မာတိကာသို့ ခုန်သွားရန်

ရှစ်ဖြာမဂ္ဂင်နိဗ္ဗာန်ဝင် တရားတော်

ဝီကီရင်းမြစ် မှ
ရှစ်ဖြာမဂ္ဂင်နိဗ္ဗာန်ဝင် တရားတော်
by မဟာစည်ဆရာတော်
6129ရှစ်ဖြာမဂ္ဂင်နိဗ္ဗာန်ဝင် တရားတော် — မဟာစည်ဆရာတော်

ရှစ်ဖြာမဂ္ဂင်နိဗ္ဗာန်ဝင် တရားတော်

▬▬▬▬ஜ۩۞۩ஜ▬▬▬▬

မဟာစည်ဆရာတော်

မာတိကာ

▬▬▬▬

တရားပလ္လင်ခံ
သုတ်၏နိဒါန်း
ပင်ပန်းကြီးစွာ ကြွတော်မူခြင်း အကြောင်း
သုဘဒ္ဒပရိဗိုဇ်အကြောင်း
ဖူးမြော်ခွင့်တောင်းပုံ
ဖူးမြော်ခွင့်ရ၍ ချည်းကပ်ပုံ
သုဘဒ္ဒက မေးလျှောက်ပုံ
ဗုဒ္ဓမြတ်စွာဘုရား၏ မိန့်ခွန်းတော်
သုဘဒ္ဒသုတ်
မဂ္ဂင်မဲ့ဝါဒ၌ ကิလေသာငြိမ်းသူ မရှိ
မဂ္ဂင်ရှစ်ပါး မပွားလျှင် ကိလေသာ မငြိမ်း
(၁) မူလဆောင်ပုဒ်
ဗုဒ္ဓတရားအနေဖြင့် ဆန့်ကျင်ဘက်ကိုဟောသည်
မဂ္ဂင်ရှစ်ပါးပွားမှ ကိလေသာငြိမ်းသည်
(၂) မူလဆောင်ပုဒ်၏
နေယျပုဂ္ဂိုလ် နာရုံနဲ့ တရားထူးမရနိုင်
ပဉ္စဝဂ္ဂီ ၅ - ပါးလဲ အားထုတ်ရသည်
ဗုဒ္ဓသာသနာတော်မှာ ကိလေသာငြိမ်းသူ ရှိတယ်
သာသနာတည်တံ့ရေးအတွက် အကောင်းဆုံးနည်းလမ်း
သောသာပန်ဖြစ်ဖို့လဲ ဝိပဿနာရှုရသည်
မဂ္ဂင်ရှစ်ပါး ပွားစေပုံ
သတိပဋ္ဌာန်ဖြစ်လျှင် သမာဓိဉာဏ်များလဲ ဖြစ်သည်
ပွားစေရမည့် မဂ္ဂင်သုံးဆင့်
ပုဗ္ဗဘာဂမဂ် ဖြစ်ပွားစေပုံ
ဖြစ်ခိုက်ရှုမှ သဘောမှန်ကို သိသည်
သဘောမှန်ကို သိမှ ဖြစ်ပျက်မြင်သည်
တကယ် အနိစ္စလက္ခဏာကိုမြင်မှ အနိစ္စကို သိသည်
အနိစ္စလက္ခဏာကိုမြင်မှ အနိစ္စာနုပဿနာဖြစ်သည်
အနိစ္စဉာဏ်အစစ်ဖြစ်ရင် ဒုက္ခအနတ္တဉာဏ်လဲ ဖြစ်သည်
ဉာဏ်စဉ်တက်ပုံ
သင်္ခါရုပေက္ခန္ဓာ၏ ဂုဏ်အင်္ဂါ ၆ - ပါး
အရိယမဂ်ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ဝင်ပုံ
သုဘဒ္ဒနိဂုံးချုပ်
သုဘဒ္ဒဆင်ခြင်ပုံ
မြတ်စွာဘုရားက ဝိနည်းစည်းကမ်းကို မိန့်တော်မူပုံ
သုဘဒ္ဒကို ရှင်ရဟန်းပြုပေးခြင်း
ရဟန်းပြုပေးပြီးလျှင် ပြီးချင်း ကမ္မဋ္ဌာန်းပေးသည်
စင်္ကြံလျှောက်လျက် ဝိပဿနာရှုပုံ
နိဂုံးချုပ် အင်္ဂါယနာ မှတ်တမ်း
ဘုရားမျက်မှောက် နောက်ဆုံး ရဟန္တာ
မူလဆောင်ပုဒ်
မဂ္ဂင်သုံးဆင့်
သတိဉာဏ်ဖြစ်ရေး
ဖြစ်ခိုက်ရှုလျှင် နိဗ္ဗာန်ဝင်
နိဂုံးချုပ် အာသီသ ပတ္ထနာ

ရှစ်ဖြာမဂ္ဂင် နိဗ္ဗာန်ဝင် တရားတော် မာတိကာပြီး၏။

......

ရှစ်ဖြာမဂ္ဂင်နိဗ္ဗာန်ဝင် တရားတော်

▬▬▬▬ஜ۩۞۩ஜ▬▬▬▬

၁၃၃၃ - ခုနှစ်၊ တော်သလင်းလဆန်း ၂ - ရက်နေ့မှစ၍ ဟောသည်။

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

တရားပလ္လင်ခံ

▬▬▬▬▬

ဒီကနေ့ ဒီမိုးကောင်းအရိယာဝါသ ဓမ္မာရုံကြီးမှာ ရှစ်ဖြာမဂ္ဂင်နိဗ္ဗာန်ဝင်ဆိုတဲ့ တရားကို ဟောရမယ်၊ ရှစ်ဖြာမဂ္ဂင် နိဗ္ဗာန်ဝင် တရားတော်ဆိုတာ အထူးအဆန်းတော့ မဟုတ်ပါဘူး၊ မြတ်စွာဘုရား ဓမ္မစကြာသုတ်ဆိုတဲ့ တရားဦးကို ဟောကတည်းက စပြီး ဟောတော်မူခဲ့တဲ့ မဂ္ဂင်ရှစ်ပါးတရားပါပဲ၊ မြတ်စွာဘုရား သခင်ဟာ ဒီမဂ္ဂင်ရှစ်ပါး တရားကို ၄၅ - ဝါ ကာလပတ်လုံး ဟောတော်မူသွားပါတယ်၊

ပရိနိဗ္ဗာန်စံကာနီး နာရီပိုင်းကာလ အတွင်းမှာ နောက်ဆုံး ရဟန္တာဖြစ်မည့် သုဘဒ္ဒပရိဗိုဇ်အား နောက်ဆုံးအနေဖြင့်လဲ ဟောတော်မူခဲ့ပါတယ်၊ အဲဒီနောက်ဆုံး အနေဖြင့် ဟောတော် မူခဲ့တဲ့ သုဘဒ္ဒသုတ်ကိုပဲအရင်းခံပြုပြီးတော့ ရှစ်ဖြာမဂ္ဂင် နိဗ္ဗာန်ဝင် ဆိုတဲ့ တရားကို ဟောရမယ်။

သုတ်၏နိဒါန်း

▬▬▬▬▬

အဲဒီ သုတ်တရားကို မဟောသေးခင် အဲဒီ သုတ်၏ အကြောင်းနိဒါန်းကိုလဲ ဖော်ပြရဦးမယ်။ မြတ်စွာဘုရားသခင်ဟာ သက်တော် ရှစ်ဆယ်၊ ဝါတော် ၄၅ - ဝါ ရှိတဲ့အခါ ပရိနိဗ္ဗာန်ဝင်စံရန် အချိန်ကျတဲ့အတွက် ကာယုသင်္ခါရကို စွန့်လွှတ်တော် မူပြီးတဲ့နောက် မဟာသက္ကရာဇ် ၁၄၈ - ခုနှစ်၊ ကဆုန်လပြည့်နေ့ နံနက်ပိုင်းမှ ပါဝါမြို့မှ စုန္ဒဆိုတဲ့ ရွှေပန်းတိမ်သည်၏ ဆွမ်းကို ဘုဉ်းပေးတော်မူပြီးတဲ့အခါ ဝမ်းသွေးသွန်တဲ့ ရောဂါ အကြီးအကျယ် နှိပ်စက်ခြင်းကို ခံတော်မူရပါတယ်။

အဲဒီလို ဝမ်းသွေးသွန်တဲ့ရောဂါ အကြီးအကျယ် နှိပ်စက်သော်လဲ မြတ်စွာဘုရား သခင်ဟာ ကိုယ်တော်ပင်ပန်း ဆင်းရဲတာကို ဂရုမစိုက်ဘဲ ပါဝါမြို့မှ ကုသီနာရုံမြို့သို့ ကြွတော်မူပါတယ်၊ ပါဝါမှ ကုသိနာရုံအထိ ဘယ်လောက်ဝေးသလဲ ဆိုတော့ သုံးဂါဝုတ်ဝေးတယ်လို့ ဆိုပါတယ်၊

တစ်ယူဇနာမှာ လေးဂါဝုတ်ရှိတယ်၊ အဘိဓာန် ကျမ်းစသည်မှာ ပြထားတဲ့ အတိုင်းဆိုရင် တစ်ယူဇနာမှာ ယခုခေတ် မိုင်အားဖြင့် ၁၂ - မိုင်ကျော် ၁၃ - မိုင်နီးပါး ရှိတယ်၊ ဒါပေမယ့် အိန္ဒိယနိုင်ငံ တစ်ဝိုက်မှာ ရှေးက တစ်ယူဇနာလို့ ပြထားတဲ့အရပ်မှာ ယခုခေတ် မိုင်အားဖြင့် ၇ - မိုင်၊ ၈ - မိုင်၊ ၉ - မိုင် ရှိနေတာကို တွေ့ကြရပါတယ်၊ အများအားဖြင့်တော့ ၈ - မိုင်ရှိတာပဲ များပါတယ်၊

ဒါကြောင့် အဲဒီအများနှုန်းအရ တစ်ယူဇနာ အတိုင်းအရှည် လေးဂါဝုတ်မှာ (၈)မိုင် ဆိုတော့ သုံးဂါဝုတ်ခရီးကို (၆) မိုင်ရှိတယ်လို့ပဲ မှတ်ယူရပါတယ်၊ ဒါကြောင့် ပါဝါမြို့မှ ကုသိနာရုံ အထိ (၆)မိုင် ခရီးကို မြတ်စွာဘုရားသခင်ဟာ ပရိနိဗ္ဗာန်စံလောက်အောင် ဝမ်းသွေးသွန်သောရောဂါက ပြင်းထန်စွာ နှိပ်စက်နေပါလျက် ကိုယ်ပင်ပန်း ဆင်းရဲ ခံပြီး ကြွချီတော်မူပါတယ်။

ပင်ပန်းကြီးစွာ ကြွတော်မူခြင်းအကြောင်း

▬▬▬▬▬▬▬▬▬

ဒီလို ပင်ပန်း ဆင်းရဲခံပြီး ကြွတော်မူခြင်း၏ အကြောင်းကတော့ တရား ဟောရေးနှင့်စပ်၍ ၂ - ပါးရှိပါတယ်၊ မြို့ငယ် မြို့သိမ်ကလေးမျှဖြစ်တဲ့ ကုသိနာရုံမှာ ပရိနိဗ္ဗာန်မပြုဖို့ အရှင် အရှင်အာနန္ဒာ၏ လျှောက်ထားခြင်းကို အကြောင်းပြုပြီး မဟာသုဒဿနသုတ္တန်တရားကို ဟောရန်အတွက် အကြောင်းတစ်ပါး၊ သုဘဒ္ဒ ပရိဗိုဇ်အား မဂ္ဂင်ရှစ်ပါး လုပ်ငန်းတရားကို ဟောရန်အတွက်က အကြောင်းတစ်ပါး၊ ဒီအကြောင်း ၂ - ပါးပါပဲ၊

ဒီ ၂ - ပါးထဲမှာ မဟာသုဒဿန သုတ္တန်ကို ဟောဖို့ ဆိုတာ လဲ အရေးကြီးပါတယ်၊ အဲဒီသုတ္တန်ကြီးက အလွန်ကြည်ညိုဖွယ် ကောင်းပါတယ်၊ သင်္ခါရဓမ္မတွေနဲ့စပ်ပြီး သံဝေဂယူစရာလဲ အင်မတန်ကောင်းပါတယ်၊ ဗဟုသုတ ဖြစ်ပွားစရာတွေလဲ အများကြီး ရှိပါတယ်၊ သို့ပေမယ့် အဲဒီသုတ် တရားကြီးကို နာပြီး တရားထူး ရကြောင်း ကိုတော့ ပါဠိအဋ္ဌကထာတွေမှာ ပြဆိုချက် မရှိဘူး၊

ယခု ဟောမည့် သုဘဒ္ဒသုတ်တရားကတော့ ဗုဒ္ဓ သာသနာတော်ရှည်စွာ တည်တံ့ရေး၊ ထွန်းကားရေး၊ ကြီးပွား စည်ပင်ရေးများအတွက် အလွန် အရေးပါအရာ ရောက်သည့်ပြင် ဒီတရားကိုပဲ နာပြီး ကျင့်သုံးတဲ့အတွက် အရှင်သုဘဒ္ဒဟာ နာရီပိုင်းအတွင်းမှာ ရဟန္တာဖြစ်တော်မူရပါတယ်၊

အကယ်၍ မြတ်စွာဘုရားဟာ ကုသိနာရုံမကြွတော့ဘဲ ပါဝါမြို့မှာ ဖြစ်စေ၊ အခြားနေရာမှာဖြစ်စေ၊ ပရိနိဗ္ဗာန် ပြုမယ်ဆိုရင် ဘုရားမျက်မှောက်မှာ နောက်ဆုံး ရဟန္တာဖြစ်ရမည့် သုဘဒ္ဒပရိဗိုဇ်ဟာ ဘာတရားကိုမျှ မရဘဲ သံသရာဝဋ်ဆင်းရဲတွေနဲ့ တွေ့မြဲတွေ့ပြီး ဒုက္ခရောက်သွား ရရှာမယ်၊

အဲဒီအကြောင်းကို မြင်တော်မူတဲ့အတွက် မြတ်စွာဘုရားသခင်ဟာ သုဘဒ္ဒအား သနားခြင်းကြီးစွာ မဟာကရုဏာတော်ဖြင့် ကိုယ်ပင်ပန်း ဆင်းရဲ ခံပြီးတော့ ၃-ဂါဝုတ် ၆ - မိုင်ခရီးကို မကျန်းမမာ ဖြစ်နေပါလျက် ကြွချီတော်မူပါတယ်။

အဲဒီတုန်းက အခြွေအရံ ရဟန်းတော်တွေဟာ အလွန်များပါတယ်၊ အရှင်အာနန္ဒာ, အရှင်စုန္ဒ အစရှိတဲ့ အရှင်မြတ်တွေက မြတ်စွာဘုရားအား ဖေးဖေးမမ ယုယုယယနဲ့ ပြုစုစောင့်ရှောက်လျက် ပင့်ဆောင်သွားတော်မူကြပါတယ်၊ ၆-မိုင် ခရီး ဆိုတာ ပကတိ ကျန်းမာသန်းစွမ်းတဲ့ သူဆိုရင် ၂-နာရီအတွင်း ရောက်နိုင်ပါတယ်၊ အဲဒီတုန်းက မြတ်စွာဘုရားမှာ ဝမ်းသွေးသွန်တဲ့ ရောဂါက အပြင်းအထန် နှိပ်စက်တဲ့အတွက် ၂၅-ပါးသော ဌာနတို့၌ နားနားပြီး ဖြည်းဖြည်းသက်သာ ကြွတော်မူရတယ်၊

ဒါကြောင့် ရွှေပန်းထိမ်သည် စုန္ဒ၏ ဆွမ်းကို ဘုန်းပေးပြီးတဲ့ နံနက်ပိုင်းကာလမှ စပြီး ကြွချီတော်မူတာဟာ အဲဒီ ကဆုန်လပြည့်နေ့ ညနေချမ်း အချိန်မှ ကုသိနာရုံမြို့ မလ္လာမင်းတို့၏ အင်ကြင်း ဥယျာဉ်သို့ ရောက်တော်မူပါသတဲ့၊ အဲဒီလို ကြွချီတော်မူပုံကို သေသေချာချာ စဉ်းစားကြည့်ရင် အင်မတန် ကြည်ညိုစရာ ကောင်းပါတယ်။

စဉ်းစားကြည့်ပါ၊ ပျံတော်မူလောက်အောင် မကျန်းမမာဖြစ်နေတဲ့ ဆရာတော် တစ်ပါးဟာ ဘယ်လို စေတနာ ကောင်းတယ်ဆိုပေမယ့် တစ်မိုင် နှစ်မိုင် ဝေးတဲ့အရပ် ခြေလျင်သွားပြီး တရားဟောဖို့ဆိုရင် ဖြစ်နိုင်ပါ့မလား၊ မဖြစ်နိုင်တာ သေချာပါတယ် ဗုဒ္ဓမြတ်စွာဘုရားမှာတော့ သနားတော်မူတဲ့ မဟာမဟာကရုဏာတော်က အလွန် ကြီးမားတော်မူတဲ့အတွက် သုဘဒ္ဒပရိဗိုဇ်အား သနားတော်မူသဖြင့် အပြင်းအထန် ရောဂါနှိပ်စက်နေပါလျက် ၆-မိုင်ဝေးသော ခရီးကြမ်းကို တစ်နေကုန် ပင်ပန်းစွာ ကြွတော်မူပါတယ်၊

ကဆုန်လဆိုတော့ ရာသီဥတုကလဲ အလွန်ပူပြင်းတဲ့ အခါကြီးဖြစ်နေပါတယ်၊ အဲဒါတွေကို စဉ်းစားကြည့်ရင် မဟာကရုဏာတော်သခင် ဘုရားရှင်ဟာ အလွန်ပင် ကြည်ညိုစရာကောင်းလှပါပေတယ်၊ ကဲ - ဒီလို မဟာကရုဏာတော်ဖြင့် ပင်ပန်း ကြီးစွာ ကြွချီတော်မူနေပုံကို အာရုံပြုပြီး ကြည်ညိုကြ ရအောင် လိုက်ဆိုကြရမယ်။

သနားခြင်းကြီးစွာ မဟာကရုဏာရှင် ဖြစ်တော်မူသော ဗုဒ္ဓမြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ဝင်စံတော်မူမည့် နေ့ရက်ဖြစ်သော ကဆုန်လပြည့်နေ့ နံနက်ပိုင်းကာလ၌ ပါဝါမြို့သားဖြစ်သော ရွှေပန်းထိမ်သည် စုန္ဒ၏ဆွမ်းကို ဘုဉ်းပေးတော်မူပြီးသောအခါ ဝမ်းသွေးသွန်သော ရောဂါဖြစ်ပေါ်လျက် အပြင်းအထန် နှိပ်စက်နေသော်လဲ ကုသိနာရုံမြို့ မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ပရိနိဗ္ဗာန်ပြုရန် ၆-မိုင် ကွာဝေး သော ခရီးကို ၂၅-ပါးသော ဌာနတို့၌ နားကာနားကာ ပင်ပန်းစွာ ကြွချီတော် မူလေသည်၊

ထိုသို့ ကြွချီတော်မူခြင်းသည် သုဘဒ္ဒပရိဗိုဇ်၏ တရားထူးရမည့် အရေးကို မြင်တော်မူသောကြောင့် သုဘဒ္ဒ ပရိဗိုဇ်အား သနားတော်မူသဖြင့် ကြွချီတော်မူခြင်း ဖြစ်ပေသည်၊ ထိုသို့ သနားခြင်းကြီးစွာ မဟာကရုဏာတော်ဖြင့် ပါဝါမြို့မှ ကုသိနာရုံ အထိ ၃-ဂါဝုတ် ၆-မိုင် ကွာဝေးသော ခရီးကို နောက်ပါ ရဟန်းသံဃာတော် များစွာတို့နှင့်တကွ ကြွချီတော် မူနေသော ဗုဒ္ဓမြတ်စွာဘုရားကို တပည့်တော်တို့သည် ကြည်ညိုမြတ်နိုး လက်အုပ်မိုးလျက် ရှိခိုးကြပါ၏ မြတ်စွာဘုရား။

သုဘဒ္ဒပရိဗိုဇ်အကြောင်း

▬▬▬▬▬▬▬▬▬

အဲဒီလို ပင်ပန်းကြီးစွာမဟာကရုဏာဖြင့် ကြွချီတော်မူပြီးသော ကုသိနာရုံမြို့ ပလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်ထဲမှာ အင်ကြင်းပင်ပျို ၂-ခုတို့၏အကြား မြောက် အရပ်သို့ ခေါင်းရင်းပြုလျက် ခင်းထားသည့် ညောင်စောင်းတော်ထက်၌ လက်ယာ နံတောင်းဖြင့် နောက်ဆုံးလျောင်းစက် စံနေတော်မူပါတယ်၊

အဲဒီအချိန်အခါမှာ သုဘဒ္ဒဆိုတဲ့ ပရိဗိုဇ်ကလဲ အဲဒီကုသိနာရုံမြို့မှာ ရှိနေတဲ့အတွက် မြတ်စွာဘုရားအား အဲဒီညမှာပဲ ပရိနိဗ္ဗာန်ဝင်စံတော့မယ်ဆိုတဲ့ သတင်းကို ကြားရတယ်၊ အဲဒီလို ကြားတော့ သုဘဒ္ဒပရိဗိုဇ်က ဒီလိုဆင်ခြင်မိပါသတဲ့၊ သမ္မာသမ္ဗုဒ္ဓ မြတ်စွာဘုရားတို့ ဆိုတာ အလွန်ပွင့်ခဲ့ ပေါ်ခဲ့တယ်၊ တစ်ခါ တစ်ရံမှာသာ ပွင့်ပေါ်တော်မူကြတယ်လို့ ကြီးရင့်တဲ့ ဆရာ့ ဆရာ ပရိဗိုဇ်ကြီးများ ပြောတာကို ကြားဖူးတယ်၊

ဒီကနေ့ည နောက်ဆုံးပိုင်းယံမှာပဲ ရဟန်းဂေါတမ ပရိနိဗ္ဗာန်စံတော့ မယ်တဲ့၊ငါမှာလဲ မပြေလည်တဲ့ ယုံမှားသံသယ တစ်ခုကရှိနေတယ်၊ အဲဒီယုံမှား သံသယကို ပြေလည်ကင်းရှင်းအောင် ရဟန်းဂေါတမ ဟောကြား ဖြေရှင်းပေးနိုင်လိမ့်မည်လို့လဲ ငါယုံကြည်တယ်လို့ ဆင်ခြင်မိပါသတဲ့။

သုဘဒ္ဒပရိဗိုဇ်ဆိုတာ သာမာန်ပုဂ္ဂိုလ် မဟုတ်ပါဘူး အဋ္ဌကထာမှာ -

“ဥဒိစ္စဗြဟ္မဏမဟာသာလကုလာ - ဥဒိစ္စနွယ် ဗြာဟ္မဏ မဟာသာလသေဋ္ဌေးမျိုးမှာ၊ ဝါ - သေဋ္ေး အိမ်ထောင်စုမှ၊ ပဗ္ဗဇိတော - ပရိဗိုဇ်ရသေ့ပြုလာသော၊ ဆန္ဒပရိဗ္ဗာဇကော - အဝတ်ဝတ်သော ပရိဗိုဇ်ပေတည်း” လို့ ဖွင့်ဆိုပြထားပါတယ်၊

ဥဒိစ္စအနွယ်ဆိုတာ မြင့်မြတ်တဲ့ အထက်တန်းစား အနွယ်ပဲ၊ အရှင်သာရိပုတ္တရာ, အရှင်မဟာမောဂ္ဂလာန်တို့ = အမျိုးအနွယ်နဲ့ အတူတူပဲ၊ စီးပွားရေး အခြေအနေ အားဖြင့် ဗြာဟ္မဏမဟာသာလ သေဋ္ဌေးမျိုးမှ ဖြစ်လာပါသတဲ့၊

မဟာသာလ သေဋ္ဌေးက သုံးမျိုးရှိတယ်၊ ၁။ ခတ္တိယမဟာသာလ - မင်းသေဋ္ဌေးကြီးမျိုး၊ ၂။ ဗြာဟ္မဏ မဟာသာလ - ပုဏ္ဏားသေဋ္ဌေးမျိုး၊ ၃။ ဂဟပတိ မဟာသာလ - သူကြွယ်သေဋ္ဌေးမျိုး ဆိုတဲ့ ဒီသုံးမျိုးပါပဲ။

အဲဒီသုံးမျိုးထဲက ခတ္တိယမဟာသာလ ဆိုတာ သုံးစရာအတွက် သိုမှီးသိမ်းဆည်း ထားတဲ့ ငွေကြေးပမာဏက ကုဋေ တစ်ရာ, ကုဋေတစ်ထောင် ရှိရတယ်၊ နေ့စဉ်ထုတ်ပြီး ပေးကမ်းသုံးစွဲတဲ့ ငွေက လှည်းတစ်စီးတိုက် ရှိရတယ်၊ ဝင်ငွေက လှည်း ၂-စီးတိုက် ရှိရတယ်၊ အဲဒီလောက် ကြွယ်ဝပေါများတဲ့ မင်းသေဋ္ဌေးကြီးကို ခတ္တိယမဟာသာလ ခေါ်တယ်၊

ဗြာဟ္မဏ မဟာသာလ ဆိုတာကတော့ သိုမှီး သိမ်းဆည်းထားတဲ့ ငွေက ကုဋေ ၈၀၊ နေ့စဉ်ထုတ်သုံးငွေက လှည်းစီးဝက်တိုက်၊ ဝင်ငွေက လှည်းစီးတိုက် ရှိရတယ်၊ အဲဒီလို ပုဏ္ဏား သေဋ္ဌေးကြီးကို ဗြာဟ္မဏမဟာသာလ ခေါ်တယ်၊

ဂဟပတိ မဟာသာလ ဆိုတာကတော့ သိမ်းထားတဲ့ ငွေက ကုဋေ ၄၀၊ နေ့စဉ် ထုတ်သုံးငွေက လှည်းစီးတစ်စိတ်၊ ဝင်ငွေက လှည်းစီးဝက်ရှိရတယ်၊ အဲဒီလို သူကြွယ် သေဋ္ဌေးကြီးကို ဂဟပတိမဟာသာလ ခေါ်တယ်၊

အဲဒီမဟာသာလ သေဋ္ဌေးကြီး သုံးမျိုးထဲက သုဘဒ္ဒဟာ ဗြာဟ္မဏမဟာသာလ သေဋ္ဌေးကြီးမျိုး အိမ်ထောင်စုမှ ရသေ့ပြုလာတဲ့ ပရိဗိုဇ်ဖြစ်ပါသတဲ့ နောက်ပြီးတော့ အဝတ်မဝတ်တဲ့ တက္ကတွန်း မဟုတ်ဘူး၊ အဝတ်ဝတ်တဲ့ ပရိဗိုဇ်ရသေ့ပါတဲ့၊ အဲဒီလို အဋ္ဌကထာ အဖွင့်ကို ထောက်ဆကြည့်ရင် သုဘဒ္ဒဟာ ကုဋေရှစ်ဆယ်မက ပေါများကြွယ်ဝတဲ့ အိမ်ထောင်စုမှ ထွက်ပြီး။ ရသေ့ပြုလာတဲ့ သူဖြစ်ကြောင်း၊ ဥဒိစ္စခေါ်တဲ့ အထက်တန်းစား ဗြာဟ္မဏမျိုးဖြစ်ကြောင်း ထင်ရှား သိရပါတယ်၊

ဒါကြောင့် တစ်ချို့က ပြောနေကြတဲ့ ဥပကတက္ကတွန်းကြီး၏ သားဆိုတာ မဟုတ်ဘူးလို့လဲ ထင်ရှားပါတယ်၊ ဘာကြောင့်လဲဆိုရင် ဥပကတက္ကတွန်းကြီး၏ သားဆိုတာ မုဆိုးသမီးစာပါ (ဆာဝါ)က မွေးတဲ့ သားပဲ၊ မုဆိုးဟာ ဇာတ်ညံ့ အမျိုးညံ့သာ ဖြစ်တယ်၊ အဲဒီအမျိုးညံ့နဲ့ အိမ်ထောင်ပြုတဲ့ ဥပကကြီးဟာလဲ အမျိုးမြတ်ဟုတ်ဟန် လက္ခဏာမရှိဘူး၊

နောက်ပြီးတော့ ဥပကနှင့် ဆာဝါတို့ဟာ သေဋ္ဌေးမျိုးလဲ မဟုတ်ဘူး၊ ကုဋေရှစ်ဆယ် မက ကြွယ်ဝတဲ့ မဟာသာလ သေဋ္ဌေးမျိုး လို့ဆိုဖွယ်ကတော့ လုံးဝပင်မရှိပါဘူး၊ ဒါကြောင့် ဒီသုဘဒ္ဒပရီဗိုဇ်ကို ဥပကနှင့် ဆာဝါတို့၏ သားဆိုတာကတော့ အသင့်ယုတ္တိ ဘာမျှ မရှိပါဘူး။

နောက်ပြီးတော့ ဒီသုဘဒ္ဒဟာ ပူရဏ ကဿပ အစရှိသော ဂိုဏ်းဆရာကြီးတွေကို ယုံမှားချက်နဲ့စပ်ပြီး မေးဖူးတယ်၊ အဲဒီဂိုဏ်းဆရာကြီးတွေက သူ့ယုံမှားကို ပြေလည်အောင် မဖြေရှင်းနိုင်ခဲ့ကြဘူးတဲ့၊ ဒါဖြင့် ဗုဒ္ဓမြတ်စွာဘုရား ကိုတော့ ဘာကြောင့် စောစောက မမေးသလဲဆိုတော့ ပူရဏ ကဿပ အစရှိသော အသက်အရွယ်ကြီးတဲ့ ဟိုဆရာကြီးတွေတောင် မဖြေရှင်းနိုင်တာကို အသက်အရွယ် ငယ်သေးတဲ့ အရှင်ဂေါတမတော့ မဖြေနိုင်ပေဘူးလို့ ငယ်ရွယ်တဲ့ အနေနဲ့ အထင်သေးပြီး မမေးခဲ့တဲ့ အကြောင်း ဓမ္မပဒအဋ္ဌကထာမှာ ပြဆိုထားပါတယ်၊

အဲဒီ အဆိုအရဆိုရင် ဗုဒ္ဓမြတ်စွာဘုရားထက် သူကအရွယ်ကြီးပုံ ရပုံတယ်၊ ဥပကကြီးနဲ့ ဆာဝါတို့ရဲ့သား ဆိုတာကတော့ ဗုဒ္ဓမြတ်စွာဘုရား ဓမ္မစကြာ ဟောတော်မူပြီး တဲ့နောက် အတော်ကြာမှ မွေးတဲ့သူ ဖြစ်တဲ့အတွက် ဗုဒ္ဓမြတ်စွာဘုရားကို ငယ်သေး တယ်လို့ အထင်သေးဖွယ် အကြောင်း မရှိပါဘူး၊ ဒါကြောင့် အဲဒီ ဓမ္မပဒအဋ္ဌကထာ စကားကို ထောက်ဆကြည့်ရင်လဲ ယခုဒီမှာ ပြောနေတဲ့ သုဘဒ္ဒပရိဗိုဇ်ဟာ ဥပကကြီးနဲ့ ဆာဝါတို့၏ သားမဟုတ်ကြောင်း ထင်ရှားပါတယ်။

သုဘဒ္ဒပရိဗိုဇ်ဟာ စောစောပိုင်းက မြတ်စွာဘုရားကို မမေးဘဲ နေခဲ့ပေမယ့် အဲဒီ ကဆုန်လပြည့်နေ့ကျတော့ ပရိနိဗ္ဗာန် စံတော့မယ်ဆိုတဲ့ သတင်းကိုကြားရတဲ့ အတွက် နောင်အခါမှာမမေးလိုက်မီ မမေးလိုက်မိနဲ့ စိတ်ပူပန်နေမှာကိုလဲ တွေးမိဟန် တူပါတယ်၊ နောက်ပြီးတော့ အဲဒီအချိန်အခါမှာတော့ မြတ်စွာဘုရားအား ယုံကြည်တဲ့ သဒ္ဓါစိတ်လဲ ဖြစ်တန်သမျှဖြစ် လာဟန် တူပါတယ်၊

အဲဒီလို နောက်ဆုံးအချိန်ကျမှ မေးဖို့ရာ အကြံအစည်ဖြစ်တာကလဲ သူက မြတ်စွာဘုရားထံမှာ နောက်ဆုံးကျမှ တရားထူးရမည့် ပုဂ္ဂိုလ်ဖြစ်တဲ့ အတွက်ကြောင့် ပါပဲ၊

အဲဒီလို နောက်ကျရခြင်း အကြောင်းကတော့ ရှေးကာလ တစ်ခုသော ဘဝတုန်းက သူနဲ့ အရှင်ကောဏ္ဍည အလောင်းဟာ ညီအစ်ကို ဖြစ်ခဲ့ကြတယ်၊ အတူတူ အလုပ်လုပ်ကြရာမှာ အစ်ကို ဖြစ်သူ အရှင်ကောဏ္ဍညအလောင်းက ကောက်ဦးကို ဦးဦးဖျားဖျား လှူချင်တယ်၊ သုဘဒ္ဒအလောင်း ညီဖြစ်သူက သဘောမတူဘူး၊ ဒါကြောင့် လယ်ကိုတစ်ဝက်စီ ခွဲဝေပြီးတော့ အရှင်ကောဏ္ဍညအလောင်းက ကောက်စပါးအဖုံးအလုံးမှစပြီး ၉-ကြိမ်တိုင်တိုင် ကောက်ဦးကိုလှူခဲ့တယ်၊

သုဘဒ္ဒအလောင်း ညီဖြစ်သူကတော့ စပါးများကို သိမ်းသွင်းပြီးတဲ့အခါ နောက်ဆုံးကျမှ လှူခဲ့တယ်၊ ဒါကြောင့် ဟိုတုန်းက အစ်ကိုဖြစ်ခဲ့ဖူးတဲ့ အရှင်ကောဏ္ဍညက ယခုဘုရား သာသနာတော်မှာ တရားဦး ရတော်မူပါတယ်၊ ညီ ဖြစ်ခဲ့ဖူးတဲ့ သုဘဒ္ဒကတော့ နောက်ဆုံးကာလကျမှ တရားထူး ရရှိတဲ့အတွက် ပရိနိဗ္ဗာန်စံတော်မူခါနီး နောက်ဆုံး အချိန်ကျမှ ဘုရားထံ သွားပြီး မေးဖို့ရာ စိတ်အကြံ ဖြစ်လာပါသတဲ့။

ဖူးမြော်ခွင့်တောင်းပုံ

▬▬▬▬▬▬▬

သုဘဒ္ဒပရိဗိုဇ်ဟာ အဲဒီလို အကြံဖြစ်ပြီးတော့ သန်းခေါင်ယံအချိန်မှာ မြတ်စွာဘုရား ထံသို့ အရေးတကြီး လာခဲ့ပါတယ်၊ အဲဒီအခါတုန်းက အရှင်အာနန္ဒာက - အပေါက်ဝက စောင့်နေတယ်၊ ဝင်သင့်တဲ့ သူကိုမှ ဝင်ခွင့်ပေးတယ်၊ ဒါကြောင့် သုဘဒ္ဒဟာ အရှင်အာနန္ဒာထံ ဒီလို ခွင့်တောင်းပါတယ်၊

“(ဘော.အာနန္ဒ) အိုအရှင်အာနန္ဒာ ပရိဗိုဇ်အရာ့ ဆရာကြီးများထံမှ ဒီလို ကြားဖူးပါတယ်၊ သမ္မာသမ္ဗုဒ္ဓ - မြတ်စွာဘုရားတို့ ဆိုတာ အလွန်ပွင့်ခဲ ပေါ်ခဲတယ်၊ တစ်ခါတစ်ရံမှာသာ ပွင့်ပေါ်တော်မူကြတယ်လို့ ကြားဖူးပါတယ်၊ ရဟန်းဂေါတမကို ဒီကနေ့ည နောက်ဆုံးပိုင်းယံ အချိန်မှာ ပရိနိဗ္ဗာန် ဝင်စံတော့မယ်လို့လဲ ကြားသိ ရပါတယ်၊

ကျွန်ုပ်မှာလဲ မပြေလည်တဲ့ ယုံမှားသံသယ တစ်ခုရှိနေပါတယ်၊ အဲဒီယုံမှား သံသယကို ပြေလည် ကင်းရှင်းအောင် ရဟန်းဂေါတမက ဟောကြား ဖြေရှင်းပါမယ်လို့ ကျွန်ုပ် က ယုံကြည်ပါတယ်၊ အို - အရှင်အာနန္ဒာ၊ ဒါကြောင့် ရဟန်း ဂေါတမကို ဖူးမြင်ရန် ကျွန်ုပ် အခွင့်ရလိုပါတယ်၊ အခွင့်ပြုပါ”လို့ ခွင့်တောင်းပါတယ်။

အဲဒီတော့ အရှင်အာနန္ဒာက ဆင်ခြင်ကြည့်တယ်၊ ပရိဗိုဇ်တွေဟာ ဗုဒ္ဓသာသနာတော်နဲ့ ဆန့်ကျင်ဘက်တွေ ဖြစ်တယ်၊ မမေးသင့်တဲ့ အကော်အကပ် တွေကို မေးနေရင် မြတ်စွာဘုရားမှာ ပင်ပန်းတော်မူလိမ့်မယ်လို့ ဆင်ခြင်ပြီးတော့ ဒီလိုပြန်ကြားပြီး ပယ်ချလိုက်တယ်။

အလံ အာဝုသော သုဘဒ္ဒ၊ မာ တထာဂတံ ဝိဟေဌေသိ၊ ကိလန္တော ဘဂဝါ။

အာဝုသော သုဘဒ္ဒ - ငါ့ရှင် သုဘဒ္ဒပရိဗိုဇ်၊ အလံ - မသင့်တော်ဘူး၊ တထာဂတံ - မြတ်စွာဘုရားကို၊ မာဝိ ဟေဌေသိ - မညှဉ်းဆဲပါနှင့်တော့၊ ဘဂဝါ - မြတ်စွာဘုရားသည်၊ ကိလန္တော - ပင်ပန်းတော်မူလျက် ရှိနေပါသည် -

လို့ ပြန်ကြားပြီး ပယ်ချလိုက်ပါတယ်၊

ဟုတ်တယ်၊ ပရိနိဗ္ဗာန်စံခါနီး နာရီပိုင်းလောက်သာ လိုတော့တဲ့ အချိန်မှာဆိုတော့ မြတ်စွာဘုရားမှာ ပင်ပန်းတော်မူမှာပဲ၊ ယခု သာမန်လူတွေသေခါနီး နာရီပိုင်းကာလ အတွင်း ခံစားရပုံနဲ့ နှိုင်းစာကြည့်ရင် ပင်ပန်းလိမ့်မယ်ဆိုတာ သိနိုင်ပါတယ်၊ အဲဒီလို ပင်ပန်းနေရာမှာ ထလိုက်မသိဘဲ မမေးသင့်တာတွေကို မေးနေလို့ ဖြေကြား နေရမယ်ဆိုရင် သာပြီး ပင်ပန်းဆင်းရဲမှာပေါ့၊

ဒါကြောင့် အရှင်အာနန္ဒာက ခွင့်မပြုဘဲ ပယ်ချလိုက်တာပါပဲ၊ သုဘဒ္ဒပရိဗိုဇ်က ဒုတိယ နှစ်ကြိမ်မြောက်လဲ ထပ်ပြီး တောင်းပန်တယ်၊ အရှင်အာနန္ဒာက ဒုတိယအကြိမ်လဲ ပယ်ချလိုက်တာပဲ၊ သုဘဒ္ဒ ပရိဗိုဇ်က တတိယ သုံးကြိမ်မြောက်လဲ ထပ်ပြီး တောင်းပန်ပြန်တယ်၊ အရှင် အာနန္ဒာက သုံးကြိမ်မြောက်လဲ ပယ်ချလိုက်တယ်။

အဲဒီလို သုံးကြိမ်တိုင်တိုင် အရှင်အနန္ဒာက ပယ်ချတာမြစ်နေတာကို ကြားရတော့ မြတ်စွာဘုရားက ဒီလိုအမိန့်ရှိတော်မူပါတယ်။

အလံ အာနန္ဒ မာ သုဘဒ္ဒံ ဝါရေသိ၊ လဘတံ အာနန္ဒ သုဘဒ္ဒေါ တထာဂတံ ဒဿနာယ၊ ယံ ကိဥ္စိ မံ သုဘဒ္ဒေါ ပုစ္ဆိဿတိ၊ သဗ္ဗံ တံ အညာပေက္ခာဝ ပုစ္ဆိဿတိ၊ နော ဝိဟေသာပေက္ခော၊ ယဉ္စဿာဟံ ပုဋ္ဌော ဗျာကရိဿာမိ၊ တံ ခိပ္ပမေဝ အာဇာနိဿတိ - တဲ့။

အာနန္ဒ - အာနန္ဒာ၊ အလံ - မသင့်တော်ဘူး၊ သုဘဒ္ဒံ - သုဘဒ္ဒကို၊ မာ ဝါရေသိ - မတားမြစ်ပါလင့်၊ အာနန္ဒ - အာနန္ဒာ၊ သုဘဒ္ဒေါ - သုဘဒ္ဒသည်၊ တထာဂတံ - ငါဘုရားကို၊ ဒဿနာယ - ဖူးမြင်ခြင်းငှါ၊ လဘတံ - အခွင့်ရပါစေတဲ့၊

အဲဒီလို မြတ်စွာဘုရားက သုဘဒ္ဒအား တားမြစ်ဖို့ အခွင့်ပြုဖို့ မိန့်တော်မူလိုက်ပါတယ်၊ ဒီလို မိန့်တော်မူတာကလဲ တစ်ခြားကြောင့် မဟုတ်ဘူး၊ ခုတင်က ပြောခဲ့တဲ့အတိုင်း သုဘဒ္ဒဟာ ဘုရားသက်တော်ထင်ရှား ရှိစဉ်မှာ နောက်ဆုံး ရဟန္တာဖြစ်ပြီး ကျွတ်တမ်းဝင်မည့် ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် ပါဝါမြို့မှ ကုသိနာရုံမြို့အထိ သုံးဂါဝုတ် ၆-မိုင်ခရီးကို ပင်ပန်းဆင်းရဲစွာနှင့် ကြွလာတော်မူခဲ့ရပါတယ်၊ အဲဒီလို ကြွလာတော်မူခဲ့ ရတာဟာ သုဘဒ္ဒအား ဟောကြားရန် အတွက် ဖြစ်ပါတယ်၊ ဒါကြောင့် မြတ်စွာဘုရား က ဒီလိုလဲ ဆက်ပြီး မိန့်တော်မူပါတယ်။

သုဘဒ္ဒေါ - သုဘဒ္ဒသည်၊ မံ - ငါဘုရားကို၊ ယံ ကိဥ္စိ ပုစ္ဆိဿတိ - အမှတ်မရှိ တစ်စုံတစ်ခုကို မေးလတ္တံ၊ သဗ္ဗံတံ - ထိုအလုံးစုံကို၊ အညာပေက္ခောဝ ပုစ္ဆိဿတိ - သိလို၍ မေးခြင်းသာ ဖြစ်ပါလိမ့်မည်၊ နော ဝိဟေသာပေက္ော - ညှဉ်းဆဲလို၍ မေးလိမ့်မည်မဟုတ်ပါ၊ အဟံ - ငါသည်၊ ပုဋ္ဌော - မေးအပ်သောကြောင့်၊ ဝါ - သူက မေးသောကြောင့်၊ အဿ - ထိုသုဘဒ္ဒအား၊ ယံ ဗျာကရိဿာမိ - အကြင်အချက်ကို ဖြေကြားလျှင်၊ တံ စ - ထိုဖြေကြားချက်ကိုလည်း၊ ခိပ္ပမေဝ အာဇာနိဿတိ - လျင်မြန်စွာ သူသဘောပေါက် သိမြင်လိမ့်မည် - လို့၊

သုဘဒ္ဒဟာ တကယ်သိလို၍သာ မေးပါလိမ့်မယ်၊ ဖြေကြားတဲ့ အချက်ကိုလဲ အလျင်အမြန် သိနားလည်သွားပါလိမ့်မယ်။ ငါဘုရားအား ပင်ပန်းစေလိမ့်မည် မဟုတ်ပါ၊ ဒါကြောင့် ခွင့်ပြုလိုက်ပါလို့ဆိုလိုပါတယ်၊

ဖူးမြော်ခွင့်ရ၍ ချဉ်းကပ်ပုံ

▬▬▬▬▬▬▬▬▬

အဲဒီတော့ အရှင်အာနန္ဒာက -

“အာဝုသော သုဘဒ္ဒ - ငါ့ရှင် သုဘဒ္ဒ၊ ဂစ္ဆ - ဘုရားရှင်ထံသို့ သွားပေတော့၊ တေ - သင်အား၊ ဘဂဝါ - မြတ်စွာဘုရား ကိုယ်တော်တိုင်ကပင်၊ ဩကာသံ ကရာတိ - အခွင့်ပြုတော်မူပါတယ်”

လို့ ပြောကြားပြီး အခွင့်ပြုလိုက်ပါတယ်၊ အဲဒီအခါ သုဘဒ္ဒပရိဗိုဇ်ဟာ မြတ်စွာဘုရား ထံ ချဉ်းကပ်သွားပြီးတော့ ဝမ်းမြောက်ဖွယ် သမ္မောဒနီယ စကားကို ပြောကြား ပါတယ်တဲ့၊ ဘယ်လိုစကားလဲ ဆိုရင် ပရိနိဗ္ဗာန် စံကာနီး မကျန်းမမာ ဖြစ်နေတဲ့အခါ ဆိုတော့ ဘယ့်နှယ်လဲ ကျန်းမာပါရဲ့လား, နေသာပါရဲ့လား စသည်ဖြင့် ဒီလို မင်္ဂလာ နှုတ်ခွန်းဆက်စကားမျိုး ဖြစ်ဖွယ်ရှိပါတယ်၊

အဲဒီလို ဝမ်းမြောက်ဖွယ်, အမှတ်ရဖွယ် နှုတ်ဆက်စကားကို ပြောပြီးတော့ သင့်လျော်တဲ့ နေရာမှာ ထိုင်နေပါတယ်တဲ့၊ ဒါကြောင့် ပထမသင်္ဂါယနာတင် မထေရ်မြတ်များက သုဘဒ္ဒရဲ့ ချဉ်းကပ် ဝင်ရောက်ပြီး ထိုင်ပုံကို ဒီလို ပြဆိုထားပါတယ်။

အထ ခေါ - ထိုသို့ အရှင်အာနန္ဒာက ပြောကြားခွင့် ပြုသောအခါ၌၊ သုဘဒ္ဒေါ ပရိဗ္ဗာဇကော - သုဘဒ္ဒ ပရိဗိုဇ်သည်၊ ယေန ဘဂဝါ တေနုပသင်္ကမိ ဥပသင်္ကမိတွာ - မြတ်စွာဘုရား ရှိတော်မူရာသို့ ချဉ်းကပ်ပြီးလျှင်၊ ဘဂဝတော သဒ္ဓိံ - မြတ်စွာဘုရားနှင့် အတူတကွ၊ သမ္ပောဒိ - ဝမ်းမြောက်ဖွယ်စကားပြောကြားလေသည်၊ သမ္မောဒနီယံ ကထံ သာရဏီယံ - ဝမ်းမြောက်ဖွယ်, အမှတ်ရဖွယ်စကားကို၊ ဝီတိသာရေတွာ - ပြီးဆုံးစေ၍၊ ဧကမန္တံ နိသီဒိ - သင့်လျော်သောနေရာ၌ ထိုင်နေလေသည်၊ ဧကမန္တံ နိသိန္ဇောခေါ သုဘဒ္ဒေါ ပရိဗ္ဗာဇ္ဇကော - သင့်လျော်သော အရပ်၌ ထိုင်နေပြီးသော သုဘဒ္ဒပရိဗိုဇ်သည်၊ ဘဂဝန္တံ ဧတဒဝေါစ - မြတ်စွာဘုရားကို ဤသို့သော စကား လျှောက်ထား မေးမြန်းလေသည်တဲ့။

အဲဒီစကားထဲမှာ သင့်လျော်တဲ့အရပ် နေထိုင်ပုံကို သရုပ်ပေါ်အောင် ပြောရဦးမယ်၊ သင့်လျော်တဲ့ အရပ်ဆိုတာ မဝေးလွန်း, မနီးလွန်း, လေအထက်လဲ မဟုတ်, မြင့်ရာလဲ မဟုတ်, ရှေ့တည့်တည့်လဲ မဟုတ်, နောက်ကျောဘက်လဲ မဟုတ်တဲ့ (အပြစ် ၆-ပါးကင်းတဲ့) အရပ်ပါပဲ၊

မြတ်စွာဘုရား လျောင်းတော်မူရာ ညောင်စောင်းက မြောက်အရပ်သို့ ခေါင်းရင်းပြုပြီး ခင်းထားတယ်၊ အဲဒီညောင်စောင်းရဲ့ ခေါင်းရင်းဘက်မှာ အင်ကြင်းပင်ပျို တစ်ပင် ရှိတယ်၊ ခြေရင်းဘက်မှာလဲ တစ်ပင်ရှိတယ်၊ မြတ်စွာဘုရားက လက်ယာဘက် စောင်းပြီး လျောင်းနေတယ်ဆိုတော့ အနောက်ဘက်အရပ်ကို မျက်နှာပြုလျက် ဖြစ်နေတယ်၊ သုဘဒ္ဒပရိဗိုဇ်က မြတ်စွာဘုရား၏ ခြေရင်းဘက်နားဆီက ဘုရား မျက်နှာတော်ဆီကို မျက်နှာမူလျက် ထိုင်နေတာ ဖြစ်မှာပေါ့၊ အဲဒါက သင့်လျော်တဲ့ အရပ်၌ ထိုင်နေပုံပဲ။

နောက်ပြီးတော့ သုဘဒ္ဒ ပရိဗိုဇ်က ဘုရားကို ရှိခိုးတဲ့အကြောင်း မပါဘူး၊ အခြား ပုဂ္ဂိုလ်များက ဘုရားထံ ချဉ်းကပ် ထိုင်ပုံကို ပြတဲ့အရာမှာဆိုရင် -

ဘဂဝန္တံ အဘိဝါဒေတွာ - မြတ်စွာဘုရားကို ရှိခိုးပြီး၍၊ ဧကမန္တံ နိသိဒိ - သင့်လျော်သော အရပ်၌ ထိုင်နေလေသည်” လို့ ရှိခိုးပြီးမှ ထိုင်နေကြောင်းကို ပြထားတယ်၊

ဒီသုဘဒ္ဒထိုင်ပုံကို ပြရာမှာတော့ ရှိခိုးတဲ့ အကြောင်းမပါဘူး၊

အဲဒါကို ထောက်ဆကြည့်ရင် သုဘဒ္ဒပရိဗိုဇ်ဟာ သူ့ယုံမှားကို ဗုဒ္ဓမြတ်စွာဘုရားက ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ် ဆိုပေမယ့် ရှိခိုးနိုင်လောက်အောင်တော့ သူမယုံကြည်သေးဘူးလို့ ဆိုရမှာပဲ၊ သုဘဒ္ဒဟာ ဘာသာရေးတူတဲ့ ပရိဗိုဇ် ဆရာကြီး တွေကိုတော့ သူရှိခိုးမှာပဲ၊ သို့ပေမယ့် သူယုံကြည်ပါတယ်ဆိုတဲ့ ဗုဒ္ဓမြတ်စွာဘုရား ကိုတော့ သူမရှိခိုးနိုင်သေးဘူး၊

အဲဒါဟာ ဘာကြောင့်လဲဆိုရင် မှားယွင်းတဲ့ ဘာသာရေး အယူဝါဒအစွဲကြောင့်ပါပဲ ဆိုတာ ထင်ရှားပါတယ်၊ အဲဒါဟာ အထူး သတိပြုစရာ အချက်တစ်ခုပါပဲ၊ ယခုခေတ် မှာလဲ ကိုယ့်အယူဝါဒက ဘာမျှ အခြေအမြစ် မရှိဘဲနဲ့ တကယ့် ရိုသေထိုက်တဲ့ ပုဂ္ဂိုလ်တွေကို အယူဝါဒကွဲတာ အကြောင်းပြုပြီးတော့ အရိုအသေမပြုနိုင်တာ, မရိုမသေ ပြုတတ်ကြတာတွေဟာ အယူအစွဲကြောင့် ချွတ်ယွင်းချက်တွေပါပဲ။

သုဘဒ္ဒ - က မေးလျှောက်ပုံ

▬▬▬▬▬▬▬▬▬▬

ယခု ပြောခဲ့တဲ့အတိုင်း သင့်လျော်တဲ့အရပ်မှာ ထိုင်နေပြီးတော့ သုဘဒ္ဒပရိဗိုဇ်က ဒီလို မေးလျှောက်တယ်။

ဘော - ဂေါတမ - အို - ရှင်ဂေါတမ၊

(ဒီမှာလဲ ဘန္တေ - အရှင်ဘုရား၊ ဘဂဝါ - မြတ်စွာဘုရားလို့၊ ဒီလိုအလေးအနက် အရိုအသေ ပြောတာမျိုး မဟုတ်သေးဘူး၊ အရှင်အာနန္ဒာကို ဘော - အာနန္ဒာလို့ ခေါ်တာမျိုးပဲ ရှိသေးတယ်၊ ဒါလဲ သတိပြုစရာ အချက်တစ်ခုပါပဲ၊)

ဘောဂေါတမ - အို - အရှင်ဂေါတမ၊ သမဏဗြာဟ္မဏာ - ရဟန်းသူမြတ်ဟု အမည်ခံနေကြကုန်သော၊ ယေ ဣမေ ဂဏာစရိယာ - အကြင်သို့သော ဤဂိုဏ်းဆရာကြီးတို့သည်၊ သင်္ဃိနော - တပည့်သင်္ဃာများစွာ ရှိကြပါကုန်၏။ ဂဏိနော - ဩဝါဒခံ တပည့်ပရိသတ်အပေါင်းများစွာ ရှိကြပါကုန်၏၊

ပူရဏကဿပ အစရှိသော ဂိုဏ်းဆရာကြီး ၆ - ယောက်ကို ရည်ပြီး ပြောတာပါပဲ၊ လောကမှာ ဘာမျှ အခြေအမြစ် အသင့်ယုတ္တိမရှိပေမယ့် ဝါဒတစ်ခုကို တီထွင်ပြီး ပြောဟောနေရင် ယုံကြည်လက်ခံပြီး ထောက်ခံထားပေးမည့် လူတွေကတော့ ရှိနေတာပဲ၊ ရှေးကရှိခဲ့သလိုပင် ယခုခေတ်မှာလဲ မျက်စိမှိတ်ပြီး ယုံကြည်လက်ခံမည့် လူတွေ ရှိနေကြတာပဲ၊ ဗုဒ္ဓသာသနာဝင် ပုဂ္ဂိုလ်တွေလို့ ဝန်ခံနေကြပါလျက် ဗုဒ္ဓတရားတော်နှင့် ဆန့်ကျင်တဲ့ ဝါဒကို လက်ခံအားပေးနေတဲ့ လူတွေလဲရှိကြတာပဲ၊ အံ့ဩစရာလဲကောင်းတယ်၊ အဲဒီလို နောက်လိုက်တွေအတွက် ဝမ်းနည်းစရာ သနားစရာလဲ ကောင်းပါတယ်၊

ဉာတာ - ထင်ရှားကျော်စောကြပါကုန်၏၊ ယသဿိနော - များသောအခြွေအရံ ရှိကြပါကုန်၏၊ တိတ္ထကရာ - သံသရာဆင်းရဲကို ကူးမြောက်ကြောင်း ဆိပ်ကမ်းသဖွယ် ဖြစ်သော အယူဝါဒကိုလည်း တီထွင် ဟောပြောတတ်ကြပါကုန်၏၊

(ဘာသာရေးဝါဒ ဟူသမျှတွေဟာ မြစ်များ ချောင်းများကို ကူးမြောက်ရာ ဆိပ်ကမ်း များလိုပဲ ဆင်းရဲမှ လွတ်မြောက်ရေးအတွက် ရည်ရွယ်ပြီး ပြောဟောယုံကြည် နေကြတဲ့ ဝါဒတွေပါပဲ၊ ဒါကြောင့် အဲဒီဘာသာရေး အယူဝါဒတွေကို တိတ္ထလို့ ခေါ်တယ်၊ အဲဒီ ပူရဏကဿပအစရှိတဲ့ ဂိုဏ်းဆရာကြီးတွေက အဲဒီ ဆိပ်ကမ်း သဖွယ်ဖြစ်တဲ့ အယူဝါဒကို တီထွင်ဟောပြော နေကြပါတယ်တဲ့)

ဗဟုဇနဿ - များစွာသော လူအပေါင်းက၊ သာဓုသမ္မတာ - သူတော်ကောင်းဟု သမုတ်အပ် အသိမှတ် ပြုအပ်ပါကုန်၏။

(သူတော်ကောင်းလို့ သမုတ်တယ် ဆိုတာ ဒီနေရာမှာတော့ သာမည သူတော်ကောင်းကို မဆိုလိုပါဘူး၊ အလုံးစုံကိုသိတဲ့ ဘုရားအနေနဲ့ သူတော်ကောင်း ကိုသာ ဆိုလိုပါတယ်၊ ဒါကြောင့် ပေါ်ပေါ်လွင်လွင် အနက်ပြန်ရလျှင် ဘုရားလို့ အသိအမှတ်ပြုကြတယ်လို့ ဆိုလိုပါတယ်၊ အဲဒီဂိုဏ်းဆရာကြီးတွေက ဘယ်သူတွေလဲ ဆိုရင် -

၁။ ပူရဏ ကဿပဆိုတဲ့ ဆရာကြီးကတစ်ယောက်၊
၂။ မက္ခလိဂေါသာလဆိုတဲ့ ဆရာကြီးကတစ်ယောက်၊
၃။ ဆံပင်အဝတ်ဝတ်တဲ့ အဇိတဆိုတဲ့ ဆရာကြီးက တစ်ယောက်၊
၄။ ကစ္စာယနအနွယ် ပကုဓဆိုတဲ့ ဆရာကြီးက တစ်ယောက်၊
၅။ ဗေလဋ္ဌ၏သား သိဉ္ည်းဆိုတဲ့ ဆရာကြီးက တစ်ယောက်၊
၆။ နာဋ၏သား နိဂဏ္ဌဆိုတဲ့ ဆရာကြီးက တစ်ယောက်၊
ဒီ ၆ - ယောက်ပါပဲ)

သဗ္ဗေတေ - အလုံးစုံသော ထိုဆရာကြီး ၆ - ယောက်တို့သည်၊ သကာယ ပဋိညာယ - မိမိတို့၏ ဝန်ခံချက် အတိုင်း၊ အဗ္ဘညိံသု သိကြပါသလော၊ သဗ္ဘေဝန အဗ္ဘညိံသု - ထိုဆရာကြီးတို့ အားလုံးပင်လျှင် မသိဘဲရှိ ကြ ပါသလော၊ ဥဒါဟု - ထိုသို့မဟုတ်လျှင်၊ ဧကစ္စေအဗ္ဘညိံသု ဧကစ္စေ နအဗ္ဘညိံသု - ထိုဆရာကြီး ၆ - ယောက်ထဲက အချို့ ကသာ သိကြ၍ အချို့က မသိဘဲ ရှိကြပါသလော လို့ မေးလျှောက်ပါတယ်။

အဲဒီ ပူရဏကဿပ အစရှိတဲ့ ဆရာကြီးတွေက အတိတ် အနာဂတ် ပစ္စုပ္ပန် အလုံးစုံကို သိတယ်လို့ ဝန်ခံပြီး ပြောဟောနေကြပါတယ်၊ အဲဒီဝန်ခံချက်အတိုင်း သူတို့အားလုံးပဲ သိကြလေသလား၊ အားလုံးပဲ မသိကြဘူးလေလား၊ သို့မဟုတ် သူတို့ထဲက အချို့က သိကြပြီး အချို့ကမသိဘဲ ရှိကြလေသလားလို့ သူ့မှာဖြစ်နေတဲ့ ယုံမှားချက် သုံးခုကို မေးတာပါပဲ၊

သုဘဒ္ဒပရိဗိုဇ်မှာ အဲဒီယုံမှားတွေ ဖြစ်တာကတော့ ဖြစ်သင့်ဖြစ်ထိုက်လို့ ဖြစ်တာပါပဲ၊ လောကမှာ လူတွေ အများက မိမိတို့ ကိုးကွယ်တဲ့ ဘာသာရေးကို မိဘ ဆရာသမားတို့၏ ပြောပြချက်အရ ယုံကြည် ကိုးကွယ်နေ ကြတာပါပဲ၊ ဟုတ်မဟုတ်, အသင့်ယုတ္တိ ရှိမရှိကို မစဉ်းစား မဆင်ခြင်ဘဲ မျက်စိ မှိတ်ပြီး ယုံကြည်နေကြတာပဲ များတယ်၊ ယခုလို သိပ္ပံပညာတွေ ထွန်းကားနေတဲ့ ခေတ်ကြီးထဲမှာ ဘာမျှယုတ္တိ မရှိတဲ့ အစွဲအလမ်းတွေက ရှိနေတာပဲ၊

ယခု မေးမြန်းတဲ့ သုဘဒ္ဒကတော့ စဉ်းစားဉာဏ်ရှိတယ်၊ ဒါကြောင့် သူက သူများပြောတိုင်း မယုံဘူး၊ စဉ်းစားဆင်ခြင် ကြည့်တယ်၊ ပူရဏကဿပ အစရှိသော ဂိုဏ်းဆရာကြီး ၆-ယောက်က သူတို့ဟာ အလုံးစုံကို သိတယ်လို့ ဝန်ခံကြတယ်၊ အလုံးစုံကိုသိရင် ချမ်းသာရေးတရားကို ဟောရာမှာ တစ်မူထဲဖြစ်စရာ ကောင်းတယ်၊ ယခု သူတို့ ဟောနေကြတာက တစ်ယောက်တစ်မျိုး မူတွေကွဲနေတယ်၊ ဒီတော့ အလုံးစုံကို သူတို့သိတယ်ဆိုတာ ဟုတ်မှ ဟုတ်ရဲ့လေလား စသည်ဖြင့် ယုံမှားဖြစ်လာတယ်။

ဟုတ်တယ် ယုံမှားစရာဖြစ်စရာပါပဲ၊ အလုံးစုံ သိတယ်ဆိုရင် နည်းမှန်ကို သိရမှာပဲ၊ နည်းမှန်ဆိုတာကလဲ တစ်ခု တစ်ခု မူမကွဲသင့်ပေဘူး၊ ဥပမာ ဂဏန်းသင်္ချာ ကောင်းကောင်းတတ်တဲ့ သူတွေဟာ ပြဿနာတစ်ခုကို တွက်ချက်ကြည့်ရင် ရတဲ့ အဖြေမှန်ချင်း တူနေသလိုပင် အလုံးစုံသိနေတဲ့ပုဂ္ဂိုလ်တွေရဲ့ အမှန်တရားချင်းဟာလဲ ထပ်တူပင် ဖြစ်သင့်ပါတယ်၊ အဲဒါဟာ အထူးသတိပြုစရာပဲ၊

ယခုခေတ်မှာ ဗုဒ္ဓ တရားတော်အနေနဲ့ ဟောပြော ညွှန်ပြနေတာတွေဟာ မဇ္ဈိမ ပဋိပဒါဆိုတဲ့ မဂ္ဂင်ရှစ်ပါး အကျင့်၊ သီလ သမာဓိ ပညာအကျင့် သစ္စာလေးပါးသိတဲ့ အကျင့် ဆိုတဲ့ မူချင်း တူသင့်ပါတယ်၊ မဂ္ဂင်ရှစ်ပါးကို မပွားစေပဲ သီလ သမာဓိ ပညာဖြစ်အောင် မကျင့်ဘဲ သစ္စာလေးပါးကို သိအောင် မကျင့်ဘဲ, ကိစ္စပြီးတဲ့အနေနဲ့ ဟောပြောရင် အဲဒီ ဟောပြောချက်ကို ဗုဒ္ဓတရားတော်နှင့် မူမတူတဲ့ လမ်းမှားပဲလို့ သိနားလည်ထားဖို့ လိုပါတယ်။

သုဘဒ္ဒ၏ အလိုကတော့ ပူရက ကဿပ အစရှိသောဂိုဏ်းဆရာကြီးတွေ မူမတူဘဲ တစ်ယောက်တစ်ပေါက် ပြောဟောနေကြတဲ့အတွက် သူတို့အားလုံးပင် မသိဘဲနဲ့ အရမ်းဟောနေကြတာလေလားလို့ ထင်မြင်မိဟန် ရှိပါတယ်၊ ဒါပေမယ့် အဲဒီ ဆရာကြီးတွေအား လေးစားတဲ့အနေနဲ့ ယုံမှားသုံးချက်အပြစ်ဖြင့် မေးလျှောက် ပါတယ်၊ အဲဒီ ဆရာကြီးတွေ အကုန်လုံး သူတို့ ဝန်ခံတဲ့အတိုင်း သိကြပါသလား၊ အကုန်လုံးပင် မသိဘဲနဲ့ ပြောဟောနေကြပါသလား၊ သို့မဟုတ် သူတို့ထဲက အချို့ကတော့ သိကြပါသလားလို့ မေးလျှောက်ပါသတဲ့။

ဗုဒ္ဓမြတ်စွာဘုရား၏ မိန့်ခွန်းတော်

အဲဒီလို မေးလျှောက်တော့ မြတ်စွာဘုရားက ဒီလို မိန့်တော်မူပါတယ်။

အလံ သုဘဒ္ဒ တိဋ္ဌ တေတံသဗ္ဗေတေ သကာယ ပဋိညာယ အဗ္ဘညိံသု၊ သဗ္ဗေဝ န အဗ္ဘညိံသု၊ ဥဒါဟု ဧကစ္စေ အဗ္ဘညိံ သု ဧကစ္စေ န အဗ္ဘညိံသူတိဓမ္မံ တေ သုဘဒ္ဒ ဒေသေဿာမိ၊ တံ သုဏာ ဟိသာဓုကံ မနသီ ကရောဟိ ဘာသိဿာမိ

သုဒ္ဒဘ - သုဘဒ် ပရိဗိုဇ်၊
သဗ္ဗေ တေ သကာယ ပဋိညာယ အဗ္ဘညိံသု။ပ။ ဧကစ္စေန အဗ္ဘညိံသူတိဧတံ - ပူရဏ ကဿပ အစရှိသော ထိုဆရာကြီးအားလုံးပင် သူတို့ ဝန်ခံသည့်အတိုင်း သိကြပါသလော၊ သူတို့ အားလုံးပင် မသိကြပါသလော၊ သို့မဟုတ် တစ်ချို့ကသာ သိ၍ တစ်ချို့က မသိဘဲ ရှိကြပါသလောဆိုတဲ့ ထိုမေးခွန်းသည်၊
တိဋ္ဌတု - တည်ပါစေတော့ နေပါစေတော့ ထားလိုက်ပါတော့တဲ့၊

အဲဒီမေးခွန်းကို ငါမဖြေတော့ဘူးလို့ ဆိုပါတယ်၊ ဘာကြောင့် မဖြေသလဲဆိုတော့ အကျိုးမရှိလို့ မဖြေတာပါပဲ၊ အဲဒီမေးခွန်းကို ဖြေရင် ပူရဏကဿပ အစရှိသော အဲဒီဆရာကြီး ၆ - ယောက်လုံး သူတို့ ဝန်ခံတဲ့အတိုင်း အလုံးစုံသိတယ်ဆိုတာ မဟုတ်ဘူး၊ သူတို့ ၆ - ယောက်လုံး ဘယ်သူမှ အလုံးစုံ မသိဘူး၊ မသိဘဲနဲ့ အရမ်း ဟောနေကြတယ်လို့ ဖြေရလိမ့်မယ်၊

အဲဒီ အဖြေကို ကြားရတဲ့ အတွက် သုဘဒ္ဒမှာ ဘာမျှအကျိုးမရှိဘူး၊ အခြားသူတွေမှာလဲ ဘာမျှအကျိုးမရှိဘူး၊ အယောနိသော မနသိကာရ ရှိတဲ့သူတွေမှာဆိုရင် မလိုလို့ ဖိနှိပ်ပြောတယ်လို့ အထင်လွဲ ပြစ်မှားပြီး အကုသိုလ်အပြစ်သင့်စရာ အကျိုးမဲ့ ဖြစ်စရာတောင် ရှိနေသေးတယ်။

ဟိုရှေးခေတ်ကသာ မဟုတ်ဘူး၊ ယခုခေတ်မှာလဲ နည်းမှားလမ်းမှား ဟောပြော နေတဲ့သူကို မှားတဲ့အကြောင်း ပြောရင် တချို့က အဲဒီလို အထင်လွဲပြီး ပြစ်မှား တတ်တယ်၊ ဒါကြောင့် ဘုန်းကြီးတို့ ဟောပြောရာမှာတောင် အထူးသတိပြု ရတယ်၊ ပဋိပတ္တိသာသနာတော်ကို မထိခိုက်တဲ့ ဟောပြောချက်မျိုးဆိုရင် မှားယွင်းနေ ပေမယ်လို့ သူတစ်ပါး ဟောပြောမှားတာကို လျစ်လျူရှုထားရတယ်၊

ဗုဒ္ဓတရားတော်နဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး ပဋိပတ္တိသာသနာတော်ကို ထိခိုက်ပျက်စီး စေနိုင်တဲ့ ဟောပြောချက်တွေကိုတော့ ဓမ္မဓိဋ္ဌာန်အားဖြင့် ဖြေရှင်းဟောပြောရတယ်၊ ဒါတောင်မှ မလိုလို့ ပြောတယ်လို့ တစ်ချို့က ထင်သေးတာပဲ၊ ဒါကြောင့် မြတ်စွာဘုရားက သုဘဒ္ဒရဲ့ မေးခွန်းကို ထားလိုက်ပါတော့ မဖြေတော့ဘူးလို့ မိန့်တော်မူပါတယ်၊ အဲဒီလို မိန့်တော်မူပြီးတော့ အကျိုးရှိမည့်တရားကို ထပ်ဟောမည့် အကြောင်းကိုလဲ ဆက်လက်ပြီး ဒီလို မိန့်တော်မူပါတယ်။

သုဘဒ္ဒ - သုဘဒ်ပရိဗိုဇ်၊
တေ - သင်အား၊
ဓမ္မံ - တကယ်အကျိုးရှိမည့် တရားကိုသာလျှင်၊
ဒေသေဿာမိ - ဟောပေအံ့၊
တံ - ဆို ငါဟောမည့်တရားကို၊
သာဓုကံ ဘဏာဟိ ကောင်းစွာ ရိုသေစွာ နာလော့၊
သာဓုကံ မနသိကရောဟိ - ကောင်းစွာ ရိုသေစွာ နှလုံးသွင်းလော့။
ဘာသိဿာမိ - ယခုပင်ဟောပေအံ့ - ဟောတော့မယ်လို့ အမိန့်ရှိပါတယ်။

အဲဒီတော့ သုဘဒ္ဒက “ဧဝံ ဘန္တေ - ကောင်းပါပြီ အရှင်ဘုရား”လို့ ဝန်ခံ ပြောကြား ပါတယ်၊ အဲဒါဟာ တရားရထိုက်တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် ယောနိသော မနသိကာရ ဖြင့် သင့်လျော်စွာ နှလုံးသွင်းပြီး သဘောတူ လက်ခံလိုက်ခြင်းပါပဲ၊

ယောနိသော မနသိကာရ မရှိရင်တော့ “သင် မေးတဲ့ပြဿနာကို မဖြေဘူး၊ ငါဟောတဲ့ တရားကိုသာ နာရမယ်” ဆိုတာကို လက်ခံမှာ မဟုတ်ဘူး ယခုနေအခါ ဆရာတော် တစ်ပါးပါးက မေးလာတဲ့သူအား “သင်မေးတာကို ငါမဖြေဘူး ငါဟောတဲ့ တရားကိုသာ ရိုရိုသေသေနာပါ” လို့ ဆိုရင် မေးတဲ့ပုဂ္ဂိုလ်က ကျေနပ်လက်ခံဖို့ မလွယ်လှပါဘူး၊ “ငါ့မေးခွန်း မဖြေတာ မသိလို့ မဖြေနိုင်လို့နဲ့ တူပါရဲ့ သူ့တရားကို နာရမယ်ဆိုတာကလဲ ငါ့ကို သူ့တပည့်ဖြစ်အောင် ဝါဒဖြန့်တဲ့ သဘောပဲ”လို့ ထင်မြင်ပြီး မကျေနပ်ဖို့ကပဲ များပါတယ်။

သုဘဒ္ဒပရိဗိုဇ်ကတော့ တရားထူးရထိုက်တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် နှလုံးသွင်းပုံ ကောင်းပါတယ်၊ ငါမေးတဲ့ ပြဿနာကို မဖြေတာဟာ အကျိုးမရှိလို့ ဖြစ်မှာပဲ၊ တရားကို ဟောမယ်ဆိုတာဟာ ငါ့အတွက် တကယ်အကျိုးရှိစေမည့် တရားကို ဟောမှာပဲ”လို့ သင့်လျော်မှန်ကန်စွာ နှလုံးသွင်းပြီး ကျေကျေနပ်နပ်နဲ့ “ဧဝံ ဘန္တေ - ကောင်းပါပြီ အရှင်ဘုရား”လို့ လက်ခံ ပြန်ကြား လျှောက်ထားပါတယ်၊

အဲဒီ ဝန်ခံချက်ထဲမှာ ဘန္တေအရှင်ဘုရားလို့ ရိုရိုသေသေ လျှောက်တဲ့ စကားကိုလဲ အထူး သတိပြုရမယ်၊ ပထမ မေးလျှောက်စဉ်က ဘော ဂေါတမ - အို ဂေါတမလို့ ပြောဆိုခဲ့တယ်၊ အဲဒီတုန်းက လှိုက်လှိုက်လှဲလှဲ ယုံကြည်တဲ့ သဒ္ဓါတရားမဖြစ်သေးတဲ့ လက္ခဏာပါပဲ၊

ယခုတော့ ယုံကြည်မှုသဒ္ဓါက မူလကထက် အားကောင်းလာလို့ ရိုရိုသေသေ လျှောက်တယ် ဆိုရမှာပဲ၊ အဲဒီလို ရိုရိုသေသေ ကျေကျေနပ်နပ်နဲ့ ဧဝံ ဘန္တေ - ကောင်းပါပြီ အရှင်ဘုရားလို့ လျှောက်ပြီး ရိုသေစွာ နားစွင့်နေတဲ့အခါမှာ မြတ်စွာဘုရားက လျောင်းတော်မူရင်းပဲ မဂ္ဂင်ရှစ်ပါးဆိုတဲ့ အရိယာဖြစ်ရေး ကိန်းသေ တရားကို ဒီလိုဟောတော်မူပါတယ်။

ယသ္မိံ ခေါ သုဘဒ္ဒ ဓမ္မဝိနယေ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ န ဥပလဗ္ဘတိ၊ သမဏောပိ တတ္ထ န ဥပလဗ္ဘတိ၊ ဒုတိယောပိ တတ္ထ သမဏော န ဥပလဗ္ဘတိ၊ တတိယောပိ တတ္ထ သမဏော န ဥပလဗ္ဘတိ၊ စတုတ္ထောပိ တတ္ထ သမဏော န ဥပလဗ္ဘတိ - တဲ့။

(သုတ်မဟာဝါ နှာ-၁၂၄)

သုဘဒ္ဒ - သုဘဒ္ဒပရိဗိုဇ်၊
ယသ္မိံ ခေါ ဓမ္မဝိနယေ - အကြင်တရားဝိနည်း၌၊
ဝါ - တရားဝိနည်းဟု ဆိုအပ်သော အကြင် ဘာသာရေးသာသနာရေးတို့၌၊
(ဓမ္မ - တရားဆိုတာက ကောင်းကျိုးချမ်းသာ ရရေးအတွက် ညွှန်ပြတဲ့ တရား စကားပဲ၊ ဝိနယ ဝိနည်းဆိုတာကတော့ အချိုးတကျနေနိုင်ရေး၊ စည်းကမ်းဥပဒေပဲ၊ ဘာသာတုင်း ဘာသာတိုင်းမှာ အဲဒီ ဓမ္မနှင့် ဝိနယဟာ ထိုက်သည့် အားလျော်စွာ ရှိနေတာချည်းပါပဲ၊ ဒါကြောင့် အဲဒီဓမ္မနှင့် ဝိနယဟာ ဘာသာရေး သာသနာရေးပါပဲ၊ ဗုဒ္ဓသာသနာတော်မှာဆိုရင် သုတ္တန်နှင့် အဘိဓမ္မာ ဒီပိဋကတ် ၂-ပုံက ဓမ္မပဲ၊ ဝိနည်းပိဋကတ် ၁-ပုံက ဝိနယပဲ၊ အဲဒီအနက်ကို ခိုင်ခိုင်လုံလုံ မှတ်ထားရအောင် သဂါထာဝဂ္ဂသံယုတ် အဋ္ဌကထာ (နှာ-၄၂) အဖွင့်ကို ထုတ်ပြပါဦးမယ်၊

ဣမံ ဓမ္မဝိနယန္တိ - ဤဓမ္မဝိနယတို့ ဟူသည်ကား၊
ဣမံဓမ္မဉ္စ - ဤဓမ္မတို့လည်းကောင်း၊
ဤမံ ဝိနယဉ္စ - ဤဝိနယတို့လည်းကောင်းဟု ဆိုလို၏၊
ဥဘယမ္ပိ ဧတံ - ဓမ္မနှင့် ဝိနယဟူသော ဤအမည် ၂-ပါးလုံးသည်လည်း၊
သာသနာဿ - သာသနာတော်၏ နာမံ အမည်ပေတည်း၊
ဟိ - သရုပ်အားဖြင့် ဖော်ပြရလျှင်၊
ဧတံ - ဤအမည် ၂-ပါးတို့တွင်၊
ဓမ္မေန - ဓမ္မဟူသော အမည်ဖြင့်၊
ဒွေပိဋကာနိ - သုတ်နှင့် အဘိဓမ္မာဟူသော ပိဋကတ် ၂-ပုံတို့ကို၊
ဝုတ္တာနိ - ဆိုအပ်ကုန်၏၊
ဝိနယေန - ဝိနယဟူသော အမည်ဖြင့်၊
ဝိနယပိဋကံ - ဝိနည်းပိဋကတ်ကို ဆိုအပ်သည်တဲ့၊

အဲဒါဟာ သံယုတ်အဋ္ဌကထာ အဖွင့်ပါပဲ၊ ဒါကြောင့် ဓမ္မဝိနယဆိုတာ ဘာသာရေး သာသနာရေးပါပဲ၊ ဗုဒ္ဓမြတ်စွာ ဘုရားဟောကြား ဆုံးမတဲ့ ဓမ္မဝိနယဟာ ဗုဒ္ဓသာသနာ ပေါ့။ အခြားဘာသာဂိုဏ်း ဆရာများက ဟောကြား ဆုံးမတဲ့ ဓမ္မဝိနယဟာ အဲဒီ ဘာသာဝင်တို့ရဲ့ သာသနာပါ၊ ဒါကြောင့် ယခုခေတ် ဝေါဟာရဖြင့် နားလည် လွယ်အောင် ဓမ္မဝိနယကို ဘာသာရေး သာသနာရေးလို့ အနက်ပြန်ပါတယ်။

မဂ္ဂင်မဲ့ဝါဒ၌ ကိလေသာ ငြိမ်းသူမရှိ

သုဘဒ္ဒ - သုဘဒ္ဒပရိဗိုဇ်၊
ယသ္မိံ ခေါ ဓမ္မဝိနယေ - အကြင် ဘာသာရေး သာသနာရေး၌၊
အဋ္ဌင်္ဂိကော - အင်္ဂါရှစ်ပါးရှိသော၊
အရိယော မဂ္ဂေါ - အရိယမဂ်ကို၊
န ဥပလဗ္ဘတိ - မရအပ်၊

(မရအပ် - ဆိုတာ မရှိဘူးလို့ပဲ ဆိုပါတယ်၊ ဈေးကို သွားပြီး၊ ပစ္စည်းတစ်ခုကို ဝယ်ရာမှာ မရခဲ့ဘူးဆိုရင် မရှိလို့ပေါ့၊ အဲဒီလိုပါပဲ မရှိဘူးဆိုတာကို ဟိုတုန်းက ပါဠိဝေါဟာရာဖြင့် မရအပ်လို့ ဆိုထားပါတယ်၊ ဒါကြောင့် အဋ္ဌကထာမှာ နဥပလဗ္ဘတိ - မရအပ် ဆိုတာကို နတ္ထိ - မရှိလို့ ဖွင့်ပြထားပါတယ်၊ နောက်ပိုင်းကတော့ ဒီသုတ်မှာလဲ နတ္ထိ - လို့ ဟောထားပါသေးတယ်၊)

တတ္ထ - မဂ္ဂင်ရှစ်ပါးကို မရ, မဂ္ဂင်ရှစ်ပါး မရှိသော ထိုဘာသာရေး သာသနာရေး၌၊
သမဏောပိ - ကိလေသာ ငြိမ်းသော ပထမ ရဟန်း သောတာပန်ကိုလည်း၊
န ဥပလဗ္ဘတိ - မရအပ် မရနိုင်ချေ၊

(သမဏ - ဆိုတာ ကိလေသာ ငြိမ်းသူလို့ ဆိုပါတယ်၊ မြန်မာလိုကတော့ ရဟန်းလို့ ပြန်ဆိုကြပါတယ်၊ ကိလေသာငြိမ်းပြီး ပုဂ္ဂိုလ်ဆိုတာ ဖိုလ်လေးပါး ရောက်နေတဲ့၊ အရိယာ ပုဂ္ဂိုလ်လေးပါးပါပဲ၊ နောက်၌ ဆက်ပြီး ဆိုထားတဲ့ ဒုတိယ သမဏ စသည်ကို ထောက်ဆကြည့်ရင် ပထမစပြီး ပြဆိုတဲ့ သမဏဟာ ပထမသောတာပန် ပုဂ္ဂိုလ် ဖြစ်ကြောင်း ထင်ရှားပါတယ်၊ ဒါကြောင့် အဋ္ဌကထာမှာ ပဌမော သောတာပန္နသမဏောပိ - ပထမ သောတာပန် ရဟန်းကိုလဲ မရအပ် - မရနိုင်ဘူးလို့ ဖွင့်ပြထားပါတယ်။)

အဲဒီ စကားကို သေသေချာချာ လေးလေးနက်နက် စဉ်းစားကြည့်ရမယ်၊ အင်္ဂါ ရှစ်ပါးရှိတဲ့ အရိယမဂ်ကို မရနိုင်တဲ့ ဘာသာရေးမှာ ကိလေသာငြိမ်းတဲ့ သောတာပန် ကိုလဲ မရနိုင်ဘူး၊ သောတာပန်လဲ မဖြစ်နိုင်ဘူးတဲ့၊ အင်္ဂါရှစ်ပါးရှိတဲ့ အရိယမဂ်ဆိုတာ မဂ္ဂင်ရှစ်ပါးပါပဲ၊ အဲဒီ မဂ္ဂင်ရှစ်ပါးကို မရဘူး၊

မဂ္ဂင်ရှစ်ပါး မရှိဘူးဆိုတာ ဘာကြောင့်လဲဆိုရင် မဂ္ဂင်ရှစ်ပါးကို ဖြစ်ပွားစေရန် မဟောပြောလို့ မဂ္ဂင်ရှစ်ပါးကို ဖြစ်ပွားစေရမယ်ဆိုတာ မသိလို့ပါပဲ ဘာသာရေး တစ်ခုခုမှာ ဆရာ့ ဆရာတွေကိုက မဂ္ဂင်ရှစ်ပါး ဖြစ်ပွားစေရမယ်ဆိုတာကို မသိဘူး၊ မသိတဲ့အတွက် မဂ္ဂင်ရှစ်ပါး ဖြစ်ပွားစေရန် မဟောကြားဘူးဆိုရင် အဲဒီ ဘာသာရေးမှာ မဂ္ဂင်ရှစ်ပါး ဖြစ်ပွားပါ့မလား၊

ဖြစ်ပွားအောင် အားထုတ်ရမယ် ဆိုတာ မသိရင် အားထုတ် သူလဲမရှိနိုင်ဘူး၊ အားမထုတ်ရင် မဂ္ဂင်ရှစ်ပါး၊ ဖြစ်ပွားခြင်းလဲ ဘယ်မှာ ရှိနိုင်မှာလဲ၊ ဒါကြောင့် မဂ္ဂင်ရှစ်ပါးကို မဟောကြားတဲ့ ဘာသာရေး၊ မဂ္ဂင်ရှစ်ပါး မရှိတဲ့ ဘာသာရေးမှာ အောက်ထစ်ဆုံး ကိလေသာငြိမ်းတဲ့ သောတာပန်တောင် မဖြစ်နိုင် မရှိနိုင်ဘူးတဲ့၊ အဲဒါက သိဖို့ ရှင်းလင်းပါတယ်၊

သီလ သမာဓိ ပညာ ဆိုတဲ့ မဂ္ဂင် အကျင့်ကျင့်မှ ဝိပဿနာဉာဏ်ပညာဖြစ်ပြီး သောတာပတ္တိ မဂ်ဖိုလ်ဉာဏ် ရောက်နိုင်တယ်၊ သောတာပတ္တိဖိုလ်ရောက်မှ ကိလေသာငြိမ်းတဲ့ သောတာပန် ဖြစ်တယ်၊ အဲဒီမဂ္ဂင်ရှစ်ပါး အကျင့်ကို မကျင့်ဘဲနဲ့ ဝိပဿနာဉာဏ် မဂ်ဖိုလ်ဉာဏ်တွေ ဆိုတာ ဘယ်နည်းနဲ့မျှ မဖြစ်နိုင်ဘူး၊ သောတာပတ္တိမဂ်ဖိုလ်ဉာဏ် မဖြစ်ဘဲနဲ့ သောတာပန် မဖြစ်နိုင်ဘူးဆိုတာ ရှင်းနေ ပါတယ်၊ သောတာပန်တောင် မဖြစ်နိုင် မရှိနိုင်တဲ့ ဘာသာရေးမှာ သကဒါဂါမ်, အနာဂါမ်, ရဟန္တာ ဖြစ်ဖို့ ရှိဖို့ကတော့ သာပြီး ဝေးတော့တာပါပဲ၊ ဒါကြောင့် -

တတ္ထ - မဂ္ဂင်ရှစ်ပါးကို မရ, မဂ္ဂင်ရှစ်ပါး မရှိသော ထိုသာသနာရေး ဘာသာရေး၌၊
ဒုတိယောပိ သမဏော - ကိလေသာ ငြိမ်းသော ဒုတိယ သကဒါဂါမ် ရဟန်း ကိုလည်း၊
န ဥပလဗ္ဘတိ - မရအပ်, မရနိုင်ချေ၊

(မဂ္ဂင်ရှစ်ပါးမရှိတဲ့ ဘာသာရေးမှာ သကဒါဂါမ်ရဟန်းလဲ မဖြစ်နိုင်ဘူး မရှိနိုင်ဘူး)

တတ္ထ - မဂ္ဂင်ရှစ်ပါးကို မရ, မဂ္ဂင်ရှစ်ပါးမရသော ထိုဘာသာရေး, သာသနာရေး၌၊
တတိယောပိ သမဏော - ကိလေသာ ငြိမ်းသော တတိယအနာဂါမ်ရဟန်းကိုလည်း၊
န ဥပလဗ္ဘတိ - မရအပ်, မရနိုင်ချေ၊

(အဲဒီ ဘာသာရေး သာသနာရေးမှာ အနာဂါမ်ရဟန်းလဲ မဖြစ်နိုင်ဘူး မရှိနိုင်ဘူးတဲ့)

တတ္ထ - မဂ္ဂင်ရှစ်ပါးကို မရ, မဂ္ဂင်ရှစ်ပါး မရှိသော ထိုဘာသာရေး သာသနာရေး၌၊
စတုတ္ထောပိ သမဏော - ကိလေသာ ငြိမ်းသော စတုတ္ထ ရဟန်းကိုလည်း၊
န ဥပလဗ္ဘတိ - မရအပ်, မရနိုင်ချေ။

မဂ္ဂင်ရှစ်ပါး မပွားလျှင် ကိလေသာမငြိမ်း

ယခုပြခဲ့တဲ့ ပါဠိ, အနက်ဟာ သုဘဒ္ဒပရိဗိုဇ်အား မြတ်စွာဘုရား ကိုယ်တော်တိုင် ဟောတော်မူတဲ့ တရားပဲ၊ အဋ္ဌကထာ ဋီကာ စကား မဟုတ်ဘူး၊ ဘုရားစကားတော် အစစ်ပဲ၊

အတိုချုပ်အားဖြင့် ဆိုလိုတာကတော့ မဂ္ဂင်ရှစ်ပါး မဟောတဲ့ ဘာသာရေး မဂ္ဂင်ရှစ်ပါး မပွားစေတဲ့ ဘာသာဝင် လူမျိုးစုထဲမှာ ကိလေသာ တကယ်ငြိမ်းတဲ့ သောတာပန်လဲ မရှိဘူး၊ သကဒါဂါမ်လဲ မရှိ၊ အနာဂါမ်လဲ မရှိဘူး၊ ရဟန္တာလဲ မရှိဘူးတဲ့၊ အဲဒါဟာ ကိန်းသေ မှတ်ထားကြဖို့ပါပဲ၊ ဗုဒ္ဓသာသနာတော်မှ အပြင်ဘက်က သာသနာရေးနဲ့ အဲဒီ ဘာသာဝင်လူစုတွေထဲမှာ အရိယမဂ္ဂင်ရှစ်ပါးကို ပွားစေရမယ် လို့တောင် မသိကြဘူး၊

ဗုဒ္ဓမြတ်စွာဘုရား မပွင့်ခင်က ဓမ္မစကြာတရားကို မဟောခင်က ဆိုရင် ဘယ်သူမှ မသိကြသေးဘူး၊ ဒါကြောင့် လောကီဈာန် သမာပတ် ၇-ပါး၊ ၈-ပါးကို ရနေကြတဲ့ အာဠာရနဲ့ ဥဒက ဆိုတဲ့ ရသေ့ကြီးတွေတောင် မဂ္ဂင်ရှစ်ပါး ပွားစေရမယ်ဆိုတာ မသိရှာကြဘူး၊

အဲဒီလို မသိကြတဲ့အတွက် ဗုဒ္ဓသာသနာမှ အပြင်ဘက်က သာသနာတွေမှ မဂ္ဂင်ရှစ်ပါး ပွားစေရန် မဟောနိုင်ကြဘူး၊ မဟောတော့ အဲဒီ ဘာသာဝင်တွေထဲက လူတွေဟာ မဂ္ဂင်ရှစ်ပါးကို ပွါးများအောင် အားမထုတ်နိုင်ကြဘူး၊ အားမထုတ်နိုင် ကြတော့ ကိလေသာ ငြိမ်းတဲ့ အောက်ထစ်ဆုံး သောတာပန်တောင် မဖြစ်ကြဘူး၊ သကဒါဂါမ်, အနာဂါမ် ရဟန္တာ ဖြစ်ဖို့ဆိုတာကတော့ ဝေးရောပဲ၊

ဒါကြောင့် အဲဒီ ဘုရားစကားတော်ကို အကျဉ်းချုံးပြီး ဘုန်းကြီးက ဆောင်ပုဒ်တစ်ခု စီထားတယ်၊ “မဂ္ဂင်ရှစ်ဖြာ မရှိရာ, ကိလေသာငြိမ်းသူ မရှိချေ” တဲ့၊ အဲဒီ ဆောင်ပုဒ်ကို ဆိုကြရမယ်။

(၁) မူလဆောင်ပုဒ်

၁။ မဂ္ဂင်ရှစ်ဖြာ, မရှိရာ ကိလေသာငြိမ်းသူ မရှိချေ။ (ဆို)

အဲဒါဟာ ဘုရားအလိုတော်ကျ ဘုရားစကားတော်နဲ့အညီ စီထားတဲ့ တရားဆောင်ပုဒ် အတိုချုပ်၊ အနက် အဓိပ္ပါယ်လဲ တိကျတယ်၊ အပိုမပါဘူး၊ ကိုယ်လိုရာ ဆွဲယူ ထားချက်လဲ မပါဘူး၊ ပေါ်လဲ ပေါ်လွင်ထင်ရှားတယ်၊ မဂ္ဂင်ရှစ်ပါးပွားများဖို့ မဟောကြားတဲ့ ဘာသာဝါဒ, အဲဒီလိုဘာသာဝါဒ ယုံကြည်စွဲလမ်း နေကြတဲ့ လူစုထဲမှာ ကိလေသာငြိမ်းတဲ့ သောတာပန်လဲ မရှိဘူး၊ သကဒါဂါမ်, အနာဂါမ်, ရဟန္တာလဲ မရှိဘူးဆိုတာ ကိန်းသေ မှတ်ထားကြရမယ်။

ယခုခေတ်ကာလမှာ တချို့က ဗုဒ္ဓတရားတော်အနေဖြင့် ဘုရားအလိုတော်နှင့် ဆန့်ကျင်ဘက် ဟောနေကြတာတွေ ရှိနေတယ်၊ သူတို့ ဟောပြောတာကိုသိရင် ကိစ္စပြီးတယ်၊ တရားအားထုတ်ဖို့ မလိုဘူး” စသည်ဖြင့် ဟောပြော နေကြတယ်၊ အဲဒါဟာ တရားအားမထုတ်ဖို့ မဂ္ဂင်ရှစ်ပါးမပွားများဖို့ ပိတ်ပင်တာပဲ၊ မြတ်စွာဘုရားက မဂ္ဂသစ္စာဆိုတဲ့ မဂ္ဂင်ရှစ်ပါးကို ဖြစ်ပွားစေအပ်သော ဘာဝေတဗ္ဗတရားလို့ ဟောတော်မူခဲ့တယ်၊ အဲဒီလို ဟောတော်မူတာဟာ အလွန်ထင်ရှားပါတယ်၊ ထင်ရှားပုံ ကတော့ -

တံခေါပနိဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ - ဒုက္ခနိရောဓ ဂါမိနီ ပဋိပဒါဆိုတဲ့ ထိုမဂ္ဂင်ရှစ်ပါး အရိယသစ္စာတရားကို၊
ဘာဝေတဗ္ဗံ - ဖြစ်ပွားစေအပ်၏”

ဤသို့ စသည်ဖြင့် ဓမ္မစကြာ တရားတော်မှစပြီး သုတ်ပေါင်း များစွာတို့၌ ဟောထား ပါတယ်၊ မဂ္ဂင်ရှစ်ပါးဖြစ်ပွားတယ်ဆိုတာ ဖြစ်ပွားအောင် နည်းမှန်လမ်းမှန်အတိုင်း အားထုတ်မှဖြစ်တာ၊ အားမထုတ်ဘဲနဲ့ အလိုလိုတော့ မဖြစ်ဘူးဆိုတာ ထင်ရှားပါတယ်၊

ဒါပေမယ့် တချို့က “အားထုတ်ရင် ဒုက္ခဖြစ်တာပဲ၊ အားမထုတ်ဘဲ နေမှ ငြိမ်းအေးတယ်၊ လုပ်သမျှ ဒုက္ခချည်းပဲ” စသည်ဖြင့် မဂ္ဂင်ရှစ်ပါး ဖြစ်ပွားရေးအလုပ်ကို အားမထုတ် ချင်အောင် တားမြစ်ပြီး ဟောပြောနေကြတယ်၊ အဲဒီလို ဟောပြောချက်ကို ယုံကြည် နေတဲ့သူတွေဟာ မဂ္ဂင်ရှစ်ပါး ပွားများရေး ဘာဝနာအလုပ်ကို အားထုတ်ကြပါဦးမလား၊

(အားထုတ်ကြမှာ မဟုတ်ပါဘုရား)၊

အားမထုတ်ရင် သူတို့သန္တာန်မှာ မဂ္ဂင်ရှစ်ပါး မဖြစ်ပွားရင် သူတို့သန္တာန်မှာ မဂ္ဂင်ရှစ်ပါး ရှိပါ့မလား၊

(မရှိနိုင်ပါဘုရား)၊

မဂ္ဂင်ရှစ်ပါးမရှိရင် “မဂ္ဂင်ရှစ်ဖြာ, မရှိရာ, ကိလေသာငြိမ်းသူ မရှိချေ” ဆိုတဲ့ ဘုရားအလိုတော်ကျ တရားဆောင်ပုဒ်နှင့်အညီ “တရားအားထုတ်ဖို့ မလိုဘူး” လို့ အယူအစွဲ ရှိနေတဲ့ ဂိုဏ်းဂဏလူစုထဲမှာ ကိလေသာငြိမ်းတဲ့ သောတာပန်တောင် မရှိဘူးဆိုတာ ကိန်းသေမှတ်ထားကြရမယ်၊ ကဲ - အဲဒီ ဆောင်ပုဒ်ကို ထပ်ပြီး ဆိုကြရမယ်။

မဂ္ဂင်ရှစ်ဖြာ, မရှိရာ, ကိလေသာငြိမ်းသူ မရှိချေ

မဂ္ဂင်ရှစ်ပါး ဆိုတာ ဝိပဿနာ ဘာဝနာ အလုပ်ကို အားထုတ်မှ အစုံဖြစ်တယ်၊ ဘာဝနာအလုပ်ကို အားမထုတ်ချင်အောင် ဟောပြောနေတာတွေဟာ မဂ္ဂင်ရှစ်ပါး မဖြစ်အောင် ပိတ်ပင်တားမြစ်နေတာပဲ၊ ဘုရားအဆုံးအမ သာသနာတော်ကို ဖျက်ဆီး နေတာပဲ၊ ဒါကြောင့် တရားအားမထုတ်ချင်အောင် ဟောပြောနေတဲ့ ဝါဒကို သာသနာဖျက်ဝါဒ လို့လဲ မှတ်ထားကြရမယ်၊ အဲဒီ သာသနာဖျက်ဝါဒကို ယုံကြည် စွဲလမ်းနေတဲ့ သူတွေမှာ မဂ္ဂင်ရှစ်ပါး မရှိလို့ ကိလေသာငြိမ်းသူ မရှိတာဟာ ဗုဒ္ဓ သာသနာမှ အပြင်ဘက်၌ ကိလေသာငြိမ်းသူမရှိတာနဲ့ အတူတူပါပဲ၊

တည့်တည့် ပြောရရင် တရားအားထုတ်ဖို့ မလိုဘူးဆိုတဲ့ ဝါဒကို ယုံကြည် စွဲလမ်းတဲ့သူဟာ ဗုဒ္ဓသာသနာအပြင်ဘက် ရောက်သွားပြီလို့ မှတ်ရမယ်၊ ဘာကြောင့်လဲ မဂ္ဂင်ရှစ်ပါးကို ပွားစေရမယ်လို့ ဟောကြား ဆုံးမတော်မူတဲ့ ဗုဒ္ဓ သာသနာတော်နှင့် ဖြောင့်ဖြောင့်ဆန့်ကျင်တဲ့ အယူအစွဲ ရှိနေလို့ပါပဲ။

ယခု ပြောခဲ့တဲ့အတိုင်း “မဂ္ဂင်ရှစ်ပါးမရှိတဲ့ ဘာသာရေး, သာသနာရေးမှာ ကိလေသာ ငြိမ်းတဲ့ သောတာပန်, သကဒါဂါမ်, အနာဂါမ် ရဟန္တာဆိုတာတွေ မရှိဘူး”လို့ မြတ်စွာဘုရားက အဓိဋ္ဌာန်အားဖြင့် ဟောတော်မူပါတယ်၊ ပူရဏကဿပ၏ ဘာသာရေး, မက္ခလိဂေါသာလ၏ ဘာသာရေးစသည်ဖြင့် ပုဂ္ဂလဓိဋ္ဌာန်, ဓမ္မဓိဋ္ဌာန် မဟောပါဘူး၊ ဟိုခေတ်တုန်းက အလွန်ထင်ရှားနေတဲ့ ဗြာဟ္မဏ ဘာသာရေးလို့လဲ မဟောပါဘူး၊ မဂ္ဂင်ရှစ်ပါးမရှိတဲ့ ဘာသာရေးလို့ ဓမ္မဓိဋ္ဌာန် အားဖြင့်သာ ဟောတော်မူပါတယ်၊

ဒါပေမယ့် အဲဒီလို ဟောလိုက်တာနဲ့ သုဘဒ္ဒပရိဗိုဇ်က သဘောပေါက်သွားပါတယ်၊ “ပူရဏကဿပ အစရှိသော ဂိုဏ်းဆရာကြီး တွေဟောပြောနေတဲ့ ဘာသာရေး ထဲမှာ မဂ္ဂင်ရှစ်ပါးပွားစေဖို့ ညွှန်ကြားချက် မပါဘူး၊ ဒါကြောင့် အဲဒီ ဆရာကြီးတွေရဲ့ ဘာသာရေးမှာ ကိလေသာငြိမ်းတဲ့ သူမရှိဘူး” လို့ သဘောပေါက် သွားပါတယ်၊

နောက်ပြီးတော့ “ကိလေသာငြိမ်းတဲ့ မဂ္ဂင်ရှစ်ပါးပွားရေး ဘာဝနာလုပ်ငန်းစဉ်ကို မဟောကြား မသိကြတဲ့အတွက် အဲဒီ ဆရာကြီးတွေဟာ အလုံးစုံကို သိတယ်လို့ ဝန်ခံကြတဲ့အတိုင်းလဲ သူတို့ မသိကြဘူး” ဆိုတာကိုလဲ သဘောပေါက် သွားပါတယ်၊ အဲဒီတော့ သုဘဒ္ဒမှာ သူသိချင်တဲ့ အချက်လဲ ပြေလည်ရှင်းသွားတယ်၊ အဲဒါဟာ မြတ်စွာဘုရားက တိုက်ရိုက် မဖြေဘဲ တရားလမ်းဖြင့် ဟောကြား ဖြေရှင်းလိုက် တာပါပဲ။

ကိလေသာငြိမ်းသူမရှိတဲ့ ဘာသာရေး သာသနာရေးကို ဓမ္မဓိဋ္ဌာန်အားဖြင့် ဖော်ပြတော်မူပြီးတော့ ကိလေသာငြိမ်းသူ ရှိတဲ့ ဘာသာရေး, သာသနာရေးကိုလဲ ဓမ္မဓိဋ္ဌာန်ဖြင့်ပင် ဒီလို ဟောကြားတော်မူပြန်ပါတယ်။

မဂ္ဂင်ရှစ်ပါး ပွားစေမှ ကိလေသာ ငြိမ်းသည်

ယသ္မိံစ ခေါ သုဘဒ္ဒ ဓမ္မဝိနယေ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ ဥပလဗ္ဘတိ၊ သမဏောပိ တတ္ထ ဥပလဗ္ဘတိ၊ ဒုတိယောပိ တတ္ထ သမဏော ဥပလဗ္ဘတိ၊ တတိယောပိ တတ္ထ သမဏော ဥပလဗ္ဘတိ၊ စတုတ္ထောပိ တတ္ထ သမဏော ဥပလဗ္ဘတိ - တဲ့။

သုဘဒ္ဒ - သုဘဒ်ပရိဗိုဇ်၊
ယသ္မိံ စ ခေါ ဓမ္မဝိနယေ - ဓမ္မဝိနယဟုခေါ်သော အကြင် ဘာသာရေး, သာသနာရေး၌မူကား၊
အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ - အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ကို၊
ဥပလဗ္ဘတိ - ရအပ်, ရနိုင်၏၊
တတ္ထ - အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်ရှိသော ထိုဘာသာရေး, သာသနာရေး၌၊
သမဏောပိ - ကိလေသာငြိမ်းသော ပထမသောတာပန် ရဟန်းကိုလည်း၊
ဥပလဗ္ဘတိ - ရအပ်, ရနိုင်ပေ၏၊

(မဂ္ဂင်ရှစ်ပါးရှိတဲ့ ဘာသာရေး, သာသနာရေးမှာ ကိလေသာငြိမ်းတဲ့ သောတာပန် ရဟန်းလဲ ရှိနိုင်ပါတယ်တဲ့)

တတ္ထ - မဂ္ဂင်ရှစ်ပါးရှိတဲ့ ထိုဘာသာရေး, သာသနာရေး၌၊
ဒုတိယောပိ သမဏော - ကိလေသာငြိမ်းသော ဒုတိယ သကဒါဂါမ်ရဟန်းကိုလည်း၊
ဥပလဗ္ဘတိ - ရအပ်, ရနိုင်ပေ၏၊

(သကဒါဂါမ်လဲရှိနိုင်ပါတယ်တဲ့)

တတ္ထ - မဂ္ဂင်ရှစ်ပါးရှိတဲ့, ထိုဘာသာရေး, သာသနာရေး၌၊
တတိယောပိ သမဏော ကိလေသာငြိမ်းသော တတိယ အနာဂါမ် ရဟန်းကိုလည်း၊
ဥပလဗ္ဘတိ - ရအပ်, ရနိုင်ပေ၏၊

(အနာဂါမ် ရဟန်းလဲ ရှိနိုင်ပါတယ်တဲ့၊)

တတ္ထ - မဂ္ဂင်ရှစ်ပါးရှိတဲ့ ထိုဘာသာရေး သာသနာရေး၌၊
စတုတ္ထောပိ သမဏော - ကိလေသာ ငြိမ်းသော စတုတ္ထရဟန္တာ ရဟန်းကိုလည်း၊
ဥပလဗ္ဘတိ - ရအပ်ရနိုင်ပေ၏၊

(အဲဒီ ဘာသာရေး, သာသနာရေးမှာ ရဟန္တာလဲ ရရှိနိုင်ပါတယ်တဲ့)

ဆိုလိုရင်း အတိုချုပ်ကတော့ မဂ္ဂင်ရှစ်ပါးကို ပွားစေတဲ့ ဘာသာရေး, သာသနာရေး အဖွဲ့အစည်းထဲမှာ ကိလေသာငြိမ်းတဲ့ သောတာပန်လဲ ရှိတယ်၊ သကဒါဂါမ်လဲ ရှိတယ်၊ အနာဂါမ်လဲ ရှိတယ်၊ ရဟန္တာလဲ ရှိတယ်လို့ ဆိုလိုပါတယ်၊

အဲဒါကို တိုတိုနဲ့ မှတ်ထားရအောင် ဘုန်းကြီးက ဆောင်ပုဒ် စီထားတယ်၊ “မဂ္ဂင်ရှစ်ဖြာ, ရှိရာမှာ, ကိလေသာ ငြိမ်းသူရှိနိုင်ပေ” တဲ့၊ အဲဒါကို ဆိုကြရမယ်။

(၂) မူလဆောင်ပုဒ်

၂။ မဂ္ဂင်ရှစ်ဖြာ, ရှိရာမှာ, ကိလေသာငြိမ်းသူ ရှိနိုင်ပေ။ (ဆို)

ဒီမှာလဲ မြတ်စွာဘုရားက မည်သူ ဟောပြောတဲ့ ဘာသာရေးမှာ - လို့ ပုဂ္ဂလ ဓိဋ္ဌာန်ဖြင့် မပြဘဲ မဂ္ဂင်ရှစ်ပါးရှိတဲ့ ဘာသာရေးမှာလို့ ဓမ္မဓိဋ္ဌာန်ဖြင့်သာ ပြတော်မူပါတယ်၊ အဲဒါဟာ “မဂ္ဂင်ရှစ်ပါးမရှိလို့ ကိလေသာငြိမ်းသူ မရှိတဲ့ ဘာသာရေး” ဆိုတဲ့ ကဏှပက္ခ - အမည် အပိုင်းအဖို့မှ ပြောင်းပြန်ဖြစ်တဲ့ သုက္ကပက္ခ - အဖြူပိုင်း အဖို့ပါပဲ၊ ဒီအဖြူပိုင်း အဖို့မှာ မဂ္ဂင်ရှစ်ပါး ရှိလို့ ကိလေသာ ငြိမ်းသူတွေ ရှိနေတဲ့ ဘာသာရေး, သာသနာရေးကို ပြပါတယ်၊

အဲဒီမှာ မဂ္ဂင်ရှစ်ပါးရှိတဲ့ ဘာသာရေး, သာသနာရေး၌ ကိလေသာ ငြိမ်းသူတွေ ရှိတယ်ဆိုတော့ ကိလေသာ ငြိမ်းချင်ရင် မဂ္ဂင်ရှစ်ပါးရှိတဲ့ ဘာသာရေး, သာသနာရေးကို ယုံကြည်အားကိုး ရလိမ့်မယ်၊ မဂ္ဂင်ရှစ်ပါးရှိတယ် ဆိုတာကလဲ အဲဒီ မဂ္ဂင်ရှစ်ပါးကို ဖြစ်ပွားစေတဲ့ အကျင့်ကိုကျင့်မှဖြစ်မယ်၊ မကျင့်ဘဲနဲ့ အလိုလိုတော့ မဖြစ်နိုင်ဘူး။

မဂ္ဂင်ရှစ်ပါး ဖြစ်ပွားစေတဲ့ အကျင့်ဆိုတာ သီလ သမာဓိ ပညာ အကျင့်ပဲ၊

သီလကို ရိုရိုသေသေကျင့်ရင် -
သမ္မာဝါစာ - မှန်စွာပြောခြင်း၊
သမ္မာကမ္မန္တ - မှန်စွာပြုခြင်း၊
သမ္မာအာဇီဝ - မှန်စွာအသက်မွေးခြင်း
ဆိုတဲ့ သီလမဂ္ဂင်သုံးပါး ဖြစ်ပွားတယ်၊

သမာဓိဘာဝနာကို အားထုတ်ရင် -
သမ္မာဝါယာမ - မှန်စွာအားထုတ်ခြင်း၊
သမ္မာသတိ - မှန်စွာ အမှတ်ရခြင်း၊
သမ္မာသမာဓိ မှန်စွာ စူးစိုက်တည်ကြည်ခြင်း
ဆိုတဲ့ သမာဓိ မဂ္ဂင်သုံးပါး ဖြစ်ပွားတယ်၊

ဝိပဿနာဘာဝနာအလုပ်ကို အားထုတ်ရင်တော့ သမ္မာဒိဋ္ဌိ - မှန်စွာဖြစ်ခြင်း၊ သမ္မာသင်္ကပ္ပ - မှန်စွာကြံခြင်း ဆိုတဲ့ ပညာမဂ္ဂင် ၂ - ပါးပါ မဂ္ဂင် ရှစ်ပါးလုံး ဖြစ်ပွားတယ်၊

(ဝိပဿနာ ရှုလို့ မဂ္ဂင်ရှစ်ပါး ဖြစ်ပွားပုံကိုတော့ ယခုအခါမှာ ဓမ္မစကြာတရား စာအုပ်ထဲတွင် အကျယ်ပြထားပြီး ရှိနေသောကြောင့် ဒီတရား စာအုပ်မှာတော့ တော်တော်ကြာမှ အကျဉ်းချုပ်လောက်ပဲ ဖော်ပြရပါတယ်။)

ဒါကြောင့် မဂ္ဂင်ရှစ်ပါး ဖြစ်ပွားစေလိုလျှင် သီလသမာဓိပညာ ဆိုင်ရာ အကျင့်များကို ကျင့်သုံးပွားများ အားထုတ်ရတယ်၊ ဒါပေမယ့် ယခုခေတ်မှာ တစ်ချို့ ဆရာတွေက “သူတို့ ဟောပြောတာသိရင် ကိစ္စပြီးတယ် သီလတောင် ကျင့်ဖို့မလိုဘူး” စသည်ဖြင့် မကျင့်ရဘဲနဲ့ ကိစ္စပြီးတဲ့ နည်းတွေကို ဟောနေကြတာလဲ ရှိတယ်၊

တစ်ချို့ကတော့ “သူတို့ရဲ့ ဆရာတော်က အားမထုတ်ရဘဲနဲ့ ကိစ္စပြီးအောင် သက်သာတဲ့နည်းကို ရှာပေးထားတယ်”လို့ တောင်ဟောပြောနေကြသေးသတဲ့၊ အံ့ဩစရာပါပဲ။ ဥဂ္ဃဋိတညူ ဝိပဥ္စိတညူ ပုဂ္ဂိုလ်များ ဆိုရင်တော့ တစ်သီးတစ်ခြား အားမထုတ်ရဘဲ တရားနာနေရင်း နှလုံးသွင်းပြီး တရားထူး ရသွားကြတာတွေ ဘုရားလက်ထက်တော် ကာလက များစွာပင် ရှိခဲ့ပါတယ်၊ ဒါပေမယ့် နေယျပုဂ္ဂိုလ် ကျတော့ အားမထုတ်ဘဲ တရားထူး ရအောင် ဗုဒ္ဓမြတ်စွာဘုရားတောင် မစွမ်းနိုင်ပါဘူး၊ ဒါကြောင့် -

နေယျပုဂ္ဂိုလ် နာရုံနဲ့ တရားထူးမရနိုင်

တုမှေဟိ ကိစ္စမာတပ္ပံ၊
အက္ခာတာရော တထာဂတာ၊
ပဋိပန္နာ ပမောက္ခန္တိ၊
ဈာယိနော မာရဗန္ဓနာ။

အာတပ္ပံ - ကိလေသာကို ပူလောင် သွေ့ခြောက် ကင်းပျောက်စေနိုင်သော သမ္မပ္ပဓာန် လုံ့လဖြင့် အားထုတ်သင့်သော အမှုကို၊
တုမှေဟိ - သင်တပည့်တို့သည်၊
ကိစ္စံ - ပြုအပ်၏၊ ပြုရမည်၊
တထာဂတာ - ဘုရားရှင်တို့သည်၊
အက္ခာတာရော - ကျင့်ကြံအားထုတ်နည်းကို ဟောရုံသာ ဟောနိုင်ကုန်၏၊
ဈာယိနော - သမထအာရုံ - ဝိပဿနာအာရုံကို ရှုကုန်လျက်၊
ပဋိပန္နာ - ကျင့်သုံးအားထုတ်သူတို့သည်၊
မာရဗန္ဓနာ - ကိလေသမာရ်ဟူသော သေမင်း၏ အနှောင်အဖွဲ့မှ၊
ပမောက္ခန္တိ - လွတ်မြောက်ကြပေကုန်လတ္တံ့ - တဲ့။

အဲဒါဟာ မြတ်စွာဘုရား ဟောထားတဲ့ ဓမ္မပဒ (နံပါတ်-၂၀၆) ဂါထာပါပဲ၊ ဘုရားရှင် တို့က မဂ္ဂင်ရှစ်ပါး ပွားများပုံ အကျင့်နည်းလမ်းကို ဟောရုံသာ ဟောနိုင်တယ်၊ “မည်သည့်မဂ်သို့ ရောက်စေ” စသည်ဖြင့် အမိန့်မပေးနိုင်ဘူး၊ ဘုရားတပည့်များက အဲဒီဟောပြထားတဲ့ နည်းလမ်းအတိုင်း ကျင့်ကြရမယ်၊ သမထအာရုံရှုပြီး သမာဓိကို ဖြစ်ပွားစေရမယ်၊ ဝိပဿနာ၏ အာရုံဖြစ်တဲ့ ဥပါဒါနက္ခန္ဓာငါးပါးတို့ကို ရှုပြီး ဝိပဿနာသမာဓိ ပညာတို့ကို ဖြစ်ပွားစေရမယ်၊ အဲဒီလို ဖြစ်ပွားစေကြ အားထုတ်ကြတဲ့ တပည့်သားတွေဟာ သေမင်း၏ အနှောင် အဖွဲ့မှ လွတ်ကြလိမ့်မယ်၊ သေခြင်းကင်းရာ နိဗ္ဗာန်သို့ ရောက်ကြလိမ့်မယ် - လို့ ဆိုလိုပါတယ်။

ပဉ္စဝဂ္ဂီ ၄ - ပါးလဲ အားထုတ်ရသည်

ဒါကြောင့် ဓမ္မစကြာတရား ဟောစဉ်က တရားနာရင်း တရားထူးကို မရကြသေးတဲ့ အရှင်ဝပ္ပ, အရှင်ဘဒ္ဒိယ, အရှင်မဟာနာမ်, အရှင်အဿဇိတို့ကို မြတ်စွာဘုရားက တရားအားထုတ်စေပါတယ်၊ အမြဲမပြတ်လဲ စောင့်ကြပ် ပြုပြင်ပေးတော်မူပါတယ်၊ အဲဒီလို ဘုရားကိုယ်တော်တိုင်၏ အစောင့်အရှောက်ကို ခံယူပြီး နေ့ရောညဉ့်ပါ မပြတ် အားထုတ်ကြတဲ့အတွက် အဲဒီ အရှင်လေးပါးဟာ အစဉ်အတိုင်း ၁-ရက် ၂-ရက် ၃-ရက် ၄-ရက်ကြာတဲ့အခါ အသီးသီး သောတာပန် ဖြစ်ကြပါတယ်၊

အဲဒီလို တရားအားထုတ်ကြ၍ သောတာပန်ဖြစ်ကြပုံကို ပါဠိတော် ကျမ်းဂန်များမှာ အထင်အရှား ပြထားပါတယ်၊ ဘုန်းကြီးဟောပြတဲ့ ဓမ္မစကြာ တရားတော်ထဲမှာလဲ ဖော်ပြထားပါတယ်၊ ဒါကြောင့် တစ်စုံတစ်ယောက်က “သူဟောတာကို သိရုံနဲ့ ကိစ္စပြီးတယ်၊ သောတာပန် စသည်ဖြစ်တယ်၊ တရားအားထုတ်ဖို့ မလိုဘူး” လို့ ပြောဟောရင် အဲဒါကို ဘုရားအလိုတော်နှင့် ဆန့်ကျင်ဘက်ဝါဒ, သာသနာပ ဘာသာရေးလိုပင် မဂ္ဂင်ရှစ်ပါး မရှိတဲ့ဝါဒလို့ မှတ်ကြရမယ်၊ မဂ္ဂင်ရှစ်ပါး မရှိတဲ့အတွက် အဲဒီဝါဒအစွဲရှိ လူတွေထဲမှာ ကိလေသာငြိမ်းသူ မရှိဘူး၊ အောက်ထစ်ဆုံး သောတာပန်တောင် မဖြစ်နိုင်ဘူးလို့သာ မှတ်ကြပေတော့။

ယခု ပြောခဲ့တဲ့အတိုင်း “မဂ္ဂင်ရှစ်ပါးမရှိတဲ့ ဘာသာဝါဒမှာ ကိလေသာငြိမ်းသူ မရှိဘူး၊ မဂ္ဂင်ရှစ်ပါးရှိတဲ့ ဘာသာဝါဒမှာ ကိလေသာ ငြိမ်းသူရှိတယ်”လို့ ဓမ္မဓိဋ္ဌာန် အားဖြင့် ဟောကြားတော်မူပြီးတော့ မိမိ၏ သာသနာတော်မှာ မဂ္ဂင်ရှစ်ပါးရှိ၍ မိမိ၏ သာသနာတော်မှာသာ ကိလေသာငြိမ်းသူများ ရှိကြောင်းကို ဒီလို ဖော်ပြပြီး ဟောကြားတော်မူပါတယ်။

ဗုဒ္ဓ သာသနာတော်မှာသာ ကိလေသာ ငြိမ်းသူ ရှိတယ်

ဣမသ္မိံ ခေါ သုဘဒ္ဒ ဓမ္ဝိနယေ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ ဥပလဗ္ဘတိ၊ ဣဓေဝ သုဘဒ္ဒ သမဏော၊ ဣဓ ဒုတိယော သမဏော၊ ဣဓ တတိယော သမဏော၊ ဣဓ စတုတ္ထော သမဏော၊ သုညာ ပရပ္ပဝါဒါ သမဏေဘိ အညေဟိ - တဲ့။

သုဘဒ္ဒ - သုဘဒ်ပရိဗိုဇ်၊
ဣမသ္မိံ ခေါ ဓမ္မဝိနယေ - ငါဟောကြားသည့် တရားဝိနည်း ဟူသော ဤ သာသနာတော်၌၊
အရိယောအဋ္ဌင်္ဂိကော မဂ္ဂေါ - အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို၊
ဥပလဗ္ဘတိ - ရအပ်ပေ၏၊
ဝါ - အရိယမဂ်ရှိပေ၏၊

(မြတ်စွာဘုရား၏ သာသနာတော်ဆိုတာ မြတ်စွာဘုရား ဟောကြား ပညတ်တဲ့ တရားနဲ့ ဝိနည်းပဲ၊ မြတ်စွာဘုရားသခင်ဟာ သာသနာတော်ကို စပြီးတည်ထောင်စဉ် ဓမ္မစကြာသုတ်တရားတော်ကို ဟောစဉ်ကတည်းက မဇ္ဈိမပဋိပဒါဆိုတဲ့ မဂ္ဂင်ရှစ်ပါးကို အရင်းခံပြုပြီး ဟောကြားတော်မူခဲ့တယ်၊ နောက်ကာလများ၌လဲ ၄၅ - ဝါပတ်လုံး သုတ်တိုင်းမှာလိုပင် ဒီမဂ္ဂင်ရှစ်ပါးကို ဟောတော်မူခဲ့ပါတယ်၊ ဒါကြောင့် ဗုဒ္ဓ သာသနာတော်မှာ မဂ္ဂင်ရှစ်ပါး ရှိတယ်ဆိုတာက သာမန်ရှိကာမျှ မဟုတ်ပါဘူး၊ အရင်းခံအနေနဲ့ အထူးဝိသေသအားဖြင့် ရှိတာဖြစ်ပါတယ်၊)

သုဘဒ္ဒ - သုဘဒ်ပရိဗိုဇ်၊
ဣဓေဝ - ဤငါ၏ သာသနာတော်၌ သာလျှင်၊
သမဏော - ကိလေသာ ငြိမ်းသော ပထမသောတာပန်ရဟန်းကို၊
ဥပလဗ္ဘတိ - ရအပ်၏၊
ဣဓ ဧဝ - ဤငါ၏ သာသနာတော်၌ သာလျှင်၊
ဒုတိယော သမဏော - ကိလေသာငြိမ်းသော ဒုတိယ သကဒါဂါမ်ရဟန်းကို၊
ဥပလဗ္ဘတိ - ရအပ်ပေ၏၊
ဣဓ ဧဝ - ဤငါ၏ သာသနာတော်၌သာလျှင်၊
တတိယော သမဏော - ကိလေသာငြိမ်းသော တတိယ အနာဂါမ်ရဟန်းကို၊
ဥပလဗ္ဘတိ - ရအပ်ပေ၏၊
ဣဓ ဧဝ - ဤငါ၏ သာသနာတော်၌သာလျှင်၊
စတုတ္ထော သမဏော - ကိလေသာငြိမ်းသော စတုတ္ထရဟန္တာ ရဟန်းကို၊
ဥပလဗ္ဘတိ - ရအပ်ပေ၏တဲ့။

ဗုဒ္ဓမြတ်စွာဘုရား မပွင့်မီက မဂ္ဂင်ရှစ်ပါးကိုတောင် မသိကြသေးဘူး၊ အဲဒီမဂ္ဂင် ရှစ်ပါးကို ပွားစေရမယ်ဆိုတာကိုတော့ မသိတာ အထူးပြောစရာ မလိုတော့ပါဘူး၊ ဒါကြောင့် အဲဒီခေတ်ကာလတုန်းက ဈာန်သမာပတ် ၇-ပါးကိုရနေတဲ့ အာဠာရ ရသေ့ကြီးထဲ ဒီမဂ္ဂင်ရှစ်ပါးကို မသိဘူး၊ မပွားစေခဲ့ဘူး၊

ဈာန်သမာပတ် ၈-ပါး လုံးကိုရနေတဲ့ ဥဒကရသေ့ကြီးလဲ မသိဘူး၊ မပွားစေခဲ့ဘူး၊ ဒါကြောင့် အဲဒီ ရသေ့ကြီးတွေဟာ ဝိပဿနာဉာဏ်ကိုတောင်မရခဲ့ဘူး၊ အရိယမဂ်ဖိုလ် ဉာဏ်ကို ရဖို့ကတော့ ဝေးရောပဲ။

အဲဒီ ရသေ့ကြီးတွေသာ မဟုတ်ဘူး၊ အဲဒီတုန်းက ပုထုဇဉ်ဗြဟ္မာတွေလဲ မဂ္ဂင်ရှစ်ပါးကို မသိကြဘူး၊ မပွားစေနိုင်ကြဘူး၊ နတ်တွေ, လူတွေ မသိကြတာ မပွားစေနိုင်ကြ တာကိုတော့ အထူးပြောစရာ မလိုပါဘူး၊ ဒါကြောင့် ဗုဒ္ဓသာသနာ တော်မှာသာ မဂ္ဂင်ရှစ်ပါးက ရှိတယ်၊ ဓမ္မစကြာတရားကို နာတဲ့အခါမှစ၍ ဒီ မဂ္ဂင်ရှစ်ပါးကို လူတွေ, နတ်တွေ, ဗြဟ္မာတွေက သိကြတယ်၊ သိပြီးတော့ သဒ္ဓါ ဆန္ဒပြည့်ဝတဲ့သူတွေက ဒီမဂ္ဂင်ရှစ်ပါးကို ပွားစေကြတယ်။

အဲဒီလို ပွားစေကြတဲ့အတွက် ဓမ္မစကြာသုတ် တရားကို နာစဉ်မှာပင် ဗြဟ္မာတွေက ၁၈-ကုဋေ၊ နတ်တွေက အတိုင်းမသိများစွာ တရားထူးရပြီး ကိလေသာငြိမ်းသူတွေ ဖြစ်ကြတယ်၊ လူသားထဲကတော့ အရှင်ကောဏ္ဍညတစ်ပါးပဲ တရားထူးရပြီး ကိလေသာငြိမ်းတဲ့ ပထမသောတာပန် သမဏဖြစ်ခဲ့တယ်၊ နောက်ကာလများမှာ အရှင်ဝပ္ပစသည်တို့လဲ အဲဒီမဂ္ဂင်ရှစ်ပါးကို ပွားစေကြပြီးတော့ ကိလေသာငြိမ်းတဲ့ သမဏအစစ်တွေ ဖြစ်ကြတယ်၊

ဗုဒ္ဓသာသနာတော်ဆိုတဲ့ တရားတော် ဝိနည်း တော်ကို မယုံကြည်ကြတဲ့ သာသနာ အပြင်ပ ပုဂ္ဂိုလ်တွေကတော့ ဟိုတုန်းကရော ယခုထက်တိုင်ရော မဂ္ဂင်ရှစ်ပါးကို မသိကြဘူး၊ မသိလို့ မပွားစေနိုင်ကြဘူး၊ ဒါကြောင့် ဗုဒ္ဓသာသနာတော်မှာ အပြင်ပ ပုဂ္ဂိုလ်တွေ၏ သန္တာန်မှာ မဂ္ဂင်ရှစ်ပါး မရှိဘူး၊

ဗုဒ္ဓသာသနာဝင်ပါလို့ ဝန်ခံနေကြပေမယ့် မဂ္ဂင်ရှစ်ပါးပွားစေရမယ်လို့ မသိကြ မယုံကြည်ကြတဲ့ သူတွေမှာ အဲဒီမဂ္ဂင်ရှစ်ပါးမရှိဘူး၊ မဂ္ဂင်ရှစ်ပါးမရှိတော့ အဲဒီ သာသနာပ ပုဂ္ဂိုလ်တွေဟာ ကိလေသာငြိမ်းတဲ့ သောတာပန် စသည် မဖြစ်နိုင်ကြဘူး၊

ဒါကြောင့် မြတ်စွာဘုရားက (ဣဓေဝ သုဘဒ္ဒ သမဏော စသည်ဖြင့်) ငါ၏ သာသနာတော်မှာသာ ကိလေသာငြိမ်းတဲ့ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာဆိုတဲ့ သမဏအစစ် အရိယာများ ရှိကြတယ်လို့ ဟောကြားတော်မူပါတယ်။ အဲဒီလို ဟောကြားတော်မူပြီးတော့ အခြား ဘာသာဝါဒတွေမှာ ကိလေသာငြိမ်းသူ မရှိဘူးဆိုတာကို ခိုင်ခိုင်မြဲမြဲ မှတ်ရအောင် ဒီလိုလဲ ဆက်ပြီး ဟောတော် မူပြန်ပါတယ်။

ပရပ္ပဝါဒါ - ငါ၏ တရားဝိနည်းမှ အခြား တစ်ပါးသော ဘာသာအယူဝါဒတို့သည်၊
အညေဟိ - မိမိတို့ဝန်ခံသည့်အတိုင်း သိကုန်သော၊
သမဏေဟိ - ကိလေသာငြိမ်းသူ တစ်ကျိပ်နှစ်ပါးသော၊
သမဏ - ရဟန်းတို့မှ၊
သုညာ - ကင်းဆိတ်လျက် ရှိကြလေတော့သည် - တဲ့။

လူမရှိတဲ့ တောအရပ်မှာ လူကင်းဆိတ်နေသလိုပင် ဗုဒ္ဓသာသနာတော်မှ အပြင် ဘက်က ဘာသာ အယူဝါဒတွေနဲ့ အဲဒီ အယူအစွဲရှိနေတဲ့ ပုဂ္ဂိုလ်တွေထဲမှာ ကိလေသာငြိမ်းတဲ့ သမဏ ရဟန်းတွေ ကင်းဆိတ်နေပါတယ်တဲ့၊ ဒီနေရာမှာတော့ သမဏ - အရကို အဋ္ဌကထာက တစ်ကျိပ်နှစ်ပါး ဝေဖန်ပြီး ဖွင့်ပြထားတယ်၊ ဖွင့်ပြပုံကတော့ -

စတုန္နံ မဂ္ဂါနံ အတ္ထာယ - မဂ်လေးပါးတို့ အတွက်၊
အာရဒ္ဓဝိပဿကေဟိ စတူဟိ - အားထုတ်စ ပြုပြီးသော ဝိပဿနာ ယောဂီ ၄-ပါး တို့မှလည်းကောင်း၊
မဂ္ဂဋ္ဌေဟိစတူဟိ - မဂ်၌ တည်ဆဲအရိယမဂ်ပုဂ္ဂိုလ် ၄-ပါးတို့မှလည်းကောင်း၊
ဖလဋ္ဌေဟိ စတူဟိ - ဖိုလ်၌ တည်သော အရိယပုဂ္ဂိုလ် ၄-ပါးတို့မှ လည်းကောင်း၊
ဣတိ - ဤသို့ ရေတွက်သောအားဖြင့်၊
ဒွါဒသဟိ သမဏေဟိ - တစ်ကျိပ်နှစ်ပါးသော ကိလေသာငြိမ်းသည့် ရဟန်းတို့မှ၊
ပရပ္ပဝါဒါ - သာသနာအပြင်ပ တစ်ပါးသော ဘာသာ အယူဝါဒတို့သည်၊
သုညာ - ကင်းဆိတ်ကုန်၏၊
တုစ္ဆာ - အချည်းအနှီးဖြစ်ကုန်၏၊
ရိတ္တကာ - ကင်းမဲ့ကုန်၏ -

လို့ ဖွင့်ပြထားပါတယ်၊

အဲဒီ တစ်ကျိပ်နှစ်ပါးထဲမှာ မဂ် ၄-ပါးကိုရရန် အားထုတ်စပြုပြီး ဖြစ်တဲ့ ဝိပဿနာ ယောဂီ သမဏ ၄ - ပါးဆိုတာကို အထူးသတိပြုရမယ်၊ အဲဒီ ၄-ပါးထဲမှာ သောတာပတ္တိမဂ်ကိုရရန်အတွက် အားထုတ်စပြုပြီးဖြစ်တဲ့ ဝိပဿနာယောဂီဆိုတာ ဥဒယဗ္ဗယဉာဏ် စသည်နှင့် ပြည့်စုံနေတဲ့ ပုထုဇဉ် ယောဂီပဲ၊

အဲဒီ အဋ္ဌကထာ အဆိုကို ထောက်ဆကြည့်ရင် မဂ် ၄-ပါးရရန် ဝိပဿနာ ရှုရတယ်၊ ဆိုတော့ ဝိပဿနာရှုမှ မဂ်လေးပါးကို ရနိုင်တယ်၊ မရှုရင် မရနိုင်ဘူး၊ အောက်ထစ်ဆုံး ဖြစ်တဲ့ သောတာပတ္ထိမဂ်ကို ရရန်လဲ ဝိပဿနာ ရှုရတယ်၊ မရှုရင် သောတာပတ္တိမဂ် ကိုလဲ မရနိုင်ဘူးဆိုတာ ကိန်းသေ မှတ်ထားကြရမယ်၊

နောက်ပြီးတော့ သောတာပတ္တိမဂ်ကိုရရန် ဝိပဿနာရှုနေတဲ့ ပုထုဇဉ် ပုဂ္ဂိုလ်ဟာလဲ ရှုမှတ်ပြီး အနိစ္စစသည်ဖြင့် သိရတဲ့အာရုံမှာ ကိလေသာဖြစ်ခွင့် မရှိဘဲ ငြိမ်းငြိမ်းသွားတဲ့ အတွက် ကိလေသာကို ငြိမ်းစေတဲ့ သမဏ ရဟန်းမည်တယ် ဆိုတာကိုလဲ အထူး မှတ်ထားကြရမယ်။

ဗုဒ္ဓသာသနာတော်မှ အပြင်ဘက်က ဘာသာ အယူဝါဒတွေမှာတော့ ဝိပဿနာ ရှုရမယ် ဆိုတာကိုတောင် မသိတဲ့အတွက် ဝိပဿနာ ရှုသူလဲမရှိဘူး၊ ဒါကြောင့် ဝိပဿနာ ယောဂီ သမဏမှလဲ ကင်းဆိတ်နေတယ်၊

ဗုဒ္ဓသာသနာဝင်တွေထဲမှာလဲ “ရုပ်နာမ် အနိစ္စ ဒုက္ခ အနတ္တ သဘောတွေကို ကြားနာပြီး သဘောပေါက်သိရင် ကိစ္စပြီးတယ်၊ ဝိပဿနာ ရှုဖို့ မလိုဘူး” လို့ ပြောဟောတဲ့ အယူဝါဒစွဲ ရှိနေတဲ့ သူတွေထဲမှာလဲ အဲဒီ ဝိပဿနာ ယောဂီဆိုတဲ့ ပုထုဇဉ် သမဏတောင် ကင်းဆိတ်နေတယ်၊ အရိယာရှစ်ပါး သမဏတွေ ကင်းဆိတ် နေတာကိုတော့ အထူးပြောစရာ မလိုပါဘူး၊ အဲဒီအချက်ကိုလဲ အထူး သတိပြု ကြရမယ်။

သာသနာ တည်တံ့ရေးအတွက် အကောင်းဆုံး နည်းလမ်း

မြတ်စွာဘုရားက “ငါ၏ အဆုံးအမ သာသနာတော်မှာသာ ကိလေသာငြိမ်းသူ သမဏအစစ်များရှိတယ်၊ အပြင်ဘက်မှာတော့ သမဏအစစ်များ မရှိဘူး၊ သမဏအစစ်များမှ ကင်းဆိတ်နေကြတယ်” ဆိုတာကို ဟောကြားပြီးနောက် သမဏ အစစ်တွေ အဆက်မပြတ်တည်တံ့ပြီး သာသနာတော် တည်တံ့ရေးကိုလဲ ဒီလို ပြောကြားတော်မူပါတယ်။

ဣမေ စ သုဘဒ္ဒ ဘိက္ခူ သမ္မာ ဝိဟရေယျုံ၊ အသုညော လောကော အရဟန္တေဟိ အဿ - တဲ့။

သုဘဒ္ဒ - သုဘဒ်ပရိဗိုဇ်၊
- မဂ္ဂင်ရှစ်ပါး ရှိလျက် သမဏအစစ်များ အဆက်မပြတ်ရှိနိုင်ပုံကို ဖော်ပြဦးမည်၊
ဣမေ ဘိက္ခူ - တစ်ကျိပ်နှစ်ပါးသော ဤရဟန်းတို့သည်၊
သမ္မာဝိဟရေယျုံ - ကောင်းမွန်မှန်ကန်စွာ နေသွားကြမည်ဆိုလျှင်၊
လောကော - သတ္တဝါ အပေါင်းဟူသော လောကသည်၊
အရဟန္တေဟိ - ရဟန္တာသမဏအစစ်တို့မှာ၊
အသုညော - မဆိတ်မသုဉ်းသည်၊
အဿ - ဖြစ်ရာ၏၊
ဝါ - ဖြစ်နိုင်ပေ၏တဲ့။

ဒီမှာ တစ်ကျိပ်နှစ်ပါးလို့ အနက်ပြန်တာကတော့ ဒွါဒဿ ဘိက္ခူ ဆိုတဲ့ အဋ္ဌကထာ အဖွင့်အရပါပဲ၊ အဲဒီ တစ်ကျိပ်နှစ်ပါး ဆိုတာကလဲ ခုတင်က ပြောခဲ့တဲ့အတိုင်း ဝိပဿနာ ယောဂီ ၄ - ပါးနဲ့ အရိယာ ရှစ်ပါးပါပဲ၊ အဲဒီ တစ်ကျိပ်နှစ်ပါးသော ပုဂ္ဂိုလ် တွေက ကောင်းကောင်းမွန်မွန် နေသွားကြမယ်ဆိုရင် လောကကြီးမှာ ရဟန္တာ ပုဂ္ဂိုလ်တွေ မဆိတ်သုဉ်းဘဲ အမြဲတမ်း ရှိနေနိုင်ပါတယ်တဲ့၊ ကောင်းကောင်း မွန်မွန် နေဆိုတာက ဘယ်လိုလဲ၊ ကိုယ့်တရားကို နှလုံးသွင်းပြီး အေးအေး ချမ်းချမ်း နေတာကို ဆိုတာလားဆိုတော့၊ အဲဒီလိုနေတာကို ဆိုတာ မဟုတ်ပါဘူး၊

အဲဒီလို အေးအေးကလေးနေရုံနဲ့တော့ အရိယာတွေ, ရဟန္တာတွေ အဆက်မပြတ် မဖြစ်ပါဘူး၊ မဂ္ဂင်ရှစ်ပါး တရားကို အဆင့်ဆင့် ဟောကြားပြီး ပွားများစေကြမှ သာလျှင် အရိယာတွေ အဆက်မပြတ်ဖြစ်ပြီး ရဟန္တာတွေ မဆိတ်မသုဉ်းဘဲ ရှိနေနိုင်ပါတယ်၊ ဒါကြောင့် အဋ္ဌကထာက ဒီလို ဖွင့်ပြထားပါတယ်။

သမ္မာ ဝိဟရေယျုန္တိ ဧတ္ထ သောတာပန္နော အတ္တနော အဝိဂတဋ္ဌာနံ အညံဿ ကထေတွာ သောတာပန္နံ ကရောန္တော သမ္မာ ဝိဟရတိ နာမ၊ ဧသ နယော သကဒါဂါမိ အာဒီသု။ပ။ သောတာပတ္တိ မဂ္ဂတ္ထာယ အာရဒ္ဓဝိပဿကော အတ္တနော ပဂုဏံ ကမ္မဋ္ဌာနံ ကထေတွာ အညမ္ပိ သောတာပတ္တိမဂ္ဂတ္ထာယ အာရဒ္ဓဝိပဿကံ ကရောန္တော သမ္မာ ဝိဟရတိ နာမ၊ ဧသ နယော သေသမဂ္ဂတ္ထာယ အာရဒ္ဓဝိပဿကေသု။

သမ္မာ ဝိဟရေယျုန္တိ ဧတ္ထ - သမ္မာ ဝိဟာရေယျုံ ဟူသော ဤစကား၌၊
သောတာပန္နော - သောတာပန်ပုဂ္ဂိုလ်သည်၊
အတ္တနော အဓိဂတဋ္ဌာနံ - မိမိ၏ ရပြီး တရားထူးအရ ဌာနကို၊
ဝါ - တရားထူးရခြင်း၏ အကြောင်းနည်းလမ်းကို၊
အညဿ ကထေတွာ - အခြားသူအား ပြောပြ၍၊
တံ - ထိုအခြားသူကို၊
သောတာပန္နံ ကရောန္တော - သောတာပန်ဖြစ်အောင် ပြုနိုင်သည်ရှိသော်၊
သမ္မာ ဝိဟရတိ နာမ - ကောင်းမွန်မှန်ကန်စွာနေသည် မည်ပေ၏တဲ့။

အဲဒီ အဖွင့်ဟာ ရှင်းလင်း ပြတ်သားပါတယ်၊ သောတာပန် ပုဂ္ဂိုလ်က မိမိရထားတဲ့ တရားကို အခြားသူအား ပြောသင့်သမျှ စိတ်ပါဝင်စားအောင် ပြောပြရမယ်၊ အဲဒီတရားထူးကို ရအောင် အားထုတ်ပုံ အားထုတ်နည်းကိုလဲ ပြောပြရမယ်၊ အဲဒီလို ပြောပြရမယ်ဆိုတာ တခြားကို ပြောပြရမှာမဟုတ်ဘူး၊ မဂ္ဂင်ရှစ်ပါး ပွားစေပုံ နည်းလမ်းကို ပြောပြရမယ်လို့ ဆိုတာပဲ၊

အဲဒီလို ပြောပြပြီးတော့ အဲဒီတခြားသူကို မဂ္ဂင်ရှစ်ပါးပွားစေရမယ်၊ ဝိပဿနာ အလုပ်ကို အားထုတ်စေရမယ်၊ အဲဒီလို ပြောပြပြီး အားထုတ်စေတဲ့အတွက် အခြားလူ တစ်ယောက် သောတာပန် ဖြစ်သွားရင် ပြောပြတိုက်တွန်းပေးတဲ့ ပထမ သောတာပန် ဟာ ရဟန္တာ မဆိတ်သုဉ်းရေးအတွက် ကောင်းမွန် မှန်ကန်စွာနေသည်မည်ပါတယ်တဲ့၊

အတိုချုပ်ဆိုလိုတာကတော့ သောတာပန်တရားက အနည်းဆုံးအားဖြင့် သောတာပန် အသစ်တစ်ပါး ပွားစေရမယ် - လို့ ဆိုလိုပါတယ်၊ အဲဒီလို ပွားများ ထားခဲ့ရင် သောတာပန်တွေ အဆက်မပြတ် ရှိနေရမယ်၊ အဲဒီ သောတာပန်တွေက သကဒါဂါမ် အနာဂါမ်ဖြစ်ပြီး ရဟန္တာဖြစ်သွားကြမယ်၊ ဒီတော့ ရဟန္တာတွေလဲ အဆတ်မပြတ် ရှိနေနိုင်တာပေါ့၊ နောက်ပြီးတော့ -

သကဒါဂါမိ အာဒီသု - သကဒါဂါမ် ပုဂ္ဂိုလ်စသည်တို့၌ (ကောင်းမွန်စွာနေပုံမှာ)၊
ဧသ နယော - ဤသောတာပန် နည်းတူပင်တည်းတဲ့။

သကဒါဂါမ်ကလဲ အနည်းဆုံး သကဒါဂါမ်တစ်ပါး ပွားစေခဲ့ပါ။ အနာဂါမ်ကလဲ ပွားစေခဲ့ပါ၊ ရဟန္တာကလဲ ပွားစေခဲ့ပါတဲ့၊ အဲဒီလို သကဒါဂါမ်အသစ်, အနာဂါမ် အသစ်, ရဟန္တာ အသစ်တွေ ပွားစေခဲ့လို့ရှိရင် လောကမှာ ရဟန္တာတွေ မဆိတ်သုဉ်းဘဲ အမြဲမပြတ် ရှိနေမယ်ဆိုတာ အလွန်ထင်ရှားပါတယ်၊

မဂ် ၄ - ပါး၌ တည်ဆဲပုဂ္ဂိုလ်လေးပါးက ပွားစေပုံကလဲ အဋ္ဌကထာမှာ နည်းတူပင် ပြထားပါသေးတယ်၊ ဒါပေမယ့် မဂ္ဂဋ္ဌာန်ဖြစ်ခိုက်မှာတော့ အခြား ကမ္မဋ္ဌာန်းအသစ် ဖြစ်အောင် မဆောင်ရွက်နိုင်ပါဘူး။ ဖလဋ္ဌာန် ဖြစ်ပြီးမှသာ ဆောင်ရွက်နိုင်ပါတယ်၊ ဒါကြောင့် အဲဒီ စာပိုဒ်တော့ ဒီမှာ “။ပ။” ဆိုတဲ့ သင်္ကေတဖြင့် ပေယျာလ ထိုးထား လိုက်ပါတယ်၊ နောက်ပြီးတော့ ဝိပဿနာယောဂီပုဂ္ဂိုလ်က ရဟန္တာ မဆိတ်အောင် နေပုံကိုလဲ ဒီလိုပြသထားပါတယ်။

သောတာပန်ဖြစ်ဖို့လဲ ဝိပဿနာရှုရသည်

သောတာပတ္တိမဂ္ဂတ္ထာယ - သောတာပတ္တိမဂ်ကို ရရန်အတွက် အာရဒ္ဓဝိပဿကော - အားထုတ်စ ပြုခဲ့ပြီးသည်ဖြစ်၌ ဥဒယဗ္ဗယဉာဏ်စသည်သို့ ရောက်နေသော ဝိပဿနာယောဂီသည်၊

(နာမရူပပရိစ္ဆေဒဉာဏ်, ပစ္စယပရိဂ္ဂဟဉာဏ်, သမ္မသနဉာဏ်များ လောက်သာ ရောက်နေတဲ့ ဝိပဿနာ ယောဂီဟာ အာရဒ္ဓဝိပဿက မမည်သေးဘူး၊ ဥဒယဗ္ဗယ ဉာဏ် စသည်ကို ရောက်နေတဲ့ ဝိပဿနာ ယောဂီကမှ အာရဒ္ဓဝိပဿက မည်တယ်၊ ဥဒယဗ္ဗယဉာဏ် စသည်ကို ရောက်နေမှလဲ သူတစ်ပါးကို ပြောဟော တိုက်တွန်း နိုင်လောက်တဲ့ ကိုယ်တွေ့များ ပြည့်စုံတယ်၊ ဒါကြောင့် ဒီမှာ အဲဒီလို ပုဂ္ဂိုလ်ကို အာရဒ္ဓ ဝိပဿကလို့ ဆိုပါတယ်။)

အာရဒ္ဓဝိပဿကော - အားထုတ်စ ပြုပြီးဖြစ်သော ဝိပဿနာယောဂီသည်၊
အတ္တနော - မိမိ၏၊
ပဂုဏံ - ကျေပွန်နေသော၊
ကမ္မဋ္ဌာနံ - ဝိပဿနာ ကမ္မဋ္ဌာန်းကို၊
ကထေတွာ - ပြောပြ၍၊
အညမ္ပိ - အခြားသူကိုလည်း၊
သောတာပတ္တိမဂ္ဂတ္ထာယ အာရဒ္ဓ ဝိပဿကံ ကရောန္တော - သောတာပတ္တိမဂ် ရရန် အားထုတ်စပြုပြီးသော ဝိပဿနာယောဂီဖြစ်အောင် ပြုစုနိုင်သည် ရှိသော်၊
သမ္မာဝိဟရတိနာမ - ကောင်းစွာနေသည် မည်ပေ၏တဲ့။

အဲဒီ စကားထဲမှာ သောတာပတ္တိမဂ်ကို ရရန် အားထုတ်နေတဲ့ အာရဒ္ဓဝိပဿက ပုဂ္ဂိုလ်ဆိုတာကို အထူးသတိပြုကြရမယ်။ အချို့က “သောတာပန်ဖြစ်ဖို့တော့ ဝိပဿနာ မရှုရဘူး၊ သောတာပတ္တိမဂ်ဟာ ဒဿနမဂ် ဖြစ်တဲ့အတွက် နည်းလမ်း သိမြင်ရုံမျှဖြင့် ကိစ္စပြီးတယ်”လို့ အရမ်းပြောဟောနေကြတယ်၊ အဲဒါဟာ ဒီ အဋ္ဌကထာ အဖွင့်နှင့် တိုက်ဆိုင်ကြည့်ရင် အသင့်ယုတ္တိမရှိတဲ့ အမှားစင်စစ်ဖြစ်ကြောင်း ထင်ရှားပါတယ်၊

အမှန်စင်စစ်ကတော့ အရိယမဂ်လေးပါး လုံးပင် ပုဗ္ဗဘာဂမဂ် ဆိုတဲ့ ဝိပဿနာ မဂ္ဂင်ရှစ်ပါးကို ပွားစေပြီးမှ ဖြစ်ပေါ်တာချည်းပဲ၊ ဒါကြောင့် ဒီမှာ သောတာပတ္တိမဂ်ရရန် အားထုတ်စပြုပြီး ဖြစ်တဲ့ ဝိပဿနာယောဂီပုဂ္ဂိုလ်ကို ထုတ်ပြထားပါတယ်၊ သောတာပတ္တိမဂ်ရအောင် အားထုတ်တယ်ဆိုတော့ ပုထုဇဉ် ပုဂ္ဂိုလ်ပေါ့၊ အဲဒီ ပုဂ္ဂိုလ်ဟာ ဥဒယဗ္ဗယဉာဏ် ရောက်ရင် အာရဒ္ဓဝိပဿက မည်ပါတယ် ဘင်္ဂဉာဏ်စသည်ကို ရောက်နေရင်တော့ အထူးပြောစရာ မလိုတော့ပါဘူး။

ဥဒယဗ္ဗယဉာဏ် စသည်ကို ရောက်နေတဲ့ ဒီဝိပဿနာယောဂီမှာ ဝိပဿကမ္မဋ္ဌာန်းက ကျေပွန်သင့်သလောက် ကျေပွန်နေပါတယ်၊ သင်္ခါရုပေက္ခာဉာဏ် ရောက်ရင် အကျေပွန်ဆုံးပါပဲ၊ ဒါကြောင့် မိမိမှာ ကျေပွန်နေတဲ့ ဝိပဿနာ ကမ္မဋ္ဌာန်းကို အခြားသူအား ပြောပါတဲ့၊ ကိုယ်နဲ့ ခင်မင်ရင်းနှီးတဲ့သူ, ကိုယ့်စကားကို ယုံကြည်မည့်သူ ဒီပုဂ္ဂိုလ်အား ပြောပြဖို့ပါပဲ။

အဲဒီလို ပြောပြပြီးတော့ ဝိပဿနာ မဂ္ဂင်ပွားစေတဲ့ ဘာဝနာအလုပ်ကို အားထုတ် စေရမယ်၊ အဲဒီလို အားထုတ်စေသော အားဖြင့် အခြားသူတစ်ယောက် ဥဒယဗ္ဗယဉာဏ် ရောက်သွားရင် အာရဒ္ဓ ဝိပဿကပုဂ္ဂိုလ် ဖြစ်တော့တာပဲ၊ အာရဒ္ဓ ဝိပဿကပုဂ္ဂိုလ်အဖြစ် ရောက်သွားရင် အင်မတန် ဝမ်းမြောက်ဝမ်းသာ ရှိတယ်၊

သောတာပတ္တိမဂ်ကို ရအောင် ဆက်ပြီး အားထုတ်သွားဖို့ရာလဲ စိတ်ဆန္ဒ ထက်သန် နေပြီ၊ ဒါကြောင့် အဲဒီတခြားသူလဲ ဆက်လက်အားထုတ်ပြီး သောတာပန်ဖြစ်ဖို့ နီးစပ်နေပါပြီ၊ သောတာပန် ဖြစ်သွားရင် ရဟန္တာအထိ ဖြစ်တော့မှာပဲ၊ ဒါကြောင့် အခြားသူအား ဥဒယဗ္ဗယဉာဏ် ရောက်အောင် အားထုတ်စေတဲ့ ပထမ ဝိပဿနာ ယောဂီဟာ ရဟန္တာ မဆိတ် မသုဉ်းအောင် ကောင်းမွန်မှန်ကန်စွာ နေသည် မည်ပါတယ်တဲ့။

ဒါကြောင့် ဘုန်းကြီးတို့က ဝိပဿနာတရား အားထုတ်ကြအောင် ဟောပြောနေ တာဟာ လောကမှာ ရဟန္တာ မဆိတ်မသုဉ်းဘဲ သာသနာတော်တည်တံ့ရေးကို ဆောင်ရွက်နေခြင်းပါပဲ၊ ဗုဒ္ဓသာသနာတော်ကို ကြာရှည်တည်စေလိုတဲ့ သမ္မာဆန္ဒ ရှိသူဆိုလျှင် ဘုန်းကြီးတို့ဟောပြော တိုက်တွန်းနေတဲ့ အလုပ်ကို စိတ်ပါ လက်ပါနဲ့ အားပေးကူညီကြဖို့ ရှိတာပါပဲ၊

ဒါပေမယ့် တစ်ချို့ကတော့ သူတို့ကိုယ်တိုင်က ဘာတရားမှ အားထုတ်ခြင်းမရှိပါဘဲနဲ့ ဘုန်းကြီးတို့၏ သာသနာတည်တံ့ရေး အလုပ်ကို မျက်ကွယ်မှာ အပြစ်ပြောကြ, ကန့်ကွက် တားမြစ်ကြတာလဲ ထိုထို အရပ်ဒေသမှာ နည်းနည်းတော့ ရှိနေသေးတာပဲ၊ ဗုဒ္ဓသာသနာဝင် အမည်ခံပြီးတော့ သာသနာတည်တံ့ရေး အလုပ်အားမပေးဘဲ အနှောင့်အယှက်ပေးတာကတော့ ဗုဒ္ဓသာသနာဝင် အစစ်တွေအဖို့ ဝမ်းနည်းစရာပါပဲ။

ရှေးရှေး ဘုရားရှင်များ လက်ထက်ကလဲ ဒီသာသနာတည်တံ့ရေး မဂ္ဂင်တရားကို ဟောခဲ့ကြ, အားထုတ်အောင် တိုက်တွန်းခဲ့ကြတာပဲ၊ ဒါပေမယ့် ဟောမည့်ပုဂ္ဂိုလ်, အားထုတ်ပွားများမည့် ပုဂ္ဂိုလ်မရှိတဲ့အခါမှာ သမဏအစစ် အရိယာပုဂ္ဂိုလ်တွေ အဆက်ပြတ်ပြီး သာသနာကွယ်ခဲ့တာပဲ၊ အဲဒီလို သာသနာကွယ်နေတဲ့အခါမှာ မဂ္ဂင်ရှစ်ပါးကိုလဲ မသိကြဘူး၊ ပွားများ အားထုတ်ပုံကိုလဲ မသိကြဘူး၊

နောက်ထပ် အသစ် ပွင့်တော်မူလာတဲ့ ဘုရားရှင်က ဟောတော်မူမှ ဒီမဂ္ဂင်ရှစ်ပါးကို သိကြရတယ်၊ ပွားစေပုံနည်းကိုလဲ သိကြရတယ်၊ အဲဒီလိုသိပြီး မဂ္ဂင်ရှစ်ပါးကို ပွားများအားထုတ် နေသမျှ ကာလပတ်လုံး ဗုဒ္ဓသာသနာတော် တည်တံ့ပြီး သောတာပန် အစရှိသော သမဏအစစ်တွေ တည်ရှိနေတယ်၊ ဒါကြောင့် ဒီအရာမှာ မဂ္ဂင်ရှစ်ပါး ပွားစေပုံကို အကျဉ်းချုပ်အားဖြင့် ဖော်ပြဦးမယ်၊

(အကျယ်ကတော့ ဓမ္မစကြာတရားတော် စသည်မှာ ပြထားပြီး ရှိနေပါပြီ)၊

မဂ္ဂင်ရှစ်ပါးခေါင်းစဉ်ကို ရှေးဦးစွာ ဆိုကြရမယ်။

မဂ္ဂင်ရှစ်ပါး ပွားစေပုံ

၁။ သမ္မာဒိဋ္ဌိ - မှန်စွာ မြင်ခြင်း၊
၂။ သမ္မာသင်္ကပ္ပ - မှန်စွာ ကြံခြင်း၊
၃။ သမ္မာဝါစာ - မှန်စွာ ပြောခြင်း၊
၄။ သမ္မာကမ္မန္တ - မှန်စွာ ပြုခြင်း၊
၅။ သမ္မာအာဇီဝ - မှန်စွာ အသက်မွေးခြင်း၊
၆။ သမ္မာဝါယာမ - မှန်စွာ အားထုတ်ခြင်း၊
၇။ သမ္မာသတိ - မှန်စွာ အမှတ်ရခြင်း၊
၈။ သမ္မာသမာဓိ - မှန်စွာ စူးစိုက်တည်ကြည်ခြင်း။

အဲဒါဟာ ပွားစေရမည့် မဂ္ဂင်ရှစ်ပါးပါ၊ ဘာဝေတဗ္ဗမဂ္ဂသစ္စာဆိုတာလဲ ဒီမဂ္ဂင်ရှစ်ပါးပါပဲ၊ ဒီမဂ္ဂင်ရှစ်ပါးထဲမှာ သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ ဆိုတဲ့ သုံးပါးက သီလမဂ္ဂင် တွေပဲ၊ ဒီသီလမဂ္ဂင်တွေကတော့ သီလသိက္ခာပုဒ်ကို ရိုရိုသေသေ စောင့်ထိန်းနေရင် ပြီးစီးပြည့်စုံနေပါတယ်၊

လိမ်လည်ခြင်း, ကုန်းတိုက်ခြင်း, ဆဲဆိုခြင်း, အနှစ်မဲ့ အပြိန်အဖျင်း စကားပြောဆိုခြင်း ဆိုတဲ့ ဝစီဒုစရိုက် ၄ - ပါးမှ ကြဉ်ရှောင်လျှင် သမ္မာဝါစာမဂ္ဂင်ဖြစ်တယ်၊

သတ်ခြင်း, ခိုးခြင်း, မပိုင်မဆိုင်သော ကာမဂုဏ်တို့၌ ကျူးလွန်ခြင်းဆိုတဲ့ ကာယဒုစရိုက် ၃ - ပါးမှ ကြဉ်ရှောင်လျှင် သမ္မာကမ္မန္တမဂ္ဂင်ဖြစ်တယ်၊

အသက်မွေးဝမ်းကျောင်းနှင့် ဆိုင်တဲ့ အဲဒီ ဒုစရိုက် ၇ - ပါးမှ ကြဉ်ရှောင်လျှင် သမ္မာအာဇီဝမဂ္ဂင် ဖြစ်တယ်၊

အဲဒီသီလမဂ္ဂင်တွေက တရား အားမထုတ်မီ ရှေးအဖို့ကတည်းက ပြည့်စုံစေရတဲ့ အခြေခံ မူလမဂ္ဂင်တွေပဲ။

သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိဆိုတဲ့ သုံးပါးက သမာဓိမဂ္ဂင်တွေပဲ၊ သမာဓိမဂ္ဂင်တွေကတော့ သမထ ဝိပဿနာအလုပ်ကို အားထုတ်တဲ့အခါမှာမှ ပြီးစီးပြည့်စုံတယ်၊ ဘယ်လိုလဲဆိုလျှင် ရှုမှတ်သင့်တဲ့ သမထအာရုံ, ဝိပဿနာ အာရုံကို ရှုမှတ်မိအောင် ကြောင့်ကြပြုတာ, အားထုတ်တာက သမ္မာဝါယာမပဲ၊ အဲဒီ သမ္မာဝါယမဟာ ကိစ္စအားဖြင့် ၄ - ပါး ရှိတယ်၊

မဖြစ်သေးတဲ့ အကုသိုလ်ကို မဖြစ်အောင် အားထုတ်တာက ၁ - ပါး။
ဖြစ်ပြီး ကုသိုလ်ကို ဖြစ်အောင် အားထုတ်တာက ၁ - ပါး။
မဖြစ်သေးတဲ့ ကုသိုလ်ကို ဖြစ်အောင် အားထုတ်တာက ၁ - ပါး။
ဖြစ်ပြီး ကုသိုလ်များ ပြည့်စုံအောင် အားထုတ်တာက ၁ - ပါး။

ဒီလို ၄ - ပါးရှိတယ်။

ရှုမှတ်သင့်တဲ့ အာရုံကို အမှတ်ရတာက သမ္မာသတိပဲ၊ သမထအာရုံကို အမှတ်ရတာက သမထသမ္မာသတိ၊ ဝိပဿနာအာရုံကို အမှတ်ရတာက ဝိပဿနာ သမ္မာသတိပေါ့ ဒီသမ္မာသတိကို ဖွင့်ပြတဲ့ ပါဠိတော်များမှာတော့ -

ကာယေကာယာနုပဿီ ဝိဟရတိ - ရုပ်အပေါင်းကိုယ်၌ ရုပ်အပေါင်းမျှဟု ရှုမြင်လျက် နေ၏။ ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ - ခံစားမှု ဝေဒနာတို့၌ ခံစားမှုမျှဟု ရှုမြင်လျက်နေ၏။ စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ - ကြံသိမှုစိတ်၌ ကြံသိမှုမျှဟု ရှုမြင်လျက် နေ၏။ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ - သဘောတရားတို့၌ သဘောတရားမျှဟု ရှုမြင်လျက်နေ၏ စသည်ဖြင့် သတိပဋ္ဌာန် ၄ - ပါးသည်ပင် သမ္မာသတိမဂ္ဂင်ဖြစ်ကြောင်း တိကျကျ ဖွင့်ပြထားပါတယ်၊

ဒါကြောင့် ထွက်သက် ဝင်သက်ကို အမှတ်ရတာ ဆံပင်မွေးညှင်း စသည်ကို အမှတ်ရတာဟာ သမထသမ္မာသတိပဲ၊ ထို့အတူပင် ကသိုဏ်း အသုဘ အစရှိသော အခြားသမထအာရုံကို အမှတ်ရတာကိုလဲ သမထသမ္မာသတိလို့ ဆိုရမှာပဲ၊

ဝိပဿနာယောဂီမှာ ဖြစ်ပေါ်လာသမျှ ကိုယ်အမူအရာခံစားမှု ဝေဒနာ, ကြံသိမှု စိတ်အမူအရာ, မြင်မှု, ကြားမှု တပ်မက်မှုစိတ်ဆိုးမှုစသော သဘောတရားတို့ကို အမှတ်ရတာဟာ ဝိပဿနာ သမ္မာသတိမဂ္ဂင်ပဲ၊ အဲဒီဝိပဿနာ သမ္မာသတိဖြစ်ရင် ရုပ်နာမ်အဖြစ်အပျက် အနိစ္စ ဒုက္ခ အနတ္တ သဘောများကို သိတဲ့ ဝိပဿနာဉာဏ် ဆိုတဲ့ သမ္မာဒိဋ္ဌိလဲ တစ်ပါးတည်း ပူးတွဲလျက် ဖြစ်တော့တာပဲ၊

ဒါကြောင့် အဲဒီသမ္မာသတိနဲ့ သမ္မာဒိဋ္ဌိ စသော ဝိပဿနာမဂ္ဂင်တွေ ဖြစ်အောင် ရှုမှတ် ပွားများဖို့ရာ ဘုန်းကြီးက ဆောင်ပုဒ် ၅ - ခုစီထားတယ်၊ အဲဒါတွေကို လိုက်ဆိုကြ ရမယ်။

သတိပဋ္ဌာန်ဖြစ်လျှင် သမာဓိဉာဏ်များလဲ ဖြစ်သည်

သတိနှင့်ဉာဏ်၊ ဖြစ်စေရန်၊ ရှုဟန်ညွှန်ပြမည်။
၁။ ကိုယ်အမူအရာ ပြုတိုင်းမှာ၊ မှန်စွာသိရမည်။
၂။ စိတ်အမူအရာ၊ ဖြစ်တိုင်းမှာ မှန်စွာသိရမည်။
၃။ ကောင်း, ဆိုး, လတ်ပါ၊ ဝေဒနာ၊ ပေါ်တာသိရမည်။
၄။ သဘောတရား၊ ထင်ပေါ်ငြား၊ ပိုင်းခြားသိရမည်။

အဲဒီ ဆောင်ပုဒ်များ၏ အနက်အဓိပ္ပါယ် အကျယ်ကိုတော့ ဓမ္မစကြာတရားတော် စသည်မှာ ပြထားပြီး ရှိပါတယ်။

သမ္မာသတိ ဖြစ်ရင် အဲဒီ သမ္မာသတိဖြင့် အမှတ်ရတဲ့ အာရုံ၌စူးစိုက်တည်ကြည်တဲ့ သမ္မာသမာဓိကလဲ ပူးတွဲပါဝင်ပြီး ဖြစ်တော့တာပဲ အဲဒီ သမ္မာသမာဓိမဂ္ဂင်ကို မြတ်စွာဘုရားက ဈာန် ၄ - ပါး သမာဓိဖြင့် ပြထားပါတယ်၊ အဲဒါကတော့ ဥက္ကဋ္ဌနည်း အားဖြင့် အမြတ်ဆုံး သမာဓိကို ပြတာပါပဲ၊

ဩမကအားဖြင့်တော့ ဈာန်၏အနီး ဥပစာရသမာဓိကိုလဲ စိတ္တဝိသုဒ္ဓိ အဖြစ်ဖြင့် ယူရပါတယ်၊ အဲဒီဥပစာရသမာဓိ အစစ်နှင့် နီဝရဏ ကင်းပုံချင်းတူတဲ့ ဝိပဿနာခဏိက သမာဓိကိုလဲ ယူရပါတယ်။ ဒီဝိပဿနာ ခဏိကသမာဓိကို (စတုဓာတုဝဝတ္ထာန် ကမ္မဋ္ဌာန်း စသည်ကို ပြရာမှာ) ဥပစာရသမာဓိလို့လဲ အဋ္ဌကထာမှာ ပြဆိုထားပါတယ်။

ဝိပဿနာ ယောဂီမှာ ဝိပဿနာသမာဓိ ကောင်းကောင်းဖြစ်ရင် အဲဒီ သမာဓိဖြင့် စူးစိုက်တဲ့ အာရုံမှာ အမှန်အတိုင်း သိအောင် သမ္မာသင်္ကပ္ပမဂ္ဂင်က စိတ်ဦးညွတ် ပေးတယ်၊ အဲဒီလို စိတ်ညွတ်ပေးတဲ့အတိုင်း သမ္မာဒိဋ္ဌိမဂ္ဂင်က အမှန်အတိုင်း သိမြင်တယ်၊ သိမြင်ပုံကတော့ - နီဝရဏကင်းအောင် သမာဓိကောင်းကာစ စိတ္တဝိသုဒ္ဓိ ဖြစ်ကာစဆိုရင် မှတ်သိရတဲ့ရုပ်၌ မှတ်သိတဲ့ စိတ်နာမ်ကို ခွဲခြားပြီး သိမြင်တယ်၊

ဖောင်းတယ်လို့ ရှုမှတ်ခိုက်မှာ ဖောင်းတာကတခြား + မှတ်သိတာက တခြား ကွဲပြားပြီး သိမြင်တယ်၊ ပိန်တယ်လို့ ရှုမှတ်ခိုက်မှာ ပိန်တာကတခြား + မှတ်သိ တာကတခြား ကွဲပြားပြီးသိတယ်၊ ထို့အတူပင် သွားဆဲ၌ သွားတယ် ကြွတယ် လှမ်းတယ် ချတယ်လို့ ရှုမှတ်ခိုက်မှာ မှတ်သိစရာကတခြား + မှတ်သိတာက တခြား၊ ကွဲပြားပြီး သိမြင်တယ်၊

ဒီပုံဒီနည်းဖြင့် မှတ်သိစရာရုပ်နဲ့ မှတ်သိမှု စိတ်နာမ် ပိုင်းခြားပြီး သိမြင်တယ်၊ အဲဒါဟာ တွေးဆပြီး သိတာမဟုတ်ဘူး၊ မတွေးမဆရဘဲ မှတ်ရုံ မှတ်ရုံမျှဖြင့် ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း သိသွားတာပဲ။

အဲဒီထက် သမာဓိနှင့် ဉာဏ်အား ကောင်းလာတဲ့အခါ ကျတော့ ကွေးချင်လို့ ကွေးတယ်၊ ဆန့်ချင်လို့ ဆန့်တယ်၊ လှုပ်ချင်လို့ လှုပ်တယ်၊ သွားချင်လို့ သွားတယ်၊ မျက်စိနဲ့ အဆင်းရှိလို့ မြင်သိတယ်၊ နားနဲ့ အသံရှိလို့ ကြားသိတယ်၊ အာရုံရှိလို့ ကြံသိမှု မှတ်သိမှုဖြစ်တယ်၊ ကံကောင်းလို့ ကောင်းတာကို တွေ့ရခံစားရတယ် စသည်ဖြင့် အကြောင်းနဲ့ အကျိုးကိုလည်း ခွဲခြားပြီး သိမြင် သဘောပေါက်လာတယ်၊

အဲဒီထက် သမာဓိနှင့် ဉာဏ်အားကောင်းလာတဲ့ အခါမှာ မှတ်သိရတဲ့ အာရုံရော မှတ်သိမှုရော အသစ်အသစ် ဖြစ်ပြီး တစ်ခဏချင်း ပျောက်ပျောက်သွားတာကို သိမြင်ရတယ်၊ လမ်းမှာစောင့်ကြည့်နေရင် လာသမျှ လူ ယာဉ် ရထား၊ စသည်ကို ထင်ထင်ရှားရှား တွေ့မြင်ရသလိုပါပဲ၊

အဲဒီလို ခဏမစဲ ဖြစ်ပျက်နေတာကိုချည်း တွေ့မြင်နေရတော့ အနိစ္စ - မမြဲဘူးလို့လဲ သိမြင်တော့တာပဲ၊ ဒုက္ခ - ဆင်းရဲကြီးပဲလို့လဲ သိမြင်တော့ တာပဲ၊ အနတ္တ - အစိုးမရတဲ့ အတ္တကောင်မဟုတ်၊ သဘောတရားမျှပဲလို့လဲ သိမြင်တော့တာပဲ၊ အဲဒီလို သိမြင်တာတွေဟာ အမှန်အတိုင်း သိမြင်တာတွေပဲ၊ စိတ်ညွတ်တွေးဆပြီး သိတာမျိုး မဟုတ်ဘူး၊ သူ့ရှိရင်းအတိုင်း လိုက်ပြီး ရှုမှတ်နေလို့ သူ့သဘောအမှန်ကို သိလာတယ်၊

ရုပ်နှင့်နာမ် တခြားစီမို့ တခြားစီ ခွဲခြားပြီးသိတာပဲ၊ အကြောင်းနှင့် အကျိုးဆက်စပ်ပြီး ဖြစ်နေလို့ အဲဒီ အကြောင်းနှင့် အကျိုးကို ခွဲခြားပြီး သိတာပဲ၊ တကယ်ဖြစ်ပျက် နေတာကို တွေ့ရလို့ အဲဒီအဖြစ်အပျက်ကို သိတာပဲ၊ ရုပ်နာမ် တရားတွေက မမြဲလို့ မမြဲဘူးလို့ သိတာပဲ၊ ရုပ်နာမ်တွေက သုခမဟုတ် အတ္တ မဟုတ်လို့ ဒုက္ခအနတ္တလို့ သိတာပဲ၊ ဒါကြောင့် ဒီလိုမှန်စွာ သိမြင်တာကို သမ္မာဒိဋ္ဌိမဂ္ဂင်ခေါ်တယ်၊ အဲဒီလို အမှန်အတိုင်း သိမြင်နိုင်အောင် စိတ်ဦးညွတ်ပေး တာကို သမ္မာသင်္ကပ္ပမဂ္ဂင်လို့ ခေါ်တယ်။

ဒီတော့ ဝိပဿနာယောဂီမှာ ဒွါရ ၆ - ပါးက ပေါ်လာသမျှ အာရုံကို ရှုမှတ်တိုင်း ရှုမှတ်တိုင်း ရှုမှတ်မိအောင် ကြောင့်ကြစိုက်မှုလဲ ရှိတယ်၊ အဲဒါက သမ္မာဝါယမ မဂ္ဂင်ပဲ၊ ပေါ်လာသမျှကို အမှတ်ရတဲ့သတ်လဲ ဖြစ်တယ်၊ အဲဒါက သမ္မာသတိမဂ္ဂင်ပဲ၊ ရှုမှတ်သိတဲ့အာရုံ၌ စူးစိုက်တည်ကြည်မှုလဲ ဖြစ်တယ်၊ အဲဒါက သမ္မာသမာဓိ မဂ္ဂင်ပဲ - အဲဒီ သမ္မာဝါယမ, သမ္မာသတိ, သမ္မာသမာဓိဆိုတဲ့ မဂ္ဂင်သုံးပါးက သမာဓိမဂ္ဂင်တွေပဲ၊

နောက်ပြီးတော့ အမှန်အတိုင်း စိတ်ဦးညွတ်ပေးတာလဲ ပါဝင်တယ်၊ အဲဒါက သမ္မာသင်္ကပ္ပ မဂ္ဂင်ပဲ၊ အမှန်အတိုင်း သိမြင်တာက သမ္မာဒိဋ္ဌိမဂ္ဂင်ပဲ၊ အဲဒီ ၂ - ပါးက ပညာမဂ္ဂင်ပဲ၊ အဲဒီ ပညာမဂ္ဂင် ၂ - ပါးနဲ့ သမာဓိမဂ္ဂင် ၃ - ပါးပေါင်းလိုက်ရင် မဂ္ဂင်ငါးပါးဖြစ်တယ်၊ အဲဒီမဂ္ဂင်ငါးပါးကို ကာရကမဂ္ဂင်လို့ ခေါ်တယ်၊ ဒီငါးပါးက တစ်ပေါင်းတည်း ပူးတွဲပြီး ရှုသိမြင်ခြင်းကို ပြုလုပ်နေကြတာပဲ၊

နောက်ပြီးတော့ သမ္မာဝါစာ, သမ္မာကမ္မန္တ၊ သမ္မာအာဇီဝလိုတဲ့ သီလမဂ္ဂင် သုံးပါးကတော့ တရား အားမထုတ်မီ ရှေးအဖို့ကတည်းက ပြည့်စုံလာခဲ့တယ်၊ ဝိပဿနာရှုဆဲမှာလဲ ပျက်မသွားဘူး၊ သီလစင်ကြယ်မြဲ စင်ကြယ်နေတယ်၊ သာပြီးတော့တောင် စင်ကြယ်သေးတယ်လို့ ဆိုဖွယ်ရှိပါတယ်၊ ဒါကြောင့် အဲဒီ သီလမဂ္ဂင်သုံးပါး နဲ့တကွ ဆိုရင် ရှုမှတ်တိုင်း ရှုမှတ်တိုင်း ဝိပဿနာမဂ္ဂင်ရှစ်ပါးကို ဖြစ်ပွားစေပါတယ်။

အဲဒီလို ဝိပဿနာ မဂ္ဂင်တွေကို ဖြစ်ပွားစေရာမှာ ကမ္မဿကတာသမ္မာဒိဋ္ဌိ, သီလသမ္မာဒိဋ္ဌိဆိုတဲ့ အခြေခံမူလမဂ္ဂင်တွေနှင့် ရှေးဦးစွာ ပြည့်စုံလိုပါတယ်၊ ကံ - ကံ၏ အကျိုးကို ယုံကြည်သိမြင်တဲ့ အယူမှန်ရှိတဲ့သူမှ ဝိပဿနာအလုပ်ကို အားထုတ် နိုင်တယ်၊ ဒွါရ ၆ - ပါးက ထင်ရှားပေါ်လာသမျှကို ရှုမှတ်နေရင် ဝိပဿနာ ဉာဏ်ဖြစ်ပြီး မဂ်ဖိုလ်နိဗ္ဗာန်ကို ရနိုင်တယ်လို့ ယုံကြည်သိမြင်ပါမှ ဝိပဿနာအလုပ်ကို အားထုတ်နိုင်တယ်၊

သီလကလဲ စင်ကြယ်ပါမှ, အောက်ထစ်ဆုံးအားဖြင့် ဥပစာရ သမာဓိနှင့် အလားတူတဲ့ ဝိပဿနာခဏိက သမာဓိလဲဖြစ်ပါမှ ဝိပဿနာဉာဏ် နှင့်တကွ အခြား ဝိပဿနာမဂ္ဂင်တွေဖြစ်နိုင်တယ်။ ဒါကြောင့် ကမ္မဿကထာ သမ္မာဒိဋ္ဌိရယ်, သီလမဂ္ဂင်သုံးပါးရယ်, သမာဓိရယ် ဒီသုံးမျိုးကို ဝိပဿနာ၏ အခြေခံမူလမဂ္ဂင်တွေလို့ မှတ်ရမယ်၊

ခုတင်ကပြောခဲ့တဲ့အတိုင်း ရှုမှတ်ခိုက် ရှုမှတ်ခိုက် ဖြစ်ပေါ်နေတဲ့ ဝိပဿနာမဂ္ဂင်တွေက အားပြည့်တဲ့အခါ အရိယမဂ္ဂင် ဖြစ်ပေါ်ပြီး နိဗ္ဗာန်ကို မျက်မှောက်သိမြင်တယ်၊ ဒါကြောင့် အဲဒီဝိပဿနာမဂ္ဂင် တွေကိုတော့ ပုဗ္ဗဘာဂမဂ္ဂင်လို့ ခေါ်တယ်၊ အရိယမဂ်၏ ရှေးအဖို့ မဂ္ဂင်, ရှေ့သွားမဂ္ဂင်လို့ ဆိုလိုပါတယ်၊ အဲဒါတွေဟာ အစဉ်အတိုင်း ပွားစေအပ်တဲ့ မဂ္ဂင်တွေပါပဲ၊

ဒါကြောင့် ဘုန်းကြီးက အဲဒီမဂ္ဂင်သုံးဆင့်ကို ဒီလိုဆောင်ပုဒ် စီထားပါတယ်။

ပွားစေရမည့် မဂ္ဂင်သုံးဆင့်

၁။ မူလ, ပုဗ္ဗ၊ အရိယ၊ သုံးဝမဂ္ဂင်မြတ်။
၂။ ဖြစ်ပွားစေလျှင်၊ ဤမဂ္ဂင်၊ ပြေးဝင် နိဗ္ဗာန်ဓာတ် - တဲ့။

ကမ္မဿကတာဉာဏ်ဆိုတဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိရယ်, သမ္မာဝါစာ, သမ္မာကမန္တ, သမ္မာအာဇီဝဆိုတဲ့ သီလမဂ္ဂင် သုံးပါးရယ်, ဈာန်သမာဓိ၊ သို့မဟုတ် ဥပစာရသမာဓိ၊ သို့မဟုတ် ဥပစာရသမာဓိနှင့် တူညီသော ဝိပဿနာ ခဏိကသမာဓိရယ် ဒီသုံးမျိုးက ဝိပဿနာ၏ အခြေခံဖြစ်တဲ့အတွက် အဲဒါတွေကို မူလမဂ္ဂင်လို့ ဆိုရတယ်၊ အဲဒီ သုံးမျိုးထဲမှာ ဝိပဿနာ ခဏိကသမာဓိ ကတော့ ဝိပဿနာ ရှုနေရင်းပဲ ပြည့်စုံ လာပါတယ်။

ဒါပေမယ့် အဲဒီ ဝိပဿနာသမာဓိ ကောင်းကောင်း အားရှိသေးရင် ရုပ်နာမ်တို့၏ သဘောကိုသိတဲ့ နာမရူပပရိစ္ဆေဒဉာဏ်တောင် ကောင်းကောင်း မဖြစ်သေးဘူး၊ အဲဒီ ဝိပဿနာသမာဓိအားရှိလာပြီး နီဝရဏတွေ ကင်းတဲ့အခါကျမှ နာမရူပပရိစ္ဆေဒဉာဏ် မှစပြီး ဝိပဿနာဉာဏ်တွေ ကောင်းကောင်း ဖြစ်တယ်၊ ဒါကြောင့် ဒီခဏိကဝိပဿနာ သမာဓိကိုလဲ ဝိပဿနာက မရှုတဲ့ပုဂ္ဂိုလ်အတွက် ရှေးဦးစွာ ပြည့်စုံဖို့ အရေးကြီး ပါတယ်၊ တချို့ကတော့ ဘာသမာဓိမျှ မရှိပါဘဲနဲ့ စစချင်း အဖြစ်အပျက် အနိစ္စလက္ခဏာ စသည်ကို ရှုဖို့မရှိပါဘူး၊ ပါရမီဖြစ် ကုသိုလ် ဖြစ်လောက် ရှိမှာပါပဲ။

ကမ္မဿကတာ သမ္မာဒိဋ္ဌိနဲ့ သီလမဂ္ဂင် ဥပစာရ သမာဓိ ဈာန်သမာဓိ ဆိုတာကတော့ ဝိပဿနာ မရှုခင်ကတည်းက ပြည့်စုံစေတဲ့ အခြေခံ မဂ္ဂင်တွေပါပဲ၊ ဒါပေမယ့် ဝိပဿနာက စပြီးရှုတဲ့ ဝိပဿနာယာနိက ပုဂ္ဂိုလ်မှာတော့ ဥပစာရသမာဓိနဲ့ ဈာန်သမာဓိကို မထူထောင်တော့ဘဲ မြင်မှု ကြားမှုစသော ဥပါဒါနက္ခန္ဓာ ငါးပါးကပဲ စပြီး ရှုနိုင်ပါတယ်၊ ဒါကြောင့် မူလပဏ္ဏာသ ဓမ္မဒါယာဒသုတ် အဋ္ဌကထာ နှာ [၁၁၂-၃] မှာ သမထယာနိကရှုပုံနှင့် ဝိပဿနာယာနိကရှုပုံကို ဒီလိုပြဆိုထားပါတယ်။

ဣဓ - ဤသာသနာတော်၌၊
ဧကစ္စော - အချို့ ယောဂီသည်၊
ဥပစာရသမာဓိံ ဝါ - ဥပစာရ သမာဓိသော်လည်းကောင်း၊
အပ္ပနာ သမာဓိံ ဝါ - ဈာန် အပ္ပနာ သမာဓိကို သော်လည်းကောင်း၊
ပထမံ - ဝိပဿနာမရှုမီ ရှေးဦးစွာ၊
ဥပ္ပါဒေတိ - ဖြစ်စေ၏။
အယံ - ဤ ၂ ပါးသော သမာဓိသည်၊
သမထော - သမထပေတည်း၊
သော - သမာဓိကို ဖြစ်စေပြီးသော ထိုယောဂီသည်၊
တဉ္စ - ထိုသမာဓိကိုလည်းကောင်း၊
တံသမ္ပယုတ္ထေ စ ဓမ္မေ - ထိသမာဓိနှင့် ယှဉ်သော တရားတို့ကို လည်းကောင်း၊
အနိစ္စာဒီဟိ - အနိစ္စ အစရှိသော အခြင်းအရာတို့ဖြင့်၊
ဝိပဿတိ - ရှု၏၊
အယံ - ဤရှုသိခြင်းသည်၊
ဝိပဿနာ - ဝိပဿနာပေတည်း - တဲ့။

ဒါက သမထယာနိက ယောဂီ၏ ဝိပဿနာရှုပုံကို ပြတဲ့စကားပါပဲ၊ အဲဒီမှာ “အနိစ္စ အစရှိသော အခြင်းအရာတို့ဖြင့် ရှုတယ်”လို့ ဆိုတာကတော့ အကျဉ်းချုံး ပြတာပါပဲ၊ ရှုစဉ် အကျယ်အားဖြင့် ဆိုရင် ဈာန်ဝင်စားပြီးတော့ အဲဒီ ဈာန်သမာဓိ စသည်ကို စပြီး ရှုတဲ့အခါမှာ အဲဒီဈာန်သမာဓိ စသော နာမ်နှင့် သူ၏မှီရာရုပ်ကိုခွဲခြားပြီးသိတဲ့ နာမရူပ ပရိစ္ဆေဒဉာဏ်ကပဲ စပြီး ဖြစ်ပါတယ်၊

အဲဒီလိုဖြစ်ပုံကို ဝိသုဒ္ဓိမဂ်မှာ အထင်အရှား ပြထားတာ ရှိပါတယ်၊ ဥပစာရသမာဓိကို စပြီးရှုရင်လဲ နည်းတူပင် နာမရူပပရိစ္ဆေဒ ဉာဏ်ကပဲ စပြီး ဖြစ်ပါတယ်၊ အဲဒီကနောက် ပစ္စယပရိဂ္ဂဟဉာဏ် ဖြစ်ပြီးတော့မှ အနိစ္စလက္ခဏာ စသည်ကို ရှုမြင်တဲ့ ဝိပဿနာဉာဏ် ဖြစ်ပါတယ်၊ ဝိပဿနာ ယာနိက၏ ရှုပုံကိုတော့ -

ဣဓ - ဤသာသနာတော်၌၊
ဧကစ္စော ပန - အချို့ ယောဂီသည်ကား၊
ဝုတ္တပကာရံ - ဆိုခဲ့သော အပြားရှိသော၊
သမထံဥပစာရသမာဓိနှင့် ဈာန်သမာဓိဟူသော သမထကို၊
အနုပ္ပါဒေတွာစ - မဖြစ်စေမူ၍ သာလျှင်၊
ပဉ္စုပါဒါနက္ခန္နေ - ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ကို၊
အနိစ္စာဒီဟိ - အနိစ္စ အစရှိသော အခြင်းအရာတို့ဖြင့်၊
ဝိပဿတိ - ရှု၏၊
အယံ - ဤရှုခြင်းသည်၊
ဝိပဿနာ - ဝိပဿနာပေတည်း လို့ ပြဆိုထားပါတယ်။

ဒီမှာလဲ ဥပစာရသမာဓိ ဈာန်အပ္ပနာသမာဓိကို မဖြစ်စေတော့ဘဲ ဥပါဒါနက္ခန္ဓာ ငါးပါးကို စပြီး အနိစ္စစသည်တို့ဖြင့် ရှုတယ်” ဆိုပေမယ့် “ပထမ စပြီး ရှုကတည်းက အနိစ္စစသည်ကို သိမြင်တယ်” လို့တော့ မယူရဘူး၊ နီဝရဏကိလေသာ စိတ်ကူးတွေ မကင်းသေးရင် ရုပ်နာမ်တို့၏ သဘာဝလက္ခဏာတောင် ကောင်းကောင်း မသိနိုင် သေးပါဘူး၊

နီဝရဏကိလေသာ စိတ်ကူးတွေကို ကင်းစေနိုင်တဲ့ ဝိပဿနာ ခဏိက သမာဓိ ကောင်းကောင်းဖြစ်ဖို့လိုပါတယ်၊ အဲဒီ ခဏိကသမာဓိနီဝရဏ ကိလေသာ စိတ်ကူးတွေ ကင်းပြီး စိတ္တဝိသုဒ္ဓိဖြစ်တယ်၊ စိတ္တဝိသုဒ္ဓိဖြစ်တဲ့အခါကျမှ ရုပ်နာမ်တို့၏ သဘာဝ လက္ခဏာကို ကောင်းကောင်းသိပြီး နာမရူပပရိစ္ဆေဒဉာဏ်ဖြစ်တယ်၊

အဲဒီကနောက် အကြောင်းအကျိုးကိုသိတဲ့ ပစ္စယပရိဂ္ဂဟဉာဏ် ဖြစ်ပြီးတော့ အနိစ္စ စသည်ကိုသိတဲ့ သမ္မသနဉာဏ် စသည်ဖြစ်တယ်၊ အဲဒီလိုဖြစ်ပုံက ဝိသုဒ္ဓိမဂ်မှာ အကျယ်ပြထားပြီး ရှိနေတဲ့အတွက် ဒီအဋ္ဌကထာမှာတော့ ဥပါဒါနက္ခန္ဓာငါးပါးကို အနိစ္စ စသည်တို့ဖြင့် ရှုတယ်လို့ အကျဉ်းချုပ် ပြထားတယ်လို့ မှတ်ရမယ်၊

အဲဒီလို မယူဘဲနဲ့ စပြီးရှုကတည်းက အနိစ္စစသည်ကို သိမြင်တဲ့ ဉာဏ်ဖြစ်တယ်လို့ ယူရင် ဝိသုဒ္ဓိမဂ်နဲ့ ဆန့်ကျင်တယ်၊ ဝိသုဒ္ဓိ ၇ - ပါး ဖြစ်စဉ်နဲ့လဲ ဆန့်ကျင်တယ်၊ ဆန့်ကျင်ရင် အစစ်အမှန်မဟုတ်ဘူး၊ အတုအယောင် အမှားပေါ့။

ယခုပြောခဲ့တဲ့အတိုင်း သမာဓိ သုံးပါးထဲက တစ်ပါးဟာဖြင့် စိတ္တဝိသုဒ္ဓိဖြစ်ပြီးသည့် နောက်မှာ မြင်မှု, ကြားမှုစသော ဖြစ်ပေါ်ခိုက် ဥပါဒါနက္ခန္ဓာတို့ကို ရှုမှတ်ပြီး သဘာဝလက္ခဏာကို သိသိသွားတာပဲ၊ ပုဗ္ဗဘာဂ ဝိပဿနာမဂ်ပဲ၊ ရုပ်နာမ်ကို ပိုင်းခြားခွဲခြမ်းပြီး သိတာလဲ ဝိပဿနာမဂ်ပဲ အကြောင်းနှင့် အကျိုး ပိုင်းခြားပြီး သိတာလဲ ဝိပဿနာမဂ်ပဲ၊

အသစ်အသစ် ဖြစ်ဖြစ်ပြီး ပျောက်ပျောက် သွားတာကို တွေ့ရလို့ “အနိစ္စမမြဲပဲ၊ ဒုက္ခ - ဆင်းရဲမှုချည်းပဲ၊ အနတ္တ - အစိုးမရတဲ့ သဘောတရား မျှပဲလို့ သိသိသွားတာလဲ ပုဗ္ဗဘာဂ ဝိပဿနာမဂ်ပဲ၊ အဲဒီလို အနိစ္စစသည်ဖြင့် သိတဲ့ပုဗ္ဗဘာဂ ဝိပဿနာမဂ်က သုံးသပ် ဆင်ခြင်တဲ့ သမ္မသနဉာဏ်မှ အနုလောမ ဉာဏ်အထိ ဆယ်ဆင့်ရှိတယ်၊

အနုလောမဉာဏ်ဆိုတဲ့ ဝိပဿနာမဂ်ဖြစ်ပြီးတဲ့ နောက်မှာ ရုပ်နာသင်္ခါရ လုံးဝ ဆိတ်သုဉ်း ကင်းငြိမ်းတဲ့ နိဗ္ဗာန်အာရုံဆီကိုညွတ်တဲ့ ဂေါတြဘူဉာဏ်ဖြစ်ပြီးတော့ အဲဒီ နိဗ္ဗာန် အာရုံထဲသို့ ပြေးဝင်သွားတဲ့ အရိယာ မဂ်ဉာဏ်ဖြစ်တော့တာပဲ၊

ဒါကြောင့် မူလ, ပုဗ္ဗ၊ အရိယ၊ သုံးဝမဂ္ဂင်မြတ်၊ ဖြစ်ပွား စေလျှင် ဤမဂ္ဂင် ပြေးဝင်နိဗ္ဗာန်ဓာတ်” လို့ ဆိုထားတာပဲ၊ အဲဒါကို ဆိုကြရမယ်။

၁။ မူလ, ပုဗ္ဗ၊ အရိယ၊ သုံးဝ မဂ္ဂင်မြတ်။
၂။ ဖြစ်ပွားစေလျှင်၊ ဤမဂ္ဂင်၊ ပြေးဝင်နိဗ္ဗာန်ဓာတ်၊

အတိုချုပ် ဆိုလိုတာကတော့ မူလ မဂ္ဂင်ကို အခြေခံပြီး ပုဗ္ဗဘာဂ ဝိပဿနာ မဂ္ဂင်ဖြစ်ပွားစေလို့ ရှိရင် အရိယာမဂ္ဂင်ဖြင့် နိဗ္ဗာန်အငြိမ်းဓာတ်ထဲ ဝင်ရောက် သွားတယ်လို့ ဆိုလိုတာပါပဲ၊ အဲဒီတော့ နိဗ္ဗာန်ကို အရိယာမဂ်ဖြင့် မျက်မှောက် ပြုလိုလျှင် ပုဗ္ဗဘာဂမဂ် - ရှေးအဖို့မဂ် - ရှေ့သွားမဂ်ဆိုတဲ့ ဝိပဿနာမဂ္ဂင် ရှစ်ပါးကို ပွားစေရမယ်၊ ဘယ်လိုပွားရမလဲ ဆိုရင် -

ပုဗ္ဗဘာဂမဂ် ပွားစေပုံ

ဒုက္ခေဉာဏ်ဆိုတဲ့ ဒေသနာတော်နှင့်အညီ ဒုက္ခသစ္စာမည်တဲ့ ဥပါဒါနက္ခန္ဓာငါးပါးကို ရှုသိပြီး ပွားစေရမယ်၊ ဒုက္ခသစ္စာ ဆိုတာ ပိုင်းခြားသိအပ်တဲ့ ပရိညေယျ တရားပဲ၊ ဒုက္ခသစ္စာကိုရှုပြီး ပိုင်းခြားသိရင် သမုဒယကို ပယ်ခြင်းကိစ္စလဲ ပြီးတယ်၊ ပယ်သော အားဖြင့် သိတဲ့ ပဟာနပဋိဝေဓ ကိစ္စပြီးစီးသွားတာကိုပါပဲ၊ မဂ္ဂသစ္စာကို ပွားစေခြင်းကိစ္စလဲပြီးတယ်၊

မဂ္ဂသစ္စာဆိုတာ မိမိသန္တာန်မှာ ဖြစ်ပွားစေရတယ်၊ ရှုသိတိုင်း ရှုသိတိုင်း ဝိပဿနာ မဂ္ဂင်တွေ ဖြစ်ပွားတယ်၊ အဲဒါဟာ ဖြစ်ပွားစေသော အားဖြင့် သိတဲ့ ဘာဝနာ ပဋိဝေဓကိစ္စ ပြီးစီးသွားတာပဲ၊ အနိစ္စ စသည်ဖြင့် သိတိုင်း သိတိုင်း နိစ္စစသည်ဖြင့် စွဲလမ်းပြီး ဖြစ်မည့် အဝိဇ္ဇာစသည် ကင်းတယ်၊ အဝိဇ္ဇာ စသည်ကင်းတော့ သင်္ခါရစသည်တွေလဲ အကုန်ကင်းကင်းသွားတယ်၊

အဲဒီလို ရှုသိတဲ့ အာရုံနဲ့စပ်ပြီး ကိလေသာကံဝိပါက်ခန္ဓာတွေ တဒင်္ဂအားဖြင့် ကင်းကင်း သွားတာဟာ တဒင်္ဂနိဗ္ဗာန်ကို ဝိပဿနာဖြင့် ဆိုက်ရောက်သွားတာပဲ၊ ဒါကြောင့် မျက်မှောက်ဆိုက်ပြီးသိတဲ့ သစ္ဆိကိရိယာပဋိဝေဓ ကိစ္စလဲပြီးသွားတယ်၊ အဲဒီလို (ပရိညာ ပဟာန ဘာဝနာ သစ္ဆိကိရိယာ ဆိုတဲ့) ကိစ္စလေးပါးလုံး ပြီးစီးပြီးစီး သွားအောင် ဒုက္ခသစ္စာမည်တဲ့ ဥပါဒါနက္ခန္ဓာ ငါးပါးကို ရှုမှတ်ပြီး သိရတယ်။

ဘယ်လို သိရမှာလဲကျက်မှတ်ပြီး ဆင်ခြင်သောအားဖြင့် သိရမှာလားဆိုရင် အဲဒီလို ကျက်မှတ်ဆင်ခြင်ပြီး သိရမှာ မဟုတ်ဘူး၊ ကျက်မှတ်ဆင်ခြင်ပြီး သိတယ်ဆိုတာက သညာသိမျှပဲ၊ တကယ်ဖြစ်ပျက်တဲ့ ရုပ်နာမ်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် သိတာမဟုတ်ဘူး၊ ဝိပဿနာဉာဏ်ဆိုတာ ကိုယ်ပိုင်ဉာဏ်၊ ကိုယ်တွေ့အသိပဲ၊ ကိုယ်တိုင် တွေ့ပြီး သိမှ သံသယ ကင်းတာ၊ ရုပ်နဲ့ နာမ်မျှရှိတာကို ရှုမှတ်ပြီး ကိုယ်တိုင်သိမှ “ရုပ်နဲ့နာမ်မျှ ရှိတာပဲ၊ ပုဂ္ဂိုလ်သတ္တဝါ မရှိဘူး” ဆိုတာ သံသယကင်းပြီး အသိရှင်းနိုင်တယ်၊

ထို့အတူပင် တကယ်ဖြစ်ပျက်နေတဲ့ ရုပ်နာမ်ကို ရှုမှတ်ပြီး အကြောင်းအကျိုး ဆက်စပ်ပြီး ဖြစ်နေပုံကို ကိုယ်တိုင်တွေ့ရမှ “အကြောင်းနဲ့အကျိုးမျှရှိတယ်” ဆိုတာကို သံသယကင်းပြီး အသိရှင်းနိုင်တယ်၊ ရှုမှတ်နေရင်း ခဏမစဲ ဖြစ်ပျက် နေတာကို ကိုယ်တိုင်တွေ့ရမှ မမြဲဘူး စသည်ဖြင့် သံသယကင်းပြီး အသိ ရှင်းနိုင်တယ်၊

ဒါကြောင့် မြင်ခိုက်ကြားခိုက် စသည်မှာ ထင်ရှားပေါ်လာတဲ့ သဘောတရားတွေကို သူဖြစ်ပေါ်ရင်းအတိုင်း အသိဉာဏ်ဖြင့် လိုက်ပြီး ရှုမှတ် ရတယ်၊ အဲဒီလို ဖြစ်ခိုက် ဖြစ်ခိုက် ရှုပါမှ နာမ်ရုပ်တို့၏ သဘာဝလက္ခဏာဆိုတဲ့ သဘောမှန်ကို သိနိုင်တယ်၊

အဲဒါကို ဘုန်းကြီးက ဆောင်ပုဒ်စီထားတယ်၊ “ဖြစ်ခိုက်ရှုမှ၊ သဘာဝ၊ မုချ သိနိုင်သည်”တဲ့၊ အဲဒါကို ဆိုကြရမယ်။

ဖြစ်ခိုက်ရှုမှ သဘောမှန်ကိုသိသည်

၁။ ဖြစ်ခိုက်ရှုမှ၊ သဘာဝ၊ မုချသိနိုင်သည်။

စဉ်းစားကြည့်ပါ၊ ကိုယ်ထဲမှာ ပူတဲ့ သဘော ထင်ရှားနေတဲ့အခါ ပူတယ် ပူတယ်လို့ သတိဉာဏ်ဖြင့် စိုက်ပြီး ရှုမှတ်နေရင် ပူတဲ့သဘောကို အမှန်အတိုင်း မသိပေ ဘူးလား၊ ပူတဲ့ သဘောဆိုတာ တေဇောဓာတ်၏ သဘာဝလက္ခဏာပဲ၊ အဲဒီပူတဲ့ သဘောကိုသာ ရှုသိနေတဲ့အခိုက်မှာ ရှုတဲ့သဘောမျှကိုသာ သိတယ်၊ ပုဂ္ဂိုလ် ယောကျာ်း မိန်းမ ငါကောင် စသည်ဖြင့် အမှားသိ မပါဘူး၊ အမှန်သိတာဖြစ်နေတယ် မဟုတ်လား၊

ထို့အတူပင် ကိုယ်ထဲက တောင့်တာတင်းတာ တွန်းကန်တာ လှုပ်ရှားတာကို သတိဉာဏ်ဖြင့် စူးစိုက်ပြီး ရှုမှတ်နေလျှင် အဲဒီတောင့်တင်း တွန်းကန်လှုပ်ရှားတဲ့ သဘောကိုသာ သိရတယ်၊ ပုဂ္ဂိုလ်ယောကျာ်း မိန်းမ စသည်ဖြင့် အသိမှား မပါဘူး၊ ဝါယောဓာတ်ရဲ့ သဘောမှန်ကိုသာ သိရတယ်၊ ဒါကြောင့် မြတ်စွာဘုရားက အဲဒီ ဝါယောဓာတ်ကို သဘောမှန်အတိုင်း သိဖို့ရာ -

ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ - စသည်ဖြင့် သွားဆဲမှာ သွားတာကို သိဖို့၊ ရပ်ဆဲမှာ ရပ်တာကို သိဖို့၊ ထိုင်ဆဲမှာ ထိုင်တာကို သိဖို့၊ လျှောင်းအိပ်ဆဲမှာ လျောင်းအိပ်တာကို သိဖို့ ကိုယ်အမူအရာ တစ်စုံတစ်ခုကို ပြုရင် အဲဒီ ကိုယ်အမူအရာကို သိဖို့ ညွှန်ကြားထားတာပဲ။

သွားဆဲမှာ - ဆိုတာက ဂစ္ဆန္တော ဝါ - သွားဆဲသော်လည်း လို့ ပစ္စုပ္ပန်ဟော အန္တ-ပစ္စည်းနှင့် ဟောထားတဲ့အတွက် သွားဆဲလို့ ဖော်ပြခြင်း ဖြစ်ပါတယ်၊ အဲဒီ ပုဒ်ကို ဆရာတော် ဦးဗုဓ်က “သွားတုန်း, သွားဆဲ, သွားခိုက် သွားစဉ်မူလည်း” လို့ ပေါ်ပေါ် လွင်လွင်ကြီး ဖွင့်ပြီး အနက်ပြန်ထားပါတယ်၊

ဟုတ်တယ်၊ သွားနေဆဲမှာ ရှုမှ အဲဒီအခိုက်မှာ ဖြစ်တဲ့ တောင့်တင်း တွန်းကန်လှုပ်ရှားမှု ဝါယောဓာတ်၏ သဘောကို သိနိုင်မယ်၊ မသွားဘဲနဲ့ ထိုင်နေရင်း အိပ်နေရင်း “သွားတယ်ဆိုတာ သွားလိုတဲ့ စိတ်ကြောင့် ဖြစ်တဲ့ ဝါယောဓာတ်ပဲ” စသည်ဖြင့် ကျမ်းဂန်သုတအရ ဆင်ခြင် နေရုံမျှဖြင့် သွားခိုက်မှာ တကယ်ဖြစ်ပျက်တဲ့ တောင့်တင်း တွန်းကန် လှုပ်ရှားမှု သဘောကို အမှန်အတိုင်း မသိနိုင်ဘူး။

ဥပမာ - လျှပ်ရောင်လက်ခိုက်မှာ ကြည့်မိရင် အဲဒီ လျှပ်ရောင်လက်ပုံ အခြင်းအရာကို အမှန်အတိုင်း သိရတယ်၊ မလက်မီက ဖြစ်စေ, လက်ပြီး ကွယ်ပျောက်သွားမှဖြစ်စေ၊ လျှပ်ရောင်ဟာ ဘယ်နေရာက ဘယ်လိုလက်လိမ့်မယ်၊ ဘယ်လို လက်သွားတယ် စသည်ဖြင့် ကြံတွေးသိရုံမျှနဲ့တော့ အမှန်အတိုင်း မသိနိုင်ဘူး၊ မလက်မီဖြစ်စေ, လက်ပြီး ကွယ်ပျောက်မှဖြစ်စေ ကောင်းကင်မော်ကြည့်လို့လဲ အမှန်အတိုင်း မသိမြင်နိုင်ဘူး၊

အဲဒါလိုပါပဲ၊ သွားဆဲမှာ မရှုဘဲနဲ့ ကြံတွေးကြည့်ရုံမျှနဲ့တော့ တကယ် ဖြစ်ပျက်သွားတဲ့ တောင့်တင်းတွန်းကန် လှုပ်ရှားမှု သဘောကို အမှန်အတိုင်း မသိနိုင်ဘူး၊ သွားဆဲမှာ သွားမှုကို စူးစိုက်ပြီး ရှုမှသာ တကယ် ဖြစ်ပျက်တဲ့ တောင့်တင်းတွန်းကန် လှုပ်ရှားမှုကို အမှန်အတိုင်း သိနိုင်ပါတယ်။

သွားဆဲမှာ သွားတယ်, ကြွတယ်, လှမ်းတယ်, ချတယ် စသည်ဖြင့် စူးစိုက်ပြီး ရှုနေရင် ရှုခါစမှာ ထူးထူးခြားခြား မသိရသေးပေမယ့် နီဝရဏကင်းလောက်အောင် သမာဓိအား ကောင်းလာတဲ့ အခါကျတော့ တောင့်တင်းတွန်းကန် လှုပ်ရှားမှုနဲ့ မှတ်သိမှုနဲ့ ကွဲကွဲပြားပြား သိလာတယ်၊ သွားချင်တဲ့ စိတ်ကြောင့် သွားရုပ်အဆင့်ဆင့် ဖြစ်ပျက်နေတာကိုလဲ သိလာတယ်၊ အဲဒီလို သိပုံကို သတိပဋ္ဌာန်အဖွင့် အဋ္ဌကထာ များမှာ -

ဂစ္ဆာမီတိ စိတ္တံ - သွားမည်ကြံသောစိတ်သည်၊
ဥပ္ပဇ္ဇတိ ဖြစ်ပေါ်လာ၏၊
တံ - ထိုစိတ်က၊
ဝါယံဇနေတိ - တောင့်တင်း တွန်းကန် လှုပ်ရှားမှုဆိုတဲ့ ဝါယောရုပ်ကို ဖြစ်စေ၏၊
စိတ္တကိရိယ ဝါယောဓာတု ဝိပ္ပာရေန - စိတ်ကြောင့်ဖြစ်တဲ့ တောင့်တင်း တွန်းကန် လှုပ်ရှားမှု၏ ပြန့်ကား လှုပ်ရှားခြင်းကြောင့်၊
သကလ ကာယဿ - တစ်ကိုယ်လုံး၏၊
ပုရတောအဘိနိဟာရော - ရှေ့ဘက်သို့ ဆောင်သွားခြင်းကို၊
ဂမနန္တိ ဝုစ္စတိ - သွားမှု သွားတယ်လို့ ဆိုရတာပဲ -

စသည်ဖြင့် ယောဂီသိပုံကို ဖွင့်ပြထားပါတယ်။

ဝမ်းဗိုက် ဖောင်းကြွလာတဲ့အခါ ဖောင်းတယ်လို့ စူးစိုက်ပြီး ရှုမှတ်နေရာမှာလဲ သမာဓိ အားကောင်းလာတဲ့အခါ တောင့်တင်းလှုပ်ရှားမှု အဆင့်ဆင့် ဖြစ်နေပုံကို အမှန်အတိုင်း သိရပါတယ်၊ ဒါကြောင့် ဒွါရ ၆ - ပါးက ပေါ်လာသမျှကို အကုန်လုံး စေ့ငအောင် လိုက်ပြီး မရှုနိုင်သေးတဲ့ အားထုတ်ကာစ ယောဂီများအား ဖောင်းတာ, ပိန်တာမှစပြီး ရှုမှတ်ဖို့ ဘုန်းကြီးတို့က ညွှန်ကြားနေပါတယ်၊

အဲဒီလို ရှုမှတ်နေရင်း စိတ်ကူးကြံစည်မှု တစ်စုံတစ်ခု ဖြစ်ပေါ်လာရင် အဲဒီစိတ်ကိုလဲ ရှုမှတ်ဖို့ ညွှန်ကြားပါတယ်၊ ကိုယ်ထဲက ညောင်းတာ, ပူတာ, နာတာ ကျင်တာ စသည် ထင်ရှားပေါ်လာရင် အဲဒီ ဒုက္ခဝေဒနာကိုလဲ ရှုမှတ်ဖို့ ပြီးလျှင် ဖောင်းတာ, ပိန်တာ ပြန်မျတ်ဖို့ စသည်ဖြင့် ညွှန်ကြားနေပါတယ်၊ အဲဒီလို ညွှန်ကြားရတာက ဘာကြောင့်လဲဆိုရင်၊ ရှုမှတ်ကာစ ယောဂီဟာ ကောင်းကောင်း နားမလည်သေးတဲ့ အတွက် တစ်ခုခုကို ရှုမှတ်ပြီးလျှင် ဘယ်ဟာ ရှုရမှာပါလိမ့် စသည်ဖြင့် စဉ်းစားလျက် အအချိန်ကုန်နေတတ်တယ်၊

အဲဒီလို အချိန်အလကား ကုန်မသွားရအောင် ဖောင်းတာ ပိန်တာကို ကိန်းသေထားပြီး ရှုမှတ်ဖို့ ညွှန်ကြားရခြင်း ဖြစ်ပါတယ်၊ သမာဓိဉာဏ်အား ကောင်းလာတဲ့ အခါကျတော့ ဒွါရ ၆-ပါးက ပေါ်လာသမျှ သူ့ဖြစ်ပေါ်စဉ်အတိုင်း အကုန် လိုက်မှတ်ဖို့လဲ ညွှန်ကြားပါတယ်၊ ညွှန်ကြားတဲ့အတိုင်း ဖြစ်ပျက်သမျှ ရုပ်နာမ် သူ့သဘောတရား တွေကို အကုန်လုံး အကြွင်းမဲ့လိုက်ပြီး ရှုနိုင်တဲ့ ယောဂီတပည့် တွေလဲ များစွာ ရှိနေပါတယ်။

သဘောမှန်ကိုသိမှ ဖြစ်ပျက်မြင်မည်

အဲဒီလိုဖြစ်ခိုက်, ဖြစ်ခိုက် ရုပ်နာမ်တွေကို လိုက်ပြီး ရှုနေရင် တကယ်ဖြစ်ပေါ်နေတဲ့ ရုပ်နာမ်တွေရဲ့ သဘောသဘာဝ အစစ်အမှန်ကို သိပြီးတော့ အဲဒီ သဘောတရား များ၏ ဖြစ်ပေါ်လာတဲ့ အစပိုင်း ဖြစ်မှုကိုလဲ သေချာစွာ သိရတယ်၊ ပျက်ပျက်သွားလဲ နောက်ဆုံးပိုင်း ပျောက်ကွယ်မှု, ပျက်မှုကိုလဲ သေချာစွာ သိရတယ်၊ အဲဒီလို သဘောအထည်ကိုယ်ကို သိပြီးမှ အစ ဖြစ်ပေါ်လာပုံ, အဆုံး ပျောက်ကွယ်သွားပုံကို အမှန်အတိုင်း သိနိုင်တယ်၊

အဲဒါကို “သဘောသိမှ၊ ဥဒယ၊ ဝယ၊ မြင်နိုင်သည်”လို့ ဆောင်ပုဒ် စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။

၂။ သဘောသိမှ၊ ဥဒယ၊ ဝယ မြင်နိုင်သည်။

ဥဒယ ဆိုတာ ဖြစ်ခြင်းပဲ၊ ဝယ ဆိုတာ ပျက်ခြင်းပဲ၊ ဥဒယ ဝယ ဆိုတာ ဖြစ်ခြင်း ပျက်ခြင်း, အဖြစ်အပျက်ပါပဲ၊ ရုပ်နာမ်အစစ်ရဲ့ သဘော အထည်ကိုယ်ကို မတွေ့ရသေးဘဲနဲ့ အဲဒီ အဖြစ်အပျက်ကို မသိမမြင်နိုင်ဘူး၊ ဥပမာ - လျှပ်ရောင် လက်နေတုန်း မကြည့်မိ မမြင်မိပါဘဲနဲ့ အဲဒီ လျှပ်ရောင်ရဲ့ ပေါ်လာပုံ ဖြစ်ပုံကို သိနိုင်ပါ့မလား၊ မသိနိုင်ပါဘူး၊ အဲဒီ လျှပ်ရောင် ပျောက်ကွယ်သွားပုံကိုလဲ သိနိုင် ပါ့မလား၊ မသိနိုင်ပါဘူး၊

အဲဒါလိုပဲ ဖြစ်ခိုက် ရုပ်နာမ်ကို မရှုမသိပါဘဲ အဲဒီရုပ်နာမ်၏ အဖြစ်အပျက်ကို မသိနိုင်ဘူးဆိုတာ သိနားလည်ထားကြမယ်၊ ဒါကြောင့် တကယ် ဖြစ်ပျက်တဲ့ ရုပ်နာမ်ကို မရှုပါဘဲနဲ့ “ဖြစ်ပျက်ဖြစ်ပျက်” ဆိုနေရုံမျှဖြင့် တကယ် အဖြစ်အပျက်ကို သိတဲ့ ဝိပဿနာဉာဏ်အစစ် မဖြစ်ဘူး၊ ဖြစ်ဆဲ ရုပ်နာမ်ကို ရှုမှတ်ပြီး တကယ်ဖြစ်ပျက် သိသွားပုံကို တွေ့ပါမှ တကယ်အဖြစ်ကို သိတဲ့ ဝိပဿနာဉာဏ် အစစ် ဖြစ်တယ် ဆိုတာကိုလဲ ကိန်းသေမှတ်ထားကြရမယ်။

တကယ်ဖြစ်ပျက်မြင်တာကို မြင်မှ အနိစ္စကိုသိသည်

အဲဒီလို တကယ်ဖြစ်တာ, တကယ်ပျက်တာကို မြင်မှ (ဟုတွာ) ဖြစ်ပေါ်လာပြီး၍၊ အဘာဝတော မရှိတော့ခြင်း, ပျောက်ကွယ်သွားခြင်းကြောင့် အနိစ္စ မမြဲကုန်လို့ဆိုတဲ့ အတိုင်း) ဖြစ်ပေါ်လာပြီး ပျောက်သွားလို့ မမြဲဘူးဆိုတာကို ကိုယ်ပိုင်ဉာဏ်ဖြင့် ဒိဋ္ဌတွေ့မြင်နိုင်တယ်၊

အဲဒါကို “ဖြစ်ပျက်မြင်မှ၊ အနိစ္စ၊ ဒိဋ္ဌ သိနိုင်သည်”လို့ ဆောင်ပုဒ် စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။

၃။ ဖြစ်ပျက်မြင်မှ၊ အနိစ္စ၊ ဒိဋ္ဌ သိနိုင်သည်။

အဲဒီလို အနိစ္စကို သိမှ ဗဟုသုတ အဖြစ် မှတ်ထားရအောင် အဋ္ဌကထာမှာ

အနိစ္စံ ဝေဒိတဗ္ဗံ - အနိစ္စကို သိရမည်၊
အနိစ္စတာ ဝေဒိတဗ္ဗာ - အနိစ္စအဖြစ် အနိစ္စလက္ခဏာကို သိရမည်၊
အနိစ္စာနုပဿနာ ဝေဒိတဗ္ဗာ - အနိစ္စနုပဿာဉာဏ်ကို သိရမည်”

လို့ ခွဲခြားပြထားတယ်၊ အဲဒီ ခွဲခြားပုံကို ဆိုကြရမယ်။

၄။ အနိစ္စကို သိရမည်၊ အနိစ္စလက္ခဏာကို သိရမည်၊ အနိစ္စာနုပဿနာကို သိရမည်။

အနိစ္စဆိုတာ ဘာတွေလဲ ဆိုတော့ အနိစ္စန္တိ ခန္ဓပဉ္စကံလို့ ဖွင့်ပြထားတဲ့အတိုင်း မြင်မှု ကြားမှု စသည်ဖြင့် ထင်ရှား ဖြစ်ပျက်နေတဲ့ ခန္ဓာငါးပါး ရုပ်နာမ်တရားတွေပဲ၊ ဓမ္မစကြာ တရားတော်မှာ အသေးစိတ်အားဖြင့် ခွဲခြားပြခဲ့တဲ့ ဥပါဒါနက္ခန္ဓာ ငါးပါးပါပဲ၊

အဲဒါကို “ဖြစ်ပျက်သမျှ ရုပ်နာမ်ခန္ဓာက အနိစ္စတရား”လို့ ဆောင်ပုဒ်စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။

၅။ ဖြစ်ပျက်သမျှ၊ ရုပ်နာမ်ခန္ဓာက အနိစ္စတရား။

မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း ဒွါရ ၆ - ပါးက ပေါ်လာသမျှကို မပြတ်ရှုမှတ်နေတဲ့ ယောဂီမှာ သမ္မသနဉာဏ် ဥဒယဗ္ဗယဉာဏ် စသည် ဖြစ်တဲ့ အခါမှာ မှတ်တိုင်း မှတ်တိုင်း ခဏမစဲ ဖြစ်ပျက်နေတာတွေကို တွေ့ရတယ်၊ အဲဒီလို ဖြစ်ပျက်နေတဲ့ သဘောတရားတွေဟာ မမြဲတဲ့ ခန္ဓာငါးပါးတွေပါပဲ၊

ဘာကြောင့် အနိစ္စ - မမြဲဘူးလို့ ဆိုရသလဲ ဆိုရင် ဖြစ်ပေါ် ဖြစ်ပေါ်လာပြီး ကွယ်ပျောက် ကွယ်ပျောက် သွားလို့ပါပဲ၊ ဒါကြောင့် ဖြစ်ပေါ်ပြီး ကွယ်ပျောက် သွားခြင်းဟာ အနိစ္စမမြဲဘူးလို့ အသိအမှတ် ပြုရခြင်း၏ အမှတ်လက္ခဏာပါပဲ၊ ဥပမာ ကွင်းပြင်ကြီး တစ်ခုထဲမှာ အိမ်တစ်လုံး ဆောက်လိုက်ရင် အဲဒီအိမ်ဟာ အစက မရှိသေးဘဲ အသစ်ဖြစ်ပေါ်လာ တာပဲ၊ နောင်တစ်ချိန်ကျရင် အဲဒီအိမ်ဟာ တစ်နည်းနည်းဖြင့် ပျက်စီး ကွယ်ပျောက် သွားလိမ့်မယ်၊ ဒီတော့ အဲဒီအိမ်ကို မြဲတယ်လို့ ဆိုရမလား၊ မမြဲဘူးလို့ ဆိုရမလား၊

(မမြဲဘူးလို့ ဆိုရပါတယ်ဘုရား)

ဘာကြောင့်လဲ အစက မရှိသေးဘဲ အသစ်ဖြစ်ပေါ်လာတယ် ဖြစ်ပြီးတော့လဲ ပျက်စီး ပျောက်ကွယ် သွားတယ်၊ ဒါကြောင့်ပါပဲ၊ အဲဒီတော့ ဖြစ်ပေါ်လာပြီး ကွယ်ပျောက် သွားခြင်းဟာ မမြဲဘူးလို့ အသိအမှတ်ပြုရခြင်း၏ အမှတ်လက္ခဏာပဲ မဟုတ်လား၊

တစ်နည်း ဥပမာကတော့ မိုးမှောင်ကျနေတဲ့ တိမ်တိုက်ထဲမှ လျှပ်ရောင်ကလေး ပေါ်ထွက်လာတယ်၊ ပေါ်လာပြီးတော့ ချက်ခြင်းပဲ ပျောက်ကွယ်သွားတယ်၊ အဲဒီလို ပေါ်လာပြီး ပျောက်သွားတဲ့ လျှပ်ရောင်ဟာ မြဲသလား၊ မမြဲလား၊

(မမြဲပါဘုရား)

ဘာကြောင့်လဲ၊ အစကမရှိသေးဘဲ အသစ်ပေါ်လာပြီး ပျောက်သွားလို့ပဲ မဟုတ်လား၊ ဒါကြောင့် ပေါ်လာပြီး ပျောက်သွားခြင်းကို မမြဲဘူးလို့ အသိအမှတ်ပြုရခြင်း၏ အမှတ်လက္ခဏာလို့ ဆိုရတယ်၊ အဲဒါကို အဋ္ဌကထာမှာ -

ဟုတွာ - အစကမရှိသေးဘဲ ရှိလာပြီး ပေါ်လာပြီး၍၊
အဘာဝါကာရော - မရှိသော အခြင်းအရာ ကွယ်ပျောက်သွားသော အခြင်း အရာသည်၊
အနိစ္စလက္ခဏံ - မမြဲဟု မှတ်သိရကြောင်း အနိစ္စလက္ခဏာ မည်၏”

လို့ ဆိုထားပါတယ်၊ အဲဒါကို ဘုန်းကြီးက “ဖြစ်ပေါ်ပြီးနောက် ကွယ်ပျောက်သွား တာက အနိစ္စလက္ခဏာ” လို့ ဆောင်ပုဒ်စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။

၆။ ဖြစ်ပေါ်ပြီးနောက် ကွယ်ပျောက် သွားတာက အနိစ္စလက္ခဏာ။

အနိစ္စလက္ခဏာကို မြင်မှ အနိစ္စာနုပဿနာ ဖြစ်သည်

လူအများမှာ တစ်ဦးနဲ့တစ်ဦး မတူဘဲ ကွဲပြားတဲ့ အမှတ်လက္ခဏာလေးတွေ ရှိတယ်၊ မျက်နှာ မျက်ခုံး မျက်လုံး နှာတံ အသားအရေ စသည်တွေပါပဲ၊ အဲဒီအမှတ်လက္ခဏာ များကို ကြည့်ရှုတွေ့မြင်ပြီး ဘယ်သူပဲဆိုတာ သိရတယ်၊ အဲဒီလူရဲ့ ပုံပန်း လက္ခဏာကို မမြင်သေးရင်တော့ ဘယ်သူပဲလို့ မသိနိုင်သေးဘူး၊ အဲဒါလိုပဲဖြစ်ပေါ်ပြီး ပျောက်ကွယ် သွားခြင်းဆိုတဲ့ အနိစ္စလက္ခဏာကို မတွေ့ရသေးရင်တော့ မမြဲဘူးလို့ သိမြင်တဲ့ အနိစ္စာနုပဿနာအစစ် မဖြစ်သေးဘူး၊

ဒါကြောင့် ကျမ်းဂန် သုတအရ အားဖြင့် မမြဲမမြဲလို့ ရွတ်ဆို ဆင်ခြင်နေရုံမျှဖြင့် အနိစ္စာနုပဿနာအစစ် မဖြစ်ဘူးဆိုတာ သိထားကြမယ်၊ မြင်ဆဲ ကြားဆဲ စသည်မှာ ရှုလို့ “အဲဒီမြင်မှုနှင့် ရှုသိမှုစသည်ဟာ ဖြစ်ပြီးပျောက်သွား တယ်” ဆိုတာတွေ့ရမှ မမြဲဘူးလို့ သိမြင်တဲ့ အနိစ္စာနုပဿနာ အစစ်ဖြစ်တယ်၊ အဲဒါကို ဘုန်းကြီးက ရှုမှတ်ဆဲမှာ (ဖြစ်ပေါ်ပြီး) ကွယ်ပျောက်သွားတာကို တွေ့ရတဲ့ မမြဲဟု သိတာက အနိစ္စာနုပဿနာဉာဏ်”လို့ ဆောင်ပုဒ်စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။

၇။ ရှုမှတ်ဆဲမှာ (ဖြစ်ပေါ်ပြီး) ကွယ်ပျောက်သွားတာကို တွေ့ရ၍ မမြဲဟု သိတာက အနိစ္စာ နုပဿနာဉာဏ်။

အဲဒီမှာ ဖြစ်ပေါ်ပြီး ကွယ်ပျောက်သွားတာဟာ အနိစ္စလက္ခဏာပဲ၊ အဲဒီ အနိစ္စလက္ခဏာကို မြင်တွေ့ပြီးမှ မမြဲဘူးလို့ သိမြင်တဲ့ အနိစ္စာနုပဿနာဉာဏ် အစစ်ဖြစ်တယ်၊ အဲဒါကလဲ ဖြစ်ဆဲ ရုပ်နာမ်ကို ရှုမှတ်ခြင်းမရှိဘဲ စဉ်းစားဆင်ခြင် ကြည့်ရုံမျှနဲ့တော့ ဖြစ်တာမဟုတ်ဘူး၊ ဒါကြောင့် ရှုမှတ်ဆဲမှာ - လို့ ဖြစ်ရာကာလနဲ့ သတ်မှတ်ပြီး ပြထားပါတယ်။

အနိစ္စဉာဏ် အစစ်ဖြစ်ရင် ဒုက္ခ အနတ္တဉာဏ်လဲ ဖြစ်သည်

တကယ်ဖြစ်ပျက်တဲ့ ရုပ်နာမ်ကို ရှုမှတ်နေရင်းပင် “ဖြစ်ပြီး ပျက်သွားလို့ မမြဲဘူး” လို့ သိတဲ့ အနိစ္စာနုပဿနာဉာဏ် အစစ်ဖြစ်ရင် ဒုက္ခ - ဆင်းရဲလို့လဲ သိတော့တာပဲ၊ အနတ္တ - အတ္တမဟုတ်တဲ့ သဘောတရားမျှလို့လဲ သိတော့တာပဲ၊ အဲဒီလို အနိစ္စဉာဏ် အစစ်မဟုတ်ဘဲ အတုမျှဆိုရင်တော့ အနတ္တကို မသိ မမြင်နိုင်ဘူး၊

ဘယ်လိုဟာလဲဆိုရင် အိုးကွဲခြင်းကို အကြောင်းပြုပြီး အနိစ္စ မမြဲဘူးလို့ သိတာမျိုး ပါပဲ၊ အဲဒီလို သိရတဲ့ အနိစ္စ ဆိုတာက ပညတ်ပဲ၊ ထို့အတူပင် ဆူးစူးလို့ နာတာကို အကြောင်းပြုပြီး ဒုက္ခပဲ, ဆင်းရဲပဲလို့ သိတာမျိုးဟာ ဒုက္ခအတုကို သိတာပဲ၊ အဲဒီလို အနိစ္စ, ဒုက္ခအတုကို သိရုံမျှဖြင့် အနတ္တသဘောကို မသိနိုင်ဘူး၊

ဖြစ်ပြီး ပျက်သွား တာကို တွေ့ရလို့ မမြဲဘူးလို့ သိတာကတော့ ပရမတ်အနိစ္စပဲ၊ အဲဒီ ပရမတ် အနိစ္စကိုသိရင် ဖြစ်ပျက်မှုက မပြတ်နှိပ်စက်နေတယ် ဆိုတဲ့ ပရမတ်ဒုက္ခကိုလဲ သိတော့တာပဲ၊ သူ့သဘောအတိုင်း ဖြစ်ပျက်နေတဲ့ သဘောတရားမျှပဲ အစိုးရတဲ့ အတ္တကောင် မဟုတ်ဘူးလို့ အနတ္တ အစစ်ကိုလဲ သိတော့တာပဲ၊

(အဲဒီ အကြောင်းအရာများကို အာယတနဝိဘင်း အဋ္ဌကထာ, ဋီကာများမှာ အကျယ် ပြထားပါတယ်၊)

အဲဒီအနက်အဓိပ္ပါယ်ကို အတိုချုပ် ဆောင်ပုဒ်များ စီထားပါတယ်၊ အဲဒါတွေကို လိုက်ဆိုကြရမယ်။

၈။ ပညတ်အနိစ္စ၊ သိရုံမျှ၊ အနတ္တဉာဏ်မပိုင်။
၉။ ပညတ်ဒုက္ခ၊ သိရုံမျှ၊ အနတ္တဉာဏ်မပိုင်။
၁၀။ ပရမတ်အနိစ္စ၊ သိမြင်မှ၊ အနတ္တ ဉာဏ်ပိုင်သည်။
၁၁။ ပရမတ်ဒုက္ခ၊ သိမြင်မှ၊ အနတ္တ ဉာဏ်ပိုင်သည်။
၁၂။ လက္ခဏာစစ်တွင်၊ တစ်ခုမြင်၊ အကုန်ပင် သိတော့သည်။

အမှတ် ၁၂-အရ ဆိုလိုတာကတော့ ဖြစ်ပေါ်ပြီး ပျောက်ကွယ်သွားခြင်းဆိုတဲ့ အနိစ္စလက္ခဏာအစစ်၊ ဖြစ်လိုက်, ပျက်လိုက်နဲ့ မပြတ်နှိပ်စက်နေတယ်ဆိုတဲ့ ဒုက္ခလက္ခဏာ အစစ်အလိုအတိုင်း မဖြစ်ဘူး, အစိုးမရဘူးဆိုတဲ့ အနတ္တလက္ခဏာ အစစ်၊ ဒီလက္ခဏာအစစ် သုံးခုထဲက ရှုမှတ်နေရင်း တစ်ခုခုကို သဘောကျ သိမြင်သွားလျှင် ကျန်တဲ့လက္ခဏာ ၂-ခုပါ အကုန်လုံး သဘောကျ သိမြင်သွားတယ် လို့ ဆိုလိုပါတယ်၊

ဒါကြောင့် အင်္ဂုတ္တရနဝကနိပါတ် ပဌမသုတ်အဖွင့်အဋ္ဌကထာ (နှာ၂၅၈) မှာ ဒီလို ပြဆိုထားပါတယ်။

အနိစ္စလက္ခဏေ ဒိဋ္ဌေ အနတ္တလက္ခဏံ ဒိဋ္ဌမေဝ ဟောတိ၊ ဧတေသု ဟိ တီသု လက္ခဏေသု ဧကသ္မိံ ဒိဋ္ဌေ ဣတရဒွယံ ဒိဋ္ဌမေဝ ဟောတိ။

အနိစ္စလက္ခဏေ - အနိစ္စ လက္ခဏာကို၊ ဒိဋ္ဌေ - မြင်အပ်ပြီးလတ်သော်၊
အနတ္တလက္ခဏံ - အနတ္တလက္ခဏာကို၊ ဒိဋ္ဌမေဝ ဟောတိ - မြင်ပြီး ဖြစ်လေတော့သည်၊
ဟိ - မှန်ပေ၏၊
ဧတေသု တီသု လက္ခဏေသု - ဤသုံးခုသော လက္ခဏာ တို့တွင်၊
ဧကသ္မိံ - တစ်ခုကို၊ ဒိဋ္ဌေ - မြင်အပ်ပြီးလတ်သော်၊
ဣတရဒွယံ - အခြားလက္ခဏာ ၂ - ခုကိုလည်း၊ ဒိဋ္ဌမေဝ ဟောတိ - မြင်အပ်ပြီးသာလျှင် ဖြစ်၏။

အဲဒါဟာ -

အနိစ္စသညိနော - အနိစ္စဟု အမှတ်အသိ ရှိသူအား၊
အနတ္တသညာ - အနတ္တဟု အမှတ်အသိသည်၊
သဏ္ဌာတိ - ကောင်းစွာ တည်၏”

လို့ ဟောထားတဲ့ ပါဠိတော်၏ အဖွင့်ပါပဲ၊ ဒါကြောင့် ဘုန်းကြီးက အနိစ္စကို မြင်လျှင် ဒုက္ခ အနတ္တတို့ကိုလဲ သိမြင်ကြောင်း ဆောင်ပုဒ်များ စီထားပါတယ်၊ အဲဒါတွေကို ဆိုကြရမယ်။

၁၃။ အနိစ္စ မြင်လျှင် ဒုက္ခထင်သည်။

ခဏမစဲ ဖြစ်ပျက်နေလို့ မမြဲဘူးလို့ သိမြင် သဘောကျရင် ဖြစ်လိုက်, ပျက်လိုက်နဲ့ ဆင်းရဲမျှပဲလို့ သိမြင်တော့တာပါပဲ၊ ဆိုရဦးမယ်။

၁၄။ ဒုက္ခထင်တော့ အနတ္တမြင်သည်။

ဖြစ်လိုက်, ပျက်လိုက်နဲ့ ဆင်းရဲထင်မှတော့ ကိုယ့်အလိုအတိုင်း မဖြစ်ဘူး, အစိုးမရဘူး၊ သူ့သဘောအတိုင်း သူဖြစ်ပျက်နေတဲ့ အနတ္တသဘောမျှပဲဆိုတာလဲ သိမြင်တော့ တာပါပဲ၊ ယခုလို အနိစ္စ မြင်ရုံမျှဖြင့် ဒုက္ခ, အနတ္တတွေကိုလဲ သိတယ် ဆိုတာကတော့ တိုတိုကျဉ်းကျဉ်းနဲ့ ပြီးစေချင်လို့ ချုံးဟောရတာပါပဲ၊

အကျယ် ဟောမယ်ဆိုရင်တော့ ဒုက္ခ ဒုက္ခလက္ခဏာ ဆိုတာတွေကို ခွဲပြပြီး တစ်နာရီလောက် ဟောမှ ပြည့်စုံပါတယ်၊ နောက်ပြီးတော့ အနတ္တ အနတ္တလက္ခဏာ ဆိုတာတွေကို အကျယ်ဟောရင်တော့ ၂-နာရီ ၃-နာရီလောက် ဟောမှ တော်တော် ပြည့်စုံမယ်၊

ယခု ဒီမှာတော့ တိုတိုနဲ့ ပြီးစေချင်တဲ့အတွက် အနိစ္စကို ကောင်းကောင်းသိမြင်လျှင် ဒုက္ခ အနတ္တတို့ကိုလဲ သိမြင်ကြောင်း ချုံးပြီး ဟောပါတယ်၊ အဲဒီလို အနိစ္စမြင်ပြီးတော့ အနတ္တကို မြင်သွားရင် ဝိပဿနာဉာဏ်စဉ်အတိုင်း တက်ပြီး နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်ပါတယ်၊ အဲဒီ ဆောင်ပုဒ်ကိုလဲ ဆိုကြရမယ်။

၁၅။ အနတ္တမြင်၊ နိဗ္ဗာန်ခွင်၊ ပြေးဝင် ဆိုက်ရောက်သည်။

ဉာဏ်စဉ် တက်ပုံ

ယခု ပြောခဲ့တဲ့ သိမြင်ပုံတွေက သမ္မသန ဉာဏ်ပိုင်းက စပြီး သိမြင်ပုံတွေကို ပြောနေတာပါပဲ၊ ဒါကြောင့် အဲဒီလို သမ္မသနဉာဏ်ဖြင့် အနိစ္စ ဒုက္ခ အနတ္တ သဘောများကို သိမြင် သဘောကျပြီးတော့ မပြတ်ရှုမှတ်နေလျှင် လျင်မြန်စွာ ဖြစ်ပျက်နေတဲ့ မြင်မှုကြားမှုစသည်, ဖောင်းမှု ပိန်မှု စသည်တို့ကို လျင်မြန်စွာလိုက်ပြီး ရှုသိနိုင်တဲ့ ဥဒယဗ္ဗယဉာဏ် ဖြစ်ပေါ်လာတယ်၊

အဲဒီအခါမှာ အရောင်အလင်းတွေကိုလဲ တွေ့ရတယ်၊ ဝမ်းမြောက်တဲ့ ပီတိတွေလဲ အလွန်အကဲ ဖြစ်လာတာကို တွေ့ရတယ်၊ အမှတ်ရတဲ့ အသိကလဲ အလွန် ကောင်းတယ်၊ အသိဉာဏ်ကလဲ အလွန်ထက်တယ်၊ မမှတ်နိုင်တာ မသိတာရယ်လို့ မရှိဘူး၊ သိနေတယ်၊ ယုံကြည်မှုကြည်ညိုမှု သဒ္ဓါကလဲ အလွန်ထက်သန်တယ်၊ စိတ်ရော ကိုယ်ရော အလွန်ချမ်းသာနေတယ်၊ ဘယ်လို ကောင်းမှန်းမသိအောင်, မပြောနိုင်အောင် ကောင်းနေတတ်တယ်၊

အဲဒါတွေဟာ ရှုမှတ်မှုကို အန္တရာယ်ပြုတတ်တဲ့ ဥပက္ကိလေသတွေပဲ၊ အခြား တစ်ဘက်ကနေ ကြည့်မယ်ဆိုရင်တော့ ဝိပဿနာလမ်းဆုံးအထိ ဆက်လက် အားထုတ်သွားနိုင်အောင် အားပြည့် တက်ကြွစေတတ်တဲ့ အထောက်အပံ့တွေပါပဲ၊ ဒါပေမယ့် အဲဒီအရောင်အလင်းစသည်တွေကို သာယာနှစ်သက်နေရင် ဝိပဿနာ ဉာဏ်က မတိုးတက်ဘဲ ရှိနေတတ်တယ်၊ ဒါကြောင့် အဲဒီ အရောင်အလင်း စသည်တွေကိုလဲ ရှုမှတ်ပြီး ပယ်ရမယ်။

အဲဒီလို ရှုမှတ်ပြီးပယ်လို့ အဲဒီအရောင် အလင်း စသည်တွေ ပျောက်ကင်း သွားတဲ့အခါမှာ မြင်မှု ကြားမှုစသော ရုပ်နာမ်တို့၏ အဖြစ်အပျက်ကို သာပြီး ရှင်းလင်းပြတ်သားစွာ သိရတယ်၊ အဲဒီလို သိပြီးတဲ့နောက် ရှုမှတ်ရတဲ့ အာရုံရော, ရှုမှတ်သိတဲ့ (အာရမ္မဏိက) စိတ်နာမ်ရော လျင်မြန်စွာ ပျက်ပျက် သွားတာကိုချည်း တွေ့နေရတယ်၊

အဲဒီလို အာရုံရော, အာရမ္မဏိကရော အတွဲလိုက် အတွဲလိုက် လျင်မြန်စွာ ပျက်ပျက်သွားတာကို တွေ့မြင်ပြီး သိတာက ဘင်္ဂဉာဏ်တဲ့၊ ဒီဉာဏ်က ပေါ်လာတဲ့ အာရုံကိုရော ရှုသိတဲ့ စိတ်နာမ်ကိုရော ပျက်ပျက် သွားတာလည်း သိသိနေတဲ့အတွက် အပြင်ကပေါ်လာတဲ့ အာရုံ အပေါ်မှာလဲ မြဲတဲ့အနေ ချမ်းသာတဲ့အနေ သတ္တဝါကောင် အနေဖြင့် စွဲလမ်းစရာမရှိတော့ဘူး၊ အတွင်းဘက်ကရှုသိတဲ့ စိတ်နာမ် အပေါ်မှာလဲ အဲဒီလို စွဲလမ်းစရာ မရှိတော့ဘူး၊ ဒါကြောင့် ဒီဘင်္ဂဉာဏ်မှ စပြီး နိစ္စ သုခ အတ္တ အစွဲကို ကောင်းကောင်း ပယ်နိုင်တဲ့ ပဟာနပရိညာကိစ္စ ပြီးကြောင်း ဝိသုဒ္ဓိမဂ်မှာ ပြဆိုထားတာပဲ။

အဲဒီ ဘင်္ဂဉာဏ်ဖြင့် လျင်မြန်စွာ ပျက်ပျက်သွားတာကိုချည်း တွေ့နေရတဲ့အတွက် မြင်မှု ကြားမှုစသော ရုပ်နာမ်တွေကို ကြောက်စရာအနေနဲ့ မြင်လာတယ်၊ အဲဒါက ဘယဉာဏ်ပဲ။
ကြောက်စရာကောင်းတော့ အပြစ်မြင်လာတယ်၊ အာဒီနဝဉာဏ်ပဲ။
အပြစ်မြင်ရင်တော့ ငြီးငွေ့လာတယ်၊ နိဗ္ဗိဒါဉာဏ်ပဲ။
ငြီးငွေ့တော့ ဆုပ်ကိုင်သိမ်းပိုက် မထားဘဲ စွန့်လွှတ်ချင်လာတယ်၊ မုဥ္စိတုကမျတာ ဉာဏ်ပဲ။
စွန့်လွတ်ချင်တော့ စွန့်လွှတ်နိုင်အောင် တစ်ဆင့်တက်ပြီး အထူးအားထုတ်တယ်၊ ပဋိသင်္ခါဉာဏ်ပဲ။ အထူးအားထုတ်ပြီး တစ်ဖန်သိတဲ့ဉာဏ်လို့ ဆိုလိုပါတယ်၊

အဲဒီလို အထူးအားထုတ်လို့ သမာဓိဉာဏ် တစ်ဆင့်တက်ပြီး ရှင်သန်လာတဲ့အခါမှာ အထူးကြောင့်ကြမှု မပြုရတော့ဘဲနဲ့ အညီအမျှရှုနိုင်တဲ့ သင်္ခါရုပေက္ခာဉာဏ် ဖြစ်ပေါ် လာတယ်။

ယခုပြောခဲ့တဲ့ ဘယဉာဏ်ဖြစ်ပုံ စသည်ကို ဝိသုဒ္ဓိမဂ်မှာ ငါးဖမ်းတဲ့လူ ဥပမာဖြင့် ဒီလိုပြထားတယ်၊ ငါးဖမ်းတဲ့သူဟာ မြှုံးထဲက သို့မဟုတ် ဆောင်းထဲက ငါးကို လက်ဖြင့် နှိုက်ပြီး ဖမ်းယူတယ်၊ လက်တွင်းတစ်ဆုပ်ရှိတဲ့ ငါးကြီးကို ရပြီးလို့ ထင်ပြီး ဝမ်းသာတယ်၊ အဲဒီငါးကြီးကို ရေပေါ် ထုတ်ကြည့်တဲ့အခါ လည်ရေး သုံးဆင့်ကို မြင်ရတာနဲ့ ငါးမဟုတ်ဘဲ မြွေဆိုးကြီး ဖြစ်နေကြောင်း သိရတယ်၊ အဲဒီအခါ ကြောက်တယ်၊ ဆုပ်ကိုင်မိတာကို အပြစ်မြင်တယ်၊ ဆုပ်ကိုင်မထားချင်တော့ဘူး၊ လွှတ်လိုက်ချင်တယ်၊

သို့ပေမယ့် အလွယ်တကူနဲ့ လွှတ်လိုက်ရင် မိမိကိုကိုက်သွားမှာ စိုးရိမ်တဲ့အတွက် အဲဒီမြွေကြီးကို မိမိ၏ ခေါင်းပေါ်မှာ သုံးပတ်လောက်လှည့်ပြီး ဝှေ့ရမ်းရတယ်၊ အဲဒီလို ဝှေ့ရမ်းပြီးတော့မှ လွှတ်ပစ်လိုက်တယ်၊ မြွေကြီးဟာ ခပ်လှမ်းလှမ်းမှာ လွင့်စင်ပြီး ကျသွားတယ်၊ အဲဒီအခါ လွှတ်ပစ်လိုက်တဲ့ လူက လွတ်လောက်ရာ အရပ်သို့ ပြေးသွားပြီး ပြန်လှည့်ကြည့်တယ်၊ ဒါက ဥပမာပဲ။

ယောဂီဟာ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာကို မမြင်ရသေးမီက မြင်မှု ကြားမှုစသော မိမိရုပ်နာမ်ခန္ဓာကိုယ်ကို နှစ်သက်သာယာနေတယ်၊ အဲဒါဟာ ဟိုငါးဖမ်းတဲ့သူက မြွေကြီးကို ငါးထင်ပြီး နှစ်သက်ဝမ်းမြောက်နေတာနဲ့ တူပါတယ်တဲ့၊ မတူပေဘူးလား၊ တကယ်ကို တူနေပါတယ်၊ လက္ခဏာရေး သုံးပါးကို မြင်ရတဲ့အခါကျတော့ ကြောက်တာ အပြစ်မြင်တာ ငြီးငွေ့တာတွေဟာ လည်ရေးသုံးဆင့်ကို မြင်ရတဲ့အခါ မြွေဆိုးကြီးမှန်းသိပြီး ကြောက်တာ၊ ဆုပ်ကိုင်ထားမှု၌ အပြစ်မြင်တာ ဆုပ်ကိုင်မထား လိုတော့တာများနှင့် တူပါသတဲ့၊ မတူပေဘူးလား တကယ်ကို တူနေပါတယ်၊

ရုပ်နာမ်တို့၏ အပြစ်မြင်သဖြင့် ငြီးငွေ့ပြီး စွန့်လွှတ်ချင်တာဟာ မြွေဆိုးကြီး ဆုပ်ကိုင် ထားမိခြင်း၌ အပြစ်မြင်ပြီး ဆုပ်ကိုင်မထားတော့ပဲ စွန့်လွှတ်လိုက်ချင်တာနဲ့ တူပါသတဲ့၊ အဲဒီ ငါးဖမ်းသူဟာ မြွေဆိုးကြီး ဆုပ်ကိုင်ထားမိခြင်း၌ အပြစ်မြင်တာကို ယောဂီမှာ မိမိ၏ ရုပ်နာမ်တွေကို အပြစ်မြင်ဖို့လိုပါတယ်၊

မြွေဆိုးကြီးကို ဆုပ်ကိုင် မထားလိုတော့ဘဲ ငြီးငွေ့သလို မြင်မှု ကြားမှုစသော ရုပ်နာမ်တွေနဲ့ စပ်ပြီး မပျော်မွေ့ဘဲ ငြီးငွေ့ဖို့ လိုပါတယ်၊ မြွေဆိုးကြီးကို လွှတ်ပစ် လိုက်ချင်တာလို မြင်မှု ကြားမှု စသော ရုပ်နာမ်တွေကို စွန့်လွှတ်ချင်တဲ့ အသိဉာဏ် ဖြစ်ဖို့ လိုပါတယ်၊ အဲဒီလို ကြောက်ရွံ့ပြီး အပြစ်မြင်အောင်, ငြီးငွေ့ပြီး စွန့်လွှတ် ချင်အောင် မြင်မှု ကြားမှု စသော ရုပ်နာမ်တွေကို ဝိပဿနာ ရှုနေရတာပဲ။

တချို့က “ရုပ်နာမ် သင်္ခါရတွေကို အနိစ္စ ဒုက္ခ အနတ္တပဲလို့ သိနေတာပဲ ဝိပဿနာရှုနေဖို့ မလိုပါဘူး၊ ဒုက္ခတရားတွေ ရှုနေရင် ဒုက္ခတွေကိုပဲ တွေ့ရမှာပေါ့၊ ငြိမ်းအေးတဲ့ နိဗ္ဗာန်ကိုရှုမှ ချမ်းသာမယ်” စသည်ဖြင့် ကျမ်းဂန်လွတ် အရမ်း ပြောဟော နေကြတာတွေ ရှိနေတယ်၊

သူတို့သိတဲ့ အနိစ္စ ဒုက္ခ အနတ္တဆိုတာက သညာသိမျှပဲ၊ သညာသိတောင်မှ စာပေဗဟုသုတ ရှိသူတို့၏ အသိနှင့် နှိုင်းစာကြည့်ရင် သူတို့သိတာက ဘာမျှ မပြောပလောက်ပါဘူး၊ အဲဒီလို သိရုံမျှဖြင့် မိမိတို့၏ မြင်မှု ကြားမှု စသည်တွေကို ကြောက်ပါ့မလား၊ ကြောက်စရာလို့တောင် သိမှာမဟုတ်ဘူး၊

ပညာရှိတွေက ကြောက်စရာ ကောင်းကြောင်း ဟောပြတောင်မှ ကြောက်စရာ မဟုတ်တာတွေကို ကြံဖန်ပြီး ပြောနေတယ်လို့ ထင်ကြလိမ့်ဦးမယ်၊ မြင်မှု ကြားမှု နံသိမှု စားသိမှု ထိသိမှု တွေကို အပြစ်မြင်ပါ့မလား၊ ငြီးငွေ့ပါ့မလား၊ ဘာမျှ အပြစ်မရှိဘူးလို့လဲ ထင်နေကြပါလိမ့်မယ်၊

ကိုယ်ကြိုက်တာတွေကို ကြည့်မြင်ရတာ ပျော်စရာပဲလို့လဲ ထင်နေကြလိမ့်မယ်၊ ကြိုက်တာတွေကို နားထောင်ရ ကြားရ နံသိ ရတာဟာ ပျော်စရာပဲလို့လဲ ထင်နေ ကြပါလိမ့်မယ် အရသာကောင်းတွေ စားရတာ ထိတွေ့ချင်တာတွေနဲ့ ထိတွေ့ရတာ အလွန် ကောင်းတယ်လို့လဲ ထင်နေကြပါ လိမ့်မယ်၊ စိတ်ကူးကြံစည်မှုကိုတော့ အပြစ်မမြင်ဘဲ ပျော်စရာ အကောင်းဆုံးလို့ ထင်နေကြမှာ သေချာပါတယ်၊

လွတ်လွတ်လပ်လပ် စိတ်ကူးနေရတာကို ပျော်စရာလို့ ထင်နေကြတဲ့အတွက် စိတ်ကို ချုပ်ထိန်းပြီး တရား အားမထုတ်ချင် ကြတာပဲ၊ ဒါကြောင့် တရားအားမထုတ် ရဘဲ အလွယ်တကူ နည်းကို ကြံဖန်ပြီး ဟောနေကြတာပဲ၊ နောက်ပြီးတော့ အဲဒီလို လွတ်လွတ်လပ်လပ် စိတ်ကူးနေရတာကလေး ပျောက်ကင်းသွားမှာလဲ အလိုမရှိဘဲ ဖြစ်နေကြတာပဲ၊

နောက်ပြီးတော့ မြွေဆိုးကြီးကို လွတ်ပစ်လိုက်ချင်သလို မြင်မှု ကြားမှု စသည်တွေကို စွန့်လွှတ်လိုတဲ့ စိတ်ဖြစ်ပါ့မလား၊ သာမန် သုတသိ သညာသိမျှဖြင့် မြင်မှု ကြားမှု စသည်ကို စွန့်လွှတ်လိုတဲ့စိတ်ဖြစ်ဖို့ ဝေးပါသေးရဲ့ ဗဟုသုတများတဲ့ သူတွေတောင် တကယ်ငြီးငွေ့ဖို့ စွန့်လွှတ်လိုတဲ့ မုဉ္စိတုကမျတာ ဉာဏ် ဖြစ်ဖို့ မလွယ်လှပါဘူး။

နောက်ပြီးတော့ ရုပ်နာမ်သင်္ခါရတွေကို စွန့်လွှတ်နိုင်အောင် တစ်ဆင့်တက်ပြီး အထူးအားထုတ်တာကို မြွေဆိုးကို လွှတ်ပစ်ဖို့ ဝှေ့ရမ်းနေတာနဲ့ တူပါတယ် - တဲ့၊ ခုတင်က ပြောခဲ့တဲ့အတိုင်း ပဋိသင်္ခါဉာဏ် ရင့်သန်တဲ့အခါမှာ သင်္ခါရုပေက္ခာဉာဏ် ဖြစ်တယ်၊ ဒီဉာဏ်ကတော့ အင်မတန် ထူးခြားပါတယ်၊ ဝိပဿနာဉာဏ်တွေထဲမှာ ဒီဉာဏ်ကရှည်ကြာစွာ ထင်ရှားဖြစ်တဲ့ အကောင်းဆုံးဉာဏ်ပဲ၊ ဒီဉာဏ်ထူးခြားပုံ ကောင်းပုံကို အင်္ဂါ ၆ - ပါးနဲ့ ဘုန်းကြီးက သတ်မှတ်ထားပါတယ်။

သင်္ခါရုပေက္ခာ၏ ဂုဏ်အင်္ဂါ ၆ - ပါး

(၁) ဘယဉ္စ - ကြောက်ခြင်းကို လည်းကောင်း၊
နန္ဒိဉ္စ - နှစ်သက်ပျော်မွေ့ခြင်းကိုလည်းကောင်း၊
ဝိပ္ပဟာယ - ပယ်စွန့်၍၊
ဥဒါသိနော - မချစ်မမုန်း အညီအမျှသည်၊
ဟောတိ - ဖြစ်၏ တဲ့၊

ဒီသင်္ခါရုပေက္ခာဉာဏ် မရောက်ခင်ကဆိုရင် လောကဘက်က တွေ့ကြုံနိုင်တဲ့ ဘေးရန်အန္တရာယ်တွေကိုလဲ ဆင်ခြင်မိ တွေးမိရန် ကြောက်ရွံ့စိုးရိမ်တတ်တယ်၊ ဘယဉာဏ် စသည်ဖြစ်ခိုက်က ဆိုရင်လဲ အလွန်အပျက်မြန်တဲ့ ရုပ်နာမ်သင်္ခါရတွေကို အကြောင်းပြုပြီးတော့ ကြောက်စရာအနေနဲ့ ဆင်ခြင်မြင်သိပြီး ကြောက်တဲ့ အခြင်း အရာအားဖြင့် စိတ်ဖြစ်ခဲ့တယ်၊ အပြစ်မြင်ခဲ့တယ်၊ ငြီးငွေ့ခဲ့တယ်၊ စွန့်လွှတ်လိုခဲ့တယ်၊ စွန့်လွှတ်နိုင်အောင် အထူး ကြောင့်ကြပြုပြီး ရှုခဲ့တယ်၊

ယခု ဒီသင်္ခါရုပေက္ခာဉာဏ် ရောက်တော့ အဲဒီလောကဘက်က ကြောက်ရွံ့ စိုးရိမ်မှုတွေ မရှိတော့ဘူး၊ စိုးရိမ်စရာတွေကို သူတစ်ပါးထံမှ ကြားရပေမယ့် စိုးရိမ်မှု တယ်မဖြစ်ဘူး၊ သက်သာနေတယ်၊ တရားဘက်က ကြောက်ခြင်း အပြစ်မြင်ပြီး ငြီးငွေ့ခြင်း စွန့်လွှတ် လိုခြင်း အထူးကြောင့်ကြပြု၍ ရှုခြင်းဆိုတာတွေလဲ ကင်းနေတယ်၊ ငြိမ်သက် ကြည်လင်စွာနဲ့ ရှုသိရှုသိလျက်သာ ဖြစ်နေတယ်၊

အဲဒါကို ဘုန်းကြီးက “ကြောက်နှစ်သက်ခြင်း ကင်းရှင်းပေသည်”လို့ ဆောင်ပုဒ် စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။

ကြောက်-နှစ်သက်ခြင်း၊ ကင်းရှင်းပေသည်။

(၂) နောက်ပြီးတော့ -

နေဝ သုမနော ဟောတိ - ဝမ်းမြောက် ဝမ်းသာလဲ မဖြစ်၊
န ဒုမ္မနော - နှလုံးမသာလဲ မဖြစ်၊
သတော သမ္မဇာနော - အမှတ်ရလျက် မှန်စွာသိလျက်၊
ဥပေက္ခာတော ဝိဟရတိ - အညီအမျှ ရှုလျက်နေ၏ - တဲ့၊

ဒီသင်္ခါရုပေက္ခာဉာဏ် သန်သန်ကြီး ဖြစ်နေတဲ့ အချိန်မှာ ကောင်းတဲ့ အာရုံတွေ့ရ လို့လဲ ဝမ်းမသာဘူး၊ မကောင်းတဲ့ အာရုံကိုတွေ့ရလို့လဲ နှလုံးမသာ မဖြစ်ဘူး၊ အမှတ်ရပြီး သိရုံ သိရုံမျှ လစ်လျူရှုနေနိုင်ပါတယ်တဲ့၊ အဲဒါကိုလဲ “ချမ်းသာ ဆင်းရဲရှုမြဲ တူညီ” လို့ ဆောင်ပုဒ်စီထားပါတယ်၊ အဲဒါကို ဆိုကြရမယ်။

ချမ်းသာ ဆင်းရဲ ရှုမြဲ တူညီ။

(၃) နောက်ပြီးတော့ -

သင်္ခါရဝိစိနနေ - သင်္ခါရ တို့ကို ရှုမှု၌၊
မဇ္ဈတ္တံဟုတွာ - အလယ်အလတ် အညီအမျှဖြစ်၍တဲ့၊

ဒါက ဝိသုဒ္ဓိမဂ်အဆိုပဲ အဲဒီ အဆိုနှင့်စပ်ပြီးတော့ သင်္ခါရုပေက္ခာဉာဏ် ဆိုတာ သင်္ခါရ အာရုံတွေကိုသာ လျစ်လျူရှုသင့်သည် မဟုတ်လား၊ ရှုမှုဝိပဿနာကိုတော့ လျစ်လျူ မရှုသင့်ဘူး မဟုတ်ပါလား” လို့ မေးစရာရှိတယ်၊ အဲဒါကို မေးဖွယ်အချက်ကို ဋီကာက ဒီလိုဖြေရှင်းထားပါတယ်၊

သင်္ခါရေသုဝိယ - သင်္ခါရအာရုံတို့၌ လျစ်လျူရှုသကဲ့သို့၊
တေသံ ဝိစိနနေပိ - ထိုသင်္ခါရတို့ကို ရှုမှု၌လဲ၊
ဥဒါသိနံ ဟုတွာ - လျစ်လျူရှုသည်ဖြစ်၍လို့ ဖွင့်ပြထားပါတယ်၊

ဆိုလိုတာကတော့ သင်္ခါရုပေက္ခာဉာဏ်ဟာ ရှုစရာ သင်္ခါရ အာရုံတွေကိုလဲ လျစ်လျူ ရှုတယ်။ ဝိပဿနာစိတ်ကိုလဲ လျစ်လျူရှုတယ် - လို့ ဆိုလိုပါတယ်၊ ရှေ့ပိုင်း တုန်းကဆိုရင် ရှုစရာ အာရုံတွေအတွက်လဲ ကြောင့်ကြစိုက်ရတယ်၊ ရှုသိမှု ဖြစ်အောင်လဲ ကြောင့်ကြ စိုက်ရတယ်၊ ဒီသင်္ခါရုပေက္ခာဉာဏ် ရောက်တော့ အဲဒီလို ကြောင့်ကြ မစိုက်ရတော့ဘူး ဖောင်းတယ် ပိန်တယ် ထိုင်တယ် သိတယ် စသည်ဖြင့် အစ လေးငါးဆယ်ချက်လောက်ပဲ ကြောင့်ကြစိုက်ရတယ်၊ အဲဒီ လေးငါးဆယ်ချက် ကတော့ သင်္ခါရုပေက္ခာမဟုတ်သေးဘူး၊ ရှေ့ပိုင်းဉာဏ်တွေပဲ၊

အဲဒီ လေးငါး ဆယ်ချက်က နောက်တော့ ကြောင့်ကြမစိုက်ရတော့ဘူး၊ ရှုစရာ အာရုံကလဲ သူ့ဟာသူ အဆင်သင့် ပေါ်ပေါ်နေတယ်၊ ရှုသိမှုကလဲ တစ်မှတ်ပြီး တစ်မှတ် မှတ်သိလျက် သူ့အရှိန်နှင့်သူ သွားနေတယ်၊ ရှုမှတ်ရတာ အလွန် သက်သာနေပါတယ်၊ သူ့ဟာသူ သိရုံမျှ သိရုံမျှ သိသိသွားနေတယ်၊

အဲဒါကို “ကြောင့်ကြမပြု မှတ်ရှုလွယ်သည်”လို့ ဆောင်ပုဒ် စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။

ကြောင့်ကြမပြု, မှတ်ရှုလွယ်သည်။
သင်္ခါရု ညီမှု ဂုဏ်သုံးမည်။

၁။ ကြောက်ခြင်း, နှစ်သက်ခြင်း ကင်းတာရယ်၊
၂။ ချမ်းသာနှင့် ဆင်းရဲ အာရုံအကောင်းနှင့်အဆိုးကို ညီတူညီမျှ သိရုံသိရုံမျှ ရှုနိုင်တာရယ်၊
၃။ ကြောင့်ကြမစိုက်ရဘဲ အလွယ်တကူနဲ့ ရှုသိသွားနိုင်တာရယ် -

ဒီသုံးခုဟာ သင်္ခါရုပေက္ခာဉာဏ်ရဲ့ ညီမျှတဲ့ ဂုဏ်အင်္ဂါ သုံးပါးပဲ။

၄။ နောက်ပြီးတော့ ထူးခြားတဲ့ ဂုဏ်အင်္ဂါကလဲ သုံးပါးရှိတယ်၊ ပဋိသမ္ဘိဒါမဂ် ပါဠိတော်မှာ ဒီဉာဏ်ကို -

သန္တိဋ္ဌာနာ - ကောင်းစွာတည်သော၊
ပညာ - အသိပညာသည်၊
သင်္ခါရုပေက္ခာသု ဉာဏံ - သင်္ခါရုပေက္ခာဉာဏ် မည်သည်”

လို့ ဖွင့်ပြထားတယ်၊ အဲဒီမှာ ကောင်းစွာ တည်တယ်ဆိုတာက ဘယ်လိုဟာလဲလို့ ဆိုတော့ -

ဉာဏဿ - သင်္ခါရုပေက္ခာဉာဏ်၏၊
သန္တာနဝသေန ပဝတ္တိံ - အစဉ်အတန်း၏ အစွမ်းအားဖြင့် မပြတ်ဆက်၍ ဖြစ်နေခြင်းကို၊
အာဟ - ဆိုပါသည်”

လို့ ဋီကာက ဖွင့်ပြထားပါတယ်၊

သင်္ခါရုပေက္ခာဉာဏ်ဆိုတာ အစဉ်အတန်းလိုက်အားဖြင့် ကြာရှည်စွာ တည်နေ ပါတယ်တဲ့၊ ရှေ့ပိုင်းဉာဏ်တွေကတော့ ငါးမိနစ်, ဆယ်မိနစ် စသည် ကြာတဲ့အခါ အကြောင်းတစ်ခုခုကြောင့် ပျက်ပျက်သွားလို့ အသစ်အသစ် အခြေတည်တည့်ပြီး ရှုမှတ်ရတယ်၊

ဒီသင်္ခါရုပေက္ခာဉာဏ်ကတော့ အစ လေးငါးဆယ်ချက်လောက်သာ ကြောင့်ကြစိုက်ပြီး မှတ်ရမယ်၊ အဲဒီကနောက်တော့ သူ့အလိုလိုပင် ရှုသိ ရှုသိနေသလိုပဲ အစဉ်အတန်း လိုက် ကြာရှည်စွာ တည်နေတယ်၊ တစ်နာရီ လောက်လဲ အရှိန်မပျက် တည်နေတယ်၊ ၂-နာရီ, ၃-နာရီစသည်လဲ တည်နေတယ်၊

အဲဒါကို “ကြာရှည်စွာလဲ တည်မြဲသူတည်”လို့ ဆောင်ပုဒ် စီထားပါတယ်၊ အဲဒါကို ဆိုကြရမယ်။

ကြာရှည်စွာလဲ တည်မြဲသူတည်။

၅။ နောက်ပြီးတော့ “သုပ္ပဂ္ဂေ ပိဋ္ဌံ ဝဋ္ဋိယမာနံ ဝိယ - ဗန်းပေါ်မှာ လိမ့်စေအပ်, ဆင့်အပ်သော မုန့်ညက်မှုန့်လိုပင် ကြာလေ ကြာလေ သာပြီးသိမ်မွေ့ သိမ်မွေ့ သွားသည်”လို့ ဋီကာက ဖွင့်ပြထားပါတယ်၊ ဆိုတာကတော့ မုန့်ညက်မှုန့်များကို ဗန်းပေါ်ထည့်ပြီး ဝိုင်းတဲ့ ဆင့်တဲ့အခါ အကြမ်းတွေကို ခါခါချလိုက်တဲ့အတွက် ကြာလေကြာလေ မုန့်မှုန့်အနုတွေသာ ကျန်တော့တယ်၊

အဲဒါလိုပဲ သင်္ခါရုပေက္ခာဉာဏ် ဖြစ်ကာစကထက် နောက်ပိုင်းမှာ ကြာလေကြာလေ သာသာပြီး သိမ်မွေ့ သိမ်မွေ့ သွားပါတယ်တဲ့၊ အဲဒါဟာ ဒီဉာဏ်ရောက်ဖူးတဲ့ ယောဂီတွေမှာ ကိုယ်တိုင်တွေ့အားဖြင့် ထင်ရှားပါတယ်၊

အဲဒီလို ဖြစ်ပုံကို “ကြာလေ သာ၍ သိမ်မွေ့လေသည်”လို့ ဆောင်ပုဒ်စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။

ကြာလေ သာ၍ သိမ်မွေ့လေသည်။

၆။ နောက်ပြီးတော့

ပတိလီယတိ - တွန့်၏၊
ပတိကုဋတိ - ဆုတ်၏၊
နသမ္ပသာရီယတိ - မပြန့်စေအပ် မပြန့်စေနိုင်၊
ဝါ - ပြန့်မသွား”

လို့ ဟောတော်မူတဲ့ ပါဠိတော်များနှင့်အညီ သင်္ခါရုပေက္ခာဉာဏ်ရောက်တဲ့ ယောဂီ၏ စိတ်ဟာ ထိုထိုအာရုံများဆီသို့ ပျံ့လွင့် မသွားတော့ဘူး၊ သင်္ခါရုပေက္ခာဉာဏ် ကောင်းကောင်း ဖြစ်နေတဲ့ အချိန်မှာ မိမိကြိုက်နှစ်သက်တဲ့ အာရုံကို ဆင်ခြင် ကြည့်ပေမယ့် အဲဒီအာရုံမှာ ကြာကြာမတည်ဘူး၊

ရှုသိလျက် ရှုသိလျက်ပဲ ပြန်ပြန်ဖြစ်နေတယ်၊ ကိုယ့်ကိုယ်ထဲမှာတောင် ထိုထိုအာရုံ တွေကို ဖြန့်ပြီး ရှုမှတ် ပေမယ့် အဲဒီအာရုံအများဆီကို မသွားဘဲ ရှုသိနေကျ အာရုံအနည်းငယ်မှသာ ရှုသိလျက် ရှုသိလျက် ဖြစ်ဖြစ်နေတယ်၊ အဲဒါဟာ ထိုထိုအာရုံမှ တွန့်ဆုတ်တဲ့ သဘောပါပဲ၊ ထိုထိုအာရုံများဆီသို့ ပြန့်မသွားတဲ့ သဘောပါပဲ၊ အဲဒီလိုဖြစ်ပုံကို “အာရုံတခြား ပြန့်သွားကင်းသည်”လို့ ဆောင်ပုဒ် စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။

အာရုံတခြား ပြန့်သွား ကင်းသည်။
သင်္ခါရု ထူးမှု ဂုဏ်သုံးမည်။

၁-နာရီ, ၂-နာရီ စသည် အရှိန်မပျက် ကြာရှည်စွာတည်တာရယ်၊ သင်္ခါရုပေက္ခာဉာဏ် ဖြစ်ပြီးနောက် အချိန်ကြာလေ ကြာလေ သာသာပြီး သိမ်မွေ့တာရယ်၊ တခြား အာရုံဆီ ပြန့်မသွားတာရယ်၊ ဒီသုံးခုဟာ သင်္ခါရုပေက္ခာဉာဏ်ရဲ့ ထူးခြားတဲ့ ဂုဏ်အင်္ဂါ သုံးပါးပါပဲ၊ သင်္ခါရုပေက္ခာဉာဏ် ရောက်ဖူးတဲ့ ယောဂီတွေဟာ ယခုပြောခဲ့တဲ့ သင်္ခါရုပေက္ခာဉာဏ် ဂုဏ်အင်္ဂါ ၆ - ပါးကို တွေ့ဖူးတာချည်းပဲ၊

ဒါကြောင့် ဝိပဿနာအလုပ် အားထုတ်တဲ့ သူတွေဟာ ဒီဂုဏ်အင်္ဂါ ၆-ပါးနှင့် ပြည့်စုံတဲ့ သင်္ခါရုပေက္ခာဉာဏ် ဖြစ်ဖူးပြီးလား၊ မဖြစ်ဖူးသေးဖူးလား၊ ဆိုတာ ဆင်ခြင် စိစစ်ကြည့်ဖို့လိုပါတယ်၊ ဒီဂုဏ်အင်္ဂါ ၆-ပါးကို မတွေ့ဖူးသေးရင်တော့ သင်္ခါရုပေက္ခာ ဉာဏ် မရောက်သေးဘူးလို့ ဆုံးဖြတ်ရုံပဲ သင်္ခါရုပေက္ခာဉာဏ် မရောက်သေးရင် အရိယာမဂ်ဖိုလ်ကို မရောက်သေးဘူး ဆိုတာလဲ သေချာပါတယ်။

အရိယ မဂ်ဖိုလ် ဉာဏ်ဖြင့် နိဗ္ဗာန်ဝင်ပုံ

▬▬▬▬▬▬▬▬

ဒီဂုဏ်အင်္ဂါ ၆-ပါးနှင့် ပြည့်စုံတဲ့ သင်္ခါရုပေက္ခာဉာဏ်က ရင့်သန်အားပြည့်တဲ့ အခါကျတော့ ကြောင့်ကြမစိုက်ရဘဲ သူ့အရှိန်နှင့်သူ ရှုသိလျက် ရှုသိလျက် ဖြစ်နေရာက အထူးသွက်လက် လျင်မြန်တဲ့ အသိကလေးတွေ ဖြစ်လာပြီးတော့ အာရုံရော, အသိရော အကုန်ချုပ်ငြိမ်းတဲ့ သဘောထဲသို့ ဆိုက်ရောက်သွားတယ်။

အဲဒါဟာ ပဝတ္တ - ဆိုတဲ့ မပြတ်ဖြစ်နေတဲ့ ရုပ်နာမ်သင်္ခါရ အယဉ်ကို ကျော်လွန် ပြီးတော့ အပ္ပဝတ္တ - ဆိုတဲ့ နိဗ္ဗာန် အငြိမ်းဓာတ် သဘောထဲသို့ ကျရောက်သွား တာပါပဲ၊ အဲဒီလို ရောက်သွားတာကို နိဗ္ဗာန်မျက်မှောက်ပြုတယ်လို့ ဆိုတာပါပဲ၊ ဒါကြောင့် မိလိန္ဒပဥှာပါဠိ ၃၁၁ - မှာ ဒီလို ပြဆိုထားပါတယ်။

တဿ တံ စိတ္တံ အပရာပရံ မနသိကရောတော ပဝတ္တံ သမတိက္ကမိတွာ အပ္ပဝတ္တံ ဩက္ကမတိ၊ အပ္ပဝတ္တမနုပ္ပတ္တော မဟာရာဇ သမ္မာပဋိပန္နော နိဗ္ဗာနံ အစ္ဆိကရောတီတိ ဝုစ္စတိ - တဲ့။

အပရာပရံ - တစ်မှတ်ပြီးတစ်မှတ် အဆင့်ဆင့်၊
မနသိကရောတော - နှလုံးသွင်း ရှုနေသော၊
တဿ - ထိုယောဂီ၏၊
တံ စိတ္တံ - ထိုရှုသိနေသော စိတ်သည်၊
(အပရာပရံ မနသိကရောတော - တစ်မှတ်ပြီး တစ်မှတ် အဆင့်ဆင့် နှလုံးသွင်း ရှုသိနေစဉ်)
ပဝတ္တံ သမတိက္ကမိတွာ - မပြတ်ဖြစ်နေသော ရုပ်နာမ်အယဉ်ကို ကျော်လွန်ကုန်၍၊
အပဝတ္တံ - မပြတ်ဖြစ်နေသော ရုပ်နာမ်အယဉ်၏ ချုပ်ပြတ်ငြိမ်းခြင်း သဘောထဲသို့၊
ဩက္ကမတိ - သက်ဝင်သွားလေတော့သည်တဲ့။

ယောဂီဟာ မူလက ထိသိမှု ကြားမှု နာမှု မြင်မှုစသော မပြတ် ဖြစ်ပျက်နေတဲ့ ရုပ်နာမ်တွေကို တစ်မှတ်ပြီး တစ်မှတ် အဆင့်ဆင့် မပြတ်သိနေရတယ်၊ ရှုသိလို့ မကုန်နိုင်လဲ ရုပ်နာမ်တွေ ဖြစ်ပျက်နေတာချည်း တွေ့သိရတယ်၊ အဲဒီလို မကုန်မဆုံးနိုင်တဲ့ ရုပ်နာမ်တွေကို အနိစ္စ စသော အခြင်းအရာဖြင့် ရှုသိနေရင်းထဲက နောက်ဆုံးမှာ အဲဒီ သိစရာ အာရုံတွေရော ရှုသိမှုရော ပြတ်စဲချုပ်ငြိမ်းတဲ့ သဘောထဲသို့ ရုတ်တရက် ကျရောက်သွားတယ်၊ အဲဒီလို ကျရောက်သွားတာဟာ နိဗ္ဗာန်ကို မျက်မှောက်ပြုထားတာပါပဲ - တဲ့၊ ဒါကြောင့် -

မဟာရာဇ - မိလိန္ဒမင်းကြီး၊
သမ္မာပဋိပန္နော - ပုဗ္ဗဘာဂမဂ်အကျင့်ကို မှန်စွာကျင့်ခဲ့သည်ဖြစ်၍၊
အပ္ပဝတ္တမနုပ္ပတ္တော - ရုပ်နာမ်အယဉ်၏ ပြတ်စဲချုပ်ငြိမ်းခြင်း သဘောထဲသို့ အသိဉာဏ်ဖြင့် ဆိုက်ရောက်သွားသော ယောဂီကို၊
နိဗ္ဗာနံ သစ္ဆိကရောတီတိ - နိဗ္ဗာန်ကို မျက်မှောက်ပြုသည်ဟူ၍၊
ဝုစ္စတိ - ပြောဆိုအပ်ပေ၏တဲ့။

မူလက ထိသိမှု ကြံသိမှု ကြားမှု မြင်မှု စသည်တို့ကို ဖြစ်ခိုက် ဖြစ်ခိုက်မှာ ရှုမှတ်ပြီး အနိစ္စ, ဒုက္ခ, အနတ္တ အခြင်းအရာတစ်ပါးပါးဖြင့် သိသိနေတာက ပုဗ္ဗဘာဂမဂ်ခေါ်တဲ့ ဝိပဿနာ မဂ္ဂင်တွေပဲ၊ အဲဒီ ဝိပဿနာမဂ္ဂင်တွေက ဉာဏ်အဆင့်ဆင့် တက်ပြီး သင်္خါရုပေက္ခာဉာဏ်အဆင့် ရောက်လာခဲ့တယ်၊

အဲဒီက တစ်ဖန် ထူးခြားတဲ့ အနုလောမဉာဏ် ဖြစ်လာပြီးတော့ အရိယမဂ္ဂင် အဖြစ်ရောက်ပြီး နိဗ္ဗာန်အငြိမ်းဓာတ် ထဲသို့ ပြေးဝင်သွားတယ်၊ အဲဒီလို အငြိမ်းဓာတ်ထဲ အရိယမဂ်ဖြင့် ရောက်သွား တာဟာ နိဗ္ဗာန်ကို မျက်မှောက်ပြုတာပါပဲ၊

အဲဒီလို နိဗ္ဗာန်ကို မျက်မှောက်ပြုသွားရင် အောက်ထစ်ဆုံးအားဖြင့် သောတာပန် အရိယာပုဂ္ဂိုလ်ဖြစ်တယ်၊ “အနတ္တမြင်၊ နိဗ္ဗာန်ခွင်၊ ပြေးဝင်ဆိုက်ရောက်သည်” လို့ ဆိုပြီးတော့ “နိဗ္ဗာန်မြင်က၊ အပါယ်မှ၊ လုံးဝလွတ်မြောက်သည်” လို့ အကျိုးပြ ဆောင်ပုဒ်ကိုလဲ စီထားပါတယ်၊ အဲဒါကို ဆိုကြရမယ်။

၁၆။ နိဗ္ဗာန်မြင်က၊ အပါယ်မှ၊ လုံးဝ လွတ်မြောက်သည်။

ယခု ပြောလာခဲ့တာဟာ မူလမဂ္ဂင်ကို အခြေခံပြီးတော့ ပုဗ္ဗဘာဂခေါ်တဲ့ ဝိပဿနာမဂ်ကို ပွားစေပြီး အရိယမဂ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုလျက် ကိလေသာ ငြိမ်းတဲ့ အရိယာ သမဏအစစ်ဖြစ်ပုံပါပဲ၊

ကဲ မဂ္ဂင်သုံးဆင့် ဆောင်ပုဒ် ၂-ခုကို ထပ်ဆိုကြဦးစို့။

၁။ မူလ, ပုဗ္ဗ၊ အရိယ၊ သုံးဝ မဂ္ဂင်မြတ်။

၂။ ဖြစ်ပွားစေလျှင်၊ ဤမဂ္ဂင်၊ ပြေးဝင်နိဗ္ဗာန်ဓာတ်။

မဂ္ဂင်ရှစ်ပါး ပွားစေပုံကို ပြောတာနဲ့ သုဘဒ္ဒပရိဗိုဇ်အား မြတ်စွာဘုရားဟောနေပုံ အဆက်ပြတ်သွားတယ်၊ ယခု အဲဒါကို ဆက်ပြီး ဟောရမယ်၊ မြတ်စွာဘုရားဟာ ပရိနိဗ္ဗာန် စံတော်မူခါနီးဆဲဆဲမှာ လျောင်းတော်မူနေရင်း သုဘဒ္ဒပရိဗိုဇ်အား မဟာ ကရုဏာတော်ဖြင့် ဟောကြားတော်မူနေပါတယ်၊ သုဘဒ္ဒပရိဗိုဇ်ကလဲ ရိုရိုသေသေနဲ့ နာယူပြီး နှစ်သက်သဘောကျနေပါတယ်၊ နိဂုံးချုပ် နောက်ပိုင်းမှာ ဒီလို ဟောတော်မူပါတယ်။

သုဘဒ္ဒသုတ် နိဂုံးချုပ်

▬▬▬▬▬▬▬▬

ဧကူနတိံ သော ဝယသာ သုဘဒ္ဒ၊
ယံ ပဗ္ဗဇိံ ကိံ ကုသလာနုဧသီ၊
ဝဿာနိ ပညာသ သမာဓိကာနိ၊
ယယော အဟံ ပဗ္ဗဇိတော သုဘဒ္ဒ၊
ဉာယဿ ဓမ္မဿ ပဒေသဝတီ၊
ဣတော ဗဟိဒ္ဓါ သမဏောပိ နတ္ထိ။

ဒုတိယောပိ သမဏော နတ္ထိ၊ တတိယောပိ သမဏော နတ္ထိ၊ စတုတ္ထောပိ သမဏော နတ္ထိ၊ သုညာ ပရပ္ပဝါဒါ သမဏေဘိ အညေဟိ၊ ဣမေ စ သုဘဒ္ဒ ဘိက္ခူ သမ္မာ ဝိဟရေယျုံ အသုညော လောကော အရဟန္တေဟိ တဿ။

သုဘဒ္ဒ - သုဘဒ်ပရိဗိုဇ်၊
အဟံ - ငါသည်၊
ဝယသာ - အရွယ်အားဖြင့်၊
ဧကူနတိံ သော - နှစ်ဆယ့် ကိုးနှစ်ရှိစဉ်၊
ကိံ ကုသဏာနုဧသီ - အကုန်သိတတ်၍ ကောင်းမြတ်သည့် (သဗ္ဗညုတဉာဏ်) တရားကား အဘယ်နည်းဟု ရှားမှီးလိုသည် ဖြစ်၍၊
(ယံ-ကား အနက်မရှိဟူ၏)
ပဗ္ဗဇိံ - ရဟန်းပြုခဲ့ပြီ၊
သုဘဒ္ဒ - သုဘဒ်ပရိဗိုဇ်၊
ယတော - ယင်းကာလမှ၊
အဟံ ပဗ္ဗဇိတော - ငါရဟန်းပြုခဲ့၏၊
တတော - ထိုကာလမှစ၍၊
ဝဿာနိ - နှစ်တို့သည်၊
သမာဓိကာနိ ပညာသ ငါးဆယ်ကျော် ရှိခဲ့လေပြီ၊
ဣတော - ငါ၏ တရားဝိနည်းဟူသော ဤသာသနာမှ၊
ဗဟိဒ္ဓါ - အပြင်ပ၌၊
ဉာယဿ ဓမ္မဿ (အရိယ မဂ္ဂဓမ္မဿ) - အရိယ မဂ္ဂတရား၏၊
ပဒေသဝတ္တီ - အစိတ်အပိုင်း ဖြစ်သည့် ဝိပဿနာ၌ ဖြစ်သော ဝိပဿနာ ရှုသူသည်လည်း၊
နတ္ထိ - မရှိချေ၊
သမဏောပိ - ပထမ သမဏ ဟူသော သောတာပန်သည်လည်း၊
နတ္ထိ - မရှိချေ၊

(ဒီမှာ ပဒေသဝတ္တီပုဒ်ထဲမှ ပဒေသကို ဋီကာ၌ အရိယမဂ်ကို မျက်မှောက် တွေ့မြင်ကြောင်းဖြစ်သော ဝိပဿနာဟု ဖွင့်ပြချက်ရှိ၏၊ အသိခက်၏၊ ပဒေသ-သဒ္ဒါသည် အစိတ်ကို ဟောနေကျဖြစ်၍ ဒီမှာ အရိယမဂ်၏ အစိတ်အပိုင်းဟု အနက်ပြန်သည်၊ အရိယမဂ်၏ ရှေ့ပိုင်းဖြစ်သောကြောင့် ပုဗ္ဗဘာဂမဂ် ဟု ခေါ်သော ဝေါဟာရနှင့်လျော်၍ ပေါ်လွင်ထင်ရှား၏၊ ထို့ပြင် ရှေ့စကားရပ်၌ န ဥပလဗ္ဘတိ အရာတွင် နတ္ထိဟု ရှိသည်ကိုလည်း အထူးသတိပြုအပ်၏)။

ဒုတိယောပိ သမဏော - ဒုတိယ သကဒါဂါမ် သမဏသည်လည်း၊
နတ္ထိ - မရှိချေ၊
တတိယောပိ သမဏော နတ္ထိ - တတိယ အနာဂါမ်သမဏလည်း မရှိချေ၊
စတုတ္ထောပိ သမဏောနတ္ထိ - စတုတ္ထရဟန္တာသမဏလည်း မရှိချေ၊
ပရပ္ပဝါဒါ - ငါ၏ တရားဝိနည်းမှ အခြားတစ်ပါးသော ဘာသာအယူဝါဒတို့သည်၊
အညေဟိ - မိမိတို့ဝန်ခံသည့် အတိုင်း သိကုန်သော သမဏေကိလေသာငြိမ်းသူ တစ်ကျိပ်နှစ်ပါးသော သမဏရဟန်းတို့မှ၊
သုညာ - ကင်းဆိတ်လျက် ရှိကြလေတော့သည်၊
သုဘဒ္ဒ - သုဘဒ်ပရိဗိုဇ်၊
- မဂ္ဂင်ရှစ်ပါးရှိနေလျှင် သမဏေအစစ်များ အဆက်မပြတ် ရှိနိုင်ပုံကို ဖော်ပြဦးမည်၊
ဣမေ ဘိက္ခူ - တစ်ကျိပ် နှစ်ပါးသော ဤရဟန်းတို့သည်၊
သမ္မာဝိဟရေယျုံ - ကောင်းမွန်မှန်ကန်စွာ နေသွားကြမည်ဆိုလျှင်၊
လောကော - သတ္တဝါအပေါင်း ဟူသော လောကသည်၊
အရဟန္တေဟိ - ရဟန္တာသမဏအစစ်တို့မှ၊
အသုညော မဆိတ်မသုဉ်းသည်၊ အဿ ဖြစ်ရာ၏၊
ဝါ - ဖြစ်နိုင်ပေ၏တဲ့။

ဒါဟာ သုဘဒ္ဒသုတ် နိဂုံးချုပ် တရားစကားပါပဲ၊

ဒီနိဂုံးချုပ်ထဲမှာ ရှေးကထက် ထူးတာကတော့ မဂ္ဂင်ရှစ်ပါးမရှိတဲ့ အခြား ဘာသာ ဝါဒတွေမှာ ပဒေသဝတ္တီခေါ်တဲ့ ဝိပဿနာရှုသူတောင် မရှိဘူး လို့ဆိုတဲ့ စကားပါပဲ၊ ဒီတော့ ဗုဒ္ဓတရားတော် အနေနဲ့ ဟောပြောနေတဲ့ အချို့ ပုဂ္ဂိုလ်တွေက ဝိပဿနာရှုဖို့ မလိုဘူးလို့ ဟောပြောနေတာကို အထူးသတိပြုပြီး စဉ်းစားကြရမယ်၊

အဲဒီလို ဟောပြောတဲ့ ဆရာတွေရော သူတို့၏ စကား ယုံကြည်နေတဲ့ သူတွေရော ဝိပဿနာ ရှုာကပါဦးမလား၊ ဝိပဿနာ မရှုရင် ပဒေသဝတ္ထီဆိုတဲ့ ဝိပဿနာ ရှုသူတောင် သူတို့အစုထဲမှာ မရှိဘဲ ကင်းလွတ်ဆိတ် သုဉ်းနေပေလိမ့်မယ်၊ အဲဒီတော့ သာသနာပ ဘာသာဝါဒတွေနဲ့ တူညီမနေဘူးလား၊ အဲဒါဟာ စဉ်းစားသင့်တဲ့ အချက်ကြီး တစ်ခုပါပဲ။

ကဲ မူလ ယင်းဆောင်ပုဒ် ၁ - ခုကို ထပ်ဆိုလိုက် ကြဦးစို့။

၁။ မဂ္ဂင်ရှစ်ဖြာ၊ မရှိရာ၊ ကိလေသာငြိမ်းသူ မရှိချေ။

၂။ မဂ္ဂင်ရှစ်ဖြာ၊ ရှိရာမှာ၊ ကိလေသာငြိမ်းသူ ရှိနိုင်ပေ။

ခုတင်က ပြောခဲ့တဲ့ အတိုင်း မဂ္ဂင်ရှစ်ပါး ရှိတဲ့ ဗုဒ္ဓသာသနာတော်မှာသာ ဝိပဿနာ ယောဂီနှင့်တကွ ကိလေသာငြိမ်းတဲ့ သမဏအစစ် အရိယာပုဂ္ဂိုလ်တွေ ရှိတယ်၊ မဂ္ဂင်ရှစ်ပါးမရှိတဲ့ အခြား ဘာသာဝါဒတွေမှာ ကိလေသာငြိမ်းတဲ့ သမဏအစစ် မရှိဘူး၊ ဝိပဿနာရှုသူတောင် မရှိဘူးလို့ ဟောတော်မူတာကို ကြားရတော့ ပါရမီဓာတ်ခံ ရှိတဲ့အတွက် သုဘဒ္ဒ-က ကောင်းကောင်း သဘောကျသွားတယ်။

သုဘဒ္ဒ၏ဆင်ခြင်ပုံ

▬▬▬▬▬▬▬

“ငါတို့၏ ဆရာ့ဆရာတွေ ဟောပြောတဲ့ တရားထဲမှာ မဂ္ဂင်ရှစ်ပါးပွားစေဖို့ ညွှန်ကြားချက်မရှိဘူး၊ ဒီတော့ ငါတို့၏ ပရိဗိုဇ် ဘာသာဝင်တွေထဲမှာ ကိလေသာ ငြိမ်းသူ” မရှိနိုင်ဘူး၊ မြင်မှု ကြားမှု နံသိမှု စားသိမှု ထိသိမှု ကြံသိမှု သဘောတရား တွေကို အနိစ္စ ဒုက္ခ အနတ္တဟု သိမြင်အောင် ဝိပဿနာရှုသူလဲ မရှိဘူး၊ ပုဗ္ဗဘာဂမဂ်ဆိုတဲ့ ဝိပဿနာမဂ်ကို ပွားစေသူတောင် မရှိတော့ အရိယမဂ်ကို ရောက်ပြီး ကိလေသာငြိမ်းတဲ့ သောတာပန်စသော သမဏအစစ် ဖြစ်နိုင်ဖွယ် အကြောင်းလဲ မရှိဘူး၊ ဒါကြောင့် လက်ရှိဘာသာဝါဒကို စွန့်ပြီး ဗုဒ္ဓသာသနာတော် ဝင်မှပဲလို့” ဆင်ခြင်ပြီးတော့ မြတ်စွာဘုရားအား ဒီလို လျှောက်ပါတယ်။

“အလွန်နှစ်သက်ဖွယ် ရှိပါပေသည် အရှင်ဘုရား၊ အလွန်နှစ်သက်ဖွယ် ရှိပါသည် အရှင်ဘုရား၊ ဥပမာဖြင့် ပြရလျှင် မှောက်ထာတာကို လှန်ပြသလို၊ ဖုံးထားတာကို ဖွင့်ပြသလို မျက်စိလည် လမ်းမှားနေသူအား လမ်းမှန်ကို ညွှန်ပြလိုက်သလို မျက်စိ ကောင်းသူတို့ အဆင်းကို မြင်နိုင်အောင် အမှောင်ထဲမှာ မီးထွန်းပြသလိုပင် ထို့အတူ ဘုန်းတော်ကြီးသော မြတ်စွာဘုရားက အကျွန်ုပ် အား များစွာသော အကြောင်း ပရိယာယ်ဖြင့် တရားကို ဟောပြတော်မူပါပေသည်၊

ထိုတရားကို နာကြားရသော အကျွန်ုပ် သည် မြတ်စွာဘုရားကို ကိုးကွယ်ရာ ဟု ဆည်းကပ်ပါသည်။ တရားတော် သံဃာတော်ကိုလဲ ကိုးကွယ်ရာဟု ဆည်းကပ်ပါသည် အရှင်ဘုရား၊ အကျွန်ုပ်သည် ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ အထံ (သာသနာတော်) ၌ ရှင်အဖြစ်ကို ရလိုပါသည်၊ ရဟန်းအဖြစ်ကို ရလိုပါသည် အရှင်ဘုရား”လို့ လျှောက်ထားပါတယ်။

မြတ်စွာဘုရားက ဝိနည်း စည်းကမ်းကို မိန့်ဆိုတော်မူပုံ

▬▬▬▬▬▬▬▬▬▬

“သုဘဒ္ဒပရိဗိုဇ်၊ ဘာသာခြား ရသေ့ ရဟန်းဖြစ်သော သူသည် ငါ၏တရားဝိနည်း အဆုံးအမ သာသနာ၌ ရှင်အဖြစ် ရဟန်းအဖြစ်ကို အလိုရှိလျှင် လေးလပတ်လုံး သရဏဂုံသီလ ဆောက်တည်ပြီး ပရိဝတ်ခေါ်တဲ့ စမ်းသပ်လေ့ကျင့်ခန်း ဝတ်ကို ကျင့်ရတယ်၊ လေးလ ပြည့်တဲ့အခါ ရဟန်းတော်များက အားရကျေနပ်လျှင် ရှင်ရဟန်း ပြုပေးကြပါတယ်၊ သို့သော် ဒီအရာမှာ ပရိဝတ်ကျင့်ထိုက် မကျင့်ထိုက်တဲ့ ပုဂ္ဂိုလ်အကွဲအပြားကို ငါဘုရားသိတယ်”လို့ မိန့်တော်မူတယ်၊

ဒီတော့ သုဘဒ္ဒ-က “ဘုရားသာသနာတော်မှာ ရှင်ရဟန်းပြုလိုတဲ့ ဘာသာခြား ရသေ့ ရဟန်းများကို လေးလပတ်လုံး ပရိဝတ်ကျင့်ပြီးမှ ရဟန်း ပြုပေးကြတယ်ဆိုလျှင် ဘုရား တပည့်တော်ကတော့ လေးနှစ်ပတ်လုံး ပရိဝတ်ကျင့်ပါမယ်။ လေးနှစ်ပြည့်တဲ့ အခါ ရဟန်းတော်များ အားရကျေနပ်လျှင် ရှင်ရဟန်း ပြုပေးတော်မူကြပါစေ ဘုရား”လို့ လျှောက်ပါတယ်။

သုဘဒ္ဒကို ရဟန်းပြုပေးခြင်း

▬▬▬▬▬▬▬▬▬▬

အဲဒီအခါ မြတ်စွာဘုရားက သုဘဒ္ဒမှာ ပရိဝတ်ကျင့်ရန်မလိုကြောင်း သိတော်မူတဲ့ အတွက် သုဘဒ္ဒအား ရှင်သာမဏေ ပြုပေးရန် အရှင်အာနန္ဒာအား မိန့်ကြားတော် မူပါတယ်၊ အရှင်အာနန္ဒာက သုဘဒ္ဒကို တစ်နေရာသို့ ခေါ်သွားပြီးတော့ ခရီးဆောင် ရေဘူးထဲကရေနဲ့ ခေါင်းကို ရေဆွတ်ပြီး (ကေသာလောမာ နခါဒန္တာ တစော - လို့ နှလုံးသွင်းရတဲ့) တစပဉ္စက ကမ္မဋ္ဌာန်းကိုလဲ ပေးပြီး ဆံမုတ်ဆိတ်များကို ရိတ်ပေးတယ်၊ ဖန်ရည်စွန်းသော သင်္ကန်းအဝတ်များကို ဝတ်ပေးပြီးတော့ သရဏဂုံ ပေးပြီး ရှင်ပြုပေးပါတယ်။

အဲဒါဟာ အချိန်က ကဆုန်လပြည့်နေ့ သန်းခေါင်ယံ အချိန်ဖြစ်တယ်၊ နွေရာသီ ရေရှားတဲ့အချိန် ဖြစ်တဲ့အတွက် ခရီးဆောင် သောက်ရေဖြင့် ဆွတ်ပြီး ခေါင်းရိတ် ရတယ်၊ သုဘဒ္ဒမှာ ဝတ်စရာ သင်္ကန်းလဲ ပါလာမှာမဟုတ်ဘူး၊ ဒါကြောင့် အရှင်အာနန္ဒာကပဲ ရှာကြံပြီး သင်္ကန်းဝတ်ပေးရဟန် တူပါတယ်၊

အဲဒီ ရှင်ပြုမင်္ဂလာ တော်တော်ဝန်ကျဉ်းတာပဲ၊ ယခုကာလမှာလို ရှင်လောင်းပြင်ဆင်ပြီး လှည့်ရတာလဲ မရှိဘူး၊ ကျွေးမွေးလှူဒါန်းရတာလဲ မရှိဘူး၊ ဒါပေမယ့် ဒီရှင်သာဏေက မကြာမီ နာရီပိုင်းအတွင်း ရဟန္တာဖြစ်မည့် ပုဂ္ဂိုလ်ထူးပဲ၊ မြန်မာပြည် ဒကာ ဒကာမတွေ သိကြမယ်ဆိုရင် ရှင်ဒကာ ရဟန်း ဒကာတွေ အလုအယက် ပေါ်လာကြမှာပဲ။

အဲဒီလို ရှင်သာမဏေ ပြုပြီးတော့ အရှင် အာနန္ဒာက မြတ်စွာဘုရားထံ ခေါ်လာခဲ့တယ်၊ အဲဒီအခါမှာ မြတ်စွာဘုရားက ရဟန်းပြုပေးတယ်လို့ အဋ္ဌကထာမှာ ပြဆိုထား ပါတယ်။ အဲဒါဟာ ဘယ်လိုပြုပေးတာလဲ ဧဟိဘိက္ခုခေါ်ပြီး ရဟန်းပြုတာ ကတော့ ဟုတ်ပုံ မရပါဘူး၊

ဘာကြောင့်လဲ ဆိုရင် ဧဟိဘိက္ခုရဟန်းများမှာ ခေါင်းလဲ မရိတ်ရဘူး၊ သင်္ကန်းကိုလဲ ရှာပြီး မဝတ်ရဘူး၊ သရဏဂုံ ဆောက်တည်စေပြီး ရှင်သာမဏေလဲ မပြုရဘူး၊ မြတ်စွာဘုရားက ဧဟိဘိက္ခုလို့ ခေါ်တော်မူထိုက်တာနဲ့ ခေါင်းလဲ ရိတ်ပြီးဖြစ်တယ်၊ သင်္ကန်းလဲ အလိုလို ဝတ်ရုံပြီးဖြစ်တယ်၊ ရဟန်းလဲ ဖြစ်သွားတယ်လို့ဆိုပါတယ်၊

ယခု သုဘဒ္ဒမှာတော့ အရှင်အာနန္ဒာက ခေါင်းရိတ်ပေးရတယ်၊ သင်္ကန်းရှာပြီး ဝတ်ပေးရတယ်၊ သရဏဂုံလဲ ပေးရတယ်၊ ဒါကြောင့် ဧဟိဘိက္ခု ရဟန်းပြုပေး တာတော့ မဖြစ်သင့်ပေဘူး၊ သရဏဂုံဖြင့် ရဟန်းပြုပေးတာလဲ မဖြစ်သင့်ဘူး၊

ဘာကြောင့်လဲဆိုလျှင် ဒုတိယဝါ မတိုင်မီ ရာဟုလာကို ရှင်ပြုမပေးရသေးမီကပင် အဲဒီလို ရဟန်းပြုပေးခြင်းကို နုတ်ပယ်ခဲ့ပြီးဖြစ်သောကြောင့်ပါပဲ၊ ဩဝါဒ ခံခြင်း, ပြဿနာဖြေခြင်းတို့ဖြင့် ရဟန်းပြုပေးခြင်းလဲ မဖြစ်သင့်ဘူး၊ ဉတ္တိစတုတ္ထကမ္မဝါစာ ဖြင့် ရဟန်းပြုခြင်းသာ ဖြစ်ဖွယ်ရှိပါသည်၊

ဒါကြောင့် မြတ်စွာဘုရား၏ အမိန့်ဖြင့် ရဟန်းသံဃာတော်က ဥပသမ္ပဒကံ ဆောင်ပေးခြင်းကိုပင် မြတ်စွာဘုရားက ရဟန်းပြုပေးတော်မူတယ်လို့ ပြဆို ထားကြောင်း မှတ်ယူသင့်ပါတယ်၊

ဒါကြောင့် အဋ္ဌကထာမှာ - ဘဂဝါ ဥပသမ္ပာဒေတွာ ကမ္မဋ္ဌာနံ အာစိက္ခိ - လို့ ပြဆိုထားပါတယ်။

ရဟန်းပြုပေးပြီးလျှင် ပြီးခြင်း ကမ္မဋ္ဌာန်းပေးသည်

▬▬▬▬▬▬▬▬

ဘဂဝါ - မြတ်စွာဘုရားသည်၊
(တံ - ထိုသုဘဒ္ဒသာမဏေကို၊)
ဥပသမ္ပာဒေတွာ - ရဟန်းသိက္ခာ ပြည့်စုံစေပြီး၍၊
ဝါ - ရဟန်းပြုပေးပြီး၍၊
ကမ္မဋ္ဌာနံ - ကမ္မဋ္ဌန်းကို၊
အာစိက္ခိ - ဟောကြားတော်မူလေ၏ - တဲ့။

ဘာကမ္မဋ္ဌာန်းပေးတယ်လို့တော့ ပြဆိုထားခြင်း မရှိပါဘူး၊ ဒါပေမယ့် နောက်နား ကျတော့ ဝိပဿနာ ကမ္မဋ္ဌာန်း ပေးတော်မူကြောင်း တွေ့ရပါလိမ့်မယ်၊ သုဘဒ္ဒဟာ ဗုဒ္ဓတရားတော်ကို ရှေးက တစ်ခါမျှ ကြားနာရဖူးပုံ မရပါဘူး၊ ဘုရားပရိနိဗ္ဗာန် စံဝင်ခါနီး သန်းခေါင်ယံ အချိန်နာရီပိုင်းအတွင်း လောက်ကမှ ဗုဒ္ဓတရားတော်ကို နာရတယ်၊ သာသနဗဟုသုတ ဘာမျှမရှိသေးပါဘူး၊ ဒါပေမယ့် မြတ်စွာဘုရားက ရဟန်းပြုပေးပြီးလျှင် ပြီးချင်း ကမ္မဋ္ဌာန်းတရားပေးတော်မူတယ်၊ အဲဒါကို အထူးသတိ ပြုကြရမယ်။

တချို့က ပဋိစ္စသမုပ္ပါဒ်ကို အကျယ်မသင်ဘူးရင် တရား အားမထုတ်ကောင်းဘူးလို့ ဟောနေကြတယ် အဲဒါကတော့ တရား အားထုတ်ချင်တဲ့သူတွေ စိတ်ဆန္ဒ ပျက်ပြား အောင် အရမ်းဟောနေကြတာပဲ၊ ဒီသုဘဒ္ဒကတော့ ပုဂ္ဂိုလ်ထူးမို့ ပဋိစ္စသမုပ္ပါဒ် အကျယ် သင်စရာမလိုဘူးလို့လဲ ဆင်ခြေပေးစရာရှိပါတယ်၊

ပဋိစ္စသမုပ္ပါဒ်ကို စောစောက နှလုံးမသွင်းမိလို့ တရားမတတ်နိုင်ဘူးဆိုတဲ့ အရှင်ဆန္ဒ ဟာလဲ ပုဂ္ဂိုလ်ထူးပါပဲ၊ ဒါပေမယ့် အရှင်ဆန္ဒမှာတော့ အတ္တစွဲက အားကြီးနေလို့ တရား မတတ်နိုင်တာပဲ၊ အဲဒီလို တရားမတတ်နိုင်တာကလဲ အဲဒီ အရှင်ဆန္ဒတစ်ပါးပဲ ထင်ရှားပါတယ်၊

အတ္တစွဲအားကြီးတဲ့ သူတွေမှာ အကြောင်းနဲ့ အကျိုးမျှပဲ ရှိတယ်လို့ ဒါလောက် ကြားဖူးပြီး ယုံကြည် သဘောကျနေရင် ကိစ္စပြီးတာပါပဲ၊ အဲဒါလို ကြားဖူးတဲ့သူဟာ ဖြစ်ခိုက် ရုပ်နာမ်တွေကို ရှုမှတ်နေရင်း အကြောင်းနဲ့ အကျိုးဆက်စပ်ပြီး ဖြစ်နေတာကို ကိုယ်ပိုင်သိသဖြင့် တွေ့ရတော့ ပဋိစ္စသမုပ္ပါဒ်ကို သိခြင်းကိစ္စ ပြီးတော့တာပါပဲ၊ အဲဒီ အကြောင်းအရာတွေကို ဓမ္မစကြာတရားတော်စသည်မှာ အကျယ်ပြဆိုထားခဲ့ပါပြီ။

အဲဒီလို ပြရတာကလဲ မဟုတ်တမ်း တရားတွေဟောနေတဲ့ သူတွေမှာ အမှန်သိပြီး စောင့်စည်းခြင်းဖြင့် အကုသိုလ် နောက်ထပ် မပွားရအောင် တရားအားထုတ်တဲ့ ပုဂ္ဂိုလ်များလဲ အမှန်ကို သိရပြီး ဆက်လက်အားထုတ် သွားနိုင်အောင်၊ အဲဒီလို အားထုတ်ခြင်းဖြင့် ဗုဒ္ဓသာသနာတော် တိုးတက်သွားအောင် ရည်ရွယ်ချက်ဖြင့် ရှင်းပြရတာပါပဲ။

စင်္ကြံလျှောက်လျက် ဝိပဿနာရှုပုံ

▬▬▬▬▬▬▬▬▬▬▬

သော တံ ဂဟေတွာ ဥယျာနဿ ဧကမန္ေ စင်္ကမံ အဓိဋ္ဌာယ ဃဋေန္တော ဝါယမန္တော ဝိပဿနံဝဍ္ဎေန္တော သဟ ပဋိသမ္ဘိဒါဟိ အရဟတ္တံ ပတွာ အာရမ္မ ဘဂဝန္တံ ဝန္ဒိတွာ နိသီဒိ။ တံ သန္ဓာယ “အစိရူပသမ္ပန္နော ခေါပနာ” တိအာဒိ ဝုတ္တံ။

သော - ထိုသုဘဒ္ဒရဟန်းသည်၊
တံ - မြတ်စွာဘုရားပေးလိုက်သော ထိုကမ္မဋ္ဌာန်းကို၊
ဂဟေတွာ - ယူခဲ့, မှတ်ခဲ့ပြီး၍၊
ဥယျာနဿ - မလ္လဥယျာဉ်၏၊
ဧကမန္တေ - သင့်လျော်သော အရပ်တစ်နေရာ၌၊

(အဲဒီတုန်းက ရဟန်းတော်တွေ အလွန်ပေါများပါတယ်၊ ဒါပေမယ့် ရဟန်းတော်များ မရှိတဲ့ ဆိတ်ငြိမ်ရာအရပ်တစ်ခုမှာ သွားပြီး အားထုတ်တယ်လို့ ဆိုလိုပါတယ်။ ဘယ်လို အားထုတ်သလဲ၊ ထိုင်ပြီး အားထုတ်သလား၊ ရပ်ပြီး အားထုတ်သလားလို့ ဆိုတော့)

စင်္ကမံ - ခေါက်တုံ့ခေါက်ပြန် စင်္ကြံသွားခြင်းကို၊
အဓိဋ္ဌာယ - ဆောက်တည်၍တဲ့၊

(စင်္ကြံသွားရင်း အားထုတ်တယ် ဆိုတော့ သမထကမ္မဋ္ဌာန်း မဟုတ်ကြောင်း ထင်ရှား လာပါတယ်၊ သမထကမ္မဋ္ဌာန်းဆိုတာ အာနာပါနပဲ ဖြစ်ဖြစ်, ဒွတ္တိံသာကာရပဲ ဖြစ်ဖြစ် ကသိုဏ်းတို့, အသုဘတို့ အနုဿတိတို့, မေတ္တာ ကရုဏာ မုဒိတာတို့ပဲဖြစ်ဖြစ် ထိုင်ပြီး အားထုတ်ပါမှ သမာဓိရလွယ်တယ်၊ စစချင်း စင်္ကြံသွား အားထုတ်လို့တော့ သမာဓိရဖို့ ခဲယဉ်းပါတယ်၊ ဒါကြောင့် မြတ်စွာဘုရားက ပေးတော်မူလိုက်တဲ့ ကမ္မဋ္ဌာန်းဟာ ဝိပဿနာ ကမ္မဋ္ဌာန်းဖြစ်ကြောင်း မှန်းဆပြီး သိနိုင်ပါတယ်။

ဝိပဿနာ ကမ္မဋ္ဌာန်းမှာလဲ စင်္ကြံသွားရင်း အားထုတ်နေတာဆိုတော့ သတိပဋ္ဌာန် ဒေသနာတော်အရ “ဂစ္ဆန္တောဝါ ဂစ္ဆာမီတိ ပဇာနာတိ - သွားသည် ရှိသော်မူလည်း သွားသည်ဟုသိ၏”လို့ ဟောတော်မူတဲ့နည်းဖြင့် သတိပဋ္ဌာန် ဝိပဿနာ ဘာဝနာကို အားထုတ်ကြောင်းလဲ ဆုံးဖြတ်မှတ်ယူနိုင်ပါတယ်၊

ယခု ဘုန်းကြီးတို့၏ တပည့်ယောဂီတွေ သွားတယ်, သွားတယ်လို့ ဖြစ်စေ၊ ညာလှမ်းတယ် - ဘယ်လှမ်းတယ်လို့ ဖြစ်စေ ကြွတယ် - လှမ်းတယ်ချတယ်လို့ ဖြစ်စေ ရှုမှတ်ပြီး စင်္ကြံသွားနေတာမျိုး ဖြစ်မှာပေါ့၊ ဒါကြောင့်) –

သော - ထိုသုဘဒ္ဒ ရဟန်းသည်၊
တံ - မြတ်စွာဘုရားပေးလိုက်သော ထိုကမ္မဋ္ဌာန်းကို၊
ဂဟေတွာ - မှတ်ယူခဲ့ပြီး၍
ဥယျာနဿ - ပလ္လဥယျာဉ်၏၊
ဧကမန္တေ - သင့်တင့် လျောက်ပတ်သော အရပ်တစ်နေရာ၌၊
စင်္ကမံအဓိဋ္ဌာယ - စင်္ကြံကို ဆောက်တည်၍၊
ဝါ - စင်္ကြံသွား၍၊
ဃဋေန္တောဝါယမန္တော - ကြိုးစားအားထုတ်လျက်

(အဋ္ဌကထာ နိဿယမှာ ဃဋေန္တော - စပ်စေလျက်လို့ အနက်ပြန်ထားပါတယ်၊ သတိပဋ္ဌာန် ရှုနည်းအရ ရှေးရှေးအမှတ်နှင့် နောက်နောက် အမှတ်တွေကို ဆက်စပ်လျက် အားထုတ်တယ်လို့ ဆိုလိုပုံရပါတယ်၊ သင့်လျော်ပါတယ်၊ ဒါကြောင့်)

ဃဋေန္တော - ရှေးရှေးအမှတ်နှင့် နောက်နောက်အမှတ်ကို ဆက်စပ်စေလျက်၊
ဝါယမန္တော - အားထုတ်လျက်၊
ဝိပဿနံ ဝဍ္ဎေန္တော - ဝိပဿနာကို ပွားစေလျက်၊

(ဒီပါဌ်အရဖြင့် မြတ်စွာဘုရားက ပေးလိုက်တာဟာ ဝိပဿနာကမ္မဋ္ဌာန်းပဲ၊ အဲဒီ ဝိပဿနာ ကမ္မဋ္ဌာန်းကိုပင် အရှင်သုဘဒ္ဒ အားထုတ် ပွားများနေကြောင်း အလွန် ထင်ရှားပါတယ်၊ အဲဒီလို ဝိပဿနာကို ပွားစေတော့ ဘာဖြစ်သလဲ ဆိုရင်)

ဝိပဿနံ ဝဍ္ဎေန္တော - ဝိပဿနာကို ပွားစေလျက်၊
သဟ ပဋိသမ္ဘိဒါဟိ - ပဋိသမ္ဘိဒါ လေးပါးတို့နှင့် တကွ၊
အရဟတ္တံပတွာ - ရဟန္တာအဖြစ် အရဟတ္တဖိုလ်သို့ ရောက်တော်မူပြီး၍

(အရှင်သုဘဒ္ဒဟာ စင်္ကြံလျှောက်ပြီး ဝိပဿနာ ရှုနေရင်း အရဟတ္တဖိုလ်ရောက်ပြီး ရဟန္တာ ဖြစ်တော်မူတယ်၊ ရဟန္တာ ဖြစ်တာကလဲ သာမန် ရဟန္တာမဟုတ်ဘူး၊ ပဋိသမ္ဘိဒါဉာဏ်လေးပါးကို ရတဲ့ ဝိသေသရဟန္တာ ဖြစ်တော်မူပါတယ်တဲ့၊ အဲဒီအချိန် အားဖြင့် ဘယ်လောက် ကြာသလဲဆိုတော့ “နစိနဿေဝ - မကြာမြင့်မိပင်လျှင် ရဟန္တာဖြစ်တဲ့အကြောင်း” ပါဠိတော်မှာ ပြဆိုထားပါတယ်၊ တစ်နာရီလောက်အတွင်း ဖြစ်ဟန်တူပါတယ်၊ အဲဒီလို ရဟန္တာ ဖြစ်တော်မူပြီးတော့ - အရှင်သုဘဒ္ဒဟာ)

အာဂမ္မ - မြတ်စွာဘုရား အနီးသို့ လာရောက်၍၊
ဘဂဝန္တံ - မြတ်စွာဘုရားကို၊
ဝန္ဒိတွာ - ရှိခိုး၍၊
နိသိဒိ - ထိုင်နေတော်မူလေသည်၊
တံ - ထိုသို့သော ဖြစ်ပုံကို၊
သန္ဓာယ - ရည်၍၊
အစိရူပသမ္ပန္နော ခေါ ပနာတိအာဒိ - အစိရူပသမ္ပန္နော ခေါပန အစရှိသောစကားကို၊
ဝုတ္တံ - ပါဠိတော်၌ သင်္ဂါယနာတင် ထေရ်အရှင်တို့က ပြဆိုထားအပ်ပါသတည်း - တဲ့။

အဲဒါဟာ အရှင်သုဘဒ္ဒ ရဟန္တာဖြစ်ပြီးသည်အထိ အားထုတ်ပုံကို ပြထားတဲ့ အဋ္ဌကထာ စကားပါပဲ၊ ဒါလောက်ဆိုရင် သုဘဒ္ဒသုတ်တရားနှင့် အရှင်သုဘဒ္ဒ အကြောင်း ပြည့်စုံနေပါပြီ၊ တရားသိမ်းမယ်ဆိုရင် သိမ်းနိုင်ပါပြီ၊

ဒါပေမယ့် ကြည်ညိုဖွယ် ဂုဏ်များကို အာရုံပြုပြီး ကြည်ညိုရအောင် အဋ္ဌကထာမှာ ညွှန်ပြထားတဲ့ အစိရူပသမ္ပန္နော ခေါပန အစရှိတဲ့ ပါဠိတော်ကို နိဿယပြန်ပြီး ပြပါဦးမယ်။

နိဂုံးချုပ် သင်္ဂါယနာမှတ်တမ်း

▬▬▬▬▬▬▬▬▬▬

အာယသ္မာ သုဘဒ္ဒေါ အရှင်သုဘဒ္ဒသည်၊
အစိရူပသပ္ပန္နော - ရဟန်းဖြစ်ပြီး၍ မကြာမီ၊
ဧကော - တစ်ပါးတည်း၊
ဝူပကဋ္ဌော - ဆိတ်ငြိမ်ရာသို့ ကပ်ရောက်လျက်

(မလ္လဥယျာဉ်ထဲမှာ ရဟန်းများမရှိတဲ့ တစ်နေရာသို့ ရောက်သွားနေတယ် လို့ ဆိုလိုပါတယ်)

အပ္ပမတ္တော - မမေ့မလျော့ အမှတ်ရသည်ဖြစ်၍

(စင်္ကြံသွားနေရင်းဆိုတော့ ကြွတိုင်း, လှမ်းတိုင်း, ချတိုင်း အမှတ်ရတယ်၊ ကြည့်မိရင် ကြည့်မိတာ, မြင်တာကို အမှတ်ရတယ်၊ ကြားရင် ကြားတာကို အမှတ်ရတယ်၊ ကြံမိရင် ကြံတာကို အမှတ်ရတယ်၊ ကိုယ်ထဲက မခံသာတဲ့ ဝေဒနာတစ်ခုခု ထင်ရှားပေါ်လာရင် အဲဒါကိုလဲ အမှတ်ရတယ်၊ ဖြစ်ပေါ်လာသမျှ ကိုယ်အမူအရာ, စိတ်အမူအရာ ဟူသမျှကို မမေ့ မလျော့ဘဲ အမှတ်ရနေတယ်လို့ ဆိုလိုပါတယ်)

အာတာပီ - ကိလေသာကို ပူလောင်သွေ့ခြောက် ကင်းပျောက်စေနိုင်သော မပြတ်လုံ့လ ပြုမှုရှိသည်ဖြစ်၍၊
ပဟိတတ္တော - နိဗ္ဗာန် မျက်မှောက်ပြုနိုင်ရေးကိုသာ အလေးပြုသည် ဖြစ်၍၊
ဝိဟရန္တော - နေလတ်သော်၊
(ဤပုဒ်ကို သယံအဘိညာ စသည်နှင့် ဆက်စပ်ယူပါ)

ယဿတ္ထာယ ကုလပုတ္တာ သမ္မဒေဝ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇ္ဇန္တိ တဒနုတ္တရံ ဗြဟ္မစရိယပရိယောသာနံ - အိမ်ရာရှိ လူ့ဘောင်မှ အိမ်ရာမဲ့ ရဟန်းဘောင်၌ မှန်ကန်စွာ ရှင်ရဟန်းပြုသူ အမျိုးကောင်းသားတို့၏ ရည်ရွယ်ရင်း အကျိုးအမြတ် ဆုံးလဲ ဖြစ် အကျင့်မြတ်၏ အဆုံးလဲဖြစ်သော အရဟတ္တဖိုလ်ကို၊
ဒိဋ္ဌေ၀ ဓမ္မေ နစိရဿေဝ - မျက်မှောက်ဘဝ၌ မကြာမီပင်လျှင်၊
သယံ အဘိညာ - ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် သိလျက်၊
သစ္ဆိကတွာ - မျက်မှောက်ပြုလျက်၊
ဥပသမ္ပဇ္ဇ - ဆိုက်ရောက်၍၊
ဝိဟာသိ - နေတော်မူလေပြီ၊
ခီဏာ ဇာတိ - ဘဝအသစ်ဖြစ်မှု ကုန်ပြီ၊
ဝုသိတံ ဗြဟ္မစရိယံ - အကျင့်မြတ်ကို ကျင့်သုံးမှု ပြီးပြီ၊
ကတံကရဏီယံ - ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊
နာပရံ ဣတ္ထတ္တာယာတိ - ဤကိစ္စအတွက် အခြားပြုဖွယ်မရှိပြီ” ဟူ၍၊
အဗ္ဘညာသိ - ဆင်ခြင်၍ သိလေပြီ၊
အာယသ္မာ သုဘဒ္ဒေါ - အရှင်သုဘဒ္ဒသည်၊
အရဟတံ - ရဟန္တာအရှင်မြတ်တို့တွင်၊
အညတရော အဟောသိ - တစ်ပါးအပါအဝင် ဖြစ်တော်မူလေပြီ - တဲ့။

အဲဒါဟာ မြတ်စွာဘုရားက ပေးလိုက်တဲ့ ဝိပဿနာ ကမ္မဋ္ဌာန်းကို ပွားများ အားထုတ်ပြီး အရှင်သုဘဒ္ဒ ရဟန္တာ ဖြစ်တော်မူပုံကို ပြတဲ့ သင်္ဂါယနာတင် ပါဠိတော်ပါပဲ၊ အဲဒါကို အထူးသတိပြုကြရမယ်၊

မြတ်စွာဘုရားက “အင်္ဂါရှစ်ပါးရှိတဲ့ အရိယမဂ်ရှိရာမှာသာ ကိလေသာငြိမ်းတဲ့ သမဏအစစ်အရိယာ ပုဂ္ဂိုလ်များ ရှိကြတယ်”လို့ ဟောတော်မူခဲ့တယ်၊ အဲဒီတရားကို သဘောကျပြီးတော့ သုဘဒ္ဒပရိဗိုဇ်က မြတ်စွာဘုရားထံမှာ ရဟန်းပြုတယ်၊

ရဟန်း ပြုပြီးတဲ့နောက် မဂ္ဂင်ရှစ်ပါး ပွားစေဖို့ မြတ်စွာဘုရားက ဝိပဿနာ ကမ္မဋ္ဌာန်းကို ပေးတော်မူတယ်၊ အဲဒီကမ္မဋ္ဌာန်းကို အားထုတ်တဲ့ အခါမှာ ထိုင်ပြီး အားထုတ်တာ မဟုတ်ဘူး၊ စင်္ကြံလျှောက်ရင်း အားထုတ်တယ်၊ အကယ်၍ ကြားနာ မှတ်သား ဖူးတဲ့အတိုင်း ဆင်ခြင်ရုံမျှဖြင့် ဝိပဿနာမဂ္ဂင် ပွားစေခြင်း ကိစ္စ ပြီးစီးမည် ဆိုလျှင် ထိုင်ပြီး ဆင်ခြင်နေဖွယ် ရှိပါတယ်၊

နောက်ပြီးတော့ ဘာမျှအားမထုတ်ဘဲ စိတ်ကိုအငြိမ်းစား ပေးထားရုံမျှဖြင့် ကိစ္စပြီးမည် ဆိုလျှင်လဲ စင်္ကြံလျှောက်အားထုတ်ဖို့ လိုမည်မဟုတ်ပါ၊ သို့သော်လဲ အရှင်သုဘဒ္ဒမှာ ပါဠိတော်က “အပ္ပမတ္တော အာတာပီ”လို့ ဆိုထားတဲ့အတွက် အပြင်းအထန် အားထုတ်ရကြောင်း ထင်ရှားပါတယ်၊

အဋ္ဌကထာက “စင်္ကမံ အဓိဋ္ဌာယ ဃဋေန္တော ဝါယမန္တော ဝိပဿနံ ဝဍ္ဎေန္တော” လို့ ပြဆိုထားတဲ့အတွက် စင်္ကြံလျှောက်လျက် အပြင်းအထန် အားထုတ်ရကြောင်း ဝိပဿနာမဂ္ဂင်ကို ပွားစေရကြောင်း အလွန်ပင် ထင်ရှားနေပါတယ်။

ဒါကြောင့် ကြားနာမှတ်သားဖူးတဲ့ အတိုင်း ဆင်ခြင်ရုံမျှဖြင့် မဂ်ဖိုလ်နိဗ္ဗာန်သို့ မရောက်နိုင်ဘူးဆိုတာကို မှတ်ယူထားကြရမယ်၊ ဘာမျှ အားမထုတ်ဘဲ စိတ်ကို အငြိမ်းစား ပေးထားရုံမျှဖြင့် မဂ္ဂင်ရှစ်ပါးမဖြစ်ပွားနိုင်ကြောင်း၊ ဒါကတော့ အလွန်ပင် ထင်ရှားနေပါတယ်၊ မဂ္ဂင်ရှစ်ပါးမဖြစ်ပွားရင် ကိလေသာငြိမ်းတဲ့ သမဏအစစ် အရိယာအဖြစ်သို့ မရောက်နိုင်ကြောင်း ဒီသုဘဒ္ဒသုတ်ဖြင့်ပင် အလွန်ထင်ရှား နေပါတယ်၊

အမှန်စင်စစ်ကတော့ အရှင်သုဘဒ္ဒဟာ စင်္ကြံလျှောက်လျက် မမေ့မလျော့ အမှတ်ရပြီး ဝိပဿနာမဂ္ဂင်ကို ပွားစေခြင်းဖြင့် ရဟန္တာ ဖြစ်တော်မူပုံကို သာဓက ပြုပြီးတော့ “သတိပဋ္ဌာန် ဒေသနာတော်နှင့်အညီ ကိုယ်အမူအရာ စိတ်အမူအရာ ဝေဒနာ သဘောတရားဆိုတဲ့ သတိပဋ္ဌာန်၏ အာရုံများက မမေ့မလျော့ ရှုသိပြီး ဝိပဿနာ မဂ္ဂင်များကို ပွားစေမှသာလျှင် အရိယမဂ်ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုပြီး ကိလေသာငြိမ်းတဲ့ သမဏအစစ် အရိယအစစ် အဖြစ်သို့ ရောက်နိုင်တယ်” ဆိုတာကို ကိန်းသေမှတ်ထားကြရမယ်။

ဘုရားမျက်မှောက် နောက်ဆုံးရဟန္တာ

▬▬▬▬▬▬▬▬▬▬▬

“အရှင်သုဘဒ္ဒဟာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူခါနီး နာရီပိုင်းလောက်သာ လိုတော့တဲ့ အချိန်မှာ ဝိပဿနာမဂ္ဂင် တရားတွေကို ပွားစေပြီးတော့ ရဟန္တာ ဖြစ်တော်မူတယ်၊ ရဟန္တာ ဖြစ်တော်မူပြီးတော့ မြတ်စွာဘုရားထံ လာရောက်တယ်၊ မြတ်စွာဘုရားကို ရိုသေစွာရှိခိုးပြီး ထိုင်နေတော်မူတယ်” ဆိုတဲ့ အကြောင်း ပြဆိုပြီးတော့ အဲဒီ အရှင်သုဘဒ္ဒဟာ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်မှာ နောက်ဆုံးရဟန္တာဖြစ်ကြောင်းကိုလဲ သင်္ဂါယနာ မှတ်တမ်းက ဒီလို ပြထားပါတယ်။

သော - ထိုအရှင်သုဘဒ္ဒသည်၊
ဘဂဝတော - မြတ်စွာဘုရား၏။
ပစ္ဆိမော - နောက်ဆုံးဖြစ်သော၊
သက္ခိသာဝကော - မျက်မှောက်သာဝကသည်၊
ဝါ - မြတ်စွာဘုရား သက်တော်ထင်ရှားစဉ် မျက်မှောက် တွေ့ရသော ရဟန္တာ တပည့် သာဝကသည်၊
အဟောသိ - ဖြစ်လေတော့သတည်းတဲ့။

ရှစ်ဖြာမဂ္ဂင်နိဗ္ဗာန်ဝင် တရားတော်ကတော့ ပြည့်စုံလောက်ပါပြီ၊ ယခု အရေးကြီးတဲ့ ဆောင်ပုဒ်များကို ဆိုပြီး တရားသိမ်းရမယ်။

မူလဆောင်ပုဒ်

▬▬▬▬▬

၁။ မဂ္ဂင်ရှစ်ဖြာ မရှိရာ၊ ကိလေသာ ငြိမ်းသူ မရှိချေ၊
၂။ မဂ္ဂင်ရှစ်ဖြာ၊ ရှိရာမှာ၊ ကိလေသာငြိမ်းသူ ရှိနိုင်ပေ။

မဂ္ဂင်သုံးဆင့်

▬▬▬▬

၁။ မူလ, ပုဗ္ဗ၊ အရိယ၊ သုံးဝမဂ္ဂင်မြတ်။
၂။ ဖြစ်ပွားစေလျှင်၊ ဤမဂ္ဂင်၊ ပြေးဝင်နိဗ္ဗာန်ဓာတ်။

အသိဉာဏ်ဖြစ်ရေး

▬▬▬▬▬▬▬

သတိနှင့်ဉာဏ်၊ ဖြစ်စေရန်၊ ရှုဟန်ညွှန်ပြမည်။
၁။ ကိုယ်အမူအရာ၊ ပြုတိုင်းမှာ၊ မှန်စွာသိရမည်။
၂။ စိတ်အမူအရာ၊ ဖြစ်တိုင်းမှာ၊ မှန်စွာသိရမည်။
၃။ ကောင်း, ဆိုး, လတ်ပါ၊ ဝေဒနာ၊ ပေါ်တာသိရမည်။
၄။ သဘောတရား၊ ထင်ပေါ်ငြား၊ ပိုင်းခြားသိရမည်။

မြင်ခိုက်ရှုလျှင် နိဗ္ဗာန်ဝင်

▬▬▬▬▬▬▬▬

၁။ မြင်ခိုက်ရှုမှ၊ သဘာဝ၊ မုချသိနိုင်သည်။
၂။ သဘောသိမှ၊ ဥဒယ၊ ဝယ မြင်နိုင်သည်။
၃။ ဖြစ်ပျက်မြင်မှ၊ အနိစ္စ၊ ဒိဋ္ဌ သိနိုင်သည်။
၄။ အနိစ္စမြင်လျှင် ဒုက္ခထင်သည်။
၅။ ဒုက္ခထင်တော့ အနတ္တမြင်သည်။
၆။ အနတ္တမြင်၊ နိဗ္ဗာန်ခွင်၊ ပြေးဝင် ဆိုက်ရောက်သည်။
၇။ နိဗ္ဗာန်မြင်က၊ အပါယ်မှ၊ လုံးဝ လွတ်မြောက်သည်။

နိဂုံးချုပ် အာသီသ ပတ္ထနာ

▬▬▬▬▬▬▬▬▬

ရှစ်ဖြာမဂ္ဂင် နိဗ္ဗာန်ဝင်ခေါ်သော ဤသုဘဒ္ဒသုတ် တရားတော်ကို ရိုသေစွာ နာယူ မှတ်သားကြရသော ဓမ္မသဝန ကုသိုလ်ကံစေတနာနှင့်သဒ္ဓါ ပညာ သမ္မာဆန္ဒတို့၏ အစွမ်းအာနုဘော်ကြောင့် ယခုတရားနာ ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် မူလမဂ္ဂင်များကို အခြေခံပြီးလျှင် ပုဗ္ဗဘာဂမဂ်ခေါ်သော ဝိပဿနာမဂ္ဂင်တို့ကို ပြည့်စုံအောင် ဖြစ်ပွားစေနိုင်ကြသည်ဖြစ်၍ မိမိတို့ အလိုရှိသော အရိယမဂ်ဉာဏ်ဖြင့် နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကြီးကို လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက် ပြုနိုင်ကြပါစေ။

သာဓု ... သာဓု .... သာဓု ...။

ရှစ်ဖြာမဂ္ဂင် နိဗ္ဗာန်ဝင်တရားတော်ပြီး၏။