ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ-ဒု
သစ္စာဖြင့် မိုးရွာပေးခြင်း
၁၂၆၈-ခုနှစ် ဝါကို ပြည်မြို့ ဝိပဿနာကုန်းတောရ၌ ဆိုတော်မူ၏။ ထိုအခိုက် ဟင်္သာတနယ်တွင် နောက်မိုးမသိမ်း၍ လယ်ဧကများစွာ ပျက်စီးရမည့် ကပ်ကြီး ဆိုက်နေစဉ် အင်္ဂလိပ်လူမျိုး ဧရာဝတီမင်းကြီး “မက်ကဆွဲ” က ဆရာတော်ကိုပင့်၍ တရားပွဲလုပ်ရန် အမိန့်ချသည်။
ဆရာတော်လည်း လာရောက်ပင့်သည့် အချိန်မှစ၍ အနှစ်နှစ်ဆယ်ကျော် ရေအလှူ နိဗဒ္ဓဝတ်ကြီးကို နေ့စဉ်ဆင်ခြင်၍ သစ္စာပြုတော်မူလျက် မိုးနတ်သား စသည်တို့ကို မေတ္တာ ပို့တော်မူသည်။ သင်္ဘောဖြင့်ကြွတော်မူရာ ကမ်းလုံးညွတ်မျှ ကြိုဆိုကြ၏။ သင်္ဘော ဆိုက်ကပ်မည်ရှိစဉ် ရုတ်တရက် မိုးဆင်၍ ရွာသွန်းချရာ တစ်နာရီခန့် ကြာလေသည်။ မြစ်လယ်၌ သင်္ဘောကျောက်ချပြီး ဆိုင်းငံ့နေရ၏။ လူတိုင်း အံ့သြမဆုံး ဝမ်းသာမဆုံးကြတော့။ “အနှစ် နှစ်ဆယ်ကျော် ရေဝတ်ကြီး၏ အစွမ်းကွယ့်” ဟုလည်း မိန့်တော်မူသည်။
ထိုအချိန်မှစ၍ မိုးခေါင်ဒေသများအတွက် “မိုးပရိတ်၊ မိုးကမ္မဝါ၊ မိုးအမိန့်တော် ပြန်တမ်း” များ ရေးသားကာ မိမိ၏ သီလ၊ မေတ္တာ၊ သစ္စာ၊ သမာဓိစွမ်းအားဖြင့် သတ္တဝါ များအတွက် မိုးကိုလည်း ရွာသွန်းပေးတော် မူခဲ့ရသည်။ သူတော်ကောင်း ကြီးတို့၏ စွမ်းအားကား လူသာမန်တို့ မယုံကြည်နိုင်လောက်အောင် ကမ္ဘာ့ နိယာမကြီးများကို ချိုးဖောက် ပစ်နိုင်သည်တကား။
သီလက မပေးနိုင်သော ပစ္စည်းဥစ္စာဟူသည် မရှိသကဲ့သို့ ခန္တီ မေတ္တာမနိုင်သော ဘေးရန် ဟူ၍လည်း မရှိစကောင်း။ ထို့ထက် သစ္စာတရားက မပြုလုပ် မစွမ်းဆောင် နိုင်သော အရာဟူ၍ မရှိချေ။
တိရစ္ဆာန်များ၏ သစ္စာဖြင့်ပင် မိုးကိုရွာချစေနိုင်ခဲ့၏၊ လောင်နေသော မီး၊ စီးနေသော ရေကိုပင် ငြိမ်းစေ ရပ်တန့်စေနိုင်ခဲ့သည်။ သစ္စာကား ကမ္ဘာ့နိယာမ၊ အမှန်သဘာဝ တရားကြီး သက်သက်တည်း၊ ပညာမျက်စိဖြင့် ကြည့်လျှင် လူပဓာန မဟုတ်။ မှန်ကန်ခြင်းသာ ပဓာနဖြစ်၏။
သတ္တဝါတို့သည် အကျဉ်းအကျပ် မတွေ့သေးသမျှ အစွမ်းအစများ တုံးကာ ရေသာခို၍ နေတတ်ကြသည်။ မျက်စိ၊ နား၊ နှာ၊ လျှာနှင့် ခန္ဓာကိုယ်ကိုသာ အားကိုးရာဟု ထင်မှားကြသည်။ (ဝါ) ရုပ်ကိုသာ အားကိုးကြကုန်၏။ တစ်သိန်း အားနှင့်ယူ၍ မရသော လွယ်ကူကြီးမားသည့် အားများ ရှိသည်ကိုပင် မယုံကြည်ကြလေ။ တကယ့်ယောဂီ အာဇာနည်ကြီးများပင်လျှင် ဤ လက်နက် ကောင်းများကို တစ်ခါတစ်ရံ မေ့နေတတ်ကြ၏။
အထင်မကြီးသော ဆရာတော်၏ နောင်တ
ယင်းသို့ အနယ်နယ်အရပ်ရပ် လှည့်လည်၍ တရားဟောတော်မူရာ ၁၂၇၇ ခုနှစ် တောင်တွင်းကြီးမြို့ တရားပွဲ၌ ထူးခြားချက်တစ်ခု ရှိခဲ့သည်။ တောင်တွင်းကြီးသား တို့သည် ဆရာတော်အား မိကျောင်းရဲသို့လာ၍ သုံးဆယ့်ငါးမိုင်ခန့် ထမ်းစင်ဖြင့် ပင့်ကြရသည်မှာ သာမည သဒ္ဓါ၊ ဝီရိယမဟုတ်ချေ။
ထို့ကြောင့်လည်း ထို၌ ခုနစ်ညတိုင်အောင် အထူးဟောကြား ချီးမြှင့်၏။ တရား ဟော၍ လေး-ငါးရက် ရှိသောအခါ ဆရာတော် တည်းကျောင်းသို့ ဗိုလ်ကုန်း ဆရာတော် ကြွလာပြီး ဆရာတော်အား ကျေးဇူးတင် ဝန်ခံစကား လျှောက်ထားသည်။
“တပည့်တော် မန္တလေးက ဗိုလ်ကုန်းကျောင်းဘုန်းကြီးပါဘုရား။ မန္တလေး လေးပြင် လေးရပ် ဆရာတော်တရားဟောနေသော်လဲ တစ်ခါမျှ မနာဖူးပါ၊ သူ့လိုငါ့လိုထင်ပြီး “လယ်တီလိုတော့ တို့လဲ ဟောတတ်သားပဲ၊ ဘုရားဟောတဲ့အတိုင်း စာကြည့် ဟောကြရတာ၊ လယ်တီလဲ ဒီစာကလွဲပြီး မဟောနိုင်ပါဘူး” ဆိုပြီး အထင်သေးခဲ့မိ ပါတယ် ဘုရား၊ ယခုမှ အစမ်းသဘော အပြောများလို့ နာကြည့်ရာ တပည့်တော် အထင်တွေ လွဲကုန်ပါပြီ။ ပြစ်မှားမိသည်များကိုလဲ သည်းခံပါဘုရား” ဟု လျှောက်ထားသည်။
ထိုအခါ လယ်တီဆရာတော်က-
“ဗိုလ်ကုန်းဆရာ၊ တပည့်တော်နဲ့ တကွ သတ္တဝါတွေဟာ ကိုယ့်အသိကလေးကို တယ်ပြီး ထင်တတ်ကြတယ်၊ ကိုယ့်အမှား သိတဲ့နေ့ဟာ တိုးတက် ကြီးပွားဖို့ စတဲ့နေ့ပဲ၊ ခု ဒီတောင်တွင်းမှာ ဟောတဲ့ တရားတွေကတော့ လူများစုအတွက် ခြုံပြီး ဟောရတာ။ ခု ဗိုလ်ကုန်းဆရာအတွက်ဆိုရင် သီးခြားဟောရသေးတာပေါ့” ဟု ဆိုကာ သုံးညဆက်၍ ပရိယတ္တိအသိဉာဏ်၊ ပဋိပတ္တိအသိဉာဏ်တို့၏ အတိမ် အနက်ကို ခွဲခြားစိတ်ဖြာ၍ ဗိုလ်ကုန်း ဆရာတော် သိသာအောင် ဟောတော်မူသည်။
“တပည့်တော်လဲ ငယ်ငယ်က ကိုယ့်ဟာကိုယ် တယ်ပြီး အထင်ရောက်တာကလား။ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်အသိလောက်ကို အမှန်ဆုံးဖြတ်ပြီး နေကြပေမယ့် အဲဒီ အသိတွေဟာ တကယ့် ရှပ်ရှပ်ကလေးပဲ။ အမှန်တရား အပုံတစ်ရာပုံ တစ်ပုံတောင် သိတာမဟုတ်ဘူး။
စာချဘုန်းကြီး ဘဝတုန်းက အနက်အဓိပ္ပာယ်သိနေတဲ့ “နမောတဿ” ဟာ သစ်ပင်အောက် ရောက်တော့ ရယ်စရာ ဖြစ်နေတယ်။ ဟိုတုန်းက အနက် ထင်ကြတာက အလုပ်ဖြစ်အောင် ထင်တာမဟုတ်ဘူး၊ ဟောပြောပို့ချလို့ ရရုံလေးပဲ။ ဆားဟာ ငန်တဲ့ အရာဝတ္ထုလို ပြောလို့ ရရုံပဲ။ ပူငန်၊ အေးငန်၊ ချိုငန်၊ ခါးငန်၊ ပေါ့ငန်၊ လေးငန်ဆိုတာတွေ ဘာမှမသိဘူး။
“ဗိုလ်ကုန်းဆရာရေ၊ ပုံရိုင်းရိုင်း ပြောရရင်တော့ စိတ်မနှံ့တဲ့ လူတစ်ယောက်ဟာ ပညာ စီးပွား မရှာနိုင်တဲ့အပြင် တတ်သိထားပြီးတဲ့ ပညာတွေ၊ စည်းစိမ်ဥစ္စာတွေဟာ သူ့ အတွက်ရော သူများအတွက်ပါ တယ်ပြီး အသုံးမဝင်သလိုပဲ။
“လောကမှာ ခြေလက်မနိုင်တဲ့လူ၊ နှုတ်မနိုင်တဲ့လူတွေဟာ ခြေနဲ့၊ လက်နဲ့၊ နှုတ်နဲ့ လုပ်ရမယ့် အလုပ်ကို အကျိုးပြီးအောင် မလုပ်နိုင်ကြသလို စိတ်မနိုင်တဲ့ လူလဲ သည်အတိုင်းပဲ။
“စိတ်နဲ့လုပ်ရမယ့်အလုပ်မှာ အကျိုးပြီးအောင် မလုပ်နိုင်ဘူး။ “ဣတိပိသော” တစ်ပုဒ် ဆုံးအောင်ပင် ဘုရားဂုဏ်တော်၌ စိတ်စိုက်ပြီး မထားနိုင်ကြဘူး။ မထားနိုင်ရင် ပိဋကသုံးပုံ ဆောင်နိုင်ဦးတော့ အကျိုးမပြီးဘူး၊ စိတ်ကိုမနိုင်တဲ့သူကို အရူးလို့ ခေါ်တယ်မဟုတ်လား၊ အဲ .... အရူးဟာ သူ့စိတ်ကို သူမနိုင်တော့ ထမင်း တစ်ပန်းကန်ကိုပင် ပြီးအောင် မစားနိုင်ဘူး။ ဖျက်ဆီးချေမွပြီး ထချင် ထသွားတယ်။ စိတ်အလုပ်ဖြစ်တဲ့ ဘာဝနာအလုပ်ကျမှ ဗိုလ်ကုန်းဆရာတို့ တပည့်တော်တို့ တတွေဟာ ကိုယ့်ထမင်း ကိုယ်မစားနိုင်တဲ့ အရူးလိုပဲဆိုတာ ပေါ်တော့တယ်။
“တစ်နည်းအားဖြင့် ပြောရရင် စိတ်မနိုင်တဲ့လူဟာ ပဲ့မနိုင်တဲ့လှေသူကြီးနဲ့ တူတယ်။ အချိန်မရွေး မြုပ်သွားနိုင်လောက်အောင် လေးလံတဲ့ဝန်တွေကို တင်ပြီး စုန်ဆင်းလာတဲ့ လှေသူကြီးဟာ ပဲ့ မနိုင်လေတော့ အစီးထန်တဲ့ ရေခဲမှာ ရေဆွဲသလို ခံပြီး မျောရတယ်။ ညအခါ ကမ်းစဉ်တစ်လျှောက်လဲ ဘာမှမမြင်ရသလို သံသရာ ဝဲထဲမှာ ဘုရားမပွင့်တဲ့ သုည ကမ္ဘာကြီးတွေနဲ့ တိုးရ၊ နေ့အခါဖြစ်လို့ ဆိပ်ကမ်း တစ်လျှောက် သာယာတာကို မြင်ရပြန်တော့လဲ ပဲ့မနိုင်လို့ ကပ်လို့မရ၊
မျှော်ကာ ကြည့်ကာ ချီးမွမ်းကာနဲ့ သမုဒ္ဒရာထဲ မျောပါသွားရလို ဆိပ်ကမ်းသာတဲ့ သာသနာတော်ကြီးကို တွေ့မြင်ရပေမယ့် သမထဝိပဿနာ မဂ်ဖိုလ်နိဗ္ဗာန် ဆိပ်ကမ်း သို့ မကပ်နိုင်၊ သာသနာကို ကြည်ညိုတဲ့ ဘုရားဒကာ၊ ဘုရားအမ၊ သာမည ရဟန်း စာတတ်ရဟန်း၊ တံဆိပ်တော်ရ ရဟန်းဘဝလောက်နဲ့ သုညကမ္ဘာ သံသရာ ပြင်ကြီးမှာ လွင့်ကာလွင့်ကာ မျောပါနေကြရတာပဲ” စသည်ဖြင့် ဘဝ၏ အာဒီနဝ (အပြစ်) ကို ပြတော်မူ၏။ နောက်ညများတွင် နိဿရဏ (ထွက်ပေါက်) တရား သမထ ဝိပဿနာများကို ဟောတော်မူသည်။
စာတွေ့နှင့်လက်တွေ့ အထင်အားဖြင့် ကွာခြားသည် ထင်ရသော်လည်း တစ်ထပ်တည်း ကျပုံ၊ ပါဠိတော်ကြီးများကို ကြည့်ရာ၌ သဲထဲ ရေသွန်လိုက်သကဲ့သို့ စူးဝင်နက်ရှိုင်းစွာ သိရ ကြည်ညိုရပုံတို့ကို ရှင်းပြတော်မူသည်။ တည်းကျောင်း အတွင်း နှစ်ပါးတည်း ဟောပြော နာယူကြရာ ဗိုလ်ကုန်းဆရာတော်မှာ နာရင်းနာရင်း ကြက်သီးတဖြန်းဖြန်း ထနေ၏။
“လယ်တီဆရာတော်ဟာ တကယ့် အရိယာ ပုဂ္ဂိုလ်ကြီးပါကလား” ဟု လျှပ်ပြက် သကဲ့သို့ အသိဉာဏ် ပေါက်လာ၍ ထပြေးချင်လောက်အောင် ကြောက်လည်း ကြောက်နေသည်။ “အတွေ့ နောက်ကျလေခြင်း” ဟုလည်း နောင်တ ဖြစ်နေ၏။
ဆရာတော်သည် အလုပ်စခန်းနှင့် စပ်၍ ထွက်သက်ဝင်သက်ကို ဦးစွာ မလွတ်တမ်း မှတ်ရန်နှင့် ကမ္မဋ္ဌာန်းရှုပွားနည်းကို ပရိကံ အခြေခံမှစ၍ ဟောတော်မူသည်။ ဓာတ်လေးပါး၊ ဝိညာဏ ဓာတ်ခြောက်ပါး ရှုပုံကိုလည်း အသေးစိတ် ညွှန်ပြသည်။
အာနာပါနဒီပနီ၊ ဘာဝနာဒီပနီ စသော ဒီပနီများသည် တရားအားထုတ်ရာ၌ အနားက ညွှန်ပြနေသည့် အဖော်ကောင်း ဆရာကောင်းကြီးများ ဖြစ်ကြောင်း ကိုလည်း ညွှန်ပြတော် မူလိုက်၏၊
ဗိုလ်ကုန်းဆရာတော်လည်း သီးသန့် တရား သုံးညနာပြီး ဆရာတော်၏ ခြေအစုံကို နဖူးနှင့်တိုက်၍ တောင်းပန်ခြင်း၊ အားကိုးခြင်း၊ ကျေးဇူးတင်ခြင်း စကားများ လျှောက်ထားကာ ကျောင်းသို့ ပြန်လာခဲ့၏။ ကျောင်းသို့ ရောက်လျှင် အသင့် စီမံထားသော သပိတ်တစ်လုံး၊ သုံးထည်သော သင်္ကန်းဖြင့် မိမိပိုင် ကျောင်းတိုက်နှင့် တပည့်သံဃာ ဒကာ ဒကာမများကို စွန့်ခွာ၍ ညတွင်းချင်းပင် တိတ်တဆိတ် တောထွက်တော်မူလေ၏။
ရောဂါ ကယ်တင်ရေး လုပ်ငန်း
ဆရာတော်သည် ၁၂၇၀-ပြည့်နှစ်တွင် မော်လမြိုင်မြို့ ကျိုက်သံလန်တောင်ထိပ် အောင်လံတောင်၌ ဝါကပ်တော်မူ၏။ ထိုအခါ အထက်မြန်မာပြည်၌ ကာလ ဝမ်းရောဂါ၊ ပလိပ်ရောဂါများ အနည်းအကျဉ်း ဖြစ်စပြုနေသဖြင့် “ရောဂန္တရ ဒီပနီ” ကို ရေးသားတော် မူသည်။
သီလ သမာဓိ ခေါင်းပါး၍ သတ္တဝါအများ ဆင်းရဲဒုက္ခ ရောက်နေရသည်ကို မကြည့်ရက်၊ မိမိတတ်နိုင်သည့် ဘက်က ကယ်တင်ရန် ဆန္ဒပြင်းပြတော်မူ၏။ ငယ်စဉ်ကစ၍ ရောဂါခံစားနေရသူများအား အတတ်နိုင်ဆုံး ကူညီခဲ့သူပီပီ ယခုလည်း “အန္တရာယ်ကင်း ကမ္မဝါ၊ အမိန့်တော်ပြန်တမ်း၊ စက်ပရိတ်” စသော ဗုဒ္ဓမန္တန်များ ယုံယုံကြည်ကြည်နှင့် ကပ်ဆိုးကြီးများမှ ကာကွယ်နိုင်ရန် ရေးသားတော်မူခြင်း ဖြစ်၏။
သို့ရာတွင် ဆရာတော်သည် အတုမဲ့ အစွမ်းထက်သော သစ္စာစသော လက်နက်ကောင်း ကြီးများနှင့် ပရိတ်စသော ဗုဒ္ဓမန္တန်များအပေါ် အကြွင်းမဲ့ အားကိုးရမည့်အစား အင်းအိုင် ခလှဲ့ လက်ဖွဲ့ စသည်တို့ကို လက်ခံမိလျက်သား ဖြစ်ခဲ့ရသည်။
စင်စစ် ထိုအတတ်များသည် ဆရာတော်၏ ပင်ကိုယ်ခံယူချက်နှင့် ဆန့်ကျင်လှပေ၏။ ပကတိစိတ်နှင့် မဆီလျော်ခဲ့။ ထိုအချိန်က အချို့ ဝိပဿနာ ယောဂီ ဆရာတော် များက ဆရာတော့် အပေါ်၌ ယုံကြည် ကိုးစားမှု အနည်းငယ် လျော့ပါးခဲ့ကြရ၏။ စွယ်စုံပုဂ္ဂိုလ်ကျော်ကြီး ဖြစ်၍ မလွန်ဆန်ရဲကြး (နိဗ္ဗိန္ဒ ဆရာတော် အခန်းကြည့်ရန်။)
အမွှေဓာတ်တို့၏ သဘောသည် သိမ်မွေ့ ပိရိ၍ သိခက်လှပေ၏။ မည်သို့မျှ မရှောင် မလွှဲသာအောင် ညှပ်ပူးညှပ်ပိတ် ချိတ်ဆက် အကွက်ဆင်၍ ဝင်လာ တတ်သည်။ ထိုသဘောတရားများသည် ယောဂီအများပင် ခွဲခြားသိမြင်နိုင်သည် မဟုတ်။ အလုပ်ခွင် မဝင်သော သူများအတွက် ယုံကြည်ရန် အပြောခက်လှပေ၏။ ထို့ကြောင့် ပရိယတ်တတ်တိုင်း၊ သက်စွန့်ကြိုးပမ်း အားထုတ်တိုင်း ပန်းမဝင်နိုင်ခြင်း ဖြစ်ကြရသည်။
မာရ၏ အင်ပါရာကား ကျယ်ပြောလှ၏။ ထိုအနှောင့်အယှက် အခက်အခဲ လမ်းခွဲများကြောင့်လည်း ဆရာတော်၏ သီလ၊ သမာဓိ ပညာများ ပို၍ကြီးထွားခဲ့၏။ ဆရာတော့်ဝေနေယျလည်း ပို၍ များပြားခဲ့သည်။ ဆရာတော်သည် ထိုအချက်ကို မြင်တော်မူမည်သာ ဖြစ်၏။ ကောင်းမည့် ပုဂ္ဂိုလ်၌ အနှောင့်အယှက်သည် ပို၍ကောင်းရန် တုံးခုပေးသည့်နှင့်သာ တူလေသည်။
ဆရာတော် ရောဂန္တရဒီပနီ ရေးနေစဉ် ယိုးဒယားနယ်စပ်၌ နေသော ရသေ့ဆရာ တစ်ယောက် ရောက်လာ၏။ ဆရာတော် ရောဂန္တရဒီပနီ ရေးသားသည်ဟု ကြားရ၍ ရောဂါ ကုသရာ၌ အလွန်အစွမ်းထက်သော စမ, အင်းတစ်ခု လှူရန် လာခြင်း ဖြစ်သည်။ ထိုအင်းကား ရသေ့ နေသော ရွာကလေး၌ ပလိပ်ရောဂါဖြစ်စဉ် ညအိပ်မက်တွင် လူသူတော် ခုနစ်ယောက်က လာပေးသော အင်းဖြစ်၏။ ထိုအင်းကို ဆောင်ခြင်း၊ ရေစိမ်သောက်ခြင်း စသည် ပြုလုပ်က ရောဂါချက်ချင်း ပျောက်သည်ဟု ရသေ့ကလျှောက်၍ လှူသည်။ ထိုစမအင်းမှာ သက္ကတလို ပြထမ-ပါဠိလို ပထမဖြစ်၍ ပ-ရရစ် ထ-ကို အလယ်၌ ထောင်ထား၏။
ပြည်မြို့ ဝိပဿနာကုန်းတောရ၌ နေစဉ်ကလည်း “တစ်ညတွင် ပြည်မြို့ရှိ သစ်ပင်ကြီးများ အားလုံး မီးလောင်၍ ကိုယ်တိုင် ငြိမ်းသတ်ရသည်” ဟု အိပ်မက် မြင်တော်မူ၏၊ မကြာမီ ပြည်မြို့ တစ်မြို့လုံး ပလိပ်ရောဂါကြီး ကျရောက်လာသည်။ တစ်မြို့လုံး အထိတ်တလန့် နေကြစဉ် ပန်ပဲဆရာ တစ်ဦးက “အိပ်မက်တွင် မြေစောင့်ဘီလူးက ပေးသော နှာနှင့် ဝတ်ဖြူစင်ကြယ် ပုဂ္ဂိုလ်ကြီးကပေးသည် ဆိုသော စက်ကြီး ၁၃-ပါး ဂါထာစုတ်၍ ဆေးကုရာ၌ ကျော်ကြားလျက်ရှိစဉ် ဆရာတော်ထံလာ၍ ပညာလှူသည်။
ထိုအချိန်မှစ၍ ဆရာတော်သည် တရားပွဲကြီးများကိုပင် ရပ်ဆိုင်းကာ အနယ်နယ် အရပ်ရပ်သို့ လှည့်လည်၍ ပလိပ်ကပ်နှင့် ဝမ်းရောဂါများကို မနားမနေ ကာကွယ်ပေးတော် မူရလေ၏။
(၁၂၇၂- ခုနှစ် မှစ၍ ၁၂၇၄ ခုနှစ်ထိ အပူတပြင်း ဆောင်ရွက်ပေးတော်မူသည်။)
၁၂၇၅-ခုနှစ် စစ်ကိုင်းမြို့၌ ပလိပ်ရောဂါ ဖြစ်ရာ ဆရာတော်က အမိန့် တော်ပြန်တမ်း၊ ကမ္မဝါ၊ ပရိတ်များ ဖတ်စေ၍ သေနတ်၊ သံချောင်း၊ သံပုံး၊ ကုလားတက်များကို ကျွက်ကျွက် ညံအောင် တီးစေ၏။ ပရိတ်ချည်၊ သဲများလည်းပေးသည်။ လောက်လေးခွများ ဖြင့်လည်း ပစ်ခတ်စေ၏။ စမလက်ဖွဲ့ကိုလည်း ဝေငှပေးသည်။ ရောဂါ ပျောက်ငြိမ်းလေ၏။ သို့ရာတွင် “တပ်ကြီးတစ်တပ် မြောက်ဘက်သို့ မီးရထား လမ်းအဟိုင်း ချီတက်သွားသည်” ဟု အိပ်မက်မက်ကြသဖြင့် သတင်းကို နားထောင်ရာ မီးရထားလမ်းရှိမြို့ ရွာများ ဆင့်ကာဆင့်ကာ ရောဂါဖြစ်ပွားလေ၏။ အိပ်မက်လည်း ထိုအတိုင်းပင် မြင်မက်ကြသည်။
ဆရာတော် ရွှေဘိုအထိ ကြွရလေ၏။ ရွှေဘိုသို့ကြွသောအခါ ကြိုတင်၍ တစ်မြို့လုံး မောင်းကြော်ငြာစေသည်၊ “တစ်မြို့လုံးရောဂါများကို လယ်တီဆရာတော် မောင်းထုတ်လိမ့်မည်။ မြို့သူမြို့သားများ ငြိမ်ဝပ်အေးချမ်းစွာ နေကြရမည်” ဟူ၏။ ထိုအခါ အမနုဿများသည် “လယ်တီဆရာတော် ကြွလာပြီ၊ ငါတို့ ဒီမှာနေလို့ မဖြစ်တော့ဘူး” ဟု အိပ်မက်ပေးကာ ထွက်သွားကြ၏၊ မောင်းကြော်ငြာရုံမျှဖြင့် ရောဂါများ ပျောက်ငြိမ်းကြ၍ ဆရာတော်အာ အလွန်ချီးကျူးကြည်ညို ကြကုန်၏။ တာဝန်ပိုလေတော့သည်။
ကပ်ရောဂါကြီးသည် နောက်ကလိုက် ရှေ့ကပြေး ဖြစ်နေ၏။ မီးခိုးကြွက်လျှောက် လိုက်၍ နှိပ်နင်းနေရသည်။ နောက်ပိုင်း ၁၂၇၄-ခုတွင် မန္တလေး၊ မိတ္ထီလာ၊ မြင်းခြံ စသည် အနှံ့အပြား ဖြစ်ပွားရာ ရဟန်း သံဃာများပင် ထွက်ပြေး တိမ်းရှောင် နေကြရသဖြင့် မြို့ကြီ ပြကြီးများ သာသနာကွယ်၍ ကျီးလန့်စာစား ဖြစ်ကြရကုန်၏။
ထိုအခါ ဆရာတော်မှာ ပို၍ စိတ်မကောင်း ဖြစ်ရသည်။ တစ်မြို့ပြီးတစ်မြို့ “မပင့်သော်လည်း မနေမနား ကြွတော်မူလေသည်။” မန္တလေးမြို့၌ကား ရောဂါဖြစ်တတ်သော လများတွင် တမင် စောင့်၍ ကာကွယ်တော်မူ၏။
တရားပလ္လင်ထက်မှနေ၍ ဟစ်အော်ကာ “ခွေးအူသံများ ကြားလား၊ နားထောင်ကြ။ လောက်လေးမိုး၊ ခဲမိုးရွာစေမည်။ အိပ်မက် မက်လျှင်လည်း လာပြောကြ။ ဘယ်မြို့ ဘယ်ရွာက မဆို ရောဂါဖြစ်လျှင် ချက်ချင်းလာပင့်ကြဟေ့” ဟု ကြွေးကြော်ဖိတ်ခေါ် တော်မူ၏။
ဆရာတော် ကြွရောက်ရာ မြို့တိုင်း ထူးထူးခြားခြား ရောဂါပျောက်ကင်းသည်ချည်း ဖြစ်သည်။ ထိုသို့ ပျောက်ကင်းသည်မှာ ဆရာတော်၏ သီလ၊ သမာဓိကြောင့်သာ မဟုတ်၊ သိတတ်သော အရွယ်မှစ၍ ဂိလာနများကို သားသမီး ပမာ မရွံမရှာ ပြုစုဆောင်ရွက်ခဲ့သော နိဗဒ္ဓဂိလာနဝတ် ပါရမီ ကုသိုလ်ကြီးကြောင့်လည်း ဖြစ်ပေသည်။
အန္တရာယ်ကင်း ပရိတ်၊ ကမ္မဝါရွတ်ဖတ်မှုနှင့် စပ်၍လည်း ...
“မင်္ဂလာ အလို့ငှာ ရွတ်လျှင် သာယာနာပျော်ဖွယ် ရွတ်ရတယ်၊ အန္တရာယ် ကာကွယ် နှင်ထုတ်ဖို့ ရွတ်တဲ့အခါ ညောင်နာနာ အသံနဲ့ မရွတ်ရဘူးကွယ့်။ ပြတ်ပြတ်သားသား ရဲရဲ တင်းတင်းနဲ့ ငေါက်တန်ငေါက်ပြီး ရွတ်ရတယ်၊ ကမ္မဝါတောင်မှ စက္ကူကမ္မဝါနဲ့ မလုပ်နဲ့။ ရွှေပိန်းချ မန်ကျည်းစေ့ ကမ္မဝါကိုင်ပြီး ရွတ်ရတယ်။ တော်တော့ ဘုတ်တစ္ဆေ ပြေးတာပဲ” ဟု မိန့်တော်မူလေ့ရှိ၏။
ထိုပွဲမျိုးတွင် ဆရာတော် မနှစ်ခြိုက်ဆုံးမှာ နွားသားစားသော ဘုန်းကြီးများ ရွတ်ဖတ်ခြင်း ပင်တည်း။
“ဟေ့ နွားသားစားတဲ့ ပါးစပ်ကြီးနဲ့ “သုဏာတု မေ ဘန္တေ သံယော” ဖတ်လိုက်ရော။ နွားသားနံ့ကြီးက တစ်ခေါ်လောက် ကင်းထောက် သွားလေတော့ ဘီလူးသဘက် တွေက အဲဒီ နွားသားနံ့ကြီးကို မီးခိုးကြွက်လျှောက်လိုက်ပြီး လာရောပေါ့” ဟု လည်း မိန့်တော်မူ၏။ မှတ်သားထိုက်ပေစွာ့။
ဆရာတော်သည် ကပ်ရောဂါကြီးများကို ကာကွယ် နှင်ထုတ်ရာ၌ တိုင်းသူပြည်သား တို့ အားကိုးလောက်အောင် အောင်မြင်တော်မူ၏။ ဝေသာလီပြည် ကပ်ကြီးသုံးပါး ဆိုက်ရောက်စဉ် တစ်ညလုံး ရတနသုတ် ရွတ်၍ ကယ်တင်ခဲ့သော ရှင်အာနန္ဒာ၏ သီလ၊ ကရုဏာ၊ သမာဓိနှင့် ဝီရိယမျိုး ထားတော်မူသည်။ လုပ်တိုင်း ဖြစ်၍ ဖြစ်တိုင်းလည်း လုပ်တော်မူခဲ့၏။
ဆရာတော်ကား ကပ်ရောဂါကြီးများနှင့် လိုက်တမ်း ပြေးတမ်း ကစားရသကဲ့သို့ ဖြစ်နေသည်။ သတ္တဝါတို့အား ကယ်တင်ရခြင်း အလုပ်သည် မွန်မြတ်လှ၏။ လုပ်နိုင်ခဲစွာ့။ ထိုအလုပ်မျိုးသည် ရဟန်းကိစ္စမပြီးသေးသော ယောဂီပုဂ္ဂိုလ်များ အတွက် မွန်မြတ်သော်လည်း မကောင်းချေ။ ဟာနဘာဂိယ (အောက်ဆွဲ) လုပ်ငန်းပင် ဖြစ်ရလေ၏။
အစွမ်းထက်လှသော နူနာ ဆေးနည်းတစ်ခုရ၍ ဖော်စပ်စားရာမှ မိမိမှာ တစ်ဝက် တစ်ပျက်သာ ပျောက်ကင်းဆဲ ပြင်းပြသော ကရုဏာဒဏ် ပိ၍ လူနာလည်းရှိ ငွေကြေးလည်း ပြည့်စုံသဖြင့် နူနာကုဆရာကြီး ထ၍လုပ်သူနှင့် တူသည်ဟု ဆိုရသော် ဘုရားရှင် အာဘော်နှင့် ချွတ်ချော်အံ့မထင်။ ပဋိပတ်အလုပ်ခွင်၌ ယင်းသို့ ရှောင်လွှဲ နိုင်ခက်သော ကွင်းဆက် အပိုတာဝန်များ ကျရောက်လာတတ်သည်ကို မြင်ခဲစွာ့။ ရှောင်နိုင်ခဲစွာ့။ ဆရာကြီးတစ်ဆူ လုပ်လိုသော ယောဂီတို့ကား ကျေနပ်၍ပင် နေတတ်သေးတော့၏။
မာရ်နတ်၏ အင်ပါရာသည် ကျယ်ဝန်း၏။ ပရိယာယ်လည်း ကြွယ်လွန်း၏။ ဘိန်း ပစ်၍- ဖမ်းသောအမှုမျိုးလည် ဆင်တတ်သည်။ ပုံရိုင်းရိုင်း ပြေးလွန်းသောမြင်း ခဲဆွဲ ခံရတတ်သည်။ ကယ်တင်ခြင်း အလုပ်ကို စွမ်းနိုင်ပါလျက် မလုပ်လျှင် ကရုဏာ ရှိရာမရောက်။ လုပ်ပါလျှင်လည်း ပဓာန (ကမ္မဋ္ဌာန်း) အလုပ်ပျက်မည်၊ အစွန်း မလွတ်သော ထောင်ကွက် ဖြစ်၏။
ဘုရားရှင်တို့ကား အစွန်းမလွတ် အကွက်ဆင်ဖမ်းသော ပြဿနာမျိုးကို အရေး ယူတော် မမူခဲ့၊ ဆိတ်ဆိတ်နေခြင်းဖြင့် မဇ္ဈိမပဋိပဒါ သစ္စာလမ်းပေါ်၌ ကြံ့ကြံ့ရပ်တော် မူလေ၏။ အသိဉာဏ် ရှေ့သွားဖြင့် စဉ်းစားကျင့်ကြံကြပါလေ သူတော်ကောင်း တွေတို့။
ဤ၌ အာရုံနိမိတ် အိပ်မက်အထင်အမြင်နှင့်တကွ အင်းအိုင်၊ ခလှဲ့၊ လက်ဖွဲ့၊ မန္တန် စသည်တို့သည် အမှုဆင်၍ တမင်ဖမ်းဆီးကြောင်း ခိုင်မာသည့် သဲလွန်စ သက်သေခံပစ္စည်း များပင် မဟုတ်ပါလော။ ခေါင်းပေါ် မြှောက်တင်ပြီးမှ ကိုင်ပေါက် ခံရခြင်းသည် ထိုင်နေစဉ် တက်နင်းသည်ထက် နာတတ်၏။
ထိုအလုပ်များကို လုပ်ခြင်းအားဖြင့် ပိုမိုကျော်ကြားပြီး ဝေနေယျ အများ အကျွတ် တရား ရမည်ကို မြင်တော်မူ၍သာလျှင် အနှောင့်အယှက်မှန်း သိသော်လည်း ရဲရဲကြီး လက် လုပ်ဆောင်ခြင်း ဖြစ်ပေလိမ့်မည် ဟုသာ ဖြေသိမ့်ရတော့၏။
ဘုရားရှင်အား ကျေးဇူးဆပ်ခြင်း
ဆရာတော်သည် ၁၂၇၉-ခုနှစ်မှစ၍ နယ်လှည့်တရားဟောခြင်း လုပ်ငန်းကြီးကို ရပ်ဆိုင်းတော် မူလေသည်။ ပလိဗောဓ = အနှောင့်အယှက်ကြီး တစ်ခုဟုလည်း သိမြင်တော်မူ၏။ လက်တွေ့၌ ရှောင်လွဲရန် မတတ်သာ ဖြစ်ခဲ့ရသည်။ ဆရာတော်ကား မည်သည့် အလုပ်မဆို မဆုတ်မနစ် ရွပ်ရွပ်ချွံချွံကြီး ဇွဲရှိရှိနှင့် လုပ်ဆောင်တော် မူလေ့ရှိ၏။
အင်ကြင်းမြိုင် တောရ၌နေစဉ် ပထမကျော် ဦးပညာသီဟ (ဦးကြီးဖေ) အား ကိစ္စ တစ်ခုနှင့် စပ်၍ အမိန့်ရှိဖူးသော စကားတစ်ခုကို သတိရမိပေသည်။
“ဟေ့-မောင်ပညာသီဟရ။ အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် ကိုယ်တိုင်ကလဲ ကြိုတင်ပြီး ကြပ်ကြပ်စဉ်းစား၊ အမြော်အမြင်ရှိတဲ့ ပုဂ္ဂိုလ်များနှင့်လဲ တိုင်ပင်၊ မှားတတ်တယ်နော်၊ အေး-စဉ်းစားတိုင်ပင် ပြီးပလား၊ လုပ်ပေတော့၊ လုပ်တော့ဟေ့ စဉ်းစားထားပေမယ့် မှားပြီကွ။ သည်တော့မှ နောက်မဆုတ်နဲ့တော့ဟ။ ဘယ်သူတွေ ဘာပြောပြော ဂရုမစိုက်နဲ့ ၊ စွပ်သာလုပ်၊ မှားလေ−လုပ်လေ လုပ်လေ-မှားလေ။ မှားပစေ၊ လုပ်သာလုပ်။ ဆက်လုပ်ကွ။ လုပ်ရင်းနဲ့ပဲ အမှန်ရလာလိမ့်မယ်” ဟူသတည်း။
“လုပ်ချင်တာလုပ် နောက်မဆုတ်နဲ့။ ဖြစ်ချင်ရာဖြစ် စိတ်မညစ်နဲ့” ဟူသော ဆောင်ပုဒ်ကဲ့သို့ ဆရာတော့် သြဝါဒသည် ဒေါင်ပြင်းလှ၏၊ ထက်လွန်းလှ၏။ ဆရာတော်လည်း အရာရာ၌ ဤခံယူချက် အတိုင်းပင် လုပ်ဆောင်တော်မူလေ့ ရှိသည်။ လုပ်မည်ဟု ဆုံးဖြတ်ပြီးလျှင် အလျော့မပေးတတ်။ အဓိပတိ ယောက်ျား ပေတည်း။ စကားပြောရာ၌လည်း-
“မောင်ဝဏ္ဏိတရ၊ စကားပြောတဲ့ ရေးတဲ့အခါ ပိန်ပိန်ညှော်ညှော်၊ ညောင်နာနာနဲ့ အဆံမပါတဲ့ စကားမျိုး မပြောရ၊ မရေးရဘူးကွယ့်။ တင်းတင်းရင်းရင်း၊ ဝဝလင်လင် တစ်ဆုပ်တစ်ခဲကြီး ပြောရ၊ ရေးရတယ်” ဟု ဆုံးမဖူး၏။
ဆရာတော်သည် ဤအဓိပတိစိတ်ဖြင့် ပြုလုပ်ခဲ့ရာ ဆရာတော်လုပ်သမျှ ကမ္ဘာ့အတိုင်း အတာနှင့်အမျှ ကျယ်ပြန့်ခဲ့သည်။ ကမ္ဘာတစ်ရိုး ဒိုးယိုပေါက်သွား၏။ ပဋိပတ္တိ ရှုထောင့်မှ ကြည့်သော် အချို့လုပ်ငန်းများသည် ပလိဗောဓနှင့် ဝိပဿနုပတ္တိလေသ (ဝိပဿနာ ချေးတက်) ဖြစ်နေသည်ကို ဆရာတော်လည်း သိမြင်တော်မူရာ၏။
၁၂၇၉-ခုနှစ် လယ်တီတိုက်၌ ဝါဆိုတော်မူ၏။ ဝါကျွတ်လျှင် ရင်းနှီးသော တပည့် ဒကာများအား-
“တပည့်တို့၊ ငါသည် အနှစ်နှစ်ဆယ်လုံးလုံး အထက်အောက် မြန်မာပြည် လှည့်လည်၍ သတ္တဝါတွေ ရုပ်နာမ်အလင်းရဖို့ ငဲ့ညှာပြီး တရားဟောခြင်း ပလိဗောဓ အလုပ်ကြီးကို ကိုယ်ကျိုးဖျက် လုပ်ခဲ့ပြီ။ ယခု ငါ့မှာ မြတ်စွာဘုရားရှင်ရဲ့ ကျေးဇူးတော်ကို ဆပ်ရန် ဆန္ဒ ရှိနေသေး၍ ဆိတ်ငြိမ်ရာ ကြေးတွင်းကြီး တောရသို့ ကြွဦးမည်၊ မောင်ဝဏ္ဏိတနှင့် ကပ္ပိယ တစ်ဦးသာ လိုက်ခဲ့ပေတော့” ဟု မိန့်ဆိုကာ သီတင်းကျွတ် လကွယ်နေ့တွင် လယ်တီတိုက်မှ ထွက်ခွာ၍ အလုံမြို့ အရှေ့ဘက်ရှိ ထိုတောရသို့ ဝင်တော်မူ၏။
တန်ဆောင်မုန်းလဆန်း ၁-ရက်နေ့မှစ၍ ကျေးဇူးဆပ်လုပ်ငန်းကြီး စတင်ရာ တပေါင်း လကွယ်နေ့အထိ ငါးလတိတိ ဖြစ်သည်။ ကျေးဇူးဆပ် လုပ်ငန်းဟူသည် ပုဒ်ပေါင်း (စာကြောင်းပေါင်း) ၄၈၃-ပုဒ်ရှိ၍ စာမျက်နှာ (ဒီမိုင်းဆိုက်) ၃၄ မျက်နှာရှိ “မဟာသရဏဂုံကြီးကို” အသံမဆိတ်၊ မအိပ်မနေ ရွတ်ဖတ်ပူဇော်ခြင်းပင် ဖြစ်၏၊ (ကျေးဇူးဆပ်နည်း နိသျည်းဟု စာအုပ်ရှိပြီး။)
သရဏဂုံ သုံးပါးကို သစ္စာလေးပါး နိဗ္ဗာန်ဂုဏ်တို့ဖြင့် စက်လှည့်၍ ရေးထားခြင်း ဖြစ်သည်။ ဥပမာ “စတုသစ္စ ပဋိဝေဓ ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ (အစ)၊ သဗ္ဗဝိပါကဝဋ္ဋံ ဒုက္ခက္ခယ နိဗ္ဗာနဓာတု သစ္ဆိကရဏ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ (အဆုံး)။”
ယင်းသရဏဂုံတော်ကြီးကို ငါးလတိတိ မအိပ်မနေ ရွတ်ဖတ်ပူဇော်ရာ တစ်နေ့လျှင် အခေါက်ပေါင်း တစ်သောင်း လေးထောင့်လေးရာ (၁၄၄၀၀) ရ၍ ငါးလလုံး ပေါင်းသော် ရွတ်ဖတ်သည့် အကြိမ်အခေါက်ပေါင်း နှစ်သန်း တစ်သိန်း တစ်သောင်း ခြောက်ထောင် ရှစ်ရာ (၂,၁၁၆,၈ဝဝ) ဖြစ်လေသည်။ သူမတူသော ဝီရိယရှင်ကြီး ပါပေ။
မအိပ်မနေ ရွတ်ဖတ်ရသည်မှာ ငါးလဟု ဆိုသော်လည်း ထိုသို့ ကျေးဇူးဆပ်ရန် အတွေးအကြံ အာရုံကြီး ဝင်ရောက်လက်ခံမိသည်မှစ၍ ထိုသရဏဂုံကြီး ဖြစ်အောင် တွေးရ၊ ကြံရ၊ ရေးရသော အချိန်ကာလလည်း မည်မျှ ကြာသည်မသိ၊ ထိုမျှလောက်ရှည်လျားစွာ၊ ကြာမြင့်စွာ ရွပ်ရွပ်ချွံချွံကြီး ရွတ်ဖတ်ပူဇော်ခြင်းကို ပဋိပတ် အလုပ်ခွင်၌ တင်၍ စဉ်းစားသော် ရိုးရိုးကြီး စဉ်းစား၍ မရသည်ကို လက်ခံနိုင်ကြ ပေလိမ့်မည်။ အဖြေကို စဉ်းစားသောအခါတွင်မူ ရှုမြင်ပုံချင်း တူညီကြမည် မဟုတ်။
သဒ္ဓါသန်သူများက ကမ္မဋ္ဌာန်းလုပ်လျှင် လုပ်သလောက် ဘုရားရှင်၏ ကျေးဇူးဂုဏ်များကို ပို၍ မြင်ကြရ၏။ အပဒါန်ပါဠိတော်လာ မထေရ်ကြီးများပင် ဘုရားရှင့် ဂုဏ်ကို ထုတ်ဖော် ချီးကျူးလေ့ ရှိကြသည်။ အာနာပါနကို ပွားလျှင် သတိပဋ္ဌာန် လေးပါးစသော ဗောဓိပက္ခိယ တရားများ တစ်ဆင့်ပြီးတစ်ဆင့် တစ်သီကြီး ရှုမြင်ကြရ၏။ ထိုအခါ သဗ္ဗညုတ ဉာဏ်တော်ကြီးကို အံ့ချီးမကုန် ရှိကြရသည်။
ရွတ်ဖတ်မှုမှ စိတ်၌ဆင်ခြင်မှု၊ ဆင်ခြင်မှုမှ လက္ခဏာရေးသုံးပါး မြင်မှုသို့ ရောက်နိုင်ကြောင်း “ဝိသုဒ္ဓိမဂ်နှင့် သမ္မာအဋ္ဌကထာ” ၌ ပြ၏။ ရွတ်ဖတ်မှသည်လည်း အချည်းနှီး မဟုတ်။ ထို့ကြောင့်လည်း သဂါထာဝဂ် သံယုတ်၌” “သဇ္ဈာယက မထေရ်” သည် မိမိရွတ်သော အသံများ ချုပ်ပျောက်သွားသည်ကို ဆင်ခြင်ရင်း ရဟန္တာ ဖြစ်သွားသည်လည်း ရှိ၏။ ဤသို့ အကောင်းမြင် ယူဆကြပေလိမ့်မည်၊ သို့ရာတွင် ရွတ်ဖတ်မှုသည် ရှုပွားမှုလောက် အကျိုး မသက်ရောက်ပေ၊
အလုပ်ခွင်၌ရှိကြသော ပုဂ္ဂိုလ်တို့၏ အမြင်အရဆိုလျှင် သည်နာမ်နှင့် သည်ခန္ဓာကိုယ် ကြီးကို အချိန်ပြည့် အလုပ်ပေးကာ ဆရာတော်၏ ပဋိဝေဓ၊ သို့မဟုတ် အခြားကြီးမားသော သာသနာ အကျိုးတစ်ခုခုကို အချိန်ဆွဲထားလိုက်သော (ဝါ) လမ်းလွှဲပေးလိုက်သောအာရုံကြီး ဟုပင် ပြောဆိုကြကုန်၏။
တရားအားထုတ်ရင်း သဒ္ဓါပေါက်လာ၍ ဆန်တစ်တင်း ထ, ချက်ပြီး ဆွမ်းတော် တင်သည်နှင့် တူလှသည် ဟူလို။
ဗမာကို ကမ္ဘာကသိသည်မှာ ဗုဒ္ဓဝါဒ
ဆရာတော်၏ သမိုင်းတွင် နိုင်ငံခြားသာသနာပြု အခန်းသည်လည်း အလွန် ထူးခြား ပြောင်မြောက်သော အခန်းတစ်ခု ဖြစ်၏။ ဆရာတော်၏ ကျေးဇူးဂုဏ်ကို မြန်မာပြည်သားတို့ သာမက နိုင်ငံခြားသားတို့လည်း ခိုလှုံကြရသည်။
“နိုင်ငံခြား ဗုဒ္ဓဘာသာ သာသနာပြု အသင်းကြီး” ကို ၁၂၇၅-ခုနှစ် နယုန်လဆန်း ၁၅-ရက်နေ့မှစ၍ တည်ထောင်ခဲ့၏။ မန္တလေးမြို့ ကို ဗဟိုပြု၍ အဖွဲ့ခွဲ (မြို့)ပေါင်း နှစ်ဆယ်ကျော် ဖွဲ့စည်းနိုင်ခဲ့သည်။ ငွေကျပ် တစ်သိန်းခန့် မ, တည်ခဲ့၏။ သတင်းစာ များနှင့်တကွ တစ်ပြည်လုံးက ထောက်ခံအားပေးခဲ့သည်။
ထိုအချိန်က ရုရှနှင့် ဥရောပနိုင်ငံတို့၌ ပါဠိစာပေ လေ့လာသူများ၊ ကျွမ်းကျင်သူများ ပေါများနေပေပြီ။ လွန်ခဲ့သော နှစ်တရာ ကျော်ကတည်းက လေ့လာ လိုက်စား လာကြရာ ၁၈၅ဝ-ပြည့်နှစ်ကပင် ရုရှပြည် စိန်ပီတာ စဘတ်မြို့ (ယခု လီနင်ဂရက်မြို့) ၌ ပါမောက္ခများ ဦးစီး၍ ပါဠိ- ရုရှအဘိဓာန် ရေးနေကြလေပြီ။ ဥရောပ၌လည်း ၁၈၇၅-ခုနှစ်ကပင် ချစ်လ်ဒါး၏ ပါဠိ-အင်္ဂလိပ် အဘိဓာန် ထွက်နေပြီ။
ဓမ္မပဒ လက်တင်ဘာသာပြန် (၁၈၅၅)၊
ဇာတ်အဋ္ဌကထာပါဠိ (ရောမအက္ခရာ ဖြင့် ခြောက်အုပ်၊ ၁၈၇၇)၊
ဝိနည်းပါဠိတော် ငါးကျမ်း (၁၈၇၉)
စသည်ဖြင့် မြန်မာပြည်တွင် ပုံနှိပ်ပါဠိစာအုပ်အနေဖြင့် ကျမ်းများ မရှိသေးခင်ကပင် ဥရောပ၌ လေ့လာထုတ်ဝေနေကြပြီ။ ၁၈၈၁-ခုနှစ်တွင်ကား ပါဠိပညာရှင်များ စုပေါင်း၍ “ပါဠိတက်စ်ဆိုဆိုက်ယတီး” ခေါ် လန်ဒန်ပါဠိ စာတော်မူအသင်းကြီး တည်ထောင်နှင့်ပြီး ဖြစ်ကြသည်။ “ဂရိတ်ဘရိတန် အိုင်ယာလန် ဗုဒ္ဓသာသနာပြု အသင်းကြီး”ကိုလည်း ၁၉၀၇-ခုနှစ်တွင် တည်ထောင်၍ ဂျာနယ်မဂ္ဂဇင်းများဖြင့် ဗုဒ္ဓဘာသာကို ဆွေးနွေးလာခဲ့ကြသည်။
ဥရောပတိုက်သားတို့သည် ဗုဒ္ဓဘာသာ ရှုထောင့် အရသာမဟုတ်။ ရှေးဟောင်း ကမ္ဘာ့စာပေကြီး တစ်ရပ်အနေဖြင့်လည်း ပါဠိကို အပတ်တကုတ် လေ့လာခဲ့ကြ၏။ မဟာဝံသပါဠိနှင့် အသောက ကျောက်စာတို့မှစ၍ ပါဠိစာပေများကို ကျောက်စာဖတ် သကဲ့သို့ လည်းကောင်း၊ ကျောက်ဆစ်သကဲ့သို့ လည်းကောင်း တစ်တိတစ်တိ စမ်းတဝါးဝါး ဖတ်ရှုရာမှ ကမ္ဘာကျော် ပါဠိအဘိဓာန်ကြီးများ ရေးသားနိုင်သည်အထိ အောင်မြင်ခဲ့ကြ၏၊
စာပေဟောင်းကြီး တစ်ခုအဖြစ် လေ့လာရာမှ တန်ဖိုးမဖြတ်နိုင်သော ဗုဒ္ဓဘာသာ၏ အနှစ် သာရများကို မြီးစမ်းအရသာခံခဲ့ရာမှ ရှေ့သို့တိုး၍သာ အရသာခံလိုစိတ်များ ဖြစ်ပေါ်လာကြ၏။
လူ့ဘဝ၏ ချမ်းသာအစစ်အမှန်ကို ပေးမည့် ဘာသာစာပေကြီး ဖြစ်ကြောင်း မမှိတ်မသုန် ယုံကြည် လက်ခံလာကြသည်၊ သို့ရာတွင် ဗုဒ္ဓ၏ စာပေများ၊ ပါဠိတော်များကို လုံးစေ့ ပါဌ်စေ့ အသုံးချ ဘာသာပြန်နိုင်သော အဆင့်သို့ကား မရောက်နိုင်ခဲ့ကြပေ။
ထိုအချိန်၌ မြန်မာပြည်တွင် လယ်တီဆရာတော်၏. အမျိုးမျိုးသော ဒီပနီ ဘာသာရေး အလင်းရောင်များ ကွန့်မြူးခိုက်နှင့် တိုက်ဆိုင် ကြုံကြိုက်ရလေ၏။ ဗုဒ္ဓဘာသာ ပါဠိစာပေမှ သိခက်နက်ရှိုင်းသော ဝေါဟာရများကို ထုတ်ဖော်ပေး နိုင်မည့် ပုဂ္ဂိုလ်ကြီးအဖြစ် ယုံကြည် အားကိုးလာကြသည်။
ဆရာတော်ထံ ပါဠိဝေါဟာရ၊ ဗုဒ္ဓဘာသာ ခက်ဆစ် ခက်ရာနှင့် အထူးသဖြင့် အဘိဓမ္မာ၌ မကျေလည်သော အချက်များကို ဖြေရှင်းပေးရန် စာအတန်တန်ဖြင့် တောင်းခံလာကြသည်။ ဖြေရှင်း ရရှိသမျှကိုလည်း ဂျာနယ်၊ မဂ္ဂဇင်းများတွင် ဖော်ပြခဲ့ကြ၏။ ဆရာတော်၏ သတင်းဂုဏ်သည် ကမ္ဘာကိုပင် ခြုံမိလေပြီ။
ယမိုက်အဖြေကျမ်း၊ နိယာမဒီပနီ၊ ယင်းအဖွင့်ဋီကာ၊ မူလပရိယာယသုတ် အဖွင့် ဋီကာ၊ လန်ဒန်ပါဠိ ဒေဝီပုစ္ဆာအဖြေကျမ်း၊ သာသနသမ္ပတ္တိဒီပနီ၊ သာသန ဝိပတ္တိဒီပနီ၊ ပဋ္ဌာနုဒ္ဒေသဒီပနီ စသော ကျမ်းများကိုလည်း ပါဠိဘာသာဖြင့် ရေးသားခဲ့၏။ (အဖွင့်ဋီကာ -၂ စောင် ရှာဖွေ ထုတ်ဖော်သင့်၏။)
မစိုးရိမ် ဦးဉာဏ ဆရာတော်က ဥရောပသားတို့နှင့် သင့်တော်မည့် ဒီပနီကျမ်းများကို ဒိုင်ခံ၍ အင်္ဂလိပ်ဘာသာ ပြန်ပေးတော်မူခဲ့၏။ ဆရာတော့် ဒီပနီတို့ကား မြန်မာ အဋ္ဌကထာ ကြီးများပင်တည်း။
သိပ္ပံပညာအပေါ် ဆရာတော့်အမြင်မှာ အံ့သြလောက်ပေ၏၊ ထိုခေတ်ကား သိပ္ပံ ထွန်းကားခါစသာ ရှိသေးသည်။ အလွန်နက်နဲသိမ်မွေ့လှသော အဘိဓမ္မာတရား များသည် မျက်စိနား ကြီးသော သိပ္ပံပညာရှင်များနှင့် လိုက်ဖက်သည်ဟု ဆရာတော်. ခံယူထား၏။ (နိုင်ငံခြား သာသနာပြု သြဝါဒများကို ရှုပါ။)
ထိုအခါ အင်္ဂလန် ပါဠိအသင်းကြီးမှ ပါဠိ အဘိဓာန် တစ်ခု ပြုစုရန် စိုင်းပြင်းကြ၏။ ၁၈၅ဝ-ပြည့်နှစ်က စတင်ရေးသားသော ပါဠိ-ရုရှ အဘိဓာန်လည်း အကြောင်း အမျိုးမျိုးကြောင့် ၁၉၁၈-ခုနှစ်တိုင်အောင် အဆုံးမသတ်နိုင် ရှိခဲ့သည်။
ပါဠိစာတော်မူအသင်းကြီး ကိုယ်တိုင် ကလည်း ထို ဝေါဟာရပုဒ်များကို မှာယူ စုဆောင်း၍ အဘိဓာန်တစ်ခု ရေးရန် စီမံကြ၏။ လယ်တီဆရာတော် ဦးစီးသော နိုင်ငံခြား သာသနာပြု အသင်းကြီးကိုလည်း ပါဠိအဘိဓာန်ကြီး တစ်ခု ကူညီရေးသား ပေးရန် တောင်းခံကြလေသည်။
ထို့ကြောင့် ဆရာတော်သည် ယင်းသို့ ကြီးလေးသော တာဝန်ကြီးကို ဆောင်ရွက် နိုင်ရန် မန္တလေးမြို့တွင် စာသင်စာချ နာယက အများဆုံးရှိသော မစိုးရိမ်တိုက်ကို အကူအညီ တောင်းခဲ့သည်။ ထိုတိုက်ကား သင်ကြားပို့ချမှုနှင့် စည်းကမ်းတွင် အကောင်းဆုံး ဖြစ်၏။ နာယက ဆရာတော်များသည် သက္ကတ၊ အင်္ဂလိပ်ဘာသာ များကိုပါ အလုပ်ဖြစ်အောင် ကျွမ်းကျင်ကြသည်။
တစ်ခါက ယင်းအဘိဓာန် ကိစ္စဖြင့် မစိုးရိမ်တိုက်၌ ညအိပ်ညဉ့်နေ သီတင်းသုံး တော်မူခိုက် ကျောင်းအောက်ထပ်၌ ဆရာတော်ကလေး ဦးသူရိယ (ယခု တစ်ပါး တည်းသော အဘိဓဇမဟာရဋ္ဌဂုရု။ ၉၆-နှစ်) နှင့် လယ်တီဆရာတော်၏ တပည့် ဓမ္မကထိက ဘုန်းကြီးတစ်ပါး စကားလက်ဆုံကျနေကြရာ ဦးသူရိယက “ဘုန်းကြီး၊ ကိုယ်တော်တို့ တရားဟော ကောင်းလှတယ်ဟု ပြောကြတယ်။ တပည့်တော်ကို သံဝေဂဖြစ်အောင် ဟောပြပေးစမ်းပါ” ဟု ပြော ရာ ဓမ္မကထိက ဘုန်းကြီးက-
“ကိုယ်တော် အဘိဓမ္မာစာတွေ သည်လောက် တတ်နေတာ သံသရာဘေးကြီး မကြောက်ပဲကိုး” ဟု ဆိုလေသည်။
“မကြောက်လို့ သည်လိုနေတာပေါ့ ကိုယ်တော်” ဟု ဆိုသဖြင့် “မကြောက်ဟောရ သေးတာပေါ့” ဟု ပြောကာ သံဝေဂ ဖြစ်ဖွယ်များကို ဆယ့်ငါးမိနစ်ခန့် ဟောပြ၏။
“ကဲ... ကိုယ်တော်၊ ဘယ့်နှယ်လဲ မကြောက်သေးဘူးလား” ဟု မေးရာ “ဟင့်အင်း တပည့်တော်ဖြင့် မကြောက်သေးပါပေါင်” ဟု ဆို၍ နာရီဝက်ခန့်ထပ်၍ ဟောပြန်ရာ-
“တပည့်တော်ဖြင့် ဘယ်လိုမှ မနေပါပေါင်” ဟု ဆို၍ ဓမ္မကထိကမှာ အောင့်သက်သက်နှင့် တရားပွဲ သိမ်းလိုက်ရ၏။
နောက် ဆရာတော်အား သွား၍ လျှောက်သဖြင့် ဆရာတော်က ဦးသူရိယအား ခေါ် လျက်-
“မစိုးရိမ် ဆရာတော်ကလေး ... ဒီ ဓမ္မကထိကကလဲ ဝေနေယျဇ္ဈာသယ မသိရှာ ပဲကိုး။ ဦးသူရိယ ဒီအရွယ် ဒီပညာတွေနဲ့ သံဝေဂ မဖြစ်ပါနှင့်ဦး၊ တပည့်တော် တောင်းပန်ပါရစေ။ ကိုယ်တော်တို့နှင့်တွဲပြီး ပရိယတ္တိ သာသနာပြုစရာတွေ အများကြီးရှိပါသေးတယ်။ ငါးဆယ်ကျော်လိုမှ သံဝေဂမဖြစ်ရင် တပည့်တော် ဟောပေးပါ့မယ်။ ယခု ပါဠိအဘိဓာန်ကြီး ပြီးစီးအောင် ကြိုးစားကြပါဦး” ဟု မိန့်တော်မူ၏။
ယင်းပါဠိ အဘိဓာန်ကြီးကို ပါဠိတတ် တပည့်သုံးရာကျော် အကူအညီယူ၍ အပိုင်း လေးပိုင်း ခွဲပြီး ၁၂၇၈-ခုနှစ်မှ စတင်ရေးသားခဲ့ကြရာ အခက်အခဲ အမျိုးမျိုးနှင့် ရင်ဆိုင်ခဲ့ကြရသည်။
၁၂၉၈-ခုနှစ် အနှစ်နှစ်ဆယ် ခရီးတွင် စာမျက်နှာ ၁၁၃၄-မျက်နှာ၊ အုပ်ရေ အားဖြင့် အုပ်ကြီး လေးအုပ် ထွက်ပေါ်ခဲ့၏။ နောက်တွင် အကြောင်းအမျိုးမျိုးကြောင့် ထို လုပ်ငန်းကြီး ရပ်ဆိုင်းသွားခဲ့သည်။
(ယခု ထိုလုပ်ငန်း လက်ငုပ်ကို ဗုဒ္ဓသာသနာအဖွဲ့က ဆက်လက် အကောင်အထည် ဖော်လျက်ရှိရာ မကြာမီ ပြည့်စုံသော ပါဠိအဘိဓာန်ကြီးတစ်ခု မြန်မာပြည်က ထုတ်ဖော်နိုင်ကြပေတော့မည်။)
ယင်းသို့ ဆရာတော်၏ ကျေးဇူးကြောင့် အင်္ဂလန် ပါဠိအသင်းကြီးကလည်း ပါဠိ- အင်္ဂလိပ် အဘိဓာန်ကြီးတစ်ခု ထွက်ပေါ်နိုင်ခဲ့၏။ (၁၉၂၁-၂၅။) ပါဠိ တိပိဋက ကွန်ကောဒင်းစ် အဘိဓာန်၊ ကရီတိကယ်လ် ပါဠိ အဘိဓာန် (၁၉၅၂) များလည်း ထွက်ဆဲ ထွက်လတ္တံ့ ရှိပေသည်။
စင်စစ်အားဖြင့် ယနေ့ ကမ္ဘာအရပ်ရပ်၌ လုပ်ဆောင်ခဲ့ လုပ်ဆောင်ဆဲ ဖြစ်သော ပါဠိ အဘိဓာန်လုပ်ငန်းကြီးများလည်း ဆရာတော် ပျိုးခဲ့သော အမွေများဟု ဆိုလျှင် မမှားနိုင်ချေ။
အင်္ဂလန် ပါဠိအသင်းမှ အဋ္ဌကထာများကိုပါ အင်္ဂလိပ်ဘာသာပြန်ရန် ယနေ့ပင်လျှင် မြန်မာပြည်မှ ပါဠိပညာရှင်များထံ အကူအညီ တောင်းခံလျက် ရှိ၏။ “ဗုဒ္ဓဘာသာကို အင်္ဂလိပ်လို ဖတ်ရမှ” ဟု ဆိုသော မြန်မာပြည်မှ ပုဂ္ဂိုလ်များ အရင်းအဖျား စဉ်းစားဖွယ် ဖြစ်ပေ၏။
အကယ်အားဖြင့် လန်ဒန်ပါဠိ ဒေဝီခေါ် ဥရောပထိပ်တန်း ပါဠိပညာရှင် ရီးစ်ဒေးဗစ်တို့ ဇနီးမောင်နှံပင်လျှင် ဗုဒ္ဓဘာသာ၌ သက်ဝင်ချဉ်းကပ်ပုံ မတည်ငြိမ်ခဲ့ကြ။ သူတို့ ရေးသားချက်များလည်း ဘောင်ဘင်ခတ်နေ၏။ လုံးဝဆန့်ကျင်သော ထာဝရ အတ္တ ပုံစံခွက်၌ အနတ္တကို မဝင်ဝင်အောင် လိုသလို ဆွဲဆန့် လှည့်ဖယ်ရိုက်သွင်းရင်း တစ်ဘဝ ကုန်ခဲ့ကြရရှာလေပြီ။
စိတ်သွားတိုင်း ကိုယ်ပါ
အာဇာနည် တန်ခိုးရှင်
ပဋိပတ္တိ အလုပ်နှင့်စပ်၍ ရဟန်းတော်များသည် အထူးလျှို့ဝှက်တော်မူကြ၏။ အပိစ္ဆတာ ဂုဏ်ပင်တည်း၊ ဝိနည်း ဥပဒေကလည်း ထိုကိစ္စ၌ တင်းကြပ်လှပေ၏။ ရံခါ အတွင်းနေ တပည့်များထံမှ တစ်စွန်းတစ်စ သိကြရသည်။
(သူတစ်ပါးစိတ်အကြံ သိပုံကို နိဗ္ဗိန္ဒ ဆရာတော် အခန်း၌ ကြည့်ပါ။ မီးမထွန်းဘဲ ညအခါ စာရေးနိုင်ပုံကို သေက္ချတောင် ဆရာတော် အခန်း၌ ကြည့်ပါ။)
ဆရာ့အရည်အချင်းကို အကဲခတ်နိုင်သော တပည့်လည်း ရှားလှ၏၊ သဒ္ဓါသလောက် ပုံကြီးမချဲ့ဘဲ ရိုးဖြောင့် တော်တည့်စွာ ပြောဆိုတတ်သော တပည့်မျိုးကား ပို၍ ရှားသည်။
ဤ၌ ဆရာတော်၏ ပဋိပတ် စွမ်းရည် တစ်စိတ် တစ်ဒေသကို ပျော်ဘွယ် ဆရာသက်ကြီး ထံမှ အနည်းငယ် သိရှိ ကြည်ညိုရသည်။ သူကား ဆရာတော်နှင့် ဆယ်နှစ်ခန့် တောအနှံ့ လိုက်ပါအားထုတ်ဖူးသူ ဖြစ်၏။ လုပ်ကြံခြင်း၊ ချဲ့ထွင်းခြင်း မရှိနိုင်သည်မှာလည်း သေချာ၏။ သူကား အနာဂါမ်ဟု ကျော်ကြားသူတည်း။ ဆရာတော် ကိုယ်တိုင် တိုက်တွင်းရှိ သံဃာ များအား ဆရာကြီးထံ တရားနည်းခံ ထိုင်စေဖူး၏။ ဆရာတော် အထူးယုံကြည် ကိုးစားသော တပည့်ကြီး ဖြစ်သည်။
တစ်ခါက ဆရာတော်ထံ ကန်တော့ရောက်စဉ်...
“ဆရာတော်ဘုရား၊ တပည့်တော်ဟာ ဆရာတော့် တပည့်များတွင် စာမတတ် ပေမတတ် ပရိယတ် အညံ့ဆုံး ဖြစ်ပါတယ်။ ဆရာတော့်အမိန့်အရ ကမ္မဋ္ဌာန်းပြရမည့် သာသနာပြု အလုပ်ကြီးဟာ အလွန်ပင် သိမ်မွေ့ကြီးလေးလှပါတယ်။ ထို့ကြောင့် ဘုရားတပည့်ကြီး လျှောက်ထားမေးမြန်းရန် ရှိသည့်အခါ တပည့်ကြီးထံ ကြွရောက် ချီးမြှောက်ပါ။ ကိုးကွယ်ရာ ဖြစ်တော်မူပါ။ ဆုံးမသင့်တာ ဆုံးမပါ ဘုရား” ဟု လျှောက်ထားရာ ...
“ငါ ပရိနိဗ္ဗာန်ပြုမည့် အချိန်ကျတောင် နင့်ကို ပစ်မထားဘူးဟဲ့” ဟုပင် ချီးမြှောက်ခြင်း ခံရသူ ဖြစ်၏။ (လျှောက်ထားသော စကားများ အဓိပ္ပာယ် လေးနက်လှသည်။ ထိုစကားကို ဆရာတော်နှင့် ဆရာကြီးတို့ နှစ်ဦးသာ သိကြသည်။)
ယခုအခါ ထိုဆရာသက်ကြီး၏ နည်းစနစ်အရ ကမ္မဋ္ဌာန်းပြလျက် ရှိသော ဌာန အများပင် ရှိသည်။ ရန်ကုန် ဟံသာဝတီ ကမ္မဋ္ဌာန်းတိုက်၊ ဉာဏစာဂီ ရိပ်သာ၊ လယ်တီမူ ကမ္မဋ္ဌာန်းတိုက်၊ ဆရာကြီး ဦးဘခင်ရိပ်သာ (အင်းလျားမြိုင်) နှင့် မန္တလေး မဟာဗောဓိရိပ်သာ စသည်တို့ဖြစ်၏။
ဆရာကြီးထံမှ တစ်ဆင့် မှတ်သားရသော ဆရာတော့် အကြောင်းအရာ များစွာ အနက် အချက်နှစ်ချက်မျှ ထုတ်ပြလိုပေသည်။
ဆရာကြီးသည် တစ်နေ့သောအခါ သူ၏လပည့် ယောဂီများ ဖြစ်ကြသော ဦးဘစိုး အစ်မ ဒေါ်ဖွားရင်နှင့် တူ ဦးစံအေး (ယခုရှိသည်) တို့အား တရားထိုင်ရာ၌ မာရ်နတ်၏ လှည့်စားတတ်ပုံကို သူ့ကိုယ်တွေ့ သာဓကဖြင့် ဟောပြဖူး၏။
ထိုတွင် ဦးဘစို ဆိုသူကား တရားဝင်တိုင်း ဝမ်းပျက်၊ ဖျားနာ၊ မူးဝေခြင်း စသည်ဖြင့် အမြဲတမ်း ကသိကအောက် ဖြစ်လေ့ရှိသည်။ နောက်ဆုံး အိမ်သာတက်ရင်း တရားမှတ်မှသာ မှတ်လို့ရ၏။ ထိုအကြောင်း အရာများကို ရည်ညွှန်း၍ ဟောပြခြင်း ဖြစ်သည်။ ထိုဟောပြချက်များတွင် အကြောင်းအရာ တစ်ခုသည် ဆရာတော်နှင့် စပ်၍ မယုံနိုင်လောက်အောင်လည်း အံ့ဖွယ်ရှိသည်။
တစ်ခါက ဆရာကြီးသည် ရွှေကျင်မြို့မှ ရာဘာသူဌေး ဦးဘိုးသင်း၏ ပင့်လျှောက်ချက် အရ ရွှေကျင်မြို့ ဓမ္မာရုံတစ်ခု၌ ရက်ရှည် တရားပြနေ၏။ ထိုအခါ လယ်တီ ဆရာတော်ကား မုံရွာမြို့၌ သီတင်းသုံးနေသည်။ ဆရာကြီးသည် ထို၌ ရွာသူနတ်စိမ်း စသော အနှောင့်အယှက်များ များစွာ တွေ့ရ၏။
သို့သော် မာရ်နတ်သည် ဘုရားကိုနိုင်ရိုးမရှိ၊ တစ်ခုသော ညနေခင်း၌ ဆရာကြီးသည် မြို့ပြင်သို့ လမ်းလျှောက်ထွက်သည်။ သွားရင်းသွားရင်းနှင့် မျက်စိလည်သွား၏။
တောနက်သည်ထက် နက်သွားသဖြင့် ဆက်၍မသွားဘဲ ညောင်ပင်တစ်ပင်အောက်၌ ထိုင်လိုက်ရသည်။ နေ့လည်း ဝင်လုဆဲ၊ လူစလူနလည်း မမြင်၊ ပြန်လည်း မပြန်တတ်။
“အင်း၊ ဒါမာရ်နတ်တပည့်တွေ လက်ချက်ပဲ။ သံသရာက ထွက်မယ့်လူ မဟုတ်၊ တန်ခိုး ချမ်းသာဖြင့် သံသရာထဲ လည်မယ့်လူထင်အောင် ပုတီးစိပ်လေမှပဲ” ဟု အကြံရကာ အိတ်ထဲ၌ ပါသော ပုတီးကို ထုတ်၍ ဂုဏ်တော်စိပ်လေသည်။
မကြာမီပင် ထင်းခွေသူမတစ်ဦးကို မလှမ်းမကမ်းတွင် တွေ့ရ၍ ဝမ်းသာသွားသည်။ “အင်း... ရုပ်နာမ် အဖြစ်အပျက်ချည်းသာ မှတ်သွားရင် ဇရပ်ရောက်အောင် ပြန်လို့တတ်မှာ မဟုတ်တော့ဘူး” ဟု စဉ်းစားမိကာ မိမိ ရုတ်တရက် အကြံပိုင်ပုံကို ခေါင်းညိတ်ရင်း ထင်းခွေသူမအား အကျိုးအကြောင်းမေး၍ သူမနှင့်အတူ ပြန်ခဲ့ရသည်။
မကြာမီ သူမ လမ်းခွဲ သွားသဖြင့် မြင်းလှည်းငှား၍ပင် ခရီးအတန်ကြာ စီးခဲ့ရသေး၏။ “မာရ်နတ်နှယ်၊ ယောက်ျား အဖော်ကလေးထည့်ပေး တော်ဦးမယ်၊ ခုတော့ အချိန်မဲ့ မိန်းမသားအဖော်နဲ့” ဟုပင် စဉ်းစားရင်း ပြုံးမိလေ၏။
ထို ဦးဘိုးသင်းဇရပ်၌ ရှေ့ပိုင်းကပင် အနှောင့်အယှက် အခက်အခဲ တော်တော် များများနှင့် တွေ့ခဲ့ရသော်လည်း မိမိကပင် အနိုင်ရ၍ မထောင်းတာလှ။ ယနေ့ မျက်စိလည်သည်မှာ အလွန်အခံရခက်နေသဖြင့် ညအိပ်ရာဝင် ဆီမီးပူဇော်ပြီး ဘုရားဝတ်ပြုစဉ် လယ်တီဆရာတော် သီတင်းသုံးရာ အရပ်သို့ လှည့်၍ ရှိခိုးပြီး နောက်...
“ကျေးဇူးရှင် ဆရာတော်ဘုရား၊ ယနေ့ တပည့်ကြီး ဖြစ်ပျက်ပုံမှာ မခံချိ မခံသာ ရှိလှပါသည်။ မျက်စိဝိညာဉ် သညာအသိ အားကိုးမှားမိပါသည်။ အကြံရတတ် သရွေ့ဖြင့် ထွက်ပေါက် ရခဲ့ပါသော်လည်း စိတ်ထဲ၌ မရှင်းလင်းပါ။ နောင်အခါ ဤကဲ့သို့ မဖြစ်ရအောင် တရားအဆုံးမ ပေးသနားတော် မူပါဘုရား” ဟု နှုတ်မှ လျှောက်ထားလိုက်သည်။
ထိုအခါ ဆရာတော်သည် ဘုရားခန်းသို့ ကြွလာပြီး ခင်းထားသော နေရာ၌ ထိုင်တော်မူ၏။ “ဆရာသက်၊ တစ်စုံတစ်ရာ အခက်အခဲတွေ့တိုင်း မိမိစိတ်မှာ စနိုးစနောင့် ဖြစ်တာကစပြီး မေတ္တာပဲ နာနာဖိပို့။ ပြီးရင် ဒီရုပ်နာမ် အဖြစ်အပျက်ကိုပဲ ရှုရိုးရှုစဉ် ရှုရမှာ ပေါ့” ဟု မိန့်ဆိုပြီး ပြန်ကြွတော်မူ၏။
ကေသရာ ဉာဏ်အစွမ်းနဲ့ ဈာန်လမ်းကို အပြီးတိုင်
ယခု ပြလတ္တံ့သော အကြောင်းမှာလည်း အံ့ဖွယ်သရဲ ဖြစ်ပေသည်။ ဆရာတော်သည် ဇရာဒုဗ္ဗလ အရွယ်တော်လည်း ကျဆင်း၍ စာဒဏ်ကြောင့် မျက်စိနှစ်ကွင်း ရောဂါ ပြင်းထန်ခိုက် ဖြစ်၏။ မျက်စိရောဂါ ကုသရန် ရန်ကုန်ဗဟန်းသို့ ကြွလာ သီတင်းသုံးသည်။ ဆရာသက်ကြီးလည်း ဒလ၊ ပျော်ဘွယ်ကြီးရွာမှ လာရောက် ဖူးမြော်ကန်တော့၏။
“အေး ဆရာသက်တို့လား၊ ဝမ်းသာစရာပဲကွယ့်။ မပြန်နဲ့အုံးနော်။ တပည့် အစွမ်းကောင်းတွေ ဆုံတုန်း ရွှေတိဂုံဘုရားကြီး ဆွမ်းပန်းများ မလှူရတာလဲ ကြာပြီ။ ဆရာသက် နေနိုင်သေးရဲ့ မဟုတ်လား” ဟု မိန့်တော်မူ၍ အိမ်ကို စာဖြင့် အကြောင်းကြားပြီး စောင့်ဆိုင်းနေရ၏။
အရက်နှစ်ဆယ်ခန့် ကြာလေသည်။ အကြောင်းကား ဆွမ်းပန်း ကပ်လှူရန် အဝ အကျယ် သံတောင်ကိုးတောင်ရှိ ကြေးလင်ပန်းကြီး တစ်ချပ်လိုသဖြင့် တပည့်ကြီးများက ပန်းတဉ်းဆရာအား အပ်နှံစေခိုင်းကြရ၏။ အဝ ကိုးတောင် အဆင့်ကိုးဆင့်ရှိ ထီးကြီးကိုလည်း ပိုးရွက်အဖြူ အမြိတ်တပ်၍ ချုပ်လုပ်ကြရသည်။
အားလုံးပြီးပြည့်စုံသောအခါ ကြေးလင်ပန်းကြီးတွင် ဆွမ်းနှင့် အသားလွတ် ဟင်းကိုးမျိုး၊ အသီးကိုးမျိုး၊ မုန့်ကိုးမျိုး၊ ယိုကိုးမျိုး ပြင်ဆင်ရ၏၊ ထီးကိုးဆင့်တွင်လည်း ပန်းတစ်မျိုးစီ သီကုံး၍ တပ်ဆင်ထားကြရသည်။ အားလုံးစီမံပြီးသောအခါ ဆရာတော်အား လျှောက်ထားကြရ၏။
ဆရာတော်သည် တပည့် တစ်ဆယ့်ငါးဦးခန့်နှင့် တစ်ခုသော နံနက်လေးနာရီခွဲအချိန် လှူဖွယ်ပစ္စည်းများကို ယူဆောင်၍ ရွှေတိဂုံကုန်းတော်ပေါ်သို့ ကြွတော်မူ၏။ ရင်ပြင်တော်ပေါ်သို့ ရောက်လျှင် စေတီခြေရင်း အမိုးအကာ အဆီးအတားမရှိသော လဟာပြင်၌ ကြေးလင်ပန်းကြီးကို ဝိုင်း၍ ထိုင်လျက် မ, ကိုင်ထားစေ၏။ ကိုးဆင့် ထီးကြီးကိုလည်း လင်ပန်းပေါ်၌ တင်ထားရသည်။
“ကဲ.... တပည့်တို့၊ အင်မတန် လှူရခဲတဲ့ အလှူကြီးကွယ့်၊ မိမိတို့ ဆောင်ရွက်စီမံရတဲ့ ကုသိုလ်တွေကို ဝမ်းမြောက်ကြရမယ်။ ဘုရားရှင့် ကျေးဇူးတော် ဂုဏ်တော်တွေကို စိတ်ထဲမှာ ကြည်ကြည်နူးနူး စူးစူးစိုက်စိုက်နဲ့ ရွှင်မြူးထက်သန်စွာ အာရုံပြုကြး၊ လင်ပန်းကို ကိုင်ထားတဲ့ တပည့်များကလည်း ရွရွကလေးကိုင်၊ လင်ပန်းက ကြွတက်လာရင် လက်ကို အသာဖော့ဖော့ထားပြီး အလိုက်သင့် ကြွပေးကြရမယ်။ မီးအိမ်ပျံ လွှတ်သလိုပေါ့ကွယ်” ဟု မိန့်ဆိုမှာကြားပြီး ဆရာတော်ကိုယ်တိုင် လက်နှစ်ဘက်ဖြင့် လင်ပန်းကိုထိ၍ ဘုရားအာရုံပြုတော်မူ၏။ အားလုံး ငြိမ်နေကြသည်။
နာရီဝက်ခန့်အကြာ နေအရုဏ်လည်း တက်အလာတွင် ထီးမှ ပိုးသားအမြိတ်များ တဖိတ်ဖိတ်လက်ကာ ကြွားရရား စွင့်ပျံလာကြ၏။ လက်ဝါးပေါ်တွင် တင်ထားသော ကြေးလင်ပန်းကြီးလည်း တရွရွ ကြွတက်လာသဖြင့် လက်ကို အလိုက်သင့် ခံပေးကြရသည်။
ဘန်းတော်ကြီးကိုင်များသည် ထိုင်ရာမှပင် ထလျက် ကိုင်ကြရ၏။ လက်ကို မြှောက်နိုင်သမျှ အထိ မြှောက်၍ မ,ခံကြရာ ကိုးတောင်ရှိ ကြေးလင်ပန်းကြီးနှင့် ကိုးဆင့်ထီးကြီးသည် ကောင်းကင်ယံသို့ တရွေ့ရွေ့ ပျံတက်သွားလေတော့၏။ အရုဏ်တက်စ တစ်လက်လက် တောက်ပနေသော ပိုးသားထီးမှာ ငွေစေတီပမာ ကြည်နူးစရာ ရှိလှသည်။ အားလုံး မျက်စိတဆုံး တအံ့ဩ ဖူးမြော်ကြရသည်။ ကြည့်၍ မမြင်မှပင် ရွှေတိဂုံရင်ပြင်တော်မှ ဆင်းလာခဲ့ကြ၏။
ဆရာတော်ကား နောက်မှပါလာသည့် ဆရာသက်ကြီးနှင့်တကွ တပည့်များအား “သာသနာနောက်ဖျား၊ ပေါက်ဖွားကြဆူဆူ .... ကေသရာဉာဏ်အစွမ်းဟာမို့၊ ဈာန်လမ်းကို ပြီးတိုင်၊ ဝသီဘော်အစုံငါး၊ အကုန်သား စိုးရပိုင်နိုင်” တေးထပ်ကို ရွတ်၍ ပြတော်မူသည်။
ဤအကြောင်းအရာများသည် ဆရာကြီး ဆရာသက် ပြောပြချက် မူရင်းအတိုင်း ဖြစ်ပါသည်။ အစိန္တေယျ ဘုရားရှင်၏ အစိန္တေယျ တရားတော်အတိုင်း ကျင့်ကြံတော်မူကြသော အရှင်မြတ်တို့၏ သီလ၊ သမာဓိ၊ ပညာစွမ်းရည်တော်တို့လည်း အစိန္တေယျပင်။ စကြာမင်း၏ ဘုန်းတန်ခိုး အသရေကို သူဖုန်းစားတို့ ကိုယ်ချင်းစာ၍ မရစကောင်းချေတကား။
မြင်သူသည် မြင်သူကိုလည်းကောင်း၊ မမြင်သူကိုလည်းကောင်း မြင်၏။ မမြင်သူသည် မြင်သူကိုလည်းကောင်း၊ မမြင်သူကိုလည်းကောင်း မမြင်။
(ဝပ္ပထေရဂါထာ။)
နတ်တို့ပင့်လှာ မြေပါတုန်ဟည်း ဆုံးခရီး
ဆရာတော် ဘုရားကြီးသည် လယ်တီတိုက်၌ ၁၃ ဝါမျှသာ သွားချည်ပြန်လှည့် ဝါဆိုတော်မူဖူး၏။ ကျန်ဝါများကား ပြဆိုပြီး တောရဌာနများနှင့် မြင်းခြံမြို့၊ မင်းလှမြို့ ဖက်တန်းတောရ၊ သာပေါင်းမြို့၊ ရန်ကုန် ညောင်ကုန်းကျောင်းတိုက်၊ ကျိုက်ဝိုင်း။ မန္တလေး လယ်တီစံကျောင်း၊ စစ်ကိုင်းတောင် စံကျောင်းနှင့် ဇေတဝန်ဆေးတိုက်၊ မြစ်သားမြို့၊ ကတွန်မြို့ သတ္တုတွင်း စသည်တို့၌ လှည့်လည် ဝါကပ်တော်မူသည်။
၁၂၈၃-ခုနှစ်မှစ၍ ပျဉ်းမနားမြို့တွင် အများဆုံး သီတင်းသုံးတော်မူ၏။ ဇရာဒုဗ္ဗလ အိုမင်းမစွမ်း ခန့်ကျန်းတော် မမူတော့ပြီ။ အသားအရောင်မှာ ဝင်းဝါကြည်လင်နေသော်လည်း အသားအရေများ လျော့လျဲလျက် ရှိ၏။ (အရညဝါသီတောရ မှီသော ဝါ စုစုပေါင်း ၂၁- ဝါဖြစ်သည်။)
၁၂၈၅-ခုနှစ် ဝါကား ပျဉ်းမနားမြို့ သူဌေး ဦးလန်း-ဒေါ်မမလေးတို့ တိုက်ကျောင်း၌ သီတင်းသုံးတော်မူ၏။ သက်တော် ၇၇-နှစ်ရှိပြီ ဖြစ်၍ ကျန်းမာရေး အဆိုးရွားဆုံးနှစ် ဖြစ်သည်။ ထိုနှစ် နယုန်လလောက်ကစ၍ ခန္ဓာကိုယ်မှာ အိုတအိအိ ယိုယွင်းဆွေးမြည့်ခဲ့၏၊ ဆေးဝါး အမျိုးမျိုးဖြင့် အစားထိုးသော်လည်း တစ်ခဏမျှသာ သက်သာ၏။
ထိုသို့ မကျန်းမမာရှိခိုက်မှာပင်- “ဟေ့-မောင်ဓမ္မစာရီ၊ ယခု ငါနိဗ္ဗာန်အဆုံးအဖြတ် ရေးဦးမယ်။ ခုနေသာ ရေးလိုက်ရရင် အရင် နိဗ္ဗာန်တရားထက် အများကြီး လင်းလာမှာ၊ အစားအသောက် မျှတလာပြီး နေသာကောင်းပေ့စေဦး” ဟု ကြုံးဝါးတော်မူသေး၏။ ကိုယ်တော်ကား ယဲ့ယဲ့မျှသာ ရှိတော့သည်။
ဘဝသက်တမ်း၏ လေးပုံတစ်ပုံကို စာရေးခြင်း အလုပ်၌ မြှုပ်နှံခဲ့သော်လည်း အားရတော် မမူလေ။ ဆရာတော်ကား ကျမ်းပြုဆရာတို့၏ စံချိန်ကို ချိုးခဲ့၏။ သင်ပုန်းကြီးမှအစ နိဗ္ဗာန်အထိ ရေးခဲ့ပြီး မဟုတ်လော။
ဝါဆိုလတွင် အခြေအနေမှာ ပို၍ ဆိုးရွားလာခဲ့၏။ “နေမကောင်းနေပြီ” ဟု ထင်တော် မမူသေး၊ အရပ်ရပ်ရှိ တပည့်ကြီးများပင် တဖွဲဖွဲ ရောက်လာကြ၏။
သေကျွတောင် ဦးတိလောက၊ ဦးပဒုမ၊ ဦးဝဏ္ဏိတနှင့် လယ်တီပဏ္ဍိတ ဦးမောင်ကြီး .... စသည်။
“ငါများ မကျန်းမမာရှိလျှင် အဘိဓမ္မာ ပဋ္ဌာန်းပဉှာဝါရပါဠိတော်ကြီးကို ရွတ်ဖတ်ကြ၊ ပဋ္ဌာန်းသံကြီး ငါကြားနာလိုသည်” ဟု မိန့်တော်မူခဲ့ဖူးသည်ကို တပည့်ကြီးများ တီးတိုးပြောဆို တိုင်ပင်နေကြ၏။
ပထမ ဝါဆိုလမပြည့်မီ တစ်ရက်တွင် ဆရာတော် လက်ဖက်ရည်ကြမ်း ဘုဉ်းပေးခိုက် တစ်ကျောင်းလုံး သိမ့်သိမ့်တုန်အောင် မြေငလျင် လှုပ်၏၊ ဆရာတော်က တပည့်ကြီးများအား “ဒါ ဘာအဓိပ္ပာယ်လဲ၊ သိကြရဲ့လား” ဟု မေးတော်မူ၏။ အားလုံး ဆိတ်ဆိတ်နေကြစဉ်-
“လူ့ပြည်မှာ အဘိဓမ္မာတရား ဟောရတာ အားရလောက်ပါပြီ၊ နတ်ဗြဟ္မာတွေကို တစ်လှည့်ဟောရန် အချိန်တန်ပါပြီလို့ လျှောက်တာကွယ့်” ဟု မိန့်တော်မူသည်။
မိုးညှင်းဆရာတော်လည်း ကြေးနန်းရ၍ ပျဉ်းမနားသို့ ရောက်လာ၏။ ခြေတော်ကို နဖူးဖြင့်ပွတ်၍ ဆရာတော်ရေးခဲ့သော “အနတ္တဒီပနီ” ကို ဖတ်ပြသည်။
အေး-ကောင်းလိုက်တာကွယ်၊ အနတ္တဒေသနာ နာရတော့ အဘဘုရား အနတ္တလက္ခဏာသုတ် ဟောပုံမြင်ပြီး ကြည်ညိုလိုက်တာ၊ ဘုရားရှင် ယခု ကြွလာသလိုပဲကွယ့်၊ “ချစ်သား လူပြည်မှာ တရားဟောပြီးပြီ၊ နတ်ဗြဟ္မာတွေကို တစ်လှည့် ဟောချိန်ကျပြီ” လို့ ခေါင်းရင်းမှာ ဘုရားရှင် ကြွလာပြီး မိန့်တော်မူသံလို ငါ့နားထဲမှာ ကြားနေရတယ်၊ အေး- အေး ငါမရှိလို့ အားမငယ်နဲ့၊ ငါ့စာတွေရှိတယ်၊ ဝိပဿနာ သာသနာကြီး ကြိုးစားပြရစ်ကွယ့်” ဟု မိန့်မှာတော်မူသည်။
လပြည့်နေ့ ၁၂-နာရီ အချိန်၌ ငလျင်တစ်ကြိမ် လှုပ်ပြန်၏၊ ထိုအခါ ဆရာတော် ကိုယ်တိုင် ဦးတိလောက စသော တပည့်များအား ပဋ္ဌာန်းရွတ်ရန် အမိန့်ရှိသည်။ တပည့်ကြီး လေးဦး တစ်လှည့်စီ ရွတ်ပြကြ၏။ နေ့ ၂-နာရီ မိနစ် ၃၀-တွင် ပဉှာဝါရပါဠိတော်ကြီး အစအဆုံး ရွတ်ဖတ်ပြီးသည်။ ရပ်စဲသွားသော ပဋ္ဌာန်းသံနှင့်အတူ ဆရာတော်၏ ဝိညာဉ်လည်း တစ်ပြိုင်တည်း ချုပ်ငြိမ်းတော်မူလေ၏။ တိုက်ဆိုင်လွန်းစွာ့။
ဆရာတော် ထိုနှစ် ငါဘယ်မှာ ဆိုလေမည်နည်း။ ခုနှစ်ရက်ရှိလျှင် အလောင်းတော်ကို ဦးလန်းတိုက်မှ လယ်တီစံကျောင်း (ယခု ဦးဉေယျကျောင်း) သို့ ပြောင်းရွှေ့ ပင့်ဆောင်ကြသည်။ သုံးကြိမ်မြောက် ငလျင်လှုပ်၏။ ကျောင်းလှေကားအနီးရှိ သရက်ပင်ခြောက်ကြီးမှာ အခေါက် ပွေးပင် မရှိတော့သော်လည်း ထိုရက်တွင် ရုတ်တရက် ရွက်နုများ ဝေဝေဆာဆာဖြင့် တပေါင်းလ ဈာပနပွဲအတိ ပင်လုံးကျွတ် ဖူးပွင့်နေသည်မှာ ထူးခြားလွန်းလှသည်။
ဘုန်းကြီးပျံလွန်တော် မူလျှင် အလောင်းလုပွဲ ဖြစ်တတ်ကြသည့် အတိုင်း ဆရာတော်၏ အလောင်းကိုလည်း မုံရွာမှ တပည့်ဒကာများက မရမနေ တောင်းကြ၏။ ပျဉ်းမနားမြို့ကလည်း မပေး။ ပုလိပ် အစောင့်ချထားကြရသည်။
မုံရွာမှ တပည်များက ဆရာတေ၏ ညီအရင်း ဦးကိတ္တိကိုပါ ခေါ်၍ အလောင်းတော် ရရန် လာကြရာ ပျဉ်းမနားမှ ရှေ့နေတစ်ဦးက အလောင်းတော် အနီးသို့ ကြွလာသော ဦးကိတ္တိအား “တပည့်တော်တို့ ယခုလို ခမ်းခမ်းနားနား ပူဇော်ထားတာ သဘောကျပါရဲ့လား ဘုရား” ဟု လျှောက်ရာ ဦးကိတ္တိက “ကောင်းပါတယ် ဒကာကြီး၊ သဘောကျပါတယ်” ဟု ပြောမိ၏။
ထိုစကားကို အမိဖမ်း၍ “ဆရာတော့် ညီကတောင် ယခုလို ပျဉ်းမနားမှာ ပူဇော်တာ သဘောကျတယ်လို့ ဆိုနေမှ ဘယ်သူ့အလိုမှ လိုက်စရာ မလိုဘူး” ဟု ဆိုသဖြင့် မုံရွာသားတို့ အရှုံးပေးကြရလေ၏၊ သို့သော် ဦးကိတ္တိအား ဝိုင်း၍ ဆူကြပြောကြရာ ဦးကိတ္တိလည်း မိမိနှုတ်ကြောင့် မလိမ့်တစ်ပတ် ခံလိုက်ရသဖြင့် ခေါင်းပုခြုံ အိပ်ပြီး စိတ်မကောင်း ဖြစ်ရရှာ၏။ ပြန်လျှင် ဒီပဲရင်းကျောင်းသို့အရောက် မိမိကိုယ်ကို ကြိုးဖြင့် စီရင်၍ ပျံလွန်ရရှာသည်။
အလောင်းတော်ကို နတ်တို့ ပူဇော်ခြင်း
ထိုနှစ် တပေါင်းလပြည့်နေ့တွင် ခုနစ်ရက် တိတိ ဈာပနပွဲကျင်းပ၏။ အင်္ဂလိပ်တိုင်းမင်းကြီးများ၊ အရေးပိုင်များနှင့် အနယ်နယ်မှ ဆရာတော်ကြီးများ စုံညီလှသည်။
ရေစကြိုမြို့နယ်၌ တောရနေသော ဘုန်းကြီးဦးနုလည်း ဈာပနပွဲ၌ရှိနေ၏။ သူကား ဆရာတော် စစ်ကိုင်း၌ တရားဟောသည်ကို နာရ၍ သဒ္ဓါသဖြင့် ရဟန်းပြုပြီး ဝတ်ကြီးဝတ်ငယ် ပြုစုလုပ်ကျွေးလျက် ဓုတင်နှင့်တကွ ပဋိပတ် အမွေခံ သားကြီးဖြစ်၏။ ရဟန္တာဟု ကျော်ကြားသည်။ ဘွဲ့ ဦးပညာသိဟ။ ဆရာတော် နေမကောင်းစကပင် ကြွလာပြီး ဝတ်ကြီးဝတ်ငယ် ပြုစုသည်။
ဆရာတော်ဆန္ဒရှိသော်လည်း အများက ရောဂါနှင့်မသင့်ဟု ထားသော ဆေးဝါးများကို ဘုန်းကြီးဦးနုက အများမသိအောင် တိုက်လေ့ရှိ၏။ မေးလျှင် “ဆရာတော် ခိုင်း၍” ဟု ဖြေကြားလေ့ရှိသည်။ ဆွမ်းခံစား၏။ အများနှင့်မရော၊ ရုက္ခမူဓုတင်ဆောင်၍ သစ်ပင်အောက်၌သာ နေလေ့ရှိသည်။ နာမည်ကျော် ပုဂ္ဂိုလ်ကြီးများ အသိုင်းအဝိုင်း၌ အရာမသွင်းကြ။
ထိုစံကျောင်းအတွင်းရှိ အုတ်ဂူ၌ လပြည့်နေ့တွင် မီးသင်္ဂြိုဟ်ရန် စီစဉ်ကာ နံ့သာထင်းများ စီမံထားကြ၏။ သို့ရာတွင် အလောင်းတော်မှာ မပုပ်မသိုး ပကတိ ကျိန်းစက်နေသကဲ့သို့ ပျောင်းအိ ဝါဝင်းနေ၍ မီးမသင်္ဂြိုဟ်ရက်ကြ။ ရဟန်းရှင်လူ အများဆန္ဒဖြင့် မှန်စီရွှေချ ခေါင်းသွင်းကာ အုတ်ဂူရှိ ပလ္လင်ပေါ်၌ တင်ထားပြီးလျှင် သံတံခါးနှစ်ထပ်ကို သော့ခတ်၍ ဂူပေါက်ကို အင်္ဂတေဖြင့် အသေ ပိတ်လိုက်ကြ၏။
သုံးရက်ခန့် ကြာလျှင် ကောင်းကင်မှ တူရိယာသံများ ကြားနေရသည်။ ထိုည ငလျင်လည်း ဆက်တိုက် သုံးကြိမ်လှုပ်၏။ ဆရာတော်ကြီး သုံးဆယ်ကျော်လည်း အုတ်ဂူအနီး၌ ညစဉ် ဆရာတော်၏ ကျေးဇူးစကားများ ဟောပြောဆွေးနွေးလျက် ရှိကြသည်။ အုတ်ဂူမှ မီးတစ်လက်လက် မြင်နေရသည်ဟု ကြားရသဖြင့် သွားကြည့်သောအခါ ငလျင်လှုပ်၍ ဂူပေါက် ပြိုကျနေသည်မှအပ ခေါင်းနှင့် သော့နှစ်လုံး ပကတိ ရှိနေ၍ အေးနေကြ၏။
နောက် မသင်္ကာသဖြင့် သော့ဖွင့်ကြည့်ရာ အလောင်းတော် ပြာကျနေသည်ကို တွေ့ကြရသည်။ အားလုံး ဝမ်းနည်းကြေကွဲကြ၏။ သတင်းစာ၌ “အလောင်းတော် အလိုအလျောက် တေဇောဓာတ် လောင်သွားကြောင်း” သတင်းပါလာသည်။
အရေးပိုင်၊ နယ်ပိုင်တို့ ဦးစီး၍ ပုလိပ် စုံထောက်များ စေလွှတ်ကာ မုံရွာ၊ စစ်ကိုင်း မန္တလေးတို့၌ အပူတပြင်း တရားခံ ရှာကြ၏။ ပျဉ်းမနားမှ မုံရွာပြန်ခရီးသည် စာရင်းကိုလည်း ဘူတာ၌ စစ်ဆေးကြသည်။
“မုံရွာသားတို့ လက်ချက်” ဟု ထင်ကြ၏။ တရာခံကိုကား မတွေ့သေး။
ထိုအတွက် မကျေနပ်ကြသဖြင့် ရင်းနှီးသော ရဟန်းရှင်လူများ ပြန်မကြွကြ။ သုံးလခန့် ရှိသောအခါ အစည်းအဝေး၌ အရေးပိုင်ကြီးက “ဒီကိစ္စ လက်သယ် မပေါ်လျှင် ဦးလန်းနှင့် ဦးထွန်းလှိုင်တို့အား အပြစ်ပေးရမည်” ဟု ကြိမ်းရာ ဘုန်းကြီးဦးနုက ထ၍ “အပြစ် မရှိသူကို အပြစ်မပေးသင့်ကြောင်း” ကန့်ကွက်သည်။
“ဒါဖြင့် လက်သယ်အစစ်ကို ပြောကြပါ၊ မပေါ်လျှင် ဦးလန်း၊ ဦးထွန်းလှိုင်တို့ကို အပြစ်ပေးရလိမ့်မယ်” ဟု ဆို၍ ဦးနုက “လက်သယ်ဟာ ကျုပ်ပဲ” ဟု ဆိုလေ၏။
“ကိုယ်တော် ဘယ့်နှယ်လုပ်တာလဲ” ဟု ဝိုင်း၍ ဒေါသဖြစ်နေကြသည်။ ဘုန်းကြီးဦးနုကား ရဲတင်းစွာဖြင့်ပင်-
“ငါ ပျံလွန်တော်မူပြီး ခုနစ်ရက်ရှိလျှင် မင်း မီးသင်္ဂြိုဟ်ရစ်၊ ဘယ်သူ့မှ မတိုင်ပင်နဲ့လို့ ဆရာတော်ကြီး မှာခဲ့လို့ လုပ်တာပဲ၊ ခုနစ်ရက်ပြည့်စဉ်က အကြောင်းမညီညွတ်လို့ ခုမှလုပ်ရတာပဲ” ဟု ပရိသတ်ရှေ့ ရပ်၍ ရှင်းပြသည်။
“အဖော် ဘယ်သူပါသေးသလဲ” ဟု မေးကြရာ-
“ဆရာတော့် ဆန္ဒပြည့်ဝစေရန် သမ္မာဒေဝနတ်တွေကို အကူအညီ တောင်းပြီး လုပ်တာပဲ” ဟုဆိုကာ လုပ်ပုံကို ရှင်းပြသည်။
ထိုနေ့ည တစ်နာရီက နတ်များကို တိုင်တည်၍ အကူအညီ တောင်းပြီးလျှင် ဂူပေါက်ကို တူရွင်းနှင့် တစ်ချက်ထိုးလိုက်ရာ ဆက်တိုက် ငလျင်သုံးကြိမ် လှုပ်ပြီး အုတ်များ အလိုလို ပြိုကွဲကျလာသဖြင့် အနီးရှိ နံ့သာထင်းများဖြင့် မီးသင်္ဂြိုဟ်ကြောင်း ရှင်းပြရာ ပရိသတ်အားလုံး အံ့အားသင့်ကာ မည်သို့မျှ မပြောတတ် ရှိကြ၏။
အပြစ်ပေးလိုက ပေးကြရန်၊ ထိုကိစ္စ မပြောရသေး၍ တစ်ခြား ဘယ်မှမသွားဘဲ နေခဲ့ကြောင်း ထပ်၍ပြောရာ “အပြစ်မပေးလိုပါ” ဟု ဆို၍ ဘုန်းကြီးဦးနုလည်း သပိတ်တစ်လုံး သုံးထည်သော သင်္ကန်းဖြင့် ထိုအစည်းအဝေးမှ ထွက်ခွာသွားလေတော့၏။ (ရဟန္တာဟု ကျော်ကြားသော ထိုအရှင်လည်း ဂျပန်ခေတ်တွင် ရေစကြိုမြို့၌ ပျံလွန်သွားသည်။)
ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ ဓမ္မာဘိသမယနှင့် စပ်၍ ပညာရှိ သူတော်ကောင်းကြီးအချို့က “ဈာန်အဘိညာဉ်ရ အနာဂါမ်” ဟု ယူဆလိုကြ၏။ စာချ၊ တရားဟော၊ စာရေးခြင်း၌ အချိန်နှင့် အင်အားများကို သုံးမတ်သားခန့် မသုံးမူ၍ ဝိပဿနာအလုပ်၌သာလျှင် ဘဝအပြည့်၊ အချိန်အပြည့်၊ အင်အား အပြည့် (တစ်ကျပ်သားလုံးလုံး) အသုံးချခဲ့သော် ရဟန်းကိစ္စပြီးလေရာ၏ ဟုလည်း ဝေဖန်ကြသည်။
အကြားအမြင်ရသည်ဆိုသော သူတို့ကမူ “ဆရာတော်သည် သုံးဆယ့်တစ်ဘုံ အတွင်း၌ ရှိနေသေး၏။ ထူးခြား တောက်ပြောင်သော ကိုယ်ရောင် ကိုယ်ဝါဖြင့် မရေမတွက်နိုင်အောင် များပြားသော ပရိသတ်များအား တရားဟောလျက်ချည်း တွေ့မြင်ရသည်” ဟု ဆိုကုန်၏။ လယ်တီ ဂန္ထဝင်ကျော်များ သမိုင်းဆရာကမူ “ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးသည် ယခုအချိန်တွင် ဗြဟ္မာပြည် ဝေဟပ္ဖိုလ်ဘုံ၌ ရောက်နေသည်ဟု ပြောလျှင် ယုံကြည်နိုင်သူဦးရေ များမည်မဟုတ်” ဟု မှတ်ချက် ရေးထားသည်ကို တွေ့ရ၏။ တိကျလွန်းလှသည်။ အဘယ်ကို ထောက်ဆ၍ အဘယ်မှ ရသော အချက်ဟုကား မသိရချေ။
စင်စစ် ထိုအဆိုပြုချက် အားလုံးသည် အလွန်နီးစပ်သော အဆိုများဟုပင် ဆိုသင့်၏။ ဆရာတော်၏ အရေးအသား၊ အကျင့်၊ ဥပဓိ၊ မိန့်ဆိုချက် စသည်များကို ခြုံ၍ ကြည့်ပါလျှင် “ဈာန်အဘိညာဉ်ရသော အနာဂါမ်ကြီး” ဆိုသည်မှာ အနည်းဆုံးသာ ဖြစ်သင့်ရာပါ၏။ သို့သော် ထိုကိစ္စကား ကျွန်ုပ်တို့၏ အရာ မဟုတ်ပါချေ။
ဦးခေါင်း၌ မီးလောင်သူသည် မီးကို နောက်မှငြိမ်းသတ်၍ အရဟတ္တဖိုလ် မရောက်မချင်း မထောက်မကွေ့ မရွေ့ မဝိုက် ပစ်လွှတ်လိုက်သော မြားပမာ ကျင့်တော်မူနိုင်ပါလျှင် မြန်မာနိုင်ငံ ပဋိပတ္တိ သာသနာဝင်သည် ဆရာတော်၏ ပညာဓိက အရဟတ္တဖိုလ် အင်အားကြောင့် ထိုထက် အဆပေါင်းများစွာ လင်းချင်းရမည်သာတည်း။
(လယ်တီ မဟာထေရုပ္ပတ္တိကထာ၊
လယ်တီ ဂန္ထဝင်ကျော်များ သမိုင်း၊
ဆရာ သက်ကြီး အဋ္ဌုပ္ပတ္တိ၊
လယ်တီဒီပနီများနှင့် သူတော်ကောင်း ပညာရှိ လူကြီးသူမများထံမှ ကြားသိမှတ်နာ ရသမျှ စေ့ငရုံသာ။)
လှေသင်းမင်းကျောင်း ဆရာတော် (၁၂၁၅ - ၁၂၈၈)
“လှေသင်းမင်းကျောင်း ဆရာတော်ကြီး ပျံတော်မူတော့ လှေသင်းမင်းကျောင်းကြီးရော၊ သူနေဖူးတဲ့ တောရွာကကျောင်းရော တစ်ပြိုင်နက်ထဲ လောင်မီးကျသွားတယ်” ဟု ဆရာတော်ကြီး၏ တပည့်ဖြစ်သူ သက်တော်၉၆-နှစ်ရှိ ကျေးဇူးရှင် မစိုးရိမ်ဆရာတော်ဘုရားကြီးထံမှ မှတ်သားရဖူး၍ ယင်းဆရာတော်ကြီး၏ ထေရုပ္ပတ္တိကို လိုက်လံရှာဖွေရာ မောင်းထောင်ရွာ နောင်တော်ကြီး ဦးသောဘိတ ထံမှပင် လွယ်လင့်တကူ ရရှိ၍ ယခုကဲ့သို့ တင်ပြနိုင်ပါသည်။ ထေရုပ္ပတ္တိ၏ အမည်မှာ “ထေရဝံသာစာရက္ကမပဒီပိကာ” ဟု ခေါ်၍ ၁၂၈၉-ခုနှစ် ကဆုန်လက ပုံနှိပ်သည်။
ရေးသားသည့် ပုဂ္ဂိုလ်မှာလည်း မစိုးရိမ်နာယက၊ နောင် စစ်ကိုင်း သစ်ဝင်ချောင် တောရဆရာတော် ဦးသောမာဘိသိရီ ဖြစ်သည်။ ပါဠိ-သက္ကတတတ်။ လယ်တီဆရာတော်၏ ဆန္ဒအရ ပါဠိအဘိဓာန်ကြီးကို ဦးစီးရသော ပုဂ္ဂိုလ်ဖြစ်သည်။ ငယ်စဉ်မှစ၍ လှေသင်းမင်းကျောင်း ဆရာတော်ထံ တပည့်ခံနေရသူဖြစ်ရာ ကိုယ်စားထား အားကိုးခြင်း ခံရသော တပည့်ကြီးတစ်ပါး ဖြစ်၏။ ဤ သာသနာဝင်တွင် ထိုသည့် ပရိယတ်၊ ပဋိပတ် ကျွမ်းသော အတွင်းနေ ပုဂ္ဂိုလ်များ၏ ရေးသားချက်မျိုးကို ဖတ်ရသည်မှာ ရှားပါးလှပါ၏။ ကျေးဇူး များလှပါ၏။
လှေသင်းမင်းကျောင်း ဟူသည် စစ်ကိုင်းတောင်ရိုး ဝတ်ချက်ရွာမြောက် ဧရာဝတီမြစ်ကမ်း ပတ္တမြားစေတီ စောင်းတန်းအခြေရှိ ၁၂၃၆-ခုနှစ်က ထိုရွာဇာတိ လှေးသင်း အတွင်းဝန်မင်း ဆောက်လှူသော ဗိမာန်ဘုံသာ ကျောင်းတိုက်ကြီးပင်တည်း။
ထိုကျောင်း၌ သီတင်းသုံးနေထိုင်၍ လှေသင်းမင်းကျောင်း ဆရာတော်ဟု တွင်လတ္တံ့သော သူငယ်ကား စစ်ကိုင်းမြို့မြောက် သာစည်ဘုဇင်ပင်ရွာ၌ ၁၂၁၅-ခုနှစ်၊ နတ်တော်လဆန်းနှစ်ရက်၊ သောကြာနေ ည သုံးချက်တီးကျော် အချိန် အဖ ဦးကာလီ၊ အမိ ဒေါ်မယ်ညှင်းတို့မှ ဖွားမြင်သည်။ (မငြိမ်းအောင်၊ မငြိမ်းတုတ် အစ်မနှစ်ဦး ရှိ၏။)
ကြန်အင်လက္ခဏာ ခန့်ညားထွားကြိုင်း၏။ (ဆရာတော်စီးသော ဖိနပ်မှာ တစ်ပေကျော်၏။) ငယ်မည် မောင်သာဆိုင်။ ရှင်မည် သောမ။ ဘုဇင်ပင်ရွာ ဘောဂတောရကျောင်း ဆရာတော်ထံ ပညာသင်၏။
ထိုတောရကျောင်း ဆရာတော်ကား လွင်တီးခေါင်၌ အမြဲနေသော ဓုတင်အကျင့် ဆောင်တော်မူသဖြင့် အဗ္ဘောကာသိက တောရကျောင်း၊ အမ္ဘောကာသိက ဆရာတော်ဟု တွင်သည်။ (အရပ်အခေါ် ဘောဂဆရာတော်။) ရှင်သောမသည် ဉာဏ်ထက်မြက်၏။ တစ်ခဏတွင်း၌ပင် ပေတစ်အင်္ဂါ (၁၂ရွက်) နှစ်အင်္ဂါကို အလွတ်ရအောင် ကျက်နိုင်သည်။ ရလွယ်၏။ ရပြီးစာ မမေ့နိုင်။ ငယ်ကရသောစာ ပျံလွန်ခါနီးကာလထိ ရွတ်ဆိုနိုင်သည်။ ၁၇-နှစ်သား ရှင်တစ်ဝါအရ ခမည်းတော်ကြီး ကွယ်လွန်၍ မိခင်အိုကြီးအား လုပ်ကျွေးရန် ရှင်လူထွက်ရ၏။
အများနှင့်မတူသော စာသင်စာချနည်း
၁၂၃၅-ခုနှစ် ပါရမီ နှိုးဆော်လာသဖြင့် လူဝတ်ကြောင်ဖြင့် နေရန်မပျော်ရွှင်။ မိခင်အိုကြီးအား ရဟန်းပြုခွင့် တောင်းရာ မိခင်ကြီး၏ စကားမှာ မှတ်သားထိုက်ပေစွာ့။
“တစ်ယောက်တည်းသောသားမို့ အမေ မခွဲချင်ပေမယ့် အမေ့ကို လုပ်ကျွေးပြုစုမယ့် အစား ဘုရားရှင်ကို လုပ်ကျွေးပါ။ အမေ မွေးကျိုးနပ်ပါပြီ” ဟူ၏။ ရဟန်းဖြစ်လျှင် ဘောဂတောကျောင်း ဆရာတော်၏ တပည့်ပီပီ ညဉ့်သုံးယံတွင် တစ်ယံသာ အိပ်စက်၍ ကျန်အချိန် ဝတ်တက်၊ စာပြန်သည်။ ဒကာ ဒကာမများနှင့် မရောနှော။ ရှင်ရဟန်းများနှင့် မပြောမဖြစ်မှ ပြော၏။
“ပြောလိုမူ အကျိုးရှိသော တရားစကားကိုသာပြော၊ မပြောလျှင် ကောင်းစွာ ဆိတ်ဆိတ်နေ” ဟူသော ဘုရားရှင် သြဝါဒနှင့် ကိုက်ညီလှပေသည်။ စာပေ ပရိယတ္တိကို ကြိုးစားရာတွင်လည်း အချိန်အားမထား။ ဆွမ်းခံသွားရာ၌ပင် သွားရင်းလာရင်း ကျက်မှတ်ရန် ထန်းဖူးရွက် အတိုများကို ကြိုတင်ရေးမှတ်၍ ထားလေ့ရှိသည်။ အခါအားလျော်စွာ ဓုတင်များကိုလည်း ဆောင်သည်။
ရဟန်းတစ်ဝါအရ မန္တလေးသို့ စာသင်ကြွ၏။ ရွှေရင့်မာဆရာတော်၊ ပေါင်းလဲတိုက် (ယခု မဟာအောင်မြေ) ဆရာတော် ဦးနာဂထံ ပညာသင်သည်။ နှစ်ဝါအရံ မိခင်ကြီးထံ တစ်ဝါတွင်း ပြန်ကြွလာ၍ တရားဖြင့် ချီးမြှောက်၏။ “ဝိနယာဘောဂ” ကျမ်းကိုလည်း ပြုသည်။ လေးဝါငါးဝါတွင် မန္တလေး လေးပြင်လေးရပ် နာမည်ကျော် ဆရာတော်များထံ အနည်းဆုံး ခုနစ်ရက်ကျစီ စာလိုက်စာနာ၏။ ထို့ကြောင့် မိမိကိုယ်တိုင် စာချသောအခါ “မည်သည့် ဆရာတော်က မည်သို့စာချသည်” စသည်ဖြင့် သိုင်းသိုင်းဝိုင်းဝိုင်း စာပြောလေ့ရှိသည်။
ငါးဝါမှစ၍ “သာသနာတော်၏ အသက်သည် ဝိနည်းဖြစ်သည်။ သာသနာဟူသည် ဝိနည်းပင်တည်း။ ငါ့တစ်ကိုယ်လုံး သာသနာ တည်ကိန်းစေရမည်” ဟု သဘောကျကာ ဝိနည်းငါးကျမ်း ပါဠိတော်ကို အာဂုံနှုတ်တက် ဆောင်တော်မူ၍ ညစဉ် ဘုရားပူဇော်လေ့ရှိ၏။
တပည့်များကို စာချသောအခါတွင်လည်း ယင်းပါဠိတော်များကို မည်သည့်အခါမျှ မကိုင်ရတော့။ အလွတ်ချပို့နိုင်သည်။ သက္ကတ၊ ဗေဒင်များကိုလည်း ကြည့်ကာမတ္တဖြင့် တတ်မြောက်လေ၏။ မယုံနိုင်လောက်အောင် ထက်မြက်လှသည်။ နေတ္တိပါဠိတော်ကြီးကိုပါ ဆက်လက် ကျက်ဆောင်လေ၏။
(နောင်သောအခါ “လှေသင်းမင်းကျောင်း နေတ္တိကောင်း” ဟုပင် ဥဒါန်းတွင်သည်။)
ငါးဝါအရ ဝိနည်းငါးကျမ်းနှင့် နေတ္တိပါဠိတော်ကိုပါ နှုတ်တက် အာဂုံရပြီးနောက် မြင်းဝန်တိုက် မြင်းဝန်ဆရာတော်ထံ၌ စာချအဖြစ် ခိုလှုံသည်။
၁၂၄၄-ခုနှစ် လှေသင်းအတွင်းဝန်မင်းက ဝတ်ချက်ရွာရှိ ဗိမာန်ဘုံသာ ကျောင်းတိုက်ကြီးကို မြင်းဝန်ဆရာတော်ကြီးအား တင်လှူရာ မန္တလေးမြင်းဝန်တိုက်မှ နောက်ပါသံဃာ တစ်ရာကျော်နှင့် ကြွရောက်အလှူခံသည်။ စာချဘုန်းကြီး ဦးသောမလည်း မြင်းဝန်ဆရာတော်၏ လက်ရုံးတစ်ဆူအဖြစ် လိုက်ပါရသည်။ ထိုကျောင်းတိုက်အတွင်းရှိ လှေးသင်းဗိုလ်မင်း ဦးစံလှ ဆောက်လှူသော ကျောင်း၌ ဦးစွာသီတင်းသုံးရ၍ “ဗိုလ်ကျောင်းဆရာတော်” ဟု တွင်သေး၏။ မြင်းဝန်ဆရာတော်ကြီး ပျံလွန်တော်မူ၍ ၁၂၄၉-ခုနှစ်တွင် ဦးသောမသည် မင်းကျောင်း ဆရာတော်အဖြစ် အရိုက်အရာ ခံယူရသည်။
ဆရာတော် စာသင်ယူစဉ်က အများနှင့် မတူသကဲ့သို့ စာချပုံမှာလည်း အများနှင့်မတူ။ တစ်မူထူးခြားလှ၏။ မည်သူမဆို မိမိ သင်ယူလိုသော ကျမ်းကို နေရာ၊ အချိန် သတ်မှတ်၍ တစ်ဦးချင်း သင်ယူနိုင်၏။ ပညာပါရမီဖြည့်သောအားဖြင့် အချိန်အအားမထားချေ။ အကြောင်း တစ်စုံတစ်ခုကြောင့် စာတက်ပျက်ကွက်လျှင် ထိုဦးပဉ္စင်းရှိရာ သွား၍ “ဦးပဉ္စင်း၊ စာတက်ကြရအောင်လေ” ဟု နှိုးဆော်၏။ ထိုသူက အကြောင်းမညီ၍ စာမတက်နိုင်မှသာ အခြား စာဝါ အပိုတက်လိုသူများအား သင်ကြားပေးသည်။ ရံခါ စာတက်သူများ နှစ်ဦးဆိုင်နေ၍ သူအရင် ငါအရင် အငြင်းပွားရာ မဲချပေးတော်မူ၏။
ဤမျှ ပညာပါရမီ ဖြည့်တော်မူနိုင်သည်ကို အခွင့်ယူ၍ သီလရှင် ဆရာများသည် မိမိတို့ချောင်သို့ ဆွမ်းကပ်၍ စာတက်ကြရာ ဟိုချောင်သည်ချောင်၊ ဟိုနည်းနည်း၊ သည်နည်းနည်း ဆွမ်းစား၍ စာချနေရသဖြင့် မွန်းလွဲမှ ကျောင်းသို့ ရောက်တော့၏။ ထိုအချိန်ကျမှသာ ရှင်ရဟန်းများ စာဝါတက်လှည့် ရကြတော့သည်။ ဆရာတော်သည် ဝိနည်းနှင့် နေတ္တိကို ဦးစားပေး ပို့ချလေ့ရှိ၏။
တစ်ခါက စစ်ကိုင်းအနောက်ဘက် ရွာထောင်အနီး ကြာနီကန်ကျောင်း ဘုန်းကြီးကလေးက ဝိနည်း သင်ချင်သည်ဆို၍ စစ်ကိုင်းတောင်ကြီးကို ဖြတ်ကျော်ကာ ခြေလျင်ကြွ၍ နေ့စဉ် စာသွားချပေးဖူးကြောင်း မစိုးရိမ်ဆရာတော် အမိန့်ရှိဖူး၏။
စာပေကြည့်ရှု ကျမ်းပြုခြင်း
ဆရာတော်သည် ရံခါ “ငါ စာသွားကြည့်ဦးမည်” ဟု ဆိုကာ အခြား ကျောင်းတိုက်များသို့ နှစ်ရက် သုံးရက်ကြာ သွားရောက် ကြည့်လေ့ရှိ၏။ ရေဝန်းတောင်ဘီလူးကျောင်း၊ ဆင်နင်းကျောင်း ပိဋကတိုက်များမှာ လောကီ လောကုတ္တရာ စာစုံသဖြင့် အကြွများ၏။ ကျောင်းခံဘုန်းကြီးများလည်း အကြောင်းသိနေကြသဖြင့် ပိဋကတိုက် စာတိုက်ဗီရိုဘေးတွင် နေရာထိုင်ခင်း ပေး၍ ဆရာတော် နေသမျှ ဆွမ်း၊ ကွမ်း၊ ဝေယျာဝစ္စ ဆောင်ကြရသည်။ ရံခါ တစ်ဆယ့်ငါးရက်ခန့်ပင် ကြာတတ်၏။ ဆရာတော် ကြွလာလျှင် လောကီ လောကုတ္တရာ လျှို့ဝှက်စာများမှအစ မေးချင်တာ မေး၍ရသဖြင့် စာဝါသနာပါသော ကျောင်းခံဘုန်းကြီးများလည်း ဝမ်းသာကြသည်။
ဆရာတော်၏ အရည်အသွေးကို သိသော တောင်ဘီလူးဆရာတော်သည် ရှေးဆရာတို့ အပြီးမသတ်သော “ဝိသုဒ္ဓိမဂ် မဟာဋီကာ” ဝိပဿနာပိုင်းကို နိဿယရေးရန် ပေထုပ်များကိုပါ ပို့၍ လျှောက်ထားသည်။ ဝိသုဒ္ဓိမဂ်ဋီကာ နောက်ပိုင်းကား ဝိပဿနာပိုင်း ဖြစ်၍ စာတတ်ရုံမျှဖြင့် နိဿယ မရေးနိုင်။ ပကတိ ဝါဒ၊ ဒဗ္ဗ၊ ဇီဝ၊ ဒွိအဏုက စသော အတ္တဝါဒ ဆိုင်ရာ သာသနာပ ဝေါဟာရများ (ဒရ်ရှန်းခေါ် ဒဿန၊ အိန္ဒိယ ဖိလော်ဆဖီ) အများဆုံး ပါဝင်နေပြန်သဖြင့် အကျင့်တတ်၊ ပရိယတ် တတ်ရုံမျှနှင့်လည်း မရချေ။ သက္ကတ ဘာသန္တရကိုပါ တတ်ကျွမ်းမှသာလျှင် နိဿယ မြန်မာပြန်နိုင်သည်။ ဆရာတော်သည် သက်တော် ၄၄-နှစ်၊ ၁၂၅၇-ခုနှစ်တွင် ဒူးပဆစ်ပေါ်၌ ပေရွက်တင်၍ ကညစ်ဖြင့် တစ်ကြိမ်တည်း အပြီးသတ် အချောတင် ရေးတော်မူ၏၊ စာအင်္ဂါ သုံးဆယ်ရှိသည်။
ရှေးက ကျမ်းပြုပုံမှာ ပထမ ပထမ ပရပိုက်တွင် အကြမ်းရေးပြီးမှ ပေ၌ အချောရေးလေ့ရှိ၏။ ထိုသို့မဟုတ်မူ၍ တစ်လက်စတည်း ဒူးပေါ်တင်၍ အပြီးရေးသော နိဿယကို “လက်ပန်းနိဿယ” ဟုလည်း ခေါ်ကြသည်။ အပင်ပန်းခံသည်၊ စေ့စပ်သည် ဟူလို။ (ယခု ထိုနိဿယပေမူ စုံစမ်း၍ မရသေး။)
တစ်နေ့သောအခါ ယင်းဋီကာ နိဿယပေကို ဒူးပေါ်တင်ရေးနေစဉ် မန္တလေးမြို့ ဘုရားကြီးတိုက်မှ စာသင်ဖက် တိုးကြောင်ကလေးဇာတိ ဆရာတော် ဦးရန်ကုန် (ဘွဲ့- ဦးသုဇာတ) ကျောင်းသို့ ရောက်လာပြီး “ဘာကျမ်းတွေ ပြုနေသတုန်း” ဟု မေးရာ- ဦးရန်ကုန်မှန်း ရုတ်တရက် မသိ၍ “ဘယ်ကျောင်းက ဘုန်းကြီးလဲ” ဟု ပြန်မေးသည်တွင် အပျော်အပြက် ပြောတတ်သော ဦးရန်ကုန်က “ငါ့ကျောင်းက ဘုန်းကြီးပါ” ဟု ပြောကာ အာလာပ သလ္လာပ ဆွေးနွေးကြသည်။
ဋီကာနိဿယမှာ ဒိဋ္ဌိဝိသုဒ္ဓိ နာမရူပ ပရိဂ္ဂဟအခန်း ရေးနေခိုက် ဖြစ်၍ ဦးရန်ကုန်က ပေတစ်ချပ် ယူကြည့်ရာ သမယန္တရ (ဘာသာခြား အယူဝါဒ) စကားများကို ဖတ်ရလျှင် “ကျုပ်တို့ ဒီအဓိပ္ပာယ်မျိုး မကျက်စားနိုင်ပေါင်ဗျာ” ဟု ဆိုကာ ချီးကျူးပြီး ပေကိုချထား၏။
မန္တလေးရောက်၍ စာချသောအခါ “စစ်ကိုင်းဘက်မှာ တော်စွာ့ လျော်စွာ နေကြသလား အောက်မေ့၊ မင်းကျောင်းဆရာတော်ဟာ တကယ့်ပုဂ္ဂိုလ်ဟေ့” ဟု ချီးကျူးလေသတတ်။ (ယခုအခါ ဋီကာ နိဿယမူသစ်တစ်စောင်ကို ကျေးဇူးရှင် မဟာစည်ဆရာတော် ဘုရားကြီးက အိန္ဒိယ ရှေးဟောင်း အယူဝါဒများနှင့် တိုက်ဆိုင်ဖြေရှင်းကာ ရေးသားရိုက်နှိပ်ထားပြီး။)
၁၂၅၉-ခုနှစ်၊ တပေါင်းလတွင် မိုင်းခိုင်းဆရာတော် ရောက်လာပြီး “စေတီ ရင်ပြင်၌ ဖိနပ် စီးအပ်၊ မစီးအပ်” ပြဿနာနှင့် စပ်၍ အဆုံးအဖြတ်ပေးရန်ရှိသဖြင့် လှေသင်းဆရာတော်၏ အယူအဆကို နှီးနှောကြည့်ရာ ချက်ချင်းပင်-
“ဝိနည်းအလို တံတိုင်းရှိလျှင် တံတိုင်းအတွင်း၊ မရှိလျှင် တံတိုင်းပြုသင့်သော နေရာအတွင်း မစီးသင့်။ သုတ္တန်အလို စေတီကိုမြင်ရာအထိ မစီးအပ်။ အဘိဓမ္မာအလို ဘုရားဂုဏ်တော်များကို အာရုံပြုသောအခါ ဂါရဝစိတ်ထား၍ မစီးထိုက်” ဟု လျှောက်ထားသည်။
ထို့ပြင် အောက်ပြည်အောက်ရွာရောက်ခိုက် နာမည်ကျော် အုတ်ဖိုဆရာတော်ကြီးနှင့် တွေ့စဉ် တစ်ပါးတည်း နဝကမ္မ အမှုကလေးတစ်ခု ကိုယ်တိုင် လုပ်နေခိုက်ဖြစ်၍ မိမိက ဦးမချဘဲ နေသဖြင့် ဆရာတော်ကြီးကရော အနီးရှိ လူများကပါ ဝိုင်း၍ ပြောသော်လည်း ဝိနည်းပါဠိတော်အရ ရှိမခိုးဘဲ ပြန်ခဲ့ဖူးကြောင်းကိုပါ ပြောပြ လျှောက်ထားရာ မိုင်းခိုင်းဆရာတော် “ဟုတ်ပါပေရဲ့” ဟု ချီးကျူး၍ ပြန်ကြွသွားသည်။
ပုဂ္ဂိုလ်ကျော် ကျင့်ထုံး အဆုံးအမများ
ဆရာတော်သည် စာချသောအခါ၌သာ “မည်သည့် ဆရာတော့် ဝါဒက မည်သို့ ဟု ပြောဆို ပို့ချသည်သာမက အကြောင်းအားလျော်စွာ ဆုံးမတရား ဟောပြောသော အခါတွင်လည်း “မည်သည့် ဆရာတော်က မည်သို့ ကျင့်သုံး၍ မည်သို့ ဆုံးမကြောင်း လင်္ကာ သံပေါက်ရေး၍ ဆုံးမလေ့ရှိသည်။ ကိုယ်တိုင်လည်း ယင်းသို့ ကျင့်ကြံတော်မူ၏။
- ရတနာသုံးဆိုင်၊ ငုံကြာခိုင်၊ ဆုံပြိုင် ဝန္ဒနာ။
- နှစ်ဆီ ရသ၊ မြတ်ဓမ္မ၊ မှတ်ကြ စဉ်အလာ။
- ပရိနိဗ္ဗာန၊ မြတ်ဗုဒ္ဓ၊ မိန့်ထ ညောင်စောင်းမှာ။
- နိဗ္ဗာန်လိုက၊ သင်္ခါရ၊ နေ့ည မမေ့ရာ။
- ပုတြာမည်ရှိ၊ ရှင်သာရိ၊ အန္တိ မိန့်ခဲ့ရှာ။
- နိဗ္ဗာန် လိုလား၊ သဒ္ဓါပွား၊ မခြားနေသင့်ရာ။
- ဆရာတော်ရေငုံ၊ ကျင့်အထုံ၊ မှာပုံ သင့်လှပါ။
- နိဗ္ဗာန်လိုက၊ လိုသမျှ၊ ကျင့်ကြ ကောင်းရာရာ။
- ဝံသာအရိ၊ သားမုနိ၊ ထားရှိသူ့အမှာ၊ (အရိယဝံသဆရာ)
- နိဗ္ဗာန်လိုက၊ ကိုယ်ဧက၊ နေထ သင့်လျော်ရာ။
- ညောင်ကန်ဆရာတော်၊ ဦးဗုဓ်ခေါ်၊ ထုတ်ဖော်မိန့်ခဲ့ရာ။
- လူနတ်ဗြဟ္မာ၊ ကဲ့ရဲ့မှာ၊ ဆိတ်စာ မကြောက်ရာ။
- ဘုရားကဲ့ရဲ့၊ ကြောက်သူကွယ့်၊ ရောက်မယ့် နိဗ္ဗူတာ။
- ငါးခုံကဝိ၊ မြတ်ဗောဓိ၊ ဟောရှိသည်အမှာ။
- စိတ်ဆိုးစိတ်ညစ်၊ ကိုယ့်ကြောင့်ဖြစ်၊ ပယ်လှစ် သူတကာ။
- စိတ်ညစ်ပယ်ချိုး၊ စိတ်မဆိုး၊ ရောက်ရိုး နိဗ္ဗူတာ။
- မန်ကျည်းတောခေါ်၊ ဆရာတော်၊ ထုတ်ဖော်မှတ်စရာ။
- နိဗ္ဗာန်ကိုရည်၊ ကုတ်နှင့်ကီ၊ ကြောက်သည်မရှိရာ။
- ကျင့်ကျော်ထွဋ်ခေါင်၊ နှုတ်တော်ဆောင်၊ သိအောင်မိန့်ခဲ့ရာ။
- နိဗ္ဗာန်လိုလျှင်း၊ သူ့ အတင်း၊ ပြောခြင်းပယ်ချိုးပါ။
- ရွှေရင့်မာရှင်၊ ဆရာပင်၊ မှာတွင်သိစရာ။
- ဟောတိုင်းပြောတိုင်း၊ ချင့်စာနှိုင်း၊ ရေးတိုင်းမယုံရာ။
- နိဗ္ဗာန်လိုက၊ ဝိရာဂ၊ မိန့်မှယုံသင့်ပါ။
- မြင်းဝန်ဆရာတော်၊ မိန့်မြွက်ဖော်၊ မြင်မြော်မှတ်စရာ။
- နိဗ္ဗာန်လိုလစ်၊ မုန်းအချစ်၊ ဆုံးပစ်ပယ်ချပါ။
- ဝိနည်းကျော်လှ၊ ဗန်းမော်က၊ ဖော်ပြမိန့်ခဲ့ရာ။
- နိဗ္ဗာန်ကိုမက်၊ ကိုယ်အသက်၊ ငဲ့ကွက်မပြုရာ။
- လှေသင်းမင်းကျောင်း၊ နေတ္တိကောင်း၊ သိကြောင်းအစဉ်မှာ။
- နိဗ္ဗာန်လိုက၊ သည်းခံကြ၊ တွင်းပအရာရာ။
- သုံးပုံမကိုဋ်၊ တရားမြိုက်၊ သားနှိုက်ဤနည်းသာ။
- အချုပ်စကား၊ ဆုံးတရား၊ သုံးထားမြဲမြံစွာ့။
- အဓိပ္ပာယ်နက်၊ အသိခက်၊ ထည့်စွက် ဉာဏ်ဝိဇ္ဇာ။
- ကျင့်သုံးဗိုလ်လူ၊ ပြည်နိဗ္ဗူ၊ လွယ်ကူရောက်မည်သာ။
ထိုမှတစ်ပါး ဆရာတော် မကြာခဏ ဆုံးမပြောဆိုလေ့ ရှိသော သြဝါဒလက်သုံး စကားများမှာလည်း မှတ်သားဖွယ် ကောင်းလှ၏။ ထိုစကားများဖြင့် ဆရာတော်၏ ဇာတိရုပ်ကိုလည်း ခန့်မျှော်နိုင်သည်။
- သွား၊ ရပ်၊ ထိုင်၊ လျောင်း ဣရိယာပုထ်လေးပါးတို့၌ အကုသိုလ် မဖြစ်ရ။ ကုသိုလ်တရားသာ ဖြစ်အောင် နှလုံးသွင်းရမည်။
- အကုသိုလ်ဖြစ်သော အချိန်ကာလကို မရှိစေရ၊ ကုသိုလ်ဓမ္မဖြင့်သာ အချိန်ကာလကို ကုန်လွန်စေရမည်။
- ကောင်း, မကောင်းဖြစ်သော ကံဟောင်းကို မမျှော်လင့်ရ၊ ကောင်းသော ကံသစ်ကိုသာ ဖြစ်ပွားအောင် အားထုတ်ရမည်။
- အကျိုးကို အားမထုတ်ရ၊ မကျင့်ရ။ အကြောင်းကိုသာ ဖြောင့်မှန်အောင် အားထုတ် ကျင့်ကြံရမည်။
- အကျင့် အတုအယောင်ကို မဖြစ်စေရ။ အကျင့် အစစ်အမှန်ကို ကျင့်ရမည်။
- ကိုယ်၏အကျင့်ကို တစ်ပါးသူ မသိစေရ၊ ကိုယ့်အကျင့် မှန်-မမှန်ကို ကိုယ်တိုင် သိအောင် ဆင်ခြင်ရမည်။
- သူတစ်ပါးကို အားမကိုးရ။ မိမိကိုယ်ကိုသာ အားကိုး၍ ကျင့်ရမည်။
- မိမိက မကျင့်မူ၍ သူတစ်ပါးအား မဆုံးမရ၊ ကိုယ့်ကိုကိုယ်သာ ယဉ်ကျေးအောင် ဆုံးမရမည်။
- သူတစ်ပါး၏ အပြစ်ကို မရှုရ၊ ကိုယ့်အပြစ်ကိုသာ ကိုယ်မြင်အောင်ရှု၍ အပြစ် လွတ်အောင် ပြုရမည်။
- သူ့ပစ္စည်းကို မလိုချင်ရ၊ ကိုယ့်ပစ္စည်းအစစ်ဖြစ်သော အကျင့်တရားကိုသာ လိုချင်သော သမ္မာဆန္ဒကို ဖြစ်စေရမည်။
- ပစ္စည်းရအောင် မကျင့်ရ။ တရားကောင်း အစစ်ကို ရအောင် ကျင့်ရမည်။ (ဓမ္မဒါယာဒ။)
- အပေါင်းအဖော်နှင့်-ပျော်၍ သူများနှင့် သင့်အောင် မနေရ၊ ရုပ်နာမ်တရားတို့နှင့် သုံးသပ် မွေ့လျော် သင့်တော်အောင် နေရမည်။
- ကြောက်လန့်အောင် မနေရ၊ ကြောက်လန့်မှု မရှိအောင် နေရမည်။
- စာပေကျမ်းဂန် တတ်သိခြင်း မမှားစေရ၊ တတ်သိခြင်း အမှန်ကျအောင် သတိ သမ္ပဇဉ် ရှိရမည်။
- စာပေကျမ်းဂန် တတ်သိရုံမျှနှင့် ရောင့်ရဲမနေရ၊ တရားတတ်သိအောင် အားထုတ် ကျင့်ကြံရမည်။
- သံသရာ၌ အသက်ရှည်ရန် မလိုအပ်။ သံသရာသက် တိုရန်သာ လိုအပ်သည်။
- ရှည်လျားသော တဏှာကိုဖြတ်၍ တိုသေးသော ပါရမီကို ဆက်ပေးရမည်။
- မေ့၍နေလျှင် အဖန်တလဲလဲ သေရလိမ့်မည်။ မမေ့လျှင် နောက်ထပ်မသေရပြီ။
- အသက်မပြတ် ရှင်လျက်ရှိနေသော အဝိဇ္ဇာတဏှာကို သေအောင်သတ်။ အမြဲ သေ၍သာနေသော အသင်္ခတနိဗ္ဗာန်သို့ ရောက်အောင် ကပ်ရမည်။
- သင်္ခါရ အလုံးစုံ၌ စွဲလမ်းသော ဥပါဒါန်ကိုဖြတ်၊ သင်္ခါရဟူသမျှကို စွန့်လွှတ်နိုင်မှ အနုပါဒိသေသ နိဗ္ဗာန်သို့ ရောက်မည်။
တရားရှုမှတ်နေသူများသည် ရှုမှတ်ပွားများတိုင်း ရှေ့သို့ ရောက်သည်မဟုတ်။ တိုးတက်သည် မဆိုသာ၊ သီလ၊ သမာဓိ၊ ပညာ၊ သဒ္ဓါ၊ ဝီရိယဖြစ်ကြောင်း ဘုရား စသော သူတော်ကောင်းကြီးတို့၏ ဤသို့သော သြဝါဒများ၊ ဖြစ်စဉ် ဖြစ်ရပ် အတ္ထုပ္ပတ်များ၊ နှလုံးသွင်းပုံများ၊ တရားဆောင်ပုဒ်များဖြင့်လည်း မကြာခဏ အားဖြည့် ဆင်ခြင်၍ ပေးသင့်သည်။ ပေးရမည်။ တိုး၊ ရပ်၊ ဆုတ် (ဝိသေသ၊ ဌိတိ၊ ဟာန-ဘာဂိယ) သုံးမျိုးဖြင့် ချိန်ထိုးကြည့်ရာ၏။
ဆင်တူယိုးမှား အကျင့်များကို ပြတ်ပြတ်မိန့်ခြင်း
ဆရာတော်သည် အလှူအတန်းများ၌ တရားဟောရသောအခါ ဇာတ်နိပါတ် ဝတ္ထုများကို ဟောကြားတော်မမူ၊ ဆုပေး၊ ရေစက်ချကအစ လက္ခဏာရေး သုံးပါး၊ ဝိပဿနာတရားကိုသာ ဟောတော်မူလေ့ရှိ၏။ ရင်းနှီးသော၊ စဉ်းစားဝေဖန် တတ်သော ပုဂ္ဂိုလ်များကိုမူ အကျိုးပျက်မည့် အရာ၌ တင်းတင်းရင်ရင်း မျက်နှာမငဲ့ဘဲ ဟောကြားလေ့ရှိသည်။
၁၂၇၁-ခုနှစ်က မန္တလေး မစိုးရိမ်ကျောင်းတိုက်ကြီး ရေစက်ချပွဲ လုပ်သောအခါ ကျောင်းဒကာ ဦးသက်ရှည်အား “နွားသတ်ပြီး ရေစက်ချမှ ပါဏာတိပါတ အကုသိုလ်ကံ မြောက်သလား” ဟု မိန့်တော်မူ၏။
ဝိနည်းအလို အင်္ဂါစုံလျှင် ကံမြောက်၏။
သုတ္တန်အလို ဝတ္ထုအဆောက်အအုံ ပြည့်စုံလျှင် ကံမြောက်၏။
အဘိဓမ္မာအလို စေတနာ စသော တရားကိုယ် ထင်ရှား ဖြစ်ပေါ်လျှင် ကံမြောက်၏။
အပယိက ဝေါဟာရမျှလောက်ကို ပဓာနမပြုသင့် ကြောင်းကိုလည်း အကျယ် ဟောပြတော် မူသည်။
သက်သတ်လွတ် အကျင့်
တစ်ခါက သက်သတ်လွတ် ဘုဉ်းပေးသော တပည့် ဦးအာစရ ကိုယ်တော်နှင့် ဆရာတော်ထံ သက်သတ်လွတ် ဆွမ်းလာလှူသော ဒကာတစ်ဦးအား အကျယ်ဝေဖန် ဟောပြတော်မူဖူး၏။
“ရသေ့ ဖြစ်လျှင် ရသေ့လိုကျင့်၊ တိတ္ထိဖြစ်လျှင် တိတ္ထိလိုကျင့်၊ ဇော်ဂျီဖြစ်လျှင် ဇော်ဂျီလိုကျင့်၊ ရဟန်းလုပ်လျှင် ရဟန်းလိုကျင့်၊ သက်သတ်လွတ် စားခြင်းကို အကျင့် ပဋိပတ်ကြီးတစ်ခု လုပ်၍ မကျင့်သင့်၊ အကျိုးရှိရိုးမှန်လျှင် သဗ္ဗညုတ ရွှေဉာဏ်တော်ကြီးဖြင့် သိမြင် ခွင့်ပြုတော်မူခဲ့ရာ၏။ ဒေဝဒတ် တောင်းဆိုသည်ကိုပင် တားမြစ်ခဲ့ပြီ။
“ဝိနည်းတော်အရ ဆင်သား၊ မြွေသား စသော အသားကြီး ဆယ်မျိုးနှင့် ရည်မှန်း၍ သတ်သော အသားမျိုး မဟုတ်လျှင် အပ်၏။ စားကောင်း၏။ ဘုရားခွင့်ပြုပြီး ဖြစ်သည်။
“သုတ္တန်အလို အစားအသောက်နှင့် စပ်သော ဓုတင်သုံးမျိုး ခွင့်ပြုထား၏။
“အဘိဓမ္မာအလို မည်သည့်အစာကို စားမှရှောင်မှ ကုသိုလ်ရသည် မလာ။ ယောနိသော မနသိကာရ သင့်တင့်အောင် စိတ်ကို ပြုပြင်မှ ကုသိုလ်ရ၏။ မိစ္ဆာ၊ ပဋိပန္န၊ အတ္တကိလမထာနုယောဂ လမ်းစဉ်သာ ဖြစ်သည်။
“ယုတ္တိ ယုတ္တာဖြင့် အကျင့်ကောင်း ဟန်ဆောင်သော အလွန်မကွဲပြားလွန်းသည့် အကျင့်တစ်ခုကို လက်ခံမိလျှင် တစ်စတစ်စ လမ်းခွဲမှန်းမသိ ခွဲ၍ မဇ္ဈိမပဋိပဒါမှ ချွတ်လွဲ တတ်သည်” ဟု ဟောကြားတော်မူ၏။
(အဋ္ဌုပ္ပတ္တိ မူရင်း၌ အထူး ပြည့်စုံစွာ ဆုံးမထားသည်။)
ပဋိပတ်ရေးရာ၌ မမြင်နိုင်သော သိမ်းသွင်းမှု၊ စိတ်စေစားမှု၊ အာရုံဆွဲဆောင်မှု၊ ကိုယ့်စိတ်နှင့်ကိုယ်ဟု အထင်ရောက်စေမှုများသည် ကြောက်ဖွယ်ကောင်းစွာ့။ ထိုကိစ္စ၌ ဆရာတော်ကား ကျယ်ကျယ်ပြန့်ပြန့်ကြီး မြင်ပေလိမ့်မည်။
ထို့ကြောင့် သဗ္ဗညုတ ဉာဏ်တော်ကြီးကို မကျော်လွန်သင့်သကဲ့သို့ အတွေ့အကြုံ အသိဉာဏ်ကြီးမားသော သူတော်ကောင်းပညာရှိကြီးတို့၏ စကားကိုလည်း မထေမဲ့မြင် မပြုအပ်။ တရားသဘောကား နက်ရှိုင်းစွာ့။ “အတက္ကာဝစရော = ကြံစည်စိတ်ကူး ကောင်းရုံမျှဖြင့် ဝေဖန်ဖို့ နေနေသာသာ၊ ရိပ်စားမိရုံမျှပင် ချဉ်းကပ်၍ ရစကောင်းသော အရာမဟုတ်။
ထင်းခွေ ရေခပ်သော ဘုန်းတော်ကြီး
ထူးခြားသည့် သူတော်ကောင်းကြီးများ၌ နိဗဒ္ဓ (အမြဲ) ဆောင်သော စရဏ အကျင့် ဝတ္တရားများရှိ၏။ “ဝတ္တံ အပရိပူရေန္တော သီလံ နပရိပူရတိ = ကျင့်ဝတ်မဖြည့် သီလမပြည့်” ဟူသည့်အတိုင်း ကျင့်ဝတ်များကိုလည်း ကျန်းမာရေးအလိုက် ဆောင်ကြသည်။
နေ့စဉ် ဝတ်ထား၍ ပြုကြ၏။
မင်းကျောင်း ဆရာတော်သည် ကျောင်းဝင်းကြီး အတွင်း၌သာမက သံဃာများ ဆွမ်းခံကြွရာလမ်းတစ်လျှောက် ခရီးတစ်တိုင်ခန့်ရှိ ရွာဝင်ပေါက်အထိ နေ့တစ်ကြိမ် ညတစ်ကြိမ် လှည့်လည် တံမြက် လှည်းတော်မူ၏။ အခြားသူများလှည်းပြီး၍ ဖြစ်စေ၊ အလိုအလျောက်ဖြစ်စေ အမှိုက်သရိုက် ရှင်းနေသော်လည်း လှည်းမြဲ လှည်းတော်မူ၏။
“ကာယဝေယျာဝစ္စ၊ သေနာသနဝတ် ကုသိုလ်ဇော ဖြစ်သတဲ့” ဟုလည်း မိန့်တော်မူသည်။ သောက်ရေကိုလည်း ဧရာဝတီမြစ်သို့ ဆင်း၍ သံဃာများ မနိုးမီ လောင်းထည့်ပြီး ဖြစ်၏။ တပည့်များက ဦးအောင်လောင်းထည့် ထားလျှင်လည်း ထိုရေများကို အိုးလိုက် ဘုရားလှူပြီး ထပ်၍ခပ်ထည့်တော်မူသည်။ ကုဋီ၊ သုံးရေ၊ ဆေးရေများလည်း အမြဲပင် လောင်းထည့်သည်။ ကုဋီ၌ သံဃာအများ သုံးပြီးသော ကနုတံများကိုလည်း ကိုယ်တော်တိုင် ဆေးကြော၍ ကနုတံကုန်လျှင်လည်း ကိုယ်တော်တိုင် ဝါးကို ခွဲစိတ်၍ သပ်တော်မူ၏။
ဆရာတော်သည် ဧရာဝတီမြစ်တွင်း ရေချိုးဆင်းတိုင်း ထင်းများကို ကိုယ်တိုင် ဆယ်၍ ကမ်းနား၌ ပုံထား၏။ လိုချင်သူယူ၍ ကျန်သမျှ ထင်းများကို ကျောင်းအရောက် ကိုယ်တိုင် ထမ်းသယ်၏။ ဆောင်းအခါ၌ ထိုထင်းများကို မီးဖို၍ ဘုရားလှူခြင်း၊ သံဃာများ ဆွမ်းခံလမ်းတစ်လျှောက် မီးဖိုခြင်း၊ ခွေးများ မီးလှုံရန်ပင် မီးဖိုပေးခြင်း ပြုတော်မူ၏။
ဧရာဝတီမြစ်တွင်းမှ သဲများကိုလည်း ကိုယ်တော်တိုင် ထမ်း၍ ကျောင်းဝင်းအပြည့် သဲခင်းတော်မူရာ လှည်းအစီး တစ်ထောင်ခန့်ရှိ၏။ ကျောင်းအနီးအနားရှိ စေတီများတွင်လည်း စေတိယင်္ဂဏ ဝတ်များကို ပြုတော်မူသည်။ တံမြက်လှည်းရုံ၊ ရေလှူရုံမျှမက ရာသီဥတုအလိုက် ဆောင်းအခါတွင် ထင်းမီးဖို၍ လှူခြင်း၊ နွေအခါတွင် ရုပ်ပွားတော်ရှေ့၌ ယပ်လေခတ်၍ လှူခြင်းများလည်း ပြုတော်မူသည်မှာ ထူးခြားလှပေ၏။
အလွန် မြင့်စောက် ဝေးလံလှသော ပတ္တမြားစေတီ တောင်ပေါ်သို့ ရေပြည့်အိုး ထမ်းလျက် ရေလှူတော်မူ၏။ ရှည်လျားလှသော စောင်းတန်းကြီး၌လည်း အသွား အပြန် တံမြက်လှည်းတော်မူ၏။ ရောက်ဖူးသူများ သိပေလိမ့်မည်။ လူငယ် လူရွယ် လူသန်များပင်လျှင် လူချည်းကို အထောက်ထောက် နား၍ အမောဆို့အောင် တက်ရသော တောင်ဖြစ်သည်၊
ဘဝတန်ဖိုးကို အပြတ်မြင်ပြီးသူတို့၌ လှူစရာ၊ လုပ်စရာတွေ ပေါများလှပေ၏။ ခက်ခဲသည် ပင်ပန်းသည် မထင်။
ရံခါ ဒန်ပူတံ၊ ကနုတံများကို ကုဋေကျော်အောင် ကိုယ်တော်တိုင် သပ်တော်မူ၏။ မိမိ တိုက်အတွက်သာမက ၁၂၅၉-ခုနှစ်က မန္တလေးမြို့ပေါ်တွင် သံဃာအများဆုံး (၁၆၀၀) ရှိသော ဘုရားကြီးတိုက်အတွက် တစ်ပါးလျှင် ဒန်ပူတစ်ရာစည်း တစ်စည်းကျစီ လှူတော် မူဖူးသည်။
စရဏခေါ် ကျင့်ဝတ်ဝေယျာဝစ္စများကို ဤကဲ့သို့ လုပ်နိုင်မှသာ ဝိဇ္ဇာဉာဏ် (တရားထူး) ရမည်၊”ငါကား မလုပ်နိုင်” ဟု ယူဆ၍ အားမလျှော့ရာ။ သဒ္ဓါဓိက၊ ဝီရိယာဓိက၊ ပညာဓိက ကိုယ့်ဆုနှင့်ကိုယ် လာကြသည်သာ။ အာနာပါနစသော တရားအလုပ်ကား သီးခြား လုပ်နေရသည် မဟုတ်။ ထိုအလုပ်မျိုးကို လုပ်ရင်း လုပ်နိုင်၏။ လုပ်ရသည်။ တစ်ချိန်တည်း အလုပ် နှစ်ခု အကျိုးနှစ်မျိုး ပြီးစီး၏။ လွယ်လွန်းစွာ့။
ဆရာတော်သည် ကျင့်ဝတ်နှင့် ဓုတင်မှစ၍ ပဋိပတ်အလုပ်ကို ငယ်စဉ်ကပင် ပြုလုပ် ခဲ့သော်လည်း ပရိယတ် သင်ယူပို့ချသောအခါ မလစ်လပ်ရုံသာ ဆောင်တော်မူ၏။ သက်တော် ငါးဆယ်တွင်းသို့ ရောက်လျှင်ကား ပရိယတ်ကို တန်ရုံသာ ပို့ချ၍ ဓုတင်နှင့်တကွ ဝတ်၊ ပဋိပတ်ကို စောက်ချ၍ ဆောင်တော်မူသည်။ ဆရာတော်၏ ပုဗ္ဗေစ ကတပုညတာစက်သည် ဘောဂဆရာတော်ကဲ့သို့သော သပ္ပုရိသူပနိဿယ စက်ကို ဆက်၍ လည်စေသဖြင့် ဓုတင် ၁၃-ပါးကို အလျဉ်းသင့်သလို ဆောင်တော်မူ၏။ အမြဲတမ်းလည်း မိမိအကျင့်ကို သိုဝှက်တော် မူသည်။ ဓုတင် ဆောင်ကြောင်း မသိစေလိုသဖြင့် ဓုတင်ကို ဖျက်၍ပင် အလှူခံ၏၊ ပြီးမှ ပြန်၍ ဆောက်တည်သည်။
နေ့အချိန်တွင် ရွာနီးကျောင်း၌ အထင်ခံနေသော်လည်း တောရ ပုဂ္ဂိုလ်ကြီး ဖြစ်ကြောင်း တပည့်တိုင်းပင် မသိကြ။ ညသန်းခေါင်ကျော်လျှင် တိတ်တဆိတ် ကျောင်းမှ ထွက်သွား၍ သုသာန်၊ သို့မဟုတ် တောရမြောက်အောင် ဝေးကွာသော တစ်နေရာရာ၌ အရုဏ်တက်ပြီးမှသာ ပြန်ကြွလာ၏။
ဧကာသနိက်ဓုတင် (တစ်နေရာတည်း တစ်ထပ်တည်း ဘုဉ်းပေးခြင်း)၊ ပတ္တပိုဏ် ဓုတင် (ဘတ်လပိုင်-ချိုချဉ်ငန်စပ် ရောမွှေ၍ ဘုဉ်းပေးခြင်း) များကို ဆောက်တည် သောအခါ “ဆရာတော် ဘုဉ်းပေးတာ ကြည်ညိုစရာကြီး” ဟု ယူဆကာ ဓုတင်ပျက်ကြောင်း ဆွမ်းကွမ်း၊ သဒ္ဓါကောင်းသူများလည်း မနည်းခဲ့ချေ။ နိသဇ်ဓုတင် အရ ဆရာတော် အိပ်စက်သည်ကို အတွင်းနေ တပည့်ကြီးများပင် မမြင်စဖူး။ မသိနိုင်အောင် လျှို့ဝှက်တော်မူသည်။
ခေါင်းပါး၊ ရိုးသားခြင်းနှင့် ထူးခြားချက်များ
ဝိသုဒ္ဓိမဂ် ကျမ်းကြီးသာ မြန်မာပြည်က ပေါ်ထွက်ခဲ့လျှင် ဤသို့သော ပုဂ္ဂိုလ်ထူး ကြီးများ အကြောင်းကို ဝိသုဒ္ဓိမဂ်၌ နေရာမပေး၍ မရချေ။
ဆရာတော်သည် အလှူအတန်း အဖူးအမြော်လာသူ မည်သည့် ဒကာ ဒကာမ မဆို ဣရိယာပုထ်ပြောင်းလဲခြင်း မရှိ၊ အမူအရာ ပြောင်းလဲခြင်းမရှိ ဖူးတွေ့ရသည်။ သီးသန့်နေရာ သီးသန့်ဧည့်ခံ ဟောပြောခြင်းမရှိ၊ တံမြက်လှည်းချိန် လာလျှင် တံမြက်လှည်းရာသို့သွား၍ ကန်တော့ရသည်။
ရှင်မဟာကဿပသည် ဒကာ ဒကာမ တွေ့တိုင်း အသစ် (တစိမ်း) ဖြစ်နေသကဲ့သို့ ကျောင်းဒကာ လှေသင်းမင်းကိုပင်လျှင် ဖော်ရွေ လိုက်လျောခြင်းမရှိ။ တစိမ်းတရံ ဆံကဲ့သို့ ဆက်ဆံ၏။ မင်းကျောင်းတိုက်ကြီးအတွင်း မည်သည့် ကျောင်းနေရာ၌မျှ အတည်တကျမနေ၊ ရံခါ မီးတင်းကုပ်၌ပင် နှစ်ရက် သုံးရက် နေတော်မူ၏။
လာဘ်လာဘနှင့်စပ်၍လည်း အံ့ဖွယ်ရှိစွာ၊ အလှူအတန်းကြွရာ ပစ္စည်းသယ်ရန် တပည့်မပါ။ ကျောင်းသို့လာလှူ၊ လိုက်လှူသမျှကိုလည်း အလှူခံပြီးလျှင် သည်အတိုင်း သာ ထားတော်မူ၏၊ မည်သူ့ကိုမျှ သိမ်းဆည်းမခိုင်း။ လိုသောကိုရင် ဦးပဉ္စင်းများ လိုရာကောက်ယူ သုံးစွဲကြသည်။
“ပိုင်းခြားသတ်မှတ်ပြီး လှူတဲ့ဒါနထက် မရည်မှန်း မပိုင်းခြားဘဲ စွန့်ကြဲတဲ့ ပရိစ္စာဂ အလှူက ပိုပြီး မြတ်သကွယ့်” ဟုလည်း မိန့်တော်မူလေ့ရှိ၏။
ဆရာတော်မှာကား အမြဲတမ်း သင်္ကန်းသုံးထည်သာ (တိစီဝရိက်ဓုတင်) ဆောင်တော်မူ၏၊ မျက်နှာသုတ် ပဝါမျှပင် မထားချေ။ တစ်ဆောင်တစ်ယောင် နေရာထိုင်ခင်းဟူ၍ သီးခြားမရှိ၊ အိပ်ရာမရှိ။
ကျန်းမာရေးနှင့်စပ်၍ မည်သည့် ဆေးဝါးမျှ သိမ်းဆည်း သိုမှီးထားခြင်း မရှိ။ ရံခါ မကျန်းမာသည်ကိုပင် အသိမပေး၊ တပည့်များသိ၍ ဆေးဝါး ကပ်သောအခါ ဆေးအမယ်များကိုပါ မေး၍ ရောဂါအတွက် မည်မျှပင် အကျိုးပြုသော ဆေး ဖြစ်စေကာမူ မအပ်သောအမယ် ပါလျှင် မြစ်ပယ်တော်မူ၏။
တစ်ခါက သမားတော်ကြီး ဆရာသဲက တိရစ္ဆာန် သည်းခြေများ ပါဝင်သော ဆေးကို ဆက်ကပ်ရာ မအပ်၍ မှီဝဲတော်မမူ။ သီလကို ထိုမျှ အလေးမူသည်။
လောက၌ ဆင်တူယိုးမှား ပုဂ္ဂိုလ်ထူးများ ရှိတတ်ကြရာ သီလ စသော မှတ်ကျောက်ဖြင့် ခွဲခြား ကြည်ညိုကြရသည် (သတ္တဇဋိလသုတ်)။ ဟန်ဆောင်မှု မှန်သမျှ ရေရှည် မခံတတ်ချေ၊ ထို့ကြောင့် တန်ခိုးအမျိုးမျိုး ပြနိုင်သော အချို့ သင်္ကန်းဝတ် ပုဂ္ဂိုလ်ထူးများသည် ဝိနည်းရဟန်း မဟုတ်ကြ။ သူတို့ကို သုတ္တန် ရဟန်းဟု ခေါ်ကြသည်။ တစ်စုံတစ်ခုသော လောကီအကျိုး အတွက် အားကိုရန် ဆိုစေဦး၊ မိမိရှေးကံနှင့် ပစ္စုပ္ပန် လုပ်ရပ်မပါဘဲ အဘယ်မည်သော တန်ခိုးရှင်မှ မစနိုင်ကြသည် မဟုတ်ချေ။
သူယုတ်မာတို့သည် ရွှေအတုကဲ့သို့ သူတော်ကောင်းများ အသွင်အပြင် အခြံအရံဖြင့် ဖုံးကွယ်လျက် လောက၌ လှည့်လည်နေကြကုန်၏။
(သဂါထာဝဂ်၊ သတ္တဇဋိလသုတ်။)
ကိုယ့်မသာ ကိုယ်ချ၊ သူများမသာ ထမ်းပို့
လှေသင်းမင်းကျောင်း ဆရာတော်သည် အချင်းခပ်သိမ်း ကြည်သာရွှင်ပျသော မျက်နှာရှိ၏။ နှုတ်ချို၏။ စကားပြောလျှင် တရားနှင့်စပ်သည်ကိုသာ ပြော၏။ ရပ်စကား၊ ရွာစကား၊ မင်းစိုးရာဇာ ပြည်ရွာ အရေးအခင်း အဖျင်းစကား (တိရစ္ဆာန်စကား) မျိုးကို မည်သည့်အခါမျှ မပြော။
မိမိအတွက် တစ်ပါးသူတို့၌ တာဝန်တက်မည်ကိုလည်း စိုးတော်မူ၏။ တရံရောကာလ ဆရာတော်သည် ဝမ်းအလွန်သက်လျောသော ရောဂါကပ်ရောက်ရာ သေလုနီးပါး ရှိလာသောအခါ မည်သည့် တပည့်တစ်ဦးကိုမျှ အသိမပေးဘဲ ညသန်းခေါင်ကျော် တွင် သုသာန်သို့ တရွေ့ရွေ့ ကြွသွားတော်မူ၏။
နံနက် နေမြင့်သည့်တိုင်အောင် ဆရာတော် ကြွမလာမှ အပူတပြင်း ရှာဖွေကြရာ ဝတ်ချက်ရွာ သုသာန်မြေပုံ တစ်ခုကို ခေါင်းစိုက်၍ ခွေလျောင်း နွမ်းရိနေသည်ကို တွေ့ကြရသည်။ အကျိုးအကြောင်းကို လျှောက်ကြသောအခါ-
“အင်း-ငါ့တပည့်များ ငါ့အတွက် လူနာပြုစုရ၊ သေလျှင် သုသာန်ပို့ရ၊ ဒုက္ခအပိုတွေ ဖြစ်ကြရမှာ စိုးသကွယ့်” ဟု မိန့်တော်မူသည်။
ဂိလာနဝတ်ကို ပြုရာ၌လည်း ဆရာတော်သည် ဘုရားရှင့်သားကြီး ပီသပါပေသည်။ တစ်ခါက ဦးတိလောက ခေါ်သော ဟုပည့်စာသင်သား တစ်ပါး ကာလဝမ်း ရောဂါဖြစ်ရာ ဆရာတော်ကိုယ်တိုင် သူနာပြုလုပ်တော်မူ၏။ ကျင်ကြီး ကျင်ငယ် အညစ်အကြေးများကို သုတ်သင် လျော်ဖွပ်ပေးသည်။
ဆေးဆရာ ဦးလူလေးအား ခေါ်၍ ကုသစေရာ မရ။ ည သန်းခေါင်ချိန် ပျံလွန်သွားရာ သံဃာများ တာဝန် မတက်စေရန် ကိုယ်တော်တိုင် အလောင်းကို ထမ်း၍ ဦးလူကလေးအား တွဲလျားကျသော ခြေထောက်များကို နောက်က မ,ကိုင်စေလျက် ညတွင်းချင်း သုသာန်သို့ ပို့တော်မူသည်။
၁၂၅၉-ခုနှစ်က ဦးဒီပခေါ် တပည့်တစ်ပါး ဝမ်းရောဂါဖြစ်ရာ ကိုယ်တိုင် သူနာပြု၍ ပျံလွန်လျှင် ညတွင်းချင်း တစ်ပါးတည်း အလောင်းကိုထမ်း၍ သင်္ဂြိုဟ်တော်မူ၏။
ဗြဟ္မဝိဟာရ လေးပါးတွင် ဥပေက္ခာသည် အမြင့်မြတ်ဆုံးဖြစ်ရာ ထိုဥပေက္ခာ ဗြဟ္မဝိဟာရ ဘာဝနာ ထုံပုံမှာလည်း မယုံလောက်အောင် ရှိပေ၏။ မည်သည့် သတ္တဝါ၊ မည်သည့် သင်္ခါရ (အရာဝတ္ထု အဖြစ်အပျက်) အပေါ်တွင်မှ လျှာမပြု။ ချစ်ခြင်း မုန်းခြင်းကို လွန်တော်မူ၏။ အဆိုးကို ခံနိုင်သော်လည်း အကောင်းကို ရှောင်နိုင်ခဲစွာ့။
ရဟန်းသာမဏေများ ဆရာတော်ကျောင်း၌ နေခွင့်တောင်းလာလျှင် “အေး-ကံပစ်ချလို ရောက်လာ၊ သင့်တော်တဲ့ နေရာယူပြီး ချမ်းသာစွာနေလေ” ဟုသာ မိန့်တော်မူ၏။ ကျောင်း မှ ပြောင်းရွှေ့ ထွက်ခွာလို၍ လျှောက်လာလျှင်လည်း “အေး-ကောင်းပြီ၊ ကံစီမံရာ သွားပေ ဦးတော့” ဟုသာ နှုတ်ဆက်တော် မူလေ့ရှိသည်။
ကျောင်းသား သာမဏေများ ဆူညံစွာဆော့ကစားနေသော်လည်း ဆရာတော်သည် စာကြည့်မပျက်။ စာကြည့်ခိုက် ဖြစ်လျှင်လည်း ပကတိ အနေမပြောင်း။ အနီး အနားတွင် ခိုက်ရန်ဖြစ်ပွား၍ သွေးထွက်သံယို ဖြစ်နေစေကာမူ မည်သို့မျှ မပြော။ ထသွားလိုလျှင်သာ ထိုနေရာမှ ထသွားတတ်၏။ ခိုက်ရန်ဖြစ်ပွား၍ သူလွန်ကိုယ်လွန် ငြင်းခုံလျှောက်ထားကြ လျှင်လည်း “အင်း-ချမ်းသာအောင် နေကြ” ဟု သာ မိန့်တော်မူသည်။
ကျောင်းဒကာ လှေသင်း အတွင်းဝန်မင်းက-
“ဆရာတော်ဘုရား၊ တပည့်များကို ယခုလောက် အလိုမလိုက်ပါနဲ့၊ လျစ်လျူ မရှုသင့်ပါ။ ဆုံးမသင့်သည့်အခါ ဆုံးမသင့်ပါသည်” ဟု မအောင့်နိုင်လွန်း၍ လျှောက်ထားလာသောအခါ ဆရာတော်က-
“သူတို့ ကံစီမံသည့်အတိုင်း ခိုက်ရန်ဖြစ်ကြတာ၊ သူတို့ကံက သူတို့ကို ဆုံးမလိမ့်မယ်။ ကိုယ့်ကိုကိုယ်တောင် ဆုံးမလို့မရ၊ ကောင်းမှု မကောင်းမှုကံက ဆုံးမတဲ့ အတိုင်းသာ ခံနေရတယ်” ဟု မိန့်တော်မူလိုက်၏။
ဆရာတော်သည် သို့စင် လျစ်လျူရှုခြင်း၊ သည်းခံခြင်းများသည်ကို အားလုံးပင် သိရှိနေကြသည့်အတိုင်း သာမဏေငယ်များသည် ရံခါ နင်းနှိပ်ဝတ်ဖြည့်ကြရသော အခါ ဆရာတော်၏ ခြေသလုံးမွေးများကို တစ်ပင်ပြီးတစ်ပင် နုတ်၍ သူငယ်ဘာဝ ရယ်မြူးကလူ ပြုမူကြ၏။ ဆရာတော်ကား မည်သို့မျှ မလှုပ်ချေ။
ထိုသို့ ပြုလုပ်ဖူးသော ဝတ်ချက်ရွာသား မောင်ဥဆိုသူသည် ဆရာတော် ပျံလွန်တော်မူသော အခါ ကျေးဇူးဂုဏ်ကို ပြောဆိုကြရင်း ထိုအကြောင်းကိုပြောပြ၍ တတ်သိ နားလည်သူများက သတိပေး ဆုံးမကြသဖြင့် အလောင်းတော်၌ ဓာတ်မီး ပူဇော်၍ ကန်တော့ ဝန်ချဖူးလေသည်။
သက်ရှိ သတ္တဝါတို့အပေါ်၌ ထိုမျှဥပေက္ခာပါရမီ ဖြည့်တော်မူနိုင်သေးလျှင် ကျောင်း၊ သင်္ကန်းစသော သက်မဲ့ လာဘ်လာဘတို့အပေါ်၌ ဆရာတော် မငြိမတွယ် လေသည်မှာ အံ့ဖွယ်ရာမရှိတော့ချေ။
ရေ၌ ပိုက်ကြိုးတန်းလျှင် မငြိ၊
ကောင်းကင်၌ တုတ်နှင့်ရမ်းလျှင် မထိ၊
လေကိုလက်နှင့်ဆုပ်ဖမ်းလျှင် မမိသကဲ့သို့ သက်ရှိသက်မဲ့ ကောင်းဆိုးနှစ်တန် ဝဲယာအစွန်းနှစ်ဘက်စလုံး မငြိ၊ မထိ၊ မမိရအောင် တော်တည့် ဖြောင့်မှန်သော ဗဟိုလမ်းမက လျှောက်နိုင်ပါလျှင် အသင်္ခတမုခ်ဦးသို့သာ ဆိုက်ရောက်ကြ ပေလိမ့်မည်။
လောကီ လောကုတ် အသိအမြင်ထူးများ
ဖော်ပြပါ အရိပ်အမြွက်မျှ သိရှိရသော ကျေးဇူးဂုဏ်တို့နှင့် ပြည့်စုံတော်မူသည့် လှေသင်းမင်းကျောင်း ဆရာတော် ဘုရားကြီးသည် ၁၂၈၈-ခုနှစ်၊ ပြာသို လပြည့်ကျော် ၉-ရက်၊ ဗုဒ္ဓဟူးနေ့ည ဆယ်နာရီ မိနစ်သုံးဆယ် အချိန်၌ စုတိကမ္မဇရုပ် ချုပ်ငြိမ်းတော်မူသည်။ မချုပ်ငြိမ်းမီ ခုနစ်ရက်အလိုကပင် တပည့်များအား-
“တပည့်တို့၊ ဤနေ့မှ ခုနစ်ရက်မြောက် ဗုဒ္ဓဟူးနေ့ ညကာလတွင် ဤဘဝ၏ အဆုံးစွန်သို့ ရောက်တော့မည်။ ငါမရှိသည့်နောက် ငါဟောပြော ကျင့်ကြံသော ပရိယတ်၊ ပဋိပတ်နှင့်စပ်၍ မှတ်သား ဆည်းပူးလိုလျှင် ငါ့တပည့်ကြီး မဟာသစ်ဝင်ချောင် မစိုးရိမ်တောရ ဆရာကို ငါ့ကိုယ်စား အရာထား ဆည်းကပ် ရစ်ကြ” ဟု ကြိုတင်၍ မိန့်မှာတော် မူခဲ့ သေး၏။
(မစိုးရိမ်တောရ ဆရာတော်ဟူသည် မင်းကျောင်းဆရာတော် ပျံလွန်ပြီး နှစ်လအတွင်း စာမျက်နှာ ၁၄၀-ရှိ ထေရုပ္ပတ္တိ ရေးသူ ဦးသောမာဘိသိရီ ဖြစ်သည်။)
အဋ္ဌုပ္ပတ္တိ စာအုပ်တွင် ဆရာတော်၏ ပဋိဝေဓနှင့်စပ်၍ အကြောင်း အဋ္ဌုပ္ပတ္တိမျာ မဖော်ပြစေကာမူ စာပေကျမ်းဂန် အထောက်အထားဖြင့် ပညာရှိပီသစွာ ထုတ်ဖော် ဝန်ခံထား၏။ “လောကီ လောကုတ္တရာ နှစ်ဖြာသော ပဋိဝေဓသို့ ဆိုက်ရောက် တော်မူသည်” ဟု ဆိုလေသည်။ ဆရာတော်သည်-
- ပါဠိ၊ အဋ္ဌကထာ၊ ဋီကာလာ မည်မျှ လျှို့ဝှက်ခဲ့ကပ်သော အဓိပ္ပာယ်မျိုး ကိုမဆို၊ အဖွင့် သံဝဏ္ဏနာ၊ နိဿယ စသည် မကြည့်ရဘဲ တွေ့ကာ မြင်ကာမျှဖြင့် ယထာဘူတ ကျအောင် ရှင်းပြတော်မူနိုင်၏။
- ရှေးပညာရှိတို့ လျှို့ဝှက် သိပ်သည်းစွာ နည်းပရိယာယ်ဖြင့် စီရင်ခဲ့သော အရာများကိုလည်း တစ်မုဟုတ်ချင်းပင် ဖော်ထုတ်နိုင်၏။ ဂန္ဓာရီ ဝိဇ္ဇာ ထွက်ရပ်ပေါက် လျှို့ဝှက်ပညာရပ်များ (အင်း၊ လက်ဖွဲ့၊ မန္တန် စသည်)ကိုလည်း မြင်ကာမျှဖြင့် ဖြစ်ပေါ်ပုံ၊ သုံးစွဲပုံ၊ အကျိုးအာနိသင်များကိုပါ ထုတ်ဖော် ညွှန်ပြနိုင်၏။
- လောက၌ ကြိုတင်ဖြစ်ပေါ်တတ်သော အတိတ်၊ နိမိတ်၊ အိပ်မက်၊ အလိုလို ပေါ်လာသော ဂဏန်းအက္ခရာ၊ ဂါထာ၊ တဘောင်၊ ဟော၊ တောင်၊ ရေ၊ မြေ၊ သင်္ကေတ၊ နိမိတ်မှန်သမျှ သိလို၍ လျှောက်လျှင် ချက်ချင်းပင် အဖြေပေးတော် မူနိုင်၏။
(ထိုမျှလောက်ကိုသာ ကြည့်၍ ဂန္ဓာရီ၊ လောကာယတ လမ်းစဉ်ဟု မမှတ်ထင်လင့်။ ဝိပဿနာ သမာဓိသည် ပသာဒ ငါးပါး၊ အတွင်းအာယတန ခြောက်ပါးကို ထက်မြက်စေ၍ လွယ်လွယ်နှင့်ပင် ပိဋက သုံးပုံကို ဆောင်နိုင်ကြောင်း သထုံ ဇေတဝန် ဆရာတော် အခန်း၌ ကြည့်ပါ။)
- ထိုမျှသာမဟုတ်၊ စေတောပရိယ အဘိညာဉ်ခေါ် သူတစ်ပါးစိတ်ကူး အကြံ အစည် များကိုလည်းကောင်း၊ ပြုလုပ်စီမံထားသော အရာများကို လည်းကောင်း၊ ဖြစ်ပျက်နေသော အရာများကို လည်းကောင်း သိတော်မူသည်။
- ထိုမှတစ်ပါး သေကြေပျက်စီးမည့် အရာများကိုလည်းကောင်း၊ တစ်စုံတစ်ဦး၏ ကွယ်လွန်သည့်နောက် ရောက်ရ၊ လားရသည့် ဘဝဂတိများကို လည်းကောင်း ထိုးထွင်း သိမြင်တော် မူကြောင်း လောကိယ ပဋိဝေဓ ဆိုက်ပုံ အတိအလင်းပင် ဖော်ပြ ရေးသားထားသည်ကို ကြည်ညိုရ၏။
လောကုတ္တရာပဋိဝေဓ ဆိုက်ရောက်တော် မူရာ၌လည်း သိက္ခာသုံးပါးကို မအား မလပ် ဖြည့်ပုံ၊ ကပ်ငြိတွယ်တာခြင်း ကင်းပုံများကို ထောက်၍ ယုံမှားဖွယ် မရှိပါချေ။
ဝိနည်း သိက္ခာပုဒ်တော်က ပညတ်တော်မူသည်ထက်ပင် လျှို့ဝှက် သိပ်သည်းတော် မူကြ၍ အရိပ်အမြွက် တစ်စွန်းတစ်စမျှဖြင့်သာ ဒိဋ္ဌာနုဂတိ (အတုယူ) ကျင့်သုံး ဝမ်းမြောက်ကြရ ပေတော့၏။
အထိုက်အလျောက် ဖွင့်တော် မူခဲ့ကြပါမူကား မြန်မာနိုင်ငံ ပဋိပတ္တိသာသနာဝင်သည် လျှမ်းလျှမ်းတောက် ဝမ်းမြောက်အားကျဖွယ်အတိ ဖြစ်ပေရာ၏။ အဘယ့်ကြောင့် ဆိုသော် သဒ္ဓါ၊ ဝီရိယသာ အရင်းစိုက်၍ လိုက်နာကျင့်ကြံကြပါမူ ပါဠိတော် တို့သည်လည်း ပူပူနွေးနွေး မျှသာ ရှိသေး၍ မဇ္ဈိမပဋိပဒါ လမ်းရိုးလမ်းဟောင်း တစ်ကြောင်းတည်းသော ခရီးလည်း ဖုံလျက်ပင် ရှိနေသေးသောကြောင့်တည်း။
စစ်ကိုင်းတောင်ရိုး မဟာဂန္ဓာရုံ ဆရာတော်
(၁၂၂၀ - ၁၂၈၁)
စစ်ကိုင်းတောင်ရိုး မဟာဂန္ဓာရုံ ဆရာတော်သည် မကွေးမြို့၌ ၁၂၂၀-ပြည့်နှစ် တော်သလင်းလဆုတ် လေးရက် တနင်္ဂနွေနေ့ည (မြန်မာနာရီ) တစ်ချက်တီးကျော် ဖွားသည်။ မကွေးမြို့ ဂုံတောဆရာတော် ဦးကေသရ ထံ၌ သာမဏေ ငါးဝါ ရဟန်း ငါးဝါ နေခဲ့သည်။ ဘွဲ့ အရှင်ဥတ္တရ၊ နောက် အိမ်မဲမြို့ အရှင်ပုညထံ၌ တစ်ဝါ၊ ဒေးဒရဲမြို့ ချောင်းဖျားရွာ အရှင်ဝိမလထံ၌ သုံးဝါ၊ ကွမ်းခြံကုန်းမြို့ မဟာဝုန် ဆရာတော် အရှင်ဇိနထံ၌ နှစ်ဝါ၊ ထို့နောက် မန္တလေးမြို့ အရှေ့ပြင် မဟာဝိသုဒ္ဓါရုံ ဆရာတော်ထံ၌ လေးဝါနေခဲ့သည်။
၁၂၅၇-ခုနှစ် ၁၈-ဝါအရ ဝါဆိုလဆန်း လေးရက်နေ့၌ စစ်ကိုင်းတောင်သို့ တောထွက် တော်မူခဲ့သည်။ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းရှုပွားနည်း “နိဗ္ဗာနမဂ္ဂဒီပနီကျမ်း”၊ “နိဗ္ဗာနမဂ္ဂ ဘေဒနီကျမ်း” နှင့် “နိဗ္ဗာနဂတဗောဇ္ဈင်္ဂ ဒီပနီကျမ်း” တို့ကိုလည်း ရေးတော်မူသည်။
စစ်ကိုင်းတောင်သည် ထိုစဉ်က ယခုကဲ့သို့ မဟုတ်။ ဆိတ်ငြိမ်အေးချမ်းလှသည်။
ဆရာတော် တောထွက်စဉ် နောက်ပါ သီတင်းသုံးဖော် လေးငါးပါးသာ ပါခဲ့သည်။ ကိုယ့်ကျောင်းကလေးနှင့်ကိုယ် နေကြရ၏။ သီတင်းနေ့များတွင် သီလပေးရမည် စိုး၍ တံခါးပိတ်နေသည်။ ပရိသတ်ကို ရှောင်သော်လည်း တစ်နေ့တစ်ခြား ကျော်ကြားကာ ပရိသတ် များလာသဖြင့် ၁၁-နှစ်ကြာသော် အရှေ့ဂန္ဓာရုံသို့ ရွှေ့ပြောင်း သီတင်းသုံးရ၏။
ထို၌လည်း ဝိုင်းအုံလာကြပြန်သဖြင့် နှစ်ဝါမျှသာနေပြီး မူလချောင်သို့ ၁၂၇၀-ပြည့်နှစ် ဝါဆိုလဆန်း တစ်ရက်နေ့တွင် ပြောင်းရွှေ့ရပြန်သည်။ မလွှဲမရှောင်သာလွန်းလျှင် သီလပေး တရားအနည်းငယ် ဟော၏။ ထိုမှတစ်ဖန် ၁၂၇၂-ခုနှစ် ဝါကပ်မည့် နေ့တွင် ဝင်္ကပါတောင် မဟာသုခချောင်သို့ ကြွ၍ လိုဏ်ဂူတွင်း၌ ဝါကပ်တော်မူသည်။
လိုဏ်ဂူတွင်းမှာပင် နေတော်မူ၍ နေ့ညမစဲ အသက်ရှင်သမျှ ကာလပတ်လုံး တရား နှင့်သာ နေတော်မူသည်။ ဆွမ်းပို့သော ရဟန်းငယ်သည် ဆွမ်းသပိတ်ကို လိုဏ်ဂူအဝ သတ်မှတ်ထားသော နေရာ၌သာ ချထား၍ အချက်ပေးခဲ့ရ၏။ ဆွမ်းပို့သူနှင့်ပင် အတွေ့မခံ။
ဂူမှ ထွက်သည့်အခါ သီလရှင် ချောင်များသို့ ဆွမ်းခံကြွရာ ထိုအခါကျမှပင် ရပ်ဝေး နီး ဒကာ, ဒကာမများ ဆွမ်းလှူကြရသည်။ ပိုလျှံသော ဆွမ်းသင်္ကန်းစသည်ကို ကျောင်းများသို့ ခေတ္တဝင်ကာ လှူခဲ့သည်။ မည်သည့်အသုံးအဆောင် ကျောင်း, သင်္ကန်းစသည်ကိုမျှ အပိုအလျှံ လက်မခံ။ အခြားလိုအပ်သည့် ဌာနများ၌ ဆောက်လုပ် လှူဒါန်းရန် မိန့်ညွှန်လေ့ရှိသည်။ သည်ကြားထဲက အပိုအလျှံ ရလာသော သင်္ကန်း စသည်တို့ကို တစ်နှစ်တစ်ကြိမ် ဝိနည်း စာမေးပွဲကြီး ကျင်းပစေ၍ ပေးလှူစေခဲ့သည်။ ယခုတိုင် စာပြန်ပွဲကြီး ထွန်းကားလျက် ရှိ၏။
မူလကျောင်း ဒါယကာမှာ မန္တလေးမြို့ ဝါးတန်းရပ် သူဌေး ဦးကျော်၏ ဖခင် ဦးစာ ဖြစ်၏။ ခမ်းကြီးနားကြီးဖြင့် ကျောင်းရေစက်ချမည် လာကြရာ ပရိသတ်များအား ဖိတ်ထားသည့်ရက် မတိုင်မီ တစ်ရက်နှစ်ရက်တွင် တိုးတိုးတိတ်တိတ် ရေစက်ချ လှူထားနှင့်စေသည်။ စိတ်အာရုံ မပြန့်လွင့်စေဘဲ ဝိဝဋ္ဋ ပါရမီ ဒါနကြီး အပြည့်အဝ ပြီးမြောက်စေရန် ဖြစ်သည်။
နည်းခံကျင့်ကြံသော ယောဂီများကိုလည်း အထိုက်အလျောက် ပြည့်စုံရုံလောက်သာ ညွှန်ပြ၍ တစ်ပါးတည်း ကိန်းအောင်းတော်မူသည်။
ကိုယ်ရောင်ကိုယ်ဝါ
တစ်နေ့သောအခါ ဆရာတော်က အတွင်းနေ တပည့် ဦးသဒ္ဓမ္မ (ချမ်းအေး ဆရာတော်) အား ဂူတွင်း၌ ထားသည့် အသုံးပြုလိုသော စာအုပ်များ ယူပေးရန် အမိန့်ရှိသည်၊ ဂူတွင်း၌ မှောင်နေ၍ မမြင်ရကြောင်း လျှောက်သောအခါ ဆရာတော် ဂူတွင်းသို့ ကြွလာရာ လိုဏ်ဂူ တစ်ခုလုံး လင်းထိန်သွားသည်။ ဆရာတော်က ထိုအကြောင်းကို မည်သူ့အားမျှ မပြောရဟု တားမြစ်တော်မှုသဖြင့် ပျံလွန်တော်မူမှ ဦးသဒ္ဓမ္မက ဦးအဂ္ဂဓမ္မ (အောင်မြေသာစည် ဆရာတော်) အား အမိန့်ရှိသည်။
အခါတစ်ပါး မဟာဂန္ဓာရုံ သိမ်အတွင်း သံဃ ဥပုသ်ပြုကြရာ၌ ဆရာတော်လည်း အခြားမထေရ်ကြီးများနှင့် တစ်တန်းတည်း သီတင်းသုံးတော်မူရာ ဆရာတော်၏ ကိုယ်ဝတ် သင်္ကန်း လွတ်နေသော ပခုံးလက်ရုံးသားများမှ အရောင်များ ထွက်နေသည်ကို နောက်တန်း၌ နေသော ဦးအဂ္ဂဓမ္မက ဖူးမြင်ရကြောင်း အမိန့် ရှိဖူးသည်။
တစ်ခါသော် ပုလိပ်မြို့၌ သီတင်းသုံးတော်မူစဉ် ကျောင်းအနီး၌ ကုဋီတစ်ခု ဆောက်လုပ်ထားရာ ထိုကုဋီကို အခြားနေရာသို့ ရွှေ့ပြောင်းရန် ဦးသဒ္ဓမ္မအား ခိုင်း၏။ မည်သို့မျှ အကျိုးအကြောင်း မဖော်ပြသဖြင် ဦးသဒ္ဓမ္မမှာ မရွှေ့ချင်ရွှေ့ချင်နှင့် ရွှေ့ရသည်။ မကြာမီပင် ရွှေ့ခိုင်းသည့် အဓိပ္ပာယ်ကို နားလည်တော့သည်။ အကြောင်းမှာ ထိုကုဋီ အထက်၌ ရှိသော သရက်ပင်မှ ကိုင်းမကြီးမှာ မမျှော်လင့်ဘဲ ကျိုးကျလာလေတော့သည်။
ဆရာတော်ဘုရားကြီးထံ၌ လာရောက်နည်းယူ၍ တရားဘာဝနာ ပွားရသည်မှာ ထင်လွယ်မြင်လွယ် ရှိသည်ဟု ယောဂီများက ယုံကြည်ကြပေသည်။ ဆရာတော့် ချောင်၌ တရားအားထုတ်ဖူးသော ယောဂီအဘွားကြီး တစ်ယောက် (ရှစ်မိုင် မစိုးရိမ် ဆရာတော်၏ ဒကာမကြီးဖြစ်သူ) က ပြောပြဖူးသည်မှာ ထိုချောင်၌ ဆရာတော်၏ တပည့်မ တစ်ဦးရှိသည်။ ဆရာတော်၏ ဝေယျာဝစ္စများကို ဆောင်ရွက်ရင်း လက်ထောက် တရားပြရသော မင်းမျိုးမင်းနွယ် သာဝိကာမကြီးဖြစ်သည်။
ထိုအဒေါ်ကြီးမှာ ရောက်လာသော ယောဂီသစ်များအား “သမီးရယ်” စသည်ဖြင့် သာယာချေငံစွာ ပြောဆို၍ လိုအပ်သော အကူအညီကိုပေးသည်။ တရားရှုပွားပုံ ကိုလည်း ညွှန်ပြပေးလေ့ရှိသည်။ ထိုအဘွားကြီးထံ ရောက်သွားသောအခါ ထုံးစံ အတိုင်းပြောဆို အားပေး၍ ယုယစွာ ကျောကိုပွတ်သပ်လိုက်ရာ မှော်သွင်းသကဲ့သို့ တစ်ကိုယ်လုံး ဖိန်းရှိန်းသွားပြီး စိတ်အားတွေ ထက်သန် ရွှန်လန်းသွားကြောင်း ပြောပြဖူး၏။
ယင်းသို့ တစ်ဖက်က သံဃာထိန်းသိမ်းမှု စသော သာသနာ့ တာဝန်များကို ဆောင်ရွက်ရင်း ပဋိပတ်လုပ်ငန်းကို ရာသက်ပန် ဇောက်ချ၍ အချိန်ပြည့် အားထုတ်တော်မူသော ဂန္ဓာရုံဆရာတော် ဘုရားကြီးသည် သက်တော် ၆၁၊ သိက္ခာတော် ၄၂-ဝါအရ ၁၂၈၁-ခုနှစ် ဝါခေါင်လဆုတ် ရှစ်ရက်နေ့ မဟာသုခ ချောင်၌ပင် ပျံလွန်တော် မူခဲ့သည်။
ထိုအခါ ပျံလွန်တော်မူသော ညမှာပင် စစ်ကိုင်းတစ်တောင်လုံး ဟိုတောင် သည်တောင် ကူးသန်းနေသော အလင်းရောင်ကြီးများ တဝင်းဝင်း တထိန်ထိန် မြင်နေရကြောင်း တောင်အနောက်ဘက်၌ သီတင်းသုံးတော်မူသော သုဓမ္မာ ဂိုဏ်းချုပ် ဃောသိတဝန် ဆရာတော်က ချမ်းအေးဆရာတော်အား အမိန့်ရှိခဲ့ဖူးလေသည်။
လယ်တီဆရာတော်နှင့် ဆွေးနွေးပုံ
ကျေးဇူးရှင် လယ်တီဆရာတော်ကြီး စစ်ကိုင်းတောင်ရိုး၌ သီတင်းသုံးခိုက် မဟာဂန္ဓာရုံ ဆရာတော် ကြွရောက်၍ ဆရာတော်နှင့် အောက်ပါအတိုင်း လျှောက်ထား ဆွေးနွေးတော့်ကြောင်း သက်တော် ၇၀-ကျော်ရှိ သိမ်တောင်ဆည်ကြီး ဆရာတော်ရေး “အရိယာဝိဇ္ဇာမဂ္ဂ အလင်းပြကျမ်း” (၁၉၅၅) စာမျက်နှာ ၃၆၉-၌ မှတ်တမ်းတင်ထားသည် မှာ အလွန်မှတ်သားဖွယ် ကောင်းပေစွာ့။
ဂန္ဓာရုံ။ ။ ဆရာတော်ဘုရား၊ ဘုရားတပည့်တော် ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းပေးရာ တပည့်ယောဂီများ ၄-၅-၇-ရက်နှင့် ဘုရားနိမိတ်ကို ကောင်းစွာ ရရှိကြပါသည်၊ ထို့နောက် နာမ်ရုပ်အဖြစ်အပျက်ကို အရှုခိုင်းသောအခါ ဝိပဿနာဉာဏ် ၁၀- ပါးကို ၇-ရက် ၈-ရက် ၉-ရက် ၁၀-ရက်ဖြင့် ထင်မြင် ပေါက်ရောက်သော ယောဂီတွေ ရှိပါသည်ဘုရား။ ဝိသုဒ္ဓိမဂ်အလိုက လွန်စွာ ခက်ခဲကြောင်း ပြပါသည်။ ယခု အားထုတ်သော ပုဂ္ဂိုလ်များမှာ လွန်စွာ လွယ်နေပါသည် ဘုရား။
လယ်တီ။ ။ ဆရာပေးသော ဗုဒ္ဓါနုဿတိက ဘယ်လိုပေးသနည်း။
ဂန္ဓာရုံ။ ။ ဘုရားတပည့်တော် ပေးသည်မှာ မဟာဗောဓိပင်ရင်း ရွှေပလ္လင်ပေါ်၌ မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီး မာရ်ငါးပါးအောင်၍ သစ္စာလေးပါး ထိုးထွင်း သိတော်မူပုံကို မိမိရှေ့မှာ စမ္မခဏ် (သားရေနွယ်အခင်း) ခင်း၍ ပန်း၊ ရေ၊ ဆီမီး ကပ်လှူ ပူဇော်စေပါသည်။ ရုပ်နာမ်နှစ်ပါးကို ဘုရားရှင်အား အပ်နှင်းစေ၍ နှစ်တောင့်ထွာလောက်က ရိုသေစွာ ရှိခိုးပြီး “အရဟံ၊ အရဟံ” ဟု နှလုံးသွင်း နေရမည် ခိုင်းပါသည်။ ယောဂီများမှာ သက်တော်ထင်ရှား နိမ္မိတရုပ်ပွားတော်ကဲ့သို့ ရောင်ခြည်တော် ၆-သွယ်နှင့်တကွ အာရုံနိမိတ်များ ကောင်းစွာထင်၍ ဖူးတွေ့ကြ ရပါသည်ဘုရား။
လယ်တီ။ ။ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းသည် နိမိတ်မထင်ကောင်း၊ ပီတိသာ ဖြစ်ကောင်း သည်ဟု ဝိသုဒ္ဓိမဂ်၌ လာရှိသည်။ ဗုဒ္ဓါနုဿတိ ဆိုသည်ကား ဘုရားရှင်၏ ဂုဏ်တော်ကို စွဲလမ်းသမှု အာရုံပြု၍ ဖြစ်သော အဖန်တလဲလဲ အောက်မေ့ခြင်း သတိကို ဗုဒ္ဓါနုဿတိ ခေါ်သည်။
ဗုဒ္ဓါနုဿတိ-ကမ္မဋ္ဌာန်း အားထုတ်သူတို့သည် ဗုဒ္ဓါနုဿတိ အာရုံကိုသာ ကောင်းစွာ စွဲလမ်း ကပ်ငြိသော စိတ်ရှိသည်ဖြစ်၍ မြတ်စွာဘုရားရှင်၏ ဂုဏ်တော်ကျေးဇူးတော် တို့ကို အဖန်တလဲလဲ အောက်မေ့၍ ပွားများသော သူတို့အား ထိုအခိုက် ရာဂစိတ်၊ ဒေါသစိတ်၊ မောဟစိတ်မဖြစ်။ ဘုရားအာရုံ၌သာ ဖြောင့်မတ် တည်ကြည်၏။ နီဝရဏ ကင်း၏။ ဘုရားရှင် ဂုဏ်ကျေးဇူးသို့ ညွတ်သော ဝိတက် ဝိစာရဖြစ်၏။ နှစ်သက်ခြင်း ပီတိဖြစ်၏၊ ငြိမ်းအေးခြင်း ပဿဒ္ဓိဖြစ်၏။ ကိုယ်ရောစိတ်ပါ ချမ်းသာခြင်းသုခဖြစ်၏။
သုခရှိသူအား ဘုရားဂုဏ်လျှင် အာရုံရှိသည်ဖြစ်၍ စိတ်သည် တည်ကြည်၏။ ဤသို့ အစဉ်အတိုင်း တစ်ခုသော ခဏ၌ ဈာန်အင်္ဂါတို့သည် ဖြစ်ကုန်၏။ ဂုဏ်တော်တို့၏ နက်နဲလှသောကြောင့် လည်းကောင်း၊ အထူးထူး အပြားပြား များသောဂုဏ်တို့ကို အောက်မေ့ခြင်း စုပ်စုပ်နစ်နစ် ဖြစ်၍ လေးမြတ်ယုံကြည်သည် အဖြစ်ကြောင့် လည်းကောင်း အပ္ပနာသို့ မရောက်မူ၍ ဥပစာရဈာန်မျှသာဖြစ်၏။
ထိုဥပစာရဈာန်သည် ဘုရားဂုဏ်ကို အဖန်တလဲလဲ အောက်မေ့သည်၏ အစွမ်း အားဖြင့် ဖြစ်သောကြောင့် ဗုဒ္ဓါနုဿတိ ဟူ၍သာလျှင် ဆိုရ၏။ ထို့ကြောင့် ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းသည် ပီတိသာ ဖြစ်ကောင်း၍ နိမိတ်မထင် ကောင်းသည်မှာ ထင်ရှားလှပေသည်။
သို့ရာတွင် ဆရာက ပရိကံလုပ်၍ ပေးသောကြောင့် ပေးသောပရိကံနှင့် ထင်သော နိမိတ်တည့်ပေသည်။ အတုမရှိသော အတိဣဋ္ဌာရုံ ဘုရားနိမိတ် ထင်ခြင်းသည် ကောင်းပေသည်။ ရသောနိမိတ်ကို ဖျက်၍ မပစ်ကောင်း။ ဗုဒ္ဓါနုဿတိလို့ခေါ်လျှင် စာနှင့်မညီညွတ် ဖြစ်ပေလိမ့်မည်။ အဆင်းရှိသော ကသိုဏ်းလေးပါးတွင် သွင်း၍ ဗုဒ္ဓကသိုဏ်းလို့ ခေါ်မှရသော နိမိတ်နှင့် တည့်မည်ဟု လယ်တီဆရာတော်က အမိန့်ရှိလေသည်။ ဝိပဿနာဉာဏ် ၁၀-ပါးနှင့်စပ်၍လည်း အောက်ပါအတိုင်း ဆက်လက် အမိန့်ရှိသည်၊
လယ်တီ။ ။ ဆရာ ဉာဏ် ၁၀-ပါး ပေးပုံကို လျှောက်ထားပါဦး။
ဂန္ဓာရုံ။ ။ သမ္မသနဉာဏ် ရှုနည်းကို ဟောပြောပါသည်။ ယောဂီတို့လည်း ဟောပြော သည့်အတိုင်း ထင်မြင်ကြပါသည်။ ထို့နောက် ဥဒယဗ္ဗယဉာဏ် ရုပ်နာမ် ဖြစ်ပျက် ပုံကို ဟောပြောပါသည်။ ထို့နောက် အဖြစ်ကို လွှတ်၍ အပျက်ကိုသာ ရှုကြည့်ရမည် ဟု ဟောပြောပါသည်။ ဟောပြောတိုင်းလည်း ထင်မြင်ကြပါသည်။
လယ်တီ။ ။ သုတမယဉာဏ်၊ စိန္တာမယဉာဏ်၊ ဘာဝနာမယဉာဏ် သုံးမျိုးရှိရာတွင် ဘာဝနာမယဉာဏ် သဘာဝဓမ္မ အဟုတ်အမှန် အစစ်ကို သိရန်မှာ ဒုက္ခအချက်က ထိုင်၍သာ ကြည့်ရမည်။ ဒုက္ခအချက် မပိုင်သေးလျှင် သဘာဝဓမ္မ ဘာဝနာမယ ဉာဏ် အစစ်မဟုတ်သေးကြောင်း သိရမည်၊ ဒုက္ခအချက်ပိုင်အောင် ရှေ့သို့တိုး၍ ဗိုလ်ငါးပါး တူမျှအောင် ထား၍ အားထုတ်ရန် တိုက်တွန်းပေးရမည်။
မန္တလေးမြို့၌ ရှိသော မြင်းရထား က,သော မြင်းများကို အစာကျွေးသောအခါ မြက်ခြောက်ကိုစဉ်း၍ ကျွေးကြသည်။ မြင်းကို မျက်မှန်စိမ်းတပ်၍ ကျွေးသည်။ မြင်း၏ စက္ခုဝိညာဉ်စိတ်သည် မြက်စိမ်းတွေထင်၍ စားကြသည်။ မြက်ဖြူ အခြောက်တွေကို အဟုတ်တကယ် မြက်စိမ်းထင်အောင် စက္ခုဝိညာဉ်စိတ်ကို မျက်မှန်စိမ်းကြီးတပ်၍ လိမ်ကျွေးခြင်းမျှသာ ဖြစ်သည်။
ပကတိ ဇာတိပေါ်အောင် မျက်မှန်စိမ်းကြီးကို ချွတ်ကြည့်လိုက်။ မြက်စိမ်းတွေ ကွယ်ပျောက်၍ ပကတိဇာတိ မြက်ဖြူတွေကိုသာ အဖြူ အတိုင်း မြင်လိမ့်မည်။
ထို့အတူ တရားအားထုတ်သော ယောဂီတို့ ထင်မြင်နေသော ဉာဏ် ၁၀- ပါးသည် သဘာဝဓမ္မအစစ်အမှန် ဟုတ်-မဟုတ်ကို ကာမဝိတက် ပြင်းထန်စွာ ဖြစ်ပြီးနောက် မိမိတို့ ထင်မြင်နေသော ဝိပဿနာဉာဏ် ၁၀-ပါးကို ပြန်၍ အားထုတ် ခိုင်းကြည့် ရမည်။
သမထ သမာဓိနှင့် သုတမယဉာဏ်၊ စိန္တာမယဉာဏ် တွဲ၍ ထင်နေသော ဉာဏ်ဖြစ်ခဲ့လျှင် ရုပ်နာမ်၏ အဖြစ်အပျက်ကို ဘာတစ်ခုမျှ ရှာဖွေ လို့ မရသည့်ပြင် မိမိခန္ဓာကိုယ် အသွင်သဏ္ဌာန်ကြီးပင် မမြင်ရအောင် မှောင်ကြီးအတိ ကျနေ တတ်သည်။ သို့အတွက် ဆရာ့တပည့်များကို ယခု စမ်းနည်းအတိုင်း စမ်းကြည့်ရမည်။
(သဘာဝ အစစ်အမှန်ဖြစ်လျှင် ရုပ်နာမ် အဖြစ်အပျက် မပျောက်တော့ပြီဟု ဆိုလို၏၊ အနတ္တဒီပနီတွင်လည်း ကြည့်ပါလေ။)
(ဂန္ဓာရုံ ဆရာတော်၏ ယောဂီများတွင်လည်း မဂ်ယောင်ဖိုလ်ယောင် အာဝဋ္ဋနိမာယာ အမွှေဓာတ်များ ဝင်နေပြီဟု လယ်တီဆရာတော် ယူဆ၍ မိန့်တော်မူဟန် ရှိသည်။ ဆရာတော်ကား အတွေ့အကြုံများ၍ ဉာဏ်ကြီးမားပေစွာ့။ ဆည်ကြီးဆရာတော် မှတ်တမ်းတင်ထားသည်မှာလည်း လေးနက်သော အဓိပ္ပာယ်ကို ဆောင်လေသည်။
မဟာဂန္ဓာရုံ ဆရာတော် အကြောင်းကို လက်လှမ်းမှီသမျှ လေ့လာ ဖတ်ရှုရာတွင် ကျော်ကြားသလောက် မှတ်တမ်းမှတ်ရာမရှိ ဖြစ်သည်။ ပရိယတ်၊ ပဋိပတ် စွယ်စုံ တတ်မြောက်သူတို့ မှတ်တမ်းတင်မှသာလည်း ယုံကြည်ထိုက်၏။ ထူးခြားသည့် ပုဂ္ဂိုလ်ကြီးများ အနီးတွင် နေထိုင်ခွင့်ရသော စွယ်စုံ-ပညာရှင်များ သတိပြုရမည့် အချက်ပင် ဖြစ်သည်။ သာသနာတော်အတွက် များစွာ အထောက်အကူပေးနိုင်သော အခွင့်ကောင်းများ လက်မလွတ်စေသင့်ပေ။)
မှန်ကန်သော အာရုံနိမိတ်
ဆရာတော်၏ တပည့်မ သီလရှင်ယောဂီကြီး တစ်ဦးအကြောင်းနှင့် စပ်၍ မန္တလေးမြို့ အဘိဓမ္မကထိက ဆရာကြီး ဦးသိန်းအောင် မှတ်တမ်းတင်ထားသည်ကို ဖတ်ရသဖြင့် ဆရာတော်အား ကြည်ညို အားကျသောစိတ် တက်ရပြန်သည်။
ထိုစဉ်က ဟင်္သာတမြို့မှ လာရောက်အားထုတ်သော သီလရှင်ဆရာကြီး တစ်ဦးသည် မဂ္ဂင်ချောင်၌နေ၍ သူ၏သားရဟန်းမှာ ဓူဝံချောင်၌ နေသည်။ တစ်နေ့သ၌ သီလရှင် ဆရာကြီးသည် သားရဟန်းထံ ရောက်လာပြီးလျှင်-
“မောင်ပဉ္စင်း၊ မောင်ပဉ္စင်းရဲ့ညီ မောင်ဘကြမ်းတစ်ယောက် မနက်က ဓားခုတ် ခံရတယ်၊ ညာဘက် မျက်နှာရော၊ ဘယ်ဘက် ဂျိုစောင်းနှင့် လက်ပြင်မှာရော ဒဏ်ရာရလို့ ခု ဟင်္သာတဆေးရုံ တက်နေရတယ်” ဟု ဟင်္သာတမြို့ရှိ သား အကြောင်းကို လျှောက်ထားရာ- “ဒကာမကြီး ဘယ်သူပြောသတုံး” ဟု သားက ပြန်မေးသည်။
“တပည့်တော်မကို ဘယ်သူမှ လာမပြောပါ၊ ကမ္မဋ္ဌာန်းထိုင်ရင်း စိတ်အာရုံမှာ တွေ့ရတယ်” ဟု လျှောက်လျှင်-
“အာ-ဒကာမကြီး စိတ်စွဲနေလို့ အာရုံပေါ်လာတာ ဖြစ်ပါလိမ့်မယ်” ဟု ဆိုလေသည်။
“တပည့်တော်မ ဒီဘဝ မရောက်ခင်ကထဲက ရှိပစ္စည်းအားလုံး မောင်ပဉ္စင်းတို့ ညီအစ်ကို နှစ်ယောက်ကို အပြတ်ခွဲဝေပြီးမှပဲ၊ စွဲလမ်းဖို့မရှိပါဘူး၊ ဘကြမ်းကိုလဲ သတိရ မနေပါဘူး၊ တပည့်တော်မ အာရုံဟာ မှန်တတ်ပါတယ်၊ မောင်ပဉ္စင်းဟာ ခေတ္တ ဒုလ္လဘသင်္ကန်း ဝတ်နေသူမို့ ဝတ္တရားအတိုင်း ဆောင်ရွက်ဖို့ လာပြောတာပဲ” ဟုသာ လျှောက်ထားပြီး ပြန် သွားသည်။
ထိုသို့ မိမိအာရုံကို မိမိ ယုံကြည်ထားသည်မှာ သာမည အသိဖြင့် ယုံရန် ခက်ပေသည်၊ သီလရှင် ဆရာကြီးကား သူ့အသိကို ကောင်းစွာ ယုံကြည်ကြောင်း ထင်ရှားပေသည်။
မယ်တော်ကြီး ပြန်သွားလျှင် သားဦးပဉ္စင်းမှာ စဉ်းစားဆုံးဖြတ်ရန် ခက်နေ၏။ ထို နေ့မှာပင် ကြေးနန်း ရောက်လာသဖြင့် ဟင်္သာတသို့ လိုက်သွားရသည်။ ဆေးရုံရောက်၍ ကြည့်သောအခါ ဒဏ်ရာများလည်း မယ်တော်ကြီး ပြောသည်နှင့် တစ်ထပ်တည်း ဖြစ်နေသည်ကို တွေ့ရလေ၏။
နောင်မကြာမီ မောင်ဘကြမ်း ကျန်းမာလာ၍ စစ်ကိုင်းတောင်ရိုးသို့ ဒုလ္လဘ ရဟန်းခံရန် ရောက်လာရာ ကျောင်းရှိ ဦးပဉ္စင်းများက မယ်တော်သီလရှင် ဆရာကြီး မြင်သိပုံနှင့်စပ်၍ ပြောဆို ဆွေးနွေးကြ၏။ ထိုအခါ မောင်ဘကြမ်း ဓားခုတ်ခံရစဉ်က သေလုမျောပါး ဝေဒနာ ခံစားရသောအခါ “မယ်တော်ကြီးဆုံးမစကားကို မနာယူမိ၍ ဖြစ်ရသည်” ဟု နောင်တရကာ မယ်တော့် ကျေးဇူးကို သတိရပြီး မယ်တော်ကြီးထံ စိတ်ရောက် နေကြောင်း ပြောပြလေသည်။
ဆရာကြီးဦးသိန်းအောင်က စိတ်ဓာတ်ချင်း ဆက်စပ်ထိခိုက်ပုံကို ယူဆလိုသဖြင့် သူ၏ “ဗုဒ္ဓဝါဒ သုံးလောကနှင့် သတ္တဝါအစ ဖြစ်ပုံကျမ်း” တွင် ၁၅-နှစ်သားအရွယ်က သူကိုယ်တိုင် သိမှီခဲ့သော ပုံစံတစ်ခုကို ထုတ်ပြခြင်း ဖြစ်ပေသည်။
အကြားအမြင် အထင်မကြီးသင့်
အဆိုပါ သီလရှင်ကြီး၏ အခြေအနေကို ထောက်၍လည်း ကမ္မဋ္ဌာန်းနည်းပြ ဆရာတော်၏ ဂုဏ်ကို ဆင့်ပွား ကြည်ညိုနိုင်မည်ဟု ယူဆပါ၏။ ကျွန်ုပ်တို့ သိစေလိုသည်မှာ “တကယ်လုပ်လျှင် အဟုတ်ဖြစ်သည်” ဟူသော အချက်ပင် ဖြစ်၏။
ထိုသီလရှင် ဆရာကြီးကဲ့သို့ သိမြင်သူတို့ကား ယခုအခါ အလွန်များသော အရေအတွက်၌ ရှိပေလိမ့်မည်။ သို့ရာတွင် ထိုအသိမျိုးရှိလျှင်ပင် ရဟန္တာဟူ၍ သမုတ်တတ်ကြသည်မှာလည်း ပဋိပတ္တိ သာသနာဝင်၌ အန္တရာယ်ကြီးတစ်ခု ဖြစ်နေပေသည်။ ထိုအသိမျိုးသည် အဘိညာဉ်ရှေ့ပြေး သာမန်လောကီ အသိမျှသာ ဖြစ်နိုင်၍ ရဟန္တာမဆိုထားဘိ၊ သောတာပန်မျှပင် ဖြစ်နိုင်ရာသည် မဟုတ်ချေ။ အရိယာ ဖြစ်တိုင်း သိချင်မှသိ၍၊ သိတိုင်းလည်း အရိယာ ဖြစ်ချင်မှ ဖြစ်ရာသည်။
လောကီနှင့် လောကုတ္တရာကို ခွဲခြားဝေဖန်နိုင်သော ပရိယတ်ပဋိပတ် အခြေခံ မရှိဘဲလျက် အယူအစွဲ မသည်းအပ်။ ဝိနည်း သိက္ခာကို ရိုသေစောင့်သိ၍ ပရိယတ် ပဋိပတ် စွယ်စုံ ပုဂ္ဂိုလ်ကျော် သူတော်စင်ကြီးတို့ကား ဘာမျှ အဆန်းတကြယ် မဟုတ်သော ထိုသည့် အထင်အမြင် အသိအကြားများကို ရေးကြီးခွင်ကျယံလုပ်၍ ထုတ်ဖော် ပြောဆိုတော်မမူကြ။ သူတစ်ပါး သိမည်ကိုပင် စိုးတော်မူကြသည်ကို သဘောပေါက်သင့်၏။
ကိုယ်တိုင်ရေး အလုပ်ခွင်မှတ်တမ်း
ဆရာတော်အား အနာဂါမ်ကြီးဟူ၍ သမုတ်ခဲ့ကြ၏။ ကာမဘုံက မလွန်သေးဟုလည်း သိမြင်သူများက ဆိုကြသည်။ မည်သို့ဆိုစေ ဆရာတော်ကား ဇွဲ၊ လုံ့လ ကြီးမား လှပေ၏။ ပျံတော်မူခါနီး မမာမကျန်းရှိစဉ် ပို၍ပင်အားထုတ်တော်မူ၏။ “ရဟန္တာမဖြစ်သမျှ ဤဂူမှ မထွက်တော့ပြီ” ဟုပင် တစ်ဆင့်တက်ကာ သမ္မပ္ပဓာန် လုံ့လဖြင့် အဓိဋ္ဌာန်တော်မူသည်။
ရောဂါအခြေအနေမှာ တစ်နေ့တစ်ခြား ဆိုးရွားလာသဖြင့် မကြည့်ရက်သော တပည့်ကြီးများက ဂူမှထွက်၍ ဆေးဝါးကုသခံယူရန် အတန်တန် လျှောက်ထား ကြ၏။ လျှောက်ထားကြသော်လည်း မရ။ နောက်ဆုံး တပည့်ကြီးများက လယ်တီ ဆရာတော်အား အကြောင်းစုံ လျှောက်ထား၍ အကူအညီ တောင်းကြရ၏။ လယ်တီဆရာတော် ကိုယ်တိုင် ဂူထဲသို့ ကြွရောက်၍ ပြောရာ-
“တပည့်တော် အဓိဋ္ဌာန်ရှိနေလို့ပါ” ဟု တောင်းပန် လျှောက်ထား၏။ လယ်တီဆရာတော်လည်း ကျန်းမာရေး အခြေအနေများကို ကြည့်၍ အထပ်ထပ် စဉ်းစားပြီးနောက် အသင့် ပါလာသော ဦးပဉ္စင်းများဘက်သို့ လှည့်၍-
“ကဲ-မောင်ပဉ္စင်းတို့၊ အပြင်ထမ်းပင့်ကြ၊ အဓိဋ္ဌာန်တာက ဦးဥတ္တရ၊ ဂူအပြင် ထုတ်တာက လယ်တီဆရာတော်ပဲ” ဟု ပြောပြောဆိုဆို ကျောင်းသို့ ပင့်ဆောင်စေခဲ့၏။
ဆရာတော် ပျံလွန်တော်မူသည့်နောက် နေရာရှင်းကြသောအခါ အမြဲသုံးသည့် ခေါင်းအုံးအောက်တွင် ဆရာတော်ကိုယ်တိုင် ရေးသားခဲ့သည့် “၁၂”နှစ်တာ အလုပ်ခွင်မှတ်တမ်း” ကို အံ့အားသင့်စွာ တွေ့ကြရ၏၊
အိပ်မက် ၁၆-မျိုးနှင့် အာရုံ နိမိတ်များ၊ အတွေးအထင်များ ပါဝင်လေသည်။ ထူးခြားသည်မှာ ဆရာတော်၏ အမှာစာ၌ပင်-
“ရဟန်းရှင်လူ သီလရှင်အပေါင်းတို့၊ သမထဝိပဿနာ တိုးပွားစေခြင်းငှာ တပည့်များ က သမထဝိပဿနာစာအုပ်မှာ ထည့်၍ ပုံနှိပ်ရမည်” ဟု ရေးသား မှာထားတော် မူခဲ့၏။ သို့ရာတွင် ဆရာတော်ရေး မည်သည့်စာအုပ်တွင်မျှ ဤမှတ်တမ်းကို မတွေ့ရ။
ယင်းမှတ်တမ်းကို စစ်ကိုင်းတောင်ရိုး၊ ဝေဇယန္တာချောင် ဆရာတော် အရှင် မဟောသဓပဏ္ဍိတ ၏ ကျေးဇူးကြောင့် ၁၃၃၂-ခုနှစ၊ တပို့တွဲလ (၁၀၊၂၊၇၁) ထုတ် ဓမ္မဗျူဟာ စာစောင် (၉-၁၀ နှင့် ၁၀-၅) တို့၌ ဖတ်ရှုရသည်။
ဤမှတ်တမ်းသည် ဤခေတ်အခါတွင် မဆန်းကြယ်လှသော်လည်း-
“ဤသို့ စာတတ် ကျမ်းတတ် အကျင့်ပဋိပတ်နှင့် ပြည့်စုံသော တကယ့်အာဇာနည် အရှင်မြတ်ကြီးတို့ပင်လျှင် အစစ်အမှန်မဟုတ်သော အထင်အမြင် အတွေးအခေါ် အာရုံနိမိတ်များ ရှုပ်ထွေးပွေလီလှပေ၏။ ရဟန်းကိစ္စ မပြီးသေးဘဲလျက် ပြီးပြီဟု အထင်မှား အမြင်မှား ဖြစ်ရချေသေး၏” ဟု သင်ခန်းစာ ယူကြရပေလိမ့်မည်။
အထူးသဖြင့် ယူရမည့် သင်ခန်းစာကား ဘုရားဆုပန်ခြင်းပည်တည်း။ မိမိ၏ အမူအရာ အလောင်းတော်ကြီးများ၏ အလေ့အလာနှင့် ကွာချင်းတိုင်း ခြားကွာမှန်း မသိ၊ မိမိ ကိုယ်ကို မိမိလှည့်စားရာ ရောက်နေတတ်သော “ဆုကြီးပန်” ဆိုသူများ ယနေ့ အပြတ် စဉ်းစားဆုံးဖြတ်ရပေလိမ့်မည်၊ မှတ်တမ်းတင် ထားတော်မူခဲ့သည် ကိုလည်း ကျေးဇူးတင်ထိုက်ကြပေစွာ့။
ဆရာတော်၏ မှတ်တမ်းကား အောက်ပါအတိုင်းပင် ဖြစ်ပါသည်။
၁။ သမထကမ္မဋ္ဌာန်းကို ၁၂၅၇-ခုနှစ် အားထုတ်ရာ ၅၉-ခုနှစ်သို့ ရောက်လျှင် ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိဖြစ်၍ တစ်လလောက်ပင် ကိုယ်စိတ်နှစ်ဖြာ ကိလေသာ ကင်းကွာပူပန်မှု အလွန်ငြိမ်းအေး၍နေခြင်း၊
၂။ ၎င်းနောက် ၆၁-ခုနှစ်သို့ ရောက်လျှင် ကဆုန်လဆန်း ၇-ရက် (နှစ်ဆန်း ၁-ရက်) ၎င်းနေ့ကစ၍ သောတဒွါရဖြင့် သဒ္ဒါရုံတွေ အမြဲကြား၍ နေရခြင်း၊
၃။ ၎င်းသဒ္ဒါရုံကို ရပြီးနောက် အလွန် နှစ်နှစ်သက်သက် ရက်ပေါင်းများစွာ ပီတိဖြစ်၍ နေခြင်း၊
၄။ ၎င်းနောက် ဈာန်မဂ်ဖိုလ်တရားကို မရသေးသော်လည်း ရသကဲ့သို့ ရက်ပေါင်း များစွာ စိတ်ထဲမှာ ထင်၍နေခြင်း၊
၅။ ၎င်းနောက် နိဗ္ဗာန်မှာ မြတ်စွာဘုရားနှင့်တကွ အရှင်သာရိပုတ္တရာ၊ အရှင် မောဂ္ဂလ္လာန် အစရှိသော ရဟန္တာအရှင်မြတ်တို့သည် ခန္ဓာပဉ္စက ဒြဗ်ကောင်ကြီးကဲ့သို့ ရက်ပေါင်း များစွာ စိတ်ထဲမှာ ထင်၍နေခြင်း၊
၆။ ၎င်းနောက် ရုပ်နာမ်ကို အဖန်ဖန် ဆင်ခြင်ပြန်သည်ရှိသော် ၆၁-ခုနှစ် ပထမ ဝါဆိုလဆန်း ၇-ရက်နေ့ည ရုပ်နာမ်ကို ဆင်ခြင်ဆဲ အဝိဇ္ဇမာန ပညတ်ကွယ်၍ ထိနမိဒ္ဓ ဥဒ္ဓစ္စ စသည်ကင်းလျက် တစ်ညလုံး မိုးလင်းသည့်တိုင်အောင် သက်ရှိ သက်မဲ့တို့သည် ရုပ်နာမ်အစု ရုပ်အစုချည်း သာတည်းဟု အလွန်ထင်လာသည်။ ၎င်းရုပ်နာမ်တရား တို့သည် အနိစ္စ, ဒုက္ခ, အနတ္တ တရားချည်းသာဟု အမြဲ ထင်၍ နေသည်။ မီးခိုးတောင်ခိုး တိမ်ခိုးတို့ကဲ့သို့ များစွာဖြစ်လျက် ၎င်းအခိုးထဲက ကြည်လင်သော အရောင်ဖြစ်၍ မျက်နှာရိပ်ကို ထင်မြင်ခြင်း၊
၇။ ၎င်းနောက် ရုပ်နာမ်တရားတို့ကို အဖန်ဖန် ဆင်ခြင်ပြန်သည်ရှိသော် ပထမဝါဆို လဆန်း ၁၄-ရက်နေ့ည တစ်ညလုံး မိုးလင်းသည့်တိုင်အောင် ကိလေသာ ပူပန်ခြင်း ငြိမ်းအေး၍ ထိနမိဒ္ဓဥဒ္ဓစ္စ စသည် ကင်းလျက် ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ အစ ရှိသော တရားတို့သည် ဖြစ်ပေါ်ကုန်၍ မီးခိုး တောင်ခိုး တိမ်ခိုးတို့ကဲ့သို လည်းကောင်း၊ နီသော ရွဲလုံးကဲ့သို့ လည်းကောင်း၊ မီးတောက်ကဲ့သို့ လည်းကောင်း များစွာသော အရောင်ဖြစ်၍ ၎င်းအရောင်တို့သည် အနိစ္စ, ဒုက္ခ, အနတ္တ သဘောချည်းဟု အမြဲထင်၍နေခြင်း၊
၈။ ၎င်းနောက် ဝိပဿနာဉာဏ် ၁၀-ပါးကို အဖန်ဖန် ဆင်ခြင်ပြန်သည်ရှိသော် သမ္မသနဉာဏ်မှစ၍ သင်္ခါရုပေက္ခာဉာဏ်တိုင်အောင် ထင်မြင်ခြင်း၊
၉။ ၎င်းနောက် .... ရှိသော် သမ္မသနဉာဏ်နှင့် ဥဒယဗ္ဗယဉာဏ်မှာ ၆၁-ခုနှစ်ကစ၍ ၆၂-ခုနှစ် ပြာသိုလပြည့်ကျော် ၆-ရက် - ဗုဒ္ဓဟူးနေ့တိုင်အောင် အလွန့်အလွန် ထင်မြင်ခြင်း၊
၁၀။ ၎င်းနောက်.... ရှိသော် ၆၂-ခုနှစ် နတ်တော်လပြည့်ကျော် ၈-ရက် နေ့ လေးနာရီကစ၍ တစ်ညလုံး မိုးလင်းသည့်တိုင်အောင် နိဗ္ဗာန်၌သာ အာရုံပြုလျက် မဂ်လေးပါးလုံး ရပြီဟု ထင်နေပြီးလျှင် မိုးလင်းသောကာလမှ မဂ်လေးပါးလုံးမရမှန်း သိသည်။
ပအ၊ ထအ၊ မအ၊ မအ၊ ဂအ-ရအ။ (ပထမ မဂ္ဂ-ရပြီဟု ဆိုလို၏။)
၁၁။ ၎င်းနောက်..... ရှိသော် ၆၂-ခုနှစ် ပြာသိုလပြည့်ကျော် ၆-ရက် ဗုဒ္ဓဟူးနေ့၌ ဘင်္ဂဉာဏ်ရင့်ခြင်းကို အလွန် အလွန် အမြဲထင်မြင်ခြင်း၊
၁၂။ ၎င်းနောက် ..... ရှိသော် ပြာသိုလပြည့်ကျော် ၁၁-ရက်နေ့ည ဘယဉာဏ်၊ အာဒီနဝဉာဏ်၊ နိဗ္ဗိဒါဉာဏ်၊ မုဉ္စိတုကမျတာဉာဏ်၊ ပဋိသင်္ခါဉာဏ်၊ သင်္ခါရုပေက္ခာ ဉာဏ် တို့ အလွန်ထင်မြင်ခြင်း၊
၁၃။ ၎င်းနောက်..... ရှိသော် သင်္ခါရုပေက္ခာဉာဏ်၏ အဆုံး၌ ရှေးဦးစွာ -
ဥ-အာ- နိဉာဏ်တို့ကို ဒုက္ခသစ္စာဟု ထင်လာသည်။
သမ္မသနဉာဏ်ကို သမုဒယသစ္စာဟု ထင်လာသည်။
မုဉ္စိတုကမျတာဉာဏ်ကို နိရောဓသစ္စာဟု ထင်လာသည်။
ပဋိသင်္ခါဉာဏ်၊ သင်္ခါရုပေက္ခာဉာဏ်တို့ကို မဂ္ဂသစ္စာဟု ထင်လာသည်။
၁၄။ ၎င်းနောက် ဝိပဿနာဉာဏ် ၁၀-ပါးကို အဖန်ဖန် ဆင်ခြင်ပြန်သည်ရှိသော် သစ္စာလေးပါးသည် ဘာဝနာ၏ အစွမ်းအားဖြင့် အမြဲထင်မြင်ခြင်း၊
၁၅။ ၎င်းနောက် ပဋိစ္စသမုပ္ပါဒ၊ ပဋိစ္စသမုပ္ပန္နတရားတို့ကို ဆင်ခြင်ပြန်သည် ရှိသော် ၎င်းတရားတို့သည် ရက်ပေါင်းများစွာ ထင်မြင်လာကုန်၏။
၁၆။ ၎င်းနောက်... ဧကတ္တနည်း၊ နာနတ္တနည်း၊ အဗျာပါရနည်း၊ ဧဝံဓမ္မတာနည်း လေးပါးတို့ကို ဆင်ခြင်ပြန်သည် ရှိသော် ၎င်းနည်းလေးပါးတို့ ရက်ပေါင်းများစွာ ထင်မြင်လာကုန်၏။
၁၇။ ၎င်းနောက် ဝိသုဒ္ဓိ ၇-ပါးကို ဆင်ခြင်ပြန်သည် ရှိသော် သီလဝိသုဒ္ဓိမှ စ၍ ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိ တိုင်အောင် ထင်မြင်ခြင်း၊
၁၈။ ၎င်းနောက် သိကျွမ်းဖူးသော မာတုဂါမတစ်ဦးကို ပုတီး နားဋောင်း စသော အဝတ်တန်ဆာတို့ဖြင့် တန်ဆာဆင်ယင်၍ စိတ်ဖြင့် အနီးအနား၌ ထားလျက် ၎င်းမာတုဂါမသည် အဝတ်တန်ဆာတို့ကြောင့် အလွန်တင့်တယ်၏။ မည်သို့ပင် တင့်တယ်သော်ငြားလည်း အိုခြင်းသဘောတရား မကင်းချေသေးဟု အောက်မေ့ ဆင်ခြင်ကာ မတ္တဖြင့် ဆံဖြူ၊ သွားကျိုး ပါးရိုးနားရိုး နံရိုး အပြိုင်းပြိုင်း ကျလျက် စက်ဆုပ်ရွံရှာဖွယ် မတင့်တယ်သော အသွင်ဖြင့် ထင်မြင်ခြင်း၊ (နာ-သေ-ပုပ်ပွ များလည်း ထို့အတူထင်သည်။) အရိုးစု မကင်းသေးဟု အောက်မေ့ကာ မတ္တဖြင့် အရိုးစု ထင်မြင်ခြင်း၊ ၎င်းအရိုးစုကောင်ကြီးသည် အနိစ္စ, ဒုက္ခ, အနတ္တ သဘော တရားဟု ထင်မြင်ခြင်း၊
၁၉။ ညအခါ မအိပ်မီ ကောင်းကင်၌ ကြယ်အပေါင်းကို ကြည့်၍ ဝိပဿနာပွားလျှင် အိပ်သောအခါ မနောဒွါရ၌ ကြယ်များစွာ ထင်မြင်ခြင်း၊
၂၀။ နေ့အခါ ကျောင်းအမိုးကိုကြည့်၍ ဝိပဿနာပွားလျှင် ညအိပ်သောအခါ ကျောင်းအမိုးတို့သည် မနေဒွါရ၌ ထင်မြင်ခြင်း၊
၂၁။ ၁၂၆၃-ခုနှစ် ပထမဝါဆိုလပြည့်ကျော် ငါးရက်နေ့ နံနက်က သူတစ်ပါးအတွက် ကြောင့် နှလုံးမသာမယာခြင်း ဖြစ်၏။ ထိုနေ့ နေ့လယ်အိပ်ပြီးလျှင် အာရုံပြုနေကျ တရားကို အာရုံပြုပါသော်လည်း နှလုံးမသာယာခြင်း ဓမ္မအန္တရာယ်ကြီး ဖြစ်ပေါ် လာ၏။ ဖြစ်ပေါ်လာလျှင် ထိုသူများကိုရန်သူထင်အောင် “ပိယတော ဇာယတိ သောကော”၊ အကြင်ရဟန်းသည် (ထိုသို့ ချစ်သောသဘောကြောင့်) သောကသည် ဖြစ်၏ ဟူသော အစရှိသော ဂါထာကို အကြိမ်ကြိမ် အဖန်ဖန် ဆင်ခြင်လျှင် ထိုသူမှ စ၍ ပိယပုဂ္ဂိုလ်ဟူသရွေ့ အဇ္ဈတ္တအတွင်းရန်သူ၊ ရန်သူမျိုးငါးပါးကို ဗဟိဒ္ဓအပြင် ရန်သူဟု အလွန်ထင်လာခြင်း၊
ထိုဗဟိဒ္ဓ ရန်သူတို့ကြောင့် အဇ္ဈတ္တ၌ဖြစ်သော လောကီ ကုသိုလ်သည် အတွင်း ရန်သူ၊ အဇ္ဈတ္တ၌ဖြစ်သော အကုသိုလ်သည် အပြင်ရန်သူဟု အလွန်ထင်လာခြင်း၊
ထိုထက် ရှေးရှေးသောဘဝက ကုသိုလ် အကုသိုလ်တို့သည် ရန်သူကောင်ကြီးတွေ ကဲ့သို့ ဝိုင်းဝန်းလာ၍ အကုသိုလ် ရန်သူတွေက အပါယ်လေးဘုံ သံသရာ နှောင်အိမ် ထဲ၌ ချမည်ဟု ဆိုသကဲ့သို့ အလွန်ထင်လာခြင်း၊ ကုသိုလ် ရန်သူတွေကလည်း လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာ့ဘုံ သံသရာ မှောင်အိမ်ထဲ၌ ချမည်ဟု ဆိုသကဲ့သို့ အလွန်ထင်လာခြင်း၊
ထိုသို့ ထင်လျှင် ဘုံသုံးပါး၌ ကိုးကွယ်လဲလျောင်း ပုန်းအောင်းမှီခိုရာ မရှိ၍ အလွန် အမင်း ကြောက်ရွံ့ထိတ်လန့်ခြင်း ပြင်းစွာဖြစ်သောကြောင့် သိမ်းဆည်း၍ မရနိုင်။ မျက်ရည်တွေ လှိုင်လျက် နှစ်နာရီ သုံးနာရီအတွင်း အလွန်အမင်း ကြောက်လှ၍ ရန်သူကိုလိုက်၍ ရေတွက်သည် ရှိသော် အကုသိုလ် ဖဿ စသော သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇-ခု၊ အကုသိုလ် ဝိတက် စသော ပကိဏ်း စေတသိက် ၅-ခု၊ မောဟ စသော အကုသိုလ် စေတသိက် ၁၄-ခု၊ အကုသိုလ်စိတ် ၁၂-ခု၊ ၎င်း ၃၉-ခုတို့သည် အပါယ်၄-ဘုံ သံသရာ နှောင်အိမ်ထဲ၌ လားကြောင်း ဖြစ်သော အကုသိုလ်ရန်သူတွေဟု အလွန်အမင်း အထူးမြင်ခြင်း၊
ကုသိုလ်ဖဿ စသော သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇-ခု၊ ကုသိုလ်ဝိတက် စသော ပကိဏ်းစေတသိက် ၆-ခု၊ သဒ္ဓါစသော သောဘဏစေတသိက် ၂၄-ခု၊ ကာမကုသိုလ် ၈-ခု၊ ရူပကုသိုလ် ၅-ခု၊ အရူပကုသိုလ် ၄-ခု၊ ၎င်း ၅၄-ခုတို့သည် သံသရာ ဝဋ်ဆင်းရဲ၌ ကျင်လည်ကြောင်းဖြစ်သော ကုသိုလ်ရန်သူတွေ ဟု အလွန်အမင်း ထင်မြင်ခြင်း၊
ထိုသို့ ထင်ပြီးလျှင် ပညာစေတသိက်ကိုအောက်မေ့ ဆင်ခြင်သည် ရှိသော် ၎င်းပညာ စေတသိက်သည် သံသရာဝဋ်ဆင်းရဲမှထွက်မြောက်ကြောင်း ကိုးကွယ်လဲလျောင်း ပုန်းအောင်း မှီခိုရာ အဆွေခင်ပွန်းကောင်းဟု အလွန်အကျူး ထင်မြင်ခြင်း၊
၎င်း ပညာစေတသိက်ကို အဆွေ ခင်ပွန်းကောင်းဟု အလွန်အကျူး အထူးထင်လျှင် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာ သက်သာရာ ရလေသည်။
၂၂။ ၁၂၆၆-ခုနှစ်၊ တပို့တွဲလဆန်းရှစ်ရက်၊ တနင်္ဂနွေနေ့ ညခြောက်နာရီ ကျော်ကျော် အချိန်တွင် သစ္စာလေးပါးကိုသိသည်။ ငလျင် နှစ်ကြိမ်လှုပ်၏။
ဒဥ၊ တဤ၊ ယအ၊ မအ၊ ဂအ၊ ရအ။ (“ဒုတီယမဂ္ဂရ” ဟု ဆိုလိုသည်။ ထိုနှစ် သကဒါဂါမ် ဖြစ်၏။ ။ စာရေးသူ၏ မှတ်ချက်။)
တစ်ဆယ့် ခြောက်ချက် အိပ်မက်ဆန်းများ
၁။ ခြေ၌ ခြတက်၍ ခြကို နင်းမိမည်စိုးသောကြောင့် ကောင်းကင်မှနေ၍ ခြကို ခါပစ်ရသည် မြင်မက်ခြင်း၊
၂။ မြစ်ကို အလျားလိုက်ဆန်သော သင်္ဘော စီးရအောင် လိုက်သော် သင်္ဘောကို မှီရုံမျှသာ ရှိ၍ မစီးရဟု မြင်မက်ခြင်း၊
(၎င်းအိပ်မက်အရမှာ သူငယ်အဖြစ်ကစ၍ ရဟန်းနှစ်ဆယ့်နှစ်ဝါ တိုင်အောင် “ဘုရားဆုပန်” ၍ နေသည်ကို ၁၂၆၁-ခုနှစ်သို့ ရောက်သောအခါ ၎င်းနှစ် ကဆုန်လက စ၍ ဝါဆိုလပြည့်တိုင်လျှင် သံသရာဘေးကို အလွန် ကြောက်သော ကြောင့် ဘုရားဆုကို မပန်တော့၊ ထိုဘုရားဆုကို မပန်နိုင်ခြင်းအကြောင်းဟု ထင်သည်။)
၃။ မြစ်လယ်သို့ ရောက်၍နေစဉ် မြစ်တစ်ဖက်သို့ လက်ပစ်ကူးမည်လိုလို၊ ဖောင်ဖွဲ့၍ ကူးမည်လိုလိုနေဆဲ လှေငယ်တစ်စင်းလာ၍ ထိုလှေငယ်နှင့် စီးလျက် မြစ် တစ်ဖက်သို့ ရောက်သည်ဟု မြင်မက်ခြင်း၊
(၎င်း အိပ်မက်အရမှာ ဒုတိယ ဝါဆိုလပြည့်ကျော်မှသာ သာဝကဆုကို ပန်၍ ထိုသာဝကဆုကို ပန်ဆင်နိုင်ခြင်း အကြောင်းဟု ထင်သည်။)
၄။ ဘုရားရှင်ကို ကိုယ်တိုင်ကိုယ်ကျ ဖူးတွေ့ရ၍ ဘုရားရှင်မျက်မှောက် နိဗ္ဗာန် ရောက်အောင် ဝိပဿနာကို အားထုတ်ရသည်ဟု မြင်မက်ခြင်း၊
၅။ မစင်စွန့်ဆဲ “ကုဋီနှင့်တကွ တစ်ပါးသို့ရောက်၍ မစင် လိမ်းကပ်လေသလော” ဟု ကြည့်လျှင် “မစင် မလိမ်းမကပ်” ဟု မြင်မက်ခြင်း၊
၆။ နွံ၌ နှစ်ယောက်သောသူသည် လက်တစ်ဖက် တစ်ချက်ကိုကိုင်၍ နွံထဲမှ တင်သည် ဟု မြင်မက်ခြင်း၊
၇။ “အေးသောအခါ ပူသောကမ္မဋ္ဌာန်းကျောင်း၌နေ၍၊ ပူသောကမ္မဋ္ဌာန်းကို အားထုတ် ရမည်။ ပူသောအခါ အေးသောကမ္မဋ္ဌာန်းကျောင်း၌ နေ၍၊ အေးသောကမ္မဋ္ဌာန်းကို အားထုတ်ရမည်” ဟု မြင်မက်ခြင်း၊
၈။ “သည်အရောင်သည် အဘယ်အရောင်နည်း” ဟု မေးလျှင် “မဟာဂန္ဓာရုံ ဘုန်းကြီး၏ သီလအရောင်” ဟု ဆိုပါသည်။ “အဘယ်ကျအောင် တောက်သနည်း” ဟု မေးလျှင် အကနိဋ္ဌ ဗြဟ္မာ့ပြည်တိုင်အောင် တောက်ပါသည်ဟုဆို၍ မြင်မက်ခြင်း၊
၉။ နိဗ္ဗာန်ကို တစ်ဝီထိသာ လိုတော့သည်။ နိဗ္ဗာန်ကိုသိမြင်အောင် ဥပေက္ခာဝီထိ ချရမည် မြင်မက်ခြင်း၊
၁၀။ ပူ-ရုပ်နာမ်၊ အေး-နိဗ္ဗာန်၊ ဖေ-စိန္တေယျ၊ မေ-တရား၊ သား-သံဃာက အေး နိဗ္ဗာန်ကို လျင်မြန်စွာရအောင် ရုပ်နာမ်ရှိစဉ် မြတ်တရားကို ကြိုးစား၍ အားထုတ်။ အသက်ဇီဝိန် မရှိသည်ဘုရား ဟောကြားသည့်တရား။
(၁၂၇၁-ခု၊ တော်သလင်းလဆန်း သုံးရက်၊ အင်္ဂါနေ့ တစ်ကြိမ်မက်သည်။ ၎င်းလဆန်း ဆယ်ရက် အင်္ဂါနေ့ တစ်ကြိမ်မက်သည်။)
၁၁။ “ဖလဿေတံ အဓိဝစနံ၊
ဧတံ=ဤသမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ စသော မဂ္ဂင်ဖောင်ကြီးသည်။
ဖလဿ=အကုသိုလ်တည်းဟူသော မြေပြင်အရပ်ဝယ် မငြိကပ်ငြား ကောင်းကင် သွားသော အရဟတ္တဖိုလ်၏။
အဓိဝစနံ=အမည်ပေတည်း။
(၎င်းလဆုတ် ကိုးရက်၊ အင်္ဂါနေ့ည၊ နာရီပြန် တစ်ချက်တီးကျော် မြင်မက်သည်။)
၁၂။ ပူလှချည့်၊ လောင်လှချည့်၊ ပူလှချည့်၊ လောင်လှချည့်။ သံယောဇဉ် ပြတ်လျှင် ဧး၏၊ သံယောဇဉ်ပြတ်လျှင် ဧး၏။
(၎င်းလဆုတ် နှစ်ရက် အင်္ဂါနေ့ မက်သည်။)
၁၃။ ၁၂၇၂-ခုနှစ်၊ ဝါခေါင်လဆန်း ခြောက်ရက်နေ့၊ ညနှစ်ချက်တီး ကျောက်လောက် မြင်မက်သော အိပ်မက်မှာ – “တောင်ကြီးတစ်လုံး၏ နံဘေးတွင် မဟာဂန္ဓာရုံ ဘုန်းကြီး အမှူးပြု၍ လမ်းဖောက်ရာ ပေါက်သောအခါ ၎င်းလမ်းအသွား တောင်နံပါးတွင် မဟာဂန္ဓာရုံဘုန်းကြီးကို နှိပ်စက်မည့်ရန်သူ နောက်ကလိုက်လာရာ မှီသောအခါ မဟာဂန္ဓာရုံဘုန်းကြီးအား ပုတ်ခတ်မည်အပြုတွင် မဟာဂန္ဓာရုံ ဘုန်းကြီးက တွက်၍ ချလိုက်သဖြင့် ဘယ်အခါမှ မတက်နိုင်သော ချောက်ထဲသို့ ကျ၍သွားသည်။ ကျသောအခါ မဟာဂန္ဓာရုံဘုန်းကြီး၏ တပည့်များက “အောင်ပြီ အောင်ပြီ” ဟု ကြွေးကြော်ကြ၏။ ၎င်းလမ်းအဆုံးတွင် ရေအလျဉ်တွေ့ ၍ ရေချိုးရ၊ သောက်သုံး ကြရကုန်၏။
၁၄။ ၎င်းခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့၊ မဟာဂန္ဓာရုံ ဘုန်းကြီးသည် တစ်ကိုယ်လုံး ဖွေးဖွေးဖြူသော ဆင်ဖြူစီးလျက် ဆင်ဖြူပေါ်က ဘုရားပေါ်သို့ အရှေ့မျက်နှာက တက်လျက် ၎င်းဘုရားပေါ်ကနေ၍ အောက်ကို ကြည့်သောအခါ ရေတွေမြင်ရသည်ဟု မက်ခြင်း။
၁၅။ ၎င်းခုနှစ်၊ တန်ဆောင်မုန်းလဆန်းတွင် ရွှေပြာသာဒ်ကြီး လေးဆောင်၏ အလယ်က ပလ္လင်နှင့်တကွ ရွှေပြာသာဒ်ကြီး လေးဆောင်ရသည်ဟု မြင်မက်ခြင်း၊
၁၆။ ၎င်းလဆန်းမှာ ထီးဖြူလေးစင်းရသည်ဟု မြင်မက်ခြင်း။
ဤကား မဟာဂန္ဓာရုံ ဆရာတော်ကိုယ်တိုင် ရေးမှတ်ထားခဲ့သော အိပ်မက်နှင့် အဓိပ္ပာယ်ကောက်ပုံများ ဖြစ်၏။
အရိယာဖြစ်သွားသော ဘုရားဆုပန် ပုဂ္ဂိုလ်ကြီး
မြတ်စွာဘုရားရှင်သည် ဘုရားမဖြစ်မီကပင် ဘုရားဖြစ်မည့် နိမိတ်ကြီးအိပ်မက်ငါးပါး မြင်မက်တော် မူခဲ့သည်ကိုလည်း သတိပြုသင့်ကုန်၏ (ပဉ္စကအင်္ဂုတ္တရ၊ မဟာသုပိနသုတ်။)
သူမြတ်လျာတို့အတွက် ပုဗ္ဗနိမိတ် အိပ်မက် စသည်တို့သည် ကြိုတင်ဖြစ်စမြဲ။ သို့ရာတွင် တစ်ခု သတိပြုရမည်မှာ လှည့်စားသော အာရုံနိမိတ်လိမ်များ၊ အိပ်မက် လိမ်များလည်း ရောင်တော်ပြန်နှင့်ရော၍ ဝင်ရောက်လာတတ်ပေသည်။
မဟာဂန္ဓာရုံဆရာတော်သည် ပြဆိုပြီး အာရုံနိမိတ်နှင့် အိပ်မက်ကြီး ၁၆-မျိုးကို အထူးမှတ်သား၍ မည်သူ့ကိုမျှ အသိမပေးဘဲ နှစ်ပေါင်းများစွာ ခေါင်းအုံးအောက်၌ လျှို့ဝှက်ထားခြင်း၊ ကမ္မဋ္ဌာန်းစာအုပ်များ၌ ထည့်သွင်း ရိုက်ရစ်ရန် မှာကြားခြင်း ပြုသည်ကို ထောက်ဆကြည့်ပါလျှင် “မှန်ကန်သော အာရုံနိမိတ်၊ အိပ်မက်များ ဖြစ်သည်”ဟု အသိအမှတ် ပြုကြောင်း ထင်ရှားလေသည်။
ယင်းသို့ဆိုသော် ဆရာတော်ကိုယ်တိုင် မှတ်တမ်းပြုခဲ့သော “ပထမမဂ်ရ၏” (၁၂၆၂)၊ “ဒုတိယ မဂ်ရ၏” (၁၂၆၉) ဟု တိုက်ရိုက် ရေးသားချက်မျိုး နောက်ကာလ တွင် မတွေ့ရသဖြင့် သကဒါဂါမ်မျှသာ ဖြစ်သည်ဟုကား မမှတ်ယူသင့်ချေ။
ထိုအာရုံနိမိတ် အိပ်မက်များကို ဖော်ပြရာတွင် အချို့ နေရာ၌ ဆရာတော်ကိုယ်တိုင် မှတ်ချက် (အဓိပ္ပာယ်ကောက်) စကားများ ရေးထားသော်လည်း “ပြာသာဒ် လေးဆောင်၊ ထီးဖြူလေးစင်းရသည်” စသည်၌ မှတ်ချက်တစ်စုံတစ်ရာ မပါရှိချေ။
ဆရာတော်သည် ထို မှတ်တမ်းများ ရေးပြီးနောက်တွင်လည်း ကိုးနှစ်ခန့် နေထိုင် သွားရသည်ကို တွေ့ရလေရာ ဆရာတော်၏ ဓမ္မာဘိသမယကို အတိအကျ မပြောဆိုဝံ့သာချေ။ တုယူအားကျ၍ ကြိုးစားကြရန်သာ ရှိပေ၏။
ထိုသို့သော အာဇာနည် အရှင်မြတ်ကြီးတို့အားပင်လျှင် ရဟန်းကိစ္စ မပြီးပါသေးဘဲ ပြီးစီးသွားလေဟန် အာရုံလိမ်များဝင်ခြင်းနှင့် နှစ်ပေါင်းများစွာ ငယ်စဉ်ကာလမှစ၍ မရိုးသားသော ဘုရားဆုပန် စိတ်ကြီးနှင့် အဖိခံရခြင်းမှာ ဆရာတော် ဘဝနှင့် ရင်း၍ပေးခဲ့သော ပဓာန သင်ခန်းစာကြီးများပင်တည်း။
အင်ကြင်းမြောင်နှင့် နိဗ္ဗိန္ဒဆရာတော် (၁၂၂၂ - ၁၂၇၈) ။ (၁၂၄၈ – ၁၃၃၈)
ပြည်မြို့၌ “တေဝိဇ္ဇရဟန္တာ” ဟု ဆိုကြသော အင်ကြင်းမြောင် ဆရာတော်ဘုရားကြီး နှင့် နိဗ္ဗိန္ဒ ဆရာတော် ဘုရားကြီး နှစ်ပါးအကြောင်းကို နိဗ္ဗိန္ဒ ဆရာတော် ရေးသား တော်မူသော “သိက္ခာသုံးပါး ပြရာကျမ်း” ၌ ဖတ်ရှုရ၏။
နိဗ္ဗိန္ဒ ဆရာတော်ဘုရားကြီး ကိုယ်တိုင်ရေးသော အဋ္ဌုပ္ပတ္တိနိဒါန်း ဖြစ်၍ အလွန် ခိုင်မာပြီး စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။ ထိုနိဒါန်း၌ လယ်တီဆရာတော်၊ သေက္ချတောင် ဆရာတော်၊ စစ်ကိုင်းမဟာဂန္ဓာရုံ ဆရာတော်များနှင့် သွားရောက် တွေ့ဆုံ လျှောက်ထားပုံများကိုပါ ဖော်ပြထားရာ ပို၍မှတ်သားဖွယ် ကောင်းလှသည်။
ထိုမှတ်တမ်း ကောက်နုတ်ချက် အကျဉ်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
မှတ်တမ်းပြုစုသော နိဗ္ဗိန္ဒ ဆရာတော်ဘုရားကြီးမှာ သာယာဝတီခရိုင် မိုးညိုမြို့နယ် ဧရာဝတီမြစ်အနီး မြေဇာကျွန်းခေါ် ရွာကြီး၌ ၁၂၄၈-ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၀-ရက်၊ သောကြာနေ့ နံနက် စက်နာရီ ၈-နာရီအချိန်တွင် ဖွားမြင်တော်မူ၏၊
ခမည်းတော်၊ မယ်တော်များမှာ ဦးကြာညို ဒေါ်လုံမတို့ ဖြစ်ကြသည်။ ဆရာတော် လောင်းလျာ ၁၀- နှစ်သားတွင် ဝဲနာများ စွဲကပ်၍ မည်သည့်ဆေးနှင့်မျှ မပျောက်နိုင် ရှိသောအခါ မယ်တော်က အလုပ်များသည့်ကြားက ဆေးလိမ်းခိုင်း၍ မရသဖြင့်-
“နင်တော့ ကြာရင် နူလိမ့်မယ်၊ အဲဒီတော့မှ နင်တစ်ယောက်ထဲ ရွာ့ပြင် တဲနှင့် နေရမယ် မှတ်ထား” ဟု မြည်တွန်ပြောဆို၏၊ ကိုစကားသည် မထူးဆန်းလှ သော်လည်း အသိဉာဏ် ပါရမီရှိသော သားအတွက်ကား ကြီးစွာ သံဝေဂဖြစ်ကာ ဘုန်းကြီး ဖြစ်လိုသော ဆန္ဒကို နှိုးဆွပေးလိုက်သကဲ့သို့ ရှိ၏။
ရှေ့ပြေးနိမိတ်
မြေဇာရွာ ဘုန်းကြီးကျောင်းတွင် ကျောင်းသား ဘဝနှင့်နေ၍ သင်္ဂြိုဟ်ကို ကြိုးစား သင်ယူခိုက် ညအိပ်သောအခါ ခြေရင်း၌ မီးထွန်းထားသကဲ့သို့ ဝင်းဝင်းလက်လက် မြင်ရသဖြင့် မကြာခဏ ထ၍ထ၍ ရှာမိ၏။ ရှာတိုင်းပျောက်သွားသည်။
တစ်ခါကသော် ညာဘက်လက်မ၌ ကြွက်နို့ ပေါက်၍ မိခင်အား ပြရာ နူတတ်သည် ဆို၍ အိမ်အနီးရှိ နူနေသူကိုလည်း မြင်တွေ့နေရသဖြင့် သူငယ်မှာ ကြောက်လန့် နေ၏၊ ညအိပ်သောအခါ လက်မကိုဆုပ်၍ အိပ်၏။ တစ်ညသ၌ လက်မ ပျောက်သွားပြီ ထင်၍ ထငိုလေသဖြင့် မိခင်ကြီးက လက်မ,ကို ကိုင်၍ “ရှိသားပဲ သားရဲ့” ဟု နှစ်သိမ့်ရသည်။
(မည်သူမဆို မွေးသည်မှ သေသည့်တိုင် စဉ်းစားပြောဆို လုပ်ကိုင်နေကြသော အကျိုးတရားမှန်သမျှ အကြောင်းပစ္စည်းမကင်း။ ယနေ့အလုပ်သည် မနေ့က အလုပ်နှင့် ဆပ်စပ်၏။ ရှေ့ဘဝသည် ယခုဘဝနှင့် ဆက်စပ်၏။ ဗီဇကပြောသော တရားသဘောများ ဖြစ်သည်ကိုသတိပြုကြရာ၏။)
သူငယ် ၁၅-နှစ်သားတွင် ကိုရင်ဝတ်၍ ပရိယတ်စာပေ သင်ကြား၏။ ဘွဲ့ ရှင်သီရိ။ ရဟန်းဖြစ်ချင်, တောထွက်ချင်စိတ်များ မကြာခဏဖြစ်သည်။ သို့နှင့် ရဟန်းဖြစ်၍ နှစ်ဝါ အရ ပခုက္ကူဆရာတော် ဦးဂန္ဓသာရ၊ မန္တလေး ဘုရားကြီးကျောင်းတိုက် ဦးဉာဏထံ ကြွရောက်စာသင်သည်။ ထိုအခါ စာ၌စိတ်သန်နေ၍ ဗီဇပါ တောထွက် ချင်စိတ် ပျောက်သွားပြန်၏။ လေးဝါအရတွင် ကိုယ့်ကိုကိုယ် ပြန် သုံးသပ်၍ တောမထွက်နိုင်သေး စေကာမူ ဓုတင်ကို ကျင့်မည်ဟု ဆုံးဖြတ် လိုက်ရသည်။
ခြောက်ဝါအရ ပြည်မြို့ ပုထိုးကြီး ဆရာတော်ထံ၌ ပရိယတ္တိ သင်ယူသောအခါ တောထွက်ရန် လျှောက်သော်လည်း မရ။ နေ့အခါ စာချပေး၍ ညအခါမှ တရား ထိုင်ရသည်။ အကြံကား မလျှော့သေး။ စိတ်ကူးတွင် တောထွက်ကြည့်ရာ သပိတ် ပရိက္ခရာ လွယ်စရာ အိတ်များပင် မရှိသေးသဖြင့် ဝိနည်းတော်နှင့် အပ်အပ်စပ်စပ် ရရှိရန် သပိတ်တစ်ခုရဖို့ပင် ဝန်လေးနေ၏။ စိတ်ဆင်းရဲနေ၏၊ ထိုအခါ ဆွမ်း ဒကာဦးသာပြော ကောင်းမှုကြောင့် ပြည့်စုံ သွား၍ ဆရာတော်အား တောင်းပန်ဝန်ချ ကန်တော့ကာ နောင်တော် စာချဘုန်းကြီးအား အပို စာအုပ်စာတမ်း ပစ္စည်းများ လှူလိုက်၏။ အချိန်ကား ၁၂၇၄-ခုနှစ် တန်ဆောင်မုန်းလဆန်း ရှစ်ရက်နေ့ ညနေ ငါးနာရီခွဲအချိန် ဖြစ်သည်။
တောရ ဝင်စ အခြေအနေ
ဆရာတော်သည် သပိတ်ကိုလွယ်၍ ပုထိုးကြီး တောင်တန်းပေါ်သို့ ထွက်ခွာခဲ့၏။ နောင်တော် စာချဘုန်းကြီး လိုက်၍ပို့သည်။ ညီနောင်နှစ်ပါး စကားတပြောပြောနှင့် လာခဲ့ကြရာ ကြက်တင်းတောင် အနီးတွင်း မှောင်စပျိုးလေ၏။ ရှစ်ရက်လကား မှုန်ဝါးဝါးရှိသည်။ နောင်တော်ကား သတိပေးစကား ပြောကြားဆုံးမ၍ ကြက်တင်း တောင် အရောက် လိုက်ပို့ပြီး ပြန်ကြွသွားသည်။
တသက်နှင့် တစ်ကိုယ် မခံစားဖူးသော ကြေကွဲ ဝမ်နည်းခြင်းသည် ရုတ်တရက် ကောက်ရသကဲ့သို့ ဝင်လာရာ ဖြေဆည်မရ၊ နှလုံးကွဲမတက် ခံစားရ၏။ (အမွှေဓာတ်ကို သတိပြု။) အတန်ကြာ စိတ်ဖြေအားတင်း၍ ရှေးသူဟောင်းတို့ ထုံးကို နှလုံးမူလျက် ပြည်မြို့နှင့် နှစ်မိုင်ခန့်အကွာသို့ တောင်တန်းများကို ဖြတ်ကျော်လာရ၏။ တောရိပ် တောင်ခြေတစ်ခုလုံး မှောင်နှင့်မည်းမည်း ရှိလေ၏။ အရံသင့် ပိုင်ရှင်မဲ့ တဲကျောင်းပျက် တစ်ဆောင် တွေ့ရ၍ ထိုည ထိုတဲ၌ စတဲချကာ အာနာပါန ရှုမှတ်တော်မူ၏။
(“နင်တစ်ယောက်ထဲ ရွာပြင်တဲနှင့် နေရမယ်” ဆိုသော မိခင်ကြီးစကားသည် မှန်ပေပြီ။ ။ စာရေးသူ)
နံနက်မိုးလင်းသောအခါ မျက်နှာသစ်ရန် ရေမရှိ၍ ရေရှာရ၏။ ထိုတောင်အဆုံး၌ ရေအိုင်ငယ်တစ်ခု တွေ့ရသဖြင့် ရေစစ်ဖြင့် စစ်၍ သုံးရသည်။ ဆွမ်းခံချိန်ရောက်လျှင် သီလရှင်များ နေထိုင်ရာ ဇရပ်နှင့် ပွင့်လှသိမ်ကုန်းရွာသို့ကြွ၏။ ဆွမ်းနီအတန်ငယ် ရသဖြင့် ကျောင်းသို့ပြန်လာရာ သောက်ရန် ရေမရှိသေး၍ ရေအိုင်သို့ သွားပြီး ရေခပ်ရပြန်၏။ ဟင်းမပါ ဆားမပါ ဆွမ်းကြမ်းနီကိုသာ ဘုဉ်းပေးရသည်။ ငါးရက်ခန့် ဤအတိုင်း ဆွမ်းချည်း ဘုဉ်းပေးရ၍ နောက်ကာလတွင်မှ ဆွမ်းဟင်းပါ ရသည်။
အင်ကြင်းမြောင် ဆရာတော် အံ့ဖွယ်များ
၁၅-ရက်ခန့် ရှိလျှင် နှာသီးဝတွင် အာရုံနိမိတ်ပေါ်လာ၍ မဝေခွဲနိုင်သဖြင့် အင်ကြင်းမြောင် ဆရာတော်ထံ သွားရောက်လျှောက်ထားရသည်။ ရှေးကလည်း အင်ကြင်းမြောင် ဆရာတော် ဟု ကြားဖူး၏။
“ငါလဲ စာတတ်သားပဲ၊ ငါတို့နှင့် ဘာထူးမှာလဲ” ဟူသော မာန်ကြောင့် ဆည်းကပ် ရမှန်းမသိခဲ့၊ ကမ္မဋ္ဌာန်းအလုပ်လုပ်၍ မရှင်းလင်းသောအခါ သွားရောက် လျှောက်ထားရာမှ ကြီးမှန်း ငယ်မှန်း သိရတော့သည်။ ဆရာတော်ကြီးထံ နည်းခံ၍ ခြောက်လခန့် အားထုတ်စဉ် ရေအခက်အခဲကြောင့် ကမာရွတ်ကုန်းမြေသို့ ပြောင်းရွှေ့ နေထိုင်ရ၏။ ဒကာများလည်း ကျောင်းကလေး တစ်ကျောင်း ဆောက်လှူကြသည်။
သုံးလေးရက်အရတွင် ထိုကျောင်းကို မီးလောင်သဖြင့် ထပ်၍ ဆောက်လှူကြ ပြန်သည်။ ကျောင်းဆရာ ဦးရာကျော် ဆိုသူသည် သူ့စိတ်ကူးနှင့်သူ ကျောင်းတိုင် အစေ့ မြေဖြူဖြင့် “နိဗ္ဗိန္ဒ၊ နိဗ္ဗိန္ဒ” ဟု ရေးခြစ်ထားသဖြင့် ် ၁၂၇၅-ခုနှစ်က စ၍ ထိုအမည်အတိုင်း ခေါ်ဝေါ်ကြလေသည်။
ပရိယတ်မာန်ခံ၍ အင်ကြင်းမြောင် ဆရာတော်ထံ စောစောက မရောက်မိသည်ကို နောင်တဖြစ်မိ၏။ နီးနီးကပ်ကပ် နေရသောအခါကျမှ ဆပ်၍မကုန်နိုင်သော ကျေးဇူး ဂုဏ်များ ရှိသည်ကိုတွေ့ရသည်။ ထိုဆရာတော်ဘုရားကြီးကား ၂၃-ဝါ အရတွင် ပြည်မြို့ အင်ကြင်းမြောင် တောရ၌ တောထွက်တော်မူ၏။ ဘွဲ့ အရှင်အာသဘ။ အာနာပါန ကမ္မဋ္ဌာန်းကို အားထုတ်တော်မူသည်။
ထိုဆရာတော်၏ ဂုဏ်ထူးငါးခုကို အောက်ပါအတိုင်း မှတ်သားထား၏။
၁။ ကောင်းကင်မှ လဝန်းကို မိမိနေရာ ကျောင်းပေါ်သို့ ရောက်အောင် တင်နိုင်ခြင်း၊
၂။ သေတ္တာစသည်၌ သော့မခတ်ဘဲ ဂုဏ်တော်ရွတ်ရုံမျှဖြင့် ဖွင့်နိုင်ပိတ်နိုင်ခြင်း၊
၃။ သစ်ပင်တောတောင်တို့ကို ဖောက်ထွင်း၍ မြင်နိုင်ခြင်း၊
၄။ သူတစ်ပါးတို့ စိတ်အကြံကို သိခြင်း၊
၅။ တပည့်များအား ကမ္မဋ္ဌာန်းပေးရာ၌ မည်သည့်တပည့် မည်သည့်ဉာဏ်ရပြီဟု သိခြင်းတို့ ဖြစ်၏။
အင်ကြင်းမြောင်ဆရာတော်ထံ နည်းခံ၍ လေးနှစ်မျှအကြာ ၁၂၇၈-ခုနှစ် တန်ဆောင်မုန်း လကွယ် နေ့တွင် ဆရာတော် ပျံလွန်တော်မူ၏။ ထိုတောရ၌ ၁၄-နှစ် သီတင်းသုံးတော် မူသွားသည်။ သက်တော် ၅၆-နှစ်၊ သိက္ခာ ၃၇-ဝါအရ ပျံလွန်တော်မူသဖြင့် အားကိုးရာမဲ့ ဖြစ်ရ၏။
(ငယ်စဉ်က လက်မ, ပျောက်၍ ငိုခဲ့ရသည်မှာ ယခုကြုံလေပြီ။ မိခင်ကြီးက လက်မ, ကို ရှာပေးသကဲ့သို့ အင်ကြင်းမြောင် ဆရာတော်ကြီးသည် လယ်တီဆရာတော် ပြည်သို့ ရောက်ခိုက် တပည့်ဦးသီရိအား အတူခေါ်၍ သွားခဲ့ဖူးသည်။ ကြိုတင် သိမြင်တော်မူဟန် ရှိ၏။ လက်မ,တွေ့လေပြီ။ ။ စာရေးသူ)
ဆရာရှာထွက်ခြင်း (သို့မဟုတ်) တရားစစ်ခံခြင်း
ဦးသူရိယစသော တပည့်အဖော်သုံးပါး၊ ဒကာတစ်ယောက်နှင့်အတူ ဆရာရှာ ထွက်ခဲ့၏။ ရွှေတိဂုံ၊ ရွှေမော်ဓော ဘုရားများဖူးပြီးလျှင် သထုံသို့ ရထားဆက်စီးကာ သာသနပဇ္ဇောတိကတိုက် မင်းကွန်းဆရာတော်ဘုရားကြီးထံ တစ်ည တည်းခို၍ အလုပ်နှင့်စပ်သမျှ လျှောက်ထား မှတ်သားခဲ့ရသည်၊
ထို့နောက် မော်လမြိုင်၊ ကျိုက်ထီးရိုး၊ ကျိုက်ထို၊ ထိုမှ ပဲခူးသို့ပြန်လျှင် တပည့်များနှင့် ခွဲကာ ဒကာ တစ်ယောက်သာခေါ်၍ ဖြူးမြို့ သူဌေး ဦးသက်အိမ်၌ နှစ်ညတည်းခို၏။ သေက္ချတောင် ဦးတိလောကထံ စုံစမ်းသွားရာ ဦးတိလောကအား ရုတ်တရက် မတွေ့၍မေးလျှင် ဖိုဝင်၍ စောင့်နေရ၏။ ဖိုမှထွက်လျှင် တရားစကား မလျှောက်ထား မဆွေးနွေးဘဲ အာလာပသလ္လာပ စကားမျှဖြင့် ပြန်ခဲ့၏။ သူဌေးဦးသက်က-
“ဘာများ စုံစမ်းသိရှိခဲ့ရပါသလဲ” ဟု လျှောက်ရာ ဖိုရုံမှ ထွက်ခိုက်ဖြစ်၍ ဘာမျှ မစုံစမ်းခဲ့ကြောင်း အမိန့်ရှိသည်။
“တွေ့ခဲ့တွေ့ မှ လျှောက်ရောပေါ့ ဘုရား” ဟု ဆင့်လာသဖြင့် စိတ်ထဲရှိသည့် အမှန် အတိုင်း--
“အို... ကမ္မဋ္ဌာန်းဘုန်းကြီးလုပ်ပြီး ဖိုဆွဲနေမှဖြင့် စုံစမ်းဖို့ လိုမယ်မထင်ပါဘူး” ဟု အမိန့်ရှိသည်။
သူဌေးကြီး ဦးသက် အကြံပေး တိုက်တွန်းချက်အရ ပျဉ်းမနား အင်ကြင်းမြိုင် တောရ၌ သီတင်းသုံးတော်မူသော လယ်တီဆရာတော်ထံ သွားရောက်သည်။ ရွှေမြို့သို့ ကြွရောက် တရားဟောခိုက် ကြုံနေ၍ တစ်ညစောင့်ရ၏။ ထိုညတွင် အိပ်မက် မြင်မက်ရသည်မှာ မိမိဝတ်ထားသော သင်္ကန်းများ ဆွတ်ဆွတ်ဖြူ နေသည်ဟု မြင်မက်၏။ ကပ္ပိယအား ပြောရာ သူ့မှာလည်း ပါးစပ်ထဲမှ ခေါင်းမပါသော ကျီးများ ထွက်လာသည်ကို မြင်မက်ကြောင်း လျှောက်သည်။ မဝေခွဲနိုင်၊ (အရိယသဒ္ဒါ ဖြူစင်ခြင်းကို ဟော၏)
လယ်တီဆရာတော် သြဝါဒ
ဆရာတော်အား မရှင်းသော ဒိဋ္ဌိ, ဝိစိကိစ္ဆာ အကြောင်း လျှောက်ထားရာ စိတ်ကျေနပ် လောက်အောင် ရှင်းပြပေး၏၊ (ဤစကား အဓိပ္ပာယ် ရှိလှ၏။)
လယ်တီဆရာတော် အပါးတွင် လေးငါးရက်ခန့် နေပြီး လယ်တီဆရာတော်နှင့်အတူ မန္တလေးသို့ ခရီးဆက်သည်။ - ပြန်ခါနီးတွင် လယ်တီဆရာတော်က-
“ကိုနိဗ္ဗိန္ဒတို့ တောထဲနေတယ်ဆိုတော့ အန္တရာယ်များတယ်။ ကဲ-အရံအတား ကလေး စွန့်ရသေးတာပေါ့” ဟု ဆိုကာ လက်ဖွဲ့တစ်ခု ချီးမြှင့်လိုက်၏။ ဆရာတော် ဘုရားကြီး ချီးမြှင့်၍သာ ယူခဲ့ရသည်။ စိတ်ထဲတွင် မပါလှ။ ကျောင်းရောက်လျှင် ဘုရားစင်မှာပင် အမှတ်တမဲ့ထား၏။ နောက်တစ်ကြိမ် လယ်တီဆရာတော်ဘုရားကြီး နှင့် တွေ့သောအခါ လယ်တီဆရာတော်က-
“ကိုနိဗ္ဗိန္ဒတို့ ကျုပ်ကိုတောင် မယုံဘဲကိုဗျ” ဟု အမိန့်ရှိသဖြင့် အံ့အားသင့်သွား၏။
“လယ်တီဆရာတော် သိသကိုး” ဟု ထပ်ဆင့် ဝမ်းမြောက်ခဲ့ရပြန်သည်။
မန္တလေးမှ စစ်ကိုင်းဘက်သို့ကူးကာ ဃောသိတဝန် ဆရာတော်ဘုရားကြီးထံ လေးငါး ရက် စုံစမ်းလျှောက်ထား၏။ ငယ်ဆရာတော်က ဃောသိတဝန်ဆရာတော် ရဟန်းကိစ္စ ပြီးသယောင် အမိန့်ရှိသည်ကို မှတ်သားရဖူး၏။ လက်တွေ့တွင် ဆိုဆုံးမ စကားထွက် ကြမ်းနေသည်ကို တွေ့ရသဖြင့် သံသယမရှင်းဖြစ်ကာ-
“ဆရာတော်ဘုရား၊ မိမိကိုယ်ကိုဖြစ်စေ၊ သူတစ်ပါးကို ဖြစ်စေ ကြည့်လိုက်သောအခါ ကိုယ်ရယ်လို့ ရှာမတွေ့တော့ဘဲ တရွရွ ပျက်နေတာကို မြင်လျှင် ဘယ်လိုပါလဲ ဘုရား” ဟု ဆုံးစမ်းလျှောက်ထားရာ-
“ဒီလို မြင်တာကတော့ အကောင်းဆုံးပဲ၊ ရုတ်တရက် မမြင်နိုင်ကြဘူး” ဟု မိန့်တော်မူသည်ကို မှတ်သားခဲ့ရ၏။
ဂန္ဓာရုံဆရာတော် သြဝါဒ
ထို့နောက် မဟာဂန္ဓာရုံ ဆရာတော်ထံ သွားရောက် လျှောက်ထားရာ ဆရာတော်က-
“ဒီလိုရှိတယ်။ တချို့က သမထနှင့် စားပစ်ပြီး လုပ်ကြတာတွေလဲ ရှိတယ်” ဟု အမိန့် ရှိလျှင်-
“ရုပ်ကလာပ်အစဉ်သည် မြစ်ရေယဉ် မီးလျှံအသွင်ကဲ့သို့ဟု စာရှိသဖြင့် ထိုကဲ့သို့ မြင်လျှင် မည်သို့ ဖြစ်ပါသလဲဘုရား” ဟု ထပ်ဆင့်၍ လျှောက်မိသည်။
“ဤကဲ့သို့မြင်လျှင်တော့ ပေါက်တဲ့ပုဂ္ဂိုလ်ဟု ဆိုရမည်” ဟု အမိန့် ရှိသည်။ ဆက်လက် စုံစမ်းလိုသော်လည်း ဂန္ဓာရုံဆရာတော်မှာ ထိုစဉ်က စကားမပြော နိုင်အောင် ကျန်းမာရေး ချို့တဲ့နေသဖြင့် ပြည်နိဗ္ဗိန္ဒသို့ ပြန်ခဲ့သည်။
၁၃၃၈-ခုနှစ် တပို့တွဲလပြည့်ကျော် ၉-ရက်၊ သောကြာနေ့ နံနက် နှစ်နာရီ ၁၅- မိနစ် အချိန်၊ သက်တော် ၉၁-နှစ်၊ သိက္ခာတော် ၇၁-ဝါအရ နိဗ္ဗိန္ဒ ဆရာတော်ကြီး စုတိကမ္မဇရုပ် ချုပ်ငြိမ်းတော် မူလေသည်။
(အခြား ကြည်ညိုဖွယ်၊ အားကျဖွယ်၊ အံ့ဖွယ်များကို ဆက်လက် လေ့လာ နိုင်ကြပါစေ။)
ကြောင်ပန်းတောရ ဆရာတော် (၁၂၂၂ - ၁၂၈၈)
ကြောင်ပန်းတောရ ဆရာတော်သည် ကျေးဇူးရှင် လယ်တီ ဆရာတော်ဘုရားကြီး၏ လက်သပ်မွေး ငယ်တပည့်ရင်းကြီးတစ်ပါးဖြစ်၏။ လယ်တီဆရာတော် စာချဘုန်းကြီး ကလေးဘဝကပင် စောင့်ရှောက် မွေးမြူခဲ့ရသည်။
မုံရွာ ဘုတလင်သွား ကားလမ်းအနီး (မုံရွာမှ ၁၉ မိုင်) ကျည်းပင်ချောင်းရွာ၌ ဖွားမြင်၏။ ၁၂၂၂-ခုနှစ်၊ သီတင်းကျွတ် လဆန်းသုံးရက်၊ တနင်္ဂနွေနေ့ နံနက် ၁၀-နာရီ။ ငယ်မည် မောင်သံတူ၊ အဖ ဦးမြ၊ အမိ ဒေါ်လှိုင်၊ ၆-နှစ်သား, အရွယ် ရွာဦးကျောင်း ဦးမုနိန္ဒထံ ပညာသင်သည်။ ၁၄-နှစ်သားတွင် ရှင်ပြု၏။ ဘွဲ့ ရှင်ဣန္ဒက။
၁၇-နှစ်သားအရွယ်ထိ ရွာဦးကျောင်း၌ပင် ပိဋက အခြေခံ စာများကို ကြိုးစား သင်ယူခိုက် ဆရာဘုန်းတော်ကြီး ပျံလွန်တော်မူ၏။ အားကိုးရာမဲ့ ဖြစ်ကာ ရှင်လူထွက်ခဲ့ရသည်။ နောက်တစ်နှစ် (၁၂၄၁) ခမည်းတော်ကြီး ဦးမြ ကွယ်လွန် ရပြန်သည်။ လူလားမြောက်စ တက်ကြွတုန်းအရွယ်၌ မောင်သံတူတစ်ယောက် စိတ်အားငယ်ခဲ့ရ၏၊ သို့ရာတွင် မိမိ လက်ပေါ်၌ချည်း ပြုစုရင်း ကွယ်လွန်ခဲ့ကြရသော ဆရာနှင့် ဖခင်ကြီးတို့က သေခြင်းတရား၏ ကြောက်မက်ဖွယ်ကို လက်တွေ့ သင်ပြပေးခဲ့ကြသည်။
ထိုသင်ခန်းစာကား နုနယ်သေးသော မောင်သံတူအတွက် ခက်ထန်ကြမ်းကြုတ် လွန်းစွာ့၊ ဘဝ၏ ပွဲဦးထွက် သင်ခန်းစာဖြစ်၍ ပြင်းပြစွာငိုကြွေးရင်း သေခြင်းတရားကို များစွာ လန့်ကြောက် သံဝေဂပေါက်၍ “သင်းလက်မှ လွတ်မြောက်အောင် ငါလုပ်မည်” ဟု ပါရမီ ဗီဇက နှိုးဆွပေးလိုက်သည်။
သို့နှင့် ကိုရင် ပြန်ဝတ်ရန် ဆုံးဖြတ်လိုက်သည်။ သို့ရာတွင် ခိုကိုး ရာမဲ့ မိခင်ကြီးအား ခွင့်တောင်းရန် နှုတ်ကမထွက် ဖြစ်နေ၏။ နောက် ဇွတ်မှိတ် တောင်းပန်သော အခါတွင်လည်း မိခင်ကြီးက မခွဲရက်ဆို၍ စိတ်ပျက်ခဲ့ရသည်။ ချီတုံချတုံဖြင့် လ,ကုန်၍ နှစ်ကူးခဲ့၏။ ထိုအတွင်း ညီ မောင်သာပိုက်နှင့်တကွ မိခင်ကြီးအား တောင်ယာ လုပ်ကိုင်၍ ကျွေးမွေးပြုစုကြသည်။ ထိုအလုပ်ကြမ်းများသည်လည်း မောင်သံတူအတွက် ထပ်ဆင့် သံဝေဂ ဖြစ်စေ၏။
လောကဓံ၏ ဒုက္ခသည် အခံရခက်သော်လည်း ပါရမီဓာတ်ခံ အသိဉာဏ်ရှိ သူတို့အတွက် လာဘ်ဝင်ခြင်းပင်တည်း။ အကောင်းလာရန် အဆိုးရှေ့ကခံ။
လောကဓံမှ လောကုတ္တရာသို့
ရှင်လူထွက် မောင်သံတူသည် လယ်တီလောင်းလျာ ဦးဉာဏနှင့် ယခင်က မည်သို့သော အဆက်အသွယ် ရှိသည်မသိ။ မိခင်ကြီးအား ခွင့်တောင်းမရ၍ စိတ်ပျက်နေရာမှ တစ်နေ့တွင် ဦးဉာဏရှိရာ စစ်ကိုင်းတောင်ရိုး ညောင်ပင်သာ ချောင်သို့ ရောက်လာ၏။
ဦးဉာဏသည် မန္တလေး စံကျောင်းတိုက်၌နေစဉ် ဝါပအခါ စစ်ကိုင်းတောင်သို့ လာရောက်နေထိုင်လေ့ရှိသည်။ ဦးဉာဏလည်း မောင်သံတူအား ရောက်စမှာပင် ကိုရင် ဝတ်ပေးလိုက်၏။ မိခင်ကြီးသည် ထိုသတင်းကို ကြား၍ သားငယ် မောင်သာပိုက်နှင့် စစ်ကိုင်းတောင်သို့ လိုက်လာခဲ့သည်။
သားကြီး ကိုရင်ကို တွေ့လျှင် အားပါးတရ ဖက်၍ ငိုလေတော့၏။ “အမေ မုဆိုးမကြီးကို ပစ်မထားပါနဲ့ သားရယ်” ဟု ငိုယိုပြောဆိုကာ မုံရွာသို့လိုက်ခဲ့ရန် အတင်းအကြပ် ခေါ်လေတော့သည်။ ဦးဉာဏ၏ ဟောပြော နှစ်သိမ့်မှုကြောင့် မိခင်ကြီးမှာ အကြံ လက်လျှော့လိုက်ရ၏။ သားအမိလည်း မုံရွာသို့အပြန် ဦးဉာဏ လည်း ရှင်ဣန္ဒကကို ခေါ်၍ စံကျောင်းတိုက်သို့ ပြန်ကြွ၏၊ ဦးဉာဏကိုယ်တိုင် စာပေသင်ကြားပေးသည်။
၁၂၄၂-ခုနှစ်တွင် စစ်ကိုင်းတောင်ရိုး ညောင်ပင်သာချောင်၌ သစ်ဆိမ့် ဆရာတော်ကြီး ကို ဥပဇ္ဈာယ်ပြု၍ ဦးဉာဏဦးစီးကာ ရှင်ဣန္ဒကအား ရဟန်းခံပေးသည်။
(ဝက်ရဲရွာ၌လည်း တစ်ကြိမ် သိမ်ထပ်သေးသည်။)
ဦးဉာဏ မုံရွာသို့ ပြန်လည်ကြွရာတွင် ဦးဣန္ဒကသည် မန္တလေး၊ ဆီးပန်းနီ ဆရာတော်ထံ၌ ဆက်လက်စာသင်ရန် ခွင့်ပန်၍ နေခဲ့သည်။ ဦးဣန္ဒကကား သီပေါမင်းပါစဉ် ငါးဝါမျှသာ ရှိသေး၏။ လယ်တီဆရာတော်က လယ်တီတိုက်ကြီး တည်ပြီးသောအခါ ဦးဣန္ဒကအား ပြန်ခေါ်သည်။ မုံရွာသို့ ရောက်လျှင် မိမိ လက်ထောက် အဖြစ် ရဟန်းငယ်၊ ရှင်ငယ်များအား စာပေ သင်ကြားပေးရန် အမိန့် ရှိရာ-
“ရိုသေစွာ လျှောက်ပါသည် ကျေးဇူးရှင်ကြီးဘုရား၊ တပည့်တော် ငယ်စဉ်ကလ ဆရာနှင့် ခမည်းတော်ကြီး မိမိ လက်ပေါ်မှာပင် ကွယ်လွန်ပြီးကထဲက သေမင်းလက်က လွတ်မည့် တရားကိုရှာဖို့ အမြဲတမ်း စိတ်ကူး ကြံစည်လျက် ရှိပါသည်။ ကမ္မဋ္ဌာန်းတရားကိုသာ အားထုတ်ခွင့် ပြုစေချင်ပါသည် ဘုရား” ဟု လျှောက်ထားသည်။ ဆရာတော်သည် မိမိ အစီအခံအတိုင်း မဖြစ်ရစေကာမူ လွန်စွာ အားရတော်မူ၍ သာဓု ခေါ်တော်မူသည်။
မေတ္တာကိုယ်တွေ့ ရန်မငွေ့
၁၂၅၃-ခုနှစ်၊ နယုန်လပြည့်နေ့။ ဦးဣန္ဒက တောရဝင်ခါနီး အပြစ်ကြီးငယ်များ ရှိက ခွင့်ပြုရန် သွားရောက် ကန်တော့စဉ် ဆရာတော်က-
“မောင်ဣန္ဒက၊ ဒီအလုပ်လုပ်ရာမှာ အရေးအကြီးဆုံးက ခန္တီပဲ။ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ သည်းခံရမယ်နော်။ သည်းခံခြင်းကို တလောကလုံးက အရှုံးပေးရ၊ အနစ်နာခံရတယ်လို့ ထင်ကြပေမယ့် သာသနာတော်မှာ အကောင်းဆုံး တရားကြီးကွယ့်။
ပွင့်တော်မူပြီးကြတဲ့ ဘုရားရှင်တိုင်း၏ လက်သုံးဩဝါဒကြီး။ ဒီပဓာန အလုပ်ကြီးကို လုပ်နေရပေတဲ့ ခန္ဓာဝန်ကြီးက ရှိနေသေးလေတော့ မကင်းနိုင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ဆက်ဆံနေရတယ်။ အနည်းဆုံး ကပ္ပိယ တစ်ယောက် ရှိသင့်တဲ့အခါ ရှိရ။
“အဲ... လောက လူသားတွေဟာ လောကအမြင်နဲ့ပဲ စိတ်ကူးကြ၊ ပြောကြ၊ လုပ်ကြတော့ သူတို့ပြောသမျှ၊ လုပ်သမျှ၊ ကိုယ့်ကို ကူညီတာ ဖြစ်စေဦးတော့ ဝိုင်းပြီး ဒုက္ခ ပေးနေသလို ထင်ရတယ်။ ရံခါ ပေးလဲပေးကြတယ်။ သူတို့ကတော့ မသိရှာကြဘူးပေါ့။ အဲသည်အခါမှာ ခန္တီမရှိရင် မဖြစ်တော့ဘူး”
“အေး ... မောင်ဣန္ဒကလဲ စာအတတ်သားပဲ၊ တောင်ပို့ ဥပမာ တံခါးခြောက်ပေါက် တစ်ပေါက်သာဖွင့်ပြီး စိတ်ဝိညာဏ်ကို သန္ဒိဋ္ဌိကဖြစ်အောင် အထူးရှုရမယ်။ အာနာပါနကို ထူထောင်ပြီး အဋ္ဌကလာပ်ရုပ် ရှစ်ပါး၊ ဝိညာဏ ဓာတ်ခြောက်ပါး ရှုပုံကတော့ အရင်ပြောတဲ့ အတိုင်းပဲ။ ကဲ... ကဲ သွားပေတော့၊ သာဓု.. သာဓု... ” ဟု မိန့်တော်မူ၏။
“အကြောင်း ကိစ္စရှိရင် ငါ့ကို အကြောင်းကြားလိုက်၊ လာနိုင်လာခဲ့ရတာပေါ့” ဟုလည်း ချီးမြှောက် အားပေးတော် မူလိုက်သည်။ ဦးဣန္ဒက လယ်တီတိုက်ကြီးမှ ထွက်ခွာခဲ့၏။
ကျည်းပင်ချောင်းရွာ မယ်တော်ကြီးထံ ခေတ္တဝင်ရောက်နှုတ်ဆက်၍ မုံရွာမှ မိုင် သုံးဆယ်ကျော် ဝက်ရဲတောကြီးသို့ ခြေလျင်ကြွတော်မူ၏။ ထိုတောကား ကျွန်းပင်များ အလွန်ပေါ၏။ သားရဲတိရစ္ဆာန် ထူပြောသည်။ ရောက်စတွင် လူသုံးဖက်ခန့် ရှိ ကျွန်းပင်အခေါင်းကြီးထဲ၌ ဂူအဖြစ် သီတင်းသုံး၏။
စိတ္တုတြာသ ဘယ ဘေရဝခေါ် စိတ်ဓာတ် ချောက်ချားခြင်းနှင့် မကောင်းဆိုးဝါးသော အခြောက်အလှန် အနံ့အသံများ များလှသည်။ မေတ္တာကို ကြပ်ကြပ်ဖိ၍ ပွားပို့မှ အေးချမ်းသွားတော့၏။ မေတ္တာလက်နက် ထက်မြက်လှကြောင်း ကိုယ်တွေ့ သဘောကျတော်မူသွားသည်။
မေတ္တာနှင့်စပ်၍ ဤနေရာ၌ ကိုယ်တွေ့ဖြစ်ရပ်တစ်ခု ဖော်ပြလိုပါသည်၊ ယမန်နှစ် (၁၃၃၅ ခုနှစ်) က ဖြစ်၏။ ရန်ကုန်မြို့ ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီး ရိပ်သာ၌ ယောဂီဒကာမကြီးတစ်ဦး လာရောက် တရားအားထုတ်၏။ သတိပဋ္ဌာန် ပွား၍ မရသဖြင့် မေတ္တာကမ္မဋ္ဌာန်းကို ပေးရသည်။ သက်ရှိ ကျေးဇူးရှင် ဆရာမိဘ များမှစ၍ အရပ်ဆယ်မျက်နှာလုံး စိတ်ကိုစေလွှတ် ဖြန့်ချိလျက် “ချမ်းသာကြပါစေ” ဟု ပွားစေသည်။
တရားစစ် ခံလာသောအခါ သတ္တဝါအများကို ပွားပို့၍ ရသော်လည်း စီးပွားပြိုင်ဘက် ရန်သူ အိမ်နီးချင်း ဒကာမတစ်ဦးကိုမူ မည်သို့မျှ ပွား၍ မရကြောင်း ရိုးသားစွာ အစစ်ခံ၏။ - “ချစ်သူနှင့် ရန်သူကို နောက်ဆုံးကျမှပို့” ဟု ခိုင်းသော်လည်း မရ။
သို့နှင့် ဆရာတော်က “သံသရာ၌ ဆွေမျိုးမိဘ မတော်စပ်ဖူးသူမရှိပုံ၊ အနေနီး၍ ကျေးဇူးခံကျေးဇူးစား ရှိသူများ ဖြစ်၍သာလျှင် အခိုက်အတန့် အားဖြင့် ရန်သူဖြစ်ရပုံ၊ သူ့ကျေးဇူးကိုချည်း ရှုပြီး သည်းခံရပုံ” စသည်တို့ကို ဟောပြ၍ ထပ်ပြီး အပွား ခိုင်းသည်။ ထိုယောဂီသည် သုံးရက်ခန့် ရှိသောအခါ ဆရာတော်အား အောက်ပါ အတိုင်း ဝမ်းသာအားရ လာရောက်လျှောက်ထား၏။
“ဆရာတော်ဘုရား၊ တပည့်တော်မ ယခု မေတ္တာပွားလို ရပါပြီ။ ရရုံသာမဟုတ်ပါ။ ထူးဆန်းလွန်းလို့ ဆက်ပြီးလျှောက်ပါရစေ၊ တပည့်တော်မ လပြည့်အဖိတ်နေ့ညက မေတ္တာပွားရာ ပထမက ပို့လို့မရတဲ့ အိမ်နီးချင်း ဒကာမကို မျက်နှာကစ, တစ်ကိုယ်လုံး မြင်အောင် စေ့စေ့ ကြည့်ပြီး ပို့ပါတယ်၊ ပို့ရင်း ပို့ရင်းနဲ့ သူ့ မျက်နှာဟာ ပြုံးရွှင်လာပြီး တပည့်တော်မကို သူက တောင်းပန်တယ်။ “အဒေါ်ရယ်၊ ကျွန်မတို့ ရှေးက ပြောမှားဆိုမှားတာတွေ သည်းခံပါနော်” တဲ့။ “အဒေါ် ရိပ်သာမှာ သွားပြီးနေတယ် ဆိုလို့ ကျွန်မတို့ ဝမ်းသာလိုက်တာ။ ကျွန်မတို့လဲ ရိပ်သာဝင်ဖို့ အားခဲနေပါတယ်” လို့ တပည့်တော်မလက်ကို ဆွဲပြီး ပြောပါတယ် ဘုရား။
“ဒီလောက်နဲ့ တပည့်တော်မ မအံ့သြပါဘူး။ တပည့်တော်မတို့ဟာ ခပ်ငယ်ငယ်ထဲက လပြည့် လကွယ်နေ့တိုင်း ရွှေတိဂုံဘုရားသွားပြီ. ပန်း ရေချမ်း လှူလေ့ရှိပါတယ်။ ဒါနဲ့ မနက်လဲ ရောက်ရော၊ လပြည့်နေ့ဖြစ်နေလို့ ဘုရားကို သွားပါတယ်၊ ဘုရားပေါ်လဲ ရောက်ရော။ အဲဒီ ဒကာမက အူယားဖားယားနဲ့ ပြေးလာ၊ တပည့်တော်မ လက်ကို ကိုင်ပြီး ကမ္မဋ္ဌာန်း ထိုင်ရင်း ထင်ရ ကြားရတဲ့ စကားအတိုင်းပဲ ပြောလှာတော့ ငါ့မေတ္တာ အောင်ပြီဆိုပြီး တပည့်တော်မ ဝမ်းသာလိုက်တာ။
ပိုပြီးအံ့သြစရာ ကောင်းတာက တရားအာရုံထဲမှာ မြင်ရတဲ့ အတိုင်း အင်္ကျီ လုံချည်ရော၊ တဘက်ရော၊ တဆင်ထဲ တထေရာထဲ ချွတ်စွပ် တူနေတာ အံ့သြစရာပဲ ဘုရား” ဟု လျှောက်သည်ကို ယောဂီများပင် ကြားသိရ၏။
“မေတ္တာပို့တာ ရောက်,မရောက်” စသော ပြဿနာများအတွက် ဤဖြစ်ရပ်သည် အရေးပါလှပေသည်။ မမြင်ရသောအနှောင့်အယှက်များအပေါ်၌ မေတ္တာသက်ရောက် ဘေးရန် ပျောက်သည်မှာ ယုံမှားစရာ မရှိသင့်ပြီ။
စိတ်ကိုပိုင်ရင် အားလုံးပြီး
ဦးဣန္ဒက ဝက်ရဲတော၌ လေးနှစ်ခန့် ကြာသောအခါ ကျည်းပင်ချောင်း ရွာမှ သားချင်းများ လာရောက်ဖူးမြော်ကြရာ မယ်တော် ပါမလာသဖြင့် မေးတော်မူလျှင် ၁၂၅၆- ခုနှစ် နယုန်လကပင် ကွယ်လွန်ကြောင်း လျှောက်ထားကြ၏။
ထိုသတင်းသည် ဦးဣန္ဒကအား “သေဘေးကြီးနှင့်နီးကပ်လာပြီ။ မသေခင် တစ်မဂ် တစ်ဖိုလ်ရအောင် ကြိုးစား” ဟု ထပ်ဆင့် သတိပေးလိုက်သကဲ့သို့ ဖြစ်သည်။
“မောင်သာပိုက်၊ မင်းတို့လဲ မငယ်တော့ဘူး။ သေတာက မဆန်းဘူး။ ခုလိုသာသနာနဲ့ တွေ့တုန်း မသေတဲ့တရားကို ရှာနိုင်မှ တော်ကာကျမယ်။ ခုအခါ နိဗ္ဗာန်ချမ်းသာ ကြီးဟာ မုတ်ဆိတ်ပျားစွဲသလို မျိုလိုက်ရုံပဲ လိုတော့တယ်။ ခန္ဓာကိုယ်ဟာ ငှားနွားကြီးပါကွာ။ ကိုယ်က ကိုယ်ပိုင်နွားထင်ပြီး အစာရေစာ ကျွေးမွေးကာ မခိုင်းရက်ဘဲ ယုယနေတုန်း ပိုင်ရှင်သေမင်းက လာယူတော့မှ နောင်တဖြစ်ပြီး မကျန်ရစ်ကြစေနဲ့ “ဟု တရားဆုံးမပြီး နောက် မလာကြစေရန် ပြောဆို လွှတ်လိုက်သည်။
ထိုမှနောက် ဆရာ့အမိန့်အရ စိတ်ဝိညာဉ်ကို အထူးမြင်အောင် ရှုပွား၏။ ခုနှစ်ရက် တွင် တစ်ကြိမ်သာ ဆွမ်းခံကြွသည်။ ပြတ်ပြတ်သားသား ကြိုးစားတော်မူသည်။
၁၂၆၂-ခုနှစ် နှစ်ဦးအထိ အပြင်းအထန် ကြိုးစားရာ ခန္ဓာကိုယ်သာ တစ်နေ့တခြား မကျန်းမမာဖြစ်လာ၏။ တရားကား ထင်သလောက် မပေါက်နိုင်။ ထိုအခါ ဒကာ တစ်ယောက်အား လယ်တီဆရာတော်ထံ လျှောက်လွှာပို့ စေလွှတ်ခဲ့၏။
ထိုစာတွင် “ဆရာခိုင်းတဲ့ နာမ်တရားက ဆန်းကြယ်လွန်း၍ မပိုင်နိုင်အောင် ရှိပါ ကြောင်း”နှင့် (ဆီးပန်းနီနှင့် လယ်တီတပည့်ပီပီ) အောက်ပါ ကဗျာကလေးကိုပါ ရေးလိုက်သည်။
အသွင်ငယ်တူ၊ အရင်မူဟန်မပျက်ပါဘူ့၊
သဘောမှန် ဟောရန် ခက်ပါဘိ၊
ဉာဏ်ထက်သူသုံး။
နာမ်စိတ်အစဉ်၊ မှန်ရိပ်လို ဘယ်ခါတွင်မှ၊
ဉာဏ်ယှဉ်ကာ သမ္ပဇညရယ်နှင့်၊
ဒဿနာဧကန္တကို၊ မြင်ရမတုံး။
(ဒဿနာဧကန္တ = သောတာပတ္တိမဂ် အစစ်အမှန်။)
လယ်တီဆရာတော်လည်း “ဝက်ရဲတောထဲက ငါ့တပည့်ကြီးခေါ်တာ သွားဦးမှပဲ” ဟု ဆိုကာ စာပို့လာသူနှင့်အတူ သပိတ်လွယ်ပြီး ခြေလျင် လိုက်ပါကြွသွားတော်မူသည်၊ ကဆုန်လဖြစ်၍ ရာသီဥတုက ပူပြင်းလှသည်။ ထိုဆရာတပည့် ထိုတော၌ပင် ထိုနှစ် ဝါကပ်တော်မူကြ၏။ ဦးဣန္ဒက နေမကောင်း၍ ဆရာတော်ကိုယ်တိုင် ဆွမ်းခံ ကျွေးတော်မူသည်။
“ဟေ့.... မောင်ဣန္ဒက၊ စိတ်ဟာ မျက်လှည့်ပမာ လွန်စွာ ဆန်းကြယ်တာ၊ လောက မှာ အသုံးအဆောင်တွေ၊ အဆောက်အအုံတွေ မဆန်းကြယ်ဘူးလား၊ ဒါထက် သတ္တဝါတွေထဲမှာ တိရစ္ဆာန်တွေဟာ ပိုပြီး ဆန်းကြယ်တယ်၊ သဏ္ဌာန်အမျိုးမျိုး၊ အရောင်အဆင်း အမျိုးမျိုး။ အဲဒီ ဆန်းကြယ်ပါတယ် ဆိုတဲ့ဟာတွေ အားလုံး စိတ်ကြောင့်ပဲ ဖြစ်ရတာချည်းပဲ၊ စိတ်က ဖန်ဆင်း ပေးလိုက်တာ။ ဒါကြောင့် စိတ်ဟာ ဆန်းကြယ်လှပါတယ်ဆိုတဲ့ ဟာတွေထက် ဆန်းကြယ်တယ်။
လောကမှာ အဆန်းကြယ်ဆုံးပဲ။ အဲ-တစ်လောကလုံးဟာ သူခြယ်လှယ်သလို ခံနေကြရတယ်။ သူပဲ အုပ်စိုးနေတာမို့ သူ့အလိုကျပဲ အကုန်လိုက်နေကြရတာ၊ ဒီ စိတ်တစ်လုံးကို နိုင်ရင် လောကကြီးမှာ ကိုယ်ဖြစ်ချင်တာအကုန်ဖြစ်တယ်၊ ဒီလောက် တန်ခိုးကြီးတယ်၊ ပိုင်ပစေနော်။ (ခန္ဓဝဂ်၊ ဒုတိယ ဂဒ္ဒုလ ဗဒ္ဓသုတ်။)
“အသညသတ် ဗြဟ္မာကြီးတွေ နာမ်မရှိဘဲ ရုပ်ချည်းသက်သက်နဲ့ ကမ္ဘာပေါင်းများစွာ နေနိုင်တာ၊ အရူပဗြဟ္မာကြီးတွေ ရုပ်မရှိဘဲ နာမ်ချည်းသက်သက် ကမ္ဘာပေါင်းများစွာ နေရတာ ဘာ့ကြောင့်လဲ၊ အဲသလိုဖြစ်ချင်တဲ့ သူတို့စိတ်ကြောင့် ဖြစ်ကြရတာ။ စိတ်ဟာ ဘာမဆို လိုတိုင်းဖြစ်စေနိုင်သည်။
ရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီးက မဟာဂေါသိင်္ဂသုတ်မှာ “ရဟန်းဟာ စိတ်အလိုကို မလိုက်ဘဲ စိတ်ကိုသာ မိမိအလိုပါအောင် ကြိုးစားပြီး လောကီ လောကုတ္တရာ သမာပတ်နဲ့ နေနိုင်မှ အင်ကြင်းတောပမာ သာသနာတော်ကြီးကို တင့်တယ်စေနိုင် သူ ဖြစ်တယ်” လို့ ဟောခဲ့တယ်၊
စိတ်ဟာလဲ ရေလိုမြောင်းသွယ်ရာ ပါတာပဲ၊ အဲ-တစ်ခုတော့ရှိတယ်၊ နွားကျောင်းသား ကို သိကြားမင်းက လိုတဲ့ဆုကြီး ပေးနေခါမှ နွားစားကျက်လောက် တောင်းတာလို ပါရမီဖြစ်ရုံ၊ တစ်မဂ် တစ်ဖိုလ်ရရုံဆိုတဲ့ အောက်တန်းစိတ် မထားဖို့ လိုတယ်။ စိတ်ကတော့ အမြင့်မြတ်ဆုံးအထိ လိုချင်တာကို ပေးတော့မှာ သေချာတယ်။ မယုံမရှိနဲ့။
“ပုဗ္ဗေနိဝါသ အဘိညာဉ်ရပြီး တစ်သံသရာလုံး ဖြစ်ခဲ့တဲ့ ဘဝတွေကို သိချင်ရင် ဘာလုပ်ရသလဲ၊ သိစရာတွေ အပေါ်မှာ စိတ်ကို ဦးလှည့်ပေးရုံပဲ။ “ပုဗ္ဗေနိဝါသာယ စိတ္တံ အဘိနိန္ဒာမေသိ” မဟုတ်လား။ သူ့ကိုပိုင်ရင် အလွန် လွယ်တယ်နော်။ တစ်လောကလုံး မဖြစ်နိုင်တာ ဘာမှမရှိတော့ဘူး။ အေး-ဘုရားကျေးဇူးတွေကတော့ ဆပ်မကုန်တော့ဘူးဟေ့” ဟု မကြာခဏ ဟောပြောပေးတော်မူ၏။
ဤပုဂ္ဂိုလ်ကြီးနှင့် ပဋိပတ်မိတ်ဆွေကောင်းကြီး ဖြစ်ရသည်မှာ ဦးဣန္ဒက အတွက် ကံကောင်းလေစွာ့။ အရတော်လေစွာ့။
ဦးဣန္ဒကလည်း အကြောင်းအပေါင်း အခွင့်ကောင်းကြီးကို ရနေမှန်းသိသည့် အတိုင်း မကျန်းမမာသည်ကိုပင် ဂရုမထား။ တစ်ဝါတွင်းလုံး မျက်နှာကို သင်းပိုင်ဖြင့် စည်း၍ မထတမ်း ရှုမှတ်လေတော့သည်။ ဆရာတော်လည်း ထိုတော၌ တစ်ဝါတွင်းလုံး မအိပ်မနေ နိသဇ်ဓုတင် ဆောင်သည်။
ဦးဣန္ဒကသည် ထိုဝါတွင်း၌ပင် စိတ်ဝိညာဉ်၏ လှည့်စားမှုကြီးကို ကြောင်ကြောင်ကြီး ထင်မြင်လေတော့သည်၊ ရေမြေ တောတောင် တုံးတိုင် စသည်တို့ အပေါ်၌ပါ ဖုံးကွယ် သက်ရောက်လျက် ဆန်းကြယ်သော နာမ်တရား၏ သတ္တိထူးများကိုပင် ဖောက်ထွင်း၍ မြင်၏။ မိမိတွေ့မြင်ပုံကို ဆရာတော်အား လျှောက်ထားရာ ဆရာတော်က သာဓုခေါ်တော်မူသည်။
ဝါကျွတ်လျှင် ဆရာတပည့် ဝင်္ကရဲတောကြီးမှ ထွက်ခွာ၍ ဘုတလင်မြို့သို့ ကြွလာ ကြသည်။ ထို၌ ခေတ္တနားနေခိုက် ဆရာတော်က ရောက်လာသည့် တပည့် ပရိသတ် တို့အား ဦးဣန္ဒက သိမြင်ပုံကို ချီးကျူး ဟောပြောတော်မူ၏။ အနာဂတ်အတွက် လမ်းကြောင်းပေးတော် မူခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ဆရာတော် မုံရွာကြွလျှင် ဦးဣန္ဒကလည်း ထိုတောသို့ပင် ပြန်ဝင်လေ၏။
တုံးနာမ် တိုင်နာမ် မရှိဘူး ရှိတယ်
၁၂၆၅-ခုနှစ်တွင် ဝက်ရဲတောအနီး ဝက်ရဲ၊ ကူတော်၊ ရွာမွန်ရွာတို့၏ အရှေ့ဘက် ကြောင်ပန်းတောကြီးထဲ၌ ရွှေ့ပြောင်း သီတင်းသုံးပြန်၏၊ ဒကာ ဒကာမများကလည်း ကျောင်းသင်္ခမ်း ဆောက်လှူကြသည်။ တစ်စတစ်စ တရားဟောမှုလည်း ပြုလုပ် လေရာ ထိုအခါမှစ၍ “ကြောင်ပန်းတောရ ဆရာတော်” ဟု တွင်လေသည်၊ ထို ဝက်ရဲတောတစ်ဝိုက်တွင် ၁၃-နှစ်ကျော်နေပြီးနောက် အရပ်ရပ် တောရဌာနများ၌ လှည့်လည် သီတင်းသုံးတော်မူသည်။ ဝိပဿနာတရား ဟောကြားရင်း ဘုတလင်မြို့ အနောက်တောင်အရပ်၌ ကြောင်ပန်းတောရ ဌာနကြီးတစ်ခု ဖြစ်ပေါ်လာတော့၏။
ကြောင်ပန်းတောရမှ ထွက်ခွာလာစ အလုံမြို့ အနီး ယာကြီးကုန်းတောရ၌ နေထိုင်စဉ် ဦးထွန်းဦး၊ ဦးထွန်းလှ ဦးရန်ငြိမ်း စသော အဘိဓမ္မာဆရာများသည် ကြောင်ပန်းဆရာတော် ဟောသော တုံးနာမ် တိုင်နာမ်နှင့် စပ်၍ အငြင်းပွားကြသည်။ ထိုအခါ အင်ကြင်းမြိုင်တောရ၌ သီတင်းသုံးတော်မူသော လယ်တီဆရာတော် ဘုရားကြီးအား ထိုအကြောင်း လျှောက်ထားရာ “အဆုံးအဖြတ် ငါ မပေးလို” ဟု ပယ်တော်မူ၏။
တစ်ခါက အလုံမြို့သူကြီး ဦးချောအား “ဟေ့-မောင်ချော၊ ကြောင်ပန်းရဲ့ ဉာဏ် လူသာမန် မီရန် ခက်ပါသကွာ” ဟုလည်း အမိန့်ရှိဖူးသည်။ စာသန်သူများ ပြစ်မှားမည်စိုး၍ ဟန့်တော်မူဟန် ရှိသည်။
(ကြောင်ပန်းဆရာတော်၏ အယူအဆ ရတနာဒီပနီ၌ အကျယ် ရှုကြပါရန်။)
ရင်းနှီးသော ဒကာဒကာမများ ကလည်း ကြောင်ပန်းဆရာတော်အား လျှောက်ထား ကြပြန်ရာ ဆရာတော်က-
ပဏ္ဍိခေါ် တောင်ပံနီတို့က၊
မောင်ကြံစည် တုံးဟာရုပ်ပါလို့၊
ဟုတ်မလိုပြော။
ဝိညာဏံ၊ မာယူပမာဏံလို့၊
ပိဏ္ဍောပမံ သုတ္တန်က လင်းရက်ကနှင့်၊
ဗုဒ္ဓံကို ရုပ်ခံလို့ ငြင်းကြလျှင်၊ မင်းတို့သဘော။
ဟူသော ကဗျာကို ပေးလိုက်သည်။ သူ့အမြင်ကို အလျှော့မပေး။
သမထ ဝိပဿနာအမြင်ကား ရံခါ ရေးမပြတတ်၊ ပြောမပြတတ်အောင်လည်း (ဝါ) ပညတ်မတင်နိုင်အောင်လည်း ရှိတတ်၏။ ပရိယတ် အားနည်းသော ယောဂီအချို့ အလုပ်စခန်းနှင့် စပ်၍ ဆွေးနွေး ပြောဆိုကြရာ တစ်ယောက်နှင့် တစ်ယောက် အပေးအယူမမျှဘဲ အငြင်းပွားလေ့ ရှိတတ်သည်မှာ ထိုအားနည်းချက်ကြောင့်ပင် ဖြစ်သည်။
ထို့ကြောင့် ပစ္စေကဗုဒ္ဓါအရှင်မြတ်များ သစ္စာလေးပါးကို သိသော်လည်း တရား ဟောတော် မမူနိုင်ကြ။ ပညတ်မတင်နိုင်ကြ၍ ဖြစ်သည်။ ကြောင်ပန်း ဆရာတော်၏ အမြင်သည် နက်ရှိုင်းစွာ ထိုးထွင်း သိမြင်သောအမြင် ဖြစ်မည်ကိုးကား ယုံမှားဖွယ် မရှိသင့်။ ဆရာတော်၏ ဝိပဿနာ (၆) စောင်တွဲကို ကြည့်လျှင်လည်း ထင်ရှား လှပေသည်။
ဆရာတော်၏ အရေးအသားများကို ကြည့်၍လည်းကောင်း၊ လယ်တီဆရာတော် ကဲ့သို့သော ပုဂ္ဂိုလ်ကြီး၏ လက်ပွန်းတတီး ချီးမြှောက်ပုံကို ထောက်၍ လည်းကောင်း အရိယာ အဖြစ်လည်း ယုံမှားဖွယ် မရှိထိုက်ထင်သည်။ သို့ရာတွင် စကား အသုံးအနှုန်း (ပညတ်တင်မှု) ကား လိုကောင်း လိုလေမည်လား မသိ။ ဆရာတော် ကိုယ်တိုင်ကပင် ဤကိစ္စ၌ “မရှိဘူး ရှိတယ်” ဟူသော ကုလားစကားမျိုးကို ယုတ္တိ ထိုးတော်မူသည်။
လယ်တီဆရာတော် ဘုရားကြီးကလည်း တုံးနာမ် တိုင်နာမ်များ အလှိုင်းတကြီး ဂယက်ထ အငြင်းပွားနေကြစဉ် ကြောင်ပန်း ဆရာတော်အား-
“မင်းတရားက နွားမ,ဝှေ့ တရားကိုးကွယ့်။ နွားထီးများကတော့ ဝှေ့ကြတဲ့ အခါ မဝှေ့မီ တစ်ကောင့်တစ်ကောင် တွန်ခြိမ်း ဟိန်းဟောက်ကာ ခွာပေါက် စောင်းမြောင်း ပြီးမှ ဝှေ့ကြတာကွယ့်။ နွားမဆိုတာကတော့ ဘာသံမပေး၊ ညာသံမပေး တေ့ဆက် ဒက်ကနဲ ပြေးကြတယ်။ မင်းတရားကလဲ နွားမ့ဝှေ့သလို အကျဉ်း ဒက်ကနဲ ဝှေ့လိုက်တော့ လူတိုင်း နားမခံနိုင်ကြဘူးကွယ့်။ သိပ်ပြီး ကျယ်လွန်းတော့လဲ လင်ပန်းထဲ ရေထည့်သောက်ရသလို ဖြစ်သွားပြန်ရော” ဟု မိန့်တော်မူဖူး၏။
ထိုသြဝါဒကပင် ဟုတ်သော်လည်း ထုတ်ဖော်နည်း ထုတ်ဖော်ဟန် အနည်းငယ် လိုနေကြောင်း ယူဆဖွယ် ရှိနေသည်။ ဆရာတော်၏ တရားသည် ကြာလာသော အခါ စာမတတ်သူတို့ ပါးစပ်သို့ရောက်၍ ဘူးရွက်၊ ကန်စွန်းရွက် ချက်စားသည်ကိုပင် နာမ်အသက် ရှိနေ၍ ပါဏာတိပါတကံ ထိုက်ရတော့မည်ကဲ့သို့ ဖြစ်သွားရာ ဝမ်းနည်းစရာ ကောင်းလှပေတော့သည်။
ထိုအမြင်ကို ထပ်ဆင့် ရှင်းလင်းလိုလျှင်လည်း အဟောကောင်းရုံ၊ အရေးကောင်းရုံ၊ စာတတ်ရုံနှင့် မပြီး။ ဆရာတော်ကဲ့သို့ ကိုယ်နှင့်ရင်း၍ ရှာပြီးမှသာ ရှင်းလျှင် အဆက်ဆက် ဝိဝါဒ ကင်းပြေရာ၏၊ ဆရာတော်လည်း မိမိအမြင်ကို မိမိ သဘော ပေါက်သလို ရိုးသားစွာ တိုတိုတုတ်တုတ် ဟောရာမှ ထိုပြဿနာကြီးက တန်းလန်း လိုက်ပါနေခဲ့ရ၏။
ထိုမှတစ်ပါး ဆရာတော် မရှိသည့်နောက် ကြားကာလ ကြောင်ပန်းဝိပဿနာဂိုဏ်း၌ “စာပေကို ကြည့်၍သော် လည်းကောင်း၊ သူတစ်ပါး ဟောသော တရားကို ကြား၍ သော်လည်းကောင်း မိမိစိတ်၌ ခြိုက်ကနဲ သိမြင်လျှင် သောတာပန်ဟုသာ မှတ်ပါ” ဟူသော ဆရာတော်၏ စကားကြောင့်လော မသိ။ ရဟန်းတော်များသာမက သီလရှင်၊ လူသူတော်များပါ တလှည့်စီ ဟောပြော နာယူခြင်းဖြင့်သာ ဝိပဿနာ ရှုကြလေသည်။
ဓမ္မပဒ စသော ကျမ်းဂန်တို့၌လည်း “တရားအဆုံး၌ သောတာပန် စသည် မည်ရွေ့ မည်မျှ ဖြစ်ကြလေကုန်၏” ဟု လာရှိသော ခိပ္ပါဘိည ဉာဏ်ထက်ရှသည့် ပုဂ္ဂိုလ်မျိုး ကိုလည်း သာဓကပြုနိုင်ပြန်သည်။ သို့ရာတွင် ပုရွက်ဆိတ်ကို ကျောက်တုံးဖြင့် ဖိသတ်ရာ မည်မျှလျင်မြန်စွာ သေရသော်လည်း မရဏာ သန္နဇောမကျဘဲ သေရိုး ထုံးစံမရှိသကဲ့သို့ လျင်မြန်စွာ တရားထူး ရကြသော်လည်း ရုပ်နာမ်ဓမ္မကို မရှုမှတ်၊ မပွားများဘဲ သောတာပန် စသည်ဖြင့် ဖြစ်ရိုးထုံးစံ မရှိကြသည်။
ယခုအခါ ထိုပုဂ္ဂိုလ်မျိုးလည်း ရှားပေလိမ့်မည်၊ ကြောင်ပန်း ဆရာတော်ဘုရားကြီး ကိုယ်တိုင်ပင်လျှင် ကိုယ်နှင့်ရင်း၍ တစ်ဆယ့်လေးငါးနှစ် အပြင်းအထန် ကြိုးစား တော်မူခဲ့ရသည်။ ဤသည်လည်း ပညာရှိသော သူတော်ကောင်းကြီးတို့၏ အရာ ပေတကား။
ယခု ဆရာတော် ဦးနန္ဒိယ လက်ထက် ရောက်လာသော အခါတွင်ကား ဤသို့ မဟုတ်တာ့ပြီ။ မူလ ဆရာတော်ကြီးများ၏ လမ်းစဉ်တော်အတိုင်း အပြော အဟော ထက် လက်တွေ့ ရှုမှတ်ပွားများသည့် အပိုင်း၌ အလေးပေး ညွှန်ပြတော်မူလျက် ရှိပေပြီ။
ကျေးဇူးရှင် လယ်တီဆရာတော်ကြီး ပျံလွန်တော်မူသောအခါ ဆရာတော်သည် “ဒီတစ်ခါဖြင့် ခက်ချည့်ရဲ့၊ ဝိနိစ္ဆယမဏ္ဍိုင်ကြီး ပြိုလဲရလေပြီ” ဟု မိန့်တော်မူ၏။ ဒီပနီ များကို ကျောက်စာ ရေးထိုးရန်လည်း ဦးဆောင် ကြိုးစားတော်မူခဲ့သည်။
ဆရာတော် ကိုယ်တိုင်လည်း-
- ၁။ ဝိဝဋ္ဋ ဒီပနီ (၁၂၆၈-၇၁)၊
- ၂။ ဝိပသနာ ဒီပနီ (၁၂၇၂)၊
- ၃။ သဘာဝ ဒီပနီ (၁၂၇၃)၊
- ၄။ သုံးလောက ဒီပနီ (၁၂၇၈)၊
- ၅။ ရတနာ ဒီပနီ (၁၂၇၉) နှင့်
- ကြောင်ပန်း ဟောစဉ်များ၊ ဆုံးမစာများကို ရေးသားတော်မူခဲ့သည်။
ဆရာတော်သည် ၁၂၈၈-ခုနှစ် ပြာသိုလဆန်း သုံးရက်နေ့တွင် ပျံလွန်တော်မူခဲ့၏။ အရိုးအိုးစေတီ တည်ထား ကိုးကွယ်ကြသည်။ ဒီပနီ ကျမ်းများကိုလည်း ကျောက်စာ ရေးထိုး ပူဇော်ကြကုန်၏။
ပန်းသာဆရာတော်၊ ဆရာတော် ဦးတိဏ္ဏ၊ ဦးနန္ဒိယတို့သည် မူလ ကြောင်ပန်း ဆရာတော်၏ အမွေကို ဖြန့်ဝေ သာသနာပြုကြသော ကျမ်းပြု ဓမ္မကထိကများ ဖြစ်တော်မူကြ၏။ ထိုတွင် ဇီးတောဆရာတော် ဦးနန္ဒိယသည် ဤစာရေးသူအား ကျောင်းသားငယ် ဘဝတွင် ဖေးမစောင့်ရှောက်ခဲ့သော ကျေးဇူးရှင် ဆရာတစ်ပါးပင် ဖြစ်ပါကြောင်း။
ညောင်လွန့်တောရ ဆရာတော် (၁၂၂၉ - ၁၂၉၅)
ဥပုသ်နေ့ဖြစ်၍ မိတ္ထီလာကန် အထက် အိုင့်ရွာဘုန်းကြီး ဦးကေသရကျောင်း၌ ဥပုသ်သည်များ စည်ကားလှသည်။
ဥပုသ်သည် ဒေါ်ဂုံသည် ဥပုသ်ဇရပ်အတွင်း ပုတီးစိပ်ရင်း တောင်မြောက်လေးပါး ကြည့်ကာ ကြည့်ကာနှင့် စိတ်ဂဏာမငြိမ် ဖြစ်နေ၏။ သားငယ် ကိုရင်ကို မတွေ့မြင်ရ သေးသောကြောင့် ဖြစ်သည်။
ကျောင်းသားကိုရင်တို့သည် ဥပုသ်နေ့ ရောက်တိုင်း ကောင်းကောင်း စားရသည့် အပြင် စာအံ စာကျက် လွတ်လပ်မှုရသဖြင့် ပျော်ရွှင်ကြမြဲ ဖြစ်၏။ ရံခါ မိမိတို့ မယ်တော်များရှိရာ ဥပုသ်ဇရပ်သို့ လာရောက် နှုတ်ဆက်တတ်ကြသည်။ ရှင်မေမာဝီ တစ်ပါးကမူ မယ်တော်အနားသို့ ရောက်မလာသေးသဖြင့် ဒေါ်ဂုံမှာ ပုတီးစိပ်၍ မရနိုင်အောင် ရှိနေတော့၏။
တောထွက်သွားသော ကိုရင်ကလေး
“မောင်ပဉ္စင်း၊ တပည့်တော်မတို့ မောင်ရင်လဲ မတွေ့ပါလား” ဥပုသ်ဇရပ်အနီးသို့ ရောက်လာသော သားအကြီး ဦးဝိစိတ္တအား မယ်တော်ကြီး၊ ဒေါ်ဂုံက မေးမြန်းကြည့်၏။
“သူတို့ ဒီကနေ့ စာအံရတာမှတ်လို့၊ သွားချင်ရာ သွားနေကြမှာပေါ့” ဟု ဦးဝိစိတ္တက အဖြေပေး၏။ သို့သော် ရှင်မေဓာဝီကား ဆွမ်းခံပြန်ချိန် ကတည်းက ပျောက်နေ ကြောင်း စုံစမ်းသိရသဖြင့် မယ်တော်ကြီးအတွက် ပို၍ ရင်မအေး ဖြစ်ရ၏။ ကိုရင့် ဒကာကြီး ဦးနှုတ်ကိုပါ တစ်ကျောင်းတက်ဆင်း ရှာရန် ပူဆာရလေ တော့သည်။
မကြာမီ ဦးမှုတ်လည်း ရေးကြီးသုတ်ပျာဖြင့် ဇရပ်သို့ တစ်ခေါက် ပြန်လာကာ ခပ်လှမ်းလှမ်းကပင်-
“ဟေ့ .... ရှင်ဂုံရေ့ ... ရှင်ဂုံ၊ ညည်းသား မောင်ရင်တော့ ဆွမ်းစားကျောင်းကို ဆွမ်းစားလဲ မတက်ဘူး။ သပိတ်တစ်လုံးနဲ့ တောထွက်သွားလေရဲ့တဲ့” ဟု ပြောလိုက်ရာ ဒေါ်ဂုံခမျာ ရင်ထဲတွင် ဒိတ်ကနဲ ဖြစ်သွားရှာ၏။ ဒေါ်ဂုံသည် နေရာမှ ပျာပျာသလဲ ထ,ကာ-
“ကိုမှုတ်၊ တော် .... တကယ်ပြောတာလား၊ တကတဲတော် .... ဘုန်းကြီးနဲ့ မောင်ပဉ္စင်းများ ကလဲ တောမထွက်ဖို့ မတားကြဘူးတဲ့လား” ဟု တူဖြစ်သူ ဘုန်းကြီး ဦးကေသရနှင့် သားကြီး ဦးဝိစိတ္တတို့ကိုပါ အပြစ်တင် ညည်းတွားလိုက်၏။
ဦးမှုတ်ကား အေးစက်စက် ပြုံးစိစိ လုပ်နေ၍ အားမလို အားမရ ဖြစ်ကာ-
“ကိုမှုတ်.... အဟုတ်သားလား”
“ဟဲ့.... ရှင်ဂုံ၊ ငါ့မလဲ ဥပုသ်ကြီးနဲ့၊ ညည်းကို အလကားလိမ်နေပါ့မလား”
“ဒါဖြင့် ကိုမှုတ် ဘယ်လိုလုပ်ကြမလဲ၊ ဘုန်းကြီးနဲ့ မောင်ပဉ္စင်းကိုလဲ လျှောက်ချေပါဦး။
“ခုနေလိုက်ရင် အချိန်မီပါသေးတယ်။ တကတဲတော် ကျုပ်သား ၁၂-နှစ်ပဲ ရှိပါသေးတယ်”
ဒေါ်ဂုံသည် နေမထိ ထိုင်မထိ ဖြစ်နေသည်။ ဇရပ်ပေါ်ရှိ ဥပုသ်သည်များပင် သက်ပြင်းချ၍ နေကြလေ၏၊ “ဟုတ်မှာတော့၊ ညည်းသား ဗိုက်ထဲကတည်းက ထူးတဲ့သား” ဟု ဥပုသ်သည် အဘွားအိုတစ်ဦးက မှတ်ချက်ချလိုက်သည်။ မှန်ပေ၏။
ဒေါ်ဂုံသည် သားကိုယ်ဝန်ရသည့် အချိန်မှစ၍ ထူးထူးခြားခြား ချင်ခြင်းတပ်ခဲ့သည်။ နေ့စဉ် သီတင်းသီလ စောင့်ထိန်းကာ ကမ္မဋ္ဌာန်းထိုင်လိုစိတ်များ မျိုသိပ်မရအောင် ဖြစ်ခဲ့ရသည်။ တူဖြစ်သူ အိုင့်ရွာဘုန်းကြီး ဦးကေသရအား လျှောက်ထား၍ ကမ္မဋ္ဌာန်းထိုင်နည်းကို သင်ယူရသည်။
ထိုခေတ်အခါကား ဝိပဿနာ ကမ္မဋ္ဌာန်းထိုင်ရသည်ဟု နားလည်ကြသောအခါပင် မဟုတ်ချေ၊ ဦးကေသရလည်း ဝိသုဒ္ဓိမဂ်ကို ကြည့်ကာ ဗုဒ္ဓါနုဿတိ၊ မေတ္တာကမ္မဋ္ဌာန်း တို့ကို အထိုက် အလျောက်သာ ညွှန်ကြားပေးနိုင်ခဲ့၏။
ဒေါ်ဂုံသည် ထူးခြားလှသော ကိုယ်ဝန်သန္ဓေကို ကမ္မဋ္ဌာန်းအာရုံဖြင့် စောင့်ရှောက်၍ လာခဲ့ရာ ၁၂၂၉-ခုနှစ် တပေါင်းလပြည့်ကျော် ၁၂-ရက် ကြာသပတေးနေ့ ညဉ့် တစ်ချက်တီး ကျော်အချိန်၌ သတို့သားကို ချမ်းသာစွာ ဖွားမြင်ခဲ့၏။ သတို့သား ရတနာသည် ကိုယ်ဝန် သန္ဓေအချိန်က ထူးခြားသကဲ့သို့ မွေးဖွားလာသော အခါ တွင်လည်း ထူးခြားသော အမှတ် လက္ခဏာများကို တွေ့ ရှိရသည်။
ညာဘက် ခြေဖဝါးပြင်အလယ်၌ ပုံတောင်း စက်လက္ခဏာကြီး တစ်ခုကို ထင်ထင် ရှားရှား တွေ့ကြရသည်။ လက်ယာရစ် ခရုပတ်ကြောင်းများ၊ အလယ်မှ အနားစက်ဝိုင်း ကို ကန့်လန့်သွားသော အကန့်ကြောင်းများကို ကြည့်၍ “ထူးခြားမည့် သား ရတနာ” ဟု အတပ်ယူဆခဲ့ကြသည်။ ရုပ်လက္ခဏာလည်း ပီပြင်ပြတ်သားလှ၏။
ခုနစ်နှစ်အရွယ် ကျောင်းထား၍ ကျောင်းသားတို့ တတ်အပ်သော သင်ပုန်းကြီးနှင့် ပရိတ်ကြီး ဆယ်စောင်တွဲကို တစ်နှစ်အတွင်း အာဂုံ ရရှိသည်။ သဒ္ဒါရှစ်စောင်၊ သင်္ဂြိုဟ် ကိုးပိုင်းကိုလည်း ကျောင်းသားဘဝကပင် အာဂုံရရှိသဖြင့် အစ်ကိုတော် ဘုန်းကြီးနှစ်ပါး၏ အထူးအရေးပေးခြင်းကို ခံခဲ့ရ၏။
“ဆူးသည် ဖြစ်စကတည်းက ချွန်သည်” ဆိုသကဲ့သို့ စာပေအရာ၌သာ အရွယ်နှင့် မလိုက်အောင် ထူးချွန်သည်မဟုတ်။ ရတနာသုံးပါးနှင့် ဆရာသမားဝတ်၌လည်း မခိုင်းရဘဲလျက် ကျိတ်၍ ချီးကျူးရလောက်အောင် ကျေပွန်သူဖြစ်သည်။ တံမြက် လှည်းခြင်း၊ ဘုရားဆွမ်းပန်းတင်ခြင်း၊ သောက်ရေသုံးရေတည်ခြင်း...
၁၂-နှစ်ရွယ်တွင် ရှင်သာမဏေပြုရာ အခြေခံစာများ အာဂုံရထားသဖြင့် ရှင်ငယ်ဘဝ ဖြင့်ပင် ရဟန်းတော်များ သင်ယူရသည့် စာကြီး ပေကြီးများကို သင်ကြားနိုင်ပေပြီ။
“ညည်းသားက ဗိုက်ထဲကတည်းက ထူးတဲ့သားအေ့၊ တောထွက်သွားတယ်ဆိုတာ ဟုတ်မှာ” ဟု ဥပုသ်သည် အဘွားကြီး တစ်ယောက်က မှတ်ချက်ချသကဲ့သို့ ဥပုသ်ဇရပ်နား ရောက်လာသော ကိုရင်ကြီး တစ်ပါးကလည်း-
“ဒကာမကြီးသားက ကိုရင် မဝတ်ခင်ထဲက သင်္ဂြိုဟ်တွေ ရနေတာ၊ ကမ္မဋ္ဌာန်း ၄၀-တို့၊ ပညတ်ပရမတ်တို့၊ နိဗ္ဗာန်တို့ဆိုတာ သိနေတာဗျ၊ ကျုပ်တို့ကိုလဲ သူက တောထွက်ချင်တယ်၊ ကမ္မဋ္ဌာန်း ထိုင်ရအောင် ခဏခဏ ပြောပြောနေ့တာ၊ ခုလဲ မနက်ထဲက ပျောက်သွားတာ” ဟု လာရောက် ပြောနေပြန်သဖြင့် ဒေါ်ဂုံမှာ ဦးမှတ်အား အမြန်လိုက်၍ ရှာရန် စိုးရိမ်တကြီး ပူဆာလျက်ရှိ၏။
“ရှင်ဂုံရယ် ဒီလောက်လဲ ပူမနေပါနဲ့၊ တောထွက်တာ ဝမ်းတောင်သာရဦးမှာပါ” ဟု ပြောဆိုသည်ကို လက်မခံနိုင်ဘဲ ဦးမှုတ်အား ဒေါသထွက်ကာ တူနှင့် သား ဘုန်းကြီးများထံ သွားမည်အပြု ဦးမှတ်က ဒေါ်ဂုံအား လက်ကိုဆွဲ၍-
လာလာ၊ ညည်းသားကို တို့နှစ်ယောက်လုံး သွားရှာကြမယ်”ဟု ဆိုကာခေါ်သွား၏။
ဒေါ်ဂုံသည် ဘုမသိ ဘမသိ ဦးမှတ်ခေါ်ရာသို့ လိုက်ပါသွားရာ လူသူနှင့် ဝေးသော ကျောင်းဝင်းစည်းရိုး ချုံကြီးအနီးသို့ အရောက် ဦးမှတ်က ဒေါ်ဂုံအား “တိုးတိုး” ဟု လက်ရိပ်ပြကာ ချုံအတွင်းသို့ လက်ညှိုးထိုးပြလိုက်သည်။
သားရှင်မေဓာဝီမှာ နေပြောက် မထိုးအောင် ပိန်းပိတ်နေသော ချုံကြီးအတွင်း သပိတ်ကို အနားမှာချ၍ သင်းပိုင်ကလေးခင်းပြီး ဣန္ဒြေကြီးစွာ ကမ္မဋ္ဌာန်း ထိုင်နေသည်ကို တွေ့ကြရလေသည်။ ထိုအခါမှ ဒေါ်ဂုံမှာ သက်ပြင်း တစ်ချက် ချ၍ ပြုံးနိုင်တော့သည်။
ဦးမှုတ်သည် ဒေါ်ဂုံအား လက်တို့၍ ခြေကို ဖော့ဖော့နင်းကာ ပြန်လာကြပြီးနောက် အသံမကြားလောက်သော နေရာသို့ ရောက်လျှင်-
“ရှင်ဂုံ၊ ညည်းသားကတော့ ဘယ်အထိ ထူးခြားဦးမယ့်သားလဲ မသိဘူးအေ့၊ ကိုရင်တစ်ပါးကို မေးကြည့်တော့ မနက်ထဲက ပတ္တပိုဏ် ဆွမ်းခံပြီး ဧကသနေ့ (ဧကာသနိက်) စားသတဲ့ဗျား၊ ဒီချုံကိုလဲ အစောကြီးထဲက ရှင်းထားတာတဲ့။ မောင်ပဉ္စင်းများကတော့ ဥပုသ်နေ့ ဖြစ်နေတော့ စာဝါ အားသမို့လား၊ သူ ဘယ်သွားတယ် ဆိုတာ ဘယ်သိမလဲ” ဟု ရှင်းပြသည်။
နှစ်ယောက်သား အပြုံးကိုယ်စီနှင့် ဥပုသ်ဇရပ်သို့ ပြန်လာခဲ့ကြ၏။
ရှင်မေဓာဝီဟူသည် ညောင်လွန့်ဆရာတော် လောင်းလျာပင်တည်း။
စာပေတာဝန် ဆရာ့ဝန် အားသွန်ကြိုးပမ်းစဉ်
ရှင်မေဓာဝီသည် ရှင်သာမဏေငယ် ဘဝကပင် ရဟန်းတော်များ သင်ယူကျက်မှတ် ရသည့် ပိဋက အခြေခံစာများ နှုတ်တက်ရခဲ့၏။ ကိုယ်ကျင့်သိက္ခာတွင်လည်း ဝိနည်း ကျင့်ဝတ်အတိုင်းပင်(စာထဲက ကိုရင်) ဖြစ်၏။ အသက် ၂ဝ-ပြည့်မြောက်၍ ရဟန်းဘဝ ရောက်သောအခါတွင်လည်း သီလသိက္ခာ လွန်စွာ လေးစား၍ “စာထဲက ရဟန်းပင်” ဖြစ်နေပေတော့သည်။
ရဟန်းသုံးဝါအရ မန္တလေးမြို့ ဘုရားကြီးတိုက်သို့ စာသင်ကြွ၏။ ထို၌ နှစ်ဝါမျှ နေပြီးလျှင် နောင်တော်ငယ်ဆရာ ဦးကေသရ၏အမိန့်အရ ညောင်ရမ်းမြို့အနီး (တောင်ဘက်ရှိ) ရေးအိုးစင်ရွာ ကျောင်းဟောင်း၌ အစောင့်အရှောက်အဖြစ် သီတင်းသုံးရသည်။
ထိုအခိုက် ဝိနည်းအကျော် မိုးနံကုန်း ဆရာတော်ဘုရားကြီး သည် ညောင်ရမ်းမြို့သို့ ကိစ္စတစ်ခုဖြင့် ကြွရောက်လာ၏။
ဦးမေဓာဝီသည် ဝိနည်းတော်လာ ခါးပန်းကြိုးနှင့်စပ်၍ မရှင်းလင်းသော အချက် များကို မိုးနံကုန်း ဆရာတော်ဘုရားကြီးအား လျှောက်ထားခွင့်ပန်၍ မေးမြန်းလေရာ ကျေနပ်လောက်အောင် အဆုံးအဖြတ်များ မှတ်သားရရှိသဖြင့် ဆရာတော်ဘုရားကြီး ထံ လိုက်ပါ ပညာသင်ယူရန် ဆုံးဖြတ်လိုက်သည်။
အကျင့်သီလကို မြတ်နိုးလှသော ဦးမေဓာဝီအဖို့ ဝိနည်းပိဋကနှင့် အကျင့်သီလ အရာ၌ ထင်ရှားကျော်ကြားသော မိုးနံကုန်း ဆရာတော်ဘုရားကြီးနှင့် ကြုံကြိုက် ရသည်မှာ အခွင့် သာလှပေ၏။
“ပညာချွန်လိုသူတို့သည် ရှင်သာရိပုတြာထံ၊ တန်ခိုးဣဒ္ဓိပါဒ် ကျွမ်းကျင်လိုသူတို့သည် ရှင်မောဂ္ဂလာန်ထံ၊ ဓုတင်ပဋိပတ် ဖြည့်ကျင့်လိုသူတို့သည် ရှင်မဟာကဿပထံသို့” ခိုလှုံ မိလျက်သား ဖြစ်ကြရသည်။
အင်အားရှိသောခေတ်နှင့် အင်အားကြီးမားသော ပုဂ္ဂိုလ်ထူးများကို မှီခိုရခြင်းသည် ကံရှိသူတို့အတွက် ပိုမို၍ အကျိုးစီးပွား များစေ၏။ ကံနည်းသူတို့အတွက်ကား ရံခါ ပို၍ပင် အကျိုးဆုတ်ယုတ်သွားစေတတ်သည်။ ဥပမာ မီးနှင့် လျှပ်စစ်ကဲ့သို့တည်း။ (အရိယူပဝါဒ ကံကိုလည်း ထိုဥပမာနှင့် အတူ သဘောသက်ဝင်သင့်၏။)
ဦးမေဓာဝီသည် ရဟန်းငါးဝါအရတွင် နောင်တော်၏ ခွင့်ပြုချက်ကိုယူ၍ ပျော်ဘွယ်မြို့ အရှေ့တောင် နှစ်မိုင်ခန့် ဝေးကွာသော မိုးနံ့ကုန်းရွာ ကျောင်းသို့ ရွှေ့ပြောင်း သီတင်းသုံးသည်။
ဝိနည်းအကျော် မိုးနံကုန်း ဆရာတော်
ဤနေရာ၌ မိုးနံကုန်း ဆရာတော်ဘုရားကြီး အကြောင်းကို အနည်းငယ်ဖော်ပြရန် လိုအပ်၏။ ရမည်းသင်းမြို့နယ် (ရွှေဒါးဘူတာအနီး ပေကုန်းရွာကြီးအရှေ့ဘက်ရှိ) ညောင်ပင်သာ ခေါ် ရွာပိုးကလေး ဇာတိဖြစ်သည်။ (ယခု ထိုရွာမရှိတော့ပြီ။)
ဦးအင်းနှင့် ဒေါ်ဘုံကြီး (ဒေါ်အေး) တို့မှ ၁၂ဝ၉-ခုနှစ် ဖွားမြင်၏။ ပေကုန်းရွာ ဝန်းကျောင်းတိုက် ဦးဉာဏထံ ပညာသင်ယူသည်။ ရှင်သာမဏေဘွဲ့ ရှင်ဇယန္တ။ ရှင်သာမဏေဘဝဖြင့် ရတနာပုံနေပြည်တော်သို့ ကြွ၍ ဒက္ခိဏာရာမ ဘုရားကြီး တိုက် ပုဂံညောင်ဦး ဆရာတော် ဦးသုတထံ ပိဋကသင်သည်။
ရဟန်းဝါ ဆယ်ဝါကျော်လျှင် အရှေ့ပြင် စလင်းတိုက်၌ ပထမစာတော်ချအဖြစ် ပြောင်းရွှေ့ သီတင်းသုံး၏။ စကြာဒေဝီ မိဖုရားကြီးက ကိုးကွယ်၍ နေ့စဉ် ပွဲတော် ဆွမ်းအုပ်နှင့် ပစ္စည်း လေးပါး ဒကာခံယူသည်။
သီပေါမင်းလက်ထက်တွင် ငယ်ဆရာရင်း ဦးဉာဏထံ ပြန်လည်၍ တစ်ဝါဆို၏။ နောက် မယ်တော်နှင့် ဆွေမျိုးများရှိရာ ပျော်ရွာ၊ ပိတောက်ကုန်းရွာသို့ကြွရောက် သီတင်းသုံးသည်။ ကျောင်းလည်း ဆောက်လှူကြသည်။ ထိုကျောင်းတွင်လည်း ခေတ္တမျှသာနေ၍ တပည့်ဖြစ်သူ ဦးဇောတအား လွှဲအပ်ကာ မိုးနံကုန်းရွာသို့ ရွှေ့ပြောင်း သီတင်းသုံးလျက် စာသင်တိုက် တည်ထောင်သည်။
(ဦးဇောတလည်း ၁၂၅၅-ခုနှစ်တွင် ပျော်ရွာ အရှေ့ဘက်သို့ တောရထွက်လေ၏။)
မိုးနံကုန်း ဆရာတော်ဘုရားကြီးကား “မိုးနံကုန်းဂိုဏ်းအုပ် ဆရာတော်” ဟု ထင်ရှား၍ ဝိနည်းပိဋကအရာ၌ ကျော်ကြားတော် မူခဲ့၏။
သီလကို မြတ်နိုးသော ဆရာတပည့်
မိုးနံကုန်း ဆရာတော်သည် ဦးမေဓာဝီအား ပထမတွင် ဥပဓိရုပ်ကို ကြည့်၍ “ကြီးပွားမည့်သူ” ဟု ယူဆကာ အထူး အရေးပေးတော်မူ၏။ မကြာမီအတွင်း မိမိယူဆသည်ထက်ပင် ထူးခြားသည့် ပဉ္စင်းငယ်ဖြစ်ကြောင်း တွေ့မြင်ရသည်။ ဦးမေဓာဝီသည် ရဟန်းသီလကို စောင့်စည်းရာ၌ ဝိနည်းအကျော် မိုးနံကုန်း ဆရာတော်ကြီး ချီးကျူးလောက်အောင် လေးစား ရိုသေ၏။
“ဘုရား ပညတ်တော်မူသော အာပတ်ဟူသမျှ သေးငယ်သော အာပတ်ဟူ၍ မရှိ။ သေးငယ်သော အာပတ်ကို အရေးမမူလျှင် ကြီးလေးသော အာပတ်ကိုလည်း အရေးကြုံက လုံနိုင်မည်မဟုတ်။ ကြီးလေးသည်ကို နိုင်လျှင် သေးငယ်သည်ကို အလိုလို စောင့်စည်းပြီး ဖြစ်ရမည်” ဟု ဦးမေဓာဝီက တစ်ထစ်ချ ယုံကြည်လျက် ရှိသည်။
အင်အားနည်းသော ဗီလုံးငှက်ငယ်အတွက် မပြောပလောက်သော နွယ်ကြိုးအချည် အနှောင် ခံရခြင်းသည် ကြီးမားခိုင်ခန့်သော ထိတ်ခတ်တုံးကြီးသဖွယ် ဖြစ်၍ ထိုနေရာ၌ပင် အသက်သေသည်အထိ ရောက်နိုင်၏။ သို့ရာတွင် အားကောင်းသော ဆင်ပြောင်ကြီးအတွက်ကား ထိုနွယ်ကြိုး အနှောင်အဖွဲ့သည် မှုလောက်သည် မဟုတ်ချေ။ (လဋုကိကောပမသုတ်၊ ပဏ္ဏာသ။)
ထို့အတူ အာဒိဗြဟ္မစရိယက (ပထမဆုံး မကျင့်လျှင် မဖြစ်သော) သီလ သာသနာ- ဝိနည်း သိက္ခာပုဒ်တော်များသည် ဘုရားရှင်၏ မဟာကရုဏာ၊ သဗ္ဗညုတဉာဏ် အပေါ်နှင့် တရားတော်၏ စွမ်းရည်ကို ချီတုံချတုံ မယုံတစ်ဝက် ယုံတစ်ဝက် လေးနက်သော သဒ္ဓါဝီရိယ မရှိသူတို့အတွက် ကြီးမားခိုင်ခံ့သော ထိတ်ခတ်တုံးကြီး များသဖွယ် ဖြစ်သော်လည်း ဦးမေဓာဝီ အတွက် ပေါ့ပါးလှပေသည်။ တမင် အောင့်အည်း၍ စောင့်စည်းနေရခြင်းမရှိသဖြင့် ညီလာခံ သဘင်ဝင်သော မင်းပျို မင်းလွင်သည် ချပ်ဝတ်တန်ဆာ ဒွါဒရာကို အသာပင် ဆင်မြန်း၍ လန်းဆန်း တက်ကြွနေသကဲ့သို့တည်း။
ပိဋကသင်ရိုးကျေသော ဦးမေဓာဝီ
မိုးနံကုန်းဆရာတော်သည် ဦးမေဓာဝီ အနေအထိုင် ပိရိသေဝပ်ရုံမျှမက လုံ့လဝီရိယ ရှိသည်ကိုလည်း မြင်တွေ့ရသဖြင့် သီးသန့်ကျောင်း တစ်ကျောင်း၌ နေစေကာ စာဆိုတော်အဖြစ် ချီးမြှင့်၏။
(စာဆိုတော်ဟူသည် စာအတူလိုက်သူများတွင် ဆရာချပေးသည့် အတိုင်း အားလုံး ကိုယ်စား ရွတ်ဆိုရသူ ဖြစ်သည်။ ထိုသူမျိုးသည် ကြို၍ ပို၍ ကြည့်ရှုထားရသဖြင့် ပို၍ စာတတ်လာနိုင်သည်။)
နေ့အခါတွင် သမ္ဗန္ဓစိန္တာ စသော သဒ္ဒါငယ်များမှအစ ဝိနည်းငါးကျမ်း ပါဠိ အဋ္ဌကထာ၊ အဘိဓမ္မာ အဋ္ဌကထာတို့ကို သင်ကြားရ၏။ ညဘက်၌ အဘိဓမ္မာ ညဝါများကို တက်ရသည်။
“အဘိဓမ္မာညဝါ” ဟူသည် ဘုန်းကြီး စာသင်နည်းတွင် ထူးခြားသော သင်တန်းစာဝါ တစ်မျိုး ဖြစ်သည်။ အဘိဓမ္မာ ခုနစ်ကျမ်းလာ သရုပ်သကန် အနက်အဓိပ္ပာယ် များကို ခြုံငုံမိအောင် မြန်မာစကားပြေအဖြစ် ဆိုရိုးကျမ်းများ ရှေးကပင် ရှိခဲ့ကြ၏။ ထို ဆိုရိုးကျမ်းများကို ခေတ်အဆက်ဆက် ပြုပြင် သင်ကြားပို့ချခဲ့ကြရာ “အဘိဓမ္မာ မြန်မာအဋ္ဌကထာ” ဟု ဆိုရလောက်အောင် လွယ်ကူ၍ လေးနက်သော ကျမ်းများ ဖြစ်ကုန်၏။
အဘိဓမ္မာ ဝေါဟာရတစ်လုံး သဘောတရား တစ်ခုကို သုံးသပ် ဝေဖန်ရာ၌ “အစစ်ကောက်၊ အတုကောက်၊ ရသင့်ကောက်” ဟူ၍ ဖြစ်နိုင်သမျှ အစွမ်းကုန် သရုပ် အဓိပ္ပာယ်ကို ပြဆိုထားရာ အဋ္ဌကထာ၊ ဋီကာဆရာတို့ကိုပင် လွှမ်း၍ သွားပေ တော့သည်။ အဋ္ဌကထာ၊ ဋီကာဆရာတို့ မတွေ့မြင်ခဲ့သော အသေးစိတ် ကလေးများမှအစ ဗုဒ္ဓအဘိဓမ္မာကို အပြည့်စုံဆုံး အကျဉ်းရုံး၍ အကောင်းဆုံးသော သင်ကြား လေ့လာနည်း စနစ်သစ်တစ်ခုကို မြန်မာတို့ တီထွင်နိုင်ခဲ့ကြ၏။
ထိုအဘိဓမ္မာ ညဝါကို ဆရာ့ဆီ၌ သင်ယူကြရသည်။ ညဝါဆိုသည့်အတိုင်း ဆရာရော တပည့်များပါ ထွန်းညှိထားသော မီးကိုပင် ငြိမ်းသတ်၍ ညမှောင်နှင့် မည်းမည်းတွင် သင်ယူကြရသည်။ သရုပ်အဓိပ္ပာယ်ကို စဉ်းစား၍ စဉ်းစား၍ ရွတ်ဆိုရသည်ဖြစ်ရာ ညအမှောင်က ပေးသော သမာဓိသည် နက်နဲလှသော အဘိဓမ္မာဉာဏ်ပညာကို နှိုး၍ပေးနေ၏။
ဆရာ့ထံက ပြန်လျှင် သုံးပါးလေးပါးတစ်တွဲ ဖြည်းဖြည်းမှန်မှန်နှင့် စဉ်းစားဉာဏ်ကို ဆုပ်ကိုင်ကာ တစ်ပြိုင်နက် ရွတ်ဆိုကြရသည်။ ရဟန်း သာမဏေငယ်တို့သည် အဘိဓမ္မာကြီး ခုနစ်ကျမ်း (တစ်ဆယ့်နှစ်အုပ်) ကို ဤသင်ယူနည်းဖြင့် အချိန် တိုတိုနှင့် လိုရင်းမိအောင် အချောကိုင် သင်ယူလေ့လာခဲ့ကြရသည်။ ဘယ်မှာမှ မရှိသော သင်နည်းစနည်းများကြောင့် မြန်မာတို့သည် ဗုဒ္ဓစာပေ၌ လှုပ်၍မရအောင် တောင့်ထားနိုင်ခြင်း ဖြစ်သည်။
ဦးမေဓာဝီသည် ဤနည်းဖြင့် သင်ယူခဲ့ရာ သုတ်၊ ဝိနည်း၊ အဘိဓမ္မာ မည်သည့် ဘာသာတွင်မျှ လိုလေသေးမရှိ၊ ကျမ်းရိုးကျေ၍ပင် နေတော့သည်။ ညဝါတက်ပြီး ဆရာတော့် ကျောင်းမှ ဆင်းခဲ့သော်လည်း မိမိနေသောကျောင်းပေါ်သို့ မတက်သေး၊ ရှေးကကျက်မှတ် ထားခဲ့သော ဝိနည်းငယ်လေးစောင်၊ အဘိဓာန် စသည်တို့ကို တစ်ညလျှင် နှစ်မျိုး၊ သုံးမျိုး အလှည့်ပေး၍ လမ်းလျှောက်ရင်း ရွတ်အံရသည်။ အံဖန်များသဖြင့် ကလေးဘဝကရသော သဒ္ဒါ၊ သင်္ဂြိုဟ်များမှာ နှစ်နှင့်ချီ၍ မရွတ်အံဘဲ ထားသော်လည်း မမေ့တော့ချေ။
ကျင့်ဝတ်ပြည့်စုံ သီလလုံ
ညစဉ်-ဆယ်နာရီထိ ရွတ်အံပြီးလျှင် ခေတ္တရပ်ဆိုင်းကာ ဆရာတော်ကြီးထံ သွား၍ ခြေဆုပ်လက်နယ် နင်းနှိပ်ပေး၏။ တစ်နာရီခန့်ကြာ၍ ဝတ်ဖြည့်ပြီးလျှင် ကျန်သော စာကို ဆက်၍ ရွတ်အံပြန်သည်။ လသာသော ညများတွင် ရှင်ငယ် ရဟန်းငယ်များ စာအံ ကြသည်မှာ ကြည်နူးစရာ ကောင်းလှ၏။ သန်းခေါင်ကျော်မှ စာအံသံများ တိုးသွားတော့သည်။ သစ်ပင်အောက် ကွပ်ပျစ်၌ ထိုင်သူ ထိုင်၍ လမ်းလျှောက်သူ လျှောက်နေကြ၏။ ပရိယတ္တိ ကျေးဇူးရှင်ကလေးများပါပေ။
ဆယ့်တစ်နာရီ ကျော်လျှင် ဦးမေဓာဝီသည် စာပြန်မှုတစ်ခန်းရပ်၍ ကျောင်းကလေး ပေါ်သို့ တက်ပြီးနောက် ပုဏ္ဏားမီးအိမ်ကလေးကို ထွန်းညှိလိုက်သည်။ ဆရာတော် ပြောကြားသမျှ ခက်ရာခက်ဆစ် စာအဓိပ္ပာယ်များကို ပြန်လည်စဉ်းစားကာ ဗလာ စာအုပ်များ၌ မလွတ်တမ်း တေးမှတ် အချောတင်ထားသည်။ ပြီးလျှင် စုပေါင်း၍ ဘုရားဝတ်တက်ခဲ့ပြီးစေကာမူ ခေတ္တမျှ ဘုရားကန်တော့၍ မေတ္တာဘာဝနာ ပွားများ၏။ ပြီးမှ နေ့စဉ် ရှုပွားနေကျ (ကေသာ- လောမာ စသော) ကောဋ္ဌာသ ကမ္မဋ္ဌာန်း ရှုပွားသည်၊ ပြီးလျှင် တစ်နာရီခန့်သာ အိပ်၏။ အလွန်ဆုံး နှစ်နာရီထက် ပို၍ အိပ်သည်မရှိ။
နံနက် သုံးနာရီမထိုးမီပင် အိပ်ရာမှထ၏။ ဆရာတော်ကြီး မျက်နှာသစ်ရန် မျက်နှာသုတ် ပဝါကို ပခုံးပေါ် တင်လျက် ရေချိုင့်အဖုံးပေါ်၌ ဒန်ပူနှင့် ဆားပန်းကန် တင်၍ ယူဆောင်ကာ ဆရာတော်ကြီး ကျောင်းလှေကားရင်း၌ တံခါးမဖွင့်မချင်း စောင့်ဆိုင်းနေ၏။ မေတ္တာကမ္မဋ္ဌာန်း ကို နှလုံးသွင်းရင်း ငံ့လင့်နေရာ သုံးနာရီထိုးလျှင် ဆရာတော်ကြီးက တံခါးဖွင့်ပေး၍ မျက်နှာသစ်တော်ရေ ဆပ်ကပ်ရသည်၊ မပြီးမချင်း အနီးအပါး၌ ရိုသေစွာ စောင့်လင့်၍ နေရာတကျ သိမ်းဆည်းကာ ဦးချပြီး မိမိကျောင်းကလေးသို့ပြန်ခဲ့၏။
ကျောင်းကလေးသို့ ပြန်ရောက်လျှင် ညဦးက စာအဓိပ္ပာယ် မှတ်သားချက်များကို ပြန်ကြည့်၍ ကျန်နေသေးလျှင် စဉ်းစား၍ ဖြည့်စွက်ရေးမှတ်ပြန်သည်။ ပြီးလျှင် ကောဋ္ဌာသ ကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်းဖြင့် မိုးလင်းစေသည်။
ဤကား စာသင်သားငယ် ဦးမေဓာဝီ၏ နေ့စဉ် လုပ်ရိုးလုပ်စဉ်များဖြစ်၏။
“ကျင့်ဝတ်မဖြည့် သီလမပြည့်၊ သီလမပြည့် သမာဓိမတည်။ သမာဓိမတည် ပညာမရ၊ ပညာမရ နိဗ္ဗာန်မရောက်” ဟူသကဲ့သို့ ဦးမေဓာဝီ၏ စာသင်သားဘဝသည် စာသင်ကာမတ္တ မဟုတ်ချေ။ ဘယ်အရာမျှ လိုနေသည်ဟူ၍ မရှိ။ ပဋိပတ် အထိန်း မပါသော ပရိယတ်၏ မခိုင်မာပုံကို သာဓကပေးသကဲ့သို့ ရှိ၏။ ပဋိပတ် အဖုံး မပါသော ပရိယတ်ရေအိုးသည် ပိုး၊ အမှိုက်ကျလွယ်သည်။
လူတို့အတွက် အိမ်ရှေ့တံမြက်လှည်းခြင်း၊ လမ်းသွားရင်း ဆူးခက် ဖယ်ရှားသွားခြင်း၊ မိဘ-သားမယား တို့အတွက် စီးပွားရှာရခြင်း၊ ယုတ်စွာအဆုံး ကလေးငို၍ ချော့ရ ထိန်းရခြင်းအထိ “သီလ (ဝါ) စရဏ ကုသိုလ်တွေပါလား” ဟု သဘောပေါက်ရန် လိုပေသည်။ မလွှဲမရှောင်သာ၍ လုပ်ရသောအလုပ်ပင် ဖြစ်စေကာမူ အသိဉာဏ် ပါလျှင် တန်ဖိုး ကြီးမြတ်သွားတော့သည်။ အသိဉာဏ် အသိမှန်သည် အရေးကြီးစွာ့။ မသိ၍ ဆင်းရဲကြရ၏။ သိလျှင် ချမ်းသာမဆုံး။
နေ့ခင်း နေ့လယ်တွင် ဦးမေဓာဝီအတွက် နေ့စာဝါများက တစ်ပတ်ကျော့၍ လာတော့သည်။ ကြာလာသောအခါ စာ၏ဒဏ်ကြောင့် ပါဒရက် ကိုင်ကာ ဒူးခေါင်း အထိ အေးစက်လာ၏။ သွေးလေမလျှောက်၍ သွားရလာရသည်မှာ ဘောက်ဆတ်ဆက် ငတ်တတ်တတ် ဖြစ်လာသည်။ ထိုအခါ ရေနံချေးကို မီးကင်နေလှန်း၍ ဒူးခေါင်းအထိ သုတ်လိမ်းပြီးလျှင် ကျောင်းကလေး အနောက်ဘက် ပြတင်းပေါက်ကိုဖွင့်၍ ခြေထောက်ကို နေလှန်းရ၏။ ရံခါ မိမိဇာတိရွာသို့ပင် ပြန်၍ ဆေးဝါးကုသခံရသည်။ မလှမ်းနိုင်သော ခြေထောက်များက တောထွက်ရန် သတိပေးနေကြ၏။
စာအံစာရွတ် ဆရာ့ဝတ် ကျောင်းဝတ်များကို နေ့စဉ် လုပ်မြဲတိုင်း လုပ်ဆောင်ခဲ့ သည်မှာ ၁၅-နှစ်လုံးလုံး ဖြစ်၏။ ဝါတော်လည်း ၂၀-ရှိလေပြီ။ ဝါတော် ၂၀-ကျော်သော်လည်း မျက်နှာသစ်တော် ရေကပ်ခြင်းစသော ဆရာ့ဝတ်များကိုကား လုပ်မြဲလုပ်တော်မူ၏။ ပရိယတ် ပဋိပတ် ပြည့်စုံ၍ လုံ့လဝီရိယ ကြီးမားသဖြင့် ဆရာသမား အားကိုးခြင်း ခံရသူပီပီ မဟာထေရ် (ဝါ-၂ဝ) ဖြစ်သော အချိန်မှ စ၍ မိုးနံကုန်းကျောင်းတိုက်ကြီး အုပ်ချုပ်ရေး အရပ်ရပ်ကို လွှဲအပ်ခြင်း ခံရပြန်လေသည်။
ထိုအခါ နေ့စဉ် ဝတ္တရားများ ပို၍ပင် များပြားလာ၏။ စာချခြင်း၊ တရားဟောခြင်း, အနယ်နယ်အရပ်ရပ်မှ အမေးပုစ္ဆာ ပြဿနာရပ်များကို ဖြေကြားရခြင်းစသည်။ ကျောင်းသံဃာ၊ ရပ်ရွာ ဒကာ ဒကာမများ၏ တာဝန်မျှမက မိုးနံကုန်းတစ်ဂိုဏ်းလုံး၏ သာသနာပြု တာဝန် တို့သည် ကြီးလေးစွာ ဖိလာကုန်၏။
ပဓာန အလုပ်နှင့် အပဓာနအလုပ်
ဦးမေဓာဝီသည် သာသနာရေးအလုပ်များ ဆောင်ရွက်နေရသည်ကို ပင်ပန်းသည် ဟူ၍ မထင်ချေ။ သို့ရာတွင် ဘဝတစ်သက်တာ၌ အရေးအကြီးဆုံးသော ပဓာန အလုပ် (ကမ္မဋ္ဌာန်းအလုပ်) ကြီးအတွက် အနုတ်လက္ခဏာ ပြနေသည်ကို တွေ့ရသောအခါ ခေါင်းနပမ်းကြီး၍လာ၏။ အသက်တော်လည်း မွန်းယိမ်းနေပြီ ဖြစ်၍ ရိုးရာ သာသနာရေးအလုပ်များကို စဉ်းစားမိတိုင်း ကြက်သီးထနေမိရှာ၏။ နေ့ရှိသမျှ တောထွက်ရန် အကြံကြီးသည် ပျောက်ကွယ်၍ မသွားသည့်အပြင် ပို၍ပင် ကြီးထွားလာလေတော့၏။
“ဦးမေဓာဝီ၊ ပရိယတ္တိကိုလဲ တတ်အောင်သင်၊ ကိုယ်တတ်ပြီးတော့ တစ်ဆင့်ပို့ချပြီး ပရိယတ္တိကိုလဲ ဆောင်ရမှာပဲ။ ဒါပေမယ့် တစ်သက်လုံး ပရိယတ္တိနှင့်ချည်း အရိုးထုပ် သွားရမှာကတော့ နဲနဲမှ မတော်ဘူး။ အပန်းတကြီးနှင့် တောင်ယာတွေခုတ်ထွင်၊ နေပူမိုးရွာမရှောင် ထွန်ယက်စိုက်ပျိုး၊ သီးနှံတွေ ရိတ်သိမ်း၊ ကျီကြထဲသွင်းပြီးခါမှ ကိုယ့်လုပ်စာ ကိုယ်မစားရဘဲ သေသွားရတဲ့ တောင်သူကြီးလို ဖြစ်နေမယ်ဗျ။ ဦးမေဓာဝီ စာတွေလဲတတ် ပါရမီလဲရှိ၊ သိလဲသိ၊ လုပ်လဲလုပ်နေသားပဲလေ” ဟု တစ်ခါက လင့်စင်ကုန်း ဆရာတော်ကြီး အမိန့် ရှိဖူးသော စကားကို ကြားယောင် နေမိ၏။ သို့နှင့် မိုးနံကုန်း ဆရာတော်ကြီးအား တောထွက်ခွင့်ပြုရန် အရဲစွန့်၍ လျှောက်ထားသည်။ သို့သော် ခွင့်ပြုချက် မရ။
“ဦးမေဓာဝီ တောထွက်ဖို့ဆိုရင် တပည့်တော်ဘက်က အချိန်မရွေးဘဲ။ ကိုယ်တော် သန်းခေါင်လာ၊ သန်းခေါင်ထလိုက်မယ်” ဟု ပြောဆိုကတိ ရှိဖူးသော လင့်စင်ကုန်း ဆရာတော်၏ တိုက်တွန်းစကားကြောင့် မိုးနံကုန်းဆရာတော်ကြီးအား အကြိမ်ကြိမ် လျှောက်ထားရာ ကျေနပ်စွာ ခွင့်ပြုလိုက်သဖြင့် သပိတ်ကိုလွယ်ကာ လင့်စင်ကုန်းရွာ (ပျော်ဘွယ်မြို့ မြောက်ဘက် ရှမ်းရွာ ဘူတာအရှေ့) ဘက်သို့ ထွက်ခွာလာခဲ့သည်။ လင့်စင်ကုန်းဆရာတော်သည်လည်း အမြဲတမ်း သံယောဇဉ် ပါးနိုင်သမျှ ပါးအောင် ဖြတ်တောက်ကာ ပဓာနအလုပ်ကြီးကို လုပ်နေသူပီပီ ဦးမေဓာဝီကို မြင်သည်နှင့် ဝမ်းသာအားရ ခရီးဦးကြိုဆို၏။
လင့်စင်ကုန်း ဆရာတော်လည်း ချက်ချင်းပင် ဆုံးဖြတ်ကာ သုမေဓာ သူဌေး ဘဏ္ဍာတိုက်ဖွင့်ကာ အလှူပေးသကဲ့သို့ မိမိပုဂ္ဂလိကပိုင် ရှိပစ္စည်းအားလုံး လှည်းအစီး သုံးဆယ်ကျော်တိုက်ခန့်ကို တစ်ခုပြီးတစ်ခု ထမ်းသယ်၍ ကျောင်းရှေ့တလင်း ပြင်၌ အဆင်သင့် ပုံချထားလိုက်သည်။ မိမိမှာမူ သပိတ်တစ်လုံးနှင့် သင်္ကန်းသုံးထည် မျှသာ ယူဆောင်၍--
“ကဲ- ဦးမေဓာဝီရေ၊ ဒီပစ္စည်းတွေလဲ အလိုရှိသူ ယူကြပစေ၊ တပည့်တော်လဲ “ဇိတံမေ” ဖြစ်ပြီ။ အရှင်ဘုရားလို ကလျာဏမိတ္တ (မိတ်ဆွေကောင်းကြီး) ရလို့မှ နိက္ခမ ပါရမီကြီး မဖြည့်ဆည်းနိုင်ရင် နေရာမကျဘူး။ ကဲ-သွားကြစို့” ဟု ဆိုကာ နှစ်ပါးအတူ သပိတ်ကိုယ်စီလွယ်၍ ရှမ်းစုရွာ အနောက်ဘက်ရှိ “မင်းလိုတောင်” သို့ ထွက်ခွာခဲ့ကြ၏။ ရပ်ရွာ မည်သည့် ဒကာ ဒကာမကိုမျှ အသိမပေးခဲ့တော့ချေ။
“ထီးကလဲ လိုသည်၊ မင်းကလဲ လိုသည်၊ ထီးလိုမင်းလို” ဆိုသကဲ့သို့ နှစ်ပါးအတူ ထွက်ခဲ့ရာ သင့်တော်ရာ သစ်ပင်ရင်း၌ ရှင်းလင်းနေရာယူ၍ ကြည်ဖြူအေးချမ်းစွာ တရား ကိုယ်စီနှင့် သီတင်းသုံးတော် မူကြကုန်၏။
မင်းလိုတောင်ထက်မှ ဝိသုဒ္ဓိမဂ်သံ
မည်သို့ပင် စွန့်လွတ်နိုင်သည်၊ ဆင်းရဲချမ်းသာ ခံနိုင်ရည်ရှိသည်၊ တရားအလုပ်၌ စိတ်ကို ဒုန်းဒုန်းချ၍ ဝီရိယရှိသည်၊ စဉ်းစားဝေဖန် အသိဉာဏ်ရှိသည် ဆိုစေ၊ အမွှေ ဓာတ်တို့၏ သဘောသည် သိနိုင်ခက်လှ၏။ အကျိုးဆောင်သော မိတ်ဆွေသဖွယ် ဝင်လာတတ်၏။
အနှောင့်အယှက်သည် အဝေးမှလာလျှင် မြင်လွယ် ရှောင်လွယ်၏။ အနီးမှ လာလျှင် မြင်ဖက် ရှောင်ခက်၏။ မိမိသန္တာန်ထဲကပင် ထွက်ပေါ်လာခဲ့သော် ပို၍ အမြင်ခက်၊ အရှောင် ခက်တတ်သည်။
ယင်းတို့ကို --
“နီဝရဏ” ဟူ၍လည်းကောင်း၊
“ဥပက္ကိလေသ” ဟူ၍လည်းကောင်း၊
“မာရ် ၁ဝ-တပ်” ဟူ၍လည်းကောင်း၊
“စေတောခိလ၊ စေတောဝိနိဗန္ဓ” ဟူ၍ လည်းကောင်း၊
“ဗြဟ္မစာရူပဒ္ဒဝ” (စသည်) ဟူ၍လည်းကောင်း
အမည်အမျိုးမျိုးဖြင့် ဟောကြား ပြောဆိုကြရ၏။
အချုပ်ဆိုရသော် မသိမှုနှင့် လိုချင်မှု (အဝိဇ္ဇာ, တဏှာ) ဦးဆောင်သော အကုသိုလ် စေတသိက် ၁၄-လုံးတို့ မျက်နှာဖုံး အမျိုးမျိုးတပ်ကာ သတ္တဝါတို့အား လှည့်စား နှိပ်စက်နေခြင်းပင်တည်း။ ထိုသဘောကို မဆင်ခြင်မိပါက “မောင်ဖြူသည် ငါ့အလုပ်ကို နှောင့်ယှက်၏” ဟု ပုံသဏ္ဌာန် ပညတ်တင်မှားကာ ထို ၁၄-လုံးသည် မျက်နှာဖုံး တစ်မျိုးစွပ်၍ ဝင်လာတတ် ပြန်သည်။
ထိုအချက်များက ဘာကို ဆိုလိုသနည်း။
လင့်စင်ကုန်း ဆရာတော်ကြီးနှင့် ဆရာတော်ကလေး ဦးမေဓာဝီတို့သည် အခက်အခဲ အမျိုးမျိုးကို ကျော်လွှားကာ မင်းလိုတောင်သို့ စွန့်စွန့်စားစားကြီး ထွက်လာခဲ့ကြရ၏။ သို့ရာတွင် လင့်စင်ကုန်း ဆရာတော်၏ ရင်းနှီးသော ဒကာအချို့က ဘုန်းကြီး ပျောက်ရှာရင်း မတတ်သာသည့်အဆုံး ပါရမီကူညီသောအားဖြင့် ကျောင်းများကို ဆောက်လှူကြသည်မှအစ လူဝင်လူထွက် များလာခဲ့သည်။ ဦးမေဓာဝီမှာ စိတ်ပျက်စ ပြုလာ၏။
နောက် “ဝတ်ကြီး ဝတ်ငယ် ပြုပါရစေ၊ နည်းခံပြီး တရားကျင့်ပါရစေ” စသော (မနှင်ရက်သည့်) အပြောများဖြင့် ရဟန်းတော်များ တစ်စတစ်စ အားကိုးတကြီး ရောက်လာကြရာ သံဃာ ၂၅-ပါးပင် ရှိလာလေတော့၏။
ရက်ကြာလာသောအခါ အချို့ ရဟန်းတော်များက “ဝိသုဒ္ဓိမဂ် စာတစ်ဝါတော့ ချီးမြှင့်ပါ ဘုရား” ဟု ဦးမေဓာဝီအား ဝိုင်း၍ တောင်းပန်ကြ၏။ ဆရာတော်ကြီး ကလည်း ထပ်ဆင့် တိုက်တွန်းနေပြန်သည်။ ဦးမေဓာဝီ မငြင်းသာတော့ချေ။
ဤကား မည်သို့မျှ မငြင်းသာအောင် ပိရိစွာ ထိုးနှက်လာသော အနှောင့်အယှက်ပင် တည်း။ သို့နှင့် ဦးမေဓာဝီသည် ရွာစာသင်တိုက်ကြီးကို ပစ်ခဲ့ရသော်လည်း တောင်ပေါ် စာသင်တိုက်ကြီး အသစ်ဖွင့်ကာ ဝိသုဒ္ဓိမဂ်စာသံသည် တစ်တောင်လုံး ညံသွားတော့၏။ ကောင်းကား ကောင်း၏၊ မကောင်း။
သုံးကြိမ်မြောက် တောထွက်ခြင်း
ဦးမေဓာဝီကား မိမိ ဆုံးဖြတ်ချက်ကို အခိုင်အမာ ချထားပြီး ဖြစ်သူပီပီ ယာယီ အရှုံး ပေးလိုက်ရစေကာမူ တစ်ဝါတချီ ဆိုပြီးသည်နှင့် မင်းလိုတောင်မှ ဖဲခွာ၍ မိုးနံကုန်းကျောင်းသို့ပင် ပြန်လာခဲ့တော့၏။ ထို့ထက် ခက်ခဲသော စွန့်စားခြင်းကြီးကို ပြုလုပ်ရန် ရည်သန်ချက်တစ်ခုပါ ပါလာခဲ့သည်။
ယင်းကား အခြားမဟုတ်၊ အနန္တ ကျေးဇူးရှင်ဖြစ်သော မိုးနံကုန်းဆရာတော်ကြီးကိုပါ တောထဲသို့ အပါပင့်ရန် ဖြစ်၏။ သို့သော် လွယ်ကူသည့် အကြံကား မဟုတ်ချေ။
ကာလ အတန်ကြာ နေမြဲနေ၍ နည်းလမ်းများကို နေ့ရှိသမျှ စဉ်းစားနေ၏။
တစ်နေ့တွင် ဦးပဉ္စင်းငယ် များသည် ဆရာတော်ကြီးထံမှ (စူဠဝါ ပါဠိတော်ကို) စာတက်၍ ပြန်လာကြပြီးနောက် မန်ကျည်းပင်အောက် ကွပ်ပျစ်ပေါ်၌ ထိုင်ကာ စုပေါင်း၍ စာလှည့်သံကို ကြားလိုက်ရရာ ပို၍ပင် သံဝေဂ ဖြစ်သွားသည်။
အကြောင်းမှာ နောင်တော် မဟာနာမ် သာကီဝင်မင်းသားက ညီတော် အနုရုဒ္ဓါအား-
“လူမှုကိစ္စတို့သည် မည်သည့်အခါမျှ ပြီးဆုံးသည်ဟူ၍မရှိ၊ နောက်တစ်နှစ်လာလဲ ဒီအလုပ်။ နောက်တစ်နှစ်လာလဲ ဒီအလုပ်၊ ထိုအလုပ်များ မပြီးမဆုံး၊ လုပ်တုန်း လုပ်ဆဲနှင့်ပင် မိဘ ဘိုးဘွားတွေလဲ သေခဲ့ကြရလှပြီ” ဟု ရဟန်းပြုရန် နားချ ဖျောင်းဖျသောအခန်း နိဿယမြန်မာကို ပါဠိတစ်ကျော့ မြန်မာတစ်ကျော့ ပြန်လှန် ရွတ်အံနေကြခြင်း ဖြစ်၏။
သို့နှင့် ဦးမေဓာဝီသည် စိတ်အားတင်းကာ ဆရာတော်အား ဝတ်ဖြည့်ရင်း-
“ဆရာတော်ဘုရား၊ သက်တမ်းက တိုရသည့်အထဲ တစ်နေ့ထက်တစ်နေ့ အိုမင်း ရင့်ရော်လာပါပြီ။ လူမှုကိစ္စတွေ မဆုံးနိုင်သလို ပရိသတ်ကြီးနဲ့ သာသနာပြုရတဲ့ ကိစ္စတွေလဲ တစ်နေ့လာဒီစာ၊ တစ်နေ့လာ ဒီပရိသတ် မဆုံးနိုင်အောင် ရှိနေပါသည်။ အဆုံးရှိသောလမ်းကို လျှောက်ရခြင်းက ပင်ပန်းကျိုးနပ်ပါသည်။
သည်အတိုင်းသာ သွားနေလျှင် ရဟန်းတရားကို အားထုတ်နိုင်ကြတော့မည် မဟုတ်ပါ။ ရှေးရှေးက ဆရာသမားတွေလဲ သည်လိုနှင့် တစ်ဘဝကုန်ခဲ့ရသည်သာ များပါသည်။ တပည့်ပရိသတ်ဆိုရာမှာလဲ သူတို့လိုတာရလို့ သူတို့ကိစ္စပြီးတဲ့အခါ ဇရပ်မှာတဲတဲ့ ဧည့်သည်ပမာ ဆရာသော ဘာသော မငဲ့ညှာ၊ လိုရာသွားကြမြဲ ဖြစ်ပါသည်” စသည်ဖြင့် အရဲစွန့်၍ လျှောက်ထားလိုက်၏။
ဆရာတော်ကြီးကား မည်သို့မျှ စကားမပြန်။ ဦးမေဓာဝီလည်း ဦးချပြီး ပြန်လာခဲ့ရ၏။ နောက်တစ်နေ့ ဦးရေဝတ စသော ဆရာတော်ကြီး၏ လက်ရုံးတပည့်ကြီးများနှင့် တိုင်ပင်ကာ ဆက်၍ လျှောက်ထားပြန်၏။
“ဆရာတော်ဘုရား၊ တောထွက်တော်မူပါလျှင် တပည့်လည်း ယခုကဲ့သို့ ပြုစု လုပ်ကျွေးရန် ဆုံးဖြတ်ထားပါသည်ဘုရား။ လယ်ဝေးမှာ တောလဲခေါင်ပါသည်။ အစစ အရာရာ ချမ်းသာစွာ သီတင်းသုံးနိုင်ရန် လယ်ဝေး ပတ္တပိုဏ် ဆရာတော် ဦးအာစရက အသင့် စီမံထားပြီး ဖြစ်ပါသည်။
မိုးနံကုန်း ကျောင်းတိုက်ကြီးကိုလဲ ဆရာတော်ဘုရားရှိစဉ်ကကဲ့သို့ ဦးရေဝတက တာဝန်ယူ၍ ပါရမီဖြည့်မည်ဟု သိရပါသည်ဘုရား” ယင်းကဲ့သို့ သုံးရက် သုံးကြိမ် တိတိ လျှောက်ထားရာ-
“ကောင်းပါပေတယ်။ တို့များလဲစဉ်းစားပြီးပါပြီ။ အစစ အရာရာ ဦးပဉ္စင်းပဲ စီမံပေတော့။ သွားကြစို့ရဲ့။ ပျော်ရွှာ ခင်ဇောဆီကိုလဲ ခေတ္တဝင်ကြဦးစို့” ဟု မိန့်တော်မူ၏။
“ခင်ဇော” ဟူသည် ဘုန်းကြီး ဦးဇောတကို ခေါ်ခြင်းဖြစ်၏။ (ရှေးက ဘုန်းကြီးကို “ခင်ကြီး” ဟု ခေါ်ကြသည်။) ဦးဇောကား ပျော်ရွာ၊ ပိတောက်ကုန်းရွာရှိ ကျောင်းကို လွှဲအပ်ခံရသူ တပည့်တစ်ပါး ဖြစ်၏။ ထိုအခါ ရွာကျောင်းကို စွန့်၍ ပျော်ရွာအရှေ့ တစ်မိုင်ခန့်ဝေးသော နွားစားကျက်တောကြီး (ယခု ညောင်လွန့်တောရ) ၌ လေးတိုင်စင် ကျောင်းကလေးဖြင့် ခေါင်းပါးစွာ တောရနေခြင်း ဖြစ်သည်။ လယ်ဝေး တောသို့ မကြွမီ ဝင်၍တွေ့ရန် အမိန့် ရှိခြင်း ဖြစ်၏။
ဆရာတော်ကလေး ဦးမေဓာဝီသည် အလွန်အမင်း ဝမ်းမြောက်သွား၏။ မည်သည့် တပည့်ဒကာများကိုမျှ အသိမပေးဘဲ နောက်တစ်ရက် ဆွမ်းစားအပြီးတွင် “ကိစ္စရှိသည်” ဟုသာ မြွက်ကြား၍ ခါတိုင်း ကြွနေကျအတိုင်း သပိတ်ကိုယ်စီလွယ်၍ သားရေနယ် ပခုံးတင်၊ လက်တွင် တောင်ဝှေး ကိုယ်စီဖြင့် ရွှေဒါးဘူတာသို့ ကြွတော်မူကြ၏။
ထိုကမှတစ်ဆင့် ညောင်လွန့် ဘူတာသို့ (စည်ပင်ရွာ ကျောင်းဒကာဦးစံငြိမ်း၏ အလှူလက်မှတ်ဖြင့်) ဆက်လက် ကြွတော်မူကြသည်။ ရထားမှ ဆင်းပြီးနောက် ညောင်လွန့်ဘူတာမှ အနောက်မြောက် တစ်မိုင်နှင့်ငါးဖာလုံခန့် ဝေးသော ရသေ့ကြီး ဦးခန္တီ ဇာတိ ရွာသာရွာ (ယခုမရှိတော့ပြီ)နှင့် ပျော်ရွာ၊ ထိုကမှ အရှေ့ဘက် တစ်မိုင်ခန့် ဝေးသော ဆရာတော် ဦးဇော၏ နွားစားကျက် တောရကျောင်း ကလေးသို့ ကြွတော်မူကြ၏။ ၁၂၆၉-ခုနှစ် တပေါင်းလဖြစ်၍ ပူပြင်းလှသည်။
တောရကျောင်းကလေးသို့ ရောက်သွားကြသောအခါ သစ်ရွက်မိုး၊ လေးတိုင်စင် ကျောင်းကလေးအတွင်း၌ ဆရာတော် ဦးဇောကို မတွေ့ကြရ။ ကျောင်းနှင့် မနီးမဝေး ချုံအတွင်းမှ စာအံသံများကြားရ၍ ကြည့်လိုက်ရာ ဦးဖောဖြစ်နေ၏။ ဦးဇောကား ဆရာတော် နှစ်ပါး ကြွလာသည်ကို မြင်ရသည်နှင့် ဝမ်းသာအားရ ဖြစ်ကာ စာများကို အော်၍အော်၍ ရွတ်အံနေတော့၏။ ဆရာတော်များထံသို့မူမလာချေ။
ဥသြငှက်ငယ်တို့၏ အသံကလည်း ဦးဇောနှင့်အပြိုင် သီကျူးကာ ကြည်နူးဖွယ် ရှိပေစွာ့။ ဦးမေဓာဝီက သွား၍ လျှောက်မှ ဦးဇောလည်း သုတ်သီးသုတ်ပျာထကာ ဝတ်ပြုပြီး ကျောင်းသားငယ်ကဲ့သို့ ကြောက်ရွံ့စွာ မရဲတရဲ ထိုင်နေ၏။
ကျောင်းတွင်လည်း သောက်စရာ ရေပင်မရှိ၍ နွားကျောင်းသား တစ်ယောက်အား ပျော်ရွာရှိ ဆရာတော်ကြီး၏ သားချင်းများထံ အပြောခိုင်းလိုက်ရ၏။ မကြာမီ ပျော်ရွာ၊ ပိတောက်ကုန်းရွာမှ ဖိုးဆွတ်၊ ဖိုးခေါင်စသော ဒကာ ဒကာမများ ဖျော်ရည် သောက်ရေများဖြင့် လာရောက် ကန်တော့ကြသည်။ ဝမ်းသာအားရပင် ချက်ချင်း တောရှင်းသုတ်သင်ကာ ကျောင်းငယ်နှစ်ဆောင်ကို ဆောက်လှူကြ၏။
လယ်ဝေး၌ အသင့်စီစဉ်ပြီး ဖြစ်သော်လည်း ဝမ်းရောဂါများ ဖြစ်ပွားနေ၍ ဤ တောကျောင်း၌ပင် သီတင်းသုံးရန် လယ်ဝေးဆရာတော်က လာလျှောက်သည်။ နောက်တစ်ကြိမ် လာပင့်သော်လည်း လက်မခံတော့ပေ။ “လယ်ဝေးလဲ ဒီတော၊ ယခုလဲ ဒီတောပါပဲ” ဟု ပြောဆိုနှစ်သိမ့်ကာ ဦးဖော၏ တောကျောင်းမှာပင် သီတင်းသုံးရန် အပြီးအပြတ် ဆုံးဖြတ်တော်မူကြ၏။
ဦးဇောနှင့် ရပ်ရွာ ဒကာ ဒကာမများကလည်း “ချမ်းသာစွာ တရားအားထုတ် နိုင်အောင် ပစ္စည်းလေးပါး ဝေယျာဝစ္စ ပြုစုကြပါမည်။ ဤမှာပင် အမြဲ သီတင်းသုံး တော်မူပါ” ဟု လျှောက်ကြသည်။ ကျောင်းဝင်းမြေယာများကိုလည်း အတိအကျ သတ်မှတ်ကာ သင့်လျော်အောင် ကျောင်းများ ဆောက်၍ “စာတုဒ္ဒိသာ သံဃိက” အဖြစ် လှူဒါန်းကြ၏။
သံတုံးကို အပ်ဖြစ်အောင် သွေးရသည့် အဆန်လမ်း
ဦးမေဓာဝီနှင့် ဦးဇောတို့သည် ပို့ဆွမ်းကို လက်မခံကြဘဲ နေ့စဉ် ဆွမ်းခံ၍ ဆရာတော်အား ပြုစုလုပ်ကျွေးကြသည်။ နွားစားကျက်တောကြီးသည် တဖြည်းဖြည်း သာယာစပြုလာ၏။
ဦးမေဓာဝီသည် ကိုရင်ငယ်ကလေးပမာ ဆရာ၏ ဝတ်ကြီးဝတ်ငယ်ကို ပြုမြဲပြုသည်။ ကောဋ္ဌာသကမ္မဋ္ဌာန်း၊ ပထဝီကသိုဏ်းတို့ကို ကြိုးကြား ကြိုးကြားသာ ရှုပွား၍ ပင်တိုင် (ပဓာန၊ မူလ) အားဖြင့် အာနာပါနကို ရှုပွားတော်မူသည်။ ဘုရားဝတ်၊ ဆရာ့ဝတ်နှင့် ဆွမ်းခံဝတ်များကို ဆောင်ရွက်ရသော အခါမျိုးတွင်ကား သတိပဋ္ဌာန် (ဣရိယာပထ နှင့် သမ္ပဇညပိုင်း) ကို ရှုမှတ်တော်မူ၏။ ရံခါ သစ်ရွက်မိုး လေးတိုင်စင် ကျောင်းကလေးတွင် လည်းကောင်း၊ ရံခါ ချုံကြီးများအတွင်းသို့ ဝင်၍လည်းကောင်း ရှုပွားတော်မူရ၏။ နေရာဒေသလည်း ကြမ်းတမ်းလှသည်။ အစားအသောက် များလည်း ခေါင်းပါးလှ၏။
“ဆရာတော်ကြီးနှစ်ပါး တောထွက်သွားကြပြီတဲ့” ဟူသော သတင်းသည် ရက်ပိုင်း အတွင်း ပြန့်ပွားသွား၏။ အနယ်နယ်ရှိ တပည့်ကြီးများ ကိုယ်ပိုင်ကျောင်းတိုက်များကို စွန့်ပယ်ကာ နည်းခံကျင့်ရန် လာကြရာ ရက်ပိုင်းအတွင်း ဆယ်ပါးခန့် ရှိလာ၏။ ဦးမေဓာဝီ စိတ်ထဲတွင် လေး၍သွားသည်။ မိမိကဲ့သို့ ဝါ ၂၀-ကျော် စာတတ်ပေတတ် ကျောင်းပိုင်တိုက်ပိုင် ဆရာတူအတူနေ မထေရ်ကြီးများဖြစ်၍ မငြင်းသာတော့ပေ။
ဆရာတော်ကြီးကိုလည်း ပင့်လာမိခဲ့ပြီဖြစ်၍ ယခင်တစ်ခါကဲ့သို့ ထွက်သွားရန်လည်း မဖြစ်တော့ပြီ။ ဗြဟ္မစာရူပဒ္ဒဝ (အကျင့်ဘေးရန်) ရှောင်၍ မရသော အမွှေဓာတ်ကား အကြပ်ကိုင်လေတော့၏။ ထိုအခါ ရှောင်၍ မရသည့်အတူတူ ဆရာ့ဝတ်၊ သံဃာ့ဝတ် များလာသည်နှင့်အမျှ ကမ္မဋ္ဌာန်း ဝီရိယကိုလည်း မရှောင်ဘဲ ထိပ်တိုက်တိုး၍ ရင်ဆိုင်သည့်ပမာ တိုးမြှင့်၍ပင် ကြိုးစားတော်မူရလေသည်။
“တပည့်တော်များကို ကမ္မဋ္ဌာန်း ပေးတော်မူပါဦးဘုရား” ဟု အာဂန္တုကဘုန်းကြီး အချို့က ဆရာတော်ကြီးထံမှ ဝတ်ဖြည့်ပြန်လာသော ဦးမေဓာဝီအား အခွင့်ချောင်း၍ တောင်းပန်ကြပြန်သည်။ နေဝင်ရိုးတရီတွင် သစ်ပင်အောက်၌ ထိုင်၍ ကမ္မဋ္ဌာန်း အားထုတ်သူများ ရှေးဦးစွာ လုပ်ရမည့် ပရိကံဝတ်တက်၊ မေတ္တာပွား အမျှဝေခြင်း စသည်တို့ကို ညွှန်ကြား၏။ ပြီးလျှင် အာနာပါနရှုပွားပုံကို ဟောပြသည်။ စာတက်၊ စာချခြင်း ကိစ္စများ မရှိသဖြင့် အချိန်ပြည့် အားထုတ်တော်မူကြရ၏။
“အရှင်ဘုရားများ စာတတ်ပြီးဖြစ်၍ အထူးပြောပြရန် မလိုပါ။ ဝီရိယရှိရှိ ယုံယုံ ကြည်ကြည်နှင့် လုပ်ဖို့ပဲလိုပါတယ်။ သာတစ္စကာရီ = စွဲစွဲမြဲမြဲ တစ်စပ်ထဲ ရအောင် လုပ်ဖို့ အရေကြီးသလို၊ သက္ကစ္စ ကာရီ = လေးလေးစားစား လုပ်ဖို့လဲ လိုပါတယ်။ သံတုံးကို အပ်ဖြစ်အောင် သွေးတဲ့ ယောက်ျားလို အထပ်ထပ်ဆင်ခြင်ရပါမယ်။
သတ္တဝါတို့သဘောဟာ မြစ်ရေယဉ်လို စိတ်အလိုတိုင်း ဖြစ်နေကြပြီး ရေကို ဆန်အောင်လုပ်ရတာ ခက်သလို မိမိတို့ ပကတိ ဖြစ်ပွားနေတဲ့ အမိဝမ်းတွင်းပါ စိတ်ကြိုက်ကို မလိုက်ပါမိအောင် တားမြစ်ဖို့က မလွယ်ဘူး။ ဒါကြောင့် နှာသီးဝမှာ စိတ်ကို အမြဲစိုက်ထားပြီး ထွက်လေဝင်လေကို မှတ်သိ နေလျှင် အခြားစိတ်တွေကို အထူးမနှင်ရဘဲနှင့် အလိုလို ရေညာဆန်တက်လာပါလိမ့်မယ်။
“ အာနာပါနနဲ့စပ်လို့ သည့်ပြင် အားကျစရာ သိမှတ်စရာ တွေကိုတော့ အရှင်ဘုရား များ (မူလပဏ္ဏာသ-မဟာသတိပဋ္ဌာနသုတ်၊ ဥပရိပဏ္ဏာသ-အာနာပါန-ဿတိသုတ်၊ မဟာဝဂ္ဂ သံယုတ် - အာနာပါနဿတိသုတ်၊ ပဋိသမ္ဘိဒါမဂ်) ပါဠိတော်ကြီးတွေမှာ လေ့လာကြရုံပါပဲ။ ဘုရားရှင်တိုင်း ကြွတော်မူတဲ့ လမ်းရိုးလမ်းဟောင်း အလွန်လဲ အားရစရာကောင်းတဲ့ ကမ္မဋ္ဌာန်း နည်းကြီးပါ။”
နှာရည်တရွှဲရွှဲနှင့် ပစ်လဲသော အာနာပါန
“တစ်ခါတစ်ရံ ထွက်လေဝင်လေ တဖြည်းဖြည်း သိမ်မွေ့ပြီး ရှာမရအောင် ပျောက်သွားတတ်ပါတယ်။ အဲဒီအခါမှာ အထူးအားမစိုက်ရပါဘူး။ “လာလိမ့်မည်” ဟု စောင့်မှတ်နေလျှင် ပေါ်လာတာပါပဲ။ ပင်ပန်းအောင် အထူးကြိုးစားလျှင် ကိုယ်စိတ် ပင်ပန်းပြီး သမာဓိမရတော့ဘူး။ “သုခံ သမာဓတ္ထာယ”- - ကိုယ်စိတ်ချမ်းသာမှ သမာဓိဖြစ်ပါတယ်။ (“သုခိနော စိတ္တံ သမာဓိယတိ) သမာဓိဖြစ်မှ ယထာဘူတဉာဏ် ဖြစ်မယ်။ “ပဿမ္ဘယံ ကာယသင်္ခါရံ ..... သိက္ခတိ-” ကြမ်းတမ်းတဲ့ ထွက်လေ ဝင်လေကိုသာ သိမ်မွေ့အောင် လုပ်ယူရပါတယ်။ အထူးအားထုတ်ပြီး ပင်ပင် ပန်းပန်းကြီး ရှုရှိုက်လျှင် ဘုရားဟောနဲ့ မညီဘူး။ ဒါ သတိပြုရမယ်။ ကမ္မဋ္ဌာန်းနှင့် ဆန့်ကျင်တဲ့ ကြမ်းကြမ်းတမ်းတမ်း အပြုအမူများ ကိုလဲ ရှောင်ရမယ်”။
[၁၂၉၅-ခုနှစ်ရိုက် ပကိဏ္ဏကဒီပနီခေါ် မိုးနံကုန်း ဝိနိစ္ဆယ ဒုတိယတွဲ ၃၉၃-လာ “သမထဝိပဿနာနယသင်္ခေပဝိနိစ္ဆယ အခန်းနှင့် “ဂဏစာရိက ပဋိပတ္တိကျမ်း” မှ။]
ပရိယတ် ပဋိပတ် နှစ်ဘက်စလုံး ပြည့်စုံသော ဆရာတော်၏ စကားမှာ အထူး- မှတ်သားဖွယ် ကောင်းလှ၏။ “လူကြမ်းတွေဆိုတော့ ကြမ်းကြမ်းရှူမှ သမာဓိ လွယ်တယ်” ဟု ယူဆသူများ ရှိနေကြပါသည်။ အခိုက်အတန့်အားဖြင့် ဟုတ်မှန် သကဲ့သို့ ရှိသော်လည်း အသိဉာဏ် နည်းပါးသော ဒကာ ဒကာမများအတွက် လှေနံဓားထစ်ယူဆကာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေကြရှာသည်ကို တွေ့နေရသည်။
လူတစ်ယောက် တရားထိုင်တော့မည် ရှိလျှင် ခေါင်းအုံးနှင့် လူနှစ်ယောက် (လဲကျ သွားလျှင် ဖေးမရန်) စောင့်ရသည့် အဖြစ်မျိုး၊ တရားပွဲကြီးများတွင် တရားနာရင်း ရှုမှတ်ကြရာ ဟောသောတရားကိုပင် မနာယူတော့ဘဲ (ဓမ္မ အဂါရဝဖြစ်ကာ) နှာရည်တရွှဲရွှဲ၊ အသံလည်း တစ်ခူးခူး၊ စူးရှကျယ်လောင်ကာ အခြားသူများကိုပင် နှောင့်ယှက်ရာ ကျနေတော့သည်။ ထို့ပြင် သတိလစ်၍ ပစ်လဲသောအခါ စုန်း၊ တစ္ဆေ၊ နတ်ပူးသကဲ့သို့ ကြည့်မကောင်း ရှုမကောင်းဖြစ်ကာ ပရိသတ်ထဲမှ ဆွဲယူထမ်းချီသွား ရသော အဖြစ်မျိုးများအထိ နယ်လွန်ကုန်ကြလေသည်။
တည်ငြိမ် အေးချမ်းစွာ အလွန်ကြည်ညိုဖွယ် ဆောင်စေရမည့် မြတ်စွာဘုရား၏ တရားတော်သည် အဘယ်မှာလျှင် ရုပ်ပျက် ဆင်းပျက် ဖြစ်ပါလေမည်နည်း၊ “တော်တော့ ခွန်အားဗလနှင့် ဗမာဥပုသ် မရဘူး” ဆိုသကဲ့သို့ အခြားသူများ၏ အသိဉာဏ် သဒ္ဓါတရားကို နားယောင် ရှုပ်ထွေးသွားစေနိုင်သဖြင့် သတိပြုသင့် ကြပေသည်။
သဒ္ဓါနှင့်ပညာ၊ သမာဓိနှင့် ဝီရိယ နွားနှစ်ကောင်က, သကဲ့သို့ မျှတမှု ရှိစေမှသာ ဝိပဿနာယာဉ်သည် နိဗ္ဗာန်သို့ရောက်နိုင်ကြောင်း [အင်္ဂုတ္တရပါဠိတော် တိက နိပါတ် နိမိတ္တသုတ် (၂၅၈) ဆက္ကနိပါတ် သီတီဘာဝသုတ် (၃၇၉)၊ မဟာဝဂ္ဂ ဗောဇ္ဈင်္ဂ သံယုတ် အဂ္ဂိသုတ် (၉၉) နှင့် ဝိသုဒ္ဓိမဂ်-ပထမ (၃၇၉) တို့၌] ရွှေပန်းထိမ်သည် ဥပမာ၊ မီးမွှေးသူ ဥပမာ တို့ဖြင့်-
“တွန့်ဆုတ်နေလျှင် မြှောက်တင်ပေး၊ ပျံ့လွင့်နေလျှင် နှိပ်ပေး၊ ပေါ့ရှပ်ရှပ် အရသာ မတွေ့ မတည့်မမတ် ဖြစ်နေလျှင် သံဝေဂဖြစ်ဖွယ် စသည်ကို ဆင်ခြင်၍ပေး၊ နွားနှစ်ကောင် ထမ်းပိုး ညီနေလျှင် အသာပင် လိုက်ပါရသကဲ့သို့ မျှတနေလျှင် အလိုက်သင့် (ဗောဇ္ဈင်္ဂုပေက္ခာ) ရှုပေး” စသည်ဖြင့် တည်ငြိမ် အေးဆေးစွာ ပြုပြင်ပေးရမည့် နည်းများကို အတိအလင်း ဟောတော်မူထားလေသည်
ဘုရားရှင် လက်ထက်တော်ကပင် နိဂဏ္ဌနာဋပုတ္တဂိုဏ်းမှ ရိုက်ခတ်လာသဖြင့် “ဆင်းရဲနှင့်ရင်းမှ ချမ်းသာရမည်” ထင်သော ဗောဓိမင်းသား စသူတို့အား အဆင့်ဆင့် ချမ်းသာ လွယ်ကူသောနည်း” ဖြစ်ကြောင်း ဟောတော် မူခဲ့ဖူး၏။
မဇ္ဈိမပဋိပဒါကျအောင် ယူဆကျင့်ကြံတော် မူနိုင်ကြပါစေ။
ဝေဒနာလိုက်ပုံနှင့် အတွင်းအပြင်ရှုပုံ
ကမ္မဋ္ဌာန်းလျှောက်သော ဆရာတော်များတွင် အထိုက်အလျောက် ကြားဖူးနားဝရှိသူ၊ လေ့လာဖူးသူများလည်း ပါဝင်သဖြင့် ဆရာတော်တစ်ပါးက-
“ဝေဒနာ လိုက်ရတယ်ဆိုတဲ့ အဓိပ္ပာယ်များကိုလဲ အမိန့်ရှိပါဦးဘုရား” ဟု လျှောက်ရာ ဆရာတော်က အောက်ပါအတိုင်း အမိန့်ရှိ၏။
“ဝေဒနာရှိရာသို့ စိတ်ကို စေလွှတ်ပြီးတော့ ထိုဝေဒနာရဲ့ အမြဲမရှိတဲ့ အနိစ္စသဘော၊ အမြဲမရှိခြင်းကြောင့် ဆင်းရဲတဲ့ ဒုက္ခသဘော၊ ဆင်းရဲခြင်းကြောင့် အစိုးမရ အလိုသို့မလိုက်တဲ့ အနတ္တသဘောကို အာရုံပြုပြီး “သိ-သိ-သိ” ဟူ၍ အထပ်ထပ် ဆင်ခြင်သုံးသပ်ရမယ်၊ ဝေဒနာကို အာရုံပြုပြီး ဝိပဿနာရှုလျှင် ရုပ်-သညာ-သင်္ခါရ-ဝိညာဉ်တို့လဲ မကင်းတဲ့သဘောနဲ့ ပါဝင်ပြီးသား ဖြစ်တယ်။
“အဲသလို မိမိနဲ့ မတန်တဲ့ ဝိပဿနာ ဘုံကျယ်ဘုံလက်တို့ကို မလိုက်ဘဲ ဝိပဿနာ ဘုံကျဉ်းကိုသာလိုက်တော့ မိမိတို့ဉာဏ်နဲ့ ဝိပဿနာဘုံဟာ အိုးတန်ဆန်ခတ်ဖြစ်လို့ အမြန်ဆုံး ဉာဏ်ပွင့်နိုင်တယ်၊ ခန္ဓာလေးပါး ငါးပါးကိုရှုလျှင် ဘုံကျယ်၊ နှစ်ပါး သုံးပါးကိုရှုလျှင် ဘုံလတ်၊ တစ်ပါးတည်းကိုသာရှုမှ ဘုံကျဉ်းဖြစ်တယ်။
“အဇ္ဈတ္တ (အတွင်း) ဗဟိဒ္ဓ (အပြင်) ရှုပုံကတော့ အဇ္ဈတ္တကို သုံးသပ်တဲ့အခါ အဇ္ဈတ္တ တရားထင်မှ ဗဟိဒ္ဓကို ရွှေ့ရမယ်၊ မထင်ဘဲ မရွှေ့ရဘူး။ ဗဟိဒ္ဓကိုသုံးသပ်လျှင်လဲ မရဘူး။ ဗဟိဒ္ဓထင်ရှားမှ အဇ္ဈတ္ထကို ရွှေ့ရမယ်။ မထင်လျှင် မရွှေ့နှင့်၊ အဇ္ဈတ္တ ဗဟိဒ္ဓ သင်္ခါရတရားတို့၌ ငြိတွယ်ခြင်း (တဏှာနိကန္တိ) ကို မငြိတွယ်ရအောင် ဖယ်ရှား၍ အားထုတ်လျှင် မကြာခင်ဘဲ မဂ်ဉာဏ် ဖိုလ်ဉာဏ် ဆိုက်ရောက်ပါလိမ့်မယ်။ (ဗဟိဒ္ဓ ဖြစ်ပျက်ကိုပါ မြင်မှ ကိစ္စပြီးကြောင်း ဝိသုဒ္ဓိမဂ်၌ ဆို၏။)
“တစ်စုံတစ်ခုအမှုကိစ္စပြုလုပ်ရာ၊ ဆွမ်းခံစသည် သွားလာရာမှာ အာနာပါန (မူလ ကမ္မဋ္ဌာန်း) ကို လွှတ်ပြီး သတိပဋ္ဌာန်ကို ပွားနိုင်တယ်။ “ဣရိယာပထပဗ္ဗ၊ သမ္ပဇညပဗ္ဗ တို့၌ လာတဲ့အဟိုင်း “သိ-သိ-သိ” ဟူ၍လည်းကောင်း၊ “အနိစ္စ, ဒုက္ခ, အနတ္တ” ဟူ၍သော် လည်းကောင်း သုံးသပ်ရမယ်။ အဲသလို ဣရိယာပုထ်တိုင်း၌ သတိ မပြတ်ဘဲ စပ်မိအောင် ထားတာဟာ အထူးကမ္မဋ္ဌာန်း (မူလ) ကို အားထုတ်တဲ့အခါ ဉာဏ်အားရှိပြီး အင်မတန် ကျေးဇူးများတယ်”
[သင်္ခေပ ဝိနိစ္ဆယနှင့် ဂဏစာရိက ပဋိပတ္တိကျမ်းတို့မှ ကောက်နုတ်ချက်မူရင်း။ စကားနှင့်စာ လဲရုံမျှသာ။ ဆရာတော် ကိုယ်တိုင် ရေးသားချက်ဖြစ်၏။]
နွားစားကျက်မှ ညောင်လွန့် တောရ စာသင်တိုက်သို့
အာဂန္တုက ဆရာတော်များကလည်း ဆရာတော် ဦးမေဓာဝီကဲ့သို့ပင် ဓုတင် ၁၃ပါး အလျဉ်းသင့်သလို ဆောင်ကြသည်။ သစ်ပင်နှင့် လွင်ပြင်တို့သည် ဘုရားပေးသော ကျောင်း များဖြစ်ကုန်၏။ ထိုမထေရ်တို့ကဲ့သို့ပင် အနယ်နယ်အရပ်ရပ်ရှိ ကျောင်းထိုင် တိုက်ပိုင် တပည့် ကြီးများသည်လည်း တစ်သုတ်ပြီးတစ်သုတ် (အလွန်တရာ ဖြစ်နိုင်ခဲမျှ) ရောက်လာကြရာ ၁၂၇၁-ခုနှစ် ဝါတွင်း ဝါ ၂၀-ကျော် မထေရ်ကြီးများ အပါး ၅၀-ခန့်ထိ စုဝေးနေထိုင် လာကြသည်။ သံဃဘုန်းကံကြောင့် ကျောင်းကန် များလည်း ဟောပြော တိုက်တွန်းရခြင်း အလျဉ်းမရှိ၊ ဝိနည်းတော်နှင့်အညီ၊ အပ်အပ်စပ်စပ်ချည်း ဖြစ်ပေါ်လာကုန်၏။
ဆရာတော်ကလေး ဦးမေဓာဝီလည်း ဖြစ်ပေါ်လာသော အခြေအနေအရ မရှောင်သာ တော့ဘဲ ထိုမထေရ်ကြီးများနှင့် တိုင်ပင်ကာ (တိုက်တာကြီး တစ်ခု ဖြစ်လာသဖြင့်) ဥပဒေများကိုပင် ရေးဆွဲရလေတော့သည်။ “ကျောင်းတွင်း ကျောင်းဥပစာ၌ မာတုဂါမများ ညဉ့်အိပ်မနေရ။ လူဒကာများလာလျှင် ကြိုတင်နှုတ်ဆက်ခြင်း စားပွဲ သောက်ပွဲ ထိုးခြင်းမပြုရ။ ပွဲလမ်းသဘင် အတီးအမှုတ်တို့ကို ကျောင်းတွင်း၌ မပြုလုပ်ရ” စသည့် ဥပဒေများနှင့် ရဟန်းတော်များ ဓုတင်ဆောင်ခြင်း စသော ဝိနည်းတော်နှင့်အညီ နေထိုင်ရန်တို့ ပါဝင်ကုန်၏။
ထိုဥပဒေ ၁၂-ချက်တွင် သံဂါယနာတင်သကဲ့သို့ အစဉ်သဖြင့် အကျိုးများအောင် မိုးနံကုန်းဆရာတော်ဘုရားကြီး၏ ဝိနည်းအဆုံးအဖြတ်တို့ကို နောက်ဆုံးမှတ်တမ်း တင်ခြင်း အားဖြင့် သံဃာအားလုံးက ဝိနည်းပါဠိတော်ကြီး ငါးကျမ်းကို ဆုံးခန်းတိုင် စာလိုက်၍ ဆရာတော်ဘုရားကြီးအား စာချပေးဖို့ တောင်းပန်ကြရန် ဥပဒေ တစ်ခုတောင်းဆို အတည် ပြုခဲ့ကြ၏။
ပရိယတ္တိ အမြင်ဖြင့်ကြည့်သော် အကောင်းဆုံးသော ကောင်းခြင်းကြီး ဖြစ်ကြောင်း ပြောဖွယ်မရှိ။ သို့သော် ဤမျှ သက်တော်ကြီးမား၍၊ သုံးကြိမ်တိုင်တိုင် တောထွက်ခြင်းဖြင့် အခက်အခဲများစွာကို ကျော်လွှား၍၊ ပရိယတ္တိဝန်ကိုလည်း အားရလောက်အောင် ဆောင်ရွက်ပြီး ဖြစ်၍ ဤမျှ စွန့်စွန့်စားစား တောထွက်ခဲ့ပြီး ကာမှ ဆရာတော်ကြီးက စာချ၊ ဦးမေဓာဝီက စာဆို၊ မှတ်တမ်းရေးခြင်းဖြင့် နောက်ကြောင်း ပြန်သွားရသည်မှာ ပဋိပတ္တိအမြင်အရ စဉ်းစားကြရာ၏။
ကံတရားတို့ ဆန်းကြယ်သည်နှင့်အမျှ အမွှေဓာတ်တို့လည်း အသိ ခက်လှပေစွာ့။ ဆရာတော် ဦးမေဓာဝီ၏ အရဟတ္တဖိုလ်ကို လုံးဝမတားနိုင်သည့်တိုင်အောင် ဝိနည်း စာဝါနှင့် ပရိသတ်တာဝန်ကြီးက အချိန်ကို ဆွဲထားပေးနိုင်ခဲ့သည်ဟု ဆိုရာ၏။ မိုးနှံကုန်းဆရာတော်ဘုရားကြီးသည် နေ့စဉ်နှင့်အမျှ ဝိနည်းပါဠိတော် စာဝါကြီးနှင့် တပည့်ဒကာဒကာမတို့၏ အဖူးအမြော်ခံရခြင်းကို ငြီးငွေ့လာသဖြင့်-
“တို့များ ဒီအလုပ်တွေ ကြောက်လို့ တောထဲလာပါတယ်။ ဒီရောက်တော့လဲ ဒါပဲ လုပ်နေရပြန်တယ်” ဟု ညည်းညူးတော်မူ၏။
ထိုအခါ ဦးမေဓာဝီသည် စိတ်မချမ်းမသာ ဖြစ်ကာ ဆရာတော်ကြီး ချမ်းသာစွာ နေနိုင်ရန် လျှောက်ထား စီမံရပြန်သည်။ ဆရာတော်ကြီးအား အသိပေးသင့်မှပေး၊ အာဂန္တု ဧည့်သည်များကိုလည်း တွေ့ခွင့် ပေးသင့်မှပေး၍ အရေးကိစ္စမှန်သမျှ မိမိကပင် တိုး၍ တာဝန်ယူတော်မူရ၏။
မြတ်စွာဘုရားရှင်သည် (ဥပရိပဏ္ဏာသ-မဟာသုညတသုတ်၌)-
“အပေါင်းအသင်းဖွဲ့၍ နေရခြင်း၏အပြစ်၊ တစ်ဦးတည်း နေရခြင်း၏ အကျိုး၊ အပေါင်းအသင်းဖွဲ့၍ နေရသော်လည်း စာသင်စာချနေခြင်းမျိုး မဟုတ်မူ၍ တရားစကားဖြင့် နေရလျှင် တော်သေး၍ တစ်ဦးတည်း နေရသော်လည်း ဒကာ ဒကာမ ပရိသတ်တို့ လိုက်ပါ လာတတ်သဖြင့် ဗြဟ္မစရိယ (တရား) အန္တရာယ် ဖြစ်တတ်ပုံ” ကို ဟောတော်မူဖူး၏။ ထိုမှတစ်ပါး “တပည့်သည် စာသင်ရန်အတွက် ဆရာနောက်လိုက်ခြင်းငှာ မထိုက်။ ရက်လ များစွာ သင်ယူခဲ့ပြီ။ တရားစကား အတွက်သာလျှင် နှင်ထုတ်စေကာမူ လိုက်ထိုက်သည်” ဟုလည်း ဟောတော်မူသည်။
ရုက္ခစိုးကြီး၏ ပဋ္ဌာန်းသံ
မိုးနံကုန်း ဆရာတော်ဘုရားကြီးသည် ဆရာတော် ဦးမေဓာဝီ၏ ပါရမီဖြည့်မှုကြောင့် ချမ်းသာစွာ စာချခြင်း၊ တရားနှလုံးသွင်းခြင်းဖြင့် သီတင်းသုံးခဲ့ရာ ငါးဝါပြည့်မြောက် သောအခါ ၁၂၇၄-ခုနှစ် တပေါင်းလဆန်း ရှစ်ရက်၊ သက်တော် ၆၅-နှစ်အရတွင် ဝမ်းသွန်ရောဂါဖြင့် ပျံလွန်တော်မူလေ၏။
အရိုးအိုးစေတီလည်း တည်ထားကာ ဆရာတော် ဦးမေဓာဝီသည် သက်တော် ထင်ရှား ရှိစဉ်ကကဲ့သို့ နံနက်သုံးနာရီတွင် မျက်နှာသစ်တော်ရေနှင့် ဒန်ပူများကို နေ့စဉ်ပင် ကပ်လှူ ဝတ်ဖြည့်တော်မူ၏။ ဆရာ၏ ကျေးဇူးဂုဏ်ကို ပြော၍မယုံ လောက်အောင်ပင် သိမြင်တော်မူသည်။ ကျောင်းတွင်းရှိ စေတီတော်ကြီးကိုလည်း မြတ်စွာဘုရား သက်တော်ထင်ရှား ရှိသည့်ပမာ မျက်နှာသစ်တော်ရေ၊ ဒန်ပူ၊ မျက်နှာသုတ်ပဝါနှင့် ဆီမီးတို့ကို ကပ်လှူ၍ အရပ်ရှစ်မျက်နှာလုံး၌ ခြေ၊လက်၊ နဖူး၊ တံတောင်၊ ဒူး, တည်ခြင်းငါးပါးဖြင့် အသက်ထက်ဆုံး ညစဉ်ဝတ်ပြု တော်မူ၏။
အဖိုးအခမကုန်သော ရတနာသုံးပါး ကုသိုလ်တို့သည် များကုန်၏။ သဒ္ဓါ (ကျေနပ်မှု) ရှိသလောက်သာ လုပ်နိုင်ကြသည်။ အသိဉာဏ် (ပညာ) ရှိသလောက် သဒ္ဓါကြ ကုန်၏။ ယောဂီတို့သည်-
၁။ မိမိတို့၌ အကုသိုလ် အပူစိတ်များ မည်မျှ ခေါင်းပါး၍ အေးငြိမ်းလာပြီ၊
၂။ ကိုယ်နှုတ်စိတ် မည်မျှ ယဉ်ကျေးလာပြီ၊
၃။ ရတနာသုံးပါးအပေါ် မည်မျှ ကျေးဇူးတုံ့ပြု ယုံကြည်မှု ရှိလာပြီကို အကဲဖြတ် ကြရာ၏၊ ထိုဟာသည်ပင် တရားထူးရသည့် အမှတ်အသားပင်တည်း။
သီလစသော ရတနာသုံးပါး ကျင့်ဝတ်အရာ၌ မိမိမကျင့်နိုင်၍ ဖြစ်စေ၊ လွန်ကျူး မိသဖြင့် ဖုံးကွယ်လို၍ ဖြစ်စေ “ဒါ ဒီလောက် အရေးမကြီးပါဘူး” ဟု မယူဆရာ။ နှုတ်မကျူးရာ။ မိမိကိုယ်ကို မလိမ်လည် မကောက်ကျစ်ရာ။
ညောင်လွန့်တောရ၌ အရှေ့ဘက်နှင့် အနောက်ဘက် နှစ်ခြမ်းခွဲ၍ ပဋိပတ်နှင့် ပရိယတ် ခွဲထားရာ ဆရာတော် ဦးမေဓာဝီသည် ဆရာတော်ကြီး မရှိသည့်နောက် မအိပ်မနေ ရှုပွားတော်မူ၏။ ည ၁၀-နာရီနောက်ပိုင်းတွင် “ကမ္မဋ္ဌာန်းချောင်သို့သာ အမြဲကြွတော်မူ၏။ ပရိနိဗ္ဗာန်မပြုမီ ခြောက်နှစ်ခန့်အထိ ကိုယ်တိုင် ဆွမ်းခံခြင်းစသော ဓုတင်များ၊ ရသမျှဆွမ်းကို သံဃာအား အကုန်လှူ၍ သံဃာကပြန်စွန့့်မှ စားရသော “သာရဏီယဘတ်” ကျင့်ဝတ်များ ကိုလည်း ဆောင်တော်မူ၏။
[သစ်ပင်ရှိလျှင် ဆွမ်းရှိသည်ဟု ပြောရလောက်အောင် လာဘ်လာဘ ပေါများ စေသော သာရဏီယဘတ် ကျင့်ဝတ် ဖြည့်ကျင့်ပုံကို ဝတ္ထုများနှင့်တကွ “သီဟိုဠ်ခေတ် စံတော်ဝင် အရိယာများ” စာအုပ်၌ အကျယ်ရေးထားသည်။]
ရံခါ ညကာလ ကမ္မဋ္ဌာန်းချောင်အတွင်း၌ ပဋ္ဌာန်းပါဠိတော် ပဉှာဝါရကို အသံ တစ်စာစာနှင့် ရွတ်အံသံများ ကြားရ၏။ လပြည့်နေ့ညများတွင် ပို၍ကြားရသည်။ အသံ ကြားရာသို့ လိုက်ကြည့်ရာ အသံမှာ တဖြည်းဖြည်း ဝေး၍ ဝေး၍ သွား၏။ ရံခါ အသံရှင်ကို သင်္ကန်းဝတ်ဖြင့် တွေ့ရသည်။ မိုးနံကုန်းဆရာတော် ရုက္ခစိုးကြီးဖြစ်၏။
တရားအားထုတ် သူတို့အား တစ်စုံတစ်ရာ အန္တရာယ်ရှိလျှင် ကြိုတင်၍ သိလောက်အောင် သတိပေးခြင်း၊ အန္တရာယ်ကာကွယ်ပေးခြင်း စသည်ဖြင့် အမြဲ စောင့်ရှောက်ကာ အရိုးအိုးစေတီအနီး သစ်ပင် တစ်ပင်၌ အမြဲနေ၍ ထို ကမ္မဋ္ဌာန်းချောင် တောစပ်၌သာ လှည့်လည်လျက် ရှိသည်ဆို၏။
ရှေးက အချို့စာတတ် အကျော် ဆရာတော်ကြီး အတော်များများသည် “ဓာတု ပရိနိဗ္ဗာန်ပွဲကို ဝင်နွှဲရန်” ဆိုကာ ရုက္ခစိုးနတ်ဖြစ်ရန် အားသန် တောင့်တကြကုန်၏။ လက်ရှိ ဘဝ၏ အခွင့်သာ မြင့်မြတ်ခြင်းနှင့် သာသနာတော်၏ နိယျာနိက (လွတ်မြောက်ရာ) လမ်းကို မျှော်မှန်းနိုင်သော အသိဉာဏ် နည်းပါးခြင်းတို့ကြောင့် လက်ငင်း အခွင့်အရေးကို လက်လျှော့ အရှုံးပေးသည့် သဘောသာတည်း။ တစ်စုံ တစ်ခုသော သက်သာရာ (တရားထူး) မရှိသေးပါဘဲလျက် အသက်ရှည်စွာ ရုက္ခစိုး ဘဝ၌ နေရမည်မှာ ပျင်းမုန်းငြီးငွေ့ဖွယ် ကောင်းလှချေ၏။
ဈာန်သမာပတ်နှင့် အမြင်ဓာတ်ရခြင်း
၁၂၇၄-ခုနှစ်မှစ၍ ဆရာတော်သည် သက်စွန့်ကြိုးပမ်း ရဟန်းတရားကို ရူပ္ပား တော်မူ၏။ တစ်ညတွင် အရိုးအိုးစေတီအနီး မြောက်ဘက် ဇရပ်ကြီးပေါ်၌ မအိပ်မနေ ရူပွားတော်မူရာ ဇရပ်နံရံအပြင်ဘက်မှ တက်လိုက်ဆင်းလိုက် အသံများ တဝုန်းဝုန်း တဒိုင်းဒိုင်း ဆူညံနေ၍ သမာဓိ မရနိုင်အောင် ရှိရသည်။
“အင်း... မာရ်နတ် တပည့်တွေပဲ၊ တတ်နိုင်ရင် ငါ့အသက်ကိုပင် သတ်ကြစေတော့၊ ငါ့အလုပ် ငါလုပ်မှပဲ” ဟု အသက်နှင့် ခန္ဓာကိုယ်ကို အပြတ်စွန့် လှူပြီး အားထုတ် တော်မူ၏။ ဆူညံနေသော်လည်း လျစ်လျူရှုလိုက်သည်။ နံနက်သုံးနာရီ မျက်နှာ သစ်တော်ရေ ကပ်လှာသူ ဦးပဉ္စင်းငယ်အား ကြည့်ရှုခိုင်းရာ ခုနှစ်တောင်ခန့် ရှည်လျားသော မြွေစိမ်းကြီးကို တွေ့ရ၏၊ မကြာမီ” ထူးဆန်းစွာ ပျောက်ကွယ် သွားတော့သည်။
ဆရာတော်သည် အာနာပါနကို နိုင်နင်းကျွမ်းကျင်လာသဖြင့် ရူပဈာန်၊ အရူပဈာန် (ရှစ်ပါး-ကိုးပါး) သမာပတ် ရှစ်ပါးကို ရတော်မူလေသည်။ တစ်ခုခု နိုင်နင်းသွားလျှင် ကျန် ကမ္မဋ္ဌာန်းများကိုလည်း အလိုလို နိုင်နင်းသည်သာ ဖြစ်၏။ တစ်နေ့သောအခါ အဘိဓမ္မာ ဈာန်ခန်းကို ပို့ချတော်မူစဉ်-
“ငါတို့တော့ သမာဓိအား ကောင်းလာတဲ့အခါ ဘယ်သမထ၊ ဘယ် ကသိုဏ်း ဖြစ်ဖြစ် နှလုံးသွင်းလိုက်ရင် ချက်ချင်း ထင်မြင်လာတာပဲ၊ ယုတ်စွာအဆုံး သစ်ပင်မှာရှိတဲ့ သစ်ရွက်တွေ စိုက်ကြည့်လိုက်ရင် နီလကသိုဏ်း ချက်ချင်း ပွားပြီးသား ဖြစ်နေတယ်” ဟု အမိန့် ရှိဖူး၏။
ဈာန်သမာပတ် ရှစ်ပါးကို ဝင်စားဖန်များ၍ အဘိညာဉ် မရစေကာမူ မဟဂ္ဂုတ် သမာဓိမျှဖြင့် နာနာဘာဝတို့ကို ပကတိမျက်စိဖြင့် မြင်နေသကဲ့သို့ မြင်နေရ၏။ ညောင်လေးပင်မြို့ ခင်တန်းရွာ သိမ်သမုတ်ပွဲသို့ ကြွတော်မူစဉ် နံနက်သုံးနာရီခန့် ထိုရွာ သုသာန်အနီးသို့ တစ်ပါးတည်းထွက်၍ တောရအရုဏ် ခံတော်မူရာ သရဲ တစ္ဆေများ မရေမတွက်နိုင်အောင် ချောက်လှန်သည်ကို မြင်တော်မူ၍ မေတ္တာ ပွားပို့ကာ အာဋာနာဋိယသုတ်ကို ရွတ်ခါမှ ဖယ်ရှားသွားကြသတတ်။
တစ်နေ့တွင် ဆရာတော်သည် ဝတ်ရုံကျောင်းကြီးပေါ်၌ တရားရှုပွားတော်မူရာ ကျောင်းဖိနပ်ချွတ်၌ ပြိတ္တာတစ်ဦးလာ၍ ပေကပ်ထိုင်နေသဖြင့်-
“သင်-ဘယ်သူလဲ” ဟု မေးတော်မူရာ-
“နန္ဒိယပါဘုရား၊ ကယ်တော်မူပါ” ဟု လျှောက်၏။ ပထမ တိုက်ကြပ်ဘုန်းကြီး ပျံလွန်ရာ သီလစင်ကြယ်သော်လည်း ခန္ဓာကိုယ်၌ စွဲလမ်းသဖြင့် ညှိုးနွမ်းပိန်ချုံးစွာ စားရမဲ့၊ ဝတ်ရမဲ့ ပြိတ္တာဘဝ ရောက်နေရခြင်း ဖြစ်သည်။
ဒကာ ဒကာမ များအား အလှူအတန်းပြုစေ၍ အမျှဝေရာ ထိုနေ့ညမှာပင် ကိုယ်ရောင် အဆင်း လှပတောက်ပြောင်စွာဖြင့်-
“တပည့်တော် အထက်နတ်ပြည်သို့ သွားရပါမည်ဘုရား” ဟု ရိုသေစွာ ရှိခိုး လျှောက်လှာ၏။
သတ္တဝါတို့အား ကယ်တင်ရာ၌ မြတ်စွာဘုရားရှင်၏ တရားတော်သည် လွယ်ကူ ထက်မြက် နှစ်သက်ဝမ်းမြောက် အားကိုးလောက်ပေစွာ့။
တရားဖြင့် ရောဂါကို ကာကွယ်ပေးခြင်း
လောက၌ အသိဉာဏ်ရှိသူတို့သည် ပို၍ အလုပ်လုပ်ကြရ၏။
ညောင်လွန် ဆရာတော်များ ခေတ်တခု၌ ကာလဝမ်း၊ ပလိပ်ကပ်၊ ကျောက်ကြီး စသော ရောဂါများ ထူပြောလှသည်။ အဆင့်ဆင့် အားကောင်းသော မှန်ဘီလူးများ-တစ်ခုနှင့်တစ်ခု တွေ့မြင်ရပုံချင်း မတူသကဲ့သို့ ရောဂါကို ကာကွယ်ကုသကြရာ၌ အမြင်ချင်းမတူညီ နိုင်ပေ။ ရာသီဥတုကြောင့်၊ ပိုးကြောင့်၊ ကြွက်သေကြောင့်၊ နတ် စသည် ဖမ်းစားသောကြောင့် စသည်ဖြင့် ကိုယ်မြင်ရာကိုယ်ပြော၍ ကိုယ်သဘော ပေါက်သလို ကာကွယ်ကုသ ကြကုန်၏။
အပြည့်စုံဆုံးသော အမြင်အသိသည် ဗုဒ္ဓဝါဒ၌သာ ရှိလေသည်။
လယ်တီဆရာတော်ကဲ့သို့ပင် ညောင်လွန် ဆရာတော်လည်း ရောဂါများနှင့် လိုက်တမ်း ပြေးတမ်း ကစားနေရ၏။ လူတို့ အကျင့်သီလ အင်အားနည်းပါးခြင်း၊ အစာရေစာ ခေါင်း ပါးခြင်း စသည်တို့ကြောင့် အမနုဿ ရောဂါဘေးတို့ များကုန်၏။
ရှင်အာနန္ဒာသည် ဝေသာလီပြည် ကပ်ဆိုးရောဂါကြီး ကျရောက်စဉ် ရတနသုတ် ပရိတ်တော်ကို တစ်လုံး၊ ရွတ်ဖတ် ကယ်တင်တော်မူသကဲ့သို့ ၊ သီလ သမာဓိ ပညာ အင်အားကောင်းသော သူတော်ကောင်းကြီးများ အရေအတွက်ကလည်း နည်းပါးလှ သေးသဖြင့် မသူတော်တွေ များသလောက် သူတော် သူမြတ်တို့၌ အလုပ်များတော် မူကြရ၏။ “ရှေ့သို့ စစ်လဲတိုက်ရ၊ နောက်ပြန်၍ သူနာပြုလဲ လုပ်ရ” သကဲ့သို့ ခရီးမတွင်ဘဲ ရှိကြရလေသည်။
အရပ်လေးမျက်နှာရှိ ရပ်ရွာ မြို့နယ်များ၌ ကပ်ရောဂါကြီး ပြန့်ပွားနေ့စဉ် မိမိ ကျောင်းတိုက်နှင့် ဂေါစရဂါမ်ရွာများဆီသို့ မရေမတွက်နိုင်အောင် လာနေကြသော ဘီလူးများ၊ ပြိတ္တာများကို ကျွဲအုပ်ကြီးများကဲ့သို့ မြင်တော်မူရာ ရဟန်းရှင်လူ အားလုံးအား သီလစောင့်ရန်၊ မေတ္တာပွားရန် နှိုးဆော်တော်မူသည်။ ပရိတ် ကမ္မဝါများကိုလည်း မွှန်နေအောင် ရွတ်ဖတ်, နာကြားစေ၏။
ထို့ကြောင့် ဆရာတော့် ပတ်ဝန်းကျင်၌ ကပ်ရောဂါကြီးများ မဖြစ်ပွားခဲ့ပေ။ ဖြစ်စ ပျိုးရာ ရွာများ၌လည်း လုံးဝ ငြိမ်းစဲစေခဲ့၏။ အမနုဿများ အုပ်စုလိုက် လှည့်ရှောင် ထွက်သွားကြရာ သွားလမ်းတစ်လျှောက်ရှိ အဝေးရပ်ရွာများ၌ ရောဂါဖိစီး ခံကြရသည်ကိုလည်း မြင်နေတော်မူ၏။
အဘိညာဉ်မရ နေပါရိုးလား
ဆရာတော်သည် တစ်နေ့တခြား ပိန်ချုံးကာ အရိုးပေါ်အရေတင် မသေရုံပင် ရှိတော်မူ၏။ ရံခါ တစ်ဝါတွင်းလုံး စာဝါများကို ရပ်စဲကာ အသေအလဲ ရှုပွားတော်မူသည်။ လောကီသမာဓိမျှကိုသာ ရ၍ အကြားအမြင် ဗဟိဒ္ဓအာရုံ၌သာ စိတ်ညွှတ်ကာ သမာပတ်ရှစ်ပါး ဈာန်ကစားခြင်းဖြင့် တရားမတက်နိုင်ဘဲ ရှိလေ၏။ အကြားအမြင် အာရုံများကို ခြေရာခံ၍ အဘိညာဉ်(တန်ခိုး အမျိုးမျိုး) ရရန် ဦးလှည့် ရှုပွားတော်မူပြန်သည်။
“ကသိုဏ်းဆယ်ပါးနှင့် အသုဘ၊ ဗြဟ္မဝိဟာရ ဈာန်သမာပတ်တွေ လွယ်လွယ်နှင့် ရနေမှတော့ ယခုအခါ အဘိညာဉ်ကော မရနိုင်ပေဘူးလား” ဟု ယခုတိုက်အုပ် ဆရာတော် (ဦးနာယက) က လျှောက်ထားဖူး၏။ ဆရာတော်က ကိုယ်တွေ့နှင့် ထင်မြင်ချက်များကို စိတ်ဝင်စားဖွယ် အောက်ပါအတိုင်း အမိန့် ရှိတော်မူသည်။
“အဘိညာဉ်ကတော့ ယခုအခါ ပေါက်ရောက်ဖို့ တော်တော် ခဲယဉ်းတယ်။ ဘာကြောင့်လဲ ဆိုရင် သတ္တဝါတွေ တရား မစောင့်ကြတော့ ဥတုမမှန် ဖောက်ပြန်တယ်။ ဥတုဖောက်ပြန်တော့ ဥတုဇရုပ်တွေ၊ ဥတုအကြောင်းခံတဲ့ အသီးအနှံ အာဟာရတွေ ဖောက်ပြန် ညံ့ဖျင်းလာတယ်။ စားသောက်မှီဝဲရတဲ့ လူတွေမှာလဲ အာဟာရဇရုပ်တွေ ညံ့ဖျင်း၊ ဥတုဇ၊ အာဟာရဇရုပ်တွေ ညံ့တော့ တွဲဘက် ကမ္မဇရုပ်တွေလဲ မခိုင်မာနိုင်တော့ဘူးပေါ့။
ထိုရုပ်တွေပေါ် မှီတွယ်နေတဲ့ စိတ်ဓာတ် သမာဓိအားလဲ ကောင်းသင့်သလောက် မကောင်းဘဲ ညံ့ဖျင်းလာတယ်။ ရုပ်တွေ၊ စိတ်တွေညံ့ပြီး အားမကောင်းခြင်းကြောင့် သန္တာန်အစဉ်ခေါ်တဲ့ အတ္တဘော ခန္ဓာကိုယ်ကြီး မခိုင်ဘဲ ဝိသုဒ္ဓိမဂ်မှာ လာတဲ့အတိုင်း ၁၄-ပါးသော အခြင်းအရာတို့ဖြင့် စိတ်ကို မဆုံးမနိုင်ကြလို သမာပတ်ရှစ်ပါးကို ရနေကြပေတဲ့ အဘိညာဉ်မပေါ်ပေါက်နိုင်ဘဲ ဖြစ်ကြရတယ်”
ဤကား ဆရာတော်၏ ထင်မြင်ချက်ဖြစ်၏။
ဆရာတော် သီတင်းသုံးရာ ဒေသ၊ ထိုခေတ် ထိုအခါ ကာလသည် အလွန် ခေါင်းပါး၏။ မိုးခေါင်၏။ အစာရေစာ ဆွံ့ရှား၏။ ရောဂါဘယ များပြား၏။ သိပ္ပံပညာလည်း မတိုးတက်သေး။ ဆရာတော်တွေ့ကြုံရသော အချိန်အခါနှင့် အရပ်ဒေသကိုကြည့်လျှင် ဆရာတော် အမိန့်ရှိချက်များ ဟုတ်မှန်ပေရာ၏။
သို့ရာတွင် ဤယခုခေတ်ကား အချိန်အားဖြင့် မကြာမြင့်လှသေးသော်လည်း ထို ခေတ်အခါနှင့် လုံးဝခြားနားလာ၏။ အစာအာဟာရများလည်း ခြားနားလာ၏။ တိုးတက် ကောင်းမွန်လာ၏။ ကျန်းမာရေး ဆေးဝါး ဓာတ်စာများလည်း မနှိုင်းယှဉ် သာအောင် တိုးတက်လာသည်။ သေသေချာချာ ခေတ်ကိုစဉ်းစားပါလျှင် ဆေးဝါး ဓာတ်စာ အစာအာဟာရ များ တိုးတက်ကြောင်း ထင်ရှားလှပေ၏။
အစာအာဟာရကို ထားဘိဦး၊ အစားအစာ မစားဘဲလျက် ရက်လများစွာ နေနိုင်သော သဘောများလည်း ရှိရာ ကံစိတ် ဥတု အာဟာရ လေးပါးတွင် စိတ်သာလျှင် ပြဋ္ဌာန်း၏။ “စိတ်-စိတ္တဇရုပ် သည်သာလျှင် ကျန်တိဇရုပ်တို့အား ဦးဆောင် ထိန်းချုပ်ထားနိုင်ကြောင်း” အဋ္ဌကထာဋီကာတို့၌လည်း ဖွင့်ဆိုကြသည်။
ထို့ကြောင့် ဆရာတော်၏ အယူအဆသည် ဆရာတော်တို့ခေတ်ကာလ၊ ဆရာတော် သီတင်းသုံးရာဒေသနှင့် ကြည့်သော် မှန်ကန်ပေလိမ့်မည်။
မည်မျှလောက် အစာအာဟာရ ကြမ်းသည်ဆိုစေ၊ တစ်ခါက ဗုဒ္ဓနှင့် ဗုဒ္ဓ၏တပည့်များ မြင်းစားဂျုံကြမ်းများ စားရသည်လောက် မဆိုးရွားသေးချေ။ အင်အားရှိသော ခေတ်သို့ မရောက်သေးခြင်းသည် အဓိကအကြောင်းဖြစ်သည်။ ဆရာတော်၏ ကတာဓိကာရ ဘဝပါရမီက ထိုသို့ပင် သဘောပေါက်စေခြင်းလည်း ဖြစ်နိုင်ရာသည်။
မည်သို့ဆိုစေ၊ ဆရာတော်ကိုယ်တိုင် စွန့်စွန့်စားစား အဘိညာဉ်ရရန် ကျင့်ပွား တော်မူရာ ကိုယ်တွေ့ဖြစ်ရပ်ကို မိန့်တော်မူသည်မှာကား အထူး စိတ်ဝင်စားဖွယ်၊ ကြည်ညိုအားကျဖွယ် ကောင်းလှပါဘိသည်။
အနာဂတ်သာသနာအတွက် အားရစရာ ဗျာဒိတ်
“တို့များ အဘိညာဉ်မရရင် နေပါရိုးလားလို့ အားခဲစိတ်တင်းပြီး ဝိသုဒ္ဓိမဂ်မှာ လာတဲ့အတိုင်း ၁၄-ပါးသော အခြင်းအရာတို့ဖြင့် ဈာန်ကစားကာ စိတ်ကို ဆုံးမမယ် ဆိုပြီး အားထုတ်လိုက်တာ ပထမဈာန်ကနေ အဆုံး နေဝသညာနာ သညာယတန ဈာန်တိုင်အောင် အနုလုံ ဝင်စားလို့ရတယ်။ အနုလုံ ဆုံးကာရှိသေး၊ ခြေတွေ လက်တွေ သယ်မရတော့ဘူး။
ပဋိလုံဆုံးအောင် (အဆုံးကနေ အစ) တစ်ဖန် ပြန်ပြီးများ ဝင်စားလိုက်ရင် ချက်ချင်း သွေးကြော လေကြောတွေ ပြတ်ထွက်သွားမလားလို့တောင် ထင်ရတယ်။ ဒါနဲ့ လက်လျှော့ လိုက်ရတယ်။
“ဒါဟာ ဘာ့ကြောင့်လဲဆိုတော့ ခန္ဓာကိုယ် မခိုင်ခံ့လို့ဘဲ။ တကယ်လို့ မင်းများရော၊ တိုင်းသူပြည်သားများပါ တရားစောင့်လာကြလို့ ဥတုရာသီ ကောင်းမွန်လာမယ် ဆိုရင်တော့ သာသနာပမှာတောင် ရနိုင်သေးတာ၊ သာသနာတွင်းမှာ ဘောက်မယ့် မရနိုင်ဘဲ ရှိရမှာလဲ၊ အမှန်တကယ် ရနိုင်ပါတယ်။
“နောင်အခါ ကတာဓိကာရ (ဆုယူတောင့်တဖူးသူ) ဖြစ်ပြီး “ပါရမီရှိတဲ့ ပုဂ္ဂိုလ်ထူးများ” ပေါ်ပေါက်သောအခါ မဂ်နှင့်တပါထဲ တစ်ပြိုင်နက်ထဲ သမာပတ် တွေရော၊ အဘိညာဉ် တွေရော၊ (ပု၊ ဒိ၊ အာ စသော) ဝိဇ္ဖာတွေရော အထူး မပွားများ ရဘဲနဲ့လဲ ရနိုင်တယ်၊ အဲဒီအခါမှာ အဘိညာဉ်တွေ ဝိဇ္ဖာတွေရတဲ့ ပုဂ္ဂိုလ်ထူးများ ပေါ်ပေါက် လာလိမ့်ဦးမယ်”
ဆရာတော်သည် ထိုစကားကို စာချရင်းဖြစ်စေ၊ စကားအလျဉ်းသင့်တိုင်း ဖြစ်စေ မကြာခဏ မိန့်တော်မူ၏။
ထိုမိန့်ခွန်းတော်ကပင် ဆရာတော်များ မရှိသည့်နောက်တွင် “ဈာန်အဘိညာဉ်ရ ရဟန္တာပုဂ္ဂိုလ်ထူးများ ပေါ်ပေါက်လာလိမ့်မည်” ဟူသော (အနာဂတ် သာသနာ အတွက်) ဗျာဒိတ်စကားပင် ဖြစ်သည်။ ယင်းသို့ဆိုသော် ခေတ်သည် အများ ထင်သကဲ့သို့ ပို၍ ဆိုးသွမ်း မလာဘဲ ကောင်းမွန်တိုးတက်ကာ သာသနာတော် ထွန်းလင်းလာမည်မှာ သေချာလှပေသည်။
“ခေတ်ကြီးက ဆုတ်ကပ်ကြီး၊ အသက်တွေကလဲ တိုတောင်း၊ လူတွေကလဲ ဒုစရိုက် သောင်းကျန်းနေတယ်၊ သာသနာ့အန္တရာယ် အယူဝါဒ အရှုပ်အထွေးတွေကလဲ များလိုက်တာ၊ တရားထူးရဖို့ ဝေးကုန်ပြီ၊ ဈာန်အဘိညာဉ်ရတဲ့ ရဟန္တာပုဂ္ဂိုလ်ထူးတွေ ပေါ်ပေါက်ဖို့က သာပြီး ခက်သေးတယ်” စသည်ဖြင့် ထင်ရာ ထင်ရာ ပြောဆိုကြသေး၏။
“အတွေးတတ်၊ စာတတ်သူများက ပြောသော် ဆင်ခြေဆင်လက် အကိုးအကားများ ပါလာတတ်သဖြင့် နားယောင်ဖွယ်ဖြစ်၏။ အထင်သည် အမြင် မဟုတ်ချေ။ အဋ္ဌကထာဆရာတို့ အကြမ်းစား ခွဲတမ်းချထားသော ခေတ်ငါးခေတ်ကိုလည်း တစ်ထစ်ချ မယူရာ။ “ကတာဓိကာရ” ကိုအဘယ်ခေတ်၊ အဘယ်သူကမျှ မပိတ်ပင် မဟန့်တားနိုင်ချေ။ အရှင် မောဂ္ဂလိပုတ္တတိဿ၊ အရှင် နာဂသိန်၊ အရှင် အရဟံ၊ အရှင် ဒိဗ္ဗစက် စသော ဈာန်အဘိညာဉ်ရ အရိယာ သူတော်ကောင်းများ ပေါ်ပေါက်လာသောခေတ် များသည် ခေတ်ကောင်းကြီးများ မဟုတ်။ သာသနာတွင်း၌ အယူဝါဒရေးရာ အရှုပ်ဆုံးဖြစ်၏။ “ရှင်း၍ရပါတော့မလား” ဟုပင် ထင်ရသည်။
လောကရေးရာ၌လည်း ထို့ထက် ရှုပ်သောခေတ် မရှိတော့ပြီ။ ထိုခေတ်ရှုပ်၊ ခေတ်ကျပ်၊ ခေတ်ဆိုးကြီးများကပင် ပြောင်းပြန် လှန်ပစ်နိုင်အောင် အင်အား ကြီးမားသော ပုဂ္ဂိုလ်ထူးကြီးများကို ပင့်ဆောင်၍ ပေးတတ်ကြကုန်၏။ လင်းခါနီးတွင် ပို၍ မှောင်တတ်သည်။
“သူတော်ကောင်းက တစ်ဦးတလေ၊ လူယုတ်မာတွေက အများကြီး” ဟု ရုပ်ဝတ္ထု အရ စဉ်းစား၍ ရသောအရာမဟုတ်။ ဓမ္မဗလ = တရားအားကို မြင်၍မရ။ တစ်လောကလုံး မှောင်မည်းနေ၏၊ လ,နေကား တစ်စင်းတည်း။ ထိုဥပမာအတိုင်း ဘုရားရှင်ကလည်း ....
“သော မံ လောကံ ပဘာသေတိ၊ အဗ္ဘာမုတ္တော ၀ စန္ဒိမာ = ထိုသူကား အမိုက် တိမ်ထုမှ လွတ်ထွက်လာသော လမင်းကဲ့သို့ တစ်လောကလုံးကို အလင်းရောင် ပေးနိုင်သူဖြစ်ပြီ” ဟု ရဟန္တာဖြစ်သွားသော အရှင်များအား စကားဘိသိက် သွန်းတော်မူလေ့ရှိသည်။ (လောကံ = မိမိ ခန္ဓာငါးပါး၊ ပင်ရင်းအနက်။)
“အာဇာနည် ထွက်ပေါ်ရာ၊ ရဟန္တာအရှင်မြတ်တို့ သီတင်းသုံးရာဌာနသည် ငြိမ်းအေး ချမ်းသာ၏” ဟုလည်း ဟောတော်မူ၏။
ဆရာတော်၏ ဗျာဒိတ်စကားများ ဤယနေ့ပင်လျှင် မှန်ကန်စပြုနေကြောင်း တွေ့နေရပြီ ဖြစ်၏။ သက်တော် ထင်ရှားရှိသော၊ သိတော်မူ၊ မြင်တော်မူသော ဆရာတော်ဘုရားကြီး များကလည်း ၂၅၀၀-တွင် တစ်ခေတ်ဆန်းလာမည့် ယနေ့ သာသနာ ကို (သဒ္ဓါသူများအား) ဖွင့်ဆိုတော်မူနေကြ၏။
“မာ ဝေါ မယံ -ဝိရာဓေထ = အခွင့်ကောင်းကြီးကို လက်မလွတ်ကြစေရာ”
အန္တရာယ်များသော အကြားအမြင်
ဆရာတော်သည် ၁၂၇၄-ခုနှစ်မှ ၁၂၈၀-ပြည့်နှစ် ကျော်လွန်သည်အထိ ခုနစ်နှစ် ရှစ်နှစ်ခန့် သမာပတ်ကစားကာ ဗဟိဒ္ဓ အာရုံများ၌သာ နစ်မျောတော်မူနေဟန် ရှိသည်။ ဝိပဿနာသို့ ကူးပြောင်း ရှုပြန်ပါသော်လည်း မရ။ အနှစ်နှစ် ခြိုးခြံ ခေါင်းပါးစွာ မအိပ်မနေ ပွား၍ အားအင်လည်း ကုန်ခန်းလျက် ပန်ပန်းလွန်း အားကြီးကာ ရောဂါဝေဒနာ ဖိစီးလေ၏။
ဝေဒနာကို ရှုမှတ်ရင်း မခံသာသော အခါ စိတ်သက်သာရာရသော ဗဟိဒ္ဓအာရုံ (လူ့ပြည် နတ်ပြည် စသည် ကြည့်ရှုနေခြင်း) ၌ လဲ၍လဲ၍ ကျသွားဟန်တူသည်။
ပုထုဇဉ်ဘဝဖြင့် ဈာန်ကစားရခြင်း၊ အကြားအမြင် ပေါက်ခြင်းများသည် အန္တရာယ် များလှ၏။ ထို့ကြောင့် “ယောဂီသည် အာရုံနိမိတ်ကိုမလိုက်ရ၊ ဖြစ်ပျက်မှုကိုသာ မြင်သည်ထက် မြင်အောင် ရှုရာ၏။”
ဝိသုဒ္ဓိမဂ် အဋ္ဌကထာနှင့် မဟာဋီကာ စုတူပပါတခန်း၌-
“ပုထုဇဉ်အတွက် အမြင်ဓာတ် (ဒိဗ္ဗစက္ခု)သည် အန္တရာယ်များ၏။ ဈာန်ရူး ရူးစေ တတ်သည်ဖြစ်၍ ဝိပဿနာသို့ အားသွန်တက်ရမည်” ဟု မိန့်မှာကြသည်။
စင်စစ် အကြားအမြင်တို့သည် အရိယမဂ်နှင့် မထိန်းချုပ်နိုင်ပါမူ အန္တရာယ်များလှ၏။ ဝိပလ္လာသ မကင်းသော ပုထုဇဉ်ကို မဆိုထားဘိ၊ အောက်တန်း အရိယာတို့ကိုပင် နှောင့်နှေးမှု ဖြစ်စေနိုင်ပေသည်။
ထို့ကြောင့် မြတ်စွာဘုရားရှင်က ဒိဗ္ဗစက္ခုတဒဂ်ရ ရှင်အနုရုဒ္ဓါအား အမြင်ဓာတ် နှင့်စပ်၍ (ဥပရိပဏ္ဏာသ ဥပက္ကိလေသသုတ်၌) အန္တရာယ်များပုံကို အကျယ် ဟောတော်မူဖူး၏။ ရှင်အနုရုဒ္ဓါသည် ဒိဗ္ဗစက္ခု ရလိုက်-ပျောက်လိုက် သမာဓိမငြိမ် ဖြစ်နေစဉ် အလောင်းတော်ဘဝက ဖြစ်စဉ်များကို ဟောပြ၍....
“အတိနိဇ္ဈာယိတတ္တံ ရူပါနံ စိတ္တဿ ဥပက္ကိလေသော = ဗဟိဒ္ဓအာရုံတို့ကို တစိမ့်စိမ့် အလွန်အကျွံ ကြည့်ရှုငေးမောနေခြင်းသည် စိတ်ညစ်ညူးကြောင်းပင်တည်း” ဟု ညွှန်ပြကာ အမြင်ပေါက်၍ အဆင့်ဆင့် ညစ်ညူးမှုများ ရောက်ပုံကို ဟောတော်မူဖူး၏။
သိမ်မွေ့သော အခုအခံကလေးများ
(အလဂဒ္ဒူပမ သုတ်၌) ကူးမြောက်ပြီးလျှင် ပစ်ခဲ့ရသော ဖောင် ဥပမာကဲ့သို့ “ဓမ္မ ကိုပင်လျှင် ပယ်ရမည်။ အဓမ္မကိုမူ ဆိုဖွယ်မရှိ” သမထ (သမာပတ်) ၌ စွဲငြိမှု၊ ဝိပဿနာဉာဏ်၌ စွဲငြိမှုများကိုပယ်ရန် ဟောတော်မူသည်။
(လဋုကိကောပမသုတ်၌) နေဝသညာဈာန်ထိစွဲငြိမှုနှင့် (မဟာတဏှာသင်္ခယသုတ်၌) ဝိပဿနာဉာဏ်၌ အနုစားအထိ တွယ်တာနေမှုများကို ပယ်ရန် ဟောတော်မူ၏။ ထိုငြိတွယ်မှုများ အားလုံးသည် နိကန္တိ ချုပ်ကိုင်ထားသော “ဓမ္မဝိတက် ခေါ် ဝိပဿနုပတ္တိလေသ များသာတည်း။ (အံ၊ ၃၊ ပံသုဓောဝက သုတ်အဖွင့်။)
ထို့ကြောင့် “အာရုံနိမိတ် အားလုံးကို နှလုံးမသွင်းမူ၍ “အနိမိတ္တ စေတောသမာဓိ ဖြစ်အောင် နေရမည်” ဟု (မဟာဝဂ္ဂသံယုတ် - အနိမိတ္တပဉှသုတ်၌) ဟောတော် မူပြန်သည်။
သစ်ခုတ်ယောက်ျားသည် သစ်ပင်ကို အလွန်ထက်သော ရဲဒင်းဖြင့် ခုတ်ပိုင်းရာ ရဲဒင်းစာများ လွှာကနဲ တိကနဲ ပြတ်လွင့်၍ ပြတ်လွင့်၍ သွားသောအခါ “ငါ့ ရဲဒင်း တယ်ထက်ပါကလား” ဟု ခုတ်လိုက် ကြည့်လိုက် လုပ်နေလျှင် ခရီးမတွင် နိုင်ကြောင်း ယင်းအဋ္ဌကထာ (သံ၊ဋ္ဌ၊၃၊၁၂၉) ဆရာက ဥပမာပေးခဲ့လေသည်။
“ယောဂီ၏ တာဝန်ကား ခန္ဓာကိုယ်သစ်ပင်ကြီး အမြစ်ပြတ် အဆုံးတိုင် မရပ်မနား ခုတ်ပိုင်းသွားရန် တာဝန်မျှသာတည်း။”
တစ်ချိန်က မဟာစည်ဆရာတော်ဘုရားကြီး ရိပ်သာ၌ အဂ္ဂမဟာအကျော် ဆရာတော်ကြီး တစ်ပါး တရားရှုမှတ်စဉ် သူ၏အမြင်ကို သူ့အား ပင့်လာသူ ယောဂီ ဒကာမကြီးအား ပြောပြရာ “တစ်နေ့လာလဲ ဒါ၊ တစ်နေ့လာလဲ ဒါက မတက်၍ ဒကာမကြီးက စိတ်မရှည်တော့ဘဲ “ဦးပဉ္စင်းက တရားမှတ်ပါဆို၊ ဒန်းစီး၊ ဘိုင်စကုပ် ကြည့်နေတာကိုး။ ရှေ့ဘယ်တက်တော့မှာလဲ” ဟု ဆိုလေသည်။ ပီတိနှင့် နိမိတ်တွင် ကျွံနစ်နေသည်ဟု ဆိုလို၏။
ဤနေရာ၌ ဒိဗ္ဗစက္ခုဧတဒဂ်ရ ရှင်အနုရုဒ္ဓါ ရဟန္တာမဖြစ်နိုင်ဘဲရှိနေစဉ် အရှင် သာရိပုတ္တရာကဲ့သို့သော ဆရာကောင်း မိတ်ကောင်းရ၍ အခုအခံကလေးများ ကျွတ်လွတ်ကာ ရဟန္တာဖြစ်သွားခဲ့သော ထုံးကို နှလုံးမူသင့်၏။ ရှင်အနုရုဒ္ဓါက အရှင်သာရိ ပုတ္တရာအား-
“အရှင်ဘုရား၊ တပည့်တော် ဒိဗ္ဗစက္ခုဖြင့် လောကဓာတ် တစ်ထောင်ကိုပင် မြင်နိုင်ပါသည်။ ဝီရိယလဲမဆုတ်၊ သတိလဲထင်၊ ကိုယ်ငြိမ်းအေးမူလဲရှိ၊ သမာဓိလဲ တည်ပါသည်။ ထိုသို့ဖြစ်ပါလျက် အဘယ့်ကြောင့် ရဟန္တာမဖြစ်ဘဲ နေရပါသလဲ ဘုရား” ဟု လျှောက်၏။ ထိုအခါ အရှင်သာရိပုတ္တရာက သူပြောသော စကားကပင် အဖြေထွက်နေသည့်အလျောက်-
“ငါ့ရှင်၊”လောကဓာတ်တစ်ထောင် မြင်နိုင်ပါသည်” ဆိုတာ မာနဘဲ။ “ဝီရိယလဲ မဆုတ် (လ) သမာဓိလဲ တည်ပါသည်” ဆိုတဲ့အကြံသည်ပင် သင့်စိတ်ပြန့်လွင့်မှု (ဥဒ္ဓစ္စ) ဖြစ်တယ်။
“ထိုသို့ဖြစ်ပါလျက်” ဆိုတဲ့ စကားကိုက သံသယ ကုက္ကုစ္စ ငြိနေပြန်ပြီ။ မာန-ဥဒ္ဓစ္စ-ကုက္ကုစ္စ အခုအခံ သုံးမျိုးကို ဖယ်ရှားလိုက်ပါ။ “အမတာယ ဓာတုယာ စိတ္တံ ဥပသံဟရတု = နိဗ္ဗာန ဓာတ်ကြီးဆီသို့ စိတ်ကို ပို့ဆောင်ထားလိုက်ပါ” ဟု အခုအခံ များကို ထောက်ပြလိုက်ရာ ရှင်အနုရုဒ္ဓါ ရဟန္တာဖြစ်တော်မူလေသည်။ (တိကအင်္ဂုတ္တရ-ဒုတိယ အနုရုဒ္ဓသုတ်။)
ထို့ကြောင့် တစ်ဆင့်ထက်တစ်ဆင့် သိမ်မွေ့လှသော အရိယစခန်းတွင် အခုအခံ ကလေး များ ကင်းစင်၍ ကိစ္စပြီးမြောက်လွယ်စေရန် ဆရာကောင်း မိတ်ကောင်းနှင့် ညွှန်ကြားတိုင်း လိုက်နာလွယ်သူဖြစ်ဖို့ အရေးကြီးလှပေသည်။
တလောကလုံးကို မြင်တော်မူခြင်း
ဆရာတော်သည် ဗဟိဒ္ဓအာရုံများကို လျစ်လျူရှု၍ လက္ခဏာရေး သုံးပါးကိုသာ ဆင်ခြင်တော်မူရာ လောကဓာတ်တစ်ခုလုံး သဏ္ဌာန် ဆိတ်သုဉ်း၍ ဖြစ်ပျက်ချည်း ထင်နေတော်မူ၏။ ရံခါ လမ်းသွား၍ပင် မရအောင် ဒယီးဒယိုင် ကစမ်းကဝါး ဖြစ်၍နေသဖြင့် မနည်းသတိဖြင့် ကြွတော်မူရသည်။ ရံခါ ပြင်းထန်သော လုံ့လ ဒဏ်ကြောင့် ရောဂါဝေဒနာများကို မလွန်နိုင်အောင် ရှိတော့၏။
၁၂၈၂-ခုနှစ်သို့ ရောက်သောအခါ အရေးကြီးလျှင် ကြီးသလို စာဝါများ တစ်ဝါတွင်းလုံး ပိတ်၍ မအိပ်မနေ “သေသော်လည်း မြတ်၏” ဟု အားတင်းကာ ရှုပွားတော်မူ၏။
၁။ ထိုနှစ် နယုန်လဆန်း ၁၁-ရက် နံနက်သုံးနာရီတွင် ဝတ်ရုံ ကျောင်းကြီး ပေါ်ရှိ ထိုင်နေကျ ကြိမ်ကုလားထိုင်ကြီးပေါ်၌ ရှုပွားရာ ပထမ မဂ်ဖိုလ်ကို ရတော်မူ၏။
၂။ ထိုနှစ် နယုန်လပြည့်ကျော် သုံးရက်နေ့ည ၁၁-နာရီတွင် ဝတ်ရုံ ကျောင်းကြီးပေါ်ရှိ မြောက်ဘက်စာချခန်း၌ ဒုတိယအဆင့် ပြီးမြောက်တော် မူသည်။
၃။ ထိုနှစ် ထိုလပြည့်ကျော် ငါးရက်နေ့ နံနက်အရုဏ်တက်တွင် ကမ္မဋ္ဌာန်း ချောင်ရှိ ဖန်ခါးပင်ကျောင်းပေါ်၌ တတိယအဆင့် ပြီးမြောက်တော်မူသည်။
၄။ ထိုနှစ် ထိုလပြည့်ကျော် ခုနစ်ရက်နေ့ နံနက်သုံးနာရီတွင် စေတီတော် မြတ်ကြီးအား မျက်နှာသစ်တော်ရေ၊ ဆီမီးများ ကပ်လှူပြီး အာရုံခံ တန်ဆောင်းကြီး အုတ်နံရံကိုမှီ၍ မြောက်ဘက်သို့ မျက်နှာမူကာ ရှုပွားရင်း နံနက်လေးနာရီ အရုဏ် တက်တွင် (အာသဝက္ခယဉာဏ် အရဟန္တ ဘူမိသို့ “ပု၊ ဒိ၊ အာ” ဟူသော ရှေးရှေး ဘဝတို့ကို မြင်တော်မူနိုင်သော ပုဗ္ဗေနိဝါသဉာဏ်၊ နတ်မျက်စိ ပမာ လိုရာကို ထိုးထွင်း ကြည့်မြင်နိုင်သော ဒိဗ္ဗစက္ခုဉာဏ် စသော အဘိညာဉ် ခြောက်ပါးနှင့်အတူ) ရဟန္တာ ဖြစ်တော်မူ၏။
ထိုအချိန်မှစ၍ ရှေးရှေးသော သံသရာ၌ ကျင်လည်ခဲ့ရသော မိမိ၊ သူတစ်ပါးတို့၏ ဘဝများကို မြင်တော်မူသည်။
လက်ငင်းဒိဋ္ဌရှိနေသော လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာ့ဘုံနှင့် ငရဲကြီးရှစ်ထပ် စသည်တို့ကို လည်းကောင်း၊ ထိုထို သတ္တဝါတို့၏ သေခြင်း၊ ရှင်ခြင်း၊ လာရာ၊ သွားရာဘုံဘဝ ဂတိတို့ကို လည်းကောင်း၊ အနာဂတ်၌ ဖြစ်လတ္တံ့သော အခြေအနေတို့ကို လည်းကောင်း ကွင်းကွင်း ကွက်ကွက် ဉာဏ်မျက်စိဖြင့် အတိအကျ သိမြင်တော်မူ၏။
ရှေးယခင်က လောကီသမာဓိဖြင့် မြင်သည်ထက် အဆပေါင်းများစွာ သာလွန် ထိုးထွင်း၍ လင်းလင်းချင်းချင်းကြီး မြင်တော် မူကြောင်း (မိမိကဲ့သို့ သက်စွန့်ကြိုးပမ်း လျက်ရှိသော ယောဂီတပည့် အချို့အား တိုက်တွန်း သောအားဖြင့်) မိန့်ကြား တော်မူသည်။
(စကားအလျဉ်းသင့်၍ မှတ်သားလွယ်ကူစေရန် နှစ်၊ လ၊ ရက်များ အတိအကျ တဆက်တည်း ဖော်ပြလိုက်ပါ၏။)
ဆရာတော်ကမူ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုပြီး နောက်တစ်ရက် ညနေချမ်းတွင် ကမ္မဋ္ဌာန်းချောင်၌ လုပ်ဖော်ကိုင်ဖက် မထေရ်ကြီးများနှင့် တပည့်ယောဂီ ရဟန်းငယ်များ စုံညီစွာ ဆည်းကပ်ကြရာတွင် ထူးခြားကြည်လင်သော အသားအရေ တည်ငြိမ်သော ဣန္ဒြေတော်ဖြင့်-
“ဘုန်းကြီးတို့၊ ဦးပဉ္စင်းတို့၊ ရဟန်းတရားဟာ မနေမနား အသက်ကိုပင် စွန့်ပြီး မှန်မှန်ကန်ကန် အားထုတ်ရင် မုချရနိုင်ပါတယ်။ ယုံယုံကြည်ကြည်နဲ့ မဆုတ်မနစ် ကြိုးစားကြစမ်းပါ။
“သယံ အဘိညာ သစ္ဆိကတွာ” ဆိုတဲ့အတိုင်း ကိုယ်တိုင်ကိုယ်ပိုင် ဆုံးဖြတ်လို့ ရအောင်ကို သိသာထင်ရှားစွာ မျက်မှောက်ပြုရပါလိမ့်မယ်။ “ဝေသာရဇ္ဇုပ္ပတ္တော ကိုယ့်အလုပ်ကိုယ် နိုင်နိုင်နင်းနင်း ကျွမ်းကျွမ်းကျင်ကျင် ဖြစ်အောင်သာ လုပ်ကြပါ။ “အပရပ္ပစ္စယော” ဘယ်သူ့ကိုမှ ဆရာတင်စရာ မလိုဘဲ ကိုယ်ဟာကိုယ် ယုံကြည် နိုင်တဲ့ အသိဉာဏ် ရှိလာတာပဲ။
“ဒိဋ္ဌဓမ္မ” (မြင်)၊ “ပတ္တဓမ္မ” (ရ)၊ “ဝိဒိတဓမ္မ” (သိ) ဖြစ်တယ်ဆိုရင်ပဲ “ဝိဂတ ကထံ ကထော၊ တိဏ္ဏဝိစိကိစ္ဆော” ဆိုတဲ့ အတိုင်း ဟိုတုန်းက မတင်မကျ နှလုံးနှစ်ခွဖြစ်ပြီး “ဟုတ်မှ ဟုတ်ပါ့မလား” လို့ တရားအပေါ်ရော မိမိပါရမီကိုရော သို့လော သို့လော ဖြစ်သမျှ အတွေးအထင်တွေဟာ တစ်ခါထဲ လင်းကနဲ ရှင်းထွက်သွားပါလိမ့်မယ်။
တကယ့်ကို ယုံယုံကြည်ကြည်နဲ့ တကယ်လုပ်ရင် အဟုတ်ဖြစ်နိုင်တယ် ဆိုတာ တပည့်တော်လဲ ယခုမှ တိတိကျကျ ဘုရားရှင် ဝန်ခံ ဟောကြားတော် မူတာကို ရဲရဲကြီး ထောက်ခံ တိုက်တွန်းနိုင်တော့တယ်။ ကြိုးစားကြစမ်းပါ” ဟု အမိန့် ရှိတော်မူသည်။
ဝေဘူဆရာတော်ကိုယ်တွေ့ ညောင်လွန့် နှစ်ကိုယ်ခွဲ
“အဘိညာဉ်မရ နေပါရိုးလား” စသော အဆိုအမိန့်များ ညောင်လွန့် ထေရုပ္ပတ္တိအရ ဖော်ပြခဲ့ခြင်း ဖြစ်သည်။
ဆရာတော်သည် အဘိညာဉ်ရအောင် ကြိုးစားသော်လည်း အဘိညာဉ် မရ၊ ပု၊ ဒိ၊ အာ- ဟူသော ဝိဇ္ဇာသုံးပါးဖြင့် ရဟန်းကိစ္စပြီးမြောက်ကြောင်း၊ ဝါ၊ တေဝိဇ္ဇ ရဟန္တာ အရှင်မြတ်ကြီးဖြစ်ကြောင်း ထေရုပ္ပတ္တိအရ ဖတ်ရှု ကြည်ညိုခဲ့ကြရ၏။ သို့ရာတွင် ကျေးဇူးရှင် ဝေဘူဆရာတော်ကြီး ခန္ဓာဝန်ချပြီးနောက် ဝေဘူဆရာတော်ကြီး၏ အကြောင်းအရာများကို လေ့လာသောအခါ ညောင်လွန့်ဆရာတော်ဘုရားကြီး၏ ကျေးဇူးဂုဏ်ကိုပါ ဖြည့်စွက်ကြည်ညိုခွင့် ရခဲ့ပါသည်။
ကျေးဇူးရှင် ဝေဘူ ဆရာတော်လောင်းလျာသည် ၁၂၈၅-ခုနှစ် ရှစ်ဝါခန့်တွင် ရွှေဘို ပုသိမ်ကြီးတောရမှ ထွက်ခွာ၍ တောတောင်အနှံ့ကြွရောက်ကာ အာနာပါနတရားကို ရှုပွားတော်မူရာ လ,ပိုင်းအတွင်းမှာပင် လောကီ အဘိညာဉ်များနှင့်တကွ တတိယ ဆင့်ထိ ပေါက်မြောက်တော်မူဟန် ရှိသည်။
မိမိရရှိ သိမြင်သော တရားကို ထပ်ဆင့်အတည်ပြုချက် ရယူရန် လိုအပ်၍လောမသိ၊ ထိုနှစ်မှာပင် ညောင်လွန့်တောရသို့ ကြွတော်မူ၏။ ထိုတောရရှိ စေတီတစ်ဆူ၌ တံမြက်ဝတ်ပြုနေသော ဘုန်းတော်ကြီးတစ်ပါးအား ဦးစွာ ဦးချရာ ဘုန်းတော်ကြီးက အကျိုးအကြောင်း မေးမြန်းပြီးလျှင်-
“ညောင်လွန့်ဆရာတော် ယခု ကျောင်းကြီးပေါ်မှာ စာချနေသေးတယ်။ မကြာခင် ပြီးတော့မှာပါ။ ဒီမှာပဲ ဦးပဉ္စင်း ခဏစောင့်ဦး” ဟု မိန့်တော်မူ၏၊
ဝေဘူလောင်းလျာလည်း ထိုစေတီ၌ပင် စေတိယင်္ဂဏ ဝတ်ပြုရင်း ခေတ္တ စောင့်ဆိုင်း နေရာ ဘုန်းတော်ကြီးက ကျောင်းကြီးပေါ်မှ စာလိုက် သံဃာများ ဆင်းကြွလာ သည်ကို လက်ညှိုးညွှန်လျက်-
“ကဲ-ကဲ-ဦးပဉ္စင်း၊ စာဝါပြီးပါပြီ။ ကြွပေတော့” ဟု ပြောပြောဆိုဆို ဘုန်းတော်ကြီး တံမြက်စည်းကိုင်၍ ရပ်နေခဲ့စဉ် ဝေဘူလောင်းလျာလည်း ကန်တော့ပြီး စာချ ကျောင်းကြီးပေါ်သို့ တက်သွားရာ ညောင်လွန့် ဆရာတော်ဟူသည် မည်သို့သော ပုဂ္ဂိုလ်မျိုးဖြစ်ကြောင်း ကိုယ်တွေ့ ဖူးမြင် ကြည်ညိုခွင့် ရလေတော့သည်။
“စာချနေတဲ့ ဆရာတော်ဟာ တံမြက်လှည်းနေတဲ့ ဘုန်းတော်ကြီး ဖြစ်နေသဟဲ့။ ဒါက လောကီပေါ့ဟယ်” ဟု ဝေဘူဆရာတော် ကိုယ်တိုင် (အင်ကြင်းပင် ကမ္မဋ္ဌာန်း ကျောင်းတည်စက ခုဒ္ဒသိက္ခာ အဋ္ဌကထာ အဘိညာဉ်ခန်းကို စာချစဉ် ယခုရှိသော ကျောက်ဆည် ဒုတိယ ဝေဘူဆရာတော် ဓမ္မာစရိယ ဦးအာစာရတို့အား) အမိန့်ရှိဖူးကြောင်း ဦးအာစာရက စာရေးသူအား ပြောပြဖူးပါသည်။
ဤအချက်ကို ထောက်ဆသော် ထေရုပ္ပတ္တိလာ “အဘိညာဉ်မရ နေပါရိုးလား” ဆိုသော စကားသည် အစောပိုင်း အဘိညာဉ် ထူထောင်ခါစ အချိန်က အမိန့်ရှိသော စကားသာ ဖြစ်ဟန်ရှိပေသည်။ သူတော်ကောင်းတို့၏ သဘောတော်ကား သိခက်ပေစွာ့။ ဝေဘူချောင်၌ သိမ်သုံးလုံးရှိရာ မူလသိမ်မှာ “အရိယာသိမ်” ဟု ခေါ်တွင်၍ ညောင်လွန့်ဆရာတော်၊ စွန်းလွန်းဂူစသော ဆရာတော်များ ပါဝင် သမုတ်ခဲ့သော သိမ်ဖြစ်၏။ ဝေဘူဆရာတော်ကြီး အလေးဂရုပြုသော ဆရာတော် များတွင် ဆရာတော်သည် တစ်ပါး အပါအဝင် ဖြစ်တော်မူခဲ့ပါသည်။
မယုံသော ဆရာတော်များနှင့် မိုးကြိုးသံ
“ရဟန္တာဖြစ်သည်ကို ဘုရားပွင့်သလောက် ခက်ခဲမည်” ဟု ယူဆကာ အားလျှော့ နေကြသော ခေတ်ဖြစ်၍ အသားအရေ၊ ဣန္ဒြေနှင့် အနေအထိုင်မှအစ အားရ ကျေနပ်လောက်သည်ကို ဖူးတွေ့ ကြရသော်လည်း ရဟန္တာ ဖြစ်တော်မူသည်ကို တိုက်ရိုက်လည်း မိန့်ကြားတော်မမူ၍ မယုံကြည်သူများလည်း ရှိခဲ့ကြ၏။ ထို မယုံသည့်ဘက်၌ စာသန်သော မိတ်ဆွေနှင့် တပည့်များ အများဆုံးပါဝင် နေကြသည်။
ကောလာဟလများလည်း တစ်နေ့တခြား ပြန့်ပွားကာ အရပ်ရပ်မှ အတူနေ ဆရာတော်ကြီးများပင် တိုင်ပင် ထားကြသကဲ့သို့ တစ်နေ့သောအခါ ညောင်လွန့်တောရ၌ ဆုံစည်း မိကြသည်။ ထိုဆရာတော်များကား-
၁။ ညောင်လေးပင်မြို့ ကောက်ကွေ့ ဝေဇယန္တာ ဆရာတော် ဘုရားကြီး၊
၂။ မုံရွာခရိုင် ချောင်းဦးမြို့ အဂ္ဂမဟာပဏ္ဍိတ ဆရာတော် ဦးဒီပ၊
၃။ လယ်ဝေးမြို့ ပတ္တပိုဏ် ဆရာတော် ဦးအာစရ၊
၄။ ပျော်ဘွယ်မြို့ ဇီးတောမင်းလှ သာစည် ဂိုဏ်းချုပ် ဆရာဟော်ကြီး ဦးနရိန္ဒ၊
၅။ ပျော်ဘွယ်မြို့ ထန်းတပင်တောရ ဆရာတော် ဦးစန္ဒန-
စသော မထေရ်ကြီးများ ဖြစ်ကြ၏။
ဦးကဝိန္ဒ(မူလငွေတောင်တောရ ဆရာတော်ကြီး) သီတင်းသုံးသော ဖန်ခါးပင် ကျောင်းတွင် စုဝေးသီတင်းသုံးခိုက် “ရတယ်၊ မရလောက်ဘူး” တစ်ဖက်နှင့်တစ်ဖက် အငြင်းပွားခဲ့ကြသည်။
“ကဲ-ကဲ စကားရှည်တယ်ဗျာ၊ ထန်းတပင် ဆရာတော်က တိုက်အုပ် ဆရာတော်ကို လျှောက်ရဲပါတယ်။ ယခု ရောက်နေကြတဲ့ “ဆရာတော်များအားလုံး ဦးကဝိန္ဒလဲ ပါတယ်၊ အရှင်ဘုရား.. တရားထူးရတယ်ဆိုတာကို မယုံကြည်နိုင်ကြလို့ ယုံကြည်ပါ ရအောင် အသေအချာ အမိန့်ရှိပါလို့ လျှောက်ချေဗျာ၊ ပြီးတော့ အမိန့်ရှိသမျှ ကျုပ်တို့ကိုပြန်ပြော” ဟု ဦးစန္ဒနအား တွန်းပို့ကြသည်။ ဦးစန္ဒနလည်း ချက်ချင်း ထသွားကာ မရွံ့မရဲ လျှောက်ထားရလေ၏။
“ဦးစန္ဒန၊ တို့များ အရိပ်အမြွက် အားကျဖို့ တိုက်တွန်း ပြောကြားခဲ့တာဟာ ကောက်ကွေ့ဆရာတော်၊ ချောင်းဦးဆရာတော်၊ လယ်ဝေးဆရာတော်၊ ဦးကဝိန္ဒတို့ ယုံကြည်အောင် ပြောခဲ့တာမဟုတ်ဘူး ဦးစန္ဒန။ ဒီမှာ အဟုတ်လုပ်နေတဲ့ ယောဂီတွေ အတွက်ပြောတာ။ သူတို့တတွေဟာ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ဘူး။ ချမ်းချမ်းသာသာ နေဖို့သာ အားထုတ်ကြတာ။
တို့များကိုယ့်ကိုကိုယ် ဖိုးသူတော် ဖြစ်အောင် ဝါကြွားပလွှားပြီး ပြောမယ့် အစားလား ဆိုတာ သိကြရမယ်။ တို့ဟာ စာပေကျမ်းဂန်တွေလဲ လေ့ကျက် ပို့ချနေတာ အဓိမာန (အထင်ရောက်မှု) လား၊ အဟုတ်လားဆိုတာ မသိဘဲ နေပါ့မလား၊ တရားဆိုတာ မျက်မှောက်ရရှိတဲ့ ပုဂ္ဂိုလ်မှာ မိုးကြိုးပစ်တာထက် ထင်ရှားပါတယ်” ဟု ရဲရင့် ပြတ်သားစွာ မိန့်တော်မူ၏။ ထိုခေတ်ကား ထိုသို့ပင် မိန့်ဆိုရမည်ကဲ့သို့ ရှိပေသည်။
ထန်းတပင် ဆရာတော်က လျှောက်ထားပြီး ချက်ချင်းပင် တစ်လုံးမကျန် ပြန်၍ ထေရ်ကြီးများအား လျှောက်ရာ-
“ကဲ-ဘယ့်နှယ်ရှိစ၊ တိုက်အုပ်ဆရာတော် အမိန့်ရှိတာ ဟုတ်ပေသပ။ ကျုပ်တို့က ခန္ဓာကိုယ်ကို တယ်-အလိုလိုက်ကြ၊ ညှာကြတာကလား။ အောက်အောက် အရိယာတောင်မှ အထက်အထက် အရိယာကို မသိနိုင်ဘူး ဆိုတာ ကျုပ်တို့က အောက်အောက်ထဲမှာတောင် မပါကြဘူး။ တိုက်အုပ် ဆရာတော်ဟာ သူမတူ စွန့်စွန့်စားစား လုပ်တာ အားလုံးအသိပါပဲ။ စာပေကျမ်းဂန်နဲ့ ကြည့်ရင်ပဲ ယုံမှားစရာ မရှိပါဘူး။ ခုတော့ ပိုပြီးသေချာသွားတာပေါ့” ဟု ဝမ်းသာအားရ ပြောဆိုကြကုန်၏။
တစ်နေ့သောအခါ အဆိုပါ ဦးစန္ဒန ဆရာတော်သည်ပင် အထူးလျှို့ဝှက်စွာ ဆရာတော်ထံ အချိန်ယူချဉ်းကပ်၍ အစဉ်အဆက် လေးနက်ယုံကြည်စွာ ဒိဋ္ဌာနုဂတိ (အတုယူ) ကျင့်သုံး နိုင်ကြစေရန် ရည်ရွယ်လျက် တရားထူးရသော နှစ်၊ လ၊ ရက် များကို အသေးစိတ် လျှောက်ထားခဲ့၏။ ဆရာတော် ပရိနိဗ္ဗာန် ပြုပြီးနောက် ထေရုပ္ပတ္တိရေးကြမည် ရှိကာမှ ညောင်လွန့်ယောဂီ ဆရာတော်များအဖွဲ့သို့ ထို မှတ်တမ်းကို ပေးပို့ခဲ့သည်။ (ရှေ့၌ပြခဲ့ပြီ။)
ဆရာတော် ပျော်ဘွယ်မြို့အနီး မင်းတန်းရွာကျောင်း သိမ်သမုတ်ကြွစဉ် ပျော်ဘွယ်မြို့မှ အဘိဓမ္မာတတ် ကျောင်းအမ ယောဂီကြီး ဒေါ်စောက-
“မဂ်ဖိုလ်စိတ်က နိဗ္ဗာန်ကို ဘယ်လို အာရုံပြုတယ်၊ သိတယ်ဆိုတာ သိလိုပါသည် ဘုရား” ဟု လျှောက်ရာ-
“အိပ်ပျော်နေတဲ့ လူရဲ့ ဘဝင်စိတ်ဟာ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်ကို အာရုံပြုနေ သလိုပဲပေါ့” ဟု ဖြေကြားကာ-
“တစ်စုံတစ်ယောက်က သင်အိပ်ပျော်နေတုန်းက ဘာကိုသိနေသလဲ (အာရုံပြု နေသလဲ) မေးရင် ဘာမှမသိဘူးလို့ ဖြေရသလို အရိယာ ပုဂ္ဂိုလ်များ မဂ်ဖိုလ်စိတ် ဖြစ်နေတဲ့အခါမှာ ဘယ်လိုနေပါသလဲ မေးရင် ဘာကိုမှ မသိဘူးလို့ ဖြေရပေ လိမ့်မယ်။ ဒါပေမယ့် ဘာကိုမှ မသိပြီးတဲ့နောက် ပြန်ပြီး စဉ်းစား ဆင်ခြင်လိုက်တဲ့ အခါကျတော့ ဘာကိုသိနေတယ်ဆိုတာ ကိုယ်တိုင် သိရတာပါပဲ” ဟူ၍ အမိန့် ရှိသည်မှာလည်း မှတ်သားဖွယ်ရာ တစ်ရပ်ပင်။
ဆရာတော်၏ ဓမ္မာဘိသမယ (တရားထူးရခြင်း) နှင့် စပ်၍ ဆရာတော် ရေးသား ပြုစုခဲ့သော “သမထ ဝိပဿနာ နယသင်္ခေပကျမ်း”၊ “ဂဏစာရိက ပဋိပတ္တိကျမ်း”၊ “နိဗ္ဗာနတ္ထ ပကာသနီကျမ်း”၊ ယင်းကိုပင် အရေးပိုင် ဦးကျော်ဒွန်း ဖွင့်ဆိုသော “နိဗ္ဗာနတ္ထ ဝိဘာဝနီ၊ နိဗ္ဗာနတ္ထ ဝိဿဇ္ဇနာကျမ်း” တို့ဖြင့် အကဲဖြစ်နိုင်ပေသည်။
ဝိနည်း အဓိက ပိဋကသုံးပုံ၌ ကျွမ်းကျင်တော် မူကြောင်းကိုလည်း “တိပိဋက ပကိဏ္ဏကဒီပနီ” (မိုးနံကုန်း ဝိနိစ္ဆယ) သုံးတွဲကို ကြည့်လျှင် သိသာလှပေသည်။ ထိုတွင် ပထမတွဲမှာ ဆရာတော်ကြီး အဆုံးအဖြတ်များ ကို ကိုယ်တော်တိုင် မွမ်းမံ၍ ရေးသားပြီးလျှင် ကျန်နှစ်တွဲမှာ အရပ်ရပ် မေးလျှောက်ချက်များကို ကိုယ်တော်တိုင် ဖြေရှင်းချက်များ ဖြစ်ကုန်၏။
တစ်စပ်တည်းရသော တပည့် ၂-ကျိပ်ကျော် တရားထူးရခြင်း
ဆရာတော်သည် ၁၂၈၂-ခုနှစ်မှ နောက်ကာလတွင် ပရိယတ်ကို အနည်းအကျဉ်း မျှသာ ပို့ချ၍ ပဋိပတ်ကိုသာ အထူး အားပေးတော်မူ၏။ ၁၂၈၇-ခုနှစ်တွင် စာဝါများမချဘဲ တစ်တိုက်လုံး တရားအားထုတ်ခိုင်းတော်မူ၏။ “တရားအားမထုတ် လိုသော ပုဂ္ဂိုလ်များ၊ စာသင်လိုတဲ့ ပုဂ္ဂိုလ်များ အခြား စာသင်တိုက်များသို့ ပြောင်းရွှေ့ကြ” ဟုပင် ညွှန်ကြား၍ တိုက်တွင်း သံဃာများအား ဝိပဿနာ တရားကိုသာ အခါ အားလျော်စွာ ဟောကြားဆုံးမတော် မူသည်။
ဆရာတော်ကား သိတတ်သောအချိန်မှစ၍ ဗုဒ္ဓဝေယျာဝစ္စ၊ အာစရိယ ဝေယျာဝစ္စနှင့် အလွန်ကြီးလေးသော သဗြဟ္မစာရီ (သီတင်းသုံးဖော်) သံဃဝေယျာဝစ္စများကို လိုလေသေးမရှိ ဆောင်တော်မူ၏။ “မိခင်နွားမသည် မိမိလည်းမြက်ကိုစားရင်း သားငယ်ကိုလည်း တစ်ဖက်က စောင့်ရှောက်သကဲ့သို့ သောတာပန် ပုဂ္ဂိုလ်လည်း မိမိတရားကို အားတက်သရော ကျင့်ကြံ နေလျက်က သီတင်းသုံးဖော် ဝတ်ကိုလည်း ဖြည့်ဆည်းမြဲ ဖြစ်သည်” ဟု (မူလပဏ္ဏာသ- ကောသမ္မိယသုတ်လာ) သောတာပန် ဓမ္မတာခုနစ်ပါးနှင့် ရှေးမဆွကပင် ညီညွတ်လှပေ၏။ သီတင်းငယ်များအား သံဝေဂဖြစ်ဖွယ်၊ အားကျဖွယ်များကို ညွှန်ပြ၍လည်းကောင်း၊ သီတင်းကြီးများအား “ယုံယုံကြည်ကြည်ဖြင့် တင်းတင်းရင်းရင်း တစ်စပ်တည်းရအာင် အားထုတ်ရန်” တိုက်တွန်း၍လည်းကောင်း ပဋိပတ္တိသာသနာ ပြုတော်မူ၏။
ယခုအခါ ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီး ကလည်း-
“အိမ်အမိုးကို စပ်မိအောင်မိုးမှ အကျိုးရှိသကဲ့သို့ ၂၄-နာရီ စင်သွားအောင် ရှုမှတ်ရန်” အထူး တိုက်တွန်းတော်မူလေ့ရှိ၏။
“သာတစ္စကာရီ = အမြဲလုပ်နေရမည်၊
သက္ကစ္စကာရီ = လေးလေးစားစား လုပ်ရမည်ဟု လည်းကောင်း၊
ယာနိကတာ = ယာဉ်ကို အချိန်မရွေး မောင်းနှင်၍ ရအောင် အဆင်သင့် က, ထားရမည် (စက်နှိုးထားရမည်)၊
ဝတ္ထုကတာ = အမြဲ ထိုအလုပ်ခွင်၌ပင် (ခြေသလုံးအိမ်တိုင်) ရပ်တည်နေရမည်”
စသည်ဖြင့်လည်းကောင်း ဟောတော်မူသည်မှာ ဤအချက်ပင် ဖြစ်သည်။ မရမနေ အသေအလဲ အပန်းတကြီး လုပ်ခြင်းမျိုးကို ဆိုလိုသည်မဟုတ်။
ရေခပ်သူသည် ရေခပ်သွားသောအခါမှ ထမ်းပိုးရေပုံးတို့ကို ယူ၍ ခပ်၍ ထည့်၍ပြီးလျှင် ရေခပ်ခြင်းကိစ္စ ပြီးတော့သည်။
ဝိပဿနာအလုပ်ကား ထိုသို့မဟုတ်။ ကမ္မဋ္ဌာန်း ၄၀-တွင် အခါအားလျော်စွာ တစ်ခုခု ကိုင်မိလျက်သားရှိနေရ၏။ ဥပမာ –အာနာပါနကို တစ်နေ့ နှစ်နာရီထိုင်လျှင် ပြီးရောမမှတ်ရ”၊ ကျန်အချိန်များတွင် (လမ်းလျှောက်ရင်း လုပ်ရင်း ကိုင်ရင်း) လည်း မေတ္တာပွား၍ဖြစ်စေ၊ ဗုဒ္ဓါနုဿတိပွား၍ ဖြစ်စေ၊ သတိပဋ္ဌာန် (ဣရိယာပုထ်၊ သမ္ပဇည) ပွား၍ဖြစ်စေ၊ တတ်နိုင်ပါလျှင် အာနာပါန (မူလ ကမ္မဋ္ဌာန်း) ကိုပင် ရှုမှတ်၍ ဖြစ်စေr တစ်ခုမဟုတ်တစ်ခု အချိန်တိုင်း ကိုင်မိလျက်သား ရှိနေရမည်ဟု ဆိုလိုပေသည်။
ပင်ပန်းခက်ခဲမည် ထင်ရသော်လည်း လက်တွေ့တွင် အလွန် လွယ်ကူချမ်းသာ၍ သမာဓိအား ဉာဏ်အား များ သိသိသာသာ တိုးတက်ကြောင်း တွေ့မြင်ကြရ၏။ ထို့ကြောင့် “တစ်စပ်တည်း ရပါစေ” ဟု ဆရာတော်ဘုရားကြီးများ တဖွဖွ ဆုံးမ တိုက်တွန်းတော်မူခြင်းသည် စာတွေ့ လက်တွေ့ ညီညွတ်လှပါပေ၏။
၁၂၈၃-ခုနှစ် ဝါဦးမှစ၍ တစ်တိုက်လုံး ပဋိပတ်အားထုတ်ကြရာ ရဟန်းတော်ပေါင်း နှစ်ဆယ်ကျော်မျှ တရားထူး မျက်မှောက်ပြုကြသည်ဟု မှတ်တမ်းပြုထားကြသည်။ ၁၂၈၄- ခုနှစ်တွင်မှ ပရိယတ်ကို ချပိုမြဲ ချပို့၏။
အသိမှန် မမှန် ချိန်ကိုက်ရန် ငယ်နိုင်
“ယဒါ ဟဝေ ပါတုဘဝန္တိ ဓမ္မာ၊ အာတာပိနော ဈာယတော ဗြာဟ္မဏဿ”
ဟု ဘုရားရှင် ဥဒါန်းကျူးတော်မူသကဲ့သို့ ကိလေသာ ခွာချရန် လုံ့လဝီရိယ သန်သန်နှင့် မှန်မှန်ရုပ်နာမ်ကို ကြည့်ရှုနေသော ယောဂီမှန်သမျှ သူ့အလိုလို နဂိုပြကတေ့ ကြောင်းကျိုးဆက်၍ ဖြစ်ပျက်နေမြဲသော သဘောတရားတို့သည် ဖုံးထားကွယ်ရှောင်၍မရ၊ ဉာဏ်အမြင်၌ ပြထင်၍ ပေါ်လှာပေးကြရ၏။
အကြောင်း အကျိုးတို့ကို သိမြင်ရာ၌ အကြောင်းရင်း အကြောင်းဖျား၊ အကြောင်း၏ အကြောင်း၊ အဆက်ဆက်သော အကြောင်း (ဟေတု၊ ပစ္စယ) များကိုလည်းကောင်း၊ အကျိုး များကိုလည်း အကျိုးရင်း အကျိုးဖျား၊ အကျိုး၏ အကျိုး၊ အဆက်ဆက်သော အကျိုး (ဖလ၊ နိဿန္န) များကို လည်းကောင်း ထင်မြင်လာကုန်၏။ နေတ္တိပါဠိတော်လာ “အာရုယှာရုယှ သြရုယှာရုယှ” သဘော၊ သမ္မသနဉာဏ်၏ သဘောတို့ပင်တည်း။
တစ်စုံတစ်ခုသော လောကဖြစ်ရပ်များကို ရှုကြည့်သိမြင်ရာ၌လည်း ထိုသို့ပင် ကြောင်းကျိုး ကွင်းဆက်များကို ပုဂ္ဂိုလ်သတ္တဝါနှင့် တွဲ၍ပင် တွေ့မြင်ရတတ်သည်။ ရံခါ အစစ်အမှန် မဟုတ်သော ဆင်လုံးကြောင်းကျိုး ကွင်းဆက်များ ဝင်လာ၍ ပညာသိမဟုတ်၊ ဆင်ခြင်တုံ သိဖြစ်သော “ကာရဏာနုမာန၊ ဖလာနုမာန သဘောသို့ သက်လျှောကျဆင်းကာ အသိဉာဏ် လွဲချော်စေတတ်ပြန်သည်။
ထိုအခါ ယောဂသည် တစ်စုံတစ်ရာ၌ တွယ်တာငြိကပ်မှုကို ဖယ်ခွာ၍ မေတ္တာ ပွားခြင်း၊ သစ္စာပြုခြင်း၊ အဓိဋ္ဌာန်ခြင်းတို့ဖြင့် ခွဲခြားယူငင်မှသာ အမှန်တကျ ဖြစ်လာနိုင်၏။ သမာဓိ ရင့်ကျက်လာပါလျှင်ကား ဆိုဖွယ်မရှိ။ စင်ကြယ်စွာပင် သိမြင်လာ၏။
“အထဿ ကင်္ခါ ဝိပယန္တိ သဗ္ဗာ” ထိုအခါ “ဖြစ်မှဖြစ်ပါ့မလား၊ လမ်းစဉ်မှန် ဟုတ်မှ ဟုတ်ပါ့မလား၊ ခံစားသူရှိသလား၊ စေခိုင်းသူရှိသလား၊ ဇာတိဇရာမရဏ ဟူသည် မည်သူ၏ ဇာတိ ဇရာ မရဏနည်း” စသည်ဖြင့် ပစ္စုပ္ပန် အတိတ် အနာဂတ် အမြင် မပြတ်အောင် ရှုပ်ထွေးပွေလိမ်နေခဲ့ရသော ယုံမှားသံသယများ အားလုံး ချုပ်ပျောက် လွင့်စဉ် သွားကြကုန်၏။
ထိုကြောင့်လည်း သမာဓိအား မကောင်းသေးဘဲလျက် ဗဟိဒ္ဓ အာရုံနိမိတ်ကို မသုံးသပ်ရာ။ မလိုက်ရာ။ (တိက အင်္ဂုတ္တရ ပံသုဓောဝက သုတ်လာ)-
-ဉာတိဝိတက် = (ဆွေရေးမျိုးရေး အကြံ)၊
-ဇနပဒဝိတက် = (ရပ်မှုပြည်ရေး အကြံ)၊
-အနဝညတ္တိ ပဋိသံယုတ္တဝိတက် = မိမိအပေါ် အထင်ကြီးစေလိုမှု၊ အထင်မသေး စေလိုမှ အကြံနှင့်
-ဓမ္မဝိတက် = (ဥပက္ကိလေသ ဆယ်မျိုး) များဖြင့် လုံးထွေးကာ အနည်းငယ်သော အသိထူး၊ ပြတ်သားစွာ မသိသော အသိတို့ကြောင့်-
-ကြောက်ခြင်း = (ဘီရု)၊
-မဆုံးဖြတ်နိုင်ခြင်း = (ဝိစိကိစ္ဆာ)
-မိမိကိုယ်ကို အထင်ကြီးခြင်း = (အတ္တုက္ကံသန)၊
-သူတစ်ပါးအား အထင်သေးခြင်း = (ပရဝမ္ဘန)-
စသော မာရ်တပ်ကြီးများ တစ်တပ်ပြီး တစ်တပ် ဝင်ရောက်မွှေနှောက်လာတတ်၏။ သမာဓိအား နည်းသေးလျှင် မေတ္တာစသော ငယ်နိုင် တောင်မြောက်လမ်းပြ အိမ်မြှောင်ရွက်ကို ကြည့်၍ကြည့်၍ သွားသင့်၏။ ယင်းမှတ်ကျောက်၌ တင်၍ တင်၍ စစ်ဆေးရာ၏။ (ဤကား ကျွန်ုပ်တို့ သဘောသက်ဝင်ခြင်းမျှသာ။)
မိုးရွာအောင် လုပ်နိုင်သော ဆရာတော်
တရားထူးရသော တပည့်များပါ များပြားလာ၍ ဆရာတော်၏ ဂုဏ်သတင်းလည်း တစ်နေ့တခြား ပြန့်ပွားကာ ၁၂၉၂-ခုနှစ်တွင် သံဃာတော်အပါး ၁၃၀-ကျော်ပင် ရှိလာ၏။ နေမှုစားမှုပင် အတန်ငယ် ကျပ်တည်းခဲ့သည်။
ညောင်လွန့်တောရ၌ သံဃာ ၁၃၀-ကျော် ရှိနေတော်မူကြရာ ဂေါစရဂါမ် ရွာများ၏ အင်အားနှင့် မမျှတချေ။ ထိုဒေသလည်း ပင်ကိုယ်၌က မိုးခေါင်ရေရှား ဒေသဖြစ်၍ လူရော ရှင်ပါ ကျပ်တည်းလှသည်။ နယ်နှင့်ချီ၍ နှစ်နှစ်-သုံးနှစ် မိုးဆက်ခေါင်နေ သဖြင့် တောင်သူ လယ်သမားများ သီးနှံ မစိုက်ပျိုးနိုင်ရှာကြချေ။ သို့သော် ညောင်လွန့် ဂေါစရဂါမ် ရွာများ မှာ ထူးထူးခြားခြား သီးနှံရနေကြ၏။
“လှူ၍မိုးကောင်း၊ ကောင်းလေလှူလေ” ဝမ်းမြောက်၍ နေကြရ၏။ မလှမ်းမကမ်း ကျေးရွာများကပင် “သူတို့ရွာ မိုးကောင်းမှာပေါ့အေ၊ ညောင်လွန့် ကျောင်းတိုက်ကြီး ရှိနေတာ ကိုး” ဟုပင် စကားနာထိုးကြလေ၏။
ရမည်းသင်း ခရိုင် အခွန်တော် စည်းကြပ် ကောက်ခံရသော အင်္ဂလိပ် လူမျိုး များကပင် ထိုဒေသ ပတ်ဝန်းကျင်ရှိ ရွာများစွာအနက် ဂေါစရဂါမ် သုံးလေးရွာ၌သာ ထူးထူးခြားခြား တမင်လာ၍ ကွင်းဆင်း၊ အခွန်ကောက်နေရသည်ကို နှစ်စဉ်လိုလို ကြုံနေရသဖြင့် ဆရာတော်အာ “မိုးကောင်းတောရ ကိုယ်တော်ကြီး” ဟုပင် ခေါ်ကြသည်။
တစ်ခုသော နှစ်တွင် ဂေါစရဂါမ်ရွာများ၌ပင် အချိန်မီ ရေမရ၍ ဒုက္ခရောက်နေကြစဉ် ညဘုရားဝတ်တက်အပြီး သံဃာတော်များအား-
“ဦးပဉ္စင်းတို့၊ သတ္တဝါတွေ မိုးခေါင်လို့ အလွန်သနားစရာ ကောင်းနေပြီ။ မပေါ့ကြနှင့်။ သီလကို အထူးသုတ်သင်ကြ။ မိုးနတ်သားကစပြီး သတ္တဝါတွေ အားလုံးကို မေတ္တာဘာဝနာ အထူးပွားကြပါ” ဟု သြဝါဒပေး တိုက်တွန်းတော်မူသည်၊
တစ်ညနေတွင် ဂျိုးအင်းရွာကျောင်းသို့ ကိုယ်တော်တိုင်ကြွကာ တစ်ရွာလုံး တရားနာ ခေါ်၍ ငါးပါးသီလကို တင်းတင်းရင်းရင်း အစောင့်ခိုင်းကာ -
“သဗ္ဗေသတ္တာ ဒုက္ခာ မုစ္စန္တု၊ သမ္မာဒေဝေါ ပဝဿတု = သတ္တဝါအားလုံး ဆင်းရဲ ကင်းကြပါစေ၊ မိုးကြီး သည်းစွာ ရွာပါစေ”
ဟု မေတ္တာပွား ဆုတောင်းခိုင်းတော်မူရာ ထိုနေ့ည၌ပင် မိုးကြီး ရွာချလေ၏။
ဗြဟ္မဒတ်မင်း၏ အာဟာရဓာတ် လက်တွေ့ သုတေသန
သတ္တဝါတို့ ချမ်းသာစီးပွား များစေရန် သူတော်ကောင်းကြီးများသည် မိမိတို့ ရှိသမျှ အင်အားဖြင့် “အားချိန်နားချိန်မျှ မထားဘဲ” ကြိုးစားရွက်ဆောင်တော်မူကြောင်း ပြခဲ့ပြီ။ မိုးရွာခြင်း၊ မိုးခေါင်ခြင်း စသည်ကြောင့် ချမ်းသာ ဆင်းရဲ ရခြင်း၌ လူတို့၏ ကိုယ်ကျင့်တရားနှင့် ဆပ်စပ်နေကြောင်း ယုံကြည်သူ နည်းလှချေသေး၏။ (ဝလာဟကသံယုတ် စသော ပါဠိတော်၊ အဋ္ဌကထာတို့၌) အတိအလင်းပင် ဟောကြား ဖွင့်ဆိုသည်မှာ များလှပေ၏။
မယုံ၍ တစ်စုံတစ်ခုသော ကိုယ်ကျင့်တရားကို စမ်းသပ်ရုံမျှပင် မကျင့်သုံးကြသဖြင့် ယုံစရာလည်း မတွေ့ဖြစ်ကာ ရုပ်ကိုပင် အားကိုးရာ ထင်မှတ်၍ ချဉ်းကပ်ကြ ပြန်ပါသော်လည်း မိုးလွန်၊ မိုးခေါင်၊ ရေကြီး၊ မီးလောင်၊ တောင်ပြိုကွဲ၊ ငလျင် တော်လည်းခြင်းမှအစ “သဘာဝ အန္တရာယ်” ဟု ဆိုကာ ရုပ်ဆရာ သိပ္ပံပညာရှင် တို့ကလည်း “ဒါ ငါတို့မတတ်နိုင်” ဟုကား မပြောကြဘဲ စကားယဉ်ယဉ်ဖြင့် ခပ်အင်အင်လုပ်နေကြပြန်၏။ “မိမိကိုယ်ကိုသာ အားကိုးရာ” ဟု မမြင်သော လူသား တို့ဘဝသည် သနားစရာ ကောင်းလှပါပေ၏။
ယခုအခါ ဗြဟ္မဒတ်မင်းကဲ့သို့ တရားစွမ်းအင်ကို စမ်းသပ်လေ့လာသူများ ပေါ်ပေါက် သင့်လေပြီ။ ထိုမင်းသည် တစ်နေ့သောအခါ မြို့ပြ စနည်းနာရင်း ဟိမဝန္တာ ရသေ့ကြီးထံ ရောက်သွားစဉ် ရသေ့ကြီးက စားနေကျ ညောင်သီးဖြင့် ဧည့်ခံရာ ချိုမြိန်လှသဖြင့် အကျိုး အကြောင်းမေးလျှင်-
“မင်းများမှအစ လူတို့တရားစောင့်လျှင် သီးနှံများ သြဇာရှိ၍ တရားမစောင့်လျှင် သြဇာညံ့ဖျင်း ရသာကင်းသည်” ဟု မိန့်သည်ကို မယုံကြည်၍ “လက်တွေ့ စမ်းမည်” ဟု ပြန်လာခဲ့၏။ တိုင်းပြည်ရောက်လျှင် တရားမရှိ ဓားမရှိ မိမိ ထင်ရာလုပ်၍ အုပ်ချုပ်ရေးစနစ် ပြောင်းပြီး ရသေ့ကြီးထံ ပြန်လာရာ ညောင်သီးဖြင့်ပင် ဧည့်ခံသောအခါ စားကြည့်လျှင် ခါးလှသဖြင့် ရသေ့ကြီး အမိန့်ရှိသည်မှာ မှန်ကန်ကြောင်း ဝန်ခံလျှောက်ထားရလေ၏။ (စတုက္ကနိပါတ်၊ ရာဇောဝါဒဇာတ်။)
နတ်ဆွမ်းစားသော ကျောင်းတိုက်
တစ်နှစ်တွင် အနယ်နယ်အရပ်ရပ် မိုးခေါင်လျက်ရှိရာ ညောင်လွန့်ဂေါစရဂါမ်လည်း မိုးခေါင်၍ ကျောင်းတိုက်သံဃာများ အတန်ငယ် ဆွမ်းကွမ်း ပါးရှားချို့ငဲ့ကြကုန်၏။ တစ်နေ့တွင် ဆရာတော်သည် မိမိကျောင်းမှ စေတီကြီးဘက်သို့ လမ်းလျှောက်ကြွစဉ် ပြောင်ပြောင်လက်လက် လောလောလတ်လတ် ပေစာတစ်ရွက်ကို တွေ့ရသဖြင့် ကောက်ကြည့်ရာ-
“အရှင်ဘုရားများ ပစ္စည်းလေးပါးအတွက် မစိုးရိမ် မကြောင့်ကြရဘဲ ချမ်းချမ်း သာသာဖြင့် ရဟန်းတရား အားထုတ်ရပါလိမ့်မည်” ဟူသော စာများကို ထူးထူးဆန်းဆန်း ဖတ်ရှုရ၏။ ဆရာတော်ကလည်း ထိုနေ့ ဘုရားဝတ်တက်အပြီး ရဟန်းသံဃာများအား-
“ဦးပဉ္စင်းတို့ သီလကိုသုတ်သင်ပြီး မေတ္တာသာပွားကြ၊ ရဟန်းတရားကိုသာ ကြိုးစား ဆောင်ရွက်ကြပါ။ ဝေရဉ္ဇာပြည်မှာ ဘုရားရှင် သီတင်းသုံးစဉ်ကလောက် မဆိုးသေး ပါဘူး။ သူတော်ကောင်းနတ်တွေကလဲ သံဃာတော်များ မငြိုငြင်ရအောင် စောင့်ရှောက်နေကြပါတယ်။” အချိန်တန်တော့လဲ ဖြစ်လာမှာပါပဲ။ ကိုယ်လုပ်စရာ ရှိတာသာ လုပ်ကြ။ အနုသာသနီ ပါဋိဟာရိယ ခေါ်တဲ့ ဒီ သီလ, မေတ္တာစတဲ့ တန်ခိုးတွေဟာ ကိုယ်က မသိပေမယ့် အလွန် အားကိုးလောက်အောင် အစွမ်း ထက်ကြတယ်။ သမ္မာဒေဝနတ်တွေလဲ ကိုယ့်ကို အကြောင်းပြုပြီး မရေမတွက် နိုင်အောင် ကုသိုလ်တိုးကြရတယ်။ ပရိတ်ရွတ်ခါနီးတိုင်း-
“ယံ အမှေဟိ ကတံ ပုညံ၊ သဗ္ဗသမ္ပတ္တိ သာဓကံ = အကျွန်ုပ်တို့ လုပ်နေတဲ့ ကုသိုလ်ဟာ စကြဝတေး မန္ဓာတ် ချမ်းသာကအစ နတ်ဗြဟ္မာ ချမ်းသာအလယ်၊ နိဗ္ဗာန်ချမ်းသာအဆုံး အလိုရှိသမျှ၊ တောင့်တတတ်သမျှ ချမ်းသာ အားလုံးကို ရစေနိုင်ပါတယ်၊ ဒီ ကုသိုလ်အဖို့ကို သင်နတ် ဗြဟ္မာများအားလုံး အမျှယူကြ၊ ဝမ်းမြောက်စွာ သာဓုခေါ်ကြပါ”
လို့ ဆိုတော့ သူတို့မှာ ချမ်းသာစီးပွား များကြရတာ ကိုယ်က သိချင်မှ သိပေမယ့် သူတို့က သိတယ်။ ကျေးဇူးတင်ကြတယ်။ အဲဒါကြောင့် ဦးပဉ္စင်းတို့ ကြိုးစားကြပါ။ ဦးပဉ္စင်းတို့ သီလ၊ မေတ္တာတွေ ဒိဋ္ဌဓမ္မဝေဒနိယ (လက်ငင်း) အကျိုးပေးရအောင်ဟာ ကူညီပြီး ပါရမီဖြည့်နေကြတယ်။ သာသနာပြုနေကြတယ်လို့ မှတ်ကြရမယ်” ဟု ဆုံးမ သြဝါဒ ပေးတော်မူ၏။
ထို့နောက် များမကြာမီအတွင်း ညောင်လွန့် ရှေ့ တဲမြင့် ခေါ်သော ရွာအနီးရှိ ဘုရားဝင်းအတွင်း တံမြက်လှည်းနေကြသော ညောင်လွန့်ဆရာတော်နှင့် ဘုန်းကြီး ဦးဇောကို ဖူးတွေ့လိုက်ကြရသည် ဟုလည်းကောင်း၊ လယ်ဝေးမြို့ အနီး ရွာတစ်ရွာ၌ ဆရာတော်နှင့် ဘုန်းကြီးဦးဇောတို့ ဆွမ်းခံကြွလာ၍ ဆွမ်းလောင်း ဖူးမျှော်နေကြစဉ် ကောင်းကင်မှ ပျံတက် ကြွသွားသည်ကို မြင်လိုက်ကြရသည်ဟု လည်းကောင်း သတင်းများ ဖြစ်ပွားကာ ဆရာတော်၏ ကျေးဇူးဂုဏ်မှာ နိုင်ငံအနှံ့ ပြန့်ပွားသွားသည်။ အနယ်နယ်အရပ်ရပ်မှ ဆန်အိတ်၊ ဆီပုံး၊ ငပိ၊ ငါးခြောက်၊ သင်္ကန်းစသော ပစ္စည်းလေးပါးတို့သည်လည်း မီးရထား၊ ကားတို့ဖြင့် အဆက်မပြတ် ရောက်လာ ကြကုန်၏။
သေနတ်မီးမကူး၍ ချီးကျူးမကုန်
တစ်ခါက ဆရာတော်သည် (ငွေတောင်တောရ ဦးကဝိန္ဒ၊ ပျော်ဘွယ် ဦးနရိန္ဒ၊ တိုက်ကြပ်ဘုန်းကြီး ဦးနန္ဒိယ၊ ပဲခူးကလျာဏီ ဦးသဒ္ဓမ္မ) နောက်ပါ ဆရာတော် လေးပါးနှင့်အတူ ညောင်လေးပင်မြို့ ခင်တန်းရွာကျောင်း သိမ်သမုတ်ပွဲသို့ ကြွတော်မူရ၏။
အဆောက်အအုံ မရှိသေးသော သိမ်မြေကွက်ပေါ်၌ သိမ်သမုတ်ပြီး၍ သံဃာများနှင့် အတူ ထိုင်နေတော်မူကြခိုက် ဒကာတစ်ဦးက အသံနေအသံထားဖြင့် သိမ်အောင် သြဘာစာကို ဖတ်လျှောက်ရာ ပရိသတ်များမှာ ဝမ်းသာအားရ နားစိုက်ကြည်ညို နေကြ၏။ ရွာသားများက လည်း သြဘာစာဖတ်ပြီးလျှင် သေနတ်ပစ်ဖောက်ရန် အင်္ဂလိပ်လူမျိုး သစ်တောအရာရှိတစ်ဦးအား အနီးအပါးတွင် ကောင်းမွန်စွာ ဧည့်ခံ၍ ထားကြရာ သြဘာစာ ဖတ်အပြီး ထိုအရာရှိအား “သေနတ်ဖောက်တော့” ဟု အချက်ပေး၍ ပစ်ဖောက်ရာ ကျည်ဆန်မထွက်ဘဲ ရှိနေ၏။
ထိုအရာရှိလည်း ကျည်ဆန်ကိုထုတ်၍ အသစ်တစ်တောင့် လဲထည့်ပြန်၏။ မရချေ။ သို့နှင့် ပါသမျှကျည်ဆန် ၅၀-လုံး မီးမကူးဘဲ ရှိနေသဖြင့် အထပ်ထပ် စစ်းဆေး ကြည့်ရှုကာ မဖြစ်စဖူး အံ့အားသင့်လျက် ချွေးပြန်နေရှာ၏။
ထိုအခိုက် သံဃာအများထဲမှ (ညောင်လွန့်မှ) ဆရာတော်ငယ်တစ်ပါး ထလာကာ လက်ဟန်ခြေဟန်ဖြင့် “ဘုန်းကြီးများ အပေါ်က ကျော်မပစ်နှင့်။ ဟိုဘက်လွှဲပစ်” ဟု ပြောသည့်အတိုင်း ပစ်ဖောက်သောအခါမှ တဒိုင်းဒိုင်း မီးကူးကာ အားလုံး ချီးကျူးမကုန် ဖြစ်ကြရ၏။
(စတုက္ကနိပါတ်၊ ကာလိင်္ဂဗောဓိ ဇာတ်၌) ကာလိင်္ဂစကြာမင်းသည် ဆင်ဖြူရတနာစီး၍ ကောင်းကင်ခရီးဖြင့် သွားရာ ဗောဓိမဏ္ဍိုင် အရပ်သို့ ရောက်သောအခါ ဆင်မှာ ရှေ့မတိုးဘဲ ရပ်နေ၏။ ပုရောဟိတ်က ဆင်း၍စုံစမ်းရာ “ဘုရားရှင်တို့၏ ကိလေသာ အောင်မြေဖြစ်၍ နတ်သိကြားများပင် ဖြတ်၍ မသွားရဲကြ” ကြောင်း သံတော်ဦး တင်ရာ မယုံသဖြင့် ဆင်ကို စိန်ချွန်းအချက်ချက်အုပ်၍ နှင်ရာမရ။ အော်မြည်လျက် ထိုနေရာ၌ပင် အသက်အသေခံသွား ရှာ၏။
ဤ၌လည်း သက်မဲ့ ကျည်ဆန်သည် ဆရာတော့်အပေါ်က ဖြတ်ကျော်၍ မသွားရဲ သကဲ့သို့ ရှိ၏။ သူတော်ကောင်းတို့၏ တရားသဘောကား အံ့သြမကုန်နိုင်ပါချေ။ ထိုအရာရှိ အင်္ဂလိပ်လည်း တစ်သက်နှင့်တစ်ကိုယ် တအံ့တသြဖြစ်ကာ ဆရာတော်အား ဦးခိုက် အရိုအသေပေးလေ၏။
သိမ်ကိစ္စပြီးဆုံး၍ ဆရာတော် ညောင်လွန့်သို့ ပြန်ကြွမည်ရှိစဉ် ညောင်လေးပင် မြို့နယ်ရှိ ဘုန်းကြီးရော လူများပါ အထူးကြည်ညို လေးစားကြ၍ “တစ်ဝါတစ်ချီ သီတင်းသုံး ချီးမြှောက်ပါဦး” ဟု အတင်းအကြပ် လျှောက်ထားကြသည်။ ဆရာတော်ကမူ-
“ယခုလိုပင့်ကြတာ တို့များ ဝမ်းမြောက်ပါတယ်။ သို့သော်လဲ ငါတို့နေတဲ့ ညောင်လွန့် က တောကြီးဖြစ်လို့ အာရုံငါးပါး မရှိဘူး။ ကိုယ်တိုင် ဆွမ်းခံစားကြရပြီး စားရတဲ့ အာဟာရကလဲ ခေါင်းပါးတော့ “တောနှင့် ခေါင်းပါးတဲ့ အစားအသောက်က ပရိသတ်ကို တစ်ဝက်ဆုံးမပြီး ဖြစ်နေတယ်။” တို့များက တစ်ဝက်သာ ဆုံးမရတော့ သက်သာတယ်။ သင်တို့ ညောင်လေးပင်က မြို့ဆိုတော့ အာရုံငါးပါးလဲပေါ။ ပစ္စည်းလေးပါးလဲ ပြည့်စုံနေတော့ လူမျိုးစုံ နေကြထိုင်ကြလို့ တို့များ ဆုံးမရ ခက်လိမ့်မယ်။ တို့များလဲ ဆင်းရဲရလိမ့်မယ်။ ဒါကြောင့် ဝမ်းမြောက်လှသော်လဲ သည်းခံကြပါ” ဟု နှစ်သိမ့် တောင်းပန်တော်မူ၏။
ဆရာတော်၏ စကားများမှာ အလွန်မှတ်သားဖွယ် ကောင်းလှပေသည်။
နေမိန္ဓရတောင် သိမ်သမုတ်ခန်း
ဆရာတော်၏ သထုံသာသနာပြု လုပ်ငန်းလည်း အလွန်စိတ်ဝင်စားဖွယ် ကောင်းလှ၏။ သီလ သမာဓိ ပညာများကို ကြည်ညို၍မဆုံး ရှိရသည်။ မျက်စိဖြင့် မမြင်သော အမျိုးမျိုးသော နတ်စိမ်း၊ အမနုဿ၊ ပြိတ္တာ၊ နတ်များနှင့် ခက်ခက်ခဲခဲ တွေ့ဆုံဟောကြား၍ သိမ် သမုတ်ရခြင်းဖြစ်ရာ တစ်နိုင်ငံလုံးက အံ့သြရသော ပွဲလည်းဖြစ်၏။
ထိုပွဲတွင် မြင်းခြံ စွန်းလွန်းဆရာတော် ဘုရားလည်း ဆရာတော်နှင့် အတူ ကြွရောက် သာသနာပြုရသည်ဖြစ်ရာ စွန်းလွန်းဆရာတော်၏ သီလ, သမာဓိ, ပညာစွမ်းလည်း ဆရာတော်ကဲ့သို့ပင် အံ့မခန်း ကြည်ညိုဖွယ်အတိ ဖြစ်ပါပေသည်။ ရဟန္တာ အရှင်မြတ်ကြီး နှစ်ပါး၏ တရားအစွမ်းနှင့် အမနုဿတို့၏ ကြောက်ခမန်းဘေးရန်မှာ မော်ကွန်း ထိုးလောက်ပါပေ၏။
ထိုအကြောင်းကို အတတ်နိုင်ဆုံး အကျဉ်းချုံး၍သာ ပြပါအံ့။
ကြောက်စရာ နေမိန္ဓရ
နေမိန္ဓရတောင်သည် သထုံမြို့ မြောက်ဘက် ခြောက်ဖာလုံခန့်ဝေး၍ ရှေး သထုံမြို့ရိုး ကျုံးဟောင်း၏ အရှေ့မြောက်နှင့်ထိစပ်လျက်ရှိသော တောင်ဖြစ်၏။ အရှေ့မြောက် တောင်တန်းကြီးနှင့် တစ်ဖက်မျက်နှာ၌သာ ထိစပ်လျက် စေတီကဲ့သို့ မြင့်တက် နေသော တောင်ဖြစ်သည့်အပြင် ကျောင်းငယ်ကလေးများပင် ဆောက်လောက် အောင် ပစ္စယံကဲ့သို့ အဆင့်ဆင့် မြေကွက်လပ်များ ရှိ၏။ ကောင်ထိပ်တွင် ပေ တစ်ရာခန့် ညီညာသော မြေပြင်ရှိသည်။ အမြင့် ပေနှစ်ရာကျော်ခန့် ရှိမည်ထင်ရ၏။ အုတ်ဂူနတ်ကွန်းများလည်း ရှိသည်။ “တောကြမ်းသည်” ဟု ဆိုကာ ထို နေရာသို့ မည်သူမျှ မကပ်ရဲကြ။
သထုံမြို့ ပင်စင်ရိက္ခာတော်ရ မင်းကြီး ဦးဘိုးစ၊ အရေးပိုင် ဦးကျော်ဒွန်းစသော မြို့ လူကြီးများက ပဋိပတ္တိ သာသနာပြုဌာနကြီးအဖြစ် ပြုလုပ်ရန် တောင်ခြေ၌ အဆောက်အအုံများ ဆောက်ကြ၏။ အကျင့်သီလ, သမာဓိ, ပညာနှင့် ပြည့်စုံသည် ဟု ယူဆရသော ဆရာတော်ကြီး တစ်ပါးအား ရဟန်း၊ သီလရှင်၊ လူသူတော် အခြံအရံများနှင့်တကွ ပင့်ဆောင်၍ သီတင်း သုံးစေကြသည်။
တောင်ထိပ်၌ သိမ်သမုတ်ရန် ဆက်၍စီစဉ်ကြသောအခါ သိမ်အတွက် ကျောက်တိုင် သစ်ဝါးများကို တောင်ပေါ်သို့ တင်ကြရာ နံနက်မိုးလင်းလျှင် ထိုကျောက်တိုင် သစ်ဝါးများအားလုံး အလိုလို တောင်အောက် ပြန်ရောက်နေသဖြင့် အံ့အား သင့်ကုန်ကြ၏။ ဆရာတော်ကြီးက “ဒါ အနှောင့်အယှက် ပေးရုံပါ။ ကိစ္စမရှိပါဘူး” ဟု ဆိုကာ နောက်တစ်ရက် ထိုပစ္စည်းများကို ထပ်၍တင်စေ၏။ လူများကိုပါ တောင်ပေါ်၌ ညအိပ်အစောင့်ထားသည်။ နံနက်မိုးလင်းလျှင် သစ်ဝါးများသာမက လူများပါ တောင်အောက်သို့ ရောက်နေသဖြင့် ကျောင်းနေ သံဃာ ပရိသတ်အချို့ပင် တိမ်းရှောင်သွားကြ၏။ မြို့နေလူများလည်း မသွားရဲကြ။ ဆရာတော်ကြီးလည်း ရုတ်တရက် ပျံလွန်တော်မူသွားရသည်။
တစ်နေ့တွင် ဦးဘိုးစနှင့် ဦးကျော်ဒွန်းတို့ ထိုတောင်သို့သွား၍ ကြည့်ရှုကြရာ “ကျုပ် ဒီတောင်မှာ နယ်ဖြစ်နေရတယ်။ မကြာမီ ခြောက်လလောက် ရှိရင်တော့ ကျွတ်လွတ်ရမှာပါ” ဟု လူမမြင်ရဘဲ အသံတစ်ခု ကြားရ၏။ ပျံလွန်သော ဆရာတော်ကြီးအသံ ဖြစ်နေသတတ်။ ဦးဘိုးစတို့လည်း အံ့သြလျက် ပြန်လာခဲ့ကြရ၏။
ကြိုတင်သိမြင်သော ရဟန္တာအရှင်မြတ် နှစ်ပါး
သာသနာစိတ် ပြင်းပြလှသော ဦးဘိုးစ၊ ဦးကျော်ဒွန်း စသော မြို့ မျက်နှာဖုံး လူကြီး များသည် စိတ်မကောင်း ဖြစ်နေကြခိုက် ရသေ့ကြီး ဦးန္တီ သထုံရောက်လာသဖြင့် ထို နေမိန္ဓရတောင် သိမ်သမုတ်ရေး ကိစ္စကို အပ်နှင်းကြသည်။
“ကျုပ်က ရသေ့ဆိုတော့ အဆောက်အအုံလောက်ပဲ တာဝန်ယူနိုင်မယ်။ ညောင်လွန့် ဆရာတော်ဟာ ပရိယတ်၊ ပဋိပတ် ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်တယ်။ အတွင်းသိ အတူ နေဖက်ပါ။ သူ့ကိုပင့်လျှင် အောင်မြင်ပါလိမ့်မယ်” ဟု အကြံ ပေးသဖြင့် ဦးသံဒိုင်နှင့် ဦးသံတို့ ညောင်လွန့်တောရသို့ လာပင့်ကြ၏။
ညောင်လွန့်သို့ ရောက်ကြလျှင် ဆရာတော်၏ လက်ရုံးတပည့်ကြီး တစ်ပါးဖြစ်သူ ဘုန်းကြီး ဦးဥတ္တမက အကျိုးအကြောင်း စဉ်းစားကာ ဆရာတော်နှင့် တွေ့ခွင့် မပေးသေးဘဲ အစစအရာရာ ပို၍ ကောင်းမွန်စေရန်အတွက် အမိန့်တော်ပြန် စာတမ်းတစ်ခုကို ပေးလျက် အမိန့်တော်ပြန်စေခိုင်းပြီးလျှင် တောင်စောင့်နတ်များ၏ သဘောတူမတူကို ဦးစွာ အစမ်း ခိုင်းလိုက်၏။
သထုံမြို့ လူကြီးများ စမ်းသပ်ကြည့်ကြရာ ကျေနပ်သည်ကို တွေ့ရကာမှ ဆရာတော်ကို လာ၍ပင့်ကြ၏။ ဆရာတော်ကလည်း ချက်ချင်း လက်မခံသေးဘဲ တစ်ညခန့် ဆိုင်းငံ့စေ၍ မြို့စောင့်နတ်၊ တောင်စောင့်နတ်များ၊ အစိမ်းသရဲများ အခြေအနေကို ကြည့်ရှုဆင်ခြင်တော်မူ၏။ အပ္ပနာမေတ္တာ ပွားပို့တော်မူ၏။ အစောင့် နတ်များ မျှော်လင့် ကြည်ညိုကြောင်း သိပြီးမှ လက်ခံ ကြွရောက်တော်မူသည်။
ဆရာတော်၏ တိုက်တွင်းတိုက်ပမှ ၁၁-ပါးနှင့် မိတ္ထီလာမြို့ ရေလယ်ကျောင်း ဆရာတော်နှင့် စွန်းလွန်းဆရာတော် (ထိုစဉ်က ရေလယ်ကျောင်း၌ သီတင်း သုံးသည်။) အပါအဝင် မိတ္ထီလာမှ ငါးပါး၊ တောင်ငူမှ တစ်ပါး ပေါင်း ၁၇-ပါး ကြွတော်မူကြသည်။
ထိုသိမ်သမုတ်ပွဲတွင် “စွန်းလွန်းဆရာတော် ပါဝင်ဆောင်ရွက်မှ ပိုမို၍ လွယ်ကူ ချောမော မည့်. အခြေအနေများလည်း ရှိတန်ရာ၏” ဟု ယူဆရသည်။
စွန်းလွန်းဆရာတော်သည် သထုံသို့ မကြွမီ နေမိန္ဓရတောင် အခြေအနေကို ဇာတ်ကြောင်း ပြန်၍ အာရုံယူ ကြည့်ရှုတော်မူနေစဉ် အနီးအပါးရှိ သူငယ်ချင်းဖြစ်သူ ဦးစံတင်က-
“အရှင်ဘုရား၊ ရှေးကအကြောင်းတွေ ပြန်ကြည့်နေသလား၊ ကြွသာကြွပါ၊ အရှင်ဘုရား ပြုလုပ်ထားခဲ့တာတွေပါ။ တနင်္ဂနွေထောင့်မှာ မြေကမူလေး ရှိလိမ့်မယ်။ အဲဒီနေရာက ပရိကံ တယ်ပါ။ အောင်မြင်ပါလိမ့်မယ်ဘုရား” ဟု ဝင်၍ လျှောက်ထားဖူး၏။
ထိုစကားများကား အလွန်အဓိပ္ပာယ် သွားလှပေသည်။ ထို့ကြောင့် ဘဝဟောင်း သံယောဇဉ်သည် ထိုကိစ္စ၌ စွန်းလွန်းဆရာတော် မပါလျှင် မပြီးနိုင်သော အချက် တစ်ခုပင် ဖြစ်လေရာ၏။
အရူးကပြောသော အကောင်း
၁၂၈၄-ခုနှစ် တပေါင်းလဆန်းတွင် ဆရာတော်နှင့်တကွ အဖွဲ့ဝင် ၁၇-ပါးသည် သီးသန့် မီးရထား တစ်တွဲဖြင့် ညောင်လွန့်ဘူတာမှ ကြွတော်မူကြသည်။ ရေတာရှည် ဘူတာ၌ ခေတ္တရပ်၍ ရထားထွက်ကာနီးတွင် ထိုတွဲပေါ်သို့ ထူးဆန်းသော ဘုန်းကြီးရူးတစ်ပါး ကပ်လိုက်ပါလာ၏။
လက်တစ်ဖက်၌ တောင်ဝှေးနှင့်ကြိုး၊ အခြားတစ်ဖက်၌ သစ်သား ပန်းခက်ကျိုး တစ်ခုနှင့် ခလောက်တစ်ခု ကိုင်ထားလျက် ဆရာတော်များအား စိမ်းစိမ်းကြည့်နေစဉ် ရေလယ်ဦးသုဇာတက “သီးသန့်တွဲဖြစ်သည်” ဟု ပြောရာ “အို... ပိုင်ပိုင်” ဆိုပြီး ဇွတ် ဝင်ထိုင်၏။
“ဆရာတော်ကြီးပါတယ်၊ စကားတွေ သိပ်များမနေနဲ့” ဟု ပြောရာ....
“ဘာဆရာတော်တုန်း” ဟု ထပ်မေး၏။
“ညောင်လွန် ဆရာတော်ကြီး” ဟု ဖြေကြားရာ....
“ဘာ ညောင်လဲ၊ ဗောဓိညောင်လား၊ ညောင်ချဉ်လား၊ ညောင်ကြပ်လား၊ အဲလေ.... ဗောဓိညောင်ပေါ့” ဟု ပေါက်ကရ ပြောရင်း.....
“ဘာကိစ္စ ကြွမှာတုန်း” ဟု ထပ်မေးနေပြန်သဖြင့် စကားမဆုံးအောင် ရှိနေ၏။
“သထုံကို သိမ်သမုတ်၊ သာသနာပြုသွားမယ်လို့” ဟု ခပ်တိုတိုပြောလိုက်ရာ အရူး ဘုန်းကြီးက.....
“ဪ.... ရှင်မဟိန္ဒူတို့လို သီဟိုဠ်ကို သာသနာပြု သွားမယ်လို့ကိုး။ အဲ... ဟုတ်ပေါင်၊ သထုံကို သာသနာပြုသွားမယ်လို့ကိုး” ဟု ဆိုကာ....
“အောင်ပဓာတ် အောင်ပဓာတ်၊ သွားကြ သွားကြ၊ အောင်ပါလိမ့်မယ် အောင်ပါလိမ့်မယ်” ဟု အော်ဟစ်ပြောဆိုလျက် လက်တွင်ပါသော ခလောက်နှင့် ပန်းခက်ကျိုးကို လှုပ်ပြသည်။ ပါးစပ်ကလည်း....
“ဒီမှာကြည့်ကြည့် ခလောက်ခလောက်၊ ပန်းခက် ပန်းခက်၊ အဆံမပါဘူး၊ အကျိုးအကျိုး” ဟု တစ်ဗျစ်တောက်တောက် ပြောဆိုကာ ရှေ့ဘူတာအရောက်တွင် ဆင်းသွားလေတော့၏။ ထိုအတိတ်နိမိတ်အရ “အနှောင့်အယှက်တော့တွေ့မယ်၊ မှုစရာမရှိ” ဟု အဓိပ္ပာယ် ဖော်ကြ၏။ အရူးကပြောသော အကောင်းဖြစ်သည်။
---
လူတစ်လှည့် နတ်တစ်လှည့် တရားနာ
ဆရာတော်များ သထုံမြို့သို့ ရောက်ကြလျှင် ခမ်းနားကြီးကျယ်စွာ ပင့်ဆောင်၍ နေမိန္ဓရ တောင်ခြေတည်းကျောင်းသို့ ကြွကြ၏။ ဆရာတော်ကိုမူ တောင်ထိပ် အင်္ဂါထောင့် ဒုတိယပစ္စယံရှိ ကွက်လပ် တည်းကျောင်း၌ သီးသန့် တစ်ပါးတည်း သီတင်းသုံးစေ၏။
တစ်မြို့လုံးက “ဘာသတင်း ကြားရမလဲ” ဟု နားစွင့်နေကြသည်။
ဆရာတော်သည် ရောက်သည့်ညမှစ၍ ပရိသတ်များအား စောစောပြန်လွှတ်ကာ ဘုရားဝတ်ပြုခြင်း ပရိတ်ရွတ်ခြင်းများ ပြုလုပ်တော်မူ၏။ မေတ္တာကို များစွာ ပွားပို့တော်မူသည်။
စွန်းလွန်းဆရာတော်ကလည်း နေမိန္ဓရတစ်တောင်လုံး ဖယောင်းတိုင် ညှိထွန်းကာ ကြက်လျှာတိုင်များ လိုက်လံထိုးစိုက်၍ နတ်များအား ဘုရားလှူရန် ပေးစွန့်တော်မူ၏။
ဓာတ်မသိသူတို့က “တောထွက် ကိုယ်တော်ကြီး လောကီအလုပ်တွေ လုပ်နေတယ်” ဟု အပြစ်တင်ကြ၏။ မီးများ တစ်တောင်လုံး လင်းထိန်နေအောင် ပေးပြီးလျှင် တနင်္ဂနွေထောင့်၌ ရပ်၍ ပရိကံပြုကာ မေတ္တာပွားပို့တော်မူ၏။ အမျိုးမျိုးသော နတ်၊ နတ်စိမ်းသရဲတစ္ဆေ ပြိတ္တာများ တစ်သုတ်ပြီးတစ်သုတ် သူ အုပ်စုနှင့်သူ လာရောက် ကန်တော့ကြရာ တရားဟော ဆုံးမ၍ လွှတ်သည်။
နောက်ဆုံးလာသူမှာ မင်းမြောက်တန်ဆာ ငါးပါး ဆင်ယင်လာသဖြင့် ဆင်ခြင် ကြည့်တော်မူရာ ယခင်က ဆရာဒကာ ဖြစ်ခဲ့ဖူးသော မနူဟာမင်းမှန်း သိတော်မူသဖြင့်-
“အသင်နတ်မင်း၊ ဤတောင်၌ ထူပါရုံစေတီ ရှိတယ်၊ ဓာတ်တော်များ ကိန်းဝပ် တည်ရှိသဖြင့် လူအများ ဖြတ်သန်းသွားလာ၍ အပြစ်ကြီးလေးတယ်။ ငါတို့ ဒီတောင်မှာ သာသနာပြုကြမယ်၊ သင်တို့ စောင့်ရှောက်ကြပါ။ သင့်အတွက် အိမ်တော် (နတ်ကွန်း) လဲ အသစ်ဆောက်ပေးကြလိမ့်မယ်” စသည်ဖြင့် မေတ္တာရပ်ခံ၍ တရားအနည်းငယ် ဟောပြပေးရာ နတ်မင်းကြီးမှာ ဘာမျှ စကား တုံ့မပြန်ဘဲ ခေါင်းငုံ့ ငိုယိုကာ တနင်္ဂနွေ ထောင့်မှ ဆင်းသွားရှာ၏။
စွန်းလွန်းဆရာတော်လည်း မေတ္တာပွား၊ တရားဟောပြကာ တောင်အောက် တည်းကျောင်းသို့ ဆင်းလာခဲ့သည်။
---
မှန်ကင်းတစ်လှည့် ထင်းတစ်လှည့်
ညောင်လွန် ဆရာတော်ကား နေ့အခါတွင် လူအများအား တရားဟော၍ ညအခါတွင် နတ်များ၊ နာနာဘာဝများကို ညစဉ် ဟောပြော နေရ၏။ ပထမတွင် နေမိန္ဓရ တစ်တောင်လုံးကို ခြုံ၍ ကြည့်ရင်း မေတ္တာပွားပို့ရာ တန်ခိုးကြီးသော နတ်များ အခြံအရံ များစွာနှင့် တရားနာ လာကြသည်ကို ဟောပြောတော် မူရသည်၊ ရှေ့တွင် ထိုင်နေသော တောင်စောင့် နတ်မင်းကြီးက “လိုအပ်သလို သာသနာအတွက် စီမံရန်” မိမိကိုယ်ကို အပ်နှင်း၍ စောင့်ရှောက်မည့်အကြောင်း ကတိပေးလေသည်။ သို့နှင့် အရုဏ်တက်ကာ တစ်ည ကုန်လေ၏။
နောက်တစ်ည။
အရှေ့ဘက် တောင်တန်းကြီး တစ်ခုလုံးကို ခြုံ၍ အထူးဆင်ခြင်လျက် အပ္ပနာမေတ္တာ ပွားပို့တော်မူရာ ယခင်ထက် တန်ခိုးကြီးသော နတ်မင်းကြီး အခြံအရံများစွာနှင့် လာရောက် ကန်တော့ပြန်၏၊ နေမိန္ဓရတောင်ပင် မဆံ့ချေ။ နတ်မင်းကြီးက ရှေးအတိုင်း ကတိပြုကာ....
“ဤတောင်စောင့်နတ်များကိုလည်း အမိန့်ပေးထားပြီးပါပြီ” ဟု လျှောက်၏။
“တပည့်တော်ဟာ သထုံမြို့ကြီးကို ပထမဆုံး တည်ထောင်ခဲ့တဲ့သူပါ” ဟု လျှောက်၍ တရားနာပြီး ပြန်သွားသည်။
နောက်တစ်နေ့ည။
သထုံမြို့ ပတ်ဝန်းကျင်ရှိ နတ်မင်းကြီးများ လာရောက် ကန်တော့ကြပြန်သည်။ ရှေးနတ်များထက် အရောင်အဝါ တန်ခိုး၊ အခြွေအရံများ ပို၍ကြီးမားများပြား၏။ တောင်ပေါ်မျှမက တောင်ဝှမ်းမြို့အဝှမ်း တစ်ခုလုံး လင်းထိန်သွားသည်။ ပုထုဇဉ်များ စိတ်ဖောက်ပြန်လောက် အောင်လည်း ကြည့်ရှုဖွယ် ကောင်းလှ၏။
“အထက် နတ်မင်းကြီးများ အမိန့်အရ အားလုံး စောင့်ရှောက်ကြပါမည်” စသည် ကတိပြုကာ- “ဤတောင်ပတ်ဝန်းကျင်ရှိ နတ်မင်းကြီးများ၊ အခြွေအရံများအားလုံး သထုံ မြို့ကြီးကို အုပ်စိုးသွားခဲ့ကြသော မင်းများနှင့် အခြွေအရံများချည်း ဖြစ်ကြပါသည်။ အချို့ အဝက်သာ မဟုတ်ပါဘုရား” ဟုလည်း ဝမ်းနည်းကြေကွဲစွာ လျှောက်ထားသဖြင့် ဆင်ခြင် ကြည့်ရှုတော်မူရာ အထက်အမိန့်အရ သထုံမြို့ ပတ်ဝန်းကျင်၌ချည်း သူ အုပ်စုနှင့်သူ စောင့်ကြည့် နေထိုင်ကြရရှာသည်ကို သံဝေဂ ဖြစ်ဖွယ် တွေ့မြင်တော်မူရသဖြင့် ကြိုးစား၍ ဟောပြော ချေချွတ်တော်မူလေသည်။ ၁၀-ရက် ၁၀-ညလုံး နေ့ပရိသတ်၊ ညပရိသတ်တို့ဖြင့် အားလပ်ခွင့် ရတော်မမူချေ။
---
သိမ်သမုတ်ရာ အနှောင့်အယှက်နှင့် အံ့ဖွယ်
မြို့မျက်နှာဖုံး ဒကာ,ဒကာမများလည်း အထူးဝမ်းသာအားရ ဖြစ်ကာ သိမ်သမုတ်ရန် စီစဉ်ကြ၏။ မြို့ခံ သံဃာ့ မထေရ်ကြီးများကိုလည်း ပင့်၍ “နယ်သိမ်းစနစ်” ဖြင့် သမုတ် ရန် ဆုံးဖြတ်ကြသည်။
“နယ်သိမ်းစနစ်” မှာ အကြမ်းအားဖြင့် သိမ်ကိစ္စ ဆောင်ရွက်နေစဉ် သတ်မှတ် ထားသော နယ်အတွင်းသို့ အပြင်မှ ရဟန်းများ မဝင်ရအောင် ဝင်လမ်းအသီးသီး၌ အစောင့်များ ချထားရသည်။ ထိုနယ်အတွင်းရှိ သံဃာများ မကြွလာနိုင်က သဘောတူကြောင်း နှုတ်မြွက်ဆန္ဒ ပြုကြရ၏။ ထိုစနစ်သည် ဝိနည်းနှင့် မညီဟု သထုံ ဆရာတော်တစ်ပါးက စောဒကတက်၍ ဖြေရှင်းရသေး၏။ ဆန္ဒလည်းမပေး၊ ကြွလည်းမကြွလှာသော ဘုန်းကြီးတစ်ပါးကိုလည်း သွား၍ သဘောတူညီချက် (ဆန္ဒ) ယူရပြန်သည်။
ဆရာတော်နှင့် ဂျုပ်ပင်တောရ ထနောင်းတိုင် ဦးတိက္ခ ဆရာတော်၊ ရေလယ် ဆရာတော် သုံးပါးက ပထမဆုံး သိမ်နုတ်၍ ၁၂၈၄-ခုနှစ်၊ တပေါင်းလပြည့်နေ့ ည ၁၀- နာရီ၌ တစ်မြို့လုံး ကျောက်စည်ခေါင်းလောင်း ကြေးမောင်းတီးကာ အစောင့် များစွာချ၍ သမုတ်တော်မူကြ၏။ သမုတ်ပြီးနောက် အရေးပိုင် ဦးကျော်ဒွန်း စသူတို့ ဒုလ္လဘရဟန်း ခံကြသည်။
ရဟန္တာ အရှင်မြတ်ကြီးနှစ်ပါးသည် သိမ် အောင်,မအောင် ဆင်ခြင် ကြည့်ရှု့ကြ သောအခါ ဘုန်းကြီးတစ်ပါးက နှောင့်ယှက်သဖြင့် မအောင်ဘဲ ရှိရသည်ကို တွေ့မြင်တော်မူကြလေသည်။ ရဟန်းတစ်ပါးသည် အစောင့်များ တားမြစ်သည်ကို မရဘဲ သိမ်သမုတ်ချိန်၌ အခြားနယ်မှ သတ်မှတ်နယ် အတွင်းသို့ ဇွတ်ဝင် လာကြောင်း ဒကာများကလည်း လျှောက်ကြသည်။ ဆင်ခြင် ကြည့်ရှုတော်မူသော အခါ ဘွဲ့အမည်၊ ကျောင်းတိုက်၊ ပြောဆိုသော စကားများကိုပါ သိမြင် ကြားသိတော်မူကြ၏။ ထို့ကြောင့် တပေါင်းလပြည့်ကျော် ခုနစ်ရက်နေ့ နံနက် ခုနစ်နာရီအချိန် ထပ်၍ သမုတ်ကြရပြန်သည်။
နေ့ခင်းသမုတ်၍ မြို့လူထုများ ပျားပန်းခတ်မျှ လာရောက် ကြည်ညိုကြရ၏။ နွေ ခေါင်ခေါင်တွင် မိုးတိမ်အုံ့ မှိုင်းကာ မိုးပေါက်များပင် အနည်းငယ် ကျလာ၏။ ထူးဆန်းသည်မှာ မိုးတိမ်သည် နေမိန္ဓရတောင် အပေါ်၌သာ အုပ်ဆိုင်းနေ၏။ ပို၍ ထူးဆန်းသည်ကား သိမ်သမုတ်ချိန်တွင် မီးရထား အဝင်အထွက် မရှိခြင်းပင်တည်း။ မီးရထား အဝင်အထွက်ရှိ၍ ထိုမီးရထား၌ ဘုန်းကြီးတစ်ပါးပါး ပါလာခဲ့သော် သိမ်သမုတ်ကံ ပျက်နိုင်၏။ ရုတ်တရက် တံတားကျိုးနေ၍ ဟု ဆိုသည်။ “အဘယမုနိ စေတိယ သိမ်တော်” ဟု အမည်သမုတ်၍ ယခု ထိုနေရာ၌ စေတီပင် တည်ထားသည်။
သိမ်သမုတ်ပြီးသောအခါ ဆရာတော်များ အားလုံး ပြန်ကြွသော်လည်း ညောင်လွန် ဆရာတော်နှင့် တပည့်နှစ်ပါး ဒုလ္လဘ ရဟန်းများနှင့်အတူ နေမိန္ဓရတောင်၌ သီတင်းသုံး နေတော်မူခဲ့၏။ ထို၌ သီတင်းသုံးခိုက် လှူဒါန်းလိုသူများ အလုအယက် ဖြစ်နေကြသဖြင့် ရပ်ကွက်အလိုက် ချီးမြှောက်ရ၏။ မော်လမြိုင်၊ မုဒုံ၊ ကျိုက္ခမီ စသော ပတ်ဝန်းကျင် မြို့ရွာ များကလည်း ပင့်၍ နေ့စဉ်နှင့်အမျှ အပူဇော်ခံကာ တရား ချီးမြှင့်တော်မူရ၏။ ထိုခေတ်တန်ဖိုး လေးသောင်းကျော် ငါးသောင်းခန့် လှူဖွယ်ဝတ္ထု ပစ္စည်းများအားလုံး လှူသော မြို့ရွာ ရပ်ကွက်ရှိ ဘုန်းကြီးများအား အကုန်လှူစေ၏။ ၁၂၈၅-ခု နယုန်လကုန်မှ ညောင်လွန့်တောရသို့ ပြန်ရောက်တော်မူသည်။
အလွန် နတ်ကြမ်းသော နေမိန္ဓရတောင်လည်း သာသနာရောင် လွှမ်း၍ ကမ္မဋ္ဌာန်း ဌာနကြီးအဖြစ် သထုံမြို့၏ ကျက်သရေကို တိုးမြှင့်စေတော့သည်။
(ရဟန္တာ အရှင်မြတ်ကြီးနှစ်ပါး၏ အဋ္ဌုပ္ပတ္တိများကို အသီးသီး ရေးသားကြရာတွင် မိမိတို့၏ ဆရာ့ဂုဏ်ကို ဖြစ်ရပ်လည်းမှန်၊ ယုတ္တိလည်းတန်၍ တစ်ဆင့်ခံ နားကြားကိုပင် ချဲ့ကား၍ ဂုဏ်ပြုခြင်းမျိုး အလျဉ်းမပါဝင်စေသင့်ပါ။ အချင်းချင်း လည်း ချစ်ကြည်ရင်းနှီးစွာ သာသနာပြုတော် မူခဲ့ကြရာ အရှင်မြတ်ကြီးတို့အား ထိပါး ပုတ်ခတ်ရာ မရောက်အောင် ယောနိသောမနသိကာရဖြင့် အသီးအသီး သတိပြု တော်မူကြပါလျှင် အစဉ်အဆက်လည်း သံသယကင်းစွာ ကုသိုလ်ပွားကြ ပေရာ၏။ သတိပြုတော်မူကြပါကုန်း)
---
အရိပ်နိမိတ် တဆိတ်ထိတ်နှင့် ကျိတ်၍ပူဆွေး
“ဘုန်းကြီးတို့ ဦးပဉ္စင်းတို့၊ အခါကောင်း အခွင့်ကောင်းကြီး ရတုန်း ပရိယတ္တိ လဲကြိုးစား - သင်ယူကြ။ ယခုပို့ချနေတဲ့ ဝိနည်းစာဝါကိုလဲ မှန်မှန်တက်ကြ။ နောက်တစ်ကြိမ် ချဖို့မလွယ်ဘူး၊ အစိုးမရတဲ့ ဒီရုပ်နာမ်လဲ တစ်နှစ်ပင် ကျော်လွန်မည် မဟုတ်။ ပဋိပတ်ကိုလဲ မနေမနား ကြိုးစား အားထုတ်ကြပါ။ ငါတို့ မရှိကာမှ နောင်တ, မဖြစ်ရစ်ကြနှင့်။”
၁၂၉၄-ခုနှစ် နှစ်ဦးလောက်မှစ၍ ဆရာတော်သည် စာဝါ ပို့ချသည့်အခါ မကြာခဏ သတိပေးတော်မူလေ့ရှိ၏။ ထိုစကားကို ကြားရသောအခါ မြတ်စွာဘုရား ပရိနိဗ္ဗာန် မပြုမီ သုံးလအလို၌ ကြိုတင်မြွက်ကြားသော စကားကြောင့် ဦးခေါင်း၌ မိုးကြိုးကျ သကဲ့သို့ ဓမ္မသံဝေဂ ဖြစ်ခဲ့သူ “ဓမ္မဓရ ရဟန်းငယ်” ကဲ့သို့ ပဋိပတ်ကို ပို၍ ကြိုးစားသော တပည့်များလည်း -မနည်းပေ။
ထိုသို့ စကားများကို ကြားရပြီးနောက် မကြာမီပင် “အလွန်တရာ တောက်ပ၍ လှပ ဆန်းကြယ်သော ရတနာ ပြာသာဒ်ကြီးသည် နောက်မှ ထက်ကြပ်မကွာ လိုက်ပါနေသည်ကို တွေ့နေရသည်” ဟု အမိန့်ရှိသည်ကို တပည့်တိုင်းလိုလို ကြားရပြန်သည်။ နတ်ဗြဟ္မာတို့ အန္တိမပူဇော်ခြင်းလော၊ “အာယုသင်္ခါရ လွှတ်ချိန် တန်ပါပြီ” ဟု လျှောက်ထားခြင်းလော။
မည်သို့ဖြစ်စေ၊ ဆရာတော်ကား စာဝါများကိုလည်း ချမြဲ ချပို့တော်မူ၏။ သာသနာရေး ကိစ္စနှင့် သံဃာ့ဝေယျာဝစ္စများကိုလည်း ပြုလုပ်မြဲ ပြုလုပ်တော်မူသည်။ ၁၂၉၅-ခုနှစ် နယုန်လတွင် မြင်းခြံမြို့ စွန်းလွန်းဆရာတော်လည်း ဈာပနကိစ္စတစ်ခုဖြင့် ကြွလာ ကန်တော့ ပြီးလျှင် ဆရာတော်နှင့် ခါတိုင်းကဲ့သို့ပင် အေးဆေးရင်းနှီးစွာ တွေ့ဆုံ သည်ကို တွေ့ရ၏။ စွန်းလွန်းဆရာတော်က ဆရာတော်၏ တပည့်ကြီးများကိုလည်း-
“ဆရာတော်သည် အမှန်ပင် ရဟန်းကိစ္စပြီးခဲ့ပြီ” ဟုသာ အမိန့်ရှိပြီး ပြန်ကြွသွား၏။
ရွှေမြို့ ဘုန်းကြီး ဦးကုသလ၏ သိမ်သမုတ်အတွက် မကြွတော့ဟုနေရာ ဇွတ်လာ၍ ပင့်ကြသဖြင့် ကြွတော်မူရာမှ တောမီးညှော်နံခြင်း၊ မိုးဦးမိခြင်းကြောင့် ဖျားနာတော်မူခဲ့ရာ ကောင်းစွာ မပျောက်နိုင်ဘဲ ရှိလေ၏။ (အရိယာ သူတော်ကောင်းကြီးများ ခြေတစ်လှမ်းမျှ ပို၍လှမ်းပေးရခြင်းမှအစ မိမိတို့အတွက် တာဝန်ပိုမတက်ရအောင် သတိပညာဖြင့် ဆည်းကပ် ကြရာသည်။)
အသိဉာဏ် အမြော်အမြင် ရှိသော တပည့်ကြီးများမှာ အချိန်ပို၍ နီးကပ်လာပြီဟု ယူဆကာ အားငယ်စပြုလာကြ၏။ ဆွမ်းစားကျောင်းအနီး စိုက်ထူထားသော နေ နာရီတိုင်မှာ အခိုင်အခံ့ ရှိလျက်က အလိုအလျောက် လဲကျ၏။ ကျောင်း ပတ်ဝန်းကျင်၌ အခါမဲ့ ပန်းမျိုးစုံ ပွင့်နေကြပြန်သည်။
ကြက်ဖကြီးခန့်ကြီးသော ငှက်ကျားကြီး တစ်ကောင်ကလည်း တနင်္ဂနွေထောင့်မှ လာ၍ ကျောင်းအပေါ်၌ ဝဲပျံကာ ကြောက်လန့်ဖွယ် အသံကွဲကြီးဖြင့် ငိုညည်း မြည်တမ်းနေသည်မှာလည်း မကြာခဏ ဖြစ်သည်။ ကျောင်းတိုက်ပတ်ဝန်းကျင် တစ်ခုလုံးမှ အုတ်အုတ်ကျက်ကျက် မသဲကွဲသော ငိုညည်း ရှိုက်ငင်သံများ ရက်များစွာပင် ကြားနေကြရ၏။ လူခြေတိတ်သောအခါတွင် ပို၍ ကျောချမ်းအားငယ် ထိတ်လန့်ဖွယ် ရှိလှသည်။
အချိန်အခါနှင့် ကျေးဇူးဂုဏ်ကို သိမြင်သူတို့က ငိုနှင့်ကြလေပြီ။
---
အပ္ပမာဒေန သမ္ပာဒေထ
ဆရာတော်ကား ပို၍ ရောဂါဆိုးရွားလှသည်မထင်ရ။ အသားအရေ ကြည်လင်လျက် ဟောကြားဆုံးမမြဲ ဆုံးမလျက်ပင် ရှိသည်။ နယုန်လပြည့်ကျော် သုံးရက်နေ့တွင်ကား ပို၍ အားနည်းလာပုံရ၏။ ဒေါ်စောတင် ဆောက်လှူသော ကျောင်းကြီးအောက်ထပ်၌ သီတင်းသုံး နေရာမှ စာချတော်မူရာ ကုလားထိုင်ပေါ်သို့ ပြောင်းရွှေ့ပေးကြရသည်။ တိုက်တွင်းရှိ သံဃာအားလုံးအား ပင့်ခေါ်စေ၍-
“ဘုန်းကြီးတို့ ဦးပဉ္စင်းတို့၊ ပရိယတ် ပဋိပတ်အလုပ်တို့ကို မဆုတ်မနစ် ကြိုးစားကြပါး ဝိနည်း သိက္ခာပုဒ်တော်နှင့်စပ်လို့ အသေးအဖွဲ ကလေးကအစ ထိန်းသိမ်းပြီး ဆရာသမားတို့၏ ဒိဋ္ဌာနုဂတိ ရှိကြရမယ်။ မြတ်စွာဘုရား တားမြစ်တာ၊ လုပ်ခိုင်း တာတွေ အားလုံးဟာ သတ္တဝါတွေ ချမ်းသာဖို့ချည်းပဲ၊ သင်္ခါရ တရားတွေဟာ ဘာမှ အားကိုးစရာ အနှစ်သာရ မရှိဘူး” စသည်ဖြင့် ဆုံးမဟောကြားတော်မူသည်။
ထို့နောက် ဆရာတူတပည့်ဖြစ်၍ မိမိထက် အသက်သိက္ခာ ကြီးကြသော လယ်ဝေး ဦးအာစရနှင့် ဦးဇော(ဆရာတော်ကြီး နှစ်ပါး) အား ဦးချ ကန်တော့တော်မူ၏။ မကြာမီ ည ၁၁-နာရီရောက်လျှင် ကုလားထိုင်ပေါ်၌ ခြေချထိုင်တော်မူလျက် “အနုပါဒိသေသ အသင်္ခတ” အငြိမ်းဓာတ်ကြီးသို့ အပြီးအပြတ် ကိန်းဝပ်စံကာ ပရိနိဗ္ဗာန်ပြုတော်မူ၏။
ဝါဆိုလဆန်း သုံးရက်နေ့တွင် ပရိသတ် တစ်သောင်းကျော် သံဃာတော် လေးရာ ခန့်တို စုဝေး၍ တစ်စုံတစ်ခု တိုက်တွန်းနှိုးဆော်ခြင်း မပြုရဘဲ အစစအရာရာ လိုလေသေးမရှိ ပြည့်စုံစွာဖြင့် သာဓုကီဠနသဘင် ဆင်ယင်ကြသည်။ နံ့သာထင်းများ (မည်သူမျှ မပြုလုပ် ဘဲလျက်) အလိုအလျောက် စုပုံပူဇော်ကြခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း စသော အံ့ဖွယ် များကိုလည်း တွေ့ကြုံကြရ၏။ အရိုးတော် ဓာတ်ကိုလည်း ရုပ်ပွားတည်ဖန်၍ ပူဇော်ထားရှိ ကြသည်။
မြန်မာနိုင်ငံ ပဋိပတ္တိ သာသနာဝင်၌ ဝိနည်းအဓိက စာချစာသင်ပုံ စနစ်နှင့် မဆုတ်မနစ် ယုံယုံကြည်ကြည်ဖြင့် - ကြိုးစားပါလျှင် ဘုရားရှင် သာသနာတော်သည် သတ္တဝါတို့ အားထားရာကြီး အစစ်ဖြစ်ကြောင်း ညွှန်းပြတော်မူလေပြီ။
(၁၃၁၆-ခုနှစ်၊ တပည့်ယောဂီ မထေရ်ကြီးများ စုပေါင်း ပြုစု၍ ၁၃၂၇- ခုနှစ်တွင် ရုပ်နှိပ်သော “ထေရုပ္ပတ္တိ အကျဉ်းနှင့် ညောင်လွန် တောရ တရား အားထုတ်စဉ်” ကျမ်း၌လည်း အပြည့်အစုံ ကြည့်ရှုတော်မူနိုင်ကြပါသည်။ ဆရာတော်၏ ဥပနိဿယ အတိုင်း အားထုတ်၍ ပြီးမြောက်အောင်မြင်တော် မူကြသော ရွှေဥဒေါင်းတောင် ဆရာတော်၊ မြောင်းမြ ဝေဠုငတီ ဆရာတော်များ အကြောင်းကိုလည်း ရှေ့၌ ကြည်ညိုရပါလတ္တံ့။)
---
သထုံဇေတဝန် ဆရာတော် (၁၂၃၀ - ၁၃၁၆)
ဇာတ်၊ ရုပ်သေးတို့၌ ရှည်လျားသော ဇာတ်လမ်းများကို ကပြကြရာ ပထမတွင် အေးအေးဆေးဆေး ကပြနိုင်ကြသေး၏။ ဇာတ်ပေါင်းခါနီး လင်းအားကြီးအချိန် ရောက်လျှင်ကား အချိန်ကိုက်ဖြစ်စေရန် ခပ်သုတ်သုတ် ကပြကြရသည်။ အရေး မကြီးသော အကြောင်းများကို ချုံးသင့်လျှင်ချုံး၊ ပလှပ်တန်လျှင်ပလှပ်၍၊ သို့တည်း မဟုတ် ပြတန်သလောက်ကိုသာပြ၊ ငိုကြွေးမြည်တမ်း လွမ်းဆွေးသင့်သလောက်သာ လွမ်းဆွေး၍ ရေးကြီးသုတ်ပျာ ကပြကြရသည်။
ထို့ကြောင့် ပွဲကြည့်သူတို့၌ တစ်ခန်းနှင့် တစ်ခန်းသည် ကြိုတင်၍ မမှန်းဆ မတွက်ချက် နိုင်အောင် အဆက်အစပ် အဆင်အပြင်ကွဲကာ အပြောင်းအလဲ မြန်ဆန်တတ်၍ ဇာတ်လမ်းမဆုံးမီ ငိုရအံ့လော ရယ်ရအံ့လောမသိ ဖြစ်ကြရလေ၏။
အပရာပရိယ (ရှေးကံ) ဇာတ်ဆရာကလည်း ယောဂီအား ရှည်လျားလှစွာသော သံသရာ ဇာတ်လမ်းအတွက် မာရ်နတ်ကဲ့သို့သော လူကြမ်းများကို သုံးတန်သုံးလျက် ကပြစေခဲ့ပြီ။ ဇာတ်ပေါင်းခါနီး လင်းအားကြီးလေ ဆယ်ဘဝ ခံရခံရမည်ကို တစ်ဘဝတည်း၌ ပေါင်းတန်ပေါင်း၊ ချို့တန်ချုံ့၊ ပလှပ်တန် ပလှပ်၍ အချိန်မီ ကပြရလေဖြစ်သည်သဖြင့် ရက်ပိုင်း လပိုင်း အတွင်း၌ပင် ရှေ့နောက်မညီ၊ အဆက်အစပ် အပြင်အဆင်ကွဲကာ အပြောင်းအလဲ မြန်ဆန်တတ်၏။
ထို့ကြောင့် အရုဏ်ကျင်း၍ လင်းကြက်ပင် တွန်နေသော်လည်း တော်တော်နှင့် ဇာတ်ရည်မလည်း၊ ခု ရသေ့ ထွက်လိုက်၊ တော်ကြာ မင်းသားထွက်လာလိုက်၊ ကတိုက်ကရိုက် ကနေရသော ရုပ်သေးပွဲကိုကြည့်၍ “လင်းကြက်ဖြင့် အတန်ဆော်ပြီ၊ ဘယ်ဇာတ်တော်လေမှန်း မသိ၊ အခန်းခန်း အဖုံဖုံ၊ များနိုင်မျှကုန်” ဟူသော ဦးပုညစာကဲ့သို့ ဇာတ်လမ်းမဆုံးမီ ဇဝေ ဇဝါ ဖြစ်ကြရလေ၏။
ဘုရားရှင်လက်ထက်တော်က နာဂသမာဠမထေရ် သည် ထိုသို့သော သဘောကို ဆင်ခြင်မိ၍လော မသိ၊ ပွဲကြည့်ရင်း ရဟန္တာ ဖြစ်တော်မူခဲ့သည်။ ထို့ကြောင့်လည်း မျက်စိအောက်၌ပင် ရှေ့နောက်မညီဟု ထင်ကြရသော တမ္ဗဒါဌိက သူသတ် သမားကြီး တရားထူး ရသွားပြီ၊ သန္တတိအမတ် အရူးအမူးကြီး ရဟန္တာဖြစ်သွားပြီ ဆိုသည်ကို မယုံကြည်နိုင်အောင် ရှိခဲ့ကြလေ၏။
ဘဝသံသရာ၌ ကံကြမ္မာတို့သည် ဆန်းကြယ်စွာတကား။
---
လူပြန်တော် ပညာရှိ ဦးသာဗျော
စစ်ကိုင်းမြို့ မြောက်ဘက် ဆယ်မိုင်အကွာ ကန်ကြီးကုန်းရွာအနီး ကျောက်ပနံရွာ၌ စည်သံဗျောသံ တလွင်လွင်ဖြင့် ရှင်ပြုမင်္ဂလာအလှူပွဲ ကျင်းပနေ၍ ရွာနီးချုပ်စပ်မှ အလှူပွဲ လာသူများဖြင့် စည်ကားလျက်ရှိ၏။ ကျောက်ပနံ ရွာသူရွာသားတို့လည်း အားရဝမ်းသာ အလှူမဏ္ဍပ်၌ ဝိုင်းကူ၍ ကုသိုလ်ယူနေကြ၏။ မဏ္ဍပ်အဝင်နှင့် သံဃာစင်ရှေ့၌ သဲဖြူခင်း၊ ရာဇမတ်ကာ၊ ငှက်ပျောပင်များစိုက်၍ မဏ္ဍပ်အမိုး၌ ငှက်ပျောများ အခိုင်လိုက် ဆွဲထားသည်။ လှူဖွယ်ပစ္စည်းများကိုလည်း ခင်းကျင်း ထား၏။
ဧည့်သည်များ စားသောက်ရန် လက်ဖက်ပွဲများ၊ ကြိုက်သလို ကိုယ်တိုင်လိပ်၍ သောက်ရန်ဆေး၊ ဆေးရိုးနှင့် ဖက်များ ထည့်ထားသော ဆေးလိပ်ဗန်းများကို လုံမငယ်များက လိုက်လံ ချပေးကြ၏။ အချို့ သက်ကြီးရွယ်အို ယောက်ျားကြီးများမှာ ပုဆိုး ခါးပုံချ၍ အင်္ကျီ မပါဘဲ ဝိုင်းဖွဲ့ပြောဆိုနေကြသည်။
(တိုက်ပုံအင်္ကျီကိုချွတ်၍ ပခုံးတင်လာကာ အလှူရွာဝင်ခါနီးမှ ဝတ်ခဲ့ကြ၍ မဏ္ဍပ် ရောက်လျှင် အင်္ကျီချိတ်ဆွဲရန် အသင့်လုပ်ထားသော မဏ္ဍပ်တိုင်၌ ချွတ်ပြီး ချိတ်ဆွဲ ထားလေ့ ရှိကြသည်။)
ထိုသို့သော တောသူတောင်သားများ ကြားတွင် ကိုသာဗျော၏ ဝတ်ပုံ၊ စားပုံ၊ နေပုံ၊ ထိုင်ပုံမှာ လူနှစ်ရာ သုံးရာထဲတွင် အပေါ်လွင်ဆုံးဖြစ်၏။ တာဝန်ကျသော အလုပ် ကလည်း စာပွဲကိုရှေ့ချ၍ ဟန်နှင့်ပန်နှင့် အလှူငွေလက်ခံ မှတ်သားရသော စားရေးအလုပ်ဖြစ်သည်။ အလှူသို့လာသူတိုင်း သူ့ကိုပင် အလျင်တွေ့ကြရ၏။ ပြီးမှ သဘောတူရာတူရာ စားသောက်ရင်း ဝိုင်းဖွဲ့ပြောဆိုကြသည်။ ထို့ကြောင့် ကိုသာဗျော၏ အလုပ်သည် အရေးအပါဆုံးဖြစ်၏။ ဘုန်းကြီးဘဝက လူထွက် လာသည်မှာ မကြာလှသေးသဖြင့် ဣန္ဒြေလည်း ကောင်းလှသည်။ ကျီးကန်းတို့ အကြား ဟင်္သာနားသကဲ့သို့ တောသူတောင်သားတို့အလယ်၌ ကိုသာဗျော ဥပဓိမှာ ထယ်ဝါသပ်ရပ်လှပေ၏။
လူပြန်တော် ပညာရှိ ကိုသာဗျော၏ အစ်မ မထွန်းဇံက အိမ်အစောင့်ကျန်ခဲ့၍ နှမ မဝန်နှင့် မမကြီးတို့ကား မဏ္ဍပ်၌ ဧည့်ခံတာဝန် ကျနေကြ၏။ ဧည့်သည်များ တစ်သုတ်ပြီး တစ်သုတ် ဝင်လာကြသည်။ ကိုသာဗျောထံ ကူငွေများ ထည့်သွင်း ကြရာ စာရင်းမှတ်လိုက်၊ ငွေသိမ်းလိုက်၊ အမ်းလိုက်ဖြင့် အလုပ်များနေ၏။
အချို့အဒေါ်ကြီးများက “ဪ... ဘယ်သူ များလဲလို့၊ ဦးသာဗျောပါလား၊ ကဲ-စာရင်းကုပ်လိုက်ပါဦးလေ၊ တပည့်တော်မက... အဲလေ.. ယောင်လို့ ... ကျုပ်က တစ်ကျပ်” ဟု အယောင်ယောင် အမှားမှား နှုတ်ကျိုးပြီး ပြောကြသောအခါ ကိုသာဗျောမှာ ပရိသတ်အစုံဝင်ခဲ့၍ အတွေ့အကြုံများစေကာမူ ရှက်အမ်းအမ်း ဖြစ်သွား၏။
ကိုသာဗျောသည် ခပ်ငယ်ငယ်ကပင် နန်းတော်တွင်း၌ ဘုရင့် စာရေးတော်ကြီး လုပ်ရန် ရည်ရွယ်၍ သတ်ပုံသတ်ညွှန်း လက်ရေးလက်သားမှအစ နန်းသုံးတော်ဝင် ဖြစ်အောင် “ပေ” အရေးအသားကိုပင် ကျိတ်၍ လေ့ကျက်ထားဖူးသည်။ ဘုရင့်ရှေ့တော်၌ မှတ်တမ်း ရေးသောအခါ ငုံ၍ ခစားရာမှ မော်ဖူးခွင့်မရဘဲ ဒူးတုပ်ပျပ်ဝပ်လျက်က ဘယ်လက်ဖြင့် ပေရွက်ကို ကိုင်ကာ ခေါင်းပေါ်၌တင်၍ ညာလက်ဖြင့် ကညစ်ကိုကိုင်ကာ ခေါင်းဖော်၍ပင် မကြည့်ဘဲ ငုံ့၍ရေးသားရသည် ဆို၏။ ထိုအတိုင်းပင် လေ့ကျင့်ခဲ့ဖူးသတတ်။
ယခုမူ ကိုသာဗျောသည် နန်းတွင်း စာရေးတော်ကြီး မဖြစ်ဘဲ တောတွင်းစာရေး ဖြစ်၍နေ၏။ ပရိသတ်များ အလာစဲသွားသဖြင့် ကိုသာဗျောသည် ငွေများကို အလှူရှင် လက်သို့အပ်ရန် စာရင်းနှင့်ငွေ ကိုက်မကိုက် ပြန်၍ စိစစ်နေ၏။ စည်ဗျောများကို နှဲကြီး အော်သံနှင့်အတူ တစ်ချီတစ်လော တီးမှုတ်ကြပြန်သည်။ ဘုန်းတော်ကြီးများ ကြွလာပြီ ဖြစ်ကြောင်း ဗျောသံဖြင့် ပရိသတ်များ သိနေကြ၍ မဏ္ဍပ်အဝင်ဘက်သို့ ပရိသတ်အားလုံး လှည့်မျှော်ကြည့်နေကြ၏။
ဘုန်းတော်ကြီးများ ယပ်ကိုထမ်း၍ ထေရ်စဉ်ဝါလိုက် မဏ္ဍပ်တွင်းသို့ ကြွဝင်လာကြရာ ပရိသတ်အားလုံး ဦးချနေကြသည်။ ကိုသာဗျောကား စာရင်းကုပ်တုန်း။ ဘုန်းတော်ကြီးအားလုံးက ကိုသာဗျောအကြောင်းကို သိနေကြပြီး ဖြစ်သည်။ ကြွဝင် လာသော ဘုန်းတော်ကြီးတိုင်းလိုလိုပင် အလွန်ထင်ရှားလှသော ကိုသာဗျောကို ကြည့်၍ ပြုံးစိစိ ဖြစ်သွားကြသည်။ ခေါင်းပေါင်းက နီတာရဲ၊ ပိုးသားလုံချည်က နီတာရဲ၊ စာပွဲတစ်လုံး၌ ကုန်း၍ စာရင်းကုပ်နေသော ကိုသာဗျော၏ ဝတ်ပုံစားပုံ အချိုးမကျသည်ကို မြင်၍ ပြုံးတော်မူကြခြင်းဖြစ်၏။
အင်းဝခေတ်က ရမည်းသင်းစား “သီလဝ အမတ်ကြီး” သည် တစ်သက်တွင် သုံးကြိမ် မျှသာ ရယ်ဖူးသည်ဆို၏။ တစ်ကြိမ်မှာ ဘုန်းကြီးလူထွက် တစ်ယောက် ဧရာဝတီမြစ်အတွင်း၌ ခေါင်းပေါင်း မချွတ်ဘဲ ရေချိုးရေငုပ်နေသည်ကို မြင်ရ၍ ရယ်ခြင်းတစ်ပါးဟုဆိုရာ ဘုန်းကြီး လူထွက်တို့သည် ရာဇဝင်နှင့် လာကြသူများ ဖြစ်ကြ၏။ အချိုးမကျသော ကိစ္စမှန်သမျှ နာမည်ငှားပင် လိုက်နေကြရသည်။
ကိုသာဗျော၏ ငယ်ဆရာ စော်ကဲကျောင်း ဘုန်းတော်ကြီးလည်း အလှူပွဲသို့ ကြွရာ ကိုသာဗျောကို မြင်သွားသောအခါ များစွာ စိတ်မကောင်းဖြစ်ရှာ၏။ စာသင်ဘက် ဘုန်းကြီးများကလည်း ယပ်ကိုကွယ်၍ တစ်ပါးနှင့်တစ်ပါး ကိုသာဗျောတော်ပုံကို ချီးကျူးကာ စိတ်မကောင်း ဖြစ်နေရှာကြ၏။ ကိုသာဗျော၏ အရည်အချင်းနှင့် ဘဝကံကြမ္မာကို သိထားသူတိုင်း စိတ်မကောင်း ဖြစ်ကြမည်မှာ မလွဲပေ။
ကိုသာဗျောဟူသည် “ပဋိပတ္တိ သာသနာဝင်” တွင် နေလပမာ ထင်ရှားလာမည့် “သထုံဇေတဝန် ဆရာတော်ဘုရားကြီး” ၏ လောင်းလျာ နုစဉ်ကာလ တစ်ဖြစ်လဲ ဘဝ ရောက်နေရသူပင်တည်း။ မည်သို့မျှ လူဝတ်ကြောင်ဘဝနှင့် မတန်သော ကိုသာဗျော။
---
အချိန်တိုတိုနှင့် ဇာတ်စုံက ရရှာခြင်း
ကိုသာဗျောသည် အမိကန်ကြီးကုန်း ရွာသူ ဒေါ်ပိုင်၊ အဖကျောက်ပနံရွာသား ဦးညို တို့မှ ၁၂၃၀-ပြည့်နှစ် တပို့တွဲလဆန်း ငါးရက်၊ စနေနေ့ နေဝင်ပဟိုရ် လေးချက်တီး အချိန်၌ ဖွားမြင်ခဲ့၏။
ရှစ်နှစ်သားအရွယ်တွင် ကျောက်ပနံ၊ ကန်ကြီးကုန်း နှစ်ရွာကြား စော်ကဲဘုန်းကြီး ကျောင်း၌ ပညာသင်ရသည်။ ယဉ်ကျေးဖွယ်ရာ အရာရာ အလိုက်သိခြင်း အထူးသဖြင့် ဉာဏ်ထက်မြက်၍ လုံ့လဝီရိယ ရှိခြင်းကြောင့် စော်ကဲဘုန်းကြီး၏ အရေးပေး ခံရသူဖြစ်၏။ မကြာမီပင် ကျောင်းသားတို့ တတ်အပ်သော သင်ရိုးကုန်၍ တစ်ဆယ့်နှစ်နှစ်သား အရွယ်တွင် သဒ္ဒါရှစ်စောင်နှင့် နိယံများ ပုဒ်စစ်ကျမ်းများကိုပါ နှုတ်ငုံရပြီး ဖြစ်သည်။ ဉာဏ်ထက်လွန်း လှသူဖြစ်၍ ဆရာဘုန်းကြီးက သင်္ဂြိုဟ် သင်မပေးမီကပင် အဘိဓမ္မာညဝါများကို စမ်း၍ သင်ပြပေးရာ မကြုံစဖူး အံ့ဩ ယူရသည်။
တစ်ဆယ့်လေးနှစ်သားအရွယ် ရောက်သော် ရှင်နာရဒအမည်ဖြင့် ရှင်ဖြစ်၍ သာမဏေ ကျင့်ဝတ် သင်ရိုး ကုန်ပြီးနောက် ရဟန်းတော်များ သင်ယူရသော ဒွေမာတိကာကိုပင် အာဂုံရနေ၏။ သို့နှင့် ဆရာက စာသင်သား ရဟန်းကြီးများသာ သင်ယူနိုင်သော ဝိနည်း ပိဋက ပါဠိတော်ကြီး ငါးကျမ်းကို သင်ပြပေးရာ သုံးလေးနှစ် အတွင်း ဝိနည်း ငါးကျမ်း ပေါက်မြောက်သွားသည်။
ရှင်နာရဒ ကိုရင်ဘဝတွင်ပင် သာသနပန္နက်သဲ ချပေးလိုက်ခြင်းဖြစ်၏။ စော်ကဲ ဘုန်းကြီးကား ချီးကျူးဂုဏ်ယူ၍ မပြီးနိုင် ရှိတော့သည်။
---
ရှင်လူထွက် သူပုန်ကလေး
ကိုရင်ရှင်နာရဒသည် အရွယ်နှင့် မလိုက်အောင်ပင် စာတော်သူဖြစ်၏။ “ဘုန်းကြီး ဖြစ်လဲဖြစ်၊ မဖြစ်လဲ နန်းတော်မှာ စာပေပညာဖြင့် အမှုထမ်းမယ်” ဟု အားခဲထားသည်။ အကြံဉာဏ်လည်း ကြီး၍ ဇွဲသတ္တိလည်းရှိ၏။ သို့သော် မမျှော်လင့်နိုင်သော ကံအကြောင်းတရား တို့က သွေးအားသစ်စ ရှင်နာရဒ၏ ဘဝ၌ စီမံကိန်းချထားသမျှ လွဲချော်သွားစေခဲ့သည်။ ရုတ်တရက် ဖခင်ကြီး ကွယ်လွန်၏။ ခုနစ်လအကြာ မိခင်ကြီးပါ ကွယ်လွန်ပြန်၏။ အစ်မ, မထွန်းဇံနှင့် နှမ,မဝန်၊ မမကြီးတို့ကား မျက်စိသူငယ် လူမမယ်မျှသာ ရှိသေး၍ မှီတွယ်ရာမရှိ အတိဒုက္ခ ရောက်ကြရသည်။
ရှင်နာရဒ လူထွက်ရလေပြီ။
ရှင်လူထွက် မောင်သာဗျောသည် ကံစီမံသည့်အတိုင်း မောင်နှမ လေးဦးသား ကျောက်ခဲကုန်း၌ နွားနှင့်အတူရုန်းကာ ဝမ်းကျောင်းနေရရှာ၏။
“လူဖြစ်လာမှတော့ တစ်နေ့ မင်းမှုထမ်းဖြစ်ရမည်” ဟူသော အကြံက ဝင်လျက် ရှိပြန်၏။ သို့သော် ခေတ်အခါက ထိုအကြံကို အမြစ်ပြုတ် ချိုးဖျက် ပစ်လိုက်သည်။ ၁၂၄၇- ခုနှစ်၊ မောင်သာဗျော တစ်ဆယ့် ခုနစ်နှစ်သား အရွယ်တွင် မိစ္ဆာဒိဋ္ဌိ ကုလားဖြူများက မြန်မာနိုင်ငံကို ကျွန်ပြုလာကြကုန်၏။ အနယ်နယ်၌ ပုန်ကန် ထကြွလာကြသည်။ စိတ်လိုက် မာန်ပါ လုပ်တတ်သော ဗီဇ၊ တက်ကြွသောအရွယ်၊ ကြံရွယ်သမျှ မှန်းချက်မကိုက် အကြောင်းများ တိုက်ဆိုင် ဆုံစည်းလာသဖြင့် မောင်သာဗျော တစ်ယောက် ကျောက်ပနံရွာမှ ကိုယ်ရောင်ဖျောက် သွားလေတော့သည်။
အင်္ဂလိပ်များ အုပ်စိုး၍ သူပုန်သူကန်များ အေးဆေးသွားခါမှ မောင်သာဗျော ဟံသာဝတီခရိုင် ကွမ်းခြံကုန်း မြို့နယ်ရှိ ကော့မှုးရွာ ဦးရီးတော်အိမ်၌ ရောက်နေကြောင်း ကြားသိရ၏။ ထိုအိမ်၌နေစဉ် တစ်နေ့သ၌ စိတ်အဆင်မပြေ၍ စကားမပြောဘဲ အိပ်ရာထဲ၌ နှစ်ရက်လုံးလုံး မစားမသောက်နေ၏။
အဒေါ်လုပ်သူက “တကတဲတော် မစားမသောက်တာ ရှိပါစေတော့၊ မယိုမပေါက်ဘဲ နေနိုင်တာများ အံ့ပါရဲ့” ဟု သူ၏ ဦးရီးတော်အား ပြောကြားသောဟူ၏။
စင်စစ် မောင်သာဗျောကား လောကဓံ မုန်တိုင်းများကြားမှ ရှေ့သွားရမည့် ခရီးစဉ် အတွက် အစ်မနှင့် နှမများက တစ်ဖက်၊ အရိုးစွဲ အသားစွဲအောင် ပန္နက်ရိုက်ခြင်း ခံခဲ့ ရသော သာသနာစိတ်က တစ်ဖက်၊ အကြိမ်ကြိမ် ချိန်စက်ကြည့်နေခြင်း ဖြစ်သည်။ သို့နှင့် တစ်စုံ တစ်ခု ဆုံးဖြတ်ကာ ဇာတိ အညာမြေသို့ ပြန်ခဲ့၏။
---
စိတ်စေရာ လိုက်ပါခဲ့ရသော ဦးနာရဒ
၁၂၄၉-ခုနှစ် အညာသို့ ရောက်လျှင် အစ်မ၊ နှမများနှင့်အတူ တောင်ယာလုပ်ကိုင်ရင်း အစ်မနှင့်နှမများအား တဖြည်းဖြည်း နားသွင်းကာ ပဉ္စင်းတက်ရန် ခွင့်တောင်း၏။ အားလုံးက သဘောတူ ခွင့်ပြုကြသည်။ အသက်လည်း ၂၀-တွင်းသို့ပင် ရောက်လာ၏။
သို့နှင့် ကန်ကြီးကုန်း ရွာ၏ အရှေ့တောင် မန်ကျည်းစု တောရကျောင်း ဘုန်းကြီး ဦးလက္ခဏ (ဝမ်းကွဲအစ်ကို) ထံ၌ ရဟန်းပြု၏။ ဒေါ်ပိုင်၏ ညီမဝမ်းကွဲ တော်သူ ဒေါ်အံစာ-ဦးပေါ်စတို့က ဒါယကာ ခံကြသည်။
ကျောင်းနေ ကျောင်းအိပ် ကျောင်းရိပ်နှင့် ကျောင်းစိတ်က အတိတ်ကို မေ့ပျောက် စေကာ လေ့လာ သင်ယူဖူးသော ပိဋကစာများက ဦးနာရဒအား ချွေးသိပ် နားနေ စေ၏။
ပါဠိ ပိဋကများ ဆက်လက် သင်ကြားပြီးနောက် အားမရသေးသဖြင့် မင်းကွန်း တောင်ရိုး ဦးပုညကြီးတောင်ခေါ် တောင်းပန်ကြီး ကျောင်းတိုက် သုံးဂိုဏ်းချုပ် ဆရာတော် ဦးရာဇိန္ဒထံသို့ ပြောင်းရွှေ့ သင်ယူသည်။ သုံးဂိုဏ်းချုပ် ဆရာတော်က ပိဋက သွားနည်း လာနည်းကို လက်ဆုပ်လက်ကိုင် အထူးသင်ပြပေးရာ လပိုင်း နှစ်ပိုင်းအတွင်း များစွာတိုးတက်သွား၏။ အနေအထိုင်နှင့် စိတ်ဓာတ်ကိုလည်း အားရကာ ဦးနာရဒအား စာချ ဆရာအဖြစ်မှ တစ်ဆင့် ကျောင်းတိုက်ကိုပါ လွှဲအပ်လေ၏။
သို့သော် ဦးနာရဒကား ထိုတာဝန်ကို ကြာရှည်လက်မခံဘဲ မန္တလေးမြို့သို့တက်၍ အဘိဓမ္မာ အကျော် မိုးကောင်းတိုက်သို့ စာသင်ကြွခဲ့သည်။ ထိုမှတစ်ဆင့် ဒက္ခိဏဝန်တိုက်၊ ထိုကမှ မြတောင်တိုက်၊ ထိုကမှ စံကျောင်းတိုက်ကြီးများသို့ တစ်တိုက်ပြီးတစ်တိုက်၊ တစ်ဆရာပြီး တစ်ဆရာ နည်းမျိုးစုံအောင် စာလိုက်ခြင်း၊ ရှင်ငယ် ပဉ္စင်းငယ်များအား တစ်ဆင့် စာချပေးခြင်းဖြင့် နေထိုင်ခဲ့၏။
ထို့နောက် အကြောင်းအားလျော်စွာ ပြည်ခရိုင် ရွှေတောင်မြို့ နာမည်ကျော် ဝေဠုဝန် ဆရာတော်ထံ ရွှေ့ပြောင်း သီတင်းသုံးရာ ပိဋကအရာ၌ ထက်မြက် စူးရှ၊ ဝီရိယ လည်းကောင်း၊ အနေအထိုင်လည်း အားရသဖြင့် ဆရာတော်ကြီးက ဝေဠုဝန် ကျောင်းတိုက်ကြီးကိုပင် ဦးစီး အုပ်ချုပ်ရန် လွှဲအပ်ခြင်း ခံရပြန်သည်။
သို့ရာတွင် ဦးနာရဒသည် အောက်မြို့ အောက်ရွာ၌ မပျော်ပိုက်သဖြင့် မင်းကွန်းသို့ ပြန်ကြွလာခဲ့၏။ မင်းကွန်း တောင်ပေါ်ကြီးကျောင်းသို့ ပြန်ကြွလာသောအခါ ဆရာ့ဝတ်၊ သံဃဝတ်များ လုပ်ရင်း၊ စာပို့ချရင်း ပါဠိ၊ အဋ္ဌကထာ၊ ဋီကာ များကို မွှေနှောက်ကြည့်ရှုကာ အချိန်ကို ကုန်လွန်စေခဲ့သည်။
စာချဘုန်းကြီး ဦးနာရဒ၏ သတင်းလည်း စစ်ကိုင်း၊ မင်းကွန်း တစ်ခွင်၌ ပျံ့လွင့်စ ပြုနေ၏။ ထိုအချိန်ကား လယ်တီဆရာတော်၏ “မဟာဋီကာ” ဂယက်ထချိန် ဖြစ်၍ “ငါသာဆိုလျှင် အဋ္ဌကထာပဲ ရေးမယ်” ဟု အားကျမခံ အကြံပေါက်ကာ “ပေဋကောပဒေသ ပါဠိတော်” အဖွင့် “အဋ္ဌကထာ” ရေးရန် စီစဉ်လျာထားလျက် ရှိသည်။
တစ်ညသ၌ ဦးနာရဒသည် အိပ်မက်တွင် အောက်သွားနှစ်ချောင်း ကျိုးသွားသည်ဟု မြင်မက်၍ “အောက်သွားကျိုးရင် ကိုယ့်အောက်ကလူ သေတတ်သည်” ဟူသော အစွဲကြောင့် နှမများရှိရာ နှစ်မိုင်ကျော် ဝေးကွာသော ကျောက်ပနံရွာသို့ ကတိုက် ကရိုက် ကြွသွား၍ ကျန်းမာရေး အခြေအနေကို မေးမြန်းခဲ့ရသေး၏။ နှမများကား အိမ်ထောင်မကျကြသေး။
ဦးနာရဒသည် အဋ္ဌကထာကျမ်းပြုရန် စီစဉ်ဆဲ အစ်မနှင့် နှမများကို ကျောင်းသို့ ခေါ်ယူ၍ “ငါ လူထွက်တော့မယ်၊ အင်္ကျီ၊ လုံချည် ယူခဲ့ကြ၊ နင်တို့ကို စိတ်မချဘူး” ဟု ခရီး ရောက်မဆိုက် ပြောလိုက်ရာ အစ်မနှင့် နှမများမှာ ယူကျုံးမရ ငိုကြွေးကြကုန်၏။ အမျိုးမျိုး တောင်းပန် လျှောက်ထားသော်လည်း မရတော့ဘဲ နောက်ဆုံးတွင် တစ်ယူသန် တစ်ဇွတ်ထိုး လုပ်တတ်သောစိတ်ကြောင့် ခေါင်းပေါင်း နီတာရဲ၊ ပိုးသားလုံချည် နီတာရဲနှင့် စာပွဲကို ရှေ့ချကာ အလှူမင်္ဂလာမဏ္ဍပ်တွင် စာရေးကြီး ဖြစ်လာလေ၏။ ကြားသမျှ မြင်သမျှ ဆရာ သမားများနှင့် ဘဝတူစာသင်ဘက် ဘုန်းကြီးအားလုံး ယူကျုံးမရ နှမြောတသ နေကြကုန်၏။
ဦးနာရဒ တစ်ဖြစ်လဲ ကိုသာဗျောကို နားချ၍
“မဆုံးမ မစောင့်ထိန်းဘဲ လွှတ်ထားသော စိတ်ကဲ့သို့သော အကျိုးမဲ့ ဒုက္ခရောက်စေ တတ်သော အခြား တရားတစ်ပါးကို ငါဘုရား မြင်တော်မမူ” ဟု မြတ်စွာဘုရားရှင် (ဧကင်္ဂုတ္တရ-အဒန္တဝဂ်၌) ဟောတော်မူ၏။
တစ်ဖန် (ယင်း ဧက ဓမ္မပါဠိ-တတိယဝဂ်၌ပင်)-
“ကောင်းမွန် မှန်ကန်သော တရားကျင့်ဝတ် မဟုတ်ရာ၌ လုံ့လဝီရိယကြီးသူသည် ဒုက္ခရောက်၍ လုံ့လနည်းသူသာ ချမ်းသာရ၏။ ကျင့်ကြံသော်လည်း ဆင်းရဲ လွတ်ကြောင်း တရား မဟုတ်သောကြောင့်တည်း။ ကောင်းမွန်မှန်ကန်သော တရားကျင့်ဝတ်၌ကား လုံ့လဝီရိယ ကြီးသူသည်သာ ချမ်းသာ၍ လုံ့လနည်းသူမှာ ဆင်းရဲရသည်” ဟု သာသနာတော် လမ်းစဉ် နှင့် သာသနာ့အပြင်မှ လမ်းစဉ်တို့၌ ဝီရိယ အသုံးချပုံကို နှိုင်းယှဉ်၍ ဟောတော်မူဖူး၏။
ထိုသဘောများကို မှန်းမျှော်၍ ဇွဲလုံ့လ ဝီရိယကောင်းတိုင်း အကျိုးရှိသည်ကား မဟုတ်ချေ။ အကျိုးမများသော ကိစ္စ၊ နည်းလမ်း မမှန်သော အလုပ်တို့ကို လုပ်ကိုင်ရာ၌ ဝီရိယကောင်း သလောက် ဒုက္ခရောက်တတ်၏။ အရှက်တကွဲ အကျိုးနည်း ဖြစ်တတ်၏။
ထို့ကြောင့် မိမိလုပ်တော့မည်ဟု ကြံစည်သော အလုပ်ကို ရာဂ၊ ဒေါသ၊ မောဟ ကင်းကြောင်း အလုပ် ဟုတ်-မဟုတ် မှန်-မမှန်၊ ဘုရားစသော သူတော်ကောင်းများ ကြိုက်-မကြိုက် ဝေဖန် စိစစ်ရာ၏။ ဟုတ်မှန်သော်လည်း မိမိစွမ်းအားဖြင့် တကယ် လုပ်နိုင် မလုပ်နိုင် စဉ်းစားရာ၏။ အချိန်အခါ အခြေအနေ နေရာဌာန သင့်မသင့် မှန်-မမှန် ဝေဖန်ရာ၏။
ကောင်းမွန် မှန်ကန်သည့် အလုပ်ပင် ဖြစ်စေကာမူ သတိပညာ စဉ်းစားဉာဏ် အထိန်းမပါသောစိတ်၊ တစ်ဇွတ်ထိုး ကြိတ်မှိတ်၍ ကြိုးစားသော ဝီရိယတို့သည် ကောင်းကျိုး မပေးတတ်ချေ။
အကုသိုလ်ကံဟောင်း ကြွေးဟောင်းတို့ကို ဝိပဿနာကုသိုလ်ဖြင့် စာရင်းရှင်းကာ ရှင်းကာ ဘဝများကို ချုံးချုံး၍ သွားနေရသော ယောဂီတို့အတွက် စိတ် ထက်သန်လေ၊ ဇွဲ ကောင်းလေ၊ မဇ္ဈိမပဋိပဒါကျအောင် စဉ်းစားဝေဖန်ရလေဖြစ်၏။ သို့မဟုတ်ပါက လမ်းစဉ်ပင် မှန်သော်လည်း အံချော်၍ သွားတတ်ပေသည်။
ကိုသာဗျောသည် အမျိုးမျိုးသော လောကဓံများကို ဖြတ်သန်းကာ ရဟန်း လူထွက်ဘဝ အခြေမကျမီမှာပင် မင်းကွန်း အလယ်တောရ ဆရာတော်ဘုရားကြီး ဦးမဉ္ဇူသာရက ဆွဲဆောင် ဟောပြ၍ သာသနာ့ဘောင်သို့ ပြန်လည် ရောက်ရှိ လာသည်။ ဦးနာရဒသည် နှစ်ကြိမ်မြောက် ရဟန်းပြု၍ မကြာမီပင် လက်ပံတန်းမြို့မှ ဆရာတော် ဦးဂန္ဓမာက စာချဘုန်းကြီး အဖြစ် ပင့်ခေါ်၍ လက်ပံတန်းမြို့၌ ကြွရောက် သီတင်းသုံးရပြန်၏။ လက်ပံတန်းမြို့၌ တစ်ဝါမျှသာ နေပြီးနောက် မင်းကွန်းသို့ ပြန်လည်ကြွလာခဲ့သည်။
---
ဦးနာရဒ ချုံးပွဲချ ငိုရခြင်း
ဦးနာရဒသည် မင်းကွန်းသို့ ပြန်ရောက်ပြီး တောင်ပေါ်ကြီးကျောင်းရှိ တိုက်တာ ဝေယျာဝစ္စနှင့် စာချရသော တာဝန်ကြီးကို လုပ်မြဲလုပ်နေစဉ် မကြာမီပင် မတ္တရာမြို့နယ် ရွာကြီးတစ်ရွာမှ ကျောင်းထိုင်စာချအဖြစ် ပင့်၍ ဆရာတော်၏ အမိန့်အရ လိုက်ပါကြွသွားရပြန်၏။ (ပဋိပတ်ဘက် မလှမ်းနိုင်စေရန် စာနှင့်၊ ပရိသတ်နှင့် ဝိုင်း၍ ဖိထားခြင်း ပင်တည်း။)
တိုက်အုပ် စာချလုပ်ရသည်မှာ ရှောင်လွယ်လှသော်လည်း ကျောင်းပိုင်ဘဝကား ရုတ်တရက် ရှောင်၍ မလွယ်ကူလှချေ။ ထိုတောရွာ စာသင်တိုက်မှာလည်း ရပ်ရွာ ဒကာ ဒကာမ တောင့်တင်း၍ ကျောင်းသားကိုရင် ဦးပဉ္စင်းလည်း များလှသဖြင့် ဦးနာရဒကဲ့သို့သော စာတတ်ပုဂ္ဂိုလ်ကို ရသည့်အတွက် တစ်နယ်လုံးက ဝမ်းသာ နေကြ၏။
ဦးနာရဒလည်း ကိုယ့်လက်ကိုယ့်ခြေ ကိုယ့်သဘောကျ အုပ်ချုပ်၍ လွတ်လပ်စွာ သာသနာပြုရသဖြင့် ဝမ်းမြောက်နေ၏။ သို့သော် မကြာမီပင် ကိုရင်ကြီးအချို့နှင့် လက်ထက်တော်ပါ ဦးပဉ္စင်းအချို့အပေါ် သြဇာမကိုက် ရှိနေသည်။ သည်းခံဆုံးမ ဟောပြော၏။ ငယ်မွေး ခြံပေါက် ဆရာတပည့် မဟုတ်ကြသဖြင့် “ဦးပဉ္စင်းကြီးလာက ဘုန်းကြီးရန်သူ” ဟူသည့်အတိုင်း တဖြည်းဖြည်း အုပ်ချုပ်ရခက်၍ လာတော့သည်။ နောက် ကျောင်းသား၊ ကိုရင်ကြီးများထိ ဆန့်ကျင်ဘက် သြဇာသက်ဝင်ကာ ဆုံးမရန် တစ်နေ့တခြား ခက်၍လာ၏။
“စာတတ်သော်လည်း မအုပ်ချုပ်တတ်” ဟု အထင်ခံရမည်စိုး၍ ကြိုးစားသည်းခံ ပါသော်လည်း နောက်ဆုံးတွင် ကျက်သရေခန်း အတွင်းဝင်၍ သင်္ကန်းကို ခေါင်းပုခြုံကာ ချုံးပွဲချ ငိုရလေတော့၏။ နာမည်ကျော်စ တစ်နယ်လုံးက အထင်ကြီး နေပြီဖြစ်၍ မည်သို့ စီမံရမည်ကိုမသိ၊ ရုတ်တရက် ထွက်သွား၍လည်းမရ၊ များစွာ စိတ်ဆင်းရဲရလေ၏။ (အမွှေဓာတ်ကို သတိပြု။)
ပရိသတ်နှင့် စာနှင့် အပိုင် ဖိလိုက်သော်လည်း ထိုပရိသတ်နှင့် ထိုစာကပင် ဦးနာရဒအား ဘဝလမ်းကြောင်းပြောင်းရန် နှိုးဆော်နေတော့သည်။
ကောင်းမည့်သူကို ဆိုးအောင်လုပ်၍မရ၊ ဆိုးမည့်သူကို ကောင်းအောင်လုပ်၍ ရခဲ့မျှ။ ဦးနာရဒသည် အားရအောင်ငိုပြီး နောက်တစ်ရက်မှစ၍ သံဝေဂဝင်ကာ “စိတ်ဆိုးရ၊ စိတ်ညစ်ရ၊ ငိုကြွေးရသည့် ဒုက္ခကား ပူလောင်လှ၏။ ထိုဒုက္ခက လွတ်စေနိုင်သည့် တရား မရှိတော့ပြီလော” ဟု အဖြေရှာ၍ စိတ်ပြေလက်ပျောက် စာကြည့်နေခဲ့၏။
“သောကပရိဒေဝါနံ သမတိက္ကမာယ = သတိပဋ္ဌာန်လေးပါး တို့သည် စိုးရိမ် ငိုကြွေးခြင်းတို့ကို လွန်မြောက်ခြင်းငှာ လည်းကောင်း၊
ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ = ကိုယ်စိတ် ဆင်းရဲခြင်းတို့၏ ကင်းပျောက်ခြင်းငှာ လည်းကောင်း. ဖြစ်ကုန်၏”
ဟူသော သတိပဋ္ဌာန် ပါဠိတော်ကို သွား၍ တွေ့ရာ ဆွေ့ဆွေ့ခုန်မျှ ဝမ်းသာသွား၏၊ သို့သော် မည်သို့ ရှုမှတ်ရသည်ကိုမူ မစဉ်းစားမိသဖြင့် ရိုးရာ ဗုဒ္ဓါနုဿတိ၊ မေတ္တာ ကမ္မဋ္ဌာန်း တို့ကိုသာ စမ်း၍ ကြည့်နေမိခဲ့သည်။
“မင်းကွန်းသို့ရောက်လျှင် ထိုအဖြေရမည်” ဟု မျှော်လင့်ယုံကြည်စိတ်က ပြင်းပြစွာ ဝင်လာ၏။ သို့နှင့် မကြာမီ သက်ဆိုင်ရာ ဆရာသမားနှင့် ဒကာ ဒကာမများကို ပြေလည် အေးဆေးစွာ ပြောဆို၍ ထို မတ္တရာ စာသင်တိုက်မှ မင်းကွန်း တောင်ပေါ်ကြီး ကျောင်းသို့ ထွက်ခွာခဲ့လေ၏။
ဦးနာရဒသည် မတ္တရာမှ မင်းကွန်းသို့ ရောက်သောအခါ တောင်ပေါ်ကြီး ကျောင်းမှ အလယ်တောရသို့ ရွှေ့ပြောင်း သီတင်းသုံးရပြန်၏။ ဦးနာရဒ၏ ဘဝတွင် ယခုတစ်ကြိမ် အပြောင်းသည် အကောင်းဆုံး ဖြစ်ခဲ့၏။ တောင်ပေါ်ကြီးကျောင်း ဆရာတော်သည် ပဋိပတ်၌ သင့်ရုံသာလုပ်၍ ပရိယတ် ကျမ်းစာများကိုသာ အချိန် ရှိသမျှ ကြည့်ရှုရန် ဝါသနာ ကြီးသဖြင့် ဦးနာရဒလည်း ထိုအတုကိုယူခဲ့မိ၏။ အလယ်တောရ ဆရာတော်မှာမူ ပဋိပတ္တိ၌ ပို၍အားသန်သော ဆရာတော်ဖြစ်သည်။
“စာသင်စာချရတာလဲ များလှပြီ၊ ဒီလိုနေသွားလို့ ရဟန်းတရား အားထုတ် ရတော့မည် မဟုတ်၊ ရဟန်းတရား အားမထုတ်နိုင်လျှင်လည်း စာတွေ မည်မျှ တတ်တတ်၊ ဒုက္ခမှ လွတ်ရတော့မည် မဟုတ်ပါကလား” ဟူသော မီးခဲပြာဖုံး ဖြစ်ခဲ့ရသည့် အသိဉာဏ်သည် ခေါင်းပေါ်၌ မိုးကြိုးကျသည်ထက် ပြင်းထန်ပေ၏။
စာသင်စာချခြင်းဖြင့် နယ်လည်း စုံခဲ့ပြီ။ လူမှုဒုက္ခများလည်း ကြုံခဲ့ပြီ။ မီးခဲပြာဖုံး အသိဉာဏ်ကြီးက မေ့လျော့စွာ သိမ်းပိုက် လာခဲ့မိသော ဘဝဇာတ်ရှုပ် အထုပ်ကြီးကို တစ်ကန့်စီ တစ်ကန့်စီ ဖြေ၍ ပြနေ လေတော့သည်။
“ငါ့ဘဝကား အချိန်ပိုင်း အတွင်းမှာဘဲ အပြောင်းအလဲတွေ များပြီး ချောက်ကမ်းပါး ကျဖို့ လက်မတင်ကလေး လိုပါတော့ကလား” စသည်ဖြင့် ငယ်စဉ်မှစ၍ မိမိ၏ ခရီးသည်ဘဝကို တောင်ပေါ်မှ စီး၍ ကြည့်လိုက်သကဲ့သို့ ကြက်သီးထမိ လေတော့သည်။
---
အပ္ပမာဒ သိုက်စောင့်ကြီးများ
ဦးနာရဒသည် သက်တော်လည်း ၃၇-နှစ်ရှိလေပြီ။ ဆရာတော်ထံ၌ ရဟန်းတရား ရှုပွားနည်းကို လျှောက်၍ ကျင့်တော့မည် ကြံသော်လည်း သံဃာတော်များကို ထိန်းသိမ်းစာချ၍ တိုက်အုပ်လွှဲအပ်ခြင်းသာ ခံယူရပြန်၏။ ထိုတာဝန်ကြီးကို ယခင်က အကြိမ်ကြိမ် ထမ်းခဲ့ရစဉ် ပထမတွင် သာယာမိသကဲ့သို့ ရှိသော်လည်း ဤ တစ်ကြိမ်တွင်မူ ထိုတာဝန်ကြီးကပင် ချောက်လှန့်နေတော့၏။ သို့သော် မရှောင် သာဘဲ ထမ်းဆောင်နေရပြန်သည်။ တရားလျှောက်ရန် အကြံလည်း ငုပ်၍ငုပ်၍ သွားပြန်၏။
တစ်နေ့သောအခါ စာကြည့်အပြီး ရပြီးစာများကို စိတ်ပါလက်ပါ ရွတ်အံနေခိုက် ရုတ်တရက် ဆရာတော်ကြီး ကြွလာကာ..
“ဦးနာရဒ၊ စာတွေကို ဘယ်အတွက် ဒီလောက် သင်အံကျက်မှတ်နေရသတုန်း” ဟု မေးတော်မူရာ ငုပ်နေသော အကြံက ရုတ်တရက် ပေါ်လာကာ -
“နိဗ္ဗာန်လိုချင်လို့ပါ အရှင်ဘုရား” ဟုပင် လျှောက်လိုက်မိသည်။
“နိဗ္ဗာန်လိုချင်ရင် “ဘူတံ ဘူတတော ပဿတိ” လောက်နဲ့ပဲ ရနိုင်ပါသဗျာ” ဟု မိန့်တော်မူကာ အနီးမှ ထွက်ခွာသွား၏။
ဦးနာရဒ၏ ဦးခေါင်း၌ ပြင်းထန်သော ဒုတိယမ္ပိ မိုးကြိုးတစ်ကြိမ် ပစ်ချလိုက်သကဲ့သို ရှိတော့သည်။ ဆရာတော်ကြီးကား သိတော်မြင်တော်မူဟန် ရှိပေ၏။
ကံတရားတို့သည် ဆန်းကြယ်လှ၏။ သတိ-သမာဓိ-ပညာဖြင့် စောင့်၍ကြည့်တတ် ပါလျှင် သိသာလှပေသည်။ ဦးနာရဒလည်း သက်ပြင်းချလျက် “ဘူတံ ဘူတတော ပဿတိ” ဟု နှုတ်က အကြိမ်ကြိမ် ရေရွတ်ကာ အဓိပ္ပာယ်ကို တွေ့ပြီး စဉ်းစား နေမိ၏။
“အရှိကို အရှိအတိုင်းမြင်လျှင် နိဗ္ဗာန်ရတော့ တာပဲ” ဟု ဒက်ကနဲ သဘော ပေါက်ကာ လက်တွေ့လုပ်ရန် ဆုံးဖြတ်လိုက်တော့သည်။
“သံဃသာမဂ္ဂီခေါ် ဘုန်းကြီး နိုင်ငံရေး အဖွဲ့များလည်း ပေါ်လာခိုက်ဖြစ်၍ စာသင်သားများ ဆုံးမရခက်သည်နှင့် ကြုံလေရာ၊ ဦးနာရဒအတွက် ပဋိပတ္တိ အလုပ်ခွင်သို့ မြန်မြန် တွန်းပို့ သကဲ့သို့ ဖြစ်သွား၏။
“ဦးနာရဒ၊ ဆင်းရဲက လွတ်ချင်ရင် သတိပဋ္ဌာန်ကလွဲလို့ တခြားလမ်းခွဲ မရှိဘူး၊ ဧကာယနောယံ မဂ္ဂေါ” ဟု ဆရာတော်ကြီးက အမိန့်ရှိရာ မည်သို့ ပွားရမည်ဟုကား ခွဲခြား၍ အမိန့်မရှိ၊ လျှောက်လည်း မလျှောက်မိပေ။ သို့နှင့် “မဟာသတိပဋ္ဌာနသုတ် ပါဠိတော်ကြီး” ကို အဋ္ဌကထာ၊ ဋီကာနှင့် တိုက်ဆိုင်၍ အပြန်ပြန် အလှန်လှန် ကြည့်ရှု သုံးသပ်ရတော့သည်။
ယင်းသို့ သတိပဋ္ဌာန်ဆိုင်ရာ စာများကို ကြည့်ရှု၍ လွတ်လွတ်ကျွတ်ကျွတ်ကြီး ရုန်းမည် အားပြုနေခါမှ “ပေဋကောပဒေသ အဋ္ဌကထာ” ရေးရန် အကြံကြီးက ဆီး၍ကာနေပြန်၏။ “အဋ္ဌကထာဆရာ” ဘွဲ့ထူးကို ဗန်းပြသော ထိုအကြံသည် မာရ၏ နောက်ဆုံး အသုံးပြုလိုက်သော လက်နက်ကြီးပင် တကား၊ ထိုအချိန်က ဦးနာရဒ မြင်ချင်မှ၍ မြင်မည်ဖြစ်သော်လည်း ဦးနာရဒကံက ထိုအန္တရာယ်ကို အခိုက်အတန့်အားဖြင့် ခုခံကာကွယ်၍ ပေးလိုက်၏။
မကြာမီ ဆရာတော်အား ခွင့်ပန်၍ သံဃပရိသတ်ကြီးမှ ဖဲကာ အလယ်တောရ၏ အနောက်ဘက် လေးဖာလုံခန့်ဝေးသော တောထဲသို့ ဝင်ခဲ့၏။ ကမ္မဋ္ဌာန်းကျောင်း ကလေး တစ်ဆောင်ကိုဂူကလေးချောင် သီလရှင်ဆရာကြီး ဒေါ်အီက ဆောက်လှူ၍ ရတတ်သမျှနှင့် ရောင့်ရဲကာ “အပ္ပမာဒ သတိပဋ္ဌာန် အလုပ်” ကို မဆုတ်မနစ် ရှုပွားတော်မူ၏။ (ယခု အလယ်တောရ အနောက်တိုက်ခေါ်၏။)
ထိုအချိန်မှစ၍ တောင်ပေါ်ကြီး ဆရာတော်နှင့် အလယ်တောရ ဆရာတော်၏ အမျိုးမျိုးအဖုံဖုံ စောင့်ရှောက်ရမည့် တာဝန်ကုန်ပြီဟု ဆိုသင့်၏။ ထိုဆရာတော် နှစ်ပါးကား ရှင်မောဂ္ဂလိပုတ္တတိဿ လောင်းလျာအား သာသနာဘောင်ရောက်ရန် အချိန်ယူစောင့်ရှောက် ခဲ့ရသော အရှင်သိဂ္ဂဝနှင့် စဏ္ဍဝဇ္ဇီမထေရ်ကြီးတို့ကဲ့သို့ ဖြစ်တော့သည်။
အရှင် သိဂ္ဂဝမထေရ်ကြီးသည် မေဂ္ဂလိပုတ္တတိဿအား သာသနာ့ဘောင် ရောက်အောင် ဆွဲဆောင်၍ ရောက်လျှင် ပဋိပတ်အလုပ်ကို အလျင်ခိုင်း၏။ သို့တစေ တတိယ သံဂါယနာ သာသနာပြုရန် ရှိနေသေးသဖြင့် သာသနာမှ ဖဲခွာမသွားနိုင်ရုံ၊ သမာဓိ အသိဉာဏ် ရင့်ကျက်ရုံ ပဋိပတ်လမ်းစ သောတာပန်မျှလောက်သာ ချီးမြှောက် ရပ်ဆိုင်းထား၏။
ဓမ္မရသကို သိသွားသဖြင့် ကြောင့်ကြမဲ့နေမည်စိုး၍ အရဟတ္တဖိုလ်ပေါက် အရောက် ပို့တော်မမူခဲ့။ ထို့နောက်မှ ပရိယတ္တိ သင်ယူရန် စဏ္ဍဝဇ္ဇီမထေရ်ကြီးထံ ပို့လွှတ်၏။ သာမဏေဘဝဖြင့် တိပိဋကဓရ ဖြစ်ခဲ့သည်။ (ပါရာဇိက ကဏ္ဍအဖွင့် ၃၀-၃၁။)
စင်စစ် တောင်ပေါ်ကြီးနှင့် အလယ်တောရ ဆရာတော်ကြီးနှစ်ပါးကား ပုဂံမင်း၊ မင်းတုန်းမင်းတို့၏ ဆရာ ဈာန့်အဘိညာဉ်ရ သီးလုံးဆရာတော် ၏ အပ္ပမာဒ အမွေခံ တပည့်ကြီးများ ဖြစ်ကြ၏။ အလယ်တောရ ဆရာတော်အား “အနာဂါမ်ကြီး” ဟုပင် ထိုခေတ်က ဆိုသည်။
ထိုအပ္ပမာဒသံတွေကို မိမိတို့လည်း စားသုံးကာ ထိုအပ္ပမာဒ သိုက်ကြီးကို ဆက်လက်သာ ဖြစ်ကြကုန်၏။ (စောစောပိုင်းကမူ မာရ်နတ်က လက်ချက် ဦးဦးသွား၍ လက်ပိုက်၍သာ ကြည့်နေခဲ့ကြရကုန်၏။) ကံတရားတို့၏ အစီအမံကား ဉာဏ်မီသလောက် အံ့ဖွယ်ရှိပေစွာ့။
“ဤအကြောင်းသည် အဘယ်အကျိုးအတွက်၊ ဤအကျိုးသည် ထိုအကြောင်း ကြောင့်” စသည်ဖြင့် (ရှေ့သွား သူတော်ကောင်းကြီးများက ဘဝနှင့်ရင်း၍ ပြခဲ့ကြသည်ကိုသာ) ရှုမြင် နိုင်ကြပါလျှင် ထိုအကြောင်းအကျိုးများကို တစ်မျိုးတစ်ဖုံ ဖြစ်အောင် အချိန်ဆွဲပေးတတ်သော၊ လမ်းလွှဲ ပေးတတ်သော၊ ထိုးဖောက်၍ ဝင်နှောက်လာတတ်သော အမွှေဓာတ်တို့၏ သင်္ဘောကို ပေါလောကြီး သိမြင်ကြ လေရာ၏။ သို့မှသာ “လာမည့်ဘေး အဝေးကမြင် နိုင်ကြပေမည်။
---
မလှုပ်ချောက်နိုင် ကိုယ်ပိုင်အသိ
ဘုန်းကြီး ဦးနာရဒသည် အပ္ပမာဒတရားကို သက်စွန့်ကြိုးစား မနားမရပ် ရှုမှတ် ပွားများတော်မူရာ သတိပဋ္ဌာန်တရားသည် အလွန်အကျိုးများကြောင်း ရိပ်စားမိကာ “ပါဠိတော်မှာလဲ ပွင့်ပွင့်လင်းလင်း၊ အဋ္ဌကထာ ဋီကာတွေမှာလဲ ရှင်းရှင်းကြီး ရှိနေပါလျက် လက်တွေ့ စမ်းကြည့်မယ့်သူတောင် မရှိခဲ့ကြပါလား” ဟု သာသနာ အတွက် အားမလိုအားမရ ဖြစ်နေမိ၏။ ထိုအချိန်မှစ၍ ဇွတ်နှစ် ကြိုးစားတော်မူသည်။
သတိပဋ္ဌာန်ဟူသည် သွားလာလှုပ်ရှားသမျှ ရုပ်တရား၏ အမူအရာအားလုံးနှင့် စိတ် (နာမ်တရား) ၏ တွေး ကြံစဉ်းစား လှုပ်ရှားမှုအားလုံးကို မလွတ်တမ်း ကြည့်၍ သိသိ နေရသော အလုပ်ပင် ဖြစ်သည်။ ရှင်းလင်းလွယ်ကူလှပေ၏။ ပထမ သွားမှုလာမှု လှုပ်ရှားမှု (ရုပ်ပိုင်း) ကို စောင့်ကြည့်သိမှတ်ရ၏။ နောက် ကြံစည်စိတ်ကူးမှု (နာမ်ပိုင်း) ကို စောင့်ကြည့် သိမှတ်ရသည်။ သွားချင်သော စိတ်က ဦးစွာဖြစ်၍ သွားခြင်း ကိရိယာ (ရုပ်) ဖြစ်ရပုံ ခေါင်းပြူ၍ပြူ၍လာသော စိတ်ဦးကလေးများကိုပါ မှတ်သိကာ တစ်ရက်ထက်တစ်ရက် မှတ်သိစိတ်များ စိပ်၍စိပ်၍ မှတ်စရာများ များ၍များ၍ လာတော့သည်။
ထိုအခါ “တင့်တယ် ချမ်းသာ မြဲသော ငါ” အထင်သည် အမြင်နှင့် ပြောင်းပြန် ဖြစ်သွားတော့၏။ ဝတ်စားတန်ဆာ၊ ဣရိယာပထ၊ သန္တတိဃန ပညတ်အဖုံးများ လုံးလုံး ကွာကျသွားကုန်၏။
ဥပမာအားဖြင့် အလွန်ပိရိလှသော လူတစ်ယောက်အား လူဆိုး လူကောင်း ခွဲခြား သိရန် အမြဲတမ်း နောက်ယောင်ခံ၍ စုံထောက် ကြည့်ရှုနေမှသာ ထိုသူလုပ်သမျှ၊ ဆက်သွယ်သမျှ အားလုံး တွေ့မြင်လာမည် ဖြစ်၏။ ထိုအခါ အပြောအထင်နှင့် မျက်မြင် လက်တွေ့တို့ ကွာခြားကာ ကိုယ်ပိုင် ဆုံးဖြတ်ချက်၊ စီရင်ချက် ပေးစွမ်းနိုင် တော့သည်သာ။
“အသံသည် သမာဓိ၏ ရန်သူ” ဖြစ်သည့်အတိုင်း ဘုန်းကြီး ဦးနာရဒသည် လူသူ ပရိသတ်နှင့် နီးကပ်နေသော မူလကျောင်းကလေး၌ ညည်းငွေ့ကာ သမုံးချပ်ချောင် ဌာနသို့ ရွှေ့ပြောင်း သီတင်းသုံး၏။ သုံးနှစ်မျှအကြာ သက်တော် ၄၀-အရွယ်၌ ဖုံးကွယ်နေသော အရာကို ဖွင့်လှစ်ပြသကဲ့သို့လည်းကောင်း၊ အမှောင်တိုက်ခန်း၌ ဆီမီးထွန်းသကဲ့သို့ လည်းကောင်း ဦးစွာသော ဘဝ၏အနှစ်သာရကို ရရှိ သိမြင်တော်မူ၏။
မြေ၌ အခိုင်အခန့် စိုက်ထားသော တုရိုဏ်တိုင် (တံခါးတိုင်) သည် အရပ် လေးမျက်နှာမှလာသော လေတို့ကြောင့် ချောက်ချား ယိမ်းယိုင်ခြင်းမရှိ ပကတိ တည်ငြိမ်သကဲ့သို့ ရုပ်နာမ်ဓမ္မ ဘဝအဓိပ္ပာယ်ကို အဘယ် လူနတ်ဗြဟ္မာတို့၏ အသွင်မတူ အယူဝါဒ လေကြမ်းကြောင့်မျှ ရွှေ့ပြောင်းယိမ်းယိုင်ခြင်း မရှိအောင် သိမြင်တော်မူလေ၏။
ဘူတံ ဘူတတော ပဿတိ = အရှိကို အရှိအတိုင်း မြင်တော်မူပြီ။
---
အာပေါက်အောင် ဟောသော်လည်း မောရုံမျှသာ
ဂူကလေးချောင် အလယ်တောရ ဘုန်းကြီး ဦးနာရဒသည် သတိပဋ္ဌာန် အပ္ပမာဒ ကျင့်စဉ်ကို မိမိကိုယ်တိုင် ကျင့်ကြံ၍ “သန္ဒိဋ္ဌိက၊ အကာလိကဂုဏ်” ကို (အဓိဂမသဒ္ဓါဖြင့်) လေးမြတ် ယုံကြည်လာသောအခါ “ဧဟိပဿိက” ဂုဏ်ကို ထုတ်ဖော်လျက်ရှိ၏။
သုံးနှစ်တာ ကာလအတွင်း၌ပင် ထူးဆန်းသော ဘုန်းကြီးဟု ထင်နေသူများ ရှိခဲ့၏။ တစ်စတစ်စ စုံစမ်း စမ်းသပ် နာယူကြည့်ကြရာ ဘုန်းကြီး ဦးနာရဒ တရားမှာ မယုံနိုင်အောင် အဆန်းဖြစ်နေခဲ့ကြ၏။
“သွား-သွားတယ် မှတ်၊
ရပ်-ရပ်တယ် မှတ်၊
ထိုင်-ထိုင်တယ် မှတ်၊
အိပ်(လျောင်း)- အိပ်(လျောင်း) တယ်မှတ်။”
သုံးနှစ်ကာလ လွန်သောအခါ စုံစမ်းသူများကိုသာမက မိမိကမဂ် တရားဟောရန် အခွင့်ရှာလျက်ရှိ၏။ တွေ့သမျှ ထိုတရားကိုပင် ဟောသည်။ နာသူတိုင်း လန်သွားကြ၏။
“မင်းတို့အမေမိဘ ဘိုးဘွားတွေ ဘုရားဝတ်တက် ရွတ်ဖတ်နေခဲ့ကြတဲ့ သတိပဋ္ဌာန် တရားဆိုတာ ဒါပဲ။ ရွတ်ရတဲ့စာ မဟုတ်ဘူး၊ အလုပ် လုပ်ရတဲ့စာ၊ ခုနစ်ရက် လုပ်ကြည့်၊ နိဗ္ဗာန်ရနိုင်တယ်လို့ ဘုရားက ရဲရဲကြီးအာမခံချက် ပေးတော်မူတဲ့ တရားကွယ့်။ ကြိုးစားနာကြ၊ ကျင့်ကြ၊ မယုံမရှိကြနဲ့” ဟု ထပ်ဆင့် အာမခံချက်များ ပေးသော်လည်း တရားနာသူများမှာ မကြားဖူးသော တရားအဆန်း ဖြစ်နေ၍ ရယ်သူရယ်ကြ၊ လှောင်သူလှောင်ကြ၏။
“သွားရင် သွားမှန်း လူတိုင်းသိတာပေါ့၊ ခွေးတွေ ဝက်တွေလဲ သိတာပဲ” စသည်ဖြင့် လည်းကောင်း၊
“သမထပါကွာ၊ ပညတ်ပါကွာ” စသည်ဖြင့် လည်းကောင်း ခုခံရှုတ်ချခြင်းကိုပင် ခံခဲ့ရ၏။ သို့သော် ဦးနာရဒကား လက်မလျှော့ခဲ့ချေ။
“သူတို့ မိုက်တာ မိုက်ကြပစေ၊ နားရည်ဝပြီးရော ဟောရမှာပဲ” ဟု ဇွဲအားတင်းတော် မူခဲ့၏။ သို့သော် အာပေါက်အောင် ဟောသော်လည်း မောရုံမျှသာ ရှိ၍ တစ်နှစ်သာ ကြာသွားသော်လည်း တစ်ဦးတစ်လေမျှ တရားရှုမှတ်မည့်သူ ပေါ်မလာချေ။
ဘုန်းကြီး ဦးနာရဒသည် “ပုဂ္ဂိုလ်ခင်မှ တရားမင်သည်” ဟု ယူဆ၍လော မသိ၊ မိမိ တရားကို မည်သူမျှနာယူကျင့်ကြံမည့်သူ မပေါ်ပေါက်သဖြင့် မိမိဆွေမျိုးများရှိရာ ဇာတိရွာသို့ တရားဖြင့် ကျေးဇူးဆပ်ရန် ကြွတော်မူ၏။
“အစားကောင်း စားရသောအခါ ခင်မင်သူကို သတိရ” သကဲ့သို့လည်း ဖြစ်ပေ လိမ့်မည်။ ဉာတတ္ထ စရိယာလည်း ဖြည့်ရာရောက်ပေသည်။ ဇာတိရွာသို့ ရောက်လျှင် ကန်ကြီးကုန်း ရွာ၏ အရှေ့ဘက် ကျောက်ပြုတ်ကုန်း တောတွင်း၌ ကမ္မဋ္ဌာန်း ကျောင်းတစ်ဆောင် ဆောက်၍ သီတင်းသုံးသည်။
မန်ကျည်းစု တောရကျောင်းဘုန်းကြီး ဦးလက္ခဏကလည်း ဆင်ဖြူတော်တစ်စီးဝင်၍ လာဝပ်သည်” ဟု ကြိုတင် အိပ်မက် မြင်မက်ကြောင်း ရင်းနှီးသူများအား ပြောကြားထားနှင့်၏။
ဦးနာရဒလည်း ရောက်သောနေ့မှစ၍ တစ်ယောက်လာ တစ်ယောက်၊ ဆယ်ယောက်လာ ဆယ်ယောက် မလွတ်တမ်း တရားချီးမြှင့်တော်မူ၏။ မင်းကွန်း ထက်ပင် အခြေမလှ ဖြစ်ကာ “သွား-သွားတယ်၊ စား-စားတယ်၊ ဝါး-ဝါးတယ်၊ မျို-မျိုတယ်၊ ဆို့-ဆို့တယ်၊ တို့-တို့တယ်၊ ဆိတ်-ဆိတ်တယ်” ဟုပင် ပြောင်လှောင် လာကြကုန်၏။
“သူငယ်ချင်းမင်းဖြစ်” ဟူသကဲ့သို့ ရင်းနှီးသူများ အကြားဖြစ်၍ ပို၍ပင် မညှာမတာ ဝေဖန်လာကြ၏။ ဦးနာရဒကား စိတ်မပျက်။ ဆက်၍ ဟောမြဲဟော၏၊ ကြာလျှင် ကျောင်းသို့ပင် လူဝင်လူထွက် နည်းလာတော့သည်။
ရပ်ရွာထဲတွင် နားမဆံ့အောင် ကြားနေခဲ့ရသော အလုပ်အကျွေး လူယုံ တစ်ယောက်က “ကြာလျှင် ခက်ရချေရဲ့” ဟု ထင်၍လော မသိ တစ်နေ့တွင် ဦးနာရဒအား-
“အရှင်ဘုရားကို ပြောနေကြတယ်၊ ဒီဘုန်းကြီးဟာ အဆန်းထွင်ပြီး သူများ မဟောတဲ့ တရား ဟောလားဟောရဲ့၊ သူများမပြတဲ့တရား ပြလားပြရဲ့၊ သူများမပေးတဲ့တရား ပေးလား ပေးရဲ့၊ သူများ မကျင့်တဲ့တရား ကျင့်လား ကျင့်ရဲ့တဲ့” ဟု လျှောက်ရာ ဦးနာရဒ မှာ ပြုံး၍ပင် နားထောင်ကာ အောက်ပါအတိုင်း အမိန့်ရှိပြန်သည်။
“သူများ မဟောသေးတဲ့ တရားကို ဟောမှ၊ သူများ မနာဖူးသေးတဲ့ တရား နာရတာပေါ့။ သူများ မပေးသေးတဲ့ တရားပေးမှ သူများ မရသေးတာကို ရမယ်။ သူများ မကျင့်သေးတာကို ကျင့်မှ သူများမမြင်သေးတဲ့ တရားထူးကိုသိမြင်ပြီး အကျိုးထူး ခံစားရမှာပေါ့ကွယ့်” ဟု မိန့်ဆိုတော်မူရသော်လည်း တစ်ဝါဆိုပြီး ထင်ကြေးမပေါက်ဘဲ မင်းကွန်းသို့ နောက်ကြောင်း လှည့်ပြန်တော်မူခဲ့ရ၏။
ဦးနာရဒ၏ ဆွေတော်မျိုးတော် ချွတ်ခန်းကား သူတို့ယုံအောင် ရေ-မီး အစုံအစုံလည်း မပြနိုင်၊ သူတို့မြင်သည်မှာလည်း ဦးသာဗျောသာလျှင် ဖြစ်ရာ နာယူကျင့်သုံးလို သူများ မရှိသည်မှာ မဆန်းလှပါချေ။ သတ္တဝါတို့ ကံကား ကြံဖန်၍ လွဲတတ်ပေသည်။
---
တစ်ယူသန်လုပ်မှ တော်ကာကျ
ဘုန်းကြီး ဦးနာရဒသည် နှစ်နှစ်အတွင်း ကျင့်ကြံလိုသူများ မတွေ့ရသည့်အပြင် နာကြားလိုသူများပင် နည်းပါးလှသော်လည်း ဇွဲလုံ့လ ချတော်မမူ။ မဖြစ်မနေ စိတ်ဆန္ဒ ပြင်းပြထက်သန်စွာ အခွင့်သာတိုင်း ဟောပြောလျက်ပင် ရှိ၏။ တစ်နေ့သော် မင်းကွန်းဘက်၌ ဥပုသ်ရက်ရှည် စောင့်နေကြသော မန္တလေးမြို့ သူရဲဈေးမှ ပွဲစားကြီး ဦးသစ်-ဒေါ်ကျော့ ဇနီးမောင်နှံတို့ “ထူးဆန်းလှသည်” ဟု ကြားရသော တရားကိုနာရန် ရောက်လာကြ၏။ နာရုံမျှ မတင်းတိမ်နိုင်ကြသဖြင့် လက်တွေ့ ကျင့်ကြံရန် လျှောက်ထားကြရာ သတိပဋ္ဌာန် အကျိုးသွားနှင့်တကွ ရှုမှတ်ပုံကို ပြပေးတော်မူ၏။
ဣရိယာပထပိုင်းနှင့် သမ္ပဇညပိုင်း ရောယှက်ကာ ရုပ်ပိုင်း ရှုမှတ်ပုံ ဦးစွာပြပေး၏။ “ရုပ်ကို သုံးသပ်လျှင် နာမ်လဲ သူ့အလိုလို ပေါ်လွင် ထင်ရှားလာတော့သည်” ဟု ဝိသုဒ္ဓိမဂ်၌ လာသည့်အတိုင်း ရုပ်ကို နိုင်၍လာသောအခါ နာမ်သဘောများကို ဆက်လက် ရှုမှတ်စေ၏။ လေးငါးရက်ခန့်ရှိလျှင် ယောဂီကိုယ်တိုင်ပင် တရား အရသာများကို မြီးစမ်းလာရမြဲ ဖြစ်သဖြင့် ဇနီးမောင်နှံနှစ်ဦးစလုံး ရွှင်လန်း တက်ကြွလာကြသည်။
လူ့ပြည်နတ်ပြည်၌ မရှိသော ချမ်းသာ (မဟာဋီကာအလို) အလုပ် မလုပ်သူတို့ မသိနိုင်သော ချမ်းသာ (အမာနုသီရတိ) ကို ရက်ပိုင်းမျှဖြင့် သိမြင်သွားကြရာ ပင်ပန်းသည် မထင်တော့ချေ။ ရှေ့ကိုပင် တိုး၍တိုး၍ ရှုမှတ်လိုကြ၏။ ဘုန်းကြီး ကလည်း ယောဂီ၏ အမူအရာကိုကြည့်၍ အလျှော့အတင်း ညှိပေးနေသည်။
“အင်း ဒကာကြီး ဒကာမကြီးများ ရှုမှတ်ကြတဲ့အခါ ဖြစ်အောင်လဲ မပြုနဲ့ ပျက်အောင်လဲမပြုနဲ့။ ဖြစ်တာ. ပျက်တာကိုသာ သိပ။ ဖြစ်အောင် ပြုတော့ လောဘ၊ ပျက်အောင်ပြုတော့ ဒေါသ၊ ဖြစ်တာပျက်တာကို မသိတော့ မောဟ”
ပါဠိပါဌ်သား အသံထား အသံနေမပါ၊ လူသာမန်တို့အဖို့ ဘာတွေပြောနေမှန်း မသိနိုင်သော ထို တုံးတိတိ တရားစကားများမှာ ပွဲစားကြီး ဇနီးမောင်နှံအတွက် ရိုးတွင်းခြင်ဆီ စိမ့်မျှ နှစ်သိမ့် ကျေနပ်သွားကြ၏။
ရှုမှတ်ရာတွင် မည်သို့ စိတ်ထားရကြောင်း တစ်ချက်တည်း နားရှင်း၍ အသိဉာဏ် လင်းသွားလေတော့သည်။ တစ်နေ့ထက်တစ်နေ့ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ ဣန္ဒြေငါးပါးတို့ ရွှင်လန်းထက်သန်ကာ ထိုဣန္ဒြေငါးပါးလုံး ညီမျှလာကြသဖြင့် တစ်လခွဲ နှစ်လအတွင်း မည်သူဖျက်၍မှ မပျက်နိုင်သော အသိဉာဏ် အလင်းကြီး ရရှိ သွားကြလေတော့၏။
ထို့နောက် ဦးသစ်၏ညီ ဦးညွန့်၊ ဖြူးမြို့သူ ဥပုသ်သည် အဒေါ်ကြီး (နောက် တရားအားထုတ်ပြီး သီလရှင် ဝတ်သွားသူမော်လမြိုင်ဆရာကြီး ဒေါ်ကုသလ)၊ ကညွတ်ကွင်း ဦးခင်(တရားအပြီး ရဟန်းဝတ်သွားသည်။ ဘွဲ့-ဦးမေဓာဝီ)၊ ဦးခင်၏ မိတ်ဆွေ မြို့လှ ဦးစံဒွန်း စသော အမြို့မြို့အနယ်နယ်မှ ယောဂီသစ်များ တစ်ဆင့် စကား တစ်ဆင့်နားဖြင့် ပြန့်ပွားလာလေတော့၏။
မင်းကွန်း အလယ်တောရ အနောက်တိုက် ဇေတဝန်ကျောင်း၌ လေးငါးလ စွဲစွဲမြဲမြဲ ကျင့်ကြံနေထိုင်သော ယောဂီများပင် ရှိလာကာ “ဇေတဝန်ဆရာတော်” ဟူသော အမည်နှင့်အတူ “သတိပဋ္ဌာန်တရား” ဟူသော အသံသည် စပ်ရာစပ်ရာ၌ လွင့်ပျံ့လျက်ရှိ၏။ နားယဉ်စပြုလာကြသည်။
မဖြစ်မနေ ထက်ထက်မြက်မြက် ဇွတ်တရွတ် တစ်ယူသန် လုပ်တတ်သော ဆရာတော်၏ ပကတိ ဇာတိပါစိတ်ထားကို သတိပဋ္ဌာန်ကဲ့သို့ မှန်ကန်သော အလုပ်၌ အသုံးချလိုက်သောအခါ အံကိုက်ဖြစ်၍ သွားတော့၏။ နှစ်ကာလ ရှည်လျားစွာ နှစ်မြုပ်ပျောက်ကွယ်နေခဲ့သော ရတနာအိုးကြီးကို ထုတ်ဖော်ရာ၌ ထိုစိတ်ထား ထိုလုံ့လမျိုးဖြင့်သာ တူးဖော်ယူနိုင်ပေသည်။
---
ယောက်မက ပေးသော သစ္စာလေးပါး
“တစ်ယောက်ကစ တစ်ရာ” ဟူသကဲ့သို့ အရပ်ရပ် ယောဂီဟောင်းများ၏ တိုက်တွန်း နှိုးဆော်ချက်အရ ယောဂီဦးရေ တစ်နေ့တခြား တိုးပွားလာ၏။ အထူးသဖြင့် ဦးစံဒွန်းနေသော မြို့လှမြို့မှ ယောဂီသစ်များ မင်းကွန်းသို့ လာရောက် အားထုတ်ကြရာ ဦးစံဒွန်း၏ နှိုးဆော်မှုမှာ အအောင်မြင်ဆုံး ဖြစ်ခဲ့သည်။
ဦးစံဒွန်း မင်းကွန်းလာ အားထုတ်စဉ်က ကိုးလခန့်ကြာ၍ ဦးစံဒွန်းအား ထိုစဉ်က ပေးသော တရားမှာ စတုမဓုချက်ရသော တရားဖြစ်၏။ ဆရာတော်သည် ယောဂီ၏ အမူအရာကို ကြည့်၍ တရားရှုကွက် အာရုံကိုလည်း ပြုပြင် ပြောင်းလဲပေးလေ့ ရှိသည်။
ရှင်သာရိပုတ္တရာသည် ပန်းထိမ်သည်သား ရဟန်းအား အသုဘ ကမ္မဋ္ဌာန်း အပေးမှား၍ တရားမရနိုင်ရှိစဉ် ဘုရားရှင်က အနုကြိုက် စရိုက်ဓလေ့ကို မြင်၍ ကြာအိုင် ဖန်ဆင်းပြပြီး ကြာပန်းကို အရှုခိုင်းသကဲ့သို့ အဘိညာဉ်မရဘဲ ချိန်ဆ၍ ပေးရသည်မှာ လွယ်ကူသော အလုပ်မဟုတ်ချေ။ (ဧကနိပါတ်။ တိတ္ထဇာတ်။)
တစ်နေ့သ၌ ဦးစံဒွန်းအား နေပူကျဲကျဲတွင် (ထော၊သကာ၊ဆီ၊ပျား) စတုမဓု အိုးကို ယောက်မဖြင့် အမွှေခိုင်းသည်၊ မွှေသောလက်၏ အမူအရာကို ကြည့်၍ “မွှေတယ်၊ မွှေတယ်” ဟု သိမှတ်နေရ၏။ ထိုအလုပ်မှာ နေလည်း အလွန်ပူလှ၍ ချွေးတစ်လုံးလုံးဖြင့် အခံရ ခက်လှသည်။
လေးမျိုးလုံး သမသွားအောင် တစ်နာရီ နှစ်နာရီမျှ မနားတမ်း မွှေရသဖြင့် အလွန်လက်ညောင်းသော အလုပ်လည်းဖြစ်သည်။ (ကြာလေ ကောင်းလေ၊ ခက်လေ ကောင်းလေ ဖြစ်သည်၊ စိတ်မစောရ။) စတုမဓုအိုး၌မွှေသော ယောက်မသည် ဦးစံဒွန်းအား သစ္စာလေးပါးကို ပေးခဲ့၏။ ထို့ကြောင့် ဆရာတော်၏ တပည့်များတွင် ဦးစံဒွန်းသည် ဘာဝနာဉာဏ် ထက်သန်လှသည်ဟု ချီးကျူးခံရသူ ဖြစ်သည်။
ဗုဒ္ဓလက်ထက်တော်၌ ဟင်းရွက်ကြော်ရင်း၊ ခြေဆေးရင်း ရဟန္တာဖြစ်ခဲ့သည်ကို အောက်မေ့ဖွယ်ပင်။ ဤအချက်က “ဘာပဲလုပ်လုပ်၊ ဘယ်လိုပဲနေနေ၊ အမြဲတမ်း အမှတ်သတိ ကပ်နေရမည်” ဟု ယောဂီအား ညွှန်ပြနေသည်။ သီဟိုဠ်ကျွန်း၌ ရဟန္တာ မဖြစ်ဖူးသော ဆွမ်းစားဇရပ် မရှိဟု အဋ္ဌကထာ၌ ဆိုသည်။ စားလဲသတိ။
ဦးစံဒွန်း ဦးစီးသော မြို့လှ ယောဂီများသည် ၁၂၇၃-ခုနှစ်တွင် ဆရာတော်အားပင့်၍ မြို့လှဗိုလ်တဲကုန်း၌ ပထမဆုံး တရားဌာန ဖွင့်လှစ်နိုင်ခဲ့ကြ၏။ နှစ်ဝါမျှ သီတင်း သုံးကာ တရားပြတော်မူသည်။ ထိုအချိန်မှစ၍ ရေတာရှည်၊ ဖြူး၊ ဒိုက်ဦး၊ တောင်ငူ၊ ကညွတ်ကွင်း၊ ပဲခူး၊ မအူပင်၊ ပြည်၊ လက်ပံတန်း၊ ဟင်္သာတ၊ ပျော်ဘွယ်၊ ပျဉ်းမနား စသော မြို့များသို့ သတိပဋ္ဌာန် တရားစည်ကြီးကို ရိုက်တီးတော်မူခဲ့သည်။ သတိပဋ္ဌာန်တရားကို ကြားဖူးနားဝ မရှိကြသေးသဖြင့် ရောက်လေရာတိုင်း၌ “ဘယ့်နှယ်လဲ၊ ဘယ်လိုလဲ” စသည်ဖြင့် သံသယဝင်ကာ လျှောက်ထားမေးမြန်းသူ၊ ကပ်ဖဲ့တိုက်သူတို့လည်း များလှကုန်၏။
အထူးသဖြင့် ရွှေကျင်မြို့မှ ကျောင်းအစ်မ ဒေါ်ခင်ပင့်လျှောက်၍ ကြွရောက် ဟောပြောရစဉ်ကမူ ခဲများ ပုလင်းများဖြင့်ပင် ဝိုင်း၍ ပစ်ပေါက်ခြင်း ခံတော်မူခဲ့ရ၏။ ဆရာတော်ကား စစ်မြေပြင်၌ ဆင်းနေရသော ဆင်ပြောင်ကြီးသည် အရပ် လေးမျက်နှာမှ ပစ်လွှတ်သော မြှားဒဏ်ကို ကြံ့ကြံ့ကြီး ခံသကဲ့သို့ လောကဓံကို ခန္တီဖြင့် အနိုင်ယူလိုက်သည်။
အသိဉာဏ်နည်းသူ လူမိုက်တို့အား မာရ်နတ်ပေးလိုက်သော ခဲပုလင်းများ ဖြစ်သည်ကို သိပြီးဖြစ်၍ ခွင့်လွှတ်နိုင်ခဲ့၏။ တရားဟောနေစဉ် ခဲပုလင်းများဖြင့် ပစ်ခတ်ရာ ဦးခေါင်းမှသွေးများ တောက်တောက် ကျလာကုန်၏။ ထိုနေ့ ညတွင်းချင်းပင် စေခိုင်းသူ စာတတ်ပေတတ် ဆရာတော်ကိုယ်တိုင် လာရောက် ကန်တော့သည်ဟု ဆိုသည်။
---
သနားစရာကောင်းသော ငါ
မြို့လှမြို့သည် သတိပဋ္ဌာန်အလုပ်စခန်းတွက် ဦးစွာ လမ်းဖွင့်ပေးသော မြို့ဖြစ်သည်။ ဤနေရာ၌ မြို့လှမှ သီလရှင်ဆရာကြီး ဒေါ်ဥတ္တရာအကြောင်း အနည်းငယ်ဖော်ပြရန် ရှိပါသေးသည်။
ဒေါ်ဥတ္တရာသည် သီလရှင်အိုကြီးဖြစ်၏။ ဘုန်းကြီးကျောင်းဝင်း အတွင်းရှိ ဇရပ်အိုကြီး၌ သီတင်းသုံးသည်။ ခိုင်းရန်စေရန် အဖော်အလှော် မရှိ။ တောင်ဝှေးကို အဖော်ပြုနေရသည်။ အနေအစား ချို့ငဲ့လှ၏။ ထိုကျောင်းမှ ကိုရင်တစ်ပါးသည် ပရိယတ္တိ ထူးချွန်လှသဖြင့် မန္တလေးရှိ စာသင်တိုက်ကြီး တစ်တိုက်၌ နာမည်ကျော် စာချဆရာတော် ဖြစ်နေ၏။
ထိုကျောင်းသို့ အလည်ပြန်ရောက်ခိုက် (ရှေးရောက်စဉ်က နှုတ်ပင်မဆက် အဖက် မလုပ်မိစေကာမူ သေခါနီးပြီ ဖြစ်၍) မုန့်ပဲ သရေစာများဖြင့် ဇရပ်သို့ ကြွရောက် နှုတ်ဆက်သည်။ အဖော်အလှော် မရှိ၍ အလွန်သနားနေမိ၏။
ရောက်ခိုက် သတိပေးတရား ချီးမြှောက်သောအားဖြင့် “ဆရာကြီးလဲအသက်ကြီးပြီ၊ ပုတီးကြိုးစားစိပ်ပါ။ ဗုဒ္ဓါနုဿတိ နှလုံးသွင်းပေါ့” စသည်ဖြင့် ဟောပြောရာ ဒေါ်ဥတ္တရာသည် ရိုသေစွာနာယူနေ၏။ အတန်ကြာ စကားပြောမိသော် စာချ ဆရာတော်ကလေးသည် ဒေါ်ဥတ္တရာ၏ စကားများကြောင့် အံ့အားသင့် သွားသည်။
“တပည့်တော်မ မင်းကွန်းဆရာတော်ကြီး ဒီကိုကြွလာကတည်းက သတိပဋ္ဌာန် လက်ကိုင် ရှိနေတော့ ပုတီးမလိုတော့ဘူးပေါ့ဖုရား၊ မောင်ပဉ္စင်းတို့လဲ အသက် ငယ်တုန်း ကြိုးစားပါ၊ အဖော်မလိုတဲ့ ချမ်းသာဟာ ဒီမှာမှ ရှိသကိုး ဘုရာ့၊ အဇ္ဈတ္တိက အာယတန ခြောက်ပါး (မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်) ဟာလဲ တစ်နေ့ထက် တစ်နေ့ ထူးခြားထက်မြက်လာတော့ လူတကာတွေ မြင်တာကြားတာ သိတာနဲ့ မတူတော့ဘူး၊ တစ်ခါတည်း စူးစူးစိုက်စိုက် နက်နက်နဲနဲ ကြားလာမြင်လာ သိလာတယ် မောင်ပဉ္စင်းရဲ့၊ ဒိပြင်ဟာမပြောနဲ့၊ ဆိုင်းဝိုင်းကြီး တီးသံ ကြားတယ် မဟုတ်လား၊ ဟိုတုန်းကတော့ နားထဲမှာ ဗြုန်းဗြုန်းဆိုပြီး ရောထွေးကြားရတာ။
ခုဟော့ ဘယ်လောက်မြန်အောင် တီးသွားပေမယ့် တစ်လုံးပြီးမှ တစ်လုံးတီးတာ ဆိုတော့ အသံလဲ တစ်ခုစီ ထွက်လာတဲ့အတိုင်း ဗုံကလေး အလုံးတိုင်းရဲ့ အသံကို ကွဲကွဲပြားပြားကြီး ကြားရတယ်ဖရာ့၊ ဒါတင်မကဘဲ စထွက်လာတဲ့အသံကနေ အဲဒီအသံ ရပ်သွားတဲ့အထိ ဆက်ဆက်ပြီး အသံဖြစ်ပေါ်တာ၊ ပျောက်သွားတာ သိနေရတယ်၊ ရှေးကတော့ သန္တတိပညတ် သဘော တစ်ဆက်တည်း ထင်ရုံတင် မကဘူး၊ စုပြုံပြီး မြည်နေတယ် ထင်ရတယ်” စသည်ဖြင့် လျှောက်ထားသည်ကို ထိုဆရာတော်က ဤစာရေးသူအား တစ်ဆင့်ပြောပြရာ -
“ငါက သူ့ကိုသနားစရာ ဆိုပြီး သွားတာကွ၊ လက်စသတ်တော့ သူကပဲ ငါ့ကို သနားနေရပုံရတယ်။ ဒီလိုမှန်း ငါက သိမှမသိဘဲ” ဟူ၏။
---
ဗုဒ္ဓ၏ ကိုယ့်ဟာကိုယ် စိတ်ညှို့နည်း
ဒေါ်ဥတ္တရာသည် ကိုယ်ပိုင်အသိအမြင်အရ သဘောပေါက်သလို ပြောဆိုရာ၌ သောတ ပသာဒ (နားအကြည်ဓာတ်) ၏ စူးရှထက်မြက်ပုံမှာ ပေါ်လွင်လှပေ၏၊ ထို့အတူ အခြား အကြည်ဓာတ်ငါးပါးတို့လည်း မြူမှုန်မတင်သော ကြေးမုံပြင်ကဲ့သို့ ကြည်လင်စူးရှ ထက်မြက်ကြကုန်၏။ ယောဂီကို မဆိုထားဘိ လောက၌ “အိပ်မွေ့ချပညာ၊ စိတ်ညှို့ပညာ” ဟူ၍ ရှိ၏။
ထိုပညာရပ်၌ အိပ်မွေ့ချခံရသူသည် ရှေးကတွေ့ကြုံ ခံစားရချက်များကိုလည်း ပြန်လည် ပြောပြနိုင်၏။ မသင်ကြားဖူးသော အခြားဘာသာမျိုးခြား စာများကိုလည်း ဖတ်ရှုနိုင်၏။ နည်းမျိုးစုံဖြင့် စမ်းသပ် လေ့လာကြရာ အဆိုပါ အတွင်းအာယတန အကြည်ဓာတ် ခြောက်ပါးလုံး မယုံကြည်နိုင်လောက်အောင် ထူးခြား ထက်မြက်ကြောင်း လေ့လာသိရှိကြရသည်။ ယင်း သည်လည်း မပြည့်မစုံ၊ တစ်စွန်း တစ်စ၊ လောကီဆရာတို့ အလှမ်းမီသမျှ စမ်းသပ်ရရှိသည့် အပေါ်ယံ အကြမ်း သဘောမျှသာတည်း။
ကမ္မဋ္ဌာန်း အားထုတ်သူများသည် မိမိကိုယ်ကိုမိမိ အိမ်မွေ့ချနေသူများ ဖြစ်ကုန်၏။ ထို့ကြောင့် သူတကာထက် ထူးခြားသော မယုံကြည်နိုင်လောက်အောင် အကြား အမြင် အသိထူးများ တွေ့မြင်ကြရသည်မှာ အံ့သြဖွယ်မရှိချေ။ သတိပြုပါလျှင် အသိကလေးများကို ဖြစ်စေ၊ အသိကြီးများကို ဖြစ်စေ သိမြင်နိုင်ကြသည်ချည်း ပင်တည်း။ “အသိကြီး” ဟူသည် ဒိဗ္ဗစက္ခု စသော အသိညာဉ် ခြောက်ပါးဖြစ်၏။
အကျိုးလိုလား၍ တရားသော ဘောင်အတွင်းမှ အခြားသူများကိုလည်း မိမိအလိုသို့ အလွယ်တကူလိုက်ပါလာရအောင် ဆွဲဆောင်ညှို့ယူနိုင်သည့် အစွမ်းများလည်း “ဗုဒ္ဓစာပေ” ၌ များကုန်၏။ ပို၍ သဘောပေါက်လွယ်စေရန် လောကီပညာရပ်နှင့် နှိုင်းယှဉ်ပြရသဖြင့် ဂုဏ်ငယ်စေသည်ဟု မအောက်မေ့ပါကုန်လင့်။
အချုပ်ဆိုရသော် မြတ်စွာဘုရားရှင်၏ “လောကဝိဒူ” စသော ဂုဏ်ရည်များလည်း အာနာပါနမှ ဖြာ၍ထွက်လာသော အကျိုးတရားများချည်း ဖြစ်ကြသည်။ သိလျှင် တရားတော်သည် အားကျ ကြည်ညိုဖွယ်အတိ ဖြစ်ပါပေသည်။
ဘုမသိ ဘမသိ သာသနာပြုခရီး
ဆရာတော်သည် မြို့လှ၌ နှစ်နှစ် သီတင်းသုံးအပြီး မော်လမြိုင်ယောဂီများ၏ ပင့်လျှောက် ချက်အရ ကပ္ပိယဦးစံဒွန်းနှင့်အတူ ရထားဖြင့်ကြွတော်မူ၏။ ၁၂၇၅-ခုနှစ် ဖြစ်သည်။
သထုံမြို့ မေဃဝန်အောက်ကျောင်း ဘုန်းကြီးဦးကေလာသလည်း ဆရာဘုန်းကြီးအား ရထားသို့လာ ပို့ရင်း-“အရှင်ဘုရား ဘယ်ကပါလဲဘုရား” ဟု ကြုံ၍ မေးလျှောက်ကြည့်ရာ....
“တို့ မြို့လှက” ဟု မိန့်တော်မူလျှင် ယခင်ကပင် သတင်းကြားဖူးသည့်အတိုင်း
“သို့ ... မင်းကွန်းဘုန်းကြီး မသိဘူးလားဘုရား” ဟု ဆက်၍လျှောက်၏။
ထိုအခါ ဆရာတော်သည် အတန်ငယ် ဆိုင်းငံ့၍ “တို့ပဲ” ဟု ဖြေတော်မူလျှင် ဦးကေလာသည် သတင်းကြားရသမျှ ကမ္မဋ္ဌာန်းဆရာကို စုံစမ်းနေသူ ဖြစ်သည့် အတိုင်း ဆရာတော်ကို ဖူးတွေ့ရသဖြင့် အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်သွား၏။
“ခု ဆရာတော် ဘယ်ကြွမလို့လဲဘုရား” ဟု ဆက်၍ စုံစမ်းရာ-
“မော်လမြိုင်သွားမလို့” ဟု မိန့်တော်မူလျှင်-
“ဘာကိစ္စလဲဘုရား” ဟု ဆက်တိုက်သိလိုဇောဖြင့် မေးလျှောက်ပြန်၏။
“တပည့်များက ပင့်လို့ပဲ၊ ရာသီဥတု သပ္ပါယ မျှလျှင်လဲ စမ်းပြီး နေတန်နေမလားလို့” ဟု မတင်မကျ လေးလေးကြီး အမိန့်ရှိလျှင် ဦးကေလာသည် ရုတ်တရက် စိတ်ကူး ပေါက်ကာ- “ဒီလိုဆိုရင် ဆရာတော်ဘုရား၊ အောက်မြို့ အောက်ရွာမှာ သာသနာပြုဖို့ ဆိုရင် သထုံထက်ကောင်းတဲ့မြို့ မရှိပါဘူး၊ ဒီတကြောက ဘုရားတပည့်တော် မနေဖူးတဲ့ ဌာနမရှိဘူး” စသည့်ဖြင့် သာသာထိုးထိုး စိတ်ညွှတ် လောက်အောင် လျှောက်ထားပြီး ဆက်၍ပင်-
“တပည့်တော် မေဃဝန်ဘုန်းကြီး ကေလာသပါဘုရား။ ဆရာတော့်သတင်း ကြားသိ စကထဲက ကြည်ညိုအားထားရင်း ရှိပါသည်။ ဆရာတော် ဝန်မလေးလျှင် သထုံ ဘုရား တပည့်တော်များ ကျောင်းမှာ တစ်ဝါတစ်ချီ ချီးမြှောက်ပါဘုရား။ ထာဝရ သီတင်းသုံးပါလျှင်လဲ တပည့်တော် အစစအရာရာစိတ်ချမ်းသာ ကိုယ်ချမ်းသာနှင့် သာသနာပြုနိုင်အောင် ဝေယျာဝစ္စ ဆောင်၍ ပါရမီဖြည့်ပါရစေဘုရား” ဟု ဆရာတော်အား ဇွတ်ပင့်နေ၏။
ဆရာတော်လည်း အတန်ကြာစဉ်းစားနေခိုက် “သာသနာတည်စ သထုံက” သုဝဏ္ဏ ဘူမိ၏ ရှေးသနစ်ဟောင်းကို ပြန်ပြောင်းသတိရကာ “သတိပဋ္ဌာန် သာသနာ ဤဌာနက စတည်ဖြန့် ရလျှင် ကောင်းမည်” ဟု စိတ်ကူးတစ်ချက် ရသဖြင့် မော်လမြိုင်သို့ ဆက်၍ မလိုက်တော့ဘဲ သထုံ၌ပင် ဆင်း၍ နေခဲ့တော့၏။
မမြင်ရသော အကြောင်းတရားတို့ ဆန်းကြယ်ပုံကို ခန့်မြှော်နိုင်ရန် ဆရာတော် ဦးကေလာသ ပြန်လည်အမိန့်ရှိသည့်အတိုင်း ဖော်ပြလိုက်ပါသည်။ ဦးကေလာသ ကလည်း တစ်ဇွတ်ထိုး ပွင့်ပွင့်လင်းလင်း ဟောဟောဒိုင်းဒိုင်းကြီး ဖြစ်သည့်အတိုင်း ဇွတ်တရွတ် ပင့်၏။ ဆရာတော်ကလည်း ဘုမသိဘမသိ ဦးကေလာသပင့်ရာ ချက်ချင်းဆင်း၍ လိုက်ပါ သွားခဲ့သည်။ ဦးကေလာသအား မိတ်ဆွေ ဆရာတော်များက ဝိုင်း၍ အပြစ်ပြောနေကြသေး၏။
သထုံမြေ နှုတ်ခွန်းဆက် တရားဦး
ဦးကေလာသကား ဘယ်သူတွေ ဘာပြောပြော၊ ဝမ်းသာအားရ မမောနိုင်အောင်ရှိ၏။ ဆရာတော်အား အတောင် ၆၀-စင်္ကြံကျောင်းကြီး၌ သီတင်းသုံးစေကာ ထိုည ရောက်မဆိုက်ပင် တရားဦးချီးမြှင့်ရန် တောင်းပန် လျှောက်ထားကြ၏။ ခွင့်ပြုချက် ရသည်နှင့် နီးစပ်ရာ လိုက်လံ နှိုးဆော်ကာ မမောနိုင်မပန်းနိုင် ဝမ်းသာအားရ နာယူကြသည်။
ဆရာတော်လည်း ခရီးပန်းသည်ကိုပင် မေ့ပျောက်ကာ စိတ်ပါလက်ပါ တရားဦး ဟောတော်မူ၏။ ဟောသော တရားမှာ “ဥပရိပဏ္ဏာသ ပါဠိတော်လာ မဟာသဠာယတနိကသုတ်” ဖြစ်သည်။
“စက္ခုံ၊ ဘိက္ခဝေ အဇာနံ အပဿံ ယထာဘူတံ” အစချီသော ပါဠိတော်များကို ရွတ်လိုက်၊ မြန်မာပြန်လိုက် ဟောပြနေ၏။
“စက္ခု စသည်ကို သဘာဝအမှန်အတိုင်း မသိကြ၍ တွယ်တာ နှစ်သက်ခြင်းမှအစ ဘဝခန္ဓာနှင့် ဒုက္ခအမျိုးမျိုး ခံကြရပုံ၊ အမှန်တကျ သိ-သိ နေလျှင်ကား သတိပဋ္ဌာန် စသော ဗောဓိပက္ခိယတရားများ ဖြစ်ပွားကာ သမထနှင့် ဝိပဿနာလည်း ထမ်းပိုး ထမ်းညီသော နွားတစ်ရှဉ်းကဲ့သို့ ရှိ၍ သိ၊ ပယ်၊ ဆိုက်၊ ပွား လေးပါး ကိစ္စ အပိုင်ရပုံ၊ သိရ၊ ပယ်ရ၊ ဆိုက်ရ၊ ပွားရမည့်တရား” ကို ဘုရားဟော မူမပျက် အပိုဖြည့်စွက်မှု မပါ လေးလေးကြီး ဟောပြတော်မူရာ ဦးကေလာသ၏ နှလုံးသားနှင့် အံကိုက်၊ ပါရမီကံကလည်း ဆော်ဖန်ခိုက် ဖြစ်၍ ခြိုက်ခြိုက် မြိုက်မြိုက်ကြီး ဝင်သွား၏။
ထိုအချိန်မှစ၍ သထုံမြို့၌ သတိပဋ္ဌာန်တရား နာကြားရှုမှတ်သူတို့ တစ်စ,တစ်စ ပြန့်ပွားလာတော့သည်။
ဦးကေလာသ၏ နှိုးဆော်စီမံမှုကြောင့် ယောဂီများ များပြား၍ လာသဖြင့် မေဃဝန် တိုက်မှ သာသနပဇ္ဇောတိကခေါ် ရှေးကျောင်းတိုက်ဟောင်းကြီးသို့ ရွှေ့ပြောင်း၍ တရားဌာန ဖွင့်လှစ်ကြ၏။ ယောဂီများ စားမှုနေမှု အဆင်ပြေအောင် ဆောင်ရွက် ပေးကြရာ ထိုနေရာနှင့်လည်း မလုံလောက်နိုင်အောင် ရှိတော့သည်။
ထို့ကြောင့် ၁၂၇၆-ခုနှစ်တွင် ဦးကေလာသက ဦးဆောင်သော အမြို့မြို့မှ ယောဂီ ဟောင်းများ ဦးစီးကာ စက်ရှင်မင်းကြီး ဦးဘိုးစ၏ အကူအညီဖြင့် (ယခုရှိနေသော) ငါးဧက ရှိ တောကြီးကို အမိန့်ဂရန်ခံ၍ ခုတ်ထွင် ရှင်းလင်းကြ၏။ ထိုနေရာကား သုဝဏ္ဏဘူမိ၏ သမိုင်းဝင် နန်းမြို့တော် နေရာဖြစ်သည်။
အရှေ့မြောက်ထောင့်၊ မြို့ရိုးသုံးတန်တွင် အတွင်းမြို့ရိုးနှင့် အလယ်မြို့ရိုးတို့၏ အကြား အရှေ့အရပ်နှင့် တောင်-မြောက် အရပ်တို့၌ မြေမြို့ရိုးများ ဝိုင်းကာ ထားသဖြင့် လူသွားလူလာလည်း ကင်းရှင်းလှပေသည်။ ထိုဘူမိနက်သန်နေရာ၌ ရေတွင်းဇရပ် ကျောင်းများတည်ဆောက်ကာ “ဇေတဝန်” ဟု ကမ္ပည်းတင်ကြ၏။ သာသနာ စခဲ့သော သထုံပြည် ကျုံးသုံးလီ ဝိုင်းရံသော အောင်မြေ၌ “သတိပဋ္ဌာန် အောင်လံ” ကြီးကို လွှင့်တင်လိုက်ကြသည်။
ဆရာတော်သာ မပေါ်ပေါက်ခဲ့လျှင်
သထုံမြို့၌လည်း ဆရာတော်၏ “အမှတ်တရား” မှာ တော်တော်နှင့် အသား မကျဘဲရှိ၏။ ငါးစိမ်းသည်များမှအစ ငါးသတ်ရာ၌ပင် “ကိုင်တယ်၊ ထုတယ်၊ သတ်တယ်” စသည်ဖြင့် ပြက်ရယ် ပြောင်လှောင်၍မဆုံး ရှိခဲ့၏။ “သွားတာလာတာ သိနေရင် သောတာပန် ဖြစ်သတဲ့၊ ကွေးတာ ဆန့့်တာ တရားတဲ့၊ သောတာပန်သာ ဆိုတယ် ရုပ်အဋ္ဌဝီသကိုတောင် မရေတွက်တတ်ဘူး” စသည်ဖြင့် အမျိုးမျိုး အပြစ်တင်ကာ ဘဝင်မကျခဲ့ကြပေ။ အချို့ ဘုန်းတော်ကြီးများကမူ တရားဟော ရာတွင် ပြင်းပြင်းထန်ထန် ရှုတ်ချဟောပြောခဲ့ကြ၏။
စင်စစ် သာသနာတော်တွင် ရာစုနှစ် အတော်ကြာအောင် အဆက်ပြတ်ခဲ့သော အလုပ်စခန်းဖြစ်၍ ပြက်ရယ်ပြောင်လှောင်ကြ၊ ရှုတ်ချကြ၊ ကဲ့ရဲ့ကြသည်မှာ အပြစ်မဆိုသာတော့ချေ။
“ဂစ္ဆန္တောဝါ ဂစ္ဆာမီတိ ပဇာနာတိ = သွားလျှင်လည်း သွားသည်ဟု သိရ၏။” ဟု တိုက်ရိုက်ရှင်းရှင်းကြီး ဟောထားသော်လည်း သဘော မပေါက်နိုင်အောင် ရှိခဲ့ကြရသည်။ သတိပဋ္ဌာန်၏ အတိုချုပ်အဓိပ္ပာယ်မှာ “ခန္ဓာကိုယ်လှုပ်ရှားသမျှနှင့် စိတ်ကူးသမျှ သိအောင် လုပ်ရသောတရား” ဖြစ်၍ အလွန် ရိုးတာလှ၏။ ရိုးတာသော စကားကို ထပ်၍ရှင်းရ၊ ဖွင့်ရသည်မှာလည်း အခက်ဆုံးဖြစ်သည်။
ထို့ကြောင့် တရားအရိုးကြီးကို အဆန်းပြန်လုပ်၍ ထုတ်ဖော်ရသောအခါ အစဉ်အ အသိဖြင့် ပြက်ရယ် ပြောင်လှောင်ကြသည်မှာ ဓမ္မတာပင် ဖြစ်သည်၊ အပြစ် ဆိုဖွယ်ရာမရှိ။ ထိုမသိသူတို့ကြား၌ တရားရိုးကြီးကို ထုတ်ဖော်ရသူသာလျှင် မည်မျှ သည်းခံရ၍ မည်မျှ ဇွဲကောင်းရမည်ကို ကိုယ်ချင်းစာနာသင့်ကုန်၏။ သာမည သည်းခံခြင်း၊ သာမည ဇွဲလုံ့လဖြင့် ဤအခြေအနေသို့ ရောက်လာနိုင်မည် မဟုတ်ချေ။
ကိုယ်သိလျှင် ကိုယ့်ဘာသာ ချမ်းသာစွာ နှလုံးသွင်းနေလိုသူတို့သာ များကုန်ရာ၏။ ဆရာတော်ကဲ့သို့ သာသနာအတွက်, မိုက်မဲသော သတ္တဝါတို့အတွက် အခက်အခဲ မျိုးစုံ ကျော်လွှားကာ ဆောင်ရွက်နိုင်မည့်သူကား အလွန်ရှားပေရာ၏။
ဆရာတော်ကဲ့သို့ မဖြစ်မနေ အကျွတ်အလွတ် ဇွတ်တရွတ် တစ်ယူသန် ထန်ထန် တင်းတင်း ပြင်းပြင်းပြပြ မဆုတ်မနစ်သော လုံ့လဝီရိယနှင့် သည်းခံခြင်းရှိသော အာဇာနည် ပုဂ္ဂိုလ်ထူးမျိုးသာ မပေါ်ပေါက်ခဲ့လျှင် သတိပဋ္ဌာန် ဒေသနာသည် ယနေ့အထိ ဘုရားရှိခိုးစာ အဆင့်မှ မြင့်တက်လာဦးမည် မဟုတ်ချေ။
(သတိပဋ္ဌာန် သာသနာပြုရာ၌ နိုင်ငံကျော် ဓမ္မကထိက ဦးပဏ္ဍိဓမ္မ လူထွက် ဆရာကြီး ဦးမြတ်ကျော်သည် ဆရာတော်၏ ရဲဘက်တော်ကြီး တစ်ဦးဖြစ်သည်။ “ဝိပဿနာဋီကာ” စသော ကျမ်းပေါင်း များစွာကိုပြု၍ ယိုးဒယားပြည်အထိ နယ်လှည့် ဟောပြောနိုင်သူ လူအာဇာနည်ကြီးပင်တည်း။)
ငါ့ကျောင်းမှာ ဘုရားလောင်း မနေရ
ဇေတဝန် ကမ္မဋ္ဌာန်းဌာနကြီး၌ အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူများ လာရောက် တရားအားထုတ်ကြရာ ယောဂီများအား နေရာဌာန ခွဲခြား ထားရှိသကဲ့သို့ လိုက်နာ ရမည့် စည်းကမ်းများလည်း သတ်မှတ်ထား၏။
ယခုအခါ ထင်ရှားသော ဆရာတော်တစ်ပါးသည် ဆရာတော့်ထံ၌ သတိပဋ္ဌာန်ကို နည်းခံကျင့်သုံးရာ “သင်္ခါရုပေက္ခာဉာဏ်”အဆင့်ရောက်နေပြီဟု ယူဆရသောအခါ တော်တော် နှင့် တရားမတက်၍ အမျိုးမျိုးလှည့်ပြီး စစ်ဆေးရာ အဆိုပါဘုန်းကြီးက “တပည့်တော် ဘုရားဆုပန်ထားပါတယ် ဘုရား၊ ဒီဘုရား သာသနာမှာ သာဝကဆု မယူလိုပါ” ဟု လျှောက်သတတ်။ ထိုမှ နောက်ကာလတွင် “တို့ကျောင်းမှာ ဘုရား ဆုပန်တဲ့ ယောဂီဆိုရင် လက်မခံဘူး” ဟုပင် နှုတ်မိန့်ချထားတော်မူသော ဟူ၏။
(သို့ရာတွင် အဆိုပါ ပုဂ္ဂိုလ်ကြီးကား စစ်မှန်သော ဆုကြီးပန်ဖြစ်ဟန်ရှိပေ၏။)
ဘုရားဆုပန် (ဆုကြီးပန်) ဝါဒမှာ အချို့နေရာတွင် အလွန် ခေတ်စားလျက်ရှိရာ ဆင်ခြင် စဉ်းစားသင့်သော ပြဿနာတစ်ရပ် ဖြစ်မှန်းမသိ ဖြစ်လျက်ရှိသည်။ “ငါ့ကျောင်းမှာ ဘုရားလောင်းမနေရ” ဆိုသော စကားသည် အလွန်ရင့်သီးလှ သယောင် ရှိသော်လည်း သက်၍ စဉ်းစားပါသော် အလွန်လျော်သော၊ မှန်သော်လည်း အပြောခက်သော စကားဖြစ်၏။ ဘုရားဆုပန်သည် ဆိုရာ၌ အလွန် သိခက် နက်ရှိုင်းသော အမွှေဓာတ်သဘောများလည်း ငုပ်ကွယ်နေတတ်သည်။
အကြိုက်ပေး၍ အချိန်ဆွဲခြင်း
သီဟိုဠ်ခေတ်တွင် မဟာသံဃရက္ခိတခေါ် မထေရ်ကြီးတစ်ပါးရှိ၏။ ဂိုဏ်းကြီးတစ်ခု၏ ဦးစီးနာယကဖြစ်သည်။ ပျံတော်မူခါနီး အိပ်ရာထဲ၌ လဲလျောင်းရသောအခါ “ရဟန္တာ ပရိနိဗ္ဗာန် ပြုတော့မည်” ဟု ကောလာဟလ ဖြစ်၍ ပူဇော်ရန်လူအများ စည်းဝေး လာရောက် ကြရာ တပည့်တစ်ပါးက-
“ရဟန်းကိစ္စပြီးပါပြီလား၊ ပရိနိဗ္ဗာန်ပြုတော့မည်ဟု ကောလာဟလ ဖြစ်ပွားကာ စည်းဝေးတိုင်ပင်နေကြပါသည်” ဟု လျှောက်၏။
“မဖြစ်သေး” ဟု မိန့်တော်မူရာ...
“တပည့်တော်တို့ဂိုဏ်းမှာ ဆရာအရှင်လိုကမှ ရဟန္တာမဖြစ်ဘဲ ပုထုဇဉ်ဘဝနှင့် ပျံလွန်ရမည်မှာ မသင့်တော်ပါ၊ လူအများ နှလုံးမသာဖွယ် ရှိပါသည်ဘုရား” ဟု လျှောက် သဖြင့်...
“ကဲ... ဒါဖြင့် ငါ့ရှင်၊ ငါ့ကို ထူမ, ပေးခဲ့၊ အခန်းပြင်ဘက် ခဏထွက်ချေပါ” ဟု မိန့်တော်မူ၍ တရားကို နှလုံးသွင်း ဆင်ခြင်တော်မူ၏။ တပည့်ဖြစ်သူ တံခါးပိတ်၍ အပြင်သို့ရောက်ကာမျှ အချိန်၌ပင် လက်ဖျစ်တီး၍ ပြန်ခေါ်လိုက်သည်။
“ငါရဟန်းကိစ္စပြီးပြီ ငါ့ရှင်” ဟု မိန့်တော်မူ၏။
(ဝိသုဒ္ဓိမဂ် အဌကထာ- ၁၊ ၄၅-လာ) ဤမဟာသံဃရက္ခိတ မထေရ်ကြီးကား ရဟန္တာဖြစ်ရန် သီလ-သမာဓိ-ပညာ အားလုံး အဆင်သင့် ပြည့်စုံလုံလောက်တော် မူပြီးဖြစ်၏။ အပ္ပမာဒအရာ၌ “ရဟန်းပြုသည်မှ အသက် ၆၀-အထိ သတိမပါဘဲ ပြုလုပ်မိသော အရာမရှိ၊ (ဝါ) အမှတ်လွတ်၍ ဘာကိုမျှ မလုပ်စဖူး” ဟုပင် မှတ်တမ်း တင်ရသော မထေရ်ကြီးတည်း။ သို့စင်လျက် ရဟန္တာမဖြစ်ရသည်မှာ အခြားကြောင့် မဟုတ်။ အရိမေတ္တေယျ ဘုရားရှင်အား ဖူးမြော်လိုသောစိတ် (အာသာ) ငြိတွယ် နေခြင်းကြောင့် ဖြစ်သည်။
ထိုစိတ်ကလေးတစ်လုံး ခုခံနေသည်မှာ အရိုးခံ မဟုတ်တန်ရာချေ၊ “ငါ့ဟာငါ ဖူးချင်လို့” ဟု ဆိုရန်ရှိသော်လည်း မသိနိုင်သော အမွှေဓာတ်၊ မာရ်နတ်၏ ပရိယာယ် ကား ကျယ်ဝန်း လှပေ၏။ အရိမေတ္တေယျနှင့် အချိန်ဆွဲ ခံနေရခြင်းပင်တည်း။
ထို့အတူ မြန်မာနိုင်ငံမှ ရဟန္တာ အရှင်မြတ်ကြီးတစ်ပါးလည်း အနာဂါမ်ဖြစ်ပြီးနောက် အရဟတ္တမဂ် ဝင်ခါနီးတွင် မဝင်နိုင်ဘဲ ရှိနေရာ မိတ်ဆွေတစ်ပါးနှင့် ထိုအချိန်၌ မည်သို့ စိတ်ဖြစ်ပေါ်နေကြောင်း အသေးစိတ် ဆွေးနွေးစိစစ်ကြည့်ကြ၏။ ထိုအနာဂါမ် ပုဂ္ဂိုလ်ကြီးက ....
“တုသိတာ နတ်ပြည်က အရိမေတ္တေယျ အလောင်းတော် နတ်သားအနီးမှာ သွားသွားပြီး စိတ်ရောက်နေကြောင်း” အထပ်ထပ် စဉ်းစားခါမှပင် ဖြစ်မှန်း မသိအောင် သိမ်မွေ့စွာ ဖြစ်နေခဲ့သော ကိုယ့်စိတ်ကို သတိရလေရာ ထိုအတိုင်းပင် ပြောပြသောအခါ ...
“အဲဒီစိတ်ဟာ မမှန်ဘူး၊ မငြိတွယ်စေနဲ့၊ ဖျက်ပစ်လိုက်” ဟု သတိပေးကာမှ အရဟတ္တမဂ်သို့ ကူးမြောက်နိုင်ကြောင်း ဖတ်ရှုရဖူး၏။ ထိုစကားသည် သိမ်မွေ့ လှသော အကျင့်စခန်း၌ များစွာ တန်ဖိုးကြီးမြတ်လှပါပေ၏။
(ထိုပုဂ္ဂိုလ်ကြီး နှစ်ပါးကိုလည်း ထိုသို့ ပြောဆို၍ မည်သူက ငယ်သည်၊ ကြီးသည်၊ ဆရာတပည့်ဟူသော အမြင်ဖြင့် မရှုရာ။ အတွေ့အကြုံဉာဏ်ရှိလျှင် ငယ်သော်လည်း အသိကြီးတတ်သည်သာ။)
ယခုအခါ ဘုရားအလောင်းတို့သည် များကုန်၏။
ပွင့်ရမည့်ကမ္ဘာနှင့် ဘုရားလောင်းများ စာရင်းချ၍ပင် မလွယ်အောင်ရှိတော့သည်။ တဲ့တဲ့ကြီးဆိုရသော် ဂိုဏ်းသမားတို့သည် “သတ္တဝါများကို ကယ်တင်ရန်” ဟူသော အသိ၊ အငြိဖြင့် ဘုရားဆုပန်ကြသည်။ ဝိဇ္ဇာဆိုသော (မမြင်ရသော) ပုဂ္ဂိုလ်ကြီး များလည်း ဘုရားဆုပန်ကြီးများဟု ဆိုကြကုန်၏။
မဟာယာန ဗုဒ္ဓဘာသာဝင် အားလုံးလည်း ဘုရားလောင်းတွေချည်းသာ ဖြစ်ကြသည်။ (လူမျိုး၊ အသွင်အပြင်နှင့် အမည်ခံထားမှု ကွဲပြားရုံမျှသာ ဖြစ်၍ အခြေခံမှ ပန်းတိုင်အထိ တစ်ထပ်တည်း တူညီနေသည်ကို သတိပြုပါ။)
မိမိတို့ ဆုပန်သော ဘုရားသည် အဘယ်ဘုရားနည်းဆိုသည်ကိုမူ ခွဲခြားမြင်ဟန် မတူကြ။ ဟိန္ဒူဗြာဟ္မဏ အတ္တဝါဒ တန်ခိုးရှင် မဟတ္တမဗြဟ္မာကြီး၏ အခြံအရံ ဘုရားများ ဖြစ်နေတတ်ပေသည်။
အလောင်းတော်ကြီးများ၏ ကျင့်နည်းကျင့်ဟန် တိရစ္ဆာန်ပင်ဖြစ်သော်လည်း အသက် နှင့် သီလကို လဲနိုင်သော အသိအမြင်မျိုးရှိသည့် စစ်မှန်သောဆုကြီးပန်များလည်း ရှိနိုင်သည်ပင် ဖြစ်ပါ၏။ သို့ရာတွင် အစစ်အမှန်ကား အလွန်ရှားပါးပေလိမ့်မည်။
ကိုယ့်ဟာနှင့်ကိုယ် ပတ်မိနေသော အမွှေဓာတ်တို့၏ သဘောကား သိခဲ မြင်ခဲလေစွာ့။
ဆုကြီးပန်လိုစိတ်လည်း မြဲမြံသောအရာ မဟုတ်။ မြတ်စွာဘုရား တာဝတိံသာမှ ဆင်းကြွလာစဉ် ဘုရားဆုမပန်သူဟူ၍မရှိ ဆိုသည်။ ထိုမိမိတို့ ပန်သောဆု သည်လည်း ဘဝသံသရာနှင့်ချီ၍ မဆိုထားဘိ၊ တစ်ဘဝအတွင်း၌ပင် မမြဲတတ်ချေ။ လက်ရှိအခွင့်ကောင်း ကြီးကို လက်မလွတ်ကြစေရာ။
(မဟာဂန္ဓာရုံဆရာတော် အခန်းကိုလည်း ကြည့်ပါဦး။)
သတိပဋ္ဌာန်အမွေခံ ကိုယ်တော်ကလေး
၁၂၉၃-ခုနှစ်၊ တပေါင်းလဆန်း ငါးရက်။ ထိုနေ့ကား မြန်မာနိုင်ငံ ပဋိပတ္တိ သာသနာဝင်၌ သတိပဋ္ဌာန် ကဏ္ဍသစ် ဖွင့်လှစ်လိုက်သောနေ့ကြီး ဖြစ်၏။ သတိပဋ္ဌာန် အမွေခံမည့် ကိုယ်တော်ကလေးတစ်ပါး ဇေတဝန်ကျောင်းဘက်ဆီသို့ ထီး ဖိနပ်မပါ၊ သပိတ်ကိုလွယ် သားရေနယ်အခင်း ပခုံးတင်လျက် ဣန္ဒြေရစွာ ဝင်လာ၏။ ပြာသို လပြည့်ကျော် ၁၃-ရက်နေ့ကပင် မော်လမြိုင် တောင်ဝိုင်းကလေး ကျောင်းတိုက်မှ ဦးတေဇဝန္တ ခေါ် ရဟန်းခြောက်ဝါရ အဖော်တစ်ပါးနှင့်အတူ ထွက်လာခဲ့၏။
သူကား (ထိုခေတ်က အလွန်ရှားပါးလှသော) ဓမ္မာစရိယဘွဲ့ရ ရှစ်ဝါရ စာချ ဘုန်းကြီးကလေး ဦးသောဘန တည်း။ သထုံပတ်ဝန်းကျင်ရှိ ကမ္မဋ္ဌာန်းဌာနများကို ခြေလျင် လှည့်လည် စုံစမ်း၊ လက်တွေ့စမ်းရင်း နှစ်လခန့် ကြာသွား၍ ယခုမှပင် မူလမှန်းထားရင်း ဇေတဝန်ဆရာတော်ထံ ရောက်ရခြင်းဖြစ်သည်။ အဖော် ဦးတေဇဝန္တကား လမ်းခွဲ၍ အလျင် ရောက်နေနှင့်၏။ ဥပတိဿနှင့်ကောလိတတို့ တရားရှာခဲ့ရသည်ကို သတိရစေတော့သည်။
ဆရာတော်ထံ သေချာတိကျ ဦးတည်လာခဲ့ရပြီးမှ ဘုန်းကြီး ဦးအုန်းခိုင် ကမ္မဋ္ဌာန်းဌာန စသည်၌ ဗင်ရောက်ကာ သုသာန်ဓုတင် ဆောင်ခြင်း စသည်ဖြင့် ဘုရားဖူးလိုလို ဟိုဝင်သည်ထွက်၊ အဖော်နှင့်ခွဲလျက် ရက်၊ လ၊ ဖင့်နွှဲအောင် အချိန်ဆွဲ လမ်းဖဲ့ရန် ဆော်ဖန်သည့် အကြောင်းတရားလည်း အားပျော့၍ သွားလေ တော့သည်။ မိမိဆရာသည် ရှိနှင့်ပြီး။ မိမိလုပ်ရမည့် တာဝန်လည်း ရှိနှင့်ပြီး။ မိမိ ကိုယ်တိုင် ဆည်းပူးခဲ့ရပြီ။
စာချ ဘုန်းကြီးကလေး ဦးသောဘန၏ ဇာတိဌာနကလည်း ဘူမိနက်သန် မှန်လှ၏။ ရွာဝင်ပေါက်မှ လှမ်းမျှော်ကြည့်လိုက်လျှင် ပဋိပတ္တိ သာသနာဝင်အကျော် သီးလုံး ဆရာတော်၏ အရိုးဓာတ်စေတီ ကြီးကို ထီးထီးကြီး မြင်နေရ၏။ ထိုဆရာတော်မှ ဆင်းသက်လာသည့် မဟာဗိုလ်စသော တောရဆရာတော်ကြီးများ ကလည်း အဆက်မပြတ် ရွာနှင့် မလှမ်းမကမ်း၌ ရှိတော်မူနေခဲ့ကြသည်။
ယခု ဇေတဝန် ဆရာတော်ကြီးလည်း ထိုအပ္ပမာဒသိုက်ကို လွှဲပြောင်း လက်ခံကာ သတိပဋ္ဌာန် လမ်းဖွင့်၍ တောရှင်းနှင့်ရသော အာဇာနည်ကြီးပင်တည်း။ ဦးသောဘန၏ ဇာတိဌာန ဘဝပတ်ဝန်းကျင်နှင့် တရားရှာထွက်လာသော ခရီးစဉ်မှာ စိတ်ဝင်စားဖွယ် ကောင်းလှပါပေ၏။ သုဝဏ္ဏဘုံ သထုံ နဂရ သာသနာ့အောင်မြေ၌ အခြေစိုက် ဆုံစည်းရန် ဆော်ဖန်သော ကံကြမ္မာ၏ တာဝန်သည် တပေါင်းလဆန်း ငါးရက်နေ့ အရောက် ပြီးမြောက် ကျေပွန်ခဲ့လေပြီ။
(တရား ဝါသနာပါလှ၍ မတော်တဆ ဆုံစည်းရခြင်း မဟုတ်ပါချေ။ ယောဂီတို့ စဉ်းစားရန် ကမ္မဿကတာဉာဏ်၊ ပုဗ္ဗေစ အရင်းခံကို သိသာရန် ထောက်ပြခြင်း မျှသာ။)
ဆရာတော်ကလည်း ဦးသောဘနအား အပန်းဖြေ နားနေစေပြီး ညနေခုနစ်နာရီခန့် တွင် စတင်၍ တရားပြပေးတော်မူ၏။ “သတော ဘိက္ခု ပရိဗ္ဗဇေ” အစချီသော နေတ္တိပါဠိတော်ကို တစ်လုံးချင်း ရွတ်ပြတော်မူကာ အပိုများစွာမပါဘဲ ဦးစွာ မြန်မာပြန်၍ ဟောပြတော်မူ၏။ ဦးသောဘနကား မိမိ လေ့လာထားပြီးသော သတိပဋ္ဌာန် ပါဠိတော်ကြီးကိုပင် ခြုံ၍ အရှင်မဟာကစ္စည်း ကိုးကား ဖွင့်ဖော်သော နေတ္တိပါဠိတော်ကြီးကို နာကြားရရာ အလွန်အရသာ တွေ့သွား၏။
“ယခု ဆရာတော်ကြီး ဟောပြနေတာ စာတွေ့သဘော၊ စာပြော ပြောနေခြင်း မဟုတ်၊ လက်တွေ့ လုပ်ပြီးမှ၊ ကျင့်သုံးပြီးမှ ပြောနေတာပဲ” ဟူသော အသိသည် မိမိ၏ ပါရမီဗီဇနှင့် ဆရာတော်၏ အသင်္ခတဓာတ်အား (ဓမ္မဓာတု) ကို အလိုလို ခွဲခြား နားလည် သွားစေ၏။
ပြောရသည့် ပါးစပ်နှင့် ကြားရသည့် နားသည် တရား၏ အတိမ်အနက် (အသင်္ခတ ဓာတ်အား မည်မျှပါသည်, မပါသည်) ကို သိသာစေလှပါ၏။
ဆရာတပည့် မေးကာ ဖြေကာ မှတ်စရာ
စာချ ဘုန်းကြီးကလေး ဦးသောဘနသည် တရားယူပြီးသည့် အချိန်မှစ၍ “လျောင်း, ထိုင်, ရပ်, သွား, စားခြင်း၊ သောက်ခြင်း၊ ယိုခြင်း၊ ပေါက်ခြင်း၊ မြင်ခြင်း၊ ကြားခြင်း၊ စဉ်းစားခြင်း” စသော ရုပ်အမူအရာ စိတ်အမူအရာများ အားလုံးကို ကြိုးစား၍ ရှုမှတ်ရာ တစ်နေ့တခြား စိတ်ဝင်စား၍ လာတော့သည်။
ရက်အနည်းငယ်ရသောအခါ “ဒါဟာ ဝိပဿနာ၏ အစပိုင်း အခြေခံလောက်ပဲ ရှိဦးမယ်။ နောက်ထပ် အဆင့်ဆင့်တက်၍ ရှုပွားနည်းများကိုလဲ ပေးလိမ့်ဦးမယ်” ဟု ထင်စားမျှော်လင့်နေမိသည်။ မိမိ သင်ယူခဲ့ရသော အဘိဓမ္မာ စာသဘောများနှင့် စာသမားအထင် ထင်နေခြင်းဖြစ်၏။ ထိုမျှလောက်ဖြင့် တရားထူးရမည်ကို မယုံကြည်နိုင်သေးခြင်းပင်တည်း။ မကြာမီပင် “တစ်ဆင့်တက်၍ ရှုမှတ်ရန်မရှိ။ ဤသည်ပင် အစအလယ်အဆုံး ရှုမှတ်နည်း အကုန်လုံးပါဝင်ပြီး ဖြစ်သည်” ဟု ကောင်းစွာ သဘောပေါက်သွားသည်။
ဇေတဝန်ဆရာတော်သည် ရဟန်းတော်ဘဝ ခြောက်ဝါမျှ ရသေးသော ကာလက ဖြစ်ပေါ်ခဲ့သော ဆန္ဒ ပေဋကောပဒေသ ပါဠိတော်၏ အဖွင့် သဝဏ္ဏနာ မာဂဓဘာသာ၊ အဋ္ဌကထာကို စီရင်ရေးသားရန် အချိန်တန်ပြီဟူသော နှလုံးသွင်းလျက် သထုံမြို့မှ မူလဌာနဟောင်း မင်းကွန်းဂူလေးချောင် အလယ်တောရ အနောက်တိုက်သို့ ပြန်ကြွသွားသည်။
ဆရာတော်သည် မင်းကွန်းဂူလေးချောင်၌ တပည့်ရင်း ဖြစ်ကြသော မန္တလေးမြို့ သူရဲဈေးမှ ပွဲစားကြီး ဦးသစ်၊ ဒေါ်ကျော့တို့ ဆောက်လုပ် လှူဒါန်းသော (၁၀) ပေပတ်လည် အိပ်ခန်းနှင့် ပေ (၂၀) ခန့်ရှည်သော စင်္ကြံကပ်လျက်ရှိသော တထပ် ကျောင်းကလေးတွင် တစ်ပါးတည်း သီတင်းသုံးကာ ကျမ်းပြုလျက်ရှိသည်။ ရွှေမြင်တင် တောင်ခြေအရပ် မင်းကွန်းဌာန အနောက်ဆုံးကျသော ဇေတဝန်ကျောင်း ဟု ဆိုင်းဘုတ် ကပ်ထားသည်။
ဇေတဝန်ဆရာတော်သည် ပေဋကောပဒေသ အဋ္ဌကထာကျမ်းကို လေးနှစ်ခန့် ကာလတိုင်ပင် နှုတ်တွင် ဆောင်လျက် ရေးသားစီရင်သည်။ အက္ခရာဝါကျများကိုပါ သုတ်သင်ရှင်းလင်း စိစစ် ရေးသား စီရင်တော်မူသည်။ စိတ်တိုင်းကျမှ စာပုံနှိပ် ခွင့်ပြုသည်။ ၁၂၈၆-ခုနှစ်တွင် ရေးသားပြီး၍ ၁၂၈၈-ခုနှစ်တွင် ရိုက်နှိပ်ပြီးစီးသည်။ ဆရာတော်၏ သက်တော်မှာလည်း (၅၂)နှစ်ရှိပြီ ဖြစ်သည်။ ယင်းကျမ်းမှာ စာမျက်နှာ (၄၁၇) မျက်နှာရှိပါသည်။
သတ္တဝါတို့၌ တစ်ချိန်သောကာလက လက်ခံမိခဲ့သော ကြံစည်၊ ပြောဆို၊ ပြုမူမှု (ကံတရား) များ တစ်ချိန်ချိန်၌ အကျိုးတရားအဖြစ် ပေါ်လာမြဲဖြစ်သည်။ မည်မျှ သေးငယ်၍ အမှတ်မထင်သော အကြံအစည်ကလေးပင် ဖြစ်စေကာမူ ငုပ်၍ ငုပ်၍ သွားသော်လည်း တစ်နေ့နေ့တွင် ဘွားကနဲ အကောင်အထည်ပေါ် (အကျိုးပေး) လာတတ်သည်။
ကံတရားတို့၏ အကျိုးပေးသည် ဆန်းကြယ်၏။ အနုသယ အခံဓာတ်သို့ ဆိုက်ထိစွာ စူးဝင်ခဲ့သော အကုသိုလ်အကြံဖြစ်လျှင်၊ မနောဒွါရ အာသယဓာတ်ခံသို့ ထိခိုက်အောင် စူးဝင်ခဲ့သော ကုသိုလ်အကြံဖြစ်လျှင် ထိခိုက် စူးဝင်ထင်ကျန်သော အရှိန် အင်အားအလိုက် တစ်ချိန်ချိန်တွင် အကျိုးပေးကြမြဲပင်တည်း။ ထို့ကြောင့် စိတ္တာနုပဿနာဖြင့် ကောင်းဆိုးနှစ်တန် အကြံဟူသမျှ ရှုမှတ်၍ ရှုမှတ်၍ချည်း ပစ်နေကြရသည်။ သတ္တဝါတို့က အကြံကောင်းဟု ထင်ရစေကာမူ အဆိုးဖြစ်တတ် လေ၏။ ၃၁-ဘုံ၌ အကောင်းဟူ၍ ရှားလှပေသည်။
အရေးကြီးသောစိတ်တစ်လုံး
ဆက်၍ဆိုပါဦးအံ့။ မြတ်စွာဘုရားရှင်သည် စုန္ဒအား “စုန္ဒ၊ ကုသိုလ်တရားတို့၌ စိတ်ဖြစ်ကာမျှကိုပင် အလွန်အကျိုးများလှပြီဟု ငါဟောသည်” ဟု မိန့်တော်မူဖူး၏။ ဓမ္မပဒ၌လည်း “ကုသိုလ်ကိုဖြစ်စေ အကုသိုလ်ကိုဖြစ်စေ “နည်းနည်းကလေး” ဟု မမှတ်ထင်သင့်” ကြောင်း (အကျိုးကို မြင်တော်မူသည့်အတိုင်း) ဟောတော်မူခဲ့ပြီ။
မှန်လှပါပေ၏။ အရှင်စူဠပန်ထေရ် သည် ရှင်ဘုရင်ဖြစ်စဉ် ဘဝတစ်ခုက မြို့ပြ လှည့်လည်စဉ် နဖူးမှ ချွေးထွက်၍ အဝတ်ဖြင့်သုတ်ရာ ခန္ဓာကိုယ် အညစ်အကြေး ကြောင့် အဝတ်၌ညစ်ထေး ပေကျံသွားသည်ကို ကြည့်၍ စိတ်၌ ညစ်ညူးကာ အမှတ်မထင် အနိစ္စ သညာ ဖြစ်ခဲ့ဖူး၏။ မပြောပလောက်ချေ။ စူဠပန်ဘဝတွင် ထို အမှတ်မထင် မပြောပလောက်သော အကြောင်းစိတ်က “ရဇောဟရဏံ” ကမ္မဋ္ဌာန်း တစ်ပုဒ်ဖြစ်လာ၍ အဘိဉာဉ်နှင့်တကွ ရဟန္တာ ဖြစ်တော်မူလာရ၏။
မိစ္ဆာဒိဋ္ဌိ မဋ္ဌကုဏ္ဍလီ သတို့သား ဘုရားဆွမ်းခံကြွလာသည်ကို သေခါနီး လျှပ်တစ်ပြက်မျှ မြင်လိုက်ရရုံဖြင့် နတ်သားဖြစ်ရသည်။
ခြေလှမ်းတိုင်း ကြာပန်းခံ၍ တောင်ညာစံ ဖြစ်ခဲ့ရသော ပဒုမဒေဝီလည်း ပစ္စေက ဗုဒ္ဓါအား ကြာပန်းလှူသော ကောင်းမှုအကျိုးဖြစ်သည်။ မိဖုရားအများ မနာလို၍ မိဖုရား ရာထူးကျကာ တောတွင်း၌ ဆင်းရဲစွာ နေခဲ့ရသည်မှာလည်း ကြာပန်း လှူစဉ်က “အရှင်မြတ်အား ကြာပန်းအသုံးဝင်မည် မဟုတ်” ဟု ထင်ကာ ပြန်၍ ယူလိုက်ပြီးမှ ပြန်လည်လှူသော်လည်း ဟု “အပရစေတနာ”တွန့်ဆုတ်သွားခဲ့မိသော “လျှပ်တစ်ပြက် စိတ်ကလေး၏ စွမ်းအင်” ပင်တည်း။
ထို့ကြောင့် ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီးက “စိတ်ဖြစ်တိုင်း မရှုမှတ် နိုင်လျှင် လက်ဖျစ်တစ်တွက်တစ်တွက် အချိန်တိုင်း ကုဋေတစ်သိန်းတစ်သိန်း ကြွေးထပ်တင် ခံရတတ်တယ်” ဟု မိန့်တော်မူသည်။
လျှပ်တစ်ပြက်မျှသာ ဖြစ်၍ ဖြစ်၍ ပျောက်ဆုံးငုပ်ကွယ်သွားပြီဟု ထင်ရသော်လည်း ကောင်းမကောင်း စိတ်ကူးအကြံအစည်များကို စိတ္တာနုပဿနာဖြင့် မရှုမှတ်နိုင်ပါက အစွဲနာလျှင် နာသလောက် တစ်ချိန်ချိန်တွင် အကျိုးသက်ရောက် တတ်ပေ၏။ ထို့ကြောင့်လည်း မေတ္တာအကျိုး စသည်ကိုပြရာ၌ “နွားနို့ တစ်ညှစ်ခန့်၊ တစ်ရှု တစ်ရှိုက်ခန့် ၊ လက်ဖျစ်တစ်တွက်၊ လျှပ်တစ် ပြက်၊ မျက်စိတစ်မှိတ်ခန့်” တို့ဖြင့် တိုင်းတာ ဟောပြောတော်မူသည်ကို သတိပြု၍ ကောင်းဆိုး နှစ်တန် စိတ်ကူးအကြံမျှ ကိုပင်လျှင် သေးငယ်သည်ဟု မအောက်မေ့ရာ။ ဝစီကံ၊ ကာယကံ တို့ကား ဆိုဖွယ်မရှိပြီ။
အာရုံနှင့် အာရမ္မဏိက ပေါင်းဆုံထိခိုက်မှု (ဖဿ) ကြောင့် ကောင်း-မကောင်း ခံစားမှု (ဝေဒနာ) ဖြစ်ပေါ်လာရာ ထိုခံစားမှုကို ရှုမှတ်ပစ်ရသည်။ မရှုမှတ်မိပါက တဏှာသို့ ကူး၍ ဥပါဒါန်ဘဝ စသည်ဖြင့် ပဋိစ္စသမုပ္ပါဒ် လည်တော့၏။
ပဋ္ဌာန်းအမြင် ဝီထိစိတ်အစဉ်အရ ဝုဋ္ဌော၏ အခြားမဲ့ဇောသို့ အကူးမခံရ။ ရူပါရုံစသည်တို့ ဝင်လာလျှင် ကောင်းမကောင်း စဉ်းစား၍ အရသာခံမှု (ဇော) မဖြစ်မီ သတိဖြင့် ရှုမှတ်ပစ်ရ၏။ ဇောအဖြစ်သို့ရောက်လျှင် ဇော၏ ရိုက်ခတ်မှုအရှိန် အနည်းအများအလိုက် ဒိဋ္ဌဓမ္မစသည် အကျိုးပေးပေတော့မည်။
ပထမဇောအခိုက်၌ ရာဂစိတ်ဖြစ်သည်ဟု သိလျှင် သိသည်နှင့်တစ်ပြိုင်နက် ဒုတိယ ဇောက နေ၍ သတိဖြင့် ရှုမှတ် ဖြတ်ချရမည်”၊ “နိုင်နင်း လာပါလျှင် သတိ ဖြစ်ရသည်ကမှ ကြာသေးသည်။ ပယ်စွန့်နိုင်မှုက မြန်၏ဟူ၍ (သဠာယတန ဒုက္ခဓမ္မ သုတ်ပါဠိ အဋ္ဌကထာတို့၌) ဟောကြားဖွင့်ဆိုကုန်၏။
ထိုထို သုတ္တန် ပါဠိတော်တို့၌ “ရူပါရုံစသည်ကိုမြင်လျှင် အသေးစိတ် မလိုက်ရ၊ မြင်ကာမတ္တသာ ရပ်ရမည် (နာနုဗျဉ္စနဂ္ဂါဟီ)” ဟု ဟောတော်မူသည်မှာလည်း ဤသဘော သာလျှင်တည်း။ ဤကား စာလိုပြောနေခြင်း ဖြစ်၏။ ယောဂီကား ထိုစာ အဓိပ္ပာယ်များကို မသိသော်လည်း အရေးမကြီး။ ရုပ်နာမ်တရားတို့ ဖြစ်ပေါ်သမျှကို သတိဖြင့် အမြဲတမ်းကပ်၍ ရှုမှတ်သိမြင်နေလျှင် ကိစ္စပြီးတော့သည်။
ပြုစုခဲ့သော ကျမ်းများ
ဆရာတော်သည် ခြောက်ဝါအရက ဖြစ်ခဲ့သော စိတ်ကူးအကြံကို လက်ခံမိခဲ့ရာမှ အလွန် အားကိုးနေကြသော ပဋိပတ်တပည့်များကို ပစ်ခွာ၍ ဂန္ထပလိဗောဓ (ကျမ်းစာ နှောင့်ယှက်မှု) ကြီး ဖြစ်ရလေ၏။ သက်ရွယ်တော်လည်း ၅၂-နှစ်ခန့် ရလေပြီး၊
ပေဋကောပဒေသ အဋ္ဌကထာကျမ်းကို ရသေ့ကြီး ဦးခန္တီက ကြည်ညို၍ မန္တလေး တောင်ခြေ စန္ဒာမုနိဘုရားအတွင်း ပဉ္စမသံဂါယနာ ကျောက်စာများနှင့်အတူ ကျောက်စာ ထိုးထားသည်။ ကျောက်ချပ်ရေ ၂၈-ချပ် ရှိ၏။
ယင်းအဋ္ဌကထာနိဿယ ကိုလည်း ကိုယ်တိုင် ရေးတော်မူရပြန်သည်။ သုံးတွဲရှိ၏။ (၁၂၉ဝ၊ ၁၂၉၇၊ ၁၂၉၈-ပ-ဒု-တ သုံးတွဲပြီးနှစ်။)
ထို့နောက် အမေးအားလျော်စွာ၊ အတွေးအမြင်အားလျော်စွာ အောက်ပါ ကျမ်းများ ကိုလည်း ရေးသားတော်မူခဲ့၏။
- တောလေးဆယ် အဖွင့်ကျမ်း၊
- အာရမ္ဘာဝိဓိ ဝိဿဇ္ဇနာကျမ်း၊
- သဇ္ဇေတာဝိဓိ ဝိဿဇ္ဇနာကျမ်း၊
- ဝိသုဒ္ဓိမဂ်အဋ္ဌကထာ နိဿယသစ်၊
- နိဗ္ဗာနကထာ (စကားပြေ)၊
- နိဗ္ဗာန်လမ်းညွှန် ဒေသနာ၊
- နိဗ္ဗာန စာတမ်း၊
- သတိပဋ္ဌာန စာတမ်း၊
- သတိပစ္စယေ ခေါ် ဝိနိစ္ဆယ သမူဟ၊
- ကထိန ဝိနိစ္ဆယ (စကားပြေ)၊
- ကထိန် နိဿယ (မိလိန္ဒ ကထိန်ခန်း)၊
- ဖလသမာပတ်၊
- မဟာသဠာယတနိကသုတ် နိဿယ၊
- မူလ ပရိယာယသုတ် နိဿယ၊
- ပါဒ ပါဒါရဟ ဝိနိစ္ဆယ၊
- ပဋိညာတကရဏ ဝိနိစ္ဆယ၊
- သိမ်ခန်း၊
- ဝိပဿနာ ဉာဏ်စဉ်ကျမ်းကြီး၊
- အနုသယဆိုင်ရာ၊
- အတိရိက်ပြုပုံ အဆုံးအဖြတ်၊
- ပေဋကောပဒေသ အဋ္ဌကထာ၊
- မိလိန္ဒပဉှာ အဋ္ဌကထာ၊
မိလိန္ဒပဉှာ အဋ္ဌကထာကြောင့် ပြဿနာဖြစ်
ဆရာတော်သည် ကျမ်းပေါင်းများစွာ ပြုစုထားသော်လည်း “တို့ ရေးတာ နှစ်ကျမ်းပဲ” ဟု အဋ္ဌကထာ နှစ်ကျမ်းကိုသာ အသိအမှတ်ပြု ပြောဆိုလေ့ရှိသည်။
မိလိန္ဒပဉှာ အဋ္ဌကထာကို သက်တော် ၇၀-ပြည့်ချိန် ၁၃၀၀-ပြည့်နှစ်၌ စ,ရေး၍ ၁၃၀၃-ခုနှစ်၌ ပြီးသည်။ စာမျက်နှာ ၅၀၅-မျက်နှာ ရှိ၏၊ ၁၃၁၀-ခုနှစ်တွင် ပုံနှိပ်ရာ “ကထိန်ပြဿနာ၊ ဘိက္ခုနီပြဿနာ” များ အငြင်းပွားကာ စာအုပ်ကို သိမ်းဆည်း ထားရသော အဖြစ်သို့ ရောက်ခဲ့ရသည်။
မဟာစည်ဆရာတော်ကမူ အကျိုးထက် အပြစ်သာ ဖြစ်လာဖွယ် ရှိသဖြင့် (သာသနာ တော်၌လည်း အလွန်ကျေးဇူးများမည်ဟု ယုံကြည်တော် မမူသောကြောင့်လော မသိ။) ထိုစဉ်က “ရိုက်နှိပ်ရန် သဘောမတူခဲ့” ဟု ကြားသိရပေသည်။ “တို့သေမှ ရိုက်ရစ် ဟု ဆိုသည်ကို မနာယူဘဲ သဒ္ဓါလွန်ကာ ရိုက်နှိပ်ကြသဖြင့် မလိုလား အပ်သော ပြဿနာများကြောင့် ဆရာတော်လည်း အလုပ်ပိုခဲ့ရ၏။ ဆရာတော်ကား မိမိအမြင်ကို မလျှော့ချေ။ ကထိန်ခန်းသတ်သတ် နိဿယကိုပင် ရေးသား ပုံနှိပ်စေခဲ့၏။
ဘိက္ခုနီပြဿနာနှင့်စပ်၍ မေးလျှောက်သူများအား-
“တို့က အလွတ်ရေးတာမဟုတ်ဘူး။ “အနုဇာနာမိ ဘိက္ခဝေ ဘိက္ခူဟိ ဘိက္ခုနိယော ဥပသမ္ပါဒေတုံ” စူဠဝါပါဠိတော်နှင့် အဋ္ဌကထာကို အားကိုးပြုပြီး ရေးတာ။ အဲဒီ အဖွင့်မှာလာတဲ့ အနုပညတ်သည် ဘုရားရှင် ပညတ်တော်မူသောအခါမှစ၍ သာသနာ ငါးထောင်အတွင်း မပျက်စီးနိုင်သဖြင့် “ဧကတော သံဃာ” ခေါ်တဲ့ ရဟန်း ယောက်ျားများ ဘိက္ခုနီမဖြစ်အောင် ပဉ္စင်းခံပေးနိုင်တယ်လို့ တို့က ရေးတာ။ အရေးကြီးတာက ဘုရားရှင်ခွင့်ပြုတော်မူသော အနုပညတ် ပျက်-မပျက်ဘဲ။ အနုပညတ်ပျက်လျှင် ဘိက္ခုနီမ, လုပ်မပေးနိုင်ဘူး။ အနုပညတ် မပျက်လို့ လုပ်ပေးနိုင်တယ် မှတ်ရမယ်” စသည်ဖြင့် ပါဠိ အဋ္ဌကထာများကို ရွတ်ကာ ရွတ်ကာ ရှင်းပြခဲ့ဖူး၏။
ကထိန်ပြဿနာနှင့်စပ်၍မူ “ဣမံ ကထိနစီဝရံ သံဃဿ ဒေမ” ဟူသော အစဉ် အလာ၌ “သံဃဿ” ဟူသော ရည်ညွှန်းချက်ထည့်၍ လှူလျှင် ကထိန် မမြောက်ကြောင်းကို အကျယ်ဝေဖန် စိစစ်ထားခြင်းဖြစ်သည်။ (အကျယ်ကို “ကထိန်နိဿယ” ၌ ကြည့်ပါရန်။)
ချီးကျူးမကုန်သော ဉာဏ်အစွမ်း
“ပေဋကောပဒေသ အဋ္ဌကထာ” ကျမ်းကို ရေးသားရန် ဆန္ဒပြင်းပြခဲ့သည်မှအစ ကျမ်းပြုခြင်းအလုပ်၌ ဆရာတော်၏ ပဋိပတ်ကိစ္စလည်း ငုပ်ကွယ်ခဲ့ရ၏။ ပြဿနာ များကြောင့် အလုပ်လည်း ပိုခဲ့ရသည်။ တပည့်များလည်း နေမှု ထိုင်မှ မငြိမ်မဆိမ် ရှိခဲ့ကြရသည်။
“မင်းကွန်း၌ အမြဲနေထိုင်မည်” ဆို၍ ၁၂၈၈-ခုနှစ်တွင် ယောဂီများက တိုက်ကျောင်း တစ်ဆောင် ဆောက်လှူကြရ၏၊ လူဆိုးများက အထင်တကြီး ဝင်ရောက် လုယက် တိုက်ခိုက် ကြသဖြင့် သထုံသို့ ပြန်ကြွရသည်။ သထုံသို့ ရောက်၍ အတန်ကြာသော အခါ အနယ်နယ်ရှိ တပည့်များထံ “ကျောင်းပြီးပြီ” ဟု အကြောင်းကြားကာ ဝိသုဒ္ဓိမဂ်အဋ္ဌကထာကို မင်းကွန်း၌ ချပို့တော် မူပြန်သည်။ နိဿယလည်း ရေး၏၊ ၁၂၈၉-ခုနှစ်တွင် သထုံသို့ ပြန်ကြွခဲ့သည်။
သွားချီပြန်လှည့် စာကြည့်စာချ တရားပြ ကျမ်းပြုခြင်းဖြင့် ဆရာတော်သည် စိတ်ဆန္ဒပြင်းပြ၍ ဝီရိယကြီးတော်မူတိုင်း အဆုတ်အဆိုင်းမရှိ ကသိကအောက် ဖြစ်သော်လည်း မဆုတ်၊ ပြတ်ပြတ်ကြီးသာ လုပ်တော်မူလေ့ရှိ၏။
ကျမ်းများစွာ ပြုခြင်းအားဖြင့် သာသနာတော်၌ မည်မျှလောက် ကျေးဇူးများခဲ့သည်၊ မများခဲ့သည်ကိုထား၍ လောလောဆယ်အားဖြင့် ရှုပွားမှုအလုပ်၌ အနုတ်လက္ခဏာ ပြခဲ့သည်မှာ မငြင်းသာချေ။ ထို့ကြောင့် ကျမ်းပြုလိုသော အာရုံလည်း ၃၁-ဘုံ၌ ငြိတွယ်မှု တစ်ခုပင် ဖြစ်၍ စိတ်ကူးအကြံ အာရုံအတွေးတို့သည် သာသနာရေးဟုပင် ဆိုရစေကာမူ “ကောင်းကား ကောင်း၏ မကောင်း” ဖြစ်တတ်သည်ကို သင်ခန်းစာ ယူရန် ဖြစ်ပေ၏။
မည်သို့ဖြစ်စေ၊ ဆရာတော်သည် ပရိယတ်နှင့် စပ်၍ နှံ့စပ်နက်ရှိုင်းစွာ အယူအဆ သစ်များကို ထုတ်ဖော်လိုက်သည်မှာကား စိတ်ဝင်စားဖွယ် ရှိပါပေသည်။ စာပေ သံယောဇဉ်လည်း ကြီးမားတော် မူပါပေ၏။ ပို၍ အံ့ဖွယ်ကောင်းသည်မှာ ဆရာတော်၏ ဉာဏ်ကြီးခြင်းပေတည်း။
ဆရာတော်သည် ပေဋကောပဒေသနှင့် မိလိန္ဒပဉှာအဋ္ဌကထာ ကျမ်းကြီးများကို ရေးရာ၌ မရေးမီကတည်းက ထိုပါဠိတော် နှစ်ကျမ်းကို နှုတ်ငုံရပြီး ဖြစ်နေ၏။ အဋ္ဌကထာများ ရေးပြီးသော အခါတွင်လည်း မိမိရေးသော အဋ္ဌကထာများကိုပါ နေ့စဉ်ရွတ်အံ၍ နှုတ်ငုံ ဆောင်ထားနိုင်လေသည်။ လေး-ငါးနှစ် နှုတ်ငုံဆောင်ပြီးမှ ဖြုတ်လိုက်ဖြည့်လိုက် လုပ်ခဲ့၏။ မိမိရေးသည့် စာကို ရရန်မှာ အခက်ဆုံး ဖြစ်သည်။
ထို့ထက်ပို၍ အံ့ဖွယ်ရှိသည်မှာ မြို့လှမြို့ ဆရာတော် ဦးဝါသဝိန္ဒသည် ၁၂၉၁-ခုနှစ် သထုံသို့ ကြွရောက်၍ ဆရာတော့်ထံ၌ နေစဉ် ဆရာတော်အား “တရားရှုပွားခြင်းမှ တစ်ပါး အဘယ် ကျင့်ဝတ်ထူးများ ရှိလေဦးမည်နည်း” ဟု သိလို၍ လျှောက်ထားရာ ပိဋကသုံးပုံ အလှည့်ကျရွတ်၍ နေ့စဉ် ဘုရားဝတ်တက်ကြောင်း အမိန့်ရှိသည်ဟု ဤစာရေးသူအား ပြောပြဖူး၏။ လူမသိသော “တိပိဋကဓရ” ဆရာတော်ပါပေ။
“သမာဓိပရိဘာဝိတာ ပညာ၊ ပညာပရိဘာဝိတော သမာဓိ” ဟု ဟောတော်မူသည့် အတိုင်း သမာဓိ ထုံမွှမ်းသော ဉာဏ်စွမ်းသည် အံ့မခန်း ဖြစ်ပါပေ၏။
တစ်ချိန်က ဘုရားရှင်အား သင်္ဂါရဝလုလင်က-
“အရှင်ဘုရား၊ ရံခါ ကြာမြင့်စွာ ရွတ်အံထားသော မန္တန် (စာ) များပင် အလိုလို မေ့ပျောက်ကုန်၏။ ရံခါ ကြာမြင့်စွာ မရွတ်အံဘဲထားသည့် မန္တန် (စာ) များပင် အလိုလို ရနေပါသည်။ အဘယ့်ကြောင့်ပါနည်း” ဟု လျှောက်ထားဖူးသည်။
ထိုအခါ မြတ်စွာဘုရားက “နီဝရဏ (အသိဉာဏ် အပိတ်အဆို့) ငါးပါးရှိနေလျှင် မည်သည့်အရာကိုမျှ မှန်ကန်စွာ မသိနိုင်၊ မမြင်နိုင်” ကြောင်း ဥပမာ ငါးမျိုးဖြင့် ဟောပြတော်မှု၏။
ဉာဏ်စဉ်လဲတက် စာကျက်လဲရ လိုသမျှပြီး
၁။ ကာမစ္ဆန္ဒနီဝရဏ (တစ်စုံတစ်ခု၌ လိုချင်တပ်မက် နှစ်သက်တွယ်တာမှု အပိတ်အဆို့) ရှိသူသည် ရေခွက်၌ နနွင်းစသော အရောင်များထည့်လျှင် မိမိ မျက်နှာရိပ်ကို ကောင်းစွာ မမြင်ရတော့သကဲ့သို့ အမှန်တကျ မသိ မမြင်နိုင်။
၂။ ဗျာပါဒနီဝရဏ (စိတ်ဆိုး စိတ်ပျက် အပိတ်အဆို့) ရှိသူသည် ကျိုချက် သောအခါ ပွက်ပွက်ဆူ အခိုးထသောရေခွက်၌ မိမိမျက်နှာရိပ် ကြည့်ရသကဲ့သို့ အမှန်တကျ မသိမမြင်နိုင်။
၃။ ထိနမိဒ္ဓနီဝရဏ (ထိုင်းမှိုင်းအိပ်ချင်မှု အပိတ်အဆို့) ရှိသူသည် အမှုန်အမှိုက် မှော်လွှမ်းနေသော ရေခွက်၌ မိမိမျက်နှာရိပ် ကြည့်ရသကဲ့သို့ အမှန်တကျ မသိမမြင်နိုင်။
(ယောဂီ၌ သွေးရိုးသားရိုး အိပ်ချင် ထိုင်းမှိုင်းမှု ရှိသကဲ့သို့ ထူးထူးဆန်းဆန်းလည်း ရှိတတ်သည်။ ယင်းကိုမသိ၍ အိပ်ချင်သည်ဆိုကာ အိပ်ပြီးလျှင် သမာဓိ ကျဆင်းကြောင်း ကိုယ်နှုတ်စိတ် သောင်းကျန်းမှုများ၊ အတွင်းအပြင် အနှောင့် အယှက်များ ဝင်လာတတ်သည်။ လောက၌ အိပ်မွေ့ချ၍ အခိုးခံရစေသော အတတ်များ ရှိသကဲ့သို့တည်း။ အခြား နီဝရဏများလည်း ထို့အတူပင်။)
၄။ ဥဒ္ဓစ္စကုက္ကုစ္စ နီဝရဏ (စိတ်ပျံ့လွင့်မှု၊ နောင်တ ပူပန်မှု အပိတ်အဆို) ရှိသူသည် လေတိုက်၍ လှိုင်းဂယက် ထနေသော ရေခွက်၌ မိမိမျက်နှာရိပ် ကြည့်ရ သကဲ့သို့ အမှန်တကျ မသိမမြင်နိုင်။
၅။ ဝိစိကိစ္ဆာ နီဝရဏ (ရတနာသုံပါး၌ ချီတုံချတုံ မယုံမရဲ မဝေခွဲ မဆုံးဖြတ်နိုင်မှ အပိတ်အဆို့) ရှိသူသည် ရွှံ့နွံထ၍ နောက်ကျနေသော ရေခွက်၊ အမှောင်၌ ချထားသော ရေခွက်၌ မိမိမျက်နှာရိပ် ကြည့်ရသကဲ့သို့ အမှန်တကျ မသိ မမြင်နိုင်။ (မဟာဝဂ္ဂသံယုတ်နှင့် ပဉ္စင်္ဂုတ္တရ-သင်္ဂါရဝသုတ်။)
တရားရှုမှတ်နေသူတို့၌ကား ထိုနီဝရဏ ငါးပါး ကင်းကွာနေသဖြင့် သမာဓိ ကောင်း၏။ သမာဓိကောင်း၍ (ပညာသည် သမာဓိ အကြောင်းခံသဖြင့်) အသိဉာဏ်ပညာများ တိုးပွားလာကုန်၏။ အသိဉာဏ်ပညာဟူသည် စာကျက်၍ ရလွယ်ခြင်းမှအစ အရဟတ္တဖိုလ်ဉာဏ် အထိ ပါဝင်လေသည်။ ထို့ကြောင့် ယောဂီသည် ထိုအပိတ်အဆို့ အဆီးအတား ငါးမျိုးကို အဝင်မခံရပေ။
“ဆရာတော်သည် ပိဋကသုံးပုံ နေ့စဉ် လှည့်ပတ်ရွတ်အံ၍ ဘုရားပူဇော်နေသည်” ဆိုခြင်းမှာ တရားသဘောအရ မဖြစ်နိုင်သော အရာ မဟုတ်ချေ။ ကြယ်တာရာ လ, နေ တို့၏ အရောင်ကား အချင်းခပ်သိမ်း ထွန်းလင်းလျက်သာ ရှိသည်။ ဆီးနှင်း မြူတိမ် အပိတ်အဆို့ အနည်းအများကို လိုက်၍သာ အလင်းရောင် အနည်းအများ ဖြစ်ရ၏။ ထင်း၊ ရေ၊ ဓာတ်ဆီ၊ ရေနံ၊ ဓာတ်ခဲ၊ ဘက်ထရီ၊ လျှပ်စစ် ဘတ်သီး စသည်တို့သည် တစ်ခုနှင့် တစ်ခု ပကတိ အင်အားချင်း ခြားနားသကဲ့သို့ အရောင်လည်း ကွဲပြားရပြန်၏။ ယောဂီတို့၌ နီဝရဏကင်းသလောက်၊ အသင်္ခတ (ဓမ္မဓာတု) အင်အား သက်ဝင်သလောက် လင်းနိုင်ကြသည်။
ခက်ခက်ခဲခဲ ကြံစည် ရွေးထုတ်လာသော အမေးပုစ္ဆာများကို တမုဟုတ်ချင်း ဖြေနိုင်အောင် လင်းသော သဗ္ဗညုတဉာဏ်အားကို ခန့်မျှော် ကြည်ညိုနိုင်ရာ၏။ (မဇ္ဈိမ-အဘယရာဇကုမာရသုတ်။) ယောဂီ၏ သမာဓိသည် သဗ္ဗညုတဉာဏ် အလင်းကို ပေးသော သမာဓိနှင့် တစ်ဖြတ်ထဲပင် ဖြစ်သည်။
(အဋ္ဌကထာတို့၌ “ဓမ္မဓာတု” အရ သဗ္ဗညုတဉာဏ်စသည်ကို ကောက်ပြ၏။ ဥပစာ အရ ဆိုသင့်သည်။ စက္ကူ၊ ဝါဂွမ်း စသည်ကို မှန်ဘီလူးဖြင့် နေရောင်ခံ၍ လောင်ကျွမ်းစေရာ မှန်ဘီလူးကား နေရောင်၏ တစ်ဆင့်ခံ အကြောင်းမျှသာ။ ဤဥပမာအရ အသင်္ခတဓမ္မဓာတ် (နိဗ္ဗာန်)၏ လောကီကုသိုလ်၊ မဂ်ကုသိုလ်စိတ်တို့ အပေါ်၌ (ခံနိုင်ရည် အင်အားအလိုက်) အရှိန်အဝါအင်အားများ သက်ရောက်ပုံကို နားလည်သင့်၏။)
ဆိုလိုသည်မှာ “ကမ္မဋ္ဌာန်းသမာဓိ” သည် ပဋိပတ်အရာ၌ နိဗ္ဗာန်ရစေရုံမျှသာမက၊ ပရိယတ်အရာ၌ စာကျက်၍ ရလွယ်ခြင်း၊ မမေ့လွယ်ခြင်း အနက်အဓိပ္ပာယ် လေးလေးပင်ပင် သိရှိနိုင်ခြင်း အကျိုးများကိုလည်း ရရှိစေသည်ဟု ဆိုလိုပါ၏။ ဤမျှသာလား၊ မကပါ။ “သီလရှိသူ လူတို့သည် (အပ္ပမာဒလျှင် အကြောင်းရင်း ရှိသော) ဥစ္စာစည်းစိမ်ကို အစုလိုက် အပုံလိုက် ရနိုင်သည်” ဟု ဟောတော်မူရာ စီးပွားရှာရာ စသည်တို့၌လည်း သတိ၊ သမာဓိ ရှိမှ ကြီးပွား တိုးတက်ကြောင်း တိုက်ရိုက် ဟောကြား ဝန်ခံထား၏။
ကမ္မဋ္ဌာန်းတရားသည် လောကီ လောကုတ္တရာ ကြီးပွားမြင့်တက် လိုသူတိုင်း၏ အားကိုးရာ လက်နက်ကြီးပင်တည်း။
ကျန်းမာအသက်ရှည်ရေး အတွက်ကား ဗောဇ္ဈင်္ဂဘာဝနာ ဣဒ္ဓိပါဒ ဖြစ်၍ အထူး ပြောဖွယ်ရာမရှိ။ လက်တွေ့လည်း များကြပြီ။
မြတ်စွာဘုရား တရားတော်၌ လောကီ လောကုတ္တရာ “ဘယ်ဟာကလေးဖြင့် လိုနေပါသေးသည်” ဟု ဆိုစရာမရှိအောင် အကြွင်းမဲ့ ပြည့်ဝစေနိုင်သည်။ ယင်းသို့သော အာမခံချက် လက်တွေ့ သဘောများကို မသိကြသဖြင့် အချို့က အိန္ဒိယ ယောဂီကျင့်စဉ်များ၊ ဂျပန်တို့၏ ဈင်သမထများ၊ အနောက်တိုင်း စိတ် လေ့ကျင့်ခန်း များကို အဆန်းတကြယ် မှတ်ထင် လေ့ကျင့်မှားနေကြရှာ၏။
အဘိညာဉ် ခြောက်ပါးမှအစ တစ်လောကလုံး ဒိုးယိုပေါက် မြင်နိုင် သိနိုင်သော သဗ္ဗညုတ ဉာဏ်တော်အထိ ပြီးမြောက်စေနိုင်သော တရားသမာဓိကား လူသားတို့ အလိုရှိသမျှ ဘာမဆို ပြည့်ဝစေနိုင်သည်ချည်းသာ။ အကောင်းဆုံးကို ရယူ နိုင်ကြပါစေ။
---
အနီးကပ် အလေ့ အထနှင့် အံ့ဖွယ်များ
ဆရာတော့်အပါး၌ အနီးကပ် နေထိုင်ပြုစုကြသော ရဟန်းရှင်လူတို့၏ ပြောကြားချက် အရ ဆရာတော်၏ အလေ့အထများကို ဖော်ပြလိုပါသေး၏။
အစားအသောက်နှင့်စပ်၍ ဆရာတော်သည် ခပ်ရွယ်ရွယ်က ကြက်သား ဘုဉ်းပေးလျှင် ကြက်သားဟင်းချည်း သုံးနှစ်တိတိ ဘုဉ်းပေး၏။ ဝက်သား စသည် ဘုဉ်းပေးလျှင်လည်း ထိုနည်း။ ဆွမ်း၊ ကွမ်း ကပ်သော ဒကာ ဒကာမများက “ဘုဉ်းပေးလို့ ကောင်းပါရဲ့လား” စသည်ဖြင့် စကားရှာ၍ လျှောက်လျှင် “စားနေကျမို့ စားရတာပဲ” ဟုသာ ဖြေတော်မူ၏။ အခြား ထွေထွေ လာလာ မေးလျှင်လည်း မဖြေ၊ ဆိတ်ဆိတ်နေတော်မူ၏။ ဆွမ်းစားအပြီး ကျီးများကို ကိုယ်တိုင် ပက်ကြဲ၍ ကျွေးလေ့ ရှိသည်။
ကျန်းမာရေးအတွက် နှစ်လရှည်ကြာ ညနေတိုင်း သကြားရေ ပူပူဘုဉ်းပေးလေ့ရှိ၏။ ရန်ကုန်မြို့ ဆေးဆရာကြီး ဆရာကြွယ်က ဆေးလှူရာ “တို့ဘာဆေးမှ မစားဘူး” ဟု မိန့်တော်မူသည်၊ ကွမ်းကိုမူကြိုက်လှ၏။ ဆုံကို ကိုယ်တိုင် ထောင်းပြီး စားသည်။ ဝမ်းကို ခုနစ်ရက်မှ တစ်ကြိမ်လောက်သာ သွားရ၏။ ဆိတ်ချေးကဲ့သို့ရှိသည်။ အမြဲ လမ်းလျှောက်၏။
အနေအထိုင်နှင့် စပ်၍ ဆရာတော်သည် အနီးကပ်ပြုစု စောင့်ရှောက်ရန် လျှောက်သည်ကို လက်ခံလေ့ မရှိ။ အသက် ၈၀-ကျော်သည့် တိုင်အောင် “သူတို့လဲ သူတို့ဟာ သူတို့လုပ်၊ တို့လဲ တို့ဟာ တို့လုပ်” ဟုဆိုကာ ကိုယ်တိုင်သာ လုပ်တော်မူ၏။ ထို့ကြောင့်လည်း တစ်ခါက တိုက်ကျောင်းလှေကား အထက်ဆုံး အထစ်မှ အောက်ခြေအထိ ခြေချော်ပြီး လိမ့်ကျရာ နာဟန်မရှိဘဲ ချက်ချင်းပင် ပြန်ထ၍ တက်၏။
တစ်ခါက လမ်းလျှောက်ရင်း အားနည်း၍ လဲကျသွားရာ ကူမ, ထူသူများကို ဖယ်ရှားလျက် ကိုယ်တိုင် အားယူထသည်။ ပျံတော်မူခါနီး တစ်နှစ်လောက်တွင်မှ ခါးကို ချ၍ ထိုင်၏။ “ဥဒ္ဓံ ကာယံ ပဏိဓာယ” = အမြဲ တောင့်၍ မတ်မတ်သာ ထိုင်လေ့ရှိသည်။
ကျောင်းတွင်း၌ သစ်ပင်ခုတ်လှဲခြင်း၊ တံမြက်လှည်းခြင်း၊ စည်စည်ကားကား မွမ်းမံ ခြယ်လှယ်ခြင်း မှန်သမျှ မကြိုက်။ အမြဲထိုင်လေ့ရှိသော ကော်ဇောမှာ လက်တစ်လုံး ခန့်ထူ၍ ကြာလျှင် ဖုံများတက်နေရာ ဖုံခါပေးသည်ကိုပင် မကြိုက်၊ ကော်ဇောအသစ် လဲ၍ ခင်းသည် ကိုလည်း ခွင့်မပြု။ အနီးအပါး၌ ပုရွက်ဆိတ်ကြောင်းများလည်း တွေ့ရတတ်သည်။
ထိုပုရွက်ဆိတ်များနှင့် စပ်၍ စကားဆန်းတစ်ခု မိန့်သည်ကို ဦးစံဝေက မှတ်သား၍ သင့်ဘဝ အယ်ဒီတာ ဦးတင်မောင်အား “ဆရာတော်ကြီးရဲ့ ရှေ့ကြမ်းပြင်မှာ ပုရွက်ဆိတ်တွေ ပြေးနေကြတာပဲ၊ ဘယ်သူမှ လှည်းထုတ် မပစ်ရဘူး။ အာဂန္တု ဧည့်သည်တွေ လာမယ်ဆိုလို ဒီကောင်တွေကို ပြောထားရတယ်။ မပြောရင် သူတို့က ဧည့်သည်ရယ်လို့ အလိုက်မသိဘူး။ ဟိုကဖြတ် သည်ကဖြတ်နဲ့” ဟု အမိန့်ရှိသည်ကိုလဲ ကြားခဲ့ရတယ်” ဟု ပြောဖူး၏။
လာဘ်လာဘနှင့်စပ်၍ ဘာကိုမျှ ကိုယ်ပိုင်အလှူမခံ၊ မခံစေရ။ သံဃိကပိုင် ဘဏ္ဍာကျောင်း သီးသန့်ထား၏။ အလွန် အလိုနည်းသည်။ ကျောင်းတိုက်ကိုပင် ဘုန်းကြီးပိုင် မထား၊ သာသနာ့မြေအဖြစ်သာ သတ်မှတ်၍ ကျောင်းများကို (ဂဟပတိကုဋိ) ဒါယကာပိုင် ထား၏။ ကျောင်းသား ကိုရင်(ထိန်းကျောင်းရသူ) မထား။ ဒုလ္လဘရဟန်းခံ၊ ရှင်ပြု ကျောင်း၌ မလုပ်ရ။ ယောဂီများအတွက် အလွန်စည်းကမ်းကြီးသည်။ အပြစ်ရှိလျှင် ချက်ချင်း ထွက်ပေးရ၏။ ဝိနည်းကို အလွန်လေးစား၏။ လေးစားမှ ကြိုက်သည်။ ဂျပန်ခေတ်တွင်မူ ဆွမ်းစားပြီးသည်နှင့် တောထူထပ်ရာသို့ နောက်ပါ ရဟန်းငယ်တစ်ပါးနှင့် ထွက်ခွာသွားလေ့ ရှိသည်။ လေယာဉ်လာလျှင် ကြောက်ရွံ့စိတ် ရှိပုံရသည်ဟု ထိုဦးပဉ္စင်းက ယူဆ၏။
---
ရဟန္တာ ဟုတ်-မဟုတ် စုံစမ်းခြင်း
ဆရာတော်သည် ၁၃၁၄-ခုနှစ်(၈၄-နှစ်) ပျံလွန်တော် မမူမီ နှစ်နှစ်ခန့်က စ၍ စာရေးခြင်း မပြုတော့။ အခြားဟောပြောခြင်း ကိစ္စများကိုလည်း လျှော့နိုင်သမျှ လျှော့ကာ ပဋိပတ္တိ အလုပ်ကိုသာ စူးစူးစိုက်စိုက် လုပ်တော်မူ၏။ အာဟာရကိုလည်း ဆွမ်းကိုလျှော့၍ နို့နှင့် သစ်သီးများကိုသာ အားပြုမှီဝဲသည်။
၁၃၁၅-ခုနှစ်သို့ ရောက်သောအခါ သက်ရွယ်တော်လည်း ကြီးပြီဖြစ်၍ ဆရာတော်၏ တရားအခြေအနေကို သိလိုလှသဖြင့် ရန်ကုန် ကမာရွတ် သာသနာ့မာရ်အောင် ကမ္မဋ္ဌာန်း ကျောင်းတိုက် တပည့်ကြီးတစ်ပါးဖြစ်သူ ဦးမေဓာဝီ ဆရာတော်က ဆရာတော် ဘုရားကြီးအား အောက်ပါအတိုင်း လျှောက်ထားခဲ့ဖူး၏။ (ထိုအမေး အဖြေကို ကန္နီဘုန်းကြီး ဦးပရမက မှတ်တမ်းတင်ထား၍ ဈာပနပွဲ၌ ပုံနှိပ်ဝေငှသည်။)
ဦးမေဓာဝီ မေး။ ။ ဆရာတော်၏ မျက်မှောက်မှာ လောကရေးရာ အဖြာဖြာ ရောက်ရာ တင်ရာတွေ ပြောဆိုနေတာကို ကြားရတဲ့အခါ ဘယ်လိုစိတ်ထား ပါသလဲ ဘုရား။
ဆရာတော် ဖြေ။ ။ ဘယ်လိုမှ စိတ်မထားဘူး။
မေး။ ။ သဘောကျခြင်း၊ မကျခြင်းကော ဖြစ်ပါသလား ဘုရား။
ဖြေ။ ။ မဖြစ်ဘူး။
မေး။ ။ သံယုတ္တနိကာယ်၌ ဓမ္မာဒါသသုတ်ကို သင်္ဂါယနာတင်မထေရ်တို့ ထည့်သွင်း ထားပုံ အကြောင်းပြ ဘယ်လိုဟု သိလိုပါတယ် ဘုရား။
ဖြေ။ ။ မဆိုတတ်တော့ဘူး။ မပြောတတ်တော့ဘူး။
မေး။ ။ ဓမ္မာဒါသသုတ်အရ မိမိကိုယ်ကို သောတာပန်ဖြစ်လျှင် “ငါသောတာပန် ဖြစ်သည်” ဟု ပြောခွင့်ပြုသည်မှာ လူအရိယာများကိုသာ ခွင့်ပြုပါသလား၊ သို့မဟုတ် လူ, ရှင်, ရဟန်း အားလုံးကို ခွင့်ပြုပါသလား ဘုရား။
ဖြေ။ ။ လူ,ရှင်,ရဟန်း အားလုံးကို ခွင့်ပြုတော်မူတယ်။
မေး။ ။ ရဟန်းအဖြစ်ဖြင့် ဈာန်မဂ်ဖိုလ် ရကြောင်းကို ရိုးသားစွာပြောလျှင် အပြစ်မရှိ၊ အာပတ်မသင့်တဲ့အတွက် ပြောဆိုထိုက်တယ် မဟုတ်ပါလား ဘုရား။
ဖြေ။ ။ ပြောဆိုထိုက်တယ်။
မေး။ ။ ဆရာတော်ဘုရား၊ ဗြဟ္မာဖြစ်လိုတဲ့ ဆန္ဒ ရှိပါသေးသလား ဘုရား။
ဖြေ။ ။ မဖြစ်လိုဘူး။
မေး။ ။ ရှေးကတော့ ဖြစ်လိုတဲ့ဆန္ဒ ရှိခဲ့ဖူးပါသလား ဘုရား။
ဖြေ။ ။ ဖြစ်လိုခဲ့ဖူးတယ်။
မေး။ ။ သုဒ္ဓါဝါသဗြဟ္မာဖြစ်ရရင် ကောင်းမယ် မဟုတ်ပါလား ဘုရား။
ဖြေ။ (ထိုအခါ ဆရာတော်ကြီးမှာ ကုလားထိုင်ပေါ်တွင် ပက်လက် ခေါင်းချ၍ နေတော်မူရာမှ ပြင်၍ မတ်မတ် ထိုင်တော်မူလျက်) သုဒ္ဓါဝါသဗြဟ္မာ ဖြစ်ရတာ ကောင်းသင့်သလောက်တော့ ကောင်းမှာပေါ့။ သို့ပေမယ့် ဒီကောင်းတာဟာ အသိမစုံသေးသူတွေ အတွက် ကောင်းတာပဲ။ အသိစုံသူအတွက် ဘာမှ ကောင်းတာ မရှိတော့ဘူး။
မေး။ ။ ဆရာတော် နောက်ဘယ်ဘဝများ ဖြစ်လိုပါသေးသလဲ ဘုရား။
ဖြေ။ ။ဘယ်ဘဝမှ မဖြစ်လိုဘူး။
မေး။ ။ ဘဝမရှိတော့ဟု ယူဆပြီး ဖြစ်ပါသလား ဘုရား။
ဖြေ။ ။ ယူဆတယ်။
ဤကား အထက်ပါ ဈာပနတွင် ဝေငှသော စာတမ်းအရ ဖော်ပြခြင်း ဖြစ်ပါသည်။ ဦးမေဓာဝီက ဤသို့ မေး၍ ဆရာတော်က ဤသို့ ဖြေသည်ဟု ဆိုသော်လည်း ထိုအဆိုကို ထုတ်ဖော်ခြင်း၌ အတွင်းနေ တပည့်ကြီး အချို့က နှစ်သက်ဟန်မတူ။ စဉ်းစားဖွယ် အကြောင်း များလည်း ရှိနေသလော မသိ။
---
မမာမကျန်း၍ ပင်ပန်းကြီးစွာ ရှုမှတ်ခြင်း
ဆရာတော်သည် ၁၃၁၆-ခုနှစ်၊ နှစ်ဦးမှစ၍ “တို့ သေခါနီးပြီ” ဟု မိန့်တော်မူလေ့ရှိ၏။ ပဋိပတ် အလုပ်ကိုလည်း ပို၍ ပြင်းထန်စွာ လုပ်တော်မူသည်။ နှစ်လယ်လောက်တွင် “ဒီနှစ် မလွန်တော့ဘူး” ဟု ထပ်ဆင့် မိန့်ကြားလာပြန်၏။ ဒေါ်ကုသလ စသော တပည့်များက ခေါင်းပင် လုပ်ထားကာ အနီးအပါးသို့ လာရောက် လုပ်ကျွေး ကြသည်။
ဆရာတော်သည် သက်တော် ၈၆-နှစ်အရ အားလည်း အလွန်နည်းလာ၏။ ပဋိပတ် အလုပ်ကိုမူ တစ်နေ့ထက်တစ်နေ့ ပို၍ ပြင်းထန်စွာ ရှုမှတ်တော်မူသည်။ “တို့ဒီနှစ် မလွန်တော့ဘူး” စကားနှင့်အတူ မကြာခဏ အပေါ်သို့ စိုက်၍ စိုက်၍ တွေတွေကြီး ကြည့်နေတတ်သည်ကိုလည်း တွေ့ရသည်။ ထိုအခါ ရှုမှတ်မှု ဝီရိယလည်း တိုး၍ လာသည်ကို တွေ့ရ၏။
အထူးသဖြင့် လမ်းလျှောက်ရင်း ရှုမှတ်တော်မူရာ အားတော်နည်း၍ လဲကျသည်မှ ရဟန်းငယ်တစ်ပါးနှင့် တွဲ၍တွဲ၍ လျှောက်ရသည်။ မကြာခဏ အပေါ်သို့ စိုက်၍ ကြောင်ကြောင်ကြီး ကြည့်နေတတ်ပြန်သည်။ “နတ်ရထားများဆိုက်လာသည်ကို ကြည့်တော်မူ သလော၊ ထိုအခါမှ သံဝေဂ ဖြစ်ကာ ငါ့မှာ ဆက်လုပ်ရန် ရှိသေးသည်ဟု သိတော်မူသလော” ဟု စဉ်းစားကြရသည်။
ဇွဲခတ်ပြီး လမ်းလျှောက်၍ ရှုမှတ်ရသော်လည်း ကိုယ်ပိုင်အားထက် “တွဲအား” ကို မှီခိုပြီး လျှောက်နေရသဖြင့် အားရတော် မူဟန် မရှိ၊ ရံခါ သင်းပိုင်ကိုပင် လိပ်၍လိပ်၍ မ,တင်ရာ ဒူးခေါင်းတော် အထက်သို့ပင် ရောက်နေသည်။ ဆီးများလည်း လွန်နေ သဖြင့် လမ်းလျှောက်ရင်းပင် ပါမှန်းမသိတော့ချေ၊
တပည့်တစ်ပါးက ကြမ်းပြင်၌လိုက်၍ သုတ်ပေးနေရ၏။ (တောင်ငူဦးဝိလာသနှင့် တောင်တွင်း ဦးတိက္ခာစာရတို့ နှစ်ပါးက အစ အဆုံး ပြုစုကြရသည်။) ရှုမှတ်မှုမှာ ပို၍ ဇွဲခတ် အားတင်းနေရဟန် ရှိပေ၏။ ဒိဋ္ဌဓမ္မသုခဝိဟာ အတွက်သာ ရှုမှတ်ရခြင်း ဟုတ်ဟန်မတူချေး
ဆရာတော်သည် သက်တော် ၄ဝ-ကပင် လောကုတ္တရာနယ်သို့ စတင် ဝင်ရောက် နိုင်ခဲ့၏၊ နုပျိုအားသန် ဉာဏ်လည်းထက်တုန်း တစ်ရှိန်တည်း တစ်သန်တည်း ကြုံး၍ ကြိုးစားခဲ့ပါသော် ပို၍ ချမ်းသာလွယ်ကူပေရာ၏။ သာသနာပြုရာ၌လည်း အသင်္ခတ အင်အားအပြည့် ရှိတော်မူပြီ ဖြစ်၍ ပို၍ ခရီးပေါက်ကာ အနှောင့်အယှက်များလည်း နည်းပါးခဲ့ရာ၏။
ပရိယတ်နှင့်လုံ့လ ဝီရိယကိုပါ များစွာ မှီခိုအားထား၍ သာသနာပြုနေရခြင်းထက် ဓမ္မဓာတုခေါ် အသင်္ခတ အင်အားသာ အပြည့်အစုံ ထူထောင်ရရှိခဲ့ပါလျှင် သက်လည်း သက်သာ ခရီးလည်း တွင်ပေရာ၏။ တရားချမ်းသာကို စတင်တွေ့ သည်နှင့် တစ်ပြိုင်နက် သတ္တဝါများအား ချေချွတ်ရန် စိတ်စောလွန်းသဖြင့် ဟောရ ရေးရသော အချိန်များက နုပျိုအားသန် ဉာဏ်ထက်သော အရွယ်တော်ကို ဝါးမျိုခဲ့လေပြီ။
---
တစ်ထောက်နားလေ မောရလေ
ရှင်အာနန္ဒာသည် သောတာပန်ဘဝဖြင့် ကာလအတန်ကြာ နေတော်မူခဲ့ရသည်။ ရှေ့သို့ အားသွန် မကြိုးစားဘဲ တရားဟောကာ ဟောကာနှင့်လည်း အချိန်တွေ ကုန်ခဲ့ရ၏။ သင်္ဂါယနာကိစ္စနီး၍ သူမပါလျှင်လည်း မပြီးရကား မထေရ်ကြီးများပင် သူ့အတွက် အပြော အဆိုခံရ၊ တာဝန် ပိုတက်ခဲ့ရ၏။ သူကမူ ဟော၍ ကောင်းတုန်း။
သင်္ဂါယနာ အရေးကြီး၍ မထေရ်ကြီးများ အလုပ်များနေကြစဉ် ရှင်အာနန္ဒာကား လူပရိသတ်များစွာအား တရားဟောကြား နေသဖြင့် အဘိညာဉ်ရ ဝဇ္ဇီပုတ္တ မထေရ်ကြီးက-
“ဂေါတမနွယ်ဝင် ငါ့ရှင် အာနန္ဒာ၊ နိဗ္ဗာနဓာတ်ကို သင်၏ နှလုံးသား၌ ထည့်သွင်း၍ သစ်တစ်ပင်ရင်းသို့ ချဉ်းကပ်ကာ ဝိပဿနာ ရှုပွားပါချေ။ မေ့လျော့ မနေလင့်။ (ကိံ တေ ဗိဠိဗိဠိကာ ကရိဿတိ) = ဗလစ်ဗလစ် လျှောက်ဟောနေ၍ သင့်မှာ အဘယ် အကျိုး ပြီးတော့အံ့နည်း” ဟု သတိပေး ဆုံးမလိုက်ရာ မကြာမီ တရားဟော ကောင်းကြီး အရှင် အာနန္ဒာ ရဟန္တာ ဖြစ်တော်မူလေ၏။ (ဝဇ္ဇီပုတ္တတ္ထေရဂါထာ၊ ဋ္ဌ။)
မြတ်စွာဘုရားရှင်၏ ပွင့်လင်းသောဆန္ဒတော်မှာလည်း ပစ်လွှတ်သော မြားပမာ တစ်ရှိန်တည်း၊ တစ်သန်တည်း၊ တစ်ထိုင်တည်း မရပ်မနားဘဲ အရဟတ္တဖိုလ် ပေါက်အောင် ကျင့်ကြံစေတော်မူလို၏။ (မဟာဂေါသိင်္ဂသုတ်။)
မည်သည့်အကြောင်းကြောင့်မျှ နားနေ ရပ်တန့်ခြင်းကို လိုလားတော် မမူပါချေ။ (မူလပဏ္ဏာသ-မဟာသာရောပမသုတ်၌) လာဘ်လာဘ (အခက်အရွက်)၊ သီလ (အပွေး)၊ သမာဓိ (အခွံ)၊ အဘိညာဉ် (အကာ)၊ လောကုတ္တရာတရား (အနှစ်)ဟု ရှိရာ မြတ်စွာဘုရား အဆုံးအမ တရားတော်သည် ခက်ရွက်၊ အပွေး၊ အခွံ၊ အကာ ရရုံမျှဖြင့် ကျေနပ်မနေဘဲ (အကာနှင့် ကပ်နေသောအနှစ်ကို ရရုံမျှဖြင့်လည်း ကျေနပ်မနေဘဲ) အရဟတ္တဖိုလ် အနှစ်အသားအထိ တစ်ဘဝတည်းဖြင့် အပြတ် အရယူနိုင်အောင် ကြိုးစားကြရန် ဆုံးမတော်မူခဲ့၏။ သို့မှလည်း သာသနာပြုရာ၌ ပို၍ တွင်ကျယ်သည်ကို မြင်တော်မူ၍ ဖြစ်သည်။
သောတာပန်၊ သကဒါဂါမ်ဘဝဖြင့် တစ်ဌာနလွန်သော် လူ့ပြည်နတ်ပြည်၌ အထောက် ထောက် နားရဦးမည့် ဒုက္ခ၊ အနာဂါမ်ဘဝဖြင့် လွန်ရစေကာမူ အသက်ရှည်လှသော ဗြဟ္မာ့ပြည်မှာ ခန္ဓာဝန်ကို သယ်ပိုးနေရမည့် ဒုက္ခများကလည်း ပျင်းမုန်းငြီးငွေ့ဖွယ်ရာ ဖြစ်သည်ကို မြင်တော်မူ၍ တိုက်တွန်းခြင်း စင်စစ် ဖြစ်ပေ၏။ ၃၁-ဘုံ၌ကား တစ်ထောက်နားလေ မောရလေ။
---
မြွေနှင့်ကျီးများ အပူဇော်ခံ၍
ဆရာတော်ဘုရားကြီးသည် သက်တော် ၈၆-အရ၊ ၁၃၁၆-ခုနှစ် တပေါင်းလဆန်း မှစ၍ ဆယ်ရက်ခန့် အိပ်ရာ၌ လဲလျောင်းကာ မပြောင်းမထနိုင် ရှိရတော့သည်။ အဖျားဒီဂရီလည်း ၁၀၀-၁၀၂-အောက် မကျတော့ဘဲ ဆယ်ရက် သောကြာနေ့ မွန်းတည့်ချိန်၌ ချွဲဆို့ မောကျပ်ကာ စုတိကမ္မဇရုပ် ချုပ်ငြိမ်းတော်မူရ၏။
ဒကာ ဒကာမများလည်း ဝိုင်းအုံ ငိုကြွေးကြကုန်၏။ တရားပေးမည့် အရှင် မရှိပြီ။ ပတ်ဝန်းကျင်ရှိ ကျီးကန်းများလည်း မြင်မကောင်းအောင် စုပေါင်း ငိုကြွေးကာ အလောင်းတော် ထားရာ ကျောင်းအထက်၌ အုပ်လိုက်အုပ်လိုက် ချီ၍ မြည်အော် ပူဇော်ကြကုန်၏။ အစားကျွေးသည့် သခင် မရှိပြီ။
တန်ခူးလဆန်း ၁၃-ရက်နေ့ ၁-နာရီ ၂၅ မိနစ်တွင် လူအများ ဖူးမြော်စုဝေး နေသည့် ကြားမှ ငါးပေခန့်ရှည်လျားသော မြွေကြီးတစ်ကောင်လည်း တိုးဝှေ့ဝင်လာကာ ခြေတော်ရင်း၌ ခေါင်းတညိတ်ညိတ် လုပ်ကာ အရိုအသေပြုလာ၏။ အားလုံး အံ့အားသင့်ခဲ့ကြရသည်။ နှစ်နာရီ မိနစ်ငါးဆယ်မျှ ကြာ၏။ (ထိုစဉ်က သတင်းစာ များ၌ ဓာတ်ပုံပါ ဖော်ပြသည်။)
ထိုအခါ လူတို့ အမျိုးမျိုး အဖုံဖုံ ပြောဆိုနေကြစဉ် သီလရှင် ဆရာကြီး တစ်ဦးက “ရိုးရိုးမြွေမဟုတ်ပါလျှင် သိသာထင်ရှားအောင် ပြပါ” ဟု စိတ်ထဲက ကျိတ်၍ အဓိဋ္ဌာန်ရင်း အလောင်းတော်ခြေရင်း၌ ထိုင်နေ၏။ အဓိဋ္ဌာန်ပြီးလျှင် ကြာကလပ် အထက်သို့ ရောက်နေရာမှ ဆင်းလာကာ ထိုသီလရှင် ဆရာကြီးအား တစ်ပတ် ပတ်၍ ရှိခိုးပြ၏။ အနားရှိ သီလရှင်များ အပါးနှစ်ဆယ်ခန့် ထပြေးကြရလေ၏။
ထို့ထက် စိတ်ဝင်စားခဲ့ရသော ဖြစ်ရပ်တစ်ခုလည်း ရှိပါသေး၏။
သထုံမြို့တွင်းမှ အချို့ဆရာတော်ကြီးများ ည လူသူရှင်းချိန်၌ တိတ်တဆိတ် လာရောက် ကန်တော့ကြခြင်းပင်တည်း။ တစ်ချိန်က မည်သို့ နှုတ်ကျူးနှုတ်လွန် ပြောဆိုခဲ့ကြသည်မသိ။ မည်သို့ရှိစေ၊ ထိုသို့ ကန်တော့၍ ကုစားခြင်းကား သူတော်ကောင်းတို့ လိုလားသော ဘုရားသားတော်တို့ ဓလေ့ပါပင်။
---
ရုက္ခစိုးကြီးအပြော
အလောင်းတော်မှာ ၂၁-ရက်မျှ မသိုးမပုပ်၊ အသားအရေ မာကျောဝါဝင်း၍ နေ၏။ မီးမသင်္ဂြိုဟ်ရက်ကြ။ သူပုန်ရန်လည်း မရှင်းသေးသည့်အပြင် အငြင်းလည်း ပွားကြ သဖြင့် ၁၃၁၇-ခု၊ ကဆုန်လဆန်း ရှစ်ရက်နေ့တွင်မှ မီးသင်္ဂြိုဟ် ကြရ၏။
ဈာပနပွဲရက်အတွင်း အစိုးရအရာရှိပိုင်းမှ အဝင်အထွက်လည်း ရှိနေသဖြင့် သူပုန်ကြောင့် တစ်စုံတစ်ခု ဖြစ်ပွားရန် အခြေအနေ ရှိသော်လည်း ဆရာတော် ဘုရားကြီး ဘုန်းကံကြောင့် နှောင့်ယှက်မည့် သူများလည်း အများနည်းတူ အရပ်ဝတ် အရပ်စားဖြင့် ဝင်ရောက်လုပ်ကိုင် ပူဇော်ရသူများ ဖြစ်သွားခဲ့ကြရသည်။
အရိုးဓာတ်ကို ကျောင်းတိုက်အတွင်း၌ပင် စေတီတည်ထား ကိုးကွယ်ကြ၏။
ဆရာတော်ဘုရားကြီးနှင့် စပ်လျဉ်း၍ သထုံ၌ ကျော်ကြားကာစ သတင်းတစ်ခု ထွက်လာ၏။
ကျိုက်ကော် သိမ်ဆိပ်ဘက်မှ လောကီအရာ၌ ကျွမ်းကျင်သိမြင်သော ဘုန်းကြီး တစ်ပါးက မဇ္ဈိမဒေသရှိ မြတ်စွာဘုရား သီတင်းသုံးရာ ဇေတဝန်ကျောင်းတော်၌ အစောင့်ဖြစ်နေသော သောတာပန် ရုက္ခစိုးကြီး တစ်ဦးအား ဆရာတော်ဘုရားကြီး၏ တရားထူးအဆင့်ကို သိလိုသဖြင့် ခေါ်ယူမေးမြန်းရာ ရုက္ခစိုးကြီးက...
“တပည့်တော်ထက် သာတယ်လို့တော့ သိပါတယ်၊ ဘယ်လောက်သာတယ် ဆိုတာတော့ မလျှောက်တတ်ပါ၊ ဒါပေမယ့် ရဟန္တာတော့ မဟုတ်သေးပါ၊ သူ၏ ဗိမာန်ကို ယခု တုံသိတာမှာ တွေ့နေရပါတယ်ဘုရား” ဟု ပြောကြားသတတ်။
ထိုစကားလည်း ပျံလွန်တော်မမူမီ နှစ်ပေါင်း သုံးလေးဆယ်က ဖြစ်၍ တစ်ထစ်ချ မမှတ်ယူရာ။ ဘုံဗိမာန်များ ကြိုတင်ပေါက်နေနှင့် တတ်ကြောင်း၊ ပြောင်းလည်း ပြောင်းတတ်ကြောင်း ဗဟုသုတအဖြစ် ပြဆိုခြင်းမျှသာ။ ဆရာတော်ကား နှစ်ပေါင်း များစွာ ရှုပွား အားထုတ်တော်မူသော အာဇာနည်ကြီးဖြစ်၍ ရဟန်းကိစ္စလည်း ပြီးသော် ပြီးနိုင် လောက်သော အချိန်အခွင့်ရတော်မူ၏။
စပ်ရာ ပြည်တွင်းပြည်ပ ရဟန်းရှင်လူ အများတို့ကား “ရဟန္တာအရှင်မြတ်ကြီး” ဟု တစ်ထစ်ချ နှလုံးပိုက်ကြလေသည်။ ယခုအခါ သက်ဆိုင်ရာ တပည့်ကြီးများထံ၌ ဆရာတော် ဘုရားကြီး၏ ဓာတ်တော်များကို ဖူးတွေ့ကြရသည်၊
ဆရာတော် တောရှင်းခဲ့သော သတိပဋ္ဌာန် သာသနာကို အင်းစိန်ရန်ကုန်၌ ဆရာတော် ဦးဝိသုဒ္ဓ (၁၂၆၆-၁၃၂၀) က စတင် ဦးဆောင် ဖြန့်ချိတော်မူခဲ့၏။ “မင်းကွန်းရိပ်သာ” ဟု ခေါ်သည်။ ယခုအခါတွင်မူ ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီးက ပြည်တွင်းပြည်ပ နှစ်ဌာနလုံး ဝေနေယျ အင်အားများစွာဖြင့် အခိုင်အမာ ရပ်တည်၍ သတိပဋ္ဌာန် တရားစည်ကို လည်စေတော်မူလျက် ရှိ၏။
(အပိုမပါ ဖတ်ရှု ကြားနာဖူးပါသမျှ စုပေါင်းရေးမှတ်၍ တတ်စွမ်းသမျှ ပူဇော်ရပါသည် ကို လျော်ရာ မှတ်သား၍ မှန်−မှား နှိုင်းချင့်ကာ ကျင့်ကြံတော်မူနိုင်ကြပါစေ ခလို။ အကျယ်လိုမူ “တောင်တွင်း ဦးတိက္ခာစာရ အရှင်မြတ် ရေးသားသော အဋ္ဌုပ္ပတ္တိ၌ ရှုပါကုန်။)
---
ရဟန္တာ ဟုတ်-မဟုတ် သိလိုလျှင်
၁။ အတူတကွ နေခြင်းဖြင့် သီလကိုသိရ၏။
(သံဝါသေန သီလံ ဝေဒိတဗ္ဗံ။)
၂။ ပြောဆိုခြင်းဖြင့် စင်ကြယ်မှုကို သိရ၏။
(သံဝေါဟာရေန သောစေယျံ ဝေဒိတဗ္ဗံ။)
၃။ ဘေးရန် ကြုံသော်မှသာ ဉာဏ်စွမ်းအားကို သိရ၏။
(အာပဒါသု ထာမော ဝေဒိတဗ္ဗော။)
၄။ ဆွေးနွေးကြည့်ခြင်းဖြင့် ပညာကို သိရ၏။
(သာကစ္ဆာယ ပညာ ဝေဒိတဗ္ဗာ။)
ယင်းတို့ကိုလည်း အချိန်ကြာမှ၊ နှလုံးသွင်းမှ၊ ပညာရှိမှသာ သိရ၏။ အချိန်တိုလျှင်၊ နှလုံးမသွင်းလျှင်၊ ပညာမရှိလျှင်ကား မသိနိုင်။
(တိတ္ထိတို့ကို ရဟန္တာဟု ပြောမိသော ကောသလမင်းကြီးအား ဟောတော်မူသည်။ သဂါထာဝဂ္ဂ-သတ္တဇဋိလသုတ်။)
(ရဟန္တာ ဟုတ်-မဟုတ် စိစစ်စုံစမ်းနည်း အကျယ်ကို ဥပရိပဏ္ဏာသ-ဆဗ္ဗိသောဓန သုတ် ပါဠိ၊ အဋ္ဌကထာနှင့် ဝိ-ဋ္ဌ၊ ၂၊ ၁၁ စတုတ္ထပါရာဇိက။ အဘိ- ဋ္ဌ-၂၊ ၄၇ဝ။ ဝိသုဒ္ဓိ-ဋ္ဌ၊ ၂၊ ၂၇ဝ။ သာရတ္ထဋီကာ=၂၊ ၂၈၂-စသည်တို့၌ ကြည့်ရှုကြပါကုန်။ သူများ ဟုတ်-မဟုတ်ထက် မိမိဟုတ်-မဟုတ်သည် သာ၍ အရေးကြီးလှပါ၏။)
---
ရွှေတောင်ဆရာတော် ဦးတိက္ခိန္ဒြိယ (၁၂၃၂ - ၁၃၀၃)
ရွှေတောင်မြို့ အမ္ဗာရာမကျောင်းတိုက် ဦးတိက္ခိန္ဒြိယ ဆရာတော်သည်လည်း မြန်မာနိုင်ငံ ပဋိပတ္တိ သာသနာဝင်၌ မော်ကွန်းတင် မှတ်သားရမည့် ဆရာတော် တစ်ပါး ဖြစ်သည်။
ကျမ်းစာအမျိုးမျိုး ပြုစုကာ ဝိပဿနာ ကမ္မဋ္ဌာန်းသံကို တစ်နိုင်ငံလုံး ပြန့်အောင် နှိုးလှန့်လှုံ့ဆော်ရာတွင် ဤအရှင်မြတ်ကြီး၏ အသံမှာ ယခုတိုင် မြည်ညံလျက် ရှိပါချေ၏။ “အရှင်ဦးတိက္ခိန္ဒြိယ ဝိပဿနာအဖွဲ့” ဟုပင် တည်ထောင်ကာ ဆရာတော်၏ ပဋိပတ် အမွေ ဆက်ခံ သာသနာပြုကြပေသည်။
ထိုမျှ ထင်ရှားကျော်ကြားလှပါသော်လည်း အတွင်းကျကျ လေ့လာ စုံစမ်းခြင်း မပြု နိုင်သေးပါ၍ (ပါဝင်တန်လျက် ကြွင်းကျန်ရစ်မည် စိုးရပါသဖြင့်) ဆရာတော် ပြုစုသော “သမုပ္ပါဒ နိရောဓဂကျမ်း” ပထမတွဲ နိဒါန်းပါ အဋ္ဌုပ္ပတ္တိ စာတမ်းအကျဉ်း မျှကိုသာ မူရင်းအတိုင်း ကူးယူဖော်ပြ ကြည်ညိုစေရပါသည်ကို ခွင့်လွှတ်ကာ ကျေနပ်နှင့်ကြပါကုန်။
[ကောဇာသက္ကရာဇ် ၁၂၃၂-ခု၊ ဥတုဂိမ္မန္တ ဝါဆိုလဆန်းပက္ခ ၁၂-ရက် စနေနေ့ နံနက် လေးနာရီကျော် အချိန်၌ စစ်တွေမြို့ ဘောက်သီးစုရပ် စာရေးကြီး ဦးရဲဘော်၏ ဇနီး ဖြစ်သော စာရေးကြီးကတော် ဒေါ်မြပန်းဦးမှ မြတ်စွာဘုရားရှင်၏ သာသနာတော် မြတ်ကြီးကို အထူးအားဖြင့် အဓိပညာ ဝိပဿနာ သာသနာတော်မြတ်ကို စည်ပင် ပြန့်ပွား ထွန်းကားအောင် ဆောင်ရွက်နိုင်မည့် သားရတနာကို ဖွားမြင်တော်မူသည်။ ငယ်မည်မှာ “မောင်သာမာဦး” ဖြစ်သည်။
ဆရာတော် ဦးတိက္ခိန္ဒြိယ အလောင်းလျာ မောင်သာမာဦးမှာ ညီအစ်ကို အရင်း နှစ်ယောက်ရှိသည်။ မောင်သာမာဦးက အစ်ကိုကြီး ဖြစ်၍ ညီငယ်မှာ မောင်ပေါ်ထွန်း (နောင်အခါ မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီး ဖြစ်လာသည့် ဆာပေါ်ထွန်း) ဖြစ်သည်။ အခြား မောင်သာမာဦး၏ ဝမ်းကွဲများမှာ-
၁။ ဦးဇံသာဦး၊ ရွှေစလွယ်ရ စက်ရှင်မင်းကြီး၊ ဖျာပုံမြို့၊
၂။ ဦးစောဖြူ၊ ဒိစတြိတ် အရေးပိုင်မင်း၊ တောင်ငူမြို့။
၃။ ဦးမောင်ထွန်းအောင်၊ အထူးရာဘက် တရားသူကြီး၊ ပုသိမ်မြို့။
၄။ ဦးရွှေသာ၊ ပုလိပ်အင်စပက်တော်၊ ဖျာပုံမြို့တို့ ဖြစ်သည်။
မောင်သာမာဦးကို အရွယ်သို့ ရောက်သောအခါ မိဘများသည် ခေတ်ပညာ အတန်း ကျောင်း၌ ထားရာ ခုနစ်တန်းကို မြန်မာတစ်ပြည်လုံး၌ ပထမရခဲ့သည်။
မောင်သာမာဦးကို မိဘများက သာသနာတော်၏ အမွေကို ခံယူနိုင်ရန် ဗုဒ္ဓဘာသာ များ၏ ထုံးတမ်းစဉ်လာအရ စစ်တွေမြို့ အနောက် ပေါက်တောချောင် တောရ (ယခု ဘုရားလေးဆူကျောင်း) နာဇီဆရာတော်၏ အထံတော်၌ ရှင်သာမဏေ ပြုသည်။
ကိုရင် သာမာဦးကို “ကိုရင်တိဿ” ဟု ဥပဇ္ဈာယ် နာဇီဆရာတော်ဘုရားက ဘွဲ့သနားတော်မူသည်။ ကိုရင်တိဿသည် သာသနာတော်၌ မွေ့လျော်သဖြင့် ပျော်ပိုက်နေလာခဲ့ရာ အသက် ၂၀-စေ့သောအခါ ဥပဇ္ဈာယ် နာဇီ ဆရာတော်ဘုရား က ရဟန်းပြု၍ ပေးတော်မူသည်။
ရဟန်းတော် ဦးတိဿသည် ရန်ကုန်မြို့သို့ကြွလာ၍ ကျောင်းတော်ရာ ရွှေကျင် ဆရာတော် ဘုရားကြီး၏ အထံတော်၌ ပိဋကကျမ်းဂန် ပညာအဝဝတို့ကို သင်ကြား နာယူလျက် ကျောင်းတော်ရာ ရွှေကျင်တိုက်၌ သီတင်းသုံးတော်မူသည်။ တစ်ဖန် အိန္ဒိယသို့ ကြွရောက်လျက် အိန္ဒိယ၌ သုံးနှစ် သီတင်းသုံးတော်မူသည်။
အိန္ဒိယမှ တစ်ဖန် သီဟိုဠ်သို့ ကြွရောက်လျက် သီဟိုဠ်၌ ငါးနှစ် သီတင်း သုံးတော်မူသည်။ သီဟိုဠ်၌ သီတင်းသုံးတော်မူစဉ် သီဟိုဠ် ဒက္ခိဏသာခါ ဗောဓိပင်၌ ဘုရားဂုဏ်တော်ကို အာရုံပြုလျက် လွန်စွာကြည်ညိုလာသဖြင့် လက်ဝဲဘက် လက်ညှိုးကို ဖြတ်လျက် ဆီဆွတ်သော အဝတ်ဖြင့် ရစ်ပတ်၍ ဒက္ခိဏသာခါ ဗောဓိပင်အား ဆီမီး ပူဇော်တော်မူသည်။
သီဟိုဠ်မှ ပြန်ကြွလာပြီးနောက် စစ်တွေခရိုင် တောကျောင်း တစ်ကျောင်းတွင် သီတင်းသုံးတော်မူရာ ကြီးကျယ်စွာ မကျန်းမမာ ဖြစ်တော်မူသဖြင့် လူထွက် (ပရိသုဒ္ဓပြု) တော်မူသည်။ နောက်မကြာမီပင် သံဝေဂရလျက် ရသေ့ပြုလုပ်၍ မဟာမြိုင် တောရ၌ တရားအားထုတ်နေပြီး နောက်တစ်ဖန် စစ်ကိုင်းသို့ ကြွရောက်ပြီးလျှင် သမ္ပုဏ္ဏာရာမ၌ သီတင်းသုံးတော်မူသည်။
ထိုမြို့မှ ကြံခင်းမြို့ ကန်ကလေးတောရသို့ ကြွရောက်ပြီးနေစဉ် ကျောင်းအမကြီး ဒေါ်ဖော့၏ လျှောက်ထားချက်ဖြင့် ညောင်တုန်းမြို့ ရွှေဟင်္သာတောရသို့ ကြွရောက်ပြီး ကျောင်းတော်ရာ ရွှေကျင် ဆရာတော်ဘုရားကြီးကို ဥပဇ္ဈာယ်ပြု၍ (ထိုအခါ၌ ရန်ကုန်မြို့ ကျောင်းတော်ရာ ရွှေကျင် ဆရာတော်ဘုရားကြီးသည် ညောင်တုန်းမြို့၊ ရွှေဟင်္သာတောရ၌ သီတင်းသုံးတော်မူသည်။) ဆရာတော်ဘုရားက “ဦးတိက္ခိန္ဒြိယ” ဟူသော ဘွဲ့ဖြင့် ရဟန်း ပြုပေးတော်မူသည်။
ဦးတိက္ခိန္ဒြိယ အရှင်မြတ်သည် ကြိမ်ချောင်း၌ လည်းကောင်း၊ လေးမျက်နှာ၌ လည်းကောင်း သီတင်းသုံးတော်မူဖူးသည်။ မြင်းခြံ၌ သီတင်းသုံးတော်မူစဉ် ထူးဆန်း လှစွာသော အိပ်မက်ကို မြင်မက်ပြီးနောက် ဤဝိပဿနာလမ်းစဉ်ကို ထိုးထွင်း သိမြင်တော်မူပြီးလျှင် ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူရာ တပည့်ဒါယကာ ရှင်လူအားလုံးကပင် “အရိယာ သူတော်စင် မထေရ်မြတ်” ဟူ၍ ယုံကြည်သဒ္ဓါ ရွှင်လန်းစွာဖြင့် ဆည်းကပ် ကိုးကွယ်ကြလေသည်။
ထိုဦးတိက္ခိန္ဒြိယ အရှင်မြတ်သည် ထိုထိုမြို့ရွာသို့ လှည့်လည်လျက် တရားဓမ္မတို့ကို ဟောကြားပြသ ဆုံးမတော်မူစဉ် ကြံခင်းမြို့ ကန်ကလေး တောရ၌ သီတင်း သုံးတော်မူခိုက် သူရဲတန်းသူကြီး ဦးသုခ၏ ပင့်လျှောက်ချက်ဖြင့် သူရဲတန်း ပန်းတောင်းမြို့တို့သို့ ကြွရောက် တရားဟောတော်မူရာ ပန်းတောင်းမြို့ ဒါယကာ ဒါယိကာမများ၏ ပင့်လျှောက်ချက်ဖြင့် ပန်းတောင်း ကြေးဘုရားကြီးအနီး ကျောင်း၌ သီတင်းသုံးတော်မူသည်။
ထို့နောက် ကျောင်း ဒါယကာကြီး ဦးရွှေထိုက်၏ ပင့်လျှောက်ချက်ဖြင့် ရွှေတောင်မြို့ ရွှေပြောင်ပြောင်ဘုရားအတွင်းသို့ ကြွရောက် တရား ဟောကြားတော်မူပါသည်။ ထိုအခါ ဦးဘိုးဆိုင်၊ ဦးစံညွန့်၊ ဦးသစ်၊ ဦးရွှေထိုက်၊ ဦးအောင်ကျော် တို့သည် ယခု အမ္ဗာရာမ တိုက်တည်ရာ သရက်ခြံဥယာဉ်ကို ဝယ်ယူကြပြီးလျှင် ၁၂၈၂-ခုနှစ် အမ္ဗာရာမကျောင်းတိုက်ကို တည်ထောင်ကြလျက် ဦတိက္ခိန္ဒြိယ အရှင်မြတ်ကို ကိုးကွယ်ကြလေသည်။
ဦးတိက္ခိန္ဒြိယ အရှင်မြတ်သည် ရွှေတောင်မြို့ အမ္ဗာရာမ ကျောင်းတိုက်၌ မိမိလည်း အားထုတ်၊ သူတစ်ပါးတို့အားလည်း ဟောကြားပြသလျက် သီတင်းသုံးတော်မူစဉ် ကျောင်းဒကာကြီး ဦးစံညွန့်ကွယ်လွန်ပြီး တစ်နေ့သောအခါ၌ စင်္ကြံကျောင်းကြီးပေါ် ခုတင်အထက်၌ တရားအားထုတ်တော်မူရာ ရှေးရှေး အားထုတ်စဉ်အခါများကထက် တရားအမြင် ပေါက်တော်မူသည်။
ထို့နောက် စစ်တွေမြို့ အာကျွတ်တော်ကုန်း ဆရာတော် ဦးနာရဒအား မိမိတရား အမြင် ပေါက်ပုံတို့ကို မိန့်ကြားတော်မူသည်။ ထိုအခါမှစ၍ တပည့် ရှင်လူ အားလုံး ကပင် အလွန် ရင့်သန်သည့် “အရိယာသူတော်စင်” ဟု နှလုံးပိုက် ယုံကြည်ကာ ဆထက်ထမ်းပိုး တိုး၍ ပူဇော်ကြသည်။
ဤသို့ ကမ္မဋ္ဌာန်း ဘာဝနာ တရားအရာ၌ စာတွေ့ ကိုယ်တွေ့နှင့် ပြည့်စုံတော်မူသော ဦးတိက္ခိန္ဒြိယ အရှင်မြတ်သည်-
- ၁။ သမုပ္ပါဒ နိရောဓဂကျမ်း၊
- ၂။ ဓမ္မစကြာ အမေးအဖြေကျမ်း၊
- ၃။ ပရမတ္ထာဒိနယဒဿနကျမ်း၊
- ၄။ ဝေဒနာနုပဿနာကျမ်း၊
- ၅။ နိရောဓ ဝိနိစ္ဆယကျမ်း၊
- ၆။ ဗုဒ္ဓါနုဿတိကျမ်း၊
- ၇။ ပဉှာဗျာကရဏကျမ်း၊
- ၈။ ဝိညာဏာနုပဿနာကျမ်း၊
- ၉။ နိဗ္ဗာနတ္ထဝိနိစ္ဆယကျမ်း၊
- ၁၀။ သင်္ဂြိုဟ်နိသျကျမ်း၊
- ၁၁။ စတုသစ္စာနုပဿနီကျမ်း၊
- ၁၂။ တိဟေတုက ဝိနိစ္ဆယကျမ်း၊
- ၁၃။ ဣသျာဒိပကာသနီကျမ်း၊
- ၁၄။ မဟာသတိပဋ္ဌာနသုတ် နိဿယ နှင့် အဖြေကျမ်း-
အစရှိသော ကျမ်းပေါင်းများစွာတို့ကို ပြုစုတော်မူသည်။
ယင်းသို့ ကျမ်းပေါင်းများစွာကို ပြုစုတော်မူကာ မိမိသိမြင်ထားသည့် တရားသဘော တို့ကို ဖော်ပြ၍ သာသနာပြုခြင်းဖြင့် အားရတင်းတိမ်ခြင်း ရှိတော်မမူသော ဆရာတော် ဦးတိက္ခိန္ဒြိယ သည် တရားသိမြင်လိုသူ အပေါင်းတို့အား ကိုယ်တိုင် တွေ့ဆုံ ဟောပြောလိုသောကြောင့်...
“မည်သည့်မြို့ကမဆို တရားဓမ္မကို သိလို၊ နာခံမှတ်သား လေ့ကျက်လို၍ ပင့်ခေါ်လျှင် အကြောင်း ညီညွတ်ပါက ခွင့်ပေးပါကြောင်း၊ မြတ်စွာဘုရား သာသနာတော် ပွင့်လင်းဖို့ရာ အကျိုးဆောင်လျက် အစဉ်ရှိပါကြောင်း၊ သမထ ဝိပဿနာ တရားအလုပ်ကို ကျနစွာ လုပ်လိုသူ အပေါင်းတို့သည် ရွှေတောင်မြို့ ရှမ်းတန်းထိပ်၊ အမ္မာရာမတိုက်သို့ လာရောက်၍ တရားအလုပ် ကြိုးစားကြရန် တိုက်တွန်း နှိုးဆော်လိုက်ပါသည်”-
ဟူသော (အရှင်မြတ်၏ ကျမ်းအချို့၌) ဖိတ်ခေါ်စာ ထည့်သွင်းထားပေသည်။ ဤသို့လျှင် လောကအကျိုး၊ သာသနာအကျိုး၊ မိမိ၏အကျိုး၊ သူတစ်ပါးတို့၏ အကျိုး တို့ကို သယ်ပိုးတော်မူလျက် ၁၃၀၃-ခု၊ ဝါဆို လပြည့်ကျော် ၁၁-ရက် သောကြာနေ့ ညဉ့်ရှစ်နာရီ အချိန်၌ ဘဝနတ်ထံ ပျံလွန်တော်မူသည် ဖြစ်ပါကြောင်း။]
ဆရာတော်သည် နုစဉ်ဘဝ ကြားကာလတွင် အိမ်ရာထောင်၍ သမီး နှစ်ယောက်ပင် ရရှိခဲ့ဖူးရာ ဇနီးနှင့်သမီး နှစ်ယောက်လုံး စစ်ကိုင်း မဂ္ဂင်ချောင်၊ မိုးကုတ်ဇရပ်၌ (သမီးကြီးမှာ ဝတ်ကြောင်နှင့်) သီလရှင်ဝတ်ဖြင့် ဧကာသနိက်၊ ပတ္တပိုဏ်ဓုတင် အမြဲဆောင်၍ တရားဘာဝနာ နှင့် နေကြကြောင်း၊ “သောတာပန်သားအမိ” ဟူ၍ပင် ပြောဆိုကြ၍ ၁၃ဝ၈-ခု၊ ၉၉-နှစ်တွင် မိုးကုတ်သူ ဇနီးဟောင်း ဒေါ်ပညာ ကွယ်လွန်ကြောင်း၊ အဘိဓဇ ရွှေဟင်္သာဆရာတော် ဘုရားကြီး ကျောင်းသားဘဝက ဆရာတော်ထံ စာတက်ရ၍ တောရဆောက်တည်ရာတွင် ဝတ်ကြီးဝတ်ငယ် ပြုရဖူးကြောင်း “ရွှေဟင်္သာဆရာတော်ဘဝနှင့် စာပေအထွေထွေ” ၃၉၊ ၁၃၇-၌ ဖတ်ရှုရရာ “ဧကတော ဝိနိုဝတ္တယုံ = တစ်စုတဝေးကြီး နိဗ္ဗာန်ခိုလှုံကြပြီ” ဟုသာ အောက်မေ့ရန် ရှိပါတော့သည်။
သေကျတောင် ဆရာတော် ဦးတိလောက (၁၂၃၃ - ၁၂၉၉)
“မောင်တိလောက လုပ်လိုက်မှဖြင့် ဇွတ်တရွတ်ချည့်ပဲ ငယ်ငယ်ရွယ်ရွယ်နှင့် ကန်းနေပါဦးမယ်”
လယ်တီဆရာတော်က ဦးတိလောကအကြောင်း ကြား၍ မြည်တွန် တောက်တီး နေခြင်းဖြစ်၏။ ချက်ချင်းပင် ဦးပဉ္စင်းနှစ်ပါးကိုခေါ်၍....
“ကဲ... မောင်ပဉ္စင်းနှစ်ပါး၊ မောင်တိလောက ကျောင်းကို သွားချေကြ။ သူ့အနားမှာ ရှိတဲ့ ပေစာ ကမ္ပလွေစာအုပ်များ၊ ခဲတံ စာရွက်စာတမ်းများ ရှိသမျှ အကုန် သိမ်းယူခဲ့ပြီး ငါ့ ကျောင်းပေါ်မှာ ထား” ဟု လွှတ်လိုက်သည်။
ဦးပဉ္စင်းနှစ်ပါးလည်း ဦးတိလောကအား ဆရာတော်ကြီး အမိန့် ရှိသည်ကို လျှောက်ထား၍ စာအုပ်စာတမ်းများ အားလုံး သယ်ယူသွားကြသည်။
ဦးတိလောကသည် လွန်စွာ ဇွဲလုံ့လကြီးသူဖြစ်သည်။ မုံရွာမြို့ လယ်တီတိုက်အတွင်း ဝါးမိုးဝါးကာ ကျောင်းကလေး၌ နေ၍ စာချ၊ စာကြည့်၊ စာရေးခြင်း၌ ဝီရိယ ပြင်းထန်လှ၏။ ညအခါ ပုဏ္ဏားမီးအိမ်ကလေးဖြင့် စာကြည့်ရသည်ကို အားမရနိုင်၍ လေးထောင့်သံဖြူပုံးကြီး ကိုပင် မီးစာတပ်၊ မီးခွက်လုပ်၍ စာကြည့်လေသည်။
ထိုခေတ်ကား ပေစာကို အများဆုံး အမှီသဟဲ ပြုနေရသေးသောခေတ်ဖြစ်၏။ ပေရွက်ပေါ်ရှိ စာလုံးများမှာ အလွန်မှုန်လှသည်။ နနွင်း ရေနံချေးတို့ဖြင့် ပေရွက် ပေါ်ကို သုတ်၍သုတ်၍ ကြည့်ရ၏။ ပေစာမှ ရေနံအခိုးအငွေ့များ၊ ရေနံဆီ မီးခွက်ကြီးမှ မီးအပူရှိန်နှင့် အခိုးအညှော်များကြောင့် နေ့စဉ်ရက်ဆက် မိုးအလင်း ကြည့်လေ့ရှိသော ဦးတိလောက၌ မျက်စိရောဂါ စွဲကပ်လာ၏။ မျက်လုံးနှစ်ဖက်လုံး ကျီးအာသီးမှည့်ကဲ့သို့ နီရဲ၍ ရွှဲ၍လာတော့သည်။ လက်သီးဆုပ်ခန့် ရောင်အမ်း၍ လည်းနေ၏။ မျက်လုံးနှစ်ဖက်နှင့် နှာခေါင်း နှစ်ဖက်မှ သွေးများ အဆက်မပြတ် ယိုစီးကျလာကုန်၏။
ထိုအကြောင်းကို ဘုန်းကြီးတစ်ပါးက လျှောက်၍ သိတော်မူသဖြင့် ဆရာတော်ကြီးက စာအုပ်စာတမ်းများကို အသိမ်းခိုင်းလိုက်ခြင်းဖြစ်သည်။ ဦးတိလောကကား ကိုယ်တိုင် မကြည့်နိုင်သောအခါ ဦးပဉ္စင်းငယ်များကို အဖတ်ခိုင်းပြီး နားထောင် နေပြန်၏။
---
ဆရာက တိပိဋကဓရ၊
မိဘက သူဌေးမျိုးမင်းနွယ်
ဦးတိလောကကား မုံရွာမြို့ အနောက် ဗန့်ကျီတိုက်နယ် ခေါသန္တီရွာ၌ ၁၂၃၃-ခုနှစ် တန်ဆောင်မုန်းလဆန်း ၉-ရက် စနေနေ့ည သုံးချက်တီး အချိန် ဦးတက်ဖြိုး ဒေါ်သီတို့မှ ဖွားမြင်၏။ အဖ သူဌေးမျိုး၊ အမိ မင်းဆွေစိုးမျိုးဟု ဆိုသည်။
ငယ်စဉ်ကာလ ခေါသန္တီရွာ တောင်အရပ်ရှိ ငှက်ပျောတောရွာ စာတော်ပြန် ဦးဇဝနထံ၌ ပညာသင်ကြားသည်။ ဆရာတော်ဦးဇဝနကား ဘိုးတော်လက်ထက် မောင်းထောင် သာသနာပိုင်၏ တပည့် “တိပိဋကဓရ” ပုဂ္ဂိုလ်ထူး ဖြစ်သည်။ ရဟန်းဖြစ်သည်အထိ ငှက်ပျောတောရွာ၌ ပညာသင်၍ ရဟန်းဖြစ်ပြီး မကြာမီ လယ်တီဆရာတော် ဘုရားကြီးထံ လာရောက် ပညာသင်ယူသည်။
ရူပသိဒ္ဓိ သဒ္ဒါကျမ်းမှစ၍ သင်ယူရာ ပါဠိအဋ္ဌကထာ ဋီကာကို ငါးဝါ၊ ခြောက်ဝါမျှဖြင့် သူမတူအောင် တတ်မြောက်ခဲ့သူ ဖြစ်သည်။ လယ်တီပဏ္ဍိတသည် ဦးတိလောက ထံ၌လည်း ပညာသင်ယူခဲ့ရ၏။ ဦးတိလောကကား ဉာဏ်ထက်သလောက် ဇွဲလုံ့လ ဝီရိယ ကြီးမားသူတည်း။ ပုဂံခေတ်၏ ဤမှာဘတ်တွင် ထိုဆရာ တပည့်ကဲ့သို့ ပိဋကကို နိုင်နင်းသူ ရှားပါးလှသည်ဟုပင် အရှင်အာဒိစ္စဝံသ ချီးကျူးဖူး၏။ ဦးတိလောကသည် ထိုအချိန်၌ ရည်ရွယ်ချက် တစ်ခုရှိ၍ ကျမ်းတစ်ကျမ်းကို မအိပ်မနေ ပြုစုနေသော အချိန်လည်း ဖြစ်သည်။ ထိုကျမ်းကား ကမ္မဋ္ဌာန်း အစီအရင် ဖြစ်သော “နေက္ခမ္မဝိဓာန ဒီပနီ” တည်း။
ဦးတိလောကသည် မျက်စိရောဂါဖြစ်၍ စာမကြည့်ရ၊ စာမနာရစေကာမူ ရောက်လာ သူများအား ထ၍မရအောင် တရားဖိ၍ ဟောပြောနေပြန်သတတ်။ စင်စစ် ထိုအချိန်ကား စာပေပရိယတ္တိကို လိုလေသေးမရှိ လေ့လာပြီးလျှင် တောထွက်ရန် အရှိန်ယူနေခိုက် ဖြစ်၍ နေက္ခမ္မဇ္ဈာသယ (တောထွက်လိုသော ဆန္ဒများ) တက်ကြွနေချိန် ဖြစ်သည်။ ပရိယတ္တိမှ ပဋိပတ္တိသို့ ကူးပြောင်းမည့်ဆဲဆဲ ဖြစ်သည်။ မျက်စိရောဂါလည်း မကြာမီ လုံးဝ ပျောက်ကင်းသွား၏။
“ရွှေပင်နားရွှေကျေး” ဟူသကဲ့သို့ လယ်တီဆရာတော်ကြီးနှင့် လက်ပွန်းတတီး နေရသူဖြစ်၍ ဆရာတော်၏ ဓာတ်များလည်း ကူးစက်နေပုံရ၏။ လေးထောင့် သံဖြူပုံး မီးခွက်ကြီးနှင့် စာကြည့် စာရေးသည်မှာ ဆရာတော်လည်း ထို့အတူ ဖြစ်သည်။ အာဇာနည်ကြီးများ ဖြစ်ပါကုန်၏။
လယ်တီဆရာတော်ကြီးကား နောက်ကာလတွင် မီးကိုပင် မထွန်းညှိရတော့ဘဲ မျက်လုံးတော်အစုံမှ ထွက်ပေါ်သည့် အလင်းရောင်ဖြင့်ပင် ညအခါ စာရေးကြောင်း (မန္တလေးမြို့၊ ပလိုင်းရပ်၊ စက်ဆရာ ဦးဘထွန်းဆိုသူ ဆရာတော်ထံ၌ သာမဏေ ဘဝဖြင့် နေရစဉ် မြင်တွေ့ ခဲ့ရသည်ဟု) ဆရာစန္ဒြက တစ်ဆင့် ပြောပြဖူး၏။ အရှင် ဒဗ္ဗမထေရ် လက်ညှိုးအလင်းဖြင့် အမှောင်တွင်း သွားသကဲ့သို့ ရှိ၏။
မည်သို့ပင် ဖြစ်စေ ဦးတိလောကသည် ဆရာတော်၏ ပရိယတ် အရည်အချင်း များကိုသာမက ပဋိပတ် အရည်အချင်းများကိုပါ အတွင်းကျကျ ရိပ်စား သိရှိနေပြီဟု ယူဆရ၏။ မျက်စိရောဂါ ဖြစ်ခြင်းနှင့် စာအုပ်စာတမ်းများ အသိမ်းအဆည်း ခံရခြင်းဖြင့် “ပဋိပတ် ကမ္မဋ္ဌာန်းအလုပ်ကို အားထုတ်တော့” ဟု သတိပေးလိုက် သကဲ့သို့ ရှိတော့သည်။
ထိုအချိန်မှစ၍ ကမ္မဋ္ဌာန်းတရား ရှုပွားနေ၏။ သက်တော်ကား ၂၅-နှစ်မျှသာ ရှိပေသေးသည်။
ဦးတိလောကကား တစ်ဖက်က စာချရင်း ရဟန်းတရားကို ညအချိန်၌ အထူး ကြိုးစားတော်မူ၏။ ထိုခေတ် လယ်တီတောရကား အခြောက်အလှန့် များလှသည်။ သရဲမကြီး တစ်ကောင် ကျောင်းလှေကား၌ မကြာခဏ လာရောက် အိပ်နေသည် ဆို၏။
မိုးမှောင်ကျသော ညတစ်ညဖြစ်၏။
တစ်တိုက်လုံး အိပ်မောကျနေကြပြီ။ ဆရာတော်ကြီးကား အတောင် ၆၀-ရှိ စင်္ကြံ ကျောင်း၌ လမ်းလျှောက်တော်မူနေ၏။ ဦးတိလောက နေသော ထနောင်းပင် အနီးရှိ ကပ်ကျောင်းကလေးဆီသို့ လှမ်း၍ ကြည့်တော်မူရာ စင်္ကြံခြေလှမ်းများပင် တန့်ရပ် သွား၏။ အကြောင်းမှာ ဦးတိလောက နေသော ကျောင်းကလေး တစ်ဆောင်လုံး အောက်လင်းဓာတ်မီး ထွန်းထားသကဲ့သို့ လင်းထိန်နေသည်ကို တွေ့မြင်ရ သောကြောင့် ဖြစ်သည်။ သုံးလေးရက် ရှိသောအခါ ဆရာတော်သည် ဦးတိလောက အား လူသူရှင်းခိုက် ခေါ်၍ တရားဟောတော်မူရာ-
“မောင်တိလောက၊ မင်းလဲ စာသင် စာချနဲ့ ပရိယတ်ဘက်ကတော့ ပြည့်စုံသွားပြီ။ ခုချိန်ကစပြီး ငါ့ကျောင်းမှာ နေလို့ မသင့်တော့ဘူး။ သွားလိုရာ သွားနိုင်တယ်” ဟု မိန့်တော်မူ၏။ ဦးတိလောက ကလည်း-
“မှန်ပါ ဘုရား” ဟုသာ လျှောက်၍ ဦးချပြီး မိမိကျောင်းကလေးသို့ ပြန်လာခဲ့သည်။
နောက်တစ်ရက် သပိတ်တစ်လုံး၊ သုံးထည်သော သင်္ကန်းနှင့် မိမိ ရေးထားသော “နေက္ခမ္မဝိဓာနဒီပနီ” စာမူကိုယူ၍ လယ်တီတိုက်မှထွက်ခွာရန် ကျောင်းကလေးမှ ဆင်းလာခဲ့၏။ ဆရာတော်အား နောက်ဆုံး ဝင်ရောက်ကန်တော့လျက်-
“တပည့်တော် ဤလယ်တီတိုက် ဆရာတော်ဘုရားထံ ကောင်းကင်က လာနိုင်မှ ရောက်ပါတော့မည် ဘုရား” ဟု လျှောက်၍ ထွက်ခွာခဲ့သည်။
(ဦးတိလောကသည် တရားသမာဓိများ အလွန်ကောင်းနေပြီ ဖြစ်၍ လယ်တီ တိုက်တွင်း ပရိသတ်များ အကြားမှာနေလျှင် ယုတ်လျော့သွားမည်စိုး၍ ဆရာတော် က အမိန့်ရှိသည်ကို မနေစေချင်၍ နှင်သလောဟု စိတ်ခုသွားကြောင်း တစ်နေ့တွင် ဆရာတော်ကြီးက ပျော်ဘွယ် ဆရာသက်ကြီးအား ပြောပြဖူး၏။)
---
တရားမာန်ကို တရားဖြင့် ဆုံးမခြင်း
ပထမဆုံး ချင်းတွင်းမြစ်ညာသို့ မြို့ရွာတောတောင် အဆင့်ဆင့် ဖြတ်ကျော်၍ ဧကစာ တရားအားထုတ်ရန် ထွက်ခွာသွားတော့သည်။ သက်တော် ၂၆-နှစ်အရ ၁၂၅၉- ခုနှစ် ဖြစ်၏။
ချင်းတွင်းမြစ်ညာ ရာသီဥတုနှင့် သပ္ပါယမမျှ၍ ချင်းတွင်းမှ သထုံမြို့နယ် ကျိုက်ထို အနီးရှိ တောင်တစ်တောင်သို့ ပြောင်းရွှေ့ သီတင်းသုံးသည်။ ကမ္မဋ္ဌာန်းတရား ရှုပွားသူ (သေက္ခပုဂ္ဂိုလ်) တို့နေရာ ဖြစ်၍ “သေက္ချတောင်” ဟု သမုတ်ထား၏။
ရဟန်းတရားကို မနားမနေ ကြိုးစား လေ၏။ တရားနည်းခံ တပည့်များလည်း အဆောက်အုံများနှင့်အတူ နေ့ချင်းညချင်း တိုးပွားလာသည်။ အလွန်ခေါင်လှသော ဒေသ၌ မြို့ရွာတမျှ စည်ကားသွားသည်ဟု ဆိုကြသည်။ ဗြဟ္မစာရူပဒ္ဒဝ (အကျင့် ဘေးရန်) ကြီးပင်တည်း။ ဈာန်အဘိညာဉ်ရရန် အထူး စိတ်သန်တော်မူဟန် ရှိ၏။
လယ်တီဆရာတော်ကား ဇွတ်တရွတ်လုပ်တတ်သော တပည့်အတွက် စိတ်မချ နိုင်အောင် သံယောဇဉ် ကြီးတော်မူ၏။ ခြေရာနင်းနိုင်သည့် တပည့်ဖြစ်၍လည်း အားကိုးတော်မူသည်။ အကြောင်းအားလျော်စွာ ၁၂၆ဝ-ပြည့်နှစ် တန်ဆောင်မုန်း လတွင် ဦးတိလောကထံမှ စာတစ်စောင် ရောက်လာ၏။
“တပည့်သည် ဆရာသမား အမှီရပါလျှင် နေ့ည ရဟန်းကိစ္စပြီးရန် ရှိပါသည်” ဟု ရေးလိုက်သောဟူ၏။ စာကိုကြည့်၍ ပြုံးတော်မူသည်။ သို့ရာတွင် သံယောဇဉ် လည်းရှိ၊ ကျိုက်ထိုဒေသ တောတောင်များကိုလည်း သဘောကျနေ၍ ထိုနှစ် ထို လပြည့်ကျော် ၉- ရက်နေ့အရောက် လယ်တီပဏ္ဍိတကို နောက်ပါခေါ်၍ ကြွတော်မူသည်။
လယ်တီဆရာတော် ဘုရားကြီး ကြွရောက် ချီးမြှင့်သဖြင့် ဦးတိလောကနှင့် တပည့်များ အားလုံး ဝမ်းမြောက်ဝမ်းသာ ဝတ်ပြုကြရ၏။ တစ်နေ့တွင် ဆရာတော် ဘုရားကြီး တစ်ပါးတည်း ကိန်းအောင်းရာ သစ်ခက်တဲသို့ ကပ္ပိယမောင်စမုံ ပြောစကားအရ တိတ်တဆိတ် သွားရောက် ဖူးကြရာ ဆရာတော်ကြီး မျက်လွှာချ တင်ပျဉ်ခွေလျက် နှစ်တောင်ခန့်အမြင့်၌ တည်ငြိမ်စွာ တက်ကြွနေသည်ကို ဖူးတွေ့ ကြရသည်။ စာမာန် တရားမာန်ကြီးလှသော ဦးတိလောကအား အလုပ်ဖြင့် ဆုံးမတော်မူလေသလောဟု ယူဆရပေ၏။
ကျိုက်ထို၌ပင်နေခိုက် တစ်နေ့တွင် ဦးတိလောက၊ လယ်တီပဏ္ဍိတတို့ကို နောက်ပါခေါ်၍ သပိတ်ကိုယ်စီ လွယ်ကာ တောင်ဝှေးတစ်ချောင်းစီကိုင်လျက် ကျိုက်ထီးရိုးသို့ ဘုရားဖူး ထွက်တော်မူ၏။ တောနက်၍ နက်၍ လာသောအခါ တောဆင်ရိုင်းကြီး တစ်ကောင်သည် ဆရာတော့်ဆီသို့ ရှေးရှုရင်ဆိုင် ပြေးလာလေ၏။ နောက်မှလိုက်ပါလာကြသော ဦးတိလောကနှင့် ဦးပဏ္ဍိတတို့ နှစ်ပါးမှာ နီးရာ သစ်ပင်ပေါ်သို့ တက်၍ ပြေးကြသတတ်။
ဆရာတော်ကမူ မတုန်မလှုပ် ရှေ့မှကြံ့ကြံ့ ရပ်တော်မူလျက် ပြေးလာနေသော ဆင်ကြီးအား နာဠာဂီရိ ချွတ်ခန်းပမာ မေတ္တာပွားပို့၍ နေတော်မူ၏။ မကြာမီ ဆင်ကြီးမှာ ဦးညွတ် အရိုအသေပေးလျက် လမ်းဖယ် ထွက်ပြေးသွားလေ၏။ ဆင်ကြီး မမြင်ရသောအခါကျမှ တပည့်နှစ်ပါး ချွေးသီး ချွေးပေါက် ကြီးငယ်ဖြင့် သစ်ပင်ပေါ်မှ ဆင်းလာကြသတတ်။
ထိုအခါ ဆရာတော်က ပြုံးရွှင်သော မျက်နှာ၊ ကြည်သာ လွင်အေးသော ရယ်သွမ်းသွေး သံဖြင့် “မောင်တိလောက တို့ထံ စာရေးလိုက်တော့ တစ်မျိုး ပါလားကွယ့်” ဟု မိန့်တော် မူလေ၏။ ထိုအခါမှ ဦးတိလောကလည်း မိမိကိုယ်ကို အနာဂါမ် အဓိမာန (အထင်ရောက်ခြင်း) ဟု သဘောကျသွားလေသတတ်။
သီဟိုဠ်ခေတ်တွင် လောကီအဘိညာဉ်မျှသာရ၍ မိမိကိုယ်ကို ရဟန္တာဟု အထင် ရောက်နေသော တိပိဋကဓရ မဟာနာဂ မထေရ်ကြီးအား အဘိညာဉ်ရ၊ ရဟန္တာ ဖြစ်သူ တပည့်တစ်ပါးက ဆရာထံလာ၍ ဆင်ကြီးတစ်ကောင် ဖန်ဆင်းခိုင်းကာ၊ တစ်ဖန် ထိုဆင်ကပင် မိမိအား ထိုးသတ်မည့်ဟန် ဖန်ဆင်းခိုင်းသောအခါ ဆင်ထိုးခံရမည် ရှိစဉ် မထေရ်ကြီး ကြောက်လန့်သွားကြောင်း (ဝိသုဒ္ဓိမဂ် အဋ္ဌကထာ၌) လာရှိ၏။
ထိုကဲ့သို့ပင် “ယခုဆင်သည်လည်း တောဆင်ရိုင်း ဟုတ်ကောင်းမှ ဟုတ်မည်၊ လယ်တီ ဆရာတော့်ဆင်များ ဖြစ်နေမလား မသိဘူး” ဟု တစ်ချိန်က မိတ်ဆွေ များအား ပြောပြဖူးရာ အားလုံးကပင် ကန့်ကွက်ခဲ့ကြ၏။ ထို့ကြောင့် ဤ၌ ထို စကားကို ထပ်၍ ပြောရန် နှုတ်ရွံ့နေပါသည်။ ဆင်ရိုင်းနှင့်တွေ့ သည်မှာတော့ အမှန်ပင်။
မည်သို့ဆိုစေ၊ ဖြစ်ရပ်အခြေအနေများကို ထောက်ဆပါလျှင် “တရားမာန်ကို တရားဖြင့် ဆုံးမခြင်း” ဟုပင် သဘောသက်ဝင်စရာ ရှိပါသည်။
---
ကမ္မဋ္ဌာန်းအသိဖြင့် ကျမ်းညှိခြင်း
ဆရာတော် ဦးတိလောကသည် မိမိကိုယ်တိုင်လည်း ရွပ်ရွပ်ချွံချွံကြီး အားထုတ်၏။ ယောဂီ တပည့်များကိုလည်း လက်ခံ၍ တရားပြပေး၏။ အနယ်နယ်သို့ ကြွရောက် ၍လည်း တရားဟော၏။ ကျမ်းများစွာကိုလည်း ပြုတော်မူခဲ့သည်။ မြန်မာနိုင်ငံ ပဋိပတ္တိတရားစည်ကြီးကို ဆရာ၏ ခြေရာလိုက်၍ တီးခတ်နိုင်သသူ ဖြစ်ပါပေသည်။
ဆရာတော် ပြုစုသော ကျမ်းများမှာ အောက်ပါအတိုင်း ဖြစ်၏။
- နေက္ခမ္မဝိဓာနဒီပနီ (၁၂၅၈)၊
- အရိယမဂ္ဂဒီပနီ (၁၂၆၂)၊
(လယ်တီဆရာတော်၏ ဝိဇ္ဇာမဂ္ဂဒီပနီကို အတွင်း၌ ဌာပနာထားသည်။) - ပဏ္ဍိတ ဝေဒနီယ ဒီပနီ (၁၂၆၇)၊
- တိုင်းကြီးသောဠသ ဒီပနီနှင့် ယင်း အညွှန်းကျမ်းငယ် (၁၂၈ဝ)၊
- နိရုတ္တိ ပဒဗျဉ္ဇနီ၊
- ဝိနိစ္ဆယ ပကာသနီ၊
- စတုဗ္ဗိဓ ဗျာကရဏ၊
- အဘိဓမ္မတ္ထ သရူပဒီပနီ (၁၂၇၃)၊
- မင်္ဂလာ အဆုံးအဖြတ်၊ ဝိနိစ္ဆယ အမျိုးမျိုးနှင့် ရတုကဗျာများ၊
- ဓမ္မရာသီကျမ်း။
(ဆရာတော်မရှိသည့်နောက် ၁၂၉၆-ခုနှစ် တပည့်များက ရိုက်ထားသည်။)
ထိုတွင် ကမ္မဋ္ဌာန်းအလုပ်နှင့်စပ်၍ “ပဏ္ဍိတဝေဒနီယကျမ်း” ကြီးသည် အထင်ရှားဆုံး ဖြစ်၏။ ကသိုဏ်း ရှုပွားနည်းများအတွက် ထိုမျှလောက် ပြည့်စုံသောကျမ်း မရှိသေးချေ။ အဘိညာဉ်လမ်း လိုက်လိုသူတို့အတွက် စိတ်ဝင်စားဖွယ် အထူး ကောင်းလှ၏။ သက်ရှိသက်မဲ့ လောကဓာတ်တစ်ခုလုံး ခြုံ၍ ဓာတ်ခြောက်ပါး ရှုပွားပုံမှာလည်း လယ်တီဆရာတော် စာများထက်ပင် ပြည့်စုံလှပေ၏။
ထိုကျမ်းကို ရေးရာ၌ ဘုရားရှင်က တပည့်များကို ဟောသကဲ့သို့ သူ၏ တပည့် များအား ဟောပုံဟောနည်း ရေးထား၏။ သေက္ချဘာသိတသုတ် ဂါထာများလည်း ပါဝင်ရာ နားတွင် အဆန်းဖြစ်ကြရ၏။ “တပည့်တို့၊ တပည့်တို့” ဟု ခေါင်းတပ်ခေါ်ငင် ရေးသွားသဖြင့် ဘုန်းကြီးတစ်ပါးက လယ်တီဆရာတော်အား-
“သူ့စာဖတ်ရတာ ကောင်းတော့ သိပ်ကောင်းပါသဖရား၊ ဒါပေမယ့် “တပည့်” ခေါ်တာက ခက်နေတယ်” ဟု လျှောက်ရာ ....
*တပည့်အခေါ်မခံချင်ရင် သူ့စာမဖတ်နှင့်ပေါ့ကွယ်” ဟု မိန့်သတတ်၊
ကိုယ်တွေ့ တရား အတွေ့အကြုံများနှင့် စပ်၍လည်း အလွန်မှတ်သားဖွယ်များ ပါဝင် ကုန်၏။ ဝိပဿနာ အန္တရာယ်ဆယ်ပါးနှင့် စပ်၍ ရေးထားသည်မှာလည်း စိတ်ဝင်စားဖွယ် ကောင်းလှသည်။
---
အရောင်အလင်းနှင့် ဝိပဿနာ လမ်းခွဲများ
ဆရာတော်သည် ဝိပဿနာ ညစ်ညူးကြောင်း ဆယ်မျိုးကို ပဏ္ဍိတဝေဒနီယကျမ်း နောက်မှ ရေးသားသော “အဘိဓမ္မတ္ထသရူပဒီပနီ” ကျမ်း၌ ပို၍ ပြည့်စုံစွာ ဖော်ပြထားသည်။
- သြဘာသ = အရောင်အလင်း၊
- ပီတိ = အလွန်ပီတိဖြစ်ခြင်း၊
- ပဿဒ္ဓိ = ကိုယ်စိတ်နှစ်ပါး အလွန်အေးချမ်းခြင်း၊
- အဓိမောက္ခ = အလွန်ကြည်လင်၍ သဒ္ဓါဖြစ်ခြင်း၊
- ပဂ္ဂဟ = အလွန်ဝီရိယ မျှတခြင်း၊
- သုခ = အလွန်ရွှင်လန်း ချမ်းသာခြင်း၊
- ဉာဏ = အလွန်အသိဉာဏ် ထက်မြက်ခြင်း၊
- ဥပဋ္ဌာန = အလွန်သတိထင်ခြင်း၊
- ဥပေက္ခာ = ဥပေက္ခာအားကောင်းခြင်း၊ (ဟန်ချက်ညီခြင်း)
- နိကန္တိ = (ယင်းသို့ ဖြစ်ရသည်များကို) နှစ်သက်သာယာခြင်း။
ဆရာတော်သည် အထက်ပါ ဆယ်မျိုးတွင် “အရောင်အလင်း” နှင့် စပ်၍ ဤသို့ မှတ်ချက် ပေးတော်မူ၏။
“အရောင်သြဘာသကား ပုဂ္ဂိုလ်တိုင်းမှာမဖြစ်။ ဈာနလာဘိ သမာဓိ ကြီးထွားသော ပုဂ္ဂိုလ်တို့မှာ ဖြစ်တတ်၏။ သူတစ်ပါး မမြင်ရဘဲ မိမိသာ မြင်ရသော စိတ်ကြည် စိတ်လင်း၊ ဉာဏ်ကြည် ဉာဏ်လင်း အရောင်လည်း ဖြစ်ပေါ်လာတတ်၏။ သူတစ်ပါးတို့ပါ မြင်ကောင်း လောက်အောင် ကိုယ်ရောင်လည်း ထွက်တတ်၏။
ထိုဆယ်မျိုးတွင် “နိကန္တိ” တစ်ခုသာလျှင် အကုသိုလ်ဖြစ်၏။ ပဓာန ဖြစ်၏။ ကျန် ကိုးမျိုးကား ဗောဓိဉာဏ် ရင့်သန်ကြောင်း (ဗောဓိပက္ခိယ) တရားကောင်းများသာ ဖြစ်ကုန်၏။ တရားတိုးတက်လာသည့် အမှတ်အသားများတည်း။ သို့ရာတွင် ထိုသို့ တိုးတက်လာသည်ကို နှစ်သက်တွယ်တာ နေတတ်သဖြင့် ဝိပဿနုပက္ကိလေသ- ဝိပဿနာ ညစ်ညူးကြောင်း တရားဆယ်ပါး၊ ဝိပဿနာ ချေးညှော် ဆယ်မျိုး” ဟု ဆိုရသည်။
ယင်း ဆယ်မျိုးနှင့်စပ်၍ ဆရာတော် မှတ်ချက် ပေးသည်မှာ မှတ်သားဖွယ် ကောင်းလှ၏။ ပဏ္ဍိတဝေဒနီယကျမ်း (၁၂၆၇) တွင်ကား သြဘာသနှင့် စပ်၍ အောက်ပါအတိုင်း မှတ်ချက် ပေးတော်မူခဲ့သည်။
[ဖြစ်မှုပျက်မှု ဥဒယဗ္ဗယ သဘောကို ကောင်းစွာ ထင်မြင်နိုင်သော အနိစ္စဝိဇ္ဇာဉာဏ် ဖြစ်ပေါ်၍ လာခါနီးသောအခါ ဉာဏ်၏ ရှေ့သွား ဉာဏ်ရောင် စိတ်ရောင် အရောင် အလင်း အာလောကလည်း ဖြစ်ပေါ်လာတတ်သည်။ ဤအလင်း အာလောကကို “သြဘာသ” ဟုခေါ်သည်။ ဝင်းဝင်းပြောင်ပြောင် ကိုယ်မှထွက်တဲ့ ကိုယ်ရောင်ခြည်မျိုး မဟုတ်ဘူး တပည့်တို့။ ကိလေသာ ပါးသဖြင့် စိတ်ဉာဏ် ကြည်ခြင်းကြောင့် စိတ်ဉာဏ်လင်းတဲ့ အလင်း အာလောကတည်း။
“ထိုအခါ ထိုယောဂီပုဂ္ဂိုလ်သည် ဒိဗ္ဗစက္ခုမာ ပုဂ္ဂိုလ်ကဲ့သို့ အဝေး၌၊ ကွယ်ရာ၌၊ ညဉ့် အခါ၌သော်လည်း ရူပါရုံတို့ကို မနောဒွါရဖြင့် ထင်ရသည်တပည့်တို့။ ထိုအခါ ထိုယောဂီ ပုဂ္ဂိုလ်အား သမထအရာ၌ ပဋိဘာဂသို့ ရောက်ခါနီးအခါ ဈာန်အင်္ဂါတွေ ပေါ်ဘိသကဲ့သို့ မဂ္ဂင်တရားတွေ၊ ဗောဇ္ဈင်တရားတွေ၊ ဗောဓိပက္ခိယတရားတွေလည်း အားကောင်း၍ ထင်ရှားပေါ်၍ လာကြသည်။
“ဤသို့ မိမိသန္တာန်၌ ရှေးကမတွေ့စဖူး မမြင်စဖူး အနည်းငယ် အထူးအထွေကို တွေ့မြင်ရသောအခါ “ဤတရားစုဟာ မဂ်ဖိုလ်တရားပဲထင်ရဲ့၊ ငါမဂ်ဖိုလ်ကို ရတော့တာပဲထင်ရဲ့ လို့လဲမှတ်ထင်ခြင်း ဖြစ်တတ်သည်။ မမှတ်မထင်ရဘူး တပည့်တို့။ မဂ်ဖိုလ် မဟုတ်သေးဘူး”]
အဘိဓမ္မတ္ထသရူပဒီပနီကျမ်း (၁၂၇၃) ရေးသောအခါ ဝိပဿနာ အထင်မှားအမြင်မှား အသိမှားများကို ပို၍ ပွင့်လင်းစွာ အောက်ပါအတိုင်း ထုတ်ဖော် သတိပေး တော်မူခဲ့၏။ ကိုယ်တိုင် ထိတွေ့သော ပုဂ္ဂိုလ်ထူးကြီးများ၏ အမိန့်အမှာများကို လေးစားစွာ သတိမူအပ်၊ လိုက်နာအပ်ပေ၏။
---
ကမ္မဋ္ဌာန်းရူး၊ သမာဓိမှော်
[“တရားလမ်းစဉ်၌ မလိမ်မာသော ပုဂ္ဂိုလ်တို့မှာ ဤနေရာသို့ ကျလျှင် (ဥဒယဗ္ဗယဉာဏ်၊ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိဟု ဆိုလိုသည်။) “ဤပီတိ၊ ပဿဒ္ဓိ စသော တရားတို့သည်ပင်လျှင် မဂ်ပဲ၊ ဖိုလ်ပဲ၊ မဂ်ဖိုလ်ကို ရ၍သာ အရောင် (သြဘာသ) တို့သည် ထွက်ကုန်၏။ ငါသည် မဂ်ဖိုလ် တရားထူးကိုရပြီ၊ ကိစ္စပြီးပြီ” ဟု မှတ်ထင်၍ လမ်းမတ်တတ်တွင် တန့်ရပ်လျက် ဆုတ်ယုတ် ပျက်စီး၍ သွားတတ်၏။
“ဤကဲ့သို့ မဂ်ဖိုလ်ဟု မထင်မှတ်သော်လည်း ဤသြဘာသ ပီတိ စသည်တို့ကို အားရနှစ်သက် သာယာသော တဏှာနိကန္တိ အားကြီးစွာ ဖြစ်ပေါ်လာ၍ စိတ်ညစ်နွမ်း သဖြင့် ထိုဗောဓိပက္ခိယတရားတို့တွင် ငုပ်လျက် ဆုတ်ယုတ်ပျက်စီး၍သွားတတ်၏။ ထိုအထူးဖြစ်ပေါ် လာသော သြဘာသ ပီတိ စသည်တို့ကို လိုက်၍ လိုက်၍ အာရုံပြုနေသဖြင့် စိတ်တုန်လှုပ် ပျံ့လွင့်ခြင်း (ဓမ္မူဒ္ဓစ္စ) ဖြစ်၍လည်း ဆုတ်ယုတ် ပျက်စီးသွားတတ်သည်။
“ထိုမှတစ်ပါးလည်း ဤကဲ့သို့ ဝိပဿနာကို အားထုတ်ရာတွင် တရားအရာ၌ မလိမ်မာသော ကြည်ညိုသော နတ်တို့သည် ကူပံ့၍ အာရုံကို ထင်မြင်အောင် ပြတတ်၏။ အနိစ္စထင်အောင် ပျက်ရုပ်တွေ ဖန်ဆင်း၍ ပြတတ်၏။ ဒုက္ခထင်အောင် သူနာရုပ်၊ အသေရုပ်၊ အရိုးစုတွေ ဖန်ဆင်း၍ ပြတတ်၏။ သမထကို အားထုတ် ရာမှာလည်း သမထ အာရုံနိမိတ်ကို ဖန်ဆင်း၍ ပြတတ်၏။ မိမိမြင်လိုရာ အမျိုးမျိုးသော အာရုံတို့ကိုလည်း ပြတတ်၏။
“ထိုသို့ပြ၍ ထင်မြင်ရသောအခါ မိမိစိတ်ဉာဏ် ရင့်သန်၍ ထင်မြင်ခြင်း မဟုတ်။ စိတ်ဉာဏ် မရင့်သန်မကြည်လင်ဘဲ သူတစ်ပါးပယောဂကြောင့် ထင်မြင်ရခြင်းဖြစ်၍ ကြောက်ရွံ့ ထိတ်လန့်လျက် နှလုံးသွေးပျက်၍ သွားတတ်၏။ စိတ်ဉာဏ် ရင့်သန်၍ အချိန်ကျ၍ ထင်မြင်မှု မဟုတ်ခြင်းကြောင့် မျက်လှည့်သည် ဖန်ဆင်း၍ ပြသော ရွှေ၊ ငွေ၊ ထမင်း၊ ရေတို့ကဲ့သို့ ထိုနတ်ပြသော အာရုံတို့သည် ရှည်မြင့်စွာရ၍ တည်၍မနေကုန်။ မျက်လှည့် ထမင်းရေကို စားသောက်ရသော သူအား ဝခြင်း၊ ဆာလောင်ကင်းခြင်း မဖြစ်ဘိသကဲ့သို့ ထိုနတ်ပြသော အာရုံနိမိတ်တို့ကို မြင်၍ ထင်၍ နေငြားသော်လည်း နီဝရဏကင်းခြင်း၊ ဈာန်၊ မဂ် တရားထူးရခြင်း မဖြစ်ကုန်။ ကိစ္စ မပြီးကုန်။
“ထိုနတ်ပြသော အာရုံကို မစွန့် မပယ်၊ အားရဝမ်းသာ နှစ်သက်လျက် ကြည့်ရှု၍ နေလျှင် ထိုနတ်တို့ကလည်း “ငါတို့အာရုံကို နှစ်သက်သည်” ဟု ကြည်ညိုချစ်ခင်၍ အာရုံကို တိုး၍ တိုး၍ ထင်မြင်အောင်ပြ၏။ မိမိတို့ တတ်စွမ်းနိုင်သမျှ တန်ခိုးကိုလည်း နတ်အာနုဘော်ဖြင့် ပေး၏။ ထည့်၏။ နတ်တို့ တန်ခိုးပေးဖန်၊ ထည့်ဖန်များလျှင် ထိုပုဂ္ဂိုလ်သည် မျက်စိမြင်၊ နားကြား မှော်ပေါက်၍ သွားတတ်၏။ ဈာန်လမ်း၊ မဂ်လမ်းသို့ မရောက်ပြီ။ နီဝရဏ ကိလေသာတို့ မကင်းကွာပြီ၊ ဤကဲ့သို့ ပေါက်သော မှော်ကို “သမာဓိမှော်” ဟူ၍ ခေါ်၏။
“ဤကား-ဈာန်လမ်း၊ မင်္ဂလမ်းတို့၌ ဖီလာကန့်လန့် တွေ့ရသော ချောက်ကမ်းပါး လမ်းမှားတို့တည်း။ ဤကဲ့သို့ “ဤကား ဈာန်လမ်း၊ မဂ်လမ်းမဟုတ်၊ လမ်းကွေ့ လမ်းမှား ချောက်ကမ်းပါးတို့တည်း။ ဤကား အရိယာတို့ သွားရာဈာန်လမ်း၊ မင်္ဂလမ်း လမ်းဖြောင့် လမ်းမှန်တည်း” ဟု ဆုံးဖြတ်၍ ထိုလမ်း မတ်တတ်၌ တွေ့သော အထူးအထွေ အနှောင့်အယှက် တို့ကို ဉာဏ်ပညာဖြင့် လွှမ်းမိုး ပယ်ဖျောက်၍၊ ဝိပဿနာတင်၍ လမ်းမှန်ကို သိနိုင်-လိုက်နိုင်သော ဉာဏ်ကို “မဂ္ဂါမဂ္ဂဉာဏ ဒဿန ဝိသုဒ္ဓိ ခေါ်ပါသည်။”
[မဂ္ဂ=လမ်းမှန်၊
အမဂ္ဂ=လမ်းမှားကို၊
ဉာဏဒဿန=သိမြင်သောဉာဏ်၏၊
ဝိသုဒ္ဓိ=စင်ကြယ်ခြင်း။”]
ဤနေရာ၌ ဆရာတော်၏ အတွေ့အကြုံမှာ ရှင်းလင်းပြတ်သားပေ၏၊ နတ်တို့ပြသော အာရုံနှင့် အနိစ္စ၊ ဒုက္ခ ထင်မြင်မှုသည် မျက်လှည့်ထမင်း စားရသကဲ့သို့ တကယ်မဝပုံ၊ ထို အာရုံကို လက်ခံမိလျှင် ဆက်၍ အကြားအမြင် တန်ခိုးများ ပေးတတ်ပုံ၊ “တရားပေါက်ပြီ” ဟု ထင်ရသော်လည်း ကိလေသာ မလျော့သည့် အပြင် အနှောင့်အယှက်ပင်- ဖြစ်ပုံတို့မှာ လွန်စွာ လေးနက်လှကုန်၏။
သို့ရာတွင် ထိုအာရုံများကို ဖန်တီးသူနှင့်စပ်၍ “တရားမသိဘဲ အကြည်ညိုလွန် သောနတ်” ဟု ယူဆသည်မှာကား စဉ်းစားစရာဖြစ်၏။ (ဒေဝတာ သံယုတ်စသော ကျမ်းဂန်တို့၌လည်း) နတ်တို့သည် မိမိတို့ စွမ်းနိုင်သည့်ဘက်က အမှန်တကယ် စောင့်ရှောက်ကူညီသည်ကိုသာ တွေ့ ရ၏၊ မှားနေသော်သာ အမှန်ရောက်အောင် ကူညီသည်ကို တွေ့ ရ၏။
ဈာန် မဂ်ဖိုလ်အရာ ဘာဝနာစခန်း၌ လမ်းချော် လမ်းမှား၍ ချောက်ကမ်းပါးကျအောင် ကူညီသူကား သာသနာတော်အား သဒ္ဓါကြည်ညိုသော နတ်များ အလျဉ်း မဟုတ်ပါကုန်။ နတ်မိစ္ဆာ တန်ခိုးရှင်တို့သာ ဖြစ်သည်ကို အကြွင်းမဲ့ ယုံကြည် အပ်ကုန်၏။ ဖိုထိုးရာ၌ပင် ဓာတ်လုံးခိုးသူ တန်ခိုးရှင်များ ရှိတတ်ကြရာ ခိုးယူ ဖျက်ဆီးသူသည် မိတ်ဆွေမဟုတ်၊ ရန်သူသာလျှင် ဖြစ်ချေသည်။
---
ဂူအောင်းဖိုထိုး၊ မျိုးစေ့နှင့် ပတ်ဝန်းကျင်
ဆရာတော် ဦးတိလောကကား သက်တော် ငယ်ငယ်ရွယ်ရွယ်နှင့် ပိဋကကျေ၍ ပဋိပတ်တွင်လည်း အလွန်မှန်းခြေရှိသော ပုဂ္ဂိုလ်ထူး ဖြစ်ပေသည်။ သို့ရာတွင် ပရိယတ္တိ စာပေမာန်၊ အရွယ်မာန်တို့ကြောင့် ပဋိပတ် အလုပ်နှင့် စပ်၍ လယ်တီ ဆရာတော်ကဲ့သို့သော ပုဂ္ဂိုလ်ကြီးထံ၌ပင် နည်းခံမိဟန် မတူချေ။ နှုတ်လွန် နှုတ်ကျူးရှိ၍ ဆရာတော်ကပင် လိုက်၍ ချီးမြှောက်ရဟန်ရှိ၏။ “ကောင်းကင် ပျံလိုစိတ်” ကလည်း ပြင်းပြဟန် ရှိသည်။
ငယ်ငယ်ရွယ်ရွယ် ဉာဏ်လည်း ထက်ထက်၊ ဝီရိယလည်း ထက်ထက်ဖြင့် သက်စွန့် ကြိုးပမ်းရာ လမ်းချော်မှုက များနေဟန် တူပေသည်။ အရေးကောင်း အဟော ကောင်း၍ ပရိသတ်ကလည်း ဝိုင်းအုံလာကြရာ လူသူများနှင့် ဖြတ်နိုင်သမျှ ဖြတ်ကာ ပို၍ အပြတ်အသတ် လုပ်တော်မူရဟန် ရှိသည်။ (လုပ်ရပ်မမှန်လျှင် ဝီရိယ ပြင်းထန်သလောက် ဒုက္ခရောက်တတ် ကြောင်း ရှေ့၌ ပြခဲ့ပြီ။)
ရံခါ ဆရာတော်သည် အစာ မစားဘဲကျင့်၏။ ရံခါ သေက္ချတောင်ရှိ ဂူကိုပင် ပိတ်၍ (ဂူအောင်း၍) ကျင့်သည်ဟု ဆိုသည်။ “မဇ္ဈိမပဋိပဒါ” မကျသော လုပ်နည်း လုပ်ဟန်များ လုပ်မိလျက်သား ဖြစ်ရသည်။
တိဗက်လာမာ မဟာယာနဘုန်းကြီးများ အိန္ဒိယ ဆာဒူးဖကီး ဘုန်းကြီးများ ဂူအောင်း၊ မြေအောင်း အကျင့် ကျင့်လေ့ရှိကြသည်။ ၁၈၃၇-ခုနှစ် အိန္ဒိယလဟိုမြို့၌ ဟာရိဒတ်ဖ် ခေါ် ဖကီးဘုန်းကြီးတစ်ပါး မြေ၌ အရက် ၄၀-အောင်းပြခဲ့ဖူး၏။
မြန်မာနိုင်ငံ၌လည်း လွန်ခဲ့သော အနှစ် ၂၀-ခန့်က ဦးမာဃ ခေါ်သော ဘုန်းကြီး တစ်ပါး ဂူအလုံပိတ်၍ ကျင့်ရာ ပျံလွန်ရဖူးပြီ။ “ထိုသို့ကျင့်မှ တရားထူးရမည်” ဟူသော အာရုံလိမ်များ ဝင်ရောက် နှောင့်ယှက်ခြင်း ခံရဟန် တူပေသည်။ ကောင်းကင်၌ ရေဒီယို အသံလှိုင်းများ ရောယှက်နေသကဲ့သို့ သမာဓိစခန်းတွင် လောကီ အခိုက်အတန့်ပိုင်း၌ လှိုင်းများ ရှုပ်ထွေး လှပေစွာ့။ ခွဲခြားယူငင်ရန် ခက်ခဲလှပေစွာ့။
“သရက်မျိုးစေ့ တမာမျိုးစေ့ များသည် ဤမြေ၌စိုက်၍၊ ဤရေကိုသောက်၍၊ ဤလေ ကိုပင် ရှူရှိုက်၍ ဤအလင်းရောင်ကိုပင် ခံယူ၍၊ ရှင်သန်ကြီးပွားခဲ့ကြရသော်လည်း အသီး သီးသောအခါ သရက်မျိုးစေ့သည် အချိုသာသီး၍ တမာမျိုးစေ့သည် အခါးသီး၏။ မူလအခံ အစွဲအယူ (ဒိဋ္ဌိဗီဇ) က ခြားနားသွားစေ၏။
(ဤသဘောကို ဧကင်္ဂုတ္တရ၊ ဧကဓမ္မပါဠိ၊ ဒုတိယဝဂ်၌ ဟောတော်မူ၏။)
မျိုးစေ့ပင် မှန်သော်လည်း “ခါးတောက်မြစ်ယှက်၊ စိုက်ရောဖက်က၊ သရက်ပင်မင်း၊ သီးချိုကင်းသို့” ဟူသော ဒမိဝါဟနဇာတ်လာ သရက်ပင်သည် ပတ်ဝန်းကျင် မကောင်း၍ အခါးသီး သီးရပြန်လေသည်။ မိမိသန္တာန်၌ ရှိသော တဏှာမာန ဒိဋ္ဌိ အစွဲနှင့် မကောင်းသော မိတ်ဆွေများသည် (ဤအလုပ်ကိုပင် လုပ်နေစေကာမူ) အချိုကို ခါးစေနိုင်ကြကုန်၏။
ရှေးယခင် အစ,မထင်သောကာလမှစ၍ ဤယနေ့ကျအောင် အာနာပါန စသော စိတ်အလုပ်များ ဒေသအနှံ့ လူမျိုးအနှံ့၊ ဘာသာဝါဒအနှံ့ ဆင်တူယိုးမှား ရှိနေကြသည်ပင်။
ဤအာနာပါနကိုပင် ထပ်တူထပ်မျှ လုပ်သည် ဆိုစေဦး၊ “နိဋ္ဌ” ဟူသော ပန်းတိုင် ရည်မှန်းချက် မတူကြ၍ အကြောင်းတရား တူစေကာမူ အကျိုးရရှိပုံ မတူညီ နိုင်ကြပေ၊
- ဗြာဟ္မဏတို့၏ ပန်းတိုင်ကား ဗြဟ္မာ့ပြည်၊
- ရသေ့တို့၏ ပန်းတိုင်ကား အာဘဿရာ၊
- ပရိဗိုဇ်တို့၏ ပန်းတိုင်ကား သုဘကိဏှာ၊
- အာဇီဝကတို့၏ ပန်းတိုင်ကား အသညီဘဝ၊
- ဤ သာသနာဝင်တို့၏ ပန်းတိုင်ကား အရဟတ္တဖိုလ်”
ဖြစ်ကြောင်း (မူလပဏ္ဏာသ၊ စူဠသီဟ နာဒသုတ် အဖွင့်၌) လိုင်းခွဲ၍ ပြထားသည်။
လောကီပိုင်း၌ အတန်ငယ် တူညီကြသည်ကို ကြည့်၍ အသိဉာဏ် မတွေဝေကြရာ၊ အသိဉာဏ် တွေဝေစေ၍ အချို့ကိုပင် အခါးသီးစေနိုင်သော (ရေဒီယိုလှိုင်းကဲ့သို့ မမြင်ရသည့်) ဆရာသမား မိတ်ဆွေများလည်း များကုန်၏။
ဆရာတော် ဦးတိလောကသည် ၁၂၇၆-ခုနှစ်တစ်ခု၌ သဲသဲမဲမဲ ဖိုထိုးကာ သိဒ္ဓိ လမ်းကိုပင် ချော်၍ နင်းနေပြန်လေသည်။ မြန်မာနိုင်ငံ ဘုန်းတော်ကြီးများ အတွင်း၌ မဟာယာနသိဒ္ဓိမြောက် ဆရာကြီးတို့၏ အာရုံလိုင်းခွဲ ဖိုဆွဲသော အလေ့ကြီးကား ဗြဟ္မစရိယ၌ အရေးမကြီးလှသကဲ့သို့ နားယောင် ရောပါ နေကြပြန်သည်။ ဘုရားရှင်ကို အားနာစရာ ကောင်းလှပါ၏။
---
လက်ညှိုးဖြင့် နို့တိုက်ရသော ရသေ့ကြီး
ဆရာတော်သည် အကြောင်း တစ်စုံတစ်ခုကြောင့် ရဟန်းအဖြစ်မှ ရသေ့ပရိဗိုဇ် အဖြစ်သို့ ကူးပြောင်းတော် မူပြန်၏။ ထိုအကြောင်းကိုလည်း ဝိသဘာဂ (မိန်းမ) ကြောင့် ပြောင်းလဲရခြင်း မဟုတ်ဟူ၍ အနီးကပ် နေဖူးသော ပျော်ဘွယ် ဆရာသက်ကြီးက ပြောဆိုခဲ့ဖူး၏။
ထိုစဉ် မာရ်၏ ပရိယာယ် ကံတရားတို့၏ ဆန်းကြယ်မှုကို မသိမြင်နိုင်သူများက ရှုတ်ချခဲ့ကြသည်။ ကဲ့ရဲ့ဖွယ်ကား ထိုမျှသာမဟုတ်သေး။ ဆရာတော်၌ ကလေးငယ် (မိန်းကလေး) တစ်ယောက်ကိုလည်း ကျောင်းပေါက်ဝမှ ကောက်ယူရရှိပြန်သည်။ တစ်ခါက ရည်မွန်လှပသော အမျိုးသမီး တစ်ဦးသည်လည်း ဆရာတော် တရားဟောကြွရာ မြို့ရွာတိုင်းသို့ လိုက်ပါ၍ သူ့လက်သူ့ခြေ ဝေယျာဝစ္စပြုသည်ဟု ဆိုပြန်၏။
ရသေ့ဝတ်ခြင်း၊ ကလေးရှိခြင်း၊ ဒကာမက ပူးပူးကပ်ကပ် အထင်ရောက်အောင် ဆက်ဆံခြင်း သုံးမျိုးကိုပေါင်း၍ အဓိပ္ပာယ်တစ်မျိုး ပြောဆိုသူတို့လည်း ရှိခဲ့ကြ၏။ တိတ္ထိတို့အကွက်ဆင်၍ စိဉ္စမာန ဘုရားကျောင်းတော် ဝင်ထွက်ခြင်းမျိုးသာ ဖြစ်ပေ ရာ၏။ မာရ်နတ်သည် သမီးကို ထိုးပေး၍ မယူဘဲနေသူအား အနည်းဆုံး ယုန်ထင် ကြောင်ထင် ဖြစ်အောင် ထိုသို့ပင် လုပ်တတ်သည်။
ကျောင်းပေါက်ဝမှ ကောက်ယူရရှိသော ကလေးနှင့်စပ်၍ ဆရာသက်ကြီးက မေးရာ-
“အရှင်ဘုရား၊ ဒီကလေးကို ဘယ်လိုကျွေးမွေး စောင့်ရှောက်ပါသလဲဘုရား” ဟု
“ဆရာသက်၊ ဘုန်းကြီးမှာ လက်ညှိုးပဲရှိတာပေါ့၊ ဒါနဲ့ ဒီအရွယ် ရောက်လာခဲ့တာပဲ” ဟူ၍ အမိန် ရှိသတတ်။
(ထမင်းကို ဝါးပြီးလျှင် လက်ညှိုး၌ လိမ်းသုတ်၍ ကလေးအား စို့စေသည်ဟုလည်း ဆိုကြသည်။)
နောက် ထိုကလေးမသည် ဆရာတော်အား ကျေးဇူးရှင်ဖြစ်ကာ သွားရာလိုက်ရဟန် တူ၏။ မြို့အုပ်တစ်ဦးနှင့် အိမ်ထောင် ကျသွားသည်ဟု ဆိုကြသည်။ မာရ်၏ ပရိယာယ်သည် “မဟုတ်ပါဘူး” ပြောသော်လည်း “အမြင်သား” ဟု ဆိုရ လောက်အောင် အကွက်ဆင်တတ်ပေသည်။
မည်သို့ဖြစ်စေ၊ ဦးတိလောက၏ နောက်ပိုင်းဘဝ အခြေအနေသည် အမွှေဓာတ်တို့ မွှေချင်တိုင်း အမွှေခံနေရရှာပေ၏။ ရဟန်းဘဝမှ ရသေ့ပြုရသည်မှာလည်း မာတုဂါမကြောင့် ဖြစ်ဟန်မရှိ။
ရံခါ ယောဂီသည် အကြောင်းတစ်စုံတစ်ရာ မခိုင်လုံပါဘဲလျက် ကုက္ကုစ္စမာရ် တပ်ကြီး ဖိစီးကာ ကိုယ့်ဟာကိုယ် အာပတ်ဖြင့်စွပ်စွဲလျက် လျှောက်လဲချက် အမျိုးမျိုးဖြင့် ထိုးချနေတတ်သည်။ ရဟန်း ယောဂီတို့ သတိပြုဖွယ်ပင်။
---
လကမ္ဘာသွားသူနှင့် နိဗ္ဗာန်သွားသူ
ဤနေရာ၌ လကမ္ဘာသွားသူ အာကာသသူရဲကောင်းတို့အကြောင်းကို အနည်းငယ် ဖော်ပြပါရစေ။
လကမ္ဘာသည် လူ့ပြည်နှင့် အလွန်ခြားနား၏။ သွားရာခရီးတစ်လျှောက်လည်း အနှောင့်အယှက် များလှသည်။ ကမ္ဘာမြေမှ အပေါ်သို့ တက်သွားကြရသောအခါ ရာသီဥတု စသော အခြေအနေသည် ကမ္ဘာမြေ၌တွေ့ရသည်နှင့် ပြောင်းပြန် ဖြစ်နေ၏။ အထက် ခုနစ်မိုင် အထိသာ ကမ္ဘာမြေနှင့် အပူအအေးနှုန်း တစ်သမတ်တည်း ရှိ၍ မိုင် ၅၀- အထက်တွင် ဖာရင်ဟိုက် ၁၁၇-ဒီဂရီထိ ရှိသွား၏။ မြင့်လေပူလေ ဖြစ်သည်။ မိုင် ၂၅ဝ- ခန့်တွင် ၄၁၈-ဒီဂရီထိ ပူနိုင်၏။ ၁၂-မိုင်က လွန်လျှင် ကောင်းကင်ပြင်လည်း တဖြည်းဖြည်း မှောင်အတိကျသွား၏။ ပြာလဲ့သော အရောင် မရှိတော့ပြီ။
လေထု၏ဖိအားသည် ကမ္ဘာမြေနှင့်ဝေးလေ လျော့နည်းလေဖြစ်ကာ ကိုယ်တွင်းရှိ ဖိအားနှင့် ပြင်ပလေထု ဖိအားတို့ မမျှတသောကြောင့် သွေးကြောလေကြောများ ပြတ်ထွက် သွားနိုင်၏။ မြင့်လေ လေအားနည်းလေဖြစ်၍ ရှုရန်လေ(အောက်စီဂျင်) ကို ယူဆောင် သွားကြရ၏။ ယင်းသို့ ရှူရန်လေသာ ပါမသွားခဲ့လျှင် ပေလေးသောင်း အမြင့်၌ လူသည် လေးမိနစ်သာ အသက်ရှင်နိုင်၏။
အာကာသတွင် (အသံကို သယ်ဆောင်ရန် ကြားခံပစ္စည်း မရှိ၍) အသံ ဟူ၍ မရှိ။ ပြော၍မရ။ မကြားရ။ မိုးတိမ် ရာသီဥတုနှင့် နေ့-ည ကာလဟူ၍လည်း မရှိ။ ကမ္ဘာမြေ၏ ဆွဲငင်အား မမီတော့သဖြင့် အလေးချိန်ဟူ၍လည်း မရှိ။ ကမ္ဘာမြေ၌ တစ်ပေါင်လေးသော ပစ္စည်းသည် မိုင်ရှစ်ထောင်အမြင့်၌ တစ်ကိုးပိုင်း ခုနှစ်ပိုင်း အောင်စမျှသာ လေးတော့သည်။
ထို့ကြောင့် အာကာသ၌ လမ်းလျှောက်ရာတွင် ခြေလှမ်းမမှန်၊ ညောင်းညာမှုမရှိ၊ ဇောက်ထိုးမိုးမျှော် ဖြစ်သော်လည်း အနေမခက်။ အားလုံးကိုခြုံ၍ ဆိုရသော် ကမ္ဘာမြေ၌နေသော လူတို့၏ အမြင်အသိများအားလုံး အာကာသ၌ ပြောင်းပြန် ဖြစ်ကုန်၏။
ဤသို့ အပူအအေး၊ အလေးအပေါ့၊ အမြင်အကြားများ အားလုံး ကွာခြားနေသဖြင့် အာကာသ သွားမည့်သူများသည် မြေပြင်၌ အအေးခန်း၊ အပူခန်းကြီးများအတွင်း ရက်ပေါင်းများစွာ ဝင်အောင်း၍ ဒဏ်ခံနိုင်ရည်ရှိအောင် လေ့ကျင့်ရခြင်း၊ အစားအစာ ကိုလည်း ဇွန်း၊ ပန်းကန်ဖြင့် စား၍မရ၊ သွားတိုက်ဆေးဘူးကဲ့သို့ညှစ်၍ အစာကို လေ့ကျင့်ပြီး လပေါင်းများစွာ စားနေရခြင်း၊ သွေးကြောပြတ်မတတ် ပြင်းထန် လှုပ်ခါသော ဒုန်းပျံဒဏ်ကို ခံနိုင်ရည်ရှိရန် သံကမ္ဘာလုံး အတွင်းသို့ဝင်၍ ရက်ပေါင်း များစွာ အထိုးအလှိမ့်ခံ စမ်းနေရခြင်း စသည်ဖြင့် ဒုက္ခတွေကား များကုန်၏။ (ယောဂီများ အတုယူဖွယ်။)
ကမ္ဘာမြေနှင့် အာကာသ အစစ အရာရာ ခြားနားနေခြင်းကြောင့် လေသူရဲသည် ပေတစ်သောင်းအမြင့်သို့ ရောက်သွားသောအခါ မြင်ရသည့် ပတ်ဝန်းကျင်မှာ အလိုလို ငြီးငွေ့ စိတ်ပျက်စရာကြီး ဖြစ်နတော့သည်။ မိမိကိုယ်ကို ယုံကြည် ကိုးစားစိတ်လည်း လျော့သွား၏။ အမှားတစ်ခုခု လုပ်မိသော်လည်း ပြင်ရန် သတိမရ။ တွေဝေ၍၊ ငိုင်၍နေတတ်သည်။
အမြင့်ပေ တစ်သောင်းငါးထောင်၊ နှစ်သောင်းငါးထောင်တွင်ကား အရက်သောက် ထားသူကဲ့သို့ ကမူးရှူးထိုး ဖြစ်လာ၏။ မိမိကိုယ်ကို အထင်ကြီးစိတ်များ အလိုလို ဝင်လာပြန်၏။ အမှားများကို လုပ်မိသော်လည်း ကိုယ်လုပ်သမျှ အမှန်ချည်း ထင်နေတတ်သည်။ စိတ်တွေ ဂယောင်ချောက်ချား ဖြစ်သွားတတ်၏။ ထို အကြောင်းကို ကြိုတင်သိရှိထားကြရသည်။
၃၁-ဘုံ ဆွဲအားမှ ရုန်းကန်ထွက်ခွာရန် ဟန်ပြင်နေသော ယောဂီ၏ ဘဝအခြေ ပျိုးစကား အာကာသသူရဲများ ကမ္ဘာမြေဆွဲအားမှ ရုန်းကန် ထွက်ခွာရသကဲ့သို့ ရှိပေတော့သည်။
ပုထုဇဉ်တို့ ကြောက်သောတရား
(သဠာယတနသံယုတ်-ရူပါရာမသုတ်၌) ဘုရားရှင် ဟောတော်မူသည့်အတိုင်း ပုထုဇဉ်တို့၏ (တဏှာအရင်းခံသော အထင်၊ မာနအရင်းခံသော အထင်၊ ဒိဋ္ဌိ အရင်းခံသော အထင်) အထင်မှန်သမျှ အရိယာတို့အမြင်၌ ပြောင်းပြန် ဖြစ်သွားသည်။
သမာဓိမြင့်လေ ကွဲပြားလေဖြစ်ကာ အသိဉာဏ် မရင့်သေးပါလျှင် ထင်စားမှု၊ မျှော်လင့်မှု၊ တွယ်တာမှုကြီးလေ တုန်လှုပ်ချောက်ချားမှုကြီးလေ ဖြစ်ရတတ်သည်။
ထို့ကြောင့်လည်း သီဟိုဠ်ခေတ်က ရဟန်းတစ်ပါး လက္ခဏာရေး သုံးပါးတင်၍ ဝိပဿနာတရား ဟောကြားစဉ် လာရောက်နာယူသော ဒကာတစ်ဦး တရားနာရင်း ဖြစ်ပျက်ကိုမြင်စ သဲကမ်းပါးထိပ်က လိမ့်ကျသကဲ့သို့ “ငါမရှိတော့ဘူး၊ ငါ့ဟာလဲ မရှိတော့ ပါကလား” ဟု သဘောပေါက်ကာ ကြောက်ရွံ့ ထိတ်လန့်စွာ အိမ်သို့ ထွက်ပြေးသွားခဲ့ဖူးလေ၏။ (ခန္ဓဝဂ္ဂ-ဥဒါနသုတ်အဖွင့်။)
ထိုသို့ စပ်ကူးမတ်ကူးတွင် အထင်နှင့်အမြင် လွဲတတ်သဖြင့် “ရုပ်နာမ်တို့သာလျှင် ဖြစ်ပျက်နေသည်။ ငါ၊ ငါ့ဥစ္စာမရှိ” ဟု ငြိကပ်တွယ်တာမှု ကင်းနိုင်သမျှ၊ ကင်းအောင် ကြိုတင်၍ သီလစသည်ဖြင့် လေ့ကျင့်ရှင်းလင်းထားနှင့်ကြရလေသည်။
သူတော်ကောင်းတရားသည် ၃၁-ဘုံ၌ အိုးမကွာ အိမ်မကွာ နေလိုသော လူမိုက်တို့ အတွက် ကြောက်စရာကြီးပင်တည်း။
အာရုံခြောက်ပါး လိုင်းခွဲများ
သီလမေတ္တာ စသည်ဖြင့်လည်းကောင်း၊ သုတမယဉာဏ်ဖြင့် လည်းကောင်း မရှင်းလင်း နိုင်ပါက ယောဂီ၏ အသိဉာဏ်သည် ပို၍ ရှုပ်ထွေးလာတတ်၏။
အာကာသသို့ တက်သော လေသူရဲကဲ့သို့ ကိုယ့်ကိုကိုယ်ပင် မယုံကြည်ခြင်း၊ သီလ၊ မေတ္တာစသော လက်နက်ကိရိယာကို အသုံးမချမိခြင်း၊ အားမကိုးရဲခြင်း၊ အဖြေရှာမရဘဲ မှိုင်တွေချ၍နေခြင်း၊ ကိုယ့်ကိုကိုယ် အထင်ကြီးခြင်းနှင့် လုပ်သမျှ အမှန်ချည်းထင်ခြင်း၊ လုပ်မှားသည်ကိုပင် ပြင်ရန် သတိမထားနိုင်ခြင်း စသည်ဖြင့် စိတ်များ ဂယောင်ချောက်ချား၊ ကမူးရူးထိုး ဖြစ်လာတတ်လေသည်။
၁။ မျက်စိက ထူးခြားသော အံ့ဖွယ်သဏ္ဌာန်များကို မြင်ယောင်၍ ကြောက်ခြင်း၊ ဝမ်းသာခြင်း၊ တစ်စုံတစ်ဦး ပြုမူနေသည်ကို ကြည့်ရှု၍ ကြောင်းကျိုး ကွင်းဆက် များကို မြင်ယောင်နေခြင်း၊ မိမိအလိုရှိသော ပစ္စည်း၊ လူ၊ ယုတ်စွာ အဆုံး အကြောင်းအရာ စာပေ အဓိပ္ပာယ်များကို နတ်များလာ၍ ပြလှာပေးလာသည်ဟု ထင်ရလောက်အောင် အံ့သြစွာ တွေ့မြင်ရခြင်း၊ အထူးမကြိုးစားရဘဲ အလွယ်တကူ မျက်စိအောက် ရောက်လာရလာခြင်း၊ ကြည့်စရာစာတွေ အလွယ်တကူရ၍ အလုပ်ပျက်အောင် ကြည့်မဆုံးခြင်း၊ မျက်စိများ မူးဝေကာ ချာချာလည်ခြင်း၊ ထုံထိုင်း အုံ့မှိုင်းနေခြင်း၊ ကာမ အာရုံ များနှင့်ချည်း တွေ့ကြုံနေရခြင်း၊ မြင်ရသမျှ အပေါ် စိတ်တိုစိတ်ပျက်နေခြင်း၊
၂။ နားက ထူးဆန်းသော အသံများကို ကြားရခြင်း၊ မိမိလုပ်နေသည်ကို မလုပ်ရဲအောင် တစ်စုံတစ်ဦးက ပြောလာခြင်း၊ ကြားရခြင်း၊ မိမိလုပ်နေသည်ကို “ဆက်သာလုပ်၊ အမှန်ပင်ဖြစ်သည်” ဟူသော အဓိပ္ပာယ်ဖြင့် တစ်နည်းနည်းဖြင့် ကြားလာရခြင်း၊ အကျိုးလိုလား၍ ပြောသည်ကိုပင် မယုံကြည်ခြင်း၊ နားခါးခြင်း၊
၃။ နှာခေါင်းက အနံ့ထူးများမွှေးခြင်း၊ နံခြင်း။
၄။ လျှာမှနေ၍ မသင့်သော အစာများကို အကြောင်းအဆက်ဆက် ဖန်တီးကာ မလွှဲ မရှောင်သာ စားမိနေ၍ ရောဂါရောက်လွယ်ရခြင်း၊ တောင်ပြောမည်ဟု ကြံထားလျက် မြောက်ကို ပြောမိခြင်း၊ အတိုက်အခံ ပြောလိုခြင်း၊ တရားစကား ဟောပြော လိုလှခြင်း၊ လုံးဝမပြောဘဲ နေလိုခြင်း၊ နှုတ်ပိတ်ကျင့်လိုခြင်း၊ အာစေးခတ်ထား သကဲ့သို့ လုံးဝ ပြောမရအောင် အ-နေခြင်း။
၅။ ကိုယ်၌ ရောဂါနှင့်စပ်၍ ကြောင့်ကြခြင်း၊ နေ့ချင်း ညချင်း သေလောက်အောင် ရောဂါဖြစ်တော့မည်လားဟု ထင်ရခြင်း၊ တစ်ကိုယ်လုံးရှိအင်အားများ လေပူဖောင်း ပေါက်သကဲ့သို့ တစ်ခဏချင်း ခြေတွေလက်တွေ သယ်မရအောင် ကုန်ခန်းသွားပြီဟု ထင်ခြင်း၊ မသွားလာလိုခြင်း၊ ခြေတွေလက်တွေ (ထူးခတ်ထားသကဲ့သို့) ဆုတ်ဆိုင်း နေခြင်း၊ ဘီးတပ်ထားသကဲ့သို့ သွားလာ ပေါ့ပါးလွန်းခြင်း၊ ပျံ မတတ်ရှိခြင်း၊ ဝီရိယ တိုးလိုက်လျှင် သေမည်ဟု ထင်ခြင်း၊ မတော်တဆ ဒဏ်ရာများရလွယ်ခြင်း၊ ခေါင်းမူး၍ မထူလိုခြင်း၊ နှလုံးသား (ရင်ဝ၌) ကျဉ်းကျပ် ပူလောင်တတ်ခြင်း၊ နှလုံးသားကို ဆုပ်ကိုင်ခံရသကဲ့သို့ရှိခြင်း၊ ထိုသို့ဖြစ်ပြီးလျှင် ဒေါသအာရုံကို တွေ့ရခြင်း၊ တွေ့ပြီးလျှင် ထိုအလုံးကျသွားခြင်း၊ (မီးယပ်သည် သွေးနုသကဲ့သို့ သွေးနုခြင်း၊ အကြောက် လွန်ခြင်း။)
၆။ စိတ်ထဲတွင် ပြဆိုခဲ့သည့်အတိုင်း ဇဝေဇဝါဖြစ်ခြင်း၊ တိုးတက်နေသော်လည်း မတိုးတက်ဟု ထင်ခြင်း၊ ဆုတ်ယုတ်နေသော်လည်း တိုးတက်နေသည်ဟု ထင်ခြင်း၊ အနီးကပ် ရောက်လာသူ၏ ကောင်းဆိုးစိတ်အကြံများ မိမိ၌ အရောင်ဟပ်၍ ထပ်တူခံစားရခြင်း၊ တရားထူးရလိုစိတ် စောလျှင်ကား ဘဝင်ကိုမိနေပြီ၊ ဧကဂ္ဂတာ ကျနေသည်၊ နိဗ္ဗာန်ကို ခံစားနေသည်ဟု အထင်ရောက်ခြင်း၊ ထို၌ သာယာလျက် ဝပ်ပြီး ခံရကာ မတိုးတက်ဘဲနေခြင်း၊ စိတ်ဆိုးလွယ်ခြင်း၊ မာနကြီးခြင်း၊ နေရ သည်မှာ အရသာမရှိ၊ “ဟာ” နေခြင်း၊ အသက်ရှိရုံဖြစ်နေခြင်း၊ တရားအရသာမရှိ၊ ပေါ့ဟာဟာ ဖြစ်နေခြင်း၊ စီးပွားအာဏာ တန်ခိုး စသည် မြူဆွယ်သည့်နောက်သို့ လိုက်ပါ လွယ်ခြင်း၊ မြှူဆွယ်မှုလည်း များခြင်း၊ အဓိပ္ပာယ်မရှိ စနိုးစနောင့် စလုံး စခုဖြစ်ခြင်း၊ နောင်တဖြစ်ခြင်း၊ (ဆေးမိသကဲ့သို့) တွေဝေနေခြင်း၊ မှိုင်းမိနေခြင်း၊ သတိမေ့ခြင်း။
ဤသို့စသည်ဖြင့် ဒွါရခြောက်ပါး၌ အာရုံခြောက်မျိုးတို့သည် ရောရာသောင်းပြောင်း အကောင်းအဆိုး အမျိုးမျိုးတိုက်ဝင်လာကြရာ ယောဂီသည် “အဘယ်အရာသည် အကောင်း၊ အဘယ်အရာသည် အဆိုး” ဟု ခွဲခြား သိမြင်တတ်ရန်၊ သိမြင်သောအခါ ပြုပြင်ပြောင်းလဲ သွားတတ်ရန် ခဲယဉ်းနေတတ်ကြ၏။
မကြိုက်အာရုံကို တစ်နည်းနည်းဖြင့် ခွာ၍ရစေကာမူ ကြိုက်အာရုံဖြစ်ခဲ့သော် တိုးတက်သည်ဟုပင် ထင်ကာ ထိုအာရုံကိုပင် ကျုံး၍ လုပ်ကျွေး နေရတတ်၏။ ကျေနပ်နေတတ်၏။ မြင်းစီးလျက် အထီးအမမှန်း မသိသည်မှာ အဆိုးဆုံး ဖြစ်သည်။
ဒွါရခြောက်ပါးမှ ဝင်ရောက် တိုက်ခိုက်လာသော အာရုံခြောက်ပါးနောက် လိုက်ကာ “ယခု မိမိအလုပ်သည် မှန်ကန်၏လော၊ ဘုရားကြိုက်နှင့် ညီ၏လော၊ ညီသော် မဇ္ဈိမပဋိပဒါ ကျကျ လုပ်နေခြင်း ဟုတ်ပါ၏လော၊ တိုးသလော၊ ဆုတ်သလော၊ ရုပ်တံ့နေသလော” စသည်ဖြင့် အမြဲတမ်းအရှုံးအမြတ် ငယ်နိုင်စာရင်းဖြင့် သွားကြရ၏။ သွားတိုင်း ခရီးပေါက်သည် မဟုတ်ချေ။
ကာကွယ်ရန် အကြီးဆုံးသော အင်အား
ထိုအခါမျိုး၌ အချို့ ယောဂီများ တံမြက်လှည်းခြင်း စသော အလုပ်ကြမ်းများဖြင့် သမာဓိကို ဖျက်ပစ်တတ်၏၊ အသစ်ထူထောင်လိုက် ဖျက်ပစ်လိုက် ဖြစ်နေ၍ မတိုးတက်နိုင်။
အကောင်းဆုံးသော နည်းလမ်းမှာ မေတ္တာ ဘာဝနာပင် ဖြစ်ပေ၏။ ထိုဟာကိုလည်း “ခရီးမရောက်၊ မစူးရှ၊ အရသာမရှိ၊ အပို” ဟု ထင်နေတတ်၍ မှတ်နေကျ ကမ္မဋ္ဌာန်းကို မှတ်ရမှသာ အားရ ကျေနပ်နေတတ်၏။ မဟုတ်ချေ။ အာရုံ အတိုက် ကြမ်းလာလျှင် မူလ ကမ္မဋ္ဌာန်း (မှတ်နေကျ) ကိုပင် ရက်ပိုင်းမှ လပိုင်း အထိ ရပ်တန် ရပ်ထား၍ မေတ္တာကိုသာ ပေါ့ပေါ့ပါးပါး သွားရင်းလာရင်း ဖိ၍ ပွားပို့ကြရာ၏။
နေ့ရောင်တောက်လျှင် နှင်းမှောင်ပျောက်လဲကာ လျှောက်ရမည့် လမ်းကို သဲသဲ ကွဲကွဲ မြင်လာရမည် ဖြစ်၏။
ရံခါ အကနိဋ္ဌ ဗြဟ္မာ့ဘုံမှ အရိယာ ဗြဟ္မာကြီးများအထိ အမျှဝေ တိုင်တည်၍၊ ဘုရား ရဟန္တာတို့၏ ဘုန်းတန်ခိုးတို့ကို ခံယူ၍၊ ပရိတ်မန္တန် ရွတ်ဖတ်၍၊ အဓိဋ္ဌာန်၍၊ သစ္စာဆို၍ အမှားအမှန် ဆုံးဖြတ်ယူရသည်။
ဝိပလ္လာသမကင်းသော ပုထုဇဉ်တို့အတွက် လိုင်းခွဲယူရန် ခက်လှပါပေသည်။
လောက၌ ထုံဆေး၊ မေ့ဆေး၊ တို့ဆေး၊ ဓတ်ဆေး၊ ပီယဆေး၊ စိတ်ညှို့၊ အိပ်မွေ့ချ၊ အာစေးခတ် စသော အတတ်ပညာများ ရှိသကဲ့သို့ မာရ်နတ်တွင်လည်း တပည့်မျိုးစုံ၊ အတတ်မျိုးစုံ ရှိပေ၏။
မာရ်နတ်ထက် မိမိ၏ အကုသိုလ်စိတ်သည် အဆိုးဆုံးရန်သူဖြစ်သည်။ ဆိုးအာရုံ ဝင်သောအခါ ပုဂ္ဂိုလ်သတ္တဝါ မသုံးသပ်မူ၍ ယောဂီသည် “ငါယခုခံစားနေရသော ဒုက္ခသည် အမြဲခံစားရရှိနေသည် မဟုတ်။ မကြာခဏ ဖြစ်ပျက် ပြောင်းလဲနေသော တရားသဘော သက်သက်မျှသာ ဖြစ်သည်။ သေသော်လည်း မြတ်၏။ တစ်လောကလုံး ဖြစ်၍ဖြစ်၍ ပျက်၍ ပျက်၍ မဆုံးနိုင်သော (မှတ်၍ပင် မကုန်၊ ရှုမှတ်၍ ပင် မဆုံးနိုင်အောင်) ပျင်းမုန်း ငြီးငွေ့စရာကြီးပါတကား” ဟု “အနိစ္စသညာ၊ လောကေအနဘိရတိသညာ” ပွား၍လည်းကောင်း၊ ကောင်းအာရုံ ဝင်လာသောအခါ “အသုဘသညာ” ပွား၍လည်းကောင်း၊ အသက်ကိုပင် စွန့်၍၊ တစ်စုံတစ်ရာ၌ တွယ်တာ ကပ်ငြိခြင်းကို လွှတ်၍ ရှုပွားကြရာ၏။
“ဝိရာဂေါ တေသံ အဂ္ဂမကွာယတိ” = အရာရာ၌ တွယ်တာ ကပ်ငြိမှုမရှိခြင်းသည် အကောင်းဆုံးသော အင်အားကြီးပင်တည်း။ (ဣတိဝုတ်-အဂ္ဂပသာဒသုတ်၊ အသင်္ခတဓာတ်ကို အစစ်ကောက်။)
“ထင်ကြီးသုံးလုံး” သုံးဆယ့် တစ်ဘုံ၏ ဆွဲအား
မျက်စိ၊ နား၊ နှာ စသည် အဇ္ဈတ္တိကာယတန ခြောက်ပါးတည်း ဟူသော လမ်းလေးခွ၌ ချထားသော သတ္တဝါတည်းဟူသော (မုယော) ကောက်လှိုင်း စည်းသည် ကောင်းဆိုး နှစ်တန် ရူပါရုံစသည် ဗဟိဒ္ဓါယတန ခြောက်ပါးတည်းဟူသော လူခြောက်ယောက် တို့၏ ထမ်းပိုး ခြောက်ချောင်းဖြင့် ထောင်းထောင်း ကြေမွအောင် ရိုက်ပုတ်ခြင်း ခံနေရ၏။
သတ္တဝါသည် ထိုမျှဖြင့် မရပ်မူ၍ ကြီးပွားမှု၊ ဘဝသစ်ဖြစ်မှုကို ထင်စားနေသေးသော်၊ ထင်ရှား တပ်မက် မာန်တက်နေသေးသော် နိကန္တိခေါ် ခုနစ်ဦးမြောက် လူတစ်ယောက်၏ ထမ်းပိုးတစ်ချောင်းဖြင့် ဖွပ်ဖွပ်ကြေအောင် ထပ်၍တစ်ဖန် ရိုက်ပုတ်ခံရပြန်သကဲ့သို့ရှိ၏။ ထိုထင်စားမှု (မာန်တက်မှု) သည် အလွန်သိခက် သိမ်မွေ့စွာ အသူရာနတ်ကြီး ကိုယ့်စိတ်နှင့်ကိုယ် အချုပ်ခံနေရသည်ထက် သိခက် သိမ်မွေ့လှ၏ဟု (သဠာယတန - ယဝကလာပိ သုတ်၌) ဟောတော်မူသည်။
အသူရာနတ်ကြီးသည် စစ်ရှုံး၍ အဖမ်းခံရပြီး သုဓမ္မာသဘင်၌ ခြေနှစ်ဖက်၊ လက်နှစ်ဖက်၊ လည်ပင်း ငါးဌာနလုံး ချုပ်နှောင်ထားရာ “နတ်တို့တရားသည်” ဟု စိတ်ဖြစ်လျှင် ထို အနှောင်မှ လွတ်သွား၏။ “မတရား” ဟု ထင်လျှင် စိတ်ဖြစ်ကာ မျှဖြင့် ချုပ်မိလျက်သား ဖြစ်နေပြန်သည်။ စိတ်ဖြင့်မိ၍ စိတ်ဖြင့်ပင် ဖြေနိုင်သဖြင့် သိမ်မွေ့လှ၏။ (စိတ်သည် ဤမျှစွမ်းသည်ကိုလည်း သတိပြုပါ။)
ကြီးပွားမှု၊ ဘဝသစ်ဖြစ်လိုမှု၊ ထိုထင်စားစိတ်ဟူသော မာရ်နတ်၏ အနှောင်အဖွဲ့ကား ထိုထက်ပင် သိခက်သိမ်မွေ့လှ၏။ မြေလျှိုးမိုးပျံသော်လည်း ရှောင်၍မရ။ ဉာဏ်ဖြင့် ဖြတ်တောက်မှသာ လွတ်နိုင်ကြောင်း-
“ရဟန်းတို့ အထင်ရောက်သူ၊ (ထင်စားသူ၊ အထင်မှားသူ) သည် မာရ်၏ အနှောင် အဖွဲ့ ခံနေရသူဖြစ်၏။ ဤအထင်သည် မာန်တက်မှုတည်း။ မာန်တက်မှုသည် ဆူးငြောင့်ရောဂါ အနာဘေးဆိုးကြီးပင်တည်း” ဟု ဟောကြား ဖွင့်ဆိုတော် မူကြကုန်၏။
မြတ်စွာဘုရားရှင် ဟောကြားတော်မူသော ဝဋ်မှ ထွက်ကြောင်း တရားကား လူတိုင်းပင် နားလည်နိုင်အောင် လွယ်ကူပွင့်လင်းလှပါ၏။ ထို့ကြောင့်လည်း (မဇ္ဈိမ-ဗောဓိရာဇကုမာရသုတ်၌) “မနက်လုပ် ညနေရ၊ ညနေလုပ် မနက်ရ” ဟု လည်းကောင်း၊ (မဟာသတိပဋ္ဌာနသုတ်နှင့် အာနာပါနဿတိသုတ်တို့၌လည်း) “ခုနစ်ရက်မျှဖြင့် တရားထူးရနိုင်သည်” ဟု လည်းကောင်း ရဲရဲကြီး အာမခံတော်မူ ခဲ့ပါ၏။
သို့ရာတွင် လက်တွေ့ ကျင့်သုံးကြသောအခါ ၁၀-နှစ် ၁၅-နှစ်၊ အနှစ်-၄၀၊ ၅၀- လုပ်ပါသော်လည်း တရားထူးမရဘဲ ရှိကြသည်မှာ အဘယ့်ကြောင့်ပါနည်း။
အဖြေကား ရှင်းပါ၏။ အာရုံခြောက်ပါး၏ ထိပါးရိုက်ပုတ်ခြင်း ခံနေကြရသည့်အထဲ ကြီးပွားလိုမှု၊ ထို့ထက်သာသော ဘဝသစ်တစ်ခု ဖြစ်လိုမှု ဟူသော ထင်စားမှု = (တဏှာ)၊ အထင်ရောက်မှု = (မာန )၊ ထင်မှားမှု (ဒိဋ္ဌိ) “ထင်ကြီးသုံးလုံး” ခုခံ၍ နေကြသောကြောင့် ဖြစ်ပါကုန်၏။ ၃၁-ဘုံ၏ ဆွဲအားသည် ကြီးမားကြောက်လန့် ဖွယ်ပါတကား။
ဝီရိယဉာဏ် ပြည့်စုံပြန်လည်း ကံက မကူ
သေက္ချတောင် ဆရာတော်သည် သက်တော် ၆၆-နှစ်အရ ၁၂၉၉-ခုနှစ်၊ ဒုတိယ ဝါဆိုလပြည့်ကျော် ၁၃-ရက်နေ့ည နှစ်ချက်တီးအချိန်၌ လေနာရောဂါဖြင့် ပျံလွန်တော်မူရ၏။
ဝိသုဒ္ဓိမဂ် ဘာသာပြန် ဆရာတော် ဦးနန္ဒမာလာ စသော ယောဂီတပည့်ကြီးများက ထိုနှစ် တပေါင်းလတွင် သစ်ဝါးစက္ကူဖြင့် အခမ်းအနား မလုပ်ဘဲ ထိုသေက္ချတောင် ပေါ်၌ပင် အထိမ်းအမှတ်အဖြစ် အုတ်တိုက်ကြီးတစ်ခု တည်ဆောက်ကာ ဈာပနပွဲ ကျင်းပပူဇော်ကြကုန်၏။ ဆရာတော်ကား လယ်တီဆရာတော် တမျှပင် ပဋိပတ္တိ သာသနာပြုရာ၌ ကျေးဇူး ကြီးမားလှပါပေ၏။ သို့ရာတွင် ဆရာတော်အား “လောကီ အဘိညာဉ် ရနိုင်သူ” ဟုသာ ခန့်မှန်းရ၍ လောကုတ္တရာ အဓိဂမကား ရ-မရ အတပ် မဆိုသာချေ။
တစ်ခါက မကြီးလှာ ဆရာတော်အား ဆရာသက်ကြီးက ကမ္မဋ္ဌာန်းပေးစဉ် စကား စပ်သဖြင့်....
“ကျေးဇူးရှင်ကြီးများ လုံ့လဝီရိယ အသိဉာဏ် ကြီးမားလှပါသော်လဲ မှန်းသလောက် ခရီးပေါက်တော် မမူကြဘူး ဘုရား” ဟု ဆရာတော်များ သီတင်းသုံးရာဌာနသို့ လှမ်း၍ လက်အုပ်ချီလျက် လျှောက်ထားဖူး၏။
သေက္ချတောင်ဆရာတော် တရားထူးရခြင်းနှင့် စပ်၍ ပျံလွန်တော်မူပြီးနောက် ဆရာကြီးအား တပည့်အချို့က မေးစမ်းကြည့်ရာ-
“ဒါ နင်တို့အရာလားဟဲ့” ဟု. မာန်မဲကာ
“သာတာဂီရိတို့ တပည့်ဖြစ်နေရှာတယ်” ဟု ဆက်၍ ပြောဆိုဖူးသတတ်။
ပရိယတ္တိအရာ၌၊ လုံ့လဝီရိယ အရာ၌၊ ပဋိပတ္တိ အတွေ့အကြုံ၌ တန်းတူရည်တူသူပင် မရှိလောက်အောင် ပြောင်မြောက်စွာ အားထုတ်၍ မဆုတ်မဆိုင်း ကျင့်နိုင်ပါတိုင်း လည်း ရွယ်တိုင်းမပေါက်ပါတကား။
ဝီရိယဉာဏ် ပြည့်စုံပြန်ပါလည်း ကံဟောင်းမကူပါချေ။ ကံဟောင်းမကူသော်လည်း ကံသစ်ရှိပြီ ဖြစ်ရကား နောက်မူ ထွန်းတောက်လေဦးတော့မည်။
ဆရာတော်အား လက်တွေ့ စမ်းသပ်ခြင်း
ဆရာတော် ဦးတိလောက၏ အလုပ်စခန်းနှင့်စပ်၍ အံ့သြဖွယ် ကောင်းသော ဖြစ်ရပ် တစ်ခုကို ကွယ်လွန်သူ အမြတ်ခွန်မင်းကြီး ဦးစံသိမ်း၏ ထုတ်ဖော်ပြောပြချက် အရ ထပ်မံဖော်ပြခွင့် ရပေသည်။
ဦးစံသိမ်းကား အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း ပဋိပတ္တိ တရားဌာနများကို စနစ်တကျ စာရင်းအင်း ပြုစု၍ အထောက်အပံ့ပေးခဲ့သော နိုင်ငံတော် ဗုဒ္ဓသာသနာ အဖွဲ့ ပဋိပတ္တိဌာနခွဲ၏ အတွင်းရေးမှုး ဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်၍ ဆဋ္ဌသံဂါယနာနှင့် တစ်ပြိုင်နက် နိုင်ငံတော်အစိုးရ၏ ပဋိပတ္တိသာသနာပြု လုပ်ငန်းတွင် ထိပ်ဆုံးက ပါဝင် ထမ်းဆောင်ခဲ့သူ ယောဂီကြီးတစ်ဦး ဖြစ်၏။ သထုံ ဇေတဝန်၊ စွန်းလွန်းဂူ၊ ဝေဘူ ဆရာတော်ကြီးနှင့် အထူးသဖြင့် ဆရာသက်ကြီးထံ ဥပနိဿယခံယူ၍ “ယထာဘူတလမ်းညွှန်” ခေါ် ခေတ်မီကမ္မဋ္ဌာန်းကျမ်းကြီးကိုပင် ၂-ကြိမ်တိုင်တိုင် ပြုစုထုတ်ဝေခဲ့သူလည်း ဖြစ်သည်။
အဆိုပါ ဦးစံသိမ်း၏ “ဆရာတော် ဦးတိလောကနှင့် စပ်သော ဟောပြောချက်” ကို သမ္မတကြီး စောရွှေသိုက်၊ ယောဂီဦးတင်၊ မြန်အောင် ဦးတင်၊ ဦးစိန်ညိုထွန်း၊ ဦးထွန်းလှအောင်၊ အင်္ဂလိပ်လူမျိုး ဦးအုန်းခိုင် (မစ္စတာ မောရစ်၊ ကမ္ဘာဇ ဓမ္မရောင်ခြည် အင်္ဂလိပ်စာစောင် အယ်ဒီတာ) စသူတို့ ပါဝင်သော “ဗုဒ္ဓသာသန သမာဂမအဖွဲ့” မှ အင်္ဂလိပ်လို ထုတ်ဝေသည့် “ဿ အိုပင်းဒိုး” အမည်ရှိ စာစောင် အတွဲ-၁၊ အမှတ်-၃၊ စာမျက်နှာ ၉ ၌-အောက်ပါ အတိုင်း ဖတ်ရှုရပါသည်။
ဒုတိယ ကမ္ဘာစစ်မဖြစ်မီ နှစ်ပေါင်းအတော်ကြာက ညောင်တုန်းမြို့၌ ကူးစက် ကပ်ရောဂါကြီး ဖြစ်ပွား၍ မြို့သူမြို့သားများက ကျေးဇူးရှင် လယ်တီဆရာတော် ဘုရားကြီးအား ပရိတ်မေတ္တာ အကာအကွယ် ပြုပေးရန် ပင့်ဆောင်ကြ၏။ ရောက်လျှင် ထုံးစံအတိုင်း ညစဉ်- တရားဟောကာ ရောဂါကာကွယ်ရေး လုပ်ငန်း များကို ဟောကြား ညွှန်ပြပေးတော်မူသည်။
ဆရာတော်ဘုရားကြီး ပြန်ကြွမည်ရှိစဉ် ညောင်တုန်းမြို့၌ ရက်ရှည် သီတင်းသုံးကာ အဘိဓမ္မာ ဓာတ်ပညာနှင့် သမထ ဝိပဿနာတရားများ သင်ကြားပေးပါရန် လျှောက်ထားကြရာ ဆရာတော်ဘုရားကြီးက-
“ဒကာတို့၊ ဘုန်းကြီးမှာ ကိစ္စတွေ များတယ်၊ ဒီမှာနေဖို့ အချိန်မရဘူး၊ ဒါပေမယ့် အားမငယ်ကြနှင့်၊ ကျိုက်ထိုမှာ ဘုန်းကြီးတပည့် သေက္ချတောင် ဦးတိလောက ရှိတယ်၊ သူဟာ ဘုန်းကြီးလိုပဲ သာသနာပြုနိုင်ပြီး ဒကာတို့ အလိုရှိတဲ့ တရားကို ပေးနိုင်တယ်၊ သွားပင့်ချေကြ၊ ဘုန်းကြီးက လွှတ်လိုက်တာ လို့သာလျှောက်၊ သာသနာအတွက် ဘုန်းကြီးက လွှတ်လိုက်တာဆိုရင် သူလဲ မငြင်းပေဘူး၊ လိုက်လာမှာ သေချာတယ်” ဟု မိန့်တော်မူသည်။
ဆရာတော်ဘုရားကြီး၏ ညွှန်ကြားချက်အရ ညောင်တုန်းမြို့ မျက်နှာဖုံး ဒကာကြီး သုံးဦးတို့ ဆရာတော် ဦးတိလောကအား ပင့်ရန် သထုံ ကျိုက်ထိုရှိ သေက္ချတောင် တောရ ကျောင်းကြီးသို့ သွားကြလေ၏။ သို့ရာတွင် ဆရာတော်ကို မဖူးတွေ့ ကြရချေ။ အကျိုးအကြောင်း လျှောက်ထားကြသောအခါ ဆရာတော်၏ တပည့် တစ်ပါးက-
“ဆရာတော် ကျောင်းက ထွက်သွားတာ လေးငါးရက် ရှိသွားပြီ” ဟု ဆို၍ ဘယ် အရပ်သို့ ကြွသွားကြောင်း ဆက်၍ လျှောက်ထား စုံစမ်းရာ-
“ဒကာကြီးတို့... ဒါကတော့ ဆရာတော်ရဲ့ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ကိစ္စပဲ၊ ဆရာတော် ဘယ်ကြွသွားတယ် ဆိုတာ ဦးပဉ္စင်းတို့မှာ ပြောခွင့်မရှိဘူး၊ ဒီလိုပဲ ကြွနေကျပဲ၊ ဒီအတွက် သိလဲ မသိချင်ကြပါနဲ့လေ” ဟု တပည့် ဦးပဉ္စင်းက လမ်းစ ပိတ်၍ ပြောလိုက်၏။
ညောင်တုန်း ဒကာကြီး သုံးဦးမှာ အားကိုးတကြီးလာရာ မမျှော်လင့်သော စကားကို ကြားကြရသဖြင့် စိတ်အပျက်ကြီး ပျက်သွားကြ၏။ အကြိမ်ကြိမ် တောင်းပန် မေးလျှောက် သော်လည်း ဘူးကွယ်၍ချည်း နေသဖြင့် ဒကာများမှာ ပို၍ အားမလို အားမရ ဖြစ်နေကြ၏။ ထိုတွင် ဒကာတစ်ဦးက ရုတ်တရက် အကြံရ၍-
“ဦးပဉ္စင်းဘုရား...၊ တပည့်တော်တို့လဲ ဟို.... ညောင်တုန်းမြို့ အဝေးကြီးက လာကြရတာပါ၊ တပည့်တော်တို့ သဘောတစ်ခုထဲနဲ့ ဖူးတွေ့ရရုံသက်သက် လာကြရတာ မဟုတ်ပါဘုရား၊ ဦးတိလောက ဆရာတော်ရဲ့ ဆရာ ကျေးဇူးရှင် လယ်တီဆရာတော် ဘုရားကြီးရဲ့ အထူး ညွှန်ကြားချက် အမိန့်တော်အရ သာသနာ ရေးကိစ္စအတွက် သွားပင့်ချေကြဆိုလို့ လာပင့်ရတာပါ” ဟု လျှောက်လိုက်ရာ- အဆိုပါ ပြန်ကြားသူ ဦးပဉ္စင်းလည်း သက်ပြင်းချကာ မည်သို့မျှ စကားမဆိုသာ၊ အတန်ကြာအောင် တွေ့၍သွားလေ၏။
ထို့နောက် ဦးပဉ္စင်းလည်း “ကဲ.... ကဲ..ဒကာကြီးများ လာ.. လာ....” ဟု ဆိုကာ ကျောင်းဝင်း အထွက်သို့ ရောက်အောင် ဒကာကြီးများကို ခေါ်လာပြီးလျှင် တောင်ဆင်ခြေလျှော တောအုပ်တစ်ခုသို့သွားသော မထင်မရှား လူသွားလမ်း ကလေးကို လက်ညှိုးထိုးလျက်...
“အင်း.... ဆရာတော် ကြွသွားတာကတော့ အဲဒီလမ်းကလေးကနေ တောထဲ ကြွသွားတာပဲ၊ အဲဒီလမ်းအတိုင်း လိုက်သွားပြီး ဒကာကြီးတို့ဟာ ဒကာကြီးတို့ ဆရာတော်ကို လိုက်ရှာချင်လဲ ရှာကြပေတော့” ဟု ဆိုကာ ဦးပဉ္စင်းမှာ ကျောင်းထဲသို့ ဝင်ကြွသွား၏။ ဒကာများလည်း ခေတ္တမျှရပ်ပြီး စဉ်းစားကာ “ဒီရောက်လာပြီးမှတော့ တွေ့အောင် ရှာကြမယ်” ဟု ဆိုကာ သုံးဦးသား သဘောတူ တောထဲသို့ လိုက်လံရှာဖွေကြ၏။
ထိုလူသွားလမ်းကလေးအတိုင်း လိုက်သွားကြသောအခါ တော်တော်ကလေး သွားမိ ကြလျှင် လမ်းနှင့် မနီးမဝေး တောအုပ်တစ်နေရာ၌ သစ်ရွက်မိုး ယာယီသင်္ခမ်း ကျောင်းကလေးကို တွေ့ကြရ၏။ သင်္ခမ်းကျောင်းကလေး ရှိရာသို့ ခပ်သုတ်သုတ် လှမ်းကြပြီး အနီးသို့ရှောက်လျှင် သစ်ရွက်တံခါးကလေးကို ဖွင့်ကြည့်လိုက်ရာ ယာယီ ခင်းကြမ်းများ ပေါ်၌ တင်ပျဉ်ခွေကာ တည်ငြိမ်အေးဆေးစွာ တရားထိုင်နေသော ဆရာတော်ကို ဖူးတွေ့ကြရသည်။
ဒကာသုံးဦးစလုံး ညင်သာစွာ ဆရာတော်၏ အနီးသို့ တိုးသွားပြီးလျှင် ရှိခိုးဦးချကြ၏။ အသက်ကိုမျှ ပြင်းပြင်း မရှူရဲကြဘဲ အချိန်ကြာမြင့်စွာ ရှိခိုးလျက် ကြည်ညို နေကြသည်။ ဆရာတော်ကမူ ဒကာများ အနီးသို့ လာရောက်နေကြသည်ကိုပင် သိပုံမရချေ။ အချိန် ကြာမြင့်စွာ လက်အုပ်ချီ ကြည်ညိုနေကြစဉ် ဒကာတစ်ဦးက သူ၏ အဖော်များအား လက်တို့ပြီး တိုးတိုး ကလေး ပြောလိုက်၏။
“ငါကြားဖူးတယ်၊ အဓိဋ္ဌာန် သမာဓိအား သိပ်ကောင်းပြီး ဝသီဘော် နိုင်နင်းတဲ့ ပုဂ္ဂိုလ်များ ဈာန်ဝင်စားနေတုန်းမှာ ဣရိယာပုထ်ကို ဘယ်လိုမှ နှောင့်ယှက်မရအောင် ထိန်းသိမ်းနိုင်ကြသတဲ့... ဘယ့်နှယ့်လဲ၊ ဟုတ်-မဟုတ် ဆရာတော်ကို စမ်းကြည့် ကြရအောင်”
ပြောပြောဆိုဆို မျက်ရိပ်မျက်ခြည် ခြေဟန်လက်ဟန်ပြပြီး ဆရာတော် ထိုင်နေသော (မြေကြီးမှ တစ်တောင်ကျော်ခန့်မြင့်သည့်) ယာယီကြမ်းခင်းများကို တစ်ချောင်းပြီး တစ်ချောင်း အသာအယာ ဆွဲ၍ဆွဲ၍ နုတ်ယူလိုက်ကြ၏။ သို့ရာတွင် ဆရာတော်ကား ထိုသို့ပြုလုပ်နေကြသည်ကိုပင် သိပုံမရ၊ တုတ်တုတ်မျှ မလှုပ်၊ ဣရိယာပုထ်လည်း ပြောင်းလဲခြင်း မရှိချေ။
အံ့ဖွယ် ကောင်းသည်ကား ကြမ်းခင်းများ အားလုံး နုတ်ယူပြီးသောအခါ ဆရာတော်မှာ မူလ ဣရိယာပုတ်တိုင်း တင်ပျဉ်ခွေလျက် တစ်တောင်ခန့်မြင့်သော လေဟာပြင်၌ တစ်စုံတစ်ရာ အထိအစပ်မရှိ ထိုင်မြဲထိုင်နေသည်ကို ဖူးတွေ့ကြ ရလေ၏၊ ဒကာများမှာ မကြုံစဖူး အထူး အံ့သြကြရသည်။ အတန်ကြာ ကြည်ညိုပြီး နောက် ကြမ်းများကို တစ်ချောင်းချင်း အသာ အယာ ပြန်၍ ခင်းပေးကြ၏။ ဆရာတော်အား ထပ်မံဦးချပြီး နှုတ်က တတွတ်တွတ်ရွတ်ကာ တောင်းပန်ကြ လေသည်။
အချိန် အတန်ကြာသောအခါ ဒကာတစ်ဦးက အသံကိုမြှင့်၍-
“ဆရာတော်ဘုရား-ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ အမိန့်တော်အရ ညောင်တုန်းမြို့က တပည့်တော်များ အရှင်ဘုရားကို ပင့်ဖို့ လာကြပါတယ် ဘုရား” ဟု လျှောက်လိုက်သောအခါ ဆရာတော်သည် မှိတ်ထားသော မျက်လုံးအစုံကို အသာအယာ ဖြည်းညှင်းစွာ ဖွင့်ကြည့်တော်မူ၏။ အကျိုးအကြောင်းလျှောက်ထား မေးမြန်းပြီးလျှင် ဒကာများနှင့်အတူ ယာယီသင်္ခမ်းကျောင်းကလေးမှ ဖဲခွာ၍ သေက္ချတောင်တောရ ကျောင်းတိုက်ကြီးသို့ လိုက်ပါကြွလာတော်မူ၏။
နောက်တစ်ရက် ညောင်တုန်းမြို့သို့ ကြွတော်မူသည်။
အထက်ပါ ဖြစ်ရပ်လေးကို ဖတ်ရသောအခါ ဆရာတော် ဦးတိလောက၏ သီလ၊ သမာဓိ၊ ပညာကို ကြည်ညိုရသကဲ့သို့ ထိုအခြေအနေ အရပ်ရပ်ကို သိမြင်တော် မူဟန်ရှိသော ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ ဉာဏ်တော်ကိုလည်း ကြည်ညို၍မဆုံး ရှိရပါတော့သည်။
မိုးညှင်းတောရ ကိုယ်တော်ကြီး (၁၂၃၄ - ၁၃၂၆)
မိုးညှင်း ကိုယ်တော်ကြီးကား မြန်မာနိုင်ငံ ပဋိပတ္တိ သာသနာခေတ်ကြီးကို ကျယ်လောင်စွာ လှုံ့ဆော်၍ လူထုကိုပါ အပါခေါ်လျက် သော့ချက်ဖွင့်ပေးသော ဆရာတော်ဟု ဆိုသော် မလွန်နိုင်ရာချေ၊ လူသာမန်တို့ကား တရားပွဲကြီးများ ဖိန့်ဖိန့်တုန် ကျင်းပ၍ အရေကလာပ် အဖတ်ကလာပ်များကို ဟောကြားသဖြင့် “အဟောဘုန်းကြီး” ဟုသာ မြင်ခဲ့ကြ၏။ ဆရာတော်၏ ပဋိပတ္တိကျင့်စဉ်နှင့် ဓမ္မာဘိသမယ (တရားထူးရခြင်း) ကို မသိချက်ဆိုးလှသည်။
[ထိုအထဲ ဤစာရေးသူလည်း အနည်းငယ် ပါခဲ့လေသည်။ ဆရာတော်သေလုစနီး သည်းစွာမမာကျန်းခိုက် မိုးညှင်းသို့ ရောက်ခဲ့၏။ “နေကောင်းပါရဲ့လား” ဟုပင် မေးလျှောက်ရ ကောင်းမှန်းမသိ။ စာခံနေ၍လားမသိ။ ခပ်လှမ်းလှမ်းမှပင် ပုဆိန်ပေါက် ဦးချပြီး လှည့်ပြန်လာခဲ့၏။ ကိုယ်ရေးကြုံ၍ အဋ္ဌုပ္ပတ္တိကိုဖတ်ရခါမှ ကြီးစွာ နောင်တ ဖြစ်မိသည်။ ငါမိုက်လေခြင်း။ စာရေးသူ၏ နောင်တော်ကြီး (မောင်းထောင် ယွန်းဆက်တိုက်ဆရာတော် ဦးသောဘိတ) ကား မရှေးမနှောင်း ရောက်သွားရာ မိဘသဖွယ် ချဉ်းကပ်မေးမြန်း၍ ဘဝအမွေ နောက်ဆုံး လက်ဆောင် ရခဲ့လေသည်။
“မောင်းထောင်ဘုန်းကြီး၊ တောထွက်ဖြစ်အောင် ထွက်ရစ်နော်၊ တို့များ ၁၇-ဝါကျမှ ထွက်နိုင်တယ်။ တောထွက်မယ် အားခဲပြီး သပိတ်အိတ်ကို တိုင်ချိတ်ဆွဲထားတာ သံချေးစား ပြုတ်ကျလို့ သုံးလုံးကုန်မှ ထွက်ဖြစ်တယ်၊ ကြိုးစား” ဟု တိုက်တွန်းခြင်း အရင်းခံဖြင့် အလွန်ကြောက်တတ်သော နောင်တော်ကြီးကား မောင်းထောင်ရွာ မြေဇင်းတောရ၌ တရားဖြင့် ပျော်လေပြီ။ ရှေးခါမိုက်ကန်း၊ ဤစာတန်းဖြင့်၊ စိတ်ကျန်း ညံ့လျော့၊ ကျွန်ကန်တော့၏။ မိုးညှင်းရှိ ပုံတူရုပ်တုတော်အား သွားရောက် ကန်တော့ပြီးခါမှ ဤစာကို ရေးပါသတည်း။]
သူငယ်ဘဝ ဇာတိပြ
ဆရာတော်သည် ဟံသာဝတီခရိုင် သံလျင်မြို့နယ် ဘားကူးရွာ (ဝင်ခနီးရွာ) အနီး ဂုံညင်းစုရွာကလေး၌ ဦးမိုး၊ ဒေါ်ဘော်တို့မှ ၁၂၃၄-ခု၊ တပေါင်းလဆန်း နှစ်ရက် သောကြာနေ့ နံနက် ရှစ်နာရီ ဖွားတော်မူခဲ့သည်။ ထိုအခါ မယ်တော်မှာ ၅၆-နှစ် ရှိလေပြီ။ ထို့ကြောင့်လည်း ဥပဓိရုပ်နှင့်တကွ အသိဉာဏ်ပညာပါ ထူးခြား ကျော်ကြားခြင်း ဖြစ်ရ၏၊ သားချင်းများ ကား ဦးဘိုးလှ၊ ဦးဘိုးမြ၊ ဦးဘိုးဘ၊ မရွှေမေ၊ မရွှေသက်၊ မရွှေရွက်။
“မင်းဖြစ်မည့်သူ သျှောင်ကလေးနဲ့” ဆိုသကဲ့သို့ ဆရာတော်သည် ငယ်စဉ်ကပင် ထူးခြားသော ပါရမီဗီဇ ဇာတိပြခဲ့လေသည်။ ဆရာတော်လောင်းလျာ ငါးနှစ်သား အရွယ် တစ်နေ့သောအခါ အိမ်အမိုးမှ ပိုကောင်ကလေးများ ကျလာရာ ကလေးတို့ဘာဝ စူးစမ်းလိုသဖြင့် လက်နှင့်တွန်းတို၍ ကိုင်ကြည့်နေစဉ် မိခင်က- “မလုပ်ပါနဲ့သားရယ်၊ ပိုးကောင်ကလေး သေသွားပါဦးမယ်” ဟု ပြောရာ-
“ဪ... သေတတ်သလား” ဟု ပြန်မေး၏။
“အေး... သေတတ်သည်” ဟု ပြောလျှင်-
“အမေတို့ကော သေတတ်သလား၊ သေမှာလား” ဟု ပြန်မေး၍ သေရမည့် အကြောင်း ပြောပြသောအခါ ....
“အားလုံးသေကြရမည်” ဟူသော အသိကို အရွယ်နှင့်မလိုက်အောင် ရရှိခဲ့၏။
တစ်ခုသော ဥပုသ်နေ့တွင် မိဘများနှင့်အတူ ဦးအာစရ၏ ရွာဦးကျောင်းသို့ ဥပုသ်စောင့်လိုက်သွားရာ ညရောက်လျှင် ထမင်းဆာ၍ ငိုတော့၏။ မယ်တော်က ထမင်း ယူ၍ ကျွေးရာ အေးအေး မစားသေးဘဲ...
“အမေတို့ကော မစားသေးဘူးလား” ဟု မေးရာ....
“အမေတို့ ဥပုသ်ယူထားလို့ မစားရဘူး” ဟု ပြောလျှင်...
“အမေတို့မှ မစားရင် ကျွန်တော်လဲမစားတော့ဘူး၊ ဥပုသ်ထွက်ပြေးလိမ့်မယ်” ဟု -ပြောရင်း စာရန်လည်းခက်၊ ဆာကလည်း ဆာလှ၍ ငိုလေတော့သည်။
ထိုအခါ အစ်ကိုဖြစ်သူမောင်ဘိုးဘက ရုတ်တရက်စိတ်ကူးရ၍– “ညီလေး၊ အလွတ်စားရင်သာ ဥပုသ်က ထွက်ပြေးတာပါ၊ ပုတီးကို လည်ပင်းစွပ်ပြီး စားရင် ဥပုသ်ထွက်မပြေးဘူး” ဟု ပရိယာယ်ဖြင့် ချော့မော့ ပြောဆိုကာ ပုတီးကို လည်ပင်းမှာ စွပ်ပေးလိုက်၏။ ထိုအခါမှပင် ဆရာတော်လောင်း သူငယ်ကလေးမှာ မျက်ရည်ကိုသုတ်ပြီး စားတော့၏။ ပါရမီ မျိုးစေ့ကား ဇာတိပြခဲ့လေပြီ။
ငါးနှစ်သားအရွယ်တွင် မောင်းမရွာကျောင်း ဘုန်းကြီး ဦးအာစရထံတွင် ကျောင်း အပ်နှံ၍ ပညာသင်ကြားစေခဲ့ရာ စာအတော်အတန် ဖတ်တတ်သာအခါ “ငရဲခန်းပျို့” ကို ဖတ်၍ ငရဲ ကျမည်ကို ကြောက်သဖြင့် ဘုန်းကြီးဝတ်မည်ဟု စိတ်ကို တစ်ထစ်ချ ဆုံးဖြတ်လိုက်၏။
၁၄-နှစ်တွင် ရှင်သာမဏေဝတ်သည်၊ ဘွဲ့ ရှင်သုမနတည်း။ အလွန်ပြောဆိုရ လွယ်ကူ၍ ဆရာ့စကားကို မြေဝယ်မကျ နာယူတတ်သူဖြစ်သည်။ ဆရာ၏ ချီးကျူးခြင်းကို ထူးထူးခြားခြား ခံယူရ၏။ ယဉ်ကျေးခြင်း၊ စကားအရှေ့အတင် ပြောခြင်း၌လည်း အရွယ်နှင့် မလိုက်အောင် ထူးခြားခဲ့၏။ ဥပဓိရုပ်ကား ဆိုဖွယ်မရှိ။
သုမေဓာရသေ့၊ တေမိမင်း၊ ဇနကမင်း၊ ဟတ္ထိပါလတောထွက်ခန်းတို့ကို ပန်းချီရေး၍ လည်းကောင်း၊ ပုဂံမှ တန်ခိုးကြီးဘုရားများကို ပုံတူရေး၍ လည်းကောင်း ခေါင်းရင်းတွင် ချိတ်ဆွဲကာ မိမိစိတ်ဓာတ်ကို တောတောင်အတွင်း၌ မွေ့လျော် စေလေ့ရှိသည်မှာ အနာဂတ် ဘဝအတွက် ရှေ့ပြေးနိမိတ်များ ဖြစ်ပေတော့သည်။ စာတော်သလောက် အကျင့်သီလ တပည့်ဝတ်များနှင့်လည်း ပြည့်စုံ၏။
၁၂၅၄-ခုနှစ်၊ ဝါဆိုလဆန်း ရှစ်ရက်နေ့တွင် ရဟန်းဘောင်သို့ တက်သည်။ နံနက် သုံးနာရီ အမြဲထရှိ၏။ ဓုတင်များကို ဆောက်တည်ခဲ့၏။ ကွမ်းစားဆေးသောက်မရှိ။ နေကောင်းလျက် ထန်းလျက် သကြားအဖျော် စသည် မစားသောက်။ ရွာတွင်း ဖိနပ်မစီး၊ ထီးမဆောင်း၊ နွား မြင်းယာဉ်မစီး၊ ရံခါ ရထား၊ သင်္ဘောစီးရစေကာမူ ညအခါ မကျိန်းစက်။ ထကြွလုံ့လကြီး၏။ ပျင်းရိခြင်းကို အလွန်မုန်းသည်။
မန္တလေးတစ်ခွင် စာသင်ရင်း ပဋိပတ်လုပ်
ဦးပဉ္စင်း ဦးသုမနသည် ဝိနည်း ပါဠိတော်ကြီး ငါးကျမ်းကို အဋ္ဌကထာနှင့် တွဲစပ်ပြီး အထပ်ထပ်အခါခါ သင်ယူပြီးနောက် ငါးဝါအရ ၁၂၅၉-ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် နောင်တော်ကြီး ဦးဘိုးဘကို ကပ္ပိယအဖြစ် ခေါ်ဆောင်၍ ဒါးပိန်ဘူတာမှ မန္တလေးသို့ စာသင်တက်ခဲ့သည်။ အထက်အောက် မီးရထားလမ်းဖောက်သည်မှာ ရှစ်နှစ်မျှသာ ရှိသေး၏။
မန္တလေးတောင်ပြင် ဘုရားကြီးတိုက် (ငယ်ဆရာနှင့် စာသင်ဘက်ဖြစ်သူ တိုးကြောင် ကလေးဇာတိ) ဆရာတော် ဦးရန်ကုန် (ဘွဲ့ ဦးသုဇာတ) ထံတွင် ပညာသင်ယူ၏။ ပေစာထုပ်နှင့် သပိတ်တစ်လုံး သင်္ကန်းသုံးထည်သာ ပါလာခဲ့သည်။ ငွေကို မည်သည့်အခါမျှ မကိုင်။ ထိုအချိန်က မန္တလေး နေပြည်တော်တွင် နေလ ပမာ ထင်ရှားကြသော ကျည်ဝန်၊ မိုးထား၊ မင်းဒင်၊ မိုင်းခိုင်း၊ မဟာဝိသုဒ္ဓါရာမ၊ ရွှေရေးဆောင် ဆရာတော်တို့ထံ၌လည်း နည်းခံခဲ့သည်။
စာသင်သားဘဝ နေရရာတွင် အမြဲတမ်း နိဝါတထား၍ ပြောဆိုလေ့ရှိ၏၊ စာချ ဆရာများအတွက်သာမက သီတင်းသုံးဖော်များအတွက်ပင် ချိုးရေ သုံးရေခပ်ခြင်း၊ တံမြက်လှည်းခြင်း ကုဋီသန့်ရှင်းရေး လုပ်ခြင်း စသော ဝတ်များကို အမြဲ လုပ်ဆောင်၏။ ထို့ကြောင့်လည်း အများက ချစ်ခင်လေးစားကြ၏။ ဆွမ်းခံရသမျှ စာချဆရာအား လှူပြီးမှ စားလေ့ရှိသည်။
စာသင်သားဘဝတွင်လည်း မိမိလည်း စာသင်၍ သံဃာငယ် များကိုလည်း တစ်ဖက်က အဘိဓမ္မာ ညဝါများကို အထူးသဖြင့် ပို့ချပေးခဲ့၏။ မာတိကာ, ဓာတု ကထာ, ယမိုက်နှင့် ပဋ္ဌာန်း ၄ကျမ်းကို တစ်ပြိုင်တည်း ပို့ချ၍ တစ်ဦးစီ ရွတ်ဆို စေသည်။ လွယ်ကူရှင်းလင်းသည့် တစ်နှစ်နှင့်အပြီး နည်းစနစ်များကို တီထွင်ပို့ချခဲ့ရာ ထိုစဉ်က စာသင်သားများ အလွန် နှစ်သက်ခဲ့ကြ၏။ (မိုးညှင်းညဝါအကျဉ်း အလင်းပြ အရကောက်ကျမ်းကြီးကို စာမျက်နှာ ၃ဝဝ-ကျော်ဖြင့် ၁၃၂၄- ခုနှစ်က ငယ်မူစနစ် မပျက် ရိုက်နှိပ်ထားပြီး ရှိပြီ။)
မိုးညှင်းဆရာတော်၏ စာသင်သား ဘဝသည် ရှင်ငယ် ရဟန်းငယ် နောက်သားတို့ အတုယူဖွယ် ကောင်းလှပါပေ၏။ ဆရာတော်၏ ပရိယတ္တိ စွမ်းရည်မှာလည်း ဆိုဖွယ်မရှိ၊ သူ၏ ကျမ်းများက သာဓကမူလေပြီ။
ဦးသုမနသည် ပရိယတ္တိ တတ်မြောက်ရန် စာသင်စာချ နေစေကာမူ တစ်နေ့တခြား တောထွက်ဖို့ ဆန္ဒကသာ စောနေတော့သည်။ ဆုံးဖြတ်၍ မရသေးမီ ဥပုသ်နေ့တိုင်း မန္တလေးအနောက်ပြင် ရဟိုင်းသုသာန်သို့ ကြွ၍ သုသာန် ရုက္ခမူဓုတင်များကို ဆောက်တည်လျက် ဗုဒ္ဓါနုဿတိ, မေတ္တာ, အသုဘ, မရဏဿတိ (စတုရာရက္ခ) ကမ္မဋ္ဌာန်းတို့ကို ပွားများရင်း အကျွတ်အလွတ် ထွက်နိုင်မည့် ရက်ကိုသာ စောင့်မျှော်နေရတော့သည်။
ယင်းသို့ အရှိန်ယူနေစဉ်မှာပင် အရပ် ငယ်ဆရာထံမှ ကျောင်းလွှဲလက်ခံရန် စာတစ်စောင်ရောက်လာ၏။ အဖန်ဖန်စဉ်းစားပြီး မပြန်ဘဲနေခဲ့သည်။ မကြာမီပင် မယ်တော်နှင့် ခမည်းတော်ကြီးတို့ မရှေးမနှောင်း ကွယ်လွန်ကြရာ ကြေးနန်းများ ရောက်လာကြပြန်၏။ ကျေးဇူးရှင်မိဘများကို ရည်စူး၍ ဆွမ်း သင်္ကန်းများ လှူကာ မပြန်ဘဲနေခဲ့လေသည်။ သို့ရာတွင် မပြန်လျှင် မဖြစ်သော အကြောင်းတစ်ရပ် ပေါ်ပေါက်လာခဲ့၏။
ထိုအကြောင်းကား အခြားမဟုတ်။ အကျွတ်အလွတ် တောထွက်မည် ရှိသောအခါ မိမိဘဝကို သိတတ်သော အရွယ်မှ ယခုကျအောင် အမှားပြုမူချက်များ ရှိမရှိ အဖန်ဖန် ဆင်ခြင်ကြည့်၏။ အပြန်ပြန်စစ်ဆေး၏။ မဆိုစလောက်သော မကောင်းမှု တစ်ခုမျှသာ တွေ့ရသည်။ ထိုမကောင်းမှုကား ကျောင်းသားဘဝ အများသွားရာ လမ်းမှ အုတ်ခဲတစ်ချပ်ကိုယူ၍ ဟောင်သော ခွေးတစ်ကောင်အား ပစ်ခဲ့ဖူး၏။ ထိုအပြစ်ကား လူသာမန်တို့အတွက် မဆို စလောက်သော်လည်း ဦးသုမနာကား ကြီးစွာထိတ်လန့်၍ နောင်တဖြစ်မိလေသည်။ သတိရသည်နှင့် တစ်ပြိုင်နက် ထိုလမ်းကို ပြင်မည်ဟု ဆုံးဖြတ်၍ ဇာတိရပ်သို့ ပြန်ခဲ့၏။
“အဏုမတ္တေသု ဝဇ္ဇေသု ဘယဒဿာဝီ” = အဏုမြူမျှသော အပြစ်ကိုပင် (မြင်းမိုရ် တောင်လောက်) ဘေးရန်ထင်လေ့ရှိသော” သူမြတ်တို့၏ ဝါဒအတိုင်း ကျင့်ကြံတော် မူလေသည်။ သေးငယ်သော အရာကစ၍ ကျင့်မှသာ ကြီးရာကို နိုင်မြဲဖြစ်သည်ကို သတိပြုဖွယ်ပင်။ သေးငယ်သည်ဟု မထီမဲ့မြင် မပြုအပ်။
ဇာတိရပ်သို့ ရောက်သောအခါ “မိဘသေလို့မှမလာ, ဆရာခေါ်လဲမရောက်၊ သံယောဇဉ် ပြတ်နိုင်လွန်းသည်” ဟု ဆိုကာ ဆွေမျိုးတစ်စုက ဝိုင်းဝန်းအပြစ်တင်ကာ ငိုကြွေးကြရာ တရားဖြင့် နှစ်သိမ့်ရ၏။ လမ်းကို နှစ်ရက်နှင့် အပြီး ပြုပြင်ကာ ငါးရက်နေ၍ ပြန်လာခဲ့သည်။ အရပ်ဆရာတော်မှာ ထိုအချိန် ခရီးလွန်နေသဖြင့် အတင်းအကျပ် တားမည့်သူမရှိ၍ ကံကောင်းထောက်မကာ ပြန်လာခွင့်ရခဲ့၏။
လေးတိုင်စင် တောရကျောင်းကလေး
ဦးသုမနသည် ၁၇-ဝါတိုင်အောင်ပင် စာကြည့် စာချ နိစ္စဗဒ်ဝတ်များ ပြုလုပ်ကာ ပရိယတ္တိ တာဝန်ကို ပဓာန ဆောင်ရွက်ခဲ့၏။ ယင်းသို့နေစဉ်-
“ငါသည် ဤကျောင်း ဤရွာ ဤဆရာ ဤတပည့် ဤသည့် သီတင်းသုံးဖော်တို့နှင့် နေ့ရက်ကုန်၍ မသင့်ပြီ။ အပေါင်းအသင်းမှ ဖဲခွာသော ဆင်ပြောင်ကြီးအလား, ပစ်လိုက်သောမြားပမာ မတွယ်တာမငြိကပ်ဘဲ တစ်သန်တည်း၊ တစ်ရှိန်တည်း ကျွတ်ကျွတ်လွတ်လွတ်ကြီး တောဝင်မှ တော်တော့မည်” ဟူသော အလင်းရောင် ကြီးက ရိုက်ခတ်လာ၏။ သို့နှင့် စာချဆရာတော်များနှင့် သီတင်းသုံးဖော်တို့ထံ သွားရောက်၍-
“တပည့်တော် ပဋိပတ္တိလုပ်ငန်းကို လုပ်ပါတော့မည်း တောထဲမှာ ဘေးအန္တရာယ် လည်း များလှပါ၏။ သေရမည့်အခါလည်း မသိနိုင်ပါ။ ပြန်လည်၍ တွေ့ကောင်းမှ တွေ့ရပါမည်။ ထို့ကြောင့် သံသရာကစ၍ ယခုဘဝတိုင်အောင် ပြစ်မှားမိသော အပြစ်များရှိလျှင် ဘုရား တပည့်တော်အား သည်းခံခွင့်လွှတ်တော်မူကြရန် တောင်းပန်ပါသည်” ဟု လျှောက်ထားသည်။ အပိုအလျှံပစ္စည်းများကိုလည်း မဲချ၍ လှူလိုက်၏၊
သပိတ်တစ်လုံး သုံးထည်သော သင်္ကန်းနှင့် ဝိသုဒ္ဓိမဂ်၊ ဥပရိပဏ္ဏာသ အဋ္ဌကထာ၊ ခဂ္ဂဝိသာဏ သုတ်ပါသော သုတ္တနိပါတ် အဋ္ဌကထာ စာအုပ် သုံးအုပ်သာ ယူဆောင်၍ ပလိဗောဓအားလုံး ဖြတ်ကာ အဲ့ဗျမက္ခရာရွာသို့ ထွက်ခဲ့လေသည်။ ထိုရွာကား မန္တလေး ကျောက်ဆည်လမ်း မြစ်ငယ်အနီး၌ ရှိ၏။ အရှေ့ဘက်၌ ဒုဋ္ဌဝတီမြစ်၊ အနောက်ဘက်၌ ရွှေစည်းခုံ ဘုရားကြီး ရှိသည်။ ထိုဘုရားကြီးနောက် ထူထပ်သော တောချုံပုပေါင်းတို့အကြား အားလပ်သော လေးတိုင်စင်တောရ ကျောင်းကလေး၌ သီတင်းသုံးရသည်။
နေ့ဖို့ညစာမချန်၊ တွယ်တာရန်လည်း မရှိ။ မိမိ၏ အတောင်ပံသာလျှင် ဝန်ရှိသော ငှက်ပမာ ငြိတွယ်စရာမရှိသော လေကဲ့သို့ မိမိကို စောင့်ရှောက်ကြမည့်သူမရှိ။ မိမိကလည်း စောင့်ရှောက်ရမည့်သူမရှိ၊ ပကတိ အေးချမ်းလှသော ဧကစာရီဘဝ၏ သုခကို ပထမဆုံး ရရှိပေသည်။
နေ့စဉ် ဘုရားဝတ်ပြု၊ မေတ္တာပို့ ၊ အမျှဝေ၊ မေတ္တာရပ်ခံချက်များ ရွတ်ဆို၍ နတ်များ ကို ဖိတ်ကာ မဟာသမယသုတ်၊ ရာဟုလောဝါဒသုတ်၊ သမစိတ္တသုတ် တို့ကို ဟောကြားသည်။
နံနက် အိပ်ရာထ အုန်းမှုတ်ခွက်ကြီးနှင့် ရေတစ်ခွက် အဝသောက်သည်။ ထို ရေသည်ပင် ဝမ်းနုတ်ဆေး၊ အစာကြေဆေးဖြစ်၏။
ပြဆိုပြီး ကမ္မဋ္ဌာန်း လေးမျိုးတွင် မေတ္တာကမ္ပဌာန်းသည် မကြာမီ ရှေ့တန်းသို့ ရောက်လာဟန်ရှိ၏။ ညနေစောင်းလျှင် ကျောင်းမှထွက်ကာ ရွှေစည်းခုံစေတီ ပျက်ကြီးသို့ သွား၍ စေတိယင်္ဂဏဝတ် ပြုသည်။ ပြီးလျှင် ဘုရားအာရုံပြု၏။ ထိုအခိုက် ကျေးငှက် တိရစ္ဆာန်များက ဦးသုမနကို ဝိုင်းရံနေကြ၏။ ဝတ်ပြုပြီးလျှင် ငှက်အချို့ကို လက်နှင့်ကိုင်၍ “ကဲ-ငါ့ဆွေတော် မျိုးတော်များ ချမ်းသာစွာ ပြန်ကြပေတော့” ဟု ပြောလိုက်သောအခါ လူ့စကား နားလည်သကဲ့သို့ အားလုံး ပျံတက်သွားကြလေသည်။
နေ့စဉ် ဆွမ်းခံကြွ၏။ စကား လုံးဝမပြော၊ ဥပုသ်နေ့တွင် ဥပုသ်သည် အနည်းငယ် လာကြရာ သီလပေးပြီးလျှင် “နေရာမရှိ၊ ပြန်ကြတော့” ဟု မိန့်ဆိုပြန်လွှတ်သည်။ များ မကြာမီ ဆွမ်းစာဇရပ်၊ ဥပုသ်ဇရပ်များ ဆောက်၍ လူလေးငါးဆယ် ဥပုသ်စောင့် လာကြရာ မိုးချုပ်မှ ပြန်ကြသဖြင့် အနှောင့်အယှက် ဖြစ်ရ၏။ သို့ရာတွင် မည်သည့် အပိုပစ္စည်းမျှ အလှူမခံ၊ တစ်နေ့တခြား ကျော်ကြားလာသဖြင့် တစ်ခုသောနေ့ အရုဏ်တက်တွင် အဲ့ဗျမက္ခရာ တောရကျောင်းကလေးမှ တိတ်တဆိတ် ထွက်ခွာ ခဲ့ရတော့၏။
ခင်မွန်, ရေစကြိုထံ နည်းခံ
အဲ့ဗျမှ မြစ်ငယ်၊ ပလိပ်၊ အင်းဝ၊ စစ်ကိုင်း ရွာထောင်မှ တစ်ဆင့် မုံရွာဘက်သို့ ခရီး ဆက်ခဲ့သည်။ မုံရွာ မရောက်မီ ခင်မွန်ရွာ မဟာဗောဓိ တောရကျောင်း၌ တစ်ထောက် နားလိုက်၏။ ခင်မွန် သုံးဂိုဏ်းချုပ် ဆရာတော်ကား ရွှေကျင် သာသနာပိုင်ကြီးကပင် လေးစားရ၍ သီလနှင့် ဓုတင်အရာတွင် အလွန် ထင်ရှားသည်။ ရာဇဂုရုဘွဲ့ ရတည်း။
ခင်မွန်ဆရာတော်ထံ ခြောက်လမျှ နည်းခံပြီးလျှင် မုံရွာမှ လှေကြုံစီး၍ ရေစကြိုမြို့သို့ ခရီးဆက်ပြန်သည်။ ရေစကြိုအနောက် ဂူဖြူတောရဆရာတော်ကြီးကား ထိုခေတ်က ရဟန္တာ ဟုပင် ကျော်ကြားလျက်ရှိ၏။ ရဟန္တာဟု ကျော်ကြားသော ဘုန်းတော်ကြီး ဦးသီလကပင် “ငါ့ထက်သာသည်” ဟု ချီးကျူးရသော ဆရာတော်ကြီးပင်တည်း။ ဂူဖြူဆရာတော့်ထံ၌ တရားအားထုတ်နည်းကို သုံးလတိတိ နေထိုင်နည်းယူခဲ့သည်။
ရေစကြိုမှ မုံရွာမြို့သို့ ဆန်တက်ကာ လယ်တီတောရကျောင်းသို့ ကြွရောက်၏။ လယ်တီဆရာတော်လည်း မော်လမြိုင်မှ ဝါဆိုပြီး ပြန်ကြွလာခိုက် ဖြစ်၍ အလိုက်သင့် ဖူးမြော်ရသည်။ ဆရာတော်အား အကျိုးအကြောင်းကို ဝတ်ပြုလျှောက်ထားရာ-
“တရားအားထုတ်လိုသည်မှာ ကောင်းလှပေ၏။ ခေတ္တ အပန်းဖြေနားနေဦး” ဟု အမိန့်ရှိကာ နေရာညွှန်ပြပေးလေသည်။
လယ်တီဆရာတော့် သြဝါဒ
ထို့နောက် ဆရာတော်ဘုရားကြီးက အောက်ပါအတိုင်း သြဝါဒပေးတော်မူသည်။
“ငါ့ရှင်သုမန၊ အားထုတ်ရမည့်တရားကား မခက်၊ ဝီရိယသာလိုသည်။ ယခုခေတ်တွင် မဂ်ဖိုလ်ရနိုင်စွမ်းသော ဝီရိယကို မထူထောင်ကြဖူးကွယ့်။ အဋ္ဌကထာဆရာတို့ ဆုံးမတဲ့အတိုင်း --
ပန်းဝတ်ရည်ယူအံ့ဟု ပျံသွားသော ပျား၊ ရေအပြင် ကြာရွက်၌ သွေးကြောဖြတ် သင်သော ဆေးသမား၊ အသပြာ လေးထောင်ကို လို၍ ပင့်ကူချည်မျှင် လေးလံရအောင် တုတ်တံဖြင့် ရစ်ယူသောယောက်ျား၊ လေကြမ်းလျှင် ခါးလည်ကို စည်း၍ လေညံ့လျှင် ရွက်ကုန်ဖြန့်၍ ရွက်တိုက်သော လှေသမား၊ အပေါက် ကျဉ်းလှသော ကျည်တောက်၌ မဖိတ်ရအောင် ဆီသွတ်သော ယောက်ျားကဲ့သို့ မဆုတ်မနစ် မတက်ကြွားစေရအောင် စိတ်ကို စဉ်းစားဆင်ခြင်၍ သမုဒ္ဒရာ၏ ဟိုမှာဘက်ကမ်းသို့ ကူးသန်းအံ့သော ယောက်ျား၏ အာသာဆန္ဒကဲ့သို့ လည်းကောင်း သက်စွန့်ကြိုးစားပြီး အားထုတ် ရမယ်ကွယ့်”
“ရှေးအခါက ယောက်ျားနှစ်ဦးတို့ တောကြမ်းခရီး၌ ရှားနှစ်ကိုတွေ့၍ “ရှားနှစ်ကို မီးပွတ်သော် မီးရမည်လော” ဟု တစ်ယောက်က ဆိုလျှင် တစ်ယောက်က “မစင်ပါအောင် ပွတ်သော်လည်း မီးမရနိုင်” ဟု ဆိုသည်ကို မခံချင်လှ၍ “ငါ မစင်ပါအောင် ပွတ်မည်” ဟု ကြိုးစားအားထုတ် ပွတ်ရာတွင် အခိုးထလေလေ နှိပ်ပြီးပွတ်လေလေဖြင့် မစင်လဲဗျစ်ကနဲပါ၊ မီးလဲရလှာသည်ဟူသော ဥဒါန်းစကား အတိုင်း မီးပွတ်ယောက်ျား၏ အာသာဆန္ဒ လုံ့လပယောဂ လောက်မျှ မရှိကြ။
“တရားထူးရမည်ကို သင်္ကန်းတစ်စုံ သပိတ်တစ်လုံး ရမည်လောက်မျှ ဝမ်းမမြောက်၊ ဆွမ်းတစ်အုပ်ရသလောက်မျှ မခင်မင်၊ ပုထုဇဉ်ပေတုံး ပိတ်ဖျင်ကိုသာ ဖြုန်းကြသော ကတုံး တွေမှာ မြေကြီးနှင့်ကောင်းကင်အလား ဤတရားမြတ်နှင့် ဝေးလိမ့်မယ်ကွယ့်။ “အရေး အကြော၊ အသား၊ အသွေး အကုန်ခြောက်ပါစေ၊ ရထိုက်သော တရား မျိုးသာ မှန်ပါလျှင် မရသမျှ ငါမနေ။ မပေါက်မရောက်သမျှ ငါမနေ” ဟု ဝီရိယ မလျှော့ဘဲ အားထုတ်ရမယ်ကွယ့်”
“ဤသို့ သက်စွန့်ကြိုးစား အားထုတ်ပါလျှင် ခပေါင်းရေကြည်စေ့စပ်သော ရေသည် တစ်ခဏချင်း စိမ်းမြဖြူစင် ကြည်လင် သန့်ရှင်းသကဲ့သို့ တစ်ခုတည်းသော တရားအာရုံကိုသာ စူးစိုက်စွဲမြဲသော သမာဓိနှင့် ယှဉ်ရသဖြင့် တရားအားထုတ်သူ၏ စိတ်အစဉ်သည် လွန်စွာ ကြည်လင်တောက်ပပြီး အဆင့်ဆင့်မြတ်သော တရားထူး တရားမြတ်ကို ရနိုင်တယ်ကွယ့်” ဟု မိန့်တော်မူ၏။ ထိုအခါ ဦးသုမနသည်-
“ဆရာ့သြဝါဒများကို သံမှိုနှက်သကဲ့သို့ ဦးထိပ်ရွက်ပန်ဆင်ပါသည်။ သပ္ပါယ ဖြစ်သော ဌာနကို ညွှန်ကြားက ဘုရားတပည့် သွားရောက် အားထုတ်လိုပါသည် ဘုရား” ဟု လျှောက်ထားရာ သာဓုခေါ်တော်မူ၏။
တပည့်တစ်ပါးကို ခေါ်၍ ဆရာတော် ကိုယ်တိုင် ၁၂၆၅-ခုနှစ်က သီတင်းသုံးဖူး ဟောင်းဖြစ်သော လက်ပတောင်းတောင် တောရသို့ ဦးသုမန အားပို့စေသည်။
လက်ပတောင်း တောင်ကား မုံရွာချင်းတွင်းမြစ် အနောက်ဘက်ကမ်း လေးမိုင် ခန့်တွင် ရှိလေသည်။ ဦးသုမနသည် ထိုတောရကျောင်း၌ တရား အားထုတ်သည်။ ဆွမ်းခံရာတွင် ဆန်ဆွမ်းမရ၊ ဆတ်ဆွမ်း၊ လူးဆွမ်းများကိုသာ ရသဖြင့် “အသက် မသေလျှင် တော်ပြီ” ဟု နှလုံးပိုက်၍ တရားကိုသာ ဖိ၍ အားထုတ်၏။ မကြာမီ ဆတ်ဆွမ်းနှင့်ချဉ်ပေါင် ဟင်းတို့ကြောင့် ဝမ်းပျက်လာသဖြင့် ဆွမ်းခံလည်း မကြွနိုင်၊ တရားလဲ မထိုင်နိုင်၊ လဲယိုင် ချည့်နဲ့ သွားတော့သည်။
“ဤအရပ်ကား ငါနှင့် သပ္ပါယမဖြစ်။ ဆက်နေလျှင် သေဖွယ်ရာသာ ရှိသည်။ အကျိုးကား ပြီးမည်မဟုတ်” ဟု ဆုံးဖြတ်ကာ လယ်တီတောရသို့ ပြန်ကြွ၍ ဆရာတော်ကြီး၏ မေတ္တာရိပ်ကို ခိုလှုံရင်း ဆေးဝါး အကုသခံရ၏။ တစ်လအတွင်း ပကတိနီးပါး ကျန်းမာလာ၍ အခြား သင့်လျော်ရာဌာနတစ်ခု ညွှန်ကြားပါရန် လျှောက်ထားရပြန်လေသည်။
၁၀ နှစ် အဓိဋ္ဌာန် (မဟောမပြော)
ထိုအခါ လယ်တီဆရာတော်ဘုရားကြီးက-
“ကဲ-ငါရှင်သုမန၊ ဝိပဿနာဓုရကို မရမနေ အားထုတ်မည်ဆိုလျှင် ဥပဒေ ခြောက်ချက်ကို လိုက်နာရမည်” ဟု အမိန့်ရှိရာ “လိုက်နာပါမည်” ဟု လေးလေး မြတ်မြတ်ပင် ကတိပြုလေသည်။ ဥပဒေခြောက်ချက်ကား-
- ဒကာ ဒကာမတို့ ပင့်ဆွမ်းကို လိုက်မစားရ၊
- ရဟန်းခံ၊ ရှင်ပြု ပြုလုပ်ပေးခြင်း၊ အလှူအတန်းလိုက်ခြင်း မလုပ်ရ၊
- ဘုန်းကြီးပျံပွဲ၊ အစည်းအဝေးပွဲများ မလိုက်ရ၊
- စကားမပြော၊ တရားမဟောဘဲ ဆယ်နှစ် အားထုတ်ရမည်၊
- ဆယ်နှစ်ပြည့်မှ မိမိဌာန၌သာ တရားဟောရမည်။
- အသက် ၆၀-ပြည့်မှသာ နယ်လှည့်ပြီး တရားဟောရမည်။
လယ်တီဆရာတော်သည် ဦးဉာဏောဘာသ (နောင် ဒုတိယလယ်တီဆရာတော်) အား အဖော်အဖြစ်ထည့်၍ မြေနဲတောရသို့ ပို့လိုက်၏။ မုံရွာမြို့မှ ၆-မိုင်အကွာ အောင်သာရွာနှင့် မြေနဲရွာကြားရှိ ကျောင်းဟောင်းကြီး ဖြစ်သည်။ ဘုရားငုတ်တို များနှင့် ကျောင်းပျက်ကြီးတစ်ခုသာ ရှိသည်။ ချုံများ ထူထပ်နေ၏။ တစ္ဆေသရဲ ခြောက်သည်ဆိုကာ နေ့အခါပင် မဝင်ဝံ့ကြ။ ကျောင်းထိုင်လာသော ဘုန်းကြီးများ ထွက်ပြေးရ၏။ မပြေးသော် လပိုင်းနှင့် ပျံတော် မူသည်ကား များလှပြီ။ မြွေဆိုးများ ကလည်း သောင်းကျန်းလှ၏။
လယ်တီဆရာတော် စေလွှတ်သော ဘုန်းကြီးတစ်ပါးရ၍ ပတ်ဝန်းကျင်ရွာသားတို့ ဝမ်းသာကြ၏။ ကျောင်းဝင်း ဘုရား, သိမ်, ရေတွင်းဟောင်းများကိုလည်း ရှင်းလင်း တူးဖော် ပေးကြသည်။ ထိုနေရာကား သက္ကရာဇ် ၇၈၈-ခုနှစ်တွင် အင်းဝ နေပြည်တော် မိုးညှင်းမင်းတရားကြီး၏ ကုသိုလ်တော် သံဃာ ၂ဝဝ သီတင်းသုံး ခဲ့ဖူးသည့် အဓိကရ သာသနာပြုဌာနကြီး ဖြစ်ခဲ့သည်။ ယင်းမင်းတရားကြီးအား ချီးမြှောက် ဂုဏ်ပြုသော အားဖြင့် မြေနဲတောရမှ “မိုးညှင်းတောရ” ဟု ပြောင်းလဲ ခေါ်တွင်စေခဲ့သည်။ ထိုအခါမှစ၍ “မိုးညှင်း ကိုယ်တော်ကလေး” ဟု တွင်ခဲ့သည်။
၁၂၇၃-ခုနှစ် ဝါဆိုလမှစ၍ သီတင်းသုံး၏၊ ရွာနီးချုပ်စပ် ဒကာများကို ခေါ်၍ “စကားပြောဆိုမေးမြန်းခြင်း၊ ပစ္စည်းအပို လှူဒါန်းပင့်ဖိတ်ခြင်း” မပြုကြရန် မေတ္တာ ရပ်ခံထားရ၏။ ရောက်သောနေ့မှစ၍ နိဗ္ဗာန်သို့ စိတ်ကို တစ်ရှိန်တည်း လွှတ်ထားကာ ရွပ်ရွပ်ချွံချွံ အားထုတ်ရန် ဆန္ဒမူထား၏။ နေဝင်သည်နှင့် ဘုရားဝတ်တက်၊ ပန်းရေချမ်းကပ်၊ မေတ္တာပို့သည်။ နတ်များကို အော်၍ အော်၍ မေတ္တာရပ်၊ အမျှဝေပေး၏။ ဘုရားနှုတ်ထွက် ရသမျှ ရဲတင်းဂါထာများကို ရွတ်သည်။ ပြီးမှ တရားထိုင်၏။
ဤမျှ နေ့ခင်းမှာပင် ကြောက်မက် ကျောချမ်းဖွယ် ကောင်းသည့် ကျောင်းအို, စေတီပျက်ကြားတွင် တစ်ပါးတည်း နေရခြင်း၊ လေဟောခြင်း၊ နှင်းကျခြင်းတို့ကိုမမှု၊ လွင်တီးခေါင်၌ အမိုးအကာမရှိ နေထိုင်ရခြင်း (အမ္ဘောကာသိက ဓုတင်)၊ နေ့ရော ညပါ အိပ်စက်ခြင်းကို မဆိုထားဘိ ကျောစင်း၍ပင် ကိုယ်မဆန့်ရခြင်း (နိသဇ်ဓုတင်) စသော ကိစ္စတို့မှာ အပြောလွယ်သလောက် အလုပ်ခက်လှပေသည်။ ထိုအလုပ်ကား တစ်ရက်မဟုတ်၊ တစ်လမဟုတ်၊ တစ်နှစ်မဟုတ်၊ တရားထူးမရမချင်း ဖြစ်သည်။ အနည်းဆုံး အာမခံ ထားသည်ကား ဆယ်နှစ်။ ခိုင်းသည့် အတိုင်း လိုက်နာ လွယ်ခြင်း (သောဝစဿတာ) ဂုဏ်မှာလည်း အတုယူဖွယ်ရာ ကောင်းလေစွာ့။
မိုးညှင်းကိုယ်တော်သည် “စကားမပြောရ” အဓိဋ္ဌာန်ကို မပျက်စေရန် ခုနစ်ရက်စီလီ၍ အဓိဋ္ဌာန်ယူသည်။ အနှောင့်အယှက် အခက်အခဲတို့ကား တစ်မျိုးမဟုတ် တစ်မျိုး ကြုံတွေ့နေရရာ မေတ္တာစိတ်ကို မဲတင်းပွား၍ အဓိဋ္ဌာန် ပါရမီကျောက်ကြီး ချထားရသည်။
“အင်း... မိဘ ဆရာသမားတို့၏ တာဝန်ကား ကျေကြပေပြီ။ ကျေးဇူးကြီးမား လှပါပေသည်။ သေခြင်းတရားသည်လည်း နာရီမဆိုင်း သေနိုင်၏။ ဝိပဿနာ တရားမှ တစ်ပါး အားထားစရာမရှိ၊ တရားထူးမရသမျှ မည်သည့် အကြောင်းကြောင့်မျှ နေရာသစ် မပြောင်းရွှေ့တော့ပြီ။ ဤနေရာသည်ပင် ငါ၏ သင်္ချိုင်း ဖြစ်စေတော့” ဟု အဓိဋ္ဌာန်ကာ ခန္ဓာကိုယ်ကို ဘုရားရှင်အား အပြီးအပိုင် စွန့်လှူ၍ ပြန်လမ်းမထားဘဲ မအိပ်မနေ ကြိုးစား၏။ သေခြင်းကား အဆန်းမဟုတ်။ အလုပ်လက်ရှိနှင့် အလုပ်ခွင်မှာ သေရခြင်းသည်သာ မွန်မြတ်၏။
နွားရိုင်းနှင့် မြွေဆိုးများ
ဆွမ်းခံကြွရာတွင်လည်း ကျောင်းဝင်းအထွက် ခြေစုံရပ်၍ ရွာဝင်ပေါက် အရောက် ခြေလှမ်းတိုင်း ဝိပဿနာ သတိကပ်၍ လှမ်းသည်။ သတိလွတ်ပြီး ခြေလှမ်းမိလျှင် နောက် ပြန်ဆုတ်၍ ပြန်မှတ်ရ၏၊ ရွာတွင်းတွင်မူ ရိုးရိုး မေတ္တာပွားသည်။ ကျောင်းပြန်ရာတွင်လည်း အလာကလမ်းအတိုင်း သတိကပ်၍ ပြန်ရ၏။ ယင်းကို ဂတပစ္စာဂတိကဝတ် ဟု ခေါ်၏။ (သီဟိုဠ်ခေတ် စံတော်ဝင် အရိယာများ စာအုပ်၌ အကျယ်ရေးထားသည်။)
ဤအသွားအပြန် ကတိဝတ်ကို မချွတ်နေ့စဉ် ခြေလှမ်းတိုင်း သတိကပ်၍ ကြွရာ တစ်နေ့တွင် နွားသိုးရိုင်းတစ်ကောင်က ရှေးရှုရင်ဆိုင် မိတ်လိုက်ပြေးလာရာ မြင်ရသော လူအများက “မိုးညှင်းကိုယ်တော်ကလေး၊ နွား,နွား၊ တိုက်ပါလိမ့်မယ်၊ ဖယ်ပေးပါဘုရား” ဟု ဝိုင်း၍ အော်ဟစ် ပြောဆိုသော်လည်း “ဒီဝတ်ကို အပျက်ခံပြီး ထွက်ပြေးရင် သေတာနဲ့ အတူတူပဲ” ဟု ရုတ်တရက် စဉ်းစားကာ တစ်လှမ်းချင်း သတိကပ်၍ ကြွမြဲကြွနေ၏။
“ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရိံ- တရားသည် တရားစောင့်သူကို စောင့်ရှောက်၏” ဆိုသည့်အတိုင်း နွားရိုင်းသည် ကိုယ်တော်နှင့် လေးတောင်ကွာ အရောက်တွင် တစ်ဦးဦးက ရိုက်လိုက်သကဲ့သို့ ချာကနဲ လှည့်ထွက် တိမ်းရှောင်သွား၏။ မြင်သမျှ၊ ကြားသမျှ အံ့ဩ မဆုံးကြချေ။ တရားကား ယုံကြည်သူတိုင်းအား သက်သေပြပါ၏။
ထို့အတူ ဆွမ်းခံကြွရာတစ်နေ့တွင် မြွေဆိုးကြီး တစ်ကောင် မာန်ဖီ၍ ခေါင်းထောင်နေသည်ကို တွေ့သောလူများက ဆွမ်းခံကြွလာနေသည်ကို မြင်သဖြင့် မောင်းနှင်ကြ၏။ မရသဖြင့် “ရှေ့မှာ မြွေဆိုးကြီးပါ ဘုရား၊ နောက်ပြန် ဆုတ်ပါ” ဟု လျှောက်ထားကြ၏။ မိုးညှင်းကိုယ်တော်ကား ကြွမြဲကြွသည်။ နှစ်တောင်ခန့် အလိုတွင် ထိုမြွေကပင် ထွက်ပြေး ဖယ်ပေးရသည်။ မေတ္တာနှင့် သီလတန်ခိုးသည် တကယ်ကျင့်လျှင် တကယ်အစွမ်းထက်ပေသည်။
တစ်ခါကလည်း ဘုရားငုတ်တိုများ၌ သန့်ရှင်းရေးလုပ်အပြီး ဘုရားဝတ်ပြုနေစဉ် မြွေတစ်ကောင်သည် နောက်မှ တရှူးရှူး မာန်ဖီနေ၏။ အဓိဋ္ဌာန် မဖျက်ဘဲ ဆက်၍ ရှိခိုးမြဲ ရှိခိုးနေသည်။ ထိုမြွေသည် ဆောင့်ကြောင့်ထိုင်နေရာတွင် ခြေနှစ်ချောင်းကြား နောက်မှ ရှေ့သို့ထွက်လာပြီး ရုပ်ပွားအနီး မြှောင်၍ ပါးပျဉ်းထောင်ကာ မာန်စောင် နေပြန်တော့သည်။ မေတ္တာဖိ၍ ပွားပို့မှသာ ပျောက်ကွယ်သွားတော့၏။
အနှောင့်အယှက် မှန်သမျှကို ခုခံကာကွယ်နိုင်သည်မှာ မေတ္တာမှတစ်ပါး အခြားမရှိ ကြောင်း မိုးညှင်းကိုယ်တော် ပို၍ စွဲမြဲယုံကြည်သွားတော့၏။
တရားမျက်စိနှင့် အံ့ဖွယ်များ
တရားအားထုတ်၍ တစ်နှစ်ခန့်ရှိလျှင် ဆည်ကြီးရွာမှ ဦးထွန်းမြ၊ ဦးလွှားကြီးနှင့် ဦးထင်၊ အောင်သာရွာမှ ဦးဘိုးကြူတို့ လေးဦးသည် တစ်ဦးလျှင် သုံးလစီ ကပ္ပိယ လုပ်ရန် တိုင်ပင်ကြ၏။ ဆရာတော်မှာ စကားမပြောသဖြင့် ကုဋီကြွစဉ် စာရေး၍ လက်မှတ်ထိုး လျှောက်ကြရာ ခေါင်းညိတ်သောအားဖြင့် လက်ခံတော်မူသည်။
ကပ္ပိယများမှာလည်း ကိစ္စရှိလျှင် စာဖြင့်သာ လျှောက်ထားကြရသည်။ ယင်းသို့ မနေမနား သုံးနှစ်ဆက်တိုက် အားထုတ်တော်မူရာ ၁၂၇၆-ခုနှစ်၊ တန်ဆောင်မုန်း လပြည့်နေ့ ညသန်းခေါင်ယံတွင် “စက္ခုံ ဥဒပါဒိ, ဉာဏံ ဥဒပါဒိ” ဟူသကဲ့သို့ တရားဉာဏ် အမြင်ထူးများ ရရှိတော်မူခဲ့လေသည်။
သုံးနှစ်ပြည့် မြောက်လျှင် နောက်ထပ်နှစ်နှစ် အသစ်ထပ်မံ၍ အဓိဋ္ဌာန် ပြုရသည်။ နှုတ်ပိတ် အဓိဋ္ဌာန်ကိုမူ ဆယ်ရက် တစ်ကြိမ်ကျ ပြုလုပ်၍ ငါးနှစ် ပြည့်သည်အထိ လုပ်ချိန် သတ်မှတ်ထားလေသည်။ ဒုတိယ ငါးနှစ်ပိုင်းတွင် နှုတ်ပိတ်အဓိဋ္ဌာန်ကို ၁၅-ရက် သတ်မှတ်ခဲ့၏။” ဆွမ်းစားရာတွင်လည်း “အာဟာရေ ပဋိကူလသညာ” ဖြင့် ဆွမ်းတစ်လုပ် ပုတီးတစ်လုံးချ၍ ဘုဉ်းပေးတော်မူသည်။ တရားအားထုတ်စဉ်အတွင်း ကြိုးကြားစာကြည့်သည်။ မိမိ ဝိပဿနာ ရှုပွားပုံကိုလည်း မှတ်သားထားရာ ယခုအခါ “ဝိသုဒ္ဓိကျင့်စဉ်ကျမ်း” ဟု ပုံနှိပ်ပြီး ရှိလေပြီ။
၁၀-နှစ်ကာလအတွင်း ရပ်ဝေး ရပ်နီးမှ ရဟန်း ရှင်လူများက နည်းခံတရား ကျင့်လိုကြောင်း ကပ္ပိယမှတစ်ဆင့် စာဖြင့် လျှောက်ထားကြရာ “အဓိဋ္ဌာန် မပြည့်သေး၍ ခွင့်မပြုနိုင်” ဟု စာဖြင့် ဖြေကြားတော်မူသည်။ အဓိဋ္ဌာန်ဖြင့် မည်မျှပင် ပိတ်ထားသော်လည်း အဓိဋ္ဌာန် ပြည့်ခါနီးတွင် ဖိုးဝန်းတောင်၊ လက်ပတောင်းတောင်၊ ကျောက်ကာတောင်၊ ကြေးမုံရွှေမြင်တင်တောင် စသော နေရာများနှင့် မုံရွာ လယ်တီ ဆရာတော်ဘုရားထံတို့၌ ရှေးမနှောင်း တစ်ပြိုင်တည်း နှစ်နေရာ သုံးနေရာ တွေ့နေရသည်ဟူသော သတင်းများက မကြာခဏ ထွက်ပေါ်လာ၏။
ကပ္ပိယများမှာလည်း မကြာခဏ ဘုန်းကြီးပျောက်နေကြသည်။ ရံခါ တစ်ကျောင်းလုံး လင်းနေသည်ကို လည်းကောင်း၊ နတ်ဗြဟ္မာများ ဘီလူးများကိုပင် တရားဟော နေသည်ကို လည်းကောင်း တွေ့ကြရလေသည်။ ကပ္ပိယများမှာ အလွန်ဝမ်းမြောက် ကြကာ သတင်းများလည်း တစ်နေ့တခြား ကျော်ကြားလာပေသည်။
၁၂၈၃-ခု၊ ဝါဆိုလတွင် ၁၀-နှစ် အဓိဋ္ဌာန် ကမ္မဋ္ဌာန်းလည်း ပြည့်၊ လိုအပ်သော တရားထူးလည်း ပေါက်ရောက်ပြီ ဖြစ်သဖြင့် ထိုနှစ် သီတင်းကျွတ်တွင် ကျေးဇူးရှင် လယ်တီဆရာတော်အား ကန်တော့ကာ တွေ့မြင်သောတရားများကို လျှောက်သည်။ လယ်တီဆရာတော်က သာဓု သုံးကြိမ်ခေါ်တော်မူ၏။ လယ်တီဒီပနီကျမ်းများ လှူ၍ တရား ဟောခွင့် ပြုလိုက်သည်။
ကပ္ပိယများနှင့်တကွ ပရိသတ် လေးငါးဆယ်ရှိလာရာ သစ်ပင်အောက်တွင် ထန်းရွက်မိုး မဏ္ဍပ်၌ နေစဉ် တရားပေးတော်မူ၏။ တစ်စတစ်စဖြင့် ဇရပ် တန်ဆောင်းများ ပေါ်ပေါက်၍ လာတော့သည်။
ထိုအချိန်တွင် “ဝိပဿနာပီတိ အစားစား ကျင့်စဉ်တရားကြီး” “ပဋိစ္စသမုပ္ပါဒ် ကျင့်စဉ်ကြီး” “နိဿယ မုစ္စကကျင့်စဉ်ကျမ်း” များ ရေးသား ပုံနှိပ်လေသည်။ ၁၂၈၅-မှ ၁၂၉၁-ခုနှစ်အတွင်း ဘုရားဟောင်း ကိုးဆူကိုလည်း နိစ္စဗဒ်တစ်ဆုပ်ဆန်ဖြင့် ထပ်မံတည်ထား ခဲ့လေသည်။
၁၂၈၅-ခုနှစ်တွင် တပည့် ယောဂီများ များပြားလာသဖြင့် တိုက်အုပ် ဦးသုမင်္ဂလ၊ တိုက်ကြပ် ဦးအာသဘ၊ အမျိုးသမီးကြီးမှူး ဒေါ်စန္ဒာကြီးတို့ကို ခန့်အပ်၍ “ဝိသုဒ္ဓိ ကျင့်စဉ်ကျမ်းကြီး” ကိုလည်း ရိုက်နှိပ်ကာ နေ့ရော ညပါ အလုပ်တရားများ ပြသသည်။ အရာရာတွင် ဝိနည်းတော်နှင့်အညီ ဆုံးမလေ၏။ ညစဉ် ဝတ်တက်ကာ စတုရာရက္ခကမ္မဋ္ဌာန်းကို ပွားကြရသည်။ ထို့နောက် ရုပ်အနိစ္စကို စင်္ကြံနှင့်တွဲ၍ တစ်ချက်ပျက်မှ ခြောက်ချက်ပျက်ထိ သုံးညဟောသည်။ တရားပြသူက စင်္ကြံရှေ့က ကြွလျှင် နောက်က လိုက်ကြရသည်။ နာမ်အနိစ္စ (ဝိညာဏဓာတ်ခြောက်ပါး) ခြောက်ရက်ပြသည်။ (စာရေးသူ ၈-နှစ်သားအရွယ်က ဆရာတော်ကြီး စင်္ကြံကြွရင်း တရားပြသည်ကို ဖူးတွေ့ရဖူး၏။)
လယ်တီဆရာတော် ပျံလွန်တော်မူ၍
ထိုနှစ်ဝါဆိုလဆန်း ရှစ်ရက်နေ့တွင် ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး မကျန်း ရှိတော်မူ၍ မိုးညှင်းဆရာတော် ကြွလာရန် ကြေးနန်းစာ ရသဖြင့် ပျဉ်းမနားသူဌေး ဦးလန်းတိုက် (လယ်တီစံကျောင်း) သို့ ကြွရသည်။ ကျေးဇူးရှင်ကြီး၏ ခြေတော်အစုံကို ဦးခေါင်းဖြင့် ပွတ်တိုက်ကာ ဝတ်ပြုစဉ်...
“အင်း... မိုးညှင်းကိုယ်တော်လား၊ အေးကွယ့်- ဝိပဿနာ သာသနာကြီး ကြိုးစား ပြုကွယ့်၊ ငါမရှိပေမယ့် ငါ့စာတွေရှိနေတယ်၊ ငါ့ကိုယ်စား အားထားရစ်” ဟု မိန့်မှာတော်မူသည်။ တပည့်များက ပဋ္ဌာန်းကျမ်းကို ဆရာတော်အား ရွတ်ပေးကြ၏။ မိုးညှင်းဆရာတော်ကမူ အနတ္တဒီပနီကို ရွတ်ဖတ်၍ နာစေသည်၊ ကျေးဇူးဆပ် လေသည်။
လယ်တီဆရာတော်ဘုရားကြီးက....
“အေး-ကောင်းလိုက်တာကွယ်၊ အနတ္တဒေသနာ နာရတော့ အဘဘုရား အနတ္တ လက္ခဏာသုတ် ဟောပုံကို မြင်ပြီး ကြည်ညိုလိုက်တာ။ ဘုရားကြွလာသလိုပဲကွယ့်၊ ချစ်သား လူ့ပြည်မှာ အဘိဓမ္မာတရား ဟောပြီးပြီ။ နတ်ပြည်မှာ တစ်လှည့် ဟောချိန်ကျပြီလို့ ငါ့နား ထဲမှာ ဘုရားရှင် ခေါင်းရင်းက ကြွပြီး မိန့်တော်မူသံလို ကြားနေရတယ်” ဟု အမိန့်ရှိလေသည်။ ထိုနှစ် ဝါဆိုလပြည့်နေ့ နှစ်နာရီ မိနစ် ၃၀-တွင် လယ်တီဆရာတော်ဘုရားကြီး စုတိ ကမ္မဇရုပ် ချုပ်တော်မူ၍ တပည့်ကြီး များအား ခွင့်ပန်ပြီး မိုးညှင်းတိုက်သို့ ပြန်ခဲ့သည်။
လယ်တီဆရာတော်ဘုရားကြီး ပျံလွန်တော်မူသည့်နောက် ဓမ္မသံဝေဂ ဖြစ်တော်မူ သဖြင့် ဝိပဿနာတရားကို အထူးကြိုးစား ဟောပြောရန် ဆုံးဖြတ်တော်မူ၏။ အသက် ၆ဝ-မပြည့်မီ မိုးညှင်းတောရ အတွင်းမှာပင် တရားပွဲများ ပြုလုပ်ရ၏။ မကြာမီ အလျား ၁၅၀- အနံ ၆၂-ပေရှိ “ပဋ္ဌာန်း အဓိပတိ” ဓမ္မာရုံကြီးကို ၁၃၀၁-ခုနှစ်တွင် မော်လမြိုင်ကျွန်းမြို့ ဦးမျှင်-ဒေါ်စိန်၊ လေးမျက်နှာမြို့ ဦးစစ်ကြူတို့က ဆောက်လှူကြ၏၊ အသီတိသာဝကနှင့် ကိုးတိုင်း ကိုးဌာန သာသနာပြု ရုပ်လုံး စသည်တို့ဖြင့် အဆန်းတကြယ် ရှုဖွယ်ကောင်းလှသည်။
အထူးသဖြင့် ဓမ္မာရုံကြီး အမိုးမျက်နှာကြက်တွင် လင်းနို့သား ၅ဝဝ-တို့ အဘိဓမ္မာ တရား နာနေကြပုံကို ထုလုပ်ထားသည်။ ထုလုပ်စဉ်က မိုးညှင်းဆရာတော်ကြီးက ပန်းချီဆရာအား -
“လင်းနို့ပုံတူအောင် ရေးတတ်ရဲ့လားကွယ့်၊ မရေးတတ်ရင် စာရွက်နဲ့ ခဲတံ ယူခဲ့၊ ငါတို့ ရေးပြမယ်” ဟု အမိန့်ရှိနေစဉ် လင်းနို့ တစ်ကောင်သည် ရုတ်တရက် ဆရာတော်နှင့် ပန်းချီဆရာရှေ့တွင် ကျလာ၏။
“အေးကွယ့်၊ လင်းနို့အပေါ် စာရွက်နဲ့ အုပ်ပြီး ခဲတံနဲ့ ခြစ်ထားကွယ့်” ဟု မိန့်တော် မူ၏။ ပြီးလျှင် လင်းနို့လည်း ဦးသုံးကြိမ်ညွတ်၍ ပျံတက်သွားလေသည်။
တရားဟောထွက်ပြီ
၁၂၉၄-ခုနှစ်တွင် အသက် ၆၀-ပြည့်ပြီ ဖြစ်၍ ထိုနှစ် တန်ခူးလတွင် ပထမဆုံး မေမြို့သို့ ငါးရက်ကြာ တရားဟောကြွသည်။ ၁၂၉၅-ခုနှစ် တပေါင်းလဆုတ် ၁၄-ရက်နေ့တွင် မီးရထားတွဲဖြူကြီးဖြင့် မော်လမြိုင်သို့ တရားဟော ကြွသည်။ တရားဟော ကြွမည်ရှိစဉ် ရထားတက်ခါနီး လယ်တီကျောင်းတိုက်ကြီးဆီသို့ ဦးချ ကန်တော့ပြီးမှ တက်တော်မူသည်။
ထိုတရားပွဲကြီးများအတွက် ကိစ္စအဝဝ စီစဉ်သူမှာ နေရင်း ဦးကောဝိဒ ဆရာတော် ကလေးပင် ဖြစ်သည်။ မော်လမြိုင်၌ ၁၈-ရက်ကြာ၍ မိုင်ဒါကွင်းတွင်ဟောရာ ပရိသတ် နှစ်သောင်း ကျော်လေသည်။ ဤမျှ ပရိသတ် များသည်မှာ ရှေးက မရှိစဖူးပေ။ မြန်မာပြည်တွင် အသံချဲ့စက်ကို ပထမဆုံး အသုံးပြုတော်မူရလေသည်။
သီလ၊ ဘာဝနာများကို ကြိုးစားလိုက်နာ ကျင့်သုံးရန် လက်မှတ်ထိုးဝန်ခံသူ (ဂတိဝိသုဒ္ဓိ အသင်းဝင်) ၅၀၀၀၊ ရသေ့မ ၅၀၀-တို့ သာသနာပြုစာရင်း ရေးသွင်း ကြ၏။ ကြွလေရာတွင် ပျားပန်းခတ်မျှ အံ့မခန်း ကြိုဆိုပူဇော် ကြလေသည်။ (နောင်အခါ) ပုလိပ်မင်းကြီးက လှူသော တစ်ခါဖောက်လျှင် အချက်တစ်ရာထွက် အမြောက်ကြီးကို ပစ်ဖောက်ကြိုဆိုကြရသည်။
၁၂၉၆-ခုနှစ် ကဆုန်လပြည့်ကျော် နှစ်ရက်နေ့မှစ၍ ရန်ကုန်မြို့ မြို့မကျောင်းဝင်းတွင် အသံချဲ့စက်ဖြင့် ဟောရာ ပရိသတ်များ ဝက်ဝက်ကွဲ စည်ကား၏။ မြန်မာပြည်တွင် ဤစက် တစ်လုံးသာ ရှိသေးသည်။ ဆရာတော်သည် “ကြားကြရဲ့လား ဟရို့ ရဲ့” ဟု မေးကာမေးကာ ပရမတ် တရားများကို ဟောတော်မူ၏။ ၁၅-ရက် ဝိပဿနာ အလုပ်ပေးတရားများဖြစ်၏။
သူရိယနှင့် မြန်မာ့အလင်း သတင်းစာကြီးများကလည်း တရားနှင့် သတင်းဓာတ်ပုံ များပါ ဖော်ပြအားပေးကြသဖြင့် တစ်နိုင်ငံလုံး သိမ့်သိမ့်တုန်ကာ သတင်းစာများ လည်း စောင်ရေ ငါးထောင်ကျော်စီ တိုး၍ ထုတ်ကြရသောဟူ၏။ ထူးဆန်းသည်မှာ တရားပွဲရက် အချိန်များ၌ မိုးတွင်းဖြစ်လျက် မိုးမရွာခဲ့ချေ။
မိုးညှင်းဆရာတော် ရန်ကုန်ရောက်ခိုက် ၃၇-နှစ် ကွဲကွာနေသော ငယ်ဆရာ (သုံးခွ၊ အေးရွာ ဆရာတော် ဦးအာစရ) ထံ လှူရန် ပစ္စည်းများနှင့် သွားရောက်ကန်တော့ရာ ဆရာတော်ကြီးမှာ ကန်တော့ခန်း ဆုပေးကိုပင် ပြီးအောင် မပေးနိုင်ဘဲ ဝမ်းနည်း ဝမ်းသာ ငိုကြွေးရှာလေသည်။ မိုးညှင်းဆရာတော်လောင်းလျာ ကျွဲကျောင်းသားဘဝ ကျွဲခတ်၍ ကျွဲချိုနှင့် လုံချည်ငြိပြီးနေစဉ် ဦးအာစရ မြင်၍ ကယ်တင်ခဲ့ရ၏။ နောက် ကျောင်းသားဘဝ ပုဂံတောင်ရွာ ဆွမ်းစားသွားရာမှအပြန် ချောင်းကူးရင်း ရေနစ် သေမည်အပြု တစ်ကြိမ် ကယ်မခဲ့ရ၏။ သေဘေးမှ နှစ်ကြိမ်ကယ်မခဲ့သော ကျေးဇူးရှင် ဖြစ်သည်။
ပရိသတ်များလည်း ငိုကြွေးကြ၏။ အတင်းအကြပ် တရားဟောရမည် ဆို၍ ရန်ကုန် အစီအစဉ်ဖျက်ကာ သုံးရက်။ (၁၂၉၇၊ တန်ဆောင်မုန်းလဆန်း ၁၃-၁၄-၁၅-သုံးရက်) ဟောရသေးသည်။ တရားပွဲတွင် လည်းကောင်း၊ ပြန်ကြွသောအခါတွင် လည်းကောင်း၊ ဝိုင်းအုံ ငိုကြွေးကြပြန်သည်။ ဆရာတော်မှာ သင်္ခါရတရားတို့၏ လှည့်စားမှုကို သံဝေဂ ယူတော်မူသည်- “ဪ... ဒုက္ခ... ဒုက္ခ၊ ပညာရှိ သူတော်ကောင်းများ လောကကြီးကို ဒါကြောင့် ရွံမုန်းကြတာပဲ”။
ထိုအခါမှစ၍ ရန်ကုန်မြို့သို့ နှစ်စဉ်ကြွတော်မူ၏။ တရားပွဲတိုင်း ကြက်သီးထ လောက်အောင် ပရိသတ်များ များပြား၏။ တရားအားထုတ်ရန် ဝန်ခံ၍ ဝိသုဒ္ဓိ အသင်းဝင်သူ တစ်သောင်းမှ ငါးသောင်းအထိ ပေါ်ထွက်လာလေသည်။ ဤသို့ပင် အမြို့မြို့တိုင်း အလျဉ်းသင့်သလို တရားပွဲများ ချီးမြှင့်တော်မူလေသည်။ မင်္ဂလာဂတိဝိသုဒ္ဓိ အသင်းများကိုလည်း ဖွဲ့စည်းပေးတော်မူခဲ့၏။
မာရ်နတ်၏ ကိုယ်စားလှယ်များ
အထူးသဖြင့် ရန်ကုန်တွင် ဝတ္ထု၊ မဂ္ဂဇင်းများကို တဏှာရာဂ အားပေးသဖြင့် မဖတ် ကြရန် ဟောပြော၍ မီးရှို့ခိုင်းမိသဖြင့် စာရေးဆရာတို့ လောကတွင် အကြီးအကျယ် ဂယက်ရိုက်ခတ်ကာ ကလောင်ဖြင့် တုန့်ပြန်ဆန့်ကျင်ကြ၏။ ဝတ္ထုများတွင် ယောဂီ ရသေ့မများကို မဖွယ်မရာ ဇာတ်ဆောင်ထည့်သွင်း ရေးသားလာကြသည်။ မော်လမြိုင်တွင် သင်္ကြန်တွင်း တရားပွဲများ၌ ရေမပက်ရန် မေတ္တာရပ်ခံမိ၍ မြန်မာ့အလင်း သတင်းစာက ကာတွန်းဖြင့် “ရေပက်တရား မဟောပါနဲ့” ဟု သရော်ရာ.....
“အေး... တို့က သူတို့မကြိုက်တာ ပြောမိတာကိုးကွယ့်၊ ခံရမှာပေါ့။ လောကဓံဆိုတာ ဒီလိုပဲ” ဟု မိန့်တော်မူသည်။
မိုးညှင်း ဆရာတော် နာမည်ကြီးလာသည်နှင့်အမျှ အမြို့မြို့ အနယ်နယ်တွင် ဓမ္မာဘိသမယ တရားထူးရသူများ ရှိသကဲ့သို့ ငရဲကြီးသူများလည်း မနည်းလှချေ။ အထူးသဖြင့် ရသေ့ဝတ်ပေးမှုကို ရမယ်ရှာ၍ အပြစ်ဆိုကြသည်။ ဦးပညာဝံသ ဆရာတော်က”သာသနတံခွန်” “သာသနမလဝိသောဓနီ” ကျမ်းများဖြင့် နှိပ်နှိပ်ဖဲ့ဖဲ့ ရေးသားရှုတ်ချသည်။
“မသိနားမလည် သူများကို သွေးဆောင်၍ ငရဲခေါ်သည်။ သာသနာ အတု အယောင်တွေ မြေမျိုလိမ့်မည်” စသည်တို့ ဖြစ်၏။ ရေးဦးဝါဆို ဆရာတော်ကလည်း “ဣသိပဟာယကဝိနိစ္ဆယ” (၂-အုပ်) ရေး၍ ကန့်ကွက်သည်။ မိုးညှင်း ဆရာတော်အား ဝိနည်းကံပြု၍ ထုတ်ပယ်ရန် လှုံ့ဆော် လာကြသည်။ တစ်နိုင်ငံ လုံးရှိ ဆရာတော်များထံ လှုံ့ဆော်စာများ ဝေဖြန်Uကြ၏၊ မိုးညှင်း ဆရာတော်က သံဃာများအား လှူသည်ကိုပင် မစားသုံးလိုကြတော့ပေ။
၁၂၉၈-ခုနှစ် ဝါဆိုလတွင် ရသေ့ဝတ် ပြဿနာကို ပခုက္ကူမြို့ စာတတ်အကျော် ဆရာတော် ဦးပခန်းနှင့် တွေ့ဆုံ လျှောက်ထား ဆွေးနွေး၍ ဖြေရှင်းလိုက်ရာ မိုးညှင်းဆရာတော်၏ အမှန်တရားကို သတင်းစာကြီးများက အပြည့်အစုံ ရေးသား ထုတ်ဖော်ကြ၏။ “ရေစကြို ရှင်းတမ်း စာအုပ် ရှစ်သောင်းကိုလည်း ထုတ်ဝေ လိုက်သည်။ ထိုအခါမှ မီးကို ရေနှင့်ပက်သကဲ့သို့ ငြိမ်းသွားကြလေတော့သည်။
မာရ်နတ်သည် တရားရှင် သူတော်ကောင်းတို့အား အသိဉာဏ်မရှိသူတို့၌ ပူးဝင်၍ ဒုက္ခပေးစေ၏။ သေလျှင် ထိုသူတို့ ငရဲကျကုန်၏။ ယင်းသို့ ဖျက်ဆီး၍မရလျှင် အလှူအတန်း ဘုန်း လာဘ်သပ်ပကာ များပြားအောင် ပူးဝင်စေခိုင်း၏။ ထိုသူတို့ သေလျှင် နတ်ရွာလားကုန်၏။ မာရ်နတ်သည် မသိမလိမ်မာသူတို့ကို ခုတုံးလုပ်၍ နှောင့်ယှက်သည်မှာ “မူလပဏ္ဏာသ၊ မာရတဇ္ဇနိယသုတ်” ဖြင့် ထင်ရှားလေသည်။
“လာဘ်လာဘ ဘုန်းနှင့်ပစ်သည်ကို၊ လာဘ်တိုက်သည်ကို အနိစ္စတရားဖြင့် ခုခံရမည်။ အမျိုးမျိုးသော ဖျားနာငတ်မွတ် ဘေးဒုက္ခပေးသည်ကို၊ ကပ်တိုက်သည်ကို မေတ္တာဖြင့် ကာကွယ်ရမည်” ဟု ဗုဒ္ဓ၏တပည့်တို့ သိရှိပြီးဖြစ်၏။
၁၂၉၆-ခုနှစ်၊ ပဲခူးမြို့ တရားပွဲ ကျင်းပစဉ်က ပြဿနာတစ်ခု ကြုံရပြန်၏။ ပြဿနာကား တရားဟောမည့်ညတွင် အခြားဆရာတော်ကြီးတစ်ပါးနှင့် တရားပွဲရက် တိုက်နေခြင်းပင် ဖြစ်သည်။ မိုးညှင်းဥပဒေတွင် “တစ်မြို့ထဲ တရားနှစ်ပွဲဆုံ၍ မဟောရ၊ ဟောလျှင် ဒဏ်ထမ်းရမည်” ဟူသော ဥပဒေတစ်ခုရှိ၏။
ထိုဥပဒေကို ထောက်ပြကာ ဆရာတော်ဘုရားကြီးက တရားမဟောဟု အမိန့်ရှိရာ ဦးစိန်ဝင်းစသော ရွှေမော်ဓော ဂေါပကလူကြီးများ စီစဉ်ပြီး ဖြစ်၍ အခက်အခဲ တွေ့ကုန်ကြသည်။ မြို့ပေါ်ရှိ ဆရာတော်များကိုပါ ပင့်၍ တောင်းပန်ကြသည်။ ထိုအခါ ပြိုပျက်နေသော ရွှေမော်ဓောစေတီကို ပြုပြင်ကြရန် ကတိခံစေ၍ ဤသို့ အကျိုး တစ်ခုရှိလျှင်ပင် ဆရာတော် ဒဏ်ထမ်း၍ ဟောမည်ဟု မိန့်တော်မူကာ ရေဒဏ်ထမ်း၍ တရား ဟောတော်မူသည်။ သူတော်ကောင်းတို့မည်သည် ကတိ တည်၍ အကျိုး ရှိမည့်ကိစ္စကို ဆောင်ရွက်ကြမြဲပေတကား။
စက်တိုင် တက်ခြင်း
ဆရာတော်သည် ပါရမီရင့်သူတို့အတွက် ဝိပဿနာတရားကိုသာ ဟောသည် မဟုတ်၊ တစ်တိုင်းပြည်လုံး ငြိမ်းချမ်းသာယာစေရန် လူ့အခြေခံ မင်္ဂလာတရားတော်များကိုလည်း ဟောကြားတော်မူခဲ့၏။ ထောင်သား ၇ဝဝ-၁ဝဝဝ ရှိသော အမြို့မြို့ ထောင်များတွင်လည်း အခွင့်ယူ၍ ထောင်သားများအား တရားဟောလေ့ရှိသည်။ အင်းစိန်ထောင်တွင် စက်တိုင်နေရာသို့ ကြွ၍-
“အေး-မင်းတို့စက်တိုင်က တို့ကို မကိုင်ပါလားကွယ့်။ အေး-တကယ် ကြောက်စရာ က စက်တိုင်မဟုတ်ဘူး၊ စက်တိုင်ရောက်စေတတ်တဲ့ အကုသိုလ်ကွယ့်” အစ ရှိသည်ဖြင့် မိန့်တော်မူ၏။ ထောင်သားများအား ငါးပါးသီလ အကျိုးအပြစ်များကို ထင်ရှားအောင် ဟောပြော၍ ငါးပါးသီလကတိကို ခံယူစေသည်။ ဗုဒ္ဓါနုဿတိနှင့် မေတ္တာပွားများနည်း ကိုလည်း ဟောတော် မူကာ ပုတီးတစ်ကုံးစီ စွန့်တော်မူ၏။
လူတို့ကား စကြာမင်းမျှော်နေခိုက် ဖြစ်၍ သတင်းစာများကလည်း မိုးညှင်းဆရာတော် ခရီးစဉ်သတင်းများကို မိုးညှင်းစကြာဟု တင်စား ရေးသားလျက်လည်း ရှိသဖြင့် “အင်္ဂလိပ် အစိုးရက စကြာမင်းမပေါ်အောင် မိုးညှင်းဆရာတော်ကို ထောင်ထဲပင့်၍ ယတြာချေခိုင်းတယ်” စသည်ဖြင့် ဝေဖန်ကြကုန်သေး၏။
မေတ္တာပေါက်ရောက် ရန်စစ်ပျောက်
မိုးညှင်းဆရာတော်ဘုရားကြီး၏ အထူးခြားဆုံးမှာ မေတ္တာဝါဒပင် ဖြစ်သည်။ ဆရာတော်သည် ရန်ကုန်မြို့ ရပ်ကွက်များသို့ ဆွမ်းခံ ကြွတော်မူလေ့ ရှိသည်။ အကြောင်းမှာကား မျက်မြင် ဒိဋ္ဌ မေတ္တာပွားလိုသောကြောင့် ဖြစ်ပေသည်။ တစ်ကမ္ဘာလုံးရှိ သတ္တဝါများအား ဉာဏ်ကွန်ရက်ဖြင့် လွှမ်းခြုံ၍ အဟုတ်တကယ် ချမ်းသာစေလိုသော စိတ်ထားဖြင့် “ကျန်းမာ ကြပါစေ၊ ချမ်းသာကြပါစေ” ဟု နေ့စဉ် မေတ္တာပွားရန် ဆုံးမတော်မူလေ့ရှိ၏။
၁၃ဝ၁-ခုနှစ် နတ်တော်လဆန်းသုံးရက်နေ့တွင် ပီကင်းမြို့မှ “တရုတ်ပြည်လုံး ဆိုင်ရာ ဗုဒ္ဓဘာသာဥက္ကဋ္ဌဖြစ်သူ ဆရာတော်ဦးထိုင်ဆူး” က လက်ဆောင်ပဏ္ဏာများဖြင့် စာရေး လျှောက်ထားသည်၊ သာသနာပြုရာ၌ အစစအောင်မြင်ရန်နှင့် တရုတ်ပြည်၌ ကျရောက်သော ဘေးဒုက္ခများကင်းဝေး၍ ချမ်းသာကြစေရန် တရားကောင်းများ ချီးမြှင့်ဖို့ လျှောက်ထားလာသည်။
“မိမိသွားလိုသောဌာန၊ ပြုလိုသောကိစ္စများကို မသွားလာ, မပြုလုပ်မီက မေတ္တာ ပွားရမည်” ဟု စာပြန်တော်မူသည်။ မေတ္တာဓာတ် အပြည့်အဝပေးဖို့ လိုအပ်လျှင် ကိုယ်လုံးပေါ်ဓာတ်ပုံ ပို့လိုက်ရန်လည်း မှာကြား၏။
(အမွိုင်ကျောင်း ဆရာတော် ဦးထိုင်ဆူးသည် ၁၉၂၈-ခုနှစ်က အင်္ဂလန်၊ ပြင်သစ်တို့၌ သာသနာပြုကြောင်း မေဃဝတီ ဦးနာရဒ၏ ဗုဒ္ဓသမိုင်းတွင် ပါရှိ၏။)
ထိုနှစ် တန်ဆောင်မုန်းလ ၁၅-ရက်နေ့တွင်လည်း ရန်ကုန်မြို့ ဟိန္ဒူ “ဂရက်တိနိဒိဆဘာ အတွင်းရေးမှူး ပရမာနန္ဒ-က (ဗုဒ္ဓဝါဒနှင့် ဟိန္ဒူဝါဒ တူသယောင် ယောင် နောက်ကြောင်းလှန် ရာဇဝင်ပြ၍) ဟိန္ဒူဘာသာဝင် ဗုဒ္ဓဘာသာဝင်တို့ စည်းလုံးညီညွတ်ရန် သြဝါဒဇာရား တောင်းခံသော အခါတွင်လည်း ကိုယ်ရော နှုတ်ရော စိတ်ပါ အစီးအပွား လိုလားလျက် တစ်နေ့ ၁၀-ကြိမ်၊ ၁၅-ကြိမ် မေတ္တာ ပွားရန် စာဖြင့် ပြန်ကြားသည်။ “ရေးရိုးရေးစဉ် ရေးသည်” ဟု ထင်ကောင်း ထင်စရာ ဖြစ်၏၊ ဤသို့မဟုတ်ချေ။ အကျိုးအာနိသင်ကို တကယ်မြင်သောကြောင့် ဖြစ်၏။
(ပရမာနန္ဒ၏ လျှောက်ထားချက် မိုးညှင်းထေရာပဒါန်၌ အပြည့်အစုံပါ၏။)
ပို၍ ထင်ရှားသည်မှာ တစ်ချိန်က အီတလီနှင့် အဗက်ဆီးနီးယား (ယခု အီသီယိုပီးယား) နှစ်ပြည်ထောင် စစ်ဖြစ်နေ၏။ တစ်ခုသော ညဦးယာမ်တွင် မြေပုံကြီး တစ်ချပ်ကို ရှေ့မှာ ဖြန့်ခင်း၍ နေရင်း ဦးကောဝိဒအား-
“ဟောဒီမှာ ကြည့်စမ်း ဖိုးကောရ၊ အီတလီနဲ့ အဗက်ဆီးနီးယား စစ်ဖြစ်နေကြလို သတ္တဝါတွေ သေကြေပျက်စီးလိုက်ကြတာ သနားစရာပဲ။ အဲဒီဘေးကလွတ်အောင် မေတ္တာ ပိုရမယ်ကွယ့်၊ ထိုစစ်ဘေးကြီး တစ်နည်းနည်းနဲ့ အေးတယ်ဆိုရင်ပဲ ကိုယ့်ရဲ့မေတ္တာ အောင်ပြီလို့ မှတ်ရမယ်” ဟု အမိန့်ရှိကာ နေ့ရောညပါ မေတ္တာ ပွားတော်မူ၏။ ငါးရက် အရတွင် စစ်ပြေငြိမ်းကြောင်း ကြေးနန်းသတင်းပါလေသည်။
ဤအချက်ကား လူသာမန်တို့ ယုံကြည်နိုင်ခက်မည်။ မယုံကြည်မရှိထိုက်။ သီလ၊ သမာဓိအင်အားနှင့် အသိဉာဏ် သဒ္ဓါတရားသာလိုရင်း ဖြစ်၏။ ဘုရားရှင်၏ နာဠာဂီရိ ဆင်ကြမ်းကြီးကို မေတ္တာပို့ပုံ၊ ခေတ်ပညာတတ် မိစ္ဆာဒိဋ္ဌိ ရောဇမလ္လမင်းသားအား မေတ္တာဖြင့် ညှို့ပုံနှင့် အင်္ဂုတ္တရ မေတ္တာနိသံသသုတ်၊ ကရဇကာယသုတ်၊ သြပမ္မသံယုတ် သတ္တိသုတ် စသည်တို့၌ မေတ္တာစွမ်းရည်များ အတိအလင်း ဟောတော်မူထား၏။
သဒ္ဓါယုံကြည်လျှင် မည်သူမဆို အောင်မြင်ရသည်သာ ဖြစ်၏။ ဘုရားရှင်တို့၏ ဂုဏ်တော်တို့ကို မွှမ်းထုံ၍ သီလသမာဓိ ကြီးကြီးနှင့် ပွားသော် မည်သူမဆို၊ မည်မျှ ခက်ထန်ကြမ်းကြုတ်သော စစ်ပွဲ ကြီးများမဆို ယုံယုံကြည်ကြည် လိုလိုလားလား စူးစူးစိုက်စိုက် ပွားလျှင် မိမိအစွမ်းကိုပင် မယုံကြည်နိုင်လောက်အောင် အာနိသင် ထက်မြက်လှသည်ကို သန္ဒိဋ္ဌိက တွေ့ရပေလိမ့်မည်။ ကြိုးစားကြပါလေ သူတော်ကောင်းတွေတို့။
မိုးညှင်းဆရာတော်သည် ဤသို့သော မေတ္တာနှင့် စစ်မှန်သောတရားဂုဏ်တို့ကြောင့် မြန်မာပြည်အရပ်ရပ် တရားပွဲကြီးများ ခြိမ်ခြိမ့်သဲ ကျင်းပနိုင်ခဲ့၏။ ရောက်လေရာ မြို့တိုင်း တန်ခိုးကြီးဘုရားများ၊ သံဃာတော်ကြီးများအား ဖူးမြော်ခြင်း၊ ရဟန်းသံဃာ တို့အား သင်္ကန်း စသည် လှူဒါန်းခြင်း ပြုတော်မူလေ့ရှိ၏။
၃၇ ဧကရှိ မိုးညှင်းတောရ၌ တံတိုင်းမီးတားနှင့် တကွ သမ္ဗုဒ္ဓေစေတီ စသော ကျောင်းကန်ဘုရားများ ပြည့်ညပ်လျက် ဗဟိဒ္ဓရုပ်ဝတ္ထ သာသနာလည်း စည်ပင် စေခဲ့သည်။
ကမ္ဘာစစ်ကြီးအတွင်း ဗုံးမှန်ခြင်း
၁၃ဝ၂-ခု (၁၉၄၁-ဇန်နဝါရီ) နှစ်တွင် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် အလှူ ခံရသည်။ ထိုနှစ် ဒီဇင်ဘာ ၂၃-ရက် (၁၃၀၃ ခု ပြာသိုလဆန်း ခုနစ်ရက် အင်္ဂါနေ့) ဒုတိယကမ္ဘာစစ်ကြီးဒဏ်ကို ရန်ကုန်မြို့၌ ပထမဆုံး ခံရသည်။ မိုးညှင်းတောရတွင် စစ်ခိုယောဂီများ နှစ်ထောင်ခန့်ရှိရာ-
“ဗုံးခိုကျင်း မတူးရ၊ တရားကိုသာ ကြပ်ကြပ်နှလုံးသွင်းရမည်။ ဒါမှ ဘုရားတပည့် အရိယာသာဝက ဖြစ်မည်” ဟု သြဝါဒပေးကာ တရားဟောမြဲဟောလျက် ရှိခဲ့သည်။ သမ္ဗုဒ္ဓေစေတီကိုလည်း ဆက်လက်တည်နေ၏။ ဗုံးသုံးလုံးကျရာ လူတိုင်း မသိကြ၊ သဲပုံအတွင်းသို့ ကျကာ ပေါက်ကွဲခြင်း မရှိခဲ့။
(ဆရာတော်၏ မေတ္တာနှင့်ဂျပန်စစ်ဘက် အရာရှိကြီး တစ်ဦးအကြောင်း မေတ္တာဝါဒ စာအုပ်၌ ကြည့်ပါဦး။)
၁၃၀၇-ခု၊ ဝါခေါင်လဆုတ် ၁၀-ရက်၊ တနင်္ဂနွေနေ့ (၂-၉-၄၅) တွင် ဒုတိယ ကမ္ဘာစစ်ကြီး ပြီးငြိမ်းသည်။ စစ်ကြီးအတွင်း တစ်စတစ်စနှင့် မျက်စိနှစ်လုံး တိမ်သလာ ဖုံးကွယ်ခဲ့၏။ “ငါ့မှာ တရားမျက်စိရှိပြီ။ ငါ့အတွက် မကြောင့်ကြကြနှင့်။ ကိုယ့်တရား ကိုယ်အားထုတ်ကြ” ဟု နှစ်သိမ့်တော်မူလေသည်။
အင်္ဂလိပ် စစ်တပ်များ ပြန်ဝင်လာချိန် စစ်တပ်က မုံရွာမြို့အား အဝေးမှနေ၍ အမြောက်ပစ်ဖောက်ရာ ဆရာတော်ကြီး စင်္ကြံလျှောက်နေခိုက် တစ်ဟုန်တိုး စွပ်၍ မှန်၏။ “မတ်တတ်က ထိုင်လျက်သား ပုံကျသွားသည်။ အနီးအနားရှိ အရာဝတ္ထုများ အားလုံး စိစိညက်ညက် ကြေမွကုန်၏။ “ဆရာတော်တော့ ပျံတော်မူပါပြီ” ဟူသော သောကဖြင့် ဝိုင်းအုံလာကြရာ ဆရာတော်မှာ မည်သို့မျှ မဖြစ်ချေ။ “ဆရာတော် ဗုံးပြီးသည်” ဟု ပြောဆို ဝမ်းမြောက်ခဲ့ကြရ၏။ တရားသည် တရားစောင့်သူကို စောင့်မြဲပေတကား။
ဇရာ ဗျာဓိ
၁၃၀၉-ခုနှစ် ပြာသိုလ (၁၉၊ ၁၂၊ ၄၇) တွင် မျက်စိရောဂါကို ရန်ကုန်ဆေးရုံကြီး၌ ဒေါက်တာ ချန်တိတ်နှင့် ကုသခံတော်မူ၏။ အားငယ်နေသော တပည့်များကိုလည်း “ပြုလျှင်အသစ်၊ ဖြစ်လျှင်အဟောင်း” ဟူသော လက်သုံးစကားဖြင့် နှစ်သိမ့်တော် မူလေသည်။
ဆေးရုံတက်ခိုက် လွတ်လပ်ရေး ကြေညာသော နေ့ထူးကြီး (၄၊ ၁၊ ၁၉၄၈) နှင့် တိုက်ဆိုင်သဖြင့် စာပွဲတစ်ခုတွင် ရုပ်ပွားတစ်ဆူပင့်ဆောင်စေ၍ နံနက်သုံးနာရီမှ ပန်းရေချမ်း ဆီမီးများ ကပ်လှူသည်။ ဇယမင်္ဂလာ ဂါထာများကို ရွတ်ဖတ်၍ နတ်များကို တိုင်တည်ကာ “လွတ်လပ်ရေးကြီး နှစ်ပေါင်း ထောင်သောင်းမက တည်မြဲပါစေ” ဟု နှုတ်မှ ရွတ်ကာ ဆုမွန်မေတ္တာ ပတ္ထနာ ကျူးတော်မူလေသည်။ မျက်စိတစ်ဖက် ကောင်းစွာ အလင်းရတော်မူရာ တရားပွဲများ ယခင်ကကဲ့သို့ ဟောပြော ချီးမြှင့်တော်မူ၏။
၁၃၁၀-ခုနှစ် (၁၇၊ ၁၂၊ ၄၈) တွင် အဆုတ်ရောဂါဖြစ်၍ ဆေးရုံတွင် ငါးလကြာ အကုသခံရပြန်သည်။ တစ်ဖန် ၁၃၁၅-ခုနှစ် (၃၊ ၆၊ ၅၃) တွင်လည်း တစ်ကြိမ် အဆုတ်ရောဂါအကွက် ဆေးရုံတက်ရ၏။ သက်တော် ၈၁-နှစ် ရှိလေပြီ။ လုံ့လ ဝီရိယကား လျှော့တော် မမူသေး။
၁၃၂၆-ခုနှစ် သက်တော် ၉၃-နှစ် တော်သလင်းလောက်မှစ၍ “သဲကမ်းပြိုသို့၊ အိုတစ်ရွေ့ရွေ့၊ မီးနှယ်မွေ့သော ခန္ဓာကိုယ်ကြီး၌ တစ်နေ့ထက် တစ်နေ့ ဇရာဖိစီး ဗျာဓိ မီးခ, လေတော့သည်။ မည်သည့် အစာမျှ မဝင်။ ရေကိုသာ ငုံထွေးနေရသော အချိန်မှာပင် ငါးပေကွာ ကုဋီသို့ ကြွလေသည်။
“ကိုယ့်အညစ်အကြေးကို ကိုယ့်ဘာသာ မသုတ်သင်နိုင်ပါမှ ဤခန္ဓာဝန်ကြီးကို စွန့်ပရစေလို့ အဓိဋ္ဌာန် ထားသကွယ့်” ဟု မိန့်တော်မူ၍ ဝေဒနာကို ရှုတော်မူသည်။
ပျံလွန်တော်မူရာ အံ့ဖွယ်များ
တော်သလင်းလဆုတ် ရှစ်ရက်နေ့တွင်ကား တပည့်ကြီးများနှင့် ဆရာဝန်ကြီးများမှာ အနား၌ စောင့်ကြည့်ရင်း ပဋ္ဌာန်းဒေသနာကိုသာ ရွတ်ဖတ်ပေးနေကြရတော့သည်။ “ခန္ဓာဝန်ကြီး လေးလှပြီ။ မမေ့မလျော့ နေကြ” ဟု မိန့်တော်မူကာ ထိုနေ့ ညနေ ၆-နာရီ ၄-မိနစ်အချိန် စုတိ ကမ္မဇရုပ် ချုပ်တော်မူသည်။
ချက်ချင်းပင် ငလျင်လှုပ်၏။ ကျိန်းစက်ရာ ကျောင်းတော်မှ သက်တန့် (ဥဘာ) ပျံ၏။ သံဝေဂ ဂီတကို ရွတ်ဆိုသည့်နှယ် ကျေးငှက်များအားလုံး ရုတ်ရုတ်သဲသဲ မြည်တွန် ကြ၏။ ထူးခြားလွန်းသည်မှာ ကောင်းကင်ထက်မှ ခရုသင်း၊ ကြေးစည်သံများ၊ ရေကင်းတီးသံများ ဆူညံနေခြင်းပင် ဖြစ်သည်။
(ဆရာတော်၏ ကျန်းမာရေးကို ပြုစုရသူဒေါက်တာ သိန်းအောင်က “ဆရာတော်ကြီး သည် သူလာမည်၊ မလာမည်၊ မည်သို့ ပြုလုပ် ကုသမည်ကို ကြို၍ ကြို၍ သိနေကြောင်း” ပြောပြသည်ဟု မှတ်သားရဖူးလေသည်။)
ဆရာတော်၏ ရုပ်ကလာပ်ကို တော်သလင်း လပြည့်ကျော် ၁၂-ရက်နေ့ ညနေ လေးနာရီတွင် မဟာဗောဓိ အရိုးအိုးစေတီ၌ ထည့်သွင်း ပူဇော်ကြ၏။ စုတိကမ္မဇရုပ် ချုပ်တော်မူသော နေ့တွင် ကျောင်းတွင်းရှိ ပန်းပင်များ အခါမဲ့ ပွင့်ဖူး၍ စံကျောင်းတော်သို့ ဦးညွတ်လျက် ရှိနေကြသည်။
သို့ရာတွင် ၄၅-နှစ်ရှိပြီ ဖြစ်သော ဗောဓိပင်ကြီးမှာမူ ဆရာတော်ဘုရားကြီးနှင့် ဖွားဖက်သဖွယ် နေ့ချင်းပင် အရွက်များကြွေကျ၍ ခြောက်သွေ့ သွားသည်ကို အားလုံးပင် တအံ့တသြ တွေ့မြင်ကြရလေသည်။
မိုးညှင်းဆရာတော် ဘုရားကြီးသည် ကျမ်းကြီး ကျမ်းငယ် ၃၆-ကျမ်း အမွေထားတော် မူခဲ့၍ သတ္တဝါတို့၏ အကျိုးကို ဆောင်တော်မူခဲ့၏။ ပဋိပတ်အလုပ်သည် တစ်ကိုယ်ကောင်း မဟုတ်ရုံသာမက သတ္တဝါအများကို ကယ်တင်ရာ၌ အင်အား အကြီးမားဆုံးသော လက်နက်ကြီး ဖြစ်ကြောင်း တရားတော်၏ သန္ဒိဋ္ဌိကဂုဏ်ကို ပြတော်မူခဲ့လေပြီတကား။
(အဋ္ဌုပ္ပတ္တိ အကျယ်ကို နေရင်း ဦးကောဝိဒ ဆရာတော် ရေး “မိုးညှင်းထေရာပဒါန်” ၌ အကျယ်ရှုပါကုန်။)
မိုးညှင်းဆရာတော် ဘုရားကြီးကား သူ့ခေတ်တွင် ပြိုင်ဖက်မရှိ အောင်မြင်၏။ ကျော်ကြား၏။ ထိုသို့သော ပုဂ္ဂိုလ်ထူးကြီးများ၌ အောင်မြင်ကျော်ကြားမှုနှင့် အတူ အတိုက်အခံ, အနှောင့်အယှက်များလည်း တွဲ၍ ပါလာမြဲ ဖြစ်သည်။ ကံနည်းသူတို့ ငရဲကြီး ကြလေကုန်၏။
ဆရာတော်ဘုရားကြီး၏ တပည့်ကြီးများ စာရင်းကို မဟာဗောဓိ အရိုးဓာတ်စေတီ၌ စာရင်းရေးထိုး ထားသည်။ အဂ္ဂမဟာပဏ္ဍိတ ဆရာတော် ဦးဣန္ဒြိယသည် ရန်ကုန် `မိုးညှင်းတိုက်၌ ́ ဆရာတော်ဘုရားကြီး ကိုယ်တော်စား သက်တော် ၉၀-ကျော်ထိ ပဋိပတ္တိ သာသနာပြုတော်မူသွား၏။
မော်လမြိုင်မြို့၀ သတိပဋ္ဌာန် ဆရာတော်
နိုင်ငံကျော် မိုးညှင်းဓမ္မကထိက ရွှေမင်းဝံ တောင်ရိုး မိုးညှင်းတိုက်ခွဲ ရွှေမင်းဝံ ဦးကောသလ္လ ဆရာတော်ကား ၁၃၁၁-ခုနှစ်တွင် သတိပဋ္ဌာန် သာသနာပြုရန် မဟာစည် ဆရာတော်နှင့်အတူ ရန်ကုန် ကြွလာ၏။ မကြာမီ ရန်ကုန်၌ပင် ရွှေမင်းဝံ သာသနာ့ရိပ်သာ အမည်ဖြင့် သီးခြားတည်ထောင် သာသနာပြုသည်။
တပည့်ကြီးများ စာရင်းတွင် “ထိန်ကန်ဘုန်းတော်ကြီး ဦးပဏ္ဍဝ” ဟုလည်း ပါရှိရာ ထိုပုဂ္ဂိုလ်ကား ပဋိပတ္တိ သာသနာ သမိုင်းတွင် ထူးခြားမှတ်သားလောက်ပေသည်။
ဦးပဏ္ဍဝ လောင်းလျာကား မြင်းမူမြို့ မြောက်ဖက် ထိန်ကန်ရွာ ဦးဖိုးခေါင် ဒေါ်နုတို့မှ ၁၂၅၉-ခုနှစ်၊ တန်ခူးလဆန်း ၁၄-ရက်၊ ကြာသပတေးနေ့ ညနေ ၃-နာရီ အချိန်တွင် ဖွားမြင်ခဲ့၍ ငယ်မည် မောင်မိုးခေါ်သည်။ သက်တော် ၉၀-ကျော် ရာသက်ပန် ပဋိပတ္တိ သာသနာပြု သွားသော ဆရာတော်ဖြစ်၏။
ဆရာတော်သည် ငယ်စဉ်က ထိန်ကန်ရွာ၊ မန္တလေး မဟာဝိသုဒ္ဓါရုံ ရွှေကျင်တိုက်တို့၌ ပညာသင်ကြားပြီးနောက် မိုးညှင်းဆရာတော်ကြီးထံ တစ်နှစ်ခန့် နည်းခံအားထုတ် ခဲ့သည်။ ထိုနောက် မော်လမြိုင် တောင်ဝိုင်းကြီး ရွှေကျင်တိုက်၌ သီတင်းသုံးကာ လူဝတ်ကြောင် ကမ္မဋ္ဌာန်း ဆရာထံ၌ တပည့်ဒကာ, ဒကာမများနှင့်အတူ သတိပဋ္ဌာန် တရားကို နည်းခံ အားထုတ်၏။ ကမ္မဋ္ဌာန်း ဆရာကား သထုံ ဇေတဝန် ဆရာတော်ကြီး၏ တပည့် မဲဆောက်ဆရာ ဦးမင်းဒင် ဖြစ်သည်။
စာတတ်ပေတတ် ကျောင်းထိုင် ဆရာတော်ကြီး တစ်ပါးက မိမိဆရာနည်းနှင့် မတူသော ဂိုဏ်းတစ်ပါးက တရားနည်းကို လူဝတ်ကြောင်ထံ၌ နည်းခံအားထုတ် နိုင်သည်မှာ သာမည စွန့်စားခြင်း, သာမည သဒ္ဓါတရား မဟုတ်ပါချေ။ အမိန့် စာချွန်တော်ကို စည်ဆော် မောင်းခတ်ကာ မင်းခယောက်ျားက ဖတ်သော်လည်း ထိုအမိန့်တော်သည် ဘုရင့် အမိန့်တော်ပင် ဖြစ်သည်ဟု ခံယူတော်မူလေသည်။ သူတော်ကောင်း တရား၊ သို့မဟုတ် သူတော်ကောင်း ပုဂ္ဂိုလ်တို့၌ အသွေးအရောင် မရှိချေ။ သို့သော် သူတော်ကောင်း တရား၊ သူတော်ကောင်း ဘဝကို ဘောင်ခတ်ကာ အမြင်ကျဉ်းမြောင်းသော ဂဏတူ ဘဝတူအချို့က ထို အပြုအမူကို မနှစ်မြို့ နိုင်ကြချေ။
သို့ရာတွင် ဆရာတော် ဦးပဏ္ဍဝကား လူဆရာထံ၌ ကျနစွာ နည်းယူအားထုတ်ပြီး တရားဌာန ဖွင့်ကာ သူကိုယ်တိုင်ပင် တရားပြတော်မူ၏။ နောက် ဇေတဝန် ဆရာတော်ကြီး ထံ၌လည်း ထပ်မံ အားထုတ်တော်မူ၏။ ထိုအချိန်က မဟာစည် ဆရာတော် တွင်လတံ့သော ဦးသောဘနလည်း ဇေတဝန် ဆရာတော်ကြီးထံ တရားအားထုတ်ပြီး တောင်ဝိုင်းကလေး၌ စာချနေ၏။ ဆရာတော်နှစ်ပါး မကြာခဏ တွေ့ဆုံနှီးနှောကာ သုဓမ္မာ ရွှေကျင်ဟု ဂိုဏ်း ဂဏ အမြင် ရှိတော်မမူကြ။
ဆရာတော် ဦးပဏ္ဍဝကား မော်လမြိုင်မြို့နယ်လုံး ဆိုင်ရာ ဂိုဏ်းဝိနည်း စာပြန်ပွဲများမှ အစ လိုလေသေး မရှိ၊ အဘက်ဘက်က အားပေးခဲ့၏။ အလှူအတန်းလည်း လွန်စွာ ရက်ရောသည်။ ဝိနည်းစာပြန်ပွဲတွင် သတိပဋ္ဌာန် ပါဠိတော်ကြီးအနက်ပါ ပြန်ဆိုရန် အဆို ပြု၊ ထောက်ပံ့ အားပေးတော်မူခဲ့သော ဆရာတော် ဖြစ်၏။
အခါတစ်ပါး မိုးညှင်းဆရာတော်ဘုရားကြီး မော်လမြိုင်သို့ တရားဟော ကြွရာတွင် ဦးပဏ္ဍဝ သွားရောက် ကန်တော့ရာ သထုံ ဇေတဝန် ဆရာတော်ဘုရားကြီးထံ တပည့်ခံ၍ သတိပဋ္ဌာန် နည်းအတိုင်း ကျင့်ကြံပွားများ၊ တရားပေးနေသည်ကိုလည်း ကြိုတင် သိတော် မူသဖြင့်-
“အေး... သူတို့လဲ သိ-သိပေါ့၊ တို့လဲ ပျက်... ပျက်ပေါ့၊ ဟုတ်ဘူးလား” ဟု အခြား တပည့် များဘက်သို့ လှည့်၍ မိန့်တော်မူ၏။ အပြစ်မပြောသည့် အပြင် အချိန်ရတိုင်း တောင်ဝိုင်းကြီး ကျောင်းတိုက်သို့ပင် ကြွရောက် ချီးမြှောက်တော်မူ၏။
တစ်ကြိမ်ကမူ မိုးညှင်းဆရာတော်ကြီး တပည့်များနှင့်အတူ တောင်ဝိုင်းကြီးသို့ ကြွတော်မူရာ ဥပုသ်ပြုရမည့်နေ့ ကြုံနေသဖြင့် ဦပဏ္ဍဝကြီးမှူးသော တိုက်တွင်း သံဃာများနှင့်အတူ ဥပုသ်ပြုတော်မူ၏။ မကြာမီ ဦးပဏ္ဍဝ ပြဿနာ တက်လေ တော့သည်။ ဂိုဏ်းဥပဒေက ဂိုဏ်းတစ်ပါး သံဃာများနှင့်အတူ ကံကြီးကံငယ် မဆက်သွယ် မပြုလုပ်ရ။ ဒဏ်ထမ်းရသည်။
ဦးပဏ္ဍဝလည်း ဂိုဏ်းသံဃာများ စုံညီရာ ဝိနည်း စာပြန်ပွဲ၌ ရေဒဏ် ထမ်းရ၏။ ထမ်းပြီးလျှင်လည်း အဘယ်အပြစ်ကြောင့် ဒဏ်ထမ်းရကြောင်း သံဃာများရှေ့၌ ဖွင့်ဟ လျှောက်ထားရသေးသည်။ ဦးပဏ္ဍဝလည်း ဒဏ်ထမ်းပြီး သံဃာအား လျှောက်ထားရလေရာ သံဃာများအတွင်း မကျေနပ်သံများ ထွက်လာ၏။ သို့သော် မည်သို့မျှ စောဒက မတက် နိုင်ကြ။ ဦးပဏ္ဍဝ လျှောက်ပုံက-
“ရာပည့်တော် ဂိုဏ်းသံဃာက ပေးသော ရေဒဏ် ကို ထမ်းပြီးပါပြီ။ တပည့်တော်ဟာ သူတော်ကောင်းနှင့် ပေါင်းမိလို့ ယခုလို ဒဏ်ထမ်းရတာ ဖြစ်ပါတယ်” ဟူ၏။
ဆရာတော် ဦးပဏ္ဍဝ တောင်ဝိုင်းကြီး၌ သတိပဋ္ဌာန် တရားပြသောအခါ သီဟိုဠ် (သီရိလင်္ကာ)၊ ဝဇိရာရာမဂိုဏ်းမှ ဦးသောမနှင့် ဦးခေမိန္ဒတို့ နှစ်ပါး ဆရာတော့်ထံ နှစ်လခန့် လာရောက် အားထုတ်သွားကြဖူးသည်။ ဂျာမန်ဘုန်းတော်ကြီး အရှင် ဉာဏပုဏ္ဏိကလည်း သံဂါယနာတင်စဉ်က လာရောက်ကန်တော့ကာ နည်းခံဖူး၏။ ဆရာတော် သီဟိုဠ် ကြွသောအခါ အားလုံးက ကြိုဆိုဝတ်ပြုကြသည်။
လွတ်လပ်ရေး ရပြီးနောက် မော်လမြိုင်၌ ပရိယတ္တိများ ထွန်းကားလာသော်လည်း ပဋိပတ္တိဘက်၌ ဦးဆောင် အားပေးမည့်သူများ မပေါ်ပေါက်သဖြင့် ဆရာတော်သည် မော်လမြိုင်မြို့ ပေါက်ဝသို့ ရွှေ့ပြောင်းကာ ၁၃၁၁-ခုနှစ် ဝါဆိုလဆန်း ၈-ရက် (ရန်ကုန် မဟာစည် ရိပ်သာကား နတ်တော်လ) တွင် သတိပဋ္ဌာန် တရားကို အထူး တွင်ကျယ်စွာ ပြသတော် မူလေသည်။
“သတိပဋ္ဌာန် ဆရာတော်ဟာ အမြဲအမှတ်သတိ ရှိနေတာပဲ” ဟု မဟာစည် ဆရာတော်ကပင် ချီးကျူး လေးစား၍ မဟာစည်ဆရာတော် လွန်တော်မူလျှင် ရန်ကုန် မဟာစည်ရိပ်သာ၏ သြဝါဒါစရိယ အဖွဲ့ဝင် ဆရာတော်အဖြစ် ဆောင်ရွက်၍ ပဋိပတ္တိသာသနာ ပြုတော်မူလေသည်။
မဟာပရိနိဗ္ဗာနသုတ် အဋ္ဌကထာ၌ အရိယာ သူတော်ကောင်း အဆက်ဆက် ပြန့်ပွား ထွန်းကားပုံကို “နဠဝနံ၊ သရဝနံ-ကျူတော, မြားတော” ကဲ့သို့ ဟု ဖွင့်ပြသည်။ ကျူပင်, မျောက်မြားပင်တစ်ပင် ပေါ်ပေါက်လာလျှင် ထိုနေရာ၌ ကျူတော မြားတောကြီး ဖြစ်ပွားကာ မျိုးဆက် မပြတ်တော့သကဲ့သို့ အရိယာ သူတော်ကောင်း တစ်ပါး ပေါ်ထွန်းလာပါ လျှင်လည်း ထို့အတူပင် ဖြစ်၏။
မိုးညှင်းဆရာတော်, ဇေတဝန် ဆရာတော်များကို အကြောင်းပြု၍ တပည့်စဉ်ဆက် ထွန်းကားပုံကို လည်းကောင်း၊ သူတော်ကောင်း တရားအလုပ်တွင် ဘာမဟုတ်သည့် အစွဲအလမ်းများမှ ကျော်လွန်နိုင်ကြစေရန်လည်းကောင်း ရည်ရွယ်၍ သတိပဋ္ဌာန် ဆရာတော် ဦးပဏ္ဍဝ၏ ထေရုပ္ပတ္တိ အမြွက်ကို ဖော်ပြလိုက်ပါသည်။
(အပြည့်အစုံကို အရှင်ပညိဿရ “လှတွေ” ၏ မော်လမြိုင်မြို့ဝ သတိပဋ္ဌာန် ဆရာတော် ဘဝနှင့် ဝိပဿနာ ဂုဏ်ရည်များ စာအုပ်၌ ရှုပါကုန်။)
သိမ်တောင် အင်းမကြီးတောရ ဆရာတော် (၁၂၃၇ - ၁၂၈၃)
သိမ်တောင် တောရ အင်းမကြီး ဦးဇောတိကမှာလည်း လယ်တီဆရာတော်နှင့် မရှေးမနှောင်း ငယ်ငယ်ရွယ်ရွယ်နှင့် ကျော်ကြားလာသော ဆရာတော် တစ်ပါး ဖြစ်သည်။
ယခုအခါ သဲတောမြို့ သိမ်တောင် တောရဟူ၍ ရဟန်းရော သီလရှင်များပါ လက်ခံလျက် ပရိယတ်, ပဋိပတ် ဘက်စုံ သာသနာပြု ဌာနကြီး အဖြစ် တွေ့မြင် နိုင်ပေသည်။ ပရိယတ်, ပဋိပတ် စွယ်စုံတတ်မြောက် ပြည့်ဝတော်မူသော အင်းမကြီး ဆရာတော်နှင့် (ဒုတိယ) ဆည်ကြီးဆရာတော်ဘုရား နှစ်ပါး၏ သာသနာ့အမွေ များပင် ဖြစ်ရာ တာင်ကြီး၊ ကလော စသော မြို့များတွင်လည်း သိမ်တောင်ဂိုဏ်းဝင် ကျောင်းခွဲများ စည်ကားလျက် ရှိပေသည်။
ဘက်စုံ သိမ်တောင်ဂိုဏ်းကို စတင် တည်ထောင်တော် မူခဲ့သော ဆရာတော် ဦးဇောတိက အရှင်ပြက်ကား ညောင်ရမ်းမြို့အနီး ဈေးရွာကြီး၌ ၁၂၃၇-ခုနှစ် တန်ခူးလပြည့် အင်္ဂါနေ့ဖွားမြင်ထော်မူသည်။ ၁၂၅၇-ခုနှစ် ရဟန်းပြုပြီး မန္တလေးမြို့ မိုးတားတိုက်၊ ရွှေရေးဆောင် တိုက်တို့၌ ပရိယတ္တိ သင်ယူခဲ့သည်။ ရဟန်း ခြောက်ဝါ လောက်မှစ၍ ပထမ စစ်ကိုင်းတောင်၊ နောက် သဲတောမြို့ အရှေ့ဘက်ရှိ ပြက္ခရွေတောင်၌ တောထွက်တော် မူခဲ့၏။
ဆရာတော်သည် ပြက္ခရွေတောင်မှ ဆင်း၍ ဘုရားစုကိုးရွာသို့ ဆွမ်းခံ ကြွလေ့ ရှိသည်။ ဘုရားစုကိုးရွာမှာ ယခု သိမ်တောင်တိုက်၏ မြောက် လေးမိုင်ခန့်ရှိ၍ စုစုပေါင်း အိမ်ခြေ တစ်ထောင်ခန့် ရှိသည်ဆို၏။ ကန်သစ်ရွာသို့ ဆွမ်းခံဝင်စဉ် မျက်စိကု ဆရာကြီး ဆရာရှိန်က-
“အင်း.... ဒီကိုယ်တော် ကြည်ညိုစရာ ကောင်းလိုက်တာ၊ မျက်စိတစ်ဖက်တော့ ကောင်းပုံ မရလှဘူး” ဟု အကဲခတ်ရင်း နောက်မှ လိုက်ပါသွားပြီးနောက် အကျိုး အကြောင်း လျှောက်၍ တိမ်ကျနေသော မျက်စိတစ်ဖက်ကို ကုသပေးရသည်။
ယင်းသို့ မျက်စိကုစဉ် ဘုရားစုကိုးရွာ အနီးရှိ (အနော်ရထာခေတ်) ရဟန္တာသိမ်တော် တောကျောင်း၌ သီတင်းသုံးရ၏။ ဦးရှိန်သည် မျက်စိကု၍ ပျောက်သော်လည်း ပြက္ခရွေတောင်သို့ ပြန်လည် အကြွမခံဘဲ အနီးအပါးရှိ တောရလောက်သော တစ်နေရာရာ၌ သီတင်းသုံးရန် ပင့်လျှောက်သဖြင့် ဘုရားစုကိုးရွာ၏ အနောက် မြောက် တောကြီးထဲသို့ ကြွရောက် နေရာ ကြည့်၏။
ထိုနေရာကား အင်းများစွာလည်း ရှိ၍ တောလည်း ထူထပ် လူစလူနပြတ်သဖြင့် ထိုနေရာကိုပင် တောရဆောက်တည်ရန် ရွေးချယ်ရာ ဆရာရှိန်က-
“အရှင်ဘုရား၊ ဒီနေရာဟာ နေ့ခင်း နေ့လယ်မှာ နွားပျောက်လို့တောင်မှ နွားကျောင်းသား မဝင်ရဲဘူး။ သားရဲတိရစ္ဆာန်လဲ ပေါ၊ အခြောက်အလှန့်လဲ များပါတယ်။ သည့်ပြင် တစ်နေရာ ကြည့်ပါဦး” လျှောက်သည်ကို လက်မခံဘဲ “ဒါမှ သဘောကျတာ ဒကာကြီး” ဆို၍ လေးတိုင်စင် ကျောင်းကလေး တစ်ဆောင် ဆောက်လှူရသည်။ ဆရာတော်ကမူ တစ်ဖက်ရပ် တဲကလေး ဆောက်ရန်မျှသာ လိုလားတော်မူ၏။
ထို့နောက် တစ်စတစ်စနှင့် တပည့် ပရိသတ်များ များပြားလာရာ “အင်းမကြီး တောရကျောင်း” ဟု လူသိများလာ၏။ ၁၂၆၃-ခုနှစ်တွင် ဘုရားစု ကျောက်ပြုတ်ကုန်း ရွာမှ ဦးဆက်ကလေးက အတောင်ခြောက်ဆယ်ရှိ ဂူနှင့်တွဲ၍ စင်္ကြံကျောင်းကြီး တစ်ဆောင် ဆောက်လှူသည်။ အင်းမကြီး တောရကား တောင်သုံးလုံး ကာရံ၍ အင်းအိုင် ထူထပ်သဖြင့် သမထဝိပဿနာ အလုပ်နှင့် ဟပ်၍ နေတော့သည်။
ဆရာတော်သည် ထို၌ သီတင်းသုံးခိုက် ၁၂၇ဝ-ပြည့်နှစ်တွင် ဦးဆက်ကလေးနှင့် သဲတောမြို့ ဂူကြီးဒါယကာ ဦးသူတော်တို့က တောင်းပန်၍ “သံဝေဂကမ္မဋ္ဌာန်းကျမ်း” ကို ပြုစုတော်မူခဲ့သည်။ ၁၂၇၄-ခုနှစ် ဝါခေါင်လ ကဝိမျက်မှန် ပုံနှိပ်တိုက်တွင် ရိုက်နှိပ်ခဲ့သည်။ အာနာပါန ရှုပွားပုံကို ပဓာန ကမ္မဋ္ဌာန်းထား၍ ဗုဒ္ဓါနုဿတိ မေတ္တာ စသော စတုရာရံက္ခ ကမ္မဋ္ဌာန်းတို့ကို တိုက်တွန်းစကားများဖြင့် ရေးသားထော်မူရာ စာမျက်နှာ ၁၈၈ ရှိလေသည်။
သိမ်တောင်ဂိုဏ်း၏ သမိုင်းအစ
အင်းမကြီးဆရာတော်၏ တပည့်ကြီးဖြစ်၍ ဒုတိယ သိမ်တောင်ဆရာတော်ခေါ် ဆည်ကြီးတောရ ဆရာတော်ဘုရားကြီး (ဦးဇဝန) ၏ တိုတိုထွာထွာ လက်ရေး မှတ်စုမှ “တပည့်များ ဆုံးမရန်စာ ́ ဟု ခေါင်းစဉ် တပ်ထားသော ခဲလက်ရေးများကို ဖတ်ရှုရရာ သိမ်တောင်ဂိုဏ်း၏ သမိုင်းအစကို သိမြင်ကြည်ညိုခွင့်ရ၍ ဝမ်းမြောက် ရပေသည်။ ထိတ်လန့် အံ့သြဖွယ်များကိုလည်း တွေ့ရ၏။
(ဆရာတော်ဘုရားကြီး၏ လက်ရေးမူကို ဆရာတော်ကြီး၏တူမ သီလရှင် ဆရာကြီး ထံမှ ရရှိပါသည်။ အဖွားလေးဟု ခေါ်ကြသော ဆရာကြီးမှာ ယခု မန္တလေးတောင်ပြင် ထီးလင်းတိုက်၊ မိုးကုတ်ကျောင်းဇရပ်မှာ နေပါသည်။)
ဘုန်းကြီးတစ်ပါး ခေါင်းတစ်လုံး
“တပည့်များ ဆုံးမရန်စာ”
[အင်းမကြီး ဆရာတော်ကြီး လေးတိုင်စင် ကျောင်းကလေးနှင့် နေစဉ် ပြိတ္တာမကြီး လာ၍-
“ဒကာမကြီးလဲ ပြိတ္တာအလုပ် ဖြစ်ရာဘဝမှာလုပ်။ ငါလဲ ပြိတ္တာဘဝတုန်းက ခြောက်ခဲ့ရတယ်။ ခု ရဟန်းဖြစ်တော့ ရဟန်းအလုပ် လုပ်ရမှာဘဲ (ပထမ ည။)
အနောက်တောင်ထောင့်က မြွေကြီးလာ၊ ခေါင်းပေါ်က ပါးပျဉ်းထောင် နှာမှုတ်နေ၏။
“သင်လဲ မြွေဖြစ်လို့ မြွေအလုပ်လုပ်။ ငါလဲတောကျောင်း ဘုန်းကြီးဖြစ်တော့ ဘုန်းကြီးအလုပ်ပဲ လုပ်ရသည်။ မင်းအလိုရှိသလောက် နှာမှုတ်နေပေါ့” မိန့်။ မြွေကြီးဆင်းသွား။ (ဒုတိယည။)
ဆည်ကြီးဆရာတော် ဦးဇဝနသည် ကလောတွင် ပျံလွန်သူ ဦးကေသရ ရသေ့ဝတ် နှင့်အတူ သေက္ချတောင် ဦးတိလောကထံ တရား နည်းခံအပြီး အင်းမကြီးပြန်။ အတောင် ခြောက်ဆယ် စင်္ကြံကြီး အပေါ်မှာ အခန်းပိတ် ကြိုးစား။
ဆရာတော်ကား “အထက် ဇောတိက၊ အောက် တိလောက” ဟု ကြုံးဝါးပြီး လုပ်သည်။ ဘုရားအနောက်ဘက်က စင်္ကြံကလေးတွင် ဦးကေသရက ကိုရင်ဝတ်နှင့် ဆရာ တပည့် အသက်စွန့် လုပ်ကြသည်။ ထို့နောက် စင်္ကြံကထွက်၍ လယ်တီ ဆရာတော် မြင်းခြံ ဝါဆိုသော နှစ်တွင် တရားစစ်ခံ သွားကြရာ-
“ဆရာ၊ သာသနာတော်ကြီးကို ပစ်ထားလို့ မတော်ဘူး။ တရားဟော၍ ကမ္မဋ္ဌာန်းများ ပေးပါ” မိန့်၍ တစ်စတစ်စ ကမ္မဋ္ဌာန်းပေး။ ဆယ်ပါးထက် ပို၍ မထား။ တင်းတင်း ကျပ်ကျပ် ခိုင်းသည်။
ညနေ ငါးနာရီ ရေခပ်။ ဘုရားပန်း ရေ မီးလှူ၊ ၆-နာရီ ဝတ်တက်။ ပြီးလျှင် စာအံ။ ၉-နာရီ ထိုးပြီး ဘုရားရှေ့မှာ တညီတညွတ်တည်း သုသာန် ဓုတင်ဆောက်တည်၍ သုသာန်သွား။ နံနက်လေးနာရီမထိုးမီ သုသာန်က ခေါင်းများကို ထမ်းခဲ့ကြ၍ ငါးနာရီ ဆန်ပြုတ်သောက်။ စာတက်-ဆွမ်းခံ။ နေ့တစ်နာရီ ကျိန်း၊ စာတက် စာအံ ပန်းရေချမ်းကပ်၊ တံမြက်လှည်း အမြဲအားထုတ်ကြရသည်။
“ခေါင်းတစ်လုံး ကျောင်းတစ်ကျောင်း” သတ်မှတ်၍ နေကြရသည်။ ဆရာဆုံးမသည့် အတိုင်း ခေါင်းကျောင်းနှင့်နေ၍ ကိလေသာကို တိုက်ကြရသည်။
ထို့နောက် ဆရာကြီး ဦးမှင်ခဲ၊ အမိန့်တော်ရ ဦးဖိုးလှဲ၊ ကျောင်းဒကာ ဦးဖိုးကာ၊ ဒေါ်စီပုတို့ပင့်၍ လိမ်ပင် ရေလယ်ကျောင်း ကြွကြရ၏။ တရားဟော၊ နှစ်ည၊ နံနက်စောစော ညောင်ပင်ရွာက စာသင် (ဆာဂျင်) ဦးပဉ္စင်းကြီးနှင့်အတူ သုံးပါး သိမ်တောင်သိမ်ကို လာကြည့်။ ချုံများ ပိတ်နေ။ ဆူးလေပေါ၏။
နောက် ဦးဇဝနသည် ရန်ကုန် လယ်တီဆရာတော့်ထံ တရားနာပြီး ဦးတိလောကထံ တရားသွားအားထုတ်။ ဝါကျွတ်လျှင် သထုံသို့ကြွ၍ တောင်ဝိုင်းကြီး တောရ၌ နေစဉ် ဆရာတော်က “တန်ဆောင်မုန်းလပြည့်နေ့က သိမ်တောင်နေရာသို့ ရောက်လာပြီ ဖြစ်၍ ပြန်ခဲ့ရန်” မှာသဖြင့် ပြန်လာရ၏။ မေတ္တာလုပ်နည်းကို အထူးဟောပြော ပြသသည်။
(မေတ္တာလုပ်နည်း “ဆည်ကြီး တောရ ဆရာတော်” အခန်းကျမှ ပြမည်။)
ထိုမှတ်တမ်းစာမှာ ဤမျှသာ ရှိ၏။ ရှေ့ဆက်ပြီး ရေးရန် ကြံရွယ်သော်လည်း မရေးဖြစ်။ အခြားအကြောင်းများကိုသာ မှတ်စု၌ ဖတ်ရသည်။
အရေးအပြော အင်အား အကဲဖြတ်နည်း
အင်းမကြီး ဆရာတော်ကား ပရိယတ်၊ ပဋိပတ် ဘက်စုံသကဲ့သို့ အရေးနှင့် အဟော အပြောလည်း နာမည်ကြီးလှသည်။ ၁၂၆၉-ခုနှစ်တွင် အင်းမကြီး တောရမှ ယခုရှိသော သိမ်တောင် တောရဌာနသို့ ရွှေ့ပြောင်း၏။ ဤနေရာကား ရှေးက ရဟန္တာသိမ်တော် နေရာ ဖြစ်သည်ဆို၏။ “သိမ်တောင်မှာ စိန်ရောင် တောက်သည်” ဟု တစ်ဘောင် ကိန်း စကား ဆိုကြသည်။
“ထိုထွက်သက်ဝင်သက်ဟု ဆိုအပ်သော ရုပ်ကို အထွက်တစ်ချက် အဝင်တစ်ချက် ဝိပဿနာ ဖမ်းရမည်။ ဖမ်းပုံကား ထွက်သောအခါ အပျက်တစ်ချက်၊ ဝင်သောအခါ အပျက်တစ်ချက် ထင်အောင် ရှုရမည်။ ဤကား အနိစ္စတည်း။ (ဒုက္ခ အနတ္တ တို့မှာ လွယ်လတ္တံ့။)
“ထို ထွက်သက်လေ ဝင်သက်လေ နှစ်ပါးကိုမှတ်သော၊ အာရုံပြုသော စိတ်သည် နာမ်မည်၏။ ထိုနာမ်ကိုလည်း အထွက်တစ်ချက် အဝင်တစ်ချက် “အပျက်အနိစ္စ” ထင်အောင် ရှုလေ။
“ကမ္မဋ္ဌာန်း လေးဆယ်ရှိသည်တွင် ဤအာနာပါနဿတိ ကမ္မဋ္ဌာန်းသည် အစဉ်စွဲမြဲ ပွားများခြင်းငှာ အလွယ်ဆုံးဖြစ်၏။ အလွယ်ဆုံး ဆိုသော်လည်း အားထုတ်ဖန် များ၍ လေ့လာသော သူမှာသာ လွယ်သည်၊ အားမထုတ်သော သူတို့မှာ မလွယ်နိုင်လေ။ ထို့ကြောင့်-
“ပညာရှိတို့က အာနာပါနကမ္မဋ္ဌာန်းသည် အလုပ်ရလွယ်၏ ဟု ဆိုသောအခါ ခက်၏ဟု စိတ်ရောကိုယ်ပါ မငြင်းဆန်ဘဲ ယုံယုံကြည်ကြည် စိတ်ရောကိုယ်ပါ လိုက်ပါနိုင်အောင် ကြပ်ကြပ် အားထုတ်ကြလေ။
“မြတ်စွာဘုရားကလည်း တခြားသော ကမ္မဋ္ဌာန်းတို့ထက် ထွတ်မြတ် သာလွန်သော ဂုဏ်ပုဒ်တို့ဖြင့် များစွာ ချီးမွမ်းတော်မူ၏။ အဋ္ဌကထာ ဆရာမြတ်ကြီး တို့သည်လည်း “မဟာပုရိသဘူမိ” ဟု မိန့်တော်မူကြကုန်၏။ လူသာမန် ရှင်သာမန် တို့နှင့် ထိုက်တန်သော ကမ္မဋ္ဌာန်းမဟုတ်။ လူပညာရှိကြီး၊ ရှင်ပညာရှိကြီး၊ ရဟန်းပညာရှိကြီး တို့နှင့်သာ ထိုက်တန်သော ကမ္မဋ္ဌာန်း ဟူလို။ ထို့ကြောင့်-
“လူပညာရှိပီပီ၊ ရှင်ပညာရှိပီပီ၊ ရဟန်းပညာရှိပီပီ ဖြစ်ကြရလေအောင် များစွာ အားထုတ်ကြရမည်။ အားမထုတ်ခဲ့က လူသာမန်၊ ရှင်သာမန်၊ ရဟန်း သာမန်ထဲသို့ ကျ၍နေလိမ့်မည်။ အလွန်ရှက်ဖွယ် ကောင်း၏။ သတိကြပ်ကြပ် ထားကြ ပညာရှိ အပေါင်း သူတော်ကောင်းတို့။”
ဤကား “သံဝေဂကမ္မဋ္ဌာန်းကျမ်းမှ” ရေးသားချက် နမူနာဖြစ်၏။ အာနာပါန ကမ္မဋ္ဌာန်းအပေါ် မည်မျှ သဘောပေါက် ထားကြောင်း ရေးသားရာ၌ မည်သို့သော အရှိန်အဝါ အင်အားများ ပါဝင်ကြောင်း အကဲဖြတ်ရန် ဖြစ်၏။ စာဖတ်သူယောဂီ အတွက်လည်း ဆရာတော် ပညာအမွေကို ထိုစာပိုဒ်မှ ရယူနိုင်ပေသည်။
(ထိုကမ္မဋ္ဌာန်းကျမ်းမှ အရေးအသား များကို ဆောင်းပါးအဖြစ် “လယ်တီတရား သတင်းစာ” နှင့် ၁၉၅၉-ခုနှစ် “ဗုဒ္ဓဓမ္မလောက စာစောင်” တို့၌ ပါရှိခဲ့ဖူးလေပြီ။)
ဟောပြောမှုနှင့် အခြားအင်အား
ဟောပြောမှုနှင့် စပ်၍လည်း ကလောမြို့ရှိ သိမ်တောင်ဂိုဏ်းချုပ် တတိယဆရာတော် သက်တော် ရှစ်ဆယ်ရှိ-ဦးအာဒိစ္စ အရှင်မြတ်ကြီး အမိန့်ရှိချက်များကို ပြဆိုပါဦးအံ့-
“တို့များ သတိပြုမိသလောက် ထူးခြားတာကတော့ ဆရာတော်ဟာ ဒါန သီလ ဘာဝနာ ဘာတရားကိုပဲဟောဟော၊ ဟောတဲ့ အခါတိုင်း တရားနာရတဲ့ သူတွေဟာ ခုချက်ချင်း လိုက်နာကျင့်ဆောင်လိုတဲ့ စိတ်တွေ ထက်ထက်သန်သန် ဖြစ်ကြရတယ်။ ဒါနအကြောင်း ဟောတယ် ဆိုရင်ပဲ ယခု လှူရတာလောက်နဲ့ အားမရကြဘူး၊ အိမ်ပြန်ယူပြီး လှူချင်တဲ့ဆန္ဒတွေ တစ်ဖွားဖွား ဖြစ်ကြတာပဲ။”
(မြတ်စွာဘုရား တရားဟောသောအခါ “သမုတ္တေဇေသိ = ထက်သန်စေ၏။ သမ္ပဟံသေတိ = ရွှန်လန်းစေ၏၊ တက်ကြွစေ၏” ဆိုသည်နှင့် ချင့်စာရာ၏။)
“နောက်တစ်ချက်က သိမ်တောင်မှာ နေကြတုန်းက ဆရာတော်က ပြောတယ် ဆွမ်းစားကျောင်း ဘုန်းကြီးကို ဦးပဉ္စင်း၊ ဆန်တို့ ဆီတို့ လိုရင် ခုနစ်ရက်လောက်က ကြိုတင်လျှောက်ထား အသိပေးနော်” လို့ အမိန့်ရှိတယ်၊ အာဂန္တုကနှင့် ဧည့်သည်များ များတဲ့အခါမျိုးမှာလဲ ဒီလိုပဲ ဆွမ်းစားကျောင်း ဘုန်းကြီးကို ပြောတယ်။
တစ်နေ့တော့ ဆွမ်းစားကျောင်း ဘုန်းကြီးက ဆန်တွေဆီတွေ အတော်အသင့် ရှိနေပေမယ့် “ဆရာတော် ပြောလှတယ်။ ဘာအဓိပ္ပာယ်လဲ မသိဘူး။ စမ်းဦးမှပဲ” ဆိုပြီး ဆန်ဆီကုန်တော့မယ့် အကြောင်း ပိုပိုသာသာ လျှောက်လိုက်တယ်။ အဲ.... လျှောက်ပြီး မကြာပါဘူး၊ မီးရထား တွဲလိုက် ကားနဲ့ အချို့ ဆန်တွေဆီတွေ ရောက်လာတာပဲ”။
ကိုယ်ရောင်မြူးဝင့် နောက်ဆုံးညဉ့်
ဆရာတော်သည် ဓုတင်များကိုပါ ဆောက်တည်ကာ ပြင်းပြင်းထန်ထန် လုပ်လေ့ ရှိသည့် အတိုင်း အသက်ရှည်တော်မမူ။ သက်တော် လေးဆယ့်ခြောက်နှစ်၊ ၂၆-ဝါမျှဖြင့် ပျံလွန်တော် မူရသည်။
ပျံလွန်ခါနီးတွင် ခြောက်ရက်လုံးလုံး အာဟာရ ကောင်းစွာ မဘုဉ်းပေး၊ လူသူ တပည့်များ အဝင်မခံ၊ တပည့်ကြီး ဖြစ်သူ ဆည်ကြီးတောရ ဆရာတော် တစ်ပါးသာ နေ့နေ့ညည စောင့်ရှောက် ကြည့်ရှုရသည်။
(ဆည်ကြီး ဆရာတော်က ၎င်း၏ တူမ အဖွားလေးအား ပြောပြချက်အရ) ဆရာတော်သည် အမြဲခုတင်ပေါ်၌ ပက်လက် လှန်ကာ အာနာပါနကိုသာ တွင်တွင်ကြီး ရှုမှတ်နေ၏။ ပျံလွန်ခါနီးညတွင် ဆရာတော်၏ ပခုံးအထက် လည်ပင်း ပတ်ပတ်လည်မှ အလင်းရောင်ကြီးများ ဒေါင်းမြီးဖြန့်ကာ နေသကဲ့သို့ ယှက်ဖြာ ကွန့်မြူး နေကြောင်း ဆည်ကြီးဆရာတော် ကိုယ်တိုင် ဖူးတွေ့ ရသည်ဆို၏။
သိမ်တောင် ဂိုဏ်းကြီးကို စတင် တည်ဖန်တော် မူခဲ့သော အင်းမကြီး ဆရာတော်နှင့် စပ်၍ မှတ်သားဖွယ်မှာ ဤမျှသာ ရှာဖွေ ရရှိပါ၏။
(ဆရာတော်နှင့် ဆည်ကြီးတောရ ဆရာတော်တို့ ဒလ ပျော်ဘွယ်ကြီးရွာ ဆရာ သက်ကြီးထံ တရားဟော ကြွစဉ်က အဖြစ်ဆန်းများကို “ဆရာသက်ကြီး” စာအုပ်၌ ဖတ်ရှုပါရန်။)
စွန်းလွန်းဆရာတော် ဦးကဝိ (၁၂၃၉ - ၁၃၁၄)
“၁၂၈၂ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃-ရက် အင်္ဂါနေ့ ညဉ့် ၁၀-နာရီ အချိန်ခန့်။
ကိုရင်ကြီး ဦးကဝိသည် စွန်းလွန်း တောင်ဘက်ရှိ မောင်ရင်ပေါ်ချောက်၌ တစ်ကိုယ်တည်း တရားရှုမှတ်နေ၏။ ကောင်းကင်မှ တဝီဝီ အသံကြီးမှာ ကြက်သီး ထလောက်အောင် မြည်ဟည်းနေ၏။ သတိ သမာဓိ ပညာ ထက်သန် ညီမျှစွာ ရှုမှတ် နေရာမှ အသံကြားရာ အထက်သို့ မော့ကြည့်လိုက်ရာ ငွေစောင်းတန်းကြီးမှ နတ်ရထားပျံကြီး တစ်စင်း အရှိန်ပြင်းစွာဖြင့် မိမိထံသို့ တည့်တည့်ကြီး ဦးတည် ဆင်းလာနေသည်ကို တွေ့ရ၏။ ဦးကဝိကား နတ်ရထားပျံကြီးကို ဆက်၍ မကြည့် တော့ဘဲ မိမိတရားကိုပင် ရှုမှတ်မြဲ ရှုမှတ်နေလိုက်သည်။
ဦးကဝိသည် တရားကိုသာ ဖိ၍ မိမိရရ ရှုမှတ်နေစဉ် ခန္ဓာကိုယ်ကြီးမှာ သိသိသာသာ ပေါ့၍ ပေါ့၍ လာ၏။ အိကနဲငြိမ့်ကနဲ သိမ့်ကနဲ ဖြစ်ကာ အပေါ်သို့ မြောက်တက် သွားသည်ဟု ထင်၍ မျက်စိကို ဖွင့်ကြည့်လိုက်ရာ စောစောက တွေ့လိုက်ရသော ရထားပျံကြီးမှာ မိမိ စောစောက တွေ့လိုက်ရသော အောက်သို့ ရောက်နေသည်ကို တွေ့ရပြန်သည်။
ထိုရထားပျံကြီး၏ ထောင့်လေးထောင့်တွင် နတ်မင်းကြီးလေးယောက်နှင့် လက်ယာ ဘက်တွင် သိကြားမင်းကို တွေ့ ရ၏။ အားလုံး အရိုအသေ ပြုနေကြသည်။
တစ်နေ့ကပင် ကျောင်းအနီး၌ မှိုပွင့်ကြီး တစ်ပွင့် တွေ့၍ နုတ်လိုက်ရာ မှိုငုံမှိုမြစ်ပါ မကျန် တစ်အုံလုံး ကျွတ်ထွက်လာသည်ကို တွေ့ ရကတည်းက “အမြစ်ပြတ် လုံးဝ အကျွတ်တရား ရတော့မည်” ဟု ယူဆကာ အရိုးကြေကြေ အရေခန်းခန်း မထတမ်း ကြိုးစားခဲ့ရာ ယခု နတ်သိကြားများကို တပ်အပ် သေချာ တွေ့ မြင်ရပြန်သောအခါ-
“ငါ့အား တရားထူးရတော့မည် ဖြစ်၍ လာရောက် စောင့်ကြသည်” ဟု မှတ်ထင် လိုက်၏။
နတ်ရထားနှင့် နတ်သိကြားတို့ကို ဂရုမမူဘဲ ဣရိယာပုထ် တစ်ခုတည်းဖြင့် တစ်ရှိန် တည်း တစ်သန်တည်း ခန္ဓာကိုယ်နှင့် အသက်ကိုပင် စွန့် လွှတ်၍ အားထုတ်ရာ ထိုနေရာ၌ပင် “ရဟန္တာ” ဖြစ်တော်မူလေ၏။
ဘဝများစွာ ကမ္ဘာထုတ်ချင်း မြင်တော်မူပုံ
အတန်ကြာသောအခါ သတိရလာ၍ စောစောက နတ်ရထားကြီးကို ကြည့်လိုက်ရာ မရှိတော့ပေ။ အထက်သို့ မော့ကြည့်လိုက်ရာ သိကြားမင်းနှင့် နတ်မင်းကြီး လေးယောက်တို့သည် “အချင်းတို့၊ လူ့ပြည်၌ ရဟန္တာတစ်ပါး ပေါ်ထွန်းနေပြီ။ သွားရောက် ဖူးမျှော် ကြကုန်လော့” ဟု ကြွေးကြော်နေသည်ကို တွေ့ မြင်တော်မူ၏။
ထို့နောက် အနီးအပါးရှိ ဘုမ္မစိုး၊ ရုက္ခစိုး နတ်များနှင့်တကွ နတ်ဗြဟ္မာများ တစ်သုတ်ပြီး တစ်သုတ် လာရောက် ဖူးမျှော်ကြသည်မှာ ကြည့်၍ မဆုံးနိုင်အောင် ရှိတော့သည်။
ကိုယ်စိတ်နှစ်ပါးလုံး ထူးထူးခြားခြား ငြိမ်းချမ်း၍ လန်းဆန်း ကြည်လင်စွာဖြင့် စကြဝဠာ ကမ္ဘာ လောကဓာတ်ကြီးကို လှမ်းမျှော်၍ ကြည့်တော်မူရာ အထက်ဘဝဂ် အောက်အဝီစိ ရှိရှိသမျှ ငရဲပြည် လူ့ပြည့် နတ်ပြည် ဗြဟ္မာ့ပြည် အားလုံးကို ဒိုးယိုထုတ်ချင်း ဟင်းလင်းအပြင် အကုန်စင်ကြီး တွေ့မြင်တော်မူရလေ၏။ သတ္တလောက သင်္ခါရ လောက သြကာသလောက လောကကြီး သုံးပါးလုံးကိုလည်း အနုစိတ် ဝင်စား သုံးသပ်တော် မူနိုင်လေသည်။
ထို့နောက် မိမိဘဝကို ဆင်ခြင် စဉ်းစားနေမိ၏။
မြင်းခြံမြို့ တောင်လက် စွန်းလွန်းရွာ ဦးသန့်-ဒေါ်တုတ်တို့မှ ၁၂၃၉-ခုနှစ် တပေါင်း လဆန်း နှစ်ရက် တနင်္လာနေ့ နံနက် လေးချက် မတီးမီ ဖွားမြင်။
မြင်းခြံမင်းကျောင်း ဆရာတော်ထံ စာသင်သော်လည်း စာမတတ်သဖြင့် ၁၅- နှစ်သားတွင် ကျောင်းမှထွက်။
ဖခင်နှင့်အတူ အရေးပိုင်ရုံးတွင် ယပ် လေကြိုး ဆွဲရသော မင်းစေအလုပ်။
အသက် ၃၀ တွင် အလုပ်မှထွက်၍ တောင်ယာ လုပ်ကိုင်စား...
အသိဉာဏ် လွန်စွာ ချို့ငဲ့လှသောမိမိ၏ လက်ရှိဘဝနှင့် အတုမရှိ မြင့်မြတ်လှသော အရဟတ္တဖိုလ်ဆုကြီးကို အပြီးတိုင် ရတော်မူခြင်း၏ ရှေ့ဖြစ်နောက်ဟောင်း အကြောင်းများကို ဆက်လက် ဝင်စားကာ ကြည့်ရှုတော်မူ၏။
ဦးကဝိ အရှင်မြတ်ကြီး ရရှိတော်မူသော အရဟတ္တဖလ အာသဝက္ခယဉာဏ်တော် သည် ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်နှစ်ပါးနှင့် အတူ ပု-ဒိ-အာ ဟူသော ဝိဇ္ဇာ သုံးပါးလုံး ရတော်မူသဖြင့် “တေဝိဇ္ဇ ရဟန္တာ” ဟုပင် ဆိုရပေမည်။
“အဘယ်ကဲ့သို့သော ကုသိုလ်ကောင်းမှုများကို လုပ်ခဲ့၍ ဤသို့ တရားထူး ရလေ သနည်း” ဟု ဆင်ခြင်တော်မူသောအခါ ကဿပဘုရားရှင် လက်ထက်တော်က မိမိပြုခဲ့ဖူးသော ကောင်းမှုကို ဤသို့ မြင်တော်မူလေ၏။
ဦးကဝိ ထေရာပဒါန်
တသန္ဓေန္ဓေ တပေလျဉ်းလျဉ်း တညှဉ်းဆိုးဆိုး အမျိုးမျိုး အဖုံဖုံ သက်တုံတက်တုံ ဆူကြုံနိမ့်မြင့် တဖြင့်တစ်ပါး ဆုံလည်နွားသို့ ပြေးသွားကျင်လည် ခဲ့ရသော ဘဝသံသရာ တစ်ခွင်၌ အမျှင်မပြတ် လူနတ် တိရစ္ဆာန် နောက်ကြောင်းလှန်၍ ပြန်ကြည့်မဆုံးအောင် ရှိနေတော့၏။
ထိုဘဝများစွာတွင် ယခုအခါ တရားထူး ရခြင်း၏ အကြောင်းရင်း ဥပနိဿယ ကုသိုလ်ကံ ထောက်မပုံကို ဆင်ခြင်တော်မူရာ ကဿပဘုရားလက်ထက်၌ ကျေးသား (ကြက်တူရွေး) ဖြစ်ခဲ့သည်ကို မြင်တော်မူ၏။ ထိုကျေးသားမှာ ဘုရားရှင်အား လွန်စွာ ကြည်ညိုလှသဖြင့် အတောင်ပံ နှစ်ဖက် ထိပ်မှာယှက်၍ နှစ်သက်ကြည်နူး သစ်သီးဆွမ်း လှူခဲ့ဖူးသည်ကို မြင်တော်မူ၏။ ထိုကုသိုလ် ကံကြောင့် လူ့ပြည် နတ်ပြည်တို့၌ လောကီ စည်းစိမ်များ သူမတူအောင် ခံစားရသည့် ဘဝများကိုလည်း မြင်တော်မူ၏။
ထိုမှနောက် ဘဝတစ်ခုတွင်ကား တက္ကသိုလ်ပြည်၌ လွန်စွာထင်ရှားသော သမားတော်ကြီး တစ်ဦးဖြစ်ခဲ့ဖူးရာ ဆေးပညာဖြင့် သတ္တဝါတို့အား ကယ်မခဲ့ရဖူး သည်ကို တွေ့ရပြန်၏။ “ထိုဘဝက တွေ့ကြုံ ဆက်ဆံခဲ့ဖူးသူတိုင်း ယခုအခါ ငါ့ထံသို့ လာရောက်၍ ကိလေသာရောဂါ ကင်းဝေးအောင် တရားတည်းဟူသော ဆေးကို စားသုံးကြလိမ့်မည်” ဟုလည်းမြင်တော်မူ၏။
(ယခု ဆရာတော်၏ ဝေနေယျများလည်း ဆေးဆရာကြီးဘဝတုန်းက ဝေနေယျများ ဖြစ်ဟန်တူ၏။)
၅၅၀-ဇာတ်တော် ဇာတ်ပေါင်းခန်းများကို သတိပြုဖွယ် ဖြစ်၏။ ဉာဏ်မမီသူတို့က ၅၅၀-ကို ဒဏ္ဍာရီ ပုံပြင်ပမာ ပေါ့ပေါ့ဆဆ ထင်မှတ်တတ်ကြရာ ပညာဦးစီးသော သဒ္ဓါတရားကို မွေးမြူကြရာ၏။
အလုပ်ခွင်၌ ငြင်းဆန် ရုန်းကန်နေသော သတ္တဝါတို့ကို စည်းရုံး ချေချွတ်ရာ၌ ဗုဒ္ဓရှင်တော်မြတ်၏ ၅၅၀-ဇာတ်များသည် အဘိုးကမြေးကို ပြောပြသော ပုံပြင်မျိုး မဟုတ်။ တစ်ချိန်က အမှန်တကယ် ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်များကို ပုဗ္ဗေနိဝါသ အဘိညာဉ်ဉာဏ်ဖြင့် ဇာတ်ကြောင်းလှန်၍ ပြတော်မူခြင်းသာ ဖြစ်ကြောင်း ဦးကဝိက ထောက်ပြလေပြီ။
ဂေါတမ မြတ်စွာဘုရား သာသနာခေတ်တွင် သုဝဏ္ဏဘူမိသထုံပြည်၌ မနုဟာ မင်းကြီး၏ ဆရာ ဘားမဲ့ဆရာတော် ဘဝလည်း တစ်ဘဝ ဖြစ်ခဲ့ရဖူးကြောင်း တွေ့မြင်တော်မူ၏။ ယခုဘဝ မိခင်လောင်း ဒေါ်တုတ်၏ ဝမ်းကြာတိုက်၌ ဆိုက်ရောက် ကိန်းဝပ်မည် ရှိစဉ် ဖခင်ကြီး ဦးသန့်၌ အိပ်မက်မြင်၏။
ရည်ရည်မွန်မွန် လူတစ်ယောက်က “ဤအိမ်၌ လာ၍ နေပါရစေ” ဟု ပြောရာ “ဆင်းရဲလွန်း၍ မနေချင်ပါနှင့်” ဟု ပြောသည်ကို မရ၍ လက်ခံရသည်ဟု ဦးသန့်က ပြောခဲ့ဖူး၏။ ထို့ကြောင့် “မောင်ကျော်ဒင်” ဟူသော အမည်ဖြင့် အသိဉာဏ်ရော ဥစ္စာပါ ဆင်းရဲ ငြိုငြင်စွာ အသက်ရှည်ခဲ့ရရှာ၏။
ကျင်လည်ခဲ့ရသော ဘဝများမှာလည်း အများအားဖြင့် အဟိတ်တိရစ္ဆာန်ဘဝ သာလျှင် များပြားခဲ့သဖြင့် ပစ္ဆိမဘဝိက (နောက်ဆုံး) ရဟန္တာ ဖြစ်တော်မူရသည့် ယခုဘဝ၌ပင် အသိဉာဏ် ပညာ အားနည်းတော်မူရ၏။ “ဘဝငါးရာတွင် လူအဖြစ် နှစ်ဘဝသာ ရခဲ့သည်” ဟု ဟောတော်မူဖူးသည်။ လူ့ဘဝကို အဘယ်မျှ ရခဲကြောင်း သတိပြုကြရာ၏။
ဗုဒ္ဓစာပေ၌ “ထေရာပဒါန ပါဠိတော်လာ မထေရ်ကြီးများ “မည်သည့် မည်သည့် ဘဝက မည်သို့ မည်သို့သော ကောင်းမှုကို ပြုခဲ့၍ လူ့ပြည် နတ်ပြည်၌ မည်သို့ ခံစားခဲ့ကြရပုံ၊ ဤဘုရားရှင် သာသနာတော်၌ မည်သို့သော တရားထူးများကို ရခဲ့ကြပုံ” အသီးသီး ပြန်လည်၍ ဟောတော်မူထားကြသည့် ထုံးစံရှိပေရာ ဤဖြစ်ရပ် များသည်လည်း “ဦးကဝိထေရာပဒါန်” ပင် ဖြစ်လေတော့သည်။
ဂိုဏ်းဆရာ၏ တဘောင်စကား
ဦးကဝိလောင်းလျာ “မောင်ကျော်ဒင်” သည် ဆင်းရဲငြိုငြင်စွာ မင်းစေဘဝ ဝမ်းကျောင်း ခဲ့ရစဉ် အချိန်တန် အရွယ်ရောက်သောအခါ တစ်ရွာတည်းနေ “မရွှေရည်” ဆိုသူ အမျိုးသမီး တစ်ဦးနှင့် သင့်မြတ်၍ သားသမီး ငါးယောက် ထွန်းကားခဲ့၏။ လေးဦးမှာ ငယ်စဉ်ကပင် ကွယ်လွန်ခဲ့ကြရာ ကိုရှိန်ခေါ် ကိုကံညွန့် တစ်ဦးသာလျှင် ရှိသည်။ အသက် ၃၀-တွင် လခစား အလုပ်မှ ထွက်ခဲ့ပြီးနောက် မိဘလက်ငုတ် တောင်ယာ အလုပ်ဖြင့် အသက်မွေးရ၏။
ကိုကျော်ဒင်မှ ဦးကျော်ဒင် ဖြစ်ကာ ဘဝဖြစ်စဉ်မှာလည်း တက်သုတ်နှင်၍ လာတော့၏။ ဘုရားရှင်ကဲ့သို့သော ပုဂ္ဂိုလ်ထူးကြီးများ အနီးအပါးတွင် ဒေဝီလ, ကောဏ္ဍည စသော လောကီဆရာကြီးများ ကပ်မြှောင်၍ ရှိနေတတ်ကြသကဲ့သို့ ဦးကျော်ဒင်၏ အနီးအပါးတွင်လည်း သူငယ်ချင်း တစ်ဦး ဖြစ်သူ ဦးစံတင်မှာ ကောဏ္ဍညပင် ဖြစ်၏။
ဦးစံတင်အား “သမာဓိမှော်အောင်သူ” ဟု ပြောသူက ပြော၍ “ရံခါ ကမ္ဘာစောင့် နတ်ကြီးများ ပူးကပ်ခံရသူ” ဟု ဆိုသူက ဆိုကြလေသည်။
လောကီနှင့် လောကုတ္တရာသည် ခွဲ၍မရသကဲ့သို့ ထိုမမြင်ရသော ဖြစ်ရပ်ဆန်းများ ကလည်း ပုဂ္ဂိုလ်ထူးများ အနီးအပါးတွင် ကပ်ဝင်လာတတ်ပေသည်။
တစ်နေ့တွင် ဦးကျော်ဒင်အိမ်သို့ ဦးစံတင် ရောက်လာ၏။ ခရီး ရောက်မဆိုက် ဦးစံတင်က အောက်ပါတဘောင်ကို ရွတ်ပြသည်။
“တစ်လိမ် နှစ်လိမ် လိမ်လို့ရှုပ်၊ အမယ်ဗုဓ်ကဲ့ သူ့ချည်ခင်။
ဘယ်သူငင်မှ သည်ရှုပ်ထွေး၊ ရှင်းနိုင်ပါ့မလေး”
ချည်ခင်ကြို ချည်ခင်ကြား၊ လွန်းကလေးနဲ့ သွား။
ဘုရား ငုတ်တို ရောင်တော်လွှတ်ပါလို့၊ ပုံတော်ဝတ်တဲ့ မခွေးရယ်၊
အနား စိမ်းရောင်ခြယ်၊ အလယ်ပြာ ဘောင်ကွက်နဲ့ ၊
လက်ခတ်သံ ကျွန်းဖိုသား၊ သောင်းတိုက်ကကြား။”
ဦးစံတင်သည် တဘောင်ကိုရွတ်ပြပြီး အဓိပ္ပာယ်ကိုပါ ဆက်၍ ရှင်းပြနေသဖြင့် ဦးကျော်ဒင်မှာ ဘုမသိ ဘမသိ နားထောင်ရင်း အင်း.. လိုက်နေရပြန်၏။
“အမယ်ဗုဓ် ချည်ခင်ဟာ ဘယ်လောက်ပဲရှုပ်ရှုပ်၊ ရက်ကန်းစင်ကျရင် ရှင်းသွားတာပဲ ကိုကျော်ဒင်ရဲ့။ အမယ်ဗုဓ်ခေါ်တဲ့ ဒီဘုရားရှင် လက်ထက်မှာ အဝိဇ္ဇာချည်ခင် ရှုပ်ကြီးကို သတိပဋ္ဌာန် ရက်ကန်းစင်မှာ သတိလွန်း တစ်လုံးတည်းနဲ့ပဲ ကိုကျော်ဒင် ခင်ဗျား ရှင်းရလိမ့်မယ်ဗျာ။
“အဲဒီအခါမှာ စွန်းလွန်းရွာ တောင်ဘက်မှာ တကယ့်ရက်ကန်းစင်လဲ ပေါ်လိမ့်မယ် ရက်ကန်းစင်ပေါ်တဲ့ ကျွန်းဖိုကုန်းမှာ ခင်ဗျား သာသနာပြုရလိမ့်မယ်။ သာသနာ ပြုတဲ့အခါ ကျွန်းတိုင်နှစ်လုံးလဲ ပါလိမ့်မယ်။ “ဘုရားငုတ်တို ရောင်တော်လွှတ်” ဆိုတာက ပဋိပတ္တိ သာသနာတော်ကြီး ငုတ်တိုနေခဲ့တာ ပြန်ပေါ်လာတော့မယ်လို့ ဆိုလိုတာပဲဗျ။ အဲဒီတော့ ကိုကျော်ဒင် ခင်ဗျားရဲ့ တရားလက်ခတ်သံကို တစ်နိုင်ငံလုံး ၃၁-ဘုံလုံးက ကြားလာရမှာ” ဟု ဆက်တိုက် မမောနိုင် မပန်းနိုင် ပြောလျက်ရှိရာ....
“မွန်းစံတင်... တော်စမ်းပါကွာ၊ တောက်တီးတောက်တဲ့တွေ ပြောမနေစမ်းပါနဲ့” ဟု ဦးကျော်ဒင်က မကြားလိုဟန် ပြောလိုက်သောအခါ ....
“ခင်ဗျား စောင့်ကြည့်သေးတာပေါ့” ဟု ပြောလိုက်၏။
အမှောင်ခွင်းမည့် ဆီမီးတစ်ထောင်
ဦးကျော်ဒင်နှင့် မရွှေရည်တို့သည် ထိုနှစ်တွင် အထိုက်အလျောက် သောင်သာသဖြင့် ယာတစ်ကွက်ကိုပင် ဝယ်ယူကာ ဇနီးမောင်နှံ ယာရှင်း ခုတ်ထွင်နေကြရာ-
“ရှင် ရွှေရည်ရေ၊ တို့ဒီနှစ် ဒီယာထဲမှာ နှမ်းကြဲကြရင် ကောင်းမယ်။ နှမ်း အတင်း ငါးဆယ်သာ ထွက်ပစေ၊ ဘုရားမှာ ဆီမီးတစ်ထောင် ပူဇော်ရအောင်ဟေ့” ဟု ဦးကျော်ဒင်က ပေါက်ပြား ကိုင်၍ နားရင်း ပြောလိုက်၏။
“ငါးဆယ် မရပါနဲ့ဦးတော်၊ လေးဆယ်ပဲရရ၊ ဆီမီး ပူဇော်ရတာပ” ဟု မရွှေရည်က သစ်မြစ်သစ်မှိုက် ကောက်ရင်း ချက်ချင်း ပြန်ဖြေလိုက်သည်။
“အေး-ကောင်းသဟေ့၊ ကတိ မဖျက်တမ်းနော်” ဟု ဦးကျော်ဒင်က ပြောဆိုကာ အတန်ငယ် စကားရပ်၍ စိတ်ကူးဖြင့် အလှူပေးကြည့်လျက်-
“ရှေးကလို အတီးအမှုတ်တွေနဲ့ ငါ မသွားချင်ဘူးကွာ၊ ကလေးမတွေ လက်ဝတ် လက်စား ပျောက်နေရင် တို့တာဝန် ဖြစ်နေဦးမယ်၊ ရိုးရိုးပဲ သွားကြမယ်” ဟု မမောနိုင် မပန်းနိုင် တောင်ယာခုတ်ရင်း စိတ်ကူးအလှူ ပေးနေမိကြ၏။
မိုးကျ၍ နှမ်းများကြဲကြရာ မိုးခေါင်နေသဖြင့် နှမ်းပင်များ သေလုသေခင် ဖြစ်သွား၏။ ကျန် ယာနီးချင်း အခင်းများ အားလုံး သေကုန်ကြ၏။ ဦးကျော်ဒင်၏ နှမ်းခင်းမှာမူ မသေမီ မိုးရ၍ ထူးထူးခြားခြား နှမ်းများ ရခဲ့သည်။ မရွှေရည် တောင့်တသည့်အတိုင်း အတင်းလေးဆယ် တိတိ တစ်လက်ဆွမ်းမျှ မပိုမလို ရှိလေ၏။
ထိုနှစ် ၁၂၈၁-ခု သီတင်းကျွတ် လပြည့်နေ့တွင် ဘုရား တရား သံဃာအား ဆီသုံး ပိဿာစီ လှူ၍ ပရိတ်တရား နာကြားကြ၏။ ထိုနှစ်တွင် စီးပွားလည်းတက်၊ ဒေါ်ရွှေရည် မှန်းချက်နှင့် နှမ်းထွက်ကလည်း ကိုက်ညီ၍ ဒေါ်ရွှေရည်လည်း ပရိတ်နာ လာသူများအား ဆေး၊ ကွမ်း၊ လက်ဖက်ဖြင့် ဧည့်ခံရသည်ကို မမောနိုင်အောင် ရှိတော့သည်။
ထိုနေ့ နေဝင်သည်နှင့်တစ်ပြိုင်နက် ရွာ၏ အရှေ့တောင်ဘက်ရှိ စေတီတော်သို့ သွားကာ ဆီမီးပူဇော်ကြသည်။ ဦးကျော်ဒင်ကား စေတီအပါးမှ မခွာ။ ဆီမီးတောက် များကို တစိမ့်စိမ့်ကြည့်ရင်း ပီတိဖြစ်နေ၏။ ဆီမီးခွက်ထဲမှ မီးစာအဖျားမှာ မည်း၍ မည်း၍ လာ၏။ ဆီမီးအညွန့်ကလေးများက အဆက်မပြတ် တဖျပ်ဖျပ် တလျှပ်လျှပ် တက်၍ တက်၍ လာ၏။ ဆီများ ဆူဝေ၍ ပွက်လာ၏။ အချို့ မီးခွက်များ မီးစာကုန် ဆီခန်း၍ ငြိမ်းသွား၏။
ဦးကျော်ဒင်သည် တစိမ့်စိမ့်ကြည့်ရင်းက မီးပူကြောင့် ဆူဝေကာ တဖျစ်ဖျစ်မြည်သော အသံနှင့် ဆီမီးခွက်များ၏ တောက်လောင် ချုပ်ငြိမ်းမှုများက သူ့အား တဖြိုးဖြိုး တဖြန်းဖြန်းနှင့် ကြက်သီးမွေးညင်း ထစေ၏။
ဇနကမင်းကြီးနှင့် ကံရဏ္ဍကမင်းကြီးတို့အား အပွင့်အသီးကြောင့် ခက်ရွက် ကျိုးရသော သစ်ပင်များက တောထွက်ရန် တရားဟောပြနေသကဲ့သို့ ဆီမီးခွက် များကလည်း ဦးကျော်ဒင်အား အဘယ်သို့သော တရားကို ဟောပြလိုက်သည်မသိ။ ဦးကျော်ဒင်ကား ချက်ချင်း ထိုင်ကာ ဘုရားကို လက်အုပ်ချီ၍ ဆုတောင်း လိုက်တော့သည်။
“ယခုနေသာ ငါဆုတောင်းရရင် ဧကန္တ တောင်းတိုင်း ရမှာဘဲ” ဟုလည်း ပီတိ အဟုန်ဖြင့် ယုံကြည်စိတ်ဝင်ကာ-
“ဤသို့ အလင်းရောင် ဆီမီးအလှူကြောင့် အကျွန်ုပ်သည် ရဟန်းဖြစ်ရပါလို၏ ရဟန်းဖြစ်သောအခါ အကျွန်ုပ် တရားဟောပြော ဆုံးမသည့်အတိုင်း သတ္တဝါတွေ ကျင့်ကြံနိုင် ကြပါစေ” ဟု စိတ်အကြံ ပေါ်လာသည့် အတိုင်း ဆုတောင်းလိုက်သည်။
ဆုတောင်းပြီးသွားသော်လည်း စိတ်ထဲတွင် “ငါ ဘယ်လိုလုပ် တရားဟောနိုင် မတုံး၊ စာမှမတတ်ဘဲ” ဟူသော မိမိ တောင့်တချက်ကို အနုတ်လက္ခဏာ ပြသည့် နောင်တ ပူပန်မှုက ဝင်လာပြန်၏။
“စာတတ်မှသာ တရားဟောနိုင်မည်” ဟု ထင်နေသောကြောင့် ဖြစ်သည်။ တိုးတက်အောင် လုပ်နိုင်သည်မှာလည်း ထိုစိတ်ပင် ဖြစ်၍ နိမ့်ကျစေနိုင်သည် မှာလည်း ထိုစိတ်ပင်တည်း။ မည်သို့ ဖြစ်စေ ဆီမီးတစ်ထောင် အလင်းက အမှောင်ခွင်းလေပြီ။
မသေသော တရား ရှာသင့်ပြီ
“ပစ္စည်းဥစ္စာတက်ရင် လူသေတတ်တယ်” ဟူသော အစွဲက ဦးကျော်ဒင်အား ဥပါဒါန် ဖြစ်စေ၏။ ထိုနှစ် ဦးကျော်ဒင်တို့ လင်မယား ထူးထူးခြားခြား စီးပွားတက်သည်။ မြင်းခြံမြို့၌ ပလိပ်ရောဂါ ဖြစ်၍ နေ့စဉ် သုသာန်၌ လူစည်ကားနေ၏။ သူအို၊ သူနာ၊ သူသေ ရဟန်း နိမိတ်ကြီး လေးပါး ထင်သကဲ့သို့ ဦးကျော်ဒင်၌လည်း သေခြင်း တရားက အရိပ် နိမိတ်များ ပြလျက်ရှိ၏။
“ပလိပ်ကပ်ရောဂါထဲများ ခုနေပါသွားရင် ငါ့မှာ ဘာကုသိုလ်မှ မယ်မယ်ရရ အားကိုး စရာ မရှိသေးပါလား” ဟု နီးကပ်သော သေဘေးကြီးကို တွေး၍ မိမိကိုယ်ကို စစ်ဆေးကြည့်မိကာမှ ပို၍ ကြက်သီးထနေမိ၏။
တပေါင်းလ၏ ညတစ်ညတွင် ဦးကျော်ဒင်သည် အလန့်တကြား အိပ်ရာမှထကာ ဗလုံးဗထွေး မပီမသ အသံကြီးဖြင့် မရွှေရည်အား အိပ်ရာမှ လှုပ်နှိုးလိုက်သည်။ မရွှေရည်မှာ-
“ဘာလဲ..ကိုကျော်ဒင်ရဲ့” ဟု အလန့်တကြား ထူးထူးထထ ထထိုင်လိုက်၏။ ဦးကျော်ဒင်မှာ ကတုန်ကရင်ဖြစ်လျက်-
“ရွှေရည်ရ၊ ငါ့ရင်ဘတ်ကို စမ်းကြည့်ပါဦး၊ ငါတော့ သေရတော့မှာပါကွာ....” ဟု ဆိုကာ အိပ်မက် မက်ပုံကို ပြောပြသည်။
“ရွှေရည်ရယ်၊ တို့အိမ်ရှေ့က မဏ္ဍပ်ထဲမှာ ဘုရားဆင်းတုတော် ကြွလာပြီး လှုပ်လှုပ် လှုပ်လှုပ်နဲ့ပြုံးတော်မူတာ ဖူးရတယ်၊ ဒါနဲ့ ငါက ညည်းလက်ထဲက ဆွမ်းအုပ်ကိုယူပြီး ငါကိုယ်တိုင် ဆွမ်းကပ်ရတယ်၊ ဆွမ်းကပ်တော့ ဘုရားဆင်းတုက ပြောတယ်၊ “သတ္တဝါတွေဟာ တယ်ရှုပ်တယ်၊ ငါ ယခုသာ စကားပြောမယ်၊ နောက် မပြောတော့ဘူး တဲ့။” ကဲပါဟယ်.... ဘုရား မီး ပူဇော်ရအောင် ငါ့ကို ဖယောင်းတိုင် ပေးစမ်းပါ။ ငါတော့ သေရတော့မှာပါ၊ နောက်ဆုံး ကုသိုလ်လုပ်ရအောင် ဘုရား ကြွလာပြီး သတိပေးတာ နေမှာဘဲ” ဟု ပြောပြ၏။
“အိပ်မက်အကြောင်း ဘယ်သူ့မှ မပြောရင် ဖယောင်းတိုင် ပေးမယ်” ဟု ကတိ ခံစေကာ ဖယောင်းတိုင် ပေးလိုက်၏။
ဦးကျော်ဒင်လည်း ဖယောင်းတိုင် ယူပြီး ချက်ချင်းပင် ဘုရားဘက်သို ထွက်သွား၏။ ဘုရားသို့ ရောက်လျှင် သူငယ်ချင်း ဦးချီတိုင်နှင့်တွေ့၍ အကျိုးအကြောင်းမေးရာ သေရမည် ကြောက်၍ ဘုရားမီး ပူဇော်ရန် လာကြောင်း ပြောပြသောအခါ ဦးချီတိုင်က ခုနှစ်သက္ကရာဇ် မေးစမ်းပြီး တွက်ချက်ကြည့်၏။
“ဟ... မွန်းကျော်ဒင်၊ မင်း စနေဂြိုဟ်ထဲမှာ ပါလားကွ၊ အေး.... ကြောက်တော့လဲ သိပ်ကြောက်မနေနဲ့ပေါ့၊ မင်းအိမ်မှာ ခြေနှစ်ချောင်း ထွက်ကိန်းလဲ တွေ့နေရတယ်” ဟု ပြောလိုက်ရာ-
“ဟ... မပြောစမ်းပါနဲ့ကွာ၊ နဂိုကမှ ကြောက်ရတဲ့အထဲ” ဟု ပြောလျှင်-
ငါက ပြောတာမဟုတ်ဘူး၊ ဗေဒင်ကပြောတာ” ဟု ထပ်၍ လောပြန်သဖြင့် ဦးကျော်ဒင်မှာ ဆောက်တည်ရာမရ ပို၍ပင် ကြောက်လန့်နေတော့သည်။
သေရမည်ကို ကြောက်လန့်လှ၍ မသေတရား ရှာခြင်းအားဖြင့် ကြိုးစား၍ ဘုရား ဝတ်တက်မည်ဟု အားခဲလိုက်သည်။ သူငယ်ချင်း ဦးချီတိုင်နှင့် ဦးစံတင်တို့ကိုလည်း နေ့စဉ် ဝတ်တက်ဝတ်ကပ် ခေါ်ရန် သတိပေး တောင်းပန်ထား၏။
အကြောင်းတရားတို့သည် ဆန်းကြယ်လှကုန်၏။ တစ်ထစ်ချ သတ်မှတ်ပြီး လွှတ်လိုက်သော ကံတရားက အချိန်နီးကပ်လှပြီဖြစ်၍ ဘဝကို အကျဉ်းရုန်းကာ တက်သုတ်နှင်လေတော့သည်။
များမကြာမီ ကာလ လသာသာ ညတစ်ည၌ ဦးကျော်ဒင်သည် ဦးစံတင်နှင့်အတူ အိမ်ရှေ့ကွပ်ပျစ်၌ စကားပြောရင်း နှစ်ယောက်သား အိပ်ပျော်သွားကြ၏။ တစ်နာရီခန့် ရှိလျှင် ဦးကျော်ဒင်က ဦးစံတင်အား အလန့်တကြားလှုပ်၍ နှိုးပြီးလျှင်-
“ကဲ... မင်းပြောတာ ငါနားမလည်ဘူးကွ၊ ဆက်ပြီး ပြောစမ်းပါဦး” ဟု လောတိုက် မေးရာ ဦးစံတင်မှာ အိပ်မှုန်စုံမွှားဖြင့် ...
“ကျုပ် ဘာပြောလို့လဲ” ဟု ကြောင်အမ်းအမ်း ပြောလိုက်ကာမှ ဦးကျော်ဒင်သည် မိမိဘာသာ အိပ်မက်ထဲတွင် နှစ်ယောက်သား စကားပြောကြရာ နားမရှင်း၍ ထပ်မေးမည်ရှိစဉ် နိုးလာသော်လည်း အိပ်မက်ဇာတ်လမ်းအရ ဆက်၍ မေးနေမိခြင်း ဖြစ်ကြောင်း သတိရသွား၏။
ဦးကျော်ဒင်ခမျာ သေခြင်း ဘေးကြောင့် မအိပ်နိုင် မစားနိုင် ဖြစ်ကာ အိပ်ပျော်သည် ဆိုရစေကာမူ ကြက်နိုး ကြက်အိပ် ဖြစ်နေရှာ၏။ သမ္မာဒေဝနတ်တို့ အပူတပြင်း နှိုးဆော်နေဟန်ရှိသည်။
“ငါတော့ သေဖို့ရက် နီးနေပြီ ထင်ပါရဲ့ သူငယ်ချင်းရာ၊ ခုတစ်ခါ အိပ်မက် မက်ပြန်တယ်။ မင်းက ငါ့ကိုပြောတယ်၊ “သတ္တဝါတွေဟာ အလွန် သနားစရာ ကောင်းနေပြီ၊ ကပ်ကြီးသုံးပါး ဆိုက်နေတယ်၊ မျက်စိလယ် လမ်းမှားပြီး ချောက်ကမ်းပါး ကျကုန်ပြီ” လို့ ပြောတော့ ငါက “ချောက်ကမ်းပါး ကျမှန်းတော့ သိတယ်၊ ခုနေများ လမ်းမှန်တွေ့ရင် လိုက်ချင်ပါသကွာ” လို့ ပြန်ပြောတာကိုးကွ၊ ဒီတော့ မင်းက “လမ်းမှန်ရောက်ချင်ရင် မခက်ပါဘူး၊ လမ်းဆုံ လမ်းမ လမ်းလေးခွ ကနေ စောင့်ပါ၊ လမ်းမှန်ပြမယ့် ပုဂ္ဂိုလ် ပေါ်လာလိမ့်မယ်” လို့ ပြောတာကို ငါနားမရှင်းလို့ မေးတာ၊ လက်စသတ်တော့ မင်းလဲ ဘယ်သိမလဲ၊ အိပ်မက်ထဲမှာ ပြောကြတဲ့စကားဟာကိုး”
အိပ်မက်တိတ္ထု စိတ်မလုံ မယုံစားလွန်းရာ
“မွန်စံတင်၊ ငါ့မလဲ ဥပါဒါန်ကြောင့် ဥပဒ်ရောက်နေပြီ၊ ဒီအတိုင်း နေလို့တော့ မဖြစ်ဘူး၊ ငါ့စိတ်ကို ဆေးကုမှ ဖြစ်တော့မယ်၊ တစ်နေ့က အိပ်မက်မက်သလို ငါ့အိမ်ရှေ့မှာ မဏ္ဍပ်ထိုးပြီး ဘုရားရုပ်ပွားတစ်ဆူ ပင့်ထားမယ်၊ ရွာက ဝတ်အသင်းသူ အသင်းသားတွေလဲ ဘုရားထိ မသွားပါနဲ့၊ ဒီမှာဘဲ သုံးလေးရက် လာဝတ်တက်ဖို့ ဖိတ်မယ်၊ ဧည့်လဲခံမယ်၊ မကောင်းဘူးလား” ဟု မိမိ စိတ်ချမ်းသာမည် ထင်သည့် အတိုင်း ပြောဆိုစီမံရာ ဦးစံတင်ကလည်း သဘောတူ၍ မဏ္ဍပ်အတူ ထိုးကြလေ၏။ ညဉ့်ဦးယံ ထမင်းစားသောက်ပြီးသည်နှင့် စွန်းလွန်းရွာမှ ဘုရား တရား ဝါသနာ ပါသူများ လာရောက် ဝတ်တက်ကြ၊ တရားစကား ပြောကြ၊ ငြင်းကြ၊ ခုံကြ၏။ မရွှေရည်မှာ ပါရမီ ဖြည့်ကာ ဆေးကွမ်း လက်ဖက်ဖြင့် ဧည့်ခံရှာ၏။ ဦးကျော်ဒင် လည်း အတန်ငယ် စိတ်သက်သာရာ ရဟန်ရှိသည်။
မသေတရားကား မတွေ့သေးချေ။
ဤနေရာ၌ ယောဂီတို့သတိပြုရမည်မှာ အိပ်မက်နှင့် အတိတ်နိမိတ်များပင် ဖြစ်သည်။ သိလျှင် အိပ်မက်နှင့် အတိတ်နိမိတ်တို့သည် အလွန်စိတ်ဝင်စားဖွယ် ကောင်းလှ၏။ နတ်တို့ပြဆောင် တဘောင် အတိတ် နိမိတ် အိပ်မက် လက္ခဏာ ဗေဒင်တို့သည် ကောင်းကျိုးကို ပေးနိုင်သော အစစ်များ ရှိသကဲ့သို့ လမ်းလွှဲ ချောက်ကျစေသော အတုများလည်း များကုန်၏။ ယောဂီ၌ အစစ်အတုခွဲခြား နိုင်သော အင်အားမရှိလျှင် ပို၍ ရှုပ်ထွေးစေနိုင်၏။ အလုပ်ပျက်တတ်ပေသည်။
“ယောဂီ(ရဟန်း) သည် ဆေးကု ဗေဒင်ဟော စသော လောကီ များကို မလုပ်ရ၊ မယုံကြည်ရ။ ဥပါသကာသည် “ကောတုဟလ မင်္ဂလာ” ကို မယုံရ” စသည်ဖြင့် ဘုရားရှင် တားမြစ်တော်မူ၏။ ယောဂီအား အလုပ်ပျက်စေနိုင်သောကြောင့် ဖြစ်သည်။ ခွဲခြားနိုင်ပါမူကား အလုပ်ခွင်၌ အလွန်အကျိုး များသည်မှာတော့ အမှန်ပင်။
မည်သို့ဖြစ်စေ၊ “ပါရမီရှိသူ၊ ကံကောင်းသူအား မြင်ရ မမြင်ရသူများ အားလုံး ဝိုင်းကူ၍ လုပ်ပေးနေကြရသည်” ဟု ယောဂီ အကြွင်းမဲ့ ယုံကြည်ပါလေ။ (နေ့စဉ် မေတ္တာပို့၍ အမျှပေးပါလေ။ အကူအညီကိုလည်း တောင်းခံနိုင်ပေ၏။) ထမင်းချက်တတ်သူက ချက်ပေးရ၏။ တရားပြတတ်သူက ပြပေးရ၏။ အိပ်မက် လုပ်တတ်သူတို့က အိပ်မက် လုပ်ပေးကြသည်။
“တရားအားထုတ်သူထက် ပါရမီရှိသူ၊ ကံကောင်းသူကား လောက၌ မရှိပြီ” ဟုသာ ယုံကြည်၍ ကိုယ့်အလုပ်ကိုသာ တွင်တွင်ကြီး လုပ်ကြရာ၏။ တရားသည် တရား ကိုသာ ပေးလိမ့်မည်။
ကံတရားတို့၏ အကျိုးပေးပုံမှာ ဆန်းကြယ်လှ၏။ အကုသိုလ် အရာ၌ နတ်ဆိုးကြီး တစ်ဦးက ခေါင်းဆောင် စီမံနေသကဲ့သို့ လည်းကောင်း၊ ကုသိုလ်အရာ၌ နတ် သူတော်ကောင်းကြီး တစ်ဦးက ဦးဆောင် ခန့်ခွဲနေသကဲ့သို့ လည်းကောင်း မြင်နေရတတ်၏။ အလွန်လည်း အကွက်စေ့၍ တိကျလှပေစွာ့။
ကမ္မဿကတာ = ကံအကြောင်းရင်းကို မမြင်၊ ဤနေရာ၌သာ အသိလမ်းဆုံးကြရာမှ နတ်ကိုးကွယ်သော ဝါဒ၊ ဖန်ဆင်းရှင် ဘာသာတို့ ဖြစ်ပေါ်လာကြကုန်၏။
လယ်တီဆရာတော်၏ ကျေးဇူး
ပထမ တစ်ရက် နှစ်ရက်တွင် ရွာထဲက “အဘိဓမ္မာဆရာ စာသမားများသာ လာကြ၏။ သုံးရက်မြောက်သော နေ့တွင်ကား စတီးဘရားသား စက်ထဲမှ စာရေးကြီး ဦးဘစံသည် အထူးမပင့်ဖိတ်ရဘဲ တရားဆွေးနွေးရန် ပေါက်လာ၏။ စက်ထဲသို့ ထင်းရောင်း လာကြသော အညာဘက်မှ လှည်းသမားနှစ်ယောက်လည်း စာရေးကြီးနှင့် လိုက်ပါ လာကြသည်။ လှည်းသမားတစ်ဦးမှာ ဘုန်းကြီးလူထွက်၊ လယ်တီဆရာတော်၏ တပည့်ဖြစ်၍ အာနာပါန ကမ္မဋ္ဌာန်းအကြောင်းကို ပါဠိများ ရွတ်ကာရွတ်ကာ များစွာ ဟောပြောဆွေးနွေးသည်။
စာရေးကြီး ဦးဘစံ ကား အာနာပါန အကြောင်းကို အနည်းငယ်မျှသာ ပြော၍ လှည်းသမားနှင့် စွန်းလွန်းမှ တရားဆရာများကို မိတ်ဆက်ပေး၏။ ဦးဘစံကား လယ်တီဆရာတော်ကပင် တရားထူး ရထားသူ ဖြစ်ကြောင်း (တရားစစ်မေးပြီး) သာဓု ခေါ်ခံရသူ ဖြစ်သည်။ အရိယာပုဂ္ဂိုလ်ထူးပင်တည်း။
မည်သည့်ကိစ္စမဆို အကျိုးတစ်ခု ဖြစ်ပေါ်ရာ၌ အမှုမဲ့ အမှတ်မဲ့ ဖြစ်ချင်လို့ ဖြစ်တာ ဟု သာမန် မအောက်မေ့ရာ။ မသိမမြင်နိုင်သော အကြောင်းပေါင်း များစွာတို့ စုပေါင်း ဆုံဆည်းမှသာ ဖြစ်ပေါ်လာရသည်။ အလွန် စိတ်ဝင်စားဖွယ် ကောင်းလှပါပေ၏။
ဦးကျော်ဒင်သည် တရားသမား အဘိဓမ္မာသမားများ အားရပါးရ ဆွေးနွေး နေကြသည် အနားမှထိုင်၍ သက်ပြင်းချကာ မလှုပ်မရှက် တွေတွေကြီး နားစိုက် နေ၏။ သူတို့ ပြောသေ စကားများတွင် နားမလည်သည်က များသည်။ သို့သော် “အာနာပါန” ဟူသော စကားကို ထပ်ချည့်တလဲလဲ ပြောဆိုနေကြရာ “အာနာပါန” ဟူသော အသံကို ကြားရခါမျှဖြင့် ဦးကျော်ဒင်မှာ ကြက်သီးတဖျဉ်းဖျဉ်း ထနေ၏။
အနာထပိဏ်သူဌေးကြီး ကုန်ရောင်းကုန်ဝယ်သွားစဉ် “ဘုရား” ဟူသော စကားကို ကြားရခါစ ရိုးတွင်းခြင်ဆီထိအောင် ပီတိ ဖြစ်ရသကဲ့သို့ ရှိ၏။
ဦးကျော်ဒင်မှာ ကြက်သီးတဖျဉ်းဖျဉ်း ဖြစ်ကာ အနားမှ နားထောင်ရင်း “သူတို မဖိတ်ဘဲနဲ့ ရောက်လာကြတယ်။ ငါ့ကို တရားဟောဖို့ လာတာ ဖြစ်မယ်လားမသိ၊ အိပ်မက်ထဲက အတိုင်း လမ်းလေးခွက မဏ္ဍပ်ထိုးပြီး စောင့်နေမိပြီပဲ။ (ဦးကျော်ဒင် အိမ်မှာလည်း ရွာတွင် လမ်းလေးခွဆုံဖြစ်သည်။) သူတို့ပြောနေတဲ့ တရား ငါအားထုတ်လိုက်ရရင် မုချ ရတော့မှာပဲ” ဟု စဉ်းစားနေမိ၏။
“အင်း-သူတို့ပြောတာ ပါဠိပါဌ်သားတွေနဲ့၊ အကုန်လဲ နားမလည်ဘူး၊ ခက်တာပဲ၊ ငါ့မှာ စာကလဲမတတ်၊ ဖြစ်သေးပါဘူးလေ” ဟု အားလျော့ အရှုံးပေးသော စိတ်ကလည်း နောက်က ဆက်၍ ဆွဲနေပြန်၏။
“တရားအားထုတ်လိုစိတ်” ကို “စာမတတ်” ဟူသော စိတ်က လိုက်၍ နှောင့်ယှက် နေသကဲ့သို့ ယောဂီတိုင်းတွင် အလားတူ စိတ်တစ်မျိုးမျိုးက ကုပ်ပိုးကို ဆွဲ၍ ဆွဲ၍ ရှေ့တိုး နောက်ငင် လုပ်တတ်ပေသည်။ (ယင်းလည်း တရားသဘောပင်တည်း။) စာသန်သူများ၌ ထို နောက်ဆွဲအားသည် ပို၍များတတ်၏။ စာတွေ့ လက်တွေ့ ကျင့်ကြံပြီးသူများက တဲ့တဲ့ကြီး ပြောသော်လည်း မယုံနိုင်သေး။
ဤကဲ့သို့သော ခေတ်ကြီးမျိုး၌ ရိုးတွင်းခြင်ဆီ ဆိုက်မျှ တစ်စုံတစ်ခုသော ထိခိုက်မှု မရှိသေးလျှင် “ငါ နေရာမကျသေး” ဟု ကိုယ့်ကိုကိုယ် အဖြေပေးကာ အပတ်တကုတ် ကြိုးစားအားထုတ်သင့်ကြပြီး
အာနာပါနနှင့် ပြောင်းရိုးစဉ်း၍ ကောင်း
နောက်တစ်ရက်ည စာရေးကြီး ဦးဘစံ ကြွလာသောအခါ ဦးကျော်ဒင်သည် မဏ္ဍပ် အဝင်မှပင် ဆီးကြိုနှုတ်ဆက်ကာ-
“စာရေးကြီး၊ ခင်ဗျားတို့ တရားအလုပ်က ကျုပ်တို့လို စာမတတ်တဲ့လူ လုပ်လို ရပါ့မလား” ဟု စိုးရိမ်တကြီး မေးရာ-
“အို..စာတတ်တာ မဟုတ်တာ လိုရင်း မဟုတ်ပါဘူးဗျာ။ တကယ် ယုံပြီး အဟုတ် လုပ်နိုင်ဖို့သာ အရေးကြီးတာပါ။ သဒ္ဓါ ဝီရိယရှိဖို့ လိုတာပါပဲ” ဟု ပြောလိုက်၏။
“ဒါဖြင့် ဘယ်လို လုပ်ရမတုံး” ဟု ဆက်၍ မေးပြန်သဖြင့်...
“ထွက်သက်-ဝင်သက် မှတ်နေရုံပါပဲ” ဟု ပြောပြောဆိုဆို ဦးဘစံသည် မဏ္ဍပ်တွင်းရှိ ဓမ္မမိတ်ဆွေများရှိရာ ဝင်သွား၏။ ထုံးစံအတိုင်း ဟောပြော ဆွေးနွေး နေကြပြန်သည်။ ဦးကျော်ဒင်ကား မဏ္ဍပ်ထဲသို့ပင်မဝင်တော့ဘဲ အိမ်ဘေးအဖီထဲ သွားကာ ဂုန်နီအိတ် ခင်းထားသော ပက်လက်ကုလားထိုင်၌ ထိုင်၍ “ဟင်း-ဝင်တယ်၊ ဟင်း.... ထွက်တယ်” မသိအောင် ကျိတ်၍ မျက်စိစုံမှိတ်ပြီး ရှူရှိုက် မှတ်ရှု နေလေတော့၏။
ထွက်လေဝင်လေ အဝင်အထွက်မျှပြီး သက်တောင့်သက်သာဖြင့် အရသာတွေ့စ ပြုသည် အရတွင် အနာဂါမ် ဒေါ်ငွေဘုံကြီး ထံမှ သတိပဋ္ဌာန် အမှတ်တရား ရွေးလုပ်သည့် အိမ်သို့ ရောက်လာကာ...
“အသိ လိုက်ရသေးတယ်” ဟု ဆို၍....
“ဘယ်လို အသိလိုက်ရမတုံး” ဟု မေးလျှင်....
“သိ... သိ.. သိပေါ့ကွာ” ဟု လွယ်လွယ်ပင် ဦးရွှေလုပ်က ပြော၏။
“အသိလိုက်တော့ ဘာဖြစ်မတုံး” ဟု ဦးကျော်ဒင်က မေးပြန်၍...
“ကုသိုလ်ရတာပေါ့ကွာ” ဟုသာ ဖြေလေသည်။ ဦးကျော်ဒင်ကလည်း....
“ငါလုပ်ရင် မုချ ရ-ရမယ်” ဟု တစ်ထစ်ချ စွဲမြဲယုံကြည်သွားပြီ ဖြစ်၍....
“ကုသိုလ်ရရင် လုပ်မယ်ဗျာ” ဟု ဆိုကာ ထိုအသိမျှလောက်ဖြင့် အာနာပါနကို စတင်ခဲ့ရရှာ၏။ အားကျဖွယ်ကြီးပါပေ။
ဦးကျော်ဒင်သည် ဤမျှလောက်သော အသိဖြင့် အချိန်ရှိသမျှ သတိကပ်ပြီး လာခဲ့ရာ တစ်နေ့ထက်တစ်နေ့ တိုးတက်လာ၏။ နွားစာအတွက် ပြောင်းရိုးများကို စဉ်းရာ ၌လည်း သတိကပ်ပြီးစဉ်းရာ ဗျောက်ကနဲ ဗျောက်ကနဲ ပြောင်းရိုးဖြတ်သံနှင့် အမှတ်သတိ အံကျဖြစ်ကာ တိကနဲတိကနဲ ချက်ကျကျသွားသည်ကို ပီတိ ဖြစ်နေ၏။ မောရမှန်းပင် မသိချေ။
“အင်း... ခုမှ ပိုပြီး နေရာကျ၊ ကုသိုလ်လဲရ၊ ပြောင်းရိုးစဉ်းလဲ များများရ၊ အမောလဲ သက်သာသေး” ဟု တွေးကာ ဝမ်းသာအားရ နေ့ညမပြတ် ရေခပ်ရင်း၊ နွားကျောင်းရင်း၊ ပေါင်းနုတ်ရင်း၊ ယာလုပ်ရင်း တစ်ချိန်ထဲ အလုပ်နှစ်ခု ပြီးနေလေ၏။
ရှုပုံမှတ်ပုံလည်း “မုဆိုးစိုင်သင်” ဟူသကဲ့သို့ အလုပ်ကပင် တည့်၍ တည့်၍ ပေးသွား လေသည်။ အိပ်သောအခါ ခေါင်း၊ လက်၊ ခြေ၊ ကိုယ်အင်္ဂါ အနေအထားကို တမင်ပြုပြင်မနေရဘဲ အိပ်ရင်းက နေသားတကျ အလိုလိုပြင်ပြီးသား ဖြစ်သွား သကဲ့သို့တည်း။ တရားကိုသာ အားထုတ်ပါလေး၊ မှားလျှင် တရားကပင် ပြင်ပေးသွား လိမ့်မည် ဟူ၏။
မောင်ရင်ပေါ် ချောက်သို့ သွား၍လည်း ညအိပ်ညနေ အားထုတ်၏။ အလင်းရောင် များကို တွေ့သောအခါ -
“ငါ တရားအားထုတ်လို့ ဘုရားရောင်ခြည်တော် ဖူးရပဟေ့” ဟု တိုး၍ ကြိုးစားပြန်၏။ မျက်နှာအနီး၌ ချာချာလည်နေသော အလင်းလုံးကလေးများကို မြင်ရပြန်သောအခါ တစ်မျိုး အားတက်ကာ စိုက်၍ ကြည့်မိ၏။ ကြည့်လျှင် အလင်းလုံးကလေးများက အပေါ်သို့ တက်၍ တက်၍သွား၏။ တက်၍ တက်၍ သွားတိုင်း....
“တက်ဟာ တက်ဟာ” ဟု အားပေးရင်း စိတ်က အမှီလိုက်၍ ကြည့်ရာ တိမ်ပေါ် သို့ပင် ရောက်သွား၏။
“အင်း... တယ်လဲဟုတ်ပါကလား။ ငါ တိမ်ပေါ်ကိုတောင် ရောက်နေနိုင်မှ ကော” ဟု မမောနိုင်အောင် ကျေနပ်လျက်ရှိသည်။ မကြာမီ အလင်းလုံးကလေး များကို တက်၍တက်၍ လိုက်ရင်း ဘုံနန်းပြာသာဒ်ကြီးများကို တွေ့ ရပြန်ရာ...
“အင်း.... တရားအားထုတ်လို့ ငါသေရင်နေရမယ့် ပြာသာဒ်ကြီးတွေပဲ” ဟု ယူဆကာ မကြောက်မရွံ့ စွန့်စွန့်စားစား တိုး၍ အားထုတ်ပြန်လေ၏။
(ယခုခေတ်ကဲ့သို့ ပွင့်ပွင့်လင်းလင်း မရှိသေး၍ စိတ်ကူးပေါက်သလို လုပ်နေရ သည်ကို သတိပြုပါ။ ဤယခုရေးနေသည်မှာ ဆရာတော် ပြန်ဟောသည့်အတိုင်း ရေးနေခြင်း ဖြစ်ပါသည်။)
ကျော်ဒင်တစ်ယောက် ရူးနေပြီတဲ့
ဦးကျော်ဒင်သည် ဘုမသိ ဘမသိ သူသိသလောက်၊ ရသလောက်ဖြင့် မကြောက်မရွံ့ ရှုမှတ်ပုံမှာ အားကျဖွယ် ကောင်းလှပါ၏။ အနီးအနားမှ နည်းလမ်းတကျ ညွှန်ပြ ပေးမည့် ဆရာလည်း မရှိ။ ရှုမှတ်နည်းလည်း မပြည့်စုံလှသေး။ သဒ္ဓါ ပညာ ဝီရိယ ဖြစ်ဖွယ် စာပေကျမ်းဂန် ဗဟုသုတဆို၍လည်း မရှိခဲ့။ သိသလောက်ကိုပင် အသက်မက တန်ဖိုးထား၍ ရှုပွားသွားပါက “မုဆိုးစိုင်သင်” ဟူသကဲ့သို့ မည်သူမဆို တကယ်လုပ်လျှင် အဟုတ်ဖြစ်သည့် သဘောကို ညွှန်ပြနေတော့၏။
“စာတတ်ဖို့ မလို၊ ဉာဏ်ကောင်းဖို့ မလို၊ အကျွတ်အလွတ် တောထွက်ပြီး အားထုတ်ရန် မလို။ တကယ်ယုံကြည်ဖို့သာ လို၏။ အဟုတ်လုပ်နိုင်ဖို့ အရေးကြီးသည်” ဟု သင်ခန်းစာ ပေးနေသကဲ့သို့လည်း ရှိတော့သည်။
ထိုမှနောက် ဦးကျော်ဒင်သည် တစ်စတစ်စ သမာဓိအားကောင်း၍လာ၏။ ခန္ဓာကိုယ် ပေါ်၌ ဝေဒနာပေါ်လာ၍ သတိကပ်လိုက်ရာ ဝေဒနာအပေါ်နှင့် သတိအမှတ်သည် စည်းမိ၍ တိကန်တိကနဲ ဖြစ်နေ၏။ ထို့နောက် ဦးကျော်ဒင်၏ စကားများသည် ကြီးကျယ်လာ၏။ တိုတိုနှင့်လိုရင်း သဘာဝကျကျကို ပြောသည်။ ရွာထဲမှလူများနှင့် လေပေးမဖြောင့်၊ စကားပြော မတည့်။
ရွာသားများက မိမိတို့ အယူအဆနှင့် မတိုက်ဆိုင်တိုင်း “ကျော်ဒင် တစ်ယောက်တော့ ရူးနေပြီ” ဟု ဆိုလာကြသည်။
အတွေးအခေါ် မတူလျှင် စကားပြောမတည့်။ စကားပြော မတည့်လျှင် တစ်ဦးနှင့် တစ်ဦး ငြင်းခုံကာ ရန်ဖြစ်ရုံသာ ရှိတော့သဖြင့် ဦးကျော်ဒင်သည် ရေငုံ၍သာ နေလေတော့၏။ အရူးဟုဆိုကာ စကားပြောဖက်လည်း မရှိတော့ချေ။ ထိုအခါ ကိုယ်ကလည်း မပြောချင်၊ ပြောဖက်လည်း မရှိသဖြင့် စကားမပြောဘဲ နေရခါမှ သမာဓိအားသည် ထူးထူးခြားခြားကြီး တိုးတက်လာသည်ကို တွေ့ ရပြန်၏။
စကားစကား ပြောပါများ
စကားထဲက ငရဲရ
ရပ်ထဲရွာထဲ၌ ပြောဆိုသမျှစကားများကို ဘုရားရှင်က “တိရစ္ဆာနကထာ”(တိရစ္ဆာန် စကား) ဟု ဟောတော်မူ၏။ တိရစ္ဆာန်သည် ကန့်လန့် ဖီလာ သွားသကဲ့သို့ ရပ်ထဲ ရွာထဲမှာ သူသူငါငါ ပြောနေကျ စကားများ အားလုံးသည် မဂ်ဖိုလ်နိဗ္ဗာန်နှင့် ဖီလာကန့်လန့်ချည်း ဖြစ်ကုန်၏။
တရားရှုပွားသူတို့ မပြောရ။ ရဟန်းတော်များ မပြောရ။ ရာဂ ဒေါသ မောဟ နည်းကြောင်း တရားနှင့်စပ်သော စကားကောင်း ဆယ်မျိုးကိုသာ ပြောခွင့်ပြု၏။ တစ်စုံတစ်ဦးနှင့် စကားပြောလျှင် တိရစ္ဆာန်စကားက လွတ်အောင်ပြောဖို့ ခဲယဉ်း လှ၏။ ထို့ကြောင့် ဘုရားရှင်က “ပြောလျှင် တရားနှင့်စပ်သော စကားကိုသာပြော၊ ကောင်းသော ဆိတ်ဆိတ်နေခြင်းဖြင့် သော်လည်းနေ” ဟု အတိုချုပ် ဆုံးမတော်မူပေသည်။
စကားပြောခြင်းသည် အလွန်အပြစ်ကြီးလေးလှ၏။ ယောဂီအတွက် တရားစကား သည်ပင် အနှောင့်အယှက် ဖြစ်နိုင်ပေသည်။ ထို့ကြောင့် စကားမပြောခြင်းသည် သီလအင်အား အပြည့်အဝ တိုးတက်လာ၍ သမာဓိ သာသနာ တိုးတက်လာခြင်း ဖြစ်၏။ ကိုယ်လက် အင်္ဂါလှုပ်ရှားမှုမရှိဘဲ ကိုယ့်သတိနှင့်ကိုယ် နေပြန်သဖြင့် ဣန္ဒြိယသံဝရသီလလည်း အလိုလို ဝင်လာကာ သမာဓိကို တိုးမြှင့်ပေးလိုက်ပြန် လေသည်။
ဦးကျော်ဒင်သည် လူအများက “အရူး” ဟု ဆိုကာ ဝိုင်းအပယ် ခံရခြင်းနှင့် သူတို့ အတွေးအခေါ်များ တရားသဘော မဆိုက်သဖြင့် မိမိကိုယ်၌ကပင် စကား မပြောချင်၍ မပြောခြင်းသည် ဝစီဒုစရိုက် လေးပါး နှုတ်တံခါးကြီး အကုန် ပိတ်လိုက်သဖြင့် အလိုလို တရားနှင့် အံကိုက်၊ ဘုရားကြိုက်နေခြင်း ဖြစ်သွားတော့၏။
ကမ္မဋ္ဌာန်းဗေဒင် ဆင်သေနှင့် ကျီးမိုက်
ဦးကျော်ဒင်သည် စကားမပြောဘဲ နေခါမှ တရား ပို၍ တက်လာသည်ကို တွေ့ရ၏။ “လူတွေ ပြောနေကြတာ နေ့ရှိသမျှ ပါးစပ်မှာ ငရဲမီးလောင်နေတာပဲ” ဟု သဘော ကျသွား သည်။ ရွာထဲမှ လူတွေ ပြောသမျှကို ကြောက်၍ လာ၏။ လုပ်သမျှကို ထိတ်လန့်လာ၏။
တရား မသိရှာသော လူတို့ ကြံသမျှ၊ ပြောသမျှ၊ လုပ်သမျှသည် “သဗ္ဗမ္ပိ အာဒိတ္တံ = အကုန်လုံး မီးဟုန်းဟုန်း တောက်နေတော့သည်” ကို နှစ်နှစ်ခြိုက်ခြိုက်ကြီး သက်ဝင် သွားတော့၏။
သီလအားကောင်း၍ သမာဓိအားကောင်း၊ သမာဓိအား ကောင်း၍ ပညာအား ကောင်းကာ ဝိပဿနာဉာဏ်များ သက်ဝင် တိုးပွားလာတော့၏။ ရုပ်နာမ် ဖြစ်ပျက် မြင်စ ဥဒယဗ္ဗယ ဉာဏ်ကာလတွင် အသိဉာဏ် ကစားတတ်သည့် အတိုင်း ဦးကျော်ဒင်သည် အသိထူး အမြင်ထူးများ ဝင်လာလေတော့၏။
ဒိဗ္ဗစက္ခုဉာဏ်၊ ပုဗ္ဗေနိဝါသာနုဿတိဉာဏ် ရမည့်သူများ၌ ရှေ့ကြောင်း နောက်ကြောင်း အသိထူး အမြင်ထူး (အစစ်အမှန်) များ ပို၍ မြင်လာတတ်ပေသည်။ မြင်လာသည့် အတိုင်း ထို ဗဟိဒ္ဓအာရုံများနောက်သို့ချည်း နောက်ယောင်ခံ လိုက်နေ ပြန်ပါကလည်း ဝိပဿနာ အင်အားများ ကျဆင်းသွားတတ် ပြန်လေသည်။
ဤနေရာကား “မဂ္ဂါမဂ္ဂ ဉာဏဒဿန ဝိသုဒ္ဓိ”ဌာနဖြစ်သည့်အတိုင်း လမ်းမှန်လမ်းမှား လမ်းခွဲများသော အပိုင်းဖြစ်၍ မူလ တရားသတိကိုသာ စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထား ရသည်။ အာရုံနောက် မလိုက်ရ။
ဦးကျော်ဒင်သည် ရံခါ သနားလှသဖြင့် ရွာထဲမှ လူအချို့အား “မင်း ရတနာသုံးပါး ဖက်ကွ၊ မင်း သေတော့မယ်” စသည်ဖြင့် နေ့စွဲရက်စွဲဖြင့် သတိပေး ပြောကြား၏။ သတိပေးခံရသူများ ဦးကျော်ဒင် ပြောသည့်အတိုင်း သေသေကုန်ကြသဖြင့် သူ့အနားသို့ လူအများ မကပ်ရဲအောင်ပင် ရှိနေတော့၏။
ဦးကျော်ဒင်ကား ပို၍ ဟန်ကျနေသည်။ မိမိ သူတစ်ပါး လူအများ၏ ခန္ဓာကိုယ် အစိတ်အပိုင်း၊ အဆုတ် အသည်းနှလုံးမှအစ အသေး စိတ် မြင်နေ၏။ အောက်ကို ကြည့်ပြန်ပါလျှင်လည်း ခွေးသေကောင် ပုပ်တွင် ကျနေသော လောက်ကောင်များ ပမာ လုယက် တိုးဝှေ့နေကြသော ငရဲသားများကို မြင်ရပြန်၏၊ ထိုအကြောင်း မပြောဘဲလည်း မနေနိုင်ပြန်၍ ပြောမိရာ လူအများ ပို၍ အံ့သြကြရလေ၏။
“အရူး အရူးနဲ့ ဦးကျော်ဒင်တရားက အဟုတ်သားပါကလား” ဟု အာရုံစိုက်လာ ကြလေသည်။
ဦးကျော်ဒင် ပြောသမျှလည်း၊ မှန်၍မှန်၍နေသဖြင့် ကျွဲပျောက် နွားပျောက်မှအစ လာ၍ မေးသူများ မေးကြ၏။ ခေါင်းခဲဝမ်းနာမှအစ ဆေးဝါး ဓာတ်စာ မေးသူများ မေးလာကြကုန်၏။ ဤနေရာ၌ မိုးရွာလျှင် အော်မြည်သော ဖားသတ္တဝါကဲ့သို့ မိမိအသံကြောင့် သေတတ်သည်ကို အထူးသတိပြုကြရာ၏။ မိမိစကားသည် မိမိအား ပြန်၍ သတ်တတ်လေသည်။
ထိုအခါ ဦးကျော်ဒင်သည် ရုတ်တရက် စဉ်းစား၍ လူအများ နှောင့်ယှက်ခြင်းမှ ကင်းဝေးစေရန် မောင်ရင်ပေါ်ချောက်သို့ သွား၍ တစ်ယောက်တည်း ကြိုးစား ရှုမှတ်လေတော့၏။
“လောကီဟာ အင်မတန်ကောင်းတာကွယ့်။ ငါ့မှာ ကံကောင်းထောက်မလို့ ဟိုဘက် ကူးသွားနိုင်တာ။ နို့မို့ရင် လောကီထဲမှာ နှစ်သွားမှာ” ဟု ဟောခဲ့ဖူးလေသည်။
မှန်လှပါပေ၏။ လောကီသည် လူသာမန်တို့ နှစ်သက် လောက်အောင် ကောင်းလှပေ၏။ ရွှံ့ပြင်မှ ကြာစွယ်သည် ဆင်ငယ် ဆင်မိုက်တို့ ကြိုက်လောက်အောင် ကောင်းလှပါပေ၏။ ပင်လယ်ပြင်မှ ဆင်သေသည်လည်း ကျီးမိုက်အတွက် တစ်သက်စာ သုံးစား၍ မကုန်သော ရတနာသိုက်ကြီးပင်တည်း။
သို့ရာတွင် ဆင်ငယ်သည် ကြာစွယ်ဇောကြောင့် ရွှံ့ပြင်နွံတော၌ပင် ကျွံနစ်ကာ ပြန်လမ်းမရှိခဲ့ရှာပေသည်။ ကျီးမိုက်သတ္တဝါလည်း အာသာငက်ငက် မခွဲရက်၍ တမက်လျလျ ဆင်သေကြောင့်ပင် သေခဲ့ရပြီ။
ယခုအခါ လူသာမန်၊ ရဟန်းသာမန်တို့လည်း ထိုသို့သော အသိအမြင်ထူးမျှ လောက်ကိုသာ ဧရာမ ပန်းတိုင်ကြီးအဖြစ် ထား၍ ကြိုးစားနေကြပြန်ရာ ကြာစွယ်နှင့် ဆင်သေကိုသာမကြည့်မူ၍ ပြန်လမ်းမရှိသော ရွှံ့ ပြင်နှင့် ပင်လယ်ရေပြင်ကိုလည်း ကြိုတင်၍ သုံးသပ်ကြကုန်ရာ၏။
ကြာစွယ် ဆင်သေအစစ်ကို ရသော် တော်ပေသေး၏။ မြူဆွယ်အငှား ဖြားယောင်း လိမ်လည်၍ ကျွေးသော ကြာစွယ်ဆင်သေလည်း များကုန်၏။ ကြပ်ကြပ် သတိပြုကြပါလေ သူတော်ကောင်းတွေတို့။
ပုဗ္ဗေနိဝါသနှင့် စပ်၍ သာသနာ့ လမ်းစဉ် မဟုတ်သူတို့သည် ဘဝလေးဆယ်လောက် ကိုသာလျှင် အကန်း ခရီးသွားသကဲ့သို့ အကြမ်းစားမျှသာ မြင်သည် (ဝိ၊ ဋ္ဌ၊ ၁၊ ၁၃ဝ)။ ပိုးစုန်းကြူး လင်းသလောက်သာ ရှိပေ၏ (ဝိသုဒ္ဓိ၊ ၂၊ ၄၁)။ ခုတစ်မျိုး ခုတစ်မျိုး ပြောင်းလဲနေသော သူတို့ အမြင်လည်း ဖွဲပုံ၌ စိုက်သော တိုင်ကဲ့သို့ ခိုင်မာသည် မဟုတ် (ဒီ၊ ဌ၊ ၁၊ ၉၈)။ (ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာလည်းကြည့်။) ထို့ကြောင့် ကံအကျိုးပေးနှင့် စပ်သမျှ နတ်မျက်စိရသူက ပြောသော်လည်း မယုံစားရချေ။ (မဟာကမ္မဝိဘင်္ဂသုတ်။)
ရှေးက ဒဏ္ဍကီတိုင်းပြည်၌ ရှင်ဘုရင်မှအစ ကိသဝစ္ဆ ရသေ့အား ပြစ်မှား၍ ရာထူးတက်သည်၊ တိုင်းပြည် အေးချမ်းသည်၊ ရတနာမိုး ရွာသည်ဟု ကံတရားကို ပစ်ပယ်ကာ ကျင့်သုံးခဲ့ကြသဖြင့် တစ်ပြည်ထောင်လုံး သေကြေပျက်စီးခဲ့ကြရဖူး လေသည်။ (စတ္တာလီသ နိပါတ်၊ သရဘင်္ဂဇာတ်။)
ထိ-သိ သတိ လွယ်လွန်း၏
ဦးကျော်ဒင်သည် လူတွေ ပြောပုံ ဆိုပုံ၊ လုပ်ပုံ ကိုင်ပုံတို့ကို မြင်လေ ကြောက်လေ၊ ငရဲခံနေရသည့် သတ္တဝါများကို မြင်လေ ထိတ်လန့်လေ ဖြစ်နေ၏။ ကြောက်ရွံ့ ထိတ်လန့်လေ ဝီရိယကို တိုးမြှင့်လေသည်။ သွားလဲဒီစိတ် အိပ်လဲဒီစိတ်ဖြင့် ကျိတ်မှိတ်ပြီး လုပ်နေသည်ကို မြင်ရသောအခါ “ငါတို့တော့ နိဗ္ဗာန်မရချင် နေပေစေ၊ ဒီလောက်တော့ မလုပ်နိုင်ဘူး” ဟု ထင်ရ၏။ ကိုယ့်ကိုကိုယ် လျှော့တွက်ကြသည်။ “သူ ဒီလို ဒုက္ခခံနိုင်တာ ပါရမီ ရှိလို့” ဟု မြှင့်၍ တွက်တတ်ကြပြန်၏။ မဟုတ်ချေ။
လက်တွေ့ လုပ်ကြည့်လျှင် တဖြည်းဖြည်း ရက်ပိုင်းမျှဖြင့် ဓမ္မ အရသာ တွေ့ကာ ယုံကြည်မှု (သဒ္ဓါ) တိုးလာ၏၊ ယုံကြည်မှု တိုးလျှင် ဝီရိယ တိုး၏။ ဝီရိယ တိုးလျှင် သတိတိုး၏။ သတိတိုးလျှင် သမာဓိတိုး၏။ သမာဓိ တိုးလျှင် ပညာတိုး၏။ တမင် ကြိုးစားဖျစ်ညှစ်၍ လုပ်နေရသည် မဟုတ်ချေ။
တစ်ရက်ထက် တစ်ရက် ကိုယ်နှုတ်စိတ် အပူဓာတ်များ ကင်းကာ အေးငြိမ်း၍ အေးငြိမ်း၍ လာသည်ကို ကိုယ်တိုင်ပင် သိလာ၏။ သူများဟောစရာ၊ တိုက်တွန်းစရာ မလို။ ယင်းကိုပင် “အကာလိကော = ချက်ချင်း အကျိုးရနိုင်သည်။ သန္ဒိဋ္ဌိကော = ကိုယ်တိုင် လက်ငင်း ခံစား တွေ့ ရှိနိုင်သည်” ဟု တရားတော်က ဆိုလေသည်။ လက်တွေ့ စမ်းဖို့၊ လုပ်ကြည့်ဖို့သာ အရေးကြီး၏။ “ဒီလိုမှန်းသိ ငါ အစောကြီးက (ငယ်ငယ်က) မလုပ်ရလေလား” ဟု ယောဂီတိုင်း နောင်တ ဖြစ်ကြရသည်။ ပြောရသည်ထက် အလုပ်က ပို၍ လွယ်၏။
ထို့ကြောင့် “ဧဟိပဿိကော = မယုံရင်လာလှည့် စမ်း၍ကြည့်” ဟု အာမခံရဲခြင်း ဖြစ်သည်။ လူတိုင်း မလုပ်တတ် မရှိရအောင်လည်း ရှင်းလင်း၏။ လွယ်ကူ၏။ သို့ရာတွင် လက်တွေ့ ယုံယုံကြည်ကြည် လုပ်လိုသူများ ရှားပါးလှသဖြင့် တဖွဖွ ဟောရလွန်း၍-
“နွားစာမှ ရရဟု ကျတ်တီးကုန်းမှာ တောင်ယာလုပ်ရသလို တစ်ပုဒ်တစ်ပါဒမျှ သိရင် မနည်းအကျိုးများမည်ဟု ယူဆ၍ ဒီလောက် ငါပြောပြလို့မှ မသိမမြင်တဲ့ ပုထုဇဉ် အမိုက်အကန်းတွေကို ငါ ဘာတတ်နိုင်ဦးမှာလဲ” ဟု တစ်ခါက ဘုရားရှင်ပင်လျှင် ညည်းညူတော်မူဖူး၏။ (ခန္ဓဝဂ္ဂ-ခေတ္ထူပမသုတ်။)
ထိုချမ်းသာကား အဖော်မလို၊ သန္တော = အေးငြိမ်း၏။ ပဏီတော = မြိန်၏။ တင်းတိမ် ရောင့်ရဲမှု မရှိ။ အသေစနကော = ပို၍ကောင်းအောင် တစ်စုံတစ်ရာ ဖြည့်စွက် (နှမ်းဖြူး) စရာမလို၊ အလိုလို့ကို အရသာ ရှိနေ၏။ ပြဆိုပြီး (ဣန္ဒြေငါးပါး၊ ဗိုလ်ငါးပါးဟုလည်း ခေါ်ဆိုရသော) သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ ငါးမျိုး တိုးတက်လာလေ ပို၍ အရသာရှိလေ၊ အသိဉာဏ် တိုးလေ ဖြစ်တော့သည်။ ထိုအခါ အာရုံငါးပါး၏ ခိုင်းစေရာ လိုက်ပါနေကြရသော လူများစုနှင့် ခွဲခွာကာ တစ်ကိုယ်တည်း နေနိုင်သည်မှာ သတ္တိ ကောင်းလွန်း၍၊ ပါရမီ ရှိလွန်း၍မဟုတ်။ အလိုလို ခံနိုင်ရည် ရှိသွား၏။ ချမ်းသာနေ၏။ လူသာမန်တို့ ကိုယ်ချင်းစာ၍ မရနိုင်ပြီ။
ဦးကျော်ဒင်သည် နှာသီးဖျား၌ ထွက်လေ-ဝင်လေတို့ ထွက်တိုင်းထိ၊ ထိတိုင်းသိ၊ ဝင်တိုင်းထိ၊ ထိတိုင်းသိ၊ အသိချင်း စပ်အောင် မှတ်နိုင်လာသည့်အပြင် လျောင်း၊ ထိုင်၊ ရပ်၊ သွား ဣရိယာပုထ် လေးပါးလုံး၌လည်း ရှုမှတ်ပုံ တိုးချဲ့ မှတ်သိနိုင်လာ၏။ သွားလျှင်မြေ၌ ခြေဖြင့်ထိသည်ကို သတိကပ်၍ မှတ်ခြင်း၊ ယင်းသို့ မှတ်နေသည် ကိုသိမြင်နေခြင်း (သတိ၊ ပညာ) ထိုင်လျှင် တင်ပါးနှင့် ကြမ်းပြင် ထိနေသည်ကို မှတ်သိခြင်း၊ စားလျှင် ထမင်းလုပ်နှင့်လက် ထိနေသည်ကို မှတ်သိခြင်း၊ ပါးစပ်၌ ထိနေသည်ကို မှတ်သိခြင်း စသည်ဖြင့် “ထိ+သိ+သတိ” ဟုပင် သတိပဋ္ဌာန် တစ်ခုလုံးကို ခြုံမိအောင် ဆောင်ပုဒ် ပြုသွားနိုင်လေတော့၏။
(ပထဝီဓာတ်ကို ပဓာနပြု ရှုမှတ်သော သတိပဋ္ဌာန်ဖြစ်၏။ မဟာစည် ဆရာတော် ဘုရားကား ဝါယောဓာတ်ကို ပဓာနမူသည်။)
ထို့နောက် ခန္ဓာကိုယ်၌ နာကျင်ကိုက်ခဲမှု ပူမှု အေးမှု စသော ဝေဒနာများကိုပါ စူးစိုက်၍ မှတ်သိခြင်းများပင် တိုး၍ လာ၏။ “ဝေဒနာလိုက်” သည်ဟု ပြောစမှတ် ပြုကုန်၏။ ဝေဒနာနုပဿနာခေါ်သည်။ ထင်ရှားခံခက်သော ဒုက္ခဝေဒနာကိုသာ ဦးစားပေး၍ မှတ်ဟန်တူ၏။ (သုခ-ဥပေက္ခာ ဝေဒနာတို့ကိုလည်း မှတ်သိရသည်ပင်၊ သို့သော် အကျုံးဝင်လေပြီ ဖြစ်၍ အထူးမဆို။) ထို့ကြောင့်လည်း ဦးကျော်ဒင်က-အောက်ပါအတိုင်း မှတ်တမ်းတင်ခဲ့သည်။
“မခံသာ၊ မှန်ပါဘိ သည်တရား။
ခံသာလျှင် သံသာကြောမှာ၊ မျောလိမ့်အများ”
ထွက်လေ-ဝင်လေနှင့် အခြား ထိ-သိ တို့ကို မှတ်ခိုက် ဝေဒနာတစ်စုံတစ်ခု ပေါ်ခဲ့သော် ဝေဒနာဘက် ဦးလှည့်မှတ်ရှုရရာ “ဝေဒနာကျွတ်” သွားအောင် (မှတ်ရင်း မှတ်ရင်း ပျောက် သွား သည်အထိ) ရှုမှတ်ရခြင်းပင်တည်း။ ယောဂီတစ်ဦးနှင့်တစ်ဦး စရိုက်ချင်း မတူနိုင်သဖြင့် လိုက်သင့်သော ဝေဒနာ၊ အမျိုးအစား၊ ထိုဝေဒနာ၏ အတိုင်းအတာ စသည်ဖြင့် မဇ္ဈိမပဋိပဒါ ကျအောင် ကျင့်သုံးဖို့ကား လိုပေမည်။
အဓိဝါသနခန္တီ အရ အတတ်နိုင်ဆုံး အောင့်အည်းသည်းခံ၍ မတတ်သာသည့် အဆုံးမှ ဝေဒနာကို လျစ်လျူရှုထား၍ ပြောင်းလဲ မှတ်သွားခြင်းသည် အသင့်မြတ်ဆုံး ဖြစ်၏။
ဦးကျော်ဒင်အား အဆုံးအဖြတ်ပေးမည့်နေ့
ဦးကျော်ဒင်သည် ထိုသို့ နေ့ညမလပ် သတိချင်း စပ်အောင် ရှုမှတ်လေရာ မချိမဆန့် ထိုးအောင့် ကိုက်ခဲလာသော ဝေဒနာများ ရိပ်ကနဲ ရိပ်ကနဲ အားသေး ပျောက်ကွယ် သွားကုန်၏။ အာရုံနိမိတ်များလည်း တဖြည်းဖြည်း ကင်းကွာ၍၊ ခွာ၍၊ လျစ်လျူရှု၍ ခန္ဓာကိုယ် ရုပ်နာမ်တရားတို့၏ ဖြစ်မှု ပျက်မှုအစဉ်ကိုသာ သိမြင်လျက်ရှိ၏။ ဖြစ်ပျက် အပေါ်၌သာ စူးစိုက် သိမှတ်နေခဲ့ရာ ရှုမှတ်၍ အလွန်ချက်ကျလက်ကျ စီးစီးပိုင်ပိုင် ရှိနေ၏။ စိတ်ထဲတွင် အလွန်ကျေနပ် ဝမ်းမြောက်နေမိ၏။ ကြည်နူး နှစ်သက် နေမိပြန်၏။ ကျေနပ်ဝမ်းသာလွန်း အားကြီးနေစဉ် ဦးကျော်ဒင်၏ ရှေ့၌ အလင်းဓာတ်ကြီးမှာ ထင်းကနဲ ပေါ်လာတော့သည်။
ပီတိဖြင့် ဖုံးအုပ်ပေးထား၍ ဝေဒနာ ငြိမ်းသွားပြီဟု ထင်ရသော်လည်း အခိုးအရှိန်များ ပြည့်ဟုန်ပြီး စွဲကျန်နေသေးရာ အလင်းဓာတ်ကြီး ပေါ်လာသော အခါတွင်မှ ဝေဒနာများ စုပ်စမြုပ်စ ငြိမ်းချုပ်ကာ လုံးဝ အေးသွားတော့သည်။ ထို့ကြောင့် အလင်းဓာတ်ကြီးကို တွယ်တာ နေမိပြန်၏။ ဖြစ်ပျက် သတိလည်း လွတ်နေ တော့သည်။
ဦးကျော်ဒင်သည် အတန်ငယ်စဉ်းစားကာ “အင့်ဟင် ငါ့ဟာ ဟုတ်သေးပါဘူး” ဟု ပညာဖြင့် ဆင်ခြင်၍ သိမှတ်မှုကို ခန္ဓာကိုယ်ပေါ်သို့ ချက်ချင်း ပြန်၍ တင်ပို့လိုက်၏။ (သြဘာသ၌ လဲကျ၍ ပဿဒ္ဓိ၌ နစ်သွားသည်ကို ဆွဲထူလိုက်ခြင်းပင်တည်း။)
ထိုအခါ စောစောက ဝေဒနာများ ပြန်၍ ပေါ်လာကြပြန်၏။ လှိုင်းထန်သော ဝဲဂယက်၌ သစ်တုံးတိုကို ဖက်၍ ကူးနေရသကဲ့သို့ ရှိတော့သည်။ မဂ္ဂါမဂ္ဂ- ဉာဏဒဿနဝိသုဒ္ဓိခေါ် လမ်းမှန် လမ်းမှား၌ သတိရှိရှိ၊ ဝီရိယ မှန်မှန်၊ ဉာဏ်ကို အသုံးချ၍ ကိုင်နေရပုံတည်း။
ပေါ်လာသော ဝေဒနာများကို သိမှတ်ပြန်ရာ အာရုံနှင့် သိမှတ်မှုမှာ တော်တော်နှင့် အံမကိုက်၊ ခွင်မကျ။ မဆုံးနိုင်အောင် တမှတ်ထဲမှတ်နေရသည်ကိုပင် ငြီးငွေ့လာ၏။ အာရုံနှင့် သိမှတ်မှုမှာ အထက်လွန်သွားလိုက်၊ အောက်ကျသွားလိုက်၊ ရှေ့ရောက် သွားလိုက်၊ နောက်ကျ ကျန်ရစ်လိုက် ဖြစ်နေပြန်၏။
ထိုအခါ ဦးကျော်ဒင်သည် အသက်မှန်မှန် ရှူရှိုက်ကာ မဇ္ဈိမပဋိပဒါ ကျအောင် ညှိယူလိုက်သောအခါ ဣန္ဒြေငါးပါးလုံး မျှတညီညွတ်သွားသဖြင့် နိရောဓဓါတ်ကို ဖတ်ကနဲမိကာ ယမ်းတောင့် ထိုးထားသော သေနတ်ကို စိကနေ ကိုင်ဖြုတ်လိုက် သကဲ့သို့ ဒိုင်းကနဲ မှတ်သိမှ ပြုတ်ထွက်သွားလေတော့၏။ သတိ ဝီရိယ ဉာဏ် ရှိသော ရေနစ်သူသည် အလိုက်သင့် မှေး၍ မျှောလိုက်ရာမှ ဆိပ်ကမ်းကို ခေါင်းဖြင့် ဒိုင်းကနဲ ဆောင့်ဝင်၍ တိုက်ရာ ဆိပ်ကမ်းကို မလွှတ်တမ်း ဆုပ်ကိုင်၍ အမောဖြေသကဲ့သို့လည်း ဖြစ်နေပေမည်။
တစ်သံသရာလုံး မခံစားခဲ့ရဖူးသေးသော ငြိမ်းအေးမှုကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ရကာ အမောပြေ သက်သာရာ ရလေတော့၏။
“အာလောကော ဥဒပါဒိ” တရားအလင်းဓာတ်ကြီးသည် ဦးကျော်ဒင်၌ ပထမဆုံး အကြိမ် ကိန်းဝပ်လေတော့သည်။ မြွေကိုက်ခံရသူသည် ထိုဝေဒနာ လုံးဝချုပ်ငြိမ်း ပပျောက်သွား သော်လည်း တစ်သက်နှင့်တစ်ကိုယ် မမေ့နိုင်အောင် စဉ်းစား လိုက်တိုင်း ခံစားရပုံကို တပ်အပ် မှတ်ချ သိနိုင်သကဲ့သို့ ထိုအခြေအနေနှင့် ထိုနေ့ကို ဦးကျော်ဒင်အဖို့ ရာသက်ပန် မမေ့နိုင် တော့ချေ။
ပထမရစ် အနေဖြင့် အပါယ်လေးပါး ကြွေးစာရင်း ဖျက်လိုက်သော ထိုနေ့ကား.... “၁၂၈၂-ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၃-ရက်၊ ကြာသပတေးနေ့၊ ညဉ့် ၁၀- နာရီခန့်။”
(ယောဂီတို့ တရားရှုမှတ်ရင်း နိဗ္ဗာန်ဆိုက်ရောက် မျက်မှောက်ပြုပုံကို မဟာစည် ဆရာတော် အခန်းကျမှ အပြည့်အစုံ ဖော်ပြမည်။)
ပညာသတိနှင့် ဘုန်းရှိသူတို့အတွက် အာနာပါန
ဦးကျော်ဒင်သည် ထွက်လေဝင်လေကို မပြင်းမပျော့ ရှူရှိုက်၍ သတိနှင့်အသိ၊ အသိနှင့်သတိသည် ရှေးကထက်ပင်ပို၍ ချပ်ကနဲချပ်ကနဲမိကာ ရုပ်နာမ် အသိများ ပို၍ ရှင်းလင်း ပြတ်သားစွာ မြင်၍ မြင်၍ လာ၏။
စ၍ အားထုတ်ကတည်းကပင် ဣန္ဒြေ ပျက်လောက်အောင် ယိမ်းယိုင်လှုပ်ရှားခြင်း ရှိခဲ့ဟန်မတူ။ တုန်လှုပ် ယိမ်းယိုင်ခြင်းသည် သမာဓိအားနည်းသည့် သဘောပင် ဖြစ်၏။ တုန်လှုပ် ယိမ်းယိုင်ခြင်း၌ သာယာငြိကပ်ကျေနပ်ခြင်း (နိကန္တိ) ကြောင့်ပင် ပို၍ တုန်လှုပ် ယိမ်းယိုင်ခြင်း ဖြစ်ရ၏။
ဘုရားရှင် လက်ထက်တော်က အာနာပါန ရှုပွားရာ၌ ကိုယ်ရောစိတ်ပါ ယိမ်းယိုင် တုန်လှုပ်ခြင်း မရှိ, ပကတိ တည်ငြိမ်စွာ ရှုပွားနေသော ရှင်မဟာကပ္ပိနမထေရ် အား ဘုရားရှင်နှင့်တကွ သီတင်းသုံးဖော်များ အားလုံးက ချီးကျူးခဲ့ကြဖူး၏။ (မဟာကပ္ပိနသုတ်၊ အာနာပါနသံယုတ်။)
သီလ သမာဓိ ပညာ (သို့မဟုတ်) သတိ သမာဓိ ဝီရိယ ပညာ ပြည့်စုံညီမျှစွာ (ပရိပုဏ္ဏဘာဝိတ) ရှုမှတ်သူတိုင်း၊ ဘုရားရှင် ဟောတော်မူသည့်အတိုင်း သင်ခန်းစာကို မခုန်ကျော်ဘဲအစီအစဉ်တကျ (အနုပုဗ္ဗ ပရိစိတ) ရှုမှတ်သူတိုင်း ရှင်ကပ္ပိနမထေရ် ကဲ့သို့ (ရဟန္တာဟုတ်သည် ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ) တည်ငြိမ် အေးဆေးစွာ ချမ်းသာလွယ်တကူ နိဗ္ဗာန်သုခကို ရယူနိုင်ကြပေသည်။
“နိဗ္ဗာန်ကိုလျော့လျဲလျဲလုပ်၍မရ၊ ကိုယ်နှင့် အသက် စွန့်၍ လုပ်ရမည်” စသည်ဖြင့် ထိုထို ပါဠိတော်တို့၌ ဟောကြားသည့် အဓိပ္ပာယ်ကို ရုပ်ဝတ္ထု ဆန်ဆန် “လှေထိုး လွှတိုက်” သဘောမျိုး မကောက်ယူရ။ ထက်သန်ပြင်းပြ၍ အသိဉာဏ်ယှဉ်သော ပြတ်သား တိကျသည့် စိတ်ဓာတ်သာ အရေးကြီးလေသည်။ (ယေ သုပ္ပယုတ္တာ, မနသာ ဒဠှေန။) သို့မဟုတ်ပါက တစ်စုံတစ်ခုသော အခုအခံ အငြိအတွယ်များကို မကျော်လွန်နိုင်ဘဲ ရုပ်တွက်တွက်ကာ ရှင်ဆန္ဒ၊ ရှင်ဂေါဓိက စသူတို့ကဲ့သို့ ကိုယ့်ကို ကိုယ်လည်လှီး၍ သတ်သေသော ပြတ်သားမှု၊ . ရဲရင့်မှုများအထိ နယ်ကျွံသွား တတ်သည်။
အစွဲမကင်းသော ဇွဲတင်းမှုများကြောင့် အလွန်တရာ တည်ငြိမ်ချမ်းသာစွာ လျှောက်ရမည့် မဇ္ဈိမပဋိပဒါလမ်းသည် ချွေးစွန်းသောလမ်း၊ သွေးစွန်းသောလမ်း ဖြစ်ခဲ့ရချေ၏။ မြင်မကောင်း ရှုမကောင်း နှာရည်တရွှဲရွှဲနှင့် လမ်းခုလပ်၌ ပစ်လဲနေသူများလည်း အတုံးအရုံး။
စင်စစ် အာနာပါနကမ္မဋ္ဌာန်းကား အခြား ကမ္မဋ္ဌာန်းများထက် အကျိုးအာနိသင် ကြီးမားလှပေ၏။ အကျိုးကြီးမားသည်နှင့်အမျှ ဆည်းပူးရသော အကြောင်းမှာလည်း အခြား ကမ္မဋ္ဌာန်းများထက် အရင်းအနှီးများ၏။ အရင်းအနှီးကား တခြားမဟုတ်၊ သတိနှင့် ပညာတည်း။
ကမ္မဋ္ဌာန်းတိုင်းတွင် သတိပညာ လိုအပ်သည်ချည်း ဖြစ်၏။ သို့ရာတွင် အာနာပါန ကမ္မဋ္ဌာန်းတွင် အထူးသဖြင့် ပို၍ လိုအပ်၏။ “သတိပညာမရှိသူအား ဤကမ္မဋ္ဌာန်းကို ငါမဟော၊ မပေး” ဟူ၍ မိန့်တော်မူဖူးသည် (အာနာပါန သံယုတ်နှင့်ဥပရိ-အာနာပါ နဿတိသုတ်)။
ဘုရား, ပစ္စေက ဗုဒ္ဓါ, သာဝက ဘုန်းကံကြီးမားသူတို့ အတွက်သာလျှင် ဖြစ်၏။ ဘုန်းကံနည်းသူ (လူညံ့များ) ၏ အရာမဟုတ်။ ထိုပုဂ္ဂိုလ် မြတ်များသည်လည်း ခဏတစ်ဖြုတ် (ကောက်ရိုးမီးကဲ့သို့) လုပ်ရုံမျှ လုပ်၍ရသော ကမ္မဋ္ဌာန်း မဟုတ်။ စွဲစွဲမြဲမြဲ စူးစူးစိုက်စိုက် လေးလေးပင်ပင် သတိပညာ များများဖြင့် လုပ်မှရသော တရားဖြစ်၏။ (ဝိသုဒ္ဓိမဂ်၊ ၁၊ ၂၇၆။)
ထို့ကြောင့် အရှိန်ပြင်းသော သိန္ဓောမြင်းကို စီးသူသည် အစီးမတတ်၍ လိမ့်ကျလျှင် ပို၍ အထိနာတတ်ပေသည်။ အာနာပါနကား လူတစ်ယောက်ကို ဆံပင်ဆွဲကိုင် လိုက်သကဲ့သို့ စီးစီးပိုင်ပိုင် နိုင်နိုင်နင်းနင်းရှိလှ၍ ခန္ဓာဗေဒတွင် အချုပ်အခြာအညှာ ကျသော ကမ္မဋ္ဌာန်း ဖြစ်၏။
ဦးကျော်ဒင်သည် ဘုန်းကံကြီးမားသူ ဖြစ်သည့်အတိုင်း တစ်နေ့မျှ မလပ်အောင် အပတ်တကုတ် ကြိုးစားရှုမှတ်၏။ မှတ်ပုံမှတ်နည်းလည်း အပြောင်းအလဲ မရှိ။ “ထိ-သိ-သတိ” ပင် ဖြစ်သည်။ (ရဟန္တာဖြစ်သည့် နောက်တွင်လည်း ဤသို့ပင် မှတ်နေရ၏။ မှတ်နေလို၏။)
ထို့ကြောင့် ဘုရားရှင်၏ တရားတော်သည် လူတိုင်းနားလည်အောင်၊ မလုပ်တတ် မရှိအောင် လွယ်ကူလှပေသည်။ ဦးကျော်ဒင်သည် နေ့ရှိသမျှ အိမ်မှုကိစ္စများ လုပ်ရင်းပင် လုပ်နေရ၏။ ပြောင်းရိုးစဉ်းရင်း၊ နွားစာကျွေးရင်း၊ ထွန်ရင်း၊ ထင်းခုတ်ရင်း အလစ်အလပ်မရှိ။ အိပ်ချိန်ကိုပင် အထူးလျှော့ကာ ပို၍ ကြိုးစားလာပေသည်။
“အချိန်တစ်ခုအတွင်း အလုပ်နှစ်မျိုး လုပ်နိုင်တာ ဒီဟာပဲရှိတယ်။ ခုလူတွေဟာ နတ်ဗြဟ္မာတွေလောက် အခြံအရံ ပရိသတ် မများကြပါဘူး။ ရှေးက ရှင်ဘုရင်တွေ သူဌေးတွေလောက်လဲ အလုပ်ကိစ္စ မများကြသေးပါဘူး။ သူတို့တွေတောင် ဒီလောက် များတဲ့ ပရိသတ်တွေအကြား၊ ဒီလောက် များတဲ့အလုပ်တွေ လုပ်ရင်းနဲ့ ဘုရားရှင် ထံတော်က အဆုံးအမ, ရလို့ တောက်လျှောက် ဆောင်ကြ(ရှုမှတ်ကြ) တော့ အသီးသီးတွေဟာ ရည်ရွယ် မှန်းထားတာမျှမက ပြီးစီးခဲ့ကြပါသဗျာ” ဟု ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီး ၏ သြဝါဒ (၂၈၊ ၅၊ ၁၉၅၅) ကို သတိရဖွယ် ရှိပေ၏။
မိန်းမကြမ်း လုပ်ရရှာသော ဒေါ်ရွှေရည်
ဦးကျော်ဒင်သည် အိမ်မှုကိစ္စလုပ်ရင်းနှင့်ပင် ပထမတစ်ဆင့် အောင်မြင်ခဲ့၏။ အိမ်မှ ကိစ္စများလည်း လစ်ဟင်းသည် မရှိခဲ့။ သို့ရာတွင် “အလုပ်ပျက်တယ်” ဟုဆိုကာ ဇနီး ဒေါ်ရွှေရည်၏ ဆောင့်အောင့် ငြူစူခြင်းကို ခံနေရ၏။ နောက်မကြား တကြား စောင်းမြောင်း၏။ နောက် ခုတင်ပေါ်က တွန်းချသည်အထိ နှောင့်ယှက်လာ တော့သည်။ ဦးကျော်ဒင်ကား သည်းခံလျက် ဆက်၍လုပ်မြဲ။
“မနှောင့်ယှက်ချင်ပါနဲ့ ရှင်ရွှေရည်ရယ်” ဟု ဆိုကာ တွန်းချခံရသော မြေကြီးပေါ်၌ပင် ထိုင်၍ ရှုမှတ်မြဲရှုမှတ်ပြန်၏။ ဒေါ်ရွှေရည်ကား ခုတင်မှ ကြမ်းများ နုတ်ပြီး ထောင်ထားရာ ဦးကျော်ဒင်မှာ ဒေါ်ရွှေရည် ဆောင့်အောင့် မြည်တွန်ပြီး ထွက်သွား သည်နှင့် အခင်းမရှိသော ဆင့်ပေါ်၌ပင် ထိုင်၍ ရှုမှတ်နေရသည်။
မကြာမီ ဒေါ်ရွှေရည် အိမ်ထဲသို့ ဝင်လာကာ-
“ကဲ..... ကိုယ်တော်ကြီး ဖယ်ပေးပါဦး” ဟု ဆိုကာ ကြမ်းခင်းများကို ပြန်ခင်း၍ ပေးပြန်၏။
“ရှင်ရွှေရည်ရယ်၊ မင်း ဘောက်မဲ့ နှောင့်ယှက်ချင်ရတာကုံး” ဟု မေးရာ-
“တော် စိတ်ဆိုးပြီး ထရိုက်အောင်လုပ်တာ” ဟု ပြန်၍ ပြောရာ ဦးကျော်ဒင်က-
“စိတ်မဆိုးပါဘူး မယ်မင်းကြီးမရယ်၊ ရိုက်လဲ မရိုက်ပါဘူး။ ကြိုးစားပြီး တရား ဟောတော်မူပါ” ဟု ဆိုကာ ရှုမှတ်မြဲ ရှုမှတ်နေလေသည်။
“သောတာပန်” ဆိုသည်မှာ သာမညပုဂ္ဂိုလ်မျိုး မဟုတ်ချေ။ “ဒိဋ္ဌိ၊ ဝိစိကိစ္ဆာမျှသာ ပယ်သေးသည်” ဟု လွယ်လွယ်ပင် ပြောဆိုထင်မြင်နေကြ၏။ (အပါယ်သို့ ကျစေနိုင်သော) ကိလေသာမှန်သမျှ အားလုံးပယ်သတ်ပြီးသူ ဖြစ်သည်။ (အဋ္ဌသာလိနီ-ဒဿနတိက။)
ရတနာသုံးပါး၏ ကျေးဇူးသိပုံနှင့် ဘဝပြဿနာ အဖုံဖုံနှင့်စပ်၍ နှလုံးသား၏ ထောက်ခံချက် ရသော ခွင်လုံးပိုင်ယုံကြည်မှု အလင်းဓာတ်ကြီး ကိန်းအောင်း သွားလေပြီ။ ငါးပါးသီလကိုလည်း (ဘဝခြားစေကာမူ) အလိုလိုပင် အကြွင်းမဲ့ လုံလဲသွားတော့၏။ (ပရိပူရကာရီ။)
မိမိ၌ ရှိသောအပြစ်ကို မရှိဟန်ဆောင်မှု (မာယာ)၊ မိမိ၌ မရှိသည့်ဂုဏ်ကို ရှိဟန် ဆောင်မှု (သာဌေယျ)၊ မနာလိုဝန်ကိုမှု (ဣဿာ, မစ္ဆရိယ) စသော မရိုးသားမှု များလည်း သောတာပန်၌ မရှိတော့ပြီ။ ဥဇုပ္ပဋိပန္န =စင်းလုံးချော- ရိုးဖြောင့်သူတည်း။ (အံ-၂၊ ၃၈၂၊ ဝိဘင်း-၃၄၉-ရှု။)
လူသာမန်တို့ ကိုယ်ချင်းစာ၍ မရနိုင်သော အငြိမ်းဓာတ်၊ အသိဉာဏ် အလင်းအား တို့လည်း များစွာရှိကုန်၏။ သေးသေးငယ်ငယ် နှယ်နှယ်ရရ မဟုတ်ပါချေ။
စကြဝတေးမင်း စည်းစိမ်နှင့် မလဲနိုင်သော ချမ်းသာသည် အဘယ်မှာလျှင် “သူ့လိုငါ့လို” ဟုတ်ပါချိမ့်မည်နည်း။ ထို့ကြောင့် ဦးကျော်ဒင်သည် ဒေါ်ရွှေရည်အပေါ် စိတ်မဆိုးဘဲ သနား၍သာ နေတော့၏။ အလိုလို မေတ္တာဖြင့် သည်းခံနိုင်ရည် ရှိလာသည်။ ဝေဒနာကို ရှုမှတ်ရများသော သတိကလည်း သည်းခံနိုင်ရည်ကို တိုးစေ၏။ ဖြစ်ပေါ်လာသော လောဘ ဒေါသကို ချက်ချင်းပင် သိမ်းဆည်းနိုင်သည်။ သကဒါဂါမိမဂ်သည် အကြမ်းစားလောဘနှင့် ဒေါသတို့ကို သတ်ပေတော့မည်။
ဒေါ်ရွှေရည်ကား တစ်နေ့ထက်တစ်နေ့ တစ်မျိုးပြီး တစ်မျိုးသာ နှောင့်ယှက်နေ၏။
“ဘာမှ တိုးတိုးဖော်မရဘူး။ ဗောမိလိုပဲ။ ဒါလောက်တောင် ကရားအားထုတ်ချင်လဲ ဘုန်းကြီးလုပ်နေပါလား” စသည်ဖြင့် မြည်တွန် တောက်တီးလျက်သာ ရှိခဲ့၏။ အသိချင်းမတူ၍ အမြင်ချင်းမတူ။ ပို၍ သိသူမြင်သူက ပိုပြီး သည်းခံရမြဲဖြစ်၏။ ထိုအခါ ယောဂီသည် ပို၍ သတိထားရသည်။
မိမိအတွက် အသိဉာဏ် နည်းသူများအား အပြစ်ပို၍ လေးမသွားအောင် စောင့်ရှောက်ရပြန်၏။ သို့မဟုတ်ပါက မသိသူများ၌ အရိယာ စွပ်စွဲပြစ်ကြီး ကျရောက်သွားနိုင်သည်။ အရိယာ မဖြစ်သေးသော ယောဂီတို့ပင်လျှင် အရိယူပဝါဒကံ နီးပါး အပြစ်များ ဖြစ်စေနိုင်သဖြင့် ပို၍ သည်းခံကြရာ၏။
အရိယာ စွပ်စွဲပြစ် ဆယ်မျိုးကား အလွန်ကြောက်ဖွယ် ကောင်းလေစွာ့၊ အရိယာ မဟုတ်သူအား အရိယာအဖြစ် ချီးကျူးဂုဏ်ပြုခြင်းသည်လည်း အရိယူပဝါဒကံနှင့် အတူတူပင် ဖြစ်ကြောင်း (ဒသင်္ဂုတ္တရ ကောကာလိကသုတ် အဖွင့်၌) လာရှိ၏။ အရိယာပုဂ္ဂိုလ်၊ အရိယာ ဖြစ်ရန် ကျင့်ကြံနေသောယောဂီတို့နှင့် ဆက်ဆံရသည်မှာ လူမိုက်တို့အတွက် အလွန်ကြောက်ဖွယ် ကောင်းလေစွာ့။
လူမိုက်များ၌ အပြစ်မကြီးကြစေရန် ယောဂီလုပ်သူများကလည်း အနေအထိုင် အပြောအဆိုကို ဆင်ခြင် ကြရာ၏။ သည်းခံခြင်းဖြင့် မိမိ၌ တရားတက်စေရုံမျှမက မသိ နားမလည် သူတို့ကိုပါ စောင့်ရှောက်ရာ ရောက်ပေ၏။
“တရားဌာနမှာ နေပြီး တရားသမားလို မနေနိုင်လျှင် မနေတာက ကောင်းတယ်။ မနေကြနှင့်။ တခြားသူတွေလဲ ဒီလိုပဲနေမှာပါဆိုပြီး မိမိတစ်ယောက်တည်း မတည့် တာကို မြင်လို့ တစ်ပါးသူက ကဲ့ရဲ့ မိသွားရင် ထိုသူမှာ အလွန်အပြစ်ကြီးတယ်။ မိမိမှာလဲ အစီးအပွား မများတဲ့အပြင် မြင်တဲ့သူတွေကိုပါ အပြစ်ပေးနေတာနဲ အတူတူပဲ”
ဟု ကျေးဇူးရှင် ဝေဘူ ဆရာတော်ဘုရားကြီးက လိင်္ဂအရိယာ၊ အာစာရ အရိယာ စသော အရိယာ အမျိုးအစားများကို ခွဲခြားညွှန်ပြ၍ မိမိ အနီးအပါးရှိ ကြီးမှ ရဟန်းပြုသော ရဟန်းယောဂီများအား ဆုံးမသည်ကို မှတ်သားရဖူး၏။ သတိပြုအပ် လှပါပေသည်။
ယောဂီကား ဦးကျော်ဒင်ကဲ့သို့ တစ်မဂ်တစ်ဖိုလ်မျှ မရသေးလျှင်လည်း ကျိတ်မှိတ် အောင့်အည်း၍သာ သည်းခံနိုင်အောင် ကြိုးစားကြရာ၏။ ဦးကျော်ဒင်မှာမူ လွယ်လွယ် ကူကူဖြင့်ပင် သည်းခံနိုင်ပေသည်။ ဒေါ်ရွှေရည်ကား အလျှော့မပေး။
တစ်ညတွင် ဦးကျော်ဒင် တရားရှုမှတ်၍ ကောင်းနေခိုက် ချည်တိုင်မှ နွားမကို ကြိုးဖြေလွှတ်လိုက်ပြီး “ကိုကျော်ဒင်၊ နွားမ လွတ်သွားလို့ လိုက်ချေပါဦး” ဟု ဆိုကာ ညကြီးမင်းကြီး နွားလိုက်ခိုင်းသည်။ ထိုနွားမမှာ မြင်သမျှ ဝှေ့တတ်၍ အလွန်ဆိုးသော နွားမဖြစ်သော်လည်း ဦးကျော်ဒင် ထလိုက်သွားသောအခါ အလွယ်တကူပင် ဖမ်း၍ ချည်နိုင်ခဲ့၏။
ဒေါ်ရွှေရည်ခမျာ နေ့ချင်းညချင်း စိတ်ပြောင်းမှန်းမသိ ပြောင်းလာကာ မိန်းမကြမ်း လုပ်၍ ကပြရရှာ၏။ ဇာတ်ဆရာကား ဘယ်သူဖြစ်ပါလေမည်နည်း။
ကြွေးရှင်းနေပြီ၊ ကြားမဝင်စေနှင့်
ယောဂီတို့ သတိပြုရမည်မှာ တရားအလုပ်ခွင်၌ (ရိုးရိုးယဉ်ယဉ်ကလေးဖြင့်) အနှောင့် အယှက် အမွှေဓာတ်ဝင်ပုံမှာ သိမ်မွေ့လှပေသည်။ ယောဂီတိုင်း နားမလည်နိုင်ပေ။ ယခု ဒေါ်ရွှေရည် ပြုလုပ်နေပုံများမှာ “ဒါ ဘာဆန်းလဲ၊ လူတိုင်း ဒီလိုပဲ လုပ်မှာပဲ၊ ကိုယ့်လင်သားပဲဟာ” စသည်ဖြင့် လောက၌ ဖြစ်ရိုးဖြစ်စဉ်ဟု ထင်ဖွယ်ရှိ၏။
လူ့သဘောစရိုက် ရှုထောင့်အရလည်း တစ်ပိုင်းက မှန်ကန်လျက် ရှိသည်ဖြစ်၍ “ဒါ အမွှေဓာတ်သဘော”ဟုပြောလျှင်လွယ်လွယ်ဖြင့် လက်မခံနိုင်ကြပေ။ ထို့ကြောင့် “သိမ်မွေ့ ပိရိသည်” ဟု ကျွန်ုပ်တို့ ဆိုရခြင်း ဖြစ်၏။
အမွှေဓာတ်တို့၏ သဘောသည် ရုတ်တရက် ပယ်ချ၍ မရအောင် တစ်စွန်းတစ်စ မှန်ကန်လျက်ရှိသည်ဟု ထင်ရကာ အနည်းငယ် အားနည်းချက် ယိုပေါက်ရှိသော ဟာကွက်များကို ဆုပ်ကိုင်ပြီး တက်နင်းလာတတ်သည်။ ဗြောင်အထင် မခံချေ။ သွေးရိုးသားရိုး ဟု ထင်စေသည်။ မတတ်သာမှ ဒဲ့ဒိုး ဗြောင်ဝင်လုပ်တတ်၏။ မှောင်ရိပ်ခိုနိုင်သမျှ ခို၍ လုပ်သည်။ ရနိုင်သမျှ တရားခံ အငှားရှာ၏။ လက်ကိုင်တုတ် များကို ရှာ၍ သုံးလေ့ရှိ၏။
ယောဂီအား “ငါ့စိတ်နှင့် ငါဖြစ်နေသည်၊.အစားမှား၍ နေမကောင်းခြင်း ဖြစ်သည်၊ ငါလုပ်ချင်၍ လုပ်သည်၊ သူဖြစ်ချင်၍ ဖြစ်သည်” ဟု လှည့်စား၍ မရလျှင် ယောဂီနှင့် အနီးစပ်ဆုံးသူများကို အငှားတရားခံ လုပ်၏။ ထိုသူများကို တုတ်လုပ်၍ ယောဂီအား ရိုက်တတ်သည်။ ယောဂီ၏ ဆရာသမား၊ မိဘ၊ တပည့်၊ သားမယား၊ ဆွေမျိုး မိတ်ဆွေ စသည်။ ယောဂီ သံယောဇဉ် ကြီးသလောက်၊ လေးစားသလောက်၊ ထိုသူများက အင်အားနည်းသလောက် (ဝါ လောဘ ဒေါသ မောဟကြီးသလောက်) တစ်မျိုးပြီး တစ်မျိုး အကွက်ဆင်၍ မွှေတတ်သည်။
တရားရှုမှတ်ရာ၌ အရေးကြီးသော အပိုင်းရောက်လေ၊ ဝင်လာလေပင်တည်း။ တရားဌာန သွားရန် စိတ်မကူးဖြစ်အောင်၊ စိတ်ကူးလျှင် မသွားဖြစ်သေးအောင်၊ သွားဖြစ်လျှင် အလုပ် မတွင်အောင် အကွက်ဆင်ပုံမှာ ယဉ်လှ၏။ မယုံနိုင်အောင် ပိရိလှ၏။ ထို့ကြောင့် “တစ်ဖက် လမ်းသို့ ကူးမြောက်နိုင်သူက အလွန်နည်းပါး၍ ဤမှာဖက်ကမ်း၌ပင် ကျန်ရစ်ခဲ့ရသူက များကြောင်း၊ မုဆိုး ပိုက်ကွန်မှ လွတ်ထွက် သွားသော ငှက်ကနည်း၍ ပိုက်ကွန်ထဲမှာပင် သေရသောငှက်က များလှကြောင်း” ဟောတော်မူခြင်း ဖြစ်သည်။ ထိုအခါ ယောဂီသည် “ငါ့ဘက်က ဘယ်လိုမှန်သည်၊ ငါ ဘယ်ရွေ့ ဘယ်မျှ အနွံအတာ ခံထားသည်” စသည်ဖြင့် မဆုပ်ကိုင်ရာ၊ ယခုမှန်လည်း ရှေးရှေးဘဝ များစွာက မှားခဲ့၍သာဟု ဖြေဆည်ပါ။ ဘယ်သူမပြု မိမိမှု။
အမွှေဓာတ်ကို နိုင်ရန် သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ သနားခြင်း၊ မေတ္တာပွားခြင်းက လွဲ၍ အခြားနည်းမရှိ။ ပုဂ္ဂိုလ် သတ္တဝါ ပညတ်ကို မကြည့်ရ။ မသုံးသပ်ရ။
မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ အရှုံးပေးပြီး မိမိအလုပ်ကိုသာ ဆက်လုပ်ပါ။ မရလျှင် မေတ္တာ နာနာပွားပို့ပါ။ အဆိုးလာလျှင် မေတ္တာနှင့် ဓာတ်သဘာဝကို ဆင်ခြင်၍ ဒေါသကိုသည်းခံ။ အကောင်း (လာဘ်၊ ဝိသဘာဂ) လာလျှင် အနိစ္စ အသုဘ ဆင်ခြင်၍ လောဘကို သည်းခံ။ ကြပ်ကြပ် ပြင်းထန်လျှင် မြန်မြန်တက်တော့မည် အောက်မေ့။ အထူးသဖြင့် ကျေးဇူးတင်၍သာ ပျော်ပျော်ကြီး လုပ်ပါလေ၊
၅၅၀-ဇာတ်ပေါင်းခန်းကို သတိပြုရန်လို၏။ သံသရာ၌ ဆက်၍သွားရန် မရှိ။ ဤဘဝ၌ စာရင်းရှင်းကြရလိမ့်မည်။ ပေးဆပ်စရာရှိလျှင် ပေးဆပ်ရ၏။ ကြွေးအသစ်အဟောင်း လုပ်ရမည့်သူများမှာ အဝေး၌မရှိ၊ ယောဂီနှင့်ကပ်နေ၏။ ကျေးဇူးခံ ကျေးဇူးစား မိဘ ဆရာသမား၊ တပည့်သားသမီး မိတ်ဆွေများသာလျှင် ဖြစ်ကုန်၏။ သူတို့သည်သာ မာရ်နတ် ကိုယ်စားလှယ်အဖြစ် သင်နှင့် ရင်ဆိုင်လာတတ်ကြသည်။ မာရ်နတ်ကား အမှောင်ရိပ်၌သာ နေလိမ့်မည်။ အိမ်ကြက်ချင်း အိုးမဲသုတ်၍ ခွပ်ခိုင်းနေ၏။
ထို့ကြောင့် နီးစပ်သူများတွင် အင်အားနည်းသူများ မရှိရအောင် မေတ္တာဖြင့် တရားလမ်းသို့ ပို့ပါလေ။ ထိုသူတို့ အပေါ် ကြပ်ကြပ် မေတ္တာ ပွားပါလေ။ (ပဉ္စင်္ဂုတ္တရ၊ လိစ္ဆဝီ ကုမာရကသုတ်၌) အိမ်ခေါင်းဆောင်တို့ အတွက် ကြီးပွားကြောင်း တရား ငါးမျိုးကို ဟောတော်မူ၏။
- ၁။ မိဘဘိုးဘွား၊
- ၂။ သားမယား ကျေးကျွန် ဆွေမျိုး၊
- ၃။ အိမ်နီး ယာနီး လုပ်ဖော်ကိုင်ဖက်၊
- ၄။ ရိုးရာနတ် စသောနတ်များ၊
- ၅။ သူတော်ကောင်းများအား တရားသော ပစ္စည်းဖြင့် ချီးမြှောက်ပေးလှူ၍ ထိုသူများ၏ အချစ်ခံရအောင် နေပါဟု ဆိုလိုတော်မူသည်။
နီးစပ်သူများထံမှ မေတ္တာတုံ့ ရယူမှုသည် အရေးကြီးသည့် သဘောပင်တည်း။ တစ်နည်းအားဖြင့် မေတ္တာမနောကံမျှသာမက မေတ္တာဝစီကံ (ချိုချိုသာသာပြော၊ နှုတ်၏ စောင်မ,ခြင်းပြု)၊ မေတ္တာကာယကံ (ကိုယ်ထိ လက်ရောက် ပေးကမ်းကူညီ၊ လက်၏ စောင်မ,ခြင်းပြု) ပေးနိုင်ပါမှ ပို၍ ခရီးရောက် အောင်မြင်သည့်သဘောပင် ဖြစ်သည်။
“မိဘ သားမယား၊ ဆွေမျိုးများနှင့်၊ စေပါးလုပ်ဖော်၊ နတ်-သူတော်၊ သင့်ပေါ်ချစ်ပါစေ”
ဒုတိယအကြိမ် နိဗ္ဗာန်ရောက်ခြင်း
ဦးကျော်ဒင်သည် ဒေါ်ရွှေရည်၏ အမျိုးမျိုးသော နှောင့်ယှက်ခြင်းကို မေတ္တာဖြင့် သည်းခံကာ အချိန်ရသမျှ ရှုမှတ်ပွားများရာ ယခင်ကထက် ပို၍ အသိဉာဏ်များ လင်းလာ၏။ သွားဖူးပြီးသော လမ်းဖြစ်၍ အခက်အခဲလည်း မရှိတော့ပေ။ “အတွင်းဝေဒနာ ပို၍ တက်ခြင်းမျှလောက်သာ ထူးတော့သည်” ဟု ဟောကြားဖူး၏။ (ယောဂီတိုင်း ဤသို့ဖြစ်ရမည်ဟုကား တစ်ထစ်ချ မမှတ်သင့်။)
တစ်ညတွင် ဦးကျော်ဒင်သည် သတိဖြင့်ပင် အိပ်ပျော်သွားခိုက် အိပ်မက်ထဲတွင် မီးရထားဘူတာရုံ တစ်ခုကို ရောက်သွား၍ လက်မှတ်ယူရာ မိမိက တစ်ခုသာ ယူသော်လည်း လက်မှတ်ပေးသူက လေးခုပေးပုံ၊ ထို့နောက် လေးခုလုံး အိတ်ထဲ ထည့်ပြီး ရထားသို့ လျှောက်ခဲ့ရာ ရထားမှာ ထွက်ခါနီးနေ၍ အမြန်လိုက်ပါ တက်စီး ရပုံကို မြင်မက်၏။ နောက် မကြာမီ ရက်အတွင်း အိပ်မက်မက်ပြန်သည်မှာ ယာခင်းသို့ ရောက်သွားခိုက် နွားတစ်ကောင် ပြေးလာသည်ကို မြင်၍ လိုက်ဆွဲရာ အမြီးကို ဆွဲမိသဖြင့် အမြီးရင်းမှ ပြုတ်ပါလာသည်ကို မြင်မက်၏။
(ယောဂီ၌ အိပ်မက်များသည် တစ်နည်းတစ်ဖုံအားဖြင့် အကျိုးပြုပုံကို ကျွန်ုပ်တို့ ပြခဲ့ပြီ။)
ဦးကျော်ဒင်သည် အဆိုပါ အိပ်မက်များကို အတိတ်ကောက်၍ “သာသနာ နောက်ပိုင်းမှာ အပြုတ်ဟ” ဟု ကြိမ်းဝါးကာ ဝင်လာသမျှ အာရုံသညာတို့ကို သတိဖြင့် ဖမ်း၍ ပညာဖြင့် ဖြတ်လျက် ပထမအကြိမ်နှင့် တစ်လတိတိအကြာ-
“၁၂၈၂-ခုနှစ် ဝါခေါင်လပြည့်ကျော် ၁၃-ရက် စနေနေ့ ညဉ့် ၁၀-နာရီ အချိန်ခန့်တွင် ဒုတိယအကြိမ် နိဗ္ဗာန်ကို မျက်မှောက်ပြုတော်မူ၏။”
သကဒါဂါမ် အိမ်တွင်းရေး
ဦးကျော်ဒင်သည် ဒုတိယအဆင့်သို့ ရောက်ပြီးကထဲက ဉာဏ်အမြင်တို့သည် ပို၍ ရှင်းလင်း၏။ စကားပြောလည်း ပို၍ ကြီးကျယ်လာသည်။ ပရမတ္ထ သဘာဝကျကျ ဝေဖန်နိုင်လာ၏။ ဗဟိဒ္ဓကို မြင်ရာ၌လည်း ပို၍ အမြင်သန်လာသည်။ ရပ်ထဲရွာထဲ၌ တစ်စုံတစ်ယောက် နေထိုင်မကောင်းဟု ကြား၍ “ဒီလူသေမှာပဲ” ဟု ဦးကျော်ဒင်က ပြောလျှင် သေသွားသည်ပင် ဖြစ်သည်။ မသေဟုပြောလျှင် မသေ။ သူပြောတိုင်း မှန်နေသဖြင့် ဦးကျော်ဒင်နားသို့ မကပ်ရဲကြ။ ဦးကျော်ဒင်မှာ ပို၍ နေရာကျကာ မိမိတရားကိုသာ ဇောက်ချ၍ ရှုမှတ်ရလေ၏။
သံသရာ တစ်လျှောက်လုံးက အမြစ်တွယ်လာခဲ့သော အကုသိုလ် ကိလေသာ အပူဓာတ်၊ အငုပ်၊ အဝပ်၊ အကိန်းဓာတ်တို့ကို အဆင့်ဆင့်သတ်ရာ၌ အလွန် စိတ်ဝင်စားဖွယ် ကောင်းလှပေ၏။ လက်နှီးစုတ်ကို အထပ်ထပ် ဖွပ်လျှော်ရပုံ၊ အလွှာလွှာ သံချေးကပ်နေသော သံချောင်းကြီး ကို အကြိမ်ကြိမ် မီးဖုတ်သန့်စင်ရပုံ၊ ခဲသလဲရွှံ့နွံများကို မိုက်ထုတ်၍ ရွှေကျင်ယူရပုံ၊ အလေးမ, လေ့ကျင့်သူသည် တဖြည်းဖြည်းချင်း တိုး၍တိုး၍ မ, လာနိုင်ပုံ ဥပမာများကဲ့သို့ ရှိပေ၏။ အကြမ်းစား အလတ်စား အနုစား ချေးညှော်များ အဆင့်ဆင့် ကွာ၍ ကွာ၍ သွားသကဲ့သို့ ဖြစ်ပေသည်။
၁။ သောတာပတ္တိမဂ်က ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ (အယူအဆ အတွေး အခေါ်၊ ရတနာသုံးပါး၊ အကျင့်တရားနှင့် ဆရာသမားအပေါ် ချီတုံချတုံ ရှိမှု၊ မိစ္ဆာဒိဋ္ဌိ အမူအကျင့်) များကို ပယ်သည်- ဟု ဆိုရစေကာမူ သီလစောင့်ခြင်း စသော ရှေ့ပြေး ကိစ္စများကပင် အဆင့်ဆင့် ပယ်ခဲ့ရပြီး ဖြစ်၏။
ထိုနေရာ မရောက်မီကပင် နေမှု စားမှု ဝတ်မှု၊ လောကရေး၊ ဓမ္မရေး၊ ဆရာ အမျိုးမျိုးဘေး၊ အတွေးမှား၊ အယူမှား၊ ချီတုံချတုံများ ဘတစ်ပြန် ကျားတစ်ပြန် ဖြစ်ခဲ့ရ၏။ လမ်းမှန် လမ်းမှား စမ်းတဝါးဝါး ဖြစ်ခဲ့ရ၏။ သီလစောင့်ခြင်းမှအစ ဝိသုဒ္ဓိ ခုနစ်ပါးဖြင့် သန့်ရှင်းရေး လုပ်ပြီးမှသာ သောတာပတ္တိမဂ်က အမြစ်ပြတ် သတ်ချ လိုက်နိုင်သည်။ သောတာပတ္တိမဂ် ဓားသည် မည်မျှပင် ထက်စေကာမှု စဉ်းတီးတုံး ပမာ သီလ စသော အခြေခံမပါဘဲ ဖြတ်၍ရသည် မဟုတ်ချေ။
ထို့ပြင် လောဘ ဒေါသ မောဟ မာနစသော ကိလေသာတို့ကိုလည်း အထက် မဂ်များက အဆင်သင့် အမြစ်ဖြတ်နိုင်ရန် အခက် အရွက် အလက်များ ချိုးနိုင်သမျှ ကြိုတင်၍ ချိုးပေးထားနှင့်ရသည်။ မည်သို့ဖြစ်စေ သောတာပန် အဖြစ်သို့ ရောက်လျှင်ပင် အယူဝါဒ ရေးရာ၌ ကွင်းလုံးကျွတ် ခွင်လုံးပိုင် တိတိကျကျကြီး အမြင်ရှင်းသွားလေပြီ။ “ဒဿနဋ္ဌ” ဟု ခေါ်၏။ (ယထိန္ဒခီလော-ရှု။)
၂။ သကဒါဂါမိမဂ် ကား သီးသန့် အမြစ်ဖြတ်ခြင်း တာဝန်မရှိသော်လည်း လောဘ ဒေါသ စသည်တို့ကို အင်အားနည်းနိုင်သမျှ နည်းသွားအောင် ကြိုတင်၍ ဆုံးမထားနှင့်ရ၏။
ဤနေရာ၌ လူများစုကား “သကဒါဂါမ်သည် (အထူးပယ်သတ်သော ကိလေသာ မရှိလှသဖြင့်) သောတာပန်နှင့် မထူး” ဟု ထင်တတ်ကြ၏၊ မဟုတ်ချေ။ သစ်ပင်များ အသားအပွေး တစ်ရစ်တက်လျှင် အနှစ်အသားတစ်ဆင့် ရင့်ကျက်လာသကဲ့သို့ မျက်မြင်၌ မထူးလှဟု ထင်ရစေကာမူ တရားအနှစ်အသားတက်မှုမှာ မည်သို့မျှ မတူနိုင်ပေ။
သကဒါဂါမ် ပုဂ္ဂိုလ်၏ လောဘ ဒေါသတို့သည် (အမြစ်ပြတ် မပယ်သတ်ရသေး စေကာမူ) အလွန်ဖြစ်ခဲမျှသာ ရှိတော့၍ လွန်ကျူးနိုင်လောက်သော စွမ်းအား မရှိတော့ကြောင်း “ပဋိသမ္ဘိဒါမဂ္ဂ အဋ္ဌကထာ” (ပ၊ ၂၅၇-မဂ္ဂဉာဏနိဒ္ဒေသ) ၌ ထူးထူးခြားခြား ဖွင့်ပြထားသည်ကို တွေ့ရသည်။ သကဒါဂါမ်၌ “ဟိုကိစ္စ” မရှိ တော့ပြီ။
၃။ အနာဂါမိမဂ်ကား ဒေါသကို အမြစ်ပြတ် ပယ်သတ်၍ လောဘကို အားနည်းနှင့်အောင် နှိပ်ပေးထားရ၏။
၄။ အရဟတ္ထမဂ်ရောက်မှ လောဘ၊ မောဟကို အကြွင်းမဲ့ သတ်နိုင်သည်။ (ဤကား အကြမ်းစား ပြသခြင်းသာတည်း။) တောင်ယာ ခုတ်ထွင်သူသည် မိမိ လက်နက် အင်အား အလိုက် အမြစ်ပါ တူးနိုင်သည်ကို တူး၍၊ မတူးနိုင်သေးသော အပင်ကြီး များကို နောင်အခါ အမြစ်ပြတ် ဖြုတ်ပိုင်းရန်အတွက် မီးရှို့ခြင်း၊ ခက်လက်ချိုင်ခြင်း၊ အခွံအပွေး ခွာထားနှင့်ရခြင်း စသည်ဖြင့် လုပ်ရသကဲ့သို့တည်း။
ဒုက္ခပေးမည့် တွေးခေါ် ဝါဒရေးရာ ဆရာကြီး
ပရိယတ္တိ ဗဟုသုတရှိသော ယောဂီတို့ တရားရှုမှတ်ရာ၌ ဝိသုဒ္ဓိခုနစ်ပါး အခိုက်အတန့်၊ ဉာဏ်စဉ်များ အခိုက်အတန့်လိုက်၍ ဖြစ်လေ့ဖြစ်ထရှိသော ကျင့်စဉ် များမှာ စိတ်ဝင်စားဖွယ် ရှိသကဲ့သို့ မဂ် လေးဆင့်တက်ရာ၌လည်း ပယ်သတ်ရမည့် အနုသယ (အငုပ်ဓာတ်) ကိလေသာတို့၏ အနိုးအဆွ အထအကန် သဘောကလေး များကို မြင်တတ်လျှင် အလွန် အရသာရှိပေလိမ့်မည်။
ဒေါ်ရွှေရည်သည် ဦးကျော်ဒင်၏ ဒေါသကို ဒုတိယအဆင့်၌ ပြင်းပြင်းထန်ထန် နှိုးဆွ ပေးခဲ့၏။ ထိုအနှိုးအဆွကို ခံနိုင်ရည်ရှိသည်နှင့် အကြီးစား ဒေါသကို အောင်နိုင်ကာ ဒုတိယအဆင့်သို့ တက်လာနိုင်ခဲ့သည်။ ဒေါ်ရွှေရည်ကား ကျေးဇူးတင်စရာ၊
တစ်သံသရာလုံးက ငုပ်ကိန်း၍ နှိပ်စက်ကြသော ကိလေသာ ရန်သူဆယ်ယောက် တို့ကို စစ်သူကြီး လေးဦး လေးသုတ်ခွဲ၍ အဆုံးစီရင်ကြရာ၌ သူ့အသုတ်နှင့်သူ ငုပ်နေ၍၊ ပုန်းနေ၍မရ။ တစ်နည်းနည်းဖြင့် ထွက်လာရကာ စစ်သူကြီးရှေ့မှောက် မရောက်မီ အတုပ် အချည် ခံရစဉ် ရုန်းကန်ပုံ၊ ရှိသမျှ အင်အား အကုန်ထုတ်၍ ရန်လုပ် ထိုးကြိတ်ပုံ၊ နောက်ဆုံး မတတ်သာ၍ လည်စင်းခံရပုံများမှာ အလွန် စိတ်ဝင်စားဖွယ်၊ ဉာဏ်ပထျာဖြန့် ဖွယ် ကောင်းလှ၏။
သောတာပတ္တိမဂ် စက်တိုင်တက်ခါနီး လာပြီ ဖြစ်သော သံသရာဝင် ဒိဋ္ဌိ လူဆိုးကြီးသည် လောဘက အဖော်ညှိတိုင်း သာသနာ့ ဒါယကာ လုပ်ရကောင်းနိုးနိုး၊ ဘုရားဆုပန်ကာ ကယ်တင်ရှင် လုပ်ရကောင်းနိုးနိုး၊ ထွက်ရပ်ပေါက်ဆရာ လုပ်ရကောင်းနိုးနိုး၊ သူဌေး သူကြွယ်, စာတတ် ပုဂ္ဂိုလ် လုပ်ရကောင်းနိုးနိုး၊ ကောင်းကင်ပျံရ ကောင်းနိုးနိုး၊ အမျိုးမျိုး သဝေထိုးကာ ယောက်ယက် ခတ်သည်ကို ယောဂီတို့သိခဲ့ရပြီ။ ဤကား ဒိဋ္ဌိ ရုန်းကန်ပုံတည်း။
ဆိုလိုသည်ကား ယောဂီသည် ကိုယ်တိုင်ပင် သိနိုင်ပါ၏။ ဈာန်အစဉ်၊ ဝိသုဒ္ဓိ အစဉ် ဉာဏ်အစဉ်၌ သူ့အချိန်နှင့်သူ ရုပ်နာမ်သဘာဝ ဖြစ်ပျက်ပုံများ၊ ထိုသို့ ဖြစ်ပျက်ရာ၌ ပညတ်ကောင် လူနတ်သတ္တဝါတို့ပါ ရောထွေးပါဝင်တတ်ကြပုံများကို သိရသကဲ့သို့ မဂ်လေးပါး အဆင့်ဆင့်၌ ရုပ်နာမ်ဓမ္မ သဘာဝတို့၏ အနှိုးအဆွ အထအကန် ဖြစ်ပျက်မှ သဏ္ဌာန်ကို ဉာဏ်အမြင်၌ အလွန်ပင် သိသာလှပေရာ၏။
ရှင်သာရိပုတ္တရာသည် ဉာဏ်စဉ်ကိုဟောကြားသကဲ့သို့ အသေးစိတ် ဟောပြနိုင်ရန် ကြိုးစားကြကုန်ရာ၏။
ဦးကျော်ဒင်ရှေ့ မိုးကြိုးခခြင်း
ဦးကျော်ဒင်သည် ဒုတိယဆင့်ရောက်ပြီး တစ်လတိတိ ကြာသောအခါ -
“၁၂၈၂-ခုနှစ် တော်သလင်းလပြည့်ကျော် ၁၃-ရက် တနင်္လာနေ့ ညဉ့် ၁၀နာရီ အချိန်ခန့်၌ တတိယအကြိမ် နိဗ္ဗာန်ကို မျက်မှောက်ပြုလေ၏။
ဆယ်နာရီ မထိုးမီကလေးတွင် ဦးကျော်ဒင် တစ်ကိုယ်လုံးရှိ အကြောအခြင်များ တုတ်တုတ်ဆွဲကာ ပြတ်သွားတတ် အလွန်ပြင်းထန်လှသော ဝေဒနာကို ခံစားရသည်။
“ဒီနေရာမှာ ခံနိုင်ရင်ခံ၊ မခံနိုင်ရင် လန်ရော၊ ဒါကျော်မှ ငါ သာဓုခေါ်မည်” ဟု လည်း ပြန်လည် ဟောကြားဖူး၏။
ဤအဆင့်တွင် ယောဂီများ သန္တာန်၌ မည်သို့မည်ပုံ ဖြစ်သည်ဟု ရုပ်ဝတ္ထု ဆန်ဆန် ပြောဆို သုံးနှုန်းတတ်သော စကားများ ရှိရာ ထိုစကားများကို နားမယောင်ကြရာ။ ရုပ်ဝတ္ထုသည် ပဓာနမဟုတ်၊ ထိုလိုရင်းမဟုတ်သော ရုပ်ဝတ္ထု ဖြစ်ပုံကိုသာ တစ်ထစ်ချယူသော် “ဤသို့ဖြစ်မှသာ အနာဂါမ်ဖြစ်သည်” ဟု မလိုလားအပ်သော နိယာမတစ်ခု ထွက်လာစရာ ရှိပေသည်။
နောက်တစ်နေ့တွင် ဦးကျော်ဒင်၏ ရှေ့၌ပင် ပြင်းထန်သော မိုးကြိုးကျ၏။ ဦးကျော်ဒင်ကား မည်သို့မျှ မတုန်လှုပ်၊ မထိတ်လန့်၊ စိတ်ဆိုးခြင်း၊ ကြောက်ရွံ့ တုန်လှုပ် ထိတ်လန့်ခြင်းသည် ဒေါသပင် ဖြစ်၏။ ဦးကျော်ဒင်ကား ဒေါသကို အမြစ်ပြတ် သတ်နိုင်လေပြီ။ ထိုအဆင့်သို့ ရောက်ပြီး ဖြစ်ကြောင်း ထောက်ခံချက် ပေးလှာသော မိုးကြိုးပင်တည်း။ ဤမိုးကြိုးမှ တကယ့် သိကြားမိုးကြိုး ဖြစ်ပေရာ၏။
“သာသနာ အညာဆန်သည်” ဆိုသည့်အတိုင်း သာသနာတစ်ခုခု မိမိသန္တာန်၌ ကိန်းအောင်းမိပါလျှင် တစ်ဆင့်ထက် တစ်ဆင့် မြင့်ထက်မြင့်၍သာ ဆန်တက်ရမြဲ ပင်တည်း၊ လောကီရတနာကဲ့သို့ ဆုတ်ယုတ် လျှောကျရိုးမရှိ။
သေလောက်အောင် ပူသော
လူ၏ဘဝနှင့် ပတ်ဝန်းကျင်
ဦးကျော်ဒင်သည် တတိယအဆင့်သို့ ရောက်ပြီး ဆက်၍ အားထုတ်ပြန်ရာ လူအများ၏ အပြောအဆို၊ အလုပ်အကိုင်၊ အနေအထိုင် စရိုက်များကို နေ့စဉ်နှင့်အမျှ မြင်နေရရာ ပို၍ ထိတ်လန့် ကြောက်ရွံ့လာ၏။
(ဤကြောက်ရွံ့ ထိတ်လန့်ခြင်းကား ဒေါသမဟုတ်။ ဘယတုပဋ္ဌာန = ကြောက်စရာ တွေပါကလား” ဟု စိတ်၌ ထင်လှာသော အသိဉာဏ် အကြောက်ဖြစ်သည်။)
အလွန်ရှည်လျားလှသော ဥမင်လိုဏ် ခေါင်းမကြီးထဲသို့ ဝင်သွားသူသည် ဝေးလေ အအေးဓာတ် ရလေဖြစ်ကာ အပူရှိန်များကို မခံချင်လေ ဖြစ်လာသည်။ ဦးကျော်ဒင်သည် လူဝတ်ကြောင် ဘဝကို ရွံ့မုန်းကာ ရဟန်းပြုချင်နေ၏။ ရဟန်း ပြုရန်လည်း မလွယ်ကူ။
“လူဝတ်ကြောင်များ ရဟန္တာဖြစ်လျှင် ရဟန်းပြုလျှင်ပြု၊ မပြုရသော် ထိုနေ့မှာပင် ပရိနိဗ္ဗာန်ပြုရသည်” ဟု မိလိန္ဒပဉှာ၌လာ၏။ အရိယာတို့သည် မည်မျှအေးမြ၍ လူတို့၏ ဘဝနှင့် ပတ်ဝန်းကျင်သည် မည်မျှ ပူလောင်ကြောင်း သတိပြုနိုင်ပေသည်။ ပူသည်မှာ သေလောက်အောင် ပူပေ၏။
ထိုအကြောင်းနှင့်စပ်၍ အနည်းငယ် ဆိုရသော် မိလိန္ဒပဉှာ၌ လူဝတ်ကြောင် အသွင်အပြင် အားနည်းမှုကြောင့် (လိင်္ဂဒုဗ္ဗလ) ဟု ဆို၏။ ဂုဏ်နှင့်ဘဝ ခံနိုင်ရည် အင်အား မမျှကြောင်း ဥပမာများဖြင့် ပြသည်။ မိလိန္ဒပဉှာ စကားသည် အကြောင်းရင်းသို့ မထိဆိုက်လှ။ ကျွန်ုပ်တို့ သဘောကျသည်မှာ တရား၏ အင်အား အပူဓာတ် အအေးဓာတ်တို့၏ ကွာခြားမှုပင်တည်း။ (သမ္မော၊ ဋ္ဌ-၅ဝ၅-စသည်၎င်း။)
ရဟန္တာ၏ဘဝ (ခန္ဓာကိုယ်) သည် ကိလေသာအပူ အားလုံး ကင်းစင်ကာ အသင်္ခတ အငြိမ်းဓာတ်ကြီး အပြည့်ရှိနေသူဖြစ်၏။ အသင်္ခတ အင်အား လေးပုံ တစ်ပုံ ရှိနေသူ (သောတာပန်) သည် လူ့အဝတ်၊ လူ့ ဘဝ၊ လူ့ ပတ်ဝန်းကျင်၌ လေးပုံတစ်ပုံ စိတ်ကုန်နေပေပြီ။ ဓာတ်ချင်းမတူတော့ပေ။
လူညံ့လူပေများ ဘုန်းကြီးကျောင်း မသွားလို။ ရောက်လျှင်လည်း ကြာကြာ မနေ လိုကြ။ နတ်ဗြဟ္မာများ လူ့ပြည်လာရာ ဘုရားရှင် ရှေ့တော်၌ပင် မတ်တတ်ရပ်နေ သည်က များ၏။ တစ်ယူဇနာက လူစော်နံသတတ်။
သောတာပန်သည် ဘဝခြားသွား၍ “ငါ သောတာပန်” ဟု မသိစေကာမူ ပိုးရွ ခြပုန်း မျှကိုပင် သတ်လိုစိတ် အလျဉ်းမရှိ။ သံတွေခဲရဲရဲ၌ ယင်ကောင် မကပ်ရဲသကဲ့သို့ ကံငါးပါးနှင့် အလိုလို ကင်းကွာနေ၏။ ဓမ္မသဘာဝပင်။
အနာဂါမ် စုတေလျှင် လူ့ပြည်နတ်ပြည်၌ မနေ၊ ဗြဟ္မာပြည်သို့သာ သွား၏။ ဘုရားရှင်ပင် ရဟန်းများနှင့် ထာဝစဉ် မနေလို။
အသင်္ခတနိဗ္ဗာန ဓာတ်သည်လည်း အကုသိုလ် အခိုးအငွေ့ အရှိန်အစော်များကိုပင် ငြိမ်းသတ် ပယ်ခွာနိုင်သော သတ္တိ (နိဿရဏပဟာန်) ထူး ရှိ၏။ ပြဒါးသည် မီးနှင့်နီး၍မရ။ ဒေဝဒတ်, စိဉ္စမာန နှင့် ကောကာလိက တို့ ဘုရားရှင်ရှေ့၌ မြေမျို မခံရ၊ ရုပ်ပျက်ဆင်းပျက် အဖုအပိမ့်မထွက်။ မျက်ကွယ်ရောက်မှသာ ဖြစ်ကြရသည်။ အသင်္ခတဓာတ်၏ နိဿရဏ ပဟာန် သဘောဟု ဆိုသင့်၏။ အချုပ်အားဖြင့် အသင်္ခတ အငြိမ်းဓာတ်၏ နယ်သတ်ခွဲခြားသည့် သဘောပင်တည်း။
လူ့ဘဝကား ရူးရသော်မှတည့် သြော် ကောင်း၏
ဦးကျော်ဒင်သည် ရဟန်းပြုလိုလှသော်လည်း အခွင့်မသာသေး။ တရားကိုသာ ရှုမှတ်မြဲ ရှုမှတ်နေရသည်။ ရှုမှတ်ရင်း ရှုမှတ်ရင်း ဘဝ၏ ရန်သူကြီးများကို ကွဲကွဲပြားပြား မြင်၍လာရ၏။
လောဘသည် ပဓာန ခေါင်းဆောင်ကြီး ဖြစ်ကြောင်း တွေ့မြင်ရသည်နှင့် ထိ-သိ သတိဖြင့် ဖိ၍လိုက်ရာ လိုက်လေဝေးလေ၊ ဝေးလေ သေးလေ အားနည်းလေ ဖြစ်သွားသည်ကို တွေ့ရ၏။ တစ်ဖန်ဆက်၍ ရန်သူကို လိုက်လံရှာဖွေရာ ပညတ် အားဖြင့် အနီးကပ် ရန်သူကြီးမှာ အတူနေဇနီး၊ သားနှင့် ပစ္စည်းများ ဖြစ်ကြောင်း တွေ့မြင်ရသည်။ “ဒီကြွေးတွေ ရှင်းသွားဦးမှဘဲ” ဟု စဉ်းစားကာ ဒေါ်ရွှေရည်အား အနူးအညွတ် ဖျောင်းဖျတောင်းပန်ရန် ဆုံးဖြတ်လိုက်၏။
“ရှင်ရွှေရည်၊ ညည်းတို့ ငါတို့မှာ သံသရာက ကုသိုလ်ရေစက်ဆုံလို့ တွေ့ကြရတယ်။ ခုချိန်ကစပြီး ငါ့ကြွေးကိုလဲ မင်းတို့မဆပ်ပါနှင့်တော့။ မင်းတို့ ကြွေးကိုလဲ ငါမဆပ်ပါရ စေနဲ့တော့။ ငါကလဲ မင်းကို နှမအရင်းလို သဘောထားပါတယ်။ မင်းကလဲ ငါ့ကို မောင်အရင်းလို အောက်မေ့ပြီး နေကြစို့လား။ နောက်ပြီးတော့ ငါ့ကိုလဲ ရဟန်းပြုခွင့် ပေးပါလားကွယ်”
“ကိုကျော်ဒင်၊ ကိုယ်ပြောသလို ကြွေးတွေဘာတွေ ထားပါတော့။ ကျေပါတယ်၊ ဒါပေမယ့် ကိုယ်လဲဘယ်မှ မသွားချင်ပါနှင့်။ ရဟန်းလဲ မခံပါနှင့်။ အိမ်ဦးခန်းမှာ မောင်ကြီးအရာထားပြီး ဝတ်ကြီးဝတ်ငယ် ပြုပရစေ။ အိမ်တစ်အိမ်မှာ လင်သားမရှိရင် မတင့်တယ်ဘူးတော်ရဲ့၊ လူလဲမရိုသေဘူး” စသည်ဖြင့် ဆွေးနွေး ပြောဆိုကြရာ ဦးကျော်ဒင်မှာ မှန်းခြေမကိုက် ဖြစ်ရပြန်၏။
တစ်နေ့တခြား စိတ်ဆင်းရဲ၍သာ နေရရှာ၏။ လင်ခန်းမယားခန်း ပြတ်နေပြီ ဖြစ်သော အတွင်းသဘောနှင့် မကင်းသော အိမ်ထောင်ရှင်ဘဝကို မည်သို့ ရုန်းထွက်ရမည်မသိ ဖြစ်နေ၏။ “မိန်းမက ခွင့်ပေးမှ ရဟန်းပြုရသည်” ဟုလည်း ထင်နေရှာ၏။
ထမင်းတစ်လုပ်အတွက် လူအများ လုပ်ကိုင်စားသောက် နေကြသည်မှာ “အပြစ် ကင်းသော အလုပ်” ဟူ၍ မတွေ့ သလောက်ဖြစ်ကာ လူ့ဘဝကို အကြောက်ကြီး ကြောက်၍ နေရ၏။
“ကဲ... ရဟန်းဝတ်ရရင်လဲဝတ်၊ မဝတ်ရလဲ အရူးပဲလုပ်နေတော့မယ်” ဟု ကြံမိ ကြံရာ ကြံနေမိ၏။ “ဂုန်နီအိတ်ကြီးကို လက်နှစ်ဘက်နှင့် ခေါင်းဝင်ရုံအပေါက် သုံးခု ဖောက်လျှိုပြီး နေမယ်။ အဝတ်လဲရ၊ အခင်းလဲရ၊ တယ်.... နေရာကျ။ စားချိန်ကျ အိမ်စဉ်လျှောက်ပြီး ခွက်တစ်ခုနဲ့ တောင်းစား။”
ဦးကျော်ဒင်အား စောစောက အရူးဟု အခြားသူများက ပြောခဲ့ကြ၏။ ယခု သူကိုယ်တိုင်ပင် အရူးလုပ်ရန် စဉ်းစားနေမိ၏။ သို့မှ လွတ်လွတ်ကျွတ်ကျွတ် အလုပ်လုပ်နိုင်မည်ဟု ယူဆသည်။ တကယ်လည်း ရူး၍မရသဖြင့် ဒေါ်ရွှေရည်အား တစ်ကြိမ်ထပ်၍ ခွင့်တောင်းပြန်၏။ မရလေ။ ဦးကျော်ဒင်မှာ မစားနိုင် မသောက်နိုင် ဖြစ်ကာ တစ်နေ့ာခြား အရိုးပေါ် အရေတင်ဖြစ်လာခဲ့၏။
ဦးကျော်ဒင်၏ အဖြစ်ကို မမြင်ရက်ကြသဖြင့် အိမ်နီးချင်းများကပါ ဝိုင်းကူ၍ ဒေါ်ရွှေရည်အား နားချကြပြန်သည်။ မရ။
“သေသွားတာကမှ ကောင်းဦးမယ်။ ခုတော့ ဘုန်းကြီးဝတ်ကြီးနဲ့ ကျွန်မ မြင်တိုင်း စိတ်ချမ်းသာရမှာ မဟုတ်ဘူး” ဟုသာ ဇွတ်တင်း၍ ခံနေ၏။
ဦးကျော်ဒင်ကားဂုန်နီအိတ် မဝတ်ဘဲလျက် ခေါင်းမွေး၊ မုတ်ဆိတ်မွေးရှည်ရှည် အဝတ်အထည် ညစ်ညစ်၊ ပါးချောင်နားချောင်ကျကာ တကယ့် အရူးကြီးပုံ ပေါ်နေတော့၏။ အရပ်ကပါ ဝိုင်း၍ ကူကြသဖြင့် နောက်ဆုံး ဆယ့်လေးငါးရက် ရဟန်းပြုခွင့် ရလာ၏။ အတိုင်းမသိ ဝမ်းသာသွားတော့သည်။
“အေး-အေး၊ ဝမ်းသာလိုက်တာရှင်ရွှေရည်ရယ်။ ပါရမီမရှိလို့ မပျော်ရင်လဲ ဆယ့်လေးငါးရက် မပြောနဲ့၊ ချက်ချင်း ပြန်ခဲ့ပါမယ်။ ပါရမီရှိလို့ ပျော်ရင်လဲ ဆက်ပြီး နေပရစေကွယ်။”
“ကဲ-ကောင်းပါပြီတဲ့တော်၊ ဒါထက် ရဟန်းမခံခင် ထွန်ရေး ပက်လက်နဲ့ ပဲကလေး ကြဲပေးခဲ့ပါဦး။”
နွားနှစ်ကောင်နှင့် ထွန်ထောင်ကိုယ်တော်
ဦးကျော်ဒင်သည် ၁၂၈၂-ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ငါးရက်နေ့တွင် ပဲကြဲရန် ထွန်က, ၍ ယာခင်းသို့ ထွက်လာခဲ့၏။ ယာထဲသို့ ရောက်သောအခါ ထွန်ရေးစရန် မောင်းနှင်ရာ နွားနှစ်ကောင်မှာ လှည့်ကြည့် လှည့်ကြည့် လုပ်ကာ မသွားဘဲ တွေ့ပြီး ရပ်နေကြ၏။ “ဟဲ့” ဟု ငေါက်သော်လည်း ရှေ့သို့မတိုးဘဲ လှည့်ကြည့်ပြီး ဦးကျော်ဒင်အား တစ်စုံတစ်ခု ပြန်ပြောနေကြသကဲ့သို့ ရှိ၏။
“ခါတိုင်းဆို ဟဲ့-လို့တောင် မငေါက်ရဘဲ သူ့ထက်ငါ ရုန်းကြတဲ့ ကျေးဇူးရှင်ကြီး နှစ်ကောင်ကတောင် ထုံပေပေနဲ့ ငါ့ကို နှင်နေကြပါပကောလား။ အင်း ကိုယ့်အကြောင်း ကိုယ်အသိဆုံးမို့ ကိုယ့်ဟာကိုယ် မဆုံးဖြတ်နိုင်ရင် ကိုယ့်အသိ ဉာဏ်ဟာ ဘာအသုံးကျတော့မှာလဲ။”
ဦးကျော်ဒင်သည် ရုတ်တရက် အကြံပေါက်ကာ တွန်ပေါ်ကဆင်းပြီး နွားကို ထမ်းပိုး မှ ကြိုးဖြုတ်၍ ထွန်တုံးကို ထောင်ထားလိုက်၏။
“ကဲ-မင်းတို့နဲ့ ငါနဲ့လဲ သေခန်းဖြတ် ကြွေးရှင်းကြစို့။ တော်ရာ သွားကြပေရော့။ သင်တို့ကို ငါ ဘေးမဲ့ ပေးလိုက်ပြီ” ဟု ဆိုကာ နွားနှစ်ကောင်ကို လွှတ်လိုက်သည်။ ပြီးလျှင် ဦးဝီရိယခေါ် ဘုန်းတော်ကြီး ဦးကျောက်ကျောင်းဆီသို့ ထွက်လာခဲ့၏။ လမ်းတွင် ဒေါ်တင် ဆိုသူနှင့်တွေ့၍ အကျိုးအကြောင်း မေးရာ သင်္ကန်းဝတ် သွားမည့်အကြောင်း ပြောပြလျှင်...
“ဟဲ့-မောင်ကျော်ဒင်၊ ဒီလိုဆိုရင် တို့အိမ်က မောင်တာ ကိုရင်ကြီး ဝတ်တုန်းက ဧကသီ အဟောင်းတစ်ထည် ရှိတယ်။ ယူသွား။ မိရွှေရည်လဲ မသိစေနဲ့” ဟု ဆိုကာ ဒေါ်တင် လှူလိုက်သော ဧကသီ၊ ဦးဝီရိယ ချီးမြှင့်သော သင်းပိုင် တစ်ထည်ဖြင့် ထိုနေ့၌ပင် ဦးကျော်ဒင်မှ ကိုရင်ကြီး ရှင်ကဝိ ဖြစ်လာလေတော့၏။
“ထွန်ဆင်းကိုယ်တော်၊ ထွန်ထောင်ကိုယ်တော်” ဟုလည်း သမုတ်ကြသည်။
ကိုရင်ကြီး ဦးကဝိကား ယခုမှပင် စိတ်နှင့်ကိုယ်၊ အတွင်းနှင့်အပြင်၊ အသွင်နှင့် သဘောထား တစ်သားတည်းကိုက်ညီကာ အာနာပါနကို စိတ်တိုင်းကျ ရှုမှတ်ခွင့် ရလေတော့သည်။
ဤနေရာ၌ အာနာပါနဖြင့် အနာဂါမ်မှ ရဟန္တာအဖြစ်သို့ တက်ရန် ရှုမှတ်ခြင်းနှင့် စပ်၍ “အာနာပါနဿတိသံယုတ် ကောဋ္ဌိကသုတ်” သည် စဉ်းစားဖွယ် ရှိပေ၏။ ယင်းသုတ်၌ အနာဂါမ် ဖြစ်ပြီးသော အရှင်ကောဋ္ဌိက မထေရ်သည် အာနာပါန ရှုပွားနည်း အဆင့်ငါးဆင့် ရှိရာတွင် “သတိမြဲရာ ပထမာ” မျှလောက်ကိုသာ ရှုပွားနေသဖြင့် မြတ်စွာဘုရားရှင်က ဈာန်လေးဆင့် အပြည့်အစုံ အစဉ်အတိုင်း တက်ကာ အနိစ္စာနုပဿီ စသော ဝိပဿနာ ရှုပွားနည်းကိုပါ ပွားများရန် တိုက်တွန်းခါမှ ရဟန္တာဖြစ်ကြောင်း ပါရှိ၏။ “သတိမြဲရာ ပထမာ” လောက်ရှုပွား ရုံမျှဖြင့် အနာဂါမ်ထိ ရောက်နိုင်သည် ဟူသော အဓိပ္ပာယ်ပါ သက်ဝင်လာပြန်သည်။ ပညာရှင်တို့ စဉ်းစားရန် ဖြစ်ပါ၏။
ဦးကဝိ ကိုရင်ဝတ်ပြီး ငါးရက်အရတွင် သူငယ်ချင်း ဦးရွှေလုပ်လည်း ရှင်ဝိဇယ အမည်ဖြင့် ရှင်ကဝိနှင့် အတူလိုက်ပါ၍ သာမဏေ ပြု၏။ (ပြဆိုခဲ့သည့်အတိုင်း) အနာဂါမ်ဖြစ်ပြီး တစ်လတိတိအကြာ မောင်ရင်ပေါ်ချောက်တွင် အရဟတ္တဖိုလ်သို့ ဆိုက် ရောက်ကာ “ရဟန္တာ” ဖြစ်တော်မူလေ၏။
ဦးကျော်ဒင်သည် ၁၂၈၁-ခုနှစ် သီတင်းကျွတ်လပြည့်နေ့၌ ဆီမီးတစ်ထောင် ပူဇော်၍ ထိုနှစ် တပေါင်းလတွင် မဏ္ဍပ်ထိုးကာ ဘုရားပူဇော်ခဲ့၏။ အာနာပါန တရားကို တစ်စွန်းတစ်စ ကြားသိရုံမျှဖြင့် “မုဆိုး စိုင်သင်” အားထုတ်ခဲ့ရာ ၁၂၈၂-ခုနှစ် ဝါဆို၊ ဝါခေါင်၊ တော်သလင်း၊ သီတင်းကျွတ် လပြည့်ကျော် ၁၃-ရက် ညဉ့် ၁၀-နာရီခန့် အချိန်ချည်းသာလျှင် အချိန်ကာလ တစ်လစီ တစ်လစီ ခြားကွာ၍ အရိယာ လေးဆင့် အောင်လံ လွှင့်တော်မူလေပြီ။
သက်တော် ၄၃-နှစ် ကိုရင်ကြီး ဘဝဖြင့် “ရဟန်းကိစ္စ” ပြီးတော်မူသည်။ အရိယာ စခန်းအတွက် ဦးကျော်ဒင်ပေးသော သင်ခန်းစာထက် အားကျဖွယ်သည် အဘယ်မှာ ရှိပါသေးတော့အံ့နည်း။
နတ်ဆွမ်းစား၍ တရားစစ်ခံခြင်း
မိတ္ထီလာဘူတာ၌ မြင်းခြံရထား ဆိုက်ရောက်လာ၏။ မွန်းလွဲ ၁၂-နာရီ ထိုးရန် မိနစ် ၃၀-မျှသာ လိုတော့သည်။ ဘုန်းတော်ကြီး နှစ်ပါးနှင့် ဒကာ နှစ်ယောက် ရထားပေါ်မှ ဆင်းလာကြ၏။ ဒကာနှစ်ယောက်မှာ မွန်းလွဲလုပြီ ဖြစ်၍ ဘုန်းတော်ကြီးနှစ်ပါး၏ ဆွမ်း ကိစ္စအတွက် စိတ်ပူနေကြသည်။
“ကဲ-ကိုရင်ဝိဇယရေ၊ ကျောင်းသွားလဲ ဆွမ်းက မသေချာဘူး၊ အချိန်လဲ နီးနေပြီ။ အချိန်ရှိတုန်း ဆွမ်းခံကြွကြရအောင်” ဟု ကိုရင်ကြီး ရှင်ကဝိက ပြောပြရာ.... “ဒါဖြင့် ကိုယ်တော် ရှေ့ကကြွ” ဟု ဆိုကာ ရထားအဆင်း နှစ်ပါးအတူ ဆွမ်းခံ ကြွကြသည်။
ဆွမ်းခံကြွရာ ပထမဆုံး ဆွမ်းရပ်သည့် အိမ်မှပင် အိမ်ရှေ့၌ ဒကာတစ်ဦးမှာ လူးလာခေါက်ပြန် လမ်းလျှောက်လျက် ရှိရာမှ ကိုရင်ကြီးနှစ်ပါးအား အိမ်ပေါ်သို့ ဝမ်းသာအားရ ပင့်သွား၏။ ထိုဒကာသည် သူ၏ဇနီး သားသမီးများကိုပါ ဝမ်းသာ အားရ လှမ်းခေါ်ကာ ဆွမ်းကပ်ကြ၏။ ဆွမ်းပွဲပြင်၍ စောင့်မျှော်နေကြသည်မှာ နှစ်နာရီခန့် ရှိနေပြီဖြစ်၏။
အိမ်ရှင်ဒကာမှာ ကုလားလူမျိုး ဘူတာရုံပိုင်ကြီး ဖြစ်၍ ဇနီးမှာ မြန်မာဖြစ်၏။ ဇနီး လုပ်သူက ဆွမ်းစားခိုက် ယောက်ျားကို အသာလက်တို့ ခေါ်ကာ ကွယ်ရာ ရောက်လျှင်... “ရှင့် ဘုန်းကြီးနှစ်ပါးက ကိုရင်ကြီးတွေတဲ့။ ဘုန်းကြီးလဲ မဟုတ်ပါ ကလား” ဟု တိုးတိုးပြောရာ...
“အိုကွာ ဘာပဲဖြစ်ဖြစ်၊ တို့အိပ်မက်မက်တဲ့အတိုင်း ဆွမ်းကပ်ရတာ ငါတော့ကျေနပ် လှပြီ” ဟု ပြန်ပြောကာ ဆွမ်းပွဲအနားသို့ လာ၍ ကြည်ညိုနေကြသည်။ အိပ်မက်အရ ဆွမ်းပွဲတပြင်ပြင်နှင့် အိမ်ရှေ့က နှစ်နာရီခန့် စောင့်ရကျိုး နပ်လေပြီ။
ဆွမ်းစားပြီးလျှင် မိတ္ထီလာမြို့ စာတတ်အကျော် ရေလယ်တိုက် ဆရာတော်ထံ ဆက်၍ ကြွတော်မူကြသည်။ မြင်းခြံမြို့ ဦးဖြိုးသာနှင့် စာရေးကြီး ဦးဘစံတို့၏ လျှောက်ထား သတင်းပေးချက်အရ မိတ္ထီလာ ရေလယ်ဆရာတော်က ပင့်ခေါ်ခြင်း ဖြစ်၏။ ဆရာတော်လည်း ညကပင် “ဆင်ဖြူနှစ်စီး ကျောင်းထဲသို့ ကောင်းကင်မှ ပျံလာသည်” ဟု အိပ်မက် မြင်သည်နှင့် ရှင်ကဝိ၊ ရှင်ဝိဇယတို့နှစ်ပါး ကြွလာသည်ကို မြင်တွေ့ ရသောအခါ ဝမ်းသာအားရ နေရာပေးတော်မူ၏။
ရေလယ်ဆရာတော်သည် ခရီးရောက်မဆိုက်ပင် အာလာပ သလ္လာပ စကား မေးမြန်း ကြည့်၏။ ဣန္ဒြေနှင့် ပြောဆိုသော စကားများအရ “ရဟန္တာ” ဖြစ်ကြောင်း ကောင်းစွာ ယုံကြည်၍ နှစ်ထောင်းအားရ သာဓု ခေါ်တော်မူသည်။
ဆွမ်းဒါယကာ ရုံပိုင်ကြီးလည်း ဆရာတော်များ ဆွေးနွေးသံကို ကျောင်းအောက်မှပင် နားထောင်ကာ “ရဟန္တာ” ဟုတ်မှန်ကြောင်း ကြားရလျှင်ပင် စကားဆုံးအောင် မစောင့်ဆိုင်းဘဲ အိမ့်ရှင်မထံ ဒုန်းစိုင်း၍ ပြန်သွားလေတော့၏။
ရေလယ် ဆရာတော်သည် ရှင်ကဝိနှင့် ရှင်ဝိဇယတို့အား အပန်းဖြေစေပြီးနောက် စာပေ ကျန်းဂန်နှင့် ညှိ၍ ပို၍ တိကျစွာ ကြည်ညိုနိုင်ရန် အောက်ပါအတိုင်း ထပ်မံ မေးစစ် ပြန်လေသည်။ ဦးဖြိုးသာနှင့် ဦးဘစံတို့လည်း အနား၌ပင် နာယူကြည်ညို နေကြ၏။
(မှတ်ချက်။ ။ စာမတတ်သူတစ်ဦးအနေဖြင့် ဖြေဆိုရန်မည်မျှခက်ခဲသော မေးခွန်းများ ဖြစ်သည်ကို သတိပြု၍ ဖတ်ပါ။)
မေး။ ။ ရှင်ကဝိ၊ ဘုံသုံးပါးမှာ ဘယ်သူက အိမ်ဆောက်လုပ်ပေးပါသလဲ။
ဖြေ။ ။ တဏှာက ဆောက်လုပ်ပေးပါတယ် ဘုရား။
မေး။ ။ တေဘုမ္မက သင်္ခါရဟာ ဘယ်ကမျိုးစေ့ ဖြစ်ပါသလဲ။
ဖြေ။ ။ အဝိဇ္ဇာက မျိုးစေ့ ဖြစ်ပါတယ် ဘုရား။
မေး။ ။ လူရယ်လို့ ဖြစ်တာ ကုသိုလ်ကြောင့်လား၊ ဒါမှမဟုတ် အကုသိုလ် ကြောင့်လား၊
ဖြေ။ ။ လူဖြစ်တာ ကုသိုလ်, အကုသိုလ် နှစ်မျိုးလုံးကြောင့် ဖြစ်ပါတယ်ဘုရား။
မေး။ ။ ကုသိုလ်ဟာ သုခ ဆိုမလား၊ ဒုက္ခဆိုမလား။
ဖြေ။ ။ ကုသိုလ်ဟာ သုခလို့ ဆိုပါတယ်။ စင်စစ်အားဖြင့် ဒုက္ခပါပဲ။
မေး။ ။ လူချမ်းသာ နတ်ချမ်းသာဆိုတာ အမှန်ရှိသလား၊
ဖြေ။ ။ သင်္ခတနယ်မှာ အမှန်ပင်ရှိပါတယ်။ ပရမတ် သဘောအရ ဆိုလျှင် မရှိပါ။
မေး။ ။ ငရဲခံတဲ့ပုဂ္ဂိုလ်၊ နတ်ပြည်စံတဲ့ ပုဂ္ဂိုလ်များ ရှိသလား။
ဖြေ။ ။ မရှိပါ ဘုရား။
မေး။ ။ လောကကြီးမှာ ခံစားသူ စံစားသူ နှစ်မျိုးရှိသည်တွင် ဘယ်သူ့ကို အမှန်ခေါ်မတုံး။
ဖြေ။ ။ နှစ်မျိုးစလုံးပင် မှန်ပါတယ် ဘုရား။
မေး။ ။ ၎င်း နှစ်မျိုးကို ဘာခေါ်မတုံး။
ဖြေ။ ။ နာမ် ရုပ် နှစ်ပါးဟု ခေါ်ပါတယ် ဘုရား။
မေး။ ။ လောကမှာ သတ်သူ၊ သေသူ ရှိသလား။
ဖြေ။ ။ ရှိပါတယ် ဘုရား။
မေး။ ။ ရှိပါတယ်ဆိုတာ ဘယ်လို မှတ်ရမလဲ။
ဖြေ။ ။ နာမ်ရုပ် နှစ်ပါးပါပဲဘုရား။
မေး။ ။ သူ့အသက် သတ်လျှင် ငရဲကျတယ်ဆိုတာ အမှန်ပဲလား။
ဖြေ။ ။ အမှန်ပါပဲ ဘုရား။
မေး။ ။ မှန်တယ်ဆိုလျှင် ဘယ်ဟာ အမှန်ခေါ်မတုံး။
ဖြေ။ ။ ရုပ်နာမ်နှစ်ပါးဟာ ငရဲကျအောင်လဲ သူတို့ပါပဲ။ နိဗ္ဗာန်ရောက်အောင်လဲ သူတို့ပါပဲ။
မေး။ ။ သတ်သူသေသူရှိတယ် ယူတာမျိုး၊ မရှိဘူး ယူတာမျိုး၊ ထိုနှစ်မျိုးတို့တွင် ဘယ်ဟာ သမ္မာအယူခေါ်၍ ဘယ်ဟာ မိစ္ဆာအယူ ခေါ်သတုံး။
ဖြေ။ ။ ရုပ်နာမ် နှစ်ပါးကလွဲ၍ ရှိတယ်မရှိဘူး နှစ်မျိုးစလုံးပင် မိစ္ဆာအယူဆိုရမှာပဲ ဘုရား။
မေး။ ။ သမ္မာအယူ ဖြစ်အောင် ဘယ်လို ယူရမှာတုံး။
ဖြေ။ ။ ရုပ်နာမ်နှစ်ပါးသာ ရှိတယ်ယူလျှင် သမ္မာအယူ ဖြစ်ပါတယ်ဘုရား။
မေး။ ။ ပရမတ်သဘောကို မသိသောသူ ပါရမီဆယ်ပါး ပြည့်စုံနိုင်ပါသလား။
ဖြေ။ ။ မပြည့်စုံနိုင်ပါဘုရား။
မေး။ ။ ပညတ်ပရမတ် နှစ်ပါးရှိရာ ပညတ်ကိုသာ သိသောသူ မဂ်ကိုရသလား။
ဖြေ။ ။ မရနိုင်ပါဘုရား။
မေး။ ။ ပညတ် ပရမတ် နှစ်ပါး ဘယ်ဟာ အမှန်ခေါ်မတုံး။
ဖြေ။ ။ ပရမတ်ကိုသာ အမှန်ခေါ်နိုင်ပါတယ်ဘုရား။
မေး။ ။ မိစ္ဆာအယူ သမ္မာအယူ နှစ်မျိုးတွင် ဘယ်အခါ သမ္မာအယူခေါ်မတုံး။
ဖြေ။ ။ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ ကင်းလွတ်သည်ကစ၍ သမ္မာအယူ ဖြစ်ပါပြီဘုရား။
“အင်း... သာဓု သာဓု၊ မှန်ကန် ကောင်းမြတ်လှပါပေတယ် ဦးကဝိ သည် သဘော သဘာဝမျိုးဟာ အလွန် အသိခက်ပေတယ် ဦးကဝိ၊ သည်နေ့က စပြီး ဘုန်းကြီး များလဲ ဦးကဝိရဲ့ နည်းနာ နိဿယအတိုင်း အားထုတ် လိုပါတယ်။ ဒကာ ဒကာမ တွေလဲ အပါယ် တံခါးပိတ်အောင် ဦးကဝိတို့လဲ တစ်ဝါတစ်ချီ ဒီမှာပဲ သီတင်းသုံး ပါဦးနော်” ဟု ရေလယ် ဆရာတော်က အမိန့်ရှိရာ....
“မှန်လှပါဘုရား၊ တပည့်တော်များလဲ ယခုအခါ မှီခိုရာ နိဿယည်း ဆရာ ရှာတုန်း ယခုလို အမိန့်ရှိတာ ဝမ်းမြောက်လှပါတယ် ဘုရား” ဟု လျှောက်ကာ ရေလယ်တိုက် ၌ပင် ဦးကဝိနှင့် ဦးဝိဇယတို့ သီတင်းသုံး နေထိုင်ကြလေ၏။
ရေလယ် ဆရာတော် ဖိုဝင်မှားခြင်း
ရေလယ်ဆရာတော်ကား ညောင်လွန့်ဆရာတော်နှင့် ကျောင်းနေဘက် ဖြစ်ဟန်ရှိ၏။ အလွန် ရင်းနှီးကြသည်။ စာလည်းတတ်၏။ ဝိပဿနာလည်း လုပ်သည်။ အတိတ် တဘောင်များ ရွတ်ကာရွတ်ကာ ဖိုလည်းထိုး၏။ လောကီဘက် လိုက်သွားသည်။ တရားအားထုတ် သည်မှာလည်း ဈာန်အဘိညာဉ် ရရန် စိတ်စောနေဟန် ရှိပေ၏။
တစ်နေ့တွင် ဦးကဝိအား ကသိုဏ်းဆယ်ပါး ပွားများပုံကို ကျမ်းဂန်လာသည့် အတိုင်း ဟောပြော ညွှန်ပြကာ ကသိုဏ်းဆယ်ပါးကို အရှုခိုင်း၏။ ကသိုဏ်းဆယ်ပါးပွားပုံမှာ အနုလုံပဋိလုံ လွန်းထိုး၍ အမျိုးမျိုး ရှုရသောနည်း ဖြစ်သဖြင့် စာအလို အလွန်ခက်မည်ဟု ထင်ရသည်။
ဦးကဝိကား ကသိုဏ်းဆယ်ပါးကို တစ်ရက်တည်းဖြင့် ရှု၍ တွေ့ရှိချက်များကို ပြန်၍ လျှောက်၏။ ထိုအခါ ဆရာတော်က ဦးကဝိအား ဗဟိဒ္ဓ အခြေအနေ အမျိုးမျိုးကို အကြည့်ခိုင်း၏။
- “မိတ္ထီလာ ကန်ဘောင်ရိုးရှိ မီးပြမျှော်စင် လုပ်ထားသော ရွှေမြင်တင်ဘုရားကြီး ပြင်မည့် ဒကာ ရှိ-မရှိ”
- “အင်းခန်းတော့ ငှက်ကျ၊ ငှက်ကျတော့ လယ်တည်၊ လယ်တည်တော့ ထွန်ဆင်း” ဆိုသော တဘောင်အဓိပ္ပာယ်။
- “နှစ်ထောင်ကျော်ဟိုး၊ ဈေးပေါင်ကျိုး၊ တိုး၍ ဝယ်လိုက်ကြ။ ငါးထောင်ကျော်မှ၊ ပိတ်သောစု၊ မရလေ၏မင်း” တဘောင် အဓိပ္ပာယ်များ ကိုလည်း မေးမြန်းလေသည်။
ဦးကဝိက ရှင်းပြနေရ၏။
ဦးကဝိ၊ မိတ္ထီလာကန်ထဲမှာ အင်းလေးအင်း ပေါ်နေတယ်။ တဘောင်ကလဲ “မိတ္ထီလာနယ်အတွင်းမှာလ၊ လေးအင်းတိုင်အောင်ပေါ်လို့၊ ရှစ်သောင်းကျော် ဝိဇ္ဇာထွက်ပါလိမ့်၊ လိုချင်သူ ဖိုခွင်သက်ကြတော့” လို့ ဆိုထားတယ်”
ဦးကဝိက ဆရာတော်ကိုပင် ထိုတဘောင် အဓိပ္ပာယ်ကို မေးသောအခါ ဆရာတော်က ဆေးဝိဇ္ဇာ၊ အင်းဝိဇ္ဇာ၊ ပြဒါးဝိဇ္ဇာ၊ မန္တန်ဝိဇ္ဇာ လေးမျိုးနှင့် ဖားဖိုကို အဓိပ္ပာယ်ကောက်ကြောင်း မိန့် တော်မူရာ ဦးကဝိက-
“ဆရာတော်ဘုရား၊ ဝိဇ္ဇာက အရိယာဝိဇ္ဇာပါဘုရား၊ ဖိုက အာနာပါန ဖိုပါ” ဟု လျှောက်ရာ ရေလယ်ဆရာတော်က-
“အေးအေး ဟုတ်ပေသဗျာ၊ ဒီနေရာမှာ ကျုပ်အယူအဆ သီသီကလေး လိုနေတယ်” - ဟု မိန့်တော်မူ၏။
သီသီကလေးကား နည်းနည်းပါးပါး သီသီကလေး ဟုတ်။ ထွက်ရပ်ပေါက်နှင့်ရဟန္တာ၊ မည်သို့မျှ ဆက်စပ်၍ မရသော သီသိကလေး ဖြစ်သည်။
ထိုအချိန်မှ စ၍ ရေလယ်ဆရာတော်လည်း လေထဲမှဝင်လာသော အဏုမြူ အဆိပ် ပမာ (ကျမ်းဂန် တတ်၍ ပဋိပတ်ပင် လုပ်နေစေကာမူ) လောကီဝိဇ္ဇာတို့၏ မနောတိုက် ဆွဲဆောင်မှုအရ တရားထိုင်ရင်း ခေါင်းပြောင်းမှန်းမသိ ခေါင်းပြောင်း ခဲ့ရာမှ ဓာတ်လုံးနှင့် ဖားဖိုများကို အပြီး စွန့်ပစ်လိုက်တော့၏။
ကသိုဏ်းရှုအပြီး မာရ်နတ်ဝင်
ပြဆိုခဲ့သည့်အတိုင်း ဦးကဝိ ကသိုဏ်းရှု၍ အောင်မြင်ပြီးနောက် ရေလယ် ဆရာတော်ကြီးက လောကီအကြောင်းများကိုချည်း မေးမေးနေ၏။ အရိယာကြီး များအတွက် လောကီအာရုံဖြင့် နေရသည်မှာ ဒုက္ခသစ္စာ အဝင်အပါ ဖြစ်၍ လွန်စွာ ငြီးငွေ့ ကြကုန်၏။
“နောက် ကသိုဏ်းများ မပွားများလိုတော့ပါ ဘုရား၊ ပွားများပါက တော်တော်ကြာ လူပျောက် နွားပျောက်ကအစ အကြည့်ခိုင်းနေကြရင် ဗေဒင်ဆရာကြီး ဖြစ်နေပါဦးမယ် ဘုရား” ဟု ဦးကဝိက တောင်းပန်လျှောက်ထားရလေ၏၊
ကသိုဏ်းစ၍ ရှုအပြီး နောက်တစ်ညတွင် ရှင်ကဝိသည် “ဉာဏဒဿနံ ဝိဝိဓံ” ဟု လူမမြင်ရဘဲ မေးမြန်းသံ ကြားရ၏။ “ဉာဏဒဿနံ-က ဉာဏ်အမြင်၊ ဝိဝိဓံ-က အထူးထူးအပြားပြား” ဟု ဖြေလိုက်သောအခါ “သာဓု” ခေါ်ပြီး အသံပျောက် သွား၏။
(ယခုအခါတွင်လည်း ပါဠိများကို မကြားနိုးနားလာ၍ ရွတ်ပြောတတ်သည်။ သတိပြုကြကုန်။)
တစ်ညတွင် “အာယုသင်္ခါရ လွှတ်ပါ” ဟူသော အသံကို ကြားရပြန်၏။
ရှင်ကဝိကား “မလွှတ်ဘူးဟယ်” ဟု ပြန်ပြောလိုက်သည်။
“အာယုသင်္ခါရ လွှတ်ခြင်း” ဟူသည်မှာ အသက်ရှင်နေမှုအတွက် ဘာမျှ ကြောင့်ကြ မစိုက်ဘဲ လူမမာ စိတ်လျှော့လိုက်ခြင်း သဘောပင်တည်း။ ထိုအကြောင်းကို ဆရာတော်အား လျှောက်ရာ-
“ဦးကဝိ၊ အာယုသင်္ခါရ လွှတ်လိုက်သလား” ဟု မေးရာ-
“မလွှတ်ပါဘုရား” ဟု လျှောက်လျှင်-
“မလွှတ်လိုက်နဲ့နော် ဦးကဝိ၊ သူတို့ မနေသေးဘူး၊ လာလိမ့်ဦးမယ်ဗျ၊ သတိထားနေ. မိန့်တော်မူ၏။ မကြာမီ ရက်အတွင်းမှာပင် ကိုယ်ထင်ရှားပြကာ-
“အရှင်ဘုရား၊ သစ္စာလေးပါး တရားကို မဟောပါနှင့်” ဟု လျှောက်လာရာရှင်ကဝိက- ဟောမယ်” ဟု ပြန်ပြောလိုက်၏။
“ကိုယ်တော်..... ပြောတာမရဘူးလား” ဟု ခပ်ထန်ထန် ပြန်၍ မေးနေသဖြင့် မေတ္တာကိုသာ” ဖိ၍ ပွားပို့တော်မူ၏။ ခဏကြာလျှင် ရှင်ကဝိက- “သင် ငါပို့တဲ့ မေတ္တာ မရဘူးလား” ဟု မေးရာ-
“ရပါတယ်ဘုရား” ဟု ဝမ်းနည်းကြေကွဲသံဖြင့် လျှောက်ကာ-
“သတ္တဝါတွေတော့ ကျွတ်ကုန်ကြတော့မှာဘဲ” ဟု ညည်းတွားရင်း ထွက်သွားလေ တော့၏။
ထိုအကြောင်းကို ဆရာတော်အား လျှောက်ထားရာ ဆရာတော်က “မည်သူလဲ” ဆိုသည်ကို အတိအကျ သိလိုလှသဖြင့်-
“ဦးကဝိ လိုက်စမ်းပါဦး။ ဘယ်သူလဲဆိုတာ ခင်ဗျားလိုက်ရင် တွေ့ရမှာပါ” ဟု ဆို၍ အာရုံ ယူကြည့်သောအခါ-
“မာရ်နတ်တော့ မဟုတ်ပါ၊ သူ့အနားမှာနေတဲ့ အခြွေအရံထဲကပါပဲ” ဟု လျှောက်လိုက်သည်။
ထို့နောက် ရက်များမကြာမီအတွင်း တစ်ခေါက် လာပြန်၏။ ညအချိန်မတော် ပန်းအနီ ပန်ထားသော မိန်းကလေးနှစ်ယောက်။
“ဟဲ့ ဒကာမ၊ ညကြီးမင်းကြီး ဘာကိစ္စ လာရတာလဲ” ဟု ငေါက်၍ လွှတ်မှ ထွက်သွားကြ၏။
ယောဂီတို့၊ မာရ်နတ်၏ ပရိယာယ်ကား ကြွယ်လှပေ၏။ သတိပြု၍ လောကမှ ကျွတ်လွတ်လိုစိတ်ကိုသာ မွေးမြူကြကုန်ရာ၏။
ဈာန်တက်ပုံ ညောင်လွန့် ဆရာတော် မေးစမ်းခြင်း
ရေလယ်ဆရာတော်နှင့် ညောင်လွန့်တောရ ဆရာတော်တို့သည် “တရားထူးရလျှင် အသိပေးကြစတမ်း” ကတိအရ ရှင်ကဝိအကြောင်း စာရေးလျှောက်ထားသဖြင့် ညောင်လွန် ဆရာတော် မိတ္ထီလာသို့ ကြွလာ စုံစမ်း စစ်မေးတော်မူသည်။
ရှင်ကဝိက လောကီ လောကီသတ်သတ်၊ လောကုတ္တရာ လောကုတ္တရာ သတ်သတ် မေးရန် ကြိုတင် လျှောက်ထား၏။ လောကုတ်-လောကီ တစ်ရက်စီခွဲ၍ မေးတော်မူသည်။
အနယ်နယ်မှ စာတတ် ပေတတ် အကျော် ဆရာတော်ကြီး အချို့ကလည်း စာမတတ်ဘဲ တရားထူး ရသည် ဆိုသည်ကို မယုံကြည်နိုင်ကြသဖြင့် အထပ်ထပ် စစ်မေးကြပုံ၊ နှိမ်ချသော စကားများ ပြောဆို၍ အပြစ်ကြီးကြပုံ၊ စာမတတ်သော ဦးကဝိ၏ အလုပ်ခွင်နှင့် စပ်သော သိပုံများကို နောက်ဆက်တွဲ၌ ကြည့်ပါ။
ယင်းသို့ မေးမြန်း စိစစ်ကြသည်မှာ ပဓာနအားဖြင့် အစစ်အမှန် ဝမ်းမြောက် ကြည်ညိုလိုကြ၍ ဖြစ်သည်။ အထင်သေးသည့် ပုဂ္ဂိုလ်များလည်း များစွာရှိ၏။ မည်သို့ဖြစ်စေ၊ ထိုအစစ်အဆေး အမေးအမြန်း အားလုံးသည် ဦးကဝိ၏-အရဟတ္တဂုဏ်ကို တစ်နိုင်ငံလုံးက ယုံကြည်လက်ခံ လာရအောင် မှတ်ကျောက်တင် အတည်ပြုပေး ကြရခြင်းပင်တည်း။
မေးသော ပုဂ္ဂိုလ်တိုင်းကပင် “စာမသင်ဘဲစာတတ်” နေသော ပဋိပတ်သဘောကို အံ့သြမဆုံး ရှိကြရလေ၏။ ထို့ကြောင့် (ပဋိသမ္ဘိဒါမဂ်နှင့် ဝိဘင်းအဋ္ဌကထာ) တို့၌ “အရိယာ ဖြစ်သွားလျှင် ပဋိသမ္ဘိဒါပတ္တ မဖြစ်သူ မရှိနိုင်” ဟု ဖွင့်ဆိုကြကုန်၏။
“ပဋိသမ္ဘိဒါပတ္တ” ဟူသည် ရုပ်နာမ် သဘာဝကို သဒ္ဒါ အနက် စသည် ခွဲခြား ဝေဖန်၍ အမှန်တကျ ထိုးထွင်း သိမြင်သွားသည့် အသိဉာဏ်ထူး ရသူဟု ဆိုလိုပေ၏။ အရိယာတိုင်း ပဋိဝေဓအဖြစ်” ရောက်သည်ကိုပင် “ပဋိသမ္ဘိဒါဉာဏ် ရသည်” ဟု ဆိုသည်။
အရှင်ကောဋ္ဌိကကဲ့သို့ ဂုဏ်ထူးဆောင် “ပဘိန္န ပဋိသမ္ဘိဒါပတ္တ” ကား အသီးအခြား တည်း။ ထို့ကြောင့် အဋ္ဌကထာ စကားသည် “အတ္ထပဋိသမ္ဘိဒါ” = သဘော သဘာဝ ကို သိမြင်ခြင်းမျှကိုသာ ဆိုလိုဟန်ရှိ၏။
မေး။ ။ ရှင်ကဝိ၊ လောကီဈာန် အင်္ဂါ ငါးပါး ပြောစမ်းပါ။
ဖြေ။ ။ ဆရာတော် အမိန့်ရှိတဲ့ ဈာန်ကို တပည့်တော် မပြောတတ်ပါ။ တပည့်တော် ပြောတတ်သလို ပြောပရစေဘုရား။ (ပြောပါ၊ ပြောပါ ဆို၍) ဆရာတော်ဘုရား ဟောဒါက ကသိုဏ်းဝန်းပါ ဘုရား။ ပထမ ကသိုဏ်းဝန်းပေါ်ကို အာရုံသိမ်းပြီး တင်လိုက်တယ်။ ပြီးတော့ ဆင်ခြင်တယ်။ ကြက်သီးထပြီး တုန်လာတယ်။ ချမ်းသာနေတယ်။ တည်ငြိမ်နေတယ်။
မေး။ ။ ဘာ... ဘာ... ဘာဗျ ရှင်ကဝိရဲ့၊ ပြန်ပြောစမ်းပါဦး။
ဖြေ။ ။ ဟောဒါက ကသိုဏ်းဝန်းပါဘုရား၊ အဲသည်အပေါ်ကို အာရုံသိမ်းပြီး တင်လိုက်တယ်။ ပြီးတော့ ဆင်ခြင်တယ်၊ ကြက်သီးထပြီး တုန်လာတယ်၊ ချမ်းသာ နေတယ်၊ တည်ငြိမ်နေတယ်။ အဲဒါပါပဲဘုရား၊ အမည်ကတော့ အရှင်ဘုရားတို့ မှည့်ချင်သလိုမှည့်၊ ခေါ်ချင်သလို ခေါ်ရုံပါပဲဘုရား။
ထိုအခါ ညောင်လွန်ဆရာတော်က “ဟုတ်ပြီ ရှင်ကဝိရေ၊ ကသိုဏ်းဝန်းအပေါ် (နှာသီးဖျားမှာ မှတ်လျှင် နှာသီးဖျားကို ယူပါ။) အာရုံသိမ်းပြီး တင်လိုက်တာက ဝိတက်၊ ဆင်ခြင်တာက ဝိစာရ၊ ကြက်သီးထပြီး တုန်လာတာက ပီတိ၊ ချမ်းသာတာက သုခ၊ တည်ငြိမ်နေတာက ဧကဂ္ဂတာ၊ ကဲ... သဘောကျပါပြီဗျာ၊ ရှေ့ဆက် လျှောက်ပါဦး” ဆို၍ ပဉ္စမဈာန် အထိ ဆက်၍ လျှောက်ထားရ၏။
(စာသိပုံနှင့် အလုပ် သိပုံကို နှိုင်းယှဉ် လေ့လာသင့်၏။)
မေး။ ။ ဒါဖြင့် နေပါဦး၊ အာကာသာနဉ္စာယတန ဈာန်ဟာ ပညတ်အာရုံပြု သလား၊ ပရမတ် အာရုံပြုသလား။
ဖြေ။ ။ ပညတ်အာရုံ ပြုပါတယ်ဘုရား။
မေး။ ။ ဝိညာဏဉ္စာယတန ဈာန်ကကော။
ဖြေ။ ။ ပရမတ် အာရုံပြုပါတယ် ဘုရား။
မေး။ ။ အာကိဉ္စညာယတန ဈာန်ကကော။
ဖြေ။ ။ ပညတ်အာရုံပြုပါတယ် ဘုရား။
မေး။ ။ နေဝသညာ နာသညာယတန ဈာန်ကကော။
ဖြေ။ ။ ပရမတ်အာရုံ ပြုပါတယ်ဘုရား။
မေး။ ။ ဒါဖြင့် အာကာသာနဉ္စာယတန ဈာန်ကနေ ဝိညာဏဉ္စာယတန ဈာန်ကို တက်တော့ အောက် အာရုံပြုသလား၊ အထက်အာရုံ ပြုသလား။
ဖြေ။ ။ အောက်အာရုံပြုပြီး တက်ပါတယ် ဘုရား”
ထိုအခါ ဆရာတော်က “ဟင်.... ဘယ့်နှယ် မဟုတ်တာ၊ အထက်တက်တာ ဘာ့ကြောင့် အောက်အာရုံ ပြုရမှာတုံးဗျ” ဟု ဆို၍ ရှင်ကဝိက -
“တပည့်တော် ဥပမာနဲ့ လျှောက်ပါ့မယ်ဘုရား၊ ဟောဟိုနားမှာ မစင်ပုံကြီး ရှိတယ်။ အဲဒီမစင်ပုံကြီးထဲ ကျသွားမှာစိုးလို့ အထက် တွယ်တက်ရတာပါ၊ အဲသလိုပါပဲ၊ အောက်ကို အာရုံပြုပြီး အထက်ကို တွယ်တက်ရခြင်း ဖြစ်ပါတယ်ဘုရား” ဟု ပြန်၍ လျှောက်ထားသဖြင့် ကျေနပ်တော်မူသွား၏။
“အဲဒီတုန်းက ဆရာတော်များကရှေ့ဆက်မမေးလို့၊ မေးရင် အရူပဘုံမှာ နုတ္ထိဘော ပညတ် မရှိလို့ စာကဆိုထားတယ်။ ပညတ်ကိုလဲ အာရုံပြုတယ်လို့ ဆိုတယ်၊ ဘယ်လိုပညတ်ကို ဘယ်ပုံ အာရုံပြုသတုံးလို့ မေးမယ်ဆိုပါတော့။ ဒီတော့ “မရှိ ပညတ်ကို အာရုံပြုတယ်” လို့ ဖြေလိုက်မှာပဲ။
မရှိတာကို ဘယ်လိုအာရုံပြုသတုံးလို့ ထပ်မေးမယ်ဆိုရင် ပစ္စည်းတစ်ခုခုကိုပြပြီး ဒီမှာကြည့်စမ်း၊ မြင်တယ်မဟုတ်လား၊ ဝှက်ထားလိုက်ပြီ၊ ရှိသေးရဲ့လား၊ မရှိတော့ဘူး။ မရှိပေမယ့် စောစောက မြင်ဖူးတာကို အာရုံပြုကြည့်စမ်း၊ အာရုံပြုလို့ ရတယ်မဟုတ်လား၊ အဲသလို မရှိပညတ်ကို အာရုံပြုတယ်လို့ ဖြေလိုက်မှာပဲ” ဟု ဦးကဝိ ကိုယ်တိုင် တစ်ချိန်က ဟောပြခဲ့ဖူး၏။
ပဋိပတ် ကျင့်ကြံနေသော ပုဂ္ဂိုလ်တို့၌ ပရိယတ် အားနည်းသွားမည် ထင်ရသော် လည်း ပို၍ပင် ထိုးထွင်း၍ လင်းချင်းလာသည်ကို သတိပြုရန် ရှိပေ၏။
ရှင်ကဝိ ရဟန်းဘောင်တက်၍ သာသနာပြုခြင်း
ယင်းသို့ ရှင်ကဝိအား စာပေကျမ်းဂန်နှင့် စစ်ဆေးပြီးနောက် ရေလယ် ဆရာတော်သည် ရှင်ကဝိအား ရဟန်းပြုရန် တိုက်တွန်းတော်မူ၏။
“တပည့်တော်လဲ စာက မတတ်၊ သင်လဲမသင်လိုတော့ပါ။ တပည့်တော် ရပြီး တရားကိုသာ နှလုံးသွင်းနေချင်ပါတယ်။ ပဉ္စင်းမတက်လိုပါဘုရား” ဟု ငြင်းဆိုနေရာ ရေလယ်ဆရာတော်က -
“ဦးကဝိ၊ ဝိနည်းသင်ဖို့ မလိုပါ၊ ကျုပ်တို့ပြောစကား နားထောင်နေလျှင် ပြီးရောပေါ့၊ ရဟန်းပြုတဲ့ အကျိုးဟာ အင်မတန် ကြီးပါတယ်။ ဦးကဝိလို ပုဂ္ဂိုလ်မျိုး ရဟန်းဘောင် တက်ပြီး ရဟန်းတစ်ပါးလောက် ဖြစ်စေ၊ သိမ်တစ်လုံးလောက် ဖြစ်စေ ဆောင်ရွက် ပေးရလျှင် အလွန် အကျိုးများသွားနိုင်ပါတယ်” ဟု တိုက်တွန်းတော်မူသည်။
ဦးကဝိကလည်း သဘောတူ၍ ၁၂၈၂-ခုနှစ် တပေါင်းလပြည့်ကျော် ၁၂-ရက် တနင်္လာနေ့ ညနေ လေးနာရီ ကိုးမိနစ်အချိန်၊ ယင်း ကျောင်းရှိ ခဏ္ဍသိမ်၌ ဟင်းရန့်ကန် ဆရာတော်ကို ဥပဇ္ဈာယ်ပြု၍ ရေလယ်ဆရာတော်၊ ညောင်လွန့် ဆရာတော်များ ဦးစီးကာ သံဃာတော် တစ်ကျိပ်ကျော်တို့က ဥပသမ္ပဒါဘိသေက မင်္ဂလာ ရဟန်းဘိသိက်သွန်းတော် မူကြ၏။
မိတ္ထီလာမြို့ ပွဲစား ဦးပေါ၊ ဒေါ်ကျီးညိုတို့က ပဉ္စင်းဒကာပြု၍ ရှင်ကဝိနှင့် ရှင်ဝိဇယတို့ ရဟန်းဘောင်သို့ ရောက်တော်မူကြသည်။
၁၂၈၃-ခုနှစ်တွင် စွန်းလွန်းရွာမှ ဦးကဝိအား တရားဟောရန် ပင့်၍ ဟောရ၏။ (ဦးကဝိ ဟောသော တရားများကို ထေရုပ္ပတ္တိ၌ ကြည့်ပါ။) ဦးကဝိ ဟောသော တရားများတွင် ပရိယတ္တိ မတတ်ကျွမ်းသဖြင့် အဓိပ္ပာယ်ဖွင့်ရာ ပညတ်တင်ရာ၌ အရပ်သုံးဖြစ်ရပ်များကို အများဆုံး ပညတ်တင်၍ ဟောတော်မူရလေ၏။
ဥပမာ အဝါစိတ် (အဝိဇ္ဇာ)၊ အပါးလယ် (အပါယ်လား) စသည်တို့ ဖြစ်၏။ ပရမတ် သဘာဝကား တစ်စုံတစ်ရာမျှ လွဲချော်ခြင်းမရှိ။ စာပေ ပရိယတ် မတတ်သူများ အတွက် သာ၍ပင် သဘောပေါက်လွယ်စေ၏။ ပရိယတ် သမားများအတွက်လည်း အချို့ အရပ်သုံး (အဘိဓမ္မာ သဘာဝ) မှာ ပို၍ပင် အရသာ ပေါ်စေသည်လည်း ရှိပြန်သည်။
မည်သို့ဆိုစေ၊ ပရိယတ်တတ်ပြီး ပဋိပတ် အောင်မြင်သူနှင့် မတတ်ဘဲ အောင်မြင်သူမှာ ဓမ္မအရသာခံမှု၊ တစ်ဆင့်ဟောပြောမှု၌ များစွာ ကွာခြားလှပေရာ၏။
စာတတ်သူနှင့် မတတ်သူ လူနှစ်ယောက် မြို့ကြီးပြကြီးသို့ ရောက်သောအခါ တွေ့မြင်ရပုံချင်း တူသော်လည်း အရသာခံစားရပုံချင်းကား မတူနိုင်။ ထို့အတူ ကိုယ့်ရပ်ဒေသ တောရွာသို့ ပြန်ရောက်၍ တစ်ဆင့် ဖောက်သည်ချရာ၌လည်း ပို၍ပင် ကွာခြားနိုင်သကဲ့သို့ ရှိပေ၏။ မြို့ကြီးပြကြီးသို့ ပေါက်ရောက်နိုင်သူ ရှားပါးလှ သေးသော ခေတ်တွင် ထိုမျှလောက် စွန့်စားသွားရဲသူကို အမှီရသဖြင့် ယခုကဲ့သို့ ဥဒဟို လမ်းပေါက်ကာ သွားရောက်နိုင်ကြခြင်းဖြင့်ပင် ကျေးဇူးကြီးမြတ်သည်ကား ပြောဖွယ်ရာမရှိ။ သို့ရာတွင် အရှိမှန်အတိုင်း သိရန်ကိုမူ လိုအပ်လှ၏။
စာတတ်သူချင်းလည်း သိပုံချင်း၊ ထုတ်ဖော်နိုင်ပုံချင်းကား မတူနိုင်။ သောတာပန် ချင်းလည်း မတူ။ ရဟန္တာချင်းလည်း မတူ။ ဘုရားချင်းလည်း မတူ။
ကျွန်ုပ်တို့ ဂေါတမ မြတ်စွာဘုရားသည် ဝိပဿီ မြတ်စွာဘုရားကဲ့သို့ အမြင်မပေါက်။ မင်္ဂလဘုရားလောက် အရောင်မလင်း။ ဆည်းပူးခဲ့ပုံ (ပါရမီ) ချင်း မတူခဲ့သည့် သဘောပင်တည်း၊ ထို့ကြောင့် “ငါတို့ဘုရားမှ ဘုရား” ဟု မစွဲယူမှားရာ။ သူ့ အင်အားနှင့် သူသာလျှင် ဖြစ်သည်။
ထို့ကြောင့်ပင်လျှင် ယောဂီတို့သည် ဤဘဝ၌ ရဟန်းကိစ္စ ပြီးစီးရုံမျှလောက်ကိုသာ မတွက်ဆဘဲ ရသောအခါတွင် ပို၍ အင်အားကြီးမားသော မဂ်ဖိုလ် ဖြစ်လာစေရန် လိုအပ်လှသဖြင့် အားချိန်နားချိန်မျှ မထားဘဲ ဒါန၊ သီလ၊ မေတ္တာ စသော အခြေခံ ပါရမီ ထုထည်တို့ကိုလည်း ခိုင်ခန့်ကြစေ ကုန်ရာ၏။
သာသနာတွင်း ပါရမီ အလုပ်သည် အလောင်းတော်ကြီးများ၏ (သာသနာပ) ပါရမီ အလုပ်များထက်ပင် သာလွန်ကြီးမြတ်ပေ၏။ တစ်ဘက်က ဂုဏ်ထူးဆောင် ပါရမီ အလုပ်တို့ကိုလည်း အချိန်ရှိသမျှ မဆုတ်မနစ် ကြိုးစားကြကုန်ရာသည်။
(ဒါန၊ သီလ၊ ဘာဝနာ၊ ဗုဒ္ဓါနုဿတိ စသော အခြေခံ အင်အားများကို ကိုယ်တွေ့ ဝတ္ထုများနှင့် တကွ “ရတနာသုံးပါး ကျေးဇူး” စာအုပ်၌ ရှုကြပါကုန်။)
ဒေါ်ရွှေရည် မျက်ရည်နှင့်ပင့်
ဦးကဝိ ရဟန်းပြု၍ စွန်းလွန်းသို့ တရားဟောကြွပြီး မကြာမီ မိတ္ထီလာသို့ ဒေါ်ရွှေရည် လိုက်သွား၏။ ဦးကဝိအား လူဝတ်လဲရန် ငိုကြီးချက်မ အမျိုးမျိုး လျှောက်ထားရာ ရေလယ်ဆရာတော်က-
“ဦးကဝိ ဒကာမ ပြောလိုက် ဆိုလိုက် ငိုလိုက်တာ၊ တပည့်တော်တောင် ဝမ်းနည်းပြီး ငိုချင်လာတယ်” ဟု ကွယ်ရာ၌ ပြောပြလေ၏။ (အမွှေဓာတ်ကို သတိပြုကြကုန်။)
ဒေါ်ရွှေရည်လည်း မည်သို့မျှ လျှောက်၍ မရသည့်အဆုံး အောက်ပါ ကတိ လေးချက်ဖြင့် အရ ကိုင်လေတော့သည်။
၁။ ပစ္စည်းလေးပါး ဒါယိကာမ ပြုလုပ်ခွင့်ပေးရန်၊
၂။. တရားဟော ပင့်လျှောက်သောအခါ ဟောပြောဆုံးမရန်၊
၃။ ကိုယ်တိုင် ကျောင်းဆောက်လှူနိုင်သောအခါ ရွာသို့ ပြန်ကြွရန်၊
၄။ မိမိအားလည်း မိမိသဘောအတိုင်း နေခွင့်ပြုရန်။
ထို့နောက် ၁၂၈၄-ခုနှစ်တွင် ဦးစံတင် မိတ္ထီလာသို့ လိုက်လာကာ ယခင်က ပြောဖူးသည့်အတိုင်း “စွန်းလွန်းရွာ တောင်ဘက်၌ ချည်စက်ကြီး ပေါ်နေကြောင်း၊ ကြွရောက်၍ ပဋိပတ္တိ သာသနာပြုရန် ဒေါ်ရွှေရည်နှင့် တိုင်ပင်ပြီး ကျွန်းဖိုသားတိုင်ဖြင့် ကျောင်းဆောက်မည့် အကြောင်း၊ ဦးကဝိ ကြွလာလျှင် သူပါ ရဟန်းခံမည့် အကြောင်း” များကို လျှောက်လှာ၏။
မောင်ရင်ပေါ် ချောက်၌ ကျောင်းဆောက်ပြီးလျှင် ဦးစံတင်သည် ရဟန်းဝတ်ဖြင့် ငံ့လင့်၍ ထိုနှစ် ဝါဆိုအမီ ဒေါ်ရွှေရည် ကိုယ်တိုင် ဦးကဝိအား ကျောင်းပင့် လှူလေသည်။ ဒေါ်ရွှေရည်လည်း တရားများအားထုတ်နေ၏။
(ဒေါ်ရွှေရည်သည် ကာလကြာသောအခါ ကပ္ပိယ ဦးပြောင်းနှင့် အိမ်ထောင်ကျသည်၊ နောက် ကွယ်လွန်သောအခါ ပြိတ္တာဘဝသို့ ရောက်နေသဖြင့် ဆရာတော် ဟောချွတ်တော်မူရသည်။)
အနာဂါမ် ဒေါ်ငွေဘုံ စုံစမ်းလာခြင်း
ဆရာတော်သည် မောင်ရင်ပေါ်ချောက်၌ ထိုအခါမှစတင်၍ တရားပြပေးတော်မူ၏။ ဆရာတော် ညွှန်ပြ တရားပေးရာ၌ မပြင်းမပျော့ ပုံမှန်သာ ရှူရှိုက်ခိုင်းသည်။ ဝိတက် ဝင်လျှင် နှာခေါင်းမှ နှုတ်ခမ်းသို့ လက်ညှိုးကလေးဖြင့် ဆွဲချ ပွတ်သပ်ရှုရန် ပြပေးတော်မူသည်။ ပြင်းပြင်းရှုရှိုက်သော နည်းနှင့်စပ်၍ ဆရာတော်၏ တပည့်ကြီး လည်း ဖြစ်၍ ၁၃ဝ၁- ခုနှစ်က ဆရာတော်အား ရန်ကုန်သို့ ပထမဦးဆုံး ပင့်သူလည်း ဖြစ်သော အမြတ်ခွန်မင်းကြီး ဦးစံသိမ်း (ပဋိပတ္တိ အဖွဲ့ ဥက္ကဋ္ဌ) က သူ၏ “ယထာဘူတလမ်းညွှန်” စာအုပ် (၁၃၁၇- ဒုတိယရိုက်) နိဒါန်း၌-
မူလ စွန်းလွန်း၏ တပည့်ကြီး တစ်ဦးဖြစ်သော ကိုရင်ကြီး ဦးသုန္ဒရ အရှင်မြတ်သည် ဝင်လေထွက်လေ၏ ထိမှုကို သတိပြုစေရာ အချို့သော ပုဂ္ဂိုလ်များအား ပြင်းပြင်း ရှူရှိုက်စေသည်။ အချို့သော ပုဂ္ဂိုလ်တို့အား နဂိုနေ အတိုင်းသာလျှင် နူးညံ့စွာ ရှူရှိုက်စေသည်” ဟု ဖော်ပြထားသည်ကို တွေ့ ရ၏။
ဆရာတော်၏ လက်ထက်တော် တပည့်ကြီးများ စုပေါင်းပြုစုသည့် “သာရဏီယ ကထာ” ၌လည်း ရှင်းလင်းချက် တွေ့နိုင်သည်။
(ဟိုဘက်သည်ဘက် ငြင်းခုံချေပ ပြောဆိုရန် ပါဠိအကိုး၊ ကြောင်းကျိုးယုတ္တိ မဆုံးနိုင်အောင်ရှိပေရာ၏။ သို့ရာတွင် ဘုရားရှင် ၏ အလိုတော် အာဘောဂနှင့်ညီ၍ ဆရာတော်၏ ဆန္ဒတော်နှင့်လည်း အကိုက်၊ ယောဂီ၏ စရိုက်နှင့်လည်း မကွာ စေရအောင်၊ ယောနိသော မနသိကာရ များများဖြင့် မယွင်းမမှားရအောင် ကြိုးစား၍ ကိုယ့်သာသနာ ကိုယ်ပြုတော်မူနိုင်ကြရန်သာ အရေး ကြီးလှပေ၏။)
တစ်နေ့သောအခါ မင်းကွန်း ဇေတဝန် ဆရာတော်၏ တပည့်မ အနာဂါမ်ဟု ကျော်ကြားသူ ဒေါ်ငွေဘုံသည် ဆရာတော်အား စုံစမ်းရန် မောင်ရင်ပေါ်ချောက်သို့ လာ၍ ဇရပ်တစ်ခု၌ တည်းခိုကာ အချိန်ယူစုံစမ်း ဆင်ခြင်ကြည့်နေ၏။ ဆရာတော် ကလည်း သိမြင်ထားသည့်အတိုင်း ဒေါ်ငွေဘုံ မေးမည့် ပုစ္ဆာများကို ကြိုတင်အာရုံ ယူ၍ သိအောင် လုပ်ထားနှင့်လေသည်။ ဒေါ်ငွေဘုံ ဆရာတော်ထံ လာရောက် ဖူးမြော်ချိန်တွင် ယောဂီအများပင် ကြားနာလိုဇောဖြင့် စုဝေးမိကြသည်။
ဆရာတော်သည် ဒေါ်ငွေဘုံ ရောက်၍ ဦးချပြီးသည်နှင့် မမေးမိကပင် ဖြေတော်မူလေ သည်။ ပရိကံမှအစ မဂ် အဆင့်ဆင့်ကျပုံ ( ဒေါ်ငွေဘုံ မေးရန် စိတ်ကူးထားသမျှ) တစ်ခုမကျန် ဖြေဆိုဟောပြောလိုက်ရာ-
“အရှင်ဘုရား၏ တရားကျင့်စဉ် လမ်းတစ်လျှောက်လုံးတွင် သတိကို ပဓာနထားခြင်း ဖြစ်၍ အလွန်တရာ သဘောဆိုက်လှပါတယ်” ဟု လျှောက်ထား ထောက်ခံလိုက်၏။ ဒေါ်ငွေဘုံသည် တရားအမြင်ချင်း နှီးနှောမိကာ ဝမ်းသာအားရဖြစ်လျက် လက်ခမောင်းခတ်ပြီး ထခုန်ကာ-
“ဒါမှ ငါ့သား၊ ဒါမှငါ့သား” ဟု ကျူးရင့် ကြွေးကြော်လိုက်သည်။ ဆရာတော်သည် ဆွမ်းကျွေးမည်ကိုပါ ကြိုတင်သိမြင်ဟန်ဖြင့်-
“သားတော်ချင်ရင် ကျွေးမှ အမေတော်မှာ” ဟု မိန့်တော်မူ၏။
သူဟုတ်ရင် ဟုတ်လိမ့်မယ်
နောက်တစ်နေ့တွင် သံဃာတော်များနှင့် ယောဂီအားလုံး ဆွမ်းကျွေးပြီးနောက် သာဓု အနုမောဒနာ ခေါ်ကာ ဒေါ်ငွေဘုံ ပြန်သွားလေတော့၏။ ဆရာတော်ကလည်း ဒေါ်ငွေဘုံအား များစွာ ချီးကျူးနေသည်။
ဆရာတော်အား ရဟန္တာ ဟုတ်-မဟုတ် အကြမ်းနည်းအားဖြင့် စမ်းသပ်သူများလည်း ရှိခဲ့ဖူး၏။ ဆရာတော် ကြွစဉ် နောက်မှနေ၍ ပေထုပ် (ဗျောက်အိုး) ဖောက်ခွဲခြင်း၊ အလှူတစ်ခု၌ ဘိလပ်ရည်တွင် အရက်နှင့် ရော၍ တိုက်ခြင်း စသည်ဖြင့် စမ်းသပ်ကြသည်။
(ဘိလပ်ရည်နှင့် အရက်ရော၍ တိုက်ရာ၌ ပါးစပ်ထဲသို့ ဝင်သွားသော်လည်း အရက်သတ္တိ ပျက်ပြယ်သွားသည်ဟု ဦးကဝိ မိန့်၏။)
တစ်ခါကမူ ခရီးသွားစဉ် ဆရာတော်နှင့် ရင်ဆိုင် မြင်းလှည်းတစ်စီး အရှိန်ပြင်းစွာ မောင်း၍လာ၏။ ဆရာတော်ကား မတုန်လှုပ်။ မြင်းလှည်းသာလျှင် အနီးသို့ အရောက် ဒလိမ့်ခေါက်ကွေး တိမ်းမှောက်သွား၏။ အကြမ်းစမ်းသပ်သူများ ဒုက္ခ ရောက်သွားကြသတတ်။
တရားထူး ရမှုနှင့်စပ်၍ “မည်သူ့ကိုမှ မည်သည့်အဆင့်ဟု မိန့်တော်မမူ၊ “သူဟုတ်ရင် ဟုတ်လိမ့်မည်” ဟုသာ မိန့်လေ့ရှိသည်။ ယောဂီကိုယ်တိုင်ပင် သိနိုင်သော ကြောင့်လည်း ဖြစ်ပါ၏။
အစစ်အမှန် သိမြင်သောအရာသည် ပရိယတ္တိဖြင့်လည်း အစစ်အဆေးခံနိုင် ကိုယ်တွေ့ ပဋိပတ္တိဖြင့်လည်း မှတ်ကျောက်အတင် ခံနိုင်သည်ပင် ဖြစ်၏။
တစ်နှစ်၊ ဝါဆိုသည့်နေ့တွင် ဘုရားရှေ့ ဝတ်ပြုဝတ်တက်အပြီး သံဃာများ၊ ယောဂီများ စုံညီစွာ စုဝေးနေကြ၏။ ဝါဆိုရန် အချိန်ကျသော်လည်း “ခဏ နေကြဦး” ဟု တရား ဟောပြီး တိတ်ဆိတ်စွာ တရားအာရုံပြုရင်း ထိုင်နေကြရသည်။
သံဃာများမှာ “ဘယ်လိုကြောင့်ပါလိမ့်” ဟု စဉ်းစားနေကြခိုက် ခရီးဝေးမှလာသော ရဟန်းတစ်ပါး ဘုရားဝတ်ပြုရာသို့ တက်လာပြီး ဆရာတော်အား ကန်တော့ရာ ဝါဆို သံဃာတစ်ပါး ကျန်နေသောကြောင့် အချိန်ဆွဲထားကြောင်း နောက်မှ သိကြရ၏။ ထို အာဂန္တုကိုယ့်တော်ကား ယခုအခါ “မြင်းခြံ စွန်းလွန်းဂူတိုက်အုပ် ဆရာတော် ဘုရားကြီး ဦးသောဘဏ် ပင်တည်း။
ဤနေရာ၌ မန္တလေး ဆရာကြီး ဦးသိန်းအောင်၏ ကိုယ်တွေ့မှတ်တမ်း တစ်ခုကို ဖော်ပြလိုပါ၏။
အဘိညာဉ်နှင့် နိရောဓ သမာပတ်
မန္တလေးမြို့ နာမည်ကျော် အဘိဓမ္မာဆရာကြီး ဦးသိန်းအောင်သည် ၁၂၉၁ ခုနှစ်လောက်က ၎င်း၏ တပည့်ဖြစ်ဖူး၍ စွန်းလွန်းဆရာတော် ထံ၌လည်း နှစ်နှစ်ခန့်နည်းခံ နေထိုင်ခဲ့ဖူးသူ ဝက်လက်မြို့၊ ကူးခေါင်းရွာဇာတိ ဦးအာစိဏ္ဏ၏ ပြောပြချက်အရ ဆရာတော်ထံ သွားရောက်၍ တစ်ပတ်ခန့် နည်းခံကျင့်သုံး နေခဲ့ဖူး၏။
ထိုစဉ်က တွေ့ကြုံခဲ့ရသော အခြေအနေကို ဆရာကြီးက ဗုဒ္ဓဝါဒ သုံးလောကနှင့် သတ္တဝါအစ ဖြစ်ပုံကျမ်း (၂၂-၄) ၌ ရေးသားထားရာ ထိုမှတ်တမ်းမှာ အဘိညာဉ်နှင့် နိရောဓ သမာပတ် အကြောင်း ဆရာတော်၏ အမိန့်ရှိချက်များ ဖြစ်ပါသည်။
ဆရာကြီး၏ ရေးသားချက်ကို မူရင်းအတိုင်း ဖော်ပြပါအံ့။
[ဆရာတော် ဦးအာစိဏ္ဏနှင့်အတူ မြင်းခြံ စွန်းလွန်းတောရကျောင်း ဆရာတော်ထံသို့ ရောက်၍ ဖူးမြော်ရသည်။ ဦးအာစိဏ္ဏက-”ဤဒါယကာသည် တပည့်တော်အား စာပေပို့ချပေးဖူးသော ဒါယကာ ဖြစ်ကြောင်း” လျှောက်ထားသောအခါ စွန်းလွန်း ဆရာတော်ဘုရားက- “တရားလုပ်ငန်းနှင့် စပ်ဆိုင်တာ မေးလိုသမျှကို မေးပါ” ဟု ခွင့်ပေးလေသည်။
ကျွန်ုပ်က “တပည့်တော်သည် အရှင်ဘုရားထံသို့ ပုစ္ဆာမေးရန် လာခြင်းမဟုတ်ပါ။ ဆရာတော် အားထုတ်ထားသော တရားလုပ်ငန်းကို နာယူရသဖြင့် တပည့်တော်၏ ကိုယ်ပိုင်ဉာဏ်ကိုသာလျှင် အသုံးပြုရန် ဖြစ်ပါသည်” ဟု လျှောက်ထားလေသည်။
ထိုအခါ စွန်းလွန်းဆရာတော်ဘုရားသည် မြင်းခြံမြို့ မြို့ပိုင်ရုံးတွင် မင်းစေလုလင် အဖြစ်ဖြင့် လယ်တီဆရာတော်ဘုရား ဟောကြားသော အာနာပါန တရားကို နာယူခဲ့ရသည်မှ အစပြုကာ ထွက်လေ-ဝင်လေ လုပ်ငန်းကို စတင်လေ့လာပုံများနှင့် တကွ အသိထူးများ ပေါ်ပေါက်လာပုံတို့ကို ကျွန်ုပ်နှင့်တကွ ဦးအာစိဏ္ဏအား ပြောပြနေသည်မှာ ညဉ့်ရှစ်နာရီ အချိန်မှ စ၍ နံနက် သုံးနာရီခန့်အထိ ကြာမြင့်သည်။
ကျွန်ုပ်သည် ဆရာတော်၏ ပြောပြချက်များကို နှစ်သက် ယုံကြည်စွာ နာယူလေသည်။ နာယူစဉ်အတွင်း ကျွန်ုပ်သည် မေးခွန်းဟူ၍ တစ်လုံးတစ်ပါဒမျှ မမေးမြန်းပေ။ သို့သော် ဆရာတော်ဘုရားသည် တရားလမ်းစဉ်အလျောက် ပြောပြနေရာတွင် ကျွန်ုပ်အား- “အဘိညာဉ် တန်ခိုးနှင့် မဂ်တရား ဘယ်သင်းက ပိုမို၍ ခက်သနည်း” မေးပါသည်။
“ဆရာတော်ဘုရား မိန့်တော်မူပါ” ဟု ပြန်လျှောက်သည်။ ထိုအခါ စွန်းလွန်း ဆရာတော်ဘုရားက-
“ဒကာ သိန်းအောင်၊ အဘိညာဉ် တန်ခိုးဆိုတာ အဟုတ်မရှိဘူး၊ သမာဓိ အင်အားကို ယူလျက် ဉာဏ်ကရအောင် လုပ်ပေးရတာ၊ မဂ်တရားဆိုတာ အဟုတ်ရှိတဲ့ သဘောတရား၊ လမ်းမှန်သွားလျှင် မဂ်ကိုတွေ့မှာပေါ့၊ အဟုတ်ရှိတာကိုး။ မရှိတာကို အရှိဖြစ်အောင် လုပ်ရခြင်းနှင့် အရှိကို ရောက်အောင် သွားရခြင်း နှစ်မျိုးတွင် မရှိတာကို ရှိအောင် လုပ်ရခြင်းက ပိုမိုခက်လှသည်” ဟု မိန့်ကြားတော်မူသည်။
စွန်းလွန်းဆရာတော်သည့် စာပေသင်ကြားဖူးသော ပုဂ္ဂိုလ်မဟုက်ကြောင်းကို အများပင် သိရှိကြသည်။ ကျွန်ုပ်သည် ဆရာတော် မိန့်ကြားချက်ကို ကြားနာရသဖြင့် များစွာပင် သက်ဝင်ယုံကြည်ခြင်း ဖြစ်သွားပေသည်။ ထို့နောက် ဆရာတော်သည် အာနာပါန လုပ်ငန်းကိုပင် ကျွန်ုပ်အား တရားပေးပါသည်။ ဦးအာစိဏ္ဏနှင့် ကျွန်ုပ်သည် ကမ္မဋ္ဌာန်း ကျောင်းငယ်ထဲတွင် အတူ တရားအားထုတ်ပါသည်။ ယခုအခါ စွန်းလွန်း တပည့်များ လေ့လာသကဲ့သို့ ကျွန်ုပ်အား မပေးပါ။
“အသက်ကို ရှူရှိုက်သောအခါ နှာသီးဖျား ထိသွားမှန်း သိအောင် ရှုရှိုက်ရမည်” ဟူ၍သာလျှင် ပြောပြပါသည်။ (ပြင်းပြင်းရှူမှ ဆိုသော အယူအဆကို သတိပြုရန်။) ပြန်ရောက်သောအခါ ဦးအာစိဏ္ဏက...
“ဒကာကြီး၊ မေးချင်တာရှိလျှင် မေးခဲ့ပါ၊ နောက်ကို တော်တော်နှင့် တွေ့ရမည် မဟုတ်ဖူး” ပြောပါသည်။ ကျွန်ုပ်က...
“မေးစရာဟူ၍ များများစားစားမရှိပါ။ သို့သော် နိရောဓ သမာပတ် ဝင်စားပုံကိုတော့ လက်တွေ့ သဘောကို သိလိုပါသည်” ဟု ပြန်ပြောပါသည်။
ပြောစဉ်ကာလက ကမ္မဋ္ဌာန်းကျောင်းငယ်တွင် နှစ်ဦးတည်း တိုးတိုးသက်သာ ပြောကြားခြင်း ဖြစ်ပါသည်။ နံနက်ရထားဖြင့် မန္တလေးသို့ပြန်ရန် စွန်းလွန်းဆရာတော် ဘုရားအား သွားရောက် ကန်တော့လေရာ ထိုအခါ ဆရာတော်သည် သံဃာတော်များနှင့် အရုဏ်ဆွမ်း ဘုဉ်းပေးနေပါသည်။ ကျွန်ုပ်မှာ ဆရာတော်အား ဝတ်ချကန်တော့သောအခါ စွန်းလွန်းဆရာတော် ဘုရားက-
“ဒကာသိန်းအောင် နိရောဓသမာပတ်ဆိုတာ အဟုတ်ရှိသော နာမ်တရားတွေ အကုန် ချုပ်ကုန်တော့ ငြိမ်းအေးမှု သက်သက်ဖြင့် ခုနစ်ရက်လုံးလုံး နေတာ” ဟု မိန့်ကြားတော်မူလေရာ ဦးအာစိဏ္ဏနှင့် ကျွန်ုပ်သည် အံ့အားသင့်စွာဖြင့် မှတ်သား ခဲ့ရပါသည်။
ကျွန်ုပ်လည်း ဆရာတော်ဘုရား၏ တရားစကား အစဉ်တို့ကို စဉ်းစားဆင်ခြင်ကာ မန္တလေးသို့ ပြန်ခဲ့ပါသည်။
[ကျွန်ုပ်၏ စိတ်အကြံအစည်ကို သိထားသကဲ့သို့ မမေးမြန်းဘဲ ရုတ်တရက် ဖြေကြားလိုက်ခြင်းအတွက်လည်း အံ့သြခဲ့ရပါသည်။]
သူတစ်ပါးတို့၏ “စိတ်အကြံသိမှု” နှင့်စပ်၍ စွန်းလွန်းဆရာတော်ကဲ့သို့သော အရှင်မြတ်ကြီးများကို မဆိုထားဘိ၊ သာမန် ယောဂီတို့ပင် သိမြင်ကြလေသည်။ သိမြင်နိုင်သော နည်းလည်း ပါဠိတော်တို့၌ အတိအကျ ရှိနေသည်ပင် ဖြစ်၏။
(ဒသက အင်္ဂုတ္တရ-ပရိဟာနသုတ်၌) အရှင်သာရိပုတြာက ရဟန်းများကို တရားဟော တော်မူရာ၌-
“ရဟန်းတို့၊ ရဟန်းသည် သူတစ်ပါး စိတ်အကြံကို မသိလျှင် မိမိ၏ စိတ်အကြံကို သိအောင်လုပ်ရမည်၊ လေ့ကျင့်ရမည်” ဟု ဟောတော်မူသည်။
ကြေးမုံမှန်ပြင်ကို ကြည့်လျှင် မျက်နှာပြင် ကိုယ်လက် အပြစ်အနာအဆာများကို တွေ့နိုင်၊ မြင်နိုင်သကဲ့သို့ “မိမိသန္တာန်၌ ရမ္မက်စိတ်၊ အမျက်စိတ်၊ အပျက်စိတ်၊ အမိုက်စိတ်၊ အမုန်းစိတ်၊ အချစ်စိတ်၊ အငိုက်စိတ်၊ အလွင့်စိတ်၊ အလေစိတ်၊ တွေဝေစိတ် ဖြစ်နေသလော၊ အဘယ်စိတ် ဖြစ်နေသနည်း” စသည်ဖြင့် မိမိ၏ စိတ်ကူး အကြံအစည်များကို ကြံစည် စိတ်ကူးတိုင်း သိအောင် မလွတ်တမ်း ကြည့်ရှုနိုင်လျှင် သူတစ်ပါးတို့၏ စိတ်ကို သိနိုင်တော့သည်သာ ဖြစ်၏။ ဤသည်ပင် “စိတ္တာနုပဿနာ” တည်း။
ဝိဇ္ဇာဉာဏ်၊ အဘိညာဉ်များ မရစေကာမူ စိတ္တာနုပဿနာ သမာဓိ အင်အား ကောင်းလျှင် ကောင်းသလောက် သူတစ်ပါး စိတ်အကြံအစည်ကို သိမြင်နိုင် ပေသည်။ ကြိုးစား၍ ကျင့်ကြံပွားများကြပါကုန်။
ဆရာတော်ကိုယ်တိုင် တရားနာခဲ့ပုံ
စွန်းလွန်းဆရာတော်ဘုရားကြီးသည် ဘေးပတ်ဝန်းကျင် မြင်မြင်သမျှသော သတ္တဝါတို့၌ များသောအားဖြင့် လောဘ၊ ဒေါသ၊ မာန တရားတို့သည် သာလျှင် များစွာ ဖြစ်တတ်လေရာ ထိုသို့သော သတ္တဝါတို့ လောဘချင်းပြိုင်ကြ၊ ဒေါသချင်း ပြိုင်ကြ၊ မာနချင်း ပြိုင်ကြသည်တို့ကို မြင်ရတွေ့ရသောအခါ တရားနာတတ်အောင် ဆုံးမသြဝါဒ ပေးသောအားဖြင့် ဆရာတော်ကြီး ကိုယ်တိုင် တရားနာခဲ့ပုံကို ဟောတော်မူဖူးသည်။
ဟောတော်မူပုံကား....
“ဘုန်းကြီးဟာ လူဝတ်တုန်းက တောင်သူလုပ်ကိုင် စားသောက်ခဲ့တာ ဖြစ်တော့ နွားကျောင်းရတာပေါ့။ နွားတွေဟာ သူ့နွား ကိုယ့်နွား များစွာ စုရုံးမိတော့၊ သည်အထဲမှာ နွားသိုးတွေကလဲ ပါတော့ တစ်ကောင်နှင့် တစ်ကောင် တွန်ကြ စောင်ကြနှင့် တော်တော်ကြာ ကျတော့ ခေါင်းချင်းတည်မိပြီး ဝှေ့ကြတော့တာပေါ့။ ဝှေ့ကြလို့ တော်တော်ကြာတော့ အားသာတဲ့ နွားကနိုင်ပြီး အားနည်းတဲ့ နွားဟာ ပြေးရော။ အဲသည်တော့ နွားနှစ်ကောင်ဟာ ချိုရင်းမှာ သွေးစက်လက်နဲ့ ခေါင်းကလေး တစ်ခါခါနှင့် နေကြတယ်။
“သည်တော့မှ အင်း... သူတို့နှစ်ကောင်ဟာ ဒေါသချင်း ပြိုင်ကြတဲ့ အကောင်တွေပဲ”
“ဒေါသဆိုတဲ့တရားဟာ အခိုက်အတန့်ကာလ ခဏကလေးသာ ဖြစ်သော အာဂန္တုက ဓာတ်ပဲ၊ အစွမ်းကောင်းသော ဝရမ်းပြေးနှင့်တူတယ်။ ဘယ်လိုပင် ဝှေ့ကြသော်လဲ ဒေါသကို ဘယ်သောအခါမှ မထိဘူး။ ဒေါသတည်းဟူသော ဝရမ်းပြေးကို လက်ခံသော ခန္ဓာ သည်သာလျှင် ခေါင်းကလေး တစ်ခါခါနှင့် ကျန်ရစ်ခဲ့ပါကလားဟု စဉ်းစားဆင်ခြင်ပြီး နင် ဟိုအကောင်တွေကဲ့သို့ ဒေါသတည်း ဟူသော ဝရမ်းပြေးကို လက်မခံနှင့် လက်ခံခဲ့ပါလျှင် ဟိုအကောင်တွေကဲ့သို့ ဆင်းရဲဒုက္ခ ရောက်ရမည်မှာ အမှန်ဟု ဉာဏ်မျက်စိဖြင့် မြင်အောင် ရှုကြည့်ကြပါလေ၊ တပည့်ယောဂီတို့” ဟူ၍ ဖြစ်ပေသည်။
တစ်နေ့သောအခါ စွန်းလွန်းဆရာတော် ဘုရားကြီးသည် စွန်းလွန်းရွာတွင် ပရိတ်ရွတ်၊ ဆွမ်းစဉ်ကိစ္စ ပင့်လျှောက်သဖြင့် ကြွသွားရာမှ ပြန်လာသောအခါ ရွာထဲတွင် ကလေးမနှစ်ယောက် ခိုက်ရန်ဖြစ်ပွား အချင်းများလျက် တစ်ယောက်နှင့် တစ်ယောက် “နင်ဘယ့်နှယ် ငါဘယ်လို” စသည်ဖြင့် ရွာကျော် ရုပ်ကျော် ပြောဆိုအော်ဟစ် နေကြသည်ကို တွေ့တော်မူ၏။ ထိုအခါ ဆရာတော်ကြီးက ကပ္ပိယဒကာ ကိုပြောင်းအား-
“ဟေ့-မောင်ပြောင်း ဟောဟိုက ကလေးမနှစ်ယောက်ဟာ တရားဟောနေကြဘယ် ကွယ့်။ မောလှရော့မယ် ထင်တယ်။ ဟောသည်ငှက်ပျောတစ်ဖီးကို ထက်ဝက်ခွဲပြီး တစ်ယောက် တစ်ခုစီ သွားပေးစမ်း။ အဲဒါ တရားပူဇော်ပါတယ်။ အမောပြေအောင် စားပြီးမှ ဆက်ဖြစ်ချင်ရင်လဲ ဖြစ်ကြသေးတာပေါ့” ဟု မှာကြား စေလွှတ် တော်မူသည်။
ထိုကဲ့သို့ ငှက်ပျောသီး ပေးလိုက်သောအခါ ကလေးမနှစ်ယောက်မှာ ဟိုကြည့် သည်ကြည့်နှင့် ဘာမျှ မပြောတော့ဘဲ ငှက်ပျောသီးကို ကိုင်ပြီး အကြောင်သား ငြိမ်နေကြလေ၏။
ရပ်သူရွာသားများ မြင်ကြသောအခါ “ဘယ့်နှယ်လဲဟေ့၊ ရန်ဖြစ်နေတဲ့ ကလေးမ နှစ်ယောက်ကို ဦးကဝိက ငှက်ပျောသီး မန်းပြီး ပေးခဲ့လေရော့သလား” ဟု များစွာအံ့ဩ ပြောဆို နေကြလေသည်။
ယောဂီ၏ ပတ်ဝန်းကျင်၌ နေ့စဉ် ပြောဆို လုပ်ကိုင်ပြုမူနေကြသော ဖြစ်ပျက်မှု အားလုံး တရားတို့ချည်းသာတည်း။ စေ့စေ့စပ်စပ် မှတ်သားနာယူကြကုန်။
သထုံ နေမိန္ဓရ သိမ်သမုတ်ကြွစဉ် အဖြစ်ဆန်းများ
သထုံ နေမိန္ဓရတောင် သိမ်သမုတ်ပွဲအကြောင်း ညောင်လွန် ဆရာတော် အခန်း၌ အကျယ်ပြခဲ့ပြီ။ (စွန်းလွန်းဆရာတော် သထုံကြွခါနီး ဝေဘူဆရာတော်က အစီအမံများ လုပ်ပေးလိုက်ပုံကို ဝေဘူဆရာတော်အခန်းမှာ ရှုပါ။)
ညောင်လွန့်ဆရာတော်ကဲ့သို့ပင် ဆရာတော်လည်း မပါလျှင် မပြီးသလောက် ချီးမြှောက်တော်မူခဲ့ရ၏။ သိမ်သမုတ်ပွဲပြီးလျှင် ဦးကျော်ဒွန်းက ဆရာတော်ကို ထမ်းချီကာ “ဒါမှ ရဟန္တာပုဂ္ဂိုလ်ကြီးကွ” အော်ဟစ်ကြွေးကြော်ကာ ဝမ်းမြောက်ခဲ့ ရလေ၏။ သထုံမှာ သီတင်းသုံးခိုက် တရားများလည်း ဟောကြားရသည်။
တစ်ညသ၌ တည်ကျောင်းသို့ ဘုန်းကြီးတစ်ပါး လာရောက်ကာ “ဦးကဝိ... ဦးကဝိ”ဟု ခေါ်သံကြား၍ ဆင်းသွားရာ...
“ဟိုနား ခဏလိုက်ခဲ့စမ်းပါ” ဟု ဘုမသိ ဘမသိ လာခေါ်၏။
“အင်း....ငါနဲ့ သိကျွမ်းဖူးသူလဲ မဟုတ်၊ ခေါ်ရာ မလိုက်ရင် သူဆင်းရဲတော့မယ်၊ လိုက်ပြန်ရင်လဲ ငါ့မှာ ဆင်းရဲမယ်။ ကဲ-ငါပဲအဆင်းရဲ ခံမယ်လေ” ဟု ဆုံးဖြတ်ကာ ရှေ့က ခေါ်ဆောင်ရာ မှောင်နှင့်မည်းမည်း တောထဲသို့ လိုက်ပါ သွားခဲ့ရ၏။ တောနက်ထဲသို့ ရောက်လျှင်-
“ကဲ-တော်ပါပြီ ဘုရား၊ ပြန်ကြွပါတော့၊ တပည့်တော် လိုက်ပို့ပါမယ်” ဟု ဆိုရာ-
“နေပါစေ၊ တပည့်တော်ဘာသာ ပြန်ပါ့မယ်” ဟု ဆိုကာ မှောင်နှင့်မည်းမည်း စမ်းတဝါးဝါး ပြန်လာခဲ့ရသည်။
အသွားကလောက် မဝေးဘဲ တည်းကျောင်းသို့ လွယ်လင့်တကူဖြင့် ပြန်ရောက်၏။
လူလော နတ်လော မသိ။ ရဟန္တာ ဟုတ်-မဟုတ်၊ “တုန်လှုပ် ကြောက်ရွံ့ခြင်း ရှိ-မရှိ စူးစမ်းဟန် တူသည်။
သထုံ၌ နေခိုက် တစ်နေ့တွင် သေက္ချတောင် ဦးတိလောကနှင့် တရား အားထုတ်ဘက် ခရွဲဆရာတော် စုံစမ်းရန် ရောက်လာ၏။ ဦးကဝိထက် အသက် သိက္ခာ ကြီးသည်။ ညောင်လွန့်ဆရာတော်က-
“ဦးကဝိ၊ ခရူဆရာတော်ကို စုံစမ်းကြည့်စမ်းပါ။ လောကီတွေ အတော် ဆည်းပူး ထားတာ၊ သူ့ဟာသူ ထိပ်တန်းပဲဆိုပြီး အလံထူထားတယ်” ဟု ဆို၍ စုံစမ်းကြည့်ရာ ခရွဲဆရာတော်က ကသိုဏ်းဝန်း နိမိတ်ယူ၍ ပရိကံ တည်ပုံမှအစ ခပ်မြင့်မြင့် ဝေဖန် ပြောဆိုသွားရာ -
“နေစမ်းပါဦး အရှင်ဘုရား၊ ခုနက ကွမ်းအစ်အကြောင်း အမိန့်ရှိသွားတယ်၊ ဟောဒီ ကွမ်းအစ်ထဲမှာ ကွမ်းရွက် ဘယ်နှစ်ရွက် ရှိတယ်ဆိုတာ သိချင်ပါတယ် ဘုရား” ဟု ဦးကဝိက လျှောက်သည်။
“ဒီအထိတော့ အာရုံမလိုက်နိုင်တော့ဘူး” ဟု ဖြေကြားရာ ဦးကဝိက တိတိကျကျ ပြောလိုက်သည်။ တရားအားထုတ်နည်းကို မေးမြန်း၍ အစမှ အဆုံးအထိ ရှင်းပြလိုက်ရာ-
“အရှင်ဘုရား အသက်ငယ်ပါသေးတယ်၊ ရှေ့ဆက်ပြီး ကြိုးစားပါဦး” ဟုပင် အပေါ်စီး တိုက်တွန်းတော်မူသေး၏။ ဆက်၍-
“တပည့်တော်တော့ သွက္ချာပါဒ စွဲကပ်နေလို့ ဒီအထိ အာရုံမလိုက်နိုင်တော့ဘူး။ ဟိုတုန်းကများတော့ တပည့်တော်ရယ်၊ ဦးဥတ္တမရယ်၊ သေက္ချတောင် ဦးတိလောကရယ် သတ္တဝါတွေကို ကောင်းကင်ကနေပြီး တရားဟောနိုင်မှ ပြန်ကြွမယ် ဆိုပြီး တရားရှာ ထွက်ခဲ့ကြတာကလား။ နောက်တော့ ဒုက္ခ အမျိုးမျိုးတွေနဲ့ တွေ့ကြုံကာ ကိစ္စမပြီးဘဲ ပြန်ဆုတ်ခဲ့ကြရတယ်” ဟု အမိန့်ရှိလေသည်။ သူ့စကား၌ပင် အဖြေများ ထွက်နေ၏။
အထက်ဖော်ပြပါ သုံးဦးတွင် ဦးဥတ္တမကား သေက္ချတောင်မှ ခွဲထွက်ကာ စွန်းလွန်းသို့ လာရောက်၍ နည်းခံ အားထုတ်သွားဖူး၏။ ဦးဥတ္တမ လာရောက် အားထုတ်စဉ်က ရဟန်းတော်တွေထက် လူများကပိုပြီး တရားပေါက်လွယ်ပုံ၊ လူဒကာတွေထက် ဒကာမများက ပိုပြီး တရားရလွယ်ပုံကို-
“နွားထီးကြီးတွေက ချိုထောင်ထောင်နှင့် ကုန်းခေါင်ခေါင်မှာ လှည်းခွက်ချည်းတောင် မရုန်းနိုင်ကြဘူး။ ချိုမပါ ခွာသေး၊ ကိုယ်ကောင်သေးတဲ့ နွားမတွေက ကုန်အပြည့်နှင့် ရုန်းနိုင်ကြတယ်” ဟူသော အဓိပ္ပာယ်ဖြင့် စာချိုးဖူး၏။
မသိလျှင် ငြိမ်ငြိမ်နေ၊ သိအောင်လုပ်၊ ကိုယ်,နှုတ်, စိတ်မဆော့နှင့်
၁၂၈၅-ခုနှစ် သီတင်းကျွတ် လပြည့်ကျော် တစ်ရက်နေ့တွင် မောင်ရင်ပေါ်ချောက်ရှိ ယောဂီများနှင့် ကျောင်းများကို အတူနေ ဦးဝိဇယအား လွှဲအပ်ကာ ဆရာတော်သည် စွန်းလွန်းချောင်း ကမ်းဘေး ရှားပင်အောက်၌ ဝါးကွပ်ပျစ် တစ်ခုနှင့် သီတင်း သုံးတော်မူ၏။ ဦးဝိဇယ (ဦးကဝိ လူ့ဘဝက ရေနစ်၍ ကယ်ဖူးသူဦးရွှေလုပ်) ၏ နှောင့်ယှက်မှုကြောင့် ရွှေ့ပြောင်းရခြင်းဖြစ်သည်။ နောက် ကျောင်းများ၊ ဂူများပါ ဒကာ ပေါ်လာ၍ “စွန်းလွန်းဂူကျောင်း” ဟု အမည်တွင်ကာ ယောဂီများ စည်ကား လာပြန်သည်။ (အမွှေဓာတ် ကပ်ပါလာသည်ကို သတိပြု။)
ယခုရှိသော ဦးစံဖေ၏ဖခင်ကြီးက ရိပ်သာမြေ ဧက ၂၀-လှူဒါန်းသည်။ ယောဂီ များလည်း တစ်နေ့တခြား စည်ကားလာ၏။
မြန်မာနိုင်ငံ၌ ရာသက်ပန် နေသွားသူ အီတာလျံ ဘုန်းတော်ကြီး ဦးလောက နာတလည်း မြန်မာနိုင်ငံ၌ ရဟန္တာများ ပေါ်ပေါက်သည့် သတင်းကို ကမ္ဘာလှည့်၍ ဟောကြား, ရေးသား၏။ မြင်းခြံသို့ သွားရောက်၍ ဆရာတော်အား သင်္ကန်း စသည်ဖြင့် ကန်တော့လျက် ကွယ်လွန်သူ မိဘနှစ်ဦးအား အထူးရည်စူး၍ အမျှပေးဝေခဲ့သည်။
ပရိယတ္တိ တစ်ဖက်သတ် အစွဲသန်သူများက “စာမတတ်တဲ့ တောထွက်ကြီး” ဟု အထင်အမြင် သေးကြ၊ ငရဲကြီးကြသော်လည်း ယောနိသော မနသိကာရဖြင့် ရိုးသားဖြောင့်မတ်တော် မူကြသော ပရိယတ္တိအကျော် ဆရာတော်ကြီးများပင်လျှင် စာမတတ်သော တောထွက်ကြီးထံ၌ အလေးအမြတ် နည်းခံ ကျင့်သုံးကြသည်။
၁၂၉၂-ခုနှစ် ဝါဆိုလပြည့် အဖိတ်နေ့တွင် ရဟန်းခံ ကိစ္စရှိ၍ ဆရာတော် တောင်သာမြို့သို့ ကြွစဉ် တောရဆောက်တည်လျက် ရှိသော တောင်သာ ဆရာတော် ဦးအဂ္ဂဝံသသည် ဦးကဝိ ဆရာတော်နှင့် တွေ့ဆုံ၍ အာလာပ သလ္လာပစကား ပြောကြား။ တောင်သာ ဆရာတော်သည် လူပြိန်းများအား ဟောပြော ဆုံးမသည့် အတိုင်း တရားအားထုတ်ပုံ အစမှအဆုံး ဟောပြောစေကာ တစ်ပါးတည်း ရိုသေစွာ နာယူလေသည်။
တောင်သာ ဆရာတော်ကား စာတတ်သည့်အရာ၌ တစ်နိုင်ငံလုံး ကျော်ကြားသည့် ဆရာတော် ဖြစ်သည့်အတိုင်း အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ (ထိုခေတ်က ထိုဘွဲ့ ရသော ဆရာတော် အလွန်ရှားပါးလှ၏။) ဆရာတော်ကြီး တစ်ပါးတည်း။
“ဦးကဝိတို့ အားထုတ်တဲ့ လမ်းစဉ်က အကျဉ်းဆုံး အတိုဆုံးလမ်းပဲ။ တပည့်တော် တို့လမ်းက ကျယ်လွန်းပြီး ပေါက်ရောက်နိုင်ခဲတယ်” ဟု တောင်သာ ဆရာတော်က ဝန်ခံချီးကျူးကာ မိမိ၏ ဒကာ ဒကာမများကိုလည်း စာတတ်သော ဆရာက အကျင့်တတ်သော တပည့်ထံမှ တရားယူရပုံ “တိပိဋက မဟာနာဂထေရ်” ကြီး အကြောင်း ဟောပြောပြ၏။
ရဟန်းခံပွဲတွင် ဦးကဝိဆရာတော်အား တရားဟောစေကာ ထပ်မံ နာယူသည်။ ပရိကံမှအစ အာနာပါန ရှုပွားပုံကို စာဖြင့် ရေးပေးရန်လည်း တောင်းပန်၍ ၁၂၉၂-ခုနှစ် ဝါဆိုလပြည့်ကျော် လေးရက်နေ့တွင် ရေးပေးရသည်။
“စက္ခုစသော တံခါးများမှ စောင့်၍ ဖြတ်ပါက ရနိုင်သော်လည်း ထိမှု သိမှု သတိပြုခြင်း အားဖြင့် ကာယတံခါးမှ စောင့်ဖြတ်ရသည်မှာ နာမရူပဉာဏ် အမြင် သန်လွယ်သည်။ ကာယတံခါး၌ ထိမှု ဖဿဖြစ်ရာ ဖဿကြောင့် ဝေဒနာဖြစ်၏။ ဝေဒနာမှ တဏှာဥပါဒါန်ဘဝ စသည် မဖြစ်ရန် သတိနှင့် ဖြတ်ရသည်။ ဖြတ်လျှင် “ဝေဒနာသညာ” မဖြစ်မူ၍ “ဝေဒနာပညာ” ဖြစ်လာမည်” စသည်ဖြင့် ပရိကံမှ မဂ်ဇော ဖိုလ်ဇော ကျသည်အထိ ရေးသား ပေးပို့လိုက်သည်။
ယင်းသို့လျှင် စာတတ်သည်၊ မတတ်သည်ကို ပမာဏမပြုဘဲ အမှန်တကယ် ထိုးထွင်းသိမြင်သော ပညာကို လေးစားကာ တကယ့် ပရိယတ္တိ အကျော် ဆရာတော်ကြီးများပင် နည်းခံ ကျင့်သုံးကြလေ၏။ ပရိယတ္တိလည်း အဟုတ်မတတ်၊ မာနတံခွန် တလျှပ်လျှပ် လွှင့်သူများ အခွင့်ကောင်းကြီးနှင့် လက်လွတ်ရရုံမျှသာမက ငရဲကြီး ကြရရှာကုန်၏၊
တစ်ဖန် ဆရာတော်ကြီးအား “ပရိယတ္တိပါရဂူ” များကပင် ယင်းသို့ လေးစားကြ သည်မှာ အရဟတ္တဖိုလ်ပညာနှင့် ပြည့်စုံခြင်း၊ ထိုးထွင်းမြင်နိုင်၊ ကြားနိုင်၊ သိနိုင် က အသိဉာဏ် ဂုဏ်ထူး ပါရှိခြင်းတို့ကြောင့်သာ ဖြစ်ရာ ထိုသို့ ပြည့်စုံအောင်ကား မကြိုးစားကြမူ၍ မတောက်တစ်ခေါက် ရှုမှတ်နေသော အချို့ “တောထွက် ရဟန်း ယောဂီနှင့် အချို့ လူယောဂီ” တို့က ပရိယတ္တိဝန်ဆောင် ပုဂ္ဂိုလ်များအား အထင်သေး ရှုတ်ချခြင်းဖြင့် ငရဲကြီးကြ ပြန်လေသည်၊
စင်စစ် ပြည့်စုံသော အကြားအမြင် အသိဉာဏ်အထူးနှင့် ပရိယတ္တိ အသိဉာဏ် အပိုဂုဏ်ထူး တစ်ခုခုမျှ မရှိပါဘဲ ရဟန္တာဖြစ်ကာမျှဖြင့်ပင် တစ်ပါးသူအား တရားပြပေးရန် မသင့်ချေ။ တိမ်းပါး လွဲချော်စရာတွေ များစွာ ရှိကုန်၏။
ထို့ကြောင့် အရာရာတွင် ယောနိသော မနသိကာရ၊ သတိသမ္ပဇညဖြင့် မဇ္ဈိမ ပဋိပဒါကျအောင် ကျင့်ကြံ ကြကုန်ရာ၏။ စွန်းလွန်း ဆရာတော်ကြီးက-
“မသိလျှင် သိအောင်လုပ်၊ မသိဘဲနှင့် လက်ဆော့လျှင် ဆင်းရဲ တတ်သည်။ မသိဘဲနှင့် ပါးစပ်ဆော့လျှင် ဆင်းရဲတတ်သည်။ မသိဘဲနှင့် စိတ်ဆော့လျှင် ဆင်းရဲ တတ်သည်။ မဆင်းရဲချင်လျှင် ငြိမ်ငြိမ်နေ၍ သိအောင် ကြိုးစားလေ” ဟု ဆုံးမတော် မူဖူးပါသည်။ (ယထာဘူတလမ်းညွှန်-၂၁၆။)
ဝဋ်ကြီးလှသော ရဟန္တာ ဦးမဏိသာရ
၁၂၉၈-ခုနှစ် တန်ခူးလပြည့်ကျော် ၁၄-ရက် သန်းခေါင်ကျော် အချိန်၊ မှောင်နှင့် မည်းမည်း စွန်းလွန်းဂူကစ်ကျောင်းလုံး တိတ်ဆိတ် ငြိမ်သက်နေ၏။
ရဟန်းယောဂီ၊ လူယောဂီများ မိမိတို့ ဂူကျောင်းအသီးသီးသို့ ဝင်ကာ တရားရှုမှတ်၍ ကောင်းဘုန်းအချိန်ဖြစ်၏။ ပတ်ဝန်းကျင်မှ အသံဗလံများလည်း တိတ်ဆိတ်စ ဖြစ်သည်။ ထိုအခိုက် ဆရာတော့် ကျောင်းအနီးမှ စည်တီးသံ၊ အုန်းမောင်းခေါက်သံ၊ ကုလားတက်သံများ ပွက်ပွက် ရိုက် ဆူညံသွား၏။ ယောဂီများ အထိတ်တလန့် ဖြစ်ကာ ဂူကျောင်း အသီးသီးမှ ပြေးထွက် စုရုံးလာကြသည်။
ယောဂီ ရဟန်းတစ်ပါး တရားဝင်နေသော ဂူတစ်ခုမှ မီးများ တောက်လောင် နေသည်ကို တွေ့ကြရ၏။ အားလုံးဝိုင်း၍ ငြိမ်းသတ်ကြသည်။ ဂူထဲ၌ရှိသော ကိုယ်တော်အား ပွေ့ချီ၍ ထုတ်လာကြ၏။ တစ်ကိုယ်လုံး ကြိုးဖြင့်တုပ်ကာ ပါးစပ်၌ အဝတ်စုတ်များ ဆို့ပိတ်၍ မီးတိုက် ရှို့သတ်ခြင်း ဖြစ်သည်။ မီးအပူရှိန် ဟပ်ခံရသည် မှအပ ကိုယ်၌ လောင်ကျွမ်းခြင်းမရှိ။ တစ်စုံတရာ အနာတရ မဖြစ်။ ထိုအရှင်ကား ဝဋ်ကြီးလှသော “ရဟန္တာ ဦးမဏိသာရ” ဖြစ်၏။
ဦးမဏိသာရသည် ၁၁-နာရီခွဲလောက်က ကုဋီသို့အကြွ လူဆိုးများက ကြိုးနှင့်တုပ်၍ ဂူပိတ်မီးရှို့ သတ်ခံရခြင်း ဖြစ်သည်။ ထိုသို့ ခံရစဉ် နှုတ်ကအော်၍ မရသဖြင့် ဆရာတော်အား စိတ်ဖြင့်သာ လျှောက်ထားကာ သမာပတ် ဝင်စားနေခြင်းဖြစ်၏။ ထိုအကြောင်းကို ဆရာတော် ကြားသိတော်မူ၍ စည် အုန်းမောင်းတို့ကို အတီး ခိုင်းခြင်း ဖြစ်သည်။ “စေတသာ စေတော ပရဝိတက္က မညာယ” = စိတ်ဖြင့် စိတ်ကိုသိ၍” ကယ်မနိုင်ခြင်း ဖြစ်၏။ ဆရာတော်က-
“ဦးပဉ္စင်း၊ သူ့ကြွေးရှိရင် ဆပ်လိုက်ပေါ့၊ သည်းခံပြီးသာနေ၊ ကိုယ်ကလုပ်ခဲ့မိပြီ ဟာကိုး” ဟု မိန့်တော်မူ၏။ ဦးမဏိသာရလည်း မိမိဘဝကို သိပြီးဖြစ်သည်။ သမာဓိအရာတွင် အလွန်ထူးခြားသူ ဖြစ်၏။ အရှင်မောဂ္ဂလ္လာန်၊ အရှင်အင်္ဂုလိမာလ တို့ကဲ့သို့ ကြွေးဆပ် ရခြင်းပင်တည်း။
(ဓမ္မပဒအဋ္ဌကထာ ပါပဝဂ်၌) နွားကျောင်းသား ခုနစ်ဦး ဖွတ်သတ္တဝါကို တောင်ပို့တွင်းသို့ ဝင်စဉ် ခုနစ်ရက် အပေါက် ပိတ်ဆို့ ခဲ့ကြဖူး၍ တစ်ဆယ့်လေး ဘဝလုံး အတူတူ ဖြစ်ကြကာ ဘဝတိုင်း ခုနစ်ရက် အစာငတ်ခဲ့ကြရဖူး၏။ နောက်ဆုံးဘဝတွင် ရဟန်းတော် ခုနစ်ပါး ဖြစ်လာကြ၍ ဂူတစ်ခုထဲ တရားအတူ ရှုမှတ်ကြရာ အိမ်လောက်မက ကြီးမားသော ကျောက်ဖျာကြီးတစ်ချပ် အလိုလို ဂူပေါက်ပိတ်ကျလာသဖြင့် ရွာပေါင်း ခုနစ်ရွာမှ လူအများဝိုင်း၍ ဖယ်ရှား ကယ်မ ကြသော်လည်း မရ၊ ခုနစ်ရက်ရှိ ကျောက်ဖျာကြီး အလိုလိုပွင့်သွား၍ အသက်ဘေး လွတ်ခဲ့ကြရသည်။ (ဖွတ်ကို သတ်မိခဲ့လျှင်ကား ထိုနေရာ၌ပင် သေကြရအံ့။)
မိမိပြုလုပ်ခဲ့သော ကံ၊ ကံ၏ အကျိုးကို မြေလျှိုး မိုးပျံ၍ ပုန်းသော်လည်း မလွတ် နိုင်ကြောင်း ဟောတော်မူခဲ့သည်။ ယခုလည်း ဦးမဏိသာရသည် ကိုယ်လုပ်တာ ကိုယ်ခံရခြင်းပင် ဖြစ်ကြောင်း ထူးခြားသော သမာဓိဖြင့် ကိုယ်တိုင်လည်း သိမြင်တော်မူ၏။
ဦးမဏိသာရကား လူဝတ်ကြောင်ဘဝက အလွန်ဆိုးပေ မိုက်ကန်းသူ ဖြစ်သည်။ သပြေပင်ရွာ ရပ်ကွက်အုပ် သူကြီးသား၊ လူအမည် “ဦးမြမောင်”၊ လှည်းအငှား လိုက်စား၏။ မင်းစေလည်း လုပ်ဖူး၏။ မယားခုနှစ်ယောက် ယူသည်။ အလွန်လည်း နှိပ်စက်ခဲ့၏။ မိမိဇနီးများနှင့် သံသယမကင်းသူများကိုလည်း အသက်ချမ်းသာ မပေး။ နောက် သံဝေဂရ၍ ဆရာတော်ထံ လာရောက်ကာ မောင်ရင်ပေါ်ချောက်၌ ရဟန်းပြုလျက် တရား အားထုတ်ခဲ့သည်။ ခုနစ်ရက်မျှဖြင့် ရဟန်းကိစ္စ ပြီးသွားသူဖြစ်၏။
၁၂၉၄-ခုနှစ်၊ တပေါင်းလဆန်း ၁၀-ရက်၊ ၁၂-ရက်၊ ၁၄-ရက်၊ လပြည့်ကျော် တစ်ရက်အားဖြင့် နှစ်ရက်စီခြားကွာ၍ ရဟန္တာဖြစ်ကြောင်း ဆရာတော် ကိုယ်တိုင် (ရှမ်းပြည်မှ တရားလာ အားထုတ်ကြသော ဆီဆိုင် စော်ဘွားကြီးသား စပ်ခွန်ဆက်နှင့် စကားစော်ဘွားကြီး အမတ်ဦးထုံးတို့အား ထိုအချင်း ဖြစ်ပွားစဉ်က) ဟောကြားခဲ့ဖူး၏။
(ဤအကြောင်းကို အသက် ၈၇-နှစ်ရှိ စပ်ခွန်ဆက်က “အာနာပါန အားထုတ်နည်း စွန်းလွန်း ဥပနိသျည်း” ကျမ်းပြု ဆရာတော် ဦးသာသနဝိသုဒ္ဓိ အရှင်မြတ်အား လျှောက်ထားခြင်း ဖြစ်သည်။)
ဦးမြမောင်ကဲ့သို့သော လူပေများ ရှားလှ၏
ဦးမဏိသာရသည် လူဖြစ်စဉ်က နွားလှည်းမောင်းရာ ချောင်းအတက်၌ ဝန်နှင့်အား မမျှ၍ နွားမှာ မရုန်းနိုင်ဘဲရှိရာ တအားလွှဲ၍ ရိုက်၏။ ရိုက်သော်လည်း မရုန်းနိုင်သဖြင့် နွားမှာ ထိုနေရာ၌ပင် လဲကျသွားသည်။ အားကုန်ရိုက်၍ ထစေသော်လည်း မရ။ ထိုအခါ ကောက်ရိုးများ နွားပေါ် စုပြုံပြီး မီးဖြင့် ရှို့တိုက်လိုက်၏။
ဦးမဏိသာရ ယခုကဲ့သို့ ခံရသည်ကို ဆင်ခြင်တော်မူသောအခါ ဆရာတော်ရော ဦးမဏိသာရပါ “ကိုယ်လုပ်တာ ကိုယ်ခံ”ရသည့် ဝဋ်ကြွေးကို မြင်တော်မူသဖြင့် မိန့်တော်မူခြင်း ဖြစ်သည်။ ထို့နောက်တွင်လည်း မနာလိုသူများက ဦးမဏိသာရအား ဝိုင်းချုပ်၍ ဓားဖြင့် ခုတ်သတ်ကြပြန်၏။ သည်းခံ၍ သမာပတ် ဝင်စားနေရာ မြက်ရှရာမျှသာ ရှိသည်ဆို၏။
နောက်တစ်ဖန် ဆီမီးကန်ရွာ၌ တစ်ဝါဆိုစဉ်ကလည်း ဂူပိတ်၍ မီးရှို့ခံရပြန်သည်။ ယခု တိုက်အုပ်ဆရာတော် ဦးသောဘဏ,က သွား၍ ပင့်ခေါ်ထားရ၏။
ဦးမဏိသာရ မီးရှို့သတ်ခံရစဉ် ဆီဆိုင်စော်ဘွားကြီးသားနှင့် စကားအမတ်ကြီး တို့လည်း ဂူတစ်ခုစီ၌ တရားဝင်နေကြရာ ဆရာတော်ဘုရားကြီး အမိန့်တော် ရှိသည်ကိုလည်း ကြားသိ ကြည်ညိုကြရသဖြင့် ဦးမဏိသာရအား ထိုနှစ်ကဆုန် လပြည့်နေ့၌ ရှမ်းပြည်နယ် တောင်ကြီးသို့ ပဋိပတ္တိ သာသနာပြုရန် ပင့်သွား ကြလေသည်။
ရှမ်းပြည်တောင်ကြီး၌ သီတင်းသုံးခိုက်မှာပင် မြင်းခြံ စွန်းလွန်းဂူကျောင်းတိုက် အတွင်း မနာလိုသူများက လောကီ အစီအရင် အတိုက်အခိုက် အင်းများမြှုပ်နှံ၍ သာသနာ ဖျက်နေကြသည်ကို မြင်တော်မူသဖြင့် မြင်းခြံသို့ လှမ်း၍ အကြောင်း ကြားရာ ဦးမဏိသာရ အမိန့်ရှိသည့်အတိုင်း အတိအကျ တွေ့ရှိကြရ၏။ ရှင်းလင်း သုတ်သင် ပစ်ကြရလေသည်။ ဦးမဏိသာရကား ဤမျှ အမြင်သန်တော်မူ၏။
ရှမ်းပြည်၌ စပ်ခွန်ဆက်၊ ကမ္မဋ္ဌာန်းဆရာကြီး ဦးတိုးတို့ကို လွှဲအပ်၍ ၁၂၉၈-ခုနှစ် ဝါကို မြင်းခြံ၌ပြန်၍ ဝါကပ်တော်မူ၏။ ရှမ်းပြည်၌ စွန်းလွန်း ဥပနိဿယ ပဋိပတ္တိ သာသနာ မျိုးစေ့ ချတော်မူခဲ့သော ဦးမဏိသာရသည် ထိုနှစ်ဝါတွင်း တော်သလင်းလ၌ “ပရိနိဗ္ဗာန်” ပြုတော်မူသွားသည်။ အရိုးဓာတ်တော်ကို စွန်းလွန်းဂူကျောင်းတွင်းရှိ စေတီတစ်ဆူ၌ ဌာပနာထားရာ နောက် ရှမ်းပြည်မှ ပင့်ဆောင် ပူဇော်ကြကြောင်း တိုက်အုပ်ဆရာတော် အမိန့်ရှိ၍ သိရှိရသည်။ သံဝေဂယူဖွယ် အားကျဖွယ်ကြီးပါ တကား။
“ပတ္တမြားမှန်လျှင် ညွံမနစ်” ဟူသကဲ့သို့ ဦးမြမောင်ခေါ် ဦးမဏိ = (မြရတနာ) သာရ = (အနှစ်) ကား လူပေကြီးတို့အတွက် သင်ခန်းစာ ပေးခဲ့သော ပဋိပတ္တိ ရတနာ တစ်ပွင့် ဖြစ်ခဲ့ပေ၏။
ဦးမဏိသာရကဲ့သို့ပင် ဆရာတော်ဘုရားကြီး ကိုယ်တိုင်လည်း မီးရှို့ခံရဖူးကြောင်း ဆရာစန္ဒြ (လက္ခဏာဗေဒ ပုရောဟိတ်) က စာရေးသူအား ပြောပြဖူး၏။ တစ်ခါက ညခုနစ်နာရီတွင် ရွာနီးကျောင်းမှ ဘုန်းကြီးတစ်ပါး လာပင့်၍ လိုက်ပါသွားရ၏။ နှစ်ဖာလုံ ခန့်ဝေး ဝေးသော လယ်တစ်ခုအတွင်းသို့ ရောက်သောအခါ အသင့် စီရင်ထားသော ရေနံဆီပုံးကို ဒကာတစ်ဦးက ဖွင့်လိုက်ရာ ရေနံဆီအနံ့ရသဖြင့် မီးရှို့ကြတော့မည်ကို သိတော်မူ၏။ “ကိုယ်တော် ရဟန္တာဟုတ်-မဟုတ် သိရရောပေါ့” ဟု လည်း အဆိုပါ ဘုန်းကြီးက ကြိမ်းလိုက်သေး၏။
ဆရာတော် ရောက်လာလျှင် ဝိုင်း၍ ဖမ်းချုပ်ကာ မီးရှို့ သတ်ကြသည်။ “တစ်နာရီ အတွင်း ငါ၏ ရုပ်နာမ်နှစ်ဖြာ ဤခန္ဓာကိုယ်ကြီး မပျက်စီးစေသတည်း” ဟု အဓိဋ္ဌာန်၍ “နိရောဓ သမာပတ်” ဝင်စားတော်မူသည်။ မီးငြိမ်းသွားသော်လည်း ကိုယ်တော်၌ မည်သို့မျှမရှိဟု ဆိုလေသည်။
ရဟန္တာ အရှင်မြတ်တို့၏ စွမ်းအားတော်ကား အစိန္တေယျပင် ဖြစ်၏။ အတိတ်ကြောင်း ကံဟောင်းလုပ်ရပ်ကိုပါ သိကြရသော် လူမိုက်တို့ သံဝေဂ ရယူနိုင်ပေရာ၏။
လောက၌ ခိုးဆိုးတိုက်ခိုက် သောက်စား မူးယစ်သော လူပေ လူညစ်များ တရား အလုပ်ခွင်သို့ ရောက်လာကြသောအခါလည်း ကောင်းခဲ၏။ ဘုရားရှင် လက်ထက် တော်က အရက်သမား သရဏာနိ ဥပါသကာနှင့် သန္တတိ အမတ်ကြီး တို့ တရားထူး ရခဲ့ကြဖူးပါ၏။ လူဆိုးကြီး အင်္ဂုလိမာလလည်း ရဟန်းကိစ္စ ပြီးစီးခဲ့ပါ၏။
သို့ရာတွင် မြန်မာနိုင်ငံ ပဋိပတ္တိ သာသနာဝင်၌ကား ယခု လူပေကြီး ဦးမြမောင်မှ ဦးမဏိသာရ ဖြစ်လာတော်မူသကဲ့သို့ အစစ်အမှန် ကူးမြောက်နိုင်သူကား ရှားပေလိမ်မည်။
ကျွန်ုပ်တို့ ကြားသိရသမျှ လူ့ဘဝက ခိုးဆိုး တိုက်ခိုက်သူများ အလုပ်ခွင်သို့ ရောက်သောအခါ ဆရာကောင်းအမှီမရဘဲ (အမှီမယူဘဲ) သမထ လက်နက်ကြီး အားကိုးဖြင့် ဗုဒ္ဓဘာသာဝင်တို့၏ သဒ္ဓါ သီလ စသော အတွင်းပစ္စည်းများကို လုယက်၍ “အနတ္တ သာသနာ” ကိုပင် ဓားပြတိုက်ကြသည်ကို တွေ့မြင် နေကြရ၏။
“အရက်သမားကြီး အကျွတ်တရား ရသွားပြီ” ဟု ကြား၍ နားစွင့်ကြည့်လျှင် “သမထ” အမည်ခံသော လောကီ လမ်းစဉ်သို့သာ တိုးဝှေ့ ဝင်သွားတတ်လေသည်။ ဆရာကောင်း အမှီရရန် သတိပြုကြရာ၏။
အရိယာဖြစ်ရန် ကျန်သေး၍
စောင့်ကြိုတော်မူခြင်း
ဆရာတော် ဘုရားကြီးကို အမှီရ၍ အရိယာ ဖြစ်တော်မူကြရသော ပုဂ္ဂိုလ်တို့လည်း မရေတွက်နိုင်အောင် ရှိရာပြီ။
ဆရာတော်သည် ၁၃ဝ၁-ခုနှစ်ကတစ်ကြိမ်၊ ၁၃၁၁-ခုနှစ် ဗုဒ္ဓသာသနာ နုဂ္ဂဟ အဖွဲ့ကပင့်၍ တစ်ကြိမ်၊ ၁၃၁၃-ခုနှစ် ဘောက်ထော် စွန်းလွန်းဂူဌာန သိမ်သမုတ်ရန် တစ်ကြိမ်၊ ရန်ကုန်သို့ ကြွရောက်ချီးမြှင့်သည်ကို တွေ့ရ၏။
ဆရာတော်၏ တရားများ၊ နီတိပမာ ဥပဒေသ စကားများမှာ အလွန်မှတ်သားဖွယ် ကောင်းလှပေသည်။ အပြည့်အစုံကို ထေရုပ္ပတ္တိနှင့် သာရဏီယကထာ စာအုပ်တို့၌ ကြည့်ရှုကြပါကုန်။
အထူးသဖြင့် ဆရာတော်၏ သြဝါဒတရား၊ ဥပဒေသစကားများကို ဖော်ပြကြရာ၌ ကျမ်းဂန်ပါဠိများကို ကိုးကား၍ အခိုင်အမာ ပြဆိုချင်လွန်းလျှင် မူလစကားများ ဖုံးကွယ် မသွားရအောင် စီစဉ်ကြရာ၏။ ဆရာတော်၏ တရားစကားများကို အရင်းကျနိုင်သမျှ ကျအောင် ဖော်ပြကြပါလျှင် ပို၍ ဓမ္မရသ ရှိပါမည်။ နောက် ထပ်လည်း များစွာ ထွက်ပေါ် လာနိုင်ပေသေးသည်။ မူရင်းကား ဆားဖြူးရန်မလို၊ အလိုလိုပင် မြိန်မြတ်လှပါပြီ။
“စာသင်ရန် အခြေအနေမပေး၍ စာမတတ်စေကာမူ တရားအားထုတ်၍ ရနိုင်သည်။ အကျွတ်အလွတ် တစ်ကိုယ်တည်း တောထဲသွား၍ အားထုတ်နိုင်မှ ရသည်မဟုတ်။ တကယ်ယုံ၍ အဟုတ်လုပ်လျှင် မည်သူမဆို ရနိုင်သည်” ဟူသော သင်ခန်းစာ စာတမ်းကြီးကို ပဋိပတ္တိ သာသနာဝင်၌ စိုက်ထူတော်မူခဲ့သော “စွန်းလွန်းဂူ ဆရာတော် ဘုရားကြီး” ကား ၁၃၁၄-ခုနှစ်၊ ကဆုန်လပြည့်ကျော် ကိုးရက်၊ စနေနေ့ ညနေ ငါးနာရီအချိန်တွင် ခန္ဓာဝန်ကို စွန့်တော်မူခဲ့သည်။
ပရိနိဗ္ဗာန် မပြုမီ ငါးနှစ်ခန့်ကပင် ပရိနိဗ္ဗာန် ပြုမည့်ရက်ကို ကြိုတင်၍ အမိန့် ရှိတော်မူခဲ့ရာ (မှတ်သားသူတို့ အမှတ်မှား၍ လောမသိ) ရက်မျှသာ လွဲသည်ဟု ဆိုကြသည်။
“ငါသေရင် ဘာမှ မလုပ်နဲ့။ ထိုးထားလိုက်” ဟူသော အမှာစကားအရ စွန်းလွန်းဂူ ကျောင်း၌ပင် ဂန္ဓကုဋိသံသရာအေး စေတီတည်ကာ ပကတိအသွင် မပြောင်းသော အလောင်းတော်ကိုလည်း ယခုတိုင် ဖူးမြော်နိုင်ကြ၏။
ပရိနိဗ္ဗာန် ပြုခါနီး နောက်ဆုံး စကားအနေဖြင့် “အရိယာတွေဖြစ်ဖို့ အများကြီး ကျန်နေသေးတယ်” ဟု မိန့်တော်မူရာ ဆရာတော်၏ ရုပ်ကလာပ်သည် ကြွင်းကျန် နေသေးသော ဆရာတော်၏ ဝေနေယျများကို ဆိုင်းငံ့တော်မူနေဟန် ရှိစွာတကား။
စွန်းလွန်းဆရာတော်အား
ကျမ်းဂန်နှင့် စစ်မေးကြပုံ
ဖက်ပင်အိုင် ဆရာတော်နှင့် ဦးကဝိ
၁၂၈၇-ခုနှစ် ကဆုန်လဆုတ် ၄-ရက်နေ့ ပဲခူးမြို့ အဗျားရွာတွင် ဖက်ပင်အိုင် ဆရာတော်ကြီးက မြင်းခြံ ဆရာတော် ဦးကဝိအား မေးမြန်းပြောဆို စိစစ်ပုံကို အကျဉ်းချုပ်အားဖြင့် အောက်ပါအတိုင်း မှတ်တမ်းတင်ထားပါသည်။
ဖက်ပင်အိုင် ဆရာတော်ကြီးကား နာမည်ကျော် စာတတ်ပုဂ္ဂိုလ်ကြီး ဖြစ်ပါသည်။
မေး။ ။ စက္ခုနဲ့ ရူပါရုံပြိုင်သောအခါ စက္ခုက ရူပါ ရုံထံ သွားသလား၊ ရူပါရုံက စက္ခုထံ လာလေသလား။
ဖြေ။ ။ စက္ခုကလဲ မသွား၊ ရူပါရုံကလဲ မလာပါဘုရား။
မေး။ ။ ဒါဖြင့် ဘယ့်နှယ်မြင်နိုင်သတုံးဗျ။
ဖြေ။ ။ သူ့ သတ္တိက ရှေးရှုသောအခါ မြင်ခြင်းငှာ စွမ်းနိုင်ပါ၏ဘုရား။
မေး။ ။ ဒါဖြင့် ရူပါရုံက လာတာပေါ့ဗျား။
ဖြေ။ ။ မလာပါဘုရား။ (ဥပမာ) နေကို ကြည့်သောသူသည် နေ၏ သတ္တိ အရောင် အလင်း မျက်စိကျိန်းခြင်းသာ ရှိပါ၏ဘုရား။ နေဝန်းကြီးက မျက်စိထဲ ဝင်လာသည် မဟုတ်ပါ။ မျက်စိကလဲ နေဝန်းထဲ ဝင်သွားသည် မဟုတ်ပါဘုရား။
မေး။ ။ ဒါဖြင့် နေပါအုံးတော့ဗျာ၊ နိဗ္ဗာန်အကြောင်း ပြောစမ်းပါ။
ဖြေ။ ။ နိဗ္ဗာန်ဆိုတာဘုရား၊ (ဥပမာ) ယောဂီပုဂ္ဂိုလ်တယောက်သည် ဝိပဿနာ အားထုတ်၍ စိတ်၊ စေတသိက်၊ ရုပ်တရားတို့၏ ဖြစ်ခြင်း ပျက်ခြင်းကို အလွန် ကြီးမားသော ဆင်းရဲကြီးဟု ငြီးငွေ့လျက် ဆင်းရဲခြင်း၏ အကြောင်းကိုရှာက တဏှာကို သိရသည်နှင့် တပြိုင်နက် “မဂ်က” ၎င်းတဏှာကို ပယ်လိုက်တော့ “အကြောင်း အကျိုး ပြတ်သွားပါရော။ အဲဒီရှေးဦးစွာ မဂ်ကပယ်မယ်မီ ဖြစ်ပျက်နေတာ “သင်္ခတ”၊ နောက်တော့ အကြောင်းအကျိုးပြတ်၍ ဘာမှ မရှိတာကတော့ “အသင်္ခတ-နိဗ္ဗာန်” ပါဘဲဘုရား။
မေး။ ။ ၎င်း နိဗ္ဗာန်မှာ နေဝန်းလဝန်းများလို အရောင်တွေများ ရှိသလား။
ဖြေ။ ။ အရောင်တွေ မရှိပါဘုရား။
မေး။ ။ ဒါဖြင့် ဘယ့်နှယ်နေသတုံး ပြောစမ်းပါဗျာ။
ဖြေ။ ။ ပြောစရာ မရှိပါဘုရား။
မေး။ ။ ဒါဖြင့် နိဗ္ဗာန်မရှိဘူးလား။
ဖြေ။ ။ ရှိပါရဲ့ဘုရား။
မေး။ ။ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ရယ်လို့ “ပရမတ်” တရားလေးပါးရှိ မဟုတ်လားဗျ။
ဖြေ။ ။ ရှိပါတယ်ဘုရား။
မေး။ ။ အဲဒီ ပရမတ်ပြောပါဗျား။
ဖြေ။ ။ ဆရာတော်ဘုရား၊ ဦးကဝိက ပရမတ်ဆိုလျှင် ဘာမျှပြောစရာမရှိ၊ လက်ပိုက် ထိုင်နေရုံဘဲ။
မေး။ ။ နေစမ်းပါအုံးဗျာ၊ ဟောဒီ ရွှေတုံးကြီးကို ခဲလို့ ပြောဆိုကာမျှဖြင့် ၎င်း ရွှေတုံးကြီး ခဲဖြစ်သွားမှာလားဗျ ပြောစမ်းပါအုံး။
ဖြေ။ ။ ခဲမဖြစ်ပါဘုရား။ သို့သော်လဲ ပညတ်တရားကြီးလို ဒြဗ်ဝတ္ထုနှင့် ထင်ရှား မပြနိုင်ပါ။ နာမ် ရုပ်တို့၌ ဥပါဒ် ဌီ ဘင်မရှိ၊ ချုပ်ငြိမ်းသွားတာကို နိဗ္ဗာန်လို့ ခေါ်တာဘဲ။
မေး။ ။ ဉာဏ် ၁၀-ပါး ပွားများတာ ပြောစမ်းပါဗျာ။
ဖြေ။ ။ (ဥပမာ) ယောဂီပုဂ္ဂိုလ်တယောက်သည် အာနာပါနနှင့် သမာဓိ ရင့်သောအခါ မိမိကိုယ်ပေါ်မှာ ဝေဒနာကို သတိနှင့် လိုက်ပါရောဘုရား။ အဲဒါနှင့် ပထမကတော့ သညာအားဖြင့် ဝေဒနာပေါ်ပြီးနောက် ဖြစ်ပျက်ခြင်း ဓမ္မကို ဟုတ်တိုင်းမှန်စွာ မြင်ပါရော။ ဒါနဲ့ ကြောက်ခြင်း ရွံ့ရှားခြင်း ဖြစ်ပါရောဘုရား။
မေး။ ။ ဉာဏ် ၁၀-ပါးဟာ တခုစီ ပွားရမည် မဟုတ်လားဗျ။
ဖြေ။ ။ တခုစီပွားတာက ကိုယ့်အလိုပါ ဘုရား။
မေး။ ။ တခုစီ မပွားလျှင် ဘယ့်နှယ်လုပ်မှာတုံးဗျ။
ဖြေ။ ။ သမ္မသနဉာဏ် သုံးသပ်ရုံမျှနှင့် ဖြစ်ပျက်ခြင်း၊ ကြောက်ခြင်း ရွံ့ခြင်းစသည် ဖြစ်ပွားပါရော ဘုရား။
နေစမ်းပါအုံးဗျာ၊
အင်း ဒီဟာက “သမ္မသနဉာဏ်”
သုံးသပ်လိုက်တော့ ဖြစ်ပျက်တာက “ဥဒယဗ္ဗယဉာဏ်”
ပျက်တာက “ဘင်္ဂဉာဏ်”
ကြောက်တာက “ဘယဉာဏ်
ရွံ့တာက “အာဒီနဝဉာဏ်”
အေး ဟုတ်ပေတယ်ဗျ၊ ဟုတ်ပေတယ်။
မေး။ ။ ဦးကဝိရဲ့- လောကမှာ ပညတ်အားဖြင့် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာလို့ ရှိကြမဟုတ်လား။
ဖြေ။ ။ ရှိပါရဲ့ဘုရား။
မေး။ ။ အဲဒီ ပုဂ္ဂိုလ်များဟာ အစဉ်အတိုင်း တောက်လျှောက် သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာလို့ တက်သွားသလား။
ဖြေ။ ။ မတက်ပါဘုရား။
မေး။ ။ ဒါဖြင့် ဘယ်လိုတက်ရတုံးဗျ။ တက်ပုံ ပြောစမ်းပါဗျာ။
ဖြေ။ ။ (ဥပမာ) ယောဂီ ပုဂ္ဂိုလ် တယောက်ဟာ သမ္မသနဉာဏ် ကို သုံးသပ်၍ ဉာဏ် ၁၀-ပါး ကုန်သွားပြီးနောက် ပညတ်အားဖြင့် ၎င်း ပုဂ္ဂိုလ်ကို “သောတာပန်” ဟု ခေါ်ကြပါတယ်ဘုရား။ ၎င်းနောက် သမ္မသနဉာဏ် သုံးသပ်အုံး၊ ဉာဏ်ဆယ်ပါး ကုန်ပြန်က “သကဒါဂါမ်”လို့ ခေါ်ကြပါတယ်ဘုရား။ ဤကဲ့သို့ လေးကြိမ် တက်က “ရဟန္တာ”လို့ ခေါ်ကြပါတယ်ဘုရား။
ဦးကဝိ သဘောပေါက်သော ဝိသုဒ္ဓိ ၇ ပါး
ဂြုပ်ပင်ဆရာတော်က ဦးကဝိအား-
“ဝိသုဒ္ဓိ ခုနစ်ပါး ပြောစမ်းပါ” ဟု မေးရာ-
“အရှင်ဘုရားတို့ ဝိသုဒ္ဓိကို တပည့်တော် မပြောတတ်ပါ။ တပည့်တော် ပြောတတ် သလို ပြောပါရစေ”
“ပြောပါ ပြောပါ” ဟု ခွင့်ပြုသည်နှင့် ဦးကဝိက အောက်ပါအတိုင်း လျှောက်ထားသည်။
- တရားအားထုတ်တဲ့ ယောဂီပုဂ္ဂိုလ်ဟာ ရှေးဦးစွာ ဘုရားကန်တော့၊ မေတ္တာပို့၊ အမျှဝေပြီးလျှင် မိမိခန္ဓာကိုယ် ရုပ်နာမ်နှစ်ပါးကို အားထုတ်ဆဲအခါ ဘုရားကိုလှူ၊ အချိန်မပိုင်းနှင့်၊ မိမိစွမ်းနိုင်သမျှ အားထုတ်၊ သမာဓိ ရလာတော့ ခန္ဓာကိုယ်ပေါ်မှာ ပူမှု၊အေးမှု စသော ဝေဒနာ ပေါ်လာလိမ့်မယ်။ အဲသည် ပေါ်လာတဲ့ ဝေဒနာကို ရှုဆဲအခါ၌ မျက်စိကလဲ တောင်ကြည့် မြောက်ကြည့် မကြည့်ဘူး။ ပါးစပ်ကလဲ စကားမပြောဘူး။ လက်ကလဲ ကိုးယိုးကားယား မလုပ်ဘူး။ အဲသည်တော့ စက္ခုန္ဒြေ၊ သောတိန္ဒြေ၊ ဃာနိန္ဒြေ၊ ဇီဝှိန္ဒြေ၊ ကာယိန္ဒြေ ဟူသော ဣန္ဒြေငါးပါး လုံနေတယ်၊ အဲဒါ သီလစင်ကြယ်တယ်။ “သီလဝိသုဒ္ဓိ” လို့ ခေါ်တယ်။
- ဝေဒနာ ပေါ်မှာ စိတ်တည်နေတော့ စိတ်စင်ကြယ်တယ်။ အဲဒါ “စိတ္တဝိသုဒ္ဓိ” လို့ ခေါ်တယ်။
- သီလကလဲစင်ကြယ်၊ စိတ်ကလဲစင်ကြယ်တော့ မှန်တာမြင်တာပေါ့။ မှန်တာမြင်တယ် ဆိုတာ ဘယ်လိုလဲဆိုတော့ မီးခတ်နဲ့ မီးခတ်ကျောက် ခတ်လိုက် တော့ မီးပွင့်ကလေးတွေ ဖွားဖွား ဖွားဖွားနှင့် မြင်ရသလို မိမိခန္ဓာကိုယ်ပေါ်မှာ မွေးတွင်းပေါက်က မြင်ရတယ်။ အဲသည်လို မြင်ရတော့ ငါ့မှာ ခြေလည်း မရှိ၊ လက်လည်း မရှိ၊ ကိုယ်လည်း မရှိ၊ ဦးခေါင်းလည်း မရှိ၊ ခန္ဓာကိုယ်ကြီး သုဉ်းသွားတယ်။ အဲသည်တော့ အမြင် စင်ကြယ်တယ်။ အဲဒါကို “ဒိဋ္ဌိဝိသုဒ္ဓိ” လို့ ခေါ်တယ်။
- အဲသည်လို မြင်ရတော့ “ဟုတ်ပါပေတယ်၊ မှန်ပါပေတယ်” ဟု ဘုရားကို ယုံကြည်ခြင်း ဖြစ်လာတယ်။ အဲသည်တော့ ယုံမှားကင်းသွားတယ်၊ “ကင်္ခါဝိတရဏ ဝိသုဒ္ဓိ” လို့ခေါ်တယ်။
- အဲသည်လို မြင်ရတွေ့ရတော့ ဝမ်းသာတာပေါ့။ ဝမ်းသာတော့ အလင်း ဓာတ်ကြီးဟာ မိမိရှေ့မှာ ပေါ်လာတယ်။ ၎င်း အလင်းဓာတ်ကြီးထဲမှာ သွားပြီး တွယ်နေတယ်၊ အဲသည်လို အလင်းဓာတ်ကြီးထဲမှာ သွားတွယ်နေတော့ ခန္ဓာကိုယ် ပေါ်မှာ ဝေဒနာတွေ ချုပ်ပြီး အေးနေတယ်။ အဲဒါ အန္တရာယ် ၁၀-ပါးထဲမှာ နစ်နေတယ်လို့ ခေါ်တယ်။ အဲသည်လို အလင်းဓာတ်ကြီးထဲမှာ တွယ်နေရာမှ “ငါ့ဟာ မဟုတ်ပါဘူး” ဟု ဆိုပြီး ခန္ဓာကိုယ်ပေါ်သို့ အာရုံပြန်ပြီး ထိန်းလိုက်တယ်။ အဲဒါ “မဂ္ဂါမဂ္ဂ ဉာဏဒဿနဝိသုဒ္ဓိ” လို့ ခေါ်တယ်။
- အဲသည်လို ခန္ဓာကိုယ်ပေါ်သို့ အာရုံ ရောက်လာတော့ ဝေဒနာတွေ ပြန်ပြီး ပေါ်လာ တယ်။ အဲသည်တော့ အာရုံက အထက် လွန်သွားလိုက်၊ အောက် ပြန်ကျ သွားလိုက် နှင့်နေတယ်၊ မဇ္ဈိမပဋိပဒါ မကျသေးဘူး။ အဲသည်တော့ ဇောကိုတင်ပြီး တဖြေးဖြေး ချလာတော့ မဇ္ဈိမပဋိပဒါ ကျသွားရော၊ အဲဒါ “ပဋိပဒါ ဉာဏဒဿန ဝိသုဒ္ဓိ” လို ခေါ်တယ်။
- အဲသည်လို ပဋိပဒါလဲ ကျသွားရော၊ သေနတ်ကို ယမ်းဟောင့် ထည့်ပြီး စိကနဲ ကိုင်ဖြုတ်လိုက်သလို “ဒင်း” ဆို ပြတ်သွားပါရော။ အဲဒါ “ဉာဏဒဿန ဝိသုဒ္ဓိ” လို့ ခေါ်တယ်။
ဂြုပ်ပင် ဆရာတော်က “အရှင်ဘုရား ဝိသုဒ္ဓိက သာ၍ပင် ကောင်းသေးသည်” ဟု ပြောလေ၏။
စာတွေ့နှင့်လက်တွေ့ ညှိနှိုင်းစစ်ဆေးကြပုံ
၁၂၈၇-ခုနှစ် တော်သလင်းလဆန်း ၃ ရက်နေ့ ညနေ ၆ နာရီ အချိန်တွင် ဖက်ပင်အိုင် ဆရာတော်ဘုရားကြီး ကြွလာတော်မူသောအခါ ဆရာတော် ဦးပုည၊ ဦးဇာဂရ စသော ရဟန်းတော်များလည်း ပါကြ၏။
ဒါယကာများ ဆည်းကပ်နေကြစဉ် ဖက်ပင်အိုင် ဆရာတော် ဘုရားကြီးက မြင်းခြံ ဆရာတော် ဦးကဝိအား အောက်ပါအတိုင်း မေးမြန်းစိစစ်လေသည်။
“ဦးကဝိတို့ ကြွလာမယ့် အကြောင်းကို ပင့်စာ၌ ပါသောကြောင့်သာ ယနေ့ညနေ လာခဲ့ရတာပါဘုရား။ သို့မဟုတ်လျှင် နက်ဖြန် နေ့ဆွမ်း မှီရုံလောက်မှာသာ လာမယ် ဟု ကြံပါတယ်။ လူကြီးဆိုတော့ သွားလာရတာများ တယ် ဝန်လေးတယ် ဦးကဝိရဲ့။”
“မှန်လှပါဘုရား”
“ကဲ ဦးပုညတို့ ဦးဇာဂရတို့၊ ဦးကဝိနှင့် စကားပြောကြပါ ဘုရား၊ တပည့်တော်တော့
မောသေးတယ်။”
“မှန်လှပါဘုရား၊ အမောအပန်းဖြေ၍ နားနေပြီးနောက် ဆရာတော်ဘုရားသာ အမိန့်ရှိတော်မူပါဘုရား” ဟု လျှောက်ကြသဖြင့် အမောအပန်းမဖြေဘဲ ဆက်လက်၍ အောက်ပါအတိုင်း ပြောဆိုလေ၏။
“ဦးကဝိ၊ တပည့်တော်များသည် တစ်ပါးနှင့် တစ်ပါး ဘွားကနဲ ယခုမှ တွေ့မြင်ကြသော ပုဂ္ဂိုလ်များလဲ မဟုတ်ကြပေ။ ရှေးကလဲ တွေ့ဖူးမြင်ဖူးသူများ ဖြစ်ကြ၍ တစ်ပါးကို တစ်ပါး အားနာစရာလဲမရှိ။ မေးမြန်းစရာရှိသလောက်တော့ မေးမြန်းခွင့် မရပေဘူးလား ဘုရား။”
“မှန်လှပါ ဆရာတော်ဘုရား၏ တပည့်ကို အလိုရှိသရွေ့သာ ဆုံးမတော်မူပါဘုရား။”
“ကဲ-ဒါဖြင့် ရှေးက ပဲခူးမြို့ အဗျားရွာတွင် တွေ့ကြစဉ်ကတော့ ဗြုန်းကနဲ တွေ့ကြရ တာကလဲ တကြောင်း၊ အာဂန္တုကချင်း ဖြစ်နေကြတာကလဲ တကြောင်းမို့ မေးသင့် သလောက်သာ မေးရပေတယ်။ ယခုဆက်၍ မေးရပြန်တာပေါ့”
မေး။ ။ ဦးကဝိရဲ့၊ ယခု သီတင်းလဲကျွတ်ခါနီးပြီ။ ယခု ဝါတွင်း ဘာကိုများ အာရုံပြု၍ သီတင်းသုံး နေပါသတုံးဘုရား။
ဖြေ။ ။ သာသနာတော်ကို အာရုံပြုနေပါတယ်ဘုရား။
မေး။ ။ သာသနာတော်ကို ဘယ်ပုံ အာရုံပြုပါသတုံးဘုရား၊ “သာသနာ” ဆိုတာ ပရိယတ် ပဋိပတ် နှစ်ပါးရှိပါတယ်။ ထိုနှစ်ပါးတို့တွင် ဘယ်သာသနာကို ဘယ်ပုံ အာရုံပြုနေပါသတုံး ဘုရား၊
ဖြေ။ ။ ဘုရားတပည့်တော်မှာ စာကလဲမတတ်တော့ ပရိယတ္တိ သာသနာကို ချီးမြှင့်ခြင်းငှာ မစွမ်းနိုင်ပါ။ ဒါကြောင့် ပဋိပတ္တိ သာသနာပေါ်တွင်သာ သမာဓိ မရသေးသော ပုဂ္ဂိုလ်များလဲ သမာဓိ ရလေအောင်၊ ရပြီးသော ပုဂ္ဂိုလ်များလဲ ရင့်သည်ထက်ရင့်အောင်၊ ရင့်ပြီးသော ပုဂ္ဂိုလ်များလဲ လိုရင်းကိစ္စ ပြီးစီးကြအောင်သာ အာရုံပြုနေရပါ၏ဘုရား။
မေး။ ။ ဒါဖြင့်လျှင် မေတ္တာပေါ့ ဘုရား။
ဖြေ။ ။ မှန်လှပါဘုရား။
မေး။ ။ မေတ္တာဆိုတော့ သတ္တပညတ် အပေါ်၌ စိတ်ကိုထား၍ လောကီ ရှိပါသေးတယ်။ လောကုတ္တရာ၌ကော ဘယ်လို အာရုံပြုပြီး စိတ်ကို ထားပါသတုံး ဘုရား။ လောကုတ္တရာမှာကော စိတ်ကိုမထားဘူးလား။
ဖြေ။ ။ လောကုတ္တရာပေါ်မှာ စိတ်ကို ထားပါရဲ့ဘုရား။
မေး။ ။ အဲဒီ လောကုတ္တရာပေါ်မှာချည်းဘဲ စိတ်တွေကိုထားပါတော့လား ဘုရား၊ အဘယ့်ကြောင့် လောကီ စိတ်တွေသို့ ရောက်နေရသေးသလဲ။
ဖြေ။ ။ လောကုတ္တရာပေါ်မှာချည်း သက်သက် စိတ်ကို မထားနိုင်ပါဘုရား၊ ခန္ဓာဝန်ကြီးက အလွန်လေးသောကြောင့် လောကီတလှည့်၊ လောကုတ္တရာတလှည့် ပြောင်းခံနေရပါ၏ ဘုရား။
မေး။ ။ ကဲ-ဒါဖြင့် လောကီပညတ် အာရုံပြုပုံကိုတော့ ထားလိုက်ပါဦးတော့ဘုရား၊ လောကုတ္တရာ ပရမတ်ကိုတော့ ဘယ်လို အာရုံပြုပါသတုံးဘုရား။
ဖြေ။ ။ မိမိ မြင်ဖူးတာကို အာရုံပြုပါတယ်ဘုရား။
မေး။ ။ ဒါဖြင့် တခြားစာတွေ ထားလိုက်ပါဦးတော့၊ သင်္ဂြိုဟ် ဆိုတဲ့အတိုင်း “မဂ္ဂံဖလဉ္စ နိဗ္ဗာနံ၊ ပစ္စဝေက္ခတိ ပဏ္ဍိတော” စသည်ဖြင့် ပစ္စဝေက္ခဏာပေါ့။
ဖြေ။ ။ မှန်လှပါဘုရား။
မေး။ ။ ဒါဖြင့် မဂ်ဖိုလ်နိဗ္ဗာန်ကို အာရုံပြုရတာနှင့် ပညတ်ကို အာရုံပြုရတာ ဘယ်က သာ၍ ခက်သတုံးဘုရား။ မဂ်ဖိုလ်နိဗ္ဗာန်ကို အာရုံပြုရတာက သာ၍ မခက်ပေ ဘူးလား။
ဖြေ။ ။ တပည့်တော်သဘောဖြင့် ဘယ်သင်းမှ မခက်ပါဘုရား။
မေး။ ။ မဂ်ကို အာရုံပြုပုံ ပြောပြစမ်းပါဘုရား။
ဖြေ။ ။ ဥပမာ-ယောဂီပုဂ္ဂိုလ် တစ်ယောက်သည် ဝိပဿနာတရား အားထုတ်၍ တက်လာတယ် ဆိုပါတော့ဘုရား၊ အဲသည်တော့ ဘဝင် အနည်းငယ်မျှ ကျသွားပြီး နောက် ရှေ့စိတ် သုံးပါးက ကိလေသာတရားကို ဖယ်ရှားပေးပါရော ဘုရား၊ နောက်စိတ်က နိဗ္ဗာန်ကို မြင်ပါရော။
ဒါနဲ့ စိတ်, စေတသိက်, ရုပ် ဆိုတဲ့ တရားသုံးပါး “ဖြစ်ချုပ်-ဖြစ်ချုပ်” ဖြစ်နေတာ ကိုပင် ကြီးစွာသောဆင်းရဲကြီးပါကလား၊ ဒီဆင်းရဲဟာ ဘယ်သူ့ကြောင့် ဖြစ်သလဲလို့ စစ်လိုက်တော့ ၎င်း စိတ်-စေတသိက်-ရုပ်ကို- ပြုလုပ်ပေးတတ်တဲ့ “လောဘ” ကို မြင်ပါရောဘုရား။
ယခု ပြောနေတာက တစ်ခုစီ ပြောနေရလို့ ကြာနေတာပါဘုရား။ ဟိုမှာတော့ ဘာမှ မကြာပါဘုရား။ ဆင်းရဲကို သိတာနဲ့ တပြိုင်နက်ထဲ ဖြစ်သွားတာပါ။
(ကဲ-ပြောသာ ပြောပါဘုရား)
အဲဒီလို လုပ်ပေးတဲ့သူကို မြင်တော့ နိုင်တဲ့သူက ဗြုန်းခနဲ ပြုလုပ်ပေးတဲ့သူကို သတ်လိုက်ပါရော၊ အဲဒါက “မဂ်” ပါဘုရား။
ဒီတော့ စိတ်, စေတသိက်, ရုပ်များလဲ ဖရိုဖရဲဖြစ်သွားသလို ဖြစ်သွားတော့ အကြောင်းအကျိုး ပြတ်သွားပါရောဘုရား။ အဲဒါ “နိဗ္ဗာန်” ပါပဲဘုရား။
ဒါနဲ့ နောက်တော့ “ဖိုလ်ဇော” အုပ်သွားပါရော။ အဲဒါ မြင်ဖူးတာတွေပါပဲဘုရား။
မေး။ ။ နေစမ်းပါအုံးဘုရား။ ဒီမဂ်ဖြစ်တဲ့အခါများ ထင်ထင်ရှားရှား မဂ်ဖြစ်မှန်း သိရဲ့လား။
ဖြေ။ ။ မသိပါဘုရား၊ နောက် ဆင်ခြင်မှ သိရပါတယ်ဘုရား။
မေး။ ။ နောက်-ဆင်ခြင်မှ သိရတယ်ဆိုတာ ဟုတ်ပါရဲ့လား။
ယထာပိ မူလေ အနုပဒ္ဒဝေ ဒဠေ၊
ဆိန္နောပိ ရုက္ခော ပုနရေဝ ရူဟတိ။
ဧဝံပိ တဏှာနုသယေ အနုပပာတေ၊
နိဗ္ဗတ္တတေ ဒုက္ခမိဒံ ပုနပ္ပနံ။ ။
(ဒဠေ-၌ ဟ-ထိုး မပါ။ သတိပြု။ မနုသာ ဒဠန-စသည် ၎င်း။)
အနုပဒ္ဒဝေ၊ စိမ်းစိမ်းလတ်လတ် မသတ်ဖြတ်သေးသော။
မူလေ၊ ရေသောက်မြစ်ကြီးသည်။
ဒဠေ၊ မြဲမြံခိုင်ခံ့သည် ရှိသော်။
ဆိန္နောပိ၊ အခက်အရွက် အပင် ပြတ်သော်လည်း။
ရုက္ခော၊ သစ်ပင်သည်။
ပုနရေဝ၊ တဖန်သာလျှင်။
ရူဟတိ ယထာ၊ ပေါက်ရောက်ပြန်သကဲ့သို့။
ဧဝံ၊ ဤအတူသာလျှင်။
တဏှာနုသယေ၊ အဖန်ဖန် ကိန်းတတ်သော တဏှာကို။
အနုပပာတေ၊ မဂ်ဖြင့် မပယ်အပ်သေးသည် ရှိသော်။
ပုနပ္ပုနံ၊ အဖန်တလဲလဲ။
ဣဒံဒုက္ခမ္ပိ၊ ဤသံသရာ ဝဋ်ဆင်းရဲသည်လည်း။
နိဗ္ဗတ္တတေ၊ ဖြစ်ရဦးမည်ကား မုချမလွဲတည်း။
ကျမ်းဂန်လာတဲ့အတိုင်း လောဘကို မဂ်ကပယ်တယ် ဆိုတာ ဟုတ်ပါရဲ့။ သို့သော်လည်း ယခုလောကမှာ တိုင်းတစ်ပါးက ရန်သူစစ်သည်ကို တိုက်ခိုက် သုတ်ဖြတ်ရန် ထွက်သွားသော စစ်သူကြီးသည် မိမိ တစ်ယောက်တည်း မသွားဘဲ နောက်လိုက် နောက်ပါ စစ်သည် ဗိုလ်ပါ များစွာတို့နှင့် ထွက်၍ ရန်သူစစ်သည်ကို တိုက်ခိုက် သတ်ဖြတ်သလို ယခု လောကုတ္တရာမဂ်ဟာလဲ လောဘကို သတ်ရန် အဖော်များ ရှိသေးသလား၊ တစ်ယောက်ထဲဘဲသတ်လေရော့သလား။
ဖြေ။ ။ အဖော်ရှိပါသေးရဲ့ ဘုရား။
မေး။ ။ အဖော်က ဘယ်သူတုံး၊ ထည့်ပေးစမ်းပါ။
ဖြေ။ ။ ဥပမာ-ယောဂီပုဂ္ဂိုလ် တစ်ယောက်သည် ဝိပဿနာ တရားအားထုတ်၍ အထွဋ် အထိပ်ရောက်ခါနီး ရှေ့စိတ်သုံးပါးက ကိလေသာတရား ကင်းစင်သွားအောင် ပယ်ရှားလိုက်ပါရောဘုရား။ အဲဒီလို ကိလေသာ စင်သွားတော့ နိဗ္ဗာန်ကို မြင်တဲ့စိတ် ပေါ်ပေါက်လာပါရောဘုရား၊ ၎င်းစိတ်က နိဗ္ဗာန်ကို မြင်တော့ ၎င်းစိတ် မြင်သော နိဗ္ဗာန်ကို မဂ်ကမှီခိုတွယ်ကပ်ပြီး လောဘကို ပယ်သတ်လိုက်ပါရော ဘုရား။
မေး။ ။ မဂ်တော့ သဘောကျပါပြီ ဦးကဝိရယ်၊ အလွန်သိမ်မွေ့ ခက်ခဲနက်နဲတဲ့ နေရာတွေနော်၊ တပည့်တော် များကတော့ စာတွေ့ ပြောရတာ၊ ဒါနဲ့ မဂ်နောက်ဖိုလ် ဇောအုပ်လိုက်တယ် ဆိုတာ စိတ်ထဲမှာ ဘယ့်နှယ်နေသတုံး ဘုရား။
ဖြေ။ ။ ကောင်းကောင်း မသိလိုက်ရပါဘုရား။
မေး။ ။ မဂ်နောက်ဖြစ်တဲ့ ဖိုလ်က “အာနန္တရိကဖိုလ်” ခေါ်တယ် ဘုရား၊ နှစ်ကြိမ်-သုံးကြိမ်ထဲ ဖြစ်တော့ စိတ်ကလဲအလွန်လျင်မြန်သဖြင့် ကောင်းမွန်စွာ သိနိုင်မှာ မဟုတ်ဘူး၊ ဒါထက် မဂ်ကို ဆင်ခြင်တဲ့အခါ သိရှိပုံများ ဘယ်လို နေသတုံးဘုရား။
ဖြေ။ ။ ဥပမာ-ယောဂီပုဂ္ဂိုလ် တစ်ယောက်ဟာ သောတာပတ္တိ မဂ်ကို ရဟယ် ဆိုပါတော့၊ ၎င်းပုဂ္ဂိုလ်ဟာ မိမိရသော မဂ်ကို ဆင်ခြင်သောအခါ “ငါ သောတာပတ္တိ မဂ်ကို ရပြီ ဟု သိရုံပါဘဲ ဘုရား။
မေး။ ။ ဖိုလ်ကို ဆင်ခြင်တဲ့အခါ ဘာကို အာရုံပြုသတုံးဘုရား၊ အဲဒီ ဖိုလ်စိတ် ဖြစ်နေတဲ့အခါ စိတ်ထဲမှာ ဘယ်လိုများ နေသတုံးဘုရား။
ဖြေ။ ။ မိမိ မြင်ဖူးတဲ့ အကြောင်းအကျိုး ပြတ်ရာကလေးကို အာရုံပြုလိုက်တာနှင့် ဖိုလ်စိတ်ဖြစ်လာပါရော ဘုရား၊ အဲဒီတော့ “စိတ်ချမ်းသာပြီး မှိန်းနေ” ပါရောဘုရား။
“အဲဒီလို ဆင်ခြင်ပြီး ဝင်စားတာက “ဝဠဉ္စနဖိုလ်” ခေါ်တယ်၊ အဲဒီဖိုလ်မှ သေသေချာချာ သိရတယ်၊ တယ်ပြီးသိမ်မွေ့တယ် ဘုရား၊ ကဲ-တပည့်တော်လဲ ညောင်းသေးတယ်၊ အနင်းခံပါဦးမယ်” ဟု ဖက်ပင်အိုင် ဆရာတော်ကြီး ကျောင်းပေါ်သို့ ကြွသွားတော်မူလေ၏။
မြင်းခြံဆရာတော်က “မဂ်၏ အဖော်သည် နိဗ္ဗာန်ပင်တည်း” ဟု ဖြေဆိုသည်ကို ဦးဓမ္မိကသည် သဘောမကျ မကျေနပ်လှ၍ ဖက်ပင်အိုင် ဆရာတော်ကြီး နောက်သို့ လိုက်ပြီး ကျောင်းပေါ်သို့ တက်သွားလေ၏။
ဆရာတော် ဦးပုည၊ ဦးဇာဂရစသော ရဟန်း သံဃာတော်များနှင့်တကွ ဒါယကာ များမှာ ဖက်ပင်အိုင် ဆရာတော်က မြင်းခြံဆရာတော်အား မေးမြန်း ပြောဆိုပုံကို ကြားရသဖြင့် အလွန်နှစ်သက် ယုံကြည်ဘွယ် ကောင်းကြောင်းနှင့် စပ်လျဉ်း၍ တတွတ်တွတ် ပြောဆိုကာ နေရစ်ကြလေ၏။
---
ဦးဓမ္မိက ဖက်ပင်အိုင် ဆရာတော်အား လျှောက်ထားခြင်း
မေး။ ။ ဆရာတော်ဘုရား၊ မြင်းခြံဆရာတော်ဘုရားက လောဘတည်းဟူသော သမုဒယသစ္စာကို မဂ်က ပယ်သောအခါ မဂ်၏ အဖော် နိဗ္ဗာန်ပင်တည်းဟု ဖြေဆိုခြင်းကို တပည့်တော် သဘောမကျပါ၊ အဘယ်ကြောင့်ဆိုသော် မဂ္ဂဝီထိ၌ သစ္စာလေးပါးသည် ပဒီပနည်းအားဖြင့် တပြိုင်နက် ဖြစ်ခြင်းကြောင့် နိဗ္ဗာန်သာ မဂ်၏အဖော်မဟုတ်၊ ဒုက္ခသစ္စာ၊ သမုဒယ သစ္စာလည်း မဂ်၏အဖော် ဖြစ်သေး၏ဟု နှလုံးသွင်းမိပါသည် ဘုရား။
ဖြေ။ ။ မဟုတ်ဘူး ဦးဓမ္မိကရဲ့။ “မဂ္ဂေါဒုက္ခသစ္စံ ပဇာနာတိ” ဆိုတဲ့အတိုင်း မဂ်သည် ဒုက္ခသစ္စာကို ပိုင်းခြား၍ သိခြင်း၊ သမုဒယသစ္စာကိုပယ်ခြင်း၊ မဂ္ဂသစ္စာကို ပွားများခြင်း၊ နိရောဓသစ္စာကို မျက်မှောက်ပြုခြင်း ဆိုတာ မဂ်ကိစ္စ၊ မဂ်၏ စွမ်းနိုင်သော သတ္တိတွေ၊ အဖော်မဟုတ်သေးဘူး။
မေး။ ။ ဒါဖြင့်လျှင် ဘုရား၊ ယမိုက်ပရိညာဝါရအတိုင်း ဉာတပရိညာ၊ တီရဏပရိညာ၊ ပဟာနပရိညာဆိုတဲ့ ပရိညာသုံးပါးသည် မဂ်ခဏ၌ တပြိုင်နက် ရသောကြောင့် ၎င်း ပရိညာ သုံးပါးကို မဂ်၏အဖေါ်ဟူ၍ မဆိုသင့်ပေဘူးလား ဘုရား။
ဖြေ။ ။ တပြိုင်နက် ဖြစ်ရုံမျှဖြင့် မဂ်၏ အဖော်ဟု မဆိုသင့်ဘူး ဦးဓမ္မိကရဲ့၊ အဖော်ဆိုတာ တစ်ပါးကို တစ်ပါး မှီရတာကို ဆိုတာပါ။
မေး။ ။ တစ်ပါးကို တစ်ပါး မှီရတာကို အဖော်ဆိုလျှင် “စိတ္တေန နိယုတ္တံ စေတသိကံ” ဆိုသလို မဂ်နှင့်အတူ ယှဉ်ဖော်ယှဉ်ဖက် ဖြစ်တဲ့ စေတသိက် ၃၆-ပါးကို မဂ်၏ အဖော်လို့ မခေါ်ထိုက်ပေဘူးလား ဘုရား။
ဖြေ။ ။ အဲဒီ ၃၆-ပါးသော စေတသိက်လဲ မဂ်၏အဖော် မဟုတ်သေးဘူး၊ မဂ်နှင့် “သဟကာရီ ကာရဏ” သာ ဖြစ်သေးတယ်၊ “သမုဒယသစ္စာကို ပယ်ရာ၌ မဂ် အားရှိအောင် အားကိုးအားထား မှီခိုစရာ မဟုတ်” သောကြောင့် အဖော် မဟုတ်သေးဘူး။
မေး။ ။ ဒါဖြင့် မဂ်၏ အဖော်ကို တပည့်တော်တို့ သဘောကျအောင် အမိန့်ရှိပါအုံး ဘုရား။
ဖြေ။ ။ ဟော-မဂ္ဂ ဝီထိမှာ မနောဒွါရာဝဇ္ဇန်း ဖြစ်ပြီးနောက် သင်္ခါရုပေက္ခာ ဉာဏ်ဆိုတဲ့ ပရိကံ၊ ဥပစာ၊ အနုလုံဇောများက ကိလေသာ တရား ကင်းစင် သွားအောင် ပြုပေးလို့ ဂေါတြဘူက နိဗ္ဗာန်ကို မြင်ရရော၊ ဒီတော့ ဂေါတြဘူက “ဒီမှာ နိဗ္ဗာန်” လို့ သညာပေးလိုက်တာနှင့် ဂေါတြဘူ၏ သညာသို့ လိုက်၍ ၎င်း ဂေါတြဘူသညာပေးသော နိဗ္ဗာန်ကို အမှီတံကဲ သဟဲပြုပြီး မဂ်က အနုသယကို ပယ်တာ ဦးဓမ္မိကရဲ့၊ ဦးကဝိပြောတာ ဟုတ်လိုက်တာဗျာ၊ အလွန်သိမ်မွေ့တဲ့ နေရာတွေဗျ။
(ဝါဂွမ်း၊ မှန်ဘီလူး၊ နေ ဥပမာအရ အသင်္ခတဓာတ် အကူအညီကိုရ၍ မဂ်က ကိလေသာကို လောင်ကျွမ်းစေနိုင်သည်ဟု ဆိုသင့်၏။ ထို့ကြောင့် “ဓမ္မဓာတု” အရ အဋ္ဌကထာ၌ ဉာဏ်ကို ယူသည်မှာ ဥပစာဖြစ်ကြောင်း ပြခဲ့ပြီ။)
---
တစ်ကြိမ် ထပ်၍ မေးစစ်ကြပြန်ခြင်း
၁။ ငမြကြီး ဘုန်းကြီး ဦးနာရဒ။
၂။ ငမြကြီး ဘုန်းကြီး ဦးသာသန။
၃။ ဆီမီးခုံ ဘုန်းကြီး ဦးနာရဒ၊
၄။ မြင်သာဘုန်းကြီး ဦးနရိန္ဒ။
၎င်းဘုန်းကြီးလေးပါး အညီအညာ တိုင်ပင်လာကြပြီးလျှင် ပရိသတ် အလယ်တွင် မြင်ခြံဆရာတော်အား အောက်ပါအတိုင်း မေးမြန်း စိစစ်ကြပြန်လေသည်။
ဦးသာသန။ ။ ကိုယ်တော် စာသင်ဖူးရဲ့လား။
မြင်းခြံဆရာတော်။ ။ မသင်ဖူးပါဘုရား။
သာ။ ။ ဒါဖြင့် ဝိပဿနာ ဘယ်အားထုတ်တတ်မတုံး။ သီလဝိသုဒ္ဓိ စိတ္တဝိသုဒ္ဓိမှ မသိဘဲနှင့်။
ခြံ။ ။ တပည့်တော်က ဆရာသမားများက ဒါမအပ်ဘူးဆိုလျှင် လက်နှင့်တောင် မထိပါဘုရား။
၁-နာ။ ။ “အာဝါသောစ .... ဣဒ္ဓိ တိ တေ ဒသ” လို့ ပါဠိတော်လာတဲ့ အတိုင်း ကိုယ်တော် ပလိဗောဓ ၁၀-ပါးကို ပယ်ရဲ့လား။
ခြံ။ ။ တပည့်တော် လူဝတ်နှင့်အားထုတ်ပြီးတော့ သာမဏေဖြစ်ပြီး မကြာမီ ရေလယ်ဆရာတော်၊ ညောင်လွန်ဆရာတော်များထံ ရောက်ပြီးနောက် အလုပ် မလုပ်ဘဲ သူတို့ ဆုံးမတဲ့အတိုင်း နေထိုင်ပြီးလျှင် ရဟန်းအဖြစ်သို့ ရောက်ရပါတယ် ဘုရား။
သာ။ ဒါဖြင့် ကိုယ်တော် စာလဲမတတ်ဘဲနဲ့ ဘဲ့နှယ် ဝိပဿနာကို မှန်ကန်အောင် လုပ်တတ်မှာလဲ။
ခြံ။ ။ ဆရာသမားများ ပြောတဲ့အတိုင်း လုပ်ရတာပါဘဲ။
၁-နာ။ ။ အို-ဘုရားလက်ထက်က ကျွတ်သွားသူတွေဟာ စာတတ်တဲ့ လူချည့်ဘဲလား၊ လမ်းမှန်တာဟာ ပဓာန။
၃-နာ။ ။ ကိုယ်တော့် သတင်း ကြားရတာတော့ဖြင့် အလွန်ဘဲ၊ ရဟန္တာအဖြစ်သို့ ရောက်နေတာဘဲ၊ သို့သော် စာမတတ်ဘူး ဆိုသဖြင့် အချို့ ဒါယကာများ၊ ရဟန်း များက စာမသင်လဲ မဂ်ဖိုလ်ရနိုင်တာဘဲ၊ စာသင်တာ အပိုပါဆိုကြ၍ ဘယ်သူမှ မသင်ကြားကြလျှင် ပရိယတ္တိ သာသနာတော်ကြီး မပျက်စီးဘူးလား၊ ပရိယတ္တိ ပျက်စီးမှဖြင့် ပဋိပတ္တိ- ပဋိဝေဓ ပျက်စီးကုန်ရောပေါ့၊ အကယ်၍ တပည့်တော်တို့ ကြားတဲ့အတိုင်း ရဟန္တာဖြစ်ရိုး မှန်ပါမူ “စာမတတ်” ဟူသော စကားကို မဆိုသင့်၊ ပရိယာယ် တစ်မျိုးနှင့်သာ ဆိုသင့်၏။ သာသနာတော်ကြီး ပျက်စီးကလည်း ပုထုဇဉ်ထက် အရိယာ ပုဂ္ဂိုလ်က သာ၍ နာသင့်သည် မဟုတ်ပါလော။
ခြံ။ ။ တပည့်တော် မတတ်လို့ မတတ်ဘူးပြောတာပါဘုရား၊ ပရိယတ္တိ သင်ကြားသော ပုဂ္ဂိုလ်များကို တပည့်တော်က သင်္ကန်းစသည် လှူဒါန်းပြီး တိုက်တွန်းပါရဲ့။
၁-နာ။ ။ အို.... ကိုယ်တော်က စာတတ်ကဲ့လားလို့ မေးပြီးတော့ စာမတတ်ဘဲနှင့် ကိုယ်တော်တို့ကို တတ်တယ်လို့ လိမ်ပြောရအုံးမှာလား။
၃-နာ။ ။ ကိုယ်တော် နားထောင်နေစမ်းပါအုံး၊ ပြောပါစေ။
၁-နာ။ ။ အို.... စာမတတ်ဘူးလို့ မိမိကိုယ်ကို မိမိ ဟုတ်မှန်ရာတာနဲ့ဘဲ သာသနာ သုံး-ရပ် ပျက်ရတော့မှာလား။
၃-နာ။ ။ နေစမ်းပါအုံး ဦးနာရဒရယ်၊ ဒီစကားကို နောက်မှ ပြောပါ၊ မြင်းခြံဘုန်းကြီး မေးပါရစေအုံး။
၁-နာ။ ။ အို... ကိုယ်တော်တို့ဟာ ဟုတ်မှ မဟုတ်ဘဲ၊ ဟိုဘုရားလက်ထက်က သူငယ်ချင်း ရဟန်း ၂-ပါး ရှိတယ်မဟုတ်လား၊ တစ်ပါးက ရဟန္တာ၊ တစ်ပါးက ပိဋကတ် သုံးပုံဆောင်၊ ဒါနဲ့ ပိဋကတ် သုံးပုံဆောင် ရဟန်းက သူငယ်ချင်းဟာ စာမသင် ပေမသင်နှင့် ထင်ရာနေတယ်လို့ ရဟန္တာကို စွပ်စွဲပြီး ပြဿနာ မေးမည် အကြံတွင် ရဟန္တာကို ပြစ်မှားမှာစိုးလို့ ဘုရားက မေးခွန်းထုတ်၍ မေးရတာကို ကြည့်ပါ၊ လမ်းမှန်လို့ နေရာကျသွားရင် ဝိပဿနာ လမ်းစဉ်ကို သူတို့လောက် ဘယ်သူမှ မသိနိုင်ဘူးဗျ။
၃-နာ။ ။ နေစမ်းပါအုံး ဦးနာရဒရယ်၊ မြင်းခြံဘုန်းကြီးကိုသာ မေးပါရစေဦး အဲ-ဤကဲ့သို့ သာသနာသုံးရပ် အရှည်ခိုင်ခံ့အောင်ဟာ စာမတတ်ဆိုသော စကားကို ပရိယာယ် တစ်မျိုးနှင့်သာ ပြောဘို့ ကောင်းပါတယ်။
ခြံ။ ။ တပည့်တော်ကလဲ မှန်တဲ့အတိုင်း ပြောတာပါဘုရား။
၃-နာ။ ။ ကိုယ်တော် စာသင်ပါအုံးလား၊ စာသင်ပြီးမှ ပြောဟောရလျှင် သာသနာ သာလို့ မကြီးပွားဘူးလား။
ခြံ။ ။ တပည့်တော် ဝိပါက်ကြောင့် စာမတတ်တာဟု ယုံကြည်ပြီး သင်ချင်တဲ့စိတ် မရှိတော့ပါဘုရား၊ တတ်လဲတတ်မည် မထင်ပါဘုရား။
၃-နာ။ ။ ဝိပါက်ကြောင့် ဆိုတာလဲဟုတ်ပါရဲ့၊ သို့သော် စူဠပန်တို့များ ပုထုဇဉ် တုန်းကသာ ဝိပါက်တားတာ၊ ရဟန္တာဖြစ်တော့ မတားဘူး၊ ခုလဲ ကြားတဲ့အတိုင်း ရဟန္တာဖြစ်က စာတတ်ရမှာပေါ့။
၁-နာ။ ။ ဟင်း-ဟင်း၊ စူဠပန်က ပဋိသမ္ဘိဒါပတ္တ၊ အခု ဘာဆိုတာ ကိုယ်တော် သိရဲ့လား၊ အရိယာချင်းတောင် အောက်ပုဂ္ဂိုလ်က အထက်ပုဂ္ဂိုလ်ကို မသိနိုင်ဘူး” ရဟန္တာ ဖြစ်လျှင် ဝိပါက် မလိုက်ဘူးတဲ့လား။
၃-နာ။ ။ ဟုတ်ပါရဲ့၊ သို့သော်လဲ စာသင်ကြည့်ပါဦးဟု ထပ်ပြန်၍ ဤကဲ့သို့ ပြောနေကြစဉ် မိုးရွာသဖြင့် ကျောင်းပေါ်သို့ တက်ရောက်ကြရပြန်၏။
---
ကျောင်းပေါ်၌ ဆက်၍ ပြောဆိုကြပုံ
သာ။ ။ ကိုယ်တော် အဘိညာဉ်ရအောင် လုပ်ပြီးမှ ဟောပါလား။
ခြံ။ ။ ရမည် မထင်ပါဘုရား။
၃-နာ။ ။ လောကီနှင့် လောကုတ္တရာ ဘယ်က ခက်သလဲ။
ခြံ။ ။ လောကီက ခက်ပါတယ်ဘုရား။
သာ။ ။ လောကုတ္တရာ ရပြီးတဲ့နောက် သာမလွယ်ဘူးလား။
ခြံ။ ။ အားထုတ်ချင်တဲ့ စိတ်လဲမရှိပါဘုရား။
၃-နာ။ ။ ကိုယ်တော်၊ ယခု သံဃာ ဘယ်နှစ်ပါး ရှိသလဲ။
ခြံ။ ။ ၁၅-ပါး ရှိပါတယ်ဘုရား။
၃-နာ။ ။ တပည့်တော်များ ကြားတဲ့အတိုင်း ရဟန္တာဖြစ်ပါမူ တပည့်သံယောဇဉ် ရှိသေးသလား။
ခြံ။ ။ တပည့်တော်က လိုက်တွယ်နေသည် မဟုတ်ပါ၊ သူတို့ နေချင်၍ လာနေတာကို တပည့်တော်က မနေရဘူးဟု မဆိုနိုင်ပါ။
၁-နာ။ ။ ဟင်း-ဟင်း၊ ဘုရားနောက် တပည့်ထောင် ကိုးရာရှိနေတာ။ ဘုရားက သံယောဇဉ် တွယ်နေလို့လား။
၃-နာ။ ။ ဦးနာရဒကလဲ တယ်ရှုပ်ကိုး။
၁-နာ။ ။ ရှုပ်တာမဟုတ်ဘူး၊ ကိုယ်တော်တို့ဟာ မဟုတ်လို့။
---
နေ့ဆွမ်းစားအပြီး ဆက်ဆွေးနွေး
၃-နာ။ ။ ဘုန်းကြီး အားထုတ်ပုံအစဉ် ပြောစမ်းပါ။
ခြံ။ ။ (လူဝတ်ကစ၍ မဂ်တိုင်အောင် ပြောလေ၏။)
၃-နာ။ ။ မဂ်ပြီးတော့ ပစ္စဝေက္ခဏာ မဆင်ခြင်ဘူးလား၊
ခြံ။ ။ ဆင်ခြင်ပါရဲ့ဘုရား။
၃- နာ။ ။ မဂ်,ဖိုလ်,နိဗ္ဗာန် ဆင်ခြင်ပုံ အာကာရ ပြောပြပါ။
ခြံ။ ။ ဆင်ခြင်ပြီး အလွန်ဝမ်းမြောက်ပါ၏ ဘုရား။
၃-နာ။ ။ ပြောစမ်းပါ။
ခြံ။ ။ ပြောပြီးပါပြီ ဘုရား။
၃-နာ။ ။ ပြောစမ်းပါ။
ခြံ။ ။ ဆရာတော်များကို လျှောက်ပြီးသားပါ ဘုရား။
၃-နာ။ ။ တပည့်တော်က ဆင်တွေ့ပြီး ခြေရာမခံချင်ဘူး။
ခြံ။ ။ ဆင်ခြင်ပြီး ဝမ်းမြောက်တာပေါ့၊ ယောဂီပုဂ္ဂိုလ်မှန်က မိမိတို့ ပယ်ပြီးသော တရားကို သိမ်းဆည်းကြတာဘဲ။
၃-နာ။ ။ တပည့်တော်တို့ ဘုရားလောင်းရသေ့ဟာ ပုထုဇဉ်ဘဲ၊ ဒေါသတရား အလွန် သိမ်းဆည်းပါတယ်၊ သိမ်းဆည်းရုံမျှနှင့် မယုံကြည်နိုင်ဘူး။
၁-နာ။ ။ ပါရမီချင်းမှ မတူဘဲ၊ ကိုယ်တော်က ထင်ရာပြောနေတာကိုး။
၃-နာ။ ။ မင်းက ဘာဝင်ပြောသလဲ။
၁-နာ။ ။ ဘုန်းကြီးက ဘာလဲ။
၃-နာ။ ။ တို့တော့ မသိပါဘူးဗျာ။
ဖက်ပင်အိုင်။ ။ ရန်တော့မဖြစ်ကြနှင့်။ ဆင်ခြင်တော့ အာကာရနှင့် ပြောစရာမရှိဘူး၊
မဂ်ရပုံ သိတာပါဘဲ။
---
ကန္နီရွှေသိမ်တော် တောရဆရာတော် (၁၂၄၂ - ၁၃၂၈)
“အမယ်လေး ငါ့သားရယ် ... ဒီစာအုပ်ကလေး လက်တစ်ဝါးလောက်ကို ကိုးရက်တောင် ကျက်နေရရင် ငါ့သား ဘယ်မှာ စာတတ်တော့မတုံး”
ကန္နီဆရာတော် လောင်းလျာ ဆယ်နှစ်သားအရွယ်က သင်္ဂြိုဟ်ကိုးပိုင်းကို ပါဠိရော အနက်ပါ ကိုးရက်နှင့် အာဂုံရ၏။ “ထိုမျှလောက် ဉာဏ်ထိုင်းရမည်လား” ဟု မယ်တော် ဒေါ်ကောင်းက ညည်းတွားခြင်း ဖြစ်သည်။ မယ်တော်ကြီးကား စာကို ရှေ့က ရွတ်ပြသွားလျှင် ကြားရုံမျှဖြင့် နောက်ကလိုက်၍ အလွတ် ပြန်ပြောပြနိုင်၏။
---
ကမ္ဘာကျော်ထိုက်သော စာတော်ခြင်း
ကန္နီဆရာတော်ကား ပဋိပတ်တွင် နာမည်ကြီးသလို ပရိယတ်တွင် ပို၍ ထူးချွန်နေ သည်ကို တွေ့ရ၏။ ရဟန်း လေးဝါလောက်မှစ၍ သင်ရိုး ပိဋကမျှမက နိကာယ် ငါးရပ်ကိုပင် အာဂုံဆောင်နိုင်သော အာဇာနည် ယောက်ျားဖြစ်၏။
“ဥဘတောဝိဟင်း” ဆောင်သောခေတ်၊ “တိပိဋကဓရ” ရွေးချယ်သောခေတ်နှင့် မတိုက်ဆိုင်ရ၍သာ ဆရာတော်၏ ပရိယတ်စွမ်းရည်များ တိုင်းပြည်က ကြည်ညိုခွင့် မရဘဲ ရှိရလေ၏။
သက်တော် ၆၀-ကျော်၍ မျက်စိနှစ်ကွင်း အလင်း မရစေကာမူ စာအဓိပ္ပာယ်များကို ဟောပြောရာ၌ အခန်းကဏ္ဍ (အချို့ စာအုပ်မူ စာမျက်နှာ) နှင့်တကွ ရှင်းလင်း ပြောပြလေ့ရှိသည်။ စာတတ်ဆရာတော်တိုင်းက ချီးကျူး အံ့သြခဲ့ကြရ၏။
စာမကြည့်နိုင်တော့ သောအခါ စာတော်ဖတ်တစ်ပါး အမြဲထား၍ နေ့စဉ် နံနက် ခုနစ်နာရီ ကိုးနာရီထိ ပိဋက သုံးပုံကို လှည့်၍ဖတ်လျှောက်ရ၏။ သက်တော် ၄၄-နှစ်က ရေးသားခဲ့သော “ယောဂီပါရဂူ” ကျမ်းကိုကြည့်လျှင်လည်း ဆရာတော်၏ ပရိယတ္တိကို ပညာရှိတို့ သိနိုင်ပေသည်။
မယ်တော်ကြီး ညည်းတွားသော စကားကို ထောက်၍ ဆရာတော်သည် မျိုးနှင့်ရိုးနှင့် ဉာဏ်ကောင်းသူ၊ ပဋိသန္ဓေပါ ဉာဏ်ကြီးသူ ဖြစ်ကြောင်း သိနိုင်ပေသည်။ လွန်ခဲ့သော အနှစ်လေးဆယ်ကျော်က ပိဋကမောင်ထွန်းကြိုင်ကဲ့သို့ အရွယ်နှင့် မလိုက်အောင် တော်သူ ဖြစ်သည်။ ယင်းသို့ မယုံကြည်နိုင်လောက်အောင် ပဋိသန္ဓေပါ ဉာဏ်ကောင်းသူများ အတိုင်းတိုင်း အပြည်ပြည်၌ ရှိနေကြသည်ပင်။
အင်္ဂလိပ်စာပေသမိုင်း၊ အင်္ဂလန်သမိုင်း၌ ထင်ရှားသူ “လော့တောမတ်ဗက်ဗင် တန်မကောလေး ဆိုသူလည်း စာတစ်အုပ်ကို တစ်ခေါက် ဖတ်ရုံမျှဖြင့် အလွတ်ပြန်၍ မူရင်းအတိုင်း ပြောပြနိုင်၏။
ဗီနာမြို့မှ လီသူနီယန့် အမျိုးသား “ရက်ဘီ အီလီဂျက်” ဆိုသူလည်း စာအုပ်ပေါင်း နှစ်ထောင်ကျော်ကို တစ်ခေါက်ဖတ်ရုံမျှဖြင့် အလွတ်ရနေ၍ “နေ့အခါ စာကြည့်တိုက် ထဲ နေရသကဲ့သို့လည်းကောင်း၊ ညအခါ စာအုပ်များကို ခေါင်းထဲ ထည့်ထားရ သကဲ့သို့ လည်းကောင်း မေ့ဖျောက်မရ၍ စိတ်ညစ်နေရသည်” ဟု ဆို၏။
သင်္ချာအရာတွင် ခေတ်မီ အီလက်ထရောနစ် သင်္ချာစက်ထက် နှစ်ဆမြန်အောင် တွက်နိုင်သော “မာတင်ဒေ့စ်” စသည်ဖြင့် များစွာ ရှိသည်။ (တမင် ဂုဏ်ပြု ရေးသားသည် ထင်အံ့စိုး၍ ပြလိုက်ရပါ၏။)
---
တိဗက်ပြည်သား သျှီလတိဿ ဆရာတော်နည်း
ကန္နီဆရာတော်ဟု ခေါ်သော ကန္နီမြို့ ရွှေသိမ်တော် တောရ ဆရာတော်ဘုရားကြီး၏ လောင်းလျာသည် ကန္နီမြို့ အနောက်တောင် ကမ်းဖြူရွာ၌ အဖ ကျောင်းဒကာကြီး ဦးသာနု၊ အမိ ကျောင်းအမကြီး ဒေါ်ကောင်းတို့မှ ၁၂၄၁-ခုနှစ် တပေါင်းလပြည့်ကျော် လေးရက်၊ သောကြာနေ့ ညဉ့်လေးချက်မတီးမီ မီးရှူးသန့်စင်သည်။
လေးနှစ်သားအရွယ်မှစ၍ ထီးလည်းတောရ ဆရာတော် ဦးကလျာဏ၊ ၎င်း၏ တပည့် ဦးနန္ဒိယနှင့် ကမ်းဖြူတောရ ဦးအာစိဏ္ဏတို့ထံ ပညာသင်ယူ၏။ ရှင်ရဟန်း ပြုပြီး မုံရွာ-မန္တလေးမြို့များ၌ ပညာသင်သည်။ ဘွဲ့-ဦးသောဘိတ။
ပညာသင်ပြီးနောက် ကမ်းဖြူရွာကျောင်း၌ပင် သီတင်းသုံးသည်။ မကြာမီ ကင်းတောင် တောရသို့ ရွှေ့ပြောင်း သီတင်းသုံးလျက် နှစ်နှစ်တိုင်တိုင် ပဋိပတ် အလုပ်ဖြင့် နေတော်မူ၏။ ထိုစဉ် အတ်ဖို လက်ပံတောရ ဆရာတော်၏ ပဋိပတ် သတင်းများ ကြားရသဖြင့် ကန္နီမှ ဘုတလင်မြို့သို့ ခြေလျင် ကြွတော်မူ၏။
အုတ်ဖို လက်ပံဟူသည် မုံရွာ ရေဦးကားလမ်း၊ ဘုတလင်မြို့၏ မြောက်ဘက် ရှစ်မိုင်ခန့်တွင် အုတ်ဖိုတောင်ရိုးကို တွေ့နိုင်၏။ ဆယ်မိုင်ခန့်တွင် အုတ်ဖိုတောင်ရိုး အနီး လက်ပံရွာဟူ၍ ရှိသည်။
လက်ပံတောရ ဆရာတော် ဦးအာဒိစ္စကား ပဋိပတ် အကျော် အရာတော် ဆရာတော်နှင့် လုံးတော် ဆရာတော်တို့၏ တပည့်ဖြစ်သည်။ လက်ပံဆရာတော်များ ရှုမှတ်သောနည်းမှာ “အာနာပါန”ပင် ဖြစ်၏။ “သီဟိုဠ်မှ တစ်ဆင့် ကြွလာသော တိဗက်ပြည်သား အရှင် သျှီလတိဿ ဆရာတော်ထံမှ လက်တွေ့နည်းနာ ရရှိသည်” ဟု ဆိုသည်။ လောကီနည်းမဟုတ်။ ဝိသုဒ္ဓိမဂ်နည်းပင်တည်း။
ဦးသောဘိတသည် လက်ပံဆရာတော်ထံ၌ ရှစ်လခန့် နည်းနာခံ အားထုတ်၏။ လက်ပံဆရာတော်သည် ဦးသောဘိတ၏ ဉာဏ်အစွမ်းကို သိမြင်တော်မူ၍....
“ငါ့ရှင်၊ ဤယခု ဆရာတို့ ပွားများနည်းကို ယောဂီအစဉ်အဆက် ဝဋ်မှ ထွက်မြောက်ရန် “ပါရဂူ” အမည်တပ်၍ ကျမ်းကြီးတစ်စောင် ရေးရစ်ပါ” ဟု အတန်တန် တာဝန်ပေးတော်မူလေသည်။
လက်ပံတောရမှ အပြန်တွင် ဘုတလင်မှ ကန္နီသို့ အသွား ညောင်ကန်ရွာအနီး တောတွင်း၌ လှည့်လည် သီတင်းသုံးတော်မူသော ဘုန်းတော်ကြီး ဦးသာရွှန်း (သက်တော် တစ်ရာရှည်သော ရဟန္တာ ဦးကဝိန္ဒ) ထံ ဝင်ရောက်နည်းခံသည်။ (ထိုအကြောင်း အပြည့်အစုံ ရေးခဲ့ပြီ။)
ကန္နီမြို့သို့ရောက်ပြီး မကြာမီပင် ကန္နီမြို့သူကြီး ဇနီးမောင်နှံတို့က ရွှေကျောင်းကြီးကို ဆောက်လှူ ကိုးကွယ်ကြ၏။ ထိုကျောင်းကြီးကို တပည့်များနှင့် လွှဲကာ ကန္နီမြို့ အနောက်တောင် ဝတ်ကုန်းအရပ်၌ ဧကစာ သီတင်းသုံး၍ “ယောဂီ ပါရဂူကျမ်း” ကြီးကို ပြုစုတော်မူ၏။ သက်တော် ၄၄-နှစ်၊ ၁၂၈၅-ခုနှစ်။
ဆရာတော်၏ ကျမ်းများမှာ ဂဏ္ဌိသဖွယ်ဖြစ်၍ လေးနက်ကျစ်လစ်၏။ စာတတ် သူတို့ပင် ဖတ်၍ မလွယ်။ အဓိပ္ပာယ်နှင့်တကွ လေး၏။ ယခု ရွှေသိမ်တော် တောရ၌ အမြဲ သီတင်းသုံးတော်မူလျက် ပဋိပတ္တိ သာသနာ ပြုတော်မူသည်။ ပဋိပတ်ကြောင့် ထက်မြက် စူးရှလာသော ဉာဏ်နှင့် ပဋိသန္ဓေပါ ဉာဏ်ကောင်းခြင်းကြောင့် ရံခါ ပရိယတ္တိ၌ အားသန်နေဟန်လည်း ရှိ၏။
ဆရာတော် လောင်းလျာသည် မာန်လည်ဆရာတော် ဘုရားကြီး ထံ၌လည်း ပညာ သင်ကြားဖူးရာ တစ်နေ့သောအခါ ကျောင်းရေစက်ချပွဲ တစ်ခုတွင် ဆရာတော်ကြီးက ခိုင်း၍ ရေစက်ချရရာ ပြီးလျှင် “မောင်ပဉ္စင်းလာဦး” ဟု ခေါ်၍ လက်ကိုဆွဲကိုင် လှုပ်ပြီး “ဒီကတုံးမှ ဒီကတုံး” ဟု ချီးကျူးတော်မူသည်။
လက်ပံဆရာတော်က ဉာဏ် ၁၀-ပါးကို ရေးပြခိုင်း၍ ရေးပြီး ဖတ်လျှောက် ရာတွင်လည်း “မောင်ပဉ္စင်း ကျောက်တစ်လုံး” ဟု လက်ကို လှုပ်ရမ်းလျက် ချီးမွမ်းတော်မူလေသည်။
(တောင်စွန်း ဦးဝိဗောဓာလင်္ကာရ၏ ဆဝဿဒီပနီတွင် လည်းကောင်း၊ မောင်းထောင် မြေဇင်းတောရ ဆရာတော်၏ ပဓာနပါရဂူတွင် လည်းကောင်း ဆရာတော်ကြီး၏ သြဝါဒ အဆိုအမိန့်များကို ဖတ်ရှုနိုင်ပါသည်။)
ရုက္ခစိုးကြီး ဇနီးမောင်နှံ၏ သဒ္ဓါတရား
ဆရာတော် ငယ်စဉ်ကာလ ယောဂီ တပည့်ရဟန်း နှစ်ဆယ်ခန့် မျှသာရှိ၍ မြို့မှ ဆွမ်းပို့ လှူသည်ကိုသာ ဘုဉ်းပေး၏။ ဆွမ်းခံကြွတော်မမူ။ ထိုစဉ်ကပင် ဆွမ်းစားချိန် တွင် သပိတ်၌ ဆွမ်းတစ်ခွက်လောက်သာ ထည့်ယူ၍ ဘို့မယ်ချောင်ဘက်သို့ ကြွကာ တစ်ပါးတည်း ကိန်းအောင်းတော်မူလေ့ရှိ၏။
ထိုအခိုက် ဒကာတစ်ဦးက ဝတ်ကြီးဝတ်ငယ် ပြုရန် လျှောက်လှာသည်၊ လက်မခံ။ ထိုဒကာကား “လူယောင်ဆောင် လာသော ရုက္ခစိုးကြီး” ဟုပင် ဆိုကြလေသည်။
ရုက္ခစိုးနတ်အကြောင်းနှင့်စပ်၍ ရွှေသိမ်တော် တောရ၌ စာရေးသူ၏ နောင်တော်ကြီး (မောင်းထောင် ယွန်းဆက်တိုက် ဆရာတော် ဦးသောဘိတ) တရားအားထုတ်စဉ် သီတင်းသုံးဖော် ဆရာတော်တစ်ပါး ဆွမ်းခံကြွရာ ကျောင်းသို့ ပြန်မရောက်လာ သဖြင့် လိုက်လံ ရှာဖွေကြရသည်ဟု ဆိုသည်။
ထိုဆရာတော်ကား ရန်ကုန်မှ လာရောက်၍ တရားအားထုတ်သော စာချ ဆရာတော် ဦးသုဘောဂ ဖြစ်၏။ သုံးရက်ကြာမှ ကျောင်းသို့ ပြန်ရောက်လာရာ သူ့စိတ်ထဲမှာ သုံးရက်ဟု ထင်ပုံမရ။
“ဒကာမကြီး တစ်ဦးက ဆွမ်းစားပင့်လို့ သူ့အိမ်မှာပဲဆွမ်းဘုဉ်းပေးနေရတယ်” ဟု သာ ပြောပြလေသည်။ ထိုရက်များအတွင်းမှာပင် ဦးသုဘောဂ ဆွမ်းခံကြွရာ လမ်းခရီး အကြား သစ်ပင် တစ်ပင်မှ ဝတ်ဖြူစင်ကြယ်နှင့် ဒကာကြီး တစ်ဦး ဆင်းလာသည်ကို တွေ့ ရ၏။
“အရှင်ဘုရား၊ ခဏရပ်တော်မူပါဦး” ဟု ဆိုကာ သင်္ကန်းတစ်စုံလည်း လှူသည်။ နောက် ထိုဒကာကြီးက-
“အရှင်ဘုရား၊ တပည့်တော်ကို မမှတ်မိဘူးထင်တယ်” ဟု မေးရာ ဦးသုဘောဂမှာ ရုတ်တရက် မမှတ်မိဘဲ ရှိနေသဖြင့်-
“အရှင်ဘုရား၊ ရန်ကုန်မှာ ဦးပဉ္စင်းဘဝက တပည့်တော်အိမ် နေ့တိုင်း ဆွမ်းခံကြွ နေတဲ့ဟာ မမှတ်မိဘဲကိုး” ဟု ဆိုပြန်၏။ ဦးသုဘောဂကား စဉ်းစား၍မရ။
“တပည့်တော် အဂ္ဂမဟာပဏ္ဍိတ မောင်ဖြေလေ ဘုရား” ဟု ဆိုရာ ဦးသုဘောဂမှာ လွန်စွာ အံ့သြသွား၏။ ဟုတ်ပေသည်။ ဦးသုဘောဂကား လွန်ခဲ့သော အနှစ် လေးဆယ်ခန့်က ပါဠိဆရာကြီး ဦးဖြေအိမ်တွင် ဆွမ်းခံကိုယ်တော် ဖြစ်ခဲ့သည်ကို သတိပြုမိလေ၏။
“အရှင်ဘုရား ဒကာမကြီးနှင့် မတွေ့ဘူးလား၊ အရှင်ဘုရား ဒကာမကြီးလဲ ဒီမှာပဲ ရှိနေပါတယ်” ဟု လျှောက်ပြန်သည်။
“ဆွမ်းပင့်ကပ်သော ဒကာမကြီး ဖြစ်လေမလား” ဟု စဉ်းစားနေခိုက် ရုက္ခစိုး ဒကာကြီး ဦးဖြေ ကွယ်ပျောက်သွားလေ၏။
ပါဠိဆရာကြီး ဆရာဖြေကား အင်္ဂလိပ်အစိုးရခေတ်တွင် လူပုဂ္ဂိုလ်ထဲမှာ ပထမဆုံး “အဂ္ဂမဟာ ပဏ္ဍိတဘွဲ့ရ” နာမည်ကျော် ဆရာကြီးပင်တည်း။
---
တရားပေးပုံနှင့် တရားအယူအဆ
ကန္နီဆရာတော်၏ နည်းကို ပုံကြမ်းအားဖြင့် အချုပ်ဆိုရသော် ဦးစွာသီလကို သုတ်သင်ရသည်။
နှစ်ရက် သုံးရက်ဖြစ်စေ၊ တစ်ပတ်ဖြစ်စေ မေတ္တာကမ္မဋ္ဌာန်း၊ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း၊ မရဏဿတိ ကမ္မဋ္ဌာန်းတို့ကို ရှုပွားရ၏။
ပြီးမှ အာနာပါနကို ၁,၂,၃,၄,၅,၆,၇,၈-ဂဏနာနည်းမှ အစပြု၍ ပဋိဘာဂနိမိတ် ကောင်းစွာ ထင်အောင် ရှုမှတ်ရသည်။
ပဋိဘာဂနိမိတ် နိုင်နင်းစေရန် နိမိတ်ဖြင့် ခန္ဓာကိုယ်ကို စားစေခြင်း၊ စကြဝဠာ တံတိုင်းထိ တဖြည်းဖြည်း တိုး၍ တိုး၍ စေလွှတ်ခြင်း၊ ပြန်သိမ်းခြင်း စသည်ဖြင့် နိမိတ်ကို များစွာ ကစားရ၏။ သို့ရာတွင် ဈာန်ကို ဦးစားမပေး။ မဂ်ဖိုလ်နိဗ္ဗာန်ကို ရရန် ဝိပဿနာသို့ ကူးပြောင်းပေးသည်။
အပ္ပနာဈာန်နှင့်စပ်၍ “ယောဂီပါရဂူကျမ်း” (၃၁-၁၃၁၅-ခုနှစ်ရိုက်) ၌-
“ငါတို့ ကျေးဇူးရှင် ဘုရားတို့အား အပ္ပနာသို့ တက်ရန် စူးစမ်း၍ လျှောက်ထားရာ ကျမ်းဂန်နည်းကိုသာ ဟောတော်မူကြသည်။ ဟတ္ထမုဋ္ဌိကိုကား၊ အဇ္ဈတ္တကာယ လေးပါး သွင်းပုံကိုကား ပြတော်မမူကြ၍ မုချ မရေးဝံ့” ဟု ပါရှိ၏။
တစ်ဖန် ဈာန်နှင့်စပ်သော အယူအဆကိုလည်း စာမျက်နှာ ၄၄-၌..
“ဈာန်ကို ရလိုပါသော်လည်း အခါကာလခေတ် မဟုတ်ဟူ၍ နှလုံးပိုက်သောကြောင့် လည်းကောင်း၊ ဥပစာရ သမာဓိ ရရှိရုံနှင့်ပင်လျှင် ဝိပဿနာ ဉာဏ်စသည်ကို တက်ထိုက်ပေ၏” ဟု ခံယူသည်။ တစ်ဖန် ၄၅-၌-
“စူဠဝါ အဋ္ဌကထာကိုထား၍ ကြွင်းသော အဋ္ဌကထာကြီး လေးလက်တို့၏ ဝါဒ တတိယခေတ်၌ တေဝိဇ္ဇာဟူသော အရိပ်ရှိပေ၏။ တေဝိဇ္ဇာဟူသည် ပဉ္စမဈာန်၏ အခြားမဲ့၌ ဖြစ်ရသော အဘိညာဉ်မျိုး ဖြစ်၍ ပထမဈာန် စသည်တို့ကို ရထိုက်ခြင်းငှာ အရိပ်ရှိပေသေးသည်။ ထိုသို့ပင် ရှိသော်လည်း (လက်တွေ့ ပြနိုင်သော ဆရာမရှိ)” ဟု သုံးသပ်သည်။
သာသနာပြင်ပ အိန္ဒိယ ယောဂီကြီး တော်တော်များများပင် စတုတ္ထဈာန်ရသည်ဟု ယူဆရသော အထောက်အထားများကို “ဒေါက်တာ ပေါလ်ဘရန်တန်” ၏ အိန္ဒိယ ယောဂီများနှင့် တွေ့ဆုံပုံ စာအုပ်များ၌ ဖတ်ရှုနိုင်သည်။
နိဗ္ဗာန်နှင့် စပ်၍လည်း ယောဂီပါရဂူ၌ အသိဉာဏ် ရှုပ်ထွေးစေတတ်သော အလင်းရောင် အမျိုးမျိုးကို ခွဲခြားပြဆို၍ ရှင်းလင်းဆုံးဖြတ်ထားသည်မှာ အထူး မှတ်ဖွယ် ကောင်းလှ၏။ တစ်နည်းအားဖြင့် စဉ်းစားဖွယ် ဖြစ်ပေ၏။
မဂ္ဂစတုက္က၊ နိရောဓ စတုက္ကနှင့် စပ်လျဉ်း၍ ယင်း “နိဗ္ဗာန်ခန်း” ၌ပင် တိဗက် ဆရာတော် ဦးသျှီလတိဿ၏ နည်းများ ဖော်ပြထားသည်ကို တွေ့ရ၏။
---
ဆရာတော်၏ အလေ့အထများ
ဆရာတော်သည် ဝိနည်းကို အလွန်လေးစား၏။ လေးစားမှလည်း ကြိုက်သည်။ ဆွမ်းကပ်လျှင် အကွဲအအက် အကြောင်းပါသော ပန်းကန်ဖြင့် ကပ်လျှင် ပန်းကန်ပါ စွန့်ပစ်လိုက်သည်။ “နေ့ဖို့ ညစာ ချန်ထား၍ မစားရ” ဟူသော သန္နိဓိသိက္ခာပုဒ်အရ ကျင့်သုံးခြင်း ဖြစ်သည်။ သိက္ခာပုဒ် အသေးအဖွဲ ကလေးမှအစ ငယ်စဉ်ကပင် အထူးသတိပြု ရှောင်ကြဉ်လိုက်နာလေ့ ရှိ၏။
ယောဂီအချို့ကား “သြရမတ္တကံ သီလံ (သမာဓိပညာတို့ကို ထောက်သော်) သီလသည် အညံ့စား” ဟု ဟောတော်မူသည်ကို အဖျားဆွတ်၍လည်းကောင်း၊ “တရားမှတ် နေရင် သီလမဂ္ဂင်သုံးပါး (သမ္မာဝါစာ-ကမ္မန္တ-အာဇီဝ) အလိုလို ပါသွားပြီးသား၊ သီလ ဒီလောက် အရေးမကြီးပါဘူး” ဟု လည်းကောင်း အထင် ရောက်တတ်ကုန်၏။ အလိုလိုပါသည်ကား မှန်၏။ အမြဲရှုမှတ်ဖို့ကား မလွယ်။
သီလသည် လက်ခြေ (စရဏ) သဖွယ်ဖြစ်၏။ လက်ခြေမပါဘဲ ဘာကိုမျှလုပ်၍ မရ။ ပို၍ ထင်ရှားသည်မှာ စက်ဘီးစီးသူသည် လက်မငြိမ်လျှင်၊ အတက်အဆင်း ခြေနင်းမှ ခါးငြိမ်မှုမရှိလျှင် စီးသွား၍မရ။ ခြေ၊ လက်၊ ခါး နိုင်နင်းသွားလျှင် တစ်ချက် နင်းလိုက် ရုံဖြင့် သူ့ အရှိန်နှင့်သူ ပြေးသွားတော့သည်။ ခြေနင်းမှု၊ လက်ထိန်းမှု ကိစ္စ အထူး လုပ်ဖွယ်မလို။ အလိုလို အရှိန်၌ ပါသွားလေပြီ။ ဤသို့သာ မှတ်ယူ ကျင့်သုံး ထိုက်ကုန်၏။
သီးသန့် သီလအတွက် ကျေနပ်မှုကြီး တစ်ခုရအောင် နှုတ်ဖြင့် ကျကျနန ဆောက်တည်ပါ (သမာဒါနဝိရတီ)။ ပြန်လှန်စစ်ဆေးပါ (သီလာနုဿတိ)။ ဖြစ်ပေါ်လာသော သီးသန့် ကျေနပ်မှုကြီးသည် ဧရာမ ကုသိုလ်ကြီးပင်တည်း။
ဆရာတော်သည် ရင်းနှီးသော ဒကာများ ဆွမ်းအလှူပင့်လျှင် ကျေးငှက် တိရစ္ဆာန်များ၊ ခွေးများ၊ ပုရွက်ဆိတ်များကိုပါ တွင်းရှာ၍ ကျွေးမွေးရန် အမိန့်ရှိသည်။ ကျောင်းတွင် နေ့စဉ် ကျွေးမွေးရ၏။ ထန်းလျက်ရှိလျှင် ပုရွက်ဆိတ်တွင်းရှာ၍ ကျွေးခိုင်းသည်။ ခွေးစာမကျန်လျှင် ဆန်ကို ဆီခပ်ပြီး ကျိုချက်ကျွေးရ၏။ ကြွက်များကိုလည်း ကျွေးရသည်။ နွားလေ နွားလွင့်များအား ကောက်ရိုးဝယ်ကျွေးခိုင်း၏။
ယောဂီအတွက် သွားရင်းဟန်လွှဲ မဟုတ်ဘဲ တမင် “ပလိဗောဓ” ဖြစ်အောင် ကြောင့်ကြစိုက်ရခြင်းမျိုးကိုမူ ဆင်ခြင်သင့်၏။
“အာစိဏ္ဏကပ္ပေါ” (ဆရာလုပ်သမျှ အမှန်) ဟု တစ်ထစ်ချ မစွဲယူသင့်။
အာဂန္တုလာလျှင် သင်္ကန်းစသည် အပိုအလျှံရှိက ပေးလှူလေ့ရှိ၏။ ပစ္စည်းယူပေး ရသော ကိုရင် ဦးပဉ္စင်းများအား....
“ကြားထဲက မစ္ဆေရစိတ် မထားကြနဲ့၊ သာဓုမှ မခေါ်နိုင်တဲ့ ဘဝမျိုး ရောက်တတ်တယ်” ဟု ဆုံးမသည်။
ဘုရားဝတ်တက်၊ ဝတ်ကပ် လေးစားမှ ကြိုက်၏။ ဆရာတော်ကိုယ်တိုင် မိမိနေရာမှ အရပ်လေးမျက်နှာရှိ ရန်ကုန်ရွှေတိဂုံ၊ သီဟိုဠ်မဟာစေတီစသော ဘုရားများအား စုံအောင် ဆီမီးပူဇော် ရှိခိုးပြီးမှ ကျိန်းသည်။ တောင်ပေါ်၊ မြို့ပေါ်ရှိ ဘုရားများ ကိုလည်း အားလုံး ရည်မှန်း၍ ဆီမီးပူဇော်ရသည်။
တစ်ခါက အာဂန္တု၊ ဘုန်းကြီးတစ်ပါး ရောက်လာရာ....
“ဦးပဉ္ဇင်း၊ တစ်နေ့ ဘုရား ဘယ်နှစ်ကြိမ် ဝတ်ပြုသတုံး” ဟု မေးရာ နံနက် သုံးကြိမ် ည သုံးကြိမ်`ဝတ်ပြုကြောင်း လျှောက်ရာ- “ဆွမ်းဝတ်ကော ဘယ်နှစ်ဝတ် ရှိသတုံး” ဟု မေးပြန်လျှင် ဆယ်ဝတ်ရှိကြောင်း လျှောက်၍-
“ဦးပဉ္စင်းဟာ ဘုရားဝတ်တက်တာက ဆွမ်းဝတ်လောက်တောင် မများဘဲကိုး” ဟု မိန့်တော်မူသည်။
သက်တော် ၈၅-နှစ်ကျော်မှ ကျန်းမာရေးမျှတရုံ ကျိန်းစက်တော်မူ၍ အချိန်ရှိသမျှ စာပြန်ခြင်း၊ တရားရှုမှတ်ခြင်းဖြင့်သာ အချိန်ကုန်စေသည်။
“ကုသိုလ်ရအောင်နေ၊ ဝိတက်မဝင်စေနှင့်၊ စကားတစ်ခွန်းနှင့် တစ်ခွန်း အနိစ္စ မလွတ်စေနှင့်” ဟု ဆုံးမလေ့ရှိ၏။
---
တရားထူးရခြင်းနှင့် စပ်လျဉ်း၍
တစ်နေ့သောအခါ ဆရာတော် လမ်းလျှောက်နေခိုက် မဲဒင်ရွာမှ ဒကာတစ်ဦးက-
“အရှင်ဘုရားကို အနာဂါမ်လို့ ပြောနေကြပါတယ်ဘုရား” ဟု လျှောက်ရာ....
“အေး... ဟုတ်သားပဲ၊ ငါ့မှာ အနာခံပြီး လမ်းလျှောက်နေရတာ” ဟု မိန့်တော်မူ၏။ တရားထူးရမှုနှင့်စပ်၍ အထူးလျှို့ဝှက်တော်မူသည်။
တစ်ခါက ဗန့်ပွေးရွာမှ ဆရာတော်၏ တပည့် ရဟန်းလူထွက် တစ်ဦးက-
“ညအခါ တောင်ထိပ်ပေါ်က မြင်းတွေစီး၊ ထီးဖြူတွေဆောင်းကာ ဆင်းဆင်းလာပြီး ပျောက်ပျောက်သွားတယ်လို့ အိပ်မက်, မက်ပါတယ်” ဟု လျှောက်ရာ....
“မင်း နောက် သူများကို မပြောနှင့်” ဟု ပျံလွန်တော်မမူမီ နှစ်နှစ်ခန့်က တားမြစ်ဖူး၏။
ယခုအခါ စစ်ကိုင်းတောင်ရိုး အရှေ့ ပရက္ကမချောင်နှင့် အနောက် ပရက္ကမ ချောင်၌ “ရဟန္တာ” ဟု ကျော်ကြားသော အရှင်မြတ်နှစ်ပါးမှာလည်း ဆရာတော်၏ တပည့်များ ဖြစ်ကြသည်။
ပျံလွန်တော်မမူမီ နှစ်လ သုံးလခန့်တွင် ထိုအရှင်မြတ် နှစ်ပါး ကန္နီသို့ ခြေလျင် ကြွရောက် ကန်တော့ကြရာ....
“သံသရာဘဝ အဆက်ဆက်မှစ၍ ဤယနေ့ကျအောင် ကာယကံ၊ ဝစီကံ၊ မနောကံ အပြစ်များရှိပါက သည်းခံ ခွင့်လွှတ်တော်မူပါဘုရား” ဟု ကန်တော့လျှင်....
“အရှင်ဘုရားတို့ အပြစ် ဘုန်းကြီးအပေါ်မှာ မရှိပါဘူး၊ အရှင်ဘုရားတို့ကသာ ဘုန်းကြီး အပြစ်များရှိရင် သည်းခံကြပါ” ဟု မိန့်တော်မူ၏။ စကားရပ်၍ အတန်ကြာ စဉ်းစားနေပြီးနောက် ....
“အင်း... အားရအောင် ကန်တော့ကြဗျာ၊ နောက် ကန်တော့ဖို့ မလိုတော့ပါဘူး” ဟု ထူးထူးခြားခြား အမိန့်ရှိလိုက်၏။ ထို့နောက် မကြာမီ ပျံလွန်တော်မူသည်။ သက်တော်- ၈၈၊ ဝါဟော်-၆၈။
၁၃၂၈-ခုနှစ်၊ တန်ခူးလဆန်း တစ်ရက်နေ့ နံနက် ၁၁:၃၀ အချိန် ပျံလွန်တော်မူရာ ၁၃၂၉-ခုနှစ်၊ တန်ခူးလပြည့်နေ့ အန္တိမဈာပန ပူဇော်ပွဲ လုပ်ကြ၏။
“ငါ သေရင် ရက်လဲမထားနှင့်၊ ဘာမှလဲမလုပ်ကြနှင့်၊ ဆွမ်းလဲမသွတ်နှင့်” ဟု မှာတော်မူ၍ ဦးသံဝရ၊ ဦးဉာဏိက၊ ဦးရေဝတ၊ ဦးကဝိန္ဒ စသော တပည့်များက ထန်းရွက် မဏ္ဍပ် ထိုး၍ တရားပွဲ အကျွေးအမွေးများ ပြုလုပ်ကာ (ဘုန်းကြီးများ ကူပံ့ငွေ လက်မခံဘဲ) အပ်စပ်သောနည်းဖြင့် ပူဇော်ကြ၏။ အရိုးအိုး တည်ထား ကိုးကွယ်ကြသည်။ အရိုးဓာတ်စေတီကို စစ်ကိုင်းတောင်ရိုးအလယ် ပရက္ကမချောင် ၌လည်း တည်ထားသည်ကို ဖူးတွေ့နိုင်၏။ ဆရာတော်ဘုရားကြီး ပြုစုခဲ့သော ကျမ်းများမှာ အောက်ပါတို့ ဖြစ်၏။
- ၁။ ယောဂီပါရဂူကျမ်း (၁၂၈၅)၊
- ၂။ သစ္စပါရဂူကျမ်း (၁၂၉၃)၊
- ၃။ ဝိဝဋ္ဋပါရဂူနှင့် သရဏပါရဂူ၊
- ၄။ ဓမ္မဝိဒူ၊
- ၅။ သုဇနပါရဂူ၊
- ၆။ ဒဿနပါရဂူ၊
- ၇။ အာရဒ္ဓေါဝါဒ စာတမ်း၊
- ၈။ ဒိဋ္ဌိပဟာယက စာတမ်း
- ၉။ ကလျာဏုပ္ပါဒကျမ်း။
[မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ မောင်းထောင်ကြီးရွာ ယွန်းဆက် ကျောင်းတိုက် ဆရာတော် ဦးသောဘိတ အမိန့်ရှိချက်နှင့် ယောဂီပါရဂူ စသော ကျမ်းများအရ ဤမျှသာ ဖော်ပြကြည်ညိုစေရပါသည်။]
---
သိမ်တောင်-ဆည်ကြီး တောရ ဆရာတော် (၁၂၄၄ - ၁၃၂၁)
သိမ်တောင် ဆည်ကြီးတောရ ဆရာတော်ကား သိမ်တောင်ဂိုဏ်း ဒုတိယမြောက် ဆရာတော်ဖြစ်၏။ အင်းမကြီး ဆရာတော်၏ လက်ဦးတပည့်ကြီးလည်း ဖြစ်၏။ သာသနာပြုဘက် လက်ရုံးကြီး တစ်ဆူလည်း ဖြစ်သည်။
ဆည်ကြီးတောရ ဆရာတော်မှာ အင်းမကြီး ဆရာတော်၏ နည်းနာလက်ကျကို အတွင်းကျကျ ရရှိသကဲ့သို့ လယ်တီ၊ သေက္ချတောင် ဆရာတော်များနှင့် ဒလ ပျော်ဘွယ် ဆရာကြီး ဆရာသက်တို့ ထံမှလည်း တရားအမွေ ရရှိခဲ့သော ဆရာတော် ဖြစ်သည်။
ထို့ကြောင့် ဆရာတော်၏ “အရိယာ ဝိဇ္ဇာ မဂ္ဂ အလင်းပြကျမ်း” (၁၃၁၂-ခုနှစ်၊ ပ-အကြိမ်၊ ၁၃၁၆-ခုနှစ် ဒု-အကြိမ်နှင့် ပျံလွန်တော်မူခါနီး ရေးသားခဲ့၍ “ဗုဒ္ဓဓမ္မလောက-ဦးထွန်းလှအောင်က” ဈာပနပွဲ၌ ရိုက်နှိပ် လှူဒါန်းသော) “နိဗ္ဗာန်ပေါင်းချုပ် အဆီထုတ်” ကျမ်းစာငယ်များမှာ ပဋိပတ္တိ သာသနာအတွက် အလွန် ကျေးဇူးများလှ ပေသည်။
---
သျှောင်ကြီးဗွေနှင့် မတင်မကျ
ဆရာတော်သည် မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် (ထီးလှိုင်တိုက်) ရွှေတွင်းတူး ဆည်ကြီးရွာ၌ ၁၂၄၄-ခုနှစ် ဝါဆိုလပြည့်ကျော် ငါးရက် အင်္ဂါနေ့ ဖွားမြင်သည်။ မိဘများမှာ ကုန်သည် ဦးကျော့-ဒေါ်ကောင်း။
ထိုရွာအနီး၌ အနော်ရထာမင်း ဆည်ခဲ့သော ဆည်ရှိ၍ ထိုရွာကို ကျန်စစ်မင်း တည်ခဲ့ ကြောင်း၊ ဆည်ကြီး တောရ ဆိုသည်ကိုလည်း ကျန်စစ်မင်း၏ မိဖုရား “ခင်သန့်” ဖွားရာ ဇာတိဖြစ်သော ထီးလှိုင်ရွာ ယင်းမိဖုရား တည်ထားသော ရွှေဘုံသာစေတီ အနောက်တောင် တာငါးရာကွာ အရပ်၌ တည်ရှိကြောင်း ဆရာတော်ကိုယ်တိုင် ကျမ်းနိဂုံး၌ ရေးသားထားသည်။ ထိုတောရ၌ သဲဖြူခင်းထားသော သံတောင် တစ်ရာ ရှည်သည့် စင်္ကြံကျောင်းလည်း ရှိသည်။
သက်ရွယ်တော်ကြီးသောအခါ ယင်းစင်္ကြံရှိ တိုင်ကြီး တစ်တိုင်ကို ရွှေပိန်း ချထား၏။ ဆရာတော်၏ “ပထမ ဗောဓိဌာန” ဖြစ်သည်။
ဆရာတော်ကား လွယ်လွယ်ကူကူဖြင့် ရဟန်းပြုလာရသူမဟုတ်။ သုံးလေးနှစ် လွန်မှ ရဟန်းဖြစ်ရသည်။ အသက် နှစ်ဆယ်ကျော်လာသည်အထိ မိဘများနှင့် အတူ လုပ်ကိုင် စားသောက်၍ နေရရာ ရွာ၌ နေရသည်မှာ စိတ်မငြိမ်လှသဖြင့် မန္တလေးမြို့၌ သွားရောက် လုပ်ကိုင်၏။ သျှောင်ကြီးဗွေနှင့်ပင် နေသည်။
ထို့နောက် ရိုးသားဖြောင့်မတ်သည်ကို သိရသဖြင့် မိုးကုတ်မှ သူဌေး တစ်ယောက်က မွေးစားရာ မိုးကုတ်သို့ လိုက်ပါနေထိုင်ရသည်။ “အဲဒါ မင်းပစ္စည်းတွေပဲ” ဟု ဆိုကာ များပြားလှသော ကျောက်သံပတ္တမြားတို့ကို ပြပြီး ပျော်ရာပျော်ကြောင်း ချော့မော့ ထားသော်လည်း ထိုရတနာများကို လိုချင်စိတ် မရှိ။ မိုးကုတ်၌လည်း မပျော်။ ယိုအခိုက် သတင်းအရ ဖခင်ကြီး ဦးကျော့ လိုက်လာခေါ်၍ အရပ်သို့ ပြန်သွားရရာ မိုးကုတ်သူဌေးမှာ စိတ်မကောင်း ဖြစ်၍ ကျန်ရစ်ခဲ့ရသည်၊
ရွာရောက်သောအခါ၌လည်း စိတ်တွေ မငြိမ်ဘဲရှိနေရာ နောက်ဆုံး အင်းမကြီး တောကျောင်းကလေးသို့ ရောက်လာခဲ့၏။ အိမ်မပြန်တော့ပြီ။ သူပျော်သော နေရာကား လေးတိုင်စင် ထမ်းရွက်မိုး တောကျောင်းကလေးပင် ဖြစ်၍ မိဘများက ဇွတ်လာခေါ်သော်လည်း မလိုက်ဘဲ ငြင်းဆန်နေ၏။ သျှောင်ကြီးဗွေနှင့်ပင် အင်းမကြီး ဆရာတော်ထံ ကပ္ပိယ လုပ်နေတော့သည်။
အချိန်ကား ၁၂၈၆-ခုနှစ် ဝါတွင်းဖြစ်၏။ ဆရာတော်ရော မိဘများကပါ မည်သို့မျှ တား၍မရသည့်အဆုံး သူ့အလိုကို လိုက်လျောကာ ထိုနှစ် ဝါတွင်းမှာပင် ကိုရင်ကြီး ဇဝနအဖြစ်ဖြင့် လေးတိုင်စင် ကျောင်းကလေးမှာ နေရလေ၏။
(မန္တလေးတောင်ပြင် ထီးလင်းတိုက်၊ ဆရာတော်၏ တူမသီလရှင် ဆရာကြီး “အဘွားလေး” နှင့် ကျောက်ဆည်မြို့ ရှေ့နေ ဦးကာငြိမ်း ဒေါက်တာ ဒေါ်မမလေး တို့၏ ပြောပြချက်။)
ဆရာတော်၏ လက်ရေးမှတ်စု၌ အောက်ပါအတိုင်း ရေးထားသည်ကို ဖတ်ရှုရသည်-
(၁၂၆၈၊ တော်သလင်း လဆန်း ရှစ်ရက်၊ ရွှေတွင်းတူးကျောင်း ခဏ္ဍသိမ်၌ ပထမ ကမ္မဝါဆရာ မုံတောဂိုဏ်းထောက် ဦးမာလာ၊ ထနောင်းကုန်း ဂိုဏ်းထောက် ဦးဝိသုဒ္ဓ၊ တမာကုန်း သရက်ခြံ ဂိုဏ်းထောက် ဦးတေဇဝံသ သုံးပါးနှင့် ဥပဇ္ဈာယ် ထီးလှိုင်ဂိုဏ်းထောက် ဆရာတော်။ နေ့နာရီပြန် တစ်ချက်။ ၁၂၉၀-ပြည့်၊ ၂၃-ဝါရ။ ၁၂၆၈-ဝါတွင်း သာမဏေ လုပ်နေရ။ ၁၂၉၄၊ ၂၇-ဝါရ။)
---
ကမ္ဘာကို လွှမ်းမိုးနိုင်သော အင်အား
ဆရာတော်သည် ရဟန်းဖြစ်ပြီးနောက် ပရိယတ်ရော ပဋိပတ်ပါ တွဲ၍ အားထုတ်သည်။ လယ်တီဆရာကော်၊ သေကျွတောင် ဦးတိလောက ဆရာတော် များထံ၌လည်း နည်းခံကျင့်သုံး၏။ ထို့ကြောင့် လယ်တီဆရာတော် တရားစစ်ပုံ၊ ပေးပုံများကို “အရိယာ ဝိဇ္ဇာမဂ္ဂဒီပနီ” ၌ ရေးသား၍ မှတ်တမ်းတင်ထားသည်မှာ ကျေးဇူး များလှပါပေသည်။
၁။ လယ်တီဆရာတော် ဘုရားကြီးထံ စွန်းလွန်းမှ ဘုန်းကြီးနှင့် ဒကာများ တရားအစစ်ခံလာစဉ် “ငါ သောကာပန်ဖြစ်ပြီ” စသည်ဖြင့် မပြောသင့်၊ ဆရာ ကလည်း အဆုံးအဖြတ် မစောသင့်၊ မဂ်ညွန့်ချိုးရာ ရောက်ကြောင်း၊ အနုသယ ကိလေသာ သဘောကား သိမ်မွေ့၍ သမာဓိကြောင့် ငုပ်လျှိုး နေတတ်ရာ အရိယာ ဖြစ်ပြီ ထင်မှတ်ရသော်လည်း မဟုတ်ဘဲ ရှိတတ်ကြောင်း၊ ခုနစ်နှစ်ခန့် စောင့်ကြည့် သင့်ကြောင်း။
၂။ စစ်ကိုင်း မဟာဂန္ဓာရုံ ဆရာတော် လာရောက်ဖူးမြော် အစစ်ခံစဉ် ဗုဒ္ဓါ နုဿတိ ကမ္မဋ္ဌာန်း ပေးပုံ၊ ဗုဒ္ဓါနုဿတိမှ ဝိပဿနာ ကူးပုံအကြောင်း များကိုလည်း မှတ်တမ်းပြုထားသည်။
ဦးဇဝနသည် ရဟန်းဖြစ်၍မကြာမီ ပျဉ်းမနား အင်ကြင်းမြိုင်တောရ၌ လယ်တီ ဆရာတော်ထံ နည်းခံစဉ် ညနေပိုင်းသို့ ရောက်လျှင် ဆရာတော်ဘုရားကြီး တောကျောင်း, အပြင်ဘက် တောထဲသို့ ကြွကြွသွားသဖြင့် လိုက်၍ ကြည့်ချင်စိတ် ပေါ်ပေါက်လာ၏။ နောက်တစ်ရက် ဆရာတော်ကပင် “ မောင်ဇဝန၊ ငါနဲ့လိုက်ခဲ့” ဟု ဆိုကာ တောထဲသို့ ခေါ်သွား၏။ သင့်တော်ရာ နေရာ၌ တရားရှုမှတ် ကြရသည်။ အမှောင်ပျိုးစ အလုပ်ခွင်မှထ၍....
“မောင်ဇဝန၊ တို့များကွယ်... ဒီအာနာပါနကို လမ်းကုန်အောင် ဖမ်းနေတာ နှာခေါင်းပေါက် နှစ်ဖက်က လွှတ်လိုက်တဲ့ အလင်းဓာတ်ဟာ ဒီကမ္ဘာ လောက ဓာတ်ကြီး တစ်ခုလုံးကို ဆုံးအောင် လွှမ်းလို့ရတယ်ကွယ့်။ ဒါပေမယ့် ခက်တာက ဖြန့်ထားတဲ့ အလင်းကို ပြန်ပြီး ချုံ့လိုက်တော့ စည်းစည်းလုံးလုံးနဲ့ ကြည့်ပြီး မလာဘူး၊ အကွက်အကွက်နဲ့ ဆန်ကွဲ ကြဲနေသေးတယ်ကွ။
“ဒါကိုသာ နိုင်နင်းရင်ကွယ် ကမ္ဘာလောကဓာတ်ကြီး တစ်ခုလုံးကို နိုင်နင်းတော့ပါပဲ။ ကိုယ်လုပ်ချင်သလို လုပ်လို့ ရသွားပြီ။ အေး... မင်းလဲ ဒီမှာ နေရင် ငါ့လို ကြိုးစား” ဟု မိန့်တော်မူသည်။
---
ချင်းချောင်း နန်းသစ်တက်ပွဲမှ မေတ္တာ
၁၂၈၂-ခုနှစ် သထုံမြို့ ဇင်းကျိုက်တောင်၏ မြောက်ဘက် ကတွန်မိုင်းအတွင်း ချင်းချောင်းသူဌေးက ဆောက်လုပ်သော စံကျောင်း၌ လယ်တီ ဆရာတော် ဘုရားကြီး ဝါကပ်ရာ ဦးဇဝနလည်း လိုက်ပါသွားရ၏။ ထို၌ နေစဉ်-
“မောင်ဇဝန၊ ပညတ် ပရမတ်ခွဲပုံနှင့် အနုသယ ဓာတ်ကြီးအကြောင်း စာမသင်ဖူးတဲ့ လူတွေ သဘောပေါက်အောင် ဥပမာပြပြီး ကျကျနန ရေးစမ်း” ဟု ဆရာတော်ကြီးက အမိန့်ရှိ၍ ရေးစမ်းထားရာ ထိုစာကို အတူနေ ဦးဉေယျ ကိုယ်တော်က ဆရာတော်ကြီးအား သွားရောက် ဖတ်ပြရာ-
“အေး-ကောင်းသကွယ့်၊ အကျယ်ရေးဦး” မိန့်တော်မူသည်။ အကြောင်း အမျိုးမျိုးကြောင့် ၁၃၁၂-ခုနှစ် ကဆုန်လပြည့်နေ့ ရောက်မှသာ ရေးပြီးတော့သည်။
ထိုကျမ်း၌ အရိယဝိဇ္ဇာနှင့် လောကိယဝိဇ္ဇာ ခြားနားပုံ၊ လောကီ ဝိဇ္ဇာဓိုရ်ကြီးများ တန်ခိုးဖြင့် လိမ်လည် လှည့်စားကြပုံများကိုပါ အထူး ရေးသားထားသည်မှာ မှတ်သားဖွယ် ကောင်းလှ၏။ (ယင်း ၃၆၈။)
လယ်တီ ဆရာတော်ဘုရားကြီးသည်... ခုနှစ်လောက်က ရန်ကုန်မြို့တွင် ချင်းချောင်း သူဌေး ဆောက်လုပ်ထားသော ချင်းချောင်းနန်းတော် (ယခု ကမ္ဗောဇ ရိပ်သာ) ကြီး ပြီးစီး၍ နန်းသစ်ဖွင့်ပွဲ စံကျောင်းအဖြစ် လူရာ ဦးဇဝနလည်း လိုက်ပါလာရသည်။
ထိုအတွင်း ဒလပျော်ဘွယ် ဆရာသက်ကြီးထံ သွား၍ ပျော်ဘွယ် ဆရာသက်ကြီး ဇရပ်၌ ကံဒွါရ ပြေငြိမ်းရေးတရား ဟောရသည်။ (အကျယ်ကို “ဆရာသက်ကြီး” စာအုပ်၌ ကြည့်ပါ။) ရန်ကုန်သို့ ရောက်လျှင် ဆရာတော် ဘုရားကြီးက-
“ဒကာသက်တို့ဆီမှာ ဘာတရားတွေ ဟောခဲ့သလဲ” မေး၍ အကျိုးအကြောင်း လျှောက်ရာ ဆရာတော် ဘုရားကြီးကပင် နာချင်သည်ဆို၍ ဦးဇဝန ထပ်၍ ဟောပြရသည်။ သာဓုခေါ်တော်မူ၏။
ထို ကမ္ဗောဇဟော်နန်း ဖွင့်ပွဲ၌ လယ်တီဆရာတော်ဘုရားကြီး ညစဉ် တရား ဟောတော်မူရာ ပရိသတ်များ အလွန်စည်ကားလှသည်။ သို့ရာတွင် လူသာမန်တို့ နားမလည်နိုင်သော အနှောင့်အယှက် အခက်အခဲ တစ်စုံတစ်ရာ ရှိဟန် တူလေသည်။ အဘယ့်ကြောင့်ဆိုသော် တစ်ရက်နှစ်ရက် တရားဟောပြီးနောက် ဆရာတော် ဘုရားကြီးက-
“မောင်ဇဝနရေ၊ တို့များ ရှေ့က တရားဟောနေရင် မင်းက နောက်ကနေပြီ. “မှန်ကူကွက်” လိုက်ပေးစမ်းပါကွယ်” ဟု မိန့်တော်မူ၏။ (“မှန်ကူကွက်” ဆိုသည်မှာ မေတ္တာပွားပို့ခြင်းကို ဆိုလို၏။) ဦးဇဝနလည်း ဆရာတော်ဘုရားကြီး၏ အမိန့်အရ ခါတိုင်းထက် အထူးကြိုးစား၍ မေတ္တာ ဘာဝနာ ပွားပို့ရလေ၏။ တစ်ရက် နှစ်ရက်ရှိလျှင်-
“မောင်ဇဝန၊ မင့် မှန်ကူကွက်က တယ် ထိရောက်ပါကလားဟေ့၊ ဘယ်လိုပို့သလဲ ဆိုတာ တို့များကို အသေးစိတ်လုပ်ပုံ လျှောက်စမ်းပါဦး၊ လူရှင်းတုန်း”
ကမ္ဗောဇနန်းတော် အခန်းတစ်ခုထဲ၌ လူသူရှင်းခိုက် ဆရာတပည် ဝမ်းသာအားရ တရင်းတနှီး ပြောဆိုကြသည်။ ဦးဇဝနက အောက်ပါအတိုင်း မေတ္တာပွားပုံကို လျှောက်ရသည်။ “ဆရာတော်ဘုရား၊ တပည့်မှားရင်လဲ ပြင်ပေးပါ။ တပည့်တော် သည်အတိုင်းပဲ အမြဲပွားပို့ ပါတယ်။ ဆရာတော်အမိန့်ရှိတော့ ခါတိုင်းထက် ပိုပြီး ကြိုးစားပါတယ် ဘုရား”
“ပထမဆုံး တရားဟောတော်မူနေတဲ့ ဆရာတော့်မျက်နှာ ကိုယ်ဟန်ကအစ သိမ်းခဲ့ပြီး ပို့ပါတယ်။ နောက် ဒီပွဲမှာ ပဓာနဖြစ်ကြတဲ့ ချင်းချောင်း ဒကာကြီး ဒကာမကြီးများ ဝေယျာဝစ္စ ဆောင်ရွက်တဲ့ လူများအားလုံး၊ နာမည်သိတဲ့လူ နာမည်ကိုပါ ပါးစပ်ကရွတ်ပြီး ပို့ပါတယ်။ နာမည်မသိတဲ့ ပရိသတ်ကိုလဲ ခွဲဝေခြုံငုံပြီး ပို့ပါတယ်။ နောက် ထုံးစံအတိုင်း ဒီအနီးအနားရှိတဲ့ နတ်တွေကအစ လောကဓာတ် တစ်ခုလုံးအထိ ဖြန့်လိုက် ချုံ့လိုက် ပွားပို့ပါတယ် ဘုရား”
“အေး-ဟုတ်ပြီ၊ ဒါက ပရိက,ဥဂ္ဂဟ သဘောကိုး၊ ပို့တဲ့စကား အဓိပ္ပာယ်က -
“မှန်ပါ အရှင်ဘုရား၊ လျှောက်ပါ့မယ်။ ပုဂ္ဂိုလ်တိုင်းကို ဒွါရခြောက်ပေါက် ကနေ အတွင်း အာယတန ပသာဒခြောက်ပါးကို စိတ်ထဲက မှန်းပြီး၊ စူးစိုက်ထားပြီး စက္ခုပသာဒ၊ စက္ခုဝိညာဏ်က စပို့ပါတယ် ဘုရား” ဟု အောက်ပါ မေတ္တာပွားပုံကို လျှောက်ရာ လယ်တီ ဆရာတော်ဘုရားကြီးက-
အေး... ဒါ့ကြောင့် ခရီးရောက်တာကိုးကွယ့်၊ နေရာကျလိုက်လေး သာဓု၊ သာဓု” ဟု ကောင်းချီး ပေးတော်မူလေသည်။
---
အကြည်ဓာတ် ၆-ပါး မေတ္တာပွားပို့နည်း
၁။ စက္ခု ... (မိမိ၏ မျက်စိအကြည်ဓာတ်၊ မျက်စိဝိညာဏ် ဘေးရန် ခပ်သိမ်း ကင်းငြိမ်း ချမ်းသာသလို) မည်သူမည်ဝါ၏ သို့မဟုတ် သတ္တဝါတို့၏ (အရှေ့ အနောက် မည်သည့် ပုဂ္ဂိုလ်၊ မိမိ သတ်မှတ်ထားသည့်အတိုင်း ရည်ညွှန်း၍) မျက်စိ အကြည်ဓာတ်၊ မျက်စိဝိညာဏ် ဘေးရန်ခပ်သိမ်း ကင်းငြိမ်း ချမ်းသာပါစေ။
၂။ သောတ ... နားအကြည်ဓာတ် နားဝိညာဏ် ဘေးရန် ခပ်သိမ်း ကင်းငြိမ်း ချမ်းသာပါစေ။
၃။ ဃာနာ ... နှာခေါင်း အကြည်ဓာတ်, နှာခေါင်း ဝိညာဏ်...။
၄။ ဇီဝှာ... လျှာအကြည်ဓာတ်, လျှာဝိညာဏ်.....။
၅။ ကာယ... ကိုယ်လုံးအကြည်ဓာတ်, ကိုယ်လုံးဝိညာဏ်....။
၆။ မနောဒွာရ.... မနောအကြည်ဓာတ်, မနောဝိညာဏ် ဘေးရန် ခပ်သိမ်း ကင်းငြိမ်း ချမ်းသာပါစေ။
ဤ မေတ္တာပွားပုံ နည်းသည် ပို့ရင်းပို့ရင်း ပို့လိုရာ (မေတ္တာဓာတ် စေလွှတ်လိုရာ သို့ ထိထိခိုက်ခိုက် ပို့လွှတ်နိုင်၏။ အပို့ခံရသူ၏ ပုံပန်းသဏ္ဌာန်ကို တမင်ကြိုးစား၍ ပုံဖော် စိတ်ညွှတ်ရန် မလိုတော့ဘဲ ဒွါရခြောက်ပေါက်, အကြည်ဓာတ် ခြောက်ပါးက နေ၍ ကိုင်လိုက်သောအခါ ထိုသူ၏ ပုံပန်းသဏ္ဌာန် မပေါ်ဘဲနေ၍ မရပြီ။ လွယ်လွယ်ပင် ပေါ်ထင်လာရ၏။
ယင်းသို့ ပေါ်ထင်လာရာ၌လည်း သတ္တဝါတစ်ဦး၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် အချက်အခြာ ပဓာနကျသော သုခုမရုပ် အကြည်ဓာတ် (ပို၍ အပေးအယူ လုပ်နိုင် သဖြင့် စွမ်းအင်သတ္တိ ရှိသော ရုပ်နု) များကိုချည်း ဆုပ်ကိုင်လိုက်သည်ဖြစ်၍ မေတ္တာ အပို့ခံရသူ၌ ပို့သူ၏ မေတ္တာဓာတ်လှိုင်းများ အပြည့်အဝ ဝင်ရောက် ထိဆိုက် သွားနိုင်လေသည်။ (ရုပ်ဟု ဆိုသော်လည်း ပညတ်ကိုသာ အာရုံပြု၏။)
ပရမတ်ဓာတ်ကြီး ခြောက်ပါး၊ အကြည်ဓာတ် ခြောက်ပါးကို ရှုပွားသော ဝိပဿနာ လုပ်ငန်းစဉ်နှင့်လည်း အပေးအယူ အဆက်အစပ်မိကာ အံဝင် ခွင်ကျ ဖြစ်သော မေတ္တာပွားနည်း ဖြစ်၍ ကြိုးစားပွားပို့ ကြရာ၏။ အင်းမကြီး ဆရာတော်က မေတ္တာ ဘာဝနာကို အထူး ဟောပြောပြသည် ဆိုခြင်းနှင့် ယင်း ဆရာတော်၏ အန္တ ရာယ် လွန်မြောက်ပုံ၊ လာဘ်လာဘ ပေါများပုံတို့ကို ထောက်၍ အင်းမကြီး ဆရာတော် ညွှန်ပြသော နည်းဟု ယူဆရသည်။ အတပ်မဆိုသာ။ (ကျွန်ုပ်တို့ရေးသော မေတ္တာ ဝါဒ၌ အကျယ်ရှု။)
---
သာသနာပိုင်ကြီးအား အလုပ်တရား ဟောရခြင်း
ဆည်ကြီး တောရ ဆရာတော်သည် ၁၃ဝဝ-ပြည့်နှစ်လောက်က မန္တလေးမြို့ တောင်ခွင် သာသနာပိုင် ဆရာတော်ဘုရားကြီးထံ သွားရောက် ကန်တော့၏။ ဆရာတော်၏ ဦးမင်းတော် ဆရာဦးမှင်ခဲသည် စာတတ်ပေတတ် ပုဂ္ဂိုလ်ကြီး ဖြစ်၍ တောင်ခွင် သာသနာပိုင်ကြီးနှင့် စာသင်ဘက် ဖြစ်သည်။
ထိုစဉ်က သာသနာပိုင်ကြီးမှာ မျက်စိအလင်း ရတော်မမူတော့ပြီ။ စာသင်ဘက် ဦးမှင်ခဲ ကွယ်လွန်ကြောင်း ကြားသိရသောအခါ စိတ်မကောင်း ဖြစ်ပြီးလျှင်-
“သိမ်တောင်ဆရာတော်၊ သည်အနား တိုးခဲ့စမ်းပါ” ဟု ဆိုကာ ဆရာတော်၏ လက်ကို ကျစ်ကျစ်ကိုင်၍ ဆရာကြီး ဦးမှင်ခဲနှင့် တွေ့ရသကဲ့သို့ ထင်မှတ်ကြောင်း မိန့်ဆိုတော်မူသည်။
“သိမ်တောင် ဆရာတော်၊ တပည့်တော်ကို တရားဟောတော်မူပါ” ဟု တောင်းပန်ရာ သိတော်မူပြီးဖြစ်၍ သည်းခံပါရန် အကြိမ်ကြိမ် ငြင်းဆန်သော်လည်း မရသဖြင့် အင်းမကြီး, လယ်တီ, သေက္ချတောင် ဆရာတော်များ ညွှန်ပြသည့်အတိုင်း အပြည့်အစုံ ဟောပြ ပေးတော်မူရသည်။
ထိုအခါ သာသနာပိုင်ကြီးမှာ လွန်စွာအားရတော်မူလှ သဖြင့် သာဓုခေါ်ကာ- “ဒီည ဒီမှာ သီတင်းသုံးပြီး ညကိုလဲ ဆက်ဟောပါဦး ဆရာတော်၊ နာပရစေဦး” ဟု တောင်းပန်၍ တစ်ညအိပ်ပြီး ဟောရပြန်သည်။ သာသနာပိုင်ကြီးကလည်း-
“တပည့်တော်ကို အရှေ့ပြင် ပိဋက သုံးပုံဆောင် ခင်မကန် ဆရာတော်ဘုရားကြီး ဦးခါးက တရားအားထုတ်ရန် အမိန့် ရှိသည်မှာ နေ့ကို အာလောက ကသိုဏ်း ကြည့်၊ ညကို တေဇောကသိုဏ်း ကြည့်ရမည်။ ဥဂ္ဂဟနိမိတ်, ပဋိဘာဂနိမိတ် လွန်စွာ ထင်လွယ်သည်ဟု အမိန့်ရှိ၍ ကြည့်ခဲ့ဖူးပါသည်။ အမိန့် ရှိသည့်အတိုင်း အားထုတ် သောအခါ ရလွယ်ပေသည်” ဟု ပြန်လည် အမိန့်ရှိတော်မူ၏။
သာသနာပိုင်ကြီးက ထပ်မံပင့်ခေါ်၍ နောက်တစ်ကြိမ် သွားရောက် ဟောပြောရ သေးသည်။
(တစ်နည်းအားဖြင့် ဆရာတော်၏ တရားအင်အားကို ခန့်မြော်နိုင်ကောင်း၏။)
---
သီသီကလေးနှင့် လွဲမှားတတ်သောတရား
သမထ ဝိပဿနာ အလုပ်သည် သီသီကလေးနှင့် လွဲမှားတတ်လေသည်။ ဆရာတော် ဘုရားကြီးသည် ဆရာကောင်းကြီးများကို အမှီရတော်မူသဖြင့် ပဋိပတ္တိ လောက၌ အားထားထိုက်သော ဆရာမြတ် တစ်ဆူ ဖြစ်တော်မူပါပေ၏။
ထိုကဲ့သို့သော စွယ်စုံ အရှင်မြတ်ကြီးများပင်သော်မှ ရံခါ ရုတ်တရက် အဆုံးဖြတ်ရ ခက်သော လှည့်စားမှုကလေးများနှင့် တွေ့ကြုံရတတ်ပေသည်။ တရားထူး မရ ဘဲလျက် ရလေဟန် အထင်မှား၊ အမြင်မှား (အဓိမာန-ဖြစ်ခြင်း, အမွှေဓာတ် ဝင်ခြင်း)များ ဖြစ်တတ်ပုံကို “နိဗ္ဗာန် ပေါင်းချုပ်ကျမ်း” ၌ ရေးသားထားသည်ကို နောက်ဆက်တွဲအဖြစ် မူရင်းအတိုင်း ဖော်ပြထားပါသည်။ ယောဂီတိုင်း သတိမူကြရန် ဖြစ်ပါ၏။
(ဆရာတော် ဘုရားကြီး၏ မှတ်စု လက်ရေးစာအရ လည်းကောင်း၊ ဦးကာငြိမ်း စသူတို့၏ ပြောပြချက်အရ လည်းကောင်း၊ လောကီ တန်ခိုးရှင်များနှင့် တွေ့ပုံ၊ နာနာဘာဝများနှင့် တွေ့ပုံ၊ သိမ်တောင် ဘုရား မတည်မီက ဓာတ်တော်များ ရောင်ခြည် ကွန့်မြူးပုံ၊ ကျောင်းအမိုး ပြိုကျမည်ကို ကြိုတင်သိမြင်၍ ရုတ်တရက် တပည့်များကို ခေါ်ပြီး အပြင်ကြွသွားပုံ စသော ထူးဆန်းအံ့သြဖွယ်၊ ကြည်ညို ဖွယ်များမှာ လူတိုင်းလည်း သဘောကျ သက်ဝင်နိုင်မည် မဟုတ်၍ မရေးလိုက် တော့ပြီ။)
---
ထူးခြားသော မှတ်တမ်း လက်ရေးမူ
ပြဆိုခဲ့သည့်အတိုင်း ဆရာတော်ဘုရားကြီး အကြောင်း အားလျော်စွာ ဗလာစာအုပ် များ၌ ခဲတံဖြင့် မှုန်တိမှုန်ဝါး ရေးသားထားသည်များကို ဖတ်ရှုရရာ ရှေးလူကြီးများ၏ စပ်စပ်စုစု မှတ်သားထားတတ်ပုံများကို တွေ့မြင်ရသည်။
အနာဂတ် သာသနာ အကြောင်းများလည်း ပါ၏။ တရားအကြောင်း ရေးထား သည်မှာ အများဆုံး ဖြစ်သည်။ အဆိုပါ တိုတိုထွာထွာ မှတ်စုမှတ်ရာတို့ကွင် အောက်ပါ စာတစ်ပိုဒ်သည် စိတ်ဝင်စားဖွယ် အကောင်းဆုံး ဖြစ်၏။
ထိုစာပိုဒ်တွင် လောကတ္ထ စရိယာ အမျိုးသားရေး ကိစ္စလည်း ပါ၏။ ဆရာတော်၏ တရားနှင့် စပ်သော ပုဂ္ဂလိကရေးရာလည်း ပါ၏ဟု ယူဆရပေမည်။
၁၃ဝ၈-ခု၊ နတ်တော်လပြည့်၊ တနင်္ဂနွေနေ့ ည လ, ငပုပ် ဖမ်းသည်။ အထူး မြန်မာလူမျိုးများ ကောင်းမည်။
၎င်းလပြည့်ကျော် သုံးရက်၊ ဗုဒ္ဓဟူးနေ့၊ ဘုရားဖြစ်၍ မာရ်ငါးပါး အောင်တော်မူ သောနေ့၊ သံဃာတော် ၃၁-ပါးတို့ကို သံဃာ့ဒါန ဆွမ်း လုပ်ကျွေးပြီးလျှင် ဆည်ကြီး တောရ ရေသိမ်၌ အာန ကံဆောင်၍ ထမြောက်အောင်မြင်၍ အထွတ်အထိပ်သို့ ရောက်လေသည်။
(ဤစာသည် မည်သည့် အကြောင်းအရာနှင့်မျှ မဆက်စပ်၊ သီးသန့် တစ်နေရာ စာတစ်ရွက်၌ ရေးထားသည်။)
သိမ်တောင်တောရ ဂိုဏ်းကြီး၏ ဒုတိယ နာယက သြဝါဒါစရိယ ဖြစ်တော်မူသော ဆည်ကြီးတောရ ဆရာတော် ဘုရားကြီးသည် သက်တော် ခုနစ်ဆယ့်ရှစ်နှစ် (၇၈) အရ ၁၃၁၂-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄-ရက်နေ့၊ နံနက် ခုနစ်နာရီအချိန် စုတိကမ္မဇရုပ် ချုပ်ငြိမ်းတော်မူ၍ ပြာသိုလပြည့်နေ့ စတုဒိသာ ကျွေးမွေး၍ သက်တော်စေ့ သင်္ကန်းဒွိစုံ လှူဒါန်းခြင်း၊ တရားပူဇော်ခြင်းများဖြင့် အန္တိမဈာပန ပွဲသဘင် ဆင်ယင်ကြလေသတည်း။
ရဟန္တာမကလေး
[ဝီတိက္ကမကိလေသာ ကွယ်ငုပ်စဉ် အရိယာ ထင်သော သာဓက ဝတ္ထုများ]
ယခုအခါ တရား အားထုတ်ကြသော ရဟန်းရှင်လူ သီလရှင်အပေါင်းတို့ အထူး သတိပြုရန် အချက်ကြီးများကို ဖော်ပြပေအံ့။
စာပေကျမ်းဂန် တတ်သိလိမ္မာကြပြီးသော ရဟန်းတော် ဆရာတပည့်နှစ်ပါးသည် တရားကို သက်စွန့် ကြိုးပမ်း အားထုတ်တော်မူကြရာ မဂ်လေးပါး ဖိုလ်လေးပါးကို ရပြီဟု ထင်မှတ်ကြ၍ ဆရာတပည့် နှစ်ဦးသဘောတူ ဆုံးဖြတ်ထားကြပြီး ယခု ကျမ်းစာရေးသော ဆရာတော်ထံလာ၍ လျှောက်ထားသောကြောင့် ဒိဋ္ဌ တွေ့ရပေသည်။ ဆရာတော်က ပြန်၍ အမိန့်ရှိသည်မှာ....
“တရားအားထုတ်သော ယောဂီပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်သည် လွန်စွာထက်မြက် စူးရှ၍ ရင့်သန်အားကောင်း နေသည့်အခါ ရုပ်,နာမ်အပေါ်၌ လွန်စွာ ဒုက္ခ ထင်မြင်သော ဒဏ်ချက်ကြီးနေသောကြောင့် ကာယကံ-ဝစီကံ ကျူးလွန် သောင်းကျန်းသော ကိလေသာနှင့် မနောကံဘုံ၌ ဖြစ်သော ပရိယုဋ္ဌာန ကိလေသာတို့သည် ကွယ်ငုပ်နေတတ်သည်။
ယောဂီပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ် ထက်သန် အားကောင်းနေသမျှ ကာလပတ်လုံး တစ်လ...ငါးလတစ်နှစ်...ခုနစ်နှစ် စသည်ဖြင့် ဝီတိက္ကမကိလေသာတို့သည် ကွယ်ငုပ် နေတတ်သည်။
“အနုသယ ကိလေသာကို မဂ်ဖြင့် တကယ်မပယ်သေးဘဲ မိမိစိတ်က “အဓိမာနဖြစ်၍ ဆုံးဖြတ်ထားတတ်သည်” ဟု (ကျေးဇူးရှင် လယ်တီ ဆရာတော်ဘုရားကြီးက ဆုံးမတော်မူဖူးကြောင်းကို) တရားသဖြင့် ဟောပြောလိုက်ပေသည်။
ထိုကဲ့သို့ ဟောပြောသော်လည်း မိမိတို့ ထင်မြင်ချက်ကို မလျှော့သေး။ ထို့နောက် ဆရာတပည့်နှစ်ပါးတွင် တပည့်ဖြစ်သော ရဟန်းနှင့် တရားအားထုတ်သော ယောဂီ ပုဂ္ဂိုလ် တစ်ယောက် တွေ့ကြရာ တရားအားထုတ်ရာ၌ မိမိတို့ ဖြစ်ပျက်ပုံ အလုံးစုံကို သုံးရက် လေးရက် ဆင့်၍ နှီးနှောဆွေးနွေး ကြသောအခါကျမှ မိမိတို့ မဂ်လေးဆင့် ဖိုလ်လေးဆင့် ဆုံးဖြတ်ထားသည်ကို မဟုတ်ကြောင်းသိ၍ ဆရာတပည့် တရားကို ပြန်အားထုတ်ရသည်ကို ဆရာတော်အား ပြန်၍ တစ်ဖန် လျှောက်ထားသောကြောင့် သိရပြန်သည်။
ထို့ပြင် တစ်ရပ် ရသေ့ဥပါသိကာမတစ်ယောက်နှင့် လူဝတ်ကြောင် ဥပါသိကာမ တစ်ယောက်၊ ထိုနှစ်ယောက်သော ယောဂီပုဂ္ဂိုလ်တို့တွင် ရသေ့မကလေးကို ဆရာက မဂ်လေးဆင့် ဖိုလ်လေးဆင့်တက်၍ “ရဟန္တာမ” ဖြစ်နေပြီဟု ဆုံးဖြတ်ပြီး တစ်ကျောင်းတိုက်လုံးရှိ ရဟန်း-ရှင်လူသီလရှင်များကို ခေါ်၍ ရှိခိုးခိုင်းသည်။ မယုံကြည်၍ ရှိမခိုးကြပေ။
ထိုအကြောင်းကို ဆရာတော်ထံ လာလျှောက်၍ သွားစစ်ရာကြောင့် ဒိဌ တွေ့ဖူးရလေသည်။
ထို့ပြင် လူဝတ်ကြောင် ဥပါသိကာမ ယောဂီ ပုဂ္ဂိုလ်တစ်ယောက်သည် တရားကို သက်စွန့် ကြိုးပမ်း အားထုတ်ပြီး ဝိပဿနာဉာဏ် လွန်စွာရင့်သန် အားကောင်း လာသောအခါ ကြမ်းတမ်းသော ကိလေသာတို့သည် ကွယ်ငုပ်နေသောကြောင့် မိမိစိတ်သည် လွန်စွာ စင်ကြယ် တည်ကြည်လှသဖြင့် “အဓိမာန” ဖြစ်၍ မိမိ ကိုယ်တိုင် မဂ်လေးဆင့် ဖိုလ်လေးဆင့် ရပြီဟု ဆုံးဖြတ်ပြီးလျှင် လာသမျှ ရဟန်း ရှင်လူ အပေါင်းတို့ကို တရားဟောနေရာ ရက်- လပေါင်း အတော်ကြာမှ ဆရာတော်ထံ ဝန်ထောက်ကတော် တစ်ယောက်နှင့် ထိုယောဂီမ၏ အစ်မများက တရားနှီးနှောရန် ခေါ်လာ၍ တွေ့ရပေသည်။
ကိုယ်ရုံမှာ သီလရှင်များ ကိုယ်ရုံထက် အသွေးရင့်သည်။ ဆရာတော်နှင့် အတောင် ငါးဆယ်လောက် ကွာသော အရပ်မှ လာနေသည်မှာ နာရီဝက်လောက် ကြာလိမ့်မည် ဟု ထင်ရပေသည်။ သတိပဋ္ဌာန်အချိုးကျကျ စိတ္တုပ္ပါဒ် အစဉ်အတိုင်း မှတ်၍ လာနေသည်။ ထိုယောဂီမ၏ အမူအရာ မြင်ရသည်မှာ လွန်စွာ ကြည်ညိုဖွယ် ဖြစ်ပေသည်။ ဆရာတော့် ရှေ့ ရောက်သောအခါ ဝတ်ချနေသည်မှာ မပြီးနိုင်အောင် ဖြစ်ပေသည်။ ထိုယောဂီ ဥပါသိကာမလေးကို ဆရာတော်က-
“ယောဂီ ဥပါသိကာမကလေး။ မိမိအားထုတ်သော တရားများကို ကြည်ညိုလို၍ လျှောက်စေလိုသည်” ဟု အမိန့်ရှိရာ အစ-အလယ်-အဆုံး သုံးပါးလုံး ပြေပြစ် သိမ်မွေ့ နက်နဲစွာ လျှောက်ထားနေသည်မှာ နှစ်နာရီထက်မနည်း ကြာလိမ့်မည် ဟု ထင်မိပေသည်။ ဂေါတြဘူဇော၊ မဂ်ဇော၊ ဖိုလ်ဇော ဖြစ်ပေါ်ပုံနှင့်တကွ မဂ်လေးဆင့် ဖိုလ်လေးဆင့် ဖြစ်ပေါ်ပုံများပါ လျှောက်ထားလေသည်။
(ဆရာတော် အထူး ကြည်ညို၍ သာဓု-သာဓု-သာဓု သုံးကြိမ် ခေါ်မိလေ တော့သည်။)
လျှောက်ထားသလောက် မဟုတ်သေးသော်လည်း ပုထုဇဉ် အနွယ် ပြတ်လောက်ပြီ ဟု ယုံကြည်ပေသည်။ အဘယ့်ကြောင့်ဆိုသော် ဝိပဿနာအရာမှာ ထိုမျှလောက် သိမ်မွေ့ နက်နဲသော အရာဌာနများကို ချောမောစွာ သဘာဝဓမ္မကျအောင် အစ,အလယ်,အဆုံး အစစ်ခံနိုင်သော ပုဂ္ဂိုလ် မတွေ့ ဖူးသလောက် ဖြစ်ပေသည်။ သို့အတွက် ဆရာတော်က သာဓု ခေါ်မိပေသည်။ တကယ် အစစ်ခံသည့်အတိုင်း ရဟန္တာမ, ဖြစ်ခဲ့လျှင် ယခုလောက် ရက်လ-ကြာအောင် မနေနိုင်ဟု စာနှင့် တိုက်ကြည့်ပေသည်။
ထို့နောက် ဆရာတော်က အနုသယ ခုနစ်ပါးသည် ၃၁-ဘုံ၌ ခန္ဓာငါးပါးကို ဖြစ်စေတတ်သော မျိုးစေ့ အစစ်အမှန် ဖြစ်ကြောင်းနှင့်တကွ အနုသယများ၏ သဘာဝ ဓမ္မငုပ်ကိန်းပုံ ဖြစ်ပေါ်ပုံများကို သေချာကျနစွာ ဟောပြပေးသည်။ အနုသယ၏ သဘာဝ ဓမ္မများကို အလျင်က မနာဖူးသေးသောကြောင့် အထူးသဖြင့် သဘောကျသွားပေသည်။
ထိုယောဂီ ဥပါသိကာမလေးသည် တရားဟောပြီးနောက် နှစ်နှစ်လောက် ရှိသော အခါ လူတို့၏အမူအရာ ပုတီး လက်ကောက် စသော အဆင်တန်ဆာများ အပြည့်အစုံ ဝတ်ဆင်၍ အလှူတစ်ခုမှာ သံဃာတော်များအား လှူဒါန်းနေသည်ကို ဆရာတော်ကိုယ်တိုင် တွေ့မြင်ရရာ ဆရာတော်မှာ များစွာ သံဝေဂဖြစ်မိပေသည်။ နောက်မှ စဉ်းစား၍ “ဘုရား လက်ထက်တော်က သောတာပန် ကျောင်းအမကြီး “ဝိသာခါ” ကဲ့သို့ ဖြစ်နေမလား မသိရ ဟု စိတ်ကိုဖြေရပေသည်။ ထိုနောက် အိမ်ထောင်ပြု၍ သားသမီးတွေနှင့် ဖြစ်ကြောင်းကို သူ၏မိတ်ဆွေ ဝန်ထောက် ကတော်ကြီးကပြော၍ သိရပြန်သည်။
“မဂ်ဖိုလ်လေးဆင့်ရပြီ” ဟု ဆရာက ဆုံးဖြတ်ထားသော ရသေ့မကလေးလည်း ထို ယောဂီမကလေးနှင့်တူစွာ အိမ်ထောင်ပြုသွားသည်ကို သူ၏အစ်မရင်းက ဆရာတော် ကို လျှောက်ထား၍ သိရပေသည်။ ဆုံးဖြတ်သောပုဂ္ဂိုလ်သည် တရားအားထုတ် နေသော ဆရာကောင်း တပည့် စာတတ်ပုဂ္ဂိုလ်ဖြစ်၍ ဆရာတပည့် “မဂ်လေးဆင့် ရပြီ” ဟု သဘောတူ ဆုံးဖြဟ် ထားသော ပုဂ္ဂိုလ်ကြီးပင် ဖြစ်သည်။
သို့အတွက် ယခုအခါ တရားအားထုတ်ကြသော ယောဂီပုဂ္ဂိုလ်အပေါင်း သူတော်ကောင်း တို့သည် ယခုရေးသား ဖော်ပြခဲ့သော အချက်ကြီးများကို သတိ တရားကြီးစွာထား၍ စဉ်းစား ကြစေလိုသည်။ ဆိုခဲ့ပြီးသော အရာမျိုး၌ ဆရာရော တပည့်ပါ သဘာဝဓမ္မကို ပိုင်ပိုင်နိုင်နိုင် သိဖို့ရန် လွန်စွာ ခဲယဉ်းလှပေသည်။
ထို့ကြောင့် “ဥပရိပဏ္ဏာသ ပါဠိတော်၊ မဇ္ဈိမပဏ္ဏာသ ပါဠိတော်” ကြီးများ၌ ဟောကြား ဆုံးမတော်မူသော အရိယာ ဖြစ်ခြင်း အင်္ဂါများကို စေ့စေ့စပ်စပ် ကြည့်ရှုမှတ်သားပြီးမှ မိမိသန္တာန်၌ ပယ်ပြီးသော တရားများတွင် “ဘယ်တရားများကို အကြွင်းအကျန်ရှိ ပယ်အပ်ပြီးလေပြီ။ ဘယ်တရားများကား ဝိပဿနာ ရင့်သန်နေဆဲ ဖြစ်၍ တဒင်္ဂ အားဖြင့် ကွယ်ငုပ်နေကြသည်” ဟု အမြင်မှန်ရအောင် ဉာဏ်ဖြင့် အဖန်ဖန် သုံးသပ် ဆင်ခြင်အပ်လှပေသည်။
ထိုသို့ သုံးသပ်ဆင်ခြင်မှု မရှိသဖြင့် ဝိပဿနာ ဉာဏ်အမြင် အားနည်း၍ ဗဟိဒ္ဓ၌ လွန်စွာ ချစ်ခင် နှစ်သက်ဖွယ်ရှိသော အာရုံငါးပါးတို့နှင့် တွေ့မြင်ထိခိုက် လုံးထွေး မိကြသော အခါ တစ်ဖန်ပြန်၍ စိမ်းရှင်ခြင်းငှာမဖြစ်နိုင်၊ အသေကြီးပဲဟု မှတ်ထင် လောက်အောင် တစ်နွေလုံး ခြောက်နေသော သစ်ပင်ကြီးသည် မိုးရွာ၍ ရေသောက်မြစ်ကို ရေနူးနူးနပ်နပ် စိုလာသောအခါ ရေသောက်မြစ်မှ တစ်ပြန်၍ ဓာတ်ဆီသြဇာတက်ပြီးလျှင် အညွန့်၊ အရွက်၊ အခက်၊ အလက်၊ အပွင့်၊ အသီးတွေ ပင်လုံးကျွတ် ဝေဆာအောင် ထွက်ပြီး စိမ်းရှင်ခြင်း အဖြစ်သို့ တစ်ဖန် ရောက်၍ လာပြန်သကဲ့သို့ ထိုသစ်ပင်နှင့်မခြား ယောဂီပုဂ္ဂိုလ်တို့ စိတ်မှာ တဒင်္ဂအားဖြင့် ကွယ်ငုပ်နေသော အနုသယများကို ဆရာတပည့်ဖြစ်သူတို့ စိတ်မှာ တကယ်ပင် အမြစ်ပြတ်လေပြီဟု ထင်မှတ်၍ သဘောတူဆုံးဖြတ်ထားကြသည်ကို ဆရာတော် ကိုယ်တိုင် တွေ့ဖူးသဖြင့် ထင်ရှားစွာ ရေးသားပြခဲ့လေပြီ။
(၎င်းသာဓက ဝတ္ထု အတ္ထုပတ္တိများကို တွေ့ ခဲ့သည်မှာ ၃၅-နှစ်မျှ ရှိပြီ။)
အချို့မှာ ဆရာက ဆုံးဖြတ်ထားတတ်သည်။ အချို့သော ယောဂီပုဂ္ဂိုလ်တို့မှာ ကိုယ့်ဟာ ကိုယ် အထင်မှား၍ ဆုံးဖြတ်ထားတတ်သည်။ ထိုအရာ၌ သဘာဝဓမ္မကို ကျကျနန ပိုင်ပိုင် နိုင်နိုင် သိကြရန်မှာ အလွန်သိမ်မွေ့သော အရာဌာန ဖြစ်၍ သဒ္ဓါတရားကို ရှေ့သွားမပြုဘဲ ပညာတရားကိုသာ ရှေ့သွားပြု၍ အဆုံးအဖြတ် အရေးမကြီးဘဲ ကောင်းမွန် ဖြောင့်မှန်စွာ သိရှိကြရန် ဥပရိပဏ္ဏာသ ပါဠိတော် ကြီး၌ ဟောတော်မူသော “ဆဆက္ကသုတ်၊ ဗဟုဓာတုကသုတ်” တော်မြတ်ကြီးများကို ကြည့်ရှုမှတ်သားပြီး အကြွင်းအကျန်မရှိ ပယ်ပြီးသော တရား၊ ငုပ်လျှိုးနေသော တရား၊ လုံးလုံး ကြွင်းကျန်သော တရားများကို သေချာစွာ တိုက်ဆိုင် စစ်ဆေး ကြည့်ပြီး ဟုတ်တိုင်းမှန်စွာသိရှိမှ ဆရာတပည့် နှစ်ဦးလုံး စိတ်ချလက်ချ ဆုံးဖြတ်ရန် သင့်သည်ဟု ထင်မှတ်ပေသည်။
ထိုကဲ့သို့ မှန်ကန်သောအတိုင်း သိပြီးသောနောက်၌ပင် အစစအရာရာ အကဲခတ်၍ တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်၊ လေးငါးခြောက်နှစ်၊ ခုနစ်နှစ်လောက် ကျအောင် ကံသုံးပါး အမူအရာ ဟူသမျှကို ကြည့်ရှု ဆင်ခြင်နေရဦးမည်။ ထိုကဲ့သို့ ဆင်ခြင်ကြည့်ရှု၍ တစ်စုံတစ်ရာမျှ မသင့်မတင့်သော အမူအရာများ မပေါ်ပေါက်မှ စိတ်ချရမည်၊ ထိုမျှလောက် သိမ်မွေ့ နက်နဲခက်ခဲသော အရာဌာန ဖြစ်သောကြောင့် သာမန် ဖြစ်သော အရာတို့သည် မဆုံးဖြတ်အပ် မဆုံးဖြတ်ထိုက်ပေ။ ကြပ်ကြပ်သတိရှိကြပါ ယောဂီ၊ ပုဂ္ဂိုလ်အပေါင်း သူတော်ကောင်းတို့။
သစ်ပင်အခြောက်ကြီးက ပြန်၍ အတက်၊ အခက်၊ အပွင့်၊ အသီးတွေ ဝေဆာအောင် ပေါ်ပေါက်လာသကဲ့သို့ ယောဂီပုဂ္ဂိုလ်၏ သန္တာန်၌ လွန်စွာ နှစ်သက်လောက်အောင် အာရုံငါးပါးတို့နှင့် တွေ့ထိ လုံးထွေးမိသောအခါ အနုသယဓာတ်ငုပ်တွေ ဝေဆာအောင် ထွက်ပေါ်လာတတ်သည်ကို များများကြီး သတိရှိကြပါကုန်။
(ဤကား ဝိပဿနာ အရာ၌ အရေးအကြီးဆုံး လိုရင်းပဓာန အချက်ကြီး ဖြစ်၍ မေတ္တာတရား ရှေ့ထားကာ ထင်ရှားစွာ ရေးသားဖေါ်ပြခြင်းပေတည်း။)
သပိတ်အိုင်တောရဆရာတော် ဦးကိတ္တိ
(၁၂၅၅-၁၃၃၁)
ဆရာတော်သည် ၁၂၈၈-ခုနှစ်မှစ၍ ၁၃၃၁-ခုနှစ် ပျံလွန်တော်မူသည်အထိ နှစ်ပေါင်း လေးဆယ်ကျော် သပိတ်အိုင်တောရ၌သာ တစ်ပါးတည်း သီတင်းသုံးတော်မူ၏။ သပိတ်အိုင် တောရကား သထုံခရိုင် (သထုံမှ ၂၈-မိုင်၊ မုတ္တမ မရောက်မီ ၁၀-မိုင် အလို) ပေါင်မြို့နယ် ကျုံကရွာကို ဂေါစရဂါမ်ပြုသည်။
ရဟန္တာဖြစ်တာ နတ်တွေ သိသလား
၁၃၁၆-ခုနှစ် ကဆုန်လကွယ်နေ့က ဖြစ်၏။ ကတွန်က ဦးထွန်းကြိုင်၊ ဦးဘိုးကျော့နှင့် ကျုံကရွာ ကျောင်းဆရာ ဦးဂျာအေး (ဆရာတော့်ထံ ကပ္ပိယလုပ်၍ နောင်တွင် ရဟန်းပြုသူ) တို့ ဆရာတော်ထံ အဖူးအမြော် ရောက်လာကြခိုက်-
“ဆရာတော်ဘုရား၊ တပည့်တော်များ ပြီးခဲ့တဲ့ သင်္ကြန်တွင်းက ဒေးပရိမ်း သရက်တောရွာ တောရကျောင်းကို ဥပုသ်စောင့်သွားကြပါတယ်ဘုရား၊ သရက်တော ဘုန်းကြီးက “သပိတ်အိုင် ဆရာတော်ဟာ ရဟန္တာ ဖြစ်နေပြီလို့ နတ်ကြီးများက ငါ့ကို လာလျှောက်ကြတယ်” လို့ အမိန့်ရှိပါတယ်ဘုရား။
“သရက်တော ဘုန်းတော်ကြီးက သပိတ်အိုင်ကို လာချင်တယ်လို့လဲ အမိန့်ရှိလိုက် ပါတယ် ဘုရား” ဟု လျှောက်ထားကြသည်။ ဆရာတော် မည်သို့ အမိန့် ရှိလေမည် ကိုလည်း မျှော်လင့်နားစွင့်နေကြ၏။ ဆရာတော်က အတန်ကြာ စဉ်းစားပြီးနောက်-
“ဒကာကြီးတို့ ပြန်သွားတဲ့အခါ လျှောက်လိုက်ကြ၊ အရေးတကြီး မလာပါစေနဲ့ဦး၊ နောက်တော့လဲ တွေ့ကြရမှာပေါ့၊ ဒီလိုသာ လျှောက်ထားလိုက်” ဟုသာ မိန့်တော်မူ၏။ ထိုအတိုင်းပင် လျှောက်ထားကြရာ သုံးရက်ခန့် ကြာလျှင် သရက်တော ဘုန်းကြီးထံမှ ဒကာကြီးများထံ သတင်းပို့လိုက်၏။
“ဘုန်းကြီးကျောင်းထဲမှာပဲ သပိတ်အိုင် ဆရာတော်ကို ဖူးတွေ့ ရပြီးပါပြီ” ဟူ၏။
၁၃၁၈-ခုနှစ် ကဆုန်လဆန်း ၉-ရက်နေ့ တွင် သရက်တောဘုန်းကြီးသည် သပိတ်အိုင် တောရကျောင်းသို့ ရောက်လာ၏။ ထိုအခါ သပိတ်အိုင်ဆရာတော်က ဧည့်ခံနှုတ်ဆက် ပြောဟောလျက်က-
“သရက်တောဘုန်းကြီး၊ တပည့်တော်ကို ဖူးတွေ့ရပြီးပါပြီလို သတင်းပြန်ပို့ လိုက်တယ် ဆိုတာတော့ ဟုတ်ပါပြီ။ အရှင်ဘုရား ဖူးတွေ့ ရတယ်ဆိုတဲ့ ဘုန်းကြီးဟာ တပည့်တော်ကော ဟုတ်ပါရဲ့လား” ဟု ဆရာတော်က ပြုံးရွှင်စွာဖြင့် မေးတော်မူရာ-
“ဟုတ်လိုက်သမှ ဆရာတော်ဘုရား၊ သည်အတိုင်းပါပဲ၊ နည်းနည်းလေးမှ မလွဲပါဘူး” ဟု ပြန်လျှောက်လိုက်သည်။ ဆရာတော်ကား ထိုအကြောင်းကို မည်သို့မျှ အမိန့်မရှိဘဲ-
“နေစမ်းပါဦး၊ အရှင်ဘုရားကို နတ်ကြီးတွေက ပြောတယ်ဆိုတာ ဘယ်တုန်းကလဲ၊ အရှင်ဘုရား ရက်နဲ့ မှတ်မိသေးသလား၊ နောက်ပြီး သူတို့လာလျှောက်တဲ့အချိန်မှာ အရှင်ဘုရားကော ဘာလုပ်နေသတုန်း” ဟု စကားလှီးလွှဲကာ ဆက်၍ မေးတော်မူပြန်သည်။ ထိုအခါ သရက်တောဘုန်းကြီးက-
“မှတ်မိပါပြီလား ဆရာတော်ဘုရား။ ၁၃၁၅-ခုနှစ် သီတင်းကျွတ်လဆန်း ၆- ရက်နေ့ ည ၇- နာရီလောက်ကပါ။ အဲဒီအချိန်မှာ တပည့်တော်လဲ တရားအားထုတ်နေခိုက် ဖြစ်ပါတယ်။”
သပိတ်အိုင် ဆရာတော်သည် သရက်တော ဘုန်းကြီး ဝမ်းသာအားရ လျှောက်နေ သည်ကို တည်ငြိမ် အေးဆေးစွာနားထောင်တော်မူနေ၏။ သရက်တောဘုန်းကြီးက ဆက်၍ လျှောက် ပြန်သည်။
“လာရောက်တဲ့ နတ်တွေဟာ အောက်နတ်ကလေးများတောင် မဟုတ်ပါဘုရား၊ နတ်မင်းကြီးများ ဖြစ်ပါတယ်။ သူတို့ဟာ ကောင်းကင်က လာပြီး “ကြိုးစားပြီးသာ အားထုတ်ပါ.. စိတ်မလျှော့လိုက်ပါနဲ့။ သပိတ်အိုင် ဆရာတော်ဖြင့် ရဟန္တာ ဖြစ်တော်မူသွားပြီ အရှင်ဘုရား” လို့တောင် အားပေးသွားပါသေးတယ်” ဟု လျှောက်လေသည်။
ဤနေရာ၌ ယောဂီကို သတိပြုရမည်မှာ နတ်ဟုပြောတိုင်းလည်း ယုံကြည်အပ်သည် မဟုတ်၊ နတ်တိုင်းလည်း အသိဉာဏ်ရှိသည်. မမှတ်ရ။
သရက်တော ဘုန်းကြီးလည်း ဆုံးမစကားများ မှတ်သား နာယူပြီးနောက် မိမိကျောင်းသို့ ပြန်ကြွသွားလေ၏။
၁၃၁၇-ခုနှစ် သီတင်းကျွတ်လျှင် ကျုံကရွာ ပတ်ဝန်းကျင်ရှိ တောတောင်တို့၌ အသီးသီး မိမိတို့နှင့် သင့်မြတ်လျောက်ပတ်ရာ သီတင်းသုံး၍ တောရဆောက်တည် နေကြသော ကမ္မဋ္ဌာန်းယောဂီ ဘုန်းကြီး ခုနစ်ပါးတို့ သပိတ်အိုင် တောရသို့ ဆုံစည်း ကြွရောက်လာကြသည်။ ဝါကျွတ်ကာလ ဖြစ်၍ ကန်တော့ကြရန်ဖြစ်၏။ အဆုံးအမ နာယူကြရန်လည်း ဖြစ်၏။
ထိုအခါ ဆရာတော်က အာဂန္တုက ဘုန်းကြီးများအား တရားစကား ဟောကြား ဆုံးမသည်။ သတ္တဝါတို့သန္တာန်၌ တစ်သံသရာလုံးက ငုပ်ကွယ် ကိန်းဝပ်နေသော ကိလေသာ ဆယ်ပါး အနုသယ ဓာတ်များနှင့် စပ်၍ အမိန့်ရှိရာတွင် ဆရာတော်က-
“အရှင်ဘုရားများ၊ ယောဂီတစ်ဦးရဲ့ သန္တာန်မှာ ပရိယုဋ္ဌာနခေါ်တဲ့ ကိလေသာ ထကြွလာတာကို နတ်များ သိနိုင်သလား၊ မသိနိုင်ဘူးလား၊ ဘယ်လို ယူဆကြသလဲ” ဟု မေးတော်မူရာ-
“သိနိုင်မှာပါပဲဘုရား” ဟု လျှောက်ကြ၏၊
“ဒါဖြင့် ယောဂီမှာ ကိလေသာစိတ် ဖြစ်ပေါ်နေတယ်ပဲ ဆိုပါတော့။ အဲသလို ကိလေသာစိတ် ဖြစ်ပေါ်လာတဲ့ အခါမှာကော နတ်များဟာ သိနိုင်သလား၊ မသိနိုင်ဘူးလား”
“ဒါလဲ သိနိုင်မှာပါပဲဘုရား”
ဆရာတော်သည် အဟန်ငယ် စဉ်းစားနေ၏။ အာဂန္တုက ယောဂီ ဘုန်းကြီးများ မျက်နှာကိုလည်း မသိမသာ တစ်ချက် လှမ်းကြည့်ပြီးနောက်-
အေး ဒါကြောင့်ပဲလား မဆိုနိုင်ဘူး။ တပည့်တော်မှာ ၁၃၁၂-ခုနှစ်ကစပြီး ၁၃၂၁- ခုနှစ်အထိ ကိလေသာ ထကြွလာတယ်ရယ်လို့ တစ်ခါမျှ မဖြစ်ဖူးဘူး။ ကိလေသာ စိတ် ဖြစ်ပေါ်လာတယ်ရယ်လို့လဲ တစ်ခါမျှ မရှိဖူးဘူး” ဟု အမိန့်ရှိတော်မူ၏။
ဆရာတော်သည် စကားကို အတန်ကြာ ရပ်ဆိုင်းပြီးနောက် ဆက်၍-
“ဒီအကြောင်းကိုလဲ နတ်ကြီးများက သိရှိလို့ ဒေးပရိမ်း သရက်တောက တောရ ဘုန်းကြီ ဦသုန္ဒရကို သွားပြီး ပြောကြတယ် ထင်ပါရဲ့” ဟု မယုတ်မလွန် ဆုတ်သာ တက်သာ အမိန့်ရှိတော်မူ၏။
အဘယ်သို့သော ရည်ရွယ်ချက်နှင့် အကျိုးသက်ရောက်မှု မည်သို့ ရှိသည်ကို မြင်တော်မူ၍ မိန့်ဆိုကြောင်းကား အတပ်မဆိုသာချေ။ “တစ်ချက်ခုတ် နှစ်ချတ်ပြတ်” အကျိုးကျေးဇူးရှိ၍သာ မိန့်တော်မူသည်ဟု ယူဆရပေတော့သည်။
လောကီအဘိညာဉ် ရသလော
နတ်တို့ ပြောကြားသည့် စကားကိုသာ ဆရာတော်သည် အခိုင်အမာ ယူဆဟန် မရှိ။ နတ်တို့ ပြောသည်မှာလည်း ပြောပေလိမ့်မည်။ ကိုယ်ပိုင် အသိဖြင့်ပင် ရဟန်းကိစ္စ ပြီးကြောင်း ယူဆတော်မူပုံရ၏။ လာရောက် ကန်တော့ကြသော ယောဂီ ဘုန်းကြီး များကိုလည်း အားကျ စေတော်မူလိုဟန် ရှိသည်။
ဆရာတော်သည် ပရိယတ်လည်း အထူးတတ်ကျွမ်း၏။ ပဋိပတ်လည်း နှစ်ပေါင်း များစွာ ဧကစာကျင့်သုံးတော်မူသည်ဖြစ်၍ ဆိုဖွယ်မရှိ။
ဆရာတော်သည် စူဠသောတာပန် ဖြစ်ခန်း ဓာတ်ကမ္မဋ္ဌာန်း (ဒီမိုင်းဆိုက် ၁၁၀ မျက်နှာရှိ) ကမ္မဋ္ဌာန်း ကျမ်းတစ်ကျမ်းကိုလည်း ပြုစုတော်မူခဲ့၏။ အခြား ကျမ်းများလည်း ရှိသေးသည်ဟု ကြားသိရသည်။ ယင်းကျမ်းပုံနှိပ်သည်မှာ ၁၃-ကြိမ်ပင် ရှိလေပြီ။ ရေးသားသည် ပြတ်သား၏။ သဘော သဘာဝတ္ထုလည်း ဆိုက်လှပေသည်။
(အဋ္ဌုပ္ပတ္တိ အကျဉ်းချုပ်လည်း အချို့ အကြိမ် ရိုက်၌ ပူးတွဲ ပါရှိ၏။ ထိုအဋ္ဌုပ္ပတ္တိကား စင်စစ် ဆရာတော်၏ နေ့စဉ်မှတ်တမ်း “ဒိုင်ယာရီ” ဖြည်ဟု ယူဆရ၏။ ထို မှတ်တမ်းနှင့် ဓမ္မမိတ်ဆွေများထံမှ ကြားသိရသမျှ အားလို့ရှိ ရှေ့နောက် စီစဉ် ရေးသားထားပါသည်။)
သို့ရာတွင် ထိုကျမ်းနိဂုံး၌ ဆရာတော်သည် “ယခုဘဝမှ သေလျှင် အဘိဓမ္မာတရား ဟောရာ တာဝတိံသာ နတ်ပြည်၌ နတ်သားဖြစ်၍ သစ္စာလေးပါးကို သိလို၏ ဟူ၍ နိဂုံးဆုတောင်းကို ရေးသားခဲ့သည်။ ယင်းသို့ နတ်သားဆုကို တောင်းဖူးသဖြင့် ဘဝ၌ အရိယာ မဖြစ်နိုင်ဟုကား မယူဆကြရာ။
ယောဂီတို့သည် တစ်ချိန်နှင့်တစ်ချိန် အသိဉာဏ် လုံ့လ ဝီရိယများ တစ်သမတ် တည်း ရှိနေသည်မဟုတ်။ အမြဲတိုးတက်၍သာ နေတော့သည်။ “ဆုတောင်းခြင်း ထက် အလုပ်သာလျှင် ပဓာန” ဖြစ်၍ ဝိပဿနာ အလုပ်ကို မဆုတ်မနစ် ကြိုးစား နေပါလျှင် သူဌေးဖြစ်လိုမှု၊ တရားဟောလိုမှု၊ သာသနာ ပြုလိုမှု၊ ဘုရား ဖြစ်လိုမှု စသော မူလက တောင့်တမျှော်ခေါ် ချက်များသည် တစ်ချိန်နှင့်တစ်ချိန်မတူ၊ တဖြည်းဖြည်း မှေးမှိန်ကွာရှဲ၍ သွားတတ်ကြမြဲပင် ဖြစ်သည်။ စစ်ကိုင်း မဟာဂန္ဓာရုံ ဆရာတော်သည် ဘုရားဆုပန်ကြီးပင် ဖြစ်၏။ သို့သော် ဤယခုဘဝ၌ပင် “အနာဂါမ်ကြီး” ဟု ကျော်ကြားကာ သာဝက ဗောဓိဆုကြီးကို အရယူသွားတော် မူခဲ့လေပြီ။ ထို့ကြောင့် “တစ်ချိန်က နတ်သားဆု တောင်းခဲ့၍ အရိယာ မဖြစ်ပြီ” ဟုကား တစ်ထစ်ချ မယူဆသင့်ပေ။
“ဘဝကျန်သေး၍ ဖြစ်ခြင်း ဖြစ်ရလျှင်” ဟုသာ ဆိုလိုပေ၏။
မည်သို့ဆိုစေ ဆရာတော်သည် လောကီ အဘိညာဉ်လည်း ရတော်မူဟန် ရှိပေသည်။ သရက်တော ဘုန်းကြီးအား မှာကြားသော စကားနှင့် သရက်တော ဘုန်းကြီးထံ ကြွရောက်သည့် သဘောမှာ ထင်ရှားနေပေသည်။ ယင်းသို့ ကိုယ်ထင်ရှား ကြွရာပြရာ၌လည်း ဖုဿဒေဝမထေရ်အား မာရ်နတ်က ဘုရားဟန် ဖန်ဆင်း၍ ပြသကဲ့သို့ နတ်များ ပုံတူဆောင်ခြင်း ဟုတ်ဟန်မရှိပေ။ (ရှေ့၌လည်း ထင်ရှားပါ လတ္တံ့။)
တောထွက်ရန် ငလျင်နှိုးဆော်
ဆရာတော်သည် ၁၂၅၅-ခုနှစ် ကဆုန်လဆန်းသုံးရက် တနင်္လာနေ့ ဖွားမြင်တော်မူခဲ့သည်။ ခမည်းတော်မှာ ညောင်လေးပင်မြို့ ဖိုးတုပ်ပုံ အလယ်ရွာ ဇာတိ ဦးလုံးတုံး၊ မယ်တော်မှာ (တောင်ငူခရိုင်) ရွှေကျင်မြို့ အနောက်ရွာဇာတိ ဒေါ်ရွှေနု ဖြစ်၏။ သားသမီး ခုနစ်ယောက်တွင် ဒုတိယ သားရတနာ၊ ငယ်မည် မောင်ဖိုးသောင်။
၁၂၇၈-ခုနှစ် တပေါင်းလပြည့်ကျော် လေးရက် နံနက် ရှစ်နာရီခွဲ အချိန်၌ ကြာအင်းရွာ၊ သပြေပင်တောရ ဆရာတော်ကို ဥပဇ္ဈာယ်ပြု၍ ရဟန်းဖြစ်၏။ ဘွဲ့ ဦးကိတ္တိ။
ဘုန်းတော်ကြီး ဦးသီလ၊ ညောင်လေးပင်တောရ ဆရာတော်များ၏ ပရိယတ် ပဋိပတ် အမွေ ရရှိတော်မူဟန်ရှိသည်။ ယခု ညောင်လေးပင်မြို့ ကြားတောရ ဆရာတော် ဦးဝါသဝသည် ဆရာတော်၏ တပည့်ကြီးပင် ဖြစ်၏။
ညောင်လေးပင်တောရကြီး၌ ပထမလတ်စာမေးပွဲ ဖြေဆိုအောင်မြင်ပြီးလျှင် အုတ်တွင်းမြို့ ကန်ကလေး တောရသို့ ပြောင်းရွှေ့၏။ ထို၌ ပထမကြီး အောင်မြင်သည်။ ထိုခေတ်က ပထမကြီးတန်းသာ ရှိသေး၏။ ထို့နောက် ပခုက္ကူ၊ မြင်းခြံ၊ မန္တလေးနှင့် အမရပူရ မြို့များသို့ လှည့်လည်စာသင်ကာ နိကာယ်ငါးရပ် နေ့ဝါနှင့် အဘိဓမ္မာ ညဝါများကို အပတ်တကုတ် သင်ယူအားထုတ်ခဲ့၏။
ပရိယတ္တိ သင်ကြားစဉ် ကာလတလျှောက်လုံး ပဋိပတ္တိနှင့်စပ်သော မှတ်သားဖွယ် များကို မှတ်စုထုတ်ပြီး နှုတ်ငုံကျက်မှတ် ရွတ်ဖတ်နေလေ့ရှိသည်။ တောထဲသို့ ရောက်သောအခါ မည်သည့် စာအုပ်မျှ ကြည့်စရာမလို၊ ကမ္မဋ္ဌာန်းကျမ်းများ၊ ဝိနည်းကံ (သိမ်အဆုံးအဖြတ်) ဆိုင်ရာ ကျမ်းများကို ရေးသောအခါ မည်သည့် စာအုပ်မျှ မကြည့်ရှုဘဲ ပါဠိ အဋ္ဌကထာ ဋီကာ အကိုးအကားများနှင့်တကွ ရေးသားနိုင်သည်အထိ လေ့လာ ကျက်မှတ်ထားတော်မူနိုင်လေသည်။
ရဟန်း ၁၀-ဝါအထိ ပရိယတ္တိ သင်ယူ၍ ၄-နှစ်ခန့် စာချပြီးနောက် ၁၂၈၈-ခုနှစ် ကဆုန်လဆန်း တစ်ရက်နေ့မှစ၍ ပဋိပတ်ဘက်သို့ လုံးဝ ကူးပြောင်းတော်မူသည်။ ပထမဆုံး ဘီလူးကျွန်း ရွာလွတ်ရွာအနီး ဂူကလေးတောရ၌ သီတင်းသုံးရန် ဆုံးဖြတ်လိုက်၏။
ဆရာတော်သည် တောထွက်ရန် ဆုံးဖြတ်၍ အားလုံးကို အသိပေး စီစဉ်ပြီး နောက် နံနက် မီးရထားဖြင့် ခရီးထွက်ရန် သတိဖြင့် ကျိန်းစက်ရာ မီးရထား ဘူတာသို့ သွားချိန်ရောက်သော်လည်း တစ်ကျောင်းလုံး မည်သူမျှ မနိုးကြ။ အိပ်မောကျ နေကြ၏။ သွားချိန်တန်သော အချိန်လောက်တွင်မှ တစ်ကျောင်းလုံး သိမ့်သိမ့်ခါ သွားအောင် ငလျင်လှုပ်လေ၏။ ထိုအခါမှ ဦးသုနန္ဒ စသော ပုဂ္ဂိုလ်များ အားလုံး နိုးကာ ဘူတာသို့ လိုက်လံပို့ကြရသည်။
ဆရာတော်ကား မည်သူ အားမျှ မပြောကြားဘဲ “ငါ့အကြံ၊ ငါ့ရည်ရွယ်ချက်တော့ မုချ အောင်ရမည်” ဟု ယုံကြည်ခဲ့လေသည်။ ပွဲဦးထွက် နိမိတ်ကြီးပင်တည်း။
ဆရာတော်သည် ဘီလူးကျွန်း ဂူကလေးတောရ၌ တစ်ဝါမျှသာနေ၏။ ထိုနှစ် နတ်တော်လဆန်း ၁၃-ရက်နေ့မှစ၍ သပိတ်အိုင်တောရ၌သာ ဧကစာ ရာသက်ပန် သီတင်း သုံးတော်မူသည်။
သပိတ်အိုင်တောရကား ကျွဲခြံမှ သုံးမိုင်ခန့်ကွာဝေးသော ကျုံကရွာအနီး နွားလဘို့ တောင်ခြေ၌ ရှိသည်။ သပိတ်သဏ္ဌာန် စမ်းရေအိုင်ကြီးကို အစွဲပြု၍ သပိတ်အိုင်ဟု ခေါ်ကြ၏။ လျှိုမြှောင်စိမ့်စမ်းတို့ဖြင့် အေးချမ်းဆိတ်ငြိမ်လှသည်။ သပိတ်အိုင် တောရ၏ လျှိုမြှောင်အနေအထားမှာ ပ-စောက်သဏ္ဌာန် တောင်တန်းကွေးကြီး ဖြစ်၍ ပါးစပ်ဝမှာ သံလွင်မြစ်လက်တက်အဝ၊ ဘီလူးကျွန်းနှင့် ပင်လယ်ဘက်ဆီသို့ ဦးလှည့်နေလေသည်။ ရေတံခွန်များလည်း တဝေါဝေါ စီးဆင်းနေ၏။
ဆရာတော်သည် ထိုတောရ၌ လေးတိုင်စင် ကျောင်းကလေး၌သာ နေတော်မူ၏။ တောသဘာဝ ပျက်အောင် ရှင်းလင်းပြုပြင်ခြင်းကိုပင် လက်မခံ။ ရာဘာဖိနပ်နှင့် သစ်စေးသုပ် သပိတ်ကိုပင် သံသယမကင်း၍ အသုံးမပြု၊ သံဖြူသပိတ် နှမ်းဆီသုပ် မီးဖုတ်ပြီး အသုံးပြုသည်။ ဆွမ်းကိစ္စပြီးလျှင် ငါးနှင့် ကျေးငှက်များကို ကိုယ်တော်တိုင် အစာကျွေးလေ့ရှိ၏။ ထိုနေရာသို့ ရောက်စ ၆-ရက်လုံးလုံး ဆွမ်းဟင်းမပါသော ဆွမ်းကိုသာ ဘုဉ်းပေးတော်မူရသည်။
တောတိရစ္ဆာန်ရိုင်းများ ယဉ်ပါးလာ
“တစ်ဦးမေတ္တာ တစ်ဦးမှာ” ဆိုသကဲ့သို့ ဝေဿန်-မဒ္ဒီ တို့၏ ကျောင်းသင်္ခမ်းတွင် တောတိရစ္ဆာန်ရိုင်းများ ယဉ်ပါးကြသည့်နည်းတူ ဆရာတော်၏ သပိတ်အိုင်တောရ ကျောင်း သင်္ခမ်းတွင်လည်း တိရစ္ဆာန်ရိုင်းတို့ပင် ယဉ်ပါး လိမ္မာကြကုန်၏။
ဆရာတော် ဆွမ်းခံကြွရာတွင်လည်း ဆင်ရိုင်းနှင့် ကျားများ မကြာခဏတွေ့ကြုံ ရင်ဆိုင်ခဲ့ရ၏။ လမ်းဖယ်၍ပင် ပေးကြသည်။
ဆရာတော်နှင့် တိရစ္ဆာန်ရိုင်းများ အချင်းချင်း နားလည်သကဲ့သို့ ဆက်ဆံနေကြပုံကို ထိုဒေသရှိ လူတိုင်းလိုလို မြင်တွေ့ နေကြရသည်။ တိရစ္ဆာန်များကလည်း “လာ”ဟု ခေါ်လျှင် လာကြ၍ “သွား” ဟု ဆိုလျှင် သွားကြ၏။ ဆရာတော့် စကားကို နားလည်ကြသကဲ့သို့ ရှိတော့သည်။
အချို့သော ငှက်များ၊ ဆင်များနှင့် တိရစ္ဆာန်ရိုင်းများသည် ဆရာတော်၏ ဖိနပ် သင်္ကန်းတို့ကို နမ်းရှုပ်၍ ကြည့်ကြသည်။
(“ဓာတ်ကမ္မဋ္ဌာန်းစာအုပ်၌” ပူးတွဲပါရှိသော ဆရာတော်၏ အဋ္ဌပ္ပတ္တိတွင် တိရစ္ဆာန် များနှင့် ဆက်ဆံပုံကို နေ့စွဲ ရက်စွဲများနှင့်တကွ များစွာ ပြဆိုထား၏။)
အနည်းငယ် ထုတ်ဆောင် ညွှန်ပြရသော်-
၁၃၀၂-ခုနှစ် ကဆုန်လဆန်း လေးရက်နေ့က ဖြစ်၏။ ကျောင်းဝင်းအတွင်း၌ ထွန်းလင်း မောင်ပါ စသူတို့ ဇရပ်ကို လာရောက်မိုးကြရင်း ဇရပ်နှင့်လေးတောင်ခန့် ကွာသော ချုံကို ခုတ်ထွင်ရှင်းလင်းကြသည်။ ထိုချုံ၌ရှိနေသော ကျားမကြီးမှာ ထွက်သွား၏။ ကျားသားပေါက် ကလေး ကျန်နေရစ်သည်။ ဇရပ်မိုးသော သူများက-
“ကြောင်ကလေးလား၊ ကျားကလေးလား မသိဘူး” ဆိုကာ ဆရာတော့်ထံ ယူလာ၍ ပြကြရာ ဆရာတော်က-
“ဟဲ့ကောင်တွေ၊ ကြောင်ဆိုတာ နှုတ်သီးလုံးပြီးရှည်တယ်။ နားရွက်လဲချွန်ပြီး ရှည် တယ်။ ဒီကောင်ကလေးက နှုတ်သီးရော နားရွက်ရော တိုပြီး ဝိုင်းနေတာ။ ကျားပေါက်ကလေးပဲ။ ကဲ-မင်းတို့ ဇရပ်ကိုသာ မြန်မြန်မိုးကြ။ သူ့ မေကြီးက သူ့သားကလေးကို လိုချင်ရှာရော့မယ်” ဟု မိန့်တော်မူကာ ကျားပေါက်ကလေးကို ယူထားလိုက်ပြီး ဆွမ်းဘုဉ်းပေးနေ၏။
ကျားသားမိခင်ကြီးလည်း သားငယ်စိတ်ကြောင့် ကျောင်းဝင်းထဲသို့ ခုနစ်ကြိမ် တိုးစမ်းလာ၏။ ဆရာတော်က ကျားပေါက်ကလေးကို ကိုင်ပြီး သွား၍ ပေးစဉ် ကိုးတောင် ဆယ်တောင်လောက်အနီးသို့ ရောက်လာလျှင် ဆရာတော့်လက်ထဲ ရောက်နေမှန်း သိသဖြင့် စိတ်ပျက်သော အမူအရာဖြင့် လှည့်ကြည့် လှည့်ကြည့်နှင့် ထွက်ပြေးရှာ၏။ ဇရပ်မိုးပြီး၍ မူလနေရာ၌ ပြန်ထားပေးခါမှ လာယူဝံ့ရှာတော့သည်။
ကျားများလည်း မည်သို့မျှ အန္တရာယ်မပြုကြ။ ဆရာတော့် စိတ်တွင်လည်း “လူနှင့်ကျား” ဟု ခွဲခြားခြင်း ရှိတော်မမူသောကြောင့် ဖြစ်ပေလိမ့်မည်။ တကယ့် မေတ္တာဓာတ်ပင်။
ဆင်ရိုင်းကြီး ခုနစ်ကောင်မှာလည်း မကြာခဏ ကျောင်းဘက်သို့ လာကြသည်။ လူကို နင်းသတ်လေ့ရှိသော ဆင်ရိုင်းများ ဖြစ်ကြ၏။ ဆင်ထိန်းများရှေ့၌ပင် ဆရာတော်သည် ဆင်ရိုင်းများကို အစာခွံ့ကျွေးခြင်း၊ အစွယ်များကို ကိုင်ပြခြင်း ပြုတော်မူ၏။ အခြားသူများ ကိုင်လျှင် လုံးဝလက်မခံကြပေ။
“မင်းတို့ ပြန်သာပြန်ကြပါ၊ ဆင်နှစ်ကောင် ထားပစ်ခဲ့ကြ၊ ငါနဲ့ ဆင်နှစ်ကောင် ဖြစ်ချင်ရာ ဖြစ်ပစေ” ဟု ပြောကာ ဆင်ထိန်းများကို ပြန်လွှတ်လိုက်သည်။ ဆင်ထိန်းများက ရယ်မောကြ၏။ ဆင်ထိန်းများ မယုံမရဲနှင့် ပြန်သွားကြသောအခါ ဆင်ရိုင်းနှစ်ကောင်အား ဆရာတော်ကိုယ်တိုင် ငှက်ပျောပင်များကို တစ်နာရီခွဲကျော် ကြာမျှ ခွံ့ကျွေးနေ၏။ ထူးမခတ်ရဘဲ ကျောင်းဝင်းအတွင်း၌ ယဉ်ပါးစွာ လှည့်လည်နေကြလေ၏။
သူဌေး၏ ဆင်ရိုင်းများမှာလည်း လွတ်ထွက်ပြေးတိုင်း ဆရာတော်၏ ကျောင်းသင်္ခမ်း သို့သာ လာကြလေ၏။ ထိုတောရ၌ မြွေဆိုးများလည်း ပေါလှသည်။ မြွေဆိုး မြွေကောင်းမရွေး၊ ကြီးသေးမဟူ၊ ကိုယ်တိုင်လက်နှင့်ဖမ်း၍ လွှတ်သည်။ မည်သည့်မြွေမှ ဆရာတော်ကိုမကိုက်။
စိတ်သွားတိုင်းကိုယ်ပါ လိုရာသို့ကြွ
၁၃၁၃-ခုနှစ်မှစ၍ ပျံလွန်သည်အထိ သပိတ်အိုင် ဆရာတော်သည် ခရီးဝေးလံ လှသော မြို့ရွာတို့၌ ဆွမ်းခံကြွလာသည်ဟု မျက်မြင် အတပ်တွေ့သိသူများက ပြောဆိုခဲ့ကြသည်။ သဒ္ဓါလွန်သူတို့ကလည်း ထိုကိစ္စမျိုးတွင် ချဲ့ကား၍ ပြောတတ်ကြပြန်၏။
၁၃၁၄-ခုနှစ်က ဖြစ်၏။ ကျုံကရွာမှ ၁၆-နှစ်သား မောင်အောင်သည် ကိုရင်ဝတ်ဖြင့် သထုံ၌ စာသင်နေခိုက် သထုံမြို့တွင်းသို့ သပိတ်အိုင် ဆရာတော် ဆွမ်းခံကြွလာ သည်ကို တွေ့ရသဖြင့် အံ့အားသင့်ကာ ကျုံကရွာမှ မောင်ထွန်းအောင်အား ပြောပြ၏။ မောင်ထွန်းအောင် က ထိုအကြောင်းကို ဆရာတော်အား လျှောက်သည်။
၁၃၁၇-ခုနှစ်၊ သီတင်းကျွတ်လျှင် ကိုရင်မောင်အောင်သည် ရှင်လူထွက်ပြီး ကျုံကရွာသို့ ပြန်လာ၏။ ဆရာတော်ထံသို့ သွားရောက် ကန်တော့သောအခါ ဆရာတော်က
“ငါ သထုံကို ဆွမ်းခံကြွလာတာ မင်းမြင်တယ်ဆို” ဟု မေးတော်မူရာ...
“မှန်ပါတယ် အရှင်ဘုရား၊ ဘုရားတပည့်တော် ကိုယ်တိုင် မြင်တာပါ” ဟု လျှောက်သည်၊ ဆရာတော်ကား မည်သို့မျှ ထပ်၍ မပြောတော့။
ထိုမှတစ်ပါး မော်လမြိုင်၊ ဘီလူးကျွန်း၊ အလံတစ်ရာ၊ ကျွဲခြံ၊ ကဒါရွာ၊ ပန်းကုန်းရွာ၊ လက်ပံရွာစသော မြို့ရွာများ၌လည်း “ဆရာတော် ဆွမ်းခံကြွလာသည်” ဟု အသီးသီး ပြောဆိုကြ၏။ ထိုသတင်းများနှင့်စပ်၍ ဆရာတော်ကိုယ်တိုင်ကပင် စနည်းနာသည့် သဘောဖြင့် မေးမြန်းသည်လည်း ရှိခဲ့၏။ ၁၃၁၆-ခုနှစ်၊ ကဆုန် လဆန်းက ကျုံးကရွာမှ မောင် ဆိုသူအား
“မင်းတို့ရွာထဲမှာ ငါ့သတင်းကို ဘာများပြောဆိုသံ ကြားရသလဲ” ဟု မေးရာ မောင်စန်းမောင်က .....
“အရင်နှစ်နှစ်လောက်က မုတ္တမ အမေရောက်တော့ မုတ္တမက လူများက “သပိတ်အိုင် ဆရာတော် ကျုံကမှာရှိရဲ့လား” လို့ မေးကြပါတယ်ဘုရား။ အမေက “ရှိပါတယ်၊ ဘယ်မှ မကြွပါဘူး။ နေ့စဉ် ဆွမ်းခံကြွနေတာပဲ” လို့ ပြောတော့ “မုတ္တမကိုလဲဆရာတော် ဆွမ်းခံ ကြွလာလို့ ဆွမ်းလောင်းရတယ်” လို့ ပြောကြပါတယ်ဘုရား” ဟု လျှောက်သည်။
၁၃၁၉-ခုနှစ်၊ နတ်တော်လပြည့်ကျော် တစ်ရက်နေ့ ကလည်း မော်လမြိုင် မုပွန်ကျောက်တန်းမှ ဦးသူရိယနှင့် ဦးတေဇနိယတို့ ဆရာတော်ထံ ရောက်လာကြရာ ဦးတေဇနိယက...
“ရန်ကုန်သို့ ဆရာတော် ဆွမ်းခံကြွလာလို့ မုန့်နဲ့သစ်သီး လောင်းလှူလိုက်ရတယ် လို လောင်းလှူလိုက်ရတဲ့ ဒကာများက ပြောပါတယ်ဘုရား။ ဒီက ဒကာတွေ မေးကြည့်တော့လဲ ဆရာတော် ဒီမှာလဲအမြဲရှိနေတယ်လို့ သိရပါတယ်ဘုရား” ဟု လျှောက်ထားရာ ဆရာတော်က ....
“အင်း.... အဲသည်တုန်းကတော့ - မုန့်နဲ့သစ်သီး စားရပါရဲ့” ဟု မိန့်တော်မူသည်။ ဖြစ်ပုံမှာ လူတစ်ယောက်သည် သုံးအိမ်စုရွာနေ မောင်ထွန်းရှိန် မဖွားတင့်တို့ အိမ်သို့လာ၍...
“သပိတ်အိုင်ဆရာတော် ဆွမ်းခံကြွလာရင် လောင်းလှူလိုက်ပါ၊ ရန်ကုန်က ပို့လိုက် တာပါ” ဟု ဆိုကာ ချီဇာကိတ်ရှစ်လုံး၊ သစ်သော့သီး သုံးလုံးနှင့် စပျစ်သီးမှည့် အတွဲကြီး တစ်တွဲကို ပေးသွားသည်၊ အိမ်ရှင်များမှာ လာပို့သူကိုလည်း မမှတ်မိဟု ဆိုကြလေ၏။
ယင်းသို့ အမြို့မြို့ အရွာရွာ၌ ဆွမ်းခံကြွသည်ဆိုသော ဖြစ်ရပ်ကား အမှန်တကယ် အဘိညာဉ်ရ၍ ကြွခြင်းလည်း ဖြစ်နိုင်၏။ နတ်တို့ နှိုးဆော်ခြင်းလည်း ဖြစ်နိုင်၏။ (နဲသမိန် ဆရာတော် အခန်းကိုလည်း ကြည့်ပါဦး။)
ဤယခု ဆရာတော်ကြွခြင်းမှာ မည်သို့သော ကြွခြင်းမျိုး ဖြစ်ကြောင်း စာရှုသူ ကိုယ်တိုင်ပင်- ဆုံးဖြတ်နိုင်ရန် အောက်ပါ ဖြစ်ရပ်များကိုလည်း ဆက်လက် ဖတ်ရှုကြည့်စေ လိုပါသည်။
တွေ့သင့်က တွေ့ရ၏
ဆရာတော် အမြို့မြို့ အရွာရွာ ဆွမ်းခံကြွရောက်သည်ဆိုသော အကြောင်းနှင့်စပ်၍ ဆရာတော်အား လျှောက်ထားကြသည်မှာ တစ်ဆင့်စကားတို့သည်သာ များကုန်၏။ ထိုအထဲတွင် ၁၃၂၂-ခုနှစ်၊ တပေါင်းလဆန်း ငါးရက်နေ့တွင် ဆီဆုံရွာ ဒကာမကြီး တစ်ဦးက ကိုယ်တိုင်ပင် ဆွမ်းလောင်းလှူရကြောင်း လျှောက်ထားသည်မှာ ပို၍ ခိုင်လုံနေသည်။
ထိုတပေါင်းလဆန်း ငါးရက်နေ့မှာပင် ပုသိမ်ကွင်း မောင်စံတင် ဆိုသူကလည်း “သူကိုယ်တိုင် ဆွမ်းလောင်းလှူရသေးသည်” ဟု ၁၃၂၄-ခုနှစ် တန်ခူးလဆန်း ၁၃-ရက် (နှစ်ဆန်း ၁ ရက်) နေ့က ဆရာတော်အား လျှောက်ထားလေသည်။ သာ၍ပင် ခိုင်လုံ သွားပြန်တော့၏။
၁၃၂၂-ခုနှစ်၊ တန်ခူးလပြည့်ကျော် ခုနစ်ရက်နေ့က အလယ်ရွာနေ အချောဆိုသူက ဆရာတော်အား လျှောက်ထားပုံမှာ ပြဆိုပြီးအချက်များထက် ပို၍စိတ်ဝင်စားဖွယ် ရှိလာသည်။ လျှောက်ထားပုံကား-
“ဆရာတော်ဘုရား၊ တပည့်တော်တို့ရွာက သီလရှင်ဆရာကြီးတစ်ပါး မုကျို ပေါ်တော်မူဘုရား ဇရပ်တစ်ခုမှာ နေပါတယ်။ အဲဒီ သီလရှင်ဆရာကြီးဟာ သင်္ကြန် ကျခါနီး တန်ခူးလ မပြည့်ခင်က ရွာကိုအလည်ရောက်လာလို့ တပည့်တော်ကို သူကပြောပါတယ်။ “တပေါင်း လဆုတ်ကစပြီး တန်ခူးလပြည့်ကျော်ခါနီးအထိ နံနက်အရုဏ် ဆွမ်းတော်ချိန်ကျတိုင်း နေ့စဉ် သူ့ဆီ ဆရာတော် ကြွလာတယ်လို့” ပြောပါတယ်ဘုရား။”
၁၃၂၂-ခုနှစ်၊ ပြာသိုလက အုတ်တံတားရွာမှ မောင်ထွန်းအုန်း လျှောက်၍ ဆရာတော် အမိန့်ရှိသော စကားများမှာ ဤကိစ္စ၌ သံသယကင်းရှင်း၍ လျဉ်းပါးဖွယ်မရှိအောင် အတိအကျ အခိုင်လုံဆုံး ဖြစ်သည်ဟု ဆိုရပေမည်။
မောင်ထွန်းအုန်း။ ။ ဇင်းကျိုက်က ဒေါ်ထားခင်က တပည့်တော်ကို ပြောပါတယ် ဘုရား၊ သူတို့အိမ်သို့ ဆရာတော် ကြွလာတာကို သေသေချာချာ ဖူးတွေ့ရပါတယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့ကတော့ ကျောင်းသွားမှပဲ ဖူးရပါတယ်လို့တောင် ပြောခဲ့ပါသေးတယ် ဘုရား။
ဆရာတော်။ ။ အာရုံအထားကောင်းလျှင် တွေ့ရတတ်တယ်။
မောင်ထွန်းအုန်း။ ။ တပည့်တော်တို့လဲ အာရုံထားတာပါပဲဘုရား။
ဆရာတော် ။ ။ မင်းတို့ထားပုံမျိုးနှင့် မတူဘူး ဖြစ်လိမ့်မယ်။
(မှတ်ချက်။ ။ ရှေ့၌ ဆရာတော် ရေးသားချက် “တရားအနှစ်သာရများ” တွင် ဈာန်ပျံခြင်း အဓိပ္ပာယ်ကိုလည်း ကြည့်ပါ။)
“ထွက်ရပ်ပေါက်ဝိဇ္ဇာ” ဆိုသော သင်္ကန်းဝတ်များလည်း ထိုကဲ့သို့ပင် တန်ခိုး ပြသည်ကို တွေ့ရတတ်၏။ “မြတ်စွာဘုရား သာသနာတော်၌ တန်ခိုးသည် ပဓာန ဖြစ်သော တရားကြီး တစ်ခု မဟုတ်ကြောင်း” မမေ့သင့်ကြချေ။ လောကီအရာတွင် ဒေဝဒတ်လောက် တန်ခိုးကြီးသော ဝိဇ္ဇာမျိုးကို ကျွန်ုပ်တို့ မကြားဖူးသေး။ သူလည်း ထိုတန်ခိုးကြောင့်ပင် အဝီစိသို့ကျရရှာ၏။
ငါးပါးသီလမျှ မလုံသောသူတို့၏ တန်ခိုးသည် ကိုးကွယ်သူအားပင် ဒုက္ခပေးတတ် သေး၏။ မဂ္ဂင် အထိန်းမပါသော တန်ခိုးသည် မိမိသူတစ်ပါး ကိုယ်ကျိုးနည်းစေ တတ်သည်။
လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း အရင်းအနှီး ပြုပါမှ ရရှိ၊ သိမြင်၊ ဖော်ထုတ်နိုင်သော သီလ၊ သမာဓိ၊ ပညာ မဂ္ဂင်ရှစ်ပါး သူတော်ကောင်း တရားမြတ်ကြီးသည်သာလျှင် သတ္တဝါတို့အား ချမ်းသာစစ် ချမ်းသာမှန်ကို ပေးစွမ်းနိုင်သော “အနုသာသနီပါဋိဟာရိယ ခေါ် အမြင့်မြတ်ဆုံး အတုမဲ့ တန်ခိုးတော်ကြီးဖြစ်ကြောင်း အလေးအနက် သဘောပိုက်ကြပါကုန်။
သူ့စိတ်အကြံ သိသလော
သပိတ်အိုင် ဆရာတော်၏ တူ-တပည့် ညောင်လေးပင်မြို့ ကြားတောရ ဘုန်းကြီး ဦးဝါသဝသည် တစ်ချိန်က ဒကာသုံးလေးဦးနှင့်အတူ ဆရာဘော်ထံသို့ ဂျစ်ကားဖြင့် သွားရောက်သည်။
ဆရာတော် ဆွမ်းခံကြွခိုက် ဖြစ်၍ ဦးဝါသဝနှင့် ဒကာများ ကျောင်း၌ စောင့်ဆိုင်း နေကြရသေး၏။ ဆရာတော် ကြွလာသောအခါ-
“ဆွမ်းခံတုန်းက ကားသံကြားလိုက်လို့ မောင်ဝါသဝ နေမှာပဲလို့တော့ ထင်လိုက်တယ်” ဟု မိန့်တော်မူကာ ဆွမ်းဘုဉ်းပေးတော်မူ၏။
ထိုအချိန်၌ ဆရာတော်၏ ဂေါစရဂါမ်ရွာမှ ကျေးရွာကောင်စီ လူကြီးတစ်ဦးလည်း ဆရာတော်အား လာရောက်ဖူးမြော်နေ၏။ ဆွမ်းဘုဉ်းပေးသည်ကို အနီးမှ ကြည်ညိုနေ၏။ (သူ့နာမည်ကား ဦးဘစံဟု ထင်သည်။ ကောင်းစွာ မမှတ်မိ။) ယခုကဲ့သို့ပင် မကြာခဏလည်း လာရောက် ဖူးမြော်လေ့ရှိသည်။ ခဏကြာလျှင် ဆရာတော်က ဦးဘစံအား--
“ကဲ-မင်းပြန်တော့” ဟု မိန့်တော်မူ၏။ ဦးဘစံကား မပြန်သေးဘဲ နောက် အနည်းငယ်ဆုတ်၍ ကြည်ညိုနေ၏။ “မင်းပြန်တော့လေ” ဟု ဆိုသော်လည်း ဦးဘစံမှာ “မှန်ပါဘုရား” ဟု လျှောက်ကာ ခပ်လှမ်းလှမ်းနေရာသို့ ရွှေ့ထိုင်ကာ ကြည်ညိုမြဲ ကြည်ညိုနေပြန်သည်။
“မင်း မပြန်သေးဘူးလား” ဟု ထပ်၍ အမိန့်ရှိခါမှ ဦးဘစံလည်း ဦးချပြီး အိမ်သို့ ပြန်လာခဲ့တော့သည်။
အိမ်ရောက်လျှင်ပင် အစိုးရကိစ္စဖြင့် နှစ်နာရီခန့် စောင့်နေကြသော ဧည့်သည်များ ပြန်တော့မည် လုပ်နေသည်ကို တွေ့ရ၏။ ဦးဘစံ လက်မှတ်ထိုးမှ ပြီးမည့်ကိစ္စဖြစ်၍ စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။
ပို၍ အံ့သြဖွယ်ကောင်းသည်ကား ဦးဘစံ ကျောင်းမှ ပြန်သွားပြီး ဆယ်မိနစ်ခန့် ရှိလျှင် သူပုန်များ ကျောင်းထဲသို့ ရောက်လာခြင်းပင်တည်း။ သူတို့သည် ကျေးရွာ လူကြီး ဦးဘစံကို တွေ့လျှင် ချမ်းသာပေးကြမည် မဟုတ်ချေ။ ထိုအကြောင်းကို ဦးဝါသဝတို့ ကျောင်းမှအပြန် ပြောပြ၍ ဦးဘစံ သိရ၏။
“ဒါကြောင့် ဆရာတော်က ငါ့ကို မနှင်စဖူး ဇွတ်နှင်နေတာကိုး” ဟုလည်း ဦးဘစံ စဉ်းစားမိလေတော့၏။ ဦးဝါသဝကလည်း-
“ဆရာတော်က နှစ်ဖက်မြင်ဗျ” ဟုလည်း ပြောလိုက်သေးသည်။ ရန်သူ ဘေးကိုရော အရေးတကြီး စောင့်ဆိုင်းနေရသော ဧည့်သည်များကိုပါ မြင်သည်ကို ရည်ညွှန်း၍ ပြောဆိုခြင်းဖြစ်၏။
ထိုသို့သော သတင်းများကြောင့် ဆရာတော်ထံသို့ အဖူးအမြော် လာရောက် ကြသူများ နောက်ပိုင်းတွင် များပြားလာတော့သည်။ ရန်ကုန်မှ ဒကာများကလည်း ဆရာတော်အား ရန်ကုန်သို့ အကြိမ်ကြိမ် ပင့်ခဲ့ကြဖူး၏။ ထိုကိစ္စနှင့်စပ်၍ ဆရာတော်က အောက်ပါအတိုင်း အမိန့် ရှိသည်။
“ဒီလိုသာ ငါ့ကို လူတောထဲ ပင့်နေက ငါ မလိုက်နိုင်ဘူး။ ပင့်တိုင်းလိုက်နေက ငါ့အကျိုး ဆုတ်ယုတ်မှာပဲ။ တရားဆိုတာ သဒ္ဓါရယ်၊ ဝီရိယရယ်၊ ပညာရယ်၊ သမာဓိရယ် ဤလေးပါးညီညွတ်မှ တရားထူးရတယ်။ မညီညွတ်ရင် မရဘူး။ ညီတော် အာနန္ဒာကိုကြည့်၊ လူတောထဲလိုက်ပြီး လူတွေ အကြည်ညိုလိုက်ခံနေလို့ ဒီတရား လေးပါးနှင့် ညီညွတ် နိုင်ပါ့မလား။”
ဤစကားကား ကိစ္စမပြီးသေးသော ယောဂီများ သတိပြုရန်သာ ဖြစ်၏။
ထပ်ဆင့်ကြည်ညိုဖွယ် ကိုယ်တွေ့များ
သပိတ်အိုင် ဆရာတော် ဘုရားကြီးနှင့်စပ်၍ စာအုပ်စာတမ်းများတွင် မပါရှိသေးသော အံ့သြဖွယ်၊ ကြည်ညိုဖွယ်များကို တပည့်ကြီးများထံမှ ထပ်မံကြားနာရသည့်အတိုင်း ဖော်ပြပါဦးအံ့။
အောက်ပါအကြောင်းအရာများမှာ အကြောင်းအရာပါ ပုဂ္ဂိုလ်များက ဆရာတော်၏ တပည့်ကြီးဖြစ်သူ ဦးဝါသဝ ဆရာတော် (ကြားတောရကြီး၊ ညောင်လေးပင်မြို့) အား အသီးသီး လျှောက်ထားကြသည်ကို ဦးဝါသဝက တစ်ဆင့်ကျွန်ုပ်တို့အား အမိန့် ရှိချက်များသာ ဖြစ်ပါသည်။
ကြားတောရကြီး ဆရာတော် ဦးဝါသဝမှာ ကိုရင်ဘဝကသာ ဆရာတော်နှင့်အတူ နေထိုင်ရ၍ ကွဲသွားကြရာ ဆရာတော် ဘယ်မြို့ဘယ်ရွာ၌ သီတင်းသုံးသည်ကို မသိရတော့ချေ။ နှစ်ပေါင်း ငါးဆယ်ကျော်ပင် ကြာသွားရာ လုံးဝပင် မေ့လျော့ နေတော့သည်။ ၁၃၂၇- ခုနှစ်ကမှ ပထမဆုံး တွေ့ရသည်ဟု အမိန့်ရှိပါသည်။
တွေ့ရပုံမှာ ဆရာတော်၏ အံ့သြဖွယ် သတင်းများကြောင့် ညောင်လေးပင်မှ ဒကာ ဒကာမများလည်း အကြိမ်ကြိမ် သွားရောက်ဖူးမြော်ကြရာ ဦးဝါသဝ ညောင်လေးပင်၌ ရှိနေကြောင်း ကောင်းစွာ သိတော်မူသည့်အတိုင်း “မင်းတို့ ညောင်လေးပင်မှာ ဦးဝါသဝဆိုတာ မသိဘူးလား” ဟု အကြိမ်ကြိမ် မေးတော်မူရာမှ ဦးဝါသဝအား ဒကာများက လျှောက်ကြ၏။
တွေ့ရပြန်တော့လဲ ဝမ်းနည်း ဝမ်းသာ
ဦးဝါသဝလည်း “သပိတ်အိုင် ဆရာတော်” ဆိုသည်ကို မကြားဖူး၊ ပုံပန်းသဏ္ဌာန်ကို မေးကြည့်သော်လည်း စိတ်ထဲတွင် ဝေခွဲမရ။ ဇဝေဇဝါ ဖြစ်နေ၏။ ထို့ကြောင့် မေးဖန်များသောအခါ မော်လမြိုင်မှအပြန် ထိုတောရသို့အသွား ဆွမ်းခံအပြန် လမ်း၌ပင် ဖူးတွေ့ရရာ မိမိအား ငယ်စဉ်က စာချပေးခဲ့သော ဘုန်းကြီး ဦးကိတ္တိ ဖြစ်နေ၍ အလွန်အံ့သြသွား၏။ ဦးချသောအခါ ဆရာတော်က-
“မင်းဘယ်သူလဲ”
“တပည့်တော် ညောင်လေးပင်က ဝါသဝပါ အရှင်ဘုရား”
“အေး...အေး၊ မင်းငါသိပါတယ်” ဟု မိန့်တော်မူကာ သင်္ကန်းရုံ အတွင်းရှိ ဟင်းချိုင့်ငယ်များထည့်သော လွယ်အိတ်ကို နှိုက်၍ ဦးဝါသဝအား စာတစ်စောင် ထုတ်ပေးသည်။ ဦးဝါသဝမှာ ပို၍ပင် အံ့သြရပြန်၏။ စာမှာ သေတမ်းစာ ဖြစ်နေ သောကြောင့်တည်း။
“ရှိ ပစ္စည်းများအားလုံးကို မောင်ဝါသဝအား စွန့်ကြောင်း၊ ပျံတော်မူလျှင် သုံးရက် ထက်ပို၍ မထားဘဲ မောင်ဝါသဝက လုံးဝတာဝန်ယူ၍ ထင်းတစ်ပုံလောက်နှင့် ကိစ္စပြီးအောင် သင်္ဂြိုဟ်ရန်ဖြစ်ကြောင်း” ပါရှိရာ ဦးဝါသဝမှာ စာဖတ်ပြီးလျှင် မည်သို့မျှ မလျှောက်တတ်ဘဲ ဝမ်းသာဝမ်းနည်း ဖြစ်နေစဉ်-
“ကဲ-မင်း ငါ့ကျောင်းလိုက်ခဲ့ဦး” ဟု မိန့်တော်မူ၍ ဆွမ်းခံမှအပြန် လိုက်ပါသွားရ၏။ ကျောင်းရောက်လျှင် ဆရာတော်က ဆွမ်းကျွေးသည်။ ခါတိုင်း တစ်ပါးစာမျှသာ ချန်၍ လမ်းရှိ ကျောင်းများတွင် အားလုံး လှူပစ်လေ့ရှိသော ဆရာတော်သည် ထိုနေ့က သပိတ်ထဲတွင် နှစ်ပါးစာ ချန်လာခဲ့သည်ကို ဖူးမြင်နေကျ လူများမြင်၍ အံ့သြကြရသည်။
ဆရာတော် သီတင်းသုံးသော ကျောင်းမှာ သုံးခန်းတွဲဖြစ်၍ အဆုံး၌ စင်္ကြံတွဲထား၏။ အစွန်ဆုံးအခန်းတွင် ဝါးခင်း ကွပ်ပျစ်ကလေးနှင့် ဝါးဘိုးဝါးကို ခြမ်းထားသော ခေါင်းအုံး ကလေးတစ်ခုသာ ရှိသည်။ ဦးဝါသဝသည် ကျောင်းကလေးအတွင်း တစေ့တစောင်း ကြည့်ရှုရာ မှန်ခေါင်းတစ်ခု၊ သစ်သားခေါင်းတစ်ခုနှင့် မှန်ကား ထည့်၍ ချိတ်ဆွဲထားသော ဆရာတော့်ဓာတ်ပုံကားကြီး တစ်ချပ်ကိုလည်း တွေ့ရသဖြင့် စိတ်တွေ မအီမသာ ဖြစ်နေ၏။
“ကဲ-မောင်ဝါသဝ ပြန်တော့” ဟု ဆို၍ ဦးချလိုက်ရ၏။ မရှင်းမလင်း စိတ်ထဲ၌ ဖြစ်ပေါ်နေသမျှကိုလည်း ငယ်ကြောက်ဖြစ်၍ မလျှောက်ထားရဲ။ ဒကာ ဒကာမများ ကိုလည်း အသံခပ်မာမာနှင့် “ကဲ-သွားကြ၊ သွားကြ၊ ကိုယ့်အလုပ် ကိုယ်လုပ်ကြ” ဟု နှင်လေ့ရှိသည် ကိုလည်း သိထား၍ ထ၍ ပြန်မည်အပြု ဆုတ်ဆိုင်းဆိုင်း ဖြစ်နေစဉ် ဆရာတော်က-
“မောင်ဝါသဝ၊ မင်း ဘာလိုချင်သေးသလဲ” ဟု မေးတော်မူရာ ခေါင်းများနှင့် ပေးစာအရ “နေ့ချင်းညချင်း ပျံတော်မူသွားမှဖြင့်” ဟု စိတ်ထင့်လာသဖြင့်-
“ဓာတ်ပုံကားကြီးတော့ ပူဇော်ချင်ပါတယ် ဘုရား” ဟု အရဲစွန့် လျှောက်ထားရာ ဆရာတော်ကိုယ်တိုင်ပင် ဖြုတ်၍ ချီးမြှင့်လိုက်၏။
“ငါ့ လက်မှတ်နဲ့ စာကတော့ မင်းသိမ်းထားဖို့ပဲ။ အခု မဟုတ်ပါဘူး။ အရေးရှိသုံးဖို့။ ကဲ-သွားသွား” ဟုဆိုမှ အတန်ငယ် စိတ်သက်သာရာရကာ ပြန်လာခဲ့ရလေ၏။
(ဤစာအုပ်၌ ဖော်ပြထားသော ဓာတ်ပုံဖြစ်သည်။ ကင်းဘဲလ်လမ်း အယ်ဒီတာ ဦးမျိုးမြင့်နှင့် ဆရာတော်၏ တပည့်ကြီး ဦးအောင်စိန်တို့၏ ကူညီဆောင်ရွက် ပေးချက်အရ စာဖတ်ပရိသတ်အား တင်ပြ ကြည်ညိုစေခွင့် ရပါသည်။)
ကြားတောရဆရာတော် ဦးဝါသဝလည်း ထိုအခါမှစ၍ ဆရာတော့်ထံသို့ အကြောင်း အားလျော်စွာ ရောက်ရှိရပေ၏။ ဤမှစ၍ ပျံတော်မူသည်အထိ ဆက်လက် ဖော်ပြမည့် အကြောင်းအရာများမှာ ဦးဝါသဝ ဆရာတော်၏ အမိန့်ရှိချက်များချည်း ဖြစ်ပါသည်။
“ဘုန်းကြီးက အဝေးမှာ နေရတာဆိုတော့ နည်းနည်းပါးပါးပဲသိရတာပါ။ ဘုန်းကြီး မသိတာတွေက အများကြီးပဲ” ဟုလည်း အမိန့်ရှိလိုက်ပါသေးသည်။
သုံးကြိမ် ကန်တော့ခွင့်ပေးခြင်း
တောင်ဥက္ကလာပ (ဇာလီတောင် ကျောင်းအနီးနေ) ဦးအေးမောင်သည် ဦးဝါသဝ၏ ရင်းနှီးသူ ဒကာတစ်ဦး ဖြစ်၏။ ဆရာတော်၏သတင်းကို ကြားသိရသဖြင့် သပိတ်အိုင် တောရ သို့ သွားရောက်ကန်တော့သည်။ ကြည်ညိုလှသဖြင့်-
“ဆရာတော်ဘုရား၊ တပည့်တော် သုံးကြိမ်သုံးခါ ကန်တော့ပြီးမှသာ ပရိနိဗ္ဗာန်စံပါ ဘုရား” ဟု စိတ်ထဲက လျှောက်ထား အဓိဋ္ဌာန်ပြီး ပြန်လာခဲ့သည်။
နောက်တစ်ခေါက် ဇနီးဒေါ်လှမြင့်နှင့် မိသားစုကိုပါခေါ်၍ သွားရောက် ဖူးမြော်ခွင့် ရပြန်၏။ ဆရာတော်ကား-
“မင်း သားသမီး ဘယ်နှစ်ယောက်လဲ” ဟု မေးစမ်းသည်ကို ပြန်လျှောက်ပြီးနောက်-
“ကဲ.... ကဲထပ်ပြီး ကန်တော့ကြဦး” ဟု ဆို၍ ကန်တော့ကြရပြန်သည်။ ပြီးလျှင် “ကဲပြန်ကြ” ဟု မိန့်တော်မူ၍ ပြန်လာကြရသည်။ ရန်ကုန်ရောက်၍ မကြာမီ ပျံလွန် တော်မူကြောင်း ကြားရရာ စဉ်းစားသောအခါ နှစ်ခေါက်ထဲနှင့် သုံးကြိမ် ကန်တော့ရသည်ကို သတိပြုမိတော့သည်။
ရောဂါမရွေး မေတ္တာဆေး
သပိတ်အိုင်တောင်ခြေရွာမှ ဒကာမကြီးတစ်ဦး ဝမ်းဗိုက်နာသောရောဂါ စွဲကပ်နေရာ မည်သည့်ဆေးနှင့်မှ မပျောက်ဘဲရှိနေ၏။ တစ်နေ့သောအခါ ဆရာတော်အား ဆွမ်းလောင်းလှူ ပြီးနောက် မိမိစိတ်ကူး ကြံစည်မိသည့်အတိုင်း ဆရာတော် နင်းကြွသွားသော ခြေတော်ရာမှ ကျောက်ခဲကလေးကို ကောက်၍ မျိုချလိုက်ရာ ဝမ်းဗိုက်နာရောဂါကြီးမှာ အံ့သြလောက်အောင် ပျောက်ကင်းသွား၏။
ကျွဲခြံရွာ ဦးခင်မောင် ဆိုသူ၏ သမီးကလေးမှာ မွေးကတည်းက အရိုးပျော့ ရောဂါ စွဲကပ်နေ၍ မြန်မာဆေးဆရာ၊ အင်္ဂလိပ် ဆေးဆရာ မျိုးစုံနှင့် ကုသရာ ရောဂါ မပျောက်ဘဲရှိနေ၏။
ဦးခင်မောင်သည် အိပ်ရာထဲလဲနေသော သမီးငယ်ကို ကြည့်၍ ကြံရာမရ စိတ်ညစ် နေရသဖြင့် ကြံမိကြံရာ စိတ်ကူးဝင်လာသည့်အတိုင်း ဆရာတော့် ကျောင်းသို့ အထုပ်ကလေ တစ်ထုပ်ကိုင်လျက် ရောက်လာ၏။ ထိုအထုပ်မှာ ဆေးလည်းဖြစ် အာဟာရလည်း ဖြစ်သော အသီးအရွက်များကို အမှုန့်ထောင်းပြီး ယူလာခြင်း ဖြစ်သည်။ ထိုအထုပ်ကို ဆရာတော်အား ကပ်ပြီး ပြန်ယူရန် စီစဉ်လာခြင်း ဖြစ်၏။
ထိုအချိန်က ဆရာတော်၏ရှေ့၌ ထုံးစံအတိုင်း နယ်မှ အဝေးပရိသတ်များ များပြား လှသဖြင့် ဆရာတော်၏ အနီးသို့ မတိုးနိုင်ဘဲ ခပ်ဝေးဝေးကပင် ဖူးမြော်နေရ၏။ သူကြံစည် ထားသည့်အတိုင်း ဤယနေ့ ကပ်လှူခွင့် မရတော့ဟု အောက်မေ့ကာ လက်လျှော့နေစဉ် -
“ခင်မောင်၊ ငါ့ကပ်မယ့်ဟာ ယူခဲ့” ဟူသော ဆရာတော့် အသံကို ကြားလိုက်ရရာ ခေါင်းနားပန်းကြီးအောင် ကြက်သီးထသွားလေတော့၏။ ဝမ်းသာအားရ အထုပ်ကို ထပြီးကပ်ရာ-
“နက်ဖြန်ကျတော့ မင်းအထုပ်ကို ကပ္ပိယကြီးဆီ တောင်းသွား” ဟုလည်း အမိန့်ရှိ လိုက်သေးသည်။ ဦးခင်မောင်မှာ မြေကြီး ခြေမထိအောင် ဝမ်းသာသွား၏။ “ငါ့သမီးရောဂါ ပျောက်ပြီ” ဟူ၍ပင် ဆုံးဖြတ်လိုက်လေသည်။
သူထင်သည့် အတိုင်းပင် သူ့ အာရုံစိတ်ကူးထဲ ပေါ်သည့်အတိုင်း လုပ်ထားသော သစ်ရွက်သစ်သီး အမှုန့်များကို သမီးငယ်စားသော အစာတိုင်း၌ နည်းနည်းချင်း ဖြူး၍ ကျွေးရာ အရိုးများ မာကျောလာကာ သွားနိုင်လာနိုင် ပကတိ ကြံ့ခိုင်၍ လာလေ၏။
သဒ္ဓါလွန်၍ ထွက်ပြေးရ
ညောင်လေးပင်မြို့ တရုတ်လူမျိုး ဦးထွန်းသိန်းဆိုသူ ယခုတိုင်ရှိ၏။ ဆရာတော်အား အလွန်ကြည်ညိုသူဖြစ်သည်။ ဒုလ္လဘဝတ်ရင်း ဆရာတော်၏နည်းနာအတိုင်း တရားအားထုတ် နေရာ ရဟန်း ဆယ်ဝါပင် ရလေသည်။ နောက် အကြောင်းအား လျော်စွာ လူထွက်ရသော်လည်း ဆရာသမားနှင့် တရားအလုပ်ကိုသာ စိတ်ဝင်စား လျက်ရှိ၏။
တစ်နေ့သောအခါ ဆရာတော်၏ ကျောင်းမှာ အချိန်ရသလောက် ကပ္ပိယအဖြစ်နှင့် နေဦးမည်ဟု ဆုံးဖြတ်ကာ သပိတ်အိုင် တောကျောင်းသို့ ရောက်လာရာ ကန်တော့၍ တရားစကား အနည်းငယ် ဟောပြောပြီးလျှင် ထုံးစံအတိုင်း “ပြန်တော့” ဟု သုံးကြိမ်တိုင်တိုင် နှင်သော်လည်း မပြန်။ “ဆရာတော့်ကျောင်းမှာ တရားထိုင် ချင်လို့ပါ ဘုရား” ဟု လျှောက်၍ ဇွတ်ပေကပ်နေ၏။ ဆရာတော်ကပင် လက်လျှော့ လိုက်ရသည်။ ဆရာတော်ကား “ငါ့အလုပ် ငါလုပ်ရမကွ” ဟု ပြောပြောဆိုဆို ကျောင်းကလေးပေါ်၌ တရားရှုမှတ်နေလိုက်သည်။
ဦးထွန်းသိန်းလည်း ကျောင်းကလေး အောက်ဆင့်၌ တရားထိုင်နေရာ ညဉ့် မနက်မီပင် မချိမဆံ့ ထူးထူးခြားခြား အိပ်ချင်လာ၏။ ဣန္ဒြေပင် မဆည်နိုင်တော့ဘဲ အစောကြီး အိပ်ပျော်သွားလေသည်။ ဦးထွန်းသိန်း အိပ်ရာမှ နိုးလာလျှင် နေ၍ မရအောင် အပုပ်နံ့ကြီး နံစော်လှသဖြင့် နံနက် ဝေလီဝေလင်း ရောက်လျှင် ဆရာတော်အား ဦးချပြီး ပြန်လာခဲ့ရတော့သည်။
သူတော်ကောင်းကြီးများ၏ သဘောလက္ခဏာသည် အလွန်တရာ သိနိုင်ခက်လှ၏။ အချိန်ပြည့် တာဝန်များလည်း ကြီးမားလှပေသည်။ မိန့်ဆိုသော စကားတိုင်း အကြောင်းမဲ့ မဟုတ်။ လူသာမန်တို့ နားလည်ရန် မလွယ်ကူချေ။ အမိန့်တော်ကို ကျော်လွန်ရန် စိတ်ကူးမျှပင် မဖြစ်စကောင်း။
ဝတ္တရား နှောင့်ယှက်မှုကြီး
ဘုရားရှင်၏ သာဝကတို့ဟူသည် ဇာတိခေတ်ဟု ခေါ်သော စကြဝဠာပေါင်း တစ်ထောင်လုံး မြင်နိုင် ကြားနိုင်၏။ သွားလာကျက်စားနိုင်၏။ ဤကမ္ဘာကြီးနှင့် ဤလူ့ပြည်မှာ ဆိုဖွယ်ရာမရှိ။ ရာပေါင်းများစွာသော ဒုက္ခိတ သတ္တဝါတို့ကိုလည်း (အကြောင်းညီညွတ်ပါက) တစ်ခဏချင်း ကယ်မတော်မူနိုင်၏။ ချေချွတ်တော် မူနိုင်၏။
(ဗကဗြဟ္မာလောင်း ရသေ့ကြီး သည်ပင်လျှင် လောကီတန်ခိုးမျှဖြင့် သတ္တဝါများအား နေရာမထ ကယ်မ,ခဲ့ပုံတို့ကို သင်ခန်းစာ ယူကြကုန်။)
တိုင်းပြည်တစ်ခု၌ပင် တရားဓမ္မ ဟောပြ ချေချွတ်သင့်သော သတ္တဝါတို့သည် များစွာ ရှိကုန်၏။ ဘေးအန္တရာယ် ကြုံတွေ့၍ ကယ်မ, ထိုက်သော ဒုက္ခိတ သတ္တဝါတို့သည် လည်း မရေမတွက်နိုင်။ ထိုတာဝန်ကြီးသည် စွမ်းဆောင်နိုင်သော ပုဂ္ဂိုလ်တို့၌ တာဝန်အပြည့်ရှိနေ၏။ ၂၄-နာရီ အချိန်ပြည့် ရွက်ဆောင်တော်မူနေရသည်။
သူတော်ကောင်းကြီးတို့၏ အမိန့်တော်ကို မဆိုထားဘိ၊ အလိုတော်ကိုပင် လွန်ဆန် မိ၍၊ သို့မဟုတ် ဘာမျှမဆိုစလောက်သော မိမိ၏ သာမန်ကိစ္စအတွက် အချိန်ကို အသုံးချပေး တော်မူနေရ၍ အခြားတစ်နေရာ၌ ကျင့်ဆောင်တော်မူရမည့် တာဝန်ကြီးတစ်ခု လစ်ဟင်း သွားရချေသော် အရိယာတို့အား တာဝန်ဝတ္တရား နှောင့်ယှက်မှုကြီးကား ကြီးလေးလှပါဘိ။
အင်အားပြည့်တော်မူကြသော အရိယာ သာဝကကြီးတို့၏ တာဝန်နှင့် စွမ်းအားတော် သည် စကြဝဠာပေါင်း တစ်ထောင်ကိုပင် နယ်နိမိတ် ထားရလေသည်။ သတိပညာဖြင့် ဆည်းကပ်ကြကုန်ရာ၏။
(ဤ၌ ဦးထွန်းသိန်းနှင့် စကားစပ်၍ ရေးရသော်လည်း ပုဂ္ဂလာဓိဋ္ဌာန် မရည်ညွှန်း ကြောင်း ဓမ္မမိတ်ဆွေကြီးအား ခွင့်လွှတ်ရန် တောင်းပန်ရပါသည်။)
မျက်တောင်မခတ်သော အလှူ့ဒါယကာ
ဆရာတော်သည် ခရီးဝေးကွာသော မြို့ရွာများ၌ မရှေးမနှောင်း တစ်ချိန်တည်း နေရာများစွာ၌ ဆွမ်းခံကြွကြောင်း၊ မည်သူမည်ဝါမှန်းမသိ လူကြုံမှတစ်ဆင့် လှူဒါန်း ကြကြောင်းမှာ ရိုးနေသော အဖြစ်အပျက်များ ဖြစ်နေကြ၏။
သို့ရာတွင် လူကြုံအလှူနှင့်စပ်၍ သိမှတ်ဖွယ်ကောင်းသော ဆရာတော်၏ စကားဆန်း တစ်ခု ရှိ၏။
တစ်နေ့သောအခါ ဒကာတစ်ဦး ကျောင်းလာ၍ စားသောက်ဖွယ်ရာများကို လှူရာ “လမ်းခုလပ်မှ လူတစ်ယောက်ကလည်း ဤမည် ဤမည်သော စားသောက်ဖွယ်ကို တစ်ဆင့်လှူလိုက်ကြောင်း” ကိုပါ လျှောက်ထားရာ ဆရာတော်က-
“မင်း.. အဲဒီ လှူတဲ့လူကို နာမည်မေးခဲ့သေးသလား။ မြင်ရင် မှတ်မိအောင် မျက်နှာကို ကြည့်ခဲ့သေးသလား” ဟု မေးလျှင် မမှတ်မိသူကများ၍-
နောက်မှတ်ထား၊ အဲဒီလူမျိုးမျက်နှာ သေသေချာချာကြည့်ကွ။ အဲဒီလူမျိုးက မျက်တောင်မခတ်ဘူးကွယ့်” ဟု မိန့်တော်မူတတ်၏။
ထိုသို့သော ပုဂ္ဂိုလ်ထူးကြီးများ၌ မျက်တောင်မခတ်သော ဒကာမျိုးလည်း များစွာရှိပေ၏။
ဝသီဘော် နိုင်နင်းမှ
ဆရာတော်သည် ကြွလျှင် ခပ်ဆတ်ဆတ် ကြွလေ့ရှိ၏။ စကားပြောလျှင်လည်း တိုတိုပြတ်ပြတ်ပင် မာမာပြောလေ့ရှိသည်။
တစ်ခါက ညောင်လေးပင်မြို့မှ ဦးကွန်းရင်နှင့် လူအများစု၍ ဆရာတော်ထံ သွားကြရာ ဆရာတော် ဆွမ်းခံအပြန် ရွာအထွက်မှ ကြို၍ ကျောင်းအထိ လိုက်ကြမည်အပြု “နေခဲ့ကြ” ဆိုသည်ကို ခေါင်းဆောင် ဦးကွန်းရင်က-
“တပည့်တော်များ ညောင်လေးပင်ကတောင် လာကြရတာပါဘုရား” ဟု လျှောက်ကာ တောလမ်း ခရီးအတိုင်း နောက်က ဇွတ်ပေကပ်၍ လိုက်သွားကြ၏။ ခရီးတစ်ဝက်လောက် ရောက်သောအခါ-
“ဒကာတို့ အဲဒီမှာတင်ရပ်” ဟု ငေါက်ဆတ်ဆတ် နောက်လှည့်ပြီး ပြောလိုက်သဖြင့် ဘုမသိ ဘမသိ ရပ်နေကြရ၏။ “ကျားနဲ့ များ တိုးနေပြီလား” ထင်ကာ ကြောက်လန့် ကုန်ကြ၏။ တားပါလျက် ဇွတ်လိုက်ပါလာကြသည်ကိုပင် နောင်တဖြစ်ကာ ရှေ့မှ ရပ်နေသော ဆရာတော်” ကိုသာ ကြည့်ပြီး စိတ်ကူးကိုယ်စီနှင့် ရပ်နေကြရသည်။
“ဟာ... ဆရာတော် မရှိဘူး။ သင်္ကန်းချည်းပဲထောင်နေတယ် ထောင်နေတယ်” ဟု တစ်ယောက်က အံ့အားသင့်ပြီး နှုတ်ထွက်သွား၏။ စင်စစ် ရှေ့၌ရပ်နေသော ဆရာတော်မှာ တဖြည်းဖြည်း ကိုယ်လုံးတော်မရှိဘဲ သင်္ကန်းချည်းသာ ရုံလျက်သား ထောင်နေသည် မြင်ကြရ၏။ အကြောင်းမည်သို့ဟု မသိကြရ။ တွေတွေကြီး ကြောင်ပြီး မှင်တက်မိနေကြ၏၊ “ကဲ.. ကဲ... လိုက်ခဲ့ကြ” ဆိုမှ ဆက်၍ လိုက်ပါကြရသည်။ ဆရာတော်အားလည်း မလျှောက်ရဲသဖြင့် “အဘယ်သို့” ဟု မသိရချေ။
မည်သို့ဖြစ်စေ၊ ပုထုဇဉ်တို့ နားမလည်နိုင်သော၊ အသိပေးရန်လည်း မလိုသော အရိယာ ပုဂ္ဂိုလ်ထူးများ၏ သဘောလက္ခဏာနှင့် တာဝန်ကား လျှို့ဝှက် နက်ရှိုင်းလှပေ၏။
ဤ၌ သိမှတ်ရသည်မှာ တန်ခိုးရှင် အရိယာ ပုဂ္ဂိုလ်ထူးတိုင်း တန်ခိုးကို လိုသလို ရချင်မှ ရကြ၏။ နဂါးကို ဂဠုန်သုတ်ရာ၌ အဘိညာဉ်ရ ရဟန္တာကြီးအများပင် ရှိပါလျက် ရှစ်ဝါရ ရဟန်းငယ်တစ်ပါးက တောင်ကြီး ဖန်ဆင်း၍ လိုက်ပါကယ်တင် ရဖူး၏။ (ဝိသုဒ္ဓိ၊ ၁၊ ၁၅ဝ။) အလေ့အကျင့် (ဝသီဘော်) များမှသာ လျှပ်တစ်ပြက် လိုသလို ရနိုင်ပေသည်။ ဆရာတော်၏ ဝသီဘော် နိုင်နင်းပုံကို သိသာလှပေ၏။
ကြောက်လို့ ရှောင်ရာ ဝိုင်း၍လိုက်
ဆရာတော်သည် ဆွမ်းဘုဉ်းပေးချိန်နှင့် ညနေပိုင်းတစ်ချိန် ဖူးတွေ့ခွင့်ပေးတတ်၏။ ရံခါ တစ်နာရီခန့် တရားဟောတတ်သည်။ စကားများများ လျှောက်ထားပြောဆို နေရသည်ကို မကြိုက်။
ဘုန်းတန်ခိုးကြီးသည်ဟု ကြား၍၊ သိ၍၊ အပူကပ်သူများလည်း မနည်းချေ။ စာမေးပွဲ အောင်လိုသူများမှအစ သူဌေးဖြစ်လိုသူ၊ ဘေးရန်ရောဂါ တွေ့နေသူများအဆုံး သူတော်ကောင်း ကြီးများအား ပျောက်စေဆရာ၊ ဂိုဏ်းဆရာကြီးနှင့် တစ်တန်းတည်း ထား၍. ဆည်းကပ်သူ များလည်း မရှားပေသည်။
စကားများများ ပြောခွင့်မရသဖြင့် စာဖြင့်ရေး၍ကပ်လေ့ရှိရာ ဆရာတော် တစ်ခါ အတွေ့ခံလျှင် ဆက်ကပ်စာများကို ဝါစာကမာ ကြည့်ဟန်ပြု၍ ဘေးမှာချပုံထားရာ ရံခါ စာရွက်ထပ်ကြီး တစ်ထွာ တစ်မိုက် ရှိနေတတ်သည်ဟု ဆိုကြ၏။
ရံခါ ဆရာတော်ကိုယ်တိုင်ကပင် လိုအပ်လျှင် ချီးမြှောက်ကယ်မတတ်လေသည်။ တစ်နေ့သောအခါ မော်လမြိုင်မှ ဇနီးမောင်နှံနှစ်ဦး ဆရာတော်အား စာကပ်၏။ နှုတ်ကလည်း-
“တပည့်တော်တို့သမီး (–)၊ (-) နေ့ က သူပုန်ဖမ်းသွားတာ ခုထိ မတွေ့ ရတော့ပါ။ ဆရာတော် ကယ်ပါဦးဘုရား” ဟု လျှောက်ကြသည်။ ဆရာတော်လည်း ထုံးစံ အတိုင်း စာရွက်ကို ယူပြီး ဝါစာကမာ ကြည့်ကာ ဘေးမှာ ချထား၏။ မည်သို့မျှ အမိန့်မရှိ။
နောက်တစ်ရက် အဆိုပါ အမျိုးသမီး တောတွင်းတစ်နေရာမှ ပြန်ရောက်လာ သတတ်။ အကျိုးအကြောင်း မေးကြရာ သူပုန်များမှာ အစိုးရတပ်နှင့် အဝိုင်းခံရသလို အထိတ်တလန် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ပြေးလွှားကြစဉ် အဆိုပါ အမျိုးသမီး သည်လည်း မယောင်မလည် လွတ်မြောက်လာရာ မော်လမြိုင်သို့သွားသော လမ်းကြောင်းပေါ်သို့ လျှောက်လာမိရက်သား ဖြစ်နေသည်ဟုဆိုသည်။
အလားတူ ဖြစ်ရပ်တစ်ခုတွင်မူ အမျိုးသမီးငယ်နှစ်ဦး သူပုန်လက်ထဲ ရောက်၍ ငိုယိုနေစဉ် ဆရာတော်ကြီးကိုယ်တိုင် ရှေ့မှာ ကြွလာပြီး “မပူနှင့်၊ ငိုမနေနှင့်၊ မကြာခင် လွတ်မှာ” ဟု မိန့်ဆိုပြီး ပျောက်ကွယ်သွားရာ မကြာမီ ဘေးမှ လွတ်သည် ဟု အတိအကျပင် ပြောဆို၏။
(မိမိ ဂေါစရဂါမ်ရွာ၌ ဓားပြတိုက်ရာ ဗကဗြဟ္မာလောင်း ရသေ့ကြီးက တန်ခိုးဖြင့် စစ်တပ်ဖန်ဆင်း၍ ကယ်တင်ကြောင်း ပြခဲ့ပြီ။)
ထိုင်နေရင်း အလုပ်များရ
အရိယာ သူတော်ကောင်းကြီးများကား “အဲဒါ ငါလုပ်လိုက်တာပေါ့” ဟု မပြောရုံ သာမက ရိပ်မိမည်ကိုပင် စိုးရိမ်သဖြင့် ကိုယ်လွတ်ရုန်း၍ တောတောင်တို့၌ ပုန်းလျှိုးတော်မူနေကြရ၏။ သတ္တဝါ အများစုနှင့် သာသနာတော် အကျိုးစီးပွား များပြားရန်သာ ရှေးရှုတော်မူကြရသည် ဖြစ်၍ ဘာမဟုတ်သော ကိုယ်ရေးကိုယ်တာ ကိစ္စကလေးများဖြင့် ဒုက္ခမပေးသင့်ကြပေ။
ဝိနည်းတော် ဘောင်အတွင်းလည်း ဖြစ်စေ၊ သတ္တဝါတို့ ကံတရား (ကမ္မဿကတာ) ၏ နယ်နိမိတ် အတွင်းလည်း ရှိစေ၊ ၂၄-နာရီ မနေမနား။ (သတ္တဝါတို့က မသိသော်လည်း) အများသတ္တဝါတို့ ချမ်းသာစီးပွား များပြားအောင် ဆောင်ရွက်ရန်မှ တစ်ပါး အခြားကိစ္စ ရှိတော်မမူကြပေ။ အချိန်ပြည့် ဆောင်တော်မူကြလေသည်။
“ငြိမ်ငြိမ်နေလေ၊ အလုပ်များများ လုပ်လေ” ဟု နားလည်သင့်ကြပေသည်။ ထိုအရိယာ အင်အားကို မရိပ်စားမိကြဘဲ ပြောနိုင်ဆိုနိုင်၊ ပြေးလွှားနိုင်မှ အလုပ်လုပ်သည်ဟု ခံယူနေသော ပုထုဇဉ် အများစုက-
“တရားထိုင်တာ အချိန်ဖြုန်းနေတာပဲ။ လောကုတ္တရာ အလုပ်ဟာ လောကီရေးရာ စွန့်ပြီး တစ်ကိုယ်ကောင်း ကိုယ်လွတ်ရုန်းနေတာပါ” စသည်ဖြင့် ပြောမှား ဆိုမှား ရှိကြပြန်သည်။ သတိရှိကြကုန်း၊ သိအောင်လုပ်ကြကုန်။
အကျိုးရှိလျှင် အသိခံကယ်ခြင်း
ကျွဲခြံရွာမှ ဦးသာခင်သည် အထိုက်အလျောက် ကြွယ်ဝသူ ရပ်ရွာလူကြီးတစ်ဦးလည်း ဖြစ်၍ ရွာ၌ မနေရဲသဖြင့် အပေါင်မြို့သို့ ပြောင်းရွှေ့ နေရသည်၊ တစ်နေ့ မြို့မှ ရွာသို့ အလည်လာရာ လမ်း၌ပင် သူပုန်က ဖမ်းသွား၏။ ဦးသာခင်အား သတ်ရန် ချောင်းနေကြသူများ ဖြစ်သည်။ သူပုန်ဗိုလ်နှင့် ငယ်သား နှစ်ယောက်က တောနက်ရာသို့ ခေါ်သွားပြီးနောက် မလွတ်နိုင်အောင် ကြိုးဖြင့်တုပ်၍ သစ်ပင်၌ ချည်ထားကြ၏။
ဦးသာခင်သည် ရန်သူများ တစ်နေရာ၌ သွားနေကြခိုက် ဂုဏ်တော်များကို ရွတ်ဆို နှလုံးသွင်းရာ တည်တည်ငြိမ်ငြိမ် နှလုံးမသွင်းနိုင်ဘဲ သေဘေးကြီး၏ ခြောက်လှန့်ခြင်း ခံနေရရှာ၏။ ရုတ်တရက် ဆရာတော်၏ မျက်နှာတော် စိတ်ထဲ၌ ပေါ်လာသဖြင့် ဆရာတော် သီတင်းသုံးရာသို့ ရည်ညွှတ်လျက်-
“ဆရာတော်ဘုရား၊ တပည့်တော်ကို ကယ်ပါဦးဘုရား” အားကိုးတကြီး နှုတ်မြွက် တသမိရာ မရှေးမနှောင်းပင် ဆရာတော်သည် ဦးသာခင်ရှေ့၌ ရောက်လာ၏။ ဦးသာခင်လည်း အံ့အားသင့်နေခိုက်-
“ဒကာကြီး သွားတော့” ဆိုသည်ကိုပင် မယုံကြည်နိုင်အောင် ရှိလေ၏။ သုံးကြိမ် တိုင်တိုင်ပြောမှ မိမိကိုယ်ကို ကြည့်လိုက်ရာ တုပ်နှောင်ထားသော ကြိုးများ အလိုလို ပြေကျနေသည်ကို သိရသည်နှင့် ချက်ချင်း ထွက်ပြေးလွတ်မြောက်သွား၏။
နောက်တစ်ရက် ဆရာတော်ကျောင်းသို့လာရာ ဆရာတော်၏ အမူအရာမှာ မည်သို့မျှ ထူးခြားခြင်းမရှိ။ ဦးသာခင်မှာ မလျှောက်ဘဲ မနေနိုင်အောင် ကျေးဇူးတင် ဝမ်းသာလွန်း၍ လျှောက်ထားရာ...
“အေး... ဒီလိုလဲ ဖြစ်တတ်ပါရဲ့” ဟုသာ အေးအေးဆေးဆေး မိန့်တော်မူ၏။ အတန်ကြာသောအခါ-
“မင်း သူပုန်ဗိုလ်ကို မှတ်မိသလား”
“မှတ်မိပါတယ် ဘုရား”
“အင်း... သူ့ခမျာလဲ ဒုက္ခရောက်ရှာတော့မယ်” ဟုသာ လေးလေးကြီး မိန့်တော် မူလိုက်သည်။
နှစ်ရက် သုံးရက်ခန့်ရှိလျှင် အစိုးရတပ်စိတ်တစ်ခုက တောနင်းတိုက်ခိုက်၍ အပြန်-
“ဦးသာခင်၊ ခင်ဗျားကို ဖမ်းသွားတာ ဒီကောင်ပဲမဟုတ်လား” ဟု ဆိုကာ ဖြတ်လာသော သူပုန်ဗိုလ်၏ ခေါင်းတစ်လုံးကိုပြ၍ ကြည့်လိုက်ရာ အမှန်ပင် ဖြစ်နေသဖြင့် အသက်သခင် ဆရာတော်အား အသက်ပေး၍ပင် ကြည်ညိုမိလေ တော့သည်။
လောကီဆန်၍ မကြိုက်နိုင်ကြ
တစ်နေ့သောအခါ ဦးဝါသဝဆရာတော် ရန်ကုန်ကြွလာခိုက် ဗဟန်းသုံးထပ်ကျောင်း ဆရာတော်၊ မော်လမြိုင်မှ (......) ဆရာတော်များနှင့် စကားလက်ဆုံကျရာ ဆရာတော်များက ဦးဝါသဝအား-
“ဦးဝါသဝရယ်၊ တဆိတ် ကိုယ်တော့ဆရာတော် လျှောက်စမ်းပါဦး၊ တပည့်တော်တို့ တော့ ကြားထဲက ငရဲကြီးနေမလား မသိဘူး၊ ဆရာတော်ကို ပြစ်မှားတာ မဟုတ်ပါဘူးနော်၊ ပြစ်လဲမပြစ်မှားဝံ့ပါဘူး။
“ဆရာတော်ကိုရော၊ သာသနာကိုရော ဂုဏ်ငယ်များနေမလားလို့ပါ၊ တခြားဟာ မဟုတ်ပါဘူး၊ အားလုံးသိတဲ့အတိုင်း ဆရာတော်ဟာ စာမေးပွဲအောင်အောင်၊ ရောဂါ ပျောက်အောင်၊ သေဘေးက လွတ်အောင်၊ စီးပွားလာဘ်လာဘ တိုးအောင် လုပ်ပေးသလိုလို ကြားနေရတာ လောကီမဆန်ဘူးလား။ ကမ္မဋ္ဌာန်းတရား တစ်ခုခု ပေးလိုက်ရင် ပြီးတာပဲ။ အဲဒါ ဆရာတော်ကို လျှောက်စမ်းပါ။ ဘယ့်နှယ်လဲ။ တပည့်တော်တို့ပြောတာ မလွန်ပါဘူးနော်”
ဦးဝါသဝကား စကားနည်း၊ အေးဆေးသူဖြစ်သည့်အလျောက် မထောက်ခံ၊ မကန့်ကွက်ဘဲ ကြုံသောအခါ လျှောက်ထားမည့် အကြောင်းသာ တုံ့ပြန်လိုက်သည်။ သပိတ်အိုင်သို့ ရောက်သောအခါ “ဆရာတော်များ သတိပေးသော အချက်ကို လျှောက်ထားသင့်သည်” ဟု ယူဆပြီး လျှောက်ထားရာ-
“ဟ-ဝါသဝရ၊ သူတော်ကောင်းဆိုတာ မေတ္တာ မထားရတော့ဘူးလား။ ငါက သူတို့ကို ဘာဖြစ်စေ၊ ညာဖြစ်စေ မရည်ညွှန်းပါဘူးကွ။ မေတ္တာပဲပို့လိုက်တာပဲ” ဟု မိန့်တော်မူသဖြင့် အသိခက်သော သူတော်ကောင်းတို့၏ သဘောကို ဆင်ခြင်ကာ ဆိတ်ဆိတ်ပင် နေရလေ၏။
မေတ္တာဓာတ်အင်အားသည် အဘယ်မျှကြီးမားလှသည်ကို နစ်နစ်နောနော သဘော သက်ဝင်ရန် ကောင်းလှပေ၏။ လောကုတ္တရာနယ်ပယ်တွင် အသင်္ခတဓာတ် အင်အားကြီးသည် အကြီးအမှူး ဖြစ်သကဲ့သို့ လောကီနယ်ပယ်တွင်ကား မေတ္တာ ဓာတ်ကို လွှမ်းမိုးနိုင်သော အင်အားဟူ၍ မရှိစကောင်းချေ။
သူတော်ကောင်းကြီးတို့ သဘောတော်ကား အလွန်လျှို့ဝှက် သိခက်လှပေစွာ့။
ထို့ကြောင့် သူတော်ကောင်းကြီးများ၏ ကိစ္စတွင် ပုထုဇဉ်တို့ အမြင်ဖြင့် ဝင်ရောက် စွက်ဖက် ဝေဖန်ရန် စိတ်ဆန္ဒမစောသင့်ကြောင်း သင်ခန်းစာ ယူဖွယ်ပင်။ မိမိတို့၏ဆန္ဒနှင့် မကိုက်ညီဟု ထင်လျှင် မိမိတို့စိတ်ကို ယောနိသောမနသိကာရ ပေါ်တင်လျက် နှောင့်ယှက်ရာ၊ ဒုက္ခပေးရာ၊ အခွင့်အရေးယူရာလည်း မကျအောင်၊ အခွင့်ကောင်းကြီးကိုလည်း လက်မလွတ်စေရအောင်သာ ကြည့်၍ ဆည်းကပ်ကြ ကုန်ရာ၏၊
သဘောမထားတတ်လျှင် မိမိမှာလည်း ပျောက်စေဆရာထံ ချဉ်းကပ်ရ သလောက်သာ အခွင့်အရေးရ၍ မိမိဆည်းကပ်မှု မလိမ်မာခြင်းကြောင့်လည်း သဒ္ဓါနည်းသူ၊ အဝေဖန် များသူတို့အား အထင်အမြင်လွဲစေကာ အခွင့်ကောင်းကြီးနှင့် လက်လွတ်စေရုံမျှမက ငရဲပေးရာပင် ကျရောက်တတ်လေသည်။ သတိရှိကြကုန်။
ဆရာတော်ကား အမနုဿလောက၊ အညလောက၌ အကျက်အစားများဟန် ရှိပေ၏။ ဟောပြော ချေချွတ်ရဟန် ရှိလေ၏။ ထို့ကြောင့်လည်း ရံခါ မနုဿလောက ၌ပင် တန်ခိုးကို ပေါ်ပေါ်ထင်ထင်ကြီး အသုံးချတော်မူလေ့ ရှိသည်ကို တွေ့ ရတတ်ပေသည်။
ငှက်ရဟန်းနှင့် ကြွက်ရဟန်း
ဆရာတော်သည် ဝိနည်းသိက္ခာကို အလွန်လေးစား၏။ ရဟန်းတရားကိုလည်း အနှစ်လေးဆယ်ကျော် ဘဝဇာတ်မြှုပ်၍ လုပ်ဆောင်တော်မူခဲ့သည်။ ရဟန်းသံဃာ များ ကန်တော့လာလျှင် ရင်းသည်ဖြစ်စေ၊ ဖျားသည်ဖြစ်စေ-
“ရဟန်းဆိုတာ ငှက်လိုကျင့်ရမယ်။ ကြွက်လိုမကျင့်ရဘူး။ ငှက်ဆိုတာ မိမိ အတောင်ပံသာလျှင် တာဝန်ရှိပြီး ပေါ့ပေါ့ပါးပါး သွားလိုပျံလိုရာ အချိန်မရွေး သွားနိုင် ပျံနိုင်တယ်။ ကြွက်ဆိုတာမျိုးက တွင်းကိုနက်နိုင်သမျှ နက်အောင်တူး၊ တွေ့ကရာ ရနိုင်သမျှ ရအောင် ကိုက်ဖြတ်ချီသယ်ပြီး ကောင်းသော မကောင်းသော စုဆောင်း နေရတာနဲ့ တစ်ဘဝကုန်ရတယ်” စသည်ဖြင့် ဝိနည်းသိက္ခာ လေးစား၍ ပစ္စည်းလာဘ်လာဘ၌ နစ်မြုပ်မနေဘဲ- မိမိအလုပ် (ရဟန်းတရား) ကိုသာ အားသွန် အားထုတ်ရန် ဆုံးမလေ့ရှိသည်။
ထိုမှတစ်ပါး ယောဂီမှန်သမျှ ကျန်းမာသူဟူ၍ မရှိတတ်။ မကျန်းမာ၍ အလုပ် ပျက်ရသည်ဟူ၍လည်း သာ၍ပင် မရှိအပ်။ သင်္ခါရဒုက္ခကြီး အမြဲဖိစီးနေသော ခန္ဓာဝန်ကြီးကို သည်ပိုးရရှိနေသမျှ ကျန်းမာသည်ဟု ထင်ရစေကာမူ အမြဲတမ်း လူမမာကြီးပင်တည်း။
သပိတ်အိုင် ဆရာတော်လည်း ကျန်းမာသည်ဟု မဆိုနိုင်။ အမြဲတမ်း လေနာ ရောဂါကြီး ရှိနေ၍ ဆွမ်းခံပြန်ရောက်လျှင် ဆွမ်းမဘုဉ်းပေးနိုင်သေး။ သပိတ်ကို ချပြီး တစ်လံလောက် ရှည်သော တောင်ဝှေးကြီးဖြင့် တစ်ဖက်က ဗိုက်ကိုထောက်၊ တစ်ဖက်က ကျောင်းခါးပန်းကို ထောက်၍ ထောက်၍ ပေးလေ့ရှိသည်။ ဗိုက်ထဲက လေများ တဝေ့ဝေ့ ထွက်အန်သည်အထိ အကြိမ်ကြိမ် ပြုလုပ်ပေးရကာ လေများ အန်ထွက်၍ သက်သာရာရမှ ဆွမ်းဘုဉ်းပေးတော်မူနိုင်လေသည်။
ရံခါ ငှက်ဖျားတက်၍ ရံခါ ဒူလာ သွေးဝမ်းရောဂါလည်း ပေါ်လာတတ်သေး၏။ ယင်းသို့ ကျန်းမာရေး ကောင်းလှသဖြင့် ခေါင်းနှစ်လုံး သုသာန်မှ ပံ့သကူ ကောက်ထား လေသည်။
ဒကာ ဒကာမများ လာရောက်လှူဒါန်းကြ၊ ပံ့သုကူပစ်ကြသော သင်္ကန်းများလည်း ထိုခေါင်း နှစ်လုံးထဲ၌ ပစ်ထည့်ထားရာ အစုံသုံးလေးဆယ် ရှိနေတတ်၏။
သီလကို အသက်နှင့်လဲနိုင်သော ဘုရားသားတော်တို့၌ ပစ္စည်း လာဘ်လာဘ တို့သည် အနှောင့်အယှက်ကြီး (ပလိဗောဓ) ဖြစ်လောက်အောင် မရှာရဘဲ ရလာတတ်ကုန်၏။ ရဟန်းဖြစ်တပြီးလည်း မိမိသီလကို အားမကိုးဝံ့ရဲအောင် သီလအင်အား နည်းပါးသော ရဟန်းတို့မူကား အဆန်းတကြယ် အံ့ဖွယ်သရဲ လုပ်ခြင်း၊ မဟာယာနတို့ကဲ့သို့ ဆေးကု, ဗေဒင်ဟောစသော အတတ်တစ်စုံ တစ်ရာဖြင့် လာဘ်ရှာဝမ်းကျောင်းခြင်း၊ လာဘ်ကိုလာဘ်ဖြင့် မြူဆွယ်ခြင်း၊ လူဒကာတို့အား မြှောက်၍ ခြောက်၍ လာဘ်ရှာခြင်း, လူဒကာတို့၏ အစေအပါးပြု (အစေခံလုပ်) ခြင်း၊ ရင်းနှီး ကျွမ်းဝင်ဟန်ဆောင်၍ မကြာခဏ အိမ်သို့ ကြွကာ မျက်နှာပြရခြင်း စသည်ဖြင့် လာဘ်၏နောက်သို့ အာပေါက်အောင်၊ ဖိနပ်တိုအောင် လိုက်နေကြရရှာကုန်၏။
ဥဒဟို သွားရောက်နေကြသော သံသရာ ထွက်ပေါက်ကြီး မြင်တွေ့ဖို့ကို မဆို ထားဘိ၊ သံသရာထဲမှာ လွယ်ကူစွာ ရှာဖွေ စားသောက်နည်းမျှကိုပင် မတွေ့မြင်နိုင်ရှာကြချေ။
လူပွဲစား နတ်ပွဲစား
သီလရှိသော သူတော်ကောင်းတို့အဖို့ လာဘ်လာဘနှင့် စပ်၍လည်း ပြော၍ မကုန်ချေ။ “ဘာကလေးဖြင့် လိုချင်လိုက်တာ” ဟု စိတ်ထဲကပင် မတောင့်တ ရဲအောင် ဖြစ်နေ၏။ တစ်ခါက ဆရာတော် သုံးနေကျ ခေါင်းအုံးစွပ်ကလေးနှစ်ခု စုတ်ပြဲဆွေးမြေ့နေ၍ ကိုယ်တိုင် ပြန်ချုပ်နေ၏။ “အသစ်ရရင် ကောင်းမှာဘဲ” ဟုလည်း စိတ်ထဲမှာ တွေးမိရာ နောက်တစ်ရက် နံနက် ဒကာမကြီး တစ်ဦး “ဝတ်ဖြူစင်ကြယ်နှင့် ပုဂ္ဂိုလ်တစ်ဦးက အိပ်မက်ပေး၍” ဟု ဆိုကာ ခေါင်းအုံးစွပ် အသစ်နှစ်ထည် လာလှူ၏။
တစ်ခါကသော်-- ပျားရည်နှင့်ဆေး စိမ်၍ ထားသော စားနေကျ ဆေးပုလင်းကို ယူပြီးစားမည်အပြု၊ ဆေးသားရှိသေးလျက် ပျားရည်ကုန်နေသည်ကို တွေ့ရသဖြင့် “အင်း... ပျားရည်လဲကုန်နေပါပေါ့လား” ဟု ရုတ်တရက် နှုတ်ကထွက်သွား၏။ နောက်တစ်ရက် ဒကာတစ်ယောက် ပျားရည် နှစ်ပုလင်း လာလှူ၏။ အိပ်မက်ရ၍ ဟုလည်း လျှောက်သည်။
သူတော်ကောင်းတို့၌ သဒ္ဓါလွန်သော ပုထုဇဉ် လူပွဲစား, နတ်ပွဲစားတို့ ဒလန် လုပ်မှုကြောင့် အပို ဒုက္ခ တွေကလည်း မနည်းပါချေ။
တစ်ခါက အရှင်သာရိပုတြာမထေရ်ကြီး လေနာထ၍ ဆွမ်းခံမကြွနိုင်ဘဲရှိရာ အရှင် မောဂ္ဂလာန်က ဆွမ်းခံကျွေးရ၏။ နို့ဃနာ ဆွမ်းနှင့် ပျောက်ဖူးသည်ဆို၍ နို့ဃနာ ဆွမ်းရရန် ဆန္ဒဖြင့်ကြွရာ သူကြွယ်သားတစ်ဦး၌ နတ်က ခြိမ်းခြောက်ပူးကပ်၍ နို့ဃနာဆွမ်း လောင်းလှူစေ၏။ ထိုအကြောင်းသိတော်မူသဖြင့် “အူပင် ထွက်ကျပစေ၊ ငါမစား” ဟု မိန့်တော်မူကာ အံ ရှင်မောဂ္ဂလာန်အား ချက်ချင်း စွန့်ပစ်စေ၏။
မြေပေါ်၌ နို့ဃနာဆွမ်းများ ကျသည်နှင့် တပြိုင်နက် အနှစ် ၄၀ တိုင်တိုင် စွဲကပ် ခဲ့သော လေနာ တစ်ခါတည်း ပျောက်ငြိမ်းလေ၏။ (ဝိသုဒ္ဓိ၊ ၁၊ ၄၀။ အဋ္ဌကထာ၌ ၄၅-နှစ်ဟု ရှိနေသည်။)
သပိတ်အိုင် ဆရာတော်ကား “ငါ့စိတ်ကို နတ်တွေသိနေပြီ” ဟု ရှက်စနိုးကာ စိတ်ထဲမှာပင် ကိလေသာမဝင်အောင် ဒလစပ် ရှုမှတ်တော်မူ၏။ ဣန္ဒြေ စောင့်စည်းမှုနှင့် စပ်၍လည်း “မင်းတို့ မျက်စိနှင့် ငါ့မျက်စိ အကြည့်ချင်း ဆုံမိတာများ ရှိရင် အချိန်မရွေး ငါ့မျက်စိကို ထိုးဖောက်ပစ်လိုက်” ဟုပင် ရဲရင့်စွာ ဖိတ်ခေါ် တော်မူ၏။ ထိုသီလမျိုးသည် အဘယ်မှာလျှင် လိုတိုင်းမရ ရှိချေအံ့နည်း၊ သို့သော် သူတော်ကောင်းတို့၌ ရတိုင်းလည်း လိုအပ်သည် မဟုတ်။
ငုံ့စား မော့စား, တူရူကြည့်စား, ထောင့်ကြည့်စား
မြတ်စွာဘုရားရှင် သာသနာတော်၌ အနိမ့်ဆုံး သီလအဆင့်မျှလောက်နှင့်ပင် ထိုမျှလောက် အားကိုးလောက်ပါပေ၏။ ယနေ့ သာသနာဝန်ထမ်းအချို့ မျက်နှာမူပုံကို သတိပြုသင့်၏။
လောက၌ မိမိနှင့် မိမိသားမယား တစ်ဝမ်း တစ်ခါးမျှလောက်နှင့် “ငိုစားရယ်စား” ခေါ် မတရားရှာဖွေ စားသောက်သူများ ရှိသကဲ့သို့ အရည်အချင်း ညံ့ဖျင်း၍ အတ္တ လွန်ကဲသူများ သာသနာရိပ်သို့ ခိုဝင်လာကြသောအခါ ငုံ့စား၊ မော့စား၊ တူရူကြည့်စား၊ ထောင့်ကြည့်စား ခေါ်သော ရဟန်းဆိုးများ တိုးပွားလာလေ တော့သည်။ အသိဉာဏ် ကင်းမဲ့သော အာဏာရှိသူ၊ ကြွယ်ဝသူများကိုကျုံးသွင်းကာ ထို ရဟန်းဆိုးတို့ကပင် အရိယာပုဂ္ဂိုလ်ကြီးများ အဆောင်အယောင်ဖြင့် ပလ္လင်ပေါ် တက်၍ အပူဇော်ခံကြလေတော့၏။
အခါတစ်ပါး အရှင်သာရိပုတြာသည် ရာဇဂြိုဟ်မြို့၌ ဆွမ်းခံအပြီး လမ်းဘေး ဇရပ်တစ်ခု နံရံကိုမှီ၍ ဆွမ်းဘုဉ်းပေးနေစဉ် “သုစိမုခီ” မည်သော ပညာတတ် ပရိဗိုဇ်မတစ်ဦးက ဤသို့ မေးလျှောက်၏။
“အရှင်ဘုရား၊ ဆွမ်းကို ငုံ့ပြီး ဘုဉ်းပေးပါသလား၊ မော့ပြီး၊ အရပ်လေးမျက်နှာ ကြည့်ပြီး၊ ထောင့်လေးထောင့်အရပ်ကို ကြည့်ပြီး ဘုဉ်းပေးပါသလား” တစ်ခုစီမေး၍ တစ်ခုစီပင် “မဟုတ်ဟု” ဖြေတော်မူ၏။ မဟုတ်ပုံကို ထပ်၍ မေးလျှောက်သဖြင့် တစ်ခုစီ ရှင်းပြတော်မူရဖူး၏။
၁။ ငုံ့စား- ဘူမိနက်သန် မြေကြန်အတတ်ဖြင့် မြေခံရေခံ စိုက်ပျိုးမှုကို ပြောဟော၍ ဝမ်းကျောင်းစားသောက် ရသော ရဟန်း။
၂။ မော့စား- နေလနက္ခတ် ဂြိုဟ်ကပ်ဂြိုဟ်ပူး အတတ်ဖြင့် ဝမ်းကျောင်း စားသောက်သော ရဟန်း၊
၃။ တူရူကြည့်စား- လူဒကာ ဒကာမတို့၏ အစေအပါး ခံကာ အရပ်လေးမျက်နှာ လှည့်လည်သွားလာ၊ ဆောင်ရွက်ပေးပြီးမှ ထမင်းစားရသော ရဟန်း၊
၄။ ထောင့်ကြည့်စား-- သာသနာနှင့် ဖီလာထောင့်ရပ်ဖြစ်သော အင်္ဂဝိဇ္ဇာ၊ လက္ခဏာ ဗေဒင်၊ ဓာတ်ဆင်မာတ်ရိုက်၊ အင်းအိုင်ခလဲ့၊ လက်ဖွဲ့ ဂါထာမန္တန်၊ ဘိုးတော် ဘွားတော်၊ ဝိဇ္ဇာဓိုရ်လမ်းစဉ် ကန်တော့ပွဲထိုး၍ ဝမ်းကျောင်းသော ရဟန်း။
ပရိဗိုဇ်မကလေးသည် တရားသဖြင့် ရှာမှီး၍ရသော ဆွမ်းကိုသာ ဘုဉ်းပေးကြောင်း ကြားနာရသောအခါ အလွန်ဝမ်းသာပီတိ ဖြစ်ကာ ရာဇဂြိုဟ်မြို့တွင်းသို့ “ဂေါတမ တပည့် အစစ်များကို ဆွမ်းလှူကြရန်” လှည့်လည် ကြွေးကြော်လေတော့၏။ (သာရိပုတ္တသံယုတ်၊ သုစိမုခီသုတ်။)
အရေးကြီးသော အခြေခံတန်ဖိုး
အခက်အခဲအမျိုးမျိုးနှင့် တွေ့ကြုံနေကြရရှာသော ဒကာ ဒကာမ (သတ္တဝါ) တို့အား စီးပွားလိုသူအတွက် စီးပွား၊ ပညာလိုသူအတွက် ပညာ၊ ကျန်းမာလိုသူအတွက် ကျန်းမာရေး ဘေးရန်ကြုံတွေ့ နေရသူများအတွက် ဘေးကင်းချမ်းသာရေး ... အရာရာတွင် လိုလေသေး မရှိအောင် အချိန်ပြည့် ဆောင်တော်မူနိုင်သော အရိယာသူတော်ကောင်းကြီးတစ်ပါး ဖြစ်ထွန်း ပေါ်ပေါက်ရရှိရန် မလွယ်ကူပါချေ။ လိုရာသိဒ္ဓိ ပြီးပြည့်စုံစေနိုင်သော အဂ္ဂဒက္ခိဏေယျ၊ အနုတ္တရံပုညက္ခေတ္တကြီး ပင်တည်း။
ဖြစ်ထွန်း ပေါ်ပေါက်ပါလျှင်လည်း “သဒေဝကေ လောကေ သမာရကေ” ဟု ဟောတော်မူသည့်အတိုင်း တစ်လောကလုံး (စကြဝဠာ တစ်ထောင်ကိုပင် နယ်နိမိတ်ပြုကာ) ချမ်းသာစီးပွား များပြားစေနိုင်လေသည်။ သတ္တဝါအများ ချမ်းသာစီးပွား များပြားစေရန်လည်း ထိုင်ရာမထ ငြိမ်သက်စွာ နေခြင်းဖြင့် ပြုလုပ်ပေးတော်မူနိုင်ကြသည် ကိုလည်း သဘောပေါက်သာ လှပေ၏။
သတ္တဝါတို့အကျိုး အမျိုးမျိုးသည်ပိုးရွက်ဆောင်တော်မူနိုင်သည်မှာ မြေလျှိုးမိုးပျံ အမျိုးမျိုး ဖန်ဆင်းနိုင်သော တန်ခိုးကြောင့်မဟုတ်၊ ထို့ထက် အဆပေါင်းများစွာ သာလွန်သော သီလ, မေတ္တာ (လူတိုင်းရယူနိုင်သည့်) တန်ခိုးများကြောင့် ဖြစ်ကြောင်း သပိတ်အိုင် ဆရာတော်ဘုရားကြီးက တိုက်ရိုက်ပင် ဖော်ထုတ်တော် မူခဲ့၏။ “အနုသာသနီ ပါဋိဟာရိယ” ခေါ် သီလ, မေတ္တာ အခြေခံ စွမ်းအားများ အပေါ် မျက်စိလျှံကာ “မြေလျှိုးမိုးပျံနိုင်မှ” ဟု တရားအမြင် အံချော်နေတတ်ကြလေသည်။ နှစ်နှစ်စောနော သဘောသက်ဝင်ကာ ဆင်ခြင် ကျင့်ပွားကြရာ၏။
ဆရာတော်၏ နောက်ဆုံးနေ့မြင်ကွင်း
သပိတ်အိုင် ဆရာတော် ဘုရားကြီးမှာ ကျန်းမာတော်မမူသည့် ကြားက နေ့ညမအား သတ္တဝါတို့အား ချီးမြှောက်တော်မူနေသည်ကို မြင်သာလှပေ၏။ ဒကာ, ဒကာမ တို့အား ချီးမြှောက်သောအားဖြင့် စားသောက်ဖွယ်များကို လက်ခံတော်မူရ သော်လည်း ဆရာတော်မှာမူ စားသည် မည်ရုံမျှသာ ဘုဉ်းပေးနိုင်လေသည်။
၁၃၂၇-ခုနှစ် ဇာပိုတွဲလပြည့်ကျော် တစ်ရက်နေ့ကလည်း ပြင်းပြင်းထန်ထန် အဖျား ရောဂါကြီး စွဲကပ်လာသဖြင့် ပျံလွန်တော်မူမည် ထင်ကာ သေတမ်းစာကိုပင် ရေးထားရ၏။ ရေး၍ ထားရသော်လည်း သေတမ်းစာပါ တာဝန်ယူသင်္ဂြိုဟ်ရန် လွှဲအပ်ရမည့်သူကား လူသာမန်အမြင်ဖြင့် ဆိုရသော် ဘယ်အရပ်မှာ ရှိသည်ဟု မသိနိုင်ပါချေ။ အနှစ် ငါးဆယ်ကျော် ကွဲကွာနေသော တပည့်ဖြစ်၍ ဘဝတစ်ခု ခြားနေသည်ထက်ပင် ဝေးကွာလှပေ၏။
သို့ရာတွင် သူတော်ကောင်းကြီးတို့၏ သီလ၊ သမာဓိ၊ ပညာ အင်အားကား ကြီးမားလှသည်ဖြစ်ရာ (ပြဆိုခဲ့သည့်အတိုင်း) ဆရာတော်ကြီးတစ်ပါးပင် ဖြစ်နေသော တပည့်ဆရာတော် ဦးဝါသဝနှင့် ထူးဆန်းစွာ တွေ့ဆုံလာရပေသည်။ တရားအင်အား၌ နီးသည် “ဝေးသည်မရှိ၊ လိုတာလိုသမျှ ပြည့်စုံရစမြဲ ဖြစ်လေသည်။
၁၃၃၁-ခုနှစ်၊ တော်သလင်း လပြည့်ကျော် ၁၀-ရက်။ ဆရာတော်၏ သက်ရွယ် တော်လည်း ၇၆-နှစ်သို့ပင် ရောက်လာ၏။ ဤသပိတ်အိုင် တောရ၌ တစ်ပါးတည်း ဧကစာ သီတင်းသုံးခဲ့သည်ပင် ၄၄-နှစ် ရှိလေပြီ။
တစ်နေ့ထက် တစ်နေ့ ခန္ဓာကိုယ်ကြီးက အိုမင်း ဆွေးမြေ့လာခဲ့၏။ ဆရာတော်၏ ပကတိ ခန္ဓာကိုယ်တော် ကြီးထွားကြံ့ခိုင်လှ သော်လည်း ဧရာဗျာဓိ ထုထောင်းလာ သောအခါ ဤခန္ဓာကိုယ်ကြီးကိုပင် မနိုင့်တနိုင် သည်ပိုးနေရသည်။ မိမိခန္ဓာကိုယ်ကြီး ကပင် မိမိအား အမိန့်မနာခံဘဲပြန်လည်ရန်ပြုလာ၏။ ခြေများက လှမ်းလိုရာသို့ မသွား၊ သပိတ်ကြီးကို နှစ်ပေါင်းများစွာ သစ္စာရှိရှိ ချီပွေ့ထမ်းသယ်နေကျ လက်များကလည်း တာဝန်မကျေကြတော့ပြီ။ ဆွမ်းခံရပ်နားရန် လျှောက်သည် ကိုလည်း ခွင့်မပြု။
“ဘုရားတောင် ပရိနိဗ္ဗာန်ပြုတဲ့အထိ သတ္တဝါတွေ ချီးမြှောက်ဖို့ ဆွမ်းခံကြွသေးတာ၊ ငါလဲကြွရမှာဘဲ။ ငါ့မှာ သားကအမေ၊ အမေကသားကို ကယ်လို့မရတဲ့ ဘေးကြီးဆိုက်နေပြီ၊ မင်းတို့ လာပြုစုလို့ကော ပျောက်မလား”
၁၁-ရက်နေ့ နံနက် ဆွမ်းခံကြွမလာသဖြင့် ဒကာ ဒကာမများ ပျာပျာသလဲ ကျောင်း ဘက်သို့ ပြေးသွားကြ၏။ ခါတိုင်းလို မောင်းထုတ်မည်ကိုလည်း ကြောက်နေ ကြသေး၏။ အရဲစွန့်ပြီး ကျောင်းကလေးကို ချောင်းကြည့်ရာ ဘာမျှမမြင်ရ။ တံခါးပိတ်ထားသည်။ ရင်တွေတုန်ကာ “ဆရာတော်ဘုရား” ဟု အရဲစွန့်ကာ ခွန်းဆင့် ခေါ်ကြည့်သေး၏။ ပြန်ထူးသံ ထွက်မလာ။ တံခါးကို အသာဖွင့်ပြီး ကြည့်လိုက်ရာ ဆရာတော်မှာ ညောင်စောင်း ထက်မှာ နံရံကိုမှီလျက် ခြေတစ်ဖက်ဆင်း၊ ဒူးတစ်ဖက်ကိုထောင်၊ ဒူးကိုလက်ဖြင့် သိုင်းလျက် ထိုင်နေတော်မူ၏။
အထဲဝင်ပြီး ဒူးလှုပ်လျက် မေးလျှောက်ရာ ပြန်၍ မထူးတော့။ တစ်ကိုယ်လုံး တောင့်ပြီး ရေခဲတုံးကဲ့သို့ အေးစက်နေလေပြီ။ အခန်းထဲ၌ ထားလေ့ရှိသော ခေါင်းတစ်လုံးလည်း ဆရာတော်၏ ခြေရင်း၌ ကန့်လန့်ချထားသည်ကို တွေ့ကြရသည်။
ဒကာများလည်း ရုတ်တရက် မျက်စိပြာဝေသွားကာ ဘာမျှမကြံတတ်အောင် ဖြစ်သွားကြ၏။ ခဏကြာလျှင် ဆရာတော်၏ သင်္ကန်းကို ကြည့်ရာ သွေးစ သွေးနများ တွေ့ ရသဖြင့် ထိတ်လန့်သွားကြ၏။ သားရဲတိရစ္ဆာန်ကြောင့်လော၊ သူပုန် ရန်ကြောင့်လောဟု တွေးတောမိသဖြင့် ဒဏ်ရာရှာကြည့်ရာ မည်သည့် ဒဏ်ရာမျှ မတွေ့ရချေ။
“ဒီခေါင်းကြီး ခြေရင်းမှာ ချထားတာထောက်ရင် သေမယ့်ရောဂါဖြစ်လို့ သူ့ဟာသူ ရွှေ့ယူထားတာပဲ ဖြစ်ရမယ်” ဟု ဆုံးဖြတ်ရင်း ဟိုဟိုဒီဒီ ကြည့်လိုက်ရာ ဝါးကွပ်ပျစ်တွင်လည်း သွေးစ, သွေးနများကို တွေ့ကြရ၏။ တစ်နေရာ၌ချထားသော ထွေးခံမှာလည်း တွေ့ကြရသည်။ ထွေးခံ သွန်လေ့ရှိသော နေရာကို သွားကြည့်ပြန်ရာ ထို နေရာ၌ကား မြင်မကောင်းအောင် သွေးအိုင်ထွန်း၍ပင် နေတော့သည်။ ထိုအခါမှ ဆရာတော်၌ မကြာခဏ ဖြစ်ပေါ်တတ်သော သွေးဝမ်းရောဂါဟု သိကြရသည်။
ရပ်ရွာ ဒကာ ဒကာမများလည်း ချက်ချင်းပင် စည်းဝေး တိုင်ပင်ကာ ဆရာတော် ဦးဝါသဝထံ ကြေးနန်းရိုက်ကြ၊ လူလွှတ်ကြ၏။ ဦးဝါသဝ ရောက်မလာခင်ပင် မှန်ခေါင်းသွင်း၍ ထားနှင့်ကြသည်။
ဦးဝါသဝ ဆရာတော် ရောက်လာလျှင်ပင် ဒကာများက ဘုန်းကြီးပျံကို ခုနစ်ရက် ထားမည်၊ ၁၅-ရက်ထား၍ ပူဇော်ကြမည်ဟု ဝိဝါဒဖြစ်၍ ဆုံးဖြတ်ချက် မကျသေးကြောင်း ဆီး၍ လျှောက်ကြရာ ဦးဝါသဝက ဆရာတော် လက်ရေးနှင့် လက်မှတ်နှင့် ပေးထားသော သေတမ်းစာကို ပြကာမှ မလွန်ဆန်ရဲကြဘဲ သုံးရက် အတွင်း ထင်းတစ်ပုံမျှဖြင့် ဈာပနပွဲကို လုပ်ကြရလေသည်၊
သာသနာ့ အလင်းရောင်
သပိတ်အိုင် တောင်ကုန်းပေါ်၌ နောက်ဆုံးပူဇော်ခြင်း အဖြစ် မူဇော်ကြရာ အလောင်းတော်ကို ပြာကျသည်အထိ ကြည့်ရှု၍ အစစအရာရာ စီမံပြီးနောက် တောကျောင်း၌ လူသုံးယောက် ညစောင့်ထားကာ ကျန်လူများမှာ တောင်ပေါ်မှ ဆင်း၍ လာခဲ့ကြသည်။
တော်သလင်းမိုးလည်း တစ်ဖျောက်ဖျောက်ရွာစ,ပြုနေ၏။ တောင်အောက်သို့စကာ တပြောပြောနှင့် ဆင်းလာသော လူအုပ်ကြီးမှာ လကွယ် မိုးမှောင်ထဲတွင် တောကျောင်းမှ လူတစ်ယောက်၏ အော်ခေါ်သံနှင့်အတူ ထူးဆန်းသော အလင်းရောင်ကို မြင်ကြရ၏။ နောက်ကြောင်းပြန်၍ တောင်ကုန်းကလေးပေါ် ကြည့်လိုက်ရာ မီးသင်္ဂြိုဟ်သည့် နေရာဆီမှ မာကျူရီ မီးသီးအားထက် အဆပေါင်းများစွာသာ၍ စိမ်းနေအောင် လင်းသော မီးလုံးကြီး တက်လာကာ ကောင်းကင်မှပင် ဘီလူးကျွန်းဘက်ဆီသို့ ပျံတက်သွားသည်ကို ဖူးတွေ့ ကြရသည်။
လူအများလည်း တောင်ပေါ်သို့ အပြေးပြန်၍ ထွက်သွားကြ၏။ တောင်ပေါ် ရောက်လျှင်ပင် မီးလုံး စိမ်းစိမ်းကြီးမှာ ဘီလူးကျွန်းဘက်မှ တစ်ဖန် ပြန်လာကာ မီးသင်္ဂြိုဟ် သည့်နေရာသို့ စိုက်ကျလာသည်ကို ဖူးတွေ့ကြရသဖြင့် အံ့အားသင့်ကာ ဦးချငိုယို၍ မဆုံး ကြတော့ချေ။
“ဆရာတော် စ,ပြီးတောထွက်တဲ့ ဘီလူးကျွန်းက ဂူကလေး တောရဆီသွားတာ ဖြစ်မှာပါ” ဟု ဆရာတော် ဦးဝါသဝ အမိန့်ရှိနေစဉ် မီးလုံးကြီးမှာ မီးသင်္ဂြိုဟ်သည့် နေရာမှ ရုတ်တရက် တက်လာကာ ဘီလူးကျွန်းနှင့် အကြိမ်ကြိမ် အခါခါ ဝမ်းနည်း ဝမ်းသာ ဖူးတွေ့ ကြရကုန်၏။
“ဟော.... ဒီကိုလဲလာဖူးကြပါဦး” ဟု တစ်စုံတစ်ယောက်က အော်ခေါ်လိုက်သော နေရာသို့ သွားကြရာ သွေးစက်ကျရာ၊ ထွေးခံသွန်ရာ နေရာများမှလည်း ပြိုးပြိုးပြက်ပြက် တလက်လက် အမျှင်တန်းကာ စိမ်းကြည်သော အလင်းရောင်များ အသီးသီး ကွန့် မြူးပျံတက်၍ နေလေတော့သည်။
မီးသင်္ဂြိုဟ်သော နေရာ၌ပင် အရိုးဓာတ်များ ဌာပနာကာ ၁၂-တောင်ရှိ ဆုတောင်းပြည့် လွမ်းစေတီကို တည်ထားလိုက်ကြ၏။ ဆည်းလည်းသံနှင့် ရေတံခွန်သံတို့သည် ဆရာတော်၏ ကျေးဇူးဂုဏ်ကို အမြဲသီဆို ရင့်ကျူး နေကြလေသတည်း။
တရားအနှစ်သာရများ
သပိတ်အိုင် တောရဆရာတော်သည် သီမာကောသလ္လကျမ်းငယ် တစ်စောင် ပြုစုခဲ့၏။ ၎င်းပြင် ယောဂီ နန္ဒီခေါ် “စူဠသောတာပန်ဖြစ်ခန်း ဓာတ်ကမ္မဋ္ဌာန်း” ကျမ်းကိုလည်း ပြုစုခဲ့သည်။ ငယ်ငယ်နှင့် ထိမိလှသော ကျမ်းဖြစ်၏။
ဆရာတော် ဟောပြောဆုံးမလေ့ရှိသော တရားများကို လူအများ တောင်းပန်၍ စာအုပ်အဖြစ် ရေးသားချီးမြှင့်ခြင်း ဖြစ်သည်။
“ဆရာတော် အဘယ်တရားကို အဘယ်သို့ နှလုံးသွင်း၍ ပေါက်မြောက်သနည်း” ဟူသော အမေး၏ အဖြေလည်း ဖြစ်သည်။ ထိုကျမ်းကပင် ဆရာတော်၏ ပရိယတ်, ပဋိပတ်, ပဋိဝေဓကို ညွှန်ပြနေသည်။ ဓာတ်ခွဲမှုနှင့် အာနာပါနကို လူပြိန်း နားလည်အောင် ကျမ်းဂန်သာဓက ပြ၍ ရေးထားသည်။
ဝိပဿနာ အလုပ်နှင့်စပ်၍ အရေးတကြီး သိမှတ်ဖွယ်များအတွက် ထိုကျမ်းသည် အထိုက်အလျောက် လုံလောက်၏။ ကျမ်းဂန်၌လာသော အဓိပ္ပာယ်များ၊ ကိုယ်ပိုင် သဘောပေါက်သော အဓိပ္ပာယ်များကို ကွက်ကွက်ကွင်းကွင်း ရေးထားသည်။ ထိုကျမ်းမှ ရေးသားချက်အချို့ကို အနည်းငယ် ထုတ်ပြပါဦးအံ့။
လက္ခဏာရေး သုံးပါး
[“သောတာပန်နှင့် သကဒါဂါမ် ပုဂ္ဂိုလ်တို့သည် အနတ္တ အချက်ကို အစွမ်းကုန် ထင်မြင်သည်။ အနိစ္စ အချက်နှင့် ဒုက္ခအချက်ကို အစွမ်းကုန် မထင်မြင်နိုင်။
“အနာဂါမ် ပုဂ္ဂိုလ်တို့သည် အနတ္တအချက်နှင့် အနိစ္စအချက်ကို အစွမ်းကုန် ထင်မြင်သည်။ ဒုက္ခ အချက်ကို အစွမ်းကုန် မထင်မြင်နိုင်။
“ရဟန္တာပုဂ္ဂိုလ်သည် သုံးပါးလုံးကို အစွမ်းကုန် ထင်မြင်နိုင်သည်။]
ကြိုက်ရာတစ်ခုတည်းရွေး အဟုတ်လုပ်
တရားဆိုသည်ကား သမထတရားပင် ဖြစ်စေ၊ ဝိပဿနာတရားပင် ဖြစ်စေ သဘောအကျဆုံး၊ စိတ်ဉာဏ် အရှင်းဆုံးဖြစ်သော တရားတစ်ခုခုကိုသာ ရှာကြံ၍ မိမိရရ တစ်သက်ပတ်လုံး အားထုတ်ရာသည်။
“ဟိုတရားက ကောင်းလိမ့်ထင့်၊ ဒီတရားက ကောင်းလိမ့်ထင့်၊ ဟိုတရားကို အားထုတ်လိုက်ဦးမှ၊ ဒီတရားကို အားထုတ်လိုက်ဦးမှ စသည်ဖြင့် ဓမ္မဝိတက် ဖြစ်တတ်ကြသည်။ အဆုံးသတ်လိုက်တော့ ဟိုတရားကိုလဲမိမိရရ မရှိ၊ ဒီတရားကိုလဲ မိမိရရ မရှိ၊ ဟိုလိုလို သည်လိုလိုနှင့် အချိန်ကုန်တတ်ကြသည်။
“အာနာပါန ကမ္မဋ္ဌာန်းသည် ဝိတက်စရိုက် ပြောသူနှင့် သင့်လျော်၏ဟု ပြဆိုသော်လည်း ဝိတက်စရိုက် မပြောသောသူတို့မှာမူ သာ၍ပင်သင့်လျော်သေး၏။ စရိုက် ပဓာနမဟုတ်။ စိတ်ဉာဏ်ရှင်းလင်း၍ ထင်လွယ်၊ မြင်လွယ်၊ သိလွယ် သည်သာလျှင် ပဓာန ဖြစ်၏။”
နိမိတ် အစစ် အတု
“စိတ်သည် ခန္ဓာကိုယ်ထဲ၌မနေဘဲ အာရုံရှိရာသို့သွားလာ၍ အမျိုးမျိုးအဖုံဖုံ ကြံစည် စဉ်းစား၍ ထင်ခြင်းသည် နိမိတ်အစစ်မဟုတ်။
“စိတ်ရှိရာသို့ အာရုံက လာရိုက်၍ ထင်စေရမည်။”
“ဥပမာကား ဓာတ်ပုံရိုက်သကဲ့သို့ ဖြစ်စေရမည်။ စိတ်ကား ဓာတ်မှန်ကဲ့သို့ တည်စေရမည်။ အာရုံကား အရိပ်အရောင်ကဲ့သို ရိုက်၍ ထင်စေရမည်။ ဤကဲ့သို့ ထင်စေမှသာလျှင် နိမိတ်အစစ် ဖြစ်မည်။
ဈာန်ပျံခြင်း
“ဈာန်ရလျှင် ကောင်းကင်သို့ ပျံနိုင်သည်ဟု တစ်ထစ်ချ မှတ်ယူတတ်ကြကုန်၏။ ပ၊ ဒု၊ တ၊ စ ဈာန်ကို ရရုံမျှဖြင့် ကောင်းကင်သို့ မပျံနိုင်။
“ပဉ္စမဈာန်သည် သက်သက်သော ပဉ္စမဈာန်၊ အဘိညာဉ်ကိစ္စ တပ်သော ပဉ္စမဈာန် အားဖြင့် နှစ်ပါးရှိသည်တွင် ဣဒ္ဓိဝိဓ အဘိညာဉ်ကိစ္စတပ်သော ပဉ္စမဈာန်မှသာလျှင် လိုရာအရပ်သို့ ပျံသန်းနိုင်သည်။
ကိုယ်ကို ပေါ့ပေါ့ပါးပါး လူရှင်အများတို့ ထင်မြင်အောင် ပျံသွားခြင်း တစ်မျိုး၊ လူရှင် အများတို့ မထင်မမြင်နိုင်ဘဲ ခဏတစ်ဖြုတ် ရုတ်တရက်လျင်မြန်စွာ မျက်စိတစ်မှိတ် လျှပ်တစ်ပြက် စိတ္တက္ခဏ အတွင်းမှာပင်လျှင် လိုရာအရပ်သို့ ပျံသွားခြင်း တစ်မျိုး အားဖြင့် နှစ်မျိုးရှိသည်။
သီသီကလေးနှင့် တစ်သက်လုံးလွဲ
“ရုပ်မှန်း၊ နာမ်မှန်း၊ အနိစ္စအချက်မှန်း၊ ဒုက္ခအချက်မှန်း၊ အနတ္တအချက်မှန်း မသိဘဲလျက် ထွက်သက်လေ၊ ဝင်သက်လေကိုသာ အာရုံပြု၍ မှတ်နေလျှင် သမထပင် ဖြစ်သည်။
ရုပ်မှန်း အနတ္တ အချက်မှန်း သိလျက် ထိုရုပ်နာမ်တို့၏ အဖြစ်အပျက်ကို လက္ခဏာ တင်၍ သုံးသပ်ပါမူ ဝိပဿနာ ဖြစ်လေတော့၏။
နားမလည်လျှင် သိသိကလေးနှင့် တစ်သက်လုံး လွဲချော်တတ်၏။
ထွက်သက်လေနှင့် ဝင်သက်လေတို့သည် ဝါယောဓာတ်ဟု ဆိုရသော်လည်း ပထဝီ၊ အာပေါ၊ တေဇောဓာတ်တို့လည်း ပါမြဲဖြစ်လေသည်။”
“ထွက်သက်လေ မဟာဘုတ်နှင့် ဝင်သက်လေ မဟာဘုတ်သည် “ရုပ်”၊ ထွက်ဝင်မှန်း သိသောစိတ်သည် “နာမ်”။ (လေ၊ ခံစားမှု၊ မှတ်သားမှု၊ စေ့ဆော်မှု၊ သိမှု− ခန္ဓာငါးပါးနှင့်လည်း ခွဲပြထားသည်။)”
“စိတ်ဉာဏ်က (အစ-အလယ်-အဆုံး) မလိုက်နိုင်မူ-
အဝင်၌ အဖြစ် တစ်ချက်တည်းကိုဖမ်း။
အထွက်၌ အပျက် တစ်ချက်တည်းကိုဖမ်း၊
“အဖြစ်ကိုဖြစ်စေ၊ အပျက်ကိုဖြစ်စေ တစ်ချက်ချက်မိလျှင်” မဂ်ကိစ္စ ပြီးနိုင်သည်။ အရေးကြီးသောအချက်၊ ကောင်းစွာမှတ်။
“ရုပ်နာမ်တရားတို့သည် တစ်နေရာမှ တစ်နေရာသို့ တစ်ဆံဖျားမျှ ရွှေ့ပြောင်းသည် ဟူ၍မရှိ။ တစ်နေရာတည်း၌ပင် ဖြစ်၍ ပျက်ကြရကုန်၏။
“ဝေဒနာလိုက်” ဟု ဆိုသော်လည်း
“နာမ်တရားဟူသမျှတို့တွင် ဝေဒနာသည် အထင်ရှားဆုံး၊ အသိလွယ်ဆုံး ဖြစ်သည်။ ဝေဒနာတရားနှင့် ပရိနိဗ္ဗာန် စံဝင်တော်မူကြသည်ကား များစွာရှိကုန်၏။ မိမိတို့၏ ကိုယ်ကို ဒွိဟိတ်မှန်း တိဟိတ်မှန်း ဧကန်မသိသေးဘဲလျက် “ဂေါဓိကရဟန်း” ကို အားကျ၍ လည်ပင်းကို ဖြတ်သည်ရှိသော် လည်ပြတ်ရုံသာ ရှိလိမ့်မည်။
“ဝေဒနာတရား ငါးပါးတို့တွင်လည်း ဒုက္ခဝေဒနာသည် အသိလွယ်ဆုံး၊ အထင်ရှားဆုံး ဖြစ်သည်။
“နည်းနည်းညောင်းလျှင် နည်းနည်းထင်ရှား၏။ များများညောင်းလျှင် များများ ထင်ရှားသည်။ ညောင်းညာပါစေ၊ ထုံကျဉ်ပါစေ၊ ကိုက်ခဲပါစေ၊ ယိမ်းယိုင်ပါစေဟူ၍ ဘယ်အခါမျှ နှလုံးမသွင်းအပ်။ ဝေဒနာဖုံးနေသည်။
“ညောင်းအားကြီးလွန်းလျှင် ပြင်ဆင်နိုင်သည်။ အညောင်းလွန်သော် စိတ်ပျံ့လွင့်၍ အမျိုးမျိုးအဖုံဖုံ ဖြစ်တတ်ကြသည်။ ဤကဲ့သို့ ဖြစ်တတ်သည်ကိုပင် အကောင်း ထင်မှတ်ကြသေး၏။ မထင်မှတ်အပ်။
“ယောဂီ ပုဂ္ဂိုလ်တစ်ဦးက ရှေ့ကနေ၍ လွဲနေလျှင် နောက်က လိုက်သော ယောဂီ တွေ အကုန်လွဲကုန်၏။ ညောင်းညာ ထုံကျဉ် ကိုက်ခဲ၍ လာသောအခါ သူ့အလိုလို ယိမ်းယိုင်လာတတ်သည်။ ထ၍ပင် ခုန်တတ်သေးသည်။ အကောင်းမဟုတ်၊ စိတ်ကိုမလွှတ်ရာ။ ကြာလျှင် အရူးကဲ့သို့ ဖြစ်တတ်၏။ ဤကဲ့သို့ ဖြစ်သည်ကိုပင် သမာဓိ မှတ်ထင်တတ်သေးသည်။
“စိတ်ဉာဏ်က လိုက်နိုင်ပါမူ တစ်ကိုယ်လုံး၌ ပျံ့နှံ့၍ သွားသည်တို့ကို ထင်မြင်အောင် နှလုံးသွင်းအပ်၏။ မိုးတိမ်များ လေသင့်ရာသို့ ရေးရေး ရေးရေးနှင့် သွားနေသကဲ့သို့ အသစ်အဟောင်း ပြောင်းလဲ၍ ပြောင်းလဲ၍ ဖြစ်ပျက်၍ ဖြစ်ပျက်၍ သွားသည်တို့ကို အာရုံစူးစိုက်၍ နှလုံးသွင်းနိုင်လျှင် လက္ခဏာ အထူးတင်နေရန် မလို တော့ချေ။ တင်ပြီးသကဲ့သို့ ဖြစ်၏။
“ယခုအခါ ရေးသားကြသော ကျမ်းစာတို့သည် များစွာ ရှိကြကုန်၏။ ရှိသော်လည်း ဝိပဿနာစခန်း၌ တစ်တစ်ခွခွ မိမိရရ ဖမ်းပုံကို ပြသောကျမ်းက အလွန်နည်းကုန်၏။ စိတ်မရဲကြပေ။]
နဲသမိန် ဆရာတော် ဦးကေသရ (၁၂၅၆ - ၁၃၃၃)
ပဲခူးတိုင်း၊ မှော်ဘီခရိုင် ထန်းတပင်မြို့နယ် လှိုင်ဘောလယ်မြစ်၏ အရှေ့ဘက်ကမ်း၌ “နဲသမိန်” ခေါ် ရွာကြီးတစ်ရွာ ရှိ၏။ အိမ်ခြေ လေးရာကျော်လေသည်။
နဲသမိန်ရွာ အထက်ကျောင်းခေါ် ခေမာသီဝံတိုက်၌ သီတင်းသုံးသော ဆရာတော် ဦးကေသရသည် ထိုရွာ၌ အဖ ဦးကြာဥ၊ အမိ ဒေါ်သေးသေးတို့မှ ၁၂၅၆ ခုနှစ် တန်ခူးလဆန်း ၁၂-ရက် တနင်္လာနေ့တွင် ဖွားမြင်ခဲ့၏
နဲသမိန် အထက်ကျောင်း ဆရာဘုန်းကြီး ဦးပညာထံနှင့် ရေနံချောင်းမြို့သို့ ကြွရောက် ပညာသင်၍ ဦးပညာ ပျံလွန်သောအခါ ထိုကျောင်း၌ပင် ကျောင်းထိုင် ဆရာတော် ဖြစ် တော်မူ၏။
၁၃၃၃-ခုနှစ်၊ ကဆုန်လဆန်း သုံးရက်နေ့ ၁၂-နာရီ ၃၅-မိနစ် အချိန်၊ သက်တော် ၇၇-နှစ်၊ ဝါတော် ၅၇-ဝါ အရတွင် စုတိကမ္မဇရုပ် ချုပ်ငြိမ်းခဲ့၏။ ထိုဒေသ၌ “ရဟန္တာ” ဟုပင် ကျော်ကြားသော ဆရာတော် ဖြစ်သည်။
(၃၁-မျက်နှာရှိ အဋ္ဌုပ္ပတ္တိငယ် တစ်စောင်ကို ထိုရွာမှ ပရဟိတအသင်း အတွင်းရေးမှူး ဦးအောင်သန်းက ၁၉၇၂-ခုနှစ်၊ ဇန်နဝါရီလက ရိုက်နှိပ်ခဲ့ဖူး၏။)
ဆရာတော်၏ အလေ့အထ
ဆရာတော်သည် စကားအလွန်နည်း၏။ တစ်ပါးတည်းသာ နေတော်မူလေ့ရှိသည်။ တစ်နေရာ၌ အချိန်များစွာ နေထိုင်တတ်၏။ သတ္တဝါတို့အပေါ်၌ အလွန် သနားလှသည်။ အလှူအတန်း ရက်ရော၏။ အစားအသောက်လည်း အလွန် ခြိုးခြံသည်။ သက်သတ်လွတ် အမြဲဘုဉ်းပေး၏။ အချိန်ပြည့် တရားကိုသာ နှလုံးသွင်းနေသည်။ ဒကာ ဒကာမများကိုလည်း တရားအားထုတ်ရန် တိုက်တွန်း၍ တရားစကားကိုသာလျှင် ပြောလေ့ရှိ၏။
တစ်နေ့သောအခါ လှိုင်ဘောလယ်မြစ်မှ လောင်းလှေများ လေးငါးဆယ်ခန့် အပြိုင်အဆိုင် ပျော်တပါး တက်သုတ် လှော်၍ လာကြ၏။ ပျဉ်းမပင်ဆိပ်၌ ဆိုက်ကပ်၍ လူထုကြီးမှာ ဝတ်ကောင်းစားလှဖြင့် လှူဖွယ်ပစ္စည်းများကို ယူဆောင် ကာ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ မမေးမမြန်းဘဲ ဆရာတော်၏ ကျောင်းဆီသို့ တန်းစီ၍ သွားကြသည်။ ပွဲလမ်းတမျှ စည်ကား ထူးခြားနေသဖြင့် တစ်ရွာလုံး အံ့အားသင့်နေကြ၏။
ကျောင်းသို့ရောက်လျှင် ဦးပဉ္စင်းများက ဆရာတော်အား ကျက်သရေခန်းသို့ သွား၍ ပင့်ပေးကြရ၏။ အခန်းပြင်သို့ ထွက်ခဲလှသည်။ ဆရာတော် ကြွလာလျှင် ပစ္စည်းများ ရှေ့ချကာ-
“တပည့်တော်များ ကျောင်းဆရာတော်က အရှင်ဘုရားဟာ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီး ဖြစ်ကြောင်း အိပ်မက်မက်သဖြင့် သွား၍ ဖူးချေကြဆို၍ လာရောက် ဖူးမြော်ကြပါသည် ဘုရား” ဟု လျှောက်ကြသည်။
ထိုအခါ ရွာခံကျောင်းနေ ပုဂ္ဂိုလ်များ ပို၍ အံ့သြကြရ၏။ ဆရာတော်မှာမူ အမူအရာ. အပြောင်းအလဲမရှိ။ ဖူးမြော်သူများကား ယင်းသို့ပင် မကြာခဏ ရောက်လာ တတ်ပေသည်။ ဆရာတော်ကား ဝိပဿနာ တရားကိုသာ ဟော၍ လွှတ်တော်မူ၏။
ခွင့်လွှတ် သည်းခံခြင်း
ဆရာတော်သည် ကျောင်းတွင်းရှိ သရက်ပင်အား အရုပ်ထဲမှ လူငယ်များ ပုဆိုးဖြင့် လွယ်၍ ခိုးယူခူးဆွတ်သည်ကို တွေ့သောအခါ ခူးသူမမြင်စေရန် ရှောင်ကွယ်၍ ပေး၏။ မကျေမချမ်း ဖြစ်နေသော ကျောင်းသား ကိုရင်များကိုလည်း-
“စားချင်လို့ ခူးတာ ခူးပါစေကွယ်၊ မနှောင့်ယှက်ကြပါနှင့်”ဟု တားမြစ်တော်မူ၏။
ရေခပ်လာသူ လုံမငယ်များက ပန်းများကို အလုအယက် ခက်ရွက် ကျိုးအောင် ခူးဆွတ်ကြသည်ကို ကျောင်းသားကိုရင်များက လျှောက်ထားပြန်လျှင်လည်း-
“မိန်းကလေးတွေဆိုတာ ပန်းကြိုက်တယ်ကွယ့်၊ ခူးပါစေ” ဟု နှစ်သိမ့်တော်မူသည်။
ရပ်ရွာ ဒကာ ဒကာမများက နှစ်နှင့်ချီ၍ ရှင်းလင်းခွင့်မရသော ကျက်သရေခန်းကို အခွင့်သာ၍ ရှင်းကြသောအခါ ခေါင်းအုံး၊ စောင်၊ ခြင်ထောင်မှအစ ခြင်သတ်ကြမ်းပိုးများ ခဲနေသည်ကို ကြက်သီးထခမန်း တွေ့ကြရ၏။ နေပူသို့ ထုတ်၍လှန်းသည်ကို မြင်လျှင်- “အို... နေပါစေကွယ်၊ သတ္တဝါတွေ အနေအထိုင်ပျက်တာ မကောင်းပါဘူး” ဟု တားမြစ်တော်မူ၏။
နှစ်ပေါင်းများစွာ အချိန်ရှိသမျှ တရားကိုနှလုံးသွင်းကာ ကျက်သရေခန်းမှ ထွက်ခဲ လှသည်။
အခါတစ်ပါး နာမကျန်း ဖြစ်တော်မူ၍ ရပ်ရွာထဲမှ ဒကာများ ကျောင်းသို့လာကာ အလှည့်ကျ ညအိပ်ပြုစုကြ၏။ တစ်ညတွင် အစောင့် သူနာပြုများ အိပ်မောကျခိုက် ရေမွတ်သိပ်တော်မူသဖြင့် ဆယ်ပေခန့် ဝေးကွာသော သောက်ရေအိုး ရှိရာသို့ ကိုယ်တိုင် ဖင်ရွှေ့ ဒရွတ်ဆွဲကာ သောက်တော်မူ၏။ ကတုန်ကယင်ဖြင့် ပြန်အကြွ တွင်မှ အစောင့်သူနာပြုများ နိုး၍ အိပ်ရာသို့ တွဲပို့ ကြရသည်။ မိမိအတွက် တစ်ဖက်သား တာဝန်တက်မည်ကို မလိုလား။
တစ်ခါက လေပြင်းမုန်တိုင်းကျရာ သစ်ပင် အိုးအိမ်များ လဲပြိုကုန်ကြ၏။ ကျောင်းကြီး မှာလည်း လေကြောင်းကျသဖြင့် သွက်သွက်ခါ ဘုန်လှုပ်ကာ ယိုင်စောင်း၍ သွား၏။ အားလုံး ထွက်ပြေး တိမ်းရှောင်ကြသည်။
ဆရာတော်ကမူ ထိုင်ရာကပင်မထ။ တုန်လှုပ်ခြင်းမရှိ၊ ပကတိနေမြဲ အေးဆေး တည်ငြိမ်လျက်ပင် ရှိသည်။
ရက်ရောမှုနှင့် ရောင့်ရဲခြင်း
ဆရာတော်သည် ရရသမျှ စားသောက်ဖွယ်နှင့် အသုံးအဆောင်များကို မည်သည့် အခါမျှ အပိုဟူ၍ မထား။ နေ့ဖို့ညစာမချန်။ ကုန်အောင် စွန့် လှူပေးကမ်းရန်သာ အခွင့်ရှာလေ့ရှိ၏။ အလှူအတန်းလည်း မစဲ။
တစ်ခါက ဒကာ ဒကာမများက အမှတ်တမဲ့ ဆရာတော် သီတင်းသုံးရာ အခန်းထဲသို့ ဝင်ကြည့်ရာ ခြင်သံ တဝီဝီကြားတွင် သင်္ကန်းကို ခေါင်းမြီးခြုံ၍ လျောင်းနေသည်ကို တွေ့ကြရ၏။ မည်သည့်အချိန်က ခြင်ထောင် ပျောက်နေမှန်း မသိကြရချေ။ ́အကျိုးအကြောင်း မေးလျှောက်ကြသောအခါ-
“လူတစ်ယောက်က အိပ်စရာ ခြင်ထောင်မရှိလို့ အလှူခံတာနဲ့ ဖြုတ်ပြီး လှူလိုက်ပြီ” ဟုသာ မိန့်တော်မူ၏။ သို့နှင့် ဒကာများက ချက်ချင်း ချုပ်လှူကြ ရသည်။
တစ်ခါကလည်း အတန်ကြာ နာမကျန်း ဖြစ်တော်မူရာ အလဲအလှယ်ပြုပေးရန် အင်္ကန်းအပိုပင် မရှိ၊ ရန်ကုန်သို့ သွားရောက်၍ အမြန်ဝယ်ယူလှူဒါန်းရသည်။
ဆရာတော်သည် နံနက် အရုဏ်ဆွမ်း မဘုဉ်းပေး။ လက်ဖက်ရည်ပွဲ ပြင်ထားနေကျ ဖြစ်သော ကျောင်းခန်းဘေးသို့ အချိန်ကျလျှင် ကြွရောက် ဘုဉ်းပေး၏။ တပည့် ဦးပဉ္စင်းများက အဆင်သင့် ပြင်ဆင် အကပ်ခံထားရသည်။ ရံခါ ဦးပဉ္စင်းများ သာမှုနာမှု ကိစ္စရှိ၍ ခရီးလွန်ခိုက် ကျောင်းသားကိုရင်များ၏ ပေါ့လျော့မှုကြောင့် လက်ဖက်ရည်ပွဲပင် မထားရှိသော ရက်များ မနည်းချေ။
ဆရာတော်ကား မည်သူ့ကိုမျှ မည်သို့မျှ အမိန့်မရှိ။ အချိန်ကျလျှင် ကြွလာမြဲ ကြွလာပြီး လက်ဖက်ရည်ပွဲ ကပ်မည့်သူမရှိလျှင် အချိန်တန်က ကျက်သရေခန်းသို့ ပြန်ကြွလေသည်။ ပျံလွန်ခါနီး သက်တော်ရွယ်တော်ကြီး၍ ဇရာဖိစီးသောအခါ နှစ်နှစ်ခန့် ဆေးဝါး ကုသပေးရသူ ဆေးခန်းမှူးကြီး ဦးမောင်ကန်က-
“ရောဂါ ဘယ်လောက်တိုးနေနေ ဆရာတော်ကြီးမှာ မေးလျှောက်သမျှ ပြုံးရွှင်စွာ ခေါင်းညိတ်နေလို့ အရိပ်အကဲ ကြည့်ပြီးတော့သာ ဆေးကုရတော့တယ်” ဟု ဆိုလေသည်။
နှစ်ကိုယ်ခွဲ၍ ကြွသလော
အခါတစ်ပါး နဲသမိန်ရွာနှင့် ရှစ်မိုင်ခန့် ကွာဝေးသော အင်းမလှည်းဆိပ်ရွာမှ လှူဖွယ် ဝတ္ထုပစ္စည်းများ ကိုယ်စီနှင့် လူအများ လာရောက် ဖူးမြော်ကြ၏။ ဆရာတော် နေထိုင် မကောင်း၍ အခန်းအပြင်သို့ပင် မထွက်နိုင်ကြောင်း သိရသောအခါ လာရောက် ဖူးမြော်သူများ အံ့အားသင့်နေကြသည်။
“မနက်ကပဲ တပည့်တော်တို့ရွာကို ဆွမ်းခံကြွလာလို့ တပည့်တော်ပဲ ဆွမ်းလောင်းလှူ လိုက်ပါသေးတယ် ဘုရား” ဟု ဆရာတော်ကို မဖူးတွေ့ရမီ အစောင့် ဦးပဉ္စင်းအား ဒကာတစ်ဦးက လျှောက်လိုက်၏။ ဦးပဉ္စင်းလဲ ပြန်မဖြေတတ်အောင် ရှိနေစဉ် ထိုဒကာကပင် ဆက်၍-
“ဆရာတော့် နောက်ကပါလာတဲ့ မောင်ကျောင်းသားကိုတောင် မင်းနာမည် ဘယ်သူလဲ မင်းအဖေ ဘယ်သူလဲလို့ တပည့်တော်က မေးလိုက်မိသေးတယ်”
“အနို့ ဘယ်လိုပြောလဲ” ဟု ဦးပဉ္စင်းက မေးရာ-
“တပည့်တော်လဲ မသိပါဘူး။ ကိုတင်ဖေ၊ မတင်ငွေတို့သား မောင်ပေါက်စလို့ ပြောသွားတာပဲ” ဟု တိတိကျကျ ပြောနေပြန်သဖြင့် ရုတ်တရက် သတိရကာ ဦးပဉ္စင်းက ဆော့ကစားနေသော ကျောင်းသား မောင်ပေါက်စကို ချက်ချင်းခေါ်၍ မေးကြည့်ရာ နံနက်က ဘယ်မှ မသွားကြောင်း လျှောက်၏။
သံသယကိုယ်စီဖြင့် မည်သူမျှ အဖြေမရနိုင်ဘဲရှိရာ ဆရာတော်အား ဖူးခွင့်ပြုရန်သာ အစောင့် ဦးပဉ္စင်းအားဝိုင်း၍ တောင်းပန် လျှောက်ကြသဖြင့် ဦးပဉ္စင်းလည်း ဆရာတော်အား အခန်းထဲမှ တွဲဆောင်ကာ ပင့်ပေးရသည်။
ဒကာ ဒကာမများမှာလည်း လူပြိန်းတွေး တွေးကာ-
“တို့ ထင်တာနဲ့တော့ ကိုက်နေပြီ။ ရဟန္တာလို့ ပြောနေကြတာ ဟုတ်မှာပါပဲ ဟူသော အတွေးကိုယ်စီဖြင့် ကြည်ညို ဖူးမြော်ကြရလေတော့သည်။ ဆရာတော်ကား တရားစကား တစ်ခွန်းနှစ်ခွန်းမျှလောက် ချီးမြှင့်နိုင်လေ၏။
အခြား ဝေးလံလှသော ရွာများတွင်လည်း ယင်းသို့ မကြာခဏ ဆွမ်းခံကြွကြောင်း ကောလာဟလသတင်းများ ဖြစ်ပွားလေ့ရှိရာ ထိုအကြောင်းကို တပည့်များက ဇွတ်မေး လျှောက်ကြသောအခါ ဆရာတော်ကား...
“အာရုံညွှတ်ခဲ့သည်” ဟုသာ ဖြေတော်မူ၏။ ထိုအဖြေလည်း စိတ်ဝင်စားဖွယ် ကောင်းလှပေ၏။ နတ်များ နှိုးဆော်ခြင်း မဟုတ်ကြောင်း ထင်ရှားသွား လေတော့သည်။ သီလ, သမာဓိ အင်အားရှိသော စိတ်သည် တစ်ချက်ညွှတ်လိုက် ရုံမျှဖြင့် အဘယ်မျှ တာသွားသည်ကို သုံးသပ်၍ မေတ္တာ ဘာဝနာ စသည်ကို ပွားထုံကြရာ၏။
ဆရာတော် ပျံလွန်ပြီး
ဆရာတော် ပျံလွန်ပြီး နှစ်ရက်အရတွင် လူကောင်း ပကတိကဲ့သို့ ဆီးဝမ်းများ တွက်ကျသဖြင့် သုတ်သင်ပေးကြရသည်။ အလောင်းတော်ကိုလည်း မီးမသင်္ဂြိုဟ်ဘဲ ဂူသွင်းထားရန် မိန့်မှာတော်မူခဲ့၏။
အလောင်းတော်မှာ ပျောင်းအိနူးညံ့လျက် လက်ခြေများ အချိန်မရွေး ကွေးဆန့် လှုပ်ရှား၍ရကြောင်း၊ ဆံတော်များကိုလည်း မကြာခဏရိတ်ပေးရကြောင်း အဋ္ဌပ္ပတ္တိ စာအုပ်၌ ဖော်ပြထားသည်။
မိုးကုတ် ဆရာတော် (၁၂၆၁ - ၁၃၂၄)
“ပစ္စည်းဥစ္စာတွေ၊ သားတွေသမီးတွေနဲ့ ပြည့်စုံတဲ့လူကို ဘုရားက “ကျီးတစ်ကောင် အမဲသားတစ် ရတာနဲ့ တူတယ်လို့ ဟောတယ်”
“သားတစ်ကို ဟိုကျီးက စားချင်၊ ဒီကျီးက စားချင်၊ သားတစ် ရထားတဲ့ ကျီး နောက်ကို အကုန်ပြုံလိုက်ပြီး ထိုးကြ၊ ဆိတ်ကြ၊ ဆွကြ၊ လုကြတယ်။ နဂိုက အထိုးခံရသလား၊ သားတစ်ရခါမှ အထိုးခံရတာလား။
“နဂိုကတော့ အဖော်ချင်းပဲ။ ဘယ့်လောက်ထိအောင် ခံရသလဲ ဆိုတော့ ပါးစပ်က သားတစ် ပြုတ်ကျလောက်အောင်၊ နာအောင်ကျင်အောင် ခံရတယ်။ သားတစ် လွှတ်လိုက်တော့ မထိုးကြတော့ဘူး။ နောက်ရသွားတဲ့ အကောင်နောက် လိုက်ပြီး ထိုးကြ ဆိတ်ကြပြန်တယ်။
လူ့အထာကိုသိ၍ မညှာမတာ မိန့်ဆိုခြင်း
“ကိုယ့်ကိုကိုယ် ခင်နေတာ၊ ပစ္စည်းဥစ္စာတွေ ခင်နေတာ၊ သားလင် ခင်ပွန်း တိုက်တာတွေ ခင်နေတာ သားတစ်ကို ချီကိုက်ထားတာပဲ။ ဒါ့ကြောင့် အစိုးရက ပေးပါ အိမ်ခွန်၊ ပေးပါ အမြတ်တော်ကြေး ဆိုတော့ ထိုးပြီ မဟုတ်လား။
“သူခိုးဓားပြကလဲချောင်းပြီး မလစ်နဲ့ ၊ လစ်ရင် လူသတ်ပစ္စည်းယူမယ်၊ မလွှတ်နိုင်ရင် သေရမှာပဲ၊ ငါ့ဟာကလေးဆိုတဲ့ သက္ကာယဒိဋ္ဌိနဲ့ ချီထားတာကိုး။ ငါ့ဟာတော့ မပေးနိုင်ဘူး။ အစိုးရအပေါ် ဘယ်လိုလိမ်ရမယ်၊ ငွေထိုးရမယ် မလာဘူးလား။
“ဆိုင်ကလေး ကြီးလာတော့ ဟိုကမလို၊ သည်ကမလို ထိုးကြ ဆိတ်ကြ မခံရ ဘူးလား။ ဘာဖြစ်လို့ ခံနေရသလဲ၊ ကံမကောင်း အကြောင်း မသင့်လို့လား၊ လွှတ်မပစ်လို့လား။
“အခု မင်းတို့နေတဲ့ အချိန်ဟာ အသေခံပြီးမိုက်နေကြတာပဲ။ ဆိုင်နီးချင်းကလဲ မုန်းလိုက်တာ။ ကိုယ်ကြည့်ရှုထားတဲ့ လူတွေကလဲ ချိုးကြဖဲ့ကြ။ အနာ ကြီးပွား နေကြတာ။ ရိပ်မိပလား။
“အကြွေးယူသွားလို့ အပြေးလိုက်တောင်းရ။ ရောင်းတဲ့လူက သူ့မိတ်ဆွေမို့ ခိုးထည့် ပေးလိုက်မှာစိုးလို့ မျက်စိရှင်ရ၊ မင်းတို့ဟာ ရှုပ်နေတာပဲ။
“ယုတ်စွအဆုံး၊ အလှူခံကစပြီး ကိုယ့်အတန်းအစားနဲ့ လိုက်မထည့်ရင် ထိုးသွား ကြသေးတာပဲ။ မသာ သွားကူတာတောင် ၁၀-တန်တဲ့ လူက ငါးကျပ်ကူရင် စာရင်း မရေးချင်ဘူး။ ထိုးလိုက်သေးတာပဲ။
“မင်းတို့ဟာ ဘယ်အချိန်များ အထိုးခံလွတ်သတုံး”
ဆရာတော်သည် လူတို့၏ စရိုက်အထာ သက္ကာယဒိဋ္ဌိကို များစွာပေါ်လွင်အောင်၊ အငြိအတွယ်များ ရှင်းလင်းအောင် ကြိုတင်၍ ခွာနိုင်သမျှ ခွာပေးတော်မူလေ့ရှိ၏။ မည်မျှ ဂုဏ်သရေရှိသူကိုပင် မညှာ။ တင်းတင်းရင်းရင်း တိုက်ရိုက်ပင် ပြော၏။ လက်ညှိုးထိုး၍ ပြသည်။
ဝိပဿနာအလုပ် မခိုင်းသေးမီ တစ်သံသရာလုံးက စွဲချက်နာသော ဒိဋ္ဌိများကို အလျင် ခွာလှီးပေးတော်မူသည်။ သို့မှလည်း တရားခရီး ပေါက်သည်ဟု ယူဆတော်မူ၏။
“ထို ဒီဋ္ဌိများ မခွာဘဲ ဝိပဿနာရှုလျှင် ဒုဗ္ဗလဝိပဿနာ (အားနည်းသော ဝိပဿနာ) သာ ဖြစ်၍ မဂ်ဖိုလ်မရနိုင်။ ထိုဒိဋ္ဌိအစွဲမှာလည်း ပဋိစ္စသမုပ္ပါဒ်မသိ၍ စွဲရသည်” ဟု သုံးသပ်ကာ ဒိဋ္ဌိက္ခာရန် ပဋိစ္စသမုပ္ပါဒ်ကိုသာ ဦးစွာ ဖိ၍ ထပ်ချည့်တလဲလဲ နားစွဲအီ သွားအောင် ဟောတော်မူ၏။ ကမ္မဿကတာဉာဏ်မျှဖြင့် အတ္တဒိဋ္ဌိကို မခွာနိုင်၊ ဉာဏ်စခန်း ရောက်မှသာ ခွာချနိုင်၍ ကြိုတင်သန့်ရှင်းရေး လုပ်ပေးတော်မူခြင်း ဖြစ်၏။ (သမ္မာဒိဋ္ဌိသုတ်။)
ဆရာတော်၏ လေသံကို လိုက်၍ တပည့်အချို့ ကလည်း “သွားတယ်၊ လာတယ် မှတ်နေရုံနှင့် တရားမရနိုင်။ ပဋိစ္စသမုပ္ပါဒ် သိပြီးမှ၊ ဖြစ်ပျက်ထိအောင် ရှုနိုင်မှသာ ကိစ္စပြီးသည်” ဟု ရေးသားပြောဆို မှတ်ထင်နေကြသေး၏။
တရားသဘောကား သီသီကလေးဖြစ်၍ “တရားသေ” မစွဲယူကြရာ။ ဝိပဿနာ အလုပ်သည် ပညတ်ဖြင့်သာ အစတည်ကြရ၏။ သမထ လှေကားထစ်ကိုသာ စ၍ နင်းကြရသည်။ အခွံကို ခွာဦးမှ အသားကိုရ၏။ “သွားတယ်၊ လာတယ်” မှတ်နေခြင်းသည် အခွံခွာနေခြင်း ဖြစ်သည်။ ခွာပါများလျှင် အသားကို မတွေ့ချင်၍ မရပြီ။ ရုပ်နာမ်ဖြစ်ပျက်ကို ထိုးထွင်းသိရန်လည်း အဆုံးအမ ဒေသနာ ဗဟုသုတကို အသင့်ရနိုင်သော ခေတ်လည်း ဖြစ်ပေ၏။
“ပဋိစ္စသမုပ္ပါဒ် တရားကို မိုးကုတ်ဆရာတော် တရားစာအုပ်ကြည့်မှပဲ နားလည် တော့တယ်” ဟု စာတတ်ပုဂ္ဂိုလ်ကြီးများပင် ချီးကျူးရလောက်အောင် ရှင်းလင်း လှပါ၏။
မိလိန္ဒမင်းကြီး လက်ထက်တွင် ရဟန္တာအများပင် ရှိကြသော်လည်း ရှင်နာဂသိန် သာလျှင် ဥပမာ ဥပမေယျ ယုတ္တိသာဓကဖြင့် ဖြေရှင်း နိုင်သကဲ့သို့ ရှိတော့သည်။ ဆန်းကြယ်သော တရားစကားအရာတွင် ဆရာတော်ကား “ဒီခေတ် မြန်မာနိုင်ငံ ရှင်ကုမာရကဿပ” ပင် ဖြစ်၍ သာလွန်သူကို မဆိုထားဘိ၊ အလားတူ ပေါ်ထွက် ရန်ပင် မလွယ်ကူပါချေ။
သဿတနှင့် ဥစ္ဆေဒဒိဋ္ဌိ
“သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိ ခင်ဗျားတို့ ဝမ်းထဲမှာ တစ်ခုမရှိ၊ တစ်ခုရှိနေတယ်၊ ကိုယ့်ဟာကိုယ် သေသေချာချာ ဝေဖန်ကြည့်။
“သဿတဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်များဟာ ဟိုဘ၀ ဒီဘဝရှိတယ်ဆိုတာ ယုံကြည်တယ်။ “ပါလုပ်ငါရမှာပဲ” ကံ,ကံ၏ အကျိုးလဲယုံကြည်တယ်။ ကုသိုလ်တွေလဲလုပ်တယ်။ ဒါပေမယ့် အခုနိဗ္ဗာန် သွားတော့မယ်ဆိုရင် သူမကြိုက်ဘူး။ ဘဝထဲမှာ ပုန်းအောင်း နေချတယ်။ ဒီသား၊ ဒီသမီး၊ ဒီမြေးတွေနဲ့ ဘုံစဉ်စံချင်သေးတယ်။
ဒီဆုတွေကို ဘယ်သူက အတောင်းခိုင်းတာတုံး၊ ရိပ်မိပလား။
“ဟာ... သေတစ်နေ့ မွေးတစ်နေ့၊ သေအေးတာပဲ၊ ဟိုဘဝ ဒီဘဝ မမျှော်တော့ဘူး၊ ဒါက ဥစ္ဆေဒဒိဋ္ဌိက ထွက်လာတဲ့ အသံ၊ သူ့ကျတော့လဲ ဟိုဘဝဒီဘဝ ရှိတယ် ဆိုတာလဲသိပါရဲ့တဲ့။ ကံ, ကံ၏ အကျိုးလဲယုံပါရဲ့ ၊ ကုသိုလ်တော့ မပြုဘူးတဲ့။ ကုသိုလ်ပြုတဲ့အခါ ရောရောပြွမ်းပြွမ်း ပြုလေ့ရှိတယ်တဲ့။ အဲ ဘုရားနဲ့ တွေ့တဲ့အခါ ကျလို့ရှိရင် သူ့အယူကို မြန်မြန် စွန့်တတ်တယ်။ သဿတ သမားလောက် မခက်ဘူး။
“ခင်ဗျားတို့ ဝမ်းထဲမှာ တစ်ခုခု ရှိနေတယ်နော်။ သဿတက အရိုးကြီးပွားရေး၊ ဥစ္ဆေဒက ငရဲကြီးပွားရေး။ ခင်ဗျားတို့က အလယ်လမ်းက သွားရမယ်။ အဖြစ်မြင်ရင် ဥစ္ဆေဒစင်ပြီ။ အပျက်မြင်ရင် သဿတ စင်ပြီ။
“ဖဿပစ္စယာ ဝေဒနာ” တွေ့ထိတယ်၊ ကိုင်လိုက်တယ် ဆိုတာက “ဖဿ”။ နူးညံ့လိုက်တာ၊ ကောင်းလိုက်တာ ဆိုတာက “ဝေဒနာ”၊ သူ့အကြောင်းနဲ့ သူ့ အကျိုး မလာပေဘူးလား၊ စားလို့ ကောင်းတာက “ဝေဒနာ”၊ ဒါမျိုး ထပ်ပြီး ဝတ်ချင် စားချင်တာက “တဏှာ၊ ဖဿကြောင့် ဝေဒနာ ဖြစ်တယ်။ ဝေဒနာကြောင့် တဏှာဖြစ်တယ်လို့ သိတော့ “ဥစ္ဆေဒ” မစင်ဘူးလား။
“ဖဿချုပ်လို့ ဝေဒနာ ချုပ်မယ်။ အထိချုပ်သွားလို့ ရှိရင် အနာချုပ်တာပဲ။ ဒီလိုချုပ်တာကို သိတော့ “သဿတ” မစင်ဘူးလား။
“ရှင်ဆန္ဒဟာ ဒီသဿတ ခံနေလို့ ၄၅-နှစ်လောက် အနိစ္စ-ဒုက္ခ-အနတ္တ ရှုပေမယ့် တရားမရတာ ရှင်းပလား၊ ဖြစ်သင့်လို့ ဖြစ်တယ်၊ ပျက်သင့်လို့ ပျက်တယ် လို့ သိရ မပူနဲ့တော့၊ ဗလဝ ဝိပဿနာ ဖြစ်ပြီ။”
ဤနေရာ၌ ဆရာတော်က “သက္ကာယ၊ သဿတ၊ ဥစ္ဆေဒ မခွာဘဲ တရား အားထုတ်လျှင်၊ ပဋိစ္စသမုပ္ပါဒ် နားမလည်သေးဘဲ တရားအားထုတ်လျှင် တစ်သက်လုံး အားထုတ်၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်မရနိုင်ဘူး” ဟု ပိုပိုသာသာ ဟောလေ့ရှိသည်ဟု ဆိုရပေမည်။ ပရိညာသုံးပါး အဓိပ္ပာယ်ကိုလည်း ပိုပိုသာသာ ဟောထား၏။
စင်စစ် ရှင်ဆန္ဒထေရ်ကို သာဓကထိုးသည်ကိုလည်း အခိုင်အမာ မစွဲယူကြရာ၊ အဘယ့်ကြောင့်ဆိုသော် သဿတနှင့်စပ်၍ သာသနာတွင် ရှင်ဆန္ဒတစ်ပါးလောက် ဥပမာပြရုံသာ ရှိလေသည်။ ကြိုတင် ဟောပြောပေးသော ထိုအသိသည်လည်း “သုတမယ” မျှသာ ရှိသေးရာ တရားသဘောကား ကွာရမည့်အရာသည် လုပ်မှပင် အစစ်ကွာ၏။ သိရမည့် အရာလည်း လုပ်မှပင် အစစ်သိလာရပြီ ဖြစ်သည်။ ပုံသေတစ်ထစ်ချ မသုံးသပ် မစွဲယူသင့်။
ဆရာတော် ထိုသို့ပြောသဖြင့် သုံးဆယ့်တစ်ဘုံ၌ ငြိတွယ်ခုံမင်မှုများ ကင်းကွာလာကြ သဖြင့် သုတမယ သံဝေဂဉာဏ်၊ ကြောင်းကျိုး ဉာဏ်များ ထက်သန်ကာ ရှုမှတ်ရာ၌ ခရီးရောက်လွယ်သည်ကိုသာ ညွှန်ပြတော်မူလိုရင်း ဖြစ်သည်ဟု နားလည် သင့်ပေသည်။
မိမိ၌ အဘယ် အပြစ်အနာအဆာများ ရှိသည်ကို သိမြင်အောင် သုံးသပ်၍ ကိုယ်ပေါင်း စိတ်ခွာနေလျက် ဘာမျှငဲ့ကွက် တွယ်တာခြင်း မထားဘဲ လွတ်လွတ် ကျွတ်ကျွတ်ကြီး စိတ်ထားရမည်ဟု ဆိုလိုပေသည်။
တရားနာရာ၌ ထီးဖိနပ်နှင့် ကလေးကို ကြောင့်ကြရခြင်း၊ အနားမှ ပရိသတ်၏ အဆင် မပြေမှု တွေ့ရသဖြင့် စိတ်ပျက်ခြင်းမျိုး ရှိနေလျှင် တရားနာရမှု၌ အလုပ်မတွင် သကဲ့သို့ မဖြစ်စေရအောင် လုပ်ရသော “ကြိုတင် သန့်ရှင်းရေး” မျှသာတည်း။
သတ္တဝါတို့သည် လောဘ၊ ဒေါသ၊ မောဟ၊ မာန ကြီးကြကုန်၏။ ထို့ကြောင့် “မူလကမ္မဋ္ဌာန်း” တစ်ခုခုကို မပေးမီ “ဗုဒ္ဓါနုဿတိ၊ မေတ္တာ၊ မရဏဿတိ ကမ္မဋ္ဌာန်း” တို့ကို ကြိုတင်ပေးရခြင်း ဖြစ်သည်။ မဂ္ဂင်ရထား သွာလို့ ရအောင် ကြိုတင်အမှိုက် ရှင်းရခြင်းပင်တည်း။
ဆရာတော်ကား အပြောအဟော သန်သူ၊ စွမ်းသူဖြစ်တော်မူ၍ မူလကမ္မဋ္ဌာန်းနှင့် ရှေ့ပြေးကမ္မဋ္ဌာန်းများ မပေးမီ အဟောအပြောနှင့်ပင် ယောဂီတို့၏ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနတို့ကို တဒင်္ဂအားဖြင့် ခွာချပေးစွမ်းတော် မူနိုင်ပါပေ၏။ အဟော အပြော၌ ငြိသွားသည်နှင့် တစ်ပြိုင်နက် ကမ္မဋ္ဌာန်း အလုပ်ခွင်သို့ ဆွဲ၍သွင်းလိုက်ရာ ယောဂီများ လွန်စွာ ခရီးပေါက်မြောက်နိုင်ကြပေသည်။
“အကျယ်ဝေဖန် ပြောပြမှ တရားရမည့် ပုဂ္ဂိုလ်မျိုး ဟူသည်မှာ ဤသဘောပင်တည်း။ နောက်လူတို့လည်း ဆရာတော်၏ တရားစာအုပ်များကို ဖတ်ရှုကြပါလျှင် များစွာ အကျိုးဖြစ်ထွန်းနိုင်ပေ၏။ ကြိုးစားဖတ်ရှုကြပါကုန်။
(ဥပရိ-ဓာတုဝိဘင်္ဂသုတ် အဋ္ဌကထာ) ၌ လာသော တက္ကသိုလ်ပြည် ပုက္ကုသာတိ ဘုရင်သည် ရာဇဂြိုဟ် ဗိမ္ဗိသာရမင်းထံမှ အာနာပါန သတင်းစကား ပါးလိုက်သော စာတွေ့မျှဖြင့် စမ်း၍ ရှုမှတ်ရာ မိဖုရားတွေကြားမှာပင် စတုတ္ထဈာန်ရ၍ နောက်ဆုံး အနာဂါမ် ဖြစ်ခဲ့လေသည်။
ဤ ဤစာမျိုးကို ဖတ်ရှုလိုခြင်းကပင် မိမိမှာ ပါရမီရှိသူဖြစ်ကြောင်းကို ယုံကြည်သည်။
အတိတ်နိမိတ်နှင့်လာသော အာဇာနည်
မိုးကုတ်ဆရာတော်သည် ဟောပြောမှု၌ ထူးခြားသော ပါရမီရှင်ဖြစ်၏။ ငယ်ရွယ်စဉ် ကပင် အရွယ်နှင့်မလိုက်အောင် ဟောတတ် ပြောတတ်၏။ ဥပုသ်သည်များအား ဆရာဘုန်းကြီး ကိုယ်စား သီလပေး၊ ရေစက်ချ၊ တရားဟော လုပ်ခဲ့ရသည်။
ဆရာတော် လောင်းလျာသည် မန္တလေးခရိုင်၊ မြစ်ငယ်မြို့နယ် ဒုဋ္ဌဝတီမြစ် တစ်ဖက် ကမ်းရှိ ဥယျာဉ်တော်ရွာ၌ မွေးဖွားခဲ့၏။ ထိုရွာကား ဘိုးတော် လက်ထက်က သီးပင်မျိုးစုံ စိုက်ပျိုးသော ဥယျာဉ်တော် ဖြစ်သည်။ “မဟာသီရိနန္ဒဝန်” ခေါ်၏။
အဖ ဦးအောင်ထွန်း၊ အမိ ဒေါ်ရွှေအိတ်တို့မှ ၁၂၆၁-ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁-ရက်၊ ဗုဒ္ဓဟူးနေ့ စက်နာရီ နှစ်နာရီနှင့် မိနစ် ၃၀-အချိန် ဖွားမြင်သည်။ ငယ်မည် “မောင်လှဘော်”၊ သားသမီး ရှစ်ဦးတွင် ပဉ္စမမြောက် သားရတနာ ဖြစ်၏။
ပုဂ္ဂိုလ်ထူးတို့၌ ထူးခြားသော အဖြစ်အပျက်များ ရှိတတ်ကုန့်၏။
သတို့သား ကိုယ်ဝန်ရှိစဉ် မယ်တော်၌ “ဝတ်ဖြူစင်ကြယ်နှင့် ပုဂ္ဂိုလ်တစ်ဦး ကိုယ်ဝန် သန္ဓေ တည်နေလာသည်” ဟု အိပ်မက် မြင်မက်၏။ သတို့သား ကိုယ်ဝန်၏ အရှိန် အဝါကြောင့် ထူးထူးခြားခြား ချင်ခြင်းဖြစ်လာရသည်။ သီလစောင့်လို၏။ စာပေ ကျမ်းဂန် ဖတ်ရှုနာကြားလို၏။ တရားနာလို ဟောလို၏။ ထို့ကြောင့် မိခင်သည် မွေးဖွားသည်အထိ ကိုးပါးသီလ စောင့်ထိန်းကာ တရားစာပေဖြင့်သာ အချိန် ကုန်လွန်စေ၏။
ဆရာတော် လောင်းလျာသည် ကလေးငယ် ဘဝကပင် အနေအထိုင် ပိရိသေဝပ်၏။ ခိုက်ရန်ဒေါသမဖြစ်။ လေးနှစ်သားအရွယ်တွင် ဥယျာဉ်တော်ရွာ မူလတန်းကျောင်း ကျောင်းအုပ် ဦးစံရထံတွင် အပ်နှံ၍ လေးတန်း အောင်ပြီးနောက် အသက် ကိုးနှစ် ရွယ်တွင် ဂွေးပင်တောရ ကျောင်း ဆရာတော်ထံ ရှင်သာမဏေ ပြုသည်။ ဘွဲ့ “ရှင်ဝိမလ”။
သဒ္ဒါ၊ သင်္ဂြိုဟ်စသော အခြေခံစာများကို ကြိုးစားသင်ယူ၍ ဆရာ့ဝတ် တပည့်ဝတ် များကိုလည်း ကျေပွန်လှ၏။ အဟောအပြောလည်း ကောင်း၏။ ဘုန်းကြီး၍ “ကိုရင် သီဝလိ” ဟုပင် ခေါ်ကြသည်။ ဥပဓိရုပ်နှင့်တကွ အစစအရာရာ ပြည့်စုံသူဖြစ်၍ ဆရာတော်၏ ချီးမြှောက်ခြင်းကို အထူး ရရှိသည်။
တစ်နေ့တွင် ရှင်ဝိမလသည် သင်္ကန်းတန်းပေါ်၌ သင်္ကန်းကိုခေါက်၍ တင်ထားရာ မကြာမီ ပျားကောင်များ ပျံသန်းစုအုံကာ သင်္ကန်းပေါ်၌ အသိုက်အအုံ လုပ်ကြသည်။ “အလွန်ထူးခြား ကျော်ကြားမည့် ကိုရင်” ဟု နိမိတ်ဖတ်ကြလေ၏။
အသက် ၁၄-နှစ် အရွယ်တွင် ညီဝမ်းကွဲတော်သူ ကိုရင်စန္ဒ (ယခု ဦးဘရင်) က ပူဆာ၍ မြစ်ကမ်းတစ်ဖက်ရှိ ပြောင်းခင်းမှ ပြောင်းဖူးခူးရန် ရှင်စန္ဒကို လှေပေါ်တင်၍ ရှင်ဝိမလကိုယ်တိုင် လှော်ခတ်ကူးရာ ကြောက်မက်ဖွယ် ဝဲဂယက်ကြီးထဲသို့ မျောပါ သွား၏။ မည်သည့် လှေကြီး လှေငယ်မျှ ဖြတ်သန်းမသွားရဲသော ဝဲဂယက် ဖြစ်သည်။ ကိုရင်များ မသိရှာကြ။
ထိုအဖြစ်ကို မြင်နေကြသော ဝဲယာမြစ်ကမ်းမှ လူအများမှာ ကိုရင်နှစ်ပါးနှင့် လှေငယ် ချာလည်လှည့်၍ မြုပ်တော့မည်ဟု ထင်ကာ ကယ်ဆယ်လာကြသည်။ ကြောက်လန့် တကြား အော်ဟစ်၍ ပြောဆိုသံများကိုပင် လှေများ အပြင်းလှော်ခတ်၍ ကိုရင် နှစ်ပါးမှာ အံ့သြနေကြ၏။ “ကျုပ်တို့လှေ ဘာမှမဖြစ်ပါဘူး။ ငြိမ်နေတာပဲ” ဟုပင် ကယ်ဆယ်လာသူများအား တအံ့တသြ ပြန်ဖြေနေကြသည်။
သံသရာ ဝဲဂယက်ကိုပင် လွယ်လွယ်ကူကူဖြင့် ကူးမြောက် လှော်ခတ်ပို့နိုင်မည့်သူ ဖြစ်၍ ဒုဋ္ဌဝတီ ဝဲဂယက်သည် လှိုင်းကြီးလှေအောက် ဖြစ်ခဲ့ရလေသလော။ ရှင်ဝိမလကား ဣန္ဒြေရရ အသာပင် လှော်ခတ်၍ တစ်ဖက်ကမ်းသို့ တက်သွား လေတော့၏။
သေလောက်သော ဘေးကြီးများနှင့် တွေ့ကြုံရသော်လည်း ဤဘဝ၌ တရားထူး ရမည့်သူ ဖြစ်က သေရရိုး ထုံးစံမရှိ။ “ဉာဏဝိပ္ပါရဣဒ္ဓိ” ဖြစ်ကြောင်း ကျွန်ုပ်တို့ အထပ်ထပ် ဆိုခဲ့ပြီ။ လောကုတ္တရာ အမတေဓာတ် (အမတဓာတ်-နိဗ္ဗာနဓာတ်) ပါခဲ့သည့် ပုဂ္ဂိုလ်ဟုတ်နိုင် မဟုတ်နိုင် ထိုသို့သော ဘေးရန်များကလည်း သာဓက ပြုတတ်ပေ၏။
အို-ယောဂီ၊ သင်ကား အဘယ်ဘေးရန်ကြောင့်မျှ သေလို့ရမည့်သူ ဟုတ်ဟန်မရှိ။ အသက်ကို စွန့်၍ ကြိုးစားပါလေ။ သင်က အသက်ကို မစွန့့်လိုသော်လည်း တစ်နေ့ အသက်က သင့်ကို စွန့့်လိမ့်မည်။
အချိုတွင် “ပျားသကာ”၊
တရားတွင် “အဘိဓမ္မာ”
ရှင်ဝိမလသည် ဆရာဘုန်းကြီးလည်း အိုမင်းမစွမ်းရှိလာသည်နှင့် စာဝါများ-မှန်မှန် တက်ခွင့်မရ။ “သည်အတိုင်း နေသွားရင် စာတတ်ရတော့မှာ မဟုတ်” ဟု ပူပန်နေ၏။
အစ်မအရင်းဖြစ်သူ မသုစာရီလည်း အမရပူရမြို့ မင်္ဂလာကျောင်းတိုက်၌ အဘိဓမ္မာ အရာတွင် လွန်စွာထင်ရှားသော ပထမကျော် ဆရာအုန်းထံ၌ ပညာသင်လျက် ရှိရာ အစ်မ ဖြစ်သူ၏ ပြောစကားအရ ရှင်ဝိမလလည်း မြို့တက်၍ အဘိဓမ္မာ သင်လိုစိတ်မျာ ပြင်းပြလျက်ရှိသည်။ (ဒေါ်သုစာရီကား ယခုအခါ ပဲခူးမြို့ လိပ်ပြာကန် ကျောင်းအုပ် စာချ ဆရာကြီး ဖြစ်သည်။)
ရှင်ဝိမလသည် မိဘဆရာသမားများထံ ခွင့်ပန် လျှောက်ထားရာ မိဘများက နှစ်ကြိမ် သုံးကြိမ်တိုင် ခွင့်မပြုကြသဖြင့် အမရပူရသို့ တိတ်တဆိတ် ထွက်ခွာလာခဲ့သည် မိဘများ လိုက်၍ခေါ်သော်လည်း တရားဟော၍ ပြန်လွှတ်လိုက်၏။ အစ်မ သီလရှင် ဆရာနှင့် ဒေါ်ပုည၊ ဒေါ်ဝိစာရီတို့က မင်္ဂလာတိုက် ဆရာတော်ကြီး ဦးသုဇာတထံ သွားရောက် အပ်နှံကြ၏။ မကုဋကျောင်း၌ နေရသည်။ မင်္ဂလာ တိုက်ကား သာမည ဌာနမဟုတ်ချေ၊ ဘူမိနက်သန် မှန်သောနေရာ ဖြစ်ပေ၏။
အမရပူရ နန်းတည်မည် ရှိသောအခါ ဦးပေါ်ဦးနှင့်တကွ မင်းကြီးလေးပါး မြင်းသည်တော်နှင့် ဗိသုကာ တစ်ရာကျော်တို့ စခန်းချတည်းခို၍ မင်္ဂလာအချိန်ကို စောင့်ဆိုင်းနေခဲ့ကြသော နေရာဖြစ်၏။ ကြက်သွန်ခင်း တောရကျောင်းတိုက် ဌာနလည်း ဖြစ်သည် “သီလဝိသောဓနီကျမ်း၌” ကြက်သွန်ခင်း ဆရာတော်သည် ပဋိပတ် အရာ၌ ထင်ရှားသော ဆရာတော်တစ်ပါး ဖြစ်ကြောင်း ရေးထားသည်ကို တွေ့ရ၏။ ရှင်ဝိမလကား မိမိနေရာဟောင် သို့ပင် ပြန်လည် ရောက်လာခြင်းလော မဆိုနိုင်ချေ။
ရှင်ဝိမလသည် မင်္ဂလာတိုက် ဆရာတော်နှင့် မင်းတုန်း၊ သီပေါ၊ အင်္ဂလိပ်ခေတ် သုံးခေတ်တွင် အဘိဓမ္မာနာမည်ကျော် ပထမကျော် ဆရာကြီး ဦးအုန်း (၁၂၀၈-၁၂၈၇) ထံ၌ ကြိုးစား၍ ပညာသင်ယူ၏။ ရှင်ဝိမလသည် ထူးခြားထက်မြက်သော ဥပဓိနှင့် ဉာဏ်ရည် တို့ကြောင့် အထူးတလည် အရေးပေးခံရ၏။
သို့ရာတွင် ရှင်ဝိမလကား ဥပုသ်ဇရပ်များတွင် “တရားဟော ကောင်းသည်” ဟု တစ်စတစ်စ ကျော်ကြားလာသဖြင့် ပညာရေး နှောင့်နှေးမည် စိုးသောကြောင့် တရားမဟောရန် တားမြစ် ချော့မော့ထားကြရလေသည်။ ကိုရင်ဘဝဖြင့်ပင် ဆရာကြီးဦးအုန်း၏ အဘိဓမ္မာအမွေကို အတွင်းကျကျ ရရှိလေတော့၏။
ရှင်ဝိမလ အသက် ၂၀-ရှိသောအခါ ဦးဝင်း ဒေါ်စောတို့က ဒကာခံ၍ ရဟန်းဘောင် တက်သည်။ ၁၂၈၁-ခုနှစ်၊ ဝါဆိုလဆန်း ရှစ်ရက်။ ရဟန်းသစ် ဦးဝိမလသည် သိမ်မှအထွက် သင်္ကန်းချွေးစိုနေသဖြင့် မကုဋကျောင်း (ယခု စင်္ကြံကျောင်း မြောက်ဘက် ဘုံကျောင်းနေရာ) ၌ ခဏတစ်ဖြုတ် အနီး၌ သင်္ကန်းလှန်းထားရာ မိနစ်ပိုင်းအတွင်း ပျားများ စုအုံပျံသန်းလာကာ အသိုက်အအုံလုပ်ကြ၏။ ဒုတိယမ္ပိ သင်္ကန်းပျားစွဲခြင်း ဖြစ်သည်။
လူတို့အတွက် အကောင်းဆုံး အချိုမြိန်ဆုံးသော ဆေးအာဟာရကို ပေးနိုင်သူမှာ ပျားသတ္တဝါတို့ပင်တည်း။ ၁၂၈၃-ခုနှစ်တွင် အစ်မ ဒေါ်သုစာရီနှင့် စာသင်ဘက် မိုးကုတ်သူ ဒေါ်ဝိစာရီက သိမ်ထပ်မင်္ဂလာ ပြုပြန်သည်
ထိုအခါ ဆရာကြီး ဦးအုန်းက ဦးဝိမလအား ကိုယ်စား အဘိဓမ္မာ ညဝါများကို စမ်းသပ် ပို့ချခိုင်း၏။ နေ့အခါ ရထားဖြင့် မန္တလေးသို့သွား၍ စာလိုက်ပြန်သည်။ စာလိုက်ခဲ့သော ဆရာတော်များမှာ ခေမာသီဝံ ဆရာတော်၊ ဘုရားကြီးတိုက် ဦးခန္တီနှင့် ဆရာတော် ဦးကြည်တို့ ဖြစ်ကြ၏။
၁၂၈၆-ခုနှစ်တွင် မင်္ဂလာတိုက်အတွင်း အလယ်ပိဋကတိုက် ကျောင်းကြီး၌ ကျောင်းထိုင်စာချဖြစ်ကာ အနှစ်သုံးဆယ်ကျော် အထူးသဖြင့် အဘိဓမ္မာညဝါများကို ချပို့တော်မူ၏။ မာတိကာ-ဓာတုကထာ၊ ယမိုက်၊ ပဋ္ဌာန်းသုံးမျိုးကို တစ်နှစ် သုံးကြိမ်စီ ချပို့တော်မူရာ စာလိုက်သံဃာများမှာ သုံးလေးရာရှိသဖြင့် ကျောင်းမလုံလောက်၍ မယ်ဇယ်ပင်ရိပ်ခိုကာ စာအံ စာကျက်ကြရ၏။
ဆရာတော် ဦးဝိမလနှင့် အဘိဓမ္မာ ညဝါသတင်းသည် တစ်နိုင်ငံလုံး၌ မသိသူမရှိ ဖြစ်သွား၏။ “တောင်မြို့ မနေဖူးလျှင် အဘိဓမ္မာ မတတ်” ဟုပင် သတ်မှတ်ကြ လေသည်။ ဆရာကြီး ဦးအုန်း လက်စ,မသတ်ခဲ့သော နာမည်ကျော် “အဘိဓမ္မာ တံခွန်” ကျမ်းကြီးကိုလည်း လက်စသတ် ရေးတော်မူ၏။ “ယမက မဉ္စရီ” ကျမ်းနှင့် “ပုထုဇ္ဇန အလင်းပြ” ကျမ်းများကိုလည်း ပြုစုတော်မူသည်။ ဆရာတော်၏ အဘိဓမ္မာ ပျားလဘို့သည် ယခုတိုင် သောက်စို့ မကုန်ပါချေ။
လယ်တီ ကိုယ်စား တရားစင်မြင့် တက်ရပြီ
ဆရာတော်ကလေး ဦးဝိမလသည် စာသင်သားများအား စာချရင်း တစ်ဖက်က လူများအား တရားဟော၏။ ဝါတွင်း သုံးလပတ်လုံး တောင်မင်းကြီးဘုရား ရဲလောင်းဇရပ်နှင့် အောင်မြေ ရွှေဘုံ ဘုရားတောင်ဘက်ရှိ ဇရပ်ကြီးများ၌ အလှည့်ကျ နေ့စဉ် ဟောတော်မူ၏။ အချို့ ဒကာများက တရားနာရုံမျှ အားမရဘဲ ရဟန်းတော်များအား ချပို ့သော ညဝါများကိုပင် လာ၍ နာယူကြသည်။
“ဦးပဉ္စင်း စာချတာ ကုသိုလ်ရရုံပဲ ရှိတယ်၊ တရားဟောတာလဲ ကုသိုလ်ရရုံပဲ၊ မိမိကိုယ်တိုင် ပထမဆုံးသိအောင်၊ ကိစ္စပြီးအောင် လုပ်ပါဦး” ဟု အောင်ခြင်းရှစ်ပါး ဆရာတော်ကြီး ဦးနာဂဝံသ ကဆုံးမစကား ပြောကြားသည်ကို
မမျှော်လင့်ဘဲကြားရရာ ဆရာတော်၏ စိတ်ထဲ၌ နင့်ကနဲဖြစ်ကာ သံဝေဂ ဝင်လာ၏။ ထိုအခါမှ စတင်ကာ ညအခါ အချိန်ထား၍ တရားရှုမှတ်တော်မူတော့သည်။ ဟန်ကျမည့်သူကို သတိပေးရသည်မှာ လွယ်ကူလှပေ၏။
“အောင်ခြင်းရှစ်ပါး ဆရာတော်” ဟူသည် အမရပူရမြို့ တောင်သမန်အင်း အနောက်ဖက် ကမ်းရှိ အောင်ခြင်းရှစ်ပါး ကျောင်းတိုက် ဆရာတော် အရှင်နာဂဝံသ (၁၂၄၈-၁၃၃၂) ဖြစ်၏။ မိုးကုတ်ဆရာတော်နှင့် ဆရာတူတပည့် ဖြစ်သည်။ အဘိဓမ္မာညဝါများ သင်ယူပြီးနောက် ရာသက်ပန် ဧကစာ နေတော်မူ၏။ ခေါင်းခေါင်းပါးပါးနေသည်။ ညဉ့်သုံးယံတွင် တစ်ယံမျှသာ လျောင်း၏။
၁၂-နာရီခွဲလောက်တွင် မျက်နှာသစ်သည်။ မဟာဂန္ဓာရုံ၊ မင်္ဂလာ၊ တူးမောင်း ဆရာတော်များပင် မကြာခဏ ဆည်းကပ်ကြ၏။ အာနာပါနနှင့်ကသိုဏ်းများ နိုင်နင်းတော် မူပုံရသည်။ ရံခါ ကျောင်းဝင်း တစ်ဝင်းလုံး လင်းထိန်နေ၏။ ဈာန်ပျံသည်၊ ရဟန္တာဖြစ်သည်ဟု ကျော်ကြား၍ ဒကာ ဒကာမများ စည်ကားလာ သောအခါ ရဟန္တာ မဟုတ်ကြောင်း ပွင့်ပွင့်လင်းလင်းကြီး မိန့်ဆိုနှင်ထုတ်သည်။ တံတားဦး မြို့နယ် ဖောင်းကားလေးရွာ ညောင်ကုန်းကြီးရပ်၊ ဦးစိုး ဒေါ်အေးမတို့မှ ဘွားမြင်တော်မူသော ပုဂ္ဂိုလ်မြတ် ပုဂ္ဂိုလ် ထူးကြီးပင်တည်း။
ဦးဝိမလလည်း “အဟောကောင်း၊ စာချကောင်း” ဟူသော ယာယီ အကောင်းများကို မရှောင်လွှဲသာ သေးသဖြင့် အိပ်ချိန်မှပင်ဖဲ့၍ အကောင်းဆုံး ပဓာနအလုပ်ကို လုပ်မိအောင် လုပ်ယူနေရ၏။ မုံရွာ-မန္တလေးမြို့များသို့လည်း သွားရောက် အားထုတ်တော်မူသည်။ နံနက်နှင့် ညနေပိုင်းတို့၌ အမြဲလမ်းလျှောက်လေ့ရှိ၏။
ဆရာတော်သည် ၁၂၈၆-ခုနှစ်မှစ၍ အမကြီး ဒေါ်သုစာရီနှင့် စာသင်ဖက် ဒေါ်ဝိလာသီ၏ ပင့်လျှောက်ချက်အရ ဆောင်းလေးလတွင် မင်းကွန်း မိုးကုတ်ချောင်၌ စာဝါ ချပို့တော်မူလေ့ရှိသည်။ ထိုချောင်၌လည်း ဆရာတော်ကို အကြောင်းပြု၍ ဇရပ်ကျောင်းကန်များ တစ်နေ့တခြား စည်ကားလာ၏။
ထိုအချိန်က အောက်ပြည် အောက်ရွာ၌ အဘိဓမ္မာ တရားပွဲများလည်း အလွန် ခေတ်စားလျက်ရှိ၏။ လယ်တီဆရာတော်နှင့် တပည့်ကြီးများဖြစ်ကြသော လယ်တီ ဦးပဒုမ၊ သေက္ချတောင် ဦးတိလောက စသော နိုင်ငံကျော် ဓမ္မကထိကကြီးများ တစ်ပါးဆင်းတက် ဟောကြားတော်မူလေ့ ရှိကြသည်။
၁၂၉၁-ခုနှစ်တွင် ညောင်လေးပင်မြို့ ပြည်လုံးချမ်းသာဘုရား၌ နှစ်စဉ် ကျင်းပမြဲ အဘိဓမ္မာတရားပွဲအတွက် စစ်ကိုင်းတောင်ရိုး ဇမ္ဗုပတိချောင် ဦးပဒုမ ဆရာတော်အား လာရောက် ပင့်ကြရာ-
“ငါ့မှာ သူက္ချပါဒ ဖြစ်နေပြီ၊ ဒါပေမယ့် မင်းတို့ အဘိဓမ္မာ တရားပွဲနှင့် သင့်တော်မယ့် ကိုယ်တော်ကလေး တစ်ပါးတော့ တွေ့ထားပြီ။ ဆယ်ဝါပဲရှိသေးတယ်” ဟု ဆိုကာ ဆရာတော်အား ညွှန်ကြားသဖြင့် ၁၂၉၂-ခုနှစ်မှစ၍ နှစ်စဉ် တပေါင်းလဆန်း ရှစ်ရက် နေ့တိုင်း ကြွရောက် ဟောပြောရ၏။
“ဘုန်းကြီးက စာပေကိုသာ ချပို့နေတာ၊ ယခုလို မဏ္ဍပ်ကြီးထိုးပြီးလဲ မဟောဖူးသေး ပါဘူး” ဟု ခပ်ရို့ရို့ဖြင့် စတင်ပွဲထွက်ခဲ့ရသော်လည်း ဆရာတော်၏ အဘိဓမ္မာ ပန်းဝတ်ရည်ကို စွဲမက်၍သာ နေကြလေတော့၏။
ဓမ္မကထိကနှင့် ဘုရားပွဲကိစ္စ
(မူလ ပဏ္ဏာသ-မဟာဂေါသိင်္ဂသုတ်၌) “အဘိဓမ္မာကို ဆွေးနွေးဟောကြားနိုင်သော ရဟန်းသာလျှင် အင်ကြင်းတောပမာ သာသနာတော်အား တင့်တယ်စေနိုင်သူ ဖြစ်သည်” ဟု အရှင်မောဂ္ဂလာန်က သူ၏ထင်မြင်ချက်ကို ဟောပြတော်မူဖူး၏။ အဋ္ဌကထာဆရာကလည်း အဘိဓမ္မ သဘာဝကို ဟောပြနိုင်သော ဓမ္မကထိက သာလျှင် “သာသနာ့ ကျက်သရေဆောင် ဓမ္မကထိကအစစ်” ဖြစ်ကြောင်း ဖွင့်ဆိုသည်။
(အဋ္ဌသာလိနီ-၃၀။ ဤ၌ အဘိဓမ္မာဟူသည် နှလုံးသားက သိမြင်သော အဘိဓမ္မာ ဖြစ်၏။ စိတ်-တစ်ခုယုတ် ၉ဝ၊ စေတသိက် ၅၂။ ရုပ် ၂၈- ဟူသော သညာသိ အဘိဓမ္မာ မဟုတ်။)
ယခုအခါ သီချင်းဆိုသော ဘုန်းကြီးများကပင် မဂ်ဉာဏ် ဖိုလ်ဉာဏ်နှင့် ဉာဏ်စဉ် များကို ဟောနေကြလေပြီ။
တစ်ခါက ကျေးဇူးရှင် မဟာစည် ဆရာတော် ဘုရားကြီး ယင်း ညောင်လေးပင်မြို့၌ ဘရားဟောတော်မူရာ တရားဇရပ်နှင့် အထူးသဖြင့် တရားဟောပလ္လင်ကြီးမှာ ဖိတ်ဖိတ်တောက် ကောင်းမွန်လှသည်ကို ကြည့်၍ တရားဟောရင်း သတိပေး သြဝါဒ စကားတစ်ခွန်း မိန့်မှာသည်ကို တစ်ဆင့်စကား ကြားနာရသည်မှာ မှတ်လောက်ပေ၏။
“အင်း... ဒကာကြီးတို့မြို့က သာသနာပြု သူတော်ကောင်းကြီးတွေ ထွက်ပေါ် သီတင်းသုံးကြတဲ့မြို့” ဒကာ ဒကာမတွေကလဲ သာသနာရေး အားပေး စိတ်ဝင်စား တဲ့မြို့ ဖြစ်လို့ တရားဟော ပလ္လင်ကြီးများလဲ ခမ်းနားကောင်းမွန်လှပေတယ်။ ဘုန်းကြီး သတိပေးချင်တာ ကတော့ ဒီလို တရားဟောပလ္လင်မျိုးပေါ်မှာ သီချင်းဆိုတဲ့ ကိုယ်တော်တွေ မတက်ကြပါစေနဲ့” ဟူ၍ ဖြစ်ပါသည်။ ဒကာများဘက်ကလည်း မျက်စိ နား ကြီးဖို့ လိုလှသည်။
ရှေးအခါက အထက်ပါ ညောင်လေးပင်မြို့ ပြည်လုံးချမ်းသာ ဘုရားပွဲကား နှစ်စဉ် ဇာတ် ရုပ်သေးများဖြင့် ကျင်းပကြရာ ၁၂၈၁-ခုနှစ်မှစ၍ လယ်တီ ဆရာတော်ကြီးက-
“တစ်နှစ်တစ်ခါ၊ ငရဲရှာ၊ လူ့ ရွာဘုရားပွဲ– မလုပ်ကြပါနဲ့ကွာ၊ ဇာတ်ပွဲတွေ ငါ့လှူကြပါ” ဟု မိန့်တော်မူရာမှ ဖြစ်ပေါ်လာသော အဘိဓမ္မာတရားပွဲကြီး ဖြစ်သည်။ စင်စစ် ထိုပလ္လင်ကား လယ်တီဆရာတော်၏ တရားပလ္လင်ဖြစ်၏။
ယင်းသို့ ရာဇဝင်နှင့်လာသော ညောင်လေးပင်ဒေသ၌ ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီး၏ အမှတ်မထင် သြဝါဒတော်ကား “ရွှေဖလား အနားကွပ်” သကဲ့သို့ ရှိလေ၏။
ဆရာတော်သည် လယ်တီဆရာတော်၏ အဘိဓမ္မာအမွေနှင့် ပဋိပတ္တိအမွေကို ဆက်လက် ခံယူလိုက်ရကာ နိုင်ငံကျော် ဓမ္မကထိက အဖြစ်သို့ ရောက်မှန်းမသိ ရောက်လာခဲ့ပေသည်။ ထိုအချိန်မှစ၍ “ဝနပ္ပဂုမ္ဗေ သုံးထွေပိဋကတ် ငါးရပ်နိကာယ် ရောင်စုံခြယ်သော အသွယ်သွယ် အဖုံဖုံ ပန်းရဂုံမှ ထုံနံ့ သင်းကြည် ပန်းဝတ်ရည် တို့ကို ကိုယ်တော်တိုင် ဝအီအောင် သောက်စို့ ပြီးကာမှ ဝေနေယျများစွာအတွက် အဘိဓမ္မာပျားလဘို့ကို သောက်စို့မကုန်အောင် တည်ခင်း ကျွေးတော်မူခဲ့၏။
မိုးကုတ်ဆရာတော်နှင့် ဉာဏ်အမြင်
၁၂၉၄-ခုနှစ်မှစ၍ ဆရာတော်သည် မိုးကုတ်မြို့ မှ ကျောင်းဒကာကြီး ဦးလယ် ဒေါ်သိုင်းခြုံတို့၏ ပင့်လျှောက်ချက်အရ နှစ်စဉ် ကြွရောက်၍ တရားဟောတော် မူရသည်။ တရားနာ ပရိသတ်များမှာ တစ်နေ့တခြား များပြားကာ ပန်ချာပီ၊ ဂူဂျာရတီ စသော လူမျိုးခြားများပင် ဝိပဿနာအလုပ်စခန်းသို့ ဝင်လာကြလေသည်။ ၁၃၁၆-ခုနှစ်တွင် ဒေါ်အုံ၊ ဒေါ်ဖုံတို့က “မင်္ဂလာတိုက်” ဟု ကမ္ပည်းထိုးကာ တိုက်ဆောက် လှူကြသည်။ ပထမက သုသာန်ကျောင်း စသည်၌ တရားပွဲများ လုပ်ရလေသည်၊
ဆရာတော်သည် ၁၃၀၃-ခုနှစ်မှစ၍ ဒုတိယကမ္ဘာစစ်အတွင်း မိုးကုတ်၌ သီတင်း သုံးသည်။ ဆရာတော်သည် မည်သည့်မြို့၌ သီတင်းသုံးသုံး၊ နေ့စဉ် အချိန်ဇယားကို အဘိအကျ ရေးဆွဲနေထိုင့်လေ့ရှိ၏။ ဝတ်ပြုချိန်၊ တရားထိုင်ချိန်၊ တရားဟောချိန်၊ စာချချိန်၊ လမ်းလျှောက်ချိန်၊ စားသောက်ချိန် အတိအကျပင် လုပ်တော်မူသည်မှာ အလွန်ထူးခြားလှသည်။
စစ်အတွင်း မိုးကုတ် သုသာန်ကျောင်း၌ ခေတ္တမျှနေ၍ စစ်ဘေးဒဏ်မှ ပို၍ စိတ်ချရစေရန် ဦးလယ်၊ ဦးဘိုးလုံ၊ ဒေါ်ကြီးတို့၏ ပင့်လျှောက်ချက်အရ မြို့နှင့် လေးမိုင်ခန့် ဝေးသော ဘော်ဘတန်းရွာသို့ ကြွရောက် သီတင်းသုံးရပြန်သည်။
ဘော်ဘတန်း ရွာကလေးသည် ပေလေးထောင်ကျော် အမြင့်၌ရှိသော တောင်ပေါ် ရွာကလေးဖြစ်သည်။ သဘာဝ အလျောက် ကျောက်လိုဏ်ဂူများရှိရာ ဆရာတော် အတွက် အခွင့်ကောင်းကြီးတစ်ခုဖြစ်နေ၏၊ ဒေါ်အုံ၊ ဒေါ်ဖုံ စသော ဆွမ်းဒကာ များလည်း တရားနာရင်း၊ တရားထိုင်ရင်း ဝတ်ပြုရင်း ထိုရွာကလေးသို့ ပြောင်းရွှေ့ လာကြပြန်ရာ “နတ်တို့ဖန် ရေကန်အသင့် ကြာအသင့်” ဆိုသကဲ့သို့ ဖြစ်သွား၏။
ဒုတိယ ကမ္ဘာ့စစ်မီးအတွင်း သေကြ ကြ ငတ်ကြ လုကြ၊ စားရမဲ့ ဝတ်ရမဲ့၊ ဝိပတ္တိကာလဆိုးကြီးကား ဆရာတော့်အတွက် သမ္ပတ္တိဆိုက်လျက် ရှိခဲ့သည်။ အချိန် အခါနှင့် ဘဝတန်ဖိုးကို သိသူတို့အတွက် ခေတ်ကြီးသည် အမြဲတမ်း ကောင်းနေ၏။ ကံပေးသမျှ မိမိတို့ ရရှိနေထိုင်ရသော ဌာနလည်း နိဗ္ဗာန်ဆိပ်ဦးပင်တည်း။
ဘော်ဘတန်းရွာ အနီးရှိ သယံဇာတ ကျောက်ဂူကြီးသည် ဆရာတော်၏ နိဗ္ဗာန် ဆိပ်ဦး တရားထူးရရာ ဌာနကြီး ဖြစ်ပေလိမ့်မည်။ စာချမူ၊ ဟောပြောမှု၊ သံဃာ အုပ်ချုပ်မှုတို့ဖြင့် ဝိပဿနအလုပ် မတွင်ခဲ့ရသော ဆရာတော်အတွက် ဒုတိယ ကမ္ဘာစစ်ကြီးသည် အေးအေးဆေးဆေး တရားဝင်နိုင်စေရန် ဓားထမ်း၍ စောင့်ပေး နေသကဲ့သို့ ရှိတော့သည်။
ဒုတိယကမ္ဘာစစ်ကြီးသာ မဖြစ်ခဲ့သော် ဆရာတော်၏ ရဟန်းကိစ္စသည် ထိုမျှလောက် စောစီးစွာ ပြီးကောင်းမှ ပြီးရာ၏။ ၁၁-နှစ်တိုင်တိုင် မိုးကုတ်မြို့၌သာ သီတင်း သုံးတော်မူ၍ “မိုးကုတ်ဆရာတော်” ဟု တွင်သည်။
ဆရာတော်သည် ကမ္ဘာစစ် မဖြစ်မီကပင် တရားကိစ္စ ပြီးသင့်သလောက် ပြီးနေပြီဟု ယူဆရ၏။ ရဟန်းငါးဝါ ခြောက်ဝါ ကျောင်းထိုင်စာချ ဓမ္မကထိက အဖြစ်ဖြင့်ပင် နေ့စဉ် အချိန်ထား၍ စတင် အားထုတ်ခဲ့သည်။ ယင်းကို မသိကြသဖြင့် “စာချ ဘုန်းကြီးက တရားဟောကာ စားလမ်းလိုက်နေပြီ” ဟု ထင်သူတို့ ထင်ကြ၏။
တစ်ဖန် အဘိဓမ္မာ တရားများကို ဟောရာမှ ဝိဿနာတရားများကို တွင်တွင်ကြီး ဟောလာပြန်သောအခါ (ဇာတ်မင်းသားလေသံဖြင့် ယပ်လန်အောင် ဟောကြား သော ဓမ္မကထိက အချို့ပင် ဝိပဿနာ ဉာဏ်စဉ်တွေ ဟောလာကြသဖြင့်) “ခေတ်မီအောင် ဝိပဿနာတရား ဟောသည်” ဟု အောက်မေ့ကြပြန်သည်။ ဆရာတော် လျှောက်ခဲ့ သော လမ်းကြောင်းမှာ ပါရမီဗီဇ ဘဝအခြေခံနှင့် အမြင် မခံသော လုပ်ဆောင်မှု တို့ကိုကား မမြင်ခဲ့ကြရှာပေ။ မသိသူကား မသိသည်ကိုပင် မသိချေ။ ထိုမျှသာမက-
“မင်းတို့ အမေမိဘတွေ အဘိုးအဘွားတွေ ဒီတရားမျိုး နာမသွားကြရရှာဘူး။ ဘုရားဒကာ၊ ဘုရားအမ၊ ကျောင်းဒကာ၊ ကျောင်းအမလောက်နဲ့ သေသွားကြ ရရှာတယ်။ ကြိုးစားနာကြ”ဟု တစ်ချိန်က ဆရာတော် ဟောဖူး၏။
ပဋိပတ္တိသာသနာ ပြန်လည် ပွင့်ထွန်းလာသည့်သဘောကို တိုက်တွန်းဟောကြား လိုရင်းဖြစ်၏။ ပရိယတ္တိ သန်သူများက မကြိုက်ကြချေ။ မည်သူတွေက မည်သို့ တို့ကြ၊ တိုင်ကြ၊ စောဒနာကြသည် မသိ။ ဝိနိစ္ဆယဌာနသို့ပင် ထိုပြဿနာ တက်လာသည်ဟု ထင်သည်။ ကောင်းစွာ မမှတ်မိ။ သူတော်ကောင်းကြီးတို့နှင့် ဖက်၍ ရန်ဖြစ်ရသည်မှာ နှစ်နာလှချေ၏။
စင်စစ် ဆရာတော်ကား ကြောင်းကျိုးဉာဏ် သူမတူ ရင့်သန်လှသူဖြစ်၏။ အဘိဓမ္မာ ညဝါပဋ္ဌာန်းတို့ကို ဖြန်းဖြန်းကွဲ ထိုးထွင်းနိုင်ခဲ့ပေသည်။
ရှေးအခါ သီဟိုဠ်ကျွန်း၌ “မဟာဂတိ ဂမိယ တိဿဒတ္ထ မထေရ်” ဟူ၍ ရှိဖူး၏။ ထိုမထေရ်သည် အဘိဓမ္မာ ပညာရှင်ဖြစ်၍ မဟာဗောဓိသို့ ဘုရားဖူးကြွစဉ် “ပဋ္ဌာန်းကျမ်းနှင့် သမုဒ္ဒရာ အဘယ်အရာက ကျယ်ပြောနက်ရှိုင်းသနည်း” ဟု စဉ်းစားဆင်ခြင်ရင်း ဖောင် သင်္ဘောပေါ်၌ ရဟန္တာ ဖြစ်တော်မူခဲ့ဖူး၏။ (အဋ္ဌသာလိနီ နိဒါန်း ၁၂) ။”ဆရာတော်၏ မဂ်ဖိုလ်သည် ထိုသို့ပင်ဖြစ်ရမည်” ဟု ကျွန်ုပ်တို့ ယုံကြည်မိပါ၏။
အဘိဓမ္မာ ဒေသနာများကို အမြဲဆောင်ထားသော (တော)၊ ရွတ်ဖတ်ဟောပြော ပိုချ၍နေသော (ဝစသာ ပရိစိတ)၊ အမြဲတမ်း စဉ်းစား တွေးကြံ၍နေသော (မနုသာနုပေက္ခိတ) ဆရာတော်သည် အဘယ်မှာလျှင် (ဒိဋ္ဌိယာသုပ္ပဋိဝိဒ္ဓါ) ဖြစ်ပျက် မြင်ကာ အရိယာအဖြစ်သို မရောက်ဘဲ ရှိနိုင်ပါချေမည်နည်း။
(သဂါထာဝဂ္ဂ-သံယုတ်ပါဠိတော်၌) သဇ္ဈာယက မထေရ်ငယ်သည်လည်း စာအံရင်းပင် ရဟန္တာ ဖြစ်တော်မူခဲ့ဖူးပြီ။
နိဗ္ဗာန်သို့ ဦးတိုက်သော စာသည် ဤမျှ တန်ဖိုးကြီးလှပါပေ၏။ ခေါင်းခေါင်းပါးပါး ကျင့်ကြံ၍ အပြတ်အသတ် အသေအလဲလုပ်မှ ရသည်မဟုတ်။ ၃၁-ဘုံ၌ အငြိအတွယ်များကို ဖြတ်တောက်ကာ သမာဓိ ထူထောင်သွားပါလျှင် စာအံရင်း၊ စာချရင်း၊ တရားဟောရင်း၊ ပရိယတ္တိ သာသနာပြုရင်းနှင့်ပင် ရဟန်းကိစ္စ ပြီးနိုင်သည်ကို ဆရာတော် ထောက်ပြလိုက်ခြင်း ဖြစ်ပါ၏။
ပရိယတ္တိ ဝန်ဆောင် အရှင်မြတ်များအတွက် ထိုထက် အားကျဖွယ်ကောင်းသော သာဓကကို မရရှိနိုင်တော့ပြီ။
မဟာစေတီ စိန်ဖူးတော်နှင့်အိပ်မက်
စစ်ပြီးစအချိန်၌ တစ်ခုသောညတွင် ဆရာတော်သည် အိပ်မက်တစ်ခုမက်သည်။ “သီဟိုဠ်ကျွန်းသို့ ကောင်းကင်မှ ပျံကြွ၍ မဟာစေတီကို ဖူးမြော်ကန်တော့ကာ စေတီတော်ကြီးကို ပြုပြင်သန့်ရှင်း၍ သာသနာ ပြုရသည်” ဟု မြင်မက်သည်။
မကြာမီ သီဟိုဠ်ကျွန်း မဟာဗောဓိ ဂေါပက အဖွဲ့ဝင်များထံမှ ဆရာတော်ထံ တောင်းပန်စာ တစ်စောင် ရောက်လာ၏။ ချမ်းသာကြွယ်ဝသော ဆရာတော်၏ ဒကာများအား ဟောပြော၍ စိန်ဖူးတော် တင်လှူရန် အကြောင်းဖြစ်သည်။ အဖိုး အနဂ္ဃ ထိုက်တန်သော ရတနာမျက်စုံခြယ် စိန်ဖူးတော်ကြီးကို တင်လှူနိုင်ခဲ့၏။
၁၃၀၇-ခုနှစ်တွင် ညောင်လေးပင်၊ အမရပူရ၊ မန္တလေးနှင့် အထူးသဖြင့် မိုးကုတ် တပည့်ဒကာများကို နှိုးဆော်ကာ ရန်ကုန်မြို့ ဗိုလ်တထောင် စေတီတော်၌လည်း ရတနာ စိန်ဖူးတော်ကို တင်လှူတော်မူခဲ့၏။ ထိုအချိန်မှစ၍ ဆရာတော်၏ အိပ်မက် အတိုင်း အထွတ် အထိပ်သို့ ရောက်ကာ သာသနာပြုနိုင်သော အရည်အချင်းများ လုံးဝ ပြည့်စုံသွားပြီဟု ယူဆရသည်။
၁၃၁၄-ခုနှစ်မှစ၍ မိုးကုတ်မှ အမရပူရသို့ ဆရာတော် ပြန်ကြွလာရာ သံဃာမွေးမှု၊ စာချမှုများ ရပ်ဆိုင်း၍ တရားဟော၊ တရားပြမှုကိုသာ ဦးစားပေးလျက် ပဋိပတ္တိ သာသနာ ပြုတော်မူသည်။
“မင်္ဂလာ မဂ္ဂင်ရိပ်သာ” ဟုပင် အမည်တပ်ကာ တရားဌာနကြီးတစ်ခု ဖွင့်လှစ် တော်မူ၏။ ယောဂီများအတွက် နေရာ ကျောင်းကန်များလည်း သူ့ထက်ငါ အပြိုင်အဆိုင် ဆောက်လှူ ကြသည်။ အရပ်ရပ် ယောဂီတို့လည်း များကုန်၏။ တရားပွဲတွင် ကားကြီး ကားငယ်တို့ဖြင့် တရားနာ ပရိသတ် ကြိတ်ကြိတ်တိုးကာ နေ့စဉ် ဘုရားပွဲကြီးတမျှ စည်ကားနေတော့သည်။
ယောဂီတို့ တရားကို လိမ်လျှောက်၍မရ
ဆရာတော်သည် ၁၃၁၆-ခုနှစ်တွင် ရုတ်တရက် မမာမကျန်းဖြစ်လာ၍ မန္တလေး ရွှေလှံရပ် ဦးချစ်ဆွေ-ဒေါ်မမတို့၏ ဝင်းခြံကြီးအတွင်း အိမ်တစ်အိမ်ကို ကျောင်းအဖြစ် လှူ၍ ဆရာဝန်များ၏ အကုသခံနေရာ ကျန်းမာလာသည်နှင့် ၁၃၁၇-ခုနှစ်မှစ၍ ထိုနေရာ၌ပင် တရားဟောတော်မူသည်။ နှစ်စဉ် နတ်တော်လမှ တပေါင်းလအထိ ညစဉ်ဟောတော်မူရာ လူများ အဆမတန် များပြားလှသဖြင့် လမ်းရှင်း လမ်းစောင့် ရဲများပင် ချထားရသည်။
ဆရာတော် ဟောသော တရားမှာ စာမတတ်သူများပါ နားလည်နိုင်လောက်အောင် ရှင်းလင်းလှ၏။ ကမ္မဋ္ဌာန်းပေးရာတွင်လည်း ဗုဒ္ဓါနုဿတိ၊ မေတ္တာ၊ မရဏဿတိ အခြေခံများ ခိုင်းပြီးလျှင် သတိပဋ္ဌာန်လေးပါး၊ အာနာပါန၊ စရိုက် အားလျော်စွာ ပေးတော်မူသည်။
တရားထိုင်ခိုင်းရာတွင် အချို့ယောဂီများက ပိုပိုသာသာ လိမ်၍ လျှောက်တတ်ကြရာ ဒကာတစ်ဦးအား ...
“အချို့ ဒကာ ဒကာမတွေက ငါ့ကို ဒိဗ္ဗစက္ခုရတယ်လို့ အတပ်ပြောနေကြတယ်။ အမှန်က ဘယ်သူဟာ ဘယ်လောက် တရားအားထုတ်လာတယ်၊ ဘယ်လိုကိစ္စမျိုး ဖြစ်ပေါ်လာတယ် ဆိုတာ သမာဓိ အားကောင်းရင် သိနိုင်တဲ့နည်း ရှိတယ်။ (ဓာတ်ခြောက်ပါးသဘောကို ရှင်းပြကာ) လက်တစ်ဆုပ်စာရှိတဲ့ နှလုံးသွေးမှာ ဟဒယဝတ္ထု ရုပ်ဟာ မှီနေတယ်၊ - အဲဒီ ဟဒယဝတ္ထုရုပ်ဟာ မနောဝိညာဏ ဓာတ်တို့ စိတ်စေတသိက်တို့ရဲ့ တည်ရာဌာနပဲ။
“အဲဒီတော့ နှလုံးသွေးဟာ တရားထိုင်ပြီး သမာဓိ ကောင်းကောင်းနှင့် ရတဲ့ အချိန်မယ် သူ့အဆင့်အတန်းအလိုက် ကြည်လင် တောက်ပလာတယ်။
“လူရဲ့ အသွေးအရောင်ဟာလဲ ပြောင်းလဲလာတယ်၊ တရားထိုင်နေကျ ပုဂ္ဂိုလ်ချင်း ဆိုရင် ကြည့်လိုက်တာနဲ့ သူ့ကိုယ်ကာယက ထွက်လာတဲ့ အရောင်အဝါကို မြင်နိုင်တယ်။ ဆိုရင် ပိုပြီး ထင်ရှားတယ်။ မင်းတို့ လောကီနယ်ပယ်က ဘာပဲ လုပ်လာလာ၊ ဘုန်းကြီးတို့ အနေနဲ့ကတော့ အားလုံးသိတာပဲ” ဟု ဟောတော်မူသည်။
အဘိဓမ္မာ ဓာတ်သဘာဝကို ထောက်၍ သိနိုင်သော သဘောကို နည်းပေး ဟောပြခြင်း ဖြစ်သည်။ ဆရာတော်ကား အဘယ်အထိ တိကျစွာ မြင်နိုင်သည်ကိုမူ အတပ်မဆိုသာချေ။
၁၃၂၂-ခုနှစ် တန်ခူးလတွင် ဆရာတော်၌ သွက္ချပါဒ ဆီးချိုရောဂါ စွဲကပ်၍ ခေတ္တ ပါးရွဲ့သွားသော်လည်း အမြဲတမ်း လမ်းလျှောက်ခြင်း၊ ချွေးငုပ်သည်ထင်လျှင် အခိုး ပွင့်ဆေး သောက်ခြင်း စသည်ဖြင့် ကျန်းမာရေးကို ထိန်းထားနိုင်၏။ ညအခါများတွင် လည်း ဆရာတော်သည် ကျိန်းစက်သည်မရှိ။ အမြဲတရားထိုင်လျက်ချည်းသာ။ ထိုအချက်သည်ပင် - ဆရာတော်၏ “ပဋိဝေဓ” ကို ဖော်ပြနေ၏။ တရားနာပရိသတ် များလည်း ဟောရာဌာနတိုင်းတွင် အလွန်များပြားစွာ ရှိနေ၏။ ဆရာတော်၏ တရားစည်မှာ ကြာလေမြည်လေ ရှိတော့သည်။
ထူးဆန်းသော မြွေနဂါး
၁၃၂၄-ခုနှစ် ဝါဆိုလဆန်း ခုနစ်ရက် (၈-၇-၆၂) နေ့တွင် သာသနာ့ရိပ်သာ ဖလ်ယဉ်ဓမ္မာရုံ၌ “အဂ္ဂမဟာပဏ္ဍိတ” ဘွဲ့တံဆိပ်ကို ခံယူရရှိတော်မူသည်။
အဂ္ဂမဟာပဏ္ဍိတ ဘွဲ့ အလှူခံရန် ရန်ကုန်သို့ကြွရာ ညောင်လေးပင် ဒကာ ဒကာမ များလည်း ဆီးကြို လိုက်ပါလျက် ရှေးယခင်ကကဲ့သို့ တရားဟောကြွပါရန် လျှောက်ထားကြသည်။
“ငါ့နာမ်ရုပ် မပြိုကွဲသေးလို့ အကြောင်းညီညွတ်ရင် ချီးမြှင့်ရမှာပေါ့၊ အမြန်ဆုံး တရားပေါက်အောင် အားထုတ်ကြ၊ ခန္ဓာကိုယ်ကြီးကဖြင့် သေဘက်ကို ဒုန်းစိုင်း နေပြီ” ဟု ဆုံးမတော်မူ၏။
မီးရထား လမ်းတစ်လျှောက် မြို့များမှာ ကြိုတင် အကြောင်းကြားမထားရဘဲလျက် အသင့်ကြိုဆို ကန်တော့ကြသည်ကို တွေ့ရသောအခါ တပည့်များ အံ့သြနေကြ၏။
ရန်ကုန်မြို့ရောက်ခိုက် တရားများလည်း ယခင်ကကဲ့သို့ပင် ဟောပြော ချီးမြှင့်တော်မူ၏။ ဦးသံဒိုင်၊ ဦးထွန်းရင်တို့သည် အများဆုံး ကံအခွင့်ပေးသူများ ဖြစ်ခဲ့ကြသည်။ ထိုပုဂ္ဂိုလ်များ ကြောင့်လည်း ဆရာတော်၏ တရားများ ပြန့်ပွားရပေ၏။
ဆရာတော်သည် လမ်းလည်း မှန်မှန်လျှောက်သည်။ လမ်းလျှောက်ရင်းလည်း အလစ်မပေး၊ ရင်းနှီးသူများအား သတိပေးတရား ဟောတော်မူ၏။
တစ်နေ့ မြန်အောင် ဦးတင်၊ ဟင်္သာက ဦးမြတို့နှင့် လမ်းလျှောက်ကြွတော်မူရာ ဦးမြအား-
“ဝေဒနာကျော်အောင် အားထုတ်ထား၊ အသေက ဦးသွားလိမ့်ဦးမယ်နော်၊ လိုရင်းကို ပြောနေတယ်” ဟု သတိပေးတော်မူခဲ့သေး၏။ ထိုနှစ်ဝါတွင်း ကားဖြင့် ကြွ၍ ပုထိုးတော်ကြီးအနီး စင်္ကြံလျှောက်ရာ အတူပါသူ ဦးစောမောင်အား-
“အခု ရန်ကုန်က ပြန်လာတာ တစ်လပဲ ရှိသေးတယ်။ ဦးမြတစ်ယောက်တော့ သေပြီ” ဟု မိန့်တော်မူသည်။ ဦးမြကား-
“တပည့်တော်လို ပန်းနာသမား သေခဲပါတယ်” ဟုပင် လျှောက်လိုက်သေး၏။ သူတော်ကောင်းကြီးများ၏ အထာကို အနီးကပ်နေသော်လည်း သိချင်မှသိကြသည်။ ပြောင်ဖွင့်၍ ပြောသော်လည်း မရိပ်စားမိကြ။ မျက်စိ နားရှိအောင် လုပ်ကြကုန်။
“မောင်စောမောင်၊” သူတော်ကောင်းများ ပြောတဲ့စကားကို လေးလေးနက်နက် မှတ်နော်။ အကြောင်းမဲ့မပြောဘူး၊ ရန်ကုန်က ဒကာ ဒကာမတွေ ငါ့ဆီအရောက် နောက်ကျသကွာ” ဟု လမ်းလျှောက်ရင်း ဦးစောမောင်အား အမိန့်ရှိရာ ဦးစောမောင်က-
“ရှေ့နှစ် ရန်ကုန်ကြွဦးမလား” ဟု လျှောက်သောအခါ-
“ဒါကတော့ ငါ့ခန္ဓာကိုယ်က ပြောပါလိမ့်မယ်ကွာ” ဟု မိန့်တော်မူသည်။
ထိုနှစ် တော်သလင်းလဆန်း တွင် ညီဝမ်းကွဲတော်သူ ဦးဘတုတ်အား ရိပ်သာအလွန် ဈေးနှောင့်လမ်းမှာ အနည်းငယ် ပျက်ယွင်းနေသဖြင့်-
“မောင်ဘတုတ်၊ ဒီလမ်းကို ကောင်းကောင်းမွန်မွန် ထပ်ပြီး ပြင်ထားတာ မြင်သွား ချင်တယ်၊ မြန်မြန်ဂရုစိုက် ပြင်စမ်း” စသည်ဖြင့် ဆရာတော်သည် စကားဆန်းများကို အမိန့် ရှိတော်မူ၏။
တစ်ညတွင် တပည့်ငါးယောက်အား ဝတ်ဖြည့်ခံတော်မူရင်း-
“မောင်လှဘူး၊ ငါ့အခန်းထဲမှာ မြွေတစ်ကောင် ရှိတယ်၊ မင်း ဖမ်းပြီး ဘေးကင်းရာကို သွားလွှတ်ချေ” ဟု မိန့်တော်မူ၍ အခန်းတံခါးတွင် လှည့်ပတ်ရှာရာ မတွေ့ဘဲ ရှိနေ၏။ ထိုအခါ ဆရာတော်က-
“မင်း ဒီမြွေမှ မမြင်ဘူးလားကွာ၊ အဲဒီတံခါး လက်ကိုင်ကွင်းမှာ” ဟု ထပ်၍ မိန့်တော်မူသည်။ ဝတ်ဖြည့်နေသော တပည့် ငါးဦးမှာ တစ်ယောက်မျှ မြွေကို မမြင်တွေ့ မိကြချေ။
ဦးလှဘူးသည် လက်ကိုင်ကွင်းကို သွားကြည့်သောအခါ မြွေမှာ မာန်ဖီနေသည်ကို တွေ့ရ၏၊ တစ်ကောင်လုံး နီရဲနေသည်ကို တွေ့ရ၍ (ဆေးဝါး ကုသရာ၌ အဆိပ်ကို နိုင်သော) ဦးလှဘူးပင် ထိတ်လန့်သွား၏။ အလွန်ရှားပါး၍ အဆိပ်ပြင်းထန်သော အရပ် ခေါ် မြွေပြဒါးမျိုးပင် ဖြစ်သည်။ ဦးလှဘူးသည် အိုးတစ်လုံး၌ ဖမ်းထည့်၍ လွှတ်လိုက်ရ၏။
နောက်မှ စဉ်းစားမိရာ တံခါးမှာ အလွန်ချောပြောင်နေသဖြင့် ထိုမြွေ အဘယ်ကဲ့သို့ တက်နိုင်ကြောင်း စဉ်းစား၍ မရအောင် ရှိကြရလေ၏။ စင်စစ် ထိုမြွေသည် နဂါးပင် တည်း။ မာရ်နတ်ကိုယ်စား နဂါးမင်း လာရောက် ပင့်လျှောက်ခြင်း ဖြစ်ပေလိမ့်မည်။
သပိတ်သွတ်လွတ် တရားဟောခြင်း
တော်သလင်းလထဲမှာပင် ဒကာရင်းဖြစ်သူ (ထေရုပ္ပတ္တိ ရေးသူ) ကျောင်းဒကာ ဦးကျော်သိန်းအား-
“မောင်ကျော်သိန်း၊ မင်းလဲ ဘာကိစ္စရှိရှိ ဒီမှာလာနေဦး” ဟု အမိန့်ချကာ တိုက်တွင်းရှိ လုပ်လက်စ အဆောက်အအုံများကို အမြန်ပြီးစီးအောင် စောင့်ကြပ်လုပ်စေ၏။ မည်သည့်အခါကမျှ လှည့်ပတ်မကြည့်စဖူး လှည့်လည် ကြည့်ရှုတော်မူသည်။
“ဒီ အဆောက်အအုံတွေ အားလုံးပြီးစီးပြီး နေသားတကျ ရှိနေတာကို ငါကြည့် သွားချင်တယ်ကွာ” ဟု အမိန့်ရှိရာ ကြိုးစားပြုလုပ်ကြရ၏။ ဆရာတော်ကား ကျန်းမာ ဝဖြိုးလျက်ပင် ရှိသည်။ ရန်ကုန်ကြွမည်ဟု ထင်ကြ၏။
သီတင်းကျွတ်လပြည့်နေ့ တရားဟောတော်မူရာ “သီတင်းကျွတ်ပြီ ဆိုတာ သေခါနီး သွားတာပဲလို့ မှတ်ပါ” ဟု ဆုံးမတော်မူ၏။
“သစ္စာသိတဲ့ ပုဂ္ဂိုလ်တွေ ဆွမ်းသွတ်စရာ လိုသေးသလား၊ ကိုယ့်ကိုကိုယ် သိအောင် လုပ်ပါ၊ သိလို့ရှိရင်လဲအိမ်ကိုမှာခဲ့။ ငါသေရင် ဆွမ်းမသွတ်နဲ့ဟေ့လို့။ သေမှ အရှက်ကွဲမခံနဲ့” စသည်ဖြင့် “သပိတ်သွတ်လွတ် တရားလိုမှတ်” ဟု ဆိုကာ သေခြင်းဘေးကြီးကို ညွှန်ပြတော်မူ၏။
“အလောင်းကောင် အသုဘကြီးကို မလွှဲသာလို့ ဒီကျောင်းပေါ်မှာ ထားမယ် ဆိုပါတော့၊ ဒီအသုဘကြီးထဲက ဘာတွေ ထွက်လာဦးမှာလဲ။ ကျင်ကြီးထွက်လာ။ ကျင်ငယ်ထွက်လာ။ လှုပ်လဲ အသုဘ၊ ထိုင်နေလဲ အသုဘ၊ ဒုက္ခသစ္စာဆိုတာ ပေါ်ပြီလား” ဟုလည်း လပြည့်နေ့တရားကို ဟောတော်မူသည်။
(“ငါသေရင် ဆွမ်းမသွတ်နှင့်၊ ရက်ကြာ မထားနှင့်” ဟု မှာတော်မူလိုရင်း။)
ဆရာတော်ကား တရားကို အားရပါးရ ဟောတော်မူလျက်ပင် ရှိ၏။ လပြည့်ကျော် နှစ်ရက်နေ့ ရန်ကုန်မှ (ဝန်ကြီးဟောင်းများ ဖြစ်ကြသော) မြန်အောင် ဦးတင်၊ ဦးအောင်ဇံဝေနှင့် ကျားပျံ ဦးသန်းမောင်တို့အား အထူးဦးစားပေး ဟောပြောရာ-
“ခင်ဗျားတို့လဲ ကြီးကုန်ပြီ၊ ဘုန်းကြီးလဲကြီးပြီ၊ နောက်ကို ဒီသာသနာ မရှိတော့ဘူး။ ကွယ်တော့မယ်၊ ဘယ့်နှယ်ကြောင့် ကွယ်ရသတုံး ဘုရားလို့ မေးလို့ရှိရင် ကွယ်ချိန်တန်လို့ ကွယ်တာပေါ့။ ရထားက ထွက်ခါနီးနေပြီ။ မှီရုံကလေးပဲရှိတယ်” ဟု ဟောတော်မူသည်။
(“ဒီသာသနာ” ဟူသည် မိမိကိုယ်ကို တင်စား၍ ပြောခြင်းသာ ဖြစ်၏။)
လေးရက်နေ့ ရှင်ပြုကထိန် အလှူပွဲအတွက်လည်း သုံးရက်နေ့က အကြိုရေစက်ချ၍ အားပါးတရပင် တရားဟောတော်မူ၏။ ထိုညတွင် ဝတ်ဖြည့်သူများအား--
“အိမ်မှာ ဘာကိစ္စရှိရှိ၊ နက်ဖြန် ကျောင်းမလာဘဲ မနေကြနှင့်” ဟု ခေါ်တော်မူသည်။ ထိုစကားကို ကြားရသောအခါ တပည့်ရင်းကြီး ဦးလှဘူးတို့မှာ ပို၍ စိတ်ရှုပ်ထွေး သွား၏။
ထူးဆန်းသော စကားသံနှင့် အလင်းရောင်ကြီး
ဦးလှဘူးတို့သည် ဆရာတော် ကျိန်းစက်သော အခန်းအပြင်ဘက်ဝ၌ အိပ်ကြရ သူများ ဖြစ်ရာ လပြည့်ကျော် တစ်ရက်နေ့ ည ၁၂-နာရီခန့်တွင် ဆရာတော်သည် တစ်စုံ တစ်ယောက်နှင့် စကားပြောနေသံကို မသဲမကွဲ ကြားကြရ၏။ နားစွင့်နေခိုက် ဆရာတော့် အခန်းတွင်းမှ အလင်းရောင်ကြီးများ ပေါ်ထွက်လာသည်ကို တွေ့ရသဖြင့် ပို၍ အံ့အားသင့်နေကြသည်။
သို့နှင့် ဦးလှဘူးက နောက်ညတွင် ဝတ်ပြုသူများအား သတိဝီရိယနှင့် အိပ်ရန် မှာထား၏။ နောက် ည ၁၂ နာရီခန့်တွင် ပထမညက ကဲ့သို့ပင် စကားပြောသံလည်း ကြားရ၏။ အလင်းရောင်ကြီးကိုလည်း မြင်နေကြရသည်။
“ဆရာတော် ဘယ်သူနဲ့ စကားပြောနေပါသလဲဘုရား၊ ခုနက အလင်းရောင်ကြီးလဲ မြင်လိုက်ရတယ်” ဟု လျှောက်ရာ-
“လှဘူးရာ မင်းသိသားပဲ” ဟုသာ မိန့်တော်မူ၏။ ဆရာတော်ကိုကား အခန်းတွင်း၌ ထုံးစံအတိုင်း တရား ထိုင်လျက်ချည်းသာ ဖူးတွေ့ရ၏။ ဦးလှဘူးတို့လူစု မဝေခွဲ နိုင်အောင် ရှိနေကြသည်။
မိုးကုတ်မြို့မှ ဦးချစ်လှနှင့်ဇနီးတို့ လေးရက်နေ့တွင် ရှင်ပြုကထိန်ပွဲအတွက် ရောက်ရှိလာကြ၍ ကျောင်းတိုက်ရှိဇရပ်တိုင်းတွင် ဧည့်သည်များ ပြည့်ညှပ်လျက် ရှိသည်။ သုံးရက်နေ့ ညတွင်လည်း ဧည့်သည်များနှင့် မြို့ထဲမှ လူအချို့ပါ ဆရာတော်၏ ကျောင်းပေါ်၌ မီးလုံးကြီး ကျဆင်းသွားကာ မကြာမီ ဝင်းကနဲ အလင်းရောင်ကြီး ပြန်တက်သွားသည်ကို မြင်ကြရ၏။ ဦးလှဘူးသည် ဆရာတော်အား ထပ်၍ လျှောက်ထားပြန်ရာ-
“လှဘူးရာ မင်းကလဲ သိရက်သားနဲ့ ထပ်မေးနေပြန်ပါပြီ၊ အချိန်သိပ်မလိုတော့ဘူး” ဟုသာ မိန့်တော်မူ၏။ စိတ်ထဲတွင် မတင်မကျ ရှိနေသော်လည်း ဦးလှဘူးသည် ထပ်၍ မလျှောက်ရဲဘဲ အခန်းအပြင်သို့ ထွက်လာခဲ့ရရှာ၏။
ဆရာတော်ကား ခန္ဓာဝန်ချပေတော့မည်။ နတ်ဗြဟ္မာတို့ပင် နှုတ်ခွန်းဆက်တရားနာ လာနေကြပြီထင့်။
ဆရာတော်၏ နောက်ဆုံးတစ်နေ့တာ
ဤနေ့သည်ကား ဆရာတော်၏ နောက်ဆုံးနေ့ဖြစ်၏။ ၁၃၂၄-ခုနှစ် သီတင်းကျွတ် လပြည့်ကျော် လေးရက် ဗုဒ္ဓဟူးနေ့။
ရှင်ပြုကထိန်ပွဲရှိ၍ မင်္ဂလာတိုက်၌ ရဟန်းရှင်လူ အစည်ကားဆုံးနေ့ ဖြစ်သည်။ လူအများ အလှူအတွက် ချက်ပြုတ် ပြင်ဆင်နေကြ၏။ ဆရာတော်ကား ယမန်နေ့ ကပင် ကြိုတင်ရေစက်ချပေးကာ တစ်နာရီခန့် တရားဟောခဲ့ပြီး ဖြစ်သည်။
နံနက်ငါးနာရီတွင် ကျောင်းအမကလေး ဒေါ်တင်လှနှင့် ဒေါ်ကုမ္မာတို့ ကွေကာအုပ် ဖျော်၍ ဆရာတော်ကျောင်းသို့ ဝင်လာကြသည်။
“ဟဲ့ တင်လှ၊ ငါ့အိပ်ရာ ပြင်ခင်းထားချေစမ်း” ဟု အချိန်မဟုတ် မခိုင်းစဖူး ခိုင်း၍ ကျောင်းအမကလေးမှာ အံ့အားသင့်နေ၏။ လူရှုပ်ပင်ပန်းလှသဖြင့် အနားယူချင်၍ ဟုသာ ထင်သည်။
“တင်လှ၊ နင်တို့ငယ်သေးတယ်၊ ကမ်းမမြင်တဲ့ ရေပြင်မှာ လက်ပစ်ကူးနေကြရတယ် လောကဓံကို ခံနိုင်အောင်လုပ်။ ရေမျောရင်း ကမ်းစပ်က သစ်ပင်ကို ကံအားလျော်စွာ တွေ့ရလို့ အားကိုးတကြီး ဆွဲကိုင်မိပေမယ့် သစ်ပင်ကလဲ လှိုင်းဒဏ်ကြောင့် အမြစ်အုံပါ ကြွပြီးနေတဲ့ သစ်ပင်အိုကြီးဆိုတော့ နင်တို့အပေါ် ပိလာဦးမှာပဲ” ဟု မိန့်တော်မူကာ ဒေါ်တင်လှ၏ ခင်ပွန်း အပါးတော်မြဲ ကျောင်းဒကာကလေး ဦးကျော်သိန်းအား လွှတ်လိုက်ရန် မိန့်တော်မူ၏။
ကျောင်းဒကာကလေး ရောက်လာလျှင်...
“အင်း.. သုံးဖို့၊ စားဖို့တော့ လူတိုင်း ထိုက်တန်သလောက် ရှိနေကြတာပဲ” တော်လောက်ပြီ၊ မင်းတို့ စီးပွားရှာတာက ဖြုန်းဖို့ ရှာနေကြတာ။ မင်းတို့ပစ္စည်း ဥစ္စာကို တွယ်တာမနေနဲ့၊ ဉာဏ်နဲ့ စွန့်၊ လောကဓံလှိုင်းပိမယ်။ ငါမရှိလဲ ငါ့တရား ခွေတွေ ရှိတယ်။ ကြိုးစားနာရစ်” ဟု မိန့်တော်မူရာ နားမရှင်းသော်လည်း ဘာမျှ ပြန်၍မလျှောက်ဝံ့ ရုပ်လက္ခဏာနှင့် အသံသည် အရင်က အတိုင်းပင် ရှိ၍ “မည်သို့” ဟု မထင်တတ် ရှိနေ၏။ သို့နှင့် ပြန်လာပြီး (အမြဲဝတ်ပြုရသူ ရှေ့မီနောက်မီ) ဦးသာဆိုင်အား အကျိုးအကြောင်း ပြောပြရာ-
“ဆရာတော် ` ရန်ကုန် ကြွမလို ဖြစ်မှာပေါ့” ဟုသာ မှတ်ချက် ပေးလေသည်။ ဆရာတော်ကား ရန်ကုန်ဌာနသို့ ကြွပေတော့မည်။
ဆရာတော်သည် ကွေကာအုပ် ဘုဉ်းပေးပြီးနောက် သင်္ကန်းလဲကာ ကထိန် ဆွမ်းကျွေး အတွက် ကြွသွားလေသည်။ မိုးကုတ် ဦးချစ်လှ-ဒေါ်သောင်းတို့က သား ရှင်ပြုကထိန်ပွဲအတွက် နံနက် ၆-နာရီမှစ၍ မင်္ဂလာတိုက်တွင် သံဃာအပါး နှစ်ရာ ဆွမ်းကပ်ကြ၏။ ဆရာတော်ကား မဘုဉ်းပေး။ ဆရာတော်ကြီးများ အပါးတွင် တရားအာရုံဖြင့် ထိုင်နေတော်မူသည်။
သံဃာများ ဆွမ်းဘောဇဉ်”ဘုဉ်းပေးပြီးလျှင် ဆရာတော်ကိုယ်တိုင် ဆရာတော်ကြီး များအား လှူဖွယ် ပစ္စည်းများကို လိုက်၍ လိုက်၍ ဆက်ကပ်၏။ ပြီးလျှင် ထေရ်ကြီး ဝါကြီး ဆရာတော်ကြီးများ ပြန်ကြွကြလေရာ ဆရာတော်သည် တိုက်ပေါ်မှ ဆင်းလျက် တစ်ပါးပြီး တစ်ပါး လိုက်လံ၍ တွဲပို့ဝတ်ပြုကာ ကားများပေါ်သို့အရောက် ရွှန်လန်းဝမ်းမြောက်စွာ အခေါက်ခေါက် သွားချေပြန်လှည့် နှုတ်ဆက်တော်မူသည်။
အလှူပွဲပြီးလျှင် တပည့်ကြီး ဦးလှဘူးအား ခေါ်၍ ရိပ်သာဘက်သို့ ကူးလာ၏
“အင်း... ငါ့ခန္ဓာကိုယ်ကြီးကတော့ လေးလှပြီ” ဟု မိန့်တော်မူရာ ဦးလှဘူးမှာ နားမလည်၍ အကျိုးအကြောင်း ပြန်လျှောက်ရာ...
“မင်း... တယ်အ, တဲ့ အကောင်ပဲ” ဟုသာ ပြုံး၍ မိန့်တော်မူ၏။
နောက် ဒေါ်တင်လှအား ကော်ဖီလာ၍ကပ်ရန် အမိန့်ရှိသဖြင့် ဒေါ်တင်လှ ရောက်လာ ၏။ ကော်ဖီ ဘုဉ်းပေးလျက်...
“တင်လှ၊ ခုရက်ပိုင်း နင် အိပ်မက်များ ထူးထူးထွေထွေ မမက်ဘူးလား” ဟု မေးတော်မူ၍ ...
“ရိပ်သာထဲမှ စေတီကြီး တစ်ဆူအနီး၌ ဆရာတော် တရားရှုမှတ်နေရာ စေတီကြီးမှာ မီးခိုးအူ၍ ဖောင်းရစ်မှ တအိအိ ပြိုကျလာရာ ဆရာတော့်အပေါ်၌ ပိကျသော်လည်း ဆရာတော်မှာ မည်သို့မျှ မဖြစ်ကြောင်း” လျှောက်ထားသည်။
“ဟ.... နှင့် အိပ်မက်က တယ်စင်းပါလား၊ “ပုဗ္ဗနိမိတ်” ဆိုတာ ဒီလိုပဲဖြစ်ပေါ်စမြဲပဲ။ ငါ့လို ခံနိုင်ရည်ရှိအောင် တရားကို နာနာဖိပြီး အားထုတ်ရစ်ကြ” ဟု အမိန့် ရှိကာ “ခဏစောင့်ဦး” ဟု မိန့်တော်မူ၍ အခန်းတွင်းသို့ ကြွသွား၏။ ပြီးလျှင် သင်္ကန်းလဲကာ စောစောက ဝတ်ထားသော ဧကသီ၊ သင်းပိုင်နှင့် အံသကိုဋ်နှစ်ထည်ကို ကိုင်၍ ထွက်လာ၏။
“ရော့.... ဒီသင်္ကန်းတွေ နင့်ဇရပ်ယူသွား၊ သိမ်းထား၊ ရေမလျှော်နဲ့” ဟု ပေးတော် မူလိုက်သည်။ ဒေါ်တင်လှခမျာ ဇဝေဇဝါဖြင့် ဘာမျှ ပြန်မလျှောက်ရဲဘဲ သင်္ကန်းများကို ယူ၍ မိမိဇရပ်သို့သာ ပြန်လာခဲ့ရရှာ၏။
ထိုနေ့ ၁၁-နာရီခွဲတွင် ကော်ဖီနှင့် စွပ်ပြုတ် ဘုဉ်းပေးတော်မူ၏။ ဆရာတော် သုံးပါးနှင့်အတူ ဘုဉ်းပေးပုံကို ဓာတ်ပုံရိုက်ခံတော်မူသေးသည်။ ဆရာတော်သည် ဆုံးမစကား ပြောဟောလျက်ပင် ရှိနေ၏။ ပြောဟောသော စကားများမှာ အံ့အားသင့်စရာတွေချည်း ဖြစ်၍ ဆရာဝန်ပင့်ရန် ဒကာများက လျှောက်ကြရာ....
“ကိစ္စမရှိပါဘူး။ မနေ့က ပန်ကာလေမိသွားလို့ အခိုးနည်းနည်း ငုပ်သွားတာပါ။ ဆရာဝန်ပင့်ချင်လျှင် တစ်ချက်ခွဲမှပင့်” ဟု မိန့်တော်မူ၏။ ဆုံးမစကားကိုသာ တွင်တွင် ဟောတော်မူသည်။ ရုပ်လက္ခဏာနှင့် အသံတော်ကား ပကတိ အတိုင်းပင်။
“ခန္ဓာဝန်ကြီးကလဲ တယ်လေးတာပဲ။ ကဲ.... ဦးသန်းမောင်၊ ဝမ်းချူပေးစမ်းပါဦး” ဟု ဆိုကာ ကုဋီသို့ကိုယ်တော်တိုင် ကြွတော်မူသည်။
ရဟန်းရှင်လူ ပရိသတ်များကား ဆရာတော့် ကျောင်းပေါ်၌ အားလုံးစု၍ လာကြ၏။ ဒေါက်တာ ဆိုနီနှင့် ဆရာဝန်ကြီး စောမြအောင်တို့ ရောက်လာကြသည်။
“ကဲ-နောက်ထပ် ဆေးထိုးစရာရှိသေးရင် မြန်မြန်ထိုးကြ။ အချိန်မရှိဘူး။ မင်းတို့ ဆေးလဲ ဘာမှမတတ်နိုင်ပါဘူး” ဟုပင် မိန့်တော်မူ၏။ နေ့ တစ်နာရီထိုးပေပြီ။
အားငယ်သော မျက်နှာဖြင့် ရဟန်းရှင်လူများ စိုးရိမ်တကြီး ဖူးမြော်နေကြစဉ်-
“မောင်ချစ်ဆွေ၊ ဒီတစ်ခါတော့ မရတော့ဘူး။ ဟေ့ တင်ငွေကြီး၊ ငါ့မျက်စိ တွေတောင် ပြာလာပြီ။ ကဲ-အားလုံး ဦးပဉ္စင်းများရော၊ ဒကာ ဒကာမတွေရော ခန္ဓာရှိသူတိုင်း ခံစားရမယ့် ဝေဒနာကို ကျော်လွန်အောင် ရှုကြ။ မင်းတို့ ခန္ဓာဝန်ကြီးရဲ့ ဒုက္ခကို လက်တွေ့ ဒီမှာကြည့်ထားကြ။ မမေ့မလျော့ နေရစ်ကြပေတော့” ဟု ဆုံးမ ဩဝါဒပေးပြီး ၁၅- မိနစ်ခန့် ငြိမ်သက် အေးဆေးစွာ တရား နှလုံးသွင်း၍ နေတော်မူ၏။
တစ်နာရီနှင့် မိနစ် ၂၀-တွင် ခန္ဓာဇာတ်သိမ်း၍ ချုပ်ပြတ် ငြိမ်းတော်မူလေ၏။
ထူးဆန်းသော မျက်ရှင်တော်နှင့် ဓာတ်တော်များ
ထိုအခြေအနေအတွက် သုံးလေးလကပင် ကြိုတင်၍ အမိန့်ရှိခဲ့သော်လည်း ကျန်းမာ ပကတိဖြစ်၍ မရိပ်မိခဲ့ကြပေ။ ရောက်လာသူများ အားလုံး မျက်ရည်ဖြင့် ကန်တော့ကြရလေ၏။ မင်္ဂလာရိပ်သာ၌ တရားစည်သံအစား ငိုကြွေးသံတို့သာ ပဲ့တင် ထပ်လေတော့သည်။
၁၃၂၄-ခုနှစ် ပြာသိုလဆန်း ၉-ရက်နေ့မှစ၍ ခုနစ်ရက်တိတိ ဈာပနပွဲကြီး ကျင်းပကာ ခမ်းနားကြီးကျယ်စွာ ပူဇော်ကြကုန်၏။ ဤမျှ စည်ကား၍ ခမ်းနားကြီးကျယ်သော ဈာပနပွဲကား မရှိသလောက် ရှားပါးလှသည်။
ထိုဈာပနပွဲတွင်လည်း ဦးကျော်သိန်း ဒေါ်တင်လှတို့၏ မဏ္ဍပ်၌ လူအများ ကြားမှပင် ပျားများ စုဝေးပျံသန်းလာကာ အသိုက်အအုံ ပြုလာကြသည်ကို တွေ့ကြရ၏။ အလောင်းတော်လည်း ထိုမဏ္ဍပ်၌ ကျိန်းဝပ်ပူဇော်ရန် အလှည့်ကျသောနေ့ဖြစ်ရာ အလောင်းတော် မကြွလာမီ နှစ်မိနစ်အတွင်း ပျားများ အအုံဖွဲ့နှင့်ပြီး ဖြစ်ကြ လေသည်။ ဆရာတော်နှင့် ပျားသည် တတိယအကြိမ်မြောက် အမှတ်အသားကြီး တစ်ခု ဖြစ်လာ၏။
လပြည့်နေ့တွင် မီးသင်္ဂြိုဟ်ရာ လူထုပရိသတ်မှာ နှစ်သိန်းနီးပါးရှိသည်။ မီးသင်္ဂြိုဟ် သောအခါ အုတ်ပလ္လင်ပေါ်၌ အထူးကြပ်မတ်၍ သင်္ဂြိုဟ်ကြရာ ဓာတ်တော်များ အလုံးအလုံး ကျလာသည်ကို တွေ့ကြရသည်။ အချို့မှာ အရိုးမကြီး၌ အတွဲလိုက် အပြွတ်လိုက် သီ၍ ဥ၍ နေ၏။ အရိုးတစ်ပိုင်း ဓာတ်တော်တစ်ပိုင်း ဖြစ်သည်လည်း ရှိသည်။ နွားနို့နှစ်ရောင်နှင့် အဝါရောင် နှစ်မျိုး ဖူးတွေ့ရ၏။
အရိုးတော်များကို အိမ်၌ယူ၍ ပူဇော်ထားကြရာ အလုံးအလုံး ဖြစ်လာသည်ကို တွေ့ကြရပြန်၏။ ဆင်ဆေးလိပ်ကုမ္ပဏီ ဦးသောင်း အိမ်၌မူအရိုးတော်မှ ဓာတ်တော် ဖြစ်လျက် ရောင်ခြည်တော်များပင် ကွန့်မြူးနေသည်ကို ဖူးတွေ့ ကြရသည်ဆို၏။
ဆရာတော် သက်တော်ထင်ရှား ရှိစဉ်က ပူဇော်ထားရှိခဲ့ကြသော ဆံပင်တော် များမှာလည်း ပရိနိဗ္ဗာန်ပြုပြီး နောက်ကာလတွင် ဓာတ်တော်ကဲ့သို့ လုံးဝန်းသွား သည်ကို ဖူးတွေ့ ကြရသည်။
နောက်တစ်ခု အံ့ဖွယ်ကောင်းသည်မှာကား မီးသင်္ဂြိုဟ်ရာတွင် မီးမစွဲဘဲ သူငယ်အိမ် မပျက် တည်ရှိသော “မျက်လုံးတော်အစုံ” နှင့် ချိတ်ဆက်နေသော လက်ဆစ် ရိုးတော်များ ဖူးတွေ့ရခြင်းပင်တည်း။ ဓာတ်တော်များကို ဌာပနာ၍ ပွဲတော် အင်းအလယ်၌ “မင်္ဂလာဓာတုဓမ္မစေတီ”ကို တည်ထားကိုးကွယ်ကြသည်။ (ရတနာ့ဂူ မီးရထားလမ်းနှင့် ကားလမ်းဆုံအနီး။)
(အရိုးအဆက်အစပ်နှင့် စပ်၍ မဟာပရိနိဗ္ဗာနသုတ်၊ “နာဂါပလောကိတ” ပုဒ် အဖွင့် ၁၄၅-၌ “လူအများ၌ တေ့ဆက်၊ ပစ္စေက ဗုဒ္ဓါ၌ ချိတ်ဆက်၊ ဘုရား၌ ကွင်းဆက်” ဟု ဖွင့်သည်။)
ရဟန်းရှင်လူတို့သည် ထိုအခါမှပင် အလွန်ကျေးဇူးများမြတ်သော လောကုတ္တရာ ရတနာမြတ်ကြီးဖြစ်ကြောင်း အလေးအနက်ပို၍ သက်ဝင် ယုံကြည်လာကြကာ အဖိုး အနဂ္ဃ ထိုက်တန်သော လောကီ ကျောက်မျက်ရတနာမျိုးစုံဖြင့် ဝိုင်းအုံ ပူဇော်၍ မပြီး ချီးကျူးတ, သ၍ မကုန်၊ ကျေးဇူးဂုဏ်ကို အောက်မေ့၍ မဆုံးနိုင်အောင် ရှိကြရလေ တော့၏။
(မိုးကုတ် ဆရာတော်၏ ဥပနိဿယအတိုင်း အားထုတ်၍ ရဟန်းကိစ္စပြီး မြောက်တော်မူသော မြိုင်မြို့ ဇီးတောဆရာတော် အကြောင်း ရှေ့၌ ဖော်ပြမည်။)
ကသစ်ဝိုင်ဆရာတော် ဦးရေဝတ
(၁၂၆၅ - ၁၃၂၇ )
“မိမိစိတ်ဖြင့် မိမိကိုယ်ပေါ်၌ ဖြစ်ပေါ်တာကို အမြဲမပြတ် ရှုမှတ်နေတဲ့ အလုပ်သည် ဝိပဿနာ အလုပ်ဟူ၍ ခေါ်တယ်ဆိုတာ သေချာစွာ မှတ်ထားကြ”
မေး။ ။ စိတ်နဲ့ ရှုရမယ်ဆိုသဖြင့် ဝိပဿနာ အလုပ်ကို ကိုယ်နဲ့ လုပ်လို့ကော ရပါမလား။
ဖြေ။ ။ မရပါဘုရား။
မေး။ ။ နိစ္စ ဒုက္ခ အနတ္တလို ပါးစပ်ကရွတ်ပြီး ပုတီးစိပ်နေရင်ကော ဝိပဿနာအလုပ် ဟုတ်ပါ့မလား။
ဖြေ။ ။ မဟုတ်သေးပါဘုရား။
မေး။ ။ ကိုယ်ဆိုတာကကော ဘယ်နေရာကို ခေါ်သလဲ။
ဖြေ။ ။ အပ်ဖျားကလေးနဲ့ ဖြစ်စေ၊ စူးဖျားကလေးနဲ့ ဖြစ်စေ တစ်စုံတစ်ခုသော ဝတ္ထုဖြင့် ထိလို့ သိတဲ့နေ့ရာကို ကိုယ်လို့ ခေါ်ပါတယ် ဘုရား။
မေး။ ။ ဒါဖြင့် ကိုယ်က ပေါ်တာ ဘယ်နှစ်မျိုး ရှိလဲ။
ဖြေ။ ။ ငါးမျိုးပါဘုရား။
မေး။ ။ ဘာတွေလဲ။
ဖြေ။ ။ ပူတာ၊ အေးတာ၊ လှုပ်တာ၊ ဆင်းရဲတာ၊ ချမ်းသာတာပါဘုရား။
ကသစ်ဝိုင် ဆရာတော်ကား အထက်ပါအတိုင်း ဝိပဿနာ ရှုကွက်ကိုအကျဉ်းချုံး၍ တရားဟော, တရားပြတော်မူသည်။ ဆယ်ရက် စခန်းများ ဖွင့်လှစ်ကာ တစ်နေ့လျှင် အနည်းဆုံး တရား နှစ်ကြိမ်၊ တင်းကြပ်လျှင် နှစ်နာရီ အနည်းဆုံး ဟောပြော ပြသတော်မူရာ အနှစ်-နှစ်ဆယ်ခန့်ပင် ကြာညောင်းခဲ့၏။
တရားဟော ပလ္လင်ပေါ်သို့ ရောက်သည်နှင့် ကျောက်ရုပ်သဖွယ် နှစ်နာရီလုံးလုံး ဟောတော်မူလေသည်။ ဟောပြောရာ၌လည်း ထိပါးခြင်းမရှိး စကားအသုံးအနှုန်းမှ စ၍ ယဉ်ကျေးသိမ်မွေ့ပေသည်။ ဟောပြော ပြသခြင်း၌ တင်းတိမ် ရောင့်ရဲခြင်း ရှိတော်မမူချေ။
ကျယ်ပြန့် လွတ်လပ်သော သတိပဋ္ဌာန်ရှုကွက်
ဆရာတော် ပေးသော တရားမှာ လူပြိန်းများ မလုပ်တတ်မရှိအောင် ပေါ်လွင်လှ ပေ၏။ သို့ရာတွင် စာပေအမြင်ဖြင့် တစ်စုံတစ်ရာ လိုနေသေးသကဲ့သို့ ရှိနေ၏။ သတိပဋ္ဌာန် လေးပါးလုံးကို ခြုံမိသည်ဟု ဆိုရန်လည်းအခက်၊ မခြုံမိဟုဆိုရန်လည်း မလွယ်။ လုပ်ငန်းခွင် ဝင်စ ပုဂ္ဂိုလ်များ သမာဓိအသား တက်လွယ်စေရန် မူလချည်တိုင် ရှုကွက်တစ်ခု ထားပေးလျှင် ပို၍ သင့်မြတ်ရာ၏။
ယခုအခါ ဒုက္ခ ဝေဒနာရှုကွက်ဖြင့် (မိမိတို့စရိုက်အားလျော်စွာ) တရားတက်သူ၊ သို့မဟုတ် ပေါက်မြောက်ခဲ့သူများက တရားပေးသောအခါ “ဝေဒနာ လိုက် ဝေဒနာလိုက် ဟု ဆိုကာ ပေးတတ်ကြရာ ဘာမျှမသိသော လူတော်တော်များများမှာ စ, ထိုင်လိုက်သည်နှင့် ထုံကျဉ်မှု စသော ဒုက္ခဝေဒနာ ဖြစ်ပေါ်ရန်ကိုသာ ငံ့လင့် ကြောင့်ကြနေရသကဲ့သို့ ရှိနေကြ၏။
ပေါ်လာပြန်သော်လည်း ဒုက္ခဝေဒနာ ကျွတ်လွတ်သွားရန်ကိုသာ မှတ်မှု အားသန် ထားသဖြင့် သမာဓိ မရနိုင်ဘဲ ရှိနေတတ်ကြသည်။ “သုခံ သမာဓတ္ထာယ = ကိုယ်စိတ် ချမ်းသာမှသာ သမာဓိလည်း ရလွယ်ပေသည်”။ နေပူကျဲကျဲမှ ခရီးရှည်လာသူ သစ်ပင်ရိပ် ခိုရသကဲ့သို့ ထိုမချိမဆံ့ ဒုက္ခမှ တဒင်္ဂ ကျွတ်သည့် ချမ်းသာကိုပင် “မြိန်ရေရှက်ရေ တရားထူး” ဟု ပြောဆို ထင်မှတ်တတ်ကြပြန် လေသည်။
ဆိုလိုသည်ကား မိမိတုန်းက ထို ဒုက္ခ ဝေဒနာ ရှုကွက်ဖြင့် တရားတက်ခဲ့သော်လည်း အခြားသူများ၏ စရိုက်နှင့် ကိုက်ညီသော်မှ ကိုက်ညီပေမည်။ သို့ရာတွင် ယောဂီတို့မှာ “တရားထိုင်တယ် ဆိုတာ ဒီဟာကိုသာ မှတ်ရတယ်” ဟု တရားသေ နားလည်သွား နိုင်သဖြင့် “ဒီလိုဒီလိုလည်း ရှုမှတ်၍ ရသေး၏” ဟု ရှုကွက်ဟန် ကုန်အောင်မူ အသိပေးသင့်ကြပေသည်။
စာပေကျမ်းဂန်တို့၌ “သုခ ပဋိသံဝေဒီ” သုခစသည့် ဝေဒနာများကိုလည်း ရှုမှတ်ရ၏။-ဒုက္ခ ဝေဒနာ ခံစားရသော ဝတ္ထုများကို ကြည့်လျှင် ဒုက္ခကိုချည်း ဖိမှတ်၍ ရဟန္တာဖြစ်ကြသည် မဟုတ်။ “ဝေဒနံ ဝိက္ခမ္ဘေတွာ = ဒုက္ခဝေဒနာကို ခွာ၍ (ဝါ) ဒုက္ခ ဝေဒနာကို လျစ်လျူရှုထားပြီး ရှုမှတ်မြဲ ထွက်လေဝင်လေ စသည် (မူလ ကမ္မဋ္ဌာန်း၊ ပင်မ, တရားရှုကွက်) ကိုလည်း ရှုမှတ် ကြရကြောင်း တွေ့မြင်နိုင်လေသည်။ ဝေဒနာလွန်ဖို့ထက် ဝေဒနာအဟုတ်သိဖို့က အရေးကြီး လှပေ၏။
ဒုက္ခ ဝေဒနာကိုလည်း အဓိဝါသန ခန္တီ သဘောအရ မိမိတို့ ခံနိုင်ရည် ရှိသလောက် အမြင့်ဆုံး စံချိန်အထိ ပေခံ၍ ရှုပွားကြရသည်မှာ ထုံးစံပင်တည်း။ သို့သော် “တရား ရှုမှတ်ရသည်မှာ ဤမျှသာ” ဟု ကျဉ်းမြောင်းစွာ ဘောင်ခတ်ပေးရာ မရောက်စေမူ၍ ယောဂီတို့၌ မိမိတို့စရိုက်နှင့်လျော်စွာ ကျယ်ကျယ်ပြန့်ပြန့် တစ်ခုမမိ တစ်ခုမိ လွတ်လပ်စွာ ရှုမှတ်နိုင်စေရန် သတိပဋ္ဌာန်ရှုကွက်များကို ဟန်ကုန်အောင် လမ်းဖွင့် ပေးထားသင့်၏။
မည်မျှပင် လမ်းများစွာ ဖွင့်ပေးထားသော်လည်း ယောဂီကမူ သူ့စိတ်ကြိုက် သူ့ စရိုက်နှင့် သင့်မြတ်သော သူထင်လွယ်မြင်လွယ်သည့် တစ်ခုတည်းသော လမ်းကပင် လျှောက်သွားပေလိမ့်မည်။ ထို့ကြောင့် လွတ်လပ် ကျယ်ပြန့်စွာ နည်းပေးတော်မူကြ စေလိုပါ၏။ ဘုရားရှင် နည်းပေးတော်မူခဲ့သော သတိပဋ္ဌာန်ကား လိုရာရွေးချယ် ကျယ်ပြန့် လွတ်လပ်၍ ထိမိလှပါပေ၏။
(ဒါကိုမှ “ဝိပဿနာ ဘုံကျယ်” ဟု ငြင်းပယ်နေလျှင်လည်း ကျန်ရစ်ရုံသာ။)
ပရိယတ္တိ အနှစ် နှစ်ဆယ်
ဆရာတော်သည် ပဲခူးခရိုင် ပေါမြို့အပိုင် အဗျားအလယ်စုရွာ ဦးဘိုးကန်– ဒေါ်စိမ်းရင်တို့မှ ၁၂၆၅-ခုနှစ် တပေါင်းလဆန်း ၁၀-ရက်၊ ဗုဒ္ဓဟူးနေ့ ၁၂-နာရီအချိန် ဖွားမြင်တော်မူခဲ့သည်။ ငယ်မည် မောင်ရွှေဘ၊ ဘွဲ့ ဦးရေဝတ။
ရှစ်နှစ်အရွယ်သို့ ရောက်သောအခါ အဗျား အထက်စုကျောင်း ဦးကလျာဏထံ၌ သာမဏေ ပြုသည်။ သာမဏေဘဝဖြင့်ပင် ကျိုက်ထိုမြို့အနီး မရမ်းချိုကျောင်း၊ ရန်ကုန် သရက်တောတိုက် အင်းဝကျောင်း ပထမကျော် ဦးကောသလ္လထံ၌ အောက်ခြေစာများကို သင်ယူ၍ ၁၂၈၅-ခုနှစ် ရဟန်းဖြစ်ပြီးနောက် ပခုက္ကူ၊ မဟာဝိသုတာ ရာမတိုက်၊ မန္တလေး ရွှေရေးဆောင်၊ ဘုံကျော်၊ ဘုရားကြီးတိုက် (ဦးနာရဒ၊ ဦးဣန္ဒာသဘ) ၌ ပရိယတ္တိ သင်ယူရာ ပထမကြီးကို အောင်မြင် တော်မူခဲ့၏။ ၆-ဝါ အရမှစ၍ ဝေါမြို့ အနီး ကြုံတူကျောင်းနှင့် ပြည်မြို့ တက္ကသိုလ် ကျောင်းကြီးတို့၌ စာဝါများ ပို့ချပေးခဲ့ရာ ၁၂-ခါမှစ၍ ၂၂-ဝါအထိ ၁၀-နှစ်တိုင်တိုင် အဗျား အထက်စုကျောင်း၌ စာချဆရာတော် ဖြစ်တော်မူခဲ့၏။
ပဋိပတ္တိ အနှစ် နှစ်ဆယ်
ရဟန်း ၂၂-ဝါ အရ ဒုတိယ ကမ္ဘာစစ်ဒဏ်ကြောင့် အဗျားအထက်စုကျောင်းကြီး မီးလောင် ပျက်စီးခဲ့ရာမှအစ သပိတ်တစ်လုံး သုံးထည်သော သင်္ကန်းမျှဖြင့် ဖက္ကလိပ်ကျောင်းသို့ ပြောင်းရွှေ့ကာ ပဋိပတ္တိ အလုပ်စခန်းကို ကြိုးပမ်းတော်မူ လေသည်။ ၂၃-ဝါ ရသောအခါ မကင်းရာ မကင်းကြောင်း ငဲ့ညှာထောက်ထားရမည့် မိဘ စသည်တို့ကြောင့် ကသစ်ဝိုင်ကျောင်း ၌ ရွှေ့ပြောင်းကာ အတ္တ, ပရကျိုးနှစ်ဝကို ဆောင်တော်မူရသည်။ ၄၂-ဝါ ပျံလွန်တော်မူသည် အထိပင် ဖြစ်သည်။
ဆရာတော်၏ ပဋိပတ္တိ သာသနာပြုအလုပ်တွင် လူဒါယကာများဘက်၌ ပဲခူးမြို့ ကျုံးရိုးတန်း ဦးမောင်ကြွယ်၊ ဒေါ်မြညွန့်၊ အဗျား အလယ်စုရွာ ဦးဘညွန့် ဒေါ်စိန်ညွန့် ဦးရွှေအေး၊ ဒေါ်ငွေရှင်နှင့် အထူးသဖြင့် ညောင်လေးပင်မြို့မှ ကျောင်းအမကလေး ဒေါ်ချိုချိုစသော အနယ်နယ် အရပ်ရပ် ယောဂီများက ၁၂-ဧကရှိ ကသစ်ဝိုင် ပဋိပတ္တိဌာနကြီးကို အဆောက် အအုံပေါင်း လေးဆယ်ကျော်ဖြင့် မွေ့လျော်ဖွယ်ရာ ပစ္စယာနုဂ္ဂဟဘက်က တာဝန်ယူ သာသနာပြုခဲ့ကြရာ ယခုအခါ “ကသစ်ဝိုင် ကမ္မဋ္ဌာန်းနည်း” ဟူ၍ပင် ပေါ်ထင်လျက် ရှိပေသည်။
ဆရာတော်သည် ပရိယတ်, ပဋိပတ် ဘဝကို ကတ္တားခြားခွဲဝေ၍ လုံ့လဝီရိယကြီးစွာ သာသနာပြုတော်မူခဲ့ရာ သက်တော် ၆၂-အရ၊ ၁၃၂၇-ခုနှစ် ပြာသိုလပြည့်ကျော် ၉-ရက် စနေနေ့ နံနက် ၁၁-နာရီ ၅၀-အချိန်၌ ပျံလွန်တော်မူသည်။
ပျံလွန်တော်မမူမီ ပဲခူး-ရန်ကုန် ဒကာများ ဝိုင်းအုံ၍ ပြုစု ကုသနေခဲ့စဉ် ဦးတေဇောသာရ စသော ဆရာတော်၏ တပည့်များအား ဘဏ္ဍာရေး ဝန်ကြီးဟောင်း မြန်အောင် ဦးတင်က-
“ကိုယ်တော်တို့၊ ဆရာတော့်ရောဂါ ဘာရောဂါလို့ ထင်သလဲ။ ဘာရောဂါမှ မဟုတ်ဘူး ကိုယ်တော်-ကရုဏာ ရောဂါ ကရုဏာရောဂါ။ ကိုယ်တော်တို့လဲ သာသနာ ကြာကြာပြုချင်ရင် ကြပ်ကြပ်သတိပြုပြီး ကရုဏာ ကြည့်ထားကြပေတော့” ဟု ဟောပြော ပြသမှု လျှော့ရန် လျှောက်ထား၍ မရသဖြင့် ယင်းသို့ လျှောက်ထား ခဲ့သည်ဟု ဖတ်ရှုရပေ၏။
(အပြည့်အစုံကို အရှင်တေဇောသာရ ထေရ် ပြုစုသော “ကသစ်ဝိုင် ဆရာတော် ထေရုပ္ပတ္တိနှင့် တရားတော်များစာအုပ်” ၌ ရှုကြပါကုန်။)
ကသစ်ဝိုင် ဆရာတော်ဘုရားကြီးသည် ပဋိပတ္တိအရာ၌ မည်မျှ ပြည့်စုံတော်မူသည်ကို အကဲဖြတ်ရန်မှာမူ ကျွန်ုပ်တို့၏ အရာလည်း မဟုတ်၊ ထုတ်ဆိုရန်လည်းမဝံ့ပါ။ လုပ်ဆောင်တော် မူခဲ့သမျှ မိမိနှင့် သာသနာတော်၌ များစွာ အကျိုးသက်ရောက် စေခဲ့သည်သာ ဖြစ်ပါ၏။
စင်စစ်- “ကတံ ကရဏီယံ နာပရံ ဣတ္ထတ္တာယ = နောက်ထပ် ပြုဖွယ်မရှိ၊ အကြွင်းမဲ့ ပြီးပြည့်စုံလေပြီ” ဟု မော်ကွန်း မတင်နိုင်သေးပါသမျှ ပဓာနအလုပ်၌သာ တစ်ရှိန်တည်း အားသွန်၍ “အတ္တဒတ္ထံ ပရတ္ထေန၊ ဗဟုနာပိ န ဟာပယေ” ဟူသော မိန့်ခွန်းတော်ကိုသာ ကျွန်ုပ်တို့ ဦးထိပ်ရွက် ပန်ဆင်ကြရမည် ဖြစ်ပါသတည်း။
တစ်ခုတည်းသော ဘဝအဓိပ္ပာယ်
ကျွန်ုပ်တို့၏ သက်တမ်းနှင့် တွက်စစ်ကြည့်ပါက ယူတတ်လျှင် ရနိုင်သော လက်လှမ်း တမှီ အခွင့်ကောင်းကြီးများမှာ နီးလျက်ဝေးကာ လက်လွှတ်ခဲ့ကြရသည်က များကုန်၏။ လက်မလွန် သေးသော၊ သို့သော် လက်မတင်ကလေးမျှသာ ဖြစ်နေသော ပစ္စက္ခ မျက်မှောက် အခွင့်ကောင်းများလည်း ရပ်တည်လျက် ရှိကြပေသေးသည်။
ဘုရားအဆူဆူတို့သည် ပွင့်ပေါ်၍ ပွင့်ပေါ်၍လာကာ ပရိနိဗ္ဗာန် စံ၍-စံ၍သာ သွားကြ ကုန်၏။ ကိုယ့်ဟာကလေးနှင့်ကိုယ် အတော်ဟုတ်နေကြသော ကာလ နဂါးတို့ကား အိပ်၍ ကောင်းကြတုန်း။
အချိန်အခါကား မြင့်မြတ်လှပါပေ၏။
လက်ရှိဘဝသည် အရတော်လေစွာ့။ ကျွန်ုပ်တို့ထက် ပါရမီရှိသူကား အဘယ်မှာ ရှိပါသေးတော့အံ့နည်း။
“ခုနစ်နှစ် သမီးကလေးများပင် နားလည်ကျင့်သုံး၍ ရနိုင်သော မြတ်စွာဘုရားရှင်၏ တရားတော်ကို ကြားနာရသူတိုင်း ဘုန်းကံပါရမီ ကြီးသူများ” ဖြစ်ကြောင်း မိထွေးတော် ဂေါတမီက ချီးကျူး လျှောက်တင်ခဲ့ဖူး၏။ (ဂေါတမီထေရီ ပဒါန်၊)
အရိယာ သူတော်ကောင်းကြီးများ သက်တော်ထင်ရှား ရှိနေကြသည်ဟု ဆိုစေ၊ နည်းပေး လမ်းညွှန်ရုံမျှသာ၊ ကိုယ်တိုင်ယူမှ ကိုယ်ပိုင် ရကြမည် ဖြစ်၏။ ယူနိုင် သလောက်ကို သာလျှင်လည်း ရကြပေလိမ့်မည်။
ခုနစ်နှစ်သမီးကလေးများပင် ရယူနိုင်သော တရားကား အဘယ်မှာလျှင် ခက်ခဲပါ လေမည် နည်း။ သို့သော် လွယ်ကူလှသည်ကား မဟုတ်ချေ။ “မလွယ်ကူ” သည်မှာ တရားတော်၏ ခက်ခဲမှုကြောင့် နားမလည်နိုင်သော မလွယ်ကူခြင်း မဟုတ်။ ယောဂီကိုယ်တိုင်က မလိုချင်၍သာ ဖြစ်၏။ မလိုချင်သည်မှာလည်း ဘဝ အဓိပ္ပာယ်ကို သဘောမပေါက်သေးခြင်းမျှသာတည်း။
ထို့ကြောင့် “မလွယ်ကူ” ဆိုသည်မှာ တရား၏ အတိုင်းအတာမဟုတ်။ ယောဂီ၏ ပမာဏသာလျှင် ဖြစ်၏။ ခေတ်အဆက်ဆက်လည်း လမ်းရှင်းပေးခဲ့ကြပြီး ဖြစ်သည်။ လျှပ်စစ်ကို ကြိုးစားရှာဖွေရန်မလို၊ ခလုပ်နှိပ်တတ်ရုံမျှသာ လိုတော့၏။
ကျွန်ုပ်တို့သည် တစ်စုံတစ်ခုကို ဆုံးဖြတ်ချက်ချရန် အချိန်မဆွဲသင့်တော့ပြီ။ ကိုယ့်တရားကို ကိုယ်သာလျှင် စီရင်ပိုင်ခွင့်ရှိနေ၏။ ထိုဟာလည်း အခွင့်အရေးကြီး တစ်ခုပင်တည်း။
အလွန်တရာ ရခဲလှစွာသော လူ့ဘဝ၏ အရေးအကြီးဆုံး အနှစ်သာရ၊ ဘဝ ၏ တစ်ခုတည်းသော အဖြေကား အဘယ်အရာ ဖြစ်ပါလေမည်နည်း၊
ကျန်းမာရေးလော၊ စီးပွားရေးလော၊ လူမှုရေးလော၊ အာဏာလော၊ ရာထူးလော၊ ကျော်စောမှုလော၊ စည်းစိမ်ခံစားမှုလော.....။
ဘဝတစ်သက်တာသည် အဘယ်မျှ ကြာရှည်ခံလေမည်နည်း၊
ထိုတစ်ခုတည်းသော အဖြေကို မဖော်ထုတ်နိုင်သေးသမျှ ကျွန်ုပ်တို့သည် ဤဒုက္ခ ဝင်္ကပါမှ လွတ်ရက်မရှိနိုင်သေး။
လူတိုင်းလူတိုင်း ချမ်းသာချင်ကြ၏။ ချမ်းသာအောင် လုပ်သမျှ ဒုက္ခအဖြေချည်း ထွက်လာသည်။
ချမ်းသာဟူသည် အဘယ်နည်း။
“သန္တိသုခ” သည် အတုမဲ့ ချမ်းသာဖြစ်၏။
လူတိုင်းလူတိုင်း ငြိမ်းငြိမ်း နေထိုင်လိုကြ၏။ အငြိမ်းစား ယူလိုကြ၏။
အငြိမ်းစားရအောင် လုပ်သမျှ မီးထ၍ တောက်လာပြန်သည်။
ငြိမ်းမှုဟူသည် အဘယ်နည်း။
“နိဗ္ဗာန်သည် အငြိမ်းဆုံးသော ငြိမ်းမှုဖြစ်၏”။
မြန်မာနိုင်ငံ ပဋိပတ္တိ သာသနာဝင် ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ ဤတွင်ရွေ့ ရပ်နားပါဦးအံ့။
နိဗ္ဗာနပစ္စယော ဟောတု
ဌေးလှိုင်
တန်ဆောင်တိုင်၊ ၁၉၃၇၊
......
ကျေးဇူးရှင် လယ်တီဆရာတော် ဘုရားကြီး၏ ပဋိပတ္တိ သာသနာဝင် ကျောက်စာတော်
ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ အလုပ်ခွင်နှင့်စပ်သော အဆုံးအဖြတ် သြဝါဒများမှာ နှောင်းခေတ်လူတို့ များစွာအတုယူ လိုက်နာဖွယ် ကောင်းလှ၏။ အထူးသဖြင့် “ငါ သောတာပန် ဖြစ်ပြီ” စသည်ဖြင့် ထင်မှတ်ပြောဆို ဆုံးဖြတ်ကြ ရသော အရာသည် ပဋိပတ္တိ သာသနာဝင်၌ ထိပ်တန်း ပြဿနာကြီး တစ်ရပ် ဖြစ်နေ၏။
ထိုပြဿနာနှင့်စပ်၍ ဆရာတော်ဘုရားကြီး အမိန့်ရှိဖူးသည့်အတိုင်း မှတ်သား ထားသော ပရိယတ်၊ ပဋိပတ် စွယ်စုံတပည့်ကြီးတစ်ပါးဖြစ်သူ သိမ်တောင်ဆည်ကြီး ဆရာတော်၏ မှတ်တမ်းကို “အရိယာ ဝိဇ္ဇာမဂ္ဂ အလင်းပြကျမ်း”မှ နောက်ဆက်တွဲ အဖြစ် ထုတ်နုတ်ပြဆိုပါအံ့။
[လယ်တီဆရာတော် ဘုရားကြီး သဲတော သိမ်တောင်တိုက်၌ သီတင်းသုံးနေခိုက် ဖြစ်သည်။ မိတ္ထီလာမြို့ ရေလယ်ဆရာတော် ဦးအာဒိစ္စ၊ စွန်းလွန်း ဦးကဝိနှင့် တရားအားထုတ်ဖော် ဦးဝိစာရနှင့် စွန်းလွန်း စက်စာရေးကြီး ဦးဘစံ တို့ ဆရာတော့်ထံ လာရောက်ကြ၏။ ထိုအခါ ဦးဘစံက ဆရာတော်အား အောက်ပါ အတိုင်း လျှောက်ထားသည်-
“ဆရာတော်ဘုရား၊ ဘုရားတပည့်တော်သည် သေက္ချတောင် ဦးတိလောက၏ ပဏ္ဍိတ ဝေဒနီယကျမ်းလာ ကသိုဏ်း အားထုတ်နည်းများကို အားထုတ်ရာ ဥဂ္ဂဟနိမိတ်၊ ပဋိဘာဂ နိမိတ်များကို ကောင်းစွာ ရရှိပါသည်။ အပ္ပနာဈာန် သမာဓိ ဖြစ်ပါသည်။ ထို့နောက် ဆရာတော်၏ အနတ္တဒီပနီ ဝေဒနာကမ္မဋ္ဌာန်းနည်း အတိုင်း ဝိပဿနာတက်ရာ ရုပ်ခန္ဓာကြီးမှာ နှမ်းများကို အိုးကင်း၌ ထည့်၍ လှော်သကဲ့သို့ တဖျစ်ဖျစ် ဖြစ်ပျက်နေသည်ကို ဉာဏ်မှာ မြင်ပါသည် ဘုရား။ ထို့နောက် ဉာဏ်စဉ် အတိုင်းတက်၍ ရုပ်နာမ်အနိစ္စ သဘောများကို ကောင်းစွာ ထင်မြင်ပါသည်” . စသည်ဖြင့် မဂ်ဇော ဖိုလ်ဇောကျပုံအထိ ပြည့်စုံစွာ လျှောက်ထား၏။ ဆရာတော် ဘုရားကြီးက သာဓု သုံးကြိမ် ခေါ်တော်မူသည်။]
အထင်နဲ့ မပြောကြနှင့်
ထို့နောက် ဆရာတော်ဘုရားကြီးက “အင်း-ငါ၏ တပည့်များ နောက်ကို မဂ်ရသည် ဖိုလ်ရသည်ဟု မည်သူ့ကိုမျှ မပြောကြနှင့်။ ဧရာဝတီ မြစ်ရိုးတစ်လျှောက် ပြည်၊ ရွှေတောင်၊ ညောင်တုံးစသော မြို့များတွင် “သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် အရိယာတွေ အလွန်ပေါများနေကြောင်း လျှောက်ထားကြသည်။ ဆုံးဖြတ်ပေးဖို့ လျှောက်လွှာတွေလဲ ငါ့ထံမှာ အများကြီးပဲ။ မည်သူ သောတာပန် ဖြစ်ပြီ၊ ရဟန္တာ ဖြစ်ပြီဟု မုချ မဆုံးဖြတ်ကြနှင့်။ အနုသယ သဘောသတ္တိမှာ လွန်စွာ သိမ်မွေ့သည် ဖြစ်၍ မဂ်ဖြင့် ပယ်, မပယ် လွန်စွာ သိနိုင်ခဲသည်။
ယောဂီတစ်ဦးသည် ပါရမီလည်းရှိ၊ သက်စွန့်လည်း ကြိုးစား၊ ရုပ်နာမ်ဓမ္မ သဘာဝ အမှန်ကို ဉာဏ်ဝမှာ ထင်မြင်သည် ဖြစ်စေဦး၊ တစ်ခါတစ်ခါ ရုပ်-နာမ် ချုပ်ငြိမ်း သကဲ့သို့ဖြစ်၍ အေးငြိမ်းမှုကို တွေ့ရှိ ခံစားရတတ်သည်။ ထိုအခါ ယောဂီ၏ စိတ်မှာ ဝီတိက္ကမ, ပရိယုဋ္ဌာန ကိလေသာတို့သည် ကြမ်းတမ်းသော အမူအရာမပေါ်ဘဲ ငုပ်ကွယ်နေတတ်သည်။ ထိုအခါ ဆရာက တကယ်မဂ်ဖိုလ် ထင်၍ ဆုံးဖြတ်မှား တတ်သည်။
ဆရာက စာနှင့်ကိုက်ကြည့်၍ ညီညွတ်သည်ထင်လျှင် သာဓုသုံးကြိမ် ခေါ်၍ ဗိုလ်ငါးပါးနှင့် ညီမျှအောင်ထား၍ ရှေ့သို့ ဆက်လက် အားထုတ်ရန် တိုက်တွန်း ပေးရမည်။
ဆရာရော တပည့်ပါ အပြစ်မကင်း
ဥပမာအားဖြင့် ခက်လက် ရွက်ညွန့်တို့ဖြင့် စည်ပင်နေသော မဟာဗောဓိပင်ကြီးမှာ မြင်ရသူတိုင်း ကြည်နူးဖွယ် ဖြစ်သည်။ တစ်စုံတစ်ယောက်က ချိုးဖဲ့ လျှင် လွန်စွာ အားနဲသွား၍ ရုတ်တရက် ပြန်၍ မစည်ပင်နိုင်။ ထို့အတူ ယောဂီသည် မဟာဗောဓိပင် ကြီးနှင့်တူသည်။ မဂ်ညွန့် ဖိုလ်ညွန့်တွေ ဝေဆာနေသည်။ မဂ်ဖိုလ် မဟုတ်ဘဲလျက် မဂ်ဖိုလ်ထင်မှတ်၍ ဆုံးဖြတ်ပေးသူသည် မဟာဗောဓိပင်မှ မဂ်ညွန့် ဖိုလ်ညွန့်တွေကို ချိုးဖျက်သူနှင့် တူတော့သည်။
တပည့်ကလည်း “ငါ သောတာပန် ဖြစ်ပြီ” ဟု .ဟိန်းချ၍ တစ်စခန်း အမောဖြေ နားနေတတ်သည်။ ဝိသာခါအနာထပိဏ်တို့ကဲ့သို့ သောတာပန်အဖြစ်နှင့် ကာမရာဂ အနုသယ ဓာတ်ငုပ်တွေပေါ်ပေါက် သောင်းကျန်း၍ ခံစားနေတတ်သည်။
ယခု ဘဝမှာပင် တကယ် မဂ်ဖိုလ်ရထိုက်သူ ဖြစ်ပါလျက်နှင့် ဆရာက အဆုံးအဖြတ်. စော၍ စိတ်ချနေသောကြောင့် ရှေ့သို့ အားထုတ်လိုမှု ရပ်စဲသွားတတ်သည်။ တပည့်မှာလဲ အကျိုးယုတ်၏။ ဆရာမှာလဲ မဂ်ညွန့်ဖိုလ်ညွန့် ချိုးပစ်ရာ ရောက်သည်။ နှစ်ဦးနှစ်ဝ အကျိုးယုတ်သည်။
တကယ် အရိယာ ထင်မှတ်၍ ဆုံးဖြတ်ပြီးသည့် နောက်တွင်လည်း အနုသယ ဓာတ်ငုပ် ပေါ် မပေါ်၊ ကံသုံးပါး သောင်းကျန်းမှုရှိ. မရှိကို အနည်းဆုံး ခုနစ်နှစ် စောင့်ကြည့်ရမည်။ ကြပ်ကြပ် သတိရှိကြလေ” ဟု မိန့်တော်မူလေသည်။]
ဤကား -
မြန်မာနိုင်ငံ ပဋိပတ္တိသာသနာဝင်တွင်
ဂိုဏ်းဂဏမရွေး အမြဲစိုက်ထောင်ထားရမည့်
ကျောက်စာတော်ကြီးပေတကား။
၁၃၅၃-ခု တော်သံလင်းလပြည့်ကျော် ၆-ရက် (၁၇၊ ၉၊ ၁၉၉၂) ကွန်ပြူတာ စာစီရန် ထပ်မံမြည့်စွက်, တည်းဖြတ်ထားပါသည်။ ဤမူကို ရိုသေစွာ သိမ်းဆည်းထားပါ။
(အားလုံးချမ်းသာကြပါစေ .. အမျှ အမျှ အမျှ...)