မာတိကာသို့ ခုန်သွားရန်

မူလပဏ္ဏာသ ပါဠိတော်-ဒု

ဝီကီရင်းမြစ် မှ

၄- မဟာယမကဝဂ်

၁- စူဠဂေါသိင်္ဂသုတ်

၃၂၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် နာတိကရွာ အုတ်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါအသျှင်အနုရုဒ္ဓါ အသျှင်နန္ဒိယ အသျှင်ကိမိလတို့သည် ဂေါသိင်္ဂမည်သော အင်ကြင်းတော၌ နေကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ညနေချမ်းအချိန် ကိန်းအောင်းရာမှ ထတော်မူကာ ဂေါသိင်္ဂမည်သောအင်ကြင်းတောဆီသို့ ချဉ်းကပ်တော်မူ၏။ တောစောင့်သည် အဝေးမှ ကြွလာတော်မူသောမြတ်စွာဘုရားကို မြင်၍ “ရဟန်းကြီး ဤတောသို့ မဝင်ပါလင့်၊ ဤတော၌ အမျိုးသားသုံးဦးတို့သည်ရှိပါကုန်၏၊ မိမိ အကျိုးစီးပွားကို လိုလားသော သဘောရှိကုန်လျက် နေပါကုန်၏၊ ထိုအမျိုးသားတို့၏မချမ်းသာမှုကို မပြုပါလင့်” ဟု မြတ်စွာဘုရားကို လျှောက်ထား၏။

အသျှင်အနုရုဒ္ဓါသည် မြတ်စွာဘုရားနှင့်အတူ ပြောဆိုသော တောစောင့်၏ စကားကို ကြား၍ “ဒါယကာတောစောင့် မြတ်စွာဘုရားကို မတားမြစ်ပါလင့်၊ ငါတို့၏ဆရာ မြတ်စွာဘုရားသည် အစဉ်ရောက်တော်မူလာ၏” ဟု တောစောင့်အား ဤစကားကို ပြောကြား၏။ ထိုအခါအသျှင်အနုရုဒ္ဓါမထေရ်သည် အသျှင်နန္ဒိယ အသျှင်ကိမိလတို့ထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်နန္ဒိယနှင့်အသျှင်ကိမိလတို့ကို “အသျှင်တို့ လာကြကုန်၊ အသျှင်တို့လာကြကုန်၊ ငါတို့၏ဆရာ မြတ်စွာဘုရားသည်အစဉ်ရောက်တော်မူလာ၏” ဟု ဤစကားကို ပြောကြား၏၊ ထိုအခါ အသျှင်အနုရုဒ္ဓါ အသျှင်နန္ဒိယအသျှင်ကိမိလတို့သည် မြတ်စွာဘုရားကို ခရီးဦးကြိုဆို၍ တစ်ပါးက မြတ်စွာဘုရား၏ သပိတ်သင်္ကန်းကိုခံယူပြီးလျှင် တစ်ပါးက နေရာကို ခင်း၍ တစ်ပါးက ခြေဆေးရေကို တည်ထား၏။ မြတ်စွာဘုရားသည်ခင်းထားသော နေရာ၌ ထိုင်၍ ခြေတို့ကို ဆေးတော်မူ၏။ ထိုအသျှင်တို့သည်လည်း မြတ်စွာဘုရားကိုရိုသေစွာ ရှိခိုး၍ သင့်တင့်လျောက်ပတ်သော နေရာ၌ ထိုင်ကုန်သည်ရှိသော် အသျှင်အနုရုဒ္ဓါအားမြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏-

၃၂၆။ အနုရုဒ္ဓါတို့ အသို့နည်း၊ သင်တို့ ခံ့ကျန်းကြ၏လော၊ အသို့နည်း မျှတကြ၏လော၊ အသို့ နည်းဆွမ်းဖြင့် မပင်ပန်းကြ၏လောဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရား ခံ့ကျန်းကြပါ၏၊ မြတ်စွာဘုရား မျှတကြပါ၏၊ အသျှင်ဘုရား တပည့်တော်တို့သည်ဆွမ်းဖြင့်လည်း မပင်ပန်းကြပါဟု (လျှောက်ကြကုန်၏)။

အနုရုဒ္ဓါတို့ အသို့နည်း၊ သင်တို့သည် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံကြဘဲ နို့ (နှင့်) ရေရောသကဲ့သို့ တစ်စိတ်တည်းရှိကုန်၍ အချင်းချင်း ချစ်ခင်သော မျက်စိတို့ဖြင့် ကောင်းစွာ ရှုကြည့်ကုန်လျက် နေထိုင်ကြကုန်၏လောဟု (မေးတော်မူ၏)။

အသျှင်ဘုရား စင်စစ် တပည့်တော်တို့သည် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံကြဘဲ နို့ (နှင့်) ရေရောသကဲ့သို့ တစ်စိတ်တည်းရှိကုန်၍ အချင်းချင်း ချစ်ခင်သော မျက်စိတို့ဖြင့် ကောင်းစွာကြည့်ရှုကုန်လျက် နေထိုင်ကြပါကုန်၏ဟု (လျှောက်ကြကုန်၏)။

အနုရုဒ္ဓါတို့ သင်တို့သည် အဘယ်သို့လျှင် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံကြဘဲ နို့ (နှင့်) ရေ ရောသကဲ့သို့ တစ်စိတ်တည်းရှိကုန်၍ အချင်းချင်း ချစ်ခင်သော မျက်စိဖြင့် ကောင်းစွာ ရှုကြည့်ကုန်လျက် နေထိုင်ကြကုန်သနည်းဟု (မေးတော်မူ၏)။

--

အသျှင်ဘုရား ဤသာသနာတော်၌ တပည့်တော်မှာ “အကြင်ငါသည် ဤသို့သဘောရှိကုန်သောသီတင်းသုံးဖော်တို့နှင့် အတူနေရ၏၊ ငါသည် အရတော်ပေစွ၊ ငါသည် အလွန်အရတော်ပေစွ” ဟု ဤသို့စိတ်ဖြစ်ပါ၏။ အသျှင်ဘုရား ထိုတပည့်တော်မှာ ဤအသျှင်တို့အပေါ်၌ မျက်မှောက်၌ဖြစ်စေ၊ မျက်ကွယ်၌ဖြစ်စေ၊ ကာယကံမေတ္တာသည် ရှေးရှုထင်ပါ၏၊ မျက်မှောက်၌ဖြစ်စေ၊ မျက်ကွယ်၌ဖြစ်စေ ဝစီကံမေတ္တာသည် ရှေးရှုထင်ပါ၏၊ မျက်မှောက်၌ဖြစ်စေ၊ မျက်ကွယ်၌ဖြစ်စေ မနောကံမေတ္တာသည် ရှေးရှုထင်ပါ၏၊ အသျှင်ဘုရား ထိုတပည့်တော်မှာ “ငါသည် မိမိစိတ်အလိုကို လျှော့ထား၍ ဤအသျှင်တို့၏ စိတ်အလိုအားဖြင့်သာလျှင် လိုက်လျော ကျင့်သုံးရမူ ကောင်းပေမည်” ဟု ဤသို့ အကြံအစည် ဖြစ်ပါ၏။ အသျှင်ဘုရားတပည့်တော်သည် မိမိစိတ်အလိုကို လျှော့ထား၍ ဤအသျှင်တို့၏ စိတ်အလိုအားဖြင့်သာလျှင် လိုက်လျောကျင့်သုံးပါ၏။ အသျှင်ဘုရား တပည့်တော်တို့မှာ ကိုယ်အသီးသီးဖြစ်သော်လည်း စိတ်သည်ကား တစိတ်တည်းကဲ့သို့ ဖြစ်ကြပါသည်ဟု (လျှောက်၏)။

အသျှင်နန္ဒိယသည်လည်း။ပ။ အသျှင်ကိမိလသည်လည်း မြတ်စွာဘုရားအား ဤစကားကို လျှောက်၏၊ အသျှင်ဘုရား တပည့်တော်သည်လည်း ငါသည် ဤသို့သဘောရှိသော သီတင်းသုံးဖော်တို့နှင့် အတူနေရ၏၊ ငါသည် အရတော်ပေစွ၊ ငါသည် အလွန်အရတော်ပေစွ” ဟု ဤသို့စိတ်ဖြစ်ပါ၏။ အသျှင်ဘုရား ထိုတပည့်တော်မှာ ဤအသျှင်တို့အပေါ်၌ မျက်မှောက်၌ဖြစ်စေ၊ မျက်ကွယ်၌ဖြစ်စေ၊ ကာယကံမေတ္တာသည်ရှေးရှုထင်ပါ၏၊ မျက်မှောက်၌ဖြစ်စေ၊ မျက်ကွယ်၌ဖြစ်စေ၊ ဝစီကံမေတ္တာသည် ရှေးရှုထင်ပါ၏၊ မျက်မှောက်၌ဖြစ်စေ၊ မျက်ကွယ်၌ဖြစ်စေ၊ မနောကံမေတ္တာသည် ရှေးရှုထင်ပါ၏။ အသျှင်ဘုရား ထိုတပည့်တော်မှာ “ငါသည် မိမိစိတ် အလိုကို လျှော့ထား၍ ဤအသျှင်တို့၏ စိတ်အလိုအားဖြင့်သာလျှင် လိုက်လျောကျင့်သုံး ရမူ ကောင်းပေမည်” ဟု ဤသို့ အကြံအစည် ဖြစ်ပါ၏။ အသျှင်ဘုရား ထိုတပည့်တော်သည်မိမိစိတ် အလိုကို လျှော့ထား၍ ဤအသျှင်တို့၏ စိတ်အလိုအားဖြင့်သာလျှင် လိုက်လျော ကျင့်သုံးပါ၏။ အသျှင် ဘုရား တပည့်တော်တို့မှာ ကိုယ်သည် အသီးသီးဖြစ်သော်လည်း စိတ်သည်ကားတစ်စိတ်တည်းကဲ့သို့ ဖြစ်ပါ၏ဟု (လျှောက်၏)။ အသျှင်ဘုရား ဤသို့လျှင် တပည့်တော်တို့သည်အညီအညွတ် ဝမ်းမြောက်ဝမ်း သာ မငြင်းခုံကြဘဲ နို့ (နှင့်) ရေ ရောသကဲ့သို့ တစ်စိတ်တည်းရှိကုန်၍အချင်းချင်း ချစ်ခင်သောမျက်စိဖြင့် ကောင်းစွာ ရှုကြည့်ကုန်လျက် နေကြပါ၏” ဟု (လျှောက်ကုန်၏)။

၃၂၇။ အနုရုဒ္ဓါတို့ ကောင်းပေစွ ကောင်းပေစွ၊ အနုရုဒ္ဓါတို့ အသို့နည်း၊ သင်တို့သည် မမေ့မလျော့ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိကုန်သည်ဖြစ်၍ နေကြကုန်၏လောဟု (မေးတော်မူ၏)။

အသျှင်ဘုရား စင်စစ်သော်ကား တပည့်တော်တို့သည် မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိကုန်သည်ဖြစ်၍ နေကြကုန်ပါ၏ဟု (လျှောက်ကြကုန်၏)။

အနုရုဒ္ဓါတို့ အဘယ်သို့ သင်တို့သည် မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိကုန်သည်ဖြစ်၍ နေကြကုန်သနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား တပည့်တော်တို့တွင် ဆွမ်းခံရွာမှ ရှေးဦးစွာ ပြန်လာသောသူသည် နေရာတို့ကို ခင်း၏၊ သောက်ရေသုံးဆောင်ရေကို တည်ထား၏၊ ဆွမ်းဦးထည့်ရန် ခွက်ကို တည်ထား၏။ ဆွမ်းခံရွာမှနောက်ကျ၍ ပြန်လာသောသူသည် စားကြွင်းကို စားလိုလျှင် စားရာ၏၊ မစားလိုက စိမ်းစိုသော မြက်သစ်ပင် မရှိရာ၌လည်း စွန့်၏၊ ပိုးမရှိသော ရေ၌သော်လည်း သွန်၏၊ ထိုသူသည် နေရာတို့ကို (ခေါက်၏) သိုမှီး၏၊ သောက်ရေသုံးဆောင်ရေကို (သိမ်းဆည်း၏) သိုမှီး၏၊ ဆွမ်းဦးထည့်ရန် ခွက်ကို (သိမ်းဆည်း၏) သိုမှီး၏၊ ဆွမ်းစား (ဇရပ်) ကျောင်းကို တံမြက်လှည်း၏။ ရေမရှိသော သောက်ရေအိုးကိုလည်းကောင်း၊ သုံးဆောင်ရေအိုးကိုလည်းကောင်း၊ သန့်သက်ရေအိုးကိုလည်းကောင်း မြင်သောသူသည် (ရေထည့်၍) တည်ထား၏။ ထိုရဟန်းသည် အကယ်၍ မချီနိုင်လျှင် အဖော်ကို လက်ယက်ခေါ်၍

--

လက့်တို့ဖြင့် မြှောက်ချီကာ တည်ထားကြပါကုန်၏၊ အသျှင်ဘုရား တပည့်တော်တို့သည် ထိုအကြောင်းများကြောင့် နှုတ်မြွက်ပြောဆိုမှု မပြုကြပါ။ အသျှင်ဘုရား တပည့်တော်တို့သည် ငါးရက်မြောက်နေ့၌ တညဉ့်လုံး တရားနှင့်စပ်သော စကားဖြင့် စည်းဝေးနေကြပါကုန်၏။ အသျှင်ဘုရား ဤသို့လျှင် တပည့်တော်တို့သည် မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိကုန်သည်ဖြစ်၍နေကြပါကုန်၏ဟု (လျှောက်ကြကုန်၏)။

၃၂၈။ အနုရုဒ္ဓါတို့ ကောင်းပေစွ ကောင်းပေစွ၊ အနုရုဒ္ဓါတို့ ဤသို့ မမေ့မလျော့ ပြင်းစွာအားထုတ်ကုန်သည်ဖြစ်၍ (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိကုန်သည်ဖြစ်၍ နေကြကုန်သော သင်တို့မှာ လူတို့၏ တရားထက် လွန်မြတ်သည့် အရိယာဖြစ်ရန် စွမ်းနိုင်သော ဉာဏ်အမြင်ထူးကို ရသည်ဖြစ်၍ ချမ်းသာစွာ နေရခြင်းရှိ၏လောဟု (မေးတော်မူ၏)။

အသျှင်ဘုရား အဘယ်မှာ မရှိဘဲ ရှိပါအံ့နည်း။ အသျှင်ဘုရား တပည့်တော်တို့သည် အလိုရှိသ လောက်ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင်ကြံစည်ခြင်း ‘ဝိတက်'နှင့် တကွဖြစ်သော၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ'နှင့် တကွဖြစ်သော၊ (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေကြပါကုန်၏။ အသျှင်ဘုရား မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိကုန်သည်ဖြစ်၍နေကြကုန်သော တပည့်တော်တို့မှာ လူတို့၏တရားထက် လွန်မြတ်သည့် အရိယာဖြစ်ရန် စွမ်းနိုင်သောဤဉာဏ်အမြင်ထူးကို ရသည်ဖြစ်၍ ချမ်းသာစွာ နေရခြင်းရှိပါ၏ဟု (လျှောက်ကြကုန်၏)။

အနုရုဒ္ဓါတို့ ကောင်းပေစွ ကောင်းပေစွ၊ အနုရုဒ္ဓါတို့ သင်တို့မှာ ဤနေခြင်းကို လွန်မြောက်ခြင်းငှါဤနေခြင်းကိုငြိမ်းစေခြင်းငှါ လူတို့၏တရားထက် လွန်မြတ်သည့် အရိယာဖြစ်ခြင်းငှါ် စွမ်းနိုင်သော အခြားဉာဏ် အမြင်ထူးကို ရသည်ဖြစ်၍ ချမ်းသာစွာ နေရခြင်းရှိသေး၏လောဟု (မေးတော်မူ၏)။

အသျှင်ဘုရား အဘယ်မှာ မရှိဘဲ ရှိပါအံ့နည်း။ အသျှင်ဘုရား တပည့်တော်တို့သည် အလိုရှိသ လောက်ကြံစည်ခြင်း ‘ဝိတက်’ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ'တို့၏ ချုပ်ခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကိုကြည်လင်စေတတ်သော၊ စိတ်တည်ကြည်ခြင်း ‘သမာဓိ'ကို ဖြစ်ပွားစေတတ်သော၊ ကြံစည်ခြင်း ‘ဝိတက်'မရှိသော၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ မရှိသော၊ တည်ကြည်ခြင်း ‘သမာဓိ'ကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေပါကုန်၏။ အသျှင်ဘုရား ဤနေခြင်းကိုလွန်မြောက်ခြင်းငှါ ဤနေခြင်းကိုငြိမ်းစေခြင်းငှါ လူတို့၏ တရားထက် လွန်မြတ်သည့် အရိယာဖြစ်ခြင်းငှါစွမ်းနိုင်သော ဤအခြားသောဉာဏ် အမြင်ထူးကို ရသည်ဖြစ်၍ ချမ်းသာစွာ နေရခြင်းရှိပါ၏ဟု (လျှောက်ကြကုန်၏)။

အနုရုဒ္ဓါတို့ ကောင်းပေစွ ကောင်းပေစွ၊ အနုရုဒ္ဓါတို့ သင်တို့မှာ ဤနေခြင်းကို လွန်မြောက်ခြင်းငှါဤနေခြင်းကိုငြိမ်းစေခြင်းငှါ လူတို့၏ တရားထက် လွန်မြတ်သည့် အရိယာဖြစ်ခြင်းငှါ် စွမ်းနိုင်သောအခြားဉာဏ် အမြင်ထူးကို ရသည်ဖြစ်၍ ချမ်းသာစွာ နေရခြင်းရှိသေး၏လောဟု (မေးတော်မူ၏)။

အသျှင်ဘုရား အဘယ်မှာ မရှိဘဲ ရှိပါအံ့နည်း။ အသျှင်ဘုရား တပည့်တော်တို့သည် အလိုရှိသ လောက်နှစ်သိမ့်ခြင်း ‘ပီတိ’ ကိုလည်း မတပ်မက်ခြင်းကြောင့် သတိနှင့် ပြည့်စုံကုန်သည်ဖြစ်၍ ဆင်ခြင်ခြင်း ဉာဏ်နှင့်ပြည့်စုံကုန်သည်ဖြစ်၍ လျစ်လျူရှုကုန်၍သာလျှင် နေပါကုန်၏၊ ချမ်းသာခြင်း ‘သုခ'ကိုလည်း ကိုယ်ဖြင့်ခံစားပါကုန်၏၊ အရိယာပုဂ္ဂိုလ်တို့သည် အကြင် တတိယဈာန်ကြောင့် ထိုသူကို “လျစ်လျူရှုသူ သတိရှိသူချမ်းသာစွာ နေလေ့ရှိသူ” ဟု ပြောကြားကုန်၏၊ ထိုတတိယဈာန်သို့ ရောက်၍ နေပါကုန်၏။ အသျှင်ဘုရား ဤနေခြင်းကို လွန်မြောက်ခြင်းငှါ ဤနေခြင်းကိုငြိမ်းစေခြင်းငှါ လူတို့၏ တရားထက်လွန်မြတ်သည့် အရိယာဖြစ်ခြင်းငှါ စွမ်းနိုင်သော ဤအခြားသော ဉာဏ်အမြင်ထူးကို ရသည်ဖြစ်၍ ချမ်းသာစွာ နေရခြင်းရှိပါ၏ဟု (လျှောက်ကြကုန်၏)။

--

အနုရုဒ္ဓါတို့ ကောင်းပေစွ ကောင်းပေစွ၊ အနုရုဒ္ဓါတို့ သင်တို့မှာ ဤနေခြင်းကို လွန်မြောက်ခြင်းငှါဤနေခြင်းကိုငြိမ်းစေခြင်းငှါ လူတို့၏ တရားထက် လွန်မြတ်သည့် အရိယာဖြစ်ခြင်းငှါ စွမ်းနိုင်သောအခြားဉာဏ် အမြင်ထူးကို ရသည်ဖြစ်၍ ချမ်းသာစွာ နေရခြင်း ရှိသေး၏လောဟု (မေးတော်မူ၏)။

အသျှင်ဘုရား အဘယ်မှာလျှင် မရှိဘဲ ရှိပါအံ့နည်း။ အသျှင်ဘုရား တပည့်တော်တို့သည် အလိုရှိသလောက် ချမ်းသာခြင်း ‘သုခ’ ကိုလည်း ပယ်ခြင်းကြောင့် ဆင်းရဲခြင်း ‘ဒုက္ခ'ကိုလည်း ပယ်ခြင်းကြောင့်ရှေးဦး ကပင် ဝမ်းသာခြင်း ‘သောမနဿ’ နှလုံးမသာခြင်း ‘ဒေါမနဿ'တို့၏ ချုပ်ခြင်းကြောင့်ဆင်းရဲလည်းမဟုတ် ချမ်းသာလည်း မဟုတ်သော လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ ကြောင့်ဖြစ်သည့် သတိ၏စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍နေပါကုန်၏။ အသျှင်ဘုရား ဤနေခြင်းကိုလွန်မြောက်ခြင်းငှါ ဤနေခြင်းကိုငြိမ်း စေခြင်းငှါ လူတို့၏တရားထက် လွန်မြတ်သည့် အရိယာဖြစ်ခြင်းငှါစွမ်းနိုင်သော ဤအခြားသော ဉာဏ် အမြင်ထူးကို ရသည်ဖြစ်၍ ချမ်းသာစွာ နေရခြင်းရှိပါ၏ဟု (လျှောက်ကြကုန်၏)။

အနုရုဒ္ဓါတို့ ကောင်းပေစွ ကောင်းပေစွ၊ အနုရုဒ္ဓါတို့ သင်တို့မှာ ဤနေခြင်းကို လွန်မြောက်ခြင်းငှါဤနေခြင်းကိုငြိမ်းစေခြင်းငှါ လူတို့၏ တရားထက် လွန်မြတ်သည့် အရိယာဖြစ်ခြင်းငှါ် စွမ်းနိုင်သောအခြားဉာဏ် အမြင်ထူးကို ရသည်ဖြစ်၍ ချမ်းသာစွာ နေရခြင်း ရှိသေး၏လောဟု (မေးတော်မူ၏)။

အသျှင်ဘုရား အဘယ်မှာ မရှိဘဲ ရှိပါအံ့နည်း။ အသျှင်ဘုရား တပည့်တော်တို့သည် အလိုရှိသ လောက်အလုံးစုံသော ရူပသညာတို့ကို လွန်မြောက်ခြင်းကြောင့် ထိခိုက်မှု ‘ပဋိဃ'သညာတို့၏ ချုပ်ခြင်း ကြောင့်အမျိုးမျိုးသော သညာ ‘နာနတ္တသညာ'တို့ကို နှလုံးမသွင်းခြင်းကြောင့် ‘ကောင်းကင်သည် အဆုံး မရှိ” ဟု (စီးဖြန်းကာ) အာကာ သာနဉ္စာယတနဈာန်သို့ ရောက်၍ နေပါကုန်၏။ အသျှင်ဘုရား ဤနေခြင်း ကိုလွန်မြောက်ခြင်းငှါ ဤနေခြင်းကိုငြိမ်းစေခြင်းငှါ လူတို့၏ တရားထက် လွန်မြတ်သည့် အရိယာဖြစ်ခြင်းငှါ စွမ်းနိုင်သော ဤအခြားသော ဉာဏ်အမြင်ထူးကို ရသည်ဖြစ်၍ ချမ်းသာစွာ နေရခြင်းရှိပါ၏ဟု (လျှောက်ကြကုန်၏)။

အနုရုဒ္ဓါတို့ ကောင်းပေစွ ကောင်းပေစွ၊ အနုရုဒ္ဓါတို့ သင်တို့မှာ ဤနေခြင်းကို လွန်မြောက်ခြင်းငှါဤနေခြင်းကိုငြိမ်းစေခြင်းငှါ လူတို့၏ တရားထက် လွန်မြတ်သည့် အရိယာဖြစ်ခြင်းငှါ စွမ်းနိုင်သောအခြားဉာဏ် အမြင်ထူးကို ရသည်ဖြစ်၍ ချမ်းသာစွာ နေရခြင်း ရှိသေး၏လောဟု (မေးတော်မူ၏)။

အသျှင်ဘုရား အဘယ်မှာ မရှိဘဲ ရှိပါအံ့နည်း။ အသျှင်ဘုရား တပည့်တော်တို့သည် အလိုရှိသ လောက်အလုံးစုံသော အာကာသာနဉ္စာယတနဈာန်ကို လွန်မြောက်၍ ‘ဝိညာဏ်သည် အဆုံးမရှိ” ဟု (စီးဖြန်းကာ) ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍ နေပါကုန်၏။ပ။ အလုံးစုံသော ဝိညာဏဉ္စာယတနဈာန် ကိုလွန်မြောက်၍ “တစ်စုံတစ်ခုမျှ မရှိဟု” ဟု (စီးဖြန်းကာ) အာကိဉ္စညာယတနဈာန်သို့ ရောက်၍ နေပါကုန်၏။ပ။ အလုံးစုံသော အာကိဉ္စညာယတနဈာန်ကို လွန်မြောက်၍ နေဝသညာနာသညာယတနဈာန်သို့ရောက်၍ နေပါကုန်၏။ အသျှင်ဘုရား ဤနေခြင်းကို လွန်မြောက်ခြင်းငှါ ဤနေခြင်းကိုငြိမ်းစေခြင်းငှါလူတို့၏ တရားထက် လွန်မြတ်သည့် အရိယာဖြစ်ခြင်းငှါ စွမ်းနိုင်သော ဤအခြားသော ဉာဏ်အမြင်ထူးကိုရသည်ဖြစ်၍ ချမ်းသာစွာ နေရခြင်းရှိပါ၏ဟု (လျှောက်ကြကုန်၏)။

၃၂၉။ အနုရုဒ္ဓါတို့ ကောင်းပေစွ ကောင်းပေစွ၊ အနုရုဒ္ဓါတို့ သင်တို့မှာ ဤနေခြင်းကို လွန်မြောက်ခြင်းငှါ ဤနေခြင်းကိုငြိမ်းစေခြင်းငှါ လူတို့၏ တရားထက် လွန်မြတ်သည့် အရိယာဖြစ်ခြင်းငှါ် စွမ်းနိုင်သော အခြားဉာဏ် အမြင်ထူးကို ရသည်ဖြစ်၍ ချမ်းသာစွာ နေရခြင်းရှိသေး၏လောဟု (မေးတော်မူ၏)။

အသျှင်ဘုရား အဘယ်မှာ မရှိဘဲ ရှိပါအံ့နည်း။ အသျှင်ဘုရား တပည့်တော်တို့သည် အလိုရှိသ လောက်အလုံးစုံသော နေဝသညာနာသညာယတနဈာန်ကို လွန်မြောက်၍ မှတ်သားခြင်း ‘သညာ’ ခံစားခြင်း ‘ဝေဒနာ'တို့ချုပ်ရာ (နိရောဓသမာပတ်) ကို ပြည့်စုံစေ၍ နေပါကုန်၏၊ တပည့်တော်တို့မှာ ပညာဖြင့်လည်း့မြင်ပြီးဖြစ်၍ အာသဝေါတရားတို့သည် ကုန်ပြီးဖြစ်ပါကုန်၏။ အသျှင်ဘုရား ဤနေခြင်းကိုလွန်မြောက်ခြင်း ငှါ ဤနေခြင်းကိုငြိမ်းစေခြင်းငှါ လူတို့၏တရားထက် လွန်မြတ်သည့် အရိယာဖြစ်ခြင်းငှါစွမ်းနိုင်သော ဤအခြားသော ဉာဏ်အမြင်ထူးကို ရသည်ဖြစ်၍ ချမ်းသာစွာ နေရခြင်းရှိပါ၏။ အသျှင်ဘုရား တပည့်တော်တို့သည် ဤချမ်းသာစွာ နေရခြင်းထက် သာလွန်မွန်မြတ်သောအခြားတစ်ပါးသော ချမ်းသာစွာနေရခြင်းကို မတွေ့မြင်ကြတော့ပါဟု (လျှောက်ကြကုန်၏)။

--

အနုရုဒ္ဓါတို့ ကောင်းပေစွ ကောင်းပေစွ၊ ဤချမ်းသာစွာ နေရခြင်းထက် သာလွန်မွန်မြတ်သောချမ်းသာစွာ နေရခြင်းသည် မရှိတော့ပေဟု (မိန့်တော်မူ၏)။

၃၃၀။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်အနုရုဒ္ဓါ အသျှင်နန္ဒိယ အသျှင်ကိမိလတို့ကို တရားစကားဖြင့် (အကျိုးစီးပွားကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေပြီးသော် နေရာမှ ထကာ ဖဲခွါတော်မူ၏။ ထိုအခါ အသျှင်အနုရုဒ္ဓါ အသျှင်နန္ဒိယအသျှင်ကိမိလတို့သည် မြတ်စွာဘုရားသို့ အစဉ်လိုက်၍ ထိုလိုက်ရာမှ ပြန်လှည့်ကာ အသျှင်နန္ဒိယနှင့်အသျှင်ကိမိလတို့က အသျှင်အနုရုဒ္ဓါအား-

“တပည့်တော်တို့သည် အသျှင်အနုရုဒ္ဓါအား ‘ဤမည် ဤမည်သော နေခြင်းသမာပတ်တို့ကို တပည့်တော်တို့ ရပါကုန်၏’ဟု ဤသို့ လျှောက်ကြားဖူးပါကုန်သလော၊ အသျှင်အနုရုဒ္ဓါသည် မြတ်စွာဘုရား၏မျက်မှောက်တော်၌ တပည့်တော်တို့၏ အာသဝေါတရားကုန်ခြင်းကို ဖော်ပြဘိ၏” ဟု (လျှောက်ဆိုကုန်၏)။

ငါ့အား အသျှင်တို့သည် “ဤမည် ဤမည်သော နေခြင်းသမာပတ်တို့ကို တပည့်တော်တို့ ရပါကုန်၏” ဟု ဤသို့ မလျှောက်ကြားဖူးကုန်သော်လည်း ငါသည် အသျှင်တို့၏စိတ်ကို စိတ်ဖြင့် ပိုင်းခြား၍ “ဤမည် ဤမည်သော နေခြင်းသမာပတ်တို့ကို ဤအသျှင်တို့ ရကုန်၏” ဟု သိ၏။ နတ်တို့သည်လည်း “ဤမည် ဤမည်သော နေခြင်းသမာပတ်တို့ကို ဤအသျှင်တို့ ရကုန်၏” ဟု ဤအကြောင်းကို ငါ့အားလျှောက်ကြားကုန်၏။ ထိုအကြောင်းကို မြတ်စွာဘုရားသည် ပြဿနာမေးတော်မူခြင်းကြောင့်ဖြေကြား၏ဟု (ပြောဆို၏)။

၃၃၁။ ထိုအခါ ဒီဃပရဇနနတ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရိုသေစွာရှိခိုး၍ သင့်တင့်လျောက်ပတ်သော နေရာ၌ ရပ်လျက် မြတ်စွာဘုရားအား-

“အသျှင်ဘုရား အကြင် (ဂေါသိင်္ဂမည်သောအင်ကြင်းတော) ၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် သီတင်းသုံးနေတော်မူ၏။ အသျှင်အနုရုဒ္ဓါ အသျှင်နန္ဒိယ အသျှင်ကိမိလ ဤသုံးဦးသော အမျိုးသားတို့သည်လည်း သီတင်းသုံးနေကုန်၏။ စင်စစ်သော်ကား ဝဇ္ဇီတိုင်းသားတို့သည် အရတော်လေကုန်စွ၊ ဝဇ္ဇီတိုင်းသားတို့သည်အလွန် အရတော်လေကုန်စွ” ဟု လျှောက်၏။ ဒီဃပရဇနနတ်၏ အသံကိုကြား၍ ဘုမ္မဇိုးနတ်တို့သည် “အချင်းတို့ ဂေါသိင်္ဂမည်သော အင်ကြင်းတော၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် သီတင်းသုံးနေတော်မူ၏။ အသျှင်အနုရုဒ္ဓါ အသျှင်နန္ဒိယ အသျှင်ကိမိလ ဤသုံးဦးသော အမျိုးသားတို့သည်လည်း သီတင်းသုံးနေကုန်၏။ စင်စစ်သော်ကား ဝဇ္ဇီတိုင်းသားတို့သည် အရတော်လေကုန်စွ၊ ဝဇ္ဇီတိုင်းသားတို့သည် အလွန် အရတော်လေကုန်စွ” ဟု အသံကို တစ်ဆင့်ကြွေးကြော်ကုန်၏။ ဘုမ္မဇိုးနတ်တို့၏အသံကို ကြား၍ စတုမဟာရာဇ်နတ်တို့သည်။ပ။ တာဝတိံသာနတ်တို့သည်။ပ။ ယာမာနတ်တို့သည်။ပ။ တုသိတာနတ်တို့သည်။ပ။ နိမ္မာနရတိနတ်တို့သည်။ပ။ ပရနိမ္မိတဝသဝတ္တီနတ်တို့သည်။ပ။ ဗြဟ္မာအပေါင်း၌ ဖြစ်သော ဗြဟ္မာတို့သည် “ဂေါသိင်္ဂမည်သောအင်ကြင်းတော၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ် တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် သီတင်းသုံးနေတော်မူ၏။ အသျှင်အနုရုဒ္ဓါအသျှင်နန္ဒိယ အသျှင်ကိမိလ ဤသုံးဦးသော အမျိုးသားတို့သည်လည်း သီတင်းသုံးနေကုန်၏။

--

စင်စစ်သော်ကား ဝဇ္ဇီ တိုင်းသားတို့သည် အရတော်လေကုန်စွ၊ ဝဇ္ဇီတိုင်းသားတို့သည်အလွန်အရတော်လေကုန်စွ” ဟု အသံကို တစ်ဆင့် ကြွေးကြော်ကုန်၏။ ဤသို့လျှင် ထိုအသျှင်တို့သည်ထိုတစ်ခဏချင်း ထိုတစ်လယချင်း ထို တစ်မုဟုတ်ချင်းမျှဖြင့် (အကနိဋ္ဌ) ဗြဟ္မာ့ဘုံတိုင်အောင်ထင်ရှား (ကျော်စော) ကုန်၏။

ဒီဃ ဤ သင်လျှောက်ကြားသော စကားသည် ဤသို့ သင် လျှောက်ကြားသည့်အတိုင်း မှန်၏၊ ဒီဃဤသင်လျှောက်ကြားသော စကားသည် ဤသို့ သင် လျှောက်ကြားသည့်အတိုင်း မှန်ပေ၏။ ဒီဃအကြင်အမျိုးမှလည်း ဤသုံးဦးကုန်သော အမျိုးသားတို့သည် လူ့ဘောင်မှ ရဟန်းဘောင်၌ ရဟန်းပြုကုန်၏၊ ထိုအမျိုးသည်လည်း ထိုသုံးဦးကုန်သော အမျိုးသားတို့ကို ကြည်ညိုသောစိတ်ရှိ၍ အောက်မေ့ခဲ့လျှင် ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာ၏။ ဒီဃ အကြင်အမျိုး (အစဉ်) အဆက်မှလည်း ဤသုံးဦးကုန်သော အမျိုးသားတို့သည် လူ့ဘောင်မှ ထွက်ခွါ၍ ရဟန်းဘောင်၌ရဟန်းပြုကုန်၏၊ ထို အမျိုး (အစဉ်) အဆက်သည်လည်း ဤသုံးဦးကုန်သော အမျိုးသားတို့ကို ကြည်ညိုသောစိတ်ရှိ၍ အောက်မေ့ခဲ့လျှင် ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာ၏။ ဒီဃ အကြင်ရွာမှလည်း ဤသုံးဦးကုန်သော အမျိုးသားတို့သည် လူ့ဘောင်မှ ထွက်ခွါ၍ ရဟန်းဘောင်၌ရဟန်းပြုကုန်၏၊ ထိုရွာသည်လည်း ဤသုံးဦးကုန်သော အမျိုးသားတို့ကို ကြည်ညိုသောစိတ်ရှိ၍ အောက်မေ့ခဲ့လျှင် ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာ၏။ ဒီဃ အကြင်နိဂုံးမှလည်း ဤသုံးဦးကုန်သော အမျိုးသားတို့သည် လူ့ဘောင်မှ ထွက်ခွါ၍ ရဟန်းဘောင်၌ ရဟန်းပြုကုန်၏၊ ထိုနိဂုံး သည်လည်း ဤသုံးဦးကုန်သော အမျိုးသားတို့ကို ကြည်ညိုသော စိတ်ရှိ၍ အောက်မေ့ခဲ့လျှင်ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာ၏။ ဒီဃ အကြင်မြို့မှလည်းဤသုံးဦးကုန်သော အမျိုးသားတို့သည် လူ့ဘောင်မှ ထွက်ခွါ၍ ရဟန်းဘောင်၌ ရဟန်းပြုကုန်၏၊ ထိုမြို့သည်လည်း ဤ သုံးဦးကုန်သော အမျိုးသားတို့ကို ကြည်ညိုသော စိတ်ရှိ၍ အောက်မေ့ခဲ့လျှင် ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာ၏။ ဒီဃ အကြင်ဇနပုဒ်မှလည်း ဤသုံးဦးကုန်သော အမျိုးသားတို့သည် လူ့ဘောင်မှ ထွက်ခွါ၍ ရဟန်းဘောင်၌ ရဟန်းပြုကုန်၏၊ ထိုဇနပုဒ်သည်လည်း ဤသုံးဦးကုန်သော အမျိုးသားတို့ကို ကြည်ညိုသောစိတ်ရှိ၍ အောက်မေ့ခဲ့ကြလျှင်ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာ၏။ ဒီဃ အလုံးစုံသောမင်းတို့သည်လည်း ဤ သုံးဦးကုန်သော အမျိုးသားတို့ကို ကြည်ညိုသော စိတ်ရှိ၍ အောက်မေ့ခဲ့ကြလျှင်ရှည်မြင့်စွာသော ကာလ ပတ်လုံး စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာ၏။ ဒီဃ အလုံးစုံကုန်သောပုဏ္ဏားတို့သည်။ပ။ ဒီဃ အလုံးစုံကုန်သော ကုန်သည်တို့သည်။ပ။ ဒီဃ အလုံးစုံကုန်သောသူဆင်းရဲတို့သည်လည်း ဤသုံးဦး ကုန်သော အမျိုးသားတို့ကို ကြည်ညိုသောစိတ် ရှိ၍အောက်မေ့ခဲ့ကြလျှင် ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာ၏။ ဒီဃနတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော (နတ်) လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့်တကွသော လူ့လောကသည်လည်း ဤသုံးဦးကုန်သော အမျိုးသားတို့ကို ကြည်ညိုသောစိတ်ရှိကုန်၍အောက်မေ့ခဲ့ကြလျှင် ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာ၏။

ဒီဃ ရှုကြည့်လော့၊ ဤသုံးဦးကုန်သော အမျိုးသားတို့သည် များစွာသော လူအပေါင်း၏ အစီးအပွားအကျိုးငှါ များစွာသော လူအပေါင်း၏ ချမ်းသာအကျိုးငှါ လောကကို အစဉ်စောင့်ရှောက်ခြင်းအကျိုးငှါ နတ်လူတို့၏အကျိုးငှါ အစီးအပွားအကျိုးငှါ ချမ်းသာအကျိုးငှါ အလွန်လျှင် ကျင့်ကုန်၏ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားဒေသနာကို ဟောကြားတော်မူ၏။ ဒီဃပရဇနနတ်သည် မြတ်စွာ ဘုရား၏တရားတော်ကို နှစ်ခြိုက်ဝမ်းမြောက်လေ၏။

ရှေးဦးစွာသော စူဠဂေါသိင်္ဂသုတ်ပြီး၏။

--

၂- မဟာဂေါသိင်္ဂသုတ်

၃၃၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဂေါသိင်္ဂမည်သော အင်ကြင်းတော၌ အလွန်ကျော်စော ထင်ရှား သောထေရ်တပည့်သာဝကဖြစ်ကြသည့် အသျှင်သာရိပုတြာ အသျှင်မဟာမောဂ္ဂလာန် အသျှင်မဟာကဿပအသျှင်အနုရုဒ္ဓါ အသျှင်ရေဝတ အသျှင်အာနန္ဒာတို့အပြင် အခြားများလှစွာသည့် အလွန်ကျော်စောထင်ရှားသော ထေရ်တပည့်သာဝကတို့နှင့်အတူ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် ညနေချမ်းအချိန် ကိန်းအောင်းရာမှ ထကာ အသျှင်မဟာကဿပထံ ချဉ်းကပ်ပြီးလျှင် “ငါ့သျှင်ကဿပ လာသွားကြကုန်အံ့၊ အသျှင်သာရိပုတြာထံသို့ တရားနာခြင်းငှါ ချဉ်းကပ်ကုန်အံ့” ဟုဤစကားကို ပြောဆို၏။ “ငါ့သျှင် ကောင်းပြီ” ဟု အသျှင်မဟာကဿပသည်အသျှင်မဟာမောဂ္ဂလာန်အား ပြန်ကြား၏။ ထိုအခါ အသျှင်မဟာမောဂ္ဂလာန် အသျှင်မဟာကဿပအသျှင်အနုရုဒ္ဓါတို့သည် အသျှင် သာရိပုတ္တရာထံသို့ တရားနာခြင်းငှါ ချဉ်းကပ်ကြကုန်၏။ အသျှင်အာနန္ဒာသည် အသျှင်သာရိပုတြာထံသို့ တရားနာခြင်းငှါ ချဉ်းကပ်ကြသော အသျှင်မဟာမောဂ္ဂလာန်အသျှင်မဟာကဿပ အသျှင်အနုရုဒ္ဓါတို့ကို မြင်၍ အသျှင်ရေဝတထံသို့ ချဉ်းကပ်ပြီးလျှင် “ငါ့သျှင် ရေဝတဤမည်သော အသျှင်သူတော်ကောင်းတို့သည် အသျှင်သာရိပုတြာထံသို့ တရားနာခြင်းငှါချဉ်းကပ်ကြကုန်၏၊ ငါ့သျှင် ရေဝတ လာသွားကြ ကုန်အံ့၊ အသျှင်သာရိပုတြာထံသို့ တရားနာခြင်းငှါချဉ်းကပ်ကြကုန်အံ့” ဟု ဤစကားကို ပြောဆို၏။ အသျှင်ရေဝတက “ငါ့သျှင် ကောင်းပြီ” ဟုအသျှင်အာနန္ဒာအား ပြန်ကြား၏။ ထို့နောက် အသျှင်ရေဝတ နှင့် အသျှင်အာနန္ဒာတို့သည်အသျှင်သာရိပုတြာထံသို့ တရားနာခြင်းငှါ ချဉ်းကပ်ကြကုန်၏။

၃၃၃။ အသျှင်သာရိပုတြာသည် အဝေးမှလာသော အသျှင်ရေဝတနှင့် အသျှင်အာနန္ဒာတို့ကို မြင်၍အသျှင်အာနန္ဒာအား-

“အသျှင်အာနန္ဒာ လာလော့၊ မြတ်စွာဘုရား အလုပ်အကျွေးဖြစ်၍ မြတ်စွာဘုရား၏ အနီး၌ ကျက်စားသော အသျှင်အာနန္ဒာ၏ လာခြင်းသည် ကောင်းသော လာခြင်းပေတည်း။ ငါ့သျှင်အာနန္ဒာ ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် မွေ့လျော်ဖွယ်ရှိ၏၊ ညဉ့်သည် အပြစ်တို့မှ ကင်း၏၊ အင်ကြင်းပင်တို့သည် ပင်လုံးကျွတ် ပွင့်ကုန်၏၊ နတ်၌ဖြစ်ကုန်သော ပန်းရနံ့တို့ကဲ့သို့ ကြိုင်လှိုင်ကုန်၏။ ငါ့သျှင်အာနန္ဒာ အဘယ်ကဲ့သို့သော ရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည်တင့်တယ်နိုင်ရာသနည်း” ဟု ပြောဆိုမေးမြန်း၏။

ငါ့သျှင်သာရိပုတြာ ဤသာသနာတော်၌ ရဟန်းသည် များသော အကြားအမြင် ရှိ၏၊ နာကြားထားပြီးသော တရားကို ဆောင်၏၊ နာကြားထားသော တရားကို ဆည်းပူး၏။ အကြင်တရားတို့သည်အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်း ရှိကုန်၏၊ အနက်, သဒ္ဒါနှင့်လည်း ပြည့်စုံကုန်၏၊ အလုံးစုံထက်ဝန်းကျင်မှ ပြည့်ဝလုံလောက်သည့် စင်ကြယ်သော မြတ်သော အကျင့်ကိုလည်းညွှန်ပြကုန်၏၊ ထိုရဟန်းသည် ထိုသို့ သဘောရှိသော တရားတို့ကို များစွာ နာကြားထားကုန်၏၊ (နှုတ်တက်) ဆောင်ထားကုန်၏၊ နှုတ်ဖြင့် သရဇ္ဈာယ်ထားကုန်၏၊ စိတ်ဖြင့်ကြံစည်ထားကုန်၏၊ ဉာဏ်အမြင်ဖြင့် ကောင်းစွာ ထိုးထွင်း၍ သိထားကုန်၏၊ ထိုရဟန်းသည် ပရိသတ်လေးပါးတို့အား အက္ခရာပြည့်စုံ ပီပြင်ကုန်သော စကားစဉ်မပြတ်ကုန်သော ပုဒ်ဗျည်းတို့ဖြင့် ကိန်းဝပ်မှု ‘အနုသယ'ကို ပယ်ခွာခြင်းငှါဟောကြား၏။ ငါ့သျှင်သာရိပုတြာ ဤကဲ့သို့သော ရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည်တင့်တယ်နိုင်ရာပါ၏ဟု (လျှောက်၏)။

--

၃၃၄။ ဤသို့ဆိုသော် အသျှင်သာရိပုတြာသည် အသျှင်ရေဝတအား-

“ငါ့သျှင်ရေဝတ အသျှင်အာနန္ဒာသည် မိမိထင်မြင်ချက်အတိုင်း ဖြေကြားလေပြီ။ ထိုအချက်၌ ငါတို့သည် အသျှင်ရေဝတကို ယခု မေးကုန်အံ့၊ ငါ့သျှင်ရေဝတ ဂေါသိင်္ဂမည်သော အင်ကြင်းတောသည်မွေ့လျော်ဖွယ်ရှိ၏၊ ညဉ့်သည် အပြစ်တို့မှ ကင်း၏၊ အင်ကြင်းပင်တို့သည် ပင်လုံးကျွတ် ပွင့်ကုန်၏၊ နတ်၌ဖြစ်ကုန်သော ပန်းရနံ့တို့ကဲ့သို့ ကြိုင်လှိုင်ကုန်၏။ ငါ့သျှင်ရေဝတ အဘယ်ကဲ့သို့သော ရဟန်းဖြင့်ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာသနည်း” ဟု ပြောဆိုမေးမြန်း၏။

ငါ့သျှင်သာရိပုတြာ ဤသာသနာတော်၌ ရဟန်းသည် တစ်ပါးထည်းတည်း ကိန်းအောင်းခြင်းလျှင်မွေ့လျော်မှုရှိ၏၊ တစ်ပါးထည်းတည်း ကိန်းအောင်းရာ၌ ပျော်ပိုက်၏၊ မိမိစိတ်၏ငြိမ်းအေးမှု၌မပြတ်အား ထုတ် လျက်ရှိ၏၊ ဈာန်ကိုလည်း ဖျက်ဆီးခြင်းမရှိ၊ ဝိပဿနာဉာဏ်နှင့် ပြည့်စုံ၏၊ ဆိတ်ငြိမ်ရာတို့ကိုလည်း ပွားစေ၏၊ ငါ့သျှင်သာရိပုတြာ ဤကဲ့သို့သော ရဟန်းဖြင့် ဂေါသိင်္ဂမည်သောအင်ကြင်းတောသည် တင့် တယ်နိုင်ရာပါ၏ဟု (လျှောက်၏)။

၃၃၅။ ဤသို့ဆိုသော် အသျှင်သာရိပုတြာသည် အသျှင်အနုရုဒ္ဓါအား-

“ငါ့သျှင်အနုရုဒ္ဓါ အသျှင်ရေဝတသည် မိမိထင်မြင်ချက်အတိုင်း ဖြေကြားလေပြီ။ ထိုအချက်၌ ငါတို့ သည်အသျှင်အနုရုဒ္ဓါကို ယခုမေးကုန်အံ့၊ ငါ့သျှင်အနုရုဒ္ဓါ ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် မွေ့လျော်ဖွယ်ရှိ၏၊ ညဉ့်သည် အပြစ်တို့မှ ကင်း၏၊ အင်ကြင်းပင်တို့သည် ပင်လုံးကျွတ် ပွင့်ကုန်၏၊ နတ်၌ဖြစ် ကုန်သော ပန်းရနံ့တို့ကဲ့သို့ ကြိုင်လှိုင်ကုန်၏။ ငါ့သျှင်အနုရုဒ္ဓါ အဘယ်ကဲ့သို့သော ရဟန်းဖြင့်ဂေါသိင်္ဂ မည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာသနည်း” ဟု ပြောဆိုမေးမြန်း၏။

ငါ့သျှင်သာရိပုတြာ ဤသာသနာတော်၌ ရဟန်းသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့်တူသော မျက်စိ ‘ဒိဗ္ဗစက္ခု’ ဖြင့် လောကဓာတ်အထောင်ကို ကြည့်နိုင်၏။ ငါ့သျှင်သာရိပုတြာ ဥပမာသော်ကား (ပညာ) မျက်စိ အမြင်ရှိသော ယောကျ်ားသည် ပြာသာဒ်မြတ်အထက်သို့ တက်လျက် (လှည်းဘီးစက်) အကွပ် အဝန်းအဝိုင်းအထောင်ကို ကြည့်ရာသကဲ့သို့ ဤအတူပင်လျှင်ရဟန်းသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့်တူသောမျက်စိ ‘ဒိဗ္ဗစက္ခု’ ဖြင့် လောကဓာတ် အထောင်ကို ကြည့်ရှုနိုင်၏။ ငါ့သျှင်သာရိပုတြာ ဤကဲ့သို့သောရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာပါ၏ဟု (လျှောက်၏)။

၃၃၆။ ဤသို့ဆိုသော် အသျှင်သာရိပုတြာသည် အသျှင်မဟာကဿပအား-

“ငါ့သျှင်ကဿပ အသျှင်အနုရုဒ္ဓါသည် မိမိထင်မြင်ချက်အတိုင်း ဖြေကြားလေပြီ။ ထိုအချက်၌ ငါတို့သည် အသျှင်မဟာကဿပကို ယခု မေးကုန်အံ့၊ ငါ့သျှင်ကဿပ ဂေါသိင်္ဂမည်သော အင်ကြင်းတောသည်မွေ့လျော်ဖွယ် ရှိ၏၊ ညဉ့်သည် အပြစ်တို့မှ ကင်း၏၊ အင်ကြင်းပင်တို့သည် ပင်လုံးကျွတ် ပွင့်ကုန်၏၊ နတ်၌ဖြစ်ကုန်သော ပန်းရနံ့တို့ကဲ့သို့ ကြိုင်လှိုင်ကုန်၏။ ငါ့သျှင်ကဿပ အဘယ်ကဲ့သို့သော ရဟန်းဖြင့်ဂေါသိင်္ဂမည်သော အင်ကြင်း တောသည် တင့်တယ်နိုင်ရာသနည်း” ဟု ပြောဆို မေးမြန်းပြန်၏။

ငါ့သျှင်သာရိပုတြာ ဤသာသနာတော်၌ ရဟန်းသည် မိမိလည်း အရညကင်ဓုတင် ဆောင်၍အရညကင်ဓုတင်ဆောင်ခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း ပိဏ္ဍပါတ်ဓုတင်ဆောင်၍ပိဏ္ဍပါတ်ဓုတင်ဆောင်ခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း ပံသုကူဓုတင်ဆောင်၍ ပံသုကူဓုတင်ဆောင်ခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း တိစီဝရိတ်ဓုတင်ဆောင်၍ တိစီဝရိတ်ဓုတင်ဆောင်ခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း အလိုနည်းသူဖြစ်၍ အလိုနည်းခြင်း၏ဂုဏ် ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း ရောင့်ရဲလွယ်သူဖြစ်၍ ရောင့်ရဲလွယ်ခြင်း၏ ဂုဏ်ကိုလည်း

--

ပြောဆိုလေ့ရှိ၏၊ မိမိလည်း ကိလေသာတို့မှ ကင်းဆိတ်သူဖြစ်၍ ကင်းဆိတ်ခြင်း၏ ဂုဏ်ကိုလည်းပြောဆို လေ့ရှိ၏၊ မိမိလည်း ရောနှောခြင်းမရှိသူဖြစ်၍ မရောနှောခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊့မိမိလည်း အားထုတ်ခြင်း လုံ့လရှိသူဖြစ်၍ အားထုတ်ခြင်း လုံ့လ၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း အကျင့်သီလနှင့် ပြည့်စုံသူဖြစ်၍ အကျင့်သီလနှင့် ပြည့်စုံခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း တည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံသူဖြစ်၍ တည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း အထူးသိခြင်း ‘ပညာ'နှင့် ပြည့်စုံသူဖြစ်၍ အထူးသိခြင်း ‘ပညာ'နှင့်ပြည်စုံခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း လွတ်မြောက်ခြင်း ‘အရိယဖိုလ်'နှင့် ပြည့်စုံသူဖြစ်၍ လွတ်မြောက်ခြင်း ‘အရိယဖိုလ်'နှင့် ပြည့်စုံခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း လွတ်မြောက်ခြင်း ‘အရိယဖိုလ်'ကို သိမြင်ခြင်း (ဆင်ခြင်ဉာဏ်) နှင့် ပြည့်စုံသူဖြစ်၍ လွတ်မြောက်ခြင်း ‘အရိယဖိုလ်'ကို သိမြင်ခြင်း ‘ဆင်ခြင်ဉာဏ်'နှင့် ပြည့်စုံခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏။ ငါ့သျှင်သာရိပုတြာ ဤကဲ့သို့သော ရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည်တင့်တယ်နိုင်ရာ၏ဟု (လျှောက်၏)။

၃၃၇။ ဤသို့ ဆိုသော် အသျှင်သာရိပုတြာသည် အသျှင်မဟာမောဂ္ဂလာန်အား-

“ငါ့သျှင်မောဂ္ဂလာန် အသျှင်မဟာကဿပသည် မိမိထင်မြင်ချက်အတိုင်း ဖြေကြားလေပြီ။ ထိုအချက်၌ငါတို့သည် အသျှင်မဟာမောဂ္ဂလာန်ကို ယခု မေးကုန်အံ့၊ ငါ့သျှင်မောဂ္ဂလာန် ဂေါသိင်္ဂမည်သောအင်ကြင်းတောသည် မွေ့လျော်ဖွယ်ရှိ၏၊ ညဉ့်သည် အပြစ်တို့မှ ကင်း၏၊ အင်ကြင်းပင်တို့သည် ပင်လုံးကျွတ်ပွင့်ကုန်၏၊ နတ်၌ဖြစ်ကုန်သော ပန်းရနံ့တို့ကဲ့သို့ ကြိုင်လှိုင်ကုန်၏။ ငါ့သျှင်မောဂ္ဂလာန် အဘယ်ကဲ့သို့သော ရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာသနည်း” ဟု ပြောဆို မေးမြန်းပြန်၏။

ငါ့သျှင်သာရိပုတြာ ဤသာသနာတော်၌ ရဟန်းနှစ်ပါးတို့သည် အဘိဓမ္မာစကားကို ပြောဆိုကုန်၏။ ထိုရဟန်းနှစ်ပါးတို့သည် အချင်းချင်း ပြဿနာကိုလည်း မေးကြကုန်၏၊ အချင်းချင်း မေးအပ်သောပြဿနာကိုလည်း ဖြေကြကုန်၏၊ မေးရန် ဖြေရန် မစွမ်းနိုင်သည် မဟုတ်ကုန်၊ ထိုရဟန်းတို့အားတရားနှင့်စပ်သော စကားသည်လည်း မပြတ်ဖြစ်ခြင်း ရှိ၏။ ငါ့သျှင်သာရိပုတြာ ဤကဲ့သို့သော ရဟန်းဖြင့်ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာပါ၏ဟု (လျှောက်၏)။

၃၃၈။ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် အသျှင်သာရိပုတြာအား-

“ငါ့သျှင်သာရိပုတြာ ငါတို့အားလုံးပင် မိမိထင်မြင်ချက်အတိုင်း ဖြေကြားကြလေပြီ။ ထိုအချက်၌ငါတို့သည် အသျှင်သာရိပုတြာကို မေးပါကုန်အံ့၊ ငါ့သျှင်သာရိပုတြာ ဂေါသိင်္ဂမည်သောအင်ကြင်းတောသည် မွေ့လျော်ဖွယ်ရှိ၏၊ ညဉ့်သည် အပြစ်တို့မှ ကင်း၏၊ အင်ကြင်းပင်တို့သည်ပင်လုံးကျွတ် ပွင့်ကုန်၏၊ နတ်၌ဖြစ်ကုန်သော ပန်းရနံ့တို့ကဲ့သို့ ကြိုင်လှိုင်ကုန်၏။ ငါ့သျှင်သာရိပုတြာအဘယ်ကဲ့သို့သော ရဟန်း ဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာသနည်း” ဟုပြောဆိုမေးမြန်းပြန်၏။

ငါ့သျှင် မောဂ္ဂလာန် ဤသာသနာတော်၌ ရဟန်းသည် စိတ်ကို မိမိအလိုအတိုင်း ဖြစ်စေ၏၊ ရဟန်းသည် စိတ်၏ အလိုအတိုင်း မဖြစ်ပေ။ ထိုရဟန်းသည် နံနက်အချိန်၌ မိမိနေလိုရာ သမာပတ်ဖြင့် နေနိုင်၏။ နေ့လယ် ‘မွန်းတည့်’ အချိန်၌လည်း မိမိနေလိုရာ သမာပတ်ဖြင့် နေနိုင်၏။ ညနေချမ်းအချိန်၌လည်းမိမိနေလိုရာ သမာပတ်ဖြင့် နေနိုင်၏။ ငါ့သျှင် မောဂ္ဂလာန် ဥပမာသော်ကား မင်း မင်းအမတ်ကြီးတို့၏ပုဆိုးသေတ္တာသည် အမျိုးမျိုး ဆိုးထားသော ပုဆိုးတို့ဖြင့် ပြည့်လျက် ရှိရာ၏။ ထိုမင်း မင်းအမတ်ကြီးသည် နံနက်အချိန်၌ ဝတ်ရုံလိုသော ပုဆိုးအစုံကို နံနက်အချိန်၌သာ ဝတ်ရုံရာ၏။ နေ့လယ် ‘မွန်းတည့်'အချိန်၌ ဝတ်ရုံလိုသော ပုဆိုးအစုံကို နေ့လည် ‘မွန်းတည့်'အချိန်၌သာ ဝတ်ရုံရာ၏။ ညနေချမ်းအချိန်၌ဝတ်ရုံလိုသော ပုဆိုးအစုံကို ညနေချမ်းအချိန်၌သာ ဝတ်ရုံရာ၏။

--

ငါ့သျှင်မောဂ္ဂလာန် ဤအတူပင်လျှင်ရဟန်းသည် စိတ်ကို မိမိအလိုအတိုင်း ဖြစ်စေ၏၊ ရဟန်းသည် စိတ်၏ အလိုအတိုင်း မဖြစ်ပေ။ ထို့ရဟန်းသည် နံနက်အချိန်၌ မိမိနေလိုရာ သမာပတ်ဖြင့်နေနိုင်၏။ နေ့လယ် ‘မွန်းတည့်’ အချိန်၌လည်း မိမိနေလိုရာသမာပတ်ဖြင့် နေနိုင်၏။ ညနေချမ်းအချိန်၌လည်း မိမိနေလိုရာသမာပတ်ဖြင့် နေနိုင်၏။ ငါ့သျှင်မောဂ္ဂလာန် ဤကဲ့သို့သော ရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာပါ၏ဟု (လျှောက်၏)။

၃၃၉။ ထိုအခါ အသျှင်သာရိပုတြာသည် ထိုအသျှင်တို့အား “ငါ့သျှင်တို့ ငါတို့အားလုံးပင် မိမိထင်မြင်ချက်အတိုင်း ဖြေကြားခဲ့လေပြီ။ ငါ့သျှင်တို့ လာ, သွားကြကုန်အံ့၊ မြတ်စွာဘုရားအထံသို့ချဉ်းကပ် ၍ ဤအကြောင်းကို မြတ်စွာဘုရားအား လျှောက်ကြားကြကုန်အံ့၊ မြတ်စွာဘုရားက ငါတို့အားဖြေကြား တော်မူသည့်အတိုင်း မှတ်ယူကြကုန်အံ့” ဟု ပြောဆို၏။ “ငါ့သျှင် ကောင်းပါပြီ” ဟုထိုအသျှင်တို့သည် အသျှင်သာရိပုတြာအား ပြန်ကြားကုန်၏။ ထိုအခါ ထိုအသျှင်တို့သည်မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ကြပြီးလျှင် မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးလျက်သင့်တင့်လျောက်ပတ်သော နေရာ၌ ထိုင်နေကြကုန်သည် ရှိသော် အသျှင်သာရိပုတြာသည်မြတ်စွာဘုရားအား-

“အသျှင်ဘုရား ဤသာသနာတော်၌ အသျှင်ရေဝတနှင့် အသျှင်အာနန္ဒာတို့သည် တပည့်တော် အထံ သို့တရားနာခြင်းငှါ ချဉ်းကပ်ပါကုန်၏။ အသျှင်ဘုရား တပည့်တော်သည် အဝေးမှ လာသော အသျှင်ရေဝတနှင့် အသျှင်အာနန္ဒာတို့ကို မြင်၍ အသျှင်အာနန္ဒာအား ‘အသျှင်အာနန္ဒာ လာပါလော့၊ မြတ်စွာဘုရား၏ အလုပ်အကျွေး ဖြစ်၍ မြတ်စွာဘုရား၏အနီး၌ ကျက်စားသော အသျှင်အာနန္ဒာ၏လာခြင်းသည် ကောင်းသောလာခြင်းပေတည်း။ ငါ့သျှင် အာနန္ဒာ ဂေါသိင်္ဂမည်သော အင်ကြင်းတောသည်မွေ့လျော်ဖွယ် ရှိ၏၊ ညဉ့်သည် အပြစ်တို့မှ ကင်း၏၊ အင်ကြင်းပင်တို့သည် ပင်လုံးကျွတ် ပွင့်ကုန်၏၊ နတ်၌ဖြစ်ကုန်သော ပန်းရနံ့တို့ကဲ့သို့ ကြိုင်လှိုင်ကုန်၏။ ငါ့သျှင် အာနန္ဒာ အဘယ်ကဲ့သို့သော ရဟန်းဖြင့်ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာသနည်း” ဟု ပြောဆို မေးမြန်းပါသည်။ အသျှင်ဘုရား ဤသို့မေးမြန်း သော် အသျှင်အာနန္ဒာသည် တပည့်တော်အား ‘ငါ့သျှင် သာရိပုတြာဤသာသနာတော်၌ ရဟန်းသည် များသော အကြားအမြင် ရှိ၏၊ နာကြားထားသော တရားကိုဆောင်၏။ပ။ ကိန်းဝပ်မှု ‘အနုသယ’ ကို ပယ်ခွါခြင်းငှါ တရားဟောကြား၏။ ငါ့သျှင်သာရိပုတြာဤကဲ့သို့သော ရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာ၏’ဟုပြောဆိုပါသည်” ဟု (လျှောက်၏)။

သာရိပုတြာ ကောင်း၏၊ ကောင်း၏၊ အာနန္ဒာသည် ကောင်းစွာ ဖြေကြားသော် ယင်းအတိုင်းသာ လျှင်ဖြေကြားရာ၏။ သာရိပုတြာ (မှန်၏။)၊ အာနန္ဒာသည် များသော အကြားအမြင်ရှိ၏၊ နာကြားထား သောတရားကို ဆောင်၏။ နာကြားထားသော တရားကို ဆည်းပူး၏။ အကြင်တရားတို့သည် အစ၏ကောင်းခြင်း အလယ်၏ ကောင်းခြင်း အဆုံး၏ကောင်းခြင်း ရှိကုန်၏၊ အနက်,သဒ္ဒါနှင့်လည်းပြည့်စုံကုန်၏၊ အလုံးစုံထက်ဝန်းကျင်မှ ပြည့်ဝလုံလောက်သည့် စင်ကြယ်သော မြတ်သောအကျင့်ကိုလည်းညွှန်းပြကုန်၏၊ ထိုအာနန္ဒာသည် ထိုသို့ သဘောရှိကုန်သော တရားတို့ကို များစွာ နာကြားထားကုန်၏၊ (နှုတ်တက်) ဆောင်ထားကုန်၏၊ နှုတ်ဖြင့် သရဇ္ဈာယ်ထားကုန်၏၊ စိတ်ဖြင့်ကြံစည်ထားကုန်၏၊ ဉာဏ်အမြင်ဖြင့် ကောင်းစွာ ထိုးထွင်း၍ သိထားကုန်၏၊ ထိုအာနန္ဒာသည် ပရိသတ်လေးပါးတို့အားအက္ခရာပြည့်စုံ ပီပြင် ကုန်သော စကားစဉ် မပြတ်ကုန်သော ပုဒ်ဗျည်းတို့ဖြင့် ကိန်းဝပ်မှု ‘အနုသယ’ ကိုပယ်ခွါခြင်းငှါ တရား ဟောကြား၏ဟု (မိန့်တော်မူ၏)။

၃၄၀။ အသျှင်ဘုရား ဤသို့ဆိုသော် တပည့်တော်သည် အသျှင်ရေဝတအား “ငါ့သျှင်ရေဝတအသျှင်အာနန္ဒာသည် မိမိထင်မြင်ချက်အတိုင်း ဖြေကြားလေပြီ။ ထိုအချက်၌ ငါတို့သည် အသျှင်ရေဝတကိုယခုမေးပါကုန်အံ့၊ ‘ငါ့သျှင် ရေဝတ ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် မွေ့လျော်ဖွယ်ရှိ၏၊ ညဉ့်သည့်အပြစ်တို့မှ ကင်း၏၊ အင်ကြင်းပင်တို့သည် ပင်လုံးကျွတ် ပွင့်ကုန်၏၊ နတ်၌ဖြစ်ကုန်သော ပန်းရနံ့တို့ကဲ့သို့ ကြိုင်လှိုင်ကုန်၏။ ငါ့သျှင်ရေဝတ အဘယ်ကဲ့သို့သော ရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာသနည်း” ဟု ပြောဆို မေးမြန်းပြန်ပါသည်။

--

“အသျှင်ဘုရား ဤသို့မေးမြန်းသော် အသျှင်ရေဝတသည် တပည့်တော်အား ‘ငါ့သျှင်သာရိပုတြာ ဤသာသနာတော်၌ ရဟန်းသည် တစ်ပါးထည်းတည်း ကိန်းအောင်းခြင်းလျှင် မွေ့လျော်မှုရှိ၏။ တစ်ပါးထည်းတည်း ကိန်းအောင်းရာ၌ ပျော်ပိုက်၏၊ မိမိစိတ်၏ငြိမ်းအေးမှု၌ မပြတ်အားထုတ်လျက် ရှိ၏၊ ဈာန်ကို ဖျက်ဆီးခြင်းမရှိ၊ ဝိပဿနာ (ဉာဏ်) နှင့်ပြည့်စုံ၏၊ ဆိတ်ငြိမ်ရာတို့ကိုလည်း ပွားစေ၏။ ငါ့သျှင်သာရိပုတြာ ဤကဲ့သို့သော ရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာ၏’ဟုပြောဆိုပြန်ပါသည်” ဟု (လျှောက်၏)။

သာရိပုတြာ ကောင်း၏၊ ကောင်း၏၊ ရေဝတသည် ကောင်းစွာ ဖြေကြားသော် ယင်းအတိုင်းသာလျှင်ဖြေကြားရာ၏။ သာရိပုတြာ (မှန်၏)။ ရေဝတသည် တစ်ပါးထည်းတည်း ကိန်းအောင်းခြင်းလျှင်မွေ့လျော်မှု ရှိ၏၊ တစ်ပါးထည်းတည်း ကိန်းအောင်းရာ၌ ပျော်ပိုက်၏၊ မိမိစိတ်၏ငြိမ်းအေးမှု၌ မပြတ်အားထုတ်လျက် ရှိ၏၊ ဈာန်ကိုလည်း ဖျက်ဆီးခြင်းမရှိ၊ ဝိပဿနာ (ဉာဏ်) နှင့် ပြည့်စုံ၏၊ ဆိတ်ငြိမ်ရာတို့ကို ပွားစေ၏ဟု (မိန့်တော်မူ၏)။

၃၄၁။ အသျှင်ဘုရား ဤသို့ဆိုသော် တပည့်တော်သည် အသျှင်အနုရုဒ္ဓါအား “ငါ့သျှင်အနုရုဒ္ဓါအသျှင်ရေဝတသည်။ပ။ ငါ့သျှင်အနုရုဒ္ဓါ အဘယ်ကဲ့သို့သော ရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာသနည်း” ဟု ပြောဆို မေးမြန်းပြန်ပါသည်။

“အသျှင်ဘုရား ဤသို့ မေးမြန်းသော် အသျှင်အနုရုဒ္ဓါသည် တပည့်တော်အား ‘ငါ့သျှင်သာရိပုတြာဤသာသနာတော်၌ ရဟန်းသည် အထူးသဖြင့် စင်ကြယ်သောလူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့် တူသော ဉာဏ်မျက်စိ ‘ဒိဗ္ဗစက္ခု'ဖြင့် လောကဓာတ်အထောင်ကို ကြည့်နိုင်၏။ ငါ့သျှင်သာရိပုတြာဥပမာသော်ကား ပညာမျက်စိ အမြင်ရှိသော ယောကျ်ားသည်။ပ။ ငါ့သျှင်သာရိပုတြာ ဤကဲ့သို့သော ရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာ၏ဟု ပြောဆိုပါသည်” ဟု (လျှောက်၏)။

သာရိပုတြာ ကောင်း၏၊ ကောင်း၏၊ အနုရုဒ္ဓါသည် ကောင်းစွာ ဖြေကြားသော် ယင်းအတိုင်းသာ လျှင်ဖြေကြားရာ၏။ သာရိပုတြာ (မှန်၏)။ အနုရုဒ္ဓါသည် လူတို့၏ မျက်စိအမြင်ထက် သာလွန်သောနတ်တို့၏ မျက်စိအမြင်နှင့်တူသော ဉာဏ်မျက်စိ ‘ဒိဗ္ဗစက္ခု’ ဖြင့် လောကဓာတ်အထောင်ကိုကြည့်နိုင်၏ဟု (မိန့်တော်မူ၏)။

၃၄၂။ အသျှင်ဘုရား ဤသို့ဆိုသော် တပည့်တော်သည် အသျှင်မဟာကဿပအား “ငါ့သျှင်ကဿပအသျှင်အနုရုဒ္ဓါသည် မိမိထင်မြင်ချက်အတိုင်း ဖြေကြားလေပြီ။ ထိုအချက်၌ ငါတို့သည် အသျှင်မဟာကဿပကို ယခုမေးကုန်အံ့။ပ။ ငါ့သျှင်ကဿပ အဘယ်ကဲ့သို့သော ရဟန်းဖြင့် ဂေါသိင်္ဂမည်သောအင်ကြင်းတောသည် တင့်တယ်နိုင်ရာသနည်း” ဟု ပြောဆို မေးမြန်းပြန်ပါသည်။

“အသျှင်ဘုရား ဤသို့ မေးမြန်းသော် အသျှင်မဟာကဿပသည် တပည့်တော်အား ငါ့သျှင် သာရိပုတြာဤသာသနာတော်၌ ရဟန်းသည် မိမိလည်း အရညကင်ဓုတင်ဆောင်ဖြစ်၍ အရညကင်ဓုတင်ဆောင်ခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း ပိဏ္ဍပါတ်ဓုတင်ဆောင်၍။ပ။ မိမိလည်း ပံသုကူဓုတင်ဆောင်၍။ပ။ မိမိလည်း တိစီဝရိတ်ဓုတင်ဆောင်၍။ပ။ မိမိလည်း အလိုနည်းသူဖြစ်၍။ပ။ မိမိလည်းရောင့်ရဲလွယ်သူဖြစ်၍။ပ။ မိမိလည်း ကိလေသာတို့မှ ကင်းဆိတ်ခြင်းရှိသူဖြစ်၍။ပ။ မိမိလည်း ရောနှောခြင်းမရှိသူဖြစ်၍။ပ။ မိမိလည်းအား ထုတ်ခြင်းလုံ့လရှိသူဖြစ်၍။ပ။ မိမိလည်း အကျင့်သီလနှင့်ပြည့်စုံသူဖြစ်၍။ပ။ မိမိလည်း တည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံသူဖြစ်၍။ပ။ မိမိလည်း အထူးသိခြင်း ‘ပညာ'နှင့်ပြည့်စုံသူဖြစ်၍။ပ။ မိမိလည်း လွတ်မြောက်ခြင်း ‘အရိယဖိုလ်’ နှင့်ပြည့်စုံသူဖြစ်၍။ပ။ မိမိလည်း လွတ်မြောက့်ခြင်း ‘အရိယဖိုလ်'ကို သိမြင်ခြင်း (ဆင်ခြင်ဉာဏ်) နှင့် ပြည့်စုံသူဖြစ်၍ လွတ်မြောက်ခြင်း ‘အရိယဖိုလ်'ကိုသိမြင်ခြင်း ‘ဆင်ခြင်ဉာဏ်'နှင့် ပြည့်စုံခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏။ ငါ့သျှင်သာရိပုတြာ ဤကဲ့သို့သော ရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာ၏’ဟု ပြောဆိုပါသည်” ဟု (လျှောက်၏)။

--

သာရိပုတြာ ကောင်း၏၊ ကောင်း၏၊ ကဿပသည် ကောင်းစွာ ဖြေကြားသော် ယင်းအတိုင်းသာ လျှင်ဖြေကြားရာ၏။ သာရိပုတြာ (မှန်၏)။ ကဿပသည် မိမိလည်း အရညကင်ဓုတင်ဆောင်ဖြစ်၍အရညကင်ဓုတင်ဆောင်ခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း ပိဏ္ဍပါတ်ဓုတင်ဆောင်၍ပိဏ္ဍပါတ်ဓုတင်ဆောင်ခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း ပံသုကူဓုတင်ဆောင်၍ ပံသုကူဓုတင်ဆောင်ခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း တိစီဝရိတ်ဓုတင်ဆောင်၍ တိစီဝရိတ်ဓုတင်ဆောင်ခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း အလိုနည်းသူဖြစ်၍ အလိုနည်းခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း ရောင့်ရဲလွယ်သူဖြစ်၍ ရောင့်ရဲလွယ်ခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း ကိလေသာတို့မှ ကင်းဆိတ်သူဖြစ်၍ ကိလေသာတို့မှ ကင်းဆိတ်ခြင်း၏ ဂုဏ်ကိုလည်းပြောဆိုလေ့ရှိ၏၊ မိမိလည်း ရောနှောခြင်းမရှိသူ ဖြစ်၍ မရောနှောခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း အားထုတ်ခြင်း လုံ့လရှိသူဖြစ်၍ အားထုတ်ခြင်း လုံ့လ၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း အကျင့်သီလနှင့်ပြည့်စုံသူဖြစ်၍ အကျင့်သီလနှင့် ပြည့်စုံခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း တည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံသူဖြစ်၍ တည်ကြည်ခြင်းသမာဓိနှင့် ပြည့်စုံခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း အထူးသိခြင်း ‘ပညာ'နှင့် ပြည့်စုံသူ ဖြစ်၍ အထူးသိခြင်း ‘ပညာ’ နှင့်ပြည်စုံခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း လွတ်မြောက်ခြင်း ‘အရိယဖိုလ်'နှင့်ပြည့်စုံသူဖြစ်၍လွတ်မြောက်ခြင်း ‘အရိယဖိုလ်'နှင့် ပြည့်စုံခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မိမိလည်း လွတ်မြောက်ခြင်း ‘အရိယဖိုလ်'ကို သိမြင်ခြင်း (ဆင်ခြင်ဉာဏ်) နှင့် ပြည့်စုံသူဖြစ်၍ လွတ်မြောက်ခြင်း ‘အရိယဖိုလ်'ကိုသိမြင်ခြင်း (ဆင်ခြင်ဉာဏ်) နှင့် ပြည့်စုံခြင်း၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏ဟု (မိန့်တော်မူ၏)။

၃၄၃။ အသျှင်ဘုရား ဤသို့ဆိုသော် တပည့်တော်သည် အသျှင်မဟာမောဂ္ဂလာန်အား-

“ငါ့သျှင်မောဂ္ဂလာန် အသျှင်မဟာကဿပသည် မိမိထင်မြင်ချက်အတိုင်း ဖြေကြားလေပြီ။ ထိုအချက်၌ငါတို့သည် အသျှင်မဟာမောဂ္ဂလာန်ကို ယခု မေးကုန်အံ့။ပ။ ငါ့သျှင်မောဂ္ဂလာန် အဘယ်ကဲ့သို့သောရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာသနည်း” ဟု ပြောဆို မေးမြန်းပြန်ပါသည်။ အသျှင်ဘုရား ဤသို့မေးမြန်းသော် အသျှင်မဟာမောဂ္ဂလာန်သည် တပည့်တော်အား ‘ငါ့သျှင်သာရိပုတြာ ဤသာသနာတော်၌ ရဟန်းနှစ်ပါးတို့သည် အဘိဓမ္မာစကားကို ပြောဆိုကုန်၏။ ထိုရဟန်းနှစ်ပါးတို့သည် အချင်းချင်း ပြဿနာကိုလည်း မေးကြကုန်၏၊ အချင်းချင်းမေးအပ်သောပြဿနာကိုလည်း ဖြေကြကုန်၏၊ မေးရန် ဖြေရန် မစွမ်းနိုင်သည် မဟုတ်ကုန်၊ ထိုရဟန်းတို့အားတရားနှင့်စပ်သော စကားသည်လည်း မပြတ်ဖြစ်ခြင်းရှိ၏။ ငါ့သျှင်သာရိပုတြာ ဤကဲ့သို့သော ရဟန်းဖြင့်ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာ၏’ဟု ပြောဆိုပါသည်” ဟု (လျှောက်၏)။

သာရိပုတြာ ကောင်း၏၊ ကောင်း၏၊ မောဂ္ဂလာန်သည် ကောင်းစွာ ဖြေကြားသော် ယင်းအတိုင်းသာလျှင် ဖြေကြားရာ၏။ သာရိပုတြာ (မှန်၏)။ မောဂ္ဂလာန်သည် တရားကို ဟောကြားပြောဆိုတတ်သူ ‘ဓမ္မကထိက’ တည်းဟု (မိန့်တော်မူ၏)။

၃၄၄။ ဤသို့ မိန့်ကြားသော် အသျှင်မဟာမောဂ္ဂလာန်သည် မြတ်စွာဘုရားအား “အသျှင်ဘုရား ထိုအခါတပည့်တော်သည် အသျှင်သာရိပုတြာအား-

“ငါ့သျှင်သာရိပုတြာ ငါတို့အားလုံးပင် မိမိထင်မြင်ချက်အတိုင်း ဖြေကြားခဲ့ကြပြီ။ ထိုအချက်၌တပည့်တော်တို့သည် အသျှင်သာရိပုတြာကို ယခုမေးပါကုန်အံ့၊ ငါ့သျှင်သာရိပုတြာ ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် မွေ့လျော်ဖွယ်ရှိ၏၊ ညဉ့်သည် အပြစ်တို့မှ ကင်း၏၊ အင်ကြင်းပင်တို့သည် ပင်လုံးကျွတ် ပွင့်ကုန်၏၊ နတ်၌ဖြစ်ကုန်သော ပန်းရနံ့တို့ကဲ့သို့ ကြိုင်လှိုင်ကုန်၏။ ငါ့သျှင်သာရိပုတြာအဘယ်ကဲ့ သို့သော ရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာသနည်း” ဟုပြောဆို မေး မြန်းပြန်ပါသည်။

--

အသျှင်ဘုရား ဤသို့ မေးမြန်းသော် အသျှင်သာရိပုတြာသည် တပည့်တော်အား ‘ငါ့သျှင် မောဂ္ဂလာန်ဤသာသနာတော်၌ ရဟန်းသည် စိတ်ကို မိမိအလိုအတိုင်း ဖြစ်စေ၏၊ ရဟန်းသည် စိတ်၏ အလိုအတိုင်းမဖြစ်ပေ။ ထိုရဟန်းသည် နံနက်အချိန်၌ မိမိနေလိုရာ သမာပတ်ဖြင့် နေနိုင်၏။ နေ့လယ် ‘မွန်းတည့်’ အချိန်၌ မိမိနေလိုရာ သမာပတ်ဖြင့် နေနိုင်၏။ ညနေချမ်းအချိန်၌ မိမိနေလိုရာ သမာပတ်ဖြင့်နေနိုင်၏။ ငါ့သျှင် မောဂ္ဂလာန် ဥပမာသော်ကား မင်း မင်းအမတ်ကြီးတို့၏ ပုဆိုးသေတ္တာသည် အမျိုးမျိုးဆိုးထားသော ပုဆိုးတို့ဖြင့် ပြည့်လျက်ရှိရာ၏။ ထိုမင်း မင်းအမတ်ကြီးသည် နံနက်အချိန်၌ ဝတ်ရုံလိုသောပုဆိုးအစုံကို နံနက်အချိန်၌သာ ဝတ်ရုံရာ၏။ နေ့လယ် ‘မွန်းတည့်'အချိန်၌ ဝတ်ရုံလိုသော ပုဆိုးအစုံကိုနေ့လယ် ‘မွန်းတည့်'အချိန်၌သာ ဝတ်ရုံရာ၏။ ညနေချမ်းအချိန်၌ ဝတ်ရုံလိုသော ပုဆိုးအစုံကို ညနေချမ်းအချိန်၌သာ ဝတ်ရုံရာ၏။ ငါ့သျှင်မောဂ္ဂလာန် ဤအတူပင်လျှင် ရဟန်းသည် စိတ်ကို မိမိအလိုအတိုင်းဖြစ်စေ၏၊ ရဟန်းသည် စိတ်၏အလိုအတိုင်း မဖြစ်ပေ။ ထိုရဟန်းသည် နံနက်အချိန်၌ နေလိုရာသမာပတ်ဖြင့် နေနိုင်၏။ နေ့လယ် ‘မွန်းတည့်’ အချိန်၌ နေလိုရာ သမာပတ်ဖြင့် နေနိုင်၏။ ညနေချမ်းအချိန်၌ နေလိုရာ သမာပတ်ဖြင့် နေနိုင်၏။ ငါ့သျှင်မောဂ္ဂလာန် ဤကဲ့သို့သော ရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာ၏ဟု ပြောဆိုပါသည်” ဟု (လျှောက်၏)။

မောဂ္ဂလာန် ကောင်း၏၊ ကောင်း၏၊ သာရိပုတြာသည် ကောင်းစွာဖြေကြားသော် ယင်းအတိုင်းသာလျှင် ဖြေကြားရာ၏။ မောဂ္ဂလာန် (မှန်၏)။ သာရိပုတြာသည် စိတ်ကို မိမိအလိုအတိုင်း ဖြစ်စေ၏၊ သာရိပုတြာသည် စိတ်၏အလိုအတိုင်း မဖြစ်ပေ။ ထိုသာရိပုတြာသည် နံနက်အချိန်၌ နေလိုရာ သမာပတ်ဖြင့် နေနိုင်၏။ နေ့လယ် ‘မွန်းတည့်’ အချိန်၌ နေလိုရာသမာပတ်ဖြင့် နေနိုင်၏။ ညနေချမ်းအချိန်၌ နေလိုရာသမာပတ်ဖြင့် နေနိုင်၏ဟု (မိန့်တော်မူ၏)။

၃၄၅။ ဤသို့ မိန့်ကြားတော်မူသော် အသျှင်သာရိပုတြာသည် မြတ်စွာဘုရားအား “အသျှင်ဘုရားအဘယ်သူ၏ စကားသည် ကောင်းစွာ ဆိုအပ်သော စကားပါနည်း” ဟု လျှောက်၏။ သာရိပုတြာသင်တို့ အားလုံး၏ စကားသည် အကြောင်း ‘ပရိယာယ်'အားဖြင့် ကောင်းစွာဆိုအပ်သောစကားချည်းပေတည်း။ သို့သော်လည်း ငါ၏ စကားကိုလည်း နာကြဦးလော့၊ အဘယ်ကဲ့သို့သောရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင်ရာသနည်းဆိုသော် သာရိပုတြာဤသာသနာတော်၌ ရဟန်းသည် ဆွမ်း ခံရာမှ ပြန်ခဲ့၍ ဆွမ်းစားပြီးနောက် ထက်ဝယ် ဖွဲ့ခွေပြီးလျှင်ကိုယ်ကို ဖြောင့်မတ်စွာထား၍ (ကမ္မဋ္ဌာန်းသို့) ရှေးရှု (သတိကို) ဖြစ်စေလျက် “အကြင်မျှလောက်ငါ၏စိတ်သည် မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ မလွတ်မြောက်သေး၊ ထိုမျှလောက် ငါသည်ဤထက်ဝယ်ဖွဲ့ခွေ နေခြင်းကို မဖျက်တော့အံ့” ဟု အဓိဋ္ဌာန်၍ ထိုင်နေ၏။ သာရိပုတြာ ဤကဲ့သို့သောရဟန်းဖြင့် ဂေါသိင်္ဂမည်သော အင်ကြင်းတောသည် တင့်တယ်နိုင် ရာ၏ဟု မြတ်စွာဘုရားသည်ဤတရားကို ဟောကြားတော်မူ၏။

ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ ဟောကြားတော်မူအပ်သော တရားတော်ကို နှစ်ခြိုက်ဝမ်းမြောက်ကြကုန်၏။

နှစ်ခုမြောက် မဟာဂေါသိင်္ဂသုတ်ပြီး၏။

--

၃- မဟာဂေါပါလကသုတ်

၃၄၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟု ခေါ်တော်မူ၏။ ထိုရဟန်းတို့က “အသျှင်ဘုရား” ဟု မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤတရားကို ဟောကြားတော်မူ၏ -

ရဟန်းတို့ အဂ,ါတစ်ဆယ့်တစ်ပါးတို့နှင့် ပြည့်စုံသော နွားကျောင်းသားသည် နွားအုပ်ကို စောင့် ထိန်းရန်တိုးပွားအောင်ပြုရန် မစွမ်းနိုင်ပေ။ အဘယ် တစ်ဆယ့်တစ်ပါးတို့နည်းဟူမူ- ရဟန်းတို့ ဤ လောက၌နွားကျောင်းသားသည် ရုပ်အဆင်းကို မသိပေ၊ အမှတ်လက္ခဏာ၌လည်း မလိမ္မာပေ၊ အနာ၌ ယင်ချေးဥတိုးပွါးသည်ကိုလည်း မပယ်ဖျောက်ပေ၊ အနာကိုလည်း ဆေးထည့်ပြီး မဖုံးလွှမ်းပေ၊ မီးခိုးကိုလည်းမပြုပေ၊ ရေဆိပ်ကိုလည်း မသိပေ၊ ရေသောက်ပြီးသည် မပြီးသည်ကိုလည်း မသိပေ၊ လမ်းခရီးကိုလည်းမသိပေ၊ ကျက်စားရာ စားကျက်၌လည်း မလိမ္မာပေ၊ နို့ကိုလည်း အကြွင်းမဲ့ညှစ်ပေ၏၊ နွားတို့၏ အဖနွားတို့၏ ဦးစီးဖြစ်သော နွားလားဥသဘတို့ကို လွန်ကဲသော ပူဇော်ခြင်းဖြင့်လည်း မပူဇော်ပေ။ ရဟန်းတို့ ဤအဂ,ါတစ်ဆယ့်တစ်ပါးတို့နှင့် ပြည့်စုံသော နွားကျောင်းသားသည် နွားအုပ်ကို စောင့်ထိန်းရန်တိုးပွားအောင် ပြုရန် မစွမ်းနိုင်ပေ။

ရဟန်းတို့ ဤအတူပင် တရားတစ်ဆယ့်တစ်ပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် ဤသာသနာတော်၌ကြီးပွားခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်ရန် မစွမ်းနိုင်ပေ။ အဘယ်တစ်ဆယ့်တစ်ပါးတို့နည်းဟူမူ- ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ရုပ်အဆင်းကိုလည်း မသိပေ၊ အမှတ်လက္ခဏာ၌လည်း မလိမ္မာပေ၊ အနာ၌ ယင်ချေးဥ တိုးပွါးသည်ကိုလည်း မပယ်ဖျောက်ပေ၊ အနာကိုလည်း ဆေးထည့်ပြီး မဖုံးလွှမ်းပေ၊ မီးခိုးကိုလည်း မပြုပေ၊ ရေဆိပ်ကိုလည်း မသိပေ၊ ရေသောက်ပြီးသည် မပြီးသည်ကိုလည်း မသိပေ၊ လမ်းခရီးကိုလည်း မသိပေ၊ ကျက်စားရာ စားကျက်၌လည်း မလိမ္မာပေ၊ နို့ကိုလည်းအကြွင်းမဲ့ ညှစ်ပေ၏၊ ရဟန်းဝါရင့်၍ ရဟန်းသက်ရှည်သော သံဃာ့အဖ သံဃာ့ဦးစီးဖြစ်သော ထေရ်ကြီးရဟန်းတို့ကိုလည်း လွန်မြတ်သော ပူဇော်ခြင်းဖြင့် မပူဇော်ပေ။

၃၄၇။ ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် ရုပ်အဆင်းကို မသိသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် “မဟာဘုတ်လေးပါးနှင့် မဟာဘုတ်လေးပါးကို စွဲ၍ဖြစ်သော ‘ဥပါဒါ’ ရုပ်ဟူသော ရုပ်အားလုံးကို” အမှန်အတိုင်း ခွဲခြား၍ မသိ။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ရုပ်ကိုမသိပေ။ (၁)

ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် အမှတ်လက္ခဏာ၌ မလိမ္မာသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် “လူမိုက်ဟူသည် မကောင်းမှုသာလျှင် မှတ်ကြောင်းရှိ၍ လူလိမ္မာဟူသည်ကောင်းမှုသာလျှင် မှတ်ကြောင်းရှိ၏” ဟု အမှန်အတိုင်း ခွဲခြား၍ မသိ။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အမှတ်လက္ခဏာ၌ မလိမ္မာပေ။ (၂)

ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် အနာ၌ ယင်ချေးဥ တိုးပွါးသည်ကို မပယ်ဖျောက်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဖြစ်ပေါ်လာသော ကာမဂုဏ်၌ကြံစည်ခြင်း ‘ကာမဝိတက်’ ကိုလက်ခံ၏၊ မပယ်စွန့်၊ မပယ်ဖျောက်၊ မပယ်ဖျက်၊ မရှိခြင်းသို့ မရောက်စေ။ ဖြစ်ပေါ်လာသော ပျက်စီးစေရန်ကြံစည်ခြင်း ‘ဗျာပါဒဝိတက်’ ကို။ပ။ ဖြစ်ပေါ်လာသော ညှဉ်းဆဲရန်ကြံစည်ခြင်း ‘ဝိဟိံသာဝိတက်'ကို။ပ။ ဖြစ်တိုင်း ဖြစ်တိုင်းသော အကုသိုလ်တရားယုတ်တို့ကို လက်ခံ၏၊ မပယ်စွန့်၊ မပယ်ဖျောက်၊ မပယ် ဖျက်၊ မရှိခြင်းသို့ မရောက်စေ။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အနာ၌ ယင်ချေးဥတိုးပွါးသည်ကို မပယ်ဖျောက်ပေ။ (၃)

--

ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် အနာကို ဆေးထည့်ပြီး မဖုံးလွှမ်းသနည်း။ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် ရူပါရုံကို မြင်သော် (ယောကျ်ား မိန်းမဟူသော) အမှတ်နိမိတ်ကို စွဲယူလေ့ရှိ၏၊ (လက်ခြေ စသော) အမှတ်လက္ခဏာငယ်ကို စွဲယူလေ့ရှိ၏၊ အကြင် အကြောင်းကြောင့်စက္ခုန္ဒြေကို မစောင့်စည်းမူ၍နေသော ထိုရဟန်းကို မက်မောခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ဟုဆိုအပ်ကုန်သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့သည် အစဉ်လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထိုစက္ခုန္ဒြေကို စောင့်စည်းခြင်းငှါ မပြုကျင့်၊ စက္ခုန္ဒြေကို မစောင့်ရှောက်၊ စက္ခုန္ဒြေ၌ စောင့်စည်းခြင်းသို့မရောက်။

နားဖြင့် သဒ္ဒါရုံကို ကြားသော်။ပ။ နှာခေါင်းဖြင့် ဂန္ဓာရုံကို နမ်းသော်။ပ။ လျှာဖြင့် ရသာရုံကို လျက်သော်။ပ။ ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိသော်။ပ။ စိတ်ဖြင့် ဓမ္မာရုံကို သိသော် (ယောကျ်ား မိန်းမဟူသော) အမှတ်နိမိတ်ကို စွဲယူလေ့ရှိ၏၊ (လက်ခြေစသော) အမှတ်လက္ခဏာငယ်ကို စွဲယူလေ့ရှိ၏၊ အကြင်အကြောင်းကြောင့် မနိန္ဒြေကို မစောင့်စည်းမူ၍ နေသော ထိုရဟန်းကို မက်မောခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ဟု ဆိုအပ်ကုန်သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့သည် အစဉ်လိုက်၍နှိပ်စက်ကုန်ရာ၏၊ ထိုမနိန္ဒြေကို စောင့်စည်းခြင်းငှါ မပြုကျင့်၊ မနိန္ဒြေကို မစောင့်ရှောက်၊ မနိန္ဒြေ၌စောင့်စည်းခြင်းသို့ မရောက်။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အနာကို ဆေးထည့်ပြီး မဖုံးလွှမ်းပေ။ (၄)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် မီးခိုးကို မပြုသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ရဟန်းသည် နာကြားသင်ယူထားသည့်အတိုင်း တရားကို အကျယ်အားပြင့် သူတစ်ပါးကို မဟောကြား။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် (တရားဟောခြင်းဟူသော) မီးခိုးကို မပြုပေ။ (၅)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ရေဆိပ်ကို မသိသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ရဟန်းသည် အကြားအမြင်များကုန်သော ပါဠိတော်ကို နှုတ်ငုံဆောင်ကုန်သော ဓမ္မဝိနယကို ဆောင်ကုန်သော ပါတိမောက်ကို ဆောင်ကုန်သော ရဟန်းတို့သို့ အခါအားလျော်စွာ ချဉ်းကပ်၍ “အသျှင်ဘုရားဤသဒ္ဒါကား အဘယ်သို့နည်း၊ ဤသဒ္ဒါ၏ အနက်ကား အဘယ်သို့နည်း” ဟု ပါဠိအဋ္ဌကထာကို မမေးမြန်း။ ထိုရဟန်းအား ထိုအသျှင်တို့သည် မပွင့်သော အရာကိုလည်း မဖွင့်ပြကုန်၊ မပေါ်လွင်သောအရာကိုလည်း ပေါ်လွင်အောင် မပြုကုန်၊ များစွာကုန်သော ယုံမှားရာ (ဌာန) တရားတို့၌လည်း ယုံမှားမှုကိုမပယ်ဖျောက်ကြကုန်။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ရေဆိပ်ကို မသိပေ။ (၆)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ရေသောက်ပြီးသည် မပြီးသည်ကို မသိသနည်း။ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် မြတ်စွာဘုရား ဟောကြားအပ်သော ဓမ္မဝိနယ ‘သာသနာတော်’ ကိုဟောကြားသော် (အနက် အဓိပ္ပါယ်) အကျိုး၌ သိသော ဉာဏ်ကို မရ၊ (ပါဠိ သဒ္ဒါ စကား) အကြောင်း၌သိသော ဉာဏ်ကို မရ၊ တရားနှင့်စပ်သော ဝမ်းမြောက်ခြင်းကို မရ။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည်ရေသောက်ပြီးသည် မပြီးသည်ကို မသိပေ။ (၇)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် လမ်းခရီးကို မသိသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ရဟန်းသည် ဖြူစင်သော အဂ,ါရှစ်ပါးရှိသော မဂ်ကို အမှန်အတိုင်း ခွဲခြား၍ မသိ။ ရဟန်းတို့ ဤသို့လျှင်ရဟန်းသည် လမ်းခရီးကို မသိပေ။ (၈)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ကျက်စားရာ စားကျက်၌ မလိမ္မာသနည်း။ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် သတိပဋ္ဌာန်လေးပါးတို့ကို အမှန်အတိုင်း ခွဲခြား၍ မသိ။ ရဟန်းတို့ဤသို့လျှင် ရဟန်းသည် ကျက်စားရာ စားကျက်၌ မလိမ္မာပေ။ (၉)

--

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် နို့ရည်ကို အကြွင်းမဲ့ ညှစ်တတ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းကို သဒ္ဓါတရားရှိသော ဒါယကာတို့က ရှေးရှုဆောင်၍ ဖိတ်ကြားလာသောသင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်ပစ္စည်းတို့၌ ရဟန်းသည့်ခံယူခြင်းငှါ အတိုင်းအရှည်ကို မသိ။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် နို့ရည်ကို အကြွင်းမဲ့ညှစ်တတ်သည် မည်ပေ၏။ (၁၀)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ရဟန်းဝါရင့်၍ ရဟန်းသက်ရှည်သော သံဃာ့အဖ သံဃာ့ဦးစီးဖြစ်သော ထေရ်ကြီးရဟန်းတို့ကို လွန်ကဲသော ပူဇော်ခြင်းဖြင့် မပူဇော်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ရဟန်းဝါရင့်၍ ရဟန်းသက်ရှည်ကြသော သံဃာ့အဖ သံဃာ့ဦးစီးဖြစ်သောထေရ်ကြီးရဟန်းတို့၌ ကာယကံမေတ္တာကို မျက်မှောက်၌လည်းကောင်း၊ မျက်ကွယ်၌လည်းကောင်း မဖြစ်စေ။ ဝစီကံမေတ္တာကိုလည်း မျက်မှောက်၌လည်းကောင်း၊ မျက်ကွယ်၌လည်းကောင်း မဖြစ်စေ။ မနောကံမေတ္တာကိုလည်း မျက်မှောက်၌လည်းကောင်း၊ မျက်ကွယ်၌လည်းကောင်း မဖြစ်စေ။ ရဟန်းတို့ ဤသို့လျှင်ရဟန်းသည် ရဟန်းဝါရင့်၍ ရဟန်းသက် ရှည်သော သံဃာ့အဖ သံဃာ့ဦးစီးဖြစ်သော ထေရ်ကြီးရဟန်းတို့ကို လွန်ကဲသော ပူဇော်ခြင်းဖြင့် မပူဇော်ပေ။ (၁၁)

ရဟန်းတို့ ဤတရားတစ်ဆယ့်တစ်ပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် သာသနာတော်၌ကြီးပွားခြင်းစည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်ရန် မစွမ်းနိုင်။

၃၄၈။ ရဟန်းတို့ အဂ,ါတစ်ဆယ့်တစ်ပါးတို့နှင့် ပြည့်စုံသော နွားကျောင်းသားသည် နွားအုပ်ကိုစောင့်ထိန်းရန် တိုးပွားအောင် ပြုရန် စွမ်းနိုင်၏။ အဘယ် တစ်ဆယ့်တစ်ပါးတို့နည်းဟူမူ- ရဟန်းတို့ ဤလောက၌ နွားကျောင်းသားသည် ရုပ်အဆင်းကို သိပေ၏၊ အမှတ်လက္ခဏာ၌လည်း လိမ္မာပေ၏၊ အနာ၌ယင်ချေးဥ တိုးပွါးသည်ကိုလည်း ပယ်ဖျောက်ပေ၏၊ အနာကိုလည်း ဆေးထည့်ပြီး ဖုံးလွှမ်းပေ၏၊ မီးခိုးကိုလည်း ပြုပေ၏၊ ရေဆိပ်ကိုလည်း သိပေ၏၊ ရေသောက်ပြီးသည် မပြီးသည်ကိုလည်း သိပေ၏၊ လမ်းခရီးဟုတ် မဟုတ်ကိုလည်း သိပေ၏၊ ကျက်စားရာ စားကျက်၌လည်း လိမ္မာပေ၏၊ (နို့ရည်ကို) အကြွင်း ထား၍ ညှစ်ပေ၏၊ နွားတို့၏အဖ နွားတို့၏ ဦးစီးဖြစ်သော နွားလားဥသဘတို့ကို လွန်ကဲသောပူဇော်ခြင်းဖြင့်လည်း ပူဇော်ပေ၏။ ရဟန်းတို့ ဤအဂ,ါတစ်ဆယ့်တစ်ပါးတို့နှင့် ပြည့်စုံသောနွားကျောင်းသား သည် နွားအုပ်ကို စောင့်ထိန်းရန် တိုးပွားအောင်ပြုရန် စွမ်းနိုင်ပေ၏။

ရဟန်းတို့ ဤအတူပင်လျှင် တရားတစ်ဆယ့်တစ်ပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် ဤသာသနာတော်၌ ကြီးပွားခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်ရန် စွမ်းနိုင်ပေ၏။ အဘယ် တစ်ဆယ့်တစ်ပါးတို့နည်းဟူမူ- ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ရုပ်အဆင်းကို သိပေ၏၊ အမှတ်လက္ခဏာ၌လည်း လိမ္မာ၏၊ အနာ၌ ယင်ချေးဥ တိုးပွါးသည်ကိုလည်း ပယ်ဖျောက်ပေ၏၊ အနာကိုလည်း ဆေးထည့်ပြီး ဖုံးလွှမ်းပေ၏၊ မီးခိုးကိုလည်း ပြုပေ၏၊ ရေဆိပ်ကိုလည်း သိပေ၏၊ ရေသောက်ပြီးသည် မပြီးသည်ကိုလည်း သိပေ၏၊ လမ်းခရီးဟုတ်မဟုတ်ကိုလည်း သိပေ၏၊ ကျက်စားရာ စားကျက်၌လည်းလိမ္မာပေ၏၊ နို့ရည်ကိုလည်း အကြွင်းထား၍ ညှစ်ပေ၏၊ ရဟန်းဝါရင့်၍ ရဟန်းသက်ရှည်သောသံဃာ့အဖ သံဃာ့ဦးစီးဖြစ်သော ထေရ်ကြီးရဟန်းတို့ကိုလည်း လွန်ကဲသော ပူဇော်ခြင်းဖြင့် ပူဇော်ပေ၏။

၃၄၉။ ရဟန်းတို့ အဘယ်သို့လျှင် ရုပ်အဆင်းကို သိသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ရဟန်းသည် “မဟာဘုတ်လေးပါးနှင့် မဟာဘုတ်လေးပါးကို စွဲ၍ဖြစ်သော ‘ဥပါဒါရုပ်’ဟူသော ရုပ်အားလုံးကို” အမှန်အတိုင်း ခွဲခြား၍ သိ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ရုပ်အဆင်းကို သိပေ၏။ (၁)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အမှတ်လက္ခဏာ၌ လိမ္မာသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် “သူမိုက်ဟူသည် မကောင်းမှုသာလျှင် မှတ်ကြောင်းရှိ၍ လူလိမ္မာဟူသည်ကောင်းမှုသာလျှင် မှတ်ကြောင်းရှိ၏” ဟု အမှန်အတိုင်း ခွဲခြား၍ သိ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အမှတ်လက္ခဏာ၌ လိမ္မာ၏။ (၂)

--

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အနာ၌ ယင်ချေးဥ တိုးပွါးသည်ကို ပယ်ဖျောက်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဖြစ်ပေါ်လာသော ကာမဂုဏ်၌ကြံစည်ခြင်း့ ‘ကာမဝိတက်’ ကို လက်မခံ၊ ပယ်စွန့်၏၊ ပယ်ဖျောက်၏၊ ပယ်ဖျက်၏၊ မရှိခြင်းသို့ ရောက်စေ၏။ ဖြစ်ပေါ်လာသော ပျက်စီး စေရန်ကြံစည်ခြင်း ‘ဗျာပါဒဝိတက်'ကို။ပ။ ဖြစ်ပေါ်လာသော ညှဉ်းဆဲရန်ကြံစည်ခြင်း ‘ဝိဟိံသာဝိတက်’ ကို။ပ။ ဖြစ်တိုင်း ဖြစ်တိုင်းသော အကုသိုလ်တရားယုတ်တို့ကို လက်မခံ၊ ပယ်စွန့်၏၊ ပယ်ဖျောက်၏၊ ပယ်ဖျက်၏၊ မရှိခြင်းသို့ ရောက်စေ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည်အနာ၌ ယင်ချေးဥ တိုးပွါး သည်ကို ပယ်ဖျောက်ပေ၏။ (၃)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အနာကို ဆေးထည့်ပြီး ဖုံးလွှမ်းသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် ရူပါရုံကို မြင်သော် (ယောကျ်ားမိန်းမဟူသော) အမှတ်နိမိတ်ကိုစွဲယူလေ့မရှိ၊ (လက်ခြေစသော) အမှတ်လက္ခဏာငယ်တို့ကို စွဲယူလေ့မရှိ၊ အကြင်အကြောင်းကြောင့်စက္ခုန္ဒြေကို မစောင့်စည်းမူ၍ နေသော ထိုရဟန်းကို မက်မောခြင်း ‘အဘိဇ္ဈာ'နှလုံးမသာခြင်း ‘ဒေါမနဿ’ဟု ဆိုအပ်ကုန်သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့သည်အစဉ်လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထိုစက္ခုန္ဒြေ ကို စောင့်စည်းခြင်းငှါ ကျင့်၏၊ စက္ခုန္ဒြေကို စောင့်ရှောက်၏၊ စက္ခုန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်၏။

နားဖြင့် သဒ္ဒါရုံကို ကြားသော်။ပ။ နှာခေါင်းဖြင့် ဂန္ဓာရုံကို နမ်းသော်။ပ။ လျှာဖြင့် ရသာရုံကိုလျက်သော်။ပ။ ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိသော်။ပ။ စိတ်ဖြင့် ဓမ္မာရုံကို သိသော် (ယောကျ်ားမိန်းမဟူသော) အမှတ်နိမိတ်ကို စွဲယူလေ့မရှိ၊ (လက်ခြေစသော) အမှတ်လက္ခဏာငယ်ကို စွဲယူလေ့မရှိ၊ အကြင်အကြောင်းကြောင့် မနိန္ဒြေကို မစောင့်စည်းမူ၍နေသော ထိုရဟန်းကို မက်မောခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ဟု ဆိုအပ်ကုန်သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့သည် အစဉ်လိုက်၍နှိပ်စက်ကုန်ရာ၏၊ ထိုမနိန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်၏၊ မနိန္ဒြေကို စောင့်ရှောက်၏၊ မနိန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အနာကို ဆေးထည့်ပြီး ဖုံးလွှမ်းပေ၏။ (၄)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းတို့သည် မီးခိုးကို ပြုသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ရဟန်းသည် နာကြားသင်ယူထားသည့်အတိုင်း တရားကို အကျယ်အားဖြင့် သူတစ်ပါးတို့အား ဟောကြား၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် (တရားဟောခြင်းဟူသော) မီးခိုးကို ပြုပေ၏။ (၅)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ရေဆိပ်ကို သိသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ရဟန်းသည် အကြားအမြင်များကုန်သော ပါဠိတော်ကို နှုတ်ငုံဆောင်ကုန်သော ဓမ္မဝိနယကို ဆောင်ကုန်သော ပါတိမောက်ကို ဆောင်ကုန်သော ရဟန်းတို့သို့ အခါအားလျော်စွာ ချဉ်းကပ်၍ “အသျှင်ဘုရား ဤသဒ္ဒါကား အဘယ်သို့နည်း၊ ဤသဒ္ဒါ၏ အနက်ကား အဘယ်နည်း” ဟု ပါဠိအဋ္ဌကထာကို မေးမြန်း၏။ ထိုရဟန်းအား ထိုအသျှင်တို့သည် မပွင့်သော အရာကိုလည်း ဖွင့်ပြကုန်၏၊ မပေါ်လွင်သောအရာကိုလည်း ပေါ်လွင်အောင် ပြုကုန်၏၊ များပြားသော ယုံမှားရာတရားတို့၌ ယုံမှားမှုကိုပယ်ဖျောက်ကုန်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ရေဆိပ်ကို သိပေ၏။ (၆)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ရေသောက်ပြီးသည် မပြီးသည်ကို သိသနည်း။ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် မြတ်စွာဘုရား ဟောကြားအပ်သော ဓမ္မဝိနယ ‘သာသနာတော်’ ကိုဟောကြားသော် (အနက်အဓိပ္ပါယ်) အကျိုး၌ သိသော ဉာဏ်ကို ရ၏၊ (ပါဠိ သဒ္ဒါ စကား) အကြောင်း၌သိသော ဉာဏ်ကို ရ၏၊ တရားနှင့်စပ်သော ဝမ်းမြောက်ခြင်းကို ရ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ရေသောက်ပြီးသည် မပြီးသည်ကို သိပေ၏။ (၇)

--

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် လမ်းခရီးဟုတ် မဟုတ်ကို သိသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဖြူစင်သော အဂ,ါရှစ်ပါးရှိသော မဂ်ကို အမှန်အတိုင်း ခွဲခြား၍ သိ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် လမ်းခရီးဟုတ် မဟုတ်ကို သိပေ၏။ (၈)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ကျက်စားရာ စားကျက်၌ လိမ္မာသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သတိပဋ္ဌာန်လေးပါးတို့ကို အမှန်အတိုင်း ခွဲခြား၍သိ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ကျက်စားရာ စားကျက်၌ လိမ္မာပေ၏။ (၉)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် နို့ရည်ကို အကြွင်းထား၍ ညှစ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းကို သဒ္ဓါတရားရှိသော ဒါယကာတို့က ရှေးရှုဆောင်၍ ဖိတ်ကြားလာသောသင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်ပစ္စည်းတို့၌ ရဟန်းသည်ခံယူခြင်းငှါ အတိုင်းအရှည်ကို သိ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် နို့ရည်ကို အကြွင်းထား၍ညှစ်သည် မည်ပေ၏။ (၁၀)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ရဟန်းဝါရင့်၍ ရဟန်းသက်ရှည်သော သံဃာ့အဖ သံဃာ့ဦးစီးဖြစ်သော ထေရ်ကြီးရဟန်းတို့ကို လွန်ကဲသော ပူဇော်ခြင်းဖြင့် ပူဇော်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ရဟန်းဝါရင့်၍ ရဟန်းသက်ရှည်သော သံဃာ့အဖ သံဃာ့ဦးစီးဖြစ်သောထေရ်ကြီးရဟန်းတို့၌ ကာယကံမေတ္တာကိုလည်း မျက်မှောက်၌လည်းကောင်း၊ မျက်ကွယ်၌လည်းကောင်းရှေးရှုဖြစ်စေ၏။ ဝစီကံမေတ္တာကိုလည်း မျက်မှောက်၌လည်းကောင်း၊ မျက်ကွယ်၌လည်းကောင်း ရှေးရှုဖြစ်စေ၏။ မနောကံမေတ္တာကိုလည်း မျက်မှောက်၌လည်းကောင်း၊ မျက်ကွယ်၌လည်းကောင်း ရှေးရှုဖြစ်စေ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ရဟန်းဝါရင့်၍ ရဟန်းသက်ရှည်သော သံဃာ့အဖ သံဃာ့ဦးစီး ဖြစ်ကုန်သော ထေရ်ကြီးရဟန်းတို့ကို လွန်ကဲသော ပူဇော်ခြင်းဖြင့် ပူဇော်ပေ၏။ (၁၁)

ရဟန်းတို့ ဤတရားတစ်ဆယ့်တစ်ပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် သာသနာတော်၌ ကြီးပွားခြင်းစည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်ရန် စွမ်းနိုင်၏ဟု မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောကြားတော်မူ၏။

ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ ဟောကြားတော်မူအပ်သော တရားတော်ကို နှစ်ခြိုက်ဝမ်းမြောက်ကြကုန်၏။

သုံးခုမြောက် မဟာဂေါပါလကသုတ်ပြီး၏။

--

၄- စူဠဂေါပါလကသုတ်

၃၅၀။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝဇ္ဇီတိုင်း ဥက္ကစေလမြို့ ဂင်္ဂါမြစ်ကမ်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟု ခေါ်တော်မူ၏။ ထိုရဟန်းတို့က “အသျှင်ဘုရား” ဟု မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤသို့မိန့်ကြားတော်မူ၏ -

ရဟန်းတို့ ရှေး၌ ဖြစ်ဖူးသည်ကား မဂဓတိုင်းသား ပညာဓာတ်ခံမဲ့သော နွားကျောင်းသားသည်မိုးဥတုတို့၏ နောက်ဆုံးဖြစ်သော တန်ဆောင်မုန်းလ အချိန်အခါ၌ ဂင်္ဂါမြစ်၏ ဤမှာ ဘက်ကမ်းကိုလည်းမစူးစမ်း မဆင်ခြင်ဘဲ ထိုမှာ ဘက်ကမ်းကိုလည်း မစူးစမ်းမဆင်ခြင်ဘဲ ဆိပ်ကမ်းမဟုတ်ရာ အရပ်ဖြင့်သာလျှင် မြောက်ဘက်ကမ်း ဝိဒေဟတိုင်းသို့ နွားတို့ကို ကူးမြောက်စေ၏။ ရဟန်းတို့ ထိုအခါ နွားတို့သည်ဂင်္ဂါမြစ်၏ အလယ်ရေအယဉ်၌ ချာချာလည်၍ ထိုရေအယဉ်၌သာလျှင် အကျိုးမဲ့ပျက်စီးခြင်းသို့ ရောက်ကုန်၏။ ထိုသို့ ပျက်စီးခြင်းသို့ ရောက်ရခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ထိုမဂဓတိုင်းသားပညာဓာတ်ခံမဲ့သော နွားကျောင်းသားသည် မိုးဥတုတို့၏ နောက်ဆုံးဖြစ်သော တန်ဆောင်မုန်းလ အချိန်အခါ၌ ဂင်္ဂါမြစ်၏ ဤမှာဘက်ကမ်းကိုလည်း မစူးစမ်း မဆင်ခြင်ဘဲ ထိုမှာဘက်ကမ်းကိုလည်း မစူးစမ်းမဆင်ခြင်ဘဲ ဆိပ်ကမ်းမဟုတ်ရာအရပ်ဖြင့်သာလျှင် မြောက်ဘက်ကမ်း ဝိဒေဟတိုင်းသို့ နွားတို့ကို ကူးစေ့သောကြောင့်တည်း။

ရဟန်းတို့ ဤအတူပင်လျှင် ဤလောက၌ မလိမ္မာကုန်သော တမလွန်လောက၌ မလိမ္မာကုန်သောမာရ်၏တည်ရာ ဘုံသုံးပါးတရား၌ မလိမ္မာကုန်သော မာရ်၏တည်ရာမဟုတ်ရာ (လောကုတ္တရာတရား) ၌မလိမ္မာကုန်သော သေခြင်းမစ္စုမာရ်၏တည်ရာ ဘုံသုံးပါးတရား၌ မလိမ္မာကုန်သော သေခြင်းမစ္စုမာရ်၏တည်ရာ မဟုတ်ရာ (လောကုတ္တရာတရား) ၌ မလိမ္မာကုန်သော သမဏဗြာဟ္မဏအချို့တို့၏ (စကားကို) နာယူထိုက်၏၊ ယုံကြည်ထိုက်၏ဟု ထင်မှတ်နေသူများအား ထိုသို့ ထင်မှတ်ခြင်းသည် ရှည်ကြာစွာသောကာလပတ်လုံး စီးပွားမဲ့ခြင်း ဆင်းရဲခြင်းငှါ ဖြစ်လတ္တံ့။

၃၅၁။ ရဟန်းတို့ ရှေး၌ ဖြစ်ဖူးသည်ကား မဂဓတိုင်းသား ပညာဓာတ်ခံရှိသော နွားကျောင်းသား သည်မိုးဥတုတို့၏ နောက်ဆုံးဖြစ်သော တန်ဆောင်မုန်းလအခါ၌ ဂင်္ဂါမြစ်၏ ဤမှာဘက်ကမ်းကိုလည်းစူးစမ်းဆင်ခြင်၍ ထိုမှာဘက်ကမ်းကိုလည်း စူးစမ်းဆင်ခြင်၍ ဆိပ်ကမ်းဖြင့်သာလျှင် မြောက်ဘက်ကမ်းဝိဒေဟတိုင်းသို့ နွားတို့ကို ကူးစေ၏၊ ထိုနွားကျောင်းသားသည် နွားတို့၏ အဖ နွားတို့၏ ဦးစီးဖြစ်သောနွားလားဥသဘတို့ကို ရှေးဦးစွာ ကူးမြောက်စေ၏၊ ထိုနွားလားဥသဘတို့သည် ဖီလာကန့်လန့် ဂင်္ဂါမြစ်၏ရေအယဉ်ကို ဖြတ်၍ ချမ်းသာစွာ ထိုမှာဘက်ကမ်းသို့ ရောက်ကုန်၏။ ထို့နောက် အခြား အားကောင်းသော နွားနှင့်နွားသိုးတို့ကို ကူးမြောက်စေပြန်၏၊ ထိုနွားတို့သည်လည်း ဖီလာကန့်လန့် ဂင်္ဂါမြစ်၏ ရေအယဉ်ကို ဖြတ်၍ ချမ်းသာစွာ ထိုမှာဘက်ကမ်းသို့ ရောက်ကုန်၏။ ထို့နောက် အခြားနွားပေါက်နှင့် နွားမတန်းတို့ကို ကူးမြောက်စေပြန်၏၊ ထိုနွားတို့သည်လည်း ဖီလာကန့်လန့် ဂင်္ဂါမြစ်၏ ရေအယဉ်ကိုဖြတ်၍ ချမ်းသာစွာ ထိုမှာဘက်ကမ်းသို့ ရောက်ကုန်၏။ ထို့နောက် အခြားနွားငယ်ကလေးတို့ကိုလည်းကောင်း၊ ပိန်ကြုံအားနည်းသော နွားတို့ကိုလည်းကောင်း ကူးမြောက်စေပြန်၏၊ ထိုနွားတို့သည်လည်းဖီလာကန့်လန့် ဂင်္ဂါမြစ်၏ ရေအယဉ်ကို ဖြတ်၍ ချမ်းသာစွာ ထိုမှာဘက်ကမ်းသို့ ရောက်ကုန်၏။

--

ရဟန်းတို့ ရှေး၌ ဖြစ်ဖူးသည်ကား ထိုနေ့ပေါက်ဖွားသည့် နုနယ်လှသော နွားသားငယ်သည် အမိနွားမ၏ ရှူးရှူးအသံဟူသော အမှတ်သညာဖြင့် မျှောကူး၏၊ ထိုနွားသားငယ်သည်လည်း ဖီလာကန့်လန့်ဂင်္ဂါမြစ်၏ ရေအယဉ်ကို ဖြတ်၍ ချမ်းသာစွာ ထိုမှာဘက်ကမ်းသို့ ရောက်ကုန်၏။ ထိုသို့ရောက်ခြင်းသည်အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ထိုမဂဓတိုင်းသား ပညာဓာတ်ခံရှိသော နွားကျောင်းသားသည် မိုးဥတုတို့၏ နောက်ဆုံးဖြစ်သော တန်ဆောင်မုန်းလအခါ၌ ဂင်္ဂါမြစ်၏ ဤမှာဘက်ကမ်းကိုလည်း စူးစမ်းဆင်ခြင်၍ထိုမှာဘက်ကမ်းကိုလည်း စူးစမ်းဆင်ခြင်၍ ဆိပ်ကမ်းဖြင့်သာလျှင် မြောက်ဘက်ကမ်း ဝိဒေဟတိုင်းသို့ နွားတို့ကို ကူးမြောက်စေသောကြောင့်တည်း။

ရဟန်းတို့ ဤအတူပင်လျှင် ဤလောက၌ လိမ္မာကုန်သော တမလွန်လောက၌ လိမ္မာကုန်သောမာရ်၏တည်ရာ ဘုံသုံးပါးတရား၌ လိမ္မာကုန်သော မာရ်၏တည်ရာမဟုတ်ရာ (လောကုတ္တရာတရား) ၌လိမ္မာကုန်သော သေခြင်းမစ္စုမာရ်၏တည်ရာ ဘုံသုံးပါးတရား၌ လိမ္မာကုန်သော သေခြင်းမစ္စုမာရ်၏တည်ရာမဟုတ်ရာ (လောကုတ္တရာတရား) ၌ လိမ္မာကုန်သော သမဏဗြာဟ္မဏ အချို့တို့၏ စကားကို နာယူထိုက်၏၊ ယုံကြည်ထိုက်၏ဟု ထင်မှတ်နေသော သူများအား ထိုသို့ ထင်မှတ်ခြင်းသည် ရှည်ကြာသော ကာလပတ်လုံး စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။

၃၅၂။ ရဟန်းတို့ ဥပမာသော်ကား နွားတို့၏အဖ နွားတို့၏ ဦးစီးဖြစ်ကုန်သော နွားလားဥသဘတို့သည် ဖီလာကန့်လန့် ဂင်္ဂါမြစ်၏ ရေအယဉ်ကို ဖြတ်၍ ချမ်းသာစွာ ထိုမှာဘက်ကမ်းသို့ ရောက်ကုန်သကဲ့သို့ ဤအတူပင်လျှင် ပူဇော်အထူးကို ခံထိုက်ကုန်သော အာသဝေါတရားကုန်ပြီးကုန်သော (မဂ်အကျင့်ကို) ကျင့်သုံးပြီးကုန်သော မဂ်ကိစ္စကို ပြုပြီးကုန်သော ဝန်ကို ချပြီးကုန်သော မိမိအကျိုး (အရဟတ္တဖိုလ်) သို့ ရောက်ပြီးကုန်သော ဘဝသံယောဇဉ်ကုန်ပြီးကုန်သော ကောင်းစွာသိ၍ လွန်မြောက်ပြီးကုန်သော ရဟန်းတို့သည် ဖီလာကန့်လန့် (ခန္ဓ) မာရ်၏ ရေအယဉ်ကို ဖြတ်၍ ချမ်းသာစွာ ထိုမှာ့ဘက်ကမ်း ‘နိဗ္ဗာန်'သို့ ရောက်ကုန်၏။

ရဟန်းတို့ ဥပမာသော်ကား ထိုအားကောင်းသော နွားနှင့်နွားသိုးတို့သည် ဖီလာကန့်လန့် ဂင်္ဂါမြစ်၏ရေအယဉ်ကို ဖြတ်၍ ချမ်းသာစွာ ထိုမှာဘက်ကမ်းသို့ ရောက်ကုန်သကဲ့သို့ ဤအတူပင်လျှင်အောက် (ကာမဘုံ) ၌ (ပဋိသန္ဓေနေခြင်း) အဖို့ရှိသည့် ငါးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့'တို့၏အကြွင်းမဲ့ကုန်ခြင်းကြောင့် ဗြဟ္မာ့ဘုံ၌ ဥပပါတ်ပဋိသန္ဓေနေ၍ ထို (ဘုံ) ၌သာလျှင် ပရိနိဗ္ဗာန်ပြုလတ္တံ့ဖြစ်သော ထိုဘုံမှ ပြန်လည်ခြင်းသဘောမရှိသော ရဟန်းတို့သည်လည်း ဖီလာကန့်လန့် (ခန္ဓ) မာရ်၏ရေအယဉ်ကို ဖြတ်၍ ချမ်းသာစွာ ထိုမှာဘက်ကမ်း ‘နိဗ္ဗာန်'သို့ ရောက်ကုန်လတ္တံ့။

ရဟန်းတို့ ဥပမာသော်ကား ထိုနွားပေါက်နှင့်နွားမတန်းတို့သည် ဖီလာကန့်လန့် ဂင်္ဂါမြစ်၏ ရေအယဉ်ကို ဖြတ်၍ ချမ်းသာစွာ ထိုမှာဘက်ကမ်းသို့ ရောက်ကုန်သကဲ့သို့ ဤအတူပင်လျှင် သုံးပါးသောသံယောဇဉ် ‘အနှောင်အဖွဲ့'တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့်လည်းကောင်း၊ တပ်မက်ခြင်း ‘ရာဂ'ပြစ်မှားခြင်း ‘ဒေါသ’ တွေဝေခြင်း ‘မောဟ'တို့၏ ခေါင်းပါးခြင်းကြောင့်လည်းကောင်း ဤလူ့ပြည်သို့တစ်ကြိမ်သာလာ၍ ဆင်းရဲ၏ အဆုံးကို ပြုလတ္တံ့ဖြစ်သော သကဒါဂါမ်ရဟန်းတို့သည်လည်းဖီလာကန့်လန့် (ခန္ဓ) မာရ်၏ ရေ အယဉ်ကို ဖြတ်၍ ချမ်းသာစွာ ထိုမှာဘက်ကမ်း ‘နိဗ္ဗာန်'သို့ရောက်ကုန်လတ္တံ့။

ရဟန်းတို့ ဥပမာသော်ကား နုနယ်သော နွားငယ်ကလေးနှင့် ပိန်ကြုံအားနည်းသော နွားတို့သည် ဖီလာကန့်လန့် ဂင်္ဂါမြစ်၏ ရေအယဉ်ကို ဖြတ်၍ ချမ်းသာစွာ ထိုမှာဘက်ကမ်းသို့ ရောက်ကုန်သကဲ့သို့ဤအတူပင်လျှင် သုံးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့'တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် အပါယ်သို့ကျခြင်းသဘောမရှိသော ကိန်းသေမြဲသော အထက်မဂ်သုံးပါးလျှင် လားရာရှိသော သောတာပန်ရဟန်းတို့သည်လည်း ဖီလာကန့်လန့် (ခန္ဓ) မာရ်၏ ရေအယဉ်ကို ဖြတ်၍ ချမ်းသာစွာ ထိုမှာဘက်ကမ်း ‘နိဗ္ဗာန်'သို့ရောက်ကုန်လတ္တံ့။

--

ရဟန်းတို့ ဥပမာသော်ကား ထိုနေ့ပေါက်ဖွားသည့် နုနယ်လှသော နွားသားငယ်သည် အမိနွားမ၏ရှူးရှူးအသံဟူသော အမှတ်သညာဖြင့် မျှောကူးလျက် ဖီလာကန့်လန့် ဂင်္ဂါမြစ်၏ ရေအယဉ်ကို ဖြတ်၍ချမ်းသာစွာ ထိုမှာဘက်ကမ်းသို့ ရောက်သကဲ့သို့ ဤအတူပင်လျှင် ပညာတရားကို အောက်မေ့လေ့ရှိသူယုံကြည်ခြင်း ‘သဒ္ဓါ'ကို အောက်မေ့လေ့ရှိသူ ရဟန်းတို့သည်လည်း ဖီလာကန့်လန့် (ခန္ဓ) မာရ်၏ ရေအယဉ်ကို ဖြတ်၍ ချမ်းသာစွာ ထိုမှာဘက်ကမ်း ‘နိဗ္ဗာန်'သို့ ရောက်ကုန်လတ္တံ့။

ရဟန်းတို့ ငါသည်ကား ဤလောက၌ လိမ္မာ၏၊ တမလွန်လောက၌ လိမ္မာ၏၊ မာရ်၏တည်ရာ ဘုံသုံးပါးတရား၌ လိမ္မာ၏၊ မာရ်၏တည်ရာ မဟုတ်ရာ (လောကုတ္တရာတရား) ၌ လိမ္မာ၏၊ သေခြင်း မစ္စုမာရ်၏တည်ရာ ဘုံသုံးပါးတရား၌ လိမ္မာ၏၊ သေခြင်းမစ္စုမာရ်၏ တည်ရာ မဟုတ်ရာ (လောကုတ္တရာ တရား) ၌လိမ္မာ၏၊ ရဟန်းတို့ ထိုငါ၏ (စကားကို) နာယူထိုက်၏ ယုံကြည်ထိုက်၏ဟု ထင်မှတ်နေကုန် သောသူများအား ထိုထင်မှတ်ခြင်းသည် ရှည်ကြာစွာသော ကာလပတ်လုံး စီးပွားခြင်းငှါ ချမ်းသာခြင်းငှါဖြစ်လတ္တံ့ဟု ဤတရားကို ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရားသည် ဟောကြားတော်မူ၏။ ကောင်း သော စကားကို ဟောကြားတော်မူတတ်သော မြတ်စွာဘုရားသည် ဤတရားကိုဟောကြားတော်မူပြီး၍၊ ထိုမှတစ်ပါး လူနတ်တို့၏ဆရာ မြတ်စွာဘုရားသည် ဤဂါထာကို မိန့်တော်မူ၏-

“တရားအားလုံးကို သိတော်မူသော မြတ်စွာဘုရားသည် ဤလောကကိုလည်း ကောင်း၊ တမလွန်လောကကိုလည်းကောင်း ကောင်းစွာ ပြတော်မူပြီ။

(တရားအားလုံးကို) ကိုယ်တိုင် သိတော်မူသော မြတ်စွာဘုရားသည် (ကိလေသ) မာရ်ရောက်ရာ (ဘုံသုံးပါးတရား) ကိုလည်းကောင်း၊ သေခြင်းမစ္စုမာရ်မရောက်ရာ (လောကုတ္တရာတရား) ကိုလည်းကောင်းအလုံးစုံသော လောကကို အထူးသိ၍ ဘေးကင်းရာ နိဗ္ဗာန်သို့ ရောက်ခြင်းငှါ အမြိုက်နိဗ္ဗာန်၏ တံခါးကို့ဖွင့်ထားတော် မူပြီ။

မာရ်ယုတ်၏ ရေအယဉ်ကို ဖြတ်အပ်ပြီ၊ ဖျက်ဆီးအပ်ပြီ၊ ကျူ ကဲ့သို့သော မာန ကင်းခြင်းကို ပြုအပ်ပြီ။ ရဟန်းတို့ (သင်တို့သည်) များစွာသော ဝမ်းမြောက်ခြင်း ရှိကြကုန်လော့၊ ဘေးကင်းရာ (အရဟတ္တဖိုလ်) ကို တောင့်တကြကုန်လော့” ဟု (မိန့် တော်မူ၏)။

လေးခုမြောက် စူဠဂေါပါလကသုတ်ပြီး၏။

--

၅- စူဠသစ္စကသုတ်

၃၅၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သောကျောင်းကြီး၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် ဝေသာလီပြည်၌နေ၏။ စကားပြိုင်ဆိုင်ပြောဆိုတတ်၏၊ “ငါသည် ပညာရှိတည်း” ဟု ပြောဆိုတတ်၏၊ များစွာသောလူအ ပေါင်းက သူတော်ကောင်းဟု သမုတ်ထားအပ်၏။ ထိုသစ္စကသည် ဝေသာလီပြည် ပရိသတ်၌ဤသို့ သော စကားကို ပြောဆို၏။

“စကားလမ်းစဉ်ဖြင့် ငါအပြစ်တင်ဆိုသော် မတုန်မလှုပ် မယိမ်းယိုင်မည့် လက်ကတီးကြားတို့မှ ချွေးမထွက်မည့် ရဟန်းအပေါင်းရှိသူ ဂိုဏ်းရှိသူ ဂိုဏ်းဆရာဖြစ်သူ သမဏဗြာဟ္မဏကိုသော်လည်းကောင်း၊ ကိလေသာကို ပယ်သတ်နိုင်သော (တရားအားလုံးကို) ကိုယ်တိုင် မှန်စွာ သိသော ဘုရားဟု ဝန်ခံသူကိုသော်လည်းကောင်း ငါ မတွေ့မြင်၊ စိတ်မရှိသော တုံးတိုင်ကိုသော်လည်း စကားလမ်းစဉ်ဖြင့် ငါအပြစ်တင် ဆိုငြားအံ့၊ ထိုတုံးတိုင်သည်လည်း စကားလမ်းစဉ်ဖြင့် ငါအပြစ်တင်ဆိုသော် တုန်လှုပ် ယိမ်းယိုင်ရာ၏၊ လူဖြစ်သောသူမှာ အဘယ်ဆိုဖွယ်ရှိတော့အံ့နည်း” ဟု (ပြောဆို၏)။

ထိုအခါ အသျှင်အဿဇိသည် နံနက်အခါ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်ကာဝေသာလီပြည်သို့ ဆွမ်းခံဝင်တော်မူ၏။ နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် ဝေသာလီပြည်၌ အညောင်းပြေ လမ်းလျှောက်လှည့်လည်သော် အဝေးမှ ကြွလာသည့် အသျှင်အဿဇိကို မြင်လျှင် ချဉ်းကပ်၍အသျှင် အဿဇိနှင့်အတူ ဝမ်းမြောက်ဝမ်းသာ စကားပြောဆို၍ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို (ပြောဆို) ပြီးဆုံးစေ၍ သင့်တင့် လျောက်ပတ်သော နေရာ၌ ရပ်လျက် နိဂဏ္ဌတက္ကတွန်း၏သားသစ္စကက “အို အဿဇိ ရဟန်းဂေါတမသည် တပည့်သာဝကတို့ကို အဘယ်သို့ ဆုံးမသနည်း၊ ရဟန်းဂေါတမမှာ တပည့် သာဝကတို့အပေါ်၌ အဘယ်သို့ အစိတ်အပိုင်းရှိသော ညွှန်ကြားချက်သည်များစွာဖြစ်သနည်း” ဟုမေး၏။

အဂ္ဂိဝေဿန မြတ်စွာဘုရားသည် တပည့်သာဝကတို့ကို ဤသို့ ဆုံးမ၏။ မြတ်စွာဘုရား၏ တပည့်သာဝကတို့အပေါ်၌ ဤသို့ အစိတ်အပိုင်းရှိသော ညွှန်ကြားချက်သည် များစွာ ဖြစ်၏။ “ရဟန်းတို့ရုပ်သည် အမြဲမရှိ၊ ခံစားခြင်း ‘ဝေဒနာ'သည် အမြဲမရှိ၊ မှတ်သားခြင်း ‘သညာ'သည် အမြဲမရှိ၊ ပြုပြင်စီရင်မှု ‘သင်္ခါရ'တို့သည် အမြဲမရှိကုန်၊ အထူးသိမှု ‘ဝိညာဏ်’ သည် အမြဲမရှိ။ ရဟန်းတို့ ရုပ်သည် ကိုယ် ‘အတ္တ'မဟုတ်၊ ခံစားခြင်းသည် ကိုယ် ‘အတ္တ’ မဟုတ်၊ မှတ်သားခြင်းသည် ကိုယ် ‘အတ္တ’ မဟုတ်၊ ပြုပြင်စီရင်မှုတို့ သည် ကိုယ် ‘အတ္တ’ မဟုတ်ကုန်၊ အထူးသိမှု ‘ဝိညာဏ်'သည် ကိုယ် ‘အတ္တ’ မဟုတ်၊ အလုံးစုံသော ပြုပြင် စီရင်မှုတို့သည် အမြဲမရှိကုန်၊ အလုံးစုံသော တရားတို့သည်ကိုယ် ‘အတ္တ'မဟုတ်ကုန်” ဟု မြတ်စွာဘုရား သည် တပည့်သာဝကတို့ကို ဆုံးမ၏။ မြတ်စွာဘုရား၏တပည့်သာဝကတို့အပေါ်၌ ဤသို့ အစိတ်အပိုင်း ရှိသော ညွှန်ကြားချက်သည် များစွာဖြစ်၏ဟု (ဆို၏)။

အဿဇိ မတော်မလျော် ကြားရကုန်၏တကား၊ ငါတို့သည် ရဟန်းဂေါတမ ဤသို့ဟောပြောလေ့ရှိသည်ကို ကြားရပေ၏၊ ငါတို့သည် တစ်ချိန်ချိန်၌ ထိုအသျှင်ဂေါတမနှင့်အတူ တွေ့ဆုံရကောင်းတန်ရာ၏၊့တစ်စုံတစ်ရာသော စကားအပြန်အလှန် ပြောဆိုခြင်းသည် ဖြစ်ကောင်းတန်ရာ၏၊ ထိုယုတ်ညံ့သော အမြင်ဒိဋ္ဌိမှ ကင်းဆိတ်စေနိုင်ကောင်းတန်ရာ၏ဟု (ဆို၏)။

--

၃၅၄။ ထိုအခါ ငါးရာမျှလောက်ရှိကုန်သော လိစ္ဆဝီမင်းတို့သည် ဆွေးနွေးတိုင်ပင်ရာ လွှတ်တော်၌တစ်စုံတစ်ရာ ပြုဖွယ်ကိစ္စဖြင့် စည်းဝေးကုန်၏။ ထိုအခါ နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် လိစ္ဆဝီမင်းတို့ထံသို့ ချဉ်းကပ်ပြီးလျှင်-

“လိစ္ဆဝီမင်းတို့ ထွက်ကြကုန်လော့၊ လိစ္ဆဝီမင်းတို့ ထွက်ကြကုန်လော့၊ ယနေ့ ငါ့မှာ ရဟန်း ဂေါတမနှင့်အတူ စကားအပြန်အလှန် ပြောဆိုခြင်း ဖြစ်ရလတ္တံ့။ ထင်ရှားသော ထေရ်တို့တွင် တစ်ပါးအပါအဝင်ဖြစ်သော (ရဟန်းဂေါတမ၏) တပည့်သာဝက အဿဇိမည်သော ရဟန်းသည် ငါ့အား ဝန်ခံသကဲ့သို့ ရဟန်းဂေါတမသည် ငါ့အား ဝန်ခံခဲ့လျှင် အားရှိသော ယောကျ်ားသည် အမွေးရှည်ရှိသောသိုးကိုအမွေးတို့၌ ဆွဲကိုင်၍ ငင်ရာ တွန်းရာ ငင်လည်းငင် တွန်းလည်း တွန်းရာသကဲ့သို့၊ ဤအတူပင်လျှင်ငါသည် ရဟန်းဂေါတမကို စကားလမ်းစဉ်ဖြင့် အပြစ်ကို (တင်ဆို၍) ငင်ရအံ့၊ တွန်းရအံ့၊ ငင်လည်းငင်တွန်းလည်း တွန်းရအံ့၊ သေတင်းကုတ်ရှိ အားရှိသော အလုပ်သမားသည် သေတင်းကုတ်၌ ခင်းထားသောကြီးလှစွာသော ဖျာကို နက်စွာသော ရေအိုင်၌ ပစ်ချ၍ အနားစွန်း၌ ကိုင်ဆွဲ၍ ငင်ရာ တွန်းရာ ငင်လည်းငင် တွန်းလည်း တွန်းရာသကဲ့သို့၊ ဤအတူပင်လျှင် ငါသည် ရဟန်းဂေါတမကို စကားလမ်းစဉ်ဖြင့် အပြစ်ကို (တင်ဆို၍) ငင်ရအံ့၊ တွန်းရအံ့၊ ငင်လည်းငင် တွန်းလည်း တွန်းရအံ့၊ အားရှိသော သေသောက်ကြူးသည် သေသောက်ခွက်ကို အနားစွန်း၌ ကိုင်ဆွဲ၍ မှောက်ခါရာ လှန်ခါရာ အကြိမ်ကြိမ် လှုပ်ခါရာသကဲ့သို့၊ ဤအတူပင်လျှင် ငါသည် ရဟန်းဂေါတမကို စကားလမ်းစဉ်ဖြင့် အပြစ်ကို (တင်ဆို၍) မှောက်ခါရအံ့၊ လှန်ခါရအံ့၊ အကြိမ်ကြိမ် လှုပ်ခါရအံ့။ အနှစ်ခြောက်ဆယ်ရှိမှ အားယုတ်သော ဆင်ပြောင်သည် နက်စွာသော ရေကန်သို့ သက်ဆင်း၍ လျှော်မျှင်ဆေး (ကြော) သည်နှင့် အလားတူသော ကစားခြင်းမျိုးကိုကစား သကဲ့သို့၊ ဤအတူပင်လျှင် ငါသည် ရဟန်းဂေါတမကို လျှော်မျှင်ဆေး (ကြော) သည်နှင့်အလားတူသော ကစားခြင်းမျိုးကို ကစားရအံ့။ လိစ္ဆဝီမင်းတို့ ထွက်ကြကုန်လော့၊ လိစ္ဆဝီမင်းတို့ထွက်ကြကုန်လော့၊ ယနေ့ ငါ့မှာ ရဟန်းဂေါတမနှင့်အတူ စကားအပြန်အလှန် ပြောဆိုခြင်း ဖြစ်လတ္တံ့” ဟုပြောဆို၏။

ထိုသို့ဆိုရာ၌ အချို့သော လိစ္ဆဝီမင်းတို့က “ရဟန်းဂေါတမသည် နိဂဏ္ဌတက္ကတွန်း၏သား သစ္စ ကအားအဘယ်မှာ အပြစ်ကို တင်နိုင်လတ္တံ့နည်း၊ နိဂဏ္ဌတက္ကတွန်း၏သား သစ္စကကသာ ရဟန်းဂေါတမ အားအပြစ်ကို တင်နိုင်လတ္တံ့” ဟု ဆိုကုန်၏။ အချို့သော လိစ္ဆဝီမင်းတို့ကလည်း “နိဂဏ္ဌတက္ကတွန်း၏ သားသစ္စကသည် ဘယ်လိုလူစားဖြစ်၍ မြတ်စွာဘုရားအား အပြစ်ကို တင်နိုင်လတ္တံ့နည်း၊ မြတ်စွာဘုရားကသာ နိဂဏ္ဌတက္ကတွန်း၏သား သစ္စကအား အပြစ်ကို တင်နိုင်လတ္တံ့” ဟု ဆိုကုန်၏။

ထိုအခါ နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် ငါးရာမျှလောက်ရှိသော လိစ္ဆဝီမင်းတို့ဖြင့်။ ခံရံလျက်မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်းဆီသို့ ချဉ်းကပ်၏။

၃၅၅။ ထိုအခါ များစွာသော ရဟန်းတို့သည် လွင်တီးခေါင်၌ စင်္ကြံသွားကုန်၏။ နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် ထိုရဟန်းတို့ထံသို့ ချဉ်းကပ်ပြီးလျှင် “အသျှင်တို့ ယခုအခါ ထိုအသျှင်ဂေါတမသည်အဘယ်၌ နေသနည်း၊ ငါတို့သည် ထိုအသျှင်ဂေါတမကို တွေ့မြင်လိုကုန်၏” ဟု ထိုရဟန်းတို့အား ပြောဆို၏။

အဂ္ဂိဝေဿန ထိုမြတ်စွာဘုရားသည် မဟာဝုန်တောကြီးသို့ သက်ဝင်၍ တစ်ခုသော သစ်ပင်ရင်း၌နေ့သန့်ရန် ထိုင်နေတော်မူ၏ဟု (ပြောဆိုကုန်၏)။

ထိုအခါ နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် များစွာသော လိစ္ဆဝီမင်းပရိသတ်နှင့် အတူ မဟာဝုန်တောကြီးသို့ သက်ဝင်၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ်း့သာ စကားပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို (ပြောဆို) ပြီးဆုံးစေ၍ သင့်တင့်လျောက်ပတ်သော နေရာ၌ ထိုင်၏။ ထိုလိစ္ဆဝီမင်းတို့သည်လည်း အချို့သူတို့က မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုး၍ သင့်တင့်လျောက်ပတ်သော နေရာ၌ ထိုင်နေကုန်၏။ အချို့သူတို့က မြတ်စွာဘုရားနှင့် အတူ

--

ဝမ်းမြောက်ဝမ်းသာ စကားပြောဆို ကုန်၏။ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို (ပြောဆို) ပြီးဆုံးစေ၍သင့်တင့်လျောက်ပတ်သော နေရာ၌ ထိုင်ကုန်၏။ အချို့သူတို့က မြတ်စွာဘုရားထံသို့ လက်အုပ်ကိုညွတ်စေ၍ သင့်တင့်လျောက်ပတ်သော နေရာ၌ ထိုင်ကုန်၏။ အချို့သူတို့က မြတ်စွာဘုရားအထံ၌ အမည်အနွယ်ကို ကြား၍ သင့်တင့်လျောက်ပတ်သော နေရာ၌ ထိုင်ကုန်၏။ အချို့သူတို့က ဆိတ်ဆိတ် (ဖြစ်၍) သင့်တင့်လျောက်ပတ်သော နေရာ၌ ထိုင်ကုန်၏။

၃၅၆။ နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် သင့်တင့်လျောက်ပတ်သော နေရာ၌ ထိုင်လျက် “အကယ်၍အသျှင်ဂေါတမက အကျွန်ုပ်အား ပြဿနာကို မေးမြန်းခြင်းငှါ အခွင့်ပြုငြားအံ့၊ အကျွန်ုပ်သည်အသျှင်ဂေါတမကို တစ်စုံတစ်ရာသော အကြောင်းကို မေးလိုပါ၏” ဟု မြတ်စွာဘုရားအား လျှောက်ထား၏။

အဂ္ဂိဝေဿန မေးလိုလျှင် မေးလော့ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမသည် တပည့်သာဝကတို့ကို အဘယ်သို့ ဆုံးမသနည်း၊ အသျှင်ဂေါတမ၏ တပည့်သာဝကတို့အပေါ်၌ အဘယ်သို့သော အစိတ်အပိုင်းရှိသော ညွှန်ကြားချက်သည် များစွာဖြစ်သနည်းဟု (မေး၏)။

အဂ္ဂိဝေဿန ငါသည် တပည့်သာဝကတို့ကို ဤသို့လျှင် ဆုံးမ၏၊ ငါ၏ တပည့်သာဝကတို့အပေါ်၌ဤသို့ အစိတ်အပိုင်းရှိသော ညွှန်ကြားချက်သည် များစွာဖြစ်၏။ “ရဟန်းတို့ ရုပ်သည် အမြဲမရှိ၊ ခံစားခြင်း ‘ဝေဒနာ'သည် အမြဲမရှိ၊ မှတ်သားခြင်း ‘သညာ'သည် အမြဲမရှိ၊ ပြုပြင်စီရင်မှု ‘သင်္ခါရ'တို့သည် အမြဲမရှိကုန်၊ အထူးသိမှု ‘ဝိညာဏ်’ သည် အမြဲမရှိ။ ရဟန်းတို့ ရုပ်သည် ကိုယ် ‘အတ္တ’ မဟုတ်၊ ခံစားခြင်းသည် ကိုယ် ‘အတ္တ’ မဟုတ်၊ မှတ်သားခြင်းသည် ကိုယ် ‘အတ္တ’ မဟုတ်၊ ပြုပြင်စီရင်မှုတို့သည် ကိုယ် ‘အတ္တ’ မဟုတ်ကုန်၊ အထူးသိမှု ‘ဝိညာဏ်'သည် ကိုယ် ‘အတ္တ’ မဟုတ်၊ အလုံးစုံသောပြုပြင်စီရင်မှုတို့သည် အမြဲမရှိကုန်၊ အလုံးစုံသော တရားတို့သည် ကိုယ် ‘အတ္တ’ မဟုတ်ကုန်” ဟုဤသို့လျှင် ငါသည် တပည့် သာဝကတို့ကို ဆုံးမ၏၊ ငါ့မှာ တပည့်သာဝကတို့အပေါ်၌ ဤသို့အစိတ်အပိုင်းရှိသော ညွှန်ကြားချက် သည် များစွာဖြစ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ အကျွန်ုပ်မှာ ဥပမာ (တစ်ခု) ထင်မြင်လာပါ၏ဟု (ဆို၏)။

“အဂ္ဂိဝေဿန ထို့ပမာကို ထင်ရှားပါစေ” ဟု မြတ်စွာဘုရားက မိန့်ကြားတော်မူ၏။

အသျှင်ဂေါတမ ဥပမာသော်ကား အလုံးစုံသော ဤမျိုးစေ့အားလုံးနှင့် အပင်အားလုံးတို့သည် မြေကိုမှီ၍မြေ၌တည်ကာ ကြီးပွားခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်ကုန်၏၊ ဤသို့လျှင် ဤမျိုးစေ့အားလုံးနှင့် အပင် အားလုံးတို့သည် ကြီးပွားခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်ကုန်သကဲ့သို့လည်းကောင်း၊ အသျှင်ဂေါတမ ဥပမာ တစ်နည်းသော်ကား ဤအားအစွမ်းဖြင့် ပြုအပ်သော အမှုကိစ္စအားလုံးတို့ကို မြေကို မှီ၍ မြေ၌ တည်ကာ ပြုရကုန်၏၊ ဤသို့ ဤအားအစွမ်းဖြင့် ပြုအပ်သော အမှုကိစ္စတို့ကို ပြုရကုန်သကဲ့သို့လည်းကောင်း အရှင်ဂေါတမ ဤအတူပင် (လျှင်) ရုပ်ကို ကိုယ် ‘အတ္တ’ဟု ယူဆသော ဤသတ္တဝါပုဂ္ဂိုလ်သည် ရုပ်၌ တည်၍ ကုသိုလ် အကုသိုလ်တို့ကို ဖြစ်ပွားစေ၏၊ ခံစားခြင်းကိုကိုယ် ‘အတ္တ’ဟု ယူဆသော ဤသတ္တဝါပုဂ္ဂိုလ်သည် ခံစားခြင်း၌ တည်၍ ကုသိုလ် အကုသိုလ်တို့ကိုဖြစ်ပွားစေ၏၊ မှတ်သားခြင်းကို ကိုယ် ‘အတ္တ’ဟု ယူဆသော ဤသတ္တဝါ ပုဂ္ဂိုလ်သည် မှတ်သားခြင်း၌တည်၍ ကုသိုလ် အကုသိုလ်တို့ကို ဖြစ်ပွားစေ၏၊ ပြုပြင်စီရင်မှုတို့ကို ကိုယ် ‘အတ္တ’ဟု ယူဆသော ဤသတ္တဝါပုဂ္ဂိုလ်သည် ပြုပြင်စီရင်မှုတို့၌ တည်၍ ကုသိုလ် အကုသိုလ်တို့ကို ဖြစ်ပွားစေ၏၊ အထူးသိမှု့ဝိညာဏ်ကို ကိုယ် ‘အတ္တ’ဟု ယူဆသော ဤသတ္တဝါပုဂ္ဂိုလ်သည် အထူးသိမှုဝိညာဏ်၌ တည်၍ ကုသိုလ်အကုသိုလ်တို့ကို ဖြစ်ပွားစေ၏ဟု (ဆို၏)။

--

အဂ္ဂိဝေဿန ရုပ်သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း၊ ခံစားခြင်းသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း၊ မှတ်သားခြင်းသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း၊ ပြုပြင်စီရင်မှုတို့သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း၊ အထူးသိမှု ‘ဝိညာဏ်'သည် ငါ၏ ကိုယ် ‘အတ္တ’ တည်းဟု သင် ဤသို့ ဆိုလေသလောဟု (မေးတော်မူ၏)။

အသျှင်ဂေါတမ “ရုပ်သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း၊ ခံစားခြင်းသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း၊ မှတ်သားခြင်းသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း၊ ပြုပြင်စီရင်မှုတို့သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း၊ အထူးသိမှု ‘ဝိညာဏ်'သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း” ဟု အကျွန်ုပ်လည်း ဤသို့ ဆိုပါ၏၊ ဤများစွာသောလူအပေါင်းကလည်း ဤသို့ပင် ဆိုပါ၏ဟု (ဆို၏)။

အဂ္ဂိဝေဿန များစွာသော သင်၏လူအပေါင်းသည် အဘယ်သို့ ပြုလတ္တံ့နည်း၊ အဂ္ဂိဝေဿန မိမိဝါဒကိုသာလျှင် သင် ဖြေရှင်းလော့ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ “ရုပ်သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း၊ ခံစားခြင်းသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း၊ မှတ်သားခြင်းသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း၊ ပြုပြင်စီရင်မှုတို့သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း၊ အထူးသိမှု ‘ဝိညာဏ်'သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း” ဟု အကျွန်ုပ်လည်း ဤသို့ ပြောဆိုပါ၏ဟု (ဆို၏)။

၃၅၇။ အဂ္ဂိဝေဿန ထိုသို့ဖြစ်လျှင် ဤအရာ၌ သင့်ကိုပင် ပြန်၍ မေးဦးအံ့၊ သင်နှစ်သက်သည့် အတိုင်းထိုအမေးကို ဖြေကြားရာ၏၊ အဂ္ဂိဝေဿန ထိုငါမေးမည့်အချက်ကို သင် အဘယ်သို့ ထင်မှတ် သနည်း၊ ပသေနဒိ ကောသလမင်းကဲ့သို့၊ သို့မဟုတ် မဂဓတိုင်းကို အစိုးရသော ဝေဒေဟီ (မိဖုရား)၏သားအဇာတသတ်မင်းကဲ့သို့ အဘိသိက်သွန်းပြီးသော ရေမြေရှင်မင်းအား မိမိနိုင်ငံ၌ သတ်ဖြတ်ညှဉ်းဆဲထိုက်သူကို သတ်ဖြတ်ညှဉ်းဆဲစေရန်လည်းကောင်း၊ ဥစ္စာဆုံးရှုံးစေထိုက်သူကို ဥစ္စာဆုံးရှုံးစေရန်လည်းကောင်း၊ နှင်ထုတ်ထိုက်သူကို နှင်ထုတ်စေရန်လည်းကောင်း အာဏာသည် ဖြစ်နိုင်ရာသလောဟု (မေးတော်မူ၏)။

အသျှင်ဂေါတမ ပသေနဒိကောသလမင်းကဲ့သို့၊ သို့မဟုတ် မဂဓတိုင်းကို အစိုးရသော ဝေဒေဟီ (မိဖုရား)၏သား အဇာတသတ်မင်းကဲ့သို့ အဘိသိက်သွန်းပြီးသော ရေမြေရှင်မင်းအား မိမိနိုင်ငံ၌ သတ်ဖြတ်ညှဉ်းဆဲထိုက်သူကို သတ်ဖြတ်ညှဉ်းဆဲစေရန်လည်းကောင်း ဥစ္စာဆုံးရှုံးစေထိုက်သူကို ဥစ္စာဆုံးရှုံးစေရန်လည်းကောင်း၊ နှင်ထုတ်ထိုက်သူကို နှင်ထုတ်စေရန်လည်းကောင်း အာဏာသည် ဖြစ်နိုင်ရာပါ၏ဟု (ဆို၏)။

အသျှင်ဂေါတမ မှန်ပါ၏။ ဤအစည်းအရုံးအဖွဲ့အစည်းဖြစ်သော ဝဇ္ဇီတိုင်းအစိုးရ မလ္လာတိုင်းအစိုးရတို့အားသော်မှ မိမိနိုင်ငံ၌ သတ်ဖြတ်ညှဉ်းဆဲထိုက်သူကို သတ်ဖြတ်ညှဉ်းဆဲစေရန်လည်းကောင်း၊ ဥစ္စာဆုံးရှုံးစေထိုက်သူကို ဥစ္စာဆုံးရှုံးစေရန်လည်းကောင်း၊ နှင်ထုတ်ထိုက်သူကို နှင်ထုတ်စေရန်လည်းကောင်းအာဏာသည် ဖြစ်နိုင်ပါသေး၏၊ ပသေနဒိကောသလမင်း၊ သို့မဟုတ် မဂဓတိုင်းကို အစိုးရသော ဝေဒေဟီ (မိဖုရား)၏သား အဇာတသတ်မင်းကဲ့သို့သော အဘိသိတ်သွန်းပြီးသော ရေမြေရှင်မင်းအားမူကားအဘယ် ဆိုဖွယ်ရာ ရှိပါအံ့နည်း၊ အာဏာဖြစ်နိုင်ရာပါ၏၊ အသျှင်ဂေါတမ အာဏာဖြစ်ရန်လည်းထိုက်ပါ၏ဟု (ဆို၏)။

အဂ္ဂိဝေဿန ထိုငါမေးမည့်အချက်ကို သင် အဘယ်သို့ ထင်မှတ်သနည်း၊ အကြင်ရုပ်ကို “ရုပ်သည် ငါ၏ကိုယ် ‘အတ္တ’ တည်း” ဟု သင် ဤသို့ ဆို၏။ ထိုရုပ်၌ “ငါ၏ ရုပ်သည် ဤသို့ ဖြစ်ပေစေ၊ ငါ၏ ရုပ်သည်ဤသို့ မဖြစ်စေလင့်” ဟု သင် အာဏာထားနိုင်သလော” ဟု မေးတော်မူ၏။

ဤသို့မေးတော်မူသော် နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် ဆိတ်ဆိတ်နေ၏၊ နှစ်ကြိမ်မြောက်လည်းမြတ်စွာဘုရားသည် နိဂဏ္ဌတက္ကတွန်း၏သား သစ္စကကို အဂ္ဂိဝေဿန ထိုငါမေးမည့်အချက်ကို သင့်အဘယ်သို့ ထင်မှတ်သနည်း၊ အကြင်ရုပ်ကို “ရုပ်သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း” ဟု သင် ဤသို့ဆို၏။ ထိုရုပ်၌ “ငါ၏ ရုပ်သည် ဤသို့ ဖြစ်ပေစေ၊ ငါ၏ ရုပ်သည် ဤသို့ မဖြစ်စေလင့်” ဟု သင်အာဏာထား နိုင်သလော” ဟု မေးတော်မူ၏။ နှစ်ကြိမ်မြောက်လည်း နိဂဏ္ဌတက္ကတွန်း၏သားသစ္စကသည် ဆိတ်ဆိတ် နေ၏၊

--

ထိုအခါ မြတ်စွာဘုရားသည် နိဂဏ္ဌတက္ကတွန်း၏သား သစ္စကကို “အဂ္ဂိဝေဿန ယခု ဖြေကြားလော့၊ သင် ယခု ဆိတ်ဆိတ်နေရန် အခါ မဟုတ်တော့ပေ၊ အဂ္ဂိဝေဿန သုံးကြိမ်တိုင်အောင် အကြောင်းအားလျော်ကန်သော ပြဿနာကို မြတ်စွာဘုရားက မေးပါလျက် တစ်စုံတစ်ယောက်သော သူသည် မဖြေကြားငြားအံ့၊ ထိုသူ၏ ဦးခေါင်းသည် ဤနေရာ၌ပင်လျှင် ခုနစ်စိတ်ကွဲရာ၏” ဟု မိန့်တော်မူ၏။

ထိုစဉ်အခါ၌ သိကြားမင်းသည် ဘီလူးအသွင်ဖြင့် ရဲရဲပြောင်ပြောင် တောက်လောင်သော မီးလျှံရှိသောသံဝရဇိန်လက်နက်ကို စွဲကိုင်ပြီးလျှင် “ဤနိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် သုံးကြိမ်တိုင်တိုင်အကြောင်း အားလျော်ကန်သော ပြဿနာကို မြတ်စွာဘုရားက မေးပါလျက် မဖြေခဲ့ပါလျှင်ယင်းနေရာ၌ပင် ထို (သစ္စက)၏ ဦးခေါင်းကို ခုနစ်စိတ်ခွဲအံ့” ဟုကြံရွယ်၍ နိဂဏ္ဌတက္ကတွန်း၏သားသစ္စက၏ အထက် ကောင်းကင်၌ ရပ်လျက်နေ၏။ ထိုဘီလူးအသွင်ရှိသည့် ဝဇိရစိန်လက်စွဲသောသိကြားမင်းကို မြတ်စွာ ဘုရားနှင့် နိဂဏ္ဌတက္ကတွန်း၏သား သစ္စကတို့သာ မြင်ကြရ၏။ ထိုအခါနိဂဏ္ဌတက္ကတွန်း၏သား သစ္စက သည် ကြောက်ရွံ့ထိတ်လန့် ကြက်သီးမွေးညင်းထသည်ဖြစ်၍မြတ်စွာဘုရားကိုသာလျှင် မှီခိုရာ ပုန်း အောင်းရာ ကိုးကွယ်ရာဟု ရှာမှီးလျက် “အသျှင်ဂေါတမသည်အကျွန်ုပ်ကို မေးပါဦးလော့၊ ဖြေပါအံ့” ဟု လျှောက်ထား၏။

၃၅၈။ အဂ္ဂိဝေဿန ထိုငါမေးမည့်အချက်ကို သင် အဘယ်သို့ ထင်မှတ်သနည်း၊ အကြင်ရုပ်ကို “ရုပ်သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း” ဟု သင် ဤသို့ ဆို၏။ ထိုရုပ်၌ “ငါ၏ ရုပ်သည် ဤသို့ ဖြစ်ပါစေ၊ ငါ၏ ရုပ်သည် ဤသို့ မဖြစ်စေလင့်” ဟု သင်အာဏာထားနိုင်သလော” ဟု (မေးတော်မူ၏)။

“အသျှင်ဂေါတမ အာဏာမထားနိုင်ပါ” ဟု (လျှောက်၏)။

အဂ္ဂိဝေဿန စဉ်းစားလော့၊ စဉ်းစား၍ ဖြေကြားလော့၊ သင်၏ ရှေ့စကားနှင့် နောက်စကားသည်လည်းကောင်း၊ နောက်စကားနှင့် ရှေ့စကားသည်လည်းကောင်း (အချင်းချင်း) မဆက်စပ်ပါတကား။

အဂ္ဂိဝေဿန ထိုငါမေးမည့်အချက်ကို သင် အဘယ်သို့ ထင်မှတ်သနည်း၊ အကြင် ခံစားခြင်း ‘ဝေဒနာ’ ကို “ခံစားခြင်းသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း” ဟု သင် ဤသို့ ဆို၏။ ထိုခံစားခြင်း ‘ဝေဒနာ’၌ ငါ၏ ခံစားခြင်းသည် ဤသို့ ဖြစ်ပေစေ၊ ငါ၏ ခံစားခြင်းသည် ဤသို့မဖြစ်စေလင့်” ဟု သင် အာဏာထားနိုင်သလောဟု (မေးတော်မူ၏)။

“အသျှင်ဂေါတမ အာဏာမထားနိုင်ပါ” ဟု (လျှောက်၏)။

အဂ္ဂိဝေဿန စဉ်းစားလော့၊ စဉ်းစား၍ ဖြေကြားလော့၊ သင်၏ ရှေ့စကားနှင့် နောက်စကားသည်လည်းကောင်း၊ နောက်စကားနှင့် ရှေ့စကားသည်လည်းကောင်း (အချင်းချင်း) မဆက်စပ်ပါတကား။

အဂ္ဂိဝေဿန ထိုငါမေးမည့်အချက်ကို သင် အဘယ်သို့ ထင်မှတ်သနည်း၊ အကြင်မှတ်သားခြင်း ‘သညာ'ကို “မှတ်သားခြင်းသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း” ဟု သင် ဤသို့ ဆို၏။ ထိုမှတ်သားခြင်း ‘သညာ’ ၌ ငါ၏ မှတ်သားခြင်းသည် ဤသို့ ဖြစ်ပေစေ၊ ငါ၏ မှတ်သားခြင်းသည် ဤသို့မဖြစ်စေလင့်” ဟု သင် အာဏာထားနိုင်သလောဟု (မေးတော်မူ၏)။

“အသျှင်ဂေါတမ အာဏာမထားနိုင်ပါ” ဟု (လျှောက်၏)။

အဂ္ဂိဝေဿန စဉ်းစားလော့၊ စဉ်းစား၍ ဖြေကြားလော့၊ သင်၏ ရှေ့စကားနှင့် နောက်စကားသည်လည်းကောင်း၊ နောက်စကားနှင့် ရှေ့စကားသည်လည်းကောင်း (အချင်းချင်း) မဆက်စပ်ပါတကား။

--

အဂ္ဂိဝေဿန ထိုငါမေးမည့်အချက်ကို သင် အဘယ်သို့ ထင်မှတ်သနည်း၊ အကြင် ပြုပြင်စီရင်မှု့ ‘သင်္ခါရ'ကို “ပြုပြင်စီရင်မှုတို့သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း” ဟု သင် ဤသို့ ဆို၏။ ထိုပြုပြင်စီရင်မှု ‘သင်္ခါရ'တို့၌ ငါ၏ ပြုပြင်စီရင်မှုတို့သည် ဤသို့ ဖြစ်ပါစေကုန်၊ ငါ၏ ပြုပြင်စီရင်မှုတို့သည် ဤသို့ မဖြစ်စေကုန်လင့်” ဟု သင် အာဏာထားနိုင်သလောဟု (မေးတော်မူ၏)။

“အသျှင်ဂေါတမ အာဏာမထားနိုင်ပါ” ဟု (လျှောက်၏)။

အဂ္ဂိဝေဿန စဉ်းစားလော့၊ စဉ်းစား၍ ဖြေကြားလော့၊ သင်၏ ရှေ့စကားနှင့် နောက်စကားသည်လည်းကောင်း၊ နောက်စကားနှင့် ရှေ့စကားသည်လည်းကောင်း၊ (အချင်းချင်း) မဆက်စပ်ပါတကား။

အဂ္ဂိဝေဿန ထိုငါမေးမည့်အချက်ကို သင် အဘယ်သို့ ထင်မှတ်သနည်း၊ အကြင် အထူးသိမှု ‘ဝိညာဏ်'ကို “အထူးသိမှု ‘ဝိညာဏ်'သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း” ဟု သင် ဤသို့ ဆို၏။ ထိုအထူးသိမှု ‘ဝိညာဏ်’ ၌ ငါ၏ အထူးသိမှု ‘ဝိညာဏ်'သည် ဤသို့ ဖြစ်ပစေ၊ ငါ၏ အထူးသိမှု ‘ဝိညာဏ်'သည် ဤသို့ မဖြစ်စေလင့်” ဟု သင် အာဏာထားနိုင်သလောဟု (မေးတော်မူ၏)။

“အသျှင်ဂေါတမ အာဏာမထားနိုင်ပါ” ဟု (လျှောက်၏)။

အဂ္ဂိဝေဿန စဉ်းစားလော့၊ စဉ်းစား၍ ဖြေကြားလော့၊ သင်၏ ရှေ့စကားနှင့် နောက်စကားသည်လည်းကောင်း၊ နောက်စကားနှင့် ရှေ့စကားသည်လည်းကောင်း (အချင်းချင်း) မဆက်စပ်ပါတကား။

အဂ္ဂိဝေဿန ထိုငါမေးမည့်အချက်ကို သင် အဘယ်သို့ ထင်မှတ်သနည်း၊ ရုပ်သည် မြဲသလော၊ မမြဲသလောဟု (မေးတော်မူ၏)။

အသျှင်ဂေါတမ မမြဲပါဟု (လျှောက်၏)။

မမြဲသောအရာသည် ဆင်းရဲမှု ဖြစ်သလော၊ ချမ်းသာမှု ဖြစ်သလောဟု (မေးတော်မူ၏)။

အသျှင်ဂေါတမ ဆင်းရဲမှု ဖြစ်ပါ၏ဟု (လျှောက်၏)။

မမြဲခြင်း ဆင်းရဲခြင်း ဖောက်ပြန်ခြင်း သဘောရှိသော ထိုရုပ်ကို “ဤရုပ်သည် ငါပိုင်ဖြစ်၏၊ ဤရုပ်သည် ငါဖြစ်၏၊ ဤရုပ်သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း” ဟု ရှုခြင်းငှါ လျော်ကန်ပါ့မည်လောဟု (မေးတော်မူ၏)။

အသျှင်ဂေါတမ မလျော်ကန်ပါဟု (လျှောက်၏)။

အဂ္ဂိဝေဿန ထိုငါမေးမည့်အချက်ကို သင် အဘယ်သို့ ထင်မှတ်သနည်း၊ ခံစားခြင်းသည်။ပ။ မှတ်သားခြင်းသည်။ပ။ ပြုပြင်စီရင်မှုတို့သည်။ပ။

အဂ္ဂိဝေဿန ထိုငါမေးမည့်အချက်ကို သင် အဘယ်သို့ ထင်မှတ်သနည်း၊ အထူးသိမှု ‘ဝိညာဏ်'သည်မြဲသလော မမြဲသလောဟု (မေးတော်မူ၏)။

အသျှင်ဂေါတမ မမြဲပါဟု (လျှောက်၏)။

မမြဲသောအရာသည် ဆင်းရဲမှု ဖြစ်သလော၊ ချမ်းသာမှု ဖြစ်သလောဟု (မေးတော်မူ၏)။

အသျှင်ဂေါတမ ဆင်းရဲမှု ဖြစ်ပါ၏ဟု (လျှောက်၏)။

မမြဲခြင်း ဆင်းရဲခြင်း ဖောက်ပြန်ခြင်း သဘောရှိသော ထိုဝိညာဏ်ကို “ဤဝိညာဏ်သည် ငါပိုင်ဖြစ်၏၊ ဤဝိညာဏ်သည် ငါ ဖြစ်၏၊ ဤဝိညာဏ်သည် ငါ၏ကိုယ် ‘အတ္တ’ တည်း” ဟု ရှုခြင်းငှါ လျော်ကန်ပါ့မည်လောဟု (မေးတော်မူ၏)။

အသျှင်ဂေါတမ မလျော်ကန်ပါဟု (လျှောက်၏)။

--

အဂ္ဂိဝေဿန ထိုငါမေးမည့်အချက်ကို သင် အဘယ်သို့ ထင်မှတ်သနည်း၊ အကြင်သူသည် ဆင်းရဲဒုက္ခကို တွယ်တာလျက်, ဆင်းရဲဒုက္ခသို့ ကပ်ရောက်လျက်, ဆင်းရဲဒုက္ခသို့ သက်ဝင်လျက် ဆင်းရဲဒုက္ခကို “ဤဆင်းရဲ ဒုက္ခသည် ငါပိုင်ဖြစ်၏၊ ဤဆင်းရဲ ဒုက္ခသည် ငါ ဖြစ်၏၊ ဤဆင်းရဲ ဒုက္ခသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း” ဟု ရှု၏၊ စင်စစ်သော်ကား ထိုသူသည် ကိုယ်တိုင် ဆင်းရဲဒုက္ခကို ပိုင်းခြား၍သော်လည်းသိနိုင်ရာသလော၊ ဆင်းရဲ ဒုက္ခကို ကုန်ခန်းစေ၍သော်လည်း နေနိုင်ရာသလောဟု (မေးတော်မူ၏)။

အသျှင်ဂေါတမ ဤအချက်သည် အဘယ်မှာ ဖြစ်နိုင်ရာပါအံ့နည်း၊ မဖြစ်နိုင်ရာသည်သာတည်းဟု (လျှောက်၏)။

အဂ္ဂိဝေဿန ထိုငါမေးမည့်အချက်ကို သင်အဘယ်သို့ ထင်မှတ်သနည်း၊ ဤသို့ဖြစ်သော် သင်သည်ဆင်းရဲဒုက္ခကို တွယ်တာနေသူဖြစ်၍, ဆင်းရဲဒုက္ခသို့ ကပ်ရောက်နေသူဖြစ်၍, ဆင်းရဲဒုက္ခသို့ သက်ဝင်နေသူဖြစ်၍ ဆင်းရဲဒုက္ခကို “ဤဆင်းရဲဒုက္ခသည် ငါပိုင်ဖြစ်၏၊ ဤဆင်းရဲဒုက္ခသည် ငါဖြစ်၏၊ ဤဆင်းရဲဒုက္ခသည် ငါ၏ကိုယ် ‘အတ္တ’ တည်း” ဟု ရှုရာရောက်သည် မဟုတ်လောဟု (မေးတော်မူ၏)။

အသျှင်ဂေါတမ အဘယ်မှာ မရောက်ဘဲ ရှိပါအံ့နည်း၊ ရှုရာရောက်ပါ၏ဟု (လျှောက်၏)။

၃၅၉။ အဂ္ဂိဝေဿန ဥပမာသော်ကား အနှစ်ကို အလိုရှိ၍ အနှစ်ကို ရှာမှီးသော ယောကျ်ားသည်အနှစ်ရှာ လှည့်လည်သော် ထက်သော ဓားမကို ယူ၍ တောသို့ ဝင်ရာ၏။ ထိုယောကျ်ားသည် ထိုတော၌နု၍ အတွင်း၌ ဖူးတံမရှိသော ဖြူးဖြောင့်သော ငှက်ပျောတုံးကြီးကို တွေ့မြင်ရာ ထိုငှက်ပျောတုံးကို အရင်း၌ ဖြတ်လှဲရာ၏၊ အရင်း၌ ဖြတ်လှဲပြီးလျှင် အဖျား၌ ဖြတ်ရာ၏၊ အဖျား၌ ဖြတ်ပြီးသော် ငှက်ပျောပတ်ရစ်ကို ခွါရာ၏။ ထိုယောကျ်ားသည် ထိုငှက်ပျောတုံး၌ အပတ်ရစ်ကို ခွါသော် အကာကိုသော်လည်း မရရာ၊ အနှစ်ကိုမူ အဘယ်မှာ ရနိုင်အံ့နည်း။

အဂ္ဂိဝေဿန ဤအတူပင် သင့်ကို မိမိဝါဒ၌ ငါက စိစစ်သော် မေးမြန်းသော် အပြန် အလှန်မေးမြန်းသော် သင်သည် အနှစ်တုံး၍ အသုံးမကျဘဲ ကျရှူံးသူ ဖြစ်သည်သာတည်း။

အဂ္ဂိဝေဿန သင်သည် ဝေသာလီပြည် ပရိသတ်၌ “စကားလမ်းစဉ်ဖြင့် ငါအပြစ်တင်ဆိုသော်မတုန်မလှုပ် မယိမ်းမယိုင်မည့် လက်ကတီးကြားတို့မှ ချွေးမယိုထွက်မည့် ရဟန်းအပေါင်းရှိသူ ဂိုဏ်းရှိသူဂိုဏ်းဆရာ သမဏဗြာဟ္မဏကိုသော်လည်းကောင်း၊ ကိလေသာကို ပယ်သတ်နိုင်သော (တရားအားလုံးကို) ကိုယ်တိုင် မှန်စွာ သိသော ဘုရားဟု ဝန်ခံသူကိုသော်လည်းကောင်း ငါ မတွေ့မြင်၊ စိတ်မရှိသော တုံးတိုင်ကိုသော်လည်း စကားလမ်းစဉ်ဖြင့် ငါအပြစ်တင်ဆိုငြားအံ့၊ ထိုတုံးတိုင်သည်လည်း စကားလမ်းစဉ်ဖြင့်ငါအပြစ်တင်ဆိုသော် တုန်လှုပ်ယိမ်းယိုင်ရာ၏၊ လူဖြစ်သောသူမှာ အဘယ်ဆိုဖွယ်ရာရှိတော့အံ့နည်း” ဟု ဆိုခဲ့၏။ အဂ္ဂိဝေဿန သင့်မှာသာလျှင် နဖူးမှ ကျကုန်သော ချွေးပေါက် အချို့တို့သည် အပေါ်ရုံကို ဖေါက်၍မြေကြီး၌ တည်ကုန်၏၊ အဂ္ဂိဝေဿန ငါ့မှာကား ယခု ကိုယ်၌ ချွေးမရှိဟု မြတ်စွာဘုရားသည် ထိုပရိသတ်၌ ရွှေအဆင်းရှိသော ကိုယ်ကို ဖွင့်လှစ်ပြတော်မူ၏။

ဤသို့ မိန့်တော်မူသော် နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် နှုတ်ဆိတ်၍ မျက်နှာမသာယာဘဲလည်ပင်း ငိုက်ဆိုက်ကျကာ မျက်နှာအောက်ချပြီး မှိုင်တွေလျက်ကြံရာမရဘဲ ထိုင်နေ၏။

၃၆၀။ ထိုအခါ လိစ္ဆဝီမင်းသား ဒုမ္မုခသည် နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် နှုတ်ဆိတ်၍မျက်နှာမသာယာဘဲ လည်ပင်းငိုက်ဆိုက်ကျကာ မျက်နှာအောက်ချပြီး မှိုင်တွေလျက်ကြံရာမရသည်ကိုသိ၍ “မြတ်စွာဘုရား တပည့်တော်မှာ ဥပမာ ထင်လာပါ၏” ဟု မြတ်စွာဘုရားအား လျှောက်ထား၏။ “ဒုမ္မုခ ထို့ပမာကို ထင်ရှားစေလော့” ဟု မြတ်စွာဘုရားက မိန့်တော်မူ၏။

--

အသျှင်ဘုရား ရွာ၏ အနီး၌ဖြစ်စေ၊ နိဂုံး၏အနီး၌ဖြစ်စေ ရေကန်သည် ရှိ၏၊ ထိုရေကန်၌ ပုဇွန်လုံးသည် ရှိရာပါ၏။ ထိုအခါ များစွာသော သူငယ်သူငယ်မတို့သည် ထိုရွာမှလည်းကောင်း၊ ထိုနိဂုံးမှလည်းကောင်း ထွက်၍ ထိုရေကန်ဆီသို့ ချဉ်းကပ်ကြပြီးလျှင် ရေကန်သို့ သက်ဆင်း၍ ထိုပုဇွန်လုံးကို ရေမှထုတ်ဆောင်ကာ ကုန်း၌ တည်စေကုန်ရာ၏။ အသျှင်ဘုရား ထွက်လာတိုင်း ထွက်လာတိုင်းသော ထိုပုဇွန်လုံး၏ ခြေချောင်း လက်ချောင်း ဟူသမျှကိုပင် ထိုသူငယ်သူငယ်မတို့သည် တုတ်ချောင်းဖြင့်ဖြစ်စေအိုးခြမ်းကွဲဖြင့်ဖြစ်စေ ဖြတ်ကုန်ရာ၏၊ ချိုးကုန်ရာ၏၊ ထက်ဝန်းကျင် ချိုးကုန်ရာ၏။ အသျှင်ဘုရား ဤသို့လျှင် ထိုပုဇွန်လုံးသည် ခြေချောင်း လက်ချောင်း အားလုံး အဖြတ်ခံရ အချိုးခံရ ထက်ဝန်းကျင် အချိုးခံထားရသဖြင့် ထိုရေကန်သို့ ရှေးကကဲ့သို့ ပြန်လည် သက်ဆင်းရန် မဖြစ်နိုင်တော့သကဲ့သို့၊ ဤအတူ့ပင်လျှင် နိဂဏ္ဌတက္ကတွန်း၏သား သစ္စက၏ ထောင်ထလှုပ်ရှား နေသော အယူဝါဒခြေချောင်းလက်ချောင်း အားလုံးတို့ကို မြတ်စွာဘုရားသည် ဖြတ်ထားအပ်ကုန်၏၊ ချိုးထားအပ်ကုန်၏၊ ထက်ဝန်းကျင် ချိုးထား အပ်ကုန်၏။ အသျှင်ဘုရား ယခုအခါ နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည်မြတ်စွာဘုရား ထံသို့ အပြစ် တင်လိုသဖြင့် ပြန်လည်ချဉ်းကပ်ရန် မဖြစ်နိုင်တော့ပါဟု လျှောက်၏။

ဤသို့ လျှောက်သော် နိဂဏ္ဌတက္ကတွန်း၏သား သစ္စကက “ဒုမ္မုခ သင်သည် ရပ်ဆိုင်းဦးလော့၊ ဒုမ္မုခသင်သည် ရပ်ဆိုင်းဦးလော့၊ ငါတို့သည် သင်နှင့် အတူ မပြောဆို မတိုင်ပင်ကြကုန်၊ ငါတို့သည်အသျှင်ဂေါတမနှင့်အတူ ပြောဆို တိုင်ပင်ကြကုန်၏” ဟု လိစ္ဆဝီမင်းသား ဒုမ္မုခအား ပြောဆို၏။

၃၆၁။ (ထို့နောက်) အသျှင်ဂေါတမ အကျွန်ုပ်တို့နှင့် အကျွန်ုပ်မှ တစ်ပါးသော များစွာသောသမဏဗြာဟ္မဏတို့၏ စကားသည် တည်ရှိစေဦး၊ ဤစကားသည် ဆိုမြည် ယောင်ယမ်းသကဲ့သို့သောစကားမျှသာ ဖြစ်၏။ အဘယ်မျှသော အတိုင်းအရှည်ဖြင့် အသျှင်ဂေါတမ၏ တပည့်သာဝကသည် အဆုံးအမကို လိုက်နာသူ ညွှန်ကြားချက်ကို လိုက်နာသူ ဖြစ်သနည်း၊ ယုံမှားခြင်းကို လွန်မြောက်လျက် သို့လောသို့လော တွေးတောခြင်း ကင်းလျက် ရဲရင့်ခြင်း (ဉာဏ်) သို့ ရောက်လျက် သူတစ်ပါးကို ယုံကြည်ရန်မလိုတော့သည်ဖြစ်၍ မြတ်စွာဘုရား သာသနာတော်၌ နေပါသနည်းဟု မေး၏။

အဂ္ဂိဝေဿန ဤသာသနာတော်၌ ငါ၏ တပည့်သာဝကသည် အတွင်း၌ဖြစ်သည်ဖြစ်စေ၊ အပ၌ဖြစ်သည်ဖြစ်စေ၊ ရုန့်ရင်းသည်ဖြစ်စေ၊ သိမ်မွေ့သည်ဖြစ်စေ၊ ယုတ်သည်ဖြစ်စေ၊ မြတ်သည်ဖြစ်စေ၊ အဝေး၌ (တည်သည်) ဖြစ်စေ၊ အနီး၌ (တည်သည်) ဖြစ်စေ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော ရုပ်အားလုံးကို “ဤရုပ်သည် ငါပိုင် မဟုတ်၊ ဤရုပ်သည် ငါမဟုတ်၊ ဤရုပ်သည် ငါ့ကိုယ် ‘အတ္တ’ မဟုတ်” ဟု ဤသို့ဤရုပ်ကို အမှန်အတိုင်း ကောင်းသော ပညာဖြင့် ရှုမြင်၏။ ခံစားခြင်းကို။ပ။ မှတ်သားခြင်းကို။ပ။ ပြုပြင် စီရင်မှုတို့ကို။ပ။ အတွင်း၌ ဖြစ်သည်ဖြစ်စေ၊ အပ၌ဖြစ်သည်ဖြစ်စေ၊ ရုန့်ရင်းသည်ဖြစ်စေ၊ သိမ်မွေ့သည် ဖြစ်စေ၊ ယုတ်သည်ဖြစ်စေ၊ မြတ်သည်ဖြစ်စေ၊ အဝေး၌ (တည်သည်) ဖြစ်စေ၊ အနီး၌ (တည်သည်) ဖြစ်စေ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော အထူးသိမှု ‘ဝိညာဏ်’ အားလုံးကို “ဤအထူးသိမှု ‘ဝိညာဏ်'သည် ငါပိုင်မဟုတ်၊ ဤအထူးသိမှု ‘ဝိညာဏ်'သည် ငါ မဟုတ်၊ ဤအထူးသိမှု ‘ဝိညာဏ်'သည် ငါ့ကိုယ် ‘အတ္တ’ မဟုတ်” ဟု ဤသို့ ဤအထူးသိမှု ‘ဝိညာဏ်'ကိုအမှန်အတိုင်း ကောင်းသော ပညာဖြင့် ရှုမြင်၏။ အဂ္ဂိဝေဿန ဤမျှသော အတိုင်းအရှည်ဖြင့် ငါ၏တပည့်သာဝကသည် အဆုံးအမကို လိုက်နာသူ ညွှန် ကြားချက်ကို လိုက်နာသူ ဖြစ်၏၊ ယုံမှားခြင်းကိုလွန်မြောက်လျက် သို့လော သို့လော တွေးတောခြင်း ကင်းလျက် ရဲရင့်ခြင်းဉာဏ်သို့ ရောက်လျက်သူတစ်ပါးကို ယုံကြည်ရန် မလိုတော့သည် ဖြစ်၍ မြတ်စွာ ဘုရား သာသနာတော်၌ နေ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ အဘယ်မျှသော အတိုင်းအရှည်ဖြင့် ရဟန်းသည် အာသဝေါကုန်ပြီးသော မဂ်အကျင့် ကိုကျင့်သုံးပြီးသော ပြုဖွယ်ကိစ္စကို ပြုကျင့်ပြီးသော ဝန်ကို ချထားပြီးသော မိမိ (အရဟတ္တဖိုလ်) အကျိုးစီးပွားသို့ ရောက်ပြီးသော ဘဝကိုနှောင်ဖွဲ့ခြင်း ‘သံယောဇဉ်’ ကုန်ခန်းပြီးသော ကောင်းစွာ သိ၍ လွတ်မြောက်ပြီးသော ရဟန္တာ ဖြစ်ပါသနည်းဟု (မေး၏)။

--

အဂ္ဂိဝေဿန ဤသာသနာတော်၌ ရဟန်းသည် အတွင်း၌ဖြစ်သည်ဖြစ်စေ၊ အပ၌ဖြစ်သည်ဖြစ်စေ၊ ရုန့်ရင်းသည်ဖြစ်စေ၊ သိမ်မွေ့သည်ဖြစ်စေ၊ ယုတ်သည်ဖြစ်စေ၊ မြတ်သည်ဖြစ်စေ၊ အဝေး၌ (တည်သည်) ဖြစ်စေ၊ အနီး၌ (တည်သည်) ဖြစ်စေ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော ရုပ်အားလုံးကို “ဤရုပ်သည် ငါ့ဥစ္စာမဟုတ်၊ ဤရုပ်သည် ငါမဟုတ်၊ ဤရုပ်သည် ငါ့ကိုယ်မဟုတ်” ဟု ဤသို့ ဤရုပ်ကို အမှန်အတိုင်းကောင်းသောပညာဖြင့် ရှုမြင်၍ မစွဲလမ်းဘဲ လွတ်မြောက်၏။ ခံစားခြင်းကို။ပ။ မှတ်သားခြင်းကို။ပ။ ပြုပြင် စီရင်မှုတို့ကို။ပ။ အတွင်း၌ဖြစ်သည်ဖြစ်စေ၊ အပ၌ဖြစ်သည်ဖြစ်စေ၊ ရုန့်ရင်းသည်ဖြစ်စေ၊့သိမ်မွေ့သည် ဖြစ်စေ၊ ယုတ်သည်ဖြစ်စေ၊ မြတ်သည်ဖြစ်စေ၊ အဝေး၌ (တည်သည်) ဖြစ်စေ၊ အနီး၌ (တည်သည်) ဖြစ်စေ၊ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော အထူးသိမှု ‘ဝိညာဏ်’ အားလုံးကို “ဤအထူးသိမှု ‘ဝိညာဏ်'သည် ငါ့ဥစ္စာမဟုတ်၊ ဤအထူးသိမှု ‘ဝိညာဏ်'သည် ငါမဟုတ်၊ ဤအထူးသိမှု ‘ဝိညာဏ်'သည် ငါ့ကိုယ်မဟုတ်” ဟု ဤသို့ ဤအထူးသိမှုဝိညာဏ်ကို အမှန်အတိုင်း ကောင်းသောပညာဖြင့် ရှုမြင်၍ မစွဲလမ်းဘဲ လွတ် မြောက်၏။ အဂ္ဂိဝေဿန ဤမျှသော အတိုင်းအရှည်ဖြင့်ရဟန်းသည် အာသဝေါကုန်ပြီးသော မဂ်အကျင့် ကို ကျင့်သုံးပြီးသော ပြုဖွယ်ကိစ္စကို ပြုကျင့်ပြီးသောဝန်ကို ချထားပြီးသော မိမိ (အရဟတ္တဖိုလ်) အကျိုး စီးပွားသို့ ရောက်ပြီးသောဘဝကိုနှောင်ဖွဲ့ခြင်း ‘သံယောဇဉ်’ ကုန်ခန်းပြီးသော ကောင်းစွာ သိ၍ လွတ်မြောက်ပြီးသော ရဟန္တာဖြစ်၏ဟု (မိန့်တော်မူ၏)။

(ထို့နောက်) အဂ္ဂိဝေဿန ဤသို့ လွတ်မြောက်ပြီးသော စိတ်ရှိသော ရဟန်းသည် အမြင်ထူးခြားခြင်း၊ အကျင့်ထူးခြားခြင်း၊ လွတ်မြောက်မှုထူးခြားခြင်းဟူသော သုံးပါးသော ထူးခြားခြင်းတို့နှင့် ပြည့်စုံ၏။ အဂ္ဂိဝေဿန ဤသို့လွတ်မြောက်ပြီးသော စိတ်ရှိသော ရဟန်းသည် မြတ်စွာဘုရားကိုသာလျှင် အရိုအသေပြု၏၊ အလေးပြု၏၊ မြတ်နိုး၏၊ ပူဇော်၏၊ “သိတော်မူသော ထိုမြတ်စွာဘုရားသည် သိစေခြင်းငှါ တရားကို ဟောကြားတော်မူ၏၊ ယဉ်ကျေးတော်မူပြီးသော ထိုမြတ်စွာဘုရားသည် ယဉ်ကျေး (စေ)ခြင်းငှါ တရားကို ဟောတော်မူ၏၊ (ကိလေသာ) ငြိမ်းတော်မူပြီးသော ထိုမြတ်စွာဘုရားသည် (ကိလေသာ) ငြိမ်း (စေ)ခြင်းငှါ တရားကို ဟောတော်မူ၏၊ (ဩဃလေးပါးကို) ကူးမြောက်တော်မူပြီးသော ထိုမြတ်စွာဘုရားသည် (ဩဃလေးပါး) ကို ကူးမြောက် (စေ)ခြင်းငှါ တရားကို ဟောတော်မူ၏၊ အကြွင်းမဲ့ငြိမ်းအေး တော်မူပြီးသော ထိုမြတ်စွာဘုရားသည် အကြွင်းမဲ့ငြိမ်းအေး (စေ)ခြင်းငှါ တရားကို ဟောတော်မူ၏” ဟု မိန့်တော်မူ၏။

၃၆၂။ ဤသို့ မိန့်တော်မူသော် နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် မြတ်စွာဘုရားကို “အသျှင်ဂေါတမ အကျွန်ုပ်တို့သည် အသျှင်ဂေါတမကို စကားလမ်းစဉ်ဖြင့် အပြစ်တင်ဆို ပုတ်ခတ်ထိုက်၏ဟု ထင်မှတ်မိပါကုန်၏၊ အကျွန်ုပ်တို့သည်သာလျှင် ဂုဏ်ကို ချေဖျက်လေ့ရှိပါကုန်၏၊ အကျွန်ုပ်တို့သည် စကားမောက်မာခြင်း ရှိပါကုန်၏။ အသျှင်ဂေါတမ (မှန်ပါ၏)၊ အမုန်ယစ်သော ဆင်ကို ပုတ်ခတ်၍ ယောကျ်ားအား ချမ်းသာခြင်းသည် ဖြစ်ရာပါသေး၏၊ အသျှင်ဂေါတမကို ပုတ်ခတ်၍ ယောကျ်ားမှာချမ်းသာခြင်းသည် မဖြစ်ရာသည်သာတည်း။ အသျှင်ဂေါတမ တောက်ပြောင်သော မီးပုံကို ပုတ်ခတ်၍ယောကျ်ားအား ချမ်း သာခြင်းသည် ဖြစ်ရာပါသေး၏၊ အသျှင်ဂေါတမကို ပုတ်ခတ်၍ ယောကျ်ားအားချမ်းသာခြင်းသည် မဖြစ်ရာသည်သာတည်း။ အသျှင်ဂေါတမ လျင်သောအဆိပ်ရှိသောမြွေကြမ်းသောအဆိပ်ရှိသောမြွေကို ပုတ် ခတ်၍ ယောကျ်ားအား ချမ်းသာခြင်းသည် ဖြစ်ရာပါသေး၏၊ အသျှင်ဂေါတမကို ပုတ်ခတ်၍ ယောကျ်ား အား ချမ်းသာခြင်းသည် မဖြစ်ရာသည်သာတည်း။ အသျှင်ဂေါတမ အကျွန်ုပ်တို့သည် အသျှင်ဂေါတမကို စကားလမ်းစဉ်ဖြင့် အပြစ်တင်ဆို ပုတ်ခတ်ထိုက်၏ဟုထင်မှတ်မိပါကုန်၏၊ အကျွန်ုပ်တို့သည်သာ ဂုဏ်ကို ချေဖျက်လေ့ရှိပါကုန်၏၊ အကျွန်ုပ်တို့သည်စကားမောက်မာခြင်း ရှိပါကုန်၏။ အသျှင်ဂေါတမသည် နက် ဖြန်အလို့ငှါ အကျွန်ုပ်၏ ဆွမ်းကိုရဟန်းသံဃာနှင့်အတူ ခံယူတော်မူပါဟု လျှောက်၏။ မြတ်စွာဘုရား သည် ဆိတ်ဆိတ်နေခြင်းဖြင့်လက်ခံတော်မူ၏။

--

၃၆၃။ ထိုအခါ နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် မြတ်စွာဘုရား၏ လက်ခံခြင်းကို သိ၍ထိုလိစ္ဆဝီမင်းတို့ကို “လိစ္ဆဝီမင်းတို့ ငါ၏စကားကို နားထောင်ကြကုန်လော့၊ ရဟန်းဂေါတမကို နက်ဖြန့်အလို့ငှါ ရဟန်းသံဃာနှင့် အတူ ပင့်ဖိတ်ထား၏၊ ရဟန်းဂေါတမအား လျောက်ပတ်၏ဟု ထင်မှတ်ကြသော ဝတ္ထုကို ငါ့ထံသို့ ရှေးရှုဆောင်ခဲ့ကြကုန်” ဟု ပြောဆို၏။ ထိုအခါ ထိုလိစ္ဆဝီမင်းတို့သည် ထိုညဉ့်ကုန်လွန်သော် နိဂဏ္ဌတက္ကတွန်း၏သား သစ္စကထံသို့ ပို့ဆွမ်း ဆွမ်းအိုးငါးရာမျှလောက်ကို ပို့ကြကုန်၏။ ထိုအခါ နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် မိမိအရံ၌ မွန်မြတ်သော ခဲဖွယ် စားဖွယ်ကို စီရင်စေ၍မြတ်စွာဘုရားအား “အသျှင်ဂေါတမ အချိန်တန်ပါပြီ၊ ဆွမ်းပြင်ပြီးပါပြီ” ဟု အချိန်တန်ကြောင်းကိုလျှောက် စေ၏။

ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်ကာနိဂဏ္ဌတက္ကတွန်း၏သား သစ္စကအရံဆီသို့ ချဉ်းကပ်ပြီးလျှင် ခင်းထားသော နေရာ၌ ရဟန်းသံဃာနှင့်အတူ ထိုင်တော်မူ၏။ ထိုအခါ နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် မြတ်စွာဘုရားအမှူးရှိသော ရဟန်းသံဃာတော်ကို မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည်တိုင်အောင် ကိုယ်တိုင် လုပ်ကျွေး၏။ ထိုအခါ နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် မြတ်စွာဘုရားဆွမ်းစားပြီး၍ သပိတ်မှလက်ကို ဖယ်ပြီးသောအခါ တစ်ခုသော နိမ့်သော နေရာကို ယူ၍ သင့်တင့်လျောက်ပတ်သော နေရာ၌ထိုင်၏။ သင့်တင့်လျောက်ပတ်သော နေရာ၌ ထိုင်လျက် နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် မြတ်စွာဘုရားကို “အသျှင်ဂေါတမ အလှူဒါန၌ ကုသိုလ် (အကျိုး) ရင်းသည်လည်းကောင်း၊ ကြီးမြတ်သော ကုသိုလ် (အကျိုး) ဆက်သည်လည်းကောင်း ရှိ၏၊ ထိုအကျိုးရင်း အကျိုးဆက်သည် ပေးလှူသူ (လိစ္ဆဝီမင်း)တို့အား ချမ်းသာခြင်းငှါ ဖြစ်ပါစေ” ဟု ဆို၏၊ အဂ္ဂိဝေဿန သင်ကဲ့သို့ တပ်စွန်းခြင်း ပြစ်မှားခြင်း တွေဝေခြင်း မကင်းသေးသော အလှူခံပုဂ္ဂိုလ်ကို စွဲ၍ ပေးသော ဒါနမှုသည် ပေးလှူသူ လိစ္ဆဝီမင်းတို့အတွက်ဖြစ်လတ္တံ့၊ အဂ္ဂိဝေဿန ငါကဲ့သို့ တပ်စွန်းခြင်း ပြစ်မှားခြင်း တွေဝေခြင်း ကင်းသော အလှူခံပုဂ္ဂိုလ်ကိုစွဲ၍ ပေးလှူသော ဒါနမှုသည်ကား သင့်အတွက် ဖြစ်လတ္တံ့ဟု (မိန့်ကြားတော်မူ၏)။

ငါးခုမြောက် စူဠသစ္စကသုတ်ပြီး၏။

--

၆- မဟာသစ္စကသုတ်

၃၆၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သောကျောင်းကြီး၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်အခါ၌သပိတ်သင်္ကန်းကို ယူဆောင်လျက် ဝေသာလီပြည်သို့ ဆွမ်းခံဝင်လို၍ ကောင်းစွာ ဝတ်ရုံတော်မူ၏။

ထိုအခါ နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် အညောင်းပြေ လမ်းလျှောက် လှည့်လည်သော်မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်းဆီသို့ ချဉ်းကပ်၏။ အသျှင်အာနန္ဒာသည် အဝေးမှလာသော နိဂဏ္ဌတက္ကတွန်း၏သား သစ္စကကို မြင်၍ “အသျှင်ဘုရား ပညာပြိုင်ဆိုင်ပြောတတ်သော ပညာရှိ၏ဟု ပြောဆိုတတ်သော လူအပေါင်းက သူတော်ကောင်းဟု သမုတ်ထားသော ဤနိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် လာပါ၏၊ အသျှင်ဘုရား ထိုသစ္စကသည် မြတ်စွာဘုရား၏ ကျေးဇူးမဲ့ကို အလိုရှိပါ၏၊ တရားတော်၏ ကျေးဇူးမဲ့ကို အလိုရှိပါ၏၊ သံဃာတော်၏ ကျေးဇူးမဲ့ကို အလိုရှိပါ၏၊ အသျှင်ဘုရားတောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် သနားခြင်းကိုစွဲ၍ တမုဟုတ်မျှ ထိုင်တော်မူပါလော့” ဟု မြတ်စွာဘုရားအား လျှောက်သဖြင့် ခင်းထားသော နေရာ၌ ထိုင်တော်မူ၏။ ထိုအခါ နိဂဏ္ဌတက္ကတွန်း၏သားသစ္စကသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်စကားပြောဆို၏။ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို (ပြောဆို) ပြီးဆုံးစေ၍ သင့်တင့်လျောက်ပတ်သော နေရာ၌ ထိုင်လျက်-

၃၆၅။ အသျှင်ဂေါတမ ကိုယ်ကောင်ပွားစီးရေးကိုသာ အားထုတ်လျက် စိတ်ပွားစီးရေးကိုကား့အားမထုတ်ဘဲ နေကြသည့် အချို့သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏။ အသျှင်ဂေါတမ ထိုသမဏဗြာဟ္မဏတို့သည် ကိုယ်၌ဖြစ်သော ဆင်းရဲဝေဒနာကို တွေ့ထိခံစားကုန်၏။ အသျှင်ဂေါတမ ရှေး၌ဖြစ်ဖူးသည်ကား ကိုယ်၌ ဖြစ်သော ဆင်းရဲဝေဒနာဖြင့် တွေ့ထိခံစားသူအား ပေါင်တန်းခြင်းသော်လည်း ဖြစ်ရတုံဘိ၏၊ နှလုံးသော်လည်း ကွဲရတုံဘိ၏၊ သွေးပူသော်လည်း ခံတွင်းမှ အန်ထွက်ရတုံဘိ၏၊ ရူးသွပ်ခြင်းစိတ်ပျံ့လွင့်ခြင်းသို့သော်လည်း ရောက်ရတုံဘိ၏။ အသျှင်ဂေါတမ ထိုသူ၏ စိတ်သည် ကိုယ်သို့ အစဉ်လိုက်၏။ ကိုယ်၏ အစွမ်းအားဖြင့် ဖြစ်၏။ ထိုသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ စိတ်ကို မပွားစီးစေအပ်သည့် အဖြစ်ကြောင့်တည်း။

အသျှင်ဂေါတမ စိတ်ပွားစီးရေးကိုသာ အားထုတ်လျက် ကိုယ်ကောင်ပွားစီးရေးကိုကား အားမထုတ်ဘဲနေကြသည့် အချို့သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏။ အသျှင်ဂေါတမ ထိုသမဏဗြာဟ္မဏတို့သည် စိတ်၌ ဖြစ်သော ဆင်းရဲဝေဒနာကို တွေ့ထိခံစားကုန်၏။ အသျှင်ဂေါတမ ရှေး၌ဖြစ်ဖူးသည်ကားစိတ်၌ဖြစ်သော ဆင်းရဲဝေဒနာဖြင့် တွေ့ထိခံစားသူအား ပေါင်တန်းခြင်းသော်လည်း ဖြစ်ရတုံဘိ၏၊ နှလုံးသော်လည်း ကွဲရတုံဘိ၏၊ သွေးပူသော်လည်း ခံတွင်းမှ အန်ထွက်ရတုံဘိ၏၊ ရူးသွပ်ခြင်း စိတ်ပျံ့လွင့်ခြင်းသို့သော်လည်း ရောက်ရတုံဘိ၏။ အသျှင်ဂေါတမ ထိုသူ၏ ကိုယ်သည် စိတ်သို့ အစဉ်လိုက်၏။ စိတ်၏အစွမ်းအားဖြင့် ဖြစ်၏။ ထိုသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ကိုယ်ကို မပွားစီးစေအပ်သည့်အဖြစ်ကြောင့်တည်း။ အသျှင်ဂေါတမ “စင်စစ်သော်ကား အသျှင်ဂေါတမ၏ တပည့်သာဝကတို့သည် စိတ်ပွားစီးရေးကိုသာ အားထုတ်လျက် ကိုယ်ပွားစီးရေး ကိုကား အားမထုတ်ဘဲ နေကြကုန်၏” ဟုဤသို့လျှင် အကျွန်ုပ်အား အကြံအစည်ဖြစ်ပါ၏ဟု ဆို၏။

--

၃၆၆။ အဂ္ဂိဝေဿန အဘယ်သို့လျှင် ကိုယ်ကောင်ပွားစီးရေးကို သင်ကြားဖူးသနည်းဟု (မေးတော်မူ၏)။

ဤ (ကြားဖူးသော) ကိုယ်ကောင်ပွားစီးရေးဟူသည် အဘယ်နည်းဟူမူ- အသျှင်ဂေါတမ ဝစ္ဆနွယ်၌ဖြစ်သော နန္ဒ၊ သံကိစ္စနွယ်၌ဖြစ်သော ကိသနှင့် မက္ခလိဂေါသာလတို့တည်း။ ဤသူတို့သည် အဝတ်မဝတ်ဘဲ နေကုန်၏၊ လွတ်လပ်စွာ ကျင့်ကုန်၏၊ လက်ဖြင့် (မစင်ကို) သုတ်လေ့ရှိကုန်၏၊ အသျှင် လာပါလော့ဆိုသူ၏ ဆွမ်းကို မခံကုန်၊ ရပ်ပါဦး ဆိုသူ၏ ဆွမ်းကို မခံကုန်၊ မိမိမရပ်မီ ရှေးရှုလာသော ဆွမ်းကိုမခံကုန်၊ ရည်စူး၍ ပြုသော ဆွမ်းကို မခံကုန်၊ ပင့်ဖိတ်ဆွမ်းကို မခံကုန်၊ ထို (နန္ဒစသော) သူတို့သည်အိုးဝမှကော်၍ လောင်းသော ဆွမ်းကို မခံကုန်၊ တောင်းဝမှ ကော်၍ လောင်းသော ဆွမ်းကို မခံကုန်၊ တံခါးခုံခြား၍ (လောင်းသော) ဆွမ်းကို မခံကုန်၊ တုတ်ခြား၍ (လောင်းသော) ဆွမ်းကို မခံကုန်၊ ကျည်ပွေ့ခြား၍ (လောင်းသော) ဆွမ်းကို မခံကုန်၊ နှစ်ယောက်စားနေစဉ်မှ (လောင်းသော) ဆွမ်းကို မခံကုန်၊ ကိုယ်ဝန်ဆောင်မိန်းမ၏ ဆွမ်းကို မခံကုန်၊ နို့တိုက်ဆဲမိန်းမ၏ ဆွမ်းကို မခံကုန်၊ ယောကျ်ားနှင့်နှီးနှောနေသော မိန်းမ၏ ဆွမ်းကို မခံကုန်၊ ဆော်အောစုဆောင်း၍ လောင်းသော ဆွမ်းတို့ကို မခံကုန်၊ ခွေးမျှော်နေရာမှ ဆွမ်းကို မခံကုန်၊ ယင်အုံရာမှ ဆွမ်းကို မခံကုန်၊ ငါးမစားကုန်၊ အမဲမစားကုန်၊ သေမသောက်ကုန်၊ အရက်မသောက်ကုန်၊ ဖွဲ၌ မြှုပ်ထားသော ဆေးရေကို မသောက်ကုန်၊ ထိုသူတို့သည်တစ်အိမ်၌သာ ဆွမ်းခံ၍ တစ်လုတ်သာ စားကုန်၏၊ နှစ်အိမ်၌သာ ဆွမ်းခံ၍ နှစ်လုတ်သာ စားကုန်၏။ပ။ ခုနစ်အိမ်၌သာ ဆွမ်းခံ၍ ခုနစ်လုတ်သာ စားကုန်၏၊ ဆွမ်းလောင်း ခွက်ငယ် တစ်ခုစာဖြင့်လည်း ရောင့်ရဲကုန်၏၊ ဆွမ်းလောင်းခွက်ငယ် နှစ်ခုစာဖြင့်လည်း ရောင့်ရဲကုန်၏။ပ။ ဆွမ်းလောင်းခွက်ငယ် ခုနစ်ခုစာဖြင့်လည်း ရောင့်ရဲကုန်၏၊ တစ်ရက်ခြားလည်း အစာစားကုန်၏၊ နှစ်ရက်ခြားလည်း အစာစားကုန်၏။ပ။ ခုနစ်ရက်ခြားလည်း အစာစားကုန်၏။ ဤနည်းဖြင့် လခွဲတစ်ကြိမ်တိုင်အောင်လည်း ဤသို့ သဘောရှိသောရက်ပိုင်းခြား၍ အစာစားခြင်း အကျင့်ကို ကျင့်လျက် နေပါကုန်၏ဟု (ဆို၏)။

အဂ္ဂိဝေဿန ထိုသူတို့သည် ထိုမျှလောက်ဖြင့်သာလျှင် မျှတကုန်သလောဟု (မေးတော်မူ၏)။

အသျှင်ဂေါတမ ဤမျှလောက်ဖြင့်သာလျှင် မျှတသည် မဟုတ်ပါ။ အသျှင်ဂေါတမ တစ်ခါတစ်ရံအလွန်မွန်မြတ်သော ခဲဖွယ်တို့ကို ခဲကုန်၏၊ အလွန်မွန်မြတ်သော စားဖွယ်တို့ကို စားကုန်၏၊ အလွန်မွန်မြတ်သော လျက်ဖွယ်တို့ကို လျက်ကုန်၏၊ အလွန်မွန်မြတ်သော သောက်ဖွယ်တို့ကို သောက်ကုန်၏၊ ထိုသူတို့သည် ဤကိုယ်ကို အားယူစေသည် မည်ကုန်၏၊ ပွားစေသည် မည်ကုန်၏၊ အဆီတိုးစေသည် မည်ကုန်၏ဟု (ဆို၏)။

အဂ္ဂိဝေဿန ထိုသူတို့သည် ရှေးဖြစ်သည့် ပြုကျင့်နိုင်ခဲသော အကျင့်ကို ပယ်၍ နောက်ကာလ၌တိုးပွားစေကုန်၏။ ဤသို့အားဖြင့် ဤကိုယ်၏ တိုးပွားခြင်း ဆုတ်ယုတ်ခြင်းသည် ဖြစ်၏။ အဂ္ဂိဝေဿနအဘယ်သို့လျှင် စိတ်ပွားစီးရေးကို သင်ကြားဖူးသနည်းဟု မေးတော်မူ၏။ စိတ်ပွားစီးရေးကို မြတ်စွာဘုရားမေးတော်မူသော် နိဂဏ္ဌ တက္ကတွန်း၏သား သစ္စကသည် ပြည့်စုံအောင် မဖြေဆိုနိုင်။

၃၆၇။ ထိုအခါ မြတ်စွာဘုရားသည် နိဂဏ္ဌတက္ကတွန်း၏သား သစ္စကအား- “အဂ္ဂိဝေဿန သင် သည်ရှေး၌ဖြစ်သော ကိုယ်ပွားစီးရေးကို ဆို၏၊ ထိုကိုယ်ပွားစီးရေးသည်လည်း မြတ်စွာဘုရား၏ အဆုံးအမသာသနာတော်၌ တရားနှင့်လျော်သော ကိုယ်ပွားစီးရေး မဟုတ်ပေ။ အဂ္ဂိဝေဿန ကိုယ်ပွားစီးရေးကိုသော်လည်း သင်မသိ၊ စိတ်ပွားစီးရေးကိုကား အဘယ်မှာ သင် သိလတ္တံ့နည်း။ အဂ္ဂိဝေဿန စင်စစ်သော်ကား ပွားများမထားသော ကိုယ်ရှိသူ ပွားများမထားသော စိတ်ရှိသူ ပွားများထားသော ကိုယ်ရှိသူ ပွားများထားသော စိတ်ရှိသူ ဖြစ်ပုံကို နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောကြားအံ့” ဟု မိန့်တော်မူ၏။

--

နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် “အသျှင် ကောင်းပါပြီ” ဟု မြတ်စွာဘုရားအား ပြန်ကြား သဖြင့်မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏။

၃၆၈။ အဂ္ဂိဝေဿန အဘယ်သို့လျှင် ပွားစီးမထားသော ကိုယ်ရှိသူ ပွားစီးမထားသော စိတ်ရှိသူဖြစ်သနည်း၊ အဂ္ဂိဝေဿန ဤလောက၌ အကြားအမြင်မရှိသော ပုထုဇ္ဇဉ်အား ချမ်းသာခံစားခြင်းသည်ဖြစ်ပေါ်၏။ ထိုသူသည် ချမ်းသာခံစားခြင်းဖြင့် တွေ့ထိခံရသော် ချမ်းသာခံစားခြင်း၌ လွန်စွာတပ်စွန်းခြင်းလည်း ဖြစ်၏၊ ချမ်းသာခံစားခြင်း၌ လွန်စွာတပ်စွန်းခြင်းရှိသည့် အဖြစ်သို့လည်း ရောက်၏။ ထိုသူအားထိုချမ်းသာခံစားခြင်းသည် ချုပ်ပျောက်၏၊ ချမ်းသာခံစားခြင်း၏ ချုပ်ပျောက်ခြင်းကြောင့် ဆင်းရဲခံစားခြင်းသည် ဖြစ်ပေါ်၏။ ထိုသူသည် ဆင်းရဲခံစားခြင်းဖြင့် တွေ့ထိခံရသော် ပူဆွေး၏၊ ပင်ပန်းရ၏၊ ငိုကြွေးရ၏၊ ရင်ဘတ်စည်တီး ငိုရ၏၊ တွေဝေမိန်းမောခြင်းသို့ ရောက်ရ၏။ အဂ္ဂိဝေဿန ထိုသူအားဤဖြစ်ပေါ်လာ သော ချမ်းသာခံစားခြင်းသည်လည်း ကိုယ်ကို မပွားစီးစေအပ်သည့်အဖြစ်ကြောင့် စိတ်ကိုသိမ်းကျုံး၍ တည်၏။ ဖြစ်ပေါ်လာသော ဆင်းရဲခံစားခြင်းသည်လည်း စိတ်ကို မပွားစီးစေအပ်သည့်အဖြစ်ကြောင့် စိတ်ကို သိမ်းကျုံး၍ တည်၏။ အဂ္ဂိဝေဿန ဤသို့ မည်သည့်ပုဂ္ဂိုလ်အားမဆိုနှစ်မျိုး နှစ်စားဖြစ်၍ ဖြစ် ပေါ်လာသော ချမ်းသာခံစားခြင်းသည်လည်း ကိုယ်ကို မပွားစီးစေအပ်သည့်အဖြစ်ကြောင့် စိတ်ကို သိမ်း ကျုံး၍ တည်၏။ ဖြစ်ပေါ်လာသော ဆင်းရဲခံစားခြင်းသည်လည်းစိတ်ကို မပွားစီးစေအပ်သည့်အဖြစ် ကြောင့် စိတ်ကို သိမ်းကျုံး၍ တည်၏။ အဂ္ဂိဝေဿန ဤသို့လျှင်ပွားစီးမထားသော ကိုယ်ရှိသူ ပွားစီး မထားသော စိတ်ရှိသူဖြစ်၏။

၃၆၉။ အဂ္ဂိဝေဿန အဘယ်သို့လျှင် ပွားစီးထားသော ကိုယ်ရှိသူ ပွားစီးထားသော စိတ်ရှိသူဖြစ်သနည်း၊ အဂ္ဂိဝေဿန ဤလောက၌ အကြားအမြင်ရှိသော မြတ်စွာဘုရား၏ တပည့်သာဝကအားချမ်းသာခြင်းသည် ဖြစ်ပေါ်၏။ ထိုသူသည် ချမ်းသာခံစားခြင်းဖြင့် တွေ့ထိခံရသော် ချမ်းသာခံစားခြင်း၌လွန်စွာတပ်စွန်းခြင်းလည်း မဖြစ်ပေ၊ ချမ်းသာခံစားခြင်း၌ လွန်စွာတပ်စွန်းခြင်းရှိသည်အဖြစ်သို့လည်းမရောက်၊ ထိုသူအား ထိုချမ်းသာ ခံစားခြင်းသည် ချုပ်ပျောက်၏၊ ချမ်းသာခံစားခြင်း၏ ချုပ်ပျောက်ခြင်းကြောင့် ဆင်းရဲခံစားခြင်းသည် ဖြစ်၏။ ထိုသူသည် ဆင်းရဲခံစားခြင်းဖြင့် တွေ့ထိခံရသော် မပူဆွေးရပေ၊့မပင်ပန်းရပေ၊ မငိုကြွေးရပေ၊ ရင်ဘတ်စည်တီး မငိုကြွေးရပေ၊ တွေဝေမိန်းမောခြင်းသို့ မရောက်ရပေ။ အဂ္ဂိဝေဿန ထိုပုဂ္ဂိုလ်အား ဤဖြစ်ပေါ်လာသော ချမ်းသာခံစားခြင်းသည်လည်း ကိုယ်ကို ပွားစီးစေအပ်သည့်အဖြစ်ကြောင့် စိတ်ကို သိမ်းကျုံး၍ မတည်နိုင်ပေ။ ဖြစ်ပေါ်လာသော ဆင်းရဲခံစားခြင်းသည်လည်းစိတ်ကို ပွားစီးစေအပ်သည့်အဖြစ်ကြောင့် စိတ်ကို သိမ်းကျုံး၍ မတည်နိုင်ပေ။

အဂ္ဂိဝေဿန ဤသို့ မည်သည့်ပုဂ္ဂိုလ်အားမဆို နှစ်မျိုးနှစ်စားဖြစ်၍ ဖြစ်ပေါ်လာသော ချမ်းသာခံစားခြင်းသည်လည်း ကိုယ်ကို ပွားစီးစေအပ်သည့်အဖြစ်ကြောင့် စိတ်ကို သိမ်းကျုံး၍ မတည်နိုင်ပေ။ ဖြစ်ပေါ်လာသော ဆင်းရဲခံစားခြင်းသည်လည်း စိတ်ကို ပွားစီးစေအပ်သည့်အဖြစ်ကြောင့် စိတ်ကို သိမ်းကျုံး၍ မတည်နိုင်ပေ။ အဂ္ဂိဝေဿန ဤသို့လျှင် ပွားစီးထားသော ကိုယ်ရှိသူ ပွားစီးထားသော စိတ်ရှိသူဖြစ်၏ဟု (မိန့်တော်မူ၏)။

၃၇၀။ အသျှင်ဂေါတမ ဤသို့ဖြစ်လျှင် အသျှင်ဂေါတမသည် ပွားစီးထားသော ကိုယ်ရှိသူ ပွားစီးထားသော စိတ်ရှိသူ ဖြစ်၏ဟု အသျှင်ဂေါတမအား အကျွန်ုပ် ကြည်ညိုပါ၏ဟု (ဆို၏)။

အဂ္ဂိဝေဿန စစ်စစ်သော်ကား သင်သည် ဤစကားကို ထိပါးစောင်းချိတ်၍ ဆိုသည်သာ ဖြစ်၏။ သို့ရာတွင် သင့်အား ငါ ဟောကြားအံ့။ အဂ္ဂိဝေဿန ငါသည် ဆံမုတ်ဆိတ်ကို ပယ်၍ ဖန်ရည်ဆိုးသောအဝတ်တို့ကို ဝတ်ကာ လူ့ဘောင်မှ ထွက်ခွါလျက် ရဟန်းဘောင်၌ ရဟန်းပြုသောအခါမှစ၍ ဖြစ်ပေါ်လာသော ချမ်းသာခံစားခြင်းသည်လည်း ငါ၏ စိတ်ကို သိမ်းကျုံး၍ တည်နိုင်ရာသော အကြောင်းမရှိပေ၊ ဖြေ်ပါ်လာသော ဆင်းရဲခံ စားခြင်းသည်လည်း ငါ၏ စိတ်ကို သိမ်းကျုံး၍ တည်နိုင်ရာသော အကြောင်းမရှိပေဟု (မိန့်တော်မူ၏)။

--

စိတ်ကို သိမ်းကျုံး၍ တည်နိုင်ရာသော ချမ်းသာခံစားခြင်းမျိုးသည် အသျှင်ဂေါတမအား မဖြစ်ပေါ်လေယောင်တကား၊ စိတ်ကို သိမ်းကျုံး၍ တည်နိုင်ရာသော ဆင်းရဲခံစားခြင်းမျိုးသည် အသျှင်ဂေါတမအားမဖြစ်ပေါ် လေယောင်တကားဟု (ဆို၏)။

၃၇၁။ အဂ္ဂိဝေဿန အဘယ်မှာ မဖြစ်ပေါ်ဘဲ ရှိအံ့နည်း။ အဂ္ဂိဝေဿန ဤသာသနာတော်၌ ငါသည်အရိယာမဂ်ကို မရမီ (သစ္စာလေးပါးကို) ထိုးထွင်း၍ မသိသေးသော ဘုရားလောင်းမျှသာ ဖြစ်နေစဉ်က “လူ့ဘောင်၌ နေရခြင်းသည် ကျဉ်းမြောင်း၏၊ (ကိလေသာ) မြူထရာ လမ်းကြောင်း ဖြစ်၏၊ ရဟန်းအဖြစ်သည် လွင်ပြင်နှင့် တူ၏။ လူ့ဘောင်၌ နေသူသည် စင်စစ် ပြည့်စုံစွာ စင်စစ် စင်ကြယ်စွာ ခရုသင်းပွတ်သစ်နှင့်တူစွာ ဤမြတ်သော အကျင့်ကို ကျင့်ခြင်းငှါ မလွယ်။ ငါသည် ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင်ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ကာ လူ့ဘောင်မှ ထွက်ခွါလျက် ရဟန်းဘောင်သို့ ဝင်ရမူ ကောင်းလေစွ” ဟု ဤသို့သော အကြံအစည်သည် ဖြစ်၏။

အဂ္ဂိဝေဿန နောင်အခါ၌ ပျိုမျစ်သည်သာလျှင် ဖြစ်၍ ကောင်းစွာ မည်းနက်သော ဆံပင်ရှိသော ပဌမအရွယ်နှင့် ပြည့်စုံသဖြင့် အရွယ်ကောင်းသော ထိုငါသည် မလိုလားသော အမိအဖများ မျက်ရည်ယိုစီးလျက် ငိုကြွေးကုန်စဉ် ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်၍ လူ့ဘောင်မှထွက်ခွါ၍ ရဟန်းဘောင်၌ ရဟန်းပြုခဲ့၏။ ထိုငါသည် ဤဆိုခဲ့သည့်အတိုင်း ရဟန်းဖြစ်ပြီးလျက်သာလျှင်အဘယ်အရာသည် အပြစ်ကင်းသော တရားပေနည်းဟု ရှာဖွေလျက်, အဘယ်အရာသည် (အတုမရှိ) မြတ်သောငြိမ်းအေးရာ နိဗ္ဗာန်နည်းဟု ရှာဖွေလျက် ကာလာမအနွယ်၌ဖြစ်သော အာဠာရထံသို့ ချဉ်းကပ်ပြီးနောက် ကာလာမအနွယ်၌ ဖြစ်သော အာဠာရကို “ငါ့သျှင် ကာလာမ ငါသည် ဤသာသနာတော်၌မြတ်သော အကျင့်ကို ကျင့်လို၏” ဟု ဤစကားကို ပြောဆို၏။ အဂ္ဂိဝေဿန ဤသို့ ပြောဆိုသော်ကာလာမအနွယ်၌ ဖြစ်သော အာဠာရက “အသျှင်သည် နေပါလော့၊ ဤတရားကား ပညာရှိယောကျ်ားသည် မကြာမီပင် မိမိ၏ဆရာအယူကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ပြည့်စုံစေ၍နေနိုင်ရာသော သဘောရှိပါ၏” ဟု ငါ့အား ပြောဆို၏။ အဂ္ဂိဝေဿန ထိုငါသည် မကြာမီ လျင်မြန်စွာသာ့လျှင် ထိုတရားကို သင်ယူ၏။ အဂ္ဂိဝေဿန ထိုငါသည် နှုတ်ခမ်းလှုပ်ရုံမျှသာ ဆိုပြသည်ကို လိုက်ဆိုရုံမျှလောက်ဖြင့်သာလျှင် သိပြီဟူသော စကားကိုလည်းကောင်း၊ ခိုင်မြဲပြီဟူသော စကားကိုလည်းကောင်း ပြောဆိုနိုင်၏။ ငါကိုယ်တိုင်ကလည်း သိ၏ မြင်၏ဟု ဝန်ခံ၏၊ သူတစ်ပါးတို့ကလည်း ပြောဆိုကြကုန်၏။ အဂ္ဂိဝေဿန ထိုငါ့အား ကာလာမအနွယ်၌ဖြစ်သော အာဠာရသည် ဤတရားကို ‘ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေရာ၏’ဟု ယုံကြည်မှု သက်သက်မျှဖြင့် ပြောကြားသည်မဟုတ်၊ စင်စစ်အားဖြင့် ကာလာမအနွယ်၌ဖြစ်သော အာဠာရသည် ဤတရားကို သိမြင်လျက် နေ၏” ဟုအကြံဖြစ်၏။

အဂ္ဂိဝေဿန ထိုအခါ ငါသည် ကာလာမအနွယ်၌ဖြစ်သော အာဠာရထံသို့ ချဉ်းကပ်ပြီးလျှင်- “ငါ့သျှင်ကာလာမ အဘယ်မျှလောက်ဖြင့် ဤတရားကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုကာပြည့်စုံစေ၍ နေ၏ဟူ၍ ပြောကြားသနည်း” ဟု ကာလာမအနွယ်၌ဖြစ်သော အာဠာရကို ပြောဆို၏။ အဂ္ဂိဝေဿန ဤ သို့ ပြောဆိုသော် ကာလာမအနွယ်၌ဖြစ်သော အာဠာရသည် အာကိဉ္စညာယတနဈာန်ကိုပြောကြား၏။ အဂ္ဂိဝေဿန ထိုငါ့အား “ကာလာမအနွယ်၌ဖြစ်သော အာဠာရအားသာလျှင် ယုံကြည်ခြင်း ‘သဒ္ဓါ’ ရှိသည် မဟုတ်၊ ငါ့အားလည်း ယုံကြည်ခြင်း ‘သဒ္ဓါ’ ရှိ၏။ ကာလာမအနွယ်၌ဖြစ်သောအာဠာရအားသာလျှင် အားထုတ်မှု ‘ဝီရိယ’ ရှိသည် မဟုတ်၊ ငါ့အားလည်း အားထုတ်မှု ‘ဝီရိယ’ ရှိ၏။ ကာလာမအနွယ်၌ဖြစ် သော အာဠာရအားသာလျှင် အောက်မေ့ခြင်း ‘သတိ’ ရှိသည် မဟုတ်၊ ငါ့အားလည်းအောက်မေ့ခြင်း ‘သတိ’ ရှိ၏။ ကာလာမအနွယ်၌ဖြစ်သော အာဠာရအားသာလျှင်တည်ကြည်ခြင်း ‘သမာဓိ’ ရှိသည် မဟုတ်၊ ငါ့အားလည်း တည်ကြည်ခြင်း ‘သမာဓိ’ ရှိ၏။ ကာလာမအနွယ်၌ဖြစ်သော အာဠာရအားသာလျှင် အသိဉာဏ် ‘ပညာ’ ရှိသည် မဟုတ်၊ ငါ့အားလည်းအသိဉာဏ် ‘ပညာ’ ရှိ၏။

--

“ထူးသောဉာဏ်ဖြင့် ‘ကိုယ်တိုင် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေ၏’ဟု ကာလာမအနွယ်၌ဖြစ် သောအာဠာရ ပြောကြားထားသော တရားကို မျက်မှောက်ပြုခြင်းငှါ ငါအားထုတ်ရမူ ကောင်းပေမည်” ဟုအကြံဖြစ်၏။ အဂ္ဂိဝေဿန ထိုငါသည် မကြာမီ လျင်မြန်စွာသာလျှင် ထိုတရားကို ထူးသောဉာဏ်ဖြင့်ကိုယ် တိုင် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေ၏။

အဂ္ဂိဝေဿန ထိုအခါ ငါသည် ကာလာမအနွယ်၌ဖြစ်သော အာဠာရထံသို့ ချဉ်းကပ်ပြီးလျှင်ကာလာမအနွယ်၌ဖြစ်သော အာဠာရအား “ငါ့သျှင်ကာလာမ ဤမျှလောက်ဖြင့် ဤတရားကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ပြောကြားပါသလော” ဟု ပြောဆို၏။

ငါ့သျှင် ဤမျှလောက်ဖြင့် ဤတရားကို ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ပြည့်စုံ စေ၍ငါ ပြောကြားပါ၏ဟု (ဝန်ခံ၏)။

ငါ့သျှင် ငါသည်လည်း ဤမျှလောက်ဖြင့် ဤတရားကို ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေပါ၏ဟု (ပြောဆို၏)။

ငါ့သျှင် သင်ကဲ့သို့သော သီတင်းသုံးဖော်အသျှင်ကို ငါတို့ တွေ့မြင်ကြရခြင်းသည် ငါတို့မှာအရတော်လေစွ၊ ငါတို့မှာ အလွန်အရတော်လေစွ၊ ဤသို့ ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ငါ ပြောကြားသော တရားကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုကာ ပြည့်စုံစေ၍ သင်သည် နေ၏၊ ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာပြည့်စုံစေ၍ သင်နေကြောင်းဖြစ်သော တရားကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာပြည့်စုံစေ၍ ငါပြောကြား၏။ ဤသို့ ငါ သိသော တရားကို သင် သိ၏၊ သင် သိသော တရားကို ငါသိ၏။ ဤသို့လျှင် ငါကဲ့သို့ပင် သင်လည်း ဖြစ်၏၊ သင်ကဲ့သို့ပင် ငါလည်း ဖြစ်၏။ ငါ့သျှင် လာလော့၊ ယခုအခါ သူတော်ကောင်း (ဖြစ်သော ငါတို့) နှစ်ဦးလုံးပင် ဤဂိုဏ်းကို (ရှေ့) ဆောင်ကြကုန်အံ့ဟု့ (ပြောဆို၏)။

အဂ္ဂိဝေဿန ဤသို့လျှင် ကာလာမအနွယ်၌ဖြစ်သော အာဠာရသည် ငါ၏ ဆရာဖြစ်လျက် မိမိ၏တပည့်ဖြစ်သော ငါ့ကို မိမိနှင့် အညီအမျှထား၏၊ ငါ့ကို မွန်မြတ်သော ပူဇော်ခြင်းဖြင့်လည်း ပူဇော်၏။ အဂ္ဂိဝေဿန ထိုငါ့အား “ဤတရားသည်ငြီးငွေ့ရန်အလို့ငှါ မဖြစ်၊ တပ်မက်ခြင်းကင်းရန် အလို့ငှါ မဖြစ်၊ (ဝဋ်ဆင်းရဲ) ချုပ်ရန် အလို့ငှါ မဖြစ်၊ (ကိလေသာ) ငြိမ်းရန်အလို့ငှါ မဖြစ်၊ ထူးသောဉာဏ်ဖြင့် သိရန်အလို့ငှါ မဖြစ်၊ (သစ္စာလေးပါးကို) သိရန်အလို့ငှါ မဖြစ်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန်အလို့ငှါ မဖြစ်၊ အာကိဉ္စညာယတနဘုံ၌ ဖြစ်ရုံမျှ အကျိုးငှါသာလျှင် ဖြစ်၏” ဟု အကြံဖြစ်၏။ အဂ္ဂိဝေဿန ထိုငါသည်ထိုတရားကို တန်ဆာမဆင်ဘဲ ထိုတရားမှငြီးငွေ့၍ ဖဲခွါခဲ့၏။

၃၇၂။ အဂ္ဂိဝေဿန ထိုငါသည် အဘယ်အရာသည် အပြစ်ကင်းသော တရားပေနည်းဟု ရှာဖွေ လျက်,အဘယ်အရာသည် (အတုမရှိ) မြတ်သောငြိမ်းအေးရာ နိဗ္ဗာန်နည်းဟု ရှာဖွေလျက် ရာမသား ဥဒကထံသို့ချဉ်းကပ်ပြီးနောက် ရာမသား ဥဒကအား- “ငါ့သျှင် ငါသည် ဤသာသနာတော်၌ မြတ်သော အကျင့်ကိုကျင့်လို၏” ဟု ဤစကားကို ပြောဆို၏။ အဂ္ဂိဝေဿန ဤသို့ပြောဆိုသော် ရာမသား ဥဒကက “အသျှင်သည် နေပါလော့၊ ဤတရားကား ပညာရှိယောကျ်ားသည် မကြာမီပင် မိမိ၏ဆရာ့အယူကိုထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေရာသော သဘောရှိပါ၏” ဟု ဤစကားကို ငါ့အား ပြောဆို၏။ အဂ္ဂိဝေဿန ထိုငါသည် မကြာမီ လျင်မြန်စွာသာလျှင် ထိုတရားကိုသင်ယူ၏။ အဂ္ဂိဝေဿန ထိုငါသည် နှုတ်ခမ်းလှုပ်ရုံမျှ ဆိုပြသည်ကို လိုက်ဆိုရုံမျှလောက်ဖြင့်သာလျှင်သိပြီ ဟူသော စကားကိုလည်းကောင်း၊ ခိုင်မြဲပြီဟူသော စကားကိုလည်းကောင်း ပြောဆိုနိုင်၏။ ငါကိုယ်တိုင်ကလည်း သိ၏ မြင်၏ဟု ဝန်ခံ၏၊ သူတစ်ပါးတို့ကလည်း ပြောဆိုကြကုန်၏။ အဂ္ဂိဝေဿနထိုငါ့အား “ရာမသည် ဤတရားကို ‘ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ပြည့်စုံစေ၍နေရာ၏” ဟု ယုံကြည်မှုသက်သက်မျှဖြင့် ပြောကြားသည် မဟုတ်၊ စင်စစ်အားဖြင့် ရာမသည်ဤတရားကို သိမြင်လျက် နေ၏” ဟု အကြံဖြစ်၏။

--

အဂ္ဂိဝေဿန ထိုအခါ ငါသည် ရာမသား ဥဒကထံသို့ ချဉ်းကပ်ပြီးလျှင် “ငါ့သျှင်ရာမ အဘယ်မျှလောက်ဖြင့် ဤတရားကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ငါနေ၏ ဟူ၍ပြောကြားသနည်း” ဟု ရာမသား ဥဒကကို ပြောဆို၏။ အဂ္ဂိဝေဿန ဤသို့ ပြောဆိုသော် ရာမသားဥဒကသည် နေဝသညာနာသညာယတနဈာန်ကို ပြောကြား၏။ အဂ္ဂိဝေဿန ထိုငါ့အား “ရာမအားသာလျှင် ယုံကြည်ခြင်း ‘သဒ္ဓါ’ ရှိသည် မဟုတ်၊ ငါ့အားလည်း ယုံကြည်ခြင်း ‘သဒ္ဓါ’ ရှိ၏။ ရာမအားသာလျှင် အား ထုတ်မှု ‘ဝီရိယ'ရှိသည် မဟုတ်၊ ငါ့အားလည်း အားထုတ်မှု ‘ဝီရိယ’ ရှိ၏။ ရာမအားသာလျှင် အောက်မေ့ခြင်း ‘သတိ’ ရှိသည် မဟုတ်၊ ငါ့အားလည်း အောက်မေ့ခြင်း ‘သတိ’ ရှိ၏။ ရာမအားသာလျှင် တည်ကြည်ခြင်း ‘သမာဓိ’ ရှိသည် မဟုတ်၊ ငါ့အားလည်း တည်ကြည်ခြင်း ‘သမာဓိ'ရှိ၏။ ရာမအားသာလျှင် အသိ ဉာဏ် ‘ပညာ’ ရှိသည် မဟုတ်၊ ငါ့အားလည်း အသိဉာဏ်ပညာ ရှိ၏။ ‘ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက် မှောက်ပြုကာ ပြည့်စုံစေ၍ ငါနေ၏’ဟု ရာမ ပြောကြားထားသောတရားကို မျက်မှောက်ပြုခြင်းငှါ ငါ အားထုတ်ရမူ ကောင်းပေမည်’ဟု အကြံဖြစ်၏။ အဂ္ဂိဝေဿနထိုငါသည် မကြာမီ လျင်မြန်စွာလျှင် ထို တရားကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာပြည့်စုံစေ၍ နေ၏။

အဂ္ဂိဝေဿန ထိုအခါ ငါသည် ရာမသား ဥဒကထံသို့ ချဉ်းကပ်၍ ရာမသား ဥဒကအား “ငါ့သျှင်ဤမျှလောက်ဖြင့် ဤတရားကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ပြောကြားပါသလော” ဟု (ပြောဆို၏)။

ငါ့သျှင် ဤမျှလောက်ဖြင့် ဤတရားကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ပြည့်စုံ စေ၍့ငါ ပြောကြားပါ၏ဟု (ဝန်ခံ၏)။ ငါ့သျှင် ငါသည်လည်း ဤမျှလောက်ဖြင့် ဤတရားကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေပါ၏ဟု (ပြောဆို၏)။

ငါ့သျှင် သင်ကဲ့သို့သော သီတင်းသုံးဖော်အသျှင်ကို ငါတို့ တွေ့မြင်ကြရခြင်းသည် ငါတို့မှာ အရတော်လေစွ၊ ငါတို့မှာ အလွန်အရတော်လေစွ၊ ဤသို့ ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာပြည့်စုံစေ၍ ငါပြောကြားသော တရားကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ပြည့်စုံစေ၍သင်သည် နေ၏၊ ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ သင်နေကြောင်းဖြစ်သော တရားကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ငါပြောကြား၏။ ဤသို့ ငါသိ သော တရားကို သင် သိ၏၊ သင်သိသော တရားကို ငါသိ၏။ ဤသို့လျှင်ငါကဲ့သို့ပင် သင်လည်း ဖြစ်၏၊ သင်ကဲ့သို့ပင် ငါလည်း ဖြစ်၏။ ငါ့သျှင် လာေလော့၊ ယခုအခါသင်သည် ဤဂိုဏ်းကို (ရှေ့) ဆောင်ပါ လော့ဟု ပြောဆို၏။

အဂ္ဂိဝေဿန ဤသို့လျှင် ရာမသား ဥပကသည် ငါ၏ သီတင်းသုံးဖော်ဖြစ်လျက် ငါ့ကို ဆရာ့အရာ၌်ထား၏၊ ငါ့ကို မွန်မြတ်သော ပူဇော်ခြင်းဖြင့်လည်း ပူဇော်၏။ အဂ္ဂိဝေဿန ထိုငါ့အား ဤသို့သောအကြံ သည် ဖြစ်၏။ “ဤတရားသည်ငြီးငွေ့ရန်အလို့ငှါ မဖြစ်၊ တပ်မက်ခြင်းကင်းရန်အလို့ငှါ မဖြစ်၊ (ဝဋ်ဆင်း ရဲ) ချုပ်ရန် အလို့ငှါ မဖြစ်၊ (ကိလေသာ) ငြိမ်းရန်အလို့ငှါ မဖြစ်၊ (ထူးသောဉာဏ်ဖြင့်) သိရန်အလို့ငှါ မဖြစ်၊ (သစ္စာလေးပါးကို) သိရန်အလို့ငှါ မဖြစ်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန်အလို့ငှါ မဖြစ်။ နေဝသညာ နာသညာယတနဘုံ၌ ဖြစ်ရုံမျှ အကျိုးငှါသာလျှင် ဖြစ်၏” ဟု (အကြံဖြစ်၏)။ အဂ္ဂိဝေဿနထိုငါသည် ထို တရားကို တန်ဆာမဆင်ဘဲ ထိုတရားမှငြီးငွေ့၍ ဖဲခွါခဲ့၏။

--

၃၇၃။ အဂ္ဂိဝေဿန ထိုငါသည် အဘယ်အရာသည် အပြစ်ကင်းသော တရားပေနည်းဟု ရှာဖွေ လျက်,အဘယ်အရာသည် (အတုမရှိ) မြတ်သောငြိမ်းအေးရာ နိဗ္ဗာန်နည်းဟု ရှာဖွေလျက် မဂဓတိုင်းတို့၌အစဉ်အတိုင်း ဒေသစာရီ လှည့်လည်သော် ဥရုဝေလတော သေနာနိဂုံးသို့ ရောက်၏။ ထိုအရပ်၌ မွေ့လျော်ဖွယ်ရာ မြေအဖို့ကိုလည်းကောင်း၊ ကြည်နူးဖွယ်ကောင်းသော တောအုပ်ကိုလည်းကောင်း၊ စီးဆင်းနေသော မြစ်ကိုလည်းကောင်း၊ မွေ့လျော်ဖွယ်ကောင်းသော သန့်ရှင်းသော ဆိပ်ကမ်းကိုလည်းကောင်း၊ အနီးအနားမှ ဆွမ်းခံရွာကိုလည်းကောင်း မြင်၏။ အဂ္ဂိဝေဿန ထိုငါအား ဤသို့သော အကြံသည် ဖြစ်၏။ “အချင်းတို့ မြေအဖို့သည် စင်စစ် မွေ့လျော်ဖွယ် ရှိလှပေ၏ တောအုပ်သည်လည်း ကြည်နူးဖွယ် ကောင်းလှပေ၏၊ မြစ်သည်လည်း တသွင်သွင် စီးဆင်းနေ၏၊ ဆိပ်ကမ်းသည်လည်း သန့်ရှင်း၍ မွေ့လျော်ဖွယ်ကောင်းလှပေ၏၊ ဆွမ်းခံရွာသည်လည်း နီးနားလှပေ၏၊ ဤအရပ်သည် ကမ္မဋ္ဌာန်းအားထုတ်လိုသောအမျိုးသားအား ကမ္မဋ္ဌာန်းအားထုတ်ခြင်းငှါ သင့်လျော်ရာ၏ဟု (အကြံဖြစ်၏)။ အဂ္ဂိဝေဿန ဤအရပ်သည် ကမ္မဋ္ဌာန်းအားထုတ်ခြင်းငှါ သင့်လျော်လှပေ၏” ဟု နှလုံးသွင်းလျက် ထိုအရပ်၌ပင် ငါနေခဲ့ပေ၏။

၃၇၄။ အဂ္ဂိဝေဿန စင်စစ် ရှေးက မကြားဖူးသေးသည့် အံ့ဩဖွယ်ရာဖြစ်သော ဥပမာသုံးရပ်တို့ သည်ငါ့အား ထင်လာကုန်၏။ အဂ္ဂိဝေဿန ဥပမာသော်ကား ရေ၌ ချထားသော အစေးရှိသော ထင်းစို သည်ရှိ၏။ ထိုအခါ ယောကျ်ားသည် “မီးကို ဖြစ်စေအံ့၊ အပူဓာတ်ကို ထင်ရှားပြုအံ့” ဟု မီးပွတ်ခုံကို ယူ၍လာရာ၏။ အဂ္ဂိဝေဿန ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ စင်စစ် ထိုယောကျ်ားသည် ရေ၌ချထားသော အစေးရှိသော ဤမည်သော ထင်းစိုကို မီးပွတ်ခုံကို ယူ၍ ပွတ်တိုက်သော် မီးကိုဖြစ်စေနိုင်ရာသလော၊ အပူဓာတ်ကို ထင်ရှားပြုနိုင်ရာသလောဟု (မေးတော်မူ၏)။

အသျှင်ဂေါတမ ဤအရာသည် မဖြစ်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် အသျှင်ဂေါတမ ဤမည်သောထင်းသည် အစေးရှိသော ထင်းစိုဖြစ်သည့်ပြင် ရေ၌လည်း ချထားသောကြောင့်တည်း။ ထိုယောကျ်ားသည်ကိုယ်ပင်ပန်းရုံ စိတ်ဆင်းရဲရုံသာလျှင် အဖို့ရှိရာပါ၏ဟု (လျှောက်၏)။

အဂ္ဂိဝေဿန ဤ အတူပင်လျှင် အချို့သော သမဏဗြာဟ္မဏတို့သည် ကိုယ်ဖြင့်လည်းကောင်း၊ စိတ့်ဖြင့်လည်းကောင်း၊ လိုချင်မှုတို့မှ မကင်းဆိတ်ဘဲ နေကုန်၏၊ ထိုသမဏဗြာဟ္မဏတို့သည် ကိုယ်တွင်းသန္တာန်ဝယ် လိုချင်ဖွယ် ‘ဝတ္ထုကာမ'တို့၌ လိုချင်တပ်မက်မှု ‘ကာမစ္ဆန္ဒ’ လိုချင်မှုဟူသော အစေးလိုချင်မှုဟူသော မိန်းမောတွေဝေခြင်း လိုချင်မှုဟူသော မွပ်သိပ်ခြင်း လိုချင်မှုဟူသော ပူဆာခြင်းကို ကောင်းစွာမပယ်ရသေး၊ ကောင်းစွာ မငြိမ်းရသေး။ အကယ်၍ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် လုံ့လကြောင့်ဖြစ်ကုန်သော ကြမ်းတမ်းစပ်ခါး ဆိုးရွားထက်မြက်ကုန်သော ဆင်းရဲဝေဒနာတို့ကို ခံစားရကုန်သော်လည်းသိခြင်းငှါ မြင်ခြင်းငှါ အတုမဲ့ ထိုးထွင်း၍ သိခြင်းငှါ မထိုက်ကုန်။ အကယ်၍ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် လုံ့လကြောင့်ဖြစ်ကုန်သော ကြမ်းတမ်းစပ်ခါး ဆိုးရွားထက်မြက်ကုန်သော ဆင်းရဲဝေဒနာတို့ကိုမခံစားရကုန်သော်လည်း သိခြင်းငှါ မြင်ခြင်းငှါ အတုမဲ့ ထိုးထွင်း၍ သိခြင်းငှါ မထိုက်တန်ကုန်။ အဂ္ဂိဝေဿန ငါရှေးက မကြားဖူးသေးသည့် ရှေးဦးစွာဖြစ်သော အံ့ဩဖွယ်ရာ ဤဥပမာသည် ငါ့အားထင်လာ၏။

၃၇၅။ အဂ္ဂိဝေဿန ရှေးက မကြားဖူးသေးသည့် အခြားအံ့ဩဖွယ်ရာဖြစ်သော နှစ်ခုမြောက် ဥပမာသည်လည်း ငါ့အား ထင်လာပြန်၏။ အဂ္ဂိဝေဿန ဥပမာသော်ကား ရေမှ ဝေးစွာ ကုန်း၌ ချထားသောအစေးရှိသော ထင်းစိုသည် ရှိ၏။ ထိုအခါ ယောကျာ်းသည် “မီးကို ဖြစ်စေအံ့၊ အပူဓာတ်ကို ထင်ရှားပြုအံ့” ဟု မီးပွတ်ခုံကို ယူ၍ လာရာ၏။ အဂ္ဂိဝေဿန ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ စင်စစ်ထိုယောကျ်ားသည် ရေမှ ဝေးစွာ ကုန်း၌ ချထားသော အစေးရှိသော ဤမည်သော ထင်းစိုကိုမီးပွတ်ခုံကို ယူ၍ ပွတ်တိုက်သော် မီးကို ဖြစ်စေနိုင်ရာသလော၊ အပူဓာတ်ကို ထင်ရှားပြုနိုင်ရာသလောဟု (မေးတော် မူ၏)။

--

အသျှင်ဂေါတမ ဤအရာသည် မဖြစ်နိုင်ပါ။ အဘယ်ကြောင့်နည်းဆိုသော် အသျှင်ဂေါတမ ဤမည် သောထင်းသည် ရေမှ ဝေးစွာ ကုန်း၌ ချထားစေကာမူ အစေးရှိသော ထင်းစိုဖြစ်သောကြောင့်တည်း။ ထိုယောကျ်ားသည် ကိုယ်ပင်ပန်းရုံ စိတ်ဆင်းရဲရုံသာလျှင် အဖို့ရှိရာပါ၏ဟု (လျှောက်၏)။

အဂ္ဂိဝေဿန ဤ အတူပင်လျှင် အချို့သော သမဏဗြာဟ္မဏတို့သည် ကိုယ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း လိုချင်မှုတို့မှ ကင်းဆိတ်လျက် နေကုန်၏။ ထိုသမဏဗြာဟ္မဏတို့သည် ကိုယ်တွင်းသန္တာန်ဝယ် လိုချင်ဖွယ် ‘ဝတ္ထုကာမ'တို့၌ လိုချင်တပ်မက်မှု ‘ကာမစ္ဆန္ဒ’ လိုချင်မှုဟူသော အစေးလိုချင်မှုဟူ သော မိန်းမောတွေဝေခြင်း လိုချင်မှုဟူသော မွတ်သိပ်ခြင်း လိုချင်မှုဟူသော ပူဆာခြင်းကိုကောင်းစွာ မပယ်ရသေး၊ ကောင်းစွာ မငြိမ်းရသေး။ အကယ်၍ ထိုအသျှင်သမဏဗြာဟ္မဏတို့သည်လုံ့လကြောင့်ဖြစ် ကုန်သော ကြမ်းတမ်း စပ်ခါး ဆိုးရွားထက်မြက်ကုန်သော ဆင်းရဲဝေဒနာတို့ကိုခံစားရကုန်သော်လည်း သိခြင်းငှါ မြင်ခြင်းငှါ အတုမဲ့ ထိုးထွင်း၍ သိခြင်းငှါ မထိုက်တန်ကုန်။ အကယ်၍ထိုအသျှင် သမဏ ဗြာဟ္မဏတို့သည် လုံ့လကြောင့် ဖြစ်ကုန်သော ကြမ်းတမ်းစပ်ခါးဆိုးရွားထက်မြက်ကုန်သော ဆင်းရဲ ဝေဒနာတို့ကို မခံစားရကုန်သော်လည်း သိခြင်းငှါ မြင်ခြင်းငှါ အတုမဲ့ထိုးထွင်း၍ သိခြင်းငှါ မထိုက်တန် ကုန်။ အဂ္ဂိဝေဿန ငါရှေးက မကြားဖူးသေးသည့် အံ့ဩဖွယ်ရာနှစ်ခုမြောက် ဥပမာသည် ငါ့အား ထင်လာ၏။

၃၇၆။ အဂ္ဂိဝေဿန ရှေးက မကြားဖူးသေးသည့် အခြားအံ့ဩဖွယ်ရာဖြစ်သော သုံးခုမြောက် ဥပမာသည်လည်း ငါ့အား ထင်လာပြန်၏။ အဂ္ဂိဝေဿန ဥပမာသော်ကား ရေမှ ဝေးစွာ ကုန်း၌ ချထားသောအစေးမရှိသော ထင်းချောက်သည် ရှိ၏။ ထိုအခါ ယောကျ်ားသည် “မီးကို ဖြစ်စေအံ့၊ အပူဓာတ်ကို ထင်ရှားပြုအံ့” ဟု မီးပွတ်ခုံကို ယူ၍ လာရာ၏။ အဂ္ဂိဝေဿန ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ စင်စစ် ထိုယောကျ်ားသည် ရေမှ ဝေးစွာ ကုန်း၌ ချထားသော အစေးမရှိသော ထင်းချောက်ကို မီးပွတ်ခုံကို ယူ၍ ပွတ်သော် မီးကို ဖြစ်စေနိုင်ရာသလော၊ အပူဓာတ်ကို ထင်ရှားပြုနိုင်ရာသလောဟု (မေးတော်မူ၏)။

အသျှင်ဂေါတမ ဤအရာကား ဖြစ်နိုင်ပါ၏။ အဘယ်ကြောင့်နည်း ဆိုသော် အသျှင်ဂေါတမ ဤမည်သော ထင်းသည် အစေးမရှိသော ထင်းဖြစ်သည့်ပြင် ရေမှ ဝေးစွာ ကုန်း၌လည်း ချထားသောကြောင့်ပါတည်းဟု (လျှောက်၏)။

အဂ္ဂိဝေဿန ဤ အတူပင်လျှင် အချို့သော သမဏဗြာဟ္မဏတို့သည် ကိုယ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း လိုချင်မှုတို့မှ ကင်းဆိတ်လျက် နေကုန်၏။ ထိုသမဏဗြာဟ္မဏတို့သည် ကိုယ်တွင်းသန္တာန်ဝယ် လိုချင်ဖွယ် ‘ဝတ္ထုကာမ'တို့၌ လိုချင်တပ်မက်မှု ‘ကာမစ္ဆန္ဒ’ လိုချင်မှုဟူသော အစေးလိုချင်မှုဟူ သော မိန်းမောတွေဝေခြင်း လိုချင်မှုဟူသော မွတ်သိပ်ခြင်း လိုချင်မှုဟူသော ပူဆာခြင်းကိုကောင်းစွာ ပယ်ပြီးဖြစ်၏၊ ကောင်းစွာငြိမ်းပြီးဖြစ်၏။ အကယ်၍ ထိုအသျှင်သမဏဗြာဟ္မဏတို့သည်လုံ့လကြောင့်ဖြစ် ကုန်သော ကြမ်းတမ်းစပ်ခါး ဆိုးရွားထက်မြက်ကုန်သော ဆင်းရဲဝေဒနာတို့ကိုခံစားရကုန်သော်လည်း သိခြင်းငှါ မြင်ခြင်းငှါ အတုမဲ့ထိုးထွင်း၍ သိခြင်းငှါ ထိုက်တန်ကုန်၏။ အကယ်၍ထိုအသျှင်သမဏဗြာဟ္မဏတို့သည် လုံ့လကြောင့်ဖြစ်ကုန်သော ကြမ်းတမ်း စပ်ခါးဆိုးရွားထက်မျက်ကုန်သော ဆင်းရဲဝေဒနာတို့ကို မခံစားရကုန်သော်လည်း သိခြင်းငှါ မြင်ခြင်းငှါ အတုမဲ့ထိုးထွင်း၍ သိခြင်းငှါ ထိုက်တန်ကုန်၏။ အဂ္ဂိဝေဿန ရှေးက မကြားဖူးသေးသည့် အံ့ဩဖွယ်ရာသုံးခုမြောက် ဥပမာသည် ငါ့အား ထင်လာ၏။ အဂ္ဂိဝေဿန ရှေးက မကြားဖူးသေးသည့်ဤအံ့ဩဖွယ်ရာဖြစ်သော ဤဥပမာ သုံးရပ်တို့သည် ငါ့အား ထင်လာကုန်၏၊

--

၃၇၇။ အဂ္ဂိဝေဿန “ငါသည် သွားတို့ဖြင့် သွားကို ကြိတ်၍ (အံကြိတ်၍) လျှာဖြင့် အာစောက်ကိုထိလျက် (တောက်ခေါက်လျက်) စိတ်ဖြင့် စိတ်ကို ဖိနှိပ်ရမူ ဖျစ်ညှစ်ရမူ ပင်ပန်းစေရမူ ကောင်းပေမည်” ဟု ငါ့အား အကြံဖြစ်၏။ အဂ္ဂိဝေဿန ထိုငါသည် သွားတို့ဖြင့် သွားကို ကြိတ်၍ လျှာဖြင့် အာစောက်ကို ထိလျက် စိတ်ဖြင့် စိတ်ကို ဖိနှိပ်၏၊ ဖျစ်ညှစ်၏၊ ပင်ပန်းစေ၏၊ အဂ္ဂိဝေဿန ထိုငါသည် သွားတို့ဖြင့်သွားကို ကြိတ်၍ လျှာဖြင့် အာစောက်ကို ထိလျက် စိတ်ဖြင့် စိတ်ကို ဖိနှိပ် ဖျစ်ညှစ် ပင်ပန်းစေသော်လက်ကတီးကြားတို့မှ ချွေးတို့သည် ယိုထွက်ကုန်၏။ အဂ္ဂိဝေဿန ဥပမာသော်ကား အားရှိသောယောကျ်ားသည် အားနည်းသော ယောကျ်ားကို ဦးခေါင်း၌ ကိုင်၍သော်လည်းကောင်း၊ ပခုံး၌ ကိုင်၍သော်လည်းကောင်း ဖိနှိပ်ရာ ဖျစ်ညှစ်ရာ ပင်ပန်းစေရာ သကဲ့သို့၊ ဤအတူ ငါသည် သွားတို့ဖြင့် သွားကိုကြိတ်၍ လျှာဖြင့် အာစောက်ကို ထိလျက် စိတ်ဖြင့် စိတ်ကို ဖိနှိပ် ဖျစ်ညှစ် ပင်ပန်းစေသော် လက်ကတီးကြားတို့မှ ချွေးတို့သည် ယိုထွက်ကုန်၏။ အဂ္ဂိဝေဿန ငါသည် တွန့်တိုဆုတ်နစ်ခြင်းမရှိသော လုံ့လဝီရိယကို အားထုတ်ပြီးပြီ၊ ငါ့အား မေ့လျော့ခြင်းမရှိသော သတိသည် ထင်ပြီ။ အားထုတ်ခြင်းဖြင့် ထိုးကျင့်ထားသော ငါ၏ ကိုယ်သည် ထိုဆင်းရဲကို ဖြစ်စေတတ်သော အားထုတ်ခြင်းကြောင့်သာလျှင် ပူလောင်ခြင်းရှိခဲ့၏၊ မငြိမ်းအေးခဲ့၊ အဂ္ဂိဝေဿန ဤသို့သဘောရှိသော ဖြစ်ပေါ်လာသော ဆင်းရဲဝေဒနာသည်လည်းငါ၏ စိတ်ကို သိမ်းကျုံး၍ မတည်နိုင်။

၃၇၈။ အဂ္ဂိဝေဿန “ငါသည် ထွက်သက် ဝင်သက် မရှိအောင် ရှုဆင်ခြင်မှု ‘ဈာန်ကိုသာလျှင် ဝင်စားရမူကောင်းပေမည်” ဟု ငါ့အား အကြံဖြစ်၏။ အဂ္ဂိဝေဿန ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း ထွက်သက် ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထား၏။ အဂ္ဂိဝေဿန ထိုငါသည်ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း ထွက်သက် ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော်နားတွင်းတို့မှ ထွက်သော လေတို့၏ အသံသည် လွန်ကဲပြင်းထန်စွာ ဖြစ်၏။ အဂ္ဂိဝေဿန ပန်းပဲသမားတို့၏ ဖားဖို (ဆွဲ) မှုတ်သော် လွန်ကဲပြင်းထန်သော အသံသည် ဖြစ်သကဲ့သို့၊ ဤအတူပင်လျှင် ငါသည်ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော်နားတွင်းတို့မှ ထွက်သော လေတို့၏ အသံသည် လွန်ကဲပြင်းထန်စွာ ဖြစ်၏။ အဂ္ဂိဝေဿန ငါသည် တွန့်တိုဆုတ်နစ်ခြင်းမရှိသော လုံ့လဝီရိယကို အားထုတ်ပြီးပြီ၊ ငါ့အား မေ့လျော့ခြင်းမရှိသော သတိသည့်ထင်ပြီ။ အားထုတ်ခြင်းဖြင့် ထိုးကျင့်ထားသော ငါ၏ ကိုယ်သည် ထိုဆင်းရဲကို ဖြစ်စေတတ်သောအားထုတ်ခြင်းကြောင့်သာလျှင် ပူလောင်ခြင်း ရှိခဲ့၏၊ မငြိမ်းအေးခဲ့၊ အဂ္ဂိဝေဿန ဤသို့သဘောရှိသောဖြစ်ပေါ်လာသော ဆင်းရဲဝေဒနာသည်လည်း ငါ၏ စိတ်ကို သိမ်းကျုံး၍ မတည်နိုင်။

အဂ္ဂိဝေဿန “ငါသည် ထွက်သက်ဝင်သက် မရှိအောင် ရှုဆင်ခြင်မှု ‘ဈာန်ကိုသာလျှင် ဝင်စားရမူကောင်းပေမည်” ဟု ငါ့အား အကြံဖြစ်၏။ အဂ္ဂိဝေဿန ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက် ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထား၏။ အဂ္ဂိဝေဿနထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်းထွက်သက် ဝင်သက်တို့ကို ချုပ်တည်း ပိတ်ပင်ထားသော် လွန်ကဲပြင်းထန်သော လေတို့သည် ဦးထိပ်၌တိုးဝှေ့ကုန်၏။ အဂ္ဂိဝေဿန အားရှိသော ယောကျ်ားသည် ထက်သောချွန်းဖြင့် ဦးထိပ်၌ကြိတ်နှိပ်ရာသကဲ့သို့ ဤအတူပင်လျှင် ငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကို ချုပ်တည်း ပိတ်ပင်ထားသော် လွန်စွာပြင်းထန်သောလေတို့သည် ဦးထိပ်၌ တိုးဝှေ့ကုန်၏။ အဂ္ဂိဝေဿန ငါသည် တွန့်တိုဆုတ်နစ်ခြင်းမရှိသောလုံ့လဝီရိယကို အားထုတ်ပြီးပြီ၊ ငါ့အား မေ့လျော့ခြင်းမရှိသော သတိသည် ထင်ပြီ။ အားထုတ်ခြင်းဖြင့်ထိုးကျင့်ထားသော ငါ၏ ကိုယ်သည် ထိုဆင်းရဲကို ဖြစ်စေတတ်သော အားထုတ်ခြင်းကြောင့်သာလျှင်ပူလောင်ခြင်း ရှိခဲ့၏၊ မငြိမ်းအေးခဲ့၊ အဂ္ဂိဝေဿန ဤသို့သဘောရှိသော ဖြစ်ပေါ်လာ သောဆင်းရဲဝေဒနာသည်လည်း ငါ၏ စိတ်ကို သိမ်းကျုံး၍ မတည်နိုင်။

အဂ္ဂိဝေဿန “ငါသည် ထွက်သက်ဝင်သက် မရှိအောင် ရှုဆင်ခြင်မှု ‘ဈာန်'ကိုသာလျှင် ဝင်စားရမူကောင်းပေမည်” ဟု ငါ့အား အကြံဖြစ်၏။ အဂ္ဂိဝေဿန ထိုငါသည် ခံတွင်းမှလည်းကောင်း နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထား၏။

--

အဂ္ဂိဝေဿနထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်းထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော် လွန်ကဲပြင်းထန်သော ဦးခေါင်းကိုက်ခဲခြင်းတို့သည်ဖြစ်ကုန်၏။ အဂ္ဂိဝေဿန အားရှိသော ယောကျ်ားသည် ခိုင်ခံ့သော သားရေလွန်ပိုင်းဖြင့် ဦးခေါင်းကိုရစ်ပတ်ထားရာသကဲ့သို့ ဤ အတူပင်လျှင် ငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက် ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော် လွန်ကဲပြင်းထန်သောဦးခေါင်းကိုက်ခဲခြင်းတို့သည် ဖြစ်ကုန်၏။ အဂ္ဂိဝေဿန ငါသည် တွန့်တိုဆုတ်နစ်ခြင်း မရှိသောလုံ့လဝီရိယကို အားထုတ်ပြီးပြီ၊ ငါ့အား မေ့လျော့ခြင်းမရှိသော သတိသည် ထင်ပြီ။ အားထုတ်ခြင်းဖြင့်ထိုးကျင့်ထားသော ငါ၏ ကိုယ်သည် ထို ဆင်းရဲကို ဖြစ်စေတတ်သော အားထုတ်ခြင်းကြောင့်သာလျှင်ပူလောင်ခြင်း ရှိခဲ့၏၊ မငြိမ်းအေးခဲ့၊ အဂ္ဂိဝေဿန ဤသို့သဘောရှိသော ဖြစ်ပေါ်လာသောဆင်းရဲဝေဒနာသည်လည်း ငါ၏ စိတ်ကို သိမ်းကျုံး၍ မတည်နိုင်။

အဂ္ဂိဝေဿန “ငါသည် ထွက်သက်ဝင်သက် မရှိအောင် ရှုဆင်ခြင်မှု ‘ဈာန်'ကိုသာလျှင် ဝင်စားရမူကောင်းပေမည်” ဟု ငါ့အား အကြံဖြစ်၏။ အဂ္ဂိဝေဿန ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထား၏။ အဂ္ဂိဝေဿနထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်းထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော် လွန်ကဲပြင်းထန်သောလေတို့သည် ဝမ်းကိုထိုးဆွရစ်မွှေကုန်၏။ အဂ္ဂိဝေဿန ကျွမ်းကျင်သော နွားသတ်သမားသည်လည်းကောင်း၊ နွားသတ်သမား၏တပည့်သည်လည်းကောင်း ထက် သော သားလှီးဓားငယ်ဖြင့် ဝမ်းကို ထိုးဆွ ရစ်မွှေရာသကဲ့သို့ဤအတူပင်လျှင် ငါသည် ခံတွင်းမှလည်း ကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်းထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထား သော် လွန်ကဲပြင်းထန်သော လေတို့သည် ဝမ်းကို့ထိုးဆွရစ်မွှေကုန်၏။ အဂ္ဂိဝေဿန ငါသည် တွန့်တို ဆုတ်နစ်ခြင်းမရှိသော လုံ့လဝီရိယကိုအားထုတ်ပြီးပြီ၊ ငါ့အား မေ့လျော့ခြင်းမရှိသော သတိသည် ထင်ပြီ။ အားထုတ်ခြင်းဖြင့် ထိုးကျင့်ထားသောငါ၏ ကိုယ်သည် ထိုဆင်းရဲကို ဖြစ်စေတတ်သော အားထုတ်ခြင်း ကြောင့်သာလျှင် ပူလောင်ခြင်း ရှိခဲ့၏၊ မငြိမ်းအေးခဲ့၊ အဂ္ဂိဝေဿန ဤသို့သဘောရှိသော ဖြစ်ပေါ်လာသော ဆင်းရဲဝေဒနာသည်လည်းငါ၏စိတ်ကို သိမ်းကျုံး၍ မတည်နိုင်။

အဂ္ဂိဝေဿန “ငါသည် ထွက်သက်ဝင်သက် မရှိအောင် ရှုဆင်ခြင်မှု ‘ဈာန်’ ကိုသာလျှင် ဝင်စားရမူကောင်းပေမည်” ဟု ငါ့အား အကြံဖြစ်၏။ အဂ္ဂိဝေဿန ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထား၏။ အဂ္ဂိဝေဿနထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်းထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော် လွန်ကဲပြင်းထန်သော ကိုယ်၌ ပူလောင်ခြင်းသည်ဖြစ်၏။ အဂ္ဂိဝေဿန အား ရှိသော ယောကျ်ားနှစ်ယောက်တို့သည် အားနည်းသော ယောကျ်ားကိုအသီးအသီး လက်မောင်းတို့၌ ကိုင်၍ မီးကျီးတွင်း၌ ကင်ကုန်ရာသကဲ့သို့ အပြန်ပြန်။ မိုက်ကုန်ရာသကဲ့သို့ဤအတူပင်လျှင် ငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်းထွက်သက်ဝင်သက်တို့ကို ချုပ်တည်း ပိတ်ပင်ထားသော် လွန်ကဲပြင်းထန်သော ကိုယ်၌ ပူလောင်ခြင်းသည်ဖြစ်၏။ အဂ္ဂိဝေဿန ငါသည် တွန့် တိုဆုတ်နစ်ခြင်းမရှိသော လုံ့လဝီရိယကို အားထုတ်ပြီးပြီ၊ ငါ့အားမေ့လျော့ခြင်းမရှိသော သတိသည် ထင်ပြီ။ အားထုတ်ခြင်းဖြင့် ထိုးကျင့်ထားသော ငါ၏ ကိုယ်သည်ထိုဆင်းရဲကို ဖြစ်စေတတ်သော အားထုတ်ခြင်းကြောင့်သာလျှင် ပူလောင်ခြင်း ရှိခဲ့၏၊ မငြိမ်းအေးခဲ့၊ အဂ္ဂိဝေဿန ဤသို့ သဘောရှိသော ဖြစ်ပေါ်လာ သော ဆင်းရဲဝေဒနာသည်လည်း ငါ၏ စိတ်ကိုသိမ်းကျုံး၍ မတည်နိုင်။

--

အဂ္ဂိဝေဿန စင်စစ်သော်ကား နတ်တို့သည် ငါ့ကို မြင်၍ “ရဟန်းဂေါတမသည် သေလေပြီ” ဟုဆိုကုန်၏။ အချို့နတ်တို့ကမူ “ရဟန်းဂေါတမသည် မသေသေး၊ စင်စစ်ကား သေအံ့ဆဲဆဲသာဖြစ်၏” ဟုဆိုကုန်၏။ အချို့နတ်တို့သည်ကား “ရဟန်းဂေါတမသည် သေလည်း မသေသေး၊ သေအံ့ဆဲဆဲလည်းမဟုတ်၊ ရဟန်းဂေါတမသည် ရဟန္တာတည်း၊ ရဟန္တာ၏ နေခြင်းကား ဤသို့သဘောရှိ၏” ဟု ဆိုကုန်၏။

၃၇၉။ အဂ္ဂိဝေဿန “ငါသည် လုံးဝ အစာအာဟာရ ဖြတ်၍ ကျင့်ရမူ ကောင်းပေမည်” ဟု ငါ့အားအကြံဖြစ်၏။ အဂ္ဂိဝေဿန ထိုအခါ နတ်တို့သည် ငါ့ထံသို့ ချဉ်းကပ်ပြီးလျှင် “အချင်း သင်သည် လုံးဝအစာအာဟာရကို ဖြတ်၍ မကျင့်ပါလင့်၊ အကယ်၍ သင်သည် လုံးဝ အစာအာဟာရကို ဖြတ်၍ ကျင့်အံ့၊ ငါတို့သည် သင်၏ အမွေးတွင်းတို့မှ နတ်ဩဇာကို တစ်ဆင့်သွင်းကြရအံ့၊ ထိုနတ်ဩဇာဖြင့် သင်သည်မျှတလတ္တံ့” ဟု ဆိုကုန်၏။ အဂ္ဂိဝေဿန “ငါသည်လည်း လုံးဝမစား” ဟု ဝန်ခံငြားအံ့၊ ဤနတ်တို့သည်လည်း အမွေးတွင်းတို့မှ နတ်ဩဇာကို တစ်ဆင့်သွင်းကုန်ရာ၏၊ ထိုနတ်ဩဇာဖြင့်လည်း ငါသည် မျှတရအံ့၊ ထိုဝန်ခံခြင်းသည် ငါ့အား မုသားဖြစ်ရာ၏” ဟု ငါ့အား အကြံဖြစ်၏။ အဂ္ဂိဝေဿန ထိုငါသည် ထိုနတ်တို့ကို တားမြစ်၏၊ “မသင့်” ဟု ပြောဆို၏။

၃၈၀။ အဂ္ဂိဝေဿန “ငါသည် တစ်လက်ဖက် တစ်လက်ဖက်မျှသော ပဲနောက်ရည်ကိုဖြစ်စေ၊ ပဲပိစပ်ရည်ကိုဖြစ်စေ၊ ကုလားပဲရည်ကိုဖြစ်စေ၊ စားတော်ပဲရည်ကိုဖြစ်စေ အနည်းငယ် အနည်းငယ်သော အစာအာဟာရကို မျိုရမူ ကောင်းပေမည်” ဟု ငါ့အား အကြံဖြစ်၏။ အဂ္ဂိဝေဿန ထိုငါသည် တစ်လက်ဖက်တစ်လက်ဖက်မျှသော ပဲနောက်ရည်ကိုဖြစ်စေ၊ ပဲပိစပ်ရည်ကိုဖြစ်စေ၊ ကုလားပဲရည်ကိုဖြစ်စေ၊ စားတော်ပဲရည်ကိုဖြစ်စေ အနည်းငယ် အနည်းငယ်သော အစာအာဟာရကို မျို၏။ အဂ္ဂိဝေဿန တစ်လက်ဖက်တစ်လက်ဖက်မျှသော ပဲနောက်ရည်ကိုဖြစ်စေ၊ ပဲပိစပ်ရည်ကိုဖြစ်စေ၊ ကုလားပဲရည်ကိုဖြစ်စေ၊ စားတော်ပဲရည်ကိုဖြစ်စေ အနည်းငယ် အနည်းငယ်သော အစာအာဟာရကို မျိုသော ထိုငါ၏ ကိုယ်သည် အလွန့်ပိန်ကြုံခြင်းသို့ ရောက်၏။ ထိုအာဟာရ နည်းပါးမှုကြောင့်ပင် ငါ၏ အင်္ဂါကြီးငယ်တို့သည် ကစွန်းနွယ်၏အဆစ်တို့ကဲ့သို့လည်းကောင်း၊ နွယ်ပုပ်နွယ်ငန်း၏ အဆစ်တို့ကဲ့သို့လည်းကောင်း ဖြစ်ပေါ်နေ၏။ ထိုအစာအာဟာရနည်းပါးမှုကြောင့်ပင် ငါ၏ တင်ပါးဆုံသားသည် ကုလားအုပ်ခြေရာကဲ့သို့ ဖြစ်ပေါ်နေ၏။ ထိုအစာအာဟာရနည်းပါးမှုကြောင့်ပင် ငါ၏ ကျောက်ကုန်းရိုးသည် ပုတီးကုန်းကဲ့သို့ အမြင့်အနိမ့် ဖြစ်ပေါ်နေ၏။ ထိုအစာအာဟာရနည်းပါးမှုကြောင့်ပင် ဇရပ်ဆွေး၏ အခြင်တို့သည် ဖရိုဖရဲ အထက်တင် အောက်ကျ ပျက်စီးကျနေကုန်သကဲ့သို့ ငါ၏ နံရိုးတို့သည် ဖရိုဖရဲ အထက်တင် အောက်ကျ ဖြစ်နေကုန်၏။ ထိုအစာအာဟာရနည်းပါးမှုကြောင့်ပင် နက်သော ရေတွင်း၌ ရေအဝန်းသည် နက်ရှိုင်း၍ အောက်သို့ ဝင်နေသလို ထင်ရသကဲ့သို့ ငါ၏ မျက်တွင်းတို့၌ မျက်လုံးတို့သည် နက်ရှိုင်း၍ အောက်သို့ ဝင်နေသလို ထင်ရကုန်၏။ ထိုအစာအာဟာရနည်းပါးမှုကြောင့်ပင် အနုဆွတ်ထားသော ဗူးခါးသီးသည် လေနေပူဖြင့် တွေ့ထိကာ ရှှုံ့တွနေသကဲ့သို့ ထိုငါ၏ ဦးခေါင်းရေသည် ရှှုံ့တွနေ၏။

အဂ္ဂိဝေဿန ထိုငါသည် ဝမ်းရေကို သုံးသပ်အံ့ဟု သုံးသပ်သော် ကျောက်ကုန်းရိုးကိုသာလျှင် ကိုင်မိ၏၊ ကျောက်ကုန်းရိုးကို သုံးသပ်အံ့ဟု သုံးသပ်သော် ဝမ်းရေကိုသာလျှင် ကိုင်မိ၏။ အဂ္ဂိဝေဿန ထိုအစာအာဟာရ နည်းပါးမှုကြောင့်ပင် ငါ၏ ဝမ်းရေသည် ကျောက်ကုန်းရိုးကပ်သည်အထိ ဖြစ်ပေါ်နေ၏။ အဂ္ဂိဝေဿန ထိုငါသည် ကျင်ကြီးကိုလည်းကောင်း၊ ကျင်ငယ်ကိုလည်းကောင်း စွန့်အံ့ဟု သွားသော် ထိုနေရာ၌သာ ထိုအစာအာဟာရ နည်းပါးမှုကြောင့်ပင် မှောက်ခုံလဲကျ၏။ အဂ္ဂိဝေဿန ထိုငါသည် ဤကိုယ်ကိုသာလျှင် သက်သာစေလို၍ လက်ဖြင့် ကိုယ်တို့ကို ပွတ်သပ်၏။ အဂ္ဂိဝေဿန လက်ဖြင့် ကိုယ်တို့ကို ပွတ်သပ်သော် အမြစ်ဆွေးနေကုန်သော အမွေးတို့သည် ထိုအစာအာဟာရနည်းပါးမှုကြောင့်ပင် ငါ၏ကိုယ်မှ ကျွတ်ကျကုန်၏။

--

အဂ္ဂိဝေဿန စင်စစ် လူတို့သည် ငါ့ကို မြင်၍ “ရဟန်းဂေါတမသည် မည်းသော အဆင်းရှိ၏” ဟုဆိုကုန်၏။ အချို့လူတို့ကမူ “ရဟန်းဂေါတမသည် မည်းသော အဆင်းရှိသည် မဟုတ်၊ ရဟန်းဂေါတမသည် ရွှေသော အဆင်းရှိ၏” ဟု ဆိုကုန်၏။ အချို့လူတို့သည်ကား “ရဟန်းဂေါတမသည် မည်းသောအဆင်းရှိသည် မဟုတ်၊ ရွှေသော အဆင်းရှိသည် မဟုတ်၊ ရဟန်းဂေါတမသည် ကြမ်းပိုးကျောက်ကုန်းအရေအဆင်းရှိ၏” ဟု ဆိုကုန်၏။ အဂ္ဂိဝေဿန ထိုမျှလောက် စင်ကြယ်ဖြူဖွေးလျက်ရှိသော ငါ၏ အရေအဆင်းသည် ထိုအစာအာဟာရ နည်းပါးမှုကြောင့်ပင် အလွန်ပျက်စီးနေ၏။

၃၈၁။ အဂ္ဂိဝေဿန “အတိတ်ကာလက အားထုတ်ခြင်းကြောင့် ဖြစ်ကုန်သော ကြမ်းတမ်း စပ်ခါးဆိုးရွားထက်မြက်ကုန်သော ဆင်းရဲဝေဒနာတို့ကို ခံစားခဲ့ကုန်သော သမဏဗြာဟ္မဏအားလုံးတို့သည်ဤခံစားခြင်းလောက်သာလျှင် ဖြစ်၏၊ ဤခံစားခြင်းထက် မပိုလွန်။ အနာဂတ်ကာလမှာလည်း အားထုတ်ခြင်းလုံ့လကြောင့် ဖြစ်ကုန်သော ကြမ်းတမ်းစပ်ခါး ဆိုးရွားထက်မြက်ကုန်သော ဆင်းရဲဝေဒနာတို့ကိုခံစား လတ္တံ့ကုန်သော သမဏဗြာဟ္မဏ အားလုံးတို့သည် ဤခံစားခြင်းလောက်သာလျှင် ဖြစ်လတ္တံ့၊ ဤခံစားခြင်း ထက် မပိုလွန်။ ဤယခုပစ္စုပ္ပန်ကာလ၌လည်း အားထုတ်ခြင်းလုံ့လကြောင့် ဖြစ်ကုန်သောကြမ်းတမ်း စပ်ခါး ဆိုးရွားထက်မြက်ကုန်သော ဆင်းရဲဝေဒနာတို့ကို ခံစားနေကုန်သောသမဏဗြာဟ္မဏအားလုံးတို့သည် ဤခံစားခြင်းလောက်သာလျှင် ဖြစ်၏၊ ဤခံစားခြင်းထက် မပိုလွန်ငြါသည် ဤစပ်ခါးသော ပြုနိုင်ခဲသောအမှုကို ပြုကျင့်ခြင်းဖြင့် လူတို့၏ တရားထက်လွန်သောအရိယာဖြစ်ရန် စွမ်းနိုင်သော ဉာဏ် အမြင်ထူးကို မရခဲ့။ သစ္စာလေးပါးကို သိခြင်းငှါ လမ်းစဉ်သည်တစ်ခြားရှိသေးသလော” ဟု ငါ့အား အကြံ ဖြစ်၏။ အဂ္ဂိဝေဿန ထိုငါ့အား “ငါသည်ခမည်းတော်သကျမင်း၏ (လယ်ထွန်မင်္ဂလာ) အမှု၌ အေးမြ သော သပြေပင်အရိပ်၌ ထိုင်လျက်ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်း ဆိတ်၍သာလျှင်ကြံစည်ခြင်း ‘ဝိတက်’ သုံးသပ်ခြင်း ‘ဝိစာရ'နှင့် တကွဖြစ်သော၊ (နိဝရဏ) ကင်းဆိတ်ငြိမ်ခြင်းကြောင့်ဖြစ်သော၊့နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်ကို ပြည့်စုံစေ၍ နေဖူး သည်ကို အမှတ်ရ၏။ ဤပဌမဈာန်သည် သစ္စာလေးပါးကို သိခြင်းငှါ လမ်းစဉ်ဖြစ်တန်ရာ၏” ဟု အကြံဖြစ်၏။ အဂ္ဂိဝေဿနထိုငါ့အား “ဤသည်ပင်လျှင် သစ္စာလေးပါးကို သိခြင်းငှါ လမ်းစဉ်တည်း” ဟု အောက် မေ့ခြင်းသို့အစဉ်လိုက်သော စိတ်ဖြစ်၏။ အဂ္ဂိဝေဿန ထိုငါ့အား “ကာမဂုဏ်တို့မှ။ ကဉ်၍သာလျှင်အကုသိုလ်တရားတို့မှ ကြဉ်၍သာလျှင်ဖြစ်သော ပဌမဈာန်ချမ်းသာကို ငါသည် ကြောက်လေသလော” ဟုဤအကြံသည် ဖြစ်၏။ အဂ္ဂိဝေဿန ထိုငါ့အား “ကာမဂုဏ်တို့မှ ကြဉ်၍သာလျှင် အကုသိုလ်တရားတို့မှကြဉ်၍သာလျှင်ဖြစ်သော ပဌမဈာန်ချမ်းသာကို ငါမကြောက်” ဟု ဤအကြံဖြစ်၏။

၃၈၂။ အဂ္ဂိဝေဿန ထိုငါ့အား “ဤသို့ အလွန်ပိန်ကြုံသော အဖြစ်သို့ရောက်သော ကိုယ်ဖြင့် ထို (ပဌမဈာန်) ချမ်းသာကို ရရန် မလွယ်။ ငါသည် ကြမ်းတမ်းသော ထမင်း မုယော မုန့် အစာအာဟာရကိုစားရမူ ကောင်းပေမည်” ဟု အကြံဖြစ်၏။ အဂ္ဂိဝေဿန ထိုငါသည် ကြမ်းတမ်းသော ထမင်း မုယောမုန့် အစာ အာဟာရကို စား၏။ အဂ္ဂိဝေဿန ထိုအခါ ငါ၏ အထံ၌ “ရဟန်းဂေါတမသည် ရသောတရားကို ငါတို့အား ပြောကြားလတ္တံ့” ဟု ရဟန်းငါးပါး (ပဉ္စဝဂ္ဂီ)တို့သည် လုပ်ကျွေးနေကုန်၏။ အဂ္ဂိဝေဿန ကြမ်းတမ်းသော ထမင်း မုယောမုန့် အစာအာဟာရကို ငါစားသောအခါ “ရဟန်းဂေါတမသည် ပစ္စည်းများပြားခြင်းငှာ ကျင့်၏၊ ကမ္မဋ္ဌာန်း အားထုတ်မှု အလုပ်ခွင်မှ ထွက်လာသူ ဖြစ်၏၊ ပစ္စည်းများပြားခြင်းငှာ လှည့်လည်၏” ဟုငြီးငွေ့၍ ထိုရဟန်း ငါးပါးတို့သည် ငါ၏ထံမှ ဖဲခွာကုန်၏။

၃၈၃။ အဂ္ဂိဝေဿန ငါသည် ကြမ်းတမ်းသော အစာအာဟာရကို စား၍ အားကို ယူကာကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင်ကြံစည်ခြင်း ‘ဝိတက်'နှင့် တကွဖြစ်သော၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ နှင့် တကွဖြစ်သော၊ (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ အဂ္ဂိဝေဿနဤသို့သဘောရှိသော ဖြစ်ပေါ်လာသော ချမ်းသာခံစားမှုသည်လည်း ငါ၏ စိတ်ကို သိမ်းကျုံး၍ မတည်နိုင်။

ဝိတက် ဝိစာရတို့၏ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော၊ စိတ်၏တည်ကြည်ခြင်း ‘သမာဓိ'ကို ဖြစ်ပွားစေတတ်သော၊ ကြံစည်ခြင်း ‘ဝိတက်’ မရှိသော၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ'မရှိသော၊

--

တည်ကြည်ခြင်း ‘သမာဓိ'ကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ'ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏။ အဂ္ဂိဝေဿန ဤသို့သဘောရှိသော ဖြစ်ပေါ်လာသော ချမ်းသာခံစားမှုသည်လည်း ငါ၏ စိတ်ကို သိမ်းကျုံး၍ မတည်နိုင်။

နှစ်သိမ့်ခြင်း ‘ပီတိ'ကိုလည်း မတက်မက်ခြင်းကြောင့် သတိ,သမ္ပဇဉ်နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုလျက် နေ၏၊ ချမ်းသာ ‘သုခ’ ကိုလည်း ကိုယ်ဖြင့် ခံစား၏၊ အကြင် (တတိယဈာန်) ကြောင့် ထိုသူကို “လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာနေလေ့ရှိသူ” ဟု အရိယာ (ပုဂ္ဂိုလ်)တို့သည် ပြောကြားကုန်၏၊ ထိုတတိယဈာန်သို့ ရောက်၍ နေ၏။ အဂ္ဂိဝေဿန ဤသို့သဘောရှိသော ဖြစ်ပေါ်လာသော ချမ်းသာခံစားမှုသည်လည်း ငါ၏ စိတ်ကို သိမ်း ကျုံး ၍ မတည်နိုင်။

ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း ဝမ်းသာခြင်းနှလုံးမသာခြင်းတို့၏ ရှေးဦးကပင်လျှင် ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲ ချမ်းသာမရှိသော လျစ်လျူရှုခြင်း ‘ဥပေက္ခာ'ကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ အဂ္ဂိဝေဿန ဤသို့သဘောရှိသောဖြစ်ပေါ်လာသော ချမ်းသာခံစားမှုသည်လည်း ငါ၏ စိတ်ကို သိမ်းကျုံး၍ မတည်နိုင်။

၃၈၄။ ထိုငါ၏ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော်မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထိုငါသည် ရှေး၌ဖြစ်ဖူးသော ဘဝကို အောက်မေ့နိုင်သော (ပုဗ္ဗေနိဝါသာနုဿတိ) ဉာဏ်အလို့ငှာ စိတ်ကို (ရှေးရှုဆောင်ခဲ့ပြီ) ရှေးရှုညွတ်စေခဲ့ပြီ။ ထိုငါသည် များပြားသော ရှေး၌ဖြစ်ဖူးသည်ကို အောက်မေ့နိုင်၏။ ဤသည်ကား အဘယ်နည်း၊ တစ်ဘဝကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာနှင့်တကွ အဖြစ်သနစ်နှင့် တကွ များပြားသော ရှေး၌ဖြစ်ဖူးသော ဘဝကို အောက်မေ့၏။ အဂ္ဂိဝေဿန ငါသည် ညဉ့်၏ ရှေးဦးပဌမယာမ်၌ ရှေးဦးစွာသော အသိဉာဏ် ‘ဝိဇ္ဇာ'ကို ရခဲ့ပြီ၊ မသိမှု ‘အဝိဇ္ဇာ’ ပျောက်ခဲ့ပြီ၊ အသိဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ်ခဲ့ပြီ၊ (အဝိဇ္ဇာ) မှောင်ပျောက်ခဲ့ပြီ၊ (ဝိဇ္ဇာ) ဉာဏ် အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ။ မမေ့မလျော့ဘဲ ပြင်းစွာအားထုတ်လျက် တည်ကြည်သောစိတ်ရှိသည်ဖြစ်၍ နေသောသူအား အဝိဇ္ဇာမှောင်ကင်း၍ ပညာဉာဏ်အရောင်အလင်း ဖြစ်ပေါ်သကဲ့သို့တည်း။ အဂ္ဂိဝေဿန ဤသို့သဘောရှိသော ဖြစ်ပေါ်လာသော ချမ်းသာခံစားမှုသည်လည်း ငါ၏စိတ်ကို သိမ်းကျုံး၍ မတည် နိုင်။

၃၈၅။ ထိုငါသည် ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် သတ္တဝါတို့၏ သေခြင်း ‘စုတိ’ ဖြစ်ခြင်း ‘ပဋိသန္ဓေ’ ကို သိသော ဉာဏ်အလို့ငှာ စိတ်ကို ရှေးရှုဆောင်ခဲ့ပြီ၊ ရှေးရှုညွတ်စေခဲ့ပြီ။

ထိုငါသည် အထူးသဖြင့်စင်ကြယ်သော လူတို့၏ မျက်စိအမြင်ထက် သာလွန်သော နတ်မျက်စိနှင့်တူသော မျက်စိ ‘ဒိဗ္ဗစက္ခု’ ဖြင့် သေဆဲသတ္တဝါ ဖြစ်ဆဲသတ္တဝါ ယုတ်သောသတ္တဝါ မြတ်သောသတ္တဝါအဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါ ကောင်းသော လားရာ ‘ဂတိ’ ရှိသောသတ္တဝါ မကောင်းသောလားရာ ‘ဂတိ'ရှိသော သတ္တဝါတို့ကို မြင်ပြီ၊ ကံအားလျော်စွာဖြစ်သော သတ္တဝါတို့ကို သိပြီ။ပ။ အဂ္ဂိဝေဿန ငါသည် ညဉ့်၏ အလယ်ဖြစ်သော မဇ္ဈိမယာမ်၌ နှစ်ခုမြောက် အသိဉာဏ် ‘ဝိဇ္ဇာ'ကို ရခဲ့ပြီ၊ မသိမှု ‘အဝိဇ္ဇာ’ပျောက်ခဲ့ပြီ၊ အသိဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ်ခဲ့ပြီ၊ (အဝိဇ္ဇာ) မှောင် ပျောက်ခဲ့ပြီ၊ (ဝိဇ္ဇာ) ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ။

မမေ့လျော့ပဲ ပြင်းစွာအားထုတ်လျက် တည်ကြည်သော စိတ်ရှိသည်ဖြစ်၍ နေသော သူအားအဝိဇ္ဇာမှောင် ကင်း၍ ပညာဉာဏ်အရောင်အလင်း ဖြစ်ပေါ်သကဲ့သို့တည်း။ အဂ္ဂိဝေဿန ဤသို့သဘောရှိသော ဖြစ်ပေါ်လာသော ချမ်းသာသည်လည်း ငါ၏ စိတ်ကို သိမ်းကျုံး၍ မတည်နိုင်။

--

၃၈၆။ ထိုငါသည် ဤသို့တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် အာသဝေါတရားတို့ကို ကုန်ခန်းစေတတ်သော ဉာဏ်အလို့ငှာစိတ်ကို ရှေးရှုဆောင်ခဲ့ပြီ၊ ရှေးရှုညွတ်စေခဲ့ပြီ။

ထိုငါသည် ဤကား ဆင်းရဲဟုဟုတ်မှန်သောအတိုင်း သိ၏။ ဤကား ဆင်းရဲဖြစ်ပေါ်ခြင်း၏အကြောင်းဟုဟုတ်မှန်သောအတိုင်း သိ၏။ ဤကား ဆင်းရဲချုပ်ရာ နိဗ္ဗာန်ဟုဟုတ်မှန်သောအတိုင်းသိ၏၊ ဤကား ဆင်းရဲ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဟုဟုတ်မှန်သောအတိုင်း သိ၏။

ဤသည်တို့ကား အာသဝေါတရားတို့ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား အာသဝေါတရားတို့၏ဖြစ်ပေါ်ခြင်း၏ အကြောင်းဟုဟုတ်မှန်သောအတိုင်း သိ၏။ ဤကား အာသဝေါတရားတို့ ချုပ်ရာ (နိဗ္ဗာန်) ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား အာသဝေါတရားတို့ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဟုဟုတ်မှန်သောအတိုင်း သိ၏။

ဤသို့ သိသော ဤသို့ မြင်သော ထိုငါ၏ စိတ်သည် ကမာသဝမှလည်း လွတ်မြောက်ခဲ့ပြီ၊ ဘဝါသဝမှလည်း လွတ်မြောက်ခဲ့ပြီ၊ အဝိဇ္ဇာသဝမှလည်း လွတ်မြောက်ခဲ့ပြီ၊ လွတ်မြောက်ပြီးလတ်သော် “လွတ်မြောက်လေပြီ” ဟု အသိဉာဏ်ဖြစ်ပေါ်ခဲ့ပြီ၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စ္စအလို့ငှာ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ” ဟု သိ၏။

အဂ္ဂိဝေဿန ငါသည် ညဉ့်၏နောက်ဆုံးဖြစ်သော ပစ္ဆိမယာမ်၌ သုံးခုမြောက် အသိဉာဏ် ‘ဝိဇ္ဇာ'ကိုရခဲ့ပြီ၊ မသိမှု ‘အဝိဇ္ဇာ’ သည် ပျောက်ခဲ့ပြီ၊ အသိဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ်ခဲ့ပြီ၊ (အဝိဇ္ဇာ) မှောင်ပျောက်ခဲ့ပြီ၊ (ဝိဇ္ဇာ) ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ။ မမေ့လျော့ပဲ ပြင်းစွာအားထုတ်လျက် တည်ကြည်သော စိတ်ရှိသည်ဖြစ်၍ နေသောသူအား အဝိဇ္ဇာမှောင်ကင်း၍ ပညာဉာဏ်အရောင်အလင်း ဖြစ်ပေါ်သကဲ့သို့တည်း။ အဂ္ဂိဝေဿန ဤသို့သဘောရှိသော ဖြစ်ပေါ်လာသော ချမ်းသာခံစားမှုသည်လည်း ငါ၏ စိတ်ကို သိမ်းကျုံး၍ မတည်နိုင်။

၃၈၇။ အဂ္ဂိဝေဿန ငါသည် အရာမကများစွာသော ပရိသတ်၌ တရားဟောဖူးသည်ကို အမှတ်ရ၏၊ စင်စစ် တစ်ဦးစီတစ်ဦးစီသော ပုဂ္ဂိုလ်တိုင်းကပင် “ငါ့ကိုသာလျှင် ရည်ရွယ်၍ ရဟန်းဂေါတမကား တရားဟော၏” ဟု ဤသို့ ငါ့အား ထင်မှတ်၏။ အဂ္ဂိဝေဿန ဤထင်မှတ်ချက်ကို ဤအတိုင်း မမှတ်သင့်။ သိစေခြင်းငှာသာလျှင် မြတ်စွာဘုရားသည် သူတစ်ပါးတို့အား တရားဟော၏။ အဂ္ဂိဝေဿန ထိုငါသည်ထို (တရား) စကား၏ အဆုံး၌ (ငါ) အခါခပ်သိမ်း နေကြောင်းဖြစ်သော ထိုရှေးဖြစ်သော (အရဟတ္တဖိုလ်) သမာဓိ၏ အာရုံဖြစ်သော နိဗ္ဗာန်၌သာလျှင် စိတ်ကို ကောင်းစွာတည်စေ၏၊ ကောင်းစွာနေစေ၏၊ အာရုံ တစ်ခုတည်းရှိမှုကို ပြု၏၊ ကောင်းစွာ ဆောက်တည်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ၏ ဤစကားကား ယုံကြည်ထိုက်ပါ၏။ ကိလေသာရန်သူကို သတ်နိုင်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိသော မြတ်စွာဘုရား၏ ထုံးတမ်းစဉ်လာပင် ဖြစ်ပါ၏။ အသျှင်ဂေါတမသည် “နေ့အခါ အိပ်ဖူးသည်ကို” အမှတ်ရပါ၏လောဟု (မေးလျှောက်၏)။

အဂ္ဂိဝေဿန ငါသည် နွေဥတုတို့၏ နောက်ဆုံးဖြစ်သောလ၌ ဆွမ်းခံရာမှ ဖဲခွာခဲ့၍ ဆွမ်းစားပြီးနောက်ဒုကုဋ်သင်္ကန်းကို လေးထပ်ခင်းကာ လက်ယာနံပါးဖြင့် သတိ သမ္ပဇဉ်ရှိသည်ဖြစ်၍ အိပ်ပျော်ဖူး သည်ကိုအမှတ်ရ၏ဟု (မိန့်တော်မူ၏)။

--

အသျှင်ဂေါတမ ဤနေ့အခါအိပ်ခြင်းကို အချို့သော သမဏဗြာဟ္မဏတို့က ‘တွေဝေသောနေခြင်း’ဟုဆိုကုန်၏ဟု (ဆို၏)။

အဂ္ဂိဝေဿန ဤမျှဖြင့် တွေဝေသော သူသည်လည်းကောင်း၊ မတွေဝေသော သူသည်လည်း ကောင်းမဖြစ်သေး။ အဂ္ဂိဝေဿန စင်စစ်သော်ကား တွေဝေသောသူ မတွေဝေသောသူဖြစ်သည့်အ ကြောင်းကိုနာလော့ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောကြားအံ့ဟု (မိန့်တော်မူ၏)။ အသျှင် (ဂေါတမ) ကောင်းပါပြီဟု နိဂဏ္ဌ တက္ကတွန်း၏သား သစ္စကသည် မြတ်စွာဘုရားအား ပြန်ကြား၏။ မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏ -

၃၈၈။ အဂ္ဂိဝေဿန မည်သူမှာမဆို ပူပန်ညစ်ညူးစေတတ်သော တစ်ဖန်ဘဝသစ်ကို ဖြစ်စေတတ် သောပူလောင်ခြင်းနှင့်တကွ ဆင်းရဲခြင်းအကျိုးရှိကုန်သော နောင်အခါ (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း အိုခြင်းသေခြင်းကို ဖြစ်စေတတ်ကုန်သော အာသဝေါတရားတို့ကို မပယ်ရသေး၊ ထိုသူကို ငါသည် ‘တွေဝေသူ’ဟုဟောကြား၏။ အဂ္ဂိဝေဿန အာသဝေါတရားတို့ကို မပယ်ခြင်းကြောင့် တွေဝေသူ ဖြစ်၏။ အဂ္ဂိဝေဿနမည်သူမှာမဆို ပူပန်ညစ်ညူးစေတတ်သော တစ်ဖန်ဘဝသစ်ကို ဖြစ်စေတတ်သော ပူလောင်ခြင်းနှင့်တကွဆင်းရဲခြင်းအကျိုးရှိကုန်သော နောင်အခါ၌ (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း အိုခြင်း သေခြင်းကိုဖြစ်စေတတ်ကုန်သော အာသဝေါ တရားတို့ကို ပယ်ထား၏၊ ထိုသူကို ငါသည် ‘မတွေဝေသူ’ဟုဟောကြား၏။ အဂ္ဂိဝေဿန အာသဝေါတရားတို့ကို ပယ်ခြင်းကြောင့် မတွေဝေသူ ဖြစ်၏။

အဂ္ဂိဝေဿန မြတ်စွာဘုရားမှာ ပူပန်ညစ်ညူးစေတတ်သော တစ်ဖန်ဘဝသစ်ကို ဖြစ်စေတတ်သောပူလောင်ခြင်းနှင့်တကွ ဆင်းရဲခြင်းအကျိုးရှိကုန်သော နောင်အခါ၌ (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း အိုခြင်း သေခြင်းကို ဖြစ်စေတတ်ကုန်သော အာသဝေါတရားတို့ကို ပယ်ထားကုန်၏၊ အမြစ်အရင်းကိုအကြွင်းမဲ့ ဖြတ်ထားကုန်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုထားကုန်၏၊ တစ်ဖန်မဖြစ်ခြင်းကို့ပြုထားကုန်၏၊ နောင်အခါ ဖြစ်ပေါ်ခြင်းသဘော မရှိတော့ချေ။ အဂ္ဂိဝေဿန ခေါင်းလည်ပြတ်ပြီးသောထန်းပင်သည် တစ်ဖန်စည်ပင်ခြင်းငှာ မထိုက်သကဲ့သို့ မြတ်စွာဘုရားမှာ ပူပန်ညစ်ညူးစေတတ်သောတစ်ဖန်ဘဝသစ်ကို ဖြစ်စေတတ်သော ပူလောင်ခြင်းနှင့် တကွ ဆင်းရဲခြင်းအကျိုးရှိကုန်သော နောင်အခါ၌ (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း အိုခြင်း သေခြင်းကိုဖြစ်စေ တတ်ကုန်သော အာသဝေါတရားတို့ကိုပယ်ထားကုန်၏၊ အမြစ် အရင်းကို ဖြတ်ထားကုန်၏။ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုထားကုန်၏၊ တစ်ဖန်မဖြစ်ခြင်းကို ပြု ထားကုန်၏၊ နောင်အခါ၌ ဖြစ်ပေါ်ခြင်းသဘော မရှိတော့ချေဟု (မိန့်တော်မူ၏)။

၃၈၉။ ဤသို့ မိန့်တော်မူသော် နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် မြတ်စွာဘုရားကို “အသျှင်ဂေါတမ အံ့ဩဖွတ်ရှိပါပေ၏၊ အသျှင်ဂေါတမ မဖြစ်စဖူး ဖြစ်ပါပေ၏၊ ဤသို့ ထိခိုက်၍ ထိခိုက်၍ အပြောခံရသော စောင်းချိတ်သော စကားတို့ဖြင့် အပြောခံရသော အသျှင်ဂေါတမ၏ အရေအဆင်းသည်ဖြူစင်၏၊ မျက်နှာအဆင်းသည်လည်း ကြည်လင်၏၊ ကိလေသာရန်သူကို သတ်နိုင်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိသော မြတ်စွာဘုရား၏ ထုံးတမ်းစဉ်လာပင်ဖြစ်ပါပေသည်။

အသျှင်ဂေါတမ အကျွန်ုပ်သည် ပူရဏကဿပကို စကားလမ်းစဉ်ဖြင့် အပြစ်တင်ဆိုဖူးသည်ကိုအမှတ်ရပါ၏၊ ထိုပူရဏကဿပသည်လည်း အကျွန်ုပ်က စကားလမ်းစဉ်ဖြင့် အပြစ်တင်ဆိုသော် အကြောင်းတစ်ပါးဖြင့် အကြောင်းတစ်ပါးကို ဖုံးဖိ၏၊ အပသို့ စကားကို လွဲှဖယ်၏၊ အမျက်ထွက်ခြင်းပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှားပြု၏၊ အသျှင်ဂေါတမမှာကား ဤသို့ ထိခိုက်၍ ထိခိုက်၍ ပြောဆိုသော်လည်း စောင်းချိတ်စကားတို့ဖြင့် ပြောဆိုသော်လည်း အရေအဆင်းသည် ဖြူစင်၏၊ မျက်နှာအဆင်းသည်လည်း ကြည်လင်၏၊ ကိလေသာ ရန်သူကို သတ်နိုင်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိသော မြတ်စွာဘုရား၏ ထုံးတမ်းစဉ်လာပင် ဖြစ်ပါပေသည်။

--

အသျှင်ဂေါတမ အကျွန်ုပ်သည် မက္ခလိဂေါသာလကို။ပ။ အဇိတကေသကမ္ဗလကို။ ပကုဓကစ္စာယန ကို။ ဗေလဋ္ဌသား သဉ္စယကို။ နာဋ၏သား နိဂဏ္ဌတက္ကတွန်းကို စကားလမ်းစဉ်ဖြင့် အပြစ်တင်ဆိုဖူးသည် ကိုအမှတ်ရပါ၏၊ ထိုနာဋ၏သား နိဂဏ္ဌတက္ကတွန်းသည်လည်း အကျွန်ုပ်က စကားလမ်းစဉ်ဖြင့် အပြစ်တင်ဆိုသော် အကြောင်းတစ်ပါးဖြင့် အကြောင်းတစ်ပါးကို ဖုံးဖိ၏၊ အပသို့ စကားကို လွှဲဖယ်၏၊ အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကိုလည်း ထင်ရှားပြု၏။ အသျှင်ဂေါတမမှာကား ဤသို့ ထိခိုက်၍ထိခိုက်၍ ပြောဆိုသော်လည်း အရေအဆင်းသည် ဖြူစင်၏၊ မျက်နှာအဆင်းသည်လည်း ကြည်လင်၏၊ ကိလေသာရန်သူကို သတ်နိုင်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိသော မြတ်စွာဘုရား၏ ထုံးတမ်းစဉ်လာပင် ဖြစ်ပါပေသည်။

အသျှင်ဂေါတမ ယခုအခါ အကျွန်ုပ်တို့သည် သွားပါကုန်အံ့၊ အကျွန်ုပ်တို့သည် များသောကိစ္စ (ရှိပါကုန်၏)၊ များသောပြုဖွယ် ရှိပါကုန်၏” ဟု (လျှောက်၏)။

အဂ္ဂိဝေဿန ယခုအခါ သွားရန် အချိန်အခါကို သင်သိ၏ (သွားရန်မှာ သင်၏ အလိုအတိုင်းသာဖြစ်၏) ဟု (မိန့်တော်မူ၏)။ ထိုအခါ နိဂဏ္ဌတက္ကတွန်း၏သား သစ္စကသည် မြတ်စွာဘုရား၏ တရားစကားကို နှစ်ခြိုက်ဝမ်းမြောက်၍ နေရာမှ ထကာ ဖဲခွါသွားလေ၏။

ခြောက်ခုမြောက် မဟာသစ္စကသုတ်ပြီး၏။

--

၇- စူဠတဏှာသင်္ခယသုတ်

၃၉၀။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်း မိဂါရသူဌေး၏ အမိသဖွယ်ဖြစ်သောဝိသာခါ၏ ပြာသာဒ်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ နတ်တို့ကို အစိုးရသော သိကြားမင်းသည့်မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရိုသောစွာရှိခိုး၍ တစ်ခုသောအရပ်၌ ရပ်တည်ကာ “အသျှင်ဘုရား အဘယ်မျှလောက်သော အကျင့်ဖြင့် ရဟန်းသည် အကျဉ်းအားဖြင့် တပ်မက်မှု ‘တဏှာ'ကုန်ရာ (နိဗ္ဗာန်) ကို အာရုံပြု၍ လွတ်မြောက်သော စိတ်ရှိသူ၊ ဧကန်ပြီးဆုံးခြင်းရှိသူ၊ ဧကန်ဘေးကင်းခြင်းရှိသူ၊ ဧကန်မြတ်သော အကျင့်ရှိသူ ဧကန်အဆုံးစခန်း ပန်တိုင်ရှိသူ နတ်လူတို့ထက်မြတ်သူ ဖြစ်ပါသနည်း” ဟု လျှောက်၏။

သိကြားမင်း ဤသာသနာတော်၌ ရဟန်းသည် “တရားအားလုံးတို့ကို သက်ဝင်စွဲလမ်းခြင်းငှါမသင့်” ဟု ကြားဖူး၏။ သိကြားမင်း ဤသို့ “တရားအားလုံးတို့ကို သက်ဝင်စွဲလမ်းခြင်းငှါ မသင့်” ဟုကြားဖူးသော ထိုရဟန်းသည် တရားအားလုံးကို အထူးသိ၏၊ တရားအားလုံးကို အထူးသိပြီး၍ တရားအားလုံးကို ပိုင်းခြား၍ သိ၏၊ တရားအားလုံးကို ပိုင်းခြားသိပြီး၍ ချမ်းသာကိုဖြစ်စေ၊ ဆင်းရဲကိုဖြစ်စေ၊ ချမ်းသာမဟုတ် ဆင်းရဲမဟုတ်သည်ကိုဖြစ်စေ အမှတ်မရှိသော ဝေဒနာကို ခံစား၏။ ထိုရဟန်းသည် ထိုခံစားခြင်း ‘ဝေဒနာ'တို့၌ မမြဲသောအားဖြင့် ရှုမြင်လျက် နေ၏၊ တပ်စွန်းခြင်းကင်းသောအားဖြင့် ရှုမြင်လျက် နေ၏။ ချုပ်သောအားဖြင့် ရှုမြင်လျက်နေ၏။ စွန့်လွှတ် ပြေးဝင်သောအားဖြင့် ရှုမြင်လျက် နေ၏။ ထိုရဟန်းသည် ထိုခံစားခြင်း ‘ဝေဒနာ'တို့၌ မမြဲသောအားဖြင့် ရှုမြင်လျက်နေသော် တပ်စွန်းခြင်းကင်းသောအားဖြင့် ရှုမြင်လျက်နေသော် ချုပ်သောအားဖြင့် ရှုမြင်လျက်နေသော် စွန့်လွှတ်ပြေးဝင်သောအားဖြင့်ရှုမြင်လျက်နေသော် လောက၌ (သင်္ခါရ) တစ်စုံတစ်ရာကိုမျှ မစွဲယူပေ၊ မစွဲယူသော် ထက်ဝန်းကျင်မတပ် မက်တော့ပေ၊ ထက်ဝန်းကျင် မတပ်မက်သော် အလိုလို ကိုယ်တိုင်သာလျှင်ငြိမ်းအေး၏၊ “ပဋိသန္ဓေ နေမှုကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ်မရှိတော့” ဟု သိ၏။ သိကြားမင်း ဤမျှလောက်သော အကျင့်ဖြင့်ရဟန်းသည် အကျဉ်းအားဖြင့် တပ်မက်မှု ‘တဏှာ'ကုန်ရာ (နိဗ္ဗာန်) ကို အာရုံပြု၍လွတ်မြောက်သောစိတ်ရှိသူ၊ ဧကန်ပြီး ဆုံးခြင်း ရှိသူ၊ ဧကန်ဘေးကင်းခြင်းရှိသူ၊ ဧကန်မြတ်သောအကျင့်ရှိ့သူ၊ ဧကန်အဆုံးစခန်ပန်းတိုင်ရှိသူ၊ နတ် လူတို့ထက်မြတ်သူ ဖြစ်၏ဟု (မိန့်တော်မူ၏)။

ထိုအခါ နတ်တို့ကို အစိုးရသော သိကြားမင်းသည် မြတ်စွာဘုရား၏ တရားကို နှစ်ခြိုက်ဝမ်း မြောက်၍မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ထိုနေရာ၌ပင် ကွယ်လေ၏။

၃၉၁။ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် မြတ်စွာဘုရား၏ အနီး၌ ထိုင်နေ၏။ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် “အသို့နည်း၊ ထိုနတ်သည် မြတ်စွာဘုရား၏ တရားစကားကို သိ၍ ဝမ်းမြောက်လေသလော၊ သို့မဟုတ် မသိမူဘဲ ဝမ်းမြောက်လေသလော။ ထိုနတ်သည် မြတ်စွာဘုရား၏တရားစကား ကို သိ၍သော်လည်းကောင်း၊ မသိမူ၍သော်လည်းကောင်း ဝမ်းမြောက်သလော၊ ထိုနတ်ကိုငါသိအောင်ပြုရ မူ ကောင်းပေမည်” ဟု အကြံဖြစ်၏။ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည်ဥပမာသော်ကား အားရှိ သော ယောကျ်ားသည် ကွေးထားသော လက်မောင်းကိုဆန့်ရာသကဲ့သို့လည်းကောင်း၊ ဆန့်ထားသော လက်မောင်းကို ကွေးရာသကဲ့သို့လည်းကောင်းဤအတူပင်လျှင် ပုဗ္ဗာရုံကျောင်း မိဂါရသူဌေး၏ အမိသဖွယ် ဖြစ်သော ဝိသာခါ၏ ပြာသာဒ်၌ ကွယ်ကာတာဝတိံသာနတ်တို့၌ ထင်ရှားဖြစ်၏။

--

ထိုအခါ နတ်တို့ကို အစိုးရသော သိကြားမင်းသည် သရက်ဖြူတစ်ပင်ရှိသော ဥယျာဉ်၌ နတ်၌ ဖြစ်သောတူရိယာငါးရာတို့နှင့် ကောင်းစွာကုံလုံပြည့်စုံသည်ဖြစ်၍ နတ်စည်းစိမ်ကို ခံစားလျက်နေ၏။ နတ်တို့ကိုအစိုးရသော သိကြားမင်းသည် အဝေးမှ လာသော အသျှင်မဟာမောဂ္ဂလာန်ကို မြင်၍ ထိုနတ်၌ ဖြစ်သောတူရိယာငါးရာတို့ကို ပယ်မြစ်ကာ အသျှင်မဟာမောဂ္ဂလာန်ထံသို့ ချဉ်းကပ်ပြီးလျှင် “အသျှင် မောဂ္ဂလာန်ကြွခဲ့ပါလော့၊ အသျှင်မောဂ္ဂလာန် သင်၏ ကြွလာခြင်းသည် ကောင်းသော ကြွလာခြင်းပါ တည်း၊့အသျှင်မောဂ္ဂလာန် ဤနတ်ပြည်သို့ လာဖို့ရန် အလှည့်ကို ကြာမြင့်မှ ပြုတော်မူ၏၊ အသျှင် မောဂ္ဂလာန်ထိုင်တော်မူပါ။ ဤနေရာကို ခင်းထားပါပြီ” ဟု အသျှင်မဟာမောဂ္ဂလာန်အား လျှောက်ထား၏။ အသျှင်မဟာမောဂ္ဂလာန်သည် ခင်းထားသော နေရာ၌ ထိုင်တော်မူ၏။

နတ်တို့ကိုအစိုးရသော သိကြားမင်းသည်လည်း အခြားနိမ့်သော နေရာကို ယူ၍ သင့်လျော်သော နေရာ၌ထိုင်၏။ သင့်လျော်သော နေရာ၌ ထိုင်သော နတ်တို့ကိုအစိုးရသော သိကြားမင်းကို အသျှင်မဟာမောဂ္ဂလာန်သည် “သိကြားမင်း အဘယ်သို့လျှင် မြတ်စွာဘုရားက သင်တို့အား အကျဉ်းအားဖြင့်တပ်မက်မှု ‘တဏှာ'ကုန်ရာ (နိဗ္ဗာန်) ကို အာရုံပြု၍ လွတ်မြောက်ခြင်းကို ဟောကြားတော်မူသနည်း၊ တောင်းပန်ပါ၏၊ ငါတို့သည်လည်း ဤတရားစကားကို ကြားနာခြင်းငှာ အဖို့ရှိသူတို့ ဖြစ်လိုကုန်၏” ဟုမိန့်ဆို၏။

၃၉၂။ အသျှင်မောဂ္ဂလာန် တပည့်တော်တို့မှာ ပြုဖွယ်ကိစ္စ များပြားလှပါကုန်၏၊ (သို့ရာတွင်) မိမိပြုဖွယ် ကိစ္စအတွက် အနည်းငယ်သာဖြစ်၍ တာဝတိံသာနတ်တို့၏ ပြုဖွယ်ကိစ္စအတွက်သာလျှင် စင်စစ်များလှပါကုန်၏။ အသျှင်မောဂ္ဂလာန် စင်စစ်ကား ကောင်းစွာ ကြားနာထားသော ကောင်းစွာ သင်ယူထားသော ကောင်းစွာ နှလုံးသွင်းထားသော ကောင်းစွာ ဆောင်ထားသော တရားသည် တပည့်တော်တို့မှလျင်စွာသာလျှင် ကွယ်ပျောက် ပါ၏။

အသျှင်မောဂ္ဂလာန် ရှေး၌ဖြစ်ဖူးသည်ကား စစ်ဆင်စုရုံးထားသော နတ် အသုရာ စစ်ပွဲကြီးသည်ဖြစ်ခဲ့ပါ၏။ အသျှင်မောဂ္ဂလာန် ထိုစစ်ပွဲကြီး၌ နတ်တို့က အနိုင်ရ၍ အသုရာတို့သည် ရှုံးနိမ့်ပါကုန်၏။ အသျှင်မောဂ္ဂလာန် ထိုတပည့်တော်သည် ထိုစစ်ပွဲကြီးကို အောင်မြင်၍ စစ်အောင်သူ ဖြစ်ပါ၏၊ ထိုစစ်နိုင်ရာအောင်မြေမှ ပြန်လှည့်ကာ ဝေဇယန္တာမည်သော ပြာသာဒ်ကို ဖန်ဆင်းပါ၏။ အသျှင်မောဂ္ဂလာန်ဝေဇယန္တာ ပြာသာဒ်မှာဘုံဆောင် တစ်ရာ့တစ်ဆောင်ရှိ၍ ဘုံဆောင်တစ်ဆောင် တစ်ဆောင်၌အထွဋ်ရှိသော အခန်း ခုနှစ်ရာစီ ရှိ၏၊ အထွဋ်ရှိသောအခန်း တစ်ခန်းတစ်ခန်း၌လည်း နတ်သမီးခုနစ်ယောက်စီရှိ၏၊ နတ်သမီးတစ်ယောက် တစ်ယောက်၌လည်း အလုပ်အကျွေး ခုနစ်ယောက်စီရှိပါကုန်၏။ အသျှင် မောဂ္ဂလာန် အသျှင် (ဘုရား) သည် ဝေဇယန္တာ ပြာသာဒ်၏မွေ့လျော်ဖွယ်ရှိသည့်အဖြစ်ကို ရှုမြင်ရန် အလိုရှိပါသလောဟု လျှောက်ကြား၏။ အသျှင်မဟာမောဂ္ဂလာန်သည် ဆိတ်ဆိတ်နေခြင်းဖြင့် သည်းခံ တော်မူ၏။

၃၉၃။ ထိုအခါ နတ်တို့ကိုအစိုးရသော သိကြားမင်းသည်လည်းကောင်း၊ ဝေဿဝဏ်နတ်မင်းကြီးသည်လည်းကောင်း အသျှင်မဟာမောဂ္ဂလာန်ကို ရှေ့ဆောင်ပြု၍ ဝေဇယန္တာပြာသာဒ်ဆီသို့ ချဉ်းကပ်ကုန်၏။ နတ်တို့ကို အစိုးရသော သိကြားမင်း၏ အလုပ်အကျွေးတို့သည် အဝေးမှ လာသော အသျှင်မဟာမောဂ္ဂလာန်ကို မြင်၍ ကြောက်ရွံ့ရှက်နိုးကြကာ မိမိ မိမိအခန်းသို့ ဝင်ကုန်၏။ ချွေးမသည် ယောက္ခမကိုမြင်၍ ကြောက်ရွံ့ရှက်နိုးသကဲ့သို့ နတ်တို့ကိုအစိုးရသော သိကြားမင်း၏ အလုပ်အကျွေးတို့သည် အသျှင်မဟာမောဂ္ဂလာန်ကို မြင်၍ ကြောက်ရွံ့ရှက်နိုးကြကာ မိမိ မိမိအခန်းသို့ ဝင်ကုန်၏။

ထိုအခါ နတ်တို့ကို အစိုးရသော သိကြားမင်းသည်လည်းကောင်း၊ ဝေဿဝဏ်နတ်မင်းကြီးသည်လည်းကောင်း အသျှင်မောဂ္ဂလာန်ကို ဝေဇယန္တာပြာသာဒ်၌ စြင်္က,ံသွားတော်မူစေကုန်၏၊

--

လှည့်လည်တော်မူစေကုန်၏။ အသျှင်မောဂ္ဂလာန် ဝေဇယန္တာပြာသာဒ်၏ ဤမွေ့လျော်ဖွယ် အဖြစ်ကိုလည်း ရှုတော်မူပါ၊ အသျှင် မောဂ္ဂလာန် ဝေဇယန္တာ ပြာသာဒ်၏ ဤမွေ့လျော်ဖွယ်အဖြစ်ကိုလည်းရှုတော်မူပါဟု (လျှောက်ကြားကုန်၏)။ အသျှင်သိကြားမင်း၏ ဤဝေဇယန္တာပြာသာဒ်သည်တင့်တယ်လှပေ၏၊ ရှေးက ကောင်းမှုပြုခဲ့သူ၏ ထုံးတမ်းစဉ်လာပင် ဖြစ်ပေ၏။ လူတို့သည်လည်းတစ်စုံတစ်ရာ မွေ့လျော်ဖွယ်အဖြစ်ကို တွေ့မြင်ကုန်သော် “အချင်းတို့ တာဝတိံသာနတ်တို့၏အဆောင်ကဲ့သို့ တင့်တယ်၏” ဟု ဆိုကုန်၏။ အသျှင်သိကြားမင်း၏ ထိုဝေဇယန္တာပြာသာဒ်သည့်တင့်တယ်လှ ပေ၏၊ ရှေးက ကောင်းမှုပြုခဲ့သူ၏ ထုံးတမ်းစဉ်လာပင် ဖြစ်ပေ၏ဟု (ဆို၏)။

ထိုအခါ “ဤနတ်သည် အလွန်ပြင်းပြစွာ မေ့လျော့နေ၏၊ ငါသည် ဤနတ်ကို ထိတ်လန့်စေရမူကောင်းပေမည်” ဟု အသျှင်မဟာမောဂ္ဂလာန်အား ဤအကြံသည် ဖြစ်၏။ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် ဝေဇယန္တာပြာသာဒ်ကို ခြေမဖြင့် တုန်လှုပ်ယိမ်းယိုင်စေနိုင်သော သဘောရှိသော တန်ခိုးဖန်ဆင်းမှုကို ပြုတော်မူ၏။

ထိုအခါ နတ်တို့ကိုအစိုးရသော သိကြားမင်းသည်လည်းကောင်း ဝေဿဝဏ်နတ်မင်းကြီးသည်လည်းကောင်း၊ တာဝတိံသာနတ်တို့သည်လည်းကောင်း “အချင်းတို့ ရဟန်း၏ တန်ခိုးကြီးသည့်အဖြစ်သည်အာနုဘော် ကြီးသည့်အဖြစ်သည် အံ့ဖွယ်ရှိပေစွ၊ မဖြစ်စဖူး ဖြစ်လေစွ၊ နတ်ဘုံဗိမာန်ကိုပင်သော်လည်းခြေမဖြင့် တုန်လှုပ်ယိမ်းယိုင်စေနိုင်ဘိ၏” ဟု အံ့ဩခြင်း မဖြစ်စဖူးဖြစ်ခြင်း စိတ်ရှိကုန်၏။

ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် နတ်တို့ကိုအစိုးရသော သိကြားမင်း၏ ထိတ်လန့်ခြင်းကြက်သီးမွေးညင်းထခြင်းဖြစ်သည်ကို သိ၍ “သိကြားမင်း အဘယ်သို့လျှင် မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် တပ်မက်မှု ‘တဏှာ'ကုန်ရာ (နိဗ္ဗာန်) ကို အာရုံပြု၍ လွတ်မြောက်ခြင်းကို ဟောကြားတော်မူသနည်း၊ တောင်းပန်ပါ၏၊ ငါတို့သည်လည်း ဤတရားစကားကို ကြားနာခြင်းငှါ အဖို့ရှိသူတို့ ဖြစ်လိုကုန်၏” ဟု နတ်တို့ကိုအစိုးရသော သိကြားမင်းအား ပြောဆို၏။

၃၉၄။ အသျှင်မဟာမောဂ္ဂလာန် တပည့်တော်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ရိုသေစွာရှိခိုး၍ သင့်တင့်လျောက်ပတ်သော နေရာ၌ ရပ်တည်ကာ “အသျှင်ဘုရား အဘယ်မျှလောက်သော အကျင့်ဖြင့် အကျဉ်းအားဖြင့် ရဟန်းသည် တပ်မက်မှု ‘တဏှာ'ကုန်ရာ (နိဗ္ဗာန်) ကို အာရုံပြု၍ လွတ်မြောက်သောစိတ်ရှိသူ၊ ဧကန်ပြီးဆုံး ခင်းရှိသူ၊ ဧကန်ဘေးကင်းခြင်းရှိသူ၊ ဧကန်မြတ်သောအကျင့်ရှိသူ၊ ဧကန်အဆုံးစခန်း ပန်းတိုင်ရှိသူ၊ နတ်လူတို့ထက်မြတ်သူ ဖြစ်ပါသနည်း” ဟု ဤစကားကို လျှောက်၏။ အသျှင်မောဂ္ဂလာန် ဤသို့လျှောက်သော် မြတ်စွာဘုရားသည် တပည့်တော်ကို “သိကြားမင်း ဤသာသနာတော်၌ရဟန်းသည် တရားအားလုံးတို့ကို သက်ဝင်စွဲလမ်းခြင်းငှါ ‘မသင့်’ဟု ကြားနာဖူး၏။ သိကြားမင်းရဟန်းသည် ‘တရားအားလုံးတို့ကို သက်ဝင်စွဲလမ်းခြင်းငှာ မသင့်’ဟု ဤသို့ ကြားနာဖူး၏။ ထိုရဟန်းသည် တရားအားလုံးကို အထူးသိ၏၊ တရားအားလုံးကို အထူးသိ၍ တရားအားလုံးကို ပိုင်းခြား၍သိ၏။ တရားအားလုံးကို ပိုင်းခြားသိ၍ ချမ်းသာသည်လည်းဖြစ်သော ဆင်းရဲသည်လည်း ဖြစ်သောဆင်းရဲ မဟုတ် ချမ်းသာမဟုတ်သည်လည်းဖြစ်သော တစ်စုံတစ်ရာသော ခံစားခြင်းကို ခံစား၏။ ထိုရဟန်းသည် ထိုခံစားခြင်းတို့၌ မမြဲသောအားဖြင့် ရှုမြင်လျက် နေ၏၊ တပ်စွန်းမှုကင်းသောအားဖြင့်ရှုမြင်လျက် နေ၏၊ ချုပ်သောအားဖြင့် ရှုမြင်လျက် နေ၏၊ စွန့်လွှတ်ပြေးဝင်သောအားဖြင့် ရှုမြင်လျက်နေ၏။ ထိုရဟန်းသည် ထိုခံစားခြင်းတို့၌ မမြဲသောအားဖြင့် ရှုမြင်လျက်နေသော်တပ်စွန်းမှုကင်းသောအားဖြင့် ရှုမြင်လျက်နေ သော် ချုပ်သောအားဖြင့် ရှုမြင်လျက်နေသော်စွန့်လွှတ်ပြေးဝင်သောအားဖြင့် ရှုမြင်လျက်နေသော် လောက ၌ တစ်စုံတစ်ရာကိုမျှ မစွဲယူ၊ မစွဲယူသော်ထက်ဝန်းကျင် မတပ်မက်၊ ထက်ဝန်းကျင် မတပ်မက်သော် အလိုလိုသာလျှင် ထက်ဝန်းကျင်ငြိမ်း၏၊ (ပဋိသန္ဓေ) နေမှုကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှာ တစ်ပါးသော ပြုဖွယ်မရှိတော့ဟု သိ၏။ သိကြားမင်း ဤမျှလောက်သောအကျင့်ဖြင့်

--

အကျဉ်းအားဖြင့် ရဟန်းသည် တပ်မက်မှု ‘တဏှာ'ကုန်ရာ (နိဗ္ဗာန်) ကို အာရုံပြု၍လွတ်မြောက်သောစိတ်ရှိသူ၊ ဧကန်ပြီးဆုံးခြင်းရှိသူ၊ ဧကန်ဘေးကင်းခြင်းရှိသူ၊ ဧကန်မြတ်သော အကျင့်ရှိသူ၊ ဧကန်အဆုံးစခန်း ပန်းတိုင်ရှိသူ၊ နတ်လူတို့ထက် မြတ်သူဖြစ်၏” ဟု ဤစကားကို မိန့်ကြား တော်မူပါ၏။ အသျှင်မောဂ္ဂလာန် ဤသို့လျှင် တပည့်တော်အား မြတ်စွာဘုရားသည် အကျဉ်းအားဖြင့်တပ်မက်မှု ‘တဏှာ'ကုန်ရာ (နိဗ္ဗာန်) ကို အာရုံပြု၍ လွတ်မြောက်ခြင်းကို ဟောကြားတော်မူပါ၏ဟု့လျှောက်၏။

ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် နတ်တို့ကိုအစိုးရသော သိကြားမင်း၏ စကားကို အလွန်နှစ်သက် ဝမ်းမြောက်သည်ဖြစ်၍ အားရှိသောယောကျ်ားသည် ကွေးထားသော လက်မောင်းကို ဆန့်ရာသကဲ့သို့လည်းကောင်း၊ ဆန့်ထားသော လက်မောင်းကို ကွေးရာသကဲ့သို့လည်းကောင်း ဤအတူပင်လျှင်တာဝတိံသာနတ်တို့၌ ကွယ်ကာ ပုဗ္ဗာရုံကျောင်း မိဂါရသူဌေး၏ အမိသဖွယ်ဖြစ်သော ဝိသာခါ၏ ပြာသာဒ်၌ ထင်ရှားဖြစ်၏။

ထိုအခါ နတ်တို့ကိုအစိုးရသော သိကြားမင်း၏ အလုပ်အကျွေးတို့သည် အသျှင်မဟာမောဂ္ဂလာန်ဖဲခွါသွား၍ မကြာမီ နတ်တို့ကိုအစိုးရသော သိကြားမင်းကို “အချင်း သင်၏ဆရာ ထိုမြတ်စွာဘုရား ဟူသည် ဤရဟန်းပင်လော” ဟု မေးကုန်၏။

အသျှင်မတို့ ထိုရဟန်းသည် ငါ၏ဆရာ မြတ်စွာဘုရား မဟုတ်၊ ဤရဟန်းသည် ငါ၏ သီတင်း သုံးဖော်အသျှင်မဟာမောဂ္ဂလာန်တည်းဟု (ပြန်ပြော၏)။

အသျှင်သိကြားမင်း သင်သည် အရတော်လေစွ၊ သင်သည် အလွန်အရတော်လေစွ၊ သင်၏ သီတင်းသုံးဖော်ပင် ဤမျှလောက် တန်ခိုးကြီး၏၊ ဤမျှလောက် အာနုဘော်ကြီး၏၊ သင်၏ဆရာ မြတ်စွာဘုရားကား အံ့ဩဖွယ် တန်ခိုးကြီးပေမည်တကားဟု (ဆိုကုန်၏)။

၃၉၅။ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရား ကိုရိုသေစွာ ရှိခိုး၍ သင့်လျော်သော နေရာ၌ ထိုင်ကာ “အသျှင်ဘုရား ထင်ရှားကျော်စောသူတို့တွင်တစ်ဦးဖြစ်သော တန်ခိုးကြီးသည့် နတ်အား အကျဉ်းအားဖြင့် တပ်မက်မှု ‘တဏှာ'ကုန်ရာ (နိဗ္ဗာန်) ကိုအာရုံပြု၍ လွတ်မြောက်ခြင်းကို ဟောကြားခဲ့သည်ကို မြတ်စွာဘုရားသည် အမှတ်ရတော်မူပါ၏လော” ဟုလျှောက်၏။

မောဂ္ဂလာန် ငါ အမှတ်ရမိ၏၊ နတ်တို့ကို အစိုးရသော သိကြားမင်းသည် ငါ့ထံသို့ ချဉ်းကပ်ပြီးလျှင်ငါ့ကို ရိုသေစွာရှိခိုး၍ သင့်လျော်သောနေရာ၌ ရပ်တည်ကာ “အသျှင်ဘုရား အဘယ်မျှလောက်သောအကျင့်ဖြင့် ရဟန်းသည် အကျဉ်းအားဖြင့် တပ်မက်မှု ‘တဏှာ'ကုန်ရာ (နိဗ္ဗာန်) ကို အာရုံပြု၍ လွတ်မြောက်သော စိတ်ရှိသူ၊ ဧကန်ပြီးဆုံးခြင်းရှိသူ၊ ဧကန်ဘေးကင်းခြင်းရှိသူ၊ ဧကန်မြတ်သောအကျင့်ရှိသူ၊ ဧကန်အဆုံးစခန်း ပန်းတိုင်ရှိသူ၊ နတ်လူတို့ထက်မြတ်သူ ဖြစ်ပါသနည်း” ဟု လျှောက်၏။

မောဂ္ဂလာန် ဤသို့လျှောက်သော် ငါသည် နတ်တို့ကို အစိုးရသော သိကြားမင်းကို “သိကြားမင်းဤသာသနာတော်၌ ရဟန်းသည် ‘တရားအားလုံးတို့ကို သက်ဝင်စွဲလမ်းခြင်းငှာ မသင့်’ဟု ကြားနာဖူး၏။ သိကြားမင်း ‘တရားအားလုံးတို့ကို သက်ဝင်စွဲလမ်းခြင်းငှာ မသင့်’ဟု ဤသို့ ကြားနာဖူးသောထိုရဟန်းသည် တရားအားလုံးကို အထူးသိ၏၊ တရားအားလုံးကို အထူးသိပြီး၍ တရားအားလုံးကို ပိုင်းခြား၍ သိ၏၊ တရားအားလုံးကို ပိုင်းခြားသိပြီး၍ ချမ်းသာသည်လည်းဖြစ်သော၊ ဆင်းရဲသည်လည်းဖြစ်သော၊ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သည်လည်းဖြစ်သော အမှတ်မရှိသော ဝေဒနာကို ခံစား၏။ ထိုရဟန်း သည် ထိုခံစားခြင်း ဝေဒနာတို့၌ မမြဲသောအားဖြင့် ရှုမြင်လျက် နေ၏၊ တပ်စွန်းမှုကင်းသောအားဖြင့် ရှုမြင်လျက် နေ၏၊ ချုပ်သောအားဖြင့် ရှုမြင်လျက် နေ၏၊ စွန့်လွှတ်ပြေးဝင်သောအားဖြင့် ရှုမြင်လျက် နေ၏။ ထိုရဟန်းသည် ထိုခံစားခြင်း ‘ဝေဒနာ'တို့၌မမြဲသောအားဖြင့် ရှုမြင်လျက်နေသော် တပ်စွန်းမှု ကင်းသောအားဖြင့် ရှုမြင်လျက်နေသော်ချုပ်သောအားဖြင့် ရှုမြင်လျက် နေသော်

--

စွန့်လွှတ်ပြေးဝင်သော အားဖြင့် ရှုမြင်လျက်နေသော်လောက၌ (သင်္ခါရ) တစ်စုံတစ်ရာကိုမျှ မစွဲယူပေ၊ မစွဲယူသော် ထက်ဝန်းကျင် မတပ်မက်တော့ပေ၊ ထက်ဝန်းကျင် မတပ်မက်သော် အလိုလိုသာလျှင်ငြိမ်းအေး၏၊ ‘ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှာ တစ်ပါး သော ပြုဖွယ့်မရှိတော့ပြီ’ဟု ခွဲခြား၍ သိ၏။ သိကြားမင်း ဤမျှလောက်သော အကျင့်ဖြင့် ရဟန်းသည်အကျဉ်းအားဖြင့် တပ်မက်မှု ‘တဏှာ'ကုန်ရာ (နိဗ္ဗာန်) ကို အာရုံပြု၍ လွတ်မြောက်သောစိတ်ရှိသူ၊ ဧကန်ပြီးဆုံးခြင်း ရှိသူ၊ ဧကန်ဘေးကင်းခြင်းရှိသူ၊ ဧကန်မြတ်သော အကျင့်ရှိသူ၊ ဧကန်အဆုံးစခန်း ပန်းတိုင်ရှိသူ၊ နတ်လူတို့ထက် မြတ်သူဖြစ်၏” ဟု မိန့်တော်မူ၏။ မောဂ္ဂလာန်ဤသို့လျှင် ငါသည် “နတ်တို့ကိုအစိုးရ သော သိကြားမင်းအား အကျဉ်းအားဖြင့်တပ်မက်မှု ‘တဏှာ’ ကုန်ရာ (နိဗ္ဗာန်) ကို အာရုံပြု၍ လွတ် မြောက်ခြင်းကို ဟောကြားခဲ့သည်ကိုအမှတ်ရ၏” ဟု မြတ်စွာဘုရားသည် မိန့်ကြားတော်မူ၏။

မဟာမောဂ္ဂလာန်သည် မြတ်စွာဘုရားဟောတော်မူသော တရားတော်ကို နှစ်ခြိုက်ဝမ်းမြောက်စွာခံယူလေသတည်း။

ခုနစ်ခုမြောက် စူဠတဏှာသင်္ခယသုတ်ပြီး၏။

--

၈- မဟာတဏှာသင်္ခယသုတ်

၃၉၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ တံငါသည်သား သာတိမည်သော ရဟန်းအား “ထိုဝိညာဏ်သည်သာလျှင် (တစ်ဘဝမှတစ်ဘဝသို့) ပြောင်းသွား၏၊ ကျင်လည်၏၊ (ဝိညာဏ်မှ) တစ်ပါးအခြားသော အရာမရှိ ဟူသော အခြင်းအရာအားဖြင့် မြတ်စွာဘုရားဟောထားသော တရားကိုငါသိ၏” ဟု ဤသို့ သဘောရှိသော ယုတ်ညံ့သော အယူသည် ဖြစ်ပေါ်လာ၏။

များစွာကုန်သော ရဟန်းတို့သည် တံငါသည်၏သား သာတိမည်သော ရဟန်းအား “ထိုဝိညာဏ်သည်သာလျှင် (တစ်ဘဝမှတစ်ဘဝသို့) ပြောင်းသွား၏၊ ကျင်လည်၏၊ (ဝိညာဏ်မှ) တစ်ပါးအခြားသော အရာမရှိ ဟူသော အခြင်းအရာအားဖြင့် မြတ်စွာဘုရားဟောထားသော တရားကိုငါသိ၏” ဟု ဤသို့ သဘောရှိသော ယုတ်ညံ့သော အယူဖြစ်ပေါ်လာသတတ်ဟု ကြားကုန်၏။

ထိုအခါ ထိုရဟန်းတို့သည် တံငါသည်သား သာတိရဟန်းထံသို့ ချဉ်းကပ်ကုန်၏၊ “ငါ့သျှင်သာတိ ‘ထိုဝိညာဏ်သည်သာလျှင် (တစ်ဘဝမှတစ်ဘဝသို့) ပြောင်းသွား၏၊ ကျင်လည်၏၊ (ဝိညာဏ်မှ) တစ်ပါးအခြားသော အရာမရှိဟူသော အခြင်းအရာအားဖြင့် မြတ်စွာဘုရားဟောထားသော တရားကို ငါသိ၏’ဟုသင့်အား ဤသို့ သဘောရှိသော ယုတ်ညံ့သော အယူဖြစ်ပေါ်လာသည်ကား မှန်သလော” ဟု တံငါသည်သား သာတိရဟန်းကို မေးကုန်၏။

ငါ့သျှင်တို့ ထိုဝိညာဏ်သည်သာလျှင် (တစ်ဘဝမှတစ်ဘဝသို့) ပြောင်းသွား၏၊ ကျင်လည်၏၊ (ဝိညာဏ်မှ) တစ်ပါး အခြားသော အရာမရှိ၊ ဤကဲ့သို့ပင် မြတ်စွာဘုရားဟောထားသော တရားကိုငါသိ၏” ဟု ဖြေဆို၏။

ထိုအခါ ထိုရဟန်းတို့သည် တံငါသည်သား သာတိရဟန်းကို ဤယုတ်ညံ့သော အယူမှ ကင်းကွာစေလိုကုန်၍ “ငါ့သျှင်သာတိ ဤသို့ မပြောဆိုလင့်၊ မြတ်စွာဘုရားအား မစွပ်စွဲလင့်၊ မြတ်စွာဘုရားအားစွပ်စွဲခြင်းသည် မကောင်း၊ မြတ်စွာဘုရားသည် ဤသို့ မဟောကြားရာ၊ ငါ့သျှင်သာတိ ဝိညာဏ်သည်အကြောင်းကို စွဲ၍ ဖြစ်၏၊ အကြောင်းကိုကြဉ်၍ ဝိညာဏ်၏ ဖြစ်ခြင်းသည် မရှိ” ဟု များစွာသောအကြောင်းဖြင့် မြတ်စွာဘုရား ဟောကြားတော်မူသည်ဟု အယူကို မေးစိစစ်ကြကုန်၏၊ အယူကို ဝန်ခံစေကုန်၏၊ အကြောင်းကို မေးမြန်းကြကုန်၏။ တံငါသည်သား သာတိရဟန်းသည် ဤသို့ ထိုရဟန်းတို့ကအယူကို မေးစိစစ်ကြသော်လည်း အယူကို ဝန်ခံစေကြသော်လည်း အကြောင်းကို မေးမြန်းကြသော်လည်းထိုယုတ်ညံ့သော အယူကိုပင်လျှင် အခိုင်အမာ အမှားသုံးသပ်လျက် သက်ဝင်စွဲလမ်း၍ “ငါ့သျှင်တို့ ထို့ဝိညာဏ်သည်သာလျှင် (တစ်ဘဝမှတစ်ဘဝသို့) ပြောင်းသွား၏၊ ကျင်လည်၏၊ (ဝိညာဏ်မှ) တစ်ပါးအခြားသော အရာမရှိ၊ ဤကဲ့သို့ပင် မြတ်စွာဘုရား ဟောထားသော တရားကို ငါသိ၏” ဟု ပြောဆို၏။

၃၉၇။ ထိုရဟန်းတို့သည် တံငါသည်သား သာတိရဟန်းကို ယုတ်ညံ့သော အယူမှ ကင်းကွာစေရန်မတတ်နိုင်ကြသော အခါ၌ ထိုရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြ၍ ရိုသေစွာ ရှိခိုးကြပြီးလျှင် သင့်လျော်သော နေရာ၌ ထိုင်ကုန်လျက် မြတ်စွာဘုရားအား ဤသို့ လျှောက်ထားကုန်၏ - အသျှင်ဘုရား “ထိုဝိညာဏ်သည်သာလျှင် (တစ်ဘဝမှတစ်ဘဝသို့) ပြောင်းသွား၏၊ ကျင်လည်၏၊ (ဝိညာဏ်မှ) တစ်ပါး အခြားသော အရာမရှိဟူသော အခြင်းအရာအားဖြင့်

--

မြတ်စွာဘုရားဟောထားသော တရားကို ငါသိ၏” ဟု တံငါသည်သား သာတိမည်သော ရဟန်းအားဤသို့သဘောရှိသော ယုတ်ညံ့သော အယူသည် ဖြစ်ပေါ်နေပါ၏။ အသျှင်ဘုရား တပည့်တော်တို့သည် “ထိုဝိညာဏ်သည်သာလျှင် (တစ်ဘဝမှ တစ်ဘဝသို့) ပြောင်းသွား၏၊ ကျင်လည်၏၊ (ဝိညာဏ်မှ) တစ်ပါးအခြားသော အရာမရှိဟူသော အခြင်း အရာအားဖြင့် မြတ်စွာဘုရားဟောထားသော တရားကိုငါသိ၏” ဟု တံငါသည်သား သာတိမည်သော ရဟန်းအား ဤသို့သဘောရှိသော ယုတ်ညံ့သောအယူသည် ဖြစ်ပေါ်လာသတတ်ဟု ကြားပါကုန်၏။ အသျှင်ဘုရား ထိုအခါ တပည့်တော်တို့သည်တံငါသည်သား သာတိရဟန်းထံသို့ ချဉ်းကပ်၍ “ငါ့သျှင် သာတိ ‘ထိုဝိညာဏ်သည်သာလျှင် (တစ်ဘဝမှတစ်ဘဝသို့) ပြောင်းသွားကျင်လည်၏၊ (ဝိညာဏ်မှ) တစ်ပါးအခြားသော အရာမရှိ’ဟူသောအခြင်းအရာအားဖြင့် မြတ်စွာဘုရားဟော ထားသော တရားကို ငါသိ၏ဟု သင့်အားဤသို့သဘောရှိသော ယုတ်ညံ့သော အယူဖြစ်ပေါ်နေ၏ ဟူသည် မှန်သလော” ဟု တံငါသည်သားသာတိမည်သောရဟန်းအား မေးပါကုန်၏။ အသျှင်ဘုရား ဤသို့မေးသော် တံငါသည်သားသာတိရဟန်းက “ငါ့သျှင်တို့ ထိုဝိညာဏ်သည်သာလျှင် (တစ်ဘဝမှတစ်ဘဝသို့) ပြောင်းသွား၏၊ ကျင်လည်၏၊ (ဝိညာဏ်မှ) တစ်ပါးအခြားသော အရာမရှိ၊ ဤကဲ့သို့ပင် မြတ်စွာဘုရားဟောထားသောတရားကို ငါသိ၏” ဟု တပည့်တော်တို့အား ဖြေဆိုပါ၏။ အသျှင်ဘုရား ထိုအခါ တပည့်တော်တို့သည်တံငါသည်သား သာတိရဟန်းကို ဤယုတ်ညံ့သော အယူမှ ကင်းကွာစေလိုကုန်၍ “ငါ့သျှင်သာတိ ဤသို့မပြောဆိုလင့်၊ မြတ်စွာဘုရားကို မစွပ်စွဲလင့်၊ မြတ်စွာဘုရားကို စွပ်စွဲခြင်းသည် မကောင်း၊ မြတ်စွာဘုရားသည် ဤသို့ မဟောကြားရာ၊ ငါ့သျှင်သာတိ ‘ဝိညာဏ်သည် အကြောင်းကို စွဲ၍ဖြစ်၏၊ အကြောင်းကိုကြဉ်၍ ဝိညာဏ်၏ ဖြစ်ခြင်းသည် မရှိ” ဟု များစွာသော အကြောင်းဖြင့် မြတ်စွာဘုရားဟောကြားတော်မူ၏” ဟု အယူကို မေးစိစစ်ပါကုန်၏။ အယူကို ဝန်ခံစေပါကုန်၏၊ အကြောင်းကိုမေးမြန်းကြကုန်၏။ အသျှင်ဘုရား တံငါသည်သား သာတိရဟန်းသည် တပည့်တော်တို့က ဤသို့ပင်အယူကို မေးစိစစ်ကြပါ သော်လည်း အယူကို ဝန်ခံစေကြပါသော်လည်း အကြောင်းကိုမေးမြန်းကြပါသော်လည်း ထိုယုတ်မာသော အယူကိုပင်လျှင် အခိုင်အမာ အမှားသုံးသပ်လျက်သက်ဝင်စွဲလမ်း၍ “ငါ့သျှင်တို့ ထိုဝိညာဏ်သည်သာလျှင် (တစ်ဘဝမှတစ်ဘဝသို့) ပြောင်းသွား၏၊ ကျင်လည်၏၊ (ဝိညာဏ်မှ) တစ်ပါး အခြားသော အရာမရှိ၊ ဤကဲ့သို့ပင် မြတ်စွာဘုရားဟောထားသောတရားကို ငါသိ၏” ဟု ပြောဆိုပါ၏။ အသျှင်ဘုရား တပည့် တော်တို့သည် တံငါသည်သားသာတိရဟန်းကို ဤယုတ်ညံ့သော အယူမှ ကင်းကွာစေရန် မတတ်နိုင်ကြ သော အခါ၌တပည့်တော်တို့သည် ဤအကြောင်းကို မြတ်စွာဘုရားအား လျှောက်ကြားပါကုန်၏ဟု (လျှောက်ကြကုန်၏)။

၃၉၈။ ထိုအခါ မြတ်စွာဘုရားသည် “ရဟန်း သင်သည် လာလော့၊ ငါ့စကားဖြင့် ‘ငါ့သျှင်သာတိမြတ်စွာဘုရား သင့်ကို ခေါ်တော်မူ၏’ဟု တံငါသည်သား သာတိရဟန်းအား သိစေလော့” ဟု တစ်ပါးသော ရဟန်းအား မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ” ဟု ထိုရဟန်းသည် မြတ်စွာဘုရားအား့ဝန်ခံ၍ တံငါသည်သား သာတိရဟန်းထံသို့ ချဉ်းကပ်ပြီးလျှင် တံငါသည်သား သာတိရဟန်းကို “ငါ့သျှင်သာတိ မြတ်စွာဘုရားသည် သင့်ကို ခေါ်တော်မူ၏” ဟု တံငါသည်သား သာတိရဟန်းကို ပြောကြား၏။ “ငါ့သျှင် ကောင်းပြီ” ဟု တံငါသည်သား သာတိရဟန်းသည် ထိုရဟန်းအား ပြန်ကြား၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ရိုသေစွာရှိခိုးလျက် သင့်လျော်သော နေရာ၌ ထိုင်နေ၏။ သင့်လျော်သောနေရာ၌ ထိုင်နေသော တံငါသည်သား သာတိအား မြတ်စွာဘုရားသည်-

“သာတိ ‘ထိုဝိညာဏ်သည်သာလျှင် (တစ်ဘဝမှတစ်ဘဝသို့) ပြောင်းသွား၏၊ ကျင်လည်၏၊ (ဝိညာဏ်မှ) တစ်ပါးအခြားသော အရာမရှိဟူသော အခြင်းအရာအားဖြင့် မြတ်စွာဘုရားဟောထားသောတရားကို ငါသိ၏’ဟု သင့်အား ဤသို့ သဘောရှိသော ယုတ်ညံ့သောအယူ ဖြစ်ပေါ်နေသည်ဟူသည်မှန်သလော” ဟု မေးတော်မူ၏။

--

အသျှင်ဘုရား ထိုဝိညာဏ်သည်သာလျှင် (တစ်ဘဝမှတစ်ဘဝသို့) ပြောင်းသွား၏၊ ကျင်လည်၏၊ (ဝိညာဏ်မှ) တစ်ပါးအခြားသော အရာမရှိပါ၊ ဤကဲ့သို့ပင် မြတ်စွာဘုရား ဟောထားသောတရားကိုတပည့်တော်သိပါ၏ဟု (လျှောက်၏)။

သာတိ သင်ပြောသော ဝိညာဏ်သည် အဘယ်နည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား ပြောဆိုတတ်သောသဘော၊ သိတတ်သောသဘော၊ ထိုထိုဘဝတို့၌ ကုသိုလ်ကံ,အကုသိုလ်ကံတို့၏ အကျိုးကို ခံစားတတ်သောသဘော ဖြစ်ပါသည်ဟု (လျှောက်၏)။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောကျ်ား အဘယ်မည်သောသူအား ငါ ဤသို့ တရားဟောအပ်သည်ကို သင် သိသနည်း၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောကျ်ား ငါသည် ဝိညာဏ်သည် အကြောင်းကို စွဲ၍ ဖြစ်၏၊ “အကြောင်းကို ကြဉ်၍ ဝိညာဏ်၏ ဖြစ်ခြင်းသည် မရှိ” ဟု များစွာသောအကြောင်းဖြင့် ဟောကြားသည် မဟုတ်လော။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောကျ်ားထိုသို့ဟောထားပါလျက် သင် သည် မိမိ လွဲမှားစွာယူအပ်သော အယူဖြင့် ငါတို့ကိုလည်း စွပ်စွဲ၏၊ မိမိကိုယ်ကိုလည်းဖြိုဖျက်၏၊ များစွာသော မကောင်းမှုကိုလည်း ဖြစ်ပွားစေ၏။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောကျ်ား ထိုမှား သော အယူသည် သင့်အား ရှည်ကြာစွာသော ကာလပတ်လုံးအစီးအပွားမဲ့ခြင်း ဆင်းရဲခြင်းငှာ ဖြစ်လတ္တံ့ဟု (မိန့်တော်မူ၏)။

၃၉၉။ ထို့နောက် မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ဤတံငါသည်သား သာတိရဟန်းသည် ဤသာသနာတော်၌ ဉာဏ်အငွေ့အသက်မျှရှိသေးသလော” ဟု ရဟန်းတို့ကို မေးတော်မူ၏။ “အသျှင်ဘုရား အဘယ်မှာရှိနိုင်ပါအံ့နည်း၊ မရှိနိုင်ပါ” ဟု လျှောက်ကြကုန်၏။ ဤသို့ ပြန်လျှောက်သော် တံငါသည်သား သာတိရဟန်းသည် နှုတ်ဆိတ်၍ မျက်နှာမသာပဲ လည်ပင်းငိုက်ဆိုက်ဖြစ်ကာ မျက်နှာအောက်ချပြီး မှိုင်တွေလျက်ကြံရာမရပဲ ထိုင်နေ၏။

ထိုအခါ မြတ်စွာဘုရားသည် နှုတ်ဆိတ်၍ မျက်နှာမသာပဲ လည်ပင်းငိုက်ဆိုက်ဖြစ်ခါ မျက်နှာအောက်ချပြီး မှိုင်တွေလျက်ကြံရာမရဖြစ်နေသော သာတိရဟန်းကို သိတော်မူ၍ တံငါသည်သား သာတိရဟန်းကို “(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောကျ်ား သင်သည် မိမိ၏ ယုတ်ညံ့လှသော ဤအယူဖြင့်ထင်ရှားလတ္တံ့၊ ငါသည် ရဟန်းတို့ကို တစ်ဖန် မေးဦးအံ့” ဟု တံငါသည်သား သာတိရဟန်းအား မိန့်ဆိုတော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် “ရဟန်းတို့ တံငါသည်သား သာတိရဟန်းသည် မိမိ လွဲမှားစွာယူအပ်သော အယူဖြင့် ငါတို့ကိုလည်း စွပ်စွဲလျက် မိမိကိုယ်ကိုလည်းဖြိုဖျက်ကာ များစွာသောမကောင်းမှု ကိုလည်း ဖြစ်ပွားစေသကဲ့သို့၊ ဤအတူပင် သင်တို့သည်လည်း ငါ တရားဟောထားဖူးသည်ကိုသိကြကုန် သလော” ဟု ရဟန်းတို့ကို မေးတော်မူ၏။ အသျှင်ဘုရား ဤသို့ ဟောထားဖူးသည်ကိုမသိပါ။ မှန်ပါသည်၊ ဝိညာဏ်သည် အကြောင်းကို စွဲ၍ ဖြစ်၏၊ အကြောင်းကို ကြဉ်၍ ဝိညာဏ်၏့ဖြစ်ခြင်းသည် မရှိ” ဟု များစွာသော အကြောင်းဖြင့် မြတ်စွာဘုရားသည် တပည့်တော်တို့အားဟောကြားတော်မူခဲ့ ပါ၏ဟု (လျှောက်ကြကုန်၏)။

ရဟန်တို့ ကောင်းပေစွ ကောင်းပေစွ၊ သင်တို့သည် ငါ ဤကဲ့သို့ ဟောကြားထားသော တရားကိုကောင်းစွာသာလျှင် သိကြကုန်၏။ မှန်၏၊ ဝိညာဏ်သည် အကြောင်းကို စွဲ၍ ဖြစ်၏၊ “အကြောင်းကိုကြဉ်၍ ဝိညာဏ်၏ ဖြစ်ခြင်းသည် မရှိ” ဟု များစွာသော အကြောင်းဖြင့် သင်တို့အား ငါဟောကြားထား ခဲ့ပြီ။ ထိုသို့ ဟောကြားထားပါလျက်လည်း ဤတံငါသည်သား သာတိရဟန်းသည် မိမိလွဲမှားစွာယူအပ် သော အယူဖြင့် ငါတို့ကိုလည်း စွပ်စွဲ၏၊ မိမိကိုယ်ကိုလည်း ဖြိုဖျက်၏၊ များစွာသော မကောင်းမှုကိုလည်း ဖြစ်ပွားစေ၏။ ထိုမှားသော အယူသည် (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ထိုယောကျ်ားအား ရှည်ကြာစွာသော ကာလပတ်လုံး အစီးအပွားမဲ့ခြင်း ဆင်းရဲခြင်းငှာ ဖြစ်လတ္တံ့ဟု (မိန့်တော်မူ၏)။

--

၄၀၀။ ရဟန်းတို့ အကြင်အကြင် အကြောင်းကိုသာလျှင် စွဲ၍ သိမှုဝိညာဏ် ဖြစ်ပေါ်လာ၏၊ ထိုထိုအကြောင်းဖြင့်သာလျှင် ဝိညာဏ်ဟု ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ မျက်စိနှင့် အဆင်းတို့ကို စွဲ၍ သိမှုဝိညာဏ် ဖြစ်ပေါ်လာ၏၊ ‘မျက်စိသိ’ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ နားနှင့် အသံတို့ကို စွဲ၍ သိမှုဝိညာဏ် ဖြစ်ပေါ်လာ၏၊ ‘နားသိ’ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ နှာခေါင်းနှင့် အနံ့တို့ကို စွဲ၍ သိမှုဝိညာဏ် ဖြစ်ပေါ်လာ၏၊ ‘နှာခေါင်းသိ’ ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ လျှာနှင့်အရသာတို့ကို စွဲ၍ သိမှု ဝိညာဏ် ဖြစ်ပေါ်လာ၏၊ ‘လျှာသိ’ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ ကိုယ်နှင့် အတွေ့အထိတို့ကို စွဲ၍ သိမှုဝိညာဏ် ဖြစ်ပေါ်လာ၏၊ ‘ကိုယ်သိ’ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ရောက်၏။ (အာဝဇ္ဇန်းနှင့်တကွဘဝင်) စိတ်နှင့် သဘာဝဓမ္မများကို စွဲ၍ သိမှုဝိညာဏ် ဖြစ်ပေါ်လာ၏၊ ‘စိတ်သိ’ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။

ရဟန်းတို့ ဥပမာသော်ကား အကြင် အကြင် အကြောင်းကိုသာလျှင် စွဲ၍ မီးသည် တောက်လောင်၏၊ ထိုထိုအကြောင်းအားဖြင့်သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ သစ်သားထင်းကို စွဲ၍ မီးသည် တောက်လောင်၏၊ ‘သစ်သားထင်းမီး’ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ ဝါးခြမ်းကို စွဲ၍ မီးသည်တောက် လောင်၏၊ ‘ဝါးခြမ်း မီး’ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ မြက်ကို စွဲ၍ မီးသည်တောက်လောင်၏၊ ‘မြက်မီး’ ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ နွားချေးကို စွဲ၍ မီးသည်တောက်လောင်၏၊ ‘နွားချေးမီး’ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ ဖွဲကို စွဲ၍ မီးသည်တောက်လောင်၏၊ ‘ဖွဲမီး’ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ အမှိုက်ကို စွဲ၍ မီးသည်တောက်လောင်၏၊ ‘အမှိုက်မီး’ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။

ရဟန်းတို့ ဤအတူပင်လျှင် အကြင် အကြင် အကြောင်းကိုသာလျှင် စွဲ၍ သိမှုဝိညာဏ်ဖြစ်ပေါ်လာ၏၊ ထိုထို အကြောင်းဖြင့်သာလျှင် ဝိညာဏ်ဟု ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ မျက်စိနှင့် အဆင်းတို့ကို စွဲ၍သိမှုဝိညာဏ် ဖြစ်ပေါ်လာ၏၊ ‘မျက်စိသိ’ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ နားနှင့် အသံတို့ကိုစွဲ၍ သိမှုဝိညာဏ် ဖြစ်ပေါ်လာ၏၊ ‘နားသိ’ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ နှာခေါင်းနှင့် အနံ့တို့ကို စွဲ၍ သိမှုဝိညာဏ် ဖြစ်ပေါ်လာ၏၊ ‘နှာခေါင်းသိ’ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ လျှာနှင့် အရသာတို့ကို စွဲ၍ သိမှုဝိညာဏ် ဖြစ်ပေါ်လာ၏၊ ‘လျှာသိ’ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ရောက်၏။ ကိုယ်နှင့် အတွေ့အထိတို့ကို စွဲ၍ သိမှုဝိညာဏ် ဖြစ်ပေါ်လာ၏၊ ‘ကိုယ်သိ’ဟူ၍သာလျှင်ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ စိတ်နှင့် သဘာဝဓမ္မများကို စွဲ၍ သိမှုဝိညာဏ် ဖြစ်ပေါ်လာ၏၊ ‘စိတ်သိ’ ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။

၄၀၁။ ရဟန်းတို့ ‘ဤခန္ဓာသည် ဖြစ်ပေါ်လာ၏’ဟု ရှုမြင်ကြကုန်၏လောဟု (မေးတော်မူ၏)။

အသျှင်ဘုရား ရှုမြင်ကြပါကုန်၏ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ‘ထိုခန္ဓာသည် အကြောင်းကြောင့် ဖြစ်ပေါ်လာ၏’ဟု ရှုမြင်ကြကုန်၏လောဟု (မေးတော်မူ၏)။

အသျှင်ဘုရား ရှုမြင်ကြပါကုန်၏ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ထိုအကြောင်း၏ ချုပ်ခြင်းကြောင့် ‘ဖြစ်ပေါ်လာသော ခန္ဓာသည် ချုပ်ခြင်းသဘောရှိ၏’ဟုရှုမြင်ကြကုန်၏လောဟု (မေးတော်မူ၏)။

အသျှင်ဘုရား ရှုမြင်ကြပါကုန်၏ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ‘ဤခန္ဓာသည် ဖြစ်ပေါ်လာသလော၊ မဖြစ်ပေါ်လာသလော’ဟု ယုံမှားသောသူအား မဆုံးဖြတ်နိုင်ခြင်း ‘ဝိစိကိစ္ဆာ’ ဖြစ်သလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား ဖြစ်ပါ၏ဟု (လျှောက်ကြကုန်၏)။

--

ရဟန်းတို့ ‘ထိုခန္ဓာသည် အကြောင်းကြောင့် ဖြစ်ပေါ်လာသလော၊ မဖြစ်ပေါ်လာသလော’ဟု ယုံမှားသော သူအား မဆုံးဖြတ်နိုင်ခြင်း ‘ဝိစိကိစ္ဆာ’ ဖြစ်သလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား ဖြစ်ပါ၏ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ထိုအကြောင်း၏ ချုပ်ခြင်းကြောင့် ‘ဖြစ်ပေါ်လာသော ခန္ဓာသည် ချုပ်ခြင်းသဘောရှိသ လောချုပ်ခြင်းသဘောမရှိသလော’ဟု ယုံမှားသောသူအား မဆုံးဖြတ်နိုင်ခြင်း ‘ဝိစိကိစ္ဆာ’ ဖြစ်သလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား ဖြစ်ပါ၏ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ‘ဤခန္ဓာသည် ဖြစ်ပေါ်လာ၏’ဟု အမှန်အတိုင်း ပညာဖြင့် ကောင်းစွာ ရှုမြင်သူအားမဆုံးဖြတ်နိုင်ခြင်း ‘ဝိစိကိစ္ဆာ’ ကင်းပျောက်သလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား ကင်းပျောက်ပါ၏ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ‘ထိုခန္ဓာသည် အကြောင်းကြောင့် ဖြစ်ပေါ်လာ၏’ဟု အမှန်အတိုင်း ပညာဖြင့် ကောင်းစွာရှုမြင်သူအား မဆုံးဖြတ်နိုင်ခြင်း ‘ဝိစိကိစ္ဆာ’ ကင်းပျောက်လေသလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား ကင်းပျောက်ပါ၏ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ထိုအကြောင်း၏ ချုပ်ခြင်းကြောင့် ‘ဖြစ်ပေါ်လာသော ခန္ဓာသည် ချုပ်ခြင်းသဘောရှိ၏’ဟုအမှန် အတိုင်း ပညာဖြင့် ကောင်းစွာ ရှုမြင်သူအား မဆုံးဖြတ်နိုင်ခြင်း ‘ဝိစိကိစ္ဆာ’ ကင်းပျောက်လေသလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား ကင်းပျောက်ပါ၏ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ‘ဤခန္ဓာသည် ဖြစ်ပေါ်လာ၏’ဟု ဤသို့လည်း သင်တို့အား ဤခန္ဓာ၌ မဆုံးဖြတ်နိုင်ခြင်း ‘ဝိစိကိစ္ဆာ’ ကင်းပျောက်ကုန်သလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား ကင်းပျောက်ပါကုန်၏ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ‘ထိုခန္ဓာသည် အကြောင်းကြောင့် ဖြစ်ပေါ်လာ၏’ဟု ဤသို့လည်း သင်တို့အား ဤခန္ဓာ၌မဆုံးဖြတ်နိုင်ခြင်း ‘ဝိစိကိစ္ဆာ’ ကင်းပျောက်ကုန်သလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား ကင်းပျောက်ပါကုန်၏ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ထိုအကြောင်း၏ ချုပ်ခြင်းကြောင့် ‘ဖြစ်ပေါ်လာသော ခန္ဓာသည် ချုပ်ခြင်းသဘောရှိ၏’ဟုဤသို့လည်း သင်တို့အား ဤခန္ဓာ၌ မဆုံးဖြတ်နိုင်ခြင်း ‘ဝိစိကိစ္ဆာ’ ကင်းပျောက်ကုန်သလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား ကင်းပျောက်ပါကုန်၏ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ‘ဤခန္ဓာသည် ဖြစ်ပေါ်လာ၏’ဟု အမှန်အတိုင်း ပညာဖြင့် ကောင်းစွာ ရှုမြင်သလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား ကောင်းစွာ ရှုမြင်ပါ၏ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ‘ထိုခန္ဓာသည် အကြောင်းကြောင့် ဖြစ်ပေါ်လာ၏’ဟု အမှန်အတိုင်း ပညာဖြင့် ကောင်းစွာရှုမြင်သလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား ကောင်းစွာ ရှုမြင်ပါ၏ဟု (လျှောက်ကြကုန်၏)။

--

ရဟန်းတို့ ထိုအကြောင်း၏ ချုပ်ခြင်းကြောင့် ‘ဖြစ်ပေါ်လာသော ခန္ဓာသည် ချုပ်ခြင်းသဘောရှိ၏’ဟု အမှန်အတိုင်း ပညာဖြင့် ကောင်းစွာ ရှုမြင်သလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား ကောင်းစွာ ရှုမြင်ပါ၏ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ အကယ်၍ သင်တို့သည် ဤသို့ စင်ကြယ်ဖြူဖွေးသော ဤအယူကို (တဏှာဒိဋ္ဌိတို့ဖြင့်) ကပ်ငြိကုန်ငြားအံ့၊ တွယ်တာကုန်ငြားအံ့၊ ဥစ္စာကဲ့သို့ လိုလားမက်မောကုန်ငြားအံ့၊ ငါ့ဥစ္စာဟု မြတ်နိုးကုန်ငြားအံ့၊ ရဟန်းတို့ စင်စစ် သင်တို့သည် သိမ်းပိုက်ထားရန် မဟုတ်ဘဲ ကူးမြောက်ဖို့ရန် အကျိုးငှာငါဟောထားသော ဖောင်ဥပမာရှိသော တရားကို သိကုန်သည် မည်သလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား သိကုန်သည် မမည်ပါဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ အကယ်၍ သင်တို့သည် ဤသို့ စင်ကြယ်ဖြူဖွေးသော ဤအယူကို (တဏှာဒိဋ္ဌိတို့ဖြင့်) မကပ်ငြိကုန်ငြားအံ့၊ မတွယ်တာကုန်ငြားအံ့၊ ဥစ္စာကဲ့သို့ မလိုလား မမက်မောကုန်ငြားအံ့၊ ငါ့ဥစ္စာဟုမမြတ်နိုးကုန်ငြားအံ့၊ ရဟန်းတို့ စင်စစ် သင်တို့သည် သိမ်းပိုက်ထားရန် မဟုတ်ဘဲ ကူးမြောက်ဖို့ရန်အကျိုးငှာ ငါဟောထားသော ဖောင်ဥပမာရှိသော တရားကို သိကုန်သည် မည်သလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား သိကုန်သည် မည်ပါ၏ဟု (လျှောက်ကြကုန်၏)။

၄၀၂။ ရဟန်းတို့ ဖြစ်ပြီးသောသတ္တဝါတို့၏ တည်တံ့ခြင်းငှာလည်းကောင်း၊ ဖြစ်ဆဲသတ္တဝါတို့ကိုထောက်ပံ့ခြင်းငှာလည်းကောင်း အာဟာရတို့သည် ဤလေးပါးတို့တည်း။ အဘယ်လေးပါးတို့နည်းဟူမူ- ကြမ်းတမ်းသည်လည်းဖြစ်သော နူးညံ့သည်လည်းဖြစ်သော အလုပ်အလွေးပြုအပ်သည့် အစာအာဟာရဟူသော ‘ကဗဠီကာရာဟာရ’၊ နှစ်ခုမြောက် အတွေ့အထိဟူသော ‘ဖဿာဟာရ’၊ သုံးခုမြောက် စိတ်၏ စေ့ဆော်မှုဟူသော ‘မနောသဉ္စေတနာ ဟာရ’၊ လေးခုမြောက် သိမှုဟူသော ‘ဝိညာဏာဟာရ'တို့တည်း။

ရဟန်းတို့ ဤအာဟာရလေးပါးတို့သည် အဘယ်လျှင် ဖြစ်ကြောင်းရှိကုန်သနည်း၊ အဘယ်အကြောင်းကြောင့် ဖြစ်ကုန်သနည်း၊ အဘယ်လျှင် ဇာစ်မြစ်ရှိကုန်သနည်း၊ အဘယ်လျှင် အမွန်အစရှိကုန်သနည်း။ ဤအာဟာရလေးပါးတို့သည် တဏှာလျှင် ဖြစ်ကြောင်းရှိကုန်၏၊ တဏှာဟူသော အကြောင်းကြောင့် ဖြစ်ကုန်၏၊ တဏှာလျှင် ဇာစ်မြစ်ရှိကုန်၏၊ တဏှာလျှင် အမွန်အစရှိကုန်၏။

ရဟန်းတို့ ဤတဏှာသည်လည်း အဘယ်လျှင် ဖြစ်ကြောင်းရှိသနည်း၊ အဘယ်အကြောင်းကြောင့်ဖြစ်သနည်း၊ အဘယ်လျှင် ဇာစ်မြစ်ရှိသနည်း၊ အဘယ်လျှင် အမွန်အစရှိသနည်း။ တဏှာသည် ဝေဒနာလျှင် ဖြစ်ကြောင်းရှိ၏၊ ဝေဒနာဟူသော အကြောင်းကြောင့် ဖြစ်၏၊ ဝေဒနာလျှင် ဇာစ်မြစ်ရှိ၏၊ ဝေဒနာလျှင် အမွန်အစရှိ၏။

ရဟန်းတို့ ဤဝေဒနာသည်လည်း အဘယ်လျှင် ဖြစ်ကြောင်းရှိသနည်း၊ အဘယ်အကြောင်းကြောင့်ဖြစ်သနည်း၊ အဘယ်လျှင် ဇာစ်မြစ်ရှိသနည်း၊ အဘယ်လျှင် အမွန်အစရှိသနည်း။ ဝေဒနာသည် တွေ့ထိမှုဖဿလျှင် ဖြစ်ကြောင်းရှိ၏၊ ဖဿဟူသော အကြောင်းကြောင့် ဖြစ်၏၊ ဖဿလျှင် ဇာစ်မြစ်ရှိ၏၊ ဖဿလျှင် အမွန်အစရှိ၏။

ရဟန်းတို့ ဤဖဿသည်လည်း အဘယ်လျှင် ဖြစ်ကြောင်းရှိသနည်း၊ အဘယ်အကြောင်းကြောင့်ဖြစ်သနည်း၊ အဘယ်လျှင် ဇာစ်မြစ်ရှိသနည်း၊ အဘယ်လျှင် အမွန်အစရှိသနည်း။ ဖဿသည်သဠာယတနလျှင် ဖြစ်ကြောင်းရှိ၏၊ သဠာယတနဟူသော အကြောင်းကြောင့် ဖြစ်၏၊ သဠာယတနလျှင့်ဇာစ်မြစ်ရှိ၏၊ သဠာယတနလျှင် အမွန်အစရှိ၏။

--

ရဟန်းတို့ ဤသဠာယတနသည်လည်း အဘယ်လျှင် ဖြစ်ကြောင်းရှိသနည်း၊ အဘယ်အကြောင်းကြောင့် ဖြစ်သနည်း၊ အဘယ်လျှင် ဇာစ်မြစ်ရှိသနည်း၊ အဘယ်လျှင် အမွန်အစရှိသနည်း။ သဠာယတနသည် နာမ်ရုပ်လျှင် ဖြစ်ကြောင်းရှိ၏၊ နာမ်ရုပ်ဟူသော အကြောင်းကြောင့် ဖြစ်၏။ နာမ်ရုပ်လျှင် ဇာစ်မြစ်ရှိ၏၊ နာမ်ရုပ်လျှင် အမွန်အစရှိ၏။

ရဟန်းတို့ ဤနာမ်ရုပ်သည်လည်း အဘယ်လျှင် ဖြစ်ကြောင်းရှိသနည်း၊ အဘယ်အကြောင်းကြောင့်ဖြစ်သနည်း၊ အဘယ်လျှင် ဇာစ်မြစ်ရှိသနည်း၊ အဘယ်လျှင် အမွန်အစရှိသနည်း။ နာမ်ရုပ်သည် ဝိညာဏ်လျှင် ဖြစ်ကြောင်းရှိ၏၊ ဝိညာဏ်ဟူသော အကြောင်းကြောင့် ဖြစ်၏၊ ဝိညာဏ်လျှင် ဇာစ်မြစ်ရှိ၏၊ ဝိညာဏ် လျှင် အမွန်အစရှိ၏။

ရဟန်းတို့ ဤဝိညာဏ်သည်လည်း အဘယ်လျှင် ဖြစ်ကြောင်းရှိသနည်း၊ အဘယ်အကြောင်းကြောင့်ဖြစ်သနည်း၊ အဘယ်လျှင် ဇာစ်မြစ်ရှိသနည်း၊ အဘယ်လျှင် အမွန်အစရှိသနည်း။ ဝိညာဏ်သည် ပြုစီရင်မှု သင်္ခါရလျှင် ဖြစ်ကြောင်းရှိ၏၊ ပြုစီရင်မှုသင်္ခါရဟူသော အကြောင်းကြောင့် ဖြစ်၏၊ ပြုစီရင်မှုသင်္ခါရလျှင်ဇာစ်မြစ်ရှိ၏၊ ပြုစီရင်မှုသင်္ခါရလျှင် အမွန်အစရှိ၏။

ရဟန်းတို့ ဤသင်္ခါရတို့သည်လည်း အဘယ်လျှင် ဖြစ်ကြောင်းရှိကုန်သနည်း၊ အဘယ်အကြောင်းကြောင့် ဖြစ်ကုန်သနည်း၊ အဘယ်လျှင် ဇာစ်မြစ်ရှိကုန်သနည်း၊ အဘယ်လျှင် အမွန်အစရှိကုန်သနည်း။ သင်္ခါရတို့သည် မသိခြင်း ‘အဝိဇ္ဇာ’ လျှင် ဖြစ်ကြောင်းရှိကုန်၏၊ အဝိဇ္ဇာဟူသော အကြောင်းကြောင့်ဖြစ်ကုန်၏၊ အဝိဇ္ဇာလျှင် ဇာစ်မြစ်ရှိကုန်၏၊ အဝိဇ္ဇာလျှင် အမွန်အစရှိကုန်၏။

ရဟန်းတို့ ဤသို့လျှင် အဝိဇ္ဇာအကြောင်းကြောင့် ပြုစီရင်မှု သင်္ခါရ၊ ပြုစီရင်မှုသင်္ခါရအကြောင်း ကြောင့်ဝိညာဏ်၊ ဝိညာဏ်အကြောင်းကြောင့် နာမ်ရုပ်၊ နာမ်ရုပ်အကြောင်းကြောင့် သဠာယတန၊ သဠာယတနအကြောင်းကြောင့် ဖဿ၊ ဖဿအကြောင်းကြောင့် ဝေဒနာ၊ ဝေဒနာအကြောင်းကြောင့် တဏှာ၊ တဏှာအကြောင်းကြောင့် ဥပါဒါန်၊ ဥပါဒါန်အကြောင်းကြောင့် ဘဝ၊ ဘဝအကြောင်းကြောင့် (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’၊ (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ'အကြောင်းကြောင့် အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’၊ ပူဆွေးခြင်း ‘သောက’၊ ငိုကြွေးခြင်း ‘ပရိဒေဝ’၊ ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ’၊ စိတ်ဆင်းရဲခြင်း ‘ဒေါမနဿ’၊ ပြင်းစွာ ပင်ပန်းခြင်း ‘ဥပါယာသ'တို့သည် ဖြစ်ကုန်၏။ ဤသို့ဤချမ်းသာ မဖက်သော ဆင်းရဲအစု၏ ဖြစ်ပွားခြင်းသည် ဖြစ်၏။

၄၀၃။ “(ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’ အကြောင်းကြောင့် အိုခြင်း ‘ဇရာ'သေခြင်း ‘မရဏ'ဖြစ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’ အကြောင်းကြောင့် အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’ သည် ဖြစ်လေသလော၊ မဖြစ်လေသလော၊ ဤအရာ၌အဘယ် သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’ အကြောင်းကြောင့် အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ'ဖြစ်၏ဟု ဟောထားသော ဤအရာ၌ “ဖြစ်ပွားခြင်း ‘ဇာတိ’ အကြောင်းကြောင့် အိုခြင်း ‘ဇရာ'သေခြင်း ‘မရဏ’ ဖြစ်၏ဟု တပည့်တော်တို့ မှတ်ထင်ပါ၏ဟု (လျှောက်ကြကုန်၏)။

“ဖြစ်ကြောင်း ပြုမှုကံ ‘ဘဝ’ အကြောင်းကြောင့် (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ'သည်ဖြစ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ ဖြစ်ကြောင်း ပြုမှုကံ ‘ဘဝ'အကြောင်းကြောင့် (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ'သည် ဖြစ်လေသလော၊ မဖြစ်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား ဖြစ်ကြောင်း ပြုမှုကံ ‘ဘဝ’ အကြောင်းကြောင့် (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ'သည် ဖြစ်၏ဟု ဟောထားသော ဤအရာ၌ “ဖြစ်ကြောင်း ပြုမှုကံ ‘ဘဝ’ အကြောင်းကြောင့် (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’ သည် ဖြစ်၏” ဟု တပည့်တော်တို့ မှတ်ထင်ပါ၏ဟု (လျှောက် ကြကုန်၏)။

--

“စွဲလမ်းခြင်း ‘ဥပါဒါန်’ အကြောင်းကြောင့် ဖြစ်ကြောင်း ပြုမှုကံ ‘ဘဝ’ သည် ဖြစ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ စွဲလမ်းခြင်း ‘ဥပါဒါန်’ အကြောင်းကြောင့် ဖြစ်ကြောင်း ပြုမှုကံ ‘ဘဝ'သည် ဖြစ်လေသလော၊ မဖြစ်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။

“အသျှင်ဘုရား စွဲလမ်းခြင်း ‘ဥပါဒါန်’ အကြောင်းကြောင့် ဖြစ်ကြောင်း ပြုမှုကံ ‘ဘဝ’ သည် ဖြစ်၏ဟုဟောထားသော ဤအရာ၌ “စွဲလမ်းခြင်း ‘ဥပါဒါန်’ အကြောင်းကြောင့် ဖြစ်ကြောင်း ပြုမှုကံ ‘ဘဝ'သည် ဖြစ်၏” ဟု တပည့်တော်တို့ မှတ်ထင်ပါ၏ဟု (လျှောက်ကြကုန်၏)။

“တပ်မက်မှု ‘တဏှာ’ အကြောင်းကြောင့် စွဲလမ်းခြင်း ‘ဥပါဒါန်’ ဖြစ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ တပ်မက်မှု ‘တဏှာ’ အကြောင်းကြောင့် စွဲလမ်းခြင်း ‘ဥပါဒါန်’ သည်ဖြစ်လေသလော၊ မဖြစ်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား တပ်မက်မှု ‘တဏှာ’ အကြောင်းကြောင့် စွဲလမ်းခြင်း ‘ဥပါဒါန်’ ဖြစ်၏ဟု ဟောထားသော ဤအရာ၌ “တပ်မက်မှု ‘တဏှာ’ အကြောင်းကြောင့် စွဲလမ်းခြင်း ‘ဥပါဒါန်’ သည် ဖြစ်၏” ဟုတပည့်တော်တို့ မှတ်ထင်ပါ၏ဟု (လျှောက်ကြကုန်၏)။

“ခံစားခြင်း ‘ဝေဒနာ’ အကြောင်းကြောင့် တပ်မက်မှု ‘တဏှာ’ ဖြစ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ ခံစားခြင်း ‘ဝေဒနာ’ အကြောင်းကြောင့် တပ်မက်မှု ‘တဏှာ’ ဖြစ်လေသလော၊ မဖြစ်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား ခံစားခြင်း ‘ဝေဒနာ’ အကြောင်းကြောင့် တပ်မက်မှု ‘တဏှာ’ ဖြစ်၏” ဟု ဟောထားသော ဤအရာ၌ “ခံစားခြင်း ‘ဝေဒနာ’ အကြောင်းကြောင့် တပ်မက်မှု ‘တဏှာ’ ဖြစ်၏” ဟု တပည့်တော်တို့ မှတ်ထင်ပါ၏ဟု (လျှောက်ကြကုန်၏)။

“တွေ့ထိခြင်း ‘ဖဿ’ အကြောင်းကြောင့် ခံစားခြင်း ‘ဝေဒနာ’ ဖြစ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ တွေ့ထိခြင်း ‘ဖဿ’ အကြောင်းကြောင့် ခံစားခြင်း ‘ဝေဒနာ’ ဖြစ်လေသလော၊ မဖြစ်လေသ လော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား တွေ့ထိခြင်း ‘ဖဿ’ အကြောင်းကြောင့် ခံစားခြင်း ‘ဝေဒနာ’ ဖြစ်၏ဟု ဟောထားသောဤအရာ၌ “တွေ့ထိခြင်း ‘ဖဿ’ အကြောင်းကြောင့် ခံစားခြင်း ‘ဝေဒနာ’ ဖြစ်၏” ဟု တပည့်တော်တို့မှတ်ထင်ပါ၏ဟု (လျှောက်ကြကုန်၏)။

“တည်ရာခြောက်ပါး ‘သဠာယတန’ အကြောင်းကြောင့် တွေ့ထိခြင်း ‘ဖဿ'သည် ဖြစ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ တည်ရာခြောက်ပါး ‘သဠာယတန’ အကြောင်းကြောင့် တွေ့ထိခြင်း ‘ဖဿ’ ဖြစ်လေသလော၊ မဖြစ်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား တည်ရာခြောက်ပါး ‘သဠာယတန’ အကြောင်းကြောင့် တွေ့ထိခြင်း ‘ဖဿ’ ဖြစ်၏ဟုဟောထားသော ဤအရာ၌ “တည်ရာခြောက်ပါး ‘သဠာယတန’ အကြောင်းကြောင့် တွေ့ထိခြင်း ‘ဖဿ'ဖြစ်၏” ဟု တပည့်တော်တို့ မှတ်ထင်ပါ၏ဟု (လျှောက်ကြကုန်၏)။

“နာမ်ရုပ်အကြောင်းကြောင့် တည်ရာခြောက်ပါး ‘သဠာယတန’ သည် ဖြစ်၏” ဟု ဤစကားကိုဟောထား၏။ ရဟန်းတို့ နာမ်ရုပ်အကြောင်းကြောင့် တည်ရာခြောက်ပါး ‘သဠာယတန'ဖြစ်လေသလော၊ မဖြစ်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။

--

အသျှင်ဘုရား နာမ်ရုပ်အကြောင်းကြောင့် တည်ရာခြောက်ပါး ‘သဠာယတန’ သည် ဖြစ်၏ဟု ဟော့ထားသော ဤအရာ၌ “နာမ်ရုပ်အကြောင်းကြောင့် တည်ရာခြောက်ပါး ‘သဠာယတန’ ဖြစ်၏” ဟု တပည့်တော်တို့ မှတ်ထင်ပါ၏ဟု (လျှောက်ကြကုန်၏)။

“ဝိညာဏ်အကြောင်းကြောင့် နာမ်ရုပ်သည် ဖြစ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ဝိညာဏ် အကြောင်းကြောင့် နာမ်ရုပ်သည် ဖြစ်လေသလော၊ မဖြစ်လေသလော၊ ဤအရာ၌ အဘယ်သို့မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား ဝိညာဏ်အကြောင်းကြောင့် နာမ်ရုပ်သည် ဖြစ်၏ဟု ဟောထားသော ဤအရာ၌ “ဝိညာဏ် အကြောင်းကြောင့် နာမ်ရုပ်သည် ဖြစ်၏” ဟု တပည့်တော်တို့ မှတ်ထင်ပါ၏ဟု (လျှောက်ကြကုန်၏)။

“ပြုစီရင်မှု ‘သင်္ခါရ’ အကြောင်းကြောင့် ဝိညာဏ်သည် ဖြစ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ ပြုစီရင်မှု ‘သင်္ခါရ’ အကြောင်းကြောင့် ဝိညာဏ်သည် ဖြစ်လေသလော၊ မဖြစ်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား ပြုစီရင်မှု ‘သင်္ခါရ’ အကြောင်းကြောင့် ဝိညာဏ်သည် ဖြစ်၏ဟု ဟောထားသော ဤအရာ၌ “ပြုစီရင်မှု ‘သင်္ခါရ’ အကြောင်းကြောင့် ဝိညာဏ်သည် ဖြစ်၏” ဟု တပည့်တော်တို့ မှတ်ထင်ပါ၏ဟု (လျှောက်ကြကုန်၏)။

“မသိမှု ‘အဝိဇ္ဇာ’ အကြောင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ'တို့သည် ဖြစ်ကုန်၏” ဟု ဤစကားကိုဟောထား၏။ ရဟန်းတို့ မသိမှု ‘အဝိဇ္ဇာ’ အကြောင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ'တို့သည် ဖြစ်ကုန်လေသလော၊ မဖြစ်ကုန်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား မသိမှု ‘အဝိဇ္ဇာ’ အကြောင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ'တို့သည် ဖြစ်ကုန်၏ဟု ဟောထားသော ဤအရာ၌ “မသိမှု ‘အဝိဇ္ဇာ’ အကြောင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ'တို့သည် ဖြစ်ကုန်၏” ဟုတပည့်တော်တို့ မှတ်ထင်ပါ၏ဟု (လျှောက်ကြကုန်၏)။

၄၀၄။ ရဟန်းတို့ ကောင်းပေ၏၊ ရဟန်းတို့ သင်တို့လည်း ဤသို့ ပြောဆိုကုန်၏၊ ငါလည်း ဤသို့ပင်ဟောကြား၏၊ ဤအကြောင်းရှိသော် ဤအကျိုးရှိ၏၊ ဤအကြောင်း၏ ဖြစ်ပေါ်ခြင်းကြောင့်ဤအကျိုးဖြစ်ပေါ်ပေ၏။ ဖြစ်ပေါ်ပုံကား- မသိမှု ‘အဝိဇ္ဇာ’အကြောင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’၊ ပြုစီရင်မှု ‘သင်္ခါရ'အကြောင်းကြောင့် သိမှု ‘ဝိညာဏ်’၊ သိမှု ‘ဝိညာဏ်'အကြောင်းကြောင့် နာမ်ရုပ်၊ နာမ်ရုပ်အကြောင်းကြောင့် သဠာယတန၊ သဠာယတန အကြောင်းကြောင့် တွေ့ထိခြင်း ‘ဖဿ’၊ တွေ့ထိခြင်း ‘ဖဿ’ အကြောင်းကြောင့် ခံစားခြင်း ‘ဝေဒနာ’၊ ခံစားခြင်း ‘ဝေဒနာ'အကြောင်းကြောင့်တပ်မက်မှု ‘တဏှာ’၊ တပ်မက်မှု ‘တဏှာ’ အကြောင်းကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’၊ စွဲလမ်းမှု ‘ဥပါဒါန်'အကြောင်း ကြောင့် ဖြစ်ကြောင်းပြုမှုကံ ‘ဘဝ’၊ ဖြစ်ကြောင်း ပြုမှုကံ ‘ဘဝ’ အကြောင်းကြောင့် (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’၊ (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’ အကြောင်းကြောင့် အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’၊ ပူဆွေးခြင်း ‘သောက’၊ ငိုကြွေးခြင်း ‘ပရိဒေဝ’၊ ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ’၊ စိတ်ဆင်းရဲခြင်း ‘ဒေါမနဿ’၊ ပြင်းစွာ ပင်ပန်းခြင်း ‘ဥပါယာသ'တို့သည် ဖြစ်ကုန်၏။ ဤသို့ ချမ်းသာမဖက်သော ဆင်းရဲအစု၏ဖြစ်ပွားခြင်းသည် ဖြစ်၏။

မသိမှု ‘အဝိဇ္ဇာ’၏သာလျှင် တပ်ခြင်းကင်းသဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ပြုစီရင်မှု ချုပ်၏၊ ပြုစီရင်မှု ချုပ်ခြင်းကြောင့် ဝိညာဏ်ချုပ်၏၊ ဝိညာဏ်ချုပ်ခြင်းကြောင့် နာမ်ရုပ် ချုပ်၏၊ နာမ်ရုပ်ချုပ်ခြင်းကြောင့် သဠာယတန ချုပ်၏၊ သဠာယတနချုပ်ခြင်းကြောင့် တွေ့ထိခြင်း ချုပ်၏၊ တွေ့ထိခြင်းချုပ်ခြင်းကြောင့် ခံစားခြင်း ချုပ်၏၊ ခံစားခြင်းချုပ်ခြင်းကြောင့် တပ်မက်မှု ချုပ်၏၊ တပ်မက်မှုချုပ်ခြင်းကြောင့်စွဲလမ်းမှု ချုပ်၏၊ စွဲလမ်းမှု ချုပ်ခြင်းကြောင့် ဖြစ်ကြောင်းပြုမှုကံ ‘ဘဝ’ ချုပ်၏၊

--

ဖြစ်ကြောင်း ပြုမှုကံ ‘ဘဝ'ချုပ်ခြင်းကြောင့် (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ'ချုပ်၏၊ (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ'ချုပ်ခြင်းကြောင့် အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’၊ ပူဆွေးခြင်း ‘သောက’၊ ငိုကြွေးခြင်း ‘ပရိဒေဝ’၊ ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ’၊ စိတ်ဆင်းရဲခြင်း ‘ဒေါမနဿ’၊ ပြင်းစွာပင်ပန်းခြင်း ‘ဥပါယာသ'တို့သည် ချုပ်ကုန်၏။ ဤသို့ ဤချမ်းသာမဖက်သော ဆင်းရဲအစု၏ ချုပ်ခြင်းသည် ဖြစ်၏။

၄၀၅။ “(ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ'ချုပ်ခြင်းကြောင့် အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ'ချုပ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’ ချုပ်ခြင်းကြောင့် အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’ ချုပ်လေသလော၊ မချုပ်လေသလော၊ ဤအရာ၌ အဘယ်သို့မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’ ချုပ်ခြင်းကြောင့် အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’ ချုပ်၏ဟု ဟောထားသော ဤအရာ၌ “(ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’ ချုပ်ခြင်းကြောင့် အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ'ချုပ်၏” ဟု တပည့်တော်တို့ မှတ်ထင်ကြပါ၏ဟု (လျှောက်ကြကုန်၏)။

“ဖြစ်ကြောင်း ပြုမှုကံ ‘ဘဝ'ချုပ်ခြင်းကြောင့် (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’ ချုပ်၏” ဟုဤစကားကို ဟောထား၏။ ရဟန်းတို့ ဖြစ်ကြောင်းပြုမှုကံ ‘ဘဝ’ ချုပ်ခြင်းကြောင့် (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’ ချုပ်လေသလော၊ မချုပ်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား ဖြစ်ကြောင်းပြုမှုကံ ‘ဘဝ’ ချုပ်ခြင်းကြောင့် (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ'ချုပ်၏ဟု ဟောထားသော ဤအရာ၌ “ဖြစ်ကြောင်း ပြုမှုကံ ‘ဘဝ’ ချုပ်ခြင်းကြောင့် (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ'ချုပ်၏” ဟု တပည့်တော်တို့ မှတ်ထင်ကြပါ၏ဟု (လျှောက်ကြကုန်၏)။

“စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်ခြင်းကြောင့် ဖြစ်ကြောင်းပြုမှုကံ ‘ဘဝ’ ချုပ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်ခြင်းကြောင့် ဖြစ်ကြောင်းပြုမှုကံ ‘ဘဝ’ ချုပ်လေသလော၊ မချုပ်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်ခြင်းကြောင့် ဖြစ်ကြောင်း ပြုမှုကံ ‘ဘဝ’ ချုပ်၏ဟု ဟောထားသော ဤအရာ၌ “စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်ခြင်းကြောင့် ဖြစ်ကြောင်းပြုမှုကံ ‘ဘဝ’ ချုပ်၏” ဟု တပည့်တော်တို့ မှတ်ထင်ကြပါ၏ဟု (လျှောက်ကြကုန်၏)။

“တပ်မက်မှု ‘တဏှာ’ ချုပ်ခြင်းကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ တပ်မက်မှု ‘တဏှာ’ ချုပ်ခြင်းကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်လေသလော၊ မချုပ်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား တပ်မက်မှု ‘တဏှာ’ ချုပ်ခြင်းကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်၏ဟု ဟောထားသောဤအရာ၌ တပ်မက်မှု ‘တဏှာ’ ချုပ်ခြင်းကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်၏” ဟု တပည့်တော်တို့မှတ်ထင် ကြပါ၏ဟု (လျှောက်ကြကုန်၏)။

“ခံစားခြင်း ‘ဝေဒနာ’ ချုပ်ခြင်းကြောင့် တပ်မက်မှု ‘တဏှာ’ ချုပ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ ခံစားမှု ‘ဝေဒနာ’ ချုပ်ခြင်းကြောင့် တပ်မက်မှု ‘တဏှာ’ ချုပ်လေသလော၊ မချုပ်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား ခံစားမှု ‘ဝေဒနာ’ ချုပ်ခြင်းကြောင့် တပ်မက်မှု ‘တဏှာ’ ချုပ်၏ဟု ဟောထားသောဤအရာ၌ “ခံစားခြင်း ‘ဝေဒနာ’ ချုပ်ခြင်းကြောင့် တပ်မက်မှု ‘တဏှာ’ ချုပ်၏” ဟု တပည့်တော်တို့မှတ် ထင်ကြပါ၏ဟု (လျှောက်ကြကုန်၏)။

--

“အတွေ့အထိ ‘ဖဿ'ချုပ်ခြင်းကြောင့် ခံစားခြင်း ‘ဝေဒနာ’ ချုပ်၏” ဟု ဤစကားကို ဟောထား၏။

ရဟန်းတို့ အတွေ့အထိ ‘ဖဿ’ ချုပ်ခြင်းကြောင့် ခံစားခြင်း ‘ဝေဒနာ’ ချုပ်လေသလော၊ မချုပ်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား အတွေ့အထိ ‘ဖဿ’ ချုပ်ခြင်းကြောင့် ခံစားခြင်း ‘ဝေဒနာ’ ချုပ်၏ဟု ဟောထားသောဤအရာ၌ အတွေ့အထိ ‘ဖဿ’ ချုပ်ခြင်းကြောင့် ခံစားခြင်း ‘ဝေဒနာ’ ချုပ်၏” ဟု တပည့်တော်တို့ မှတ်ထင်ကြပါ၏ဟု (လျှောက်ကြကုန်၏)။

“သဠာယတန ချုပ်ခြင်းကြောင့် အတွေ့အထိ ‘ဖဿ’ ချုပ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ သဠာယတန ချုပ်ခြင်းကြောင့် အတွေ့အထိ ‘ဖဿ’ ချုပ်လေသလော၊ မချုပ်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား သဠာယတန ချုပ်ခြင်းကြောင့် အတွေ့အထိ ‘ဖဿ’ ချုပ်၏ဟု ဟောထားသော ဤအရာ၌ “သဠာယတန ချုပ်ခြင်းကြောင့် အတွေ့အထိ ‘ဖဿ’ ချုပ်၏” ဟု တပည့်တော်တို့ မှတ်ထင်ကြပါ၏ဟု (လျှောက်ကြကုန်၏)။

“နာမ်ရုပ် ချုပ်ခြင်းကြောင့် သဠာယတန ချုပ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့နာမ်ရုပ်ချုပ်ခြင်းကြောင့် သဠာယတန ချုပ်လေသလော၊ မချုပ်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား နာမ်ရုပ် ချုပ်ခြင်းကြောင့် သဠာယတန ချုပ်၏ဟု ဟောထားသော ဤအရာ၌ “နာမ်ရုပ်ချုပ်ခြင်းကြောင့် သဠာယတန ချုပ်၏” ဟု တပည့်တော်တို့ မှတ်ထင်ကြပါ၏ဟု (လျှောက်ကြကုန်၏)။

“ဝိညာဏ် ချုပ်ခြင်းကြောင့် နာမ်ရုပ် ချုပ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ဝိညာဏ်ချုပ်ခြင်းကြောင့် နာမ်ရုပ် ချုပ်လေသလော၊ မချုပ်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား ဝိညာဏ် ချုပ်ခြင်းကြောင့် နာမ်ရုပ် ချုပ်၏ဟု ဟောထားသော ဤအရာ၌ “ဝိညာဏ်ချုပ်ခြင်းကြောင့် နာမ်ရုပ်ချုပ်၏” ဟု တပည့်တော်တို့ မှတ်ထင်ကြပါ၏ဟု (လျှောက်ကြကုန်၏)။

“ပြုစီရင်မှု ‘သင်္ခါရ’ ချုပ်ခြင်းကြောင့် ဝိညာဏ် ချုပ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ပြုစီရင်မှု ‘သင်္ခါရ’ ချုပ်ခြင်းကြောင့် ဝိညာဏ် ချုပ်လေသလော၊ မချုပ်လေသလော၊ ဤအရာ၌အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား ပြုစီရင်မှု ‘သင်္ခါရ’ ချုပ်ခြင်းကြောင့် ဝိညာဏ် ချုပ်၏ဟု ဟောထားသော ဤအရာ၌ “ပြုစီရင်မှု ‘သင်္ခါရ’ ချုပ်ခြင်းကြောင့် ဝိညာဏ်ချုပ်၏” ဟု တပည့်တော်တို့ မှတ်ထင်ကြပါ၏ဟု (လျှောက် ကြကုန်၏)။

“မသိမှု ‘အဝိဇ္ဇာ’ချုပ်ခြင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ ချုပ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ မသိမှု ‘အဝိဇ္ဇာ’ ချုပ်ခြင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ ချုပ်လေသလော၊ မချုပ်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား မသိမှု ‘အဝိဇ္ဇာ’ ချုပ်ခြင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ ချုပ်၏ဟု ဟောထားသော ဤအရာ၌ “မသိမှု ‘အဝိဇ္ဇာ’ ချုပ်ခြင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ ချုပ်၏” ဟု တပည့်တော်တို့ မှတ်ထင်ကြပါ၏ဟု (လျှောက်ကြကုန်၏)။

--

၄၀၆။ ရဟန်းတို့ ကောင်းပေ၏၊ ရဟန်းတို့ သင်တို့လည်း ဤသို့ ပြောဆိုကုန်၏၊ ငါလည်း ဤသို့ပင်ဟောကြား၏၊ ဤအကြောင်းမရှိသော် ဤအကျိုးမရှိနိုင်၊ ဤအကြောင်းချုပ်ခြင်းကြောင့် ဤ အကျိုးချုပ်ရ၏။ ချုပ်ပုံကား မသိမှု ‘အဝိဇ္ဇာ’ ချုပ်ခြင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ ချုပ်၏၊ ပြုစီရင်မှု ‘သင်္ခါရ’ ချုပ်ခြင်းကြောင့် ဝိညာဏ်ချုပ်၏၊ ဝိညာဏ်ချုပ်ခြင်းကြောင့် နာမ်ရုပ် ချုပ်၏၊ နာမ်ရုပ် ချုပ်ခြင်း့ကြောင့် သဠာယတန ချုပ်၏၊ သဠာယတန ချုပ်ခြင်းကြောင့် အတွေ့အထိ ‘ဖဿ’ ချုပ်၏၊ အတွေ့အထိ ‘ဖဿ’ ချုပ်ခြင်းကြောင့် ခံစားခြင်း ‘ဝေဒနာ’ ချုပ်၏၊ ခံစားခြင်း ‘ဝေဒနာ’ ချုပ်ခြင်းကြောင့် တပ်မက်မှု ‘တဏှာ'ချုပ်၏၊ တပ်မက်မှု ‘တဏှာ’ ချုပ်ခြင်းကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်၏၊ စွဲလမ်းမှု ‘ဥပါဒါန်'ချုပ်ခြင်းကြောင့် ဖြစ်ကြောင်းပြုမှုကံ ‘ဘဝ’ ချုပ်၏၊ ဖြစ်ကြောင်းပြုမှုကံ ‘ဘဝ’ ချုပ်ခြင်းကြောင့် (ပဋိသန္ဓေ တည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’ ချုပ်၏၊ (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’ ချုပ်ခြင်းကြောင့် အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’၊ ပူဆွေးခြင်း ‘သောက’၊ ငိုကြွေးခြင်း ‘ပရိဒေဝ’၊ ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ’၊ စိတ်ဆင်းရဲခြင်း ‘ဒေါမနဿ’၊ ပြင်းစွာပင်ပန်းခြင်း ‘ဥပါယာသ'တို့သည် ချုပ်ကုန်၏။ ဤသို့ ဤ ချမ်းသာမဖက်သော ဆင်းရဲအစု၏ ချုပ်ခြင်းသည် ဖြစ်၏။

၄၀၇။ ရဟန်းတို့ စင်စစ်အားဖြင့် သင်တို့သည် ဤသို့ သိကုန်သော် ဤသို့ မြင်ကုန်သော် “ငါတို့သည်အတိတ်ကာလ၌ ဖြစ်ခဲ့လေကုန်သလော၊ မဖြစ်ခဲ့လေကုန်သလော၊ အတိတ်ကာလ၌ အဘယ် သို့သောသူဖြစ်ခဲ့ကုန်သနည်း၊ အတိတ်ကာလ၌ အဘယ်ပုံပန်း ဖြစ်ခဲ့ကုန်သနည်း၊ ငါတို့သည် အတိတ် ကာလ၌အဘယ်သို့သောသူ ဖြစ်ပြီး၍ အဘယ်သို့သောသူ ဖြစ်ခဲ့ကုန်သနည်း” ဟု ရှေးအဖို့ခန္ဓာသို့သော်လည်းတစ်ဖန် ပြေးသွားကုန်ရာသလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား တစ်ဖန်ပြေးသွားခြင်း မဖြစ်ပါဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ စင်စစ်အားဖြင့် သင်တို့သည် ဤသို့ သိကုန်သော် ဤသို့ မြင်ကုန်သော် “ငါတို့သည်အနာဂတ်ကာလ၌ ဖြစ်ကုန်လတ္တံ့လော၊ မဖြစ်ကုန်လတ္တံ့လော၊ အနာဂတ်ကာလ၌ အဘယ်သို့သောသူဖြစ်ကုန်လတ္တံ့နည်း၊ အနာဂတ်ကာလ၌ အဘယ်ပုံပန်း ဖြစ်ကုန်လတ္တံ့နည်း၊ ငါတို့သည် အနာဂတ်ကာလ၌အဘယ်သို့သောသူ ဖြစ်၍ အဘယ်သို့သောသူ ဖြစ်ကုန်လတ္တံ့နည်း” ဟု နောက်အဖို့ခန္ဓာသို့သော်လည်းတစ်ဖန် ပြေးသွားကုန်ရာသလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား တစ်ဖန်ပြေးသွားခြင်း မဖြစ်ပါဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ စင်စစ်အားဖြင့် သင်တို့သည် ဤသို့ သိကုန်သော် ဤသို့ မြင်ကုန်သော် “ငါသည်ဖြစ်လေသလော၊ မဖြစ်လေသလော၊ အဘယ်သို့သောသူ ဖြစ်သနည်း၊ အဘယ်ပုံပန်း ဖြစ်သနည်း၊ ဤသတ္တဝါသည် အဘယ်မှ လာသနည်း၊ ထိုသတ္တဝါသည် အဘယ်သို့ သွားလတ္တံ့နည်း” ဟု ယခုပစ္စုပ္ပန်ကာလ ကိုယ်တွင်း သန္တာန်၌လည်း သို့လော သို့လော တွေးတော ယုံမှားမှု ဖြစ်ကြရာသလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား သို့လော သို့လော တွေးတော ယုံမှားမှု မဖြစ်ရာပါဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ စင်စစ်အားဖြင့် သင်တို့သည် ဤသို့ သိကုန်သော် ဤသို့ မြင်ကုန်သော် “ဆရာမြတ်စွာဘုရားသည် ငါတို့ အလေးပြုသင့်သူတည်း၊ ဆရာမြတ်စွာဘုရားအား ရိုသေခြင်းဖြင့် ငါတို့သည် ဤအတိုင်းဆိုကုန်၏” ဟု ဤသို့ ဆိုကုန်ရာသလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား ဤသို့ ပြောဆိုခြင်း မဟုတ်ပါဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ စင်စစ်အားဖြင့် သင်တို့သည် ဤသို့ သိကုန်သော် ဤသို့ မြင်ကုန်သော် “သမဏ ဖြစ်သောမြတ်စွာဘုရားသည် ဤသို့ ဟောကြားတော်မူ၏၊ သမဏမည်သော ငါတို့သည်လည်း ဤ အတိုင်းပင်ဆိုရကုန်၏” ဟု ဤသို့ ဆိုရာသလောဟု (မေးတော်မူ၏)။

--

အသျှင်ဘုရား ဤသို့ ပြောဆိုခြင်း မဟုတ်ပါဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ စင်စစ်အားဖြင့် သင်တို့သည် ဤသို့ သိကုန်သော် ဤသို့ မြင်ကုန်သော် တစ်ပါးသောဆရာကို ညွှန်ပြကုန်ရာသလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား ဤသို့ ညွှန်ပြခြင်း မဟုတ်ပါဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ စင်စစ်အားဖြင့် သင်တို့သည် ဤသို့ သိကုန်သော် ဤသို့ မြင်ကုန်သော် များစွာသော သမဏဗြာဟ္မဏတို့၏ ဝတ်အကျင့်နှင့် ကောတုဟလမင်္ဂလာတို့ကို အနှစ်သာရအားဖြင့် တစ်ဖန် ယူကုန်ရာသလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား ဤသို့ တစ်ဖန် ယူခြင်းသည် မဖြစ်ရာပါဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ သင်တို့သည် ကိုယ်တိုင်သိသည်ကိုသာလျှင် ကိုယ်တိုင်မြင်သည်ကိုသာလျှင် ကိုယ်တိုင်ထင်ထင်ရှားရှား သိသည်ကိုသာလျှင် ဆိုကုန်သည် မဟုတ်ကုန်လောဟု (မေးတော်မူ၏)။

အသျှင်ဘုရား မှန်ပါ၏ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ကောင်းပေ၏၊ ရဟန်းတို့ ငါသည် ကိုယ်တိုင် သိမြင်နိုင်သော၊ အခါမလင့် အကျိုးပေးတတ်သော၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်သော၊ မိမိ ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထားထိုက်သော၊ ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်သော ဤတရားဖြင့် သင်တို့ကို နိဗ္ဗာန်သို့ ပို့ခဲ့ပြီ။ “ရဟန်းတို့ ဤတရားသည် ကိုယ်တိုင် ရှုမြင်ထိုက်သော တရားတည်း၊ အခါမလင့် အကျိုးပေးတတ်သော တရားတည်း၊ လာလှည့်ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်သော တရားတည်း၊ မိမိ၏ ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထားထိုက်သော တရားတည်း၊ ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်သော တရားတည်း” ဟု ဟောထား၏၊ ဤကိုယ်တိုင်မြင် ကိုယ်တိုင်သိ ကိုယ်တိုင် ထင်ထင်ရှားရှား သိသည့်အဖြစ်ကို စွဲ၍ ဤစကားကိုဟောထား၏။

၄၀၈။ ရဟန်းတို့ အကြောင်းသုံးရပ်တို့၏ ပေါင်းဆုံခြင်းကြောင့် ကိုယ်ဝန်တည်ခြင်းသည် ဖြစ်နိုင်ပေ၏။ အမိအဖတို့သည်လည်း ပေါင်းဖော်ကုန်၏၊ အမိသည်လည်း ဥတုမလာ၊ အမိဝမ်းတွင်းသို့ ရောက်ထိုက်သူ (သတ္တဝါ) သည်လည်း အဆင်သင့် မရှိသေး၊ ထိုမျှလောက်သော အခြင်းအရာဖြင့် ကိုယ်ဝန်တည်ခြင်းသည် မဖြစ်နိုင်ပေ။ အမိအဖတို့သည်လည်း ပေါင်းဖော်ကုန်၏၊ အမိသည်လည်း ဥတုလာ၏၊ အမိဝမ်း တွင်းသို့ ရောက်ထိုက်သူ (သတ္တဝါ) သည်လည်း အဆင်သင့် မရှိသေး၊ ထိုမျှလောက်သောအခြင်းအရာ ဖြင့် ကိုယ်ဝန်တည်ခြင်းသည် မဖြစ်နိုင်ပေ။ ရဟန်းတို့ အမိအဖတို့သည်လည်းပေါင်းဖော်ကုန်၏၊ အမိ သည်လည်း ဥတုလာ၏၊ အမိဝမ်းတွင်းသို့ ရောက်ထိုက်သူ (သတ္တဝါ) သည်လည်းအဆင်သင့် ရှိနေ၏၊ ဤသို့ အကြောင်းသုံးရပ်တို့၏ ပေါင်းဆုံခြင်းကြောင့် ကိုယ်ဝန်တည်ခြင်းသည်ဖြစ်နိုင်ပေ၏။

ရဟန်းတို့ ထိုကိုယ်ဝန်ကို အမိသည် ကိုးလဖြစ်စေ၊ ဆယ်လဖြစ်စေ ဝမ်းဖြင့်လွယ်၍ ကြီးစွာသောယုံမှားခြင်းဖြင့် လေးလံသော ဝန်ကို လွယ်ရ၏။ ရဟန်းတို့ ထိုကိုယ်ဝန်ကို အမိသည် ကိုးလဖြစ်စေဆယ်လဖြစ်စေ လွန်သောအခါ၌ ကြီးစွာသော ယုံမှားခြင်းဖြင့် လေးလံသော ဝန်ကို ဖွားမြင်၏။ မွေးဖွားပြီးသော ထိုသူငယ်ကို မိမိသွေးဖြင့် မွေးမြူ၏။ ရဟန်းတို့ ဤအမိနို့ရည်သည် မြတ်စွာဘုရား၏သာသနာတော်၌ သွေးမည်၏။

ရဟန်းတို့ ထိုသူငယ်သည် ကြီးထွားခြင်း ဣန္ဒြေတို့၏ ရင့်ကျက်ခြင်းကို စွဲ၍ ထွန်ငယ်ဖြင့် ကစားခြင်းကျည်းသားရိုက်ကစားခြင်း ဂျွမ်းထိုးကစားခြင်း စကြာဖြင့် ကစားခြင်း ခွက်ငယ်ဖြင့် ကစားခြင်းရထားငယ်ဖြင့် ကစားခြင်း လေးငယ်ဖြင့်ကစားခြင်းဟူသော ထိုထို ဤဤ ကလေးသူငယ် ကစားနည်းမျိုးစုံတို့ဖြင့် ကစား၏။

--

ရဟန်းတို့ ထိုသူငယ်သည် ကြီးထွားခြင်း ဣန္ဒြေတို့၏ ရင့်ကျက်ခြင်းကို စွဲ၍ နှစ်လိုဖွယ်ဖြစ်သောနှစ်သက်ဖွယ်ဖြစ်သော မြတ်နိုးဖွယ်ဖြစ်သော ချစ်အပ်သောသဘောရှိသော ကာမ (ရာဂ) နှင့်စပ်သွယ်သောတပ်မက် ဖွယ်ဖြစ်သော စက္ခုဝိညာဏ်ဖြင့် သိရသော အဆင်း။ပ။ သောတဝိညာဏ်ဖြင့် သိရသော အသံ။ ဃာနဝိညာဏ်ဖြင့် သိရသော အနံ့။ ဇိဝှါဝိညာဏ်ဖြင့် သိရသော အရသာ။ နှစ်လိုဖွယ်ဖြစ်သော နှစ်သက်ဖွယ်ဖြစ်သော မြတ်နိုးဖွယ်ဖြစ်သော ချစ်အပ်သောသဘောရှိသော ကာမ (ရာဂ) နှင့် စပ်သွယ်သောတပ်မက်ဖွယ်ဖြစ်သော ကာယဝိညာဏ်ဖြင့် သိရသော အတွေ့အထိ ကာမဂုဏ်ငါးပါးတို့ဖြင့် ကုံလုံပြည့်စုံ့သည်ဖြစ်၍ ပျော်ပါးလျက် နေ၏။

၄၀၉။ ထိုသူငယ်သည် မျက်စိဖြင့် အဆင်းကို မြင်၍ ချစ်နှစ်သက်ဖွယ်သဘောရှိသော အဆင်း၌ ပြင်းစွာတပ်စွန်း၏၊ မချစ်မနှစ်သက်ဖွယ်သဘောရှိသော အဆင်း၌ ဒေါသစိတ် ဖြစ်၏၊ ကာယဂတာသတိ မထင်ဘဲသေးသိမ်သော စိတ်ရှိလျက်လည်း နေ၏၊ ယုတ်ညံ့သော အကုသိုလ်တရားများ အကြွင်းမဲ့ချုပ်ငြိမ်းရာဖြစ်သော လွတ်မြောက်သော စိတ်နှင့် လွတ်မြောက်သော ပညာကိုလည်း အမှန်အတိုင်းခွဲခြား၍ မသိ။ ထိုသူသည် ဤသို့ လိုက်လျောခြင်း ဆန့်ကျင်ခြင်းသို့ ရောက်လျက် ချမ်းသာကိုဖြစ်စေဆင်းရဲကို ဖြစ်စေ၊ ဆင်းရဲမဟုတ်ချမ်းသာမဟုတ်သည်ကိုဖြစ်စေ တစ်စုံတစ်ခုသော ဝေဒနာကို ခံစား၏။ ထိုသူသည် ထိုခံစားခြင်းကို နှစ်သက်၏၊ အားရပါးရ ပြောဆို၏၊ သက်ဝင်စွဲလမ်း၍ တည်၏။ ထိုခံစားမှုကို နှစ် သက်ခြင်း အားရပါးရပြောဆိုခြင်း သက်ဝင်စွဲလမ်း၍ တည်ခြင်းကြောင့် ထိုသူအားနှစ်သက်ခြင်း ဖြစ်၏၊ ခံစားမှုတို့၌ နှစ်သက်ခြင်းသည် စွဲလမ်းမှုတည်း။ ထိုသူအား စွဲလမ်းမှုဟူသောအကြောင်းကြောင့် ဖြစ် ကြောင်းပြုမှုကံ ‘ဘဝ’၊ ဘဝဟူသော အကြောင်းကြောင့် ဖြစ်ပွားခြင်း ‘ဇာတိ’၊ ဖြစ်ပွားခြင်း ‘ဇာတိ’ ဟူသော အကြောင်းကြောင့် အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’၊ ပူဆွေးခြင်း ‘သောက’၊ ငိုကြွေးခြင်း ‘ပရိဒေဝ’၊ ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ’၊ စိတ်ဆင်းရဲခြင်း ‘ဒေါမနဿ’၊ ပြင်းစွာပင်ပန်းခြင်း ‘ဥပါယာသ'တို့သည် ဖြစ်ကုန်၏။ ဤသို့ ဤချမ်းသာမဖက်သော ဆင်းရဲအစု၏ဖြစ်ပွားခြင်းသည် ဖြစ်၏။

နားဖြင့် အသံကို ကြား၍။ပ။ နှာခေါင်းဖြင့် အနံ့ကို နံ၍။ပ။ လျှာဖြင့် အရသာကို လျက်၍။ပ။ ကိုယ်ဖြင့် အတွေ့အထိကို တွေ့ထိ၍။ပ။ စိတ်ဖြင့် သဘာဝဓမ္မကို သိ၍ ချစ်နှစ်သက်ဖွယ်သဘောရှိသောသဘာဝဓမ္မ၌ ပြင်းစွာ တပ်စွန်း၏၊ မချစ်မနှစ်သက်ဖွယ်သဘောရှိသော သဘာဝဓမ္မ၌ ဒေါသစိတ် ဖြစ်၏၊ ကာယဂတာသတိ မထင်ဘဲ သေးသိမ်သော စိတ်ရှိလျက်လည်း နေ၏၊ ယုတ်ညံ့သော အကုသိုလ်တရားများ အကြွင်းမဲ့ ချုပ်ငြိမ်းရာဖြစ်သော လွတ်မြောက်သော စိတ်နှင့် လွတ်မြောက်သော ပညာကိုလည်းအမှန်အတိုင်း ခွဲခြား၍ မသိ။ ထိုသူသည် ဤသို့ လိုက်လျောခြင်း ဆန့်ကျင်ခြင်းသို့ ရောက်လျက်ချမ်းသာကိုဖြစ်စေ၊ ဆင်းရဲကိုဖြစ်စေ၊ ဆင်းရဲမဟုတ် ချမ်းသာ မဟုတ်သည်ကိုဖြစ်စေ တစ်စုံ တစ်ခုသောဝေဒနာကို ခံစား၏။ ထိုသူသည် ထိုခံစားခြင်းကို နှစ်သက်၏၊ အားရပါးရပြောဆို၏၊ သက်ဝင်စွဲလမ်း၍တည်၏။ ထိုခံစားမှုကို နှစ်သက်ခြင်း အားရပါးရပြောဆိုခြင်း သက်ဝင်စွဲလမ်း၍ တည်ခြင်းကြောင့်ထိုသူ့အား နှစ်သက်ခြင်း ဖြစ်၏၊ ခံစားမှုတို့၌ နှစ်သက်ခြင်းသည် စွဲလမ်းမှုတည်း။ ထိုသူအား စွဲလမ်းမှုဟူသော အကြောင်းကြောင့် ဖြစ်ကြောင်း ပြုမှုကံ ‘ဘဝ’၊ ဘဝဟူသော အကြောင်းကြောင့် ဖြစ်ပွားခြင်း ‘ဇာတိ’၊ ဖြစ်ပွားခြင်း ‘ဇာတိ’ ဟူသော အကြောင်းကြောင့် အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’၊ ပူဆွေးခြင်း ‘သောက’၊ ငိုကြွေးခြင်း ‘ပရိဒေဝ’၊ ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ’၊ စိတ်ဆင်းရဲခြင်း ‘ဒေါမနဿ’၊ ပြင်းစွာပင်ပန်းခြင်း ‘ဥပါယာသ'တို့သည် ဖြစ်ကုန်၏။ ဤသို့ ဤချမ်းသာမဖက်သော ဆင်းရဲအစု၏ဖြစ်ပွားခြင်းသည် ဖြစ်၏။

၄၁၀။ ရဟန်းတို့ ဤလောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော၊ လောကကို သိတော်မူသော၊ ဆုံးမထိုက်သူကို ဆုံးမတတ်သူအတုမဲ့ ပုဂ္ဂိုလ်ဖြစ်တော်မူသော၊ နတ်လူတို့၏ဆရာဖြစ်တော်မူသော၊

--

(သစ္စာလေးပါးတရားတို့ကို) သိစေတော်မူ သော၊ ဘုန်းတန်ခိုးကြီးတော်မူသော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။ ထိုမြတ်စွာဘုရားသည် နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများလူများနှင့် တကွသော လူ့လောကကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက်ဟောကြားတော်မူ၏။ ထိုမြတ်စွာဘုရား သည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း့အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော အလုံးစုံပြည့်စုံသောစင်ကြယ်သော တရားကို ဟောတော်မူ၏၊ မြတ်သောအကျင့်ကို ပြတော်မူ၏။

ထိုတရားတော်ကို သူကြွယ်သည်လည်းကောင်း၊ သူကြွယ်သားသည်လည်းကောင်း အခြားဇာတ်တစ်မျိုးမျိုး၌ ဖြစ်သောသူသည်လည်းကောင်း ကြားနာရ၏။ ထိုသူသည် ထိုတရားတော်ကိုကြားနာရသော ကြောင့် မြတ်စွာဘုရား၌ ယုံကြည်မှုကို ရ၏။ ထိုသူသည် ထိုယုံကြည်မှုကို ရခြင်းနှင့်ပြည့်စုံသည်ဖြစ်၍ ဤသို့ ဆင်ခြင်၏-

“အိမ်ရာထောင်သောဘဝ၌ နေရခြင်းသည် ကျဉ်းမြောင်း၏၊ (ကိလေသာ) မြူထရာ ခရီးလမ်းမနှင့်တူ၏၊ ရဟန်းအဖြစ်သည် လွင်ပြင်နှင့် တူ၏၊ အိမ်ရာထောင်သောဘဝ၌ နေသူသည် ဤမြတ်သောအကျင့် ကို စင်စစ် ပြည့်စုံစွာ စင်စစ် စင်ကြယ်စွာ ခရုသင်းပွတ်သစ်နှင့်တူစွာ ကျင့်ခြင်းငှာ မလွယ်၊ ငါသည် ဆံမုတ်ဆိတ်ကို ပယ်၍ ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ပြီးလျှင် လူ့ဘောင်မှ ထွက်ခွါ၍ရဟန်း ဘောင်သို့ ဝင်ရောက်ရမူ ကောင်းလေစွ” ဟု (ဆင်ခြင်၏)။

ထိုသူသည် နောင်အခါ၌ နည်းသော ဥစ္စာစုကို စွန့်ပယ်၍လည်းကောင်း၊ များသော ဥစ္စာစုကို စွန့်ပယ်၍လည်းကောင်း၊ နည်းသော ဆွေမျိုးစဉ်ဆက်ကို စွန့်ပယ်၍လည်းကောင်း၊ များသော ဆွေမျိုးစဉ်ဆက်ကို စွန့်ပယ်၍လည်းကောင်း၊ ဆံမုတ်ဆိတ်ကို ပယ်၍လည်းကောင်း ဖန်ရည်ဆိုးသော အဝတ်တို့ကိုဝတ်ပြီးလျှင် လူ့ဘောင်မှ ထွက်ခွါ၍ ရဟန်းဘောင်သို့ ဝင်ရောက်၏။

၄၁၁။ ထိုသူသည် ဤသို့ ဝင်ရောက်ပြီးသော် ရဟန်းတို့၏ အကျင့်သီလသိက္ခာနှင့် ကျင့်ဝတ်သိက္ခာပုဒ်သို့ ကောင်းစွာ ရောက်လျက် အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ တုတ်ကို ချထားပြီး ဖြစ်၏၊ လက်နက်ကို ချထားပြီးဖြစ်၏၊ အရှက်ရှိ၏၊ သနားတတ်၏၊ ခပ်သိမ်းသောသတ္တဝါတို့၏ အစီးအပွားကို လိုလားလျက် နေ၏။

မပေးသည်ကို ယူခြင်းကို ပယ်၍ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ပေးသည်ကိုသာ ခံယူ၏၊ ပေးသည်ကိုသာ နှစ်လို၏၊ မခိုးမဝှက် စင်ကြယ်သော ကိုယ်ဖြင့်သာ နေ၏။

မမြတ်သောအကျင့်ကို ပယ်၍ မြတ်သောအကျင့်ကို ကျင့်၏၊ ယုတ်သောအကျင့်ကို ကျင့်လေ့မရှိ၊ ရွာသူတို့၏ အလေ့ဖြစ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်၏။

မဟုတ်မမှန်ပြောခြင်းကို ပယ်၍ မဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဉ်၏။ အမှန်ကိုသာ ဆိုလေ့ရှိ၏၊ မှန်သောစကားချင်း ဆက်စပ်တတ်၏၊ တည်သောစကားရှိ၏၊ ယုံကြည်ထိုက်သောစကားရှိ၏၊ လောကကိုလှည့်စားတတ်သူ မဟုတ်။

ကုန်းစကားကို ပယ်၍ ကုန်းစကားမှ ရှောင်ကြဉ်၏။ ဤသူ ထိုသူတို့ ကွဲပြားခြင်းငှာ ဤသူထံမှနားထောင်၍ ထိုသူထံ၌ မပြောတတ်၊ ထိုသူထံမှ နားထောင်၍ ဤသူ့ထံ၌ မပြောတတ်၊ ဤသို့ ကွဲပြားသူတို့ကိုလည်း စေ့စပ်တတ်၏၊ ညီညွတ်သူတို့ကိုလည်း အားပေးတတ်၏၊ ညီညွတ်ခြင်း၌ မွေ့လျော်၏၊ ညီညွတ်ခြင်း၌ ပျော်ပိုက်၏၊ ညီညွတ်ခြင်းကို နှစ်သက်၏၊ ညီညွတ်ခြင်းကို ပြုသော စကားကို ဆိုလေ့ရှိ၏။

ကြမ်းသောစကားကို ပယ်၍ ကြမ်းသောစကားမှ ရှောင်ကြဉ်၏။ အကြင်စကားသည် အပြစ်ကင်း၏၊ နားချမ်းသာ၏၊ နှစ်လိုဖွယ် ရှိ၏၊ နှလုံးသို့ သက်၏၊ ယဉ်ကျေး၏၊ လူအများ နှစ်သက်၏၊ လူအများနှစ်ခြိုက်၏၊ ထိုသို့သဘောရှိသော စကားကိုသာ ဆို၏။

ပြိန်ဖျင်းသောစကားကို ပယ်၍ပြိန်ဖျင်း သောစကားမှ ရှောင်ကြဉ်၏၊ (သင့်သော) အခါ၌သာဆိုလေ့ရှိ၏၊ ဟုတ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အကျိုးနှင့်စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ တရားနှင့်စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အဆုံးအမနှင့်စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ (သင့်သော) အခါ၌ အကြောင်းနှင့်တကွသော အပိုင်းအခြားရှိသော အနက်နှင့်ပြည့်စုံသော မှတ်သားလောက်သော စကားကိုသာ ဆိုလေ့ရှိ၏။

--

ထိုရဟန်းသည် မျိုးစေ့အပေါင်း အပင်အပေါင်းကို ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်၏။ ဆွမ်းတစ်နပ်သာ့စားလေ့ရှိ၏၊ ညစာစားခြင်းမှ ရှောင်ကြဉ်၏၊ နေလွဲစားခြင်းမှ ရှောင်ကြဉ်၏။ ကခြင်း သီခြင်း တီးမှုတ်ခြင်း ပွဲကြည့်ခြင်းမှ ရှောင်ကြဉ်၏။ ပန်းပန်ခြင်း နံ့သာခြယ်ခြင်း နံ့သာပျောင်းလိမ်းခြင်းမှ ရှောင်ကြဉ်၏။ မြင့်သော နေရာ မြတ်သောနေရာမှ ရှောင်ကြဉ်၏။ ရွှေငွေကို ခံယူခြင်းမှ ရှောင်ကြဉ်၏။ ကောက်စိမ်း၁ကို ခံယူခြင်းမှ ရှောင်ကြဉ်၏။ အသားစိမ်းကို ခံယူခြင်းမှ ရှောင်ကြဉ်၏။ မိန်းမအို မိန်းမပျိုကို ခံယူခြင်းမှရှောင်ကြဉ်၏။ ကျွန်မိန်းမ ကျွန်ယောကျ်ားကို ခံယူခြင်းမှ ရှောင်ကြဉ်၏။

ဆိတ်နှင့်သိုးကို ခံယူခြင်းမှ ရှောင်ကြဉ်၏။ ကြက်ဝက်ကို ခံယူခြင်းမှ ရှောင်ကြဉ်၏။ ဆင် နွား မြင်းမြည်းကို ခံယူခြင်းမှ ရှောင်ကြဉ်၏။ လယ်ယာကို ခံယူခြင်းမှ ရှောင်ကြဉ်၏။ တမန်အမူအစေအပါးအမှုကို ဆောင်ရွက်ခြင်းမှ ရှောင်ကြဉ်၏။ ဝယ်မှု ရောင်းမှုမှ ရှောင်ကြဉ်၏။ ချိန်စဉ်းလဲအသပြာစဉ်းလဲ ခြင်တွယ် တိုင်းတာ စဉ်းလဲခြင်းမှ ရှောင်ကြဉ်၏။ တံစိုးယူခြင်း လှည့်ဖြားခြင်းအတုပြုခြင်းတည်းဟူသော ကောက် ကျစ်ခြင်းမှ ရှောင်ကြဉ်၏။ ဖြတ်ခြင်း သတ်ခြင်း နှောင်ဖွဲခြင်း (ခရီးသွားတို့ကို) လုယက်ခြင်း (ရွာနိဂုံးတို့ကို) ဖျက်ဆီးခြင်း ဓားပြတိုက်ခြင်းမှ ရှောင်ကြဉ်၏။

ထိုရဟန်းသည် ကိုယ်ကိုမျှတရုံသော သင်္ကန်း, ဝမ်းကိုမျှတရုံသော ဆွမ်းဖြင့် ရောင့်ရဲ၏။ အကြင်အကြင် အရပ်သို့ သွားသော် (ပရိက္ခရာရှစ်ပါးမျှကိုသာ) တပါတည်း ယူဆောင်၍သာလျှင် သွား၏။ ဥပမာသော်ကား အတောင်ရှိသော ငှက်သည် အကြင်အကြင်အရပ်သို့ ပျံသော် မိမိအတောင်သာဝန်ရှိသည် ဖြစ်၍ ပျံ၏၊ ဤအတူ ရဟန်းသည် ကိုယ်ကိုမျှတရုံသော သင်္ကန်း, ဝမ်းကိုမျှတရုံသောဆွမ်းဖြင့် ရောင့်ရဲ၏၊ ထိုရဟန်းသည် အကြင် အကြင်အရပ်သို့ သွားသော် (ပရိက္ခရာရှစ်ပါးမျှကိုသာ) တစ်ပါတည်း ယူဆောင်၍သာလျှင် သွား၏။ ထိုရဟန်းသည် ဤမြတ်သော သီလအစုနှင့် ပြည့်စုံသည်ဖြစ်၍မိမိသန္တာန်၌ အပြစ်မရှိသော ချမ်းသာကို ခံစား၏။

ထိုရဟန်းသည် မျက်စိဖြင့် ရူပါရုံကို မြင်သော် (ယောကျ်ားမိန်းမဟူသော) အမှတ်နိမိတ်ကို စွဲယူလေ့မရှိ၊ (လက်ခြေစသော) အမှတ်လက္ခဏာငယ်ကို စွဲယူလေ့မရှိ၊ အကြင်အကြောင်းကြောင့် စက္ခုန္ဒြေကိုမစောင့်စည်းမူ၍ နေသော ထိုရဟန်းကို မက်မောခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ဟု ဆိုအပ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် အစဉ်လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထိုစက္ခုန္ဒြေကိုစောင့် စည်းခြင်းငှါ ကျင့်၏၊ စက္ခုန္ဒြေကို စောင့်ရှောက်၏၊ စက္ခုန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်၏။

နားဖြင့် သဒ္ဒါရုံကို ကြားသော်။ပ။ နှာခေါင်းဖြင့် ဂန္ဓာရုံကို နမ်းသော်။ပ။ လျှာဖြင့် ရသာရုံကိုလျက်သော်။ပ။ ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိသော်။ပ။ စိတ်ဖြင့် ဓမ္မာရုံကို သိသော် (ယောကျ်ားမိန်းမဟူသော) အမှတ် နိမိတ်ကို စွဲယူလေ့မရှိ၊ (လက်ခြေစသော) အမှတ်လက္ခဏာငယ်ကို စွဲယူလေ့မရှိ၊ အကြင် အကြောင်းကြောင့် မနိန္ဒြေကို မစောင့်စည်းမူ၍ နေသော ထိုရဟန်းကို မက်မောခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ဟု ဆိုအပ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် အစဉ်လိုက်၍နှိပ်စက်ကုန်ရာ၏၊ ထိုမနိန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်၏၊ မနိန္ဒြေကို စောင့်ရှောက်၏၊ မနိန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်၏။ ထိုရဟန်းသည် ဤမြတ်သော ဣန္ဒြေကို စောင့်စည်းခြင်းနှင့် ပြည့်စုံသည်ဖြစ်၍မိမိသန္တာန်၌ (ဒုက္ခနှင့်) မရောသော ချမ်းသာကို ခံစား၏။

--

ထိုရဟန်းသည် ရှေ့သို့တက်ရာ နောက်သို့ဆုတ်ရာ၌ ဆင်ခြင်ဉာဏ်ဖြင့် ပြုလေ့ရှိ၏၊ တူရူကြည့်ရာတစောင်းကြည့်ရာ၌ ဆင်ခြင်ဉာဏ်ဖြင့် ပြုလေ့ရှိ၏၊ ကွေးရာဆန့်ရာ၌ ဆင်ခြင်ဉာဏ်ဖြင့် ပြုလေ့ရှိ၏၊ ဒုကုဋ် သပိတ်သင်္ကန်းကို ဆောင်ရာ၌ ဆင်ခြင်ဉာဏ်ဖြင့် ပြုလေ့ရှိ၏၊ စားရာ သောက်ရာ ခဲရာ လျက်ရာ၌ဆင်ခြင်ဉာဏ်ဖြင့် ပြုလေ့ရှိ၏၊ ကျင်ကြီး ကျင်ငယ်စွန့်ရာ၌ ဆင်ခြင်ဉာဏ်ဖြင့် ပြုလေ့ရှိ၏၊ သွားရာ ရပ်ရာထိုင်ရာ အိပ်ရာ နိုးရာ ပြောရာ ဆိတ်ဆိတ်နေရာ၌ ဆင်ခြင်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။

၄၁၂။ ဤမြတ်သော သီလအစုနှင့်လည်း ပြည့်စုံသော ဤမြတ်သော ဣန္ဒြေစောင့်စည်းခြင်းနှင့်လည်းပြည့်စုံသော ဤမြတ်သော သတိ, ဆင်ခြင်ဉာဏ်နှင့်လည်း ပြည့်စုံသော (ဤမြတ်သော ရောင့်ရဲခြင်းနှင့်လည်း ပြည့်စုံသော) ထို (ရဟန်း) သည် ဆိတ်ငြိမ်သော ကျောင်းအိပ်ရာနေရာကို မှီဝဲ၏၊ တောကိုသစ်ပင်ရင်းကို တောင်ကို ချောက်ကို တောင်ခေါင်းကို သုသာန်ကို တောအုပ်ကို လွင်ပြင်ကို ကောက်ရိုးပုံကို (မှီဝဲ၏)။ ထို (ရဟန်း) သည် ဆွမ်းခံရာမှ ပြန်ခဲ့၍ ဆွမ်းစားပြီးနောက် ထက်ဝယ်ဖွဲ့ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ ကမ္မဋ္ဌာန်းသို့ ရှေးရှူကာ သတိကို ဖြစ်စေလျက် ထိုင်၏။ ထိုရဟန်းသည် (ခန္ဓာငါးပါးတည်းဟူသော) လောက၌ မက်မောခြင်း ‘အဘိဇ္ဈာ’ ကို ပယ်၍ မက်မောခြင်း ‘အဘိဇ္ဈာ'ကင်းသော စိတ်ဖြင့် နေ၏၊ မက်မောခြင်း ‘အဘိဇ္ဈာ’ မှ စိတ်ကို စင်ကြယ်စေ၏။ ပျက်စီးစေလိုသောပြစ်မှားမှုကို ပယ်၍ မပျက်စီးစေလိုသော စိတ်ရှိသည်ဖြစ်၍ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွားကိုလိုလားလျက် နေ၏၊ ပျက်စီးစေလိုသော ပြစ်မှားမှုမှ စိတ်ကို စင်ကြယ်စေ၏။ လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ ကို ပယ်၍ လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ မှ ကင်းသည်ဖြစ်၍ အလင်းရောင်ကို မှတ်ခြင်းရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ ဆင်ခြင်ဉာဏ်ရှိသည်ဖြစ်၍ နေ၏၊ လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ မှ စိတ်ကို စင်ကြယ်စေ၏။ ပျံ့လွင့်ခြင်း ‘ဥဒ္ဓစ္စ’ နောင်တရခြင်း ‘ကုက္ကုစ္စ’ ကို ပယ်၍ အတွင်းသန္တာန်၌ငြိမ်သက်သောစိတ်ရှိသည်ဖြစ်၍ မပျံ့လွင့်သည်ဖြစ်၍ နေ၏၊ ပျံ့လွင့်ခြင်း ‘ဥဒ္ဓစ္စ’ နောင်တရခြင်း ‘ကုက္ကုစ္စ’ မှ စိတ်ကိုစင်ကြယ်စေ၏။ မဝေခွဲနိုင်ခြင်း ‘ဝိစိကိစ္ဆာ’ ကို ပယ်၍ မဝေခွဲနိုင်ခြင်း ‘ဝိစိကိစ္ဆာ’ ကိုလွန်မြောက်သည်ဖြစ်၍ ကုသိုလ်တရားတို့၌ သို့လော သို့လော မရှိသည်ဖြစ်၍ နေ၏၊ မဝေခွဲနိုင်ခြင်း ‘ဝိစိကိစ္ဆာ’ မှ စိတ်ကို စင်ကြယ်စေ၏။

၄၁၃။ ထိုရဟန်းသည် စိတ်၏ညစ်နွမ်းကြောင်းဖြစ်ကုန်သော ပညာ၏အားနည်းခြင်းကို ပြုတတ်ကုန်သော ဤအပိတ်အပင် ‘နီဝရဏ'တရား ငါးပါးတို့ကို ပယ်၍ ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင်အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင်ကြံစည်ခြင်း ‘ဝိတက်’ နှင့် တကွဖြစ်သော၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ နှင့် တကွဖြစ်သော၊ (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။

ရဟန်းတို့ တဖန် ထို့ ပြင်လည်း ထိုရဟန်းသည် ဝိတက်ဝိစာရငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကိုကြည်လင်စေတတ်သော၊ စိတ်တည်ကြည်ခြင်း ‘သမာဓိ'ကို ဖြစ်ပွားစေတတ်သော၊ ကြံစည်ခြင်း ‘ဝိတက်’ မရှိသော၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ မရှိသော၊ တည်ကြည်ခြင်း ‘သမာဓိ'ကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။

၄၁၄။ ထိုရဟန်းသည် မျက်စိဖြင့် အဆင်းကို မြင်၍ ချစ်နှစ်သက်ဖွယ်သဘောရှိသော အဆင်း၌မတပ်စွန်း၊ မချစ်မနှစ်သက်ဖွယ်သဘောရှိသော အဆင်း၌ ဒေါသစိတ် မဖြစ်၊ ကာယဂတာသတိထင်သည်ဖြစ်၍ အတိုင်းအရှည်မရှိသော စိတ်ရှိလျက်လည်း နေ၏၊ ယုတ်ညံ့သော အကုသိုလ်တရားများ အကြွင်းမဲ့ချုပ်ငြိမ်းရာဖြစ်သော လွတ်မြောက်သော စိတ်နှင့် လွတ်မြောက်သော ပညာကိုလည်း အမှန်အတိုင်းခွဲခြား၍ သိ၏။ ထိုရဟန်းသည် ဤသို့ လိုက်လျောခြင်း ဆန့်ကျင်ခြင်းကို ပယ်လျက် ချမ်းသာကိုဖြစ်စေ၊ ဆင်းရဲကို ဖြစ်စေ၊ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သည်ကိုဖြစ်စေ တစ်စုံတစ်ခုသော ဝေဒနာကို ခံစား၏၊ ထိုရဟန်း သည် ထိုခံစားခြင်းကို မနှစ်သက်၊ အားရပါးရမပြောဆို၊ သက်ဝင်စွဲလမ်း၍ မတည်။ ထိုခံစားမှုကို မနှစ်သက်ခြင်း အားရပါးရမပြောဆိုခြင်း သက်ဝင်စွဲလမ်း၍

--

မတည်ခြင်းကြောင့် ခံစားမှုတို့၌ ထိုရဟန်း အား နှစ်သက်ခြင်းသည် ချုပ်၏၊ ထိုရဟန်းအား နှစ်သက်မှု ချုပ်ခြင်းကြောင့် စွဲလမ်းမှု ချုပ်၏၊ စွဲလမ်းမှု ချုပ်ခြင်းကြောင့် ဖြစ်ကြောင်း ပြုမှုကံ ‘ဘဝ’ ချုပ်၏၊ ဘဝ ချုပ်ခြင်း ကြောင့်ဖြစ်ပွားခြင်း ‘ဇာတိ’ ချုပ်၏၊ ဖြစ်ပွားခြင်း ‘ဇာတိ’ ချုပ်ခြင်းကြောင့် အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’၊ ပူဆွေးခြင်း ‘သောက’၊ ငိုကြွေးခြင်း ‘ပရိဒေဝ’၊ ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ’၊ စိတ်ဆင်းရဲခြင်း ‘ဒေါမနဿ’၊ ပြင်းစွာ ပင်ပန်းခြင်း ‘ဥပါယာသ'တို့သည် ချုပ်ကုန်၏။ ဤသို့ ဤချမ်းသာမဖက်သော ဆင်းရဲအစု၏့ချုပ်ခြင်းသည် ဖြစ်၏။

နားဖြင့် အသံကို ကြား၍။ပ။ နှာခေါင်းဖြင့် အနံ့ကို နမ်း၍။ပ။ လျှာဖြင့် အရသာကို လျက်၍။ပ။ ကိုယ်ဖြင့် အတွေ့အထိကို တွေ့ထိ၍်။ပ။

စိတ်ဖြင့် သဘာဝဓမ္မကို သိ၍ ချစ်နှစ်သက်ဖွယ်သဘောရှိသော သဘာဝဓမ္မ၌ မတပ်စွန်း၊ မချစ်မနှစ်သက်ဖွယ် သဘောရှိသော သဘာဝဓမ္မ၌ ဒေါသစိတ် မဖြစ်၊ ကာယဂတာသတိထင်သည်ဖြစ်၍ အတိုင်းအရှည် မရှိသော စိတ်ရှိလျက်လည်း နေ၏၊ ယုတ်ညံ့သော အကုသိုလ်တရားများ အကြွင်းမဲ့ ချုပ်ငြိမ်းရာဖြစ်သော လွတ်မြောက်သော စိတ်နှင့် လွတ်မြောက်သော ပညာကိုလည်း အမှန်အတိုင်း ခွဲခြား၍ သိ၏။ ထိုရဟန်းသည် ဤသို့ လိုက်လျောခြင်း ဆန့်ကျင်ခြင်းကို ပယ်လျက် ချမ်းသာကိုဖြစ်စေ၊ ဆင်းရဲကိုဖြစ်စေ၊ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သည်ကိုဖြစ်စေ တစ်စုံတစ်ခုသော ဝေဒနာကို ခံစား၏၊ ထိုရဟန်းသည်ထိုခံစားခြင်းကို မနှစ်သက်၊ အားရပါးရ မပြောဆို၊ သက်ဝင်စွဲလမ်း၍ မတည်။ ထိုခံစားမှုကို မနှစ်သက်ခြင်း အားရပါးရ မပြောဆိုခြင်း သက်ဝင်စွဲလမ်း၍ မတည်ခြင်းကြောင့် ခံစားမှုတို့၌ ထိုရဟန်းအား နှစ်သက်ခြင်းသည် ချုပ်၏၊ ထိုရဟန်းအား နှစ်သက်မှုချုပ်ခြင်းကြောင့် စွဲလမ်းမှုချုပ်၏၊ စွဲလမ်းမှုချုပ်ခြင်းကြောင့် ဘဝချုပ်၏၊ ဘဝချုပ်ခြင်းကြောင့် ဖြစ်ပွားခြင်း ‘ဇာတိ'ချုပ်၏၊ ဖြစ်ပွားခြင်း ‘ဇာတိ'ချုပ်ခြင်းကြောင့် အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’၊ ပူဆွေးခြင်း ‘သောက’၊ ငိုကြွေးခြင်း ‘ပရိဒေဝ’၊ ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ’၊ စိတ်ဆင်းရဲခြင်း ‘ဒေါမနဿ’၊ ပြင်းစွာပင်ပန်းခြင်း ‘ဥပါယာသ'တို့သည်ချုပ်ကုန်၏။ ဤသို့ ဤချမ်းသာမဖက်သော ဆင်းရဲအစု၏ ချုပ်ခြင်းသည် ဖြစ်၏။

ရဟန်းတို့ ငါ၏ ဤအကျဉ်းအားဖြင့် ဟောထားသော တပ်မက်မှုတဏှာကုန်ရာ (နိဗ္ဗာန်) ကို အာရုံပြု၍လွတ်မြောက်ပုံညွှန်ပြချက် ‘တဏှာသင်္ခယဝိမုတ္တိဒေသနာ’ ကို သင်တို့ ဆောင်ကြကုန်လော့။ တံငါသည်သား သာတိရဟန်းကိုကား ကြီးစွာသောတပ်မက်မှုကွန်ရက်, တပ်မက်မှုထုတ်လျောက် (အထပ်အစပ်) ဖြင့် စွပ်မိ၏ဟု ဤတရားကို မြတ်စွာဘုရားသည် ဟောကြားတော်မူ၏။

ထိုရဟန်းတို့သည် မြတ်စွာဘုရားသည် ဟောကြားတော်မူသော တရားတော်ကို နှစ်ခြိုက်ဝမ်းမြောက်ကြကုန်၏။

ရှစ်ခုမြောက် မဟာတဏှာသင်္ခယသုတ်ပြီး၏။

၁။ ကောက်စိမ်း= အာမကဓည- ပါဠိတော် စပါးစိမ်း ခုနစ်မျိုး။

--

၉- မဟာအဿပုရသုတ်

၄၁၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် အင်္ဂတိုင်း အဿပုရမည်သော အင်္ဂမင်းသားတို့၏ နိဂုံး၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟု ခေါ်တော်မူ၏။ ထိုရဟန်းတို့က “အသျှင်ဘုရား” ဟု မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည်ဤသို့ မိန့်တော်မူ၏ - ရဟန်းတို့ လူအပေါင်းက သင်တို့ကို “သမဏ သမဏ” ဟု ကောင်းစွာ သိ၏၊ သင်တို့ကလည်း “သင်တို့သည် အဘယ်သူတို့နည်း” ဟု မေးသော် “သမဏများ ဖြစ်ကုန်၏” ဟု ဝန်ခံကုန်၏။ ရဟန်းတို့ ဤသို့ အသမုတ်ခံရသော ဤသို့ ဝန်ခံသော သင်တို့သည် “သမဏဖြစ်ကြောင်း ဗြာဟ္မဏဖြစ်ကြောင်းတရားတို့ကို ဆောက်တည်၍ ကျင့်ကုန်သော် ငါတို့၏ ဤအသမုတ်ခံရခြင်းနှင့်ဝန်ခံခြင်းသည်လည်း အမှန်အတိုင်း ဖြစ်လတ္တံ့။ ငါတို့သည် အကြင်သူတို့၏ သင်္ကန်း ဆွမ်း့ ကျောင်း အိပ်ရာ နေရာ သူနာ၏ အထောက်အပံ့ ဆေးအဆောက်အဦကို သုံးဆောင်ကုန်၏၊ ထိုသူတို့၏ငါတို့အပေါ်၌ ထိုပြုလုပ်ခြင်းတို့ သည် များသောအကျိုး များသောအာနိသင်ရှိသည် ဖြစ်ကုန်လတ္တံ့၊ ငါတို့၏ ဤရဟန်းအဖြစ်သည်လည်း မမြုံဘဲ အကျိုးများ၍ တိုးပွားခြင်းရှိသည် ဖြစ်လတ္တံ့” ဟုဤသို့လျှင် ကျင့်ကြံအားထုတ်ရမည်။

၄၁၆။ ရဟန်းတို့ သမဏဖြစ်ကြောင်း ဗြာဟ္မဏဖြစ်ကြောင်းတရားတို့သည် အဘယ်တို့နည်း။ ရဟန်းတို့ “ရှက်ခြင်း ကြောက်ခြင်းနှင့် ပြည့်စုံကုန်အံ့” ဟု ဤသို့လျှင် သင်တို့သည် ကျင့်ကြံအားထုတ်ရမည်။ ရဟန်းတို့ ရံခါ သင်တို့အား “ရှက်ခြင်း ကြောက်ခြင်းနှင့် ပြည့်စုံကုန်၏၊ ဤမျှဖြင့် သင့်တော်ပြီ၊ ဤမျှဖြင့် အလုပ်ကိစ္စပြီးပြီ၊ ငါတို့သည် ရဟန်းအကျိုးကို ရရောက်ပြီးပြီ၊ ငါတို့မှာ ထိုထက်အလွန်ပြုဖွယ်ကိစ္စ တစ်စုံတစ်ခုမျှ မရှိတော့ပြီ” ဟု ဤသို့ အကြံအစည် ဖြစ်ရာ၏။ ထိုမျှလောက်ဖြင့်သာလျှင်နှစ်သက်ခြင်းသို့ ရောက်ကုန်ရာ၏။ ရဟန်းတို့ သင်တို့အား ဟောကြားအံ့၊ သင်တို့အား သိစေအံ့၊ ရဟန်းအကျိုးကို အလိုရှိသည်ဖြစ်သော သင်တို့အား အထက်ဖြစ်သော ပြုဖွယ်ကိစ္စရှိလတ်သော် ရဟန်းအကျိုး မဆုတ်ယုတ်ပါစေလင့်။

၄၁၇။ ရဟန်းတို့ အဘယ်သည် အထက်ဖြစ်သော ပြုဖွယ်နည်း။ ရဟန်းတို့ “ငါတို့သည် ကိုယ်အမူအရာကို စင်ကြယ်စေအံ့၊ ပေါ်လွင်စေအံ့၊ ထင်ရှားစေအံ့၊ မကျိုးပေါက်စေအံ့၊ စောင့်စည်းထားအံ့၊ ထိုစင်ကြယ်သော ကိုယ်အမူအရာရှိခြင်းဖြင့် မိမိကိုယ်ကိုလည်း မမြှင့်တင်အံ့၊ သူတစ်ပါးကိုလည်း မနှိမ့်ချအံ့” ဟု ဤသို့လျှင် သင်တို့သည် ကျင့်ကြံ အားထုတ်ရမည်။ ရဟန်းတို့ ရံခါ သင်တို့အား “ရှက်ခြင်းကြောက်ခြင်းနှင့် ပြည့်စုံကုန်၏၊ ငါတို့၏ ကိုယ်အမူအရာသည် စင်ကြယ်၏၊ ဤမျှဖြင့် သင့်တော်ပြီ၊ ဤမျှဖြင့် အလုပ်ကိစ္စပြီးပြီ၊ ငါတို့သည် ရဟန်းအကျိုးကို ရရောက်ပြီးပြီ၊ ငါတို့မှာ ထိုထက်အလွန် ပြုဖွယ်ကိစ္စ တစ်စုံတစ်ခုမျှ မရှိတော့ပြီ” ဟု ဤသို့ အကြံအစည် ဖြစ်ရာ၏။ ထိုမျှလောက်ဖြင့်သာလျှင် နှစ်သက်ခြင်းသို့ ရောက်ကုန်ရာ၏။ ရဟန်းတို့ သင်တို့အား ဟောကြားအံ့၊ သင်တို့အား သိစေအံ့၊ ရဟန်းအကျိုး ကို အလိုရှိသည်ဖြစ်သော သင်တို့အား အထက်ဖြစ်သော ပြုဖွယ်ကိစ္စရှိလတ်သော်ရဟန်းအကျိုး မဆုတ် ယုတ်ပါစေလင့်။

၄၁၈။ ရဟန်းတို့ အဘယ်သည် အထက်ဖြစ်သော ပြုဖွယ်နည်း။ ရဟန်းတို့ “ငါတို့သည် နှုတ်အမူအရာကို စင်ကြယ်စေအံ့၊ ပေါ်လွင်စေအံ့၊ ထင်ရှားစေအံ့၊ မကျိုးပေါက်စေအံ့၊ စောင့်စည်းထားအံ့၊ ထိုစင်ကြယ်သော နှုတ်အမူအရာရှိခြင်းဖြင့် မိမိကိုယ်ကိုလည်း မမြှင့်တင်အံ့၊ သူတစ်ပါးကိုလည်း မနှိမ့်ချအံ့” ဟု ဤသို့လျှင် သင်တို့သည် ကျင့်ကြံအားထုတ်ရမည်။ ရဟန်းတို့ ရံခါ သင်တို့အား

--

“ရှက်ခြင်းကြောက်ခြင်းနှင့် ပြည့်စုံကုန်၏၊ ငါတို့၏ ကိုယ်အမူအရာသည် စင်ကြယ်၏၊ နှုတ်အမူအရာသည် စင်ကြယ်၏၊ ဤမျှဖြင့် သင့်တော်ပြီ၊ ဤမျှဖြင့် အလုပ်ကိစ္စပြီးပြီ၊ ငါတို့သည် ရဟန်းအကျိုးကို ရရောက်ပြီးပြီ၊ ငါတို့မှာ ထိုထက်အလွန် ပြုဖွယ်ကိစ္စ တစ်စုံတစ်ခုမျှ မရှိတော့ပြီ” ဟု ဤသို့ အကြံအစည် ဖြစ်ရာ၏။ ထိုမျှလောက်ဖြင့်သာလျှင် နှစ်သက်ခြင်းသို့ ရောက်ကုန်ရာ၏။ ရဟန်းတို့ သင်တို့အား ဟောကြားအံ့၊ သင်တို့အား သိစေအံ့၊ ရဟန်းအကျိုးကို အလိုရှိသည် ဖြစ်သော သင်တို့အား အထက်ဖြစ်သော ပြုဖွယ်ကိစ္စရှိလတ်သော် ရဟန်းအကျိုး မဆုတ်ယုတ်ပါစေလင့်။

၄၁၉။ ရဟန်းတို့ အဘယ်သည် အထက်ဖြစ်သော ပြုဖွယ်နည်း။ ရဟန်းတို့ “ငါတို့သည်စိတ်အမူအရာကို စင်ကြယ်စေအံ့၊ ပေါ်လွင်စေအံ့၊ ထင်ရှားစေအံ့၊ မကျိုးပေါက်စေအံ့၊ စောင့်စည်းထားအံ့၊ ထိုစင်ကြယ်သော စိတ်အမူအရာရှိခြင်းဖြင့်လည်း မိမိကိုယ်ကို မမြှင့်တင်အံ့၊ သူတစ်ပါးကိုလည်း မနှိမ့်ချအံ့” ဟု ဤသို့လျှင် သင်တို့သည် ကျင့်ကြံအားထုတ်ရမည်။ ရဟန်းတို့ ရံခါ သင်တို့အား “ရှက်ခြင်းကြောက်ခြင်းနှင့် ပြည့်စုံကုန်၏၊ ငါတို့၏ ကိုယ်အမူအရာသည် စင်ကြယ်၏၊ နှုတ်အမူအရာသည် စင်ကြယ်၏၊ စိတ်အမူအရာသည် စင်ကြယ်၏၊ ဤမျှဖြင့် သင့်တော်ပြီ၊ ဤမျှဖြင့် အလုပ်ကိစ္စပြီးပြီ၊ ငါတို့သည့်ရဟန်းအကျိုးကို ရရောက်ပြီးပြီ၊ ငါတို့မှာ ထိုထက်အလွန် ပြုဖွယ်ကိစ္စ တစ်စုံတစ်ခုမျှ မရှိတော့ပြီ” ဟုဤသို့ အကြံအစည် ဖြစ်ရာ၏။ ထိုမျှလောက်ဖြင့်သာလျှင် နှစ်သက်ခြင်းသို့ ရောက်ကုန်ရာ၏။ ရဟန်းတို့သင်တို့အား ဟောကြားအံ့၊ သင်တို့အား သိစေအံ့၊ ရဟန်းအကျိုးကို အလိုရှိသည်ဖြစ်သော သင်တို့အားအထက်ဖြစ်သော ပြုဖွယ်ကိစ္စရှိလတ်သော် ရဟန်းအကျိုး မဆုတ်ယုတ်ပါစေလင့်။

၄၂၀။ ရဟန်းတို့ အဘယ်သည် အထက်ဖြစ်သော ပြုဖွယ်နည်း။ ရဟန်းတို့ “ငါတို့သည် အသက်မွေးမှုကို စင်ကြယ်စေအံ့၊ ပေါ်လွင်စေအံ့၊ ထင်ရှားစေအံ့၊ မကျိုးပေါက်စေအံ့၊ စောင့်စည်းထားအံ့၊ ထိုစင်ကြယ်သော အသက်မွေးမှုရှိခြင်းဖြင့် မိမိကိုယ်ကို မမြှင့်တင်အံ့၊ သူတစ်ပါးကို မနှိမ့်ချအံ့” ဟုဤသို့လျှင် သင်တို့သည် ကျင့်ကြံအားထုတ်ရမည်။ ရဟန်းတို့ ရံခါ သင်တို့အား “ရှက်ခြင်းကြောက်ခြင်းနှင့် ပြည့်စုံ ကုန်၏၊ ငါတို့၏ ကိုယ်အမူအရာသည် စင်ကြယ်၏၊ နှုတ်အမူအရာသည်စင်ကြယ်၏၊ စိတ်အမူအရာသည် စင်ကြယ်၏၊ အသက်မွေးမှုသည် စင်ကြယ်၏၊ ဤမျှဖြင့် သင့်တော်ပြီ၊ ဤမျှဖြင့် အလုပ်ကိစ္စပြီးပြီ၊ ငါတို့ သည် ရဟန်းအကျိုးကို ရရောက်ပြီးပြီ၊ ငါတို့မှာ ထိုထက်အလွန်ပြုဖွယ်ကိစ္စ တစ်စုံတစ်ခုမျှ မရှိတော့ပြီ” ဟု ဤသို့ အကြံအစည် ဖြစ်ရာ၏။ ထိုမျှလောက်ဖြင့်သာလျှင်နှစ်သက်ခြင်းသို့ ရောက်ကုန်ရာ၏။ ရဟန်းတို့ သင်တို့အား ဟောကြားအံ့၊ သင်တို့အား သိစေအံ့၊ ရဟန်းအကျိုးကို အလိုရှိသည်ဖြစ်သော သင်တို့အား အထက်ဖြစ်သော ပြုဖွယ်ကိစ္စ ရှိလတ်သော်ရဟန်းအကျိုး မဆုတ်ယုတ်ပါစေလင့်။

၄၂၁။ ရဟန်းတို့ အဘယ်သည် အထက်ဖြစ်သော ပြုဖွယ်နည်း။ ရဟန်းတို့ ဣန္ဒြေတံခါးတို့ကိုပိတ်ထားသူဖြစ်ကုန်အံ့၊ မျက်စိဖြင့် အဆင်း ‘ရူပါရုံ'ကို မြင်သော် (မိန်းမယောကျ်ားစသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ မရှိကုန်အံ့၊ (လက်ခြေစသော အင်္ဂါပြုံးဟန်ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့မရှိကုန်အံ့၊ (အကယ်၍) စက္ခုန္ဒြေကို မစောင့်စည်းဘဲနေလျှင် ယင်း (စက္ခုန္ဒြေကိုမစောင့်စည်းခြင်းဟူသော) အကြောင်းကြောင့် မက်မောခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ဟူသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ထိုမစောင့်စည်းသူကို အစဉ်လိုက်၍ နှိပ်စက်ကုန်ရာ၏၊ (ထို့ကြောင့်) ထိုစက္ခုန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်ကုန်အံ့၊ စက္ခုန္ဒြေကို စောင့်စည်းကုန်အံ့၊ စက္ခုန္ဒြေ၌စောင့်စည်းခြင်းသို့ ရောက်ကုန်အံ့။

နားဖြင့် အသံ ‘သဒ္ဒါရုံ'ကို ကြားသော်။ပ။ နှာခေါင်းဖြင့် အနံ့ ‘ဂန္ဓာရုံ'ကို နမ်းသော်။ပ။ လျှာဖြင့်အရသာ ‘ရသာရုံ’ ကို လျက်သော်။ပ။ ကိုယ်ဖြင့် အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’ ကို တွေ့ထိသော်။ပ။ စိတ်ဖြင့်သဘော ‘ဓမ္မာရုံ’ ကိုသိသော် (မိန်းမယောကျ်ားစသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့မရှိကုန်အံ,၊ (လက်ခြေစသော အင်္ဂါပြုံးဟန် ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့မရှိကုန်အံ့၊

--

(အကယ်၍) မနိန္ဒြေကို မစောင့်စည်းဘဲနေလျှင် ယင်း (မနိန္ဒြေကို မစောင့်စည်းခြင်းဟူသော) အကြောင်းကြောင့် မက် မောခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ဟူသော ယုတ်ညံ့သောအကုသိုလ်တရားတို့သည် ထို မစောင့်စည်းသူကို အစဉ်လိုက်၍ နှိပ်စက်ကုန်ရာ၏၊ (ထို့ကြောင့်) ထိုမနိန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့် ကုန်အံ့၊ မနိန္ဒြေကို စောင့်စည်းကုန်အံ့၊ မနိန္ဒြေ၌ စောင့်စည်းခြင်းသို့ရောက်ကုန်အံ့” ဟု ဤသို့လျှင် သင်တို့သည် ကျင့်ကြံအားထုတ်ရမည်။ ရဟန်းတို့ ရံခါ သင်တို့အား “ရှက်ခြင်း ကြောက်ခြင်းနှင့် ပြည့်စုံ ကုန်၏၊ ငါတို့၏ ကိုယ်အမူအရာသည် စင်ကြယ်၏၊ နှုတ်အမူအရာသည် စင်ကြယ်၏၊ စိတ်အမူအရာသည် စင်ကြယ်၏၊ အသက်မွေးမှုသည် စင်ကြယ်၏၊ ဣန္ဒြေတံခါးတို့ကို ပိတ်ဆို့ထားသူများ ဖြစ်ကုန်၏၊ ဤမျှ ဖြင့် သင့်တော်ပြီ၊ ဤမျှဖြင့် အလုပ်ကိစ္စပြီးပြီ၊ ငါတို့သည် ရဟန်းအကျိုးကို ရရောက်ပြီးပြီ၊ ငါတို့မှာ ထိုထက်အလွန် ပြုဖွယ်ကိစ္စ တစ်စုံတစ်ခုမျှမရှိပြီ” ဟု ဤသို့ အကြံအစည် ဖြစ်ရာ၏။ ထိုမျှလောက်ဖြင့် သာလျှင် နှစ်သက်ခြင်းသို့ရောက်ကုန်ရာ၏။ ရဟန်းတို့ သင်တို့အား ဟောကြားအံ့၊ သင်တို့အား သိစေ အံ့၊ ရဟန်းအကျိုးကို့အလိုရှိသည်ဖြစ်သော သင်တို့အား အထက်ဖြစ်သော ပြုဖွယ်ကိစ္စရှိသော် ရဟန်း အကျိုး မဆုတ်ယုတ်ပါစေလင့်။

၄၂၂။ ရဟန်းတို့ အဘယ်သည် အထက်ဖြစ်သော ပြုဖွယ်နည်း။ ရဟန်းတို့ “ဘောဇဉ်၌အတိုင်းအရှည် သိသူတို့ ဖြစ်ကုန်အံ့၊ သင့်လျော်သော အကြောင်းအားဖြင့် ဆင်ခြင်၍ အာဟာရကို သုံးဆောင်ကုန်အံ့၊ မြူးထူးရန် မာန်ယစ်ရန် (အသား) ပြည့်ဖြိုးရန် (အရေအဆင်း) ကြည်လင်ရန်အလို့ငှာမသုံးဆောင်ကုန်အံ့၊ ဤကိုယ်သည် တည်တံ့ရန် မျှတရန် ဆာလောင်မွတ်သိပ်ခြင်းကို ပယ်ဖျောက်ရန်မြတ်သောအကျင့်ကို အားထုတ်ရန်မျှသာ အာဟာရကို သုံးဆောင်ကုန်အံ့၊ ဤသို့ သုံးဆောင်ခြင်းဖြင့်ဝေဒနာဟောင်းကိုလည်း ပယ်ဖျောက်ကုန်အံ့၊ ဝေဒနာသစ်ကိုလည်း မဖြစ်စေကုန်အံ့၊ ငါတို့အား မျှတခြင်းအပြစ်မရှိခြင်း ချမ်းသာစွာနေရခြင်းတို့သည် ဖြစ်ကုန်လတ္တံ့” ဟု ရည်ရွယ်လျက် အာဟာရကို သုံးဆောင်ကုန်အံ့” ဟု ဤသို့လျှင် သင်တို့သည် ကျင့်ကြံအားထုတ်ရမည်။ ရဟန်းတို့ ရံခါ သင်တို့အား “ရှက်ခြင်း ကြောက်ခြင်းနှင့် ပြည့်စုံကုန်၏၊ ငါတို့၏ ကိုယ်အမူအရာသည် စင်ကြယ်၏၊ နှုတ်အမူအရာသည် စင်ကြယ်၏၊ စိတ်အမူအရာသည် စင်ကြယ်၏၊ အသက်မွေးမှုသည် စင်ကြယ်၏၊ ဣန္ဒြေကို ပိတ်ဆို့ထား သူများ ဖြစ်ကုန်၏၊ ဘောဇဉ်၌ အတိုင်းအရှည်ကိုသိသူများ ဖြစ်ကုန်၏၊ ဤမျှဖြင့်သင့်တော်ပြီ၊ ဤမျှဖြင့် အလုပ်ကိစ္စပြီးပြီ၊ ငါတို့သည် ရဟန်းအကျိုးကို ရရောက်ပြီးပြီ၊ ငါတို့မှာထိုထက်အလွန် ပြုဖွယ်ကိစ္စ တစ်စုံတစ်ခုမျှ မရှိတော့ပြီ” ဟု ဤသို့ အကြံအစည် ဖြစ်ရာ၏။ ထိုမျှလောက်ဖြင့်သာလျှင် နှစ်သက်ခြင်းသို့ ရောက်ကုန်ရာ၏။ ရဟန်းတို့ သင်တို့အား ဟောကြားအံ့၊ သင်တို့အား သိစေအံ့၊ ရဟန်းအကျိုး ကို အလိုရှိသည်ဖြစ်သော သင်တို့အား အထက်ဖြစ်သောပြုဖွယ်ကိစ္စရှိလတ်သော် ရဟန်း အကျိုး မဆုတ် ယုတ်ပါစေလင့်။

၄၂၃။ ရဟန်းတို့ အဘယ်သည် အထက်ဖြစ်သော ပြုဖွယ်နည်း။ ရဟန်းတို့ “နိုးကြားခြင်းကိုအားထုတ်သူတို့ ဖြစ်ကုန်အံ့၊ နေ့အခါ၌ စင်္ကြံသွားခြင်း ထိုင်ခြင်းဖြင့် အပိတ်အပင် ‘နီဝရဏ’ တရားတို့မှစိတ်ကို သုတ်သင်ကုန်အံ့၊ ညဉ့်ဦးယံ၌ စင်္ကြံသွားခြင်းဖြင့် အပိတ်အပင် ‘နီဝရဏ’ တရားတို့မှ စိတ်ကိုသုတ်သင်ကုန်အံ့၊ သန်းခေါင်ယံ၌ လကျ်ာနံတောင်းဖြင့် (လကျ်ာ) ခြေ၌ (လက်ဝဲ) ခြေကိုစဉ်းငယ်လွန်ကာ တင်ထား၍ သတိ, ဆင်ခြင်ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ ထအံ့ဟု အမှတ်သညာကိုနှလုံးသွင်းလျက် မြတ် သော အိပ်ခြင်းကို ပြုကုန်အံ့၊ မိုးသောက်ယံ၌ စောစောထ၍ စင်္ကြံသွားခြင်းထိုင်ခြင်းဖြင့် အပိတ် အပင် ‘နီဝရဏ’ တရားတို့မှ စိတ်ကို သုတ်သင်ကုန်အံ့” ဟု ဤသို့လျှင် သင်တို့သည်ကျင့်ကြံအားထုတ်ရ မည်။ ရဟန်းတို့ ရံခါ သင်တို့အား “ရှက်ခြင်း ကြောက်ခြင်းနှင့် ပြည့်စုံကုန်၏၊ ငါတို့၏ ကိုယ်အမူအရာ သည် စင်ကြယ်၏၊ နှုတ်အမူအရာသည် စင်ကြယ်၏၊ စိတ်အမူအရာသည်စင်ကြယ်၏၊ အသက်မွေးမှုသည် စင်ကြယ်၏၊ ဣန္ဒြေတံခါးတို့ကို ပိတ်ဆို့ထားသူများ ဖြစ်ကုန်၏၊ ဘောဇဉ်၌ အတိုင်းအရှည်ကိုသိသူများ ဖြစ်ကုန်၏၊ နိုးကြားခြင်းကို အားထုတ်သူများ ဖြစ်ကုန်၏၊ ဤမျှဖြင့် သင့်တော်ပြီ၊ ဤမျှဖြင့် အလုပ် ကိစ္စပြီးပြီ၊ ငါတို့သည် ရဟန်းအကျိုးကို ရရောက်ပြီးပြီ၊

--

ငါတို့မှာ ထိုထက်အလွန် ပြုဖွယ်ကိစ္စ တစ်စုံ တစ်ခုမျှ မရှိတော့ပြီ” ဟု ဤသို့ အကြံအစည် ဖြစ်ရာ၏။ ထိုမျှလောက်ဖြင့်သာလျှင် နှစ်သက်ခြင်းသို့ ရောက်ကုန်ရာ၏။ ရဟန်းတို့ သင်တို့အား ဟောကြားအံ့၊ သင်တို့အား သိစေအံ့၊ ရဟန်းအကျိုးကို အလို ရှိသည်ဖြစ်သော သင်တို့အား အထက်ဖြစ်သောပြုဖွယ်ကိစ္စရှိလတ်သော် ရဟန်းအကျိုး မဆုတ်ယုတ်ပါစေ လင့်။

၄၂၄။ ရဟန်းတို့ အဘယ်သည် အထက်ဖြစ်သော ပြုဖွယ်နည်း။ ရဟန်းတို့ “သတိသမ္ပဇဉ်နှင့်ပြည့်စုံသူ ဖြစ်ကုန်အံ့၊ ရှေ့သို့တိုးရာ နောက်သို့ဆုတ်ရာ၌ သိလျက်ပြုလေ့ရှိသူ ဖြစ်ကုန်အံ့၊ တူရှုကြည့်ရာတစ်စောင်း ကြည့်ရာ၌ သိလျက်ပြုလေ့ရှိသူ ဖြစ်ကုန်အံ့၊ ကွေးရာ ဆန့်ရာ၌ သိလျက်ပြုလေ့ရှိသူဖြစ်ကုန်အံ့၊ ဒုကုဋ် သပိတ်သင်္ကန်းကို ဆောင်ရာ၌ သိလျက်ပြုလေ့ရှိသူ ဖြစ်ကုန်အံ့၊ စားရာ သောက်ရာ့ခဲရာ လျက်ရာ၌ သိလျက် ပြုလေ့ရှိသူ ဖြစ်ကုန်အံ့၊ ကျင်ကြီးကျင်ငယ်စွန့်ရာ၌ သိလျက်ပြုလေ့ရှိသူဖြစ်ကုန်အံ့၊ သွားရာ ရပ်ရာ ထိုင်ရာ အိပ်ရာ နိုးရာ ပြောရာ ဆိတ်ဆိတ်နေရာ၌ သိလျက်ပြုလေ့ရှိသူဖြစ်ကုန်အံ့” ဟု ဤသို့လျှင် သင်တို့သည် ကျင့်ကြံအားထုတ်ရမည်။ ရဟန်းတို့ ရံခါ သင်တို့အား “ရှက်ခြင်း ကြောက်ခြင်းနှင့် ပြည့်စုံကုန်၏၊ ငါတို့၏ ကိုယ်အမူအရာသည် စင်ကြယ်၏၊ နှုတ်အမူအရာသည် စင်ကြယ်၏၊ စိတ်အမူအရာသည် စင်ကြယ်၏၊ အသက်မွေးမှုသည် စင်ကြယ်၏၊ ဣန္ဒြေ တံခါးတို့ကို ပိတ်ဆို့ထားသူ ဖြစ်ကုန်၏၊ ဘောဇဉ်၌ အတိုင်းအရှည်ကို သိသူ ဖြစ်ကုန်၏၊ နိုးကြားခြင်းကို အားထုတ်သူ ဖြစ်ကုန်၏၊ သတိသမ္ပဇဉ်နှင့် ပြည့်စုံသူ ဖြစ်ကုန်၏။ ဤမျှဖြင့် သင့်တော်ပြီ၊ ဤမျှဖြင့် အလုပ်ကိစ္စပြီးပြီ၊ ငါတို့သည် ရဟန်းအကျိုးကို ရရောက်ပြီးပြီ၊ ငါတို့မှာ ထို့ထက်အလွန်ပြုဖွယ်ကိစ္စ တစ်စုံတစ်ခုမျှ မရှိတော့ပြီ” ဟု ဤသို့ အကြံအစည် ဖြစ်ရာ၏၊ ထိုမျှလောက်ဖြင့်သာလျှင်နှစ်သက်ခြင်းသို့ ရောက် ကုန်ရာ၏။ ရဟန်းတို့ သင်တို့အား ဟောကြားအံ့၊ သင်တို့အား သိစေအံ့၊ ရဟန်းအကျိုးကို အလိုရှိ သည်ဖြစ်သော သင်တို့အား အထက်ဖြစ်သော ပြုဖွယ်ကိစ္စရှိလတ်သော်ရဟန်းအကျိုး မဆုတ်ယုတ်ပါ စေလင့်။

၄၂၅။ ရဟန်းတို့ အဘယ်သည် အထက်ဖြစ်သော ပြုဖွယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ရဟန်းသည် ဆိတ်ငြိမ်သော ကျောင်းအိပ်ရာနေရာကို မှီဝဲ၏၊ တောကို သစ်ပင်ရင်းကို တောင်ကိုချောက်ကို တောင်ခေါင်းကို သုသာန်ကို တောအုပ်ကို လွင်ပြင်ကို ကောက်ရိုးပုံကို မှီဝဲ၏၊ ထို (ရဟန်း) သည် ဆွမ်းခံရာမှ ပြန်ခဲ့၍ ဆွမ်းစားပြီးနောက် ထက်ဝယ်ဖွဲ့ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာထား၍ ကမ္မဋ္ဌာန်း သို့ ရှေးရှု သတိကို ဖြစ်စေလျက် ထိုင်၏၊ ထိုရဟန်းသည် (ဥပါဒါနက္ခန္ဓာငါးပါးဟူသော) လောက၌ မက် မောခြင်း ‘အဘိဇ္ဈာ'ကို ပယ်၍ မက်မောခြင်း ‘အဘိဇ္ဈာ'ကင်းသောစိတ်ဖြင့် နေ၏၊ မက်မောခြင်း ‘အဘိဇ္ဈာ'မှ စိတ်ကို စင်ကြယ်စေ၏။ ပျက်စီး စေလိုသောဒေါသကို ပယ်၍ မပျက်စီးစေလိုသော စိတ်ရှိ သည်ဖြစ်၍ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွားကိုလိုလားလျက် နေ၏၊ ပျက်စီးစေလိုသော ဒေါသမှ စိတ်ကို စင်ကြယ်စေ၏၊ လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ'ကို ပယ်၍ လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ မှ ကင်းသည်ဖြစ်၍ အောက်မေ့ဆင်ခြင်လျက်အလင်းရောင်ကို မှတ်ခြင်းရှိသည်ဖြစ်၍ နေ၏၊ လေးလံထိုင်း မှိုင်းခြင်း ‘ထိနမိဒ္ဓ'မှ စိတ်ကို စင်ကြယ်စေ၏။ ပျံ့လွင့်ခြင်း ‘ဥဒ္ဓစ္စ’ နောင်တတစ်ဖန် ပူပန်ခြင်း ‘ကုက္ကုစ္စ’ ကို ပယ်၍ မိမိသန္တာန်၌ငြိမ်းအေးသောစိတ်ရှိသည်ဖြစ်၍ မပျံ့လွင့်သည်ဖြစ်၍ နေ၏၊ ပျံ့လွင့်ခြင်း ‘ဥဒ္ဓစ္စ’ နောင်တတဖန်ပူပန်ခြင်း ‘ကုက္ကုစ္စ'တို့မှ စိတ်ကို စင်ကြယ်စေ၏။ ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ ကို ပယ်၍ ယုံ မှားခြင်း ‘ဝိစိကိစ္ဆာ'ကိုလွန်မြောက်သည်ဖြစ်၍ ကုသိုလ်တရားတို့၌ သို့လော သို့လော မရှိသည်ဖြစ်၍ နေ၏၊ ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ မှ စိတ်ကို စင်ကြယ်စေ၏။

၄၂၆။ ရဟန်းတို့ ဥပမာသော်ကား ယောကျ်ားသည် ကြွေးယူ၍ အလုပ်ကို လုပ်ကိုင်ရာ၏၊ ထိုသူ၏ထိုအလုပ်တို့သည် ဖွံ့ဖြိုးကုန်ရာ၏၊ ထိုသူသည် အဟောင်းဖြစ်သော ကြွေးရင်းတို့ကိုလည်း ဆပ်ရာ၏၊ ထိုသူအား သားမယားကြွေးမွေးရန်အလို့ငှါ အမြတ်လည်း ကျန်ရာ၏။ ထိုသူအား -

--

“ငါသည် ရှေးက ကြွေးယူ၍ အလုပ်တို့ကို လုပ်ကိုင်၏၊ ထိုငါ့အား ထိုအလုပ်များ ဖွံ့ဖြိုးကုန်၏၊ ငါသည် အဟောင်းဖြစ်သော ကြွေးရင်းတို့ကိုလည်း ဆပ်ရ၏၊ ငါ့အား သားမယားကျွေးမွေးရန် အမြတ်လည်း ကျန်သေး၏” ဟု အကြံဖြစ်ရာ၏။

ထိုသူသည် ထိုအကြောင်းကြောင့် ဝမ်းမြောက်ခြင်းကို ရရာ၏၊ ဝမ်းသာခြင်းသို့ ရောက်ရာ၏။

ရဟန်းတို့ ဥပမာတစ်မျိုးသော်ကား အနာရောဂါရှိသော ဆင်းရဲနှိပ်စက်ခံရသော ပြင်းစွာ မကျန်းမာသော ယောကျ်ားသည် ရှိရာ၏၊ ထိုသူအား ထမင်းကိုလည်း စားလိုစိတ် မရှိရာ၊ ထိုသူ၏ ကိုယ်၌ အားလည်း မရှိရာ၊ ထိုသူသည် နောင်အခါ၌ ထိုအနာရောဂါမှ လွတ်ရာ၏၊ ထိုသူသည် ထမင်းကိုလည်း နှစ့်သက်ရာ၏၊ ထိုသူ၏ ကိုယ်၌ အားလည်း ရှိရာ၏။ ထိုသူအား -

“ငါသည် ရှေး၌ အနာရောဂါရှိသော ဆင်းရဲအနှိပ်စက်ခံနေရသော ပြင်းစွာမကျန်းမာသောသူ ဖြစ်ခဲ့၏၊ ငါသည် ထမင်းကိုလည်း စားလိုစိတ် မရှိခဲ့၊ ငါ၏ ကိုယ်၌ အားလည်း မရှိခဲ့၊ ထိုငါသည် ယခုအခါ ထိုအနာရောဂါမှ လွတ်ခဲ့၏၊ ငါသည် ထမင်းကိုလည်း စားလိုစိတ် ရှိ၏၊ ငါ၏ ကိုယ်၌ အားလည်း ရှိ၏” ဟုအကြံဖြစ်ရာ၏။

ထိုသူသည် ထိုအကြောင်းကြောင့် ဝမ်းမြောက်ခြင်းကို ရရာ၏၊ ဝမ်းသာခြင်းသို့ ရောက်ရာ၏။

ရဟန်းတို့ ဥပမာတစ်မျိုးသော်ကား နှောင်အိမ်၌ နှောင်ဖွဲ့ခံရသော ယောကျ်ားသည် ရှိရာ၏၊ ထိုသူသည်နောင်အခါ၌ ထိုနှောင်အိမ်မှငြိမ်းချမ်းစွာ ဘေးကင်းလျက် ချမ်းသာစွာ လွတ်ရာ၏၊ ထိုသူအားစည်းစိမ်အနည်း ငယ်မျှ ပျက်စီးခြင်းမရှိရာ၊ ထိုသူအား -

“ငါသည် ရှေးက နှောင်အိမ်၌ နှောင်ဖွဲ့ခံခဲ့ရ၏၊ ထိုငါသည် ယခုအခါ ထိုနှောင်အိမ်မှငြိမ်းချမ်းစွာဘေးကင်းလျက် လွတ်ခဲ့၏၊ ငါ့အား စည်းစိမ်အနည်းငယ်မျှ ပျက်စီးခြင်းလည်း မရှိ” ဟု အကြံဖြစ်ရာ၏။

ထိုသူသည် ထိုအကြောင်းကြောင့် ဝမ်းမြောက်ခြင်းကို ရရာ၏၊ ဝမ်းသာခြင်းသို့ ရောက်ရာ၏။

ရဟန်းတို့ ဥပမာတစ်မျိုးသော်ကား (မိမိကိုယ်ကို) မိမိမစိုးပိုင်သော သူတစ်ပါးတို့ စိုးပိုင်သောအလိုရှိရာသို့ မသွားနိုင်သော ကျွန်ယောကျ်ားသည် ရှိရာ၏၊ ထိုသူသည် နောင်အခါ၌ ထိုကျွန်အဖြစ်မှလွတ်ရာ၏၊ (မိမိကိုယ်ကို) မိမိစိုးပိုင်သော သူတစ်ပါးတို့ မစိုးပိုင်သော အလိုရှိရာသို့ သွားနိုင်သောလွတ်လပ်သူ ဖြစ်ရာ၏၊ ထိုသူအား -

“ငါသည် ရှေး၌ (မိမိကိုယ်ကို) မိမိမစိုးပိုင်သော သူတစ်ပါးတို့ စိုးပိုင်သော အလိုရှိရာသို့ မသွားနိုင်သော ကျွန်ဖြစ်ခဲ့၏၊ ထိုငါသည် ယခုအခါ ထိုကျွန်အဖြစ်မှ လွတ်ခဲ့၏၊ (မိမိကိုယ်ကို) မိမိစိုးပိုင်သောသူတစ်ပါးတို့ မစိုးပိုင်သော (ကျွန်အဖြစ်မှ) လွတ်မြောက်ပြီးသော အလိုရှိရာသို့ သွားနိုင်သူ ဖြစ်၏” ဟုအကြံဖြစ်ရာ၏။

ထိုသူသည် ထိုအကြောင်းကြောင့် ဝမ်းမြောက်ခြင်းကို ရရာ၏၊ ဝမ်းသာခြင်းသို့ ရောက်ရာ၏။

ရဟန်းတို့ ဥပမာတစ်မျိုးသော်ကား ယောကျ်ားသည် ရှည်ဝေးသော ခရီးခဲကို ဥစ္စာအသုံးအဆောင်နှင့်တကွ သွားရာ၏၊ ထိုသူသည် နောင်အခါ၌ ထိုခရီးခဲကို ချမ်းသာစွာ ဘေးမရှိဘဲ လွန်မြောက်ရာ၏၊ ထိုသူအား စည်းစိမ်အနည်းငယ်မျှ ပျက်စီးခြင်းလည်း မရှိရာ၊ ထိုသူအား -

“ငါသည် ရှေးက ရှည်ဝေးသော ခရီးခဲကို ဥစ္စာအသုံးအဆောင်နှင့်တကွ သွားခဲ့၏၊ ထိုငါသည် ယခု အခါထိုခရီးခဲကို ချမ်းသာစွာ ဘေးမရှိဘဲ လွန်မြောက်ခဲ့၏၊ ငါ့အား စည်းစိမ်အနည်းငယ်မျှ ပျက်စီးခြင်းလည်းမရှိ” ဟု အကြံဖြစ်ရာ၏။

ထိုသူသည် ထိုအကြောင်းကြောင့် ဝမ်းမြောက်ခြင်းကို ရရာ၏၊ ဝမ်းသာခြင်းသို့ ရောက်ရာ၏။

--

ရဟန်းတို့ ဤအတူ ရဟန်းသည် မိမိ၌ မပယ်အပ်ကုန်သေးသော ဤအပိတ်အပင် ‘နီဝရဏ’ တရားငါးပါးတို့ကို ကြွေးကဲ့သို့၊ အနာရောဂါကဲ့သို့၊ နှောင်အိမ်ကဲ့သို့၊ ကျွန်အဖြစ်ကဲ့သို့၊ ရှည်ဝေးသောခရီးခဲကဲ့သို့ကောင်းစွာ ရှု၏။

ရဟန်းတို့ ရဟန်းသည် အပိတ်အပင် ‘နီဝရဏ’ တရား ငါးပါးတို့ကို ပယ်ပြီး ဖြစ်သည်တို့ကိုကြွေးကင်းသကဲ့သို့၊ အနာရောဂါကင်းသကဲ့သို့၊ နှောင်အိမ်မှ လွတ်သကဲ့သို့၊ (ကျွန်အဖြစ်မှ) လွတ်မြောက်သကဲ့သို့၊ ငြိမ်းချမ်း သာယာသောအရပ်သို့ ရောက်သကဲ့သို့ ဤအတူ ကောင်းစွာ ရှု၏။

၄၂၇။ ထိုရဟန်းသည် စိတ်ညစ်ညူးကြောင်းဖြစ်ကုန်သော ပညာ၏ အားနည်းခြင်းကို ပြုတတ်ကုန်သော အပိတ်အပင် ‘နီဝရဏ’ တရား ငါးပါးတို့ကို ပယ်၍ ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင်အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင်ကြံစည်ခြင်း ‘ဝိတက်’ နှင့် တကွဖြစ်သော၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ နှင့် တကွဖြစ်သော၊ (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း့ ‘ပီတိ’ ချမ်းသာခြင်း ‘သုခ'ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ထို (ရဟန်း) သည်ဤကိုယ်ကိုပင်လျှင် (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် စိုစွတ်စေ၏၊ အလုံးစုံ စိုစွတ် စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏။ (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် ထိုရဟန်း၏ တစ်ကိုယ်လုံးမပျံ့နှံ့သော နေရာအနည်းငယ်မျှ မရှိ။

ရဟန်းတို့ ဥပမာသော်ကား ကျွမ်းကျင်သော ရေချိုးပေးသူသည်လည်းကောင်း၊ ရေချိုးပေးသူ၏တပည့်သည်လည်းကောင်း ကြေးခွက်၌ ရေချိုးကသယ်မှုန့်တို့ကို ဖြူးပြီးလျှင် ရေဖြင့် ဖျန်းလျက် ဖျန်းလျက် အခဲပြုရာ၏၊ ထိုရေချိုးကသယ်မှုန့်အခဲသည် အစေးဖြင့် စိမ့်ဝင်လျက် ရှိရာ၏၊ အစေးဖြင့် ဖွဲ့စည်းလျက် ရှိရာ၏၊ အတွင်းအပြင်၌ အစေးဖြင့် ပျံ့နှံ့လျက် ရှိရာ၏၊ ယိုကျခြင်းလည်း မရှိ။

ရဟန်းတို့ ဤအတူ ရဟန်းသည် ဤကိုယ်ကိုပင်လျှင် (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သောနှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် စိုစွတ်စေ၏၊ အလုံးစုံ စိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏။ (နီဝရဏ) ကင်း ဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် ထိုရဟန်း၏တစ်ကိုယ်လုံး၌ မပျံ့နှံ့သော နေရာ အနည်းငယ်မျှ မရှိ။

၄၂၈။ ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ဝိတက်ဝိစာရငြိမ်းခြင်းကြောင့် မိမိသန္တာန်၌စိတ်ကို ကြည်လင်စေတတ်သော၊ စိတ်၏တည်ကြည်ခြင်း ‘သမာဓိ’ ကို ဖြစ်ပွားစေတတ်သော၊ ကြံစည်ခြင်း ‘ဝိတက်'မရှိသော၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ မရှိသော၊ တည်ကြည်ခြင်း ‘သမာဓိ'ကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ'ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏။ ထိုရဟန်းသည် ဤကိုယ်ကိုပင်လျှင် တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ'ဖြင့် စိုစွတ်စေ၏၊ အလုံးစုံ စိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏၊ တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သောနှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် ထိုရဟန်း၏ တစ်ကိုယ်လုံး၌ မပျံ့နှံ့သောနေရာ အနည်းငယ်မျှမရှိ။

ရဟန်းတို့ ဥပမာသော်ကား နက်စွာသော စိမ့်ရေရှိသော ရေအိုင်သည် ရှိရာ၏၊ ထိုရေအိုင်၏အရှေ့အရပ်၌လည်း ရေဝင်ပေါက် မရှိရာ၊ အနောက်အရပ်၌လည်း ရေဝင်ပေါက် မရှိရာ၊ မြောက်အရပ်၌လည်း ရေဝင်ပေါက် မရှိရာ၊ တောင်အရပ်၌လည်း ရေဝင်ပေါက် မရှိရာ၊ မိုးသည်လည်း အချိန်မှန်မှန်သည်းထန်စွာ ရွာသွန်းခြင်း မရှိရာ၊ သို့သော်လည်း ထိုရေအိုင်မှ အေးမြသော ရေအယဉ်သည် စိမ့်ထွက်၍ထိုရေအိုင်ကိုပင်လျှင် အေးမြသောရေဖြင့် စိုစွတ်စေရာ၏၊ အလုံးစုံစိုစွတ်စေရာ၏၊ ပြည့်စေရာ၏၊ ပျံ့နှံ့စေရာ၏၊ အေးမြသောရေဖြင့် ထိုရေအိုင် တစ်ခုလုံး၌ မပျံ့နှံ့သော နေရာအနည်းငယ်မျှ မရှိရာ။

--

ရဟန်းတို့ ဤအတူ ရဟန်းသည် ဤကိုယ်ကိုပင်လျှင် တည်ကြည်ခြင်း ‘သမာဓိ'ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် စိုစွတ်စေ၏၊ အလုံးစုံ စိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏၊ တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် ထိုရဟန်း၏ တစ်ကိုယ်လုံး၌ မပျံ့နှံ့သော နေရာအနည်းငယ်မျှ မရှိ။

၄၂၉။ ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် နှစ်သက်ခြင်း ‘ပီတိ'ကိုလည်း မစွဲမက်ခြင်း ကြောင့်သတိ, သမ္ပဇဉ်နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှု၍သာလျှင် နေ၏၊ ချမ်းသာခြင်း ‘သုခ’ ကိုလည်း ကိုယ်ဖြင့်ခံစား၏၊ အကြင် တတိယဈာန်ကြောင့် ထိုသူကို “လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာ နေလေ့ ရှိသူ” ဟုအရိယာပုဂ္ဂိုလ်တို့သည် ပြောကြားကုန်၏၊ ထိုတတိယဈာန်သို့ ရောက်၍ နေ၏၊ ထို (ရဟန်း) သည်ဤကိုယ်ကိုပင်လျှင် နှစ်သိမ့်ခြင်း ‘ပီတိ’ ကင်းသော ချမ်းသာခြင်း ‘သုခ'ဖြင့် စိုစွတ်စေ၏၊ အလုံးစုံစိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ကင်းသော ချမ်းသာခြင်း ‘သုခ’ ဖြင့် ထိုရဟန်း၏တစ်ကိုယ်လုံး၌ မပျံ့နှံ့သော နေရာအနည်းငယ်မျှ မရှိ။

ရဟန်းတို့ ဥပမာသော်ကား ဥပ္ပလ (ဖြူ နီ ညို) ကြာတော၌လည်းကောင်း၊ ပဒုမ္မာကြာတော၌လည်းကောင်း၊ ပုဏ္ဍရိက်ကြာတော၌လည်းကောင်း၊ ဥပ္ပလ (ဖြူ နီ ညို) ကြာအချို့တို့သည်လည်းကောင်း၊ ပဒုမ္မာကြာ အချို့တို့သည်လည်းကောင်း၊ ပုဏ္ဍရိက်ကြာအချို့တို့သည်လည်းကောင်း၊ ရေ၌ ပေါက်ကုန်၏၊ ရေ၌ ကြီး ပွားကုန်၏၊ ရေမှ မပေါ်ထွက်သေးကုန်၊ ရေထဲ၌ မြုပ်၍ ဖွံ့ဖြိုးကုန်၏၊ ထိုကြာတို့သည်အဖျား အရင်းတိုင်အောင် အေးမြသော ရေဖြင့် စိုစွတ်ကုန်၏၊ အလုံးစုံ စိုစွတ်ကုန်၏၊ ပြည့်ကုန်၏၊ ပျံ့နှံ့ကုန်၏၊ ထို့ပ္ပလ (ဖြူ နီ ညို) ကြာ ပဒုမ္မာကြာ ပုဏ္ဍရိက်ကြာ အစိတ်အပိုင်းအလုံးစုံ၌ အေးမြသောရေဖြင့် မပျံ့နှံ့ သော နေရာအနည်းငယ်မျှ မရှိရာ။

ရဟန်းတို့ ဤအတူ ရဟန်းသည် ဤကိုယ်ကိုပင်လျှင် နှစ်သိမ့်ခြင်း ‘ပီတိ’ ကင်းသော ချမ်းသာခြင်း ‘သုခ'ဖြင့် စိုစွတ်စေ၏၊ အလုံးစုံ စိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ကင်းသောချမ်းသာခြင်း ‘သုခ’ ဖြင့် ထိုရဟန်း၏ တစ်ကိုယ်လုံး၌ မပျံ့နှံ့သော နေရာအနည်းငယ်မျှ မရှိ။

၄၃၀။ ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ချမ်းသာ ဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ ရှေးဦးကပင်လျှင် ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲချမ်းသာမရှိသော ဥပေက္ခာကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍နေ၏။ ထိုရဟန်းသည် ဤကိုယ်ကိုပင်လျှင် သန့်ရှင်းဖြူစင်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏၊ ထိုရဟန်း၏တစ်ကိုယ်လုံး၌ သန့်ရှင်းဖြူစင်သော စိတ်ဖြင့် မပျံ့နှံ့သော နေရာ အနည်းငယ်မျှ မရှိ။

ရဟန်းတို့ ဥပမာသော်ကား ယောကျ်ားသည် ဖြူသောအဝတ်ဖြင့် ဦးခေါင်းနှင့်တကွ (တစ်ကိုယ်လုံး) ခြုံ၍ ထိုင်နေသည်ရှိသော် ထိုယောကျ်ား၏ တစ်ကိုယ်လုံး၌ ဖြူသောအဝတ်ဖြင့် မပျံ့နှံ့သော နေရာအနည်းငယ်မျှ မရှိ။

ရဟန်းတို့ ဤအတူ ရဟန်းသည် ဤကိုယ်ကိုပင်လျှင် သန့်ရှင်းဖြူစင်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏၊ ထိုရဟန်း၏ တစ်ကိုယ်လုံး၌ စင်ကြယ်တောက်ပသော စိတ်ဖြင့် မပျံ့နှံ့သော နေရာ အနည်းငယ်မျှ မရှိ။

၄၃၁။ ဤသို့တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေး မရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထိုရဟန်းသည် ရှေး၌ဖြစ်ဖူးသောဘဝကို အောက်မေ့၍ သိသော ‘ပုဗ္ဗေနိဝါသာနုဿတိ'ဉာဏ် အလို့ငှါ စိတ်ကို (ရှေးရှုပို့ဆောင်၏) ရှေးရှုညွတ်စေ၏။ ထို (ရဟန်း) သည်များပြားသော ရှေး၌ဖြစ်ဖူးသောဘဝကို အောက်မေ့၏။ ဤသည်ကား အဘယ်နည်း၊ တစ်ဘဝကိုလည်းကောင်း နှစ်ဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာနှင့်တကွညွှန်ပြဖွယ် (အမည်အနွယ်) နှင့်တကွ များပြားသော ရှေး၌ဖြစ်ဖူးသော ဘဝကို အောက်မေ့၏။

--

ရဟန်းတို့ ဥပမာသော်ကား ယောကျ်ားသည် မိမိရွာမှ တစ်ပါးသော ရွာသို့ သွားရာ၏၊ ထိုရွာမှလည်းတစ်ပါးသော ရွာသို့ သွားရာ၏၊ ထို (ယောကျ်ား) သည် ထိုရွာမှ မိမိရွာသို့သာလျှင် ပြန်လာရာ၏။ ထိုယောကျ်ားအား -

“ငါသည် မိမိရွာမှ ဤမည်သောရွာသို့ သွားခဲ့၏။ ထိုရွာ၌လည်း ဤသို့ ရပ်ခဲ့၏၊ ဤသို့ ထိုင်ခဲ့၏၊ ဤသို့ ပြောဆိုခဲ့၏၊ ဤသို့ ဆိတ်ဆိတ်နေခဲ့၏။ ထိုရွာမှလည်း ဤမည်သောရွာသို့ သွားခဲ့၏။ ထိုရွာ၌လည်း ဤသို့ ရပ်ခဲ့၏၊ ဤသို့ ထိုင်ခဲ့၏၊ ဤသို့ ပြောဆိုခဲ့၏၊ ဤသို့ ဆိတ်ဆိတ်နေခဲ့၏။ ထိုငါသည်ထို ရွာမှ မိမိရွာသို့သာလျှင် ပြန်လာ၏” ဟု (စိတ်အမှတ်အသားဖြစ်ရာ၏)။

ရဟန်းတို့ ဤအတူ ရဟန်းသည် များပြားသော ရှေး၌ဖြစ်ဖူးသောဘဝကို အောက်မေ့၏။ ဤသည်ကား အဘယ်နည်း၊ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့လျှင် အခြင်းအရာနှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့်တကွ များပြားသော ရှေး၌ဖြစ်ဖူးသောဘဝကို အောက်မေ့၏။

၄၃၂။ ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ့်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထိုရဟန်းသည် သတ္တဝါတို့၏ သေခြင်း ဖြစ်ပေါ်ခြင်းကို သိသော ‘စုတူပပါတ'ဉာဏ်အလို့ငှာ စိတ်ကို (ရှေးရှုပို့ဆောင်၏) ရှေးရှုညွတ်စေ၏။ ထိုရဟန်းသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်တို့၏ မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သောသတ္တဝါ မြတ်သောသတ္တဝါ အဆင်းလှသောသတ္တဝါအဆင်းမလှသော သတ္တဝါ ကောင်းသော လားရာရှိသောသတ္တဝါ မကောင်းသောလားရာရှိသောသတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာဖြစ်သော သတ္တဝါတို့ကို သိ၏။ပ။

ရဟန်းတို့ ဥပမာသော်ကား မျက်နှာချင်းဆိုင် တံခါးရှိသော အိမ်နှစ်ဆောင်တို့သည် ရှိကုန်ရာ၏။ ထိုအိမ်၌ မျက်စိအမြင်ရှိသော ယောကျ်ားသည် အလယ်၌ ရပ်တည်လျက် အိမ်သို့ ဝင်ကုန်သော အိမ်မှထွက်ကုန်သော လမ်းမ၌ လမ်လျှောက်သွားလာကုန်သော လှည့်လည်ကုန်သော လူတို့ကို ရှုမြင်ရာ၏။

ရဟန်းတို့ ဤအတူ ရဟန်းသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက်သာလွန်သောနတ်တို့၏ မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သောသတ္တဝါမြတ်သောသတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါ ကောင်းသောလားရာရှိသော သတ္တဝါမကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာဖြစ်ပေါ်သော သတ္တဝါတို့ကိုသိ၏။ပ။

၄၃၃။ ဤသို့တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ် သော်ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထိုရဟန်းသည် အာသဝေါတရားတို့၏ ကုန်ရာဖြစ်သော ‘အာသဝက္ခယ'ဉာဏ် အလို့ငှာ စိတ်ကို (ရှေးရှုပို့ဆောင်၏) ရှေးရှုညွတ်စေ၏။ ထို (ရဟန်း) သည် ဤကား ဆင်းရဲဟုဟုတ်မှန် သော အတိုင်း သိ၏၊ ဤကားဆင်းရဲဖြစ်ပေါ်ခြင်း၏ အကြောင်းဟုဟုတ်မှန်သောအတိုင်းသိ၏၊ ဤကား ဆင်းရဲချုပ်ရာ ‘နိဗ္ဗာန်’ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား ဆင်းရဲချုပ်ရာ ‘နိဗ္ဗာန်’ သို့ ရောက် ကြောင်းအကျင့်ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤသည်တို့ကားအာသဝေါတရားတို့ဟုဟုတ်မှန်သော အတိုင်း သိ၏၊ ဤကား အာသဝေါတရားတို့ ဖြစ်ပေါ်ခြင်း၏အကြောင်းဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား အာသဝေါတရားတို့ ချုပ်ရာ ‘နိဗ္ဗာန်’ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား အာသဝေါ တရားတို့ ချုပ်ရာ ‘နိဗ္ဗာန်’ သို့ရောက်ကြောင်းအကျင့်ဟုဟုတ်မှန်သောအတိုင်း သိ၏။ ဤသို့သိသော ဤသို့မြင်သော ထိုရဟန်း၏စိတ်သည် ကာမာသဝမှလည်း လွတ်မြောက်၏၊

--

ဘဝါသဝမှလည်း လွတ် မြောက်၏၊ အဝိဇ္ဇာသဝမှလည်းလွတ်မြောက်၏၊ လွတ်မြောက်ပြီးသော် “လွတ်မြောက်ပြီ” ဟု အသိဉာဏ် ဖြစ်ပေါ်၏၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ (မဂ်) ကိစ္စအလို့ငှါတစ်ပါးသော ပြုဖွယ်မရှိတော့ပြီ” ဟု သိ၏။

ရဟန်းတို့ ဥပမာသော်ကား တောင်ဝှမ်း၌ ကြည်လင်သန့်ရှင်း နောက်ကျုကင်းသော ရေအိုင်သည်ရှိရာ၏၊ မျက်စိအမြင်ရှိသော ယောကျ်ားသည် ထိုရေအိုင်၏ ကမ်း၌ ရပ်လျက် ခရု ယောက်သွား ကျောက်စရစ် အိုးခြမ်း ငါးအပေါင်းတို့ သွားနေကြ ရပ်နေကြသည်ကို မြင်ရာ၏၊ ထိုယောကျ်ားအား -

“ဤရေအိုင်သည် ကြည်လင်သန့်ရှင်း နောက်ကျုကင်း၏၊ ထိုရေအိုင်၌ ဤခရု ယောက်သွားကျောက်စရစ် အိုးခြမ်း ငါးအပေါင်းတို့ သွားနေကြ ရပ်နေကြ၏” ဟု အကြံဖြစ်ရာ၏။

ရဟန်းတို့ ဤအတူ ဤကား ဆင်းရဲတည်းဟုဟုတ်မှန်သောအတိုင်း သိ၏။ပ။ ဤမဂ်ကိစ္စ အလို့ငှာတစ်ပါးသော ပြုဖွယ်မရှိတော့ပြီဟု သိ၏။

၄၃၄။ ရဟန်းတို့ ဤရဟန်းကို သမဏဟူ၍လည်းကောင်း၊ ဗြာဟ္မဏဟူ၍လည်းကောင်း၊ ရေချိုးပြီးသူဟူ၍လည်းကောင်း၊ သိပြီးသူဟူ၍လည်းကောင်း၊ (ကိလေသာတို့ကို) ညှဉ်းဆဲပြီးသူဟူ၍လည်းကောင်း၊့ (ကိလေသာတို့မှ) ဝေးသူဟူ၍လည်းကောင်း၊ ရဟန္တာဟူ၍လည်းကောင်း ဆိုရ၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ‘သမဏ’ ဖြစ်သနည်း။ ထိုရဟန်းမှာ ပူပန်ညစ်ညူးစေတတ်ကုန်သော တစ်ဖန်ဘဝသစ်ဖြစ်ခြင်းကို ပြုတတ်ကုန်သော ပူလောင်ခြင်းနှင့်တကွ ဆင်းရဲခြင်းအကျိုးရှိကုန်သော နောင်အခါ၌ ဖြစ်ပွားခြင်း ‘ဇာတိ’၊ အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’ ကို ဖြစ်စေတတ်ကုန်သောယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့ကိုငြိမ်းပြီးကုန်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ‘သမဏ'ဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ‘ဗြာဟ္မဏ’ ဖြစ်သနည်း။ ထိုရဟန်းမှာ ပူပန်ညစ်ညူးစေတတ်ကုန်သော တစ်ဖန် ဘဝသစ်ဖြစ်ခြင်းကို ပြုတတ်ကုန်သော ပူလောင်ခြင်းနှင့်တကွ ဆင်းရဲခြင်းအကျိုးရှိကုန်သော နောင်အခါ၌ ဖြစ်ပွားခြင်း ‘ဇာတိ’၊ အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’ ကိုဖြစ်စေတတ်ကုန် သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့ကို အပပြုပြီးဖြစ်ကုန်၏။ ရဟန်းတို့ဤသို့လျှင် ရဟန်း သည် ‘ဗြာဟ္မဏ’ ဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ‘ရေချိုးပြီးသူ’ ဖြစ်သနည်း။ ထိုရဟန်းအား ပူပန်ညစ်ညူးစေတတ်ကုန်သော တစ်ဖန် ဘဝသစ်ဖြစ်ခြင်းကို ပြုတတ်ကုန်သော ပူလောင်ခြင်းနှင့်တကွ ဆင်းရဲခြင်းအကျိုးရှိကုန်သော နောင်အခါ၌ ဖြစ်ပွားခြင်း ‘ဇာတိ’၊ အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’ ကို ဖြစ်စေတတ်ကုန်သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့ကို မဂ်ရေစင်ဖြင့် ချိုးအပ်ပြီးဖြစ်ကုန်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ‘ရေချိုးပြီးသူ’ ဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ‘သိပြီးသူ'ဖြစ်သနည်း။ ထိုရဟန်းအား ပူပန်ညစ်ညူးစေတတ်ကုန်သော တစ်ဖန် ဘဝသစ်ဖြစ်ခြင်းကို ပြုတတ်ကုန်သော ပူလောင်ခြင်းနှင့်တကွ ဆင်းရဲခြင်းအကျိုးရှိကုန်သော နောင်အခါ၌ ဖြစ်ပွားခြင်း ‘ဇာတိ’၊ အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’ ကို ဖြစ်စေတတ်ကုန်သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့ကို သိထားပြီးဖြစ်ကုန်၏။ ရဟန်းတို့ ဤသို့လျှင်ရဟန်းသည် ‘သိပြီးသူ’ ဖြစ်၏။

--

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ‘ညှဉ်းဆဲပြီးသူ’ ဖြစ်သနည်း။ ထိုရဟန်းအား ပူပန်ညစ်ညူးစေတတ်ကုန်သော တစ်ဖန် ဘဝသစ်ဖြစ်ခြင်းကို ပြုတတ်ကုန်သော ပူလောင်ခြင်းနှင့်တကွ ဆင်းရဲခြင်းအကျိုးရှိကုန်သော နောင်အခါ၌ ဖြစ်ပွားခြင်း ‘ဇာတိ’၊ အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’ ကိုဖြစ်စေတတ် ကုန်သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့ကို ညှဉ်းဆဲပြီးဖြစ်ကုန်၏။ ရဟန်းတို့ဤသို့လျှင် ရဟန်းသည် ‘ညှဉ်းဆဲပြီးသူ’ ဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ‘(ကိလေသာတို့မှ) ဝေးသူ’ ဖြစ်သနည်း။ ထိုရဟန်းအားပူပန်ညစ်ညူးစေတတ်ကုန်သော တစ်ဖန် ဘဝသစ်ဖြစ်ခြင်းကို ပြုတတ်ကုန်သော ပူလောင်ခြင်းနှင့် တကွဆင်းရဲခြင်း အကျိုးရှိကုန်သော နောင်အခါ၌ ဖြစ်ပွားခြင်း ‘ဇာတိ’၊ အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’ ကိုဖြစ်စေတတ်ကုန်သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့သည် ဝေးပြီးဖြစ်ကုန်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ‘(ကိလေသာတို့မှ) ဝေးသူ’ ဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ‘ရဟန္တာ’ ဖြစ်သနည်း။ ထိုရဟန်းအား ပူပန်ညစ်ညူးစေတတ်ကုန်သော တစ်ဖန် ဘဝသစ်ဖြစ်ခြင်းကို ပြုတတ်သော ပူလောင်ခြင်းနှင့်တကွ ဆင်းရဲခြင်းအကျိုးရှိကုန်သော နောင်အခါ၌ ဖြစ်ပွားခြင်း ‘ဇာတိ’၊ အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’ ကိုဖြစ်စေတတ်ကုန်သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့သည် ဝေးပြီးဖြစ်ကုန်၏။ ရဟန်းတို့ဤသို့လျှင် ရဟန်းသည် ‘ရဟန္တာ'ဖြစ်၏ဟု ဤတရားစကားကို မြတ်စွာဘုရားသည် ဟောကြားတော်မူ၏။

ထိုရဟန်းတို့သည် မြတ်စွာဘုရားဟောကြားတော်မူသော တရားကို နှစ်ခြိုက်ဝမ်းမြောက်ကြကုန်၏။

ကိုးခုမြောက် မဟာအဿပုရသုတ်ပြီး၏။

--

၁၀ - စူဠအဿပုရသုတ်

၄၃၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် -

အခါတစ်ပါး၌ မြတ်စွာဘုရားသည် အင်္ဂတိုင်း အဿပုရမည်သော အင်္ဂမင်းသားတို့၏ နိဂုံး၌သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟု ခေါ်တော်မူ၏။ ထိုရဟန်းတို့က “အသျှင်ဘုရား” ဟု မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏။

ရဟန်းတို့ လူအပေါင်းက သင်တို့ကို “ရဟန်း ရဟန်း” ဟု ကောင်းစွာ သိ၏၊ သင်တို့ကလည်း “သင်တို့သည် အဘယ်သူတို့နည်း” ဟု မေးကုန်သော် “ရဟန်းများဖြစ်ကုန်၏” ဟု ဝန်ခံကုန်၏။ ရဟန်းတို့ ဤသို့ အသမုတ်ခံရသော ဤသို့ ဝန်ခံသော သင်တို့သည် “ရဟန်းနှင့် သင့်လျော်သော အကျင့်ကိုကျင့်ကုန်သော် ငါတို့၏ ဤအသမုတ်ခံရခြင်းနှင့် ဝန်ခံခြင်းသည်လည်း အမှန်အဟုတ် ဖြစ်လတ္တံ့၊ ငါတို့သည် အကြင်သူတို့၏ သင်္ကန်း ဆွမ်း အိပ်ရာနေရာကျောင်း သူနာ၏ အထောက်အပံ့ဆေးအဆောက် အဦကို သုံးဆောင်ကုန်၏၊ ထိုသူတို့၏ ငါတို့အပေါ်၌ ထိုပြုလုပ်ခြင်းတို့သည်များသောအကျိုး များသော အာနိသင်ရှိသည် ဖြစ်ကုန်လတ္တံ့၊ ငါတို့၏ ဤရဟန်းအဖြစ်သည်လည်းမမြုံဘဲ အကျိုးများ၍ တိုးပွားခြင်း ရှိသည် ဖြစ်လတ္တံ့” ဟု ဤသို့လျှင် သင်တို့ ကျင့်ကြံ အားထုတ်ရမည်။

၄၃၆။ ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် ရဟန်းနှင့် သင့်လျော်သော အကျင့်ကို မကျင့်သနည်း။ ရဟန်းတို့ တစ်ဦးတစ်ယောက်သော ရဟန်းသည် ရှေးရှုကြံစည်ခြင်းများလျက် ရှေးရှုကြံစည်ခြင်း ‘အဘိဇ္ဈာ’ ကို မပယ်၊ ဖျက်ဆီးလိုသောစိတ်ရှိလျက် ဖျက်ဆီးလိုခြင်း ‘ဗျာပါဒ’ ကို မပယ်၊ အမျက်ထွက် လေ့ရှိလျက် အမျက်ထွက်ခြင်း ‘ကောဓ'ကို မပယ်၊ ရန်ငြိုးဖွဲ့ခြင်းရှိလျက် ရန်ငြိုးဖွဲ့ခြင်း ‘ဥပနာဟ’ ကို မပယ်၊ ဂုဏ်ကျေးဇူးချေဖျက်ခြင်း ရှိလျက် ဂုဏ်ကျေးဇူးချေဖျက်ခြင်း ‘မက္ခ’ ကို မပယ်၊ ဂုဏ်ပြိုင်ခြင်း ရှိလျက် ဂုဏ်ပြိုင်ခြင်း ‘ပဠာသ’ ကို မပယ်၊ မနာလိုခြင်းရှိလျက် မနာလိုခြင်း ‘ဣဿာ’ ကိုမပယ်၊ ဝန်တိုခြင်းရှိလျက် ဝန်တိုခြင်း ‘မစ္ဆရိယ’ ကို မပယ်၊ စဉ်းလဲကောက်ကျစ်သူဖြစ်လျက်စဉ်းလဲကောက်ကျစ်ခြင်း ‘သာဌေယျ’ ကို မပယ်၊ လှည့်ပတ်ခြင်းရှိလျက် လှည့်ပတ်ခြင်း ‘မာယာ’ ကိုမပယ်၊ အလိုဆိုးရှိလျက် အလိုဆိုး ‘ပါပိစ္ဆာ’ ကို မပယ်၊ မှားသောအယူရှိသူဖြစ်လျက် မှားသောအယူ ‘မိစ္ဆာဒိဋ္ဌိ’ ကို မပယ်၊ ရဟန်းတို့ အပါယ်၌ ဖြစ်စေတတ်သည့် အကြောင်းဖြစ်သော မကောင်းရာဘုံဘဝ၌ခံစား ရခြင်းရှိကုန်သော ဤရဟန်းအညစ်အကြေး, ဤရဟန်းအပြစ်ဒေါသ, ဤရဟန်းအမှိုက်တို့ကိုမပယ်ခြင်းကြောင့် “ရဟန်းနှင့် သင့်လျော်သော အကျင့်ကို မကျင့်” ဟု ငါ ဟောကြား၏။ ရဟန်းတို့ရေနှင့် သွေးထားသော နှစ်ဖက် အသွားရှိသော မတဇ (ငှက်သေမှဖြစ်သော) လက်နက်မည်သောလက်နက်မျိုးကို သားရေအိမ်ဖြင့် ဖုံးလွှမ်းထားသကဲ့သို့ ပိတ်ဆို့ထားသကဲ့သို့ ငါသည် ဤရဟန်း၏ရဟန်းအဖြစ်ကို ထို လက်နက်မျိုးလျှင် ဥပမာရှိ၏ဟု ဟောကြား၏။

၄၃၇။ ရဟန်းတို့ ချုပ်စပ်ထားသော အဝတ်ကို ဆောင်သူအား ချုပ်စပ်ထားသော အဝတ်ကိုဆောင်ရုံမျှဖြင့် ရဟန်းအဖြစ်ကို ငါ မဟောပေ။ ရဟန်းတို့ အဝတ်မဝတ်သူအား အဝတ်မဝတ်ရုံမျှဖြင့်ရဟန်းအဖြစ်ကို ငါမဟောပေ။ ရဟန်းတို့ မြူအညစ်အကြေးဆောင်သူအား မြူအညစ်အကြေး ဆောင်ရုံမျှဖြင့် ရဟန်းအဖြစ်ကို ငါ မဟောပေ။ ရဟန်းတို့ ရေသို့ သက်ဆင်းသူအား ရေသို့ သက်ဆင်းရုံမျှဖြင့်ရဟန်းအဖြစ်ကို ငါ မဟောပေ။ ရဟန်းတို့ သစ်ပင်ရင်း၌ နေသူအား သစ်ပင်ရင်း၌ နေရုံမျှဖြင့် ရဟန်းအဖြစ်ကို ငါ မဟောပေ။ ရဟန်းတို့ လွင်တီးခေါင်၌ နေသူအား လွင်တီးခေါင်၌ နေရုံမျှဖြင့် ရဟန်းအဖြစ်ကို ငါ မဟောပေ။ ရဟန်းတို့ မတ်မတ်ရပ်တည်သူအား မတ်မတ်ရပ်တည်ရုံမျှဖြင့်

--

ရဟန်းအဖြစ်ကို ငါ မဟောပေ။ ရဟန်းတို့ (လ,ရက်) အလှည့်ဖြင့် စားသူအား အလှည့်ဖြင့် စားရုံမျှဖြင့် ရဟန်းအဖြစ်ကို့ငါ မဟောပေ။ ရဟန်းတို့ ဗေဒင်မန္တာန်ကို သရဇ္ဈာယ်သူအား ဗေဒင် မန္တာန်ကို သရဇ္ဈာယ်ရုံမျှဖြင့်ရဟန်းအဖြစ်ကို ငါ မဟောပေ။ ရဟန်းတို့ ဆံကျစ်ရှိသူအား ဆံကျစ်ကို ဆောင်ရုံမျှဖြင့် ရဟန်းအဖြစ်ကိုငါမဟောပေ။

ရဟန်းတို့ ချုပ်စပ်ထားသော အဝတ်ကို ဆောင်သူအား ချုပ်စပ်ထားသော အဝတ်ကို ဆောင်ရုံ မျှဖြင့်ရှေးရှုကြံစည်ခြင်းများလျက် ရှေးရှုကြံစည်ခြင်း ‘အဘိဇ္ဈာ’ သည် အကယ်၍ ပျောက်ငြားအံ့၊ ဖျက်ဆီးလိုသော စိတ်ရှိလျက် ဖျက်ဆီးလိုခြင်း ‘ဗျာပါဒ’ သည် အကယ်၍ ပျောက်ငြားအံ့၊ အမျက်ထွက်လေ့ရှိလျက်အမျက်ထွက်ခြင်း ‘ကောဓ'သည် အကယ်၍ ပျောက်ငြားအံ့၊ ရန်ငြိုးဖွဲ့ခြင်းရှိလျက် ရန်ငြိုးဖွဲ့ခြင်း ‘ဥပနာဟ’ သည် အကယ်၍ ပျောက်ငြားအံ့၊ ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်းရှိလျက် ဂုဏ်ကျေးဇူးကိုချေဖျက်ခြင်း ‘မက္ခ’ သည် အကယ်၍ ပျောက်ငြားအံ့၊ ဂုဏ်ပြိုင်ခြင်းရှိလျက် ဂုဏ်ပြိုင်ခြင်း ‘ပဠာသ’ သည်အကယ်၍ ပျောက်ငြားအံ့၊ မနာလိုခြင်းရှိလျက် မနာလိုခြင်း ‘ဣဿာ’ သည် အကယ်၍ ပျောက်ငြားအံ့၊ ဝန်တိုခြင်းရှိလျက် ဝန်တိုခြင်း ‘မစ္ဆရိယ’ သည် အကယ်၍ ပျောက်ငြားအံ့၊ စဉ်းလဲကောက်ကျစ်သူဖြစ်လျက် စဉ်းလဲ ကောက်ကျစ်ခြင်း ‘သာဌေယျ’ သည် အကယ်၍ ပျောက်ငြားအံ့၊ လှည့်ပတ်ခြင်းရှိလျက် လှည့်ပတ်ခြင်း ‘မာယာ'သည် အကယ်၍ ပျောက်ငြားအံ့၊ အလိုဆိုးရှိလျက်အလိုဆိုး ‘ပါပိစ္ဆာ’ သည် အကယ်၍ ပျောက် ငြားအံ့၊ မှားသောအယူရှိလျက် မှားသောအယူ ‘မိစ္ဆာဒိဋ္ဌိ’ သည်အကယ်၍ ပျောက်ငြားအံ့၊ မိတ်ဆွေ အပေါင်းအသင်း ဆွေမျိုးသားချင်းတို့က ထိုသူကို ဖွားလျှင်ဖွားခြင်းချုပ်စပ်ထားသော အဝတ်ကို ဝတ်ရုံ ပေးကုန်ရာ၏။

“ကောင်းသော မျက်နှာရှိသူ လာလော့၊ သင်သည် ချုပ်စပ်ထားသော အဝတ်ကို ဆောင်သူ ဖြစ်လော့၊ ချုပ်စပ်ထားသော အဝတ်ဆောင်သူဖြစ်သော သင့်အား ချုပ်စပ်ထားသော အဝတ်ကို ဆောင်ရုံ မျှဖြင့်ရှေးရှုကြံစည်ခြင်းများခဲ့သော် ရှေးရှုကြံစည်ခြင်း ‘အဘိဇ္ဈာ’ သည် ပျောက်လတ္တံ့၊ ဖျက်ဆီးလိုစိတ် ရှိခဲ့သော် ဖျက်ဆီးလိုခြင်း ‘ဗျာပါဒ'သည် ပျောက်လတ္တံ့၊ အမျက်ထွက်လေ့ရှိခဲ့သော် အမျက်ထွက်ခြင်း ‘ကောဓ’ သည် ပျောက်လတ္တံ့၊ ရန်ငြိုးဖွဲ့ခြင်းရှိခဲ့သော် ရန်ငြိုးဖွဲ့ခြင်း ‘ဥပနာဟ’ သည် ပျောက်လတ္တံ့၊ ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်းရှိခဲ့သော် ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်း ‘မက္ခ’ သည် ပျောက်လတ္တံ့၊ ဂုဏ်ပြိုင်ခြင်းရှိခဲ့သော် ဂုဏ်ပြိုင်ခြင်း ‘ပဠာသ'သည် ပျောက်လတ္တံ့၊ မနာလိုခြင်းရှိခဲ့သော် မနာလိုခြင်း ‘ဣဿာ’ သည်ပျောက်လတ္တံ့၊ ဝန်တိုခြင်းရှိခဲ့သော် ဝန်တိုခြင်း ‘မစ္ဆရိယ'သည် ပျောက်လတ္တံ့၊ စဉ်းလဲကောက်ကျစ်ခြင်းရှိခဲ့သော် စဉ်းလဲကောက်ကျစ်ခြင်း ‘သာဌေယျ’ သည် ပျောက်လတ္တံ့၊ လှည့်ပတ်ခြင်းရှိခဲ့သော် လှည့်ပတ်ခြင်း ‘မာယာ’ သည် ပျောက်လတ္တံ့၊ အလိုဆိုးရှိခဲ့သော် အလိုဆိုး ‘ပါပိစ္ဆာ’ သည် ပျောက်လတ္တံ့၊ မှားသောအယူရှိခဲ့သော် မှားသော အယူ ‘မိစ္ဆာဒိဋ္ဌိ’ သည် ပျောက်လတ္တံ့” ဟု ချုပ်စပ်ထားသော အဝတ်ကို ဝတ်ရုံမှုကိုသာလျှင် ဆောက်တည်စေကုန်ရာ၏။

ရဟန်းတို့ ချုပ်စပ်ထားသောအဝတ်ကို ဝတ်ရုံထားသော်လည်း ဤလောက၌ အချို့သော ရှေးရှုကြံစည်ခြင်းများသူ, ဖျက်ဆီးလိုစိတ်ရှိသူ, အမျက်ထွက်လေ့ရှိသူ, ရန်ငြိုးဖွဲ့ခြင်းရှိသူ, ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်းရှိသူ, ဂုဏ်ပြိုင်ခြင်းရှိသူ, မနာလိုခြင်းရှိသူ, ဝန်တိုခြင်းရှိသူ, စဉ်းလဲကောက်ကျစ်ခြင်းရှိသူ, လှည့်ပတ်ခြင်းရှိသူ, အလိုဆိုးရှိသူ, အယူမှားရှိသူတို့ကို ငါတွေ့မြင်နေရသောကြောင့် ချုပ်စပ်ထားသော အဝတ်ကိုဝတ်ရုံသူအား ချုပ်စပ်ထားသော အဝတ်ကို ဝတ်ရုံခြင်းမျှဖြင့် ရဟန်းအဖြစ်ကို ငါ မဟောပေ။

ရဟန်းတို့ အဝတ်မဝတ်သူအား။ပ။ ရဟန်းတို့ မြူအညစ်အကြေး ရှိသူအား။ပ။ ရဟန်းတို့ ရေသို့သက်ဆင်းသူအား။ပ။ ရဟန်းတို့ သစ်ပင်ရင်း၌ နေသူအား။ပ။ ရဟန်းတို့ လွင်တီးခေါင်၌ နေသူအား။ပ။ ရဟန်းတို့ မတ်မတ်ရပ်တည်သူအား။ပ။ ရဟန်းတို့ (လ,ရက်) အလှည့်ဖြင့် စားသူအား။ပ။ ရဟန်းတို့ ဗေဒင်မန္တာန် သရဇ္ဈာယ်သူအား။ပ။ ရဟန်းတို့ ဆံကျစ်ရှိသူအား အကယ်၍ ဆံကျစ်ကိုဆောင်ရုံမျှဖြင့် ရှေးရှုကြံစည်ခြင်းများလျက် ရှေးရှုကြံစည်ခြင်း ‘အဘိဇ္ဈာ’ သည် အကယ်၍ ပျောက်ငြားအံ့၊

--

ဖျက်ဆီးလိုစိတ်ရှိလျက် ဖျက်ဆီးလိုခြင်း ‘ဗျာပါဒ'သည် အကယ်၍ ပျောက်ငြားအံ့၊ အမျက်ထွက်လေ့ရှိလျက်အမျက်ထွက်ခြင်း ‘ကောဓ’ သည် အကယ်၍ ပျောက်ငြားအံ့၊ ရန်ငြိုးဖွဲ့ခြင်းရှိလျက် ရန်ငြိုးဖွဲ့ခြင်း ‘ဥပနာဟ’ သည် အကယ်၍ ပျောက်ငြားအံ့၊ ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်းရှိလျက် ဂုဏ်ကျေးဇူးကိုချေဖျက်ခြင်း ‘မက္ခ'သည် အကယ်၍ ပျောက်ငြားအံ့၊ ဂုဏ်ပြိုင်ခြင်းရှိလျက် ဂုဏ်ပြိုင်ခြင်း ‘ပဠာသ’ သည်အကယ်၍ ပျောက်ငြားအံ့၊ မနာလိုခြင်းရှိလျက် မနာလိုခြင်း ‘ဣဿာ’ သည် အကယ်၍ ပျောက်ငြားအံ့၊ ဝန်တိုခြင်းရှိလျက် ဝန်တိုခြင်း ‘မစ္ဆရိယ’ သည် အကယ်၍ ပျောက်ငြားအံ့၊ စဉ်းလဲကောက်ကျစ်ခြင်းရှိလျက် စဉ်းလဲ ကောက်ကျစ်ခြင်း ‘သာဌေယျ’ သည် အကယ်၍ ပျောက်ငြားအံ့၊ လှည့်ပတ်ခြင်းရှိလျက်လှည့်ပတ်ခြင်း ‘မာယာ'သည် အကယ်၍ ပျောက်ငြားအံ့၊ အလိုဆိုးရှိလျက် အလိုဆိုး ‘ပါပိစ္ဆာ’ သည်အကယ်၍ ပျောက် ငြားအံ့၊ အယူမှားခြင်းရှိလျက် အယူမှားခြင်း ‘မိစ္ဆာဒိဋ္ဌိ’ သည် အကယ်၍ပျောက်ငြားအံ့၊ မိတ်ဆွေ အပေါင်း အသင်း ဆွေမျိုးသားချင်းတို့က ထိုသူကို ဖွားလျှင်ဖွားချင်းဆံကျစ်ရှိသူဖြစ်အောင် ပြုပေးကုန်ရာ၏။

“ကောင်းသော မျက်နှာရှိသူ လာလော့၊ သင်သည် ဆံကျစ်ရှိသူဖြစ်လော့၊ ဆံကျစ်ရှိသူဖြစ်သောသင့်အား ဆံကျစ်ကို ဆောင်ရုံမျှဖြင့် ရှေးရှုကြံစည်ခြင်းများခဲ့သော် ရှေးရှုကြံစည်ခြင်း ‘အဘိဇ္ဈာ’ သည်ပျောက်လတ္တံ့၊ ဖျက်ဆီး လိုစိတ်ရှိခဲ့သော် ဖျက်ဆီးလိုခြင်း ‘ဗျာပါဒ'သည် ပျောက်လတ္တံ့၊ အမျက်ထွက်လေ့ရှိခဲ့သော် အမျက်ထွက်ခြင်း ‘ကောဓ’ သည် ပျောက်လတ္တံ့။ပ။ ယုတ်မာသောအလိုဆိုးရှိခဲ့သော် ယုတ်မာသော အလိုဆိုး ‘ပါပိစ္ဆာ’ သည် ပျောက်လတ္တံ့၊ အယူမှားခြင်းရှိခဲ့သော် အယူမှားခြင်း ‘မိစ္ဆာဒိဋ္ဌိ’ သည်ပျောက်လတ္တံ့ဟု ဆံကျစ်ရှိသူအဖြစ်ကိုသာလျှင် ဆောက်တည်စေကုန်ရာ၏။

ရဟန်းတို့ ဆံကျစ်ရှိသော်လည်း ဤလောက၌ အချို့သော ရှေးရှုကြံစည်ခြင်းများသူ, ဖျက်ဆီးလိုစိတ်ရှိသူ, အမျက်ထွက်ခြင်းရှိသူ, ရန်ငြိုးဖွဲ့ခြင်းရှိသူ, ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်းရှိသူ, ဂုဏ်ပြိုင်ခြင်းရှိသူ,မနာလိုခြင်းရှိသူ, ဝန်တိုခြင်းရှိသူ, စဉ်းလဲကောက်ကျစ်ခြင်းရှိသူ, လှည့်ပတ်ခြင်းရှိသူ, အလိုဆိုးရှိသူ, အယူမှားရှိသူတို့ကို ငါတွေ့မြင်ရသောကြောင့် ဆံကျစ်ရှိသူအား ဆံကျစ်ကို ဆောင်ရုံမျှဖြင့် ရဟန်းအဖြစ်ကို ငါမဟောပေ။

၄၃၈။ ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် ရဟန်းနှင့် သင့်လျော်သော အကျင့်ကို ကျင့် သနည်း၊ ။ ရဟန်းတို့ တစ်ဦးတစ်ယောက်သော ရဟန်းသည် ရှေးရှုကြံစည်ခြင်းများရှိခဲ့သော် ရှေးရှုကြံ စည်ခြင်း ‘အဘိဇ္ဈာ’ ကို ပယ်၏၊ ဖျက်ဆီးလိုစိတ်ရှိခဲ့သော် ဖျက်ဆီးလိုခြင်း ‘ဗျာပါဒ’ ကို ပယ်၏၊ အမျက်ထွက်လေ့ရှိခဲ့သော် အမျက်ထွက်ခြင်း ‘ကောဓ’ ကို ပယ်၏၊ ရန်ငြိုးဖွဲ့ခြင်းရှိခဲ့သော် ရန်ငြိုးဖွဲ့ခြင်း ‘ဥပနာဟ'ကို ပယ်၏၊ ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်းရှိခဲ့သော် ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်း ‘မက္ခ’ ကိုပယ်၏၊ ဂုဏ်ပြိုင်ခြင်းရှိခဲ့သော် ဂုဏ်ပြိုင်ခြင်း ‘ပဠာသ'ကို ပယ်၏၊ မနာလိုခြင်းရှိခဲ့သော် မနာလိုခြင်း ‘ဣဿာ’ ကို ပယ်၏၊ ဝန်တိုခြင်းရှိခဲ့သော် ဝန်တိုခြင်း ‘မစ္ဆရိယ’ ကို ပယ်၏၊ စဉ်းလဲကောက်ကျစ်ခြင်းရှိခဲ့သော် စဉ်းလဲကောက်ကျစ်ခြင်း ‘သာဌေယျ’ ကို ပယ်၏၊ လှည့်ပတ်ခြင်းရှိခဲ့သော် လှည့်ပတ်ခြင်း ‘မာယာ'ကို ပယ်၏၊ အလိုဆိုးရှိခဲ့သော် အလိုဆိုး ‘ပါပိစ္ဆာ’ ကို ပယ်၏၊ အယူမှားခြင်းရှိခဲ့သော်အယူမှားခြင်း ‘မိစ္ဆာဒိဋ္ဌိ’ ကို ပယ်၏၊ ရဟန်းတို့ အပါယ်၌ ဖြစ်စေတတ်သည့် အကြောင်းဖြစ်သောမကောင်းရာဘုံဘဝ၌ ခံစားခြင်း ရှိကုန်သော ဤရဟန်းအညစ်အကြေး, ဤရဟန်းအပြစ်ဒေါသ,ဤရဟန်းအမှိုက်တို့ကို ပယ်ခြင်းကြောင့် “ရဟန်းနှင့်သင့်လျော်သော အကျင့်ကို ကျင့်၏” ဟု ငါဟော၏။ ထိုရဟန်းသည် ဤယုတ်ညံ့သော အကုသိုလ်တရားအားလုံးတို့မှ စင်ကြယ်သော မိမိကိုယ်ကို ကောင်းစွာရှုမြင်၏။ ဤယုတ် ညံ့သော အကုသိုလ်တရားအားလုံးတို့မှ စင်ကြယ်သော မိမိကိုယ်ကို ရှုမြင်သောထိုရဟန်းအား ဝမ်းမြောက်ခြင်း ဖြစ်၏၊ ဝမ်းမြောက်သော ရဟန်းအား နှစ်သက်ခြင်းဖြစ်၏၊ နှစ်သက်သော စိတ်ရှိသော ရဟန်း၏ ကိုယ် သည်ငြိမ်းအေး၏၊ ကိုယ်ငြိမ်းအေးခြင်းရှိသော ရဟန်းသည့်ချမ်းသာကို ခံစား၏၊ ချမ်းသာခြင်းရှိသော ရဟန်း၏ စိတ်သည် တည်ကြည်၏။

--

ထိုရဟန်းသည် ချစ်ခြင်း ‘မေတ္တာ’ နှင့်တကွဖြစ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ ၍နေ၏။ ထို့အတူ နှစ်ခုမြောက်အရပ်ကို။ သုံးခုမြောက်အရပ်ကို။ လေးခုမြောက်အရပ်ကို။ ဤနည်းအားပြင့် အထက်အောက် ဖီလာအရပ်ကို ပျံ့နှံ့စေ၍ နေ၏၊ အလုံးစုံသောအရပ် အလုံးစုံသော သတ္တဝါတို့၌ မိမိနှင့်တူစွာ အကြွင်းမဲ့ သတ္တဝါအားလုံးကို ပြန့်ပြောသော မြတ်သော အပိုင်းအခြားမရှိသော ရန်မရှိသော ကြောင့်ကြမရှိသော မေတ္တာနှင့် တကွဖြစ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။ သနားခြင်း ‘ကရုဏာ’ နှင့်တကွဖြစ်သော စိတ်ဖြင့်။ပ။ ဝမ်းမြောက်ခြင်း ‘မုဒိတာ’ နှင့် တကွဖြစ်သော စိတ်ဖြင့်။ပ။ လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့်တကွဖြစ်သော စိတ်ဖြင့် တစ်ခုသောအရပ်ကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူနှစ်ခုမြောက်အရပ် ကို။ သုံးခုမြောက်အရပ်ကို။ လေးခုမြောက်အရပ်ကို။ ဤနည်းအားဖြင့်အထက်အောက် ဖီလာအရပ်ကို ပျံ့နှံ့စေ၍နေ၏။ အလုံးစုံသောအရပ် အလုံးစုံသော သတ္တဝါတို့၌မိမိနှင့်တူစွာ အကြွင်းမဲ့ သတ္တဝါအားလုံး ကို ပြန့်ပြောသော မြတ်သော အပိုင်းအခြားမရှိသောရန်မရှိသော ကြောင့်ကြမရှိသော လျစ်လျူရှုခြင်း ‘ဥပေက္ခာ'နှင့်တကွဖြစ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။

ရဟန်းတို့ ဥပမာသော်ကား ကြည်လင်ချိုအေး ဖြူဖွေးသောရေနှင့် ကောင်းသော ရေဆိပ်ရှိသဖြင့်မွေ့လျော်ဖွယ်ကောင်းသော ရေကန်သည် ရှိရာ၏၊ အရှေ့အရပ်မျက်နှာမှ နွေနေပူတို့ဖြင့် ပူလောင်နှိပ်စက်ခံရ၍ အစာရေစာ ဆာလောင်မွတ်သိပ်သဖြင့် ပင်ပန်းနွမ်းနယ်နေသော ယောကျ်ားသည် အကယ်၍ လာငြားအံ့၊ ထိုယောကျ်ားသည် ထိုရေကန်ကို စွဲ၍ ရေမွတ်သိပ်ခြင်းကို ပယ်ဖျောက်ရာ၏၊ နွေနေပူတို့ဖြင့်ပူလောင်ခြင်းကို ပယ်ဖျောက်ရာ၏။ အနောက်အရပ်မျက်နှာမှ ယောကျ်ားသည် အကယ်၍ လာငြားအံ့။ မြောက်အရပ်မျက်နှာမှ ယောကျ်ားသည် အကယ်၍ လာငြားအံ့။ တောင်အရပ်မျက်နှာမှ ယောကျ်ားသည်အကယ်၍ လာငြားအံ့။ မည်သည့် အရပ်မှမဆို ထိုရေကန်သို့ နွေနေပူတို့ဖြင့် ပူလောင်နှိပ်စက်ခံရ၍အစာ ရေစာ ဆာလောင်မွတ်သိပ်သဖြင့် ပင်ပန်းနွမ်းနယ်နေသော ယောကျ်ားသည် အကယ်၍ လာငြားအံ့။ ထိုယောကျ်ားသည် ထိုရေကန်ကို စွဲ၍ ရေမွတ်သိပ်ခြင်းကို ပယ်ဖျောက်ရာ၏၊ နွေနေပူတို့ဖြင့်ပူလောင်ခြင်း ကို ပယ်ဖျောက်ရာ၏။

ရဟန်းတို့ ဤအတူပင်လျှင် မင်းမျိုးမှသော်လည်း လူ့ဘောင်မှ ထွက်ခွာ၍ ရဟန်းဘောင်၌ ရဟန်းပြုသူ ဖြစ်စေကာမူ၊ ထိုသူသည် မြတ်စွာဘုရား ဟောထားသော အဆုံးအမတော်ကို စွဲ၍ ဤသို့ ချစ်ခြင်း ‘မေတ္တာ’၊ သနားခြင်း ‘ကရုဏာ’၊ ဝမ်းမြောက်ခြင်း ‘မုဒိတာ’၊ လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ ကို ပွားများ၍မိမိကိုယ်၌ငြိမ်းခြင်းကို ရ၏၊ မိမိကိုယ်၌ငြိမ်းခြင်းကြောင့် ထိုသူကို ငါသည် “ရဟန်းနှင့် သင့်လျော်သောအကျင့်ကို ကျင့်၏” ဟု ဟောကြား၏။

ပုဏ္ဏားမျိုးမှသော်လည်း။ပ။ ကုန်သည်မျိုးမှသော်လည်း။ပ။ သူဆင်းရဲမျိုးမှသော်လည်း။ပ။ မည် သည့်အမျိုးမှမဆို လူ့ဘောင်မှ ထွက်ခွာ၍ ရဟန်းဘောင်၌ ရဟန်းပြုအံ့၊ ထိုသူသည်လည်း မြတ်စွာ ဘုရားဟောကြားထားသော အဆုံးအမတော်ကို စွဲ၍ ဤသို့ ချစ်ခြင်း ‘မေတ္တာ’၊ သနားခြင်း ‘ကရုဏာ’ ဝမ်းမြောက်ခြင်း ‘မုဒိတာ’၊ လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ ကို ပွားများ၍ မိမိကိုယ်၌ငြိမ်းခြင်းကို ရ၏၊ မိမိကိုယ်၌ငြိမ်းခြင်းကြောင့် ထိုသူကို ငါသည် “ရဟန်းနှင့် သင့်လျော်သော အကျင့်ကို ကျင့်၏” ဟု ဟောကြား၏။

မင်းမျိုးမှသော်လည်း လူ့ဘောင်မှ ထွက်ခွာ၍ ရဟန်းဘောင်၌ ရဟန်းပြုအံ့၊ ထိုသူသည်လည်းအာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါတရားမရှိသော လွတ်မြောက်သော ‘အရဟတ္တဖိုလ်'စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကို ယခုဘဝ၌ပင်လျှင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့်မျက် မှောက်ပြုလျက် ရောက်၍ နေ၏၊ အာသဝေါတရားတို့ ကုန်ခြင်းကြောင့်ရဟန်း (ကိလေသာမီးငြိမ်းသူ) ဖြစ်၏။

--

ပုဏ္ဏားမျိုးမှသော်လည်း။ပ။ ကုန်သည်မျိုးမှသော်လည်း။ပ။ သူဆင်းရဲမျိုးမှသော်လည်း။ပ။ မည်သည့်အမျိုးမှမဆို လူ့ဘောင်မှ ထွက်ခွာ၍ ရဟန်းဘောင်၌ ရဟန်းပြုအံ့၊ ထိုသူသည်လည်း အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါတရားကင်းသော လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်နှင့်လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကို ယခုဘဝ၌ပင်လျှင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏၊ အာသဝေါတရားတို့ ကုန်ခြင်းကြောင့် ရဟန်း (ကိလေသာမီးငြိမ်းသူ) ဖြစ်၏ဟု ဤတရားကို မြတ်စွာဘုရားသည် ဟောကြားတော်မူ၏။

ထိုရဟန်းတို့သည် မြတ်စွာဘုရားဟောကြားတော်မူသော တရားတော်ကို နှစ်ခြိုက်ဝမ်းမြောက် ကြကုန်၏။

ဆယ်ခုမြောက် စူဠအဿပုရသုတ်ပြီး၏။

လေးခုမြောက် မဟာယမကဝဂ်ပြီး၏။

မဟာယမကဝဂ်၏ သုတ်အကျဉ်းချုပ်

ပညာရှိပုဂ္ဂိုလ်၏ ဆောင်ရွက်နိုင်ရန် အကျိုးငှါ ဟောကြားတော်မူအပ်သော စူဠဂေါ သိင်္ဂသုတ်၊ မဟာဂေါသိင်္ဂသုတ်၊ တဖန် မဟာဂေါပါလကသုတ် စူဠဂေါပါလက သုတ်၊ မဟာသစ္စကသုတ်၊ စူဠသစ္စကသုတ်၊ စူဠတဏှာသင်္ခယသုတ်၊ မဟာတဏှာ သင်္ခယသုတ်၊ မဟာအဿပုရသုတ်၊ စူဠအဿပုရသုတ်တည်း။

--

၅ - စူဠယမကဝဂ်

၁- သာလေယျကသုတ်

၄၃၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ရဟန်းအပေါင်းတို့နှင့်အတူ ကောသလတိုင်းတို့၌ဒေသစာရီ လှည့်လည်တော်မူသည်ရှိသော် သာလာမည်သော ပုဏ္ဏားရွာသို့ ဆိုက်ရောက်လေ၏။ သာလာရွာသား ပုဏ္ဏား သူကြွယ်တို့သည် “အချင်းတို့ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသည့် သာကီဝင်မင်းသား ရဟန်းဂေါတမသည် များစွာသော ရဟန်းအပေါင်းနှင့်အတူ ကောသလတိုင်းတို့၌ ဒေသစာရီ လှည့်လည်တော်မူသည်ရှိသော် သာလာ ရွာသို့ ရောက်တော်မူ၏။

ထိုအသျှင်ဂေါတမ၏ ကောင်းသော ကျော်စောသတင်းသည် ဤသို့ ပျံ့နှံ့၍ထွက်၏။ ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏၊ (အလုံး စုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း သမ္မာသမ္ဗုဒ္ဓမည်တော် မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်းဝိဇ္ဇာစရဏ သမ္ပန္န မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သောအကြောင်းကြောင့်လည်း သုဂတ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်းလောကဝိဒူ မည်တော်မူ၏။ ဆုံးမ ထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ လွန်မြတ်သောပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း အနုတ္တရောပုရိသဒမ္မသာရထိ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာဒေဝမနုဿနံ မည်တော်မူ၏၊ (သစ္စာလေးပါး တရားတို့ကို) သိစေတော်မူတတ်သော အကြောင်းကြောင့်လည်း ဗုဒ္ဓမည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏ဟု (ပျံ့နှံ့၍ ထွက်၏)။

ထိုမြတ်စွာဘုရားသည် နတ်နှင့်တကွသော မာရ်နတ်နှင့်တကွသော ဗြဟ္မာနှင့်တကွသော ဤဩကာသလောကကိုလည်းကောင်း၊ သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော ဤသတ္တလောကကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားတော်မူ၏၊ ထိုမြတ်စွာ့ဘုရားသည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသောအနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံပြည့်စုံသော စင်ကြယ်သောမြတ်သော အကျင့်ကို ပြတော်မူ၏၊ ထိုသို့ သဘောရှိသော ရဟန္တာပုဂ္ဂိုလ်တို့ကို ဖူးမြော်ရခြင်းသည်ကောင်းသည်သာတည်း” ဟု ကြားသိရလေ၏။

ထိုအခါ သာလာရွာသား ပုဏ္ဏားသူကြွယ်တို့သည် မြတ်စွာဘုရားထံ ချဉ်းကပ်ကြကုန်ပြီးလျှင် အချို့တို့သည် မြတ်စွာဘုရားကို ရှိခိုးကုန်လျက်, အချို့တို့က မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေလျက် အချို့တို့ကမူ မြတ်စွာဘုရားရှိရာသို့ လက်အုပ်ချီကုန်လျက်,အချို့တို့က အမည် အမျိုးအနွယ်ကို ပြောကြားကုန်လျက်, အချို့တို့က ဆိတ်ဆိတ်ဖြစ်ကုန်လျက် သင့်လျော်သောနေရာ၌ ထိုင်ကြကုန်၏။ သင့်လျော်သော နေရာ၌ ထိုင်နေကြပြီးသော် သာလာရွာသားပုဏ္ဏား သူကြွယ်တို့သည် မြတ်စွာဘုရားအား-

“အသျှင်ဂေါတမ ဤလောက၌ အချို့သော သတ္တဝါများ ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ချမ်းသာကင်းသော မကောင်းသောသူတို့ လားရာ ပျက်စီး၍ ကျရာ ငရဲသို့ ရောက်ကြရသော အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း။ အသျှင်ဂေါတမ ဤလောက၌ အချို့သောသတ္တဝါများ ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ ကောင်းသောသူတို့ လားရာ နတ်ပြည်သို့ ရောက်ကြရသော အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း” ဟု လျှောက်ထားကြကုန်၏။

--

သူကြွယ်တို့ မတရားမှု မမျှတမှုကို ပြုလုပ်ခြင်းအကြောင်းကြောင့် ဤလောက၌ အချို့သောသတ္တဝါတို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောသူတို့လားရာ ပျက်စီး၍ ကျရာ ငရဲသို့ ရောက်ကြရကုန်၏။ သူကြွယ်တို့ တရားမှု မျှတမှုကို ပြုလုပ်ခြင်းအကြောင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ကောင်းသောသူတို့ လားရာ နတ်ပြည်သို့ ရောက်ကြရကုန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမသည် အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို မဝေဖန်မူ၍ အကျဉ်းအားဖြင့် မိန့်ဆိုထားသော ဤတရားတော်၏ အနက်အဓိပ္ပါယ်ကို တပည့်တော်တို့ အကျယ် မသိပါကုန်၊ တောင်းပန်ပါ၏၊ အသျှင်ဂေါတမသည် အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို မဝေဖန်မူ၍ အကျဉ်းအားဖြင့် မိန့်ဆိုထားသောဤတရားတော်၏ အနက်အဓိပ္ပါယ်ကို သိနိုင်သော အခြင်းအရာအားဖြင့် တပည့်တော်တို့အား တရားကိုအကျယ်ဟောကြားပါလော့ဟု (လျှောက်ကြကုန်၏)။

သူကြွယ်တို့ သို့ဖြစ်လျှင် နားထောင်ကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောကြားပေအံ့ဟု (မိန့်တော်မူ၏)။ “ကောင်းပါပြီ အသျှင်ဘုရား” ဟု သာလာရွာသား ပုဏ္ဏားသူကြွယ်တို့သည်မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤသို့ ဟောကြားတော်မူ၏။

၄၄၀။ သူကြွယ်တို့ ကိုယ်ဖြင့် မတရားမှု မမျှတမှုကို ပြုလုပ်ခြင်းသည် သုံးမျိုးရှိ၏။ နှုတ်ဖြင့် မတရားမှုမမျှတမှုကို ပြောဆိုခြင်းသည် လေးမျိုးရှိ၏၊ စိတ်ဖြင့် မတရားမှု မမျှတမှုကိုကြံစည်ခြင်းသည်သုံးမျိုးရှိ၏။

သူကြွယ်တို့ အဘယ်သို့လျှင် ကိုယ်ဖြင့် မတရားမှု မမျှတမှုကို ပြုလုပ်ခြင်း သုံးမျိုးရှိသနည်း။ သူကြွယ်တို့ ဤလောက၌ အချို့သူသည် အသက်သတ်လေ့ရှိ၏၊ ကြမ်းကြုတ်၏၊ သွေးစွန်းသောလက်ရှိ၏၊ သတ်ပုတ် ရိုက်နှက်ခြင်း၌ စိတ်ဝင်စား၏း သတ္တဝါတို့၌ သနားခြင်း မရှိ။

မပေးသည်ကို ယူလေ့ရှိ၏၊ ရွာ၌တည်သည်ဖြစ်စေ၊ တော၌တည်သည်ဖြစ်စေ သူတစ်ပါးဥစ္စာ သူတစ် ပါးအဆောက်အဦကို မပေးဘဲ ခိုးလိုသော စိတ်အစုဖြင့် ယူတတ်၏။

ကာမတို့၌ မှားသောအားဖြင့် ကျင့်လေ့ရှိ၏၊ အမိစောင့်ရှောက်ထားသော မိန်းမ, အဖစောင့်ရှောက့်ထားသော မိန်းမ, အမိအဖစောင့်ရှောက်ထားသော မိန်းမ, မောင်ကြီးမောင်ငယ် စောင့်ရှောက်ထားသောမိန်းမ, အစ်မညီမ စောင့်ရှောက်ထားသော မိန်းမ, ဆွေမျိုးစောင့်ရှောက်ထားသော မိန်းမ, အနွယ်စောင့်ရှောက်ထားသော မိန်းမ, တရားကျင့်ဖော်တို့ စောင့်ရှောက်ထားသော မိန်းမ, ကြောင်းလမ်းထားသောမိန်းမ, ဒဏ်ထားသော မိန်းမ, အယုတ်ဆုံးအားဖြင့် ပန်းကုံးရံထားအပ်သော မိန်းမတို့၌ ကျူးလွန်ခြင်းသို့ရောက်၏။ သူကြွယ်တို့ ဤသို့လျှင် ကိုယ်ဖြင့် မတရားမှု မမျှတမှုကို ပြုလုပ်ခြင်းသည် သုံးမျိုးရှိ၏။

သူကြွယ်တို့ အဘယ်သို့လျှင် နှုတ်ဖြင့် မတရားမှု မမျှတမှုကို ပြောဆိုခြင်းသည် လေးမျိုးရှိ သနည်း။ သူကြွယ်တို့ ဤလောက၌ အချို့သူသည် မုသားပြောဆိုလေ့ ရှိ၏၊ သဘင်၌ တည်သည်ဖြစ်စေ၊ ပရိသတ်၌တည်သည်ဖြစ်စေ၊ ဆွေမျိုးအလယ်၌ တည်သည်ဖြစ်စေ၊ အသင်းအပင်းအလယ်၌ တည်သည်ဖြစ်စေ၊ မင်းမျိုး အလယ်၌ တည်သည်ဖြစ်စေ ခေါ်ဆောင်၍ “အချင်းယောကျ်ား သိသော အကြောင်းကို ပြောဆိုလော့” ဟု သက်သေပြုလျက် မေးမြန်းလတ်သော် ထိုယောက်ျားသည် မသိသည်ကို “ငါသိ၏” ဟူ၍သော်လည်းကောင်း၊ သိသည်ကို “ငါမသိ” ဟူ၍သော်လည်းကောင်း၊ မမြင်သည်ကို “ငါမြင်၏” ဟူ၍သော်လည်းကောင်း မြင်သည်ကို “ငါမမြင်” ဟူ၍သော်လည်းကောင်း ပြောဆို၏။ ဤသို့ မိမိအကြောင်းကြောင့်ဖြစ်စေ၊ သူတစ်ပါးအကြောင်းကြောင့်ဖြစ်စေ၊ အနည်းငယ်မျှသော လာဘ်အာမိသဟူသော အကြောင်းကြောင့်ဖြစ်စေ သိလျက်သာလျှင် မုသားပြောဆို၏။

--

ကုန်းစကား ပြောဆို၏၊ ဤသူတို့ထံမှ နားထောင်၍ ဤသူတို့၏ ထိုသူတို့နှင့် ကွဲပြားခြင်းငှါထိုသူတို့ထံ၌ ပြောကြားတတ်၏၊ ထိုသူတို့ထံမှ နားထောင်၍ ထိုသူတို့၏ ဤသူတို့နှင့် ကွဲပြားခြင်းငှါဤသူတို့ထံ၌ ပြောကြားတတ်၏။ ဤသို့ ညီညွတ်သူတို့ကို ကွဲပြားအောင် ပြုတတ်၏၊ ကွဲပြားသူတို့ကိုလည်း အားပေးတတ်၏၊ ကွဲပြားခြင်း၌ မွေ့လျော်၏၊ ကွဲပြားခြင်း၌ ပျော်ပိုက်၏၊ ကွဲပြားခြင်းကိုနှစ်သက်၏၊ ကွဲပြားခြင်းကို ပြုတတ်သော စကားကို ပြောဆိုတတ်၏။

ကြမ်းတမ်းသော စကား ရှိ၏၊ ဆူးသဖွယ် အဖုအထစ်ရှိ၍ ကြမ်းတမ်းသော သူတစ်ပါးနားကိုစပ်ခါးစေတတ် သူတစ်ပါးအား ထိခိုက်တတ်သော အမျက်ထွက်ခြင်းနှင့် နီးစပ်လျက် တည်တံ့ခြင်းကို မဖြစ်စေတတ်သည့် သဘောရှိသော စကားကို ပြောဆိုတတ်၏။

ပြိန်ဖျင်းသော စကားကို ပြောဆိုတတ်၏၊ မသင့်သောအခါ ဆိုလေ့ရှိ၏၊ မဟုတ်သည်ကို ဆိုလေ့ ရှိ၏၊ အကျိုးနှင့် မစပ်သည်ကို ဆိုလေ့ရှိ၏၊ တရားနှင့် မစပ်သည်ကို ဆိုလေ့ရှိ၏၊ အဆုံးအမနှင့် မစပ်သည်ကိုဆိုလေ့ရှိ၏၊ မသင့်သောအခါ၌ အကြောင်းမရှိသော အပိုင်းအခြားမရှိသော အစီးအပွားနှင့် မစပ်သောနှလုံး၌ မသိုမှီး သင့်သည့် စကားကို ပြောဆိုတတ်၏။ သူကြွယ်တို့ ဤသို့လျှင် နှုတ်ဖြင့် မတရားမှုမမျှတမှုကို ပြောဆိုခြင်းသည် လေးမျိုးရှိ၏။

သူကြွယ်တို့ အဘယ်သို့လျှင် စိတ်ဖြင့် မတရားမှု မမျှတမှုကိုကြံစည်ခြင်းသည် သုံးမျိုးရှိသနည်း၊ သူကြွယ်တို့ ဤလောက၌ အချို့သူသည် ရှေးရှုကြံစည်ခြင်း ‘အဘိဇ္ဈာ’ များ၏။ “သူတစ်ပါး၏ ဥစ္စာသည်ငါ၏ ဥစ္စာဖြစ်မူ ကောင်းလေစွ” ဟု သူတစ်ပါးဥစ္စာ သူတစ်ပါးအဆောက်အဦကို ရှေးရှုကြံစည်တတ်၏။

ဖျက်ဆီးလိုစိတ်ရှိ၏၊ “ဤသတ္တဝါတို့သည် အညှဉ်းဆဲခံကြရပါစေဟူ၍သော်လည်းကောင်း၊ အသတ်ခံ ကြရပါစေဟူ၍သော်လည်းကောင်း၊ အဖြတ်ခံကြရပါစေဟူ၍သော်လည်းကောင်း၊ ပျက်စီးကြပါစေဟူ၍သော်လည်းကောင်း၊ ဘာမျှ မဖြစ်ပါစေကုန်လင့်” ဟူ၍သော်လည်းကောင်း ဤသို့ ဖျက်ဆီးလိုသောစိတ် အကြံအစည်ရှိ၏။

မှားသောအယူရှိ၏၊ “ပေးလှူခြင်း၏ အကျိုးသည် မရှိ၊ ယစ်ပူဇော်ခြင်း၏ အကျိုးသည် မရှိ၊ ဟုံးပူဇော်ခြင်း၏ အကျိုးသည် မရှိ၊ ကောင်းမှု မကောင်းမှုတို့၏ အကျိုးဝိပါက်သည် မရှိ၊ ဤလောကသည်မရှိ၊ တစ်ပါးသော လောကသည် မရှိ၊ အမိကျေးဇူးသည် မရှိ၊ အဖကျေးဇူးသည် မရှိ၊ သေ၍ တစ်ဖန်ဖြစ်သော သတ္တဝါတို့သည် မရှိကုန်၊ ဤလောကကိုလည်းကောင်း တစ်ပါးသော လောကကိုလည်းကောင်း့ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားနိုင်ကုန်သော ညီညွတ်ကုန်သောကောင်းသော အကျင့်ရှိကုန်သော သမဏဗြာဟ္မဏတို့သည် လောက၌ မရှိကုန်” ဟု ဖောက်ပြန်သောအမြင်ရှိ၏။

သူကြွယ်တို့ ဤသို့လျှင် စိတ်ဖြင့် မတရားမှု မမျှတမှုကိုကြံစည်ခြင်းသည် သုံးမျိုးရှိ၏။

သူကြွယ်တို့ ဤသို့ မတရားမှု မမျှတမှုကို ပြုလုပ်ခြင်းအကြောင်းကြောင့် ဤလောက၌ အချို့သောသတ္တဝါတို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောသူတို့လားရာ ပျက်စီး၍ ကျရာ ငရဲသို့ ရောက်ကြရကုန်၏။

၄၄၁။ သူကြွယ်တို့ ကိုယ်ဖြင့် တရားမှု မျှတမှုကို ပြုလုပ်ခြင်းသည် သုံးမျိုးရှိ၏။ နှုတ်ဖြင့် တရားမှုမျှတမှုကို ပြောဆိုခြင်းသည် လေးမျိုးရှိ၏။ စိတ်ဖြင့် တရားမှု မျှတမှုကိုကြံစည်ခြင်းသည် သုံးမျိုးရှိ၏။

--

သူကြွယ်တို့ အဘယ်သို့လျှင် ကိုယ်ဖြင့် တရားမှု မျှတမှုကို ပြုလုပ်ခြင်းသည် သုံးမျိုးရှိသနည်း။ သူကြွယ်တို့ ဤလောက၌ အသက်သတ်ခြင်းကိုပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ တုတ်ကိုချထားပြီး ဖြစ်၏၊ လက်နက်ကို ချထားပြီးဖြစ်၏၊ ရှက်ခြင်းရှိ၏၊ သနားတတ်၏၊ ခပ်သိမ်းသောသတ္တဝါတို့၏ အစီးအပွားကို လိုလားလျက်နေ၏။

မပေးသည်ကို ယူခြင်းကို ပယ်၍ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ရွာ၌ တည်သည်ဖြစ်စေ၊ တော၌ တည်သည်ဖြစ်စေ သူတစ်ပါးဥစ္စာ သူတစ်ပါး အဆောက်အဦကို မပေးဘဲ ခိုလိုသော စိတ်အစုဖြင့်မယူတတ်။

ကာမတို့၌ မှားသောအားဖြင့် ကျင့်ခြင်းကို ပယ်၍ ကာမတို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ အမိစောင့်ရှောက်ထားသော မိန်းမ, အဖစောင့်ရှောက်ထားသော မိန်းမ, အမိအဖစောင့်ရှောက်ထားသော မိန်းမ, မောင်ကြီးမောင်ငယ်စောင့်ရှောက်ထားသော မိန်းမ, အစ်မ ညီမစောင့်ရှောက်ထားသော မိန်းမ, ဆွေမျိုးစောင့် ရှောက်ထားသော မိန်းမ, အနွယ်စောင့်ရှောက်ထားသောမိန်းမ, တရားကျင့်ဖော်တို့ စောင့်ရှောက်ထားသော မိန်းမ, ကြောင်းလမ်းထားသော မိန်းမ,ဒဏ်ထားသော မိန်းမ, အယုတ်ဆုံးအား ဖြင့် ပန်းကုံးရံထားသော မိန်းမတို့၌ ကျူး လွန်ခြင်းသို့မရောက်” ၊ သူကြွယ်တို့ ဤသို့လျှင် ကိုယ်ဖြင့် တရားမှု မျှတမှုကို ပြုလုပ်ခြင်းသည် သုံးမျိုးရှိ၏။

သူကြွယ်တို့ အဘယ်သို့လျှင် နှုတ်ဖြင့် တရားမှု မျှတမှုကို ပြောဆိုခြင်းသည် လေးမျိုးရှိသနည်း။ သူကြွယ်တို့ ဤလောက၌ အချို့သူသည် မုသားပြောဆိုခြင်းကို ပယ်၍ မုသားပြောဆိုခြင်းမှရှောင်ကြဉ်၏၊ သဘင်၌ တည်သည်ဖြစ်စေ၊ ပရိသတ်၌ တည်သည်ဖြစ်စေ၊ ဆွေမျိုးအလယ်၌တည်သည်ဖြစ်စေ၊ အသင်း အပင်းအလယ်၌ တည်သည်ဖြစ်စေ၊ မင်းမျိုးအလယ်၌ တည်သည်ဖြစ်စေခေါ်ဆောင်၍ “အချင်းယောကျ်ား သိသောအကြောင်းကို ပြောဆိုလော့” ဟု သက်သေပြုလျက်မေးမြန်းလတ်သော် ထိုယောကျ်ားသည် မသိသည်ကို “ငါမသိ” ဟူ၍သော်လည်းကောင်း၊ သိသည်ကို “ငါသိ၏” ဟူ၍သော်လည်းကောင်း၊ မမြင်သည် ကို “ငါမမြင်” ဟူ၍သော်လည်းကောင်း၊ မြင်သည်ကို “ငါမြင်၏” ဟူ၍သော်လည်းကောင်း ပြောဆို၏။ ဤသို့ မိမိအကြောင်းကြောင့်ဖြစ်စေ၊ သူတစ်ပါးအကြောင်းကြောင့်ဖြစ်စေ၊ အနည်းငယ်မျှသော လာဘအာမိသ ဟူသောအကြောင်းကြောင့်ဖြစ်စေ သိလျက် မုသားမပြောဆို။

ကုန်းစကားကို ပယ်၍ ကုန်းစကားမှ ရှောင်ကြဉ်၏၊ ဤသူတို့ထံမှ နားထောင်၍ ဤသူတို့၏ထိုသူတို့နှင့် ကွဲပြားခြင်းငှာ ထိုသူတို့ထံ၌ မပြောကြားတတ်၊ ထိုသူတို့ထံမှ နားထောင်၍ ထိုသူတို့၏ဤသူတို့နှင့် ကွဲပြားခြင်းငှာ ဤသူတို့ထံ၌ မပြောကြားတတ်၊ ဤသို့ ကွဲပြားသူတို့ကိုလည်း စေ့စပ်တတ်၏၊ ညီညွတ်သူတို့ကိုလည်း အားပေးတတ်၏၊ ညီညွတ်ခြင်း၌ မွေ့လျော်၏၊ ညီညွတ်ခြင်း၌ ပျော်ပိုက်၏၊ ညီညွတ်ခြင်းကိုနှစ်သက်၏၊ ညီညွတ်ခြင်းကို ပြုသော စကားကို ပြောဆိုတတ်၏။

ကြမ်းသောစကားကို ပယ်၍ ကြမ်းသောစကားမှ ရှောင်ကြဉ်၏၊ အပြစ်ကင်း၍ နားချမ်းသာသောနှစ်လိုဖွယ်ရှိသော နှလုံးသို့ သက်ဝင်သော ယဉ်ကျေး၍ လူအများနှစ်သက် လူအများနှစ်ခြိုက်သောသဘောရှိသည့် စကားကို ပြောဆိုတတ်၏။

ပြိန်ဖျင်းသောစကား ပြောဆိုခြင်းကို ပယ်၍ပြိန်ဖျင်းသောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ (သင့်သော) အခါ၌သာ ဆိုလေ့ရှိ၏၊ ဟုတ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အကျိုးနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ တရားနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အဆုံးအမနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ (သင့်သော) အခါ၌ အကြောင်းနှင့်တကွသော အပိုင်းအခြားရှိသော အစီးအပွားနှင့်စပ်သော မှတ်သားလောက်သောစကားကို ပြောဆိုတတ်၏။ သူကြွယ်တို့ ဤသို့လျှင် နှုတ်ဖြင့် တရားမှု မျှတမှုကို ပြောဆိုခြင်းသည်လေးမျိုးရှိ၏။

--

သူကြွယ်တို့ အဘယ်သို့လျှင် စိတ်ဖြင့် တရားမှု မျှတမှုကိုကြံစည်ခြင်းသည် သုံးမျိုးရှိသနည်း။ သူကြွယ်တို့ ဤလောက၌ အချို့သူသည် ရှေးရှုကြံစည်ခြင်း ‘အဘိဇ္ဈာ’ မများ, “သူတစ်ပါး၏ ဥစ္စာသည်ငါ၏ ဥစ္စာဖြစ်မူ ကောင်းလေစွ” ဟု သူတစ်ပါးဥစ္စာ သူတစ်ပါးအဆောက်အဦကို ရှေးရှုမကြံစည်တတ်။

ဖျက်ဆီးလိုစိတ်မရှိ၊ “ဤသတ္တဝါတို့သည် ရန်မရှိ ကြောင့်ကြမှုမရှိ ဆင်းရဲမှုမရှိကြကုန်ဘဲ ချမ်းသာ စွာမိမိကိုယ်ကို ဆောင်နိုင်ပါကြစေ” ဟု မဖျက်ဆီးလိုသော စိတ်အကြံအစည်ရှိ၏။

မှန်သော အယူရှိ၏၊ “ပေးလှူခြင်း၏ အကျိုးသည် ရှိ၏၊ ယစ်ပူဇော်ခြင်း၏ အကျိုးသည် ရှိ၏၊ ဟုံးပူဇော်ခြင်း၏ အကျိုးသည် ရှိ၏၊ ကောင်းမှု မကောင်းမှုတို့၏ အကျိုးဝိပါက်သည် ရှိ၏၊ ဤလောကသည်ရှိ၏၊ တစ်ပါးသော လောကသည် ရှိ၏၊ အမိကျေးဇူးသည် ရှိ၏၊ အဖကျေးဇူးသည် ရှိ၏၊ သေ၍တစ်ဖန် ဖြစ်သော သတ္တဝါတို့သည် ရှိကုန်၏၊ ဤလောကကိုလည်းကောင်း၊ တစ်ပါးသောလောကကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက်ဟောကြားနိုင်ကုန်သော ညီညွတ်သော အကျင့်ရှိ ကုန်သော သမဏဗြာဟ္မဏတို့သည် လောက၌ရှိကုန်၏” ဟု မဖောက်ပြန်သော အမြင်ရှိ၏။

သူကြွယ်တို့ ဤသို့လျှင် စိတ်ဖြင့် တရားမှု မျှတမှုကိုကြံစည်ခြင်းသည် သုံးမျိုးရှိ၏။

သူကြွယ်တို့ ဤတရားမှု မျှတမှုကို ပြုလုပ်ခြင်းအကြောင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောသူတို့လားရာ နတ်ပြည်သို့ရောက်ကြ ရကုန်၏။

၄၄၂။ သူကြွယ်တို့ တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူသည် “ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ များသောဥစ္စာရှိသော မင်းမျိုး မင်းနွယ်အဖြစ်သို့ ရောက်ရမူ ကောင်းလေစွ” ဟုအကယ်၍ အလိုရှိခဲ့မူ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ များသောဥစ္စာရှိသော မင်းမျိုး မင်းနွယ်အဖြစ်သို့ ရောက်ရာသော အကြောင်းသည် ရှိ၏။ အဘယ်အကြောင်းကြောင့်နည်းဟူမူ- ထိုသူသည်တရား မှု မျှတမှုကို ပြုလုပ်လေ့ရှိသူ ဖြစ်သောကြောင့်ပေတည်း။

သူကြွယ်တို့ တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူသည် “ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ များသောဥစ္စာရှိသော ပုဏ္ဏားမျိုး ပုဏ္ဏားနွယ်အဖြစ်သို့။ပ။ များသောဥစ္စာရှိသော သူကြွယ်မျိုးသူကြွယ်နွယ်အဖြစ်သို့ ရောက်ရမူ ကောင်းလေစွ” ဟု အကယ်၍ အလိုရှိခဲ့မူ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ များသောဥစ္စာရှိသော သူကြွယ်မျိုး သူကြွယ်နွယ်အဖြစ်သို့ ရောက်ရာသော အကြောင်းရှိ၏။ အဘယ့်ကြောင့်နည်း ဟူမူ- ထိုသူသည် တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူ ဖြစ်သောကြောင့်တည်း။

သူကြွယ်တို့ တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူသည် “ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ စာတုမဟာရာဇ်နတ်မျိုး နတ်နွယ်အဖြစ်သို့ ရောက်ရမူ ကောင်းလေစွ” ဟု အကယ်၍ အလိုရှိခဲ့မူကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ စာတုမဟာရာဇ်နတ်မျိုး နတ်နွယ်အဖြစ်သို့ ရောက်ရာသော အကြောင်းသည် ရှိ၏။ အဘယ့်ကြောင့်နည်း ဟူမူ- ထိုသူသည် တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူဖြစ်သောကြောင့်တည်း။

သူကြွယ်တို့ တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူသည် “ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ တာဝတိံသာနတ်။ပ။ ယာမာနတ်။ပ။ တုသိတာနတ်။ပ။ နိမ္မာနရတိနတ်။ပ။ ပရနိမ္မိတဝသဝတ္တီနတ်။ပ။ (ပဌမဈာန်ဘုံ) ဗြဟ္မာအပေါင်း၌ ဖြစ်ကုန်သော ဗြဟ္မာမျိုး ဗြဟ္မာနွယ်အဖြစ်သို့ ရောက်ရမူ ကောင်းလေစွ” ဟု အကယ်၍ အလိုရှိခဲ့မူ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ (ပဌမဈာန်ဘုံ) ဗြဟ္မာအပေါင်း၌ ဖြစ်ကုန်သော ဗြဟ္မာမျိုး ဗြဟ္မာနွယ်အဖြစ်သို့ ရောက်ရာသော အကြောင်းသည် ရှိ၏။ အဘယ်အကြောင့်ကြာင့်နည်း ဟူမူ- ထိုသူသည် တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူ ဖြစ်သောကြောင့်တည်း။

--

သူကြွယ်တို့ တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူသည် “ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ အာဘာဗြဟ္မာမျိုး ဗြဟ္မာနွယ်အဖြစ်သို့ ရောက်ရမူ ကောင်းလေစွ” ဟု အကယ်၍ အလိုရှိခဲ့မူကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှနောက်၌ အာဘာဗြဟ္မာမျိုး ဗြဟ္မာနွယ်အဖြစ်သို့ ရောက်ရာသောအကြောင်းသည် ရှိ၏။ အဘယ်အကြောင်းကြောင့်နည်း ဟူမူ- ထိုသူသည် တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူ ဖြစ်သောကြောင့်တည်း။

သူကြွယ်တို့ တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူသည် “ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ပရိတ္တာဘာဗြဟ္မာ။ပ။ အပ္ပမာဏာဘာဗြဟ္မာ။ပ။ အာဘဿရာဗြဟ္မာ။ပ။ ပရိတ္တသုဘာဗြဟ္မာ။ပ။ အပ္ပမာဏသုဘာ ဗြဟ္မာ။ပ။ သုဘကိဏှာဗြဟ္မာ။ပ။ ဝေဟပ္ဖိုလ်ဗြဟ္မာ။ပ။ အဝိဟာဗြဟ္မာ။ပ။ အတပ္ပါဗြဟ္မာ။ပ။ သုဒဿာဗြဟ္မာ။ပ။ သုဒဿီဗြဟ္မာ။ပ။ အကနိဋ္ဌဗြဟ္မာ။ပ။ အာကာသာနဉ္စာယတနဘုံသို့ ကပ်ရောက်သော ဗြဟ္မာ။ပ။ ဝိညာဏဉ္စာ ယတနဘုံသို့ ကပ်ရောက်သော ဗြဟ္မာ။ပ။ အာကိဉ္စညာယတနဘုံသို့ကပ်ရောက်သော ဗြဟ္မာ။ပ။ နေဝသညာ နာသညာယတနဘုံသို့ ကပ်ရောက်သော ဗြဟ္မာမျိုး ဗြဟ္မာနွယ်အဖြစ်သို့ ရောက်ရမူ ကောင်းလေစွ” ဟု အကယ်၍ အလိုရှိခဲ့မူ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ နေဝသညာနာသညာယတနဘုံသို့ ကပ်ရောက်သော ဗြဟ္မာမျိုး ဗြဟ္မာနွယ်အဖြစ်သို့ ရောက်ရာသော အကြောင်းသည် ရှိ၏။ အဘယ်အကြောင်းကြောင့်နည်း ဟူမူ- ထိုသူသည် တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူ ဖြစ်သောကြောင့်တည်း။

သူကြွယ်တို့ တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူသည် “ငါသည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော ‘အရဟတ္တဖိုလ်'စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကို ယခု ဘဝ၌ပင် ထူးသောဉာဏ်ဖြင့် သိ၍ ကိုယ်တိုင် မျက်မှောက်ပြုလျက်ရောက် ၍ နေရမူ ကောင်းလေစွ” ဟု အကယ်၍ အလိုရှိခဲ့မူ အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့်အာသဝေါ ကင်းသော လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကို ယခုဘဝ၌ ပင်လျှင် ထူးသောဉာဏ်ဖြင့် သိ၍ ကိုယ်တိုင် မျက်မှောက်ပြုလျက်ရောက်၍ နေရာသော အကြောင်းသည် ရှိ၏။ အဘယ်အကြောင့်ကြောင့်နည်းဟူမူ- ထိုသူသည် တရားမှုမျှတမှုကို ပြုလုပ်လေ့ရှိသူ ဖြစ်သော ကြောင့်တည်းဟု (မိန့်တော်မူ၏)။

၄၄၃။ ဤသို့ ဟောကြားတော်မူသော် သာလာရွာသား ပုဏ္ဏား သူကြွယ်တို့သည် မြတ်စွာဘုရားအား “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဂေါတမ ဥပမာသော်ကား မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအားလမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ ‘မျက်စိအမြင်ရှိသူတို့သည် အဆင်းတို့ကိုမြင်ကြလိမ့်မည်’ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်းအသျှင်ဂေါတမ ဤအတူသာ လျှင် အသျှင်ဂေါတမသည် များစွာသော အကြောင်းဖြင့် တရားကို့ပြတော်မူပါပေ၏၊ ထိုအကျွန်ုပ်တို့သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်း ကပ်ပါကုန်၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ဆည်းကပ်ပါကုန်၏။ အသျှင်ဂေါတမသည် အကျွန်ုပ်တို့ကို ယနေ့မှ စ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သော ဥပါသကာတို့ဟု မှတ် တော်မူပါ” ဟူ၍ လျှောက်ကုန်၏။

ရှေးဦးစွာသော သာလေယျကသုတ်ပြီး၏။

--

၂- ဝေရဉ္စကသုတ်

၄၄၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ဝေရဉ္ဇရွာသား ပုဏ္ဏားသူကြွယ်တို့သည် တစ်စုံတစ်ရာသောပြုဖွယ်ကိစ္စဖြင့် သာဝတ္ထိပြည်၌ (ရောက်ရှိ) နေကုန်၏။ ဝေရဉ္ဇရွာသား ပုဏ္ဏားသူကြွယ်တို့သည် ဤသို့ကြားကုန်၏-

“အချင်းတို့ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသည့် သာကီဝင်မင်းသား ရဟန်းဂေါတမသည် သာဝတ္ထိ ပြည်အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအသျှင်ဂေါတမ၏ကောင်းသော ကျော်စောသတင်းသည် ဤသို့ ပျံ့နှံ့၍ ထွက်၏- ထိုမြတ်စွာဘုရားသည် ပူဇော်အထူး ကိုခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတာ်မူသော အကြောင်းကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္နမည်တော်မူ၏၊ ကောင်း သောစကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း သုဂတမည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း လောကဝိဒူ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း အနုတ္တရောပုရိသဒမ္မသာရထိ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်းသတ္ထာ ဒေဝမနုဿာနံ မည်တော်မူ၏၊ (သစ္စာ လေးပါးတရားတို့ကို) ကိုယ်တိုင် သိ၍ သူတစ်ပါးတို့ကိုသိစေတော်မူသော အကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသောအကြောင်းကြောင့်လည်း ဘဂဝါမည်တော်မူ၏ဟု (ပျံ့နှံ့၍ ထွက်၏)။

ထိုမြတ်စွာဘုရားသည် နတ်နှင့်တကွသော မာရ်နတ်နှင့်တကွသော ဗြဟ္မာနှင့်တကွသော ဤဩကာသလောကကိုလည်းကောင်း၊ သမဏ ဗြာဟ္မဏ မင်းများ လူများနှင့်တကွသော ဤသတ္တလောကကိုလည်းကောင်း ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားတော်မူ၏။ ထိုမြတ်စွာဘုရားသည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသောတရားကို ဟောတော်မူ၏။ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သောအကျင့်ကို ပြတော်မူ၏။ ထိုသို့သဘောရှိသော ရဟန္တာ (ပုဂ္ဂိုလ်)တို့ကို ဖူးမျှော်ရခြင်းသည် ကောင်းသည်သာတည်း” ဟု (ကြားသိရလေ၏)။

ထိုအခါ ဝေရဉ္ဇရွာသား ပုဏ္ဏားသူကြွယ်တို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြကုန်ပြီးလျှင်အချို့တို့သည် မြတ်စွာဘုရားကို ရှိခိုးကုန်လျက်, အချို့တို့က မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဖွယ်အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေလျက်, အချို့တို့ကမူ မြတ်စွာဘုရားရှိရာ အရပ်သို့ လက်အုပ်ချီကုန်လျက်, အချို့တို့က အမည် အမျိုးအနွယ်ကို ပြောကြားကုန်လျက်, အချို့တို့က ဆိတ်ဆိတ်ဖြစ်ကုန်လျက် သင့်လျော်သော နေရာ၌ ထိုင်ကြကုန်၏။ သင့်လျော်သော နေရာ၌ ထိုင်နေကြပြီးသော် ဝေရဉ္ဇရွာသား ပုဏ္ဏားသူကြွယ်တို့သည် မြတ်စွာဘုရားအား-့

“အသျှင်ဂေါတမ ဤလောက၌ အချို့သော သတ္တဝါများ ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ချမ်းသာကင်းသော မကောင်းသောသူတို့လားရာ ပျက်စီး၍ကျရာ ငရဲသို့ ရောက်ကြရသော အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း။ အသျှင်ဂေါတမ ဤလောက၌

--

အချို့သောသတ္တဝါများ ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ ကောင်းသောသူတို့လားရာ နတ်ပြည်သို့ ရောက်ကြရသောအကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း” ဟု လျှောက်ထားကြကုန်၏။

သူကြွယ်တို့ မတရားမှု မမျှတမှုကို ပြုလုပ်ခြင်းအကြောင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောသူတို့ လားရာပျက်စီး၍ ကျရောက်ရာ ငရဲသို့ ရောက်ကြရကုန်၏။ သူကြွယ်တို့ တရားမှု မျှတမှုကို ပြုလုပ်ခြင်းအကြောင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ကောင်းသောသူတို့လားရာ နတ်ပြည်သို့ ရောက်ကြရကုန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမသည် အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို မဝေဖန်မူ၍ အကျဉ်းအားဖြင့် မိန့်ဆိုထားသော ဤတရားတော်၏ အကျယ်အနက်အဓိပ္ပါယ်ကို တပည့်တော်တို့ အကျယ် မသိပါကုန်။ တောင်းပန်ပါ၏၊ အသျှင်ဂေါတမသည် အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို မဝေဖန်မူ၍ အကျဉ်းအားဖြင့် မိန့်ဆိုထားသော ဤတရားတော်၏ အနက်အဓိပ္ပါယ်ကို သိနိုင်လောက်သော အခြင်းအရာအားဖြင့်တပည့်တော်တို့ အား တရားကို အကျယ်ဟောကြားတော်မူပါလော့ဟု (လျှောက်ကြကုန်၏)။

သူကြွယ်တို့ ထိုသို့ဖြစ်လျှင် နားထောင်ကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောကြားပေအံ့ဟု (မိန့်တော်မူ၏)။ “ကောင်းပါပြီအသျှင်ဘုရား” ဟု ဝေရဉ္ဇရွာသား ပုဏ္ဏားသူကြွယ်တို့သည်မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤသို့ ဟောကြားတော်မူ၏ -

၄၄၅။ သူကြွယ်တို့ ကိုယ်ဖြင့် မတရားမှု မမျှတမှုကို ပြုလုပ်ခြင်းသည် သုံးမျိုးရှိ၏၊ နှုတ်ဖြင့် မတရားမှုမမျှတမှုကို ပြောဆိုခြင်းသည် လေးမျိုးရှိ၏၊ စိတ်ဖြင့် မတရားမှု မမျှတမှုကိုကြံစည်ခြင်းသည်သုံးမျိုးရှိ၏။

သူကြွယ်တို့ အဘယ်သို့လျှင် ကိုယ်ဖြင့် မတရားမှု မမျှတမှုကို ပြုလုပ်ခြင်းသည် သုံးမျိုးရှိသနည်း။ သူကြွယ်တို့ ဤလောက၌ အချို့သော သူသည် အသက်သတ်လေ့ရှိ၏။ ကြမ်းကြုတ်၏၊ သွေး စွန်းသောလက်ရှိ၏၊ သတ်ပုတ်ရိုက်နှက်ခြင်း၌ စိတ်ဝင်စား၏၊ သတ္တဝါတို့၌ သနားခြင်း မရှိ။

မပေးသည်ကို ယူလေ့ရှိ၏။ပ။ သုတစ်ပါးဥစ္စာ သူတစ်ပါးအဆောက်အဦကို မပေးဘဲ ခိုးလိုသောစိတ်အစုဖြင့် ယူတတ်၏။

ကာမတို့၌ မှားသောအားဖြင့် ကျင့်လေ့ရှိ၏၊ အမိစောင့်ရှောက်ထားသော မိန်းမ။ပ။ ထိုသို့သဘောရှိသော မိန်းမတို့၌ ကျူးလွန်ခြင်းသို့ ရောက်၏၊ သူကြွယ်တို့ ဤသို့လျှင် ကိုယ်ဖြင့် မတရားမှု မမျှတမှုပြုလုပ်ခြင်းသည် သုံးမျိုးရှိ၏။

သူကြွယ်တို့ အဘယ်သို့လျှင် နှုတ်ဖြင့် မတရားမှု မမျှတမှုကို ပြောဆိုခြင်းသည် လေးမျိုးရှိသနည်း။ သူကြွယ်တို့ ဤလောက၌ အချို့သောသူသည် မုသားပြောဆိုလေ့ရှိ၏။ သဘင်၌ တည်သည် ဖြစ်စေ။ပ။ သိလျက်သာလျှင် မုသားပြောဆို၏။ ကုန်းစကား ပြောဆိုတတ်၏၊ ဤသူတို့ထံမှ နားထောင်၍ထိုသူတို့ထံ၌ ပြောကြားတတ်၏။ပ။ ကွဲပြားခြင်းကို ပြုတတ်သောစကားကို ပြောဆိုတတ်၏။ ကြမ်းသောစကားရှိ၏၊ (စူးသဖွယ်) အဖုအထစ် ရှိ၍ ကြမ်းတမ်းသော။ပ။ သဘောရှိသော စကားကို ပြောဆိုတတ်၏။ ပြိန်ဖျင်းသောစကားကို ပြောဆိုတတ်၏၊ မသင့်သောအခါ၌ ဆိုလေ့ရှိ၏။ပ။ အပိုင်းအခြားမရှိသောအစီးအပွားနှင့် မစပ်သော။ပ။ သူကြွယ်တို့ ဤသို့လျှင် နှုတ်ဖြင့် မတရားမှု မမျှတမှု ပြောဆိုခြင်းသည်လေးမျိုးရှိ၏။

သူကြွယ်တို့ အဘယ်သို့လျှင် စိတ်ဖြင့် မတရားမှု မမျှတမှုကိုကြံစည်ခြင်းသည် သုံးမျိုးရှိသနည်း။ သူကြွယ်တို့ ဤလောက၌ အချို့သောသူသည် ရှေးရှုကြံစည်ခြင်း ‘အဘိဇ္ဈာ’ များ၏။ပ။ သူတစ်ပါး၏ဥစ္စာသည်

--

ငါ၏ ဥစ္စာဖြစ်မူ ကောင်းလေစွဟု ရှေးရှုကြံစည်တတ်၏။ ဖျက်ဆီးလိုစိတ်ရှိ၏၊ “ဤသတ္တဝါတို့သည် အညှဉ်းဆဲခံကြရပါစေဟူ၍သော်လည်းကောင်း။ပ။ ဘာမျှ မဖြစ်ပါစေကုန်လင့်” ဟူ၍လည်းကောင်း “ဤသို့ဖျက်စီးလိုသော စိတ်အကြံအစည် ရှိ၏။ မှားသောအယူရှိ၏၊ “ ပေးလှူခြင်း၏ အကျိုးသည် မရှိ၊ ယဇ်ပူဇော်ခြင်း၏ အကျိုးသည် မရှိ။ပ။ မျက်မှောက်ပြု၍ ဟောကြားနိုင်ကုန်သော။ပ။ ဟုဖောက်ပြန်သော အမြင်ရှိ၏။ သူကြွယ်တို့ ဤသို့လျှင် စိတ်ဖြင့် မတရားမှု မမျှတမှုကိုကြံစည်ခြင်းသည် သုံးမျိုးရှိ၏။

သူကြွယ်တို့ ဤသို့မတရားမှု မမျှတမှုကို ပြုလုပ်ခြင်းအကြောင်းကြောင့် ဤလောက၌ အချို့သတ္တဝါတို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောသူတို့လားရာ ပျက်စီး၍ ကျရာ ငရဲသို့ ရောက်ကြရကုန်၏။

၄၄၆။ သူကြွယ်တို့ ကိုယ်ဖြင့် တရားမှု မျှတမှုကို ပြုလုပ်ခြင်းသည် သုံးမျိုးရှိ၏၊ နှုတ်ဖြင့် တရား မှုမျှတမှုကို ပြောဆိုခြင်းသည် လေးမျိုးရှိ၏၊ စိတ်ဖြင့် တရားမှု မျှတမှုကိုကြံစည်ခြင်းသည် သုံးမျိုး ရှိ၏။

သူကြွယ်တို့ အဘယ်သို့လျှင် ကိုယ်ဖြင့် တရားမှု မျှတမှုကို ပြုလုပ်ခြင်းသည် သုံးမျိုးရှိသနည်း။ သူကြွယ်တို့ ဤလောက၌ အချို့သောသူသည် အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ တုတ်ကို ချထားပြီးဖြစ်၏၊ လက်နက်ကို ချထားပြီးဖြစ်၏၊ ရှက်ခြင်းရှိ၏၊ သနားတတ်၏၊ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွားကို လိုလားလျက် နေ၏။ မပေးသည်ကို ယူခြင်းကို ပယ်၍ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏။ပ။ သူတစ်ပါးဥစ္စာ။ပ။ အဆောက်အဦကို မပေးဘဲ ခိုးလိုသောစိတ်အစု ဖြင့် မယူတတ်။ ကာမတို့၌ မှားသောအားဖြင့် ကျင့်ခြင်းကို ပယ်၍။ပ။ ထိုသို့သဘောရှိသောမိန်းမတို့၌ ကျူးလွန်ခြင်းသို့ မရောက်။ သူကြွယ်တို့ ဤသို့လျှင် ကိုယ်ဖြင့် တရားမှု မျှတမှုကိုပြုလုပ်ခြင်းသည် သုံးမျိုးရှိ၏။

သူကြွယ်တို့ အဘယ်သို့လျှင် နှုတ်ဖြင့် တရားမှု မျှတမှုကို ပြောဆိုခြင်းသည် လေးမျိုးရှိသနည်း။ သူကြွယ်တို့ ဤလောက၌ အချို့သောသူသည် မုသားပြောဆိုခြင်းကို ပယ်၍ မုသားပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ သဘင်၌ တည်သည်ဖြစ်စေ။ပ။ သိလျက်သာလျှင် မုသားမပြောဆို။ ကုန်းစကားကို ပယ်၍။ပ။ ညီညွတ်ခြင်းကို ပြုတတ်သော စကားကို ပြောဆိုတတ်၏။ ကြမ်းသောစကားကို ပယ်၍။ပ။ ထိုသို့သဘော ရှိသောစကားကို ပြောဆိုတတ်၏။ ပြိန်ဖျင်းသောစကားပြောဆိုခြင်းကို ပယ်၍။ပ။ သင့်သောအခါ၌ အကြောင်းနှင့်တကွသော အပိုင်းအခြားရှိသော အစီးအပွားနှင့်စပ်သော။ပ။ သူကြွယ်တို့ဤသို့လျှင် နှုတ် ဖြင့် တရားမှု မျှတမှုကို ပြောဆိုခြင်းသည် လေးမျိုးရှိ၏။

သူကြွယ်တို့ အဘယ်သို့လျှင် စိတ်ဖြင့် တရားမှု မျှတမှုကိုကြံစည်ခြင်းသည် သုံးမျိုးရှိသနည်း။ သူကြွယ်တို့ ဤလောက၌ အချို့သောသူသည် ရှေးရှုကြံစည်ခြင်း ‘အဘိဇ္ဈာ’ မများ၊ “သူတစ်ပါး၏ ဥစ္စာသည် ငါ၏ ဥစ္စာဖြစ်မူ ကောင်းလေစွ” ဟု သူတစ်ပါးဥစ္စာ သူတစ်ပါး အဆောက်အဦကို ရှေးရှုမကြံစည်တတ်။ ဖျက်ဆီးလိုစိတ် မရှိ၊ “ဤသတ္တဝါတို့သည် ရန်မရှိ ကြောင့်ကြမှုမရှိ ဆင်းရဲမှုမရှိကြကုန်ဘဲချမ်းသာစွာ မိမိကိုယ်ကို ဆောင်နိုင်ကြပါစေ” ဟု မဖျက်ဆီးလိုသော စိတ်အကြံအစည်ရှိ၏။ မှန်သောအယူရှိ၏၊ “ပေးလှူခြင်း၏ အကျိုးသည် ရှိ၏၊ ယဇ်ပူဇော်ခြင်း၏ အကျိုးသည် ရှိ၏၊ ဟုံးပူဇော်ခြင်း၏အကျိုးသည် ရှိ၏။ပ။ ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ဟောကြားနိုင်ကုန်သော။ပ။ ဟု မဖောက်ပြန်သော အမြင် ရှိ၏။ သူကြွယ်တို့ ဤသို့လျှင် စိတ်ဖြင့် တရားမှု မျှတမှုကိုကြံစည်ခြင်းသည် သုံးမျိုးရှိ၏။

သူကြွယ်တို့ ဤသို့ တရားမှု မျှတမှုကို ပြုလုပ်ခြင်းအကြောင်းကြောင့် ဤလောက၌ အချို့သတ္တဝါ့တို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောသူတို့လားရာ နတ်ပြည်သို့ ရောက်ကြရကုန်၏။

--

၄၄၇။ သူကြွယ်တို့ တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူသည် “ငါသည် ကိုယ်ခန္ဓာ ပျက်စီး၍သေသည်မှ နောက်၌ များသောဥစ္စာရှိသော မင်းမျိုးမင်းနွယ် အဖြစ်သို့ ရောက်ရမူ ကောင်းလေစွ” ဟုအကယ်၍ အလိုရှိခဲ့မူ ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ များသော ဥစ္စာရှိသော မင်းမျိုး မင်းနွယ်အဖြစ်သို့ ရောက်ရာသော အကြောင်းသည်ရှိ၏။ ထိုသို့ရောက်ရခြင်းသည်အဘယ်အကြောင်းကြောင့်နည်း၊ ထိုသူသည် တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူဖြစ်သောကြောင့်ပေတည်း။

သူကြွယ်တို့ တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူသည် “ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှနောက်၌ များသော ဥစ္စာရှိသော ပုဏ္ဏား။ပ။ များသော ဥစ္စာရှိသော သူကြွယ်မျိုး သူကြွယ်နွယ်အဖြစ်သို့ရောက်ရမူကောင်းလေစွ” ဟု အကယ်၍ အလိုရှိခဲ့မူ ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှနောက်၌ များသောဥစ္စာရှိသော သူကြွယ်မျိုး သူကြွယ်နွယ်အဖြစ်သို့ ရောက်ရာသော အကြောင်းသည် ရှိ၏။ ထိုသို့ရောက်ရခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ထိုသူသည် တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူ ဖြစ်သောကြောင့်တည်း။

သူကြွယ်တို့ တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူသည် “ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှနောက်၌ စာတုမဟာရာဇ်နတ်မျိုး နတ်နွယ်အဖြစ်သို့ ရောက်ရမူ ကောင်းလေစွ” ဟု အကယ်၍ အလိုရှိခဲ့မူကိုယ်ခန္ဓာပျက် စီး၍ သေသည်မှနောက်၌ စာတုမဟာရာဇ်နတ်မျိုး နတ်နွယ်အဖြစ်သို့ ရောက်ရာသောအကြောင်းသည် ရှိ၏။ ထိုသို့ရောက်ရခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ထိုသူသည် တရားမှုမျှတမှုကို ပြုလုပ်လေ့ရှိသူ ဖြစ်သော ကြောင့်တည်း။

သူကြွယ်တို့ တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူသည် “ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှနောက်၌ တာဝတိံသာနတ်။ပ။ ယာမာနတ်။ပ။ တုသိတာနတ်။ပ။ နိမ္မာနရတိနတ်။ပ။ ပရနိမ္မိတဝသဝတ္တီနတ်။ပ။ (ပဌမဈာန်ဘုံ) ဗြဟ္မာအပေါင်း၌ ဖြစ်ကုန်သော ဗြဟ္မာမျိုး ဗြဟ္မာနွယ်အဖြစ်သို့ ရောက်ရမူ ကောင်းလေစွ” ဟု အကယ်၍ အလိုရှိခဲ့မူ ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ (ပဌမဈာန်ဘုံ) ဗြဟ္မာအပေါင်း၌ဖြစ်သော ဗြဟ္မာမျိုး ဗြဟ္မာနွယ် အဖြစ်သို့ ရောက်ရာသော အကြောင်းသည် ရှိ၏။ ထိုသို့ရောက်ရခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ထိုသူသည် တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူ ဖြစ်သောကြောင့်တည်း။

သူကြွယ်တို့ တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူသည် “ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှနောက်၌ အာဘာဗြဟ္မာမျိုး ဗြဟ္မာနွယ် အဖြစ်သို့ ရောက်ရမူကောင်းလေစွ” ဟု အကယ်၍ အလိုရှိခဲ့မူကိုယ်ခန္ဓာ ပျက်စီး၍ သေသည်မှနောက်၌ အာဘာဗြဟ္မာမျိုး ဗြဟ္မာနွယ်အဖြစ်သို့ ရောက်ရာသောအကြောင်းသည်ရှိ၏။ ထိုသို့ရောက် ရခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ထိုသူသည် တရားမှုမျှတမှုကို ပြုလုပ်လေ့ရှိသူ ဖြစ်သောကြောင့်တည်း။

သူကြွယ်တို့ တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူသည် “ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှနောက်၌ ပရိတ္တာဘာဗြဟ္မာ။ပ။ အပ္ပမာဏာဘာဗြဟ္မာ။ပ။ အာဘဿရာဗြဟ္မာ။ပ။ ပရိတ္တသုဘာဗြဟ္မာ။ပ။ အပ္ပမာဏသုဘာ ဗြဟ္မာ။ပ။ သုဘကိဏှာဗြဟ္မာ။ပ။ ဝေဟပ္ဖိုလ်ဗြဟ္မာ။ပ။ အဝိဟာဗြဟ္မာ။ပ။ အတပ္ပါဗြဟ္မာ။ပ။ သုဒဿာဗြဟ္မာ။ပ။ သုဒဿီဗြဟ္မာ။ပ။ အကနိဋ္ဌဗြဟ္မာ။ပ။ အာကာသာနဉ္စာယတနဘုံသို့ ကပ်ရောက်သောဗြဟ္မာ။ပ။ ဝိညာဏဉ္စာယတန ဘုံသို့ ကပ်ရောက်သောဗြဟ္မာ။ပ။ အာကိဉ္စညာယတနဘုံသို့ကပ်ရောက်သောဗြဟ္မာ။ပ။ နေဝသညာနာသညာယတနဘုံသို့ ကပ်ရောက်သော ဗြဟ္မာမျိုး ဗြဟ္မာနွယ်အဖြစ်သို့ ရောက်ရမူ ကောင်းလေစွ” ဟု အကယ်၍ အလိုရှိခဲ့မူ ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌့နေဝသညာနာသညာယတနဘုံသို့ ကပ်ရောက်သော ဗြဟ္မာမျိုး ဗြဟ္မာနွယ်အဖြစ်သို့ ရောက်ရာသောအကြောင်းသည် ရှိ၏။ ထိုသို့ရောက်ရခြင်းသည် အဘယ်အကြာင်းကြောင့်နည်း၊ ထိုသူသည် တရားမှုမျှတမှုကို ပြုလုပ်လေ့ရှိသူ ဖြစ်သောကြောင့်တည်း။

--

သူကြွယ်တို့ တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူသည် “ငါသည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်'ပညာကို ယခု ဘဝ၌ပင်လျှင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက်ရောက်၍ နေရမူ ကောင်းလေစွ” ဟု အကယ်၍ အလိုရှိခဲ့မူ အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့်အာသဝေါကင်းသော လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကို ယခုဘဝ၌ပင်လျှင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ရောက်၍နေရာသောအကြောင်းသည် ရှိ၏။ ထိုသို့ရောက်၍ နေရခြင်းသည် အဘယ့်ကြောင်းကြောင့်နည်း၊ ထိုသူသည်တရားမှု မျှတမှုကို ပြုလုပ်လေ့ရှိသူ ဖြစ်သောကြောင့်တည်းဟု (မိန့်တော်မူ၏)။

၄၄၈။ ဤသို့ ဟောကြားတော်မူသော် ဝေရဉ္ဇရွာသား ပုဏ္ဏားသူကြွယ်တို့သည် မြတ်စွာဘုရားအား “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ အသျှင်ဂေါတမ ဥပမာသော်ကား မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ ‘မျက်စိအမြင်ရှိသောသူတို့သည် အဆင်းတို့ကိုမြင်ကြလိမ့်မည်’ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း၊ အသျှင်ဂေါတမ ဤအတူသာလျှင် အသျှင်ဂေါတမသည် များစွာသော အကြောင်းဖြင့် တရားတော်ကိုပြတော်မူပါပေ၏။ ထိုအကျွန်ုပ်တို့သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်း ကပ်ပါကုန်၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ဆည်းကပ်ပါကုန်၏၊ အသျှင်ဂေါတမသည် အကျွန်ုပ်တို့ကို ယနေ့မှစ၍အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သော ဥပါသကာတို့ဟု မှတ် တော်မူပါ” ဟူ၍လျှောက်ကြကုန်၏။

နှစ်ခုမြောက် ဝေရဉ္ဇကသုတ်ပြီး၏။

--

၃- မဟာဝေဒလ္လသုတ်

၄၄၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်မဟာကောဋ္ဌိကသည် ညနေချမ်းအချိန်ကိန်းအောင်ရာ မှ ထ၍ အသျှင်သာရိပုတြာထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်သာရိပုတြာနှင့်အတူဝမ်းမြောက်ဖွယ် အမှတ် ရဖွယ်စကားကို ပြောဆိုပြီး ဆုံးစေလျက် တစ်ခုသောနေရာ၌ ထိုင်ပြီးသော်-

“ငါ့သျှင် ပညာမဲ့သူ ပညာမဲ့သူဟု ဆို၏၊ ငါ့သျှင် အဘယ်အကြောင်းကြောင့် “ပညာမဲ့သူ” ဟု ဆိုရသနည်း” ဟု လျှောက်၏။

ငါ့သျှင် “အပြားအားဖြင့် မသိတတ်, အပြားအားဖြင့် မသိတတ်” ဟူသော အကြောင်းကြောင့် “ပညာမဲ့သူ” ဟု ဆိုရ၏။

အဘယ်သို့လျှင် အပြားအားဖြင့် မသိတတ်သနည်း။ ဤကား ဆင်းရဲတည်းဟု အပြားအားဖြင့်မသိတတ်၊ ဤကား ဆင်းရဲဖြစ်ကြောင်းတည်းဟု အပြားအားဖြင့် မသိတတ်၊ ဤကား ဆင်းရဲချုပ်ရာတည်းဟု အပြားအားဖြင့် မသိတတ်၊ ဤကား ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်း အကျင့်တည်းဟု့အပြားအားဖြင့် မသိတတ်။ ငါ့သျှင် (ဤသို့လျှင်) “အပြားအားဖြင့် မသိတတ်, အပြားအားဖြင့် မသိတတ်” ဟူသော အကြောင်းကြောင့် “ပညာမဲ့သူ” ဟု ဆိုရ၏ဟု (မိန့်ဆို၏)။

“ငါ့သျှင် ကောင်းပါပေ၏” ဟု အသျှင်မဟာကောဋ္ဌိကသည် အသျှင်သာရိပုတြာ၏ စကားကို အလွန်နှစ်သက်ဝမ်းမြောက်၍ အသျှင်သာရိပုတြာကို ထိုထက်အလွန် ပြဿနာမေးမြန်းပြန်၏။

“ငါ့သျှင် ပညာရှိသူ, ပညာရှိသူဟု ဆိုရ၏၊ ငါ့သျှင် အဘယ်အကြောင်းကြောင့် ‘ပညာရှိသူ’ဟု ဆိုရသနည်း” ဟု (လျှောက်၏)။

“ငါ့သျှင် “အပြားအားဖြင့် သိတတ်, အပြားအားဖြင့် သိတတ်” သော အကြောင်းကြောင့် “ပညာရှိသူ” ဟု ဆိုရ၏။

အဘယ်သို့လျှင် အပြားအားဖြင့် သိတတ်သနည်း။ ဤကား ဆင်းရဲတည်းဟု အပြားအားဖြင့်သိတတ်၏၊ ဤကား ဆင်းရဲဖြစ်ကြောင်းတည်းဟု အပြားအားဖြင့် သိတတ်၏၊ ဤကား ဆင်းရဲချုပ်ရာတည်းဟု အပြားအားဖြင့် သိတတ်၏၊ ဤကား ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်း အကျင့်တည်းဟုအပြားအားဖြင့် သိတတ်၏။ ငါ့သျှင် (ဤသို့လျှင်) “အပြားအားဖြင့် သိတတ်, အပြားအားဖြင့် သိတတ်” သော အကြောင်းကြောင့် “ပညာရှိသူ” ဟု ဆိုရ၏ဟု (မိန့်ဆို၏)။

“ငါ့သျှင် “ဝိညာဏ် ဝိညာဏ်” ဟု ဆိုရ၏၊ ငါ့သျှင် အဘယ်အကြောင်းကြောင့် “ဝိညာဏ်” ဟုဆိုရသနည်းဟု (လျှောက်၏)။

ငါ့သျှင် “အထူးသိတတ်, အထူးသိတတ်” သော အကြောင်းကြောင့် “ဝိညာဏ်” ဟု ဆိုရ၏။

အဘယ်သို့ အထူးသိတတ်သနည်း။ ချမ်းသာဟုလည်း အထူးသိတတ်၏၊ ဆင်းရဲဟုလည်း အထူးသိတတ်၏၊ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်ဟုလည်း အထူးသိတတ်၏။ ငါ့သျှင် “အထူးသိတတ်, အထူးသိတတ်” သော အကြောင်းကြောင့် “ဝိညာဏ်” ဟု ဆိုရ၏ဟု (မိန့်ဆို၏)။

--

ငါ့သျှင် အပြားအားဖြင့် သိမှု ‘ပညာ’ အထူးသိမှု ‘ဝိညာဏ်’ ဤတရားတို့သည် ရောနှောကြကုန်သလော၊ သို့မဟုတ် မရောနှောကြကုန်သလော၊ ဤတရားတို့ကို အသီးအသီးပြု၍ ခြားနားချက်ကိုပညတ်ရန် ရနိုင်ပါသလောဟု (လျှောက်၏)။

ငါ့သျှင် အပြားအားဖြင့် သိမူ ‘ပညာ’ အထူးသိမှု ‘ဝိညာဏ်’ ဤတရားတို့သည် ရောနှောကြကုန်၏၊ မရောနှောသည် မဟုတ်ကုန်၊ ဤတရားတို့ကို အသီးအသီးပြု၍ ခြားနားချက်ကို ပညတ်ရန် မရနိုင်ပေငါ့သျှင် အပြားအားဖြင့်သိသော အရာကိုပင် အထူးသိ၏။ အထူးသိသော အရာကိုပင် အပြားအားဖြင့်သိ၏။ ထို့ကြောင့် ဤတရားတို့သည် ရောနှောကြကုန်၏၊ မရောနှောသည် မဟုတ်ကုန်၊ ဤတရားတို့ကိုအသီးအသီးပြု၍ ခြားနားချက်ကို ပညတ်ရန် မရနိုင်ပေဟု (မိန့်တော်မူ၏)။

ငါ့သျှင် ရောနှောကုန်သော, မရောနှောသည်မဟုတ်ကုန်သော အပြားအားဖြင့် သိမှု ‘ပညာ'နှင့်အထူးသိမှု ‘ဝိညာဏ်’ ဤတရားတို့၏ ခြားနားမှုကား အဘယ်နည်းဟု (လျှောက်၏)။

ငါ့သျှင် ရောနှောကုန်သော, မရောနှောသည်မဟုတ်ကုန်သော အပြားအားဖြင့် သိမှု ‘ပညာ'နှင့် အထူးသိမှူ ‘ဝိညာဏ်'တို့တွင် ပညာကို ပွားများရ၏၊ ဝိညာဏ်ကို ပိုင်းခြား၍ သိရ၏၊ ဤသည်ကား ထိုတရားတို့၏ ခြားနားချက်ပေတည်းဟု (မိန့်တော်မူ၏)။

၄၅၀။ ငါ့သျှင် “ဝေဒနာ ဝေဒနာ” ဟု ဆိုရ၏၊ ငါ့သျှင် အဘယ်အကြောင်းကြောင့် “ဝေဒနာ” ဟုဆိုရသနည်းဟု (လျှောက်၏)။

ငါ့သျှင် “ခံစားတတ်, ခံစားတတ်” သော အကြောင်းကြောင့် “ဝေဒနာ” ဟု ဆိုရ၏။

အဘယ်ကို ခံစားတတ်သနည်း။ ချမ်းသာကိုလည်း ခံစားတတ်၏၊ ဆင်းရဲကိုလည်း ခံစားတတ်၏၊ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သည်ကိုလည်း ခံစားတတ်၏။ ငါ့သျှင် “ခံစားတတ် ခံစားတတ်” သောအကြောင်းကြောင့် “ဝေဒနာ” ဟု ဆိုရ၏ဟု (မိန့်ဆို၏)။

ငါ့သျှင် “သညာ သညာ” ဟု ဆိုရ၏၊ ငါ့သျှင် အဘယ်အကြောင်းကြောင့် “သညာ” ဟု ဆိုရသနည်းဟု (လျှောက်၏)။

ငါ့သျှင် “မှတ်သားတတ် မှတ်သားတတ်” သော အကြောင်းကြောင့် “သညာ” ဟု ဆိုရ၏။

အဘယ်ကို မှတ်သားတတ်သနည်း။ ညိုသောအရာကိုလည်း မှတ်သားတတ်၏၊ ရွှေသောအရာကိုလည်းမှတ်သားတတ်၏၊ နီသောအရာကိုလည်း မှတ်သားတတ်၏။ ဖြူသောအရာကိုလည်း မှတ်သားတတ်၏။ ငါ့သျှင် “မှတ်သားတတ် မှတ်သားတတ်” သော အကြောင်းကြောင့် “သညာ” ဟု ဆိုရ၏ဟု (မိန့် ဆို၏)။

ငါ့သျှင် ခံစားမှု ‘ဝေဒနာ’၊ မှတ်သားမှု ‘သညာ'နှင့် အထူးသိမှု ‘ဝိညာဏ်’၊ ဤတရားတို့သည်ရောနှောကုန်သလော၊ သို့မဟုတ် မရောနှောကုန်သလော၊ ဤတရားတို့ကို အသီးအသီးပြု၍ခြားနားချက် ကို ပညတ်ရန် ရနိုင်ပါသလောဟု (လျှောက်၏)။

ငါ့သျှင် ခံစားမှု ‘ဝေဒနာ’၊ မှတ်သားမှု ‘သညာ'နှင့် အထူးသိမှု ‘ဝိညာဏ်’၊ ဤတရားတို့သည်ရောနှောကုန်၏၊ မရောနှောသည် မဟုတ်ကုန်၊ ဤတရားတို့ကို အသီးအသီးပြု၍ ခြားနားချက်ကို ပညတ်ရန် မရနိုင်ပေ။ ငါ့သျှင် အာရုံကိုပင် ခံစား၏၊ ခံစားသော အာရုံကိုပင် မှတ်သား၏၊ မှတ်သားသောအာရုံ ကိုပင် အထူးသိတတ်၏။ ထို့ကြောင့် ဤတရားတို့သည် ရောနှောကုန်၏၊ မရောနှောသည်မဟုတ်ကုန်၊ ဤတရားတို့ကို အသီးအသီးပြု၍ ခြားနားချက်ကို ပညတ်ရန် မရနိုင်ပေဟု (မိန့်ဆို၏)။

၄၅၁။ ငါ့သျှင် ဣန္ဒြေငါးပါးတို့မှ လွတ်သော စင်ကြယ်သော အထူးသိမှု (စတုတ္ထဈာန်) စိတ်ဖြင့်အဘယ်တို့ကို သိသင့်သနည်းဟု (လျှောက်၏)။

--

ငါ့သျှင် ဣန္ဒြေငါးပါးတို့မှ လွတ်သော စင်ကြယ်သော အထူးသိမှု (စတုတ္ထဈာန်) စိတ်ဖြင့် “ကောင်းကင်သည် အဆုံးမရှိ” ဟု အာကာသာနဉ္စာယတနသမာပတ်ကို သိသင့်၏၊ “ဝိညာဏ်သည် အဆုံးမရှိ” ဟုဝိညာဏဉ္စာ ယတနသမာပတ်ကို သိသင့်၏၊ “တစ်စုံတစ်ရာမျှ မရှိ” ဟု အာကိဉ္စညာယတနသမာပတ်ကိုသိသင့်၏ဟု (မိန့်ဆို၏)။

ငါ့သျှင် သိသင့်သော တရားကို အဘယ်ဖြင့် အပြားအားဖြင့် သိတတ်သနည်းဟု (လျှောက်၏)။ ငါ့သျှင်သိသင့်သော တရားကို ပညာမျက်စိဖြင့် အပြားအားဖြင့် သိတတ်၏ဟု (မိန့်ဆို၏)။

ငါ့သျှင် ပညာသည် အဘယ်အကျိုးရှိသနည်းဟု (လျှောက်၏)။ ငါ့သျှင် ပညာသည် အထူးသိခြင်းအကျိုးရှိ၏၊ ပိုင်းခြား၍သိခြင်း အကျိုး ရှိ၏၊ ပယ်စွန့်ခြင်း အကျိုးရှိ၏ဟု (မိန့်ဆို၏)။

၄၅၂။ ငါ့သျှင် မှန်သောအယူ ‘သမ္မာဒိဋ္ဌိ’ ဖြစ်ရန် အကြောင်းတို့ကား အဘယ်တို့နည်းဟု (လျှောက်၏)။

ငါ့သျှင် မှန်သောအယူ ‘သမ္မာဒိဋ္ဌိ’ ဖြစ်ရန် အကြောင်းတို့ကား သူတစ်ပါးတရားသံနှင့် အသင့်အား ဖြင့်နှလုံးသွင်းခြင်း ဤနှစ်ပါးတို့တည်း။ ငါ့သျှင် မှန်သောအယူ ‘သမ္မာဒိဋ္ဌိ’ ဖြစ်ရန် အကြောင်းတို့ကားဤနှစ်ပါးတို့တည်းဟု (မိန့်ဆို၏)။

ငါ့သျှင် အဘယ်အကြောင်း (အင်္ဂါ)တို့၏ အထောက်အပံ့ကို ရသော မှန်သောအယူ ‘သမ္မာဒိဋ္ဌိ’ သည်လွတ်မြောက်သော ‘အရဟတ္တဖိုလ်'စိတ် အကျိုးလည်းရှိ၍ လွတ်မြောက်သော ‘အရဟတ္တဖိုလ်'စိတ် အကျိုးအာနိ သင်လည်းရှိသနည်း၊ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာ အကျိုးလည်းရှိ၍ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာ အကျိုးအာနိသင်လည်း ရှိသနည်းဟု (လျှောက်၏)။

ငါ့သျှင် ငါးပါးသောအကြောင်း (အင်္ဂါ)တို့၏ အထောက်အပံ့ကို ရသော မှန်သောအယူ ‘သမ္မာဒိဋ္ဌိ’ သည်လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ် အကျိုးလည်း ရှိ၍ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်အကျိုးအာနိသင်လည်း ရှိ၏၊ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာ အကျိုးလည်းရှိ၍ လွတ်မြောက်သော ‘အရဟတ္တ ဖိုလ်’ ပညာအကျိုးအာနိသင်လည်း ရှိ၏။ ငါ့သျှင် ဤသာသနာတော်၌ မှန်သောအယူ ‘သမ္မာဒိဋ္ဌိ’ သည် စောင့်စည်းမှု ‘သီလ’ အထောက်အပံ့ကိုလည်း ရ၏၊ တရားကို ကြားနာမှုအထောက်အပံ့ ကိုလည်း ရ၏၊ ကမ္မဋ္ဌာန်း ဆွေးနွေးမှု အထောက်အပံ့ကိုလည်း ရ၏၊ ဈာန်သမာပတ့် ‘သမထ’ အထောက်အပံ့ကိုလည်း ရ၏၊ အထူးထူးရှုမှု ‘ဝိပဿနာ’ အထောက်အပံ့ကိုလည်း ရ၏။ ငါ့သျှင် ဤ ငါးပါးသော အကြောင်း (အင်္ဂါ)တို့၏ အထောက်အပံ့ကို ရသော မှန်သောအယူ ‘သမ္မာဒိဋ္ဌိ'သည် လွတ် မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်အကျိုးလည်း ရှိ၍ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်အကျိုး အာနိသင်လည်း ရှိ၏။ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာအကျိုးလည်း ရှိ၍ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာအကျိုးအာနိသင်လည်းရှိ၏ဟု (မိန့်ဆို၏)။

၄၅၃။ ငါ့သျှင် ဘဝတို့သည် အဘယ်တို့နည်းဟု (လျှောက်၏)။

ငါ့သျှင် ဘဝတို့သည် ကာမဘဝ၊ ရူပဘဝ၊ အရူပဘဝ၊ ဤသုံးပါးတို့တည်းဟု (မိန့်ဆို၏)။

ငါ့သျှင် အဘယ့်ကြောင့် နောင်အခါ တစ်ဖန်ဘဝသစ် ထင်ရှားဖြစ်ပေါ်ရသနည်းဟု (လျှောက်၏)။

ငါ့သျှင် မသိမှုအပိတ်အဆီး ‘အဝိဇ္ဇာနီဝရဏ’ နှင့် တပ်မက်မှုအနှောင်အဖွဲ့ ‘တဏှာသံယောဇဉ်’ ရှိကုန်သော သတ္တဝါတို့အား ထိုထို အာရုံ၌ အလွန်နှစ်သက်မှုကြောင့် နောင်အခါ၌ တစ်ဖန်ဘဝသစ် ထင်ရှားဖြစ်ပေါ်ရ၏ဟု (မိန့်ဆို၏)။

--

ငါ့သျှင် အဘယ့်ကြောင့် နောင်အခါ၌ တစ်ဖန်ဘဝသစ် ထင်ရှားမဖြစ်ပေါ်ရသနည်းဟု (လျှောက်၏)။

ငါ့သျှင် မသိမှု ‘အဝိဇ္ဇာ’ ကင်းခြင်း, သိမှု ‘ဝိဇ္ဇာ’ ဖြစ်ပေါ်ခြင်းနှင့် တပ်မက်မှု ‘တဏှာ’ ချုပ်ခြင်းကြောင့်နောင်အခါ၌ တစ်ဖန်ဘဝသစ် ထင်ရှားမဖြစ်ပေါ်ရပေဟု (မိန့်ဆို၏)။

၄၅၄။ ငါ့သျှင် ပဌမဈာန်သည် အဘယ်နည်းဟု (လျှောက်၏)။

ငါ့သျှင် ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှကင်းဆိတ်၍သာလျှင်ကြံစည်ခြင်း ‘ဝိတက်'နှင့်တကွဖြစ်သော၊ သုံးသပ်ဆင် ခြင်ခြင်း ‘ဝိစာရ'နှင့် တကွဖြစ်သော၊ (နီဝရဏ) ကင်းခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ'ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ငါ့သျှင် ဤသည်ကို ပဌမဈာန်ဟု ဆိုရ၏ဟု (မိန့်ဆို၏)။

ငါ့သျှင် ပဌမဈာန်သည် အင်္ဂါအဘယ်မျှရှိသနည်းဟု (လျှောက်၏)။

ငါ့သျှင် ပဌမဈာန်သည် အင်္ဂါငါးပါးရှိ၏။ ငါ့သျှင် ဤသာသနာတော်၌ ပဌမဈာန်ကို ဝင်စားသောရဟန်းအားကြံစည်မှု ‘ဝိတက်’ သည်လည်းကောင်း၊ သုံးသပ်ဆင်ခြင်မှု ‘ဝိစာရ'သည်လည်းကောင်း၊ နှစ်သိမ့်မှု (ပီတိ) သည်လည်းကောင်း၊ ချမ်းသာမှု ‘သုခ'သည်လည်းကောင်း၊ စိတ်တည်ကြည်မှု ‘စိတ္တေကဂ္ဂတာ'သည်လည်းကောင်း ဖြစ်၏။ ငါ့သျှင် ပဌမဈာန်သည် ဤသို့ အင်္ဂါငါးပါးရှိ၏ဟု (မိန့်ဆို၏)။

ငါ့သျှင် ပဌမဈာန်သည် အဘယ်မျှသော အင်္ဂါတို့ကို ပယ်၍ အဘယ်မျှသော အင်္ဂါတို့နှင့် ပြည့်စုံ သနည်းဟု (လျှောက်၏)။

ငါ့သျှင် ပဌမဈာန်သည် ငါးပါးသော အင်္ဂါတို့ကို ပယ်၍ ငါးပါးသော အင်္ဂါတို့နှင့် ပြည့်စုံ၏။ ငါ့သျှင်ဤသာသနာတော်၌ ပဌမဈာန်ကို ဝင်စားသော ရဟန်းသည် လိုချင်တပ်မက်မှု ‘ကာမစ္ဆန္ဒ’ ကို ပယ်၏၊ ဖျက်ဆီးလိုမှု ‘ဗျာပါဒ’ ကို ပယ်၏၊ ထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ ကို ပယ်၏၊ ပျံ့လွင့်မှု နောင်တပူပန်မှု ‘ဥဒ္စစ္စကုက္ကုစ္စ'ကို ပယ်၏၊ တွေးတောယုံမှားမှု ‘ဝိစိကိစ္ဆာ'ကို ပယ်၏။

ကြံစည်မှု ‘ဝိတက်’၊ သုံးသပ်ဆင်ခြင်မှု ‘ဝိစာရ’၊ နှစ်သိမ့်မှု ‘ပီတိ’၊ ချမ်းသာမှု ‘သုခ’၊ စိတ်တည်ကြည်မှု ‘စိတ္တေကဂ္ဂတာ’ ဖြစ်၏။ ငါ့သျင် ပဌမဈာန်သည် ဤသို့ ငါးပါးသော အင်္ဂါတို့ကို ပယ်၍ငါးပါးသော အင်္ဂါတို့နှင့် ပြည့်စုံ၏ဟု (မိန့်ဆို၏)။

၄၅၅။ ငါ့သျှင်တို့ ဤငါးပါးကုန်သော ဣန္ဒြေတို့သည် အသီးအသီး အာရုံရှိကုန်၏၊ အသီးအသီးကျက်စားရာရှိကုန်၏။ တစ်ပါးသည် တစ်ပါး၏ ကျက်စားရာအာရုံကို မခံစားကုန်။ အဘယ်ဣန္ဒြေတို့နည်း၊ မျက်စိဣန္ဒြေ, နားဣန္ဒြေ, နှာခေါင်းဣန္ဒြေ, လျှာဣန္ဒြေ, ကိုယ်ဣန္ဒြေတို့တည်း။

ငါ့သျှင် အသီးအသီးအာရုံ, အသီးသီးကျက်စားရာရှိကုန်၍ တစ်ပါးသည် တစ်ပါး၏ ကျက်စားရာ အာရုံကို့မခံစားကုန်သော ဣနြေငြါးပါးတို့၏ အားထားရာကား အဘယ်နည်း၊ ထိုဣန္ဒြေတို့၏ ကျက်စားရာအာရုံကို အဘယ်တရားက ခံစားသနည်းဟု (လျှောက်၏)။

ငါ့သျှင် ငါးပါးကုန်သော ဣန္ဒြေတို့သည် အသီးအသီး အာရုံရှိကုန်၏၊ အသီးအသီးကျက်စားရာ ရှိကုန်၏၊ တစ်ပါးသည် တစ်ပါး၏ ကျက်စားရာအာရုံကို မခံစားကုန်။ အဘယ်ဣန္ဒြေတို့နည်း၊ မျက်စိ ဣန္ဒြေ,နားဣန္ဒြေ, နှာခေါင်းဣန္ဒြေ, လျှာဣန္ဒြေ, ကိုယ်ဣန္ဒြေတို့တည်း။ ငါ့သျှင် အသီးအသီးအာရုံ, အသီးအသီးကျက်စားရာ ရှိကုန်၍ တစ်ပါးသည် တစ်ပါး၏ ကျက်စားရာအာရုံကို မခံစားကုန်သော ဣန္ဒြေငါးပါးတို့၏ အားထားရာကား (ဇော) စိတ်ပင် ဖြစ်၏၊ ထိုဣန္ဒြေတို့၏ ကျက်စားရာအာရုံကို ဇောစိတ်ကပင်ခံစား၏ဟု (မိန့်ဆို၏)။

--

၄၅၆။ ငါ့သျှင် ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ မျက်စိဣန္ဒြေ, နားဣန္ဒြေ,နှာခေါင်းဣန္ဒြေ, လျှာဣန္ဒြေ, ကိုယ်ဣန္ဒြေတို့တည်း။

ငါ့သျှင် ဣန္ဒြေငါးပါးတို့သည် အဘယ်ကို စွဲ၍ တည်ကုန်သနည်းဟု (လျှောက်၏)။

ငါ့သျှင် ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ ဣန္ဒြေတို့သည် အဘယ်ငါးပါးတို့နည်း၊ မျက်စိဣန္ဒြေ,နားဣန္ဒြေ, နှာခေါင်းဣန္ဒြေ, လျှာဣန္ဒြေ, ကိုယ်ဣန္ဒြေတို့တည်း။ ငါ့သျှင် ဤဣနြေငြါးပါးတို့သည် အသက် ‘ဇီဝိတိန္ဒြေ'ကို စွဲ၍ တည်ကုန်၏ဟု (မိန့်ဆို၏)။

ငါ့သျှင် အသက် ‘ဇီဝိတိန္ဒြေ’ သည် အဘယ်ကို စွဲ၍ တည်သနည်းဟု (လျှောက်၏)။

ငါ့သျှင် အသက် ‘ဇီဝိတိန္ဒြေ’ သည် ကိုယ်ငွေ့ ‘ကမ္မဇတေဇောဓာတ်’ ကို စွဲ၍ တည်၏ဟု (မိန့်ဆို၏)။

ငါ့သျှင် ကိုယ်ငွေ့ ‘ကမ္မဇတေဇောဓာတ်’ သည် အဘယ်ကို စွဲ၍ တည်သနည်းဟု (လျှောက်၏)။

ငါ့သျှင် ကိုယ်ငွေ့ ‘ကမ္မဇတေဇောဓာတ်’ သည် အသက် ‘ဇီဝိတိန္ဒြေ'ကို စွဲ၍ တည်၏ဟု (မိန့်ဆို၏)။

ငါ့သျှင် “အသက် ‘ဇီဝိတိန္ဒြေ’ သည် ကိုယ်ငွေ့ ‘ကမ္မဇတေဇောဓာတ်'ကို စွဲ၍ တည်၏” ဟု ယခုပင်အသျှင်သာရိပုတြာ ပြောဆိုသည်ကို ငါတို့ သိရကုန်၏။ ငါ့သျှင် “ကိုယ်ငွေ့ ‘ကမ္မဇတေဇောဓာတ်'သည်အသက် ‘ဇီဝိတိန္ဒြေ’ ကို စွဲ၍ တည်၏” ဟု ယခုပင် အသျှင်သာရိပုတြာ ပြောဆိုသည်ကို ငါတို့သိရကုန်၏။ ငါ့သျှင် ဤစကား၏ အနက်အဓိပ္ပါယ်ကို အဘယ်ကဲ့သို့ သိမှတ်ရမည်နည်းဟု (လျှောက်၏)။

ငါ့သျှင် သို့ဖြစ်လျှင် သင့်အား ဥပမာပြုအံ့၊ ဤလောက၌ ဥပမာဖြင့်လည်း အချို့သော ပညာရှိယောကျ်ားတို့သည် ပြောဆိုသော စကား၏ အနက်အဓိပ္ပါယ်ကို သိကုန်၏။ ငါ့သျှင် တောက်လောင်သောဆီမီး၏ မီးလျှံကို စွဲ၍ အလင်းရောင်သည် ထင်ရှားသကဲ့သို့၊ အလင်းရောင်ကို စွဲ၍ မီးလျှံသည် ထင်ရှားသကဲ့သို့၊ ဤအတူပင် အသက် ‘ဇီဝိတိန္ဒြေ'သည် ကိုယ်ငွေ့ ‘ကမ္မဇတေဇောဓာတ်'ကို စွဲ၍ တည်၏၊ ကိုယ်ငွေ့ ‘ကမ္မဇတေဇောဓာတ်'သည် အသက် ‘ဇီဝိတိန္ဒြေ'ကို စွဲ၍ တည်၏” ဟု (မိန့်ဆို၏)။

၄၅၇။ ငါ့သျှင် ထိုအသက်တို့သည်ပင် ထိုခံစားတတ်သော သဘောတို့လော၊ သို့မဟုတ် အသက်တို့ကတစ်ခြား, ခံစားတတ်သောသဘောတို့က တစ်ခြားတို့လောဟု (လျှောက်၏)။

ငါ့သျှင် ထိုအသက်တို့သည်ပင် ထိုခံစားတတ်သောသဘောတို့ မဟုတ်ကုန်။ ငါ့သျှင် မှန်၏၊ ထိုအသက်တို့သည်ပင် ထိုခံစားတတ်သော သဘောတို့ ဖြစ်ခဲ့ကြမူ ဤမှတ်သားမှု ‘သညာ', ခံစားမှု ‘ဝေဒနာ'တို့ ချုပ်ရာ ‘နိရောဓ သမာပတ်'ကို ဝင်စားသော ရဟန်းအား (သမာပတ်မှ) ထခြင်းသည် မထင်ရှားရာ၊ ငါ့သျှင် အသက်က တစ်ခြား, ခံစားတတ်သော သဘောက တစ်ခြားဖြစ်ခြင်းကြောင့် မှတ်သားမှု ‘သညာ',ခံစားမှု ‘ဝေဒနာ'တို့ ချုပ်ရာ ‘နိရောဓ သမာပတ်'ကို ဝင်စားသော ရဟန်းအား (သမာပတ်မှ) ထခြင်းသည်ထင်ရှား၏ဟု (မိန့်ဆို၏)။

ငါ့သျှင် ဤကိုယ်ကို အဘယ်တရားတို့က စွန့်ခွါသွားသောအခါ ဤကိုယ်သည် စိတ်မရှိသော ထင်းတုံးကဲ့သို့ စွန့်ပစ်ချထားအပ်သည်ဖြစ်၍ လဲလျောင်းရသနည်းဟု (လျှောက်၏)။

ငါ့သျှင် ဤကိုယ်ကို အသက် ‘ဇီဝိတိန္ဒြေ’၊ ကိုယ်ငွေ့ ‘ကမ္မဇတေဇောဓာတ်’၊ ဝိညာဏ်၊ ဤတရား့သုံးပါးတို့ စွန့်ခွါသွားသောအခါ ဤကိုယ်သည် စိတ်မရှိ သော ထင်းတုံးကဲ့သို့ စွန့်ပစ်ချထားအပ်သည်ဖြစ်၍ လဲလျောင်းရ၏ဟု (မိန့်ဆို၏)။

ငါ့သျှင် သေဆုံးကွယ်လွန်သူ (လူသေကောင်) နှင့် မှတ်သားမှု ‘သညာ', ခံစားမှု ‘ဝေဒနာ'တို့ ချုပ်ရာ ‘နိရောဓသမာပတ်’ ကို ဝင်စားသူ ရဟန်းတို့၏ ခြားနားချက်ကား အဘယ်နည်းဟု (လျှောက်၏)။

--

ငါ့သျှင် သေဆုံးကွယ်လွန်သူ (လူသေကောင်) အား ကိုယ်၏ အပြုခံ (ထွက်သက် ဝင်သက်)တို့သည်ချုပ်ကုန်ငြိမ်းကုန်၏၊ နှုတ်မြွက်မှုကို ပြုပြင်တတ်သော ဝိတက်ဝိစာရတို့သည် ချုပ်ကုန်ငြိမ်းကုန်၏၊ စိတ်၏ အပြုခံ (သညာ, ဝေဒနာ)တို့သည် ချုပ်ကုန်ငြိမ်းကုန်၏၊ အသက် ‘ဇီဝိတိန္ဒြေ’ သည် ကုန်၏၊ ကိုယ်ငွေ့ ‘ကမ္မဇတေဇောဓာတ်’ သည်ငြိမ်း၏၊ ဣန္ဒြေတို့သည် ပျက်စီးကုန်၏။

မှတ်သားမှု ‘သညာ', ခံစားမှု ‘ဝေဒနာ'တို့ ချုပ်ရာ ‘နိရောဓသမာပတ်’ ကို ဝင်စားသော ရဟန်းအားကိုယ်၏ အပြုခံ (ထွက်သက် ဝင်သက်)တို့သည် ချုပ်ကုန်ငြိမ်းကုန်၏၊ နှုတ်မြွက်မှုကို ပြုပြင်တတ်သောဝိတက်ဝိစာရတို့သည် ချုပ်ကုန်ငြိမ်းကုန်၏၊ စိတ်၏ အပြုခံ (သညာ, ဝေဒနာ)တို့သည် ချုပ်ကုန်ငြိမ်းကုန်၏။ အသက် ‘ဇီဝိတိန္ဒြေ’ သည် မကုန်၊ ကိုယ်ငွေ့ ‘ကမ္မဇတေဇောဓာတ်’ သည် မငြိမ်း၊ ဣန္ဒြေတို့သည် အထူး ကြည်လင်ကုန်၏၊ ငါ့သျှင် ဤသည်ကား သေဆုံးကွယ်လွန်သူ (လူသေကောင်) နှင့်မှတ်သားမှု ‘သညာ',ခံစားမှု ‘ဝေဒနာ'တို့ ချုပ်ရာ ‘နိရောဓသမာပတ်’ ကို ဝင်စားသူ ရဟန်းတို့၏ခြားနားချက် တည်းဟု (မိန့်ဆို၏)။

၄၅၈။ ငါ့သျှင် ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော လွတ်မြောက်သော စိတ်ဟူသော (နေဝသညာနာသညာယတန) သမာပတ်၏ အကြောင်းသည် အဘယ်မျှတို့နည်းဟု (လျှောက်၏)။

ငါ့သျှင် ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော လွတ်မြောက်သော စိတ်ဟူသော (နေဝသညာနာသညာယတန) သမာပတ်၏ အကြောင်းတို့သည် လေးပါးတို့တည်း။ ငါ့သျှင် ဤသာသနာတော်၌ ရဟန်းသည်ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ဝမ်းသာမှုနှင့် နှလုံးမသာမှုတို့၏ ရှေးဦးကပင်ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲချမ်းသာမရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ’ ကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ငါ့သျှင် ဆင်းရဲမဟုတ်ချမ်းသာမဟုတ်သောလွတ်မြောက်သော စိတ်ဟူသော (နေဝသညာနာသညာယတန) သမာပတ်၏ အကြောင်းတို့သည် ဤလေးပါးတို့တည်းဟု (မိန့်ဆို၏)။

ငါ့သျှင် (သင်္ခါရအာရုံ) နိမိတ်မရှိသော လွတ်မြောက်သော စိတ်ဟူသော (ဖလ) သမာပတ်၏အကြောင်းတို့သည် အဘယ်မျှတို့နည်းဟု (လျှောက်၏)။

ငါ့သျှင် (သင်္ခါရအာရုံ) နိမိတ်မရှိသော လွတ်မြောက်သော စိတ်ဟူသော (ဖလ) သမာပတ်၏ အကြောင်းတို့သည် နှစ်ပါးတို့တည်း။ အလုံးစုံသော (အာရုံ) နိမိတ်တို့ကို နှလုံးမသွင်းခြင်း၊ သင်္ခါရနိမိတ် မရှိရာ (နိဗ္ဗာန်) ဓာတ်ကို နှလုံးသွင်းခြင်းတို့တည်း။ ငါ့သျှင် (သင်္ခါရအာရုံ) နိမိတ်မရှိသော လွတ်မြောက်သောစိတ်ဟူသော (ဖလ) သမာပတ်၏ အကြောင်းတို့သည် ဤနှစ်ပါးတို့ပင်တည်းဟု (မိန့်ဆို၏)။

ငါ့သျှင် (သင်္ခါရအာရုံ) နိမိတ်မရှိသော လွတ်မြောက်သော စိတ် (ဖလသမာပတ်) တည်တံ့ရန် အကြောင်းတို့သည် အဘယ်မျှတို့နည်းဟု (လျှောက်၏)။

ငါ့သျှင် (သင်္ခါရအာရုံ) နိမိတ်မရှိသော လွတ်မြောက်သော စိတ် (ဖလသမာပတ်) တည်တံ့ရန် အကြောင်းတို့သည် သုံးပါးတို့တည်း။ အလုံးစုံသော (အာရုံ) နိမိတ်တို့ကို နှလုံးမသွင်းခြင်း၊ သင်္ခါရနိမိတ်မရှိရာ (နိဗ္ဗာန်) ဓာတ်ကို နှလုံးသွင်းခြင်း၊ ရှေးဦးကပင် (မည်မျှကြာအောင် ဝင်စားမည်ဟု အချိန်ကာလပိုင်းခြားမှု) ပြုစီရင်ခြင်းတို့တည်း။ ငါ့သျှင် (သင်္ခါရအာရုံ) နိမိတ်မရှိသော လွတ်မြောက်သော စိတ် (ဖလသမာပတ်) တည်တံ့ရန် အကြောင်းတို့သည် ဤသုံးပါးတို့ပင်တည်းဟု (မိန့်ဆို၏)။

ငါ့သျှင် (သင်္ခါရအာရုံ) နိမိတ်မရှိသော လွတ်မြောက်သော စိတ် (ဖလသမာပတ်) မှ ထရန် အကြောင်း့တို့သည် အဘယ်မျှတို့နည်းဟု (လျှောက်၏)။

ငါ့သျှင် (သင်္ခါရအာရုံ) နိမိတ်မရှိသော လွတ်မြောက်သော စိတ် (ဖလသမာပတ်) မှ ထရန် အကြောင်းတို့သည် နှစ်ပါးတို့တည်း။ အလုံးစုံသော (အာရုံ) နိမိတ်တို့ကို နှလုံးသွင်းခြင်း၊ သင်္ခါရနိမိတ်မရှိရာ

--

(နိဗ္ဗာန်) ဓာတ်ကို နှလုံးမသွင်းခြင်းတို့တည်း။ ငါ့သျှင် (သင်္ခါရအာရုံ) နိမိတ်မရှိသော လွတ်မြောက်သောစိတ် (ဖလသမာပတ်) မှ ထရန် အကြောင်းတို့သည် ဤနှစ်ပါးတို့ပင်တည်းဟု (မိန့်ဆို၏)။

၄၅၉။ ငါ့သျှင် အတိုင်းအရှည်မရှိသော လွတ်မြောက်သောစိတ် (သမာပတ်)၊ ဘာမျှမရှိဟူသော လွတ်မြောက်သောစိတ် (သမာပတ်)၊ (အာရုံ) ဆိတ်သုဉ်းသော လွတ်မြောက်သောစိတ် (သမာပတ်)၊ (အာရုံ) နိမိတ် မရှိသော လွတ်မြောက်သောစိတ် (သမာပတ်)၊ ဤတရားတို့သည် အနက်အဓိပ္ပါယ် အသီးသီးဖြစ်၍ သဒ္ဒါ အသီးသီး ဖြစ်ကုန်သလော၊ သို့မဟုတ် အနက်အဓိပ္ပါယ် တူ၍ သဒ္ဒါမျှသာအသီးအသီး ဖြစ်သလောဟု (လျှောက်၏)။

ငါ့သျှင် အတိုင်းအရှည်မရှိသော လွတ်မြောက်သောစိတ် (သမာပတ်)၊ ဘာမျှမရှိဟူသော လွတ်မြောက်သော စိတ် (သမာပတ်)၊ (အာရုံ) ဆိတ်သုဉ်းသော လွတ်မြောက်သောစိတ် (သမာပတ်)၊ (အာရုံ) နိမိတ်မရှိသော လွတ်မြောက် သောစိတ် (သမာပတ်)၊ ဤတရားတို့သည် အနက်အဓိပ္ပါယ် အသီးသီးဖြစ်၍သဒ္ဒါအသီးသီး ဖြစ်ကုန်၏ဟူသော အကြောင်းလည်း ရှိ၏။ အနက်အဓိပ္ပါယ် တူ၍ သဒ္ဒါမျှသာလျှင်အသီးအသီး ဖြစ်၏ဟူသော အကြောင်းလည်း ရှိ၏။

ငါ့သျှင် ဤတရားတို့သည် အနက်အဓိပ္ပါယ် အသီးသီးဖြစ်၍ သဒ္ဒါအသီးသီး ဖြစ်ကုန်၏ဟူသောအကြောင်းကား အဘယ်နည်း။

ငါ့သျှင် ဤသာသနာတော်၌ ရဟန်းသည် မေတ ္တာနှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာ ကိုပျံ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက်။ သုံးခုမြောက်။ လေးခုမြောက်အရပ်ကို ပျံ့နှံ့စေ၍ နေ၏။ ဤနည်းဖြင့် အထက်အောက်ဖီလာ အလုံးစုံသောအရပ် အလုံးစုံသော သတ္တဝါတို့၌ မိမိနှင့် အတူပြု၍သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြတ်သော အပိုင်းအခြားမရှိသော ရန်မရှိသောကြောင့်ကြမရှိသော မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေလျက်နေ၏။

ကရုဏာနှင့်ယှဉ်သော စိတ်ဖြင့်။ပ။ မုဒိတာနှင့်ယှဉ်သော စိတ်ဖြင့်။ပ။ ဥပေက္ခာနှင့်ယှဉ်သော စိတ်ဖြင့်တစ်ခုသောအရပ်ကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက်။ သုံးခုမြောက်။ လေးခုမြောက်အရပ်ကိုပျံ့နှံ့စေ၍ နေ၏။ ဤနည်းအားဖြင့် အထက်အောက်ဖီလာ အလုံးစုံသောအရပ် အလုံးစုံသော သတ္တဝါတို့၌မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြတ်သော အပိုင်းအခြားမရှိသော ရန်မရှိသော ကြောင့်ကြမရှိသော ဥပေက္ခာနှင့်ယှဉ်သော စိတ်ပြင့် ပျံ့နှံ့စေ၍ နေ၏။ ငါ့သျှင်ဤနေခြင်းကို အတိုင်းအရှည် မရှိသော လွတ်မြောက်သောစိတ် (သမာပတ်) ဟု ဆိုရ၏။

ငါ့သျှင် ဘာမျှမရှိဟူသော လွတ်မြောက်သောစိတ် (သမာပတ်) ဟူသည် အဘယ်နည်း။ ငါ့သျှင်ဤသာသနာတော်၌ ရဟန်းသည် အခြင်းအရာအားလုံးအားဖြင့် ဝိညာဏဉ္စာယတနဈာန် (အာရုံ) ကို လွန်မြောက်၍ “ဘာမျှ မရှိ” ဟု အာကိဉ္စညာယတနသမာပတ်ကို ပြည့်စုံစေ၍ နေ၏။ ငါ့သျှင် ဤနေခြင်းကိုဘာမျှမရှိဟူသော လွတ်မြောက်သော စိတ် (သမာပတ်) ဟု ဆိုရ၏။

ငါ့သျှင် (အာရုံ) ဆိတ်သုဉ်းသော လွတ်မြောက်သောစိတ် (သမာပတ်) ဟူသည် အဘယ်နည်း။ ငါ့သျှင်ဤသာသနာတော်၌ ရဟန်းသည် တော၌တည်၍ဖြစ်စေ၊ သစ်ပင်ရင်း၌တည်၍ဖြစ်စေ၊ ဆိတ်ငြိမ်ရာ ကျောင်းအိပ်ရာနေရာ၌တည်၍ဖြစ်စေ “ဤ လွတ်မြောက်သောစိတ် (သမာပတ်) သည် ကိုယ် ‘အတ္တ’ မှလည်းကောင်း၊ ကိုယ်ပိုင်ဥစ္စာ ‘အတ္တနိယ'မှလည်းကောင်း ဆိတ်သုဉ်း၏” ဟု ဤသို့ ဆင်ခြင်၏။ ငါ့သျှင်ဤဆင်ခြင်ခြင်းကို (အာရုံ) ဆိတ်သုဉ်းသော လွတ်မြောက်သောစိတ် (သမာပတ်) ဟု ဆိုရ၏။

--

ငါ့သျှင် (အာရုံ) နိမိတ်မရှိသော လွတ်မြောက်သောစိတ် (သမာပတ်) ဟူသည် အဘယ်နည်း။ ငါ့သျှင့်ဤသာသနာတော်၌ ရဟန်းသည် အလုံးစုံသော (အာရုံ) နိမိတ်တို့ကို နှလုံးမသွင်းခြင်းကြောင့် (အာရုံ) နိမိတ်မရှိသော တည်တံ့သောစိတ်ကို ပြည့်စုံစေ၍ နေ၏။ ငါ့သျှင် ဤနေခြင်းကို (အာရုံ) နိမိတ် မရှိသောလွတ်မြောက်သောစိတ် (သမာပတ်) ဟု ဆိုရ၏။

ငါ့သျှင် ဤတရားတို့သည် အနက်အဓိပ္ပါယ်အသီးသီးဖြစ်၍ သဒ္ဒါအသီးသီးဖြစ်ကုန်၏ ဟူသောအကြောင်းကား ဤသည်ပင်တည်း။

ငါ့သျှင် ဤတရားတို့သည် အနက်အဓိပ္ပါယ်တူ၍ သဒ္ဒါမျှသာလျှင် အသီးသီးဖြစ်၏ ဟူသောအကြောင်းကား အဘယ်နည်း။

ငါ့သျှင် တပ်စွန်းမှု ‘ရာဂ'သည် အတိုင်းအရှည်ကို ပြုတတ်၏၊ ပြစ်မှားမှု ‘ဒေါသ'သည် အတိုင်းအရှည်ကို ပြုတတ်၏၊ တွေဝေမှု ‘မောဟ'သည် အတိုင်းအရှည်ကို ပြုတတ်၏။ ထိုတရားတို့သည်အာသဝေါကုန်ပြီးသော ရဟန်းအား ပယ်ပြီးဖြစ်ကုန်၏၊ အမြစ်ဖြတ်ပြီး ဖြစ်ကုန်၏၊ (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်ကုန်၏၊ တဖန် မဖြစ်အောင် ပြုပြီးဖြစ်ကုန်၏၊ နောင်အခါ၌ ဖြစ်ခြင်းသဘော မရှိတော့ကုန်။ ငါ့သျှင် အတိုင်းအရှည် မရှိသော လွတ်မြောက်သောစိတ် (သမာပတ်) ဟူသမျှတို့တွင် မပျက်စီးသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်ကို အမြတ်ဆုံးဟု ပြောကြားထိုက်၏။ ထိုမပျက်စီးသောလွတ်မြောက်သော အရဟတ္တဖိုလ်စိတ်သည် တပ်စွန်းမှု ‘ရာဂ’ မှ ဆိတ်သုဉ်း၏။ ပြစ်မှားမှု ‘ဒေါသ'မှ ဆိတ်သုဉ်း၏။ တွေဝေမှု ‘မောဟ'မှ ဆိတ်သုဉ်း၏။

ငါ့သျှင် တပ်စွန်းမှု ‘ရာဂ’ သည် နှိပ်စက်တတ်၏၊ ပြစ်မှားမှု ‘ဒေါသ’ သည် နှိပ်စက်တတ်၏၊ တွေဝေမှု ‘မောဟ’ သည် နှိပ်စက်တတ်၏၊ ထိုတရားတို့သည် အာသဝေါကုန်ပြီးသော ရဟန်းအား ပယ်ပြီး ဖြစ်ကုန်၏၊ အမြစ်ဖြတ်ပြီး ဖြစ်ကုန်၏၊ (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်ကုန်၏၊ တစ်ဖန် မဖြစ်အောင် ပြုပြီးဖြစ်ကုန်၏၊ နောင်အခါ၌ ဖြစ်ခြင်းသဘော မရှိတော့ကုန်။ ငါ့သျှင် နှိပ်စက်တတ်သည့်အာရုံ, နှိပ်စက်တတ်သည့် ရာဂစသည်မရှိသော လွတ်မြောက်သောစိတ် (သမာပတ်) ဟူသမျှတို့တွင်မပျက်စီးသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်ကို အမြတ်ဆုံးဟု ပြောကြားထိုက်၏။

ထိုမပျက်စီးသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်သည် တပ်စွန်းမှု ‘ရာဂ'မှ ဆိတ်သုဉ်း၏။ ပြစ်မှားမှု ‘ဒေါသ'မှ ဆိတ်သုဉ်း၏၊ တွေဝေမှု ‘မောဟ'မှ ဆိတ်သုဉ်း၏။

ငါ့သျှင် တပ်စွန်းမှု ‘ရာဂ’ သည် (အာရုံ) နိမိတ်ကို ပြုတတ်၏၊ ပြစ်မှားမှု ‘ဒေါသ'သည် (အာရုံ) နိမိတ်ကိုပြုတတ်၏၊ တွေဝေမှု ‘မောဟ'သည် (အာရုံ) နိမိတ်ကို ပြုတတ်၏။ ထိုတရားတို့သည် အာသဝေါကုန်ပြီးသော ရဟန်းအား ပယ်ပြီး ဖြစ်ကုန်၏။ အမြစ်ဖြတ်ပြီး ဖြစ်ကုန်၏။ (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်ကုန်၏၊ တဖန် မဖြစ်အောင် ပြုပြီးဖြစ်ကုန်၏၊ နောင်အခါ၌ ဖြစ်ခြင်းသဘော မရှိတော့ကုန်။ ငါ့သျှင် (အာရုံ) နိမိတ်မရှိသော လွတ်မြောက်သော စိတ် (သမာပတ်) ဟူသမျှတို့တွင် မပျက်စီးသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်ကို မြတ်၏ဟု ပြောကြားထိုက်၏။ ထိုမပျက်စီးသောလွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်သည် တပ်စွန်း မှု ‘ရာဂ’ မှ ဆိတ်သုဉ်း၏၊ ပြစ်မှားမှု ‘ဒေါသ'မှဆိတ်သုဉ်း၏၊ တွေဝေမှု ‘မောဟ’ မှ ဆိတ်သုဉ်း၏။

ငါ့သျှင် ဤတရားတို့သည် အနက်အဓိပ္ပါယ်တူ၍ သဒ္ဒါမျှသာလျှင် အသီးအသီးဖြစ်၏ဟူသောအကြောင်းကား ဤသည်ပင်တည်းဟု အသျှင်သာရိပုတြာသည် ဖြေဆို၏။

အသျှင်မဟာကောဋ္ဌိကသည် အသျှင်သာရိပုတြာဟောကြားတော်မူသော တရားတော်ကို နှစ်လိုဝမ်းမြောက်စွာ ခံယူလေသတည်း။

သုံးခုမြောက် မဟာဝေဒလ္လသုတ် ပြီး၏။

--

၄- စူဠဝေဒလ္လသုတ်

၄၆၀။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစာကျွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ဝိသာခ ဥပါသကာသည် ဓမ္မဒိန္နာရဟန်းမိန်းမထံသို့ ချဉ်းကပ်ပြီးလျှင် ရိုသေစွာ ရှိခိုး၍ သင့်လျော်သော နေရာ၌ ထိုင်လျက် ဤစကားကို ပြောဆို၏ -

အသျှင်မ “သက္ကာယ သက္ကာယ၁ဟု ဆို၏၊ အသျှင်မ အဘယ်ကို သက္ကာယဟု မြတ်စွာဘုရားဟောထားပါသနည်း” ဟု (လျှောက်၏)။

ဒါယကာဝိသာခ ဤဥပါဒါနက္ခန္ဓာ (စွဲလမ်းဖွယ် ခန္ဓာ) ငါးပါးတို့ကို သက္ကာယဟု မြတ်စွာဘုရားဟောတော်မူ၏။

အဘယ်ငါးပါးတို့နည်း ဟူမူ- ရူပုပါဒါနက္ခန္ဓာ (ရုပ်ဟူသော စွဲလမ်းဖွယ်ခန္ဓာ)၊ ဝေဒနုပါဒါနက္ခန္ဓာ (ခံစားမှုဟူသော စွဲလမ်းဖွယ်ခန္ဓာ)၊ သညုပါဒါနက္ခန္ဓာ (မှတ်သားမှုဟူသော စွဲလမ်းဖွယ်ခန္ဓာ)၊ သင်္ခါရုပါဒါနက္ခန္ဓာ (ပြုစီရင်မှုဟူသော စွဲလမ်းဖွယ်ခန္ဓာ)၊ ဝိညာဏုပါဒါနက္ခန္ဓာ (အထူးသိမှုဟူသော စွဲလမ်းဖွယ်ခန္ဓာ)တို့တည်း။ ဒါယကာဝိသာခ ဤဥပါဒါနက္ခန္ဓာ (စွဲလမ်းဖွယ်ခန္ဓာ) ငါးပါးတို့ကို သက္ကာယဟု မြတ်စွာဘုရား ဟောတော်မူ၏ဟု (မိန့်ဆို၏)။

“အသျှင်မ ကောင်းပါပေ့၏” ဟု ဝိသာခဥပါသကာသည် ဓမ္မဒိန္နာရဟန်းမိန်းမ၏ စကားကို အလွန်နှစ်သက်ဝမ်းမြောက်၍ ထို့ထက်အလွန် ပြဿနာကို မေးလျှောက်ပြန်၏။

“အသျှင်မ သက္ကာယဖြစ်ပေါ်ကြောင်း သက္ကာယဖြစ်ပေါ်ကြောင်းဟု ဆို၏၊ အသျှင်မ အဘယ်ကိုသက္ကာယ ဖြစ်ပေါ်ကြောင်းဟု မြတ်စွာဘုရား ဟောတော်မူပါသနည်း” ဟု (လျှောက်၏)။

ဒါယကာဝိသာခ တစ်ဖန်ဘဝသစ်ကို ဖြစ်စေတတ်သော နှစ်သက်တပ်စွန်းမှု ‘နန္ဒီရာဂ’ နှင့် တစ်ကွဖြစ်သော ထိုထိုဘုံဘဝ၌ အလွန်နှစ်သက်တတ်သော ကာမဂုဏ်ကို တပ်မက်မှု ‘ကာမတဏှာ’၊ ဘုံဘဝကိုတပ်မက်မှု ‘ဘဝ တဏှာ’၊ ဘုံဘဝကင်းပြတ်မှုကို တပ်မက်မှု ‘ဝိဘဝတဏှာ’၊ ဤတပ်မက်မှု ‘တဏှာ'ကိုသက္ကာယဖြစ်ပေါ်ကြောင်းဟု မြတ်စွာဘုရား ဟောတော်မူ၏ဟု (မိန့်ဆို၏)။

“အသျှင်မ သက္ကာယချုပ်ရာ, သက္ကာယချုပ်ရာဟု ဆို၏၊ အသျှင်မ အဘယ်ကို သက္ကာယချုပ်ရာဟုမြတ်စွာဘုရား ဟောတော်မူပါသနည်း” ဟု (လျှောက်၏)။

ဒါယကာဝိသာခ ထိုတပ်မက်မှု ‘တဏှာ'၏သာလျှင် အကြွင်းမဲ့ တပ်စွန်းခြင်းကင်းသောအားဖြင့် ချူပ်ရာ,စွန့်လွှတ်ရာ, တစ်ဖန်စွန့်လွှတ်ရာ, လွတ်မြောက်ရာ, တွယ်တာကပ်ငြိမှုမရှိရာ (နိဗ္ဗာန်) ကို သက္ကာယချုပ်ရာဟု မြတ်စွာဘုရား ဟောတော်မူ၏ဟု (မိန့်ဆို၏)။

“အသျှင်မ သက္ကာယချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်, သက္ကာယချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်းအကျင့်ဟု ဆို၏။ အသျှင်မ အဘယ်ကို သက္ကာယချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဟု မြတ်စွာဘုရား ဟောတော်မူပါသနည်း” ဟု (လျှောက်၏)။

ဒါယကာဝိသာခ ဤမြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ်ကိုပင်လျှင် သက္ကာယချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်းအကျင့်ဟု မြတ်စွာဘုရား ဟောတော်မူ၏။ ဤမဂ်ဟူသည် အဘယ်နည်း၊ မှန်သောအယူ ‘သမ္မာဒိဋ္ဌိ’၊ မှန်သောအကြံအစည် ‘သမ္မာသင်္ကပ္ပ’၊ မှန်သောစကား ‘သမ္မာဝါစာ’၊ မှန်သောအမှု ‘သမ္မာကမ္မန္တ’၊ မှန်သော အသက်မွေးမှု ‘သမ္မာအာဇီဝ’၊ မှန်သောအားထုတ်မှု ‘သမ္မာဝါယာမ’၊ မှန်သော အောက်မေ့မှု ‘သမ္မာသတိ’၊ မှန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ ပေတည်းဟု (မိန့်ဆို၏)။

--

“အသျှင်မ ထိုစွဲလမ်းမှု ‘ဥပါဒါန်'သည်ပင်လျှင် ထိုစွဲလမ်းဖွယ် ခန္ဓာ (ဥပါဒါနက္ခန္ဓာ) ငါးပါးတို့လော၊ သို့မဟုတ် စွဲလမ်းမှု ‘ဥပါဒါန်'သည် စွဲလမ်းဖွယ် ခန္ဓာ (ဥပါဒါနက္ခန္ဓာ) ငါးပါးတို့မှ တစ်ခြားလော” ဟု (လျှောက်၏)။

ဒါယကာဝိသာခ ထိုစွဲလမ်းမှု ‘ဥပါဒါန်’ သည်ပင်လျှင် ထိုစွဲလမ်းဖွယ် ခန္ဓာ (ဥပါဒါနက္ခန္ဓာ) ငါးပါးတို့မဟုတ်ကုန်၊ စွဲလမ်းမှု ‘ဥပါဒါန်'သည် စွဲလမ်းဖွယ် ခန္ဓာ (ဥပါဒါနက္ခန္ဓာ) ငါးပါးတို့မှ တစ်ခြားလည်း မဟုတ်။ ဒါယကာဝိသာခ စွဲလမ်းဖွယ် ခန္ဓာ (ဥပါဒါနက္ခန္ဓာ) ငါးပါးတို့၌ လိုချင်တပ်မက်မှု ‘ဆန္ဒရာဂ'သည် စွဲလမ်းဖွယ်ခန္ဓာ (ဥပါဒါနက္ခန္ဓာ) ငါးပါးတို့၌ စွဲလမ်းမှု ‘ဥပါဒါန်’ မည်၏ဟု (မိန့်ဆို၏)။

၄၆၁။ “အသျှင်မ အဘယ်သို့ သက္ကာယဒိဋ္ဌိ ဖြစ်သနည်း” ဟု (လျှောက်၏)။

ဒါယကာဝိသာခ ဤလောက၌ အရိယာတို့ကို ဖူးမြင်လေ့မရှိသော, အရိယာတရား၌ မကျွမ်းကျင် သော,အရိယာတရား၌ မယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို ဖူးမြင်လေ့မရှိသော, သူတော်ကောင်း တရား၌မကျွမ်းကျင်သော, သူတော်ကောင်းတရား၌ မယဉ်ကျေးသော, အကြားအမြင်မရှိသော ပုထုဇဉ် သည်ရုပ်ကို အတ္တဟု ရှု၏၊ (ကြွင်းခန္ဓာကို) ရုပ်ရှိသော အတ္တဟုလည်းကောင်း၊ အတ္တ၌ ရုပ်ဟုလည်း ကောင်း၊ ရုပ်၌ အတ္တဟုလည်းကောင်း ရှု၏။ ခံစားမူ ‘ဝေဒနာ'ကို။ပ။ မှတ်သားမှု ‘သညာ'ကို။ပ။ ပြုစီရင်မှု ‘သင်္ခါရ'တို့ကို။ပ။ အထူးသိမှု ‘ဝိညာဉ်'ကို အတ္တဟု ရှု၏၊ (ကြွင်းခန္ဓာကို) အထူးသိမှု ‘ဝိညာဉ်'ရှိသော အတ္တဟုလည်းကောင်း၊ အတ္တ၌ အထူးသိမူ ‘ဝိညာဉ်’ဟုလည်းကောင်း၊ အထူးသိမှု ‘ဝိညာဉ်’၌ အတ္တဟုလည်း ကောင်း ရှု၏။ ဝိသာခ ဤသို့လျှင် သက္ကာယဒိဋ္ဌိ ဖြစ်၏ဟု (မိန့်ဆို၏)။

“အသျှင်မ အဘယ်သို့လျှင် သက္ကာဒိဋ္ဌိ မဖြစ်သနည်း” ဟု (လျောက်၏)။

ဒါယကာဝိသာခ ဤလောက၌ အရိယာတို့ကို ဖူးမြင်လေ့ရှိသော, အရိယာတရား၌ ကျွမ်းကျင်သော,အရိယာတရား၌ ယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို ဖူးမြင်လေ့ရှိသော သူတော်ကောင်းတရား၌ကျွမ်းကျင်သော သူတော်ကောင်းတရား၌ ယဉ်ကျေးသော, အကြားအမြင်ရှိသော မြတ်စွာဘုရား၏ တပည့်သာဝကသည် ရုပ်ကို အတ္တဟု မရှု၊ (ကြွင်းခန္ဓာကို) ရုပ်ရှိသော အတ္တဟု မရှု၊ အတ္တ၌ ရုပ်ဟု မရှု၊ ရုပ်၌အတ္တဟု မရှု။ ခံစားမူ ‘ဝေဒနာ'ကို။ပ။ မရှု။ မှတ်သားမှု ‘သညာ’ ကို။ပ။ မရှု။ ပြုစီရင်မှု ‘သင်္ခါရ'တို့ကို။ပ။ မရှု။ အထူးသိမှု ‘ဝိညာဉ်'ကို အတ္တဟု မရှု၊ (ကြွင်းခန္ဓာကို) အထူးသိမှု ‘ဝိညာဉ်'ရှိသော အတ္တဟု မရှု။ အတ္တ၌ အထူးသိမူ ‘ဝိညာဉ်’ဟု မရှု၊ အထူးသိမှု ‘ဝိညာဉ်’၌အတ္တဟု မရှု။ ဒါယကာဝိသာခ ဤသို့လျှင် သက္ကာယဒိဋ္ဌိ မဖြစ်ဟု (မိန့်ဆို၏)။

၄၆၂။ “အသျှင်မ မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ်ဟူသည် အဘယ်နည်း” ဟု (လျှောက်၏)။

ဒါယကာဝိသာခ ဤသည်ပင်လျှင် မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ်တည်း။ ဤမဂ်ဟူသည်အဘယ်နည်း ဟူမှု- မှန်သောအယူ ‘သမ္မာဒိဋ္ဌိ’၊ မှန်သောအကြံအစည် ‘သမ္မာသင်္ကပ္ပ’၊ မှန်သောစကား ‘သမ္မာဝါစာ’၊ မှန်သောအမှု ‘သမ္မာကမ္မ န္တ’၊ မှန်သောအသက်မွေးမှု ‘သမ္မာအာဇီဝ’၊ မှန်သောအားထုတ်မှု ‘သမ္မာဝါယာမ’၊ မှန်သောအောက်မေ့မှု ‘သမ္မာသတိ’၊ မှန်သောတည်ကြည်မှု ‘သမ္မာသမာဓိ’ ပေတည်းဟု (မိန့်ဆို၏)။

“အသျှင်မ မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ်သည် အပြုအပြင်ခံ ‘သင်္ခတ’ တရားလော၊ သို့မဟုတ်အပြုအပြင်ခံမဟုတ်သော ‘အသင်္ခတ’ တရားလော” ဟု (လျှောက်၏)။

ဒါယကာဝိသာခ မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ်သည် အပြုအပြင်ခံ ‘သင်္ခတ’ တရားပေတည်းဟု (မိန့်ဆို၏)။

--

“အသျှင်မ မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ်ဖြင့် အစု ‘ခန္ဓာ’ သုံးပါးတို့ကို သိမ်းယူရသလော၊ သို့မဟုတ် အစု ‘ခန္ဓာ'သုံးပါးတို့ဖြင့် မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ်ကို သိမ်းယူရသလော” ဟု (လျှောက်၏)။

ဒါယကာဝိသာခ မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ်ဖြင့် အစု ‘ခန္ဓာ’ သုံးပါးတို့ကို မသိမ်းယူရ။ အစု ‘ခန္ဓာ'သုံးပါးတို့ဖြင့်သာ မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ်ကို သိမ်းယူရာ၏။ ဒါယကာဝိသာခမှန်သောစကား ‘သမ္မာဝါစာ’၊ မှန်သောအမှု ‘သမ္မာကမ္မ န္တ’၊ မှန်သောအသက်မွေးမှု ‘သမ္မာအာဇီဝ’၊ ဤတရားတို့ကို သီလအစု ‘သီလက္ခန္ဓာ’၌ သိမ်းယူရကုန်၏။ မှန်သောအားထုတ်မှု ‘သမ္မာဝါယာမ’၊ မှန်သော အောက်မေ့မှု ‘သမ္မာသတိ’၊ မှန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’၊ ဤတရားတို့ကို တည်ကြည်မှုအစု ‘သမာဓိက္ခန္ဓာ’၌ သိမ်းယူရကုန်၏။ မှန်သော အယူ ‘သမ္မာဒိဋ္ဌိ’၊ မှန်သောအကြံအစည် ‘သမ္မာသင်္ကပ္ပ’၊ ဤတရားတို့ကို အပြားအားဖြင့် သိမှုအစု ‘ပညာက္ခန္ဓာ’၌ သိမ်းယူရကုန်၏ဟု (မိန့်ဆို၏)။

“အသျှင်မ အဘယ်သည် တည်ကြည်မှု ‘သမာဓိ’ ပါနည်း၊ အဘယ်တရားတို့သည် တည်ကြည်မှုဖြစ်ကြောင်း ‘သမာဓိနိမိတ်'တို့ပါနည်း၊ အဘယ်တရားတို့သည် တည်ကြည်မှု၏ အခြံအရံတို့ပါနည်း။ အဘယ် သည် တည်ကြည်မှုကို ပွားများခြင်းပါနည်း” ဟု (လျှောက်၏)။

ဒါယကာဝိသာခ စိတ်၏ အာရုံတစ်မျိုးတည်းသာရှိခြင်းသည် တည်ကြည်မှု ‘သမာဓိ'တည်း။ လေးပါးသော အောက်မေ့မှု ထင်ခြင်း ‘သတိပဋ္ဌာန်'တို့သည် တည်ကြည်မှုဖြစ်ကြောင်း ‘သမာဓိနိမိတ်'တို့တည်း။ လေးပါးသော ကောင်းစွာအားထုတ်ခြင်း ‘သမ္မပ္ပဓာန်'တို့သည် တည်ကြည်မှု၏ အခြံအရံတို့တည်း။ ထိုတရားတို့ကိုသာလျှင် မှီဝဲခြင်း ပွားများခြင်း ကြိမ်ဖန်များစွာပြုခြင်းသည် ဤအရာ၌ တည်ကြည်မှုကို ပွါးများခြင်းတည်းဟု (မိန့်ဆို၏)။

၄၆၃။ “အသျှင်မ သင်္ခါရတို့သည် အဘယ်မျှတို့နည်း” ဟု (လျှောက်၏)။

ဒါယကာဝိသာခ သင်္ခါရတို့သည် ကိုယ်ဖြင့် ပြုစီရင်မှု ‘ကာယသင်္ခါရ’၊ နှုတ်ကို ပြုစီရင်မှု ‘ဝစီသင်္ခါရ’၊ စိတ်ဖြင့် ပြုစီရင်မှု ‘စိတ္တသင်္ခါရ’၊ ဤသုံးပါးတို့တည်းဟု (မိန့်ဆို၏)။

“အသျှင်မ အဘယ်သည် ကိုယ်ဖြင့် ပြုစီရင်မှု ‘ကာယသင်္ခါရ’ မည်သနည်း၊ အဘယ်သည် နှုတ်ကိုပြုစီရင်မှု ‘ဝစီသင်္ခါရ’ မည်သနည်း၊ အဘယ်သည် စိတ်ဖြင့် ပြုစီရင်မှု ‘စိတ္တသင်္ခါရ’ မည်သနည်း” ဟု (လျှောက်၏)။

ဒါယကာဝိသာခ ထွက်သက် ဝင်သက်တို့သည် ကိုယ်ဖြင့် ပြုစီရင်မှု ‘ကာယသင်္ခါရ’ မည်၏၊ ဝိတက်ဝိစာရတို့သည် နှုတ်ကို ပြုစီရင်မှု ‘ဝစီသင်္ခါရ’ မည်၏၊ သညာ, ဝေဒနာတို့သည် စိတ်ဖြင့် ပြုစီရင်မှု ‘စိတ္တသင်္ခါရ’ မည်၏ဟု (မိန့်ဆို၏)။

“အသျှင်မ အဘယ်ကြောင့် ထွက်သက် ဝင်သက်တရားတို့သည် ကိုယ်ဖြင့် ပြုစီရင်မှု ‘ကာယသင်္ခါရ’ မည်သနည်း၊ အဘယ်ကြောင့် ဝိတက် ဝိစာရတို့သည် နှုတ်ကို ပြုစီရင်မှု ‘ဝစီသင်္ခါရ’ မည်သနည်း၊ အဘယ်ကြောင့် သညာ, ဝေဒနာတို့သည် စိတ်ဖြင့် ပြုစီရင်မှု ‘စိတ္တသင်္ခါရ’ မည်သနည်း” ဟု (လျှောက်၏)။

ဒါယကာဝိသာခ ထိုထွက်သက်ဝင်သက်တရားတို့သည် ကိုယ်၌ ဖြစ်ကုန်၏၊ ကိုယ်နှင့် စပ်ကုန်၏၊ ထို့ကြောင့် ထိုထွက်သက်ဝင်သက်တို့သည် ကိုယ်ဖြင့် ပြုစီရင်မှု ‘ကာယသင်္ခါရ’ မည်၏။ ဒါယကာဝိသာခရှေးဦးကပင်ကြံစည်၍ စဉ်းစား၍ နောက်မှ စကားကို မြွက်ဆို၏၊ ထို့ကြောင့် ဝိတက် ဝိစာရတို့သည်နှုတ်ကို ပြုစီရင်မှု ‘ဝစီသင်္ခါရ’ မည်၏၊ ထိုသညာ,ဝေဒနာတို့သည် စိတ်၌ ဖြစ်ကုန်၏၊ စိတ်နှင့် စပ်ကုန်၏၊ ထို့ကြောင့် သညာ, ဝေဒနာတို့သည် စိတ်ဖြင့် ပြုစီရင်မှု ‘စိတ္တသင်္ခါရ’ မည်၏ဟု (မိန့်ဆို၏)။

--

၄၆၄။ “အသျှင်မ သညာ, ဝေဒနာချုပ်နေခြင်းသို့ ရောက်မှု ‘နိရောဓသမာပတ်’ သည် အဘယ်သို့ဖြစ်ပါသနည်း” ဟု (လျှောက်၏)။ ဒါယကာဝိသာခ သညာ, ဝေဒနာချုပ်နေခြင်းသို့ ရောက်သော ရဟန်းအား “ငါသည် သညာ, ဝေဒနာချုပ်နေခြင်းသို့ ရောက်လိမ့်မည် ဟူ၍လည်းကောင်း၊ ငါသည် သညာ,ဝေဒနာချုပ်နေခြင်းသို့ ရောက်၏ဟူ၍လည်းကောင်း၊ ငါသည် သညာ, ဝေဒနာချုပ်နေခြင်းသို့ ရောက်ပြီ” ဟူ၍လည်းကောင်း စိတ်မဖြစ်။ စင်စစ်သော်ကား ထိုရဟန်းသည် ထိုသို့ ချုပ်စိမ့်သောငှါ ဆောင်စွမ်းနိုင်သော စိတ်ကို ရှေးဦးကပင် ထိုသို့သော အခြင်းအရာဖြင့် ပွါးများထား၏။

“အသျှင်မ သညာ, ဝေဒနာချုပ်နေခြင်းသို့ ရောက်သော (နိရောဓသမာပတ်ဝင်စားသည့်) ရဟန်း အားအဘယ်တရားတို့ ရှေးဦးစွာ ချုပ်ကြပါသနည်း၊ ကိုယ်ဖြင့် ပြုစီရင်မှု ‘ကာယသင်္ခါရ’ လော၊ သို့မဟုတ်နှုတ်ကို ပြုစီရင်မှု ‘ဝစီသင်္ခါရ’ လော၊ သို့မဟုတ် စိတ်ဖြင့် ပြုစီရင်မှု ‘စိတ္တသင်္ခါရ'လော” ဟု (လျှောက်၏)။

ဒါယကာဝိသာခ သညာ, ဝေဒနာချုပ်နေခြင်းသို့ ရောက်သော (နိရောဓသမာပတ်ဝင်စားသည့်) ရဟန်းအား နှုတ်ကို ပြုစီရင်မှု ‘ဝစီသင်္ခါရ’ ရှေးဦးစွာ ချုပ်၏၊ ထို့နောက် ကိုယ်ဖြင့် ပြုစီရင်မှု ‘ကာယသင်္ခါရ’၊ ထို့နောက် စိတ်ဖြင့် ပြုစီရင်မှု ‘စိတ္တသင်္ခါရ’ ချုပ်၏ဟု (မိန့်ဆို၏)။

“အသျှင်မ သညာ, ဝေဒနာ ချုပ်နေခြင်းသို့ ရောက်ခြင်း ‘နိရောဓသမာပတ်’ မှ ထမှုသည် အဘယ် သို့ဖြစ်သနည်း” ဟု (လျှောက်၏)။ ှဒါယကာဝိသာခ သညာ, ဝေဒနာချုပ်နေခြင်းသို့ ရောက်ခြင်း ‘နိရောဓသမာပတ်’ မှ ထသောရဟန်းအား “ငါသည် သညာ, ဝေဒနာချုပ်နေခြင်းသို့ ရောက်ခြင်းမှ ထတော့မည်ဟူ၍လည်းကောင်းငါသည် သညာ,ဝေဒနာ ချုပ်နေခြင်းသို့ ရောက်ခြင်းမှ ထ၏ဟူ၍လည်းကောင်း ငါသည် သညာ, ဝေဒနာချုပ်နေခြင်းသို့ ရောက်ခြင်းမှ ထပြီးပြီ” ဟူ၍လည်းကောင်း စိတ်မဖြစ်။ စင်စစ်သော်ကား ထိုရဟန်းသည်ထိုသို့ထစိမ့်သောငှါ ဆောင်စွမ်းနိုင်သော စိတ်ကို ရှေးဦးကပင် ထိုသို့သောအခြင်းအရာဖြင့် ပွါးများထား၏ဟု (မိန့်ဆို၏)။

“အသျှင်မ သညာ, ဝေဒနာချုပ်နေခြင်းသို့ ရောက်ခြင်း ‘နိရောဓသမာပတ်'မှ ထသော ရဟန်းအားအဘယ်တရားတို့ ရှေးဦးစွာ ဖြစ်ပေါ်ကြပါသနည်း၊ ကိုယ်ဖြင့် ပြုစီရင်မှု ‘ကာယသင်္ခါရ’ လော၊ သို့မဟုတ် နှုတ်ကို ပြုစီရင်မှု ‘ဝစီသင်္ခါရ’ လော၊ သို့မဟုတ် စိတ်ဖြင့် ပြုစီရင်မှု ‘စိတ္တသင်္ခါရ’ လော” ဟု (လျှောက်၏)။

ဒါယကာဝိသာခ သညာ, ဝေဒနာချုပ်နေခြင်းသို့ ရောက်ခြင်း ‘နိရောဓသမာပတ်’ မှ ထသောရဟန်းအား စိတ်ဖြင့် ပြုစီရင်မှု ‘စိတ္တသင်္ခါရ’ ရှေးဦးစွာ ဖြစ်ပေါ်၏၊ ထို့နောက် ကိုယ်ဖြင့် ပြုစီရင်မှု ‘ကာယသင်္ခါရ’၊ ထို့နောက် နှုတ်ကို ပြုစီရင်မှု ‘ဝစီသင်္ခါရ’ ဖြစ်ပေါ်၏ဟု (မိန့်ဆို၏)။

“အသျှင်မ သညာ, ဝေဒနာချုပ်နေခြင်းသို့ ရောက်ခြင်း ‘နိရောဓသမာပတ်’ မှ ထပြီးသော ရဟန်းကိုအဘယ်မျှသော တွေ့ထိမှု ‘ဖဿ'တို့သည် တွေ့ထိကုန်သနည်း” ဟု (လျှောက်၏)။

ဒါယကာဝိသာခ သညာ, ဝေဒနာချုပ်နေခြင်းသို့ ရောက်ခြင်း ‘နိရောဓသမာပတ်’ မှ ထပြီးသောရဟန်းကို ဆိတ်သုဉ်းသော တွေ့ထိမှု ‘သုညတဖဿ’၊ (အာရုံ) နိမိတ်မရှိသော တွေ့ထိမှု ‘အနိမိတ္တဖဿ’၊ တောင့်တမှုမရှိသော တွေ့ထိမှု ‘အပ္ပဏိဟိတဖဿ’ ဟူသော တွေ့ထိမှု သုံးပါးတို့သည် တွေ့ထိကုန်၏ဟု (မိန့်ဆို၏)။

“အသျှင်မ သညာ, ဝေဒနာချုပ်နေခြင်းသို့ ရောက်ခြင်း ‘နိရောဓသမာပတ်’ မှ ထပြီးသော ရဟန်း၏စိတ်သည် အဘယ်သို့ ညွတ်ပါသနည်း၊ အဘယ်သို့ ကိုင်းပါသနည်း၊ အဘယ်သို့ ရှိုင်းပါသနည်း” ဟု (လျှောက်၏)။

ဒါယကာဝိသာခ သညာ, ဝေဒနာချုပ်နေခြင်းသို့ ရောက်ခြင်း ‘နိရောဓသမာပတ်’ မှ ထပြီးသော ရဟန်း၏ စိတ်သည် ကင်းဆိတ်မှု ‘ဝိဝေက’ (နိဗ္ဗာန်) သို့ ညွတ်၏၊ ကင်းဆိတ်မှု ‘ဝိဝေက’ (နိဗ္ဗာန်) သို့ ကိုင်း၏၊ ကင်းဆိတ်မှု ‘ဝိဝေက’ (နိဗ္ဗာန်) သို့ ရှိုင်း၏ဟု (မိန့်ဆို၏)။

--

၄၆၅။ “အသျှင်မ ခံစားမှု ‘ဝေဒနာ'တို့သည် အဘယ်မျှတို့ပါနည်း” ဟု (လျှောက်၏)။

ဒါယကာဝိသာခ ခံစားမှု ‘ဝေဒနာ'တို့သည် ချမ်းသာခံစားမှု, ဆင်းရဲခံစားမှု, ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ခံစားမှု၊ ဤသုံးပါးတို့တည်းဟု (မိန့်ဆို၏)။

“အသျှင်မ ချမ်းသာခံစားမှုသည် အဘယ်ပါနည်း၊ ဆင်းရဲခံစားမှုသည် အဘယ်ပါနည်း၊ ဆင်းရဲ မဟုတ်ချမ်းသာမဟုတ်သော ခံစားမှုသည် အဘယ်ပါနည်း” ဟု (လျှောက်၏)။

ဒါယကာဝိသာခ ကိုယ်၌သော်လည်းကောင်း၊ စိတ်၌သော်လည်းကောင်း ဖြစ်သည့် ချမ်းမြေ့သာယာစွာခံစားခြင်းသည် ချမ်းသာခံစားမှုပင်တည်း။ ဒါယကာဝိသာခ ကိုယ်၌သော်လည်းကောင်း၊ စိတ်၌သော်လည်းကောင်း ဖြစ်သည့် ဆင်းရဲငြိုငြင်စွာ ခံစားခြင်းသည် ဆင်းရဲခံစားမှုပင်တည်း။ ဒါယကာဝိသာခ့ကိုယ်၌သော်လည်းကောင်း၊ စိတ်၌သော်လည်းကောင်း ဖြစ်သည့် သာယာစွာလည်းမဟုတ်မသာမယာလည်း မဟုတ်သော ခံစားခြင်းသည် ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ခံစားမှုပင်တည်းဟု (မိန့်ဆို၏)။

“အသျှင်မ ချမ်းသာခံစားမှုသည် မည်သို့ချမ်းသာပါသနည်း၊ မည်သို့ဆင်းရဲပါသနည်း၊ ဆင်းရဲခံစားမှုသည် မည်သို့ချမ်းသာပါသနည်း၊ မည်သို့ဆင်းရဲပါသနည်း၊ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သောခံစားမှုသည် မည်သို့ ချမ်းသာပါသနည်း၊ မည်သို့ဆင်းရဲပါသနည်း” ဟု (လျှောက်၏)။

ဒါယကာဝိသာခ ချမ်းသာခံစားမှုသည် တည်ရှိနေဆဲအားဖြင့် ချမ်းသာ၏၊ ဖေါက်ပြန်ပြောင်းလဲသောအားဖြင့် ဆင်းရဲ၏။ ဆင်းရဲခံစားမှုသည် တည်ရှိနေဆဲအားဖြင့် ဆင်းရဲ၏၊ ဖေါက်ပြန်ပြောင်းလဲသောအားဖြင့် ချမ်းသာ၏။ ဆင်းရဲမဟုတ်ချမ်းသာမဟုတ်သော ခံစားမှုသည် သိသောအားဖြင့် ချမ်းသာ၏၊ မသိသောအားဖြင့် ဆင်းရဲ၏ဟု (မိန့်ဆို၏)။

“အသျှင်မ ချမ်းသာခံစားမှု၌ အဘယ်အနုသယသည် ကိန်းဝပ်သနည်း၊ ဆင်းရဲခံစားမှု၌ အဘယ်အနုသယသည် ကိန်းဝပ်သနည်း၊ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ခံစားမှု၌ အဘယ်အနုသယသည်ကိန်းဝပ်သနည်း” ဟု (လျှောက်၏)။

ဒါယကာဝိသာခ ချမ်းသာခံစားမှု၌ ရာဂါနုသယသည် ကိန်းဝပ်၏၊ ဆင်းရဲခံစားမှု၌ ပဋိဃာနုသယ သည်ကိန်းဝပ်၏၊ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ခံစားမှု၌ အဝိဇ္ဇာနုသယသည် ကိန်းဝပ်၏ဟု (မိန့်ဆို၏)။

“အသျှင်မ ချမ်းသာခံစားမှုအားလုံး၌ ရာဂါနုသယသည် ကိန်းဝပ်ပါသလော၊ ဆင်းရဲခံစားမှု အား လုံး၌ပဋိဃာနုသယသည် ကိန်းဝပ်ပါသလော၊ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ခံစားမှုအားလုံး၌အဝိဇ္ဇာနုသယသည် ကိန်းဝပ်ပါသလော” ဟု (လျှောက်၏)။

ဒါယကာဝိသာခ ချမ်းသာခံစားမှုအားလုံး၌ ရာဂါနုသယသည် မကိန်းဝပ်၊ ဆင်းရဲခံစားမှုအားလုံး၌ပဋိဃာနုသယသည် မကိန်းဝပ်၊ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ခံစားမှုအားလုံး၌ အဝိဇ္ဇာနုသယသည် မကိန်းဝပ်ဟု (မိန့်ဆို၏)။

“အသျှင်မ ချမ်းသာခံစားမှု၌ အဘယ်ကို ပယ်ရပါမည်နည်း၊ ဆင်းရဲခံစားမှု၌ အဘယ်ကို ပယ်ရပါမည်နည်း၊ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ခံစားမှု၌ အဘယ်ကို ပယ်ရပါမည်နည်း” ဟု (လျှောက်၏)။

ဒါယကာဝိသာခ ချမ်းသာခံစားမှု၌ ရာဂါနုသယကို ပယ်ရမည်၊ ဆင်းရဲခံစားမှု၌ ပဋိဃာနုသယကိုပယ်ရမည်၊ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ခံစားမှု၌ အဝိဇ္ဇာနုသယကို ပယ်ရမည်ဟု (မိန့်ဆို၏)။

--

“အသျှင်မ ချမ်းသာခံစားမှုအားလုံး၌ ရာဂါနုသယကို ပယ်သင့်ပါသလော၊ ဆင်းရဲခံစားမှုအားလုံး၌ပဋိဃာနုသယကို ပယ်သင့်ပါသလော၊ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ခံစားမှုအားလုံး၌အဝိဇ္ဇာနုသယ ကို ပယ်သင့်ပါသလော” ဟု (လျှောက်၏)။

ဒါယကာဝိသာခ ချမ်းသာခံစားမှုအားလုံး၌ ရာဂါနုသယကို မပယ်ရ၊ ဆင်းရဲခံစားမှုအားလုံး၌ပဋိဃာနုသယကို မပယ်ရ၊ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ခံစားမှုအားလုံး၌ အဝိဇ္ဇာနုသယကိုမပယ်ရ။

ဒါယကာဝိသာခ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင်ကြံစည်ခြင်း ‘ဝိတက်’ နှင့်တကွ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ'နှင့်တကွဖြစ်သော (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သည့် နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ထိုပဌမဈာန်ဖြင့် တပ်မက်မှု ‘ရာဂ’ ကို ပယ်၏၊ ထိုပဌမဈာန်၌ ရာဂါနုသယသည် မကိန်းဝပ်။ ဒါယကာ ဝိသာခ ဤသာသနာတော်၌ ရဟန်းသည် “ယခုအခါ၌ အရိယာတို့ရောက်၍ နေကြသည့် တည်ရာ ‘အရဟတ္တဖိုလ်’ ကို ငါသည် အဘယ်အခါ၌ ရောက်၍ နေရအံနည်း” ဟု့ဆင်ခြင်၏။ ဤသို့ မြတ်သော လွတ်မြောက်ရာ အရဟတ္တဖိုလ်၌ တောင့်တမှုကို ဖြစ်စေသော ရဟန်းအားတောင့်တမှု ဟူသော အကြောင်းကြောင့် စိတ်ဆင်းရဲမှု “ဒေါမနဿ” ဖြစ်၏၊ ထိုစိတ်ဆင်းရဲမှု ‘ဒေါမနဿ'ဖြင့် ထိခိုက်မှု ‘ပဋိဃ'၂ကို ပယ်၏၊ ထိုစိတ်ဆင်းရဲမှု ‘ဒေါမနဿ’၌ ပဋိဃာနုသယသည် မကိန်းဝပ်။ ဒါယကာ ဝိသာခ ဤသာသနာတော်၌ ရဟန်းသည် ချမ်းသာဆင်းရဲကိုပယ်ခြင်းကြောင့်လည်းကောင်း၊ ဝမ်းမြောက်ခြင်း နှလုံးမသာခြင်းတို့၏ ရှေးဦးကပင်လျှင် ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲချမ်းသာမရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ'ကြောင့် ဖြစ်သည့်သတိ၏ စင်ကြယ်ခြင်း ရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ထိုစတုတ္ထဈာန်ဖြင့် မသိမှု ‘အဝိဇ္ဇာ’ကိုပယ်၏၊ ထိုစတုတ္ထဈာန်၌ အဝိဇ္ဇာနုသယသည် မကိန်းဝပ်ဟု (မိန့်ဆို၏)။

၄၆၆။ “အသျှင်မ ချမ်းသာခံစားမှု၏ပြိုင်ဘက်ကား အဘယ်ပါနည်း” ဟု (လျှောက်၏)။

ဒါယကာဝိသာခ ချမ်းသာခံစားမှု၏ပြိုင်ဘက်ကား ဆင်းရဲခံစားမှုပင်တည်းဟု (မိန့်ဆို၏)။

“အသျှင်မ ဆင်းရဲခံစားမှု၏ပြိုင်ဘက်ကား အဘယ်ပါနည်း” ဟု (လျှောက်၏)။

ဒါယကာဝိသာခ ဆင်းရဲခံစားမှု၏ပြိုင်ဘက်ကား ချမ်းသာခံစားမှုပင်တည်းဟု (မိန့်ဆို၏)။

“အသျှင်မ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ခံစားမှု၏ပြိုင်ဘက်ကား အဘယ်ပါနည်း” ဟု (လျှောက်၏)။

ဒါယကာဝိသာခ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ခံစားမှု၏ပြိုင်ဘက်ကား မသိမှု ‘အဝိဇ္ဇာ’ပင်တည်းဟု (မိန့်ဆို၏)။

“အသျှင်မ မသိမှု ‘အဝိဇ္ဇာ’၏ ပြိုင်ဘက်ကား အဘယ်ပါနည်း” ဟု (လျှောက်၏)။

ဒါယကာဝိသာခ မသိမှု ‘အဝိဇ္ဇာ’၏ပြိုင်ဘက်ကား သိမှု ‘ဝိဇ္ဇာ’ ပင်တည်းဟု (မိန့်ဆို၏)။

“အသျှင်မ သိမှု ‘ဝိဇ္ဇာ'၏ပြိုင်ဘက်ကား အဘယ်ပါနည်း” ဟု (လျှောက်၏)။ ဒါယကာဝိသာခ သိမှု ‘ဝိဇ္ဇာ'၏ပြိုင်ဘက်ကား လွတ်မြောက်မှု ‘ဝိမုတ္တိ’ ပင်တည်းဟု (မိန့်ဆို၏)။

“အသျှင်မလွတ်မြောက်မှု ‘ဝိမုတ္တိ'၏ပြိုင်ဘက်ကား အဘယ်ပါနည်း” ဟု (လျှောက်၏)။

ဒါယကာဝိသာခ လွတ်မြောက်မှု ‘ဝိမုတ္တိ'၏ပြိုင်ဘက်ကားငြိမ်းအေးမှု ‘နိဗ္ဗာန်’ ပင်တည်းဟု (မိန့်ဆို၏)။

“အသျှင်မငြိမ်းအေးမှု ‘နိဗ္ဗာန်'၏ပြိုင်ဘက်ကား အဘယ်နည်း” ဟု (လျှောက်၏)။

--

ဒါယကာဝိသာခ ပြဿနာကို လွန်၍သွား၏၊ ပြဿနာတို့၏ အဆုံးအပိုင်းအခြားကို ယူရန် မစွမ်း နိုင်။ ဒါယကာဝိသာခ မှန်၏၊ မြတ်သော အကျင့်သည် နိဗ္ဗာန်သို့ သက်ဝင်၏၊ နိဗ္ဗာန်လျှင် လားရာရှိ၏၊ နိဗ္ဗာန်လျှင် အဆုံးရှိ၏။ ဒါယကာဝိသာခ အလိုရှိခဲ့မူ သင်သည် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ထိုအနက်ကိုမေးလျှောက်လော့။ သင့်အား မြတ်စွာဘုရား ဖြေကြားတော်မူသည့်အတိုင်း ထိုအနက်ကို မှတ်လော့ဟု (မိန့်ဆို၏)။

၄၆၇။ ထိုအခါ ဝိသာခဥပါသကာသည် ဓမ္မဒိန္နာရဟန်းမိန်းမ၏ စကားကို နှစ်သက် ဝမ်းမြောက်၍နေရာမှ ထလျက် ဓမ္မဒိန္နာရဟန်းမိန်းမကို ရိုသေစွာ ရှိခိုးပြီးလျှင် အရိုအသေပြုကာ မြတ်စွာဘုရားထံသို့ချဉ်းကပ်၍ ရိုသေစွာ ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်ပြီးသော် ဓမ္မဒိန္နာရဟန်းမိန်းမနှင့်အတူ ကောင်းစွာ နှီးနှောပြောဆိုခဲ့သမျှသော စကားအလုံးစုံကို မြတ်စွာဘုရားအား လျှောက်ကြား၏။

ဤသို့ လျှောက်ကြားသော် မြတ်စွာဘုရားသည် ဝိသာခဥပါသကာအား- “ဝိသာခ ဓမ္မဒိန္နာရဟန်းမိန်းမသည် ပညာရှိ၏၊ ဝိသာခ ဓမ္မဒိန္နာရဟန်းမိန်းမသည် များသောပညာရှိ၏၊ ဝိသာခ ငါ့ကိုလည်းအကယ်၍ ထိုအနက်ကို မေးငြားအံ့၊ ငါသည်လည်း ထိုအနက်ကို ဓမ္မဒိန္နာရဟန်းမိန်းမ ဖြေကြားသကဲ့သို့ပင်လျှင် ဖြေကြားရာ၏၊ ထိုပြဿနာ၏ အနက်သည် ဤအနက်ပင်တည်း၊ ဤသို့ပင် ထိုအနက်ကို မှတ်လော့” ဟု (မိန့်တော်မူ၏)။ ဝိသာခဥပါသကာသည် မြတ်စွာဘုရားဟောတော်မူသော တရားတော်ကိုနှစ်လို သည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူလေသတည်း။

လေးခုမြောက် စူဠဝေဒလ္လသုတ်ပြီး၏။

၁။ သက္ကာယဟုူသည် ထင်ရှားရှိကိုယ်တည်း။

၂။ ဒေါမနဿဖြင့် ပဋိဃကို မပယ်နိုင်။ ငါ၌ ဒေါမနဿကို မဖြစ်စေအံ့ဟု နှလုံးသွင်းလျက် ဝီရိယကို မြဲမြံစွာပြု၍ ကျင့်သဖြင့် ရအပ်သော အနာဂါမိမဂ်ဖြင့်သာ ပဋိဃကို ပယ်၏ဟု မှတ်ရာ၏။ ။ (အဋ္ဌကထာ)။

--

၅- စူဠဓမ္မသမာဒါနသုတ်

၄၆၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟု ခေါ်တော်မူ၏။ ထိုရဟန်းတို့သည် “အသျှင်ဘုရား” ဟု မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤသို့ မိန့်ဆိုတော်မူ၏။ ရဟန်းတို့ တရားကို ဆောက်တည်ခြင်းတို့သည် ဤလေးပါးတို့တည်း။ အဘယ်လေးပါးတို့နည်းဟူမူ- ရဟန်းတို့ ပစ္စုပ္ပန်၌ ချမ်းသာ၍ နောင်အခါ၌ ဆင်းရဲကျိုးရှိသော တရားဆောက်တည်ခြင်းသည် ရှိ၏၊ ပစ္စုပ္ပန်၌လည်း ဆင်းရဲ နောင်အခါ၌လည်း ဆင်းရဲကျိုးရှိသော တရားဆောက်တည်ခြင်းသည် ရှိ၏၊ ပစ္စုပ္ပန်၌ ဆင်းရဲ၍ နောင်အခါ၌ ချမ်းသာကျိုးရှိသော တရားဆောက်တည်ခြင်းသည် ရှိ၏၊ ပစ္စုပ္ပန်၌လည်း ချမ်းသာ နောင်အခါ၌လည်း ချမ်းသာကျိုးရှိသော တရားဆောက်တည်ခြင်းသည် ရှိ၏။

၄၆၉။ ရဟန်းတို့ ပစ္စုပ္ပန်၌ ချမ်းသာ၍ နောင်အခါ၌ ဆင်းရဲ ကျိုးရှိသည့် တရားဆောက်တည်ခြင်းကားအဘယ်နည်း။ ရဟန်းတို့ “ကာမတို့၌ အပြစ်မရှိ” ဟု ပြောဆိုလေ့ရှိကုန် ယူလေ့ရှိကုန်သော အချို့သောသမဏဗြာဟ္မဏတို့သည် ရှိကုန်၏။ ထိုသူတို့သည် ကာမဂုဏ်တို့ကို သုံးဆောင်ခံစားကုန်၏။ ဆံထုံးထုံးကုန်သော ရသေ့ပရိဗိုဇ်မတို့နှင့် ပျော်ပါးကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် “ကာမတို့၌အဘယ်မည်သော မရောက်လာသေးသော ဘေးကို မြင်ကုန်၍ ကာမတို့ကို ပယ်ခြင်းကို ပြောဆိုရကုန်ဘိသနည်း၊ ကာမတို့ကို လွန်မြောက်ခြင်းကို ပညတ်ရကုန်ဘိသနည်း၊ ပျိုနုသော ဤပရိဗိုဇ်မ၏ နူးညံ့သောအမွေးရှိသော လက်မောင်း၏ အတွေ့သည် ချမ်းသာ၏” ဟု ထိုသူတို့ ပြောဆိုကုန်၏။ ထိုသူတို့သည်ကာမဂုဏ်တို့ကို ခံစားကြကုန်၏။ ကာမဂုဏ်တို့ကို ခံစားကြကုန်သောကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောသူတို့ လားရာ ပျက်စီး၍ ကျရာ ငရဲသို့ရောက်ကြရ ကုန်၏။ ထိုသူတို့သည် ထိုငရဲ၌ ကြမ်းတမ်း စပ်ခါး ဆိုးရွားထက်မြက်သော ဆင်းရဲဝေဒနာကိုခံစားကြရ ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် “ကာမတို့၌ ဤမရောက်လာ သေးသောဘေးကိုမြင်ကုန်၍ ကာမတို့ကို ပယ်ခြင်းကို ပြောဆိုကုန်၏၊ ကာမတို့ကို လွန်မြောက်ခြင်းကို ပညတ်ကုန်၏၊ ငါတို့သည် ကာမအထောက်ပံ့ ကာမအရင်းခံကြောင့် ကြမ်းတမ်းစပ်ခါး ဆိုးရွားထက်မျက်သောဆင်းရဲဝေဒနာကို ခံစား ကြရကုန်၏ဟု ထိုသူတို့ ပြောဆိုကုန်၏။

ရဟန်းတို့ ဥပမာသော်ကား နွေဥတုတို့၏ နောက်ဆုံးလ၌ မာလောနွယ်သီးမှည့်သည် ကွဲရာ၏၊ ထိုအခါထိုမာလောနွယ်စေ့သည် တစ်ခုသော အင်ကြင်းပင်ရင်း၌ ကျရာ၏။ ထိုအခါ ထိုအင်ကြင်းပင်၌စောင့်နေသော နတ်သည် ကြောက်ရွံ့ ထိတ်လန့်လျက် ပူပန်ခြင်းသို့ ရောက်ရာ၏။ ထိုအခါ ထိုအင်ကြင်းပင်စောင့်နတ်၏ မိတ်ဆွေ အပေါင်းအသင်း ဆွေမျိုးသားချင်းဖြစ်ကုန်သော အရံစောင့်နတ် တောစောင့်နတ်သစ်ပင်စောင့်နတ် ဆေးမျိုးပင် မြက်ပင် တောစိုးပင်တို့၌ စောင့်နေသော နတ်တို့သည် ပေါင်းဆုံစုရုံးလာကြ၍ “အသျှင်သည် မကြောက်ပါလင့်၊ အသျှင်သည် မကြောက်ပါလင့်၊ ဤမာလောနွယ်စေ့ကို့ဥဒေါင်းသော်လည်း မျိုရာ၏၊ သားကောင်းသော်လည်း စားရာ၏၊ တောမီးသော်လည်း လောင်ရာ၏၊ တောအလုပ် သမားတို့သော်လည်း ကောက်ယူသွားကုန်ရာ၏၊ ခြတို့သော်လည်း တက်ကုန်ရာ၏၊ မျိုးမအောင်ဘဲသော်လည်း ဖြစ်ရာ၏” ဟု စိတ်သက်သာရာ ရစေကုန်ရာ၏။

--

ရဟန်းတို့ ထို့နောက် ထို မာလောနွယ်စေ့ကို ဥဒေါင်းလည်း မမျိုရာ၊ သားကောင်လည်း မစားရာ၊ တောမီးလည်း မလောင်ရာ၊ တောအလုပ်သမားတို့လည်း ကောက်ယူ မသွားကုန်ရာ၊ ခြတို့လည်းမတက် ကုန်ရာ၊ မျိုးအောင်သည်လည်း ဖြစ်ရာ၏။ ထိုမာလောနွယ်စေ့သည် မိုးဦးကျ မိုးရွာသွန်းသော်ကောင်းစွာ သာလျှင် ပေါက်ရာ၏။ ထိုမာလောနွယ်သည် ပျိုနု၏၊ နူးညံ့၏၊ အမွေးရှိ၏၊ နွယ်လက်မောင်းရှိ၏၊ ထို မာလောနွယ်သည် ထိုအင်ကြင်းပင်ကို ကပ်မှီရာ၏။

ရဟန်းတို့ ထိုအခါ ထိုအင်ကြင်းပင်စောင့်နတ်အား ဤသို့ အကြံဖြစ်ရာ၏-

“မိတ်ဆွေ အပေါင်းအသင်း ဆွေမျိုးသားချင်းဖြစ်ကုန်သော ထိုအသျှင် အရံစောင့်နတ် တောစောင့်နတ်သစ်ပင်စောင့်နတ် ဆေးမျိုးပင် မြက်ပင် တောစိုးပင်တို့၌ စောင့်သော နတ်တို့သည် မာလောနွယ်စေ့၌အဘယ်မည်သော မရောက်လာသေးသည့် ဘေးကို မြင်ကုန်၍ ပေါင်းဆုံစုရုံးလာကြကာ ‘အသျှင်သည်မကြောက်ပါလင့်၊ အသျှင်သည် မကြောက်ပါလင့်၊ ဤမာလောနွယ်စေ့ကို ဥဒေါင်းသော်လည်း မျိုရာ၏၊ သားကောင်းသော်လည်း စားရာ၏၊ တောမီးသော်လည်း လောင်ရာ၏၊ တောအလုပ်သမားသော်လည်းကောက်ယူသွားကုန်ရာ၏၊ ခြတို့သော်လည်း တက်ကုန်ရာ၏၊ မျိုးမအောင်ဘဲသော်လည်း ဖြစ်ရာ၏’ဟုဤသို့ စိတ်သက်သာရာ ရစေကုန်ဘိသနည်း၊ ပျိုနုသော ဤမာလောနွယ်၏ နူးညံ့သော အမွေးရှိသောနွယ်လက်မောင်း အတွေ့သည် ချမ်းသာ၏” ဟု (အကြံဖြစ်ရာ၏)။

ထိုမာလောနွယ်သည် ထိုအင်ကြင်းပင်ကို ရစ်ပတ်နွယ်တက်၍ အထက်၌ ခွယှက်ခြင်းကို ပြုလျက်အောက်သို့ တွဲကြပြီးလျှင် ထိုအင်ကြင်းပင်၏ ကြီးကုန် ကြီးကုန်သော အကိုင်းတို့ကို ချိုးဖျက်ရာ၏။

ရဟန်းတို့ ထိုအခါ ထိုအင်ကြင်းပင်စောင့်နတ်အား ဤသို့ အကြံဖြစ်ရာ၏-

“မိတ်ဆွေ အပေါင်းအသင်း ဆွေမျိုးသားချင်းဖြစ်သော ထိုအသျှင် အရံစောင့်နတ် တောစောင့်နတ် သစ်ပင်စောင့်နတ် ဆေးမျိုးပင် မြက်ပင် တောစိုးပင်တို့၌ စောင့်နေရသော နတ်တို့သည် မာလောနွယ်စေ့၌ ဤမရောက် လာသေးသော ဘေးကို မြင်၍ ပေါင်းဆုံစုရုံးကြလျက် ‘အသျှင်သည် မကြောက်လင့်၊ အသျှင်သည် မကြောက်ပါလင့်’ ဤမာလောနွယ်စေ့ကို ဥဒေါင်းသော်လည်း မျိုရာ၏၊ သားကောင်းသော်လည်း စားရာ၏၊ တောမီးသော်လည်း လောင်ရာ၏၊ တောအလုပ်သမားတို့သော်လည်း ကောက်ယူသွားကုန်ရာ၏၊ ခြတို့သော်လည်း တက်ကုန်ရာ၏၊ မျိုးမအောင်ဘဲသော်လည်း ဖြစ်ရာ၏’ဟု စိတ်သက်သာရာရစေကုန်ရာ၏။ ငါသည် မာလောနွယ်စေ့ဟူသော အကြောင်းကြောင့် ကြမ်းတမ်းစပ်ခါး ဆိုးရွားထက်မြက်သော ဆင်းရဲဝေဒနာကို ခံစားရ၏” ဟု (အကြံံဖြစ်ရာ၏)။

ရဟန်းတို့ ဤအတူပင်လျှင် “ကာမတို့၌ အပြစ်မရှိ” ဟု ပြောဆိုလေ့ရှိကုန် ယူလေ့ရှိကုန်သောအချို့သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏။ ထိုသူတို့သည် ကာမဂုဏ်တို့ကို သုံးဆောင်ခံစားကုန်၏၊ ဆံထုံးထုံးသော ရသေ့ပရိဗိုဇ်မတို့နှင့် ပျော်ပါးကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် “ကာမတို့၌အဘယ်မည်သော မရောက်လာသေးသော ဘေးကို မြင်ကုန်၍ ကာမတို့ကို ပယ်ခြင်းကို ပြောဆိုရကုန်ဘိသနည်း၊ ကာမတို့ကို လွန်မြောက်ခြင်းကို ပညတ်ရကုန်ဘိသနည်း၊ ပျိုနုသော ဤပရိနိုဇ်မ၏ နူးညံ့သော အမွေးရှိသော လက်မောင်းအတွေ့သည် ချမ်းသာ၏” ဟု ထိုသူတို့သည် ပြောဆိုကုန်၏။ ထိုသူတို့သည် ကာမဂုဏ်တို့ကို ခံစားကြကုန်၏၊ ကာမဂုဏ်တို့ကို ခံစားကြကုန်သောကြောင့် ကိုယ်ခန္ဓာပျက်စီး၍သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော သူတို့လားရာ ပျက်စီး၍ ကျရာ ငရဲသို့ ရောက်ရကုန်၏။ ထိုသူတို့သည် ထိုငရဲ၌ ကြမ်းတမ်းစပ်ခါး ဆိုးရွားထက်မြက်သော ဆင်းရဲဝေဒနာကို ခံစားကြရကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် “ကာမတို့၌ ဤမရောက်လာသေးသော ဘေးကို မြင်ကုန်၍့ကာမတို့ကို ပယ်ခြင်းကို ပြောဆိုကုန်ရာ၏၊ ကာမတို့ကို လွန်မြောက်ခြင်းကို ပညတ်ကုန်ရာ၏၊ ငါတို့သည် ကာမအထောက်အပံ့ ကာမအရင်းခံကြောင့် ဤကြမ်းတမ်းစပ်ခါး ဆိုးရွားထက်မြက်သောဆင်းရဲဝေဒနာကို ခံစားကြရကုန်၏” ဟု ထိုသူတို့ ပြောဆိုကုန်၏။ ရဟန်းတို့ ဤသည်ကို ပစ္စုပ္ပန်၌ချမ်းသာ၍ နောင်အခါ၌ ဆင်းရဲကျိုးရှိသည့် တရားဆောက်တည်ခြင်းဟု ဆိုရ၏။

--

၄၇၀။ ရဟန်းတို့ ပစ္စုပ္ပန်၌လည်း ဆင်းရဲ နောင်အခါ၌လည်း ဆင်းရဲကျိုးရှိသည့် တရားဆောက်တည်ခြင်းသည် အဘယ်နည်း။

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အဝတ်မဝတ်ဘဲ နေ၏၊ လွတ်လပ်စွာကျင့်၏၊ လက်ဖြင့် (မစင်ကို) သုတ်၏၊ အသျှင်လာလော့ ဆိုသူ၏ ဆွမ်းကိုမခံ၊ အသျှင်ရပ်လော့ ဆိုသူ၏ ဆွမ်းကိုမခံ၊ မိမိမကပ်ရောက်မီ ယူဆောင်လာသော ဆွမ်းကိုမခံ၊ ရည်စူး၍ပြုသော ဆွမ်းကိုမခံ၊ ပင့်ဖိတ်ဆွမ်းကိုမခံ၊ အိုးဝမှ (ကော်၍ လောင်းသော) ဆွမ်းကိုမခံ၊ တောင်းဝမှ (ကော်၍လောင်းသော) ဆွမ်းကိုမခံ၊ တံခါးခုံခြား၍ (လောင်းသော) ဆွမ်းကိုမခံ၊ တုတ်ခြား၍ (လောင်းသော) ဆွမ်းကိုမခံ၊ ကျည်ပွေ့ခြား၍ (လောင်းသော) ဆွမ်းကိုမခံ၊ နှစ်ယောက်စား နေစဉ် ထ၍ (လောင်းသော) ဆွမ်းကိုမခံ၊ ကိုယ်ဝန်ဆောင်မိန်းမလောင်းသော ဆွမ်းကိုမခံ၊ နို့တိုက်ဆဲမိန်းမ လောင်းသော ဆွမ်းကိုမခံ၊ ယောက်ျားနှင့် နှီးနှောနေသော မိန်းမလောင်သော ဆွမ်းကိုမခံ၊ ဆော်အော စုဆောင်း၍ လောင်းသော ဆွမ်းတို့ကိုမခံ၊ ခွေးမျှော်ရာမှ ဆွမ်းကိုမခံ၊ ယင်အုံရာမှ ဆွမ်းကိုမခံ၊ ငါးမစား၊ အမဲမစား၊ သေမသောက် အရက်မသောက်၊ ဖွဲ၌မြှုပ်သော ဆေးရည်ကို မသောက်၊ တစ်အိမ်၌သာ ဆွမ်းခံ၏၊ တစ်လုတ်သာ စား၏၊ နှစ်အိမ်၌သာဆွမ်းခံ၏၊ နှစ်လုတ်သာ စား၏။ပ။ ခုနစ်အိမ်၌သာ ဆွမ်းခံ၏၊ ခုနစ်လုတ်သာ စား၏၊ ဆွမ်းလောင်းခွက်ငယ် တစ်ခုစာဖြင့်လည်း ရောင့်ရဲ၏၊ ဆွမ်းလောင်းခွက်ငယ် နှစ်ခုစာဖြင့်လည်း ရောင့်ရဲ၏။ပ။ ဆွမ်းလောင်းခွက်ငယ် ခုနစ်ခုစာတို့ဖြင့်လည်း ရောင့်ရဲ၏၊ တစ်ရက်ခြားလည်း အစာစား၏၊ နှစ်ရက်ခြားလည်းအစာစား၏။ပ။ ခုနစ်ရက်ခြားလည်း အစာစား၏။ ဤနည်းဖြင့် လခွဲတစ်ကြိမ်တိုင်အောင်လည်း ဤသို့သဘောရှိသော ရက်ပိုင်းခြား၍ အစာစားခြင်းအကျင့်ကို ကျင့်လျက် နေ၏။

ထိုသူသည် ဟင်းရွက်ကိုသော်လည်း စားနေ၏၊ ပြောင်းဆန်ကိုသော်လည်း စားနေ၏၊ ကျိတ်သီးဆန်ကိုသော်လည်း စားနေ၏၊ သားရေဖတ်အစအနကိုလည်း စားနေ၏၊ မှော်ကိုသော်လည်း စားနေ၏၊ ဖွဲနုကိုသော်လည်း စားနေ၏၊ ထမင်းရည်ကိုသော်လည်း သောက်နေ၏၊ နှမ်းမှုန့်ညက်ကိုသော်လည်း စားနေ၏၊ မြက်ကို သော်လည်း စားနေ၏၊ နွားချေကိုသော်လည်း စားနေ၏၊ တောသစ်မြစ် သစ်သီးကို စားလျက် မျှတ၏၊ ကြွေကျသော သစ်သီးကိုစားလျက် မျှတ၏။

ထိုသူသည် ပိုက်ဆံလျှော်အဝတ်တို့ကိုလည်း ဝတ်၏၊ ပိုက်ဆံလျှော်နှင့် ရောနှောရက်သော အဝတ်တို့ကိုလည်း ဝတ်၏၊ လူသေကောင်မှ အဝတ်တို့ကိုလည်း ဝတ်၏၊ ပံ့သကူအဝတ်တို့ကိုလည်း ဝတ်၏၊ သစ်ခေါက် အဝတ်တို့ကိုသော်လည်း ဝတ်၏၊ သစ်နက်ရေကိုလည်း ဝတ်၏၊ သစ်နက်ရေမျှင်အဝတ်ကိုလည်း ဝတ်၏၊ သမန်း မြက်အဝတ်ကိုလည်း ဝတ်၏၊ လျှော်တေအဝတ်ကိုလည်း ဝတ်၏၊ ပျဉ်ချပ်အဝတ်ကိုလည်း ဝတ်၏၊ ဆံခြည် ကမ္ဗလာအဝတ်ကိုလည်း ဝတ်၏၊ သားမြီးကမ္ဗလာကိုလည်း ဝတ်၏၊ ခင်ပုတ်ငှက်တောင်အဝတ်ကိုလည်း ဝတ်၏၊ ဆံမုတ်ဆိတ်ကိုလည်း နုတ်၏၊ ဆံမုတ်ဆိတ်နုတ်ခြင်းအမှုကိုအားထုတ်၏၊ ထိုင်ရန်နေရာကို ပယ်၍ ရပ်လျက်လည်း နေ၏။ ဆောင့်ကြောင့်ထိုင်နေ၏၊ ဆောင့်ကြောင့်ထိုင်နေခြင်း အမှုကိုလည်း အားထုတ်၏၊ ဆူးအခင်းပေါ်၌လည်း နေ၏၊ ဆူးအခင်းပေါ်၌အိပ်၏၊ ညနေချမ်းလျှင် သုံးကြိမ်မြောက် ရေသို့ သက်ဆင်းခြင်းအမှုကို အားထုတ်နေ၏၊ ဤသို့လျှင်ဤသို့သဘောရှိသည့် များ ပြားသော ကိုယ်ကို လွန်မင်းစွာ ပူပန်စေသော အကျင့်ကိုမပြတ်အားထုတ်လျက် နေ၏။

ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောသူတို့ လားရာ့ပျက်စီး၍ ကျရာ ငရဲသို့ ရောက်ရ၏။ ရဟန်းတို့ ဤသည်ကို ပစ္စုပ္ပန်၌လည်း ဆင်းရဲ နောင်အခါ၌လည်း ဆင်းရဲကျိုးရှိသည့် တရားဆောက်တည်ခြင်းဟု ဆိုရ၏။

--

၄၇၁။ ရဟန်းတို့ ပစ္စုပ္ပန်၌ ဆင်းရဲ၍ နောင်အခါ၌ ချမ်းသာကျိုးရှိသည့် တရားဆောက်တည်ခြင်းကားအဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သူသည် ပြကတေ့အားဖြင့် တပ်မက်မှု ‘ရာဂ'အားကြီးသောသဘော ရှိ၏။ ထိုသူသည် တပ်မက်မှု ‘ရာဂ’ ကြောင့်ဖြစ်သော ကိုယ်ဆင်းရဲ စိတ်ဆင်းရဲကိုမပြတ် ခံစားရ၏။ ပြကတေ့ အားဖြင့်ပြစ်မှားမှု ‘ဒေါသ’ အားကြီးသောသဘော ရှိ၏၊ ထိုသူသည်ပြစ်မှားမှု ‘ဒေါသ'ကြောင့်ဖြစ်သော ကိုယ်ဆင်းရဲ စိတ်ဆင်းရဲကို မပြတ် ခံစားရ၏။ ပြကတေ့အားဖြင့်တွေဝေမှု ‘မောဟ'အားကြီးသောသဘော ရှိ၏၊ ထိုသူသည် တွေဝေမှု ‘မောဟ’ ကြောင့်ဖြစ်သောကိုယ်ဆင်းရဲ စိတ် ဆင်းရဲကို မပြတ်ခံစားရ၏။ ထိုသူသည် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲနှင့် တကွလည်းမျက်ရည်စက်လက် ငိုကြွေးလျက် ပြည့်စုံစင်ကြယ်စွာ မြတ်သော အကျင့်ကို ကျင့်၏။ ထိုသူသည်ကိုယ်ခန္ဓာပျက်စီး၍ သေသည် မှ နောက်၌ ကောင်းသောသူတို့လားရာ နတ်ပြည်သို့ ရောက်ရ၏၊ ရဟန်းတို့ ဤသည်ကို ပစ္စုပ္ပန်၌ ဆင်းရဲ၍ နောင်အခါ၌ ချမ်းသာကျိုးရှိသည့် တရားဆောက်တည်ခြင်းဟုဆိုရ၏။

၄၇၂။ ရဟန်းတို့ ပစ္စုပ္ပန်၌လည်း ချမ်းသာ နောင်အခါ၌လည်း ချမ်းသာကျိုးရှိသည့် တရားဆောက်တည်ခြင်းကား အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သူသည် ပြကတေ့အားဖြင့်တပ်မက် မှု ‘ရာဂ’ အားကြီးသောသဘော မရှိ၊ ထိုသူသည် တပ်မက်မှု ‘ရာဂ'ကြောင့်ဖြစ်သော ကိုယ်ဆင်းရဲစိတ် ဆင်းရဲကို မပြတ်မခံစားရ။ ပြကတေ့အားဖြင့် ပြစ်မှားမှု ‘ဒေါသ'အားကြီးသောသဘော မရှိ၊ ထိုသူသည် ပြစ်မှားမှု ‘ဒေါသ'ကြောင့် ဖြစ်သော ကိုယ်ဆင်းရဲ စိတ်ဆင်းရဲကို မပြတ် မခံစားရ။ ပြကတေ့အားဖြင့် တွေဝေမှု ‘မောဟ’ အားကြီးသောသဘော မရှိ၊ ထိုသူသည် တွေဝေမှု ‘မောဟ’ ကြောင့်ဖြစ်သော ကိုယ်ဆင်း ရဲ စိတ်ဆင်းရဲကို မပြတ် မခံစားရ။ ထိုသူသည် ကာမဂုဏ်တို့မှကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင်ကြံစည်မှု ‘ဝိတက်’ နှင့် တကွဖြစ်သောသုံးသပ်ဆင်ခြင်မှု ‘ဝိစာရ'နှင့် တကွဖြစ် သော (နီဝရဏ) ကင်းခြင်းကြောင့်ဖြစ်သည့် နှစ်သိမ့်ခြင်း ‘ပီတိ'ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍နေ၏။ ဝိတက် ဝိစာရငြိမ်းခြင်းကြောင့် မိမိသန္တာန်၌စိတ်ကို ကြည်လင်စေတတ်သော စိတ်တည် ကြည်မှု ‘သမာဓိ'ကို ဖြစ်ပွားစေတတ်သောကြံစည်မှု ‘ဝိတက်'မရှိသော သုံးသပ်ဆင်ခြင်မှု ‘ဝိစာရ’ မရှိသော တည်ကြည်မှု ‘သမာဓိ’ ကြောင့်ဖြစ်သည့်နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့ရောက်၍ နေ၏။ ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ ကောင်းသောသူတို့လားရာဗြဟ္မာ့ပြည်သို့ ရောက်ရ၏။ ရဟန်းတို့ ဤသည်ကို ပစ္စုပ္ပန်၌လည်း ချမ်းသာ နောင်အခါ၌လည်းချမ်းသာကျိုးရှိသည့် တရားဆောက်တည်ခြင်းဟု ဆိုရ၏။

ရဟန်းတို့ တရားဆောက်တည်ခြင်းတို့သည် ဤလေးပါးတို့ပင်တည်းဟု ဤတရားစကားကို မြတ်စွာဘုရားသည် ဟောကြားတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ တရားကို နှစ်ခြိုက် ဝမ်းမြောက်ကြကုန်၏။

ငါးခုမြောက်သော စူဠဓမ္မသမာဒါနသုတ်ပြီး၏။

၆- မဟာဓမ္မသမာဒါနသုတ်

--

၄၇၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟု ခေါ်တော့်မူ၏။ ထိုရဟန်းတို့သည် “အသျှင်ဘုရား” ဟု မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏ -

“ရဟန်းတို့ များသောအားဖြင့် သတ္တဝါတို့သည် ‘အလိုမရှိအပ် မနှစ်သက်အပ် စိတ်နှလုံးကိုမပွါးစေတတ်သော တရားတို့ ဆုတ်ယုတ်ကုန်မူ ကောင်းလေစွ၊ အလိုရှိအပ် နှစ်သက်အပ် စိတ်နှလုံးကိုပွါးစေတတ်သော တရားတို့ တိုးပွါးကုန်မူ ကောင်းလေစွ’ဟု ဤသို့လိုလားခြင်း ရှိကုန်၏။ ဤသို့လိုချင်ခြင်း ရှိကုန်၏၊ ဤသို့ ရလိုကုန်၏။ ရဟန်းတို့ ထိုသတ္တဝါတို့အား ဤသို့ လိုလားခြင်းလိုချင်ခြင်း ရလိုခြင်း ရှိကုန်လျက် အလိုမရှိအပ် မနှစ်သက်အပ် စိတ်နှလုံးကို မပွါးစေတတ်သောတရားတို့ တိုးပွါးကုန်၏၊ အလိုရှိအပ် နှစ်သက်အပ် စိတ်နှလုံးကို ပွါးစေတတ်သော တရားတို့ဆုတ်ယုတ်ကုန်၏။ ရဟန်းတို့ ထိုသို့ဖြစ်ရာ၌ သင်တို့သည် အဘယ်အကြောင်းကိုယုံကြည်ကုန်သနည်း” ဟု (မေးတော်မူ၏)။ အသျှင်ဘုရား တပည့်တော်တို့အား တရားတို့သည်မြတ်စွာဘုရားလျှင် အမွန်အစရှိပါကုန်၏၊ မြတ်စွာဘုရားလျှင် ထုတ်ဆောင်ပြတတ်သူ ရှိပါကုန်၏၊ မြတ်စွာဘုရားလျှင် မှီခိုအားထားရာ ရှိပါကုန်၏။ အသျှင်ဘုရား တောင်းပန်ပါ၏၊ ထိုမိန့်ဆိုတော်မူသောတရားစကား၏ အနက်အဓိပ္ပါယ်ကို မြတ်စွာဘုရား သာလျှင် ဝေဖန်ဟောကြားတော်မူပါ၊ မြတ်စွာဘုရားအထံမှ နာကြား၍ ရဟန်းတို့သည် ဆောင်ထားကြပါ ကုန်လိမ့်မည်ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ထိုသို့ဖြစ်လျှင် နားထောင်ကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောကြားပေအံ့ဟု (မိန့်တော်မူ၏)။

“အသျှင်ဘုရား ကောင်းပါပြီ” ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤသို့ ဟောကြားတော်မူ၏။

၄၇၄။ ရဟန်းတို့ ဤလောက၌ အရိယာတို့ကို ဖူးမြင်လေ့မရှိ, အရိယာတရား၌ မကျွမ်းကျင်သော,အရိယာတရား၌ ယဉ်ကျေးမှုမရှိသော၊ သူတော်ကောင်းတို့ကို ဖူးမြင်လေ့မရှိ, သူတော်ကောင်းတရား၌မကျွမ်းကျင်သော, သူတော်ကောင်းတရား၌ ယဉ်ကျေးမှုမရှိသော, အကြားအမြင်မရှိသော ပုထုဇ္ဇဉ်သည်မှီဝဲသင့်သော တရား,မမှီဝဲသင့်သောတရားတို့ကို မသိ၊ ဆည်းပူးသင့်သောတရား, မဆည်းပူးသင့်သောတရားတို့ကို မသိ၊ ထိုသူသည် မှီဝဲသင့်သောတရား, မမှီဝဲသင့်သောတရားတို့ကို မသိမူ၍ ဆည်းပူးသင့်သောတရား မဆည်းပူးသင့်သောတရားတို့ကို မသိဘဲ မမှီဝဲသင့်သောတရားတို့ကို မှီဝဲ၏၊ မှီဝဲသင့်သောတရားတို့ကို မမှီဝဲ။ မဆည်းပူးသင့်သောတရားတို့ကို ဆည်းပူး၏၊ ဆည်းပူးသင့်သောတရားတို့ကိုမဆည်းပူး။ မမှီဝဲသင့်သောတရားတို့ကို မှီဝဲ၍ မှီဝဲသင့်သောတရားတို့ကို မမှီဝဲသော မဆည်းပူးသင့်သောတရားတို့ကို ဆည်းပူး၍ ဆည်းပူးသင့်သောတရားတို့ကို မဆည်းပူးသော ထိုသူအား အလိုမရှိအပ်မနှစ်သက်အပ် စိတ်နှလုံးကို မပွါးစေတတ်သောတရားတို့ တိုးပွါးကုန်၏၊ အလိုရှိအပ် နှစ်သက်အပ် စိတ်နှလုံးကို ပွါးစေတတ်သောတရားတို့ ဆုတ်ယုတ်ကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ထိုသဘောသည် မသိတတ်သူ လူမိုက်တို့၏ ထုံးတမ်းအတိုင်း ဖြစ်ရမြဲဖြစ်သောကြောင့်တည်း။၁

--

ရဟန်းတို့ အရိယာတို့ကို ဖူးမြင်လေ့ရှိသော, အရိယာတရား၌ ကျွမ်းကျင်သော, အရိယာတရား၌ယဉ်ကျေးပြီးသော၊ သူတော်ကောင်းတို့ကို ဖူးမြင်လေ့ရှိသော, သူတော်ကောင်းတရား၌ ကျွမ်းကျင်သော,သူတော် ကောင်းတရား၌ ယဉ်ကျေးပြီးသော, အကြားအမြင်ရှိသော မြတ်စွာဘုရား၏ တပည့်သည်မှီဝဲသင့်သောတရား, မမှီဝဲသင့်သောတရားတို့ကို သိ၏၊ ဆည်းပူးသင့်သောတရား, မဆည်းပူးသင့်သောတရားတို့ကို သိ၏။ ထိုသူသည် မှီဝဲသင့်သောတရား, မမှီဝဲသင့်သောတရားတို့ကို သိ၍ ဆည်းပူးသင့်သောတရား, မဆည်းပူးသင့်သောတရားတို့ကို သိ၍ မမှီဝဲသင့်သောတရားတို့ကို မမှီဝဲ၊ မှီဝဲသင့်သောတရားတို့ကို မှီဝဲ၏။ မဆည်းပူးသင့်သောတရားတို့ကို မဆည်းပူး၊ ဆည်းပူးသင့်သောတရားတို့ကို ဆည်းပူး့၏။ မမှီဝဲသင့်သောတရားတို့ကို မမှီဝဲဘဲ မှီဝဲသင့်သော တရားတို့ကို မှီဝဲသော, မဆည်းပူးသင့်သောတရားတို့ကို မဆည်းပူးဘဲ ဆည်းပူးသင့်သောတရားတို့ကို ဆည်းပူးသော ထိုသူအား အလိုမရှိအပ် မနှစ်သက်အပ် စိတ်နှလုံးကို မပွါးစေတတ်သောတရားတို့ ဆုတ်ယုတ်ကုန်၏၊ အလိုရှိအပ် နှစ်သက်အပ် စိတ်နှလုံးကိုပွါးစေတတ်သောတရားတို့ တိုးပွါးကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ထိုသဘောသည် ပညာရှိလူလိမ္မာတို့၏ ထုံးတမ်းအတိုင်း ဖြစ်ရမြဲဖြစ်သောကြောင့်တည်း။

၄၇၅။ ရဟန်းတို့ တရားဆောက်တည်ခြင်းတို့သည် ဤလေးပါးတို့တည်း။ အဘယ်လေးပါးတို့နည်းဟူမူ- ရဟန်းတို့ ပစ္စုပ္ပန်၌လည်း ဆင်းရဲ နောင်အခါ၌လည်း ဆင်းရဲကျိုးရှိသော တရားဆောက်တည်ခြင်းသည် ရှိ၏၊ ပစ္စုပ္ပန်၌ ချမ်းသာ၍ နောင်အခါ၌ ဆင်းရဲကျိုးရှိသော တရားဆောက်တည်ခြင်းသည်ရှိ၏။ ပစ္စုပ္ပန်၌ ဆင်းရဲ၍ နောင်အခါ၌ ချမ်းသာကျိုးရှိသော တရားဆောက်တည်ခြင်းသည် ရှိ၏။ ပစ္စုပ္ပန်၌လည်း ချမ်းသာ နောင်အခါ၌လည်း ချမ်းသာကျိုးရှိသော တရားဆောက်တည်ခြင်းသည် ရှိ၏။

၄၇၆။ ရဟန်းတို့ ထိုလေးပါးတို့တွင် ပစ္စုပ္ပန်၌လည်း ဆင်းရဲ နောင်အခါ၌လည်း ဆင်းရဲကျိုးရှိသည့်တရားဆောက်တည်ခြင်းကို ပညာမဲ့သူ လူမိုက်သည် မသိမှု ‘အဝိဇ္ဇာ’ ရှိသည်ဖြစ်၍ “ဤတရား ဆောက်တည်ခြင်းသည် ပစ္စုပ္ပန်၌လည်း ဆင်းရဲ နောင်အခါ၌လည်း ဆင်းရဲကျိုးရှိ၏” ဟုဟုတ်တိုင်းမှန်စွာ ခွဲခြား၍မသိ၊ ထိုတရား ဆောက်တည်ခြင်းကို ပညာမဲ့သူ လူမိုက်သည် မသိမှု ‘အဝိဇ္ဇာ’ ရှိသည်ဖြစ်၍်ဟုတ်တိုင်းမှန်စွာ ခွဲခြား၍ မသိမှုကြောင့် ထိုတရားဆောက်တည်ခြင်းကို မှီဝဲ၏၊ ထိုတရားဆောက်တည်ခြင်းကိုမကြဉ်ရှောင်၊ ထိုတရား ဆောက်တည်ခြင်းကို မှီဝဲ၍ ထိုတရားဆောက်တည်ခြင်းကို မကြဉ်ရှောင်သောထိုသူအား အလိုမရှိအပ် မနှစ်သက်အပ် စိတ်နှလုံးကို မပွါးစေတတ်သောတရားတို့ တိုးပွါးကုန်၏၊ အလိုရှိအပ် နှစ်သက်အပ် စိတ်နှလုံးကို ပွါးစေတတ်သော တရားတို့ ဆုတ်ယုတ်ကုန်။ ထိုသို့ဖြစ်ခြင်းသည်အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ထိုသဘောသည် မသိတတ်သူ လူမိုက်တို့၏ ထုံးတမ်းအတိုင်း ဖြစ်ရမြဲဖြစ်သောကြောင့်တည်း။ (၁)

ရဟန်းတို့ ထိုလေးပါးတို့တွင် ပစ္စုပ္ပန်၌ ချမ်းသာ၍ နောက်အခါ၌ ဆင်းရဲကျိုးရှိသည့် တရားဆောက်တည်ခြင်းကို ပညာမဲ့သူ လူမိုက်သည် မသိမှု ‘အဝိဇ္ဇာ’ရှိသည်ဖြစ်၍ “ဤတရားဆောက်တည်ခြင်းသည် ပစ္စုပ္ပန်၌ ချမ်းသာ၍ နောင်အခါ၌ ဆင်းရဲကျိုးရှိ၏” ဟုဟုတ်တိုင်းမှန်စွာ ခွဲခြား၍ မသိ၊ ထိုတရား ဆောက်တည်ခြင်းကို ပညာမဲ့သူ လူမိုက်သည်မသိမှု ‘အဝိဇ္ဇာ’ ရှိသည်ဖြစ်၍်ဟုတ်တိုင်းမှန်စွာ ခွဲခြား၍ မသိမှုကြောင့် ထိုတရားဆောက်တည်ခြင်းကိုမှီဝဲ၏၊ ထိုတရားဆောက်တည်ခြင်းကို မကြဉ်ရှောင်၊ ထို တရားဆောက်တည်ခြင်းကို မှီဝဲ၍ထိုတရားဆောက်တည်ခြင်းကို မကြဉ်ရှောင်သောထိုသူအား အလိုမရှိအပ် မနှစ်သက်အပ် စိတ်နှလုံးကိုမပွါးစေတတ်ကုန်သော တရားတို့ တိုးပွါးကုန်၏၊ အလိုရှိအပ် နှစ်သက်အပ် စိတ်နှလုံးကိုပွါးစေတတ်သောတရားတို့ ဆုတ်ယုတ်ကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ထိုသဘောသည် မသိတတ်သူ လူမိုက်တို့၏ ထုံးတမ်းအတိုင်း ဖြစ်ရမြဲဖြစ်သောကြောင့်တည်း။ (၂)

--

ရဟန်းတို့ ထိုလေးပါးတို့တွင် ပစ္စုပ္ပန်၌ ဆင်းရဲ၍ နောက်အခါ၌ ချမ်းသာကျိုးရှိသည့် တရားဆောက်တည်ခြင်းကို ပညာမဲ့သူ လူမိုက်သည် မသိမူ ‘အဝိဇ္ဇာ’ ရှိသည်ဖြစ်၍ “ဤတရားဆောက်တည်ခြင်းသည် ပစ္စုပ္ပန်၌ ဆင်းရဲ၍ နောင်အခါ၌ ချမ်းသာကျိုး ရှိ၏” ဟုဟုတ်တိုင်းမှန်စွာ ခွဲခြား၍ မသိ၊ ထိုတရားဆောက်တည်ခြင်းကို ပညာမဲ့သူ လူမိုက်သည် မသိမှု ‘အဝိဇ္ဇာ’ ရှိသည်ဖြစ်၍်ဟုတ်တိုင်းမှန်စွာ ခွဲခြား၍ မသိမူကြောင့် ထိုတရားဆောက်တည်ခြင်းကို မမှီဝဲ၊ ထိုတရားဆောက်တည်ခြင်းကို ကြဉ်ရှောင်၏၊ ထိုတရားဆောက်တည်ခြင်းကို မမှီဝဲဘဲ ထိုတရားဆောက်တည်ခြင်းကို ကြဉ်ရှောင်သော ထိုသူအား အလိုမရှိအပ် မနှစ်သက်အပ် စိတ်နှလုံးကို မပွါးစေတတ်သော တရားတို့ တိုးပွါးကုန်၏၊ အလိုရှိအပ် နှစ်သက်အပ် စိတ်နှလုံးကို ပွါးစေတတ်သော တရားတို့ ဆုတ်ယုတ်ကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ထိုသဘောသည် မသိတတ်သူ လူမိုက်တို့၏ ထုံးတမ်းအတိုင်း ဖြစ်ရမြဲဖြစ်သောကြောင့်တည်း။ (၃)

ရဟန်းတို့ ထိုလေးပါးတို့တွင် ပစ္စုပ္ပန်၌လည်း ချမ်းသာ နောင်အခါ၌လည်း ချမ်းသာကျိုးရှိသည့်တရားဆောက်တည်ခြင်းကို ပညာမဲ့သူ လူမိုက်သည် မသိမှု ‘အဝိဇ္ဇာ’ ရှိသည်ဖြစ်၍ “ဤတရားဆောက်တည်ခြင်းသည် ပစ္စုပ္ပန်၌လည်း ချမ်းသာ နောင်အခါ၌လည်း ချမ်းသာကျိုးရှိ၏” ဟုဟုတ်တိုင်းမှန်စွာ ခွဲခြား၍မသိ၊ ထိုတရား ဆောက်တည်ခြင်းကို ပညာမဲ့သူ လူမိုက်သည် မသိမှု ‘အဝိဇ္ဇာ’ ရှိသည်ဖြစ်၍်ဟုတ်တိုင်းမှန်စွာ ခွဲခြား၍ မသိမှုကြောင့် ထိုတရားဆောက်တည်ခြင်းကို မမှီဝဲ၊ ထိုတရားဆောက်တည်ခြင်းကို ကြဉ်ရှောင်၏၊ ထိုတရားဆောက် တည်ခြင်းကို မမှီဝဲဘဲ ထိုတရားဆောက်တည်ခြင်းကို ကြဉ်ရှောင်သော ထိုသူအား အလိုမရှိအပ် မနှစ်သက်အပ် စိတ်နှလုံးကို မပွါးစေတတ်သောတရားတို့ တိုးပွါးကုန်၏၊ အလိုရှိအပ်နှစ်သက်အပ် စိတ်နှလုံးကို ပွါးစေတတ်သောတရားတို့ ဆုတ်ယုတ်ကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ထိုသဘောသည် မသိတတ်သူ လူမိုက်တို့၏ ထုံးတမ်းအတိုင်း ဖြစ်ရမြဲဖြစ်သောကြောင့်တည်း။ (၄)

၄၇၇။ ရဟန်းတို့ ထိုလေးပါးတို့တွင် ပစ္စုပ္ပန်၌လည်း ဆင်းရဲ နောက်အခါ၌လည်း ဆင်းရဲကျိုးရှိ သည့်တရားဆောက်တည်ခြင်းကို ပညာရှိသူ သည် သိမှု ‘ဝိဇ္ဇာ’ ရှိသည်ဖြစ်၍ “ဤတရားဆောက်တည်ခြင်း သည်ပစ္စုပ္ပန်၌လည်း ဆင်းရဲ နောင်အခါ၌လည်း ဆင်းရဲကျိုးရှိ၏” ဟုဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိ၏၊ ထိုတရားဆောက်တည်ခြင်းကို ပညာရှိသူ သည် သိမှု ‘ဝိဇ္ဇာ’ ရှိသည်ဖြစ်၍်ဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိမှုကြောင့် ထိုတရားဆောက်တည်ခြင်းကို မမှီဝဲ၊ ထိုတရားဆောက်တည်ခြင်းကို ကြဉ်ရှောင်၏၊ ထိုတရားဆောက်တည်ခြင်းကို မမှီဝဲဘဲ ထိုတရားဆောက်တည်ခြင်းကို ကြဉ်ရှောင်သော ထိုသူအား အလိုမရှိအပ်မနှစ်သက်အပ် စိတ်နှလုံးကို မပွါးစေတတ်သော တရားတို့ ဆုတ်ယုတ်ကုန်၏၊ အလိုရှိအပ် နှစ်သက်အပ်စိတ်နှလုံးကို ပွါးစေတတ်သော တရားတို့ တိုးပွါးကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ထိုသဘောသည် ပညာရှိလူလိမ္မာတို့၏ ထုံးတမ်းအတိုင်း ဖြစ်ရမြဲဖြစ်သောကြောင့်တည်း။ (၁)

ရဟန်းတို့ ထိုလေးပါးတို့တွင် ပစ္စုပ္ပန်၌ ချမ်းသာ၍ နောင်အခါ၌ ဆင်းရဲကျိုးရှိသည့် တရားဆောက်တည်ခြင်းကို ပညာရှိသူ သည် သိမှု ‘ဝိဇ္ဇာ’ ရှိသည်ဖြစ်၍ “ဤတရားဆောက်တည်ခြင်းသည်ပစ္စုပ္ပန်၌ ချမ်းသာ၍ နောင်အခါ၌ ဆင်းရဲကျိုးရှိ၏” ဟုဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိ၏၊ ထိုတရားဆောက်တည်ခြင်းကို ပညာရှိသူသည် သိမှု ‘ဝိဇ္ဇာ’ ရှိသည်ဖြစ်၍ဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိမှုကြောင့်ထိုတရား ဆောက်တည်ခြင်းကို မမှီဝဲ၊ ထိုတရား ဆောက်တည်ခြင်းကို ကြဉ်ရှောင်၏၊ ထိုတရားဆောက်တည်ခြင်းကို မမှီဝဲဘဲ ထိုတရားဆောက်တည်ခြင်းကို ကြဉ်ရှောင်သော ထိုသူအား အလိုမရှိအပ်မနှစ်သက်အပ် စိတ်နှလုံးကို မပွါးစေတတ်သောတရားတို့ ဆုတ်ယုတ်ကုန်၏၊ အလိုရှိအပ် နှစ်သက်အပ်စိတ်နှလုံးကို ပွါးစေတတ်သောတရားတို့ တိုးပွါးကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ထို သဘောသည် ပညာရှိလူလိမ္မာတို့၏ ထုံးတမ်းအတိုင်း ဖြစ်ရမြဲဖြစ်သောကြောင့်တည်း။ (၂)

ရဟန်းတို့ ထိုလေးပါးတို့တွင် ပစ္စုပ္ပန်၌ ဆင်းရဲ၍ နောက်အခါ၌ ချမ်းသာကျိုးရှိသည့် တရားဆောက်တည်ခြင်းကို ပညာရှိသူသည် သိမှု ‘ဝိဇ္ဇာ’ ရှိသည်ဖြစ်၍ “ဤတရားဆောက်တည်ခြင်းသည်ပစ္စုပ္ပန်၌ ဆင်းရဲ၍ နောင်အခါ၌ ချမ်းသာ၏” ဟုဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိ၏၊ ထိုတရားဆောက်တည်ခြင်းကို

--

ပညာရှိသူသည် သိမှု ‘ဝိဇ္ဇာ’ ရှိသည်ဖြစ်၍်ဟုတ်တိုင်းမှန်စွာ ခွဲခြား၍သိမှုကြောင့် ထိုတရားဆောက်တည်ခြင်းကို မှီဝဲ၏၊ ထိုတရား ဆောက်တည်ခြင်းကို မကြဉ်ရှောင်၊ ထိုတရားဆောက်တည်ခြင်းကို မှီဝဲ၍ ထို တရားဆောက်တည်ခြင်းကို မကြဉ်ရှောင်သော ထိုသူအားအလိုမရှိအပ် မနှစ်သက်အပ် စိတ်နှလုံးကို မပွါး စေတတ်သော တရားတို့ ဆုတ်ယုတ်ကုန်၏၊ အလိုရှိအပ်နှစ်သက်အပ် စိတ်နှလုံးကို ပွါးစေတတ်သော တရားတို့ တိုးပွါးကုန်၏။ ထိုသို့ ဖြစ်ခြင်းသည့်အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ထိုသဘောသည် ပညာ ရှိလူလိမ္မာတို့၏ ထုံးတမ်းအတိုင်းဖြစ်ရမြဲဖြစ်သောကြောင့်တည်း။ (၃)

ရဟန်းတို့ ထိုလေးပါးတို့တွင် ပစ္စုပ္ပန်၌လည်း ချမ်းသာ နောင်အခါ၌လည်း ချမ်းသာကျိုးရှိသည့်တရားဆောက်တည်ခြင်းကို ပညာရှိသူသည် သိမှု ‘ဝိဇ္ဇာ’ ရှိသည်ဖြစ်၍ “ဤတရားဆောက်တည်ခြင်းသည်ပစ္စုပ္ပန်၌လည်း ချမ်းသာ နောင်အခါ၌လည်း ချမ်းသာ၏” ဟုဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိ၏၊ ထိုတရားဆောက်တည်ခြင်းကို ပညာရှိသူသည် သိမှု ‘ဝိဇ္ဇာ’ ရှိသည်ဖြစ်၍ဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိမှုကြောင့် ထိုတရား ဆောက်တည်ခြင်းကို မှီဝဲ၏၊ ထိုတရားဆောက်တည်ခြင်းကို မကြဉ်ရှောင်၊ ထိုတရားဆောက်တည်ခြင်းကို မှီဝဲ၍ ထိုတရားဆောက်တည်ခြင်းကို မကြဉ်ရှောင်သော ထိုသူအား အလိုမရှိအပ်မနှစ်သက်အပ် စိတ်နှလုံးကို မပွါးစေတတ်သောတရားတို့ ဆုတ်ယုတ်ကုန်၏၊ အလိုရှိအပ် နှစ်သက်အပ်စိတ်နှလုံးကို ပွါးစေတတ်သောတရားတို့ တိုးပွါးကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ထိုသဘောသည် ပညာရှိလူလိမ္မာတို့၏ ထုံးတမ်းအတိုင်း ဖြစ်ရမြဲဖြစ်သောကြောင့်တည်း။ (၄)

၄၇၈။ ရဟန်းတို့ ပစ္စုပ္ပန်၌လည်း ဆင်းရဲ၍ နောင်အခါ၌လည်း ဆင်းရဲကျိုးရှိသည့် တရားဆောက်တည်ခြင်းသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သူသည် ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်း သူ့အသက်ကို သတ်လေ့ရှိ၏၊ သူ့အသက်သတ်ခြင်းဟူသော အကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကို ခံစားရ၏။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်း မပေးသည်ကို ယူလေ့ရှိ၏၊ မပေးသည်ကို ယူခြင်းဟူသော အကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကို ခံစားရ၏။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်း ကာမတို့၌ မှားသောအားဖြင့် ကျင့်လေ့ရှိ၏၊ ကာမတို့၌မှားသောအားဖြင့် ကျင့်ခြင်းဟူသော အကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကို ခံစားရ၏။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့် တကွလည်း မုသားပြော ဆိုလေ့ရှိ၏၊ မုသားပြောဆိုခြင်းဟူသောအကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကို ခံစားရ၏၊ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်း ကုန်းစကားပြော၏၊ ကုန်းစကားပြောခြင်းဟူသော အကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကို ခံစားရ၏။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်း ကြမ်းတမ်းသောစကားကို ပြောဆို၏၊ ကြမ်းတမ်းသောစကားကို ပြောဆိုခြင်းဟူသော အကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကိုခံစားရ၏။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်းပြိန်ဖျင်းသောစကားကို ပြောဆိုလေ့ရှိ၏၊ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းဟူသော အကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကိုခံစားရ၏။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့် တကွလည်း ရှေးရှုကြံစည်မှု ‘အဘိဇ္ဈာ'များ၏၊ ရှေးရှုကြံစည်မှု ‘အဘိဇ္ဈာ’ ဟူသော အကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကို ခံစားရ၏။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု နှင့်တကွလည်း ဖျက်ဆီးလိုသောစိတ် ရှိ၏၊ ဖျက်ဆီးလိုမှုဟူသောအကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကို ခံစားရ၏၊ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်း မှားသောအယူရှိ၏၊ မှားသော အယူဟူသော အကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုကို ခံစားရ၏။ ထိုသူသည် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းသောမကောင်းသောသူတို့လားရာ ပျက်စီး၍ကျရာ ငရဲသို့ ရောက်ရ၏။ ရဟန်းတို့ ဤသည်ကို ပစ္စုပ္ပန်၌လည်းဆင်းရဲ နောင်အခါ၌လည်း ဆင်းရဲကျိုးရှိသည့် တရားဆောက်တည်ခြင်းဟု ဆိုအပ်၏။ (၁)

--

၄၇၉။ ရဟန်းတို့ ပစ္စုပ္ပန်၌ ချမ်းသာ၍ နောင်အခါ၌ ဆင်းရဲကျိုးရှိသည့် တရားဆောက်တည်ခြင်း သည်အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သူသည် ချမ်းသာမှု ဝမ်းမြောက်မှုနှင့်တကွလည်းသူ့အသက်ကို သတ်လေ့ရှိ၏၊ သူ့အသက်သတ်ခြင်းဟူသော အကြောင်းကြောင့်လည်း ချမ်းသာမှု ဝမ်းမြောက်မှုကို ခံစားရ၏။ ချမ်းသာမှု ဝမ်းမြောက်မှုနှင့်တကွလည်း မပေးသည်ကို ယူလေ့ရှိ၏၊ မပေးသည်ကို ယူခြင်းဟူသော အကြောင်းကြောင့်လည်း ချမ်းသာမှု ဝမ်းမြောက်မှုကို ခံစားရ၏။ ချမ်းသာမှု ဝမ်း့မြောက်မှုနှင့်တကွလည်း ကာမတို့၌ မှားသောအားဖြင့် ကျင့်၏၊ ကာမတို့၌ မှားသောအားဖြင့် ကျင့်ခြင်းဟူသော အကြောင်းကြောင့်လည်း ချမ်းသာမှု ဝမ်းမြောက်မှုကို ခံစားရ၏။ ချမ်းသာမှု ဝမ်းမြောက်မှုနှင့်တကွလည်း မုသားပြောဆိုလေ့ရှိ၏၊ မုသားပြောဆိုခြင်း ဟူသော အကြောင်းကြောင့်လည်း ချမ်းသာမှုဝမ်းမြောက်မှုကို ခံစားရ၏။ ချမ်းသာမှု ဝမ်းမြောက်မှုနှင့်တကွလည်း ကုန်းစကားပြောဆို၏၊ ကုန်းစကားပြောဆိုခြင်းဟူသော အကြောင်းကြောင့်လည်း ချမ်းသာမှု ဝမ်းမြောက်မှုကို ခံစားရ၏။ ချမ်းသာမှုဝမ်းမြောက်မှုနှင့်တကွလည်း ကြမ်းတမ်းသောစကားကို ပြောဆို၏၊ ကြမ်းတမ်းသောစကားကို ပြောဆိုခြင်းဟူသော အကြောင်းကြောင့်လည်း ချမ်းသာမှု ဝမ်းမြောက်မှုကို ခံစားရ၏။ ချမ်းသာမှု ဝမ်းမြောက်မှုနှင့်တကွလည်းပြိန်ဖျင်းသောစကားကို ပြောဆိုလေ့ရှိ၏၊ ပြိန်ဖျင်းသောစကားကို ပြောဆိုခြင်းဟူသောအကြောင်းကြောင့်လည်း ချမ်းသာမှု ဝမ်းမြောက်မှုကို ခံစားရ၏။ ချမ်းသာမှု ဝမ်းမြောက်မှုနှင့် တကွလည်း ရှေးရှုကြံစည်မှု ‘အဘိဇ္ဈာ’ များ၏၊ ရှေးရှုကြံစည်မှု ‘အဘိဇ္ဈာ’ ဟူသော အကြောင်းကြောင့်လည်းချမ်းသာမှု ဝမ်းမြောက်မှုကို ခံစားရ၏။ ချမ်းသာမှု ဝမ်းမြောက်မှုနှင့်တကွလည်း ဖျက်ဆီးလိုသောစိတ်ရှိ၏၊ ဖျက်ဆီးလိုမှုဟူသော အကြောင်းကြောင့်လည်း ချမ်းသာမှု ဝမ်းမြောက်မှုကို ခံစားရ၏။ ချမ်းသာမှုဝမ်းမြောက်မှုနှင့်တကွလည်း မှားသောအယူရှိ၏၊ မှားသောအယူဟူသော အကြောင်းကြောင့်လည်း ချမ်းသာမှု ဝမ်းမြောက်မှုကို ခံစားရ၏။ ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းသော မကောင်းသောသူတို့လားရာ ပျက်စီး၍ကျရာ ငရဲသို့ ရောက်ရ၏။ ရဟန်းတို့ ဤသည်ကို ပစ္စုပ္ပန်၌ချမ်းသာ၍ နောင်အခါ၌ ဆင်းရဲကျိုးရှိသည့် တရားဆောက်တည်ခြင်းဟု ဆိုအပ်၏။ (၂)

၄၈၀။ ရဟန်းတို့ ပစ္စုပ္ပန်၌ ဆင်းရဲ၍ နောင်အခါ၌ ချမ်းသာကျိုးရှိသည့် တရားဆောက်တည်ခြင်း သည်အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သူသည် ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်းသူ့အသက် သတ်ခြင်းမှ ကြဉ်ရှောင်၏၊ သူ့အသက်သတ်ခြင်းမှ ကြဉ်ရှောင်ခြင်းဟူသော အကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကို ခံစားရ၏။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်း မပေးသည်ကို ယူခြင်းမှ ကြဉ်ရှောင်၏၊ မပေးသည်ကို ယူခြင်းမှ ကြဉ်ရှောင်ခြင်းဟူသော အကြောင်းကြောင့်လည်းကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကို ခံစားရ၏။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်း ကာမတို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှ ကြဉ်ရှောင်၏၊ ကာမတို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှကြဉ်ရှောင်ခြင်းဟူသော အကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကို ခံစားရ၏။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်း မုသားပြောဆိုခြင်းမှ ကြဉ်ရှောင်၏၊ မုသားပြောဆိုခြင်းမှကြဉ်ရှောင်ခြင်းဟူသော အကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကို ခံစားရ၏။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်း ကုန်း စကား ပြောဆိုခြင်းမှ ကြဉ်ရှောင်၏၊ ကုန်းစကားပြောဆိုခြင်းမှ ကြဉ်ရှောင်ခြင်းဟူသော အကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကိုခံစားရ၏။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်း ကြမ်းတမ်း သောစကားကို ပြောဆိုခြင်းမှကြဉ်ရှောင်၏၊ ကြမ်းတမ်းသောစကားကို ပြောဆိုခြင်းမှ ကြဉ်ရှောင်ခြင်း ဟူသောအကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကို ခံစားရ၏။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်းပြိန်ဖျင်းသောစကားကို ပြောဆိုခြင်းမှ ကြဉ်ရှောင်၏၊ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ကြဉ်ရှောင်ခြင်းဟူသော အကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကို ခံစားရ၏။ ကိုယ် ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်း ရှေးရှုကြံစည်မ ှု ‘အဘိဇ္ဈာ’ မများ၊ ရှေးရှုမကြံစည်မှုဟူသောအကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကို ခံစားရ၏။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်း ဖျက်ဆီးလိုသော စိတ်မရှိ၊

--

မဖျက်ဆီးလိုခြင်းဟူသော အကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုကို ခံစားရ၏။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုနှင့်တကွလည်း မှန်သော အယူရှိ၏၊ မှန်သောအယူ ဟူသော အကြောင်းကြောင့်လည်း ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကို ခံစားရ၏။ ထိုသူသည့်ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသော သူတို့လားရာ နတ်ပြည်သို့ ရောက်ရ၏။ ရဟန်းတို့ ဤသည်ကို ပစ္စုပ္ပန်၌ ဆင်းရဲ၍ နောင်အခါ၌ ချမ်းသာကျိုးရှိသည့် တရားဆောက်တည်ခြင်းဟုဆိုအပ်၏။ (၃)

၄၈၁။ ရဟန်းတို့ ပစ္စုပ္ပန်၌လည်းချမ်းသာ နောင်အခါ၌လည်း ချမ်းသာကျိုးရှိသည့် တရားဆောက်တည်ခြင်းသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သူသည် ချမ်းသာမှု ဝမ်းမြောက်မှုနှင့်တကွလည်း သူ့အသက်သတ်ခြင်းမှ ကြဉ်ရှောင်၏၊ သူ့အသက်သတ်ခြင်းမှ ကြဉ်ရှောင်ခြင်းဟူသောအကြောင်းကြောင့်လည်း ချမ်းသာမှု ဝမ်းမြောက်မှုကို ခံစားရ၏။ ချမ်းသာမှု ဝမ်းမြောက်မှုနှင့်တကွလည်းမပေးသည်ကိုယူခြင်းမှ ကြဉ်ရှောင်၏၊ မပေးသည်ကိုယူခြင်းမှ ကြဉ်ရှောင်ခြင်းဟူသော အကြောင်းကြောင့်လည်း ချမ်းသာမှု ဝမ်းမြောက်မှုကို ခံစားရ၏။ ချမ်းသာမှု ဝမ်းမြောက်မှုနှင့်တကွလည်း ကာမတို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှ ကြဉ်ရှောင်၏၊ ကာမတို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှကြဉ်ရှောင်ခြင်းဟူသော အကြောင်းကြောင့်လည်း ချမ်းသာမှု ဝမ်းမြောက်မှုကို ခံစားရ၏။ ချမ်းသာမှုဝမ်းမြောက်မှုနှင့်တကွလည်း မုသားပြောဆိုခြင်းမှ ကြဉ်ရှောင်၏၊ မုသားပြောဆိုခြင်းမှကြဉ်ရှောင်ခြင်းဟူသော အကြောင်းကြောင့်လည်း ချမ်းသာမှု ဝမ်းမြောက်မှုကို ခံစားရ၏။ ချမ်းသာမှုဝမ်းမြောက်မှုနှင့် တကွလည်း ကုန်းစကားပြောဆိုခြင်းမှ ကြဉ်ရှောင်၏၊ ကုန်းစကားပြောဆိုခြင်းမှကြဉ်ရှောင်ခြင်းဟူသော အကြောင်းကြောင့်လည်း ချမ်းသာ မှု ဝမ်းမြောက်မှုကို ခံစားရ၏။ ချမ်းသာမှုဝမ်းမြောက်မှုနှင့်တကွလည်း ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းမှ ကြဉ်ရှောင်၏၊ ကြမ်းတမ်းသောစကားကို ပြောဆိုခြင်းမှ ကြဉ်ရှောင်ခြင်းဟူသော အကြောင်း ကြောင့်လည်း ချမ်းသာမှု ဝမ်းမြောက်မှုကိုခံစားရ၏။ ချမ်းသာမှု ဝမ်းမြောက်မှုနှင့် တကွလည်းပြိန်ဖျင်း သော စကားကို ပြောဆိုခြင်းမှကြဉ်ရှောင်၏၊ ပြိန်ဖျင်းသောစကားကို ပြောဆိုခြင်းမှ ကြဉ်ရှောင်ခြင်း ဟူသော အကြောင်းကြောင့်လည်းချမ်းသာမှု ဝမ်းမြောက်မှုကို ခံစားရ၏။ ချမ်းသာမှု ဝမ်းမြောက်မှုနှင့် တကွလည်း ရှေးရှုကြံစည်မှု ‘အဘိဇ္ဈာ'မများ၊ ရှေးရှုမကြံစည်မှုဟူသော အကြောင်းကြောင့်လည်း ချမ်းသာ မှု ဝမ်းမြောက်မှုကိုခံစားရ၏။ ချမ်းသာမှု ဝမ်းမြောက်မှုနှင့်တကွလည်း ဖျက်ဆီးလိုသောစိတ်မရှိ၊ မဖျက် ဆီးလိုခြင်းဟူသောအကြောင်းကြောင့်လည်း ချမ်းသာမှု ဝမ်းမြောက်မှုကို ခံစားရ၏။ ချမ်းသာမှု ဝမ်းမြောက်မှုနှင့်တကွလည်းမှန်သောအယူ ရှိ၏၊ မှန်သောအယူဟူသော အကြောင်းကြောင့်လည်း ချမ်းသာမှု ဝမ်းမြောက်မှုကိုခံစားရ၏။ ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောသူတို့လားရာနတ်ပြည်သို့ ရောက်ရ၏။ ရဟန်းတို့ ဤသည်ကို ပစ္စုပ္ပန်၌လည်း ချမ်းသာ နောင်အခါ၌လည်းချမ်းသာကျိုးရှိသည့် တရားဆောက်တည်ခြင်းဟု ဆိုအပ်၏။

ရဟန်းတို့ တရားဆောက်တည်ခြင်းတို့သည် ဤလေးပါးတို့တည်း။ (၄)

၄၈၂။ ရဟန်းတို့ ဥပမာသော်ကား ခါးသော (အရည်ရှိသော) ဘူးကို အဆိပ်နှင့် ရောထား၏၊ ထိုအခါအသက်ရှင်လိုသော မသေလိုသော ချမ်းသာလိုသော ဆင်းရဲခြင်းကို စက်ဆုပ်သော ယောက်ျား သည်လာရာ၏၊ ထိုယောက်ျားကို “အချင်းယောက်ျား ဤခါးသော (အရည်ရှိသော) ဘူးကို အဆိပ်နှင့်ရောထား၏၊ အကယ်၍ အလိုရှိမူ သောက်လော့၊ ထိုသင်သည် သောက်စဉ်မှာလည်း အဆင်းအားဖြင့်လည်းကောင်း၊ အနံ့အားဖြင့်လည်းကောင်း၊ အရသာအားဖြင့်လည်းကောင်း နှစ်သက်လိမ့်မည် မဟုတ်၊ သောက်ပြီး၍လည်း သေခြင်းသို့ဖြစ်စေ၊ သေလောက်နီးပါးဖြစ်သော ဆင်းရဲခြင်းသို့ဖြစ်စေ ရောက်ရလိမ့်မည်” ဟု ဆိုကုန်ရာ၏။ ထိုယောက်ျားသည် ထိုဘူးခါးရည်ကို မဆင်ခြင်မူ၍ သောက်ရာ၏၊ မစွန့်လွှတ်ရာ။ ထိုယောက်ျားသည် ထိုဘူးခါးရည်ကို သောက်စဉ်မှာလည်း အဆင်းအားဖြင့်လည်းကောင်း၊ အနံ့အားဖြင့်လည်းကောင်း၊ အရသာအားဖြင့်လည်းကောင်း မနှစ်သက်ရာ၊ သောက်ပြီး၍လည်းသေခြင်းသို့ဖြစ်စေ၊ သေလောက်နီးပါးဖြစ်သော ဆင်းရဲသို့ဖြစ်စေ ရောက်ရာ၏။ ရဟန်းတို့ပစ္စုပ္ပန်၌လည်း ဆင်းရဲ နောင် အခါ၌လည်း ဆင်းရဲကျိုးရှိသော ဤတရားဆောက်တည်ခြင်းကိုထိုဘူးခါးရည်သောက်ခြင်းနှင့် တူ၏ဟု ငါဆို၏။ (၁)

--

၄၈၃။ ရဟန်းတို့ ဥပမာသော်ကား အဆင်းနှင့်ပြည့်စုံသော အနံ့နှင့်ပြည့်စုံသော အရသာနှင့်ပြည့်စုံသော ဖျော်ရည်ခွက်သည် ရှိရာ၏၊ ထိုခွက်ကိုလည်း အဆိပ်နှင့် ရောထား၏၊ ထိုအခါ အသက်ရှင်လိုသော မသေလိုသော ချမ်းသာလိုသော ဆင်းရဲခြင်းကို စက်ဆုပ်သော ယောက်ျားသည် လာရာ၏၊ ထိုယောက်ျားကို “အချင်းယောက်ျား အဆင်းနှင့်ပြည့်စုံသော အနံ့နှင့်ပြည့်စုံသော အရသာနှင့်ပြည့်စုံသောဤဖျော်ရည်ခွက်ကိုလည်း အဆိပ်နှင့် ရောထား၏၊ အကယ်၍ အလိုရှိမူ သောက်လော့၊ ထိုသင်သည်သောက်စဉ်မှာပင် အဆင်းအားဖြင့်လည်းကောင်း၊ အနံ့အားဖြင့်လည်းကောင်း၊ အရသာအားဖြင့်လည်းကောင်း နှစ်သက်လိမ့်မည်၊ သောက်ပြီးသော်ကား သေခြင်းသို့ဖြစ်စေ၊ သေလောက်နီးပါးဖြစ်သောဆင်းရဲသို့ဖြစ်စေ ရောက်ရလိမ့်မည်” ဟု ဆိုကုန်ရာ၏။ ထိုယောက်ျားသည် ထိုအဖျော်ရည်ကို မဆင်ခြင်မူ၍သောက်ရာ၏၊ မစွန့်လွှတ်ရာ။ ထိုယောက်ျားသည် ထိုအဖျော်ရည်ကို သောက်စဉ်မှာပင် အဆင်းအားဖြင့်လည်းကောင်း၊ အနံ့အားဖြင့်လည်းကောင်း၊ အရသာအားဖြင့်လည်းကောင်း နှစ်သက်ရာ၏၊ သောက်ပြီးသော်ကား သေခြင်းသို့ဖြစ်စေ၊ သေလောက်နီးပါးဖြစ်သော ဆင်းရဲသို့ဖြစ်စေ ရောက်ရာ၏။ ရဟန်းတို့ပစ္စုပ္ပန်၌ ချမ်းသာ၍ နောင်အခါ၌ ဆင်းရဲကျိုးရှိသော ဤတရားဆောက်တည်ခြင်းကို ထိုအဖျော်ရည်သောက်ခြင်းနှင့် တူ၏ဟု ငါဆို၏။ (၂)

၄၈၄။ ရဟန်းတို့ ဥပမာသော်ကား နွားကျင်ငယ်ပုတ်ကို ဆေးအမျိုးမျိုးတို့ဖြင့် ရောထား၏၊ ထိုအခါဖျော့တော့အားနည်းသော ရောဂါရှိသော ယောကျ်ားသည် လာရာ၏၊ ထိုယောကျ်ားကို “အချင်းယောက်ျား ဤနွားကျင်ငယ်ပုတ်ကို ဆေးအမျိုးမျိုးတို့ဖြင့် ရောထား၏၊ အကယ်၍ အလိုရှိမူသောက်လော့၊ ထိုသင်သည် သောက်စဉ်မှာပင် အဆင်းအားဖြင့်လည်းကောင်း၊ အနံ့အားဖြင့်လည်းကောင်း၊ အရသာအား ဖြင့်လည်းကောင်း နှစ်သက်လိမ့်မည် မဟုတ်၊ သောက်ပြီးသော်ကား ချမ်းသာခြင်းရှိသူ ဖြစ် လိမ့်မည်” ဟု ဆိုကုန်ရာ၏။ ထိုယောက်ျားသည်နွားကျင်ငယ်ပုတ်ကို ဆင်ခြင်၍ သောက်ရာ၏၊ မစွန့် လွှတ်ရာ။ ထိုယောက်ျားသည် နွားကျင်ငယ်ပုတ်ကိုသောက်စဉ်မှာပင် အဆင်းအားဖြင့်လည်းကောင်း၊ အနံ့အား ဖြင့်လည်းကောင်း၊ အရသာအားဖြင့်လည်းကောင်း မနှစ်သက်ရာ၊ သောက်ပြီးသော်ကား ချမ်းသာခြင်းရှိသူ ဖြစ်ရာ၏၊ ရဟန်းတို့ ပစ္စုပ္ပန်၌ ဆင်းရဲ၍ နောင်အခါ၌ ချမ်းသာကျိုးရှိသော ဤတရားဆောက် တည်ခြင်းကိုထိုနွားကျင်ငယ်ပုတ်ရည် သောက်ခြင်းနှင့်တူ၏ဟု ငါ ဆို၏။ (၃)

၄၈၅။ ရဟန်းတို့ ဥပမာသော်ကား နို့ဓမ်း ပျားရည် ထောပတ် တင်လဲကို တစ်ပေါင်းတည်းရောထား၏၊ ထိုအခါ သွေးသွန်ရောဂါရှိသော ယောကျ်ားသည် လာရာ၏၊ ထိုယောက်ျားကို “အချင်းယောက်ျား ဤနို့ဓမ်း, ပျားရည် ထောပတ် တင်လဲကို တစ်ပေါင်းတည်း ရောထား၏၊ အကယ်၍အလိုရှိမူ သောက်လော့၊ ထိုသင်သည် သောက်စဉ်မှာလည်း အဆင်းအားဖြင့်လည်းကောင်း၊ အနံ့အားဖြင့်လည်း ကောင်း၊ အရသာအားဖြင့်လည်းကောင်း နှစ်သက်လိမ့်မည်၊ သောက်ပြီး၍လည်းချမ်းသာခြင်းရှိသူ ဖြစ်လိမ့် မည်” ဟု ဆိုကုန်ရာ၏။ ထိုယောက်ျားသည် ထို (စတုမဓူ) ဆေးကို ဆင်ခြင်၍သောက်ရာ၏၊ မစွန့်လွှတ် ရာ။ ထိုယောက်ျားသည် ထို (စတုမဓူ) ဆေးကို သောက်စဉ်မှာလည်းအဆင်းအားဖြင့်လည်းကောင်း၊ အနံ့ အားဖြင့်လည်းကောင်း၊ အရသာအားဖြင့်လည်းကောင်းနှစ်သက်ရာ၏၊ သောက်ပြီး၍လည်း ချမ်းသာခြင်း ရှိသူ ဖြစ်ရာ၏။ ရဟန်းတို့ ပစ္စုပ္ပန်၌လည်း ချမ်းသာနောင်အခါ၌လည်း ချမ်းသာကျိုးရှိသော ဤတရား ဆောက်တည်ခြင်းကို ထို (စတုမဓူ) သောက်ခြင်းနှင့်တူ၏ဟု ငါဆို၏။ (၄)

၄၈၆။ ရဟန်းတို့ ဥပမာသော်ကား မိုးဥတုတို့၏ နောက်ဆုံး တန်ဆောင်မုန်းလအခါတွင် မိုးနှင့်ဝေး့သော မိုးတိမ်ကင်းသော ကောင်းကင်၌ နေသည် ကောင်းကင်သို့ တက်လတ်သော် အလုံးစုံသောကောင်း ကင်၌ ဖြစ်သော အမိုက်မှောင်ကို ပယ်ဖျောက်ကာ လင်းလည်း လင်း၏၊ တောက်လည်းတောက်ပ၏၊ တင့်တယ်လည်း တင့်တယ်၏။ ရဟန်းတို့ ဤအတူပင်လျှင် ပစ္စုပ္ပန်၌လည်း ချမ်းသာနောင်အခါ၌လည်း

--

ချမ်းသာကျိုးရှိသော တရားဆောက်တည်ခြင်းသည် (သာသနာတော်မှ) တစ်ပါးဖြစ်သောများစွာသော သမဏဗြာဟ္မဏတို့၏ အယူဝါဒတို့ကို ပယ်ဖျောက်ကာ လင်းလည်း လင်း၏၊ တောက်ပလည်း တောက်ပ၏၊ တင့်တယ်လည်း တင့်တယ်၏ဟု-

ဤတရားကို မြတ်စွာဘုရားသည် ဟောကြားတော်မူ၏၊ ။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏တရားတော်ကို အလွန်နှစ်ခြိုက် ဝမ်းမြောက်ကြကုန်၏။

ခြောက်ခုမြောက် မဟာဓမ္မသမာဒါနသုတ်ပြီး၏။

၁။ မသိမမြင်သော သူမိုက်အား ထိုအနိဋ္ဌဓမ္မတိုသည် ဖြစ်လေသကဲ့သို့ ထို့အတူ မှီဝဲအပ်သည်ကို မမှီဝဲ၊ မမှီဝဲအပ်သည်ကို မှီဝဲသောသူအား ထိုအနိဋ္ဌတရားတို့သည် ဖြစ်ကုန်၏။ (အဋ္ဌကထာ)။

၇- ဝီမံသကသုတ်

၄၈၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟု ခေါ်တော်မူ၏။ ထိုရဟန်းတို့သည် “အသျှင်ဘုရား” ဟု မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏-

“ရဟန်းတို့ သူတစ်ပါး၏ စိတ်အစဉ်ဖြစ်ပုံကို မသိ၍ စူးစမ်းလိုသော ရဟန်းသည် မြတ်စွာဘုရား၌ ‘ကိုယ်တိုင် မှန်စွာ သိသော ဘုရားဟုတ်လေသလော၊ မဟုတ်လေသလော’ဟု သိရန် စူးစမ်းမှုကိုပြုသင့်၏” ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား တပည့်တော်တို့အား တရားတို့သည် မြတ်စွာဘုရားလျှင် အမွန်အစရှိပါကုန်၏၊ မြတ်စွာဘုရားလျှင် ထုတ်ဆောင်ပြတတ်သူ ရှိပါကုန်၏၊ မြတ်စွာဘုရားလျှင် မှီခိုအားထားရာ ရှိပါကုန်၏၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ စင်စစ် ဤမိန့်တော်မူသော စကား၏ အနက်အဓိပ္ပါယ်သည်မြတ်စွာဘုရား၏ ဉာဏ်၌သာလျှင် ထင်လာ မြင်လာစေတော်မူပါ၊ မြတ်စွာဘုရားထံမှ နာကြားရ၍ရဟန်းတို့သည် ဆောင်ထားကြရပါလိမ့်မည်ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ သို့ဖြစ်လျှင် နားထောင်ကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောပေအံ့ဟု (မိန့်တော်မူ၏)။

“အသျှင်ဘုရား ကောင်းလှပါပြီ” ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤသို့ ဟောကြားတော်မူ၏-

၄၈၈။ ရဟန်းတို့ သူတစ်ပါး၏ စိတ်အစဉ်ဖြစ်ပုံကို မသိ၍ စူးစမ်းလိုသော ရဟန်းသည် “မျက်စိဖြင့်မြင်ရ, နားဖြင့်ကြားရသော ညစ်နွမ်းသည့် အကျင့်တို့သည် မြတ်စွာဘုရားအား ရှိကုန်သလော၊ မရှိကုန်သလော” ဟု မျက်စိဖြင့်မြင်ရ နားဖြင့်ကြားရသော အကျင့်နှစ်ပါးတို့၌ မြတ်စွာဘုရားကို စူးစမ်းရမည်။ သို့စူးစမ်းလတ်သော် “မျက်စိဖြင့်မြင်ရ နားဖြင့်ကြားရသော ညစ်နွမ်းသည့်အကျင့်တို့သည် မြတ်စွာဘုရားအား မရှိကုန်” ဟု သိ၏။

--

ထိုမြတ်စွာဘုရားကို စူးစမ်းလတ်သော် “မျက်စိဖြင့်မြင်ရ, နားဖြင့်ကြားရသော ညစ်နွမ်းသည့်အကျင့်တို့သည် မြတ်စွာဘုရားအား မရှိကုန်” ဟု သိသော အခါ၌ “မျက်စိဖြင့်မြင်ရ နားဖြင့်ကြားရသောရောစပ်နေသည့် အကျင့်တို့သည် မြတ်စွာဘုရားအား ရှိကုန်သလော၊ မရှိကုန်သလော” ဟု ထိုမြတ်စွာဘုရားကို တစ်ဆင့်တက်၍ စူးစမ်းပြန်၏။ သို့စူးစမ်းလတ်သော် “မျက်စိဖြင့်မြင်ရ နားဖြင့်ကြားရသောရောစပ်နေသည့် အကျင့်တို့သည် မြတ်စွာဘုရားအား မရှိကုန်” ဟု ဤသို့ သိ၏။

ထိုမြတ်စွာဘုရားကို စူးစမ်းလတ်သော် “မျက်စိဖြင့်မြင်ရ နားဖြင့်ကြားရသော ရောစပ်နေသည့်အကျင့်တို့သည် မြတ်စွာဘုရားအား မရှိကုန်” ဟု သိသော အခါ၌ “မျက်စိဖြင့်မြင်ရ နားဖြင့်ကြားရသောဖြူစင်သည့် အကျင့်တို့သည် မြတ်စွာဘုရားအား ရှိကုန်သလော၊ မရှိကုန်သလော” ဟု ထိုမြတ်စွာဘုရားကိုတစ်ဆင့်တက်၍ စူးစမ်းပြန်၏။ သို့စူးစမ်းလတ်သော် “မျက်စိဖြင့်မြင်ရ နားဖြင့်ကြားရသော ဖြူစင်သည့်အကျင့်တို့သည် မြတ်စွာဘုရားအား ရှိကုန်၏” ဟု သိ၏။

ထိုမြတ်စွာဘုရားကို စူးစမ်းလတ်သော် “မျက်စိဖြင့်မြင်ရ နားဖြင့်ကြားရသော ဖြူစင်သည့် အကျင့်တို့သည် မြတ်စွာဘုရားအား ရှိကုန်၏ဟု ဤသို့သိသော အခါ၌ “ဤအသျှင်သည် အပြစ်မရှိသော အကျင့်နှင့် ကြာမြင့်စွာ ပြည့်စုံနေသလော၊ သို့မဟုတ် ခဏတဖြုတ်သာ ပြည့်စုံနေသလော” ဟု ထိုမြတ်စွာဘုရားကို တစ်ဆင့်တက်၍ စူးစမ်းပြန်၏။ သို့စူးစမ်းလတ်သော် “ဤအသျှင်သည် ဤအပြစ်မရှိသော အကျင့်နှင့်ကြာမြင့်စွာ ပြည့်စုံနေ၏၊ ဤအသျှင်သည် ခဏတဖြုတ်သာ ပြည့်စုံနေသည် မဟုတ်” ဟု သိ၏။

ထိုမြတ်စွာဘုရားကို စူးစမ်းလတ်သော် “ဤအသျှင်သည် ဤအပြစ်မရှိသော အကျင့်နှင့် ကြာမြင့်စွာပြည့်စုံနေ၏၊ ဤအသျှင်သည် ခဏတဖြုတ်သာ ပြည့်စုံနေသည် မဟုတ်” ဟု ဤသို့ သိသော အခါ၌ “ဤအသျှင်သည် ထင်ရှားခြင်းနှင့် အခြံအရံများခြင်းသို့ ရောက်ပြီလော၊ ထိုထင်ရှားခြင်း အခြံအရံများခြင်းကြောင့် ထိုအသျှင်ရဟန်းအား အချို့သော အပြစ်တို့သည် ထင်ရှားကုန်သလော” ဟု ထိုမြတ်စွာဘုရားကိုတစ်ဆင့်တက်၍ စူးစမ်းပြန်၏။ ရဟန်းတို့ ထင်ရှားခြင်းနှင့် အခြံအရံများခြင်းသို့ မရောက်သေးသမျှကာလပတ်လုံး ရဟန်းအား အ ချို့သောအပြစ်တို့သည် မထင်ရှားသေးကုန်။ ထင်ရှားခြင်းနှင့် အခြံအရံများခြင်းသို့ ရောက်သောအခါ ထိုရဟန်းအား အချို့သော အပြစ်တို့သည် ထင်ရှားကုန်၏။ သို့စူးစမ်းလတ်သော် “ဤအသျှင်ရဟန်းသည် ထင်ရှားခြင်းနှင့် အခြံအရံများခြင်းသို့ ရောက်၏။ ထိုထင်ရှားခြင်းအခြံအရံများခြင်းကြောင့် ထိုအသျှင်ရဟန်းအား အချို့သော အပြစ်တို့သည် မထင်ရှားကုန်” ဟု သိ၏။

ထိုမြတ်စွာဘုရားကို စူးစမ်းလတ်သော် “ဤ အသျှင်ရဟန်းသည် ထင်ရှားခြင်းနှင့် အခြံအရံများခြင်း သို့ရောက်၏၊ ထိုထင်ရှားခြင်းနှင့် အခြံအရံများခြင်းကြောင့် ထိုအသျှင်ရဟန်းအား အချို့သော အပြစ်တို့သည် မထင်ရှားကုန်” ဟု သိသော အခါ၌ “ဤအသျှင်သည် ဘေးမရှိဘဲလျက် ရှောင်ကြဉ်သူ ဖြစ်လေသလော၊ ဘေးကြောင့် ရှောင်ကြဉ်သူမဟုတ်ဘဲ ဖြစ်လေသလော၊ တပ်မက်မှု ‘ရာဂ'ကုန်ခန်းသဖြင့်တပ်မက် မှု ‘ရာဂ’ ကင်းခြင်းကြောင့်ပင် ကာမတို့ကို မမှီဝဲသလော” ဟု ထိုမြတ်စွာဘုရားကိုတစ်ဆင့်တက်၍ စူးစမ်း ပြန်၏။ သို့စူးစမ်းလတ်သော် “ဤအသျှင်သည် ဘေးမရှိဘဲလျက်ရှောင်ကြဉ်သူဖြစ်၏၊ ဘေးကြောင့် ရှောင်ကြဉ်သူ မဟုတ်၊ တပ်မက်မှု ‘ရာဂ’ ကုန်ခန်းသဖြင့်တပ်မက်မှု ‘ရာဂ’ ကင်းခြင်းကြောင့်ပင် ကာမတို့ကို မမှီဝဲ” ဟု သိ၏။

ရဟန်းတို့ ထိုရဟန်းကို “ဤအသျှင်သည် ဘေးမရှိဘဲလျက် ရှောင်ကြဉ်သူဖြစ်၏၊ ဘေးကြောင့်ရှောင်ကြဉ်သူ မဟုတ်၊ တပ်မက်မှု ‘ရာဂ’ ကုန်ခန်းသဖြင့် တပ်မက်မှု ‘ရာဂ’ ကင်းခြင်းကြောင့်ပင်

--

ကာမတို့ကို မမှီဝဲ” ဟု အသျှင်ပြောဆိုရခြင်း၏ အကြောင်းတို့ကား အဘယ်တို့နည်း၊ မှန်းဆချက်တို့ကားအဘယ်တို့ နည်းဟု သူတစ်ပါးတို့က မေးလာကြမူ ကောင်းစွာ ဖြေကြားလိုသော ရဟန်းသည် ဤသို့ဖြေကြား ရာ၏၊ “ဤအသျှင်သည် ထိုသို့ အကျင့်ဂုဏ်ရှိသော်လည်းရဟန်းအပေါင်း၌နေသော်လည်းကောင်း၊ တစ်ပါး ထီးတည်းနေသော်လည်းကောင်း ရဟန်းအပေါင်းတို့တွင်ကောင်းသော အကျင့်ရှိသူ၊ မကောင်းသော အကျင့်ရှိသူ၊ ဂိုဏ်းကို ဆုံးမနေကြသူ၊ ပစ္စည်း အာမိသတို့၌့ (တပ်မက်သည့်မျက်လုံးဖြင့်) ရှုကြည့်တတ် သည့် အချို့သူ၊ ပစ္စည်းအာမိသနှင့် မလိမ်းကျံသည့်အချို့သူ ဟူသော ထိုထိုရဟန်းကို ဤအသျှင်သည် ထိုအကျင့်ဂုဏ်ရှိခြင်းဖြင့် မထေမဲ့မြင် မပြု၊ ငါသည်ဘေးမရှိဘဲလျက် ရှောင်ကြဉ်သူ ဖြစ်၏၊ ဘေးကြောင့် ရှောင်ကြဉ်သူ မဟုတ်၊ တပ်မက်မှု ‘ရာဂ'ကုန်ခန်းသဖြင့် တပ်မက်မှု ‘ရာဂ’ ကင်းခြင်းကြောင့်ပင် ကာမတို့ကို မမှီဝဲ” ဟူသောဤစကားကို မြတ်စွာဘုရား၏ မျက်မှောက်တော်မှ ငါကြားရ၏၊ မျက်မှောက်တော်မှ ခံယူရ၏ဟုဖြေကြားရာ၏။

၄၈၉။ ရဟန်းတို့ ထိုစူးစမ်းတတ်သူ ရဟန်းနှစ်ပါးတို့တွင် မူလစူးစမ်းတတ်သော ရဟန်းသည် “မျက်စိဖြင့်မြင်ရ နားဖြင့်ကြားရသော ညစ်နွမ်းသည့် အကျင့်တို့သည် မြတ်စွာဘုရားအား ရှိကုန်သလော၊ မရှိကုန်သလော” ဟု မြတ်စွာဘုရားကိုသာလျှင် တစ်ဆင့်တက်၍ မေးသင့်၏။ ရဟန်းတို့ မြတ်စွာဘုရားသည် ဖြေကြားခဲ့သော် “မျက်စိဖြင့်မြင်ရ နားဖြင့်ကြားရသော ညစ်နွမ်းသည့် အကျင့်တို့သည် မြတ်စွာဘုရားအား မရှိကုန်” ဟု ဖြေကြားရာ၏။

မျက်စိဖြင့်မြင်ရ နားဖြင့်ကြားရသော ရောစပ်နေသည့် အကျင့်တို့သည် မြတ်စွာဘုရားအား ရှိကုန်သလော၊ မရှိကုန်သလောဟု မေးသင့်၏။ ရဟန်းတို့ မြတ်စွာဘုရားသည် ဖြေကြားခဲ့သော် “မျက်စိဖြင့်မြင်ရ နားဖြင့်ကြားရသော ရောစပ်နေသည့် အကျင့်တို့သည် မြတ်စွာဘုရားအား မရှိကုန်” ဟု ဖြေကြားရာ၏။

မျက်စိဖြင့်မြင်ရ နားဖြင့်ကြားရသော ဖြူစင်သည့် အကျင့်တို့သည် မြတ်စွာဘုရားအား ရှိကုန် သလော၊ မရှိကုန်သလောဟု (မေးသင့်၏)။ ရဟန်းတို့ မြတ်စွာဘုရားသည် ဖြေကြားခဲ့သော် “မျက်စိဖြင့် မြင်ရနားဖြင့်ကြားရသော ဖြူစင်သော အကျင့်တို့သည် မြတ်စွာဘုရားအား ရှိကုန်၏၊ ငါ့မှာ ထိုအကျင့်သီလဂုဏ်သည်သာလျှင် ငါ၏ လမ်းကြောင်းဖြစ်၏၊ ထိုအကျင့်သီလဂုဏ်သည်သာလျှင် ငါ၏ကျက်စားရာအာရုံဖြစ်၏၊ ထိုအကျင့် သီလဖြင့်လည်း ငါ မတပ်မက်” ဟု ဖြေကြားရာ၏။

ရဟန်းတို့ ဤသို့ ဆိုလေ့ရှိသော မြတ်စွာဘုရားကို တပည့်သာဝကသည် တရားနာရန် ချဉ်းကပ်ထိုက်၏၊ ထိုတပည့်သာဝကအား မြတ်စွာဘုရားသည် လွန်ကဲသည်ထက် လွန်ကဲ မွန်မြတ်သည်ထက်မွန်မြတ်သော အမည်း ‘အကုသိုလ်', အဖြူ ‘ကုသိုလ်'ကိုပြိုင်ဘက်ပြု၍ တရားဟော၏၊ ရဟန်းတို့လွန်ကဲသည်ထက် လွန်ကဲမွန်မြတ်သည်ထက် မွန်မြတ်သော အမည်း ‘အကုသိုလ်', အဖြူ ‘ကုသိုလ်'ကိုပြိုင်ဘက်ပြု၍ မြတ်စွာဘုရားဟောသည့် တရားတော်အတိုင်း ထိုရဟန်းသည် ထိုတရား၌ အချို့သောတရားကို ထူးသောဉာဏ်ဖြင့် သိ၍ တရားတို့၌ ဆုံးဖြတ်ခြင်းသို့ ရောက်၏၊ “(တရားအားလုံးကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဘုရားပါပေတည်း၊ မြတ်စွာဘုရားသည် ကောင်းစွာ ဟောကြားတော်မူသောတရားပါပေတည်း၊ ကောင်းသော အကျင့်ရှိသော သံဃာပါပေတည်း” ဟု မြတ်စွာဘုရား၌ ကြည်ညို၏။

ရဟန်းတို့ ထိုရဟန်းကို “(တရားအားလုံးကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ဘုရားပါပေတည်း၊ မြတ်စွာဘုရားသည် ကောင်းစွာဟောကြားတော်မူသော တရားပါပေတည်း၊ ကောင်းသော အကျင့်ရှိသောသံဃာပါပေတည်းဟု အသျှင်ပြောဆိုရခြင်း၏ အကြောင်းတို့ကား အဘယ်တို့နည်း၊ မှန်းဆချက်တို့ကားအဘယ်တို့နည်း” ဟု သူတစ်ပါးတို့က မေးလာကြမူ- ရဟန်းတို့ ကောင်းစွာဖြေကြားလိုသော ရဟန်းသည်ဤသို့ဖြေကြားရာ၏၊ ငါ့သျှင် တပည့်တော်သည် မြတ်စွာဘုရားထံသို့ တရားနာရန် ချဉ်းကပ်ခဲ့ပါ၏။ ထိုတပည့်တော်အား မြတ်စွာဘုရားသည် လွန်ကဲသည်ထက် လွန်ကဲ မွန်မြတ်သည်ထက် မွန်မြတ်သောအမည်း ‘အကုသိုလ်', အဖြူ ‘ကုသိုလ်'ကိုပြိုင်ဘက်ပြု၍ တရားဟောပါ၏။ ငါ့သျှင်တို့ လွန်ကဲသည်ထက်လွန်ကဲ မွန်မြတ်သည်ထက် မွန်မြတ်သော

--

အမည်း ‘အကုသိုလ်', အဖြူ ‘ကုသိုလ်’ ကိုပြိုင်ဘက်ပြု၍မြတ်စွာဘုရား တရားဟောသည့်အတိုင်း တပည့်တော်သည် ထိုတရား၌ အချို့သော တရားကို ထူးသောဉာဏ်ဖြင့် သိ၍ တရားတို့၌ ဆုံးဖြတ်ခြင်းသို့ ရောက်ခဲ့ပါ၏၊ ‘(တရားအားလုံးကို) ကိုယ်တိုင် မှန်စွာ့သိတော်မူသော ဘုရားပါပေတည်း၊ မြတ်စွာဘုရားသည် ကောင်းစွာ ဟောကြား တော်မူသောတရားပါပေ တည်း၊ ကောင်းသော အကျင့်ရှိသော သံဃာပါပေတည်း’ဟု မြတ်စွာဘုရား၌ကြည်ညိုခဲ့ပါ၏” ဟု (ဖြေ ကြားရာ၏)။

၄၉၀။ ရဟန်းတို့ မည်သူ့အား မဆို ဤအကြောင်းတို့ဖြင့် ဤပုဒ်တို့ဖြင့် ဤဗျည်းအက္ခရာတို့ဖြင့်မြတ်စွာဘုရား၌ ယုံကြည်မှု ‘သဒ္ဓါ’ သက်ဝင်၏၊ အကြောင်းရင်းဖြစ်၍ တည်၏။ ရဟန်းတို့ အကြောင်းရှိသော ယုံကြည်မှု ‘သဒ္ဓါ'ကို သောတာပတ္တိမဂ်လျှင် အကြောင်းရင်းရှိ၏၊ ခိုင်မြဲ၏၊ သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ၊ နတ်ဖြစ်စေ၊ မာရ်နတ်ဖြစ်စေ၊ ဗြဟ္မာဖြစ်စေ လောက၌ တစ်စုံတစ်ယောက်မျှ မရွေ့ရှားစေနိုင်ဟုဆိုရ၏။

ရဟန်းတို့ ဤသို့လျှင် မြတ်စွာဘုရား၌ သဘောအားပြင့် စူးစမ်းခြင်းသည် ဖြစ်၏။ ဤသို့လည်းမြတ်စွာဘုရားကို သဘောမှန်အားဖြင့်သာလျှင် ကောင်းစွာ စူးစမ်းသင့်၏ဟု ဤသို့ မြတ်စွာဘုရားသည်ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ တရားတော်ကို အလွန်နှစ်ခြိုက် ဝမ်းမြောက်ကြကုန်၏။

ခုနစ်ခုမြောက် ဝီမံသကသုတ်ပြီး၏။

--

၈- ကောသမ္ဗီယသုတ်

၄၉၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ကောသမ္ဗီပြည်၌ ရဟန်းတို့သည် ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန်၍ ဝါဒကွဲပြားခြင်းသို့ရောက်ကြကုန်ပြီးလျှင် အချင်းချင်း နှုတ်လှံထိုးလျက် နေကြကုန်၏။ ထိုရဟန်းတို့သည် အချင်းချင်းနားလည်မှုရှိရန်လည်း မပြုကြကုန်၊ နားလည်မှုရှိခြင်းသို့လည်း မရောက်ကြကုန်၊ အချင်ချင်း အမြင်မှန်ရရန်လည်း မပြုကြကုန်၊ အမြင်မှန်ရခြင်းသို့လည်း မရောက်ကြကုန်။

ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ရိုသေစွာ ရှိခိုး၍ သင့်လျော်သောနေရာ၌ ထိုင်ကာ ဤသို့ လျှောက်ထား၏-

“အသျှင်ဘုရား ဤကောသမ္ဗီပြည်၌ ရဟန်းတို့သည် ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန်၍ ဝါဒကွဲပြားခြင်းသို့ ရောက်ကြကုန်ပြီးလျှင် အချင်းချင်း နှုတ်လှံထိုးလျက် နေပါကုန်၏။ ထိုရဟန်းတို့သည်အချင်းချင်း နားလည်မှုရှိရန်လည်း မပြုကြပါကုန်၊ နားလည်မှုရှိခြင်းသို့လည်း မရောက်ကြပါကုန်၊ အချင်းချင်း အမြင်မှန်ရရန်လည်း မပြုကြပါကုန်၊ အမြင်မှန်ရခြင်းသို့လည်း မရောက်ကြပါကုန်” ဟု (လျှောက်၏)။

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတစ်ပါးကို “ရဟန်း လာလော့၊ သင်သည် ငါ့စကားဖြင့်ထိုရဟန်းတို့ကို အသျှင်တို့ မြတ်စွာဘုရားသည် သင်တို့ကို ခေါ်တော်မူ၏ဟု သိစေလော့” ဟု မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ” ဟု ထိုရဟန်းသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၍ထိုရဟန်းတို့ထံသို့ ချဉ်းကပ်ပြီးလျှင် ထိုရဟန်းတို့ကို “မြတ်စွာဘုရားသည် အသျှင်တို့ကို ခေါ်တော်မူ၏” ဟု ဆို၏။ “ငါ့သျှင် ကောင်းပြီ” ဟု ထိုရဟန်းအား ပြန်ကြား၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင်ရိုသေစွာ ရှိခိုးလျက် လျောက်ပတ်သော နေရာ၌ ထိုင်နေကုန်သော ထိုရဟန်းတို့ကို မြတ်စွာဘုရားသည်ဤသို့ မေးတော်မူ၏-

“ရဟန်းတို့ ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန်၍ ဝါဒကွဲပြားခြင်းသို့ ရောက်ကြကုန်ပြီးလျှင် အချင်း ချင်းနှုတ်လှံထိုးလျက် နေကြကုန်သော သင်တို့သည် အချင်းချင်း နားလည်မှုရှိရန်လည်း မပြုကြကုန်၊ နားလည်မှုရှိခြင်းသို့လည်း မရောက်ကြကုန်၊ အချင်းချင်း အမြင်မှန်ရရန်လည်း မပြုကြကုန်၊ အမြင်မှန်ရ့ခြင်းသို့လည်း မရောက်ကြကုန်ဟူသည် မှန်ပါသလော” ဟု (မေးတော်မူ၏)။ မှန်ပါ၏ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ ထင်မှတ်ကုန်သနည်း၊ သင်တို့သည် ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန်၍ ဝါဒကွဲပြားခြင်းသို့ ရောက်ကြကုန်ပြီးလျှင် အချင်းချင်း နှုတ်လှံထိုးလျက် နေကြသောအခါသင်တို့အား သီတင်းသုံးဖော်တို့၌ မျက်မှောက်ဖြစ်စေ၊ မျက်ကွယ်ဖြစ်စေ ကာယကံမေတ္တာသည်ရှေးရှုတည်၏လော၊ ဝစီကံမေတ္တာသည်။ပ။ သီတင်းသုံးဖော်တို့၌ မျက်မှောက်ဖြစ်စေ၊ မျက်ကွယ်ဖြစ်စေမနောကံ မေတ္တာသည် ရှေးရှုတည်၏လောဟု (မေးတော်မူ၏)။ မတည်ပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန်၍ ဝါဒကွဲပြားခြင်းသို့ ရောက်ကြကုန်ပြီးလျှင် အချင်းချင်းနှုတ်လှံထိုးလျက် နေကြသောအခါ သင်တို့အား သီတင်းသုံးဖော်တို့၌ မျက်မှောက်ဖြစ်စေ၊ မျက်ကွယ်ဖြစ်စေ ကာယကံမေတ္တာသည် ရှေးရှုမတည်၊ ဝစီကံမေတ္တာသည်။ပ။ သီတင်းသုံးဖော်တို့၌

--

မျက်မှောက်ဖြစ်စေ၊ မျက်ကွယ်ဖြစ်စေ မနောကံမေတ္တာသည် ရှေးရှုမတည်ဟုကား ဆို၏။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောကျ်ားတို့ ထိုသို့ဖြစ်လျက် သင်တို့သည် အဘယ်ကို သိကြမြင်ကြသဖြင့် ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန်၍ ဝါဒကွဲပြားခြင်းသို့ ရောက်ကြကုန်ပြီးလျှင် အချင်းချင်း နှုတ်လှံထိုးလျက် နေကြကုန်ဘိသနည်း။ ထိုသင်တို့သည် အချင်းချင်း နားလည်မှုရှိရန်လည်း မပြုကြကုန်ဘိသနည်း၊ နားလည်မှုရှိခြင်းသို့လည်းမရောက်ကြကုန်ဘိသနည်း၊ အချင်းချင်း အမြင်မှန်ရရန်လည်း မပြုကြကုန်ဘိသနည်း၊ အမြင်မှန်ရခြင်းသို့လည်း မရောက်ကြကုန်ဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျ်ားတို့ ထိုသို့ဖြစ်ခြင်းသည်သင်တို့အား ရှည်ကြာစွာသော ကာလပတ်လုံး စီးပွားမဲ့ရန် ဆင်းရဲရန် ဖြစ်ပေလိမ့်မည်ဟု (မိန့်တော်မူ၏)။

၄၉၂။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏၊ ရဟန်းတို့ မပြတ်အောက်မေ့ထိုက်ကုန်သော, ချစ်ခြင်းကိုပြုတတ်ကုန်သော, လေးစားခြင်းကိုပြုတတ်ကုန်သော ဤခြောက်ပါးသောတရားတို့သည် သိမ်းသွင်းရန် ဝါဒမကွဲပြားရန် ညီညွတ်ရန် တစ်ပေါင်းတည်းဖြစ်ရန် ဖြစ်ကုန်၏။ အဘယ်ခြောက်ပါးတို့နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းအား သီတင်းသုံးဖော်တို့၌ မျက်မှောက်ဖြစ်စေ၊ မျက်ကွယ်ဖြစ်စေ ကာယကံမေတ္တာသည် ရှေးရှုတည်၏။ မပြတ်အောက်မေ့ထိုက်သော ချစ်ခြင်းကိုပြုတတ်သော လေးစားခြင်းကိုပြုတတ်သော ဤတရားသည်လည်း သိမ်းသွင်းရန် ဝါဒမကွဲပြားရန် ညီညွတ်ရန်တစ်ပေါင်းတည်းဖြစ်ရန် ဖြစ်၏။ (၁)

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းအား သီတင်းသုံးဖော်တို့၌ မျက်မှောက်ဖြစ်စေ၊ မျက်ကွယ် ဖြစ်စေဝစီကံမေတ္တာသည် ရှေးရှုတည်၏။ မပြတ်အောက်မေ့ထိုက်သော ချစ်ခြင်းကိုပြုတတ်သော လေးစားခြင်းကို ပြုတတ်သော ဤတရားသည်လည်း သိမ်းသွင်းရန် ဝါဒမကွဲပြားရန် ညီညွတ်ရန် တစ်ပေါင်းတည်းဖြစ်ရန် ဖြစ်၏။ (၂)

ရဟန်းတို့ နောက် တစ်မျိုးကား ရဟန်းအား သီတင်းသုံးဖော်တို့၌ မျက်မှောက်ဖြစ်စေ၊ မျက်ကွယ်ဖြစ်စေ မနောကံမေတ္တာသည် ရှေးရှုတည်၏။ မပြတ်အောက်မေ့ထိုက်သော ချစ်ခြင်းကိုပြုတတ်သောလေးစားခြင်းကို ပြုတတ်သော ဤတရားသည်လည်း သိမ်းသွင်းရန် ဝါဒမကွဲပြားရန် ညီညွတ်ရန်တစ်ပေါင်းတည်းဖြစ်ရန် ဖြစ်၏။ (၃)

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းအား တရားနှင့်လျော်စွာဖြစ်ကုန်သော တရားသဖြင့်ရကုန် သောလာဘ်တို့ကို အယုတ်ဆုံးအားဖြင့် သပိတ်အတွင်းရှိ ဆွမ်းမျှကိုသော်လည်း မခွဲခြားဘဲ သုံးဆောင်ခြင်းရှိ၏၊ အကျင့်သီလရှိသော သီတင်းသုံးဖော်တို့နှင့် ဆက်ဆံသော သုံးဆောင်ခြင်းရှိ၏။ မပြတ်အောက်မေ့ထိုက်သော ချစ်ခြင်းကိုပြုတတ်သော လေးစားခြင်းကိုပြုတတ်သော ဤတရားသည်လည်း သိမ်းသွင်းရန့်ဝါဒမကွဲပြားရန် ညီညွတ်ရန် တစ်ပေါင်းတည်းဖြစ်ရန် ဖြစ်၏။ (၄)

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် မကျိုးမပေါက် မပြောက်မကျားကုန်သော၊ တဏှာ့ကျွန်အဖြစ်မှ တော်လှန်ခြင်းကို ပြုတတ်ကုန်သော၊ ပညာရှိတို့ ချီးမွမ်းထိုက်ကုန်သော၊ အမှားအသုံးသပ်မခံရကုန်သော၊ တည်ကြည်ခြင်း ‘သမာဓိ'ကို ဖြစ်စေတတ်ကုန်သော စောင့်စည်းမှု သီလမျိုးတို့၌ သီတင်းသုံးဖော်တို့နှင့် မျက်မှောက်ဖြစ်စေ၊ မျက်ကွယ်ဖြစ်စေ စောင့်စည်းမှုသီလတူသည်၏အဖြစ်သို့ ရောက်လျက်နေ၏။ မပြတ်အောက်မေ့ထိုက်သော ချစ်ခြင်းကိုပြုတတ်သော လေးစားခြင်းကိုပြုတတ်သော ဤတရားသည်လည်း သိမ်းသွင်းရန် ဝါဒမကွဲပြားရန် ညီညွတ်ရန် တစ်ပေါင်းတည်းဖြစ်ရန် ဖြစ်၏။ (၅)

ရဟန်းတို့ နောက် တစ်မျိုးကား ရဟန်းသည် ဖြူစင်သော (ဝဋ်ဆင်းရဲမှ) ထုတ်ဆောင်တတ်သောထိုအတိုင်းပြုသူအား ကောင်းစွာ ဝဋ်ဆင်းရဲကုန်ရန်ဖြစ်သော အယူမျိုး၌ သီတင်းသုံးဖော်တို့နှင့် မျက်မှောက်ဖြစ်စေ၊ မျက်ကွယ်ဖြစ်စေ အယူတူသည့်အဖြစ်သို့ ရောက်လျက် နေ၏။ မပြတ်အောက်မေ့ထိုက်သော

--

ချစ်ခြင်းကိုပြုတတ်သော လေးစားခြင်းကိုပြုတတ်သော ဤတရားသည်လည်းသိမ်းသွင်းရန် ဝါဒမကွဲပြား ရန် ညီညွတ်ရန် တစ်ပေါင်းတည်းဖြစ်ရန် ဖြစ်၏။ (၆)

ရဟန်းတို့ မပြတ်အောက်မေ့ထိုက်သော ချစ်ခြင်းကိုပြုတတ်သော လေးစားခြင်းကိုပြုတတ်သော ဤတရားခြောက်ပါးတို့သည် သိမ်းသွင်းရန် ဝါဒမကွဲပြားရန် ညီညွတ်ရန် တစ်ပေါင်းတည်းဖြစ်ရန် ဖြစ် ကုန်၏။

ရဟန်းတို့ မပြတ်အောက်မေ့ထိုက်သော ဤတရားခြောက်ပါးတို့တွင် ဝဋ်မှထုတ်ဆောင်တတ်သောထိုအတိုင်းပြုသူအား ကောင်းစွာ ဝဋ်ဆင်းရဲကုန်ရန်ဖြစ်သည့် ဖြူစင်သော ဤအယူသည် အချက်အခြာဖြစ်၏၊ စုရုံးရာ ဖြစ်၏၊ ပေါင်းဆုံရာ ဖြစ်၏။

ရဟန်းတို့ ဥပမာသော်ကား အထွတ်တပ်သောအိမ်၌ အထွတ်သည် အချက်အခြာ စုရုံးရာ ပေါင်း ဆုံရာဖြစ်သကဲ့သို့၊ ဤအတူပင် မပြတ်အောက်မေ့ထိုက်သော ဤတရားခြောက်ပါးတို့တွင် ဝဋ်မှ ထုတ်ဆောင်တတ်သော ထိုအတိုင်းပြုသူအား ကောင်းစွာ ဝဋ်ဆင်းရဲကုန်ရန်ဖြစ်သည့် ဖြူစင်သော ဤအယူသည်အချက်အခြာ ဖြစ်၏၊ စုရုံးရာ ဖြစ်၏၊ ပေါင်းဆုံရာ ဖြစ်၏။

၄၉၃။ ရဟန်းတို့ အဘယ်သို့လျှင် ဝဋ်မှထုတ်ဆောင်တတ်သည့် ဖြူစင်သော ဤအယူသည် ထို အတိုင်းပြုသူအား ကောင်းစွာ ဝဋ်ဆင်းရဲကုန်ရန် ဖြစ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်တောသို့ ကပ်၍ဖြစ်စေ၊ သစ်ပင်ရင်းသို့ ကပ်၍ဖြစ်စေ၊ ဆိတ်ငြိမ်ရာသို့ ကပ်၍ဖြစ်စေ ယင်းထကြွမှုမျိုးဖြင့်ထကြွသောစိတ် ရှိသည်ဖြစ်၍ဟုတ်တိုင်းမှန်စွာ ငါမသိနိုင် မမြင်နိုင်လောက်သော အတွင်းသန္တာန်၌မပယ်ရသေးသော ထကြွမှုမျိုးသည် ငါ့အား ရှိသေးသလောဟု ဆင်ခြင်၏။

ရဟန်းတို့ အကယ်၍ ရဟန်းသည် ကာမဂုဏ်တပ်မက်မှု ‘ကာမရာဂ ထကြွသည်ဖြစ်မူ ထကြွသောစိတ်ရှိသည်သာ ဖြစ်၏။ အကယ်၍ ရဟန်းသည် ဖျက်ဆီးလိုမှု ‘ဗျာပါဒ'ထကြွသည်ဖြစ်မူ ထကြွသောစိတ်ရှိသည်သာ ဖြစ်၏။ အကယ်၍ ရဟန်းသည် ထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ'ထကြွသည်ဖြစ်မူ ထကြွသောစိတ်ရှိသည်သာ ဖြစ်၏။ အကယ်၍ ရဟန်းသည် ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ နောင်တပူပန်မှု ‘ကုက္ကုစ္စ’ ထကြွသည်ဖြစ်မူထကြွသောစိတ်ရှိသည်သာ ဖြစ်၏။ အကယ်၍ ရဟန်းသည် တွေးတော ယုံမှားမှု ‘ဝိစိကိစ္ဆာ’ ထကြွသည်ဖြစ်မူ ထကြွသောစိတ်ရှိသည်သာ ဖြစ်၏။ အကယ်၍ ရဟန်းသည် ဤမျက်မှောက်လောကကိုကြံစည်ခြင်း၌ လေ့လာသည်ဖြစ်မူ ထကြွသော စိတ်ရှိသည်သာ ဖြစ်၏။ အကယ်၍ ရဟန်းသည် တမလွန်လောကကိုကြံစည်ခြင်း၌ လေ့လာသည်ဖြစ်မူ ထကြွသောစိတ်ရှိသည်သာ ဖြစ်၏။ အကယ်၍ ရဟန်းသည် ငြင်းခုံခိုက်ရန်ဖြစ်သည်ဖြစ်၍ ဝါဒကွဲပြားခြင်းသို့ ရောက်ပြီးလျှင် အချင်းချင်း နှုတ်လှံထိုးလျက်နေမူ ထကြွသောစိတ်ရှိသည်သာ ဖြစ်၏။ ထိုရဟန်းသည် “ယင်းထကြွမှုမျိုးဖြင့် ထကြွသောစိတ်ရှိသည်ဖြစ်၍ဟုတ်တိုင်းမှန်စွာငါမသိနိုင် မမြင်နိုင်လောက်သော အတွင်းသန္တာန်၌ မပယ်ရသေးသော ထကြွမှုမျိုးသည် ငါ့အား မရှိ၊ သစ္စာတို့ကို သိရန် ငါသည် စိတ်ကို ကောင်းစွာ ထားပြီးပြီ” ဟု သိ၏။ ထိုရဟန်းသည် လောကမှ့လွန်မြောက်၍ ပုထုဇဉ်တို့နှင့် မဆက်ဆံသည့် ဖြူစင်သော ဤပဌမ (ပစ္စဝေက္ခဏာ) ဉာဏ်ကို ရပြီ။

၄၉၄။ ရဟန်းတို့ နောက်တစ်မျိုးကား မြတ်စွာဘုရား၏ တပည့်သာဝကသည် “ငါသည် ဤအယူကိုမှီဝဲ၍ ပွားစေ၍ များစွာပြု၍ မိမိစိတ်ငြိမ်သက်ခြင်းကို ရသလော၊ မိမိစိတ်ငြိမ်းအေးခြင်းကို ရသလော” ဟုဆင်ခြင်၏။ ထိုတပည့်သာဝကသည် “ငါသည် ဤအယူကို မှီဝဲပွားစေ၍ များစွာပြု၍ မိမိစိတ်ငြိမ်သက်ခြင်းကို ရ၏၊ မိမိ စိတ်ငြိမ်းအေးခြင်းကို ရ၏” ဟု သိ၏။ ထိုတပည့်သာဝကသည် လောကမှ လွန်မြောက်၍ပုထုဇဉ်တို့နှင့် မဆက်ဆံသည့် ဖြူစင်သော ဤဒုတိယ (ပစ္စဝေက္ခဏာ) ဉာဏ်ကို ရ၏။

၄၉၅။ ရဟန်းတို့ နောက်တစ်မျိုးကား မြတ်စွာဘုရား၏ တပည့်သာဝကသည် “ဤသာသနာတော်မှအပ၌ ငါပြည့်စုံနေသော အယူ အမျိုးအစားနှင့် ပြည့်စုံသည့် တစ်ပါးသော သမဏဖြစ်စေ၊ ဗြာဟ္မဏဖြစ်စေရှိသေးသလော” ဟု ဆင်ခြင်၏။ ထိုတပည့်သာဝကသည် “ဤသာသနာတော်မှ အပ၌ ငါပြည့်စုံနေသောအယူ အမျိုးအစားနှင့် ပြည့်စုံသည့် တစ်ပါးသော သမဏဖြစ်စေ၊ ဗြာဟ္မဏဖြစ်စေ မရှိ” ဟု သိ၏။ ထိုတပည့်သာဝကသည် လောကမှ လွန်မြောက်၍ ပုထုဇ္ဇဉ်တို့နှင့် မဆက်ဆံသည့် ဖြူစင်သော ဤတတိယ (ပစ္စဝေက္ခဏာ) ဉာဏ်ကို ရ၏။

--

၄၉၆။ ရဟန်းတို့ နောက်တစ်မျိုးကား မြတ်စွာဘုရား၏ တပည့်သာဝကသည် “အယူနှင့် ပြည့်စုံ သည့်ပုဂ္ဂိုလ်သည် ပြည့်စုံနေသော ထုံးတမ်းစဉ်လာ အမျိုးအစားနှင့် ငါလည်း ပြည့်စုံ၏” ဟု ဆင်ခြင်၏။ ရဟန်းတို့ အယူနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် အဘယ်သို့ သဘောရှိသော ထုံးတမ်းစဉ်လာနှင့် ပြည့်စုံသနည်း။ ရဟန်းတို့ အယူနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် အာပတ်မှ ထနိုင်ကောင်းသော အာပတ်မျိုးသို့ရောက်စေကာမူ ထိုအာပတ်ကို လျင်မြန်စွာပင် မြတ်စွာဘုရားထံ၌ဖြစ်စေ၊ ပညာရှိသီတင်းသုံးဖော်တို့ထံ၌ဖြစ်စေ (ဒေသနာ) ကြား၏၊ ဖော်ပြ၏၊ ပေါ်လွင်အောင် ပြု၏၊ (ဒေသနာ) ကြားပြီး၍ ဖော်ပြပြီး၍ ပေါ်လွင်အောင် ပြုပြီး၍ နောင်အခါ၌ စောင့်စည်းခြင်းသို့ ရောက်၏။ ဤသည်ကား အယူနှင့်ပြည့်စုံသောပုဂ္ဂိုလ်၏ ထုံးတမ်းစဉ်လာတည်း။

ရဟန်းတို့ ပက်လက်အိပ်အရွယ်ဖြစ်သော ကလေးသူငယ် လူမမယ်သည် လက်ဖြင့်ဖြစ်စေ၊ ခြေဖြင့်ဖြစ်စေ မီးကျီးခဲကို ထိလျှင် လျင်မြန်စွာပင် ပြန်ရုတ်သကဲ့သို့ ဤအတူပင် အာပတ်မှ ထနိုင်ကောင်းသောအာပတ်မျိုးသို့ ရောက်စေကာမူ ထိုအာပတ်ကို လျင်မြန်စွာပင် မြတ်စွာဘုရားထံ၌ဖြစ်စေ၊ ပညာရှိသီတင်းသုံးဖော်တို့ထံ၌ဖြစ်စေ (ဒေသနာ) ကြား၏၊ ဖော်ပြ၏၊ ပေါ်လွင်အောင် ပြု၏၊ (ဒေသနာ) ကြားပြီး၍ဖော်ပြပြီး၍ ပေါ်လွင်အောင် ပြုပြီး၍ နောင်အခါ၌ စောင့်စည်းခြင်းသို့ ရောက်၏။ ဤသည်ကား အယူနှင့်ပြည့်စုံသော ပုဂ္ဂိုလ်၏ ထုံးတမ်းစဉ်လာတည်း။ ထိုတပည့်သာဝကသည် “အယူနှင့်ပြည့်စုံသော ပုဂ္ဂိုလ်သည်ပြည့်စုံနေသော ထုံးတမ်းစဉ်လာ အမျိုးအစားနှင့် ငါလည်း ပြည့်စုံ၏” ဟု သိ၏။ ထိုတပည့်သာဝကသည်လောကမှ လွန်မြောက်၍ ပုထုဇဉ်တို့နှင့် မဆက်ဆံသည့် ဖြူစင်သော ဤစတုတ္ထ (ပစ္စဝေက္ခဏာ) ဉာဏ်ကိုရ၏။

၄၉၇။ ရဟန်းတို့ နောက်တစ်မျိုးကား မြတ်စွာဘုရား၏ တပည့်သာဝကသည် “အယူနှင့် ပြည့်စုံနေသည့်ပုဂ္ဂိုလ်သည် ပြည့်စုံနေသော ထုံးတမ်းစဉ်လာ အမျိုးအစားနှင့် ငါလည်း ပြည့်စုံ၏” ဟု ဆင်ခြင်၏။ ရဟန်းတို့ အယူနှင့်ပြည့်စုံသော ပုဂ္ဂိုလ်သည် အဘယ်သို့ သဘောရှိသော ထုံးတမ်းစဉ်လာနှင့်ပြည့်စုံသနည်း။ ရဟန်းတို့ အယူနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် သီတင်းသုံးဖော်တို့၏ ထိုထို ဤဤအမှုကြီးငယ်တို့၌ ကြောင့်ကြစိုက်နေစေကာမူ မြင့်မြတ်သော ကိုယ်ကျင့်သီလလေ့ကျင့်ခန်း ‘အဓိသီလသိက္ခာ’၊ မြင့်မြတ်သော စိတ်လေ့ကျင့်ခန်း ‘အဓိစိတ္တ သိက္ခာ’၊ မြင့်မြတ်သော ပညာလေ့ကျင့်ခန်း ‘အဓိပညာသိက္ခာ’ ၌ အလွန်ငဲ့ကွက်ခြင်းရှိ၏။ ဤသည်ကား အယူနှင့် ပြည့်စုံသော ပုဂ္ဂိုလ်၏ ထုံးတမ်းစဉ်လာပင်တည်း။

ရဟန်းတို့ သားငယ်ရှိသော နွားမသည် မြက်ကိုလည်း ဆွဲစား၏၊ နွားငယ်ကိုလည်း စောင့်ငဲ့ကြည့်ရှုသကဲ့သို့၊ ဤအတူပင် အယူနှင့်ပြည့်စုံသော ပုဂ္ဂိုလ်သည် သီတင်းသုံးဖော်တို့၏ ထိုထို ဤဤအမှုကြီးငယ်တို့၌ ကြောင့်ကြစိုက်နေစေကာမူ မြင့်မြတ်သော ကိုယ်ကျင့်သီလလေ့ကျင့်ခန်း ‘အဓိသီလသိက္ခာ’၊ မြင့်မြတ်သောစိတ် လေ့ကျင့်ခန်း ‘အဓိစိတ္တသိက္ခာ’၊ မြင့်မြတ်သော ပညာလေ့ကျင့်ခန်း ‘အဓိပညာသိက္ခာ’၌ အလွန်ငဲ့ကွက်ခြင်း ရှိ၏။ ဤသည်ကား အယူနှင့် ပြည့်စုံသော ပုဂ္ဂိုလ်၏ထုံးတမ်းစဉ်လာပင်တည်း။

ထိုတပည့်သာဝကသည် “အယူနှင့်ပြည့်စုံသည့် ပုဂ္ဂိုလ်သည် ပြည့်စုံနေသော ထုံးတမ်းစဉ်လာ အမျိုးအစားနှင့် ငါလည်း ပြည့်စုံ၏” ဟု သိ၏။ ထိုတပည့်သာဝကသည် လောကမှ လွန်မြောက်၍ပုထုဇဉ်တို့နှင့် မဆက်ဆံသည့် မြတ်သော ဤပဉ္စမ (ပစ္စဝေက္ခဏာ) ဉာဏ်ကို ရ၏။

၄၉၈။ ရဟန်းတို့ နောက်တစ်မျိုးကား မြတ်စွာဘုရား၏ တပည့်သာဝကသည် “အယူနှင့် ပြည့်စုံ သည့်ပုဂ္ဂိုလ်သည် ပြည့်စုံနေသောအား အမျိုးအစားနှင့် ငါလည်း ပြည့်စုံ၏” ဟု ဆင်ခြင်၏။

--

ရဟန်းတို့ အယူနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် အဘယ်သို့သဘောရှိသော အားနှင့် ပြည့်စုံသနည်း။ ရဟန်းတို့ အယူနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် မြတ်စွာဘုရား ဟောကြားထားသော ဓမ္မ ဝိနယကို ဟောကြားလတ်သော် အလိုရှိသည်ကို ပြု၍ နှလုံးသွင်း၍ အလုံးစုံသောစိတ်ဖြင့် မှတ်သား၍ နားစိုက်လျက်တရားကို နာ၏။ ဤသည်ကား အယူနှင့်ပြည့်စုံသော ပုဂ္ဂိုလ်၏ အားတည်း။ ထိုတပည့်သာဝကသည် “အယူနှင့် ပြည့်စုံသည့် ပုဂ္ဂိုလ်သည် ပြည့်စုံနေသော စွမ်းအား အမျိုးအစားနှင့် ငါလည်း ပြည့်စုံ၏” ဟုသိ၏။ ထိုတပည့်သာဝကသည် လောကမှ လွန်မြောက်၍ ပုထုဇ္ဇဉ်တို့နှင့် မဆက်ဆံသည့် ဖြူစင်သောဤဆဋ္ဌ (ပစ္စဝေက္ခဏာ) ဉာဏ်ကို ရ၏။

၄၉၉။ ရဟန်းတို့ နောက်တစ်မျိုးကား မြတ်စွာဘုရား၏ တပည့်သာဝကသည် “အယူနှင့် ပြည့်စုံ သည့်ပုဂ္ဂိုလ်သည် ပြည့်စုံနေသော အားအမျိုးအစားနှင့် ငါလည်း ပြည့်စုံ၏” ဟု ဆင်ခြင်၏။

ရဟန်းတို့ အယူနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် အဘယ်သို့သဘောရှိသော အားနှင့် ပြည့်စုံသနည်း။ ရဟန်းတို့ အယူနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် မြတ်စွာဘုရားဟောထားသော ဓမ္မ ဝိနယကို ဟောကြားလတ်သော် အနက်အဓိပ္ပါယ်နားလည်မှုကို ရ၏၊ စကားနားလည်မှုကို ရ၏၊ တရားနှင့်စပ်သော ဝမ်းမြောက်မှုကို ရ၏။ ဤသည်ကား အယူနှင့် ပြည့်စုံသော ပုဂ္ဂိုလ်၏ အားတည်း။ ထိုတပည့်သာဝကသည် “အယူနှင့် ပြည့်စုံသည့် ပုဂ္ဂိုလ်သည် ပြည့်စုံနေသော အားနှင့် ငါလည်း ပြည့်စုံ၏” ဟု သိ၏။ ထိုတပည့်သာဝကသည် လောကမှ လွန်မြောက်၍ ပုထုဇဉ်တို့နှင့် မဆက်ဆံသည့် ဖြူစင်သော ဤသတ္တမ (ပစ္စဝေက္ခဏာ) ဉာဏ်ကို ရ၏။

၅၀၀။ ရဟန်းတို့ ဤသို့ အင်္ဂါခုနစ်ပါးတို့နှင့်ပြည့်စုံသော မြတ်စွာဘုရား၏ တပည့်သာဝကသည်သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုသောအားဖြင့် ထုံးတမ်းစဉ်လာကို ကောင်းစွာ စူးစမ်းပြီးပြီ။

ရဟန်းတို့ ဤသို့ အင်္ဂါခုနစ်ပါးတို့နှင့်ပြည့်စုံသော မြတ်စွာဘုရား၏ တပည့်သာဝကသည် သောတာပတ္တိဖိုလ်နှင့် ပြည့်စုံသူ ဖြစ်၏ဟု ဤတရားစကားကို မြတ်စွာဘုရားသည် ဟောတော်မူ၏။

ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ တရားစကားကို နှစ်ခြိုက်ဝမ်းမြောက်ကြကုန်၏။

ရှစ်ခုမြောက် ကောသမ္ဗိယသုတ်ပြီး၏။

--

၉- ဗြဟ္မနိမန္တနိကသုတ်

၅၀၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟု ခေါ်တော်မူ၏။ ထိုရဟန်းတို့သည် “အသျှင်ဘုရား” ဟု မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြ့ကုန်၏။ မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏-

ရဟန်းတို့ ငါသည် အခါတစ်ပါး၌ ဥက္ကဋ္ဌမြို့ သုဘဂတောအုပ် အင်ကြင်းပင်မင်းအရင်း၌ နေ၏။ ရဟန်းတို့ ထိုအခါ ဗကဗြဟ္မာအား-

“ဤဗြဟ္မလောကသည် မြဲ၏၊ ဤဗြဟ္မလောကသည် ခိုင်ခံ့၏၊ ဤဗြဟ္မလောကသည် တည်တံ့၏၊ ဤဗြဟ္မလောကသည် သီးသန့်ဖြစ်၏၊ ဤဗြဟ္မလောကသည် ရွေ့လျောခြင်းသဘော မရှိ၊ ဤဗြဟ္မလောက၌ပဋိသန္ဓေမနေ၊ မအို၊ မသေ၊ မရွေ့လျော၊ (ပဋိသန္ဓေအားဖြင့်) မကပ်ရောက်၊ ဤဗြဟ္မလောကမှ တစ်ပါးလွန်မြတ်သော ထွက်မြောက်ရာလည်း မရှိ” ဟု ဤသို့သဘောရှိသော ယုတ်ညံ့သော အယူသည် ဖြစ်ပေါ်နေ၏။

ရဟန်းတို့ ထိုအခါ ငါသည် ဗကဗြဟ္မာ၏ စိတ်အကြံအစည်ကို (ငါ၏) စိတ်ဖြင့် သိ၍ ခွန်အားရှိသောယောကျ်ားသည် ကွေးထားသော လက်မောင်းကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်ထားသောလက်မောင်းကို ကွေးသကဲ့သို့လည်းကောင်း ဤအတူပင် ဥက္ကဋ္ဌမြို့ သုဘဂတောအုပ် အင်ကြင်းပင်မင်းအရင်း၌ ကွယ်ခဲ့၍ ထိုဗြဟ္မလောက၌ ထင်ရှားဖြစ်၏။

ရဟန်းတို့ ဗကဗြဟ္မာသည် လာနေသော ငါ့ကို အဝေးမှပင် မြင်၍ “အသျှင်မြတ် လာပါလော့၊ အသျှင်မြတ် (အသျှင်မြတ်၏) လာခြင်းသည် ကောင်းသော လာခြင်းပါတည်း၊ အသျှင်မြတ်ဤဗြဟ္မလောက သို့ လာခြင်း၏ အလှည့်ကို ကြာမြင့်မှပင် ပြုဘိ၏၊ အသျှင်မြတ် ဤဗြဟ္မလောကသည်မြဲ၏၊ ဤဗြဟ္မ လောကသည် ခိုင်ခံ့၏၊ ဤဗြဟ္မလောကသည် တည်တံ့၏၊ ဤဗြဟ္မလောကသည်သီးသန့်ဖြစ်၏၊ ဤဗြဟ္မ လောကသည် ရွေ့လျောခြင်းသဘောမရှိ၊ ဤဗြဟ္မလောက၌ ပဋိသန္ဓေမနေ၊ မအို၊ မသေ၊ မရွေ့လျော၊ (ပဋိသန္ဓေအားဖြင့်) မကပ်ရောက်၊ ဤဗြဟ္မလောကမှတစ်ပါး လွန်မြတ်သောထွက်မြောက်ရာလည်း မရှိ” ဟု ဆို၏။

ရဟန်းတို့ ဤသို့ ဆိုသော် ငါသည် ဗကဗြဟ္မာအား ဤသို့ ပြောဆို၏-

“အချင်းတို့ ဗကဗြဟ္မာသည် မိုက်မဲလေစွတကား၊ အချင်းတို့ ဗကဗြဟ္မာသည် မိုက်မဲလေစွ တကား။ မမြဲသည်သာလျှင် ဖြစ်လျက် ‘မြဲ၏’ဟု ဆိုတုံဘိ၏၊ မခိုင်ခံ့သည်သာလျှင် ဖြစ်လျက် ‘ခိုင်ခံ့၏’ဟုဆိုတုံဘိ၏၊ မတည်တံ့သည်သာလျှင် ဖြစ်လျက် ‘တည်တံ့၏’ဟု ဆိုတုံဘိ၏၊ သီးသန့်မဟုတ်သည်သာလျှင် ဖြစ်လျက် ‘သီးသန့် ဖြစ်၏’ဟု ဆိုတုံဘိ၏၊ ရွေ့လျောခြင်းသဘောရှိသည်သာလျှင် ဖြစ်လျက် ‘ရွေ့လျောခြင်းသဘောမရှိ’ဟု ဆိုတုံဘိ၏။ ပဋိသန္ဓေနေရာ အိုရာ သေရာ ရွေ့လျှောရာ (ပဋိသန္ဓေအားဖြင့်) ကပ်ရောက်ရာဖြစ်လျက် ‘ဤဗြဟ္မလောက၌ ပဋိသန္ဓေမနေ၊ မအို၊ မသေ၊ မရွေ့လျော၊ (ပဋိသန္ဓေအားဖြင့်) မကပ်ရောက်’ဟု ဆိုတုံဘိ၏။ ဗြဟ္မလောကမှ တစ်ပါး လွန်မြတ်သော ထွက်မြောက်ရာရှိလျက်လည်း ‘(ဗြဟ္မလောကမှ) တစ်ပါး လွန်မြတ်သော ထွက်မြောက်ရာ မရှိ’ဟု ဆိုတုံဘိ၏” ဟု (ပြောဆို၏)။

--

၅၀၂။ ရဟန်းတို့ ထိုအခါ မာရ်နတ်ယုတ်သည် တစ်ဦးသော အလုပ်အကျွေး ဗြဟ္မပါရိသဇ္ဇဗြဟ္မာကိုပူးဝင်၍ “ရဟန်း ရဟန်း ဤဗကဗြဟ္မာကို မထိခိုက်လင့်၊ ဤဗကဗြဟ္မာကို မထိခိုက်လင့်၊ ရဟန်း ဤဗကဗြဟ္မာသည် ဗြဟ္မာကြီးတည်း၊ လွှမ်းမိုးနိုင်သူတည်း၊ မည်သူကမှ မလွှမ်းမိုးနိုင်သူတည်း၊ (အလုံးစုံကို) မြင်တတ်သူတည်း၊ အလိုအတိုင်းဖြစ်စေနိုင်သူတည်း၊ အစိုးရသူတည်း၊ ပြုတတ်သူတည်း၊ ဖန်ဆင်းတတ်သူ တည်း၊ အမြတ်ဆုံးဖြစ်သူတည်း၊ စီမံသူတည်း၊ (ဈာန်၌) လေ့လာပြီးသူတည်း၊ ဖြစ်ပြီးဖြစ်ဆဲသတ္တဝါတို့၏ အဖတည်း။ ရဟန်းလောက၌ ပထဝီဓာတ်ကို ကဲ့ရဲ့တတ်ကုန်စက်ဆုပ်တတ်ကုန်သော၊ အာပေါဓာတ်ကို ကဲ့ရဲ့တတ်ကုန် စက်ဆုပ်တတ်ကုန်သော၊ တေဇောဓာတ်ကိုကဲ့ရဲ့တတ်ကုန် စက်ဆုပ်တတ် ကုန်သော၊ ဝါယောဓာတ်ကို ကဲ့ရဲ့တတ်ကုန် စက်ဆုပ်တတ်ကုန်သော၊ သတ္တဝါကို ကဲ့ရဲ့တတ်ကုန် စက်ဆုပ် တတ်ကုန်သော၊ နတ်ကို ကဲ့ရဲ့တတ်ကုန် စက်ဆုပ်တတ်ကုန်သော၊ မာရ်နတ်ကို ကဲ့ရဲ့တတ်ကုန် စက်ဆုပ် တတ်ကုန်သော၊ ဗြဟ္မာကို ကဲ့ရဲ့တတ်ကုန် စက်ဆုပ်တတ်ကုန်သော၊့သင့်ထက် ရှေးကျသည့် သမဏ ဗြာဟ္မဏတို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ယုတ်ညံ့သော ဘုံဘဝ၌ တည်ကုန်၏။

ရဟန်း လောက၌ ပထဝီဓာတ်ကို ချီးမွမ်းတတ်ကုန် အလွန်နှစ်သက်တတ်ကုန်သော၊ အာပေါဓာတ်ကိုချီးမွမ်းတတ်ကုန် အလွန်နှစ်သက်တတ်ကုန်သော၊ တေဇောဓာတ်ကို ချီးမွမ်းတတ်ကုန် အလွန်နှစ်သက်တတ်ကုန်သော၊ ဝါယောဓာတ်ကို ချီးမွမ်းတတ်ကုန် အလွန်နှစ်သက်တတ်ကုန်သော၊ သတ္တဝါကို ချီးမွမ်းတတ်ကုန် အလွန်နှစ်သက်တတ်ကုန်သော၊ နတ်ကို ချီးမွမ်းတတ်ကုန် အလွန်နှစ်သက်တတ်ကုန်သော၊ မာရ်နတ်ကို ချီးမွမ်းတတ်ကုန် အလွန်နှစ်သက်တတ်ကုန်သော၊ ဗြဟ္မာကို ချီးမွမ်းတတ်ကုန် အလွန်နှစ်သက်တတ်ကုန်သော၊ သင့်ထက် ရှေးကျသည့် သမဏဗြာဟ္မဏတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ မြတ်သော ဘုံဘဝ၌ တည်ကုန်၏။

ရဟန်း ထို (အကြောင်း) ကြောင့် သင့်ကို ငါ ဤသို့ ဆို၏၊ အချင်း သင့်ကို တိုက်တွန်း၏၊ ဗြဟ္မာပြောဆိုသော စကားကိုသာလျှင် သင်လိုက်နာလော့၊ သင်သည် ဗြဟ္မာ၏ စကားကို မလွန်ဆန်လင့်။ ရဟန်း သင်သည် ဗြဟ္မာ၏ စကားကို အကယ်၍ လွန်ဆန်ပါမူ ယောကျ်ားသည် ရောက်လာသောကျက်သရေကို တုတ်ဖြင့် မောင်းနှင်ထုတ်သကဲ့သို့လည်းကောင်း၊ ယောကျ်ားသည် ချောက်ကမ်းပါးပြတ်၌ကျသော် မြေကို လက်တို့ဖြင့်လည်းကောင်း၊ ခြေတို့ဖြင့်လည်းကောင်း၊ မကိုင်စွဲ မဆောက်တည်နိုင်ရာသကဲ့သို့လည်းကောင်း ဤအတူ ဤဥပမာနှင့် ပြည့်စုံခြင်းသည် သင့်အား ဖြစ်ပါလိမ့်မည်။ အချင်းသင့်ကို တိုက်တွန်း၏၊ ဗြဟ္မာပြောဆိုသော စကားကိုသာလျှင် သင်လိုက်နာလော့၊ သင်သည် ဗြဟ္မာ၏စကားကို မလွန်ဆန်လင့်၊ သင်သည် စုဝေးနေသော ဗြဟ္မာပရိသတ်ကို မြင်သည်မဟုတ်လော” ဟု (ဆို၏)။

ရဟန်းတို့ ဤသို့လျှင် ငါ့ကို မာရ်နတ်ယုတ်သည် ဗြဟ္မာ၏ ပရိသတ်ဖြစ်အောင် ဆွဲဆောင်၏။

ရဟန်းတို့ ဤသို့ဆိုသော် ငါသည် မာရ်နတ်ယုတ်ကို ဤသို့ မိန့်ဆို၏။

“မာရ်ယုတ် သင့်ကို ငါသိ၏၊ သင်သည် ‘ငါ့ကို မသိ’ဟု မထင်မှတ်လင့်၊ မာရ်ယုတ် သင်သည် မာရ်နတ်ဖြစ်၏။ မာရ်ယုတ် ဗြဟ္မာသည်လည်းကောင်း၊ ဗြဟ္မာ့ပရိသတ်သည်လည်းကောင်း၊ အလုပ် အကျွေးဗြဟ္မာသည်လည်းကောင်း အလုံးစုံသော သူတို့ပင် သင့်လက်သို့ ရောက်ကုန်၏၊ အလုံးစုံသော သူတို့ပင်သင့်အလိုသို့ လိုက်ကုန်၏၊ မာရ်ယုတ် ‘ဤရဟန်းသည်လည်း ငါ့လက်သို့ ရောက်သူဖြစ်ရာ၏၊ ဤရဟန်းသည်လည်း ငါ့အလိုသို့ လိုက်သူဖြစ်ရာ၏” ဟု သင့်အား ဤအကြံအစည်သည် ဖြစ်၏၊ မာရ်ယုတ် ငါကား သင့်လက်ရောက်သည် မဟုတ်၊ သင့်အလိုသို့ လိုက်သူ မဟုတ်” ဟု (မိန့်ဆို၏)။

၅၀၃။ ရဟန်းတို့ ဤသို့ မိန့်ဆိုသော် ဗကဗြဟ္မာသည် ငါ့အား ဤသို့ ပြောဆို၏။

“အသျှင်မြတ် ငါသည် မြဲသည်သာလျှင် ဖြစ်သည်ကို ‘မြဲ၏’ဟု ဆို၏၊ ခိုင်ခံ့သည်သာလျှင် ဖြစ်သည် ကို ‘ခိုင်ခံ့၏’ဟု ဆို၏၊ တည်တံ့သည်သာလျှင် ဖြစ်သည်ကို ‘တည်တံ့၏’ဟု ဆို၏။

--

သီးသန့်သာလျှင်ဖြစ်သည်ကို ‘သီးသန့်ဖြစ်၏’ဟု ဆို၏၊ ရွေ့လျောခြင်းသဘောမရှိသည်သာလျှင် ဖြစ်သည်ကို ‘ရွေ့လျောခြင်းသဘောမရှိ’ဟု ဆို၏။ ပဋိသန္ဓေ မနေရာ, မအိုရာ, မသေရာ, မရွေ့လျောရာ, (ပဋိသန္ဓေအားဖြင့်) မကပ်ရောက်ရာကိုသာလျှင်’ ငါသည် ဤဗြဟ္မလောက၌ ပဋိသန္ဓေမနေ၊ မအို၊ မသေ၊ မရွေ့လျော၊ (ပဋိသန္ဓေအားဖြင့်) မကပ်ရောက်’ဟု ဆို၏၊ (ဤဗြဟ္မလောကမှ) တစ်ပါး လွန်မြတ်သော ထွက်မြောက်ရာမရှိသည်ကိုလည်း ‘ဤဗြဟ္မလောကမှတစ်ပါး လွန်မြတ်သော ထွက်မြောက်ရာ မရှိ’ဟု ဆို၏။

ရဟန်း လောက၌ သင့်ထက် ရှေးကျသည့် သမဏဗြာဟ္မဏတို့၏ ကျင့်ကြံမှုသည် သင်၏ အသက်နှင့်အမျှပင် ဖြစ်ပေ၏။ ထိုသမဏဗြာဟ္မဏတို့သည် ဗြဟ္မလောကမှတစ်ပါး လွန်မြတ်သော ထွက်မြောက်ရာရှိသည်ကိုလည်း ‘(ဗြဟ္မလောကမှ) တစ်ပါး လွန်မြတ်သော ထွက်မြောက်ရာသည်ရှိ၏’ဟူ၍လည်းကောင်း၊ (ဗြဟ္မလောကမှ) တစ်ပါး လွန်မြတ်သော ထွက်မြောက်ရာမရှိသည်ကိုလည်း (ဗြဟ္မလောကမှ) တစ်ပါး လွန်မြတ်သော ထွက်မြောက်ရာသည် မရှိ’ဟူ၍လည်းကောင်း သိကုန်ရာ၏။ ရဟန်း ထိုအကြောင်းကြောင့်သင့်ကို ငါ ဤသို့ ဆို၏၊ (ဗြဟ္မလောကမှ) တစ်ပါး လွန်မြတ်သော ထွက်မြောက်ရာကို တွေ့မြင်လိမ့်မည်မဟုတ်၊ ပင်ပန်းရုံ ဆင်းရဲရုံသာ ဖြစ်ပေလိမ့်မည်။ “ရဟန်း အကယ်၍ သင်သည် ပထဝီကို စွဲလမ်းမူငါ၏အနီး၌ ဖြစ်သူ ငါ၏တည်ရာ၌ ဖြစ်သူ အလိုရှိတိုင်းပြုနိုင်သည့် လက်အောက်လူ ဖြစ်ပေလိမ့်မည်။

အာပေါကို။ တေဇောကို။ ဝါယောကို။ သတ္တဝါတို့ကို။ နတ်တို့ကို။ မာရ်နတ်ကို။ ဗြဟ္မာကို အကယ်၍စွဲလမ်းမူ ငါ၏အနီး၌ ဖြစ်သူ ငါ၏တည်ရာ၌ ဖြစ်သူ အလိုရှိတိုင်းပြုနိုင်သည့် လက်အောက်လူဖြစ်ပေလိမ့်မည်” ဟု (ဆို၏)။

ဗြဟ္မာ ငါသည်လည်း ဤသို့ သိ၏၊ “အကယ်၍ ပထဝီကို စွဲလမ်းမူ သင်၏ အနီး၌ဖြစ်သူ သင်၏တည်ရာ၌ ဖြစ်သူ အလိုရှိတိုင်းပြုနိုင်သည့် လက်အောက်လူ ဖြစ်လိမ့်မည်။ အာပေါကို။ တေဇောကို။ ဝါယောကို။ သတ္တဝါတို့ကို။ နတ်တို့ကို။ မာရ်နတ်ကို။ ဗြဟ္မာကို အကယ်၍ စွဲလမ်းမူ သင်၏အနီး၌ဖြစ်သူ သင်၏တည်ရာ၌ ဖြစ်သူ အလိုရှိတိုင်းပြုနိုင်သည့် လက်အောက်လူ ဖြစ်ပေလိမ့်မည်” ဟု (သိ၏)။

ဗြဟ္မာ စင်စစ် “ဗကဗြဟ္မာသည် ဤသို့ ကြီးသော တန်ခိုးရှိသူတည်း၊ ဤသို့ ကြီးသော အာနုဘော်ရှိသူတည်း၊ ဤသို့ များသော အကျော်အစော အခြံအရံရှိသူတည်း” ဟု သင်၏ ဖြစ်ပုံကိုလည်း ငါ သိ၏၊ အစွမ်းသတ္တိကိုလည်း ငါ သိ၏ဟု (ဆို၏)။

အသျှင်မြတ် “ဗကဗြဟ္မာသည် ဤသို့ ကြီးသော တန်ခိုးရှိသူတည်း၊ ဤသို့ ကြီးသော အာနုဘော်ရှိသူတည်း၊ ဤသို့ များသော အကျော်အစော အခြံအရံရှိသူတည်း” ဟု အဘယ်သို့ ငါ၏ ဖြစ်ပုံကို သင်သိသနည်း၊ အစွမ်းသတ္တိကိုလည်း သင်သိသနည်းဟု (မေး၏)။

အရပ်မျက်နှာတို့၌ တင့်တယ် ထွန်းလင်းစေလျက် လ နေတို့ လှည့်လည်ရာ (လောကဓာတ်တစ်ခု) ပမာဏအားဖြင့် ဤတစ်ထောင်သော လောက၌ သင်၏ အာဏာသည် ဖြစ်၏။

ဤတစ်ထောင်သော လောက၌ မြတ်သော ယုတ်သော သတ္တဝါကို သိသည့်အပြင် တပ်မက်မှုရှိသူတပ်မက်မှုကင်းသူကိုလည်းကောင်း၊ ဤစကြဝဠာ, တစ်ပါးသော စကြဝဠာကိုလည်းကောင်း၊ သတ္တဝါတို့ပဋိသန္ဓေနေပုံ စုတေပုံကိုလည်းကောင်း သိ၏။

ဗြဟ္မာ ဤသို့လျှင် “ဗကဗြဟ္မာသည် ဤသို့ ကြီးသော တန်ခိုးရှိသူတည်း၊ ဤသို့ ကြီးသောအာနုဘော်ရှိသူတည်း၊ ဗကဗြဟ္မာသည် ဤသို့ များသော အကျော်အစော အခြံအရံရှိသူတည်း” ဟုသင်၏ ဖြစ်ပုံကိုလည်း ငါ သိ၏၊ အစွမ်းသတ္တိကိုလည်း ငါ သိ၏။

၅၀၄။ ဗြဟ္မာ တစ်ပါးသော ဘုံဘဝသည် ရှိသေးသည်သာလျှင်တည်း၊ ထိုဘုံဘဝကို သင် မသိ၊ မမြင်၊ ထိုဘုံဘဝကို ငါ သိ၏၊ မြင်၏။ ဗြဟ္မာ အာဘဿရာမည်သော ဘုံဘဝသည် ရှိသေးသည်သာလျှင်တည်း၊

--

ယင်းအာဘဿရဘုံဘဝမှ သင် ရွေ့လျော၍ ဤဘုံ၌ ဖြစ်၏၊ ထိုသင့်အား အလွန်ကြာမြင့်စွာနေခြင်းဖြင့် ထိုအောက်မေ့မှု သတိသည် မေ့ပျောက်နေ၏၊ ထို့ကြောင့် ထိုဘုံဘဝကို သင်မသိ၊ မမြင်။ ထိုဘုံဘဝကို ငါ သိ၏၊ မြင်၏။ ဗြဟ္မာ ဤသို့ ငါသိသောကြောင့်လည်း သင်နှင့် တူမျှသည် မဟုတ်၊ အဘယ်မှာ သင့်အောက် အလွန်နိမ့်ကျပေအံ့နည်း၊ စင်စစ်မှာမူ ငါသာလျှင် သင့်ထက် လွန်ကဲ၏။

ဗြဟ္မာ သုဘကိဏှာမည်သော ဘုံဘဝသည် ရှိသေးသည်သာလျှင်တည်း။ ဝေဟပိ ္ဖုလ်မည်သောဘုံဘဝသည်။ အဘိဘူမည်သော ဘုံဘဝသည် ရှိသေးသည်သာလျှင်တည်း။ ထိုဘုံဘဝကို သင် မသိ၊ မမြင်။ ထိုဘုံဘဝကို ငါသိ၏၊ မြင်၏။ ဗြဟ္မာ ဤသို့ ငါသိသောကြောင့်လည်း သင်နှင့် တူမျှသည်မဟုတ်၊ အဘယ်မှာ သင့်အောက် အလွန်နိမ့်ကျပေအံ့နည်း၊ စင်စစ်မှာမူ ငါသည်သာလျှင် သင့်ထက် လွန်ကဲ၏။

ဗြဟ္မာ ငါသည် မြေကို မြေအားဖြင့် သိ၍ ပထဝီဟူသမျှ၏ ပထဝီသဘောအားဖြင့် မရောက်ရာသည့်နိဗ္ဗာန်ကို သိ၍ မြေကို မစွဲယူ၊ မြေ၌ မစွဲယူ၊ မြေအားဖြင့် မစွဲယူ၊ မြေကို ငါပိုင်ဥစ္စာဟု မစွဲယူ၊ မြေကိုမစွဲဆို။ ဗြဟ္မာ ဤသို့ ငါသိသောကြောင့်လည်း သင်နှင့် တူမျှသည် မဟုတ်၊ အဘယ်မှာ သင့်အောက့်အလွန် နိမ့်ကျပေအံ့နည်း၊ စင်စစ်မှာမူ ငါသာလျှင် သင့်ထက် လွန်ကဲ၏။

ဗြဟ္မာ ငါသည် ရေကို။ပ။ ဗြဟ္မာ ငါသည် မီးကို။ပ။ ဗြဟ္မာ ငါသည် လေကို။ပ။ ဗြဟ္မာ ငါသည် သတ္တဝါတို့ကို။ပ။ ဗြဟ္မာ ငါသည် နတ်တို့ကို။ပ။ ဗြဟ္မာ ငါသည် မာရ်နတ်ကို။ပ။ ဗြဟ္မာ ငါသည်ဗြဟ္မာကို။ပ။ ဗြဟ္မာ ငါသည် အာဘဿရဗြဟ္မာကို။ပ။ ဗြဟ္မာ ငါသည် သုဘကိဏှဗြဟ္မာတို့ကို။ပ။ ဗြဟ္မာငါသည် ဝေဟပ္ဖိုလ်ဗြဟ္မာတို့ကို။ပ။ ဗြဟ္မာ ငါသည် အဘိဘူဗြဟ္မာတို့ကို။ပ။ ဗြဟ္မာ ငါသည် အလုံးစုံ (ဘုံသုံးပါးတရား) ကို အလုံးစုံအားဖြင့် သိ၍ အလုံးစုံဟူသမျှ၏ အလုံးစုံသဘောအားဖြင့် မရောက်ရာသည့်နိဗ္ဗာန်ကို သိ၍ အလုံးစုံကို မစွဲယူ၊ အလုံးစုံ၌ မစွဲယူ၊ အလုံးစုံအားဖြင့် မစွဲယူ၊ အလုံးစုံကို ငါပိုင်ဥစ္စာဟုမစွဲယူ၊ အလုံးစုံကို မစွဲဆို။ ဗြဟ္မာ ဤသို့ ငါသိသောကြောင့်လည်း သင်နှင့်တူမျှသည် မဟုတ်၊ အဘယ်မှာ သင့်အောက် အလွန်နိမ့်ကျပေအံ့နည်း။ စင်စစ်မှာမူ ငါသည်သာလျှင် သင့်ထက် လွန်ကဲ၏ဟု (မိန့်ဆို၏)။

အသျှင်မြတ် အကယ်၍ အလုံးစုံ၏ အလုံးစုံသဘောအားဖြင့် မရောက်ခဲ့မူ၊ ယင်းမရောက်ရာကို သိ၍သင့်စကားသည် ဆိတ်သုဉ်းသောစကား မဖြစ်စေလင့်၊ အချည်းနှီးသောစကား မဖြစ်စေလင့်ဟု (ဆို၏)။

ထူးသောဉာဏ်ဖြင့်သာ သိအပ်သော၊ (ပကတိမျက်စိဖြင့်) မမြင်အပ်သော၊ ဖြစ်ခြင်းပျက်ခြင်း (ဥပါဒ်- ဘင်) အစွန်းမရှိသော၊ အလုံးစုံ (သော တရား) ထက် လင်းလက်တောက်ပသည့် အရောင်ရှိသော ထို နိဗ္ဗာန်ကိုမြေဓာတ်၏ မြေသဘောအားဖြင့် မရောက်အပ်၊ ရေဓာတ်၏ ရေသဘောအားဖြင့် မရောက်အပ်၊ မီးဓာတ်၏ မီးသဘောအားဖြင့် မရောက်အပ်၊ လေဓာတ်၏ လေသဘောအားဖြင့် မရောက်အပ်၊ သတ္တဝါတို့၏ သတ္တဝါသဘောအားဖြင့် မရောက်အပ်၊ နတ်တို့၏ နတ်သဘောအားဖြင့် မရောက်အပ်၊ မာရ်နတ်၏မာရ်နတ်သဘောအားဖြင့် မရောက်အပ်၊ ဗြဟ္မာတို့၏ ဗြဟ္မာသဘောအားဖြင့် မရောက်အပ်၊ အာဘဿရဗြဟ္မာတို့၏ အာဘဿရဗြဟ္မာ သဘောအားဖြင့် မရောက်အပ်၊ သုဘကိဏှဗြဟ္မာတို့၏ သုဘကိဏှဗြဟ္မာသဘောအားဖြင့် မရောက်အပ်၊ ဝေဟပ္ဖိုလ်ဗြဟ္မာတို့၏ ဝေဟပ္ဖိုလ်ဗြဟ္မာသဘောအားဖြင့် မရောက်အပ်၊ အဘိဘူဗြဟ္မာ၏ အဘိဘူဗြဟ္မာသဘောအားဖြင့် မရောက်အပ်၊ အလုံးစုံ၏ အလုံးစုံသဘောအားဖြင့်မရောက်အပ်ဟု (မိန့်ဆို၏)။

အသျှင်မြတ် ရှုလော့၊ ယခု သင်၏ မျက်မှောက်၌ ကွယ်လိုက်မည်ဟု (ဆို၏)။

ဗြဟ္မာ သင်သည် အကယ်၍ စွမ်းနိုင်မူ ယခု ငါ၏ မျက်မှောက်၌ ကွယ်လိုက်လော့ဟု (မိန့်ဆို၏)။

--

ရဟန်းတို့ ထိုအခါ ဗကဗြဟ္မာသည် “ရဟန်းဂေါတမ၏ မျက်မှောက်၌ ကွယ်လိုက်မည်၊ ရဟန်းဂေါတမ၏ မျက်မှောက်၌ ကွယ်လိုက်မည်” ဟု ဆိုသော်လည်း ငါ၏ မျက်မှောက်၌ ကွယ်ရန် မစွမ်းနိုင်။

ရဟန်းတို့ ဤသို့ ဆိုသော် ငါသည် ဗကဗြဟ္မာကို “ဗြဟ္မာ ယခု သင်၏ မျက်မှောက်၌ ကွယ်အံ့” ဟုမိန့်ဆို၏။

အသျှင်မြတ် သင်သည် အကယ်၍ စွမ်းနိုင်မူ ယခု အကျွန်ုပ်မျက်မှောက်၌ ကွယ်ပါလော့ဟု (ဆို၏)။

ရဟန်းတို့ ထိုအခါ ငါသည် “ဗြဟ္မာဟူသမျှသည်လည်းကောင်း၊ ဗြဟ္မာ့ပရိသတ်ဟူသမျှသည်လည်းကောင်း၊ ဗြဟ္မာ့အလုပ်အကျွေးဟူသမျှတို့သည်လည်းကောင်း ငါ၏ အသံကိုသာလျှင် ကြားရကုန်၍ ငါ့ကိုကား မမြင်ရမည့် သဘောရှိသော” တန်ခိုးဖန်ဆင်းခြင်းကို ဖန်ဆင်းတော်မူလေ၏၊ ကွယ်တော်မူလျက်-

“ငါသည် ဘဝ၌ ဘေးကိုလည်းကောင်း၊ ဘဝကင်းရာရှာသော သတ္တဝါတို့၏ ဖြစ်ပုံကိုလည်းကောင်းမြင်၍သာလျှင် တစ်စုံတစ်ခုသော ဘဝကိုမျှ (တဏှာ ဒိဋ္ဌိ၏ အစွမ်းဖြင့်) မစွဲလမ်းပြီ။ ဘဝ၌ နှစ်သက်ခြင်း ‘ဘဝတဏှာ’ ကိုလည်း မစွဲယူတော့ပြီ” ဟူသော ဤဂါထာကို မိန့်ဆိုတော်မူ၏။

ရဟန်းတို့ ထိုအခါ ဗြဟ္မာသည်လည်းကောင်း ဗြဟ္မာ့ပရိသတ်သည်လည်းကောင်း ဗြဟ္မာ့အလုပ်အကျွေးတို့သည်လည်းကောင်း “အချင်းတို့ ရဟန်းဂေါတမ၏ ကြီးသော တန်ခိုးရှိသည့်အဖြစ်, ကြီးသောအာနုဘော်ရှိသည့် အဖြစ်သည် အံ့ဩဘွယ် ဖြစ်ပေစွ၊ မဖြစ်စဖူးဖြစ်ပါပေစွ၊ သာကီဝင်မင်းသားဖြစ်၍့သာကီဝင်မင်းမျိုးမှ ရဟန်းပြုသော ဤရဟန်းဂေါတမကဲ့သို့၊ ဤသို့ ကြီးသော တန်ခိုးရှိသူ, ဤသို့ကြီးသော အာနုဘော်ရှိသူ တစ်ပါးသော သမဏကိုသော်လည်းကောင်း၊ ဗြာဟ္မဏကိုသော်လည်းကောင်းရှေးယခင်အခါက ငါတို့ မြင်လည်း မမြင်ခဲ့၊ ကြားလည်း မကြားခဲ့၊ အချင်းတို့ သာကီဝင်မင်းသားဖြစ်၍သာကီဝင်မင်းမျိုးမှ ရဟန်းပြုသော ဤရဟန်းဂေါတမသည် ဘဝ၌မွေ့လျော် ဘဝ၌ပျော်ပိုက် ဘဝ၌ဖြစ်ပွားသော သတ္တဝါအပေါင်း၏ ဘဝကို အမြစ်နှင့်တကွ နုတ်နိုင်ပါပေစွ” ဟု အံ့ဩခြင်း မဖြစ်စဖူးစိတ်ဖြစ်ခြင်းရှိကုန်၏။

၅၀၅။ ရဟန်းတို့ ထိုအခါ မာရ်နတ်ယုတ်သည် တစ်ပါးသော ဗြဟ္မာ့အလုပ်အကျွေးကို ပူးဝင်၍ ငါ့အားဤသို့ ပြောဆို၏။

“အသျှင်မြတ် အကယ်၍ သင်သည် ဤသို့ ခွဲခြား၍သိပါမူ အကယ်၍ သင်သည် ဤသို့လျော်စွာဉာဏ်ဖြင့် သိပါမူ တပည့်သာဝကတို့သို့ (ထိုတရားကို) မပို့ဆောင်ပါလင့်၊ (ရသေ့ပရိဗိုဇ်) ရဟန်းတို့သို့ (ထိုတရားကို) မပို့ ဆောင်ပါလင့်၊ တပည့်သာဝကတို့အား တရားကို မဟောပါလင့်၊ ရဟန်းတို့အား (တရားကို) မဟောပါလင့်၊ တပည့်သာဝကတို့၌ တပ်မက်မောခြင်းကို မပြုပါလင့်။ ရဟန်းတို့၌ တပ်မက်မောခြင်းကို မပြုပါလင့်၊ ရဟန်း လောက၌ ကိလေသာရန်သူကို သတ်တတ်သူ (အရဟန္တ), (တရားအားလုံးကို) ကိုယ်တိုင်မှန်စွာသိသူ ‘သမ္မာသမ္ဗုဒ္ဓ'တို့ဟု ဝန်ခံခြင်းရှိကြသော သင့်ထက် ရှေးကျသည့် သမဏဗြာဟ္မဏတို့သည် တပည့်သာဝကတို့သို့ တရားကို ပို့ဆောင်ကုန်၏၊ ရဟန်းတို့သို့ တရားကို ပို့ဆောင်ကုန်၏၊ တပည့်သာဝကတို့အား တရားကို ဟောကုန်၏၊ ရဟန်းတို့အား တရားကို ဟောကုန်၏၊ တပည့်သာဝကတို့၌ တပ်မက်မောခြင်းကို ပြုကုန်၏၊ ရဟန်းတို့၌ (တပ်မက်မောခြင်းကို ပြုကုန်၏)။ ထိုသမဏဗြာဟ္မဏတို့သည် တပည့်သာဝကတို့သို့ တရားကို ပို့ဆောင်၍ ရဟန်းတို့သို့ တရားကိုပို့ဆောင်၍ တပည့်သာဝကတို့အား တရားကို ဟော၍ ရဟန်းတို့အား တရားကို ဟော၍ တပည့်သာဝကတို့၌ တပ်မက်မောသော စိတ်ရှိကုန်၍ ရဟန်းတို့၌ တပ်မက်မောသော စိတ်ရှိကုန်၍ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ယုတ်ညံ့သော ဘုံဘဝ၌ တည်ကုန်၏။

ရဟန်း လောက၌ ကိလေသာရန်သူကို သတ်တတ်သူ ‘ရဟန္တာ'တို့, (တရားအားလုံးကို) ကိုယ်တိုင်မှန်စွာ သိသူ ‘သမ္မာသမ္ဗုဒ္ဓ'တို့ဟု ဝန်ခံခြင်းရှိကြသော သင့်ထက် ရှေးကျသည့် သမဏဗြာဟ္မဏတို့သည်

--

တပည့်သာဝကတို့သို့ တရားကို မပို့ဆောင်ကုန်၊ ရဟန်းတို့သို တရားကို မပို့ဆောင်ကုန်၊ တပည့်သာဝကတို့အား တရားကို မဟောကုန်၊ ရဟန်းတို့အား တရားကို မဟောကုန်၊ တပည့်သာဝကတို့၌ တပ်မက်မောခြင်းကို မပြုကုန်၊ ရဟန်းတို့၌ တပ်မက်မောခြင်းကို မပြုကုန်။ ထိုသမဏဗြာဟ္မဏတို့သည် တပည့်သာဝကတို့သို့ တရားကို မပို့ဆောင်ဘဲ ရဟန်းတို့သို့ တရားကို မပို့ဆောင်ဘဲ တပည့်သာဝကတို့အား တရားကို မဟောဘဲ ရဟန်းတို့အား တရားကို မဟောဘဲ၊ တပည့်သာဝကတို့၌ တပ်မက်မောသောစိတ် မရှိကုန်ဘဲ ရဟန်းတို့၌ တပ်မက်သောစိတ် မရှိကုန်ဘဲ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌မြတ်သော ဘုံဘဝ၌ တည်ကုန်၏။ ရဟန်း ထို့ကြောင့် အသျှင်မြတ် သင့်ကို တိုက်တွန်း၏၊ မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေခြင်းကို အားထုတ်လျက် ကြောင့်ကြမဲ့နေပါလော့၊ အသျှင်မြတ် (တရားကို) မဟောကြားခြင်းသည် ကောင်းမြတ်၏၊ သူတစ်ပါးကို မဆုံးမပါလင့်” ဟု သင့်ကို ငါဆို၏ဟု (ဆို၏)။

ရဟန်းတို့ ဤသို့ပြောဆိုသော် ငါသည် မာရ်နတ်ယုတ်အား ဤသို့ မိန့်ဆို၏။

“မာရ်ယုတ် သင့်ကို ငါ သိ၏၊ သင်သည် ‘ငါ့ကို မသိ’ဟု မထင်မှတ်လင့်။ မာရ်ယုတ် သင်သည်မာရ်နတ် ဖြစ်၏၊ မာရ်ယုတ် ငါ့ကို သင်သည် အကျိုးစီးပွါးကို လိုလားခြင်းရှိ၍ ဤသို့ မဆို။ မာရ်ယုတ်အကျိုးစီးပွါးမဲ့ကို လိုလားခြင်းရှိ၍သာ ငါ့ကို သင်သည် ဤသို့ ဆို၏။ မာရ်ယုတ် ‘ရဟန်းဂေါတမဟောပြ မည့်တရားကို နာယူကြသူတို့သည် ငါ၏ အာဏာကို လွန်ဆန်ကုန်လိမ့်မည်’ဟု သင့်အားအကြံအစည်လည်း ဖြစ်၏။

မာရ်ယုတ် ထိုသမဏဗြာဟ္မဏတို့သည် (တရားအားလုံးကို) ကိုယ်တိုင်မှန်စွာသိသူ ‘သမ္မာသမ္ဗုဒ္ဓ'မဟုတ်သူတို့သာ ဖြစ်ကုန်လျက် (တရားအားလုံးကို) ကိုယ်တိုင်မှန်စွာသိသူ ‘သမ္မာသမ္ဗုဒ္ဓ'တို့ ဖြစ်ကုန်၏ဟုဝန်ခံကုန်၏။ မာရ်ယုတ် ငါသည်ကား (တရားအားလုံးကို) ကိုယ်တိုင်မှန်စွာသိသူ ‘သမ္မာသမ္ဗုဒ္ဓ’ သာလျှင်ဖြစ်၍ (တရားအားလုံးကို) ကိုယ်တိုင်မှန်စွာသိသူ ‘သမ္မာသမ္ဗုဒ္ဓ’ ဖြစ်၏ဟု ဝန်ခံ၏။

မာရ်ယုတ် မြတ်စွာဘုရားသည် တပည့်သာဝကတို့အား တရားကို ဟောသော်လည်းကောင်း၊ တရားကိုမဟောသော်လည်းကောင်း ထိုသို့သဘောရှိသည်သာတည်း။ မာရ်ယုတ် မြတ်စွာဘုရားသည် တပည့်သာဝကတို့သို့ (တရားကို) ပို့ဆောင်သော်လည်းကောင်း၊ တရားကို မပို့ဆောင်သော်လည်းကောင်းထိုသို့သဘောရှိသည်သာတည်း။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ မာရ်ယုတ် မြတ်စွာဘုရားအားပူပန်ညစ်ညူးစေတတ်ကုန်, တစ်ဖန် ဘဝသစ်ဖြစ်ခြင်းကို ပြုတတ်ကုန်၍ ပူလောင်ခြင်းနှင့် တကွ ဆင်းရဲခြင်းအကျိုးရှိကုန်လျက် နောင်အခါ၌ (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း အိုခြင်း သေခြင်းကို ဖြစ်စေတတ်သည့် အာသဝေါတရားတို့ကို ပယ်ပြီးဖြစ်၏၊ အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးဖြစ်၏၊ (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်၏၊ (အသစ်) မဖြစ်ခြင်းကို ပြုပြီးဖြစ်၏၊ နောင်အခါဖြစ်ခြင်းသဘော မရှိတော့ချေ။

မာရ်ယုတ် ထန်းပင်သည် လည်ဆစ်ပြတ်ခဲ့သော် တစ်ဖန်စည်ပင်ခြင်းငှါ မထိုက်သကဲ့သို့၊ ဤအတူပင်မြတ်စွာဘုရားအား ပူပန်ညစ်ညူးစေတတ်ကုန်, တစ်ဖန်ဘဝသစ်ဖြစ်ခြင်းကို ပြုတတ်ကုန်၍ ပူလောင်ခြင်းနှင့်တကွ ဆင်းရဲခြင်းအကျိုးရှိကုန်လျက် နောင်အခါ၌ (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း အိုခြင်း သေခြင်းကိုဖြစ်စေတတ်သည့် အာသဝေါတရားတို့ကို ပယ်ပြီးဖြစ်၏၊ အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးဖြစ်၏၊ (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်၏၊ (အသစ်) မဖြစ်ခြင်းကို ပြုပြီးဖြစ်၏၊ နောင်အခါ၌ ဖြစ်ခြင်းသဘော မရှိတော့ချေ” ဟု (မိန့်တော်မူ၏)။

ဤသို့လျှင် ဤစကားကို မာရ်နတ်အား စကားမပြောဆိုနိုင်စေခြင်းအားဖြင့်လည်းကောင်း ဗြဟ္မာအားအထူးသိစေခြင်းအားဖြင့်လည်းကောင်း (မိန့်ဆိုတော်မူ၏)။ ထို့ကြောင့် ဗြဟ္မနိမန္တနိကဟူ၍သာလျှင်ဤသုတ္တန်၏ အမည်သည် ဖြစ်၏။

ကိုးခုမြောက် ဗြဟ္မနိမန္တနိကသုတ်ပြီး၏။

--

၁၀- မာရတဇ္ဇနီယသုတ်

၅၀၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ အသျှင်မဟာမောဂ္ဂလာန်သည် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ ဘေသကဠာမည်သောသမင်တော၌ နေတော်မူ၏။ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် လွင်တီးခေါင်၌ စင်္ကြံသွား၏။ ထိုအခါ မာရ်နတ်ယုတ်သည် အသျှင်မဟာမောဂ္ဂလာန်၏ အူတွင်းသို့ ဝင်သည်ဖြစ်၍ ဝမ်း၌ ရောက်နေ၏။ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်အား “အသို့နည်း၊ ငါ၏ ဝမ်းသည် အလွန်လေးသကဲ့သို့ ဖြစ်၏၊ ပဲဆွမ်းဖြင့် ပွပြည့်ယောင်တကား” ဟု စိတ်အမှတ်သည် ဖြစ်၏။

ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် စင်္ကြံမှ သက်ဆင်း၍ ကျောင်းသို့ဝင်ကာ ခင်းထားသော နေရာ၌ထိုင်ပြီးသော် မိမိကိုယ်ကို အသင့်အားဖြင့် နှလုံးသွင်း၏။ အသျှင်မဟာမောဂ္ဂလာန်သည် မာရ်နတ်ယုတ်ကို ဝမ်းထဲသို့ ရောက်၍ အူအတွင်း၌ ဝင်နေသည်ကို မြင်၍ မာရ်နတ်ယုတ်အား-

“မာရ်နတ်ယုတ် ထွက်လော့၊ မာရ်နတ်ယုတ် ထွက်လော့၊ မြတ်စွာဘုရားကို မညှဉ်းဆဲလင့်၊ မြတ်စွာဘုရား၏ တပည့်သာဝကကို မညှဉ်းဆဲလင့်၊ သင့်အား ရှည်ကြာစွာသော ကာလပတ်လုံး အစီးအပွါးမဲ့ရန် ဆင်းရဲရန် မဖြစ်စေလင့်” ဟု ဆို၏။

ထိုအခါ မာရ်နတ်ယုတ်အား ဤသို့သော အကြံသည် ဖြစ်၏။

“ငါ့ကို ဤရဟန်းသည် မသိဘဲ မမြင်ဘဲသာလျှင် ‘မာရ်နတ်ယုတ် ထွက်လော့၊ မာရ်နတ်ယုတ် ထွက်လော့၊ မြတ်စွာဘုရားကို မညှဉ်းဆဲလင့်၊ မြတ်စွာဘုရား၏ တပည့်သာဝကကို မညှဉ်းဆဲလင့်၊ သင့်အားရှည် ကြာစွာသော ကာလပတ်လုံး အစီးအပွါးမဲ့ရန် ဆင်းရဲရန် မဖြစ်စေလင့်” ဟု ဆို၏။ ထိုရဟန်း၏ဆရာ (မြတ်စွာဘုရား) သော်မှလည်း ငါ့ကို လျင်မြန်စွာ မသိနိုင်ရာ၊ ဤတပည့်သာဝကသည် ငါ့ကိုအဘယ်မှာ သိနိုင်လိမ့်မည်နည်း” ဟု အကြံသည် ဖြစ်၏။

ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် မာရ်နတ်ယုတ်အား-

“မာရ်နတ်ယုတ် ဤသို့လည်း သင့်ကို ငါသိ၏၊ သင်သည် ‘ငါ့ကို မသိ’ဟု မထင်မှတ်လင့်၊ မာရ်နတ်ယုတ် သင်သည် မာရ်နတ်ဖြစ်၏၊ မှန်၏၊ မာရ်နတ်ယုတ် သင့်အား ‘ငါ့ကို ဤရဟန်းသည် မသိဘဲမမြင်ဘဲသာလျှင် ‘မာရ်နတ်ယုတ် ထွက်လော့၊ မာရ်နတ်ယုတ် ထွက်လော့၊ မြတ်စွာဘုရားကို မညှဉ်းဆဲလင့်၊ မြတ်စွာဘုရား၏ တပည့်သာဝကကို မညှဉ်းဆဲလင့်၊ သင့်အား ရှည် (ကြာ) စွာသော ကာလပတ်လုံးအစီးအပွါးမဲ့ရန် ဆင်းရဲရန် မဖြစ်စေလင့်ဟု ဆို၏။ ထိုရဟန်း၏ဆရာ (မြတ်စွာဘုရား) သော်မှလည်းငါ့ကို လျင်မြန်စွာ မသိနိုင်ရာ၊ ဤတပည့်သာဝကသည် ငါ့ကို အဘယ်မှာ သိနိုင်လိမ့်မည်နည်း’ဟု ဤသို့အကြံဖြစ်ဘိ၏” ဟု မိန့်ဆို၏။

ထိုအခါ မာရ်နတ်ယုတ်အား ဤသို့ အကြံဖြစ်ပြန်၏။

“ငါ့ကို ဤရဟန်းသည် သိ၍ မြင်၍သာလျှင် ‘မာရ်နတ်ယုတ် ထွက်လော့၊ မာရ်နတ်ယုတ် ထွက် လော့၊ မြတ်စွာဘုရားကို မညှဉ်းဆဲလင့်၊ မြတ်စွာဘုရား၏ တပည့်သာဝကကို မညှဉ်းဆဲလင့်၊ သင့်အားရှည် (ကြာ) စွာသော ကာလပတ်လုံး အစီးအပွါးမဲ့ရန် ဆင်းရဲရန် မဖြစ်စေလင့်’ဟု ဆို၏” ဟု (ဤအကြံသည် ဖြစ်ပြန်၏)။

--

ထိုအခါ မာရ်နတ်ယုတ်သည် အသျှင်မဟာမောဂ္ဂလာန်၏ ခံတွင်းမှ ထွက်၍ တံခါးရွက် အပြင်ဘက်၌ရပ်တည်၏။

၅၀၇။ အသျှင်မဟာမောဂ္ဂလာန်သည် မာရ်နတ်ယုတ် တံခါးရွက် အပြင်ဘက်၌ ရပ်တည်သည်ကို မြင်၍မာရ်နတ်ယုတ်ကို မာရ်နတ်ယုတ် ဤနေရာ၌လည်း သင့်ကို ငါမြင်၏၊ သင်သည် “ငါ့ကို မမြင်” ဟုမထင်မှတ်လင့်။ မာရ်နတ်ယုတ် ဤသင်သည် တံခါးရွက် အပြင်ဘက်၌ ရပ်တည်၏။ မာရ်နတ် ရှေး၌ဖြစ်ဖူးသည်ကား ငါသည် ဒူသီမည်သော မာရ်နတ် ဖြစ်ခဲ့ဖူး၏၊ ထိုငါ့အား ကာဠီမည်သော နှမသည် ရှိ၏။ သင်သည် ထိုနှမ၏သားတည်း၊ သင်သည် ငါ၏တူဖြစ်၏။ မာရ်နတ် ထိုအခါ (ကိလေသာ) ရန်သူကို သတ်တတ်သော (တရားအားလုံးကို) ကိုယ်တိုင်မှန်ကန်စွာ သိတော်မူသော ကကုသန္ဓမြတ်စွာဘုရားသည်လောက၌ ဖြစ်တော်မူခဲ့၏။ မာရ်နတ် (ကိလေသာ) ရန်သူကို သတ်တတ်သော (တရားအားလုံးကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ကကုသန္ဓမြတ်စွာဘုရားအား ဝိဓုရနှင့် သဉ္ဇီဝမည်သော တပည့်သာဝကအစုံသည် ရှိ၏၊ မြတ်၏၊ ကောင်းသော အစုံဖြစ်၏။ မာရ်နတ် (ကိလေသာ) ရန်သူကို သတ်တတ်သော (တရားအားလုံးကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ကကုသန္ဓမြတ်စွာဘုရားအား ရှိသမျှ တပည့်သာဝကတို့တွင် တစ်စုံတစ်ယောက်မျှလည်း တရားဟောခြင်းအားဖြင့် အသျှင်ဝိဓုရနှင့် တူမျှသူ မရှိ။ မာရ်နတ် ဤအကြောင်းကြောင့် ဝိဓုရဟူ၍သာလျှင် အသျှင်ဝိဓုရအမည်သည် ထင်ရှားခဲ့၏။

မာရ်နတ် အသျှင်သဉ္ဇီဝသည်ကား တောသို့ ကပ်၍လည်းကောင်း၊ သစ်ပင်ရင်းသို့ ကပ်၍လည်း ကောင်း၊ ဆိတ်ငြိမ်ရာသို့ ကပ်၍လည်းကောင်း လွယ်ကူစွာသာလျှင် မှတ်သားမှု ‘သညာ', ခံစားမှု ‘ဝေဒနာ'တို့ ချုပ်ရာ နိရောဓသမာပတ်ကို ဝင်စား၏။

မာရ်နတ် ရှေး၌ဖြစ်ဖူးသည်ကား အသျှင်သဉ္ဇီဝသည် တစ်ခုသော သစ်ပင်ရင်း၌ မှတ်သားမှု ‘သညာ'ခံစားမှု ‘ဝေဒနာ'တို့ ချုပ်ရာ နိရောဓသမာပတ်ကို ဝင်စားလျက် ထိုင်နေ၏။ မာရ်ယုတ် နွားကျောင်းသားဆိတ်ကျောင်းသား သိုးကျောင်းသား လယ်သမား ခရီးသွားတို့သည် တစ်ခုသော သစ်ပင်ရင်း၌ မှတ်သား့မှု ‘သညာ’ ခံစားမှု ‘ဝေဒနာ'တို့ ချုပ်ရာ နိရောဓသမာပတ်ကို ဝင်စားလျက် ထိုင်နေသော အသျှင်သဉ္ဇီဝကိုမြင်ကုန်၍ ထိုသူတို့အား “အချင်းတို့ အံ့ဩဖွယ် ဖြစ်ပါပေစွ၊ မဖြစ်စဖူးဖြစ်ပါပေစွ၊ ဤရဟန်းသည်ထိုင်လျက်သာလျှင် သေနေ၏၊ ယခု ထိုရဟန်းကို မီးရှို့ကုန်အံ့” ဟု အကြံဖြစ်၏။ မာရ်နတ် ထိုအခါထိုနွားကျောင်းသား ဆိတ်ကျောင်းသား သိုးကျောင်းသား လယ်သမား ခရီးသွားတို့သည် မြက်ကိုလည်းကောင်း၊ သစ်သားကိုလည်းကောင်း၊ နွားချေးကိုလည်းကောင်း စုရုံး၍ အသျှင်သဉ္ဇီဝ၏ ကိုယ်၌ ထက်ဝန်းကျင်စုပုံပြီး မီးရှို့ကာ ဖဲခွါသွားကြကုန်၏။

မာရ်နတ် ထိုအခါ အသျှင်သဉ္ဇီဝသည် ထိုညဉ့်လွန်သဖြင့် ထိုသမာပတ်မှ ထပြီးသော် သင်္ကန်းတို့ကို ခါ၍နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်ပြီးလျှင် သပိတ်သင်္ကန်းကို ယူဆောင်လျက် ရွာသို့ ဆွမ်းအလို့ငှါဝင်၏။ မာရ်နတ် ထိုနွားကျောင်းသား ဆိတ်ကျောင်းသား သိုးကျောင်းသား လယ်သမား ခရီးသွားတို့သည် အသျှင်သဉ္ဇီဝ ဆွမ်းအလို့ငှါ ကြွ (သွား) သည်ကို မြင်ကုန်၍ ထိုသူတို့အား “အချင်းတို့ အံ့ဩဖွယ်ဖြစ်ပါပေစွ၊ အချင်းတို့ မဖြစ်စဖူး ဖြစ်ပါပေစွ၊ ရဟန်းသည် ထိုင်လျက်သာလျှင် သေနေ၏၊ ထိုရဟန်းသည် တစ်ဖန် အသက်ရှင်ပြန်၏” ဟု အကြံဖြစ်၏။ မာရ်နတ် ဤသို့လျှင် ဤအကြောင်းကြောင့် ‘သဉ္ဇီဝ’ဟူ၍သာလျှင် အသျှင်သဉ္ဇီဝ၏ အမည်သည် ထင်ရှားခဲ့၏။

၅၀၈။ မာရ်နတ် ထိုအခါ ဒူသီမာရ်နတ်အား “ငါသည် ဤစောင့်စည်းမှု သီလရှိသူ ကောင်းသောသဘောရှိသူ ရဟန်းတို့၏ ဖြစ်ပုံကိုလည်းကောင်း၊ လားပုံကိုလည်းကောင်း မသိ၊ ငါသည် ပုဏ္ဏားအိမ့်ရှင်တို့ကို သင်တို့သည် လာကုန်လော့၊ အကျင့်သီလရှိသူ ကောင်းသော သဘောရှိသူ ရဟန်းတို့ကို ဆဲရေးကုန်လော့၊ ရေရွတ်ကုန်လော့၊ ခြုတ်ခြယ်ကုန်လော့၊ ညှဉ်းဆဲကုန်လော့။ သင်တို့ အဆဲရေး အရေရွတ်အခြုတ်ခြယ် အညှဉ်းဆဲခံရကုန်သော ရဟန်းတို့၏ စိတ်ဖောက်ပြန်ခြင်းသည် ဖြစ်တန်ကောင်းရာ၏၊

--

ယင်းအကြောင်းကြောင့် ဒူသီမာရ်နတ်သည် အခွင့် (အလမ်း) ကို ရနိုင်တန်ရာ၏” ဟူသော ရည်ရွယ်ချက်ဖြင့်လှည့်ပတ်ရမူ ကောင်းပေမည်ဟု အကြံဖြစ်၏။ မာရ်နတ် ထိုအခါ ဒူသီမာရ်နတ်သည် ထိုပုဏ္ဏားအိမ့်ရှင်တို့ကို “သင်တို့သည် လာကုန်လော့၊ စောင့်စည်းမှု သီလရှိသူ ကောင်းသောသဘောရှိသူ ရဟန်းတို့ကိုဆဲရေးကုန်လော့၊ ရေရွတ်ကုန်လော့၊ ခြုတ်ခြယ်ကုန်လော့၊ ညှဉ်းဆဲကုန်လော့။ သင်တို့ ဆဲရေး ရေရွတ်ခြုတ်ခြယ် ညှဉ်းဆဲခံရကုန်သော ရဟန်းတို့၏ စိတ်ဖောက်ပြန်ခြင်းသည် ဖြစ်တန်ရာ၏၊ ယင်းအကြောင့်ကြောင့် ဒူသီမာရ်နတ်သည် အခွင့် (အလမ်း) ကို ရနိုင်တန်ရာ၏” ဟူသော ရည်ရွယ်ချက်ဖြင့် လှည့်ပတ်၏။

မာရ်နတ် ထိုအခါ ထိုပုဏ္ဏားအိမ်ရှင်တို့သည် ဒူသီမာရ်နတ် အလှည့်အပတ် ခံရကုန်၍ စောင့်စည်းမှုသီလရှိသူ ကောင်းသောသဘောရှိသူ ရဟန်းတို့ကို “အောက်တန်းစားဖြစ်ကုန်သောမည်းညစ်သောသဘော ရှိကုန်သော ဗြဟ္မာ့ခြေဖမိုးမှ မွေးဖွားကုန်သော ဤဦးပြည်းရဟန်းယုတ်တို့သည် ‘ငါတို့ ဈာန်ဝင်စားသူတို့ တည်း၊ ငါတို့ ဈာန်ဝင်စားသူတို့တည်း’ဟု လည်ပင်းငိုက်ဆိုက်မျက်နှာအောက်ချကာ ပျင်းရိလေးထိုင်းခြင်း ဖြစ်ကုန်လျက်ကြံစည်ကြကုန်၏၊ ကြံမှိုင်ကြကုန်၏၊ အထူးကြံမှိုင်ကြကုန်၏၊ ထိုမှ ဤမှကြံမှိုင်ကြ ကုန်၏။

ဥပမာသော်ကား ခင်ပုပ်ငှက်သည် သစ်ကိုင်း၌ ကြွက်ကို စောင့်စားလျက်ကြံစည်၏၊ ကြံမှိုင်၏၊ အထူးကြံမှိုင်၏၊ ထိုမှဤမှကြံမှိုင်၏။ ဤအတူပင် အောက်တန်းစားဖြစ်ကုန်သော မည်းညစ်သောသဘောရှိကုန်သော ဗြဟ္မာ့ခြေဖမိုးမှ မွေးဖွားကုန်သော ဤဦးပြည်းရဟန်းယုတ်တို့သည် ‘ငါတို့ ဈာန်ဝင်စားသူတို့တည်း၊ ငါတို့ ဈာန်ဝင်စားသူတို့တည်း’ဟု လည်ပင်းငိုက်ဆိုက် မျက်နှာအောက်ချကာ ပျင်းရိလေးထိုင်းခြင်းဖြစ်ကုန်လျက်ကြံစည်ကြကုန်၏၊ ကြံမှိုင်ကြကုန်၏၊ အထူးကြံမှိုင်ကြကုန်၏၊ ထိုမှ ဤမှကြံမှိုင်ကြကုန်၏။

ဥပမာသော်ကား မြေခွေးသည် မြစ်ကမ်း၌ ငါးတို့ကို စောင့်စားလျက်ကြံစည်၏၊ ကြံမှိုင်၏၊ အထူးကြံမှိုင်၏၊ ထိုမှဤမှကြံမှိုင်၏။ ဤအတူပင်လျှင် အောက်တန်းစားဖြစ်ကုန်သော မည်းညစ်သော သဘော့ရှိကုန်သော ဗြဟ္မာ့ခြေဖမိုးမှ မွေးဖွားကုန်သော ဤဦးပြည်းရဟန်းယုတ်တို့သည် ‘ငါတို့ ဈာန်ဝင်စားသူတို့တည်း၊ ငါတို့ ဈာန်ဝင်စားသူတို့တည်း’ဟု လည်ပင်းငိုက်ဆိုက် မျက်နှာအောက်ချကာ ပျင်းရိလေးထိုင်းခြင်းဖြစ်ကုန်လျက်ကြံစည်ကြကုန်၏၊ ကြံမှိုင်ကြကုန်၏၊ အထူးကြံမှိုင်ကြကုန်၏၊ ထိုမှ ဤမှကြံမှိုင်ကြကုန်၏။

ဥပမာသော်ကား ကြောင်သည် အိမ် (ခြံ) စပ် မစင်အညစ်အကြေးထွက်ရာမြောင်း အမှိုက်စွန့်ရာ၌ကြွက်ကို စောင့်စားလျက်ကြံစည်၏၊ ကြံမှိုင်၏၊ အထူးကြံမှိုင်၏၊ ထိုမှဤမှကြံမှိုင်၏။ ဤအတူပင်လျှင်အောက်တန်းစားဖြစ်ကုန်သော မည်းညစ်သော သဘောရှိကုန်သော ဗြဟ္မာ့ခြေဖမိုးမှ မွေးဖွားကုန်သောဤဦးပြည်းရဟန်းယုတ်တို့သည် ‘ငါတို့ ဈာန်ဝင်စားသူတို့တည်း၊ ငါတို့ ဈာန်ဝင်စားသူတို့တည်း’ဟု လည်ပင်းငိုက်ဆိုက် မျက်နှာအောက်ချကာ ပျင်းရိလေးထိုင်းခြင်းဖြစ်ကုန်လျက်ကြံစည်ကြကုန်၏၊ ကြံမှိုင်ကြကုန်၏၊ အထူးကြံမှိုင်ကြကုန်၏၊ ထိုမှ ဤမှကြံမှိုင်ကြကုန်၏။

ဥပမာသော်ကား မြည်းသည် ကျောက်ကုန်းပေါက်သော် အိမ်ခြံစပ် မစင်အညစ်အကြေးထွက်ရာ မြောင်းအမှိုက်စွန့်ရာ၌ကြံစည်၏၊ ကြံမှိုင်၏၊ အထူးကြံမှိုင်၏၊ ထိုမှ ဤမှကြံမှိုင်၏။ ဤအတူပင်လျှင်အောက်တန်း စားဖြစ်ကုန်သော မည်းညစ်သော သဘောရှိကုန်သော ဗြဟ္မာ့ခြေဖမိုးမှ ဖြစ်ကုန်သော ဤဦးပြည်းရဟန်းယုတ်တို့သည် ‘ငါတို့ ဈာန်ဝင်စားသူတို့တည်း၊ ငါတို့ ဈာန်ဝင်စားသူတို့တည်း’ဟု လည်ပင်းငိုက်ဆိုက် မျက်နှာအောက်ချကာ ပျင်းရိလေးထိုင်းခြင်း ဖြစ်ကုန်လျက်ကြံစည်ကြကုန်၏၊ ကြံမှိုင်ကြကုန်၏၊ အထူးကြံမှိုင်ကြကုန်၏၊ ထိုမှ ဤမှကြံမှိုင်ကြကုန်၏” ဟု ဆဲရေးကုန်၏၊ ရေရွတ်ကုန်၏၊ ချုတ်ချယ် ကုန်၏၊ ညှဉ်းဆဲကုန်၏။

--

မာရ်နတ် ထိုအခါ သေသောလူတို့သည် များသောအားဖြင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ချမ်းသာမရှိသော မကောင်းသောသူတို့လားရာ ပျက်စီး၍ကျရာ ငရဲသို့ ရောက်ရကုန်၏။

၅၀၉။ မာရ်နတ် ထိုအခါ ပူဇော်အထူးကို ခံတော်မူထိုက်သော (တရားအားလုံးကို) ကိုယ်တိုင်မှန်စွာသိတော်မူသော ကကုသန္ဓမြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏။ “ရဟန်းတို့ ပုဏ္ဏားအိမ့်ရှင်တို့ကို ဒူသီမာရ်နတ်သည် သင်တို့ လာကုန်လော့၊ စောင့်စည်းမှု သီလရှိသူ ကောင်းသောသဘောရှိသူရဟန်းတို့ကို ဆဲရေးကုန်လော့၊ ရေရွတ်ကုန်လော့၊ ခြုတ်ခြယ်ကုန်လော့၊ ညှဉ်းဆဲကုန်လော့။ သင်တို့အဆဲရေး အရေရွတ် အခြုတ်ခြယ် အညှဉ်းဆဲခံရကုန်သော ရဟန်းတို့၏ စိတ်ဖောက်ပြန်ခြင်းသည်ဖြစ်ကောင်းတန် ရာ၏၊ ယင်းအကြောင်းကြောင့် ဒူသီမာရ်နတ်သည် အခွင့် (အလမ်း) ကိုရနိုင်တန်ရာ၏ ဟူသော ရည်ရွယ် ချက်ဖြင့် လှည့်ပတ်၏။

ရဟန်းတို့ သင်တို့သည် လာကုန်လော့၊ မေတ္တာနှင့်ယှဉ်သောစိတ်ဖြင့် တစ်ခုသော အရပ်ကို ပျံ့နှံ့ စေ၍နေကုန်လော့။ ထို့အတူ နှစ်ခုမြောက်။ သုံးခုမြောက်။ လေးခုမြောက်အရပ်ကို ပျံ့နှံ့စေ၍ နေကုန်လော့။ ဤနည်းအားဖြင့် အထက်, အောက်, ဖီလာ, အလုံးစုံသောအရပ် အလုံးစုံသော သတ္တဝါတို့၌ မိမိနှင့်အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြတ်သောအပိုင်းအခြားမရှိသော ရန်မရှိသော ကြောင့်ကြမရှိသော မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍နေကုန်လော့။

ကရုဏာနှင့်ယှဉ်သော စိတ်ဖြင့်။ပ။ မုဒိတာနှင့်ယှဉ်သော စိတ်ဖြင့်။ပ။ ဥပေက္ခာနှင့်ယှဉ်သော စိတ်ဖြင့်တစ်ခုသော အရပ်ကို ပျံ့နှံ့စေ၍ နေကုန်လော့။ ထို့အတူ နှစ်ခုမြောက်။ သုံးခုမြောက်။ လေးခုမြောက်အရပ်ကို ပျံ့နှံ့စေ၍ နေကုန်လော့။ ဤနည်းအားဖြင့် အထက်, အောက်, ဖီလာ, အလုံးစုံသောအရပ် အလုံးစုံသော သတ္တဝါတို့၌ မိမိနှင့်အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြတ်သော အပိုင်းအခြားမရှိသော ရန်မရှိသော ကြောင့်ကြမရှိသော ဥပေက္ခာနှင့်ယှဉ်သောစိတ်ဖြင့် ပျံ့နှံ့စေ၍ နေကုန်လော့” ဟု (မိန့်တော်မူ၏)။

မာရ်နတ် ထိုအခါ ထိုရဟန်းတို့သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (တရားအားလုံးကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကကုသန္ဓမြတ်စွာဘုရားသည် ဤသို့ ဆိုဆုံးမ သွန်သင်သော် တောသို့ကပ်ကုန်၍သော်လည်းကောင်း၊ သစ်ပင်ရင်းသို့ ကပ်ကုန်၍သော်လည်းကောင်း၊ ဆိတ်ငြိမ်ရာသို့ ကပ်ကုန်၍သော်လည်းကောင်း မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်ကို ပျံ့နှံ့စေ၍ နေကုန်၏။ ထို့အတူနှစ်ခုမြောက်။ သုံးခုမြောက်။ လေးခုမြောက်အရပ်ကို ပျံ့နှံ့စေ၍ နေကုန်၏။ ဤနည်းအားဖြင့် အထက်,အောက်, ဖီလာ, အလုံးစုံသောအရပ် အလုံးစုံသော သတ္တဝါတို့၌ မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြတ်သော အပိုင်းအခြားမရှိသော ရန်မရှိသော ကြောင့်ကြမရှိသော မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေကုန်၏။

ကရုဏာနှင့်ယှဉ်သောစိတ်ဖြင့်။ပ။ မုဒိတာနှင့်ယှဉ်သော စိတ်ဖြင့်။ပ။ ဥပေက္ခာနှင့်ယှဉ်သော စိတ်ဖြင့်တစ်ခုသောအရပ်ကို ပျံ့နှံ့စေ၍ နေကုန်၏။ ထို့အတူ နှစ်ခုမြောက်။ သုံးခုမြောက်။ လေးခုမြောက်အရပ်ကို ပျံ့နှံ့စေ၍ နေကုန်၏။ ဤနည်းအားဖြင့် အထက်, အောက်, ဖီလာ,အလုံးစုံသောအရပ် အလုံးစုံသော သတ္တဝါတို့၌ မိမိနှင့် တူစွာ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကိုပြန့်ပြောသော မြတ်သော အပိုင်း အခြားမရှိသော ရန်မရှိသော ကြောင့်ကြမရှိသော ဥပေက္ခာနှင့်ယှဉ်သောစိတ်ဖြင့် ပျံ့နှံ့စေ၍ နေကုန်၏။

၅၁၀။ မာရ်နတ် ထိုအခါ ဒူသီမာရ်နတ်အား-

“ငါသည် ဤသို့ပြုလျက်လည်း အကျင့်သီလရှိသူ ကောင်းသော သဘောရှိသူ ဤရဟန်းတို့၏ဖြစ်ပုံကိုလည်းကောင်း၊ လားပုံကိုလည်းကောင်း မသိ၊ ငါသည် ပုဏ္ဏားအိမ့်ရှင်တို့ကို သင်တို့သည်လာကုန် လော့၊ စောင့်စည်းမှု (သီလ) ရှိသူ ကောင်းသောသဘောရှိသူ ရဟန်းတို့ကိုကောင်းစွာ ပြုကုန်လော့၊

--

လေးစားခြင်းကို ပြုကုန်လော့၊ မြတ်နိုးကုန်လော့၊ ပူဇော်ကုန်လော့။ သင်တို့ကောင်းစွာအပြု အလေးအစား အမြတ်နိုး အပူဇော်ခံရကုန်သော ရဟန်းတို့၏ စိတ်ဖောက်ပြန်ခြင်းသည် ဖြစ်ကောင်းတန်ရာ၏၊ ယင်း အကြောင်းကြောင့် ဒူသီမာရ်နတ်သည် အခွင့် (အလမ်း) ကိုရနိုင်တန်ရာ၏” ဟူသော ရည်ရွယ်ချက်ဖြင့် လှည့်ပတ်ရမူ ကောင်းပေမည်ဟု အကြံဖြစ်၏။

မာရ်နတ် ထိုအခါ ဒူသီမာရ်နတ်သည် ထိုပုဏ္ဏားအိမ့်ရှင်တို့ကို သင်တို့သည် လာကုန်လော့၊ စောင့်စည်းမှု (သီလ) ရှိသူ ကောင်းသောသဘောရှိသူ ရဟန်းတို့ကို ကောင်းစွာ ပြုကုန်လော့၊ လေးစားခြင်းကိုပြုကုန်လော့၊ မြတ်နိုးကုန်လော့၊ ပူဇော်ကုန်လော့။ သင်တို့ ကောင်းစွာအပြု အလေးအစား အမြတ်နိုးအပူဇော်ခံရကုန်သော ရဟန်းတို့၏ စိတ်ဖောက်ပြန်ခြင်းသည် ဖြစ်ကောင်းတန်ရာ၏၊ ယင်းအကြောင်းကြောင့် ဒူသီမာရ်နတ်သည် အခွင့် (အလမ်း) ကို ရနိုင်တန်ရာ၏ ဟူသော ရည်ရွယ်ချက်ဖြင့် လှည့်ပတ်၏။ မာရ်နတ် ထိုအခါ ထိုပုဏ္ဏားအိမ့်ရှင်တို့သည် ဒူသီမာရ်နတ် အလှည့်အပတ်ခံရကုန်၍ စောင့်စည်းမှု (သီလ) ရှိသူ ကောင်းသောသဘောရှိသူ ရဟန်းတို့ကို ကောင်းစွာ ပြုကုန်၏၊ လေးစားကုန်၏၊ မြတ်နိုးကုန်၏၊ ပူဇော်ကုန်၏။

မာရ်နတ် ထိုအခါ သေသောလူတို့သည် များသောအားဖြင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောသူတို့ လားရာ နတ်ပြည်လောကသို့ ရောက်ရကုန်၏။

၅၁၁။ မာရ်နတ် ထိုအခါ ပူဇော်အထူးကို ခံတော်မူထိုက်သော (တရားအားလုံးကို) ကိုယ်တိုင်မှန်စွာသိတော်မူသော ကကုသန္ဓမြတ်စွာဘုရားသည် ရဟန်းတို့ကို- “ရဟန်းတို့ ပုဏ္ဏားအိမ့်ရှင်တို့ကို ဒူသီမာရ်နတ်သည် သင်တို့သည် လာကုန်လော့၊ အကျင့်သီလရှိသူ ကောင်းသောသဘောရှိသူ ရဟန်းတို့ကိုကောင်းစွာ ပြုကုန်လော့၊ လေးစားကုန်လော့၊ မြတ်နိုးကုန်လော့၊ ပူဇော်ကုန်လော့။ သင်တို့ ကောင်းစွာအပြု အလေးအစား အမြတ်နိုး အပူဇော်ခံရကုန်သော ရဟန်းတို့၏ စိတ်ဖောက်ပြန်ခြင်းသည် ဖြစ်ကောင်းတန်ရာ၏၊ ယင်းအကြောင်းကြောင့် ဒူသီမာရ်နတ်သည် အခွင့် (အလမ်း) ကို ရနိုင်တန်ရာ၏ ဟူသော ရည့်ရွယ်ချက်ဖြင့် လှည့်ပတ်၏။

ရဟန်းတို့ သင်တို့သည် လာကုန်လော့၊ ကိုယ်၌ မတင့်တယ်ခြင်းကို အကြိမ်ကြိမ်ရှုမြင်ကုန်လျက်အစာအာဟာရ၌ စက်ဆုပ်ရွံရှာဖွယ်ဟု အမှတ်ရှိကုန်လျက် အလုံးစုံသော လောက၌ ပျော်မွေ့ဖွယ်မရှိဟုအမှတ်ရှိကုန်လျက် အလုံးစုံသော ပြုစီရင်မှုတို့၌ မမြဲခြင်းကို အကြိမ်ကြိမ်ရှုမြင်ကုန်လျက်နေကုန်လော့” ဟု မိန့်တော်မူ၏။

မာရ်နတ် ထိုအခါ ထိုရဟန်းတို့သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (တရားအားလုံးကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကကုသန္ဓမြတ်စွာဘုရားသည် ဤသို့ ဆုံးမသွန်သင်သော် တောသို့ကပ်ကုန်၍သော်လည်းကောင်း၊ သစ်ပင်ရင်းသို့ ကပ်ကုန်၍သော်လည်းကောင်း၊ ဆိတ်ငြိမ်ရာသို့ ကပ်ကုန်၍သော်လည်းကောင်း ကိုယ်၌ မတင့်တယ်ခြင်းကို အကြိမ်ကြိမ်ရှုမြင်ကုန်လျက် အစာအာဟာရ၌ စက်ဆုပ်ရွံရှာဖွယ်ဟု အမှတ်ရှိကုန်လျက် အလုံးစုံသော လောက၌ ပျော်မွေ့ဖွယ်မရှိဟု အမှတ်ရှိကုန်လျက် အလုံးစုံသော ပြုစီရင်မှုတို့၌ မမြဲခြင်းကို အကြိမ်ကြိမ် ရှုမြင်ကုန်လျက် နေကုန်၏။

၅၁၂။ မာရ်နတ် ထိုအခါ ပူဇော်အထူးကို ခံတော်မူထိုက်သော (တရားအားလုံးကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ကကုသန္ဓမြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကိုယူဆောင်ပြီးလျှင် နောက်လိုက်ရဟန်း အသျှင်ဝိဓုရနှင့် (အတူ) ရွာသို့ ဆွမ်းအလို့ငှါ ဝင်တော်မူ၏။ မာရ်နတ် ထိုအခါ ဒူသီမာရ်နတ်သည် သူငယ်တစ်ယောက်ကို ပူးဝင်၍ ကျောက်ခဲကို ကောက်ယူလျက်အသျှင်ဝိဓုရ၏ ဦးခေါင်း၌ ပစ်ခတ်၏၊ ဦးခေါင်းသည် ကွဲလေပြီ။ မာရ်နတ် ထိုအခါ အသျှင်ဝိဓုရသည်သွေးယိုကျသော ဦးခေါင်းရှိသည် ဖြစ်၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (တရားအားလုံးကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ကကုသန္ဓမြတ်စွာဘုရား၏ နောက်မှ နောက်မှသာလျှင် အစဉ်လိုက်၏။ မာရ်နတ် ထိုအခါ ပူဇော်အထူးကို ခံတော်မူထိုက်သော (တရားအားလုံးကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ကကုသန္ဓမြတ်စွာဘုရားသည် “ဤဒူသီမာရ်နတ်ကား အတိုင်းအရှည်ကို မသိ” ဟု နှလုံးပြုကာဆင် (ပြောင်) ကြည့်သကဲ့သို့ လှည့်ကြည့်တော်မူ၏။ ကြည့်တော်မူသည်နှင့် တစ်ပြိုင်နက်ပင်ဒူသီမာရ်နတ်သည် ထိုတည်ရာနတ်လောကမှ ရွေ့လျော၏၊ ငရဲကြီးသို့လည်း ရောက်ရ၏။

--

မာရ်နတ် ထိုငရဲကြီး၏ ဆဖဿာယတနိကဟူ၍လည်းကောင်း၊ သကုၤသမာဟတဟူ၍လည်းကောင်း၊ ပစ္စတ္တဝေဒနီယဟူ၍လည်းကောင်း အမည် သုံးမျိုးတို့သည် ဖြစ်ကုန်၏။ မာရ်နတ် ထိုအခါ ငရဲစောင့်တို့သည် ငါ့ထံသို့ ချဉ်းကပ်၍ “အချင်း သင့်နှလုံး၌ သံတံကျင်တစ်ခုနှင့် သံတံကျင်တစ်ခုသည် ပေါင်းဆုံမိသောအခါ အနှစ်တစ် ထောင်ပတ်လုံး ငါသည် ထိုငရဲ၌ ကျက်၏ဟု သင်သိလော့” ဟု ဆိုကုန်၏။ မာရ်နတ် ထိုငါသည် များစွာကုန်သော နှစ်တို့ပတ်လုံး များစွာကုန်သော နှစ်အရာတို့ပတ်လုံး များစွာကုန်သော နှစ်အထောင်တို့ပတ်လုံး ထိုငရဲကြီး၌ ကျက်ခဲ့ရပြီ။ အနှစ်တစ်သောင်းတို့ပတ်လုံး ထိုငရဲကြီး၏ (အနီးရှိ) ဥဿဒငရဲငယ်၌သာလျှင် နောက်ပိတ်ဆုံး ခံစားခြင်းမည်သည်ကို ခံစားလျက်ကျက်ခဲ့ရပြီ။ မာရ်နတ် ထိုငါ့အား လူ၏ကိုယ်ကဲ့သို့သော ကိုယ်သည် ဖြစ်၏၊ ငါး၏ ဦးခေါင်းကဲ့သို့သော ဦးခေါင်းသည်လည်း ဖြစ်၏။

၅၁၃။ ဒူသီမာရ်နတ်သည် တပည့်သာဝက ဝိဓုရကိုလည်းကောင်း၊ ကကုသန္ဓမြတ်စွာဘုရားကိုလည်းကောင်း ထိပါး (ပုတ်ခတ်) ၍ ကျက်ရာဖြစ်သော ငရဲသည် အဘယ်သို့သဘောရှိသော ငရဲဖြစ်သနည်း။

ဒူသီမာရ်နတ်သည် တပည့်သာဝက ဝိဓုရကိုလည်းကောင်း၊ ကကုသန္ဓမြတ်စွာ ဘုရားကိုလည်းကောင်း၊ ထိပါး (ပုတ်ခတ်) ၍ ကျက်ရာဖြစ်သော ငရဲသည် အရာ သော သံတံကျင်တို့ဖြင့် လျှိုသတ် (နှိပ်စက်)ခြင်းရှိ၏၊ အလုံးစုံသောသူတို့သည် အလိုလိုပင် အသီး အသီး ခံစားမှု အမျိုးအစားသဘောရှိသော ငရဲဖြစ်၏။

မာရ်နတ် ဤ (ကံ ကံ၏အကျိုး) ကို ရှေးရှုသိသော သဘောရှိသော မြတ်စွာ ဘုရား၏ တပည့်သာဝကရဟန်းကို ထိပါး (ပုတ်ခတ်) သောကြောင့် ဆင်းရဲခြင်းသို့ ရောက်ရလိမ့်မည်။

ကပ် (ကမ္ဘာ) ပတ်လုံး တည်ကုန်သော ဗိမာန်တို့သည် သမုဒြာအလယ်၌ တည် ကုန်၏၊ ကြောင်မျက်ရွဲအဆင်းကဲ့သို့ နှစ်သက်ဖွယ် ရှိကုန်၏၊ အလျှံရှိကုန်၏။ ပြိုးပြက်သော အရောင်ရှိကုန်၏၊ ထိုဗိမာန်တို့၌ များပြားသော အသီးအသီး ကိုယ် အဆင်းရှိကုန်သော နတ်သမီးတို့သည် ကကြကုန်၏။

မာရ်နတ် ဤဗိမာန်ကို ရှေးရှုသိသော သဘောရှိသော မြတ်စွာဘုရား၏ တပည့် သာဝကရဟန်းကိုထိပါး (ပုတ်ခတ်) သောကြောင့် ဆင်းရဲခြင်းသို့ ရောက်ရလိမ့် မည်။

ရဟန်းသည် စင်စစ် မြတ်စွာဘုရားတိုက်တွန်းအပ်သည်ဖြစ်၍ ရဟန်းသံဃာ အပေါင်းသည်ကြည့်ရှုနေစဉ် မိဂါရသူဌေး၏အမိ ‘ဝိသာခါ’ ပြာသာဒ်ကို ခြေမဖြင့် တုန်လှုပ်စေခဲ့ပြီ။

မာရ်နတ် ဤပြာသာဒ်တုန်လှုပ်စေနိုင်ခြင်းကို ရှေးရှုသိသော သဘောရှိသော မြတ်စွာဘုရား၏တပည့်သာဝကရဟန်းကို ထိပါး (ပုတ်ခတ်) သောကြောင့် ဆင်းရဲခြင်းသို့ ရောက်ရလိမ့်မည်။

ရဟန်းသည် တန်ခိုးစွမ်းအားဖြင့် ထောက်ပင့်အပ်သည်ဖြစ်၍ ဝေဇယန္တာပြာသာဒ် ကို ခြေမဖြင့်တုန်လှုပ်စေခဲ့ပြီ၊ နတ်တို့ကိုလည်း ထိတ်လန့်စေခဲ့ပြီ။

မာရ်နတ် ဤပြာသာဒ်တုန်လှုပ်စေနိုင်ခြင်းကို ရှေးရှုသိသော သဘောရှိသော မြတ်စွာဘုရား၏တပည့်သာဝကရဟန်းကို ထိပါး (ပုတ်ခတ်) သောကြောင့် ဆင်းရဲခြင်းသို့ ရောက်ရလိမ့်မည်။

--

ရဟန်းသည် ဝေဇယန္တာပြာသာဒ်၌ သိကြား (မင်း) ကို ‘သိကြားမင်း တပ်မက်မှု ကုန်ရာလွတ်မြောက်ခြင်းတို့ကို သိသလော’ဟု မေးမြန်း၏၊ ပြဿနာအမေးခံရသော သိကြား (မင်း) သည်အမှန်အတိုင်း ထိုရဟန်းအား ဖြေကြား၏။

မာရ်နတ် ဤပြဿနာမေးခြင်းအကြောင်းကို ရှေးရှုသိသော သဘောရှိသော မြတ်စွာဘုရား၏တပည့်သာဝကရဟန်းကို ထိပါး (ပုတ်ခတ်) သောကြောင့် ဆင်းရဲခြင်းသို့ ရောက်ရလိမ့်မည်။

ရဟန်းသည် သုဓမ္မာသဘင်အနီး၌ ဗြဟ္မာကို ‘ငါ့သျှင် သင့်အား ရှေးကဖြစ်သော အယူသည် ယခုလည်းဖြစ်သေးသလော၊ ဗြဟ္မာလောက၌ ကျော်လွန်ဖြစ်သောပြိုးပြက်သော အရောင်တော်ကိုရှုမြင်သလော’ဟု မေးမြန်း၏။

ဗြဟ္မာသည် အသျှင်မြတ် ငါ့အား ရှေးက ဖြစ်သောအယူသည် မဖြစ်တော့ပြီ၊ ဗြဟ္မလောက၌ကျော်လွန်ဖြစ်သောပြိုးပြက်သော အရောင်တော်ကို ရှုမြင်ပါ၏၊ ထိုငါသည် ယခု ငါ ‘မြဲသူမဟုတ် တည်တံ့သူမဟုတ်’ဟု ခွဲခြား၍ သိ၏ဟု ဤ အစဉ်အားလျော်စွာ အမှန်အတိုင်း ထိုရဟန်းအားဖြေကြား၏။

မာရ်နတ် ဤပြဿနာ မေးခြင်းအကြောင်းကို ရှေးရှုသိသော သဘောရှိသော မြတ်စွာဘုရား၏တပည့်သာဝကရဟန်းကို ထိပါး (ပုတ်ခတ်) သောကြောင့် ဆင်းရဲခြင်းသို့ ရောက်ရလိမ့်မည်။

ရဟန်းသည် မြင့်မိုရ်တောင်ကြီး၏ အထွတ်ကိုလည်းကောင်း၊ တောင်ကျွန်းကိုလည်းကောင်း၊ အရှေ့ကျွန်းသူကျွန်းသားတို့၏ (နေထိုင်ရာကျွန်းကို)လည်းကောင်း၊ မြေ၌ အိပ်တတ်သူတို့၏ (နေထိုင်ရာအနောက်ကျွန်း မြောက်ကျွန်းကို)လည်း ကောင်း လွတ်မြောက်မှု (ဝိမောက္ခဈာန်အဘိညာဉ်) ဖြင့်တွေ့ထိပြီ။

မာရ်နတ် လွတ်မြောက်မှု (ဝိမောက္ခဈာန်) ဖြင့် တွေ့ထိခြင်းအကြောင်းကို ရှေးရှုသိ သော သဘောရှိသောမြတ်စွာဘုရား၏ တပည့်သာဝကရဟန်းကို ထိပါး (ပုတ်ခတ်) သောကြောင့် ဆင်းရဲခြင်းသို့ရောက်ရလိမ့်မည်။

မီးသည် စင်စစ် သူမိုက်ကိုသာ ငါလောင်မည်ဟု အားမထုတ်၊ သူမိုက်သည်သာ တောက်သော မီးကို ထိပါး (ပုတ်ခတ်) သောကြောင့် လောင်၏၊ မာရ်နတ် ဤအတူ ပင်လျှင် သင်သည် မြတ်စွာဘုရားကို့ထိပါး (ပုတ်ခတ်) သောကြောင့် မီးကို တွေ့ထိ သော သူမိုက်ကဲ့သို့ အလိုလို မိမိကိုယ်ကိုလောင်စေလိမ့်မည်။

မာရ်နတ်သည် မြတ်စွာဘုရားကို ထိပါး (ပုတ်ခတ်) ၍ အကုသိုလ်ပွါးများ၏၊ မာရ်နတ် အသို့နည်း၊ ယုတ်မာမှုသည် ငါ့အား အကျိုးမပေးဟု ထင်မှတ်သလော။

မာရ်နတ် ယုတ်မာမှုကိုပြုသူအား ကာလကြာမြင့်သော် ယုတ်မာမှုသည် ပွါးစီး၏၊ မာရ်နတ်မြတ်စွာဘုရားကို ထိပါး (ပုတ်ခတ်ခြင်း) မှငြီးငွေ့လော့၊ ရဟန်းတို့၌ (ညှဉ်းဆဲလိုသော) အာသာကိုမပြုလင့်။ ဤသို့လျှင် ရဟန်းသည် ဘေသကဠာ (ပဲစင်းခုံတော) ၌ မာရ်နတ်ကို ခြိမ်းချောက်၏၊ ထို့ကြောင့်ထိုမာရ်နတ်သည် စိတ်မကောင်းဘဲ ထိုနေရာ၌ပင်လျှင် ကွယ်လေ၏။

ဆယ်ခုမြောက် မာရတဇ္ဇနီယသုတ်ပြီး၏။

ငါးခုမြောက် စူဠယမကဝဂ်ပြီး၏။

--

ထိုဝဂ်၏ ဥဒ္ဒါန်းအကျဉ်းကား သာလေယျကသုတ်၊ ဝေရဉ္ဇကသုတ်၊ မဟာဝေဒလ္လသုတ်၊ စူဠဝေဒလ္လသုတ်၊ စူဠဓမ္မ သမာဒါနသုတ်၊ မဟာဓမ္မသမာဒါနသုတ်၊ ဝီမံသကသုတ်၊ ကောသမ္ဗိယ သုတ်၊ ဗြဟ္မနိမန္တနိကသုတ်၊ မာရတဇ္ဇနိယသုတ်၊ ဤဆယ်သုတ်တို့တည်း။

ငါးခုမြောက် သာလေယျဝဂ်ပြီး၏။

ဤဆိုလတ္တံ့သည်ကား ဝဂ်တို့ကို အကျဉ်းပြရာဖြစ်သော ဥဒ္ဒါန်းတည်း။

မူလပရိယာယဝဂ်၊ သီဟနာဒဝဂ်၊ ကကစူပမသုတ်လျှင်အစရှိသော ဩပမ္မဝဂ်၊ ဂေါသိင်္ဂသုတ်လျှင်အစရှိသော မဟာယမကဝဂ်၊ သာလေယျကသုတ်လျှင် အစရှိသော စူဠယမကဝဂ်အားဖြင့် ငါးပါးတို့တည်း။

မူလပဏ္ဏာသပါဠိတော် မြန်မာပြန် ပြီးပြီ။