မာတိကာသို့ ခုန်သွားရန်

ရတနာ့ဂုဏ်ရည် ဘုရားရှိခိုးဂါထာ

ဝီကီရင်းမြစ် မှ
ရတနာ့ဂုဏ်ရည် ဘုရားရှိခိုးဂါထာ
by မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ
2961ရတနာ့ဂုဏ်ရည် ဘုရားရှိခိုးဂါထာမဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ

ဧဝံ နဝဟိ ဂုဏေဟိ, လောကမှိ ကိတ္တိဗျာပိတံ၊

အတုလံ ဓမ္မရာဇာနံ, ဝန္ဒာမိ တီဟိ သာဒရံ။

ဧဝံ နဝဟိ ဂုဏေဟိ- ဤအရဟတာ, အစလာသည့်, ကိုးဖြာသော ဂုဏ်တော်တို့ဖြင့်။ လောကမှိ- ဘဝဂ်ဆုံးအောင်, ဘုံသုံးဆောင်၌။ ကိတ္တိဗျာပိတံ- သိမ့်သိမ့်တုန်ခပ်, ပဲ့တင်ထပ်မျှ, နှံစပ်ကျော်စောတော်မူထသော။ အတုလံ- သီလခေါင်ထိ, သမာဓိနှင့်, ကြီးဘိပညာ, လွန်ကဲသာ၍, ပြိုင်လာနိူင်းသူ, အတူလည်းရှိတော် မမူထသော။ ဓမ္မရာဇာနံ- သုံးဘုံမကိုဋ်, သုံးထိုက်သရဖူ, သုံးလူသင်းကျစ်, ဓမ္မရာဇ်ထွတ်ထား, ရှင်တော်မြတ်ဘုရားကို။ တီဟိ- လက်အုပ်အဥ္ဖလီ, နူတ်သံချီ၍, ရွှင်ကြည်မနော, သုံးပါးသော ဒွါရတို့ဖြင့်။ သာဒရံ- လေးမြတ်ကြည်ညို, ရိုသေခြင်းရှိသည်ဖြစ်၍။ ဝန္ဒာမိ- ဂုဏ်တော်ထုံမွှမ်း, ပုံတော်မှန်းလျက်, ချီးမွမ်းထောမနာ, ပဏာညွတ်ကျိုး, လက်စုံမိုး၍, ရှိခိုးကန်တော့ပါ၏ဘုရား။

ကြည့်ရူရန် အဓိပ္ပာယ်

၁။ အရဟံဂုဏ်တော်ကိုပင် သဒ္ဒါနည်းအရ “အရဟတာ”ဟုဆိုသည်။

၂။ “ထောမနာ”ကား ချီးမွမ်းခြင်းကိုဟောသော ပါဠိစကား။

၃။ ကိုင်းညွတ်ခြင်း=ရှိခိုးခြင်ကိုဟောသော “ပဏာမ”ပါဠိကိုပင် “ပဏာ”ဟု ဆိုထားသည်။

ဘဝဂ်ဆုံးအောင်, ဘုံသုံးဆောင်၌။ ။ဘုံဘဝတို့၏ အထက်ဆုံးဖြစ်သော “နေဝသညာနာသညာယတန”ဘုံကို “ဘဝဂ်”ဟု ခေါ်သည်၊ ကာမ, ရူပ, အရူပ, ဘုံသုံးဆောင်၏ အဆုံးဘဝဂ်တိုင်အောင် ဘုရားရှင်၏ သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်များသည် သူတစ်ပါးထက် ထိပ်ခေါင်ထိမျှ လွန်ကဲတော်မူပေသည်၊ ထို့ကြောင့် တတ္ထိအများပင် ဘုရားရှင်ကို ပြိုင်လာ နိူင်းလာကြပါသော်လည်း သီလ, သမာဓိ, ပညာဂုဏ်အားဖြင့် တစ်စုံတစ်ယောက်မျှ တူတန်သူ မရှိခဲ့ကြပေ။

သုံးဘုံမကိုဋ်။ ။မင်း မိဖုရားတို့၏ ဦးခေါင်း၌ ဆောင်းအပ်သောအရာကို “မကိုဋ်-သရဖူ”ဟု ခေါ်၏၊ နဖူး၌ ရစ်ပတ်အပ်သော ရွှေပြားကို “သင်းကျစ်” ဘုရားရှင်သည် ဦးထိပ်တင်ကာ ရိုသေရာဖြစ်၍ သုံးဘုံသားတို့၏ မကိုဋ်သရဖူ သင်းကျစ်နှင့်တူစွာ တရားမင်းကြီး ဖြစ်ပါပေသည်။

လက်အုပ်အဥ္ဇလီ။ ။လက်အုပ်ကို ပါဠိလို “အဥ္ဇလီ”ဟုခေါ်၏၊ ကိုယ်ဖြင့် ရှိခိုးကြောင်းဖြစ်သော ကာယဝိညတ်ကို “ကာယဒွါရ”ဟု ခေါ်၏၊ နူတ်ဖြင့်ရွတ်ဆို၍ ရှိခိုးကြောင်း ဝစီညတ်ကို “ဝစီဒွါရ”ဟု ခေါ်၏၊ ကိုယ်နူတ်မပါဘဲ ဘာဝနာပွားသကဲ့သို့ ဘုရားဂုဏ်တော်ကို အာရုံပြုနေသော ကုသိုလ်ဇောစိတ်ကို “မနောဒွါရ”ဟု ခေါ်၏၊ ဂုဏ်တော်အပေါင်းဖြင့် ထုံမွှမ်အပ်သော သက်တော်ထင်ရှား မြတ်ဘုရား၏ ရုပ်ပုံတော်ကို စိတ်ဖြင့်မှန်း၍ နူတ်ဖြင့် ချီးမွမ်းပြီးလျှင် ကိုယ်ဖြင့် ကိုင်းညွတ်ကာ ထိုသုံးဖြာသော ဒွါရတို့ဖြင့် ရှိခိုးပါ၏- ဟူလို။

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၃၀ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။