မီးဆယ့်တစ်တန် ငြိမ်းသတ်ရန်
မီးဆယ့်တစ်တန် ငြိမ်းသတ်ရန်
၁၊ လောဘမီးဆိုင်ရာ
လောကကြီးထဲမှာ မီးမျိုးပေါင်းများစွာ ရှိနေပါတယ်၊ သတိမထား ပေါ့ဆမှု များကြောင့် လောင်တာရှိသလို ပညာမဲ့ကင်း အကြောင်းရင်းကြောင့် လောင်ကျွမ်းခံရတာလဲ ရှိနိုင်ပါတယ်၊ တချို့မီးတွေက ခဏတစ်ဖြုတ်သာ လောင်ပြီး တချို့မီးတွေကျတော့ မပြတ် ဒလစပ် လောင်မြဲလောင်လျက်ပဲ၊ မီးသတ်ဌာနက မီးသတ်သမားတွေ ခေတ်ပေါ်နည်းပညာ ကိရိယာတန်ဆာပလာတွေနဲ့ ငြိမ်းသတ်လို့ မရနိုင်တဲ့ မီးတွေကန်တော့ အဆိုးဆုံးပဲလို့ ဆိုရမှာပဲ၊ အဲဒီမီးတွေအကြောင်း ဆွေးနွေးတင်ပြမလို့ပါပဲ။
ခေတ်ပေါ်နည်းနဲ့ ငြိမ်းသတ်လို့မရ မီးဆယ့်တစ်ဝ
ခေတ်ပေါ်သိပ္ပံနည်းပညာတွေနဲ့ ဘယ်လိုမှ ငြိမ်းသတ်လို့ မရနိုင်တဲ့ မီးတွေက အကြမ်းဖျင်းအားဖြင့် ၁၁-ပါးလောက်ရှိပါတယ်၊ ဘာတွေလဲဆိုတော့
(၁) လောဘမီး
(၂) ဒေါသမီး
(၃) မောဟမီး
(၄) ဇာတိမီး
(၅) ဇရာမီး
(၆) မရဏမီး
(၇) သောကမီး
(၈) ပရိဒေဝမီး
(၉) ဒုက္ခမီး
(၁၀) ဒေါမနဿမီးနဲ့
(၁၁) ဥပါယာသမီးတွေပဲ ဖြစ်ကြပါတယ်။
ဒီမီးတွေကို ခေတ်မှီ သိပ္ပံနည်းပညာတွေနဲ့ ငြိမ်းသတ်လို့ မရနိုင်ပေမယ့် ဗုဒ္ဓနည်း ပညာနဲ့ကျတော့ ငြိမ်းသတ်လို့ ရသားပဲ၊ အလွန်ကံကောင်းလိုက်တဲ့ ဖြစ်ခြင်းပါပဲ။
မျက်စိကောင်းအောင် ပြုကျင့်ဆောင်
လိုချင် ရချင် ဖြစ်ချင်ခြင်းဆိုတဲ့ ဒီလောဘမီးဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် နေတဲ့အချိန်ကလွဲလို့ ကြုံရင် ကြုံသလို မျက်စိကနေ လောင်လိုက်၊ နှား, နှာခေါင်း, လျှာ, ကိုယ်ကနေ လောင်လိုက်ပါပဲ၊ တခါတလေများ နှလုံးသားကနေ လောင်လိုက်ပြီဆိုမှဖြင့် မချိမဆံ ခံလိုက်ကြရတာ ကိုယ်တွေ့ ကိုယ်စီ ရှိကြမှာပါ။
လောကသားတွေရဲ့သဘာဝ လောဘမီးမလောင်ရအောင် မျက်စိကို ပိတ်ထားလို့ကလဲ မဖြစ်နိုင်တဲ့အခြေအနေပါ၊ ဖွင့်ကို ဖွင့်ထားရပါတယ်၊ လိုအပ်လွန်းလို့ ကံအကျိုးပေးအရ မျက်စိ ၂-လုံးအထိတောင် ရှိပေးရတာပါပဲ၊ ကံအကျိုးပေးကို အား,မရလို့ အမြင်ကောင်းအောင် ဆေးဝါးဓာတ်စာနဲ့တစ်မျိုး မျက်မှန်နဲ့တစ်ဖုံ အားဖြည့်ပေးရတာ တွေတောင် ရှိပါသေးတယ်၊ မျက်မှန်တင်မက အခုခေတ်ပေါ် နည်းပညာတွေရဲ့ အကူအညီ တွေနဲ့ မျက်စိ အကြည့်အား ကောင်းအောင် လုပ်ဆောင်ပေးနေတာတွေကိုလဲ အားလုံးက သိနေကြ၊ မြင်နေကြ၊ ကြားနေကြရတဲ့အတိုင်းပါပဲ။
ဉာဏ်မျက်စိကဏ်း လောဘမီးလောင်ကျွမ်း
ဘယ်လောက်ပင် မျက်စိအမြင်တွေ ကောင်းနေပစေ ဉာဏ်မျက်စိကဏ်းနေလို့က တော့ ကြည့်တိုင်း မြင်တိုင်း မျက်စိမှာ မီးလောင်မြဲပါပဲ၊ များသောအားဖြင့် နှစ်သက်ဖွယ် အာရုံတွေကို ကြုံတွေ့ ကြည့်မြင်ရတဲ့အခါမှာ လိုချင် ရချင် ဖြစ်ချင်တဲ့ လောဘမီး ရာဂမီး လောင်လို့ပါပဲ၊ ကြည့်အုံးလေ.. လောကကြီးရဲ့သဘာဝကိုက မြင်ရသူတွေ နှစ်သက် သဘောကျအောင် ပြင်ဆင် မွမ်းမံမှု တီထွင်မှုတွေ နေရာတကာမှာ တွေ့နေကြရပါတယ်၊ မြင်မြင်ချင်း လောဘမီး ရာဂမီးတောက်လောင်မှ အကောင်းဆုံးပစ္စည်းဝတ္ထုပဲလို့ ထင်မြင် ယူဆကြရတယ်လေ၊ ဒါကြောင့်မို့လို့ ခေတ်သစ်နည်းပညာတွေနဲ့ တီထွင်ကြံဆ မွမ်းမံမှု ပြုလုပ်ကြတယ်၊ တစ်ဖက်တစ်လမ်းကလဲ ကြော်ငြာမှုတွေကို ငွေကြေးအကုန်အကျခံပြီး ကြော်ငြာရပြန်ပါတယ်၊ သက်မဲ့ဖြစ်တဲ့ ဝတ္ထုပစ္စည်းတွေတင် မဟုတ်ပါဘူး၊ သက်ရှိဖြစ်တဲ့ လူတွေရဲ့ခန္ဓာကိုယ်မှာလဲ ကြည့်ရ မြင်ရသူ လူတကာတွေ နှစ်သက်သဘောကျအောင် ဝတ်စားဆင်ယင်မှုအမျိုးမျိုး စိန်ရွှေငွေရတနာစတာတွေနဲ့ မွမ်းမံဆင်ယင်မှုအဖုံဖုံ ပြုလုပ်ကြ ပါတယ်၊ ဒါ့ကြောင့်လဲပဲ ပညာအမြင်ကဏ်းသူတွေအဖို့မှာ လောဘမီးအလောင်ခံနေရရှာ တော့တာပေါ့။
အဲဒီလောဘမီးကလဲ လောင်စာရှိနေသမျှ တဖြည်းဖြည်းနဲ့ ပူသထက်ပူ ပြင်းသထက်ပြင်းလာပြီးတော့ နေမထိ ထိုင်မထိ အခြေအနေရောက်သွားပြီဆိုမှဖြင့် လိုချင် တာ ရချင်တာ ဖြစ်ချင်တာတွေ ရဖို့ ဖြစ်ဖို့ လုပ်ရ ပြောရ ကြံစည်ရပါလိမ့်မယ်၊ ဒီလိုနဲ့ပဲ ဘဝဇာတ်လမ်းတွေ ရှည်ပြီး ဒုက္ခပင်လယ်ကြောမှာ မျှောလိုက် မြှုပ်လိုက် ပေါ်လိုက်နဲ့ ပြဿနာပေါင်းစုံ ဒုက္ခပေါင်းစုံ ကြုံတွေ့ခံစားလိုက်ကြရတာပါပဲ၊ ဒါကို ဘုရားရှင်က မြင်တော်မူလွန်းလို့ မဟာကရုဏာတော်ဓာတ် သက်မိရတာ အမှန်ပါ။
လောဘမီးငြိမ်းရန် ဗုဒ္ဓဉာဏ်မျက်မှန်
လောဘမီး ရာဂမီး အလောင်မခံရလေအောင် အာရုံလောင်စာနဲ့ မတွေ့ရအောင် ဝေးဝေးကနေ ရှောင်ပြီး နေပေးဖို့တော့ လိုတာပေါ့၊ တမင်သက်သက် အာရုံရှိရာ လောင်စာရှိရာကို အချိန်ကုန် ငွေကုန်ခံပြီး အလောင်သွားခံတာကန်တော့ ကိုယ့်ကိုယ်ကို မသနားရာကျလို့ပါပဲ၊ မလွှဲသာ မရှောင်သာ အလုပ်သဘောအရ ဘဝပေးတာဝန်အရ ကြည့်ရ မြင်ရခဲ့သည်ရှိသော် ဘယ်လိုလုပ်ရပါ့မလဲ၊ သိပ္ပံနည်းနဲ့ ငြိမ်းသတ်လို့ မရနိုင်တဲ့ ဒီလောဘမီး ရာဂမီးကို ဘုရားရှင်ပေးသနားတော်မူတဲ့ ဉာဏ်မျက်မှန်လေးတပ်ပြီး ကြည့်ပေးလိုက်ပါ၊ လောဘမီး တဖြည်းဖြည်းနဲ့ အရှိန်လျှော့သွားမယ်၊ လောဘမီး မဖြစ်ပေါ်ဘဲလဲ ရှိနိုင်ပါတယ်၊ ပြီးတော့ ဖြစ်ပေါ်တဲ့ မိမိရဲ့ခန္ဓာကိုယ် ၃၂ကောဋ္ဌာသကို တစ်ခုချင်းခွဲစိတ်ကြည့် ဓာတ်သဘော မျှသာရှိပြီး ခိုင်မြဲမှုသဘောမှကင်း မတင့်တယ်တဲ့သဘောမျှသာ ရှိနေပါကလားလို့ မပြတ်နှလုံး သွင်း ရှုမြင်သုံးသပ်ရပါတယ်၊ ဒီလိုနှလုံးသွင်း ရှုမြင်သုံးသပ်ပေးခြင်းဖြင့် ဓာတ်သဘောမှန် ဉာဏ်ထဲမှာ ရှင်းနေရင် လောဘမီး ရာဂမီး တောက်လောင်စရာ အကြောင်းမရှိနိုင်တော့ပါ။
ဒီထက်ပိုအားကောင်းတဲ့ ဉာဏ်မျက်မှန်ကို တပ်ဆင်ပြီးကြည့်လိုက်မယ်ဆိုရင် မြင်သမျှတွေဟာ ခိုင်မြဲတာ ဘာတစ်ခုမှ မရှိပါဘူး၊ ပေါ်ပြီးပျောက်၊ ဖြစ်ပြီးပျက်တာချည်းပါပဲ၊ ဖြစ်လာတဲ့အရာမှန်သမျှ နောက်ဆုံးမှာ ကုန်ပျောက်ပျက်စီးရတာချည်းပါပဲ၊ မိမိတို့ရဲ့ရုပ်နာမ် ခန္ဓာတွေကို ဘုရားပေးတော်မူတဲ့ မျက်မှန် ဝိပဿနာဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါမှာ စက္ကန်တိုင်းနဲ့အမျှ မရပ်မနား ဖြစ်ပျက်နေတာကို တွေ့မြင်နိုင်ကြပါတယ်၊ မနှစ်သက်ချင်စရာ တရားတွေပါပဲပေါ့၊ မိမိရဲ့ အဇ္ဈတ္တသန္တာန်မှာ ဝိပဿနာဉာဏ်မျက်မှန်နဲ့ ကြည့်လိုက်တော့ မမြဲဆင်းရဲ မနှစ်သက်ချင်စရာတွေအဖြစ် မြင်ရသလို သူတပါးရဲ့သန္တာန်နဲ့ လောကတစ်ခု လုံးမှာ ရှိရှိသမျှ သက်ရှိသက်မဲ့ အရာမှန်သမျှကလဲပဲ မမြဲဆင်းရဲ မနှစ်သက်ချင်စရာ အနှစ်သာရမဲ့ အစိုးမရတဲ့ သဘောလက္ခဏာတွေလို့ တွေ့မြင်နိုင်ပါတယ်၊ ပုဂ္ဂိုလ်သတ္တဝါ ယောက်ျားမိန်းမအနေနဲ့ မမြင်ဘဲ အကြောင်းတရားရှိလို့ အကျိုးတရားအဖြစ် ဖြစ်ပေါ်လာ ကြတဲ့ ရုပ်ဓာတ်နာမ်ဓာတ်ဖြစ်စဉ် သဘောတရားမျှသာ ရှိပါပေတယ်၊ အဲဒီလို အရှိမှန်ကို အသိဉာဏ်နဲ့ တွဲလိုက်လို့ မြင်မှုကိစ္စစတာနဲ့ပတ်သက်ပြီး ဘယ်လို့ပဲ နှစ်သက်ဖွယ်အာရုံတွေ ဖြစ်နေပစေ၊ လောဘမီး ရာဂမီး ထတောက်စရာ အကြောင်းမရှိတော့ပါဘူး၊ ဒါကြောင့် ကိုယ်တွေ့ဖြစ်အောင်သာ လေ့ကျင့်အားထုတ်ပါလို့ တိုက်တွန်းလိုက်ပါရစေ။
ဉာဏ်နားကင်းမဲ့ လောဘမီးထွက်
တခါတလေကျပြန်တော့ မိမိတို့နှစ်သက်တဲ့အသံ ကြားလိုက်ရပြန်တော့ နားမှာ လောဘမီး ထပြီးတောက်ပြန်ပြီး ပုထုဇဉ်တွေရဲ့ သဘာဝအရ နှစ်သက်အပ်တဲ့ ၅-ပါးအာရုံ ကာမဂုဏ်တရားတွေရဲ့နောက်က တကောက်ကောက်လိုက်လို့ မဆုံးအောင်ပါပဲ၊ မရ ရအောင် ရှာတယ်၊ ရလာပြန်တော့ တွယ်တာငြိကပ် တပ်မက်စွဲလန်းတယ်၊ ရရှိပြီးအာရုံတွေနဲ့ မကျေနပ်နိုင် မတင်းတိမ်နိုင်၊ အသစ်အသစ်ဖြစ်တဲ့ အာရုံတွေကို ထပ်ပြီးလိုချင် ရချင်တယ်၊ ဒီလိုနဲ့ပဲ လောဘအတောမတပ် ဖတ်ဖတ်မောအောင် ရှာရတယ်၊ ညတိုင်းဆိုသလို အကြံ တွေထုတ် အခိုးတွေလွှတ်ပြီး မိုးလင်းလာတော့ လောဘမီးတွေလောင်မြှိုက် အမော ဆိုက်အောင် သွားလာလှုပ်ရှား ပြုလုပ်ပြောဆိုကြရပြန်တယ်၊ ဒီလိုနဲ့ပဲ လောဘမီး လောင်လျက် တန်းလန်းနဲ့ တစ်ဘဝ တစ်စခန်း သိမ်းသွားရပြန်ပါတယ်။
ယေဘုယျအားဖြင့် နှစ်သက်ဖွယ်အသံ ကြားရတယ်ဆိုမှဖြင့် ထစ်ကနဲ့ ဆိုသလို နားမှာ လောဘမီးစွဲလောင်တော့တာပဲ၊ မီးမှန်းမသိကြလို့ သက်သက်မဲ့ အချိန်အကုန်ခံ လူပင်ပန်း ပိုက်ဆံကုန် သက်တမ်းဖြုန်းနေကြန်တော့တာပေါ့၊ မီးကင်လိုက်ရလို့ ခေတ္တခဏ နူနာရောဂါ အယားသက်သာသလိုတော့ ခံစားမိတာပေါ့လေ၊ မီးကင်နိုင်အောင် စုဆောင်းဝယ်ယူထားတဲ့ ကိရိယာတန်ဆာပလာတွေလဲ နည်းမှာမဟုတ်ပါဘူး၊ အိမ်မှာ မီးကင်ရတာ အားမရလို့ အပြင်ဘက်သွားရောက်ပြီး မီးဖိုနားမှာ လောဘမီး ဟုန်းဟုန်း တောက်အောင် လုပ်ရက်လိုက်တဲ့ဖြစ်ခြင်း၊ စားသောက်ဆိုင်နဲ့ ဟိုတယ်တွေမှာ သွားရောက်ပြီး တညလုံး မိုးလင်းတဲ့အထိ တန်ဘိုးရှိလှတဲ့နားကို လောဘမီး အလောင်ခံ နေကြတာကန်တော့ဖြင့် အချိန်ကို သိပ်ပြီး နှမြောဖို့ ကောင်းလှပါပေတယ်။
ဃာနနှာခေါင်း လောဘမီးလောင်
နေ့စဉ်ဆိုသလို လောဘမီးက လှည့်ပတ်ပြီး လောင်နေပါတယ်၊ နှစ်သက်ဖွယ် မွှေးကြိုင်တဲ့ အနံ့ကို ရှုရတဲ့အခါမှာ သတိတရား လက်ကိုင်မထားလို့ကန်တော့ နှာခေါင်းမှာ လောဘမီး ထတောက်တော့တာပါပဲ၊ လောဘမီး မလောင် လောင်အောင် ရေမွှေးနံ့သာ အမွှေးအကြိုင်များကို ဝယ်ယူစုဆောင်းထားကြတာလဲ နည်းလှမှာ မဟုတ်ပါဘူး၊ ဒီပစ္စည်း တွေက တကယ်တော့ လောဘမီးရဲ့လောင်စာတွေပါပဲကလား၊ တချို့အနံ့တွေဟာ မိမိတို့ အဖို့ နှစ်သက်စရာတွေ ဖြစ်နေပေမယ့်လို့ တပါးသူအဖို့မှာ အော့အန်ချင်စရာ ခေါင်းကြီးမူး နောက်စေနိုင်တဲ့အထိ ဖြစ်စေနိုင်တယ်ဆိုတာကိုလဲ မမေ့သင့်ပါဘူး၊ လောဘမီးလောင်လို့ ရာတန် ထောင်တန်ရေမွှေးတွေဝယ်တော့ နှာခေါင်းမှာတင် မီးလောင်တာမက ပိုက်ဆံအိတ်ကိုပါ မီးလောင်ခံထိတော့တယ်၊ လောဘမီး အလောင်ခံရုံတင်မက မာန်က ထလိုက်သေးတယ်၊ ငါမို့လို့ ဝယ်နိုင်သုံးနိုင်တယ်ပေါ့၊ အတော်ဆိုးနေပါကလား၊ သူတော်ကောင်းတွေရဲ့ အမြင်မှာတော့ သနားစရာ သူတွေပါပဲလေ။
တနေ့ ၃-၄ကြိမ် လျှာမှာ လောဘမီးထိန်
လျှာမှာလောင်တဲ့မီးက ပိုများပါတယ်၊ တစ်နေ့တစ်နေ့မှာ ၃-၄ကြိမ်လောက် စားရသောက်ရတာကိုး၊ သတိတရားမပါ စားသောက်သူများမှာ ထုံးစံအတိုင်းဆိုသလို လောဘမီးက တောက်လောင်မြဲ တောက်လောင်လျက်ပါ၊ ဒီရသတဏှာ လောဘမီးဟာ ဘဝါဘဝက စဉ်ဆက်မပြတ်လောင်လာတဲ့မီးပါပဲ၊ သို့သော် ဘုရားပွင့်လာမှ မီးမှန်း သိကြရတာပေါ့၊ မီးမှန်းမသိကြရတဲ့ သူတွေအဖို့မှာတော့၊ စားသောက်တိုင်း လောဘမီး တောက်လျက် ရှိနေအုံးမှာပါပဲ၊ အိမ်မှာ ရေခဲသေတ္တာထဲ မီးလောင်စာတွေ အပြည့်သိုမှီး သိမ်းဆည်းထားကြတာလဲ မနည်းလှပါဘူး၊ ပညာရှိရှိ သတိရှိရှိနဲ့ မစားသောက်တတ်လို့ ကန်တော့ လောဘမီးကန်တော့ဖြင့် မညှာတမ်း လောင်လို့မဆုံး တစ်သက်လုံးပြောင်အောင် လောင်မှာသေချာပါတယ်၊ စားဖို့ သောက်ဖို့ အသက်ရှင်နေတာ မဟုတ်၊ အသက်ရှင်ဖို့ အတွက် စားသောက်ကြရတယ်ဆိုတာ သဘောမပေါက် မသိမမြင်သေးသရွေ့ စားတိုင်း သောက်တိုင်းမှာ လောဘမီးက အားကောင်းကောင်းနဲ့ လောင်မြဲလောင်လို့နေမှာပဲ၊ ဒီရသတဏှာ လောဘမီးဟာ အဆိုးဆုံးပါပဲ။
ခန္ဓာကိုယ်တခုံးလုံး လောဘမီးတဟုန်းဟုန်း
မိမိတို့ ကိုယ်ကာယနဲ့ ပတ်သက်ပြီးတော့ လောဘမီး ရာဂမီးလောင်ကျွမ်းနေတာ ကလဲ ရှိသေးတယ်၊ မိမိတို့ရဲ့ အဝတ်အစားအပေါ် နှစ်သက်ကျေနပ်မှုတမျိုး မိမိတို့ရဲ့ ကိုယ်ခန္ဓာ သူတပါးတွေရဲ့ခန္ဓာကိုယ်ပေါ်မှာ တွယ်တာ စွဲလန်း မက်မောမှုကတဖုံ လောဘမီးတွေ ဟုန်းဟုန်းတောက်လို့ပါပဲ၊ ဒါ့အပြင် ခန္ဓာကိုယ်ကို စိန်ရွှေငွေရတနာတွေနဲ့ ဆင်သလို လောဘမီးတောက် ခြေဖျားထောက်တဲ့သူတွေလဲ မနည်းပါဘူး၊ လောဘမီး တောက် ခြေဖျား ထောက်နိုင်အောင် ရှာကြံရတဲ့ ဒုက္ခကလဲ မနည်းပါပဲလား၊ လောဘမီး တောက်လောင် နေတော့ အဆိုးအကောင်းကို မမြင်နိုင်ဘဲ ရှိနေရပါတော့တယ်၊ မိမိတို့ရဲ့ လောဘစိတ် ရာဂစိတ်ကို မနှိပ်ကွပ်နိုင်လို့ ဟိုလေးတကျော်ဖြစ်၊ အများရဲ့ပြစ်တင် ရှုတ်ချမှုကို ခံရ၊ အကျဉ်းထောင်မှာ ခံရသူတွေလဲ မနည်း၊ အဲဒီလို ရာဂရဲ့ကျေးကျွန်ဖြစ်ပြီး ရှာသမျှ မလောက်နိုင်၊ အိမ်ထောင်ရေး ပြဿနာတက်၊ မိသားစုတွေ စိတ်ဝမ်းကွဲ၊ ၄င်းတို့နဲ့ ပတ်သက်သူများ မျက်နှာပူ အရှက်ရ၊ လောကအလယ်မှာ မျက်နှာငယ် အရှက်ရ များလှတဲ့ အပြစ်တွေ၊ ခဏတစ်ဖြုတ် ပျော်ပိုက်ချမ်းသာ နောင်ခါအပါယ်ကျခံ အများအော့ နှလုံးလန် ဒီလိုအကျဉ်းတန် အမှုမျိုးကိုဖြင့် အောင်----ဒူရေ--ဝေးဝေးရှောင် အကောင်းဆုံးဖြစ်မှာပဲ။
လောဘမီးပြင်းလှ ဟဒယမှာ
တခါတလေကျပြန်တော့ မျက်စိ-နား-နှာ-လျှာ-ကိုယ်မှာ လောဘမီးမလောင် ဘဲနဲ့ နှလုံးသားမှာ လောင်လို့ပါပဲ၊ အတိတ်က အရိပ်တွေ ပြန်းတွေး ပညာရေး စီးပွားရေး နိုင်ငံရေးနဲ့ဆိုင်တဲ့ အောင်မြင်မှုလေးတွေကို ပြန်သတိရလို့ သဘောကျ လောဘမီး ထတောက်တာကလဲ တမျိုး၊ တွေ့ကြုံခံစားလာခဲ့ရဖူးတဲ့ နှလုံးသားရေး ချစ်ခြင်းကိစ္စ အကြောင်း ပြန်ပြောင်းသတိရပြီး နှစ်သက်အားရလို့ လောဘမီးတောက်ရတာကလဲ တဖုံ၊ နှလုံးအိမ်မှာ မီးဟုန်းဟုန်းတောက်ရတဲ့ အချိန်လဲ နည်းမှာ မဟုတ်ပါဘူး၊ ဒွါရခြောက်ဝ ခြောက်ဌာနမှာ လောဘမီးတွေ လောင်လို့မဆုံးနိုင်လောက်အောင် လောင်နေတာကို မမြင်နိုင်ကြရင်ဖြင့် ဆက်လက်ပြီးတော့ကာ အပါယ်မီးလောင်ဖို့သာ ခရီးဆက်ရ ပြင်ဆင် ကြပေတော့ပဲ။
---
၂၊ ဒေါသမီး
ဒေါသမီးဟုန် ဒွိစက္ခုံ
မျက်စိနဲ့ပတ်သက်ပြီး လောဘမီး
မျက်စိအစရှိတဲ့ ဒွါရခြောက်ပေါက်မှာ လောဘမီးလောင်ကျွမ်းပုံနဲ့ ၄င်းကို ငြိမ်းသတ်ပုံအကြောင်း ဆွေးနွေးတင်ပြပြီးတဲ့နောက်မှာ ဒွါရခြောက်ပေါက်မှာ ဒေါသမီး လောင်ပုံကို တင်ပြဆွေးနွေးလိုပါတယ်၊ မီးမလောင်ရလေအောင် မျက်စိကို ပိတ်ထားလို့လဲ မဖြစ်နိုင်တဲ့ကိစ္စပါပဲ၊ လိုအပ်လွန်းလို့ မျက်စိနှစ်လုံးအထိ ရှိပေးနေရတယ်၊ ပညာရှိရှိ တန်ဘိုးသိသိနဲ့ အသုံးချတတ်ရင် သိပ်ကို အကျိုးများလှပါတယ်၊ အသုံးမချတတ်လို့ကန်တော့ ကိလေသာမီးတွေသာ တောက်ပြီး နောက်ဆုံးမှာတော့ ငရဲမီးတွေ အလောင်ခံရတဲ့အထိ ဖြစ်သွားစေနိုင်ပါတယ်၊ သာဓကတခုလောက် ထုတ်ပြချင်ပါတယ်၊ ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဗိုလ်လုပွဲကို များသောအားဖြင့် အမေရိကန်နိုင်ငံ၊ နေဗားဒါးပြည်နယ်၊ လတ်ဗေးဂတ်စ်မြို့ရှိ အကြီးဆုံး ဟိုတည်တစ်ခုခုမှာ ကျင်းပပြုလုပ်လေ့ရှိတတ်ပါတယ်၊ အနီးကပ် ရှေ့တန်းထိုင်ခုံ မှာ နေရာရရှိဖို့အတွက် ဒေါ်လာပေါင်း ထောင်ချီ သောင်းချီပြီး ဝယ်ယူကြရပါတယ်၊ မိုက်ရူးရဲ တဲ့ စိတ်ဓာတ်ပဲလို့ ဆိုရတော့လေမလား မပြောတတ်တော့ပါဘူး၊ အပြောမှားရင်လဲ ခွင့်လွှတ်ပါလို့တောင်းပန်ပါရစေ၊ ကမ္ဘာ့လက်ဝှေ့ချန်ပီယံဗိုလ်လုပွဲဆိုတာ တကယ့်သူသတ်ပွဲ အစစ်ပါပဲ စည်းမျည်းစည်းကမ်းနဲ့ အညီ အပြစ်လွတ် ထိုးကြိတ်သတ်ဖြတ်နိုင်တဲ့ မိုက်ရူးရဲပွဲပဲ လို့ ခေါ်ရမှာပဲ။
သတိပညာကင်းမဲ့နေလို့ကန်တော့ မိမိတို့ မကြိုက် မနှစ်သက်တဲ့အမြင်အာရုံနဲ့ တွေ့ကြုံရတဲ့အခါမှာ ဒေါသမီး ဟုန်းကနဲ ထတောက်တတ်ပါတယ်၊ ဒီဒေါသမီးရဲ့ အကျိုးဆက်အနေနဲ့ ပြဿနာပေါင်းစုံ ဒုက္ခမျိုးစုံအောင် တွေ့ကြုံခံစားကြရပါတော့တယ်၊ ဒါကြောင့်မို့လို့ မျက်စိဖွင့်တတ်ဖို့ ကြည့်မြင်တတ်ဖို့ လိုအပ်လှပါတယ်၊ ဒါမှမဟုတ်ရင် ငရဲမီး အလောင်ခံရတဲ့အထိ အကျိုးနဲသွားစေနိုင်ပါတယ်။
ဒေါသမီးလျှံ နားသောတံ
မနှစ်သက်ဖွယ်ရာအသံကို ကြားရတဲ့အခါသမယမှာ ဒေါသမီးလျှံ လောင်ကျွမ်းခံရတာ သတိမဲ့ကင်း သမ္ပဇဉ်မရှိသူတို့ရဲ့ ဓမ္မတာပါပဲ၊ နေ့စဉ်နဲ့အမျှ မနှစ်သက်တဲ့အသံ ကြားရတိုင်း စိတ်တိုနေရမယ်ဆိုရင် အဘယ်မှာ မင်္ဂလာရှိနိုင်ပါတော့မလဲ၊ ကြားရုံနဲ့တင် မပြီး ဆက်ပြီးတော့လဲ နားထဲက ကြားယောင် ဒေါသမီးထပ်ကာလောင်နေလို့ကန်တော့ တန်ဘိုးရှိတဲ့ မိမိတို့ရဲ့အသက်အချိန်ကို အကျိုးမဲ့ ဖြုန်းပစ်လိုက်သလို ရှိပေတော့မှာပဲ၊၊ ပြောတဲ့သူက မကြာခင်မှာ မေ့ပျောက်သွားလောက်ပါပြီ၊ မိမိတို့ကသာ လွန်ပြီးဖြစ်တဲ့ အတိတ်ဆီကို မကြာခဏ ပြန်ပြန်ပြီး ရောက်နေတတ်လို့ ဒေါသမီးက မငြိမ်းနိုင်ဘဲ ရှိရတာ၊ ဒီဒေါသမီးဆိုတဲ့ အဆိပ်သီး ကို ပွေ့ပိုက်ထားသဖြင့် နေမထိ ထိုင်မသာ ဖြစ်နေကြရတယ်၊ အဲဒီလို မဖြစ်ရအောင် မိမိကိုယ်ကို သနားတတ်ဖို့တော့ လိုပါလိမ့်မယ်။
နှာခေါင်းမှာ မကောင်းနံ့ ဒေါသမီးဟပ်
မကောင်းတဲ့အနံ့ကို ရှုရတဲ့အခါ သတိပညာ ဗလာနတ္ထိ ဖြစ်နေကြရင် ဒေါသမီး ထလောင်တော့တာပါပဲ၊ သူများအပြစ်တွေထုတ်ပြော တိုင်တောမှုအမျိုးမျိုး အိမ်နီး ချုပ်စပ် တွေနဲ့ ရန်ဖြစ် ရဲကိုခေါ်ရတဲ့အထိလဲ ရှိတတ်ပါတယ်၊ ကိုယ့်နှာခေါင်းကို ထိန်းကျောင်းမှု မတတ်လို့ ဒေါသမီး ထလောင်လိုက်တာ ပြဿနာကို ရှည်တော့တာပဲ၊ စားသောက်တဲ့ အခါမှာ မကောင်းနံ့ရတာက တမျိုး၊ အလုပ်ခွင်မှာ မလွဲမရှောင်သာ ကြုံတွေ့ ရှုရှိုက်ရတာက တဖုံ၊ သွားရင်လာရင်းမှာလဲ မကောင်းတဲ့အနံ့ကို ရှုလိုက်ရ၊ အိမ်နီးနားချင်းတွေရဲ့ ချက်ပြုတ် ကြော်လှော်မှုမှတဆင့် ပြင်းထန်တဲ့ အနံ့ကို ရှုလိုက်ရတာတွေ စုံလို့ပါပဲ၊ မကောင်းနံ့ ရတိုင်း သာ စိတ်မချမ်းမြေ့ ဒေါသမီးလောင်လေ့ ရှိနေလို့ကန်တော့ မျက်နှာကြီးပုပ်သိုး အရုပ်ဆိုး အကျည်းတန် အရွယ်နဲ့မလိုက် အိုရုပ်ပေါက်မှာ အမှန်ပါ။
စားသောက်ရတာ အားမရ ဒေါသမီးထ
တချို့သော ပုဂ္ဂိုလ်များကဆိုရင် စားမှုသောက်မှုကို အဓိကထားတတ်ကြပါတယ်၊ စားသောက်မှုနဲ့ပတ်သက်ပြီး နှစ်သက်အားရမှု မရှိတိုင်း မျက်နှာမသာမယာနဲ့ ရှိနေ တတ်ကြပါတယ်၊ ဒီတခါ စားသောက်မကောင်းလဲ နောက်တခါတော့ ကောင်းလောက်ပါရဲ့၊ ချက်ပြုတ်တဲ့အခါမှာ တခါတလေ မမျှော်လင့်ဘဲနဲ့ အချို အချဉ် အခါး အငန် အစပ် တစ်ခုခု လွန်ကဲသွားစေတာ ဖြစ်တတ်မြဲပါ၊ ချက်ပြုတ်သူတွေရဲ့ စေတနာကိုလဲ ငဲ့ညှာဖို့ မမေ့သင့်ပါ၊ မကျေမနပ် ဒေါသမီး လောင်လျက်တန်းလန်းနဲ့ စားသောက်နေရင် အဆီဩဇာဖြစ်ဖို့ ရာခိုင်နှုန်း အင်မတန်မှ နည်းလှပါတယ်၊ စားနေဆဲ အစားအသောက်ကြောင့်ပဲဖြစ်ဖြစ် ဒိပြင်အကြောင်းကြောင်းကြောင့်ပဲဖြစ်ဖြစ် ဒေါသမီးလောင်မြိုက်ချိန်မှာ စားသောက်သမျှ အာဟာရတွေဟာ ဒေါသမီးရဲ့ လောင်စာတွေပဲ ဖြစ်ကုန်တော့မှာပေါ့။
ခန္ဓာကိုယ်နဲ့စပ် ဒေါသမီး တဖြတ်ဖြတ်
ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး မကောင်းတဲ့အဝတ်အစားကို ဝတ်ဆင်ရ၊ မနှစ်သက်ဖွယ် အိပ်ရာနေရာမှာ အိပ်ရ နေရ ထိုင်ရ၊ မနှစ်သက်တဲ့ကားကို စီးနင်းသွားလာရမယ်ဆိုရင် စိတ်ထဲမှာ မပျော်ပိုက်လှ၊ စိတ်ဓာတ်ကျ၊ အားငယ်မှုတွေဖြစ်၊ မျက်နှာသိပ်ငယ်ရတယ်လို့ ရင်ထဲမှာ ခံစားရတာဟာလဲ အမှန်စင်စစ်ကန်တော့ ကိုယ်ကာယနဲ့ ပတ်သက်ပြီး ဒေါသမီး လောင်နေခြင်းပါပဲ၊ အဲဒီဒေါသမီး လောင်ခံနေရလို့ အလောင်သက်သာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လက်ရှိအခြေအနေထက် ပိုကောင်းတဲ့ အဝတ်အစား အိပ်ရာ နေရာ မော်တော်ယာဉ်စတာတွေကို ရအောင်ကြိုးစားကြရပြန်တယ်၊ လူစိတ်ရဲ့သဘာဝအရ ရှိတာ လေးနဲ့ အားမရ မတင်းတိမ်တတ်ဘဲ အားမရမှု မကျေနပ်မှုဆိုတဲ့ ဒေါသမီးလောင်ရာနောက် တကောက်ကောက်လိုက်ရင်း ဘဝဇာတ်လမ်းတစ်ပုဒ် နိဂုံးချုပ် အပြီးသတ်သွားကြရတာ ချည်းပါပဲ၊
ဗောဋ္ဌဗ္ဗာရုံလို့ ဆိုတဲ့ အတွေ့အထိအပေါ် အားမရနိုင်ရှာကြတဲ့ ပုဂ္ဂိုလ်တို့မှာ ဒေါသမီး အကြီးအကျယ်လောင်ခံနေရတာ မြင်သာ ထင်ရှားလှပါတယ်၊ ဒီမီးရဲ့ လောင် ချက်က ပိုပြီး ပြင်းထန်နေသလိုပါပဲ၊ မူလပိုင်ရှင်ကိုသာ လောင်နေတာ မဟုတ်တော့ဘဲ ပတ်သက်ဆက်နွယ်သမျှ ပုဂ္ဂိုလ်အားလုံးတွေကိုပါ ကူးစက်လောင်ကျွမ်းနေတာကို တွေ့မြင် နိုင်ပါတယ်။
ဒေါသမီးရှိန် နှလုံးအိမ်မှာ
နှလုံးအိမ်မှာ လောင်ကျွမ်းနေတဲ့ဒေါသမီးကန်တော့ အခံရ အဆိုးဆုံးပဲလို့ ဆိုရပါ့မယ်၊ အနည်းနဲ့အများ အကြီးနဲ့အသေးသာ ကွာခြားမှုရှိမယ်၊ အားလုံးရဲ့ကိုယ်တွေ့တွေပဲ ဖြစ်မှာပါ၊ အတိတ်က ကြုံတွေ့ ဖြတ်သန်းလာခဲ့ရတဲ့ အမြင်အာရုံကို ပြန်ပြီး စာမြုံးပြန်ရင်၊ ရင်ထဲမှာ မခံချိ မခံသာ ခံစားကြရတယ်၊ မိမိတို့ကို အထင်အမြင်သေး စော်ကားမော်ကားပြုပြီး ဆဲဆို ကဲ့ရဲ့ ရှုတ်ချ နှိမ်ချ ပြစ်တင် မဟုတ် မတရား ပြောဆို စွပ်စွဲခဲ့တာတွေကို ပြန်တွေးပြီး ဒေါသယမ်းမီး ပြန်လည်အသက်ဝင် လောင်ကျွမ်းတာလဲ ရှိတတ်ပါတယ်။
ပုထုဇဉ်လူသားတွေရဲ့သဘာဝ ပညာသင်ကြားရတဲ့အချိန်အခါမှာ မှန်းချက်နဲ့ မကိုက်လို့ ခံစားလိုက်ရတဲ့ ဒေါသလောင်မီး၊ အချစ်ရေး အိမ်ထောင်ရေးကိစ္စနဲ့ ပတ်သက်ပြီး တော့လဲ ကံမကောင်းခဲ့လို့ ပူလောင်လိုက်ရတဲ့ ဒေါသလောင်မီး၊ ဒီမီးက အဆိုးတကာ့ အဆိုးဆုံးပါပဲ၊ ဒီအချစ်ပူမီးကြောင့် ကြားလိုက်ရတဲ့ဖြစ်အင် သတင်းတွေကန်တော့ဖြင့် ရင်နင့်စရာ ကောင်းလှပါပေတယ်၊ တချို့များကျပြန်တော့ အိမ်ထောင်ရေးမှာ ပြဿနာ မရှိကြပေမယ့် စီးပွားရေးကိစ္စမှာ ဆန္ဒမပြည့်ဘဲ ရှိတတ်ပြန်ပါတယ်၊ ဒါ့ကြောင့် စီးပွားရေးကိစ္စ မိသားစုကိစ္စအတွက် ပူလို့မဆုံး နှလုံးမချမ်းမြေ့ ဒေါသမီးတဆွေ့ဆွေ့ လောင်မြိုက်လို့ပါပဲ။
နိုင်ငံရေးအကြောင်း ဝါသနာပါသူ စိတ်ဝင်စားသူတွေမှာဆိုရင်လဲ မိမိတို့မကြိုက် မနှစ်သက်တဲ့ ပုဂ္ဂိုလ် ပါတီ အဖွဲ့အစည်းတွေရဲ့ အပြစ်အနာအဆာတွေကို ပြောဆိုလို့ မဆုံးနိုင်အောင် ရှိနေလို့ကန်တော့ နှလုံးထဲက ဒေါသမီးကလဲ လောင်မြဲလောင် လျက်နေမှာပဲ၊ ဘယ်အရေးကိစ္စမှာပဲဖြစ်ဖြစ် မိမိတို့ရဲ့အလိုအကြိုက်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေပြီဆိုလို့ရှိရင် နှလုံးသားထဲမှာ ဒေါသမီးလောင်နေပြီပေါ့၊ နှလုံးဟဒယမှာ လောင်နေတဲ့ ဒီဒေါသမီးကို မငြိမ်းမသတ်နိုင်ရင် နောက်ထပ် တဆင့်တက်ပြီး ငရဲမီးလောင်ဖို့သာ ကျန်တော့မယ်၊ သတိပြုပါ၊ ကိုယ့်ကိုယ်ကို သနားပါ။
မျက်လုံးမှာ ဒေါသမီးငြိမ်းနည်း နိသျည်း
ဒေါသမီးပူကို ဗြဟ္မစိုရ်တရား ရေစင်နဲ့တမျိုး ဝိပဿနာဉာဏ် သန်လျက်နဲ့တဖုံ ကြုံသလို ငြိမ်းသတ်ပေးရပါတယ်၊ ဗုဒ္ဓတရားတော် ရေစင်တော်မြတ် ဉာဏ်သန်လျက်ဟာ ခုပစ္စုပ္ပန်မှာ ဖြစ်ပေါ်ထတောက်လာတဲ့ ကိလေသာမီးတင်မက အနာဂတ်မှာ ကြုံတွေ့နိုင်စရာ ဖြစ်တဲ့ ငရဲမီးကိုရော ကမ္ဘာ့လောင်မီးကိုပါ ကင်းဝေးပပျောက် ငြိမ်းအေးစေနိုင်ပါတယ်၊ လက်တွေ့သာ အသုံးချပေးရုံပါပဲ၊ မယုံမရှိ ကိုယ်တွေ့ဖြစ်သွားမှာပါ၊ ဘုရားရဲ့ တရား တော်ဆိုတာ သိထားတဲ့ အတိုင်းအတာအလျှောက် လက်တွေ့နဲ့ပေါင်းစပ် အသုံးချလိုက်ရင် ကောင်းမှန်း အကျိုးရှိမှန်း သက်သေခံနိုင်ပါတယ်၊ သိပ္ပံနည်းကျ မှန်ကန်လှတဲ့ တရားတော်ကြီးပါ၊ ဘယ်သူတစ်ဦးတစ်ယောက်ကမှ ကန့်ကွက် ဆန့်ကျင် ငြင်းဆိုနိုင်ဖွယ် မရှိပါ။
ရူပါရုံအဆင်းနဲ့ပတ်သက်ပြီး ဒေါသမီးအလောင်မခံရလေအောင် နှလုံးသွင်း ကောင်းရှိဖို့လိုပါတယ်၊ မိမိတို့မနှစ်သက်တဲ့ သက်ရှိ သက်မဲ့ အဆင်းအာရုံတွေနဲ့ မြင်တွေ့ နေရခြင်းဟာ အတိတ်ဘဝက ပြုခဲ့ဖူးတဲ့ ကံရဲ့အကျိုးဆက်ပါ၊ မိမိပြုခဲ့တဲ့ ကံကြောင့် မြင်တွေ့ ခံစားနေရခြင်းပါပဲ၊ ခံစားလိုက်ရခြင်းဖြင့် ကံရဲ့အကျိုးကို တနည်းအားဖြင့် ပြောရရင် ကံကြွေး ကို ပေးဆပ်လိုက်ရသလိုပဲလို့ အောက်မေ့စေချင်ပါတယ်၊ တင်ထားတဲ့ ကြွေးကို ပေးဆပ် လိုက်ရလို့ စိတ်ထဲမှာ ပေါ့ပါးလာသလို ခံစားလိုက်စမ်းပါ။
မိမိမနှစ်သက်တဲ့အာရုံဟာ လူပုဂ္ဂိုလ်ဖြစ်နေမယ်ဆိုရင် အဲဒီပုဂ္ဂိုလ်အပေါ် မေတ္တာစိတ်မွေးပေးပါ၊ ဘဝသံသရာမှာ ညီကို မောင်နှမ တော်ခဲ့ဖူးတဲ့ သူပဲလို့ နှလုံးသွင်းပေးလိုက်ပါ၊ မေတ္တာ တင်မက ကရုဏာတရားလဲ ပွားပေးရပါ့မယ်၊ အဲဒီပုဂ္ဂိုလ်ဟာ ခုလဲ သနားစရာကောင်း သူတစ်ယောက်ဖြစ်နေသလို နောင်အနာဂတ်မှာလဲ ပိုပြီးသနားစရာ ကောင်းသူတစ်ယောက် ဖြစ်နိုင်ခြေရှိနေပါတယ်၊ နောင်ဘဝသံသရာမှာဆို ဒီထက်ပိုပြီး အခြေ အနေ ဆိုးနိုင်စရာ ရှိနေတာကို တွေးပြီး သနားစိတ်ဝင်ပေးလိုက်ပါ၊ ခုပစ္စုပ္ပန်မှာ အဖက် ဖက်က အဆင်ပြေ ပြည့်စုံနေသူဖြစ်ခဲ့ရင်လဲ ထိုသူရဲ့အဆင်ပြေမှု ပြည့်စုံနေမှုအတွက် မုဒိတာစိတ်ဖြင့် ဝမ်း မြောက်ပေးလိုက်စမ်းပါ၊ လူတိုင်းမှာ သူ့ကံနဲ့သူ ရှိနေကြတာပဲ၊ မိမိတို့ ပြုတဲ့ ကံအားလျှော်စွာ တွေ့ကြုံခံစား စံစားကြရပေတယ်လို့ ဥပေက္ခာပွားသင့်တဲ့အခါလဲ ပွားပေးရ တာပါပဲ၊ မိမိနဲ့ ထိုပုဂ္ဂိုလ်ဟာ ခဏတစ်ဖြုတ်သာ တွေ့ကြတာဖြစ်ရပြီး နောင်တော့လဲ ကိုယ့် လမ်းကိုယ်သွား သူလမ်းသူသွား ရှင်ကွဲ သို့မဟုတ် သေကွဲ ကွဲရမှာ အမှန်ပါ၊ တွေ့တဲ့ခဏ ဒေါသမီး အလောင် မခံရအောင် ဆင်ခြင် နှလုံးသွင်းတတ်ဖို့ လိုအပ်ပါတယ်၊ မြင်ရင်မြင်ကာမျှ ရှုမှတ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ၊ မြင်ခံရသူ မြင်သူ အရှုခံအာရုံနဲ့ မြင်သိစိတ်တွေဟာ အနိစ္စတရား တွေချည်းပါ၊ ခိုင်မြဲတဲ့သဘောမရှိလို့ ဖြစ်လိုက် ပျက်လိုက်နဲ့ မဆုံးနိုင်အောင်ပါပဲ၊ အနှစ် သာရရယ်လို့ ဘာမှရှာလို့ မရနိုင်တာလဲ အမှန်ပါပဲ၊ မမြင်ချင်ဘဲနဲ့ မြင်နေရတာကိုကပဲ မိမိ အလိုအကြိုက် လိုက်ပြီး ဖြစ်မလာပေဘူးဆိုတဲ့သဘောကလဲ အင်မတန်မှ ထင်ရှားလှပါတယ်၊ အဲဒီလိုနဲ့ နှလုံးသွင်းမှန်ပြီး ရှုမှတ်ပေးလိုက်နိုင်မယ်ဆိုရင် မြင်တိုင်း မြင်တိုင်းမှာ ဒေါသလောင် မီးစာအဖြစ်မှ ကင်းလွတ်ခွင့် ရသွားနိုင်ပါတယ်။
နားမှာ ဒေါသမီးငြိမ်းသတ် တရားမြတ်
မနှစ်သက်ဖွယ်ရာ အသံကို ကြားလိုက်ရလို့ ချက်ချင်းဆိုသလို နားမှာ ဒေါသမီး ထတောက်တတ်ပါတယ်၊ ရက်လရှည်ကြာ နှစ်များစွာပင် လွန်လာပြီး ဖြစ်သော်လဲပဲ ပြန်ပြီး အမှတ်ရ ကြားယောင်မိတိုင်း ဒီဒေါသမီးက လောင်လို့မဆုံးနိုင်အောင် ဖြစ်တတ်ပါတယ်၊ တန်ဘိုးရှိလှတဲ့အချိန်ကို အလွဲသုံးစား ဖြုန်းပစ်လိုက်သလို ကျနေတော့တာပဲ၊ အမှန်တကယ် ဖြစ်သင့်တာက ပစ္စုပ္ပန်နဲ့ နေနိုင်အောင် ကျင့်ရမယ်။
ဒေါသဖြစ်စေတဲ့ အာရုံကို မတွေးဘဲ ဒိပြင် ကောင်းတဲ့အာရုံတစ်ခုခုနဲ့ အစားထိုး ပေးသင့်ပါတယ်၊ ဘုရားဂုဏ်တော်ပဲ ပွားမလား၊ မေတ္တာပဲပွားမလား၊ ပရိတ်ပဲ ရွတ်မလား ပေါ့လေ၊ ဒေါသမီး အလောင်ခံရတော့ စိတ်ထဲမှာ အတော့်ကို မချမ်းမသာ ဖြစ်နေတာကို သိလျက်နဲ့ ဘာဖြစ်လို့ ဆက်ပြီး ဖြစ်ခွင့်ပြုရမှာလဲ၊ မိမိရဲ့ကိုယ်တွင်း နှလုံးသားမှာ ဖြစ်ပေါ် လာနေတဲ့ ဒီကိလေသာမီးကို အောင်နိုင်အောင် လုပ်ရပါ့မယ်၊ ဒါမှ အောင်မြင်သူ အစစ်ဖြစ် တော့မှာပေါ့၊ မိမိရဲ့အတွင်း အဇ္ဈတ္တ သန္တာန်မှာ တန်ဘိုး အရည်အချင်းတွေ တိုးတက်အောင် မြှင့်တင်ပေးရမယ်၊ ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ နှလုံးသွင်းမှန်ခြင်း စတာတွေဟာ သူတော်ကောင်းတွေရဲ့ တန်ဘိုးမဖြတ်နိုင်တဲ့ အရည်အချင်းတွေပါ၊ နှလုံးသွင်းမှန်ပြီး သည်းခံခွင့်လွှတ်နိုင်သလို လောင်နေတဲ့ ဒေါသမီးဟာ ချက်ချင်းဆိုသလို ငြိမ်းသွားနိုင်ပါတယ်။
ဒါမှမဟုတ် ဝိပဿနာအလုပ်သဘောအရ ဖြစ်ပေါ်လာတဲ့ ဒေါသမီးကို ဒေါသမီးမှန်းသိပြီး ရှုမှတ်လိုက်ရင် ဒေါသမီး မရှိတော့တာကိုလဲ သိနိုင်ပါတယ်၊ ပေါ်ပြီး ပျောက်သွားတဲ့ ဒုက္ခသစ္စာတရားပါလားလို့ ဝိပဿနာမဂ္ဂင်ဉာဏ်နဲ့ သိလိုက်ခြင်းပါပဲ၊ အတိတ်က အကြောင်းအရာတွေကို ပြန်တွေးပြီး ဖြစ်ပေါ်လာတဲ့ ဒေါသမီး မဟုတ်ဘဲ အခုလက်ငင်း ကြားနေရတဲ့ မနှစ်သက်ဖွယ်အသံဆိုရင်တော့ ကြားကာမျှတွင်ထားပြီး စကားသံကို အဓိပ္ပါယ် မပြန်ဆိုသင့်ပါဘူး၊ မမှန်မကန် ယုတ်ညံ့ ရိုင်းစိုင်းတဲ့ စကားကို ပြောဆိုသူဟာ လူ့ယဉ်ကျေး မဟုတ်တာ သေချာပါတယ်၊ သူ့ကို အံတုပြီး ဒေါသမီးလောင်ခံ ပြန်လှန်ပြောဆိုချေပမယ်ဆိုရင် သူ့ထက် ကိုယ်က ပိုပြီး ဆိုးနေသလို ဖြစ်သွားရော့မယ်၊ မဟုတ်မမှန် ပြောဆိုကဲ့ရဲ့ ဆဲရေး တိုင်းထွာမှုပြုသူကို ခွင့်လွှတ်သည်းခံပေးခြင်းဖြင့် သည်းခံခြင်း ခန္တီပါရမီကို ဖြည့်ကျင့် ဆည်းပူးခွင့် ရရှိနေခြင်းပါပဲ၊ မိမိတို့အတွက် တစ်စုံတစ်ရာ အကျိုးယုတ်ဖွယ် မရှိနိုင်ပါ၊ ဘယ်လို ကောင်း မကောင်းအာရုံနဲ့ပဲ တွေ့ကြုံရ စိတ်ထားတတ်က အမြတ်ချည်းပါပဲ၊ အရှုံးမရှိနိုင်ပါ၊ အချောင်ကုသိုလ်တွေရ တစ်ဆတစ်ဆနဲ့ ပါရမီရေချိန်တွေ တိုးလို့နေမှာပဲ။
ဆဲဆိုသံကို ကြားလိုက်ရတဲ့အခါမှာ လူပုဂ္ဂိုလ်ကိုလဲ မမြင် အသံကိုလဲ ဘာသာမပြန် ကြားတဲ့စကားကို ကြားကာမျှဖြင့် နားမှစိုက်ပြီး စူးစူးစိုက်စိုက်မှတ်လိုက်ရင် အသံရုပ် တစ်လုံးပြီးတစ်လုံး အလွန်လျင်မြန်စွာ ဖြစ်ပေါ်ပျောက်ဆုံးသွားကို သိနိုင်ပါတယ်၊ စိတ်ဆိုးရမဲ့သူ ရှာမတွေ့နိုင်တော့ပါ၊ သဘာဝအားဖြင့် လူတွေဆိုတာ ကောင်းတာချည်းပါပဲ၊ ဆဲဆိုမှု ဖြစ်ပေါ်လာတယ်ဆိုတာ ဒေါသကြောင့်ပါ၊ ဒေါသက အဓိကတရားခံပါ၊ ဒေါသဆိုတဲ့တရားက အမှန်တကယ် မကောင်းတာ၊ ဒါ့ကြောင့် စိတ်ဆိုးမယ်ဆိုရင် ဆဲဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ဒေါသကို စိတ်ဆိုးရမှာ၊ ဆဲတဲ့ပုဂ္ဂိုလ်ကို စိတ်မဆိုးသင့်ပါဘူး၊ ရာဇဝတ်ကောင်အစစ် မဟုတ်တဲ့သူကို ဖမ်းဆီးတဲ့ ရဲအရာရှိနဲ့ တူသွားပေလိမ့်မယ်၊ စင်စစ် ဆဲဆိုသူရဲ့ ဒေါသကို စိတ်ဆိုးရလောက်အောင် သူ့မှာ ထင်ရှားမရှိတော့ပေဘူး၊ သူ့မှာ ဖြစ်ပေါ်လာပြီး ချက်ချင်းဆိုသလို သေသွားရှာပြီ၊ ချုပ်သွားရှာပြီ၊ အဲဒီဒေါသကို စိတ်ဆိုးဖို့ဆိုတာ အချိန်တောင် မရရှိလိုက်ပဲ ဖြစ်နေပါပြီ၊ ဒေါသဖြစ်နေသူ မိမိတို့မှာသာ နှစ်ခါနာ ဖြစ်သွားပါလိမ့်မယ်၊ သူများ ဆဲဆိုလာလို့ နာရတာရယ်၊ အခဲမကျေလို့ စိတ်နှလုံးမသာယာ ထပ်ခါထပ်ခါ မိမိရဲ့ခန္ဓာကို ပြန်ပြီးနှိပ်စက်နေသလို ရှိသွားရော့မယ်၊ အတိတ်က အရိပ်တွေကို အတိတ်မှာ မထားဘဲ သယ်ဆောင်လာ၊ ပစ္စုပ္ပန်နဲ့ မနေတတ်တဲ့ ဘာဝနာလက်မဲ့သူတွေအဖို့ တစ်နာပေါ် နှစ်နာဆင့် ဖြစ်နေရတော့တယ်၊ ဝိပဿနာ အလုပ်သဘောနဲ့ လက်တွေ့ ရှုပေးလိုက်ပါ၊ ကြားရတဲ့အသံရုပ်ကလဲ ပေါ်ပြီးပျောက်၊ ဖြစ်ပေါ်လာတဲ့ ဒေါသစိတ်ကလဲ ဖြစ်ပြီးချုပ် ဖြစ်ပေါ်လာတာ ပုဂ္ဂိုလ် သတ္တဝါ မဟုတ်၊ အမှန်ဖြစ်ပေါ်လာတာက နာမ်နဲ့ရုပ်ပါပဲ၊ နာမ်ရုပ်ဖြစ်ချုပ် ဒုက္ခသစ္စာ ဆင်ရဲအမှန်ပါလို့ နောက်ကသိပေးလိုက်ရင် ဆဲဆိုသံနဲ့ ဒေါသတရားဟာ သိပေးသူ ပစ္စုပ္ပန်ကျကျ ရှုမှတ်ပေးသူကို ဒုက္ခချုပ်ငြိမ်းအောင် ကူညီပို့ဆောင်ပေးနေတဲ့ မိတ်ဆွေကောင်းအဖြစ် ပြောင်းလဲဖြစ်ပေါ်စေနိုင်ပါတယ်ဆိုတာ ကိုယ်တွေ့ဖြစ်သွားမှာပါ၊ မယုံရင် စမ်းကြည့် ကိုယ်တိုင်သိ ဖြစ်ပါလိမ့်မယ်။
နှာခေါင်းက ဒေါသမီးလျံ ငြိမ်းသတ်ရန်
မကောင်းတဲ့ အနံ့အသက်တွေကို ရှုရှိုက်ရတဲ့အခါမှာ သတိထားရှိဖို့ လိုပါတယ်၊ သတိနောက်မှာ ပညာလိုက်လာမြဲပါ၊ မကောင်းနံ့ ရှုရှိုက်ရတယ်ဆိုတာ ခဏမျှတာပါ၊ အနံ့မခံ နိုင်ရင် ရှောင်လို့ တိမ်းလို့ ရနိုင်ပါတယ်၊ တမင်တကာ မကောင်းနံ့ထွက်အောင် ပြုလုပ်သူ မရှိ နိုင်ပါ၊ မလွဲသာလို့ အခြေအနေအရ မကောင်းနံ့က ထွက်ခဲ့ရတာပါ၊ တရားသဘောအရ ဆင်ခြင်ကြည့်မယ်ဆိုရင် မကောင်းနံ့ ရှုရှိုက်ရတယ်ဆိုတာ မိမိတို့ရဲ့ အတိတ်က အကုသိုလ် ကံအကြောင်းမကင်းပါ၊ ဒါကြောင့်မို့လို့ အကျိုးတရားအနေနဲ့ ခံယူပေးဆပ်လိုက်ရတဲ့ သဘော ပါလို့ ဆင်ခြင်သဘောပေါက်လိုက်မယ်ဆိုရင် ဘယ်သူ့ကိုမှလဲ အပြစ်တင်စရာ မရှိတော့သလို စိတ်ဆိုးစရာ နှလုံးမသာယာဖွယ်လဲ ကင်းကွယ်ပပျောက် ဒေါသမီးတောက် ငြိမ်းအေးခြင်းသို့ ရောက်ရှိသွားစေနိုင်ပါတယ်၊ အနံ့လဲ ပေါ်ပြီးပျောက်၊ နံစိတ်လဲ ဖြစ်ပြီးပျက်၊ သဘောမကျ ဒေါသစိတ်လဲ ဖြစ်ပြီးချုပ်၊ ရှုမှတ်နေတဲ့ စိတ်လဲ ဖြစ်ပြီးပျက် အဲဒီလောက် ထိအောင် သိမြင်နိုင်ရင်တော့ ဒေါသမီးလျှံ အတော်အတန် ငြိမ်းသတ်တော်လှန်ပစ်နိုင်ပြီလို့ ဆိုရပါ့မယ်။
လျှာမှ လောင်တဲ့ဒေါသမီး ငြိမ်းသတ်နည်း
တနေ့မှာ ၃-၄ကြိမ်မျှ စားသောက်နေရတဲ့ လူ့ဘဝမှာ အပြစ်ကင်းတဲ့စားသောက်နည်း သိရှိနားလည်ထားဖို့ အင်မတန်မှ လိုအပ်လှပါတယ်၊ စားသောက်တဲ့အကြိမ်တိုင်း စိတ်တိုင်း ကျ ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ပါ၊ ဒီတကြိမ်စားလို့သောက်လို့ မကောင်းခဲ့ပေမယ့် နောက်တကြိမ် နောက်တနေ့မှာ ကောင်းနိုင်ပါတယ်၊ စိတ်မကြည်မသာ မဖြစ်သင့်ပါ၊ စားရ သောက်ရတယ် ဆိုတာ ဆာလောင် ပွတ်သိပ်ခြင်းလို့ဆိုတဲ့ ဒီနာတာရှည် ရောဂါကြီး သက်သာအောင် ဆေးသောက်ပေးနေရခြင်းမျှသာပါ၊ ဒါကြောင့် ဆေးဝါးမှီဝဲရတဲ့သဘောဖြစ်လို့ ဇိမ်ခံပြီး စားသောက်နေရမဲ့ အရာမဟုတ်ပါ၊ မလွဲသာလို့ ဆေးဝါးအဖြစ် မှီဝဲ စားသောက်နေရတဲ့ သဘောပါလို့ သဘောပေါက်ထားရင် စားသောက်မှုနဲ့ ပတ်သက်ပြီး မကျေနပ်စရာ ဒေါသမီး ထတောက်ဖို့ လုံးဝရှိတော့မှာ မဟုတ်ပါ၊ လျှာမှာ ဒေါသမီး မလောင်အောင် ကြိုတင်ပြီး တားဆီး ကာကွယ် ဆင်ခြင်နှလုံးသွင်းထားရသလို မတော်လို့ လောင်လာခဲ့ရင်လဲ ချက်ချင်း ဆိုသလို ငြိမ်းသတ်ပစ်နိုင်ဖို့ လေ့ကျင့်ပေးရပါ့မယ်၊ ဘုရားရှင် နည်းပေးညွှန်ပြ ထားတဲ့အတိုင်း မီးငြိမ်းသတ်စက် ဝိပဿနာ လောကီမဂ်ကို အသုံးပြုနိုင်ပါတယ်၊ စားသောက်တဲ့အခါမှာ သဘောမကျတဲ့စိတ်ဖြစ်ပေါ်လာတာကို အချိန်မှီ ချက်ချင်း ရှုမှတ် သိပေးလိုက်ပါ၊ အဲဒီမှာ ပျောက်ပျက်သွားတာကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရမှာပါ၊ သဘောမကျ မနှစ်သက်တဲ့ အရသာလဲ ပေါ်ပြီးပျက်ပဲ၊ မနှစ်သက်တဲ့စိတ်လဲ ဖြစ်ပြီးပျက်၊ ရှုမှတ်နေတဲ့ စိတ်လဲဖြစ်ပြီး ပျက်ပဲ၊ တခုမှ မြဲတာ မရှိပါဘူး၊ အဲဒီလိုသာ သတိကပ် ရှုမှတ်သွားမယ်ဆိုရင် မကျေနပ်မှု ဒေါသမီး ဆက်လက်ပြီး လောင်ကျွမ်းမှု မရှိနိုင်ပါ၊ အဲဒီဒေါသလောင်မီးဟာ အသိဉာဏ်မီး ရောင် ထွန်းလင်းပြောင်ဖို့ စွမ်းအင်တစ်ရပ်အဖြစ် ပြောင်းလဲပြီး အသုံးတည့်သွားတာကို သိမြင် နိုင်ပါတယ်၊ အသုံးချတတ်ဖို့သာ လိုပါတော့တယ် နည်းပေး လမ်းပြ မြတ်ရှင်တော်ဗုဒ္ဓကို မဟာကျေးဇူး အထူးတင်ရမှာပါပဲ။
ကိုယ်ကာယမှ ဒေါသမီး ငြိမ်းသတ်နည်း
ကိုယ်ကာယမှာ လောင်ကျွမ်းတဲ့ ဒေါသမီးရဲ့စားကျက်လောင်ပြင်ဟာ ကျယ်ဝန်းကြီးမား များပြားလှပါတယ်၊ ကြည့်လေ၊ မျက်စိ-နား-နှာ-လျှာမှာ လောင်ကျွမ်းနေတဲ့ မီးရဲ့စားကျက် လောင်ပြင် ဧရိယာ နယ်ပယ်ဟာ ကျဉ်းကျဉ်းလေးပါ၊ မျက်နှာဝန်းကျင်တဝိုက်မျှလောက်သာပါ၊ မျက်စိ-နား-နှာ-လျှာမှ ကြွင်းကျန်တဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဒေါသမီး တောက်လောင်နိုင်တဲ့ နယ်ပယ် ဧရိယာတွေပါ၊ မီးလောင်ပြင် စားကျက် ကျယ်ဝန်းတာနဲ့အမျှ သတိထား ရှုကြည့်ရမဲ့ တာဝန် ပိုပြီး ဂရုစိုက်ရပါတယ်၊ ဒေါသမီး မလောင်ရလေအောင် မျက်စိ-နား-နှာ-ပါးစပ်ကို ပိတ်ထားခြင်းဖြင့် ရှောင်တိမ်းလို့ ရတန်သလောက် ရနိုင်ကောင်းပေမယ့် ကိုယ်ကာယ ကြီးကိုတော့ဖြင့် ပိတ်လှောင် ချုပ်နှောင်ထားလို့ မရနိုင်တဲ့ကိစ္စကြီးပါ၊ ဒါကြောင့် အသင့် အတင့် နှလုံးသွင်း သတိနဲ့ဉာဏ်ယှဉ် မီးမလောင်ခင်တား မြတ်ဘုရားရဲ့ သိပ္ပံနည်းကျ မြတ်ဓမ္မ ကို တန်ဆာဆင်ပေးနေရမှာပဲ၊ ခန္ဓာကိုယ်ပေါ်မှာ တွယ်တာမှုကြီးသလောက် မနှစ်သက် ဖွယ်ရာပေါ်ပေါက် ဒေါသမီးတောက်တဲ့ နေရာဟာ ကျယ်ဝန်းလှပါတယ်၊ ဆံပင်အရောင် တွေပြောင်းလို့ မနှစ်သက်မှုဖြစ်၊ ဆံပင်တွေ ကျွတ်ပြန်လဲ သဘောမကျ မျက်နှာမလှ မျက်နှာပေါ်မှာ မှက်မည်း ဝက်ခြံ အကွက်တွေပေါ်တာကို မြင်ရတော့လဲ စိတ်မချမ်းသာမှုဖြစ်၊ ခန္ဓာကိုယ်မှာ ပွေးညှင်း တင်းတိပ်ပေါက်တာ မြင်ရ နှလုံးမသာယာလှ၊ ဒေါသမီး ထတော့တာပါပဲ။
ကိုယ်နဲ့ပတ်သက်တဲ့ အဝတ်အစား နေရာ ထိုင်ခင်း ကုတင် ကုလားထိုင် ထိုင်စရာကူရှင် မော်တော်ယာဉ် အိမ်ယာနဲ့ပတ်သက်ပြီး သဘောမကျ မနှစ်သက်တိုင်းမှာ ဒေါသမီး အလောင်ခံနေရခြင်းပါပဲ၊ လူဆိုတာ ကိုယ့်အတိုင်အတာနဲ့ကိုယ် ကျေနပ်နိုင်ရမယ်၊ ရှာလို့ဖွေလို့ ကြိုးစားလို့ ရရှိလာသမျှအပေါ်မှာ ကျေနပ်မှု တင်းတိမ်မှုရှိသင့်ပါတယ်၊ အချောင်နဲ့ အလကား ဒေါသမီး အလောင်မခံချင်စမ်းပါနဲ့၊ အဆိုပါပစ္စည်းတွေနဲ့ မိမိတို့ကိုယ်ဟာ နှစ်ရှည်လများ တသက်လုံး ယှဉ်တွဲ နေထိုင်နေကြရမှာ မဟုတ်ပါ၊ အသစ်ကနေ အဟောင်း၊ အဟောင်းကနေ အပျက် နောက်ဆုံးကျတော့ စွန့်ပစ်ကြရ တာချည်းပါ၊ မိမိပိုင်ကနေ သူများပိုင် ဖြစ်သွားနိုင်တယ်၊ ပစ္စည်းလဲ မမြဲသလို လူလဲမမြဲ ခန္ဓာကိုယ်လဲ မမြဲပါ၊ အချိန်တန်တော့ မိမိတို့ထံကနေ ပစ္စည်းတွေက စွန့်ခွာ ပျက်စီး ကုန်ပျောက်သွားတာရှိသလို ပစ္စည်းတွေက ထင်ရှားရှိနေသေးပါလျက်နဲ့ မိမိတို့က ရှင်ကွဲ သေကွဲသဘောမျိုးနဲ့ စွန့်ခွာသွားရတယ်ဆိုတာ အားလုံးရဲ့ အသိပါပဲ၊ ဒါကြောင့်မို့လို့ ယာယီခဏတာမျှ ယှဉ်တွဲ နေရခြင်းမျှသာဖြစ်လို့ ကိုယ့်အတိုင်အတာနဲ့အမျှ ကျေနပ်မှု တင်းတိမ်မှုထားရှိပြီး ဒေါသမီး အလောင်မခံသင့်တာ အမှန်ပါ၊ စင်စစ်မှာတော့ မိမိတို့ဝတ်ဆင် သုံးဆောင်နေတဲ့ အရာမှန်သမျှတွေဟာ ခန္ဓာကိုယ်လူပမာတဦးရဲ့ မလွဲမရှောင်သာ မှီဝဲ သုံးဆောင်နေရတဲ့ အရာတွေပဲ မဟုတ်ပါလား၊ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ခန္ဓာကိုယ် ရုပ်တရားဆိုတာ ရောဂါသည်ကြီးပါလို့ ဟောထားတယ်လေ၊ အဝတ်အစားတွေဆိုတာ ခန္ဓာကိုယ် အနာသည်ကြီးကို ပတ်စည်းဖို့ လူနာသုံး အဝတ်အထည်တွေပါပဲ၊ ကျန်တဲ့ အိပ်ရာ ထိုင်ရာ အိမ်ယာများတွေကလဲ ခန္ဓာကိုယ် လူနာတဦးရဲ့ ဆေးကုသရာ ခေတ္တနားခိုရာ ဌာနတစ်ခုမျှသာပါ၊ ဒါကြောင့်မို့လို့ ခန္ဓာကိုယ်နဲ့ ပတ်သက်လာတာမှန်သမျှ မနှစ်သက် ဖွယ်ရာတွေချည်း ဖြစ်ပေါ်ကြုံတွေ့ ရင်ဆိုင် နေထိုင်ခဲ့ရမယ်ဆိုရင် သဘာဝအမှန်တရားကို လက်ခံပေးရမယ်၊ တင်းတိမ်ရောင့်ရဲ့မှုရှိပေးရမယ်၊ အနိစ္စသဘောနဲ့ အနတ္တသဘောကို နာနာကြီး နှလုံးသွင်း ဆင်ခြင်ပေးရမယ်၊ ဒါဆို ကိုယ်နဲ့ ပတ်သက်တဲ့ ဒေါသလောင်မီး လျော့နဲ ကျဆင်း ကင်းရှင်းသွားစေနိုင်မှာပါ။
နှလုံးအိမ်မှာ ဒေါသမီး ငြိမ်းသတ်နည်း
အကြောင်းအမျိုးမျိုးကြောင့် နှလုံးအိမ်မှာ လောင်ကျွမ်းနေတဲ့ ဒေါသမီးကို ငြိမ်းသတ်ရန်မှာ အတိတ်က အဖြစ်အပျက် အကြောင်းအရာတွေကို အတိတ်မှာပဲ ထားလိုက် တာကောင်းပါတယ်၊ အတတ်နိုင်ဆုံး မတွေးမိအောင် ကျင့်ဆောင်ပေးရမယ်၊ တွေးမိလိုက် တာတပြိုင်နက် ချက်ချင်း တွေးတယ်တွေးတယ်လို့ ရှုမှတ်ပေးလိုက်ပါ၊ ချက်ချင်းဆိုသလို အတွေးရပ်သွားတာကို တွေ့နိုင်ပါတယ်၊ ဖြစ်ပေါ်လာတဲ့ ဒေါသမီးကို ဆက်တိုက်လောင်ခွင့် မပြု အခုချက်ချင်း ငြိမ်းသတ်လိုက်ခြင်းပါပဲ၊ လူတွေရဲ့ပညာရေး စီးပွားရေးကိစ္စမှာ မိမိတို့ရဲ့ ကံ ဉာဏ် ဝီရိယ ရှိသလောက်သာ အကျိုးတရားတွေကို ရရှိခံစားကြရတာပါ၊ အကျိုးပေး သမျှနဲ့ ကျေနပ်ရပေမှာပဲ၊ ကံ.ဉာဏ်.ဝီရိယအားတွေက နဲနဲ ရယူခံစားလိုတဲ့ စိတ်က များပြီး မကျေမနပ်ဖြစ်နေရင်တော့ ဒေါသမီးက မပြတ်လောင်နေမှာပဲ၊ နှလုံးသားရေးကိစ္စ အိမ် ထောင်ရေးကိစ္စနဲ့ ပတ်သက်လို့ တရားဓမ္မနဲ့ နှလုံးသွင်း ဖြေသိပ်ပေးရမှာပဲ၊ မိမိကိုယ်နဲ့ မိမိ စိတ်တောင်မှ အမြဲယှဉ်တွဲပြီး မဖြစ်နိုင်ပါဘူး၊ မိမိစိတ်ဖြစ်ချင်တာက တမျိုး၊ မိမိကိုယ်ဖြစ် နေတာက တဖုံ အစိုးမရနိုင်တဲ့ဖြစ်ပုံလို့ တွေ့မြင်နိုင်ပါတယ်၊ မိမိသဘောဆန္ဒရှိတဲ့အတိုင်း တဖက်သားကို လိုက်နာပြုကျင့် ဖြစ်လာစေနိုင်ဖို့ အစိုးရနိုင်တဲ့ စွမ်းအား အမြဲမရှိနိုင်ပါ၊ အနတ္တသဘောကို မမေ့သင့်ပါ၊ လောကလူသားတွေဟာ ဒီဘဝမှ လာပြီးတွေ့ကြတာ မဟုတ်ပါ၊ အတိတ်ဘဝပေါင်း မြောက်များစွာ သံသရာမှာ အတူကျင်လည်ခဲ့ကြရတဲ့သူတွေပါ၊ ကောင်းမှုကုသိုလ်တွေ ပြုခဲ့ဖူးတာ ရှိသလို မကောင်းတဲ့ ကံတွေ ပြုခဲ့ကြတာလဲ နည်းမှာ မဟုတ်ပါဘူး၊ ဒါကြောင့် မကောင်းမှု အကုသိုလ် ကံကြွေးရှိခဲ့ရင် ပြန်လည်ချေဆပ် ပေးရမယ်ဆိုတာ ဓမ္မတာပါ၊ မကောင်းတဲ့အကျိုးပေးနဲ့ ကြုံတွေ့ခံစားရတိုင်း မိမိတို့ရဲ့ မိုက်ကံ အရ ပေးဆပ်လိုက်ရခြင်းပဲလို့ နှလုံးသွင်း ဆင်ခြင်သင့်လှပါတယ်၊ ဘယ်သူကိုမှလဲ အပြစ်ဖို့ စရာ ရန်ပြုစရာ မလိုတော့ပါဘူး၊ ပစ္စုပ္ပန်မှာ မိမိတို့ မကြိုက် မနှစ်သက်တဲ့ ဟောဒီလို အဖြစ် အပျက်မျိုး စိတ်ဆင်ရဲးမှုမျိုးတွေ ထပ်ပြီး မကြုံတွေ့ မခံစားရလေအောင် သတိဆောင်ပြီး မိုက်ကံတွေကနေ အထူး ရှောင်ကြဉ်ပေးရပါ့မယ်၊ နာကျည်းဘွယ်ရာ မိမိတို့ရဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေကို အခြေခံပြုပြီး ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ဆင်ခြင်းမှုပြုပြီး ရှောင်သင့်တာရှောင် ဆောင်သင့်တာ ဆောင်သွားမယ်ဆိုရင် ဘဝအတွက် အမြတ်ထွက်လာနိုင်ပါတယ်၊ သည်းခံခြင်း ခွင့်လွှတ်ခြင်း မေတ္တာထားခြင်း သနားခြင်းစတဲ့ မြင့်မြတ်တဲ့ စိတ်ထားတွေလဲ နှလုံးသားမှာ ပြည့်လျှံပြီး လာပါတော့တယ်၊ အဲဒီကနေတစ်ဆင့်တက်ပြီး ဝိပဿနာပါ ရှုပွားမှုရှိ နေမယ်ဆိုရင် ကောင်းမှကောင်းပဲလို့ဆိုရမယ်၊ မိမိတို့ စိတ်ထဲမှာ ဖြစ်ပေါ်ခံစားရတဲ့ အတိုင်း ပစ္စုပ္ပန်ကျကျ သတိထားပြီး ရှုမှတ်ပေး သိပေးလိုက်ရုံပါပဲ၊ သတိထားပြီး ရှုမှတ် သိပေးလိုက်တာနဲ့ ဝမ်းနည်း စိတ်ပျက် မကျေနပ်စရာ နာကျည်းခံပြင်းစရာလို့ဆိုတဲ့ ဒေါသ လောင်မီးဟာ နှလုံးဟဒယကနေ ငြိမ်းအေးသွားတာကို မြင်တွေ့ရပါလိမ့်မယ်၊ ဝိပဿနာ ဉာဏ်က အားမသန်သေးလို့ နှလုံးက ဒေါသမီးကို မငြိမ်းသတ်နိုင်သေးရင် သမထနည်းနဲ့တဖုံ အသုံးချပြီး ငြိမ်းသတ်ပေးနိုင်ပါတယ်၊ ဆိုကြပါစို့၊ နှလုံးအိမ်မှာ ဒေါသမီးလောင်နေတယ်ဆိုတာ အတိတ်ကအရိပ် အကြောင်းအရာအာရုံတွေအပေါ်မှာ စိတ်က ရောက်ရောက်နေလို့ပါ၊ ဒါကြောင့် စိတ်အာရုံကို ပြောင်းပေးရမယ်၊ အတိတ်က အကြောင်း ပြန်ပြောင်း စဉ်းစားနေမယ်အစား မိမိတို့ရရှိထားတဲ့ ဘုရားစာ ပရိတ်တရား မေတ္တာပို့စာတွေကို စိတ်ပါလက်ပါ အာရုံပြုလို့ ထပ်ခါတလဲလဲ ရွတ်ဆိုပွားများခြင်းဖြင့်လဲ ဒေါသမီးကို ဖြေဖျောက် ဖျက်ဆီးပစ်နိုင်အောင် နည်းလမ်းကောင်းတစ်ခုပါပေပဲ၊ မကောင်းတဲ့ အတိတ်အာရုံတခုကနေ ကောင်းတဲ့အာရုံတခုဆီသို့ စိတ်ကို တင်ပို့ပေးလိုက်တဲ့သဘောပါပဲ၊ ဆိုခဲ့တဲ့အတိုင်း သမထနည်းနဲ့တမျိုး ဝိပဿနာနည်းနဲ့တဖုံ ကြုံသလို သင့်တော်သလို ချိန်ဆပြီး အသုံးချသွားမယ်ဆိုရင် နှလုံးအိမ်မှာ ဖြစ်ပေါ်လာတဲ့ ဒေါသမီးဟာ ခဏတစ်ဖြုတ်ငြိမ်းရာကနေ အတော်ကြာကြာငြိမ်းသက်လို့ နောက်ဆုံးမှာတော့ အပြီးသတ် ချုပ်ငြိမ်းတဲ့အထိ အကျိုးရှိနိုင်ကြောင်းပါဆိုတာ ကို သိရအောင် ကျင့်ဆောင်ကြပါစို့.....။
၃၊ မောဟမီး
ဒွါရခြောက်ပေါက် မောဟမီးတောက် ငြိမ်းပျောက်စေနိုင်တာ ဝိပဿနာ
လောဘမီးနဲ့ ဒေါသမီး လောင်ကျွမ်းတဲ့အခါမှာ သိသာမြင်သာလှပေမယ့် မောဟမီး လောင်နေတာကတော့ တယ်ပြီးမသိသာ မထင်ရှားလှပါ၊ ဆိုကြပါစို့၊ လိုချင် ရချင် သွားချင် ရောက်ချင် ဖြစ်ချင်ဇော လွန်ကဲပြီး လောဘမီးအလောင်ခံရတဲ့ပုဂ္ဂိုလ်မှာ အိပ်မပျော်နိုင်ပါ၊ စိတ်ညစ် စိတ်ဆိုး ပူဆွေးမှုလွန်ကဲ ဒေါသမီး အိုးပေါက်ကွဲ လောင်မြိုက်နေရတဲ့အခါမှာလဲ နေမထိ ထိုင်မသာ အိပ်လို့ မပျော်နိုင်ပါ၊ အဲဒီလိုပဲ သူတို့ရဲ့လောင်ပုံက သိသာ မြင်သာရှိလှပါတယ်၊ မောဟမီးကျတော့ ဖွဲမီးလိုပဲ လောင်နေမှန်းတောင် မသိလိုက်တာက များပါတယ်။
မျက်စိဒွါရမှာ မောဟမီးလောင်ပုံကို ကြည့်ကြပါစို့၊ အဆိုးကြီး အကောင်းကြီးလဲ မဟုတ်လှတဲ့ မကောင်းတကောင်း သက်ရှိသက်မဲ့ အဆင်းရူပါရုံ တစ်ခုခုကို တွေ့မြင်ရ တဲ့အခါမှာ မောဟမီးလောင်တတ်ပါတယ်၊ မောဟဆိုတာ အမှန်တရားကို မသိ၊ အမှားကို သိ တွေဝေနေတဲ့သဘောပါပဲ၊ တကယ် စင်စစ်မှာတော့ ဒီမောဟဟာ လောဘဒေါသတို့ထက် ကြောက်စရာကောင်းလှပါတယ်၊ မျက်စိ နား နှာ လျှာ ကိုယ်စိတ်လို့ဆိုတဲ့ ဒွါရခြောက်ပါး တံခါးခြောက်ပေါက်မှာ ထင်လာတဲ့ အဆင်း အသံ အနံ အရသာ အတွေ့အထိ ဓမ္မာရုံ တွေအပေါ်မှာ တွေဝေမိန်းမော အမှန်သဘောကို မသိနိုင်လို့ ဒီမောဟမီးက စပြီးလောင် လိုက်တော့တာပါပဲ၊ သူလောင်ပြီးမှ လောဘမီး သို့မဟုတ် ဒေါသမီးကို ဆက်ပြီးလောင် ခွင့်ပြုပေးလိုက်တာ သူပါပဲ၊
သူမှ မစခဲ့ရင် လောဘနဲ့ဒေါသမီး လောင်ခွင့်ကို မရှိနိုင်ပါ၊ မောဟက ပေးအပ်လာတဲ့ အမွေအနှစ်ကို လောဘ သို့မဟုတ် ဒေါသက ဆက်ခံရယူပြီး လောင်ကျွမ်းမှု ကို ပြုနေရတာပါ၊ ဒါကြောင့်မို့လို့ ကောင်းတဲ့အာရုံမှာရော မကောင်းတဲ့အာရုံမှာပါ အမှန်တရားကို မသိမှု အမှားကို သိမှုဆိုတဲ့ ဒီမောဟမီးက ဦးစွာပထမ လောင်ပြီးကာမှ လောဘဒေါသတွေက နောက်လိုက်ပြီး လောင်နေရတဲ့ အနေအထားမှာ ရှိနေပါတယ်၊ အဆင်းကို မြင်ရတဲ့အခါမှာ ရုပ်တရားအဆင်းပဲလို့ မမြင်ဘဲနဲ့ ပုဂ္ဂိုလ် သတ္တဝါ မိန်းမ ယောက်ျား အင်္ဂါခြေလက် လှ မလှ ပညတ်ကြီးအနေနဲ့ မြင်လို့ မောဟမီးက စလောင်တော့တာပါ၊ အဆင်းကို အဆင်းမှန်းသိ မြင်ကာမျှတင်ရပ်ပြီး ထိုထက်အပိုမမြင်စေလိုပါ၊ အဆင်းကလဲ ဖြစ်ပြီးပျက်၊ မြင်စိတ်ကလဲ ဖြစ်ပြီးပျက်နဲ့ ပရမတ်အမြင်သန် ဖြစ်ပျက်မှုမှာ ဉာဏ်သွင်းပြီး ရှုမှတ်လိုက်ရင် မောဟမီးလောင်ခွင့် မရရှိနိုင်တော့ပါ။
နားသောတမှာ မောဟမီးမဟာ
နေ့စဉ်နဲ့အမျှ အသံကို ကြားနေရပါတယ်၊ အကောင်းအဆိုး ရိုးရိုးအသံ ကြား ရတိုင်းမှာ သတိ ပညာ ကင်းမဲ့နေမယ်ဆိုရင် မောဟမီးလောင်တော့တာပါပဲ၊ များသောအား ဖြင့် မိမိတို့ နှစ်သက်တဲ့ အသံကို ကြားရရင် လောဘမီးလောင်ပြီး မနှစ်သက်တဲ့ အသံဖြစ်မယ် ဆိုရင်တော့ ဒေါသမီးက လောင်လို့ပါပဲ၊ အလယ်အလတ် မကောင်းမဆိုး ကြားမြဲတိုင်းဖြစ်တဲ့ ရိုးရိုးအသံကိုကြားရတဲ့အခါမှာ ရှုမှတ်မှု မရှိက မောဟမီးက လောင်မြဲ လောင်လျက် ရှိနေမှာပဲ၊ ကြားရတဲ့အခါမှာ သူက ဘယ်လိုပြောတာပဲလို့ အဓိပ္ပါယ်တွေ အကျယ်ချဲ့ပြီး ဘာသာပြန်၊ ငါ့နားနဲ့ ဒီလိုဒီလိုကို ကြားခဲ့ရတယ်လို့ အတ္တဆိုတဲ့ငါစွဲကို ရှေ့တန်းတင် ပညတ်အပေါ်မှာတင်ပဲ စိတ်ကရောက် အမှန်တရားကင်းပျောက်လို့ မောဟမီး တောက် ရတာပါပဲ။
ဝိပဿနာဉာဏ်ကိန်း မောဟမီးငြိမ်း
ကြားရတဲ့အသံကို အသံပဲလို့သိ၊ ဒီအသံတွေကလဲ အက္ခရာတစ်လုံးချင်း တန်းစီသီကုံးထားလို့ ဝါကျတစ်ခုဖြစ်ပြီး အဓိပ္ပါယ် ဖော်ဆောင်ကြတာပါ၊ နားမှာ ကြားနေရတဲ့ ဒီအသံတွေကို စူးစူးစိုက်စိုက် ရှုမှတ်လိုက်မယ်ဆိုရင် အက္ခရာတစ်လုံးချင်း လျင်မြန်စွာ ဖြစ်ပေါ် ချုပ်ပျောက်သွားတာကို သိနိုင်ပါတယ်၊ နာမည်ကြီး ဆိုင်းဆရာက ဆိုင်းကြီးကို လျင်မြန်စွာ တီးသလို မထမအသံ ဖြစ်ပြီးပျက် နောက်တခါ ဒုတိယအသံ နောက်ကလိုက် ဒီလိုနဲ့ပဲ ရှေ့အသံပျောက်ပြီး နောက်အသံပေါ် လျင်မြန်စွာနဲ့ အသံတွေဟာ ပေါ်ပျောက် ပေါ်ပျောက် ရှိနေခြင်းမျှသာပဲ၊ အသံရဲ့ဖြစ်မှု ပျက်မှု အစီအရီတွေအပေါ်မှာ ဉာဏ်ရောက်သွားမယ်ဆိုရင် မောဟလောင်မီး လောင်ဖို့အချိန်ကို မရှိနိုင်တော့ပါဘူး၊ ဉာဏ်ဆိုတာ အမောဟကို ပြောတာပဲ၊ အမောဟဆိုတာ မောဟရဲ့ဆန့်ကျင်ဘက်ပဲ၊ သတိတရား ရှေ့ထားပြီး နောက်နားက ဉာဏ်က ကပ်ပါပြီး ရှိနေမယ်ဆိုရင် မောဟဖြစ်ဖို့ အခွင့်အလမ်း လုံးဝမရှိနိုင်တော့ပါ၊ ဒါကြောင့် ကြားတိုင်းကြားတိုင်းမှာ သတိပညာ အမြဲကပ်ပါနေဖို့ အလေ့အကျင့်လုပ် ပွားများအားထုတ်ပေးသွားမယ်ဆိုရင် မောဟမီး လောင်ခွင့်မရှိ၊ အဆွယ်အပွား လောဘဒေါသမီးများလဲ လောင်ခွင့် မရှိနိုင်တော့ပါ။
နှာခေါင်းပေါက်က မီးမောဟ
မိမိတို့ နေထိုင်ရာ အလုပ်လုပ်ရာ ဖြတ်သန်းသွားလာရာ ချက်ပြုတ်ရာ နေရာ ဌာနတွေမှာ ကောင်းတဲ့အနံ့ မကောင်းတဲ့အနံ့ ရှိနိုင်သလို မသိမသာ အနံမျိုးတွေဆိုတာလဲ ရှိတတ်စမြဲပါ၊ ဘယ်လောက်ပဲ အနံ့တွေဆိုးဆိုး ကောင်းကောင်း ကြာတော့လဲ ကျင့်သားရပြီး ယဉ်သွားတော့တာပါပဲ၊ အဲဒီအပေါ်မှာ အာရုံစူးစိုက်မှု မပြုတော့ဘဲ ဘာသိဘာသာ နေလိုက်တယ်ဆိုရင် တွေဝေမှုဆိုတဲ့ မောဟမီးလောင်ဖို့ အခွင့်အရေးပေးလိုက်သလို ဖြစ်သွားမှာပဲ၊ မဆိုးမကောင်း မသိမသာ အနံ့မျိုးဆိုရင် လျစ်လျူရှုပစ်တာက များတတ်လို့ တွေဝေမှု မောဟဖြစ်ဖို့ စံချိန်က များနေပါတယ်၊ ဒီလိုပါပဲ၊ မောဟမီးဆိုတာ ဝုန်းကနဲ ထတောက်တတ်တဲ့ ကောက်ရိုးမီး မဟုတ်ဘူး၊ အမြေ့မြေ့နဲ့ လောင်ကျွမ်းနေတဲ့ ဖွဲမီးနဲ့ တူပါတယ်၊ မီးခိုးတထောင်ထောင် မီးတောက်မီးလျံ တဝင်းဝင်း လောင်ကျွမ်းနေတာ မဟုတ် လို့ အသိရခက်နေပါတယ်၊ ပညာနဲ့ အနီးကပ် ဂရုစိုက်ပြီး မကြည့်မိရင် လောင်အားကောင်းပြီး တာရှည်တတ်ပါတယ်၊ လောဘမီးနဲ့ဒေါသမီးထက် ငြိမ်းသတ်ဖို့ ခဲယဉ်းတယ်လို့ ဆိုရမှာပဲ။
နှာခေါင်းပေါက်က မောဟမီး ငြိမ်းသတ်နည်း
နှာခေါင်းပေါက်က မောဟမီး မလောင်ရအောင် သတိဆောင်ပြီး ထားရပါ့မယ်၊ ကျင့်သားရပြီးဖြစ်တဲ့ အနံ့အပေါ်မှာရော မသိသာ မထင်ရှားလှတဲ့ အနံ့တွေအပေါ်မှာပါ လုံးလစိုက်လို့ သတိထားပြီး ဉာဏ်နဲ့ရှုကြည့်လိုက်မယ်ဆိုရင် အနံ့ဆိုတာ ပုဂ္ဂိုလ် သတ္တဝါ မဟုတ်၊ ပုံသဏ္ဍာန်အနေနဲ့လဲ ရှာမရပါဘူး၊ အမြဲတမ်း တည်ရှိနေတဲ့ အနံ့လဲ မဟုတ်ပါဘူး၊ အနံ့တွေ တစ်နံ့ပြီးတစ်နံ့ ဆက်ပြီးထွက်နေတာတောင်မှ မိမိရဲ့ဘက်ကို လေက တိုက်လာပါမှ အနံ့ကို ရှုရတာပါ၊ နံ့တဲ့ အရာဝတ္ထု မီးစာတွေ ရှိနေလို့သာ အနံ့က ရှိရတာပါ၊ အကြောင်းရှိလို့ အကျိုးထင်ခြင်းမျှပါပဲ၊ အကြောင်းကုန်ဆုံးပျောက်ပျက်သွားရင် အကျိုးလဲ ပေါ်လာနိုင်စရာ မရှိပါ၊ အနံ့ကို သိနေတဲ့ စိတ်ကလဲ တစ်စိတ်ပြီးတစ်စိတ် ဖြစ်ပြီး ပျက် သိပြီး ပျက်ပဲ မဟုတ်ပါလား၊ ဒီလိုနဲ့ နံ့သိပျက် နံ့သိပျက် သဘောကို ရှုမြင်နိုင်လိုက်မယ်ဆိုရင် အနံ့ရတိုင်း ပညာက ဖြစ်နေတာပဲ၊ ပညာဆိုတာ အမောဟပါပဲ၊ မတွေဝေဘူး၊ အမှန်တရားကို သိနေခြင်းပါ၊ သိနေရှုနေသမျှ မောဟမီးလောင်ခွင့်ကို မရနိုင်တော့ပါ၊ အင်မတန် ကောင်းတဲ့ မီးသတ်ကိရိယာ တန်ဆာတစ်ခုပါပဲ။
လျှာပေါက်က မီးမောဟ တရွရွ
စားသောက်ရတာ ခံတွင်းတွေ့တော့ လောဘမီး ဆွေ့ဆွေ့လောင်၊ စားသောက် မကောင်းတဲ့ အခါများကျပြန်တော့ ဒေါသမီးက တဖွားဖွား၊ သတိလက်လွတ် စားသောက် တိုင်းမှာ မောဟမီး တဖြတ်ဖြတ် မပြတ်လောင်မြိုက်ခံကြရတယ်၊ စားသောက်နေကျ အာဟာရတွေမို့ စိတ်လှုပ်ရှားလောက်အောင် သိပ်ပြီး ကြိုက်လှတယ်လို့ မဟုတ်သလို စားသောက်ရတာ မကောင်းလို့ သိပ်ကြီး စိတ်ပျက်ရလောက်အောင် မဖြစ်တဲ့ အနေအထားမှာ မသိမသာလေးနဲ့ မောဟမီးက လောင်နေတာပါပဲ၊ စားသောက်နေတုံး စိတ်ကူးတွေယဉ် အပြင်ဗဟိဒ္ဓမှာ စိတ်တွေတောင်ရောက် မြောက်ရောက် စားသောက်နေတဲ့အပေါ် စူးစိုက်မှု စိတ်ဝင်စားမှု မရှိ အရသာကိုတောင် မသိလိုက်နိုင်တဲ့အခါလဲ ရှိသေး၊ အဲဒီလို အနေအထား မျိုးမှာဆိုရင်လဲ မောဟမီးက လောင်မြဲလောင်လျက်ပဲ၊ စားသောက်နေတုံး နာရီဝက် တစ်နာရီလောက် အချိန်ကုန်၊ စားပွဲခုံပေါ်ရှိ အစားအသောက်တွေကသာ အကုန်ပြောင် သတိ ပညာကင်းကွာ စားသောက်ကြမယ်ဆိုရင် အချိန်ရော အစားအသောက်ပါ သိပ်ပြီး နှမြောဖို့ ကောင်းလှပါလိမ့်မယ်၊ ဝမ်းဗိုက်ကသာ ပြည့်ပြီး အနှစ်ကင်းမဲ့ သတိပညာမဖက်တဲ့ စားသုံးနည်း မောဟမီးရဲ့လောင်စာ အကျိုးဆိုလို့ ဗလာနတ္ထိ ဖြစ်ရှိနေမှာပဲ။
လျှာပေါက်က မောဟမီး ငြိမ်းသတ်နည်း
တစ်နေ့တစ်နေ့ကို ၄-၅-၆ကြိမ်မျှ စားကြ သောက်ကြနဲ့ ခန္ဓာကိုယ်ကြီးကို ဆီးဖြည့် ဆေးကု ပြုစုပေးနေကြရတယ်၊ သတိလက်လွတ် ရှုမှတ်မှုမပါ စားကြ သောက်ကြမယ် ဆိုရင်တော့ မောဟမီး တလှိုက်လှိုက် လောင်မြိုက်ပြီးနေမှာပဲ၊ ဘုရားပေးတော်မူတဲ့ နည်း အသုံးချ သတိ သမ္ပဇညနဲ့ စားသောက်နိုင်ကြမယ်ဆိုရင် မောဟမီး လောင်ခွင့် မရှိပါ၊ စားနည်းသောက်နည်း နိသျည်းတွေကတော့ အင်မတန်မှ လွယ်ကူလှပါတယ်၊ အလေ့အကျင့် လုပ်ပေးဖို့သာ လိုတာပါ၊ အနည်းဆုံး စားတိုင်း သောက်တိုင်း ဝါးမျိုတိုင်းမှာ သတိလေးကပ် ရှုမှတ်ပေးသွားရုံပါ၊ ဝါးနေရင်းလဲ ဝါးမှန်းသိ၊ သောက်နေရင်းလဲ သောက်မှန်းသိ၊ မျိုနေ ရင်းလဲ မျိုမှန်းသိ၊ သတိကပ် ရှုမှတ်နိုင်မယ်ဆိုရင် ဝါးချင် သောက်ချင် မျိုချင်တဲ့ စိတ်အဆင့် ဆင့် ကြောင့် ဝါးမှု သောက်မှု မျိုမှု အမူအရာတွေ ဆက်ခါဆက်ခါ လှုပ်ရှား ဖြစ်ပျက်နေရ တာလို့ ရှင်းရှင်းကြီး သိမြင်နိုင်ပါတယ်၊ ရှုမှတ်တိုင်းမှာ ဝါးချင် စားချင် သောက်ချင်တဲ့ စိတ်ဆို တဲ့ နာမ်တရားနဲ့ လှုပ်ရှားနေတဲ့ ပါးစပ် လျှာ သွားဆိုတဲ့ ရုပ်တရား၊ ဒီနာမ်ရုပ်နှစ်ပါးမျှသာ ရှိပါပေါ့လားဆိုတာလဲ ကွက်ကွက်ကွင်းကွင်း သိမြင်နိုင်ပါတယ်၊ နာမ်ရုပ်အစဉ်မျှသာ ကြောင်းကျိုးဆက်စပ် မပြတ် ဖြစ်ပျက်နေတာကို ပိုပိုပြီ သိလာရလေပါပဲ၊ အသိတစ်လုံးဝင်လို့ မောဟစင်ရတာပါပဲ၊ မောဟမီး မလောင်တော့ရင် လောဘဒေါသမီးတွေလဲ ပြောင်တော့ တာပါပဲ၊ ဒါကြောင့် စားတိုင်း သောက်တိုင်းမှာ သတိကပ် ရှုမှတ်နိုင်အောင်သာ အလေ့အကျင့် ပြုပေးဖို့ လိုပါတယ်၊ ဘယ်အရာမဆို အလေ့အကျင့် ရသွားတယ်ဆိုရင် ခက်ခဲတယ်ရယ်လို့ မရှိတော့ပါဘူး၊ အလေ့အကျင့် မရှိလို့ မေ့မေ့နေတတ်တယ်ဆိုတာ မောဟပဲ မဟုတ်ပါလား၊ လေ့ကျင့်မပြတ် သတိကပ် ရှုမှတ်ပေးဖို့သာ လိုပါတော့တယ်၊ တစ်နေ့ကို သုံးလေးကြိမ်၊ တစ်ကြိမ်တစ်ကြိမ်မှ ၃-၄ဆယ်မိနစ် နှစ်ရှည်လများ တစ်သက်တာ ကာလပတ်လုံး စားသုံးတတ်အောင် ပြုလုပ် ကျင့်ဆောင်သွားမယ်ဆိုရင် ကုသိုလ်တွေ အများကြီးရ ဘာဝနာတရားတွေ အပါးဝ ဒီဘဝမှာတင် တရားထူးရယူနိုင်ခွင့် ရှိနေပါတယ်၊ ဒီလိုသာ သတိကပ် ရှုမှတ် စားသောက်သွားမယ်ဆိုရင် အသက်ရှည်ကြာ စားသောက်နေရတာနဲ့အမျှ စားသောက်နေတုံးခဏမှာပင် မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်မြင်နိုင်တဲ့အထိ အကျိုးရှိသွားစေနိုင် ကြောင်းပါဗျာ . စားသောက်တတ်အောင် လေ့ကျင့်ပေးပါလို့ပဲ တိုက်တွန်းလိုက်ပါရစေ...။
ခန္ဓာကိုယ်မှ မီးမောဟ လောင်ပါမကြာခဏ
မိမိတို့ရဲ့မျက်နှာ ခန္ဓာကိုယ်က ဘယ်လောက်ပဲ အရုပ်ဆိုးနေနေ ဘယ်လိုပဲ အိုရုပ်တွေ ပေါက်ပေါက် နေ့ဆက်ရက်စဉ် မွမ်းမံပြုပြင်လို့မဆုံး မှန်ကြည့်လို့ မမုန်းနိုင် မမောနိုင် ပြုံးနိုင်ကြတုံးပါပဲ၊ ကိုယ်ကာယ မျက်နှာအလှပြင် အနိစ္စနဲ့အသုဘ တရားပြနေတာကို လုံးဝ မမြင်နိုင်တာက မောဟမီး လောင်နေတာပါပဲ၊ မမြဲတဲ့ ခန္ဓာကိုယ်မို့ မမြဲတဲ့ လက္ခဏာကို ပြမြဲ ပြပါလျက် မောဟမီးလောင်နေလို့ မြင်အောင် မကြည့်နိုင်ပဲ ဖြစ်ရတယ်၊ ဒီအသုဘ ခန္ဓာကိုယ် ကြီးတော့ဖြင့် မွေးတဲ့နေ့က စပြီး သေတဲ့နေ့အထိ ဒွါရ ၉-ပေါက်ကနေပြီးတော့ တစ်နေ့မပြတ် ယိုစီး အန်ထုတ် ထွက်ပေါ်လာတဲ့ မတင့်တယ်ဖွယ်ရာ အညစ်အကြေးတွေကို သုတ်သင် သန့်ရှင်း ဆေးကြောနေရတာကိုလဲ မမောနိုင် မပန်းနိုင် မငြီးငွေ့နိုင် ဖြစ်နေကြတယ် မောဟရဲ့ လက်ချက်ပဲ မဟုတ်ပါလား၊ နှစ်ရှည်လများ ခန္ဓာကိုယ်ကြီးကို သုတ်သင်ပေးရတာ၊ အညစ် အကြေးစွန့်ထုတ်ပေးရတာ၊ ရေမိုးချိုးပေးရတာ၊ မျက်နှာသစ် သွားတိုက်ပေးရတာ ငြီးငွေ့ လှပြီလို့ ညည်းငြူသူ မရှိသလောက်ပါပဲ၊ ခန္ဓာကျွန်လုပ်နေရတာကိုပဲ ပျော်ပိုက်နေ သလို တောင် ရှိသေး၊ အမှန်တရား မသိတဲ့ ဒီမောဟက တယ်ဆိုးလှပါလား၊ ခန္ဓာကိုယ် အတွက် ဝယ်ယူသုံးဆောင်ထားတဲ့ အဝတ်အစား ဥစ္စာပစ္စည်း နေရာထိုင်ခင်း အတွေ့အထိ စတာ တွေဟာ ဘယ်လောက်ပင် ကြာညောင်း ဟောင်းနွမ်း ယိုယွင်းနေပေမယ့်လို့ မသိမသာနဲ့ သာယာ ကျေနပ် နှစ်သက် အားကျနေတာချည်းပဲ၊ မောဟတရားရဲ့ဖုံးကွယ်မှုကြောင့် အမှန် တရားကို မမြင်နိုင်၊ ဓမ္မဘက်ကို မလှည့်နိုင်ကြဘူး၊ နေ့စဉ်နဲ့အမျှ မောဟမီးလောင်ကျွမ်း နေတာကို မသိမမြင်နိုင်တော့ မီးပုံကို တိုးဝှေ့ဝင်ရောက်နေကြတဲ့ ပိုးဖလံပမာလို ဖြစ်ကြရရှာ ပါတော့တယ်။
ခန္ဓာကိုယ်မှ မီးမောဟ ငြိမ်းသတ်ကြ
ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး သတိမထား ရှုမှတ်ပွားများမှု မရှိရင် မောဟမီးက လောင်တော့တာပါပဲ၊ အိပ်ရာထချိန်မှ အိပ်ရာဝင် အိပ်ပျော်သွားတဲ့အချိန်ထိ ခန္ဓာ ကိုယ်ကြီး ထိတွေ့ လှုပ်ရှား သွားလာ ဆန့်ကွေး၊ ပူနွေး အေးစက် သက်တောင့်သက်သာ ရှိ မရှိ အဖြစ် သနစ်တွေမှန်သမျှ သတိထားပြီး ရှုမှတ်ပေးရပါ့မယ်၊ ထိတွေ့ လှုပ်ရှားစသည်များကို ပစ္စုပ္ပန် ကျကျ ရှုမှတ်တိုင်းမှာ မိန်းမ ယောက်ျား သူ ငါ ခြေလက်သည် မမြင်တော့ဘဲ ရုပ်တရားနဲ့ နာမ်တရားမျှသာ အမှန်တကယ် ရှိပါတယ်ဆိုတာ မြင်တွေ့ရပါလိမ့်မယ်၊ ရုပ်တရားဆိုတာ သိတတ်တဲ့သဘော မရှိဘဲ စိတ်ဆိုတဲ့ နာမ်တရားရဲ့အလိုကျအတိုင်း ဆိုင်ရာဆိုင်ရာ ရုပ်ခန္ဓာတွေရဲ့အပိုင်းမှာ ဝါယောဓာတ်လို့ဆိုတဲ့ လေက ပြန့်နှံ့ပြီး လှုပ်ရှား သွားလာ ကွေးခြင်း ဆန့်ခြင်းအမှုတွေ ဖြစ်ပေါ်နေရခြင်းပါပဲ၊ ဖြစ်စေလိုတဲ့ စိတ်ဆိုတဲ့ နာမ်တရားတွေရဲ့ အဆင့်ဆင့် ဖြစ်ပေါ်လာမှုကြောင့် လှုပ်ရှားသွားလာ ဆန့်ခြင်းကွေးခြင်းစတဲ့ ရုပ်တရားတွေ အဆင့်ဆင့် ဖြစ်ပေါ်လာရတဲ့ သဘောပါပဲ၊ ဒီလိုအမှန်တကယ်ရှိတဲ့ ရုပ်တရားကို နာမ်တရား ဆိုတဲ့စိတ်က သိသိနေသမျှ အမောဟလို့ဆိုတဲ့ ဉာဏ်က ဖြစ်ဖြစ်နေတာပဲ၊ အသိ, ဉာဏ်, ပညာ, ဝိဇ္ဇာ, အမောဟဆိုတာ အဓိပ္ပါယ်တူတွေပါ၊ ဒါကြောင့် အမှန်ရှိတရားကို သိနေသမျှ အမောဟပါပဲ၊ အမောဟဆိုတာ တွေဝေမှုမရှိ အမှန်သိဆိုတာပါပဲ၊ အမောဟ ဆက်ခါမပြတ် ဖြစ်နေကာမှတော့ မောဟလို့ဆိုတဲ့ အမှန်တရားအပေါ်မှာ တွေဝေနေမှု မသိမှု ပုဂ္ဂိုလ် သတ္တဝါ မိန်းမ ယောက်ျား ခြေလက်အင်္ဂါအနေအားဖြင့် အမှားသိနေမှု အဖြစ်မှ ကင်းဝေးရပါတော့ တယ်၊ အဲဒီအမှန် မသိ၊ အမှားသာ သိနေတဲ့ မောဟတရားကြောင့် လိုချင်မှုဆိုတဲ့ လောဘမီး တွေတောက် စိတ်ဆိုးစိတ်ကောက် အလိုမကျခြင်းလို့ဆိုတဲ့ ဒေါသမီးတွေ တောက်လျှောက် လိုက်လာ လောင်ကျွမ်းတော့တာပါပဲ၊ ဒါကြောင့် အဦးအစ မောဟမီး အလောင်မခံရအောင် အမြဲမပြတ် သတိကပ်ပြီး ရှုမှတ်ပွားများအားထုတ်ကြပါစို့...။
နှလုံးအိမ်မှ မီးမောဟ
မျက်စိ နား နှာ လျှာ ကိုယ်မှ မောဟမီးလောင်ပုံနဲ့ ငြိမ်းသတ်ပုံကို အကျဉ်းမျှ တင်ပြပြီးတဲ့နောက်မှာ နှလုံးအိမ်မှာ မောဟမီးလောင်ပုံကို ဆက်ပြီးတင်လိုပါတယ်၊ နှလုံး အိမ်မှ မောဟမီးတောက်ကတော့ဖြင့် တဖြောက်ဖြောက် တဖြန်းဖြန်းနဲ့ လောင်ကျွမ်းမှု အသန်ဆုံးပါပဲ၊
လူတွေက သိပ်ပြီး စိတ်ကူးယဉ်တတ်ကြပါတယ်၊ အတိတ်က ကြုံတွေ့ ဖြတ် သန်းလာခဲ့ရတဲ့ အကောင်းအဆိုးအဖုံဖုံ ဘဝဇာတ်ခုံမျိုးစုံကို အပ်ကြောင်ထပ်အောင် ပြန် ပြောင်းစိတ်ကူးလို့ ကြည်နူးဝမ်းသာဖြစ်ရလိုက် စိတ်ထိခိုက်ဖွယ် နာကျည်းဖွယ် ဝမ်းနည်း ဖွယ်ရာတွေ ဖြစ်လိုဖြစ်နဲ့ ပစ္စုပ္ပန်မှာ ဖြစ်ပေါ်ဖြစ်ပျက်နေတဲ့ ရုပ်နာမ်ခန္ဓာအကြောင်း မသိနိုင် မမြင်နိုင်ရှာကြပါ၊ အတိတ်အကြောင်း ပြန်ပြောင်းသတိရ စမြံ့ုပြန်လို့ ပြီပြန်းတော့ အနာဂတ် အရေးကို မျှော်တွေးပြီး ကြံပြန်ပါပြီ၊ မဖြစ်ပေါ်သေးတဲ့ အဖြစ်အပျက် အခြေအနေကို မှန်းမျှော် ကြံဆပြီး ပူဆွေးရ စိုးရိမ်ရနဲ့ စိတ်ဒုက္ခကို ကြိုတင်ရယူ ဖန်တီးယူတတ်ကြပါတယ်၊ တခါ တလေကျပြန်တော့ လေထဲမှာ တိုက်အိမ်ဆောက်လို့ စိတ်ကူးတွေယဉ်လိုက်တာလဲ ပြော မနေနဲ့တော့ ဘေးပတ်ဝန်းကျင်တွေကိုလဲ မေ့၊ ကိုယ့်နာမည်ခေါ်တာကိုတောင် မကြား နိုင်၊ မောဟစိတ်တွေ အကြီးအကျယ်ဖြစ်၊ ပျံလွင့် ယုံမှားစိတ်တွေ ထင်တိုင်းကြဲ ကိုယ်နဲ့စိတ် မကပ် နိုင်တော့ဘဲ ပြာပုံလေတိုက်လိုက်သလို စိတ်တွေက တောင်ရောက်မြောက်ရောက်လို့ ပါပဲ၊ ဒါဟာ ဖြစ်ပေါ်ဆဲ ရုပ်နာမ်ဓမ္မ သဘာဝတွေကို မသိနိုင် မမြင်နိုင်ဘဲ မောဟဆိုတဲ့ ကိလေသာ မီး ဖိစီးလောင်ကျွမ်းနေခြင်းပါပဲ မဟုတ်ပါလား။
နှလုံးအိမ်မှ မီးမောဟ ကင်းပစေရမည်
နှလုံးအိမ်မှ မောဟမီးကို သတိပဋ္ဌာန်နည်းနဲ့ ငြိမ်းသတ်ပစ်ရမယ်၊ အမှန်တရား တွေကို မမြင်သမျှ မသိသမျှ၊ ရှုမှတ်သိမြင်သင့်တဲ့ ရုပ်နာမ်သဘာဝတွေကို ရှုမှတ်သိမြင်ဖို့ မေ့မေ့နေကြတာကလဲ မောဟရဲ့ လက်ချက်ပါပဲ၊ ဒါကြောင့်မို့လို့ နှလုံးအိမ်မှ မောဟမီး အလောင်မခံရအောင် မိမိရဲ့စိတ်ကို မပြတ်ကြည့်ရှုပေးပါ၊ ဒီမျောက်စိတ်ကို လက်လွတ်စပယ် လွှတ်မထားသင့်တာ အမှန်ပါ။
နေ့စဉ်ဘဝမှာ အာရုံကောင်းနဲ့ နေနိုင်အောင် လေ့ကျင့်ပေးရမယ်၊ စိတ်ကို အအားမပေးဘဲ မိမိတို့ အလွတ်နှုတ်တက်ရထားတဲ့ သံဝေဂဂါထာတွေ ဘုရားစာတွေ ပရိတ်တွေ ပဋ္ဌာန်းတွေကို ရွတ်ဆိုလို့ သတ္တဝါတွေ ကျန်းမာချမ်းသာအောင် မေတ္တာပို့သလို့ နေနေသမျှ ကုသိုလ်တွေ တပုံကြီးရတော့တာပါပဲ၊ ဒါဟာ အာရုံကောင်းမှာ စိတ်ကိုသွင်းထားလိုက်တဲ့ သဘောပါပဲ၊ တစ်နည်းအားဖြင့် ပြောရရင် မိမိရဲ့စိတ်ထဲမှာ အာရုံကောင်းတွေ သွင်းထားပေးလိုက်တဲ့သဘောပါ၊ ဒီလိုဆို စိတ်တွေပျံ့လွင့်တွေဝေမှုမရှိ၊ မောဟမီး လောင်ငြိစရာ အကြောင်း မရှိနိုင်တော့ပါ၊ ဒါတွေဟာ လူတိုင်းလူတိုင်း လုပ်နိုင်တဲ့ ကိစ္စပါပဲ၊ ဒါပေမယ့်လို့ မေ့တတ်တာရယ် အလေ့အကျင့်မရှိလို့ မလုပ်ဖြစ်တာရယ်ကြောင့် တန်ဘိုးရှိတဲ့ အချိန်ကို အသုံးမချနိုင်ကြဘဲ ကုန်လွန်ကြရတယ်၊ တန်ဘိုးရှိတဲ့ ဘဝကို ရရှိပြီး ဖြစ်နေတဲ့ ဒို့တတွေဟာ တန်ဘိုးရှိလှတဲ့ တရားကို ရရှိအောင် ကြိုးစားသင့်လှပါတယ်၊ နှလုံးသားမှာ မောဟမီး အလောင်ခံပြီး စိတ်ကူးယဉ် ပျော်ပိုက်နေလို့ မသင့်တာ အမှန်ပါ၊ မောဟမီး မလောင်ရလေအောင် အကောင်းတကာ့ အကောင်းဆုံးကတော့ ပစ္စုပ္ပန်မှာ ဖြစ်ပေါ်လာနေတဲ့ ထင်ရှားတဲ့ ရုပ်တရား နာမ်တရားတွေကို မပြတ်တမ်း ရှုမှတ်နေခြင်းပဲ ဖြစ်ပါတယ်၊ တရံမဆဲ အမြဲမပြတ် ဖြစ်ပျက်နေတဲ့ ရုပ်နာမ်ဓမ္မ ဒုက္ခသစ္စာ အမှန်တရားကို သိသိပြီးနေခြင်းဟာ မဂ္ဂသစ္စာကို ပွားများနေခြင်းပါ၊ ဒုက္ခတရားကို ရှုမှတ် သိမြင်ပေးနေသမျှ မောဟမီးတွေ ခဏငြိမ်း ခေတ္တငြိမ်းရာကနေ ထာဝရငြိမ်းတဲ့အထိ ဖြစ်သွားနိုင်ပါတယ်၊ လေ့ကျင့်ပွားများ အားထုတ်ကြပါစို့.....။
---
၄၊ ဇာတိမီး
ဇာတိမီး
မျက်စိ , နား, နှာ, လျှာ, ကိုယ် နဲ့ မနောဒွါရမှာ လောဘမီး ဒေါသမီး မောဟမီး လောင်ပုံနဲ့ ငြိမ်းသတ်ပုံအကြောင်း တစေ့တစောင်း တင်ပြဆွေးနွေးလို့ ပြီးသွားပါပြီ၊ ခုတခါ ဇာတိမီးအကြောင်းဆက်လက်ပြီး တင်ပြလိုက်ပါရစေ၊ ဘဝ တခုမှာ စတင်ဖြစ်ပေါ်လာခြင်းကို ဇာတိလို့ ခေါ်ပါတယ်၊ ဘုံနဲ့ ပုဂ္ဂိုလ်အလိုက် ဖြစ်ပေါ်လာပုံခြင်းကတော့ မတူကြဘူးပေါ့၊ အုပ်စုလိုက် ခွဲခြားလိုက်မယ်ဆိုလို့ရှိရင် လေးမျိုးလေးစားလောက် ကွဲပြားလာပါတယ်၊ (၁) လူပုဂ္ဂိုလ်တွေလို အမိဝမ်းကနေပြီးတော့ ဇာတိရ ပေါက်ဖွားလာတာက တစ်မျိုး၊ (၂) ကြက်ငှက် တွေလို ဥခွံကနေ တစ်ဆင့် ဇာတိရ ပေါက်ဖွားလာတာက တစ်မျိုး၊ (၃) ခြင်ကောင် လောက်ကောင် ပိုးကောင်တွေလို သားပုပ် ငါးပုပ် ရေပုပ် အညှိကနေ ပေါက်ဖွားလာတာက တစ်မျိုး၊ (၄) ဆိုခဲ့ပြီး သုံးပါးတို့မှ အလွတ်ဘွားကနဲ ဖြစ်ပေါ်လာကြတဲ့ နတ် ဗြဟ္မာတွေ၊ တစ်ချို့သော ပြိတ္တာတွေရဲ့ ဇာတိဖြစ်ခြင်းက တစ်ဖုံ လေးစုံခန့် ရှိကြပါတယ်။
လူ့ဇာတိမီး
ဒိပြင်ပုဂ္ဂိုလ်သတ္တဝါတွေရဲ့ ဇာတိမီးလောင်ပုံကို အသာထား လူသားတွေရဲ့ ဇာတိ မီးလောင်ပုံကို ရှုကြည့်ကြပါစို့၊ မိမိတို့ရဲ့ ကံအားလျှော်စွာ မိခင်ရဲ့ဝမ်းကြာတိုက်မှာ စတင်ရောက်ရှိ သန္ဓေတည်မိကြတဲ့ သူငယ်လေးမှာ အဦးအစ ဖြစ်ခြင်းလို့ဆိုတဲ့ ဇာတိမီးဟာ စတင်ပြီး လောင်တော့တာပါပဲ၊ သန္ဓေ တည်စက စပြီး ၉-လ၊ ၁၀-လကြာ မွေးဖွားလိုက်ရတဲ့ အချိန်တိုင်အောင် ကျဉ်းကျပ် ပိတ်လှောင်မှောင်မိုက်လှတဲ့ အမိဝမ်းမှာ ငုတ်တုတ်ထိုင် နေရရှာတဲ့ ခလေးငယ်ရဲ့ ဒုက္ခကတော့ဖြင့် စိတ်နဲ့သာ မှန်းပြီး ကြည့်လိုက်စမ်းပါတော့၊ လူ့ဘဝ လူ့လောကမှာ ဦးစွာပထမ ပဋိသန္ဓေ တည်နေရခြင်းရဲ့ ဆင်းရဲဒုက္ခ ဇာတိမီးအစပျိုး လောင်ကျွမ်းမှု ပြုလိုက်ခြင်းပါပေပဲ၊ ကံ, စိတ်, ဥတု, အာဟာရတို့ကြောင့် ဖြစ်ပေါ်လာကြတဲ့ ရုပ်တရားတွေနဲ့အတူ ပဋိသန္ဓေစိတ် ဘဝင်စိတ် အစဉ်တွေကလဲ ဆီမီးလျှံပမာ တဖြတ်ဖြတ် တဖြန်းဖြန်းနဲ့ စဉ်ဆက် မပျက် ဖြစ်ပေါ်လာပြီးတာနဲ့ တပြိုင်နက် ချက်ချင်းပျက် အသစ်တဖန် ဆက်ဖြစ်ပြန် အဖြစ်ဆိုတဲ့ ဇာတိမီးက လောင်မြဲလောင်လျက်ပဲ၊ လူ့ပြည်မှတပါး တခြားသော လောကသား သတ္တဝါတွေရဲ့ ပဋိသန္ဓေအစ ရုပ်အစဉ် နာမ်အစဉ်တွေ စတင်ဖြစ်ပေါ်လာတာ မှန်သမျှ ဇရာမီး မရဏမီး ဆက်ပွားလောင်နိုင်အောင် စပြီးမီးမွှေး ပေးလိုက်ခြင်းပင်ဖြစ်ပါတယ်၊ ဒါကြောင့်မို့လို့ ဘယ်ဘုံဘဝ ဘယ်သတ္တဝါတွေရဲ့ ပဋိသန္ဓေအစ ဇာတိရလာတာပဲဖြစ်ဖြစ် ဇာတိမီးလို့ပဲ ခေါ်ရပါ တော့တယ်၊ ‘‘ဘဝအစ ဇာတိမီးက’’လို့ ပြောလို့ရပါတယ်။
ရီးစားထားခြင်းအစ ဇာတိမီးလျှံထ
လူသားတို့ရဲ့သဘာဝ အပျိုလူပျိုတို့ရဲ့ဘဝ ရောက်လာကျပြန်တော့ တစ်ဦးဦးကို သဘောကျ စိတ်ထဲက ကြိတ်ပြီး ချစ်စိတ်တွေ စဖြစ်ကြရတယ်၊ အဲဒီချစ်စိတ်ရဲ့အစ ရာဂ ဖြစ်ပေါ်လာခြင်းကို ဇာတိမီး စနေပြီလို့ မှတ်ရမယ်၊ ချစ်စိတ်စပြီး ဖြစ်ပြီဆိုမှဖြင့် ရှေ့နားမှာ ဒီချစ်စိတ်နဲ့ ပတ်သက်ပြီး ငိုဖို့သာ အဆင့်သင့် ပြင်ထားကြပေတော့ပဲ၊ ချစ်စိတ် ရီးစားစိတ် စရှိလာပြီးသူတွေ မျက်ရည်မကျရ မငိုရသူ နှလုံးသွေး မပူလောင်ရသူတွေ လူ့လောကကြီးမှာ ရှာလို့ ရနိုင်မှာ မဟုတ်ဘူးဆိုတာ အသင် စာရှုသူကိုယ်တိုင် ကိုယ်တွေ့ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်၊ ဒါဟာ စပြီးရီးစားထားရှိခြင်းကြောင့် ဇာတိမီး လောင်ပုံပါပဲ။
အိမ်ထောင်ကျခြင်းအစ ဇာတိမီးတပြပြ
ဟော - လာပြန်ပြီ၊ သမီးရီးစားဘဝကနေ တစ်ဆင့်တိုးပြီး အိမ်ထောင်သည်ဘဝ စကြပြန်ပါပြီ၊ မင်္ဂလာဆောင် အိမ်ထောင်အသစ်စပျိုး အိမ်ထောင်သည်ဘဝ နှောင်ကြိုးတွေ တုတ်ဖွဲ့ ချည်နှောင် အိမ်ရာတည်ထောင်ခြင်းအစလို့ဆိုတဲ့ ဇာတိမီး တညီးညီးနဲ့ စလောင်ပြီး နေပါတော့တယ်၊ တာဝန်နဲ့ ဝတ္တရား ပိုပြီး ရှိလာကြတဲ့ အားလျှော်စွာ လောဘ တရားနဲ့ လုပ်ရ တဲ့အခါ လုပ်ရ၊ ဒေါသတရားနဲ့ ပြောဆိုရတဲ့အခါ ပြောရနဲ့ တခါတလေ ကျပြန်တော့ မနာလို ဝန်တိုမှုတွေ စသဖြင့် လောဘမီး ဒေါသမီးတွေကလဲ လောင်လိုက် သေးတယ်၊ ဒီအစဖြစ် ခြင်းဆိုတဲ့ ဇာတိမီးက သတ္တဝါတွေကို ဇရာမီး မရဏမီးသို့ မရောက် ရောက်အောင် ခရီးနှင် ပို့ဆောင်ပေးနေလျက်၊ စပြီးမီးမွှေးလိုက်ပြီဆိုမှတော့ လမ်းဆုံးသည့် တိုင် လောင်စာကုန် သည့်တိုင် လောင်မြဲလောင်လျက် တစ်ရက်မှ မပြတ်တော့ပါဘူး၊ အချိန်တန်လို့ အိမ်ထောင် ဘက်ဖြစ်သူက ဇရာမီး ဗျာဓိမီးလောင်လို့ ဒါမှမဟုတ် မရဏ မီးလောင်လို့ ကျန်တစ်ဦးမှာ ကိုယ်ရော စိတ်ပါ ပင်ပန်းနွမ်းလျ မီးအလောင်ခံကြရပြန်တယ်၊ အစဆိုတဲ့ ဇာတိ အိမ်ထောင် ပြုမိလို့ ခံလိုက်ရတဲ့မီးပဲ မဟုတ်ပါလား၊ အစကတည်းက မီးမမွှေးမိရင် နောက်ဆက်တွဲဆိုတဲ့ မီးတွေလဲ လောင်ကျွမ်းစရာ မရှိနိုင်ပါ၊ မိမိကိုယ်ရေး ကိုယ်တာအတွက် ဇာတိမီးက ရှိနင့် နေလို့ ဇရာမီး မရဏမီး လောင်ခံထိနေတာကို အားမရသေးလို့ အပိုမီး ထပ်ညှိတော့ ပိုပြီး လောင်ခံရတော့တာပေါ့၊ တရားသဘောအရ ဓမ္မဓိဋ္ဌာန်ကျကျ ကြောင်းကျိုးပြ ပြောဆိုခြင်း မျှသာပါ၊ ရီးစားထား အိမ်ထောင်ကျသူတွေကို အပြစ်မြင် ပြောဆိုခြင်း မဟုတ်ရပါ၊ ကာမဘုံ သား ကာမသတ္တဝါတွေရဲ့ ယေဘုယျ သဘာဝပါလို့ ကောင်းစွာသိမြင်ပါတယ်၊ ယေဘုယျ များသောအားဖြင့်ဆိုတာ ၉၀၇ာခိုင်နှုန်းလောက် ရှိနေခြင်းကို ဆိုလိုပါတယ်၊ ကျန်တဲ့ ဆယ်ရာ ခိုင်နှုန်းထဲမှာ ရှိနေနိုင်ကြရင်တော့ မီးလောင်ခံ သက်သာလိမ့်မယ်ဆိုတာ မေတ္တာစိတ်ဖြင့် သိစေချင်တဲ့ သဘောပါ၊ ဒို့က သတ္တိကောင်း အာဇာနည် မောင်မယ်တွေပဲဆိုပြီး ဇာတိမီးမွှေး ပြီး ထပ်ပြီးတောက်လောင်လာမဲ့ မီးပုံကြီးတွေပေါ်မှာ အလောင်ခံပြပြီး ငရဲမီးအထိ ခါးတောင်း ကျိုက် အလောင်ခံပြ မယ်ဆိုရင်လဲပဲ သဘောပါပဲဗျာ၊ ကန့်ကွက်စရာ မရှိရိုး အမှန်ပါ။
ကိုယ်ပိုင်စီးပွားအစ ဇာတိမီး တရွရွ
သက်မွေးဝမ်းကျောင်းမှုနဲ့ ပတ်သက်ပြီး အစိုးရဝန်ထမ်း သက်ဆိုင်ရာ ကုမ္မဏီ တွေမှာ အလုပ်လုပ်ကြတာက များလှပါတယ်၊ လက်ရှိအလုပ်နဲ့ အားမလို အားမရဖြစ်ပြီး ကိုယ်ပိုင်စီးပွားရေးကို စပြီးတည်ထောင်လိုက်တယ် ဆိုကြပါစို့၊ ကိုယ်ပိုင်စီးပွားရေး ကိုယ်ပိုင် လုပ်ငန်း စလိုက်ပြီဆိုမှဖြင့် အစတည်ခြင်းလို့ဆိုတဲ့ ဇာတိမီး စလိုက်ပါပြီ၊ အစိုးရအလုပ် ကုမ္မဏီအလုပ် လုပ်တုံးကဆိုရင် အလုပ်ချိန်ပြီးတာနဲ့ တာဝန်ကျေ လွတ်လပ်သွားပြီ၊ မိမိရဲ့ ခေါင်းထဲ ရင်ထဲမှာ ရှင်းလို့ လင်းလို့ ပေါ့လို့ သွားချေပြီ၊ ကိုယ်ပိုင်စီးပွားရေးဆိုတာက သိကြတဲ့ အတိုင်း အစ အလယ် အဆုံး အကုန်လုံးမှာ တာဝန်ရှိတဲ့အတွက် အမြတ်အစွန်း ပိုပြီး ရရှိအောင် ကြံဆောင်နေရတယ်၊ အရှုံးမပေါ်အောင် အကြံထုတ် ပြုလုပ် ပြောဆိုပြီး နေရပါ တော့တယ်၊ ဒါဟာလဲ အစပြု တည်ထောင်လိုက်တဲ့ ဇာတိလို့ဆိုတဲ့မီး စတင်ဖီစီး လောင်ကျွမ်း လိုက်ခြင်းပါပေပဲ။
ဇာတိမီးလျှံ လောင်မြဲလောင်လျက် အတန်တန်
အမိဝမ်းမှာ ကိန်းအောင်နေတာကိုသာ ဇာတိလို့ ပြောတာ မဟုတ်သေးပါဘူး၊ တကယ်မှာတော့ ဘဝတစ်သက်သာ တစ်သံသရာလုံး ရုပ်နာမ်ဓမ္မတွေရဲ့ အမြဲမပြတ် ဖြစ်ပေါ်လာနေတဲ့ အချိန်တိုင်း ခဏတိုင်းဟာ ဇာတိလို့ ခေါ်နိုင်ပါတယ်၊ ဖြစ်ခြင်းလိုဆိုတဲ့ ဇာတိတရားကလဲ သက်တမ်းမရှည်လှပါ၊ ဖြစ်ပြီးပြီးချင်း ချက်ချင်းဆိုသလို ပျက်စီး ချုပ်ပျောက် ဘယ်ရောက်သွားမှန်းမသိ ဖြစ်ရတယ်၊ ကြောက်စရာ အင်မတန်မှ ကောင်းလှ ပါတယ်၊ မသိလို့သာ မကြောက်ကြတာပါ၊ အကြောင်းတိုက်ဆိုင် ညီညွတ်တိုင်း ဖြစ်ဖြစ်လာ တာကို တားဆီးလို့လဲ မရနိုင်လို့ မဖြစ်အောင်လဲ ပိတ်ပင်လို့ မရနိုင်တဲ့တရားပါ၊ အကြောင်း ကြောင့် အကျိုးဖြစ်ပေါ်လာတာကို မိမိအလိုကျ ဘာတစ်ခုမှ လုပ်လို့ မရပါ၊ ဖြစ်ပေါ်လာပြီး ပျက်၊ မိမိအလိုအကြိုက် လိုက်ပါခြင်း မရှိ၊ ဆင်းရဲခြင်းအတိ ဖြစ်ပေါ်ခြင်း ဇာတိမီး ညီးညီးပြောင်ပြောင် လောင်နေခြင်းပင် ဖြစ်ပါပေတော့တယ်၊ ဒီဇာတိမီးကိုတော့ဖြင့် ဘဝသံ သရာမှာ ကျင်လည်နေရသမျှ ငြိမ်းသတ် သုတ်သင်ပေးနိုင်တဲ့ဆေးဝါး လက်နက် ကိရိယာ တန်ဆာပလာဆိုလို့ မရှိနိုင်တာကတော့ အမှန်ပါပဲ၊ လောကထွဋ်တင် ဘုရားသခင်ပင် သူ့ကို လက်မြှောက်အရှုံးပေးနေရတဲ့ ကြီးငယ်မဟူ မည်သူကိုမှ ဘာကိုဘာမှ သူမထီ တကယ့် ဇာတိမီး အစစ်ပါပေတကား...။
---
၅၊ ဇရာမီး
ဇရာမီး
သတ္တဝါတိုင်းမှာ ဇာတိမီးစပြီး လောင်မြိုက်လိုက်ပြီဆိုမှဖြင့် ဇရာမီးရဲ့တာဝန်အရ မရပ်မနား မအားမလပ် ဒလစပ် လောင်မြဲလောင်လျက် ရှိနေပါတော့တယ်၊ သတ္တဝါတွေက သာ အမေ့ကြီးမေ့ပြီး စားလိုက် သောက်လိုက် ပျော်လိုက် ပါးလိုက် တခေါခေါနဲ့ အိပ်မော ကျပြီး နေချင်နေကြမယ်၊ ဇရာမီးကတော့ဖြင့် မေ့တယ်ရယ်လို့ လုံးဝမရှိ၊ မရဏအထိ တောက် လျောက်လောင်ဖို့ သူ့တာဝန် ကျေပွန်လိုက်တဲ့ဖြစ်ခြင်းပါ၊ ကလလရေကြည် ပဋိသန္ဓေ စတည်ပြီးတာနဲ့ တပြိုင်နက် ဒီရုပ်တရားကို အိုသထက်အို ရင့်သထက်ရင့်အောင် လောင်ကျွမ်းလိုက်တဲ့ ဇရာရဲ့လက်ချက်ကြောင့် ရုပ်တရားကြီး အိုမင်းရင့်ရော်ပြီးလာရတယ်၊ တစ်နေ့ထက်တစ်နေ့ တစ်လထက်တစ်လ တစ်နှစ်ထက်တစ်နှစ် မသိမသာနဲ့တမျိုး သိသိ သာသာနဲ့တဖုံ အိုအိုလာကြတယ်၊ နေ့စဉ်နဲ့အမျှ မှန်မကြည့်တဲ့ရက်ရယ်လို့ မရှိကြ ပေမယ့် ဒီအိုရုပ်အိုပုံတွေ ဖောက်ပြန်ပြောင်းလဲ လာနေပုံကို သတိမရနိုင်ကြဘဲ ငါဟာ ဝပြီးတော့ပဲ လှပြီးတော့ပဲ လာနေရော့မလားလို့တောင် ကိုယ့်ကိုယ်ကို အထင်ကြီး တဲ့စိတ်တောင် ဖြစ် လိုက်သေး၊ ဇရာမီး လောင်မှန်းမသိကြလို့ ပျော်နိုင်ကြတာပေါ့၊ မြင်ရက်နဲ့ မသိကြ တာပါပဲ၊ ခန္ဓာကိုယ်ကို လက်နဲ့စမ်းသပ်ကြည့်လိုက်တိုင်း ပူပူနွေးနွေး ထိတွေ့ခံစား နေရတယ်ဆိုတာ တခြားဟုတ်ပါရိုးလား၊ အဲဒါ--ဇရာမီး --ဇရာမီးတဲ့ ဗျို့၊ ခန္ဓာကိုယ် အိုမင်းအောင် နေစဉ်နဲ့အမျှ တန်ဘိုးတွေကျ အိုပယ်ဘဝရောက် မရဏ နားကပ်သွားအောင် ဇွတ်အတင်း မောင်းနှင် ပို့ဆောင် နှိပ်စက်နေတာ ဒီဇရာမီးပဲ၊ သူ့ကိုမသိလို့မမုန်းင်ကြတာကို ဘုရားရှင်က ကရုဏာသက်မိရှာလွန်းလို့ ဖော်ပေးရ ဟောပေးရတာတောင် မသိမမြင်နိုင်တဲ့သူတွေကလဲ ရှိသေး၊ မသိမှုဆိုတဲ့ အဝိဇ္ဇာ အမှန်တရားကို ဖုံးလွှမ်း ထားမှုနဲ့ ဒဏ်ချက်က မသေးပါပဲလား။
မထင်ရှားတဲ့ ဇရာမီးချက်
ရုပ်တရားတွေရဲ့ အိုမှု ဇရာမီးလောင်ကျွမ်းမှုက သိလွယ်မြင်လွယ်ပါသေးတယ်၊ နာမ်တရားရဲ့အိုမှုကိုတော့ သိပ်ပြီးမထင်ရှားလှပါ၊ နာမ်တရားဆိုတာ ရုပ်တရားကိုချည်းမှီပြီး နေရပါတယ်၊ အရူပဗြဟ္မာတွေက လွဲလို့ပေါ့၊ ရုပ်တရားကြီး အိုမင်းရင့်ရော်လာတာနဲ့အမျှ သူ့ကိုမှီပြီးနေရတဲ့ နာမ်တရားတွေကလဲ လိုက်ပြီး အားနည်းနေရတော့တာပဲ၊ ဒါကို နာမ်တရား တွေနဲ့ အိုမင်းခြင်းတစ်မျိုးပဲဆိုရင် မမှားပါဘူး၊ ငယ်ငယ်တုံးက အသိဉာဏ်ပညာနဲ့အမှတ်သညာတွေကာင်းမွန်သွက်လက်ထိန်လက် တောက်ပြောင်ကြည်လင် ဖြတ်လတ်မှု ရှိသလောက် ဇရာမီးကြောင့် အသိဉာဏ်နဲ့ မှတ်ဉာဏ်တွေက ယိုယွင်းလာရပါတော့တယ်၊ အသစ်တွေကိုလဲ မကျက်မှတ်နိုင်တော့သလို အဟောင်းတွေကိုလဲ မမှတ်မိ မေ့ပစ်နေကြ တာက များပါတယ်။
ရုပ်တရား နာမ်တရားတွေ စတင်ဖြစ်ပေါ်လာခြင်းဟာ ဇာတိလို့ခေါ်ပြီး ချုပ်ပျောက် ခြင်း မရဏသို့ မရောက်မီ ကြားကာလ ခဏလေးလောက်မှာ ဇရာလို့ ခေါ်နိုင်ပါသေးတယ်၊ ဒီလိုနဲ့ပဲ ဖြစ် အို နာ သေ သံသရာ မပြတ်မစဲ လည်ပတ်ပြီး နေပါတော့တယ်၊ ဒီဖြစ် အို နာ သေ သံသရာမီးပုံကြီးဟာ ရဟန္တာတို့ရဲ့ စုတိစိတ်တိုင်အောင် မပြတ်တမ်း လောင်ကျွမ်းပြီးနေပေမှာပဲ၊ အဲဒီကနောက်မှ လောင်စာသိမ်း မီးငြိမ်းမှာ။
ရုပ်နာမ်တို့ရဲ့သဘာဝ ခဏတိုင်းမှာ ဇာတိ ဇရာ မရဏဆိုတာ ရှိမြဲပါ၊ ဇာတိအပြီး မရဏမရောက်ခင် ဇရာဆိုတာ ရှိနေတာပဲ၊ တနည်းအားဖြင့်ပြောရရင် ရုပ်နာမ်သဘာဝအရ ဖြစ်ပြီး ပျက်ရတာချည်းပဲ၊ မပျက်ခင်လေးမှာ ခဏမျှတည်ခြင်းသဘောဆိုတာ ရှိနေပါတယ်၊ ဖြစ် တည် ပျက်ပေါ့လေ၊ ခဏမျှတည်ပြီး မရဏမီးလက်တွင်း အပ်နှင်းကြရတာဖြစ်တော့ အဲဒီခဏမျှတည်နေခြင်း ဖြစ်ခြင်းဇာတိအပြီး ဇရာခဏကို ဇရာမီးလို့ပဲ ခေါ်ရပါတော့တယ်၊ ဇာတိမီးမရှိရင် ဇရာမီးမရှိနိုင်၊ ဇရာမီးမှ မရှိရင် မရဏမီးလဲ မရှိနိုင်ပါ၊ ပထမဇာတိမီးရှိလို့ ဒုတိယဇရာမီးထလောင်၊ ဒုတိယဇရာမီးရှိလို့သာ မရဏမီး ရှိကြတာပါ၊ ဒီလို ဇာတိ ဇရာ မရဏမီး ခဏမပြတ် လောင်မြိုက်နေတာကို ဝိပဿနာယောဂီများမှာသာ သိမြင် သဘောပေါက်နိုင်ပါတယ်၊ တကယ့် သာသနာတော်တွင်း တရားပါ၊ တကယ် ရှိတဲ့တရားကို အမှန်သိမြင်နိုင်ဖို့ ဝိပဿနာတရားကို အားထုတ်ကြပါစို့..။
---
၆၊ မရဏမီး
အပြီးသတ်ဖီစီး မရဏမီး
၃၁-ဘုံမှာ ရှိနေကြတဲ့ သတ္တဝါတွေဟာ ဇာတိဆိုတဲ့ ပဋိသန္ဓေ ရရှိလာလို့ကတော့ဖြင့် မရဏလို့ဆိုတဲ့ သေခြင်းတရားကို ရှောင်ပြေးလို့ မရတော့ပါဘူး၊ အနှေးနဲ့ အမြန် ရင်ဆိုင် ကြုံတွေ့ရမှာချည်းပဲ၊ အသက်ကြီးမှ အိုမှ နာမှ မဟုတ်ပါဘူး၊ ငယ်ငယ်ရွယ်ရွယ်နဲ့လဲ သေနိုင်သလို အမိဝမ်းမှာ နေစဉ်ကတည်းက လပိုင်း ရက်ပိုင်း နာရီပိုင်း မိနစ်ပိုင်း အတွင်းမှာတင်ပဲ သေခွင့် သေလမ်းက ရှိနေပါတယ်၊ များသောအားဖြင့် သတ္တဝါတွေရဲ့ ကံ အားလျှော်စွာ အသက်တိုရှည်နေကြရတယ်၊ လူ့ပြည်လူ့လောကမှာ နေရတာ ကြာညောင်း ခဲ့သလို စုဆောင်းထားခဲ့တဲ့ ပစ္စည်းတွေလဲ နည်းမှာ မဟုတ်ပါဘူး၊ ခင်သူ မင်သူ သံယောဇဉ် တွေကလဲ တပုံကြီးဆိုတော့ အဲဒါတွေကို အပြီးပိုင် စွန့်ခွာသွားရတော့မယ်ဆိုတော့ တရား ကသာ မကိန်းတည်ခဲ့ရင် နှလုံးအိမ်ထဲမှာ လောင်လိုက်မဲ့ မရဏမီးကများ ပြောမနေနဲ့တော့၊ မသေချင်ဘဲနဲ့ သေရတော့မဲ့သူအဖို့ ဒီမရဏမီး လောင်ကျွမ်းမှု ဒဏ်ချက်ဟာ အင်မတန်မှ ပြင်းထန်လှပါတယ်၊ အသေ တတ်အောင် ကျင့်ဆောင်အားထုတ် ပြုလုပ်ရမှာက ကြိုတင်ပြီး ဝိပဿနာ ပွားများအားထုတ်ခြင်းပါပဲ၊ အနေတတ်မှ အသေတတ်မှာပါ၊ အသေတတ်မှ အပါယ်လွတ် ငရဲမီးမှ ကျွတ်နိုင်မှာ။
ခဏမစဲ လောင်မြဲလောင်ပြီး ခဏိကမရဏမီး
တစ်သက်မှာ တစ်ခါ ကြုံတွေ့လာကြရတဲ့ သေခြင်းမရဏကိုတော့ လူတိုင်း သိမြင်နိုင်ကြပါတယ်၊ ခဏမစဲ သေလျက် သေချင်းထပ်အောင် လောင်မြှိုက်နေတာ ကိုတော့ ဖြင့် တရားအားမထုတ်သူများအဖို့ သိခွင့်မရနိုင်ပါ၊ တရားအားထုတ်နေတာတောင်မှ သိနိုင်တဲ့ ဉာဏ် အဆင့်အတန်းရောက်မှပဲ သိခွင့်ရနိုင်ကြမှာပါ၊ အဲဒီရုပ်နာမ်တရားတွေဟာ အကြောင်း ပြည့်စုံရင် မွေးဖွားဖြစ်ပေါ်လာပြီး ချက်ချင်းဆိုသလို မရဏပွဲ ဆင်နွှဲလိုက်ရပါတော့တယ်၊ ဒီလိုနဲ့ပဲ မွေးလာလိုက် သေသွားလိုက်၊ နောက်ထပ်မပြတ် မွေးလာလိုက် သေသွားလိုက်နဲ့ မွေးလာသမျှ ဖြစ်ပေါ်လာသမျှ မရဏမှာ လမ်းဆုံးတာချည်းပဲ၊ ဒါကြောင့်မို့လို့ သေခြင်းဆိုတဲ့ မရဏမီးဟာ မပြတ်ဒလစပ် တဖြတ်ဖြတ်နဲ့ လောင်လို့ မဆုံးနိုင်အောင်ပါပဲ၊ အမှန်တရားကို မသိကြလို့သာ လူရဲ့ရုပ်နာမ်ခန္ဓာကို ရချင်သူက ရချင်၊ နတ်တွေရဲ့ရုပ်နာမ်၊ ဗြဟ္မာ တို့ရဲ့ရုပ် နာမ်ခန္ဓာကို ရချင် လိုချင်ကြပြီးတော့ ကုသိုလ်ကောင်းမှုတွေကို ပြုလို့ ဆုတောင်းလိုက်ကြ အားထုတ်လိုက်ကြနဲ့ ဘဝသံသရာမှာ မရဏမီးပုံနဲ့ချည်း ကြုံတွေ့နေကြရတယ်၊ ဘယ်ဘုံ ဘယ်ဘဝကိုပဲ ရောက်ရောက် မရဏမီး အလောင်မခံရတယ်ရယ်လို့ ရှိကို မရှိပါဘူး။
ဖြစ်ပေါ်လာတဲ့ ရုပ်နာမ်တရားတွေဟာ ချက်ချင်းခဏ မရဏမှာ လမ်းဆုံးကြ ရတယ်ဆိုတာ ဗုဒ္ဓမြတ်စွာဘုရား ဖော်ပြလို့သာ သိခွင့်ရကြတာပါ၊ သာသနာပ အချိန်ခါ ကာလမှာ ဒီအသိမျိုး မရရှိနိုင်ပါ၊ တကယ့်သာသနာတော်တွင်း တရားဖြစ်ပါတယ်၊ ဒါကြောင့် အဲဒီအသိအမြင်မျိုး ရရှိကြမှပဲ မိမိတို့လဲ သာသနာတော်တွင်းသားတွေဖြစ်ပြီး သာသနာ တော်နဲ့ ကြုံတွေ့ရကျိုးနပ်မယ်၊ ကြုံတွေ့ရကျိုးနပ်အောင် ဝိပဿနာတရား ဘာဝနာတွေ ပွားများအားထုတ်လို့ ရုပ်နာမ်တွေရဲ့ ဖြစ်ပြီးပျက်မြဲ ခဏမစဲ သေသေနေရတဲ့သဘောကို သိမြင် သိမြင်သွားပြီးတော့ကာ ဆိုင်ရာဆိုင်ရာ ကိလေသာတွေလဲ ခဏသေ တော်တော် ကြာကြာသေအဆင့်ကနေ အမြစ်ပြတ်သေတဲ့အထိ ပွားများအားထုတ်ကြပါကုန်စို့လား ….။
၇၊ သောကမီး
သောကမီးလျှံ အဖန်ဖန် အဆက်ဆက် လောင်မြဲလောင်လျက်
မရဏမီးအကြောင်း တစေ့တစောင်း တင်ပြဆွေးနွေးပြီးတဲ့နောက်မှာ သောကမီးလျှံအကြောင်း ဆက်ပြီးတင်ပြလိုပါတယ်၊ လူရယ်လို့ ဖြစ်လာကြရင် သောကတရားဆိုတာ အနည်းနဲ့အများဆိုသလို ဖြစ်တတ်ကြပါတယ်၊ သို့သော် တရားဘာဝနာ ပွားများအားထုတ်လို့ အနာဂါမ်အဆင့် ရောက်သွားကြရင်တော့ သောကဆိုတာ လုံးဝမရှိတော့ပါဘူး၊ ပြီးတော့တခါ တရားဘာဝနာပွားများအားထုတ်လို့ ဈာန်တရားတွေ ရရှိပြီး သေသွားတဲ့အခါမှာ ဗြဟ္မာဘုံကိုရောက်ရှိကြပါတယ်၊ ရရှိထားတဲ့ ဈာန်တရားအဆင့်အတန်း အားလျှော်စွာ သက်ဆိုင်ရာ ဗြဟ္မာဘုံတွေမှာ သွားရောက်ပြီး ပဋိသန္ဓေနေကြရတဲ့ ဗြဟ္မာတွေမှာလဲ သောကတရား လုံးဝ မရှိကြပေဘူး။
စိုးရိမ်ခြင်းလို့ဆိုတဲ့ ဒီသောကတရားဟာ ကြီးငယ်မရွေး ပုဂ္ဂိုလ်တိုင်းမှာ ဖြစ်တတ်ကြပါတယ်၊ စိတ်ဓာတ်ခိုင်မာမှုရှိသူ၊ ကောင်းသောတွေးခေါ် မြော်မြင်မှုရှိသူ၊ တရားနှလုံးသွင်းမှုရှိသူနဲ့ ဘာဝနာတရား ရှုမှတ်မှုရှိသူတွေမှာတော့ သောကတရားအဖြစ်နည်း ဖွယ်ရှိပါတယ်၊ ခလေးဘဝမှာလဲ ခလေးအလျှောက် သူများတွေလို မစားရ, မဝတ်ရ, မပျော်ပါးရမှာကို တွေးပြီး ပူပန်မှု စိုးရိမ်မှုဆိုတဲ့ သောက်မီးက လောင်ပြီးနေတာပဲ၊ ဆယ်ကျော်သက်ရွယ်ရောက်လာပြန်တော့ ပညာရေးအတွက် စာမေးပွဲအတွက် ဝတ်ရေး စာရေးအတွက် စိုးရိမ်ပူပန်မှုတွေ ရှိလာရပြန်ပါတယ်။
လူငယ်ဘဝ မီးသောက
အပျို လူပျိုဘဝ ရောက်လာကျပြန်တော့ သမီးရည်းစားနဲ့ ပတ်သက်ပြီး သောကမီးတွေ တိုးပြီး အလောင်ခံကြရ၊ တစ်ယောက်မကောင်း တစ်ယောက်ပြောင်းနဲ့ ဆန္ဒပြည့်နိုးနိုးနဲ့ တကယ့်လက်တွေ့မှာတော့ စိုးရိမ်မှု သောကမီးကန်တော့ လောင်မြဲလောင် လျက်ပါပဲ။
ပညာရေးနဲ့ပတ်သက်ပြန်တော့လဲ စာမေးပွဲအောင်မှ အောင်ပါ့မလား၊ လိုချင် တဲ့အောင်မှတ် ရမှရပါ့မလား၊ လိုချင်တဲ့ကျောင်းကို တက်ရောက်နိုင်ခွင့် ရမှရပါ့မလား၊ သက်ဆိုင်ရာ နာမည်ကြီး အကယ်ဒမီကျောင်း တက္ကသိုလ်တွေက ကိုယ့်ကိုလက်ခံပါ့မလား စသဖြင့် စိတ်ကူးကြံစည်ပြီး ပူပန်ရတဲ့အကြိမ်နဲ့ အချိန်တွေကလဲ နည်းမှာ မဟုတ်ပါဘူး။
လိုချင်တဲ့ကျောင်းကို တက်ရောက်နိုင်ဖို့ ငွေကြေး အထောက်အပံ့ ရရှိနိုင်ပါ့မလား စသဖြင့် ပူပန်ရတာကလဲ တမျိုး၊ ဒီကြားထဲမှာ မိသားစုရဲ့ စီးပွားရေး အလုပ်အကိုင် ပြေ လည်မှု သိပ်မရှိလှတာကို သိရ မြင်ရလို့ ကိုယ့်ရဲ့အနာဂတ် ပညာရေး စီမံကိန်းတွေ မအောင် မြင်မှာကို တွေးပူပြီး နေရတာလဲ ရှိသေး၊ တချို့ကများဆိုရင် မိသားစုတွင်းရဲ့ဆက်ဆံရေး မိသားစုရဲ့အိမ်ထောင်ရေးအခြေအနေ ပြေလည်မှု မရှိလို့ ကတောက်ကဆ ဖြစ်နေကြတာကို တွေ့ရမြင်ရ ကြားရပြန်တော့ နေ့စဉ်ဆိုသလို စိုးရိမ်မှု ပူပန်မှုဆိုတဲ့ သောကမီး ဖီစီး လောင် ကျွမ်းခံရလို့ စိတ်ဓာတ်အကြီးအကျယ်ကျ နွမ်းလျပိန်ခြုံ လူလုံးမလှ ဖြစ်ကြရသူတွေအဖို့ ကရုဏာ သက်စရာ အင်မတန်မှ ကောင်းလှပါတော့တယ်။
အိမ်ထောင်သည်တို့ဘဝ မီးသောက
အိမ်ထောင်လျက်သားကျသွားပြန်တော့ တစ်ဦးအပေါ်တစ်ဦး သံယောဇဉ်ကြီး လွန်း လှပြီး စိတ်မချတဲ့စိတ် ဝန်တိုစိတ်တွေက ဝင်လာပြန်တော့ သောကမီး လောင်ခံရပြန်ပြီ၊ တကယ်လို့များ တစ်ဦးတစ်ယောက်က အိမ်ထောင်ရေး ဖောက်ပြားမှုဖြစ် ဒီပြင်လူ တစ်ဦးဦးနဲ့ တွဲသွားလိုက်ပြီဆိုမှဖြင့် ကျန်တစ်ဦးမှာ ဘယ်လောက်အထိ စိတ်ဓာတ်ထိခိုက် အပူရိုက် လိမ့်မလဲဆိုတာ မှန်းဆကြည့်လို့ သိနိုင်ပါတယ်။
အိမ်ထောင်ကျလို့ သားသမီးတွေ ရရှိလာကြတဲ့အခါ တစ်ပူပေါ် နှစ်ပူဆင့် ဆိုသလို သားသမီးတွေရဲ့ စားဝတ်နေရေး ကျန်းမာရေး ပညာရေး အနာဂတ်ရေး တွေအတွက် ဘဝပေးတာဝန်အရ ပူပန်ရတာကလဲ ရှိသေးတယ်၊ ကံကောင်းလို့ သားကောင်း သမီးကောင်း တွေ ရရှိတာ ဖြစ်ကြပေမယ့် မတော်လို့များ သားသမီးတို့ခမျာ မကောင်းတဲ့သူတွေနဲ့ ပေါင်းလို့ မကောင်းတဲ့ ပတ်ဝန်းကျင်နဲ့ပါသွားရင်တော့ ဒုက္ခပဲဆိုပြီး စိတ်ကူးစဉ်းစားလိုက်တိုင်း ပူပန် သောက ဖြစ်ကြရတယ်ဆိုတာကလဲ ဓမ္မတာလိုပါပဲ။
ကံမကောင်းလို့ သားဆိုးသမီးဆိုးတွေကို ရရှိလာကြတဲ့ မိဘများမှာဆိုရင် နေ့စဉ်နဲ့အမျှ ပူပင်သောကတွေဖြစ်ရလို့ သားသမီးတွေ နှိပ်စက်လို့ နွမ်းချုံကျတဲ့မိဘတွေမှာ ငရဲနဲ့ သိပ်မခြားတော့ပါဘူး၊ မူးယစ်ဆေးဝါးစွဲတဲ့ သားသမီး၊ သတ်မှုဖြတ်မှု ခိုးမှု လိမ်မှု ကောက်မှုတွေနဲ့ ကျင်လည်ပြီး နေထိုင်ကြတဲ့ သားသမီးများ၊ လိင်မှုဆိုင်ရာတွေနဲ့ ဖောက်ပြား ကျူးလွန်မှု ရှိနေကြတဲ့ သားသမီးများတွေအတွက် မိဘများမှာ မျက်နှာပူရ၊ ရှက်ရ၊ မျက်နှာ ငယ်ရ၊ ငွေကြေးကုန်ကျဖြစ်ရတာနဲ့ပဲ လုံးလည်လိုက်ပြီး သောကမီး လောင်ကျွမ်းခံရတဲ့ မိဘဖြစ်သူများအတွက် ‘‘ဆော်ရီးပဲ’’ လို့ပဲ ပြောရပါတော့မယ်။
ဒုတိယအရွယ်မှာ စီးပွားရှာ အလုပ်လုပ် မိသားစုများရဲ့ ဝန်ထုပ်ကို ထမ်းဆောင်ကြရတယ်၊ မိဘများဖြစ်သူတို့ရဲ တာဝန်ဝတ္တရားအရ သားသမီးများရဲ့ စားဝတ် နေရေး ကျန်းမာရေး ပညာရေး အနာဂတ်ရေးအတွက် နေစဉ်နဲ့အမျှ ပူကြရတယ်၊ မိမိတို့ရဲ့ အလုပ်အကိုင် ရာထူးဌာနန္တရ စီးပွားရေးတွေဟာ မြဲမှ မြဲပါ့မလား၊ မမျှော်လင့်ဘဲ တစ်စုံတစ်ခု တစ်မျိုးတစ်ဖုံ ဖြစ်သွားလိုက်ကာမှဖြင့် ခက်ရချည်ရဲ့လို့ ပူပင်သောက ဖြစ်ကြရတာလဲ ဓမ္မတာပါ၊ သားသမီးတွေ ပြောစကား နားမထောင်၊ ဆိုးတဲ့ အပေါင်းအသင်းတွေ နောက်လိုက်ပြီး ပြည်သူတွေရဲ့ချဉ်ဖတ်ဖြစ်၊ ရာဇဝတ်မှုတွေ ကျူးလွန်ပြီး ဘဝပျက်သွားမှာကိုလွန်စွာမှစိုးရိမ်ကြရပါတယ်၊ ပြောလာသမျှတွေဟာ သောကမီးတွေ လောင်ခံနေရခြင်းပါပဲ။
အသက်အရွယ်တွေက အိုမင်းလာ ကျန်းမာရေးကလဲ ခါတိုင်းနဲ့မတူတော့ဘဲ ချို့ယွင်းလာပြီဆိုမှဖြင့် မိမိတိုရဲ့ နောင်ရေးအတွက် ပူပန်ရတာက တစ်မျိုး သားသမီးနဲ့ ချစ်သူခင်သူတွေအတွက် ပူပင်သောက စိတ်မချရတာက တစ်ဖုံ သေခါနီးအချိန်တိုင်အောင် သောက်မီးလောင်ရင်းနဲ့ သေသွားကြရသူတွေလဲ နည်းမှာ မဟုတ်ပါဘူး။
သောကမီးလျှံ ငြိမ်းသတ်ရန်
သောကမီး အလောင်ခံရတာ ချစ်ခင်မှု တွယ်တာမှု စွဲလမ်းမှု ရချင်မှု ဖြစ်ချင်မှုဆိုတဲ့ သမုဒယကြောင့် ဖြစ်ရတာလို့ ဘုရားရှင်က ဟောခဲ့ပါတယ်၊ သိပ်ပြီး မှန်ကန်လှပါတယ်၊ ဒီတော့ကာ သောကမီးငြိမ်းသွားအောင် နောက်ထပ် မလောင်ရအောင် အကြောင်းဖြစ်တဲ့ သမုဒယကို အရှိန်ကျအောင် ကြိုးစားပြီးပြုရတော့မှာ ဖြစ်သလို အပြတ်ပယ်သတ် နိုင်အောင် လဲ ကြိုးစားရတော့မှာပဲ။
မိမိတို့ရဲ့အဆင့်အတန်း အသက်အရွယ် အလုပ်အကိုင် အားလျှော်စွာ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြုလုပ်ဖို့က မိမိတို့ရဲ့တာဝန်ပါ၊ ရရှိလာမဲ့ အကျိုးတရားရဲ့ အနည်းအများအပေါ် ကြိုတင်ပြီ ပူပန်ရသလို တကယ့်လက်တွေ့မှာ မြင်ချင်မှလဲ ဖြစ်မှာ၊ ကောင်းလိမ့်မှာ မဟုတ်ဘူးလို့ ထင်ထားပေမယ့် ကောင်းချင်ကောင်းနေမှာပါ၊ အရှုံးပေါ် လိုက်မယ်လို့ ထင်မြင်ထားပေမဲ့ အမြတ်ထွက်ချင် ထွက်လာလိမ့်မယ်၊ ဒီလိုပါပဲ မိမိတို့က အဆိုးထင်ထားပေမဲ့ တကယ့်လက်တွေ့မှာ မယုံနိုင်လောက်အောင် ကောင်းချင်ကောင်းနေမှာ၊ ဒါ့ကြောင့် မရေရာ မသေချာတဲ့ အနာဂတ်ရေးအတွက် ကြိုတင်တွေးပြီး ပူဆွေးရတာက တော့ဖြင့် သဘာဝမကျသလို ဖြစ်နေပါတယ်၊ တန်ဘိုးရှိတဲ့အချိန်ကို ပူပန်မှုနဲ့ အချိန်ဖြုန်း ပစ်တာကန်တော့ဖြင့် နှမြောဖို့ အင်မတန် ကောင်းလှပါတယ်။
တကယ်တော့ အနာဂတ်ရေးကို တွေးပြီး ပူပန်နေခြင်းထက် ပစ္စုပ္ပန်မှာ မိမိတို့ ရဲ့ ကိုယ်အား ဉာဏ်အား ပစ္စည်းအား အချိန်အား အခွင့်ရေးအား ရှိသမျှ အိတ်သွန် ဖာမှောက် ကြိုးစားပြီး ပြုလုပ်နေထိုင်ပေးရပါ့မယ်၊ ခြေချော် လက်ချော်ဖြစ်သွားတာကလွဲလို့၊ ဝဋ်ကြွေး ကံကျွေးရှိတာက လွဲလို့ မအောင်မြင်နိုင်စရာ အကြောင်းမရှိပါဘူး၊ ပညာရေးဆိုလဲ ပညာရေး အလျှောက် အထွဋ်အထိပ်ရောက် အောင်မြင်မှုတွေ ရသွားမှာပဲ၊ စီးပွားရေးဆိုလဲ စီးပွားရေး အလျှောက် အောင်မြင်မှုတွေ အဆင့်ဆင့် ရရှိသွားမှာပဲ၊ လူမှုရေး နိုင်ငံရေးနဲ့ ပတ်သက်ပြီး တော့လဲပဲ အောင်မြင်မှုတွေရ ဆန္ဒတွေ ပြည့်ဝလို့ နေပေမှာပဲ၊ ကြိုတင်ပြီး ပူပန်သောက မဖြစ်သင့်လှတာ အမှန်ပါ၊ တွေးထားတဲ့အတိုင်း မှန်းခြေနဲ့ မကိုက်ဖြစ်ခဲ့သည်ရှိသော် တရားသဘောနဲ့ ဖြေလိုက်ရုံပဲ၊ လောကကြီးမှာ ခိုင်တယ်မြဲတယ်ရယ်လို့ ဘာတစ်ခုမှ မရှိပါဘူး၊ ဆန္ဒရှိတိုင်း ကိုယ်စိုးကိုယ်ပိုင် လုပ်နိုင်တဲ့သဘော မရှိတာလဲ လောကရဲ့ ဓမ္မတာပါပဲ၊ ကိုယ့်ဘဝအတွက် မငဲ့ကွက်ဘဲ အများအတွက်ကိုချည်း တွေးပြီး ပူနေလို့ကလဲ ဟန်မကျသေးပါဘူး၊ သားသမီးစတဲ့သူတို့တတွေမှာ ကောင်းတဲ့ကံတွေလဲ ပါရှိလာကြသလို နေ့စဉ်နဲ့အမျှ ကြီးပြင်းလာ အတွေ့အကြုံတွေလဲ ရင့်ကျက်ကြွယ်ဝလာနေတာဖြစ်လို့ သူ့ကိုယ် သူ့ဘဝ ထိန်းကျောင်းနိုင် ရပ်တည်နိုင်တဲ့ စွမ်းရည်သတ္တိ လုံ့လဝီရိယတွေလဲ ရှိနေကြပါတယ်၊ ဒုက္ခိတတွေ မဟုတ်ကြပါ၊ ဒါကြောင့် အချောင်ပူ အကုသိုလ်မယူဘဲ နေနိုင်ကြရင်တော့ သိပ်ကောင်းမှာပဲ။
ဖူးစာရေစက် ပါရမီဖြည့်ဖက်နဲ့ ပတ်သက်ပြီးတော့လဲ ထိုနည်း၄င်းပဲ၊ မိမိတို့ရဲ့ ဘဝအဆင့်အတန်း မြင့်သထက်မြင့်အောင် မြှင့်တင်ပေးဖို့သာ လိုပါတယ်၊ မိမိရဲ့ စိတ်နေ သဘောထားကလဲ ကောင်းမွန်မြင့်မြတ်၊ နှလုံးသားမှာလဲ တရားဓမ္မကိန်းဝပ်လို့ ပညာရေးဖက် မှာလဲ အထက်တန်းကျ၊ သူ့တကာတွေနဲ့ တန်းသူ ရှိနေမှတော့ မိမိနဲ့ထပ်တူ ညီမျှတဲ့သူနဲ့ပဲ တွေ့ရ တွဲရဖို့ပဲ ရှိတော့မှာပေါ့၊ မိမိကသာ အောက်တန်းကျ ပေါ့ပေါ့ဆဆ လွယ်လွယ်နဲ့ပဲ နေတတ်စားတတ်ပြီး အနာဂတ် ရည်ရွယ်ချက်ပန်းတိုင်ရယ်လို့ ခိုင်ခိုင်မာမာ သတ်သတ် မှတ်မှတ် မရှိခဲ့ရင်တော့ စိတ်ဓာတ်ပျော့ညံ့ အောက်တန်းကျတဲ့သူနဲ့ပဲ တွေ့ရဖို့များပါလိမ့်မယ်၊ ဒါဟာ လောကတံတွာ ဓမ္မတာပါ၊ ဘဝမှာ မှန်းခြေနဲ့ မကိုက် ကြုံကြိုက်ခဲ့သည်ရှိသော် အတိတ်က ဖြစ်ရပ်တွေကနေ တစ်ဆင့် သင်ခဏ်းစာယူ၊ ပြုပြင်သင့်တာပြုပြင်၊ တရားသဘော နဲ့ ဆင်ခြင်ကုစား၊ သောကမီးပွား ငြိမ်းပြီးသွားပေမှာပဲ၊ တရားဖက်တော့ အမျက်ပြေ သောက တွေ ငြိမ်းအေးသွားမှာပါ။
ပျက်စီးခြင်းအဝဝနဲ့ကြုံ သောကမီးတဟုန်ဟုန်
များသောအားဖြင့် ပျက်စီးခြင်းတရားတွေနဲ့ တွေ့ကြုံရတဲ့အခါမှာ သောကတရား ဆိုတာ ဖြစ်ကြရတယ်၊ ဆိုကြပါစို့၊ မိသားစု ဆွေမျိုးသားချင်းနဲ့ ချစ်သူ ခင်သူတွေထဲက တစ်ဦးတစ်ယောက် ဆုံးပါးသွားရတဲ့အချိန်အခါမျိုးမှာ နှလုံးသားမှာ တရားမရှိ နေမိလို့ကန်တော့ သောကမီး အကြီးအကျယ် ငြိတွယ်လောင်ခံရတော့တာပဲ။
ဒါမှမဟုတ် မိမိတို့ စုဆောင်းရှာဖွေထားတဲ့ ဝတ္ထုပစ္စည်းတွေ သက်ဆိုင်ရာ အာဏာပိုင်တွေက သိမ်းယူသွားလို့ပဲဖြစ်ဖြစ်၊ သူခိုး ဓားပြတွေ လာရောက်လုယူ ဖျက်ဆီး သွားလို့ပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် မီးလောင်ကျွမ်းလို့၊ လေမုန်တိုင်း တိုက်ခိုက်လို့၊ ရေကြီး တိုက်စား မျောပါသွားလို့၊ မြေငလျင်လှုပ်လို့ စသဖြင့် သဘာဝဘေးဒဏ် ရန်မာရ် အန္တရာယ် တွေနဲ့ တွေ့ကြုံလိုက်ရလို့ စည်းစိမ်ဥစ္စာ အိမ်ရာခြံမြေ အထွေထွေတို့ လက်လွှတ်ဆုံးရှုံး သွားကြရတဲ့ အခါမျိုးမှာလဲ သောကမီးရဲ့ဒဏ်ချက် မသက်မသာ ခံစားကြရပါတယ်။
ဒါ့အပြင် မိမိတို့ ရရှိနေတဲ့ လုပ်ကိုင်နေရတဲ့ ရာထူး ဌာနန္တရ အားလျှော်စွာ ဝင်ငွေကောင်းကောင်း လခကောင်းကောင်းနဲ့ ရှိနေရာကနေပြီး မမျှော်လင့်ဘဲနဲ့ အလုပ် တွေပြုတ် လခကောင်းကောင်း ဝင်ငွေကောင်းကောင်း ရရှိနေရာကနေ တစ်ပြားတစ်ချပ်မှ မရရှိတော့ပဲ ဝင်ငွေတွေ အကြီးအကျယ် လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့အခါမှာလဲ သောကမီး ဒဏ် ဘယ်လောက်ထိ ခံကြရမယ်ဆိုတာ ကိုယ်ချင်းစာကြည့် သိနိုင်ပါတယ်။
တချို့များကျတော့ ပြင်ပဗဟိဒ္ဓ သဘာဝ ဘေးဒဏ်ကြောင့် မဟုတ်ဘဲ မိမိတို့ မွေးထားတဲ့ သားဆိုးသမီးဆိုးတွေရဲ့ မလိမ္မာ ယုတ်မာ အကျင့်ပျက်မှုတွေကြောင့် နှစ်ပေါင်း များစွာ အစဉ်အဆက် စုဆောင်းသိမ်းဆည်း ရရှိထားတဲ့ အမွှေအနှစ်တွေ တဖြည်းဖြည်းနဲ့ လျော့ပါး ကုန်ဆုံးသွားရတဲ့ သူများအဖို့ ပူပင်သောက ဖြစ်ကြရတာချည်းပဲ။
တချို့များကဆိုရင် ကျန်းမာရေးကောင်းရာကနေပြီးတော့ မမျှော်လင့်ဘဲနဲ့ အသက်ကိုပင် အန္တရာယ်ပြုနိုင်တဲ့ ရောဂါတစ်ခုခု ရရှိနေပြီး လပိုင်း နှစ်ပိုင်းလောက်သာ ခံတော့မယ်လို့ သိလိုက်ရတဲ့ အချိန်ကစပြီး လူနာတို့ခမြာ ဘယ်လောက်ထိ သောက တရားဖြစ်ပွားကြရတယ်ဆိုတာ ကိုယ်ချင်းစာတရားဖြင့် သိနိုင်တဲ့ အရာတွေပါပဲ။
ကုစားလို့ မရနိုင်တဲ့ ရောဂါဖြစ်နေလို့ မကြာတော့တဲ့ အချိန်ကာလမှာ မိမိတို့ နှစ်သက်မြတ်နိုးလှတဲ့ ပစ္စည်းတွေကိုရော မိသားစု ဆွေမျိုး မိတ်သင်္ဂဟတွေ အားလုံးကိုပါ ခွဲခွာပြီး သွားရတော့မယ်ဆိုတော့ ပူပင်သောက မဖြစ်ဖို့ဆိုတာ ဘုရားပေးတဲ့ ဓမ္မဆေးကို တိုက်ကျွေး သုံးဆောင် မှီဝဲခြင်းမှတပါး တခြားဆေးဆိုလို့ မရှိတော့တာ အမှန်ပါ။
ဖြတ်လမ်းနဲ့ ချမ်းသာချင်သူတွေ၊ မိမိတို့ရဲ့ စိတ်ဆန္ဒ တဏှာလောဘကို မထိန်း နိုင်တဲ့ သူတွေမှာလဲ ပစ္စုပ္ပန် ကောင်းစားရေး တဒင်္ဂ တစ်ခဏမျှ သာယာရေးမျှ လောက်ကိုသာ ကြည့်ပြီး သနားညှာတာမှုကင်း သူ့အသက်ကို သတ်၊ သူပိုင်ဥစ္စာကို ခိုးယူ လုယက်၊ သူတပါး အိမ်ရာ သားသမီးများကို ဖျက်လိုဖျက်ဆီးပြု၊ မဟုတ်မမှန်တာတွေ ပြောဆိုပြီး ကိုယ်ကျိုး အတ္တအတွက် မတရားရယူ၊ မူးယစ်ဆေးဝါးတွေ သောက်သုံးမှီဝဲ ရောင်းဝယ်ဖောက်ကား စီးပွားရှာ စသဖြင့် ဥပဒေလမ်းကြောင်းကနေ ဖီလာဆန့်ကျင်မှုတွေလုပ် ဘုရားမကြိုက်တဲ့ အလုပ်တွေကို လုပ်မိလို့ ကိုယ်ကျင့်သီလတွေ အကြီးအကျယ် ပျက်စီးကုန်ပြီဆိုမှဖြင့် တသက် လုံး သောကမီး ဟုန်းဟုန်းတောက်တော့တာပါပဲ။
စဉ်းစားသာ ကြည့်ပါတော့၊ ဥပဒေလမ်းကြောင်းကနေ ဖီလာဆန့်ကျင် ပြုလုပ်နေတာဖြစ်လို့ တစ်နေ့တစ်ချိန်မှာ ဥပဒေလမ်းကြောင်းအရ အရေးယူခံရလိမ့်မယ်ဆိုပြီး ပူနေရမှာပဲ၊ လူ့ဘုံအလယ်မှာ မျက်နှာပြဖို့ဆိုတာ မဝံ့မရဲ သောကမီး လောင်မြဲလောင်လျက်ပဲ၊ ဒါတင်ဘယ်ကအုးံမလဲ၊ ကိုယ်ကျင့်သီလ လုံးဝပျက်စီးသွားပြီဖြစ်လို့ သေသွားရင်တောင် လူ့ဘောင်ပြန်ရောက်ဖို့ မရှိ အပါယ်ဒုဂ္ဂတိဆီကို တန်းပြီးသွားရအုံးတော့မယ်လို့ သိထားတဲ့ အတိုင်း ဘဝတစ်သက်တာမှာ နောက်ဆုံး ဘဝနိဂုံး အဆုံးသတ် အသက်ရှု ရပ်သွားတဲ့ အချိန်ထိ သောကမီးကန်တော့ မပြတ်လောင်နေမှာပါပဲ၊ အဲဒီလိုနဲ့ ကိုယ်ကျင့်တရားတွေ ပျက်စီး လောဘမီးတွေ မပြတ်လောင် နောင်ဘဝမှာလဲ ငရဲမီးဆက်လောင်ဖို့သာ ရှိတော့တယ် ဆိုတာ မြေကြီးလက်ခတ် မလွဲတော့ပါဘူး၊ ကြောက်စရာကြီးပါပဲလား။
တချို့သောသူတွေမှာ ခေတ်မီတဲ့ လူတစ်ယောက်အနေ မိမိကိုယ့်ကိုယ်ကို ထင်မှတ်ပြီး ဘုရားရဲ့တရားတော်တွေကိုလဲ မယုံကြည်ချင်၊ ရုပ်ဝါဒကို အလေးပေး စဉ်းစား၊ မဟုတ် မတရားတာတွေကို လျှောက်တွေး၊ ကုသိုလ်ကံ အကုသိုလ်ကံရဲ့အကျိုးတရားတွေကိုလဲ မယုံကြည်၊ နောင်ဘဝဆိုတာ မရှိ၊ မိဘဂုဏ်ကျေးဇူးရှိတယ်ဆိုတာကိုလဲ လက်မခံချင်၊ ငရဲ မရှိ၊ နတ်ပြည် မရှိ၊ လုပ်ချင်တာလုပ် ဘာအပြစ်မှ မရှိ စသဖြင့် အတွေးအခေါ် အယူအဆ ဒဿန အမြင်တွေက ဖောက်ပြန်ပျက်စီး အန္တရာယ်ကြီးလှတဲ့ အဲဒီအမြင်အတွေး ရှိနေသူ တို့မှာ ပြုသမျှ ပြောသမျှ ကြံသမျှတွေဟာ ဥပဒေလမ်းကြောင်း ဓမ္မလမ်းကြောင်းကနေ သွေဖီ သွား နေပြီဖြစ်လို့ သူတို့ရဲ့ဘဝမှာ တနေ့တစ်ချိန်မှာ သောကမီးဒဏ် အလောင်ခံရဖို့ စာချုပ် ထားပြီးသလို ဖြစ်နေပါပြီ၊ ဒီဘဝမှာ သောကမီးဒဏ် နောင်ဘဝမှာ ငရဲမီးလျှံ ခါးတောင်းကြိုက် ခံဖို့သာ ပြင်ကြရတော့မလို ဖြစ်နေပါပေါ့လား။
သောကမီးကင်းဝေး နေနိုင်ရေး
အထက်ပါ တင်ပြလာခဲ့တဲ့အတိုင်း မိဘဆွေမျိုးတွေ ပျက်စီးလို့၊ စည်းစိမ်ဥစ္စာတွေ ပျက်စီးလို့၊ ကျန်းမာရေး ပျက်စီးလို့၊ ကိုယ်ကျင့်သီလတွေ ပျက်စီးလို့၊ အယူအဆ အတွေး အခေါ်တွေ လမ်းချော် ပျက်စီးလို့ သောကမီးလျှံ အလောင်မခံရလေအောင် မည်သို့ကျင့် ဆောင် ကာကွယ် ရှောင်တိမ်းရမယ်ဆိုတာနဲ့ ပတ်သက်ပြီး တင်ပြဆွေးနွေးလိုပါတယ်၊ မိသားစု ဆွေမျိုး မိတ်သင်္ဂဟတွေထဲက တစ်ဦးတစ်ယောက် ပျက်စီးဆုံးရှုံးလိုက်ရတဲ့အခါမှာ သောကမီး မလောင်ကျွမ်းဖို့ နှလုံးသွင်း မှန်ကန်ဖို့ လိုပါတယ်၊ နဂိုကတည်းက ဘာဝနာတရား ရှုမှတ်ပွားများထားလို့ မမြဲဆင်းရဲ အစိုးမရတဲ့သဘောကို ကောင်းကောင်း သိမြင်သဘော ပေါက်ထားပြီးဆိုရင်တော့ အကောင်းဆုံး ဖြစ်ပေမှာပဲ။
လောကကြီးမှာ ဇာတိရလာကြသူတွေမှန်သမျှ သေမျိုးတွေချည်းပဲ၊ ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာတွေက စပြီး မိမိတို့ရဲ့ ဘိုးဘွားဘေဘင်တွေအားလုံးဟာ သေမျိုး တွေမို့လို့ ဒီလမ်း ဒီစခန်းကို သွားကြရတယ်၊ မိမိတို့ ကိုယ်၌ကလဲပဲ ဒီလမ်း ဒီစခန်းအတိုင်း သွားကြရအုံးမှာပဲဆိုတာ သေချာနေပါတယ်၊ အနီးနဲ့ အဝေး၊ အနှေးနဲ့ အမြန်လောက်သာ ကွာကြမှာပါ၊ မွေးလာတဲ့ သူတွေမှန်သမျှ သေရမှာချည်းဖြစ်နေတော့ ပူပင်သောက ဖြစ်နေလို့ ဘာအကျိုးတရား တစ်စုံတစ်ရာမှ မရရှိနိုင်တာ အမှန်ပါ၊ တစ်ပူပေါ် နှစ်ပူ မဆင့်ဖို့ နှလုံးသွင်းမှန်ရပါ့မယ်၊ ဖြစ်ပေါ်လာသမျှ ရုပ်နာမ်ဓမ္မ သင်္ခါရတရား သက်ရှိသက်မဲ့ အရာမှန် သမျှတွေဟာ မမြဲဘူး၊ နောက်ဆုံးမှာ ကုန်ဆုံးချုပ်ပျောက်သွားရတာချည်းပဲ၊ မိမိတို့အလို အကြိုက် စီမံခန့်ခွဲ ပြုပြင်ညွှန်းကြာအစိုးရနိုင်တဲ့ သဘော လုံးဝ မရှိပါ၊ အဲဒီအမှန်တရားကို မိမိတို့က လက်ခံသိမြင် နှလုံးသွင်း ဆင်ခြင်လိုက်နိုင်မယ်ဆိုရင် သေဆုံးလေသူအတွက် ရတက်မအေး ပူဆွေးသောက ကင်းပလျော့နည်းသွားပေလိမ့်မယ်ဆိုတာ ကိုယ်တွေ့တွေ ဖြစ်သွားကြမှာပါ။
စည်းစိမ်ဥစ္စာ ရတနာရွှေငွေ အထွေထွေတို့ လက်လွှတ်ဆုံးရှုံးရလို့ ပူပန်သောက ဖြစ်ရတယ်ဆိုတာ ဘာအကျိုးတရားမှ ပေါ်ထွက်မလာပါ၊ သောကမီးပွား အကုသိုလ်များရုံပဲ ရှိတော့မှာပေါ့၊ ဖြစ်ပေါ်လာသမျှ အကျိုးတွေမှန်သမျှဟာ အကြောင်းမကင်းကြပါဘူး၊ ပစ္စုပ္ပန် မှာဖြစ်တဲ့ အကြောင်းတွေကြောင့် ပစ္စည်းဥစ္စာတွေ ပျက်စီးဆုံးရှုံးခဲ့ရသလို မိမိတို့ရဲ့အတိတ် အကြောင်း မကောင်းမှုကံတွေကြောင့် ဒီပစ္စုပ္ပန်ဘဝမှာတွေ့ကြုံခံစားရအတိတ်ကဝဋ်ကြွေး တွေကို ပြန်လည်ပြီး ပေးဆက်ရတဲ့သဘောမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဆုံးရှုံးရမှု အပေါ်မှာ သင်္ခဏ်းစာယူ အမြတ်ထုတ်ယူရပါ့မယ်၊ နောင်အနာဂတ်မှာ အဲဒီလို ထပ်ပြီး မဖြစ်ရ မဆုံးရှုံးရလေအောင် ဘယ်ပုံဘယ်နည်း ပြုလုပ် ကျင့်ဆောင် ထိန်း သိမ်း ကာကွယ် စောင့်ရှောက်ရမယ်ဆိုတာ မှားခဲ့တဲ့ ဆုံးရှုံးခဲ့တဲ့ သင်္ခဏ်းစာအပေါ် ရှုမြင်သုံး သပ် ကြောင်းကျိုးစပ်ပြီး ပြုလုပ်ဆောင်ရွက် ရပါတော့မယ်။
အတိတ်ဘဝက မကောင်းကံကြောင့် ပစ္စည်းဥစ္စာ ဆုံးရှုံးရပါတယ်ဆိုရင်တော့ ဒီဘဝမှာ မကောင်းတဲ့ကံတွေ ထပ်ပြီးမပြုလုပ်ဖို့ စောင့်စည်းရပါ့မယ်၊ ကံတရားဆိုတာ ပြုတဲ့အတိုင်း ထပ်တူထပ်မျှ အကျိုးပေးလာတတ်ပါတယ်၊ ဥပမာ အတိတ်ဘဝတုံးက သူတပါးတွေရဲ့ ပစ္စည်းဥစ္စာတွေကို မီးတိုက်ဖျက်ဆီးခဲ့ဖူးရင် ဒီဘဝမှာ ကိုယ်ပစ္စည်းတွေ မီးလောင်ပျက်စီး ခံရတတ်ပါတယ်၊ သူများရဲ့ပစ္စည်းတွေကို မတရားသဖြင့် လုယက်ဖျက်ဆီး ခိုးယူခဲ့ဖူးတယ် ဆိုရင် ဒီဘဝမှာ ကိုယ်ပစ္စည်းကို တပါးသောသူတွေရဲ့ အလုယက် အဖျက်အဆီးပြုခြင်းကို ခံကြရပါတယ်၊ ပြုခဲ့တဲ့ကံအတိုင်း ခံရတဲ့သဘောပါ။
ပြီးတော့ ဥစ္စာပစ္စည်းဆိုတာ ရန်သူမျိုးနဲ့ ဆက်ဆံမှုရှိနေတယ်၊ ခိုင်မြဲတဲ့သဘော မရှိဘူးလို့ နှလုံးသွင်းဆင်ခြင် တရားသဘောနဲ့ ဖြေသိပ်တတ်မယ်ဆိုရင် သောကမီး အဘယ် မှာ လောင်မြှိုက်ခွင့်ရနိုင်တော့မှာလဲ၊ ရှိတဲ့ပစ္စည်းဥစ္စာတွေကို မိမိတို့ဘဝအတွက် မျှမျှတတ ဝေဘန်မှုပြု သုံးဆောင်ခံစားလို့ တစ်ဖက်မှာကလဲ လှူမှု ကမ်းမှု စွန့်ကြဲမှုတွေပြုလို့ ပစ္စည်းဥစ္စာအပေါ်မှာ တွယ်တာငြိကပ် စွဲလမ်းမှုမရှိ တန်ဘိုးသိသိ အကျိုးရှိရှိ ဝေဘန်သုံးစွဲ တတ်သူတွေအဖို့ လောကဓံတရားနဲ့ ကြုံတွေ့လာလဲ့ သောကမီး လောင်ခွင့် မရှိနိုင်ပါ၊ တွယ်တာမှု လောဘတရား မရှိလို့ပါပဲ၊ တရားဘာဝနာများ အားထုတ် လို့ အနိစ္စသဘောကို ပိုင်ပိုင်နိုင်နိုင်သိမြင်တဲ့အတိုင်း ပစ္စည်းဥစ္စာအပေါ် ခင်မင်တွယ်တာမှု ကျဆင်းလျော့ နည်းပြီး နေမယ်ဆိုရင် သောကမီးလဲ ကျဆင်းလျော့နည်းပြီနေမယ်ဆိုတာ ကိုယ်တွေ့တွေ ဖြစ်သွားမှာပါ။
ကျန်းမာရေးတွေ ချို့တဲ့ယိုယွင်းလာတဲ့အခါမှာလဲ သောကဖြစ်စရာ မလိုပါ၊ သောကဖြစ်လေလေ ရောဂါဆိုးလေလေဖြစ်သွားလိမ့်မယ်၊ ရောဂါဖြစ်တယ်ဆိုတာ အဓိက အခြေခံအကြောင်းရင်းက စိတ်ကြောင့်ပါပဲ၊ အတိတ်ကံကြောင့်ဖြစ်တဲ့ရောဂါ ဝဋ်နာကံနာကို ဘယ်သူမှ ကုသပေးလို့ ပျောက်ကင်းနိုင်ဖွယ် မရှိပါ၊ တင်ရှိတဲ့ ဝဋ်ကြွေးကို ခုမှပေးဆပ်လိုက် ရတဲ့သဘောပဲလို့နှလုံးသွင်းဆင်ခြင် တရားနဲ့ဖြေသိပ်ခြင်းဖြင့် သောကမီးငြိမ်း သွားနိုင်ပါတယ်၊ ဥတုနဲ့အာဟာရကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါမျိုးဖြစ်မယ်ဆိုရင် ဥတုရာသီ အပူအအေးမျှတ အောင် ကျင့်ဆောင်နေထိုင် ပြုလုပ်ပေးရမယ်၊ မိမိနဲ့တည့်တဲ့ အစာ အာဟာရကို မှီဝဲလို့ ရောဂါနဲ့ မတည့်တဲ့အစာအာဟာရ အသောက်အစားတွေကို ရှောင်ကြဉ်ရ ပါ့မယ်၊ အာဟာရ ဆိုတာ ဆေးပါပဲ၊ ဒါ့အပြင် ကောင်းနိုးရာရာ ဆေးဝါးများကိုလဲ မှီဝဲသုံး ဆောင်ရပါ့မယ်၊ တိုင်းရင်း ဗိန္ဓော ခေတ်ပေါ်ဆေးအမျိုးမျိုးတွေနဲ့ ခေတ်ဟောင်း ခေတ်သစ် သမားတော်ကြီး တွေနဲ့လဲ ကုသခံယူကြရမယ်၊ အဲဒီလိုနဲ့ ရောဂါဝေဒနာ ပျောက်ကင်း ချမ်းသာအောင် မိမိတို့ တတ်အားသမျှ ကုသိုလ်ကံအသစ်တွေကို တတ်နိုင်သမျှပြု စိတ်ဓာတ်ခိုင်ခံ့ ကြည်လင် ဖြူစင်အောင်ထား၊ အပူအအေးမျှတမှုရှိအောင် ကျင့်သုံးနေထိုင်၊ သင့်လျှော်တဲ့ အာဟာရ တွေကိုသုံးဆောင် ဆေးကောင်းဝါးကောင်း ဆရာဝန်ကောင်း သမားတော်ကောင်းတွေနဲ့ ကုသခံယူခြင်းကို ပြုလုပ်ပြီး ဖြစ်နေပြီဆိုကာမှတော့ နောက်ထပ်ဘာများ ပူစရာလိုတော့မှာလဲ မိမိတို့ ပြုလုပ်နိုင်တာတွေ အကုန်လုံး စုံအောင် ပြုလုပ်ပြီးဖြစ်လို့ ဝဋ်နာ ကံနာသာ မဟုတ်ဘူး ဆိုရင် ခံစားနေရတဲ့ ရောဂါဝေဒနာဟာ ပျောက်ကင်းပါတော့မယ်လို့ စိတ်ထားမှာ ယုံကြည်မှု ထား၊ မပျောက်ခဲ့သည်ရှိသော် ဘာမှ ပူစရာ မရှိတော့၊ ဖြစ်ချင်တာ ဖြစ်ပလေစေတော့၊ မမြဲခြင်းဆိုတဲ့အနိစ္စ အစိုးမရခြင်းဆိုတဲ့ အနတ္တကိုလက်ခံ နှလုံးသွင်းမှန်ပြီဆိုကာမှဖြင့် သောကမီးဒဏ် ခံရဖွယ် မရှိတော့ပါ။
ဒီရောဂါဝေဒနာကို ငါကိုယ်တိုင်င်ခံစားရသလို တပါးသောသူတွေ မခံစားကြရပါစေနဲ့လို့ ကိုယ်ချင်းစာတရားထား မေတ္တာတရားပါ ပွားလိုက်နိုင်မယ်ဆိုရင် အမှိုက်ထဲက ရွှေကောက် အရှုံးထဲက အမြတ်ရောက် သောကမီး ငြိမ်းပျောက်သွားနိုင်ပါတယ်။
ကိုယ်ကျင့်တရား ယိုယွင်း ပျက်စီးမှုကြောင့် အနာဂတ်မှာ တွေ့ကြုံရမဲ့ဘေးကို တွေးပြီး ပူပန်သောက ဖြစ်နေမဲ့အစား ပျက်အစဉ်ပြင်ခဏဆိုသလို မကောင်းမှု ဒုစရိုတ် ပြုလုပ် နေခြင်းမှ ချက်ချင်းရပ် အတိတ်က ဖြစ်ရပ်တွေအပေါ် သင်္ခဏ်းစာယူ ကိုယ်ချင်းစာ တရား ရင်ဝယ်ထားပြီး နောင်ကို မကောင်းတာမှန်သမျှ ဘာတစ်ခုမှ မလုပ်တော့ဘူးလို့ သံမဏိ အဓိဋ္ဌာန်ပြုပြီး ပြုပြင်လိုက်မယ်ဆိုရင် လူသာဓုခေါ် နတ်သာဓုခေါ်ဖြစ်သွားမှာပါပဲ၊ မိမိမိုက်တာ မှားတာကို မိုက်မှန်း မှားမှန်းသိတဲ့သူမှာ အချိန်မရွေး သူတော်ကောင်းကြီး ဖြစ်သွားနိုင်ပါတယ် ကိုယ်ကျင့်သီလ ပျက်စီးသူမှာ မိမိကိုယ်ကို မကြည်ညိုနိုင်၊ သူတပါးတွေကလဲ ပြစ်တင်ရှုတ်ချ ဘေး ဒဏ် အန္တရာယ်တွေလဲ အချိန်မရွေးကျရောက်နိုင်၊ ခုပစ္စုပ္ပန်မှာ တွေးမိတိုင်း သောကမီး တောက်၊ သေလွန်တဲ့အခါကျပြန်တော့ ငရဲရောက် ကြောက်စရာ အင်မတန်မှ ကောင်းလှပါ တယ်။
ကိုယ်ကျင့်သီလ ကောင်းမွန်တဲ့ ပုဂ္ဂိုလ်တွေမှာဖြင့် ခုဘဝမှာ ပစ္စည်းဥစ္စာ ရှာဖွေရတာ အင်မတန် လွယ်ကူ၊ ကောင်းတဲ့ ဂုဏ်သတင်းတွေ လူ့အသိုင်းအဝိုင်းမှာ ပျံ့နှံ့ ကျော်ကြားမှုရှိ ပရိသတ်အလယ်မှာ မျက်နှာပန်းလှ၊သခါနီးမှာလဲသတိတရားရှိမတွေမဝေသေရ သေသွားပြန်တော့ ကောင်းတဲ့သုဂတိဘုံဘဝ ရောက်ရှိလို့ လောကီအကျိုးတရားတွေကို ခံစားရသလို ဓမ္မရေးဖက်မှာလဲ အကျိုးတရားတွေ အနန္တရရှိစေနိုင်ပါတယ်၊ ကိုယ်ကျင့်သီလ ကောင်းတဲ့ပုဂ္ဂိုလ်မှာ မိမိကိုယ်ကို ပြန်ပြီးလေးစားနိုင်၊ ဂုဏ်ယူနိုင်သလို ဝမ်းသာပီတိ တွေ ဖြစ်လို့၊ ဝမ်းမြောက်ပီတိ ရှိလာတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာသုခတွေ ရရှိခံစားနိုင်ပါ တယ်၊ ချမ်းသာသုခ ရရှိကြသူတွေမှာ စိတ်ဓာတ်တည် ကြည်မှုရ၊ စိတ်ဓာတ်တည်ကြည်မှုကို အကြောင်းပြုပြီး အမှန်တရားကို သိနိုင်တဲ့ ဉာဏ်ပညာ တွေ ရင့်သန်ထက်မြက်လို့ ဈာန်ချမ်းသာ မဂ်ဖိုလ်ချမ်းသာတိုင်အောင် ပို့ဆောင်ပေးနိုင်တာကို တွေးခေါ် မြော်မြင်ပြီး မကောင်းတဲ့ ကိုယ်ကျင့်တရား ရှိခြင်းကနေ ရပ်ဆိုင်း လူသစ်စိတ်သစ်နဲ့ ကိုယ်ကျင့်သီလ ကောင်းသူ သူတော်ကောင်းတစ်ဦးအဖြစ် ပြောင်းလဲပစ်လိုက်မယ်ဆိုရင် သောကမီးတွေဟာ လျော့နည်းကျဆင်းရုံတင်မက လုံးဝဥဿုံ ကုန်ဆုံးချုပ်ငြိမ်းသွား စေနိုင်တဲ့အဆင့်ထိ ရောက်ရှိ နိုင်ကြောင်းပါဆိုတာ ဘုရားဟောဒေသနာတော်အရ သာဓကပေါင်းများစွာက ထောက်ပြ လျက် ရှိနေပါတယ်၊ ယုံမှားသံသယမရှိ၊ ကိုယ်ကျင့်တရား ကောင်းအောင်သာ ချက်ချင်းပြင် ဖြစ် အောင်သာ ပြင်လိုက်ပါတော့၊ ဆိုခဲ့ပြီးအတိုင်း မကောင်းကျိုးတွေ ပပျောက်၊ ကောင်း ကျိုးတွေ ရောက်ရှိလာပြီး နိဗ္ဗာန်အထိ တာဝန်ယူပို့ပေးနေတဲ့ အခြေခံအုဋ်မြစ်ကြီး တစ်ခုပဲ ဖြစ်ပါပေတော့တယ်။
အယူမှောက်မှား တွေးခေါ်မြော်မြင်မှု ပျက်စီးပြီးနေကြတဲ့ သူတွေအဖို့ မိတ်ကောင်းဆွေကောင်းကို ရှာပြီး မှီဝဲဆည်းကပ်၊ လောက ဓမ္မသဘာဝ အကြောင်းအကျိုး တွေကို အောက်မေ့ဆင်ခြင်ပေးရမယ်၊ လူလူချင်း တူကြပေမဲ့ အသက်တိုရှည်၊ ဆင်းရဲ ချမ်းသာ မတူညီကြဘူးဆိုတာ ပြုခဲ့တဲ့ကံမတူလို့ပါပဲ၊ ကောင်းကံပြုသူတွေက ကောင်းကျိုးကို ရရှိကြပြီး မကောင်းကံပြုသူတွေက မကောင်းကျိုး ဆိုးကျိုးတွေကို တွေ့ကြုံခံစား ကြရတယ်ဆိုတာ ဘယ်သူတစ်ဦးတစ်ယောက်မှ ငြင်းကွက် မထုတ်နိုင်ပါဘူး၊ အင်မတန်မှ တိကျမှန်ကန်တဲ့ သဘာဝတရား အစုံတွေပါ၊ ဒါကို မျက်စိမှိတ်ပြီး ငြင်းဆန်မနေဘဲနဲ့ အမှန်ကို အမှန်အတိုင်း လက်ခံမှုပြုလိုက်ရင် မကောင်းကံတွေကို ရပ်ဆိုင်း ကောင်းကံတွေ ကိုသာ ပြုလုပ်အားထုတ်သွားမယ်ဆိုလို့ရှိရင် ကောင်းတဲ့အကျိုးတရားတွေကို ဒီဘဝမှာရော နောင် ဘဝမှာပါ ရရှိခံစားကြရပါတော့မယ်။
မှားယွင်းတဲ့အယူအဆ အတွေးအခေါ် ရှိကြတဲ့ပုဂ္ဂိုလ်တွေမှာ မိုက်မှားတဲ့ ကိုယ်အမှုအရာ အလုပ်အကိုင် အပြောအဆိုတွေ ရှိပြီး နေတာမို့လို့ မိမိတို့ မနှစ်သက်တဲ့ အကျိုးတရား အခြေအနေတွေနဲ့ ရင်ဆိုင်ရပြီးတော့ ပူပန်သောကတွေ ဖြစ်လို့မဆုံးနိုင်ပဲ ရှိတတ်ပါတယ်၊ ဒါကြောင့် မိမိတို့ရဲ့ ကိုယ်ကို ချစ်မြတ်နိုးသောအားဖြင့် မှန်ကန်ကောင်းမွန်တဲ့ အတွေးအမြင်တွေ ရှိကြပြီး ကောင်းတဲ့အလုပ် ဟုတ်တဲ့အပြော ရှိကြသလို ကောင်းတဲ့ အကျိုးတရားတွေကိုသာလျှင် ရရှိခံစားရလို့ သောကကင်းဝေး နေနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါရစေ...။
၈၊ ပရိဒေဝမီး
မျက်ရည်ယိုစီး ပရိဒေဝမီး
လူရယ်လို့ ဖြစ်လာကြရတဲ့ သူတွေအဖို့ မငိုဖူးသူ ပရိဒေဝမီး မလောင်ဖူးသူဆိုတာ မရှိသလောက် ရှားလှပါလိမ့်မယ်၊ မွေးလာကတည်းက အငိုနဲ့ စခဲ့တာကပဲ များလှပါတယ်၊ မွေးမွေးချင်း မငိုသူဆိုလို့ ထူးခြားတဲ့သူ တစ်ဦးတလေလောက်ကသာ ရှားရှားပါးပါး တွေ့ရမှာပါ ပြီးတော့ မွေးတုံးကသာ မငိုတာ ရှိကောင်းရှိနိုင်ပေမယ့် မွေးပြီးလို့ မကြာခင် စကားမပြော တတ်ခင်မှာ လိုချင်တာ ရချင်တာ ဖြစ်ချင်တာတွေကို အငိုနဲ့ပဲ အဆက်အသွယ်ပြုလုပ်ကြ ရတယ် မဟုတ်ပါလား၊ စကားပြောတတ်ပြန်တော့လဲ ခလေးတို့ရဲ့သဘာဝ မျက်ရည်အား ကိုးနဲ့ မူရာမာယာတွေ ထုတ်ပြပြီး လိုချင်တာရအောင် လုပ်ဆောင်ကြရတယ်၊ ထိုထက်ကြီး လာ အရွယ်ရောက်လာပြန်တော့ လိုတာကို မရ၊ ရလာတာကို မလိုချင်တဲ့ အခါမှာလဲ ပရိဒေဝမီး ငိုပွဲကြီးနဲ့ပဲ စခန်းသွားကြရပြန်ပါတယ်၊ ဒါ့အပြင် သမီးရည်းစားကိစ္စ၊ ပညာရေး ကိစ္စ၊ စီးပွားရေးကိစ္စ၊ အိမ်ထောင်ရေးကိစ္စ၊ ကျန်းမာရေးကိစ္စ၊ သားရေးသမီးရေး ကိစ္စစသ ဖြင့် အလိုမကျတိုင်း မျက်ရည်ရေချောင်းစီး ပရိဒေဝမီးလောင်ကျွမ်းခဲ့ရတဲ့ အကြိမ်အရေ အတွက်တွေဟာ များလွန်းအားကြီးလို့ ဂဏန်းသင်္ချာနဲ့တောင် ရေတွက်လို့ မရနိုင်တော့ပြီ၊ မမှတ်နိုင်တော့ပြီ၊ ဒီဘဝမျက်ရည် ဘယ်ဆီကျမှ ရပ်တော့မှာတဲ့တုံး။
လူတွေမှာ အရွယ်နဲ့လိုက်ပြီး နှလုံးထိခိုက်စရာ ပြဿနာပေါင်းများစွာနဲ့ ကြုံတွေ့ခံစားရတိုင်း မျက်ရည်ချောင်းစီး ရတာချည်းပဲ၊ အကျင့်ပါနေပြီ၊ ယိုစီးပေါင်းကလဲ များလွန်းလှလို့ ရိုးသလိုတောင် ဖြစ်နေပြီး ထစ်ကနဲဆို မျက်ရည်ယို မျက်ရည်ကမ်းပါးပြို တော့တာပဲ၊ အမျိုးသမီးတွေရဲ့ အားဟာ မျက်ရည်ပါလို့ စာဆိုရှိပါတယ်၊ မျက်ရည်အားကိုးနဲ့ ဆန္ဒပြည့်အောင် လုပ်ဆောင် ငိုယိုကြရတယ်၊ ငိုပြခြင်းဖြင့် တစ်ဖက်သားဆီက မေတ္တာတရား ကရုဏာတရား၊ စိတ်ဝင်စားမှုရရှိအောင် လုပ်ဆောင်ကြရတာလဲ ရှိတတ်တယ်ဆိုတာ ကိုယ်တွေ့ မျက်မြင်တွေပဲလို့ အောက်မေ့ရပါတယ်။
အသက်အရွယ်ကြီးရင့် သေရာညောင်စောင်းမှာ လျောင်းစက်ပြီး အသက် ထွက်ခါနီးအထိတောင် မျက်ရည်ကို မနှမြှောနိုင်ဘဲ ဖေါဖေါသိသိ တသွင်သွင် ယိုစီးစေပြီး ဘဝနိဂုံးချုပ်သွားကြတဲ့ သူတွေလဲ လောကမှာ နည်းမှာ မဟုတ်ပါဘူး၊ ကရုဏာ သက်စရာ သံဝေဂ ရစရာ အင်မတန်မှ ကောင်းလှပါတော့တယ်။
အထူးအားဖြင့် မိဘမိတ်ဆွေများ တစ်ဦးတစ်ယောက် သေဆုံးတဲ့အခါ စီးပွားဥစ္စာ အလုပ်အကိုင် ရာထူးဌာနန္တရတွေဆုံးရှုံးရတဲ့အခါ ရာဂါဝေဒနာတွေ ပြင်းပြင်းထန်ထန် ညှဉ်းဆဲနှိပ်စက်ခံ့ရတဲ့အခါမျိုးတွေမှာ ပရိဒေဝမီးလောင် မျက်ရည်ချောင်းစီးကြရတတ်ပါတယ်။
ပရိဒေဝမီး သိမ်းဆည်းငြိမ်းသတ် ဓမ္မဓာတ်
မသိတတ်သေးတဲ့ ခလေးဘဝအရွယ်မှာ ငိုကြရတာ ဓမ္မတာပါ၊ စိတ်ဓာတ်နူးညံ့ ပျော့ပြောင်းလှတဲ့ သူတွေမှာလဲ မျက်ရည်ကျလွယ်တတ်လှပါတယ်၊ ဒါဟာ သဘာဝအရ ငိုကြရတာပဲ ဖြစ်ပါတယ်၊ အသက်ကြီးလာ သိတတ်တဲ့အရွယ်ရောက်လာတဲ့အခါ မှန်ကန်တဲ့ နှလုံးသွင်းမှုလဲရှိ တရားဘာဝနာပါ ပွားများအားထုတ်ပြီးနေမယ်ဆိုရင် အမှန်တရားကို သဘောပေါက် မရှောင်လွဲနိုင်တဲ့ အနိစ္စတရား အနတ္တတရားအပေါ် လုံးဝ သဘော ပေါက်ပြီဆိုမှဖြင့် ဘယ်လိုလောကဓံတရားတွေနဲ့ တွေ့ရတွေ့ရ စိတ်ဓာတ်ခိုင်မာမှုကို ရရှိပြီမို့ ငိုကြွေးနေစရာ မလိုတော့ပါ၊ ခါတိုင်းလို မလိုအပ်ဘဲနဲ့ အချောင်မျက်ရည် မကျတော့ပါဘူး၊ မျက်ရည်ယိုစီး ပရိဒေဝမီးလောင်ကျွမ်းခြင်းဆိုတာဟာ တကယ်တော့ ဒေါသစိတ်ဖြစ် နေခြင်းပါပဲ၊ ပရိဒေဝမီးတောက် ငိုကြွေးခြင်းဖြင့် သေတဲ့လူကို ပြန်မရှင် စေနိုင်သလို ဆုံးရှုံး သွားတဲ့ ပစ္စည်းဥစ္စာကိုလဲ ပြန်မရနိုင်ပါ၊ ငိုကြွေးခြင်းဖြင့် ခံစားရတဲ့ ရောဂါ ဝေဒနာ မသက်သာ နိုင်တဲ့အပြင် ဆိုးသထက်ဆိုးဖို့သာ ရှိပါတော့တယ်၊ မိမိငိုကြွေး လိုက်တဲ့အတွက် မိမိတို့ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ခင်မင်သူတွေကို ဓာတ်ခိုက်ပြီး မိမိအတွက် စိတ်မချမ်းသာမှုတွေ ဖြစ်ကြရတာပဲ အဖတ်တင် နေရော့မယ်၊ မိမိကိုယ်ကို မသနားရာလဲ ကျလိမ့်မယ်၊ တစ်နာ ပေါ်တစ်နာဆင့် အနာပေါင်း နှစ်ထပ်သုံးထပ်ကွင်း ဖြစ်သွားနိုင်တာကို ဆင်ခြင်နှလုံးသွင်းပြီး ခိုင်မာတဲ့စိတ်ဓာတ်ရှိအောင် ပြုစုပျိုးထောင် လေ့ကျင့်မြှင့်တင်ပေးရပါ့မယ်၊ နေ့စဉ်နဲ့အမျှ တရားဘာဝနာ ပွားများအားထုတ်ကြတဲ့ သူတို့အဖို့မှာ စိတ်ဓာတ်တွေ မြင့်မြတ်ခိုင်မာလာတာ ကို တွေ့ရှိရသလို ဖြစ်ချင်တာဖြစ် စိတ်မညစ်တော့ပါဘူး၊ ဘုရားပေးတဲ့ဆေး တရားရေအေး ဩသဓဆေးကြောင့် မလွန်ဆန်နိုင်တဲ့တရား မမြဲတရား အစိုးမရ နိုင်တဲ့တရားမို့ ဒီလိုဖြစ်ရ ပေတယ်လို့ အမှန်အကန် သိရလို့ အငိုတိတ်ပြီး နေရပါတော့တယ်၊ အစွမ်းထက်မြက် အငိုတိတ်အောင် စွမ်းဆောင်နိုင်တာ ဘုရားပေးတဲ့ သတိပဋ္ဌာန် ဆေးတော်ကြီးပါ၊ နေ့စဉ်ဆို သလို သတိပဋ္ဌာန်နဲ့အညီ ဘာဝနာပွားရင် အငိုတိတ်မှာ သေချာပါတယ်၊ အထူးအားဖြင့် ဘာဝနာပွားလို့ တတိယနိဗ္ဗာန် အနာဂါမ်အဆင့် ရောက်ရှိသွားရင်ဖြင့် ဒီဘဝတင်မက ဘဝသံသရာလုံး နိဗ္ဗာန်ဝင်စံ ပရိနိဗ္ဗာန် ပြုသွားတဲ့အထိ ငိုကြွေးမှု မရှိ ပူဆွေမျက်ရည်ကုန်ခန်း နလံမထူနိုင်တော့ပြီ။
၉၊ ဒုက္ခမီး
ခန္ဓာကိုယ်ကြီး ဒုက္ခမီး
ငိုကြွေးရခြင်းလို့ဆိုတဲ့ ပရိဒေဝမီးအကြောင်းနဲ့ အငိုတိတ်နည်း နိသျည်းကို တင်ပြပြီးတဲ့နောက်မှာ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ဒုက္ခမီးလောင်ပုံကို ဆက်ကြရအောင်၊ လူတွေမှာ အမိဝမ်းက မွေးဖွားရတဲ့ အချိန်မှာ ခန္ဓာကိုယ် နာကျင်မှုကို အစဦးဆုံး ခံစားကြရပြီ၊ အပြင်ဖက်ကိုလဲ ထွက်လာကရော နူးညံ့လှတဲ့ ခလေးခန္ဓာကိုယ်မှာ သူနာပြု ဝမ်းဆွဲဆရာမ ဆရာဝန်တွေရဲ့ လက်ဝါးနဲ့ မိတ်ဆက် ထိတွေ့လိုက်ရတော့ နာကျင်လိုက်တာကို အငိုဖြင့် အချက်ပေး သိစေတာပါပဲ၊ ဒါ့ကြောင့် ဇာတိပိ ဒုက္ခာလို့ ဘုရားရှင်က ဟောတော်မူတာပေါ့၊ ပဋိသန္ဓေနေရခြင်း ဖွေးဖွားလာရခြင်းဟာ အင်မတန်မှ ဆင်းရဲလှပါတယ်တဲ့၊ ခန္ဓာကိုယ်ရဲ့ ဒုက္ခက အင်မတန်မှ ကြီးမားလှပါတယ်၊ အကြာကြီး အိပ်ရ, ထိုင်ရ, ရပ်ရ, သွားရလို့ ဆင်းရဲတာက တမျိုး၊ ဒါကြောင့်မို့လို့ ဣရိယာပုထ် တစ်ခုထဲနဲ့ တည်တည်ငြိမ်ငြိမ် မနေနိုင် ကြလို့ တလှုပ်လှုပ်နဲ့ ဣရိယာပုထ်ကို ပြုပြင်ပြောင်းလဲ ပေးနေရတယ်၊ တစ်နေ့တစ်နေ့မှာ ပြောင်းလိုက်ရတဲ့ အကြိမ်ရေဟာ မနည်းလိုက်တဲ့ဖြစ်ခြင်းပါပဲ၊ ဒါပေမယ့်လို့ ဒုက္ခဖြစ်နေတာ ကို မသိမမြင်နိုင်ဘဲ ပြောင်းလဲ ပြုပြင်နေတာက များပါလိမ့်မယ်။
ဒါ့အပြင် မှက် ခြင် ယင် ဖြုတ်တွေ ကိုက်လို့ နာရတာက တစ်မျိုး၊ နေပူ လေပူ အအေးဒဏ်ကြောင့် ခန္ဓာကိုယ်ဆင်းရဲ့ရတာက တစ်ဖုံ ဒုက္ခပေါင်းစုံလို့ပါပဲ၊ မတော်တဆ ချော်လဲလို့ အနာရတာကလဲ ရှိသေး၊ ဒုတ် ဓါး ထိရှလို့ အနာတရ ဖြစ်ရတာကလဲ မနည်းပါဘူး၊ အားကစား လေ့ကျင့်ကစားလို့ ခန္ဓာကိုယ်နာရတာရှိသလို စိတ်ဆိုး ရန်ဖြစ်လို့ ထိုးကြ ပုတ်ကြလို့ နာရတာလဲ ရှိသေးတယ်၊ ပြောလို့ ဆုံးနိုင်ဖွယ် မရှိပါဘူး၊ အသက်အရွယ်က လဲကြီးရင့် ရောဂါဝေဒနာပါ အဆစ်ပါလာပြီဆိုမှဖြင့် အထိုင်အထလုပ်တိုင်း ‘‘အမလေး အမလေး’’ နဲ့ ညည်းညူနေရတာ ခန္ဓာကိုယ်ကြီး နာနေလို့ပဲ မဟုတ်ပါလား၊ ပြင်းထန်တဲ့ ရောဂါဝေဒနာကိုပါ ရရှိခံစား နေရမယ်ဆိုရင်တော့ ဒီခန္ဓာဒုက္ခမီးကြီးဟာ သေတဲ့အထိ လောင်သွားဖို့ပဲ ရှိပါတော့တယ်၊ မွေးစက သေဆုံး ဒုက္ခတုံး ဒုက္ခကြီး ဒုက္ခမီး အစစ်ပါပေပဲ။
ကိုယ်ဒုက္ခမီးငြိမ်းရန် သတိပဋ္ဌာန်
ငယ်စဉ်တောင်ကျေး ခလေးဘဝက ကြုံတွေ့ရတဲ့ ကိုယ်ဒုက္ခကိုတော့ သဘာဝအရ ခံကြရမှာပါပဲ၊ သို့သော် အသက်တွေရလာ သိတတ်တဲ့အရွယ်မှာ သတိထားပြီး နေထိုင် သွားလာ လုပ်ကိုင်သွားမယ်ဆိုရင် မတော်တဆဖြစ်မှု ဒုက္ခအစုတွေ လျော့နည်း ကျဆင်း သွားမှာကန်တော့ အမှန်ပါပဲ၊ လက်လွတ်စပယ် သတိဆင်ခြင်မှု မရှိတဲ့သူတွေအဖို့မှာ မတော် တဆ ဒဏ်ရာ ရရှိတတ်ကြပါတယ်၊ ဒါကြောင့် အစဉ်အမြဲ သတိရှိဖို့ အင်မတန် လိုအပ်လှ ပါတယ်၊ ဘယ်ကိုပဲသွားသွား ဘာကိုပဲလုပ်လုပ် ဆင်ခြင်မှု သတိတရားရှိအောင် သွားလာ လုပ်ဆောင်ရင်းဖြင့် ကျင့်သာရရှိသွားတဲ့အခါမှာ အမှားတွေနည်းပြီး ကိုယ်ဆင်းရဲမှုတွေ ကင်းလွတ်သွားစေနိုင်ပါတယ်၊ အသက်ကြီးလာလို့ ရောဂါရလာတာပဲဖြစ်ဖြစ်၊ အသက်မကြီး သေးဘဲနဲ့ ရောဂါရရှိလာတာပဲထား တရားသဘောနဲ့ဖြေ ကိုယ်သာနာပစေ၊ စိတ်မနာစေဖို့ သတိပြု ဆင်ခြင်ပေးရမယ်၊ ခန္ဓာရရင် ခန္ဓာဒုက္ခဆိုတာ ရှိနေမှာပဲ ရှောင်ပြေးလို့ မရနိုင်ပါ၊ ခန္ဓာမရှိမှပဲ ဒုက္ခက မရှိမှာ၊ ခန္ဓာနဲ့တူတဲ့ဒုက္ခဆိုတာ မရှိဘူးလို့ ဘုရားရှင်ဟောထားပါတယ်၊ နောက်ထပ်ခန္ဓာဒုက္ခ မရရှိအောင်သာ မဂ်ဖိုလ်ရတဲ့အထိ သတိပဋ္ဌာန်တရားကို ပွားများ အားထုတ်သွားဖို့ပဲ လိုပါတော့တယ်။
တရားထိုင်ရှုမှတ်တဲ့အခါမှာလဲ ညှာတာမှု မပေး ဒီခန္ဓာဒုက္ခမီးက လောင်လိုက်သေးတာပဲ၊ အဲဒီလို အခါမျိုးမှာ သတိ သမာဓိကောင်းကောင်းနဲ့ အနီးကပ် စူးစိုက်ကြည့်ပြီး သူ့ရဲ့သဘော သဘာဝ အခြေအနေ အခြင်းအရာ အမူအရာကို အသေးစိပ် မြင်အောင်သိအောင် ကြည့်ပေးရမယ်၊ နာတာဟာ တဖြည်းဖြည်းနဲ့ ကြီးလာသလား၊ သေးငယ်မှေးမှိန်သွားနေသလား၊ နေရာရွေ့ပြောင်းပြီး နာနေသလား၊ ဘယ်ပုံဘယ်နည်း ဘယ်ပုံဘယ်ဟန်နဲ့ နာကျင်ကိုက်ခဲ ညှဉ်းဆဲနှိပ်စက်ပြီးနေသလဲဆိုတာတွေကို သိအောင် ကြည့်ရပါ့မယ်၊ ဒီကိုယ်နာကျင်ခြင်း ဒုက္ခကို အကြောင်ပြုပြီး ဝေဒနာရဲ့ မမြဲတဲ့သဘော အခံရခက်တဲ့သဘော အစိုးမရတဲ့သဘောကို ကိုယ်တိုင်ကိုယ်ကျ သိရပါတော့မယ်၊ နာကျင်မှု ရဲ့ ဆွဲဆောင်မှုကြောင့် စိတ်တွေအပြင်မရောက် နာတဲ့ဝေဒနာပေါ်မှာတင် ဧကဂ္ဂတာကြပြီး ဝေဒနာရဲ့သဘောမှန်ကို သိပြီး လက္ခဏာရေးသုံးတန် သစ္စာဉာဏ်ရရှိပြီး မဂ်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန်တိုင်အောင် ပို့ဆောင်ပေးရာရောက်တာမို့လို့ နာကျင်မှုဆိုတဲ့ ဒီဒုက္ခဝေဒနာ ဒုက္ခမီးစာ သည် ယောဂီများရဲ့ မိတ်ဆွေကောင်းအဖြစ် ပြောင်းလဲ ဖြစ်ရှိသွားတာဖြစ်လို့ ကျေးဇူးတောင် တင်ရတော့မလို ဖြစ်သွားပါချေပြီ၊ ဒီနာကျင်မှုဒုက္ခ ဝေဒနာကို သည်းခံနိုင်၊ လျစ်လျှူရှု နိုင်သွားပြီဖြစ်လို့ ဒီဒုက္ခမီးကို သတိပဋ္ဌာန်နည်းနဲ့ ငြိမ်းသတ်လိုက်ခြင်းပဲ ဖြစ်ပါပေတော့တယ်၊ ဝိပဿနာဉာဏ်အဆင့်ဆင့်တက်လို့ အထွဋ်အထိပ်ရောက်သွားတဲ့အခါမှာ ဒုက္ခကို လုံးဝ မမှု လုံးလုံးကြီး လျစ်လျှူရှုနိုင်ပါတော့မယ်။
ခန္ဓာဒုက္ခကို နေ့တိုင်းရှု ကောင်းမွန်မှန်ကန်စွာ ပိုင်းခြားသိပြီး ဒုက္ခရဲ့အဆုံးကို မဂ်ဉာဏ်တော်နဲ့ သိခွင့်ရလိုက်မယ်ဆိုမှဖြင့် ခန္ဓာကိုယ် ဒုက္ခမီးတင်မက အပါယ်ငရဲမီးပါမကျန် အပြီးအပိုင် ငြိမ်းသတ်ချုပ်ငြိမ်းစေနိုင်ပါတော့တယ်၊ တုနှိုင်းမရ ကောင်းမြတ်လှတဲ့ မီးသတ် ကိရိယာ ဆေးဝါးစစ်မှန် သတိပဋ္ဌာန်လက်နက်ကြီး ပါပေပဲ၊ သုံးဖြစ်အောင်သာ သုံးလိုက်ပါ ယောဂီအပေါင်း သူတော်ကောင်းတို့......။
၁၀၊ ဒေါမနဿမီး
ဒေါမနဿမီးလျှံ ရုပ်ဟဒယံမှာ
ကိုယ်ဒုက္ခမီးအကြောင်းနဲ့ ငြိမ်းသတ်နည်း နိသျည်းကိုပါ တင်ပြဆွေးနွေးလို့ ပြီးသွားပါပြီ၊ အခု ဆက်လက်ပြီးတော့ နှလုံးမသာယာမှု ဒေါမနဿမီးအကြောင်း တင်ပြပါရစေ၊ ဒေါမနဿ ဆိုတာ စိတ်နှလုံးနဲ့ပတ်သက်တဲ့ ခံစားမှု ဒုက္ခဝေဒနာပါပဲ၊
စိတ်ဒုက္ခခံစားကြရတဲ့သူတွေမှာ ဘယ်လိုများ ညည်းညူတတ်ကြသလဲဆိုတော့၊ သူတို့ကို ကြည့်ရ မြင်ရတာ စိတ်မချမ်းသာလိုက်တာ၊ သားသမီးတွေအတွက်၊ အိမ်ထောင်ရေးအတွက်၊ စီးပွားရေးအတွက်၊ အလုပ်အကိုင်အတွက်၊ ဆွေမျိုးအတွက်စသဖြင့် စိတ်မချမ်းမသာ ဖြစ်လိုက်ရ ခံစားလိုက်ရတယ်ဆိုတာတွေဟာ ဒီဒေါမနဿမီး လောင်နေခြင်းကို ဆိုလိုပါတယ်၊ ဒီမီးက နှလုံးထဲမှာ တမြေ့မြေ့နဲ့ လောင်ကျွမ်းနေတာဖြစ်လို့ အပြင်ကလူတွေ မသိမမြင်နိုင်တဲ့မီးပါပဲ၊ အိပ်ပျော်နေတဲ့အချိန်ကလွဲလို့ အချိန်မရွေး ဣရိယာပုထ်မရွေး နေရာမရွေး အမြဲမပြတ် ဒလစပ် လောင်မြိုက်ပြီး နေတတ်ပါတယ်၊ ခန္ဓာကိုယ်ရဲ့ အလယ်ဗဟိုရ် နှလုံးသားမှာ လောင်ကျွမ်းနေတဲ့မီးမို့ ကြောက်စရာ အင်မတန် ကောင်းလှပါတယ်၊ အဲဒီမီး အလောင်ခံရတဲ့ ပုဂ္ဂိုလ်များမှာ မကြာခင်မှာပဲ ရုပ်ရည်ရူပကာယတွေ ပိန်ချုံးပြီး လူလုံးမလှ အရွယ်တွေကျ အိုရုပ်ပေါက်သွားက များပါတယ်။
နှလုံးမသာယာ မီးမဟာကြီး ငြိမ်းသတ်နည်း
နှလုံးမီးလောင်ပုံကို ပြောပြပြီးတဲ့နောက် မီးငြိမ်းသတ်နည်း နိသျည်းကို ဆက်ပြီးတင်ပြလိုပါတယ်၊ နှလုံးမသာယာ ခံစားနေရခြင်းဟာ နှလုံးသွင်းမှု မမှန် ရှုမှတ်မှု ဘာဝနာဉာဏ် မရှိလို့ပဲ ဖြစ်ပါတယ်၊ ပြင်ပဗဟိဒ္ဓရုပ်ဝတ္ထုနဲ့ လူပုဂ္ဂိုလ်တွေဟာ တပါးသော ပုဂ္ဂိုလ်တွေရဲ့ ပြင်ပဗဟိဒ္ဓ ခန္ဓာကိုယ်ကိုသာလျှင် နာကျင်အောင် ပြုနိုင်စွမ်း ရှိတာပါ၊ နှလုံးသားထိ နာကျင်အောင် မလုပ်နိုင်ပါဘူး၊ နှလုံးနာကျင် ခံစားရခြင်းဟာ ကာယကံရှင်ရဲ့နှလုံးသွင်း မမှန်ချက်ကြောင့် နှလုံးနာရတာပါ၊ ဒါ့ကြောင့်မို့လို့ ခန္ဓာကိုယ် အရိုက်ခံထိတဲ့ အနာဂါမ် ရဟန္တာတွေမှာ ကိုယ်ကသာ နာချင်နာမယ် နှလုံးမသာမယာ နှလုံးနာကျင်ခြင်း ဆိုတာ လုံးဝမရှိတော့ပါ၊ သာမာန်ပုဂ္ဂိုလ်တွေအနေနဲ့ကလဲ မကောင်းတာတွေကို မြင်ရ ကြားရတဲ့အခါမှာ နှလုံးမသာမယာ မဖြစ်ဖို့ နှလုံးသားမီး မလောင်စေဖို့ နှလုံးသွင်းမှန်ကန်မှုရှိခြင်း ဘာဝနာတရား ရှုမှတ်မှုရှိခြင်းဖြင့် ကာကွယ်မှု ပြုပေးရမယ်၊ မိမိတို့အနေနဲ့ ကာကွယ်မှုမပေး ငြိမ်းသတ်ဆေး ဘာဝနာရှုမှတ်မှုမှ မရှိခဲ့ရင်တော့ နှလုံးမသာယာမှုကြီး ဒေါမနဿမီးက လောင်တော့မှာပဲ။
ခဏတာမျှ မြင်ရကြားရတဲ့ အာရုံအပေါ် အခြေခံပြီး မိမိရဲ့နှလုံးသားကို မီးအလောင်ခံခြင်းဟာ အင်မတန်မှ နစ်နာလှပါတယ်၊ ဒီလိုသာ မိမိမကြိုက်မနှစ်သက်တဲ့ အမြင် အကြား အာရုံတွေကို မြင်ရ ကြားရတိုင်း နှလုံးသားကို မီးအလောင်ခံနေရမယ်ဆိုရင်တော့ လူဖြစ်လဲ ရှုံး သာသနာတော်နဲ့ ကြုံတွေ့ရလဲ အမြတ်မထွက် သက်သက်အရှုံးကြီး ရှုံးရပါတော့မယ်၊ မိမိကိုယ်ကိုလဲ မသနားရာရောက် ဘုရားစကားတော်ကိုလဲ သပိတ်မှောက် နောက်လိုက် တပည့်ကောင်း တစ်ယောက် မဖြစ်နိုင်တော့ပါဘူး။
နှလုံးသွေးပူလောင် ညီးညီးပြောင်ပြောင် မီးလောင်ခံရတဲ့ သူမှာ မိမိရဲ့ဘေးမှာ မီးငြိမ်းသတ်ဆေး ရှိနေပါလျက်နဲ့ အခွင့်အရေးရယူ မီးငြိမ်းမှုမပြုဘဲ ညည်းရုံသာ ညည်းညူနေကြမယ်ဆိုရင် မသိတတ်ရာအလွန်ကျ ဗုဒ္ဓရဲ့တပည့်သားကောင်းတစ်ယောက် မဟုတ်တော့ပေဘူးလို့သာ မှတ်လိုက်ပါတော့၊ မကောင်းတဲ့ အမြင် အကြား, ကောင်းတဲ့ အမြင် အကြား ဘာကိုပဲ မြင်ရမြင်ရ, ကြားရကြားရ မြင်ရုံမျှ ကြားရုံမျှမှာထားပြီး ပုဂ္ဂိုလ် သတ္တဝါ မိန်းမ ယောက်ျား ချောမချော လှမလှ ကောင်းမကောင်းအဆင့်အထိ ဆင်ခြင်ကြည့် မနေသင့်ပါ၊ မြင်ပြီး ကြားပြီးတဲ့နောက်မှာ မြင်ရတဲ့ ကြားရတဲ့အာရုံတွေလဲ ကုန်ဆုံးချုပ်ပျောက် မျက်စိကွယ်ရာ နားကွယ်ရာမှာ ရောက်ရှိသွားကြပါပြီ၊ မြင်တဲ့စိတ် ကြားတဲ့စိတ်တွေလဲ အလျင်အမြန်ကြီး လျှပ်ပြက်သလို ဖြစ်ချုပ်သွားကြလေကုန်ပြီ၊ ပစ္စုပ္ပန်တည့်တည့်မှာ စိတ်ကိုမထားဘဲ အတိတ်ကို ပြန်ပြီး နှလုံးသွင်းဆင်ခြင် ရှိနေခြင်းကြောင့် နှလုံးမသာယာ ဒေါမနဿမီး အားကြီးလောင်ကျွမ်းနေရခြင်းပါ၊
အိပ်ပျော်ချိန်နဲ့ ဘာဝနာတရား ပွားများအားထုတ်ချိန်တို့ကလွဲလို့ မျက်စိနဲ့ နားကို အမြဲတမ်း ဖွင့်ကြည့် နားစွင့်နေရခြင်းဟာ လူ့သဘာဝပါ၊ နေ့စဉ်နဲ့အမျှဆိုသလို အကောင်း အဆိုး အမြင်အကြားတွေနဲ့ မြင်တွေ့ ကြားရနေမှာပဲ၊ ကောင်းဆိုးနှစ်တန် မြင်ရ ကြားရတာ မှန်သမျှ ကိလေသာမီးစာတွေ မဖြစ်စေဘဲ သံဝေဂဉာဏ် ဝိပဿနာဉာဏ်ရဲ့ အာရုံအဖြစ် မဂ်ဉာဏ်ထိရောက်အောင် အသုံးချ ဆင်ခြင်သုံးသပ် ရှုမှတ်နိုင်ကြပါစေ၊ ရှုမှတ်လိုက်ပါတော့လို့ တိုက်တွန်းလိုက်ပါရစေ....။
လူ့ဘဝဆိုတာ မိုးကျရွှေကိုယ် မဟုတ်ကြပါ၊ မိသားစု အပေါင်းအသင်း အဖွဲ့အစည်းနဲ့ နေကြရပါတယ်၊ မိဘဆွေမျိုး ညီကိုမောင်နှမတွေ ရှိကြတာချည်းပဲ၊ စားဝတ်နေရေးအတွက် အလုပ်အကိုင်ရှိရ စီးပွားဥစ္စာ ရှာကြရပါတယ်၊ လူရဲ့ခန္ဓာကိုယ်မှာ ဓာတ်ကြီးလေးပါး ဖောက်ပြန်လာတဲ့အခါ ရောဂါဝေဒနာတွေလဲ ရရှိလာကြပါတယ်။
လောကသဘာဝအရ ခိုင်တာမြဲတာရယ်လို့ ဘာတစ်ခုမှ မရှိပါဘူး၊ သက်ရှိလဲ သက်ရှိအလျှောက် သက်မဲ့လဲ သက်မဲ့အလျှောက် အချိန်တန်တော့လဲ ပျက်စီးယိုယွင်း အိုမင်း ချုပ်ပျောက်ကြရတာချည်းပဲ၊ မပျက်စီးအောင် အမိန့်ပေးလို့ မရနိုင်တဲ့ အနတ္တတရားတွေပဲ မဟုတ်ပါလား၊ ဒါ့ကြောင့် အချိန်တန်လို့ မိသားစု ဆွေမျိုးထဲက တစ်ယောက်ယောက် သေပျောက်ပျက်စီးရတာ ဓမ္မတာပါပဲလေ၊ မိမိတို့လဲ ဒီလမ်းဒီစခန်းအတိုင်း နောက်ကလိုက်ရ ပေဦးမယ်၊ တရားသဘောအတိုင်း ဖြစ်ပျက်နေတာကို သံဝေဂယူ ဉာဏ်ကူလိုက်ရင် နှလုံးမီး ပူလောင် ခံစားရခြင်းမှ သက်သာခွင့်ရနိုင်ပါတယ်၊ သတိပဋ္ဌာန်တရားနဲ့အညီ ပွားများအားထုတ်လို့ နှလုံးသားမှာ ဓမ္မဉာဏ်ကြာပွင့် ကိန်းဝပ်သွားပြီဆိုမှဖြင့် ကိုယ်ဆင်းရဲမှုရော စိတ်ဆင်းရဲမှုပါ ကင်းပျောက်ချုပ်ငြိမ်းနိုင်ကြောင်းပါဗျာ။
စီးပွားဥစ္စာအလုပ်အကိုင်ရာထူးဌာနန္တရတွေ တည်မြဲခြင်းမရှိ လက်လွှတ်ဆုံးရှုံးရတဲ့အခါမှာလဲ လောကဓမ္မတာတစ်ခုအနေနဲ့ ဖြေသိမ့်ကျေနပ်ကြရမှာပဲ၊ ဘဝဆိုတာ အနိမ့်အမြင့် အတက်အကျ ရှိစမြဲပါ၊ မိမိတို့ရဲ့ ကံ ဉာဏ် ဝီရိယအပေါ်မှာ မှီတည်ပြီးတော့ ဖြစ်ပျက်နေရပါတယ်၊ အသိဉာဏ်တစ်ချက် လွဲလိုက်တာနဲ့ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်လာရသလို လုံ့လဝီရိယမဖက် ပေါ့ဆမှုရှိတဲ့အတွက်ကြောင့် နစ်နာဆုံးရှုံးရတာလဲ တပုံကြီးပဲ။
ပညာဉာဏ်အဆင်ခြင်နဲ့ လုံ့လဝီရိယအပြည့် ရှိပင်ရှိငြားသော်လဲ အတိတ်ကံ မကောင်းခဲ့မှုကြောင့် မမျှော်လင့်ဘဲ စီးပွားရေး ချွတ်ခြုံကျ၊ အလုပ်အကိုင် ရာထူးဌာနန္တရတွေ ပြုတ်လို့ နေရတဲ့အခါလဲ ရှိတတ်ပါသေးတယ်၊ ဒါတွေကလဲ ယာယီခဏတာပါ၊ တစ်သက်လုံး ဒီလိုချည်း ဖြစ်မနေပေဘူး၊ ကောင်းတဲ့ကံတွေကို ကြိုးစားပြု အဖက်ဖက်က ဆင်ခြင်စဉ်းစား ဉာဏ်အသစ်တွေထုတ်၊ တတ်အားသမျှ လုံ့လဥဿာဟထုတ် ပြန်ပြီးကြိုးစားလိုက်ရင် လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ စီးပွားရေးတွေ ပြန်လည်ပြီး ဦးမော့လာနိုင်ပါတယ်၊ အရင်ကထက်လဲ စီးပွားတိုးတက်ဖြစ်ထွန်းနိုင်ခွင့် ရှိပါတယ်၊ သင့်လျှော်ကောင်းမွန်းတဲ့အလုပ်အကိုင် ရာထူးဌာနန္တရတွေကိုလဲ ပြန်လည်ရရှိနိုင်ပါတယ်၊ လူသာ အဓိကပါ၊ ကံ . ဉာဏ် . ဝီရိယ ဤ
သုံးဝနဲ့ ပြစုံအောင်သာ ကြိုးစားလိုက်ပါတော့၊ နှလုံးပူဆွေး ဒေါမနဿမီးဘေးကနေ အမြန်ထွက်ခဲ့စမ်းပါလော့၊ ဘုရားပေးတဲ့နည်းအတိုင်း ယုံယုံကြည်ကြည် လိုက်နာ ပြုလုပ်ခြင်းဖြင့် ကိုယ်တွေ့အကျိုးတရားရရှိ တွေ့မြင် ဘုရားသခင်ကို ကျေးဇူးတင်မဆုံးဖြစ်မှာ သေချာပါ တယ်။
ခန္ဓာကိုယ်ရရှိလာလို့ကန်တော့ ရောဂါဝေဒနာဆိုတာ ခန္ဓာကိုယ်ရဲ့ အမွှာပူးပဲ၊ ပူလိုက်အေးလိုက်၊ ဆာလောင်မွတ်သိပ်ခြင်းဖြစ်လိုက်၊ ကျင့်ကြီးကျင့်ငယ် စွန့်ရနဲ့ ဒီရောဂါဝေဒနာတွေက မွေးလာကတည်းက သေတဲ့အထိ ကပ်ပြီးနှိပ်စက်မြဲ နှိပ်စက်နေပေမှာပဲ၊ အသက်ရလာတာနဲ့အမျှ ဓာတ်လေးဝ ကမောက်ကမဖြစ်လို့ ရောဂါဝေဒနာဆိုးတွေ ဝင်ရောက်ပြီး နှိပ်စက်တတ်တာလဲ ဓမ္မတာတစ်ခုလို ဖြစ်နေပါတယ်၊ ခန္ဓာရှိလို့ နာရတာပဲ၊ နောက်ထပ်ခန္ဓာမရအောင် ပြုလုပ်အားထုတ်သွားဖို့သာ ရှိပါတော့တယ်၊ နှလုံးသားကို မီးလောင်ခံ နှလုံးမသာမယာ အိပ်မပျော် စားမဝင်ရှိနေခြင်းဖြင့် ဘာမှအကျိုးမရသလို အသက်တိုဖို့သာ ရှိပါပေတော့တယ်၊ ဒါကြောင့်မို့လို့ နှလုံးမသာမယာ စိတ်ဆင်းရဲမှု ခံစားရရင် ‘‘စိတ်ဆင်းရဲတယ်’’လို့ ရှုမှတ်ပေးပါ၊ သတိပညာနဲ့ ရှုမှတ်သိမြင်ပေးတဲ့အတိုင်း ဒေါမနဿဝေဒနာမီးဟာ ချက်ချင်းပဲ ငြိမ်းသွားပါလိမ့်မယ်၊ စိတ်ဆိုတာဟာ တစ်ကြိမ်တစ်ကြိမ်မှာ နှစ်စိတ် ပြိုင်တူ မဖြစ်ကောင်းပါဘူး၊ စိတ်ဆင်းရဲမှု ဖြစ်နေတဲ့အချိန်မှာ သတိ ပညာဦးစီးတဲ့ ကုသိုလ်စိတ်ဆိုတာ မဖြစ်နိုင်ပါ၊ ဘာဝနာကုသိုလ်စိတ် ဖြစ်လိုက်တဲ့အခါမှာ စိတ်ဆင်းရဲမှုဆိုတဲ့ အကုသိုလ်စိတ် ဖြစ်ခွင့်မရှိနိုင်တော့ပါ၊ ရှုမှတ် ပွားများမှု ဘာဝနာကုသိုလ်စိတ်ဖြစ်နေသမျှ ဒေါမနဿမီး ငြိမ်းမြဲငြိမ်းနေမှာပဲ။
ရှုမှတ်မှု ဘာဝနာတရားမှ မရှိခဲ့ရင် ဒီဒေါမနဿမီးလျှံဟာ မီးကုန်ယမ်းကုန် စိတ်တိုင်းကျ လောင်ကျွမ်းပြီး နေပေတော့မယ်၊ တန်ဘိုးရှိတဲ့လူ့ဘဝ အချိန်ရဲ့တန်ဘိုးကို စိတ်ဆင်းရဲမှုဖြင့် အလဟဿ မဖြုန်းပစ်သင့်တာ အမှန်ပါ၊ ဒေါမနဿမီးကို အရှုံးမပေး သတိပဋ္ဌာန်ဆေးနဲ့ပဲ ငြိမ်းသတ်ပစ်လိုက်ပါတော့လို့ ထပ်မံပြီး တိုက်တွန်းလိုက်ပါရစေ...။
၁၁၊ ဥပါယာသမီး
လွန်စွာပြင်းပြ ဥပါယာသမီး
မီးဆယ့်တစ်ပါးအကြောင်း တင်ပြဆွေးနွေးလာခဲ့တာ အခုဆိုရင် နောက်ဆုံးနံပါတ် ဥပါယာသမီးအကြောင်း တင်ပြဆွေးနွေးဖို့အချိန် ကျရောက်ပြီးတော့ လာပါပြီ၊ ဥပါယာသမီးဆိုတာ စိတ်ထဲမှာ အလွန်အမင်း ပြင်းစွာ ပူပန်ဖြင်ရှိတာကို ဆိုလိုပါတယ်၊ ထိမ်းမရ သိမ်းမနိုင် နှလုံးသားအိမ်းမှာ လောင်မြိုက်နေတဲ့ ဒီမီးအရှိန်ဟာ ပြင်းထန်လွန်းလို့ နှလုံးစို့ မိုက်လာနဲ့ ခန္ဓာကိုယ်ပစ်လဲ သတိလွတ်ကင်း တောင့်တင်းခိုင်မာ ကိုယ်ခန္ဓာကြီးကို သတိပြန်ရအောင် မနည်းပြီး နှိပ်နယ်ဆွဲဆန့်ပေးနေရတဲ့အထိပဲ ဆိုပါတော့၊ ဒီဥပါယာသမီးလျံဟာ ဘယ်အချိန်အခါမှာ လောင်ကျွမ်းတတ်ပါသလဲဆိုရင်တော့ ပျက်စီးခြင်းတရား ငါးပါးနဲ့ ကြုံတွေ့ရတဲ့အခါမှာပေါ့။
ပျက်စီးခြင်းတရားငါးပါး
(၁) မိဘဆွေမျိုး ခင်သူမင်သူ တစ်ဦးတစ်ယောက် ပျက်စီးဆုံးရှုံးခြင်း၊
(၂) မိမိတို့ရဲ့ ပစ္စည်းဥစ္စာ ရတနာရွှေငွေ အလုပ်အကိုင် ရာထူးဌာနန္တရပျက်စီးဆုံးရှုံးရခြင်း၊
(၃) ရောဂါဝေဒနာ ဖိစီးနှိပ်စက်လို့ လောကဓမ္မအကျိုးတွေ လက်လွှတ်ဆုံးရှုံးခဲ့ရခြင်း၊
(၄) ကိုယ်ကျင့်သီလတို့ ပျက်စီးဆုံးရှုံးခြင်း၊
(၅) ကောင်းတဲ့အယူအဆ အတွေးအခေါ် အမြော်အမြင်တို့ ပျက်စီးယိုယွင်းခြင်း။
မိမိတို့ အင်မတန်မှ အားကိုးတကြီးထား ချစ်ခင်လေးစားရသူ မိဘဆွေမျိုး ညီကိုမောင်နှမ ဇနှီးခင်ပွန်းဖြစ်သူ တစ်ဦးတစ်ယောက် ကွယ်လွန်အနိစ္စရောက်သွားတဲ့အခါမှာ သက်ဆိုင်သူများထဲက တရားလက်လွတ်ရှိနေတဲ့ တချို့သောသူတွေအဖို့ နှလုံးအိမ်မှာ ပြင်းထန်လှတဲ့ ဥပါယာသမီး အလောင်ခံလိုက်ရပြီဆိုမှဖြင့် အကြီးအကျယ် ငိုယိုမြည်တမ်းရာကနေပြီးတော့ အရှက်တရားလဲ မရှိ၊ သတိလွတ်ကင်း မေ့မျောခြင်းသို့ ရောက်သွားကြရတဲ့သူတွေကို တွေ့မြင်ဖူးကြမှာပါ၊ ဒါဟာ ဥပါယာသမီးရဲ့ ဒဏ်ချက်ပါပဲ၊ တချို့များကျတော့ နှလုံးသားထဲမှာ တမြေ့မြေ့ပူလောင် လူ့ဘောင်မှာ မနေချင်တော့တဲ့စိတ်ပေါက် စိတ်ဓာတ်တွေ ဂယောင်ချောက်ချားဖြစ် ဆေးရုံကို အမြန်ဆုံးပို့လိုက်ရတဲ ဒုက္ခသည် ဥပါယာသမီးတရားခံတွေလဲ မနည်းပါဘူး။
အကြောင်းအမျိုးမျိုးကြောင့် ချစ်ခင်သူ သမီးရီးစား ပျက်ပြားဆုံးရှုံးသွားရလို့ ပြင်းထန်တဲ့ စိတ်ဆင်းရဲမှုဝေဒနာ ခံစားရသူတွေလဲ ရှိနေပါတယ်၊ ဖြစ်လွယ် ပျက်လွယ်တဲ့ ခုခေတ်သမယ ၂၁ရာစု ကာလမှာ သေကွဲမဟုတ်ဘဲ ရှင်ကွဲ ကွဲနေကြရတဲ့ ရင်ကွဲနာ ဒုက္ခသည်ပေါင်းဟာ နည်းမှာ မဟုတ်ပါဘူး၊ ရိုးသား ဖြောင့်မတ် သစ္စာရှိတဲ့ ရင်ကွဲနာ ဒုက္ခသည်တွေအဖို့ကိုတော့ ကရုဏာသက်မိရပါတယ်၊ ရိုးသားဖြောင့်မတ် သစ္စာရှိတဲ့ မောင်မယ်တွေမှာ မိမိတို့နဲ့ ဘဝလက်တွဲပြီး ပါရမီဖြည့်ဖက်အဖြစ် သက်ဆုံးတိုင် လက်တွဲမဖြုတ် ဘဝစခန်းကို လျှောက်လှမ်းသွားတော့ မယ်လို့ဆိုပြီးတော့ အနာဂတ်ကို ပုံဖော်စိတ်ကူးယဉ် အိပ်မက်မက်ထားလိုက်တာ ဝမ်းသာလို့မဆုံး ရှိနေတုံးမှာပင် ကိုယ့်လူက နောက်တစ်ယောက်နဲ့ တွဲလို့ ပါသွားချေပြီလို့သိလိုက်မြင်လိုက် ကြားလိုက်ရတယ်ဆိုရင်ဖြင့် ဘယ်လောက်အထိ နှလုံးကွဲနာ ခံစားလိုက်ရမယ်ဆိုတာ စဉ်းစားသာ ကြည့်ကြပေတော့၊ သေချင်စော်နံ့သွားမှာ သေချာပါတယ်၊ မိမိကိုယ်ကို သေကြောင်းကြံတဲ့အထိ ဖြစ်သွားနိုင်ပါတယ်၊ စိတ်ကူးယဉ်နဲ့ အနာဂတ် ကောင်းကင်မှာ တည်ဆောက်ထားခဲ့တဲ့ တိုက်ကြီး ဗိမာန်ကြီးဟာ လေမုန်းတိုင်းကြီး လေဆင်နှာမောင်းကြီး တိုက်ခတ်လို့ ဘာမှအကျန်မရှိ လုံးဝပါသွားရပါချေပြီ၊ မသေချာ မရေရာတဲ့ လောကကြီးပါကလား၊ ကြံစည်တိုင်းလဲ မဖြစ်ဘဲ ပျက်တတ်တာပါကလား၊
တပါးသူရဲ့အချစ်မေတ္တာကို ရချင်လို့ အချစ်ဓားပြတိုက်တာရော သူ့အချစ်မေတ္တာကို မရနိုင်လို့ ကိုယ်အသက်နဲ့လဲ သေပွဲဝင်လိုက်တဲ့ ပုဂ္ဂိုလ်တွေပါ အာဇာနည်သူရဲကောင်းတွေ မဟုတ်ကြပါ၊ စိတ်ဓာတ် ဖျင်းသိမ် အရှုံးသမားတွေရဲ့ စက်ဆုပ်ဖွယ် ဖြစ်ရပ် အမူအရာတွေပါ၊ နှလုံးအိမ်မီးလောင် ဒေါမနဿမီး အကြီးအကျယ် နှိပ်စက်ခံရရင်းနဲ့ ကိုယ့်ကိုယ်ကိုသက်သေ ဘဝဇာတ်လမ်းသိမ်းသွားရှာတဲ့ ပုဂ္ဂိုလ်များမှာ နောက်ထပ်မီးတစ်ပုံ ဆက်လောင်ဖို့က အသင့်စောင့်ကြိုနေမှာပဲ၊ အလျှံတပြောင်ပြောင် တောက်လောင်ပြီး စောင့်ကြိုနေတဲ့ မီးဟာ လူ့ဘဝ လူ့လောကက လွန်စွာပြင်းပြ ဥပါယာသမီးထက် အဆအရာအထောင်မက ပြင်းပြပူလောင် ကြာညောင်းလှစွာ လောင်ကျွမ်းနေမဲ့ ငရဲမီးပါဗျာ။
ဆွေမျိုးပျက်စီး ပြင်းပြမီးလျှံ ငြိမ်းသတ်ရန်
အဲဒီလို နှလုံးအိမ်မှ ပြင်းပြလှတဲ့ ဒီမီးလျှံကို ငြိမ်းသတ်နိုင်ဖို့ သတိပဋ္ဌာန် ဘာဝနာဉာဏ်မှတပါး တခြားနည်းလမ်းဆိုတာ မရှိပါ၊ မိဘဆွေမျိုးတွေအပေါ်မှာ မေတ္တာတရားသာ အတတ်နိုင်ဆုံးထား ပြုစုထောက်ပံ့ပြီး စိတ်ချမ်းသာမှုရှိအောင် ပြုလုပ်ပေးရပါ့မယ်၊ လောဘသံယောဇဉ်နဲ့ ငြိတွယ် ဖွဲ့နှောင်လွန်အားကြီးမရှိရင်တော့ သိပ်ကောင်းမှာပါပဲ၊ သံယောဇဉ်ဆိုတဲ့ တရားဟာ ပယ်ရမဲ့အကုသိုလ်တရားတွေပါ၊ လောဘ ဒိဋ္ဌိဆိုတဲ့ သံယောဇဉ်နှောင်ကြိုး သိပ်ပြီးတော့ အတင်းအကြပ် ဖွဲ့ချည် တုတ်နှောင်ထားမှု မရှိခဲ့ရင် တစ်ဦးတစ်ယောက် ပျက်စီးကွယ်လွန် ဆုံးရှုံးသွားတဲ့အခါမှာ နှလုံးအိမ်မီးဟပ်ပြီး မေ့မျောသွားရတဲ့အဆင့်ကို ကျော်လွှားသွားနိုင်မှာ ဖြစ်ပါတယ်၊ မွေးလာတဲ့သူမှန်သမျှ မသေတာ တစ်ယောက်မျှ မရှိပါ၊ အဲဒီအသိ ရင်ထဲရှိက သက်သာလှပါတယ်၊ မိဘဆွေမျိုး ချစ်သူခင်သူ သေတိုင်း သံဝေဂဉာဏ်ယူ ဘာဝနာဉာဏ်အကူနဲ့ သုံးသပ်ဆင်ခြင် ရှုမှတ်မှုရှိနေမယ်ဆိုရင် ဥပါယာသမီးငြိမ်း ခန္ဓာဒုက္ခ ဇာတ်သိမ်းသွားတဲ့အထိ အကျိုးပြုပေးနိုင်ပါလိမ့်မယ်။
ရင်ကွဲနာမီး ငြိမ်းသတ်နည်း
သမီးရည်းစား ဇနှီးခင်ပွန်းနဲ့ ပတ်သက်ပြီး ဆုံးရှုံး လက်လွှတ်လိုက်ရတဲ့အခါမှာ ရင်ကွဲနာ မရရှိဖို့ နှလုံးသွင်းမှန်ရမယ်၊ ကမ္ဘာ့လူဦးရေး သန်းပေါင်း ခုနှစ်ထောင် (ခုနစ်ဘီလျံ) ခန့်ရှိတဲ့နေရာမှာ မိမိနဲ့အတူ ပါရမီဖြည့်ဖက်အဖြစ် လက်တွဲ လှမ်းလျှောက်ရမဲ့သူဟာ အတိတ်ဘဝက ကုသိုလ်ပါရမီအတူ ပြုဖူးခဲ့တဲ့ပုဂ္ဂိုလ်ပဲ ဖြစ်ရပါ့မယ်၊ တကယ့်ဖူးစာရေစက်လို့ဆိုရပါ့မယ်၊ စိတ်သဘောချင်း မတိုက်ဆိုင်လို့ တွဲလိုက် ပျက်လိုက် ဖြစ်နေရတဲ့သဘောဟာ ကိုယ့်ရဲ့ဖူးစာရေစက် တွဲဖက်ရမဲ့ပုဂ္ဂိုလ်မှန် လူမှန်မဟုတ်သလိုပဲလို့ တွက်ဆ ဆင်ခြင်ပေးလိုက်ပါ၊ အဲဒီလူနဲ့ လက်တွဲပြီး တစ်သက်လုံး ပူပန်သောက ပြင်းပြမီးလျံ လောင်ခံရခြင်းထက် စောစောစီးစီး တကြိမ်တည်းဖြင့် နှလုံးသွေး ပူလောင်ခံရတာက ပိုကောင်းသေးတယ်လို့ ဆိုရတယ်၊ ပါရမီဖြည့်ဖက် ဖူးစာရေစက် လူမှန် ပုဂ္ဂိုလ်မှန်က On the way မှာ ရောက်ရှိနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ ဆုံးရှုံးပျက်ကွယ် လမ်းခွဲသွားလေသူအတွက် ဝမ်းနည်းကြေကွဲမှု မဖြစ်စေဘဲ မိမိထံမှောက် ဦးတည်လျှောက်လှမ်းလာနေတဲ့ လူမှန် ပုဂ္ဂိုလ်မှန် ပါရမီဖြည့်ဖက် လက်တွဲမပျက်မဲ့သူကို ဝမ်းမြောက်စွာနဲ့ ကြိုဆိုဖို့သာ ပြင်ထားပေတော့၊ တကယ်လို့များ အတိတ်ဘဝက ကုသိုလ်ပါရမီ အဓိဋ္ဌာန်ရှိထားလို့ အမတကြငှန်း နိဗ္ဗာန်နန်းကို အမြန်ရောက်နိုင်ဖို့ ပလိဗောဓ ကြောင့်ကြမှု မရှိ လွတ်လွတ်ကျွတ်ကျွတ် သက်သက်သာ လွတ်လပ်စွာဖြင့် ပါရမီကုသိုလ်များထိုထိုကို ဖြည့်ကျင့်ဆည်းပူးနိုင်ဖို့ မြတ်သောမနသီ ရှိခဲ့ဖူးမယ်ဆိုရင်လဲ တစ်ဦးတည်းနေ ကုသိုလ်တွေပွား လင့်ကျွန် မယားကျွန် ဖြစ်စရာ မရှိတော့ပါ၊ လွတ်လွတ်လပ်လပ် အကောင်းတကာ့ အကောင်းဆုံး ကုသိုလ်ပါရမီတွေ ရင့်သထက်ရင့်အောင် ကျင့်ဆောင်ဖြည့်ဆည်းနိုင်တော့မှာ အမှန်ပါ။
ဘောဂပျက်စီး ဥပါယာသမီး
စည်းစိမ်ဥစ္စာတွေ ရန်သူမျိုးငါးပါးနဲ့ တွေ့ကြုံရလို့ ဆုံးရှုံးရတဲ့အခါ အလုပ်အကိုင်တွေပြုတ် ရာထူးတွေ အဖြုတ်ခံရတဲ့အခါမှာ အကြီးအကျယ် စိတ်မချမ်းမသာ ဖြစ်တတ်ကြပါတယ်၊ ဒီစာကို ရေးနေတဲ့ ရက်ပိုင်းအတွင်းမှာပဲ မိမိနေထိုင်ရာ မြို့က Water District Departmentက အရာရှိတစ်ဦး Lay off ထိသွားလို့ ရက်ပိုင်းအတွင်းမှာပဲ Red-Rock ဆိုတဲ့ နေရာမှာ သွားရောက်ပြီး သူ့ကိုယ်ကို အဆုံးစီရင်ပစ်လိုက်တယ်၊ သူ့မိတ်ဆွေက သူ့ကို ရည်စူးပြီး ကျောင်းမှာ အလှူဒါနပြု ရေစက်ချ အမျှပေးဝေခဲ့ပါတယ်၊ ခပ်ပေါ့ပေါ့ ခပ်လွယ်လွယ်နဲ့ပဲ ဆုံးဖြတ်ချက်ချ ဘဝကို အရှုံးပေးလိုက်တဲ့အတွက် ကျန်ရှိနေသေးတဲ့ ဇနှီးမယား သမီးသားတွေအတွက် ဘယ်လောက်ထိ ကသိကအောက်ဖြစ် ကျန်ရစ်ခဲ့မယ်ဆိုတာ မစဉ်းစားဝံ့စရာပါ၊ နှလုံးအိမ်ကို အကြီးအကျယ် မီးလောင်ခံရတဲ့အခါမှာ တရားမရှိ တရားမသိကြတဲ့သူတွေအဖို့ အန္တရာယ်များလှပါတယ်၊ မိမိတစ်ဦး အဆင်ခြင်မဲ့ ဆုံးဖြတ်ချက်မှား ပြုလုပ်သွားခြင်းကြောင့် မှီခိုသူများ ခင်မင်သူများ ဒုက္ခပွားရတာကန်တော့ဖြင့် အတော့်ကို မကောင်းတာပါပဲ။
ဘောဂပျက်စီး ငြိမ်းပါဥပါယာသမီး
ကုန်ရှုံးလျှင် တစ်ခေါက်ဆိုသလို ပစ္စည်းဥစ္စာဆိုတာ မသေရင် ပြန်ရှာလို့ ရနိုင်ပါသေးတယ်၊ ပစ္စည်းဥစ္စာ ဆုံးရှုံးလို့ အပြင်းအထန် ပူပန်မှုမရှိသင့်ပါဘူး၊ စိတ်အေးအေးထား တဖြည်ဖြည်း ကြိုးစားပြီး ရှာလိုက်ရင် ပြန်ပြီး ရရှိနိုင်ပါတယ်၊ လက်ရှိအလုပ်အကိုင်ပြုတ် အလုပ်လက်မဲ့ဘဝ ရောက်ရလဲ သိပ်ပြီး မပူပန်စေချင်ပါ၊ ရရာအလုပ် ခဏဝင်လုပ်ပြီး မိမိနဲ့သင့်လျှောက် ကောင်းမွန်တဲ့အလုပ် အချိန်ယူ လိုက်ရှာလိုက်ရင် ရနိုင်ကောင်းပါတယ်။
ရာထူးပြုတ်တဲ့အခါမှာလဲ အကောင်းမြင်ဝါဒ ထားရှိပြီး ဘဝကို မျှမျှတတ အေးအေးဆေးဆေး စီမံခန့်ခွဲ ထိန်းကျောင်းပြီး ရတာ ရှိတာလေးနဲ့ နှစ်သိမ့်ကျေနပ်မှု ရှိရပါ့မယ်၊ တရားသဘောအရ လောကမှာ ဘာတစ်ခုမျှ မြဲတယ် အစိုးရတယ်ရယ်လို့ မရှိနိုင်ပါ၊ အခြေအနေပေးတုံး အတတ်နိုင်ဆုံး လုံ့လစိုက်ပြီး ပစ္စည်းရှာရမယ်၊ စိတ်တိုင်းကျ အစစအရာရာ အဆင်ပြေနေတုံးမှာ ဘဝမမေ့ ဘဝင်မမြင့်ဖို့ လိုအပ်ပါတယ်၊ အောင်မြင်မှုတွေ ရရှိ ပစ္စည်းဥစ္စာတွေ တိုးပွားလာတဲ့အခါမှာ လှူဒါန်းပေးကမ်း စွန့်ကြဲမှုကို ပြုပေးရမယ်၊ ဒါနမှုမှ မပြုလုပ်ရင် ရရှိထားတဲ့ပစ္စည်းဥစ္စာ တာရှည်ခံဖို့ မလွယ်ပါဘူး၊ ပစ္စည်းဥစ္စာ တိုးတက်လေ ကုသိုလ်ဆက်ပေးလေ၊ ဘယ်တော့မှ အခြေမပျက်ပါ၊ မကောင်းကံ အကျိုးပေးလို့ ပစ္စည်းဥစ္စာ လျော့နည်း ဆုံးရှုံးမှုနဲ့ ကြုံတွေ့ရတဲ့အခါမှာ စိတ်ဓာတ်အကြီးအကျယ်ကျ အိပ်မရ စားမဝင် ပူပင်မှုသိပ်ပြီး မဖြစ်ဖို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီး နည်းပေးညွှန်ပြ ဆုံးမသတိပေး တော်မူခဲ့တာကို ကျင့်သုံးလိုက်နာနိုင်ကြမယ်ဆိုရင် စိတ်ဓာတ်အကြီးအကျယ် ထိခိုက်ဖွယ် မရှိနိုင်တော့ပါ။
တရားဘာဝနာ ပွားများအားထုတ်ကြတဲ့သူတို့အဖို့မှာ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေ မမြဲကြောင်း အစိုးမရကြောင်း ကောင်းကောင်းသိထားကြတဲ့သူတွေပီပီ တကယ်လက်တွေ့ နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ကြုံတွေ့လိုက်ရတဲ့အခါမှာ စိတ်သက်သာရာ အများကြီး ရရှိစေနိုင်ပါတယ်၊ မမြဲတဲ့တရားမို့ အစိုးမရနိုင်တဲ့တရားမို့ ဒီလိုဒီပုံ ဒီအခြေအနေမျိုးဖြစ်ရ ရောက်ရတာပဲလို့ ဖြေသိပ်လို့ ရနိုင်ကောင်းပါတယ်၊ ပစ္စုပ္ပန်မှာ စိတ်ခံစားမှုရှိတဲ့အတိုင်း စိတ်ပူပန်ရင် ပူပန်မှန်းသိ ရှုမှတ်လိုက်ရင် ချက်ချင်းပျောက်သွားတာကို ဉာဏ်နဲ့တွေ့မြင်နိုင်ပါတယ်၊ စိတ်ပူပန်မှုကို ဉာဏ်က အနိုင်ရအောင် လေ့ကျင့်ပျိုးထောင် မပြတ်တမ်း ရှုမှတ်မှုပြုလုပ်ပေးခြင်းဖြင့် ပြင်းစွာပူပန်ခြင်း ဥပါယာသမီး လျော့နည်းကျဆင်း ပျောက်ကင်းချုပ်ငြိမ်းသွားတာကို ကိုယ်တွေ့ ဖြစ်သွားမှာပါ။
ကိုယ်ကျင့်သီလပျက်စီး ဥပါယာသမီး
ငါးပါးသီလ တစ်ပါးမှမရှိ ကိုယ်ကျင့်တရား ပျက်စီးသူတို့မှာ မိမိကိုယ်ကိုလဲ မကျေနပ်၊ သက်ဆိုင်ရာ အာဏာပိုင်တို့က မိမိကို အရေးယူ ပြစ်ဒဏ်ချမှတ်လာမှာကိုလဲ စိုးရိမ်ကြောင့်ကြ၊ လူ့အဖွဲ့အစည်း အသိုင်းအဝိုင်းထဲမှာလဲ မျက်နှာမပြရဲကြ၊ အပူလုံးတွေ တကြွကြွ တရွရွနဲ့မို့ သေရကောင်း မလားလို့တောင် တွေးမိကောင်းတွေးမိမှာပါပဲ။
သီလပျက်စီး ဥပါယာသမီးငြိမ်း
ပျက်အစဉ် ပြင်ခဏဆိုသလို ပြုလုပ်နေကျ ဒုစရိုက်အလုပ်မျိုးကို ရပ်ဆိုင်း၊ ဘဝသစ် အတွေးသစ် ကောင်းကျင့်တွေကိုသာ ပြုလုပ်သွားတော့မယ်ဆိုရင် ဘုရားရှင်ကြိုက်နှစ်သက်တဲ့ အလုပ်ပါပေပဲ၊ အတိတ်က အမှားတွေကို သင်္ခဏ်းစာယူ သူတော်ကောင်းစိတ်မွေး တောင်းပန်သင့်သူကို တောင်းပန်မှုပြု၊ နောက်ထပ်မပြုဘဲနေမယ်ဆိုရင် ကိုယ့်ကိုယ်ကို လေးစားဂုဏ်ယူ ခွင့်လွှတ်နိုင်သည့်အလျှောက် နှလုံးသားကို အကြီးအကျယ် မီးလောင်ခံရခြင်းမှ ကင်းလွတ်သွားနိုင်တော့မှာပါပဲ၊
ကိုယ်ကျင့်သီလ ပျက်စီးခြင်းဟာ ပစ္စည်းဥစ္စာ ပျက်စီးဆုံးရှုံးရတာထက် ပိုပြီးဆိုးဝါးလှပါတယ်၊ ပစ္စည်းဥစ္စာ ဆုံးရှုံးရုံနဲ့တော့ နှလုံးမီးလောင်ခံရရုံပဲ ရှိမှာပေါ့၊ ဒါပေမယ့်လို့ ကိုယ်ကျင့်သီလ ပျက်စီးသွားပြီဆိုမှဖြင့် ငရဲမီးအလောင်ခံရတဲ့အထိ အပြစ်ကြီးလေးလှပါတယ်၊ သီလရှိခြင်းရဲ့အကျိုး ပျက်စီးခြင်းရဲ့အပြစ်ကို ဝေဘန်သုံးသပ်ပြီး ကိုယ့်ကိုယ်ကို ကြည်ညိုနိုင်အောင် ကိုယ်ကျင့်သီလ ခိုင်မြဲဖြူစင်သူတစ်ယောက် ဖြစ်ပါစေ…..လို့ပဲ တိုက်တွန်းလိုက်ပါရတယ်။
အယူမှောက်မှားပျက်စီး ဥပါယာသမီး
အများအတွေးအခေါ်နဲ့ဆန့်ကျင် အမှန်တရား ဓမ္မတရားကို သွေဖီ နောင်ဘဝဆိုတာ မရှိ၊ ကံအကျိုးပေးဆိုတာ မရှိ၊ မိဘဂုဏ်ကျေးဇူးဆိုတာ မရှိစသဖြင့် မရှိဝါဒကို လက်ခံယုံကြည်ထားပြီး ထင်ရာစိုင်း မိုက်ရိုင်းခဲ့တဲ့ပုဂ္ဂိုလ်မှာ အချိန်တန်လို့ တစ်နေ့တစ်ချိန်မှာ ကံကောင်းချင်တော့ မှားမှန်းသိ နောင်တတရား ရရှိလို့လာပြန်တယ်၊ မိမိရဲ့အတိတ်က မိုက်မဲချက် အယူအဆမှားယွင်းချက်ကြောင့် ပြုလုပ် ပြောဆိုခဲ့တာကို ပြန်ပြောင်းသတိရတိုင်း နှလုံးသား ပူလောင် လူတောင်းမဖြစ်ချင်တော့တဲ့အထိ ခံစားမိမှာ သေချာပါတယ်၊ ဒါဟာ အယူမှောက်မှားမှုမှ ဖြစ်ပေါ်လာရတဲ့ နှလုံးသား ပြင်းစွာပူလောင် ဥပါယာသမီးဒဏ်ခံနေရခြင်းပဲ ဖြစ်ပါတော့တယ်။
မှားသောအယူအဆမှ ဥပါယာသမီးငြိမ်း
အတွေးအခေါ် အယူအဆ ကမောက်ကမ မှားယွင်းလှတဲ့အတွက် မကောင်းမှုပေါင်းစုံ ပြုလုပ် အများတကာတွေကို ဒုက္ခအကြီးအကျယ်ပေး ပြည်သူတွေအော့နှလုံးနာအောင် ပြုလုပ်ခဲ့မိတာကို ပြန်ပြောင်းသတိရ သံဝေဂယူသင့်ပါတယ်၊ လောကမှာ လူရယ်လို့ ဖြစ်လာရတဲ့အခါမှာ မိမိအယူအဆမှားမှုကြောင့် အများတကာတွေ ဒုက္ခမရောက်စေသင့်ပါ၊ ရခဲလှတဲ့ လူ့ဘဝကို ရရှိလာပြီးတဲ့နောက်မှာ တန်ဘိုးရှိတဲ့ဘဝဖြစ်အောင် လုပ်ဆောင်ကြရမယ်၊ အကြောင်းအကျိုး ဆက်သွယ်မှု သဘာဝကို ဘယ်သူမှ လွန်ဆန်လို့ မရနိုင်တာ အမှန်ပါ၊ မနေ့ရှိလို့ ဒီကနေ့ရှိလာတာ-ဒီကနေ့ပြီးရင် မနက်ဖြန်လာအုံးမှာ၊ ဘဝဆိုတာ နာရီလက်တံလို့ အတိတ် ပစ္စုပ္ပန် အနာဂတ် လည်ပတ်လို့မဆုံး ဓာတ်ခဲမကုန်မချင်း ရပ်တယ်ရယ်လို့မရှိပါ၊ လူ့ဘဝမှာ ပစ္စုပ္ပန်လဲကောင်း နောင်အနာဂတ်လဲ ကောင်းအောင် အယူအဆကောင်းရှိဖို့လိုပါတယ်၊ အယူအဆကောင်းတော့ စိတ်ကောင်းရှိလာမယ်၊ စိတ်ကောင်းရှိတော့ အများအကျိုးသယ်ပိုး ရွက်ဆောင်နိုင်မယ်၊ ဒါမှပဲ လူဖြစ်ကျိုးနပ်၊ လူ့တာဝန်ကျေပွန်ပါတော့မယ်၊ ကောင်းမှန်မြင့်မြတ်တဲ့ အယူအဆ အတွေးအခေါ်ရှိလာခဲ့သော် ကိုယ်ချင်းစာတရား မေတ္တာတရား သစ္စာတရားရှိရုံတင်မက ပြုလုပ်သမျှ ပြောဆိုသမျှတွေဟာလဲ နောင်လာနောက်သားတွေအတွက် အသိဉာဏ်အမွေ စံပြ သင်္ခဏ်းစာအမွေတွေ ပေးအပ်ရာလဲ ရောက်ပါတယ်၊ အမြင်မှန် ရရှိလာပြီဆိုမှဖြင့် အတိတ်က မှားခဲ့တာကို ပြည်လည်ချေဆပ်သောအနေအားဖြင့် အများအကျိုး အမျိုးဘာသာ သာသနာအကျိုးအတွက် ၃-၄ထပ်ကွင်း အတိုးချပြီး ပြုလုပ်သွားပေးခြင်းဖြင့် အတိတ်က မှားခဲ့လို့ နောင်တတဖန် ပူပန်မှု အကြီးအကျယ်ဖြစ်ရခြင်းကနေ လုံးဝ ကင်းစင်သွားနိုင်ပါတယ်၊ ဒီလောက်တင်မက ဝိပဿနာတရား ဘာဝနာကိုပါ ပွားများအားထုတ်လိုက်မယ်ဆိုလို့ရှိရင် ရုပ်နာမ်တရားကသာ အမှန်ရှိနေတာပါကလားလို့လဲ သိရမယ်၊ အစစအရာရာမှာ အကြောင်းရှိလို့သာ အကျိုးက ထင်ရတာ၊ အရင်တုံးက ထင်ထားတာနဲ့ တခြားစီပါလားဆိုတာ ကိုယ်တွေ့ဖြစ်သွားပါလိမ့်မယ်၊ ဖြစ်ပေါ်လာသမျှ အမြဲမတည် ရုပ်ချည်း ချုပ်ပျောက်သွားတာဖြစ်လို့ မနှစ်သက်နိုင်စရာတွေပါပဲလို့ သိလာနိုင်ပါတယ်၊ အကြောင်းရှိလို့ အကျိုးပေါ်၊ ပေါ်ပြီးတခါ ချုပ်ပျောက်သွားပြန်ပါတယ်၊ မဖြစ်အောင် မပျောက်အောင် လုပ်နိုင်စွမ်းမရှိ အစိုးမရတဲ့တရားတွေပါကလားလို့ သိရမယ်၊ ဒီလိုနဲ့ပဲ ဆက်လက်ပြီး ရှုမှတ်ပွားများ အားထုတ်သွားမယ်ဆိုရင် ပစ္စုပ္ပန်မှာ ပေါ်လာတဲ့အာရုံအပေါ် စိတ်ကရောက်ရောက်ပြီးနေမှာပဲ၊ အတိတ်က အရိပ်တွေဆီ စိတ်မရောက်တော့လို့ အယူမှားခဲ့မှုနဲ့ ပတ်သက်ပြီး စိတ်ရဲ့ပြင်းစွာ ပူပန်ခြင်း ဥပါယာသမီး ငြိမ်းပြီးတော့ နေမှာပဲ၊ ကောင်းတဲ့အမြင် ကောင်းတဲ့အသိတွေ တိုးတက်ရင့်သန်လာပြီး ဥပါယာသမီးရော အပါယ်ငရဲမီးပါ ငြိမ်းနိုင်တော့မှာ ဖြစ်ပါတယ်။
မီး၁၁-ပါးတို့ရဲ့အကြောင်းရင်းမှန်နဲ့ ငြိမ်းသတ်ရန်
မီး၁၁-ပါးကို လောကလူသားတွေ ပြေးမလွတ်နိုင်ပါ၊ ဆိုခဲ့ပြီး တစ်ဆယ့်တစ်သီးသော မီးတို့ လောင်ကျွမ်းနေပုံနဲ့ ငြိမ်းသတ်ပုံအကြောင်း တစေ့တစောင်း တင်ပြဆွေးနွေးလို့ ပြီးသွားပါပြီ၊ ဇာတိမီး ဇရာမီး မရဏမီး ဒီသုံးမီးကို ဒီဘဝမှာ ဘယ်လိုမှ ငြိမ်းသတ်လို့ မရနိုင်တဲ့မီးတွေပါ၊ လောဘမီး ဒေါသမီး မောဟမီးတွေ မဖြစ်ပေါ်လာရလေအောင် ဘာဝနာတရား ပွားများရှုမှတ်ခြင်းဖြင့် ငြိမ်းသတ်နိုင်ပါတယ်၊ ကျန်တဲ့ သောကမီး ပရိဒေဝမီး ဒုက္ခမီး ဒေါမနဿမီးနဲ့ ဥပါယာသမီးတွေဆိုတာ မိခင်လောဘမီး ဒေါသမီး မောဟမီးကနေတစ်ဆင့် ပေါက်ဖွားဖြစ်ပေါ်လောင်ကျွမ်းလာတဲ့ နောက်ဆက်တွဲ အဆွယ်အပွား မီးတွေပါပဲ၊ ဒါကြောင့်မို့လို့ မူလဘူတ အကြောင်းရင်း သူတို့ရဲ့မိခင်ဖခင်သဖွယ်ဖြစ်ကြတဲ့ လောဘမီး ဒေါသမီး မောဟမီးတွေကို ပယ်သတ်ချုပ်ငြိမ်းစေဖို့ လိုရင်းပဓာန ဖြစ်ပါပေတော့တယ်။
ဗုဒ္ဓဘုရားရှင်ရဲ့ တရားတော်တွေကို လေ့လာကြည့်ရင် ဒုက္ခသစ္စာ မီးမဟာတွေကို လွန်မြောက်ကင်းပ ချမ်းသာရအောင် ညွန်ပြဟောကြားတော်မူတာကို တွေ့နိုင်ပါတယ်၊ ဒါနတရားပြုလုပ်ကြတဲ့ သူတွေမှာ ကိုယ်တွင်းလောဘ မစ္ဆရိယ ဝန်တိုမှုကို လျော့နည်းအောင် ပြုလုပ်ခြင်းဖြင့် ကောင်းတဲ့ဘဝအဆင့်အတန်း အခြေအနေမှာ ရောက်ရှိရပြီး အဲဒီကနေ တစ်ဆင့် ကုသိုလ်ပါရမီတွေ လွတ်လွတ်လပ်လပ် ချမ်းချမ်းသာသာ ပြုလုပ်နိုင်ကြပြီးတော့ နောက်ဆုံးမှာ ဇာတိ ဇရာ မရဏ အစရှိတဲ့ မီးတစ်ဆယ့်တစ်တန် ငြိမ်းရာမှန်တဲ့ နိဗ္ဗာန်ချမ်းသာအထိ ရရှိခံစားသွားနိုင်ကြမှာ အမှန်ပါ။
ကိုယ်ကျင့်သီလ ပြည့်စုံရဖို့ ကိုယ်ချင်းစာတရားထား မေတ္တာရှေ့သွား ပြုပြီး စောင့်စည်းကြရပါတယ်၊ ဒေါသဆိုတဲ့တရားကို လျော့ပါးကျဆင်းအောင်ပြုလုပ် ကိုယ်ကျင့်တရားနဲ့ ပြည့်စုံကြတဲ့ သူတွေမှာ ခုဘဝရော နောင်ဘဝမှာပါ ကောင်းတဲ့ ပတ်ဝန်းကျင် ဘုံဘဝမှာ ပြည့်စုံကုံလုံမှုရှိ ကျန်းမာသက်ရှည်ပြီး ပြင်သင့်ပြုထိုက်တဲ့ ပါရမီကုသိုလ်များထိုထိုကို တစ်ဆင့်ထက်တစ်ဆင့် ရင့်သထက်ရင့်အောင် ပြုလုပ်ကျင့်ဆောင်နိုင်မှာဖြစ်လို့ မီးစာသိမ်းပြီး ဒုက္ခတွေအကုန်လုံး ချုပ်ငြိမ်း ဇာတ်သိမ်း အေးချမ်းရာအမှန် မြတ်နိဗ္ဗာန်အထိ ရောက်ရှိသွားနိုင်ကြောင်းပါ။
သမထ, ဝိပဿနာတရား ပွားများအားထုတ်ကြတဲ့ ပါရမီရှင်အပေါင်း သူတော်ကောင်းတို့မှာ လောဘ ဒေါသ မောဟလို့ဆိုတဲ့ ကိလေသာ မီးမဟာကို တဖြည်းဖြည်း နဲ့ ခေါင်းပါးလျော့နည်း တဒင်္ဂတခဏ ကင်းပချုပ်ငြိမ်းရာကနေပြီး အချိန်အတော်ကြာကြာငြိမ်း အဲဒီကနေတစ်ဆင့် အမြစ်ပြတ်ချုပ်ငြိမ်းသွားစေနိုင်တဲ့ အခြေအနေ အခွင့်အလမ်းအထိ ရှိပြီးနေပါတော့တယ်၊ ဒါကြောင့်မို့လို့ ဒုက္ခမီးတွေအကြောင်း ကောင်းကောင်းသိရပြီးတဲ့အခါ ဒီဆယ့်တစ်သီးသော မီးမဟာ ဒုက္ခကမ္ဘာကြီးကို အမြစ်ပြတ်ချုပ်ငြိမ်းစေပြီး သန္တိသုခလို့ဆိုတဲ့ နိဗ္ဗာနဓာတ် ချမ်းသာမြတ်ကို ရရှိခံစားကြရလေအောင် ဘုရားရှင်ကိုယ်တော်မြတ်ကြီး နည်းပေးညွှန်ပြဆုံးမထားတဲ့အတိုင်း တတ်အားသမျှ ဒါနတရား မြတ်မင်္ဂလာကို နေ့စဉ်နဲ့အမျှပြု၊ ကိုယ်ကျင့်သီလ မြတ်ဓမ္မကို အမြဲနိစ္စ ထာဝရစောင့်ထိန်း၊ သမထ ဝိပဿနာ ဘာဝနာတရားကို အရေးကြီးဆုံးအလုပ်မှတ် မရပ်မနား ကြိုးစားအားထုတ်နိုင်ကြပါစေ၊ ပြုလုပ်အားထုတ်နိုင်ကြတဲ့အတိုင်း မီးတစ်ဆယ့်တစ်တန်း ငြိမ်းအေးရာမှန် မြတ်နိဗ္ဗာန်ကို မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် မျက်မှောက်ပြုနိုင်ကြပါစေသောဝ်...........။
မေတ္တာဖြင့်
ဦးဇေယျ
အန န္တဂိုဏ်းဝင် ကျေးဇူးရှင်အပေါင်းကို ဤဓမ္မစာစောင်ဖြင့် ပူဇော်ပါ၏၊
ဤဓမ္မစာစောင်ကို စိတ်ဝင်တစား အားပေး ဖတ်ရှုကြသူများကိုလည်း ကျေးဇူးတင်ပါ၏၊ ပြုသမျှကုသိုလ် များထိုထိုကို သဗ္ဗေသတ္တာ များဝေနေယျအား အမျှပေးဝေပါ၏၊ တစ်ဦးတစ်ယောက်မျှမကျန် ဝေဘန်ရရှိခံစားနိုင်ကြပါစေ၊ ဒုက္ခမီးဟုန် အကုန်လုံး ချုပ်ဆုံးငြိမ်းသတ်နိုင်ရပါလို၏........။
(တအောင်း-အမေရိကန်ဆရာတော်ဦးဇေယျသုတ ဓမ္မာစရိယ၊ B.A India၊ M.A Srilanka၊ A.G.S USA)