ယှဉ်ပြိုင်ခြင်း၏ နိဂုံး
ယှဉ်ပြိုင်ခြင်း၏ နိဂုံး
မှတ်တမ်း
သာသနာတော်နှစ် ၂၅၅၄ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၇)ရက်၊ ရန်ကုန် တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၃) ရပ်ကွက်၊ အောင်သုခ ပရိယတ္တိစာသင်တိုက်အတွင်း ဆဋ္ဌမအကြိမ်မြောက် ဆင်ယင် ကျင်းပ ပြုလုပ်အပ်သည့် ဓမ္မပူဇာသဘင် အခမ်းအနားဝယ် မဟာဒုတ် ဆွမ်းလောင်းအသင်းနှင့် (၇)ရက်သားသမီးများ၏ အမတဒါန ဓမ္မဒါန အဖြစ်ဖြင့် ဟောကြားအပ်သော “ယှဉ်ပြိုင်ခြင်း၏ နိဂုံး” တရားဒေသနာတော်။
ယှဉ်ပြိုင်ခြင်း၏ နိဂုံး
လောကမှာ လူတွေဟာ ယှဉ်ပြိုင်နေကြတာ ချည်းပဲ။ အကုန်လုံး တစ်ဦးနဲ့တစ်ဦး ယှဉ်ပြိုင်ကြတယ်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ယှဉ်ပြိုင်ကြတယ်။ တစ်ရွာနဲ့ တစ်ရွာ ယှဉ်ပြိုင်ကြတယ်။ ရပ်ကွက်တစ်ခုနဲ့တစ်ခု ယှဉ်ပြိုင်ကြ တယ်။ တစ်မြို့နဲ့တစ်မြို့ ယှဉ်ပြိုင်ကြတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ယှဉ်ပြိုင်ကြတယ်။ အဲဒီ ယှဉ်ပြိုင်မှုဟာ ဘယ်တော့မှ နိဂုံးချုပ်မလဲဆိုတာ သိဖို့လိုတယ် မဟုတ် လား။
သံသရာထဲ ရှိနေသမျှကာလပတ်လုံး ယှဉ်ပြိုင်မှု တွေဟာ ရှိနေကြမှာပဲ။ စီးပွားရေးနဲ့ ပတ်သက်တဲ့ ယှဉ်ပြိုင်မှု၊ လူမှုရေးနဲ့ ပတ်သက်တဲ့ ယှဉ်ပြိုင်မှု၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ယှဉ်ပြိုင်မှု၊ ပညာရေးနဲ့ ပက်သတ်တဲ့ ယှဉ်ပြိုင်မှုလို့ လောကမှာ ယှဉ်ပြိုင်မှုတွေ အင်မတန်မှ ခေတ်စားတယ်။ ဒီထဲမှာ ပြောရမယ် ဆိုရင် အထင်ရှားဆုံးက အားကစားသမားတွေရဲ့ ယှဉ်ပြိုင်မှုဖြစ်လို့ လူတိုင်းသိကြတာပေါ့နော်။
လူတွေဟာ နေ့စဉ်နဲ့အမျှ တစ်ဦးနဲ့တစ်ဦး ပြိုင်နေ ကြတယ်ဆိုတာ အင်မတန်မှ ထင်ရှားတယ်။ တခြား မကြည့်နဲ့ ကိုယ့်မိသားစုထဲမှာပဲ တစ်ဦးနဲ့တစ်ဦး ယှဉ်ပြိုင် နေကြတယ်။ အိမ်နီးနားချင်းလည်း ပြိုင်တာပဲ။ သူက ကားစီးနိုင်တယ်၊ ငါက ကားစီးနိုင်တယ်။ သူက တိုက် တည်တယ်၊ ငါက တိုက်တည်တယ်။ မကြိုးစားကြ ဘူးလား၊ ကြိုးစားကြတယ်။ အဲဒီ ယှဉ်ပြိုင်မှုတွေဟာ ဘယ်တော့မှ အဆုံးသတ်မှာလဲလို့ သံသရာအတွင်းမှာ နေလို့ရှိရင် ယှဉ်ပြိုင်ခြင်းရဲ့နိဂုံး ဆိုတာ ရှာတွေ့ဖို့ မလွယ်ဘူးပေါ့။
လောကကြီးဟာ ယှဉ်ပြိုင်မှုနဲ့ သွားနေတာ။ ယှဉ်ပြိုင်မှုဆိုတာ ကောင်းတာရှိသလို မကောင်းတာ တွေလည်း ဖြစ်ပေါ်စေတတ်တယ်။ သို့သော် ဘုန်းကြီး တို့တစ်တွေဟာ အကောင်းဆုံး ယှဉ်ပြိုင်မှုကို ရွေးချယ် နိုင်မှသာလျှင် ယှဉ်ပြိုင်မှုရဲ့ နိဂုံးဆိုတာ ရောက်မှာ ဖြစ်ပါတယ်။ အကယ်၍ ယှဉ်ပြိုင်မှုတွေဟာ မှားယွင်း နေမယ် ဆိုလို့ရှိရင်၊ မှားယွင်းတဲ့ ယှဉ်ပြိုင်မှုတွေနဲ့ ဆက်လက် ယှဉ်ပြိုင်နေကြမယ်ဆိုရင် ဘာဖြစ်မလဲ ဆိုတာ မြတ်စွာဘုရားက ဒေသနာတော်တစ်ခုမှာ ပေးထားတာရှိတယ်။
ဇယံဝေရံ ပသဝတိ၊ ဒုက္ခံ သေတိ ပရာဇိတော။
ဇယံ အနိုင်ရတဲ့သူက ဝေရံ ပသဝတိ ရန်များ တယ်။ နိုင်သူရန်များ တဲ့။ နိုင်တယ် ဆိုလို့ရှိရင် ငါ အနိုင်ရတယ်ဆိုပြီး အေးတာမဟုတ်ဘူး၊ ရှုံးတဲ့သူက ကျေနပ်ပါ့မလား။ အေး ..ဘာပဲဖြစ်ဖြစ် ပြိုင်လာလို့ ရှိရင် ရှုံးတဲ့သူက မကျေနပ်ဘူး။
မြတ်စွာဘုရားကဟောတာ ဇယံ ဝေရံ ပသဝတိ၊ ဇယံ အောင်နိုင်တဲ့ ပုဂ္ဂိုလ်က ဝေရံ ပသဝတိ ရန်ငြိုးကို ရတယ်။ ရန်သူတွေ ပေါလာတယ်။ မကောင်းတဲ့ဘက်က ယှဉ်ပြိုင်မှုဟာ အလွန်အန္တရာယ် များတယ်ပေါ့။ ဒီထဲမှာ ယှဉ်ပြိုင်မှုမှာ စိတ်ကောင်း မရှိဘူးဆိုရင် ပိုပြီးတော့ဆိုးတယ်။
ဘုန်းကြီးတို့ လွန်ခဲ့တဲ့ (၁၀)နှစ်လောက်က ဒီယှဉ်ပြိုင်မှုနဲ့ ပတ်သက်တဲ့ အဖြစ်အပျက်တစ်ခု ကြားဖူးတယ်။ အမေရိကန်နိုင်ငံမှာ Snow တွေ ကျနေတဲ့အချိန်မှာ စကိတ်စီးပြီးပြိုင်တဲ့ အမျိုးသမီးကို Television ထဲမှာ၊ အားလုံးလည်း မြင်ဖူးကြပါလိမ့်မယ်၊ ရေခဲပြင်ပေါ်မှာ က,တာ။ အဲဒီလို ချန်ပီယံရထားတဲ့ အမျိုးသမီးမှာ နောက်ထပ် သူနဲ့ ယှဉ်ပြိုင်လာတဲ့ အမျိုးသမီးတစ်ဦး ပေါ်လာတယ်။ သူ့ထက်သာတဲ့ အရည်အချင်းတွေ အရိပ်အယောင်တွေ တွေ့လာတဲ့ အခါ ဘာလုပ်သလဲဆိုရင် မှန်ကန်တဲ့နည်းနဲ့ မလုပ်ဘဲနဲ့ မှားယွင်းတဲ့နည်းနဲ့ ဖြေရှင်းတယ်။ လူမိုက်ငှားပြီးတော့ အဲဒီအမျိုးသမီး ခြေထောက်ကို ရိုက်ချိုးခိုင်းတယ်။ ခြေထောက်ကျိုးသွားမှတော့ က,နိုင်ဦးမှာလား။ အဲဒီလို ယှဉ်ပြိုင်မှုတွေမှာ မှားမှားယွင်းယွင်းတွေက လောက ကြီးမှာ အများကြီးရှိတယ်။
အဲဒါကြောင့်မို့လို့ ယှဉ်ပြိုင်တယ်ဆိုတာ ယှဉ်ပြိုင် တိုင်း ကောင်းတာ မဟုတ်ဘူး။ ဘယ်တော့မှ နိဂုံးကို မရောက်နိုင်တဲ့ ယှဉ်ပြိုင်မှုတွေ၊ သံသရာထဲက ယှဉ်ပြိုင်မှုတွေဟာ ကောင်းတဲ့ယှဉ်ပြိုင်မှု တစ်ခုမှ မရှိဘူး။ အဲဒါကြောင့်မို့ မြတ်စွာဘုရားက နိဂုံးဆွဲပြီး တော့ ပြထားတယ်။ ဇယံ ဝေရံ ပသဝတိ၊ ဇယံ အနိုင်ရတဲ့ ပုဂ္ဂိုလ်ဟာ၊ ဝေရံ ပသဝတိ ရန်တွေ များတယ်လို့ ဒီလိုပြောတာနော်။
အေး၊ နိုင်တဲ့သူသာ ရန်များသလားလို့ဆိုတော့ ဒုက္ခံ သေတိ ပရာဇိတော ရှုံးတဲ့သူကလည်း စိတ်ဆင်းရဲတယ်။ ဒါ ဟုတ်တာပဲ။ ရှုံးသွားတဲ့သူက စိတ်အားတွေကျ ညှိုးငယ်နေတာ မဟုတ်လား။ နိုင်တဲ့ သူက ရန်ပွား၊ ရှုံးတဲ့သူက စိတ်ဆင်းရဲ။ ကဲ ဒါဖြင့် ယှဉ်ပြိုင်မှုဟာ ကောင်းတဲ့ရလာဒ် ရှိရဲ့လား။ တကယ် ကျတော့ ကောင်းတဲ့ရလာဒ် မရဘူး ဖြစ်နေတယ်ပေါ့။
ကောင်းတဲ့ရလာဒ် ရနိုင်တဲ့ ယှဉ်ပြိုင်မှုဟာ ဘယ်လို ယှဉ်ပြိုင်မှုလဲ၊ ဒါကိုကြည့်ရမယ်နော်။ ဒီကနေ့ ခေတ် အားကစားလောကမှာ ယှဉ်ပြိုင်နေကြတယ်။ ယှဉ်ပြိုင်မှုကို အကြောင်းပြု ပြီးတော့ ရာဇဝတ်မှုတွေ မဖြစ်ဘူးလား။ ယှဉ်ပြိုင်မှုကို အကြောင်းပြုပြီးတော့ ဘာလုပ်ကြလဲဆိုတော့ ငွေကြေးဓနတွေနဲ့ အလောင်း အစားတွေ လုပ်လာကြတယ်။ အလောင်းအစား လုပ်တယ်ဆိုတာ ပိုက်ဆံရသွားတဲ့သူက ပျော်တာပေါ့။ ကျန်တဲ့သူတစ်ယောက်က စိတ်ဆင်းရဲသွားတယ်၊ ဒုက္ခ ရောက်တယ်။
ဘုန်းကြီးတို့ ငယ်ငယ်တုန်းက မြန်မာပြည်၊ ဧရာဝတီမြစ်ကြောင်းမှာ လှေလောင်းတွေ ယှဉ်ပြိုင်ပွဲ တွေ လုပ်ခဲ့တာရှိတယ်။ လှေပြိုင်ပွဲတို့၊ လှည်းပြိုင်ပွဲတို့ လုပ်ကြတယ်နော်။ အေး .. ယှဉ်ပြိုင်တာတွေကို အကြောင်းပြုပြီးတော့ ဘယ်သူကနိုင်၊ ဘယ်သူကရှုံး၊ သာမန်တင်မထားဘူး။ တောရွာကလူတွေ လောင်း လိုက်ကြတာ၊ လယ်ကွက်ပေါင် လောင်းတဲ့သူ ရှိတယ်၊ အိမ်ပေါင် လောင်းတဲ့သူရှိတယ်။ ရှုံးသွားတဲ့အခါ ကျတော့ အိမ်ပေါ်က ဆင်းပေးရတယ်၊ လုပ်စရာလယ် ရှုံးတယ်။ အဲဒါမျိုးရော မကြားဖူးဘူးလား။ ဒါတကယ် ဖြစ်တာနော်။
ဒီယှဉ်ပြိုင်မှုတွေက အန္တရာယ် မများဘူးလား ဆိုတော့ တကယ့်ကို အန္တရယ်များတယ်။ ကောင်းတဲ့ ရလာဒ်တော့ မဖြစ်ဘူး။ ဟို တဖက်သားကလည်း ကျေကျေနပ်နပ်နဲ့ ပေးလိုက်ရတာမဟုတ်ဘူး။ နိုင်မယ် ထင်လို့ လောင်းတာပဲ၊ ရှုံးသွားတဲ့ အခါကျတော့ ဘယ် ကျေနပ်မလဲ။ ရတဲ့သူကလည်း တကယ်တော့ ဝမ်းသာ စရာ မဖြစ်ဘူးပေါ့။ သူ့မှာ ရန်သူတွေ များလာတယ် ပေါ့။ ရှုံးတဲ့သူက နိုင်တဲ့သူကို ရန်လုပ်လာတယ်။ ဒီလို ယှဉ်ပြိုင်မှုတွေဟာ ဘယ်သူ့ကိုမှ ကောင်းကျိုးပေးတာ မရှိဘူး။ အဲဒီတော့ မှန်ကန်တဲ့ ယှဉ်ပြိုင်မှုမျိုးကို ယှဉ်ပြိုင်ဖို့ လိုအပ်တယ်။ မမှန်ကန်တဲ့ ယှဉ်ပြိုင်မှုမျိုးကို မပြိုင်ဖို့ပဲဖြစ်တယ်။
လောကလူတွေ ယှဉ်ပြိုင်နေတာက မမှန်မကန် ယှဉ်ပြိုင်နေကြတာပဲ များတယ်။ ယှဉ်ပြိုင်သင့်တဲ့ နေရာမှာ မယှဉ်ပြိုင်ဘဲနဲ့ မယှဉ်ပြိုင်သင့်တဲ့ နေရာမှာ ယှဉ်ပြိုင်နေသည့်အတွက်ကြောင့် ပြဿနာတွေ တစ်ခု ပြီးတစ်ခု တက်လာပြီးတော့ ထိုပြဿနာတွေရဲ့ အဖြေကို ရှာမတွေ့ဘဲ မြတ်စွာဘုရား နိဂုံးဆွဲပြသလို နိုင်သူ ရန်ပွား၊ ရှုံးကား စိတ်ဆင်းရဲမှုနဲ့ ကြုံတယ်။ ဒီအကျိုးပဲ ရလိုက်တယ်။
အေး၊ စီးပွားရေးယှဉ်ပြိုင်တယ်၊ လူမှုရေး ယှဉ်ပြိုင် တယ် စသည်ဖြင့် ယှဉ်ပြိုင်မှုမျိုးစုံရှိတယ်။ ဘုန်းကြီးတို့ တစ်တွေ ဘယ်အရာကို ယှဉ်ပြိုင်မှု အကောင်းဆုံးလဲ။ မြတ်စွာဘုရားရဲ့ ပိဋကတ် စာပေတွေမှာ လိုက်ရှာ ကြည့်ရင် ယှဉ်ပြိုင်မှုတွေထဲမှာ ဘယ်ဟာအကောင်းဆုံး လဲ။ ကောင်းတဲ့နိဂုံး ဆွဲနိုင်တဲ့ ယှဉ်ပြိုင်မှုဟာ ဘာလဲ။ မရှိဘူးတော့ မဟုတ်ဘူး၊ ရှိတယ်။
အဲဒီ ယှဉ်ပြိုင်မှုအကြောင်းကို ဘုန်းကြီးတို့ ဒီကနေ့ ပိဋကတ်တော်ထဲကနေထုတ်ပြီးတော့ ဓမ္မလက်ဆောင် အနေနဲ့ ဟောကြားပေးမယ်။ အဲဒီ ယှဉ်ပြိုင်မှုကတော့ တကယ့်ကို ယှဉ်ပြိုင်မှုရဲ့နိဂုံး ဆိုတာဟာ နောက်ဆုံးမှာ ရောက်သွားတယ်။ နောက်ထပ်လည်း ပြိုင်စရာ မရှိ တော့ဘူး။ ရလာဒ်ကလည်း အင်မတန် ကောင်းတယ်။ ငြိမ်းချမ်းမှုနဲ့ အဆုံးသတ်တယ်။
လောကယှဉ်ပြိုင်မှုက ပူလောင်မှုနဲ့ အဆုံးသတ် တယ်။ စိတ်ဆင်းရဲမှုနဲ့အဆုံးသတ်တယ်။ စိတ်ချမ်းသာမှုနဲ့ အဆုံးမသတ်ဘူး။ မှန်ကန်မှုနဲ့ ယှဉ်ပြိုင်တဲ့ ပုဂ္ဂိုလ်တွေ ကျတော့ စိတ်ချမ်းသာမှုနဲ့ အဆုံးသတ်ရတယ်။ နောက်ဆုံးမှာ ယှဉ်ပြိုင်သူ အချင်းချင်းဟာလည်း ကျေနပ်သွားကြတယ်။ တကယ့်ကို ဖက်လှဲတကင်း တစ်ဦးနဲ့တစ်ဦး အမြင်ခြင်းတူပြီးတော့ တကယ့်ကို စိတ်ချမ်းသာမှု ရရှိသွားကြတယ်။ လောကယှဉ်ပြိုင်မှု တွေထဲမှာ ကျန်တဲ့ယှဉ်ပြိုင်မှုတွေအားလုံး ရန်သူအဖြစ် ကျန်နေတာချည်းပဲ။ စိတ်ဆင်းရဲ ကျန်ရစ်တယ်။ ပြဿနာတွေတက် ကျန်ရစ်တယ်။ အခုပြောမယ့် ယှဉ်ပြိုင်မှုကတော့ အဲဒီလို ပြဿနာတွေ မတက်တဲ့ အပြင် နောက်ဆုံးမှာ ယှဉ်ပြိုင်သူအချင်းချင်း ကျေနပ် ပြီးတော့ ယှဉ်ပြိုင်မှုကို အဆုံးသတ်လိုက်ကြတဲ့ အနေ အထားမျိုးကို ရောက်နိုင်တယ်တဲ့။
မြတ်စွာဘုရားက ဘုန်းကြီးတို့ကို ဆုံးမ ဩဝါဒ ပေးထားတဲ့ စကားလေးတစ်ခွန်းရှိတယ်။ ယှဉ်ပြိုင်နိုင်ဖို့ အတွက် တို့တစ်တွေ ကြိုးစားကြရမယ်။ ဘာနဲ့ ပတ်သက်ပြီး ယှဉ်ပြိုင်ရမလဲ။
ဥတ္တရုတ္တရိ ပဏီတ ပဏီတံ ဝါယမမာနာ အနုတ္တရံ ဝိမုတ္တိံ ပဋိလဘိဿာမ သစ္ဆိကရိဿာမ ဧဝံ ဟိ ဝေါ ဘိက္ခဝေ သိက္ခိတဗ္ဗံ လို့ စာပေထဲမှာ ပါတယ်။
မြန်မာလိုကတော့ “ချစ်သားရဟန်းတို့၊ ငါပြောတဲ့ အတိုင်း လိုက်နာကြရမည်။ ယှဉ်ပြိုင်မှုတွေကို လုပ်ကြ ရမယ်။ တစ်ဦးနဲ့တစ်ဦး အဆင့်မြင့်သထက်မြင့်၊ ကောင်းသထက်ကောင်းအောင် ကြိုးပမ်း အားထုတ် ခြင်းဖြင့် နောက်ဆုံး အမြတ်ဆုံး လွတ်မြောက်မှုကို ရရှိသွားအောင် ကြိုးစားကြရမယ်။ ဒါ ယှဉ်ပြိုင်မှုကို ပြောတာ။ အဲဒီတော့မှ ယှဉ်ပြိုင်မှုရဲ့နိဂုံးဆိုတာ တွေ့မယ်။
အဲဒီ နိဂုံးဟာ အေးချမ်းတဲ့နိဂုံးပဲပေါ့။ လောကမှာ ယှဉ်ပြိုင်တဲ့ အနေအထား တစ်ခုဟာ စာပေထဲမှာ မှတ်တမ်းတင်ထားတာရှိတယ်။ တကယ့် အဖြစ်အပျက် ပေါ့။ ခုခေတ်လိုပြောရင် True story ပေါ့။ လုပ်ကြံကာ ပြောထားတဲ့၊ တွေးခေါ်ပြီး ရေးသားထားတဲ့ဟာမျိုး မဟုတ်ဘူး။ တကယ့်အဖြစ်အပျက်တစ်ခု ဖြစ်တယ်။ တကယ့်အဖြစ်အပျက်နဲ့ ပတ်သက်ပြီးတော့ မြတ်စွာ ဘုရားက ဟောကြားထားခဲ့တယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၅၀၀)က ဟောခဲ့တာ ဆိုတော့ အတိတ်အကြောင်းကို ပြန်ကြည့်ကြမယ်။ မြန်မာပြည်မှာဖြစ်ခဲ့တာ မဟုတ်ဘူး။ မြတ်စွာဘုရား လက်ထက်မှာ ဖြစ်ခဲ့တာဆိုတော့ ဒီကနေ့ “အိန္ဒိယ” လို့ခေါ်တဲ့နိုင်ငံမှာ ဖြစ်ခဲ့တာ။ အဲဒီမှာ “ကောသလ တိုင်း” ဆိုတာရှိတယ်။ အိန္ဒိယနိုင်ငံ ရောက်ဖူးတဲ့ ပုဂ္ဂိုလ်တွေ တွေ့လိမ့်မယ်။ ကောသလတိုင်းဆိုတာ ရှိတယ်။ ဒီနေ့ ကာသိတို့၊ ကောသလ တို့ ဆိုတာ ရှိတယ်။ အိန္ဒိယလူမျိုးတွေ အခေါ်နဲ့ကျတော့ ကာသိကို “ကာရှိ“လို့ ခေါ်တယ်။ အဲဒီမှာ မီးရထားဘူတာရုံကြီး ရှိတယ်။ အဲဒီနားမှာ ကောသလတိုင်းကြီးဆိုတာ ရှိတယ်။
အဲဒီ ကောသလတိုင်းမှာ မြတ်စွာဘုရားက ရဟန်းတော်တွေနဲ့ ခရီးဒေသစာရီကြွတယ်။ လမ်းမှာ တောအုပ်ကြီးတစ်ခု တွေ့တယ်။ အဲဒီ တောအုပ်ကြီးထဲမှာ အင်ကြင်းပင်တွေ အများအပြားရှိတယ်။ အဲဒီ အင်ကြင်းတောကို ရောက်တဲ့အခါ မြတ်စွာဘုရားက လမ်းခရီးမှာ ခဏရပ်နားတဲ့အနေနဲ့ လမ်းကြောင်း ကနေ ဘေးဆင်းပြီးတော့ အဲဒီ အင်ကြင်းတောကြီးကို ကြည့်ပြီး မြတ်စွာဘုရားက ရုတ်တရက် ပြုံးလိုက်တယ်။
ဘုရားဆိုတာက အမြဲတမ်း မျက်နှာက တည်တည် တံ့တံ့နေတာ၊ ပြုံးတယ်ဆိုတော့ ဘုန်းကြီးတို့တစ်တွေ သာမန်လူတွေ ပြုံးတာနဲ့တော့ မတူဘူးပေါ့။ မြတ်စွာ ဘုရားက ရယ်ဖို့ဆိုတာ အဝေးကြီးပဲ။ မြတ်စွာဘုရားက ဘယ်တော့မှ ရယ်တယ်ဆိုတာ မရှိဘူး။ ပြုံးစရာ အကြောင်းရှိရင်တော့ ပြုံးတယ်။ အဲဒီလို ပြုံးတဲ့အခါ သွားဖျားလေးတွေ ပေါ်တယ်။ ဒီလောက်လေးပဲ ပြုံးတယ်။ သွားပေါ်ရုံလေးပဲ ပြုံးတယ်။
ဒီလိုပြုံးလိုက်တာကို ဘယ်သူက သတိထားမိ လည်းဆိုတော့ အနီးအပါးမှာ ခစားလုပ်ကျွေးနေတဲ့ အရှင်အာနန္ဒာ မထေရ်က သတိထားမိလိုက်တယ်။ ဒါဖြင့် စဉ်းစားကောင်း စဉ်းစားလိမ့်မယ်။ မြတ်စွာ ဘုရားက ရှေ့ကကြွရင် ရှင်အာနန္ဒာက နောက်ကကြွ၊ သံဃာတွေက နောက်ကတန်းပြီးတော့ လိုက်တယ်။
ရှေ့ကနေ မြတ်စွာဘုရား ပြုံးတော်မူတာကို ရှင်အာနန္ဒာ တို့ ဘယ်လိုသိကြလဲ။ ဘုန်းကြီးတို့တစ်တွေ နောက်က လိုက်သွားရင် ရှေ့ကပြုံးတာ သိပါ့မလား။ ဘယ်သိမလဲ၊ မသိနိုင်ဘူး။
မြတ်စွာဘုရား ပြုံးတာကို ရှင်အာနန္ဒာက နောက်ကလိုက်ပြီး ဘယ်လိုသိသလဲဆိုတော့ မြတ်စွာ ဘုရား ပြုံးလိုက်တာနဲ့ တစ်ပြိုင်နက် အင်မတန် ဖြူဖွေး တဲ့ စွယ်သွားတော်လေးဆူက အဖြူရောင်လေးတွေ ဝင်းကနဲ လက်ကနဲ ပေါ်လာသည့် အတွက်ကြောင့် ရှင်အာနန္ဒာ မြင်လိုက်တယ်ပေါ့။
သာမန်လူတွေရဲ့ သွားက အဲဒီလိုမှ မဖြူတာ။ မဖြူသည့်အတွက်ကြောင့် အရောင်ထွက်ဖို့ နေနေ သာသာ မည်းညစ်ညစ်တောင် ဖြစ်နေတယ်။ ဘယ်လို လုပ် အရောင်ထွက်မလဲ။ ကွမ်းစားထားတဲ့သွား ကြည့်။
ဘုန်းကြီးတို့ ငယ်ငယ်တုန်းက သွားဖြူချင်လို့ ဆားနဲ့တိုက်၊ မီးသွေးခဲနဲ့တိုက်၊ သွားကတော့ ဝါညစ် ညစ်ပဲ။ ဘယ်တော့မှ မဖြူဘူး။ နောက်တော့ ဒကာကြီး တစ်ယောက်က ပြောတယ်။ “ကိုရင်၊ ကိုရင့်သွား တိုက်မနေနဲ့၊ ဘယ်တော့မှ မဖြူဘူးတဲ့။ သဘာဝကိုက ဒီအရောင် လုပ်ပေးထားတာ” တဲ့။။
အသားကဖြူရင် သွားက ဝါညစ်ညစ်လေးနဲ့မှ လိုက်တာ။ အသားကမည်းရင်တော့ သွားကို ဖြူအောင် လုပ်ပေးတယ်။ ကပ္ပလီရဲ့သွားကို ကြည့်လိုက်၊ ဖွေးဆွတ် နေတယ်။ အသားမည်းတဲ့သူကျတော့ သွားက ဖွေးဆွတ်နေတယ်။ တိုက်စရာတောင် မလိုဘူးနော်။
လွန်ခဲ့တဲ့ (၂၀၀၆)ခုနှစ်လောက်က ဘုန်းကြီးတို့ စစ်ကိုင်းမှာ အဘိဓမ္မာသင်တန်း ဖွင့်တယ်။ အဲဒီ အဘိဓမ္မာသင်တန်းဖွင့်တော့ အာဖရိက ဦးပဉ္ဇင်း တစ်ပါး ပါလာတယ်၊ ကြံကြံဖန်ဖန် သူ့အသားရောင်က အားလုံးသိကြတဲ့အတိုင်း အာဖရိကဆိုတာ အသားက မည်းနေတာ။ သူက ယူဂန်ဒါနိုင်ငံက။ ယူဂန်ဒါနိုင်ငံ ဆိုတာ တစ်ခါတုန်းက “အာမင်” ဆိုတဲ့ စစ်ဗိုလ်ကြီး အုပ်စိုးခဲ့တဲ့ နိုင်ငံတစ်ခုပေါ့။ အဲဒီ ဦးပဉ္ဇင်းရဲ့ အသား ကတော့ မြန်မာလူမျိုးတွေ ခေါင်းပေါ်က ဆံပင် အရောင်အတိုင်းပါပဲ။ သို့သော် သူက သဘောကောင်း တယ်။ စကားပြောရင် ရယ်ပြီးတော့မှ ပြောတယ်။ ရယ်လိုက်တာနဲ့ တစ်ပြိုင်နက် သွားတွေက ဖွေးနေ တာပဲ။
ဘုန်းကြီးတို့ ငယ်ငယ်တုန်းက ဒီလို ဖွေးချင်တာ၊ ရကိုမရဘူး။ သူ့ကျတော့ ဖွေးဆွတ်နေတာပဲ။ အဲဒီ ယူဂန်ဒါဦးဇင်းဆိုတော့ ပြောရဦးမယ်။ သူက ချမ်းမြေ့ ရိပ်သာမှာ ရဟန်းခံတယ်။ သူ့ဘွဲ့က “ဗုဒ္ဓရက္ခိတ” တဲ့။ အာဖရိကနိုင်ငံသားက ဘုန်းကြီးဖြစ်တယ်ဆိုတာ အတော်အံဩစရာကောင်းတယ်။ တရားလာအားထုတ် ရင်း ဗုဒ္ဓဘာသာ တရားတော်ကို သဘောကျပြီးတော့ ရဟန်းဝတ်တယ်။ အဲဒီမှာ ဘုန်းကြီးတို့ အဘိဓမ္မာ သင်တန်း တက်တဲ့အချိန်မှာ သူကတစ်ခုမေးတယ်။ သူ ယူဂန်ဒါနိုင်ငံကို ပြန်မယ်တဲ့။ အဲဒီကို ပြန်သွားလို့ရှိရင် အခု မြန်မာပြည်မှာ သံဃာတွေ သင်္ကန်းဝတ်တဲ့ပုံစံက ပုခုံးကြီးတစ်ဖက် ဖော်ထားရတာ ဖြစ်တယ်။ သူတို့ နိုင်ငံမှာ အဲဒီလို ပခုံးကြီးတစ်ဖက်ဖော်ပြီး ဝတ်ထားတဲ့ လူကိုမြင်လို့ရှိရင် “အောက်လမ်းဆရာကြီး” (witch doctor) လို့ ထင်တာ တဲ့။ လူတွေက သိပ်ကြောက်တာ၊ မုန်းတယ်၊ မဟုတ်တဲ့ အတတ်ပညာ တတ်ထားတဲ့ မှော်တွေ၊ ကဝေတွေ အောက်လမ်းဆရာ ဆိုပြီးတော့ လူတွေက မုန်းကြတယ်။ မုန်းလို့ရှိရင် ချောင်းအရိုက် ခံရမှာ ကြောက်ရတယ်။ အဲဒီတော့ တပည့်တော် ဘယ်လိုလုပ်ရမလဲ။ ဆရာတော် အကြံပေးစမ်းပါဦး။
“အေး .. မင်း အိမ်ထဲမှာ လူမမြင်၊ သူမမြင် နေရင်တော့ ဒီလိုနေပေါ့၊ လူမြင်ကွင်း ထွက်မယ် ဆိုရင်တော့ ဒို့ သင်္ကန်းရုံသလို ရုံပြီးမှထွက်။ အဲဒါ ဆိုရင်တော့ မင်းပခုံးတစ်ဖက် မပေါ်တော့ဘူး”။
“ဟာ ဟန်ကျပြီ၊ တပည့်တော် မြို့ထဲ၊ ရွာထဲ သွားရင် သင်္ကန်းရုံပြီးတော့သွားပါ့မယ်“တဲ့။ အဲဒီနောက် သူ ပြန်သွားတယ်။ ပြန်သွားပြီးတော့ ဆောင်းပါးလေး တစ်ပုဒ် ရေးတာကို ဖတ်ရတယ်ပေါ့။
သူ သီဟိုဠ်နိုင်ငံက ဗုဒ္ဓ ရုပ်ပွားတော်တစ်ဆူ ပင့်သွားတယ်။ သီဟိုဠ်မှာ ဗုဒ္ဓရုပ်ပွားတော်ဆိုတာ အဖြူရောင်၊ မြန်မာပြည်က ကျောက်ဆင်းတုလို အရောင်မျိုးပေါ့။ ပလာစတာနဲ့ ပုံသွင်းပြီးတော့ လုပ်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်ဖြစ်တယ်။ အဲဒီ ဗုဒ္ဓ ရုပ်ပွားတော်တစ်ဆူ ပင့်သွားတယ်။ အဲဒီ ဗုဒ္ဓရုပ်ပွားတော်ကို သူ့မှာပါလာတဲ့ သင်္ကန်းကြီးနဲ့ထုပ်ပြီး အထုပ် ကြီးနဲ့ ယူသွားတာ။ သူတို့နိုင်ငံ ရောက်တဲ့အခါ Custom ကို ဖြတ်ရတယ်။
Custom ဆိုတာ ဘာတွေပါတုန်း စစ်ဆေးတဲ့ လူတွေပေါ့။ အကောက်ခွန်ဌာနက သူ့အထုပ်ကို ဖြေခိုင်းတာပေါ့။ ဖြေခိုင်းတဲ့အခါကျတော့ ဗုဒ္ဓ ရုပ်ပွားတော်ကြီးကိုတွေ့တော့ သူတို့က ဘုရားရုပ်ထု ကို မသိဘူး။ “မင်း ဒီနတ်ရုပ်ကြီးကို ဘာလို့ယူလာ တာလဲ” လို့ မေးသတဲ့။ သူက ရှင်းပြရတယ်၊ “ဒါက နတ်ရုပ်မဟုတ်ပါဘူး၊ ဗုဒ္ဓရုပ်ပွားတော်လို့ ခေါ်တယ်။ ဗုဒ္ဓဘာသာတွေ ကိုးကွယ်တဲ့ ဗုဒ္ဓရုပ်ပွားဆင်းတုတော်” ဆိုတော့ ဒါဆို ယူသွား၊ ယူသွားလို့ပြောတယ်။
ဗုဒ္ဓဘာသာကလည်း အဲဒီနိုင်ငံမှာ ရှိတာ မဟုတ် ဘူး။ ဘယ်သူ့ကို အရင်စည်းရုံးရသလဲဆိုရင် သူ့ အမေကို အရင်စပြီး စည်းရုံးရတယ်။ သူတို့အားလုံး ကလည်း တခြားဘာသာဝင်တွေပါ။ သူတစ်ယောက် တည်း ဗုဒ္ဓဘာသာဝင် ဖြစ်လာတာ။ အိမ်ရောက်တဲ့ အခါ ဒီအရုပ်ကြီး တင်လာတော့ ဟိုလူ မျက်စောင်းထိုး၊ ဒီလူ မျက်စောင်းထိုးနဲ့။ သူက ဗုဒ္ဓရုပ်ပွားတော်ကြီးကို သူ့အခန်းထဲမှာ ထားပြီးတော့ ကိုးကွယ်တယ်။
သူ့အမေကတော့ သူ့အပေါ်မှာ သံယောဇဉ် ရှိတာကိုး။ မိဘဆိုတာ သားသမီးအပေါ်မှာတော့ သံယောဇဉ်ရှိတာပေါ့။ အဲဒီတော့ သူ့ဘဝအကြောင်း တွေကို ရှင်းပြ၊ တရားဓမ္မပြပြီး စည်းရုံးတဲ့အခါ ကျတော့ သူ့အမေက တဖြည်းဖြည်း စိတ်ပါလာပြီး တော့ ဗုဒ္ဓဘာသာဘက် ပြောင်းလာတယ်။ သူ့ညီမ တွေ၊ အားလုံးဟာ အမည်းတွေပဲပေါ့။ တဖြည်းဖြည်း စည်းရုံးလိုက်တာ သူ့အိမ်က မိသားစု ဗုဒ္ဓဘာသာဝင် ဖြစ်သွားပြီတဲ့။ လွယ်လွယ်ကူကူနဲ့ ဗုဒ္ဓဘာသာဖြစ်ရတာ မဟုတ်ဘူး။ သူအဲဒီလို စည်းရုံးပြီးတော့ သူ့မိသားစု ကနေ စပြီးတော့ ဗုဒ္ဓဘာသာဝင်ဖြစ်အောင် ကြိုးစား တယ်။
အဲဒီနောက်တော့ ဒီကိုယ်တော်နဲ့ မတွေ့ရသေး ဘူးပေါ့။ ဒီကနေ့အထိ မတွေ့ရသေးဘူး။ သူ့ဘွဲ့က ဗုဒ္ဓရက္ခိတဆိုတော့ ဘုန်းကြီးကလည်း အားပေးလိုက် ပါတယ်။ “မင်းဟာ ဗုဒ္ဓရက္ခိတ ဆိုတော့ You wil be protect by the Buddha မင်းကို ဘုရားက စောင့်ရှောက်မှာပါကွာ၊ မပူပါနဲ့”။
သူ့နိုင်ငံက ဗုဒ္ဓဘာသာမဟုတ်တော့ သူ အန္တရာယ် ကင်းအောင် ဘယ်လို လုပ်ရမလဲ။ “မင်း ဘာမှမလုပ်နဲ့ မေတ္တာသာပို့၊ မေတ္တသုတ်ရလား“၊ “ရတယ်” တဲ့။ “အေး..မေတ္တသုတ်ရွတ်။ မရရင် ဣတိပိတော ရွတ်၊ ဘာမှ မရဘူးဆိုရင် နမောတဿ ရွတ်”။ အဲဒီလို ပြောလိုက်တယ်။ သူ့မိသားစုကိုတော့ သူစည်းရုံးလို့ ရပြီပေါ့။ တဖြည်းဖြည်း ဗုဒ္ဓဘာသာဖြစ်အောင် ကြိုးစား တယ်။
အဲဒီတော့ ဆက်ရအောင်၊ မြတ်စွာဘုရားရဲ့ သွားတော်ကျတော့ စိန်အစစ်လို ဖြူဖွေးတာ။ စိန် ဆိုတာ အင်မတန်ဖြူသည့်အတွက်ကြောင့် အပြင် ဘက်က အလင်းရောင် မဟပ်ဘဲနဲ့ကို လက်လက် လက်လက်နဲ့၊ အလင်းရောင် ဟပ်လိုက်မယ်ဆိုရင် ပိုလက်တာပေါ့။
အဲဒီလို လက်ကနဲ ဝင်းကနဲ အရောင်လေးကို ရှင်အာနန္ဒာမထေရ်မြတ်က မြင်လိုက်တယ်။ အဲဒါကြောင့် မြတ်စွာဘုရား ပြုံးတာကို သိလိုက်တာ ဖြစ်တယ်။ သိတော့ မြတ်စွာဘုရားကို လျှောက်တယ်။ “အရှင်ဘုရားတဲ့၊ ဘုရားရှင်တို့မည်သည် ဘယ်တော့မှ အကြောင်းမဲ့ပြုံးတာ မရှိပါဘူး။ အရှင်ဘုရား ဘာဖြစ်လို့ ပြုံးရသလဲ“ပေါ့။ အရှင်ဘုရား ဒီနေရာကို ကြည့်ပြီး တော့ ပြုံးတာဟာ အကြောင်းတစ်ခု ရှိပါသလားတဲ့။
အဲဒီမှာ မြတ်စွာဘုရားက ဇာတ်ကြောင်းပြန်ပြီး “အာနန္ဒာတဲ့၊ ဟောဒီနေရာကြီးက သမိုင်းဝင်နေရာ ကြီးပေါ့”။
ဘုန်းကြီးတို့တစ်တွေ မေ့လျော့ ပျောက်ကွယ် သွားလို့ပဲ၊ အခု ဒီမြို့က ဘာမြို့လဲ။ ဒဂုံဆိပ်ကမ်းမြို့။ ဒီ ဒဂုံဆိပ်ကမ်းမြို့ဟာ သမိုင်းကြောင်းကို သိမှီလိုက်တဲ့ သူတွေဟာ ဟိုတုန်းက ဘာမြို့တုန်းဆိုတာ ပြောလို့ ရတာပေါ့။ ဒီနောက်ကလည်း ရှင်မွှေးလွန်းနဲ့ မင်းနန္ဒာ တို့ ဇာတ်လမ်းတွေ ရှိတယ်မဟုတ်လား။ သံလျင် ဘက်နဲ့လေ။ အဲဒီတော့ ဒီနေရာမှာ ရှေးဟောင်း သမိုင်း တွေ ရှိမှာပေါ့။ ဟိုးရှေးယခင်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ် အပျက်တွေဟာ ဒီကနေ့လူတွေက သိချင်မှ သိတော့ မှာ။
အဲဒီတော့ ခုနက အင်ကြင်းတောကြီးဟာလည်း တောအုပ်ကြီး ဖြစ်သွားတယ်။ မြတ်စွာဘုရားက ဇာတ်ကြောင်းပြန်ဖော်ပေးတာ။ “အာနန္ဒာ တဲ့၊ တစ်ချိန် တုန်းက ဟောဒီနေရာမှာ မြို့ကြီးရှိခဲ့တယ်”။ (ဒီနေရာ ကလည်း ဥက္ကလာပမင်းကြီးတို့ ဘာတို့ ကြီးစိုးတုန်းက ရှိချင်ရှိမှာပေါ့နော်။ သူ့မတိုင်ခင်ကလည်း ရှိချင်ရှိမှာ ပေါ့။) ကဿပမြတ်စွာဘုရား လက်ထက်က ရှိခဲ့တာပဲ။ ကဿပမြတ်စွာဘုရားဆိုတာ ဒီ ဘဒ္ဒကမ္ဘာမှာ ပွင့်တာ။ ဒါကြောင့်မို့ ကဿပ မြတ်စွာဘုရား လက်ထက်က အကြွင်းအကျန်တွေဟာ ဂေါတမ ဘုရားလက်ထက်မှာ တူးဖော်လို့ရနေတာ။
ဘုရားတစ်ဆူနဲ့ တစ်ဆူကြားမှာ မြေကြီးက တစ်ယူဇနာလောက် မြင့်တက်လာတယ်။ ဒါ ဟုတ်တယ်၊ သဘာဝကျတယ်။ ဘာဖြစ်လို့ မြင့်တာဟာ ဖြစ်နိုင်တာတုန်းဆိုတော့ နေ့စဉ်နဲ့အမျှ သစ်ရွက်တွေ ကြွေတယ်၊ အမှိုက်တွေ ပစ်ကြတယ်။ ဒါတွေက တဖြည်းဖြည်း မောက်မလာဘူးလား။ တိရိစ္ဆာန်အသေ တွေ မြှုပ်တယ်၊ လူသေတွေ မြှုပ်တယ်။ ဒါတွေက ဒီအတိုင်း မြေကြီးထဲ ဝင်သွားတာမှ မဟုတ်ဘဲ၊ ဒါတွေက မြေကြီးကို တိုးစေတာဖြစ်တယ်။ သစ်ရွက် တွေကလည်း မြေကြီးကို တိုးလာစေတယ်၊ လူတွေရဲ့ အလောင်းတွေကလည်း မြေကြီးကို တိုးလာစေတယ်။ သတ္တဝါတွေရဲ့ အရိုးတွေကလည်း မြေကြီးကို တိုးလာ စေတယ်။ သစ်ပင်တွေက လဲပြိုကျပြီးတော့ သစ်ကိုင်း ခြောက်တွေတို့၊ သစ်ပင်တွေတို့ ဒါတွေကလည်း မြေကြီးကို မြင့်တက်လာစေတယ်။ ဒါကြောင့်မို့ ဘုရား တစ်ဆူနဲ့ တစ်ဆူကြား အကွာအခြားကို ပြောချင်တယ် ဆိုလို့ရှိရင် မြေကြီးဟာ တစ်ယူဇနာလောက် မြင့်တက် တယ်လို့ ပြောနိုင်တယ်။
ဒါဖြင့် တစ်ယူဇနာဆိုတာ ခုခေတ်မှာ အသုံး မရှိတော့ဘူး။ အသုံးမရှိတော့ တစ်ယူဇနာကို ခုခေတ်နဲ့ ပြောမယ်ဆိုရင် ရှစ်မိုင်နဲ့ ပြောလို့ရတယ်။ တစ်ချို့ ကလည်း ၁၂ မိုင်နဲ့ပြောတယ်ပေါ့။ ရှစ်မိုင်လောက် ဆိုရင် နီးစပ်မယ်ထင်ပါတယ်။ ဒီကနေ့ခေတ် အိန္ဒိယ အတိုင်းအတာတွေနဲ့ ရှေးကသုံးခဲ့တဲ့ယူဇနာနဲ့ နှိုင်းယှဉ် ပြီးတော့ ကြည့်မယ်ဆိုရင် တစ်ယူဇနာ ရှစ်မိုင်ဟာ ပိုပြီးတော့ဖြစ်ဖို့ရာ များတယ်ပေါ့။
အဲဒီတော့ ဘုရားတစ်ဆူနဲ့တစ်ဆူကြား မြေကြီး ဟာ ရှစ်မိုင်လောက် အထက်ကို မြင့်တက်လာတယ် ဆိုတော့ ရှေးဟောင်း ပစ္စည်းတွေဟာ ဒါကြောင့်မို့ မြေကြီးထဲ ရောက်သွားတယ်ပေါ့။ ပြန်ပြီးတော့ တူးဖော် နေကြရတာ။
ကဿပမြတ်စွာဘုရား လက်ထက်က အလွန် စည်ကားခဲ့တဲ့ မြို့ကြီးတစ်ခုဟာ ဒီကနေ့ အပေါ်မှာ သစ်ပင်တွေ ပေါက်နေလို့ သစ်တောကြီးအဖြစ် ရောက် သွားတယ်။ ကကုသန္ဓ မြတ်စွာဘုရားက လေးသောင်း တမ်းမှာ ပွင့်တယ်။ ကောဏာဂမနမြတ်စွာဘုရားက သုံးသောင်းတန်းမှာပွင့်တယ်၊ ကဿပ မြတ်စွာဘုရား က နှစ်သောင်းတန်းမှာ ပွင့်တယ်။ လူ့ရဲ့ အသက် နှစ်သောင်းရှည်တဲ့အချိန်။
ဒီလိုပြောတာ ဖြစ်ပေမယ့်လို့ ဘုရားတစ်ဆူနဲ့ တစ်ဆူဟာ ဆုတ်ကပ်၊ တက်ကပ် ပြီးမှသာ ပွင့်တယ်။ ဘုရားဆိုတာ ဆုတ်ကပ်မှာပဲ ပွင့်တယ်။ တက်ကပ်မှာ မပွင့်ဘူး။ လူတွေရဲ့ အသက်ဟာ ဆုတ်ချည် တက်ချည် ရှိတယ်။ အခု ဒီကနေ့ဟာ ဆုတ်နေတာ။ အဲဒီတော့ တက်တဲ့အချိန်တုန်းကလည်း တက်လာခဲ့တယ်ပေါ့။ ဆိုပါစို့ ကကုသန္ဓမြတ်စွာဘုရား မတိုင်ခင်က လူတွေရဲ့ သက်တမ်းဟာ အသင်္ချေထိအောင် ရှည်တက်သွားတယ်။ ပြီးတဲ့အခါကျတော့ လူတွေ မကောင်းလို့ တဖြည်းဖြည်း ဆုတ်လာတာ အသင်္ချေ ကနေ တစ်သိန်းတမ်း၊ တစ်သိန်းတမ်းကနေ ရှစ်သောင်းတမ်း တဖြည်းဖြည်း ဆုတ်လာလိုက်တာ လေးသောင်းတမ်း ရောက်တဲ့အခါကျတော့ ကကုသန္ဓ မြတ်စွာဘုရား ပွင့်လာခဲ့တယ်လို့ ဒီလိုပြောတာ။ အဲဒီ ကနေ ဆက်ပြီးဆုတ်သွားလိုက်တာ အခုလို ရာတန်းတို့၊ ခုနစ်ဆယ့်ငါးနှစ်တန်းတို့၊ နောက်ဆို ဆယ်နှစ်တန်း ကနေပြီးတော့ လူတွေဟာ ဒုက္ခ၊ သုက္ခတွေ ရောက်ကြ တယ်။ ရောက်တဲ့အခါ တစ်ခါပြန်ပြီးတော့ သတိ သံဝေဂတွေရပြီး ကောင်းတဲ့အကျင့်တွေကို ကျင့်ကြ တယ်။ လူ့ရဲ့ သက်တမ်းဟာ ပြန်တက်သွားတယ်။ ပြန်တက်သွားပြီး တစ်ခါပြန်ဆုတ်လာတယ်။
ပြန်ဆုတ်လာတဲ့အခါမှ သုံးသောင်းတန်း ရောက်တဲ့အခါ “ကောဏာဂမန” မြတ်စွာဘုရား ပွင့်လာတယ်နော်။ အဲဒီလိုပဲ ဆုတ်သွားပြီးတော့ ပြန်တက်လာတယ်။ ပြန်တက်ပြီးတော့ ပြန်ဆုတ်လာတဲ့ အခါ နှစ် နှစ်သောင်းတန်းရောက်တော့ “ကဿပ” မြတ်စွာဘုရား ပွင့်တယ်။ ကဿပမြတ်စွာဘုရားပွင့်ပြီး တော့ ဆုတ်သွားလိုက်တာ ၁၀နှစ်တန်း ရောက်သွား ပြီးတော့မှ တစ်ခါပြန်တက်သွားတယ်။ အသက်တွေ သိပ်ရှည်ပြီးတော့ ဂေါတမမြတ်စွာဘုရား ပွင့်မယ့် အချိန်၊ ဂေါတမမြတ်စွာဘုရားက ပါရမီမပြည့်သေး တော့၊ တကယ်တော့ တစ်သောင်းတမ်းမှာ ပွင့်သင့်ရဲ့ သားနဲ့ မပွင့်ဘူး။ တစ်သောင်းတမ်းလည်း မပွင့်ဘူး၊ ငါးထောင်တမ်းလည်း မပွင့်ဘူး၊ ဆုတ်ယုတ်လာလိုက် တာ နောက်ဆုံး တစ်ရာတမ်းကျမှ ပွင့်တော့တယ်။
တစ်ရာတမ်း အောက်မှာတော့ ပွင့်လို့မရဘူးတဲ့။ တစ်ရာတမ်းအောက်က လူတွေက ခေါင်းမာတယ်။ တရားဟောလို့ မရတော့ဘူး၊ သတ္တိတွေ ပိုကောင်း တယ်တဲ့၊ မကြောက်ဘူးနော်။ အသက်ကလေး တိုပေ မယ်လို့ ခေါင်းမာတယ်။ ဟို အသက်ရှည်တဲ့ လူတွေက တရားဟောလို့ရတယ်။ အသက်တိုတဲ့ လူတွေက တရားဟောလို့ မရဘူး။ တိုတဲ့ အသက်ကလေးကို လုပြီးပျော်တာ။ ကိုရီးယားကား မကြည့်ရ မနေနိုင်ဘူး။
မြင်ဖူးတယ် မဟုတ်လား။ ကြက်ကလေးတွေ စားသောက်ဆိုင် ပို့မလို့ ခြင်းထဲထည့်ထားတာ၊ တွန်တဲ့ အကောင်က တွန်၊ တစ်ကောင်နဲ့တစ်ကောင် ဆိတ်, မလုပ်ကြဘူးလား၊ လုပ်တယ်။ မလျှော့ဘူးနော်။ အဲဒီ လိုပဲ လူတွေကလည်း မလျော့ဘူး။ အဲဒီတော့ တစ်ရာ အောက်ဆိုရင် တရားဟောလို့ မရမှာစိုးလို့ ဂေါတမ မြတ်စွာဘုရားက တစ်ရာတမ်းမှာ ပွင့်လိုက်တာ။
အဲဒီလို တစ်ရာတမ်းမှာပွင့်တော့ ကဿပ မြတ်စွာ ဘုရားနဲ့ အတိုင်းအတာ ဘယ်လောက်ထိ ကွာသွား တုန်းဆိုတော့ မြေကြီးဟာ တစ်ယူဇနာ မြင့်တက် သွားသည်ထိအောင် ကွာခြားသွားတယ်။ မြို့ပြ အဆောက်အဦးတွေ အားလုံးဟာ မြေကြီးအောက် ရောက်ကုန်တယ်။ ဒါကြောင့်မို့လို့ မြတ်စွာဘုရားက အဲဒီနေရာလေးကို ကြည့်လိုက်တော့ သမိုင်းနဲ့ ပတ်သက်ပြီးတော့ မှတ်သားစရာ သွားတွေ့တယ်။ ထူးဆန်းတဲ့အရာလေးတစ်ခုမြင်တယ်ပေါ့။ ဉာဏ်တော် နဲ့ မြင်ရတာ။ ဒါကြောင့်မို့လို့ ပြုံးတော်မူတော့ ရှင်အာနန္ဒာကမေးလို့ ဖြေတာ။ “အာနန္ဒာတဲ့၊ ကဿပ မြတ်စွာဘုရား လက်ထက်တုန်းက ဒီနေရာမှာ တကယ့် ကို စည်ကားတဲ့ မြို့ကြီးဖြစ်ခဲ့တယ်။ လူဦးရေလည်း ထူထပ်တယ်တဲ့။ အဲဒီမြို့ကြီးမှာ ထူးထူးခြားခြား ယှဉ်ပြိုင်တဲ့ ဒကာတစ်ယောက်ရှိတယ်။ သူ့နာမည်က 'ဂဝေသီ' လို့ ခေါ်တယ်။ သူက စည်းရုံးထားတာ သူရဲ့အဖွဲ့ထဲမှာ လူ ၅၀၀ ပါတယ်”
အဲဒီလူဟာ ဘုရားရဲ့ ဥပါသကာ၊ မြတ်စွာဘုရား ကို ကိုးကွယ်တဲ့လူလို့သာ ဆိုရတယ် သူကလည်း ကိုယ်ကျင့်တရားကောင်းတဲ့သူ မဟုတ်ဘူးတဲ့။ အကျင့် သီလ မပြည့်စုံဘူး။ သူ စည်းရုံးထားတဲ့ အဖွဲ့သား ဥပါသကာ ၅၀၀ ဟာလည်းပဲ ကိုယ်ကျင့်သီလ မပြည့်စုံ ဘူးတဲ့။
အနှစ် နှစ်သောင်းတမ်းက လူတွေကို ပြောတာ နော်။ ခုခေတ်ဆိုရင် ပိုဆိုးတာပေါ့။ ကဿပ မြတ်စွာ ဘုရားပွင့်တာ အနှစ် နှစ်သောင်းတမ်း။ အဲဒီအချိန်မှာ ကိုယ်ကျင့်တရား မပြည့်စုံဘူးတဲ့။ ဒါက မူလ အနေ အထား တစ်ခုပေါ့။
အဲဒီမှာ ဂဝေသီ ဆိုတဲ့ ဥပါသကာက စဉ်းစား တယ်။ သူက ခေါင်းဆောင်လေ။ သူ စဉ်းစားပုံလေးက ကောင်းတယ်။ “ဒီလူတွေ ငါ့ကြောင့် ဗုဒ္ဓဘာသာ ဖြစ်ပြီး တော့ ဘုရားတရားကို ကိုးကွယ်လာတယ်။ ငါက လည်း ကိုယ်ကျင့်သီလ မပြည့်စုံဘူး“၊ ငါးပါးသီလ ချိုးချင်ချိုးလိုက်တာပဲ၊ လိမ်ချင်တဲ့အခါ လိမ်လိုက်တာပဲ၊ အရက်ကလေး တွေ့တဲ့အခါ သောက်လိုက်တာပဲ၊ ခြင်ကလေးတွေ့လည်း ဖတ်ခနဲ ရိုက်လိုက်တာပဲ။ ပါဏာတိပါတ ကလည်း မလုံဘူး။ အရောင်းအဝယ် လူလစ်လို့ရှိရင် ယူလိုက်တာပေါ့။ အဒိန္နာဒါနကလည်း မလုံဘူး။ ကာမေသုမိစ္ဆာစာရ၊ မုသာဝါဒ၊ သုရာမေရယ ဒါတွေလည်း မလုံဘူး။ ကိုယ်ကျင့်သီလ မရှိ ကြဘူး “သူက စဉ်းစားတယ်၊ ငါလည်းကိုယ်ကျင့် သီလ မလုံဘူးတဲ့၊ ငါ့အဖွဲသားတွေကလည်း တစ်ယောက်မှ ကိုယ်ကျင့်သီလ မလုံဘူးတဲ့။ အဲဒီတော့ သူတို့နဲ့ငါ တူနေတယ်။ ခေါင်းဆောင်ဆိုတာ မတူသင့်ဘူးတဲ့၊ ငါက တစ်ခုခုတော့သာသင့်တယ်”
ကြည့်နော် သူပြိုင်မယ့် ပြိုင်ပုံ ပြိုင်နည်းလေး။ ခုခေတ်တော့ ဘာပြိုင်တုန်းဆိုရင် ခေါင်းဆောင်လုပ်တဲ့သူက ပိုမိုက်ရတယ်နော်။ အမိုက် ပြိုင်ကောင်း ပြိုင်ရလိမ့်မယ်ပေါ့။ သူက အဲဒီလို မပြိုင်ဘူး၊ စဉ်းစားတယ်။ ငါလည်း သီလ မရှိဘူး၊ သူတို့လည်း သီလမရှိဘူး၊ တူနေတယ်။ ငါက အခု သူတို့ထက်သာမှဖြစ်မယ်။ အဲဒီတော့ သူတို့ သီလ မရှိဘူးဆိုရင် ငါ သီလရှိတဲ့သူဖြစ်အောင် လုပ်မယ် ဆိုပြီးတော့ ငါးပါးသီလကို တိတိကျကျ ဆောက်တည် တယ်၊ ပြီးတော့ သီလရှိတဲ့ပုဂ္ဂိုလ်အဖြစ်ကို ကြေငြာ လိုက်တယ်။
သူ့နောက်က လူတွေလည်း ဟာ၊ တို့ရဲ့ ခေါင်းဆောင်ကြီးကတော့ သီလရှိပြီ၊ တို့လည်း သီလ ရှိအောင်လုပ်မယ် ဆိုပြီးတော့ ဝိုင်းပြီးတော့ ယှဉ်ပြိုင် ကြတာပေါ့။ ဒါက သူ သီလရှိတယ်ဆိုရင် တို့လည်း သီလရှိအောင် လုပ်မယ်ဆိုပြီး ယှဉ်ပြိုင်လိုက်ကြတယ်။ ပြန်ပြီးတော့ တူမသွားပြန်ဘူးလား။ အဲဒီလို တူသွားတဲ့ အခါကျတော့ ဂဝေသီက စဉ်းစားပြန်တယ်။ ငါလည်း သီလရှိ၊ သူလည်း သီလရှိ ဆိုတော့ ခေါင်းဆောင် ဆိုတာ သူများထက်တော့ လက်တစ်လုံးလောက်သာမှ ကောင်းမှာပေါ့။ အခု အရည်အချင်း တူနေသေးတယ် မဖြစ်ဘူး။
ကဲ၊ ငါ အိမ်ထောင်နဲ့မနေတော့ဘူး။ အဗြဟ္မစရိယ သိက္ခာပုဒ်ကို ဆောက်တည်လိုက်တယ်။ ကျန်တဲ့တပည့် တွေကလည်း ဟာ တို့ဆရာကြီးတောင် လုပ်နိုင်သေး တာပဲ၊ ဒို့လည်း အဗြဟ္မစရိယ သိက္ခာပုဒ်ကို ဆောက်တည်ကြမယ်၊ အကုန်လုံး အိမ်ထောင်နဲ့ ခွာကြ မယ်ပေါ့။ ဟော လူငါးရာ ကိုယ်ကျင့်သီလကို တိုးမြှင့် ပြီး ဆောက်တည်လိုက်ကြတယ်။
အဲဒါနဲ့ ဂဝေသီက စဉ်းစားပြန်တယ်။ သူတို့ တွေက ငါနဲ့လိုက်ပြိုင်ကြတယ်။ အကုန်လုံး ငါနဲ့ တူနေ ပြန်ပြီ၊ သူတို့ထက်သာအောင် လုပ်ဦးမယ် ဆိုပြီးတော့ ဘာလုပ်တုန်းဆိုရင် သူတို့က ညနေစာ စားတယ်၊ ငါ ဒီကနေ့ကစပြီးတော့ နေ့လွဲညစာ မစားတော့ဘူး၊ တစ်ထပ်ပဲစားတော့မယ်။ ဝိကာလဘောဇန ရှောင်မယ်၊ မစားတော့ဘူး။ တစ်ထပ်ပဲစားမယ်ဆိုပြီး ကျင့်လိုက် တယ်။ ကျန်တဲ့လူတွေကလည်း လိုက်ပြီးတော့ ယှဉ်ပြိုင် ကြတယ်။ သူတောင် ကျင့်နိုင်သေးတာပဲ၊ ငါတို့လည်း ညနေစာ မစားဘူး၊ ထမင်းတစ်နပ် သက်သာတယ်ဆို အများကြီး အကုန်အကျစရိတ် ကာမိသွားတယ်။ အဲဒီယှဉ်ပြိုင်မှုက မဆိုးဘူးနော်။ တစ်နပ်လျော့လိုက် လို့ရှိရင် တော်တော်လေးကို အိမ်စရိတ် ဖူလုံသွားတာပဲ။ အဲဒီလို မနက်တစ်နပ်ပဲစားမယ်၊ ညနေစာ မစား တော့ဘူးဆိုပြီး အကုန်ရှောင်လိုက်တော့ ဟာ ငါနဲ့ သူတို့နဲ့ တူနေပြန်ပြီ၊ မတူစေရဘူး။ ငါက တိုးမြှင့် ဦးမယ်၊ ဒီကောင်တွေ ငါလုပ်တာ မလုပ်နိုင်အောင် တော့ ငါလုပ်မယ်။
ကဿပ မြတ်စွာဘုရားရှင်ထံကို ဂဝေသီက သွားပြီးတော့ တပည့်တော် ဘုန်းကြီးဝတ်မယ် ဘုရား၊ တပည့်တော်ကို ရဟန်းခံပေးပါလို့ တောင်းဆိုတယ်။ ဆံ၊ မုတ်ဆိတ် ပယ်ပြီးတော့ သင်္ကန်းဝတ်လိုက်တယ် ပေါ့။ ဟိုလူတွေ ဒါတော့ လိုက်မလုပ်နိုင်လောက်ဘူးလို့ သူက တွက်ကောင်းတွက်မှာပေါ့နော်။
ကဲ ဘုန်းကြီးဝတ်လိုက်တယ်။ ဘုန်းကြီးဝတ်ပြီး တော့ ကဿပမြတ်စွာဘုရားရှင်ထံမှာ ကမ္မဋ္ဌာန်းယူပြီး တော့ ကြိုးကြိုးစားစားနဲ့ တစ်ပါးတည်း ဆိတ်ငြိမ်ရာ အရပ်မှာ နိဗ္ဗာန်ကို ဦးတည်ပြီး တရားဓမ္မကို ကျင့်ကြံ ကြိုးကုတ် အားထုတ်လိုက်တာ မကြာခင်ပဲ သူက ရဟန္တာကြီး ဖြစ်သွားတယ်။
သူ့ကိုယ်သူ အကုန်လုံးသိပြီ၊ ငါ့ဘဝဟာ အပြီး သတ်သွားပြီ၊ နောက်ဘဝဆိုတာ ငါ့မှာ မရှိတော့ဘူး။ လုပ်စရာလည်း မရှိတော့ဘူး၊ ကျင့်စရာတွေ ငါကျင့်ပြီး ပြီ၊ လုပ်စရာတွေအားလုံး လုပ်ပြီးသွားပြီ၊ ဒါအတွက် နောက်ထပ် လုပ်စရာတွေ ဘာမှမရှိတော့ဘူး။ သူရဲ့ နိဂုံးကို သူက ကျကျနန မြင်လိုက်တယ်။ အဲဒီအချိန်မှာ သူ့ဘက်က ယှဉ်ပြိုင်မှုဟာ ပြီးဆုံးသွားပြီ။
ကျန်တဲ့လူတွေက သူ့ကိုအားကျတယ်။ ဆရာကြီး တောင် ဝတ်နိုင်သေးတာပဲ ဒို့ ဘာလို့ မဝတ်နိုင်ရ မှာလဲ။ အားလုံး ကတုံးတုံးပြီးတော့ ဘုန်းကြီးဝတ်လိုက် ကြတယ်။ အဲဒီလို ဘုန်းကြီးဝတ်လာတဲ့အခါကျတော့ ခုနက ခေါင်းဆောင်ကြီးလုပ်တဲ့ ဂဝေသီက ရဟန်း ဖြစ်သွားတော့ ခါတိုင်းလိုစိတ်မရှိတော့ဘူး။ ဒီကောင် တွေ ငါနဲ့တူအောင် လိုက်ပြီးတော့ သင်္ကန်း ဝတ်နေ တယ်၊ ငါ သူတို့ထက်သာအောင် လုပ်ဦးမှပဲ ဆိုတဲ့စိတ် မရှိတော့ဘူး။ ဘာရှိလဲဆိုတော့ သူက ငါရ,ထားတဲ့
ဝိမုတ္တိသုခ (happiness of freedom) ပေါ့နော်၊
လွတ်မြောက်တဲ့ချမ်းသာ၊ လွတ်လပ်တဲ့ ချမ်းသာမှုဟာ အင်မတန်မှ ချမ်းသာတယ်။ တခြား ချမ်းသာနဲ့ မတူ ဘူး။ အလုပ်တွေနဲ့ ရှုပ်ပွေပြီးတော့ လူတစ်ယောက် ဟာ မလွတ်မလပ်နေရတဲ့ ဘဝကနေ လွတ်လွတ် လပ်လပ် နေလိုက်ရရင် ချမ်းသာတယ်လို့ မပြောကြ ဘူးလား။ (ပြောကြပါတယ် ဘုရား) လွတ်မြောက်တဲ့ ချမ်းသာဆိုတာ တစ်ခါတစ်ရံ ရလိုက်ကြတယ်ပေါ့။
သို့သော် လူတွေကတော့ လုံးဝ ဒီလို လွတ်လွတ် လပ်လပ် မနေချင်ဘူး။ အတွေးလေးနဲ့မှ နေချင်တာ ကိုး။ အဖော်မရှိရင်မနေတတ်ဘူး။ လူတွေက ပြောကြ တယ်။ ငါတစ်ယောက်တည်းနေတာ၊ ဘယ်ဟုတ်မလဲ၊ သူက အတွေးကလေးနဲ့မှ နေတာကိုး။ လူကိုကြည့်ရင် တော့ တစ်ယောက်တည်းပဲ၊ ဒါပေမယ့် သူက အတွေး လေးနဲ့နေတာ၊ အဖော်ကလေးရှိတယ်၊ စိတ်ကူးယဉ်နေ တာလေ။
အဲဒီတော့ အခု ဝိမုတ္တိဆိုတာ စိတ်ကူးယဉ်နေတာ မဟုတ်တော့ဘူး။ လုံးဝလွတ်လပ်သွားပြီ။ အဲဒီ လုံးဝ လွတ်လပ်သွားတဲ့ ချမ်းသာကို ငါရရှိထားသလို သူတို့ တစ်တွေ ရရှိရင်လည်း ကောင်းမှာပဲတဲ့။ ဟော ဒါက ယှဉ်ပြိုင်မှုကို အဆုံးသတ်သွားတာဖြစ်တယ်။ ယှဉ်ပြိုင်မှု ရဲ့ နိဂုံးသို့ ရောက်လာတယ်။
အဲဒီတော့ သူက ကြိုးစားအားထုတ်ဖို့ တိုက်တွန်း တယ်။ သူ့တပည့်တွေကလည်း သင်္ကန်းဝတ်လာပြီးတဲ့ နောက်မှာ သူ့နည်းတူပဲ ကမ္မဋ္ဌာန်းတရားတွေ ကြိုးစား အားထုတ်လိုက်ကြတာ မကြာခင် သူတို့လည်း ကိလေသာ အာသဝေါတွေ ကင်းကွာပြီးတော့ ရဟန္တာ အရှင်တွေ ဖြစ်သွားတယ်။ အားလုံးဟာ လွတ်မြောက်မှု ဆိုတဲ့အပေါ်မှာ တူညီတဲ့နိဂုံးကို ရရှိသွားကြတယ်တဲ့။
ဒါဖြင့် ဒီလို ဝိမုတ္တိလို့ဆိုတဲ့ ချမ်းသာသုခကို ဘယ်ပုံ ဘယ်နည်းနဲ့ ရတာတုန်း။ ရနိုင်တဲ့ နည်းစနစ်က ဘာလဲ လို့ မေးလို့ရှိရင် ဝိမုတ္တိချမ်းသာကို ရဖို့ဆိုတာ ဝိပဿနာ ကျင့်စဉ်တစ်ခုကို ကျင့်ရမယ်။ အဲဒီတော့ ဝိပဿနာ ကျင့်စဉ် ဆိုတာ ဘာတွေနဲ့ ကျင့်တာတုန်း။ ရိပ်သာတွေ၊ ဘာတွေ သွားတယ်ဆိုတာ ကျင့်နည်းသိဖို့အတွက် သွားတာဖြစ်တယ်။ ကျင့်တာကတော့ ကိုယ့်ဟာကိုယ် ကျင့်ရမယ်။ တရားဆိုတာ ကိုယ့်သန္တာန်ထဲမှာရှိတဲ့ ကောင်းတဲ့အရာတွေကို ထူထောင်တာပဲ။ ကိုယ့်စိတ် ထဲမှာ ဘာတွေဖြစ်နေတုန်း။
ဆိုပါစို့ ဘုန်းကြီးတို့တစ်တွေရဲ့စိတ်ဟာ ရွှေရိုင်းနဲ့ အလားတူတယ်။ ရွှေရိုင်းထဲမှာ အညစ်အကြေးတွေ အများကြီးပဲ ရှိတယ်။ တခြားဓာတ်သတ္တုတွေ ရောပြီး တော့ နေသည့်အတွက်ကြောင့် ဒီရွှေလေးဟာ လက်ကောက်တို့၊ ဆွဲကြိုးတို့ စသည်ဖြင့် ဒါမျိုးတွေ လုပ်လို့မရဘူး။ မရတော့ အဲဒီရွှေလေးကို ပန်းတိမ် ဆရာထံအပ်ပြီးတော့ သန့်စင်ရတယ်။ ဘော်တို့၊ ဂျွတ်တို့၊ သဲတို့ ဒါတွေ အားလုံးကို ထုတ်ပစ်နိုင်ရမယ်။ ရွှေချည်းပဲကျန်အောင်လုပ်ယူရမယ်။ အဲဒီလို ရွှေချည်း ပဲ ကျန်ပြီဆိုရင် လက်ကောက်လေးတွေ လုပ်လို့ရတယ်၊ နားတောင်းလေးတွေ လုပ်လို့ရတယ်။ နန်းဆွဲပြီးတော့ ပုံစံအမျိုးမျိုးနဲ့ လူတွေသုံးစွဲတဲ့ အသုံးအဆောင်တွေ အကုန်လုပ်လို့ရသွားပြီ။
အဲဒီလိုပဲ ဘုန်းကြီးတို့တစ်တွေရဲ့ စိတ်တွေဟာ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ရောမနေဘူးလား။ (ရောနေပါတယ် ဘုရား) မဟာသတိပဋ္ဌာနသုတ်မှာ စိတ္တာနုပဿနာ ဆိုတာ အဲဒါသိအောင်လို့ ကြည့်ခိုင်း တာ ဖြစ်တယ်။ ဘုန်းကြီးတို့တစ်တွေ မကြည့်ဘဲနေရင် သိပါ့မလား။ မသိနိုင်ဘူး။ မြတ်စွာဘုရား ကြည့်ခိုင်းတာ စိတ္တာနုပဿနာ (Contemplation of consciousness) ကိုယ့်ရဲ့ စိတ်ကလေးကို ကိုယ်တိုင်ကြည့်ခိုင်းတာ၊ သူများကို ကြည့်ခိုင်းတာ မဟုတ်ဘူး။
လူတွေက စိတ်တိုမှန်းတော့ သိသားပဲ။ “ငါ့စိတ်ကို သိတယ်နော်၊ လာမစမ်းနဲ့” လို့ဆိုပြီး ဒေါသကိုတောင် အမွှန်းတင်တတ်သေးတယ်။ “ငါ့မာန လာမထိနဲ့” ဆိုပြီး မာနကို ဂုဏ်ယူလိုက်သေးတယ်။
စိတ္တာနုပဿနာ၊ စိတ်ရဲ့ အခြေအနေတွေကို ဆင်ခြင်သုံးသပ်ခိုင်းတာ။ မြတ်စွာဘုရားက မဟာ သတိပဋ္ဌာနသုတ်မှာ ငါ့စိတ်ကလေးမှာ လောဘတွေ ရှိနေသလား၊ ဒေါသတွေ ရှိနေသလား။ ရှိနေတယ် ဆိုရင် မကြာမကြာ ပေါ်လာတာပေါ့။ မရှိဘူးဆိုရင် ဘယ်လိုမှ မပေါ်ဘူးပေါ့။ လောဘဖြစ်နိုင်တဲ့ အနေ အထားတွေ ရှိသလား၊ ဒေါသဖြစ်နိုင်တဲ့ အနေအထား တွေ ရှိသလား၊ မောဟဖြစ်နိုင်တဲ့ အနေအထားတွေ ရှိသလား စသည်ဖြင့် ဆင်ခြင်ရမယ်။ စိတ်ရဲ့ အညစ် အကြေးတွေဆိုတာ ဘုန်းကြီးတို့ရဲ့သန္တာန်မှာရှိတယ်။
အဘိဓမ္မာကျမ်းဂန်မှာ စိတ်ရဲ့ အညစ်အကြေး ဆိုတာကို အကုသိုလ်စေတသိက် (၁၄)မျိုး ဆိုပြီး ပြထားတာရှိတယ်။ “မောဟ” တဲ့- အမှန်မသိတာ။ “အဟိရိက” တဲ့- မဟုတ်တာလုပ်ရမှာကို မရှက်တာ။ “အနောတ္တပ္ပ” တဲ့- အကုသိုလ် လုပ်ရမှာကို မကြောက် တာ။ “ဥဒ္ဓစ္စ“တဲ့ - စိတ်တွေ လွင့်ပျံ့နေတာ၊ စိတ်တွေ မငြိမ်ဘူး လေလွင့်နေတယ်။ ဒါလည်း အကုသိုလ်ပဲ။
“လောဘ” တဲ့ - လိုချင်တယ်၊ တွယ်တာတယ်၊ တပ်မက်တယ်၊ မခွဲနိုင်မခွာနိုင် ဖြစ်တယ်၊ မက်မော တယ်။ “ဒိဋ္ဌိ” မှားယွင်းတဲ့ အယူအဆ။ “မာန” ထိရင် မခံဘူးဆိုတဲ့ မာနတွေ၊ ငါနဲ့ မတန်ဘူး ဆိုတာလည်း မာနပဲ၊ ငါတို့တော့ နားမလည်ပါဘူး ဆိုတာလည်း မာန ပဲ၊ ငါလုပ်နိုင်တယ် ဆိုတာလည်း မာနပဲ၊ ငါမလုပ် နိုင်ဘူး ဆိုတာလည်း မာနပဲ။ မာန ဆိုတာက သူတောင်းစားတောင် ရှိသေးတယ်။
သူတောင်းစား မာန ကြားဖူးတယ် မဟုတ်လား။ သူတောင်းစား တစ်ယောက် တောင်းစားနေတော့ ပိုက်ဆံချမ်းသာတဲ့ လူတစ်ယောက်ကခေါ်ပြီး “မင်း တောင်းစားမနေနဲ့၊ ငါ့ခြံထဲလာပြီးတော့ ရှင်းပေး၊ ငါတစ်နေ့ ဘယ်လောက်ပေးမယ်” ပြောတော့ ဘာပြန် ပြောတုန်းဆိုတော့ “ကျွန်တော်က သူတောင်းစားဗျ၊ ခင်ဗျားအလုပ် မလုပ်နိုင်ဘူး” တဲ့။ ဟုတ်ကဲ့လား၊ သူတောင်းစားမာနကလည်း ရှိသေးတယ်။ ခင်ဗျား ပေးတဲ့လခ ကျုပ်မယူဘူးတဲ့။ ကျုပ်က သူတောင်းစား၊ အလုပ်လုပ်စားတဲ့လူ မဟုတ်ဘူးတဲ့။ တောင်းစားတဲ့သူ။ ဒီလို မာနဆိုတာ ရှိတယ်။
အဲဒီတော့ မာနဟာ အညစ်အကြေးတစ်ခုပဲတဲ့။ ကိုယ့်အရည်အချင်းပေါ်မှာ ကိုယ်အထင်ရောက်တာ ဟာ စိတ်ရဲ့ အညစ်အကြေး တစ်ခုပဲတဲ့။ နောက်ပြီး တော့ “ဒေါသ” မုန်းတီးတယ်၊ ကြောက်ရွံ့တယ်။ ဒေါသဖြစ်လို့ရှိရင် တစ္ဆေကြောက်တယ်၊ သူရဲကြောက် တယ်။ ဒါလည်း ဒေါသပဲ။ မုန်းတီးတယ်၊ စိတ်ဆိုးတယ် ဒါလည်း ဒေါသပဲ။ “ဣဿာ” သူများ ကြီးပွားရင် မနာလိုဘူး။ “မစ္ဆရိယ” ကိုယ် ကြီးပွားသလို သူများကို မကြီးပွားစေချင်ဘူး။ “ကုက္ကုစ္စ” မှားမှားယွင်းယွင်း လုပ်မိတာတွေအတွက် နောင်တရပြီး စိတ်ပူပန် သောက ရောက်နေတယ်။ ဒါတွေက အကုသိုလ်တွေ ချည်းပဲ။
“ထိနမိဒ္ဓ” ကောင်းတဲ့ဘက်မှာစိတ်မပါဘူး၊ တရား နာရရင် ပျင်းတယ်။ ပွဲကြည့်ရရင် စိတ်အားတွေ တက်ကြွတယ်နော်။ ပွဲ ဆိုလို့ရှိရင် တစ်ရက်၊ နှစ်ရက် ကြိုပြီးတော့ ဖျာခင်းထားတယ်။ ကိုယ့်နေရာ လာတိုး လို့ကတော့ ရန်ဖြစ်ဦးမယ်။ အဲဒီတော့ ထိနမိဒ္ဓ ဆိုတာ ကောင်းတဲ့ဘက်ကိုစိတ်အားတွေပျော့ကျပြီး နောက်ဆုံး အိပ်ချင်လာတယ်။ ဒါလည်း အကုသိုလ်ပဲတဲ့။
နောက်တစ်ခုက “ဝိစိကိစ္ဆာ” တဲ့၊ တရားဓမ္မနဲ့ ပတ်သက်ပြီးတော့ “ဒီတရားကျင့်လို့ နိဗ္ဗာန်ရတယ် ဆိုတာ ဟုတ်မယ်မထင်ပါဘူး” တို့၊ ဘာတို့ ဖြစ်လာ တယ်ပေါ့။ နောင်ဘဝဖြစ်တယ် ဆိုတာရော ဟုတ်ပါ့ မလားလို့ဆိုပြီး အတွေးတွေ ရောက်လာတယ်ပေါ့။ ဒါတွေအကုန်လုံး စိတ်ရဲ့ အညစ်အကြေးတွေလို့ ခေါ်တယ်။
အဲဒီ စိတ်အညစ်အကြေးတွေရှိနေသမျှ ဘုန်းကြီး တို့တစ်တွေရဲ့ စိတ်ဟာ ခုနက ဝိမုတ္တိ ဆိုတာကို ဘယ်လိုမှ မရနိုင်ဘူး။ ဝိမုတ္တိနဲ့ အလှမ်းဝေးနေမှာပဲ။ ခုနက ရွှေထဲမှာ ဘော်တို့၊ ဂျွတ်တို့ ရောနေတဲ့အခါ မသန့်စင်သေးတဲ့ရွှေဟာ လက်ဝတ်,လက်စား လုပ်လို့ မရသလိုပဲတဲ့။ ဘုန်းကြီးတို့တတွေရဲ့ သန္တာန်မှာရှိတဲ့ စိတ်မှာ ဟောဒီ အညစ်အကြေးတွေကို ထုတ်မပစ်နိုင် ဘူး ဆိုလို့ရှိရင် ခုနက ဂဝေသီတို့ ရသွားတဲ့ ဝိမုတ္တိ အရသာကို မရနိုင်ဘူး။
အဲဒီတော့ “ဝိမုတ္တိသုခ” ရချင်လို့ရှိရင် ဒါတွေကို ထုတ်ပစ်ရမယ်။ အဲဒါကို ဘာနဲ့ထုတ်ရမလဲဆိုရင် ကိုယ့်ခန္ဓာကိုယ်မှာရှိတဲ့ ရုပ်နဲ့နာမ်ကို ကြည့်လိုက်ပေါ့။ အိပ်ရာထဲ အိပ်နေတဲ့အချိန်မှာ ပြန်စဉ်းစားကြည့်ပေါ့။ ခြေထောက်တွေ၊ လက်တွေ၊ ခန္ဓာကိုယ်ကြီးတစ်ခု ရှိတယ်။ အိပ်ရာထဲ လှဲအိပ်နေလို့ရှိရင် အောက်က အိပ်ရာကြီးကလည်း ငါ့ပေါ်မှာ လူတစ်ယောက် အိပ်နေ တယ်လို့ သိပါ့မလား။ ဒါဖြင့် အိပ်ရာပေါ် တက်တဲ့အခါ မှာ ဂျွတ်ဂျွတ် ဂျွတ်ဂျွတ်နဲ့ ဘာလို့မြည်နေတာလဲ။ သိလို့မြည်တာလား၊ မသိဘဲနဲ့ မြည်တာလား။ မသိဘဲနဲ့ မြည်တာ။ လူရဲ့ဝိတ်ကြောင့် မြည်သွားတာမဟုတ်လား။ အဲဒီ အိပ်ရာကလည်း ငါ့ပေါ်မှာ လူတစ်ယောက် တက်အိပ်နေတယ်လို့ မသိဘူး။
ဘုန်းကြီးတို့ သန္တာန်မှာရှိတဲ့ ရုပ်ခန္ဓာကိုယ်ကြီး ကလည်း ငါ အိပ်ရာပေါ်မှာ လှဲအိပ်နေတယ်လို့ မသိ ဘူး။ ခေါင်းကလည်း ခေါင်းအုံးနဲ့ ထိနေတယ်လို့ မသိ ဘူး။ သိတာက စိတ်က သိနေတာ။ နာမ်တရားက သိနေတာဖြစ်တယ်။ အဲဒီတော့ ဘုန်းကြီးတို့တစ်တွေရဲ့ သန္တာန်မှာ ရုပ်နဲ့နာမ် ဒီနှစ်မျိုးပဲရှိတယ်။ “မသိတာက ရုပ်၊ သိတာက နာမ်” နှစ်ခုပဲရှိတယ်။ အဲဒီနှစ်ခု ပေါင်း စပ်ပြီးနေတဲ့ သဘောလေးကို သိလာပြီဆိုလို့ရှိရင် ဒါရုပ်နဲ့ နာမ်နဲ့ သိတယ်ခေါ်တယ်။
ခါတိုင်းမှာ “သူ“လို့ပဲသိတယ်၊ “ငါ“လို့ပဲသိတယ်။ “ယောကျ်ား“လို့ သိတယ်၊ “မိန်းမ“လို့ သိတယ်။ အဲဒီ အသိကို ကျော်လွန်ပြီးတဲ့အခါမှာ ဩော် ရုပ်နဲ့နာမ် ဒီနှစ်မျိုးပဲ ရှိတာပါလားလို့ သိလာခြင်းဟာ ခုနက ပြောတဲ့ မသိခြင်းဆိုတဲ့ မောဟကို စတင်ဖယ်ရှား တာပဲပေါ့။ မသိခြင်းဆိုတဲ့ မောဟဆိုတာ သိတာနဲ့ တစ်ပြိုင်နက် ပျောက်မသွားဘူးလား။ အမှောင်ဆိုတာ အလင်းရောက်တာနဲ့ ပျောက်တာပဲလေ။ အကြာကြီး လုပ်ရတာ မဟုတ်ဘူး။ မသိဘူးဆိုသမျှ သိတာလေး ရောက်တာနဲ့ ပျောက်သွားပြီပေါ့။
ခုလို ရုပ်နဲ့နာမ်နှစ်ခု သိလိုက်တာနဲ့ တစ်ပြိုင်နက် တဒင်္ဂအားဖြင့်တော့ မောဟဆိုတဲ့ Impurity စိတ်ရဲ့ အညစ်ကြေးတစ်ခုဟာ နှိမ်ပြီးသား ဖြစ်သွားတယ်။ အဲဒီလိုနှိမ်လိုက်တဲ့အခါ သဘာဝတရားတွေကို သိလာ တယ်။ သိလာတဲ့အခါမှာ မှားယွင်းတဲ့ အယူအဆ ဆိုတာလည်း မလာတော့ဘူး။ မာန်မာန ဆိုတာလည်း မလာတော့ဘူး။ သူ့သဘာဝအတိုင်း သူဖြစ်နေတာ။ တွယ်တာမှုဆိုတဲ့ လောဘကလည်း မလာဘူး။ တွယ်တာမှုဆိုတာ မရှိသည့်အတွက်ကြောင့် ဒီဟာ အတွက် စိတ်ဆိုးတယ် ဆိုတာလည်း မလာတော့ဘူး။ ဟော တဖြည်းဖြည်း စိတ်ထဲမှာရှိတဲ့ အညစ်အကြေး တွေဟာ နားလည်လိုက်တာနဲ့တစ်ပြိုင်နက် လျော့နည်း သွားတယ်ပေါ့။
အဲဒီ နားလည်တာကို ဘာခေါ်သလဲဆိုရင် “သမ္မာဒိဋ္ဌိ” လို့ ခေါ်တယ်၊ မှန်မှန်ကန်ကန် မြင်လိုက် တာ၊ မှန်မှန်ကန်ကန် သိလိုက်တာ။ အမှန်သိလိုက်တာနဲ့ တစ်ပြိုင်နက် ခုနက မှားယွင်းနေတဲ့ အချက်တွေ၊ စိတ်ရဲ့ အညစ်အကြေးတွေဟာ လျော့ကျသွားတယ်။
အဲဒီလို အမြင်မှန်ဖို့အတွက် ဘာလုပ်ရမလဲ။ အမှန်စဉ်းစားတတ်ဖို့ လိုတယ်ပေါ့။ အမှန်မြင်၊ အမှန် စဉ်းစားပြီးတော့ ဘာလုပ်ရမလဲ၊ ကိုယ်ကျင့်တရား ကောင်းအောင် ကြိုးစားရမယ်။
မဂ္ဂင်ရှစ်ပါးမှာ လုပ်ငန်းစဉ်နဲ့ ဖော်ပြထားတာ နံပါတ်(၁) အမှန်မြင်အောင်လုပ်၊ အမှန်မြင်ဖို့အတွက် အမှန်ကြံစည်တွေးတောမှုက အရေးကြီးတယ်ပေါ့။ ဘုန်းကြီးတို့တစ်တွေက မတွေးဘူး။ တွေးတာ ဘာ တွေးတုန်းဆိုတော့ နက်ဖြန်ခါ ဘာဟင်းချက်ရလဲ၊ ဘယ်စျေးသွားပြီး ဘာဝယ်ရမလဲ၊ ဒီဟာပဲတွေးတာ မဟုတ်လား။ လုပ်ငန်းကိစ္စတွေ တွေးမယ်။ တခြား ဟာတွေ တွေးမယ်ပေါ့။ သို့သော် ငါ့သန္တာန်မှာ လောဘ တွေ ရှိနေပါလား၊ ဒေါသတွေ ရှိနေပါလား၊ မောဟတွေ ရှိနေပါလားဆိုတာ တွေးမိရဲ့လား။ မတွေးမိတာ များတယ်၊ ဟုတ်ကဲ့လား။ အဲဒီလို တွေးတာကို meditation လုပ်တယ်လို့ခေါ်တယ်။ တရားအားထုတ် တယ်ဆိုတာ ဒါပြောတာပဲ။ တွေးလိုက်တာနဲ့ တစ်ပြိုင် နက် သူဟာ အမှန်မြင်လာတယ်။ စာလိုပြောရင် သမ္မာဒိဋ္ဌိနဲ့ သမ္မာသင်္ကပ္ပပေါ့။
အဲဒီလို မှန်မှန်ကန်ကန် တွေးတတ်လာပြီဆိုရင်၊ မှန်မှန်ကန်ကန် မြင်လာပြီဆိုရင် ဘာလုပ်ရမလဲ။ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ စကားပြောတာ တွေ ဆင်ခြင်လာပြီ၊ လိမ်ပြောနေရင် အညစ်အကြေး တွေ တက်လာမှာပေါ့။ မဟုတ်တမ်းတရားတွေ လျှောက်ပြောနေရင် စိတ်ရဲ့အညစ်အကြေးတွေ ပိုတိုး လာမှာပေါ့။ ဒါကြောင့်မို့လို့ အဲဒါတွေ မဖြစ်အောင် နှုတ်ကိုထိန်းလိုက်တာ သမ္မာဝါစာ။ ကိုယ်မှုကို ထိန်းလိုက် တာ သမ္မာကမ္မန္တ၊ အသက်မွေးဝမ်းကျောင်းကို သန့်ရှင်း အောင် လုပ်လိုက်တာဟာ သမ္မာအာဇီဝ ပေါ့။ ကိုယ်ကျင့် တရားဘက်က ကောင်းသွားပြီ။
ကိုယ်ကျင့်တရား ကောင်းတယ်ဆိုတာ ခုနက လောဘကို နှိမ်လိုက်တာ၊ ဒေါသကို နှိမ်လိုက်တာ၊ မောဟကို နှိမ်လိုက်တာ ဖြစ်တယ်။ အဲဒီလို နှိမ်လိုက် ဖို့က ဘာနဲ့နှိမ်ရမလဲဆိုရင် သမ္မာဝါယာမ နဲ့ နှိမ်ရမယ် ပေါ့။
သမ္မာဝါယာမ ဆိုတာ မဖြစ်သေးတဲ့ အကုသိုလ် တွေ မဖြစ်အောင် ကြိုးစားတာ။ ဖြစ်ပြီးသား အကုသိုလ် တွေ ဖယ်ရှားဖို့ ကြိုးစားတာဖြစ်တယ်။ မဖြစ်သေးတဲ့ ကုသိုလ်တွေ ဖြစ်လာအောင် ကြိုးစားတာ။ ဖြစ်ပြီးသား ကုသိုလ်တွေ တိုးပွားလာဖို့ ကြိုးစားတာ။ အဲဒီ ကြိုးစားမှုလေးရပ်ကို သမ္မဝါယာမ လို့ ခေါ်တယ်။ အလုပ်ကြိုးစားတာကို ပြောတာမဟုတ်ဘူးနော်။ အမှန် တရားတွေ့ဖို့ အဲဒီ လေးချက်နဲ့ ကြိုးစားတာကို ပြောတာ။
ဆိုပါစို့၊ ဒေါသ ခဏခဏ ထွက်တတ်လို့ရှိရင် ဒေါသမထွက်အောင် ကြိုးစားရမယ်။ မတော်တဆ ဒေါသဖြစ်သွားလို့ရှိရင်လည်း ဖယ်ရှားဖို့ကြိုးစားရမယ်။ မေတ္တာ မပွားဖူးဘူးဆိုရင် ပွားနိုင်အောင်ကြိုးစားရမယ်။ ပွားဖူးတယ်ဆိုရင် တိုးပွားလာအောင် ကြိုးစားရမယ်။ ဒီလို ဆိုလိုတာဖြစ်တယ်။
သမ္မာဝါယာမ ဆိုတဲ့ ကြိုးစားအားထုတ်မှု မှန်ကန် လာပြီ ဆိုတဲ့အခါ ဘာလုပ်ဖို့လိုလဲဆိုရင် အမြဲတမ်း ကိုယ့်ကိုယ်ကို သတိနဲ့စောင့်ကြည့်ဖို့ လိုအပ်လာတယ်။ အဲဒီလိုမလုပ်ဘဲနဲ့ ကြိုးစားအားထုတ်မှုက ဘယ်တော့မှ အောင်မြင်လာမှာ မဟုတ်ဘူး။ အဲဒါကြောင့်မို့လို့ သမ္မာသတိ။
အဲဒီလို သတိထားပြီးတော့ ကြိုးစားအားထုတ် နေတဲ့အချိန်မှာ အရေးကြီးဆုံးက စိတ်ကလေး ငြိမ်ဖို့ ကလည်း လိုအပ်တယ်။ စိတ်ငြိမ်အောင် ကြိုးစားတာ သမ္မာသမာဓိ။ စိတ်ငြိမ်ပြီဆိုရင် မှန်ကန်တဲ့ အတွေး တွေနဲ့ မှန်မှန်ကန်ကန်မြင်မှုဆိုတဲ့ သမ္မာဒိဋ္ဌိ ဟာ ပိုပြီးတော့ ရှင်းရှင်းလင်းလင်းကြီး မြင်လာတဲ့အခါ ခုနက စိတ်ရဲ့အညစ်အကြေးတွေအားလုံးကို ဖယ်ရှား ပစ်နိုင်တဲ့ အနေအထားတစ်ခုကို ရောက်လာတယ်။
စိတ်ရဲ့ အညစ်အကြေးတွေအားလုံး ဖယ်ရှား လိုက်ပြီဆိုရင် စိတ်ကလေးဟာ လွတ်သွားတယ်။ အညစ်အကြေးတွေကနေ လွတ်မြောက်သွားတာကို ပြောတာ။
စဉ်းစားကြည့် ဘုန်းကြီးတို့ ဝတ်ထားတဲ့ အဝတ်အစားတွေဟာ ကြေးစွဲနေတယ်။ အဲဒီ ကြေးစွဲနေတာ တွေဟာ ဆပ်ပြာကောင်းကောင်းနဲ့ ရေကောင်းကောင်း နဲ့ ကြိုးစားပြီးတော့ လျှော်လိုက်မယ်ဆိုရင် ကြေးတွေ ပြောင်မသွားနိုင်ဘူးလား။ အဲဒီသဘောပဲ ဘုန်းကြီးတို့ရဲ့ စိတ်မှာ အညစ်အကြေးတွေ ရှိနေတယ်။ အဲဒီ အညစ် အကြေးတွေကို ခုလို မှန်မှန်ကန်ကန် ဆင်ခြင်စဉ်းစား ခြင်း၊ ကြိုးပမ်းအားထုတ်ခြင်း၊ သတိထားခြင်း၊ စိတ် တည်ငြိမ်အောင် ကြိုးစားခြင်းဖြင့် ဒါတွေကို ဆေးလျှော် ပစ်ဖို့ လိုအပ်တယ်တဲ့။
အဲဒီလို လုပ်လိုက်လို့ရှိရင် စိတ်လေးဟာ ဖြူစင် ဝင်းလက်သွားပြီးတော့ ကိုယ်ထားတဲ့နေရာ ရောက် သွားတာပေါ့။ Freedom ဆိုတာ ဒါကိုပြောတာ။ လွတ်မြောက်သွားတာကို ပြောတာ ဖြစ်တယ်။ အဲဒီလို လွတ်မြောက်သွားပြီ ဆိုကတည်းက လောဘကြောင့် စိတ်ညစ်ရတာ မရှိတော့ဘူး။ ဒေါသကြောင့် စိတ်ညစ် ရတာ မရှိတော့ဘူး။
လောကလူတွေ ဘာနဲ့ စိတ်ညစ်နေကြလဲ။ လောဘကြောင့်လည်းစိတ်ညစ်ရတာပဲ၊ ဒေါသကြောင့် လည်း စိတ်ညစ်ရတာပဲ၊ တွယ်တာမှုကြောင့်လည်း စိတ်ညစ်ရတာပဲ။ စိတ်ညစ်စရာတွေ အများကြီး ဖြစ်လာတယ်။ စိတ်ကလေးမှာ ခုနက စိတ်ညစ်စရာ၊ ညစ်စေတတ်တဲ့ အရာတွေ တစ်ခုမှမရှိဘူးဆိုရင် ဝိမုတ္တိ လွတ်မြောက်ခြင်းလို့ခေါ်တာ၊ လွတ်သွားတာ။ အဲဒီလို လွတ်သွားလို့ရှိရင် သုခ၊ ဘယ်ချမ်းသာနဲ့မှ မတူတဲ့ ချမ်းသာသုခကို ရရှိနိုင်တယ်တဲ့။
ဂဝေသီဆိုတဲ့ ခေါင်းဆောင်လုပ်တဲ့ ဥပါသကာ ကြီးက သင်္ကန်းဝတ်ပြီးတော့ ဟောဒီ ဝိပဿနာတရား အားထုတ်ရင်းက မဂ္ဂင်ရှစ်ပါး အကျင့်တရားကို တိုးမြှင့် ပြီး ကျင့်ကြံကြိုးကုတ် အားထုတ်လိုက်တာ မဂ်လေးပါး၊ ဖိုလ်လေးပါးရပြီး နောက်ဆုံးမှာ အရဟတ္တဖိုလ် ရောက်သွားတဲ့အခါ သူ့ရဲ့သန္တာန်မှာရှိတဲ့ စိတ်အညစ် အကြေးတွေ အားလုံး ကင်းစင်သွားလို့ ဝိမုတ္တိသုခ ဆိုတာ ခံစားရတယ်။
အဲဒီအချိန်မှာ ယှဉ်ပြိုင်မှုဟာ အဆုံးသတ်သွား တယ်၊ မရှိတော့ဘူး။ သူ ရ,သလို ကျန်တဲ့သူတွေလည်း ရစေချင်တယ်။ ယှဉ်ပြိုင်တုန်းကတော့ ကိုယ်ရတဲ့နေရာ မလာခဲ့နဲ့လို့ ပြောတာ၊ ဟုတ်ကဲ့လား။ ကိုယ်ရ,တာမျိုး သူများမရစေချင်ဘူး။ ဒီအဆင့် ရောက်သွားတဲ့အခါ ကျတော့ “ကျန်တဲ့ပုဂ္ဂိုလ်တွေ ငါ ချမ်းသာခံစားရသလို၊ ငါရတဲ့ ဝိမုတ္တိသုခကို သူတို့လည်း ရပါစေ”။ ဒီစိတ် ကလေး ဖြစ်လာတယ်။ ဒါက ယှဉ်ပြိုင်မှုကို အဆုံးသတ် သွားတာ ဖြစ်တယ်ပေါ့။ အဲဒီလို ယှဉ်ပြိုင်မှုဟာ အင်မတန်မွန်မြတ်တဲ့ ယှဉ်ပြိုင်မှုနဲ့ ယှဉ်ပြိုင်လိုက်ကြ တာ။
တောကြီးဖြစ်နေတဲ့ ဒီနေရာမှာ ကဿပ မြတ်စွာ ဘုရား လက်ထက်တော်က စည်ကားခဲ့တဲ့ မြို့ကြီးက ဒီ ဥပါသကာဒကာ ငါးရာရဲ့ ယှဉ်ပြိုင်မှုက နောက်ဆုံးမှာ ရဟန္တာဖြစ်ပြီး ဝိမုတ္တိသုခ ပန်းတိုင်ကြီးကို လှမ်းကိုင် နိုင်သည်ထိအောင် သူတို့ဟာ ယှဉ်ပြိုင်ကြတယ်။ နောက်ဆုံး ယှဉ်ပြိုင်မှုကို အဆုံးသတ်သွားကြတယ်။ အဲဒီ ယှဉ်ပြိုင်မှုကသာလျှင် “အကောင်းဆုံး ယှဉ်ပြိုင်မှု” ဖြစ်ပါတယ်။
ဒါကြောင့်မို့ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ် က အဲဒီသုတ္တန်ရဲ့အဆုံးမှာ “တသ္မာတိဟ ဘိက္ခဝေ ဧဝံ သိက္ခိတဗ္ဗံ” ဒါကြောင့်မို့လို့ ချစ်သား ရဟန်းတို့ ဒီလိုကျင့်ကြရမယ်တဲ့။ “ဥတ္တရုတ္တရိ ပဏီတပဏီတံ ဝါယမမာနာ” ဥတ္တရုတ္တရိ ဆိုတာ သူများထက် သာသထက်သာအောင်၊ ပဏီတပဏီတံ ဆိုတာ ကောင်းသထက်ကောင်းအောင်၊ ဝါယမမာနံ- ကြိုးစား အားထုတ်ခြင်းဖြင့် အနုတ္တရံဝိမုတ္တိသုခံ အကောင်း ဆုံးသော လွတ်မြောက်တဲ့ချမ်းသာကို၊ သစ္ဆိကရိဿာမတို့တစ်တွေ ကိုယ်ပိုင် ရယူနိုင်အောင်၊ မျက်မှောက် ပြုနိုင်အောင် ကြိုးစားကြမယ်လို့ ဒီလိုသာ ယှဉ်ပြိုင် သင့်တယ်၊ ယှဉ်ပြိုင်ရမယ်လို့ မြတ်စွာဘုရားက ဒီ သုတ္တန်မှာ အကောင်းဆုံး ယှဉ်ပြိုင်ခြင်းကို ညွှန်ကြား ဆုံးမပေးတာ ဖြစ်ပါတယ်။
ဒါကြောင့် “ယှဉ်ပြိုင်မှုရဲ့နိဂုံး” ဆိုတာဟာ ရဟန္တာ ဖြစ်မှ နိဂုံးဆွဲနိုင်တာ။ ဒီ့နောက်မှာတော့ ယှဉ်ပြိုင်စရာ မရှိတော့ဘူးတဲ့။ လူတွေရဲ့ ယှဉ်ပြိုင်လိုတဲ့စိတ်ဟာ အရဟတ္တဖိုလ်မှာပဲ အဆုံးသတ်သွားပါပြီတဲ့။
ဒီယှဉ်ပြိုင်မှုက “ဇယံ ဝေရံ ပသဝတိ၊ ဒုက္ခံ သေတိ ပရာဇိတော” ရှုံးတဲ့သူက နိုင်တဲ့သူကို ရန်ပွား ပြီးတော့၊ ရှုံးတဲ့သူက စိတ်ဆင်းရဲတယ် ဆိုတာမျိုး မလာတော့ဘူးနော်။ နှစ်ဦးစလုံးဟာ ကျေနပ်ပြီးတော့ ယှဉ်ပြိုင်မှုတွေကိုအဆုံးသတ်လိုက်ကြတယ်။ ငြိမ်းချမ်းမှု အရသာကို ရရှိသွားကြပါတယ်။
ဒါကြောင့်မို့ တရားချစ်ခင် သူတော်စင် ပရိသတ် အပေါင်းတို့ဟာလည်းပဲ ယှဉ်ပြိုင်မှုရဲ့နိဂုံး ဖြစ်တဲ့ အရဟတ္တဖိုလ်ကို ရောက်ရှိအောင်၊ ဝိမုတ္တိသုခ ရရှိ အောင်၊ တို့တစ်တွေ တစ်ဦးထက်တစ်ဦး သာသထက် သာအောင်၊ မွန်မြတ်သထက် မွန်မြတ်အောင် ကြိုးပမ်း အားထုတ်ခြင်းဖြင့် ဝိမုတ္တိသုခကို အရယူနိုင်ကြပါစေ ကုန်သတည်း။
သာဓု၊ သာဓု၊ သာဓု