လူကျင့်ဝတ် (တောကျွဲအင်း)
လူကျင့်ဝတ် (တောကျွဲအင်း)
ရှိခိုးကန့်တော့ခန်း
ထိခြင်း ၅-ပါး ရှိခိုးပုံ
လက်အုပ်ကိုပင်၊ ကြာငုံသွင်၊ အရင်ချီပါလေ။
လက်အုပ်ကိုပင်၊ နဖူးတွင်၊ ဦးတင်မြှောက်ပင့်စေ။
မျက်ခုံး, လက်မ၊ ညှိုး, ဆံစ၊ ထိရ လက်အုပ်ပေ။
ခြေ လက် နဖူး၊ တံတောင် ဒူး၊ ငါးဦး ညီညွတ်စေ။
လက်ချ ဒူးချ၊ တံတောင်ချ၊ နဖူးကျစေ ဦးချလေ။
မာန မာန၊ ဟယ်မာန၊ မာနဓာတ်ဆိုးသေ။
မပြုချင်ပြု၊ ပြုချင်ပြု၊ ကောင်းမှုကုသိုလ်တွေ။
ဖြစ်လေရာရာ၊ သံသရာ၊ ချမ်းသာရဖို့လေ။
ဩကာသ ကန်တော့ချိုး
ဩကာသ ဩကာသ ဩကာသ ကာယဝစီ မနောချီလျက် သုံးလီစေတနာ သုံးဖြာဒွါရ ပဏာမဖြင့် ဘုရားရတနာ တရားရတနာ သံဃာရတနာ ရတနာမြတ်သုံးပါးတို့အား ဘုရားတပည့်တော် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။
ဤသို့ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ရသော ကောင်းမှုကုသိုလ်ကံ စေတနာတို့ကြောင့် အပါယ် ၄-ပါး, ကပ်၃-ပါး, ရပ်ပြစ် ၈-ပါး, ရန်သူမျိုး ၅-ပါး, ဝိပတ္တိတရား ၄-ပါး, ဗျသနတရား ၅-ပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ အဆုံးစွန်သော ဘဝ၌ မဂ်တရား, ဖိုလ်တရား, နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကို ရပါလို၏ အရှင် ဘုရား။
အပါယ်လေးပါး
၁။ အပါယ်လေးမှာ ငရဲရွာနှင့်
၂။ တိရစ္ဆာန်
၃။ ပြိတ္တာ
၄။ အသူရကာယ်ပါ မှတ်ပါ ဤသို့သိ။
ကပ်သုံးပါး
၁။ ငတ်မွတ်
၂။ ရောဂါ ဘေးဘယာနှင့်
၃။ လက်နက်ဘေးဒဏ် ဤသုံးတန် မှန်ရန်ကပ်အပြား။
ရပ်ပြစ်ရှစ်ပါး
၁။ ငရဲ
၂။ တိ
၃။ ပြိတ်
၄။ ရှည်
၅။ ပစ်
၆။ မိတ်
၇။ ချို့
၈။ ဆိတ် ရပ်ပြစ်ရှစ်။
ရန်သူမျိုးငါးပါး
၁။ မီး
၂။ ရေ
၃။ သူခိုး
၄။ မင်း
၅။ သားဆိုး ငါးမျိုး ရန်သူဖြစ်သတည်း။
ဝိပ္ပတ္တိတရားလေးပါး
၁။ ကာလ
၂။ ဂတိ
၃။ ဥပဓိမှ
၄။ ပယောဂ ဤလေးဝ မှတ်ကြဝိပ္ပတ္တိ။
ဗျသနတရားငါးပါး
၁။ ညာ
၂။ ဘော
၃။ ရော
၄။ သီ
၅။ ဒိဋ္ဌိမှီ ငါးလီ ဗျသန။
အပါယ်လားကြောင်း တရားများ
၁။ လောဘ ပြိတ္တာ
၂။ ဒေါမှာ ငရဲ
၃။ မော နွားကျွဲ မလွဲဖြစ်တတ်သည်။
ကပ်ဆိုက်ကြောင်းတရားများ
၁။ လောဘ ကြောင့်ငတ်
၂။ ဒေါ ကြောင့်သတ်
၃။ မော ကြောင့် ရောဂါ ကြွယ်မည်မှတ်။
သီလအကျိုးငါးမျိုး
၁။ ဥစ္စာ တိုးပွား
၂။ ကျော်ကြား
၃။ ရဲရင့်
၄။ စိတ်ထင့်မသေ
၅။ သေ နတ်ပြည် မှတ်လေ သီလအကျိုးတည်း။
ငါးပါး သီလတောင်းပါဠိ
အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
ဒုတိယမ္ပိ (စသည်ဖြင့် ဆက်ဆို)
တတိယမ္ပိ (စသည်ဖြင့် ဆက်ဆို)
ငါးပါးသီလတောင်း မြန်မာပြန်
အရှင်ဘုရား တပည့်တော်သည် သရဏဂုံသုံးပါးနှင့် တကွ ငါးပါးသီလဟူသော ကျင့်ဝတ်တရားကို တောင်းပန်ပါ၏အရှင်ဘုရား-
အရှင်ဘုရား တပည့်တော်အား ချီးမြှောက်ခြင်းကို ပြု၍ ငါးပါးသီလကို ပေးသနားတော် မူပါအရှင်ဘုရား။
ထို့နောက် သီလပေးသည့် ပုဂ္ဂိုလ်က “ယမဟံ ဝဒါမိ, တံ ဝဒေထ” ဟု ဆိုသောအခါ သီလယူသူများက “အာမ ဘန္တေ” ဟု လိုက်ဆိုကြ၏၊ အဓိပ္ပါယ်မှာ သီလယူသူက “ငါဆိုသည့်အတိုင်း လိုက်ဆို”ဟု ပြောသောအခါ သီလယူသူများက “မှန်ပါ့ ဘုရား”ဟု ဆိုလိုရင်းဖြစ်သည်။
အတိုချုပ် ဘုရားရှိခိုးပါဠိ
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
(သုံးခေါက်ဆိုပါ)
အနက် - အရဟတော ပူဇော်အထူးကို ခံတော်မူထိုက်သော၊ သမ္မာသမ္ဗုဒ္ဓဿ အလုံးစုံသော တရားတို့ကို မဖောက်မပြန် ကိုယ်တော်တိုင် သိတော်မူပြီးသော၊ တဿ ဘဂဝတော ထိုဘုန်းတော် ခြောက်ပါးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား၊ နမော ရိုသေညွှတ်ကျိုး ရှိခိုးပါ၏ အရှင်ဘုရား-
သရဏဂုံဆောက်တည်ပုံပါဠိ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဓမ္မံ သရဏံ ဂစ္ဆာမိ။
သံဃံ သရဏံ ဂစ္ဆမိ။ (ဒုတိယမ္ပိ) (တတိယမ္ပိ) စသည်ဖြင့် သုံးခေါက်ဆို။
သရဏဂုံ အနက်
ဗုဒ္ဓံ - သစ္စာလေးပါးကို ကိုယ်တော်တိုင်သိ၍ သူတစ်ပါးတို့ကိုလည်း သိစေတော်မူတတ်သော မြတ်စွာဘုရားကို၊ သရဏံ - ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ - မှီဝဲ ဆည်းကပ်ပါ၏ အရှင်ဘုရား။
ဓမ္မံ - သံသရာဝဋ်ဆင်းရဲမှ ဆယ်ယူ၍ နိဗ္ဗာန်သို့ ပို့ဆောင်တတ်သော သူတော်ကောင်းတရားဆယ်ပါးကို၊ သရဏံ - ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ - မှီဝဲ ဆည်းကပ်ပါ၏ အရှင်ဘုရား။
သံဃာ - မြတ်စွာဘုရား၏ သားတော်စစ် ဖြစ်တော်မူသော အရိယာသံဃာ ရှစ်ပါးအပေါင်းကို၊ သရဏံ - ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ - မှီဝဲ ဆည်းကပ်ပါ၏ အရှင်ဘုရား။
(သရဏဂုံတည်ပြီးသောအခါ သီလပေးသည့်ပုဂ္ဂိုလ်က “တိသရဏ ဂမနံ ပရိပုဏ္ဏံ” သရဏဂုံသုံးပါးနှင့် ပြည့်စုံပါစေလော့ဟု တိုက်တွန်းသည်။ သီလယူသူများက “အာမ ဘန္တေ” ပြည့်စုံပါစေမည်ဟု ဝန်ခံကြသည်။)
၁။ ပါဏာတိပါတာ သူအသက်ကို သတ်ဖြတ်ခြင်းမှ၊ ဝေရမဏိ သိက္ခာပဒံ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်တော်ကို၊ သမာဒိယာမိ ကောင်းစွာဆောက်တည်ပါ၏ ဘုရား။
၂။ အဒိန္နာဒါနာ အရှင်မပေးသော သူတစ်ပါးဥစ္စာကို မတရားယူခြင်းမှ၊ ဝေရမဏိ သိက္ခာပဒံ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်တော်ကို၊ သမာဒိယာမိ ကောင်းစွာဆောက်တည်ပါ၏ ဘုရား။
၃။ ကာမေသုမိစ္ဆာစာရာ ကာမဂုဏ်တို့၌ မှားယွင်းသောအကျင့်မှ ဝေရမဏိ သိက္ခာပဒံ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်တော်ကို၊ သမာဒိယာမိ ကောင်းစွာဆောက်တည်ပါ၏ ဘုရား။
၄။ မုသာဝါဒါ မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းမှ၊ ဝေရမဏိ သိက္ခာပဒံ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်တော်ကို၊ သမာဒိယာမိ ကောင်းစွာဆောက်တည်ပါ၏ ဘုရား။
၅။ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ကုသိုလ်တရားတို့၌ မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေရည်သေရက်ကို သောက်စားခြင်းမှ၊ ဝေရမဏိ သိက္ခာပဒံ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်တော်ကို၊ သမာဒိယာမိ ကောင်းစွာဆောက်တည်ပါ၏ ဘုရား။
သမာဓိယာမိ မြတ်စွာဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အရိယာအရှင်သူမြတ်တို့သည် တစ်သက်ပတ်လုံး စောင့်သုံးသကဲ့သို့ ဘုရားတပည့်တော်သည် ပိုင်းခြားအပ်သော အချိန်ကာလအတွင်း အသက်ခန္ဓာ မငဲ့ညှာမူ၍ ကောင်းစွာ ဆောက်တည်ပါ၏ အရှင်ဘုရား။
(သီလယူပြီးသောအခါ သီလပေးသည့် ပုဂ္ဂိုလ်က “တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ သာဓုကံ ကတွာ အပ္ပမာဒေန သမ္ပာဒေထ” ဟုဆို၏၊ မြန်မာဘာသာအားဖြင့် “မမေ့မလျော့ ကောင်းမွန်စွာ ပြည့်စုံအောင် ဆောက်တည်ကြပါလေ”ဟု ဆို၏၊ ထိုနောက် သီလယူသူများက “အာမ ဘန္တေ” ဟု ဆိုခြင်းမှာ “ပြည့်စုံအောင် ကျင့်ဆောင်ကြပါမည်” ဟု ဝန်ခံကြခြင်း ဖြစ်သည်။
ငါးပါးသီလ အကျိုးအပြစ်များ
၁။ ပါဏာတိပါတ်၊ သူ့သက်သတ်က၊ ချို့တဲ့အင်္ဂါ၊ မွဲပြာရုပ်သွင်၊အားအင်ယိုယွင်း၊ လျင်ခြင်းလည်းဝေး၊ ဘေးကိုကြောက်တတ်၊ အသတ်ခံရ၊ အနာများလျက်၊ ချွေရံပျက်၍၊ အသက်တိုလျ၊ ပြစ်များစွာ့သည်၊ ရှောင်ကအပြန်အကျိုးတည်း။
၂။ အဒိန္နာဒါ၊ ခိုးမိပါမူ၊ ဥစ္စာနည်းမွဲ၊ ဆင်းရဲငတ်ဘိ၊ လိုရှိမရ၊ ဘောဂပျက်စီး၊ ရေမီးသူခိုး၊ မွေခံဆိုးနှင့်၊ မင်းဆိုးအပြား၊ ရန်မျိုးငါးကြောင့်၊ ပျက်ပြားဥစ္စာ၊ ပြစ်များစွာသည်၊ ရှောင်ခါအပြန် အကျိုးတည်း။
၃။ မိစ္ဆာစာရ၊ ကျူးလွန်ကလည်း၊ မုန်းကြသူများ၊ ရန်သူပွါး၍၊ ရှားပါးလာဘ်တိတ်၊ ချမ်းသာဆိတ်၏၊ ဣတ္ထိ, ပဏ္ဍုတ်၊ မျိုးယုတ်ခါခါ၊ မျက်နှာမလှ၊ အရှက်ရလျက်၊ ရူပဣန္ဒြေ၊ ယွင်းသွေချို့သိမ်၊ စိုးရိမ် များစွာ၊ ချစ်သူကွာသည်၊ ရှောင်ခါ အပြန်အကျိုးတည်း။
၄။ မုသားစကား၊ ပြောဆိုငြားမူ၊ စကားမပီ၊ သွားမညီတည်း၊ ပုပ်ညှီပါးစပ်၊ ခြောက်ကပ်ကိုယ်ရေ၊ ဣန္ဒြေယွင်းနှောက်၊ ရုပ်ဆင်းဖောက်၏၊ မရောက်ဩဇာ၊ နှုတ်လျှာကြမ်းထော်၊ လျှပ်ပေါ်လော်လည်၊ စိတ်မတည်သည်။
၅။ သေရည်သောက်လင့်၊ သင့်, မသင့်၌၊ ရေးခွင့်မသိ၊ ပျင်းရိမေ့ရူး၊ ကျေးဇူးမဆပ်၊ ဟိရောတ္တပ်ကင်း၊ ခပင်းများထို၊ အကုသိုလ်ကို၊ မငြိုလွယ်စွာ၊ ပြုကျင့်ရာသည်၊ ရှောင်ခါအပြန် အကျိုးတည်း။
(အထက်ပါ လင်္ကာငါးပုဒ်မှာ ရှေးဆရာများက ကျမ်းဂန်အရ သီကုံးထားခဲ့ခြင်းဖြစ်ပါသည်။)
ဘာသာရေး အုတ်မြစ်
ရတနာဂုဏ် ကံကျိုးယုံ မှတ်ကုန်သဒ္ဓါစစ်။
ရတနာဂုဏ် ကံမယုံ မှတ်ကုန် တဏှာဖြစ်။
သဒ္ဓါမစစ် တဏှာဖြစ် ဘာမှ ကျိုးမဖြစ်။
ဘုရားမြတ်စွာ ဂုဏ်ကိုးဖြာ (တနည်း) ဗုဒ္ဓနုဿတိ ဘာဝနာ
၁။ အရဟံ ကိလေသာရန်သူကို သတ်တော်မူတတ်သော မြတ်စွာဘုရားပါတကား။
၂။ သမ္မာသမ္ဗုဒ္ဓေါ အလုံးစုံသော တရားတို့ကို မဖောက်မပြန် ကိုယ်တော်တိုင် သိတော်မူတတ်သော မြတ်စွာဘုရားပါတကား။
၃။ ဝိဇ္ဇာစရဏသမ္ပန္နော၊ ဝိဇ္ဇာသုံးပါး ဝိဇ္ဇာရှစ်ပါး စရဏဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားပါတကား။
၄။ သုဂတော၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားပါတကား။
၅။ လောကဝိဒူ၊ လောကသုံးပါးကို သိတော်မူတတ်သော မြတ်စွာဘုရားပါတကား။
၆။ အနုတ္တရောပုရိသဒမ္မသာရထိ၊ အတုမရှိ မြတ်တော်မူသည်ဖြစ်၍ မယဉ်ကျေးသေးသော လူယောက်ျား၊ နတ်ယောက်ျား၊ တိရစ္ဆာန်ယောက်ျားတို့ကို ယဉ်ကျေးအောင် ဆုံးမတော် မူတတ်သော မြတ်စွာဘုရားပါတကား။
၇။ သတ္ထာဒေဝမနုဿာနံ၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားပါတကား။
၈။ ဗုဒ္ဓေါ၊ သစ္စာလေးပါးကို သိတော်မူတတ်သော မြတ်စွာဘုရားပါတကား။
၉။ ဘဂဝါ ဘုန်းတော်အလွန်ကြီးတော်မူသော မြတ်စွာဘုရားပါတကား။
ဤသို့ ကိုးပါးအစ ဂုဏ်တော်အနန္တတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် ဘုရားတပည့်တော်များ၏ ပူဇော်ခြင်းကို ခံယူတော်မူရန် ကြွမြန်းတော်မူပါ့ ဘုရား။
တရားဂုဏ်တော် ခြောက်ပါး (တနည်း) ဓမ္မာနုဿတိ ဘာဝနာ
၁။ သွာက္ခာတော - မြတ်စွာဘုရားသည် ကောင်းစွာဟောကြားတော်မူအပ်သော ပရိယတ် မဂ်ဖိုလ် နိဗ္ဗာန် တရားဆယ်ပါး ပါတကား။
၂။ သန္ဒိဋ္ဌိကော - အရိယာပုဂ္ဂိုလ်တို့သည် ကိုယ်တိုင်ရှုမြင်အပ်ပြီးသော မဂ်ဖိုလ်နိဗ္ဗာန်တရား ကိုးပါးပါတကား။
၃။ အကာလိကော - အခါမလင့် အခြားမဲ့၌ ဖိုလ်အကျိုးကို ဖြစ်စေတတ်သော မဂ်တရားလေးပါးတကား။
၄။ ဧဟိ ပဿိကော - လာလှည့်ရှုလှည့်ဟု တိုက်တွန်းအပ်သော အစီအရင်ကို ခံထိုက်သော မဂ် ဖိုလ် နိဗ္ဗာန် တရားကိုးပါးပါတကား။
၅။ ဩပနေယျိကော - ကပ်၍ ဆောင်ယူငှါထိုက်သော မဂ် ဖိုလ် နိဗ္ဗာန် တရားကိုးပါးပါတကား။
၆။ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ - ဥဂ္ဃါဋိ တညူ စသော အရိယာပုဂ္ဂိုလ်တို့သည် မိမိစိတ်၌ သိအပ်ခံစားအပ်သော မဂ်ဖိုလ် နိဗ္ဗာန်တရား ကိုးပါးပါတကား။
ဤသို့ ခြောက်ပါးအစ ဂုဏ်တော်အနန္တတို့နှင့် ပြည့်စုံတော်မူသော တရားဆယ်ပါးသည် ဘုရားတပည့်တော်များ၏ ပူဇော်ခြင်းကို ခံယူတော်မူရန် ကြွမြန်းတော်မူပါ့ ဘုရား။
သံဃာ့ဂုဏ်တော် ကိုးပါး (တနည်း) သံဃာနုဿတိ ဘာဝနာ
၁။ သုပ္ပဋိပန္နော ကောင်းသောအကျင့်ကို ကျင့်ဆဲကျင့်ပြီးဖြစ်သော အရိယာသံဃာ ရှစ်ပါးအပေါင်းပါတကား။
၂။ ဥဇုပ္ပဋိပန္နော ဖြောင့်မတ်သော အကျင့်ကို ကျင့်ဆဲကျင့်ပြီးဖြစ်သော အရိယာသံဃာ ရှစ်ပါးအပေါင်းပါတကား။
၃။ ဉာယပ္ပဋိပန္နော နိဗ္ဗာန်အကျိုးငှါ ကျင့်ဆဲကျင့်ပြီးဖြစ်သော အရိယာသံဃာ ရှစ်ပါးအပေါင်းပါတကား။
၄။ သာမီစိပ္ပဋိပန္နော ရိုသေသမှုပြုထိုက်အောင် ကျင့်ဆဲကျင့်ပြီးဖြစ်သော အရိယာသံဃာ ရှစ်ပါးအပေါင်းပါတကား။
၅။ အာဟုနေယျော အဝေးမှ ဆောင်ယူ၍ လှူအပ်သော ပစ္စည်းလေးပါးကို ခံယူတော်မူထိုက်သော အရိယာသံဃာ ရှစ်ပါးအပေါင်း ပါတကား။
၆။ ပါဟုနေယျော ဧည့်သည်ကောင်းတို့အလိုငှါ အထူးသဖြင့် စီရင်အပ်သော အာဂန္တုကဒါနကို ခံယူတော်မူထိုက်သော အရိယာသံဃာ ရှစ်ပါးအပေါင်း ပါတကား။
၇။ ဒက္ခိဏေယျော မြတ်သောအလှူကို ခံယူတော်မူထိုက်သော အရိယာသံဃာ ရှစ်ပါးအပေါင်း ပါတကား။
၈။ အဉ္ဇလိကရဏီယျော လက်အုပ်ချီခြင်းကို ခံယူတော်မူထိုက်သော အရိယာသံဃာ ရှစ်ပါးအပေါင်း ပါတကား။
၉။ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ လူအပေါင်းတို့၏ ကောင်းမှုမျိုးစေ့၏ ပေါက်ရောက်ကြီးပွားရာ အတုမရှိ လယ်ယာမြေကောင်းသဖွယ် ဖြစ်တော်မူသော အရိယာသံဃာ ရှစ်ပါးအပေါင်းပါတကား။
ဤသို့ ကြောင်းလေးကျိုးပါး ကိုးပါးအစ ဂုဏ်တော်အနန္တတို့နှင့် ပြည့်စုံတော်မူသော အရိယာသံဃာ ရှစ်ပါးအပေါင်းသည် ဘုရားတပည့်တော်များ၏ ပူဇော်ခြင်းကို ခံယူတော်မူရန် ကြွမြန်းတော်မူပါ့ ဘုရား။
သံဃာကြည်ညိုနည်းအစစ်
၁။ ကောင်း
၂။ ဖြောင့်
၃။ နိဗ္ဗာန်
၄။ ရိုသေရန် ကျင့်ကြံမြတ်သံဃာ၊
ထိုထိုဂုဏ်များ ကြည်ညိုပွား
မှတ်သား မြတ်သဒ္ဓါ။
သီလာနုဿတိ ဘာဝနာပွားပုံ
အစ၌၎င်း၊ အဆုံး၌၎င်း၊ တစ်ခုမျှ မပျက်သောကြောင့် ကျိုးခြင်း ပြတ်ခြင်းမရှိသော ငါ၏သီလတို့သည် ကောင်းလေစွတကား၊ အလယ်၌ တစ်ခုမျှ မပျက်သောကြောင့် ပေါက်ခြင်း ထွင်းခြင်းမရှိသော ငါ၏သီလတို့သည် ကောင်းလေစွတကား၊ အစဉ်အတိုင်း နှစ်ခု သုံးခု မပျက်သောကြောင့် ကြောင်ခြင်း ကျားခြင်း မရှိသော ငါ၏သီလတို့သည် ကောင်းလေစွတကား၊ အကြားအကြား၌ တစ်ခုမျှ မပျက်သောကြောင့် ပျောက်ခြင်း ကွက်ခြင်း မရှိသော ငါ၏သီလတို့သည် ကောင်းလေစွတကား၊ (တနည်းကား) မေထုန်ငယ်ခုနှစ်ပါးတို့သည်၎င်း၊ အမျက်ထွက်ခြင်းမရှိ၊ ပေါက်ထွင်းခြင်းမရှိ၊ ကြောင်ကျားခြင်းမရှိ၊ ပြောင်ကွက်ခြင်းမရှိသော ငါ၏သီလတို့သည် ကောင်းလေစွတကား၊ တဏှာ၏ ကျွန်အဖြစ်မှ လွတ်စေ၍ တော်လှန်ကောင်းမြတ်သော သူ၏အဖြစ်ကို ပြုတတ်သော ငါ၏သီလတို့သည် ကောင်းလေစွတကား၊ ဘုရားအစရှိသော ပညာရှိတို့ ချီးမွှမ်းအပ်သော ငါ၏သီလတို့သည် ကောင်းလေစွတကား၊ ဤမည်သော အပြစ်ရှိ၏ဟူ၍၎င်း၊ တဏှာဒိဋ္ဌိတို့ဖြင့်၎င်း မသုံးသပ်အပ်သော ငါ၏သီလတို့သည် ကောင်းလေစွတကား၊ ဥပစာရ သမာဓိ၊ အပ္ပနာသမာဓိ၊ မဂ္ဂသမာဓိ၊ ဖလသမာဓိတို့ကို ဖြစ်စေတတ်သော ငါ၏သီလတို့သည် ကောင်းလေစွတကား။
ကံ-ကံအကျိုး ယုံကြည်နိုင်ရေး
၁။ ဖြစ်ဖြစ်သမျှ ကျိုးဖလ မုချမှတ်ကြပါ။
၂။ အကြောင်းကင်းငြား ကျိုးတရား မှတ်သားမရှိပါ။
၃။ အကြောင်းအကျိုး ညီမျှရိုး တစ်မျိုးမှတ်ကြပါ။
အဓိပ္ပါယ်အကျဉ်း
၁။ အထက်ပါလင်္ကာ၏ ဆိုလိုရင်းမှာ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးပွားခြင်း၊ ဉာဏ်ရည်ဉာဏ်သွေးကောင်းခြင်း၊ ရောဂါဘယနည်းခြင်း စသော ကောင်းသောဖြစ်ခြင်းများနှင့် အသက်တိုခြင်း၊ အဆင်းမလှခြင်း၊ ဆင်းရဲဒုက္ခဖြစ်ခြင်းစသော မကောင်းသောဖြစ်ခြင်းများကို အကျိုးတရားများခေါ်၏ဟု အမှတ် (၁)ဆောင်ပုဒ်က သိစေ၏၊
၂။ ထိုထိုအကျိုးတရားများသည် အကြောင်းကင်း၍ ဖြစ်လာကြခြင်းမဟုတ်၊ အကြောင်းမဲ့သက်သက် ဖြစ်လာကြခြင်းမဟုတ်၊ အကြောင်းနှင့်ဆက်စပ်၍ ဖြစ်လာကြခြင်းဖြစ်သည်ဟု အမှတ် (၂)ဆောင်ပါက သိစေ၏၊
၃။ အကြောင်းနှင့် အကျိုးသည် ညီမျှခြင်းဖြစ်၏၊ ကောင်းသောအကြောင်းကြောင့် ကောင်းကျိုးဖြစ်သည်။ မကောင်းသော အကြောင်းကြောင့် မကောင်းကျိုးဖြစ်သည်ဟု အမှတ်(၃)ဆောင်ပုဒ်က သိစေ၏၊
ကောင်းသောအကြောင်း
ကောင်းသောအကြောင်းဆိုသည်မှာ မိမိသူတစ်ပါး အကျိုးများစေသည့် လုပ်ငန်းများ ဖြစ်သည်။ ဥပမာ- ပေးကမ်းလှူဒါန်းခြင်း၊ ဒုစရိုက်များမှ ရှောင်ကြဉ်ခြင်း၊ လမ်းပြင်ခြင်း၊ တံတားခင်းခြင်း၊ မိဖများအား လုပ်ကျွေးပြုစုခြင်း စသည်တို့သည်။
မကောင်းသောအကြောင်း
မကောင်းသော အကြောင်းဆိုသည်မှာ မိမိသူတစ်ပါး အကျိုးယုတ်စေနိုင်သည့် သတ်ခြင်း၊ ခိုးခြင်းစသော ဒုစရိုက်များနှင့် လမ်းတံတားဖျက်ဆီးခြင်း စသည့်အဖျက်လုပ်ငန်းများဖြစ်၏၊
တူညီသော သက်ရောက်မှု
နျူတန်၏ နိယာမသည် တိကျမှန်ကန်သကဲ့သို့ ဗုဒ္ဓဟောတော်မူခဲ့သည် ကမ္မနိယာမက ပို၍သိမ်မွေ့ကာ မှန်ကန်တိကျပါ၏၊ နျူတန်သည် မြင်သာသည့် ရူပဓမ္မတို့၏ စွမ်းအင်သဘာဝကို ဖော်ထုတ်ပြခဲ့၏၊ ဗုဒ္ဓမြတ်စွာက မမြင်သာသည့် နာမ်ဓမ္မတို့၏ စွမ်းအင်သဘာဝကို ဖော်ထုတ်ပြတော်မူခဲ့၏၊ စိတ်ဝင်စားဘွယ်ကောင်းပါသည်။
ရုပ်စွမ်းအင်တို့၌ တူညီသော တန်ပြန်သက်ရောက်ခြင်း သဘာဝရှိသကဲ့သို့ နာမ်စွမ်းအင်တို့၌လည်း တူညီသော သက်ရောက်ခြင်း သဘာဝရှိသည်မှာ အမှန်ပင်ဖြစ်ပါသည်။ သူ့ကို ဆင်းရဲအောင်လုပ်က ကိုယ်လည်း အမှန်ဆင်းရဲမည်၊ သူ့ကို ချမ်းသာအောင်လုပ်က ကိုယ်လည်းအမှန်ချမ်းသာမည်။
ဗုဒ္ဓဖြစ်တော်မူစဉ် ဗုဒ္ဓဝင်လင်္ကာများ
လယ်တီဆရာတော်ကြီး ရေးသားချီးမြှင့်တော်မူသော
ဗုဒ္ဓဖြစ်တော်မူစဉ် ဗုဒ္ဓဝင်လင်္ကာများ
၁။ ကြာသပတေးနေ့ သန္ဓေယူ
သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင်စကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊ ရတုနဂိုရ်၊ ရွှန်းရွှန်းစိုသည်၊ ဝါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊ နတ်လူငြိမ်းဖို့ ကိန်းပါကို။
၂။ သောကြာနေ့ ဖွားမြင်
သန္ဓေယူခါ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက် ဆယ့်ရှစ်ကြုံ၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗိနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊ နတ်လူအောင်မြို့ လမ်းပါကို။
၃။ တနင်္လာနေ့ တောထွက်
ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ရွယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုကာ၊ ဝါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေရဂုံ၊ တောရပ်လှုံသည်၊ စုံမြိုင်ပင်ရိပ် ခန်းမှာကို။
၄။ ဗုဒ္ဓဟူးနေ့ ဘုရားဖြစ်
တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တဖုံ၊ ပွင့်ချိန်ကြုံက၊ ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူလျက်၊ ရန်မြူခပင်း၊ အမိုက်သင်းကို၊ အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊ ထွန်းတောက်ဘုန်းတော်၊ သောင်းလုံးကျော်သည်၊ သုံးဖော်လူတို့ ငြိမ်းပါကို။
၅။ စနေနေ့ ဓမ္မစကြာအဟော
ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဖွား၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ဝါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဟောဖော် ကြားသည်၊ တရားနတ်စည် ရွမ်းတယ်ကို။
၆။ အင်္ဂါနေ့ ပရိနိဗ္ဗာန်စံ
တရားနတ်စည်၊ ဆော်ရွမ်းလည်က၊ သုံးမည်ဘုံသိုက်၊ တစ်သောင်းတိုက်ဝယ်၊ ကျွတ်ထိုက်သသူ၊ နတ်လူဗြဟ္မာ၊ သတ္တဝါကို၊ ခေမာသောင်သို့၊ ဖောင်ကူးတို့ဖြင့်၊ ဆောင်ပို့ပြီးခါ၊ ဝါလေးဆယ့်ငါး၊ သက်ကားရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံနှိုင်းမယုတ်၊ ကုသိနာရုံ၊ အင်ကြင်းစုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်၊ ဝှမ်းဆူသောင်းလုံး ကျော်တယ်ကို။
၇။ တနင်္ဂနွေနေ့ တေဇောဓာတ်လောင်
နိဗ္ဗူစံပြီ၊ ရှုမအီသား၊ သိင်္ဂီရွှေလှော်၊ အလောင်းတော်ကို၊ ထိုရော်ကဆုန်၊ လဆုတ်ကြုံ၍၊ ဂဠုန်နေ့ဝယ်၊ ခိုးငွေ့မနှော၊ ဓာတ်တေဇောလျှင်၊ ရှင်စောဉာဏ်စက်၊ ဓိဋ္ဌာန်ချက်ဖြင့်၊ လျှံတက် ကော်ရော်၊ မီးပူဇော်သည်၊ မွေတော်ရှစ်စိတ် ကြွင်းတယ်ကို။
ထိုခုနစ်နေ့၊ သာချမ်းမြေ့ကို၊ ဆွေ့ဆွေ့ကြည်ဖြူ၊ အာရုံယူလျက်၊ သုံးလူတို့နတ်၊ မြတ်ထက်မြတ်သား၊ ရှင်တော်ဖျားကို၊ သုံးပါးမွန်စွာ၊ ဝန္ဒနာဖြင့်၊ သဒ္ဓါဖြိုးဖြိုး၊ ကျွန်ရှိခိုးသည်၊ ကောင်းကျိုး ခပ်သိမ်း ကြွယ်စေသော်။
သိင်္ဂါလသုတ္တန်ဆိုင်ရာ ဆောင်ပုဒ်များ
ညစ်ညူးကြောင်း တရားလေးပါး
၁။ သတ်
၂။ ခိုး
၃။ လိမ်ညာ
၄။ အိမ်ရာပြစ်မှား
ဤလေးပါး မှတ်သားညစ်ညူးကြောင်း။
မကောင်းမှုပြုကြောင်း တရားလေးပါး
၁။ ချစ်
၂။ မုန်း
၃။ ကြောက်
၄။ မိုက်
ဂတိလိုက်ခါ ပြုသူမှာ မှန်စွာဆုတ်ယုတ်ကြောင်း။
ဥစ္စာပျက်ကြောင်း တရားခြောက်ပါး
၁။ သေစာသောက်စား
၂။ လမ်းသွားခါမဲ့
၃။ ရှုငဲ့သဘင်
၄။ ပျော်ရွှင်အန်လောင်း
၅။ မကောင်းမိတ်ဖျင်း
၆။ ပျင်းရိခြင်းကား
ယိုယွင်းဥစ္စာ၊ ပျက်ကြောင်းတည်း။
မူးယစ်သေစာ အပြစ်ခြောက်ပါး
၁။ ဥစ္စာယုတ်ခြင်း
၂။ ငြင်းခုံများစွာ
၃။ ရောဂါထူပြော
၄။ ကျော်စောမဲ့ထုံး
၅။ မလုံအင်္ဂါ
၆။ ပညာနည်းရှား
ဤခြောက်ပါးကား၊ သောက်စားသေစာ အပြစ်တည်း။
အခါမဲ့လမ်းသွားခြင်း အပြစ်ခြောက်ပါး
၁။ ကိုယ်
၂။ သားမယား
၃။ တခြားဥစ္စာ လုံရာမဲ့ရှောင်း
၄။ မကောင်းအရာ ရွံရှာလေအပ်
၅။ ယိုးစွပ်ရောက်မှု
၆။ ဆင်းရဲစု
ခြောက်ခု ခါမဲ့ သွားပြစ်တည်း။
သဘင်ပွဲလမ်း အပြစ် ခြောက်ပါး
၁။ ကခြင်းတလီ
၂။ သီခြင်းတသီး
၃။ မှုတ်တီးတသင်း
၄။ ပြီန်ဖျင်းတအုပ်
၅။ လက်ခုပ်တလီ
၆။ အိုးစည်တဖြာ
ရှိရာရှာ၍ ဥစ္စာပျက်မှု ဤခြောက်ခုကား၊ ကြည့်ရှုသဘင် အပြစ်တည်း။
လောင်းတမ်းကစားခြင်း အပြစ် ခြောက်ပါး
၁။ အောင်သူရန်ပွား
၂။ ရှုံးသွားစိုးရိမ်
၃။ စည်းစိမ်လျော့ပါး
၄။ တရားသဘင် မဝင်သက်သေ
၅။ မိတ်ဆွေနှိမ့်ဆို
၆။ မလိုထိမ်းမြား
ဤခြောက်ပါးကား ပျော်ပါးကြွေအန် အပြစ်တည်း။
မိတ်ဆွေပျက် ခြောက်မျိုး
၁။ ကြွေအန်ကြူးထ
၂။ မိန်းမကြူးထွေ
၃။ သေစာကြူးမှု
၄။ အတုပြုငြား လှည့်စားတထောက်
၅။ မျက်မှောက်လှည့်ချက်
၆။ နိုင်ထက်လုယူ
ဤသူ ခြောက်ပါး မိတ်ဖြစ်လားကြောင်း ပျက်ပြား မိတ်ဆွေ အပြစ်တည်း။
လူပျင်းတို့၏ ဆင်ခြင်ခြောက်မျိုး
၁။ အချမ်းပြင်းဝှန်
၂။ အလွန်ပူနိုး
၃။ မိုးချုပ်လှမော
၄။ စောလှလွန်းရောင်
၅။ ဆာလောင်ပြင်းပြ
၆။ ဝမ်းဝလွန်းထွေ
နေကဥစ္စာ မပွားရာသည် ခြောက်ဖြာပျင်းသူ အပြစ်တည်း။
မိတ်ဆွေအတု (ရှောင်အပ်သူ) ၁၆-မျိုးမှ
အညဒတ္ထုဟရ မိတ်ဆွေတု လေးမျိုး
၁။ လက်ချည်းလာ၍၊ ဥစ္စာဆောင်သယ်
၂။ နည်းငယ်ဖြင့်သာ၊ များစွာလိုရှိ
၃။ ဘေးထိရောက်ခါ၊ မှီလာပေါင်းယှဉ်
၄။ မိမိကျိုးငှါ ပြုလာတုံဘိ
လေးယောက်စဉ်ကာ အညဒတ္ထုဟရတည်း။
ဝစီပရမ မိတ်ဆွေတု လေးမျိုး
၁။ ရှေးဖြစ်စေ့စပ်
၂။ တစ်ထပ်နောက်မှီ
၃။ ချီးနှီးသင်္ဂြိုလ်
၄။ ပေးလိုစဟန် ပစ္စုပ္ပန်မူ ပြညွှန်ပျက်ပြား
ဤလေးပါးကား မှတ်သား ဝစီပရမတည်း။
ပိယဘာဏီ မိတ်ဆွေတု လေးမျိုး
၁။ မကောင်းခွင့်ပြု
၂။ ကောင်းမှုကိုလျင် ဆင်ခြင်မရှု ခွင့်ပြုသည်ပင်
၃။ ရှေ့တွင်ချီးမွမ်း
၄။ ဖုံးလွှမ်းကွယ်လျှင် ကဲ့ရဲ့ခြင်းသည်
လေးအင် ပီယဘာဏီတည်း။
အပါယသဟာယ မိတ်ဆွေတု လေးမျိုး
၁။ သောက်ထုပ်သေရက်
၂။ ညဉ့်နက်လမ်းသွား
၃။ ရှု့စားသဘင်
၄။ ပျော်ရွှင်အန်လောင်း
လေးရပ်မှာပင် တကွထင်သည် လေးအင်အပါယသဟဲတည်း။
မိတ်ဆွေအစစ် (ပေါင်းအပ်သူ) ၁၆-မျိုးမှ
ကျေးဇူးရွက်ဆောင်တတ်သော မိတ်ဆွေစစ်လေးမျိုး
၁။ မေ့လျော့စောင့်လာ
၂။ ဥစ္စာစောင့်ရှောက်
၃။ ဘေးရောက်ကိုးကွယ်
၄။ ပြုဖွယ်ရှိက နှစ်ဆဥစ္စာ၊ ထောက်ပံ့လာသည်
လေးဖြာဥပကာရတည်း။
ဆင်းရဲမကွာ ချမ်းသာမပစ်သော မိတ်ဆွေစစ်လေးမျိုး
၁။ လျှို့ဝှက်စကား ကြားစေတုံလျက်
၂။ သူလျှိုဝှက်၍
၃။ ဘေးတွေ့မစွန့် မတွန့်တိုပါ
၄။ သူ့ကိုညှာလျက် ကိုယ့်သက်စွန့်မြောက်
ဤလေးယောက်ကား မျှလောက်ချမ်းသာ ဆင်းရဲတည်း။
အတ္ထက္ခာယီ အကျိုးစီးပွား ပြောကြားတတ်သော မိတ်ဆွေစစ်လေးမျိုး
၁။ မကောင်းမြစ်ခါ
၂။ ကောင်းရာညွှန်ထား
၃။ မကြားစတောင်း၊ အကြောင်းကြားလာ
၄။ နတ်ရွာလမ်းပြ
ဤလေးဝကား မည်ရ အတ္တက္ခာယီတည်း။
အနုကမ္ပ အစဉ်စောင့်ရှောက်တတ်သော မိတ်ဆွေစစ်လေးမျိုး
၁။ ဥစ္စာခမ်းနား မပွားသမြို့ မနှစ်လိုငြား
၂။ ပွားကရွှင်မြူး
၃။ ကျေးဇူးမဲ့ကို ဆိုသော်တားမြစ်
၄။ ကျေးဇူးဖြစ်ကို ဆိုသော်ချီးမွှမ်း
သူတို့တမ်းကား မိတ်ကျွမ်းအနုကမ္ပကတည်း။
မိဘကျင့်ဝတ် ငါးပါး
၁။ မကောင်းမြစ်ခါ
၂။ ကောင်းရာညွှန်လတ်
၃။ အတတ်သင်စေ
၄။ ပေးဝေနှီးရင်း
၅။ ထိမ်းမြားခြင်းလျှင်
ဝတ်ငါးအင် ဖခင် မယ်တို့တာ။
သားသမီးကျင့်ဝတ် ငါးပါး
၁။ ကျွေးမွေးမပျက်
၂။ ဆောင်ရွက်စီမံ
၃။ မွေခံထိုက်စေ
၄။ လှူမျှဝေ၍
၅။ စောင့်လေမျိုးနွယ်
ဝတ်ငါးသွယ် ကျင့်ဖွယ် သားတို့တာ။
ဆရာကျင့်ဝတ် ငါးပါး
၁။ အတတ်လည်းသင်
၂။ ပဲ့ပြင်ဆုံးမ
၃။ သိပ္ပမချန်
၄။ ဘေးရန်ဆီးကာ
၅။ သင့်ရာအပ်ပို့
ဆရာတို့ ကျင့်ဖို့ ဝတ်ငါးဖြာ။
တပည့်ကျင့်ဝတ် ငါးပါး
၁။ ညီညာထကြွ
၂။ ဆုံးမနာယူ
၃။ လာမူကြိုဆီး
၄။ ထံနီးလုပ်ကျွေး
၅။ သင်တွေးအံရွတ်
တပည့်ဝတ် မချွတ်ငါးခုသာ။
လင်ကျင့်ဝတ် ငါးပါး
၁။ မထီမဲ့ကင်း
၂။ အပ်နှင်းဥစ္စာ
၃။ မိစ္ဆာမမှား
၄။ ဝတ်စားဆင်ယင်
၅။ မြတ်နိုးကြင်
ငါးအင် လင်ကျင့်ရာ။
မယားကျင့်ဝတ် ငါးပါး
၁။ အိမ်တွင်းမှုလုပ်
၂။ သိမ်းထုပ်သေချာ
၃။ မိစ္ဆာကြဉ်ရှောင်
၄။ လျော်အောင်ဖြန့်ချိ
၅။ ပျင်းရိမမူ
ဝတ်ငါးဆူ အိမ်သူ ကျင့်အပ်စွာ။
မိတ်ဆွေကျင့်ဝတ် ငါးပါး
၁။ ပေးကမ်းချီးမြှင့်
၂။ ကိုယ်နှင့်ယှဉ်ထား
၃။ စီးပွားဆောင်ရွက်
၄။ နှုတ်မြွက်ချိုသာ
၅။ သစ္စာမှန်စေ
ဝတ်ငါးထွေ ကျင့်လေ မိတ်သဟာ။
အလုပ်ရှင်ကျင့်ဝတ် ငါးပါး
၁။ ဝစွာကျွေးမွေး
၂။ ပြုရေးစီရင်
၃။ နာလျှင်ကုစေ
၄။ ငှဝေရသာ
၅။ အခါကိုလွှတ်
အရှင့်ဝတ် မချွတ်ငါးခုသာ။
အလုပ်သမားကျင့်ဝတ် ငါးပါး
၁။ အိပ်သော်နောက်ကျ
၂။ ထသော်ကားရှေ့
၃။ ပေးမှယူအပ်
၄။ စေ့စပ်ဆောင်ရွက်
၅။ ကျေးဇူးမြွက်
ငါးချက်ကျွန်ကျင့်ရာ။
ရှင်ရဟန်းကျင့်ဝတ် ခြောက်ပါး
၁။ မကောင်းမြစ်ခါ
၂။ ကောင်းရာညွှန်လစ်
၃။ အသစ်ဟောကြူး
၄။ နာဖူးထပ်မံ
၅။ နတ်ထံတင်ရာ
၆။ မေတ္တာလည်းပြု
ရဟန်းမှု ခြောက်ခုလွန်သေချာ။
ဒါယကာကျင့်ဝတ် ငါးပါး
၁။ မေတ္တာစိတ်သက်
၂။ ဆောင်ရွက်ချစ်ခင်
၃။ ခင်မင်နှုတ်ချို
၄။ လိုလျှင်ဖိတ်ထား
၅။ တတ်အားလှူစေ
ဝတ်အားထွေ ပြုပေ ဒါယကာ။
အကြီးအကဲကျင့်ဝတ် ခြောက်ပါး
၁။ ထကြွ
၂။ နိုးကြား
၃။ သနား
၄။ သည်းခံ
၅။ ဝေဖန်
၆။ ထောက်ရှု
ဤခြောက်ခု၊ ကြီးသူ ကျင့်ရာတရားတည်း။
စီးပွားရှာနည်း နိဿရည်း
စီးပွားဥစ္စာ၊ ရှာသောခါဝယ်
ပျားကိုပုံပြု၊ ခြကိုတုလျက်
စုမှုဥစ္စာ ထိုသူမှာ
မှန်စွာကြီးပွားကြောင်း။
စီးပွားဥစ္စာ သုံးစွဲနည်း
စုပြီးဓန လေးစုချ၍
တစ်စုကိုစား တစ်စုထားပြီး
ကျန်သည့်နှစ်စု မိမိမှု၌
ရင်းနှီးကုန်ကြ မြှပ်နှုံကြဟု
ဗုဒ္ဓမြတ်စွာ မိန့်သတည်း။
ကြွေးတင်ကြောင်းတရား
စီးပွားမရှာ သေစာရှာလျက်
နေရက်သူများ၊ လူ့ငနွား
မြီတည်း မြုပ်သွားရလိမ့်မည်။
အိမ်ထောင်မပြုထိုက်သူ
နေ့လည်လည်းအိပ် ညလည်းအိပ်နှင့်
အအိပ်ထိပ်ခေါင် လူ့ငကြောင်
အိမ်ထောင်မပြုထိုက်။
အိမ်ထောင်ပြုထိုက်သူ
ချမ်းသောပူသော မိုးချုပ်သောဟု
ရေးမပြုဘဲ ပြုဘွယ်ရှိက ပြုတတ်မှ
အကျိုးရလိမ့်မည်။
စည်းစိမ်ခြံရံ ရနည်းများ
၁။ ပညာ
၂။ သီလ
ရှိပြီးကလျင်
၃။ နုရွကိုယ်နေ
၄။ ပြေပြစ်စကား
၅။ တုပ်ဝတ်ငြားလျက်
၆။ မာန်မတက် အခက်ဝေလိမ့်မည်။
စည်းစိမ်ခြံရံ ရနည်းများ (အဆက်)
၁။ လုံ့လအားသီး
၂။ ပျင်းမကြီးဘဲ
၃။ ထန်သီးသတ္တိ
၄။ သင်္ဂဟပြည့်ပြန်
သူ့သန္တာန် ခြံရံများလိမ့်မည်။
စည်းစိမ်းခြံရံ ရနည်းများ (အဆက်)
၁။ မိတ်ကောင်းကိုရှာ
၂။ သိပါကျေးဇူး
၃။ အထူးအကျိုးဆောင်
၄။ ဝန်တိုရှောင်
အမောင်ကြီးပွားမည်။
သင်္ဂဟတရားလေးပါး
၁။ ပေးကမ်းတသွယ်
၂။ ချစ်ဖွယ်ပြောဆို
၃။ အကျိုးကိုကျင့်
၄။ ကိုယ်နှင့်ယှဉ်ထား
ဤလေးပါး မှတ်သားသင်္ဂဟ။
အကျိုးကြီးသော ပေါင်းသင်းနည်း
၁။ ကြီးသူကို ရိုသေ
၂။ ရွယ်တူကိုလေးစား
၃။ ငယ်သူကို ချစ်သနား
နှစ်သက်ဖွယ်သော သစ်ပင်အလား။
မင်္ဂလသုတ်ဆိုင်ရာ ဆောင်ပုဒ်များ
စီးပွားချမ်းသာ တိုးတက်ကြောင်းများ (၃၈)ဖြာ မင်္ဂလာ
၁။ လူမိုက်ရှောင်ကွင်း
၂။ သူတော်ချဉ်း၍
၃။ ဝပ်စင်းကော်ရော် ပူဇော်ထိုက်သူ ပူဇော်မှု
မှတ်ယူမင်္ဂလာ။
၁။ လျှော်ရာနေကာ
၂။ ကုသိုလ်ရှာလျက်
၃။ ကိုယ်စိတ်နှစ်ပါး ပြင်သူများ
မှတ်သားမင်္ဂလာ။
၁။ သုတရှာစု
၂။ လက်မှုတတ်မှု
၃။ ကိုယ့်ကျင့်ဖြူလွ
၄။ နှုတ်ချိုက
မှတ်သားမင်္ဂလာ။
၁။ မိ
၂။ ဘ နှစ်ပါး
၃။ သားမယား ပြု
၄။ အမှုသေသပ်
ဤလေးရပ် မှတ်သားမင်္ဂလာ။
၁။ ပေးကမ်းချီးမြှင့်
၂။ တရားကျင့်လေ
၃။ မိတ်ဆွေပံ့ပိုး
၄။ ရိုးရိုးလုပ်စာ
ဤလေးပါး မှတ်သားမင်္ဂလာ။
၁။ ပြစ်မှု
၂။ သေစာ ရှောင်ဖယ်ခွါ၍
၃။ တရားမွေ့ လက်တွေ့မင်္ဂလာ။
၁။ ရိုသေ
၂။ နှိမ့်ချ
၃။ ရောင့်ရဲရ၏
၄။ ကျေးဇူးသိတတ်
၅။ တရားမြတ်နာ ပြုသူမှာ
မှတ်ပါမင်္ဂလာ။
၁။ သည်းခံ
၂။ ဆိုလွယ်
၃။ စင်ကြယ်ဖူးမျှော်
၄။ သူတော်တရား ဆွေးနွေးငြား
မှတ်သားမင်္ဂလာ။
၁။ ဣန္ဒြေစောင့်လတ်
၂။ အမြတ်ကျင့်ပါ
၃။ သစ္စာသိမြင်
၄။ နိဗ္ဗာန်ဝင်
ထွဋ်တင် မင်္ဂလာ။
၁။ စိတ်ဓာတ်ခိုင်မာ
၂။ ပူတာမရှိ
၃။ မြူမရှိဘဲ
၄။ ဘေးရန်စဲ
မှတ်စွဲမင်္ဂလာ။
(မင်္ဂလသုတ်ပြီး၏)
ကာယဒုစရိုက် (၃)ပါး
၁။ သတ်
၂။ ခိုး
၃။ မိစ္ဆာ
ဤသုံးဖြာ မှတ်ပါကာယကံ။
ဝစီကံ ဒုစရိုက် (၄)ပါး
၁။ လိမ်ပြော
၂။ ကုန်းချော
၃။ ကြမ်း
၄။ ဖျင်းပြော
မှတ်လော ဝစီကံ။
မနောကံ ဒုစရိုက် (၃)ပါး
၁။ ရလို
၂။ ဖျက်လို
၃။ အမှားကို ယူလို
မနောကံ။
ပရာဘဝသုတ်ဆိုင်ရာ ဆောင်ပုဒ်များ
ပျက်စီးကြောင်း (၂၂)ပါး
၁။ တရားမုန်းကာ
၂။ သူယုတ်မာချစ်
၃။ သူတော်ပစ်၍
၄။ လူညစ်တရား နှစ်သက်ငြား
မှတ်သား ပျက်စီးကြောင်း။
၁။ အအိပ်
၂။ သဘင် ခုံမင်ဗွက်ထ
၃။ တက်ကြွမရှိ
၄။ လွန်ပျင်းရိ
မှတ်သိ ပျက်စီးကြောင်း။
၁။ အမျက်ကြီးစွ
၂။ မိဘပစ်ထား
၃။ ဝေကာမမျှ
ဤလေးဝ မှတ်ကြပျက်စီးကြောင်း။
၁။ ဇာတ်
၂။ နွယ်
၃။ ဥစ္စာ
ကြောင်းပြုကာဖြင့် မာနတက်ကြွား ထိုသူများ မှတ်သားပျက်စီးကြောင်း။
၁။ မ ကြူး
၂။ သေ ကြူး
၃။ ကြွေအံ ကြူးနှင့်
၄။ မြူးထူးတန်ဆာ ပြုသူမှာ
မှန်စွာ ပျက်စီးကြောင်း။
၁။ နုထွေးသိမ်းပိုက်
၂။ မထိုက်ရှေ့တင်
၃။ လိုအင်တဏှာ ကြီးသူမှာ
မှန်စွာ ပျက်စီးကြောင်း။
(ပရာဘဝသုတ္တန်ပြီး၏၊)
စူဠကမ္မ ဝိဘင်္ဂ သုတ္တန်ဆိုင်ရာ ဆောင်ပုဒ်များ
အသက်တိုခြင်း/ ရှည်ခြင်း အကြောင်း
၁။ သူများအသက်၊ သတ်သည့်တွက်၊ အသက်ကိုယ့်မှာ တို။
မသတ်ရှောင်ရှား၊ ထိုသူများ၊ ရှည်လျားအသက်ကို။
ရောဂါများခြင်း/နည်းခြင်း အကြောင်း
၂။ နှိပ်စက်ကလူ၊ ညှဉ်းဆဲသူ၊ ပြောထူရောဂါဆို။
သနားစိတ်သွင်း၊ မနှိမ်နင်း၊ ကင်းရှင်းရောဂါကို။
အဆင်းမလှခြင်း/လှခြင်း အကြောင်း
၃။ ထန်ပြင်းဒေါသ၊ ကြီးတတ်က၊ အလှပျက်မည်ဆို။
ဒေါသကင်းစင်၊ မေတ္တာယှဉ်၊ ကြည်လင်လှသကို။
အခြွေရံနည်းခြင်း/များခြင်း အကြောင်း
၄။ မနာလိုပြန်၊ ဣဿာထန်၊ ခြံရံကင်းမည်ဆို။
ဣဿာမထား၊ ဝမ်းမြောက်ငြား၊ ပေါများခြွေရံကို။
ဥစ္စာပစ္စည်းများခြင်း/ရှားခြင်း အကြောင်း
၅။ မလှူမဒါန်း၊ မပေးကမ်း၊ ခြောက်ခမ်းဥစ္စာဆို။
စွန့်ကြဲလေ့တုံ၊ ပြုပါကုန်၊ ကုံလုံကြွယ်ဝလို။
အမျိုးအနွယ် ညံ့ခြင်း/ကောင်းခြင်း အကြောင်း
၆။ မာန်မာနကြွယ်၊ ထိုသူဝယ်၊ မျိုးနွယ်ညံ့မည်ဆို။
ထိုက်သူရိုကျိုး၊ မာန်ကိုချိုး၊ အမျိုးမြတ်သကို။
ဉာဏ်ပညာ ရှိခြင်း/မရှိခြင်း အကြောင်း
၇။ သိဖွယ်ဟူသမျှ၊ မမေးက၊ ဖျင်းအပညာဆို။
ကြားမြင်များအောင်၊ မေးလေ့ဆောင်၊ ခုနောင်တတ်သိလို။
(စူဠကမ္မ ဝိဘင်္ဂသုတ္တန်ပြီ၏၊)
ကြီးပွားရေးလမ်းညွှန်များ
ဒါနအကျိုး ငါးမျိုး
၁။ လူအများချစ်ခင်
၂။ သူတော်စင်ကပ်
၃။ ကောင်းမြတ်ကျော်ကြား
၄။ ငါးပါးပြည့်စုံ
၅။ သေတုံနတ်ရွာ
ဤငါးဖြာ မှတ်ပါဒါန အကျိုးတည်း။
သပ္ပူရိသ (သူတော်ကောင်း) ဒါနအကျိုးထူး ငါးမျိုး
သပ္ပူရိသဒါန ကျိုးငါးဝ ဗုဒ္ဓဟောခဲ့သည်။
ဒါနအကျိုး ကြွယ်ဝဖြိုး ရွှေအိုးမြှုပ်နိုင်သည်။
၁။ သဒ္ဓါဒါန အဆင်းလှ မြင်ကချစ်ခင်သည်။
၂။ သက္ကစ္စဒါန ခြွေရံရ ဆုံးမနားထောင်သည်။
၃။ ကာလဒါန ငယ်စဉ်က ကြွယ်ဝပေါများသည်။
၄။ လွယ်လွယ်အလှူ လှူသောသူ စားလှူသုံးနိုင်သည်။
၅။ မထိခိုက်မူ လှူသောသူ ရန်သူကင်းဝေးသည်။
စီးပွားရှာမှု သတိပြုရန်
မျက်စဉ်းသွေးတုံ ဖြေးဖြေးကုန်သို့
အဖြုန်းတရား ရှောင်ပယ်ရှား၍
ပျားကိုပုံပြု ခြကိုတုလျက်
စုမှုဥစ္စာ ထိုသူမှာ မှန်စွာ ကြီးပွားကြောင်း။
ဥစ္စာယိုထွက်ကြောင်း အပေါက်ခြောက်ပါး
၁။ ပျင်းရိ
၂။ မေ့ထ
၃။ လုံ့လလျော့နည်း
၄။ စောင့်စည်းခြင်းကင်း
၅။ အိပ်ခြင်းလည်းဆို
၆။ ကိုယ်တဆန့်ဆန့် မခန့်ခြောက်ဖြာ
အပေါက်သာ ဥစ္စာယိုထွက်ကြောင်း။
အသေရဲရင့်ကြောင်းတရား လေးပါး
၁။ သဒ္ဓါ
၂။ သီလ
၃။ စာဂ
၄။ ပညာ ပြည့်စုံပါ
သေခါရဲရင့်ကြောင်း။
အနေရဲရင့်ကြောင်းတရား လေးပါး
၁။ တက်ကြွ
၂။ စုဆောင်း
၃။ မိတ်ကောင်းဖွဲ့လေ
၄။ မပျက်စေ
အနေရဲ့ရင်ကြောင်း။
ဥစ္စာတိုးကြောင်းတရား လေးပါး
၁။ လျော်ရာမှာနေ
၂။ မိတ်ဆွေကောင်းယှဉ်
၃။ ပြုပြင်ကိုယ်စိတ်
၄။ အတိတ်ကုသိုလ် ရှိသူကိုမှ
ဂြိုလ်ကောင်းမ၏၊
စျေးသည်များ ကြီးပွားကြောင်းတရား သုံးပါး
၁။ ရင်းမြတ်ကိုမြင်
၂။ ဉာဏ်ယှဉ်လုံ့လ
၃။ ရှိရမိတ်ကောင်း
စျေးသည်တို့၏ ကြီးပွားကြောင်း။
ရခဲသောအရာ လေးမျိုး
၁။ ဥစ္စာ
၂။ ခြံရံ ပြည့်စုံရန်နှင့်
၃။ အသက်ရှည်ရန်
၄။ လူနတ်ထံ ရောက်ရန်
ခဲယဉ်းသည်။
ရလွယ်ရန်နည်း လေးမျိုး
၁။ သဒ္ဓါ
၂။ သီလ
၃။ စာဂ
၄။ ပညာ ပြည့်စုံပါက
ဒုလ္လဘမုချ ရလိမ့်မည်။
ချမ်းသာခြင်းလေးမျိုးနှင့် မြတ်သောချမ်းသာ
၁။ ရှိ
၂။ ခံစားခြင်း
၃။ ကြွေးမြီးရှင်း
၄။ ပြစ်ကင်း ဤလေးဖြာ
ပြစ်ကင်းတာမှ တုမရ မုချ ချမ်းသာပါ။
အသက်တိုကြောင်း/ရှည်ကြောင်း (၇)ပါး
၁။ မသင့်ပြုမှား
၂။ သင့်ငြားမသိ
၃။ မာသည့်အစာ
၄။ အခါမဲ့သွား
၅။ မေထုန်များနှင့်
၆။ သီလပျက်ပြား
၇။ လူပေါင်းမှား
မှတ်သားသက်တိုကြောင်း။
အမျိုးသမီးကောင်းတို့ ဝတ္တရားများ
၁။ လုပ်ငန်းကျွမ်းကျင်
၂။ ခင်မင်စီးပွား
၃။ စိတ်ထားညီစေ
၄။ ကြည်စေကိုယ်စိတ်
၅။ အအိပ်နည်းပါး
၆။ ကြောင့်ကြထား
မယားကောင်းတို့ ဝတ္တရား၊
၁။ လုံ့လအားသီး
၂။ ပျင်းမကြီးဘဲ
၃။ မြှောက်ချီးခြွေရံ
၄။ ကျင့်ကြံနှစ်လို
၅။ သိမ်းသိုစီးပွား
ဤငါးပါး မယားကောင်းတို့ ဝတ္တရား။
သရဏဂုံ၊ သီလ၊ မေတ္တာပို့
ရှစ်ပါးသီလတောင်း ပါဠိ
အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမ္မန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
ဒုတိယမ္ပိ (အဟံ ဘန္တေ စသည်ဖြင့် ဆက်ဆို)
တတိယမ္ပိ (အဟံ ဘန္တေ စသည်ဖြင့် ဆက်ဆို)
ရှစ်ပါးသီလတောင်း မြန်မာပြန်
အရှင်ဘုရား တပည့်တော်သည် သရဏဂုံသုံးပါးနှင့် တကွ အင်္ဂါရှစ်ပါးရှိသော ဥပုသ်သီလဟူသော ကျင့်ဝတ်တရားကို တောင်းပန်ပါ၏အရှင်ဘုရား-
အရှင်ဘုရား တပည့်တော်အား ချီးမြှောက်ခြင်းကို ပြု၍ ဥပုသ်သီလကို ပေးသနားတော်မူပါအရှင်ဘုရား။
(နမော တဿ ဘဂဝတော စသော ဘုရားရှိခိုးနှင့် သရဏဂုံဆောက်တည်ပုံများ ငါးပါးသီလအတိုင်းဆိုရန်)
ရှစ်ပါးသီလ ပါဠိမြန်မာပြန်
၁။ ပါဏာတိပါတာနှင့်
၂။ အဒိန္နာဒါနာ (ငါးပါးသီလအတိုင်း)
၃။ အဗြဟ္မစရိယာ မမြတ်သောအကျင့်ကို ပြုကျင့်ခြင်းမှ ဝေရမဏိ သိက္ခာပဒံ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်တော်ကို (စသည် ငါးပါးသီလအတိုင်း ဆက်ဆို)
၄။ မုသာဝါဒါ (ငါးပါးသီလအတိုင်း)
၅။ သုရာမေရယ (ငါးပါးသီလအတိုင်း)
၆။ ဝိကာလဘောဇနာ နေ့လွဲညစာ စားသောက်ခြင်းမှ ဝေရမဏိသိက္ခာပဒံ (စသည့်ဆက်ဆို)
၇။ နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿန မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍနဝိဘူသနဋ္ဌာနာ ကခြင်း၊ သီဆိုခြင်း၊ တီးမှုတ်ခြင်း၊ သာသနာတော်၏ ညှောင်တံကျင်သဖွယ် ကြည့်ရှုနားထောင်ခြင်း၊ ပန်းပန်ခြင်း၊ နံ့သာလိမ်းခြင်း၊ နံ့သာမှုန့်တို့ဖြင့် အတင့်အတယ် အပြေအပြစ် ပြုလုပ်ခြင်းတို့မှ (ဝေရမဏိ စသည်ဆက်ဆို)
၈။ ဥစ္စာသယန မဟာသယနာ မြင့်သောနေရာ မြတ်သောနေရာတို့၌ နေထိုင်ခြင်းမှ (ဝေရမဏိ စသည်ဆက်ဆို)
ကိုးပါးသီလတောင်းအတွက် မှတ်ချက်
(ပါဠိတွင် ရှစ်ပါးသီလ “အဋ္ဌင်္ဂ သမ္ပန္နာဂတံ” နေရာ၌ “နဝင်္ဂ သမ္ပန္နာဂတံ” ထည့်၍ “အင်္ဂါရှစ်ပါးရှိသော” နေရာ၌ “အင်္ဂါကိုးပါးရှိသော” ထည့်ရန်သာထူး၏၊ ထို့အတူ သရဏဂုံသီလ ဆောက်တည်ရာ၌လည်း ဥစ္စာသယန နောက်တွင် အောက်ပါစကားရပ်ထည့်ခြင်းမျှသာ ထူးပါသည်။)
မေတ္တာသဟ ဂတေန စေတသာ၊ သဗ္ဗပါဏ ဘူတေသု ဖရိတွာ ဝိဟရဏံ သမာဓိယာမိ၊
မြန်မာပြန်- မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် အလုံးစုံသော သတ္တဝါတို့၌ ဖြန့်၍နေခြင်းကို ဆောက်တည်ပါ၏၊
(ဤသို့ ကိုးပါးသီလဆောက်တည်ပြီးနောက် တတ်နိုင်သမျှ မေတ္တာပို့၍ နေရသည်။)
မေတ္တာပို့ ဆိုရိုး
၁။ ငါသည် ရန်ကင်းပါစေ၊ စိုးရိမ်ခြင်း ကင်းပါစေ၊ ဆင်းရဲခြင်း ကင်းပါစေ၊ မိမိကိုယ်ကို ချမ်းသာအောင် ရွက်ဆောင်နိုင်ပါစေ။
၂။ ငါနှင့်အတူနေ သမဂ္ဂတို့သည် ရန်ကင်းကြပါစေ၊ စိုးရိမ်ခြင်း ကင်းကြပါစေ၊ ဆင်းရဲခြင်း ကင်းကြပါစေ၊ မိမိကိုယ်ကို ချမ်းသာအောင် ရွက်ဆောင်နိုင်ကြပါစေ။
၃။ ငါနှင့်အတူ အိမ်စောင့်နတ်တို့သည် ရန်ကင်းကြပါစေ၊ စိုးရိမ်ခြင်း ကင်းကြပါစေ၊ ဆင်းရဲခြင်း ကင်းကြပါစေ၊ မိမိကိုယ်ကို ချမ်းသာအောင် ရွက်ဆောင်နိုင်ကြပါစေ။
၄။ ငါတို့ရပ်ရွာ၌ အစိုးတရ အုပ်ချုပ်ကြကုန်သော ရန်ကင်းကြပါစေ၊ စိုးရိမ်ခြင်း ကင်းကြပါစေ၊ ဆင်းရဲခြင်း ကင်းကြပါစေ၊ မိမိကိုယ်ကို ချမ်းသာအောင် ရွက်ဆောင်နိုင်ကြပါစေ။
၅။ ငါတို့ ရပ်ရွာနေ လူတို့ကို အစပြု၍ အလုံးစုံသော သတ္တဝါတို့သည် ရန်ကင်းကြပါစေ၊ စိုးရိမ်ခြင်း ကင်းကြပါစေ၊ ဆင်းရဲခြင်း ကင်းကြပါစေ၊ မိမိကိုယ်ကို ချမ်းသာအောင် ရွက်ဆောင်နိုင်ကြပါစေ။
မေတ္တာပို့နည်း တစ်မျိုး
၁။ ငါသည် ရန်ကင်းပါစေ၊ စိုးရိမ်ခြင်း ကင်းပါစေ၊ ဆင်းရဲခြင်း ကင်းပါစေ၊ မိမိကိုယ်ကို ချမ်းသာအောင် ရွက်ဆောင်နိုင်ပါစေ။
၂။ ချစ်ခင်အပ်သော ပီယပုဂ္ဂိုလ်တို့သည် ရန်ကင်းကြပါစေ၊ စိုးရိမ်ခြင်း ကင်းကြပါစေ၊ ဆင်းရဲခြင်း ကင်းကြပါစေ၊ မိမိကိုယ်ကို ချမ်းသာအောင် ရွက်ဆောင်နိုင်ကြပါစေ။
၃။ မချစ်လွန်း၊ မမုန်းလွန်း အလယ်အလတ်၌ တည်သော မဇ္စျတ္တပုဂ္ဂိုလ်တို့သည် ရန်ကင်းကြပါစေ၊ စိုးရိမ်ခြင်း ကင်းကြပါစေ၊ ဆင်းရဲခြင်း ကင်းကြပါစေ၊ မိမိကိုယ်ကို ချမ်းသာအောင် ရွက်ဆောင်နိုင်ကြပါစေ။
၄။ ရန်သူဖြစ်သော ဝေရီပုဂ္ဂိုလ်တို့သည် ရန်ကင်းကြပါစေ၊ စိုးရိမ်ခြင်း ကင်းကြပါစေ၊ ဆင်းရဲခြင်း ကင်းကြပါစေ၊ မိမိကိုယ်ကို ချမ်းသာအောင် ရွက်ဆောင်နိုင်ကြပါစေ။
မေတ္တာပွားကျိုး ဆယ့်တစ်မျိုး
၁။ ချမ်းသာ အိပ်
၂။ နိုး
၃။ အိပ်မက်ဆိုးရပ်
၄။ လူ
၅။ နတ် ချစ်ကြည်
၆။ စောင့်သည်နတ်များ
၇။ မီး၊ ဓား၊ လက်နက် အဆိပ်ပျက်၏
၈။ တည်လွယ်စိတ်ဓာတ်
၉။ ကြည်လတ်မျက်နှာ
၁၀။ သေခါမတွေ
၁၁။ ဗြဟ္မာပြည်လား
ဆယ့်တစ်ပါးသည် မေတ္တာပွားရ အကျိုးတည်း။
တရားပြ ပမာမရဏဿတိ ဘာဝနာပွားနည်း
၁။ သေသူအများ ငါတို့အား တရားပြသွားသည်။
၂။ ငါတို့လိုဘဲ သင်တို့လည်း မလွဲသေရမည်။
၃။ ခုမသေလဲ နောက်သေဘဲ မလွဲမှတ်ရမည်။
၄။ ငါတို့ကိုကြည့် ဘာမရှိ သင်တို့ သိကြသည်။
၅။ ငါတို့နောက်မှာ ပါသည်မှာ ကံသာဖြစ်ကြသည်။
၆။ စွဲငြိနှစ်ပါး ထိုတရား ခွါထားကြရမည်။
၇။ မခွါနိုင်လျှင် ထိုသူပင် ပူပင်ရလိမ့်မည်။
၈။ မသေခင်က မြတ်သီလ တည်ကြပါမှ တော်လိမ့်မည်။
တရားဘာဝနာပွားနည်းများ
အမှတ်မရှိ မရဏဿတိပွားနည်း
၁။ ငါ၏အသက်ဟာ ဘယ်မျှကြာ သေမယ်ဆိုတာ မသိပါတကား။
၂။ ငါ၏အသက်ဟာ ဘယ်အနာ သေမယ်ဆိုတာ မသိပါတကား။
၃။ ငါ၏အသက်ဟာ ဘယ်ချိန်ခါ သေမယ်ဆိုတာ မသိပါတကား။
၄။ ငါ၏အသက်ဟာ ဘယ်နေရာ သေမယ်ဆိုတာ မသိပါတကား။
၅။ သေပြီးကာလ ဘယ်ဘဝ ရောက်ရမည်မှာ မသိပါတကား။
နောက်ဆုံးဖြစ်မည့် မရဏဿတိပွားနည်း
၁။ လုံးစုံခပင်း ပြည့်စုံခြင်းကား ပျက်ယွင်းနောက်ဆုံး ရှိချေ၏၊
၂။ နုနယ်ရုပ်ဆင်း ပျိုနုခြင်း အိုမင်းနောက်ဆုံး ရှိချေ၏၊
၃။ ရောဂါကင်းရှင်း ကျန်းမာခြင်းကား နာခြင်း နောက်ဆုံး ရှိချေ၏၊
၄။ လုံးစုံခပင်း သက်ရှင်ခြင်းကား သေခြင်းနောက်ဆုံး ရှိချေ၏၊
၅။ ချစ်ခင်ပေါင်းသင်း ဆက်ဆံခြင်းကား ကွေကွင်းနောက်ဆုံး ရှိချေ၏၊
မရဏဿတိ ပွားရကျိုး
မရဏဿတိ ပွားသူမှာ
သူသေကိုယ်သေ ဖြစ်သောခါ
ထွေထွေလာလာ မဆင်းရဲ
လက်ငင်းလက်တွေ့ အကျိုးဘဲ။
အသုဘ ဘာဝနာပွားနည်း
၁။ ပုပ်ပွညိုမဲ စိုရွဲပြည်ပုပ် အကောင်ပုပ် စက်ဆုပ်စရာ ကိုယ်ခန္ဓာ မှန်စွာဖြစ်တော့သည်။
၂။ ဆင်းနံ့လွန်းဆိုး မစင်အိုးသို့ ပုပ်သိုးအတိသာ ကိုယ်ခန္ဓာ မှန်စွာဖြစ်တော့သည်။
၃။ အပေါက်ကိုးမှ သိုးပုပ်မျိုးစုံ ထွက်မကုန်ဘဲ ဘက်စုံယုတ်မာ ကိုယ်ခန္ဓာ မှန်စွာဖြစ်တော့သည်။
၄။ ပိုးမျိုးယှက်ထွေး သစ်ထဲဆွေးသို့ ညစ်ကျေးပြည့်လျှံ တစ်လံမျှသာ ကိုယ်ခန္ဓာ မှန်စွာဖြစ်တော့သည်။
၅။ ပိုးပေါင်းများစွာ အိပ်သာသင်္ချိုင်း စံနှိုင်းတူမျှ ယူဆထိုက်စွာ ကိုယ်ခန္ဓာ မှန်စွာဖြစ်တော့သည်။
အသုဘ ဘာဝနာပွားရကျိုး
သူစွဲငါစွဲ အစွဲခြေခံ
တန်တန်ဆင်းရဲ အမှန်လွဲ၍
မလွဲနိဗ္ဗာန် အခြေခံ
အမှန်ဖြစ်လိမ့်မည်။
သတိပဋ္ဌာန် ပွားရကျိုး
၁။ ညစ်ကြေး
၂။ ပူဆွေး
၃။ ငိုးကြွေး
၄။၅။ ဆင်းရဲ(ကိုယ်ဆင်းရဲ+စိတ်ဆင်းရဲ)အမှန်လွဲ၍
၆။ မဂ်နှင့်
၇။ နိဗ္ဗာန် ရစေရန် သတိပဋ္ဌာန်ကို ပွားရမည်။
အာနာပါန (ဝင်လေထွက်လေ) ရှုမှတ်နည်း
၁။ သတိမြဲရာ ပဌမာ
၂။ ဒု မှာ ရှည်တိုသိ
၃။ လုံးစုံလင်းရာ “တ”၌သာ
၄။ “စ”မှာ ငြိမ်းစေဘိ။
ဣရိယာပုထ်လေးပါးနှင့် သမ္ပဇာန ရှုနည်း
၁။ သွား
၂။ ရပ်
၃။ ထိုင်
၄။ လျောင်း
၅။ ကိုယ်မှုပေါင်း ကောင်းကောင်းမှတ်၍ နေရမည်။
ပဋိကူလ (စက်ဆုပ်ဖွယ်) ရှုနည်း
အညိုအပုပ် စက်ဆုပ်ဖွယ်ရာ ကိုယ်ခန္ဓာ ရှုကာနေရမည်။
ဓာတ်ကြီးလေးပါး ရှုနည်း
၁။ မြေ
၂။ ရေ
၃။ လေ
၄။ မီး ဓာတ်ကြီးလေးဖြာ သဘာဝါ ရှုကာနေရမည်။
၁။ ပ
၂။ အာ
၃။ ဝါ
၄။ တေ ဓာတ်လေးထွေ၏
၁။ မာ
၂။ စည်း
၃။ လှုပ်
၄။ ငွေ့ ဓာတ်အတွေ့ မှတ်၍ နေရမည်။
နဝသိဝထိက သချႋင်း အလောင်းကောင် ရှုနည်း
ပုပ်ပွညိုမဲ စိုရွဲပြည်ပုပ် အကောင်ယုတ် ငါဘဲလုပ်၍ နေရမည်။
(ကာယနုပဿနာ ပြီး၏၊)
ဝေဒနာနုပဿနာ ရှုနည်း
၁။ ချမ်းသာ
၂။ ဆင်းရဲ
၃။ လယ်လတ်ဘဲဟု ခံစားမှုဟာ
ဝေဒနာ ရှုကာနေရမည်။
စိတ္တာနုပဿနာ ရှုနည်း
မိမိစိတ်မှာ ရာဂ၊ ဒေါသ၊ မောဟ ကင်းသည်/မကင်းသည်နှင့် စိတ်တည်/စိတ်ထွက် ဤနှစ်ချက် မပျက်ရှုကာ နေရမည်။
ဘာဝနာ ပရိကမ် (ရှေးဦးလုပ်ငန်းစဉ်)များ
၁။ ခန္ဓာငါးပါး မြတ်ဘုရား လှူထားလိုက်ကြပါ။
၂။ ပြစ်မှားမိငြား အရိယာများ ညွှတ်တွားဝန္ဒနာ။
၃။ ညွှတ်တွားပြီးလျှင် မေတ္တာဝင် ကြည်ရွှင်စိတ်ထားပါ။
ထိုမှ နောက်တွင် သတိဝင် ထွဋ်တင်ဘာဝနာ။
ဓမ္မာနုပဿနာ ရှုနည်း
နီဝရဏ ခန္ဓာယတန ဗောဇ္စျင်္ဂနှင့် သစ္စလေးဖြာ သဘာဝါ ရှုကာနေရမည်။
တရားထိုင်နည်းနှင့် စိတ်ထားနည်း
၁။ ဆိတ်ငြိမ်ရာကပ် ဖြောင့်မတ်ကိုယ်နေ ထက်ဝယ်ခွေ စိတ်နေတည်တည်ထား။
၂။ လုံ့လပြင်းထန် သိဉာဏ်ဖွဲ့ထား သတိပွား လောကကြီးကို ဘေးချိတ်ထား။
လယ်တီဆရာတော်ဘုရားကြီး၏ ဆုံးမစာ
လယ်တီဆရာတော်ဘုရားကြီး၏ ဆုံးမစာ
*ဆိုပိမ့်မညှာ၊ စေ့စေ့နာလော့၊ ဂင်္ဂါသဲမျှ၊ ပွင့်ကုန်၏ကြသား၊ ဘုရားသာသနာ၊ ခေတ်အခါဝယ်၊ လူ့ရွာ နတ်နှိုက်၊ နင်ကြုံကြိုက်လည်း၊ အမိုက်မချွေ၊ အလိုက်နေ၍၊ အခြေမကြီး၊ အချည်းနှီးလျှင်၊ ယီးတီးယောင်တောင်၊ ခုတိုင်အောင်တည့်။
*သန်းခေါင်လကွယ်၊ တောအုပ်လယ်၌၊ ရှစ်နယ်ပတ်ကုံး၊ အပြည့်ဖုံးသည်၊ မိုးလုံး တိမ်တိုက်၊ လျှပ်မကြိုက်သား၊ အမိုက် အပြား၊ အင်လေးပါးထက်၊ နင်ကားရာထောင်၊ မကမှောင်၏၊
*လူ့ဘောင်လူ့ရွာ၊ သာသနာ၌၊ ကြမ္မာတော်၍၊ ယခု တွေ့လည်း၊ အလေ့မလွဲ၊ အများနဲလျှင်၊ မိုက်မြဲနှင်နှင်၊ မိုက်စရွှင်၏၊ မျက်မြင်လောက၊ ဤဘဝကား၊ ဒုက္ခစင်းစင်း၊ ချမ်းသာ ကင်း၏၊
*သေမင်းအစာ၊ နင့်ခန္ဓာကို၊ တဏှာဘီလူး၊ အမှောင့် ပူး၍၊ အရူးပြင်ပြင်၊ နင့်ကိုယ်ထင်၏၊
*နင်နှင့်မဆိုင်၊ နင်ပိုင်မဟုတ်၊ နင့်ရုပ်နင့်နာမ်၊ နင့် သန္တာန်ကို၊ နင့်ဉာဏ် မစူး၊ အပေါ်ဖြူး၍၊ မူးမူးမေ့မေ့၊ အများလေ့ဖြင့်၊ နေ့ရက်အပုံ၊ လွန်ခဲ့ တုံပြီ၊
အာရုံဝတ္ထု၊ မီးစာစုကို၊ မှုမှုရရ၊ နင်အားကျလည်း၊ ဓားပြသေမင်း၊ သူ့တပ်နင်းက၊ မငြင်းဆန်သာ၊ နင့်ခန္ဓာသည်၊ ပြာပုံအပြီး၊ ဖြစ်လုနီးပြီ။
*ယီးတီးယားတား၊ သေ၍သွားလည်း၊ တရားမကြွယ်၊ အထုပ်ငယ်လျက်၊ အပါယ်စခန်း၊ သွားမြဲလမ်း၌၊ တပန်း ဟိုက်ဟိုက်၊ တရှိုက်ငင်ငင်၊ တငြင်ငြိုငြို၊ ဆင်းရဲပိုလျက်၊ ထိုထိုဘဝ၊ အနန္တလျှင်၊ အစမဆုံး၊ အများ ထုံးတည့်၊ အနှုန်းမပျက်၊ အောက်နရက်ဝယ်၊ တသက်နွယ်နွယ်၊ အမြစ်တွယ်သို့၊ အပါယ်ထိုထို၊ ဥဒဟိုသည်။ နင်လိုလူမိုက် သွားလမ်းတည်း။။
ဆိုပိမ့်မညှာ ဆုံးမစာပြီး၏၊
ဓမ္မဆောင်ပုဒ်တိုလေးများ
ဓမ္မဆောင်ပုဒ်တိုလေးများ
၁။ မဟုတ်မခံ ခွန်းတုံပြန် မှန်သော်လည်းရှုံး လူကြီးမုန်း။
၂။ မဟုတ်လည်းခံ မတုံပြန် ချိန်တန်သူရှုံး သင်ကပြုံး။
၃။ ပြုသမျှက အသစ်၊ ဖြစ်သမျှကအဟောင်း။
တွေးတတ်ကြဘို့ အလွန်ကောင်း။
၄။ မိမိအကျိုးအောင်လိုက သူ့အကျိုးကို ရွက်ဆောင်ကြ။
၅။ ကုသိုလ်အစစ်ဖြစ်လိုက၊ သဒ္ဓါစစ်အောင် ရွက်ဆောင်ကြ။
၆။ နတ်လည်းလို ဂြိုလ်လည်းမ
အမျှ အမျှ ပေးဝေကြ။
၇။ ငရဲလက်မှတ် အပြိုင်ဖြတ်။
ဘုရားပွဲနှင့် ကျောင်းပွဲမှတ်။
၈။ ဘဝမျိုးပြုတ်စားက
ဓမ္မကျိုးယုတ်သွားမည်။
၉။ မြင်မြတ်လိုတဲ့ လူအများ
အောင့်အည်း စောင့်စည်း နိုင်စေသား။
၁၀။ တိုးတက်လိုက တက်ကြွကြွ၊
အောင်မြင်လိုက အောင့်အည်းကြ။
၁၁။ အောင်ဘဝဆိုတာ ရှိ/မရှိ
လူဝင်စားက ထောက်ခံ၏၊
၁၂။ ငရဲနတ်ပြည် ရှိ/မရှိ
သိပ္ပံပညာက ထောက်ခံ၏၊
၁၃။ ငရဲရှိတာ ဘာဖြစ်လဲ၊
ကောင်းကောင်းနေဘို့ဘဲ။
၁၄။ နတ်ပြည်ရှိတော့ ဘာဖြစ်လဲ၊
ကောင်းကောင်းနေဖို့ဘဲ။
၁၅။ ကြောင်းကျိုးကောင်းဆိုး ထိုနှစ်ရပ်၊
သိတတ်သူမှ လူစစ်မှတ်။
၁၆။ လူပီသက ဘာကိုမျှ
မကြောက်ရဟု မှတ်ပါကြ။
၁၇။ ကောင်းလုပ် မကောင်းလုပ် မှန်သမျှသည်
အထုံပါတတ်သည်။
၁၈။ မကောင်းတာရှောင် ကောင်းတာဆောင်
ဘဝဆက်ဆက် အထုံပါအောင်။
၁၉။ ရောဂါဘယ နည်းလိုက
တဏှာရာဂ ဆင်ခြင်ကြ။
၂၀။ ရုပ်ပျိုကိုယ်နု ဖြစ်လိုက
ပူပုပ်ကင်းအောင် ရွက်ဆောင်ကြ။
၂၁။ ရုပ်ပူရုပ်ပုတ် ကင်းလိုလျှင်
ကိုယ်တွင်းကိုယ်ပ သန့်စေချင်။
၂၂။ နာမ်ပူနာမ်ပုတ် ကင်းလိုက
လောဘဒေါသ နှိပ်ထားကြ။
၂၃။ ပူကင်းလိုတဲ့ လူများစွာ
ဘာဝနာတရား ပွားကြပါ။
၂၄။ တရားမေ့က အမှားတွေ့လတ္တံ့
တရားမုန်းသူ လူမိုက်ဟူ၏၊
၂၅။ အလုပ်မလုပ် လူမဟုတ်
အလုပ်လုပ်လေ လူဟုတ်လေ။
၂၆။ အထုပ်မပါ သံသရာ၊
မုန်စွာဒုက္ခ တွေ့လတ္တံ့။
၂၇။ ကျင့်ဝတ်မတည် လူမမည်၊
သူမြတ်နှာခေါင်း ရှုံးကြသည်။
၂၈။ သစ္စာမရှိ ဂတိမတည် လူမမည်။
၂၉။ ကျင့်ဝတ်မတည် လူမမည်၊
ခွေးထက်မိုက်လေသည်။
၃၀။ ကျင့်ဝတ်တည်မှ လူပီသ၊
သင်တို့ ငါတို့ အကျိုးရ။
၃၁။ အပြစ်ကင်းစွာ ပျော်ရွှင်တတ်၊
လူသားဆန်သော ပျော်ခြင်းမှတ်။
၃၂။ ကံ စိတ် ဥတု အာဟာရ
ဘဝဖြစ်ကြောင်း မှတ်ပါကြ။
၃၃။ ခုဘဝက တိုတိုလေး၊
နောက်ဘဝက နီးနီးလေး။
၃၄။ ဘဝကိုမျိုးထား၊ ဓမ္မကိုကြိုးစား။
၃၅။ ဘဝမြင့်လို လူထိုထို၊ ခုကံကောင်းဘို့လို။
၃၆။ ရှေးကံနည်းတော့ ဘာဖြစ်လဲ၊
ဆင်ပိန်ကျွဲလောက် ကျန်မှာပဲ။
၃၇။ ကာမချမ်းသာဆိုတာ မျက်လှည့်၊
ဓမ္မချမ်းသာကမှ အနှစ်နဲ့။
၃၈။ ဆင်းရဲခြင်း၏ အဆုံးသတ်၊
ရောင့်ရဲခြင်းဟု မြဲမြဲမှတ်။
၃၉။ ခုကောင်းကာမှ နောင်ဘဝ၊
ကောင်းကြပေလိမ့်မည်။
၄၀။ ဒါနနည်းတော့ မွဲ၊
သီလနည်းတော့ ငရဲ။
၄၁။ သင့်ပါးကိုက်၍ သူ့နားကိုက်၊
သင်ရောသူရော တူတူမိုက်။
၄၂။ သင့်အားကိုက်၍ သူ့အားရိုက်၊
ရိုက်သူလည်းခွေး၊ ခွေးလည်းခွေး။
နိဂုံးချုပ် ဆောင်ပုဒ်များ
လူသေလူဖြစ် သစ္စကထာ
နိယာမမျိုး ဖြစ်ရိုးစဉ်လာ
လူစစ်သေမှ လူဖြစ်ကြမှာ
လူမစစ် လူဖြစ်မသေချာ။
နောက်ဆက်တွဲ ဖြည့်စွက်ချက်များ
ပါဏာတိပါတ်ဆိုင်ရာမှတ်ဖွယ်
သတ်နည်းခြောက်မျိုး
၁။ ပစ်
၂။ ကိုယ်
၃။ ခိုင်း
၄။ ထာ
၅။ ပညာ
၆။ တန်ခိုး
ဤခြောက်မျိုး သတ်ဇိုဝ်းဖြတ်တောက်ကြောင်း။
သတ်ကံမြောက်ကြောင်း အင်္ဂါငါးပါး
၁။ သတ္တဝါဖြစ်
၂။ သိ
၃။ ရှိစေတနာ
၄။ သတ်
၅။ သေချာ
မှတ်ပါကံမြောက်ကြောင်း။
ပါဏာတိပါတ ဒဿနမေးခွန်းများ
၁။ ရှေးလူသားနှင့် ခုလူသား ရောဂါဘယ်က များသလဲ။
၂။ ရှေးလူသားနှင့် ခုလူတွေ အသက်ဘယ်က ရှည်သလဲ။
၃။ ရှေးလူသားနှင့် ခုလူသား ဆေးဝါးဘယ်က များသလဲ။
၄။ ရှေးလူသားနှင့် ယခုလူတွေ သတ်သူ ဘယ်ကပေါသလဲ။
အဒိန္နာဒါနဆိုင်ရာမှတ်ဖွယ်
ခိုးနည်း ငါးမျိုး
၁။ ကွယ်
၂။ ခြောက်
၃။ လှည့်
၄။ ညာ
၅။ ခိုင်းစေကာ - ယူတာခိုးခြင်းမှတ်။
ခိုးကံမြောက်ကြောင်း အင်္ဂါငါးပါး
၁။ သူပိုင်ဖြစ်
၂။ သိ
၃။ ရှိစေတနာ
၄။ ယူ
၅။ ရလာ - မှတ်ပါ ကံမြောက်ကြောင်း။
အဒိန္နာဒါန ဒဿနမေးခွန်းများ
၁။ ရှေးခေတ်လူနှင့် ခုခေတ်လူ မွဲသူဘယ်က ပေါသလဲ၊
၂။ ရှေးခေတ်လူနှင့် ယခုလူ ခိုးသူဘယ်က ပေါသလဲ။
ကာမေသုမိစ္ဆာစာရ ဆိုင်ရာမှတ်ဖွယ်
အမျိုးသမီး (၁၀)မျိုး
၁။ မိ ၆။ မျိုး
၂။ ဘ ၇။ နွယ်
၃။ မိဘ ၈။ သင်းဖွဲ့ပါ
၄။ မ ၉။ မင်းမှတ်
၅။ မောင်ပါ ၁၀။ ထိမ်းမြား ထိုက်သူများ
စောင့်ငြား တစ်ကျိပ်လာ
ရှေ့ရှစ်ယောက်ျား နောက်နှစ်ကား နှစ်ပါးအပြစ်သာ။
ဇနီး (၁၀)မျိုး
၁။ ထင်းခွေ
၂။ သုံ့ရ
၃။ ခဏ
၄။ ဝယ်
၅။ ဘူ
၆။ ထိမ်းမြားသူ
၇။ ပေး
၈။ ယူ
၉။ ကျွန်
၁၀။ မှုပါ
ဇနီး (၁၀)ပါး ကြူးသူများ နှစ်ပါးအပြစ်သာ။
မိစ္ဆာစာရ ကံမြောက်ကြောင်း အင်္ဂါလေးပါး
၁။ မသွားအပ်ရာ
၂။ စိတ်ပါ
၃။ လုံ့လ
၄။ ထမြောက်က
၅။ မှတ်ကြကံမြောက်ကြောင်း။
ကာမေသု မိစ္ဆာစာရ ဒဿနမေးခွန်းများ
၁။ ရှေးကာလနှင့် ခုကာလ ကျား/မ ဘယ်ကပေါသလဲ၊
၂။ ရှေးကလူနှင့် ယခုလူ ရန်သူဘယ်က ပေါသလဲ၊
၃။ ရှေးအခါနှင့် ခုအခါ မိစ္ဆာဘယ်က ပေါသလဲ။
မုသာဝါဒ ဆိုင်ရာမှတ်ဖွယ်
လိမ်နည်း (၂)မျိုး
၁။ အဖျက်စိတ်ပါ၊ ကိုယ်
၂။ နှုတ်ညာ
မုသာဝါဒ ဖြစ်သတည်း။
မုသာဝါဒကံမြောက်ကြောင်း အင်္ဂါ (၄)ပါး
၁။ မှားသည့်အရာ
၂။ စိတ်ပါ
၃။ လုံ့လ
၄။ သူသိက မှတ်ကြကံမြောက်ကြောင်း။
မုသာဝါဒ ဒဿနမေးခွန်းများ
၁။ အာမွှေးသူနှင့် မမွှေးသူ ခုမူဘယ်က ပေါသလဲ။
၂။ ဩဇာရှိသူ မရှိသူ မည်သည့်သူက ပေါသလဲ။
၃။ မုသားဆိုသူ မဆိုသူ ဘယ်လိုလူက ပေါသလဲ။
သုရာမေရယဆိုင်ရာမှတ်ဖွယ်
သုရာ(သေရည်) (၅)မျိုး
၁။ မုန့်ညက်
၂။ မုန့်
၃။ ထမင်း
၄။ ဆေး
၅။ ဖန်သွင်း
နယ်ခြင်း သေငါးပါး။
မေရယ (၅)မျိုး
၁။ ပွင့်
၂။ သီး
၃။ စည်
၄။ ကြံ
၅။ တိဖလံ
စိမ်ပြန် အရက်ငါး။
သုရာပါန ကံမြောက်ကြောင်း အင်္ဂါ (၃)ပါး
၁။ သေရက်ဖြစ်
၂။ မှတ်
၃။ သောက် မျိုလတ်
မှတ်အပ်အင်္ဂါသုံးပါးတည်း။
သုရာပါန ဒဿနမေးခွန်းများ
၁။ ကျားရူး/မရူး ဤနှစ်ဦး အထူးဘယ်က ပေါသလဲ၊
၂။ ဟိရိဩတ္တပ္ပ ဤနှစ်ဝ ဘယ်ကပို၍ နည်းသလဲ၊
၃။ မောင်မူး/မမူး ဤနှစ်ဦး အထူးဘယ်ကပေါသလဲ။
ကြီးပွားကြောင်းတရား ၇ ပါး
၁။ မပြတ်မပြတ်၊ ထပ်ကာ ထပ်ကာ၊ စည်းဝေးရာ၏၊
၂။ တစ်ဖြာထို့နည်း၊ စည်းဝေးညီညာ၊ ညီညာထခြင်း၊ လုပ်ခြင်းညီညာ၊ ဖြစ်တို့ရာ၏၊
၃။ မြန်မာတို့နည်း၊ ပညတ်ပြီးကို၊ အပိုထည့်ခြင်း၊ နုတ်ပယ်ခြင်းမှ၊ ကင်းဝေးပ၍၊ ရှေးကတိုင်းသာ၊ ကျင့်ကြရာ၏၊
၄။ မြန်မာတို့တွင်၊ အကြင်သသူ၊ ကြီးပါမူကား၊ ထိုသူအားကို၊ ပြုငြားရိုသေ၊ ပြုလေလေးမြတ်၊ ပူဇော်အပ်လျက်၊ နှုတ်ထွက်စကား၊ မှတ်သားထိုက်စွာ၊ ထင်ကုန်ရာ၏၊
၅။ များစွာပေထ၊ မိန်းမကြီးငယ်၊ ရွယ် လတ်တို့ကို၊ အလိုမတူ၊ ရှိမူပယ်ခွါ၊ ရှောင်ကြဉ်ရာ၏၊
၆။ မြန်မာရှေးက၊ ပူဇော်ကြအပ်၊ အရပ်တွင်းပ၊ ထိုဌါနကို၊ ပြုကြရိုသေ၊ ပြုလေစမြဲ၊ ရှေးနည်းတိုင်းလား၊ တရားနှင့်သာ၊ လျော်စွာပသ၊ ပူဇော်ကြ၏၊
၇။ ထိုမှတစ်ဖန်၊ နိုင်ငံမြို့ရွာ၊ ဤဌာနသို့၊ မလာသေးငြား၊ ရဟန်းများတို့၊ လာငြားဖို့ရန်၊ တဖန်လာပြီး၊ ဘုန်းကြီး သံဃာ၊ ချမ်းသာနေရန်၊ ကြံဖန်၍သာ၊ သံဃာတို့အား၊ ဘေးရန်များမှ၊ တားဆီးသမှု၊ ပြုလုပ်ကြရာ၊ ခုနှစ်ဖြာကား၊ မြန်မာများတို့၊ ကြီးပွားဖို့ရာ၊ မှတ်သားရာသည်။
သေချာမုချမလွဲတည်း။
ဤကား ကြီးပွားကြောင်းတရား ၇ ပါးတည်း။