ရုပ်စုံဗုဒ္ဓဝင် အမေးအဖြေ
ရုပ်စုံဗုဒ္ဓဝင် အမေးအဖြေ
▬▬▬ஜ۩۞۩ஜ▬▬▬
အမရပူရ မဟာဂန္ဓာရုံဆရာတော်
အရှင်ဇနကာဘိဝံသ
ဤစာအုပ် ပြန်လည်ထုတ်ဝေခြင်းအတွက် အမှာစာ
အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ရေးသားတော်မူခဲ့သော “ဗုဒ္ဓဝင် အမေးအဖြေ” စာအုပ်ကို ၁၉၅၆ ခုနှစ်က စတင်ထုတ်ဝေခဲ့ပါသည်၊ ထိုသို့ အကြိမ် ထုတ်ဝေစဉ်ကပင် ယင်းစာအုပ်ကို စာချည်းသက်သက် မဟုတ်ဘဲ ရုပ်ပုံများနှင့် တွဲ၍ ထုတ်ရန် ဆန္ဒရှိကြောင်း ဆရာတော်က ဒကာရင်းဖြစ်သူ ဦးထိန်ဝင်းအား မိန့်ကြား ခဲ့ဖူးပါသည်၊ သို့သော် အကြောင်းကြောင်းကြောင့် ဆရာတော်၏ ဆန္ဒကို ဖြည့်ဆည်း ပေးနိုင်ခဲ့ခြင်း မရှိပါ။
ဆရာတော် ပျံလွန်တော်မူပြီး ၂၃ နှစ်အကြာ ယခု ခရစ်သက္ကရာဇ် ၂ဝဝဝ ပြည့်နှစ်တွင်မူ ဆရာတော်၏ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်သည့် အကြောင်း ပေါ်လာပါသည်။ ယင်း အကြောင်းမှာ ဗုဒ္ဓဖြစ်စဉ် ဗုဒ္ဓဝင်ကို ဆေးရောင်စုံ များဖြင့် ရေးဆွဲထားသော မြန်မာ့ရိုးရာ ရှေးပုရပိုက်ပန်းချီများ ပါဝင်သည့် စာအုပ်တစ်အုပ်ကို ဓမ္မမိတ်ဆွေ အချို့က ကျေးဇူးပြု လာခြင်း ဖြစ်ပါသည်၊ ယင်းစာအုပ်၏အမည်မှာ The life of the Buddha ဖြစ်ပါသည်၊
အဆိုပါစာအုပ်ကို ၁၉၉၃ ခုနှစ်က ဗြိတိသျှစာကြည့်တိုက် (The British Library)က ထုတ်ဝေခဲ့ပါသည်၊ ဗုဒ္ဓဝင်ကို အင်္ဂလိပ်လို ရေးသားဖော်ပြပြီး မြန်မာ့ရိုးရာ ရှေးပုရပိုက်ပန်းချီများဖြင့် ဝေဝေဆာဆာ တန်ဆာ ဆင်ထားသော စာအုပ် ဖြစ်ပါသည်၊ စာအုပ်ပါ ရှေးပုရပိုက်ပန်းချီများကို ၁၈၃ဝ ပြည့်နှစ်မှ ၁၈၃၇ ခုနှစ်အတွင်း အင်းဝ နန်းတွင်း၌ အမှုထမ်းခဲ့ဖူးသူ ဗြိတိသျှသံအမှုထမ်း llenry Berney ၏ အဆက် အနွယ် တစ်ဦးထံမှ ရရှိသည်ဟု အဆိုပါစာအုပ်၌ ဖော်ပြထားပါသည်/
ယင်းစာအုပ်ကို ရရှိသော မဟာဂန္ဓာရုံဆရာတော်၏ ဒကာရင်း ဦးထိန်ဝင်းက ဆရာတော်၏ ဆန္ဒကို ဖြည့်ဆည်း၍ ကျေးဇူးဆပ်သည့်အနေဖြင့် ဤစာအုပ်ကို ပြန်လည်ထုတ်ဝေခြင်း ဖြစ်ပါသည်။ ပုရပိုက် ပန်းချီများနှင့် ပူးတွဲထုတ်ဝေခြင်းကြောင့် စာအုပ်မူရင်းအမည် ‘ဗုဒ္ဓဝင်အမေးအဖြေ’ အစား ‘ရုပ်စုံဗုဒ္ဓဝင် အမေးအဖြေ’ဟု ပြင်ဆင်ပါသည်။
ဤစာအုပ် ဖြန့်ချိနိုင်သော အချိန်၌ ထူးခြားတိုက်ဆိုင်မှုနှစ်ခုနှင့် ကြုံရပါသည်။ ပထမအချက်မှာ ၁၃၆၁ ခုနှစ် တပို့တွဲ လပြည့်ကျော် ၁၄ ရက်(၄-၃-၂ဝဝဝ) နေ့တွင် ကျရောက်သော မဟာဂန္ဓာရုံဆရာတော် ဘုရားကြီး၏ နှစ် ၁ဝဝ ပြည့် မွေးနေ့ အခါ သမယတွင် ဤစာအုပ်ကို စတင် ဖြန့်ချိနိုင်သော အချက် ဖြစ်ပါသည်။
ဒုတိယအချက်မှာ ၁၉၉ဝ ပြည့်နှစ် အောက်တိုဘာလမှ စတင်ထုတ်ဝေလာခဲ့သော ပါရမီစာပေထုတ် စာအုပ်များ၏ အမှတ်စဉ်သည် ဤစာအုပ် ဖြန့်ချိသော အချိန်တွင် အုပ်ရေ ၁ဝဝ ပြည့်မြောက်ခြင်း ဖြစ်ပါသည်။
ရည်ရွယ်လုပ်ဆောင်ခြင်း မရှိဘဲ ရာပြည့်အချက် နှစ်ချက်နှင့် တိုက်ဆိုင်သော ဤစာအုပ်ကို ထုတ်ဝေခွင့် ရခြင်းအတွက် ပါရမီစာပေက အထူးဝမ်းမြောက်ဂုဏ်ယူပါသည်။
ဤစာအုပ် ဖြစ်မြောက်လာရခြင်းအတွက် The life of the Buddha စာအုပ်ကို ပြည်ပမှ ဓမ္မဒါနပေးပို့သူ အမေရိကန် ပြည်ထောင်စုနေ ဦးမျိုးမင်း၊ ဒေါ်ခင်ခင်။ ဦးမျိုးမင်း၏ မိဘများ ဖြစ်ကြသော ထပ်ဆင့် ဓမ္မဒါနပြုသူ ရန်ကုန်မြို့ သံလွင်လမ်း အမှတ် ၄၅ နေ (ဦးချန်စိန်) ဒေါ်ချိန်ကင်း၊ ဦးမျိုးမင်း၏ ညီမ ဒေါ်ချိုချိုလှိုင်၊ ကာလာခွဲ ဖလင်ထုတ် ပုံနှိပ်ခြင်းလုပ်ငန်းများ၌ အကူအညီပေးခဲ့သော ဦးတိုးဝင်း (သိန်းမြင့်ဝင်းပုံနှိပ်တိုက်)၊ ဦးထွန်းဆိုင်၊ ဦးလူမော်နှင့် ကလျာ အော့ဖ်ဆက်အဖွဲ့သားများအား အထူးကျေးဇူးတင်ရှိပါသည်။
ပါရမီစာပေ
*
ကျမ်းဦးအမှာ
နှစ်သက် ဝမ်းမြောက်ခြင်းကို ဖြစ်စေတတ်သော၊ စိုးရိမ်ခြင်းငြောင့်ကို နုတ်ပယ်နိုင်သော၊ အလုံးစုံသော စည်းစိမ်ကို ရကြောင်းဖြစ်သော ဗုဒ္ဓဝင်ကို ငါ၏ (အထံ မှ)အရိုအသေ ပြု၍ နာယူကြကုန်လော့။
ဇာတ်ကိုစွဲ၍ဖြစ်သော မာန်ရစ်ခြင်း စသည်ကင်းသော၊ စိုးရိမ်ခြင်း (သောက) ကို နုတ်ပယ်နိုင်သော၊ သံသရာမှ လွတ်မြောက်စေနိုင်သော၊ အလုံးစုံသော ဆင်းရဲကို ကုန်စေနိုင်သော နိဗ္ဗာန်လမ်းစဉ် ဗုဒ္ဓဝင်ကို ရိုသေစွာ ကျင့်သုံးကြကုန်လော့။ (ဗုဒ္ဓဝံသ ပါဠိတော် မြန်မာပြန်) စာမျက်နှာ ၃၀၁။
အထက်ပါ ဗုဒ္ဓကိုယ်တော်တိုင် ဟောကြားတော်မူသော ပါဠိတော်ကို ဖတ်ရှုရသူသည် ဗုဒ္ဓဝင်ကို ဗုဒ္ဓဘာသာဝင်များ လေ့လာသိရှိရန်အတွက် မည်မျှအရေးကြီး အရေးပါကြောင်း စဉ်းစားနိုင်ပါသည်။
မြန်မာပြည်နှင့်ဗုဒ္ဓဝင်
မြတ်စွာဘုရား သက်တော် ထင်ရှားရှိစဉ်ကပင် မြန်မာပြည်သို့ ဗုဒ္ဓသာသနာ စတင် ရောက်ရှိလာခဲ့သည်ဟု ပညာရှင်များလက်ခံခဲ့ကြပါသည်။ သို့သော် သာသနာတော် တည်တံ့ပြန့်ပွားရန် အတွက်ကား ဗုဒ္ဓ၏ အကြောင်းအရာများကို ရုပ်ပုံများ စာပေများဖြင့် လူများစုသို့ စိမ့်ဝင်သက်ရောက်လာသောအခါမှသာ ပိုမို အကျိုးသက်ရောက်လာသည် ဟု ဆိုနိုင်ပါမည်။
ဗုဒ္ဓဝင်များကို ရှေးဆရာတော်များ ရေးသားချီးမြှင့်တော်မူခဲ့ကြသည်မှာ တထာဂတ ဥဒါနဒီပနီ၊ ဇိနတ္ထပကာသနီ၊ မာလာလင်္ကာရ၊ ပထမငါးခုံဆရာတော်ကြီး၏ ဗုဒ္ဓဝင်၊ သုဓမ္မဝတီဗုဒ္ဓဝင် စသည်ဖြင့် နောက်ဆုံး ယခုမျက်မှောက် အသုံးပြုနေသော မင်းကွန်း တိပိဋကဆရာတော်ကြီး၏မဟာဗုဒ္ဓဝင်ကြီးတိုင်အောင် ထုတ်ဝေနိုင်ခဲ့ပါသည်။
ဝိုင် အမ် ဘီ အေ အသင်းကြီးက အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ရေးသားသော ရုပ်စုံဗုဒ္ဓသာသနာဝင်ကို ပုံတော်ပေါင်း ၆၄ ပုံဖြင့် နိုင်ငံခြားတွင် ရိုက်နှိပ်၍ မြန်မာပြည်တွင်ဖြန့်ချိခဲ့ရာ ခေတ်လူများအတွက် အလွန် အကျိုးသက်ရောက်ခဲ့ပါသည်။
ယခု ဤ ဗုဒ္ဓဝင်အမေးအဖြေမှာလည်း သာသနာတော်ကို လူကြီးများ သိရှိ နားလည်လျက် ကလေး သူငယ်များကို သင်ကြားပေးနိုင်ရန် အလေးအနက်ထား၍ အမရပူရ မဟာဂန္ဓာရုံ ဆရာတော်ဘုရား ရေးသားတော်မူခဲ့ခြင်း ဖြစ်ပါသည်။
အဆင့်အတန်း အမျိုးမျိုး
ပညာအဆင့်အတန်း အသက်အဆင့်အတန်းကိုလိုက်၍ ကလေးငယ်များ အတွက်ပါ ရုပ်ပုံများဖြင့် လည်းကောင်း၊ စာအုပ်စာပေဖြင့်လည်းကောင်း ထုတ်ဝေရုံသာမဟုတ် သင်လည်း သင်ကြားထိုက်ပါသည်။ ဗုဒ္ဓဘာသာ အမည်ခံသူသည် ဗုဒ္ဓကို နည်းအမျိုးမျိုးဖြင့် အမှန်အတိုင်း သိထားထိုက်ပါသည်။ မိမိ၏ အားထားကိုးကွယ်ရာ ဗုဒ္ဓကိုမှ ကျနအောင် မသိသူသည် မိမိအားထားရာ ဗုဒ္ဓ၏အယူဝါဒ၌ ခိုင်မာစွာ ယုံကြည်ဖို့ရာ ခဲယဉ်းပါလိမ့်မည်။ အဘယ်နည်းနှင့်မျှ ခိုင်မာမှု မရှိနိုင်ပါ။
ဗုဒ္ဓဘုရား ပွင့်ပေါ်ငြား တရားအသိမှန်
ဘုရားတစ်ဆူတစ်ဆူ ဖြစ်ဖို့ရန် ဒါန, သီလ စသော ကောင်းမှုတို့ကို လေးအသေင်္ချေနှင့် ကမ္ဘာတစ်သိန်း ကြာအောင် ပြုကျင့်တော်မူခဲ့ရ၏။ ထိုကောင်းမှု ပြုတိုင်းလည်း သတ္တဝါတို့အား မှန်ကန်သော အသိဉာဏ်ကို ဟောပြနိုင်သော သဗ္ဗညုတဉာဏ်တော်ကို မိမိသန္တာန်၌ရအောင် ရည်မှန်းတော်မူခဲ့၏။
ထိုသဗ္ဗညုတဉာဏ်တော်ကိုရသော ပုဂ္ဂိုလ်သာ ဗုဒ္ဓ (ဘုရား) ဟူသော ဘွဲ့ နာမည်တော်ကို ရနိုင်ပါသည်။ ထို့ကြောင့် ဗုဒ္ဓဘုရား ပွင့်တော်မူလာသောအခါ များစွာသော သတ္တဝါတို့သည် မှန်ကန်သော အသိဉာဏ်ကို ရနိုင် ကြပေသည်။
လက္ခဏာတော်ကြီးငယ်၊ အသွယ်သွယ်ဖြင့်၊ သပ္ပာယ်လှစွာ၊ ကိုယ်အင်္ဂါဝယ်၊ ပါရမီတော်အဟုန်၊ ကိုယ်လုံးခြုံ၍၊ မွှမ်းထုံသင်းကြူ၊ သယမ္ဘူဟု၊ ဉာဏ်တူ ကင်းလတ်၊ အရဟတ်ဖြင့်၊ သတ်ဖြတ်ခပင်း၊ ကိလေရှင်းသား၊ ဉာဏ်ရင်းမဟာ၊ ကရုဏာနှင့်၊ သမ္မာသမ္ဗောဓိ၊ အစရှိလတ်၊ ဉာဏ်တော်မြတ်၏၊ ကိန်းဝပ်စံပျော်၊ ခန္ဓာပေါ် ဝယ်၊ ဘွဲ့ တော်ဗုဒ္ဓ၊ တင်ပါရသည်။ လောကထွတ်ထား ... မြတ်ဘုရား။
ဗုဒ္ဓသာသနာတော်
ဘုရားပွင့်တော်မူသော အခါနှင့် ယခုလို ကြုံကြိုက်ဖို့ရာ အလွန်ခက်လှပါသည်။ တစ်ခါတစ်ရံ အလွန် ကြုံကြိုက်ခဲလှသော ယခုလိုအခါ မဟာဂန္ဓာရုံ ဆရာတော်ဘုရား၏ သာမညဖလသုတ် နိဂုံး၌ သတိပေး ဆုံးမထားသော အောက်ပါသြဝါဒကို အထူးပင် လေးစားနာယူသင့်ကြပါသည်။
“ဤသာမညဖလသုတ် မြန်မာပြန်ကို ဖတ်ရသော ဆရာတော် သံဃာတော်များနှင့် သာသနာပြုလိုသော ဒါယကာ ဒါယိကာမတို့လည်း ဗုဒ္ဓသာသနာတော်ကို မိရိုးဖလာ ပြုစုကိုးကွယ်နေရုံမျှဖြင့် အားရ တင်းတိမ်၍ မနေကြဘဲ “မနုဿတ္တ ဒုလ္လဘ” = လူဖြစ်ဖို့ခဲယဉ်း၏ ဟုအသိအမှတ်ပြုကာ လွန်စွာရခဲလှသော သာသနာတော်ကို ကြုံကြိုက် ရကျိုး နပ်လေအောင် ကောင်းသည်ထက်ကောင်းသောသာ သနာတော်ကို တည်ထောင်နိုင်ကြပါစေ”
ဗုဒ္ဓါနုဿတိဘာဝနာ
ဤအဆုံးအမသြဝါဒနှင့်အညီ ယခု ဗုဒ္ဓဝင် အမေးအဖြေ စာအုပ်ငယ်ကို လေးလေး စားစား သက်တော်ထင်ရှား ဗုဒ္ဓမြတ်စွာ၌ အာရုံရအောင် လေ့လာသုံးသပ်ပြီးလျှင် ကလေးငယ်ဘဝမှစ၍ ဗုဒ္ဓအာရုံ၌ ဉာဏ်မီသမျှ သက်ဝင် ကြည်ညိုခွင့်ရအောင် သင်ကြား ပေးကြပြီး လေးလေးမြတ်မြတ် ကြိုးစားသလောက် အကျိုးထူး ရရှိနိုင်မည်ဟု ယုံကြည်စွာ ဆောင်ရွက်နိုင်ကြပါစေ။
ဗုဒ္ဓါနုဿတိ၊ ဘာဝနာရှိမှ၊ မိမိဘာသာ၊ သာသနာကို၊ ကောင်းစွာသိမြင်၊ စောင့်ရှောက်ချင်၏။
စောင့်ချင်လာသော်၊ ကြောင်းကျိုးမျှော်က၊ ခုပေါ်ကာလ၊ ပကာသနနှင့်၊ ဒါန စုစု၊ ကုန်ကျမှုတို့၊ အပြုဘက်မှာ၊ မရောက်လာဘဲ၊ ဖျက်ရာသို့ပင်၊ အများဝင်၏။
သို့စင်သာသနာ၊ ပြုလိုပါမူ၊ ပကာသန၊ မပါကြဘဲ၊ ဒါနစုစု၊ ကောင်းအောင် ပြုလော့၊ တစ်ခုဒါန၊ ပါရုံမျှဖြင့်၊ သံသရာကြီး၊ လမ်းခရီးကား၊ ဘယ်နည်းနှင့်မျှ မဖြောင့်ကြဘူး။
သီလအကျင့်၊ လုံအောင်ကျင့်လျက်၊ အသင့်မေတ္တာ၊ ကရုဏာနှင့်၊ သစ္စာ,ခန္တီ၊ စိတ်လည်းရှည်၍၊ ကိုယ်စီစိတ်မှု၊ ဖြောင့်အောင်ပြုမှ၊ ယခုလည်းကောင်း၊ နောင်လည်း ကောင်းလိမ့်။
အကောင်းဖုံဖုံ၊ အကြောင်းစုံလျှင်၊ ပြည်ဘုံ အမတ၊ နိဗ္ဗာနကို၊ ရဖို့အကြောင်း၊ ဆုမတောင်းလည်း၊ သူကောင်းစံဖို့၊ ခေမာမြို့ကား၊ ငါတို့တွက်တာ၊ အနီးမှာ တည်း။
မှန်စွာလမ်းစဉ်၊ ဤသို့မြင်၍၊ လူရှင်များစု၊ သာသနာပြုဖို့၊ ယခု နောက်နှောင်း၊ အချိန်ကောင်းသဖြင့်၊ စုပေါင်း သေချာ၊ စီရင်ပါသည်။ ဗုဒ္ဓါနုဿတိ- နုဿတိ။
ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု
မှန်ကန်ကောင်းမြတ် တရားဓာတ် လွှမ်းပတ်ကမ္ဘာတည်ရမည်။
ထိန်ဝင်း
၁၃၄၂ ခု၊ သီတင်းကျွတ်လဆန်း ၃ ရက်
(၁၂-၁၀-၁၉၈၀)
အခြေခံနိဒါန်း
▬ஜ۩۞۩ஜ▬
ဤကျမ်းစာ ဖြစ်လာရပုံ
၁။ ဘုန်းကြီးငယ်စဉ်က ဘုရားအလောင်း၏ အကြောင်းအရာ ဇာတ်တော်များနှင့် ဘုရား အဖြစ်တော်စဉ် ဗုဒ္ဓဝင်ကို ကြားနာရ၏။ ဘုရားတန်ဆောင်းမှာ ရေးထားသော အရုပ်ကားများကို ဖူးတွေ့ရ၏။ ထိုသို့ ကြားရ, နာရဖူးတွေ့ ရတိုင်းလည်း စိတ်ပါဝင်စားလှ၏။ ထိုသို့ စိတ်ပါဝင်စားသည့်အတိုင်းလည်း ဘုရားရှင်၏ ရုပ်ပုံတော် စေတီတော်များကို လေးစား ကြည်ညို ရိုသေခဲ့ပါသည်။ ထို့ကြောင့် ဘုရားနှင့်စပ်သော အကြောင်းအရာ တို့သည်ဘုန်းကြီးအတွက်စိတ်ကောင်းနှလုံးကောင်းရဖို့ရန် အခြေခံ မျိုးစေ့များ ဖြစ်သည်ဟု ယူဆမိပါသည်။
၂။ သို့ဖြစ်၍ ဘုန်းကြီးတို့ငယ်စဉ်ကကဲ့သို့ ဗုဒ္ဓဘာသာဝင် ကလေး သူငယ်များကိုလည်း ဘာသာရေး၌ အလေးပြုသော လူကောင်းသူကောင်းကလေးများ ဖြစ်စေချင်သောကြောင့် ကလေးများ အရကျက်ဖို့ရာ ဘုရားဖြစ်တော်စဉ် လင်္ကာ သံပေါက်များကို “ရတနာ့ဂုဏ်ရည်” ပထမအကြိမ်ရိုက်စာအုပ်၌ ထည့်သွင်း ခဲ့ဖူးပါသည်။ သို့သော် ထိုလင်္ကာသံပေါက်တို့မှာ မပြည့်စုံသေးဟု သဘောရသောကြောင့် ဒုတိယအကြိမ် ရိုက် စသည်တို့၌ မထည့်တော့ဘဲ အကြောင်း ညီညွတ်မှ အပြည့်အစုံ ဖော်ပြမည် ဟုကြံစည်ခဲ့ပါသည်။
၃။ ယခုအချိန်ကား ဤနိုင်ငံနှင့်တကွ ဗုဒ္ဓဘာသာသွေး မကင်းသေးသော နိုင်ငံတိုင်းမှာပင် နှစ်ထောင့်ငါးရာ သာသနာတော် တစ်ဝက်ပွဲကြီးကို ဝှဲချီးပူဇော်ဖို့ရာ လှုပ်လှုပ် ရွရွ ဖြစ်နေသော အချိန်အခါ ဖြစ်၏။ ဤအချိန်မျိုး၌ မိမိလည်း သာသနာနုဂ္ဂဟ (သာသနာတော်ကို ပူဇော်ချီးမြှောက်သော ) အားဖြင့် မိမိအစွမ်း အလိုက် ကြောင့်ကြ စိုက်ထိုက်၏ဟုစိတ်ကူးမိပါသည်။ ထိုသို့ စိတ်ကူးမိစဉ် ရင်းနှီးသောဒါယကာတချို့ ကလည်း ဗုဒ္ဓဝင်တစ်ဆူ ရေးသားဖို့ရန်တောင်းပန်ကြပြန်၏။ သို့သော် မိမိအမြင်မှာ အများမြင်နေသော ဗုဒ္ဓဝင်နှင့် တူမည်မထင်ပါ။ မိမိကား ဗုဒ္ဓမြတ်စွာ၏ ၄၅ ဝါ ကာလအတွင်း၌ ထူးခြားသော ဖူးမြင်ဖွယ် စိတ်အာရုံယူဖွယ်များကိုသာ ဗုဒ္ဓဝင်အဖြစ် ရေးသားလိုပါသည်။ ထိုမျှ ကျယ်ဝန်းစွာ ရေးသားဖို့ရန်လည်း ယခုအခါ အချိန်မရသေးပါ။
၄။ ထို့ကြောင့် မိမိငယ်စဉ်က သိမှတ်ခဲ့၍ ကလေးအလိုက် အကျိုးရှိခဲ့သော ဗုဒ္ဓဝင်၊ ရတနာ့ဂုဏ်ရည်၌ မပြည့်စုံသေး၍ နုတ်သိမ်းထားခဲ့ရသော ဗုဒ္ဓဝင်၊ ရင်းနှီးသော ဒါယကာတချို့ လိုလားနေသောဗုဒ္ဓဝင် ဤသို့သော ဗုဒ္ဓဝင်ကိုသာ လင်္ကာသံပေါက် တို့ဖြင့်လည်းကောင်း၊ အောက်ခြေကရှင်းလင်းချက် အဓိပ္ပာယ်များဖြင့် လည်းကောင်း အချိန်မီစီစဉ်၍ သာသနာတော် တစ်ဝက်ပွဲကြီးကို ဝှဲချီး ပူဇော်ပါသည်။
၅။ ဤကျမ်းစာသည် ငယ်ပင် ငယ်သော်လည်း ရေးသားနေတုန်းမှာ ဗုဒ္ဓမြတ်စွာကို အာရုံပြုနေရသောကြောင့် ကြည်လင်ရွှင်ပြအေးမြသောစိတ်ဖြင့် ရေးသားရသော ကျမ်းကလေးဖြစ်ပါသည်။ ဤကျမ်းစာကို ရေးသားစဉ် ဘုန်းကြီးစိတ်မှာ အေးမြ ချမ်းသာသကဲ့သို့ စိတ်ပါဝင်စားစွာ ဖတ်ရှုသူအများလည်း ဘုန်းကြီးရသော အရသာမျိုး ရပေလိမ့်မည်ဟု မျှော်လင့်မိပါသည်။ ထို့ကြောင့် အားလပ်သောအခါနှင့် တစ်စုံတစ်ခုကြောင့် စိတ်မချမ်းမြေ့သော အခါတို့၌ ဤကျမ်းစာပေါ်တွင် စိတ်ရော မျက်လုံးပါ ချထား၍ လည်းကောင်း၊ စာဖတ်ကောင်းသော သားသမီးများကို အဖတ်ခိုင်း၍ လည်းကောင်း၊ ကလေးငယ်တို့အား ပုံပြောသလို ပြောပြ၍လည်းကောင်း ကြည်လင် ရွှင်ပျ အေးမြနိုင်ကြပါစေသတည်း။
(လင်္ကာ) အို .. ဘာသာဝင်၊ သူတော်စင်တို့၊ နေ့စဉ်နေ့တိုင်း၊ နံနက်ပိုင်းနှင့်၊ ညပိုင်း တစ်ခါ၊ စောသတ္ထာ၏၊ များစွာဂုဏ်စု၊ အာရုံပြုလော့။ လူမှုကိစ္စ၊ ရွက်ဆောင်ကြလည်း၊ ဗုဒ္ဓစောမြတ်၊ မနောဓာတ်၌၊ မပြတ်မှီကာ၊ ရပ်တည်လာသို့၊ မေတ္တာ နှလုံး၊ သစ္စာသုံး၍၊ ရွှင်ပြုံးအေးမြ၊ ပြုလုပ်ကြလော့။ သို့မှဘေးဒဏ်၊ တွင်းပြင်ရန်ကို၊ အမှန်ကိုယ်က၊ အောင်နိုင်ရလျက်၊ ဘဝတစ်လျှောက်၊ ကြံတိုင်းပေါက်သည်၊ ထို့ နောက်ဆင့်လို့ မြင့်မည်ကို။
အရှင်ဇနကာဘိဝံသ
သာသနာတော်၂၄၉၉
၁၃၁၇-ခု၊ ပြာသိုလ
ရုပ်စုံ ဗုဒ္ဓဝင် အမေးအဖြေ
မာတိကာ
- ၁။ ပထမအခန်း
ပါရမီ၊ ပါရမီအပြား
ပါရမီဖြည့်ရာ ကာလများ။ - ၂။ ဒုတိယအခန်း
သုမေဓာ သူဌေးသားကလေး တောထွက်ပုံနှင့် ဗျာဒိတ်ရပုံ။ - ၃။ တတိယအခန်း
ပါရမီဆယ်ပါး၏ သဘောနှင့်
ဘုရားအလောင်း ပါရမီဆယ်ပါးဖြည့်ကျင့်ပုံ။ - ၄။ စတုတ္ထအခန်း
တုသိတာနတ်ပြည် စံတော်မူပုံနှင့်
လူ့ပြည်၌ ပဋိသန္ဓေ နေတော်မူပုံ။ - ၅။ ပဉ္စမအခန်း
ဖွားမြင်တော်မူသည်မှစ၍ ထီးနန်း စံတော်မူပုံ။ - ၆။ ဆဋ္ဌအခန်း
နိမိတ်ကြီး ၄ ပါးမြင်၍ တောထွက်တော်မူပုံ။ - ၇။ သတ္တမအခန်း
ရဟန်းပြုသည်မှစ၍ ဘုရားဖြစ်တော်မူပုံ။ - ၈။ အဋ္ဌမအခန်း
ဘုရားဖြစ်သည်မှ စ၍ ဓမ္မစကြာဟောတော်မူပုံ။ - ၉။ နဝမအခန်း
ဂုဏ်တော် ၉ ပါး - ၁၀။ ဒသမအခန်း
ဗုဒ္ဓ ကိစ္စတော်များနှင့် ပရိနိဗ္ဗာန် စံတော်မူပုံ။ - ၁၁။ ဧကာဒသမအခန်း
အလောင်းတော် ပူဇော်ပုံနှင့် ဓာတုပရိနိဗ္ဗာန် စံတော်မူပုံ။ - ၁၂။ ဒွါဒသမအခန်း
သာသနာရေး နိဂုံး
အမှာ
ဤကျမ်းစာ၌ အထက်ပိုင်းက လင်္ကာ သံပေါက်သည် ကလေးများ ရွတ်ဖတ်ဖို့နှင့် တတ်နိုင်လျှင် အရကျက်ဖို့ ဖြစ်၏။ အောက်ပိုင်း စကားစုကား ကြီးကြီး ငယ်ငယ် ကြည့်ရှုဖို့ရာ လင်္ကာ၏ အဓိပ္ပာယ် ရှင်းလင်းချက် ဖြစ်သည်။
ဗုဒ္ဓဝင် အမေ:အဖြေ
▬▬▬ஜ۩۞۩ஜ▬▬▬
ပထမ အခန်း
(ဤအခန်း၌ ပါရမီ၊ ပါရမီအပြား၊ ပါရမီဖြည့်ရာကာလများကို သိရပါလိမ့်မည်။)
၁။ ကိုးကွယ်ရာကို၊ ဘုရားဆို၊ ဘယ်လိုဖြစ်မှ ဘုရားနည်း။
၂။ လူနတ်ဗြဟ္မာ၊ အားလုံးသာအောင်၊ ပါရမီဟုန်၊ ညာညီစုံ၊ သိန်ဂုဏ်ပြည့်မှ ဘုရားတည်း။
၂။ လောက၌ များစွာသောလူတို့သည် ဆင်းရဲဒုက္ခကို ပယ်ဖျောက်၍ ချမ်းသာသုခ ရောက်အောင် စောင့်ရှောက်နိုင်မည့် ပုဂ္ဂိုလ်ထူးကို “ဘုရား-ဘုရား” ဟုခေါ်ဆိုကြ၏။ ထိုဘုရားကို အားကိုးကြ၏။ ဘေးရန် ပေါ်လာလျှင် (ကလေး၏ကွယ်စရာ မိဘကဲ့သို့) တွယ်တာစရာ ဟုလည်းသဘောထားကြ၏။
ထိုသို့ ကိုးကွယ်စရာဖြစ်၍ “ကိုး+ကွယ်ရာ” ဟုအသိအမှတ်ပြုအပ်သော ဘုရား ဟူသည် ဘဝများစွာ၌ သံသရာ၌ ပါရမီကောင်းမှု များစွာပြု၍ နောက်ဆုံး ဘဝ၌ လောကီဂုဏ်သိန်အားဖြင့် ဖြစ်စေ၊ ကရုဏာတော် မေတ္တာတော် ဉာဏ်တော် တန်ခိုးတော် ဂုဏ်သိန်အားဖြင့် ဖြစ်စေ လူနတ်ဗြဟ္မာ သတ္တဝါ အားလုံးထက် သာလွန်မှသာ “ဘုရားအစစ်” ဖြစ်နိုင်ပေသည်။
၃။ ဘယ်လိုမှန်းကာ၊ ပြုမှသာ၊ ပါရမီ ဟု ခေါ်သနည်း။
၄။ မြတ်သူ့လုပ်ငန်း၊ သူကျိုးမှန်း၍၊ ကျွတ်တမ်းရွယ်ကာ၊ ပြုမှသာ၊ ပါရမီ ဟု ခေါ်သတည်း
၄။ ဘုရားဖြစ်ကြောင်း “ကောင်းမှုပါရမီ” ဆိုသည်မှာလည်း ကိုယ်ကျိုးကို ပဓာနမထားဘဲ သူတစ်ပါး၏ ကောင်းကျိုးကို လည်းကောင်း၊ သံသရာမှလွတ်ဖို့ကိုလည်းကောင်း ရည်မှန်း၍၊ ပြုလေ့ရှိသော သူမြတ်တို့၏ လုပ်ငန်းပင်ဖြစ်၏။ (ပရမာနံ-မြင့်မြတ်သူတို့၏ + ကမ္မံ-အလုပ်တည်း၊ ပါရမီ-မြင့်မြတ်သူတို့၏အလုပ်၊ ဝါ-ကောင်းမှု)
၅။ ပါရမီကား၊ ဘယ့်လောက်များ၊ အပြားဘယ်သို့ ရှိသနည်း။
၆။ ပါရမီကား၊ မြတ်ဆယ်ပါး၊ အပြားသုံးဆယ် ရှိသတည်း။
၆။ ဘုရားအလောင်းတော်ဟူသမျှ ပြုကျင့်ရသောထိုပါရမီသည် အကျဉ်းအားဖြင့် ၁ဝ ပါးရှိ၍၊ အကျယ်အားဖြင့် ၃ဝ ရှိ၏။
၇။ ဆယ်ပါးဆိုတာ၊ ဘယ်ဘယ်ဟာ၊ လွယ်စွာ သိရပါမည်နည်း။
၈။ ဒါနသီလ၊ နေက္ခမ္မနှင့်၊ ပညာ့ ဝီရိယာ၊ ခန္တီပါတည်း၊ သစ္စာတစ်ဖန်၊ အဓိဋ္ဌာန်ဟု၊ စိတ်မှန်မေတ္တာ၊ ဥပေက္ခာ၊ လွယ်စွာ သိရပါသတည်း။
၈။ ပါရမီဆယ်ပါးကား- ဒါန၊ သီလ၊ နေက္ခမ္မ၊ ပညာ၊ ဝီရိယ၊ ခန္တီ၊ သစ္စာ၊ အဓိဋ္ဌာန်၊ မေတ္တာ၊ ဥပေက္ခာတည်း။
၉။ ဆယ်ပါးကကွယ်၊ ပြားသုံးဆယ်၊ အဘယ် အဘယ် ဖြစ်သနည်း။
၁၀။ ပါရမီမျိုး၊ ဥပ မျိုးနှင့်၊ မျိုး ပရမတ်၊ ဤသုံးရပ်၊ မြောက်လတ် သုံးဆယ် ပြားသတည်း။
၁၀။ ထိုဆယ်ပါးကို ပါရမီ၊ ဥပ ပါရမီ၊ ပရမတ္ထ ပါရမီ ၃ မျိုးဖြင့် မြှောက်လျှင် အပြား သုံးဆယ် ဖြစ်၏။
၁၁။ ပါရမီမျိုး၊ ဥပ မျိုးနှင့်၊ မျိုး ပရမတ်၊ ဤသုံးရပ်၊ ပြားလတ်ဘယ်သို့ ထူးသနည်း။
၁၂။ ရိုးရိုးရာရာ၊ ဖြည့်ကျင့်ကာနှင့်၊ အင်္ဂါခြေလက်၊ အပျက်ခံဖြည့်၊ အသက်၏လျှင်၊ ကယ်တင်စွန့်လတ်၊ ထိုသုံးရပ်၊ ပြားလတ် ဤသို့ ထူးသတည်း။
၁၂။ ယခုကာလ လှူကြသလို ပစ္စည်းဝတ္ထုလှူခြင်း, ဥပုသ်သီလ စောင့်ခြင်း စသော ကောင်းမှုမျိုးကို “ပါရမီ” ဟုခေါ်၏။ မျက်လုံးကိုထုတ်၍လှူခြင်း၊ လက်, ခြေ အင်္ဂါ တစ်ခုခုကို လှူခြင်း၊ လက်, ခြေ အင်္ဂါ အနစ်နာခံ၍ သီလစောင့်ခြင်း စသော ကောင်းမှုမျိုးကို “ဥပ ပါရမီ”ဟုခေါ်၏။ အသက်ကို လှူခြင်း၊ အသက်ကို စွန့်၍ သီလစောင့်ခြင်း၊ သူ့အသက်ကို ကယ်ဆယ်ခြင်း စသော ကောင်းမှုမျိုးကို “ပရမတ္ထ ပါရမီ” ဟုခေါ်သည်။
၁၃။ ဗုဒ္ဓလောင်းလျာ၊ ထိုများစွာ၊ ချိန်ခါမည်မျှ ဖြည့်ရသနည်း။
၁၄။ ဗုဒ္ဓလောင်းလျာ၊ ထိုများစွာကို၊ ကမ္ဘာ ကမ္ဘေ၊ လေးအသင်္ချေနှင့်၊ တွက်ရေ မတိမ်း၊ ကပ်တစ်သိန်း၊ စောင့်ထိန်း ဖြည့်ရပါသတည်း။
၁၄။ ဗုဒ္ဓမြတ်စွာ အလောင်းအလျာသည် ထိုပါရမီ အမျိုးမျိုးကို လေးအသင်္ချေနှင့် ကမ္ဘာ တစ်သိန်း ကြာအောင် (ထိုထိုဖြစ်ရာ ဘဝ၌) ဖြည့်ကျင့်တော်မူခဲ့ရပါသည်။
၁၅။ ကပ်တစ်သိန်းလာ၊ တစ်ကပ်မှာ၊ ချိန်ခါမည်မျှ ကြာသနည်း။
၁၆။ တစ်ကပ်ဆိုရာ ၊ ချိန်အခါကား၊ တစ်ယူဇနာပြေ၊ မုန်ညင်းစေ့မှ၊ တရွေ့ရွေ့ ပစ်၊ အနှစ်တစ်ရာ၊ တစ်စေ့သာ၊ ကုန်ခါမက ကြာသတည်း။
၁၆။ တစ်ယူဇနာ ရှိသော ဂိုဒေါင်အတွင်း၌ မုန်ညင်းစေ့ ကလေးများကို အပြည့်သွင်း၍ အနှစ်တစ်ရာကြားမှ တစ်စေ့ တစ်စေ့ယူ၍ ပစ်ရာ ထိုမုန်ညင်းစေ့တွေသာ ကုန်သွား ဖွယ်ရှိ၏။ တစ်ကမ္ဘာဆိုသော အချိန်အခါကား မကုန်တတ်သေး။ တစ်ကမ္ဘာ ဆိုသည်မှာ ဤမျှလောက်ကြာသည်။
၁၇။ လေးအသင်္ချေလာ၊ တစ်သင်္ချေမှာ၊ ချိန်ခါမည်မျှ ကြာသနည်း။
၁၈။ ကပ်ပေါင်း မည်မျှ၊ တွက်မရ၍၊ ဗုဒ္ဓဘုရား၊ နှစ်ဆူအကြား၌၊ ခေါ်ထားရလေ၊ တစ်သင်္ချေ၊ တွက်ရေမရ ကြာသတည်း။
၁၈။ ထိုကဲ့သို့သော ကမ္ဘာပေါင်း”မည်မျှကြာပြီ” ဟုရေတွက်၍ မရလောက်အောင် အချိန် ကာလကြာသဖြင့် ရှေ့ဘု ရားတစ်ဆူနှင့် နောက်ဘုရားတစ်ဆူ၏ အကြားကို “တစ်အသင်္ချေ” ဟုမှတ်ထားရ၏။ ထိုအသင်္ချေပေါင်း လေးအသင်္ချေနှင့် ကမ္ဘာ တစ်သိန်းသည် ဘုရားတစ်ဆူ တစ်ဆူ၏ အတိုဆုံး ပါရမီဖြည့်ချိန်တည်း။ တချို့ ဘုရားရှင်တို့မှာ ရှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း၊ ၁၆ အသင်္ချေနှင့် ကမ္ဘာတစ်သိန်း တိုင်အောင်ပင် ကြာလေသည်။
(လင်္ကာ) များဝေနေယျ၊ ကိုးကွယ်ကြဖို့၊ ဗုဒ္ဓတစ်ဆူ၊ ဖြစ်ဖို့ယူက၊ အလှူဒါန၊ ကျင့်သီလဖြင့်၊ မရနိုင်ကြောင်း၊ ဆုပန်တောင်းလည်း၊ အကြောင်းမစုံ၊ မဖြစ်တုံဟု၊ အကုန် အစင်၊ သိစေချင်၍၊ ဤတွင်ကာလ၊ ခါသမယနှင့်၊ ဒါန စသည်၊ ပါရမီဟု၊ ဆယ်လီ သုံးဆယ်၊ ပြားပုံခြယ်သည်၊ ကိုးကွယ်သူတို့ မှတ်ဖွယ်ကို။
ဒုတိယအခန်း
(ဘုရားအလောင်းတော် သုမေဓာ ဗျာဒိတ်ခံပုံ)
၁။ အကျဉ်းဆယ်ပါး၊ အပြားသုံးဆယ်၊ များကျယ်အညီ၊ ပါရမီ၊ သာကီ ဘယ်က စ,သနည်း။
၂။ အကျဉ်းဆယ်ပါး၊ အပြားသုံးဆယ်၊ များကျယ်လှစွာ၊ ပါရမီမှာ၊ သုမေဓာက စသတည်း။
၂။ သာကီဝင်မျိုးမှာဖြစ်သောကြောင့် မြတ်စွာဘုရားကို “သာကီ” ဟုခေါ်ပါသည်။ သာကီဝင်မင်းသား ငါတို့ မြတ်စွာဘုရားသည် သုမေဓာဘဝမှစ၍ ပါရမီများကို ဖြည့်ခဲ့ပါသည်။
၃။ ဘယ်ချိန် ဘယ်ခါ၊ ဘယ်မြို့မှာ၊ လောင်းလျာ ဘယ်သို့ ဖြစ်သနည်း။
၄။ လေးအသင်္ချေပေါ်၊ ကပ်သိန်းကျော်ဝယ်၊ မြို့တော် အမရာ၊ သုမေဓာ၊ လောင်းလျာ ထိုသို့ ဖြစ်သတည်း။
၄။ မင်းဖြစ်မည့်သူကို “မင်းလောင်းမင်းလျာ”ဟု ခေါ်သကဲ့သို့ ဘုရားဖြစ်မည့်သူကိုလည်း “ဘုရားအလောင်း = အလျာ” ဟုခေါ်သည်။ ငါတို့၏ ဘုရားအလောင်းတော်သည် ယခုကမ္ဘာမှပြန်၍ ရေတွက်လျှင် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း အထက်၌ “အမရဝတီ” မင်းနေပြည်တော်ဝယ် “သုမေဓာ” ဟုထင်ရှားသော သတို့သား ဖြစ်ခဲ့လေသည်။
၅။ အမျိုးအရိုး၊ ဘယ်လိုစိုး၊ ဟိုးဟိုးကျော်ခဲ့ပါသနည်း။
၆။ မိဘဘေးဘိုး၊ သူဌေးမျိုး၊ ဟိုးဟိုးကျော်ခဲ့ပါသတည်း။
၆။ ထိုသုမေဓာ၏ အမျိုးကား အမိဘက် အဖဘက် (ဆွေ ၇ ဆက် မျိုး ၇ ဆက်) ဆင်းသက်လာခဲ့သော သူဌေးမျိုး ဖြစ်၏။ အမိဖြစ်သူမှာ လွန်စွာ သီလစင်ကြယ်၏။ အထက် ၇ ဆက်လုံးလည်း အခြားအမျိုးဇာတ်နှင့် မရောစပ်ခဲ့ဖူးအောင် အမျိုးသန့်၏။ အမျိုးနှင့် စပ်၍ ဘယ်အခါမျှ အထင်သေး မခံခဲ့ရ၊ အပြောအဆို မခံခဲ့ရ။
၇။ ဘယ်ချိန်ခါလောက်၊ အရွယ်ရောက်၊ တတ်မြောက်ပညာ စုံသနည်း။
၈။ ဆယ့်ခြောက်နှစ်လောက်၊ အရွယ်ရောက်၊ တတ်မြောက်ပညာ စုံသတည်း။
၈။ သုမေဓာ သူဌေးသားကလေးသည် တစ်ဆယ့်ခြောက်နှစ် အရွယ်ရောက်သောအခါ ပညာဘက်၌ အဆုံးရောက်အောင် တတ်မြောက်လေသည်။ မိဘ ၂ ပါးကား သုမေဓာ သတို့သားကလေး ငယ်စဉ်ကပင် ကွယ်လွန်သွားကြ၏။ ဥစ္စာအားလုံးကို ပစ္စည်းထိန်းမင်းကြီးက ထိန်းသိမ်းထား၏။ ပညာတတ်မြောက်၍ ၁၆ နှစ် အရွယ် ရောက်သောအခါ ပစ္စည်းထိန်း မင်းကြီးက ရွှေတိုက် ငွေတိုက် စသော ဘဏ္ဍာတိုက် များကို စာရင်းနှင့်တကွ အပ်နှင်းလေသည်။
၉။ ဥစ္စာကုံလုံ၊ ပညာစုံ၊ ဘယ်ပုံ ဘယ်သို့ လုပ်သနည်း။
၁၀။ မိဘ ၂ ပါး၊ ကွယ်လွန်သွားက၊ ထားခဲ့ဥစ္စာ၊ စဉ်းစားကာ၊ စွန့်ခွာရသေ့ လုပ်သတည်း။
၁၀။ ထိုအခါ “ငါ၏ ဆွေမျိုး အဆက်ဆက်တို့ ပစ္စည်းကိုသာ စု၍ သူတို့ပစ္စည်းများကို ယူမသွားနိုင်ကြ” ဟု စဉ်းစားမိသဖြင့် “ငါကား ဤပစ္စည်းတွေကို စွန့်ကြဲပေးကမ်း၍ ရသေ့ရဟန်းပြုတော့မည်”ဟုကြံစည်လေသည်။ ထိုသို့ကြံပြီးနောက်ပစ္စည်းအားလုံး ကို စွန့်ကြဲဝေငှသော်လည်း မကုန်နိုင်သဖြင့် “အလိုရှိရာ ယူရစ်ကြတော့”ဟု ပြောဆိုကာ ဘဏ္ဍာတိုက်များကို ဖွင့်ထားခဲ့၍ ဟိမဝန္တာဘက်သို့ ထွက်သွားလေ၏။ ဟိမဝန္တာ သို့ရောက်သော အခါ ဝိသကြုံနတ်သား ဖန်ဆင်းထားသော ကျောင်းသင်္ခမ်းနှင့် ရသေ့ ရဟန်းအဝတ်ကိုတွေ့၍ ရသေ့ရဟန်း ပြုလိုက်လေသည်။
၁၁။ ရသေ့ဖြစ်ငြား၊ ဘယ်လိုများ၊ ကြိုးစား ဘယ်သို့ ဖြစ်သနည်း။
၁၂။ ရသေ့ဖြစ်ငြား၊ လွန်ကြိုးစား၊ ထက်ဖျားဈာန်ယာဉ် မွေ့ သတည်း။
၁၂။ ရသေ့ ရဟန်းပြုပြီးသောအခါ ကမ္မဋ္ဌာန်းဘာဝနာကို လွန်စွာ ကြိုးစားလေရာ ၇ ရက် အတွင်းမှာပင် ဈာန်နှင့်အဘိညာဉ်ကို ရလေသည်။ (ဈာန်ရပြီးနောက်ထပ်၍ ကြိုး စားမှ ရအပ်သော တရားထူးကို “အဘိညာဉ်” ဟုခေါ်၏။) ဈာန်ရလျှင် သေသော အခါ ဗြဟ္မာ့ဘုံရောက်ရ၏။ အဘိညာဉ်ပါရလျှင်ကား ဤဘဝမှာပင် မြေလျှိုး မိုးပျံ စသော တန်ခိုးများ ရနိုင်သည်။ သုမေဓာရသေ့လည်း ထိုအဘိညာဉ်တန်ခိုးကြောင့် အထက်ကောင်းကင်၌ ဈာန်ယာဉ်မွေ့ကာ သွားလာ လှည့်လည်၍ နေလေသည်။
၁၃။ ဈာန်ယာဉ်မွေ့ကာ၊ နေသောခါ၊ ဘယ်မှာဘာများ ဖြစ်သနည်း။
၁၄။ မွေ့၍ဈာန်ယာဉ်၊ နေချိန်တွင်ဝယ်၊ ဒီပင်္ကရာ၊ မည်တော်သာ၊ မြတ်စွာပွင့်၍ လာသတည်း။
၁၄။ ထိုသို့ ဈာန်အဘိညာဉ်ဖြင့် ပျော်မွေ့ နေစဉ် ဒီပင်္ကရာမြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလာ၏။ (နေအာရုံနှင့် တွေ့သောအခါ ပဒုမ္မာကြာပန်းများ ပွင့်ပုံကို ဥပမာပြု၍ အရဟတ္တမဂ် ဉာဏ်ရောင်နှင့်တွေ့သော အခါ သဗ္ဗညုတဉာဏ် ရတော်မူခြင်းကိုပင် “ဘုရားပွင့်ခြင်း” ဟုခေါ်ကြသည်။)
၁၅။ မြတ်ဘုရားလျှင်၊ ရသေ့ရှင်၊ဘယ်တွင် ဘယ်သို့ ကြုံသနည်း။
၁၆။ ရမ္မာမြို့တွင်၊ ဘုရားရှင်၊ ကြွဝင်ခါနီး၊ ကြုံသတည်း။
၁၆။ ရမ္မာမြို့သူမြို့သားတို့သည် ဒီပင်္ကရာမြတ်စွာဘုရားနှင့် ရဟန္တာ ၄ သိန်းကိုဆွမ်းကပ် ဖို့ရန်ပင့်ဖိတ်၍ ဘုရားကြွလာမည့် လမ်းကို ပြင်ဆင်နေကြသည်။ ထိုအခါ သုမေဓာ ရှင်ရသေ့သည် ကောင်းကင်ခရီးဖြင့် လှည့်လည်လာစဉ် ပျော်ပျော်ရွှင်ရွှင် လမ်းပြင်နေကြသော လူအများကို မြင်၍ ကောင်းကင်မှဆင်းကာ အကြောင်းအရာကို မေးလေသော် ဘုရားကြွလာမည်ဖြစ်၍ လမ်းပြင်နေကြကြောင်းကိုပြောကြသည်။ ထို အခါ “ဘုရား” ဟူသော အသံကို ကြားသည်နှင့် တစ်ပြိုင်နက် အလွန်အားတက် ဝမ်းမြောက်လှသောကြောင့် ရှင်ရသေ့လည်း တစ်နေရာတောင်း၍ လမ်းပြင်လေသည်။
၁၇။ ကြွဝင်ခါနီး၊ ဘယ်လိုဆီး၊ ခရီးဦးကြို ပြုသနည်း။
၁၈။ ညွန်ပြောင်းအပြင်၊ တံတားသွင်၊ တို့ရှင်ခင်း၍ ကြိုသတည်း။
၁၈။ တန်ခိုးဖြင့်ပြင်လျှင် အမြန်ပြီးမည် ဖြစ်သော်လည်း ကိုယ်ဖြင့် ရင်းနှီးမှသာ၍ အားရသောကြောင့် ကိုယ်တိုင် မြေထမ်း၍ ညွန်ရှိသော လမ်းကိုဖို့နေစဉ်၊ လမ်းမပြီးခင်ဘုရားရှင် ကြွလာလေသည်။ ထိုအခါ ထိုညွန်ပြောင်း (ရွှံ့) ပေါ်တွင် ဘုရားရှင် မနင်းစေလို သောကြောင့် ပါလာသောလျှော်တေ (ရသေ့အဝတ်)နှင့် သားရေနယ်ကို ရွှံ့ညွန်ပေါ်မှာ ခင်း၍ ထိုအပေါ်မှာ မိမိကိုယ်ကို တံတားခင်းသကဲ့သို့ ဝပ်စင်း၍ ကြိုဆိုလေသည်။ ဤသို့ တံတားကဲ့သို့ ဝပ်စင်း၍ နေခြင်းကား (ဘုရားရှင်နှင့် ရဟန္တာ ၄ သိန်းတို့ နင်းသွားလျှင် ညွန်အတွင်းမှာ နစ်မြုပ် ကြေမွ သွားလောက်သည်ကို သိပါလျက်) အသက်စွန့်၍ ရဲဝံ့စွာ ဝပ်စင်းနေခြင်း ဖြစ်သည်။]
၁၉။ လှူဖွယ်များကော၊ လှူသလော၊ မိန့်ဟောဘယ်သို့ ရှိသနည်း။
၂၀။ ယသော်အလောင်း၊ ဆုမြတ်တောင်း၍၊ ခညောင်းဆက်ကမ်း၊ ငါးစည်းပန်း၊ လှူဒါန်းပူဇော်ပါသတည်း။
၂၀။ ဘုရားသခင်ကို ကြိုဆိုနေကြသော ပရိသတ်ထဲတွင် “သုမိတ္တာ” မည်သော အမျိုးသမီးတစ်ယောက်လည်း ပါဝင်၏။ ထိုအမျိုးသမီးသည် ရှင်ရသေ့ကို မြင်လျှင် မြင်ချင်း ရှေးရှေးဘဝက အဆက်ပါလာခဲ့သူဖြစ်၍ စိတ်ထည်းမှာ လွန်စွာကြည်နူး သွား၏။ ရှင်ရသေ့ကို တွေ့ရခြင်းကြောင့် သူ့မှာလူ့ဘဝ ရကျိုးနပ်ပြီဟု ထင်မိလေ၏။ ထို့ကြောင့် သူ့စိတ်ကူးဖြင့် ဆုထူးတောင်းကာ ပါလာသောကြာပန်း ရှစ်စည်းတွင် ၃ စည်းကို ဘုရားရှင်အား ကိုယ်တိုင် ပူဇော်ဖို့ချန်၍ ၅ စည်းကို ရှင်ရသေ့ လက်သို့ ဆက်ကပ်လိုက်လေသည်။ ရှင်ရသေ့လည်း (ယသော်ဓရာအလောင်း) သုမိတ္တာ ဆက်ကမ်းလိုက်သော ကြာပန်း ၅စည်းဖြင့် ဘုရားရှင်ကို ဝပ်စင်းနေရာမှ ပူဇော်လေသည်။ (ဤအကြောင်းကား ယသော်ဓရာ ထေရီအပဒါန်မှာပါသည်။)
၂၁။ တံတားခင်းစဉ်၊ တို့အရှင်၊ စိတ်တွင် ဘယ်သို့ ကြံသနည်း။
၂၂။ ထေရ်ရှင်အများ၊ နောက်တော်နားက၊ တစ်ပါးရဟန္တာ၊ ဖြစ်နိုင်ပါလည်း၊ များစွာ ကယ်တင်၊ အစွမ်းမြင်၍၊ ဒီပင် ဘုရား၊ ပုံအလားသို့၊ ဘုရားတစ်ဆူ၊ ဖြစ်အံ့ဟူ၊ ဆုယူဓိဋ္ဌာန်ပြုသတည်း။
၂၂။ တံတားအသွင် ခင်း၍ ဝပ်စင်းနေစဉ် အရှင်ရသေ့ စဉ်းစားသည်မှာ “ငါသည် ကိလေသာကုန်ခန်း၍ ရဟန္တာဖြစ်လိုလျှင် ဘုရားရှင်တို့၏ နောက်တော်ပါ သံဃာတော်များ၏ နောက်နားက ရဟန္တာတစ်ပါးအဖြစ်ဖြင့် လိုက်သွားနိုင် လောက်သော အရည်အချင်းရှိ၏။ သို့သော် သတ္တဝါအများကို ကယ်တင်နိုင်လောက်အောင် အစွမ်းသတ္တိ ရှိပါလျက် တစ်ကိုယ်တည်း အလွတ်ရုန်းသွားခြင်းကား မသင့်လျော်ချေ။ ထို့ကြောင့် ဒီပင်္ကရာ ဘုရားကဲ့သို့ ဘုရားတစ်ဆူ ဖြစ်အောင် ကြိုးစားတော့မည်” ဟု စိတ်၌ စွဲမြဲစွာ ဓိဋ္ဌာန်လိုက်လေသည်။
မှတ်ချက်။ ။ ဤသို့ ဘုရားဖြစ်ရန် ဓိဋ္ဌာန်လိုက်ခြင်းကို “ဘုရားဆုတောင်းသည်” ဟု ပြောစမှတ် ပြုကြသည်။ ကျမ်းစာတို့၌ “ဗုဒ္ဓေါ ဘဝါမိ” = ဘုရားဖြစ်ရလိုပါ၏”ဟု မလာ။ “ဗုဒ္ဓေါ ဟေဿံ” = ဘုရားဖြစ်အံ့” စသည်ဖြင့်သာ လာသည်။
၂၃။ ဒီပင်္ကရာ၊ စောမြတ်စွာ၊ ထိုအခါ ဘယ်သို့ မိန့်သနည်း။
၂၄။ တံတားခင်း၍၊ အလှူမွေ့သည်၊ ရသေ့မြတ်ကား၊ ငါအလားသို့၊ ဘုရား တစ်ဆူ၊ ဖြစ်မည့်သူဟု၊ ဗိုလ်လူကြိတ်ကြိတ်၊ ကောင်းချီးဟိတ်၊ ဗျာဒိတ် ပေးတော်မူသတည်း။
၂၄။ ဒီပင်္ကရာ မြတ်စွာဘုရားသည် ထိုရသေ့၏ ဦးခေါင်းရင်း၌ ရပ်တော်မူ၍ “အသက်ကို စွန့်ကာ ကိုယ်ခန္ဓာကို တံတားကဲ့သို့ ခင်းနေသော ဤရသေ့သည် ငါဘုရားကဲ့သို့ နောင်သောအခါ ဘုရားတစ်ဆူ ဖြစ်လိမ့်မည်” ဟုဗျာဒိတ် ပေးတော်မူသည်။ ထိုအခါ ပရိသတ်ကြီးကလည်း ကြိတ်ကြိတ်တိုးကာ “ဘုရားအလောင်းတဲ့ - ဘုရားအလောင်း တဲ့” ဟု ကောင်းချီးပေးကြလေသည်။
ဗျာဒိတ်ပေးတော်မူပြီးလျှင် ဘုရားရှင်သည် ရသေ့အပေါ် နင်းတော်မမူဘဲ ရှောင်လွဲ၍ ကြွသွားတော်မူ၏။ ထိုအခါ ဗျာဒိတ်ရလိုက်သော အလောင်းတော် သုမေဓာသည် အလွန်ရွှင်ပျသောစိတ်ဖြင့် ဝမ်းလျားမှောက်ရာမှ ထ၍ တင်ပလ္လင်ဖွဲ့ခွေ ထိုင်နေပြီးလျှင် ... ဘုရားဖြစ်ကြောင်း တရားကောင်းများကို ဆင်ခြင်တော်မူသောအခါ “ဒါန သီလ” စသော ပါရမီဆယ်ပါးကို အစဉ်အတိုင်း မြင်တော်မူ၏။ ထိုသို့ မြင် တော်မူ၍ ထိုပါရမီများကို အပြန်အလှန် ထပ်မံဆင်ခြင်ပြန်ရာ ထိုဆင်ခြင်သောဉာဏ်၏ အစွမ်းကြောင့် မြေငလျင် ပြင်းစွာ တုန်လှုပ်ရ လေသည်။
မှတ်ချက်။ ။”နောင်အခါ မည်ကဲ့သို့ ဖြစ်လိမ့်မည်”ဟု ဘုရားတစ်ဆူ၏ မိန့်ခွန်းတော် စကားကို “ဗျာဒိတ်” ဟုခေါ်၏။ ပါဠိ၌ “ဗျာကာသိ” စသည်ဖြင့် သုံးစွဲ၏။
(လင်္ကာ) သုမေဓာခေါ်၊ အလောင်းတော်သည်၊ ထိုရော်ကာလ၊ ခါသမယ၌၊ ဘုရာ့တံဆိပ်၊ မိန့် ဗျာဒိတ်ကို၊ ဦးထိပ်ပန်ဆင်၊ တင်ပလ္လင်ဖြင့်၊ ဖွဲ့တင်ကျန၊ ထိုင်ပြီးမှလျှင်၊ ဗုဒ္ဓ ဖြစ်ကြောင်း၊ တရားကောင်းကို၊ စုပေါင်းဆင်ခြင်၊ စုံအောင်မြင်သော်၊ ဉာဏ်စင် ထက်မြက်၊ စွမ်းအတွက်ကြောင့်၊ ဘဝဂ်ခိုက်ကြုံ၊ ငလျင်တုံသည်၊ မြေခုံ ငြိမ့်ငြိမ့် တသိမ့်သိမ့်။
ဤစာဖတ်သူတို့သည် ပါရမီကောင်းမှုဖြည့်ရာ အချိန်အခါနှင့် ဘုရားလောင်း သုမေဓာ၏ ဗျာဒိတ်ရပုံများကို သိခဲ့ကြရပြီ။ ယခု လာမည့် အခန်း၌ကား ဒါန စသော ပါရမီတို့၏ သဘော (အစစ်အမှန်) ကိုလည်းကောင်း၊ ဘုရားအလောင်း ပါရမီဖြည့်တော်မူပုံကို လည်းကောင်း သိရပါလိမ့်မည်။ အတုယူနိုင်လျှင်ယူ မယူနိုင်လျှင် ကြည်ညိုကြပါလေ။
တတိယအခန်း
(ဤအခန်း၌ ပါရမီဆယ်ပါး၏ သဘောနှင့် အလောင်းတော် ဖြည့်ကျင့်ပုံကို ပြထား၏။)
(က) ဒါနပါရမီ ဖြည့်တော်မူပုံ
၁။ ဒါနဖြစ်ပုံ၊ ပြောပါကုန်၊ စုံစုံလင်လင် ဘယ်သို့နည်း။
၂။ လောကဂုဏ်သိန်၊ စည်းစိမ်မမက်၊ သက်သက်အလှူ၊ ခံယူသူသာ၊ ချမ်းသာ စေကြောင်း၊ ငဲ့ညှာစောင်း၊ အလောင်းတော်တို့ ဒါနတည်း။
၂။ ယခုကာလ ဒါနပြုသူအချို့သည် “အလှူရှင်ကြီး၊ ကျောင်းဒကာကြီး၊ ဘုရားဒကာကြီး” စသည်ဖြင့် လောကဂုဏ်ကိုလည်း ရလိုကြ၏။ ဤကောင်းမှုကြောင့် နောင်ဘဝ၌ လူစည်းစိမ်နတ်စည်းစိမ်စသည်ကိုလည်း တောင့်တကြ၏။ ဘုရားအလောင်းတော်ကား ထိုဂုဏ်သိန် ထိုစည်းစိမ်များကို မမက်မော မတောင့်တပေ။ မိမိအလှူကို ခံယူသူများ ချမ်းသာစေလိုသော မေတ္တာနှင့် သနား ကရုဏာကိုသာ အရင်းခံထား၍ စွန့်ကြဲ ပေးကမ်း လှူဒါန်းတော်မူသည်။ တစ်ရံတစ်ခါ ထိုအလှူကြောင့် သဗ္ဗညုတဉာဏ် (အလုံးစုံကိုသိသောဉာဏ်) ရဖို့ရန်လည်း ရည်သန် တောင့်တတော်မူ၏။
၃။ ဒါနပါရမီ၊ ဘယ်ခါဆီ၊ သာကီတို့ဖျား ဖြည့်သနည်း။
၄။ သိဝိမင်းမြတ်၊ ဝေဿန် ဇာတ်ဝယ်၊ ဖြစ်လတ်ကာလ၊ ခါသမယဋ္ဌိ ဒါန စာဂီ၊ ပါရမီ၊ သာကီတို့ဖျား ဖြည့်သတည်း။
၄။ ဘုရားအလောင်း၏ ဒါနပါရမီ ဖြည့်ကျင့်တော်မူရာ ဘဝတို့ သည် အလွန်များကုန်၏။ ထိုဘဝတို့တွင် သိဝိမင်းဘဝနှင့် ဝေဿန္တရာမင်း ဘဝကား အလွန်ထင်ရှား၍ အများသိပြီးသော ဘဝများ ဖြစ်ပေသည်။
၅။ သိဝိ ဘုန်းကြွယ်၊ ဘယ်သို့နှယ်၊ လှူဖွယ် ၀တ္ထု ပေးသနည်း။
၆။ သိဝိထွတ်ဘုန်း၊ သူ့မျက်လုံးကို၊ ရွှင်ပြုံးကြည်ဖြူ၊ ထုတ်၍ယူ၊ လှူတော်မူခဲ့ ပါသတည်း။
၆။ ငါတို့ ဘုရားအလောင်းတော်သည် သိဝိမင်း ဖြစ်ခဲ့ဖူး၏။ ထိုအခါ သိကြားမင်းသည် သိဝိမင်း၏ အလှူဒါနဘက်၌ စိတ်အား ထက်သန်ပုံကို စုံစမ်းလို၍ မျက်စိ မမြင်သော ပုဏ္ဏားအို ယောင်ဟန်ဆောင်ကာ မျက်လုံးတစ်ဖက်ကို အလှူခံလာ၏။ သိဝိမင်းသည် မျက်လုံးတစ်ဖက်ကိုသာ အလှူခံသော သိကြားမင်းအား မျက်စိ ၂ ဖက် လုံးကိုပင် ထုတ်၍ လှူခဲ့လေသည်။ (ထိုသို့ လှူပြီးနောက် သိကြားမင်း ပြန်လာ၍ သစ္စာဆိုစေရာ ထိုသစ္စာ အစွမ်းကြောင့် မျက်လုံးအသစ်ရလေသည်။)
၇။ ဝေဿန်မင်းမူ၊ ဘယ်သို့ဟူ၊ အလှူတော်ကြီး ပေးသနည်း။
၈။ ဝေဿန်မင်းဖျား၊ လောင်းဘုရားကား၊ ဝတ်စားဖွယ်ယူ၊ နေ့စဉ်လှူ၍၊ ဆင်ဖြူတော်လည်း၊ လှူ၍ပြီးက၊ တောကြီး၌ပျော်၊ သမီးတော်နှင့်၊ သားတော် ကြင်ယာ၊ လှူသည်မှာ၊ မြေပါတုန်၍ ဟည်းသတည်း။
၈။ ဝေဿန္တရာမင်းဘဝ၌ ဘုရားအလောင်းတော်သည် အလှူရုံကြီး ၆ ရုံ ဆောက်လုပ်စေ၍ နေ့စဉ် ၆ သိန်းတန် စားသောက်ဖွယ်နှင့် အဝတ်များကို လှူ၏။ ကလိင်္ဂတိုင်းမှ ပုဏ္ဏားတို့သည် ဆင်ဖြူတော်ကို အလှူခံ လာကြရာ၌ အဖိုးမပြတ်နိုင်အောင် ထိုက်တန်သော ဆင်ဖြူတော်ကို အဖိုးမပြတ်နိုင်အောင် ထိုက်တန်သော ဆင်၏ တန်ဆာများနှင့်တကွ လှူတော်မူ၏။
ဆင်ဖြူတော် လှူသည့်အတွက် တိုင်းသူပြည်သားတို့ မကျေနပ်မှုကြောင့် ဟိမဝန္တာ ဝင်္ကတောင်သို့ ထွက်သွားရ၍ မဒ္ဒီမိဖုရား၊ သားတော်ဇာလီ၊ သမီးတော် ကဏှာဇိန်နှင့် အတူ ရသေ့ဝတ်ဖြင့် နေရရှာ၏။ ထိုအခါ၌လည်း အလှူခံလာသော ဇူဇကာပုဏ္ဏားအား သားတော်သမီးတော် ၂ ပါးကို လှူပြန်သည်။
နောက်တစ်ရက်၌ ပုဏ္ဏားအယောင်ဆောင်လျက် မိဖုရားကို အလှူခံလာသော သိကြားအား မဒ္ဒီမိဖုရားကို လှူပြန်သည်။ (သိကြားမင်းဖြစ်ကြောင်းကို ပြောပြ၍ မဒ္ဒီမိဖုရားကိုပြန်အပ်ခဲ့သည်။) ထိုသို့ အကြီးအကျယ် လှူတိုင်းပင် မြေငလျင်ကြီး ပဲ့တင်ဟည်းလျက် သည်းထန်စွာ တုန်လှုပ်ရလေသည်။
(ခ)သီလပါရမီဖြည့်ကျင့်တော်မူပုံ
၁။ သီလစောင့်ဟန်၊ ပြောပြရန်၊ တောင်းပန်ပါသည်၊ ဘယ်သို့နည်း။
၂။ ငါးပါးသီလ၊ ကိုယ်ကျင့်မျှကို၊ ကောင်းရစေကာ၊ ဥပုသ်မှာဝယ်၊ စိတ် စင်ကြယ်ဖို့၊ ရည်ရွယ်ကျန၊ စောင့်သုံးရ၊ သီလစောင့်ပုံ ဤသို့တည်း။
၂။ ၁-သူ့အသက် မသတ်ခြင်း၊
၂-သူ့ဥစ္စာ မခိုးခြင်း၊
၃-သူ့မယား (ကိုယ့်လင်မှတစ်ပါး အခြားယောက်ျား)တို့နှင့် မပျော်ပါးခြင်း၊
၄- မုသား မပြောခြင်း၊
၅-သေရည် အရက် မသောက်ခြင်း၊
ဤ ငါးပါးသီလသည် ကိုယ်ကျင့်ကောင်းရုံဖြည့်ရသောသီလတည်း။
ဥပုသ်သီလကား ကိုယ်ကျင့် ကောင်းရုံတင်မကဘဲ --
၁- နေလွဲခါ အစာ မစား ခြင်း၊
၂-ကမှု သီချင်းဆိုမှု တီးခတ်မှုတို့ကို မပြုမကြည့် နားမထောင်ခြင်း၊ အမွှေး အကြိုင် ပန်းနံ့သာတို့ကို မသုံးခြင်း၊
၃-မြင့်သောနေရာ ကြီးကျယ် ခမ်းနားသော နေရာ၌ နေခြင်း အိပ်ခြင်းတို့ကို ရှောင်၍ ကိုယ့်မယား (ကိုယ့်လင်) နှင့်မျှ မပျော်ပါး ဘဲ ရဟန္တာကဲ့သို့ စိတ်စင်ကြယ်အောင် စောင့်ထိန်းရခြင်းတည်း။
၃။ သီလပါရမီ၊ ဘယ်ခါဆီ၊ သာကီတို့ဖျား ဖြည့်သနည်း။
၄။ အလီနသတ်၊ မင်းသားဇာတ်နှင့်၊ သူမြတ်ဗောဓိ၊ ရသေ့၏လျှင်၊ ဖြစ်သည့် ကာလ၊ ခါသမယ၌၊ သီလပါရမီ၊ ကျင့်ဆောက်တည်၊ သာကီတို့ဖျား၊ ဖြည့်သတည်း။
၄။ ငါတို့ ဘုရားအလောင်းတော်သည် များစွာသော ဘဝတို့၌ သီလပါရမီ ဖြည့်ခဲ့၏။ ထိုဘဝတို့တွင် အလီနသတ္တု မင်းသားနှင့် ဗောဓိရသေ့ဘဝကို ပြပါမည်။
၅။ အလီနသတ်၊ မင်းသားဇာတ်၌၊ မြတ်သီလဂုဏ်၊ ဘယ်လိုခြုံ၊ လုံအောင် တို့ဘုန်း ထိန်းသနည်း။
၆။ ဘီလူးအထံ၊ အစားခံဖို့၊ သွားရန်ကိစ္စ၊ ကြုံစဉ်ကလျှင်၊ သီလညှိုးမည်၊ စိုးရိမ်သည်ကြောင့်၊ ထိုဤလက်နက်၊ မဆောင်ရွက်ဘဲ၊ လက်နက်သီလ၊ ထက် မြက်စွ၊ ဗုဒ္ဓလောင်းတော် သုံးသတည်း။
၆။ ဘုရားအလောင်းတော်သည် “အလီနသတ္တု” မင်းသားဘဝ၌ ခမည်းတော်မင်း၏ ကိုယ်စား ဘီလူးအထံသို့ အစားခံဖို့ရန် သွားခွင့်ကြုံလာ၏။ ထိုအခါ တစ်စုံတစ်ခု လက်နက်ယူသွားလျှင် ဘီလူးကို ချိန်းချောက်ရာ ရောက်မည်ဖြစ်၍ ငါ၏သီလ ညှိုးနွမ်း လိမ့်မည် ဟု စဉ်းစားမိ၏။ ထို့ကြောင့် ဓား၊ လှံ၊ သေနတ်လက်နက်များကို မယူဘဲ၊ သီလကိုသာ လက်နက်လို သဘောထား၍ သွားလေသည်။ ဘီလူးကလည်း သူ၏ရဲဝံ့သော အမူအရာ မြင်၍ မစားဝံ့ချေ။
၇။ ဗောဓိမည်ခေါ်၊ ရသေ့ကျော်၊ စောင့်သော်သီလ၊ ဘယ်သို့နည်း။
၈။ လူဖြစ်စဉ်က၊ ကြင်ဖော်မ ဟု၊ အလှပြည့်ကြွယ်၊ ရသေ့မယ်ကို၊ ရှေ့ဝယ် အတင်း၊ ဘုရင်မင်းက၊ ဆောင်ကြဉ်းယူလစ်၊ ဒေါသဖြစ်လည်း၊ ဖြစ်သည့် ဒေါသ၊ မထွက်ရအောင်၊ သီလဖြင့်အုပ်၊ နိုင်အောင်ချုပ်၊ အဟုတ်တကယ် စောင့်သတည်း။
၈။ ဘုရားအလောင်းသည် သူဌေးဘဝမှ သူဌေးကတော်နှင့်အတူ တောထွက်၍ ရသေ့ ပြုလေရာ “ဗောဓိရသေ့” ဟုထင်ရှား၏။ ရသေ့မကလေးသည် အလွန်အဆင်း လှ၏။ ဝိသာလက္ခီ - ကျယ်ဝန်းသော မျက်လုံးရှိ၏။ သံမှိတဟာသိနီ - ခပ်ပြုံးပြုံး နေလေ့ရှိ၏။
ထိုရသေ့နှင့် ရသေ့မကလေးတို့သည် တောထဲ၌ ဆယ်နှစ်လောက် ကြာအောင် နေကြပြီးမှ လူတို့နေရာ မြို့ ရွာသို့လာ၍ ဗာရာဏသီပြည် မင်းဥယျာဉ်၌ နေစဉ် ရှင်ဘုရင်က ရသေ့မကလေးကို မြင်၍ အတင်း ဆောင်ယူသွား၏။ ထိုအခါ ဗောဓိရသေ့မှာ ဒေါသ အလွန်ဖြစ်၏။ သို့သော် ထိုဒေါသကို အပြင် မထွက်အောင် သီလဖြင့် နိုင်အောင် ထိန်းသိမ်း ချုပ်တည်းခဲ့လေသည်။ နောက်၌ကား အလိုသို့ မပါသော ရသေ့မကလေးကို ရှင်ဘုရင်က ပြန်၍ ပို့ရလေသည်။
(ဂ) နေက္ခမ္မပါရမီ ဖြည့်တော်မူပုံ
၁။ နေက္ခမ္မဂုဏ်၊ တောထွက်ပုံ၊ သင့်ရုံပြောပါ ဘယ်သို့နည်း။
၂။ လောကီ အာရုံ၊ ကာမဂုဏ်ကို၊ မစုံမမက်၊ စွန့်ခွာထွက်၍၊ နှစ်သက်ရာမှန်း၊ ကမ္မဋ္ဌာန်းနှင့်၊ ရဟန်းရသေ့ ပြုသရွေ့၊ ခေါ်လေ့ နေက္ခမ္မ၊ ဤသို့တည်း။
၂။ သားသမီးနှင့် ဇနီးစသော သက်ရှိပစ္စည်း၊ ရွှေ၊ ငွေ၊ ဥစ္စာ စသော သက်မဲ့ပစ္စည်းများကို “ကာမဂုဏ်”ဟုခေါ်၏။
(ကာမ=လိုချင်စရာ နှစ်သက်စရာ ကောင်းသော+ဂုဏ် (ဂုဏ)=မခွာနိုင်အောင် နှောင်ဖွဲ့တတ်သော အရာဝတ္ထုကိုပင် လောက၌ မွေ့လျော် ပျော်စရာအာရုံဖြစ်၍ “လောကီအာရုံ” ဟုလည်း ခေါ်၏။)
ထိုကဲ့သို့ လောကီအာရုံ ကာမဂုဏ်များကို မစုံမက်တော့ဘဲ စွန့်ခွာ၍ အိမ်မှ ထွက်ပြီးလျှင် သာသနာပ ကာလ၌ ရသေ့လုပ်ခြင်း၊ ယခုလို သာသနာအတွင်း၌ ရဟန်းပြုလုပ်ခြင်း (မိန်းမဖြစ်လျှင် သီလရှင်- ရသေ့မ ပြုလုပ်ခြင်း) မျိုးကို “တောထွက်ခြင်း = နေက္ခမ္မပါရမီဖြည့်ခြင်း”ဟုခေါ်၏။ (နေက္ခမ္မ = အကုသိုလ်မှလည်းကောင်း၊ အိမ်မှ လည်းကောင်း ထွက်ခြင်း။)
၃။ နေက္ခမ္မဓာတ်၊ ပါရမီမြတ်၊ ဘယ်ဇာတ်တို့ဖျား ဖြည့်သနည်း။
၄။ ယုဓဉ္စယ၊ အယောဃရတို့၊ ဖြစ်ကြခါဆီ၊ ထိုသာကီ၊ ပါရမီ နေက္ခမ္မ ဖြည့်သတည်း။
၄။ ငါတို့ မြတ်ဘုရား အလောင်းတော်၏ နေက္ခမ္မပါရမီဖြည့်ကျင့်ရာ ဘဝတွေသည် အလွန်များပါပေ၏။ ယုဓဉ္စယ မင်းသား ဘဝနှင့် အယောဃရ မင်းသားဘဝကိုသာ မှတ်သားနှင့်ရုံ ထုတ်ပြပါမည်။
၅။ ယုဓဉ္စယ၊ ဖြစ်ကာလ၌၊ နေက္ခမ္မဇော၊ ဘယ်သို့စော၊ မြိုင်တောခွါ၍ ထွက်သနည်း။
၆။ ယုဓဉ္စယော်၊ အိမ်ရှေ့ ပျော်သည်၊ မြက်ပေါ်ဆီးနှင်း၊ ကျပျောက်ခြင်းသို့၊ စိတ်တွင်းမှာ ကြိမ်၊ သက်ဇီဝိန်လည်း၊ မငြိမ်ခဏ၊ ချုပ်ပျက်ရဟု၊ နေက္ခမ္မဇော၊ ဤသို့စော၊ မြိုင်တောခွာ၍ ထွက်သတည်း။
၆။ “ယုဒ္ဓယ”မည်သော အိမ်ရှေ့မင်းကလေးသည် ဆောင်းအခါ နံနက်စောစော ဥယျာဉ်တော်သို့ ထွက်သွား၏။ မြက်ဖျားပေါ်၊ သစ်ပင်ဖျားပေါ်တို့၌ နှင်းတွေကို မြင်ရ၏။ နေထွက်လာသောအခါ နှင်းတွေအရည်ပျော်၍ မြေပေါ်ကျကုန်၏။ နှင်းတွေ အရည်ပျော်၍ ကျကုန်သကဲ့သို့ စိတ်တွင်းမှာ တည်ရှိသော အသက်ဇီဝိန်လည်း အချိန်ရှိသမျှ ခဏတိုင်း ပျက်နေကြသည်ဟု တွေးမိကာ လွန်စွာငြီးငွေ့၏။ ထို့ကြောင့် အိမ်ရှေ့မင်း စည်းစိမ်နှင့် နောင်ခါရမည့် ထီးနန်းစည်းစိမ်ကို စွန့်ခွာ၍ ရသေ့ပြုလုပ်သွားလေသည်။
၇။ အယောဃရ၊ မင်းသားဘဝ၌၊ နေက္ခမ္မမြိုင်၊ စိတ်တော်ယိုင်၊ ဂနိုင်ဘယ်သို့ ထွက်သနည်း။
၈။ အယောဃရ၊ မင်းသားကမူ၊ ဆယ်လဝမ်းတွင်း၊ သံအိမ်တွင်းမှ၊ လွတ်ကင်းပြီး နောက်၊ အရွယ်ရောက်လည်း၊ ထို့နောက် သေဘေး၊ မလွတ်သေးဟု၊ အတွေးတော် ကွန့်၊ ထီးနန်းစွန့်၊ လောင်းညွန့်ဂနိုင် ထွက်သတည်း။
၈။ အယောဃရ မင်းသားကား ဖွားမြင်ပြီးနောက် ဘီလူးရန်ကို ကြောက်သဖြင့် သံအိမ် အတွင်းမှာ ၁၆ နှစ် အရွယ်တိုင်အောင်ထား၍ ပညာသင်ပေးကြ၏။ ၁၆ နှစ် အရွယ် ရောက်သော် ထီးနန်းအပ်မည်ဟု အပြင်သို့ ဆောင်ယူကြ၏။ ထိုအခါ အမိဝမ်းတွင်း ဆယ်လလောက် အောင်းပြီးလျှင် သံအိမ်အတွင်းမှာ ၁၆ နှစ် နေ၍ လွတ်ခဲ့ရသော်လည်း သေခြင်းဘေးမှ မလွတ်နိုင်သေးဟု အတွေးတော်ကွန့်၍ ထီးနန်းကို လက်မခံဘဲ ပယ်စွန့်ကာ ရသေ့ပြုလုပ်သွားလေသည်။
---
(ဃ) ပညာပါရမီဖြည့်တော်မူပုံ
၁။ ပညာဖြစ်ပုံ၊ နည်းမျိုးစုံ၊ ကုန်အောင်ဘယ်သို့ ဖြည့်သနည်း။
၂။ တတ်အောင်လည်းသင်၊ တတ်ပြီးလျှင်လည်း၊ ပင်ကိုဉာဏ်ဖြင့်၊ ထပ်ကာ ဆင့်၍၊ အသင့်ပွားတိုး၊ များအကျိုး၊ သယ်ပိုးဆောင်၍ ဖြည့်သတည်း။
၂။ပညာပါရမီဖြည့်ရာ၌ ပထမ တတ်သိနားလည်အောင် သင်ရ၏။ တတ်ပြီးသောအခါ မိမိပင်ကိုဉာဏ်ဖြင့် တစ်ဆင့်တိုးအောင် ကြံစည်စဉ်းစားရ၏။ ထိုသို့ တတ်သိနား လည်ထားသော ပညာကို သူတစ်ပါး တတ်အောင် သင်ပြမှု၊ ထိုပညာဖြင့် အများအကျိုး ရှိအောင် ရွက်ဆောင်မှုကို ပြုရလေသည်။
၃။ ပညာဉာဏ်ဓာတ်၊ ပါရမီမြတ်၊ ဘယ်ဇာတ် တို့ဖျား ဖြည့်သနည်း။
၄။ မတ်ဝိဓူရ၊ မဟော်သဓတို့၊ ဖြစ်ကြခါဆီ၊ ပညာမည်၊ ပါရမီတို့ဖျား ဖြည့်သတည်း။
၄။ ငါတို့ ဘုရားအလောင်းတော်၏ ပညာပါရမီ ဖြည့်ကျင့်ခဲ့ရာ ဘဝတွေသည် အများပင် ရှိပါပေ၏။ အမတ်ကြီး ဝိဓူရပညာရှိနှင့် မဟော်သဓာ ပညာရှိ ဘဝတို့၌ကား ပညာ တန်ခိုးဖြင့် အများ အကျိုးရှိအောင် ရွက်ဆောင်ပုံ ထင်ရှားပါပေသည်။
၅။ ဝိဓုရမည်ဟည်း၊ အမတ်ကြီးမှာ၊ ဘယ်နည်းဘယ်ပုံ၊ ပညာ့ဂုဏ်၊ စုံအောင် ပြ၍ သွားသနည်း။
၆။ ဝိဓုရမည်လတ်၊ မင်းအမတ်မှာ၊ နတ်ပုဏ္ဏက၊ ဆိုဆုံးမလျက်၊ ဇီဝအသက်၊ လှူအောင်ဆက်၍၊ လက်နက် မဆောင်၊ ပညာရောင် ထွန်းပြောင်စေခဲ့ပါသတည်း။
၆။ ကြွေအန်ကစားရာ၌ ရှုံးသော ကောရဗျမင်းသည် ဝိဓုရအမတ်ကြီးကို ပုဏ္ဏက နတ်ဘီလူးအား ပေးလိုက်ရ၏။ ဝိဓုရအမတ်သည် ကြမ်းတမ်းလှစွာသော ပုဏ္ဏကနတ်ကို သူ၏ပညာအစွမ်းဖြင့် ယဉ်ကျေးအောင်ဆုံးမ၍ မိမိကို မသတ်အောင် စွမ်းဆောင်နိုင်ခဲ့ပါသည်။
၇။ မဟော်သဓာ၊ ဖြစ်သောခါဝယ်၊ ပညာတန်ခိုး၊ ဘယ်လောက်စိုး၊ ဟိုးဟိုး ကမ္ဘာကျော်သနည်း။
၈။ မဟော်ပဏ္ဍိ၊ ပညာရှိကား၊ မိမိပညာ၊ လက်နက်သာဖြင့်၊ ကမ္ဘာမင်းတွေ၊ မသေစေဘဲ၊ ရန်ပြေငြိမ်းအောင်၊ အကျိုးဆောင်၊ ခုတောင် ကမ္ဘာကျော်သတည်း။
၈။ စူဠနီဗြဟ္မဒတ်မင်းသည် ဇမ္ဗူဒိပ် မင်းပေါင်းတစ်ရာလောက်ကို ဖမ်းပြီးလျှင် အဆိပ်ခပ်သောအရက်ကို တိုက်၍သတ်ဖို့ ကြံ၏။ မဟော်သဓာသည် ထိုအကြံကို သူ၏ ဉာဏ်ဖြင့် ပျက်အောင် ဖျက်ခဲ့လေသည်။ စူဠနီဗြဟ္မဒတ်မင်းနှင့် ဝိဒေဟရာဇ်မင်းတို့ စစ်ခင်းရာ၌လည်း မဟော်သဓာသည် တစ်ယောက်တလေမျှ အသက်မသေရအောင် သူ၏ ပညာအစွမ်းဖြင့် စစ်ပြေငြိမ်းသည်အထိ စွမ်းဆောင်နိုင်ခဲ့ပါသည်။
---
(င) ဝီရိယပါရမီ ဖြည့်တော်မူပုံ
၁။ ဝီရိယကား၊ ဘယ်လိုများ၊ ဘုရားအလောင်း ဖြည့်သနည်း။
၂။ အပြစ်ကင်းပျောက်၊ ကိစ္စရောက်က၊ မကြောက်မရွံ့၊ နောက်မတွန့်ဘဲ၊ သက်စွန့်ကြိုးစား၊ လုံ့လပွား၊ ဘုရား အလောင်း ဖြည့်သတည်း။
၂။ အကုသိုလ် အပြစ်မရှိသောကိစ္စများ တွေ့ကြုံလာလျှင် ကြောက်ခြင်း,ရွံ့ခြင်း, နောက်တွန့်ခြင်းမရှိဘဲ (အသက်စွန့်တန်လျှင်စွန့်၍) ကြိုးစားသောအားဖြင့် ဝီရိယ (လုံ့လ) ပါရမီကို ဘုရားအလောင်း ဖြည့်တော်မူပါသည်။
၃။ ဝီရိယပါရမီ၊ ဘယ်ခါဆီ၊ သာကီတို့ဖျား ဖြည့်သနည်း။
၄။ ဝဏ္ဏပထ၊ ဇာတကနှင့်၊ ဇနကမင်းသား၊ တို့ဘုရား၊ ကြိုးစားလုံ့လပြုသတည်း။
၄။ ငါတို့ဘုရားအလောင်းသည် ဘယ်အခါမှ လုံ့လ ဝီရိယ လျှော့ချလေ့မရှိခဲ့ပါ။ ဝဏ္ဏ ပထဇာတ်တော်နှင့် ဇနက မင်းသားဘဝ၌ လုံ့လဝီရိယ ပြုတော်မူပုံကိုသာ မှတ်သားကြရုံ ထုတ်ပြပါမည်။ (ဝဏ္ဏပထဇာတ်ဟုခေါ်၏။ ထိုဇာတ်၌ ဘုရားအလောင်း၏ ကြိုးစားပုံမှ အသက်ကယ်ရာ ရောက်သဖြင့် ပရမတ္ထဝီရိယ ပါရမီ ဖြစ်လေသည်)
၅။ ဝဏ္ဏပထ၊ ဇာတ်ကာလ၌၊ ဝီရိယအား၊ တို့ဘုရား၊ ကြိုးစားဘယ်သို့ ထုတ်သနည်း။
၆။ လှည်းကုန်သည်ပေါင်း၊ ခေါင်းဆောင်ကောင်းဟု၊ အလောင်းမြတ်စွာ၊ ထိုစဉ်ခါဝယ်၊ ရေ-စာ ရအောင်၊ လုံ့လဆောင်၊ မြားမြောင်အသက် ကယ်သတည်း။
၆။ လှည်းကုန်သည်အပေါင်း၏ ခေါင်းဆောင်ကောင်း (လှည်းမှူးကြီး) ဖြစ်ခဲ့သော ငါတို့ ဘုရားအလောင်းသည် ရေမရှိသော သဲကန္တာရခရီး၌ ရေမရသဖြင့် သေကြရတော့မည် ဖြစ်သော လှည်းကုန်သည်များ၏ အသက်ကို ရေရအောင် ကြိုးစား၍ ကယ်ဆယ်ခဲ့ပါသည်။
၇။ မင်းသား ဇနက်၊ ဘယ်အချက်၊ ဘယ်တွက် လုံ့လ ပြုသနည်း။
၈။ မင်းသား ဇနက်၊ သင်္ဘောပျက်လည်း၊ စိတ်စက်မညစ်၊ အားကုန်လှစ်၍၊ လက်ပစ် ကူးကာ၊ ကြိုးစားပါ၊ လွန်စွာ ထူးကဲပါသတည်း။
၈။ ဇနကမင်းသားသည် သင်္ဘောစီးသူလူပေါင်း ၇ဝဝ နှင့်အတူ ပင်လယ်ကူးနေစဉ် သင်္ဘောပျက်လေရာ လူအားလုံးပင် မကြိုးစားတော့ဘဲ အသေခံကြသော်လည်း အလောင်းတော် မင်းသားကလေးကား ၇ ရက် လုံးလုံး လက်ပစ်ကူးကာ လွန်စွာ ကြိုးစားခဲ့ပါသည်။ ထို့နောက် မဏိမေခလာ နတ်သမီး ကယ်ဆယ်၍ အသက်ဘေးမှ လွတ်မြောက်ရုံမက မိထိလာပြည်ကြီးကိုပင် စိုးစံရပါသည်။ လက်ပစ်ကူး၍ မကြိုးစားလျှင်ကား ကယ်ဆယ်သူနှင့် တွေ့ နိုင်မည်မဟုတ်၍ အများနည်းတူ အသက်သေဖို့ပင် ဖြစ်လေသည်။
---
(စ) ခန္တီပါရမီဖြည့်တော်မူပုံ
၁။ ခန္တီတရား၊ သည်းခံငြား၊ စိတ်ထားဘယ်သို့ ဖြည့်သနည်း။
၂။ လူမိုက်အမှု၊ ငါပြန်ပြုလျှင်၊ သူလိုငါလဲ၊ လူမိုက်ပဲဟု၊ စိတ်ထဲတွေးဆ၊ အေးမြမြနှင့်၊ ဒေါသမထွက်၊ စိတ်မပျက်၊ သက်သက် အနာခံသတည်း။
၂။ “ငါ့အပေါ်၌ လူမိုက်ပြုသော စော်ကားမှုကို ငါကပြန်ပြုလျှင် ငါလည်းသူ့လို လူမိုက်ဖြစ် မှာပဲ”ဟု စိတ်ထဲမှာ တွေးဆ၍ ဒေါသမထွက်ဘဲ စိတ်ပျက်အားငယ်၍လည်း မနေဘဲ စိတ်အေးအေးနှင့် မိမိကသာ အနာ ခံလိုက်ခြင်းသည် ခန္တီပါရမီ၏ သဘောတည်း။
၃။ ခန္တီပါရမီ၊ ဘယ်ခါဆီ၊ သာကီတို့ဖျား ဖြည့်သနည်း။
၄။ မျောက်မင်းဘဝ၊ ရသေ့ဘဝ၌၊ သည်းခံရမည်၊ ထိုခန္တီ၊ သာကီတို့ဖျား ဖြည့်သတည်း။
၄။ ငါတို့ ဘုရားအလောင်းတော်သည် အများအကျိုးကို သယ်ပိုးဆောင်ရွက်၍ ခေါင်းဆောင်ရသော ဘဝတိုင်းမှာ သည်းခံခြင်း ခန္တီပါရမီ ဖြည့်ရမည်သာ။ မျောက်မင်း၊ ခန္တီဝါဒီရသေ့ ဘဝတို့၌ကား ဘုရားအလောင်းတော်သည် ကြားရ မြင်ရသူတိုင်း အသည်းနာလောက်အောင် သည်းခံတော်မူခဲ့ပါပေသည်။
၅။ မျောက်မင်းဖြစ်စဉ်၊ ဘယ်သို့လျှင်၊ တို့ရှင် သည်းခံပါသနည်း။
၆။ အသက်ကယ်ထား၊ မိုက်ပုဏ္ဏားက၊ သနားမပြု၊ ကျောက်ဖြင့်ထုလည်း၊ ရန်တု မပြန်၊ သည်းညည်းခံလျက်၊ လူ့ထံရောက်ဖွယ်၊ ထပ်၍ကယ်၊ အိုဘယ် ထူးပေ့ ခန္တီတည်း။
၆။ ဘုရားအလောင်းတော်သည် အားကောင်းသော မျောက်မင်းဖြစ်၏။ ပုဏ္ဏား တစ်ယောက်ကား သစ်ပင် တက်ရာ၌ သစ်ခက်ကျိုး၍ ချောက်ထဲကျနေ၏။ ထို ပုဏ္ဏားကို မျောက်မင်းတွေ့၍ ချောက်ထဲမှ ကယ်တင်လေ၏။ ထို့နောက် မောပန်းသဖြင့် သူ့ပေါင်ပေါ် ခေါင်းအုံးကာ အိပ်ပျော်နေရှာသော မျောက်မင်း အသားကို ပုဏ္ဏားစားလို၍ ဦးခေါင်းကို ကျောက်ခဲဖြင့် ထုလေသည်။
ထိုအခါမျောက်မင်းလန့်နိုး၍ သစ်ပင်ပေါ် ခုန်တက်ပြေးပြီးလျှင် အခြား ရန်သူကို မမြင်သောကြောင့် ပုဏ္ဏား ထုမှန်း သိလေသည်။ ထိုသို့ သိသော်လည်း အပြစ် တင်ရုံသာတင်၍ ထိုရန်သူပုဏ္ဏားကိုပင် မျက်စိလည်ကာ သေရှာမည်ကိုလည်းစိုး (အောက်သို့လည်း မဆင်းဝံ့သောကြောင့်) သစ်ပင်ချင်း ခုန်ကူးကာ လူသွားလမ်း ရောက်ရအောင် လမ်းပြရှာပါသေးသည်။
၇။ ခန္တီဝါဒေ့၊ ရှင်ရသေ့ကား၊ ဘယ်၍ဘယ်မျှ၊ သည်းခံရ မှတ်ကြစမ်းချင်ပါသတည်း။
၈။ တစ်နေ့သောခါ၊ ဥယျာဉ်သာဝယ်၊ ကလာဗုမင်း၊ မိုက်မာန်ပြင်း၍၊ အတင်း လက်ခြေ၊ ဖြတ်တောက်စေလည်း၊ စိတ်နေမပျက်၊ သည်းခံလျက်ပင်၊ အသက်ဆုံးတောင်၊ မမုန်းအောင်၊ ဘုန်းခေါင် ခန္တီဖြည့်သတည်း။
၈။ ခန္တီဝါဒီ ရှင်ရသေ့သည် ကလာဗုမင်း၏ ဥယျာဉ်၌နေ၏။ မင်းနှင့် နန်းတော်သူ မိဖုရားတို့သည် ပျော်ပွဲစား ထွက်လာကြ၏။ မင်းသည် မိဖုရားတစ်ယောက်၏ ပေါင်ပေါ်မှာ ခေါင်းအုံး၍ အိပ်ပျော်နေ၏။ အခြား မိဖုရားတို့သည် ဥယျာဉ်၌ လှည့်လည်ကြလေရာ ရှင်ရသေ့ကိုတွေ့၍ တရားနာနေကြ၏။ ရှင်ဘုရင်အိပ်ရာမှ နိုးလတ်သော် မိဖုရားတွေကိုမမြင်၍ မေးရာ ရသေ့ထံ တရားနာနေကြောင်း မိဖုရားငယ်က သံတော်ဦး တင်သဖြင့် စိတ်ဆိုးဆိုးနှင့် လိုက်လာ၏။ ရသေ့ကိုတွေ့ ရလျှင် “အဘယ် ဝါဒရှိသလဲ” ဟုမေး၍ “ခန္တီဝါဒရှိသည်” ဟုဖြေဆို၏။ထိုအခါ “သင့်ခန္တီအကြောင်း သိစေ့မယ်” ဟုပြောကာ အာဏာသားတို့ကို ခေါ်ပြီးလျှင် လက်ဖြတ်ခြေဖြတ်ခိုင်းလေ၏။ ထိုသို့ စော်ကား ပြီးနောက် ရှင်ရသေ့၏ မျက်စိကွယ်ရာသို့ ရောက်သောအခါ ကလာဗုမင်းကို မြေမျိုလေတော့၏။ အလောင်းတော် ရှင်ရသေ့လည်း မကြာမီဆုံးလေတော့၏။ ဤသို့လျှင် ငါတို့ဘုရားအလောင်းတော်သည် အသက်ဆုံးတိုင်အောင် ဒေါသမထွက် စိတ်မပျက်ဘဲ သက်သက် အနာခံကာ ကလာဗုမင်းကို အနိုင် ယူခဲ့ပါသည်။
---
(ဆ) သစ္စာပါရမီဖြည့်တော်မူပုံ
၁။ သစ္စာမြဲအောင်၊ ဘယ်သို့ဆောင်၊ ဘုန်းခေါင် ဖြည့်ရပါသနည်း။
၂။ လူသူအများ၊ အထင်မှားဖို့၊ မုသားမပါ၊ ကြွားမဝါဘဲ၊ သစ္စာတည်အောင်၊ ပြောတိုင်း ဆောင်၊ ဘုန်းခေါင် ဤသို့ ဖြည့်သတည်း။
၂။ လိမ်၍ ပြောခြင်း၊ ပြောတဲ့အတိုင်း မလုပ်ခြင်းကား လူအများကို အထင်မှားအောင် လှည့်စားခြင်းမည်၏။ ထို့ကြောင့် လူတစ်ယောက်ကိုဖြစ်စေ၊ အများကို ဖြစ်စေ အထင်မမှားအောင် မုသားလည်း မပြော၊ ကြွားဝါ၍လည်း မပြောဘဲ ပြုနိုင်သလောက် ပြော၍ ပြောသည့်အတိုင်း ပြုခြင်းသည် သစ္စာပါရမီ၏ သဘောတည်း။
၃။ သစ္စပါရမီ၊ ဘယ်ခါဆီ၊ သာကီတို့ဖျား ဖြည့်သနည်။
၄။ ပဏ္ဍိတ်သစ္စ၊ မင်းသုတတို့၊ ဖြစ်ကြခါဆီ၊ သစ္စာမည်၊ ပါရမီ တို့ဖျား ဖြည့်သတည်း။
၄။ ဘုရားအလောင်းတော်သည် ပါရမီ မရင့်သေးမီက ပါဏာတိပါတ စသော ပြစ်မှုများ ပြုတန်သလောက် ပြုမည် ဖြစ်သော်လည်း မုသားကိုကား (သူတစ်ပါး အကျိုးပျက်အောင်) သစ္စာဖျက်၍ ဘယ်တော့မှ မဆိုခဲ့ပေ။ သစ္စပဏ္ဍိတဘဝနှင့် သုတသောမမင်း ဘဝ၌ကား အထင်အရှားပင် သစ္စာပါရမီကို ဖြည့်ကျင့်တော်မူခဲ့ပါသည်။
၅။ ပဏ္ဍိတ်သစ္စ၊ ရသေ့ဘဝ၌၊ ၊ လောက ကောင်းအောင်၊ သစ္စာဆောင်၊ ဘုန်းခေါင် ဘယ်သို့ ပြုသနည်း။
၆။ ပဏ္ဍိတ်သစ္စ၊ ရသေ့ဘဝ၌၊ လောကလူထု၊ ကွဲပြားမှုဝယ်၊ သူ့အဓိဋ္ဌာန်၊ သစ္စာ မှန်အောင်၊ ဇွဲသန်သန်ထား၊ ဟောညွှန်ကြား၊ အများညီအောင် ပြုသတည်း။
၆။ဘုရားအလောင်းတော်သည် “သစ္စပဏ္ဍိတ” အမည်ရသော ရသေ့အဖြစ်ဖြင့် ဟိမဝန္တာ ၌နေ၏။ ထိုအခါ လူအများသည် ကွဲပြားနေကြ၏၊ ရသေ့သူမြတ်သည် ထိုမညီမညွတ် ဖြစ်နေပုံကို ဒိဗ္ဗစက္ခုဉာဏ်ဖြင့် လှမ်း၍ မြင်ရ၏။ ထိုအခါ “ငါသည် သတ္တဝါအများကိုကယ်ဆယ်လိုသောဆန္ဒဖြင့် ဘုရား ဖြစ်ရန် အဓိဋ္ဌာန်ပဋိညာဉ် ပြုထားသူ ဖြစ်၏။ ငါ၏ ပဋိညာဉ်သည် မှန်ကန်ရာ ရောက်အောင် (သစ္စာတည်အောင်) ယခုပင်သွား၍ ညီညွတ်ရေးတရား ဟောမည်”ဟု ကြံစည်ကာ ဟိမဝန္တာမှ လာ၍ တရားဟောလေသည်။ လူအများလည်း ထိုတရားကြောင့် စေ့စပ်ညီညွတ်ကြလေသည်။ ဤဝတ္ထု၌ “ဘုရားဖြစ်အောင်ကြိုးစားမည်” ဟူသော ပဋိညာဉ် (ဝန်ခံချက်) အတိုင်းကြိုးစား၍ အများကောင်းအောင် ပြုခြင်းကို ပင် “သစ္စာ” ဟုဆိုသည်။
၇။ သုတသောမ၊ မင်းဘဝဝယ်၊ ဗုဒ္ဓလောင်းလျာ၊ မြတ်သစ္စာ၊ ကောင်းစွာ ဘယ်သို့ ဖြည့်သနည်း။
၈။ မဟာသုတ-မင်းသောမလည်း၊ သာဒ-ပေါရိ၊ ဖမ်းယူမိသော်၊ သူ၏လက်က၊ လွတ်ပြီးမှလျှင်၊ မုချပြန်မည်၊ ဝန်ခံသည်ကို၊ ကြံစည်ကြောက်ရွံ့၊ နောက်မတွန့်ဘဲ၊ အသက်စွန့်ကာ၊ ပြန်၍လာ၊ သစ္စာတည်အောင် ဖြည့်သတည်း။
၈။ ဘုရားအလောင်းတော်သည် မဟာသုတသောမမင်း ဖြစ်စဉ် ရှင်ဘုရင်ဘဝမှ လူသား စားမှုကြောင့် ထွက်လာခဲ့ရသော ”ပေါရိသာဒ”မည်သူ တစ်ယောက်လည်း တောထဲမှာ နေ၏။ ထိုပေါရိသာဒသည် တစ်နေ့သောအခါ သစ်ငုပ်စူး၍ ခြေဖဝါး၌ ဖြစ်သောအနာကို”နတ်မင်း ကယ်,မပါ၊ ၇ ရက်အတွင်းပျောက်အောင် မ,လျှင် ဇမ္ဗူဒိပ် မင်းအပေါင်း၏ လည်ချောင်းသွေးဖြင့် ယဇ်ပူဇော်ပါမည်” ဟု ဝန်ခံထား၏။ အစာ မရ၍ သူ့ဘာသာ ပျောက်သွားသည်ကို “နတ်မ,သည်” ဟုထင်ကာ ဇမ္ဗူဒိပ်မင်းတို့ကို ယဇ်ပူဇော်ရန် ဖမ်းထား လေသည်။
သုတသောမမင်းသည် ပေါရိသာဒလက်သို့ ရောက်သောအခါ ပုဏ္ဏားတစ်ဦး အထံ၌ တရားဂါထာ နားထောင်ဖို့ရန် ဝန်ခံခဲ့သော ကတိကို သတိရ၍ “တရား နာပြီးလျှင် ပြန်လာပါမည်” ဟု ပေါရိသာဒထံ တောင်းပန်၏။ ပေါရိသာဒလည်း တက္ကသိုလ်ပညာသင်စဉ်က ဆရာဖြစ်ခဲ့ဖူး၍ ပြန်လွှတ်လိုက်၏။ တရားနာ ပြီးသောအခါ သတ်တော့မည်ကို သိပါလျက် သစ္စာမဖျက်ဘဲ မကြောက်မရွံ့ အသက်စွန့်၍ ပြန်လာခဲ့ပေသည်။ (သို့သော် သုတသောမမင်း၏တရား စကားကြောင့် မင်းအားလုံးပင် အသတ်မခံရတော့ဘဲ ပေါရိသာဒလည်း သူ့ထီးနန်းကိုသူ ပြန်ရလေသည်။)
---
(ဇ) အဓိဋ္ဌာန်ပါရမီ ဖြည့်တော်မူပုံ
၁။ မြဲမြဲမြံမြံ၊ ဇွဲသန်သန်၊ ဓိဋ္ဌာန်ဘယ်သို့ ဖြည့်သနည်း။
၂။ ရည်ရွယ်သမျှ၊ မပျက်ရအောင်၊ ဒါန စသည်၊ ပါရမီကို၊ တာရှည်မြဲမြံ၊ ဇွဲ သန်သန်၊ ဓိဋ္ဌာန် ဤသို့ ဖြည့်သတည်း။
၂။ (အဓိ=စွဲစွဲမြဲမြဲ၊ ဝါ - ဇွဲသန်သန်+ဌာန=တည်တံ့ခြင်း) ဒါန စသော ပါရမီကို စွဲစွဲ မြဲမြဲ ဇွဲကောင်းကောင်းနှင့် ပြုလုပ်မည်ဟု ဆုံးဖြတ်ထားမှု၊ ဆုံးဖြတ်သည့် အတိုင်း ပြုလုပ်မှုကို “အဓိဋ္ဌာန်” ဟုခေါ်၏။
၃။ ဓိဋ္ဌာန်ပါရမီ၊ ဘယ်ခါဆီ၊ သာကီတို့ဖျား ဖြည့်သနည်း။
၄။ လောင်းတေမိယ၊ မင်းသားဘဝ၌၊ ဓိဋ္ဌာနမည်၊ ပါရမီ၊ သာကီတို့ဖျား ဖြည့်သတည်း။
၄။ ဘုရားအလောင်းသည် ထိုအဓိဋ္ဌာန်ပါရမီကို တေမိမင်းသားဘဝ၌ ဖြည့်ကျင့်တော်မူခဲ့ပါသည်။
၅။ တေမိမင်းသား၊ ဘယ်လိုများ၊ စိတ်ထား ဓိဋ္ဌာန်ပြုသနည်း။
၆။ မင်းမပြုဝံ့၊ လွန်ကြောက်ရွံ့၍၊ ဆွံ့ -အ လေဟန်၊ နားထိုင်းဟန်ဖြင့်၊ သဏ္ဌာန် ပြုလစ်၊ ဆယ့်ခြောက်နှစ်ဟု၊ ပျိုမျစ်သည့်တိုင်၊ ဓိဋ္ဌာန်ခိုင်၊ တောမြိုင်ရောက် အောင် ပြုသတည်း။
၆။ ဘုရားအလောင်းတော်သည် “တေမိမင်းသား = တေမိယ မင်းသား” ဖြစ်ခဲ့ဖူး၏။ ထိုမင်းသား မဖြစ်မီဘဝက နတ်ပြည်၌ ဖြစ်ခဲ့ဖူး၏။ နတ်ပြည်မရောက်မီ ဘဝ၌ငရဲကျခဲ့၏။ ငရဲမကျမီဘဝ၌ ရှင်ဘုရင်ဖြစ်ခဲ့၏။ ထိုရှင်ဘုရင်ဘဝ၌ သတ်မှုဖြတ်မှုများကို အမိန့်ပေးခဲ့ရသဖြင့် ငရဲကျခြင်း ဖြစ်သည်။
တေမိမင်းသားကလေးသည် တစ်လသားအရွယ်ရောက်၍ ထီးဖြူအောက်၌ ပက်လက်ကလေးနေစဉ် ထီးဖြူကို မြင်ရသည်မှ စ၍ ရှေးဘဝကို သိမြင်သော “ဇာတိဿရ = ဘဝဟောင်း အောက်မေ့နိုင်သော” ဉာဏ်ကို ရလေသည်။ ထိုအခါ မင်းပြုခဲ့ပုံနှင့် ငရဲကျခဲ့ရပုံကို တွေးကာ လွန်စွာ ကြောက်ရွံ့ သဖြင့် ပဒုမ္မာ ကြာပန်း ကလေး နွမ်းသလို ညှိုးနွမ်းသွားရှာလေသည်။
ထိုဖြစ်ပုံကို (ရှေးက မိခင်ဟောင်းဖြစ်ခဲ့ဖူးသော) ထီးချက်စောင့်နတ်သမီး မြင်၍ “သားကြီး တေမိယ.. မကြောက်ပါနှင့်။ မင်း မ,လုပ်ချင်လျှင် “အ,အ၊ အဆွံ့၊ နားထိုင်း” တဲ့ဟန်ကို ဆောင်နေလိုက်ပါဟု အကြံ ပေးလေသည်။ ထိုအခါမှစ၍ ငိုလည်းမငို၊ အရွယ်ရောက်လည်း မထိုင်မထ၊ ပြောသမျှလည်း မကြားသလို ဟန်ဆောင်၍ နေလိုက်ရာ အသက် တစ်ဆယ့်ခြောက်နှစ် ကြာလေသည်။ ထိုအခါကျမှ “ထီးနန်းနှင့်မတန်ဘူး” ဟုအယူရှိ၍ ခမည်းတော်မင်းကြီးက တောထဲသို့ ထုတ်သတ် ဖို့ရန် အမိန့် ပေးလေရာ တောထဲရောက်သော် ရသေ့ရဟန်း ပြုသွားလေသည်။
---
(စျ) မေတ္တာပါရမီဖြည့်တော်မူပုံ
၁။ မေတ္တာဖြစ်ပုံ၊ စနစ်ကုန်၊ စုံစုံဘယ်သို့ ပြောမည်နည်း။
၂။ မိမိအပေါ်၊ သူ ‘မတော်လည်း၊ သူတော်မြတ်ဖျား၊ လောင်းဘုရားတို့၊ သူများ ပြစ်ဆာ၊ မရှုပါဘဲ၊ ကိုယ်သာ သူ့ကျိုး၊ ဆောင်သယ်ပိုး၊ ရိုးရိုးမေတ္တာ ပွားသတည်း။
၂။ မေတ္တာဟူသည် သူတစ်ပါးတို့ကို ကြီးပွားစေလို ချမ်းသာစေလိုသော သဘောတည်း။ ထို့ကြောင့် မြင့်မြတ်သော စိတ်ဓာတ်ရှိသူတို့သည် မိမိအပေါ်၌ သူတစ်ပါးက မတော်မတရား ပြုထားစေကာမူ ထိုသူ၏ အပြစ်အနာအဆာကို (လက် စား ချေမည်ဟု) မရှုတော့ဘဲ အကြောင်းကိစ္စပေါ်လာလျှင် ကိုယ်ကသာ သူ့အကျိုးကို ဆောင်ရွက်ကြလေသည်။
၃။ မေတ္တာပါရမီ၊ ဘယ်ခါဆီ၊ သာကီတို့ဖျား ဖြည့်သနည်း။
၄။ သုဝဏ္ဏသာမ၊ ရသေ့ဘဝနှင့်၊ ဧကရာဇာ၊ ဖြစ်သောခါ၊ မေတ္တာတို့ဖျား ဖြည့်သတည်း။
၄။ သုဝဏ္ဏသာမ ရသေ့ကို “သုဝဏ္ဏသျှံ” ဟု အများ သိနေကြ၏။ ငါတို့ ဘုရားအလောင်းတော်သည် သတ္တဝါတို့အပေါ် များသောအားဖြင့် မေတ္တာထားလေ့ရှိ၏။ သုဝဏ္ဏသျှံ ရသေ့ဘဝနှင့်ဧကရာဇ်မင်းဘဝတို့၌ကား အထင်အရှား မေတ္တာပွားတော်မူခဲ့ပါသည်။
၅။ သုဝဏ္ဏသျှံ၊ ရသေ့မွန်ကား၊ ချိန်မှန်ခါခါ၊ ဘယ်ဆီမှာ၊ မေတ္တာဘယ်သို့ ပွားသနည်း။
၆။ သုဝဏ္ဏသျှံ၊ ရသေ့မွန်ကား၊ ချိန်ခါရှည်ညောင်း၊ သားကောင်ပေါင်း၌၊ အကြောင်းလျော်စွာ၊ ချစ်မေတ္တာ၊ ကောင်းစွာ ဤသို့ပွားသတည်း။
၆။ ဘုရားအလောင်းသည် သုဝဏ္ဏသျှံ ရသေ့ကလေးဖြစ်စဉ် တောထဲ၌ မျက်မမြင် မိဘ ၂ ပါးကို ပြုစုနေ၏။ တောထဲ၌ရှိကြသော ခြင်္သေ့, သစ်, ကျားနှင့် တောကောင် အလေ့ တောထဲမှာ ပျော်မွေ့ ကြသော သမင်, ဒရယ်, ချေ စသော သားကောင်များ အပေါ်၌ လည်းကောင်း၊ ငှက် တိရစ္ဆာန်တို့ အပေါ်၌လည်းကောင်း တကယ့် မေတ္တာ စိတ်ဖြင့် ချစ်ခင်နေရရှာပေသည်။
၇။ ဧကရာဇာ၊ မင်းဖြစ်ခါ၊ မေတ္တာဘယ်သို့ ပွားသနည်း။
၈။ တိုင်းပြည်လုယူ၊ မင်းရန်သူလည်း၊ ရန်သူဟုပင်၊ မမှတ်ထင်ဘဲ၊ မိခင်ပမာ၊ ချစ်မေတ္တာ၊ မြဲစွာ ဤသို့ ပွားသတည်း။
၈။ ဘုရားအလောင်းသည် “ဧကရာဇာ” မည်သော မင်းဖြစ်ခဲ့ဖူး၏။ ထိုအခါ ထိုမင်း၏ မေတ္တာတရား အားကြီးကြောင်းကို ကြား၍ အခြားမင်းတစ်ယောက်သည် စစ်တပ်ဖြင့် တိုင်းပြည်ကို လုယူဖို့ရန် လာ၏။ ထိုအခါ ရန်သူမင်းကိုပင် ရန်သူဟု သဘော မထားဘဲ မိခင်၏မေတ္တာကဲ့သို့ တကယ့်မေတ္တာဖြင့် ခုခံတိုက်ခိုက်မှု မပြုဘဲ တိုင်းပြည်ကို စွန့်လိုက်လေသည်။ (ထိုမေတ္တာကြောင့်ပင် နောင်အခါ ထိုမင်းတို့ ချစ်ခင်ကြ၍ တိုင်းပြည်ကို ပြန်ရလေသည်။)
---
(ည) ဥပေက္ခာပါရမီဖြည့်တော်မူပုံ
၁။ လျစ်လျူရှုတာ၊ ဥပေက္ခာ၊ သည်ဟာ ဘာ့ကြောင့် ကောင်းသနည်း။
၂။ လူကိုမရှု၊ သူတို့ပြုသည့်၊ အမှုအပေါ်၊ တော်မတော်ဖြင့်၊ စော်စော်ကားစေ၊ ကောင်းပြုပေလည်း၊ စိတ်နေမခု၊ ချစ်မပြုဘဲ၊ လျစ်လျူရှုကာ၊ ဥပေက္ခာ၊ သည်ဟာ ဒါ့ကြောင့် ကောင်းသတည်း။
၂။ မုန်းလည်း မမုန်း ချစ်လည်း မချစ်ဘဲ အလယ်အလတ်၌ တည့်မတ်သော စိတ်ကို “ဥပေက္ခာပြုခြင်း = လျစ်လျူရှုခြင်း” ဟု ခေါ်၏။ ထိုသို့ရှုရာ၌လည်း ပုဂ္ဂိုလ်ကိုရှုသည် မဟုတ်။ ထိုပုဂ္ဂိုလ်များ ပြုသော အမှုအပေါ်၌သာ (စော်ကားလည်း မမုန်း၊ ရိုသေ လေးစားလည်း မချစ်ဘဲ) လျစ်လျူရှုခြင်း ဖြစ်သည်။
၃။ ဥပေက္ခာပါရမီ၊ ဘယ်ခါဆီ၊ သာကီတို့ဖျား ဖြည့်သနည်း။
၄။ လောမဟံသ၊ ဖြစ်ကာလ၌၊ ဥပေက္ခာမည်၊ ပါရမီ၊ သာကီ တို့ဖျား ဖြည့်သတည်း။
၄။ ဘုရားအလောင်းတော်သည် “လောမဟံသ”ဖြစ်စဉ်အခါ၌ မြင်ရသူတို့ ကြက်သီး မွေးညှင်းထလောက်အောင် ဤဥပက္ခာပါရမီကို ဖြည့်တော်မူခဲ့ပါသည်။ (လောမ = ကြက်သီးမွေးညှင်းတို့ကို + ဟံသ =ရွှင်စေ(ထစေ) လောက်အောင် ကျင့်သူ ။)
၅။ လောမဟံသ၊ သူကောင်းဘဝ၌၊ ဥပေက္ခာပြု၊ လျစ်လျူရှု၊ ဘယ်မှုအပေါ် ထားသနည်း။
၆။ သင်္ချိုင်းမြေတွင်၊ လျောင်းနေစဉ်ဝယ်၊ ဝန်းကျင်ရွာသား၊ ကလေးများတို့၊ အနားသို့လာ၊ မတော်တာဖြင့်၊ ပြောင်ကာပြုကြ၊ ပေးလှူကြလည်း၊ ဒေါသ မမုန်း၊ ချစ်မပြုံး၊ လုံးလုံးလျစ်လျူရှုသတည်း။
၆။ ဘုရားအလောင်းသည် မိဘတို့ ကွယ်လွန်သွားသောအခါ များစွာကျန်ရစ်သော စည်းစိမ်တို့ကို မက်မောခြင်း မရှိဘဲ ရသေ့ပြုလို၏။ သို့သော် ရသေ့ပြုလုပ်သွားလျှင် လူအများ အထင်ကြီး၍ ချီးမွမ်းကြလိမ့်မည်ဟု ယူဆသဖြင့် ရသေ့လည်း မလုပ်ဘဲ အဝတ်တစ်ထည်ဖြင့် ရောက်ရာ ပေါက်ရာ ထွက်ခွာ သွားလေ၏။
လေးလေးစားစား ပြုသောနေရာ၌ ကြာကြာမနေ တစ်ရက်သာနေ၏။ မလေး မစားပြုသူများသော နေရာ၌သာ ကြာကြာနေ၍ ဥပေက္ခာပါရမီကို ဖြည့်ကျင့် လေသည်။ ရွာတစ်ရွာ၌ကား ဘုရားအလောင်းကို ကလေးတွေနှင့် သေသောက်ကြူး တွေက အများဆုံး ပြောင်ကြ လှောင်ကြကုန်၏။
အလောင်းတော်သည် သုသာန်၌ လူရိုးကို ခေါင်းအုံး၍ အိပ်၏။ ကလေးတို့ လာ၍ တံတွေး ထွေးကြ၊ ကျင်ကြီး ကျင်ငယ် စွန့်ချကြကုန်၏။ ထိုသူတို့အပေါ်၌ စိတ်မဆိုး။ တချို့ လိမ္မာသူတို့က ပန်းနံ့သာနှင့် စားကောင်း သောက်ဖွယ်ကို ပေးလှူကြကုန်၏။ ထိုသူတို့ အပေါ်၌လည်းမချစ်။ ၂ မျိုး လုံးအပေါ်၌ ဥပေက္ခာဖြင့် နေလေသည်။ (ထိုဘဝ၌ လောကဓံကို အခံနိုင်ဆုံးပင် ဖြစ်လေသည်။)
(လင်္ကာ) လေးသင်္ချေကိန်း၊ ကပ် တစ်သိန်းမျှ၊ ထိန်းသိမ်းရသား၊ ပါရမီများကို၊ ဘုရား အလောင်း၊ ဘဝပေါင်း၌၊ အကြောင်းတိုက်ဆုံ၊ ဖြည့်ကျင့်ပုံဝယ်၊ အကုန်မကျန်၊ မသိမှန်လည်း၊ သိတန်သမျှ၊ ကြည်ညိုရ၍၊ ဗုဒ္ဓစောမြတ်၊ မနောဓာတ်၌၊ မပြတ် ရှိအောင်၊ သတိဆောင်လျှင်၊ ခုနောင် သင်တို့ ဘေးကင်းဖို့။
---
စတုတ္ထအခန်း
(တုတိသာ စံတော်မူပုံနှင့် လူ့ပြည်၌ ပဋိသန္ဓေနေတော်မူပုံ)
၁။ အကျဉ်းဆယ်ပါး၊ အပြားသုံးဆယ်၊ များကျယ်အမှန်၊ ဆုထူးပန်၊ ချိန်တန် ဘယ်မှာ ပြည့်သနည်း။
၂။ အကျဉ်းဆယ်ပါး၊ အပြားသုံးဆယ်၊ များကျယ်အမှန်၊ ဆုထူးပန်၊ ဝေဿန်ဘဝ ပြည့်သတည်း။
၂။ အကျဉ်း ၁၀ ပါး၊ အကျယ် ၃၀ ပြားသော ပါရမီများကို ၄ အသင်္ချေနှင့် ကမ္ဘာ တစ်သိန်းကြာအောင် ဖြည့်ကျင့်တော်မူခဲ့ရာ (ဒါနပါရမီ ဖြည့်ကျင့်ပုံ၌ ပြခဲ့သော) ဝေဿန္တရာမင်း ဘဝ၌ ပါရမီတော် အားလုံး ပြည့်စုံလေသည်။ ဤနေရာဝယ် ဘုရား အလောင်းတော် ပါရမီ ဖြည့်ပုံကို စဉ်းစားသောအခါ သုမေဓာဘဝ ဒါနဖြင့် စခဲ့ပြီး လျှင် ဝေဿန္တရာမင်းဘဝ၌လည်း ဒါနဖြင့် အုပ်၍ နိဂုံးချုပ်တော်မူပုံကို တွေ့ရပေသည်။
၃။ ဝေဿန်ဘဝ၊ ဆုံးကာလ၊ ဌာနဘယ်သို့ မြန်းသနည်း။
၄။ ဝေဿန္တရာ၊ ဆုံးသောအခါ၊ တုသိတာသို့ မြန်းသတည်း။
၄။ ဝေဿန္တရာမင်း ဘဝဆုံးသောအခါ မဒ္ဒီမိဖုရားနှင့်အတူ တုသိတာနတ်ပြည်၌ (သိကြားမင်းကဲ့သို့) “သန္တုသိတ” နတ်မင်းအဖြစ်ဖြင့် စံမြန်းတော်မူလေသည်။ (ဘွဲ့ မည်အားဖြင့် “သေတကေတု” မည်သောဟု ဆိုကြ၏။)
၅။ တုသိသာတွင်၊ ဘယ်သို့လျှင်၊ တို့ရှင် ဘယ်မျှကြာသနည်း။
၆။ နတ်တုသိတာ၊ များထက်သာ၊ နတ်ရွာ သက်စေ့ ကြာသတည်း။
၆။ ဘုရားအလောင်းနတ်သားသည် တုသိတာနတ်နန်း၌ စံမြန်းတော်မူသောအခါ တုသိတာနတ် အားလုံးထက် အဆင်းလှ၏။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု (ဒုက္ခ ဟူသမျှ) တစ်ခုမျှ မရှိ။ အခြွေအရံလည်း များ၏။ တုသိတာနတ် အားလုံးကို အုပ်စိုးရ၏။
ဘုရားအလောင်းသည် ပါရမီ မပြည့်သေးခင်ကာလ၌ နတ်ပြည် ဗြဟ္မာ့ပြည်မှာ အသက်တမ်းကုန်အောင် မနေဘဲ (လူ့ပြည်၌ ပါရမီ ဖြည့်ဖို့ရန်) စုတေခဲ့၏။ ထိုဘဝ၌ကား ပါရမီပြည့်နေပြီ ဖြစ်၍ တုသိတာနတ်ဘုံ၏ ထုံးစံဖြစ်သာ အသက်တမ်းစေ့အောင် နေတော်မူသည်။ (ထိုဘုံ၏ အသက်တမ်းသည် ယခုလူတို့ တွက်ကိန်းဖြင့် နှစ်ပေါင်း ငါးဆယ့်ခုနစ်ကုဋေ ခြောက်သန်း ကြာ၏။)
၇။ သက်တမ်းစေ့တွင်၊ ဘယ်သို့လျှင်၊ ထိုစဉ် အဖြစ်ထူးသနည်း။
၈။ သက်တမ်းစေ့ခါ၊ နတ်ဗြဟ္မာတို့၊ ညီညာဖျဖျ၊ ရောက်လာကြ၍၊ ဗုဒ္ဓဖြစ်ရန်၊ များတောင်းပန်၊ သူ့ထံသန္ဓေ တည်ဖို့တည်း။
၈။ ဘုရားအလောင်း အသက်တမ်းစေ့၍ စုတေခါနီးသောအခါ စကြဝဠာ (ကမ္ဘာ) တစ်သောင်း၌ ရှိကြသော နတ်နှင့် ဗြဟ္မာတို့သည် များသောအားဖြင့် စုပေါင်း၍ ဘုရားအလောင်း နတ်သားအထံသို့ လာကြ၏။ ထိုသို့ လာပြီးလျှင် “ဘုရားဖြစ်ဖို့ အချိန်တန်ပါပြီ။ လူ့ပြည်၌ ပဋိသန္ဓေနေ၍ ဘုရားဖြစ်တော်မူပါ” ဟုတောင်းပန်ကြ လေသည်။
၉။ တောင်းပန်သောခါ၊ တို့လောင်းလျာ၊ ဘယ်ဟာကိစ္စ ပြုသနည်း။
၁ဝ။ တောင်းပန်သောခါ၊ တို့လောင်းလျာ၊ ငါးဖြာကြည့်မှု ပြုသတည်း။
၁၀။ နတ်ဗြဟ္မာတို့က လူ့ပြည်၌ ပဋိသန္ဓေ တည်နေဖို့ရန် တောင်းပန်သောအခါ ချက်ချင်း တာဝန် မခံသေးဘဲ ငါးပါးသော ကြည့်ဖွယ်တို့ကို ကြည့်တော်မူသည်။
၁၁။ ကြည့်မှုငါးပါး၊ ဘယ်ဟာများ၊ မှတ်သားဘယ်သို့ ပြောမည်နည်း။
၁၂။ ကာလ-ဒီပ၊ ရပ်ဒေသနှင့်၊ ကုလမျိုးဆက်၊ မယ်တော်တွက်၊ အသက်ရှည်ဖို့ ကြည့်သတည်း။
၁၂။ ကြည့်ဖွယ်ငါးပါးကား ---
(၁) အခါကာလ - လူတို့၏အသက်တမ်း အနှစ်တစ်သိန်းမှအောက် အနှစ်တစ်ရာ အထက်၌သာ ဘုရားဖြစ်ဖို့ရန် အချိန်အခါဖြစ်သည်။
(၂) ဒီပ(ကျွန်း) - ကျွန်းကြီးလေးကျွန်းတွင် “ဇမ္ဗူဒီပ” ခေါ် တောင်ကျွန်း၌သာ ဘုရား ပွင့်ရိုး ရှိ၏။
(၃) ဒေသ(အရပ်) - တောင်ကျွန်းတွင်လည်း “မဇ္ဈိမဒေသ”ခေါ်သော အိန္ဒိယတိုင်း ၌သာ ဘုရားပွင့်ရိုး ရှိ၏။
(၄) ကုလ(အမျိုး) - မဇ္ဈိမဒေသတွင်လည်း ခတ္တိယ(မင်း) မျိုး၊ ဗြဟ္မဏ (ပုဏ္ဏား)မျိုးတို့၌ သာ ဘုရားပွင့်ရိုး ရှိ၏။
(၅) မယ်တော့်အသက် - မယ်တော်ဖြစ်မည့်သူသည် သီလစင်ကြယ်သူဖြစ်၍ ဘုရား အလောင်း ဖွားပြီးနောက် ၇ ရက်ကြာလျှင် နတ်ရွာစံ ရလောက်သော အသက်ရှိရမည်။ သည့်ထက် တိုလည်း မတိုရ၊ ရှည်လည်း မရှည်ရ။
၁၃။ ကြည့်မှုငါးဖြာ၊ စုံသောခါ၊ လောင်းလျာ ဘယ်သို့ မိန့်သနည်း။
၁၄။ ကြည့်မှုငါးဖြာ၊ စုံသောခါ၊ လောင်းလျာ ဝန်ခံတော့သတည်း။
၁၄။ ကြည့်ဖွယ် ငါးပါးတို့ကို ကြည့်ရှုသောအခါ အားလုံး စုံလင်စွာ မြင်ရသဖြင့် “ဘုရားဖြစ်ဖို့ရန် လူ့ပြည်၌ ဖြစ်မည်”ဟု ဝန်ခံ(ကတိ)ပြုတော်မူလေသည်။
၁၅။ ဝန်ခံပြီးလျှင်၊ ထိုချိန်တွင်၊ တို့ရှင် ဘယ်သို့ ဖြစ်သနည်း။
၁၆။ ဝန်ခံပြီးလျှင်၊ မကြာခင်၊ တို့ရှင် စုတေခဲ့သတည်း။
၁၆။ ထိုသို့ ဝန်ခံပြီး၍ မကြာမီပင် တုသိတာမှ စုတေတော်မူခဲ့၏။ ထိုသို့ စုတေရာ၌ အခြားသူတို့ကဲ့သို့ မေ့မေ့ မူးမူး မဟုတ်ဘဲ သတိနှင့်ဉာဏ် အခြေခံလျက် စုတေခဲ့ခြင်း ဖြစ်သည်။
၁၇။ စုတေပြီးလျှင်၊ တို့အရှင်၊ ဘယ်တွင် သန္ဓေတည်သနည်း။
၁၈။ မာယာဒေဝီ၊ မဟေသီ၏၊ ရွှေညီအပေါင်း၊ ခညောင်းဦးခိုက်၊ ကြာဝမ်းတိုက်၊ စွဲပိုက်သန္ဓေ တည်သတည်း။
၁၈။ စုတေပြီးနောက် မိဖုရားငယ်တို့၏ ဦးခိုက်ရာဖြစ်၍ အကြီးဆုံး ထိပ်ခေါင်တင် မိဖုရားဖြစ်သော မာယာဒေဝီ၏ ဝမ်းတိုက်၌ ပဋိသန္ဓေ တည်နေတော်မူသည်။
ထိုအခါ အိန္ဒိယတိုင်း မြောက်ပိုင်းဖြစ်၍ ဟိမဝန္တာနှင့်လည်း နီးကပ်သော (ယခုအခါ နီပေါပြည်ဟုခေါ်သော) အရပ်၌ “ကပိလဝတ်” နေပြည်တော် ရှိ၏။ ထိုနေပြည်တော်၌ အစဉ်အဆက် မင်းမျိုးမပျက်ခဲ့သော “သာကီဝင်မျိုး”ဝယ် သုဒ္ဓေါ ဒန မဟာရာဇာသည် မာယာဒေဝီနှင့် ပဇာပတိ ဂေါတမီ ညီမရင်း ၂ ပါးကို မိဖုရား မြှောက်၍ ထီးနန်းစံလျက်ရှိသည်။
၁၉။ အလောင်းတော်ရှင်၊ သန္ဓေဝင်၊ ထိုစဉ် ဘယ်သို့ ဖြစ်သနည်း။
၂၀။ အလောင်းတော်ရှင်၊ သန္ဓေဝင်၊ ပဲ့တင်မြေကြီး လှုပ်သတည်း။
၂၀။ဘုရားအလောင်းသည် ထိုမာယာဒေဝီ မဟေသီ၏ ဝမ်းတိုက်၌ ပဋိသန္ဓေတည်သည်နှင့် တစ်ပြိုင်နက် မြေငလျင် ပြင်းစွာ တုန်လှုပ်လေသည်။
၂၁။ ဒေဝီမာယာ၊ ထိုချိန်ခါ၊ ထူးစွာ ဘယ်သို့ ဖြစ်သနည်း။
၂၂။ ဝါဆိုလပြေ့၊ ဥပုသ်နေ့၌၊ ချမ်းမြေ့နှလုံး၊ ဥပုသ်သုံးကာ၊ စက်ပျော်ရာဝယ်၊ ဝမ်းကြာတိုက်တွင်၊ ဆင်ဖြူဝင်၊ မိခင် အိပ်မက် မက်သတည်း။
၂၂။ ဘုရားအလောင်း ပဋိသန္ဓေတည်ရာနေ့သည် ဝါဆိုလပြည့်နေ့ဖြစ်၍ မာယာဒေဝီ သည် ရှစ်ပါးသီလ ဥပုသ်ကို စောင့်သုံးတော်မူလျက် အသရေရှိသော နန်းဆောင် စက်ရာ၌ စက်တော်ခေါ် (အိပ်ပျော်) နေစဉ် အောက်ပါ အိပ်မက်ကို မက်လေသည်။
“နတ်မင်းကြီး ၄ ယောက်တို့သည် မိမိကို အိပ်ရာနှင့်တကွ ဆောင်ယူသွား၍ အနဝတတ်အိုင်၌ ရေချိုးစေကြ၏။ ထို့နောက် နတ်အဝတ်ကို ဝတ်စေ၍ ပန်းနံ့သာ တို့ကို လိမ်းကျံ ပန်းဆင်စေကြ၏။ ထို့နောက် ငွေတောင်၏ အတွင်း၌ ရွှေဗိမာန် ဝယ် အရှေ့ဘက် ဦးခေါင်းပြု၍ အိပ်စေကြလေသည်။ ထိုအခါ ဆင်ဖြူတော် တစ်စင်းသည် လက်ယာနံပါးကို ဖောက်၍ ဝမ်းတွင်း ဝင်သလို ဖြစ်သွားသည်”ဟု အိပ်မက် မက်လေသည်။
၂၃။ မယ်တော့်ဝမ်းတွင်၊ အောင်းနေစဉ်၊ တို့ရှင် ဘယ်သို့ ထူးသနည်း။
၂၄။ မယ့်တော့်ဝမ်းတွင်၊ အောင်းနေစဉ်လည်း၊ တို့ရှင်လောင်းလျာ၊ မယ်တော်ပါ၊ လူ့ရွာ ဆင်းရဲ ကင်းသတည်း။
၂၄။လူတို့ထုံးစံ အားဖြင့် အမိဝမ်းတွင်း အောင်းနေရသူမှာ လွန်စွာဆင်းရဲကြရ၏။ ကိုယ်ဝန်ဆောင်သူများလည်း မသက်သာကြ။ ဘုရားအလောင်းကား သားအိမ် အတွင်းမှာပင် သက်သက်သာသာ နေရ၏။ မယ်တော်မှာလည်း ပေါ့ပေါ့ပါးပါး ပင်နေနိုင်၏။ ဤအားလုံးကိုခြုံ၍ လယ်တီဆရာတော်ဘုရားကြီး၏ လင်္ကာကား - (လပြည့်ကို “လ” ဟုဖတ်။ ကြာသပတေးနေ့ - ကြွက်မင်းနေ့။)
(လင်္ကာ) သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင် စကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊ ရတုနဂိုရ်၊ ရွှမ်းရွှမ်းစိုသည်၊ ဝါဆိုလပြည့်၊ ကြွက်မင်း နေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေ ယူသည် နတ်လူငြိမ်းဖို့ ကိန်းပါကို။
ပဉ္စမအခန်း
(ဖွားမြင်တော်မူသည်မှ စ၍ ထီးနန်း စံတော်မူပုံ အထိ)
၁။ ဆယ်လစေ့တွင်၊ တို့အရှင်၊ ဘယ်တွင် ဖွားတော်မူသနည်း။
၂။ ကဆုန်လမည်၊ ပုဏ္ဏမီဝယ်၊ လုမ္ဗိနီသာရှင်း၊ ဥယျာဉ်တွင်း၌၊ အင်ကြင်း ပင်ခက်၊ လက်တစ်ဖက်ဖြင့်၊ ကိုင်လျက်မယ်တော်၊ ရပ်နေသော်၊ ဖွားတော် မူခဲ့ပါသတည်း။
၂။ ဝါဆိုလပြည့်နေ့၌ ပဋိသန္ဓေတည်နေခဲ့သော ဘုရားအလောင်းသည် နောက်တစ်နှစ် ကဆုန်လပြည့်နေ့၌ ဆယ်လစေ့၏။ ထိုအခါ မာယာဒေဝီသည် ဆွေတော်မျိုးတော် များ၏နေရာ ဒေဝဒဟပြည်သို့ အခြွေအရံဖြင့် ဝေါတော်(ထမ်းစင်) စီး၍ ထွက်တော် မူလာခဲ့၏။ ကပိလဝတ်ပြည်နှင့် ဒေဝဒဟပြည်အကြား၌ လုမ္ဗိနီခေါ်မင်္ဂလာအင်ကြင်း ဥယျာဉ်တော်ရှိ၏။ ထိုဥယျာဉ်တော်၌ အင်ကြင်းပင်များသည် အလွန်ရှုချင်ဖွယ် ပွင့်၍နေ၏။ မာယာဒေဝီသည် ဥယျာဉ်တော်သို့ဝင်၍ အလွန်လှပစွာ ပင်လုံးကျွတ် ပွင့်နေသော အင်ကြင်းပင်၏ အခက်ကို လက်တစ်ဖက်ဖြင့် လှမ်း၍ ကိုင်တော်မူစဉ် တရားပလ္လင်မှ ဓမ္မကထိက ကလေးဆင်းလာသကဲ့သို့ ချမ်းချမ်းသာသာ အလွန် သန့်ရှင်းစွာ ဖွားမြင်တော်မူလာလေသည်။ ထိုအခါ မြေငလျင်ကြီးစွာတုန်လှုပ်၏။
၃။ သောင်းလောကဓာတ်၊ ဗြဟ္မာနတ်၊ ချဉ်းကပ်ဘယ်သို့ ပြုသနည်း။
၄။ ဘုရားလောင်းလျာ၊ ဖွားသောခါဝယ်၊ ဗြဟ္မာနတ်များ၊ မနေအားဘဲ၊ ထံပါး ချဉ်းကပ်၊ လွန်လေးမြတ်၊ ပျပ်ဝပ်ခံယူကြသတည်း။
၄။ နတ် ဗြဟ္မာ အများလည်း မဖွားမီကပင် ကြိုတင်၍ ရောက်လာကြ၏။ သုဒ္ဓါဝါသ ဘုံသား ဖြစ်သော ရဟန္တာဗြဟ္မာကြီးတို့သည် ဖွားမြင်လာသော ဘုရားအလောင်းတော်ကို ရွှေဇာတဘက်ဖြင့် ခံလင့်ပြီးလျှင် မယ်တော်ရှေ့သို့ပြကာ “အရှင်မိဖုရား ဝမ်းမြောက်တော်မူပါ။ တန်ခိုးကြီးသော သားရတနာ ဖွားပါပြီ” ဟုပြောဆိုကြလေသည်။ ဗြဟ္မာမင်းတို့ လက်မှတစ်ဆင့် စတုမဟာရာဇ်နတ်မင်းကြီး ၄ ယောက်သည် နူးညံ့ ညက်ညောသော သစ်နက်ရေဖြင့် ခံယူကြကုန်၏။
၅။ နတ်တို့လက်မှ၊ ဘယ်သို့ကြွ၊ ဗုဒ္ဓလောင်းတော် စံသနည်း။
၆။ နတ်တို့လက်မှ၊ လူတို့က၊ ဗုဒ္ဓလောင်းတော် ယူသတည်း။
၆။ နတ်တို့လက်မှတစ်ဆင့် လူတို့က ဘွဲ့ဖြူ အဝတ်ဖြင့် ခံယူကြလေသည်။ ။ လူတို့လက်မှဆင်း၍ မြေပေါ်၌ တည့်တည့်မတ်မတ် ရပ်တော်မူပြီးလျှင် (ရှေးရှု အရပ် အထောင့်အရပ်နှင့် အထက်အောက် အရပ် အားလုံးပေါင်း) အရပ် ဆယ်မျက်နှာကို လှည့်ကြည့်တော်မူ၏။ ထိုအခါ နတ်ဗြဟ္မာ တို့ ဦးညွတ်ကြ၊ ပန်းနံ့သာ တို့ဖြင့် ပူဇော်ကြ၏။ ထို့နောက် မြောက်အရပ်သို့ ခုနစ်လှမ်းကြွတော်မူသည်။
၇။ လူတို့လက်မှ၊ ဘယ်သို့ကြွ၊ ဗုဒ္ဓလောင်းတော် မြန်းသနည်း။
၈။ လူတို့လက်မှ၊ လွတ်ပြီးစတွင်၊ ဗုဒ္ဓလောင်းတော်၊ မြောက်သို့ မျှော်၊ ကြွတော် မူပါလေသတည်း။
၉။ မြောက်သို့ကြွခါ၊ ထိုနေရာ၊ လောင်းလျာ ဘယ်သို့မိန့်သနည်း။
၁၀။ ငါအဦးဆုံး၊ အကြီးဆုံးနှင့်၊ အမြတ်ဆုံးပင်၊ ငါသာလျှင်၊ ထိုစဉ်လောင်းလျာ မိန့်သတည်း။
၁ဝ။ မြောက်အရပ်သို့ကြွပြီး၍ တည့်တည့်မတ်မတ် ရပ်နေသောအခါ များစွာသော နတ် ဗြဟ္မာတို့သည် မိန့်မြွက်မည့် အသံကိုနာခံလိုကြသဖြင့် အလွန်ငြိမ်သက်တိတ်ဆိတ်စွာ နားစိုက်နေကြစဉ်-“အဂ္ဂေါဟမသ္မိ = ငါသည် အဦးအဖျားဆုံး။ ဇေဋ္ဌောဟမသ္မိ = ငါသည် အကြီးဆုံး။ သေဋ္ဌောဟ မသ္မိ = ငါသည် အမြတ်ဆုံး” ဟု မရွံ့ မကြောက် မိန့်မြွက်တော်မူလေသည်။
၁၁။ မိန့်ပြီးသောခါ၊ လောင်းလျာနှင့်၊ မာယာမယ်တော်၊ ဘယ်မှာနော်၊ စံပျော် မူပါလေသနည်း။
၁၂။ နှစ်ပြည်ထောင်ပျော်၊ ဆွေမျိုးတော်က၊ မယ်တော်ဘုရာ့၊ လောင်းဗုဒ္ဓကို၊ ကပိလသို့၊ ပြန်၍ပို့၊ ထိုမြို့ စံပျော်ပါသတည်း။
၁၂။ ထိုအခါ မယ်တော်မာယာသည် သားတော်ကို အားရ ဝမ်းသာစွာ ပွေ့ယူတော်မူ၍ ရင်ခွင်၌ နေစေတော်မူသည်။ ကပိလဝတ်ပြည်နှင့် ဒေဝဒဟပြည်သား ၂ ပြည်ထောင် ဆွေတော်မျိုးတော်များလည်း ဘုရားအလောင်းနှင့် မယ်တော်မာယာဒေဝီကို ကပိလဝတ် နေပြည်တော်သို့ ဝမ်းသာအားရ ပြန်၍ ပို့ကြလေသည်။
၁၃။ မယ်တော် မာယာ၊ ဘယ်သောခါ၊ နတ်ရွာစံတော်မူသနည်း။
၁၄။ အလောင်းဘုရား၊ ဖွားပြီးသည့်နောက်၊ ၇ ရက်မြောက်သော်၊ မြတ်မယ်တော်၊ စံပျော် တုသိတာ မှာတည်း။
၁၄။ ဘုရားအလောင်း ဖွားတော်မူပြီးနောက် ခုနစ်ရက်မြောက်သောအခါ မယ်တော်မာယာ စုတေ၍ တုသိသာ နတ်ပြည်၌ ဖြစ်လေသည်။ (စုတေရခြင်းမှာလည်း သားဖွားရခြင်းနှင့် စပ်သော ဒုက္ခကြောင့် မဟုတ်ပါ)။ ဘုရားအလောင်း ကိန်းဝပ်ရာ ဝမ်းတိုက်၌ နောက်ထပ် မည်သူမျှ ပဋိသန္ဓေ မနေထိုက်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရာ့မယ်တော်တိုင်း ၇ ရက် ကြာလျှင် စုတေမြဲဓမ္မတာ ဖြစ်၏။ ထို့ကြောင့်ပင် အလောင်းတော်များ ပဋိသန္ဓေ မနေခင် မယ်တော်၏အသက်တမ်းကို ကြည့်ကြရလေသည်။
၁၅။ ဗုဒ္ဓလောင်းလျာ၊ မည်သညာ၊ ဘယ်ခါ ဘယ်သို့ မှည့်သနည်း။
၁၆။ ဖွားမြင်ပြီးနောက်၊ ၅ ရက်မြောက်သော်၊ ရှစ်ယောက် ပုဏ္ဏား၊ လက္ခဏာ များကို၊ ရှုစားပြီးက၊ မည်နာမ၊ သိဒ္ဓတ္ထ ဟု မှည့်သတည်း။
၁၆။ ဘုရားအလောင်းတော် ဖွားမြင်ပြီးနောက် ၅ ရက်မြောက်သောအခါ ခမည်းတော် သုဒ္ဓေါဒန မဟာရာဇာ သည် လက္ခဏာကျမ်းနှင့်တကွ ဗေဒင်အတတ်၌ အဆုံးတိုင်အောင် တတ်မြောက်ကုန်သော ပုဏ္ဏားတစ်ရာ့ ရှစ်ယောက်ကို ဖိတ်ခေါ်၍ နံ့သာမျိုးစုံ လိမ်းကျံထားသော နေရာဝယ် ပန်းပေါက်ပေါက်ကြဲ၍ နို့ဃနာ ထမင်းကို ကျွေးလေသည်။ ထို့နောက် အတတ်ဆုံး ပုဏ္ဏားရှစ်ယောက်ကို ရွေးချယ်၍ ဘုရားအလောင်းတော်၏ ရုပ်လက္ခဏာကို ကြည့်ရှုစေလေသည်။
ထိုအခါ ၃၂ ပါးသော ယောက်ျားမြတ် လက္ခဏာကို တွေ့ရ၍ ၇ ယောက်သော ပုဏ္ဏားတို့က လူ့ဘောင်မှာ နေလျှင် စကြာမင်း၊ တောထွက်သွားလျှင် ဗုဒ္ဓအစစ် (ဘုရား) ဖြစ်ပါလိမ့်မည်ဟု ဟောပြောကြ၏။ အငယ်ဆုံး ကောဏ္ဍညပုဏ္ဏားကမူ “မုချ ဘုရားဖြစ်ရမည်” ဟု ဟောလေသည်။
ထိုအဟောအတိုင်း လူ့ဘောင်မှာနေသည်ဖြစ်စေ၊ တောထွက်သည် ဖြစ်စေ ရမည့်အကျိုးကား မယုတ်လျော့နိုင်၊ လိုရာအကျိုးပြီးစီးရမည်သာ ဖြစ်၍ ပါဠိလို “သိဒ္ဓတ္ထ” ဟု နာမည်မှည့်ကြလေသည်။ (သိဒ္ဓ=ပြီးစီးသော + အတ္ထ=အကျိုးရှိသည်)
၁၇။ လောင်းသိဒ္ဓတ္ထ၊ ဘယ်အရွယ်ကျ၊ ရာဇဘိသိက် ခံသနည်း။
၁၈။ ဆယ့်ခြောက်နှစ်လောက်၊ ရွယ်တော်ရောက်၍၊ တတ်မြောက်သိပ္ပ၊ လောင်း သိဒ္ဓ၊ ရာဇဘိသိက် ခံသတည်း။
၁၈။ ဘုရားအလောင်း သိဒ္ဓတ္ထမင်းသားသည် သက်တော် တစ်ဆယ့်ခြောက်နှစ်ရှိသော အခါ မင်းသားတို့ တတ်သင့်သော အတတ်များ တတ်မြောက်ပြီး ဖြစ်၏။ ထိုအခါ ရာဇဘိသိက်ခံတော်မူသည်။
(“အဘိသေက” ဟူသော ပါဠိကို “အဘိသိက်” ဟု ခေါ်၏။ “ရှင်ဘုရင်မြှောက်သောအခါ ရေစင်ဖြင့် ဦးထိပ်၌ သွန်းလောင်းခြင်း” တည်း။)
၁၉။ မောင်းမတို့ကား၊ ဘယ်လောက်များ၍၊ ထိပ်ထားအတူ၊ ဘိသိက်ယူ၊ ဘယ်သူ မိဖုရား ဖြစ်သနည်း။
၂၀။ မောင်းမတို့ကား၊ လေးသောင်းများ၍၊ ထိုအများဝယ်၊ ထိပ်ထားဖွယ်မှာ၊ လနှယ် နေနှင့်၊ အသရေတင့်သည့်၊ အကျင့်သူဌေး၊ လှပဂေး၊ ရွှေသွေး ယသော်ဓရာတည်း။
၂ဝ။ ရှင်ဘုရင် ဖြစ်သောအခါ သာကီဝင် မင်းဆွေမင်းမျိုးတို့သည် အရွယ်ရောက်သော သမီးတော်များကို ဆက်သ (ပေးပို့) ကြ၏။ ထိုအားလုံး ၄ သောင်းရှိ၏။ ထို ၄ သောင်းကို “မောင်းမ = မိဖုရားငယ်” ဟုခေါ်၏။ မယ်တော်မာယာနှင့် မောင်နှမ အရင်းတော်သော သုပ္ပဗုဒ္ဓ သာကီဝင်မင်းမှာ “ယသောဓရာ (ယသော်ဓရာ) ဟုခေါ် သော သမီးတော်ရှိ၏။ ထို သမီးတော်သည် အကျင့် သိက္ခာ အလိမ္မာ အားဖြင့် သူဌေး-ဟုဆိုရလောက်၏။ ရုပ်အဆင်းမှာ ရွှေကဲ့သို့ ဝင်းဝါ ပြေပြစ်၍ အလှအရာဝယ် ဆိုစရာမရှိသဖြင့် “ပဂေး” ဟု ခေါ်ထိုက် ၏။ (“ပဂေဝ-အဘယ်မှာ ဆိုဖွယ်ရာ ရှိတော့အံ့နည်း”ဟူသော ပါဠိစကားကို “ပဂေး”ဟု သုံးစွဲကြသည်။)
ထိုကဲ့သို့ အလှပဂေး အကျင့်သိက္ခာ အလိမ္မာ သူဌေး ဖြစ်သော ယသော်ဓရာ မင်းသမီးကလေးသည် ဘုရားအလောင်းနှင့် ဘိသိက်အတူ ခံယူဖို့ရာ လနှင့်နေ တင့်တယ်သကဲ့သို့ ကျက်သရေ ရှိရကား မောင်းမ ၄ သောင်းတို့၏ ထိပ်ကထားရသော မိဖုရား ဖြစ်လေသည်။
၂၁။ မင်းဖြစ်ပြီးသော်၊ ဘယ်နန်းပေါ်၊ စံပျော် ဘယ်သို့ နေသနည်း။
၂၂။ ရမ္မ-သုဘ၊ သုရမ္မဟု၊ နန်းမ သုံးဆောင်၊ ဝင်းဝင်းပြောင်၊ ဘုန်းခေါင် လှည့်စီ စံသတည်း။
၂၂။ ခမည်းတော် သုဒ္ဓေါဒနမင်းသည် သားတော်ကို စကြာမင်း ဖြစ်စေလို၏။ တောထွက်၍ ရသေ့ရဟန်းပြုခြင်း (ဘုရားဖြစ်ခြင်း) ကိုမလိုလား။ ထို့ကြောင့် တောထွက်၍ မသွားနိုင်အောင် အလွန်ခမ်းနားသော နန်းမ သုံးဆောင်စီမံ၍ ၁၆ နှစ်အရွယ်တော်မှာ ရှင်ဘုရင့်အရာကို လွှဲအပ်တော်မူလေသည်။
ရမ္မမည်သော နန်းတော်သည် နွေရာသီ၌စံတော်မူဖို့ရာ ဘုံအဆင့် ၉ ထပ်ရှိ၏။
သုဘမည်သောနန်းတော်သည် မိုးရာသီ၌စံတော်မူဖို့ရာဘုံအဆင့် ၇ထပ်ရှိ၏။
သုရမ္မမည်သောနန်းတော်သည် ဆောင်း ရာသီ၌ စံတော်မူဖို့ရာ ဘုံအဆင့် ၅ ထပ်ရှိ၏။
ထိုနန်းတော်တွင်း၌ နေသူအားလုံး (အယုတ်ဆုံး တံခါးစောင့်မှစ၍) မိန်းမတွေချည်းသာ ဖြစ်၏။ ဘုရားအလောင်းတော်သည် ထိုနန်းမ ၃ ဆောင်၌ ရာသီအလိုက် တစ်လှည့်စီစံတော်မူကာ လွန်စွာချမ်းမြေ့ တော်မူလေသည်။
ဤအားလုံးကိုခြုံ၍ ဤကျမ်းနှင့် လျော်အောင် ပြင်ထားသော လယ်တီဆရာတော်ဘုရား၏ လင်္ကာကို မှတ်သားရာ၏။ ထိုလင်္ကာ၌ မဟာသက္ကရာဇ် ဟူသည် ယခုသက္ကရာဇ် မဟုတ်။ ထိုစဉ်ကအသုံးပြုသော သက္ကရာဇ်တည်း၊ လပြည့်ကိုလည်း “လပြေ့” ဟုဖတ်။ မြေကြီးကိုလည်း “မဟီ” ဟု ပါဠိလို ခေါ်သည်။
(လင်္ကာ) သန္ဓေယူကာ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံညီ၊ လုမ္ဗနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော် မူ၍၊ ရွယ်မူပျိုမျစ်၊ ဆယ့်ခြောက်နှစ်သော်၊ နန်းသစ်ထီးဖြူ၊ ဆောင်းတော်မူသည်၊ နန်းသူဆွေတို့ ချမ်းသာဖို့။
ဆဋ္ဌအခန်း
(နိမိတ်ကြီး ၄ ပါးမြင်၍ တောထွက်တော်မူခြင်း)
၁။ နှစ်ပေါင်းမည်မျှ၊ လောင်းဗုဒ္ဓ၊ ရာဇစည်းစိမ် စံသနည်း။
၂။ ဆယ့်သုံးနှစ်မျှ၊ လောင်းဗုဒ္ဓ၊ ရာဇစည်းစိမ် စံသတည်း။
၂။ ဘုရားအလောင်းတော်သိဒ္ဓတ္ထမင်းသည်တစ်ဆယ့်သုံးနှစ်မျှထီးနန်းစည်းစိမ်ကို စံစားတော်မူ၍ သက်တော် ၂၉ နှစ်ရှိလေပြီ။ ထိုအချိန်ရောက်မှပင် အတွင်းဉာဏ်တော် လည်း ရင့်သန်တော်မူလေ၏။
၃။ ထီးနန်းစံစဉ်၊ တို့အရှင်၊ ဘယ်တွင် သံဝေ ဖြစ်သနည်း။
၄။ ဥယျာဉ်တော်သာ၊ ထွက်အလာဝယ်၊ အို နာ သေ သူ၊ ရဟန်းဟူ၍၊ လေးဆူ နိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြိုငြင်၊ ထိုခါတွင်၊ တို့ရှင် သံဝေ ဖြစ်သတည်း။
၄။ ထိုသို့ ဉာဏ်တော်ရင့်ချိန်မှာ ဥယျာဉ်တော်သို့ အခြွေအရံ များစွာဖြင့် ထွက်လာသော ဘုရားအလောင်းအား သုဒ္ဓါဝါသဘုံသား ရဟန္တာ နတ် ဗြဟ္မာကြီးများသည် သူအို- သူနာ-သူသေ-ရဟန်း ဟူသော ၄ မျိုးကို ဖန်ဆင်း၍ ဘုရားအလောင်းနှင့် (မေးလျှင်ဖြေဖို့ရာ) ရထားမောင်းသူ မြင်ရုံမျှ ပြကြလေသည်။
ဘုရားအလောင်းသည် ထိုအချိန်အထိ သူအို-သူနာ-သူသေ တို့ကို မမြင်ဖူးသေး။ မမြင်အောင်လည်း ခမည်းတော်က အထူးစောင့်ရှောက်ထား၏။ ထို့ကြောင့် ဉာဏ်တော်ရင့်ချိန်မှာ ပထမစ၍ တစ်မျိုးပြီး တစ်မျိုး အစဉ်အတိုင်းမြင်ရသော ဘုရားအလောင်းသည် အလွန်ထိတ်လန့်၍ နန်းစည်းစိမ်တွင် မပျော်ရွှင်နိုင်အောင် စိတ်ငြိုငြင်တော်မူလေသည်။ (သံဝေဂ = ဉာဏ်နှင့်ယှဉ်၍ ထိတ်လန့်ခြင်း။)
ထိုသို့ သံဝေဂဖြစ်စဉ် တရားကျင့်နေသော ရဟန်းတော်အသွင်ကို မြင်ရသောအခါ အားကျတော်မူရကား “တောထွက်၍ ရဟန်းပြုတော့မည်” ဟု အကြံ ဖြစ်တော် မူလေသည်။ (သူအို စသော ၄ ပါးကို သံဝေဂရခြင်း၏ အကြောင်း နိမိတ်ဖြစ်၍ “နိမိတ် ၄ ပါး” ဟုခေါ်၏။)
၅။ သံဝေဖြစ်စဉ်၊ ဘယ်သို့လျှင်၊ တို့ရှင် ထပ်၍ကြုံသနည်း။
၆။ ဥယျာဉ်မင်္ဂလာ၊ ကန်တော်သာမှ၊ ပြန်လာလေသော်၊ ရထားပေါ်ဝယ်၊ သားတော် ဖွားကြောင်း၊ သတင်း ကောင်း၊ ထပ်လောင်းကြားရ ပြန်သတည်း။
၆။ ဘုရားအလောင်းတော်သည် ထိုနေ့အဖို့၌ ဥယျာဉ်တော်ဝယ် ခါတိုင်းကဲ့သို့ မပျော်ဘဲ ညနေစောင်းသော် ဥယျာဉ်တော်မှာ ရှိသော မင်္ဂလာ ရေကန်တော်ဝယ် ရေချိုးတော်မူ၏။ ထို့နောက် နန်းတော်သို့ ပြန်ဖို့ရန် ရထားပေါ်သို့ ရောက်လျှင်ပင် “ယသော်ဓရာ မိဖုရားမှ သားဦးရတနာ ဖွားမြင်ကြောင်း” သတင်းကောင်းကို ကြားရလေသည်။
၇။ သားတော်ဖွားအင်၊ ကြားလိုက်လျှင်၊ စိတ်တွင် ဘယ်သို့ ဖြစ်သနည်း။
၈။ သားတော်ဖွားအင်၊ ရွှေနားဆင်၍၊ ကြားလျှင်ကြားချင်း၊ အချစ်ပြင်း၊ ရိုး တွင်းခြင်ဆီ စိမ့်သတည်း။
၈။ သားတော်ဖွားမြင်ကြောင်း ကြားလျှင်ကြားချင်း ချစ်ခင် နှစ်သက်မှု ပီတိသည် အရိုးတွင်းက ခြင်ဆီအထိ စိမ့်သွားလောက်အောင် ဖြစ်ပေါ်လာလေသည်။ ထိုသို့ ဖြစ် ပေါ်လာ၍ စဉ်းစားသည်မှာ “သားတော် တစ်ယောက် အတွက် ဤမျှလောက် အနှောင်အဖွဲ့ကြီးနေလျှင် နောင်အခါ သားတော်အများ ဖြစ်ပေါ် လာလိမ့်မည်။ ထိုအခါ သာ၍ တောထွက်ဖို့ ခဲယဉ်းပေလိမ့်မည်” ဤသို့တွေးတော်မူကာ “ယနေ့ညပင် တောထွက်အံ့” ဟု ကြံစည်တော်မူလေသည်။
၉။ အချစ်ပြင်းစွာ၊ ဖြစ်သောခါ၊ နှုတ်မှာ ဘယ်သို့ မိန့်သနည်း။
၁၀။ ရာဟုပမာ၊ ငါ့ကိုသာလျှင်၊ မြဲစွာဖမ်းဖို့၊ သားတော်ကို၊ ဤသို့ ထိုခါ မိန့်သတည်း။
၁၀။ “ရာဟုဂြိုဟ်သည် လကိုဖမ်းသကဲ့သို့ တောမထွက်နိုင်အောင် ငါ့ကို ဖမ်းမည့် သားတော်ပဲ” ဟုတွေး၍ “ရာဟုဇာတော = ရာဟုဖွားပြီ” ဟု နှုတ်တော်က မြွက်လိုက်လေ၏။ ထိုစကား၏ကို ကြား၍ သားတော်ကို “ရာဟုလာ” ဟု နာမည်မှည့်ကြ သည်။ (ရာဟု=ရာဟုကဲ့သို့ + လာ=ဖမ်းယူတတ်သူ။)
၁၁။ နန်းတော်ရောက်ခါ၊ လောင်းလျာ၊ စိတ်မှာဘယ်သို့ ဖြစ်သနည်း။
၁၂။ နန်းတော်ရောက်သော်၊ အလောင်းတော်လည်း၊ မပျော်မရွှင်၊ စက်ရာခွင်၊ ကပ်ဝင် စက်တော်ခေါ်သတည်း။
၁၂။ နန်းတော်သို့ရောက်သောအခါ တီးမှုတ်ဖြေဖျော်ကြသည်ကို ခါတိုင်းကဲ့သို့ ပျော်ပျော် ရွှင်ရွှင် မရှုစားလိုဘဲ စက်ရာပေါ်ဝယ် စက်တော် ခေါ်လေတော့သည်။
၁၃။ စက်ရာထတွင်၊ ဘာကိုမြင်၊ တို့ရှင် ဘယ်သို့ ဖြစ်သနည်း။
၁၄။ သန်းခေါင်ကာလ၊ စက်ရာထသော်၊ မောင်းမခြွေရံ၊ အိပ်ကြဟန်မြင်၊ သုသာန်ထင်၊ တို့ရှင် ထွက်ဖို့ ကြံသတည်း။
၁၄။ ဘုရားအလောင်း စက်တော်ခေါ်လျှင် အခြွေအရံ မောင်းမတို့လည်း အနီးအပါး၌ အိပ်ကြလေ၏။ နံ့သာ ဆီမီးများလည်း လင်းလျက်ရှိ၏။ မောင်းမတို့လည်း ဒူးပေါ် ပေါင်ပေါ်နှင့် တချို့က သွားရည်ကျလျက်၊ တချို့ က လျှာထွက်လျက်၊ တချို့က ယောင်ယမ်းလျက်၊ တချို့ က လည်ပင်းတစောင်းကျလျက် အိပ်နေကြကုန်၏။
ဘုရားအလောင်းသည် သန်းခေါင် အချိန်ဝယ် စက်တော်ခေါ်ရာမှ နိုးသောအခါ ထိုအိပ်ပျော်နေကြပုံကိုမြင်၍ မိမိကိုယ်တိုင် နန်းတော်မှာ နေရသလို မထင်ဘဲ သုသာန်သင်္ချိုင်းမှာ ရောက်နေရသလို၊ အိပ်နေသော မောင်းမ တို့ကိုလည်း သူသေတွေလို တွေးမိကာ ယခုပင် တောထွက်တော့မည်ဟု ကြံတော်မူလေသည်။
၁၅။ တောထွက်ဖို့ရန်၊ စိတ်တော်ကြံ၊ ဘယ်ထံ ဘာကို ပြုသနည်း။
၁၆။ တောထွက်ဖို့ရန်၊ စိတ်တော်ကြံ၍၊ မောင်ဆန်နှိုးကာ၊ မြင်းတော်သာ၊ ပြင်လာခဲ့ဖို့ မိန့်သတည်း။
၁၆။ တောထွက်ဖို့ ကြံတော်မူပြီးနောက် (အလိုရှိလျှင် အသင့်နိုးအောင်) တံခါးခုံကို ခေါင်းအုံး၍ အိပ်နေသော အတွင်းဝန် ဆန္နကို နိုး၍ “ကဏ္ဍက” မြင်းတော်ကို ပြင်ခဲ့ ဖို့ရန် မိန့်တော်မူလေသည်။
မှတ်ချက် ။ ။ ဆန္ဒသည် ဘုရားအလောင်းကို တောမထွက်စေလို၊ စကြာမင်းသာ ဖြစ်စေလို၏။ ထို့ကြောင့် မြင်းတော်ကို မပြင်လိုသော်လည်း အမိန့်ကို မလွန်ဆန်ဝံ့ ၍ ပြင်ရလေတော့သည်။
၁၇။ မြင်းတော်ပြင်စဉ်၊ ထိုချိန်တွင်၊ တို့ရှင် ဘာကို ပြုသနည်း။
၁၈။ ဖွားစသားတော်၊ ရှုအံ့မျှော်၍၊ ယသော်ဓရာ၊ ဆောင်တော်သာ၊ ထိုခါ လှမ်းတော်မူသတည်း။
၁၈။ ဆန္ဒအမတ် မြင်းတော်ကို ပြင်နေစဉ် ဖွားခါစ သားတော်ကို ရှုစားတော်မူလို၍ ယသော်ဓရာ မိဖုရား၏ အဆောင်တော်သို့ ကြွတော်မူလေသည်။
၁၉။ ဆောင်တော်အနား၊ လောင်းဘုရား၊ စိတ်ထား ဘယ်သို့ ဖြစ်သနည်း။
၂၀။ ဖွားစသားတော်၊ ပွေ့လိုသော်လည်း၊ ယသော်နိုးမည်၊ စိုးရိမ်သည်ကြောင့်၊ မချီပွေ့ဘဲ၊ စိတ်အားခဲ၊ မနဲချုပ်၍ ပြန်သတည်း။
၂၀။ ထိုအခါ မိဖုရား အဆောင်တော်ဝယ် နံ့သာတိုင်များ ခပ်မှိန်မှိန် လင်းလျက်ရှိ၏။ မြလေးပန်းတို့၏ အလယ်မှာ သားတော်နှင့်အတူ ယသော်ဓရာ စက်တော်မူနေ၏။ ဘုရားအလောင်းတော်သည် အဆောင်တော်၏ တံခါးခုံပေါ်၌ ခြေတော်တင်၍ ရပ် ကြည့်နေ၏။ သားတော်ကိုမြင်လျှင် ပွေ့ယူလိုက်ချင်၏။ ပွေ့ ယူလျှင် ယသော်ဓရာ နိုး၍ တောထွက်ဖို့အရေးကား ဝေးသွားတော့မည်။ သို့ဖြစ်၍ သားတော်ကို မပွေ့ယူ တော့ဘဲ “ဘုရားဖြစ်မှ သားချစ်ကို ရှုအံ့” ဟု စိတ်အားတော်ခဲ၍ မနည်းကြီး ချုပ်တည်းကာ ပြန်လှည့် တော်မူခဲ့ပါသည်။
မှတ်ချက် ။ ။ ဆန္ဒအမတ် မြင်းတော်ကို ပြင်သောအခါ ကဏ္ဍကမြင်းသည် အလွန် ဝမ်းသာစွာ မြည်ဟည်းလေ၏။ သို့သော်-မနိုးအောင် နတ်တို့က ပြုလုပ်ထား သဖြင့် မည်သူမျှ မနိုးကြချေ။
၂၁။ ယသော်ဓရာ၊ ခန်းဆောင်သာမှ၊ ပြန်လာပြီးလျှင်၊ တို့အရှင်၊ ထိုစဉ်ဘာကို ပြုသနည်း။
၂၂။ ယသော်ဓရာ၊ ခန်းဆောင်သာမှ၊ ပြန်လာပြီးသော်၊ မြင်းတော်ကဏ္ဍက၊ မတ် ဆန္ဒနှင့်၊ တကွအတူ၊ ထွက်တော်မူ၊ ရှေးရှု တောသို့ မြန်းသတည်း။
၂၂။ ယသော်ဓရာ၏ ခန်းဆောင်မှ ထွက်တော်မူလာပြီးလျှင် အသင့်ပြင်ထားသော ကဏ္ဍကမြင်းတော်ကိုစီး၍ ဆန္ဒအမတ်နှင့်အတူ တောထွက်တော်မူလေသည်။
မှတ်ချက် ။ ။ မြင်းထိန်းတို့သည် မြင်း၏ အမြီးရင်းကိုဆွဲကိုင်ကာ ခြေ ၂ ဖက်ဖြင့် မြင်း၏ ပေါင် ၂ ဖက်ကို မြဲစွာ ရစ်ပတ်၍ လိုက်ကြရ၏။ ဝိဓူရအမတ်ကြီးသည်ပင် ပုဏ္ဏက နတ်ဘီလူးနောက်သို့ ဤနည်းဖြင့် လိုက်သွားခဲ့ ရဖူးသည်။
၂၃။ တောထွက်လေရာ၊ ထိုအခါ၊ ဘယ်မှာ ဘယ်သူ တားသနည်း။
၂၄။ ယာဉ်ပျံစကြာ၊ ၇ ရက်ကြာလျှင်၊ ရောက်လာတော့မည်၊ သို့ဖြစ်သည်ကြောင့်၊ ပြန်လည်စေငြား၊ မာရ်နတ်သား၊ ဆီးတား တောင်းပန်လေသတည်း။
၂၄။ ထိုသို့ထွက်တော်မူလာ၍ မြို့တံခါးပြင်ဘက်သို့ ရောက်သောအခါ မာရ်နတ်သားသည် ကောင်းကင်၌ ရပ်လျက် ၇ ရက်ကြာလျှင် ၄ ကျွန်းလုံးကို အစိုးရသော စကြာမင်း ဖြစ်ဖို့ရန် စကြာယာဉ်ပျံတော် ရောက်လာ လိမ့်မည်။ တောမထွက်ပါနှင့်ဟု ဆီးတားလေသည်။
၂၅။ မာရ်နတ်တားသော်၊ တို့လောင်းတော်၊ ထုတ်ဖော် ဘယ်သို့မိန့်သနည်း။
၂၆။ ယာဉ်ပျံစကြာ၊ ရောက်မည့်ခါကို၊ ကောင်းစွာငါသိ၊ လိုမရှိဟု၊ အတိအလင်းသာ၊ ပြန်ငြင်းကာ၊ ထွက်လာမြဲပင် ထွက်သတည်း။
၂၆။ မာရ်နတ် တားသောအခါ “အို မာရ်နတ် ... ၇ ရက်ကြာလျှင် စကြာရတနာ ဆိုက်ရောက် လာမည့် အကြောင်းကို သိပါ၏။ ထိုစကြာမင်းစည်းစိမ်ကိုလည်း အလို မရှိပါ။ ဗုဒ္ဓဖြစ်အောင်သာ ကြိုးစားတော့မည်” ဟု ငြင်းဆန်ကာ ထွက်မြဲ ထွက်တော်မူလေသည်။
၂၇။ နတ်နှင့် ဗြဟ္မာ၊ ထိုချိန်ခါ၊ ညီညာ ဘယ်သို့ ဝိုင်းသနည်း။
၂၈။ နတ်နှင့်ဗြဟ္မာ၊ ထိုချိန်ခါဝယ်၊ ညီညာဝိုင်းအုံ၊ ပန်းမျိုးစုံဖြင့်၊ မီးစုံထွန်းကာ၊ ရှေ့နောက်မှာ၊ ဝဲယာ လိုက်ပါကြသတည်း။
၂၈။ ထိုသို့ထွက်လာသောအခါ ဘုရားဖြစ်ဖို့ရန် စောင့်မျှော်နေကြသော နတ်ဗြဟ္မာတို့သည် အလွန် ပျော်ရွှင်ကြသဖြင့် တချို့က မီးရောင်စုံ ညှိထွန်း၍၊ တချို့က ပန်း ပေါက်ပေါက်နှင့် ပန်းမျိုးစုံကို ကြဲဖြန့်၍၊ တချို့က ဘုန်းတော်ဖွဲ့ ဂီတတို့ကို ရွတ် ဆို၍ ဝဲယာ ရှေ့နောက် အလွန်ကြည်နူးဖွယ်ရာ လိုက်လာကြလေသည်။
၂၉။ ဗြဟ္မာနှင့်နတ်၊ ခြံရံပတ်၍၊ ထွက်လတ်ပြီးနောက်၊ ဘယ်ချိန်လောက်၊ တက် ရောက် မြန်းတော် မူသနည်း။
၃ဝ။ ဗြဟ္မာနှင့်နတ်၊ ခြံရံပတ်၍၊ ထွက်လတ်လေရာ၊ မိုးသောက်ခါ၊ နော်မာ မြစ်ကမ်း ရောက်သတည်း။
၃ဝ။ ထိုသို့ ထွက်လာသော ဘုရားအလောင်းသည် နံနက်လင်းသောအခါ အနော်မာ မြစ်ကမ်းသို့ ရောက်တော်မူ၏။ ထို့နောက် ဤဘက်ကမ်းမှ တစ်ဆင့် ရှစ်ဥသဘ ဝေးသော ဟိုဘက်ကမ်းသို့ ကူးဖို့ရန် ခြေတော်ဖြင့် အချက်ပေးလိုက်ရာ မြင်းတော်လည်း လွှားခနဲ ခုန်ကျော်၍ ဟိုဘက်ကမ်းပေါ်သို့ ရောက်လေသည်။ ထိုသို့ တောထွက်တော်မူလာရာနေ့သည် ဝါဆိုလပြည့် (ကျားမင်းဖြင့် မှတ်သားအပ်သော) တနင်္လာနေ့ဖြစ်၏။
ထိုအားလုံးကို ခြုံ၍ (သင့်တော်အောင် ဖြတ်ပိုင်း ထားသော) လယ်တီဆရာတော်ဘုရားကြီး၏ လင်္ကာကား-
(လင်္ကာ) နန်းသစ် ထီးဖြူ၊ ဆောင်းတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုး နိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊ ဝါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရပ်လှုံသည်၊ ပင်စုံမြိုင်ရိပ် ခန်းမှာကို။
သတ္တမအခန်း
(ရဟန်းပြုသည်မှစ၍ ဘုရားဖြစ်သည်အထိ)
၁။ နော်မာကမ်းပေါ်၊ ရောက်လတ်သော်၊ ဆံတော်ဘယ်သို့ ပယ်သနည်း။
၂။ နံ့သာကြိုင်လှောင်၊ ဆံဥသျှောင်ကို၊ ဘုန်းခေါင်ရွှေလက်၊ သန်လျက်ဖြင့်၊ တစ်ဖက် ရိတ်ကာ၊ ကိုယ်တိုင်သာ၊ ကောင်းစွာ ပယ်ရိတ်ပါသတည်း။
၂။ ဘုရားအလောင်းတော်သည် အနော်မာမြစ်ကမ်း၏ သဲသောင်ပြင်ဝယ် မြင်းပေါ်မှ ဆင်းတော်မူ၏။ ထိုနောက် ဆံဥသျှောင်(ဆံထုံးတော်) ကို လက်တစ်ဖက်ဖြင့် ကိုင်၍ သန်လျက်ဖြင့် ကိုယ်တော်တိုင် ပယ်ရိတ်လေသည်။
၃။ ပယ်ရိတ်ပြီးသော်၊ ထိုဆံတော်၊ ဘုန်းမော် ဘယ်သို့ ပြုသနည်း။
၄။ ဗုဒ္ဓဧကန်၊ ဖြစ်မည်မှန်မူ၊ ဤဆံကေသာ၊ ကောင်းကင်မှာပင်၊ ကောင်းစွာ တည်ရန်၊ စိတ်တော်ကြံ၊ ဓိဋ္ဌာန်မြှောက်၍ ပစ်သတည်း။
၄။ ထိုနောက် ဆံထုံးတော်ကို “ဘုရားဖြစ်မည်မှန်လျှင် ဤဆံတော်သည် ကောင်းကင်၌ တည်စေသတည်း”ဟု ဓိဋ္ဌာန်၍ ကောင်းကင်သို့ မြှောက်ပစ်လိုက်ရာ ကောင်းကင်မှာပင် တည်နေလေသည်။
၅။ ကောင်းကင် တည်လတ်၊ ဆံတော်မြတ်၊ ဘယ်ရပ် ဘယ်မှာ ကိန်းသနည်း။
၆။ ကောင်းကင်တည်မူ၊ သိကြားယူ၍၊ စူဠာမဏိ၊ အမည်ရှိသား၊ စေတီတော်မှာ၊ ထာပနာ၊ ဝတိံသာ၌ ကိန်းသတည်း။
၆။ ကောင်းကင်၌တည်နေသော ဆံတော်ကို ရတနာပန်းကလာပ်ဖြင့် သိကြားမင်း ခံယူ၍ တာ၀တိံသာ နတ်ပြည်၌ စူဠာမဏိစေတီ တည်ပြီးလျှင် ထိုစေတီတော်မှာ ဌာပနာ လေသည်။ (ဌာပနာ = အတွင်း၌ သွင်းထားခြင်း။)
၇။ သပိတ်သင်္ကန်း၊ ရဖို့မှန်း၊ လှူဒါန်း ဘယ်သူ ပြုသနည်း။
၈။ ဃဋိကာရ၊ အမည်ရသည့်၊ ရှေးကသဟာ၊ မင်းဗြဟ္မာ၊ ဆင်းကာ ကပ်လှူပါသတည်း။
၈။ ကဿပ မြတ်စွာဘုရား၏ လက်ထက်တော်၌ မိဘကို ပြုစုလုပ်ကျွေးနေသော ဃဋိကာရ (အိုးလုပ်သမား) နှင့် ငါတို့ ဘုရားအလောင်း “ဇောတိပါလ” လုလင်သည် မိတ်ဆွေသဟာယ (သဟာယ်ချင်း = သူငယ်ချင်း) ဖြစ်ကြ၏။
ဘုရားအလောင်း တောထွက်တော်မူလာချိန်၌ ထို ဃဋိကာရသည် ဗြဟ္မာမင်း ဖြစ်နေ၏။ ရှေးက သဟာယ (သူငယ်ချင်း) ဖြစ်ဖူးသော ထိုဃဋိကာရ ဗြဟ္မာသည် ရဟန်းပြုလိုသော ဘုရားအလောင်းအား သပိတ်နှင့် သင်္ကန်းကိုလှူဒါန်းလာလေသည်။
၉။ မြင်းတော်ကဏ္ဍက၊ မတ်ဆန္ဒတို့၊ ပြန်ကြသလား၊ ဘယ်လိုများ၊ ထူးခြား ဖြစ်ပါသေးသနည်း။
၁၀။ မြင်းတော်ကဏ္ဍက၊ မတ်ဆန္ဒတို့၊ ပြန်ကြဖို့ရာ၊ မိန့်သောခါဝယ်၊ ပြန်ရှာ ပြီးနောက်၊ မျက်ကွယ်ရောက်သော်၊ မြင်းတော် ဝမ်းနည်း၊ နှလုံးကွဲ၊ သေပွဲ ဝင်ရရှာသတည်း။
၁၀။ ထိုသို့ ရဟန်းပြုပြီးသောအခါ ဆန္နအမတ်ကို ပြန်လွှတ်၍ ခမည်းတော်နှင့် မိထွေးတော်တို့အား ကျန်းမာ ချမ်းသာကြောင်းကို သံတော်ဦးတင်ဖို့ရန် အမိန့်ရှိလေသည်။ ဆန္ဒအမတ်သည် မပြန်လိုသော်လည်း အမိန့်တော်ကို မလွန်ဆန်ဝံ့၍ ကဏ္ဍကမြင်း နှင့်အတူ ဘုရားအလောင်းကို ရှိခိုးဝပ်ချ၍ ပြန်ရရှာလေသည်။
ကဏ္ဍကမြင်းတော်လည်း ခွဲခါနီး၌ သခင်၏ နီမြန်းသော ခြေဖဝါးတော်ကို လျှာဖြင့် လျက်ရှာသေး၏။ ထို့နောက် ခွဲရသဖြင့် ဝမ်းအနည်းကြီးနည်းကာ ဘုရားအလောင်း၏ မျက်စိတစ်ဆုံးအရောက်လောက်မှာ အတွင်းနှလုံးကွဲ၍ စုတေပြီး နောက် တာဝတိံသာနတ်ပြည်၌ ကဏ္ဍကနတ်သား ဖြစ်လေသည်။
မှတ်ချက် ။ ။ ဘုရားဖြစ်ပြီးသောအခါ ထိုကဏ္ဍကနတ်သား လာ၍ တရားနာလေရာ သောတာပန် ဖြစ်၏။ ဆန္ဒကား ရဟန်းပြု၍ ဘုရားကို အလွန်ချစ်ခင် အားကိုးနေသဖြင့် တရားမရရှာသေး။ ဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးမှ အချစ်ပြယ်ကာ ရဟန္တာ ဖြစ်လေသည်။
၁၁။ ရဟန်းဖြစ်ထ၊ ဘယ်သို့ကြွ၊ ဘယ်မှ ဘယ်သူ တွေ့သနည်း။
၁၂။ ရဟန်းဖြစ်က၊ ရာဇဂြိုဟ်ကြွ၊ ဗိမ္ဗိသာရ တွေ့သတည်း။
၁၂။ ရဟန်းပြုပြီးသောအခါ အနော်မာမြစ်ကမ်း၏ အနီး “အနုပ္ပိယ” မည်သော သရက်တော၌ ၇ ရက်မျှ နေတော်မူပြီးနောက် ရသေ့ရဟန်း ပေါများသော ရာဇဂြိုဟ်မြို့သို့ ကြွတော်မူ၏။ မြို့တွင်းသို့ ဆွမ်းခံဝင်သောအခါ “ထိုမျှလောက် ချောမောသပ္ပါယ်၍ ၂၉ နှစ်မျှ အရွယ်ရှိသေးသော ရသေ့ရဟန်းကို မမြင်ဖူးကြသော မြို့သူမြို့သားတို့သည် “လူလော-နတ်လော” ဟုတွေးတောကာ တအံ့တသြ ကြည့်ရှုကြ လေသည်။
ထို့နောက် ဗိမ္ဗိသာရမင်းကိုယ်တိုင် လိုက်လာပြီးလျှင် ပဏ္ဍ၀တောင်ခြေမှာ ဆွမ်းဘုဉ်းပေးပြီး၍ ထိုင်နေသော ဘုရားအလောင်းတော်ကို မြင်ရုံမျှဖြင့် အားရ ကြည်ညိုကာ ထီးနန်းစည်းစိမ်ကိုပေး၍ အမျိုးဇာတ်ကို မေးလေသည်။ ထိုအခါ စည်းစိမ်ကို အလိုမရှိကြောင်း၊ သာကီဝင်ခတ္တိယ(မင်း)မျိုးဖြစ်ကြောင်း၊ တရားကျင့်လို၍ ထွက်လာကြောင်းကို မိန့်တော်မူရာ ဘုရားဖြစ်သောအခါ မိမိနိုင်ငံကို အစောဆုံး ကြွလာဖို့ရန် လျှောက်ထား လိုက်လေသည်။
၁၃။ ဒုက္ကရစရိယာ၊ ဘယ်နေရာ၊ ဘယ်လောက်ကြာအောင် ကျင့်သနည်း။
၁၄။ ဥရုဝေလ၊ တောဌာန၌၊ ဒုက္ကရစရိယာ၊ ခြောက်နှစ်ကြာ၊ လောင်းလျာ ကျင့်မိပါသတည်း။
၁၄။ (ဒုက္ကရ - ခဲယဉ်းစွာ ပြုကျင့်ရသော = ကျင့်နိုင်ခဲသော + စရိယာ = အကျင့်။) လူနတ် ဗြဟ္မာ အားလုံးပင် အလွန် ပင်ပင်ပန်းပန်းကျင့်မှုကို ကျေနပ်လေ့ရှိကြ၏။ ထိုအချိန်၌ ထိုပင်ပန်းသော အကျင့်ကို ရသေ့အများ ကျင့်၍ တချို့ကား ဘုရားဟုပင် ဝန်ခံနေကြ၏။
ထို့ကြောင့် ဘုရားအလောင်းတော်သည် ဥရုဝေလတော၌ အားအင် ဗလ လုံ့လဝီရိယ အစွမ်းကို သတ္တဝါတို့အား ပြရာရောက်အောင် နေ့မအား ညမအား အားသွန် ကြိုးစား၍ တရားကျင့်တော်မူလေသည်။ အစားအစာလည်း လွန်စွာနည်းပါးလေ၏။ တစ်နေ့လုံးမှ ပဲပြုတ်ရည် ကလေး တစ်လက်ခုပ်လောက်သာ သောက်၏။ တစ်နေ့လုံးမှ ဆီးသီးကလေး တစ်လုံးလောက်သာ စား၏။
ဤကဲ့သို့ အစားနည်းပါးသည့်အပြင် အလွန်အမင်း ကြိုးစားမှုကြောင့် ခန္ဓာကိုယ် နွမ်း၍ အသားအရေလည်း ခြောက်ခန်းသွား၏။ ဝါဝင်းသော အဆင်းတော် သည် ညိုမဲသွား၏။ ၃၂ ပါးသော ယောက်ျားမြတ် လက္ခဏာ တော်လည်း အများအားဖြင့် ကွယ်ပျောက်လေတော့၏။ ရှေ့ဘက် ဝမ်းပြင်နှင့်ကျောသည် ကပ်နေ၏။ တစ်ခါတုန်းကသော် ကျင်ကြီးစွန့်ရာ၌ ဝစ္စမဂ် (ကျင်ကြီးထွက်လမ်း) ရှုံ့တွနေသောကြောင့် ကျင်ကြီး မထွက်နိုင်ဘဲ မူးမိုက်၍ လဲသွားဖူးလေသည်။
၁၅။ ထိုမှတစ်ဖန်၊ အကျင့်မှန်၊ ထပ်မံ ဘယ်သို့ ပြုသနည်း။
၁၆။ ထိုမှတစ်ဖန်၊ အကျင့်မှန်၊ ဆွမ်းခံစား၍ ကျင့်သတည်း။
၁၇။ ဗုဒ္ဓဖြစ်ဖွယ်၊ နေ့၌ဝယ်၊ ဘယ်သူ ဆွမ်းတော် ကပ်သနည်း။
၁၈။ ဗုဒ္ဓနေ့မှာ၊ သုဇာတာလျှင်၊ ဃနာနို့ဆွမ်း၊ ခွက်ပါကမ်း၊ လှူဒါန်း ဆက်ကပ်ပါသတည်း။
၁၆။ ထိုသို့ ၆ နှစ်မျှ ကျင့်ပြီးသောအခါ အစာနည်းပါး၍ ခန္ဓာကိုယ် အင်အားမရှိလျှင် “တရားမရနိုင်” ဟု ဆင်ခြင်တော်မူကာ ဆွမ်းခံစား၍ တရားကျင့်တော်မူပြန်သည်။ ထိုသို့ ဆွမ်းခံစား၍ မကြာခင် အသား အရေသည် နဂိုအတိုင်း စိုပြည်ဝါဝင်း၍ အားအင်လည်း ပြည့်လာ၏။ ၃၂ ပါးသော ယောက်ျားမြတ် လက္ခဏာတော်လည်း ပြန်၍ ပေါ်လာလေတော့၏။ ထို့ကြောင့် မှန်မှန်စား၍ ကျင့်သော ဤအကျင့်သာ အကျင့်မှန် ဖြစ်သည်။
သို့သော် ဘုရားအလောင်း ဒုက္ကရစရိယာ ကျင့်တော်မူစဉ် ပဉ္စဝဂ္ဂီ (၅ ယောက် အစုရှိသော) ကောဏ္ဍည အစ ရှိသော ရသေ့တို့သည် ကျင့်ပုံကို အလွန်အားရ၍ “ဗုဒ္ဓဖြစ်လျှင် တရားဦးနာမည်”ဟု မျှော်လင့်ကာ ဘုရားအလောင်းကို ပြုစုလုပ်ကျွေး နေကြ၏။ ဆွမ်းခံ၍ စားသောအခါ၌ကား ဒုက္ကရစရိယာ ကျင့်နေသလို အားမရ ကြတော့ဘဲ ဘုရားအလောင်းထံမှ ခွဲ၍ မိဂဒါဝုန်တောသို့ သွားရောက် နေထိုင်ကြလေသည်။
၁၈။ ဥရုဝေလတော၏ အနီး၌ “သေနာ” မည်သော နိဂုံးရှိ၏။ ထိုနိဂုံး သူဌေး၏ သမီး သည် “သုဇာတာ” မည်၏။ ထိုသတို့သမီးသည် အပျိုဘဝတုန်းက ညောင်ပင်ကြီးသို့ ချဉ်းကပ်၍ “အမျိုးတူ သူဌေးသားနှင့် လက်ထပ် ရအောင် သားဦးရတနာ ရအောင် စောင်မပါ။ တောင့်တတိုင်းပြည့်စုံလျှင် နှစ်စဉ်ပူဇော်ပါမည်” ဟု နတ်ကို တောင်းပန်ဖူး၏။
ထိုတောင့်တတိုင်း ပြည့်သောကြောင့် ကဆုန်လပြည့်နေ့၌ ရုက္ခစိုးနတ်ကို နှစ်စဉ် ပူဇော်မြဲဖြစ်၏။ ထိုနေ့၌ကား ကျွန်မတစ်ယောက်နှင့်အတူ နံနက်စောစော အပူဇော်လာသောအခါ ညောင်ပင်အောက်၌ ထိုင်နေတော်မူသော အလွန် သပ္ပါယ် လှပသော ဘုရားအလောင်းကိုပင် သူ့ကိုစောင်မသော နတ်ဟုထင်၍ အလွန်ကြည်ညိုရကား နို့ဃနာဆွမ်းကို ရွှေခွက်ပါ လှူဒါန်းဆက်ကပ်လေသည်။ (နို့ထမင်း ပျစ်ပျစ်ကို “ဃနာနို့ထမင်း” ဟုခေါ်၏။ ဃန = ပျစ်သော။)
၁၉။ နို့ဆွမ်း ဃနာ၊ ဘုဉ်းပေးကာ၊ ခွက်မှာ ဘယ်သို့ သုံးသနည်း။
၂၀။ နေရဉ္ဇရာ၊ မြစ်ကမ်းသာဝယ်၊ လောင်းလျာရပ်နား၊ ဆွမ်းကိုစား၍၊ ဘုရား ဖြစ်ရန်၊ ယနေ့မှန်လျှင်၊ ဆန်စေမြစ်ညာ၊ ဓိဋ္ဌာန်ကာ၊ ရေမှာ ရွှေခွက် မျှောသတည်း။
၂၀။ သုဇာတာ၏ ဃနာနို့ဆွမ်းကို နေရဉ္စရာမြစ်ကမ်း၌ လေးဆယ့်ကိုးလုတ် ဘုဉ်းပေးတော်မူသည်၊ ထိုသို့ ဘုဉ်းပေးပြီးလျှင် “ယနေ့ ဘုရားဖြစ်မည်မှန်လျှင် ဤရွှေခွက်သည် ရေညာသို့ ဆန်တက်စေသတည်း” ဟု ဓိဋ္ဌာန်၍ မြစ်ရေမှာ မျှောလေ၏။ ရွှေခွက်လည်း ရေညာသို့ ဆန်တက်လေတော့သည်။
၂၁။ ဘယ်နေရာတွင်၊ နေ့သန့်စင်၍၊ ထို့ပြင်တစ်ခန်း၊ ညနေချမ်း၊ ကြွလှမ်းရှေးရှု ဘယ်သို့နည်း။
၂၂။ အင်ကြင်းတောတွင်၊ နေ့သန့်စင်၍၊ ထို့ပြင်တစ်ခန်း၊ ညနေချမ်း၊ ကြွလှမ်း ဗောဓိပင်သို့တည်း။
၂၂။ ထို့နောက် ထိုမြစ်ကမ်းနှင့် မလှမ်းမကမ်းဝယ် အင်ကြင်းတော၌ နေ့သန့်စင် တော်မူ၏။ (နေ့အခါ၌ တရားဖြင့် စိတ်သန့်ရှင်းအောင် နေခြင်းကို “နေ့သန့်စင်” ဟုခေါ် ၏။) ညနေချမ်း၌ကား ထိုနေရာမှ ဗောဓိ ညောင်ပင်သို့ ကြွတော်မူ၏။ ထိုသို့ကြွတော်မူရာ လမ်း၌ မြက်ရိတ်ပြန်လာသော ပုဏ္ဏားတစ်ယောက်က ဘုရားအလောင်း အား မြက်စည်းကလေး ရှစ်စည်းကို လှူလိုက်လေသည်။
၂၃။ ဗောဓိပင်သာ၊ ရောက်သောခါ၊ လောင်းလျာ ဘယ်သို့ နေသနည်း။
၂၄။ ဗောဓိပင်မြတ်၊ အရှေ့ ရပ်၌၊ ချဉ်းကပ်ထိုင်ကာ၊ ဘာဝနာ၊ ကောင်းစွာပွား၍ နေသတည်း။
၂၄။ ဘုရားအလောင်းတော်သည်ဗောဓိညောင်ပင်သို့ ရောက်သောအခါ အရှေ့ဘက်မှ ဗောဓိပင်သို့ ကပ်ဝင်၍ အသင့်ယူလာသော မြက်ရှစ်စည်းကို ဖြန့်ခင်းတော်မူ၏။ ထို့နောက် ဗောဓိပင်ကို နောက်ကျောပြုလျက် အရှေ့ဘက်သို့ မျက်နှာမူ၍ တင်ပလ္လင်ဖွဲ့ခွေ ထိုင်နေတော်မူသည်။
ထိုသို့ ထိုင်နေခြင်းကား အခြားအခါ ထိုင်နေခြင်းနှင့်မတူ။ “အရေ အကြော အရိုးတို့သာ ကြွင်းကျန် အသားနှင့် အသွေးတွေ ခြောက်ခမ်းသွားစေကာမူ ဘုရား မဖြစ်လျှင် ဤတင်ပလ္လင်ခွေကို မဖျက်တော့အံ့” ဟု အလွန်စွဲမြဲသော ဇွဲ ဝီရိယဖြင့် ဓိဋ္ဌာန်၍ ထိုင်နေတော်မူခြင်းဖြစ်သည်။ ထိုသို့ ထိုင်နေပြီးလျှင် အာနာပါန ကမ္မဋ္ဌာန်း ဘာဝနာကို စီးဖြန်း ပွားများနေတော်မူသည်။
ထိုအချိန်၌ နေမဝင်သေး၊ ဗောဓိပင်မှ အရွက်ဟောင်းများသည် တဖျောက်ဖျောက် ကြွေကျ၍ အရွက်သစ် အညွန့်ကလေးတွေ သန္တာနီကလေးများကဲ့သို့ ထွက်နေကာ လွန်စွာ ကြည်နူးဖွယ်ရာ အချိန်ပါပေတည်း။
၂၅။ ထိုသို့နေခါ၊ ဘယ်သူလာ၊ ဘာကို အရေးဆိုသနည်း။
၂၆။ ထိုသို့နေခါ၊ မာရ်နတ်လာ၊ နေရာပလ္လင် လုသတည်း။
၂၆။ ထိုသို့ ထိုင်နေပုံကို မြင်ရသော မာရ်နတ်သည် အနှောင့်အယှက် ပေးလိုသော သဘောဖြင့် သူ၏ အာဏာ ပြန့်နှံ့ရာ ဖြစ်သော နတ်စစ်သည်အပေါင်းကို ဆင့်ခေါ် ကာ သူကိုယ်တိုင်လည်း ဂိရိမေခလာ ဆင်ပြောင်ကြီးကို တက်စီးကာ စစ်တပ်ကြီး ချီ၍ လာလေသည်။
ထိုသို့ စစ်တပ်ချီ၍လက်နက်မျိုးစုံ ခြိမ်းခြောက်သံမျိုးစုံတို့ဖြင့် အနှောက်အယှက် ပေးနေသော မာရ်နတ်ကို ဘုရားအလောင်းတော်သည် ၄ အသင်္ချေနှင့် ကမ္ဘာတစ်သိန်းပတ်လုံး ဖြည့်ကျင့်တော်မူခဲ့သော ပါရမီတော် စစ်တပ်ဖြင့် ခုခံတော်မူ၏။ နောက်ဆုံး၌ “ဝေဿန္တရာမင်း ဘဝတုန်းက ဒါနပါရမီ ဖြည့်တော်မူစဉ် အသင် မြေကြီးသည် ပြင်းထန်စွာ တုန်လှုပ်ဖူးသည် မဟုတ်လော”ဟု မိန့်တော်မူ၍ လက်တော်ဖြင့် မြေကြီးကို ညွန်ပြတော်မူလိုက်ရာ သွက်သွက်ခါအောင် ပြင်းထန်စွာ တုန်လှုပ်လေသည်။
ထိုအခါ ဂိရိမေခလာ ဆင်ပြောင်ကြီးသည် ဒူးတုပ်၍ ဝပ်နေရ၏။ စစ်တပ်တို့လည်း လန့်၍ ပြေးကြ၏။ ဤသို့ နေမဝင်မီ မာရ်နတ်၏ရန်ကို အောင်တော်မူပြီးနောက် တင်ပလ္လင်ဖွဲ့ခွေ ထိုင်နေမြဲ ထိုင်နေကာ ကမ္မဋ္ဌာန်း ဘာဝနာကို ဆက်လက်၍ ပွားများတော်မူလေသည်။
၂၇။ မာရ်နတ်မင်းရန်၊ အောင်ပြီးပြန်၊ ဘယ်ဉာဏ် ဘယ်ချိန် ရသနည်း။
၂၈။ ညဉ့်ဦး အလယ်ယံ၊ မိုးသောက်ယံ၊ ဉာဏ် ‘ပု-ဒိ-အာ’ ရသတည်း။
၂၈။ ကမ္မဋ္ဌာန်းဘာဝနာကို ဆက်လက်၍ကြိုးစားတော်မူသော ဘုရားအလောင်းတော်သည် ညဉ့်ဦးယာမ် အချိန်မှာ (ပု) ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ကို ရတော်မူ၏။ ထိုဉာဏ်အစွမ်းဖြင့် ရှေးရှေးဘဝများစွာ ၌ ဖြစ်ခဲ့သမျှ အားလုံးကို သိတော်မူသည်။ (ပုဗ္ဗေ=ရှေးရှေးဘဝ၌ + နိဝါသ=နေထိုင်ခဲ့ ဖြစ်ခဲ့သမျှကို + အနုဿတိ= အောက်မေ့ နိုင်ခြင်း။)
ထို့နောက် သန်းခေါင်ယံခေါ် ညဉ့်လယ်ယံ၌ (ဒိ) ဒိဗ္ဗစက္ခုဉာဏ်ကို ရတော်မူ၏။ ထိုဉာဏ်အစွမ်းဖြင့် နတ်မျက်စိကဲ့သို့ အလွန်ကွာဝေးသော အရပ်မှာရှိသော သတ္တဝါကို လည်းကောင်း၊ အလွန်သေးငယ်သော သတ္တဝါကို လည်းကောင်း မြင် တော်မူရသည်။ (ဒိဗ္ဗ=နတ်မျက်စိနှင့်တူသော + စက္ခု= ဉာဏ်အမြင်။)
ထို့နောက် မိုးသောက်ယံခေါ် နောက်ဆုံးယံ အရုဏ်တက်ချိန်၌ (အာ) အာသဝက္ခယဉာဏ်ခေါ် အရဟတ္တ မဂ်ဉာဏ်ကိုရတော်မူ၏။ ထိုဉာဏ်၏ အစွမ်းဖြင့် စိတ်အစဉ်မှာ ကိန်းဝပ်နေသော ကိလေသာတွေ အကြွင်း အကျန်မရှိ ကုန်ခန်း သွားလေသည်။
၂၉။ အဘယ်ဉာဏ်တော်၊ ရလတ်သော်၊ ဘုန်းမော် ဗုဒ္ဓဖြစ်သနည်း။
၃၀။ လပြည့် ကဆုန်၊ ချိန်အရုဏ်ဝယ်၊ သုံးဆယ်နှင့်ငါး၊ သက်တော်အားဖြင့်၊ တရားကုန်စင်၊ အစုံမြင်ဖို့၊ သဗ္ဗဉ်ဉာဏ်တော်၊ ရလတ်သော်၊ ဘုန်းမော်ဗုဒ္ဓ ဖြစ်သတည်း။
၃၀။ ထိုသို့ အရဟတ္တမဂ်ဉာဏ် ရလျှင်ပင် သဗ္ဗညုတဉာဏ်ခေါ်သော ဉာဏ်တော်ကြီးကိုလည်း တစ်ခါတည်း ရပြီး ဖြစ်လေတော့၏။ ဥပမာ - ရှင်ဘုရင် ဖြစ်ဖို့ ဘိသိက် မြှောက်လိုက်သည်နှင့် တစ်ပြိုင်နက် တိုင်းပြည် အားလုံးကိုလည်း အပိုင်ရသကဲ့သို့တည်း။
ထိုသဗ္ဗညုတဉာဏ်တော်၏ အစွမ်းဖြင့် သိစရာဟူသမျှ မကျန်ရအောင် အလုံးစုံကို အကုန်အစင် သိမြင်တော်မူသည်။ (သဗ္ဗ=အလုံးစုံကို + ညုတာ=သိနိုင်သူ၏ ဖြစ်ကြောင်း ဉာဏ်တော်။) ထိုသဗ္ဗညုတ ဉာဏ်တော်ကို ရသောကြောင့်ပင် ဘုရားရှင်ကို “ဗုဒ္ဓ=အလုံးစုံကို သိသော ဘုရား” ဟုကိုယ်တော်တိုင်လည်း ဝန်ခံတော်မူ၏။ စုံစမ်းစိစစ်သောအခါ ပညာရှိ ပါမောက္ခကြီးတို့ကလည်း အသိအမှတ် ပြုကြရလေသည်။
ထိုအချိန်မှာ “ဧကန်ဘုရားဖြစ်တော့မည်”ဟု ယုံကြည်နေကြသော တန်ခိုးကြီးသောနတ်မင်းဗြဟ္မာမင်းတို့သည် ဗုဒ္ဓမြတ်စွာ၏ အလွန် တည်ငြိမ်၍ အထူးကြည်လင်သော မျက်နှာတော်ကို မြင်ရသောအခါ လွန်စွာအားရ “ဘုရား ဖြစ်ပြီ” ဟုယူဆ၍ ပန်းမျိုးစုံတို့ဖြင့် ပူဇော်ကြလေ၏။ ကမ္ဘာမြေကြီးလည်း ဝမ်းသာ အားရသကဲ့သို့ ဘုရားရှင်၏ ဉာဏ်တော်တန်ခိုးကြောင့် အမျိုးမျိုး ယိမ်းထိုးကာ ပြင်းထန်စွာ တုန်လှုပ်ပါလေသည်။
ထို ဗုဒ္ဓမြတ်စွာ ဖြစ်တော်မူရာနေ့သည် သက်တော်လည်း ၃၅ နှစ် တင်းတင်း ပြည့်ရာ ကဆုန်လပြည့် (ဆင်မင်းဖြင့်မှတ်သားအပ်သော) ဗုဒ္ဓဟူးနေ့တည်း။
လယ်တီဆရာတော်ဘုရား၏ လင်္ကာကို အောက်ပါအတိုင်း မှတ်ပါ။ (မြေ့ပရမေ = အမြတ်ဆုံးမြေ။ ထိုမြေပလ္လင်၌ ညောင်ပင်ကြီးကို “ဗိတာန်ထီး” ကဲ့သို့ဆောင်း၍ နေတော်မူသည်ဟု ထို လင်္ကာ၌ ဆိုလိုသည်။)
လင်္ကာ။ ။ တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တစ်ဖုံ၊ ပွင့်ချိန်ကြုံက၊ ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူလျက်၊ ရန်သူခပင်း၊ အမိုက်သင်းကို၊ အရှင်းပယ်ဖျောက်၊ အလင်းရောက်က၊ ထွန်းတောက် ဘုန်းမော်၊ သောင်းလုံးကျော်သည်၊ သုံးဘော်လူတို့ ငြိမ်းဖွယ်ကို။
အဋ္ဌမအခန်း
(ဘုရားဖြစ်သည်မှ စ၍ ဓမ္မစကြာ ဟောတော်မူသည်အထိ)
၁။ ဘုရားဖြစ်လျှင်၊ တို့မြတ်ရှင်၊ ဘယ်တွင် ဆက်၍ စံသနည်း။
၂။ ဘုရားဖြစ်လျှင်၊ ဗောဓိပင်၌၊ တင်ပလ္လင်ဖွဲ့ကာ၊ ၇ရက်ကြာ၊ ဆက်ကာ စံနေပါသတည်း။
၂။ ဘုရားဖြစ်တော်မူပြီးသောအခါ ထိုဗောဓိပင်အောက်မှာပင် ဖွဲ့ခွေထားသော တင် ပလ္လင်ကို မဖျက်သေးဘဲ ၇ ရက်ကြာအောင် ဖလသမာပတ်ကို ခံစားတော်မူကာ ထိုင်မြဲထိုင်နေတော်မူ၏။ ဤသို့ထိုင်နေရာ ၇ ရက်ကို “ပလ္လင်္ကသတ္တာဟ”ဟု ခေါ်၏။
၃။ ထိုပလ္လင်္က၊ သတ္တာဟနောက်၊ ဘယ်ဆီရောက်၊ ဘယ်လောက်ကြာအောင် စံသနည်း။
၄။ ဗောဓိပင်ရှေ့၊ မြောက်နားကွေ့၌၊ ရပ်၍ တိတ်တိတ်၊ ပလ္လင်စိတ်ဖြင့်၊ မမှိတ် မသုန်၊ ရှုလျက်တုန်၊ နေပုံ ၇ ရက်ကြာသတည်း။
၄။ ထိုနေရာ၌ ၇ ရက်ကြာသောအခါ “သိဒ္ဓတ္ထမင်းသည် ယခုအထိ ဘုရားဖြစ်သေးဟန် မတူ။ နေရာပလ္လင်ကို ခင်မင်တုန်းပင် ရှိသေး၏” ဟု အချို့ နတ်တို့က တွေးကြလေ၏။ ထိုအခါ ထိုနေရာ ပလ္လင်မှထ၍ ကောင်းကင်သို့ တက်ကြွပြီးလျှင် လက်ဝဲ လက်ယာ မျက်လုံး လက်ရုံး ၂ ဖက်တို့မှ ရေနှင့်မီးစုံ ပြိုင်ထွက်စေသော တန်ခိုးကို ပြတော်မူ၏။ ထိုအခါကျမှ ထိုနတ်တို့လည်း ဘုရား ဖြစ်ကြောင်း ယုံကြည်ကြလေသည်။
ထို့နောက် ကောင်းကင်မှဆင်း၍ ဗောဓိပင်အနီး အရှေ့ မြောက်အရပ်၌ ရပ်တော်မူ၍ ဘုရားဖြစ်ရာ ပလ္လင်နေရာကို ၇ ရက်တိတိ မမှိတ်သော မျက်စိဖြင့် ကြည့် ရှုတော်မူသည်။ ထိုအချိန်ကို “အနိမိသသတ္တာဟ”ဟု ခေါ်၏။ (အနိမိသ= မျက်စိ မမှိတ်ခြင်း။)
၅။ အနိမိသ၊ သတ္တာဟနောက်၊ ဘယ်သို့ရောက်၊ ဘယ်လောက်ကြာအောင် စံသနည်း။
၆။ ဗောဓိပင်သာ၊ ရပ်တည်ရာနှင့်၊ မကွာအကြား၊ ရှေ့နောက်သွားဖို့၊ အလျား စင်္ကြံ၊ ၇ ရက်မှန်၊ တုန့်ပြန် လျှောက်၍ နေသတည်း။
၆။ အနိမိသသတ္တာဟ လွန်ပြီးသောအခါ ဗောဓိပင်နှင့်ရပ်တော်မူရာအကြား၌ အရှေ့ အနောက် ရှည်လျားသော စင်္ကြံဝယ် ၇ ရက်ကြာအောင် စင်္ကြံကြွ၍ နေတော်မူ၏။ (ထိုအချိန်ကို “စင်္ကမတ္တာဟ” ဟုခေါ်သည်။ သတ္တ= ၇ + အဟ=ရက်။)
၇။ ထိုစင်္ကမ၊ သတ္တာဟနောက်၊ ဘယ်သို့ ရောက်၊ ဘယ်လောက်ကြာအောင် စံသနည်း။
၈။ ဗောဓိပင်ထောက်၊ အနောက်မြောက်သို့၊ ကြွရောက်တုန်လျှင်း၊ နတ်ဖန်ဆင်းသည့်၊ သန့်ရှင်းရတနာ၊ ဃရမှာဝယ်၊ ဘိဓမ္မာတရား၊ ဆင်ခြင်ငြား၊ ချိန်ကား ၇ ရက် ကြာသတည်း။
၈။ ထိုစင်္ကမသတ္တာဟ လွန်သောအခါ ဗောဓိပင်၏ အနောက်မြောက်သို့ ကြွတော်မူ၏။ ဤနေရာ၌ နတ်တို့ ဖန်ဆင်းထားသော “ရတနာဃရ = ရတနာစံကျောင်းတော်” ရှိ၏။ ထိုကျောင်းတော်၌ ၇ ရက်တိုင်အောင် နေတော်မူကာ အဘိဓမ္မာတရားကို ဆင်ခြင်တော်မူ၏။
အထူးအားဖြင့် အဘိဓမ္မာ၏အဆုံးဖြစ်သော ပဋ္ဌာန်းတရားတော်ကြီးကို ဆင်ခြင်တော်မူ၏။ ထိုအခါနက်နဲသော တရားတော်ဝယ် ဉာဏ်တော်ကျက်စား၍ အားရ ပါးရ ရှိလှသောကြောင့် စိတ်အလွန် ကြည်တော်မူ၏။ စိတ်တော်ကြည်လင်မှုကြောင့် ဖြစ်သော အသွေးအသားတော်လည်း အထူးကြည်လင်ရကား ကိုယ်တော်မှ ရောင်ခြည်တော် အလင်းဓာတ်များ ထွက်ဖြာ ကွန့်မြူးတော်မူလေသည်။
(ထိုအချိန်ကို “ရတနာဃရ သတ္တာဟ” ဟုခေါ်သည်။ အဘိဓမ္မာ တရားရတနာကို ဆင်ခြင်ရာ ကာလ ဖြစ်၍လည်း “ရတနာဃရ သတ္တာဟ” ဟုခေါ်သတတ်။)
၉။ ရတနာဃရ၊ သတ္တာဟနောက်၊ ဘယ်သို့ ရောက်၊ ဘယ်လောက်ကြာအောင် စံသနည်း။
၁ဝ။ ရတနာဃရ၊ သတ္တာဟမှ၊ အဇပါလ၊ မည်ရညောင်ပင်၊ တို့ဖျားရှင်၊ ကပ်ဝင် ၇ ရက် စံသတည်း။
၁ဝ။ ရတနာဃရ သတ္တာဟ နောက်၌ အဇပါလ မည်သော ပညောင်ပင်သို့ ကြွတော်မူ၍ ၇ ရက်ကြာအောင် ဖလသမာပတ် ချမ်းသာကို ခံစားတော်မူ၏။ နိဗ္ဗာန်ကို အာရုံပြု၍ ဖိုလ်စိတ် အကြိမ်များစွာဖြစ်စေခြင်းကို “ဖလသမာပတ်”ဟုခေါ်၏။ ထိုသို့ နေရသည့်အခါ ဘုရားရဟန္တာများအတွက် အလွန်ချမ်းသာပေသည်။ (အဇ=ဆိတ်+ ပါလ=စောင့်ရှောက်သူ။ “ဆိတ်ကျောင်းသမားတို့ နားနေရာညောင်ပင်” ဟုခေါ်ကြ၏။ ထို ညောင်ပင်သည် ဗောဓိပင်မှ ၃၂ လံ ကွာဝေးသတတ်။)
၁၁။ အဇပါလ၊ သတ္တာဟနောက်၊ ဘယ်သို့ရောက်၊ ဘယ်လောက်ကြာအောင် စံသနည်း။
၁၂။ အဇပါလ၊ သတ္တာဟမှ၊ မုစလိန္ဒ၊ မည်ရကျည်းပင်၊ တို့ဖျားရှင်၊ ကပ်ဝင် ၇ ရက် စံသတည်း။
၁၂။ ထို ၇ ရက်လွန်ပြီးသောအခါ ဗောဓိပင်၏ အရှေ့တောင် မျက်နှာဝယ် အလံငါးဆယ် ကွာသောအရပ်၌ “မုစလိန္ဒ=ကျည်းပင်” ရှိ၏။ ထိုကျည်းပင်အနီး၌ ရေအိုင်ကိုလည်း “မုစလိန္ဒအိုင်” ဟုခေါ်၏။ ထိုကျည်းပင် အောက်သို့ကြွ၍ ဖလသမာပတ်ချမ်းသာကို ခံစားတော်မူကာ ၇ ရက်ကြာအောင် သီတင်းသုံးတော်မူ၏။ “မုစလိန္ဒ သတ္တာဟ” ဟု ထိုအချိန်ကို ခေါ်၏။
ထိုအခါ ၇ ရက်စွေသော မိုးကြီးရွာသွန်းလေရာ လွန်စွာချမ်းအေးလေ၏။ ထို ရေအိုင်မှ နဂါးကြီးသည် ဘုရားထံ လာ၍ အခွေတို့ဖြင့် ဘုရားရှင်ကို ရစ်ပတ်ကာ ဦးထိပ်၌ ပါးပျဉ်းဖြင့် ဖုံးထားလေ၏။ ထိုကို အတူယူ၍ ယခုအခါ “နဂါးရုံဘုရား” တည်ထားကြလေသည်။
၁၃။ မုစလိန္ဒ၊ သတ္တာဟနောက်၊ ဘယ်သို့ ရောက်၊ ဘယ်လောက်ကြာအောင် စံသနည်း။
၁၄။ မုစလိန္ဒာ၊ ၇ ရက်ကြာသော်၊ ရာဇာယတန၊ နာမခေါ်တွင်၊ လင်းလွန်းပင်၊ ကပ်ဝင် ၇ ရက် စံသတည်း။
၁၄။ လင်းလွန်းပင်ကို ပါဠိလို “ရာဇာယတန” ဟုခေါ်၏။ မုစလိန္ဒမှ ဗောဓိပင်နှင့်အလံ ၄ဝ ကွာသော ထို ရာဇာယတနသို့ကြွ၍ ၇ ရက်ပတ်လုံး ဖလသမာပတ်ချမ်းသာကို ခံစား၍ နေတော်မူ၏။ ၇ ရက်ပြည့်သောအခါ သိကြားမင်းလာ၍ ဆက်ကပ်သော ဆေးသျှိသျှားသီးကို ဘုဉ်းပေးတော်မူ၍ ဝမ်းလျောစေတော်မူ၏။
ထို့နောက် သိကြားကပ်လှူသော နွယ်ချို တံပူကို ဝါး၍ အနဝတတ်ရေစင်ဖြင့် မျက်နှာသစ်တော်မူ၏။ ထိုအချိန်အထိ မည်သည့် အာဟာရကိုမျှ ဘုဉ်းပေးတော် မမူရသေး။ သုဇာတာ၏ ဃနာနို့ဆွမ်း ၄၉ လုတ်သည် ထို ၇ သတ္တာဟ (၄၉ ရက်) အတွက် ဘုရားရှင်မှာ သြဇာပြန့်လျက် ရှိလေသည်။
၁၅။ ၇ ရက်မျှ၊ ပြည့်ကာလ၊ ဘယ်က ဘယ်သူ လာသနည်း။
၁၆။ ခုနစ်ရက်မျှ၊ ပြည့်ကာလဝယ်၊ တပုဿနှင့်၊ ဘလ္လိကမည်၊ လှည်းကုန်သည်၊ ဥက္ကလာပြည်မှ လာသတည်း။
၁၆။ ထိုသို့ မျက်နှာသစ်ပြီး၍ ရာဇာယတန၌ ထိုင်နေတော်မူစဉ် “ဥက္ကလာ” မည်သော ဇနပုဒ်မှ တပုဿနှင့် ဘလ္လိကမည်သော လှည်းကုန်သည် ညီနောင် ၂ ယောက်တို့ သည် လှည်းငါးရာဖြင့် မဇ္ဈိမဒေသသို့ ကုန်ရောင်း လာကြရာ ဆွေမျိုးဖြစ်ခဲ့ဖူးသော နတ်၏ ညွှန်ပြချက်ကြောင့် ဘုရားရှင်ကို ဖူးတွေ့ကြရလေသည်။
၁၇။ ဥက္ကလာပြည်သား၊ နောင်ညီများ၊ ဘုရား ဘာကို လှူသနည်း။
၁၈။ ဥက္ကလာပြည်သား၊ နောင်ညီများတို့၊ ဘုရားရှင်ကို၊ လွန်ကြည်ညို၊ မုန့်ကို လှူကြ လေသတည်း။
၁၈။ ထိုညီနောင် ၂ ယောက်တို့သည် ဘုရားရှင်ကို လွန်စွာကြည်ညိုရကား လှော်၍ ထောင်းထု ကြိတ်ထားသော မုန့်မှုန့်နှင့် (သကြား ထောပတ် ပျားရည်တို့ ပေါင်းစပ်၍ မုန့်မှုန့်နှင့် ဆုပ်ထားသော) မုန့်ဆုပ်ကို ကပ်လှူ လေသည်။
ဘုရားရှင်သည် ထိုအာဟာရကို ဘုဉ်းပေးတော်မူပြီးသောအခါ တရားဟော တော်မူ၏။ ကုန်သည် ညီနောင်တို့လည်း ဘုရားနှင့် တရား ရတနာ ၂ ပါးကို ပထမဆုံး ကိုးကွယ်ဆည်းကပ်ရသော ဥပါသကာများ ဖြစ်ကြလေသည်။
၁၉။ နောင်ညီတို့မှာ၊ ကိုးကွယ်ရာ၊ ဘာကိုရ၍ သွားသနည်း။
၂၀။ နောင်ညီနှစ်ဖော်၊ အလွန်ပျော်၊ ဆံတော်ဓာတ်များ ရသတည်း။
၂၀။ ထို့နောက် ရောက်သောနေရာ၌ အမြဲအမှတ်တရ ကိုးကွယ်ဖို့ရာ ချီးမြှင့်ပါရန် လျှောက်ကြလေ၏။ ဗုဒ္ဓမြတ်စွာသည် လက်ယာလက်တော်ဖြင့် ဦးခေါင်းတော်ကို သုံးသပ်တော်မူ၍ ငြိကပ်ပါလာသာ ဆံတော်များကို ချီးမြှင့်တော်မူလေသည်။
ထို ညီနောင် ၂ ယောက်တို့သည်လည်း အလွန်ဝမ်းမြောက်စွာ ခံယူ၍ ဥက္ကလာ ပြည်သို့ ပြန်ရောက်သောအခါ ဆံတော်များကို ရွှေကလာပ်ပေါ်တင်ပြီးလျှင် အသစ်တည်အပ်သော စေတီတွင်းသို့ ထည့်သွင်း ဌာပနာကြ လေသည်။
မှတ်ချက်။ ။ ဥက္ကလာကို “ဥက္ကလာပ”ဟုခေါ်၍ ရန်ကုန်မြို့တော်ကို ဥက္ကလာ ဇနပုဒ် နေရာဟုလည်းကောင်း၊ ရွှေတိဂုံကို ထိုဆံတော် ဌာပနာရာ စေတီတော်ဟု လည်းကောင်း ပြောကြ၏။ “ဥက္ကလာဇနပုဒ်သည် အိန္ဒိယမှာရှိ၏”ဟုလည်း ပြောကြ၏။
၂၁။ ရာဇာယတန၊ သတ္တာဟမှ၊ ကြွ၍ ဘယ်တွင်၊ စံနေစဉ်၊ တို့ရှင် ဘယ်စိတ် ဖြစ်သနည်း။
၂၂။ ထိုမှတဖြာ၊ အဇပါသို့၊ ပြန်လာ အကြွ၊ ရောက်ခါစဝယ်၊ များလှစိတ်ထား၊ ညံ့သည့်အားကြောင့်၊ တရားအထူး၊ မတန်ဘူး၊ စိတ်ကူးတို့ရှင်ဖြစ်သတည်း။
၂၂။ ဗုဒ္ဓမြတ်စွာသည် ရာဇာယတနမှ အဇပါလ ပညောင်ပင်သို့ ပြန်ကြွတော်မူ၏။ ရောက်၍ မကြာမီပင် တရားတော်ကို ဆင်ခြင်တော်မူ၏၊ ထိုအခါ အောက်ပါ အချက်များကို မြင်တော်မူရလေသည်။ တရားတော်သည် ရိုးရိုးဉာဏ်ဖြင့် မသိနိုင်လောက်အောင် ခက်လည်းခက်၏။ ဉာဏ်ဖြင့် လှမ်း၍ မယူနိုင်လောက်အောင် နက်လည်း နက်နဲ၏။
သတ္တဝါတို့၏ စိတ်နေစိတ်ထားကား တပ်မက်မှု လိုချင်မှု ရာဂ(လောဘ)၊ လိုချင်တိုင်းမရ၍ စိတ်မကျေနပ်မှု ဒေါသ၊ အကျိုးအပြစ်နှင့် တရားသဘောကို နားမလည်နိုင်မှု မောဟ၊ ဤတရား ၃ ပါးအားကြီးနေ၏။ ထို့ကြောင့် “လောဘ, ဒေါသ, မောဟကို ဆန့်ကျင်ဘက်ပြုရမည့်တရားတော်သည် လောဘ, ဒေါသ, မောဟ ဖုံးနေသာ သတ္တဝါတို့နှင့် မထိုက်တန်” ဟူသော အကြံတော် ဖြစ်၍ စိတ်တော်မှာ တရားမဟောလိုသော အခြင်းအရာ ဖြစ်ပေါ်လာလေသည်။
၂၃။ စိတ်ကူးဖြစ်ခါ၊ ဘယ်သူလာ၊ ဘယ်အရာကို လျှောက်သနည်း။
၂၄။ သဟမ္ပတိဗြဟ္မာ၊ ဆိုသူလာ၊ ဟောပါတရား လျှောက်သတည်း။
၂၄။ ထိုအခါ “သဟမ္ပတိ”မည်သော ဗြဟ္မာမင်းသည် အကြံတော်ကို သိ၍ နတ်ဗြဟ္မာ တို့နှင့်အတူ လာပြီးလျှင် “မြတ်စွာဘုရား ... တရားဟောတော်မူပါ၊ ပညာမျက်စိ၌ ကိလေသာမြူ နည်းပါးသော သတ္တဝါအများ ရှိကြပါသေး၏။ ထိုသူတို့မှာ တရား မနာရခြင်းကြောင့် ဆုတ်ယုတ်နေကြပါသည်။ တရားတော်ကို သိလွယ်သူများ ရှိပါလိမ့်ဦးမည်” ဟုလျှောက်ထားတောင်းပန်လေသည်။
၂၅။ တရားဟောရန်၊ လက်သင့်ခံ၍၊ ဟောရန်ဓမ္မ၊ ဘယ်ဒေသ ဗုဒ္ဓကြွတော်မူသနည်း။
၂၆။ မိဂဒါဝုန်၊ သားမျိုးစုံသည့်၊ ရဂုံဒေသ၊ တို့ဗုဒ္ဓ၊ ဓမ္မဟောရန် ကြွသတည်း။
၂၆။ ဗုဒ္ဓမြတ်စွာသည် “တရားဟောတော်မူမည်” ဟု ပဋိညာဉ်(လက်ခံတော်) မူပြီးနောက် တရားဟောတော် မူဖို့ရန် ဗာရာဏသီမြို့ မိဂဒါဝုန်တောသို့ ကြွချီတော်မူသည်။ (မိဂ=သမင်. ဒရယ် စသာ သားကောင်တို့၏။ ဒါယ=ဘေးမဲ့ပေးရာ တော။ “မိဂဒါဝုန်” ဟုခေါ်၏။)
၂၇။ ဘယ်သူတို့အား၊ အမှူးထား၊ ဘယ်တရားကို ဟောသနည်း။
၂၈။ ပဉ္စဝဂ္ဂီများ၊ အမှူးထား၍၊ အများရောက်လာ၊ နတ်ဗြဟ္မာ၊ စကြာတရား ဟောသတည်း။
၂၈။ ဗုဒ္ဓမြတ်စွာ ကျင့်နေတော်မူစဉ်က ပြုစုခဲ့ဖူးသော ပဉ္စဝဂ္ဂီ (ရသေ့ ၅ ဦးအစု) သည် ဘုရား ကြွလာတော်မူသည်ကို မြင်သောအခါ “ရှင်ဂေါတမသည် တရားထူးမရဘဲ ကမ္မဋ္ဌာန်းမှ ထွက်၍ လာဘ် ပေါများအောင် လှည့်လည်နေကြသည်” ဟု အယူရှိကြသောကြောင့် “ခရီဦးမကြိုတမ်း” ဟု ကတိ ထားကြကုန်၏။
သို့သော် အနားရောက်လာသောအခါ ကတိမတည်နိုင်ကြဘဲ သပိတ် သင်္ကန်း လှမ်းယူသူကယူ၊ ခြေဆေးဖို့ ရေခတ်သူကခတ်၊ ထိုင်ဖို့ နေရာယူသူကယူနှင့် ပျာပျာ သလဲ ခရီးဦးကြို၍ ဝတ်ပြုကြကုန်၏။ ထို့နောက် ဘုရားဖြစ်ကြောင်းကိုလည်း သဘောပေါက်ကြ၍ တရားနာဖို့ စိတ်ညွတ်လာ ကြလေသည်။
ထိုအခါ ဝါဆိုလပြည့် စနေနေ့ နေဝင်လုခါနီး လ,မင်းကြီးလည်း ထွက်ပြူ လာချိန်ဝယ် “တရားဦးနာမည် “ ဟု အားခဲနေကြသော စကြဝဠာ တစ်သောင်းမှ နတ်ဗြဟ္မာအပေါင်းလည်း ထက်အောက်ပြည့်မျှ ရောက်ရှိလာ ကြကုန်၏။
၂၉။ ဓမ္မစကြာ၊ ဟောသောခါ၊ သတ္တဝါ ဘယ်လောက်ကျွတ်သနည်း။
၃၀။ အရှင်ကောဏ္ဍည၊ အမှူးစ၍၊ ဓမ္မစက်သစ်၊ ဟောဖော်လှစ်သော်၊ ဆယ့်ရှစ် ကုဋေ၊ နတ် ဗြဟ္မေ၊ ထိုနေရာတွင် ကျွတ်သတည်း။
၃၀။ ထိုအချိန်မှာ ဗုဒ္ဓမြတ်စွာသည် ပဉ္စဝဂ္ဂီ အမှူးထား၍ နတ် ဗြဟ္မာ ပရိသတ်ကြီးအား “ဓမ္မစကြာ” တရားကို စ,၍ ဟောပြတော်မူသည်။ တရားတော်ကြီး ပြီးဆုံးသောအခါ အရှင်ကောဏ္ဍညသည် နတ် ဗြဟ္မာပေါင်း တစ်ဆယ့်ရှစ်ကုဋေနှင့်အတူ သောတာပန် ဖြစ်လေ၏။
ဝါဆိုလပြည့်ကျော် ၁ ရက်မှစ၍ တရားမရသေးသော ရသေ့များကို အထူး စောင့်ရှောက်တော်မူကာ တရားကိုလည်း ဟော၊ ကျင့်လည်း ကျင့်တော်မူရာ ၁ ရက်နေ့ အရှင်ဝပ္ပ၊ ၂ ရက်နေ့ အရှင်ဘဒ္ဒိယ၊ ၃ ရက်နေ့ အရှင်မဟာနာမ၊ ၄ ရက်နေ့ အရှင်အဿဇိတို့ သောတာပန်ဖြစ်ကြလေ၏။ ရသေ့ဘဝမှ ရဟန်း ဘဝသို့ အားလုံးရောက်ကြလေသည်။ လယ်တီဆရာတော်ဘုရား၏ လင်္ကာကား -
(လင်္ကာ) ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဖွား၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီဖြင့်၊ မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊ ခ,ညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ဝါဆို လပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဟော ဖော် ထားသည် တရားနတ်စည် ရွန်းတယ်ကို။
နဝမအခန်း
(ဤအခန်း၌ ဂုဏ်တော် ၉ ပါးကို ပြထား၏။ ဂုဏ်တော်များ၏ မူရင်းနာမည် မပျက်စေလိုသောကြောင့် လင်္ကာများ မချောဘဲရှိသည်ကို သည်းခံ၍ဖတ်ပါ)
၁။ ဘုရားဖြစ်သော်၊ တို့ဘုန်းမော်၊ ဂုဏ်တော် မည်မျှ ကျော်သနည်း။
၂။ ဂုဏ်တော်မှန်က၊ အနန္တပင်၊ သိကြအများ၊ ဂုဏ်တော်ကား၊ ၉ ပါး ပျံ့နှံ့ ကျော်သတည်း။
၃။ ဂုဏ်တော် ၉ သွယ်၊ ပျံ့နှံ့ကြွယ်၊ အဘယ် အဘယ် တို့ပါနည်း။
၄။ ဣတိပိ သောဘဂဝါ၊ အရဟံ-သမ္မာသမ္ဗုဒ္ဓေါ၊ ဝိဇ္ဇာစရဏ သမ္ပန္နော၊ သုဂတော-လောကဝိဒူ၊ အနုတ္တရော ပုရိသ ဒမ္မသာရထိ၊ သတ္ထာဒေဝ မနုဿာနံ၊ ဗုဒ္ဓေါ-ဘဂဝါ၊ ဤ ၉ ဖြာ၊ မှတ်ပါ ဂုဏ်တော် အနှံ့တည်း။
၂။ လူအများ၌ ရိုရိုးရှိစဉ်ထက် သာလွန်သော အရည်အချင်းကို “ဂုဏ်” ဟုခေါ်၏။ ဘုရားဖြစ်သောအခါ ရရှိအပ်သော ဂုဏ်တော်များသည် အနန္တ (ရေတွက်၍ မဆုံးနိုင်အောင်) မြားမြောင်ပါပေ၏။
မှန်၏။ မြတ်စွာဘုရား၏ ကာယကံဟူသမျှ ဉာဏ်တော် ရှေ့သွားရှိ၏။ (ဉာဏ်တော်ဖြင့် စဉ်းစားပြီးမှ ပြုတော်မူ၏။) ဝစီကံ၊ မနောကံ ဟူသမျှလည်း ထို့အတူပင် ဉာဏ်တော်ရှေ့သွား ရှိ၏။ ကချော်ကချွတ် ပြုလေ့ပြောလေ့ မရှိ။ ပျာယီးပျာယာ ပြုလေ့ပြောလေ့မရှိ။ ဤသို့ စသည်ဖြင့် များလှပေသည်။
သို့သော် ထိုဂုဏ်တော်များသည် အများသိမဟုတ်။ နီးနီးကပ်ကပ်နေ၍ ဉာဏ်ရှိသူ တချို့သာ သိနိုင်သည်။ အများသိဖြစ်၍ ဗြဟ္မာ့ပြည်တိုင်အောင် ပျံ့နှံ့သော ဂုဏ်တော်ကား ၉ ပါး ရှိပါသည်။
- ဣတိပိ သော ဘဂဝါ အရဟံ။
- ဣတိပိ သော ဘဂဝါ သမ္မာသမ္ဗုဒ္ဓေါ။
- ဣတိပိ သော ဘဂဝါ ဝိဇ္ဇာစရဏသမ္ပန္နော။
- ဣတိပိ သော ဘဂဝါ သုဂတော။
- ဣတိပိ သော ဘဂဝါ လောကဝိဒူ။
- ဣတိပိ သော ဘဂဝါ အနုတ္တရော ပုရိသဒမ္မသာရထိ။
- ဣတိပိ သော ဘဂဝါ သတ္ထာဒေဝ မနုဿာနံ။
- ဣတိပိ သော ဘဂဝါ ဗုဒ္ဓေါ။
- ဣတိပိ သော ဘဂဝါ ဘဂ၀ါ။
မှတ်ချက်။ ။ အနုတ္တရော + ပုရိသ ဒမ္မသာရထိ ကို ၂ ပါးခွဲ၍ ဂုဏ်တော် ၁၀ ပါး ဟုလည်း ယူကြ၏။
၅။ ဘယ်အကြောင်းဟုန်၊ ပြီးပြည့်စုံ၊ ဂုဏ်တော် အရဟံ ရသနည်း။
၆။ ကိလေသာကင်း၊ ဝေးသန့်ရှင်း၍၊ မင်းမင်းပြည်သူ၊ အလှူတော်မှန်၊ ပူဇော်ခံဖို့၊ ထိုက်တန်သည့်ပုံ၊ ပြီးပြည့်စုံ၊ ဂုဏ်တော် အရဟံ ရသတည်း။
၆။ အရဟံ ဟူသော ပါဠိသည် “ကိလေသာတို့မှဝေးကွာ၏” ဟူသော အနက်၊ ”ပူဇော် ခြင်းကို ခံတော်မူထိုက်၏ “ ဟူသော အနက်ကို ပြ၏။ စိတ်ကို ညစ်ပေစေတတ် ပူပန်စေတတ်သော လောဘ, ဒေါသ, မောဟ, မာန စသည်ကို “ကိလေသာ”ဟု ခေါ်၏။
ဗုဒ္ဓမြတ်စွာသည် ထိုကိလေသာတို့မှ ဝေးကွာ သန့်ရှင်းတော်မူ၏။ အခြား ရဟန္တာ အရှင်မြတ်တို့လည်း ကိလေသာမှ ကင်းကြပါ၏။ သို့သော် အထုံဝါသနာ (အငွေ့ အသက်) ကျန်နေသေး၏။ ပုထုဇဉ်ဘဝတုန်းက ဒေါသကြီးလျှင် ဒေါသ ကုန်သွားသော်လည်း ဒေါသ အရှိန်ကလေးကား ကျန်နေသေး၏ စသည်ဖြင့် သိပါလေ။ ဗုဒ္ဓမြတ်စွာကား ထိုအငွေ့ အသက်မျှ မကျန်အောင် ကိလေသာမှ ဝေးစွာ ကင်းကွာတော်မူသည်။
ထိုသို့ ကိလေသာမှ ဝေးကွာတော်မူသောကြောင့်ပင်(အမှိုက်သရိုက်ကင်းသော လယ်ယာ၌ စိုက်ပျိုးအပ်သော မျိုးစေ့သည် အပင်ကြီး၍ အသီးထွားစေနိုင်သကဲ့သို့) လှူဒါန်းပူဇော်သမျှကိုလည်း အကျိုးများစွာ ရစေနိုင်ရကား ပူဇော်ခြင်းကို ခံယူထိုက်ပါပေသည်။
၇။ ဘယ်အကြောင်းဟုန်၊ ပြီးပြည့်စုံ၊ ဂုဏ်တော် သမ္မာသမ္ဗုဒ္ဓ ရသနည်း။
၈။ သိထိုက်သိရန်၊ ကြွင်းမကျန်အောင်၊ အမှန်ကိုယ်တိုင်၊ သိမြင်နိုင်ပုံ၊ ပြီးပြည့်စုံ၊ ဂုဏ်တော် သမ္မာသမ္ဗုဒ္ဓ ရသတည်း။
၈။ “သမ္မာ+သံ+ဗုဒ္ဓ” ဟူသော ပါဠိသည် “အမှန်+ကိုယ်တော်တိုင်+သိမြင်နိုင်၏” ဟူသော အနက်ကို ပြ၏။ လောကက၌ သိဖွယ်ရာဟူသမျှကို ဗုဒ္ဓမြတ်စွာသည် အကုန် အစင် သိမြင်တော်မူ၏။ ထိုသို့ သိမြင်ရာ၌ “တစ်ခုတလေမျှ မှားသွားသည်”ဟူ၍ မရှိ။ အားလုံးအမှန်ချည်းသာ ဖြစ်၏။
ထိုသို့အမှန်အတိုင်း သိဖို့ရန်လည်း မည်သူ့ထံမျှ နည်းမခံရ။ ကိုယ်တော်၏ ပင်ကိုဉာဏ်ဖြင့် ကိုယ်တော့်ဘာသာ သိတော်မူ၏။ ထိုသို့ သိနိုင်သော ဉာဏ်တော် ကိုပင် သဗ္ဗညုတ ဉာဏ်တော်ဟုခေါ်၏။
(သဗ္ဗ=အလုံးစုံကို + သု=သိနိုင်သူ၏ + တာ=ဖြစ်ကြောင်းဉာဏ်။)
သတိပြု။ ။ ဤနေရာ၌ စာဖတ်မှုကို ရပ်နား၍ ဘုရားရှင်၏ ၃၅ နှစ်အရွယ် သပ္ပါယ်သော ကိုယ်တော်၏ အတွင်း၌ ကိလေသာ အညစ်အကြေးတို့မှ သန့်ရှင်း စင်ကြယ်သော စိတ်တော်ကို လည်းကောင်း၊ ထိုစိတ်တော်နှင့် သဗ္ဗညုတဉာဏ်တော်ကြီး ယှဉ်နေပုံကိုလည်းကောင်း ယူလိုက်စမ်းပါ။
၉။ ဘယ်အကြောင်းဟုန်၊ ပြီးပြည့်စုံ၊ ဂုဏ်တော် ဝိဇ္ဇာစရဏသမ္ပန္န ရသနည်း။
၁၀။ အသိပညာ၊ ဉာဏ်ပညာနှင့်၊ ကောင်းစွာကျင့်ပုံ၊ စရဏစုံ၊ ဂုဏ်တော် ဝိဇ္ဇာ စရဏ သမ္ပန္န ရသတည်း။
၁ဝ။ ပညာ၊ ဉာဏ၊ ဝိဇ္ဇာ ဟူသော ပါဠိသည် “အသိ” ဟူသော အနက်ကို ပြ၏။ စရဏ ဟူသော ပါဠိသည် “အကျင့်” ဟူသော အနက်ကိုပြ၏၊ ဗုဒ္ဓမြတ်စွာသည် ထိုဝိဇ္ဇာ၊ ထိုစာရဏတို့နှင့် ပြည့်စုံတော်မူ၏။
ဝိဇ္ဇာသည် ဘုရားဖြစ်ခန်း၌ ပြခဲ့သော ပု-ဒိ-အာ ၃ ပါး၊ ဝိပဿနာဉာဏ် စသည် ထည့်၍ တစ်နည်း ၈ ပါး ရှိ၏။ ထို ၃ ပါး၊ ၈ ပါးကို ရတနာ့ဂုဏ်ရည်မှာ ပြထားပြီ။
စရဏသည် ၁၅ ပါးရှိ၏။ ထိုတစ်ဆယ့်ငါးပါးကိုလည်း ရတနာ့ဂုဏ်ရည်၌ ပြခဲ့ပြီ။
အသိဉာဏ် ဝိဇ္ဇာသည် မျက်လုံးနှင့်တူ၏။ အကျင့် စရဏသည် ခြေနှင့် တူ၏။ မျက်လုံးနှင့် ခြေထောက် ၂ မျိုးလုံး ပြည့်စုံမှ လိုရာအရပ်သို့ ရောက်နိုင်သကဲ့ သို့ ဝိဇ္ဇာနှင့် စရဏ ၂ ပါးလုံးစုံမှသာ လိုရာ သုဂတိဘဝနှင့် နိဗ္ဗာန်သို့ ရောက်နိုင်သည်။
ထို့ကြောင့် ဗုဒ္ဓမြတ်စွာ၏ ဤဝိဇ္ဇာ စရဏနှင့် ပြည့်စုံပုံကိုအာရုံပြုကာ မိမိမှာ လည်း အသိမှန်နှင့် အကျင့်ကောင်း ပြည့်စုံအောင် ကြိုးစားပါလေ။
၁၁။ ဘယ်အကြောင်းဟုန်၊ ပြီးပြည့်စုံ၊ ဂုဏ်တော် သုဂတ ရသနည်း။
၁၂။ ဒီပင်္ကရာ၊ စောမြတ်စွာမှ၊ စ၍ဗောဓိ၊ မဏ္ဍိုင်ထိအောင်၊ သတိသမ္ပဇဉ်၊ မပြတ် ယှဉ်လျက်၊ သဗ္ဗဉ်ဉာဏ်တော်၊ ရဖို့မျှော်၍၊ လာတော်မူပုံ၊ ပြီးပြည့်စုံ၊ ဂုဏ် တော် သုဂတ ရသတည်း။
၁၂။ သု+ဂတ(သု+အာဂတ) ဟူသော ပါဠိသည် “ကောင်းစွာ+လာတော်မူ၏” ဟူသော အနက်ကိုပြ၏။ (ဘုရားဖြစ်ရာ ညောင်ပင်သည် ဇမ္ဗူဒီပကျွန်း၏ အလယ် ဗဟို မဏ္ဍိုင် ဖြစ်၏။ ထို့ကြောင့် မဏ္ဍိုင် ဟု ခေါ်ထားသည်။)
ဗုဒ္ဓမြတ်စွာသည် ဒီပင်္ကရာဘုရားရှင်၏ ခြေတော်ရင်း၌ ဘုရား ဖြစ်ဖို့ရန် ဓိဋ္ဌာန်ခဲ့သည်မှစ၍ ဗောဓိမဏ္ဍိုင်၌ ဘုရားဖြစ်သည့်တိုင်အောင် ကောင်းစွာ ကြွလာတော်မူလေသည်။
“ကောင်း” ဆိုသည်မှာ ထိုကာလအတွင်း၌ အမှားအယွင်း မရှိရလေအောင် မိစ္ဆာအယူကို မယူမိအောင် အမြဲသတိထား၍ လည်းကောင်း၊ သမ္မဇဉ်(ဉာဏ်) အမြဲ ယှဉ်၍ လည်းကောင်း ပါရမီတော်တို့ကို ဖြည့်ကျင့်ကာ သဗ္ဗညုတ ဉာဏ်တော်ကို ရဖို့ရန် ရည်မျှော်၍ လာခဲ့ခြင်းပင်တည်း။ ထိုသို့ အလာကောင်းသောကြောင့်ပင် အခါမနှောင်းဘဲ အကြောင်းအားလုံး ညီညွတ်စွာ ဘုရားဖြစ်တော်မူရပေသည်။
၁၃။ ဘယ်အကြောင်းဟုန်၊ ပြီးပြည့်စုံ၊ ဂုဏ်တော် လောကဝိဒူရသနည်း။
၁၄။ သတ္တောကာသ၊ သင်္ခါရဟု၊ လောကသိပုံ၊ ပြီးပြည့်စုံ၊ ဂုဏ်တော် လောကဝိဒူ ရသတည်း။
၁၄။ “လောက+ဝိဒူ” ဟူသော ပါဠိသည် “လောကကို+သိတော်မူ၏” ဟူသော အနက်ကို ပြ၏။ သိဖွယ်ရာ လောကသည် သတ္တလောက, ဩကာသလောက, သင်္ခါရလောက ဟု ၃ မျိုး ရှိ၏။
သတ္တလောကဟူသည် သတ္တဝါအပေါင်းတည်း။ ငရဲကောင် တိရစ္ဆာန်ကောင် ပြိတ္တာကောင်များနှင့် လူ နတ် ဗြဟ္မာတို့သည် သတ္တလောကမည်၏။ (သတ္တ-အာရုံတို့၌ ငြိကပ်တတ်သူ၊ ဝါ-သတ္တဝါ+လောက=အပေါင်း။) ထိုသတ္တဝါတို့၏ စိတ်အနေအထားကိုပါ ဘုရားရှင် သိတော်မူသည်။
ဩကာသလောက ဟူသည် ထိုသတ္တဝါတို့၏ နေရာ ဘုံဌာန များတည်း။ ထိုဘုံသည် ငရဲဘုံ၊ ပြိတ္တာဌာန (ဘုံ သီးခြား မရှိ)၊ လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာဘုံ အားဖြင့် ၃၁ ဘုံ ရှိ၏။
သင်္ခါရလောကဟူသည် ရုပ်တရား နာမ်တရားများတည်း။ (သင်္ခါရ=ကံစသော အကြောင်းတို့ စီမံ ပြုလုပ်အပ်သော + လောက ပျက်တတ်သောတရား) လူဟု ခေါ် အပ်သော်လည်း”လူ” စင်စစ်မဟုတ်။ ရုပ်နာမ်သာ ဟုတ်သည်။ ထိုရုပ်နာမ် တရား တို့ကိုလည်း သဘော လက္ခဏာကိစ္စ စသည်တို့ကိုပါ ဘုရားရှင် သိတော်မူသည်။
၁၅။ ဘယ်အကြောင်းဟုန်၊ ပြီးပြည့်စုံ၊ ဂုဏ်တော် အနုတ္တရော ပုရိသ ဒမ္မသာရထိ ရသနည်း။
၁၆။ ဆုံးမထိုက်သူ၊ နတ် လူ ဗြဟ္မာ၊ ဆုံးမရာဝယ်၊ အသာမရှိ၊ ယဉ်ကျေးသည့် တိုင်၊ ဆုံးမနိုင်ပုံ၊ ပြီးပြည့်စုံ၊ ဂုဏ်တော် အနုတ္တရောပုရိသ ဒမ္မသာရထိ ရသတည်း။
၁၆။ “အနုတ္တရော” ဟူသော ပါဠိသည် “အတုမရှိ၊ အသာမရှိ မြတ်၏” ဟူသော အနက်ကို ပြ၏။ “ပုရိသဒမ္မ” ဟူသော ပါဠိသည် “ဆုံးမထိုက်=ဆုံးမဖို့ သင့်တော်သော ယောက်ျား” ဟူသော အနက်ကိုပြ၏။ “သာရထိ” ဟူသော ပါဠိသည် “ဆုံးမနိုင်၏” ဟူသော အနက်ကို ပြ၏။
မြတ်စွာဘုရားသည် ဆုံးမဖို့ရန် သင့်လျော်သော သတ္တဝါကို တွေ့ မြင်တော်မူလျှင် ထိုသူတို့၏ အလိုဆန္ဒကို ကြည့်တော်မူ၏။ ထို့နောက် ခြောက်၍ ဆုံးမမှ တရားရမည့်သူကို ခြောက်၍ ဆုံးမတော်မူ၏။ မြှောက်ပင့်၍ ဆုံးမမှ တရားရမည့် သူကို မြှောက်ပင့်၍ ဆုံးမတော်မူ၏။
ထိုသို့ဆုံးမရာ၌ သီလ မရှိသေးသော သူကို သီလရှိအောင်၊ အခြေခံ သီလရှိပြီး သူကို အထက်တိုး၍ ဈာန်,မဂ်,ဖိုလ်ရအောင် အဆင့်ဆင့် ဆုံးမတော်မူ၏။ ဆုံးမ ၍ မရနိုင်သူကိုလည်း မဆုံးမဘဲ ထားတော်မူ၏။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာသည် ယဉ်ကျေးအောင် သွန်သင် ဆုံးမမှု၌ အတုမရှိ အသာမရှိ မြတ်တော်မူပါပေသည်။
၁၇။ ဘယ်အကြောင်းဟုန်၊ ပြီးပြည့်စုံ၊ ဂုဏ်တော် သတ္ထာဒေဝမနုဿာနံ ရသနည်း။
၁၈။ နတ်,လူ,ဗြဟ္မာ၊ သတ္တဝါ၏၊ ဆရာဖြစ်ပုံ၊ ပြီးပြည့်စုံ၊ ဂုဏ်တော် သတ္ထာ ဒေဝ မနုဿာနံ ရသတည်း။
၁၈။ လောက၌ အသိအလိမ္မာ ဉာဏ်ပညာ အရည်အချင်းအားဖြင့်လည်း ကိုယ့်ထက် သာလွန်၍ ကိုယ့်ကို ဆုံးမတော်မူရလျှင် လည်းကောင်း၊ ထိုဆုံးမတိုင်း လိုက်နာ၍ အကျိုးရှိလျှင်လည်းကောင်း ထိုအကျိုး ခံစား ရသူတိုင်းက ထိုဆုံးမသော ပုဂ္ဂိုလ်ကို “ဆရာ” ဟု အသိအမှတ်ပြု ကြရသည်။
ဗုဒ္ဓမြတ်စွာသည် ထိုသို့ ဆရာဖြစ်ထိုက်သော ဂုဏ်များနှင့် ပြည့်စုံသောကြောင့် လူနတ် ဗြဟ္မာ သတ္တဝါများ ကပင် ဆရာဟူ၍ အသိအမှတ်ပြုခြင်းကို ခံရပါပေ သည်။ (ဒေဝမနုဿာနံ=နတ်,ဗြဟ္မာ,လူတို့၏ + သတ္ထာ=ဆရာ ဖြစ်တော်မူ၏)
ထို့ကြောင့်ပင် ဗုဒ္ဓမြတ်စွာကို ဗိမ္မိသာရ လူမင်း၊ ဗြဟ္မာယု ပါမောက္ခ စသော လူပညာရှိ၊ သိကြားစသော နတ်မင်း၊ ဗကဗြဟ္မာ စသော ဗြဟ္မာမင်းတို့က ဆရာ တင်ပြီးလျှင် ဘုရား အဆုံးအမတော် အတိုင်း လိုက်နာနေထိုင်ကြ၏။ လိုက်နာ သလောက်လည်း လောကချမ်းသာကို ကိုယ်စီကိုယ်င ခံစားကြရပေသည်။
၁၉။ ဘယ်အကြောင်းဟုန်၊ ပြီးပြည့်စုံ၊ ဂုဏ်တော် ဗုဒ္ဓ ရသနည်း။
၂၀။ လေးပါးသစ္စာ၊ မြိုက်ရသာကို၊ ကောင်းစွာပိုင်ပိုင်၊ ကိုယ်တော်တိုင်နှင့်၊ သုံးဆိုင် ဝေနေ၊ များဗိုလ်ခြေကို၊ သိစေနိုင်ပုံ၊ ပြီးပြည့်စုံ၊ ဂုဏ်တော် ဗုဒ္ဓ ရသတည်း။
၂၀။ “ဗုဒ္ဓ” ဟူသော ပါဠိသည် “ကိုယ်တိုင်သိ၍ သူတစ်ပါးကိုလည်း သိစေနိုင်၏” ဟူသော အနက်ကိုပြ၏။ ဗုဒ္ဓမြတ်စွာသည် သစ္စာ ၄ ပါးတည်းဟူသော အမြိုက် အရသာကို ကိုယ်တိုင်လည်း သိတော်မူ၊ ဝေနေယျ သတ္တဝါတို့ကိုလည်း သိစေတော်မူနိုင်ပေသည်။
ထို့ကြောင့်ပင် အရှင်သာရိပုတ္တရာ စသော၊ မိထွေးတော် ဂေါတမီ စသော အမျိုးသား အမျိုးသမီးတို့ သစ္စာ ၄ ပါး တရားကို သိ၍ ရဟန္တာများ ဖြစ်ကြရပေသည်။ သစ္စာ ၄ ပါးကား ဒုက္ခ, သမုဒယ, နိရောဓ, မဂ္ဂတည်း။
ထို ၄ ပါးတို့တွင် အိုရ, နာရ, သေရ, ချစ်သူနှင့်ကွဲရ, မုန်းသူနှင့်အတူနေရ, လိုတာမရ၊ အချုပ်အားဖြင့် ဤ ခန္ဓာကိုယ်ကြီး၊ ဤအားလုံးသည် ဒုက္ခသစ္စာ (ဆင်းရဲ တာအမှန်) ဖြစ်၏။ ထိုဆင်းရဲသည် တဏှာဟုခေါ်သော သမုဒယကြောင့် ဖြစ်ရကား တဏှာသည် သမုဒယသစ္စာ (ဆင်းရဲကြောင်း အမှန်) ဖြစ်၏။
ထို ဒုက္ခ သမုဒယ ၂ ပါးတို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်သည် နိရောဓသစ္စာ (ချုပ်ရာ အမှန်) ဖြစ်၏။ သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ စသော မဂ္ဂင် ၈ ပါးသည် မဂ္ဂသစ္စာ (နိဗ္ဗာန် ရောက်ကြောင်း လမ်းကောင်းအမှန်) ဖြစ်၏။ အကျယ်ကို (ရတနာ့ဂုဏ်ရည် မှာ ကြည့်ပါ)။
၂၁။ ဘယ်အကြောင်းဟုန်၊ ပြီးပြည့်စုံ၊ ဂုဏ်တော် ဘဂဝါ ရသနည်း။
၂၂။ ဣဿရိယ၊ ဓမ္မ-ယသ၊ သိရီ-ကာမ၊ ပယတ္တ ဟု၊ ခြောက်ဝ ဘုန်းဟုန်၊ ပြီးပြည့်စုံ၊ ဂုဏ်တော် ဘဂဝါ ရသတည်း။
၂၂။ ဘဂဝါ ဟူသော ပါဠိသည် “ဘုန်းတော်ရှိ၏ - ဘုန်းတော်ကြီး၏” ဟူသော အနက်ကို ပြ၏။ ထို ဘုန်းတော်သည် ဣဿရိယ စသော အားဖြင့်ခြောက်ပါးရှိ၏။
ဣဿရိယ - ကိုယ်တော်မြတ်၏၊ စိတ်ဓာတ်တော်မှ၊ စ၍မကြွင်း၊ လူနတ် မင်းကို၊ ပိုင်နင်းအုပ်စိုးနိုင်သော ဘုန်းတော်။
ဓမ္မ - ကိလေသာရန်၊ ပယ်ဖျက်လှန်ဖို့၊ နိဗ္ဗာန်ဖိုလ်မဂ်၊ ကိုးချက် အပြား၊ လောကုတ္တရာ တရားတည်းဟူသော ဘုန်းတော်။ (မဂ် ၄ ပါး၊ ဖိုလ် ၄ ပါး။)
ယသ - ဟုတ်တိုင်း မှန်စွာ၊ ဖြစ်ပေါ်လာ၍၊ ကမ္ဘာ တိုက်ပေါင်း၊ သောင်း လောကဓာတ်၊ ပဲ့တင်ထပ်မျှ၊ နှံ့စပ် ကျော်စောခြင်း ဘုန်းတော်။
သိရီ - ရွှေမျက်နှာတော်၊ လက်ခြေတော်မှ၊ စ,၍ မကြွင်း၊ ပင်လုံးဝင်းသည့်၊ ပန်းမင်းအနေ၊ ကျက်သရေမင်္ဂလာရှိသော ဘုန်းတော်။
ကာမ - အလိုတော်အတိုင်း၊ တောင့်တတိုင်းပင်၊ မဆိုင်း မတွ၊ ပြီးစီးရသော ကာမ ဘုန်းတော်။
ပယတ္တ - တစ်လောကလုံး၊ ညွတ်ရုံးကိုးစား၊ အားထားဖို့ရာ၊ လွန်စွာလုံ့လ၊ ဝီရိယ ကောင်းသော ဘုန်းတော်။ (အကျယ်ကို ရတနာ့ဂုဏ်ရည်မှာ ကြည့်ပါ။)
၂၃။ လေးဆယ့်ငါးဝါ၊ ကာလကြာအောင်၊ ကောင်းစွာဟောပြ၊ တို့ဗုဒ္ဓ၊ ဓမ္မချုပ် အဘယ်နည်း။
၂၄။ အကြောင်းရှိလျှင်၊ အကျိုးထင်၍၊ ကြောင်းအင်လဲပြုတ်၊ ကျိုးလဲ ချုပ်ဟု၊ လောကုတ် လောကီ၊ ကြောင်းကျိုးမှီ၊ လေးလီ သစ္စာ အချုပ်တည်း။
၂၄။ ဘုရားရှင်သည် ဘုရားဖြစ်သည်မှစ၍ ပရိနိဗ္ဗာန်စံတော်မူသည်အထိ ၄၅ ဝါ (၄၅ နှစ်) ကြာ၏။ ထိုအတွင်း၌ ဟောတော်မူအပ်သာ တရားတော်များသည် (ယခုအခါ သင်္ဂါယနာ တင်အပ်သော တရားတော်များကို အကျယ်ချဲ့၍) မရေတွက်နိုင်အောင် များလှပေ၏။
ထိုတရားတော်များကို ချုပ်လိုက်လျှင် သစ္စာ ၄ ပါးတရားပင် ဖြစ်၏။ ထို ၄ ပါးတွင် လောကီနယ်၌ ဒုက္ခနှင့် သမုဒယ ၂ ပါးရှိ၍ လောကုတ္တရာနယ် ၌ နိရောဓ နှင့် မဂ္ဂ ဟု ၂ ပါး ရှိ၏။ ထိုတွင် သမုဒယသစ္စာသည် အကြောင်း၊ ဒုက္ခသစ္စာသည် အကျိုး။ မဂ္ဂသစ္စာသည် အကြောင်း၊ နိရောဓသစ္စာသည် အကျိုး။ ဤသို့ လောကီ နယ်၌ လည်းကောင်း၊ လောက၏လွတ်ရာ လောကုတ္တရာနယ်၌လည်းကောင်း အကြောင်းနှင့် အကျိုး ဆက်စပ်၍ ဟောတော်မူလေ့ရှိပါသည်။
အရှင်သာရိပုတ္တရာအလောင်းသည် (ရသေ့ဘဝတုန်းက) အရှင် အဿဇိရဟန္တာနှင့် တွေ့၍ “အရှင်တို့၏ ဆရာသည် အဘယ်သို့ ဟောလေ့ရှိပါသနည်း”ဟု မေးရာ၌ “ယေ ဓမ္မာ ဟေတုပ္ပဘဝါ၊ တေသံ ဟေတုံတထာဂတော” = အကြောင်းကစ၍ ဖြစ်လာရသော အကျိုး (ဒုက္ခ) တရားတို့၏ အကြောင်း (တဏှာ) ကို ဟောတော်မူ လေ့ရှိသည်။ ထိုဒုက္ခ၏ ချုပ်ရာနှင့်ချုပ်ကြောင်း ကိုလည်း ဟောတော်မူလေ့ရှိ၏” ဟု အရှင်အဿဇိက ဖြေတော်မူရာ သဘောပေါက်၍ သောတာပန် ဖြစ်ပါလေသည်။
ဤသစ္စာ ၄ ပါး (မလွဲနိုင်သော အမှန်တရား) ကို စဉ်းစားလိုက်လျှင် “တဏှာ လောဘကြီးလျှင် ဒုက္ခကြီး၏၊ တဏှာလောဘနည်းလျှင် ဒုက္ခနည်းပါး၏။ တဏှာ လောဘ လုံးလုံး မရှိလျှင် ဒုက္ခလည်း လုံးလုံး မရှိတော့ဘဲ ဒုက္ခကုန်ဆုံးရာ နိဗ္ဗာန် ဟူသော နိရောဓသစ္စာသာ ကျန်တော့၏”ဟု သိသာ၏။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာ၏ တရားတော်၌ “အရသာ, အဆီ, အနှစ်ကား နိဗ္ဗာန် သိမြင်ရခြင်းသာ ဖြစ်သည်” ဟု သိသာနိုင်ပေသည်။
(လင်္ကာ) အနန္တစုံ၊ တန်ခိုးဟုန်နှင့်၊ ကိုးဂုဏ်ရောင်ဆိုင်၊ ဘဝဂ်တိုင်အောင်၊ ပြန့်လှိုင် ကျော်ကြား၊ မြတ်ဘုရား၏၊ တရား ၄ တန်၊ သစ္စာမှန်ကို၊ နာခံပြီးလစ်၊ ဆင်းရဲဖြစ်ဖို့၊ အသစ်တဏှာ၊ မဖြစ်သာအောင်၊ ရှစ်ဖြာမဂ္ဂင်၊ သင်္ဘောယာဉ်ဖြင့်၊ ပြည်ခွင်နိဗ္ဗာန် ရောက်အောင်ဆန်မှ၊ ဧကန်ဒုက္ခ၊ ကင်းကြရမည်၊ မုချငါတို့ ကျင့်ဖွယ်ကို။
ဒသမအခန်း
(ဗုဒ္ဓကိစ္စတော်များနှင့် ပရိနိဗ္ဗာန်စံတော်မူပုံ)
၁။ ဝေနေယျများ၊ ကျိုးစီးပွား၊ ဘုရား ဘယ်သို့ ပြုသနည်း။
၂။ ဝေနေယျများ၊ ကျိုးစီးပွား၊ မအားလပ်အောင် ပြုသတည်း။
၂။ ဗုဒ္ဓမြတ်စွာသည် ပယတ္တဘုန်းဟူသော လုံ့လဝီရိယ ကြီးမားတော်မူရကား အားလပ်ဖို့ အခွင့် မရလောက်အောင်ပင် ဝေနေယျ (ဆုံးမထိုက်သူ နတ်,လူ,ဗြဟ္မာ) သတ္တဝါ တို့၏ အကျိုးစီးပွားကို ဆောင်တော်မူပါသည်။
၃။ နံနက်ကာလ၊ ဘယ်ကိစ္စ၊ ဗုဒ္ဓနေ့စဉ် ပြုသတည်း။
၄။ စောစောကပင်၊ ထပြီးလျှင်သော်၊ သုတ်သင်ကိုယ်လက်၊ လွန်ငြိမ်သက်အောင်၊ နေလျက်ပြီးမှ၊ ဆွမ်းခံကြွ၍၊ ခေတ္တပြန်နား၊ ရဟန်းများ၊ ဆွမ်းစားပြီးအောင် စောင့်သတည်း။
၄။ နံနက်ပိုင်း၌ စောစောထတော်မူ၍ (အိပ်ရာမှ ထခြင်းမဟုတ် ကိုယ်လက်သုတ်သင်ရန် ထတော်မူခြင်းသာ။) ကျင်ကြီးကျင်ငယ် စွန့်တော်မူခြင်း၊ တံပူနှင့် မျက်နှာသစ်ရေ ကပ်သည်ကို ခံယူ၍ သုံးတော်မူခြင်းအားဖြင့် ကိုယ်လက် သုတ်သင်တော်မူသည်။ (တံပူမျက်နှာသစ်ရေ သုံးခြင်းမှာ မသန့်ရှင်း၍မဟုတ်၊ အလုပ်အကျွေးကို ချီးမြှောက် သောအားဖြင့်သာ သုံးတော်မူခြင်း ဖြစ်သည်။)
ထို့နောက် ဂန္ဓကုဋိသို့ ဝင်တော်မူ၍ ငြိမ်သက်စွာ သမာပတ် ဝင်စားတော်မူ၏။ အချိန်တန်လျှင် ဆွမ်းခံကြွ၍ (တစ်ရံ တစ်ခါ ဆွမ်းခံရာမှာပင် ဆွမ်းဘုဉ်းပေး၍ လူတို့အား တရားဟောတော်မူ၏။ ကျောင်းတော် ပြန်ရောက်သောအခါ ရဟန်းများ၏ ဆွမ်းစားအပြီးကို စောင့်ဆိုင်းကာ တန်ဆောင်းဝိုင်းမှာခေတ္တနားတော်မူ၏၊ ဤကား (ပုရေဘတ္တ)နံနက်ပိုင်း လုပ်ငန်းတော်အစဉ်တည်း။
၅။ ဆွမ်းစားပြီးက၊ ဘယ်ကိစ္စ၊ ဗုဒ္ဓနေ့စဉ်ပြုသနည်း။
၆။ ဆွမ်းစားပြီးက၊ တရားပြ၍၊ ဂန္ဓ ကျောင်းတော်၊ ဝင်လျောင်းပျော်၏။ ထသော် တစ်လှည့်၊ လောကကြည့်၍၊ ရောက်ရှိလာငြား၊ လူအများ၊ တရားနေ့စဉ် ဟောသတည်း။
၆။ ရဟန်းတော်များ ဆွမ်းစားပြီးသောအခါ ဂန္ဓကုဋိသို့ ကြွ၍ ရဟန်းတော်များ ဆည်း ကပ်နေကျနေရာ၌ ထိုင်၍ ခြေဆေးတော်မူ၏။ ထို့နောက် ရပ်တော်မူ၍ နေ့စဉ် သတိပေးတော်မူသည်မှာ .... ဘိက္ခုတို့ ... မမေ့မလျော့ မပေါ့ဆသော သတိဖြင့် သီလ, သမာဓိ, ပညာ (၃ ဖြာသော သိက္ခာ)ကို ပြည့်စုံအောင် ကြိုးစားကြ။
၁။ လောက၌ ဘုရားတစ်ဆူ ပွင့်တော်မူလာဖို့ အချိန်သည် အလွန်ရခဲ၏။
၂။ ဘုရားပွင့်ချိန်၌ မိမိက လူ့ဘဝရဖို့လည်း အလွန်ခဲယဉ်း၏။
၃။ လူ့ဘဝ ရပြန်ပါလည်း မျက်စိ,နား စသော အင်္ဂါနှင့် သဒ္ဓါ,ပညာ ပြည့်စုံဖို့လည်း ခဲယဉ်း၏။
၄။ အရာရာပြည့်စုံပြန်ပါလည်း အိမ်မှထွက်ခွာ၍ ရသေ့ရဟန်းပြုဖို့ခဲယဉ်း၏။
၅။ ရဟန်းမဟုတ်ဘဲ (သာသနာပ ရသေ့မျှ ဖြစ်နေလျှင်) တရားစစ် တရားမှန် နာခံရဖို့လည်း ခဲယဉ်း၏။
(သင်တို့မှာ ထိုခဲယဉ်းကြီး ငါးပါးလုံး ပြည့်စုံပြီ ဖြစ်၍ ကြိုးစားဖို့သာ လိုတော့သည်-ဟူလို။)
ဤသို့ဆုံးမပြီးလျှင် ဂန္ဓကုဋိတိုက်သို့ဝင်၍ ခေတ္တခဏမျှ လဲလျောင်းတော်မူ၏။ ထိုနောက် ထ,တော်မူ၍ တရား ရထိုက်သော သတ္တဝါတို့ကို ကြည့်တော်မူ၏။ ထို့နောက် ရောက်လာသော လူတို့အား တရားဟော၍ အချိန် ရှိတုန်းမှာပင် ပြန်လွှတ်တော်မူ၏။ ဤကား (ပစ္ဆာဘတ္တ) ဆွမ်းစားပြီးကစ၍ တစ်နေ့လုံး လုပ်ငန်းတော် အစဉ်တည်း။
၇။ ညဉ့်ဦးယံတွင်၊ ဘယ်သို့လျှင်၊ ညစဉ် ကိစ္စ ပြုသနည်း။
၈။ ညဉ့်ဦးယံသော်၊ သံဃာတော်၏၊ ထုတ်ဖော်မေးက၊ အဖြေပြ၊ ဓမ္မညစဉ် ပေးသတည်း။
၈။ နေဝင်ချိန်လောက် ရောက်သောအခါ ကိုယ်ငွေ့ရအောင် ရေဖြင့် ကိုယ်တော်ကို လောင်းတော် (ချိုးတော်) မူ၏။ ထို့နောက် ဂန္ဓကုဋိဝင်းအတွင်း၌ ခင်းထားအပ်သော နေရာသို့ ကြွလျက် ငြိမ်သက်စွာ (သမာပတ် ဝင်စား၍) ထိုင်နေတော်မူ၏။ ထိုအခါ ရဟန်းတော်များ လာ၍ပြဿနာမေးကြ၊ ကမ္မဋ္ဌာန်းတောင်းကြ၊ တရားဟောဖို့ တောင်းပန်ကြလေရာ အားလုံး အလိုဆန္ဒကို ပြည့်ဝစေတော်မူ၏။ ဤကား (ပုရိမ ယာမ) ညဉ့်ဦးယံ (၁ဝ နာရီ) အတွင်း၌ ညစဉ် လုပ်ငန်းတော် အစဉ်တည်း။
၉။ သန်းခေါင်ယံတွင်၊ ဘယ်သို့လျှင်၊ ညစဉ်ကိစ္စ ပြုသနည်း။
၁၀။ သန်းခေါင်ရောက်လတ်၊ ဗြဟ္မာ နတ်၏၊ ပြဿနာမေး၊ အဖြေပေးလျက်၊ ငြိမ့်လေး နာပျော်၊ တရားတော်၊ ဟောဖော်ညွှန်ပြပါသတည်း။
၁၀။ ညဉ့်အလယ်ပိုင်း သန်းခေါင်ယံအချိန်၌ကား လူခြေတိတ်ပြီဖြစ်၍ နတ်ဗြဟ္မာအများ ဆည်းကပ်လာကြ၏။ သူတို့လည်း ပြဿနာမေးကြ၊ တရားဟောဖို့ရန် တောင်းပန်ကြ၏။ ထိုနတ်ဗြဟ္မာတို့၏အလိုဆန္ဒအားလျော်စွာ ပြဿနာဖြေ၍ တရားကိုလည်း ဟောတော်မူသည်။ ထိုသို့ဟောတော်မူပြီးသောအခါ သန်းခေါင်ယံလည်း ကုန်လောက်ပြီ။ နတ် ဗြဟ္မာ တို့လည်း ပြန်ကြပေပြီ။ ထိုအခါ ညဉ့်ကို ၃ ပုံ ပုံ လျှင် နောက်ဆုံး မိုးသောက်ယံသို့ ရောက်လောက်လေပြီ။ ဤကား (မဇ္ဈိမယာမ) သန်း ခေါင်ယံ၌ လုပ်ငန်းတော် အစဉ်တည်း။
၁၁။ မိုးသောက်ယံတွင်၊ ဘယ်လိုလျှင်၊ ညစဉ်ကိစ္စ ပြုသနည်း။
၁၂။ မိုးသောက်ယံရောက်၊ စင်္ကြံလျှောက်၍၊ ထို့နောက် ဆက်လက်၊ တစ်မှေး စက်၏။ ကျိန်းစက်တမူ၊ ကျွတ်ထိုက်သူ၊ နတ်လူ စုံအောင် ကြည့်သတည်း။
၁၂။ ထို့ကြောင့် အရုဏ်မတက်မီ မိုးသောက်ယံကို ၃ ပိုင်း ပိုင်းပြီးလျှင် ရှေ့တစ်ပိုင်း အချိန်လောက်မှာ စင်္ကြံကြွတော်မူ၏။ အလယ်ပိုင်း အချိန်လောက်မှာ ဂန္ဓကုဋိသို့ ဝင်၍ တစ်မှေးလောက် (ခဏလောက်) လျောင်းစက်တော်မူ၏။ အိပ်တော်မူခြင်း မှာလည်း အိပ်ရာခင်း ခေါင်းအုံး တို့နှင့် ကျကျနန ဟုတ်ဟန်မတူ။ လက်ယာ နံပါးကို အောက်ထား၍ (စောင်း၍) ညာဘက် လက်တော်ပေါ်သို့ ဦးခေါင်းတော် တင်လျက် ကျိန်းစက်တော်မူဟန်တူ၏။ (ဤနေရာ၌ ဗုဒ္ဓမြတ်စွာ၏ ကျိန်းစက်တော်မူချိန် အလွန်နည်းပါးကြောင်းကို သတိပြုခဲ့ပါ။)
နောက်ပိုင်းအချိန်မှာ ထ,တော်မူ၍ လာမည့်နေ့၌ ချွတ်ထိုက်သော (တရားဟော၍ အကျွတ်တရား ရနိုင် လောက်သော) သတ္တဝါတို့ကို ဉာဏ်စက္ခုဖြင့် ကြည့်တော်မူ၏။ ထိုသို့ ကြည့်တော်မူသောအခါ ကျွတ်ထိုက်သော (လူ နတ် ဗြဟ္မာ) သတ္တဝါတွေဉာဏ်တော်မှာ ထင်ပေါ်လာမြဲ ဖြစ်သည်။ ဤကား (ပစ္ဆိမယာမ) မိုးသောက်ယံ၌ ညစဉ် လုပ်ငန်းတော်တည်း။
၁၃။ ကျွတ်ထိုက်ကြသူ၊ နတ်နှင့်လူ၊ မြင်မူဘယ်သို့ ပြုသနည်း။
၁၄။ အချိန်ကာလ၊ အံကိုက်ကျအောင်၊ ကြွ၍မနှေး၊ တရားအေး၊ တိုက်ကျွေး ဟောဖော် ချွတ်သတည်း။
၁၄။ ကျွတ်ထိုက်သောသတ္တဝါကို မြင်သောအခါ ချွတ်ဖို့ဟောဖို့ အချိန်အခါနှင့် အံကိုက် ကျအောင် ကြွတော်မူ၍ (ဆွမ်းခံကြွတုန်းမှာ ဖြစ်စေ၊ အဝေးမြို့ ရွာ နတ်ပြည် ဗြဟ္မာ့ ပြည်မှာဖြစ်လျှင် ထိုမြို့ ထိုရွာ ထိုပြည်တို့သို့ ကြွ၍ဖြစ်စေ) တရားဟောတော်မူ၏။
၁၅။ ရန်သူကပြိုင်၊ တို့ဘုန်းလှိုင်၊ ရှုံး-နှိုင် ဘယ်သို့ ရှိသနည်း။
၁၆။ ရန်သူများစွာ၊ ပြိုင်ကြပါလည်း၊ မေတ္တာတော်ဓာတ်၊ ဉာဏ်တော်မြတ်ဖြင့်၊ မပြတ် အောင်မြင်၊ သူတို့ပင်၊ အစဉ်ရှုံးရလေသတည်း။
၁၆။ ဗုဒ္ဓမြတ်စွာ ပွင့်တော်မူလာသောအခါ တိတ္ထိဆရာကြီးများနှင့် သူတို့တပည့်တွေမှာ ရှေးက ရရှိနေကြ ဖြစ်သော ပစ္စည်း လာဘ်နှင့် သြဇာ အာဏာများ ဆုတ်ယုတ်သွား၏။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာကို “ကြီးစွာသော ရန်သူ” ဟု သဘောထားကြလေသည်။
ထို့ကြောင့် မြတ်စွာဘုရားကို အမြဲအပြစ်ပြောလေ့ရှိ ကြ၏။ မာရ်နတ်ကဲ့သို့ နတ်ဆိုး များနှင့် ကိုယ့်ကိုယ်ကို အထင်ကြီးနေကြသော ဗြဟ္မာမင်းတချို့လည်း ဘုရားကို မျက်မုန်းကျိုးနေကြ၏။ ထို တိတ္ထိနှင့် ထိုနတ် ဗြဟ္မာတို့သည် ဘုရားရှင်ကို တုပြိုင်လာကြသော်လည်း ဘုရားရှင်ကား ရန်သူဟု သဘောမထားဘဲ သူတို့ အကျိုးလိုလားသော မေတ္တာဓာတ်၊ ထက်မြက်သော ဉာဏ်တော်ဖြင့် အမြဲအောင်နိုင်တော်မူခဲ့ပါ သည်။ ထိုသို့ အောင်နိုင်ရာဝယ် တချို့ ကမူ ဘုရားရှင်ကို ကြည်ညို၍ တရားထူး ရကြလေသေးသည်။
၁၇။ ဗုဒ္ဓမြတ်စွာ၊ ရှုံးရပါ၊ ကမ္ဘာဘယ်ရန် ရှိသနည်း။
၁၈။ အိုဘေး, နာဘေး၊ သေခြင်းဘေးဟု၊ ဘေးကြီး ၃ ဖြာ၊ ရန်သူလာ၊ မြတ်စွာ ရှုံးရပါသတည်း။
၁၈။ ထိုသို့ လူ, နတ်, ဗြဟ္မာ သတ္တဝါ ဟူသမျှတို့ ဆန့်ကျင်ဘက်ပြုသမျှဝယ် အရှုံးမရှိ အနိုင်သာ ရှိခဲ့ပါသော်လည်း အိုဘေး, နာဘေး, သေဘေး ဟူသော ဘေးရန်ကြီး ၃ ပါးကိုကား ဗုဒ္ဓမြတ်စွာသည် အနိုင်မရ အရှုံးခံရပါသည်။
၁၉။ အို .... အို မြတ်စွာ၊ အိုဘေးမှာ၊ ဘယ်ခါ ကြုံရပါသနည်း။
၂၀။ သက်တော်ရင့်ညောင်း၊ ရွယ်တော်ပြောင်း၊ အိုကြောင်းဘေးကြီး ကြုံသတည်း။
၂၀။ အခါတစ်ပါး၌ ဗုဒ္ဓမြတ်စွာသည် ညနေအခါ ပုဗ္ဗာရုံကျောင်းတော်၏ အနောက် ဘက်ဝယ် သင်္ကန်းတော်ချ၍ နေစာလှုံတော်မူ၏။ အရှင်အာနန္ဒာသည် ဘုရားရှင်၏ ကျောတော်ကို ဆုပ်နယ်ပေးနေ၏။ ထိုအခါ အရှင်အာနန္ဒာသည် ကျောဘက်က အသားအရေတော်ကို နေရောင်တွင် ဂရုစိုက်၍ကြည့်လိုက်မိရာ ... အရေတော်များ ရှေးကနှင့် မတူဘဲ အနည်းငယ် တွန့်လာသည်ကို တွေ့ရ၏။ အင်မတန် ဖြောင့်စဉ်းသော ကိုယ်တော်လည်း ရှေ့သို့ မသိမသာ ကိုင်းနေသည်ကို တွေ့ရ၏။ အဆင်း တော်များလည်း အရွယ် ကောင်းတုန်းကလောက် မကြည်လင်တတ်သည်ကို တွေ့ရ၏။ ဤသို့လျှင် မြတ်စွာဘုရားသည် သာမန် လူများကဲ့သို့ ရွတ်တွ ယိုယွင်းအောင် သိသိသာသာကြီး အိုမင်း မသွားပါသော်လည်း သက်တော် ကြီးရင့်သော အခါ အို ဘေး ဒဏ်ကို မသိမသာ ခံတော်မူရပါသေးသည်။ ... (ဣန္ဒြိယ သံယုတ်၊ ဇရာဝဂ္ဂ)
၂၁။ ဖြစ်ရလေဗျာ၊ နာဘေးမှာ၊ ဘယ်ခါကြုံရပါသနည်း။
၂၂။ မကြာမကြာ၊ ခါးတော်နာ၍၊ ခြေမှာနုနု၊ သွေးခြေဥ၏။ မရှုရက်နော်၊ နောက်ဆုံးသော်၊ ဝမ်းတော် လားရပါသတည်း။
၂၂။ မြတ်စွာဘုရားသည် ၆ နှစ်ပတ်လုံး ဒုက္ကရစရိယာ ကျင့်တော်မူခဲ့သောဒဏ်ကြောင့် မကြာမကြာ ခါးတော် နာရ၏။ ရှင်ဒေဝဒတ်၏ ဂိဇ္ဈကုဋ်တောင်ပေါ်မှ ကျောက်တုံး ကို လှိမ့်ချလိုက်ရာ ကျောက်ချပ်ကွာ၍ ခြေမတော်ကို မှန်သောကြောင့် သွေးခြေ ဥသော ဒဏ်ကို ခံတော်မူရ၏။ နောက်ဆုံး၌ကား ဝမ်းတော်လားရ (ဝမ်းလျောရ) ၏။ ထိုရောဂါဒဏ်ကိုကား မြင်ရသူများ မရှုရက်အောင် အပြင်းအထန် ခံတော်မူ ရ၏။ ဤသို့လျှင် ဘုရားရှင်သည် နာဘေးရန်ကိုလည်း မတွန်းလှန်နိုင်ဘဲ အရှုံးပေး ရပါသည်။
၂၃။ ဝမ်းတော်လားလျှင်၊ တို့ဖျားရှင်၊ ဘယ်တွင် ကြွ၍စံသနည်း။
၂၄။ ဝမ်းတော်အလား၊ သက်တော်အားလည်း၊ ကြီးမားလေဘိ၊ ရှစ်ဆယ်ပြည့်၍၊ ပရိနိဗ္ဗာန်၊ ဝင်စံဖို့ရာ၊ ကုသိနာရုံ၊ အင်ကြင်းစုံ၊ ရဂုံကြွ၍ စံသတည်း။
၂၄။ မြတ်စွာဘုရား၏ သက်တော် ရှစ်ဆယ် (ဝါတော် ၄၅ ဝါ) ပြည့်သောနေ့၌ပင် ဝမ်းတော်လားသော ရောဂါသည် ပါဝါမြို့မှာဖြစ်၏။ ထိုနေ့မှာပင် ပရိနိဗ္ဗာန်စံသော အားဖြင့် သေဘေးဒဏ်ကို ခံရပါတော့မည်။ ဘုရားရှင်ချွတ်မှ ကျွတ်မည့် သတ္တဝါတို့လည်း ကျွတ်တမ်းဝင်ပြီး ကြလေပြီ။ နောက်ဆုံး ချွတ်ရမည့် “သုဘဒ္ဒ” ဆိုသူ ပရိဗိုဇ် တစ်ယောက်သာ ကုသိနာရုံမြို့၌ ကျန်တော့၏။
ထို့ကြောင့် ဗုဒ္ဓမြတ်စွာသည် ထို သုဘဒ္ဒကို အကြောင်းပြု၍ အားတော် နည်းပါး နေပါသော်လည်း ကုသိနာရုံမြို့ တော်ကို နေဝင်ချိန်လောက်အရောက် ကြွတော်မူ၏။ မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်ဝယ် မင်းများအတွက် ခင်းထားအပ်သော သလွန်တော် (ခုတင်ငယ်) ရှိ၏။ ထိုသလွန်တော်ပေါ်၌ မြောက်ဘက်သို့ ဦးခေါင်း တော်လှည့်၍ လက်ယာနံပါးတော်ကို စောင်းကာ လျောင်းတော်မူပါသည်။
မှတ်ချက်။ ။ ဤနေရာ၌ ရိုးရိုးလူများ သုံးနေကျ ခုတင်ပေါ်မှာ ဘုရားရှင် လျောင်းတော်မူလောက်ပုံကို သတိပြုပါ။
၂၅။ များအင်ကြင်းပင်၊ မြတ်ဥယျာဉ်၊ ဖူးမြင် ဘယ်မျှ လာသနည်း။
၂၆။ အင်ကြင်းပင်စပ်၊ ဥယျာဉ်ရပ်၌၊ လူနတ် ဗြဟ္မာ၊ များသံဃာ၊ ရောက်လာ ဖူးမြော် ကြသတည်း။
၂၆။ ထိုအခါ ကုသိနာရုံမြို့တွင်းက မလ္လာမင်းတို့သည် “ပရိနိဗ္ဗာန်စံတော်မူဖို့ရန် ဘုရား ရှင် ကြွလာတော်မူသတဲ့” ဟုကြားရ၍ ဝမ်းနည်းပူဆွေးကာ ထွက်လာကြပြီးလျှင် နောက်ဆုံး ရှိခိုးကန်တော့ခြင်းဖြင့် ရှိခိုးကန်တော့ ကြလေ၏။ စကြဝဠာ ကမ္ဘာ တစ်သောင်းမှနတ်ဗြဟ္မာ အပေါင်းလည်း အများအားဖြင့်ရောက်လာကြ၏။
ရဟန်းသံဃာတော်များကား လွန်ခဲ့သော ၃ လ လောက်ကပင် “မြတ်စွာ ဘုရား ပရိနိဗ္ဗာန် စံခါနီးပြီတဲ့” ဟု ကြားရ၍မြတ်စွာဘုရားရှိရာသို့ ရောက်ပြီးသူတိုင်း မပြန်ကြတော့ဘဲ နောက်တော်က ပါလာကြသဖြင့် အရေ အတွက် မည်မျှဟု ဂဏန်း မပြနိုင်လောက်အောင် များမြောင်လှလေသည်။
မှတ်ချက်။ ။ ထိုနှစ်မှာပင် အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလ္လာန်တို့ ပရိနိဗ္ဗာန်စံတော်မူပြီးကြလေပြီ။ သာသနာ့ဝန်ကို အရှင်ဥပါလိ၊ အရှင် အာနန္ဒာ၊ အရှင် အနုရုဒ္ဓါတို့၏ အကူအညီဖြင့် အရှင် မဟာကဿပ မထေရ်မြတ်သာ ဆောင်ရချေတော့မည်။
၂၇။ နတ် ဗြဟ္မာလယ်၊ သံဃာ့အလယ်၊ ဘုန်းကြွယ် ဘယ်သို့ ဖြစ်သနည်း။
၂၈။ အို အို... ဟင် ဟင်၊ မကြားချင်နှင့်၊ တို့ရှင်ဘုရား၊ သံဃာများကို၊ တရားသတိ၊ နောက်ဆုံးဖြည့်၍၊ လပြည့်ကဆုန်၊ နီးအရုဏ်၊ ဓာတ်မြုံ နိဗ္ဗူစံသတည်း။
၂၈။ မြတ်စွာဘုရားသည် လျောင်းတော်မူရင်းကပင် ကဆုန်လပြည့် ညဉ့်ဦးယံ၌ မလ္လာမင်းတို့အား တရား ဟောတော်မူရ၏။ သန်းခေါင်ယံ၌ သုဘဒ္ဒပရိဗိုဇ်အား တရားဟော၍ ရဟန်းပြုစေတော်မူရ၏။ (ထိုသုဘဒ္ဒ သည်ပင် ဘုရား ပရိနိဗ္ဗာန် စံတော်မမူခင် ရဟန္တာ ဖြစ်၏။)
မိုးသောက်ယံ၌ အရုဏ်မတက်ခင် ရဟန်းတော်တို့အား သြဝါဒပေးတော်မူရ၏။ ထိုသြဝါဒတို့တွင် “ဟန္ဒ ဒါနိ ဘိက္ခဝေ အာမန္တယာမိ ဝေါ၊ ဝယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္မာဒေထ” = ဘိက္ခုတို့ .. ယခုအခါ သင်တို့ကို သိစေတော်မူမည်။ ရုပ်နာမ် သင်္ခါ ရ တို့သည် ပျက်စီးခြင်း သဘောကို မလွန်နိုင်ကြကုန်။ (သို့ဖြစ်၍ သင်တို့သည်) မမေ့မလျော့သော သတိဖြင့် ကိစ္စဥဿုံ ပြည့်စုံစေရစ်ကြ။” ဤ သြဝါဒတော်သည် နောက်ဆုံး ဖြစ်၏။
ဤသို့သတိထားဖို့ရန် နောက်ဆုံး တရားတော်အဖြစ်ဖြင့် ဖြည့်စွက်မိန့်တော်မူပြီးလျှင် နောက်ထပ် မိန့်မြွက်တော်မမူ တော့ဘဲ ဈာန်သမာပတ်တို့ကို ဝင်စားတော်မူ၏။ ထိုသမာပတ်အဆုံး အရုဏ်တက်ခါနီးတွင် ပရိနိဗ္ဗာန် စံတော်မူလေသည်။ ထို နိဗ္ဗာနဓာတ်မှ နောက်ထပ်၍ ဘာတစ်ခုမျှ မပေါက်ဖွားသောကြောင့် နိဗ္ဗာနဓာတ်ကို “ဓာတ်အမြုံ” ဟုဆိုလိုက်ပါသည်။
၂၉။ ဘုရားနိဗ္ဗူ၊ စံတော်မူသော်၊ နတ် လူဗြဟ္မာ၊ မြေကမ္ဘာ၊ ထွေလာထူးခြား၊ ဘယ်သို့ နည်း။
၃၀။ ဘုရားနိဗ္ဗူ၊ စံတော်မူသော်၊ ဝှန်ဆူမြေကြီး၊ ပဲ့တင်ဟည်း၍၊ ထန်သီးပြင်းပြ၊ ငိုကြွေးကြ၊ ချို့က သံဝေ ယူသတည်း။
၃၀။ ဘုရား ပရိနိဗ္ဗာန်စံတော်မူသောအခါ စကြဝဠာ ကမ္ဘာတစ်သောင်းလုံး ပဲ့တင်ဟည်း၍ ကြီးကျယ်စွာ တုန်လှုပ်လေ၏။ အနာဂါမ် ရဟန္တာ မဖြစ်သေးသော နတ်များနှင့် ရဟန်းသံဃာတော်တို့သည် ပြင်းထန်စွာ ငိုကြွေးကြကုန်၏။ အနာဂါမ်နှင့် ရဟန္တာ ဖြစ်ပြီးသော ပုဂ္ဂိုလ်တို့ကား “ဖြစ်လာသမျှ ပျက်ရမှာချည်းပဲ” ဟု စိတ်ထဲ၌ တွေးကာ ရုပ် နာမ် ခန္ဓာ အပေါ် ထိတ်လန့်တတ်သော “သံဝေဂ”ခေါ် ဉာဏ်တစ်မျိုး ဖြင့် ဝမ်းနည်းမှု ငိုကြွေးမှုမဖြစ်ဘဲ ဖြေသိမ်းနိုင်ကြပေသည်။
မှတ်ချက်။ ။ ပရိနိဗ္ဗာန် စံတော်မူခါနီး၌ ဗုဒ္ဓမြတ်စွာ၏ ဈာန် သမာပတ် စိတ်အစဉ်သည် အလွန် တည်ငြိမ်လျက်ရှိ၏။ ငြိမ်သက်လွန်းသည့်အတွက် အရှင်အာနန္ဒာ ကိုယ်တိုင်ပင် “ပရိနိဗ္ဗာန် စံပြီ”ဟုထင်မှတ်၍ အရှင် အနုရုဒ္ဓါကို မေးရသေး၏။ ထိုဈာန် သမာပတ် အစဉ်ဆုံးသည်နှင့်တစ်ပြိုင်နက် ပရိနိဗ္ဗာန်စံတော်မူ၏။ ဈာန်ဝင်စားသော ပုဂ္ဂိုလ်ဟူသမျှလည်း အလွန်ချမ်းသာတော်မူကြ၏။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာသည် ပရိနိဗ္ဗာန် စံတော်မူခါနီး၌ ဆင်းရဲဒုက္ခ လုံးဝမရှိဘဲ အလွန်ညင်သာစွာဖြင့် ပရိနိဗ္ဗာန် စံတော်မူရပါသည်။
တချို့ကား - အလွန်ပင်ပန်းစွာ ပရိနိဗ္ဗာန်စံနေပုံ ထုလုပ်ထားသော ရုပ်ပုံတော်ကို မြင်ခဲ့ရ၍ ”ဗုဒ္ဓမြတ်စွာလည်း လူသာမန်တို့ကဲ့သို့ အလွန်ဆင်းရဲစွာ ဒုက္ခခံ၍ ပရိနိဗ္ဗာန် စံရသည်” ဟု မှတ်ထင်နေကြ၏။ ထိုသို့ ထင်နေခြင်းမှာ အစစ်အမှန်ကို မကြံနိုင်ခြင်းကြောင့်သာ ဖြစ်လေသည်။
(လင်္ကာ) တရားနတ်စည်၊ ဆော်ရွှမ်းလည်က၊ သုံးမည်ဘုံသိုက်၊ တစ်သောင်းတိုက်ဝယ်၊ ကျွတ်ထိုက် သသူ၊ နတ်လူ ဗြဟ္မာ၊ သတ္တဝါကို၊ ခေမာ အောင်မြို့၊ ဖောင်ကတို့ဖြင့်၊ ဆောင်ပို့ပြီးခါ၊ ဝါလေးဆယ့်ငါး၊ သက်ကား ရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊ ရာ့လေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံနှိုင်းမဟုတ်၊ ကုသိနာရုံ၊ အင်ကြင်းစုံ ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည် ... ဝှန်းဆူ သောင်းလုံး ကျော်တယ်ကို။
---
ဧကာဒသမအခန်း
(အလောင်းတော်ကို ပူဇော်ပုံနှင့် ဓာတုပရိနိဗ္ဗာန် စံတော်မူပုံ)
၁။ နိဗ္ဗာန် ပြောင်းသော်၊ အလောင်းတော်၊ ပူဇော်ဘယ်သူ ပြုသနည်း။
၂။ နိဗ္ဗာန်ပြောင်းသော်၊ အလောင်းတော်၊ ပူဇော် နတ်လူပြုသတည်း။
၂။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတော်မူပြီး၍ ကြွင်းကျန်ရစ်သော ရုပ်အလောင်းတော်ကို လူနတ် ဗြဟ္မာတို့သည် ပန်းနံ့သာမျိုးစုံတို့ဖြင့် ပူဇော်ကြ၊ သံဝေဂဖြစ်စရာ (အနိစ္စ, ဒုက္ခ,အနတ္တ) သဘောပါသော ဂီတတို့ကို သီဆို တီးမှုတ်၍ ပူဇော်ကြလေသည်။
၃။ အလောင်းတော်အား၊ သံဃာများ၊ ထူးခြားပူဇော် ဘယ်သို့နည်း။
၄။ အလောင်းတော်အား၊ သံဃာများ၊ ထူးခြားပူဇော် မပြုတည်း။
၄။ သံဃာတော်များကား အလောင်းတော်ကို အထူးကြောင့်ကြစိုက်၍ မပူဇော်ကြ။ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူခါနီး၌ အရှင်အာနန္ဒာသည် “သံဃာတော်များက အလောင်းတော်ကို အဘယ်သို့ ပြုရစ်ကြရပါမည်နည်း ဘုရား” ဟုလျှောက်ထား လိုက်၏။ ထိုအခါ “သံဃာများက အလောင်းတော်၌ ကြောင့်ကြ မစိုက်ရစ်ကြနှင့်။ အနှစ်အသားပါသော အရဟတ္တဖိုလ်ရအောင်ကြိုးစားရစ်ကြ။ ငါဘုရား၌ ကြည်ညို ကြသူ လူဝတ်ကြောင်များက အလောင်းတော်ကို ပူဇော်ကြလိမ့်မည်” ဟု မိန့်တော် မူ၏။ ထိုအမိန့်တော်အတိုင်း သံဃာတော်များ လိုက်နာ၍ ငြိမ်သက်စွာ ကြည့်ရှု ဖူးမြော်နေကြလေသည်။
၅။ နိဗ္ဗာန်စံ၍၊ ဘယ်နှစ်ရက်စေ့၊ ဘယ်ရွေ့ ပင့်ဆောင်ထားသနည်း။
၆။ နိဗ္ဗာန်စံ၍၊ ၇ ရက်စေ့၊ မြို့ ရှေ့ ပင့်ဆောင် ထားသတည်း။
၆။ ကုသိနာရုံပြည် မလ္လာမင်းတို့သည် တီးကြမှုတ်ကြ နေရာပြင်ကြ ပန်းနံ့သာတို့ဖြင့် ပူဇော်ကြခြင်းဖြင့် ပထမရက်ကို ကုန်စေကြ၏။ နောက်ရက်များ၌လည်း ထိုနည်း အတိုင်းပင် ပူဇော်၍ အားမရနိုင်ကြသဖြင့် ၆ ရက် လုံးလုံး အင်ကြင်းဥယျာဉ်မှာပင် အချိန်ကုန်စေကြလေသည်။
လပြည့်ကျော် ၇ ရက်နေ့၌ကား နတ်တို့ကလည်း နတ်များအလိုက် လူတို့ကလည်း လူများအလိုက် သံဝေဂ ဖြစ်စရာ ဂီတမျိုးစုံ ပန်းနံ့သာမျိုးစုံတို့ဖြင့် ပူဇော်ကာ ဥယျာဉ်မှ မြို့တွင်းသို့သွင်းကြ၏။ ထို့နောက် မြို့လယ် လမ်းမဖြင့် မြို့ရှေ့သို့ ပင့်ဆောင်ကာ မလ္လာမင်းတို့ အမြတ်တနိုးထားအပ်သော မကုဋဗန္ဓန(မကိုဋ်ဖွဲ့ ရာ မင်္ဂလာ အိမ်တော်)၌ ပူဇော်ကြလေသည်။ (ထိုအချိန်အထိ အလောင်းတော်ကို ခေါင်း မသွင်းရသေး။)
၇။ မြို့ရှေ့ ရောက်သော်၊ အလောင်းတော်၊ ပူဇော်ဘယ်သို့ ပြုသနည်း။
၈။ ဝါဂွမ်းအဝတ်၊ ထပ်ကာထပ်ကာ၊ စုံ ငါးရာဖြင့်၊ ပတ်ကာရစ်ငြောင်း၊ မြတ် အလောင်း၊ ရွှေခေါင်းတော်မှာ သွင်းသတည်း။
၈။ ထိုနေရာ၌ အလောင်းတော်ကို ဝါဂွမ်းတစ်ထပ် အဝတ်တစ်ထပ် အစုံအစုံ ရစ်ပတ်လေရာ အထပ်ပေါင်း အစုံငါးရာဖြင့် ရစ်ပတ်ပြီး ဖြစ်လေ၏။ ထိုအခါကျမှ ဆီထည့်ထားသော ရွှေခေါင်းတော်တွင်းသွင်း၍ ရွှေအဖုံးဖြင့် ပိတ်ဖုံးလိုက်ကြလေသည်။
၉။ ခေါင်းသွင်းပြီးသော်၊ အလောင်းတော်၊ ဘယ်ပေါ် မီးသင်္ဂြိုဟ်သနည်း။
၁၀။ စန္ဒကူး နံ့သာ၊ ထင်းပုံမှာ၊ သွင်းကာ မီးသင်္ဂြိုဟ်သတည်း။
၁၀။ မီးသင်္ဂြိုဟ်ဖို့ရာ အတောင်တစ်ရာ့နှစ်ဆယ် မြင့်သော စန္ဒကူးနံ့သာ ထင်းပုံ အတွင်းသို့ အလောင်းတော်ကို သွင်း၍ မလ္လာမင်း ပါမောက္ခကြီးများ ကိုယ်တိုင်မီးရှို့ကြ၏။ သို့သော် အမျိုးမျိုး ကြိုးစားသော်လည်း မီးစွဲအောင် မတတ်နိုင်ကြ၍ အရှင်အနုရုဒ္ဓါ ကိုမေးကြလေရာ “အရှင်မဟာကဿပ မရောက်လာသေး၍ သူ၏ ဒါယကာ နတ်များက မီးမစွဲအောင် လုပ်ထားကြသည်” ဟု မိန့်တော်မူ၏။
ထိုစကားကို ကြားရ၍ အရှင်မဟာကဿပကို ပရိသတ်ကြီးမျှော်နေစဉ် နေဝင်ခါနီးမှ ရဟန်းငါးရာနှင့် အတူ ရောက်လာတော်မူ၏။ အရှင်မဟာကဿပသည် လှည့်ပတ်၍ ရှိခိုးရင်း ရပ်ကာ ဈာန်သမာပတ် ဝင်စား၍ ဓိဋ္ဌာန်လိုက်ရာ ဘုရားရှင်၏ခြေတော်အစုံ ပေါ်ထွက်တော်မူလာလေ၏။ လူအများလည်း အုတ်အုတ်သဲသဲ ဝမ်းနည်းဝမ်းသာ ဖြစ်နေစဉ် အရှင်မဟာကဿပနှင့် ရဟန်းငါးရာတို့ ရှိခိုးပြီးမှ ပြန်၍ဝင်သွားတော်မူ၏။ ထို အခါကျမှ နတ်တို့၏တန်ခိုးဖြင့် တေဇောဓာတ်မီး တောက်လာလေသည်။
၁၁။ သင်္ဂြိုဟ်ပြီးငြား၊ ဓာတ်တော်ကား၊ အများ ဘယ်လောက် ရှိသနည်း။
၁၂။ ရှစ်စိတ်လောက်မျှ၊ ဓာတ်တော်ရ၊ ပြောကြ စဉ်ဆက်ရှိသတည်း။
၁၂။ ထိုသို့ တေဇောဓာတ်မီးတောက်၍ အရေ, အသား, အကြောတို့ ကုန်လောက်သောအခါ နံ့သာရေ ထည့်ထားသော ရွှေအိုး ငွေအိုးတို့ဖြင့် မီးကို ငြိမ်းကြပြီးသော် “အရိုး ဓာတ်တော် ရှစ်စိတ်လောက် ရ၏” ဟု ပြောဆိုရိုးရှိ၏။ သို့သော် မဟာပရိနိဗ္ဗာနသုတ် အဋ္ဌကထာ၌ကား ”သဗ္ဗာပိဓာတုယော ပါကတိ ကနာဠိယာ သောဠသနာဠိ ယော”= ရိုးရိုး ကွမ်းစားဖြင့် “၁၆ ကွမ်းစား (၁၆ စလယ်= တစ်စိတ်သား) ဟု အဆိုရှိ ၏။ ထို့ကြောင့် “ရှစ်စိတ်” ဆိုသော စကားကို ကုသိနာရုံ ချင့်ခွက်ဖြင့် ဆိုဟန်တူသည်။
၁၃။ နဂိုနေမြဲ၊ မကြေကွဲ၊ မှတ်စွဲ ဘယ်ဓာတ်တို့ပါနည်း။
၁၄။ ညှပ်ရိုး နှစ်ဆူ၊ စွယ်လေးဆူနှင့်၊ တစ်ဆူသင်းကျစ်၊ ဓာတ်ခုနစ်၊ တည်ရစ် နဂို အတိုင်းတည်း။
၁၄။ ထိုဓာတ်တော်များတွင် ညှပ်ရိုးတော် ၂ ဆူ၊ စွယ်တော် ၄ ဆူ၊ နဖူးသင်းကျစ်တော် တစ်ဆူ၊ ဤ ၇ ဆူသာ နဂိုပုံအတိုင်း မကြေမကွဲဘဲ တည်နေ၏။ အခြားသော အရိုး တော်များကား အစိတ်အစိတ် ကြေကွဲရလေသည်။ ထိုသို့ ကြေကွဲရခြင်းမှာလည်း အနှံ့အပြား ကိုးကွယ်ရအောင် ဘုရားရှင်ကိုယ်တော်တိုင် ဓိဋ္ဌာန်တော် မူခဲ့ခြင်းကြောင့် ဖြစ်သည်။ ထိုဓာတ်တော်များတွင် အငယ်ဆုံး မုန်ညင်းစေ့ခန့်၊ အလတ်စား ထက်ဝက် ကျိုးသော ဆန်ကျိုးခန့်၊ အကြီးဆုံး ပဲနောက်စေ့ခြမ်းခန့်ရှိ၏။ တချို့ မြလေးငုံ၊ တချို့ ဆေးထားသော ပုလဲလုံး၊ တချို့ ရွှေနှင့်တူ၏- ဟုဆို၏။ လယ်တီဆရာတော်ဘုရား၏ လင်္ကာကား-
(လင်္ကာ) နိဗ္ဗာန်စံပြီ၊ ရှုမအီသား၊ သိင်္ဂီရွှေလှော်၊ အလောင်းတော်ကို၊ ထိုရော်ကဆုန်၊ လဆုတ်ကြုံ၍၊ ဂဠုန်နေ့ဝယ်၊ ခိုးငွေ့ မနှော၊ ဓာတ်တေဇောလျှင်၊ ရှင်စောဉာဏ်စက်၊ ဓိဋ္ဌာန်ချက်ဖြင့်၊ လျှံတက်ကော်ရော်၊ မီးပူဇော်သည်၊ မွေတော်ရှစ်စိတ်ကြွင်းတယ်ကို။
မှက်ချက်။ ။ အင်္ဂါနေ့ ပရိနိဗ္ဗာန် စံသည်ဟုဆိုခဲ့၏။ ၇ ရက်ကြာမှ မီးသင်္ဂြိုဟ်သည်ဟု ပါဠိတော်မှာရှိ၏။ သို့ဖြစ်လျှင် ဂဠုန် (တနင်္ဂနွေ)နေ့ ဆိုသည်ကို စဉ်းစားသင့်၏။
၁၅။ မီးငြိမ်းပြီးသော်၊ ဓာတ်ခေါင်းတော်၊ ပူဇော် ဘယ်ဆီ ရွှေ့သနည်း။
၁၆။ မီးငြိမ်းပြီးသော်၊ ဓာတ်ခေါင်းတော်ကို၊ ပူဇော်ဖို့ရာ၊ မြို့တွင်းသာ၊ ရုံးမှာ ရွှေ့၍ ထားသတည်း။
၁၆။ကုသိနာရုံပြည် မလ္လာမင်းတို့သည် မီးငြိမ်းပြီးသောအခါ ဓာတ်တော်များကို ရွှေ ခေါင်းတော်နှင့်တကွ ယူဆောင်၍ ကုသိနာရုံမြို့တွင်းရှိ လွှတ်တော်ရုံကြီး (သန္ဓာဂါရ) ၌ ထားကြ၏။ ထိုသို့ထားပြီးနောက် လက်နက်ကိုင် အစောင့်အရှောက် ထားကာ အားရပါးရ ပူဇော်ကြလေသည်။
၁၇။ ဓာတ်တော်ဝေဖို့၊ ဘယ်ပြေမြို့ ၊ ဘယ်သို့လာ၍ တောင်းသနည်း။
၁၈။ ဓာတ်တော်ဝေဖို့၊ ခုနစ်ပြေမြို့၊ မင်းတို့ စစ်နှင့် တောင်းသတည်း။
၁၈။ ထိုအချိန်မှာ အဇာတသတ်မင်း၊ လိစ္ဆဝီမင်း၊ သာကီဝင်မင်း စသော မင်းများနှင့် ဝေဌဒီပကမည်သော ပုဏ္ဏားပါ ခုနစ်ပြည်မင်းတို့သည် ဘုရားသခင်ပရိနိဗ္ဗာန် စံတော်မူကြောင်းကို ကြားသိကြရကုန်၏။ ကြားလျှင် ကြားချင်းပင် ဓာတ်တော်များကို ဝေပေးဖို့ရန် တမန်လွှတ်၍ ကြည်ကြည်သာသာ တောင်း၍မရလျှင် စစ်တပ်ဖြင့် လုဖို့ရန် စစ်ချီ၍ထွက်လာကြလေသည်။
ထိုသို့ ထွက်လာကြပြီးလျှင် ကုသိနာရုံမြို့ ကိုဝိုင်း၍ “ဓာတ်တော်များကို ဝေလျှင်ဝေပါ။ မဝေလျှင် စစ်တိုက်ရလိမ့်မည်” ဟု ရာဇသံပေးကြလေသော် မလ္လာမင်း တို့ကလည်း “မပေးနိုင်”ဟု ငြင်းကြလေ၏။ (တကယ်စစ်ဖြစ်လျှင် နတ်များက မလ္လာမင်းတို့ဖက်မှကူမည်ဖြစ်၍ မလ္လာမင်းတို့ပင် နိုင်စရာ ရှိသတဲ့။)
၁၉။ ထိုသို့ ထွက်လာ၊ မင်းများစွာ၊ ဘယ်ခါ ဘယ်သူဝေသနည်း။
၂၀။ ခန္တီနှလုံး၊ ဘုရားထုံးကို၊ သုံးဖို့ဟောပြ၊ ကျေအေးကြ၊ ဒေါဏပါမောက် ဝေသတည်း။
၂၀။ ထိုအချိန်၌ မင်းအများ၏ ဆရာဖြစ်ခဲ့ဖူးသော ဒေါဏ ပါမောက္ခကြီးသည် အလွန် မြင့်သော မြေခုံပေါ်၌ တက်၍ “အားလုံး နားထောင်ကြပါဦး။ ငါတို့ မြတ်စွာဘုရားသည် အလောင်းတော် ဘဝတုန်းကပင် သည်းခံခြင်းကို လက်သုံးပြုတော်မူခဲ့ပါသည်။ ထိုဘုရား၏ ဓာတ်တော်ရမှုကြောင့် သွေးချောင်းစီးအောင် စစ်ဖြစ်ခြင်းငှာ မလျော်ပါ” စသည်ဖြင့် အသံကျယ်စွာ ဟစ်အော် ပြောလေ၏။
ထိုအခါ ဆရာကြီး၏အသံကိုမှတ်မိကြ၍ အားလုံး ကျေကျေနပ်နပ် ဖြစ်ခါ “ဆရာကြီးသာ ဝေပါတော့”ဟု လွှဲအပ်ကြလေသည်။ ထိုအခါကျမှ မင်းများအားလုံး စုရုံး၍ မင်းများရှေ့မှောက်၌ ရွှေခေါင်းတော်ကို ဖွင့်လိုက်ရာ မင်းအားလုံးပင် စိတ်ကို မချုပ်တည်းနိုင်ဘဲ ဝမ်းနည်းစွာ ငိုကြွေးကြလေသည်။
ထိုငိုနေချိန်၌ ဒေါဏဆရာကြီးသည် လက်ယာစွယ်တော်ကို အလစ်ယူ၍ သူ၏ရောင်ထုံးထဲ၌ ထည့်ထား လိုက်၏။ ထိုနောက်မှ ဓာတ်တော်များကို ရှစ်ပုံပုံကာ ဝေပေးလေသည်။ ထိုသို့ ဝေချိန်၌သိကြားမင်းသည် ဒေါဏဆရာကြီး ဝှက်ထားသော စွယ်တော်ကို အလစ်နှိုက်ယူ၍ တာဝတိံသာ စူဠာမဏိစေတီတော်တွင် ဌာပနာ သွင်းလေသည်။
အားလုံးဝေ၍ ပြီးသောအခါ ပါမောက္ခကြီးသည် သူဝှက်ထားသော စွယ်တော်ကို မတွေ့ရ၊ မေးလည်း မမေးဝံ့ရကား ဓာတ်တော်ဝေတုန်းက ချင့်သော ခွက်ကလေးကိုသာ ကိုးကွယ်ရရှာတော့၏။ ဓာတ်တော်ဝေပြီးမှ ရောက်လာသော မောရိယမင်းတို့မှာကား မီးသင်္ဂြိုဟ်ရာမှ မီးကျီးခဲကိုယူ၍ ပူဇော်ကြရလေတော့သည်။
၂၁။ ဓာတ်တော် ပေါင်းကာ၊ ဘယ်နေရာ၊ ဌာပနာခဲ့ပါသနည်း။
၂၂။ ရာဇဂြိုဟ်မှာ၊ စုပေါင်းကာ၊ ဌာပနာခဲ့ပါသတည်း။
၂၂။ ထိုမင်းတို့သည် မိမိတို့ဝေစုရသောဓာတ်တော်ကို မိမိတို့မြို့၌ စေတီတည်၍ ပူဇော် ကြလေသည်။ ထိုနောက် အရှင်မဟာကဿပ သည် အခြားမြို့များ၌ တည်ရှိသော ဓာတ်တော်များ၏ အန္တရာယ်ကို မြင်တော်မူ၏။ ထို့ကြောင့် ထိုမင်းများ ကိုးကွယ်လောက်ရုံ ချန်၍ ကျန်ဓာတ်တော်များကို (အကျိုးအကြောင်း ပြောပြ၍) ကျေနပ်စွာ ယူခဲ့ပြီးလျှင် အဇာတသတ်မင်းနှင့် တိုင်ပင်ကာ ရာဇဂြိုဟ်မြို့တော်၏ အရှေ့တောင်ထောင့်အရပ်၌ အတောင်ရှစ်ဆယ် နက်အောင် တွင်းတူး၍ ဓာတ်တော်မြှုပ်မှန်း မသိအောင် ရဟန္တာစေတီများတည်ကာ အခိုင်အလုံ ဌာပနာခဲ့လေ၏။ ထိုသို့ ဌာပနာသွင်းပြီးနောက် ထိုမြေတွင်း ဌာပနာတိုက်ပေါက်မှာပင် “အနာဂတ် ကာလ၌ အသောကမည်သော ဓမ္မရာဇာသည် ဤဓာတ်တော်တို့ကို ပျံ့နှံ့အောင် ပြုလိမ့်မည်” ဟု ကမ္ပည်းရေး၍ လက်နက်ကိုင် ယန္တရားအရုပ်များကို အစောင့် အရှောက်ထားပြီးမှ ဌာပနာတိုက်ကို သေသပ်စွာ ပိတ်လေသည်။
၂၃။ ထို့နောက် ဘယ်သူ၊ တူးဖော်ယူ၊ ဇမ္ဗူအနှံ့ ဖြန့်သနည်း။
၂၄။ ဓမ္မာသောက၊ မည်ရသသူ၊ မင်းဖော်ယူ၊ ဇမ္ဗူအနှံ့ ဖြန့်သတည်း။
၂၄။ နှစ်ပေါင်း နှစ်ရာ့တစ်ဆယ့်ရှစ်နှစ် ကျော်လွန်သောအခါ ဓမ္မာသောကမင်းသည် ဇမ္ဗူဒီပခေါ် မဇ္ဈိမဒေသအနှံ့ စေတီတော်ပေါင်း ရှစ်သောင်းလေးထောင်တည်လေရာ ဓာတ်တော်တိုက်ကို ရှာ၍ တွေ့သဖြင့် ထိုဓာတ်တော် များကို တူးဖော်လေ၏။ လက်နက်ကိုင် ယန္တရား အရုပ်တို့ကို နတ်များ၏ အကူအညီဖြင့် ဖယ်ရှားပြီးသောအခါ ထို ကမ္ပည်းစာတမ်းကို မြင်ရ၍ အလွန်ဝမ်းမြောက်စွာ ဓာတ်တော်များကို ပင့်ဆောင်၍ စေတီတော်တို့၌ ဌာပနာလေသည်။
၂၅။ ဓာတ်တော်အားလုံး၊ ဘယ်ချိန်သုံး၊ နောက်ဆုံး ဘယ်သို့ ဖြစ်မည်နည်း။
၂၆။ သာသနာ၏၊ ကွယ်ချိန်ပြည့်သော်၊ ဗောဓိပင်သာ၊ ဓာတ်ပေါင်းအာ၊ ရောင်ဝါ လွှတ်၍ ပြမည်တည်း။
၂၆။ သာသနာတော် ကွယ်ပ၍ ကိုးကွယ်မည့်သူ မရှိသောကာလ၌ နေရာ အသီးသီးဝယ် တည်ရှိနေကြသော ဓာတ်တော်များသည် (အားလုံးပင်) မူလ မဟာဗောဓိပင်ရှိရာသို့ စုပေါင်းကြလိမ့်မည်။ ထိုသို့ စုပေါင်း မိသောအခါ ရွှေတုံးကြီးလိုဖြစ်၍ ထိုရွှေကိုယ် တော်မှ ရောင်ခြည်တော် လွှတ်လိမ့်မည်။
၂၇။ ရောင်လျှံလွှတ်ဖော်၊ ဓာတ်ကိုယ်တော်၊ ပြီးသော် ဘယ်သို့ ဖြစ်မည်နည်း။
၂၈။ ရောင်လျှံလွှတ်ဖော်၊ ဓာတ်ကိုယ်တော်၊ ပြီးသော် တေဇော လောင်မည်တည်း။
၂၈။ ထိုသို့ ရောင်ခြည်တော် လွှတ်ပြီးသောအခါ အရိုးတော် ဓာတ်သားချည်း ဖြစ်နေသော ကိုယ်တော်မှ တေဇောဓာတ် မီးတောက်၍ ဓာတ်တော် အားလုံး ပြာမှုန်မျှ မကျန်အောင် ကွယ်ပျောက်လိမ့်မည်။ ဤသို့ ဓာတ်ပေါင်းကိုယ်တော် ချုပ်ငြိမ်းခြင်းကို “ဓာတုပရိနိဗ္ဗာန်” ဟုခေါ်၏။
ထိုဓာတုပရိနိဗ္ဗာန်ကား သာသနာတော်နှင့် ဆိုင်ရာပွဲတို့တွင် နောက်ဆုံးပွဲတော် ဖြစ်လေသည်။ ထိုနောက်ဆုံး ပွဲတော်၌ “ဗုဒ္ဓဘာသာလူ” ဟု ခေါ်စရာပင် မရှိတော့ရကား ထိုပွဲတော်ကို လူများ မဖူးနိုင်ကြတော့။ နတ်ဗြဟ္မာ တို့လည်း ရောင်ခြည်တော်လွှတ်သည့်အခါကျမှ သိကြ၍ ကပျာကယာ အဖူးအမြော် ရောက်ကြလိမ့်မည်။
၂၉။ ဓာတုနိဗ္ဗာန်၊ နောက်ဆုံးစံ၊ ဖူးပြန် ဘယ်စိတ် ဖြစ်မည်နည်း။
၃၀။ ဓာတုနိဗ္ဗာန်၊ နောက်ဆုံးစံကို၊ ဖူးပြန်ရကာ၊ နတ် ဗြဟ္မာတို့၊ စိတ်မှာကြေကွဲ၊ လွန်ဝမ်းနည်း၊ ငိုပွဲသံဝေ ဖြစ်သတည်း။
၃၀။ ထို ဓာတုပရိနိဗ္ဗာန်စံပွဲကို ဖူးတွေ့ ရသော အနာဂါမ် ရဟန္တာမဖြစ်သေးသော နတ် ဗြဟ္မာတို့မှာ “ယခုမှ ဘုရားသခင် ပရိနိဗ္ဗာန်စံတာ အစစ်ဖြစ်တယ်။ ယခုမှ သာသနာတော် ကွယ်တယ်” ဟု အလွန်ဝမ်းနည်းစွာ ငိုကြွေး၍ အနာဂါမ် ရဟန္တာဗြဟ္မာတို့မှာ မှ သံဝေဂ ဖြစ်ကြလေသည်။ (ဤ ဓာတုပရိနိဗ္ဗာန်စံရာ၌ ”ကိုးကွယ်သူ မရှိသောကြောင့် စံရခြင်း” ဟုလေးလေးနက်နက် သတိထားခဲ့ပါ။)
မှတ်ချက်။ ။ ထိုဓာတုပရိနိဗ္ဗာန် စံပွဲ၌ ”ဓာတ်တော်များက ဘုရားအသွင်ဆောင်၍ တရား ဟောလိမ့်ဦးမည်။ ထိုအခါ တရားထူးရကြဦးမည်”ဟု ပြောဆိုကြသော်လည်း ဉာဏ ဝိဘင်္ဂ အဋ္ဌကထာ၌ ထိုစကား မပါချေ။ အင်္ဂုတ္တိုရ် အဋ္ဌကထာ (ဒုတိယပမာဒါဒိဝဂ်) ၌လည်း “ဘုရားအသွင် ပေါ်လာမည်” ဟုသာဆို၍ တရားဟောမည့် အကြောင်း မပါပေ။
(လင်္ကာ)။ ။ ဓာတ်အမွေတော်၊ ကြွင်းပါသော်လည်း၊ ချွတ်ချော် သာသနာ၊ နောင်သောခါဝယ်၊ ရောင်ဝါပျောက်ကြွေ၊ ကွယ်ပချေသော်၊ ထွေထွေရပ်နယ်၊ ဓာတ်သွယ်သွယ်လည်း၊ ကိုးကွယ်ကြမည့်၊ လူမရှိ၍၊ ဗောဓိပင်မှာ၊ စုပေါင်းကာဖြင့်၊ ရောင်ဝါလွှတ်ပြီး၊ ရွှေတုံးကြီးသို့၊ ဓာတ်မီးလောင်တောက်၊ ကုန်ဆုံးပျောက်က၊ လာရောက်ကြရှာ၊ နတ် ဗြဟ္မာတို့၊ သာသနာဗုဒ္ဓ၊ ယခုမှပင်၊ မုချအတည်၊ ကွယ် ရပြီဟု၊ ငိုမြည်းတမ်းတ၊ သံဝေဂဖြင့်၊ မရယူကျုံး၊ ကိုယ်စိတ်ချုံးသည်၊ ... နောက်ဆုံး သာသနာ့ပွဲတော် ဘုရာ့။
ကလေးများအတွက်ဗုဒ္ဓဝင် ပြီးပါပြီ။
(လူကြီးများ ဆက်၍ ကြည့်ရှုကြပါဦး။)
ဗုဒ္ဓဂုဏ်တော်နှင့် ဗုဒ္ဓဝင်အကျဉ်း
၁။ အို....ဘာသာဝင်၊ သူတော်စင်တို့၊ နေ့စဉ်နေ့တိုင်း၊ နံနက်ပိုင်းနှင့်၊ ညပိုင်းအခါ၊ စောသတ္ထာ၏၊ များစွာဂုဏ်စု၊ အာရုံပြုလော့၊ လူမှုကိစ္စ၊ ဆောင်ရွက်ကြလည်း၊ ဗုဒ္ဓစောမြတ်၊ မနောဓာတ်၌၊ မပြတ်မှီကာ၊ ရပ်တည်လာသို့၊ မေတ္တာနှလုံး၊ သစ္စာ သုံး၍၊ ရွှင်ပြုံးအေးမြ၊ ပြုလုပ်ကြလော့၊ သို့မှဘေးဒဏ်၊ တွင်းပြင်ရန်ကို၊ အမှန်ကိုယ်က၊ အောင်နိုင်ရလျက်၊ ဘဝတစ်လျှောက်၊ ကြံတိုင်းပေါက်သည်။ ထို့နောက် ဆင့်လို မြတ်မည်ကို။
၂။ များဝေနေယျ၊ ကိုးကွယ်ကြဖို့၊ ဗုဒ္ဓတစ်ဆူ၊ ဖြစ်ဖို့ဟူက၊ အလှူဒါန၊ ကျင့်သီလဖြင့်၊ မရနိုင်ကြောင်း၊ ဆုပန်တောင်းလည်း၊ အကြောင်းမစုံ၊ မဖြစ်တုံဟု၊ အကုန်အစင်၊ သိစေချင်၍၊ ဤတွင်ကာလ၊ ခါသမယနှင့်၊ ဒါနစသည်၊ ပါရမီမှု၊ ဆယ်လီ သုံး ဆယ်၊ ပြားပုံခြယ်သည်။ ကိုးကွယ်သူတို့ မှတ်ဖွယ်ကို။
၃။ သုမေဓာခေါ် အလောင်းတော်သည်၊ ထိုရော်ကာလ၊ ခါသမယ၌၊ ဘုရာ့တံဆိပ်၊ မိန့် ဗျာဒိတ်ကို၊ ဦးထိပ်ပန်ဆင်၊ တင်ပလ္လင်ဖြင့်၊ ဖွဲ့ တင်ကျန၊ ထိုင်ပြီးမှလျှင်၊ ဗုဒ္ဓ ဖြစ်ကြောင်း၊ တရားကောင်းကို၊ စုပေါင်း ဆင်ခြင်၊ စုံအောင်မြင်သော်၊ ဉာဏ်စဉ် ထက်မြက်၊ စွမ်းအတွက်ကြောင့်၊ ဘဝဂ်ခိုက်ကြုံ၊ ငလျင်တုန်သည်။ မြေခုန်ငြိမ့်ငြိမ့် တသိမ့်သိမ့်။
၄။ လေးသင်္ချေကိန်း၊ ကပ်တစ်သိန်းမျှ၊ ထိန်းသိမ်းရသား၊ ပါရမီများကို၊ ဘုရားအလောင်း၊ ဘဝပေါင်း၌၊ အကြောင်းတိုက်ဆုံ၊ ဖြည့်ကျင့်ပုံဝယ်၊ အကုန်မကျန်၊ မသိမှန်လည်း၊ သိတန်သမျှ၊ ကြည်ညိုရ၍၊ ဗုဒ္ဓစောမြတ်၊ မနောဓာတ်၌၊ မပြတ်ရှိအောင်၊ သတိဆောင်လျှင်။ ခုနောင်သင်တို့ ဘေးကင်းဖို့။
၅။ သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင်စကြဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊ ရတုနဂို၊ ရွှမ်းရွှမ်းစိုသည်၊ ဝါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်။ နတ်လူငြိမ်းဖို့ ကိန်းပါကို။
၆။ သန္ဓေယူကာ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊ ကဆုန်လပြည့်၊ သောကြာ နေ့ဝယ်၊ ချမ်းမြေ့စုံညီ၊ လုမ္ဗနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူ၍၊ ရွယ်မူပျိုမျစ်၊ ဆယ့်ခြောက်နှစ်သော်၊ နန်းသစ်ထီးဖြူ ၊ဆောင်းတော်မူသည်။ နန်းသူဆွေတို့ ချမ်းသာဖို့။
၇။ နန်းသစ်ထီးဖြူ၊ ဆောင်းတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊ ဝါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရပ်လှုံသည်။ ပင်စုံမြိုင်ရိပ် ခန်းမှာကို။
၈။ တောရပ်မြိုင်ပေါ်၊ခြောက်နှစ်ပျော်၍၊ ခါတော်တဖုံ၊ ပွင့်ချိန်ကြုံက၊ ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူလျက်၊ ရန်သူခပင်း၊ အမိုက်သင်းကို၊ အရှင်းပယ်ဖျောက်၊ အလင်းရောက်က၊ ထွန်းတောက် ဘုန်းမော်၊ သောင်းလုံးကျော်သည်၊ သုံးဘော်လူတို့ ငြိမ်းဖွယ်ကို။
၉။ ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဖွား၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီဖြင့်၊ မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊ ခ,ညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ဝါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက် ထွေပြား၊ ဟောဖော် ထားသည်။ တရားနတ်စည် ရွမ်းတယ်ကို။
၁ဝ။ အနန္တစုံ၊ တန်ခိုးဟုန်နှင့်၊ ကိုးဂုဏ်ရောင်ဆိုင်၊ ဘဝဂ်တိုင်အောင်၊ ပြန့်လှိုင် ကျော်ကြား၊ မြတ်ဘုရား၏၊ တရား ၄ တန်၊ သစ္စာမှန်ကို၊ နာခံပြီးလစ်၊ ဆင်းရဲဖြစ်ဖို့၊ အသစ်တဏှာ၊ မဖြစ်သာအောင်၊ ရှစ်ဖြာမဂ္ဂင်၊ သင်္ဘောယာဉ်ဖြင့်၊ ပြည်ခွင်နိဗ္ဗာန်၊ ရောက်အောင်ဆန်မှ၊ ဧကန် ဒုက္ခ၊ ကင်းကြရမည်။ မုချ ငါတို့ ကျင့်ဖွယ်ကို။
၁၁။ တရားနတ်စည်၊ ဆော်ရွှမ်းလည်က၊ သုံးမည် ဘုံသိုက်၊ တစ်သောင်း တိုက်ဝယ်၊ ကျွတ်ထိုက်သသူ၊ နတ် လူဗြဟ္မာ၊ သတ္တဝါကို၊ ခေမာအောင်မြို့ ၊ ဖောင် ကူးတို့ ဖြင့်၊ ဆောင်ပို့ပြီးခါ၊ ဝါလေးဆယ့်ငါး၊ သက်ကားရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံနှိုင်းမယုတ်၊ ကုသိနာရုံ၊ အင်ကြင်းစုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်၊ ဝှန်း ဆူ သောင်းလုံး ကျော်တယ်ကို။
၁၂။ နိဗ္ဗာန်စံပြီး၊ ရှုမအီသား၊ သိင်္ဂီရွှေလှော်၊ အလောင်းတော်ကို၊ ထိုရော်ကဆုန်၊ လဆုတ်ကြုံ၍၊ ဂဠုန်နေ့ဝယ်၊ ခိုးငွေ့မနှော၊ ဓာတ်တေဇောလျှင်၊ ရှင်စော ဉာဏ် စက်၊ ဓိဋ္ဌာန်ချက်ဖြင့်၊ လျှံတက်ကော်ရော်၊ မီးပူဇော်သည်၊ မွေတော်ရှစ်စိတ် ကြွင်းတယ်ကို။
၁၃။ ဓာတ်အမွေတော်၊ ကြွင်းပါသော်လည်း၊ ချွတ်ချော် သာသနာ၊ နောင်သောခါဝယ်၊ ရောင်ဝါပျောက်ကြွေ၊ ကွယ်ပချေသော်၊ ထွေထွေရပ်နယ်၊ ဓာတ်သွယ်သွယ်လည်း၊ ကိုးကွယ်ကြမည့်၊ လူမရှိ၍၊ ဗောဓိပင်မှာ၊ စုပေါင်း ကာဖြင့်၊ ရောင်ဝါလွှတ်ပြီး၊ ရွှေတုံးကြီးသို့၊ ဓာတ်မီးလောင်တောက်၊ ကုန်ဆုံးပျောက်က၊ လာရောက်ကြရှာ၊ နတ်ဗြဟ္မာတို့ ၊ သာသနာဗုဒ္ဓ၊ ယခုမှပင်၊ မုချအတည်၊ ကွယ်ရပြီဟု၊ ငိုမြည် တမ်းတ၊ သံဝေဂဖြင့်၊ မရယူကျုံး၊ ကိုယ်စိတ်ချုံးသည်၊ နောက်ဆုံးသာသနာ့ ပွဲတော် ဘုရား။
ဒွါဒသမ အခန်း - သာသနာရေးနိဂုံး
သာသနာကွယ်ပြီးဖြစ်လျှင်
ဤမျှသောစကားအစဉ်ဖြင့် ဗုဒ္ဓမြတ်စွာ၏ အဖြစ်တော်စဉ် အကျဉ်းချုပ်ကို အလောင်းတော် သုမေဓာဘဝမှစ၍ ဓာတုပရိနိဗ္ဗာန် စံတော်မူကာ သာသနာတော်ကြီး ကွယ်ပြီးသည့်တိုင်အောင် ရေးသား ပြီးစီးခဲ့ပါပြီ။ အလွန် ကြုံကြိုက်ခဲလှစွာသော ဤသာသနာတော်သည် ယနေ့တိုင်အောင်ပင် ဘုန်းကြီးနှင့်တကွ ဘာသာဝင် လူအပေါင်းအား လမ်းကောင်းကို ညွှန်ပြလျက် ရှိပါပေသေး၏။
မှန်၏-ယခု အချိန်၌ ဤသာသနာတော်ကြီး ကွယ်ပပြီး ဖြစ်နေပါလျှင် ဤစာရေးသူ ဘုန်းကြီးသည်ပင် သြကာသလောက ဘုံဌာနအတွက် မျက်မြင် လူ့လောက လောက်ကိုသာ သိနိုင်ပေလိမ့်မည်။ ငရဲဘုံပြိတ္တာတို့၏ ဌာနနှင့် နတ်ဘုံ ဗြဟ္မာ့ဘုံများကို (ရှိသေး၏ဟုမျှ) သိနိုင် မည်မဟုတ်ပါ။
အရေးကြီးသော သိဖွယ်များ
သတ္တလောကအတွက်လည်း လူနှင့် မျက်မြင် တိရစ္ဆာန်များကိုသာ သိနိုင်ရာ၏။ ငရဲကောင် ပြိတ္တာကောင်နှင့် နတ်ဗြဟ္မာများကို မသိနိုင်ရာ။ သိနိုင်သမျှ လူနှင့် တိရစ္ဆာန်တို့ကိုလည်း တကယ်ပင် အကောင်အထည် ထင်မှတ်၍ အတွင်းက ခြယ်လှယ်တတ်သော အသက်ကောင် (အတ္တ) ရှိသေး၏ ဟု ယူဆ နေရာ၏။ ရုပ်နှင့်နာမ် ပေါင်းစပ်၍ လူဟု ခေါ်ဝေါ်အပ်သာ ပညတ်မျှသာ ဖြစ်ကြောင်း အတွင်း၌ အတ္တမရှိကြောင်းကို သိနိုင်မည် မဟုတ်ရာ။ ထို ရုပ် နာမ်တို့လည်း အဝိဇ္ဇာနှင့် တဏှာ (မသိမှုနှင့်လိုချင်မှု) ဤ ၂ ခု အရင်းခံ၍ ကံဟူသော သင်္ခါရ၏ စီမံမှုကြောင့် ဖြစ်ရကြောင်း၊ ထို အဝိဇ္ဇာနှင့် တဏှာ ကုန်ခန်း ရဟန္တာမဖြစ်သေးသမျှ ရုပ်နာမ် အစဉ် ဟူသော သံသရာသည် အမြဲလည်နေမည်သာ ဖြစ်ကြောင်း၊ ထိုရုပ် ထို နာမ် သံသရာ ပြတ်၍ နိဗ္ဗာနဓာတ် ရောက်ဖို့ ရာ မဂ္ဂင်ရှစ်ပါး တရားအမှန် ရှိသေးကြောင်းများကိုလည်း သိနိုင်တော့မည် မဟုတ်ပါ။
မသိရလျှင် အပြစ်
ထိုသို့ သိဖွယ်ဟူသမျှကို မသိနိုင်လျှင် ဘုန်းကြီးသည် “နောက်ဘဝ ရှိသေး၏ဟု မယူဆတော့ဘဲ ဤ ဘဝအတွက်သာကြည့်၍ ကိုယ်ကျိုး ရှိ မည်ထင်လျှင် မည်သည့် မတရားမှုမဆို ပြုမိတော့ရာ၏။ ထိုသို့ ပြုမိလျှင် ဘုန်းကြီးသည် ငရဲကောင် ပြိတ္တာကောင် တိရစ္ဆာန်ကောင် အဖြစ်ဖြင့် ဒုက္ခမျိုးစုံခံစားကာ သံသရာ ဝဋ်ထဲမှ မလွတ်ဘဲ နေတော့လတ္တံ့။ ယခုသော်ကား လ,ပေါင်းများစွာ ရွတ်ဖတ်၍ သင်္ဂါယနာ တင်အပ်ပါသော်လည်း အကျယ်ချဲ့ လျှင် မကုန်နိုင်သေးအောင် မြားမြောင်လှစွာ ပရိယတ္တိ သာသနာတော် တည်ရှိနေသေးသောကြောင့် ထိုသိဖွယ်ဟူသမျှကို ကြောင်းကျိုး စုံလင်စွာ သိမြင်ရပါသည်။
သိရ၍ အကျိုးရပုံ
ထိုသို့ သိမြင်ရခြင်းကြောင့် မကောင်းမှုဒုစရိုက်များကိုလည်း စွမ်းနိုင်သမျှ ရှောင်ရှားနိုင်၏။ ကောင်းမှ ပါရမီများကိုလည်း ထက်သန်စွာ ဖြည့်ဆည်းပူးနိုင်၏။ “လောက၌ ချမ်းသာသုခ ဟူသမျှသည် နောက်က ထပ်ကြပ် ဒုက္ခကပ်၍ ပါနေ၏”ဟု နစ်နစ်ကာကာ နားလည်နေရကား မည်သည့်ဒုက္ခ မည်သည့်ဂုဏ်သိန်နှင့် မည်သည့်စည်းစိမ်ကိုမျှ အထင်မကြီးဘဲ ဖြစ်ပြန်ပျက်ပြန် လောကဓံကို ခံနိုင်သော အရည်အချင်း ရရှိပါသည်။
ရှေးက ကိုးကွယ်ကြပုံ
ဤသာသနာတော်သည် ဘုန်းကြီးအတွက် ဒုက္ခဖြစ်ကြောင်းကို ပယ်ချ၍ သုခရောက်ကြောင်း လမ်းကောင်း လမ်းမှန်ကို ညွှန်ပြပေးရကား ဘုန်းကြီး၏ အားထား ကိုးကွယ်ရာ ဖြစ်သကဲ့သို့ သက်ဝင်ယုံကြည်သူ လူအများ၏ အားထား ကိုးကွယ်ရာလည်း ဖြစ်ပါစေသည်။ ထိုသို့ ကိုးကွယ်စရာကောင်းပါလျက် ယခုအခါ အချို့ သူတို့ အမြင်အားဖြင့် အထင်မကြီးနိုင်သည်မှာ သာသနာရေးကိုမသိဘဲ, အပြင်ပန်းပြ မလှပသော သာသနာရေးကိစ္စ အချို့ကိုသာ ကြည့်၍ ဝေဖန်မိခြင်းကြောင့်သာ ဖြစ်ပါလိမ့်မည်။ ထိုသူတို့လည်း အစစ်အမှန် ဧကန် သိရပါလျှင် ဤသာသနာတော် ကို သက်ဝင်ယုံကြည်ကြမည်သာ။
မှန်၏ - ဗုဒ္ဓမြတ်စွာ လက်ထက်တော်၌ အနေအထိုင် အပြောအဆိုမှစ၍ အပြင်ပန်းပြ ကလည်း လှပ၊ အတွင်းကြည့်ပြန်လျှင်လည်း အစစ်အမှန် တရားကောင်းကို သိကြရသောကြောင့် ဗိမ္ဗိသာရ မဟာရာဇာ စသော အထက်တန်းမင်းများနှင့် ဗြဟ္မာယု ပါမောက္ခ ပေါက္ခရသာတိ ဘုရင်ခံစသော ပညာရှိဗြာဟ္မဏတို့အပြင်၊ သီဟစစ်ဗိုလ်ကြီး အနာထပိဏ်သူဌေး စသော ထိပ်တန်း လူကြီးလူကောင်းတို့သည် ဤဘုရားသာသနာ တော်ကိုသာ အသက်ပေး၍ လေးလေးမြတ်မြတ် ဆည်းကပ်ကိုးကွယ်ခဲ့ကြပါသည်။
သာသနာ ကွယ်ရမည်သာ
ထိုခေတ်မှ နောက်၌ ဓမ္မာသောက၊ ဒေဝါနံ ပီယ တိဿ စသော မဟာရာဇာတို့အပြင် အနော်ရထာမင်း စသော မြန်မာမင်း အဆက်ဆက်တို့ လေးလေးနက်နက် သာသနာပြုခဲ့ကြသည်မှာလည်း သာသနာတော်၏ အရသာကို အမှန်အတိုင်း သိကြသောကြောင့်သာ ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် ဤသာသနာတော်သည် ယခုအချိန် တိုင်အောင် ဗုဒ္ဓဘာသာဝင် လူရှင်အများ၏ စီးပွားချမ်းသာကို ဆောင် လျက် ရှိပါသေးသည်။ ထိုမျှလောက် လူအများ၏ စီးပွားချမ်းသာကို ဆောင်နိုင်သော သာသနာတော်သည် ဓာတုပရိနိဗ္ဗာန်စံရမည့် အချိန်ကျလျှင် ဧကန်ကွယ်ပရချေတော့မည်။
တဖြည်းဖြည်း အားနည်းပြီးမှကွယ်
ထိုသို့ကွယ်ပရာ၌ “သာသနာ ငါးထောင် ပြည့်သောကြောင့်လော၊ သို့မဟုတ် အခြားအကြောင်းကြောင့်လော” ဟု တွေးတော စဉ်းစားဖွယ်ရှိ၏။ ငါးထောင်ပြည့် သောကြောင့်ဖြစ်စေ၊ အခြား အကြောင်းကြောင့် ဖြစ်စေ (ပြခဲ့သော ဓာတုပရိနိဗ္ဗာန် စံရပုံကိုထောက်လျှင်) ကိုးကွယ်မည့်သူ ထိန်းသိမ်း စောင့်ရှောက်မည့်သူ မရှိသောကြောင့် ကွယ်ပရမည်မှာကား အသေအချာပင် ဖြစ်ချေသည်။ ကိုးကွယ်မည့်သူ မရှိခြင်းမှာလည်း ရုတ်တရက်တစ်ပြိုင်နက် မရှိခြင်းမျိုး မဟုတ်ဘဲ တဖြည်းဖြည်း အားနည်းရာမှ နောက်ဆုံး၌ ကိုးကွယ်မည့် သူများ ကွယ်ပျောက်သွားခြင်း ဖြစ်လိမ့်မည်။ ဥပမာ - လူသည် အို၍၊ နာ၍ တဖြည်းဖြည်း အားနည်းပြီးမှ သေပျောက်သွားရသကဲ့သို့တည်း။
အားနည်းခြင်း၏ အကြောင်းများ
ထို့ကြောင့် သာသနာတော် အားနည်းရခြင်း၏ အကြောင်းများကို လက်တွေ့ အားဖြင့် စဉ်းစားရပေလိမ့်မည်။ ထိုသို့ စဉ်းစားသော အခါ အဝေးကို လှမ်း၍ မစဉ်းစားဘဲ မိမိတို့နေရာ မြို့ရွာ ဒေသကို စဉ်းစားရုံမျှဖြင့် သဘာဝကျကျ သိနိုင်ပါလိမ့်မည်။
မှန်၏ - သမုဒ္ဒရာရေ၏ အရသာကို သိလိုလျှင် မိမိ မျက်မြင် သမုဒ္ဒရာရေကို သောက်ကြည့်က သမုဒ္ဒရာ တစ်စင်းလုံး၏ ငန်သော အရသာကို သိနိုင်သကဲ့သို့တည်း။ ထို့ကြောင့် မိမိတို့နေရာ၌ သာသနာတော် အားနည်းရခြင်း၏ အကြောင်းများကို စဉ်းစားသောအခါ အောက်ပါအကြောင်းများကို တွေ့ရပါလိမ့်မည်။
(က) သာသနာ့ဝန်ဆောင် ပုဂ္ဂိုလ်များ၏ ဝန်ဆောင်ပုံ အားနည်းမှု။
(ခ) ကိုးကွယ်သူတို့အား လိမ္မာယဉ်ကျေးအောင် မသင်ပြ မဟောပြောနိုင်မှ။
(ဂ) သာသနာကိစ္စ၌ အတုအယောင်တွေ ပေါများမှု။
(ဃ) တိုင်းသူပြည်သားတို့ စီးပွားရေး ကြပ်တည်းမှုနှင့်အပျော်အပါးအားကြီးမှု။
(င) စစ်ဘေး စစ်ဒဏ်ခံရမှ
သာသနာ့တာဝန် ၂ မျိုး
ချဲ့ ပါဦးမည်။ သာသနာတွင်း၌ ဂန္ထဓုရ (ကျမ်းစာ သင်ယူ ပို့ချ၊ ဟောပြရေးသားမှု တာဝန်)။ ဝိပဿနာဓုရ (ကမ္မဋ္ဌာန်းရှုမှု တာဝန်)။ ဤသို့ တာဝန် ၂ မျိုး ရှိသည်။
ရဟန်းတော်များသည် ထိုတာဝန်ကို ဆောင်ရသော သာသနာ့ဝန်ဆောင် ပုဂ္ဂိုလ်များ ဖြစ်ကြ၏။ ဤတာဝန် ၂ မျိုးကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆောင်နေမှသာ”သာသနာ့ဝန်ဆောင်”ဟု ဆိုနိုင်၏။ ထိုသို့ မဆောင် နိုင်သူကား သင်္ကန်းဝတ်ထားသော်လည်း ကိုးကွယ်သူတို့မှာ ထိုပုဂ္ဂိုလ်များအတွက် ပစ္စည်း ၄ ပါး ထောက်ပင့်ရမှု တာဝန်ပိုနေသောကြောင့် “သာသနာဝန်စီးသာ ဖြစ်သည်” ဟု ဆရာတို့မိန့်တော်မူကြ၏။ ထိုသို့ သာသနာဝန်စီးများလေ သာသနာအားနည်းလေ ဖြစ်၍ သာသနာ့ဝန်ဆောင် များမှသာ သာသနာတော် အား ရှိမည်ကား အထူးစဉ်းစားဖွယ် မလိုတော့ပါ။
အိန္ဒိယမှ ပြောင်းခဲ့ရပုံ
ထို့ပြင် ရှေးရှေးခေတ်က သာသနာ့တာဝန်ကို ဆောင်ခဲ့ကြ သည်မှာ ဝိပဿနာ တာဝန်ဆောင်တို့က မဂ်ဖိုလ် ရရုံသာမက၊ ဈာန် အဘိညာဉ်ကိုလည်း ရကြသဖြင့် ကာလအားလျော်စွာ ကိုးကွယ်သူများ၏ စိတ်ကို အားရနှစ်သိမ့်စေနိုင်ခဲ့ကြ ၏။ အိန္ဒိယနိုင်ငံသည် သာသနာတော်၏ မူလဌာနကြီးဖြစ်၏။ ထိုအိန္ဒိယ၌ ဗြာဟ္မဏ တို့သည် အလွန်အားရှိ၍ သူတို့ကိုယ်တိုင် ဆရာ လုပ်နေကြ၏။ ဘုရားလက်ထက် တော်၌ ဗုဒ္ဓသာသနာကို တချို့ ဗြာဟ္မဏတို့က ပြိုင်ကြသေး၏။ သို့သော် ဓမ္မာသောက မင်းများ၏ ခေကဲကောင်းချိန်တိုင်အောင် မနိုင်ခဲ့ကြပါ။
နောက်၌ကား သာသနာဝင် ပုဂ္ဂိုလ်များဖက်က တန်ခိုးနည်းပါးလာသည့်ပြင် သူတို့ဘက် လူဝတ်ကြောင်များက လိမ္မာယဉ်ကျေးအောင် ဝေဒကျမ်းတို့ကို သင်ပြ၍ ရသေ့တို့ကလည်း မန္တန်အစွမ်းဖြင့် တန်ခိုးပြကာ လူများ အပေါ်၌ အထင်ကြီးစေနိုင်သောကြောင့် သာသနာ့ဝန်ဆောင် ပုဂ္ဂိုလ်များ တဖြည်းဖြည်း အားနည်းသည်ထက် နည်းကာ သီဟိုဠ်စသောနိုင်ငံငယ်များသို ပြောင်းရွှေ့ခဲ့ကြရဟန်တူပါသည်။
ဤအချက်ကား ယခုအခါ ပြည်ထောင်စုမြန်မာနိုင်ငံတော်၌ သာသနာဝင်ပုဂ္ဂိုလ်များ အခြေအနေကို ကြည့်၍ လည်းကောင်း၊ ဘာသာခြား စာပေ သင်ကြားသူတို့ အားရှိနေပုံကို ကြည့်၍လည်းကောင်း မစဉ်းစားဘဲ မနေထိုက်သော အကြောင်းတစ်ရပ် ဖြစ်ပါသည်။
ကိုးကွယ်သူ အကျိုးမရလျှင်
ထို့ပြင်-ကိုးကွယ်သူ လူတို့အား လိမ္မာ ယဉ်ကျေး အောင် မဟောပြောနိုင်မှုလည်း သာသနာတော် အားနည်းဖို့ရာ ကြီးစွာသော အကြောင်း တစ်ခုဖြစ်ပါသည်။ မှန်၏ ‘သာသနာဝင်ပုဂ္ဂိုလ်များသည် လူဝတ်ကြောင်များ၏ ပစ္စည်း ၄ ပါးကိုမှီ၍ သာသနာ့ဝန်ကို ဆောင်ကြရ၏။ လူဝတ်ကြောင်များကလည်း ဝန်ဆောင် ပုဂ္ဂိုလ်တို့၏ ဝန်ဆောင်ပုံကို အားရကျေနပ်မှသာ သူတို့၏ ချွေးနှဲစာကို ခွဲဝေ၍လှူဒါန်း လိုကြပေမည်။ ကျေနပ်ဖွယ် အကြောင်းများမှာလည်း နေပုံထိုင်ပုံကို ကြည်ညိုကျေနပ်ခြင်း၊ သူတို့အား လိမ္မာယဉ်ကျေးအောင် သွန်သင် ပြသ၍ ဤဘဝနောက်ဘဝအတွက် ကောင်းကျိုးချမ်းသာကိုရစေခြင်း၊ သူတို့၏ကလေးများကို တတ်သိလိမ္မာ စေခြင်းများ ဖြစ်၏။ ရှေးရှေး မြန်မာမင်းများလက်ထက်က ဤအချက်များ အပြည့်အစုံ ရရှိကြ၍သာ ဤ သာသနာကို လေးစားကြည်ညို ကိုးကွယ်ခဲ့ကြခြင်း ဖြစ်သည်။
ရှင်ဘုရင်လည်း ဘုန်းကြီးကျောင်းသား
ဆက်ပါဦးမည်။ ဤမြန်မာနိုင်ငံဝယ် အနော်ရထာမင်း လက်ထက်မှစ၍ တိုင်းသူပြည်သားနှင့် သာသနာတော် သည် လွန်စွာ နေထားကျ၍ ပဏာရခဲ့လှပေ၏။ သံဃာတော်ဖက်ကလည်း လိမ္မာယဉ်ကျေးအောင် ဟောညွှန် သင်ပြနိုင်သဖြင့် တိုင်းပြည်၏ ယဉ်ကျေးမှုအဆင့်အတန်းသည် အမှန်ပင် တိုးတက်ခဲ့ပေ၏။
တိုင်းသူပြည်သားတို့ကလည်း ကျေးဇူးတင်လှသဖြင့် သာသနာတော်ကို အားကိုးတစ်ခုပြုကာ ၄ ဖြာသော ပစ္စည်းကို အသီးသီး ထောက်ပံ့ခဲ့ကြ၏။ ထိုကဲ့သို့ အညမညပစ္စည်းတပ်၍ အထပ်ထပ် ကျေးဇူးပြုခဲ့ကြသည်မှာ မြန်မာမင်းများ၏နောက်ဆုံးအချိန် ကျအောင်ပင်။ ဆရာလုပ်သူလည်း ဘုန်းတော်ကြီး၊ ရှင်ဘုရင် လုပ်သူလည်း ဘုန်းကြီး ကျောင်းသားပင် ဖြစ်ခဲ့ပါသည်။
ဗုဒ္ဓသာသနာ့တက္ကသိုလ် ဖြစ်လောက်
ထို့နောက် စစ်ဘေးစစ်ဒဏ်ကြောင့် နိုင်ငံသည် မရှုမလှ လက်အောက်ခံဘဝသို့ ကျရောက်ရတော့၏။ ထိုသို့ ရောက်ရစေကာမူ ထိုခေတ်က ဘုန်းတော်ကြီးများနှင့် လူကြီးလူကောင်းတို့သည် သာသနာတော်၏ အရှိန်အဝါ ဩဇာ မသေးအောင် စီမံနိုင်ခဲ့ပါလျှင် (ထိုအချိန်က ထွန်းကားသော သိပ္ပ ဝိဇ္ဇာတွင် အပြစ်ကင်းသည့်ဖက်ကို ဘုန်းတော်ကြီးများလက်မှ မလွတ်ရအောင် ရှေးက အားလုံး လက်ခံပြီး ဖြစ်သော “နောဧက+နော” စသည်ကို “ကိုးတစ်လီ+ကိုး”စသည်ဖြင့် ပြုပြင်၍ ရှေးရိုးအတိုင်း အထောက်အပံ့ကိုလည်း လက်မခံကြဘဲ သင်ပြခဲ့ကြပြီးလျှင် နောက်၌လည်း ခေတ်အလိုက် တိုးကာတိုးကာ သင်ပြနိုင်မည်ဆိုပါမူ) ယခုလို လွတ်လပ် ပြီးသောအချိန်မှာ အခြေခံကျောင်းများနှင့်တကွ ပညာစုံပို့ချနိုင်သော ဗုဒ္ဓသာသနာ့ တက္ကသိုလ်ကြီး မားမား မတ်မတ် တည်ရှိပြီး ဖြစ်နေရာ၏။
ယခု အခြေအနေ
ထိုသို့ တည်ရှိပြီးဖြစ်နေလျှင် ပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့် ဗုဒ္ဓမြတ်စွာ သာသနာတော်သည် “အတိုင်းထက် အလွန် တံခွန်နှင့်ဘုရား” ကဲ့သို့ ကမ္ဘာမှာ ကြွားနိုင်လောက်အောင် ကျက်သရေကို ဆောင်လျက် ရှိရာသည် မဟုတ်ပါလော။ ယခုသော်ကား ဖြစ်နိုင်လောက်သော အကောင်းစုကို မစီမံနိုင်ခဲ့မှုကြောင့် သမ္မတလုပ်သူလည်း ဘုန်းကြီးကျောင်းသားမဟုတ်။ ဝန်ကြီးချုပ်စသူများလည်း ထိုနည်းသာ၊ တစ်တိုင်း ပြည်လုံး လိုလိုပင် လူကြီးလူကောင်းဆိုသူတို့၏ သားသမီးတွေကား “ဘုရား ဘုရား ဘုရား” ဟု ညည်းတွားဖို့သာ ကောင်းပါတော့သည်။
ထိုသို့ ဖြစ်နေရ သည့်အတွက်လည်း အပြစ်မတင်သာပါ။ လောလောဆယ် အသက်မွေးဝမ်းကျောင်း အတွက် ဤနည်းအတိုင်းပင် သင်ကြရှာပေလိမ့်မည်။ ထိုသို့ သင်ကြသည့်အတွက် ကြောင့်ပင် ယခုအခါ များစွာသော ဘုန်းတော်ကြီးကျောင်းတွေမှာ ပြောပလောက်အောင် ကျောင်းသားများ ရှိကြသေးရဲ့လား။ (ဘယ်သူမပြု, မိမိမှပဲနော် ...)
ရှေးကလိုဆိုလျှင်မတိုက်တွန်း
ဆက်ပါဦးမည် - ရဟန်းတော်များသည် အလွန် ရှေးခေတ်ကကဲ့သို့ မဂ်ဖိုလ်ရအောင် ဝိပဿနာကို သဲသဲမဲမဲ ကြိုးစားနေကြပါလျှင် လည်းကောင်း၊ ပိဋကတ်တော်ကိုချည်း အားရပါးရ ကြိုးစားနေကြပါလျှင်လည်းကောင်း၊ ရှေးခေတ်ကမသင်ပြဘဲ လွတ်လွတ်နေခဲ့ကြပါလျှင်လည်းကောင်း ကလေးတို့အား လောကီ သိပ္ပဝိဇ္ဇာ သင်ပြပေးကြဖို့ရန် အမှန်ပင် မတိုက်တွန်းလိုပါ။
ယခုသော်ကား-မြန်မာ နိုင်ငံတော်ဝယ် ရှေးခေတ်ကစ၍ ယခုတိုင်အောင် ကလေးများကို ရဟန်းတော်များက သင်ပြနေကြပါလျက် သင်ပြရင်း သင်ပြရင်းက သင်ပြမှု အားမရ၍ လက်လွတ် ဖြစ်ကြတော့မည်ကို (လက်လွတ် ဖြစ်ရုံသာမက၊ သာသနာတော်လည်း အားနည်းပုံကို) မြင်ရသောကြောင့်သာ ဤကဲ့သို့ အနဝဇ္ဇ သိပ္ပဝိဇ္ဇာကို ကိုယ့်ဆိုင်ရာဒေသ၌ မြိုင်မြိုင် ဆိုင်ဆိုင် သင်ပြဖို့ရန် တိုက်တွန်းလိုပါသည်။
ဘုန်းကြီးကျောင်းသား မရှိလျှင်
ဘုန်းတော်ကြီးများ၏ ကျောင်းမှာ ကျောင်းသား မရှိလျှင် ကိုရင် သာမဏေလည်း မရှိနိုင်။ ကိုရင် သာမဏေ မရှိလျှင် ရဟန်းတော်လည်း မရှိနိုင်။ ဤနည်းအားဖြင့် မြန်မာနိုင်ငံ သာသနာတော်အတွက် ဝန်ထမ်းနိုင်မည့် ပုဂ္ဂိုလ်များ မကြာမီ (အဆက်မပြတ်သေးစေကာမူ) အားနည်းဖို့ကား အလွန်သေချာပြီ မဟုတ်ပါလော။
ဤအချက်ကို ဂရုမပြု လျစ်လျူရှုလိုက်ကြပါလျှင် ယခုအခါ ထင်ရှားသော ဆရာတော်များ၏တာဝန်သာလျှင် လုံးလုံး ဖြစ်ရစ်ပါလိမ့်မည်။ မှန်၏-ယခုအခါ မကောင်းကျိုး ရနေသမျှသည် ရှေးရှေးပုဂ္ဂိုလ်များ၏ တာဝန် ဖြစ်သကဲ့သို့ အနာဂတ် မကောင်းကျိုးလည်း ယခုပုဂ္ဂိုလ်များကြောင့်ဟုပင်ဆိုရစ်ပါလိမ့်မည်။ ဤကား သာသနာ အားနည်းရခြင်း၏ အကြောင်းတစ်မျိုးပါတည်း။
အတုအယောင်များကြောင့် တမှောင့်
သာသနာရေးကိစ္စများ၌ အတုအယောင်တွေ ပေါများလာခြင်းလည်း သာသနာတော်ကို အထင်သေးဖွယ်ရာ သာသနာ ဆုတ်ယုတ်ခြင်း၏ အကြောင်းတစ်မျိုး ဖြစ်၏။ မှန်၏ - အလှူဒါနပြုရာ၌ ဒါနစစ်စစ် ပါရမီ ဖြစ်အောင် မပြုဘဲ ဂုဏ်ပကာသနကို ပဓာနထား၍ ပြုခြင်း၊ ဥပုသ်သီလ ဆောက်တည် ရာ၌ စိတ်စင်ကြယ်အောင် မဆောက်တည်ဘဲ အပျော်အပါးနှင့် သူများယောင်၍ ယောင်ခြင်း၊ ယခုအခါ ဘာဝနာ ကမ္မဋ္ဌာန်း စီးဖြန်း ရာ၌လည်း အတုအယောင်တွေ အတော် ပေါများ နေဟန်တူခြင်း၊ ဘုရားပွဲစသော သာသနာရေးကိစ္စ၌ ဘုရား တရားတော်နှင့် မညီသော အပျော်အပါး ပွဲလမ်းသဘင်တွေ ပါဝင်နေ၍ အစစ်အမှန်ပူဇော်မှု စသည်ကိုကား ဝတ်ကျေတမ်းကျေပြုခြင်း၊ ရဟန်းသာမဏေ ပြုလုပ်ရာ၌လည်းဘာမျှနားမလည်ဘဲ မိရိုးဖလာပြုကြခြင်း စသည်တို့သည် အတုအယောင်တွေချည်းသာ။
ထိုအတုအယောင်ကိုကြည့်၍လည်း ဘာသာခြားနှင့် ဘာသာခြားစာပေကိုသာ သင်ယူခဲ့ကြသော နောင်လာ နောင်သားတို့က “သူတို့အလှူဒါနက ဒီလိုတဲ့လား၊ ဒီလို စားသောက်ပျော်ပါး၍ ညစာ မစားတာကို ဥပုသ် စောင့်တာဆိုပဲ၊ ဘုရားပူဇော်ပွဲဆိုတာ ဒီလို ဇာတ်ရုပ်သေး တွေနဲ့ ပူဇော်ကြရဆိုကိုး။ ကမ္မဋ္ဌာန်း ပေါက်တယ်လို့လည်း ဆိုသေး။ ပြီးတော့ ဤသို့ စသည်ဖြင့် သာသနာတော်ကိုပါ အထင်အမြင်သေးကြပါတော့ မည်။ ဤသို့ အထင်သေးခံရခြင်းသည် သာသနာတော် အားနည်းဖို့ အကြောင်း တစ်မျိုး ဖြစ်တော့၏။
စီးပွားနှင့် ကိုယ်ကျင့်ပျက်မှု
အခြားအကြောင်းများလည်း ရှိပါသေး၏။ ထို အကြောင်းများကား-ကိုးကွယ်သူများ၏ စီးပွားဆုတ်ယုတ်မှုနှင့် အပျော်အပါးများမှုပင်တည်း။ မှန်၏-ကိုးကွယ်သူများ စီးပွားရေး ဆုတ်ယုတ်လျှင် “အူမ,မတောင့်၍ သီလ မစောင့်နိုင်ရုံသာမက ဒါနလည်း မပြုနိုင်ကြချေ”။ ကျေးရွာများ၌ ယခုနှစ် မိုးမကောင်းလျှင် ယခုနှင့် အလှူဒါန ဆုတ်ယုတ်ပုံကို လည်းကောင်း၊ မြို့ပြတို့၌လည်း အရောင်း အဝယ် မကောင်းလျှင် ဆွမ်းအခက်အခဲတွေ ရပုံကိုလည်းကောင်း လက်တွေ့မြင်နိုင်ပါသည်။
ယခုအခါ စီးပွားရေးအတွက် အများ၏ ညည်းတွားသံကို ကြားနေရ၏။ ဝတ်မှု စားမှု အတုအပ အပျော် အပါးတွေကလည်း များသည်ထက် များလာ၏။ သူတို့ ရှာဖွေ၍ရသော စီးပွားသည် “ကုလားခပ်တဲ့ရေ ကုလားဆေးဖို့တောင် မလောက်သလို ဖြစ်နေတော့၏”။ ဤအတိုင်းသွားလျှင် အနာဂတ်ကာလ၌ ပစ္စည်း ၄ ပါး နှင့်စပ်၍ ကျောင်း, ဘုရား, သံဃာ အားလုံးပင် ခြောက်ကပ်ကပ် ဖြစ်သွားဖွယ်ရှိလေသည်။
စစ်ဘေးဒဏ်
သာသနာဆုတ်ယုတ်မှုနှင့်စပ်၍ အလွန်ကြောက်မက်ဖွယ် ဘေး ကြီး တစ်ရပ်လည်း ရှိသေး၏။ ထိုဘေးကြီးကား တိုင်းပြည်တိုင်းက ကြောက်ရွံ့ နေကြသော ပြည်တွင်းပြည်ပ စစ်ဘေးကြီးတည်း။ ထိုစစ်ဘေးစစ်ဒဏ် ခံရပြန်လျှင် သာသနာ့ ဝန်ဆောင် ပုဂ္ဂိုလ်များ၏ သီလသိက္ခာ ထိန်းသိမ်းမှုလည်း လျော့သွား၏။ ဂန္ထဓုရ တာဝန် ကိုလည်း ကောင်းစွာ မဆောင်နိုင်ကြ။ လွန်ခဲ့သော ဒုတိယကမ္ဘာစစ်အတွင်းက ဤ နိုင်ငံတော် သာသနာ၏ အခြေအနေကို ပြန်၍ သုံးသပ်ကြပါလေ။
ထိုသို့ စစ်ဖြစ်ရာ ဗုဒ္ဓဘာသာမဟုတ်သူတို့သာ နိုင်ငံကို လွှမ်းမိုးသွားပါလျှင် ဗုဒ္ဓမြတ်စွာ၏ သာသနာတော်ကို သွယ်ဝိုက်သောနည်းအားဖြင့် ဖြစ်စေ၊ တိုက်ရိုက် အားဖြင့်ဖြစ်စေ ဖိစီးနှိပ်စက်တတ်လေသည်။ (အချို့နိုင်ငံများ၌ ဤနည်းအားဖြင့် ဗုဒ္ဓ သာသနာ ကွယ်ခဲ့ရပုံကို ကမ္ဘာ့ရာဇဝင် လေ့လာကြည့်ပါ။)
သိုဟန်ဘွားခေတ်
ဤမြန်မာနိုင်ငံ၌ပင် သိုဟန်ဘွားဆိုသူ အုပ်စိုးခိုက်နှင့် ကြုံစဉ်က ကျမ်းတတ်ဆရာတော် အများပင် အသတ်အဖြတ် ခံရသည်ဟု ရာဇဝင် ဆိုသတတ်။ ထိုအချိန်က မြန်မာသွေးစစ် ဗုဒ္ဓဘာသာဝင် ဖြစ်သော မင်းကြီးရန်နောင်နှင့် အပေါင်းပါ မှူးမတ်တို့ မကယ်တင်နိုင်ခဲ့ပါလျှင် ဤသာသနာတော်သည် ထိုအချိန်က ပင် တိုင်းတစ်ပါးသို့ ပြောင်းသွားလောက်ရာလေပြီ။ မှန်၏ ... များစွာသော တိုင်းသူ ပြည်သားတို့သည် ခေါင်းဆောင် နိုင်မည့် သူရဲကောင်းမပေါ်လာလျှင် အုပ်ချုပ်သူတို့ အလိုအတိုင်းသာ နေဝံ့ထိုင်ဝံ့ကြရှာလေသည်။
လူများ ဝန်မဆောင်နိုင်
ယခုအခါ တစ်ကမ္ဘာလုံး စိတ်မအေးရသော ထို စစ်ဘေးကြောင့် အေးအေးချမ်းချမ်း နေနိုင်မည့် နည်းလမ်း ကောင်းကို ရှာနေကြသော အချိန်ဖြစ်၍ လည်းကောင်း၊ ဗုဒ္ဓဘာသာနိုင်ငံများက သာသနာတစ်ဝက် အချိန်အခါဝယ် သင်္ဂါယနာတင်ခြင်း စသည်ဖြင့် ထထကြွကြွ ရှိကြ၍လည်းကောင်း အနာဂတ်အခါ၌ ထိုထို နိုင်ငံဝယ် ဗုဒ္ဓဘာသာဝင် လူအရေအတွက် များလာဖို့ရန် လမ်းရှိ၏။
သို့သော်လည်း သာသနာ့တာဝန်ကို ထမ်းနိုင်မည့် သူတော်ကောင်း ရဟန်းတော်များကား များကောင်းမှ များနိုင်ပေတော့မည်။ ဘာကြောင့်နည်း- နိုင်ငံအားလုံးမှာပင် ကိုယ်ကျင့်ပျက်ပြားမှုက သောင်းကျန်းလျက်ရှိရာ ထိုကိုယ်ကျင့်ပျက်ပြားမှုသည် ရဟန်းတော်များ၏ စိတ်ဓာတ်ကို တစ်နည်းအားဖြင့် ကူးစက်လာမည်သာ ဖြစ်သောကြောင့်တည်း။ ထို့ကြောင့် ဝန် ဆောင် ပုဂ္ဂိုလ်များများ ထွန်းကားလာဖို့အရေးကား အနာဂတ်အတွက် မျှော်လင့်ဖို့ ဝေးလှသေးသည်။
ရဟန်းတော်များသာ ဝန်ဆောင်နိုင်
သာသနာတော်တည်တံ့ရေး၌ကား ဗုဒ္ဓ ဘာသာဝင် လူဝတ်ကြောင်တို့ များနေခြင်းထက် ဝန်ဆောင် ရဟန်းတော်များခြင်းက သာ၍ အရာရောက်၏။ မှန်၏ ... ကိစ္စများမြောင် လူဝတ်ကြောင်တို့သည် သာသနာတော်၏ ရေသောက်မြစ်ဖြစ်သော ပရိယတ္တိဓမ္မကို သင်ယူပို့ချသောအားဖြင့် မဆောင်ထားနိုင်ကြ။ ရဟန်းတော်များကသာ ကိစ္စနည်းပါးသဖြင့် ဆောင်ထားနိုင်ကြသည်။
ထို ဝန်ဆောင် သံဃာများများစုဝေးနေထိုင်ဖို့ရာလည်း ဤပြည်ထောင်စု မြန်မာနိုင်ငံတော်ထက် ကောင်းသောနိုင်ငံ ရှိတော့မည် မထင်ပါ။ ထို့ကြောင့် ဤမြန်မာနိုင်ငံမှာပင် သာသနာတော်လည်း ဣန္ဒြေရ၊ နိုင်ငံတော်လည်း အခြေကျမည့် နည်းကောင်းလမ်းမှန်ကို အချိန်ပင်နှောင်းသော်လည်း ဆိုလတ္တံ့သော အကြောင်းများကို အားပြုကာ ကြံစည် စဉ်းစားသင့်ကြပါသည်။ အားပြုဖွယ်အကြောင်းများကား -
(က) နိုင်ငံခေါင်းဆောင်များတွင် (ဘုန်းကြီးကျောင်းထွက် မဟုတ်စေကာမူ) ဗုဒ္ဓဘာသာကို ယုံကြည် သက်ဝင် နေသူအများအပြား ရှိသေးခြင်း။
(ခ) တိုင်းသူပြည်သား လူများစုလည်း ဘုရားတရား (ရတနာ ၂ ပါး) နှင့် ကောင်းမွန်စွာ နေထိုင်ကြသော သံဃာတော်များကိုလေးစားကြသေးခြင်း။
(ဂ) ယခုအချိန်မှာ ဝိနည်းသိက္ခာ လေးစား၍ ပိဋကတ် ကျွမ်းကျင်ခေတ်ကိုလည်း မြော်မြင်နိုင်သော ဆရာတော်များ မနည်းပါးသေးခြင်း။
(ဃ) ထို ဆရာတော်, သံဃာတော်များသည် တစ်ပါးစီ တစ်ပါးစီဆိုလျှင် အားအင် မကြီးမားလှသော်လည်း စုပေါင်းမိက အလွန်ကြီးမားသော အင်အားရှိခြင်း၊
(င) ထိုကြောင့် သံဃာတော်များဖက်က ယခုတစ်ကြိမ် နည်းလမ်းမှန်အောင် ပြုပြင်နိုင်ကြလျှင် ကျေးလက်ရော မြို့ တွေပါ တစ်ပြုံကြီး နောက်က ပါလာဖွယ်ရှိခြင်း။
နောင်ခါ လက်လွတ်မည်
ဤအချက်များသည် ပြုပြင်ရာ၌ မျှော်လင့်ဖွယ်ကောင်း သောအချက်များ ဖြစ်ပါသည်။ နောင် နှစ်ပေါင်း အတော်ကြာလျှင်ကား ဤအချက်များ လည်း တစ်စတစ်စ လက်လွတ်သွားပါလိမ့်မည်။ မှန်၏-နောင်ခါ ၁၀နှစ် ၁၅ နှစ်လောက် ကြာလျှင် ယခုသြဇာရှိနေသော ဆရာတော်တို့ အများအားဖြင့် ရှိကြတော့မည် မဟုတ်။ ကျန်ဆရာတော်များလည်း ယခုလောက်အင်အားမရှိနိုင်။ ထိုဆရာတော်များ မရှိချိန်မှာ သာသနာ့အရှိန်သည် ယခုထက်မှေးမှိန်ပါလိမ့်မည်။
ယခုအခါသာသနာတော်ကို လေးစားနေသေးသော ဒကာဒကာမတို့လည်း သူတို့၏သားသမီးများကို သူတို့ကဲ့သို့ သာသနာတော် လေးစားအောင် ယခုကပင် မသွန်သင်နိုင်ကြ။ အနာဂတ် ၁၀ နှစ် လောက်မှာ ဘာသာခြား စာသင်ကျောင်းမှထွက်လာသူများ တိုင်းပြည်၌ တောရောမြို့ပါ ခေါင်းဆောင် လုပ်ကြတော့ လတ္တံ့။ ထိုအချိန်၌ ဘုန်းကြီးတို့၏ သာသနာ့အခြေအနေမှာ ဤမြန်မာနိုင်ငံဝယ် ဘယ်လို ဖြစ်နေရစ်စရာရှိသည်ဟု ယခုကပင် ကိုယ်စီကိုယ်င တွေး ကြည့်သင့်ကြပါသည်။
ကိုယ်ရေးကိုယ်တာ တွေးကြပါ
ထို့ကြောင့် နောင်ဘဝအတွက် ကိုယ့်ရေး ကိုယ့်တာကို လေးလေးနက်နက် တွေးတောလေ့ ရှိသူတို့လည်း ယခုတွေ့ ရသော သာသနာတော်ကို အားကိုးကြပါလော့။ နောက်တစ်ကြိမ် လူဖြစ်ရသော်လည်း ယခုလောက် အသားကျ သာသနာကို တွေ့ရမည်, မတွေ့ ရမည်ဆိုတာ မသေချာပါ။ အများအားဖြင့် တွေ့ရဖို့ ခဲယဉ်းသည့်ပြင် နောက်တစ်ကြိမ် မိဘလုပ်မည့် ယခုကလေးများ၏ ခေတ်နှင့်စိတ်ထားကို စဉ်းစားမိက သူတို့၏ သားသမီး ဖြစ်ဖို့အရေးမှာ မတွေးဝံ့အောင် ကြောက်စရာမဟုတ်ပါလော။ နတ်ပြည်သို့ ရောက်သွားပြန်လျှင်လည်း ထိုနတ်ပြည်စည်းစိမ်ကို ခံစားရုံသာ။ ကုသိုလ်ပါရမီကား အလွန်ရှာတတ်သူမှ နည်းနည်းပါးပါး ရပါလိမ့်မည်၊ နတ်ပြည်မှ တစ်ခေါက်ပြန်လာချိန်မှာမူ ဤသာသနာတော်သည်အစအနမျှကျန်တော့မည်မဟုတ်ပါ။
သာသနာအရေး ကိုယ့်အရေး
သာသနာတော်အရေးကိုပင် ကိုယ့်အရေးဟု ထင်မြင် နေသူများလည်း အင်အားရှိသမျှဝိုင်းဝန်း၍ ပြုပြင်ကာ အဖိုးတန် ပါရမီကို ယူကြပါလော့။ ဤသာသနာတော်သည် ရှေးအခါကပင် ပြုပြင်သူရှိလျှင် ရှိသလောက် တိုးတက်ခဲ့ပါသည်။ ဓမ္မာသောကမင်း လက်ထက်၊ သီဟိုဠ် ဒေဝါနံပိယတိဿမင်းလက်ထက်၊ မြန်မာနိုင်ငံဝယ် အနော်ရထာမင်းနှင့် မင်းတုန်းမင်းလက်ထက် စသည်ကိုကြည့်ပါ။
ထို့ကြောင့် ငှက်ပျံသည့်ပမာ ပြုပြင်သူ မရှိလျှင် မရှိသလို နိမ့်၍ ပြုပြင်သူရှိလျှင် ရှိသလောက် မြင့်သောအားဖြင့် နိမ့်ချည်မြင့်ချည် အလီလီ ဖြစ်ပျက်၍လာခဲ့ရသော ဤသာသနာတော်မြတ်ကြီးကို ဓာတုပရိနိဗ္ဗာန်စံသည်အထိ မကွယ်ပနိုင်စေသေးဘဲ အဓွန့်ရှည်စွာ တည်တန့်လျက် ဗုဒ္ဓဘာသာဝင် လူရှင်အများ၏ စီးပွားချမ်းသာ ဆောင်နိုင်မည့် နည်းလမ်းကို သဒ္ဓါအသစ် ဉာဏ်အသစ် ဝီရိယအသစ်လောင်း၍ စုပေါင်းရှာဖွေကာ အမြန် ပြင်ဆင်နိုင်ကြပါစေသတည်း။
(လင်္ကာ)
ကျမ်းပြီးမှတ်ထုံး၊ ကမ္ပတ်ဖုံးဖို့၊ နိဂုံးအရာ၊ သာသနာ၏၊ ခုခါဖြစ်ထွေ၊ စဉ်းစားစေအံ့။
တို့မြေဌာနီ၊ ရှေးခါဆီဝယ်၊ မထေရ်အပေါင်း၊ စံရာကျောင်းမှ၊ ငြိမ့်ညောင်း သာယာ၊ မိန့်အာဏာကို၊ ရပ်ရွာလူများ၊ လွန်လေးစားခဲ့။ ခုကားသို့နှယ်၊ မဟုတ် ကွယ်၍၊ နယ်ပယ်ပွားစီး၊ သား,သမီးတို့၊ ဘုန်းကြီးကျောင်းတွင်၊ စာမသင်တော့။
ထို့ပြင် မြို့နေ၊ ကလေးတွေကား၊ တို့မေဘာသာ၊ တို့မေစာကို၊ သင်ရာကောင်းမျှ၊ မထင်ကြဘဲ၊ ပြင်က လာပေး၊ စာပထွေးကို၊ အလေးဂရု၊ အရေးပြု၏။
ယခုလိုသာ၊ နှစ်ပေါင်းကြာလျှင်၊ မြန်မာတိုင်းဖွား၊ အမျိုးသားတို့၊ ဘုရားကိုစွန့်၊ တရားစွန့်၍၊ စွန့်လိမ့်မှန်စွာ၊ မြတ်သံဃာတည်း၊ ထိုခါတိုင်းဖွား၊ လူအများလည်း၊ တရားမပါ၊ အမှားစာကြောင့်၊ များစွာခုထက်၊ တိုး၍ ပျက်လိမ့်။
သို့တွက်များပြား၊ ဘုန်းဘုရားတို့၊ တရားကိုကျင့်၊ လုံအောင်ကျင့်၍၊ မလင့် စေရ၊ ကိုယ့်ဒေသ၌၊ သိပ္ပ ဝိဇ္ဇာ၊ ပြသင့်ရာကို၊ ကောင်းစွာပိုင်ပိုင်၊ ပြသနိုင်မှ၊ ဘုန်းလှိုင်ဟောပြ၊ သြဝါဒကို၊ စိတ်ကကြည်ဖြူ၊ လိုက်နာယူလျက်၊ ကိုယ်မူ နှုတ် ပြောင်း၊ စိတ်လည်း ကောင်းလိမ့်။
မကောင်းအကောင်း၊ အကြောင်းကြောင်းကို၊ သောင်းပြောင်းကုန်စင်၊ အစုံမြင်သည့်၊ ထေရ်ရှင်များစွာ၊ ဒါယကာတို့၊ အခါအခွင့်၊ ပဏာသင့်အောင်၊ စာချင့် စုပေါင်း၊ နည်းသစ်ပြောင်းမှ၊ နောက်နှောင်းမြန်မာ၊ သာသနာသည်၊ ရှည်ကြာ နေသို့ ထွန်းမည်ကို။
ဗုဒ္ဓဝင် အမေးအဖြေ ပြီး၏။