သကဲ့သို့၊ အကျိုးစီးပွားကို အလိုရှိသောသူအား မနောဟရပတ္တမြားရတနာကို ထိုက်သကဲ့သို့၊ အဘိသိက်သွန်းခြင်းငှါ အလိုရှိသော မင်းအား ဖြူစင်သော, အညစ်အကြေး မတင်သော ထီးဖြူကို ထိုက်သကဲ့သို့၊ တရားကို အလိုရှိသောသူအား အတုမရှိ မြတ်သော အရဟတ္တဖိုလ်ရခြင်းကို ထိုက်သကဲ့သို့ ထိုဓူတင်ကို ဆောင်ခြင်းငှါ ထိုက်သော ပုဂ္ဂိုလ်အား လေးပါးသော သတိပဋ္ဌာန်တို့သည် ပွားများပြည့်စုံခြင်း သို့ ရောက်ကုန်၏။ သမ္မပ္ပဓာန်လေးပါး၊ ဣဒ္ဓိပါဒ်လေးပါး၊ ဣန္ဒြေငါးပါး၊ ဗိုလ်ငါးပါး၊ ဗောဇ္ဈင်ခုနစ်ပါး၊ အင်္ဂါရှစ်ပါးရှိသော အရိယမဂ်သည် ပွားများပြည့်စုံခြင်းသို့ ရောက်၏။ သမထဝိပဿနာကို ရ၏။ မဂ်ဖိုလ် ရကြောင်း ကျင့်ဝတ်သည် ရင့်ကျက်၏။ မဂ်ဖိုလ်လေးပါး၊ ပဋိသမ္ဘိဒါလေးပါး၊ ဝိဇ္ဇာသုံးပါး၊ အဘိညာဉ် ခြောက်ပါးတို့သည်လည်းကောင်း၊ အလုံးစုံသော ရဟန်းတရားသည်လည်းကောင်း အလုံးစုံသော တရားတို့သည် ထိုရဟန်းအား ရှေးရှုတည်လာကုန်၏။ အရဟတ္တဖိုလ်တည်းဟူသော ဖြူစင်သန့်ရှင်း အညစ် အကြေးကင်းသော ထီးဖြူတော်ဖြင့် အဘိသိက်သွန်း၏။

မင်းမြတ် ဥပမာသော်ကား အမျိုးဂုဏ်ဇာတ်မြင့်မြတ်သော မင်းအဘိသိက်ဖြင့် အဘိသိက်သွန်းအပ်သော မင်းမျိုးဖြစ်သော မင်းအား တိုင်းပြည်, နိဂုံး, ဇနပုဒ်သူတို့နှင့်တကွသော မင်းခစား ဗိုလ်ပါတို့ သည်လည်းကောင်း၊ သုံးကျိပ်ရှစ်ဦးသော မင်းပရိသတ်တို့သည်လည်းကောင်း၊ အငြိမ့်သည်, ကခြေသည်တို့သည်လည်းကောင်း လုပ်ကျွေးကုန်၏။ နှုတ်မင်္ဂလာကို ထုတ်ဆိုကုန်လျက် အေးချမ်းသာယာ ကောင်းစွာ ချီးကျူးကုန်လျက် သမဏဗြာဟ္မဏအယူဝါဒ အမျိုးမျိုးရှိကြသည့် ဂိုဏ်းအားလုံးတို့သည် ဆည်းကပ်ကုန်၏။ အလုံးစုံသော မြေအပြင်၌ ဆိပ်ကမ်း, ရတနာတွင်း, မြို့အကောက်ဌာန၊ တိုင်းခြားနယ်ခြားတို့၌ လူအပေါင်းအား ဆုံးမမှုဟူသမျှကို အစိုးရ၏။ မင်းမြတ် ဤအတူသာလျှင် ဓူတင်နှင့် လျောက်ပတ်သော ဓူတင်အကျင့်နှင့် သင့်လျော်သော တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည်။ပ။ အရဟတ္တဖိုလ်တည်းဟူသော ဖြူစင် သန့်ရှင်း အညစ်အကြေးကင်းသော ထီးဖြူတော်ဖြင့်အဘိသိက်သွန်း၏။

မင်းမြတ် အကြင်ဓူတင်တို့ဖြင့် စင်ကြယ်စွာ ပြုအပ်သော ပုဂ္ဂိုလ်သည် နိဗ္ဗာန်ဟူသော မဟာ သမုဒ္ဒရာသို့ သက်ဝင်၍ များသော အပြားရှိသော တရားတည်းဟူသော မွေ့လျော်ပျော်ပါးခြင်းဖြင့် ပျော်ပါး ကစားနိုင်၏။ ရူပဈာန် လေးပါး၊ အရူပဈာန် လေးပါးအားဖြင့် သမာပတ်ရှစ်ပါးတို့ကို သုံးဆောင်နိုင်၏။ ဣဒ္ဓိဝိဓအဘိညာဉ်, ဒိဗ္ဗသောတအဘိညာဉ်, ပရစိတ္တဝိဇာနနအဘိညာဉ်, ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်, ဒိဗ္ဗစက္ခုအဘိညာဉ်သို့လည်းကောင်း၊ အလုံးစုံသော အာသဝေါတရားတို့ကုန်ရာ အရဟတ္တဖိုလ်သို့လည်းကောင်း ရောက်၏။ ဤဓူတင်တို့သည် တစ်ဆယ့်သုံးပါးတို့တည်း။ အဘယ်တစ်ဆယ့်သုံးပါးတို့နည်းဟူမူ-

--

ပံသုကူဓူတင်, တိစီဝရိက်ဓူတင်, ပိဏ္ဍပါတ်ဓူတင်, သပဒါနစာရိကဓူတင်, ဧကာသနိက်ဓူတင်, ပတ္တပိုဏ်ဓူတင်, ခလုပစ္ဆာဘတ္တိကဓူတင်, အရညကင်ဓူတင်, ရုက္ခမူဓူတင်, အဗ္ဘောကာသိကဓူတင်, သောသာနိကဓူတင်, ယထာသန္ထတိဓူတင်, နိသဇ်ဓူတင်တို့တည်း။

မင်းမြတ် ရှေးဘဝက မှီဝဲအပ်ကုန်သော၊ အမြဲဆည်းကပ်အပ်ကုန်သော၊ လေ့ကျက်အပ်ကုန်သော၊ အဖန်ဖန်လေ့ကျက်အပ်ကုန်သော၊ အဖန်ဖန် ဆည်းပူးအပ်ကုန်သော၊ ပွားများအပ်ကုန်သော၊ ပြည့်စုံစေ အပ်ကုန်သော ဤတစ်ဆယ့်သုံးပါးသော ဓူတင်အကျင့်တို့ဖြင့် အရိယသာဝကသည် အလုံးစုံသော မဂ်ဖိုလ် ကို ရ၏။ သိမ်မွေ့ချမ်းသာကုန်သော သမာပတ်အားလုံးတို့သည် ထိုအရိယသာဝကအား ဆက်စပ်ကုန်၏။

မင်းမြတ် ဥပမာအားဖြင့် ဥစ္စာရှိသော လှေသူကြီးသည် ဆိပ်ကမ်း၌ အခွန်အတုတ်ပေးဆောင် အပ်ပြီးသည် ဖြစ်၍ မဟာသမုဒ္ဒရာသို့ သက်ဝင်လျက် ဝင်္ဂတိုင်း, တက္ကောလတိုင်း, စိန့်တိုင်း, သောဝိရ တိုင်း, သုရဋ္ဌတိုင်း, အလသန္ဒကျွန်း, ကောလဆိပ်, သုဝဏ္ဏဘူမိသို့ သွား၏။ ထိုမှတစ်ပါးလည်း လှေ သင်္ဘော သွားနိုင်သမျှ အရပ်အလုံးစုံသို့ သွား၏။ မင်းမြတ် ဤအတူသာလျှင် ရှေးဘဝက မှီဝဲအပ်ကုန်သော၊ အမြဲဆည်းကပ်အပ်ကုန်သော၊ လေ့ကျက်အပ်ကုန်သော၊ အဖန်ဖန် လေ့ကျက်အပ်ကုန်သော၊ ဆည်းပူးအပ်ကုန်သော၊ ပွားများအပ်ကုန်သော၊ ပြည့်စုံစေအပ်ကုန်သော ဤတစ်ဆယ့်သုံးပါးသော ဓူတင် အကျင့်တို့ဖြင့် အရိယသာဝကသည် အလုံးစုံသော မဂ်ဖိုလ်ကို ရနိုင်၏။ သိမ်မွေ့ချမ်းသာကုန်သော သမာပတ်အားလုံးတို့သည် ထိုအရိယသာဝကအား ဆက်စပ်ကုန်၏။

မင်းမြတ် ဥပမာအားဖြင့် လယ်သမားသည် လယ်၏ အပြစ်အနာအဆာဖြစ်သော မြက်, သစ်ငုတ်, ကျောက်ခဲကို ရှေးဦးစွာ ထုတ်ပယ်၍ ထွန်ယက်ပြီးသော် စိုက်ပျိုးပြီးလျှင် ရေကို ကောင်းစွာ သွင်း၍ စောင့် ရှောက်လုံခြုံစေပြီးနောက် ရိတ်ခြင်း, နယ်ခြင်းဖြင့် များစွာသော စပါးရှိသူ ဖြစ်၏။ ထိုလယ်သမားအား စပ်ဆိုင်ကုန်သော၊ ဥစ္စာမဲ့ကုန်သော၊ အထီးကျန်ကုန်သော၊ ဆင်းရဲမွဲတေကုန်သော လူအားလုံးတို့သည် ထိုလယ်သမားအား ဆိုက်ရောက်လာကုန်၏။ မင်းမြတ် ဤအတူသာလျှင် ရှေးဘဝက မှီဝဲအပ်ကုန်သော ဤတစ်ဆယ့်သုံးပါးသော ဓူတင်အကျင့်တို့ဖြင့်။ပ။ အလုံးစုံကုန်သော၊ သိမ်မွေ့ချမ်းသာကုန်သော သမာပတ်အားလုံးတို့သည် ထိုအရိယသာဝကအား ဆက်စပ်ကုန်၏။

မင်းမြတ် ဥပမာတစ်နည်းသော်ကား ဦးထိပ်၌ အဘိသိက်သွန်းပြီးသော၊ အမျိုးဂုဏ်ဇာတ် မြင့်မြတ်သော မင်းသည် ဖြတ်ခြင်း, ခွဲခြင်း, လူအပေါင်းကို ဆုံးမခြင်း၌ အစိုးရ၏။ အလိုသို့ လိုက်စေနိုင်၏။ အရှင်ဖြစ်၏။ အလိုအတိုင်း ပြုနိုင်၏၊ အလုံးစုံသော မြေကြီးသည် ထိုမင်းအား ဆိုက်ရောက်၏။ မင်းမြတ် ဤအတူသာလျှင် ရှေးဘဝက မှီဝဲအပ်ကုန်သော၊ အမြဲဆည်းကပ်အပ်ကုန်သော၊ လေ့ကျင့်အပ်ကုန်သော၊ အဖန်ဖန် လေ့ကျင့်အပ်ကုန်သော၊ ဆည်းပူးအပ်ကုန်သော၊ ပွားများအပ်ကုန်သော၊ ပြည့်စုံစေအပ်ကုန်သော ဤတစ်ဆယ့်သုံးပါးသော ဓူတင်အကျင့်တို့ဖြင့် မြတ်စွာဘုရားသာသနာတော်မြတ်၌ အစိုးရ၏။ အလိုသို့ လိုက်စေနိုင်၏။ အရှင်ဖြစ်၏။ အလိုအတိုင်း ပြုနိုင်၏၊ အလုံးစုံသော ရဟန်းဂုဏ်ကျေးဇူးတို့သည်လည်း ထိုအရိယသာဝကအား ဆက်စပ်ကုန်၏။

မင်းမြတ် ဝင်္ဂန္တပုဏ္ဏား၏ သားဖြစ်သော ဥပသေနမထေရ်သည် သလ္လေခဂုဏ်, ဓူတင်ဂုဏ်တို့၌ ဖြည့်ကျင့်ခြင်းကို ပြုလေ့ရှိသည်၏ အဖြစ်ကြောင့် သာဝတ္ထိပြည်၌ သံဃာ၏ ပါစိတ်အာပတ်ကို ဒေသနာ ကြားစတမ်းဟူသော ကတိကဝတ်ကို မနာယူဘဲ ပရိသတ်နှင့်တကွ တစ်ပါးတည်း ကိန်းနေတော်မူသော၊ ဆုံးမတတ်သော၊ ရထားထိန်းသဖွယ်ဖြစ်သော မြတ်စွာဘုရားသို့ ချဉ်းကပ်၍ မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးခိုက်ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏။ မြတ်စွာဘုရားသည်လည်းကောင်းစွာ ဆုံးမ ထားသော ထိုပရိသတ်ကို ကြည့်၍ ရွှင်ပျနှစ်သက် နှစ်ခြိုက်ဝမ်းမြောက်၍ ပရိသတ်နှင့်အတူ စကား ပြောဆိုတော်မူပြီး၍ မကွဲမပျက်သော ဗြဟ္မာ၏ အသံနှင့် တူသော အသံတော်ဖြင့် “ဥပသေန သင်၏ ဤ ပရိသတ်သည် ကြည်ညိုဖွယ် ရှိစွတကား၊ ဥပသေန သင်သည် အသို့လျှင် ပရိသတ်ကို ဆုံးမသနည်း”ဟု ဤစကားကို မိန့်တော်မူ၏။ ထိုဥပသေနမထေရ်သည်လည်း အလုံးစုံသော တရားကို သိတော်မူသော၊ အားဆယ်ပါးနှင့် ပြည့်စုံတော်မူသော၊ နတ်ထက်နတ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် မေးတော်မူအပ် သော်ဟုတ်မှန်တိုင်း သဘောဖြစ်သော ဂုဏ်၏အစွမ်းဖြင့် မြတ်စွာဘုရားအား ဤစကားကို လျှောက် ထား၏-

--

အသျှင်ဘုရား အကြင်အမှတ်မရှိသောသူသည် အကျွန်ုပ်ထံသို့ ချဉ်းကပ်၍ ရှင်ရဟန်းအဖြစ်ကို သော်လည်းကောင်း၊ နိဿရည်းကိုသော်လည်းကောင်း တောင်းအံ့၊ ထိုသူ့အား အကျွန်ုပ်သည် ဤသို့ ဆိုပါ၏- “ငါ့သျှင် ငါသည် အရညကင်ဓူတင် ဆောက်တည်၏၊ ပိဏ္ဍပါတ်ဓူတင် ဆောက်တည်၏၊ ပံသုကူ ဓူတင် ဆောက်တည်၏၊ တိစီဝရိက်ဓူတင် ဆောက်တည်၏၊ သင်သည်လည်း အကယ်၍ အရညကင်ဓူတင် ဆောက်တည်အံ့၊ ပိဏ္ဍပါတ်ဓူတင် ဆောက်တည်အံ့၊ ပံသုကူဓူတင် ဆောက်တည်အံ့၊ တိစီဝရိက်ဓူတင် ဆောက်တည်အံ့၊ ဤသို့ ဆောက်တည်ခဲ့သော် ငါသည် သင့်ကို ရှင်ရဟန်းပြုပေးအံ့၊ နိဿရည်းပေးအံ့”ဟု ပြောဆိုပါ၏။ အသျှင်ဘုရား ထိုသူသည် အကျွန်ုပ်၏ စကားကို ကြားရ၍ နှစ်သက်ကျေနပ်ခဲ့မူ အကျွန်ုပ်သည် ထိုသူ့ကို ရှင်ရဟန်းပြုပေးပါ၏၊ နိဿရည်း ပေးပါ၏၊ အကယ်၍ မနှစ်သက် မကျေနပ်ခဲ့မူ ထိုသူ့ကို ရှင်ရဟန်းပြုမပေးပါ၊ နိဿရည်း မပေးပါ။ အသျှင်ဘုရား ဤသို့လျှင် အကျွန်ုပ်သည် ပရိသတ်ကို ဆုံးမပါ၏ဟု (လျှောက်၏)။ မင်းမြတ် ဤသို့လျှင် ဓူတင်အကျင့်မြတ်ကို ဆောက်တည်သော ပုဂ္ဂိုလ်သည် မြတ်စွာဘုရားသာသနာတော်မြတ်၌ အစိုးရ၏။ အလိုလိုက်စေနိုင်၏။ အရှင်ဖြစ်၏။ အလို အတိုင်းပြုနိုင်၏။ သိမ်မွေ့ချမ်းသာကုန်သော သမာပတ်အားလုံးတို့သည် ထိုပုဂ္ဂိုလ်အား ဆက်စပ်ကုန်၏။

မင်းမြတ် ဥပမာအားဖြင့် ပဒုမ္မာကြာသည် အလွန်ကြီးပွား သန့်စင်သော ဇာတ်လျှင် ဖြစ်ကြောင်း ရှိ၏၊ နူးညံ့၏၊ လိုချင်ဖွယ်ရှိ၏၊ ရနံ့ကောင်း၏၊ ချစ်အပ်၏၊ တောင့်တအပ်၏၊ ချီးမွမ်းအပ်၏၊ ရေညွန်ဖြင့် မလိမ်းကျံ၊ ဝတ်မှုံ, ကြာဖတ်, ကြာဝတ်ဆံ, ကြာချပ်တို့ဖြင့် တန်ဆာဆင်အပ်၏၊ ပိတုန်းအပေါင်းသည် မှီဝဲအပ်၏၊ အေးမြသော ရေ၌ ကြီးပွား၏။ မင်းမြတ် ဤအတူသာလျှင် ရှေးဘဝက မှီဝဲအပ်ကုန်သော၊ အမြဲဆည်းကပ်အပ်ကုန်သော၊ လေ့ကျင့်အပ်ကုန်သော၊ အဖန်ဖန် လေ့ကျင့်အပ်ကုန်သော၊ ဆည်းပူး အပ်ကုန်သော၊ ပွားများအပ်ကုန်သော၊ ပြည့်စုံစေအပ်ကုန်သော ဤတစ်ဆယ့်သုံးပါးသော ဓူတင်ဂုဏ် ကျေးဇူးတို့ဖြင့် အရိယသာဝကသည် သုံးဆယ်သော ဂုဏ်ကျေးဇူးမြတ်တို့နှင့် ပြည့်စုံ၏။

အဘယ်သုံးဆယ်သော ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံသနည်းဟူမူ-

(၁) ပြေပြစ်နူးညံ့ပျော့ပျောင်းသော မေတ္တာစိတ်ရှိသူ ဖြစ်၏။

(၂) ကိလေသာတို့ကို ဖျက်ဆီး သတ်ပုတ် ပယ်နုတ်ပြီးသူ ဖြစ်၏။

(၃) မာန်ထောင်ခြင်း, မာန်မူခြင်းကို ပယ်ပြီးသူ ဖြစ်၏။

(၄) မတုန်မလှုပ် မြဲမြံစွာ သက်ဝင်၍ ယုံမှားကင်းသော သဒ္ဓါတရားရှိသူ ဖြစ်၏။

(၅) ပြည့်လျှမ်း နှစ်မြို့ကြည်ရွှင် ခင်မင်စဖွယ် အေးမြ သိမ်မွေ့ချမ်းသာသော သမာပတ်ကို ရသူ ဖြစ်၏။

(၆) သီလဟူသော အလွန် မြတ်သော အတုမရှိ စင်ကြယ်သော အနံ့ဖြင့် ထုံအပ်သူ ဖြစ်၏။

(၇) နတ်လူတို့ ချစ်ခင် မြတ်နိုးအပ်သူ ဖြစ်၏။

(၈) ရဟန္တာသခင် အရိယာအရှင် မြတ်သော ပုဂ္ဂိုလ်တို့ တောင့်တအပ်သူ ဖြစ်၏။

(၉)့နတ်လူတို့ ရှိခိုးပူဇော်အပ်သူ ဖြစ်၏။

(၁၀) အလွန့်အလွန် ပညာရှိသော ပဏ္ဍိတ်ဖြစ်သူတို့ အလွန့်အလွန် ချီးကျူးထောမနာ လွန်စွာ ချီးမွမ်းအပ်သူ ဖြစ်၏။

(၁၁) ဤလူ့ပြည်၌လည်းကောင်း၊ ထိုနတ်ပြည်, ဗြဟ္မာ့ပြည်၌လည်းကောင်း လောကနှင့်မလိမ်းကျံသူ ဖြစ်၏။

(၁၂) အလွန် အနည်းငယ်မျှသော အပြစ်၌ သော်လည်း ဘေးဟု ရှုလေ့ရှိသူ ဖြစ်၏။

(၁၃) ပြန့်ပြောများမြတ်သော သမ္ပတ္တိကို လိုလားသူတို့၏ မဂ်ဖိုလ်ဟူသော အကျိုးကို ပြီးစေနိုင်သူ ဖြစ်၏။

(၁၄) တောင့်တအပ်၍ ပြန့်ပြော မွန်မြတ်သော ပစ္စည်းကို ရသူ ဖြစ်၏။

(၁၅) မြဲသော ကျောင်းအိပ်ရာနေရာ မရှိသူ ဖြစ်၏။

(၁၆) ဈာန်၌ သက်ဝင်၍ ထိုဈာန်မြတ်ဖြင့်သာ နေထိုင်လေ့ရှိသူ ဖြစ်၏။

(၁၇) ဖြတ်ရှင်းအပ်သော ကိလေသာ ကွန်ရက်လျှင် တည်ရာ ရှိသူ ဖြစ်၏။

(၁၈) ကောက်ကွေ့ ဖုံးလွှမ်းသော ဂတိ, နီဝရဏတို့ကို ခွဲဖျက်ပြီး, ကောက်ကွေး စေပြီး, ကောင်းစွာ ဖြတ်ပြီးသူ ဖြစ်၏။

(၁၉) မပျက်စီးခြင်း သဘောရှိသူ ဖြစ်၏။

(၂၀) အလွန်နှိမ်ချသော နေထိုင်ခြင်းရှိသူ ဖြစ်၏။

(၂၁) အပြစ်ကင်းသော အသုံးအဆောင်ရှိသူ ဖြစ်၏။

(၂၂) နိရယဂတိ စသော ဂတိငါးပါးမှ လွတ်သူ ဖြစ်၏။

(၂၃) အလုံးစုံသော ယုံမှားကို လွန်မြောက်ပြီးသူ ဖြစ်၏။

(၂၄) အရဟတ္တဖိုလ်လျှင် တောင့်တအပ်သော အကျိုးရှိသူ ဖြစ်၏။

(၂၅) မဂ်ဖိုလ်တရားကို မြင်ပြီးသူ ဖြစ်၏။

(၂၆) မတုန်မလှုပ် မြဲမြံ၍ ကြောက်လန့်သူတို့၏ အားကိုးရာ အကြောက်ကင်းရာ နိဗ္ဗာန်သို့ ကပ် ရောက်သူ ဖြစ်၏။

(၂၇) အနုသယကို ပိုင်းဖြတ်နိုင်သူ ဖြစ်၏။

(၂၈) အလုံးစုံသော အာသဝေါကုန်ခန်း ခြင်းသို့ ရောက်သူ ဖြစ်၏။

(၂၉) အေးမြချမ်းသာသော သမာပတ်ကို ဝင်စား၍ နေထိုင်ခြင်းများသူ ဖြစ်၏။

(၃၀) အလုံးစုံသော ရဟန်း၏ ဂုဏ်ကျေးဇူးအပေါင်းနှင့် ကောင်းစွာ ပြည့်စုံသူ ဖြစ်၏။ ဤသုံးဆယ်သော ဂုဏ်ကျေးဇူးမြတ်တို့နှင့် ပြည့်စုံ၏။

--

မင်းမြတ် အသျှင်သာရိပုတ္တရာမထေရ်သည် တစ်သောင်းသော လောကဓာတ်၌ လောကသုံးပါး၏ ဆရာဖြစ်သော ဘုရားရှင်ကို ထား၍ အမြတ်ဆုံး မဟုတ်ပါလော၊ ထိုအသျှင်သာရိပုတ္တရာ မထေရ်သည်ပင်လည်း မနှိုင်းရှည့် မရေတွက်နိုင်သော ကမ္ဘာတို့ပတ်လုံး ကောင်းစွာ ဆည်းပူးအပ်သော ကုသိုလ်လျှင် အရင်းခံရှိသည် ဖြစ်၍ မြတ်သော ပုဏ္ဏားမျိုးဖြစ်လျက် နှစ်ခြိုက်ဖွယ်ရာ ကာမဂုဏ်၌ မွေ့လျော်ခြင်းကိုလည်းကောင်း၊ရာပေါင်းများစွာ အရေအတွက်ရှိသော ဥစ္စာမြတ်ကိုလည်းကောင်း စွန့်ပယ်၍ မြတ်စွာဘုရားသာသနာတော်၌ ရဟန်းပြုခဲ့ပြီးလျှင် ဤတစ်ဆယ့်သုံးပါးသော ဓူတင်အကျင့်တို့ဖြင့် ကိုယ်, နှုတ်, စိတ်ကို ဆုံးမလျက် ယခုထက်တိုင် အဆုံးမရှိသော ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံတော်မူ၍ ဂေါတမမြတ်စွာဘုရား၏ သာသနာတော်မြတ်ဝယ် တရားစက်ကြီးကို အတုလိုက်၍ လည်စေနိုင်သူ ဖြစ်ပေ၏။ မင်းမြတ် နတ်ထက်နတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် “ဧကင်္ဂုတ္တရနိကာယ်”ဟု တံဆိပ်ခတ်အပ်သော ပါဠိတော်၌- “ရဟန်းတို့ ဤသာရိပုတ္တရာသည် မြတ်စွာဘုရားလည်စေအပ်သော အတုမရှိသော ဓမ္မစက်ကို ကောင်းစွာသာလျှင် အတုလိုက်၍ လည်စေနိုင်သကဲ့သို့၊ ဤအတူ မြတ်စွာဘုရား လည်စေအပ်သော အတုမရှိသော ဓမ္မစက်ကို ကောင်းစွာသာလျှင် အတုလိုက်၍ လည်စေနိုင်သော အခြား တစ်ဦးသော ပုဂ္ဂိုလ်ကိုမျှလည်း ငါမမြင်၊ ရဟန်းတို့ သာရိပုတ္တရာသည် မြတ်စွာဘုရား လည်စေအပ်သော အတုမရှိသော ဓမ္မစက်ကို ကောင်းစွာသာလျှင် အတုလိုက်၍ လည်စေ၏”ဟု ဤစကားတော်ကို မြတ်စွာဘုရား ဟောတော်မူအပ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန ကောင်းလှပါပေ၏။ အလုံးစုံသော အင်္ဂါကိုးပါးရှိသော မြတ်စွာဘုရား စကားတော်သည်လည်းကောင်း၊ လောကုတ္တရာဖြစ်သော အကြင်ပြုဖွယ်သည်လည်းကောင်း၊ လောက၌ အကြင်ရအပ်သော ပြန့်ပြောမွန်မြတ်သော ချမ်းသာမျိုးတို့သည်လည်းကောင်း ရှိကုန်၏။ ထိုအလုံးစုံသည် တစ်ဆယ့်သုံးပါးသော ဓူတင်အကျင့်တို့၌ စုပေါင်းဆိုက်ရောက်ပါ၏ဟု (လျှောက်၏)။ ။

နှစ်ခုမြောက် ဓုတင်္ဂပဥှာ ပြီး၏။

လေးခုမြောက် အနုမာနဝဂ် ပြီး၏။

--

၆-ဩပမ္မကထာပဥှာ

မာတိကာ

အသျှင်ဘုရားနာဂသေန အဘယ်မျှလောက်သော အင်္ဂါတို့နှင့် ပြည့်စုံသော ရဟန်းသည် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုနိုင်ပါသနည်းဟု (မေးလျှောက်၏)။

မင်းမြတ် ဤသာသနာတော်၌ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုလိုသော ရဟန်းသည်-

မြည်း၏ အင်္ဂါတစ်ပါးကို ယူအပ်၏။

ကြက်၏ အင်္ဂါငါးပါးတို့ကို ယူအပ်ကုန်၏။

ရှဉ့်နက်၏ အင်္ဂါတစ်ပါးကို ယူအပ်၏။

သစ်မ၏ အင်္ဂါတစ်ပါးကို ယူအပ်၏။

သစ်ဖို၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏။

လိပ်၏ အင်္ဂါငါးပါးတို့ကို ယူအပ်ကုန်၏။

ဝါးပင်၏ အင်္ဂါတစ်ပါးကို ယူအပ်၏။

လေး၏ အင်္ဂါတစ်ပါးကို ယူအပ်၏။

ကျီး၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏။

မျောက်၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏။

ရှေးဦးစွာသော ဂဒြဘဝဂ် ပြီး၏။

ဗူးနွယ်၏ အင်္ဂါတစ်ပါးကို ယူအပ်၏။

ပဒုမ္မာကြာ၏ အင်္ဂါသုံးပါးတို့ကို ယူအပ်ကုန်၏။

မျိုးစေ့၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏။

သာလကလျာဏီပင်၏ အင်္ဂါတစ်ပါးကို ယူအပ်၏။

လှေ၏ အင်္ဂါသုံးပါးတို့ကို ယူအပ်ကုန်၏။

ကျောက်ဆူး၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏။

လင်းယဉ်တိုင်၏ အင်္ဂါတစ်ပါးကို ယူအပ်၏။

လှေသူကြီး၏ အင်္ဂါသုံးပါးတို့ကို ယူအပ်ကုန်၏။

အမှုလုပ် လှေထိုးသား၏ အင်္ဂါတစ်ပါးကို ယူအပ်၏။

သမုဒ္ဒရာ၏ အင်္ဂါငါးပါးတို့ကို ယူအပ်ကုန်၏။

စ်ခုမြာက် သမုဒ္ဒဝဂ် ပြီး၏။

--

မြေကြီး၏ အင်္ဂါငါးပါးတို့ကို ယူအပ်ကုန်၏။

ရေ၏ အင်္ဂါငါးပါးတို့ကို ယူအပ်ကုန်၏။

မီး၏ အင်္ဂါငါးပါးတို့ကို ယူအပ်ကုန်၏။

လေ၏ အင်္ဂါငါးပါးတို့ကို ယူအပ်ကုန်၏။

တောင်၏ အင်္ဂါငါးပါးတို့ကို ယူအပ်ကုန်၏။

ကောင်းကင်၏ အင်္ဂါငါးပါးတို့ကို ယူအပ်ကုန်၏။

လ၏ အင်္ဂါငါးပါးတို့ကို ယူအပ်ကုန်၏။

နေ၏ အင်္ဂါခုနစ်ပါးတို့ကို ယူအပ်ကုန်၏။

သိကြားမင်း၏ အင်္ဂါသုံးပါးတို့ကို ယူအပ်ကုန်၏။

စကြဝတေးမင်း၏ အင်္ဂါလေးပါးတို့ကို ယူအပ်ကုန်၏။

သုံးခုမြောက် ပထဝီဝဂ် ပြီး၏။

ခြ၏ အင်္ဂါတစ်ပါးကို ယူအပ်၏။

ကြောင်၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏။

ကြွက်၏ အင်္ဂါတစ်ပါးကို ယူအပ်၏။

ကင်းမြီးကောက်၏ အင်္ဂါတစ်ပါးကို ယူအပ်၏။

မြွေပါ၏ အင်္ဂါတစ်ပါးကို ယူအပ်၏။

မြေခွေးအို၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏။

သမင်၏ အင်္ဂါသုံးပါးတို့ကို ယူအပ်ကုန်၏။

နွားအပေါင်း၏ အင်္ဂါလေးပါးတို့ကို ယူအပ်ကုန်၏။

ဝက်၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏။

ဆင်၏ အင်္ဂါငါးပါးတို့ကို ယူအပ်ကုန်၏။

လေးခုမြောက် ဥပစိကာဝဂ် ပြီး၏။

ခြင်္သေ့၏ အင်္ဂါခုနစ်ပါးတို့ကို ယူအပ်ကုန်၏။

စက္ကဝက်ငှက်၏ အင်္ဂါသုံးပါးတို့ကို ယူအပ်ကုန်၏။

အောက်ချင်းငှက်၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏။

အိမ်ခို၏ အင်္ဂါတစ်ပါးကို ယူအပ်၏။

ခင်ပုပ်ငှက်၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏။

ခေါက်ရှာငှက်၏ အင်္ဂါတစ်ပါးကို ယူအပ်၏။

လင်းနို့၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏။

မျှော့၏ အင်္ဂါတစ်ပါးကို ယူအပ်၏။

မြွေ၏ အင်္ဂါသုံးပါးတို့ကို ယူအပ်ကုန်၏။

စပါးကြီးမြွေ၏ အင်္ဂါတစ်ပါးကို ယူအပ်၏။</p-->

ငါးခုမြောက် သီဟဝဂ် ပြီး၏။

--

ပင့်ကူ၏ အင်္ဂါတစ်ပါးကို ယူအပ်၏။

နို့စို့သူငယ်၏ အင်္ဂါတစ်ပါးကို ယူအပ်၏။

ကုန်းလိပ်ပြောက်၏ အင်္ဂါတစ်ပါးကို ယူအပ်၏။

တောအုပ်၏ အင်္ဂါငါးပါးတို့ကို ယူအပ်ကုန်၏။

သစ်ပင်၏ အင်္ဂါသုံးပါးတို့ကို ယူအပ်ကုန်၏။

မိုး၏ အင်္ဂါငါးပါးတို့ကို ယူအပ်ကုန်၏။

ပတ္တမြားရတနာ၏ အင်္ဂါသုံးပါးတို့ကို ယူအပ်ကုန်၏။

သားမုဆိုး၏ အင်္ဂါလေးပါးတို့ကို ယူအပ်ကုန်၏။

ငါးမျှားသူ၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏။

တစည်းသမား၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏။</p-->

ခြောက်ခုမြောက် မက္ကဋဝဂ် ပြီး၏။

အိုး၏ အင်္ဂါတစ်ပါးကို ယူအပ်၏။

တီးတုတ်ငှက်၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏။

ထီး၏ အင်္ဂါသုံးပါးတို့ကို ယူအပ်ကုန်၏။

လယ်၏ အင်္ဂါသုံးပါးတို့ကို ယူအပ်ကုန်၏။

အဆိပ်ဖြေဆေး၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏။

ဘောဇဉ်၏ အင်္ဂါသုံးပါးတို့ကို ယူအပ်ကုန်၏။

လေးသမား၏ အင်္ဂါလေးပါးတို့ကို ယူအပ်ကုန်၏။

ခုနစ်ခုမြောက် ကုမ္ဘဝဂ် ပြီး၏။

မင်း၏ အင်္ဂါလေးပါးတို့ကို ယူအပ်ကုန်၏။

တံခါးစောင့်၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏။

ဓားသွေးကျောက်၏ အင်္ဂါတစ်ပါးကို ယူအပ်၏။

ဆီမီး၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏။

ဥဒေါင်း၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏။

မြင်း၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏။

ထုံးအိုင်၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏။

တံခါးခုံ၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏။

ချိန်ခွင်၏ အင်္ဂါတစ်ပါးကို ယူအပ်၏။

သန်လျက်၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏။

--

ငါး၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏။

မြီစား၏ အင်္ဂါတစ်ပါးကို ယူအပ်၏။

သူနာ၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏။

သေသူ၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏။

မြစ်၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏။

နွားလားဥသဘ၏ အင်္ဂါတစ်ပါးကို ယူအပ်၏။

ခရီးလမ်း၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏။

အခွန်ခွဲခံသောသူ၏ အင်္ဂါတစ်ပါးကို ယူအပ်၏။

ခိုးသူ၏ အင်္ဂါသုံးပါးတို့ကို ယူအပ်ကုန်၏။

သိမ်းငှက်၏ အင်္ဂါတစ်ပါးကို ယူအပ်၏။

ခွေး၏ အင်္ဂါတစ်ပါးကို ယူအပ်၏။

ဆေးသမား၏ အင်္ဂါသုံးပါးတို့ကို ယူအပ်ကုန်၏။

ကိုယ်ဝန်ဆောင်မိန်းမ၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏။

စာမရီသား၏ အင်္ဂါတစ်ပါးကို ယူအပ်၏။

တီတီတွတ်ငှက်၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏။

ခိုမ၏ အင်္ဂါသုံးပါးတို့ကို ယူအပ်ကုန်၏။

မျက်စိတစ်ဖက်သာရှိသောသူ၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏။

လယ်ထွန်သမား၏ အင်္ဂါသုံးပါးတို့ကို ယူအပ်ကုန်၏။

မြေခွေးမ၏ အင်္ဂါတစ်ပါးကို ယူအပ်၏။

စင်္ဂဝါရက၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏။

ယောက်မ၏ အင်္ဂါတစ်ပါးကို ယူအပ်၏။

ကြွေးချပေးသောသူ၏ အင်္ဂါသုံးပါးတို့ကို ယူအပ်ကုန်၏။

တရားစိစစ်သူ၏ အင်္ဂါတစ်ပါးကို ယူအပ်၏။

ရထားထိန်း၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏။

စားဖွယ်ကို စားသောက်သောသူ၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏။

အပ်ချုပ်သမား၏ အင်္ဂါတစ်ပါးကို ယူအပ်၏။

လှေသူကြီး လှေစီးသူ၏ အင်္ဂါတစ်ပါးကို ယူအပ်၏။

ပျားပိတုန်း၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏ဟု (မိန့်တော်မူ၏)။ ။

အကျဉ်းခေါင်းစဉ် ‘မာတိကာ’ ပြီး၏။

--

၁-ဂဒြဘဝဂ်

၁-ဂဒြဘင်္ဂပဥှာ

မြည်း၏ အင်္ဂါ ပြဿနာ

။ အသျှင်ဘုရားနာဂသေန “မြည်း၏ အင်္ဂါတစ်ပါးကို ယူအပ်၏”ဟူ၍ ဆိုတော်မူ၏၊ အဘယ် အင်္ဂါတစ်ပါးကို ယူအပ်ပါသနည်းဟု (မေးလျှောက်၏)။ မင်းမြတ် ဥပမာအားဖြင့် မြည်းမည်သည်ကား တံမြက်ချေးစွန့်ရာ (အမှိုက်ပုံ)၌လည်းကောင်း၊ ခရီးလမ်းဆုံ၌လည်းကောင်း၊ ခရီးစပ် လမ်းကြား၌လည်းကောင်း၊ ရွာတံခါး၌လည်းကောင်း၊ ဖွဲပုံ၌လည်းကောင်း အမှတ်မရှိတစ်ခုခုသော နေရာ၌ အိပ်နိုင်၏၊ အအိပ်မများ။ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် မြက်အခင်း၌ ဖြစ်စေ၊ သစ်ရွက်အခင်း၌ ဖြစ်စေ၊ သစ်ခင်းညောင်စောင်း၌ ဖြစ်စေ၊ မြေ၌ ဖြစ်စေ အမှတ်မရှိတစ်ခုခုသော နေရာ၌ သားရေနယ်ကို ခင်း၍ အိပ်ရာ၏။ (ထိုသို့ အိပ်သော်လည်း) များစွာ မအိပ်ရာ။ မင်းမြတ် မြည်း၏ ဤအင်္ဂါတစ်ပါးကို ယူအပ်၏။ မင်းမြတ် နတ်ထက်နတ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် “ရဟန်းတို့ ယခုအခါ၌ ငါဘုရား၏ တပည့် ‘သာဝက'တို့သည် ထင်းဆွေးတုံးနှင့် တူကုန်၍ ကမ္မဋ္ဌာန်းကို အားစိုက်ခြင်း၌ မမေ့မလျော့ကုန်ဘဲ လုံ့လကြိုးကုတ်အားထုတ် နေထိုင်ကုန်၏”ဟု (မိန့်တော်မူ၏)။ မင်းမြတ် တရားစစ်သူကြီးဖြစ်တော်မူသော အသျှင်သာရိပုတ္တရာမထေရ်သည်လည်း- “ထက်ဝယ်ဖွဲ့ခွေ ထိုင်နေသော ယောဂီရဟန်းအား ပုဆစ်ဒူးဝန်းနှစ်ဖက်တို့ကို မိုးရေ မစွတ်၊ (ဤမျှလောက် မိုးလုံသော နေရာ ရကာမျှဖြင့်) နိဗ္ဗာန်သို့ စေလွှတ် အပ်သော စိတ်ရှိသော ရဟန်းအား ချမ်းသာစွာ နေခြင်းငှါ သင့်လျော်ပေ၏”ဟူသော ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

ရှေးဦးစွာသော ဂဒြဘင်္ဂပဥှာ ပြီး၏။

၂-ကုက္ကုဋင်္ဂပဥှာ

ကြက်၏ အင်္ဂါပြဿနာ

။ အသျှင်ဘုရားနာဂသေန “ကြက်၏ အင်္ဂါငါးပါးတို့ကို ယူအပ်ကုန်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ်အင်္ဂါငါးပါးတို့ကို ယူအပ်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် ကြက်သည် လျောက်ပတ် သင့်လျော်သော အချိန်အခါ၌ အိပ်တန်းတက်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် လျောက်ပတ်သင့်လျော်သော အချိန်အခါ၌ စေတီရင်ပြင်ကို တံမြက်လှည်း၍ သောက်ရေ, သုံးဆောင်ရေကို ထည့်ထားပြီးနောက် ကိုယ်ကို သုတ်သင်ပြီးလျှင် စေတီတော်ကို ရှိခိုး၍ သီတင်းကြီး ရဟန်းတို့အား ဖူးမြင်ရန် သွား၍ လျောက်ပတ်သင့်လျော်သော အချိန်အခါ၌ ဆိပ်ငြိမ်ရာ အရပ်သို့ ဝင်ရာ၏။ မင်းမြတ် ကြက်၏ ရှေးဦးစွာသော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား ကြက်သည် လျောက်ပတ်သင့်လျော်သော အချိန်အခါ၌ပင် ထသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် လျောက်ပတ်သင့်လျော်သော အချိန်အခါ၌ပင် အိပ်ရာမှ ထ၍ စေတီရင်ပြင်ကို တံမြက်လှည်း၍ သောက်ရေ သုံးရေကို ထည့်ထားပြီးနောက် ကိုယ်ကို သုတ်သင်ပြီးလျှင် စေတီတော်ကို ရှိခိုးပြီး၍ တစ်ဖန် ဆိပ်ငြိမ်ရာအရပ်သို့ ဝင်ရာ၏။ မင်းမြတ် ကြက်၏ နှစ်ခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

--

မင်းမြတ် နောက်တစ်မျိုးကား ကြက်သည် မြေကို ယက်ကာ ယက်ကာ အစာကို ကောက်ယူစားမျိုသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ဆင်ခြင်၍ ဆင်ခြင်၍ အစာအာဟာရကို သုံးဆောင်ရာ၏၊ မြူးရွှင်ခြင်းငှါ မသုံးဆောင်အပ်၊ မာန်ယစ်ခြင်းငှါ မသုံးဆောင်အပ်၊ အရေအသား ကြည်လင်စေခြင်းငှါ မသုံးဆောင်အပ်၊ တန်ဆာဆင်ယင်ခြင်းငှါ မသုံးဆောင်အပ်၊ ဤကိုယ်၏ တည်တံ့ခိုင်မြဲရုံသာ, မျှတရုံသာ, ဆာလောင်မှုဖြင့် ညှဉ်းဆဲခြင်းကို ပယ်ဖျောက်ရုံမျှသာ, မြတ်သော အကျင့်ကို ချီးမြှောက် ထောက်ပံ့နိုင်ရုံမျှသာ သုံးဆောင်ရာ၏၊ ဤဆွမ်းအာဟာရဖြင့် ဝေဒနာဟောင်း ကိုလည်း ပယ်နိုင်အံ့၊ ဓာတ်ဖောက်ပြန်ခြင်းစသော ဝေဒနာသစ်ကိုလည်း မဖြစ်ပွားစေအံ့၊ ငါ့အား တစ်ရက် တစ်လ မျှတနိုင်ခြင်းသည်လည်းကောင်း၊ အပြစ်ကင်းလွတ်ခြင်းသည်လည်းကောင်း၊ ချမ်းချမ်းသာသာ နေထိုင်ခြင်းသည်လည်းကောင်း ဖြစ်လတ္တံ့ဟု သုံးဆောင်ရာ၏။ မင်းမြတ် ကြက်၏ သုံးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် နတ်ထက်နတ် ဖြစ်တော်မူသော မြတ်စွာဘုရားသည်- “ခရီးခဲ၌ မိမိသားငယ်၏ အသားကဲ့သို့လည်းကောင်း၊ လှည်းဝင်ရိုး၏ သုတ်လိမ်းသော လှည်းစာဆီကဲ့သို့လည်းကောင်း၊ ဤအတူ ဆွမ်းဘောဇဉ်ကို မတပ်မက်ဘဲ မျှတခြင်းငှါ သုံးဆောင်ရာ၏”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား ကြက်သည် မျက်စိရှိသော်လည်း ညဉ့်အခါ၌ ကန်းသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် မကန်းဘဲလျက် ကန်းသကဲ့သို့ ဖြစ်ရာ၏။ တော၌ ဖြစ်စေ၊ ဆွမ်းခံရွာ၌ ဖြစ်စေ၊ ဆွမ်းအလို့ငှါ လှည့်လည်ရာ၌ ဖြစ်စေ တပ်မက်ဖွယ် ဖြစ်ကုန်သော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, ဓမ္မာရုံတို့၌ ကန်းသကဲ့သို့၊ နားပင်းသကဲ့သို့, အသကဲ့သို့ ဖြစ်ရာ၏၊ ယောက်ျား, မိန်းမ, အဆင်း, အသံစသော အမှတ်နိမိတ်ကို မယူရာ၊ လက်ခြေစသော သဏ္ဌာန်ကို မယူရာ။ မင်းမြတ် ကြက်၏ လေးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် အသျှင်မဟာကစ္စာယနမထေရ်သည်- ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် မျက်စိရှိလျက်လည်း ကန်းသူကဲ့သို့ ဖြစ်ရာ၏၊ နားရှိလျက်လည်း နားပင်းသူကဲ့သို့ ဖြစ်ရာ၏၊ ပညာရှိလျက်လည်း သူအကဲ့သို့ ဖြစ်ရာ၏၊ အားရှိလျက်လည်း အားနည်းသူကဲ့သို့ ဖြစ်ရာ၏၊ ကိုယ်ကျိုးဖြစ်ပေါ်လတ်သော် သူသေအိပ်ခြင်းကဲ့သို့ အိပ်ရာ၏”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား ကြက်သည် ခဲ, တုတ်, ဆောက်ပုတ်, တင်းပုတ်တို့ဖြင့် ပစ်ခတ်ချ သော်လည်း မိမိအိမ်ကို မစွန့်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ် သည် သင်္ကန်းချုပ်ခြင်းအမှုကို ပြုသော်လည်းကောင်း၊ အမှုသစ်ကို ပြုသော်လည်းကောင်း၊ ဝတ်ကြီး ဝတ်ငယ် ပြုသော်လည်းကောင်း၊ ပါဠိသင်သော်လည်းကောင်း၊ ပါဠိသင်စေသော်လည်းကောင်း သင့်လျော် သောအားဖြင့် နှလုံးသွင်းခြင်းကို မစွန့်ရာ၊ မင်းမြတ် ဤသင့်လျော်သောအားပြင့် နှလုံးသွင်းမှု ‘ယောနိ သောမနသိကာရ’ သည်ကား ယောဂီပုဂ္ဂိုလ်၏ ကိုယ်ပိုင်အိမ်တည်း။ မင်းမြတ် ကြက်၏ ငါးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် နတ်ထက်နတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည်- “ရဟန်းတို့ မိမိအဖ မြတ်စွာဘုရား၏ဥစ္စာဖြစ်သော ရဟန်း၏ ကျက်စားရာ အာရုံပြုရာသည် အဘယ်နည်း၊ ဤသတိပဋ္ဌာန် လေးပါးတို့ပင်တည်း”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ မင်းမြတ် တရားစစ်သူကြီးဖြစ်တော်မူသော အသျှင်သာရိပုတ္တရာမထေရ်သည်လည်း- “ကောင်းစွာ ယဉ်ကျေးပြီးသော ဆင်သည် မိမိ၏ နှာမောင်းကို မနင်းသကဲ့သို့လည်းကောင်း၊ မိမိ၏ အသက်မွေးခြင်းကို ပြုကြောင်းဖြစ်သော စားသင့်သော အစာ, မစားသင့်သော အစာကို့သိသကဲ့သို့လည်းကောင်း၊ ထို့အတူသာလျှင် မြတ်စွာဘုရား သားတော်သည် မမေ့မလျော့သဖြင့်သာလျှင် အလွန်မြတ်သော နှလုံး သွင်းခြင်းဟူသော မြတ်စွာဘုရားအဆုံးအမစကားတော်ကို မနှိမ်နင်း မချိုးဖျက် အပ်”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

နှစ်ခုမြောက် ကုက္ကုဋင်္ဂပဥှာ ပြီး၏။

--

၃-ကလန္ဒကင်္ဂပဥှာ

ရှဉ့်၏ အင်္ဂါ ပြဿနာ

။ အသျှင်ဘုရားနာဂသေန “ရှဉ့်၏ အင်္ဂါတစ်ပါးကို ယူအပ်၏”ဟူ၍ ဆိုတော်မူ၏၊ အဘယ်အင်္ဂါ တစ်ပါးကို ယူအပ်ပါသနည်းဟု (မေးလျှောက်၏)။ မင်းမြတ် ရှဉ့်သည် ရန်သူရှေးရှုရောက်လာသည်ရှိသော် အမြီးကို ခါ၍ ကြီးအောင်ပြုလျက် ထိုအမြီးဆောက်ပုတ်ဖြင့်သာ ရန်သူကို ပယ်လှန်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ကိလေသာရန်သူ ရှေးရှုရောက်လာသည်ရှိသော် သတိပဋ္ဌာန်ဆောက် ပုတ်ကို ခါတွက်၍ ကြီးအောင်ပြုလျက် ထိုသတိပဋ္ဌာန်ဆောက်ပုတ်ဖြင့်သာလျှင် အလုံးစုံသော ကိလေသာတို့ကို ပယ်ရှားအပ်ကုန်၏။ မင်းမြတ် ရှဉ့်၏ တစ်ပါးသော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် စူဠပန္ထကမထေရ်သည်- “အကြင်အခါ၌ ရဟန်း၏ ဂုဏ်ကို ဖျက်ဆီးတတ်ကုန်သော ကိလေသာတို့ ရှေးရှု ရောက်လာကုန်၏၊ ထိုအခါ ကိလေသာတို့ကို သတိပဋ္ဌာန်ဆောက်ပုတ်ဖြင့် အဖန်ဖန် အထပ်ထပ် သတ်ပုတ်အပ်ကုန်၏”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

သုံးခုမြောက် ကလန္ဒကင်္ဂပဥှာ ပြီး၏။

၄-ဒီပိနိယင်္ဂပဥှာ

သစ်မ၏ အင်္ဂါ ပြဿနာ

။ အသျှင်ဘုရားနာဂသေန “သစ်မ၏ အင်္ဂါတစ်ပါးကို ယူအပ်၏”ဟူ၍ ဆိုတော်မူ၏၊ အဘယ် အင်္ဂါတစ်ပါးကို ယူအပ်ပါသနည်းဟု (မေးလျှောက်၏)။ မင်းမြတ် သစ်မသည် တစ်ကြိမ်သာလျှင် ကိုယ်ဝန် ကို ယူ၏၊ အဖန်ဖန် အထပ်ထပ် သစ်ဖိုသို့ မချဉ်းကပ်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်း စီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် နောင်အခါ ပဋိသန္ဓေတည်နေဖြစ်ပွားရခြင်း၊ အမိဝမ်း၌ ကိန်းရခြင်း၊ စုတေရွေ့လျောရခြင်း၊ ပျက်စီးခြင်း၊ကုန်ခြင်း၊ ပျက်ပြားခြင်းကိုလည်းကောင်း၊ သံသရာဘေးကိုလည်းကောင်း၊ မကောင်းသော ဘဝကိုလည်းကောင်း၊ မညီညွတ်သည်ကိုလည်းကောင်း၊ နှိပ်စက်အပ်သည်ကိုလည်းကောင်း မြင်၍ “ဒုတိယဘဝ၌ ပဋိသန္ဓေ မနေတော့အံ့”ဟု သင့်လျော်သောအားဖြင့် နှလုံးသွင်း ခြင်းကို ပြုရာ၏။ မင်းမြတ် သစ်မ၏ ဤအင်္ဂါတစ်ပါးကို ယူအပ်၏။ မင်းမြတ် နတ်ထက်နတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် သုတ္တနိပါတ် ဓနိယဂေါပါလကသုတ်၌- “ဓနိယ နွားလားဥသဘသည် ဖွဲ့ကြိုးတို့ကို ဖြတ်သကဲ့သို့ (ဥဒ္ဓံဘာဂိယ သံယောဇဉ်ငါးပါးဟူသော) အနှောင်အဖွဲ့ (ဖွဲ့ကြိုး)တို့ကို ပိုင်းဖြတ်၍လည်းကောင်း၊ ဆင်ပြောင်ကြီးသည် ဆင်သမနွယ်ကို ဖြတ်သကဲ့သို့ (ဩရမ္ဘာဂိယ သံယောဇဉ် ငါးပါးဟူသော) အနှောင်အဖွဲ့ (ဖွဲ့ကြိုး)တို့ကို ဖြတ်၍လည်းကောင်း သွားတော့အံ့၊ ငါသည် အမိဝမ်း၌ တစ်ဖန် ကိန်းအောင်းခြင်းသို့ ကပ်ရောက်တော့ မည် မဟုတ်၊ သို့ဖြစ်သောကြောင့် မိုးမင်း အကယ်၍ ရွာလိုမူ ရွာတော့လော့”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

လေးခုမြောက် ဒီပိနိယင်္ဂပဥှာ ပြီး၏။

--

၅-ဒီပိကင်္ဂပဥှာ

သစ်ဖို၏ အင်္ဂါ ပြဿနာ

။ အသျှင်ဘုရားနာဂသေန “သစ်ဖို၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏”ဟူ၍ ဆိုတော်မူ၏၊ အဘယ်အင်္ဂါနှစ်ပါးတို့ကို ယူအပ်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် သစ်ဖိုသည် တော၌ အသွားခက်သော မြက်တော, သစ်တော, တောင်ကို အမှီပြု၍ ပုန်းအောင်းကာ သားကောင်တို့ကို ဖမ်းယူသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ဆိတ်ငြိမ်ရာ တော, သစ်ပင်ရင်း, တောင်, ချောက်, တောင်ခေါင်း, သုသာန်, တောအုပ်, လွင်တီးခေါင်, ကောက်ရိုးပုံကိုလည်းကောင်း၊ လူသံနည်းသော၊ ကြွေးကြော်သံနည်းသော၊ လူတို့၏ သွားလာမှုကြောင့်ဖြစ်သည့် လေမှ ကင်းသော၊ လူတို့၏ လျှို့ဝှက်မှုကို ပြုလုပ်ခြင်းငှါ လျောက်ပတ်သော၊ တစ်ယောက်တည်း ကိန်းအောင်ခြင်းငှါ လျောက်ပတ်သော နေရာကိုလည်းကောင်း မှီဝဲရာ၏။ မင်းမြတ် ဆိတ်ငြိမ်ရာကို မှီဝဲသော၊ ကမ္မဋ္ဌာန်း စီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် မကြာမီပင် အဘိညာဉ်ခြောက်ပါးတို့၌လည်း လေ့လာပြီးခြင်းသို့ ရောက်၏။ မင်းမြတ် သစ်ဖို၏ ရှေးဦးစွာသော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် သင်္ဂါယနာတင် မထေရ်တို့သည်- “သစ်ဖိုမည်သည် (တောတောင်၌) ပုန်းအောင်း၍ သားကောင်တို့ကို ဖမ်းသကဲ့သို့၊ ထိုအတူသာလျှင် အမြဲယှဉ်သော လုံ့လရှိသော၊ ဝိပဿနာပွားထုံသော ဤဘုရားရှင်၏ သားတော်သည် တောသို့ ဝင်၍ မြတ်သော ဖိုလ်တရားကို ဖမ်းယူ၏”ဟု ဤစကားကိုလည်း ဆိုတော်မူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား သစ်ဖိုသည် အမှတ်မရှိသော သားကောင်ကို သတ်၍ လက်ဝဲနံပါးဖြင့် လဲကျသော သားကောင်ကို မစားသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီ ပုဂ္ဂိုလ်သည် ဝါးပေးခြင်းဖြင့်လည်းကောင်း၊ သစ်ရွက်ပေးခြင်းဖြင့်လည်းကောင်း၊ ပန်းပေးခြင်းဖြင့်လည်းကောင်း၊ သစ်သီးပေးခြင်းဖြင့်လည်းကောင်း၊ ရေချိုးဆပ်ပြာပေးခြင်းဖြင့်လည်းကောင်း၊ မြေညက်ပေးခြင်း ဖြင့်လည်းကောင်း၊ ရေချိုးကသယ်မှုန့်ပေးခြင်းဖြင့်လည်းကောင်း၊ တံပူပေးခြင်းဖြင့်လည်းကောင်း၊ မျက်နှာ သစ်ရေပေးခြင်းဖြင့်လည်းကောင်း၊ မြှောက်ပင့်ပြောဆိုခြင်းဖြင့်လည်းကောင်း၊ ပဲနောက်ဟင်းအလား စကား မမှန်တစ်ခွန်း, မှန်တစ်ခွန်း ပြောဆိုခြင်းဖြင့်လည်းကောင်း၊ အထိန်းသဖွယ် သူငယ်ကို ပြုပြင်၍ ဆင်ပြင် ထိန်းသိမ်းခြင်းဖြင့်လည်းကောင်း၊ ဒါယကာတို့ စေပါးသည်ကို သွားလာခြင်းဖြင့်လည်းကောင်း၊ ဆေးဝါး ကုသခြင်းဖြင့်လည်းကောင်း၊ တမန်အမှုဖြင့်လည်းကောင်း၊ စေခိုင်းသည်ကို သွားလာခြင်းဖြင့်လည်းကောင်း၊ ဆွမ်းတုံ့ပေးခြင်းဖြင့်လည်းကောင်း၊ ပေးတုံ့ပေးသဖြင့်လည်းကောင်း၊ အိမ်ယာမြေစသည်ကို စီရင်သဖြင့်လည်းကောင်း၊ နက္ခတ်ဆိုး, ကောင်း ဟောသဖြင့်လည်းကောင်း၊ အင်္ဂဝိဇ္ဇာအတတ်ဟောသဖြင့်လည်းကောင်း ဆိုပြီးသည်မှ တစ်ပါးအခြားသော ဘုရားရှင်ကဲ့ရဲ့ တားမြစ်အပ်သော, မိစ္ဆာဇီဝဖြစ်စေအပ်သော ဘောဇဉ်ကို လက်ဝဲနံပါးဖြင့် လဲကျသော သားကောင်ကို သစ်ဖိုသည် မစားသကဲ့သို့ မစားရာ။ မင်းမြတ် သစ်ဖို၏ နှစ်ခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ တရားစစ်သူကြီး ဖြစ်တော်မူသော အသျှင်သာရိပုတ္တရာ မထေရ်သည်- “ငါသည် နှုတ်မြွက်ပြောဆိုရခြင်းကြောင့်ဖြစ်သော ကောင်းမြတ်သော နို့ဃနာ ဆွမ်းကို အကယ်၍ စားသည် ဖြစ်အံ့၊ ငါ၏ အသက်မွေးမှုသည် ကဲ့ရဲ့အပ်သည် ဖြစ်ရာ၏။ ငါ၏ အအူသည် အပြင်သို့ထွက်၍ ကျက်စားမူလည်း ကျက်စားစေကာမူ၊ အသက်ကို စွန့်ရစေကာမူ ငါ၏ အသက်မွေးမှုကို မဖျက်ဆီးတော့အံ့”ဟု ဟော တော်မူအပ်၏။ ။

ငါးခုမြောက် ဒီပိကင်္ဂပဥှာ ပြီး၏။

--

၆-ကုမ္မင်္ဂပဥှာ

လိပ်၏ အင်္ဂါပြဿနာ

။ အသျှင်ဘုရားနာဂသေန “လိပ်၏ အင်္ဂါငါးပါးတို့ကို ယူအပ်ကုန်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ်အင်္ဂါငါးပါးတို့ကို ယူအပ်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် လိပ်သည် ရေ၌သာ ကျက်စား၍ ရေ၌သာလျှင် နေခြင်းကို ပြုသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် သက်ရှိသတ္တဝါအားလုံးတို့၏ အကျိုးစီးပွားကို အစဉ်စောင့်သော မေတ္တာနှင့်တကွသော၊ ပြန့်ပြောသော၊ မြတ်သည့်အဖြစ်သို့ရောက်သော၊ အတိုင်းအရှည်မရှိသော၊ ရန်ကင်းသော၊ ကြောင့်ကြကင်းသောစိတ်ဖြင့် အလုံးစုံသော သတ္တလောကကို ပျံ့နှံ့စေ၍ နေရာ၏။ မင်းမြတ် လိပ်၏ ရှေးဦးစွာသော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား လိပ်သည် ရေ၌ ပေါ်လတ်သော် ဦးခေါင်းကို ချီပင့်လျက် ပေါ်၏၊ တစ်ဦးတစ်ယောက်သောသူကို အကယ်၍ မြင်အံ့၊ “ထိုသူတို့သည် တစ်ဖန် ငါ့ကို မမြင်စေသတည်း”ဟု ထိုအရပ်၌သာ ငုပ်လျှိုး၏၊ နက်ရှိုင်းရာသို့ သက်ဝင်၏။ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်း စီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ကိလေသာတို့ အနီးသို့ ကျရောက်လာကုန်သော် “ကိလေသာတို့သည် တစ်ဖန် ငါ့ကို မမြင်စေသတည်း”ဟု အာရုံဟူသော ရေအိုင်၌ ငုပ်လျှိုးရာ၏၊ နက်ရှိုင်းရာသို့ သက်ဆင်းရာ၏။ မင်းမြတ် လိပ်၏ နှစ်ခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား လိပ်သည် ရေမှ ထွက်၍ မိမိကိုယ်ကို နေလှန်းသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ထိုင်ခြင်း, ရပ်ခြင်း, လျောင်းခြင်း, စင်္ကြံ သွားခြင်းမှ စိတ်ကို ထုတ်ဆောင်၍ သမ္မပ္ပဓာန်၌ စိတ်ကို ခြောက်သွေ့စေရာ၏။ မင်းမြတ် လိပ်၏ သုံးခု မြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား လိပ်သည် မြေကို တူး၍ ဆိတ်ငြိမ်ရာ အရပ်၌ နေသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် လာဘ်ပူဇော်သကာ အကျော် အစောကို စွန့်ပယ်၍ ဆိတ်သုဉ်းသော၊ ဆိတ်ငြိမ်သော တော, တောအုပ်, တောင်, ချောက်, တောင်ခေါင်း သို့လည်းကောင်း၊ လူသံနည်းသော၊ ကြွေးကြော်သံနည်းသော ဆိတ်ငြိမ်ရာအရပ်သို့လည်းကောင်း သက် ဝင်၍ ဆိတ်ငြိမ်ရာ၌သာ နေရာ၏။ မင်းမြတ် လိပ်၏ လေးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် ဝင်္ဂန္တပုဏ္ဏား၏သားဖြစ်သော ဥပသေနမထေရ်သည်- “ရဟန်းသည် တစ်ပါးတည်း ကိန်းအောင်းနေလိုသောကြောင့် ဆိတ်ငြိမ်သော၊ ကြွေးကြော်သံနည်းသော၊ သားရဲသမင်တို့ မှီဝဲရာဖြစ်သော ကျောင်းကို မှီဝဲရာ၏”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား လိပ်သည် ကျက်စားခြင်းငှါ သွားလတ်သော် တစ်ဦးတစ်ယောက်ကိုမူလည်း အကယ်၍ မြင်အံ့၊ အသံကိုမူလည်း အကယ်၍ ကြားအံ့၊ လည်ပင်းလျှင် ငါးခုမြောက်ဖြစ်ကုန်သော အင်္ဂါတို့ကို မိမိအခွံ၌ သွင်းထားသိုဝှက်၍၊ ကြောင့်ကြမဲ့ တိတ်ဆိတ်စွာ နေလျက်၊ မိမိကိုယ်ကို စောင့် ရှောက်လျက် တည်နေသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အဆင်း, အသံ, အနံ့, အရသာ, အတွေ့အထိ, သဘောတရားဟူသော အလုံးစုံသော အာရုံတို့ ရှေးရှု ကျရောက်လာကုန်သည်ရှိသော် ခြောက်ဒွါရတို့၌ စောင့်စည်းမှု တံခါးရွက်ကို မဖွင့်လှစ်မူ၍၊ စိတ်ကို ကောင်းစွာ သိုမှီးစောင့်စည်းခြင်းကို ပြုလျက်၊ သတိသမ္ပဇဉ်ဖြင့် ရဟန်းတရားကို စောင့်ရှောက်သဖြင့် နေရာ၏။ မင်းမြတ် လိပ်၏ ငါးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် နတ်ထက်နတ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် သံယုတ္တနိကာယ်မြတ် ကုမ္မူပမသုတ်၌- “လိပ်သည် မိမိပိုင် အခွံတွင်း၌ အင်္ဂါတို့ကို သွတ်သွင်းထားသကဲ့သို့ ရဟန်းသည် စိတ်အကြံအစည်တို့ကို ကောင်းစွာ ထိန်းထားပါလျှင် တဏှာဒိဋ္ဌိ အမှီမခံရဘဲ တစ်ပါးပုဂ္ဂိုလ်ကို မထိခိုက် မညှဉ်းဆဲမူ၍ ချုပ်ငြိမ်းရ၏။ တစ်စုံတစ်ယောက်ကိုမျှ မစွပ်စွဲ မပြောဆိုရာ”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

ခြောက်ခုမြောက် ကုမ္မင်္ဂပဥှာ ပြီး၏။

--

၇-ဝံသင်္ဂပဥှာ

ဝါး၏ အင်္ဂါ ပြဿနာ

။ အသျှင်ဘုရားနာဂသေန “ဝါး၏ အင်္ဂါတစ်ပါးကို ယူအပ်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ်အင်္ဂါ တစ်ပါးကို ယူအပ်ပါသနည်းဟု (မေးလျှောက်၏)။ မင်းမြတ် ဝါးသည် လေတိုက်ရာအရပ်သို့ ညွတ်ကိုင်း သောအားဖြင့် လျော်စေသကဲ့သို့၊ တစ်ပါးသော အရပ်သို့ မပြေးသွားသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဟောကြားတော်မူအပ်သော အင်္ဂါကိုးပါးရှိသော မြတ်စွာဘုရား၏ အဆုံးအမတော်ကို လျော်စေ၍၊ အပ်စပ်သော, အပြစ် မရှိသော အရပ်၌ တည်၍ ရဟန်းတရားကိုသာလျှင် ရှာမှီးရာ၏။ မင်းမြတ် ဝါး၏ ဤအင်္ဂါတစ်ပါးကို ယူအပ်၏။ မင်းမြတ် အသျှင်ရာဟုလာမထေရ်သည်- “အင်္ဂါကိုးပါးရှိသော မြတ်စွာဘုရား၏ စကားတော်ကို အခါခပ်သိမ်း ညီညွတ် သင့်လျော်စေ၍၊ အပ်စပ်သော, အပြစ်ကင်းသော အရပ်၌ တည်လျက်၊ အပါယ်ကို လွန်မြောက်နိုင်၏”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

ခုနစ်ခုမြောက် ဝံသင်္ဂပဥှာ ပြီး၏။

၈-စာပင်္ဂပဥှာ

လေး၏ အင်္ဂါ ပြဿနာ

။ အသျှင်ဘုရားနာဂသေန “လေး၏ အင်္ဂါတစ်ပါးကို ယူအပ်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ် အဂ ၤါတစ်ပါးကို ယူအပ်ပါသနည်းဟု (မေးလျှောက်၏)။ မင်းမြတ် ကောင်းစွာ ရွေအပ်သော လေးသည် ညွတ် ကွေးသည်ရှိသော် အဖျားမှ အရင်းတိုင်အောင် အညီအမျှသာ ညွတ်ကွေး၍ တောင့်ခိုင်မနေသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် သီတင်းကြီး, သီတင်းလတ်, သီတင်းငယ်ဖြစ်သော ရဟန်းတို့၌ လျော်စွာ ကိုင်းညွတ်ရာ၏၊ မတောင့်ခိုင်ရာ။ မင်းမြတ် လေး၏ ဤအင်္ဂါ တစ်ပါးကို ယူအပ်၏။ မင်းမြတ် နတ်ထက်နတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝိဓုရဇာတ်တော်၌ - “ပညာရှိသည် လေးကဲ့သို့ ယုတ်လျော့သော ဝမ်းရှိရာ၏၊ ဝါးကဲ့သို့လည်း (လေအလိုက်သင့်) လှုပ်ရှားရာ၏၊ ဆန့်ကျင်ဘက် မကျင့်ရာ၊ ထိုသို့သောသူသည် မင်းထံ ခစားနေထိုင်ရာ၏”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

ရှစ်ခုမြောက် စာပင်္ဂပဥှာ ပြီး၏။

--

၉-ဝါယသင်္ဂပဥှာ

ကျီးငှက်၏ အင်္ဂါပြဿနာ

။ အသျှင်ဘုရားနာဂသေန “ကျီးငှက်၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ်အင်္ဂါနှစ်ပါးတို့ကို ယူအပ်ပါကုန်သနည်းဟု (မေးလျောက်၏)။ မင်းမြတ် ကျီးငှက်သည် ယုံမှား စိုးနှောင့်ခြင်းရှိလျက် လုံ့လထုတ်၍ ကျက်စားရသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အပ်သလော, မအပ်သလောဟု ယုံမှားစိုးနှောင့်ခြင်းရှိလျက် လုံ့လ ထုတ်ကာ ထင်သော သတိရှိသည် ဖြစ်၍ ဣန္ဒြေတို့ကို စောင့်စည်းလျက် ကျင့်ရာ၏။ မင်းမြတ် ကျီးငှက်၏့ရှေးဦးစွာသော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား ကျီးငှက်သည် တစ်စုံတစ်ခုသော ဘောဇဉ်ကို မြင်သည်ရှိသော် ဆွေမျိုးဖြစ်သော ကျီးတို့နှင့် ခွဲခြမ်းဝေဖန်၍သာ စားသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်း စီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အယုတ်သဖြင့် သပိတ်၌ အကျူံးဝင်ကာမျှလည်းဖြစ်သော တရားနှင့် လျော်ညီစွာ တရားသဖြင့် ရအပ်ကုန်သော လာဘ်တို့ဖြင့် သီလရှိကုန်သော သီတင်းသုံးဖော်တို့နှင့် အတူ ခွဲခြမ်းဝေဖန်လျက်သာ သုံးဆောင်လေ့ရှိသည် ဖြစ်ရာ၏။ မင်းမြတ် ကျီးငှက်၏ နှစ်ခုမြောက်သော ဤအင်္ဂါ ကို ယူအပ်၏။ မင်းမြတ် တရားစစ်သူကြီးဖြစ်တော်မူသော အသျှင်သာရိပုတ္တရာမထေရ်သည် - “ခြိုးခြံသော အကျင့်ရှိသောသူတို့သည် ရရသမျှသော ဘောဇဉ်ကို ငါ (သာရိပုတ္တရာ) အား အကယ်၍ လှူဒါန်းဆက်ကပ်ကုန်ငြားအံ့၊ ထိုဘောဇဉ်မှ အလုံးစုံသော သီတင်းသုံးဖော်တို့ကို ခွဲခြမ်းဝေဖန်၍သာ ဘောဇဉ်ကို စားလို၏”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

ကိုးခုမြောက် ဝါယသင်္ဂပဥှာ ပြီး၏။

--

၁၀-မက္ကဋင်္ဂပဥှာ

မျောက်၏ အင်္ဂါ ပြဿနာ

၁၀။ အသျှင်ဘုရားနာဂသေန မျောက်၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ်အင်္ဂါနှစ်ပါးတို့ကို ယူအပ်ပါကုန်သနည်းဟု (မေးလျောက်၏)။ မင်းမြတ် မျောက်သည် နေထိုင်ရန် ကပ်ရောက်သည်ရှိသော် ဆိတ်ငြိမ်၍ သစ်ခက်တို့ဖြင့် တစ်ခဲနက်ထွေးယှက်သော၊ ကြောက်သူတို့၏ ပုန်းအောင်းရာဖြစ်သော၊ ကြီးစွာသော သစ်ပင်ကြီးဟုဆိုအပ်သော ထိုသို့သဘောရှိသော အရပ်၌ နေထိုင် ရန် ကပ်ရောက်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် မကောင်းမှုမှ ရှက်တတ်သော၊ သီလကို ချစ်သော၊ သီလနှင့် ပြည့်စုံသော၊ ကောင်းသော အကျင့်ရှိသော၊ များသော အကြားအမြင်ရှိသော၊ သုတ်, အဘိဓမ္မာကို ဆောင်သော၊ ဝိနည်းကို ဆောင်သော၊ ချစ်နှစ် သက်အပ်သော၊ အလေးပြုလောက်သော၊ တရားသဖြင့် ဆိုတတ်သော၊ ဆိုခြင်း၌လည်း ခံ့သော၊ ဆုံးမတတ်သော၊ သိစေတတ်သော၊ ကောင်းစွာ တရားပြတတ်သော၊ ဆောက်တည်စေတတ်သော၊ ကောင်းစွာ ထက်သန်စေတတ်သော၊ ကောင်းစွာ ရွှင်စေတတ်သော ဤသို့သဘောရှိသော အဆွေ ခင်ပွန်း ကောင်းဖြစ်သော ဆရာကို မှီ၍ နေရာ၏။ မင်းမြတ် မျောက်၏ ရှေးဦးစွာသော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား မျောက်သည် သစ်ပင်၌သာလျှင် သွား၏၊ ရပ်၏၊ ထိုင်၏၊ အကယ်၍ အိပ်ရန် ကပ်ရောက်သည် ဖြစ်အံ့၊ ထိုသစ်ပင်၌သာလျှင် ညဉ့်အခါ နေ၏၊ ထိုင်၏၊ မင်းမြတ် ဤအတူ သာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် တောသို့ ရှေးရှုသည် ဖြစ်ရာ၏၊ တော၌သာလျှင် ရပ်ခြင်း, သွားခြင်း, ထိုင်ခြင်း, လျောင်းခြင်း, အိပ်ခြင်းသို့ သက်ရောက်ရာ၏၊ ထိုတောအရပ်၌သာလျှင် သတိပဋ္ဌာန်တရားကို ခံစားသုံးဆောင်ရာ၏။ မင်းမြတ် မျောက်၏ နှစ်ခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် တရားစစ်သူကြီး ဖြစ်တော်မူသော အသျှင်သာရိပုတ္တရာမထေရ်သည်- “ရဟန်းသည် တောအရပ်၌ စင်္ကြံသွားလျက်လည်းကောင်း၊ ရပ်လျက်လည်းကောင်း၊ ထိုင်နေခြင်း, လျောင်းစက်ခြင်းဖြင့်လည်းကောင်း တင့်တယ်၏၊ တောတွင်း၌ နေခြင်းကိုသာ ချီးမွမ်းအပ်၏”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

ဆယ်ခုမြောက် မက္ကဋင်္ဂပဥှာ ပြီး၏။

ရှေးဦးစွာသော ဂဒြဘဝဂ် ပြီး၏။

--

၂-သမုဒ္ဒဝဂ်

၁-လာဗုလတင်္ဂပဥှာ

ဗူးနွယ်၏ အင်္ဂါ ပြဿနာ

။ အသျှင်ဘုရားနာဂသေန “ဗူးနွယ်၏ အင်္ဂါတစ်ပါးကို ယူအပ်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ် အင်္ဂါ တစ်ပါးကို ယူအပ်ပါသနည်းဟု (မေးလျှောက်၏)။ မင်းမြတ် ဗူးနွယ်သည် မြက်ပင်၌လည်းကောင်း၊ သစ်ပင်၌လည်းကောင်း၊ နွယ်၌လည်းကောင်း နှာမောင်းတို့ဖြင့် ဆွဲကိုင်မှီတွယ်၍ ထိုမြက်စသည်၏ အထက်၌ ကြီးပွါးသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်စီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အရဟတ္တဖိုလ်၌ အလွန်ကြီးပွါးလိုသော စိတ်ဖြင့် (သင်္ခါရတရားတို့၏) အာရုံကို ဆွဲကိုင်မှီတွယ်၍ အရဟတ္တဖိုလ်၌ အလွန်ကြီး ပွါးသည် ဖြစ်ရာ၏။ မင်းမြတ် ဗူးနွယ်၏ ဤအင်္ဂါတစ်ပါးကို ယူအပ်၏။ မင်းမြတ် တရားစစ်သူကြီး ဖြစ်တော်မူသော အသျှင်သာရိပုတ္တရာမထေရ်သည်- “ဗူးနွယ်မည်သည်ကား မြက်၌လည်းကောင်း၊ ထင်းတုံး, သစ်ပင်၌လည်းကောင်း၊ နွယ်၌လည်းကောင်း နှာမောင်းတို့ဖြင့် ဆွဲကိုင်မှီတွယ်၍ ထိုမြက်သစ်ပင်စသည်တို့၏ အထက်၌ စည်ပင်ကြီးပွါးသကဲ့သို့၊ ထို့အတူသာလျှင် အရဟတ္တဖိုလ်ကို လိုလားသော မြတ်စွာဘုရားသားတော်သည် (သင်္ခါရတရားတို့၏) အာရုံကို ဆွဲကိုင်မှီတွယ်၍ အရဟတ္တဖိုလ်၌ ကြီးပွါးသည် ဖြစ်ရာ၏”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

ရှေးဦးစွာသော လာဗုလတင်္ဂပဥှာ ပြီး၏။

၂-ပဒုမင်္ဂပဥှာ

ပဒုမ္မာကြာ၏ အင်္ဂါ ပြဿနာ

။ အသျှင်ဘုရားနာဂသေန “ပဒုမ္မာကြာ၏ အင်္ဂါသုံးပါးတို့ကို ယူအပ်ကုန်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ်အင်္ဂါသုံးပါးတို့ကို ယူအပ်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် ပဒုမ္မာကြာသည် ရေ၌ ပေါက်၍၊ ရေ၌ ကြီးပွါးလျက် ရေဖြင့် မလိမ်းကျံသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အမျိုး၌လည်းကောင်း၊ ဂိုဏ်း၌လည်းကောင်း၊ လာဘ်၌လည်းကောင်း၊ အခြံအရံ၌လည်းကောင်း၊ ပူဇော်သက္ကာရ၌လည်းကောင်း၊ လေးမြတ်ခြင်း၌လည်းကောင်း၊ အသုံးအဆောင် ပစ္စည်းတို့၌လည်းကောင်း အလုံးစုံတို့၌ မကပ်ငြိ မလိမ်းကျံသည် ဖြစ်ရာ၏။ မင်းမြတ် ပဒုမ္မာကြာ၏ ရှေးဦးစွာသော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား ပဒုမ္မာကြာသည် ရေပေါ်၌ တက်ရောက်၍ တည်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်စီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အလုံးစုံသော လောကကို လွှမ်းမိုး၍ (လောကမှ) အထက်၌ တက်ရောက်လျက် လောကုတ္တရာတရား၌ တည်သည် ဖြစ်ရာ၏။ မင်းမြတ် ပဒုမ္မာကြာ၏ နှစ်ခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

--

မင်းမြတ် နောက်တစ်မျိုးကား ပဒုမ္မာကြာသည် အနည်းငယ်မျှသော လေတိုက်ခတ်ခြင်းကြောင့်လည်း တုန်လှုပ်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အနည်းငယ်မျှသော ကိလေသာတို့၌သော်လည်း စောင့်စည်းမှုကို ပြုလျက် ဘေးဟု ရှုလေ့ရှိသည် ဖြစ်၍ နေရာ၏။ မင်းမြတ် ပဒုမ္မာကြာ၏ သုံးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် နတ်ထက်နတ် ဖြစ်တော်မူသော မြတ်စွာဘုရားသည်- “အနုမြူမျှလောက်ကုန်သော (အနည်းငယ်မျှသော) အပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ရှိသည် ဖြစ်၍ စောင့်ရှောက်အပ်သော သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

နှစ်ခုမြောက် ပဒုမင်္ဂပဥှာ ပြီး၏။့

၃-ဗီဇင်္ဂပဥှာ

မျိုးစေ့၏ အင်္ဂါ ပြဿနာ

။ အသျှင်ဘုရားနာဂသေန “မျိုးစေ့၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ်အင်္ဂါနှစ်ပါးတို့ကို ယူအပ်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် မျိုးစေ့သည် အနည်းငယ် ဖြစ်သော်လည်း လယ်ကောင်း၌ စိုက်ပျိုးအပ်သော်၊ မိုးသည်လည်းကောင်းစွာ ရေအယဉ်ကို ရွာသွန်းလတ် သော် အလွန်များကုန်သော အသီးတို့ကို အစဉ်တစိုက်ပေးသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် အကြင် အခြင်းအရာဖြင့် ကျင့်သည်ရှိသော် စောင့်ထိန်းအပ်သော သီလသည် အလုံးစုံသော အရဟတ္တဖိုလ်တည်းဟူသော အသီးကို အစဉ်တစိုက် ပေး၏။ ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ထိုအခြင်းအရာဖြင့် ကောင်းစွာ ကျင့်ရာ၏။ မင်းမြတ် မျိုးစေ့၏ ရှေးဦးစွာသော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား မျိုးစေ့သည် ကောင်းစွာ ထက်ဝန်းကျင် သုတ်သင်ပြီးသော လယ်၌ စိုက်ပျိုးအပ်သည်ရှိသော် လျင်မြန်စွာသာလျှင် ပေါက်ရောက်စည်ပင်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ကောင်းစွာ သိမ်းဆည်းအပ်သော ဆိတ်ငြိမ်ရာအရပ်၌ ကောင်းစွာ သုတ်သင်အပ်သော သတိပဋ္ဌာန်တည်းဟူသော လယ်မြတ်၌ ပစ်ချစိုက်ပျိုးအပ်သော စိတ်သည် လျင်မြန်စွာသာလျှင် ပေါက်ရောက်စည်ပင်၏။ မင်းမြတ် မျိုးစေ့၏ နှစ်ခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် အသျှင်အနုရုဒ္ဓါမထေရ်သည်- “သစ်ငုတ်စသည်မှ စင်ကြယ်သော လယ်၌ စိုက်ပျိုးချထားအပ်သော မျိုးစေ့သည် ပြန့်ပွားသော အသီးကို ဖြစ်စေလျက် လယ်သမားကို နှစ်သက်စေသကဲ့သို့၊ ထို့အတူသာလျှင် ယောဂီပုဂ္ဂိုလ်၏ ဆိတ်ငြိမ်ရာ၌ သုတ်သင်အပ်သော စိတ်သည် သတိပဋ္ဌာန်တည်းဟူသော လယ်၌ လျင်မြန်စွာသာလျှင် ပေါက်ရောက်စည်ပင်၏”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

သုံးခုမြောက် ဗီဇင်္ဂပဥှာ ပြီး၏။

--

၄-သာလကလျာဏိကင်္ဂပဥှာ

သာလကလျာဏီပင်၏ အင်္ဂါ ပြဿနာ

။ အသျှင်ဘုရားနာဂသေန “သာလကလျာဏီမည်သော သစ်ပင်၏ အင်္ဂါတစ်ပါးကို ယူအပ်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ်အင်္ဂါတစ်ပါးကို ယူအပ်ပါသနည်းဟု (မေးလျှောက်၏)။ မင်းမြတ် သာလကလျာဏီ မည်သော သစ်ပင်သည် မြေကြီး၏ အတွင်း၌သာလျှင် အတောင်တစ်ရာလည်းကောင်း၊ ထိုအတောင်တစ်ရာ ထက် အလွန်လည်းကောင်း စည်ပင်တိုးပွါးသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ဖိုလ်လေးပါး, ပဋိသမ္ဘိဒါလေးပါး, အဘိညာဉ်ခြောက်ပါး, ရဟန်းတရားအလုံးစုံကို ဆိတ်ငြိမ်ရာ အရပ်၌သာလျှင် ဖြည့်ဆည်းပူးအပ်၏။ မင်းမြတ် သာလကလျာဏီမည်သော သစ်ပင်၏ တစ်ခုသော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် အသျှင်ရာဟုလာမထေရ်သည်- “ပေါက်ရောက်သော သာလကလျာဏီမည်သော သစ်ပင်သည် မြေကြီး၏ အတွင်း၌ သာလျှင် အတောင်တစ်ရာမျှလည်း စည်ပင်ကြီးပွါး၏။ (ဘုရားပွင့်တော်မူသော) အချိန်အခါ ရောက်ခဲ့သော် ထိုသစ်ပင်သည် ကြီးရင့်သဖြင့် အထက်သို့ ပြန့်ပွါးလျက် တစ်ရက်မျှဖြင့်ပင် အတောင်တစ်ရာမျှလည်း စည်ပင် ကြီးပွါးသကဲ့သို့၊ ဤအတူသာလျှင် ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား အကျွန်ုပ်သည် သာလကလျာဏီမည်သော သစ်ပင်ကဲ့သို့အတွင်းသန္တာန်၌ ဆိတ်ငြိမ်ရာဝယ် တရားအားဖြင့် တိုးပွါးရပါပြီ”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

လေးခုမြောက် သာလကလျာဏိကင်္ဂပဥှာ ပြီး၏။

--

၅-နာဝင်္ဂပဥှာ

လှေ၏ အင်္ဂါပြဿနာ

။ အသျှင်ဘုရားနာဂသေန “လှေ၏ အင်္ဂါသုံးပါးတို့ကို ယူအပ်ကုန်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ်အင်္ဂါသုံးပါးတို့ကို ယူအပ်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် လှေသည် အမျိုးမျိုးသော သစ်တို့ စပ်ဟပ်ပေါင်းဖွဲ့သဖြင့် များစွာသော လူတို့ကိုလည်း ကယ်တင်သကဲ့သို့၊ မင်းမြတ် ဤအတူ သာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အကျင်သီလဂုဏ်, ဝတ်ကြီး, ဝတ်ငယ်ဟူသော အမျိုးမျိုးသော တရားတို့ စုပေါင်းညီညွတ်သဖြင့် နတ်နှင့်တကွသော လူအပေါင်းကို (သံသရာတည်းဟူသော ဝဋ်ဆင်းရဲမှ နိဗ္ဗာန်ကမ်း တစ်ဖက်သို့) ကယ်တင်ရာ၏။ မင်းမြတ် လှေ၏ ရှေးဦးစွာသော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား လှေသည် အမျိုးမျိုးသော လှိုင်းလုံး၏ ရိုက်ခတ်သောအဟုန်၊ ကျယ်ပြန့်သော ဩဃအဟုန်ကို သည်းခံနိုင်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အမျိုးမျိုးသော ကိလေသာလှိုင်းလုံး၏ အဟုန်ကိုလည်းကောင်း၊ လာဘ်ပူဇော်သကာ, အခြံအရံ အကျော်အစော, ပူဇော်ရှိခိုးခြင်း, တစ်ပါးသူတို့ ကဲ့ရဲ့ခြင်း, ချီးမွမ်းခြင်း, ချမ်းသာခြင်း, ဆင်းရဲခြင်း, မြတ်နိုးခြင်း, မမြတ်နိုးခြင်း, အမျိုးမျိုးသော အပြစ်ဒေါသ လှိုင်းတံပိုးအဟုန်ကိုလည်းကောင်း သည်းခံနိုင်ရာ၏။ မင်းမြတ် လှေ၏ နှစ်ခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား လှေသည် မနှိုင်းရှည့်နိုင်၊ အဆုံးမထင် ကမ်းမမြင်မူ၍ အတိုင်းမသိ နက်ရှိုင်းသော၊ ပြင်းထန်သော အသံရှိလျက် တိမိငါး, တိမိင်္ဂလငါး, မကရ်းငါးအပေါင်းတို့ဖြင့် ရောပြွမ်းသော မဟာသမုဒ္ဒရာကြီး၌ သွားလာနိုင်၏၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီ ပုဂ္ဂိုလ်သည် အပြန်သုံးဖြာ အခြင်းအရာတစ်ဆယ့်နှစ်မျိုးရှိသော သစ္စာလေးပါးကို သိမြင်ထိုးထွင်းခြင်း၌ စိတ်ကို ကျက်စားသွားလာစေရာ၏။ မင်းမြတ် လှေ၏ သုံးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် နတ်ထက်နတ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် သံယုတ္တနိကာယ်မြတ် သစ္စသံယုတ်၌- ရဟန်းတို့ သင်တို့သည် ကြံစည်ကြကုန်သည်ရှိသော်ကား “ဤတရားသည် ဆင်းရဲတည်း”ဟု ကြံစည်ကြကုန်လော့၊ “ဤတရားသည် ဆင်းရဲဖြစ်ပေါ်ကြောင်း တရားတည်း”ဟု ကြံစည်ကြကုန်လော့၊ “ဤတရားသည် ဆင်းရဲ၏ ချုပ်ရာတရားတည်း”ဟု ကြံစည်ကြကုန်လော့၊ “ဤတရား သည် ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)သို့ရောက်ကြောင်း အကျင့်တရားတည်းဟု ကြံစည်ကြကုန်လော့”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

ငါးခုမြောက် နာဝင်္ဂပဥှာ ပြီး၏။

--

၆-နာဝါလဂ္ဂနကင်္ဂပဥှာ

ကျောက်ဆူး၏ အင်္ဂါပြဿနာ

။ အသျှင်ဘုရားနာဂသေန “ကျောက်ဆူး၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ်အင်္ဂါနှစ်ပါးတို့ကို ယူအပ်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် ကျောက်ဆူးသည် များပြားသော လှိုင်းကွန်ရက်တို့ဖြင့် ရှုပ်ယှက် ချောက်ချားသော ရေအပြင်ရှိသော မဟာသမုဒ္ဒရာကြီး၌ လှေကို ငြိမ်စေ၏၊ ရပ်တည်စေလျက် တူရူအရပ်, ဖီလာအရပ်သို့ ဆောင်ခြင်းငှါ မပေးသကဲ့သို့၊ မင်းမြတ့်ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည်ရာဂ,ဒေါသ,မောဟတည်းဟူသော လှိုင်း ကွန်ရက်ရှိသော၊ များစွာသော ဝိတက် လှိုင်းပုတ်ခတ်အပ်သော အာရုံ၌ စိတ်ကို တည်အောင်ထားရာ၏။ တူရူအရပ်, ဖီလာအရပ်သို့လည်း ဆောင်ခြင်းငှါ မပေးရာ။ မင်းမြတ် ကျောက်ဆူး၏ ရှေးဦးစွာသော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား ကျောက်ဆူးသည် ရေပေါ်သို့ မပေါ် နစ်မြုပ်၏၊ အတောင်တစ်ရာ ရှိသော ရေ၌လည်း လှေကို ငြိစေ၏၊ ရပ်တည်စေ၏၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် လာဘ်, အခြံအရံ, အကျော်အစော, မြတ်နိုးခြင်း, ရှိခိုးခြင်း, ပူဇော်ခြင်း, အရိုအသေ ပြုခြင်းတို့၌ မြတ်သော လာဘ်, မြတ်သော အခြံအရံ၌ပင်သော်လည်း မပေါ်လွင်ရာ၊ ကိုယ်နှင့် မျှတလောက်ရုံသော ပစ္စည်းလေးပါး၌သာလျှင် စိတ်ကို ထားအပ်၏။ မင်းမြတ် ကျောက်ဆူး၏ နှစ်ခု မြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် တရားစစ်သူကြီးဖြစ်တော်မူသော အသျှင်သာရိပုတ္တရာ မထေရ်သည်- “သမုဒ္ဒရာ၌ ကျောက်ဆူးသည် ရေပေါ်သို့ မပေါ် နစ်မြုပ်နေသကဲ့သို့၊ ထို့အတူ သာလျှင် သင်တို့သည် လာဘ်ပူဇော်သက္ကာရ၌ မပေါ်လွင်ကုန်လင့်၊ နစ်မြုပ်ကြကုန် လော့”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

ခြောက်ခုမြောက် နာဝါလဂ္ဂနကင်္ဂပဥှာ ပြီး၏။

--

၇-ကူပင်္ဂပဥှာ

လင်းယဉ်တိုင်၏ အင်္ဂါပြဿနာ

။ အသျှင်ဘုရားနာဂသေန “လင်းယဉ်တိုင်၏ အင်္ဂါတစ်ပါးကို ယူအပ်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ် အင်္ဂါတစ်ပါးကို ယူအပ်ပါသနည်းဟု (မေးလျှောက်၏)။ မင်းမြတ် လင်းယဉ်တိုင်သည် ကြိုးကိုလည်းကောင်း၊ သားရေလွန်ကိုလည်းကောင်း၊ ရွက်ကိုလည်းကောင်း ဆောင်သကဲ့သို့၊ မင်းမြတ် ဤ အတူသာလျှင် ကမ္မဋ္ဌာန်း စီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် သတိသမ္ပဇဉ်နှင့် ပြည့်စုံသည် ဖြစ်ရာ၏။ ရှေ့သို့တက်ရာ, နောက်သို့ ဆုတ်ရာ, တူ ရူကြည့်ရာ, တစောင်းကြည့်ရာ, ကွေးရာ, ဆန့်ရာ, ဒုကုဋ်, သပိတ်, သင်္ကန်းကို ဝတ်ရုံဆောင်ယူရာ, စားရာ, သောက်ရာ, ခဲရာ, လျက်ရာ, ကျင်ကြီးကျင်ငယ်စွန့်ရာ, သွားရာ, ရပ်ရာ, ထိုင်ရာ, အိပ်ရာ, နိုးရာ, စကားပြောရာ, ဆိတ်ဆိတ်နေရာ၌ ပညာဖြင့် ဆင်ခြင်၍ ပြုလေ့ရှိသည် ဖြစ်ရာ၏။ မင်းမြတ် လင်းယဉ်တိုင်၏ တစ်ပါးသော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် နတ်ထက်နတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် - “ရဟန်းတို့ ရဟန်းသည် သတိရှိသည် ဖြစ်၍ ပညာဖြင့် ဆင်ခြင်လျက် နေရာ၏၊ ဤသည်ကား ငါဘုရားတို့၏ အဆုံးအမတည်း”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

ခုနစ်ခုမြောက် ကူပင်္ဂပဥှာ ပြီး၏။

၈-နိယာမကင်္ဂပဥှာ

လှေသူကြီး၏ အင်္ဂါပြဿနာ

။ အသျှင်ဘုရားနာဂသေန “လှေသူကြီး၏ အင်္ဂါသုံးပါးတို့ကို ယူအပ်ကုန်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ်အင်္ဂါသုံးပါးတို့ကို ယူအပ်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် လှေသူကြီးသည် နေ့ရော ညဉ့်ပါ မပြတ်မလတ် မမေ့မလျော့သည် ဖြစ်၍၊ လုံ့လကြိုးကုတ် အားထုတ်လျက် လှေကို သွားစေသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် စိတ်ကို အမြဲ မှတ်အပ် သဖြင့် နေ့ရောညဉ့်ပါ မပြတ် မလပ်, မမေ့မလျော့, လုံ့လကြိုးကုတ် အားထုတ်လျက်၊ သင့်လျော်သော နှလုံးသွင်းဖြင့် စိတ်ကို မှတ်ရာ၏။ မင်းမြတ် လှေသူကြီး၏ ရှေးဦးစွာသော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် နတ်ထက်နတ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဓမ္မပဒပါဠိတော်၌ - “ရဟန်းတို့ သင်တို့သည် မမေ့မလျော့ခြင်း၌ မွေ့လျော်ကြကုန်လော့၊ မိမိတို့၏ စိတ်ကို စောင့်စည်းကြကုန်လော့၊ ညွန်ပျောင်း၌ နစ်မြုပ်သော မင်းစီးဆင်တော် သည် မိမိကိုယ်ကို လွန်မြောက်နိုင်ခဲသော ညွန်ပျောင်းမှ ထုတ်နုတ်လေသကဲ့သို့၊ ထို့အတူ မိမိကိုယ်ကို လွန်မြောက်နိုင်ခဲသော သံသရာဝဋ်မှ ဆယ်ထုတ်ကြကုန်လော့”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား လှေသူကြီးသည် မဟာသမုဒ္ဒရာ၌ ကောင်း, မကောင်း အလုံးစုံကို သိသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ကုသိုလ်, အကုသိုလ် ကိုလည်းကောင်း၊ အပြစ်ရှိ, မရှိကိုလည်းကောင်း၊ အယုတ်, အမြတ်ကိုလည်းကောင်း၊ မည်းညစ်သော အဖို့, ဖြူစင်သော အဖို့ကိုလည်းကောင်း သိရာ၏။ မင်းမြတ် လှေသူကြီး၏ နှစ်ခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

--

မင်းမြတ် နောက်တစ်မျိုးကား လှေသူကြီးသည် “တစ်စုံတစ်ယောက်သောသူမျှ စက်ကို မကိုင်လင့်”ဟု စက်၌ တံဆိပ်ခပ်ထား၏။ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် “တစ်စုံတစ်ရာ ယုတ်မာသော အကုသိုလ်အကြံကို မကြံစည်လင့်”ဟု စိတ်၌ စောင့်စည်းမှု တံဆိပ်ခပ် အပ်၏။ မင်းမြတ် လှေသူကြီး၏ သုံးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် နတ်ထက်နတ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် သံယုတ္တနိကာယ်မြတ်၌ - “ရဟန်းတို့ ယုတ်မာကုန်သော အကုသိုလ်အကြံအစည်တို့ကို မကြံစည်ကြကုန်လင့်၊ ဤအကုသိုလ် အကြံအစည်တို့ဟူသည် အဘယ်သည်တို့နည်းဟူမူ- ကာမဝိတက်, ဗျာပါဒဝိတက်, ဝိဟိံသာ ဝိတက်တို့ပေတည်း”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

ရှစ်ခုမြောက် နိယာမကင်္ဂပဥှာ ပြီး၏။

၉-ကမ္မကာရင်္ဂပဥှာ

လှေထိုးသား၏ အင်္ဂါပြဿနာ

။ အသျှင်ဘုရားနာဂသေန “လှေထိုးသား၏ အင်္ဂါတစ်ပါးကို ယူအပ်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ် အင်္ဂါတစ်ပါးကို ယူအပ်ပါသနည်းဟု (မေးလျှောက်၏)။ မင်းမြတ် လှေထိုးသားသည် “ငါသည် အခစားဖြစ်၍ ဤလှေ၌ အလုပ်လုပ်ရ၏၊ ငါသည် ဤလှေဖြင့် ရွက်ဆောင်သော အစွမ်းကြောင့် ထမင်း အခကို ရ၏၊ ငါသည် မေ့လျော့ခြင်းကို မပြုအပ်၊ ငါသည် မမေ့မလျော့သဖြင့် ဤလှေကို ဆောင်ရွက် အပ်၏”ဟု ဤသို့ ကြံစည်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီ ပုဂ္ဂိုလ်သည် “ငါသည် မဟာဘုတ်လေးပါးလျှင် ဖြစ်ကြောင်းရှိသော ဤကိုယ်ကို သုံးသပ်ဆင်ခြင်သည်ရှိ သော် မပြတ်မလတ် မမေ့မလျော့ထင်သော သတိရှိသည် ဖြစ်၍၊ သတိသမ္ပဇဉ်နှင့် ပြည့်စုံသည် ဖြစ်လျက်၊ တည်ကြည်သည် တစ်ခုတည်းသော အာရုံရှိသော စိတ်ရှိသည် ဖြစ်၍၊ ပဋိသန္ဓေနေခြင်း, အိုခြင်း, နာခြင်း, သေခြင်း, ပူဆွေးခြင်း, ငိုကြွေးခြင်း, နှလုံးမသာယာခြင်း, ပြင်းစွာပင်ပန်းခြင်းတို့မှ လွတ်ရလတ္တံ့ဟူ၍ မမေ့မလျော့ ပြုရာ၏”ဟု ဤသို့ ကြံစည်ရာ၏။ မင်းမြတ် လှေထိုးသား၏ တစ်ပါးသော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် တရားစစ်သူကြီးဖြစ်တော်မူသော အသျှင် သာရိပုတ္တရာမထေရ်သည်- “ဤကိုယ်ကို (လက္ခဏာရေးသုံးပါးသို့တင်၍) ဆင်ခြင်သုံးသပ်ကြကုန်လော့၊ အဖန်ဖန် ပိုင်းခြား၍ သိကြကုန်လော့၊ ကိုယ်၌ အနိစ္စစသော သဘာဝကို မြင်နိုင်မူ ကား ဒုက္ခ၏ အဆုံးဖြစ်သော နိဗ္ဗာန်ကို မျက်မှောက်ပြုရကုန်လတ္တံ့”ဟု ဤစကား ကိုလည်း ဟောတော်မူအပ်၏။ ။

ကိုးခုမြောက် ကမ္မကာရင်္ဂပဥှာ ပြီး၏။

--

၁၀-သမုဒ္ဒင်္ဂပဥှာ

သမုဒ္ဒရာ၏ အင်္ဂါပြဿနာ

၁၀။ အသျှင်ဘုရားနာဂသေန “သမုဒ္ဒရာ၏ အင်္ဂါငါးပါးတို့ကို ယူအပ်ကုန်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ် အင်္ဂါငါးပါးတို့ကို ယူအပ်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် မဟာသမုဒ္ဒရာသည် သူကောင်ပုပ်နှင့် အတူ မနေသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ် သည်ရာဂ, ဒေါသ, မောဟ, မာန, ဒိဋ္ဌိ, မက္ခ, ပဠာသ, ဣဿာ, မစ္ဆရိယ, မာယာ, သာဌေယျဟူသော ကောက်ကျစ်၍ မညီမညွတ်သော မကောင်းမှုဒုစရိုက် ကိလေသာအညစ်အကြေးတို့နှင့် အတူ မနေရာ။ မင်းမြတ် သမုဒ္ဒရာ၏ ရှေးဦးစွာသော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား မဟာသမုဒ္ဒရာသည် ပုလဲ, ပတ္တမြား, ကြောင်မျက်ရွဲ, ခရုသင်း, ကျောက်သလင်း, သန္တာ, ဖလ်, မြဟူသော အထူးထူးသော ရတနာစုကို ဆောင်လျက် ပိတ်၏၊ အပသို့ မကြဲဖြန့်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် မဂ်, ဖိုလ်, ဈာန်, ဝိမောက္ခ, သမာဓိ, သမာပတ်, ဝိပဿနာ, အဘိညာဉ်တည်းဟူသော အထူးထူးသော ဂုဏ် ကျေးဇူးရတနာတို့ကို ရသည်ရှိသော် ပိတ်ဖုံးထားအပ်ကုန်၏။ အပသို့ မထုတ်ဆောင်အပ်ကုန်။ မင်းမြတ် သမုဒ္ဒရာ၏ နှစ်ခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား မဟာသမုဒ္ဒရာသည် များပြားကုန်သော၊ ကြီးကျယ်လှကုန်သော သတ္တဝါတို့နှင့် အတူနေသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အလိုနည်းသော၊ ရောင့်ရဲလွယ်သော၊ ကိလေသာခါတွက်ခြင်းကို ပြောဟောတတ်သော၊ ခေါင်းပါးသော အသက်မွေးခြင်းရှိသော၊ အကျင့်နှင့် ပြည့်စုံသော၊ ရှက်တတ်သော၊ သီလကို ချစ်ခင်သော၊ လေးစားအပ်သော၊ ပွါးစေအပ်ပြီးသော ဘာဝနာရှိသော၊ ဆိုဆုံးမသော စကားကို သည်းခံနိုင်သော၊ အပြစ်တင်တတ်သော၊ မကောင်းမှုကို ကဲ့ရဲ့တတ်သော၊ သွန်သင်တတ်သော၊ ဆုံးမတတ်သော၊ တရားကို သိစေတတ်သော၊ တရားကို ပြတတ်သော၊ တရားကို ဆောက်တည်စေတတ်သော၊ ထက်စေတတ်သော၊ ရွှင်စေတတ်သော၊ မိတ်ဆွေကောင်းဖြစ်သော သီတင်းသုံးဖော်ကို အမှီပြု၍ နေရာ၏။ မင်းမြတ် မဟာသမုဒ္ဒရာ၏ သုံးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား မဟာသမုဒ္ဒရာသည် အသစ်အသစ်ဖြစ်သော ရေတို့ဖြင့် ပြည့်ကုန်သော ဂင်္ဂါ, ယမုနာ, အစိရဝတီ, သရဘူ, မဟီစသော မြစ်အသိန်းတို့ဖြင့်လည်းကောင်း၊ ကောင်းကင်မှ ကျသော ရေအယဉ်တို့ဖြင့်လည်းကောင်း ပြည့်သော်လည်း မိမိကမ်းကို မလွန်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် လာဘ်ပူဇော်သကာ, အကျော်အစော, ရှိခိုးခြင်း, မြတ်နိုးခြင်း, ပူဇော်ခြင်းဟူသော အကြောင်းကြောင့်လည်းကောင်း၊ အသက်ဟူသော အကြောင်း ကြောင့်လည်းကောင်း စေတနာရှိသည် ဖြစ်၍ သိက္ခာပုဒ်တော်ကို လွန်ကျူးမှု မပြုရာ။ မင်းမြတ် မဟာ သမုဒ္ဒရာ၏ လေးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် နတ်ထက်နတ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် - “မင်းမြတ် သမုဒ္ဒရာသည် မြဲစွာ တည်သော သဘောရှိ၏။ ကမ်းကို မလွန်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ငါဘုရားသည် တပည့်သာဝကတို့အား အကြင်သိက္ခာပုဒ်တော်ကို ပညတ်အပ်၏။ ငါဘုရား၏ တပည့်သာဝကတို့သည် ထိုသိက္ခာပုဒ်တော်ကို အသက်ဟူသော အကြောင်းကြောင့်လည်း မလွန်ကျူးကြကုန်”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။

--

မင်းမြတ် နောက်တစ်မျိုးကား မဟာသမုဒ္ဒရာသည် စီးဝင်ကုန်သော ဂင်္ဂါ, ယမုနာ, အစိရဝတီ,့သရဘူ, မဟီမြစ်အားလုံးတို့ဖြင့်လည်းကောင်း၊ ကောင်းကင်မှကျသော ရေအယဉ်တို့ဖြင့်လည်းကောင်း မပြည့်နိုင်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ပါဠိသင်ခြင်း, အဋ္ဌကထာသင်ခြင်း, နားထောင်ခြင်း, နှုတ်တက်အာဂုံဆောင်ခြင်း, ဆုံးဖြတ်ခြင်း, အဘိဓမ္မာ ဝိနည်း၌ သက်ဝင်နေခြင်း, သုတ္တန်ကို သင်ယူခြင်း, ပုဒ်ကို ထားခြင်း, ပုဒ်ကို ဆက်စပ်ခြင်း, ပုဒ်ကို ဝေဖန်ခြင်းဖြင့် မှတ်အပ်သော အင်္ဂါကိုးပါးရှိသော ဘုရား၏ ပရိယတ္တိသာသနာတော်မြတ်ကို နာယူကာမျှဖြင့်လည်း မရောင့်ရဲရာ၊ မတင်းတိမ်ရာ။ မင်းမြတ် မဟာသမုဒ္ဒရာ၏ ငါးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် နတ်ထက်နတ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် သုတသောမဇာတ်တော်၌- “ခမည်းတော်မင်းမြတ် မီးသည် မြက်, ထင်း, မီးစာကို လောင်မြိုက်၍ မရောင့်ရဲသကဲ့သို့လည်းကောင်း၊ သမုဒ္ဒရာသည် မြစ်ရေတို့ဖြင့် မရောင့်ရဲသကဲ့သို့လည်းကောင်း၊ ဤအတူ ပညာရှိတို့သည် ကောင်းစွာ ဆိုသော တရားစကားဖြင့် (အခါခါ) ကြားနာရကုန်သော်လည်း မရောင့်ရဲ၊ မတင်းတိမ်ကုန်”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

ဆယ်ခုမြောက် သမုဒ္ဒင်္ဂပဥှာ ပြီး၏။

နှစ်ခုမြောက် သမုဒ္ဒဝဂ် ပြီး၏။

--

၃-ပထဝီဝဂ်

၁-ပထဝီအင်္ဂပဥှာ

မြေကြီး၏ အင်္ဂါပြဿနာ

။ အသျှင်ဘုရားနာဂသေန “မြေကြီး၏ အင်္ဂါငါးပါးတို့ကို ယူအပ်ကုန်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ်အင်္ဂါငါးပါးတို့ကို ယူအပ်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် မြေကြီးသည် ကောင်း, မကောင်းဖြစ်ကုန်သော ပရုတ်, အကျော်, တောင်ဇလပ်, စန္ဒကူး, မာလာကျိကျုစသည်တို့ကို လောင်းချ သော်လည်းကောင်း၊ သည်းခြေ, သလိပ်, ပြည်, သွေး, ချွေး, အဆီ, တံတွေး, နှပ်, အစေး, ကျင်ငယ်, ကျင်ကြီးစသည်တို့ကို လောင်းချသော်လည်းကောင်း မတုန်လှုပ် မဖောက်မပြားသည် ဖြစ်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ကောင်းသည်, မကောင်းသည်၌လည်းကောင်း၊ လာဘ်ရခြင်း, လာဘ် မရခြင်း၌လည်းကောင်း၊ ကျော်စောရှိ, ကျော်စောမဲ့၌လည်းကောင်း၊ ကဲ့ရဲ့ခြင်း, ချီးမွမ်းခြင်း၌လည်းကောင်း၊ ချမ်းသာခြင်း, ဆင်းရဲခြင်း၌လည်းကောင်း အလုံးစုံသော အရာ၌ မတုန်လှုပ် မဖောက်ပြားသည်သာ ဖြစ်ရာ၏။ မင်းမြတ် မြေကြီး၏ ရှေးဦးစွာသော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား မြေကြီးသည် တန်ဆာဆင်ခြင်း, အပြေအပြစ်ပြုခြင်းမှ ကင်းသည် ဖြစ်၍ မိမိ၏ အနံ့ဖြင့် ထက်ဝန်းကျင်မှ ပျံ့နှံ့ထုံစေအပ်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်း စီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အပြေအပြစ်ပြုခြင်းမှ ကင်းသည် ဖြစ်၍ မိမိ၏ သီလတည်းဟူသော အနံ့ဖြင့် ထက်ဝန်းကျင် ထုံအပ်သည် ဖြစ်ရာ၏။ မင်းမြတ် မြေကြီး၏ နှစ်ခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား မြေကြီးသည် အပြတ်အခြားမရှိ၊ အကျိုးအပေါက်မရှိ၊ အခေါင်းမရှိ၊ ထူထဲ၍ တစ်ခဲနက် ပြန့်ကျယ်၏။ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အပြတ် အခြားမရှိ၊ အကျိုးအပေါက်မရှိ၊ အခေါင်းမရှိ၊ ထူထဲ၍ တစ်ခဲနက် ပြန့်ကျယ်သော သီလရှိသည် ဖြစ်ရာ၏။ မင်းမြတ် မြေကြီး၏ သုံးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား မြေကြီးသည် ရွာ, နိဂုံး, ဇနပုဒ်, သစ်ပင်, တောင်, မြစ်, တစ်ဖက်ဆည်ကန်, လေးထောင့်ကန်, သား, ငှက်, လူ, ယောက်ျား, မိန်းမအပေါင်းကို ထမ်းဆောင်နေရသော်လည်း ငြိုငြင် ပင်ပန်းမှု မရှိသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီ ပုဂ္ဂိုလ်သည် သွန်သင်ဆုံးမသဖြင့်လည်းကောင်း၊ သိစေသဖြင့်လည်းကောင်း၊ တရားပြသဖြင့်လည်းကောင်း၊ ဆောက်တည်စေသဖြင့်လည်းကောင်း၊ ထက်သန်စေသဖြင့်လည်းကောင်း၊ ရွှင်လန်းစေသဖြင့်လည်းကောင်း တရားဒေသနာတို့၌ ငြိုငြင် ပင်ပန်းမှုမရှိသည် ဖြစ်ရာ၏။ မင်းမြတ် မြေကြီး၏ လေးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား မြေကြီးသည် ချစ်ခြင်း, မုန်းခြင်းမှ ကင်းသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ချစ်ခြင်း, မုန်းခြင်းမှ ကင်းလွတ်သော မြေကြီးနှင့် တူသော စိတ်ဖြင့် နေရာ၏။ မင်းမြတ် မြေကြီး၏ ငါးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် စူဠသုဘဒ္ဒါမည်သော ဥပါသိကာမသည် မိမိကိုးကွယ်ဆည်းကပ်သော ရဟန်းတို့ကို ချီးကျူး လိုသည် ဖြစ်၍- “အမျက်ထွက်စိတ်ဖြင့် လက်မောင်းတစ်ဖက်ကို ပဲခွပ်ဖြင့် အကယ်၍ ရွေစေကာမူ၊ နှစ်သက်ရွှင်ပျသည်ဖြစ်၍ လက်မောင်းတစ်ဖက်ကို အမွှေးနံ့သာဖြင့် အကယ်၍ သုတ်လိမ်းစေကာမူ ဤမည်သော လက်မောင်းတစ်ဖက်ကို ရွေသောသူ၌ ရန်လိုမုန်း ထားခြင်း မရှိချေ၊ ထိုလက်မောင်းတစ်ဖက်ကို အမွှေးနံ့သာ သုတ်လိမ်းသူ၌ တပ် နှစ်သက်ခြင်း မရှိပေ၊ ထိုရဟန်းတို့သည် မြေကြီးနှင့်တူသော စိတ်ရှိပါကုန်၏။ ငါ၏ ရဟန်းတို့သည် ထိုသို့သဘောရှိပါကုန်၏”ဟု ဤစကားကိုလည်း ဆိုအပ်၏။ ။

ရှေးဦးစွာသော ပထဝီအင်္ဂပဥှာ ပြီး၏။

--

၂-အာပင်္ဂပဥှာ

ရေ၏ အင်္ဂါပြဿနာ

။ အသျှင်ဘုရားနာဂသေန “ရေ၏ အင်္ဂါငါးပါးတို့ကို ယူအပ်ကုန်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ် အင်္ဂါငါးပါးတို့ကို ယူအပ်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် ရေသည် ကောင်းစွာ တည်ခြင်း၊ မတုန်လှုပ်ခြင်း၊ မနောက်ကျုခြင်း၊ သဘာဝအားဖြင့် စင်ကြယ်ခြင်းရှိသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်း စီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ဟန်ဆောင်ခြင်း၊ ဝါကြွားခြင်း၊ အရိပ်နိမိတ်ပြုခြင်း၊ ဖိနှိပ်၍ ပြောခြင်းကို ပယ်၍၊ ကောင်းစွာ တည်ခြင်း၊ မတုန်လှုပ်ခြင်း၊ မနောက်ကျုခြင်း၊ သဘာဝအားဖြင့် ထက်ဝန်းကျင် စင်ကြယ်သော အကျင့်ရှိသည် ဖြစ်ရာ၏။ မင်းမြတ် ရေ၏ ရှေးဦးစွာသော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား ရေသည် အေးမြခြင်းသဘော၌ တည်ရာသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် သတ္တဝါအားလုံးတို့၌ သည်းခံခြင်း, ချစ်ခြင်း, သနားခြင်းနှင့် ပြည့်စုံသူ၊ အစီးအပွါးကို ရှာမှီးသူ၊ အစဉ်စောင့်ရှောက်သူ ဖြစ်ရာ၏။ မင်းမြတ် ရေ၏ နှစ်ခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား ရေသည် မစင်ကြယ်သည်ကို စင်ကြယ်အောင် ပြုသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ရွာ၌ ဖြစ်စေ၊ တော၌ ဖြစ်စေ ဥပဇ္ဈာယ်၌လည်းကောင်း၊ ဥပဇ္ဈာယ်နှင့် တန်းတူပုဂ္ဂိုလ်တို့၌လည်းကောင်း၊ ဆရာ၌လည်းကောင်း၊ ဆရာနှင့် တန်းတူ ပုဂ္ဂိုလ်တို့၌လည်းကောင်း အလုံးစုံသော ပုဂ္ဂိုလ်တို့၌ မငြင်းမခုံသည်, အကြွင်းမဲ့ ပြုလေ့ရှိသည် ဖြစ်ရာ၏။ မင်းမြတ် ရေ၏ သုံးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား ရေကို လူအများ တောင့်တအပ်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အလိုနည်းခြင်း, ရောင့်ရဲလွယ်ခြင်း, ဆိတ်ငြိမ်ရာအရပ်၌့ကိန်းအောင်းခြင်းဖြင့် အမြဲမပြတ် အလုံးစုံသော လူအပေါင်းတို့ တောင့်တအပ်သူ ဖြစ်ရာ၏၊ မင်းမြတ် ရေ၏ လေးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား ရေသည် တစ်စုံတစ်ယောက်သောသူ၏ အစီးအပွါးမဲ့ကို မဆောင်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် သူတစ်ပါးတို့နှင့် ငြင်းခုံ ခြင်း, ခိုက်ရန်ဖြစ်ခြင်း, ဆန့်ကျင်ဘက်ပြောဆိုခြင်း, မညီမညွတ်ပြောဆိုခြင်း, အချည်းနှီး မကြံစည်ခြင်း, မမွေ့လျော်သည်ကို ဖြစ်စေခြင်းဟူသော မကောင်းမှုကို ကိုယ်နှုတ်စိတ်တို့ဖြင့် မပြုရာ။ မင်းမြတ် ရေ၏ ငါးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် နတ်ထက်နတ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် ကဏှဇာတ်၌- “အလုံးစုံသော နတ်တို့ကို အစိုးရသော သိကြားမင်း အကယ်၍ ငါ့အား ဆုပေး ငြားအံ့၊ သိကြားမင်း ငါ့ကို အကြောင်းပြု၍ တစ်စုံတစ်ယောက်သောသူ၏ စိတ်ကိုလည်းကောင်း၊ ကိုယ်ကိုလည်းကောင်း တစ်ရံတစ်ခါမျှ မနှိပ်စက်စေလို၊ သိကြားမင်း ဤသို့သော ဆုကို ငါတောင်း၏”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

နှစ်ခုမြောက် အာပင်္ဂပဥှာ ပြီး၏။

--

၃-တေဇင်္ဂပဥှာ

မီး၏ အင်္ဂါပြဿနာ

။ အသျှင်ဘုရားနာဂသေန “မီး၏ အင်္ဂါငါးပါးတို့ကို ယူအပ်ကုန်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ် အင်္ဂါငါးပါးတို့ကို ယူအပ်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် မီးသည် မြက်, ထင်း, သစ်ခက်, သစ်ရွက်ကို လောင်တတ်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အတွင်း၌လည်း ဖြစ်ကုန်သော၊ အပ၌လည်း ဖြစ်ကုန်သော၊ ဣဋ္ဌာရုံ, အနိဋ္ဌာရုံကို ခံစားကုန်သော ကိလေသာအားလုံးတို့ကို ဉာဏ်တည်းဟူသော မီးဖြင့် ရှို့မြှိုက်အပ်ကုန်၏။ မင်းမြတ် မီး၏ ရှေးဦးစွာသော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား မီးသည် သနားခြင်းမရှိ, ကြင်နာခြင်းမရှိသကဲ့သို့၊ မင်းမြတ် ဤအတူ သာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အလုံးစုံသော ကိလေသာတို့၌ ကြင်နာခြင်း, သနားခြင်းကို မပြုရာ။ မင်းမြတ် မီး၏ နှစ်ခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား မီးသည် အအေးကို ပယ်ဖျောက်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ဝီရိယတည်းဟူသော အပူမီးကို ဖြစ်စေ၍ ကိလေသာတို့ကို ပယ်ဖျောက်အပ်ကုန်၏။ မင်းမြတ် မီး၏ သုံးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား မီးသည် ချစ်ခြင်း, မုန်းခြင်းမှ လွတ်ကင်းလျက် အပူကို ဖြစ်စေသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ချစ်ခြင်း, မုန်းခြင်းမှ ကင်းလွတ်သော မီးနှင့် တူသော စိတ်ဖြင့် နေရာ၏။ မင်းမြတ် မီး၏ လေးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား မီးသည် အမိုက်တိုက်ကို ပယ်ဖျောက်၍ အလင်းကို ပြသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အဝိဇ္ဇာတည်းဟူသော အမိုက် တိုက်ကို ပယ်ဖျောက်၍ ဉာဏ်တည်းဟူသော အလင်းရောင်ကို ပြရာ၏။ မင်းမြတ် မီး၏ ငါးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် နတ်ထက်နတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် မိမိ၏ သားတော် ဖြစ်သောရာဟုလာကို ဆုံးမတော်မူလိုရကား- “ရာဟုလာ မီးနှင့် တူသော ဘာဝနာကို ပွါးလေလော့၊ ပွားများခြင်းအကျိုးကားရာဟုလာ မီးနှင့်တူသော ဘာဝနာကို ပွါးများသော သင့်အား ဖြစ်ပေါ်ဆဲဖြစ်ကုန်သော နှစ်သက်ဖွယ်, မနှစ်သက်ဖွယ်ဖြစ်သော ဖဿတို့သည် သင်၏ စိတ်ကို သိမ်းကျုံး၍ မတည်နိုင်ကြကုန်လတ္တံ့”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

သုံးခုမြောက် တေဇင်္ဂပဥှာ ပြီး၏။

--

၄-ဝါယုင်္ဂပဥှာ

လေ၏ အင်္ဂါ ပြဿနာ

။ အသျှင်ဘုရားနာဂသေန “လေ၏ အင်္ဂါငါးပါးတို့ကို ယူအပ်ကုန်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ် အင်္ဂါငါးပါးတို့ကို ယူအပ်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် လေသည် ကောင်းစွာ ပွင့်သော တောအုပ်၏ အတွင်းကို လွှမ်းခြုံတိုက်ခတ်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ကိလေသာမှ လွတ်မြောက်မှု ‘ဝိမုတ္တိ’ဟူသော မြတ်သော ပန်းတို့၏ ပွင့်ရာ အာရုံတော အတွင်း၌ မွေ့လျော်ရာ၏။ မင်းမြတ် လေ၏ ရှေးဦးစွာသော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား လေသည် မြေ၌ ပေါက်ရောက်သော သစ်ပင်အပေါင်းတို့ကို လုံးထွေး တိုက်ခတ်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် တောအတွင်း၌ တည်လျက် သင်္ခါရတရားတို့ကို စိစစ်ခြင်းဖြင့် ကိလေသာတို့ကို လုံးထွေး တိုက်ခတ်အပ်ကုန်၏။ မင်းမြတ် လေ၏ နှစ်ခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား လေသည် ကောင်းကင်၌ သွားသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် လောကုတ္တရာတရားတို့၌ စိတ်ကို ကောင်းစွာ ကျက်စား စေရာ၏။ မင်းမြတ် လေ၏ သုံးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား လေသည် အနံ့ကို ခံစားသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် မိမိ၏ သီလမြတ်တည်းဟူသော အလွန်မွှေးကြိုင်သော အနံ့ကို ခံစားရာ၏။ မင်းမြတ် လေ၏ လေးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား လေသည် တည်နေရာ မရှိ၊ အမြဲတပ်စွဲသော နေရာလည်း မရှိသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် တည်နေရာ မရှိ၊ အမြဲတပ်စွဲသော နေရာလည်း မရှိ၊ ရောနှောဆက်ဆံခြင်းလည်း မရှိသဖြင့် အာရုံအားလုံးတို့၌ တပ်မက်မှု ကင်းလွတ်သည် ဖြစ်ရာ၏။ မင်းမြတ် လေ၏ ငါးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် နတ်ထက်နတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် သုတ္တနိပါတ်ပါဠိတော်၌- “တဏှာဒိဋ္ဌိအားဖြင့် ရောနှောခြင်းကြောင့် ဘေးဖြစ်၏၊ တပ်မက်ခြင်း ‘တဏှာ’ စသော ကျောင်း, အိမ်ကြောင့်ရာဂစသော မြူဖြစ်၏၊ တပ်မက်ခြင်း ‘တဏှာ’ စသော ကျောင်း, အိမ်မရှိသော၊ တဏှာ ဒိဋ္ဌိအားဖြင့် ရောနှောခြင်းကင်းသော ဤသူ့ကို မြတ်စွာဘုရားသည် ရှုမြင်ချီးမွမ်းတော်မူအပ်ပါပေ၏”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

လေးခုမြောက် ဝါယုင်္ဂပဥှာ ပြီး၏။

--

၅-ပဗ္ဗတင်္ဂပဥှာ

တောင်၏ အင်္ဂါ ပြဿနာ

။ အသျှင်ဘုရားနာဂသေန “တောင်၏ အင်္ဂါငါးပါးတို့ကို ယူအပ်ကုန်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ်အင်္ဂါငါးပါးတို့ကို ယူအပ်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် တောင်သည် မရွေ့ရှား, မတုန်လှုပ်, မယိမ်းယိုင်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည့်မြတ်နိုးခြင်း, မမြတ်နိုးခြင်း၌လည်းကောင်း၊ အရိုအသေပြုခြင်း, အရိုအသေမပြုခြင်း၌လည်းကောင်း၊ အလေးပြုခြင်း, အလေး မပြုခြင်း၌လည်းကောင်း၊ အခြံအရံရှိခြင်း, အခြံအရံမရှိခြင်း၌လည်းကောင်း၊ ကဲ့ရဲ့ခြင်း, ချီးမွမ်းခြင်း၌လည်းကောင်း၊ ချမ်းသာခြင်း, ဆင်းရဲခြင်း၌လည်းကောင်း၊ အလိုရှိအပ်သော အာရုံ, အလိုမရှိအပ်သော အာရုံတို့၌လည်းကောင်း၊ အဆင်း, အသံ, အနံ့, အရသာ, အတွေ့သဘော ဖြစ်ကုန်သော တပ်မက်ဖွယ် အာရုံအားလုံးတို့၌ မတပ်မက်ရာ၊ ပြစ်မှားဖွယ် အာရုံတို့၌လည်း မပြစ်မှားရာ၊ တွေဝေဖွယ် အာရုံတို့၌လည်း မတွေဝေရာ၊ မတုန်လှုပ်ရာ၊ မရွေ့ရှားရာ၊ တောင်သည် မရွေ့ရှားသကဲ့သို့ မရွေ့ရှားသည် ဖြစ်ရာ၏။ မင်းမြတ် တောင်၏ ရှေးဦးစွာသော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် နတ်ထက်နတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည်- “တစ်ခဲနက်ဖြစ်သော ကျောက်တောင်သည် လေတိုက်ခတ်သောကြောင့် မတုန်လှုပ်သကဲ့သို့၊ ဤအတူသာလျှင် ပညာရှိတို့သည် ကဲ့ရဲ့ခြင်း, ချီးမွမ်းခြင်းတို့ကြောင့် မတုန်လှုပ်ကုန်”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား တောင်သည် တင်းမာသည် ဖြစ်၍ တစ်စုံတစ်ခုနှင့်မျှ မရောနှော မတွဲစပ်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် တင်းမာသည် ဖြစ်၍ မရောနှော မတွဲစပ်သည် ဖြစ်ရာ၏၊ တစ်စုံတစ်ယောက်နှင့်မျှ ရောနှောတွဲစပ်ခြင်းကို မပြုရာ။ မင်းမြတ် တောင်၏ နှစ်ခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် နတ်ထက်နတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည်- “အိမ်ရာထောင်သော လူတို့နှင့်လည်းကောင်း၊ အိမ်ရာမထောင်သော ရဟန်းတို့နှင့်လည်းကောင်း လူရဟန်းနှစ်ဦးတို့နှင့် မရောနှောသော၊ အတွယ်အတာကင်း၍ ကျင့်ခြင်း ရှိသော၊ အလိုနည်းသော ထိုသို့သောသူကို မကောင်းမှုမှ အပပြုပြီးသော ‘ဗြာဟ္မဏ’ဟူ၍ ဆိုအပ်၏”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား တောင်၌ မျိုးစေ့သည် မပေါက်နိုင်သကဲ့သို့၊ မင်းမြတ် ဤအတူသာ လျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် မိမိ၏ စိတ်၌ ကိလေသာတို့ကို မပေါက်ရောက်စေရာ။ မင်းမြတ် တောင်၏ သုံးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် အသျှင်သုဘူတိမထေရ်သည်- “အကြင်အခါ၌ရာဂနှင့် စပ်ယှဉ်သော စိတ်သည် ငါ့အား ဖြစ်ပေါ်၏၊ ထိုအခါ ကိုယ်တိုင်ပင် ဆင်ခြင်၏၊ ထိုရာဂစိတ်ကို ငါသည် တည်ကြည်သည် ဖြစ်၍ ဆုံးမ၏။ (အဘယ်သို့ ဆုံးမသနည်းဟူမူ) အချင်းသုဘူတိ သင်သည် တပ်မက်ဖွယ် အာရုံ၌လည်း တပ်မက်ဘိ၏၊ ပြစ်မှားဖွယ် အာရုံ၌လည်း ပြစ်မှားဘိ၏၊ တွေဝေဖွယ် အာရုံ၌လည်း တွေဝေဘိ၏၊ (ဤမျှရိုင်းစိုင်းသော) သင်သုဘူတိသည် (သူတော် ကောင်းတို့ နေရာ) တောအရပ်မှ ထွက်သွားပါလေလော့။ ဤတောအရပ်သည် စင်ကြယ်ကုန်သော၊ အညစ်အကြေးကင်းကုန်သော အကျင့် ရှိကုန်သောသူတော်ကောင်းတို့၏ နေထိုင်ရာတည်း၊ သင်သုဘူတိသည် စင်ကြယ်သော တောအရပ်ကို မဖျက်ဆီးပါလင့်၊ တောအရပ်မှ ထွက်သွားပါလေလော့”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား တောင်သည် အထက်သို့ မြင့်တက်သကဲ့သို့၊ မင်းမြတ် ဤအတူ သာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ဉာဏ်ဖြင့် မြင့်တက်သည် ဖြစ်ရာ၏။ မင်းမြတ် တောင်၏ လေးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် နတ်ထက်နတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည်- “ပညာရှိသောသူသည် အကြင်အခါ၌ မေ့လျော့ခြင်းကို မမေ့လျော့ခြင်းဖြင့် နုတ်ပယ်၏၊ ထိုအခါ၌ ပညာရှိသည် ပညာတည်းဟူသော ပြာသာဒ်ထက်သို့ တက်၍ တောင်ထက်၌ တည်နေသောသူသည် မြေ၌ တည်နေသောသူတို့ကို (ငုံ့၍) ကြည့်နိုင်သကဲ့သို့၊ ထို့အတူ စိုးရိမ်ခြင်းမရှိမူ၍ စိုးရိမ့်ပူဆွေးနေသော သတ္တဝါ အပေါင်းကိုလည်းကောင်း၊ လူမိုက်တို့ကိုလည်းကောင်း ငုံ့၍ ကြည့်နိုင်၏”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။

--

မင်းမြတ် နောက်တစ်မျိုးကား တောင်သည် (ပကတိထက်) မမြင့်မောက်, မနိမ့်ရှိုင်းသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် လောကဓံတရားတို့ကြောင့် တက်ကြွမှု, စိတ်နိမ့်ကျမှုကို မပြုလုပ်ရာ။ မင်းမြတ် တောင်၏ ငါးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် စူဠသုဘဒ္ဒါမည်သော ဥပါသိကာမသည် မိမိကိုးကွယ်ဆည်းကပ်နေသော ရဟန်းတို့ကို ချီးကျူးလို သည် ဖြစ်၍ - “လူအပေါင်း သည် လာဘ် ရြ ခင်း ကြောင့် တက် ကြွ၏၊ လာဘ် မရြ ခင်း ကြောင့် စိတ် နိမ့် ကျ ၏၊ ရဟန်းတို့သည် လာဘ်ရခြင်း, လာဘ်မရခြင်းကြောင့် (အမြင့်, အနိမ့်မရှိ) တူသော သဘောရှိကုန်၏၊ ငါ၏ ရဟန်းတို့သည် ထိုသို့သဘော ရှိကုန်၏”ဟု ဤစကားကိုလည်း ပြောဆိုအပ်၏။ ။

ငါးခုမြောက် ပဗ္ဗတင်္ဂပဥှာ ပြီး၏။

၆-အာကာသင်္ဂပဥှာ

ကောင်းကင်၏ အင်္ဂါ ပြဿနာ

။ အသျှင်ဘုရားနာဂသေန “ကောင်းကင်၏ အင်္ဂါငါးပါးတို့ကို ယူအပ်ကုန်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ်အင်္ဂါငါးပါးတို့ကို ယူအပ်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် ကောင်းကင်သည် ခပ်သိမ်းသော အပြားအားဖြင့် မကိုင်တွယ်, မဆုပ်ဖမ်းနိုင်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်း စီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ခပ်သိမ်းသော အပြားအားဖြင့် ကိလေသာတို့က မကိုင်တွယ်, မဆုပ်ဖမ်း နိုင်သည် ဖြစ်ရာ၏။ မင်းမြတ် ကောင်းကင်၏ ရှေးဦးစွာသော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား ကောင်းကင်သည် ဘုရား, ရဟန္တာ, ဈာန်ရ ရသေ့, နတ်, ဗြဟ္မာ, ငှက်သတ္တဝါအပေါင်းတို့ လှည့်လည်သွားလာရာ ဖြစ်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်း စီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အနိစ္စ, ဒုက္ခ, အနတ္တဟူသော သင်္ခါရတရားတို့၌ စိတ်ကို လှည့်လည် သွားလာစေရာ၏။ မင်းမြတ် ကောင်းကင်၏ နှစ်ခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား ကောင်းကင်သည် ထိတ်လန့်တုန်လှုပ်ဖွယ် ဖြစ်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အလုံးစုံသော ဘုံဘဝ ပဋိသန္ဓေတို့၌ စိတ်ကို ထိတ်လန့်စေရာ၏၊ သာယာခြင်းကို မပြုရာ။ မင်းမြတ် ကောင်းကင်၏ သုံးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

--

မင်းမြတ် နောက်တစ်မျိုးကား ကောင်းကင်သည် အပိုင်းအခြားမရှိ၊ အတိုင်းအရှည်မရှိ၊ မရေတွက် နိုင်၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အဆုံးအပိုင်းအခြားမရှိသော သီလရှိသူ၊ မနှိုင်းရှည့်အပ်သော ဉာဏ်ရှိသူ ဖြစ်ရာ၏။ မင်းမြတ် ကောင်းကင်၏ လေးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား ကောင်းကင်သည် ကပ်ငြိမှုမရှိ၊ တွယ်တာမှုမရှိ၊ တည်ရာမရှိ၊ အမြှေးအယှက်မရှိ၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အမျိုး (ဒါယကာ)၌လည်းကောင်း၊ ဂိုဏ်းဂဏ၌လည်းကောင်း၊ လာဘ်လာဘ၌လည်းကောင်း၊ ကျောင်းအိပ်ရာ နေရာ၌လည်းကောင်း၊ ပစ္စည်းပလိဗောဓ၌လည်းကောင်း၊ အလုံးစုံသော ကိလေသာတို့၌လည်းကောင်း အားလုံးတို့၌ အငြိအကပ်မရှိသည် ဖြစ်ရာ၏၊ အတွယ်အတာမရှိသည်, တည်ရာမရှိသည်, အမြှေးအယှက် မရှိသည် ဖြစ်ရာ၏။ မင်းမြတ် ကောင်းကင်၏ ငါးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် နတ်ထက်နတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် မိမိ၏ သားတော်ဖြစ်သောရာဟုလာကို ဆုံးမတော်မူ့လိုသဖြင့်- “ရာဟုလာ ကောင်းကင်သည် တစ်စုံတစ်ခုသော အရပ်၌ မတည်သကဲ့သို့၊ရာဟုလာ ဤအတူ သာလျှင် သင်သည် ကောင်းကင်နှင့် တူသော ဘာဝနာကို ပွါးများလော့၊ ပွါးများခြင်းအကျိုးကား ကောင်းကင်နှင့်တူသော ဘာဝနာကို ပွါးများသော သင့်အား ဖြစ်ပေါ်ဆဲဖြစ်ကုန်သော နှစ်သက်ဖွယ်, မနှစ်သက်ဖွယ်ဖြစ်သော ဖဿတို့သည် သင်၏ စိတ်ကို သိမ်းကျုံး၍ မတည်နိုင်ကုန်လတ္တံ့”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

ခြောက်ခုမြောက် အာကာသင်္ဂပဥှာ ပြီး၏။

၇-စန္ဒင်္ဂပဥှာ

လ၏ အင်္ဂါ ပြဿနာ

။ အသျှင်ဘုရားနာဂသေန “လ၏ အင်္ဂါငါးပါးတို့ကို ယူအပ်ကုန်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ် အင်္ဂါငါးပါးတို့ကို ယူအပ်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် လသည် လဆန်းပက္ခ၌ ထွက်ပေါ် လတ်သော် တိုးတက်တိုးတက်၍ ပွါးသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီ ပုဂ္ဂိုလ်သည် အကျင့်သီလ, ဂုဏ်ကျေးဇူး, ဝတ်ကြီးဝတ်ငယ်၌လည်းကောင်း၊ ပါဠိသင်ခြင်း, တရားထူး ရခြင်း၌လည်းကောင်း၊ တစ်ပါးတည်း ကိန်းအောင်းခြင်း၌လည်းကောင်း၊ သတိပဋ္ဌာန်၌လည်းကောင်း၊ ဣန္ဒြေတို့၌ လုံခြုံသော တံခါးရှိမှု၌လည်းကောင်း၊ စားဖွယ်၌ အတိုင်းအရှည်ကို သိမှု၌လည်းကောင်း၊ နိုးကြားမှုနှင့်ယှဉ်မှု၌လည်းကောင်း တိုးတက် တိုးတက်၍ ပွါးရာ၏။ မင်းမြတ် လ၏ ရှေးဦးစွာသော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား လသည် ကြယ်တာရာအပေါင်းတို့၏ အကြီးအမှူးဖြစ်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် မွန်မြတ်သော ဆန္ဒာဓိပတိရှိသည် ဖြစ်ရာ၏။ မင်းမြတ် လ၏ နှစ်ခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား လသည် ညဉ့်၌ လှည့်လည်ထွက်ပေါ်သကဲ့သို့၊ မင်းမြတ် ဤအတူ သာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ဆိတ်ငြိမ်သူဖြစ်ရာ၏။ မင်းမြတ် လ၏သုံးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား လသည် ဗိမာန်တံခွန်ဖြစ်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် သီလတည်းဟူသော တံခွန်ရှိသည် ဖြစ်ရာ၏။ မင်းမြတ် လ၏ လေးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

--

မင်းမြတ် နောက်တစ်မျိုးကား လသည် တောင်းပန်အပ်, တောင့်တအပ်သည်ဖြစ်၍ ထွက်ပေါ်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် တောင်းပန်အပ်, တောင့်တအပ်သည် ဖြစ်၍ ဒါယကာတို့သို့ ချဉ်းကပ်ရာ၏။ မင်းမြတ် လ၏ ငါးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် နတ်ထက်နတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် သံယုတ္တနိကာယ်မြတ်၌- “ရဟန်းတို့ သင်တို့သည် လနှင့် အလားတူစွာ ကိုယ်ကို မငြိကပ်ဘဲ ရှောင်လွှဲ၍သာ, စိတ်ကို မငြိကပ်ဘဲ ရှောင်လွှဲ၍သာ အမြဲအားဖြင့် ရောက်သစ်စ အာဂန္တုကဲ့သို့ ဖြစ်ကုန်လျက် ဒါယကာတို့၌ ခက်ထန်ကြမ်းကြုတ်ခြင်းမှ ကင်းကုန်၍ ဒါယကာတို့သို့ ချဉ်းကပ်ကြကုန်လော့”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

ခုနစ်ခုမြောက် စန္ဒင်္ဂပဥှာ ပြီး၏။

၈-သူရိယင်္ဂပဥှာ

နေ၏ အင်္ဂါ ပြဿနာ

။ အသျှင်ဘုရားနာဂသေန “နေ၏ အင်္ဂါခုနစ်ပါးတို့ကို ယူအပ်ကုန်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ် အင်္ဂါခုနစ်ပါးတို့ကို ယူအပ်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် နေသည် အလုံးစုံသော ရေကို ခန်းခြောက်စေသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အလုံးစုံသော ကိလေသာတို့ကို အကြွင်းမဲ့ ခန်းခြောက်စေရာ၏။ မင်းမြတ် နေ၏ ရှေးဦးစွာသော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား နေသည် အမိုက်မှောင်ကို ပယ်ဖျောက်သကဲ့သို့၊ မင်းမြတ် ဤအတူ သာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အလုံးစုံသောရာဂအမိုက်မှောင်, ဒေါသအမိုက်မှောင်, မောဟအမိုက်မှောင်, မာနအမိုက်မှောင်, ဒိဋ္ဌိအမိုက်မှောင်, ကိလေသာအမိုက်မှောင်, အလုံးစုံသော ဒုစရိုက် အမိုက်မှောင်ကို မှုတ်လွှင့်ပယ်ဖျောက်ရာ၏။ မင်းမြတ် နေ၏ နှစ်ခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား နေသည် အခါမပြတ် လှည့်လည်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အခါမပြတ် သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကို ပြုရာ၏။ မင်းမြတ် နေ၏ သုံးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား နေသည် ရောင်ခြည်ပန်းကုံးရှိသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အာရုံပန်းကုံးရှိသည် ဖြစ်ရာ၏။ မင်းမြတ် နေ၏ လေးခု မြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား နေသည် လူအပေါင်းကို ကောင်းစွာ နွေးစေလျက် လှည့်လည်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အကျင့်သီလ, ဂုဏ်ကျေးဇူး, ဝတ်ကြီး ဝတ်ငယ်အကျင့်တို့ဖြင့်လည်းကောင်း၊ ဈာန်, ဝိမောက္ခ, သမာဓိ, သမာပတ်, ဣန္ဒြေ, ဗိုလ်, ဗောဇ္ဈင်, သတိပဋ္ဌာန်, သမ္မပ္ပဓာန်, ဣဒ္ဓိပါဒ်တို့ဖြင့်လည်းကောင်း နတ်နှင့်တကွသော လူအပေါင်းကို ကောင်းစွာ နွေးစေရာ၏။ မင်းမြတ် နေ၏ ငါးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

--

မင်းမြတ် နောက်တစ်မျိုးကား နေသည်ရာဟုအသုရိန်၏ ဘေးမှ ကြောက်ရွံ့၍ လှည့်လည်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ဒုစရိုက်ကွန်ရက်, ဒုဂ္ဂတိ ကွန်ရက်, မညီမညွတ်သော ခရီးခဲဟူသော ဝိပါက်ကွန်ရက်, ဝိနိပါတကွန်ရက်, ကိလေသာကွန်ရက်တို့ဖြင့် ဖွဲ့ယှက်အပ်ကုန်သော၊ ခြောက်ဆယ့်နှစ်ပါးသော ဒိဋ္ဌိအပေါင်းဟူသော မိစ္ဆာသံခမောက်ကို စွပ်ဆောင်းကုန်သော၊ မကောင်းသော ခရီးသို့ တက်ရောက်ပြေးသွားကုန်သော၊ လမ်းလွဲသို့ သွားကုန်သော သတ္တဝါတို့ ကို မြင်၍ ကြီးစွာသော ထိတ်လန့်ခြင်း ဘေးဖြင့် စိတ်ကို ထိတ်လန့်စေရာ၏။ မင်းမြတ် နေ၏ ခြောက်ခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား နေသည် အကောင်း,အဆိုးတို့ကို ပြသကဲ့သို့၊ မင်းမြတ် ဤအတူ သာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ဣန္ဒြေ, ဗိုလ်, ဗောဇ္ဈင်, သတိပဋ္ဌာန်, သမ္မပ္ပဓာန်, ဣဒ္ဓိပါဒ်ဖြစ်သော လောကီ, လောကုတ္တရာတရားတို့ကို ပြရာ၏။ မင်းမြတ် နေ၏ ခုနစ်ခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် အသျှင်ဝင်္ဂီသမထေရ်သည်- “နေသည် ထွက်ပေါ်လတ်သော် စင်ကြယ်သည်မူလည်းဖြစ်သော၊ မစင်ကြယ်သည် မူလည်း ဖြစ်သော၊ ကောင်းသည်မူလည်း ဖြစ်သော၊ မကောင်းသည်မူလည်း ဖြစ်သော အဆင်းကို သတ္တဝါတို့အား ထင်မြင်စေသကဲ့သို့၊ ထို့အတူ တရားကို ကျင့်ဆောင်သော ရဟန်းသည် အဝိဇ္ဇာမှောင် အမိုက်ဖြင့် ဖုံးပိတ်သော သတ္တဝါ အပေါင်းကို နေမင်းသည် ထွက်ပေါ်လတ်၍ အဆင်းကို ထင်မြင်စေသကဲ့သို့ အထူး ထူးသော တရားလမ်းကြောင်းကို ထင်မြင်စေ၏”ဟု ဤစကားကိုလည်း ဟော တော်မူအပ်၏။ ။

ရှစ်ခုမြောက် သူရိယင်္ဂပဥှာ ပြီး၏။

--

၉-သက္ကင်္ဂပဥှာ

သိကြားမင်း၏ အင်္ဂါ ပြဿနာ

။ အသျှင်ဘုရားနာဂသေန “သိကြားမင်း၏ အင်္ဂါသုံးပါးတို့ကို ယူအပ်ကုန်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ်အင်္ဂါသုံးပါးတို့ကို ယူအပ်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် သိကြားမင်းသည် ဧကန် စင်စစ်အားဖြင့် ချမ်းသာနှင့် ပြည့်စုံသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ဧကန်စင်စစ်အားဖြင့် ဆိတ်ငြိမ်ရာ၌ ချမ်းသာစွာ မွေ့လျော်ခြင်းရှိသည် ဖြစ်ရာ၏။ မင်းမြတ် သိကြားမင်း၏ ရှေးဦးစွာသော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား သိကြားမင်းသည် နတ်တို့ကို မြင်သည်ရှိသော် ချီးမြှောက် ရွှင်လန်း ခြင်းကို ဖြစ်စေ၏၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ကုသိုလ် တရားတို့၌ မတွန့်တိုအောင်, မပျင်းရိအောင်, ငြိမ်သက်အောင် စိတ်ကို ချီးမြှောက်အပ်၏၊ ရွှင်လန်းခြင်းကို ဖြစ်စေအပ်၏၊ အားထုတ်အပ်၏။ နှိုးဆော်အပ်၏။ လုံ့လပြုအပ်၏။ မင်းမြတ် သိကြားမင်း၏ နှစ်ခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား သိကြားမင်းအား မမွေ့လျော်မှု မဖြစ်သကဲ့သို့၊ မင်းမြတ် ဤအတူ သာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ဆိတ်ငြိမ်ရာ၌ မမွေ့လျော်မှုကို မဖြစ်စေရာ။ မင်းမြတ် သိကြားမင်း၏ သုံးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် အသျှင်သုဘူတိမထေရ်သည်- “ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား အသျှင်ဘုရား၏ သာသနာတော်၌ အကြင်အခါမှစ၍ အကျွန်ုပ် ရဟန်းပြု၏၊ ထိုအခါမှ စ၍ ကာမဝိတက်နှင့်စပ်လျက် စိတ်ဖြစ်ဖူးသည်ကို အကျွန်ုပ် မသိစဖူးပါ”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

ကိုးခုမြောက် သက္ကင်္ဂပဥှာ ပြီး၏။

--

၁၀-စက္ကဝတ္တိင်္ဂပဥှာ

စကြဝတေးမင်း၏ အင်္ဂါ ပြဿနာ

၁၀။ အသျှင်ဘုရားနာဂသေန “စကြဝတေးမင်း၏ အင်္ဂါလေးပါးတို့ကို ယူအပ်ကုန်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ်အင်္ဂါလေးပါးတို့ကို ယူအပ်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် စကြဝတေးမင်းသည် လေးပါးသော သင်္ဂဟဝတ္ထုတို့ဖြင့် လူအပေါင်းကို ချီးမြှောက်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ပရိသတ်လေးပါးတို့၏ စိတ်ကို ချီးမြှောက်ရာ၏၊ ထောက်ပံ့ရာ၏၊ ရွှင်စေရာ၏၊ မင်းမြတ် စကြဝတေးမင်း၏ ရှေးဦးစွာသော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား စကြဝတေးမင်း၏ တိုင်းနိုင်ငံ၌ ခိုးသူတို့သည် မထကြွကုန်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ကာမဝိတက်, ဗျာပါဒဝိတက်, ဝိဟိံသာ ဝိတက်တို့ကို မဖြစ်စေရာ။ မင်းမြတ် စကြဝတေးမင်း၏ နှစ်ခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် နတ်ထက်နတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည်- “အကြင်သူသည် ကာမဝိတက်စသည်မှ အေးငြိမ်းမှု၌ မွေ့လျော်သည် ဖြစ်၍သာ အခါခပ်သိမ်း သတိထားလျက် အသုဘအာရုံကို ပွါးများ၏၊ ဤသူသည်ကား ကိလေသာ ပျက်စီးအောင် ပြုနိုင်ပေလတ္တံ့၊ ဤသူသည် မာရ်မင်း၏ အနှောင်အဖွဲ့ ကို ဖြတ်နိုင်ပေလတ္တံ့”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား စကြဝတေးမင်းသည် နေ့တိုင်း နေ့တိုင်း သမုဒ္ဒရာအဆုံးရှိသော မြေအပြင်၌ ကောင်း, မကောင်းတို့ကို စူးစမ်းလျက် လှည့်လည်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင့်ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ငါ့အား ဤသုံးပါးသော အကြောင်းတို့ဖြင့် မစွပ်စွဲအပ်သည် ဖြစ်၍ နေ့သည်ကုန်လွန်ပါလေ၏လောဟု ကာယကံ, ဝစီကံ, မနောကံကို နေ့တိုင်း နေ့တိုင်း ဆင်ခြင်ရာ၏။ မင်းမြတ် စကြဝတေးမင်း၏ သုံးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် နတ်ထက် နတ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် အဂုင်္တ္တရနိကာယ်မြတ်၌- “ငါ့အား အဘယ်သို့အားဖြင့် ဖြစ်၍ ညဉ့်နေ့တို့သည်ကုန်လွန်လေသနည်းဟု ရဟန်းဖြစ်သောသူသည် မပြတ်ဆင်ခြင်အပ်၏”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား စကြဝတေးမင်းသည် အတွင်း, အပ အစောင့်အရှောက်ကို ကောင်းစွာ စီရင်အပ်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အတွင်း, အပ ကိလေသာတို့ကို စောင့်ရှောက်ခြင်းငှါ သတိတည်းဟူသော တံခါးစောင့်ကို ထားရာ၏။ မင်းမြတ် စကြဝတေးမင်း၏ လေးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် နတ်ထက်နတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည်- “ရဟန်းတို့ သတိတည်းဟူသော တံခါးစောင့်ရှိသော အရိယသာဝကသည် အကုသိုလ်ကို ပယ်စွန့်၏၊ ကုသိုလ်ကို ပွါးများ၏၊ အပြစ်ရှိသော တရားကို ပယ်စွန့်၏၊ အပြစ်မရှိသော တရား ကို ပွါးများ၏၊ မိမိကိုယ်ကို စင်ကြယ်စွာ ဆောင်၏”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

ဆယ်ခုမြောက် စက္ကဝတ္တိင်္ဂပဥှာ ပြီး၏။

သုံးခုမြောက် ပထဝီဝဂ် ပြီး၏။

--

၄-ဥပစိကာဝဂ်

၁-ဥပစိကင်္ဂပဥှာ

ခြ၏ အင်္ဂါ ပြဿနာ

။ အသျှင်ဘုရားနာဂသေန “ခြ၏ အင်္ဂါတစ်ပါးကို ယူအပ်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ်အင်္ဂါ တစ်ပါးကို ယူအပ်ပါသနည်းဟု (မေးလျှောက်၏)။ မင်းမြတ် ခြသည် အထက်၌ မြေအမိုးကို ပြုလျက် မိမိကိုယ်ကို ပိတ်ဖုံး၍ အစာရှာခြင်းငှါ လှည့်လည်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်း စီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် သီလစောင့်ထိန်းမှုဟူသော အမိုးကို ပြုလျက် စိတ်ကို ပိတ်ဖုံး၍ ဆွမ်း အလို့ငှါ လှည့်လည်ရာ၏။ မင်းမြတ် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် သီလစောင့်ထိန်းမှုဟူသော အမိုးဖြင့် အလုံးစုံသော ဘေးကို လွန်မြောက်နိုင်၏။ မင်းမြတ် ခြ၏ တစ်ပါးသော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် ဝင်္ဂန္တပုဏ္ဏား၏ သားဖြစ်သော အသျှင်ဥပသေနမထေရ်သည်- “အားထုတ်ခြင်း လုံ့လရှိသော ရဟန်းသည် သီလစောင့်ထိန်းမှုဟူသော အမိုးကို ပြုလုပ်လျက်၊ စိတ်ကို လောကဖြင့် မလိမ်းကျံအပ်သည် ဖြစ်၍၊ရာဂဘေးစသည်မှ လွတ်မြောက်ရ၏”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

ရှေးဦးစွာသော ဥပစိကင်္ဂပဥှာ ပြီး၏။

၂-ဗိဠာရင်္ဂပဥှာ

ကြောင်၏ အင်္ဂါ ပြဿနာ

။ အသျှင်ဘုရားနာဂသေန “ကြောင်၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ် အင်္ဂါနှစ်ပါးတို့ကို ယူအပ်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် ကြောင်သည် လိုဏ်ဂူသို့ သွားသော်လည်းကောင်း၊ သစ်ခေါင်းသို့ သွားသော်လည်းကောင်း၊ ပြာသာဒ်ဦးပြည်း၏ အတွင်းသို့ သွားသော်လည်းကောင်း ကြွက်ကိုသာလျှင် ရှာဖွေသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ရွာသို့ သွားသော်လည်းကောင်း၊ တောသို့ သွားသော်လည်းကောင်း၊ သစ်ပင် ရင်းသို့ သွားသော်လည်းကောင်း၊ ဆိတ်ငြိမ်ရာအရပ်သို့ သွားသော်လည်းကောင်း မပြတ်မလပ် မမေ့ မလျော့သဖြင့် ကာယဂတာသတိတည်းဟူသော ဘောဇဉ်ကိုသာလျှင် ရှာမှီးအပ်၏။ မင်းမြတ် ကြောင်၏ ရှေးဦးစွာသော ဤအင်္ဂါကို ယူအပ်၏။

--

မင်းမြတ် နောက်တစ်မျိုးကား ကြောင်သည် အနီး၌သာလျှင် အစာကို ရှာဖွေသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ဤဥပါဒါနက္ခန္ဓာငါးပါးတို့၌သာလျှင် ဖြစ်ခြင်း, ပျက်ခြင်းကို အဖန်ဖန် ရှုဆင်ခြင်သည် ဖြစ်၍ နေရာ၏၊ ဤတရားကား ရုပ်တည်း၊ ဤတရားကား ရုပ်၏ ဖြစ်မှု, ဖြစ်ကြောင်းတည်း၊ ဤတရားကား ရုပ်၏ ချုပ်မှု,ချုပ်ကြောင်းတည်း၊ ဤတရားကား ဝေဒနာတည်း၊ ဤတရားကား ဝေဒနာ၏ ဖြစ်မှု, ဖြစ်ကြောင်းတည်း၊ ဤတရားကား ဝေဒနာ၏ ချုပ်မှု, ချုပ်ကြောင်းတည်း၊ ဤတရားကား သညာတည်း၊ ဤတရားကား သညာ၏ ဖြစ်မှု, ဖြစ်ကြောင်းတည်း၊ ဤတရားကား သညာ၏ ချုပ်မှု,ချုပ်ကြောင်းတည်း၊ ဤတရားကား သင်္ခါရတို့တည်း၊ ဤတရားကား သင်္ခါရတို့၏ ဖြစ်မှု, ဖြစ်ကြောင်းတည်း၊ ဤတရားကား သင်္ခါရတို့၏ ချုပ်မှု, ချုပ်ကြောင်းတည်း၊ ဤ တရားကား ဝိညာဏ်တည်း၊ ဤတရားကား ဝိညာဏ်၏ ဖြစ်မှု,ဖြစ်ကြောင်းတည်း၊ ဤတရားကား ဝိညာဏ်၏ ချုပ်မှု, ချုပ်ကြောင်းတည်းဟု ရှုဆင်ခြင်သည် ဖြစ်၍ နေရာ၏။ မင်းမြတ် ကြောင်၏ နှစ်ခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် နတ်ထက်နတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည်- “ဤကိုယ်ခန္ဓာမှ အဝေး၌ မဖြစ်သင့်၊ အထက်ဘဝဂ်ဗြဟ္မာ့ပြည်သည် အဘယ်ပြု အံ့နည်း၊ ပစ္စုပ္ပန်ဟု ခေါ်ဆိုအပ်သော မိမိကိုယ်၌သာ ရှာဖွေကြကုန်လော့”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

နှစ်ခုမြောက် ဗိဠာရင်္ဂပဥှာ ပြီး၏။

၃-ဥန္ဒူရင်္ဂပဥှာ

ကြွက်၏ အင်္ဂါ ပြဿနာ

။ အသျှင်ဘုရားနာဂသေန “ကြွက်၏ အင်္ဂါတစ်ပါးကို ယူအပ်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ်အင်္ဂါ တစ်ပါးကို ယူအပ်ပါသနည်းဟု (မေးလျှောက်၏)။ မင်းမြတ် ကြွက်သည် ထိုမှ ဤမှ သွားလာသည်ရှိသော် အစာအာဟာရကိုသာ အဦးမူသည်ဖြစ်၍ သွားလာသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်း စီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ထိုမှ ဤမှ လှည့်လည်သွားလာသည်ရှိသော် သင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကိုသာ အဦးမူသည်ဖြစ်၍ လှည့်လည်သွားရာ၏။ မင်းမြတ် ကြွက်၏ တစ်ပါးသော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် ဝင်္ဂန္တပုဏ္ဏား၏ သားဖြစ်သော အသျှင်ဥပသေနမထေရ်သည်- “တရား၌ အဦးမူ၍ နေထိုင်လျက် မဆုတ်နစ်မူ၍ အခါခပ်သိမ်း သတိရှိလျက် ဝိပဿနာရှုကြည့် ပွါးများသောသူသည်ရာဂစသည်မှ ငြိမ်းလျက် နေထိုင်ရာ၏”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

သုံးခုမြောက် ဥန္ဒူရင်္ဂပဥှာ ပြီး၏။

--

၄-ဝိစ္ဆိကင်္ဂပဥှာ

ကင်းမြီးကောက်၏ အင်္ဂါ ပြဿနာ

။ အသျှင်ဘုရားနာဂသေန “ကင်းမြီးကောက်၏ အင်္ဂါတစ်ပါးကို ယူအပ်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ် အင်္ဂါတစ်ပါးကို ယူအပ်ပါသနည်းဟု (မေးလျှောက်၏)။ မင်းမြတ် ကင်းမြီးကောက်သည် အမြီးလျှင် လက်နက်ရှိသည် ဖြစ်၍ အမြီးကို ထောင်လျက် သွားသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ဉာဏ်လျှင် လက်နက်ရှိသည် ဖြစ်ရာ၏၊ ဉာဏ်ကို စိုက်ထောင်၍ နေရာ၏။ မင်းမြတ် ကင်းမြီးကောက်၏ တစ်ပါးသော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် ဝင်္ဂန္တပုဏ္ဏား၏ သားဖြစ်သော အသျှင်ဥပသေနမထေရ်သည်- “ဉာဏ်တည်းဟူသော သန်လျက်ကို ကိုင်စွဲနေထိုင်လျက် ဝိပဿနာ ရှုကြည့် ပွါးများနေသောသူသည် အလုံးစုံသော ဘေးမှ လွတ်မြောက်ရ၏၊ ထိုသူသည် သူတစ်ပါးတို့ မညှဉ်းဆဲနိုင်သောသူလည်း ဖြစ်ရပေ၏”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

လေးခုမြောက် ဝိစ္ဆိကင်္ဂပဥှာ ပြီး၏။

၅-နကုလင်္ဂပဥှာ

မြွေပါ၏ အင်္ဂါ ပြဿနာ

။ အသျှင်ဘုရားနာဂသေန “မြွေပါ၏ အင်္ဂါတစ်ပါးကို ယူအပ်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ်အင်္ဂါ တစ်ပါးကို ယူအပ်ပါသနည်းဟု (မေးလျှောက်၏)။ မင်းမြတ် မြွေပါသည် မြွေသို့ ကပ်သည်ရှိသော် (ကိုယ်ကာ) ဆေးဖြင့် ကိုယ်ကို ထုံ၍ မြွေကို ဖမ်းယူခြင်းငှါ ချဉ်းကပ်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အမျက်ရန်ငြိုးအားကြီးသော ခိုက်ရန်ဖြစ်ခြင်း, မညီညွတ်ခြင်း, ငြင်းခုံခြင်း, ဆန့်ကျင်ခြင်းတို့ဖြင့် နှိပ်စက်သော လူအပေါင်းသို့ ချဉ်းကပ်သည်ရှိသော် မေတ္တာဆေးဖြင့် စိတ်ကို အစဉ်မပြတ် လိမ်းကျံရာ၏။ မင်းမြတ် မြွေပါ၏ တစ်ပါးသော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် တရားစစ်သူကြီးဖြစ်တော်မူသော အသျှင်သာရိပုတ္တရာမထေရ်သည်- “ထိုသို့ (ခိုက်ရန်ဖြစ်ခြင်း, ငြင်းခုံခြင်းစသည်) ဖြစ်တတ်သောကြောင့် မိမိအားလည်းကောင်း၊ သူတစ်ပါးတို့အားလည်းကောင်း မေတ္တာပွါးထုံခြင်းကို ပြုအပ်ပြု သင့်၏၊ မေတ္တာစိတ်ဖြင့် ဖြန့်အပ်၏၊ ဤသည်ကား မြတ်စွာဘုရားတို့၏ အဆုံးအမ တော်တည်း”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

ငါးခုမြောက် နကုလင်္ဂပဥှာ ပြီး၏။

--

၆-ဇရသိင်္ဂါလင်္ဂပဥှာ

မြေခွေးအို၏ အင်္ဂါ ပြဿနာ

။ အသျှင်ဘုရားနာဂသေန “မြေခွေးအို၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏”ဟူ၍ ဆိုတော်မူ၏၊ အဘယ် အင်္ဂါနှစ်ပါးတို့ကို ယူအပ်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် မြေခွေးအိုသည် အစာကို ရသည်ရှိသော် မစက်ဆုပ် မရွံရှာဘဲ အလိုရှိတိုင်း စားသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်း စီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ဘောဇဉ်ကို ရသည်ရှိသော် မစက်ဆုပ် မရွံရှာဘဲ ခန္ဓာကိုယ် မျှတ လောက်ရုံသာ သုံးဆောင်ရာ၏။ မင်းမြတ် မြေခွေးအို၏ ရှေးဦးစွာသော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် အသျှင်မဟာကဿပမထေရ်သည်- “ငါသည် ကျောင်းမှ ဆင်းသက်၍ ရွာသို့ ဆွမ်းအလို့ငှါ ဝင်ခဲ့ပြီ၊ ထမင်းစား နေသော, နူနာရှိသော ယောက်ျားသို့ အလေးအမြတ်ပြုကာ အနီးကပ်၍ ရပ်ပြီ။ ထိုနူနာရှိသော ယောက်ျားသည် ပြည်ပုပ်, သွေးခြောက်တို့ဖြင့် မှည့်သော လက်ဖြင့် ထမင်းလုပ်ကို ငါ့အား ဆက်ကပ်လှူဒါန်းပြီ၊ ထမင်းလုပ်ကို ထည့်လောင်း နေစဉ် နူနာရှိသော ယောက်ျား၏ လက်ချောင်းသည်လည်း ဤသပိတ်ထဲ၌ ပြတ်ကျလေပြီ။ ငါသည် နံရံခြေကို မှီ၍ ဆွမ်းလုပ်ကို စား၏၊ စားဆဲ၌လည်းကောင်း၊ စားပြီး၌လည်းကောင်း ငါ့အားစက်ဆုပ်ရွံရှာခြင်း မရှိ”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား မြေခွေးအိုသည် အစာကို ရသည်ရှိသော် ကြမ်းတမ်း၏ဟူ၍လည်းကောင်း၊ မွန်မြတ်၏ဟူ၍လည်းကောင်း မစူးစမ်း မရွေးချယ်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ဘောဇဉ်ကို ရသည်ရှိသော် ကြမ်းတမ်း၏ဟူ၍လည်းကောင်း၊ မွန်မြတ်၏ဟူ၍လည်းကောင်း၊ ကောင်းမြတ်သည်ကိုလည်းကောင်း၊ မကောင်းမြတ်သည်ကိုလည်းကောင်း မစူးစမ်း မရွေးချယ်ရာ၊ ရတိုင်းသော အစာဖြင့် ရောင့်ရဲရာ၏။ မင်းမြတ် မြေခွေးအို၏ နှစ်ခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် ဝင်္ဂန္တပုဏ္ဏား၏ သားဖြစ်သော အသျှင်ဥပသေနမထေရ်သည်- “ကြမ်းတမ်းသော ဘောဇဉ်ဖြင့်လည်း ရောင့်ရဲတင်းတိမ်ရာ၏၊ ရရှိသည်မှ တစ်ပါး များစွာသော အရသာကို မတောင့်တရာ၊ အရသာတို့၌ တပ်မက်သူ၏ စိတ်သည် ဈာန်၌ မမွေ့လျော်နိုင်၊ ဆိုး ကောင်း, ယုတ်မြတ် ရတတ်သမျှသော အစာဖြင့် တင်းတိမ် ရောင့်ရဲနိုင်သူသည် မဂ်ဖိုလ်ကို ပြည့်စေနိုင်၏”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

ခြောက်ခုမြောက် ဇရသိင်္ဂါလင်္ဂပဥှာ ပြီး၏။

--

၇-မိဂင်္ဂပဥှာ

သမင်၏ အင်္ဂါ ပြဿနာ

။ အသျှင်ဘုရားနာဂသေန “သမင်၏ အင်္ဂါသုံးပါးတို့ကို ယူအပ်ကုန်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ် အင်္ဂါသုံးပါးတို့ကို ယူအပ်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် သမင်သည် နေ့အခါ တော၌ လှည့်လည်၏၊ ညဉ့်အခါ လွင်တီးခေါင်၌ လှည့်လည်၏၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်း စီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် နေ့အခါ တော၌ နေရာ၏၊ ညဉ့်အခါ လွင်တီးခေါင်၌ နေရာ၏။ မင်းမြတ် သမင်၏ ရှေးဦးစွာသော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နတ်ထက်နတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် ကြက်သီးထဖွယ်ကို ပြရာ လောမ ဟံသနဒေသနာတော်၌- “သာရိပုတ္တရာ ထိုငါဘုရားသည်ကား (တပို့တွဲ + တပေါင်း နှစ်လ၏) အကြား ရှစ်ရက်ဖြစ်သော ဆီးနှင်းကျသော အခါ၌ အေးမြကုန်သော၊ ဆောင်းလဖြစ်ကုန်သော ညဉ့်တို့၌ ညဉ့်အခါ ငါဘုရား သည် လွင်တီးခေါင်၌ နေ၏၊ နေ့အခါ တောအုပ်၌ နေ၏၊ နွေလတို့၏ နောက်ဆုံးတစ်လ၌ နေ့အခါ လွင်တီးခေါင်၌ နေ၏၊ ညဉ့်အခါ တောအုပ်၌ နေ၏”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား သမင်သည် လှံဖြစ်စေ၊ မြားဖြစ်စေ ရှေးရှုကျရောက်လာသည်ရှိသော် လှည့်ပတ်၏၊ ပြေးလွှား၏၊ ကိုယ်ကို လက်နက်အနီးသို့ မဆောင်၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ကိလေသာတို့ ရှေးရှုကျရောက်ကုန်သည်ရှိသော် လှည့်ပတ်ရာ၏၊ ပြေးလွှားရာ၏၊ စိတ်ကို ကိလေသာအနီးသို့ မဆောင်အပ်။ မင်းမြတ် သမင်၏ နှစ်ခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား သမင်သည် လူတို့ကို မြင်သည်ရှိသော် “ထိုလူတို့သည် ငါ့ကို မမြင်စေကုန်သတည်း”ဟု ထိုထိုဤဤ အတည်မရှိသော အရပ်သို့ ပြေးသကဲ့သို့၊ မင်းမြတ် ဤအတူ သာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ခိုက်ရန်ဖြစ်ခြင်း, မညီညွတ်ခြင်း, ငြင်းခုံခြင်း အလေ့ရှိကုန်သော သီလ မရှိ, ပျင်းရိသူတို့ကိုလည်းကောင်း၊ အပေါင်းအဖော်၌ မွေ့လျော်သူတို့ကိုလည်းကောင်း မြင်သည်ရှိသော် “ထိုသူတို့သည် ငါ့ကို မမြင်စေကုန်သတည်း၊ ငါသည်လည်း ထိုသူတို့ကို မတွေ့ မမြင်ရလို”ဟု ထိုထိုဤဤ အတည်မရှိသော အရပ်သို့ ပြေးရာ၏။ မင်းမြတ် သမင်၏ သုံးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် တရားစစ်သူကြီးဖြစ်တော်မူသော အသျှင်သာရိပုတ္တရာမထေရ်သည်-့"ငါ့အား တစ်စုံတစ်ခုသော အရပ်ဝယ် တစ်ရံတစ်ခါမျှ ယုတ်မာသော အလိုရှိသူ, ပျင်းရိသူ, လုံ့လဝီရိယ ယုတ်လျော့သူ, အကြားအမြင်နည်းပါးသူ, မပြုကျင့်သင့် သည်ကို ပြုကျင့်သူဟု သမုတ် သိမှတ်အပ်သည် မဖြစ်ဖူးချေ”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

ခုနစ်ခုမြောက် မိဂင်္ဂပဥှာ ပြီး၏။

--

၈-ဂေါရူပင်္ဂပဥှာ

နွားအပေါင်း၏ အင်္ဂါပြဿနာ

။ အသျှင်ဘုရားနာဂသေန “နွားအပေါင်း၏ အင်္ဂါလေးပါးတို့ကို ယူအပ်ကုန်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ်အင်္ဂါလေးပါးတို့ကို ယူအပ်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် နွားအပေါင်းသည် မိမိ၏နေရာ ခြံအိမ်ကို မစွန့်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီ ပုဂ္ဂိုလ်သည် “ဤကိုယ်ကောင်သည် မမြဲခြင်း, အဝတ်တို့ဖြင့် ဖုံးလွှမ်းရခြင်း, နှိပ်နယ်ရခြင်း, ကွဲပျက်ခြင်း, ဖရိုဖရဲပြန့်ကြဲခြင်း, ပျက်စီးခြင်း သဘောရှိ၏”ဟု မိမိကိုယ်ကို မစွန့်ရာ။ မင်းမြတ် နွားအပေါင်း၏ ရှေးဦးစွာသော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား နွားအပေါင်းသည် ဆွဲယူရွက်ဆောင်အပ်သော ဝန်ရှိသည် ဖြစ်၍ ချမ်းသာခြင်း, ဆင်းရဲခြင်းဖြင့် ဝန်ကို ရွက်ဆောင်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်း စီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ဆောက်တည်အပ်မြတ်သော အကျင့်ရှိသည် ဖြစ်၍ ချမ်းသာခြင်း, ဆင်းရဲခြင်း ဖြင့် အသက်အပိုင်းအခြားတိုင်အောင်, အသက်ဆုံးသည်တိုင်အောင် မြတ်သော အကျင့်ကို ကျင့်ရာ၏။ မင်းမြတ် နွားအပေါင်း၏ နှစ်ခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား နွားအပေါင်းသည် အလိုအာသာဖြင့် အနံ့ကိုယူလျက် ရေကို သောက်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ဆရာဥပဇ္ဈာယ်တို့၏ အဆုံးအမကို အလိုအာသာဖြင့် ချစ်ခင်လေးမြတ်သဖြင့်, ကြည်ညိုခြင်းဖြင့် ကောင်း, မကောင်းသော အနံ့ကို ယူလျက် ခံယူရာ၏။ မင်းမြတ် နွားအပေါင်း၏ သုံးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား နွားအပေါင်းသည် တစ်စုံတစ်ယောက်သောသူက (ဝန်ကို) ရွက် ဆောင်စေအပ်သည်ရှိသော် ရွက်ဆောင်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် သီတင်းကြီး၊ သီတင်းလတ်ဖြစ်သော ရဟန်းတို့၏လည်းကောင်း၊ လူဥပါသကာ၏လည်းကောင်း အဆုံးအမ အသွန်အသင်ကို ဦးခေါင်းဖြင့် ခံယူရာ၏။ မင်းမြတ် နွားအပေါင်း၏ လေးခု မြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် တရားစစ်သူကြီးဖြစ်တော်မူသော အသျှင်သာရိပုတ္တရာ မထေရ်သည်- “မွေးဖွားသော နှစ်အားဖြင့် ခုနစ်နှစ်မျှသာ ရှိသေး၍ ယနေ့ ပြုသစ်စဖြစ်သော သာမဏေငယ်ကသော်လည်း ငါ့ကို ဆုံးမငြားအံ့၊ ငါသည် ထိုအဆုံးအမကို ဦးထိပ်ဖြင့် ခံယူပါ၏။ ထိုသာမဏေငယ်ကို မြင်လတ်သည်ရှိသော် ထက်သန်လှသော အလိုကိုလည်းကောင်း၊ ချစ်ခင်လေးမြတ်ခြင်းကိုလည်းကောင်း ဖြစ်စေပေအံ့၊ ထိုသာမဏေကို အကြိမ်ကြိမ် ရိုသေစွာ ပြု၍ ဆရာ့အရာ၌ ထားပါအံ့”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

ရှစ်ခုမြောက် ဂေါရူပင်္ဂပဥှာ ပြီး၏။

--

၉-ဝရာဟင်္ဂပဥှာ

ဝက်၏ အင်္ဂါ ပြဿနာ

။ အသျှင်ဘုရားနာဂသေန “ဝက်၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ်အင်္ဂါနှစ်ပါးတို့ကို ယူအပ်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် ဝက်သည် အလွန်ပူလောင်သော နွေကာလသို့ ရောက်သည်ရှိသော် ရေသို့ ချဉ်းကပ်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်း စီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အမျက်ဒေါသကြောင့် စိတ်နောက်ကျု, ချော်ချွတ်, တုန်လှုပ်, ပူလောင်ခဲ့ သော် အေးမြလှစွာသော အမြိုက်နှင့် တူသော မွန်မြတ်သော မေတ္တာဘာဝနာသို့ ကပ်ရာ၏။ မင်းမြတ် ဝက်၏ ရှေးဦးစွာသော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား ဝက်သည် ရွှံ့ညွန်ရေသို့ ကပ်သည်ရှိသော် နှာခေါင်းဖျားဖြင့် မြေကြီး ကို တူး၍ ကျင်းဖွဲ့ကာ ကျင်းခွက်၌ အိပ်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် စိတ်၌ ကိုယ်ကို ထားလျက် အာရုံအတွင်းသို့ ရောက်သည် ဖြစ်၍ အိပ်ရာ၏။ မင်းမြတ် ဝက်၏ နှစ်ခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် အသျှင်ပိဏ္ဍောလဘာရဒွါဇမထေရ် သည်- “ဝိပဿနာရှုသောသူသည် ကိုယ်၌ အနိစ္စစသော သဘောကို မြင်၍ စူးစမ်း ဆင်ခြင်ကာ တစ်ဦးတည်း ဖြစ်၍ အဖော်မပါ သတိပဋ္ဌာန်စသော အာရုံအတွင်း၌ အိပ်နေ၏”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

ကိုးခုမြောက် ဝရာဟင်္ဂပဥှာ ပြီး၏။

၁၀-ဟတ္တိင်္ဂပဥှာ

ဆင်၏ အင်္ဂါပြဿနာ

၁၀။ အသျှင်ဘုရားနာဂသေန “ဆင်၏ အင်္ဂါငါးပါးတို့ကို ယူအပ်ကုန်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ်အင်္ဂါငါးပါးတို့ကို ယူအပ်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် ဆင်မည်သည်ကား သွား နေစဉ်ပင် မြေကြီးကို ခွဲသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ကိုယ်ကို သုံးသပ်သည် ဖြစ်၍သာလျှင် ကိလေသာအားလုံးတို့ကို ဖောက်ခွဲအပ်၏။ မင်းမြတ် ဆင်၏ ရှေးဦးစွာသော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား ဆင်သည် အလုံး (တစ်ကိုယ်လုံးဖြင့်သာလျှင်) လှည့်လည်ကြည့်၏၊ ဖြောင့်စွာသာလျှင် ကြည့်၏၊ တူရူအရပ်, အထောင့်အရပ်တို့ကို မကြည့်၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အလုံးစုံသော ကိုယ်ဖြင့် ကြည့်သည် ဖြစ်ရာ၏၊ တူရူအရပ်, အထောင့်အရပ်တို့ကို မကြည့်ရာ၊ အထက်သို့ မကြည့်ရာ၊ အောက်သို့ မကြည့်ရာ၊ လှည်းထမ်းပိုး တစ်ပြန်မျှကိုသာ ကြည့်သည် ဖြစ်ရာ၏။ မင်းမြတ် ဆင်၏ နှစ်ခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

--

မင်းမြတ် နောက်တစ်မျိုးကား ဆင်သည် အမြဲနေရာမရှိမူ၍ ကျက်စားခြင်းငှါ သွားသည်ရှိသော် ထိုရောက်ရာအရပ်သို့သာလျှင် နေရန် ချဉ်းကပ်၏၊ အမြဲရပ်တည်ရာ နေရာမရှိ၊ မင်းမြတ် ဤအတူ သာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အမြဲနေရာ မရှိသည် ဖြစ်ရာ၏၊ တပ်ခြင်းအာလယ ကင်းသည် ဖြစ်၍ ဆွမ်းခံ သွားရာ၏၊ ဝိပဿနာရှုသော ရဟန်းသည် နှစ်သက်ဖွယ်ရှိသော သင့်တင့် လျောက်ပတ်သော နှစ်သက်စဖွယ် ရှိသော အရပ်၌ဖြစ်သော မဏ္ဍပ်ကိုလည်းကောင်း၊ သစ်ပင်ရင်းကိုလည်းကောင်း၊ လိုဏ်ကိုလည်းကောင်း၊ တောင်ဝှမ်းကိုလည်းကောင်း အကယ်၍ မြင်သည် ဖြစ်အံ့၊ ထိုမြင်ရာ အရပ်၌သာလျှင် နေရန် ချဉ်းကပ်ရာ၏။ အမြဲတည်သော နေရာကို မပြုရာ။ မင်းမြတ် ဆင်၏ သုံးခု မြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား ဆင်သည် ရေသို့ သက်ဆင်းသည်ရှိသော် စင်ကြယ်သန့်ရှင်း အညစ် အကြေးကင်း၍ အေးမြသော ရေဖြင့် ပြည့်သော ကြာခေါင်းလောင်း, ကြာညို, ကြာပဒုမ္မာ, ကြာ့ပုဏ္ဍရိက်တို့ဖြင့် ဖုံးလွှမ်းလျက် များစွာ ကြီးကျယ်သော ပဒုမ္မာကြာအိုင်သို့ သက်ဆင်းကာ ဆင်တို့၏ ကစားခြင်းဖြင့် ကစား၏၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် စင်ကြယ်သန့်ရှင်း အညစ်အကြေးကင်း၍ အထူးကြည်လင်သော, မနောက်ကျုသော, မြတ်သောတရားတည်းဟူသော ရေဖြင့် ပြည့်သော (ဝိမုတ္တိ) အရဟတ္တဖိုလ်ဟူသော ပန်းတို့ဖြင့် ဖုံးလွှမ်းသော မဟာသတိ ပဋ္ဌာန်တည်းဟူသော ရေကန်သို့ သက်ဆင်းလျက် ဉာဏ်ဖြင့် သင်္ခါရတရားတို့ကို ခါ၍ ချအပ်ကုန်၏၊ ခါတွက် လွှင့်ပစ်အပ်ကုန်၏၊ ယောဂါဝစရပုဂ္ဂိုလ်တို့၏ ကစားခြင်းဖြင့် ကစားရာ၏။ မင်းမြတ် ဆင်၏ လေးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား ဆင်သည် သတိရှိသည် ဖြစ်၍ ခြေကို ကြွ၏၊ သတိရှိသည် ဖြစ်၍ ခြေကို ချ၏၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် သတိသမ္ပဇဉ်ရှိသည် ဖြစ်၍ ခြေကို ကြွရာ၏၊ သတိသမ္ပဇဉ်ရှိသည် ဖြစ်၍ ခြေကို ချရာ၏၊ ရှေ့သို့ တက်ခြင်း, နောက်သို့ ဆုတ်ခြင်း၌လည်းကောင်း၊ ကွေးခြင်း, ဆန့်ခြင်း၌လည်းကောင်း အလုံးစုံသော ဣရိယာပုထ်တို့၌ သတိ သမ္ပဇဉ်ရှိသည် ဖြစ်ရာ၏။ မင်းမြတ် ဆင်၏ ငါးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် နတ်ထက်နတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် သံယုတ္တနိကာယ်မြတ်၌- “ကိုယ်ဖြင့် စောင့်စည်းခြင်းသည် ကောင်း၏၊ နှုတ်ဖြင့် စောင့်စည်းခြင်းသည် ကောင်း၏၊ စိတ်နှလုံးဖြင့် စောင့်စည်းခြင်းသည် ကောင်း၏၊ အလုံးစုံတို့၌ စောင့်စည်းခြင်းသည် ကောင်း၏၊ အလုံးစုံတို့၌ (မကောင်းမှုမှ) ရှက်ကြောက်၍ စောင့်စည်းသောသူကို စောင့်ရှောက်လုံခြုံသူဟု ဆိုအပ်၏”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။

ဆယ်ခုမြောက် ဟတ္ထိင်္ဂပဥှာ ပြီး၏။

လေးခုမြောက် ဥပစိကာဝဂ် ပြီး၏။

--

၅-သီဟဝဂ်

၁-သီဟင်္ဂပဥှာ

ခြင်္သေ့၏ အင်္ဂါ ပြဿနာ

၁၁။ အသျှင်ဘုရားနာဂသေန “ခြင်္သေ့၏ အင်္ဂါခုနစ်ပါးတို့ကို ယူအပ်ကုန်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ်အင်္ဂါခုနစ်ပါးတို့ကို ယူအပ်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် ခြင်္သေ့မည်သည် ဖြူဖြူ ဖွေးဖွေး ညစ်ကြေးမတင် စင်ကြယ်စွာ ဖြူသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ဖြူဖြူဖွေးဖွေး ညစ်ကြေးမတင် စင်ကြယ်စွာသော ဖြူသော စိတ်ဖြင့် ယုံမှားမှု ကင်းသည် ဖြစ်ရာ၏၊ မင်းမြတ် ခြင်္သေ့၏ ရှေးဦးစွာသော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား ခြင်္သေ့သည် အခြေလေးချောင်းရှိသည် ဖြစ်၍ အလွန်ရဲရင့်စွာ လှည့်လည်သွားလာသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ဣဒ္ဓိပါဒ်လေးပါးတည်းဟူသော အခြေရှိသည် ဖြစ်ရာ၏။ မင်းမြတ် ခြင်္သေ့၏ နှစ်ခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား ခြင်္သေ့သည် အလွန်လှပ၍ နှစ်သက်စဖွယ်ဖြစ်သော လည်ဆံရှိသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အလွန်လှပ၍ နှစ်သက် စဖွယ်ဖြစ်သော သီလတည်းဟူသော လည်ဆံရှိသည် ဖြစ်ရာ၏။ မင်းမြတ် ခြင်္သေ့၏ သုံးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား ခြင်္သေ့သည် အသက်ပင်ကုန်ဆုံးသော်လည်း တစ်စုံတစ်ဦးသော သတ္တဝါကိုမျှ မကိုင်းညွတ်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည့်သင်္ကန်း, ဆွမ်း, ကျောင်းအိပ်ရာနေရာ, သူနာတို့၏ အထောက်အပံ့ ဆေးပရိက္ခရာတို့ ကင်းပြတ်သော်လည်း တစ်စုံ တစ်ယောက်သောသူကိုမျှ မကိုင်းညွတ်ရာ။ မင်းမြတ် ခြင်္သေ့၏ လေးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား ခြင်္သေ့သည် အစဉ်အတိုင်း စား၏၊ ကျရာအရပ်၌သာလျှင် အလိုရှိ တိုင်း စား၏၊ မွန်မြတ်သော အသားကို မရွေးချယ်၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အစဉ်အတိုင်းစားသည် ဖြစ်ရာ၏၊ ပေးလှူသူဒါယကာတို့ကို မရွေးချယ်အပ်ကုန်၊ ရှေးဦးအိမ်ကို ပယ်၍ (ပေးလှူသူဒါယကာ)တို့ကို မချဉ်းကပ်အပ်ကုန်၊ ဘောဇဉ်ကို မရွေးချယ်ရာ၊ ဆွမ်းလုတ်ကို ယူရာအရပ်၌သာလျှင် ခန္ဓာကိုယ် မျှတခြင်းငှါ စားရာ၏၊ မွန်မြတ်သော ဘောဇဉ်ကို မရွေးချယ်ရာ။ မင်းမြတ် ခြင်္သေ့၏ ငါးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား ခြင်္သေ့သည် အစာကို သိုမှီးသိမ်းဆည်းထားခြင်း မရှိ၊ တစ်ကြိမ် ကျက်စားရာအရပ်၌ စားပြီးသော် တစ်ဖန် ထိုအရပ်သို့ မချဉ်းကပ်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် သိုမှီးခြင်းကို မပြုမူ၍ သုံးဆောင်လေ့ရှိသည် ဖြစ်ရာ၏။ မင်းမြတ် ခြင်္သေ့၏ ခြောက်ခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား ခြင်္သေ့သည် အစာကို မရသည်ရှိသော် မပူပင်, မတောင့်တ၊ အစာကို ရသော်လည်း မတပ်မက်, မတွေဝေ၊ လောဘအလွန် မသက်ရောက်စေဘဲ စား၏၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ဘောဇဉ်ကို မရသောကြောင့် မပူပင်, မတောင့်တရာ၊ ဘောဇဉ်ကို ရသော်လည်း မတပ်မက်, မတွေဝေဘဲ လောဘအလွန် မသက်ရောက်စေဘဲ အပြစ်ကို ရှုကြည့်လျက် ဝဋ်မှ ထွက်မြောက်ကြောင်းပညာဖြင့် သုံးဆောင်ရာ၏။ မင်းမြတ် ခြင်္သေ့၏ ခုနစ်ခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် နတ်ထက်နတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် သံယုတ္တနိကာယ်မြတ်၌ မဟာကဿပမထေရ်ကို ချီးကျူးထောမနာတော်မူလိုရကား- “ရဟန်းတို့ ဤကဿပသည် ရရသမျှသော ဆွမ်းဖြင့် ရောင့်ရဲနိုင်၏၊ ရရ သမျှသော ဆွမ်းဖြင့် ရောင့်ရဲခြင်း၏ ဂုဏ်ကိုလည်း ဆိုလေ့ရှိ၏၊ ဆွမ်းဟူသော အကြောင်းကြောင့် မလျောက်ပတ်သော (မအပ်သော) ရှာမှီးခြင်းသို့ မရောက်၊ ဆွမ်းကို မရ၍လည်း မပူပင်, မတောင့်တ၊ ဆွမ်းကို ရ၍လည်း မတက်မက်, မတွေဝေ၊ လောဘအလွန် မသက်ရောက်စေဘဲ အပြစ်ကို ရှုဆင်ခြင်လျက် ဝဋ်မှ ထွက်မြောက်ကြောင်း ပညာရှိသည် ဖြစ်၍ သုံးဆောင်၏”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

ရှေးဦးစွာသော သီဟင်္ဂပဥှာ ပြီး၏။

--

၂-စက္ကဝါကင်္ဂပဥှာ

စက္ကဝါက်ငှက်၏ အင်္ဂါပြဿနာ

။ အသျှင်ဘုရားနာဂသေန “စက္ကဝါက်ငှက်၏ အင်္ဂါသုံးပါးတို့ကို ယူအပ်ကုန်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ် အင်္ဂါသုံးပါးတို့ကို ယူအပ်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် စက္ကဝါက်ငှက်သည် အသက်ဆုံးသည်တိုင်အောင် အဖော်ကို မစွန့်ပစ်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်း စီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အသက်ဆုံးသည်တိုင်အောင် သင့်လျော်သောအားဖြင့် နှလုံးသွင်းမှု ‘ယောနိသောမနသိကာရ’ ကို မစွန့်ရာ။ မင်းမြတ် စက္ကဝါက်ငှက်၏ ရှေးဦးစွာသော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား စက္ကဝါက်ငှက်သည် မှော်သေး, မှော်ညှင်းကို စား၏၊ ထိုမှော်သေး, မှော်ညှင်းဖြင့်သာ ရောင့်ရဲ၏၊ ထိုမှော်သေး, မှော်ညှင်းဖြင့် ရောင့်ရဲခြင်းကြောင့် အားအင်မှလည်းကောင်း၊ အဆင်းမှလည်းကောင်း မဆုတ်ယုတ်၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ် သည် ရရသမျှနှင့် ရောင့်ရဲရာ၏၊ မင်းမြတ် ရရသမျှဖြင့် ရောင့်ရဲသော၊ ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် သီလမှ မဆုတ်ယုတ်၊ သမာဓိမှ မဆုတ်ယုတ်၊ ပညာမှ မဆုတ်ယုတ်၊ ဝိမုတ္တိ (အရဟတ္တဖိုလ်) မှ မဆုတ်ယုတ်၊ ဝိမုတ္တိဉာဏ်အမြင်မှ မဆုတ်ယုတ်၊ အလုံးစုံသော ကုသိုလ်တရားတို့မှ မဆုတ်ယုတ်။ မင်းမြတ် စက္ကဝါက်ငှက်၏ နှစ်ခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား စက္ကဝါက်ငှက်သည် သတ္တဝါတို့ကို မညှဉ်းဆဲသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် တုတ်ကို ချထားသည်, လက်နက်ကို ချထား အပ်သည်, မကောင်းမှုမှ ရှက်သည်, သနားခြင်းသို့ ရောက်သည်, အလုံးစုံသော သက်ရှိသတ္တဝါတို့၏ အစီးအပွါးကို စောင့်ရှောက်သည် ဖြစ်ရာ၏။ မင်းမြတ် စက္ကဝါက်ငှက်၏ သုံးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် နတ်ထက်နတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် စက္ကဝါကဇာတ်၌- “အကြင်သူသည် ကိုယ်တိုင်လည်း မသတ်၊ သူတစ်ပါးကိုလည်း မသတ်ပုတ်စေ၊ ကိုယ်တိုင်လည်း မအောင်နိုင်၊ သူတစ်ပါးကိုလည်း မအောင်နိုင်စေ၊ အလုံးစုံသော သတ္တဝါတို့၌ မေတ္တာအဖို့အစု ရှိ၏၊ ထိုသူ့အား တစ်စုံတစ်ဦးနှင့်မျှ ရန်မရှိနိုင်”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

နှစ်ခုမြောက် စက္ကဝါကင်္ဂပဥှာ ပြီး၏။

--

၃-ပေဏာဟိကင်္ဂပဥှာ

အောက်ချင်းငှက်၏ အင်္ဂါပြဿနာ

။ အသျှင်ဘုရားနာဂသေန “အောက်ချင်းငှက်မ၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ် ထိုအင်္ဂါနှစ်ပါးတို့ကို ယူအပ်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် အောက်ချင်း ငှက်မသည် မိမိ၏ လင်၌ ငြူစူခြင်းကြောင့် သားငယ်တို့ကို မကျွေးမွေးသကဲ့သို့၊ မင်းမြတ် ဤအတူ သာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် မိမိစိတ်၌ ကိလေသာဖြစ်ပေါ်လတ်သော် ငြူစူသည် ဖြစ်ရာ၏၊ သတိပဋ္ဌာန်ဖြင့် ကောင်းစွာ စောင့်စည်းမှုဟူသော အခေါင်း၌ ထည့်ထား၍ မနောဒွါရ၌ ကာယ ဂတာသတိကို ပွါးများရာ၏။ မင်းမြတ် အောက်ချင်းငှက်မ၏ ရှေးဦးစွာသော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား အောက်ချင်းငှက်မသည် တော၌ တစ်နေ့ပတ်လုံး ကျက်စားရာ အရပ်ကို သွားလာလှည့်လည်၍ ညဉ့်၌ မိမိ၏ လုံခြုံခြင်းငှါ ငှက်အပေါင်းသို့ ကပ်၏၊ မင်းမြတ် ဤအတူ သာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် သံယောဇဉ်မှ လွတ်ခြင်းငှါ တစ်ယောက်တည်း ဆိတ်ငြိမ်ရာအရပ်ကို မှီဝဲရာ၏၊ ထိုဆိတ်ငြိမ်ရာအရပ်၌ မွေ့လျော်မှုကို မရသော ရဟန်းသည် ကဲ့ရဲ့စွပ်စွဲမှု ဘေးမှ စောင့်ထိန်းရန် သံဃာ့ဘောင်သို့ သက်ဝင်၍ သံဃာအစောင့်အရှောက်ဖြင့် နေရာ၏။ မင်းမြတ် အောက်ချင်းငှက်မ၏ နှစ်ခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် မြတ်စွာဘုရားအထံတော်၌ သဟမ္ပတိမည်သော ဗြဟ္မာသည်- “တောတွင်း၌ ဖြစ်ကုန်သော ကျောင်းအိပ်ရာနေရာတို့ကို မှီဝဲကုန်လော့၊ သံယောဇဉ်မှ လွတ်ခြင်းငှါ ကျင့်ရာ၏၊ ထိုတော၌ မွေ့လျော်မှုကို အကယ်၍ မရငြားအံ့၊ သတိရှိ၍ စိတ်ကို စောင့်စည်းလျက် သံဃာ့ဘောင်၌ နေထိုင်ရာ၏”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

သုံးခုမြောက် ပေဏာဟိကင်္ဂပဥှာ ပြီး၏။

--

၄-ဃရကပေါတင်္ဂပဥှာ

အိမ်ခို၏ အင်္ဂါပြဿနာ

။ အသျှင်ဘုရားနာဂသေန “အိမ်ခို၏ အင်္ဂါတစ်ပါးကို ယူအပ်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ်အင်္ဂါ တစ်ပါးကို ယူအပ်ပါသနည်းဟု (မေးလျှောက်၏)။ မင်းမြတ် အိမ်ခိုသည် သူတစ်ပါးအိမ်၌ နေရသည်ရှိသော် ထိုသူတစ်ပါးတို့၏ ဥစ္စာဘဏ္ဍာ၏ တစ်စုံတစ်ခုသော နိမိတ်အမှတ်ကိုမယူ၊ လျစ်လျူရှု၍့အမှတ်များစွာ ပြု၍ နေသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် တစ်ပါးသော အမျိုးသို့ ကပ်သည်ရှိသော် ထိုအမျိုး၌ မိန်းမ, ယောက်ျားတို့၏ ညောင်စောင်း၌လည်းကောင်း၊ အင်းပျဉ်၌လည်းကောင်း၊ အဝတ်ပုဆိုး၌လည်းကောင်း၊ တန်ဆာ၌လည်းကောင်း၊ အိမ်တွင်း အသုံးအဆောင်၌လည်းကောင်း၊ အိမ်ပအသုံးအဆောင်၌လည်းကောင်း၊ ဘောဇဉ်အထူးအထွေတို့၌လည်းကောင်း နိမိတ်အမှတ်အသားကို မယူရာ၊ လျစ်လျူရှုသည် ဖြစ်ရာ၏၊ ရဟန်းဟူသော အမှတ်သညာကို ရှေးရှုဖြစ်စေရာ၏။ မင်းမြတ် အိမ်ခို၏ ဤအင်္ဂါတစ်ပါးကို ယူအပ်၏။ မင်းမြတ် နတ်ထက်နတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် စူဠနာရဒဇာတ်၌- “သူတစ်ပါးအိမ်သို့ သောက်ခြင်းငှါလည်းကောင်း၊ စားခြင်းငှါလည်းကောင်း ဝင်သည်ရှိသော် အတိုင်းအရှည်နှင့် ယှဉ်၍ ခဲရာ၏၊ အတိုင်းအရှည်နှင့် ယှဉ်၍ စားရာ၏၊ မိန်းမ၏ အဆင်း ‘ရူပါရုံ’၌ စိတ်ထားမပြုရာ”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။

လေးခုမြောက် ဃရကပေါတင်္ဂပဥှာ ပြီး၏။

--

၅-ဥလူကင်္ဂပဥှာ

ခင်ပုပ်ငှက်၏ အင်္ဂါပြဿနာ

။ အသျှင်ဘုရားနာဂသေန “ခင်ပုပ်ငှက်၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ် အင်္ဂါနှစ်ပါးတို့ကို ယူအပ်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် ခင်ပုပ်ငှက်သည် ကျီးငှက်တို့နှင့် ဆန့်ကျင်ဘက်ဖြစ်၍ ညဉ့်အခါ၌ ကျီးအပေါင်းရှိရာသို့ သွားလျက် များစွာသော ကျီးတို့ကိုလည်း သတ်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် မသိမှု ‘မောဟ'နှင့် ဆန့်ကျင်ခြင်းကို ပြုရာ၏၊ တစ်ယောက်တည်း ဆိတ်ငြိမ်ရာအရပ်၌ နေ၍ မသိမှု ‘မောဟ'ကို ကောင်းစွာ နှိမ်နင်းရာ၏၊ အရင်းမှ ဖြတ်ရာ၏။ မင်းမြတ် ခင်ပုပ်ငှက်၏ ရှေးဦးစွာသော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား ခင်ပုပ်ငှက်သည် လုံခြုံစွာ ကိန်းအောင်းသကဲ့သို့၊ မင်းမြတ် ဤအတူ သာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ငြိမ်ဝပ်စွာ တစ်ပါးတည်းကိန်းအောင်းခြင်း၌ မွေ့လျော် သည်, တစ်ပါးတည်း ကိန်းအောင်းခြင်း၌ ပျော်ပိုက်သည် ဖြစ်ရာ၏။ မင်းမြတ် ခင်ပုပ်ငှက်၏ နှစ်ခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် နတ်ထက်နတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် သံယုတ္တနိကာယ်မြတ်၌- “ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ရာဝယ် တစ်ပါးတည်း ကိန်းအောင်းခြင်း၌ မွေ့လျော်သည်, ကိန်းအောင်းခြင်း၌ တစ်ပါးတည်းပျော်ပိုက်သည် ဖြစ်၍ “ဤတရားကား ဆင်းရဲတည်း”ဟုဟုတ်မှန်သောအတိုင်း သိ၏၊ “ဤတရားကား ဆင်းရဲ ဖြစ်ပေါ်ကြောင်းတည်း”ဟုဟုတ်မှန်သောအတိုင်း သိ၏၊ “ဤတရားကား ဆင်းရဲ ချုပ်ရာ (နိဗ္ဗာန်)တည်း”ဟုဟုတ်မှန်သော အတိုင်း သိ၏၊ “ဤတရားကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းဖြစ်သော အကျင့်တည်း”ဟုဟုတ်မှန်သောအတိုင်း သိ၏”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

ငါးခုမြောက် ဥလူကင်္ဂပဥှာ ပြီး၏။

၆-သတပတ္တင်္ဂပဥှာ

ခေါက်ရှာငှက်၏ အင်္ဂါပြဿနာ

။ အသျှင်ဘုရားနာဂသေန “ခေါက်ရှာငှက်၏ အင်္ဂါတစ်ပါးကို ယူအပ်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ် အင်္ဂါတစ်ပါးကို ယူအပ်ပါသနည်းဟု (မေးလျှောက်၏)။ မင်းမြတ် ခေါက်ရှာငှက်သည် တွန်မြည်လျက့်သူတစ်ပါးတို့အား ဘေးမရှိသည်ကိုလည်းကောင်း၊ ဘေးရှိသည်ကိုလည်းကောင်း ပြောကြားသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် သူတစ်ပါးတို့အား တရားကို ဟောသဖြင့် ဖရိုဖရဲကျရသော ဝိနိပါတဘေးကို ဘေးအားဖြင့် ပြရာ၏၊ နိဗ္ဗာန်ကို ဘေးကင်းသောအားဖြင့် ပြရာ၏။ မင်းမြတ် ခေါက်ရှာငှက်၏ ဤအင်္ဂါတစ်ပါးကို ယူအပ်၏။ မင်းမြတ် အသျှင်ပိဏ္ဍောလဘာရဒွါဇ မထေရ်သည်- “ယောဂီရဟန်းသည် ငရဲ၌ ဘေး၏ ကြောက်လန့်ဖွယ်ကိုလည်းကောင်း၊ နိဗ္ဗာန်၌ ပြန့်ပြော များပြားသော ချမ်းသာကိုလည်းကောင်း ဤနှစ်ပါးကုန်သော အကျိုးတို့ကို ပြအပ်ကုန်၏”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

ခြောက်ခုမြောက် သတပတ္တင်္ဂပဥှာ ပြီး၏။

--

၇-ဝဂ္ဂုလိင်္ဂပဥှာ

လင်းနို့၏ အင်္ဂါပြဿနာ

။ အသျှင်ဘုရားနာဂသေန “လင်းနို့၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ် အင်္ဂါနှစ်ပါးတို့ကို ယူအပ်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် လင်းနို့သည် အိမ်သို့ဝင်၍ ပျံသန်း လှည့်လည်ပြီးသော် ထွက်၏၊ ထိုအိမ်၌မနှောင့်ယှက်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ရွာသို့ ဆွမ်းအလို့ငှါ ဝင်လျက် အိမ်စဉ်အတိုင်း လှည့်လည်ပြီး သော် ရသော လာဘ်ဖြင့် လျင်စွာသာလျှင် ထွက်ရာ၏၊ ထိုရွာ၌ နှောင့်ယှက်သည် မဖြစ်ရာ။ မင်းမြတ် လင်းနို့၏ ရှေးဦးစွာသော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား လင်းနို့သည် သူတစ်ပါးအိမ်၌ နေသည်ရှိသော် ထိုအိမ်ရှင်တို့အား ဆုတ်ယုတ်ပျက်စီးကြောင်းကို မပြုသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီ ပုဂ္ဂိုလ်သည် (ဒါယကာ) အိမ်တို့သို့ ချဉ်းကပ်၍ အလွန်တောင်းခြင်းဖြင့်လည်းကောင်း၊ သိစေခြင်း ‘ဝိညတ်’ များသဖြင့်လည်းကောင်း၊ မိမိကိုယ်၏ အပြစ်ဒေါသများသဖြင့် အလွန် အဆိုအပြောများသဖြင့်လည်းကောင်း၊ တူမျှသော ချမ်းသာဆင်းရဲရှိသဖြင့်လည်းကောင်း ထိုဒါယကာတို့အား တစ်စုံတစ်ရာ နှလုံးမသာ ယာဖွယ်ကို မပြုရာ၊ ထိုဒါယကာတို့၏ ပြုလုပ်ရင်းအမှုကို မယုတ်လျော့စေရာ၊ အလုံးစုံ ကြီးပွါးခြင်းကို သာလျှင် အလိုရှိရာ၏။ မင်းမြတ် လင်းနို့၏ နှစ်ခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် နတ်ထက်နတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဒီဃနိကာယ်မြတ် လက္ခဏသုတ်၌- “သဒ္ဓါတရားဖြင့်လည်းကောင်း၊ သီလဖြင့်လည်းကောင်း၊ ပရိယတ်အကြားအမြင်ဖြင့်လည်းကောင်း၊ ပညာဖြင့်လည်းကောင်း၊ စွန့်ကြဲခြင်းဖြင့်လည်းကောင်း၊ လောကီတရားဖြင့်လည်းကောင်း၊ များစွာကုန်သော ကောင်းမြတ်သော ဂုဏ်တို့ဖြင့်လည်းကောင်း၊ ဥစ္စာဖြင့်လည်းကောင်း၊ စပါးဖြင့်လည်းကောင်း၊ လယ်ယာဖြင့်လည်းကောင်း၊ သားသမီးတို့ဖြင့်လည်းကောင်း၊ မယားတို့ဖြင့်လည်းကောင်း၊ အခြေလေးချောင်းရှိသော သတ္တဝါတို့ဖြင့်လည်းကောင်း၊ ဆွေမျိုးတို့ဖြင့်လည်းကောင်း၊ အဆွေခင်ပွန်းတို့ဖြင့်လည်းကောင်း၊ ချစ်ခင်တော်စပ်သူတို့ဖြင့်လည်းကောင်း၊ အားအင်ဖြင့်လည်းကောင်း၊ အဆင်းဖြင့်လည်းကောင်း၊ ချမ်းသာခြင်းဖြင့်လည်းကောင်း၊ ကိုယ်ကျိုး, သူကျိုး နှစ်မျိုးစုံတို့ဖြင့်လည်းကောင်း သူတစ်ပါးတို့သည် အသို့လျှင် မဆုတ်ယုတ်ကုန်အံ့နည်းဟု အလိုရှိ၏၊ အကျိုးပြီးမြောက်ခြင်းကိုလည်း လွန်စွာ တောင့်တ၏”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

ခုနစ်ခုမြောက် ဝဂ္ဂုလိင်္ဂပဥှာ ပြီး၏။

--

၈-ဇလူကင်္ဂပဥှာ

မျှော့၏ အင်္ဂါပြဿနာ

။ အသျှင်ဘုရားနာဂသေန မျှော့၏ အင်္ဂါတစ်ပါးကို ယူအပ်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ် အင်္ဂါတစ်ပါးကို ယူအပ်ပါသနည်းဟု (မေးလျှောက်၏)။ မင်းမြတ် မျှော့သည် အကြင်သူ၌ တွယ်၏၊ ထိုသူ၌သာ မြဲစွာ တွယ်၍ သွေးကို စုတ်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အကြင်ကမ္မဋ္ဌာန်းတည်းဟူသော အာရုံ၌ စိတ်သည် တွယ်၏၊ ထိုကမ္မဋ္ဌာန်းတည်းဟူသော အာရုံကို အဆင်းအားဖြင့်လည်းကောင်း၊ သဏ္ဌာန်အားဖြင့်လည်းကောင်း၊ အရပ်မျက်နှာအားဖြင့်လည်းကောင်း၊ တည်ရာမှီရာအားဖြင့်လည်းကောင်း၊ အပိုင်းအခြားအားဖြင့်လည်းကောင်း၊ အသွင်အပြင်အားဖြင့်လည်းကောင်း၊ အမှတ်နိမိတ်အားဖြင့်လည်းကောင်း မြဲစွာ တည်ထောင်စိုက်နှက်၍ ထိုစွဲလမ်းသော အာရုံဖြင့်သာလျှင် တစ်စုံတစ်ခုသော အရသာနှင့် မရောယှက်သော ကိလေသာမှ လွတ်မြောက်မှု ‘ဝိမုတ္တိ'တည်းဟူသော အရဟတ္တဖိုလ်အရသာကို သောက်ရာ၏။ မင်းမြတ် မျှော့၏ ဤအင်္ဂါတစ်ပါးကို ယူအပ်၏။ မင်းမြတ် အနုရုဒ္ဓါမထေရ်သည်- “စင်ကြယ်လှစွာသော စိတ်ဖြင့် ကမ္မဋ္ဌာန်းအာရုံ၌ တည်၍ ထိုစိတ်ဖြင့် မည်သည့် အရသာတို့နှင့်မျှမရောယှက်သော ဝိမုတ္တိဟူသောနိဗ္ဗာန်, မဂ်, ဖိုလ်အရသာကို သောက်သုံးအပ်၏”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

ရှစ်ခုမြောက် ဇလူကင်္ဂပဥှာ ပြီး၏။

၉-သပ္ပင်္ဂပဥှာ

မြွေ၏ အင်္ဂါပြဿနာ

။ အသျှင်ဘုရားနာဂသေန မြွေ၏ အင်္ဂါသုံးပါးတို့ကို ယူအပ်ကုန်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ် အင်္ဂါသုံးပါးတို့ကို ယူအပ်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် မြွေသည် ရင်ဘတ်ဖြင့် သွားသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ပညာဖြင့် သွားအပ်၏၊ မင်းမြတ် ပညာဖြင့် သွားသော ယောဂီပုဂ္ဂိုလ်၏ စိတ်သည် နည်းမှန် လမ်းမှန် သဘောမှန်၌ လှည့် လည်၏၊ မမှန်သော သဘောလက္ခဏာကို ရှောင်ကြဉ်၏၊ဟုတ်မှန်သော သဘောလက္ခဏာကို ပွါးများ၏။ မင်းမြတ် မြွေ၏ ရှေးဦးစွာသော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား မြွေသည် သွားလာသည်ရှိသော် (အဆိပ်နိုင်သော) ဆေးကို ကြဉ် ရှောင်၍ သွား၏၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် မကောင်းသော အကျင့်ဒုစရိုက်ကို ကြဉ်ရှောင်သဖြင့် သွားလာလှည့်လည်ရာ၏။ မင်းမြတ် မြွေ၏ နှစ်ခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

--

မင်းမြတ် နောက်တစ်မျိုးကား မြွေသည် လူတို့ကို မြင်သည်ရှိသော် ပူပန်၏၊ စိုးရိမ်၏၊ ကြံစည်၏၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် မကောင်းသော အကြံတို့ကို ကြံမိ၍ မမွေ့လျော်ခြင်း ဖြစ်ပေါ်လတ်သော် “ငါသည် မေ့လျော့ပေါ့တန်သဖြင့် နေ့ရက်ကိုကုန်လွန်စေအပ်ပြီ၊ ထိုနေ့ရက်ကို တစ်ဖန်ရခြင်းငှါ မတတ်ကောင်း”ဟု ပူပန်ရာ၏၊ စိုးရိမ်ရာ၏၊ ကြံစည်ရာ၏။ မင်းမြတ် မြွေ၏ သုံးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် ဘလ္လာတိယဇာတ်၌ ကိန္နရာဖိုမနှစ်ဦးတို့သည်- “မုဆိုး ငါတို့သည် တစ်ညဉ့်ပတ်လုံး အလိုမရှိကြကုန်ဘဲ တစ်ဦးသည် တစ်ဦးကို လွမ်းဆွတ်အောက်မေ့ကြကုန်လျက် (မြစ်ရေခြား၍) ကွေကွင်းနေကြရကုန်၏၊ ထို တစ်ညဉ့်အတွက်ကို ပူဆွေး လွမ်းဆွတ်ကုန်သည်ဖြစ်၍ ထိုညဉ့်မျိုး နောက်ထပ် တစ်ဖန် မဖြစ်ပါစေလင့်ဟု ငိုပွဲချီချ စိုးရိမ်ကြရကုန်၏”ဟု (မုဆိုးအား ပြောသော) ဤစကားကို မြတ်စွာဘုရားသည်လည်းဟောတော်မူအပ်၏။ ။

ကိုးခုမြောက် သပ္ပင်္ဂပဥှာ ပြီး၏။

၁၀-အဇဂရင်္ဂပဥှာ

စပါးကြီးမြွေ၏ အင်္ဂါပြဿနာ

၁၀။ အသျှင်ဘုရားနာဂသေန “စပါးကြီးမြွေ၏ အင်္ဂါတစ်ပါးကို ယူအပ်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ် အင်္ဂါတစ်ပါးကို ယူအပ်ပါသနည်းဟု (မေးလျှောက်၏)။ မင်းမြတ် စပါးကြီးမြွေသည် ကြီးစွာသော ကိုယ်ရှိ၏၊ များစွာသော နေ့တို့ပတ်လုံး ယုတ်လျော့သော ဝမ်းခေါင်းရှိ၏၊ အလွန်နွမ်းပါး၏၊ ဝမ်းခေါင်း ပြည့်အောင် အစာကို မရ၊ ပြည့်စုံစွာ မရသည်ဖြစ်၍သာလျှင် ကိုယ်၏ မျှတလောက်ရုံမျှဖြင့်သာ မျှတသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ဆွမ်းခံအကျင့်၌ လေ့ကျက်သော၊ သူတစ်ပါးထံမှ ဆွမ်းကိုရရန် ကပ်သော၊ သူတစ်ပါးပေးလှူသည်ကိုသာ လိုလားသော၊ ကိုယ်တိုင်ယူခြင်းမှ ကြဉ်ရှောင်သော၊ ကမ္မဋ္ဌာန်း စီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ဝမ်းပြည့်လောက်အောင်သော ဆွမ်းအာဟာရကို ရရန် ခဲယဉ်း၏၊ အာဟာရ ရနိုင်ခဲ၏၊ ခဲယဉ်းသဖြင့် ရအပ်၏။ ထိုသို့ဖြစ်စေကာမူ ဧကန်စင်စစ်အားဖြင့် အကျိုးစီးပွါးကိုသာ ပွါးများစေလိုရင်းရှိသော အမျိုးကောင်းသား ယောဂီသည် လေးလုပ်, ငါးလုပ်သော ဆွမ်းတို့ကို မစားမူ၍ အကြွင်းကို ရေဖြင့် ပြည့်စေအပ်၏။ မင်းမြတ် စပါးကြီးမြွေ၏ တစ်ခုသော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် တရားစစ်သူကြီးဖြစ်တော်မူသော အသျှင်သာရိပုတ္တရာမထေရ်သည်- “ရဟန်းသည် စွတ်စိုသော အစာကိုလည်းကောင်း၊ ခြောက်သွေ့သော အစာကိုလည်းကောင်း (ရရသမျှ) စားသုံး၍ ပြည့်စုံဝပြောသည် မဖြစ်ရာ၊ ယုတ်လျော့သော ဝမ်းရှိသည်, အတိုင်းအရှည်ရှိသော အစာအာဟာရရှိသည် ဖြစ်၍ သတိပြုလျက် ကျင့်သုံးရာ၏။ လေးလုပ်, ငါးလုပ်သော ဆွမ်းတို့ကို မစားဘဲ ရေသောက်ရာ၏၊ ဤသို့ စားသည်ရှိသော် နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိသော ရဟန်းအား ချမ်းသာစွာ နေနိုင်ခြင်းငှါ သင့်လျော်လောက်၏”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

ဆယ်ခုမြောက် အဇဂရင်္ဂပဥှာ ပြီး၏။

ငါးခုမြောက် သီဟဝဂ် ပြီး၏။

--

၆-မက္ကဋကဝဂ်

၁-ပန္ထမက္ကဋကင်္ဂပဥှာ

ပင့်ကူ၏ အင်္ဂါပြဿနာ

။ အသျှင်ဘုရားနာဂသေန “ပင့်ကူ၏ အင်္ဂါတစ်ပါးကို ယူအပ်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ်အင်္ဂါ တစ်ပါးကို ယူအပ်ပါသနည်းဟု(မေးလျှောက်၏)။ မင်းမြတ် ပင့်ကူသည် လမ်း၌ ပင့်ကူကွန်ရက်(ပင့်ကူအိမ်) ကို ပြု၍ ထိုကွန်ရက်၌ ပိုးသည်လည်းကောင်း၊ ယင်သည်လည်းကောင်း၊ နှံကောင်သည်လည်းကောင်း အကယ်၍ ငြိသည် ဖြစ်အံ့၊ ထိုအကောင်ကို ဖမ်းယူ၍ စားသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်း စီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ဒွါရခြောက်ပါးတို့၌ သတိပဋ္ဌာန်တည်းဟူသော ကွန်ရက်ဗိတာန်ကိုပြု၍ ထိုကွန်ရက်ဗိတာန်၌ ကိလေသာတည်းဟူသော ယင်ကောင်တို့သည် အကယ်၍ ဖွဲ့မိကုန်သည် ဖြစ်အံ့၊ ထိုနေရာ၌ပင်လျှင် သတ်အပ်၏၊ မင်းမြတ် ပင့်ကူ၏ ဤအင်္ဂါတစ်ပါးကို ယူအပ်၏။ မင်းမြတ် အနုရုဒ္ဓါ မထေရ်သည်- “ခြောက်ဒွါရတို့၌ (ဖြစ်သော) စိတ်ကို သတိပဋ္ဌာန်အာရုံမြတ်၌ အမြဲ စွဲမှတ်ရာ၏၊ ထိုစိတ်၌ ကိလေသာတို့သည် အကယ်၍ ငြိကုန်အံ့၊ ဝိပဿနာပွါးများသော ယောဂီ ပုဂ္ဂိုလ်သည့်ထိုကိလေသာတို့ကို သတ်အပ်ကုန်၏”ဟု ဤစကားကိုလည်း ဟော တော်မူအပ်၏။ ။

ရှေးဦးစွာသော ပန္ထမက္ကဋကင်္ဂပဥှာ ပြီး၏။

၂-ထနဿိတဒါရကင်္ဂပဥှာ

နို့စို့သူငယ်၏ အင်္ဂါပြဿနာ

။ အသျှင်ဘုရားနာဂသေန “နို့စို့သူငယ်၏ အင်္ဂါတစ်ပါးကို ယူအပ်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ် အင်္ဂါတစ်ပါးကို ယူအပ်ပါသနည်းဟု (မေးလျှောက်၏)။ မင်းမြတ် နို့စို့သူငယ်သည် မိမိ အကျိုး၌သာ ငဲ့ကွက်၍ နို့စို့လိုသော် ငိုသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီ ပုဂ္ဂိုလ်သည် မိမိအကျိုး (အရဟတ္တဖိုလ်)၌ ငဲ့ကွက်၍ ပါဠိသင်ခြင်း, အဋ္ဌကထာသင်ခြင်း, ကောင်းစွာ လုံ့လပြုခြင်း, ဆိတ်ငြိမ်ရာအရပ်၌ ဆရာနှင့်အတူ နေထိုင်ခြင်း, အဆွေခင်ပွန်းကောင်းကို မှီဝဲခြင်း အားလုံးတို့၌ တရားသက်ဝင်သော ဉာဏ်ရှိသည် ဖြစ်ရာ၏။ မင်းမြတ် နို့စို့သူငယ်၏ ဤအင်္ဂါ တစ်ပါးကို ယူအပ်၏။ မင်းမြတ် နတ်ထက်နတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဒီဃနိကာယ်မြတ် ပရိနိဗ္ဗာန သုတ္တန်၌- “အာနန္ဒာ ငါဘုရား တိုက်တွန်း၏၊ သင်တို့သည် မိမိအကျိုးစီးပွါး၌ စေ့ဆော်ကြကုန်လော့၊ မိမိအကျိုးစီးပွါး၌ အားထုတ်ကြကုန်လော့၊ မိမိအကျိုးစီးပွါး၌ မမေ့ မလျော့ကြကုန်ဘဲ ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိကုန်, နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိကုန်သည် ဖြစ်၍ နေကြကုန်လော့”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

နှစ်ခုမြောက် ထနဿိတဒါရကင်္ဂပဥှာ ပြီး၏။

--

၃-စိတ္တကဓရကုမ္မင်္ဂပဥှာ

ကုန်းလိပ်ပြောက်၏ အင်္ဂါပြဿနာ

။ အသျှင်ဘုရားနာဂသေန “ကုန်းလိပ်ပြောက်၏ အင်္ဂါတစ်ပါးကို ယူအပ်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ်အင်္ဂါတစ်ပါးကို ယူအပ်ပါသနည်းဟု (မေးလျှောက်၏)။ မင်းမြတ်ကုန်းလိပ်ပြောက်သည် ရေမှ ကြောက်သောကြောင့် ရေကို ကြဉ်ရှောင်၍ သွား၏။ ထိုသို့ရေကို ကြဉ်ရှောင်ခြင်းကြောင့်လည်း အသက်မှ မဆုတ်ယုတ်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် မေ့လျော့မှု၌ ဘေးဟု ရှုလေ့ရှိသည် ဖြစ်ရာ၏။ မမေ့မလျော့မှု၌ ဂုဏ်ကျေးဇူးအထူးကို ရှုလေ့ရှိသည် ဖြစ်ရာ၏၊ ထိုသို့ (မေ့လျော့မှု၌) ဘေးဟု ရှုလေ့ရှိသည်၏ အဖြစ်ကြောင့်လည်း ရဟန်း၏ အဖြစ်မှ မယုတ်၊ နိဗ္ဗာန်၏ အနီး၌ ကပ်၍ တည်၏။ မင်းမြတ်ကုန်းလိပ်ပြောက်၏ ဤအင်္ဂါတစ်ပါးကို ယူအပ်၏။ မင်းမြတ် နတ်ထက်နတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဓမ္မပဒ၌- “မမေ့မလျော့ခြင်း၌ မွေ့လျော်သော၊ မေ့လျော့ခြင်း၌ ဘေးဟု ရှုလေ့ရှိသော ရဟန်းသည် ရဟန်းဂုဏ်ကျေးဇူးဖြစ်သော မဂ်ဖိုလ်မှ ဆုတ်ယုတ်ခြင်းငှါ မထိုက်၊ နိဗ္ဗာန်၏ အနီး၌သာလျှင် တည်၏”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

သုံးခုမြောက် စိတ္တကဓရကုမ္မင်္ဂပဥှာ ပြီး၏။

၄-ပဝနင်္ဂပဥှာ

တောအုပ်၏ အင်္ဂါပြဿနာ

။ အသျှင်ဘုရားနာဂသေန “တောအုပ်၏ အင်္ဂါငါးပါးတို့ကို ယူအပ်ကုန်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ် အင်္ဂါငါးပါးတို့ကို ယူအပ်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် တောအုပ်မည်သည့်မစင်ကြယ်သော လူအပေါင်းကို ဖုံးလွှမ်းသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် တစ်ပါးသောသူတို့၏ အပြစ်, ချွတ်ယွင်းချက်ကို ဖုံးလွှမ်းရာ၏၊ မဖွင့်အပ်။ မင်းမြတ် တောအုပ်၏ ရှေးဦးစွာသော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား တောအုပ်သည် များစွာသော လူတို့မှ ဆိတ်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် တပ်မက်မှု ‘ရာဂ’၊ အမျက်ထွက်မှု ‘ဒေါသ’၊ တွေဝေမှု ‘မောဟ’၊ ထောင်လွှားမှု ‘မာန’၊ မှားသောအယူ ‘ဒိဋ္ဌိ’ဟူသော ကွန်ရက်တို့မှလည်းကောင်း၊ အလုံးစုံသောကိလေသာတို့မှလည်းကောင်း ကင်းဆိတ်သည် ဖြစ်ရာ၏။ မင်းမြတ် တောအုပ်၏ နှစ်ခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား တောအုပ်သည် လူတို့ဖြင့် ကျဉ်းမြောင်းခြင်းမှ ကင်းသည်ဖြစ်၍ ဆိတ်ငြိမ်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အရိယာတို့၏ ဥစ္စာမဟုတ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့မှ ကင်းဆိတ်သည် ဖြစ်ရာ၏။ မင်းမြတ် တောအုပ်၏ သုံးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

--

မင်းမြတ် နောက်တစ်မျိုးကား တောအုပ်သည် ငြိမ်သက်၍ သန့်ရှင်းစင်ကြယ်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ငြိမ်သက်၍ သန့်ရှင်းစင်ကြယ်သည် ဖြစ်ရာ ၏၊ရာဂစသည်၌ ငြိမ်းအေးသည်, မာနကို ပယ်ပြီးသည်, ကျေးဇူးချေဖျက်ခြင်းကို ပယ်ပြီးသည် ဖြစ်ရာ ၏။ မင်းမြတ် တောအုပ်၏ လေးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား တောအုပ်သည် အရိယာဖြစ်သောသူတော်ကောင်းတို့ အမြဲ မှီဝဲအပ်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အရိယာဖြစ်သောသူတော်ကောင်းတို့ အမြဲမှီဝဲအပ်သည် ဖြစ်ရာ၏။ မင်းမြတ် တောအုပ်၏ ငါးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် နတ်ထက်နတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် သံယုတ္တနိကာယ်မြတ်၌- “ရာဂစသည်တို့မှ ဆိတ်ကင်းကုန်သော၊ ဖြူစင်သော အကျင့်ရှိကုန်သော၊ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိကုန်သော၊ ကိလေသာကို ရှို့မြှိုက်တတ်ကုန်သော၊ အမြဲထက်သန်သော ဝီရိယရှိကုန်သော ပညာရှိတို့နှင့် အတူတကွ နေထိုင်ရာ၏”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

လေးခုမြောက် ပဝနင်္ဂပဥှာ ပြီး၏။

၅-ရုက္ခင်္ဂပဥှာ

သစ်ပင်၏ အင်္ဂါ ပြဿနာ

။ အသျှင်ဘုရားနာဂသေန “သစ်ပင်၏ အင်္ဂါသုံးပါးတို့ကို ယူအပ်ကုန်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ် အင်္ဂါသုံးပါးတို့ကို ယူအပ်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် သစ်ပင်မည်သည်ကား အပွင့်အသီးကို ဆောင်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ကိလေသာမှ လွတ်မြောက်မှု ‘အရဟတ္တဖိုလ်'တည်းဟူသော အပွင့်, မဂ်ဖိုလ်ဟူသော အသီးကိုဆောင်သည် ဖြစ်ရာ၏။ မင်းမြတ် သစ်ပင်၏ ရှေးဦးစွာသော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား သစ်ပင်သည် အနီးသို့ ကပ်လာကုန်သော လူတို့အား အရိပ်ကို ပေးသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အနီးသို့ ကပ်လာ ဝင်လာကုန်သော ပုဂ္ဂိုလ်တို့အား ဆွမ်းစသော အာမိသအစေ့အစပ်ဖြင့်လည်းကောင်း၊ တရားတည်းဟူသော အစေ့အစပ်ဖြင့်လည်းကောင်း အစေ့အစပ် ပြုရာ၏။ မင်းမြတ် သစ်ပင်၏ နှစ်ခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

--

မင်းမြတ် နောက်တစ်မျိုးကား သစ်ပင်သည် အရိပ်နှင့် ထူးထွေခြားနား ကွဲပြားသည်၏ အဖြစ်ကို မပြုသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အလုံးစုံသော သတ္တဝါတို့၌ ထူးထွေ ကွဲပြားသည်၏ အဖြစ်ကို မပြုရာ၊ ခိုးသူ, သူသတ်, ရန်သူတို့၌လည်းကောင်း၊ မိမိ၌လည်းကောင်း “ဤသတ္တဝါတို့သည် အဘယ်သို့လျှင် ဘေးရန် မရှိကြကုန်ဘဲ၊ ကြောင့်ကြစိုးရိမ်ခြင်း မရှိကြကုန်ဘဲ၊ ဆင်းရဲ မရှိကြကုန်ဘဲ မိမိကိုယ်ကို ချမ်းချမ်းသာသာ ဆောင်နိုင်ပါကုန်အံ့နည်း”ဟု တူမျှသော မေတ္တာပွါးခြင်းကို ပြုရာ၏။ မင်းမြတ် သစ်ပင်၏ သုံးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် တရားစစ်သူကြီးဖြစ်တော်မူသော အသျှင်သာရိပုတ္တရာမထေရ်သည်- “မြတ်စွာဘုရားသည် သတ်ပုတ်ညှဉ်းပန်းတတ်သော ဒေဝဒတ်၌လည်းကောင်း၊ ခိုးသူဖြစ်သော အဂုင်္လိမာလ၌လည်းကောင်း၊ (သတ်ရန်လာသော) ဓနပါလဆင်၌လည်းကောင်း၊ (သားတော်)ရာဟုလာ၌လည်းကောင်း အလုံးစုံသောသူတို့၌ တူမျှသော စိတ်ရှိတော်မူ၏”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

ငါးခုမြောက် ရုက္ခင်္ဂပဥှာ ပြီး၏။

--

၆-မေဃင်္ဂပဥှာ

မိုး၏ အင်္ဂါပြဿနာ

။ အသျှင်ဘုရားနာဂသေန “မိုး၏ အင်္ဂါငါးပါးတို့ကို ယူအပ်ကုန်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ် အင်္ဂါငါးပါးတို့ကို ယူအပ်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် မိုးသည် ဖြစ်ပေါ်လာသော မြူအညစ်အကြေးကို ငြိမ်းစေသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ် သည် ဖြစ်ပေါ်လာသော ကိလေသာ မြူအညစ်အကြေးကို ငြိမ်းစေအပ်၏။ မင်းမြတ် မိုး၏ ရှေးဦးစွာသော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား မိုးသည် မြေ၌ အပူကို ငြိမ်းစေသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် မေတ္တာဘာဝနာဖြင့် နတ်နှင့်တကွသော လူအပေါင်းကို ငြိမ်းစေရာ၏။ မင်းမြတ် မိုး၏ နှစ်ခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား မိုးသည် အလုံးစုံသော မျိုးစေ့တို့ကို ပေါက်ရောက်စေသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အလုံးစုံသော သတ္တဝါတို့အား ယုံကြည်မှု ‘သဒ္ဓါ’ တရားကို ဖြစ်စေ၍၊ ထိုယုံကြည်မှု ‘သဒ္ဓါ'တရားဟူသော မျိုးစေ့ကို အလွန်မြတ်သော ပရမတ္ထနိဗ္ဗာန်ချမ်းသာ စည်းစိမ်တိုင်အောင် နတ်ပြည်, လူ့ပြည်၌ဖြစ်သော ချမ်းသာစည်းစိမ်ဟူသော သုံးပါးသော ချမ်းသာစည်းစိမ်တို့၌ စိုက်ပျိုးရာ၏။ မင်းမြတ် မိုး၏ သုံးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား မိုးသည် ဥတုအားဖြင့် ဖြစ်ပွါး၍ မြေအပြင်၌ ပေါက်ရောက်ကုန်သော မြက်, သစ်ပင်, နွယ်, ချုံ, ဆေးပင်, တောစိုးသစ်ပင်တို့ကို စောင့်ရှောက်သကဲ့သို့၊ မင်းမြတ် ဤအတူသာ လျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် သင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ဖြစ်စေ၍၊ ထိုသင့်လျော်သောအားဖြင့် နှလုံးသွင်းမှုဖြင့် ရဟန်းတရားကို စောင့်ရှောက်ရာ၏၊ အလုံးစုံသော ကုသိုလ် တရားတို့သည် သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းလျှင် အရင်းရှိကုန်၏။ မင်းမြတ် မိုး၏ လေးခု မြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား မိုးသည် ရွာသည်ရှိသော် မြစ်, တစ်ဖက်ဆည်ကန်, လေးထောင့် ကန်တို့ကိုလည်းကောင်း၊ ချောက်, ချောက်လက်တက်, ရေအိုင်, ထုံးအိုင်, ရေတွင်းတို့ကိုလည်းကောင်း ရေအလျဉ်တို့ဖြင့် ပြည့်စေသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ပါဠိအာဂုံသင်ကြားခြင်းဖြင့် တရားတည်းဟူသော မိုးကို အလွန်ရွာသွန်းစေ၍့မဂ်ဖိုလ်ကို အလိုရှိကုန်သောသူတို့၏ စိတ်ကို ထက်ဝန်းကျင် ပြည့်စေရာ၏။ မင်းမြတ် မိုး၏ ငါးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် တရားစစ်သူကြီးဖြစ်တော်မူသော အသျှင်သာရိပုတ္တရာမထေရ်သည်- “မုနိငါးပါးတို့ထက် မြတ်တော်မူသော မြတ်စွာဘုရားသည် ကျွတ်ထိုက်သော သတ္တဝါကို မြင်သည်ရှိသော် ယူဇနာတစ်သိန်းတိုင်အောင်ပင် တစ်ခဏချင်းဖြင့် ကြွတော်မူ၍ ထိုသူ့အား သစ္စာလေးပါးကို သိစေတော်မူ၏”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

ခြောက်ခုမြောက် မေဃင်္ဂပဥှာ ပြီး၏။

--

၇-မဏိရတနင်္ဂပဥှာ

ပတ္တမြား၏ အင်္ဂါ ပြဿနာ

။ အသျှင်ဘုရားနာဂသေန “ပတ္တမြားရတနာ၏ အင်္ဂါသုံးပါးတို့ကို ယူအပ်ကုန်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ်အင်္ဂါသုံးပါးတို့ကို ယူအပ်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် ပတ္တမြားရတနာ သည် စင်စစ် ထက်ဝန်းကျင် စင်ကြယ်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် စင်စစ် ထက်ဝန်းကျင် စင်ကြယ်သော အသက်မွေးခြင်းရှိသည် ဖြစ်ရာ၏။ မင်းမြတ် ပတ္တမြားရတနာ၏ ရှေးဦးစွာသော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား ပတ္တမြားရတနာသည် တစ်စုံတစ်ရာသော အညစ်အကြေးနှင့် မရောနှောသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ယုတ်ညံ့ကုန်သော တရား, ယုတ်ညံ့ကုန်သော အဆွေခင်ပွန်းတို့နှင့်တကွ မရောနှောရာ။ မင်းမြတ် ပတ္တမြားရတနာ၏ နှစ်ခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် ပတ္တမြားရတနာသည် (မျိုးမှန်) ရတနာတို့နှင့် ယှဉ်စပ်သကဲ့သို့၊ မင်းမြတ် ဤအတူ သာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အလွန်မြတ်သော ဇာတ်ရှိသောသူတို့နှင့်အတူ ပေါင်းသင်းဆက်ဆံရာ၏၊ မဂ်အကျိုးငှါ ကျင့်သူ၊ ဖိုလ်၌ တည်သူ, သေက္ခဖြစ်သူ, ဖိုလ်နှင့် ပြည့်စုံသူ ဖြစ်ကြကုန်သော သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာ, တေဝိဇ္ဇာ, ဆဠာဘိညပုဂ္ဂိုလ်ဟူကုန်သော ပတ္တမြားရတနာနှင့်တူသော ရဟန်းတို့နှင့်အတူ ပေါင်းသင်းဆက်ဆံရာ၏။ မင်းမြတ် ပတ္တမြား ရတနာ၏ သုံးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် နတ်ထက်နတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် သုတ္တနိပါတ်၌- “စင်ကြယ်ကုန်သူတို့သည် စင်ကြယ်ကုန်သူတို့နှင့် ရိုသေကျိုးနွံကုန်၍ ပေါင်းသင်း ဆက်ဆံခြင်းကို ပြုကြကုန်လော့၊ ထိုသို့ပြုသည်ရှိသော် ညီညွတ်ကြကုန်သည် ဖြစ်၍ ပညိန္ဒြေရင့်ကြကုန်လျက် ဆင်းရဲ၏ အဆုံးကို ပြုနိုင်ကြကုန်လတ္တံ့”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

ခုနစ်ခုမြောက် မဏိရတနင်္ဂပဥှာ ပြီး၏။

--

၈-မာဂဝိကင်္ဂပဥှာ

သားမုဆိုး၏ အင်္ဂါပြဿနာ

။ အသျှင်ဘုရားနာဂသေန “သားမုဆိုး၏ အင်္ဂါလေးပါးတို့ကို ယူအပ်ကုန်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ်အင်္ဂါလေးပါးတို့ကို ယူအပ်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် သားမုဆိုးသည် အနည်း ငယ်သာ အိပ်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အိပ်ခြင်းနည်းသည် ဖြစ်ရာ၏။ မင်းမြတ် သားမုဆိုး၏ ရှေးဦးစွာသော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား သားမုဆိုးသည် သားသမင်တို့၌သာလျှင် စိတ်ကို မြဲစွာ ဖွဲ့နှောင့်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ကမ္မဋ္ဌာန်း အာရုံတို့၌သာလျှင် စိတ်ကို မြဲစွာ ဖွဲ့နှောင်ရာ၏။ မင်းမြတ် သားမုဆိုး၏ နှစ်ခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား သားမုဆိုးသည် ပြုဖွယ်အမှု၏ အချိန်ကာလကို သိသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် “ဤအခါသည်ကား တစ်ပါးတည်း ကိန်းအောင်းရမည့် အခါတည်း၊ ဤအခါသည်ကား ကိန်းအောင်းရာမှ ထွက်ရမည့် အခါတည်း”ဟု ကိန်းအောင်းခြင်း၏ အခါကို သိရာ၏။ မင်းမြတ် သားမုဆိုး၏ သုံးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား သားမုဆိုးသည် သားသမင်ကို မြင်သည်ရှိသော် “ဤသမင်ကို ရပေလတ္တံ့”ဟု ရွှင်လန်းခြင်းကို ဖြစ်စေသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ကမ္မဋ္ဌာန်းအာရုံ၌ အလွန်မွေ့လျော်သည် ဖြစ်၍ လွန်မြတ်သော တရားအထူးကို ရပေ တော့လတ္တံ့”ဟု ရွှင်ပျခြင်းကို ဖြစ်စေရာ၏။ မင်းမြတ် သားမုဆိုး၏ လေးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် အသျှင်မောဃရာဇာမထေရ်သည်- “နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသော ရဟန်းသည် ကမ္မဋ္ဌာန်းအာရုံတို့ကို ရသည်ရှိသော် လွန်မြတ်သော မဂ်ဖိုလ်တရားကို ရပေတော့အံ့ဟု လွန်စွာရွှင်ခြင်းကို ဖြစ်စေအပ်၏”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

ရှစ်ခုမြောက် မာဂဝိကင်္ဂပဥှာ ပြီး၏။

--

၉-ဗာဠိသိကင်္ဂပဥှာ

ငါးမျှားသူ၏ အင်္ဂါပြဿနာ

။ အသျှင်ဘုရားနာဂသေန “ငါးမျှားသူ၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ် အင်္ဂါနှစ်ပါးတို့ကို ယူအပ်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် ငါးမျှားသူသည် ငါးမျှား ချိတ်ဖြင့် ငါးတို့ကို ထုတ်ငင်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ် သည် ဉာဏ်ဖြင့် မွန်မြတ်သော မဂ်ဖိုလ်တို့ကို ထုတ်ယူအပ်ကုန်၏။ မင်းမြတ် ငါးမျှားသူ၏ ရှေးဦးစွာသော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား ငါးမျှားသူသည် အနည်းငယ်သော ငါးကို သတ်၍ ပြန့်ပြော များပြားသော လာဘ်ကို ရသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ် သည် အနည်းငယ်သော လောကအာမိသမျှကို စွန့်ရာ၏၊ မင်းမြတ် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ် သည် လောကအာမိသမျှကို စွန့်၍ ပြန့်ပြောများပြားသော မဂ်ဖိုလ်ကို ရ၏။ မင်းမြတ် ငါးမျှားသူ၏ နှစ်ခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် အသျှင်ရာဟုလာမထေရ်သည်- “လောကအာမိသကိုစွန့်သောကြောင့်သုညတမဂ်ဖိုလ်နိဗ္ဗာန်ကိုလည်းကောင်း၊ အနိမိတ္တမဂ်ဖိုလ်နိဗ္ဗာန်ကိုလည်းကောင်း၊ဝိမောက္ခမဂ်ဖိုလ်နိဗ္ဗာန်ကိုလည်းကောင်း၊ အပ္ပဏိဟိတ မဂ်ဖိုလ်နိဗ္ဗာန်ကိုလည်းကောင်း၊ ဖိုလ်လေးပါးတို့ကိုလည်းကောင်း၊အဘိညာဉ်ခြောက်ပါးတို့ကိုလည်းကောင်း ရနိုင်၏”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

ကိုးခုမြောက် ဗာဠိသိကင်္ဂပဥှာ ပြီး၏။

--

၁၀-တစ္ဆကင်္ဂပဥှာ

တစည်းသမား၏ အင်္ဂါပြဿနာ

၁၀။ အသျှင်ဘုရားနာဂသေန “တစည်းသမား၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ်အင်္ဂါနှစ်ပါးတို့ကို ယူအပ်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် တစည်းသမားသည် တံမျဉ်းချည်ကို လိုက်လျော ညီညွတ်စေ၍ သစ်ကို ရွေသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်း စီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် မြတ်စွာဘုရားအဆုံးအမတည်းဟူသော သာသနာတော်အား လိုက်လျော ညီညွတ်စေ၍၊ သီလတည်းဟူသော မြေ၌ ရပ်တည်လျက်၊ သဒ္ဓါတည်းဟူသော လက်ဖြင့် ပညာတည်းဟူသော ပဲကွပ်ကို ကိုင်စွဲလျက် ကိလေသာတို့ကို ရွေအပ်ကုန်၏။ မင်းမြတ် တစည်းသမား၏ ရှေးဦးစွာသော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား တစည်းသမားသည် အကာကို ပယ်၍ အနှစ်ကို ယူသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် သတ္တဝါ, သင်္ခါရတို့ မြဲ၏ဟူသော ‘သဿတ'အယူကိုလည်းကောင်း၊ သေလျှင် ဘဝပြတ်၏ဟူသော ‘ဥစ္ဆေဒ'အယူကိုလည်းကောင်း၊ ထိုအသက် သည်ပင် ထိုကိုယ်တည်းဟူသောအယူကိုလည်းကောင်း၊ အသက်သည် တစ်ခြား, ကိုယ်သည် တစ်ခြားဟူသော အယူကိုလည်းကောင်း၊ ထိုငါ၏ အယူသည်သာ မြတ်၏၊ တစ်ပါးသော အယူသည် မမြတ်ဟူသော အယူကိုလည်းကောင်း၊ တစ်စုံတစ်ယောက်သောသူက မပြုအပ်, ပြု၍မဖြစ်, ပြုခြင်းငှါ မထိုက်ဟူသော အယူကိုလည်းကောင်း၊ ယောက်ျားတို့ ပြုအပ်သော လုံ့လသည် အကျိုးမရှိဟူသော အယူကိုလည်းကောင်း၊ မြတ်သော အကျင့်ကို ကျင့်ခြင်း၏ အကျိုးမရှိဟူသောအယူကိုလည်းကောင်း၊ သတ္တဝါသည် ပျက်စီး၏ဟုယူသော အယူကိုလည်းကောင်း၊ သတ္တဝါသည် အသစ်ဖြစ်၏ဟူသော အယူကိုလည်းကောင်း၊ သင်္ခါရတရားတို့ မြဲ၏ဟု ယူသော အယူကိုလည်းကောင်း၊ အကြင်သူသည် ပြု၏၊ ထိုသူသည် ခံစားရ၏ဟူသော အယူကိုလည်းကောင်း၊ သူတစ်ပါးသည် ပြု၏၊ သူတစ်ပါးသည် ခံစားရ၏ဟူသော အယူကိုလည်းကောင်း၊ ကံ၏ အကျိုးသာဟု စွဲယူသော အယူကိုလည်းကောင်း၊ ပြုအပ်သော အမှု၏ အကျိုးကို သာ ခံစားရ၏ဟု ယူသော အယူကိုလည်းကောင်း၊ ဤသို့ သဘောရှိကုန်သော အယူတို့ကိုလည်းကောင်း၊ အခြားသော ငြင်းခုံခြင်း၏ အကြောင်းဖြစ်သော အယူတို့ကိုလည်းကောင်း ပယ်စွန့်၍ သင်္ခါရတို့၏ သဘော ကိုလည်းကောင်း၊ အလွန်ကင်းဆိတ်ခြင်းကိုလည်းကောင်း၊ လုံ့လကင်းခြင်း, ဇီဝကင်းခြင်းကိုလည်းကောင်း၊ စင်စစ် ပြတ်ကင်းဆိတ်ငြိမ်ခြင်းကိုလည်းကောင်း စွဲယူရာ၏။ မင်းမြတ် တစည်းသမား၏ နှစ်ခု မြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် နတ်ထက်နတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် သုတ္တနိပါတ်၌- “အမှိုက်သဖွယ် ပျက်ပြယ်သော အလိုရှိသူကို နှင်ထုတ်ကြကုန်လော့၊ ခရုယောက် သွားပုပ်အတူ ပျက်ပြယ်သော သီလရှိသူကိုလည်း နှင်ထုတ်ကြကုန်လော့၊ ထို့ကြောင့် ရဟန်းအကျင့်မဟုတ်ဘဲ ရဟန်းအကျင့်ဖြစ်၏ဟု မှတ်ထင်ကုန်သော အယူအဖျင်းတို့ကို နှင်ထုတ်ကြကုန်လော့။ ယုတ်မာသော အလိုတို့ကိုလည်းကောင်း၊ ယုတ်မာသော အကျင့်, ကျက်စားရား အာရုံတို့ကိုလည်းကောင်း နှင်ထုတ်ပြီး၍ စင်ကြယ်ကုန်သူတို့သည် စင်ကြယ်ကုန် သူတို့နှင့် ရိုသေကျိုးနွံကုန်၍ ပေါင်းသင်းဆက်ဆံခြင်းကို ပြုကြကုန်လော့၊ ထိုသို့ ပြုသည်ရှိသော် ညီညွတ်ကြကုန်သည်ဖြစ်၍ ပညိန္ဒြေရင့်ကြကုန်လျက် ဆင်းရဲ၏ အဆုံးကို ပြုနိုင်ကြကုန်လတ္တံ့”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

ဆယ်ခုမြောက် တစ္ဆကင်္ဂပဥှာ ပြီး၏။

ခြောက်ခုမြောက် မက္ကဋကဝဂ် ပြီး၏။

--

၇-ကုမ္ဘဝဂ်

၁-ကုမ္ဘင်္ဂပဥှာ

အိုး၏ အင်္ဂါပြဿနာ

။ အသျှင်ဘုရားနာဂသေန အိုး၏ အင်္ဂါတစ်ပါးကို ယူအပ်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ် အင်္ဂါတစ်ပါးကို ယူအပ်ပါသနည်းဟု (မေးလျှောက်၏)။ မင်းမြတ် အိုးသည် ရေပြည့်သည်ရှိသော် အသံမပြုသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ပါဠိအာဂုံ၌လည်းကောင်း၊ တရားအထူးကို ရခြင်း၌လည်းကောင်း၊ သင်ကြားခြင်း၌လည်းကောင်း၊ မဂ်ဖိုလ်၌လည်းကောင်း ထွတ်မြတ်ခြင်းသို့ ရောက်သည်ရှိသော် အသံမပြုရာ၊ ထိုထွတ်မြတ်ခြင်းသို့ ရောက်သော ဂုဏ်ဖြင့် မာန် ထောင်လွှားခြင်းကို မပြုရာ၊ မာန်မူခြင်းကို မပြုရာ၊ နှိမ့်ချသော မာန်, နှိမ့်ချသော မာန်မူခြင်းရှိသည် ဖြစ်ရာ၏၊ ဖြောင့်မှန်သည်, နှုတ်မကြမ်းသည်, အထူး အထွေ မကျုံးဝါးသည် ဖြစ်ရာ၏။ မင်းမြတ် အိုး၏ ဤအင်္ဂါတစ်ပါးကို ယူအပ်၏။ မင်းမြတ် နတ်ထက်နတ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် သုတ္တနိပါတ်၌- “အကြင်အိုးသည် ယုတ်လျော့၏ (မပြည့်)၊ ထိုယုတ်လျော့သော အိုးသည် အသံပြု၏၊ အကြင်အိုးသည် ပြည့်လျှံ၏၊ ထိုပြည့်လျှံသော အိုးသည် အသံမမြွက်၊ ငြိမ်သက်သည်သာတည်း၊ လူမိုက်သည် မပြည့်သော အိုးနှင့် တူ၏၊ ပညာရှိသည် ကား ပြည့်လျှံသော အိုးကြီးနှင့် တူပေ၏”ဟူ၍ ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

ရှေးဦးစွာသော ကုမ္ဘင်္ဂပဥှာ ပြီး၏။

--

၂-ကာဠာယသင်္ဂပဥှာ

တီးတုတ်ငှက်၏ အင်္ဂါ ပြဿနာ

။ အသျှင်ဘုရားနာဂသေန “တီးတုတ်ငှက်၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ် အင်္ဂါနှစ်ပါးတို့ကို ယူအပ်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် တီးတုတ်ငှက်သည် သေရည်ကို သောက်မိသော် ထွေးအန်ပစ်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် မနှစ်သက်ဖွယ်ဖြစ်သော စိတ်ကို ထွေးအန်ပစ်၏။ မင်းမြတ် တီးတုတ်ငှက်၏ ရှေးဦးစွာသော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား တီးတုတ်ငှက်သည် တစ်ကြိမ် သောက်အပ်သောရေကို မထွေး မအန်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် “ထိုမြတ်စွာဘုရားသည် မြင့်မြတ်တော်မူပါပေ၏၊ သစ္စာလေးပါးကို မဖောက်မပြန် ကိုယ်တိုင် သိမြင်တော်မူပါပေ၏။ တရားတော်သည် ကောင်းစွာ ဟောကြားထားသော တရားတော်ပါပေတည်း၊ သံဃာတော်သည် ကောင်းစွာ ကျင့်တော်မူပါပေ၏”ဟု တစ်ကြိမ် ဖြစ်ပေါ်လာသော ကြည်ညိုမှုကို ပြန်၍ မလျှော့ချအပ်၊ ရုပ်သည် အနိစ္စ, သညာသည် အနိစ္စ, သင်္ခါရတို့သည် အနိစ္စ, ဝိညာဉ်သည် အနိစ္စဟု တစ်ကြိမ် ဖြစ်ပေါ်လာသော ဉာဏ်ကို တစ်ဖန် မလျှော့ချအပ်။ မင်းမြတ် တီးတုတ်ငှက်၏ နှစ်ခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် နတ်ထက်နတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည်- “သောတာပတ္တိမဂ်ဉာဏ်၌ ကောင်းစွာ ဉာဏ်အမြင် စင်ကြယ်ပြီးသောသူသည် အရိယာတို့၏ တရား၌ မြဲမြံလျက်၊ ထူးသော ပုဂ္ဂိုလ်အဖြစ်သို့ ရောက်၍၊ များစွာသော အဖို့အားဖြင့် မတုန်မလှုပ်နိုင်၊ ထိုသူသည် ခပ်သိမ်းသော အပြားအားဖြင့် မြတ်သည့် အဖြစ်သို့သာ ရောက်၏”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

နှစ်ခုမြောက် ကာဠာယသင်္ဂပဥှာ ပြီး၏။

--

၃-ဆတ္တင်္ဂပဥှာ

ထီး၏ အင်္ဂါပြဿနာ

။ အသျှင်ဘုရားနာဂသေန “ထီး၏ အင်္ဂါသုံးပါတို့ကို ယူအပ်ကုန်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ် အင်္ဂါသုံးပါးတို့ကို ယူအပ်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် ထီးသည် ဦးထိပ်ထက်၍ (တည်လျက်) လှည့်လည်ကျက်စားသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီ ပုဂ္ဂိုလ်သည် ကိလေသာတို့၏ ဦးထိပ်အထက်၌ (တည်၍) လှည့်လည်ကျက်စားသည် ဖြစ်ရာ၏။ မင်းမြတ် ထီး၏ ရှေးဦးစွာသော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား ထီးသည် ဦးထိပ်၌ ထောက်ပံ့တတ်သည် ဖြစ်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းဟူသော အထောက်အပံ့ရှိသည် ဖြစ်ရာ၏။ မင်းမြတ် ထီး၏ နှစ်ခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား ထီးသည် လေ, နေပူ, မိုးပေါက်တို့ကို ပယ်ဖျောက်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အထူးထူးအပြားပြား အယူရှိသော များစွာသော သမဏဗြာဟ္မဏတို့၏ အယူဟူသော လေ၊ (ရာဂ,ဒေါသ,မောဟ)ဟူသည့် မီးသုံးပါးဟူသော နေပူ၊ ကိလေသာဟူသော မိုးပေါက်တို့ကို ပယ်ဖျောက်အပ်ကုန်၏။ မင်းမြတ် ထီး၏ သုံးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် တရားစစ်သူကြီးဖြစ်တော်မူသော အသျှင်သာရိပုတ္တရာမထေရ်သည်- “ပြန့်ကျယ်၍ အပေါက်မရှိသော မြဲမြံ ခိုင်ခံ့စွာ ဖွဲ့ယှက်အပ်သော ထီးသည် လေ, နေပူကိုလည်းကောင်း၊ ကြီးစွာသော မိုးပေါက်တို့ကိုလည်းကောင်း တားမြစ်သကဲ့သို့၊ ထို့အတူသာလျှင် သီလတည်းဟူသော ထီးကို ဆောင်းသော စင်ကြယ်သော မြတ်စွာဘုရားသားတော်သည်လည်း ကိလေသာမိုးပေါက်တို့ကိုလည်းကောင်း၊ မီးသုံးပါးအပူတို့ကိုလည်းကောင်း တားမြစ်နိုင်၏”ဟူ၍ ဤစကားကိုလည်း ဟော တော်မူအပ်၏။ ။

သုံးခုမြောက် ဆတ္တင်္ဂပဥှာ ပြီး၏။

--

၄-ခေတ္တင်္ဂပဥှာ

လယ်၏ အင်္ဂါပြဿနာ

။ အသျှင်ဘုရားနာဂသေန “လယ်၏ အင်္ဂါသုံးပါးတို့ကို ယူအပ်ကုန်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ်အင်္ဂါသုံးပါးတို့ကို ယူအပ်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် လယ်သည် ရေမြောင်းနှင့် ပြည့်စုံသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ကောင်းစွာ ကျင့်အပ်သော ဝတ်ကြီး ဝတ်ငယ်ဟူသော မြောင်းနှင့် ပြည့်စုံသည် ဖြစ်ရာ၏။ မင်းမြတ် လယ်၏ ရှေးဦးစွာသော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား လယ်သည် ကန်သင်းအပိုင်းအခြားနှင့် ပြည့်စုံ၏၊ ထိုကန်သင်း အပိုင်းအခြားဖြင့် ရေကို စောင့်ရှောက်၍ စပါးကို ရင့်စေ၏၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်း စီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် စောင့်ထိန်းမှု ‘သီလ’၊ ရှက်မှု ‘ဟိရီ'တည်းဟူသော အပိုင်းအခြားနှင့် ပြည့်စုံသည် ဖြစ်ရာ၏၊ ထိုစောင့်ထိန်းမှု ‘သီလ’၊ ရှက်မှု ‘ဟိရီ'တည်းဟူသော အပိုင်းအခြားဖြင့်လည်း ရဟန်းဂုဏ်ကို စောင့်ရှောက်၍ လေးပါးကုန်သော မဂ်ဖိုလ်တို့ကို ယူအပ်ကုန်၏။ မင်းမြတ် လယ်၏ နှစ်ခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား လယ်သည် စပါးဖြစ်ပေါ်ကြောင်း မြေဩဇာနှင့် ပြည့်စုံသည် ဖြစ်၍ လယ်သမားအား ရွှင်လန်းခြင်းကို ဖြစ်စေတတ်၏၊ အနည်းငယ်သော မျိုးစေ့ကို စိုက်ပျိုးသော်လည်း အသီးအနှံ များစွာ ဖြစ်၏။ မျိုးစေ့ကို များစွာ စိုက်ပျိုးသည်ရှိသော် အထူးသဖြင့် များပြားသော အသီး အနှံဖြစ်၏။ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ကောင်းမှု ဖြစ်ပေါ် ကြောင်း အကျင့်နှင့် ပြည့်စုံသည် ဖြစ်၍ ပြန့်ပြောသော အကျိုးကို ပေးစေနိုင်သည် ဖြစ်ရာ၏၊ အကြင့်အခြင်းအရာဖြင့် အနည်းငယ် ပေးလှူသော် များသော အကျိုးရှိသည် ဖြစ်၏၊ များစွာ ပေးလှူသော် အထူးသဖြင့် များပြားစွာ အကျိုးရှိသည် ဖြစ်၏။ ထိုအခြင်းအရာဖြင့် ဒါယကာတို့၏ ရွှင်လန်းခြင်းကို ဖြစ်စေရာ၏။ မင်းမြတ် လယ်၏ သုံးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် ဝိနည်းဓိုရ်ဖြစ်သော အသျှင်ဥပါလိမထေရ်သည်- “လယ်နှင့် တူစွာ ကောင်းမှုဖြစ်ထွန်းရာ ပြန့်ပြောသော အကျိုးကို ပေးနိုင်သည် ဖြစ်ရာ၏၊ အကြင် အလှူခံပုဂ္ဂိုလ်သည် ပြန့်ပြောသော ဒါနအကျိုးကို ပေးနိုင်၏၊ ဤပုဂ္ဂိုလ်သည် ကောင်းမှုဖြစ်ထွန်းရာ မြတ်လှစွာသော လယ် မည်၏”ဟု ဤစကား ကိုလည်း ဟောတော်မူအပ်၏။ ။

လေးခုမြောက် ခေတ္တင်္ဂပဥှာ ပြီး၏။

--

၅-အဂဒင်္ဂပဥှာ

အဆိပ်ဖြေဆေး၏ အင်္ဂါပြဿနာ

။ အသျှင်ဘုရားနာဂသေန “အဆိပ်ဖြေဆေး၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ်အင်္ဂါနှစ်ပါးတို့ကို ယူအပ်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် အဆိပ်ဖြေဆေး၌ ပိုးလောက်တို့သည် မတည်နိုင်ကုန်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီ ပုဂ္ဂိုလ်သည် စိတ်၌ ကိလေသာတို့ကို မတည်စေအပ်။ မင်းမြတ် အဆိပ်ဖြေဆေး၏ ရှေးဦးစွာသော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား အဆိပ်ဖြေဆေးသည် ကိုက်အပ်, တွေ့ထိအပ်, မြင်အပ်, စားအပ်, သောက်အပ်, ခဲအပ်, လျက်အပ်သော အလုံးစုံသော အဆိပ်ကို ပယ်ဖျောက်နိုင်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည်ရာဂမှု, ဒေါသမှု, မောဟမှု, မာနမှု, ဒိဋ္ဌိတည်းဟူသော အလုံးစုံသော အဆိပ်ကို ပယ်ဖျောက်ရာ၏။ မင်းမြတ် အဆိပ်ဖြေဆေး၏ နှစ်ခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် နတ်ထက်နတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည်- “သင်္ခါရတရားတို့၏ သဘောတရားကို ရှုဆင်ခြင်လိုသော ယောဂီပုဂ္ဂိုလ်သည် ကိလေသာတည်းဟူသော အဆိပ်ကို ဖျက်ဆီးရာ၌ အဆိပ်ဖြေဆေးနှင့် တူသည်သာ ဖြစ်ရာ၏”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

ငါးခုမြောက် အဂဒင်္ဂပဥှာ ပြီး၏။

--

၆-ဘောဇနင်္ဂပဥှာ

ဘောဇဉ်၏ အင်္ဂါပြဿနာ

။ အသျှင်ဘုရားနာဂသေန “ဘောဇဉ်၏ အင်္ဂါသုံးပါးတို့ကို ယူအပ်ကုန်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ် အင်္ဂါသုံးပါးတို့ကို ယူအပ်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် ဘောဇဉ်သည် အလုံးစုံသော သတ္တဝါတို့အား အထောက်အပံ့ ဖြစ်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အလုံးစုံသော သတ္တဝါတို့အား မဂ်၏ အထောက်အပံ့ ဖြစ်စေရာ၏။ မင်းမြတ် ဘောဇဉ်၏ ရှေးဦးစွာသော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား ဘောဇဉ်သည် အလုံးစုံသော သတ္တဝါတို့၏ ခွန်အားကို တိုးပွါးစေသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ကောင်းမှု၏ တိုးပွါးခြင်း ဖြင့် တိုးပါွးစေရာ၏။ မင်းမြတ် ဘောဇဉ်၏ နှစ်ခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား ဘောဇဉ်ကို အလုံးစုံသော သတ္တဝါတို့ တောင့်တအပ်သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အလုံးစုံသော လူအပေါင်းတို့တောင့်တအပ်သူ ဖြစ်ရာ၏။ မင်းမြတ် ဘောဇဉ်၏ သုံးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် အသျှင်မဟာမောဂ္ဂလာန်မထေရ်သည်- “အားထုတ်ခြင်းလုံ့လရှိသော ပုဂ္ဂိုလ်သည် ဣန္ဒြေကို စောင့်စည်းခြင်းဖြင့်လည်းကောင်း၊ အမြဲ နိယမဖြစ်သော သီလဖြင့်လည်းကောင်း၊ အကျင့်ပဋိပတ်ဖြင့်လည်းကောင်း လူအားလုံး တောင့်တအပ်သည် ဖြစ်စေရာ၏”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

ခြောက်ခုမြောက် ဘောဇနင်္ဂပဥှာ ပြီး၏။

--

၇-ဣဿာသင်္ဂပဥှာ

လေးသမား၏ အင်္ဂါပြဿနာ

။ အသျှင်ဘုရားနာဂသေန “လေးသမား၏ အင်္ဂါလေးပါးတို့ကို ယူအပ်ကုန်၏”ဟူ၍ ဆိုတော်မူ၏။ အဘယ်အင်္ဂါလေးပါးတို့ကို ယူအပ်ပါကုန်သနည်းဟု (မေးလျှောက်၏)။ မင်းမြတ် လေးသမားသည် မြားတို့ကို ပစ်သည်ရှိသော် ခြေနှစ်ဖက်တို့ကို မြေကြီး၌ မြဲစွာ တည်စေ၏။ ဒူးပုဆစ်တို့ကို မချွတ်ယွင်း အောင် ပြု၏။ မြားတောင့်ကို ခါးအစပ်၌ ထား၏။ ကိုယ်ကို တောင့်ခိုင်အောင် ပြု၏။ လက်နှစ်ဖက်တို့ကို လေးအစပ်ရှိရာသို့ တင်၏။ လက်ဆုပ်ကို မြဲမြဲဆုပ်၏။ လက်ချောင်းတို့ကို အကြားမရှိ စေ့စေ့စပ်စပ် ပြု၏။ လည်ပင်းကို ချီမ၏။ မျက်စိတို့ကိုလည်းကောင်း၊ ခံတွင်းကိုလည်းကောင်း ပိတ်၏။ မှတ်တိုင်ကို ဖြောင့်စွာ ပြု၏။ “ပစ်အံ့”ဟု ရွှင်လန်းခြင်းကို ဖြစ်စေ၏။ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်း စီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် သီလတည်းဟူသော မြေ၌ ဝီရိယတည်းဟူသော ခြေတို့ကို တည်စေရာ၏။ သည်းခံခြင်း အကျင့်၌ မွေ့လျော်မှုကို မချို့တဲ့အောင် ပြုရာ၏။ စောင့်စည်းခြင်း၌ စိတ်ကို ထားရာ၏။ ဣန္ဒြေစောင့်ခြင်းဟူသော လောကနိယမတရား၌ ကိုယ်ကို ကပ်ဆောင်ရာ၏။ အလိုဆိုးနှင့် တွေဝေ မိန်းမောမှုကို နှိပ်စက်ရာ၏။ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှု ယောနိသောမနသိကာရ’၌ စိတ်ကို စေ့စေ့စပ်စပ် ပြုရာ၏။ လုံ့လကို မြှင့်တင်ရာ၏။ ခြောက်ဒွါရတို့ကို ပိတ်အပ်ကုန်၏။ အောက်မေ့မှု ‘သတိ’ ကို ဖြစ်စေရာ၏။ “အလုံးစုံသော ကိလေသာတို့ကို ဉာဏ်တည်းဟူသော မြားဖြင့် ပစ်အံ့”ဟု ရွှင်ခြင်းကို ဖြစ်စေရာ၏။ မင်းမြတ် လေးသမား၏ ရှေးဦးစွာသော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား လေးသမားသည် ကောက်ကွေးတွန့်လိမ်သော မြားကို ဖြောင့်စွာ ပြုခြင်းငှါ မြားဖြောင့်သော ကျည်ကို ဆောင်ယူသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ဤကိုယ်၌ ကောက်ကွေးတွန့်လိမ်သော စိတ်ကို ဖြောင့်စွာ ပြုခြင်းငှါ သတိပဋ္ဌာန်တည်းဟူသော ကျည်ကို ဆောင်ရာ၏။ မင်းမြတ် လေးသမား၏ နှစ်ခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် နောက်တစ်မျိုးကား လေးသမားသည် မှတ်တိုင်၌ မြားပစ်လေ့လာသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ဤကိုယ်၌ လေ့လာရာ၏။ မင်းမြတ် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ဤကိုယ်၌ အဘယ်သို့ လေ့လာရာသနည်းဟူမူ-မမြဲသော ‘အနိစ္စ'အားဖြင့် လေ့လာအပ်၏။ ဆင်းရဲသော ‘ဒုက္ခ'အားဖြင့် လေ့လာအပ်၏။ အလိုသို့ မလိုက်သော ‘အနတ္တ'အားဖြင့် လေ့လာအပ်၏။ အနာရောဂါအားဖြင့်။ပ။ အိုင်းအမာအားဖြင့်။ ငြောင့်အားဖြင့်။ ဆင်းရဲ၏ တည်ရာအားဖြင့်။ အနာဖြစ်ရာအားဖြင့်။ ရန်သူအားဖြင့်။ ပျက်စီးတတ်သောအားဖြင့်။ ပျက်စီး ကြောင်း ဘေးအားဖြင့်။ အကျိုးမဲ့ကို ဆောင်သော ဘေးဥပဒ်အားဖြင့်။ ဘေးအားဖြင့်။ ဘေး၏ ငြိကပ်ရာအားဖြင့်။ လောကဓံ၌ လှုပ်ရှားသောအားဖြင့်။ ပျက်စီးသောအားဖြင့်။ မခိုင်ခံ့သောအားဖြင့်။ ဘေးမှ မစောင့်ရှောက်သောအားဖြင့်။ ပုန်းအောင်းရာ မရှိသောအားဖြင့်။ မှီခိုရာ မရှိသောအားဖြင့်။့သုခစသည်မှ ဆိတ်သောအားဖြင့်။ သုခစသည်မှ အချည်းနှီးအားဖြင့်။ အရှင်သခင်အဖြစ် စသည်မှ သုဉ်းသောအားဖြင့်။ အပြစ်အားဖြင့်။ ဖောက်ပြန်တတ်သော သဘောအားဖြင့်။ အနှစ်မရှိသောအားဖြင့်။ မကောင်းမှု၏ အမြစ် ရင်းအားဖြင့်။ သတ်ပုတ်ညှဉ်းဆဲတတ်သောအားဖြင့်။ ကြီးပွါးခြင်းကင်းသောအားဖြင့်။ အာသဝ၏ အာရုံ ဖြစ်သောအားဖြင့်။ ပြုပြင်စီရင်ရသောအားဖြင့်။ မစ္စုမာရ်၊ ကိလေသာမာရ်၏ အာမိသအားဖြင့်။ ပဋိသန္ဓေနေခြင်း သဘောအားဖြင့်။ အိုခြင်းသဘောအားဖြင့်။ နာခြင်းသဘောအားဖြင့်။ သေခြင်းသဘောအားဖြင့်။ ပူဆွေးခြင်းသဘောအားဖြင့်။ ငိုကြွေးခြင်းသဘောအားဖြင့်။ ပြင်းစွာပင်ပန်းခြင်းသဘောအားဖြင့်။ ပူပန်တတ်သောသဘောအားဖြင့် လေ့လာအပ်၏။ မင်းမြတ် ဤသို့လျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ဤကိုယ်၌ လေ့လာရာ၏။ မင်းမြတ် လေးသမား၏ သုံးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

--

မင်းမြတ် နောက်တစ်မျိုးကား လေးသမားသည် ညနေတိုင်း၊ နံနက်တိုင်း လေ့လာသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ညနေတိုင်း၊ နံနက်တိုင်း ကမ္မဋ္ဌာန်း အာရုံ၌ လေ့လာရာ၏။ မင်းမြတ် လေးသမား၏ လေးခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။ မင်းမြတ် တရားစစ်သူကြီး ဖြစ်တော်မူသော အသျှင်သာရိပုတ္တရာမထေရ်သည်- “လေးသမားမည်သည် ညနေတိုင်း၊ နံနက်တိုင်း လေ့လာ၏။ လေ့လာခြင်း မကင်း ပြတ်သည်ရှိသော် ထမင်းလခရိက္ခာကို ရသကဲ့သို့၊ ထို့အတူသာလျှင် မြတ်စွာဘုရား သားတော်သည်လည်း ကိုယ်ကို လက္ခဏာသုံးပါးဖြင့် လေ့လာခြင်းကို ပြုကျင့်၏။ ကိုယ်ကို လက္ခဏာသုံးပါးဖြင့် လေ့လာခြင်း မကင်းပြတ်သည်ရှိသော် အရဟတ္တဖိုလ်ကို ရနိုင်ပေ၏”ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။ ။

ခုနစ်ခုမြောက် ဣဿာသင်္ဂပဥှာ ပြီး၏။

ခုနစ်ခုမြောက် ကုမ္ဘဝဂ် ပြီး၏။

ခြောက်ခုမြောက် ဩပမ္မကထာပဥှာ ပြီး၏။

[မာတိကာ၌ ယောဂါဝစရပုဂ္ဂိုလ်၏အင်္ဂါ ဥပမာ ၁၀၅-ပါးထားသော်လည်း အကျယ်ပြရာ၌ ၆၇-ပါးသာ ရှိပေသည်၊ ကျန် ၃၈-ပါးသော အင်္ဂါတို့ကို မည်သည့်မူ၌မျှ မပါမရှိပေ။]

--

နိဂုံး

ဤသို့ နှစ်ဆယ့်နှစ်ဝဂ်တို့ဖြင့် တန်ဆာဆင်အပ်သော၊ ကဏ္ဍခြောက်ပါးတို့၌ ဖော်ပြအပ်သော၊ ဤကျမ်းလာ ၂၆၂-ပါးသော မိလိန္ဒပဥှာသည် ပြီးပြည့်စုံပြီ။ ဤကျမ်းတွင် မလာ, မပါသေးသော ၄၂-ပါးသော အမေးအဖြေတို့ ရှိကုန်သေး၏။ လာ, မလာ အမေးအဖြေတို့ကို ပေါင်းလိုက်သော် ၃၀၄-ပါး ဖြစ်ကုန်၏။ အလုံးစုံကိုပင် မိလိန္ဒပဥှာဟု ရေတွက်ခေါ်ဝေါ်ရကုန်၏။

မိလိန္ဒမင်း၏လည်းကောင်း၊ အသျှင်နာဂသေနမထေရ်၏လည်းကောင်း အမေးအဖြေတို့၏ အဆုံး၌ ရှစ်သောင်းလေးထောင် ယူဇနာအထုရှိသော ရေကို အဆုံးပြု၍ ဤမြေကြီးသည် ခြောက်ပါးသော အဖို့အားဖြင့် တုန်လှုပ်၏။ လျှပ်စစ်နွယ်တို့သည် ဖြတ်သန်းကုန်၏။ နတ်တို့သည် ပန်းမိုးကို ရွာချကုန်၏။ မဟာဗြဟ္မာကြီးသည် ကောင်းချီးပေး၏။ မဟာသမုဒ္ဒရာ၏ ဝမ်းရေပြင်၌ မိုးကြိုးထစ်ချုန်းသံကဲ့သို့ အသံကြီးဖြစ်၏။ ဤသို့လျှင် အံ့ဖွယ်သရဲဖြစ်သည်ရှိသော် ထိုမိလိန္ဒမင်းသည်လည်းကောင်း၊ မောင်းမအပေါင်းတို့သည်လည်းကောင်း ဦးခေါင်းဖြင့် လက်အုပ်ချီလတ်၍ ရှိခိုးကြကုန်၏။

မိလိန္ဒမင်းသည် အလွန်လျှင် ဝမ်းမြောက်သော စိတ်နှလုံးရှိသည်၊ ကောင်းစွာ မွှေနှောက်သော ရက်တက်ရည်ကဲ့သို့ ဖြူဖွေးသော နှလုံးရှိသည် ဖြစ်၍ မြတ်စွာဘုရားသာသနာတော်၌ အနှစ်သာရရှိ၏ဟု အယူရှိသည်၊ ရတနာသုံးပါးတို့၌ ယုံမှားကင်းသည်၊ ရှုပ်ထွေးခြင်း ကင်းသည်၊ ခက်ထန်ကြမ်း၊ကတ်ခြင်းကင်းသည် ဖြစ်၍ အသျှင်နာဂသေနမထေရ်၏ ဂုဏ်ကျေးဇူးတို့၌လည်းကောင်း၊ ရဟန်းအဖြစ်တို့၌လည်းကောင်း၊ အကျင့်ဣရိယာပုတ်တို့၌လည်းကောင်း အလွန်ကြည်ညိုသည် ဖြစ်ရကား ရဲဝံ့သည်၊ အာလယ ကင်းသည်၊ မာန်ခက်ထန်မှုကို ပယ်ချအပ်ပြီးသည် ဖြစ်၍ ထုတ်နုတ်အပ်သော အစွယ်ရှိသော နဂါးမင်းကဲ့သို့ ဖြစ်ရကား “အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏။ မြတ်စွာဘုရား၏ အရာသာဖြစ်သော ပြဿနာကို အသျှင်ဘုရား ဖြေကြားတော်မူပါပေ၏။ ဤမြတ်စွာဘုရား သာသနာတော်၌ တရားစစ်သူကြီး ဖြစ်သော အသျှင်သာရိပုတ္တရာမထေရ်ကို ချန်ထား၍ ပြဿနာကို ဖြေကြားရာဝယ် အသျှင်ဘုရားနှင့် တူသော အခြားသူ မရှိတော့ပါ။ အသျှင်ဘုရားနာဂသေန အကျွန်ုပ်၏ အပြစ်ကို သည်းခံတော်မူပါ။ အသျှင် ဘုရားနာဂသေန အကျွန်ုပ်ကို ယနေ့ ဤအချိန်မှစ၍ အသက်ထက်ဆုံး ကိုးကွယ်ခြင်းသို့ ကပ်ရောက်သော၊ ရတနာသုံးပါးကို ဆည်းကပ်တတ်သော ဥပါသကာဟူ၍ မှတ်တော်မူပါ”ဟု (လျှောက်၏)။

--

မိလိန္ဒမင်း ရဟန်းပြုခြင်း

ထိုအခါ မိလိန္ဒမင်းသည် ဗိုလ်ပါအပေါင်းနှင့်တကွ အသျှင်နာဂသေနမထေရ်ကို ဆည်းကပ်ပြီးလျှင် မိလိန္ဒမည်သော ကျောင်းတော်ကို ဆောက်လုပ်၍ အသျှင်နာဂသေနမထေရ်အား ဆောင်နှင်းလျက်ရာပေါင်း များစွာသော ရဟန်းတို့နှင့် အတူတကွ နာဂသေနမထေရ်ကို ပစ္စည်းလေးပါးတို့ဖြင့် လုပ်ကျွေး၏။ နောက်ထပ်လည်း မထေရ်၏ ပညာ၌ ကြည်ညိုသဖြင့် သားတော်ကြီးအား မင်းအဖြစ်ကို အပ်နှင်းကာ လူ့ဘောင်မှ ထွက်၍ ရဟန်းဘောင်သို့ ဝင်ရောက် (ရဟန်းပြု) ပြီးလျှင် ဝိပဿနာကို ပွါးများလတ်သော် ရဟန္တာအဖြစ်သို့ ရောက်လေ၏။ ထို့ကြောင့်- “ပညာသည် လောက၌ ချီးမွမ်းအပ်သည်ဖြစ်၍ သူတော်ကောင်းတရား တည်တံ့ခြင်းငှါ ပြုနိုင်၏။ ပညာရှိတို့သည် ပညာဖြင့် တွေးတောယုံမှားခြင်းကို ပယ်ဖျောက် လျက်ရာဂမီးစသည်မှ ငြိမ်းချမ်းသော နိဗ္ဗာန်သို့ ရောက်ကုန်၏။ အကြင်တရားအစု၌ ပညာဉာဏ် တည်ရှိ၏။ ထိုတရားအစုဝယ် သတိတရားသည် မဆုတ်ယုတ်၊ ထိုသတိ, ပညာနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ပူဇော်အထူး၏ တည်ရာ ဖြစ်၏။ မြတ်သောသူ ဖြစ်လျက် ချီးကျူးထိုက်သော အတုမရှိမြတ်သောသူ ဖြစ်၏။ ထို့ကြောင့်ပင် ပညာရှိသောသူသည် မိမိ၏ အစီးအပွါးကို ရှုမြင်လျက် ရိုသေခြင်းနှင့်တကွ စေတီကို ပူဇော်ရာသကဲ့သို့ ပညာရှိသူကို ပူဇော်ရာ၏”ဟု ဆိုအပ်ပေသတည်း။

--

ကျမ်းပြီးနိဂုံး

သီဟိုဠ်ကျွန်း ဒေါဏိမြို့၌ နေထိုင်ရကား ဒေါဏိမထေရ်ဟု အမည်ရသော မဟာထေရ်သည် မိလိန္ဒမင်း၏ အမေးကိုလည်းကောင်း၊ အသျှင်နာဂသေန၏ အဖြေကိုလည်းကောင်း ကြားနာ မှတ်သိရသည့်အတိုင်း ရေးသား၍ ကောင်းစွာ ထားအပ်၏။ မိလိန္ဒမင်းသည် ပညာကြီးသူ တစ်ပါးတည်း။ နာဂသေနမထေရ်သည်လည်း အလွန်ပညာရှိသူပါတည်း။ ဤကောင်းမှုကြောင့် ဤလူ့ပြည်မှ (စုတေသော်) တုသိတာနတ်ပြည်သို့ ရောက်ရပါလို၏။ နောင်အခါ မေတ္တေယျမြတ်စွာဘုရားကို ဖူးမြင်ရပါလို၏။ မြတ်သော တရားတော်ကို နာယူရပါလို၏။ ဤကား ကျမ်းပြီးအဆုံး နိဂုံးစကားရပ်တည်း။ ။

မိလိန္ဒပဥှာ ပြီး၏။