ယဉ်ကျေးလိမ္မာကဗျာများ
ယဉ်ကျေးလိမ္မာကဗျာများ
သဗ္ဗညုတဉာဏ်တော်စွမ်း ၃-ပါး
• သိရန်မှန်က၊ မကျန်ရအောင်
လုံးဝစုံလင် အကုန်မြင်
သဗ္ဗဉ် ဉာဏ်တော် အစွမ်းတည်း။
• သိသည့်တရား များအပြား၌
ဟောထားစဖွယ် နည်းသွယ်သွယ်ကို
ချယ်လှယ်စုံလင် အကုန်မြင်
သဗ္ဗဉ် ဉာဏ်တော် အစွမ်းတည်း။
• ကျွတ်ထိုက်ကြပေ များဝေနေ၏
ဣန္ဒြေစရိုက် သူ့အကြိုက်ကို
နှိုက်ချွတ်စုံလင် အကုန်မြင်
သဗ္ဗဉ် ဉာဏ်တော် အစွမ်းတည်း။
ဉာဏ်တော်စွမ်းပကား ဤသုံးပါးကြောင့်
အများဝေနေ ကျွတ်လွတ်စေဖို့
မနေမနား သက်တော်အားဖြင့်
ကြီးမားလေဘိ ရှစ်ဆယ်ပြည့်၍
ပရိနိဗ္ဗာန် စံသည့်တိုင်အောင် သယ်ယူဆောင်
ဘုန်းခေါင် ငါတို့ ဘုရားတည်း။
( အရှင်ဇနကာဘိဝံသ )
နောက်ဆုံးသာသနာပွဲ
ဓာတ်အမွေတော်၊ ကြွင်းပါသော်လည်း
ချွတ်ချော်သာသနာ၊ နောင်သောခါဝယ်
ရှိန်ဝါပျောက်ကြွေ၊ ကွယ်ပချေသော်
ထွေထွေရပ်နယ်၊ ဓာတ်သွယ်သွယ်တို့
ကိုးကွယ်ကြမည့်၊ လူမရှိ၍
ဗောဓိပင်မှာ၊ စုဝေးကားဖြင့်
ရောင်ဝါလွှတ်ပြီ၊ ရွှေတုံးကြီးသို့
ဓာတ်မီးလောင်တောက်၊ ကုန်ဆုံးပျောက်က
လာရောက်ကြရှာ၊ နတ်ဗြဟ္မာတို့
သာသနာ့ဗုဒ္ဓ၊ ယခုမှပင်
မုချအတည်၊ ကွယ်ရပြီဟု
ငိုမြည်တမ်းတ၊ သံဝေဂဖြင့်
မရယူကြုံး၊ ကိုယ်စိတ်ချုံးသည်
နောက်ဆုံးသာသနာ့ ပွဲတော်ဘုရား။။
( အရှင်ဇနကာဘိဝံသ )
ငါတို့ဘုရား
ကဆုန်လပြည် နေ့သောကြာ၊
ဘုရားဖွားတဲ့ နေ့မြတ်ပါ။
သက္ကရာဇ်မှာ ခြောက်ဆယ်ရှစ်၊
သုဒ္ဓေါမင်း ဖ-စစ်။
မာယာဒေဝီ မွေးမယ်တော်၊
ကပိလဝတ် နေ့ပြည်တော်။
သာကီမျိုးနော် ထင်းရှားလှ၊
နွယ်တော် ဂေါတမ။
သိဒ္ဓတ္ထတဲ့ မည်နာမံ၊
၁၆နှစ်မှာ ထီးနန်းစံ။
နှစ်ဆယ်ကိုးမှန် တောထွက်သွား၊
ခြောက်နှစ်ကျင့်တရား။
သုံးဆယ်ငါးနှစ်ပြည့်လေတုံ၊
တစ်ရာ့သုံးခုကြုံ။
လပြည်ကဆုန် ဗုဒ္ဓဟူး၊
ဘုရားဖြစ်တဲ့နေအထူး။
တရားဦးမြတ် ဓမ္မစက္ကေ၊
ဝါဆိုလပြည် ဟောစနေ။
သက်ရှစ်ဆယ်လေတိုင်အောင်ထိ၊
သတ္တဝါအကျိုးသယ်ပိုး၏။
သောင်းထိုက်မှူးကြီး တို့မြတ်စွာ၊
ဘုံသုံးပါးလုံးထင်ရှားပါ။
လူနတ်ဗြဟ္မာ လွန်ကျော်ကြား၊
ငါတို့ဘုရား ဒို့ဘုရား။ ငါတို့ဘုရား ဒို့ဘုရား။
ဘုရားဂုဏ်တော် (၉)ပါး
ဘုရားဂုဏ်တော် သေချာမှတ်ဖို့၊ ကဗျာစပ်လို့ ဆိုကြမယ်--
၁။အရဟံ = ကိလေသာတွေ ကင်းစင်ပြတ်လို့၊ လူ, နတ်, ဗြဟ္မာ ပူဇော်တယ်။
၂။သမ္မာသမ္ဗုဒ္ဓေါ = တရားအလုံးစုံ ကိုယ်တိုင်သိလို့၊ ဆရာမရှိသူ ဖြစ်ပါတယ်။
၃။ဝိဇ္ဇာစရဏသမ္ပန္နော = ထူးတဲ့အသိဉာဏ် အကျင့်မှန်များလည်း၊ ကောင်းစွာထင်ရှား ပြည့်စုံတယ်။
၄။သုဂတော = ကောင်းတဲ့စကားကို မိန့်ဆိုတတ်လို့၊ နိဗ္ဗာန်မြတ်သို့ ကြွသွားတယ်။
၅။လောကဝိဒူ = သတ္တ, သင်္ခါ, ဩကာသ-တဲ့၊ လောကသုံးပါး သိမြင်တယ်။
၆။အနုတ္တရော ပုရိသ ဒမ္မသာရထိ = မယဉ်ကျေးသူ ယဉ်အောင်ပြုတဲ့၊ ဆုံးမမှုမှာ သာလွန်တယ်။
၇။သတ္ထာဒေဝမနုဿာနံ = လူ, နတ်, ဗြဟ္မာ သတ္တဝါများရဲ့၊ ဆရာထင်ရှား ဖြစ်ပါတယ်။
၈။ဗုဒ္ဓေါ = လေးပါးသစ္စာ စိတ်ဖြာသိတဲ့၊ ဉာဏ်မြင်ရှိသူ ဖြစ်ပါတယ်။
၉။ဘဂဝါ = ဘုန်းတော်ခြောက်စုံ ဂုဏ်တော်မြတ်နှင့်၊ တစ်စမလပ် ပြည့်စုံ တယ်။
ဘုရားဂုဏ်တော် ကိုးဖြာပဲကွယ့်၊ အသဲစွဲအောင် မှတ်ကြကွယ်။
မှတ်ကွယ်...မှတ်ကွယ်...။
တရားဂုဏ်တော် (၆) ပါး
တရားဂုဏ်တော် သေချာမှတ်ဖို့ ကဗျာစပ်လို့ ဆိုကြမယ်---
၁။သွာက္ခာတော ဘဂဝတာ ဓမ္မော = ဘုရားကောင်းစွာ ဟောညွှန်အပ်လို့၊ တရားတော်မြတ် ခိုင်မာတယ်။
၂။သန္ဒိဋ္ဌိကော = ကိုယ်တိုင်ကျင့်ရင် ကိုယ်တိုင်သိလို့၊ မိမိရရ သေချာတယ်။
၃။အကာလိကော = အခုကျင့်ရင် အခုထူးလို့၊ အကျိုးကျေးဇူး မြန်ဆန်တယ်။
၄။ ဧဟိ ပဿိကော = လာပါကျင့်ပါ ဖိတ်ခေါ်အပ်လို့၊ စမ်းသပ်ခံကြောင်း ကြေညာတယ်။
၅။ဩပနေယျိကော = ကိုယ်နှင့်စိတ်မှာ မြဲဆောင်အပ်လို့၊ ထပ်ကြပ်မကွာ အားထားဖွယ်။
၆။ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ = အရိယာဆို ကိုယ်စီသိလို့၊ ထိထိမိမိ ခံစားတယ်။
တရားဂုဏ်တော် ခြောက်ဖြာပဲကွဲ့၊ အသည်းစွဲအောင် မှတ်ကြကွယ်။
မှတ်ကွယ်...မှတ်ကွယ်...။
သံဃာ့ဂုဏ်တော် (၉)ပါး
သံဃာ့ဂုဏ်တော် သေချာမှတ်ဖို့ ကဗျာစပ်လို့ ဆိုကြမယ်---
၁။သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော = ကောင်းကောင်းမွန်မွန် ကျင့်ကြံတတ်တဲ့၊ ဘုရားသားတော် ဖြစ်ပါတယ်။
၂။ ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော = ဖြောင့်ဖြောင့်မှန်မှန် ကျင့်ကြံတတ်တဲ့၊ ဘုရားသားတော် ဖြစ်ပါတယ်။
၃။ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော = နိဗ္ဗာန်ရည်သန် ကျင့်ကြံတတ်တဲ့၊ ဘုရားသားတော် ဖြစ်ပါတယ်။
၄။သာမီစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော = ရိုသေထိုက်အောင် ကျင့်ကြံတတ်တဲ့၊ ဘုရားသားတော် ဖြစ်ပါတယ်။
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌပုရိသပုဂ္ဂလာ ဧသ ဘဂဝတော သာဝကသံဃော = မဂ်, ဖိုလ်လေးစုံ ရှစ်ပုံပြားတဲ့၊ ဘုရားသားတော် အရိယာကွယ်။
၅။အာဟုနေယျော = ရပ်ဝေးသယ်လာ ဥစ္စာများကို၊ ဦးဦးဖျားဖျား ခံထိုက်တယ်။
၆။ပါဟုနေယျော = ဧည့်သည်ဖို့ရာ ဥစ္စာများကို၊ ဦးဦးဖျားဖျား ခံထိုက်တယ်။
၇။ဒက္ခိဏေယျော = နောင်ဖို့လှူရာ ဥစ္စာများကို၊ ဦးဦးဖျားဖျား ခံထိုက်တယ်။
၈။အဉ္ဇလိကရဏီယျော = ရှိခိုးပူဇော် ဖူးမြှော်အထူးကို၊ ဦးဦးဖျားဖျား ခံထိုက်တယ်။
၉။အနုတ္တရံ ပုညက္ခေတ္တံ လောကဿ = လူ, နတ်, ဗြဟ္မာ ကောင်းမှုမျိုးကို၊ အပျိုးထိုက်ဆုံး ယာမြေလယ်။
သံဃာ့ဂုဏ်တော် ကိုးဖြာပဲကွယ်၊ အသည်းစွဲအောင် မှတ်ကြကွယ်။
မှတ်ကွယ်...မှတ်ကွယ်...။
သရဏဂုံ ရွတ်ကြမယ်
၁။ အိပ်ရာဝင်သော် သတိရလို့၊
ဗုဒ္ဓ ဓမ္မ သံဃာရယ်။
၂။ ကိုးကွယ်ပါတယ် စိတ်ပါညွတ်လို့၊
နှုတ်မှာတွတ်တွတ် ရွတ်ရတယ်။
၃။ အိပ်ရာထပြန် တစ်ဖန်ထပ်လို့၊
မှန်မှန်မပြတ် ရွတ်ပါတယ်။
၄။ ဘေးအန္တရာယ် ရန်စွယ်ကင်းလို့၊
ကောင်းခြင်းသုခ ရလိမ့်မယ်။
သရဏဂုံအကျိုး ၁၀-ပါး
သရဏဂုံ တကယ်မြဲရင်၊
အပါယ်ငရဲ ကြောက်ဖို့မလို။
နတ်ဖြစ်သော်ပင် တူနိုင်ရိုးလား၊
ဆယ်မျိုးဂုဏ်စု သူ့ထက်ပို။
ငါးဖြာအာရုံ လာမတုနှင့်၊
အယု ဝဏ္ဏ သုခဆို။
အာဏာပိုင်စိုး ခြွေရံတိုး၊
ဆယ်မျိုးဂုဏ်ကဲမို။
အဲဒါကြောင့် သရဏဂုံပန်း၊
အစဉ်လန်း ဆင်မြန်းပန်စေလို။
သရဏဂုံ ၃-ပါး
မိုးချုပ်နေဝင် ပြင်မထွက်နဲ့၊
သရဲသဘက် ဆွဲတတ်တယ်။
မဆွဲနိုင်အောင် ဘုရားပေးတဲ့၊
တရားဆေးနဲ့ ပေါက်လိုက်မယ်။
တရားဆေးဟာ ဘယ်မှာတုန်းကွဲ့၊
တို့လည်းပေးဦး မောင်မောင်ရယ်။ (မမရယ်)
ဗုဒ္ဓံ ဓမ္မံ သံဃံရွတ်ကွဲ့၊
သရဲထွက်လို့ ပြေးလိမ့်မယ်။
(အရှင်ဇနကာဘိဝံသ)
သရဏဂုံတည်ခြင်း အကျိုး
ဘေးရန်ပယ်ရှား၊ ကောင်းကျိုးပွား၊ သုံးပါး သရဏ။
မမှိတ်မသုန်၊ ရွတ်ပွားတုံ၊ ပုံ၍အားကိုးကြ။
အပါယ်ရှောင်လွဲ၊ နတ်ဖြစ်လည်း၊ လွန်ကဲဂုဏ်ဆယ်ဝ။
ဓာတ်စုံ နတ်စုံ၊ ဘိုးတော်စုံ၊ ညှိုးကြုံသရဏ။
တရားဆိုတာ
တရားဆိုတာ ကျင့်ဖို့ပါ။
ကျင့်တယ်ဆိုတာ ပြင်ဖို့ပါ။
ပြင်တယ်ဆိုတာ ပြောင်းဖို့ပါ။
ပြောင်းတယ်ဆိုတာ ကောင်းဖို့ပါ။
ကောင်းတယ်ဆိုတာ တရားပါ။
ထိခြင်း ၅-ပါး ရှိခိုးပုံ
လက်အုပ်ကိုပင်၊ ကြာငုံသွင်၊ အရင်ချီပါလေ။
လက်အုပ်ကိုပင်၊ နဖူးတွင်၊ ဦးတင်မြှောက်ပင့်စေ။
မျက်ခုံး, လက်မ၊ ညှိုး, ဆံစ၊ ထိရ လက်အုပ်ပေ။
ခြေ လက် နဖူး တံတောင် ဒူး၊ ငါးဦး ညီညွတ်စေ။
လက်ချ ဒူးချ တံတောင်ချ နဖူးကျစေ ဦးချလေ။
ငါးပါးသီလ ကဗျာ
သူ့အသက်ကို သိလျက်သားနှင့်၊
ဒေါသစိတ်ထား သေစေလို။
လုံ့လပြုကာ သေအောင်သတ်တော့၊
ပါဏာတိပါတ် အကုသိုလ်။
လွန်ကျူးမိလျင် တကယ်ပဲပေါ့၊
အပါယ်ငရဲ ကျမည်ဆို။
လွတ်လာပြန်လည်း ရောဂါစွဲ၊
ဆင်းရဲ အသက်တို။
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို။
သူ့ဥစ္စာကို သိလျက်သားနှင့်၊
လောဘစိတ်ထား ခိုးယူလို။
လုံ့လပြုကာ ခိုးယူပြန်က၊
အဒိန္နာဒါန အကုသိုလ်။
လွန်ကျူးမိလျင် တကယ်ပဲပေါ့၊
အပါယ်ငရဲ ကျမည်ဆို။
လွတ်ပြန်လျှင်လည်း ဥစ္စာမွဲ၊
ဆင်းရဲဖြစ်တိုင်းကိုယ်။
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို။
ရှောင်ရှားအပ်သူ မိန်းမများ၌၊
ရာဂစိတ်ထား ပေါင်းဖော်လို။
လုံ့လပြုကာ ကျူးလွန်ပြုက၊
ကာမေသုတဲ့ အကုသိုလ်။
လွန်ကျူးမိလျှင် တကယ်ပဲပေါ့၊
အပါယ်ငရဲ ကျမည်ဆို။
လွတ်လာပြန်က နပုံးပ၊
မိန်းမ ဖြစ်ရသကို။
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို။
မဟုတ်မမှန် တစ်ဖက်သားကို၊
ယွင်းချွတ်လှည့်စား မုသားဆို။
အဓိပ္ပါယ်ကို ထိုသူသိ၍၊
အကျိုးကိုထိ အကုသိုလ်။
လွန်ကျူးမိလျင် တကယ်ပဲပေါ့၊
အပါယ်ငရဲ ကျမည်ဆို။
လွတ်လာပြန်လည်း ပါးစပ်ပြဲ၊
သွားကျဲ-နှုတ်ခမ်းတို။
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို။
ယစ်မူးတတ်စွာ သေရည်များကို၊
မူးယစ်သောက်စား ဘိန်းရှူမျို။
ဒုစရိုက်တွေ ဖြစ်ပေါ်ကြောင်းမို့၊
မကောင်းစင်စစ် အကုသိုလ်။
လွန်ကျူးမိလျှင် တကယ်ပဲပေါ့၊
အပါယ်ငရဲကျမည်ဆို။
လွတ်လာစေဦး လူမေ့မူး၊
အရူးဆက်တိုင်းကိုယ်၊
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို။
(စာရေးဆရာကြီး ဒဂုံ-ဦးထွန်းမြင့်ရေးသားပါသည်)
သီလအကျိုးဆင့်ဆင့်တိုး
သီလခေါ်ဆို ကိုယ်ကျင့်ကောင်းမှ၊
တောင်းတိုင်းတတိုင်း ရနိုင်တယ်။
ပဒေသာပင် အိမ်မှာပေါက်သလို၊
ကောက်ယူသုံးလို့ မကုန်နိုင်တယ်။
ဥစ္စာစုပုံ ကုန်မယွင်း၊
ဂုဏ်သတင်းလည်း သင်းပျံ့မယ်။
ရောက်လေရာရာ ပွဲလယ်တင့်လို့၊
ရဲရင့်ရွှင်ပျ ခင်ကြမယ်။
သေရသော်လည်း သတိကောင်းလို့၊
ဂတိပြောင်းတော့ နတ်ပြည်ဝယ်။
သီကောင်းကျိုး ချက်ချင်းတိုး၊
အာကိုးလောက်ပေတယ်။
အဲဒါကြောင့် ကိုယ်ကျင့်သီလ ဒီဘဝတည်စေမယ်။
မြတ်ဒါန စိတ်ချကိုးကွယ်ရာ
ချမ်းသာအပေါင်း ရကြောင်းမှန်စွာ၊
စည်းစိမ်ဘောဂ မြစ်မတည်ရာ။
အောက်တန်းမကျ ကယ်မသူမှာ၊
မြတ်ဒါန စိတ်ချကိုးကွယ်ရာ။
မြတ်သီလ စိတ်ချကိုးကွယ်ရာ
သီလရနံ့ မွေးပျံ့ကြိုင်စွာ၊
သီလဆင်တိုင်း ရှုတိုင်းလှပါ။
သီလစောင့်ငြား မလားပါယ်ရွာ၊
မြတ်သီလ စိတ်ချကိုးကွယ်ရာ။
နှုတ်ဆက်ပါသည်(၁)
လောဘကို နှုတ်မည်၊
အလောဘနှင့် ဆက်မည်။
နှုတ်သည် ဆက်သည်၊ နှုတ်ဆက်ပါသည်။
ဒေါသကို နှုတ်မည်၊
အဒေါသနှင့် ဆက်မည်။
နှုတ်သည် ဆက်သည်၊ နှုတ်ဆက်ပါသည်။
မောဟကို နှုတ်မည်၊
အမောဟနှင့် ဆက်မည်။
နှုတ်သည် ဆက်သည်၊ နှုတ်ဆက်ပါသည်။
နှုတ်ဆက်ပါသည် (၂)
မလိမ္မာတာတွေ နှုတ်ရမည်။
အလိမ္မာတွေနှင့် ဆက်ပါမည်။
နှုတ်မည် ဆက်မည်၊ နှုတ်ဆက်ပါသည်။
မကောင်းမှုတွေကို နှုတ်ရမည်။
ကောင်းမှုတွေနှင့် ဆက်ပါမည်။
နှုတ်မည် ဆက်မည်၊ နှုတ်ဆက်ပါသည်။
ပျင်းရိတာတွေ နှုတ်ရမည်။
ကြိုးစားမှုနှင့် ဆက်ပါမည်။
နှုတ်မည် ဆက်မည်၊ နှုတ်ဆက်ပါသည်။
အကုသိုလ်တရားကို နှုတ်ရမည်။
ကုသိုလ်တရားနှင့် ဆက်ပါမည်။
နှုတ်မည် ဆက်မည်၊ နှုတ်ဆက်ပါသည်။
မင်္ဂလာပါ
မင်္ဂလာပါ အပြောချို အပြုံးလေးလည်း ချို အမြဲတမ်းပဲ
မင်္ဂလာပါ ပြောမယ် နှုတ်ဆက်ကြမယ် ယဉ်ကျေးစွာ
မင်္ဂလာပါ ဒီအသံလေး ကြားရတာ
ရင်မှာအေး နှုတ်ဆက်ပါ အများနဲ့တွေ့တဲ့အခါ
ဒီအသံလေးကို ကြားတိုင်းပဲ
တကယ် ယဉ်ကျေးတယ် အများချီးကျူး
အပြန်အလှန်မေတ္တာ တစ်ဦးနဲ့တစ်ဦးထားခြင်းဟာ မင်္ဂလာပါ။
မင်္ဂလာဆိုသည်မှ မကောင်းမှုတွေကို ရှောင်မယ်။
မင်္ဂလာဆိုသည်မှာ ကောင်းမှုတွေကို ဆောင်မယ်
မင်္ဂလာဆိုသည်မှာ ဖြူစင်အောင် စိတ်ကလေးကို ထားမယ်။
အလှဆုံး အပြုံး
ပြုံး၊ ပြုံး၊ ပြုံး ကုသိုလ်စိတ်နဲ့ ပြုံး
ကုသိုလ်စိတ်နဲ့ ပြုံးသူဟာ
ဒီကမ္ဘာအလှဆုံးပါ။
စိတ်ကောင်းလေးနဲ့ ပြုံးရင်တော့
ပို၍ လှမှာပေါ့။
စိတ်ကောင်းမရှိ ထိုသူတွေ
ရုပ်လှပေမယ့် စိတ်မလှပေ။
ရုပ်ရော စိတ်ပါ လှရင်တော့
ထိုသူ အလှဆုံးပေါ့။
အလှဆုံးသူ ဖြစ်ဖို့ရာ
စိတ်ယုတ်မာများ ဖယ်ရှားကာ
မေတ္တာများစွာ လွှမ်းခြုံလို့
ကုသိုလ်စိတ်နဲ့ ပြုံးပါစို့။
ခံနိုင်မှ တည်
မဟုတ်လည်းခံ၊ ဟုတ်လည်းခံ၊ ခံနိုင်မှ ခန္တီပါ။
ခန္တီပါမှ နိဗ္ဗာန်ရ မုချ ရောက်နိုင်မှာ။
လိမ္မာတဲ့ ကလေးလေး
လိမ္မာတဲ့ ကလေးလေး ဖြစ်အောင်ကွယ်၊ တို့တွေ အမြဲ ကြိုးစားမယ်။
အဖေ, အမေရဲ့ စကား နားထောင်မယ်
(ဆရာ, ဆရာမစကား နားထောင်မယ်)
ရိုသေလို့ ချစ်ပါ့မယ်။
သားတို့ သမီးတို့ရယ်၊ အစာစားတိုင်းကွယ်/
(ကစားပြီးတိုင်းကွယ်/ အိမ်သာက ဆင်းတိုင်းကွယ်)
လက်ကို စင်စင်ဆေး၊ ကျန်းမာရေးနဲ့ ညီညွတ်တယ်။
တူပျော်ပျော် တူပျော်ပျော်၊ လက်ဆေးကြစို့ မေမေခေါ် (ဆရာခေါ်)
လက်ဆေးကြစို့နော်.... ဟေ့ လက်ဆေးကြစို့နော်။
ခြေသည်လက်သည်း ရှည်တဲ့သူ၊ ဝက်ဝံကြီးနဲ့တူ။
ဝက်ဝံကြီးက မောင်ရုပ်ဆိုး၊ သူဘယ်တော့မှ ရေမချိုး။
ရေမချိုးတဲ့ မောင်ညစ်ပတ်၊ နံတယ် နံတယ် အနားမကပ်။
အိုဘယ့် ကလေးငယ်၊ အိုဘယ့်ကလေးငယ်
ဆေးလိပ်မသောက်နဲ့ ဆေးလိပ်မသောက်နဲ့
ဆေးလိပ်သောက်တာ အန္တရာယ် ဆေးလိပ်သောက်တာ အန္တရာယ်၊
သောက်ပါနဲ့ကွယ် သောက်နဲ့ကွယ်။
(ဓမ္မဗျူဟာ ယဉ်ကျေးမှုကျင့်ဝတ်ဘာသာမှ)
မေမေ့ကျေးဇူး
မေမေကျေးဇူး မမေ့ဘူးကွယ်၊
ငယ်ငယ်ကတည်းက သိမှတ်မယ်။
သားသမီးပေါ်ဝယ် မေတ္တာကြွယ်၊
ချစ်ခင်ကြင်နာလွန်းလှတယ်။
စကားမှာ ချိုချို ပျားသကာလိုလို၊
အနားမှာ ဆိုဆို သင်လို့ရယ်
လိမ္မာစေချင်လွန်းလှတယ်။
မေ့မေ့မျက်နှာ အစဉ်ချိုပြုံး၊
မေမေ့မေတ္တာ အကြည်လင်ဆုံး
သားသား အချစ်ဆုံး၊ မီးမီးအချစ်ဆုံး။
(ဓမ္မဗျူဟာ ယဉ်ကျေးမှု ကျင့်ဝတ်ဘာသာမှ)
အဖေတို့ အမေတို့ သိထားဖို့
သားသားတို့က ကလေးပါ။
မီးမီးတို့က ကလေးပါ။
ကလေးဆိုတာ နားမလည်ပါ/ မဆိုးပါ/ မသိပါ။
နားလည်အောင်သာ ပြောပေးပါ။
နားထောင်ချင်အောင် ပြောပေးပါ။
အဲဒါ အမေတို့ အဖေတို့ တာဝန်ပါ။
အဲဒါ အားလုံး တာဝန်ပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)
ကလေးကောင်းမှ
ကလေး ကလေး အထင်မသေးနဲ့
ကလေးက လူကြီး ဖြစ်တာ။
ကလေးကောင်းမှ လူကြီးကောင်းမှာ။
လူကြီးကောင်းမှ အားလုံးကောင်းမှာ။
ဘာနဲ့ ကဲ့ရဲ့ခံရမှာလဲ
ကောင်းတာလုပ်လည်း ကဲ့ရဲ့မှာပဲ။
မကောင်းတာလုပ်လည်း ကဲ့ရဲ့မှာပဲ။
ဘာမှ မလုပ်ဘဲ နေရင်လည်း ကဲ့ရဲ့မှာပဲ။
သင် ဘာနဲ့ ကဲ့ရဲ့ ခံမှာလဲ။
ရုပ်လှချင်သလား
ရုပ်လှချင်သလား ကလေးတို့ရယ်
စိတ်ကလေးလှပါကွယ်
စိတ်ကလေးလှတော့ စိတ်ဆိုးမဖြစ်
အားလုံးဝိုင်း၍ ချစ်
ချစ်စရာကောင်းတဲ့ ကလေးငယ်
ဘုန်းတွေကြီးလို့ တန်ခိုးကြွယ်
တန်းခိုးကြွယ်တော့ လိုတရ
ယဉ်ကျေးလိမ္မာ နေထိုင်ကြ။
စိတ်ကောင်းထားကြစို့
ကံကောင်းချင်သလား ကလေးတို့ရယ်
စိတ်ကောင်းထားပါကွယ်။
စိတ်ကောင်းထားရင် နှုတ်လည်းကောင်း၊
ကိုယ်ဟန်မူရာ ကြည့်လို့ကောင်း။
ကိုယ်ကောင်း၊ နှုတ်ကောင်း၊ စိတ်ကောင်းရင်
ဖြစ်လာသမျှ ကောင်းမည်ပင်။
ဖြစ်လာသမျှ ကောင်းစေဖို့၊ စိတ်ကောင်းထားကြစို့။
စိတ်ကိုလည်းပြင် ရုပ်လည်းပြင်
၁။ တန်းတူတွေ့လျှင် မေတ္တာဝင် မဝင်နိုင်က ပြိုင်တတ်တယ်။
ပြိုင်မယ့်အစား မေတ္တာပွား စိတ်ထားပြုပြင်ပြောင်းပါ့မယ်။
၂။ ကိုယ့်အောက်တွေ့လျှင် ကရုဏာဝင်၊ မဝင်နိုင်က နိုင်တတ်တယ်။
နိုင်မယ့်အစား ကရုဏာပွား စိတ်ထား ပြုပြင်ပြောင်းပါ့မယ်။
၃။ ကိုယ့်ထက်သာလျှင် မုဒိတာဝင်၊ မဝင် ဣဿာ ယိုင်တတ်တယ်။
ယိုင်မယ့်အစား မုဒိတာပွား စိတ်ထား ပြုပြင်ပြောင်းပါ့မယ်။
၄။ စိတ်ကိုလည်းပြင် ရုပ်လည်းပြင် ပြင်ဆင်တိုင်းလှ၊
ပြုတိုင်းရ သုခ နိဗ္ဗာန်တိုင်လိမ့်မယ်။
စိတ်+ဓာတ်
စိတ်ကောင်းမှ ဓာတ်ကောင်းမည်။
ဓာတ်ကောင်းမှ ကံကောင်းမည်။
ကံကောင်းမှ ဉာဏ်ကောင်းမည်။
ဉာဏ်ကောင်းမှ ဘဝကောင်းမည်။
အမြတ်ဆုံး သူတော်ကောင်း
သူတော်ကောင်း သူတော်ကောင်း၊
သူတော်လာအောင် ကိုယ်ကကောင်း...၊
သူမကောင်းလည်း ကိုယ်ကကောင်း...၊
ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေး ဖြစ်စေချင်၊ စိတ်ထားလှဖို့ပြင်။
နေ့စဉ် လစဉ် ခန္တီသုံး၊ ဒါမှ အမြတ်ဆုံး။
(ဘုံကျော်ဆရာတော်)
ကုသိုလ်ပြုကြစို့
သရဏဂုံ တည်ရုံမျှဖြင့်၊ ဥပါသကာ ဖြစ်ပါပြီ။
ကိုယ့်ကျင့်သိက္ခာ လုံခြုံကြဖို့၊ ငါးပါးသီလ ပဉ္စသီ။
ဒုစရိုက်တွေ ရှောင်သွေလွဲလို့၊ သုစရိုက်လည်း စုံအညီ၊
ဆွမ်းပန်းရေတော် မီးတော်ကပ်လို့၊
နေ့စဉ်မပြတ် ပြုသင့်သည်။
ပန်းပန်မှ လှမယ်
ပန်းလက်ဆောင် ပန်းလက်ဆောင်၊ ပေးချင်ပါတဲ့ ပန်းလက်ဆောင်၊
ပန်းလက်ဆောင် ယူမလား၊ ပန်းကြိုက်ပါတဲ့ ကလေးများ၊
ဘာပန်းများလည်း မေးရင်ကွယ်၊ နှင်းဆီ သဇင် ဟုတ်ဖူးကွယ်
စံပယ် ခရေ မြတ်လေးလား၊ ဒါလည်းဟုတ်ဖူး ကလေးများ
ဒါန သီလ ပန်းပွင့်ပါ၊ ဘာဝနာလည်းပါ
အပစာယန၊ ဝေယျာဝစ္စ၊ ပတ္တိဒါနပန်းပွင့်လား
ပတ္တာနုမောဒန ပန်းပွင့်ရယ်၊ ဓမ္မဿဝနလည်း ပါပါတယ်
ဓမ္မဒေသနာရယ် မှတ်လိုက်ကြ၊ ဒိဋ္ဌိဇုကမ္မ
ထာဝရကွယ် ပန်ရမယ်၊ ဆယ်ပွင့်ရှိပါတယ်
ကလေးတို့ရယ် ပန်လိုက်ကြ
အလှသရဖူ ဆောင်းမယ်ပ၊ တစ်သံသရာလုံးလှ။
မေမေချစ်တဲ့သား
လိမ္မာသိမြင် ပညာရှင်၊
သားလေးဖြစ်စေချင်။
နေစဉ်မှန်မှန် ကျောင်းကိုသွား၊
မေမေချစ်တဲ့သား။
လေးစာထိုက်တဲ့ မြတ်ဆရာ၊
သားလေးရိုသေပါ။
ဆရာပြောတာဂရုစိုက်၊
သားလေးစူးစူးစိုက်။
ငိုက်မနေတဲ့သားလေးရာ၊
စာရေးစာဖတ်ကွာ။
တွေးပါမေးပါ စိတ်ဝင်စား၊
သားလေးစားကြိုးစား။
တရားနာတဲ့ အချိန်မှာ၊
သားလေး တရားနာ။
စာသင်ချိန်မှာ စာကိုချစ်၊
ဒါမှ မေ့သားချစ်။
(ဘုံကျော်ဆရာတော်)
ကြိုက် ကြိုက် ကြိုက်
လိမ်တယ်ညာတယ်ဆိုတာရယ်
မကောင်းပါဘူးကွယ်။
ဘုရားကလည်း မကြိုက်
မိဘဆရာလည်း မကြိုက်
ဆွေမျိုးတွေရော သူငယ်ချင်းတွေရော
အားလုံး အားလုံး မကြိုက် မကြိုက် မကြိုက်
လိမ်လိမ်မာမာ နေတာရယ်
အလွန်ကောင်းတာပေါ့ကွယ်။
ဘုရားကလည်းကြိုက် မိဘဆရာလည်းကြိုက်
ဆွေမျိုးတွေရော သူငယ်ချင်းတွေရော
အားလုံး အားလုံး ကြိုက် ကြိုက် ကြိုက်။
အနန္တတာဝန် တို့အဓိဋ္ဌာန်
ဘုရားကျေးဇူး၊ မြင်းမိုရ်ဦး၊ အထူးကျေအောင် ဆပ်ပါမည်။
တရားကျေးဇူး၊ မြင်းမိုရ်ဦး၊ အထူးကျေအောင် ဆပ်ပါမည်။
သံဃာကျေးဇူး၊ မြင်းမိုရ်ဦး၊ အထူးကျေအောင် ဆပ်ပါမည်။
မိဘကျေးဇူး၊ မြင်းမိုရ်ဦး၊ အထူးကျေအောင် ဆပ်ပါမည်။
ဆရာကျေးဇူး၊ မြင်းမိုရ်ဦး၊ အထူးကျေအောင် ဆပ်ပါမည်။
တိုင်းပြည်ကျေးဇူး၊ စိတ်ကြည်နူး၊ အထူးကျေအောင် ဆပ်ပါမည်။
ကျေးဇူးမကျေ၊ လူမိုက်တွေ၊ မသွေဖြစ်မှာ စိုးရသည်။
ကျေးဇူးဆပ်ကာ၊ လူလိမ္မာ၊ မှန်စွာဖြစ်အောင် ကြိုးစားမည်။
တိုင်းပြည်, လူမျိုး၊ များကောင်းကျိုး၊ သယ်ပိုးရွက်ဆောင် ပြုပါမည်။
တိုင်းပြည်, လူမျိုး၊ ဘာသာအကျိုး၊ သယ်ပိုးရွက်ဆောင် ပြုပါမည်။
သူ့ကျေးဇူးကို သိရမယ်
ရှေးရှေးတုန်းက ရေထဲမှာ၊ သစ်ပင်တစ်ပင် ရှိနေတာ။
သစ်ကိုင်းပေါ်မှာ ရွှေချိုးငှက်၊ နေ့စဉ်နားခိုလျက်။
သစ်ပင်ထက်က ပျားတစ်အုံ၊ ချိုးငှက်နည်းတူ သူခိုလှုံ။
လေအဟုန် ပြင်းတဲ့နေ့၊ ပျားကလေး ကန်ထဲကျပြီဟေ့။
ချိုးငှက်တွေ့တော့ သစ်ရွက်ချွေ၊ ပျားကလေးနားမှာ ကြွေ။
သစ်ရွက်လှေပေါ် ပျားတွယ်တက်၊ သေဘေးလွတ်လို့ အသက်ဆက်။
တစ်နေ့တစ်ရက် တစ်ခါဝယ်၊ မုဆိုး ချိုးကို လေးနှင့်ရွယ်။
ပျားသူငယ် သူဝင်တုတ်၊ မုဆိုး လေးမြား ပြုတ်။
(ညီလေး/ညီမလေး)ဝတုတ် မှတ်သားဖွယ်၊ သူ့ကျေးဇူးကို သိရမယ်။
အတုံ့အလှည့် သူ့ကျေးဇူး၊ ခွင့်ခါသင့်လျှင် ဆပ်ပေဦး။
ဖြူ-မဲ (ဖော့နဲ့ ခဲ)
ကုသိုလ်ဖြူဖြူ ဖော့နဲ့တူ၊
အထက်လမ်းကို သူဆွဲယူ။
အကုသိုလ်မဲမဲ ခဲလိုပဲ၊
အောက်ဖက်လမ်းကို သွားမှာပဲ။
ထက်လမ်း အောက်လမ်း လမ်းနှစ်သွယ်၊
ဘယ်လမ်း ကြိုက်သလဲကွယ်။
သိညာဏ်ရှိတယ် ဆိုရင်တော့၊
ထက်လမ်းလိုက်မှာပေါ့။
ထက်လမ်းလိုက်တော့ ဒို့တစ်တွေ၊
ကောင်းကျိုးချမ်းသာ ရမယ်လေ။
အောက်ဘက်လမ်းတွေ လိုက်ရင်တော့၊
အပါယ်ရောက်မှာပေါ့။
အပါယ်ကြောက်တဲ့ တို့တစ်တွေ၊
အကုသိုလ် ခဲ ရှောင်ပါလေ၊
ကုသိုလ် ဖော့ တွေဖက် တွယ်လို့။
နတ်ပြည် တက်ကြစို့။
ကုသိုလ်ရေးမို့ ကြိုးစားမည်
ဗုဒ္ဓမြတ်စွာ လောင်းလျာတုန်းက၊
နောက်ဆုံးအထိ ပါရမီ။
လူ, နတ်များစွာ ချမ်းသာရေးမို့၊
အသက်ပေး၍ ဖြည့်ခဲ့သည်။
ဗုဒ္ဓမြတ်စွာ သာသနာတွက်တော့၊
ငါပါအသက် ဆုံးစေမည်။
နောက်မဆုတ်ပါ ခုလိုတွေးလို့၊
ကုသိုလ်ရေးမို့ ကြိုးစားမည်။
ဘာသာရေးကြောင့် အေးစေမည်
တရားစစ်မှန် ကျင့်ကြံကြမှ၊ ချမ်သာသုခရနိုင်မည်။
တရားတုတွေ ကျင့်နေကြလို့၊ ဆင်းရဲဒုက္ခရောက်ရသည်။
ယခုတဖန်အမှန်လမ်းသို့၊ အမြန်လှမ်းဘို့ ချိန်တန်ပြီ။
သို့မှ တိုင်းပြည် ဘာသာရေးကြောင့်၊
သာယာအေးဆေး ရှိလိမ့်မည်။
(မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး)
ဘာသာသွေး နွေးကြပါစို့
ဗုဒ္ဓဘာသာ ရှင်လူများတို့၊
သတိတရား ထားသင့်ပြီ..။
အခြားဘာသာ တိုးတက်ရေးကို၊
အခြားသူများ ဆောင်ရွက်သည်။
ဗုဒ္ဓဘာသာ သူတွေအဖို့၊
သွေးအေးနေဖို့ မသင့်ပြီ။
သွေးအေးနေရင် သာသနာပျောက်လို့၊
လူမျိုးပျောက်ဖို့ ကြုံလိမ့်မည်။
အဲဒါကြောင့် ဘာသာတရား၊
ပြန့်ပွားအောင် ကူညီ။
ကိုယ်ချင်းစာထားကြည့်
ဒီတိုင်းပြည်ခို၊ ဒီရေကိုသောက်
ဒီမြေအောက်က ကူထောက်စီးပွား
ထုတ်ယူစားပြီ၊ ပြည်ဖွားအိမ်ရှင်
ရန်သူထင် အသင်မှားနေပြီ
အိမ်ရှင်ရိုးကျိုး၊ အိမ်ရှင်ကိုးသော
မျိုးရိုးဘာသာ သာသနာကို
ခြေရာနင်းလျက် အတင်းဖျက်
ရက်စက်လွန်းနေပြီ။
အိမ်ရှင်ကဖွား၊ သမီးသားကို
ဇနီးအဖြစ် လင်အဖြစ်ဖြင့်
အနှစ်ကိုနှုတ်၊ အညစ်မြုပ်လျက်
မွေးထုတ်ကလေး၊ စပ်တူသွေးတွင်
အရေးချက်ချာ၊ မျိုးဘာသာအား
လုယူထား၊ စော်ကားလွန်းနေပြီ။
သင်အိမ်ခိုလျက်၊ သင့်ကိုဖျက်
သင်လက်ခံမည်လော။
သမီးပျော်ပါး သားပျော်ပါး
စော်ကားခံမည်လော။
(မဟာဗောဓိမြိုင်ဆရာတော်)
နွေအလှ ဓမ္မသင်တန်း
စာမေးပွဲ ဖြေဆိုပြီးတော့
ကျောင်းတော်ကြီးလည်း ပိတ်ပြီကွယ်။
တို့များလူငယ် စိတ်ရွှင်လန်းဖို့
နွေသင်တန်းလေ တက်ကြမယ်။
တိုင်းနဲ့ ပြည်နယ် နေရာအနှံ့မှာ
မင်္ဂလာရနံ့ သင်းပျံ့တယ်။
နေပူထဲမှာ လျှောက်မသွားနဲ့
ဗုဒ္ဓတရား လေ့လာကွယ်
ယဉ်ကျေးမှုဆိုတာ သိမှတ်ထားတော့
စိတ်ထားလှပ ဖြူစင်ကြယ်။
ဗုဒ္ဓရိပ်ဝယ် ခိုလှုံကြမှ
ကြည်နူးအေးမြ ပျော်ရွှင်ဖွယ်။
ပါဠိအဓိပ္ပါယ် လက်ပါငြားလည်း
ရှင်းပြရတာ မှတ်မိလွယ်။
ယဉ်ကျေးမှုသင်တန်း ကမ္ဘာလွှမ်းရမည်
တို့နယ်က လူငယ် သားသမီးများသည်
တစ်ပါတ်တစ်ကြိမ်မှာ သင်တန်းတက်ရောက်ခြင်းသည်
အတိုင်းအဆ မသိဘဲ တို့ယဉ်ကျေးပေသည်။
အာရှမှာ မြန်မာကသာ လိမ္မာယဉ်ကျေးကြသည်။
မျိုးဆက်သစ်တို့ စိတ်ထဲမှာ ယဉ်ကျေးမှ
နိုင်ငံတိုးတက်မည်။
သင်တန်းများ ဖွင့်လှစ်ခြင်းသည်
လူငယ်တွေ လိမ္မာ တိုးတက်စေဖို့ ဖြစ်ပေသည်။
သင်တန်းများ တက်ရောက်ခြင်းသည်
နိုင်ငံ၊ လူမျိုးနဲ့ ဘာသာ အကျိုးရှိမည်။
ပါဝင်ဆင်နွဲကြပါစို့
တို့နယ်တစ်ခွင်မှာ သင်တန်းဖွင့်တာ ပျော်ရွှင်စရာ
အသီးအပွင့်လေးတွေ ပျော်မြူးကြတာ ကြည်လင်စရာ
အိုး စိတ်ချမ်းသာ ကိုယ်ချမ်းသာ
သင်တန်းမှာ ပါဝင်ဆင်နွဲမှာ။
ယဉ်ကျေးမှုဆိုတာ လူတိုင်းအတွက်ပါ အစ်ကိုရာ
ဘိုးတွေ ဘွားတွေ ရိုသေမှုကို လိုချင်တာ
အိုး ငါတို့ရွာ ငါတို့ရွာ
နောင်တစ်ခေတ်မှာ သာယာစေဖို့ရာ၊
ကောင်း ကောင်း ကောင်းဖို့ရာ အခုပင်ကြိုးစားပါ။
ပေါင်း ပေါင်းစုလို့သာ ညီညွှတ်စေဖို့ပါ။
ယဉ်ကျေးသူတိုင်း ဒီပွဲမှာပဲ ဆင်နွှဲကြပေါ့ဗျာ
ယဉ်ကျေးသူတိုင်း ဒီနှစ်လိုပဲ လက်တွဲကြလို့သာ။
ရက်မြတ်တော် ဒီအချိန် ဒီအခါ
ယဉ်ကျေးမှုအတွက်
သင်တန်းဖွင့်လို့ အားလုံးပျော်ရွှင်စရာ။
ပြည်သူ့ကျောင်းသား
ကျောင်းသား ကျောင်းသူ တပည့်လေးတို့
တိုးတက်ရေးမို့ နားထောင်ကွယ်။
ကစားချိန်မှာ ကစားပေးမှ
ကျန်းမာရေးလည်း ညီညွှတ်မယ်။
စာရေးချိန်ဝယ် စာတွေရေးလို့
ယဉ်ယဉ်ကျေးကျေး နေကြကွယ်။
စာအံချိန်ဝယ် စာကို ကျက်ကွယ့်
ကျောင်းတက်ရက်လည်း မှန်ရမယ်။
မိဘဆရာ ဆိုစကားလည်း
ရိုသေညွှတ်တွား နာယူကွယ်
အဲဒါမှ ပညာတံခွန် လူရည်ချွန်
အမှန်ဖြစ်စေမယ်။
တန်ခိုး (၄)ပါး
ဆန္ဒထက်သူ ရှေ့မယ်၊ ဘယ်ကိစ္စမျိုး ခံနိုင်ရိုးဟယ်၊
ဘာပဲဖြစ်ဖြစ် အောင်ရမယ်ဟေ့ အောင်စေ့မယ်။
ဝီရိယထက်သူ ရှေ့မယ်၊ ဘယ်ကိစ္စမျိုး ခံနိုင်ရိုးဟယ်၊
ဘာပဲဖြစ်ဖြစ် အောင်ရမယ်ဟေ့ အောင်စေ့မယ်။
စိတ်ဓာတ်ထက်သူ ရှေ့မယ်၊ ဘယ်ကိစ္စမျိုး ခံနိုင်ရိုးဟယ်၊
ဘာပဲဖြစ်ဖြစ် အောင်ရမယ်ဟေ့ အောင်စေ့မယ်။
ပညာထက်သူ ရှေ့မယ်၊ ဘယ်ကိစ္စမျိုး ခံနိုင်ရိုးဟယ်၊
ဘာပဲဖြစ်ဖြစ် အောင်ရမယ်ဟေ့ အောင်စေ့မယ်။
ဝန်တိုပါက ကျိုးမလှ
ဥယျာဉ်ရိပ်သာ ဝန်တိုရာ၊ ပြိတ္တာဘီလူး ဖြစ်တတ်သည်။
သွေးသားမိတ်ဆွေ ဝန်တိုရာ၊ သည်းကြွေသွေးအန် ဖြစ်တတ်သည်။
လာဘ်လာဘမှာ ဝန်တိုရာ၊ ပြိတ္တာမြွေကြီး ဖြစ်တတ်သည်။
ရုပ်ဆင်းကိုပင် ဝန်တိုလျှင်၊ ရုပ်သွင်မလှ ဖြစ်တတ်သည်။
တရားဓမ္မာ ဝန်တိုရာ၊ ပညာညာဏ်ကင်း ဖြစ်တတ်သည်။
မနာလိုကင်း ဝန်တိုရှင်း လက်ငင်း ချမ်းသာကြရမည်။
ခွင့်လွှတ်နိုင်ရင် ဒုက္ခနည်း
လူသားဆိုတာ မှားတတ်တာ အမှားမကင်းပါ
သူရောကိုယ်ပါ မှားတတ်တော့
ခွင့်လွတ်နိုင်အောင် ကြိုးစားပေါ့။
ခွင့်မလွတ်နိုင်တော့ ကြာလေလေ
အမုန်းစိတ်တွေ ကြီးထွားလေ
ကြီးထွားလာလို့ ပေါက်ကွဲတော့ ဒုက္ခတွေ့ပြီပေါ့။
ဒုက္ခတွေ့တော့ ဘယ်သူနာ
ကိုယ်ရော သူပါနာ
နစ်နာတာဟာ ဘာကြောင့်လဲ
ခွင့်မလွတ်နိုင်လို့ဘဲ။
ဗုဒ္ဓနည်းကျ တရားထိုင်နည်း
တင်ပလ္လင်ခွေကာ ထိုင်နေပါ၊ ကိုယ်မှာ ဖြောင့်စွာထား။
မလှုပ်ဣန္ဒြေ ငြိမ်ငြိမ်နေ၊ စိတ်တွေ မလွင့်ပါး။
နှာသီဖျားတွင် သတိယှဉ် အစဉ်ရှုမှတ်ပွား။
မျက်စိမှိတ်ကာ ခေါင်းတည့်ပါ၊ ဝမ်းမှာ စိတ်ကိုထား။
မြဲမြံသတိ ရှုမှတ်ဘိ၊ ဖြစ်ရှိ သမာဓိတရား။
ဖောင်းတာပိန်တာ စိတ်ဆိုက်ကာ၊ မှတ်ပါ ကျောင်းသား/သူများ။
ခန္ဓာလမ်းစဉ် ဖြစ်ပျက်မြင် နိဗ္ဗာန်တိုင်အောင်သွား။
ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းဒေသနာတော် လင်္ကာ
အဝိဇ္ဇာ ဘယ်မှာနေ မိမိစိတ်မှာနေ၊
တစ်ခါတစ်လေ မိုက်မဲမှု သင်္ခါရကိုပြု။
သင်္ခါရပြုတော့ ဝိညာဏ်ကွယ် နာမ်ရုပ်အိမ်ကိုဆွယ်
အကြည်ခြောက်သွယ် မှန်တံခါး
ကောင်းစွာ တပ်ဆင်ထား။
အာရုံခြောက်ပါး တွေ့ဆုံသော်
ဝိညာဏ်ခြောက်ပါး ဆိုင်ရာပေါ်
ပေါ်လာလေတဲ့ အာရုံများ ကောင်းစွာ သူခံစား
ခံစားမိတော့ လိုချင်ပြန် စွဲလမ်းဥပါဒါန်
ဥပါဒါန်ကြောင့် ရလိုမှု ကံတွေ ထပ်၍ပြု
ကံပြုမိတော့ ဇာတိပေါ် နာမ်ရုပ် အသစ်ခေါ်
နာမ်ရုပ် ပေါ်တော့ အို၊ နာ၊ ဆုံး
သေတော့ ခေါင်းတစ်လုံး။
ပျော်စရာ အချိန်ကလေး
ပျော်ရွင်စရာ ကောင်းတဲ့အချိန်ဟာ တို့ကလေးတို့ ဘဝပါ။
စားချိန် အိပ်ချိန် (အလုပ်လုပ်ချိန်)မှာ။
ပြုံး..... ပြုံးလို့သာ။
ဘာဆို ဘာမှ ပူပင်စရာ၊ မရှိ... မရှိတော့ပါ။
မိဘ ဆရာ သွန်သင်မှုများကို၊ အမြဲ.. နာခံလျက်ပါ။
(*) ကစားချိန်၊ စာကျက်ချိန်
မပေါင်းအပ်သူ
ပဒုမ္မာ ရွှေကြာပန်းပမာ မျက်နှာလေးက ရွှင်ကြည်စွာ
ပြောဆိုသည့်ခါ ချိုချိုအေး၊ စန္ဒကူးနံ့လိုမွှေး....။
နှလုံးသားလေးက ဘယ်မဖြူ၊ အဆိပ်အိုးနှင့် ပမာတူ
ထိုသူများကို မပေါင်းအပ် ဝေးဝေးရှောင်ကျဉ်အပ်။
စိတ်ကောင်းထားဖို့ အရေးကြီး
စိတ်ပုပ် နှုတ်ပုပ်၊ အလုပ်ပုပ်လျှင်
အများမုန်း၍ ဆင်းရဲသည်။
စိတ်ဖြူ နှုတ်ဖြူ အလုပ်ဖြူလျှင်
အများချစ်၍ ချမ်းသာသည်။
ဟောဒီလို
ဝါးပင်ကြီးတွေ ဘယ်လိုယိမ်း၊ ဟောဒီလို ယိမ်း။
ငှက်ခါးစိမ်းက ဘယ်လိုပျံ၊ ဟောဒီလိုပျံ။
ပင်လယ်ဖျံက ဘယ်လိုသွား၊ ဟောဒီလို သွား။
ကိုရွှေဖားက ဘယ်လိုခုန်၊ ဟောဒီလို ခုန်။
ဗုံသံကြားတော့ ဘယ်လိုက၊ ဟောဒီလို က။
(လူရှည်ကြီးလို လျှောက်...)၂
(လူရှည်ကြီးလို... )၃ လျှောက်
(လူပုလေး/ လူဝကြီး/ လူပိန်လေး/ မင်းသားလေး/ မင်းသမီးလေး)
သွားကျန်းမာရေး
နံနက်တိုင်း သားသား/မီးမီး သွားတိုက်လာပါတယ်။
အစာစားပြီးတိုင်း ပလုပ်ကျင်းလို့ စင်ကြယ်တယ်။
ညအိပ်ရာဝင်ခါနီးတိုင်း သားသား/မီးမီး သွားတိုက်တယ်။
ဖြူစင်လှပ သွားပိုးမစားလို့ ခိုင်မာတယ်။
တာဝန်
သင်သိသလား?၊ သင်သိသလား?
နွားမကြီးက ဘာလုပ်တယ် (အို... အို...)
အားအင်ပြည့်ဖြိုး ကျန်းမာဖို့
အကောင်းဆုံးနွားနို့ သူပေးတယ်။
သင်သိလား? သင်သိလား?
နွားထီးကြီးက ဘာလုပ်တယ် (အို... အို.....)
လယ်ထဲ ယာထဲ ရုန်းကန်တဲ့ ဦးကြီးများနဲ့ အဖော်ပြုတယ်
တာဝန်ကိုယ်စီ ရှိကြတယ်၊ စွမ်းအင် ကိုယ်စီ ရှိကြတယ်
ကိုယ်စီ ကိုယ်စီ အလုပ်လုပ်ကြရင်၊
ပျော်စရာကောင်းတယ်
(၁) သင့်ရာနေတတ် ရှိခိုးတတ်
ဘုန်းဘုန်းရှေ့မှာ ဘယ်နေရာ၊
နေသင့်သလဲ ရွေးချယ်ပါ။
ဝေးလွန်းနေရာ မနေသင့်ပါ၊
နီးလွန်းရာလည်း မနေအပ်ပါ။
မြင့်မောက်ရာနှင့် လေညာ လေဆန်၊
နေမိရင်လည်း နေရာမမှန်။
ရှေ့တည့်တည်ထံ မနေရပါ။
နောက်ကွယ်ရာလည်း ဟန်မကျ။
ဒီပြစ်ခြောက်ဝ လွတ်ရာနေ၊
ဆရာကောင်းတပည့်တွေ ပီသစေ။
တည်ခြင်းငါးထွေ ညီစွာပ၊
သုံးကြိမ်ဦးချ ရှိခိုးကြ)၃
(၂) ထူးတက် လျှောက်တက် နေတက်ကြ
ဘုန်းဘုန်းခေါ် ဘယ်လိုထူး၊
အရှင်ဘုရား---လို့ သာယာထူး။
လျှောက်ထားပါဦး ဘုရားတပည့်တော်၊
အသုံးအနှုန်း တက်စေနော်။
မေးသော်မြန်းသော် "ဘူး-တယ်"များ၊
မပြောမိအောင် သတိထား။
...ပါအရှင်ဘုရားလျှောက်တက်စေ၊
ငြိမ်ငြိမ်တိတ်တိတ် နေတက်လေ။
လက်ချိုးဆော့တွေ ပြုမထား၊
(ဆရာ့ရှေ့နား နေတတ်သား။)၃
(၄) သွားတတ် ကပ်တတ် ယူတတ်ကြ
ဘုန်းဘုန်းထံ ဘယ်လိုသွား၊
လက်အုပ်ချီထား ဦးညွတ်သွား။
ဘုန်းဘုန်းဘုရားနား ရောက်တဲ့အခါ၊
ရိုသေးလေးစား ဝပ်တွားပါ။
ကပ်စရာပါ လက်နှစ်ဖက်၊
ကောင်းစွာသပ်ရပ် ကပ်တတ်လျက်။
ဆရာ့လက်က ပေးပြန်မူ၊
လက်နှစ်ဖက်နဲ့ ကောင်းစွာယူ။
ဆရာ့ရှေ့တူ ရပ်ပါလတ်၊
ခြေစုံမတ်မတ် ရိုသေရပ်။
ဆရာမြတ်က လွတ်မှလေ၊
ဝပ်တွား ထရပေ။
လက်အုပ်ချီစေ နောက်ဆုတ်သွား
(မေ့၍မထား တပည့်များ။)၃
(၄) ပရိတ်သတ်အကြားနေတတ်ကြ
ကြီးသူရှေ့မှာ ဘယ်လိုသွား၊
ရိုသေလေးစား ကုန်း၍သွား။
ပရိတ်အလယ်ကြား သွားတဲ့အခါ၊
ရိုသေလေစားကုန်းသွားပါ။
ခရီးဆုံရာ ကြီးသူတွေ့၊
လေညာရပ်က ရှောင်တတ်လေ့။
မမေ့လေနဲ့ ကြီးသူအရိပ်ကို
မနင်းမိအောင် သတိပို။
နှုတ်ပြောချိုချို မပ, မလွား၊
ကြီးသူရှေ့နား မဆောင့်ကြွား။
စကားမများ အာမကျယ်၊
တဟားဟားလည်း အော်မရယ်။
ပရိတ်သတ်ဝယ် အလယ်ကြား၊
(နေတက်စေသား နေတက်သား။)၃
(၅) ကိုရိုင်း လူရိုင်းမဖြစ်စေနဲ့
'ဟေ့အကောင်လို့' မခေါ်နဲ့၊
'ဟဲ့အကောင်လို့လည်း' ခေါ်လေနဲ့။
ခနဲ့တဲ့တဲ့ လှောင်လှောင်ပြောင်ပြောင်၊
မခေါ်မိအောင် သတိဆောင်။
'မင်းလိုကောင်ကွာ' 'ငါကကွ'၊
'နင်က ဟ'လို့ မပြောရ။
'မင်းက' 'ငါက' 'နင်က'ဆိုတာ၊
ယဉ်ကျေးသူတိုင်း မပြောပါ။
ကိုရင်ဆိုတာ ယဉ်ယဉ်ကျေးကျေး၊
သိက္ခာရှင်လည်း ယဉ်ကျေးကျေး။
(ကိုရိုင်းမဖြစ်နဲ့လေ လူရိုင်းမဖြစ်နဲ့လေး။)၃
(၆) ကျောင်းပေါ်တက်လျှင်
ဘုန်းတော်ကျောင်းပေါ် ဘယ်လိုတက်၊
သာသာညက်ညက် ရိုသေတက်။
ခြေစိုနေလျက် မြေညက်ဖုန်ပေ၊
ပြောင်စေပြီးမှ တက်ပါလေ။
ကြမ်းပြင်ပေါ် ခြေသာသာနင်း၊
ဆောင့်၍မနင်း အောင့်မနင်း။
ပြေးခုံလွှားခြင်း ပြုနဲ့ကွာ၊
ခြေသံကြားအောင် မသွားရာ။
သန့်ရှင်းနေရာ ချွေးပေနဲ့၊
ထိုင်ခဲ့လေနဲ့ အိပ်လေနဲ့။
ပေပွနေတဲ့ လက်နဲ့ဆို၊
နံရံတံခါး မကိုင်လို။
ကျောင်းကြီးပေါ်ဆို ရှုပ်ပွေသေး
(ရှင်းခဲ့ပါလေး ရှင်းခဲ့လေး။)၃
(၇) ညီညာစွာပြု
စာတက်ဖို့ရန် ဘယ်လိုသွား၊
ကြီးငယ်စဉ်ထား စီတန်းသွား။
ဆရာ့ထံပါး ရောက်တဲ့ခါ၊
နေရာထိုင်းခင်း ညီရပါ။
စီတန်းညီညာ ထိုင်ပါကြ၊
ဦးချ ဒူးချ ညီမှလှ။
စာဆိုပါက ညီညီဆို၊
စာဖတ်ကြလည်း ပီစေလို။
စာကျက်ပြီးကို ပြန်ချိန်ကျ၊
စဉ်တိုင်းထလို့ စဉ်တိုင်းကြွ။
ဆွမ်းခံသွားက စီတန်းညီညီ၊
ဆွမ်းစား တန်ညီညီ။
ဆောင်ရွက်ညီညီ စိတ်ညီထား၊
တာဝန် ဝတ္တရား ကျေစို့လား။
(ကုသိုလ်ရဖို့ ဒို့ကြိုးစား)၃
(၈) စည်းကမ်း ၁၀-ချက်
ဘယ်ကျောင်းတိုက်မှာ နေနေ၊
ဘယ်ကျောင်းသို့လေ သွားသွား။
စိတ်ကောင်းရှိဖို့ သတိထား။
ကိုယ်ကျင့်တရားလေးစားကာ၊
ကျန်မာသန့်ရှင်းဖြစ်စေပါ။
ဝတ်စားတတ်ကာ နေထိုင်တတ်၊
ပြောဆိုတတ်လို့ သွားလာတတ်။
ချမှတ်ထားတဲ့စည်းကမ်းရိုသေ၊
စာတက်ဖို့ဘဲကြိုးစားလေ။
ဤဆယ်ချက်ကို ဂရုစိုက်၊
နေဆဲကျောင်းတိုက် လွန်ပျော်ပိုက်။
(သူထံနေခိုက် သူ့အကြိုက်လိုက်။)၃
၃၈-ဖြာမင်္ဂလာ ကမ္ဘာလွှမ်းအောင် တည်စေသော်
သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတို့၊
ပျက်ပြားနေကြ ကမ္ဘာမြေ။
ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊
လူနှင့် လူချင်း သတ်ကာနေ။
ငြိမ်းချမ်းပါစေ အာသီသနဲ့၊
စွမ်းနိုင်ရာက ကူညီသလေ။
သုံးဆယ့်ရှစ်ပါး မင်္ဂလာတရား၊
သင်ကြား ဖြန့်ကာဝေ။
အဖိုးတန်တဲ့ ဗုဒ္ဓဝါဒ၊
ကမ္ဘာက သိပါစေ။
ဒါမှ လူလိမ္မာ
သူများတွေကို မထိပါးနှင့်၊
ကိုယ်လိုစိတ်ထား ကိုယ်ချင်းစာ။
ပစ္စည်းဥစ္စာ ဆိုင်ရာများ၌၊
တရားသဖြင့် သန့်ရှင်းပါ။
စည်းကမ်းရှိစွာ နေထိုင်တတ်လို့၊
ရိုးသားဖြောင့်မတ် တည်ကြည်စွာ။
ကိုယ်ပမာဏ ကိုယ်သိကြ၊
ငါးဝကျင့်သိက္ခာ။
အဖိုးတန်တဲ့ မြန်မာဝါဒ၊
ဒါမှ လူလိမ္မာ။
ကလေးအရွယ် လိမ္မာနှင့်ပါမှ
ကလေးအရွယ် လိမ္မာနှင့်ပါမှ၊
ကြီးရင့်က လိမ္မာမည်။
မလိမ္မာ ပြည်ထောင်စုကြလျှင်၊
ကောင်းမှုမတည်။
ကလေးတို့နေပြည်၊
တည်စေဖို့ စိတ်စော၊
နံနက်မင်္ဂလာနှင့်
နေ့မကွာညဉ့်ပါသုံးလို့ရယ်
ပြုံးကြစေသောဝ်။
(မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး)