ရွှေမော်ဓော ဘုရားတိုင်ရတု
မောဓောမွေရှင်၊ ကျွန်းလုံးထင်သား၊ ကောင်းကင်မိုးမြေ၊ ဆူဝေဘဝဂ်၊ အောက်ထပ်ရပ်သူ၊ နတ်လူဗြဟ္မာ၊ သဒ္ဓါဆွတ်ဆွတ်၊ စုံမက်ညွတ်မျှ၊ ပုံခတ်လုံးညီ၊ အာနီစံကျွန်း၊ သတိသွန်းသို့၊ ရွှန်းရွှန်းပြောင်ညီး၊ နေနှင့်နီးသား၊ ရွှေထီးမြှောက်ခံ၊ မဏိရံလျက်၊ နှိုင်းစံဘက်ကင်း၊ သုံးလူ့မင်းကို၊ ကြောင်းခြင်းပြန်ခေါက်၊ နားတော်လျှောက်အံ့၊ ကြင်လောက်စံတည်၊ မယ်တို့ပြည်သို့၊ ရက်ရှည်မကျူး၊ ဆောင်းမကူးသည်၊ နွေးဦးမပျံ့ ပြန်စေသောဝ်။
ကျော်စောမြေပြင်၊ ထိန့်ထိန့်ရွှင်မျှ၊ ဥကင်ထွတ်ထား၊ လူသုံးပါးတို့၊ ညွတ်တွားနှိမ့်ချ၊ လျှောက်သမျှကို၊ ကြောင့်ကြမဲ့စေ၊ ဖြည့်တတ်ပေသည်၊ သပြေဇမ္ဗူ၊ လူတို့စိတ်ဝမ်း၊ နားနှိုက်ချမ်း၏၊ အားရမ်းသာမြောက်၊ ကျွန်ုပ်လျှောက်အံ့၊ ပြိုင်ထောက်မဆွယ်၊ ညွတ်ညွတ်သွယ်သား၊ နတ်နှယ်တုကင်း၊ ဆွေစိုးမင်းနှင့်၊ ထည်ချင်းပိုက်ခြုံ၊ ရိပ်မြုံတူကွ၊ နွှဲမှီရအောင်၊ မစသိမ်းပိုက်၊ ဖြည့်ပါလိုက်လော့၊ ကြင်ထိုက်နောင်ဘို့၊ ပြာချောညို့သည့်၊ သူသို့မရံ့ ရန်စေသောဝ်။
မျှော်မောပေချင်၊ နေ့တိုင်းပင်တည့်၊ လည်တွင်ဆွဲရစ်၊ ရွှေပွင့်သစ်သို့၊ အချစ်ဆကဲ၊ တလဲလဲလျှင်၊ မနွှဲတို့ရ၊ ရက်လမြင့်ရှည်၊ လွမ်းသည်နှင့်သာ၊ ဗျာပါထပ်လောင်း၊ မြစ်ကြောင်းခရီး၊ မနီးဝေးမြေ၊ စုန်ရလေသော်၊ သရေရဓာတ်၊ မြတ်သည့်မှန်စင်၊ ရှင်ပင်ကျော်စော၊ မော်ဓောတွင်၍၊ စေ့စေ့စိတ်ကြည်၊ တောင်းရသည်လည်း၊ ပြည့်မည်ထင်ဘိ၊ လာကျိုးရှိ၏၊ ပန်းတိမွမ်းဖြင့်၊ မလှိုင်ခင်နှိုက်၊ မင်းလွင်သစ်လောင်း၊ မြောက်တောင်ပြောင်းသည်၊ လေညောင်းမဆံ့ ဆန်စေသောဝ်။ ။
| ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၃၀ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |