မာတိကာသို့ ခုန်သွားရန်

ယဉ်ကျေးလိမ္မာ အခြေပြုအဆင့်

ဝီကီရင်းမြစ် မှ
5956ယဉ်ကျေးလိမ္မာ အခြေပြုအဆင့် — ဆရာစုံ

ယဉ်ကျေးလိမ္မာ အခြေပြုအဆင့်

၁။ ဒီသင်တန်းဖွင့်ချိန်ခါ

ဒီသင်တန်းဖွင့်ချိန်ခါ၊ ကျောင်းပိတ်ရက်ရာသီပါ။
ရွက်ဝါတွေထက်မှာ ကြွေလို့သာ။
ဖူးပုရစ် ထူးသစ်ဝေလို့ဖြာ။
ရွက်သစ်တွေ ယှက်ဖြာစိမ်းလို့၊ နွဲ့ယိမ်းဘယ်ညာ၊
လေပွေရူးနော့ကာ၊ မြူမှုန်ထ၊ နွေလ သည်ချိန်ခါ။

ဒီသင်တန်ဖွင့်ချိန်ခါ၊ ကျောင်းပိတ်ရက် ရာသီပါ။
မျိုးဘာသာအတွက်ပါ အမှန်မို့သာ။
တို့သူငါ အသက်ပါ အပ်နှံစို့ကွာ။
တို့တတွေ ညီညွတ်ခြင်းနဲ့၊ ယိုင်ပင်းညီညာ။
ယဉ်ကျေးမှုဖွင့်ကာ၊ သင်ကြားကြ၊ နွေလ သည်ချိန်ခါ။

ဒီသင်တန်းဖွင့်ချိန်ခါ၊ ကျောင်းပိတ်ရက် ရာသီပါ။
ရွှေဥဩကျူးကာ အထူးသံသာ၊
ပိတောက်ပန်း၊ စိန်ပန်းပွင့်လန်းလို့သာ၊
တထိန်ထိန် ပူရှိန်ပြင်းတဲ့၊ နေမင်းဖန်ဝါ။
လရောင်အေးမှတ်၊ လှုပ်ရှားကြ၊ နွေလ သည်ချိန်ခါ။

ဒီသင်တန်းဖွင့်ချိန်ခါ၊ ကျောင်းပိတ်ရက်ရာသီပါ။
ကလေးတွေ မွေးမေ, ဖေတို့ဟာ၊ ယဉ်ကျေးစေအောင်
ပို့ဆောင်အပ်ကြပါ။
ကို်ယ့်သွေးလို မြတ်တနိုးနဲ့၊ အကျိုးဆောင်မှာ။
ယဉ်ကျေးလို့ လိမ္မာ၊ ပြုံးပျော်ကြ၊ နွေလ သည်ချိန်ခါ။

ဒီသင်တန်းဖွင့်ချိန်ခါ၊ ကျောင်းပိတ်ရက် ရာသီပါ။
မြတ်ဆရာအမှန်ပါ့၊ တို့တွေဟာ၊ ယဉ်ကျေးလိမ္မာ စံပြဖြစ်ရမှာ။
နစ်နာခံသည်းခံတမ်းကွဲ့၊ ပင်ပန်းခံကာ။
အနာဂတ်အတွက်ပါ၊ ပြုပြင်ကြ၊ နွေလသည်ချိန်ခါ။

ဒီသင်တန်းဖွင့်ချိန်ခါ၊ ကျောင်းပိတ်ရက်ရာသီပါ။
ဗုဒ္ဓယဉ်ကျေး သင်တန်းသား အများတို့ဟာ။
ရွှင်လန်းစွာ သင်ခန်းစာ သင်ကြားကြတာ။
စာမေးဖြေ သုံးကြိမ်ပြုလို့၊ အောင်ဆုဝေဖြာ။
မျိုးဘာသာအကျိုးပါ၊ အောင်မြင်ကြ၊ နွေလသည်ချိန်ခါ။

၂။ ဗုဒ္ဓယဉ်ကျေးသင်တန်း ရည်မှန်းချက်ကဗျာ

(၁) ဗုဒ္ဓဘာသာ အကျိုးရွက်လို့သာ
မျိုးရွှေမြန်မာ တိုးတက်ဖို့ပါ
မြင့်မြတ်ပါတဲ့ စေတနာ၊
အောင်မင်္ဂလာ ဖြစ်ပါစေဖို့ရာ
နောင်စဉ်မကွာ မေတ္တာဝေလို့ဖြာ
ထူးမြတ်ပါတဲ့ စဉ်အလာ၊
ဗုဒ္ဓဘာသာ ယဉ်ကျေးသင်တန်း
ဆင်မြန်း အောင်စရာ။

(၂) အမျိုးဘာသာ မညှိုးစေရာ
မညှိုစေရာ အမျိုးဘာသာ
အဖိုးတန်တဲ့ ရတနာ
ဤမြေကမ္ဘာ ကြံ့ခိုင်စေရမှာ
ယဉ်ကျေးမှုနဲ့ သာသနာ၊
ဆရာ, ဒကာ လက်တွဲသင်တန်း
တက်လှမ်း အောင်စေမှာ။

(၃) ဤမြေကမ္ဘာ တစ်ဝှမ်းဆန့်လို့သာ
တို့ရွှေဘာသာ လွှမ်းဖြန်ကြရာ
ငြိမ်းချမ်းပါလိမ့် အမှန်သာ၊
အားမာန်မကွာ ရှေးရှုဉာဏ်နဲ့သာ
တရားသမ္မာ အလေးပြု မှန်ဖို့ရာ
မျိုးဆက်သစ်တို့ တာဝန်ပါ၊
ဗုဒ္ဓဘာသာတိုင်းပြည်နေဝန်း
တောက်ထွန်း ရောင်ဝေဖြာ။

(၄) အနောရထာ အရဟံရဟန်းတို့ပမာ
ကမ္ဘာပေါ်မှာ အမှန်လှမ်းဖို့ရာ
မြတ်ဗုဒ္ဓရဲ့ သာသနာ
ဘုရင့်နောင်ပါ အကြောင်းမှတ်လို့သာ
ဦးအောင်ဇေယျ အလောင်းမြတ်သို့ပမာ
မျိုးဘာသာရဲ့ နမူနာ၊
လက်တွဲညီညာ ခွန်အားဖြည့်စွမ်း
ဆောင်ထမ်းနောင်အစဉ်လာ။

အနန္တတာဝန် တို့အဓိဋ္ဌာန်

၁။ ဘုရားကျေးဇူး၊ မြင့်မိုရ်ဦး၊ အထူးကျေအောင် ဆပ်ပါမည်။
၂။ တရားကျေးဇူး၊ မြင့်မိုရ်ဦး၊ အထူးကျေအောင် ဆပ်ပါမည်။
၃။ သံဃာကျေးဇူး၊ မြင့်မိုရ်ဦး၊ အထူးကျေအောင် ဆပ်ပါမည်။
၄။ မိဘကျေးဇူး၊ မြင့်မိုရ်ဦး၊ အထူးကျေအောင် ဆပ်ပါမည်။
၅။ ဆရာကျေးဇူး၊ မြင့်မိုရ်ဦး၊ အထူးကျေအောင် ဆပ်ပါမည်။
၆။ ရပ်ရွာကျေးဇူး၊ စိတ်ကြည်နူး၊ အထူးကျေအောင် ဆပ်ပါမည်။
၇။ ကျေးဇူးမကျေ၊ လူမိုက်တွေ၊ မသွေဖြစ်မှာ စိုးရသည်။
၈။ ကျေးဇူးဆပ်ကာ၊ လူလိမ္မာ၊ မှန်စွာဖြစ်အောင် ကြိုးစားမည်။
၉။ သာသနာ, လူမျိုး၊ များကောင်းကျိုး၊ သယ်ပိုးဆောင်ရွက် ပြုပါမည်။
(မာဂဓိ-သာစည်)

အပိုင်း(၁)

ဗုဒ္ဓဝင်နှင့် သုံးပါးရတနာကဏ္ဍ

ဗုဒ္ဓဝင်အကျဉ်း (စကားပြေ)

ငါတို့ဘုရား

(၁) ကဆုန်လပြည့် နေ့သောကြာ ဘုရားဖွားတဲ့ နေ့မြတ်ပါ
သက္ကရာဇ်မှာ ၆၈ သုဒ္ဓေါမင်းဖ-စစ်
မာယာဒေဝီ မွေးမယ်တော် ကပ္ပိလဝတ် နေပြည်တော်
သာကီမျိုးနော် ထင်ရှားလှ နွယ်တော် ဂေါတမ
သိဒ္ဓတ္ထတဲ့ မည်နာမံ ၁၆-နှစ်မှာ ထီးနန်းစံ
၂၉-မှန် တောထွက်သွား ၆-နှစ်ကျင့်တရား
၃၅-နှစ်ပြည့်လေတုံ ၁၀၃-ခုကြုံ
လပြည့်ကဆုန် ဗုဒ္ဓဟူး ဘုရားဖြစ်တဲ့ နေ့အထူး
တရားဦးမြတ် ဓမ္မစက္ကေ ဝါဆိုလပြည့် ဟောစနေ
သက်ရှစ်ဆယ်လေ တိုင်အောင်ထိ သတ္တဝါကျိုး သယ်ပိုး၏
သောင်းထိုက်မှူးကြီး ဒို့မြတ်စွာ ဘုံသုံးပါးလုံး ထင်ရှားပါ
လူနတ်ဗြဟ္မာ လွန်ကျော်ကြား (ငါတို့ဘုရား ဒို့ဘုရား)၃။

ဗုဒ္ဓဘာသာသာခေါ်ပုံ

(၂) မောင်လေးရေ မောင်လေးရေ
ဗုဒ္ဓဘာသာ သိသလားလေ။
ဗုဒ္ဓဟောကြား မိန့်စကား
တရားဓမ္မေ ကုန်လုံးလေ
(ဗုဒ္ဓဘာသာခေါ်ပါပေ)၂

မလေးရေ မလေးရေ
ဗုဒ္ဓဘာသာသိပါသလေ။
ဗုဒ္ဓဟောကြား မိန့်စကား
ယူထားသူတွေ ကျင့်သူတွေ
(ဗုဒ္ဓဘာသာခေါ်ပါပေ)၂
(ရွှေသုဝဏ်)

ဘုရားခေါ်ပုံ

(၃) မောင်လေးရေ မောင်လေးရေ
ဘုရားဆိုတာ သိသလားလေ။
ရူပါကာယ ရုပ်ဆင်းလှ
နာမကာယ ဉာဏ်ဝင်းပ
သိစရာ အထွေထွေ အကုန်သိပေ
("ဘုရား"ဆိုတာ ဒါပဲလေ။)၂

မလေးရေ မလေးရေ
ဘုရားဆိုတာ သိသလားလေ။
ပါရမီကုံလုံ ဂုဏ်ကြွယ်ဝ
လက္ခဏာကြီးငယ် သပ္ပါယ်လှ
ဉာဏ်တော်ဖုံဖုံ စုံပြည့်ဝ
တစ်စုံတစ်ရာမျှ မကျန်ရ
သိစရာအထွေထွေ အကုန်သိပေ
("ဘုရား"ဆိုတာ ဒါပဲလေ)
(ရွှေသုဝဏ်)

တရားခေါ်ပုံ

(၄) မောင်လေးရေ မောင်လေးရေ
တရားဆိုတာ သိသလားလေ
ကြောက်ဖွယ်ကြီးလှ ပါယ်လေးဝ
အိုနာသေရာ ဝဋ်ဒုက္ခ
ဒုက္ခထွေထွေ လွတ်မြောက်စေ
("တရား"ဆိုတာ ဒါပဲလေ)၂

မလေးရေ မလေးရေ
တရားဆိုတာ သိသလားလေ
ဗုဒ္ဓဟောကြား မိန့်စကား
မဂ်ဖိုလ်နိဗ္ဗာန် ဒီကိုးပါး
အားထုတ်သူတွေ ချမ်းသာစေ
("တရား"ဆိုတာ ဒါပဲလေ)၂
(အရှင်ခေမာစာရ-မန်းရေတံခွန်)

သံဃာခေါ်ပုံ

(၅) မောင်လေးရေ မောင်လေးရ
သံဃာဆိုတာ သိသလားလေ
ဗုဒ္ဓဟောကြား မြတ်တရား
ကောင်းစွာကျင့်တဲ့ တပည့်သား။
ကိလေသာတွေ ပယ်သတ်ပေ
("သံဃာ"ဆိုတာ ဒါပဲလေ)၂

မလေး မလေးရေ
သံဃာဆိုတာ သိသလားလေ
အကျင့်သီလ တူညီမျှ
အမြင်ဉာဏ မကွာကြ
သာသနာ့နယ်မြေ အဖွဲ့ဝင်တွေ
("သံဃာ"ဆိုတာ ဒါပဲလေ)၂
(အရှင်ခေမာစာရ-မန်းရေတံခွန်)

ဗုဒ္ဓဘာသာအစစ်

(၆) ဘုရား တရား သံဃာမှန် သုံးပါးသရဏံ
ယုံကြည်စိတ်သန် အားထားဘိ
ဆည်းကပ်ပါ၏ ဂစ္ဆာမိ..(၂)
သရဏ ဂမန ပါဠိမှန်
သရဏဂုံ ဖြစ်လာပြန်။
သရဏဂုံသုံးတန် တည်သူမှ
လူ့ထက်ဝက်လို့ ခေါ်ပါရ.. (၂)
ငါးပါးသီလ လုံသူမှာ
လူအစစ်လို့ ခေါ်ပေတာ။
ရတနာသုံးဖြာ ဂုဏ်စုံသိ
ဗုဒ္ဓဘာသာ မည်ပါဘိ..(၂)
နိဗ္ဗာန်မြင်သိ ဉာဏ်ပေါ်ပေ
အပါယ်တံခါး ပိတ်တော့ချေ။
သောတာပန်လေ တကယ်ဖြစ်
ဗုဒ္ဓဘာသာ အစစ် အစစ်..(၂)

သရဏဂုံ

(၇) သရဏဂုံ သရဏဂုံ
ကိုယ်ကွယ်ရာစုံ သရဏဂုံ
ဘုရားတရား သံဃာများ
သုံးပါး သရဏဂုံ
သရဏဂုံ သရဏဂုံ
အားထားရာစုံ သရဏဂုံ
ဘုရား တရား သံဃာများ
သုံးပါး သရဏဂုံ
သရဏဂုံ သရဏဂုံ
ဆည်းကပ်ရာစုံ သရဏဂုံ
ဘုရား တရား သံဃာများ
သုံးပါး သရဏဂုံ
သရဏဂုံ သရဏဂုံ
သုံးပါး သရဏဂုံ
ဆင်းရဲပယ်ဖျောက် ချမ်းသာရောက်
စောင့်ရှောက်တတ်ပေကုန် (ဒို့များ သရဏဂုံ)၂

ဒို့ကိုးကွယ်စရာ (၃)မျိုး

(၈) ငါတို့မှာ ကိုးကွယ်ရာ သုံးဖြာရှိလေတာ
ဘုရား တရား သံဃာများ သုံးပါးကိုးကွယ်စရာ
ငါတို့မှာ အားထားစရာ သုံးဖြာရှိလေတာ
ဘုရား တရား သံဃာများ သုံးပါး အားထားစရာ
ငါတို့မှာ ဆည်းကပ်စရာ သုံးဖြာရှိလေတာ
ဘုရား တရား သံဃာများ သုံးပါး ဆည်းကပ်စရာ
မှတ်ချက်။။ လဲလျောင်းစရာ၊ ပုန်းအောင်းစရာ၊ မှီခိုစရာ စကားလုံးများသုံး၍လည်း ရွတ်ဆိုပါစေ။
(ရွှေသုဝဏ်)

အနန္တ(၅)ပါး

(၉) ကျေးဇူးဂုဏ် ကျေးဇူးဂုဏ်၊
ဆပ်လို့မကုန် ကျေးဇူးဂုဏ်။
ဘုရား တရား သံဃာများ
ပိုင်းခြားမကုန် ကျေးဇူးဂုဏ်။
ဆရာ မိဘ အနန္တ
ငါးဝ ကျေးဇူးဂုဏ်
ကျေးဇူးဂုဏ် ကျေးဇူးဂုဏ်
အဆုံးမရှိကုန်
ဟေး...ကျေးဇူးဂုဏ် ကျေးဇူးဂုဏ်
မဆုံးနိုင်ပါကုန်
အနန္တငါးပါး အမြတ်ထား၊
ဝပ်တွားကြလေကုန်။ (၂)
(ရွှေသုဝဏ်)

အနန္တ (၅)ပါး ပါဠိမြန်မာပြန်

၁။ ဗုဒ္ဓဂုဏော အနန္တော = မြတ်စွာဘုရား၏ ဂုဏ်တော်ကျေးဇူးတော်သည် အဆုံးအပိုင်းအခြားမရှိ။
၂။ ဓမ္မဂုဏော အနန္တော = တရားတော်မြတ်၏ ဂုဏ်တော်ကျေးဇူးတော်သည် အဆုံးအပိုင်းအခြားမရှိ။
၃။ သံဃဂုဏော အနန္တော = သံဃာတော်မြတ်၏ ဂုဏ်တော်ကျေးဇူးတော်သည် အဆုံးအပိုင်းအခြားမရှိ။
၄။ မာတာပိတုဂုဏော အနန္တော = မိဘတို့၏ ဂုဏ်တော်ကျေးဇူးတော်သည် အဆုံးအပိုင်းအခြားမရှိ။
၅။ အာစရိယဂုဏော အနန္တော = ဆရာသမားတို့၏ ဂုဏ်တော်ကျေးဇူးတော်သည် အဆုံးအပိုင်းအခြားမရှိ။

လက်အုပ်ချီ ဝတ်ချပုံ

(၁၀) လက်အုပ်ချီ လက်အုပ်ချီ
လက်ကိုအုပ်၍ မြှောက်ကာချီ။
နှဖူးထိပ်ထက် လက်နှစ်ဖက်
စုံရှက်တင်ချီ ဖူးမျှောက်မည် ဖူးမျှော်မည်။
ဝတ်ချတာ ဝတ်ချတာ
ဒီလို ဝတ်ချပါလာကွာ။
လက် ခြေ နဖူး တံတောင်း ဒူး
ငါးဦးမြေမှာ တည်ပါဗျာ တည်ပါဗျာ။
ဝတ်ချလျှင် ဝတ်ချလျှင်
ဒီလိုဝတ်ချပါလာရှင်။
လက် ခြေ နဖူး တံတောင်း ဒူး
ငါးဦးမြေတွင် ထိပါရှင် ထိပါရှင်။

ဝပ်ချရပုံနှင့် ဝပ်ချရအကျိုး

(၁၁) ထိုင်..ထိုင်..ထိုင်
လက်အုပ်ချီကာ ညီစွာထထိုင်။
လက်ချ ဒူးချ ညီစွာချ
(လက်ကိုရှေ့သို့တိုးပြီးမှ)၂
တတောင်ချလို့ နဖူးချ
လက်ခြေနဖူး တတောင်ဒူးပါ
(ငါးဦးမြေတွင်ထိရမှာ)၂
နဖူးကြွကာ တတောင်ကြွ
လက်နောက်ဆုတ်လို့ လက်ဒူးကြွ
ကျနလှပ ထိုင်ပြီးကာ
(သုံးကြိမ်စေ့အောင် ဝပ်ချရာ)၂
သုံးပါးရတနာ ဆရာမိဘ
သက်ကြီးဝါကြီး ညွှတ်တွားကြ
သက်ရှည်ဆင်းလှ ချမ်းသာကြွယ်
အင်အားပြည့်ဖြိုးတိုးလို့ရယ်
ရှိခိုးသူငယ် ရအကျိုး
(အဲဒီလေးမျိုး ဒီလေးမျိုး)၂

သင့်ရာနေတတ် ရှိခိုးတတ်

(၁၂) ဘုန်းဘုန်းရှေ့မှာ ဘယ်နေရာ
နေသင့်သလဲ ရွေးချယ်ပါ
ဝေးလွန်းနေရာ မနေနဲ့၊
နီးလွန်းရာလည်း နေလေနဲ့။
မြင့်မောက်ရာနှင့် လေညာ လေဆန်
နေမိရင်လည်း နေရာမမှန်။
ရှေ့တည့်တည်ထံ မနေရပါ၊
နောက်ကွယ်ရာလည်း ဟန်မကျပါ။
ဒီပြစ်ခြောက်ဝ လွတ်ရာနေ၊
ဆရာကောင်းတပည့် ပီသစေ။
တည်ခြင်းငါးထွေ ညီစွာပ၊
သုံးကြိမ်ဦးချ ရှိခိုးကြ၊ (သုံးခေါက်ဆို)

ထူးတတ် လျှောက်တတ် နေတတ်ကြ

(၁၃) ဘုန်းဘုန်းခေါ် ဘယ်လိုထူး၊
အရှင်ဘုရားလို့ သာယာထူး။
လျှောက်ထားပါဦး ဘုရားတပည့်တော်၊
သုံးနှုန်းတတ်စေနော်။
မေးတော်မြန်းတော် 'ဘူး-တယ်' များ၊
မပြောမိအောင် သတိထား။
'...ပါ အရှင်ဘုရား' လျှောက်တတ်စေ၊
ငြိမ်ငြိမ်တိတ်တိတ် နေတတ်လေ။
လက်ချိုးဆော့တွေ ပြုမထား၊
(ဆရာ့ရှေ့နား နေတတ်သား)။၂

သွားတတ် ကပ်တတ် ယူတတ်ကြ

(၁၄) ဘုန်းဘုန်းထံ ဘယ်လိုသွား၊
လက်အုပ်ချီထား ဦးညွတ်တွား။
ဘုန်းဘုရားနား ရောက်တဲ့ခါ၊
ရိုသေလေစွား ဝတ်တွားပါ။
ကပ်စရာပါ လက်နှစ်ဖက်၊
ကောင်းစွာ သပ်ရပ် ကပ်တတ်လျက်။
ဆရာ့လက်က ပေးပြန်မူ၊
လက်နှစ်ဖက်နှင့် ကောင်းစွာယူ။
ဆရာ့ရှေ့တူ ရပ်ပါလတ်၊
ခြေစုံမတ်မတ် ရိုသေရပ်။
ဆရာမြတ်က လွှတ်မှလေ၊
ဝတ်တွား ထရပေ။
လက်အုပ်ချီစေ နောက်ဆုတ်သွား၊
(မေ့၍မထား တပည့်များ)၃

ပရိသတ်အကြား နေတတ်ကြ

(၁၅) ကြီးသူရှေ့မှာ ဘယ်လိုသွား၊
ရိုသေလေးစား ကုန်း၍သွား။
ပရိသတ်အလယ်ကြား သွားတဲ့ခါ၊
ရိုသေလေစား ကုန်းသွားပါ။
ခရီးဆုံရာ ကြီးသူတွေ့၊
လေသာရပ်က ရှောင်တတ်စေ။
မမေ့လေနဲ့ ကြီးသူရိပ်ကို၊
မနင်းမိအောင် သတိပို။
နှုတ်ပြော ချိုချို မပ, မလွှား၊
ကြီးသူရှေ့နာ မဆောင့်ကြွား။
စကား မများ အားမကျယ်၊
တဟားဟားလည်း အော်မရယ်။
ပရိသတ်ဝယ် အလည်ကြား၊
(နေတတ်စေသား နေတတ်သား)

ကိုယ်ရိုင်းလူရိုင်း မဖြစ်စေနဲ့

(၁၆) "ဟေ့ အကောင်" လို့မခေါ်နဲ့၊
ဟဲ့ကောင်လို့လဲ ခေါ်လေနဲ့။
ခနဲ့တဲ့တဲ့ လှောင်လှောင်ပြောင်ပြောင်၊
မခေါ်မိအောင် သတိဆောင်။
မင်းလိုကောင်ကွာ "ငါကကွ"၊
နင်က ဟ လို့ မပြောရ။
မင်းက "ငါက" "နင်က" ဆိုတာ၊
ယဉ်ကျေးသူတိုင်း မပြောပါ။
ကိုရင်ဆိုတာ ယဉ်ယဉ်ကျေးကျေး၊
သိက္ခာရှင်လည်း ယဉ်ကျေးကျေး။
(ကိုယ်ရိုင်းဖြစ်နဲ့လေး လူရိုင်းဖြစ်နဲ့လေး)၂

ကျောင်းပေါ်တက်လျှင်

(၁၇) ဘုန်းတော်ကျောင်းပေါ် ဘယ်လိုတက်၊
သာသာညက်ညက် ရိုသေတက်။
ခြေစိုနေလျှက် မြေညက်ဖုန်ပေ၊
ပြောင်စေပြီးမှ တက်ပါလေ။

ကြမ်းပြင်ပေါ်ခြေ သာသာနင်း၊
ဆောင့်၍ မနင်း အောင့်မနင်း။
ပြေးခုန်လွှားခြင်း ပြုနဲ့ဟာ၊
ခြေသံကြားအောင် မသွားရာ။

သန့်ရှင်းနေရာ ချွေးပေနဲ့၊
ထိုင်နဲ့လေနဲ့ အိပ်လေနဲ့။
ပေပွနေတဲ့ လက်နဲ့ဆို၊
နံရံတံခါး မကိုင်လို။

ကျောင်းကြီးပေါ်ကို ရှုပ်ပွေသေး၊
(ရှင်းခဲ့ပါလေး ရှင်းခဲ့လေး)၃

ညီညာစွာပြု

(၁၈) စာတက်ဖို့ရန် ဘယ်လိုသွား၊
ကြီးငယ်စဉ်ထား စီတန်းသွား။
ဆရာ့ထံပါး ရောက်တဲ့ခါ၊
နေရာထိုင်းခင်း ညီရပါ။

စီတန်းညီညာ ထိုင်ပါကြ၊
ဦးချ ဒူးချ ညီမှလှ။
စာဆိုပါက ညီညီဆို၊
စာဖတ်ကြလည်း ပီစေလို။

စာကျက်ပြီးကို ပြန်ကာကြွ၊
စဉ်တိုင်းထလို့ စဉ်တိုင်းကြွ။
ဆွမ်းခံသွားက စီတန်းညီညီ၊
ဆွမ်းစား တန်ညီညီ။

ဆောင်ရွက်ညီညီ စိတ်ညီထား၊
တာဝန် ဝတ္တရား ကျေစို့လား။
(ကုသိုလ်ရဖို့ ဒို့ကြိုးစား)၃

သန့်ရှင်းရေးနေ့

(၁၉) ဘယ်အရပ်မှာပဲ နေနေ၊
ဘယ်အရပ်သို့လေ သွားသွား၊
သန့်ရှင်းသပ်ရပ် သတိထား။

သန့်ရှင်းသပ်ရပ် ရှိမှသာ၊
စိတ်ရွှင်လန်းလို့ ကိုယ်ကျန်းမာ။
ဝတ်စားအိပ်ရာ နေရာအခင်း၊
ကျောင်းပြင် ကျောင်းတွင်း လွန်သန့်ရှင်း။

ကျောင်းပေါက် ကျောင်းဝင်း တလင်းမကျန်၊
လူသွားလမ်းမချန်။
ဖုံထနေပြန် ရေဖျန်းလှဲ၊
ပုတ်ခါသုတ်မြဲ ကြမ်းတိုက်မနည်း။

နေလှမ်းသင့်လည်း နေလှမ်းရာ၊
ခမ်းနားသပ်ရပ် ပြင်ဆင်ကာ။
သုံးဆောင်ဖြာဖြာ ပြောင်စင်ဖွေး၊
အဖိတ်နေ့တိုင်း သန့်ရှင်းရေး။

(ရှေ့ဆရာမြတ်တို့ မိန့်မှာသလေး)၃

ဆောင်ရွက်ပြန်ရောက် ပန်လျှောက်

(၂၀) မိဘတွေက စေစေ၊ ဆရာတွေက ခိုင်းခိုင်း၊
ဆောင်ရွက်ပါလေ ဘယ်မဆိုင်း။

ခိုင်းလိုက်တဲ့တိုင်း ဆောင်ရွက်ကာ၊
ပြန်ရောက်လာတော့ ပန်လျှောက်ပါ။
ပေါ်မလာကြာ မျှော်ကာတွေး၊
ကြီးသူဆိုတာ ပူတတ်သလေး။

ကြီးကြီးသေးသေး ကိစ္စသွယ်သွယ်၊
စိတ်ချရအောင် ဆောင်ရွက်ကွယ်။
ကြီးတဲ့သူမယ် ချမ်းသာမှ၊
ငယ်တဲ့သူလည်း ချမ်းသာရ။
(အားလုံးကုန်ပဲ ဝမ်းသာကြ)၃

စည်းကမ်း ၁၀-ချက်

(၂၁) ဘယ်ကျောင်းတိုက်မှာ နေနေ၊
ဘယ်ကျောင်းသို့လေ သွားသွား၊
စိတ်ကောင်းရှိဖို့ သတိထား။

ဝိနည်းတရား လေးစားကာ၊
ကျန်းမာသန့်ရှင်း ဖြစ်စေပါ။
ဝတ်စားတတ်ကာ နေထိုင်တတ်၊
ပြောဆိုတတ်လို့ သွားလာတတ်။

ချမှတ်ထားတဲ့ စည်းကမ်းရိုသေ၊
စာတတ်ဖို့လည်း ကြိုးစားလေ။
ဒီဆယ်ချက်ကို ကရုစိုက်။
နေဆဲကျောင်းတိုက် လွန်ပျော်ပိုက်။
(သူထံနေခိုက် သူ့အကြိုက်လိုက်)၃
(ရွှေသုဝဏ်)

ယဉ်ကျေးလိမ္မာ အခြေပြုအဆင့် ဘုရားရှိခိုး

ဗုဒ္ဓံ ပူဇေမိ = ဗုဒ္ဓံ-မြတ်စွာဘုရားကို၊ ပူဇေမိ-ပူဇော်ပါ၏ အရှင်ဘုရား။

ဓမ္မံ ပူဇေမိ = ဓမ္မံ-တရားတော်မြတ်ကို၊ ပူဇေမိ-ပူဇော်ပါ၏ အရှင်ဘုရား။

သံဃံ ပူဇေမိ = သံဃံ- သံဃာတော်မြတ်ကို၊ ပူဇေမိ-ပူဇော်ပါ၏ အရှင်ဘုရား။

ဩကာသ ကန်တော့ချိုး

ဩကာသ ဩကာသ ဩကာသ ကာယကံ ဝစီကံ မနောကံ၊ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ပထမ, ဒုတိယ, တတိယ၊ တစ်ကြိမ်, နှစ်ကြိမ်, သုံးကြိမ် မြောက်အောင် ဘုရားရတနာ, တရားရတနာ, သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။

ကန်တော့ရသော အကျိုးအားကြောင့် အပါယ် ၄-ပါး, ကပ် ၃-ပါး, ရပ်ပြစ် ၈-ပါး, ရန်သူမျိုး ၅-ပါး, ဝိပတ္တိတရား ၄-ပါး, ဗျသနတရား ၅-ပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား, ဖိုလ်တရား, နိဗ္ဗာန်တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
ပူဇော်ခံပိုင် ကိုယ်တိုင် သိငြား ထိုဘုရားအား ညွတ်တွားသဒ္ဓါ ရှိခိုးပါ၏ အရှင်ဘုရား။
မှတ်ချက်။ ။ ဤနေရာ၌ ငါတို့ဘုရားကို ထည့်သွင်းရွတ်ဆိုပါ။

သရဏဂုံ ဆောက်တည်ပုံ

(၂၂) ဘုရားကိုတဲ့ ကိုးကွယ်ရာမှန်၊ ဗုဒ္ဓံ သရဏံ
ယုံကြည်စိတ်သန် ဆည်းကပ်ထား၊ ဂစ္ဆာမိပါဘုရား။
တရားကိုတဲ့ ကိုးကွယ်ရာမှန် ဓမ္မံ သရဏံ
ယုံကြည်စိတ်သန် ဆည်းကပ်ထား၊ ဂစ္ဆာမိပါဘုရား။
သံဃာကိုတဲ့ ကိုးကွယ်ရာမှန် သံဃံ သရဏံ
ယုံကြည်စိတ်သန် ဆည်းကပ်ထား၊ ဂစ္ဆာမိပါဘုရား။

သရဏဂုံသုံးတန် တည်သူများ၊ အပါယ်ရပ်သို့ မသွား။
(ရွှေသုဝဏ်)

ငါးပါးသီလ ဆောက်တည်ပုံ

(၂၃) ပါဏာတိပါတာ
သူ့အသက်ကို သတ်ဖြတ်တာ
ရှောင်ကြဉ်ပါ၏ ဝေရမဏိ
(သိက္ခာပုဒ်ကို ဆောက်တည်၏)၂

အဒိန္နာဒါနာ
သူများ ဥစ္စာခိုးယူတာ
ရှောင်ကြဉ်ပါ၏ ဝေရမဏိ
(သိက္ခာပုဒ်ကို ဆောက်တည်၏)၂

ကာမေသု မိစ္ဆာစာရာ
သူ့သားမယား ပြစ်မှားတာ
ရှောင်ကြဉ်ပါ၏ ဝေရမဏိ
(သိက္ခာပုဒ်ကို ဆောက်တည်၏)၂

မုသာဝါဒါ
လိမ်ညာ စကားပြောကြားတာ
ရှောင်ကြဉ်ပါ၏ ဝေရမဏိ
(သိက္ခာပုဒ်ကို ဆောက်တည်၏)၂

သုရာမေရယ မဇ္ဇပမာဒါ
မူးယစ်သောက်စာ မေ့လျော့တာ
ရှောင်ကြဉ်ပါ၏ ဝေရမဏိ
(သိက္ခာပုဒ်ကို ဆောက်တည်၏)၂
အရှင်ခေမာစာရ (မန်းရေတံခွန်)

တို့ဗုဒ္ဓ

(၂၄) ၁။ လူနတ်ဗြဟ္မာ ပူဇော်ရ
အရဟံဂုဏ်ရှင် တို့ဗုဒ္ဓ။

၂။ ကိုယ်တိုင်မှန်စွာ အကုန်သိတာ
သမ္မာသမ္ဗုဒ္ဓ တို့ဗုဒ္ဓ။

၃။ ဉာဏ်နှင့် အကျင့်မှာ၊ ပြည့်စုံတာ
ဝိဇ္ဇာစရဏသမ္ပန္န တို့ဗုဒ္ဓ။

၄။ စကားကောင်းစွ ဆိုတတ်လှ
သုဂတဂုဏ်ရှင် တို့ဗုဒ္ဓ။

၅။ သုံးပါးလောက သိပိုင်လှ
လောကဝိဒူ တို့ဗုဒ္ဓ။

၆။ ယဉ်အောင် တုမရှိ၊ ဆုံးမဘိ
အနုတ္တရော ပုရိသ, ဒမ္မသာရထိ
ဂုဏ်တော်ရှိတဲ့တို့ဗုဒ္ဓ။

၇။ နတ်လူဗြဟ္မာ မြတ်ဆရာ
သတ္ထာဒေဝ မနုဿာနံ တို့ဗုဒ္ဓ

၈။ သစ္စာလေးဝ သိမြင်လှ
ဗုဒ္ဓဂုဏ်ရှင် တို့ဗုဒ္ဓ။

၉။ ဘုန်းတော်ခြောက်ဖြာ ပြည့်စုံတာ
ဘဂဝါဂုဏ်ရ တို့ဗုဒ္ဓ။

ဤဂုဏ်ကိုးပါး၊ ရှင်ဘုရားကို
ညွတ်တွားသဒ္ဓါ၊ ရိုသေစွာဖြင့်
သေချာမြတ်နိုး လက်စုံမိုး၍
ရှိးခိုးကန်တော့ပါ၏ အရှင်ဘုရား။
အရှင်ခေမာစာရ (မန်းရေတံခွန်)

မေတ္တာပို့

(၂၅) လုံးစုံများစွာ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
မိဘနှစ်ဖြာ မြတ်ဆရာ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဆွေမျိုးသူငှာ မိတ်သဟာ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဒို့အိမ်တွင်းမှာ နတ်များစွာ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဒို့ရွာအတွင်းမှာ များသတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
တို့ပြည်တွင်းမှာ များသတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
တစ်ကမ္ဘာလုံးမှာ များသတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ထက်ကောင်းကင်မှာ နတ်ဗြဟ္မာ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
အရပ်လေးရပ်မှာ များသတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
မေတ္တာနှလုံး ကိုယ်စီသုံး၊ ရွှင်ပြုံးအေးမြကြပါစေ။
မေတ္တာရေချမ်း ဆွတ်ကာဖြန်း၊ ရွှင်လန်းအေးမြကြပါစေ။
တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း၊ ငြိမ်းချမ်းသာယာရှိပါစေ။
(ဒေါက်တာမင်းတင်မွန်)

အမျှဝေ

ဤသို့ပြုရ၊ မြတ်ပုညကို၊ ကြီးထမြင့်ခေါင်၊ မြင်းမိုရ်တောင်ဦး၊ မကကြူးသား၊ ကျေးဇူးအရှင်၊ မွေးမိခင်နှင့်၊ ဖခင်တို့အား၊ ရငြားပါစေ၊ အမျှဝေ၏၊

မသွေနိစ္စ၊ ဤကာယကို၊ စောင့်ထပေတတ်၊ ကိုယ်စောင့် နတ်လည်း၊ မလပ်စေရ၊ ပေးဝေငှ၏၊ မိတ္တဆွေဉာ၊ ဆရာသမား၊ ဘိုးဘွားကစ၊ ယမရာဇာ၊ ဒေဝါယက္ခ၊ ဣန္ဒဘုမ္မာ၊ အာကာသနတ်၊ အထူးမှတ်၍၊ မပြတ်ပုည၊ ကုသလကို၊ ရကြပါစေ၊ အမျှဝေ၏၊

သဗ္ဗေသတ္တာ၊ သတ္တဝါဟု၊ နာနာလောကအနန္တတွင်၊ မပြတ်စဉ်ကာ၊ သတ္တာဝါသ၊ ဘုံကိုးဝနှင့်၊ ဝိညာဏဌိတိ၊ တည်ရှိ ခုနှစ်ပါး၊ များစွာလုံးစုံ၊ ဘုံသုံးဆယ့်တစ်၊ ဖြစ်ဖြစ်သမျှ၊ ဝေနေယျအား၊ အမျှကုသိုလ်၊ ပေးဝေလို၏၊

ထိုကုသလ၊ မြတ်ပုညကို၊ အမျှရကြသည် ဖြစ်စေသော်။
ဝသုန္ဒရေ၊ ဤမြေပံသု၊ သိလာထုလည်း၊ သက်သေအမှု တည်စေသော်။

သာဓု---- သာဓု---- သာဓု----။
ယဉ်ကျေးလိမ္မာ အခြေပြုဆင့် ဘုရားရှိခိုး ပြီး၏။

လှမ်း-လက်အုပ်ချီ

(၂၆) အဝေးကပင် ဘုရားရှင်
မြင်လျှင် မှန်းမျှော် ရှိ-ပူဇော်။
(လက်အုပ်လှမ်းလို့ ချီလိုက်နော်)၂

အဝေးကပင် စေတီယင်
မြင်လျှင် မှန်းမျှော် ရှိ-ပူဇော်
(လက်အုပ်လှမ်းလို့ ချီလိုက်နော်)၂

အဝေးကမှန် တရားသံ
ကြားပြန်မှန်းမျှော် ရှိ-ပူဇော်။
(လက်အုပ်လှမ်းလို့ နော်)၂

အဝေးကပင် သံဃာရှင်
မြင်လျှင်မှန်းမျှော် ရှိ-ပူဇော်။
(လက်အုပ်လှမ်းလို့ ချီလိုက်နော်)၂

စေတီထံပါး သံဃာနား
ဆည်းကပ်ခစား သွားကြသော်
ဆယ့်နှစ်တောင်မျှ အရပ်မျှ
(လက်အုပ်စလို့ ချီကြနော်)၂

လှချင်ရင် ဘုရားရှိခိုး

(၂၇) အိပ်ရာဝင်မည် စိတ်ကြံစည်
ယုံကြည်စိတ်တိုး ဦးနှိမ်ချိုး၊
မလေး ဘုရားရှိခိုး
အိပ်ရာဝင်မည် စိတ်ကြံစည်
ယုံကြည်စိတ်တိုး ဦးနှိမ်ချိုး၊
မောင်လေး ဘုရားရှိခိုး။

လဝန်းထက်ပင် ဘုရားရှင်
ကြည်လင်ပါလှ သပ္ပါယ်လှ
ရောင်ခြည်ရွန်းလို့ ရွှန်းရွှန်းကြွ။
ဗြဟ္မာနတ်လူ အလှကူ
ဘယ်သူမတုန်း ပြိုင်တိုင်းရှုံး
မြတ်ဘုရားအလှဆုံး။

အလှဘုရင် ဘုရားရှင်
ဦးတင်ကာသ ရှိခိုးကြ
မလေး လှမှာပ။
မောင်လေးလှမှာဗျ။(၂)
(ရွှေသုဝဏ်)

ဩကာသ ခေါ်ပုံ

(၂၈) ဩကာသ ဩကာသ
ဒို့ဆိုနေကျ ဩကာသ။
ဩကာသက ပါဠိဘာသာ
အခွင့်ဆိုတဲ့ အနက်လာ။
ရှိခိုးဖို့ရာ ခွင့်ပန်သေး
ဩကာသရဲ့ အဓိပ္ပါယ်လေး။ (၂)

တနည်း
ဩကာသ ဩကာသ
ဒို့ဆိုနေကျ ဩကာသ
ဩကာသကံ ပါဠိဘာသာ
တည်ရာဆိုတဲ့ အနက်လာ။
ရှိခိုးခြင်း တည်ရာ ဖြစ်ပါသေး၊
မြတ်နိုးခြင်းတည်ရာ ဖြစ်ပါသေး၊
ဩကာသရဲ့ အဓိပ္ပါယ်လေး။ (၂)
(ရွှေသုဝဏ်)

အပိုင်း (၁) သုံးပါးရတနာ ကြောင်းရာကဏ္ဍ ပြီး၏။

အပိုင်း (၂)

စာရိတ္တနှင့် စည်းကမ်းကောင်းမွန်ရေးကဏ္ဍ

ကံ ၃-ပါး

(၁) ကာယကံ၊ ဝစီကံ၊ မနောကံ သုံးတန်။
ကိုယ်မှု၊ နှုတ်မှု၊ စိတ်အမှု
ပြုမှု -ပြော- ကြံ ကံသုံးတန်။

ကာယကံဆိုတာ ကိုယ်လက်နှင့် ပြုလုပ်တာ။
ဝစီကံဆိုတာ ပါးစပ်က ပြောပြတာ
မနောကံဆိုတာ စိတ်ထဲက တွေးကြံတာ။

ကောင်းကံ ၃-ပါး ဖြစ်စေသား
ပွားများ ကြိမ်များစွာ ကြိမ်များစွာ။ (၂)
ဆိုးကံ ၃-ပါး ကြဉ်ရှောင်ရှား
စောင့်ငြား လုံခြုံစွာ လုံခြုံစွာ။ (၂)

ပဉ္စာနန္တရိယကံ ငါးပါး

(၂) အကြီးဆုံးကံ အဆိုးဆုံးကံ
မိဘရဟန္တာသတ်မိပြန်။
ဘုရားကိုပြု သွေးချေဥ
သံဃာခွဲမှု ငါးဖြာပြု။
သံဃာခွဲငြား ထိုသူအား
ဆိုးဝါးလေပြန် အကြီးဆုံးကံ။ (၂)

အကြီးဆုံးကံ အဆိုးဆုံးကံ
ပြစ်မှုလေးလံ ကြောက်ဖွယ်မှန်။
တစ်ပါးကံမျှ ကျူးလွန်က
မဂ်ဖိုလ်မရ ဒီဘဝ။
ငရဲရောက်ရ နောက်ဘဝ
ကြောင့်ကြဖွယ်ပြန် အဆိုးဆုံးကံ。
(ရှောင်ကြပါရန် ရာသက်ပန်)၃

အပါယ် ၄-ဘုံ

(၃) ငရဲဘုံ တိရစ္ဆာန်ဘုံ
ပြိတ္တာ ပါယ်သုံးဘုံ။
ပြိတ္တာအကြီးစား အသူရကာယ်များ
ထည့်ထားလေဘုံ ပါယ်လေးဘုံ။ (၂)

အပါယ်ဘုံ အပါယ်ဘုံ
ဆင်းရဲမျိုးစုံ အပါယ်ဘုံ။
အပါယ်ဘုံများ ရောက်၍သွား
လွတ်ငြားခက်တုံ ကြောက်ကြကုန်။ (၂)

အပါယ်ဘုံ အပါယ်ဘုံ
ဆင်းရဲမျိုးစုံ အပါယ်ဘုံ။
ကုသိုလ်ပြုခွင့် မရလင့်
နှိုင်းချင့်သိတုံ ကြောက်ကြကုန်။ (၂)
(ရွှေသုဝဏ်)

ငါးပါးသီလ ကဗျာဆောင်ပုဒ်

(၄) သူ့အသက်ကို သိလျက်သားနှင့်၊
ဒေါသစိတ်ထား သေစေလို။
လုံ့လပြုကာ သေအောင်သတ်တော့၊
ပါဏာတိပါတ် အကုသိုလ်
လွန်ကျူးမိလျင် တကယ်ပဲပေါ့၊
အပါယ်ငရဲ ကျမည်ဆို။
လွတ်လာပြန်လည်း ရောဂါစွဲ၊
ဆင်းရဲ အသက်တို။
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို။

(၅) သူ့ဥစ္စာကို သိလျက်သားနှင့်၊
လောဘစိတ်ထား ခိုးယူလို။
လုံ့လပြုကာ ခိုးယူပြန်က၊
အဒိန္နာဒါန အကုသိုလ်
လွန်ကျူးမိလျင် တကယ်ပဲပေါ့၊
အပါယ်ငရဲ ကျမည်ဆို။
လွတ်ပြန်လျှင်လည်း ဥစ္စာမွဲ၊
ဆင်းရဲဖြစ်တိုင်းကိုယ်။
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို။

(၆) ရှောင်ရှားအပ်သူ မိန်းမများ၌၊ (ရှောင်ရှားအပ်သူ ယောက်ျားများ၌)
ရာဂစိတ်ထား ပေါင်းဖော်လို။
လုံ့လပြုကာ ကျူးလွန်ပြုက၊
ကာမေသုတဲ့ အကုသိုလ်
လွန်ကျူးမိလျှင် တကယ်ပဲပေါ့၊
အပါယ်ငရဲ ကျမည်ဆို။
လွတ်လာပြန်က နပုံးမ၊
မိန်းမဖြစ်ရသကို။
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို။

(၇) မဟုတ်မမှန် တစ်ဖက်သားကို၊
ယွင်းချွတ်လှည့်စား မုသားဆို။
အဓိပ္ပါယ်ကို ထိုသူသိ၍၊
မုသာဝါဒ အကုသိုလ်
လွန်ကျူးမိလျင် တကယ်ပဲပေါ့၊
အပါယ်ငရဲ ကျမည်ဆို။
လွတ်လာပြန်လည်း ပါးစပ်ပြဲ၊
သွားကျဲ-နှုတ်ခမ်းတို။
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို။

(၈) ယစ်မူးတတ်စွာ သေရည်များကို၊
မူးယစ်သောက်စား ဘိန်းရှူမျို။
ဒုစရိုက်တွေ ဖြစ်ပေါ်ကြောင်းမို့၊
မကောင်းစင်စစ် အကုသိုလ်
လွန်ကျူးမိလျှင် တကယ်ပဲပေါ့၊
အပါယ်ငရဲကျမည်ဆို။
လွတ်လာစေဦး လူမေ့မူး၊
အရူးဆက်တိုင်းကိုယ်၊
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို။
(ဒေါက်တာမင်းတင်မွန်)

ငါးပါးသီလ အဓိဋ္ဌာန်

သူ့အသက်လည်း၊ မသတ်ဘဲ၊ အမြဲရှောင်ကြဉ်မည်။

သူ့ဥစ္စာလည်း၊ မခိုးဘဲ၊ အမြဲရှောင်ကြဉ်မည်။

ကာမဂုဏ်လည်း၊ မမှားဘဲ၊ အမြဲရှောင်ကြဉ်မည်။

လိမ်ညာ၍လည်း၊ မပြောဘဲ၊ အမြဲရှောင်ကြဉ်မည်။

မူးယစ်ဆေးလည်း၊ မသုံးစွဲ အမြဲရှောင်ကြဉ်မည်။

ငါးပါးသီလစပ်ရာ ကဗျာများ

အိမ်ရှင်မ

(၉) ဧည့်သည်လာဘိ ဟင်းမရှိ
သိုးသတ်ချက်မိ အိမ်ရှင်မ။
သေသေချင်းမှာ ငရဲရွာ
သိုးမွှေးမျှသာ ခံရှာရ။
ငရဲလွတ်ပြန် ဝဋ်ကြွေးကျန်
အသက်ဖန်ဖန် ခံများစွ
ထို့ကြောင့် အမိ မသတ်မိ
သတိရှိစွာ ရှောင်ထိုက်လှ။

စျေးသည်မ

(၁၀) ရာဇဂြိုလ်ဝယ် လေးယောက်မယ်
စျေးရောင်းကုန်သွယ် ရှာစီးပွား။
လေးယောက်လုံးပင် မတရားဆင်
စီးပွားကိုပင် ပဓာနထား
ပေးမှု လှူမှု မေ့နေငြား။
သေသေချင်းပင် ပြိတ္တာခွင်
လေးယောက်လုံးပင် ရောက်ကာသွား
ဆင်းရဲကြလို့ အော်ညဉ်းတွား။
ဤပုံထောက်ထား အိုလူသား
မတရားစီးပွား ရှောင်ပါလား။

ပန်းထိမ်ဆရာ

(၁၁) ပန်းထိမ်ဆရာ ပေါင်းမှာရှာ
သူ့မယားမှာ ကြာခိုလိုက်။
ငရဲသို့ကျ မ-ဖြစ်ရ
သင်းကွပ်ခံရ ဘေးကြီးဆိုက်။
သို့မဟုတ်လား မောင်လူသား
သူ့ရဲ့ မယား မမှားထိုက်။

ဆိုရဲဘုရင်

(၁၂) ဤကမ္ဘာတွင် ရှေးဦးပင်
စေတိဘုရင် ဆိုမုသား။
မဟုတ်မမှန် ဆိုပုံကား
အငယ်ကိုပင် အကြီးထား။
အကြီးကိုပင် အငယ်ထား။
ကောင်းကင်ပြင်တွင် ရပ်နိုင်ပင်
မုသားဆိုစဉ် မြေကျသွား။
စောင့်တဲ့နတ်များ ရှောင်ကာရှား။
အဝီစိထိ မျိုလေငြား။
သို့မဟုတ်လား အိုလူသား
မုသားစကား ရှောင်ကာရှား။

သေသောက်ရဟန်းနှင့် လှံခုန်သမား

(၁၃) တန်ခိုးပိုင်ရှင် ဖြစ်တုံလျှင်
သေသောက်ချင်းပင် တန်ခိုးပျောက်။
လှံခုန်သမား သေသောက်ငြား
လှံဖျားစူးလို့ ဒိုးယိုပေါက်။
အမေ့အမူး သောက်လျှင်ရူး
သေဘဝကူး အပါယ်ရောက်။
သို့မဖြစ်စေ အရက်သေ
တစ်စက်လေမျှ မောင်မသောက်။

ကိုဖိုးသီ

(၁၄) အနောမမြတ်ရှင် ပွင့်ခါစဉ်
ရဟန်းအဖြစ်ပင် ရချင်သား၊
သူခစားမို့ မရငြား။
လက်ယာရံရှင် ထံတော်တွင်
သီလငါးအင် ခံယူထား၊
အမြဲမပြတ် စောင့်ထိန်းသွား။
စုတေချင်းပင် ဝတိံတွင်
လူ ရပ် - နတ်ခွင် လှည့်ခံစား
တစ်ခါဘူးမျှ ပါယ်မလား။
ဒို့ဘုရားထံတွင် သာသနာဝင်
ငါးနှစ်ရွယ်ပင် ငယ်ပေငြား
ရဟန္တာဖြစ်လို့ ထင်ထင်ရှား။
ဤဝတ္ထုအား ယုံကြည်ထား
ငါးပါးသီလ လုံပါလား။

သုစရိုက် သုစရိုက် စပ်ရာ ကဗျာများ

ဒုစရိုက်ခေါ်ပုံ

(၁၅) ဒုစရိုက် ဒုစရိုက်၊
မကောင်းပြုကျင့် ဒုစရိုက်
မကောင်းပြုကျင့် ဒုစရိုက်မှာ၊
၁၀-ပါး ပြားတယ်ကွာ။
အကုသလ ကမ္မပထ
တစ်မျိုး ခေါ်သေးကြ။
အပါယ်ရောက်ရ အကြောင်းတွေ၊
မကောင်းလမ်းခရီးတွေ။
မောင်မောင်ရေ မယ်မယ်များ၊
ဒုစရိုက်ကို ရှောင်ကာရှား။

ဒုစရိုက် ကာယကံ ၃-ပါး

(၁၆) ပါဏာတိပါတာ
သူ့အသက်ကို သတ်ခြင်းပါ။
အဒိန္နာဒါန
သူ့ဥစ္စာ ခိုးခြင်းပါ။
ကာမေသု မိစ္ဆာ
ဖောက်ပြားလို့ အမှားကျင့်တာ။
ကာယကံမှု ဤသုံးခု၊
မပြုရှောင်ပါကွာ ရှောင်ပါကွာ။

ဒုစရိုက် ဝစီကံ ၄-ပါး

(၁၇) မုသာဝါဒါ
လိမ်ခြင်းနှင့် ညာခြင်းပါ။
ပိသုဏ ဝါစာ
ကွဲကြရော ကုန်းချောတာ။
ဖရုသ ဝါစာ
ဆဲရေးကြမ်း ညစ်ညမ်းတာ။
သမ္ဖပ္ပလာပါ
ကျိုးမဲ့ခြင်း ပြိန်ဖျင်းတာ။
ဝစီကံမှု ဤလေးခု၊
မပြုရှောင်ပါကွာ ရှောင်ပါကွာ။

ဒုစရိုက် မနောကံ ၃-ပါး

(၁၈) အဘိဇ္ဈာ စိတ်မှာ၊
မတရားလိုချင်တာ။
ဗျာပါဒ စိတ်မှာ၊
သေပျက်လတ် ကျေနပ်တာ။
မိစ္ဆာရှိ ဒိဋ္ဌိမှာ၊
အယူမှား အမြင်မှားတာ။
မနောကံမှု ဤသုံးခု၊
မပြုရှောင်ပါကွာ ရှောင်ပါကွာ။

သုစရိုက်ခေါ်ပုံ

(၁၉) သုစရိုက် သုစရိုက်၊
အကောင်းပြုကျင့် သုစရိုက်
အကောင်းပြုကျင့် သုစရိုက်မှာ
၁၀-ပါး ပြားတယ်ကွာ။
ကုသလာ ကမ္မပထ
တစ်မျိုးခေါ်သေးကြ။
နတ်ပြည်ရောက်ရ အကြောင်းတွေ၊
အကောင်းလမ်းခရီးပေ။
မောင်နှင့်မေ သတိထား၊
သုစရိုက် လွန်ကြိုးစား။

သုစရိုက် ကာယကံ ၃-ပါး

မသတ်ပါ မခိုးပါ၊
မှောက်မှား ဖောက်ပြား မကျင့်ပါ။
ကိုယ်ဖြင့် ရှောင်မှု ဤသုံးခု၊
ဂရုစိုက်ကာ ဆောက်တည်ပါ ဆောက်တည်ပါ။

သုစရိုက် ဝစီကံ ၄-ပါး

(၂၀) မလိမ်မညာ ကုန်းမတိုက်ပါ၊
ဆဲဆို မပြောပါ။
ပြိန်းဖျင်းစကား မပြောကြား၊
လေးပါးနှုတ်မှာ ဆောက်တည်ပါ၊ ဆောက်တည်ပါ။

သုစရိုက် မနောကံ ၃-ပါး

(၂၁) သူ့ဥစ္စာ မလိုချင်ပါ၊
သေပျက်စေချင် စိတ်မဝင်ပါ။
အယူမမှား မှန်မြင်ငြား၊
သုံးပါး စိတ်မှာ ဆောက်တည်ပါ ဆောက်တည်ပါ။

လှထိပ်တင်

(၂၀) မလေးခင် မလေးခင်
ကိုယ်ရဲ့ ရုပ်သွင် လှစေချင်။
ထောက်မှန်ရှေ့နား အသာသွား
ပြင်ထားပါရှင် မလေးခင်။
မလေးခင် မလေးခင်
စိတ်လှအောင်သာ ပြင်ပါရှင်။
စိတ်လှပါက ရုပ်ပါလှ
အလှဘုရင် လှထိပ်တင်။
စိတ်နေလှက, လူ့ဘဝ,
အလှခေါ်တယ် မလေးရယ်။
စိတ်နောက်ညစ်တွေ, ရှုပ်ယှက်ပွေ,
ရုပ်ရည်ဆိုးတယ် လှဘူးကွယ်။
ပြင်မှာလှသလောက်, အတွင်းကောက်,
ကြောက်ဖို့ကောင်းတယ် မလေးရယ်။
အတွင်းစိတ်တွေ, ဖြူစင်နေ,
ကျက်သရေဖြိုးကြွယ် လှပါတယ်။

ဥပုသ်စောင့်

(၂၃) မောင်လေးရေ မောင်လေးရေ
ဥပုသ်စောင့်တာ သိသလားလေ။
အိမ်မှုအဖြာဖြာ ဖယ်ကာရှား
သီလယူကာ စောင့်ထိန်းထား။
တရားအားထုတ် နေသူအား
ဥပုသ်စောင့်တယ် ခေါ်ထိုက်သား။
မလေးရေ မလေးရေ
ဥပုသ်စောင့်တာ သိပါသလေ။
စည်းစိမ်ဥစ္စာ ဖယ်ကာထား
မကောင်းမှုတွေ ရှောင်ကာရှား။
သီလစတုံ ဂုဏ်စုံကြွား
တရားနှင့်သာ နေသူအား
ဥပုသ်စောင့်တယ် ခေါ်ထိုက်သား။

လယ်သမား

(၂၄) ဝတ်တတ်နွားဖျင်း သူ့လည်ပင်း
မီးကွင်းရှို့တဲ့ လယ်သမား
သေတဲ့ခါကျ ငရဲလား။
ငရဲလွတ်ပြန် ကံကြွင်းကျန်
ဘဝခုနှစ်တန် ကျီးဖြစ်သား။
ကရွတ်မီးကွင်း သူ့လည်ပင်း
ပျံရင်း စွပ်မိ သေရငြား
ပြေးမလွတ်တဲ့ ဝဋ်ကြွေးများ။

ခွေးချစ် မိန်းမ

(၂၅) ခွေးရဲ့ လည်ပင်း သဲအိုးသွင်း
ရေထဲအတင်း တွန်းကာချ။
အဲဒီမိန်းမ သေခါကျ
ငရဲပြည်မှာ ခံရှာရ။
ငရဲလွတ်လာ ကံကြွင်းမှာ
သမုဒ်ပြင်သာ ရောက်စဉ်မှ
သူ့လည်ပင်းလည်း သဲအိုးဆွဲ
ရေထဲအတင်း ပစ်ခံရ။
ဘဝတစ်ရာ ထိအောင်ပ။

နွားကျောင်းသား ၇-ယောက်

(၂၆) လိုဏ်ဂူထဲတွင် ကျိန်းစက်စဉ်
လိုဏ်ဂူဝတွင် ကျောက်ကြီးပိတ်။
ရဟန်း ၇-ပါး ကံအရိပ်။
ရွာ ၇-ရွာ ဝိုင်းညီညာ
ဖွင့်မရပါ ပိတ်မြဲပိတ်။
၇-ရက်အကြာ ကျောက်ကြီးမှာ
အလိုလိုပွင့်လာ ဆန်းပေဟိတ်။
တောင်ပို့ထဲတွင် ဖွတ်ကဝင်
အပေါက်တိုင်းတွင် သူတို့ပိတ်။
၇-ရက်ကြာမှ ဖွင့်မိကြ
သူတို့ရှေးက ကံအရိပ်။
နွားကျောင်းသားပင် ဖြစ်ကြစဉ်
သူတို့ ၇-အင် ကြံခဲ့ဟိတ်။
ဤဝတ္ထုများ ထောက်ရှုစား
ငရဲရှိသား ဝဋ်ရှိသား
ကံကြီးသလို ခံရငြား။

ခါးကုန်းမလေး

(၂၇) ခါးကုန်း-ကျွန်မ, မဂ်ဖိုလ်ရ
ဉာဏ်က လွန်ကြီးကျယ်။
ပစ္စေကဘုရား၊ ခါးကုန်းလားသို့
ပြောင်သွားပြမိ ရှေးကံထိ
အမိ ခါးကုန်းရှာရတယ်။
ရဟန္တာမ၊ ရိုကျိုးခလည်း
ယူပါ့ခိုင်းမိ ရှေးကံထိ
အမိကျွန်မ ဖြစ်ရတယ်။
ပစ္စေကတွေ၊ လုပ်ကျွေးပေကြောင့်
စိတ်နေတိုးဘိ၊ တရားပြည့်
အမိ မဂ်ဖိုလ် ရ, ရတယ်။
ဆင်စွယ် လက်ကောက်၊ သပိတ်အောက်ဝယ်
ပူကယ်လိုဘိ၊ လှူလိုက်သိ
အမိဉာဏ်ကြီးကျယ်ရတယ်။

ခေါင်းတုံးမ

(၂၈) ရွှေဗိမာန်ရှင် သမုဒ်ပြင်
နတ်မိမယ်ခင် ကိုယ်တုံးလုံး
ဆံပင်ကောင်းလို့ ဆံနဲ့ဖုံး။
ရဟန္တာရှင် ဆွမ်းခံစဉ်
ဆီထွေးမုန့်ပင် ကပ်လှူသုံး
ထီးမိုးလှူတဲ့ တန်ခိုးဘုန်း။
အရက်မူးကာ အိပ်ပျော်ရာ
အဝတ်ကိုခွါ ခိုးယူသုံး
နတ်မိမယ်လေး ကိုယ်တုံးလုံး။
ဤခြင်းရာမှန် ထောက်ဆပြန်
ရောနှောတဲ့ကံ ပြုမိအုန်း
အကျိုးပေးပုံ ဆန်းလေတုန်း။

ကံကောင်းတဲ့ ဆင်ကြီး

(၂၉) ပါလိလေယျာ တောထဲမှာ
ဗုဒ္ဓမြတ်စွာ ဝါကပ်တုန်း။
ပါလိလေဆင် ဘုရားရှင်
ပြုစုရပင် ပျော်မဆုံး။
သီတင်းကျွတ်ခါ များသံဃာ
ဘုရားထံမှာ ကြွလာတုန်း။
ပြန်ကြွခါနီး ငှက်ပျောသီး
သစ်သီးမျိုးစုံ အကုန်လုံး
ကပ်လှူရလို့ ပျော်တပြုံး။
ပြန်ကြွတဲ့ခါ လိုက်ပို့ရာ
နေရစ်တော့ကွာ မိန့်ခြွေသုံး
မျက်ရည်ကျလို့ ကိုယ်စိတ်ချုံး။
မဖြေနိုင်ရှာ ဆင်ကြီးမှာ
နှလုံးကွဲကာ သူသေဆုံး၊
နတ်သားဖြစ်လို့ ပျော်လေတုန်း။
(မဟာမြိုင် -ရွှေသုဝဏ်)

ကံကောင်းတဲ့ မျောက်ကြီး

(၃၀) ပါလိလေဆင် ဘုရားရှင်
ပြုစုတာမြင် သူအားကျ
တောမျောက်ကြီးက သဒ္ဓါကြွ၊
ပျားတွေကပျံ ပျားလဘို့ကျန်
သစ်ကိုင်းတံပါ ယူကာရ။
ဘုရားလှူလို့ သူရွှင်ပျ။
ဝမ်းသာလှကာ မျောက်ကြီးဟာ
သစ်ပင်ပေါ်မှာ ခုန်ပျော်က
သစ်ကိုင်းလွတ်လို့ မြေမှာကျ။
သစ်ငုတ်စူးရှ ချက်ချင်းသေ
ထက်နတ်ပြည်မှာ နတ်ဖြစ်ရ
ပျော်လို့ မဆုံး သူ့ဘဝ။
(အရှင်ခေမာစာရ-မန်းရေတံခွန်)

ဘိုးတော်သိကြားမင်း

(၃၁) သာသနာတစ်ထောင် ပြန်တည်အောင်
လူယောင်ဆောင်တဲ့ ဘိုးသိကြား
ဟိန်းသံမစဲ ခွေးနက်ဆွဲ
ကိုက်မဲ့ ခဲမဲ့ ပုံအလား။
မသူတော်မှ ကျုပ်ခွေးက
အားရပါးရ ကျွတ်ကျွတ်ဝါး
သူတော်ကောင်းကို သူမစား။
လူအများပင် ကြောက်လန့်လျှင်
ကောင်းကင်ထက်တွင် ကိုယ်ထင်ရှား။
သိကြားအသွင် ပြပေသား။
ခြိမ်းခြောက်ပြီးကာ ဟောဓမ္မာ
တစ်ထောင်သာသနာ ပြန်တည်သွား။
သိကြားသာသနာခေါ်ထိုက်သား
(ရွှေသုဝဏ်)

အပိုင်း (၂)

စာရိတ္တကောင်းမွန်ရေးကဏ္ဍပြီး၏။

အပိုင်း (၃)

ကြီးပွားရေးနှင့် ချမ်းသာရေးကဏ္ဍ

ငယ်စဉ်အခါ ပညာရှာ

(၁) ပညာတန်ဆောင်၊ ဉာဏ်အရောင်ကား
မိုက်မှောင်ဖျောက်ပယ်၊ ချမ်းသာကြွယ်၏။
မောင်မယ်အများ၊ သိမှတ်သားလော့၊
ငယ်ကား ပညာ၊ ရှာဖွေပါမှ၊ ကောင်းမြတ်လှ၏။

စာကျက်ရအောင်

(၂) မောင်လေးရေ မောင်လေးရေ
ထပါတော့လေ ထတော့လေ။
ဒေါင်ဒင် ဒေါင်ဒင် နာရီက
လေးနာရီပင် ထိုးပြီးကွ။
ငါးနာရီကျ ရောင်နီလာ
လင်းကြက်ကြီးက တွန်တော့တာ။
မျက်နှာသစ်ကာ ရေသောက်ပေး
ဘုရားရှေ့မှောက် ရောက်မနှေး။
မီးရောင်ဖွေးဖွေး အောက်မှာဝယ်
ဘုရားစာပေ ကျက်ဦးကွယ်။
ပြီးမှသွယ်သွယ် ကျောင်းစာများ
ဒို့မောင်နှမ ကျက်စို့လား။
ဒို့မောင်နှမ ဖတ်စို့လား။

သုတများမြောင်, ချမ်းသာဆောင်

(၃) မှတ်သား၍ သင်ကြားကွယ်၊
သုတဝယ် ကြွယ်သား။
သုတဝယ် ကြွယ်သူများမှာ၊
ပညာက ပွား။
ပညာများ ရှိသူမယ်၊
ကြောင်းကျိုးရယ် သိသား။
ကြောင်းကျိုးရယ် သိသူများမှာ၊
ချမ်းသာကပွား။

ပညာလိုက်စား, ဝီရိယထား

(၄) အပျင်းကို စွန့်ကာဖယ်၊
ပညာဝယ် လိုက်စား။
အသိဉာဏ် ကျယ်ပြန့်သွားအောင်၊
ကြိုးစားပါ့လား။
ကံကောင်းတော့ တစ်ချက်သာ၊
ဉာဏ်ကောင်းပါ တစ်သက်။
ကံ ဉာဏ်ရယ် ဝီရိယထား၊
ကြိုးစားမှ တက်။

ပညာရှင်ကပ်, တိုင်ပင်အပ်

(၅) များသုတ မပြည့်စုံ၊
ပညာဂုဏ်မဲ့ငြား။
ထိုသူတွေ ရှေ့နောက်များကို၊
သိဖို့ခက်သား။
ရေးကိစ္စ ကြုံလာလျှင်၊
ပညာရှင်ကပ်သား။
တိုင်ပင်လို ပညာရှင်နားသို့၊
သွားပါတော့လား။

ကြီးငယ်မဟူ, ပညာယူ

(၆) ကြီးကြီးကြီး, ငယ်ငယ်ငယ်၊
ပညာကြွယ် ရှိရေး။
နေ့စဉ်ပင် အချိန်ပေးလို့ရယ်၊
လေ့ကျင့်သင်ပေး။
ခေတ်လောကီ တတ်ပညာ၊
သင်လို့သာ ကုန်ဘူး။
လောကုတ္တရာ ပညာရပ်က၊
ငြိမ်းဓာတ်မှန် အမြင်ပေါက်လျှင်
ရောက်နိဗ္ဗာန်ကူး။

အရွယ်မလွန်ခင်, ပညာသင်

(၇) ဆယ့်ရှစ်ရပ် တတ်ပညာ၊
လောကမှာ ထင်ရှား။
တစ်ခုကို ပြီးဆုံးသွားအောင်၊
တတ်မှ တော်သား။
ပထမအရွယ်မှာ၊
တတ်ပညာ လိုက်စား။
အချိန်ကို လွန်မသွားစေနှင့်၊
လေ့ကျင့်သင်ကြား။

သုတဖွေရှာ, မပျင်းရာ

(၈) ရှာကြကွဲ့ သုတတွေ၊
ပျင်းလို့လေ ဖြစ်ဘူး။
ဆယ်ရပ်မြေ ဂုဏ်ရောင်မြူးအောင်၊
တိုး၍ ရှာဦး။
ကျောင်းနေမှ လူလိမ္မာ၊
လူရေးရာ စုံသိ။
ပညာတွေ စုံအောင်ရှိမှ၊
လောက ကျော်၏။

ကျော်မော်ဖြစ်ရေး ကျင့်သင်ပေး

(၉) လူထင်ရှား လူကျော်
လူမော်တို့ ဖြစ်ရေး။
ဥစ္စာဂုဏ် ရှာကာပေးပါကွဲ့
သားလှရွှေသွေး။
ကျင့်သီလ ပြည့်ဝစုံ
ပညာဂုဏ်ရှိရေး။
နေ့စဉ်ပင် ကျင့်သင်ပေးပါကွဲ့
သားလှ ရွှေသွေး။

အားထားမှီရာ ရှိပါစေ

(၁၀) အားထားလောက် မှီခိုရာ
မရှိရှာသူများ
ထိုသူတွေ နုံချာစားက
တတ်ဖို့ ခက်သား။
သိုင်းအဝိုင်း ခြံအရံ
မျိုးဆွေမှန် လွန်များ။
ဥစ္စာဂုဏ် ပညာကြွားမှ
လောကထင်ရှား။

ချမ်းသာဖြိုးဝေ ကြိုးစားလေ

(၁၁) နေ့စဉ်စဉ်းစား သတိထား၊
မှတ်သား မြဲစေ ရှိကြလေ။
လုံ့လ ဝီရိယ အားထုတ်က၊
သုခဖြိုးဝေ အေးမြလေ။
ပညာကြိုးစား တတ်သူများ၊
ထင်ရှားဂုဏ်နေ ကျော်စောလေ။
ရွှေငွေဓန ပြည့်စုံမှ၊
လောကမိတ်ဆွေ မြင့်မြတ်ပေ။
သဒ္ဓါ သီလ သုတ ပညာ
ရှိသူမှာ ချမ်းသာပြည့်ဖြိုးဝေ။

ငွေစုမှန်မှ ဌေးကြွယ်ရ

(၁၂) နည်းနည်းပဲ ဖြစ်ဖြစ်လေ
ငွေစု နေငြား။
ငွေစုမှန် နေသူများမှာ
ဌေးကြွယ်လို့ ပွား။
ပညာနဲ့ ဥစ္စာ
ဂုဏ်နှစ်ဖြာ ရှိသား။
ဆုတ်ကပ်မှာ ဥစ္စာများမှ
ဂုဏ်တောက်ပြောင်ကြွား။

ကြောက်ဖွယ်ရာတွေ ရှောင်ကြဉ်လေ

(၁၃) ပညာမဲ့ငြား, အပျင်းပွား
ရှားပါးလုံ့လ, မိုက်မောဟနှင့်
သုတနည်းပါး, ကိုယ်ကျင့်မှားမူ
စီးပွားဥစ္စာ, ဆုတ်ယုတ်ရှာပြီ
သူငါကြောက်ဖွယ် ကောင်းသတည်း။

သုတနည်းပါး လူ့ငနွား

(၁၄) နေ့စဉ်နဲ့ နေ့တိုင်းမှာ
များသုတာ ရှာဦး။
များသုတ ရှားမသုံးလျှင်
နွားကဲ့သို့ ရုန်း။
သုတတဲ့ နည်းသူမှာ
လူလိမ်ညာ ခံဦး
လူလိမ်ညာ ခံမသုံးရအောင်
သုတရှာဦး။

(၁၅) နေ့စဉ်နဲ့ နေ့တိုင်းမှာ
ကျမ်းစာကို သင်ပေး။
လက်ရေးကို လှအောင် ရေးပါကွဲ့
သားလှ လူလေး။
ပြတ်သားပီသစွာ
ဖတ်ပါကွဲ့ စားမွှေး။
ပြောအဆို လေ့ကျင့်ပေးပါကွဲ့
သားလှ လူလေး။

သူတော်ဆည်းကပ်, မေးမြန်းအပ်

(၁၆) မှတ်သား၍ နာယူ
သင်အံမူ ကြံတွေး။
သုတစုံ ရှိသူနား
သွားလို့သာ မေး။
ဒါ့ကြောင့်မို့ ကလေးရယ်
လိမ္မာဝယ် ကြွယ်ရေး။
သိဉာဏ်ကျယ် သူတော်ကောင်း
ပေါင်းပါတော့လေး။

မသိရင်မေး

(၁၇) မသိရင်မေး မစင်ရင်ဆေး၊
မသင် ဘယ်တော့တတ်လိမ့်လေး။
မွေးကတည်းက တတ်ပညာ၊
ဘယ်လိုလူမှ မတတ်ခဲ့ပါ။
လက်ဦးဆရာ မိနှင့်ဖ
သူတို့အရင် သင်ကာပြ။
မြင်ကြားသမျှ မှတ်လို့ယူ၊
ပညာသုတ စုံလိမ့်ဟူ။
မြင်အကြားမူ ဘယ်လောက်ဝေး၊
လက်လေးသစ်လောက် ဝေးပါသေး။

လူပိုလူရမ်း လူ့ပေါက်ပန်း

(၁၈) အလကား အအားနေ
လူ့တေလေ လူလှေး
လူ့ငပေ လူပလေးတို့ရယ်
မဖြစ်ဖို့တွေး။
လူ့ပေါက်ပန်း လူရမ်းရယ်
လူနှမ်းရယ် လူငေး
လူပိုတွေ မဖြစ်ရေးကို
မင်းစိတ်၌တွေး။

ကလေးလိမ္မာ, လူကြီးသာ

(၁၉) ယဉ်ကျေး၍ လိမ္မာစွာ၊
နှုတ်သံမှာ ချိုအေး။
အကျင့်မှန် တည်ကြည်ပေးရမယ်၊
လောက ချစ်ဆေး။
ကလေးပဲ ဖြစ်ဖြစ်ကွယ်၊
စိတ်မငယ် ယဉ်ကျေး
ပညာကြွယ် လိမ္မာသေးလျှင်၊
လူကြီးတဲ့လေး။

လူမိုက်ကြဉ်ရှောင် လိမ္မာပေါင်း

(၂၀) လူဖျင်းနှင့် လူအ
လူနနှင့် လူနုံ
ဂုဏ်ရည်က ရှိဘူး။
မလိမ္မာ မိုက်သူမူးကို
ပေါင်းလေနှင့်ဦး။
ကောင်းမြတ်တဲ အသိဉာဏ်
ကောင်းနည်းမှန် ညွှန်ကြား။
ပညာရှင် ပုဂ္ဂိုလ်များကို ပေါင်းကွဲ့ ညီဘွား။

စကားချိုပြော ချစ်သူပေါ

(၂၁) ချိုသာပျော့ပျောင်း စကားကောင်းသော်
အပေါင်းလူဗိုလ် သူနာလို၏။
နှုတ်ချို စကား တတ်လေငြား၍၊ စကားနူးညံ့
ပန်းရနံ့သို့ ပျံ့ပျံ့မွှေးကြူး ပြောတတ်သူကား
ကြည်ဖြူသောသော ခင်ပွန်းပေါ၏။

လောကသဘော

(၂၂) သင်ကလေ ပြုံးပြောတော့၊
သူကလည်း ပြုံးပြန်။
သင်ကလေ ချိုသာပြောလျှင်၊
ပြောချိုလိမ့်မှန်။
သင်ကတော့ ခပ်ထန်ထန်
ခပ်မာန်မာန် အော်ပြော။
သူကလေ ထန်မာန်ပြောလိမ့်မယ်၊
လောကသဘော

အပျင်း-အဖျင်း ချမ်းသာကင်း

(၂၃) ကမ္ဘာဦး ချမ်းသာတွေ
ပျင်းသူတွေ ဖျက်သား။
ခိုးသူတွေ ဖြစ်သူများမှာ
ပျင်းတဲ့ လူများ။
နေရာတိုင်း စွက်စွက်ပါ
မငြိမ်ရှာသူများ။
စ-ပြောင်လှောင် ဆော့ကမြင်းလျှင်
ဖျင်းတဲ့ လူစား။

ပျင်းလျှင် ဖျင်းအ, ဆင်းရဲရ

(၂၄) စောက်နှင့် ဦးထုတ်ရယ်၊
နီးတယ်လို့ သိထား။
စောက်ကွယ် အမှန်ပျင်းလျှင်လ၊
ဦးထုတ်ရယ် တကယ်ဖျင်းရတယ်
မင်းသိ ညီဘွား။

ပြောတိုင်းမယုံနဲ့

(၂၅) ကာလရွေ့လျော လိမ်သူပေါ၊
ပြောတိုင်းမယုံနဲ့
ဖြီးဖြန်း လိမ်ညာ ပလီကာ
ညာဝါ ပြောတဲ့ခေတ်။
လူကောင်း လူဆိုး ထိုနှစ်မျိုး၊
လူဆိုးပေါတဲ့ခေတ်

စည်းကမ်းလေးစား, ဌေးကြွယ်ပွား

(၂၆) ပစ္စည်းရှာ၊ ချွေတာသုံး၊
အမတ်ကြီး ဖိုးရာဇာ ထုံး။
ပစ္စည်းဌေး ဌေးသူကြွယ်
ဖြစ်လိုတယ် မဟုတ်လား။
ဖြစ်လိုလျှင် စည်းကမ်းများကို
လေးစားပါလား။

ကျေးဇူးရှင်ကို မမေ့နဲ့

(၂၇) ကျေးဇူးရှင် ကျေးဇူးရှင်
မွေးမိဖခင် ကျေးဇူးရှင်
ကျေးဇူးရှင် မိဘများ
နှစ်ဦးသားဂုဏ်ကိုလေ...။
နေ့စဉ်ပင် မေ့မထား
ဝတ်တွားကြလေ...လေ...လေ...။
အဝတ်ကို ပေးတာလည်း
မေမေ... ဖေဖေ...။
အစားကို ကျွေးတာလည်း
မေမေ... ဖေဖေ, မေမေ... ဖေဖေ...။
အိပ်-အိပ်ရာ ပေးတာလည်း
မေမေ... ဖေဖေ...။
နေစရာ ပေးတာလည်း
မေမေ... ဖေဖေ, မေမေ... ဖေဖေ...။
ကျေးဇူးရှင် မိဘများ
နေ့စဉ်ပင် မေ့မထား
ဝတ်တွားကြလေ...လေ...လေ...။
သက်ရှည်လို့ ကျန်းမာ မလေ
ချမ်းသာနေ ဝဖြိုး လှတိုး။
ကျေးဇူးကို မေ့မထားလျှင်
ကျေးဇူးရှင်ကို မေ့မထားလျှင်
ရွှေအားတွေ တိုး... တိုး။(၂)

ဆုံးမလိုက်နာ လွန်ချမ်းသာ

(၂၈) မကောင်းမှု အကုသိုလ်
မပြုလို ရှောင်ရှား။
ကောင်းမှုဆို ကုသိုလ်များကို
ပြုပါတော့လား။
စိတ်ဓာတ်ကို စင်ကြယ်ကြယ်
ဖြူစင်ဖွယ်ပြုပေး။
ဒီသုံးဖြာ စေဘုရားတို့က
ဟောကြားမိန့်သေး။

ကံကောင်း ဉာဏ်ကောင်း

(၂၉) ကံအရိပ်ကို ဉာဏ်ထင်မြင်
ကံကောင်း ဖြစ်အောင်ပြင်။
ကံကောင်းပါလျှင် အကြောင်းလှ
ပေါင်းချ မခံရ။
အကြံကောင်းက တစ်ချက်သာ
ကံကောင်း တစ်သက်စာ။
ကံနဲ့ သူမှာ ပူပါနဲ့၊ ကူသူ ပေါပါရဲ့။
ကံထမ်းလာတာ မမြင်နိုင်
လှံထမ်းလာတာ လွန်မြင်နိုင်။
ကံခိုင်ပါမှ ကံမကျိုး
ကံရေ ထပ်လို့တိုး။
ကံသာဆွေမျိုး ဆိုထိုက်ရာ
ကံသာ မိဘပါ။
ကံရှိပါ ဉာဏ်ရှိသေး၊
ကြံတိုင်းအောင်ရဲ့လေး။

လှပအောင်ပြင်

(၃၀) မောင်လေးလှဖို့ မောင်လေးပြင်
ကိုယ်ကစ၍ စိတ်ပါပြင်။
စိတ်ယဉ်ပါလို့ ကိုယ်ယဉ်က
ပြင်ဆင်တိုင်းလှ ပြင်တိုင်းလှ။
မောင်လေးနေတဲ့ အိမ်ဂေဟာ
ဘုရားဆောင်က စ, ပြင်ပါ။
မောင်လေးအိပ်ရာ ခန်းသာလဲ
လှအောင် ပအောင် ပြင်အမြဲ။
အိမ်ကြီးကလည်း လှပါပေ
ဘုရားဆောင်က ပြောင်ဝေဝေ။
အိမ်ဝင်းကလေ လွန်သန့်ရှင်း
ဥယျာဉ် သစ်ပင် တင့်လှခြင်း။
အိမ်ဝင်းပေါက်ဝ လမ်းမကျန်
ပြင်ဆင်ကြလို့ လှနေပြန်။
ရပ်ကွက်လှရန် ပြင်ဆင်ပေး
မြို့လုံးရွာလုံး လှစေရေး။
တိုင်းလုံး ပြည်လုံးလှဖို့ရာ
ကမ္ဘာလုံးလည်း လှအောင်ကွာ။
လူ လူတိုင်းမှာ ပြင်ပါကြ
မောင်လေး စ, ပြင်ပါ.. ပြင်ပါ။(၂)

(ရွှေသုဝဏ်)

အပိုင်း (၃)

ကြီးပွားရေးနှင့် ချမ်းသာရေး ကဏ္ဍပြီး၏။

---

အပိုင်း (၄)

အောင်စိတ်ဓာတ်နှင့် အောင်မြင်ရေးကဏ္ဍ

အကြောင်းသိကာ ကြိုးစားပါ

(၁) ကံက သတ္တဝါတွေနဲ့ မကင်းနိုင်တဲ့
အကြောင်းဖြစ်တယ်။
ဉာဏ်က ထူးတဲ့အကြောင်းဖြစ်တယ်။
ဝီရိယက ကိစ္စအဝဝ ပြီလွယ်တဲ့
အကြောင်းဖြစ်တယ်။

လက်တွေ့လုပ်ပါ

(၂) ရှေ့နဲ့နောက် နှိုင်းဝေဖန်
ဉာဏ်ချိန်လို့ ယှဉ်တွေး။
အလုပ်ကို ဖင့်မနှေးလေနဲ့
လက်တွေ့ပြုပေး

တကယ်လုပ် အဟုတ်ဖြစ်

(၃) မဖြစ်လို့ မလုပ်တယ်
မလုပ်တယ် ဖြစ်ပဲ။
မလျော့ကာ ဖြစ်အောင်ခဲလျှင်
ဖြစ်ပါလိမ့်ကဲ။

ဥစ္စာလိုက လုပ်ကိုင်ကြ

(၄) အသက်တော့ ရှည်လိုတယ်
ကျန်းမာဖွယ်ပြုပေး
ဥစ္စာကို ရလိုသေးလျှင်
လုပ်ကိုင်ကြလေး။

ဉာဏ်ရှိပါက ချမ်းသာရ

(၅) အသိ အလိမ္မာ, ဉာဏ်ပညာ
ချမ်းသာ သခ, လိုတိုင်းရ။
ပညာရှိထံ ဆည်းကပ်ပြန်
ဧကန်မုချ ချမ်းသာရ။

အောင်နိုင်ရေး

(၆) မိမိထက် သာမြတ်သူ
ရိုသေမူ နိုင်သေး။
ရဲရင့်သူ နိုင်လိုသေးလျှင်
သင်းခွဲရလေး။
မိမိထက် အောက်ကျသူ
နိုင်လိုမူ ပေးကျွေး။
ကိုယ်နှင့်တူ နိုင်လိုသေးလျှင်
လုံ့လစိုက်ပေး။

အောင်မြင်နည်း

(၇) လိုလောဘကြီးသူမယ်
နိုင်လိုတယ် လှူပေး။
ကြမ်းတမ်းသူ နိုင်လိုသေးလျှင်
ဦးချနှုတ်အေး
လိမ္မာသိ ပညာကြွယ်
မှန်ကန်တယ် နိုင်သေး။
မိုက်သူကို နိုင်လိုသေးလျှင်
လိုလိုက်လို့ပေး။

ထိန်းချုပ်နိုင်မှ အကျိုးရ

(၈) ထိန်းချုပ်တဲ့ စိတ်ဓာတ်ရယ်
ကောင်းမြတ်တယ် မှတ်သား
အရေးကြုံ ထိန်းချုပ်သွားရအောင်
မင်းသတိထား။

သည်းခံနိုင်က အမြတ်ရ

(၉) ပြင်ပက အာရုံတွေ
တိုက်ခတ်နေ ထိများ။
သည်းခံကာ ကာကွယ်သွားမှ
ချမ်းသာရသား။

ရဲ-ရဲ

(၁၀) ရဲစေတဲ့ ရဲစေ
ကြောက်နေလျှင် ရှောင်ကာလွှဲ ရဲ-မင်းဖြစ်ပေ
ကြောက်နေလျှင် လာဘ်ပါလွဲ ရဲ-လာဘ်ရချေ
ရဲသော်လည်း မသေ မသေ၊ သေသော်လည်း ငရဲမလား။
မြင်းမိုရ်တောင် လူမရောက်သော်လည်း
ငါရောက်ောအင် သွား... သွား
ကောင်းကင်မှ များစွာကြယ်
ငါဆွတ်မျယ် ဗျား... ဗျား
ယောက်ျားဘသား၊ ရဲစိတ်ကို ပွား...ပွား။

ဇွဲ-ဇွဲ

(၁၁) ဇွဲ-ဇွဲမလျော့လေနဲ့ ဇွဲ
ငုပ်မိမှဖြင့် သဲသို့တိုင်၊ သဲက ရွှေကိုကိုင်
တက်နိုင်ပါမှ အဖျားရောက်
တစ်ဆင့် တစ်ဆင့် တက်လို့လျှောက်။
သေလျှင် မြေကြီးဖြစ်ပါစေ
ဇွဲကိုတော့ဖြင့် မလျော့နဲ့လေ။
ရှင်လျှင်လေ ရွှေထီးဆောင်း
ရဲစိတ်ထပ်လောင်း ဇွဲစိတ်ပေါင်း။
စွန့်ဝံ့သူမှ စားရတာ၊ မစွန့်ဝံ့တော့ ငမွှားကွာ။
ဘုရားဆိုတာ လူကဖြစ်၊ ကြိုးစားပါက ဘုရားဖြစ်
ကြိုးစားသူမှ ဘုရားဖြစ်

မကောင်းသူ ရှောင်

(၁၂) မကောင်းသစ်ပင် တစ်ပင်အတွက်ကြောင့်
တောလုံးပြောင်တက် မီးတွေလောင်။
ငါးခုံးမငယ် တစ်ကောင်ပုပ်ကြောင့်
တစ်လှေတွင်းလုံး ပုပ်ဟောင်ဟောင်။
တစ်ယောက်မကောင်းလေ ဗိုလ်ခြေအပေါင်း
ညက်ညက်ကြေညောင်း ပုံပြဆောင်။
ကြောင်တစ်ကောင်တွက် တစ်မြုံကြွက်
အကုန်တက်တက်ပြောင်။
ရှောင်... ရှောင်... ရှောင်
မကောင်းသူကို ရှောင်

တန်ပြန်ဘေးဒဏ်

(၁၃) သူများကိုတဲ့ မကောင်းကြံ
ကိုယ့်ကိုပြန်၍ ဘေးဒဏ်ထိ၊
ညစ်ပတ်စိတ်ရှိ ပျက်စီး၏။
သူတော်ကောင်း၌ မကောင်းကြံလျှင်
ဘေးဒဏ်အထိ မြန်တတ်ချင်။
သူတော်ကောင်းတွင် နတ်ကောင်းက
အမြဲလိုပင် စောင့်ကာ မ။
ကျောက်တောင်ပေါက်တဲ့ ခဲဆိုတာ
ပေါက်တဲ့သူဘဲ ပြန်မှန်တာ။
သီလ သမာ-ပညာကြီး
ကျောက်တောင်ကြီးနဲ့ တူလေပြီး။
လေညာဆန်ပြီ ဖုန်ပက်လျှင်
ပက်တဲ့သူအား ပြန်မှန်ပင်။
လေတင်တွင် တံတွေးထွေး
ထွေးတဲ့သူပဲ ပြန်မှန်သေး။
မေတ္တာကြီးတဲ့ ထိုသူရယ်
ကျေးဇူးရှိသူဝယ်။
ပြစ်မှားသူကွယ် ပြန်ကာထိ
မှန်တတ်ပါဘိ မှန်တတ်ဘိ။

ရန်ငြိမ်းကြောင်း

(၁၄) အတိုကို မောင်မရှု၊ အရှည်ကိုသာရှု။
အရှည်ကို ရှု့၊ ရှု့လို့ပျော်၊ သည်းခံနိုင်စေနော်။
ရန်ကို ရန်သော် မတုံ့လျဉ်း
ရန်မဖြစ်ဖို့ စောစောကွင်း။
ရန်မထောင် ရန်အောင်တယ်
ရန်ထောင် ရန်လှောင်မိတတ်ကွယ်။
ရန်မလိုဝယ် ရန်ပြိုကွဲ
ရန်လိုပါက ရန်ပိုမြဲ
ရန်သူသော်လည်း ဖြစ်ပါစေ
လက်နက်ချကာ ပြေပျောက်ပေ
ခက်ထန်သူလေ နှိမ်ကာချ
မထန်တော့ဘဲ ပျော့လို့ကျ။
ဒေါသမီးတောက် တောက်သူကို
မေတ္တာရေချမ်း ဖျန်းစေလို
ကိုက်တတ်ခွေးကို ထန်းလျက်ကျွေး၊
အမြီးနှံလို့ ကျေနပ်သလေး
ရန်သူနိုင်ဆေး ရန်သူအေး

စည်းလုံးမှ

(၁၅) အတွင်းထရံ အပြင်ကာ၊ သူစိမ်းကိုမှ ချစ်ခင်ရှာ။
အပြင်ထရံ အတွင်းသွင်း၊ သူစိမ်းကိုမှ သူအရင်း။
သစ်စိမ်းကိုနင်း ကျိုးတယ်ဆို၊
သစ်စိမ်းချိုးချိုး ချိုးတတ်သကို။
အစိမ်းလိုလို့ ဖက်ပါမိ။
မောင်ရင်းနှမ ကွဲကြ၏။
သူစိမ်းပြင်ပြင် ရေသွင်သွင်၊
ညှာတာကင်းလို့ လွှရှောင်ချင်။
အရေးကြီးလျှင် သွေးနီးမှ၊
မောင်နှမချင်း ချစ်ခင်ကြ။
အသားထဲက လောက်မထွက်အောင်၊
ကြိုးစားပါလို့ တိမ်းကာရှောင်။
ရလျှင်မရှောင် ဘရဲ့နဖူး၊
သိုက်တူးကြလို့ မတော်ဘူး။
တစ်ဦးတစ်ဦး ချစ်ခင်ကာ၊
ကျောချင်းရင်ချင်း ကပ်လို့သာ။
ဆွေမျိုးဆိုတာ စည်းလုံးမှ၊
ပျော်ပျော်နေကြ သေခဲလှ။
ဥမကွဲလို့ သိုက်မပျက်ရ၊
ချစ်ပါကြ ချစ်ပါကြ။

သတိရှိပါစေ

(၁၆) သတိကို တမာန် တမာန်၊
အသိဉာဏ် ကတုတ် ကတုတ်၊
ပညာအစွန်း ချွန်းသို့ အုပ်။
သတိကို တမာန်၊ ပညာဉာဏ် ကတုတ်
ဝီရိယက သူဗိုလ်ချုပ်။
အလုပ်လုပ်တဲ့ခါဝယ်
သတိဉာဏ်က အရေးကြီတယ်။
ရှေးနောက်နှစ်သွယ် နှိုင်းချိန်ဆ
သုခမိန်-လို့ ခေါ်ထိုက်လှ။
ကြိုတင်စဉ်းစား သတိထားပိုင်၊
အမှားဘယ်သို့ မဖြစ်နိုင်။
ပညာခိုင်ခိုင် သတိရှိ၊
ထိုသည့်သူမှ ချီးမွှမ်း၏။
သတိ-ပညာ-ဝီရိယာ၊
ဥစ္စာရှိကြောင်း သုံးခုပါ။
သတိတစ်လုံးသာ မြဲစွာသုံး၊
နိဗ္ဗာန်ရောက်လို့ ချမ်းသာဆုံး-ချမ်းသာဆုံး။

မီးသတိ

(၁၇) အမှိုက်ကစ ပြဿာဒ်မီးလောင်၊
မီးပွားလေးကြောင့် တောလုံးပြောင်။
မီးဘေးကိုရှောင် မလောင်ခင်က၊
အရင်ကြိုတင် တားဆီးမှ
ပျားရည်တစ်စက်ကြောင့် ပြည်ပျက်တယ်။
သေးမွှားကလေးက နောင်ကြီးကျယ်။
ဇာတ်တူသားဝယ် တကယ်ကိုစား၊
ဟင်္သာကိုးသောင်း ပျက်စီးသွား။
မီးအကြွင်းများ ထားမိလျှင်၊
တစ်စတစ်စနှင့် လောင်တတ်ချင်။
မီးနဲ့ ရေတွင် အတင့်မရဲ၊
အတင့်ရဲက ပျက်စီးမြဲ။
လက်သည်းဆိတ်က လက်ထိပ်နာ၊
ဆိပ်ပါများက အနာဖြစ်လာ။
ငယ်နုစဉ်ခါ နှိမ်ကာပစ်၊
ကြီးမှနှိမ်လို့ ဘယ်မဖြစ်။
မီးပွားလေးပေမယ့် ဂရုမလစ်။။

ပေါ့-လျော့မဖြစ်

(၁၈) ရွှေသမင် ဘယ်ကထွက်၊ မင်းကြီးတာကထွက်။
ခက်ရှက်ရှက်နှင့် မင်းကြီးခမျာ၊
ရွှေသမင်နောက် အတင်းလိုက်ရှာ။
ကိုယ်ချမူဟာ ကိုယ်စဖျက်၊
လူကြီးရှက်တော့ ပြုံးရယ်လျက်။
အိမ်မိုးခေါင်ထက် မလုံလျှင်၊
ကျီးယက်ဘယ်တော့ လုံလိမ့်ရှင်။
ရှေ့ဆောင်နွားပင် ကောက်စွာသွား။
နောက်နွားအများ ကောက်လိုက်သား။
ရှေ့ဆောင်နွားလား ဖြောင့်သွားရာ၊
နောက်နွားတစ်သိုက် ဖြောင့်လိုက်ပါ။
လူကြီးဆိုတာ ပေါ့လို့ မဖြစ်
လျော့လို့ မဖြစ် ဆော့မဖြစ်
မော့လို့မဖြစ် ကျော့မဖြစ်။။

ကိုယ်ကောင်းမှ

(၁၉) သားသမီးပေါင်း မကောင်းလျှင်၊
မိဘခေါင်းပေါ်တင်။
တပည့်များတွင် သူတို့မကောင်း၊
ဆရာသခင်ရဲ့ခေါင်း။
ကျွန်မကောင်းမှ သခင့်ခေါင်းကို၊
ကျရပြန်တယ် ဆို။
ငါးတကာယို ချေးစိုပေါင်း၊
စုပေါ့ ပုစွန်ဆိတ်ခေါင်း။
နောက်လိုက်နောက်သား မကောင်းရာ၊
ခေါင်းဆောင် ခေါင်းပေါ်လာ။
ကိုယ်ကောင်းပါ ခေါင်းဘယ်ရွေ့၊
ကိုယ်ကောင်းကြပါစေ့။။

ရန်သူအောင်မှု ကြောင်းလေးခု

(၂၀) သစ္စံ-ဓမ္မံဝီရိယနှင့် စာဂဟူသည်
ရန်သူအောင်ကြောင်း၊ ကျင့်ကောင်းလေးပါး
တရားမလစ် မင်းမူရစ်လော့။

အပိုင်း (၄) အောင်မြင်ရေးကဏ္ဍ ပြီး၏။
ယဉ်ကျေးလိမ္မာ အခြေပြုအဆင့်ပြီးပြီ။