မာတိကာသို့ ခုန်သွားရန်

လူငယ်သင် ချမ်းမြေ့ အခြေပျိုးဗုဒ္ဓဘာသာ

ဝီကီရင်းမြစ် မှ
5954လူငယ်သင် ချမ်းမြေ့ အခြေပျိုးဗုဒ္ဓဘာသာ — ချမ်မြေ့ဆရာတော်

လူငယ်သင် ချမ်းမြေ့ အခြေပျိုးဗုဒ္ဓဘာသာ

ရတနာသုံးပါး

ဗုဒ္ဓ ဆိုသည်မှာ အမှန်တရား လေးပါးကို ကိုယ်တော်တိုင် ကိုယ်ပိုင်ဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်သော အမြတ်ဆုံး ပုဂ္ဂိုလ်ကို ခေါ်သည်။ မြန်မာလို မြတ်စွာဘုရားဟု ခေါ်သည်။

ယုံကြည်၍ လိုက်နာသူ လက်တွေ့ကျင့်ကြံ အားထုတ်သူတို့ကို ဆင်းရဲမှ လွတ်အောင် ဆောင်တတ်သော (၁) ဆုံးမဩဝါဒများ၊ (၂) ကျင့်စဉ်များ၊ (၃) ကျင့်၍ ရရှိသော မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် နိဗ္ဗာန် တို့ကို ဓမ္မ = တရား ဟုခေါ်သည်။

ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူသည့်အတိုင်း လက်တွေ့ ကျင့်ကြံ အားထုတ်ကြသဖြင့် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ကို ရကြပြီးသော အရိယာ ရဟန်းတော် အပေါင်းနှင့် ထို အရိယာ ရဟန်းတော်တို့၏ အနွယ်ဝင် ပုထုဇဉ် ရဟန်းတော်များကို သံဃာဟု ခေါ်သည်။

ဗုဒ္ဓ = မြတ်စွာဘုရား

ဗုဒ္ဓ ဆိုသည်မှာ အမှန်တရား လေးပါးကို ကိုယ်တော်တိုင် ကိုယ်ပိုင်ဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်သော အမြတ်ဆုံး ပုဂ္ဂိုလ်ကို ခေါ်သည်။ မြန်မာလို မြတ်စွာဘုရားဟု ခေါ်သည်။

ပွင့်ထွန်းတော်မူလာပုံ

ယေရှုခရစ် မပေါ်မီ နှစ်ပေါင်း ၆၀၀ ခန့်က ယခု အိန္ဒိယပြည်နှင့် နီပေါပြည် နယ်စပ်တွင် ကပ္ပိလဝတ်ပြည် ရှိသည်။ အုပ်ချုပ်သူမှာ သာကီမျိုး ဘုရင် သုဒ္ဓေါဒန၊ မိဖုရားမှာ မာဟာမာယာဒေဝီ ဖြစ်သည်။ သူတို့သားမှာ သိဒ္ဓတ္ထ ဖြစ်သည်။ ၁၆ နှစ်သား အရွယ် ရောက်သောအခါ ယသောဓရာ မင်းသမီးနှင့် လက်ထပ်သည်။ သသောဓရာမှာ သုပ္ပဗုဒ္ဓ ဘုရင်၏ သမီးဖြစ်သည်။

သိဒ္ဓတ္ထ အသက် ၂၉ နှစ် ရှိသောအခါ ယသောဓရာမှ သားကလေး ရာဟုလာကို ဖွားမြင်သည်။ အိုသူ၊ နာသူ၊ သေသူ တွေကို သိဒ္ဓတ္ထ မြင်ရ တွေ့ရပြီး အို၊ နာ၊ သေ ရေး ဆင်းရဲဘေးကို ကြောက်ရွံ့ ထိတ်လန့်လာသည်။ ရဟန်းတော်တပါးကို မြင်ရသောအခါ ရဟန်းတော်လို ငြိမ်းချမ်းချင်လာသည်။

ထို့ကြောင့် တောသို့ထွက်၍ ဆင်းရဲငြိမ်းရန် အမှန်တရားကို ရှာသည်။ ဥရုဝေလတောတွင် အကျင့်မှား ဒုက္ကရစရိယာကို ၆ နှစ်ပတ်လုံး ကျင့်ပြီးမှ မှားမှန်းသိ၍ စွန့်လွှတ်လိုက်ရသည်။ ဂယာသီသသို့ ရွှေ့ပြောင်း နေထိုင်၍ အလည်အလတ် အကျင့်မှန်ကို ကျင့်မှပင် အမှန်တရားလေးပါးကို ထိုးထွင်း သိမြင်ပြီး ဘုရားအဖြစ်သို့ ရောက်တော်မူသည်။ ထိုအချိန်မှစ၍ ဗုဒ္ဓ အဖြစ် ပွင့်ထွန်း ပေါ်ပေါက်တော်မူလာသည်။

ဗုဒ္ဓ = မြတ်စွာဘုရား ထိုးထွင်းသိသော အမှန်တရားလေးပါးမှာ

ဆင်းရဲအမှန်တရား (ဒုက္ခသစ္စာ)

ဆင်းရဲဖြစ်ကြောင်း အမှန်တရား (သမုဒယသစ္စာ)

ဆင်းရဲချုပ်ငြိမ်းခြင်း အမှန်တရား (နိရောဓသစ္စာ)

ဆင်းရဲချုပ်ငြိမ်းကြောင်း အကျင့်လမ်း အမှန်တရား (မဂ္ဂသစ္စာ)

ဗုဒ္ဓမြတ်စွာသည် ဂုဏ်တော်ကိုးပါးနှင့် ပြည့်စုံသည်။

ဓမ္မ = တရားတော်

ယုံကြည်၍ လိုက်နာသူ လက်တွေ့ကျင့်ကြံ အားထုတ်သူတို့ကို ဆင်းရဲမှ လွတ်အောင် ဆောင်တတ်သော (၁) ဆုံးမဩဝါဒများ၊ (၂) ကျင့်စဉ်များ၊ (၃) ကျင့်၍ ရရှိသော မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် နိဗ္ဗာန် တို့ကို ဓမ္မ = တရား ဟုခေါ်သည်။

ဆုံးမဩဝါဒများ ပုံစံ မကောင်းတာ အပြစ်မကင်းတာကို မလုပ်နှင့်။ ကောင်းတာ အပြစ်ကင်းတာကိုသာ ပြုလုပ်။ တတ်နိုင်သမျှ စိတ်ကောင်း စိတ်မြတ်ထား။

ကျင့်စဉ်များ ပုံစံ သတိပဋ္ဌာန် လေးပါးမဂ္ဂင် ရှစ်ပါး

ကျင့်၍ရရှိသော တရားများ မဂ်ဉာဏ် လေးပါးဖိုလ်ဉာဏ် လေးပါးနိဗ္ဗာန်

တရားတော်သည် ဂုဏ်တော်ခြောက်ပါးနှင့် ပြည့်စုံသည်။

သံဃာ = အရိယာပုဂ္ဂိုလ်အပေါင်း

ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူသည့်အတိုင်း လက်တွေ့ ကျင့်ကြံ အားထုတ်ကြသဖြင့် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ကို ရကြပြီးသော အရိယာ ရဟန်းတော် အပေါင်းနှင့် ထို အရိယာ ရဟန်းတော်တို့၏ အနွယ်ဝင် ပုထုဇဉ် ရဟန်းတော်များကို သံဃာဟု ခေါ်သည်။

အရိယာသံဃာသည် ဂုဏ်တော် ကိုးပါးနှင့် ပြည့်စုံသည်။

ဗုဒ္ဓဘာသာ ဗုဒ္ဓသာသနာ

မြတ်စွာဗုဒ္ဓ ဟောကြားညွှန်ပြ ဆုံးမထားသော တရားတော်များကို ဗုဒ္ဓဘာသာဗုဒ္ဓသာသနာ ဟုခေါ်သည်။

ဗုဒ္ဓဘာသာဝင်များ၊ ဗုဒ္ဓသာသနာဝင်များ

ဗုဒ္ဓ၏ တရားတော်များကို လက်ခံ၍ လိုက်နာကျင့်သုံးသူများကို ဗုဒ္ဓဘာသာဝင်များဗုဒ္ဓသာသနာဝင်များဟု ခေါ်သည်။

ဗုဒ္ဓ = မြတ်စွာဘုရား

သင်သည် နောင် လေးသင်္ခေနှင့် ကမ္ဘာတသိန်း ရှိသောအခါ ဂေါတမ အမည်ဖြင့် သင် ဆုတောင်းသည့်အတိုင်း ဘုရားအဖြစ်သို့ ရောက်လတ္တံ့

"ဘုရား မဖြစ်သမျှ ဤနေရာမှ မထ" ဟု ဓိဋ္ဌာန်တော်မူ၏၊ ထိုနေ့ကား - ကဆုန်လပြည့်နေ့တည်း။

ဤသို့လျှင် အရဟံ စသည့် ဂုဏ်ကိုးပါးနှင့် ထူးခြား ကုံလုံပြည့်စုံတော်မူသော မြတ်စွာဘုရားကို တပည့်တော်သည် ကြည်ညိုမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား။

ဗုဒ္ဓဝင် အကျဉ်း

ဗျာဒိတ်တော်

ဒီပင်္ကရာ မြတ်စွာဘုရားသည် ရမ္မာမြို့အတွင်းတနေရာ၌ ရွှံ့ပြင်ပေါ်တွင် အလျားစင်း၍ တံတားခင်းနေသော သုမေဓာ ရသေ့၏ ဦးခေါင်းအနီးတွင် ရပ်တော်မူလျက် "သင်သည် နောင် လေးသင်္ခေနှင့် ကမ္ဘာတသိန်း ရှိသောအခါ ဂေါတမ အမည်ဖြင့် သင် ဆုတောင်းသည့်အတိုင်း ဘုရားအဖြစ်သို့ ရောက်လတ္တံ့" ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူ၏။

ဆုတောင်းပြည့်ရန် အင်္ဂါရှစ်ပါး

လောကသုံးပါး၌ ဘုရားဖြစ်ရန် ဆုတောင်းသော်လည်း ဆုတောင်းတိုင်း ပြည့်စုံသည် မဟုတ်။ အင်္ဂါရှစ်ပါးနှင့် ညီညွတ်သူမှသာ ပြည့်စုံသည်။ အင်္ဂါရှစ်ပါးမှာ...

လူသား ဖြစ်ခြင်း၊
ယောကျ်ား ဖြစ်ခြင်း၊
ဆုတောင်းချိန်၌ ရဟန္တာ ဖြစ်နိုင်လောက်သည့် အကြောင်းပါရမီ ပြည့်စုံနေခြင်း၊
သက်တော်ထင်ရှား ဘုရားတဆူဆူ အထံတော်၌ ဆုပန်ခြင်း၊
ရသေ့ ရဟန်း တမျိုးမျိုး ဖြစ်ခြင်း၊
သမာပတ် ၈ ပါး ရသူ ဖြစ်ခြင်း၊
မြတ်စွာဘုရားတို့အား အသက်ကို စွန့်လှူထားခြင်း၊
ဘုရားဖြစ်ရန် ကြီးမားသော ဆန္ဒ၊ ဝီရိယ ရှိခြင်း။

သုမေဓာ ရသေ့သည် ဤ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသောကြောင့် "ဘုရား ဖြစ်လတ္တံ့" ဟူသော ဗျာဒိတ်စကားကို ဒီပင်္ကရာ ရှင်တော်မြတ်ဘုရား မိန့်ကြားတော်မူခြင်း ဖြစ်လေသည်။

ပါရမီ ၁၀ ပါး

ဗျာဒိတ်ရပြီးလျှင် ဘုရားအဖြစ်ရောက်ရန် ဆယ်တန်သော ပါရမီတို့ကို သုမေဓာ ရသေ့ ဘဝမှ စ၍ ဖြည့်ကျင့်ရ၏၊ ထို ပါရမီများမှာ...

ဒါန ပါရမီ = စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း၊
သီလ ပါရမီ = သီလ စောင့်ထိန်းခြင်း၊
နေက္ခမ္မ ပါရမီ = လောကီစည်းစိမ် စွန့်လျက် တောထွက်ခြင်း၊
ပညာ ပါရမီ = အသိအလိမ္မာ ဉာဏ်ပညာနှင့် ပြည့်စုံခြင်း၊
ဝီရိယ ပါရမီ = ကြီးမားသော ဝီရိယ ရှိခြင်း၊
ခန္တီ ပါရမီ = အရာရာ၌ သည်းခံခြင်း၊
သစ္စာ ပါရမီ = မှန်ကန်သော စကားကို ဆိုခြင်း၊
အဓိဋ္ဌာန် ပါရမီ = မဖြစ်မနေ စွဲမြဲသည့် ဇွဲစိတ် ရှိခြင်း၊
မေတ္တာ ပါရမီ = သတ္တဝါ များအား မေတ္တာစိတ် ထားခြင်း၊
ဥပေက္ခာ ပါရမီ = ဆင်းရဲ ချမ်းသာကို ဥပေက္ခာ ထားခြင်း။

ဤ ပါရမီ ဆယ်ပါးကို ကိုယ်လက်အင်္ဂါ စွန့်ရသည်အထိ ဖြည့်ကျင့်သောအခါ ဥပပါရမီ ဆယ်ပါး ဟု ခေါ်ရ၏၊ အသက်ကို စွန့်ရသည်အထိ ဖြည့်ကျင့်သောအခါ ပရမတ္ထ ပါရမီ ဆယ်ပါးဟုခေါ်ရ၏။
ထို့ကြောင့် ပါရမီ ဆယ်ပါး၊ ဥပပါရမီ ဆယ်ပါး၊ ပရမတ္ထ ပါရမီ ဆယ်ပါးအားဖြင့် သုံးဆယ် ရှိ၏၊ ပါရမီ ဆယ်ပါးအပြားသုံးဆယ် ဟု အများသိကြ၏။

ဘုရားလောင်းသိဒ္ဓတ္ထ

ဘုရားအလောင်းတော်သည် ဤပါရမီတို့ကို လေးသင်္ခေနှင့် ကမ္ဘာတသိန်းပတ်လုံး ဖြည့်ကျင့်တော်မူပြီးလျှင် နောက်ဆုံးဘဝ၌ သာကီဝင်မင်းမျိုးဖြစ်သည့် ကပ္ပိလဝတ်ပြည့်ရှင် ဘုရင် သုဒ္ဓေါဒန၏ မိဖုရားကြီး မဟာ မာယာဒေဝီ၏ ဝမ်း၌ ပဋိသန္ဓေ နေတော်မူ၏။

ပဋိသန္ဓေ ရင့်သောအခါ မဟာ မာယာဒေဝီသည် ခမည်းတော် မယ်တော်များ၏ တိုင်းပြည်သို အသွား လမ်းခရီး အကြားရှိ လုမ္ဗနီ အင်ကြင်းဥယျာဉ် အတွင်း၌ ခေတ္တ အနားယူကာ အင်ကြင်းကိုင်းကို လှမ်းကိုင်နေစဉ်မှာပင် ကမ္မဇလေ လှုပ်ရှား၍ ဘုရားလောင်းကို ဖွားမြင်၏၊ ဖွားမြင်ပြီးနောက် ၇ ရက်မြောက်သောအခါ မယ်တော် မဟာ မာယာဒေဝီ နတ်ရွာစံလေသည်။

ဘုရားလောင်းကို သိဒ္ဓတ္ထဟု အမည်ပေးကြ၏၊ သိဒ္ဓတ္ထကလေး၏ အင်္ဂါလက္ခဏာတို့ကို ကြည့်၍ ပုဏ္ဏားတော် အများစုက စကြဝတေးမင်းသော်လည်း ဖြစ်လိမ့်မည်။ ဘုရားသော်လည်း ဖြစ်လိမ့်မည်ဟု ဟောကြ၏၊ ကောဏ္ဍည အမျိုးအနွယ်ဖြစ်သော သုဒတ္တ ပုဏ္ဏားကလေးကမူ မုချ ဘုရားဖြစ်မည်ဟု တခွန်းတည်း အတပ်ဟောလိုက်၏။

သုဒ္ဓေါဒန ဘုရင်ကြီးသည် သားတော် သိဒ္ဓတ္ထ လောကကို ငြီးငွေ့ပြီး တောမထွက်ရေး၊ ဘုရားမဖြစ်ရေးအတွက် နန်းတော်တွင်း၌ ပျော်ပိုက်စေရန် စည်းစိမ်ချမ်းသာ အမျိုးမျိုးကို စီမံဖန်တီး၍ ပေးထား၏၊ ထိတ်လန့် သံဝေဂကို ဖြစ်စေနိုင်သော အနိဋ္ဌာရုံများဖြစ်သည့် လူအို၊ လူနာ၊ လူသေ တို့ကို သိဒ္ဓတ္ထ မမြင်ရစေရန်လည်း အမိန့်အမျိုးမျိုးထုတ်ကာ စီမံထား၏။

နိမိတ်လေးပါး

သိဒ္ဓတ္ထ ဆယ့်ခြောက်နှစ်အရွယ် ရောက်သောအခါ သာကီမျိုး သာကီနွယ်ဖြစ်သည့် သုပ္ပဗုဒ္ဓ ဘုရင်၏ သမီးတော် ယသောဓရာနှင့် လက်ထပ်ပေး၏၊ သိဒ္ဓတ္ထသည် ယသောဓရာ မင်းသမီးနှင့်အတူ ထီးနန်းစည်းစိမ်ကို ၁၃ နှစ်တိုင်တိုင် ခံစား၍ အသက် ၂၉ နှစ်ရှိသောအခါ တနေ့တွင် ဥယျာဉ်တော် အသွား လူအို၊ လူနာ၊ လူသေ တို့ကို မြင်ရတွေ့ရသဖြင့် ထိတ်လန့် သံဝေဂစိတ်တွေ တဖွားဖွားဖြစ်နေစဉ် တည်ကြည် ငြိမ်သက်သော ဣန္ဒြေနှင့် ကြည်လင်ချမ်းမြေ့သောမျက်နျာရှိသည့် ရဟန်းတော်တပါးကို မြင်သောအခါ ရဟန်းတော် ကဲ့သို့ ဖြစ်လိုစိတ်တွေ ပေါ်လာ၏။

တောထွက်ခြင်း

သိဒ္ဓတ္ထသည် ညနေချမ်းအခါ ဥယျာဉ်တော် အတွင်းရေကန် ထဲ၌ရေ ချိုးနေစဉ်မှာလည်း တောထွက်ကာ ရဟန်းပြုလိုစိတ်တွေသာ တဖွားဖွား ဖြစ်ပေါ်နေ၏၊ ရေချိုးပြီး၍ ဝတ်စားဆင်ယင်ပြီးနောက် နန်းတော်သို့ပြန်ရန် မြင်းရထားပေါ် တက်သောအခါ ကြင်ယာတော် ယသောဓရာတွင် သားတော်လေး ဖွားကြောင်း နန်းတော်မှ သတင်းပို့လှာ၏၊ သိဒ္ဓတ္ထ ပို၍ စိတ်လေးသွား၏၊ ဒီလို သံယောဇဉ် အနှောင်အဖွဲ့တွေ များလေ မထွက်နိုင်လေဖြစ်ကာ ဆင်းရဲနေမှာပဲဟု ဆင်ခြင်မိသဖြင့် ရဟန်း မြန်မြန်ပြုနိုင်ရေးကိုသာ တွေးတော စဉ်းစားလျက်နေ၏။

ထိုနေ့ည၌ အနှောင်အဖွဲ့တွေထဲက ရုန်းထွက်ကာ ရဟန်းပြုရေးကိုသာ အပြန်ပြန် အလှန်လှန် စဉ်းစားယင်း သိဒ္ဓတ္ထ အိပ်ပျော်သွား၏၊ သန်းခေါင်အချိန်တွင် တရေးနိုးလာသော အခါ၌လည်း ရဟန်းပြုလိုစိတ်သည် သာလျှင် စိတ်ထဲ၌ ဖြစ်ပေါ်နေ၏၊ ပြန်အိပ်၍ မရပေ။ အိပ်မရသဖြင့် အနီးပတ်ဝန်းကျင်ကို ကြည့်မိလိုက်ရာ မိမိကို တူရိယာများဖြင့် ဖျော်ဖြေသော အမျိုးသမီးများ တရှူးရှူး တခေါခေါ ဟောက်လျက် ကိုးရိုးကားရား အိပ်ပျော်နေကြသည်ကို မြင်ရသောအခါ "ကြောက်စရာ စက်ဆုပ်စရာ လောကကြီးပါကလား" ဟု ပို၍ ထိတ်လန့်သွား၏။

သို့ဖြင့် ချက်ချင်း စက်ခန်းဆောင်မှ ထွက်၍ ဖွားဘက်တော် ဆန္နကို ခေါ်ကာ ညဉ့်သန်းခေါင်အချိန်၌ပင် ကဏ္ဍက မြင်းကို ကုန်းနှီးတင်စေပြီးလျှင် ဆန္နနှင့်အတူ မြင်းစီးလျက် ထွက်ခဲ့၏၊ တညချင်းဖြင့်ပင် တိုင်းပြည်သုံးခုကို ကျော်ဖြတ်ပြီးနောက် ယူဇနာသုံးဆယ်ဝေးသော အနောမာမြစ်ကမ်းသို့ ရောက်လေ၏။

အနောမာ မြစ်ကမ်း၌ ဘုရားလောင်းသည် ဆံတော်ကို သန်လျက်ဖြင့် ရိတ်ဖြတ်ပြီးလျှင် ဃဋိကာရ ဗြဟ္မာကြီး လှူဒါန်းသော ပရိက္ခရာရှစ်ပါးကို ခံယူ၍ သင်္ကန်းကို ဝတ်ကာ မြင့်မြတ်သော ရဟန်းအသွင်ကို ယူလိုက်၏။

ထို့နောက် ဖွားဘက်တော် ဆန္န အမတ်နှင့် ကဏ္ဍက မြင်းကို ပြန်လွှတ်ပြီးလျှင် မလှမ်းမကမ်းရှိ အနုပိယ သရက်တောသို့သွား၍ ထိုသရက်တော၌ ၇ ရက်မျှ ပဗ္ဗဇ္ဇသုခ = ရဟန်း ချမ်းသာ ကို ခံစားလျက်နေ၏။

ဗိမ္ဗိသာရကို ကတိပေးခြင်း

ထို့နောက် ဘူမိနတ်သန် တရားရမည့် နေရာမှန်ကိုရှာယင်း ခရီးဆက်ခဲ့ရာ ရာဇဂြိုဟ်မြို့အနီး ရောက်လျှင် မြို့တွင်းသို့ ဆွမ်းခံဝင်ပြီးနောက် ပဏ္ဍဝ တောင်ခြေ၌ ဆွမ်းဘုဉ်းပေးလေ၏၊ ထူးခြားသော ပုဂ္ဂိုလ်ဖြစ်၍ ရာဇဂြိုဟ်ပြည့်ရှင် ဗိမ္ဗိသာရာဘုရင်လိုက်လာပြီးလျှင် ထီးနန်းကို လွှဲအပ်သောအခါ အလောင်းတော် သိဒ္ဓတ္ထက ဘုရားအဖြစ် ရရေးအတွက် တောထွက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောပြီးလျှင် ငြင်းပယ်လိုက်၏၊ ဗိမ္ဗိသာရက ဘုရားအဖြစ်သို့ ရောက်လျှင် သူ့ထံသို့ ရှေးဦးစွာ ကြွလာဖို့လျှောက်ထားသဖြင့် ကြွလာမည်ဖြစ်ကြောင်း ဝန်ခံ ကတိပေးပြီးလျှင် ခရီးဆက်ခဲ့၏။

ဆရာရသေ့ နှစ်ပါး

ခရီး တနေရာတွင် ကာလာမ အမျိုးအနွယ်ဝင် အာဠာရ ရသေ့ကြီးကို တွေ့၍ သူ့ထံတွင် နည်းခံ ကျင့်ကြံရာ ဈာန် ၇ ပါးကိုရလျှင် ဆရာရသေ့ကြီးက သူ ဤမျှသာ သိကြောင်း ပြောသဖြင့် လိုအပ်သောတရားမရသေး၍ ထွက်ခဲ့၏၊ ရာမ၏ သား ဥဒက ရသေ့ကြီးထံနန်းခံ၍ ကျင့်ကြံပြန်ရာ ဈာန်သမာပတ် ၈ ပါးအထိ ချက်ချင်းရလေ၏၊ ဥဒက ရသေ့လည်း ထိုထက်ပို၍ မသိသဖြင့် ထွက်ခွာခဲ့ပြန်၏။

ဒုက္ကရစရိယာ အကျင့်မှား

သိဒ္ဓတ္ထသည် ဥဒက ထံမှ ထွက်ခွာခဲ့ရာ ဥရုဝေလ တောသို့ရောက်လျှင် တော၏ သာယာပုံ၊ မွေ့လျော်ဖွယ်ရှိပုံကို နှစ်သက်သဘောကျ၍ မိမိ ကြားဖူး သိဖူးထားသော ကျင့်နည်းကြံနည်း ဟူသမျှကို ဤတော၌ အပြင်းအထန် ကျင့်ကြံ အားထုတ်တော့၏။

ကပ္ပိလဝက်မှ ကောဏ္ဍည ခေါင်းဆောင်သော ရသေ့ငါးပါးသည်လည်း သိဒ္ဓတ္ထ တောထွက်ရာသို့ လိုက်လာကြရာ ဥရုဝေလ၌ သိဒ္ဓတ္ထကို မီ၍ ဘုရားလောင်း လွတ်လွတ်ကျွတ်ကျွတ် ပြင်းပြင်းထန်ထန် အားထုတ်နိုင်ရန် ဝတ်ကြီးဝတ်ငယ်ပြုလျက် နေကြ၏။

သိဒ္ဓတ္ထ သည် အစာကို တဖြည်းဖြည်း လျှော့၍ ကျင့်ရာမှ နောက်ဆုံးတွင် အစာ ဖြတ်လျက် ကျင့်၏၊ ထိုအချိန်တွင် အပ္ပာဏကဈာန် ခေါ်သည့် ထွက်သက်ဝင်သက်ကို ချုပ်ထိန်းထားသော အကျင့်ကို ကျင့်ရာ ကြီးမား ပြင်းထန်လှသော ဝေဒနာကို ခံစားရသဖြင့် ခံနိုင်အား မရှိသော ခန္တာကိုယ်သည် စင်္ကြံဦး၌ သတိမေ့ကာ လဲနေတော့၏။

အကျင့်မှားကို စွန့်ပြီ

ဤနည်းအတိုင်း ခြောက်နှစ်ပတ်လုံး သာမာန်လူတို့ စိတ်ကူးမျှ မထည့်ဝံ့သော ဝီရိယ စွမ်းအားဖြင့် ပြင်းပြင်း ထန်ထန် ကျင့်သော်လည်း ဘုရားဖြစ်နိုင်ရန် ဉာဏ်အရိပ်အရောင် ကိုသော်မှလည်း မတွေ့ရပဲ ကိုယ်ပင်ပန်း ဆင်းရဲရုံမျှသာ ဖြစ်၍ အကျင့်မှား ဖြစ်ကြောင်းဆုံးဖြတ်ပြီးလျှင် ဆွမ်းခံထွက်ကာ အစာအာဟာရကို မျှတရုံမျှ ပြန်၍ ဘုဉ်းပေး၏။

အလုပ်အကျွေး ရသေ့ငါးပါးတို့သည် ဘုရားလောင်း အစာအာဟာရကို ပြန်လည် မှီဝဲသောအခါ သိဒ္ဓတ္ထ ဝီရိယကို လျှော့လိုက်၍ ဘုရားဖြစ်တော့မည် မဟုတ်ဟု ယူဆလျက် ဘုရားလောင်းထံမှ ထွက်ခွာသွားကြပြီးလျှင် ၁၈ ယူဇနာ ဝေးသော ဣသိပတန ခေါ်သည့် ဘေးမဲ့တောသို့ သွား၍ နေကြ၏။

ဘူမိနတ်သန်သို့

ဘုရားလောင်းသည် မြစ်ကမ်းပေါ်သို့တက်ပြီးလျှင် တောလုံးဝေအောင် ပွင့်နေသော အင်ကြင်းတောသို့ ဝင်ကာ နေ့သန့်စင်လျက် နေလေ၏၊ ညနေချမ်း ရောက်သောအခါ နေရဉ္ဇရာ မြစ်ကို ဖြတ်၍ အနောက်ဘက်ကမ်းသို့ ကူးပြီးလျှင် ဂယာသီသ နှင့် မလှမ်းမကမ်းရှိ တောအုပ်ညို့ညို့ရှိရာသို့ ကြွသွား၏၊ တောအုပ်အဝင်တွင် မြက်ရိတ်ပုဏ္ဏား သောတ္တိယ က မြက်ရှစ်ဆုပ် လှူသည်ကို ခံယူပြီးလျှင် အရိပ်ကောင်းသော ညောင်ဗုဒ္ဓဟေ ပင်အောက်၌ ပင်စည်၏ အရှေ့ဘက်တွင် ဖြန့်ခင်းလိုက်ရာ သက် သက်သာသာ ထိုင်စရာ ပလ္လင်ကို ရလေ၏။

ဘုရားဖြစ်ပြီ

ဘုရားလောင်းသည် ညနေစောင်းတွင် ညောင်ဗုဒ္ဓဟေ ပင်၏ အောက်၌ ခင်းထားအပ် သော ပလ္လင်ထက်ဝယ် ပင်စည်ကို ကျောပေးလျက် အရှေ့ဘက်သို့မျက်နှာမူ၍ ထက်ဝယ်ဖွဲ့ခွေ ထိုင်တော်မူပြီးလျှင် "ဘုရား မဖြစ်သမျှ ဤနေရာမှ မထ" ဟု ဓိဋ္ဌာန်တော်မူ၏၊ ထိုနေ့ကား - ကဆုန်လပြည့်နေ့တည်း။

ထို့နောက် သူဖွားပြီး၍ မကြာမီပင် သူ့ ခမည်းတော် လယ်ထွန်မင်္ဂလာပွဲ ကျင်းပနေစဉ်က သပြေရိပ်တွင် သူ ဝင်စားခဲ့သော အာနာပါနဈာန်ကို သတိရ၍ ထို ဈာန်ကိုပင် အခြေခံလျက် ကျင့်ကြံအားထုတ်လေ၏၊ နေမဝင်မီ လာ၍ နှောင့်ယှက်သော မာရ်နတ် ၏ ရန်ကို အောင်မြင်တော်မူ၏။

ညဉ့်ဦးယံတွင် ရှေးရှေးဘဝများ၌ ဖြစ်ခဲ့ဖူးသည်များကို ပြန်၍ သိသော ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ သန်းခေါင်ယံ၌ နတ်မျက်စိကဲ့သို့ မြင်နိုင်သော ဒိဗ္ဗစက္ခုဉာဏ်၊ မိုးသောက်ယံ၌ ကိလေသာ အာသဝေါတရား တို့ကို အကြွင်းမဲ့ ကုန်ခမ်းစေသော အာသဝက္ခယဉာဏ် နှင့် သဗ္ဗညုတဉာဏ် ကို ရတော်မူပြီးလျှင် ဘုရားအဖြစ်သို့ ရောက်တော်မူလေ၏၊ သက်တော်ကား ၃၅ နှစ်မျှသာ ရှိသေး၏။

ပလ္လင်္က သတ္တာဟ

မြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ပထမသတ္တာဟ၌ ထက်ဝယ်ဖွဲ့ခွေထားသော ပလ္လင်ကို ဖြေတော်မမူပဲ ဝိမုတ္တိသုခ = ကိလေသာမှ လွတ်မြောက်ခြင်း ချမ်းသာကို ဘုရားဖြစ်ရာ ပလ္လင်တော်မှာပင် ခုနစ်ရက်ပတ်လုံး ခံစားတော်မူ၏။

အနိမိသ သတ္တာဟ

ထို့နောက် ဒုတိယသတ္တာဟ၌ ပလ္လင်တော်မှ ထ၍ ဗောဓိပင်၏ အရှေ့မြောက် အရပ်၌ ရပ်တော်မူပြီးလျှင် ဗောဓိပင် နှင့် ပလ္လင်တော်ကို မမှိတ်သော မျက်လုံးတော်ဖြင့် ကြည့်တော်မူလျက် "ဤ ပလ္လင်ထက်၌ သဗ္ဗညုတ ဉာဏ်တော်ကို ရပေသည်" ဟု ဆင်ခြင်တော်မူလျက် ခုနစ်ရက်ပတ်လုံး စံနေတော်မူ၏။

စင်္ကမ သတ္တာဟ

ထို့နောက် တတိယသတ္တာဟ၌ ရပ်တော်မူရာအရပ်နှင့် ပလ္လင်တော်၏ အကြားတွင် လူးလာတုံ့ခေါက် စင်္ကြံလျှောက်တော်မူလျက် ခုနစ်ရက်ပတ်လုံး စံနေတော်မူ၏။

ရတနာဃရ သတ္တာဟ

ထို့နောက် စတုတ္ထသတ္တာဟ၌ ဗောဓိပင်၏ အနောက်မြောက် အရပ်တွင် နတ်တို့ ဖန်ဆင်းထားသော ရတနာဃရ ရွှေအိမ်တော်၌ ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာ ပိဋကတ် ၃ ပုံတို့တွင် အဘိဓမ္မာပိဋကတ်ကို အထူးထား၍ ဆင်ခြင်သုံးသပ်တော်မူလျက် ခုနစ်ရက်ပတ်လုံး စံနေတော်မူ၏၊ ယင်းသို့ ဆင်ခြင်သုံးသပ်တော်မူစဉ် ကိုယ်တော်မှ ရောင်ခြည်တော် ခြောက်သွယ်တို့ ကွန့်မြူး စံပယ်တော်မူကြလေသည်။

အဇပါလ သတ္တာဟ

ထို့နောက် ပဉ္စမသတ္တာဟတွင် ဗောဓိပင်၏ အရှေ့အရပ်၌ ရှိသော ဆိတ်ကျောင်း ညောင်ပင် (= အဇပါလ) ရှိရာသို့ ကြွတော်မူ၍ ထို ညောင်ပင်ရင်း၌ တရားတော်တို့ကို ဆင်ခြင် သုံးသပ်လျက် ခုနစ်ရက်ပတ်လုံး စံနေတော်မူ၏။

ယင်းသို့ စံနေစဉ်တွင် တဏှာ၊ အရတိ၊ ရဂါ ဟူသော မာရ်နတ်၏ သမီးသုံးယောက်တို့သည် ဖခင်ကြီး မာရ်နတ်စိတ်ချမ်းသာ ရစေရန် စစ်ကူပေးသည့် အနေဖြင့် မြတ်စွာဘုရားအနီးသို့ လာရောက်၍ ပရိယာယ် မာယာ အဖြာဖြာတို့ဖြင့် ဖြားယောင်းသော်လည်း ကိလေသာခပ်သိမ်း ငြိမ်းလေပြီးသော မြတ်စွာဘုရားမှာမူ မျက်လုံးတော်ကိုမျှ ဖွင့်ကြည့်တော်မမူပဲ ဝိဝေက သုခကို ခံစားမြဲ ခံစားလျက်သာ နေတော်မူ၏။

မုစလိန္ဒ သတ္တာဟ

ထို့နောက် ဆဋ္ဌမသတ္တာဟ၌ ဗောဓိပင်၏ အရှေ့တောင်အရပ်ရှိ ကျည်းပင်ရင်း (= မုစလိန္ဒ) သို့ ကြွတော်မူ၍ ခုနစ်ရက်ပတ်လုံး ဝိမုတ္တိသုခကို ခံစားတော်မူ၏၊ မုစလိန္ဒ နဂါးမင်းသည်လည်း မြတ်စွာဘုရားကို အအေး အပူတို့ မနှိပ်စက်စေခြင်းငှာ မိမိကိုယ်ကို ခုနစ်ခွေ ခွေ၍ ပါးပျဉ်းဖြင့် မိုးကာလျက် ပေး၏။

ရာဇာယတန သတ္တာဟ

ထို့နောက် သတ္တမသတ္တာဟ၌ ဗောဓိပင်၏ တောင်အရပ်ရှိ လင်းလွန်းပင် (= ရာဇာယတန) သို့ ကြွတော်မူ၍ လင်းလွန်းပင်ရင်း၌ ခုနစ်ရက်ပတ်လုံး ဝိမုတ္တိသုခကို ခံစားတော်မူလျက် စံနေတော်မူ၏။

ယင်းသို့လျှင် မြတ်စွာဘုရားသည် ခုနစ်ရက် ခုနစ်လီ = ၄၉ ရက်ပတ်လုံး ဆွမ်း အာဟာရကို ဘုဉ်းပေး မျှတတော်မမူပဲ ဗောဓိပင်၏ အနီးတဝိုက်၌ ဝိမုတ္တိသုခ = ကိလေသာမှ လွတ်မြောက်ခြင်း ချမ်းသာကို ခံစားလျက် စံနေတော်မူ၏။

အစဆုံး သရဏဂုံ တည်သူများ

မြတ်စွာဘုရားသည် သတ္တမသတ္တာဟ၌ လင်းလွန်းပင်ရင်းဝယ် စံနေတော်မူစဉ် ဥက္ကလာနယ်မှ ကုန်ရောင်းလာကြသော တပုဿ နှင့် ဘလ္လိက ကုန်သည် ညီနောင်တို့ ရောက်လာကြပြီး မြတ်စွာဘုရားအား ပျားဆုပ်မုန့်နှင့် မုန့်ကြွက်ကျစ် တို့ကို လှူဒါန်းကြသဖြင့် မြတ်စွာဘုရားက အနုမောဒနာတရား ဟောကြားသောအခါ ဘုရားနှင့်တရား သရဏဂုံ နှစ်ပါး ကို ယုံကြည် ဆည်းကပ်ကြ၏၊ ထိုအချိန်၌ သံဃာရတနာ မပေါ်ပေါက်သေးပေ။

ဤ ကုန်သည် ညီနောင်မှာ မြတ်စွာဘုရား၏ ပထမဆုံးသာဝကများလည်းဖြစ်၊ သရဏဂုံနှစ်ပါး အစဆုံး တည်သူများလည်း ဖြစ်ကြ၏။

ကုန်သည် ညီနောင်တို့က အမြဲကိုးကွယ်ဖို့ရာ ပူဇော်ဖွယ်တခုခု ချီးမြှင့်တော်မူပါရန် လျှောက်ထားကြသော အခါ မြတ်စွာဘုရားက ဆံတော်ကို လက်ဖြင့်သပ်၍ လက်တွင် ပါလာသော ဆံတော်ဓာတ်တို့ကို ချီးမြှင့်တော်မူလိုက်၏၊ ကုန်သည် ညီနောင်တို့သည် ဥက္ကလာသို့ ပြန်ရောက်သောအခါ ထို ဆံတော်တို့ကို ဌာပနာ၍ စေတီ တည်ထားကြ၏။

(ဤ ကုန်သည် ညီနောင်တို့၏ ဥက္ကလာ နယ်ကိုပင် ဥက္ကလာပ ဟု ခေါ်သော ဒဂုန်မြို့ ဟု ယူဆကြကာ ယခု ရွှေတိဂုံ စေတီတော်ကို ထိုစဉ်က တပုဿ နှင့် ဘလ္လိက ညီနောင်တို့ တည်ထား၍ ဆံတော်များ ဌာပနာထားခဲ့ကြ၏ဟု ယူဆကြ၏၊ အချို့သော သုတေသီပညာရှင် တို့ကမူ ထိုစဉ်က ဥက္ကလာနယ် ဆိုသည်မှာ အိန္ဒိယပြည်၌ ယခုရှိနေသော ဩရိဿနယ် ဖြစ်ဟန်ရှိကြောင်း ရေးသားကြ၏။)

တရားဦး

မြတ်စွာဘုရားသည် ခုနစ်ရက်မြောက် သတ္တာဟ၌ လင်းလွန်းပင်ရင်းဝယ် စံနေတော်မူပြီးနောက် ဆိတ်ကျောင်း ညောင်ပင်သို့ တဖန် ကြွတော်မူ၍ သီတင်းသုံးတော်မူ၏၊ ဤနေရာ၌ သီတင်းသုံးတော်မူစဉ် မည်သူ့အား အစဦး တရားဟောသင့်သနည်းဟု ဆင်ခြင်တော်မူရာ ဆရာရသေ့ကြီး နှစ်ပါးဖြစ်ကြသော အာဠာရ နှင့် ဥဒက တို့ ကွယ်လွန်ပြီကို သိရ၍ ပဉ္စဝဂ္ဂီ ငါးပါးတို့အား တရားဟောရန် ဆင်ခြင်ကြည့်သော အခါ ဣသိပတန မိဂဒါဝုန် (ဘေးမဲ့တော) ၌ သီတင်းသုံးနေကြကြောင်း တွေ့ရ၏။

သို့ဖြင့် ဝါဆိုလဆန်း ၁၄ ရက်နေ့ ညဉ့်အထိ ဗောဓိမဏ္ဍိုင် အနီး၌ စံနေတော်မူပြီးလျှင် ဝါဆို လပြည့်နေ့၌ မိဂဒါဝုန်သို့ ဦးတည်လျက် ကြွသွားတော်မူ၏၊ လမ်းခရီးတွင် ဥပက တက္ကဒွန်း နှင့် တွေ့၍ မိမိ အမည် ဇိန ဖြစ်ကြောင်း မိန့်တော်မူခဲ့၏။

မိဂဒါဝုန် တောတွင် ထို ဝါဆိုလပြည့်နေ့ ည၌ ပဉ္စဝဂ္ဂီ ငါးဦးဟု ခေါ်သော ရသေ့ ငါးဦးအား ဓမ္မစကြာတရား ဟောတော်မူရာ ကောဏ္ဍည ရသေ့ သောတာပတ္တိ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရ၍ ရဟန်းပြုပေးတော်မူ၏၊ ကျန် ရသေ့များ တရားကို ဆက်လက် အားထုတ်ကြရာ ဝါဆိုလပြည့်ကျော် ၁ ရက်နေ့၌ အရှင် ဝပ္ပ၊ ၂ ရက်နေ့၌ အရှင် ဘဒ္ဒိယ၊ ၃ ရက်နေ့၌ အရှင် မဟာနာမ်၊ ၄ ရက်နေ့၌ အရှင် အဿဇိ တို့ အသီးသီး သောတာပန် ဖြစ်ကြ၏။

ဝါဆိုလပြည့်ကျော် ၅ ရက်နေ့၌ အနတ္တ လက္ခဏသုတ် ဒေသနာကို ဟောတော်မူရာ ပဉ္စဝဂ္ဂီ ငါးပါးလုံး ရဟန္တာဖြစ်ကြ၏။

သာသနာပြု စေလွှတ်တော်မူခြင်း

မြတ်စွာဘုရားသည် ပထမဝါ၌ မိဂဒါဝုန် တောတွင်ပင် ဝါဆိုတော်မူ၏၊ နာလက ရသေ့အား မောနေယျ အကျင့်ကို ဟောတော်မူ၏၊ သဌေးသား ယသကို လည်းကောင်း၊ သူ၏ သူငယ်ချင်း ၅၄ ယောက်တို့ကို လည်းကောင်း တရားရစေကာ ဧဟိဘိက္ခု ရဟန်းပြုပေးတော်မူ၏၊ ယသ ၏ မိဘများနှင့် ဇနီးဟောင်းတို့ သောတာပန် ဖြစ်ကြ၏။

ဝါကျွတ်သောအခါ ပဝါရဏာ ပြုပြီးလျှင် မြတ်စွာဘုရားသည် ခြောက်ကျိပ်သော တပည့် ရဟန္တာတို့ကို နေရာဖြန့်၍ သာသနာပြု စေလွှတ်တော်မူ၏။

ဘဒ္ဒဝဂ္ဂီ ညီနောင်သုံးကျိပ်

ဘုရားရှင် ကိုယ်တိုင်မှာမူ တပါးတည်း ဥရုဝေလတောသို့ ကြွတော်မူ၏၊ လမ်းခရီး အကြား၌ တပ္ပာသိက တောအုပ်အတွင်း သစ်ပင် တပင်အောက်၌ ခေတ္တ နားနေတော်မူစဉ် ဘဒ္ဒဝဂ္ဂီ ညီနောင် သုံးကျိပ်တို့ မိန်းမ တယောက်ကို လိုက်ရှာရာမှ ဘုရားရှင်နှင့် တွေ့၍ တရားနာရသဖြင့် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်များ ဖြစ်ကြကာ ရဟန်းပြုကြ၏။

မြတ်စွာဘုရားသည် ဘဒ္ဒဝဂ္ဂီ ရဟန်း သုံးကျိပ်တို့ကိုလည်း အရပ်ဒေသ အနှံ့အပြားသို့ သာသနာပြု စေလွှတ်တော်မူပြီးလျှင် ရှင်တော်ဘုရား တပါးတည်း ဥရုဝေလသို့ ခရီးဆက်တော်မူ၏။

ကဿပ ညီနောင်သုံးပါး

ဥရုဝေလ တော၌ သုံးလမျှ သီတင်းသုံးလျက် ဥရုဝေလ ရသေ့၏ မီးတင်းကုတ်ထဲမှ နဂါးဆိုးကြီးကို တန်ခိုးဖြင့် နှိမ်နင်းတော်မူပြီးလျှင် ဥရုဝေလကဿပ၊ နဒီကဿပ၊ ဂယာကဿပ ရသေ့ညီနောင် သုံးဦးတို့နှင့်အတူ သူတို့၏ တပည့် တထောင်ကိုပါ အယူမှားများကို စွန့်စေ၍ ရဟန်းပြုပေးတော်မူ၏၊ ထို ရဟန်းတထောင်တို့ကို ဂယာသီသ ၌ အာဒိတ္တပရိယာယ ဒေသနာတော်ကို ဟောကြားသောအခါ အားလုံး ရဟန္တာ ဖြစ်သွားကြ၏။

ရာဇဂြိုဟ်သို့ ကြွတော်မူခြင်း

ဗိမ္ဗိသာရ ဘုရင်အားပေးခဲ့သည့် ကတိအတိုင်း ပြာသို လပြည့်ကျော် ၁ ရက်နေ့၌ ထိုရဟန်းတော် တထောင် ခြံရံလျက် ရာဇဂြိုဟ်သို့ ကြွတော်မူ၍ အမြိုက်တရား ဟောကြားတော် မူရာ မြတ်စွာဘုရား၏ တရားတော်ကို နာကြားရသော ဗိမ္ဗိသာရ မင်းနှင့် တကွ မြို့သူမြို့သား အများအပြား တရားရကြ၏၊ ဗိမ္ဗိသာရဘုရင်က သူ၏ ဝါးတောဥယျာဉ် အတွင်း၌ ကျောင်းဆောက်ပြီးလျှင် မြတ်စွာဘုရားကို လှူဒါန်း၏၊ ဝေဠုဝန် ကျောင်းတော်ဟု ထင်ရှား၏။

ဥပတိဿ နှင့် ကောလိတ

ထို အချိန်တွင် အမှန်တရားကို ရှာနေကြသော ဥပတိဿ နှင့် ကောလိတ သူငယ်ချင်း ပရိဗိုဇ် နှစ်ယောက်တို့သည် သိဉ္စည်းဆရာကြီး အထံ၌ တပည့်ခံလျက် ရှိကြ၏၊ တနေ့တွင် ပဉ္စဝဂ္ဂီတပါးဖြစ်သော အရှင် အဿဇိ ရဇဂြိုဟ်မြို့တွင်း ဆွမ်းခံကြွရာ ဥပတိဿ က မြင်၍ ကြည်ညိုသဖြင့် တပည့်ခံကာ တရားမေးမြန်းရာ ကြောင်းကျိုး နိယာမ သဘော ဘုရားဟောသည်ကို အရှင် အဿဇိ ကပြန်လည် ဟောပြလိုက်၏၊ ဥပတိဿ တရားသဘောပေါက်ကာ သောတာပန် ဖြစ်သွား၍ သိဉ္စည်းကြီး ၏ကျောင်းသို့ ပြန်ရောက်သောအခါသူငယ်ချင်း ကောလိတကို ပြန်ဟောပြရာ ကောလိတလည်း သောတာပန် ဖြစ်သွား၏၊ သူငယ်ချင်းနှစ်ဦးစလုံး တပည့် ငါးရာကိုပါ ခေါ်၍ သိဉ္စည်း၏ အရာမ်မှ ထွက်ခဲ့ကြပြီးနောက် တပို့တွဲလဆန်း ၁ ရက်နေ့တွင် ဘုရားရှင် ထံမှောက်သို့ ရောက်လာကြကာ ရဟန်း အဖြစ်တောင်းသဖြင့် မြတ်စွာဘုရားက ရဟန်းပြုပေးတော်မူ၏။

မြတ်စွာဘုရား တရားဟောတော်မူသေအခါ သူတို့၏တပည့်ငါးရာမှာ ရဟန္တာ ဖြစ်သည်အထိ တရား သိသွားကြ၏။

အရှင် သာရိပုတ္တရာ

အရှင် ဥပတိဿ သည် တပို့တွဲ လပြည့်နေ့တွင် ဂိဇ္ဈကုဋ် တောင် ဝက်တူး လိုဏ်ခေါင်း၌ မြတ်စွာဘုရား ဒီဃနခ ပရိဗိုဇ် (ဥပတိဿ၏ တူ) အား ဟောကြားသော ဒီဃနခသုတ်တော်ကို နာကြားရ၍ ရဟန္တာ ဖြစ်သွား၏၊ ဒီဃနခကား သောတာပန် တည်သွား၏၊ ဤ အရှင် ဥပတိဿကား နောင်အခါတွင် အရှင် သာရိပုတ္တရာဟု ထင်ရှားလာသော လက်ယာတော်ရံ အဂ္ဂသာဝက အရှင်မြတ်ကြီးပင် ဖြစ်၏။

အရှင်မောဂ္ဂလ္လာန်

အရှင် ကောလိတ မှာမူ ကလ္လဝါဠပုတ္တ ရွာကို အမှီပြု၍ တရားဆက်လက် အားထုတ်ရာ စင်္ကြံအလျှောက် များသွား၍ ပင်ပန်းသဖြင့် အိပ်ငိုက်နေသည်ကို ရှင်တော်မြတ်ဘုရား သိတော်မူ၍ ပစလာယမာနသုတ်တော်ကို ဟောတော်မူသဖြင့် တပို့တွဲလဆန်း ၈ ရက်နေ့၌ ရဟန္တာ ဖြစ်တော်မူ၏၊ ဤ အရှင်ကောလိတကား လက်ဝဲတော်ရံ အရှင်မောဂ္ဂလ္လာန် ပင်တည်း။

ခမည်းတော်က အပင့်လွှတ်ခြင်း

မြတ်စွာဘုရား၏ ခမည်းတော် ကပ္ပိလဝတ်ပြည့်ရှင် သုဒ္ဓေါဒန ဘုရင်ကြီးသည် သားဘုရား ရာဇဂြိုဟ်ပြည်တွင် သီတင်းသုံးလျက် ရှိကြောင်း သတင်းကောင်း ကြားရ၏၊ ထို့ကြောင့် ပြာသိုလပြည့်ကျော်ချိန်မှ စ၍ အမတ်တယောက်လျှင် အခြွေအရံ တထောင်စီ ခြံရံစေ၍ သားတော် ဘုရားကို ပင့်ရန် ရာဇဂြိုဟ်သို့ စေလွှတ်ရာ ကိုးကြိမ်တိုင်တိုင် လွှတ်သော်လည်း တဦးတယောက်မျှ ပြန်မလာသဖြင့် မည်သည့် သတင်းမျှမရရှိပေ။ အကြောင်းမှာ ထို အမတ်များနှင့် အခြွေအရံကိုးထောင်တို့သည် မြတ်စွာဘုရား၏ တရားတော်ကို နာကြားရ၍ ရဟန္တာများ ဖြစ်သွားကြသောကြောင့်ပင်။

ရှင်ကာဠုဒါယီ၏ ပန်းချီကား

နောက်ဆုံးတွင် မြတ်စွာဘုရား၏ ဖွားဘက်တော် ကစားဖော်ဖြစ်ခဲ့သော ကာဠုဒါယီ အမတ်ကို ရှေးနည်းအတိုင်း စေလွှတ်ပြန်၏၊ ကာဠုဒါယီ အမတ်ကြီးနှင့် အခြွေအရံ တထောင်လည်း ရဟန္တာ ဖြစ်သွားကြပြန်၏။

သို့သော် အရှင်ကာဠုဒါယီသည် မင်းကြီးကို ဝန်ခံခဲ့သည့် အတိုင်း တပေါင်းလပြည့်နေ့တွင် မြတ်စွာဘုရား အထံသို့သွား၍ ဆောင်းကုန် နွေကူး တပေါင်းလ ရာသီထူး၏ မပူမအေး ဖြစ်၍ သာယာပုံ၊ သစ်ပင်များ ရွက်ညွန့်တွေ ထွက်ချိန်ဖြစ်၍ ရှုမငြီး သာယာပုံ၊ ရာသီနှင့် တောတောင်သာယာလှသဖြင့် သားကောင်များ၊ ကျေးငှက်များလည်း သာသာယာယာ တွန်ကျူးလျက် မြူးတူး ရွှင်ပျော်ကြပုံ အစုံစုံတို့ကို ဖော်ပြလျက် မြတ်စွာဘုရား ကပ္ပိလဝတ် ပြည်သို့ကြွရန် အရေးကို တောတောင်ဘွဲ့ ပါဠိကဗျာ ဂါထာပေါင်းခြောက်ဆယ်ကို သီကုံး ရွတ်ဆိုကာ တောတောင် ပန်းချီကားချပ်ကြီး ရေခြယ်သည့်နှယ် အကျယ်တဝင့် တင်ပြ လျှောက်ထားလေ၏။

မြတ်စွာဘုရားက ကြွတော်မူရန် သဘောတူသောအခါ နှစ်လနှင့် ကပ္ပိလဝတ်ပြည်သို့ အရောက် ပင့်ဆောင်လေ၏။

ကပ္ပိလဝတ်၌ ကျေးဇူးဆပ်ခြင်း

မြတ်စွာဘုရားသည် ကပ္ပိလဝတ်သို့ ရောက်သောအခါ ပထမနေ့၌ တန်ခိုးပြာဋိဟာ ပြ၍ ဆွေမျိုးတို့၏ အပူဇော်ကို ခံတော်မူ၏၊ ဒုတိယနေ့၌ ကပ္ပိလဝတ် မြို့တွင်းသို့ ဆွမ်းခံကြွရာမှ ခမည်းတော် မင်းကြီးကို တရားဟောရာ သကဒါဂါမ် ဖြစ်သွား၏၊ (နောင်တွင် ထီးဖြူအောက်၌ပင် ရဟန္တာဖြစ်သွား၏)။ တတိယနေ့တွင် ညီတော် နန္ဒမင်းသားကို ရဟန်းပြုပေး၏၊ သတ္တမနေ့တွင် သားတော် ရာဟုလာ ၇ နှစ်သားကလေးက မယ်တော်၏ သင်ကြားပေးချက်အရ ဘုရားရှင်ထံ အမွေတောင်းသောအခါ ကျောင်းတော်သို့ ခေါ်ခဲ့ပြီးလျှင် အရှင် သာရိပုတ္တရာထံ အပ်နှံကာ သရဏဂုံ ပေး၍ ရှင်သာမဏေ ပြုပေးစေ၏။

ထို့နောက် မြတ်စွာဘုရားသည် ရာဇဂြိုဟ်သို့ပင် ပြန်ကြွတော်မူ၏။

ကျောင်း ခွင့်ပြုခြင်း

မြတ်စွာဘုရားသည် ရာဇဂြိုဟ်၌ ဒုတိယဝါ ဆိုတော်မူ၏၊ ရာဇဂြိုဟ် သဌေးသည် သံဃာတော်များ ချုံကြိုချုံကြား သစ်ပင်များအောက်မှာ နေကြသည်ကို မကြည့်ရက်နိုင်သဖြင့် သံဃာတော်များမှ တဆင့် မြတ်စွာဘုရားအား ကျောင်း ခွင့်ပြုဖို့ လျှောက်ထားရာ ဘုရားရှင် ခွင့်ပြုတော်မူသဖြင့် ကျောင်းဆောက်လှူဒါန်း၏၊ ဝေဠုဝန် ကျောင်းတော်ဟု ထင်ရှား၏။

အနာထပိဏ်၏ သဒ္ဓါတရား

ဝါကျွတ်သောအခါ ရာဇဂြိုဟ်သဌေး၏ အဆွေတော် သာဝတ္ထိပြည်မှ အနာထပိဏ် သဌေးကြီးသည် အရောင်းအဝယ် ကိစ္စဖြင့် ရာဇဂြိုဟ်သို့ ရောက်လာ၏၊ ဘုရားပွင့်တော်မူကြောင်း သိရသောအခါ မြတ်စွာဘုရား သီတင်းသုံးတော်မူရာ သီတဝန တောကျောင်းသို့သွား၍ ဖူးမြှော်ကာ တရားနာရသဖြင့် သောတာပန် ဖြစ်သွား၏။

အနာထပိဏ်သဌေးသည် နောက်တနေ့တွင် သံဃာတော်များနှင့်တကွ မြတ်စွာဘုရားကို ရာဇဂြိုဟ် သဌေး၏ အိမ်၌ပင် ဆွမ်း ဆက်ကပ် လှူဒါန်း၏၊ သာဝတ္ထိသို့ ပြန်ရောက်သောအခါ ဇေတဝန် ကျောင်းတော်ကြီးကို ငွေအမြောက်အမြား အကုန်ခံကာ ဆောက်လုပ်ပြီးလျှင် မြတ်စွာဘုရားကို ပင့်၍ လှူဒါန်းလိုက်၏။

သံသရာ ဇာတ်သိမ်း

ထို အချိန်မှ စ၍ မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌သာ များသောအားဖြင့် သီတင်းသုံးလျက် သက်တော် ရှစ်ဆယ်အထိ သတ္တဝါတို့၏ ဆင်းရဲငြိမ်းရေး ချမ်းသာရေးကိုသာ ဆောင်ရွက်တော်မူပြီးလျှင် ကုသိနာရုံ ပြည် မလ္လာမင်း တို့၏ အင်ကြင်းဥယျာဉ်အတွင်းဝယ် သက်တော်ရှစ်ဆယ် ပြည့်သောနှစ် ကဆုန်လပြည့်ညတွင် ရုပ်နာမ်ခပ်သိမ်း ချုပ်ပြတ်ငြိမ်း၍ ပရိနိဗ္ဗာန် ဝင်စံတော်မူလေ၏။

ရှင်တော်မြတ်ဘုရား ပရိနိဗ္ဗာန် စံတော်မူသည်မှာ ယခုမြန်မာနှစ် ၁၃၅၃ ခုနှစ်အထိ ဆိုလျှင် နှစ်ပေါင်း ၂၅၃၅ နှစ်ရှိသွားပေပြီ။

ဘုရားဂုဏ်တော် ၉ ပါး

ဣတိပိ သော ဘဂဝါ-

အရဟံ
သမ္မာသမ္ဗုဒ္ဓေါ
ဝိဇ္ဇာစရဏ သမ္ပန္နော
သုဂတော
လောကဝိဒူ
အနုတ္တရော ပုရိသ ဒမ္မသာရထိ
သတ္ထာ ဒေဝမနုဿာနံ
ဗုဒ္ဓေါ
ဘဂဝါ

၁။ အရဟံ = ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်တော်မူသော မြတ်စွာဘုရား။

၂။ သမ္မာသမ္ဗုဒ္ဓေါ = သိစရာမှန်သမျှ တစမကျန် သယမ္ဘူဉာဏ်ဖြင့် အမှန်အတိုင်း သိတော်မူသော မြတ်စွာဘုရား။

၃။ ဝိဇ္ဇာစရဏ သမ္ပန္နော = အသိတရား အကျင့်တရားတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။ (ဝါ) ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား ၁၅ ပါးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

၄။ သုဂတော = ကျိုးရှိဟုတ်မှန် နှစ်တန်သော စကားကိုသာ မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရား။ (ဝါ) ကျိုးရှိဟုတ်မှန် သူခံသာသောစကားနှင့် ကျိုးရှိဟုတ်မှန် သူမခံသာသောစကား ဤနှစ်ပါးကိုသာ မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရား။

၅။ လောကဝိဒူ = သတ္တလောက၊ ဩကာသလောက၊ သင်္ခါရလောက တည်းဟူသော လောကသုံးခွင်ကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား။

၆။ အနုတ္တရော ပုရိသ ဒမ္မသာရထိ = မယဉ်ကျေးကြငြား သတ္တဝါများကို ယဉ်ပါးလေအောင် သွေးဆောင် ဆုံးမခြင်း၌ တုဘက်ကင်းတော်မူသော မြတ်စွာဘုရား။

၇။ သတ္ထာ ဒေဝမနုဿာနံ = လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ဆရာတဆူအစစ် ဖြစ်တော်မူသော မြတ်စွာဘုရား။

၈။ ဗုဒ္ဓေါ = သစ္စာလေးပါး အမှန်တရားတို့ကို ပိုင်းခြားထင်ထင် သိမြင်တော်မူသော မြတ်စွာဘုရား။ (ဝါ) သစ္စာလေးအင် ကိုယ်တိုင်မြင်၍ များဖြင်ဝေနေ တပည့်တွေကိုလည်း သိစေတော်မူသော မြတ်စွာဘုရား။

၉။ ဘဂဝါ = ဣဿရိယ စသည် ဘုန်းခြောက်လီနှင့် စုံညီပြည့်ဝတော်မူသော မြတ်စွာဘုရား။

(ဝါ)

ကိုယ်တော်မြတ်၏ စိတ်တော်ကို စိုးပိုင်နိုင်နင်းတော်မူခြင်း တည်းဟူသော ဣဿရိယ ဘုန်းတော်

မဂ်ဖိုလ်နိဗ္ဗာန် ကိုးတန်သော လောကုတ္တရာတရား တည်းဟူသော ဓမ္မ ဘုန်းတော်

ဟုတ်တိုင်းမှန်စွာ သုံးဖြာသော လောကတွင် ပျံ့နှံ့ကျော်စောရခြင်း တည်းဟူသော ယသ ဘုန်းတော်

အင်္ဂါကြီးငယ် တင့်တယ်ပြည့်ဖြိုး အချိုးတကျ သပ္ပာယ်တော်မူလှခြင်း တည်းဟူသော သိရီ ဘုန်းတော်

အလိုတော်ရှိတိုင်း မဆိုင်းခဏ ပြီးစီးတော်မူရခြင်း တည်းဟူသော ကာမ ဘုန်းတော်

အရဟတ္တ မဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ် တိုင်အောင် ရစေနိုင်သည့် ကြံ့ခိုင်ကြီးမားသော ပယတ္တ ဘုန်းတော်

ဤ ဘုန်းတော် ခြောက်စုံနှင့် ကုံလုံပြည့်ဝတော်မူသော မြတ်စွာဘုရား။

ဤသို့လျှင် အရဟံ စသား ဂုဏ်ကိုးပါးနှင့် ထူးခြား ကုံလုံပြည့်စုံတော်မူသော မြတ်စွာဘုရားကို တပည့်တော်သည် ကြည်ညိုမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား။

ဓမ္မ = တရားတော်

ဤ သဘောတရားများကို ယခု ငါဘုရားတိကျ သေချာစွာ သိရပေပြီ။ ဤ သဘောတရားများကို ရှင်းလင်းပြတ်သား တိကျသေချာစွာ မသိရသေးမီက ' သမ္မာသမ္ဗောဓိဉာဏ်ကို ရပြီ၊ ဘုရားစင်စစ် ဖြစ်ပြီ ' ဟု ငါဝန်မခံခဲ့ပေ။ ယခုအခါ ရှင်းလင်းပီပြင် ကြည်လင် သန့်ရှင်းစွာ သိရပြီ ဖြစ်သောကြောင့်သာ ' သမ္မာသမ္ဗောဓိဉာဏ်ကို ရပြီ၊ ဘုရားစင်စစ် ဖြစ်ပြီ ' ဟု ငါဘုရားဝန်ခံခြင်း ဖြစ်၏၊ ငါ့အား ' ငါ၏ ကိလေသာမှ လွတ်မြောက်ခြင်းသည် မပျက်စီးနိုင်တော့ပေ၊ ဤ ဘဝသည် ငါ၏ နောက်ဆုံး ဘဝ ပေတည်း၊ နောက်ထပ် တဖန် ဘဝသစ်ဖြစ်ရန် မရှိတော့ပြီ ' ဟု အသိအမြင် ဆင်ခြင်ဉာဏ်လဲ ဖြစ်ပေါ် လေပြီ။

ကိုယ်တွေ့တရား ဗုဒ္ဓမြတ်စွာ ဟောကြား ညွှန်ပြတော်မူသော တရားတော်များသည် သူတပါးထံမှ သင်ယူနာကြားသည်ကို ပြန်လည်ဟောကြားသော တရားတော်များ မဟုတ်ပေ။ မိမိ၏ တွေးခေါ် ဆင်ခြင်ဉာဏ်ဖြင့် တွေးခေါ်ဆင်ခြင်၍ရသော တရားတော်များကို ပြန်လည် ဟောကြားထားခြင်းလည်း မဟုတ်ပေ။ စင်စစ်မူ ကိုယ်တိုင် အကျင့်လမ်းမှန်ကို ကျင့်၍ ကိုယ်တွေ့ဉာဏ်ဖြင့် ထိုးထွင်း သိမြင်ထားသော တရားတော်များကို ပြန်လည် ဟောကြားတော်မူခြင်းသာ ဖြစ်ပေသည်။

ကိုယ်တွေ့ဉာဏ်ဖြင့် ထိုးထွင်း သိမြင်ရသော တရားများဖြစ်သောကြောင့်ပင် " ဤ တရားသည် နက်နဲ၏၊ မြင်နိုင်ခဲ၏၊ သိနိုင်ခဲ၏၊ ငြိမ်းအေး၏၊ မွန်မြတ်၏၊ ကြံတွေး ဆင်ခြင်ရုံမျှဖြင့် မသိနိုင်၊ သိမ်မွေ့၏၊ အကျင့်မှန်ကို လက်တွေ့ ကျင့်ကြံသော ပညာရှိတို့သည်သာ သိမြင်နိုင်၏ " ဟု မြတ်စွာဘုရား ကိုယ်တော်တိုင် ဆင်ခြင် စဉ်းစားမိတော်မူခြင်း ဖြစ်၏၊

လောကုတ် လောကီ နှစ်လီအကျိုး ဗုဒ္ဓမြတ်စွာ ဟောကြား ဆုံးမတော်မူသော ယင်းတရားတော်များတွင် လောကီကျိုး လောကုတ္တရာကျိုး နှစ်မျိုးလုံး ပါဝင်လျက်ရှိ၏၊ ထိုနှစ်ကျိုးအနက် လောကီကျိုးဆိုသည်မှာ လောက၌ ချမ်းသာစွာ နေထိုင်ရခြင်း အကျိုးပင် ဖြစ်၏၊ လောကုတ္တရာကျိုး ဆိုသည်မှာ မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန် ဟူသော အကျိုးပင် ဖြစ်၏၊

မြတ်စွာဘုရားသည် လောကုတ္တရာ အကျိုးကိုသာ အလေးပေး၍ ဟောကြား ညွှန်ပြတော်မူ၏၊ ဘုရားဖြစ်တော်မူပြီးနောက် အစဆုံး ဟောတော်မူသော ဓမ္မစကြာ တရားတော်မှာ လောကုတ္တရာ အကျိုးသက်သက် အတွက်သာ ဖြစ်၏၊

ဤတရားတော်ကို ဘုရားဖြစ်ပြီး၍ နှစ်လအကြာ ဝါဆိုလပြည့်နေ့တွင် ဗာရာဏသီပြည်အနီး ဣသိပတန ဘေးမဲ့တော၌ ကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ အမည်ရသော ပဉ္စဝဂ္ဂီ တို့ကို အမှူးထား၍ ဟောကြားတော်မူသည်။

ဓမ္မစကြာတရားတော်၏ လိုရင်းသဘော

လောက၌ နှစ်သက်စရာ အာရုံ ကာမဂုဏ် ချမ်းသာတွေကို ခံစားရေး၌ အားထုတ်ခြင်း = ကာမသုခလ္လိကာနုယောဂ အကျင့်ကိုလည်း မမှီဝဲအပ်၊ မကျင့်ကြံအပ်။

မိမိကိုယ်ကို ပင်ပန်းဆင်းရဲအောင် ကျင့်ခြင်း = အတ္တကိလမထာနုယောဂ အကျင့်ကိုလည်း မမှီဝဲအပ်၊ မကျင့်ကြံအပ်။

အကျင့်နှစ်မျိုးလုံးသည် အစွန်းကျ၍ မျှမျှ တတ မရှိပေ။ ထို့ကြောင့် ယင်း အကျင့်နှစ်မျိုးကို ပယ်၍ အလယ်လမ်း အကျင့်ဖြစ်သော မဂ္ဂင်ရှစ်တန် သည်သာလျှင် အသိဉာဏ်ကို ပွင့်လင်းစေ၍ ဆင်းရဲခြင်းကို ငြိမ်းစေနိုင်သော အကျင့်မှန် ဖြစ်၏၊

ယင်း မဂ္ဂင်ရှစ်တန်မှာ

သမ္မာဒိဋ္ဌိ = မှန်စွာသိမြင်မှု
သမ္မာသင်္ကပ္ပ = မှန်စွာ ကြံစည်မှု
သမ္မာဝါစာ = မှန်စွာ ပြောဆိုမှု
သမ္မာကမ္မန္တ = မှန်စွာ ပြုလုပ်မှု
သမ္မာအာဇီဝ = မှန်စွာအသက်မွေးမှု
သမ္မာဝါယမ = မှန်စွာ ကြိုးစားအားထုတ်မှု
သမ္မာသတိ = မှန်စွာ သတိကပ်မှု
သမ္မာသမာဓိ = မှန်စွာ စူးစိုက် တည်ငြိမ်မှုတို့ ဖြစ်ကြသည်။

သစ္စာလေးပါး ပဋိသန္ဓေ နေရခြင်း၊ အိုရခြင်း၊ နာရခြင်း၊ သေရခြင်း၊ ချစ်သူတို့နှင့် ကွဲ၍ မချစ်သူတို့နှင် တွဲရခြင်း၊ လိုတာမရခြင်း စသည်တို့သည် ဆင်းရဲ အစစ်အမှန်(ဒုက္ခသစ္စာ) ဖြစ်၏၊ စွဲလမ်းစရာ ရုပ်နာမ် ခန္ဓာငါးပါးနှင့် စပ်သမျှ ဆင်းရဲ အစစ်အမှန်(ဒုက္ခသစ္စာ) ချည်း ဖြစ်၏၊ ဤဆင်းရဲအစစ်အမှန် သဘောကို ရှင်းရှင်း လင်းလင်း ပိုင်းပိုင်း ခြားခြား သိရမည်။

လိုချင်တပ်မက်မှု တဏှာသည် ဆင်းရဲ ဖြစ်ပေါ်ခြင်း၏ အကြောင်းရင် အမှန်(သမုဒယသစ္စာ) ဖြစ်၏၊ ဤ အကြောင်းတဏှာကို ပယ်ရမည်။

ဤ တဏှာ လုံးဝချုပ်ငြိမ်း၍ ယင်း၏ အကျိုးဆင်းရဲ မဖြစ်ပေါ်ခြင်းသည် ဆင်းရဲငြိမ်းခြင်း အမှန်(နိရောဓသစ္စာ) ဖြစ်၏၊ ဤ ဆင်းရဲငြိမ်းခြင်း သဘာဝကို ကိုယ်တွေ့ဉာဏ်ဖြင့် သိမြင် ဆိုက်ရောက်ရမည်။

မဂ္ဂင်ရှစ်တန်သည် ဆင်းရဲငြိမ်းရာသို့ ရောက်စေနိုင်သော အကျင့်လမ်းအမှန်(မဂ္ဂသစ္စာ) ဖြစ်၏၊ ဆင်းရဲငြိမ်းလိုလျှင် ဤ မဂ္ဂင်ရှစ်တန်ကို မိမိသန္တာန်၌ ဖြစ်ပွါးအောင် အားထုတ်ရမည်။

ကြောင်းကျိုးဆက်စပ်ပုံ မဂ္ဂင်ရှစ်ပါး မိမိသန္တာန်၌ ဖြစ်ပွါးလျှင် ရုပ်နာမ်တို့၏ ဆင်းရဲအမှန်သဘာဝကို ကျကျနန သိမည်။ ယင်းသို့သိလျှင် မသိ၍ ငြိတွယ်တပ်မက်နေသော တဏှာကို ပယ်နိုင်မည်။ တဏှာကို ပယ်နိုင်လျှင် ယင်း၏ အကျိုးဖြစ်သော ဆင်းရဲ မဖြစ်ပေါ်လာတော့၍ ဆင်းရဲငြိမ်းခြင်း သဘာဝ (နိဗ္ဗာန်) ကို မျက်မှောက်ထင်ထင် သိမြင်ဆိုက်ရောက်မည်။

ရဲရင်စွာ ဝန်ခံတော်မူခြင်း တရားတော်၏ ဖော်ပြပါ အနှစ်သာရ သဘောကို မြတ်စွာ ဘုရားသည် ပဉ္စဝဂ္ဂီ ငါးဦးတို့အား ဟောကြားတော်မူနေခြင်းဖြစ်၏၊ ဆက်လက်၍ မြတ်စွာဘုရားက အောက်ပါ စကားကို ရဲရင့်စွာ မိန့်ကြားတော်မူကာ ဓမ္မစကြာ တရားကို နိဂုံးချုပ်တော်မူလေသည်။

ဤ သဘောတရားများကို ယခု ငါဘုရားတိကျ သေချာစွာ သိရပေပြီ။ ဤ သဘောတရားများကို ရှင်းလင်းပြတ်သား တိကျသေချာစွာ မသိရသေးမီက ' သမ္မာသမ္ဗောဓိဉာဏ်ကို ရပြီ၊ ဘုရားစင်စစ် ဖြစ်ပြီ ' ဟု ငါဝန်မခံခဲ့ပေ။ ယခုအခါ ရှင်းလင်းပီပြင် ကြည်လင် သန့်ရှင်းစွာ သိရပြီ ဖြစ်သောကြောင့်သာ ' သမ္မာသမ္ဗောဓိဉာဏ်ကို ရပြီ၊ ဘုရားစင်စစ် ဖြစ်ပြီ ' ဟု ငါဘုရားဝန်ခံခြင်း ဖြစ်၏၊ ငါ့အား ' ငါ၏ ကိလေသာမှ လွတ်မြောက်ခြင်းသည် မပျက်စီးနိုင်တော့ပေ၊ ဤ ဘဝသည် ငါ၏ နောက်ဆုံး ဘဝ ပေတည်း၊ နောက်ထပ် တဖန် ဘဝသစ်ဖြစ်ရန် မရှိတော့ပြီ ' ဟု အသိအမြင် ဆင်ခြင်ဉာဏ်လဲ ဖြစ်ပေါ် လေပြီ။

ပထမဆုံး သောတာပန် ပဉ္စဝဂ္ဂီ ငါးဦးတို့သည် တရားတော်ကို လွန်စွာ နှစ်ခြိုက်ကြကုန်၏၊ ဘုရားအလောင်းတော် သိဒ္ဓတ္ထကလေး ဖွားစက " ဘုရားစင်စစ် ဧကန်ဖြစ်မည် " ဟု တထစ်ချဟောခဲ့သော အရှင်ကောဏ္ဍည (သုဒတ္တ) မှာမူ နှစ်ခြိုက်ရုံမျှမက " ဖြစ်သမျှ ပျက်ရတာချည်းပဲ " ဟု တရားမျက်စိအမြင် (သောတာပတ္တိ မဂ်ဉာဏ်) ရကာ သောတာပန် ဖြစ်သွား၏၊

အရှင်ကောဏ္ဍည သောတာပတ္တိ မဂ်ဉာဏ် ရပြီကို သိတော်မူသော မြတ်စွာဘုရားသည် " ကောဏ္ဍညတရားကို သိသွားပြီ " ဟု မိန့်ကြားတော်မူ၏၊

သောတာပတ္တိမဂ်ဉာဏ်ကို ရပြီးသော အရှင်ကောဏ္ဍညသည် မြတ်စွာဘုရားထံ ရဟန်းအဖြစ်ကို လျှောက်ထား တောင်းပန်သဖြင့် ဧဟိဘိက္ခုရဟန်း အဖြစ်ကို ရလေ၏၊

အရှင်ဝပ္ပ၊ အရှင်ဘဒ္ဒိယ၊ အရှင်မဟာနာမ်၊ အရှင်အဿဇိ တို့မှာမူ ဓမ္မစကြာတရားကို နာကြားစဉ်က မဂ်ဉာဏ်ကို မရကြသေး၍ ရဟန်းပြုပေးရန် မလျှောက်ထားကြသေးပေ။ မြတ်စွာဘုရား ညွှန်ကြားတော်မူသည့် အတိုင်း ဝါဆိုလပြည့်ကျော် ၁ ရက်နေ့မှ စ၍ မဂ္ဂသစ္စာကို ပွါးများ အားထုတ်ကြသဖြင့် လေးပါးလုံး အစဉ်အတိုင်း တရားသိကြ၍ သောတာပန်များ ဖြစ်ပြီးမှ ဧဟိဘိက္ခုရဟန်း အဖြစ်ကို အသီးသီးရကြ၏၊

ပထမဆုံး ရဟန္တာများ ဝါဆိုလပြည့်ကျော် ၅ ရက်နေ့၌မူ မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီတို့အား အနတ္တလက္ခဏသုတ် ဒေသနာတော်ကို ဟောကြားတော်မူရာ ၅ ပါးလုံး အရဟတ္တဖိုလ်အထိ တရားသိကြ၍ ကိလေသာ ခပ်သိမ်း ငြိမ်းအေးကြကာ ရဟန္တာများ ဖြစ်သွားကြ၏၊

အနတ္တလက္ခဏသုတ်တော်၏ လိုရင်းသဘော

အလိုမလိုက် အစိုးမရ အနတ္တ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိဉာဏ် ဟူသော ခန္ဓာ ငါးစု တို့သည် အလိုအတိုင်း ဖြစ်စေနိုင်သော ပုဂ္ဂိုလ်သတ္တဝါ အတ္တများ မဟုတ်ကြပေ။ အကြောင်းညီညွတ်သလို ဖြစ်ပျက်နေကြသော သဘာဝတရားများသာ ဖြစ်ကြ၏၊ အဘယ်ကြောင့်ဆိုသော် အနှိပ်စက်မခံလိုပါပဲလျက် ထိုခန္ဓာငါးစုတို့က နှိပ်စက် တတ်ကြ၏၊ " ဒီလို ရုပ်ကောင်း နာမ်ကောင်းတွေ ဖြစ်ပါစေ၊ ဟိုလို ရုပ်ဆိုး နာမ်ဆိုးတွေ မဖြစ်ပါစေနှင့် " ဟု စီမံခန့်ခွဲသော်လည်း စီမံခန့်ခွဲသလို ဖြစ်မလာကြ၊ သဘာဝ အားလျော်စွာသာလျင် ဖြစ်ပျက်နေကြ၏၊ ထို့ကြောင့် ခန္ဓာငါးစုတို့သည် အလိုအတိုင်း ဖြစ်စေနိုင်သော အတ္တများ မဟုတ်ကြပေ။

မတည် မမြဲ ဆင်းရဲသောကြောင့် အနတ္တ ထို့ပြင် ခန္ဓာငါးစုသည် မပျက်စီးပဲ တည်မြဲနေသော အသက်ဝိညာဉ် အတ္တများ မဟုတ်ကြပေ။ ခဏမစဲ တဖြစ်တည်းဖြစ်၍ တပျက်တည်း ပျက်နေကြသဖြင့် မတည်မြဲသော အနိစ္စ သဘာဝများသာ ဖြစ်ကြ၏၊ ထိုသို့ မတည်မြဲသောကြောင့်ပင် နှစ်သက်သာယာဖွယ်ရာ ချမ်းသာ သုခများ မဟုတ်ကြ၊ မနှစ်မျို့မခံသာဖွယ်ရာ ဆင်းရဲဒုက္ခတို့ချည်းသာ ဖြစ်ကြ၏၊ ထိုသို့ ချမ်းသာ သုခများ မဟုတ်ပဲ ဖောက်ပြန်တတ်သော ဆင်းရဲဒုက္ခတို့ချည်းသာ ဖြစ်ကြသောကြောင့် ထိုခန္ဓာငါးစုကို " ငါ့ဟာပဲ၊ ငါပဲ၊ ငါ၏ အတ္တပဲ " ဟု ရှုမြင်သုံးသပ် ထင်မှတ်ဖို့ရာ မသင့်လျော်ပေ။

၁၁ ပါး အပြားဖြင့် အနတ္တဟုရှုပုံ ထိုသို့ ခန္ဓာငါးစုသည် အလိုအတိုင်းမဖြစ်သောကြောင့် လည်းကောင်း၊ မမြဲ ဆင်းရဲပြောင်းလဲ ဖောက်ပြန်တတ်သဖြင့် " ငါ့ဟာပဲ၊ ငါပဲ၊ ငါ၏ အတ္တပဲ " ဟု ယူစွဲထင်မှတ်ရန်မသင့်လျော်သောကြောင့် လည်းကောင်း၊ အတိတ် အနာဂတ် ပစ္စုပ္ပန်ခန္ဓာကို ဖြစ်စေ၊ ကိုယ်တွင်းခန္ဓာ ကိုယ်ပခန္ဓာကို ဖြစ်စေ၊ ကြမ်းတမ်းခန္ဓာ နူးညံ့ခန္ဓာကို ဖြစ်စေ၊ အညံ့ခန္ဓာ အကောင်းခန္ဓာကို ဖြစ်စေ၊ အဝေးခန္ဓာ အနီးခန္ဓာကို ဖြစ်စေ အလုံးစုံသော ရုပ်နာမ် ခန္ဓာ မှန်သမျှကို " ငါ့ဟာ မဟုတ်၊ ငါ မဟုတ်၊ ငါ၏ အတ္တ မဟုတ် " ဟု ကိုယ်တွေ့ဉာဏ်ဖြင့် အရှိသဘာဝအတိုင်း သိအောင် ရှုပွါးရမည်။

ဉာဏ်အဆင့်ဆင့်ဖြစ်ပေါ်ပုံ ခန္ဓာငါးစုကို ဆိုခဲ့ပြီးသည့်အတိုင်း " ငါ့ဟာ မဟုတ်၊ ငါ မဟုတ်၊ ငါ၏ အတ္တ မဟုတ်၊ အနိစ္စ ဒုက္ခ အနတ္တ သဘောချည်းသာ ဖြစ်ကြသည် " ဟု အမှန်အတိုင်း သိမြင်သူသည် ခန္ဓာ ငါးစု၌ ငြီးငွေ့သည့် ဉာဏ် ဖြစ်ပေါ်လာ၏၊ တပ်မက်ခြင်းကင်းလျက် အရိယမဂ်ဉာဏ် ဖြစ်ပေါ်လာသောကြောင့် ကိလေသာအာသဝေါတို့မှ လွတ်မြောက် လေတော့၏၊ ကိလေသာမှ လွတ်မြောက်လျှင် " လွတ်မြောက်ပြီ " ဟု ဆင်ခြင်ဉာဏ် ဖြစ်ပေါ်၏၊ " ဘဝသစ်ဖြစ်မှု ကုန်ပြီ၊ ဆင်းရဲ ငြိမ်းပြီ " ဟူ၍လည်း ဆင်ခြင်လျက် သိ၏၊

ဤကား အနတ္တလက္ခဏသုတ်တော်၏ လိုရင်းသဘောတည်း။

အာဒိတ္တပရိယာယသုတ်

ရသေ့ ညီနောင် ရှင်တထောင် မြတ်စွာဘုရားသည် ပထမဝါတွင် မိဂဒါဝုန်၌ ဝါဆိုပြီးနောက် ဝါကျွတ်သောအခါ ဥရုဝေလတောသို့ ကြွတော်မူ၏၊ ဥရုဝေလတော်၌ သုံးလပတ်လုံး သီတင်းသုံးတော်မူလျက် ဥရုဝေလကဿပနဒီကဿပဂယာကဿပ ဟူသော ရသေ့ညီနောင် သုံးယောက်နှင့် ယင်းတို့၏ တပည့် တထောင်တို့ကို တန်ခိုးအမျိုးမျိုးပြ၍ အယူမှန်ကို ရစေတော်မူ၏၊

ထို့နောက် ထိုရသေ့တို့ကို နေရဉ္ဇရာမြစ် တဘက်ကမ်း ဂယာရွာ အနီးမှ ဂယာသီသ ကျောက်ဖျာကြီးရှိရာသို့ ခေါ်ဆောင်သွားပြီးလျှင် ထို ကျောက်ဖျာကြီးပေါ်၌ အာဒိတ္တပရိယာယသုတ် ကို ဟောကြားတော်မူရာ ရသေ့ အားလုံး အရဟတ္တမဂ် အရဟတ္တဖိုလ် အထိ တရားသိကြ၍ ရဟန္တာဖြစ်သွားကြ၏၊

အာဒိတ္တပရိယာယသုတ်၏ အချုပ်သဘော

ဒွါရခြောက်ဖုံ မျက်စိသည် လိုချင်တပ်မက်ခြင်း၊ စိတ်ပျက်စိတ်ဆိုးခြင်း၊ အမှန်အတိုင်း မသိခြင်း၊ ပဋိသန္ဓေ နေရခြင်း၊ အိုရခြင်း၊ သေရခြင်း၊ စိုးရိမ်ပူဆွေးရခြင်း၊ ငိုကြွေးရခြင်း၊ ကိုယ်ဆင်းရဲရခြင်း၊ စိတ်ဆင်းရဲရခြင်း၊ ပြင်းစွာပူပန်ရခြင်း တည်းဟူသော မီးတို့ဖြင့် တဟုန်းဟုန်း တောက်လောင်နေ၏၊ ထို့အတူပင် နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် တို့သည်လည်း တဟုန်းဟုန်း တောက်လောင်နေကြ၏၊

အာရုံခြောက်တန် အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ ထိတွေ့စရာနှင့် ကြံတွေးစရာ သဘောတို့သည်လည်း လိုချင်တပ်မက် စိတ်ပျက် စိတ်ဆိုး စသော မီးတဆယ့်တစ်မျိုးတို့ဖြင့် တထိန်ထိန် တညီးညီး အလောင်ကြီး လောင်နေကြ၏၊

ဝိဉာဏ်ခြောက်ဝ မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ အရသာသိစိတ်၊ ထိတွေ့စိတ်၊ ကြံတွေးစိတ်တို့သည်လည်း လိုချင်တပ်မက် စိတ်ပျက် စိတ်ဆိုး စသော မီးတဆယ့်တစ်မျိုးတို့ဖြင့် တညီးညီး တထိန်ထိန် တရှိန်ရှိန် တောက်လောင်နေကြ၏၊

ဖဿခြောက်ဖြာ မြင်တွေ့၊ ကြားတွေ့၊ နံတွေ့၊ အရသာတွေ့၊ ထိတွေ့၊ ကြံတွေးတွေ့တို့သည်လည်း လိုချင်တပ်မက်၊ စိတ်ပျက် စိတ်ဆိုး စသော မီးတဆယ့်တစ်ပါး တို့၏ အမျိုအဝါးကို ခံနေကြရ၏၊

ဝေဒနာခြောက်ပါး မြင်ခံစား၊ ကြားခံစား၊ နံခံစား၊ အရသာခံစား၊ ထိတွေ့ခံစား၊ ကြံတွေးခံစားမှုတို့သည်လည်း လိုချင်တပ်မက်၊ စိတ်ပျက် စိတ်ဆိုး စသော မီးတဆယ့်တစ်ဖြာ တို့ဖြင့် ချမ်းသာရာ မရအောင် အလောင်ကြီး လောင်နေကြ၏၊

ဉာဏ်အဆင့်ဆင့်ဖြစ်ပေါ်ပုံ ဤသို့လျှင် " ဒွါရခြောက်ဖုံ၊ အာရုံခြောက်တန်၊ ဝိဉာဏ်ခြောက်ဝ၊ ဖဿခြောက်ဖြာ၊ ဝေဒနာ ခြောက်ပါး ဤ တရားတို့သည် လောဘ ဒေါသ စသော မီးတို့ဖြင့် တဟုန်းဟုန်း တောက်လောင်နေကြသည် " ဟုရှုမြင်တတ်သော သူအား ထိုမျက်စိစသော တရားတို့၌ ငြီးငွေ့သောဉာဏ် ဖြစ်ပေါ်၏၊ ငြီးငွေ့လျှင် တပ်မက်ခြင်း ကင်းလျက် အာသဝေါတို့မှ လွတ်မြောက်လေတော့၏၊ ကိလေသာမှ လွတ်မြောက်လျှင် " လွတ်မြောက်ပြီ " ဟု ဆင်ခြင်ဉာဏ် ဖြစ်ပေါ်၏၊ " ဘဝသစ် ဖြစ်မှုကုန်ပြီ၊ ဆင်းရဲငြိမ်းပြီ " ဟုလည်း ဆင်ခြင်လျက် သိ၏၊

ဤကား အာဒိတ္တပရိယာယသုတ်၏ အချုပ်သဘောတည်း။

မီး (၁၁) ပါး

လိုချင် တပ်မက်ခြင်း = ရာဂမီး
စိတ်ဆိုး စိတ်ပျက်ခြင်း = ဒေါသမီး
အမှန်အတိုင်းမသိခြင်း = မောဟမီး
ပဋိသန္ဓေနေရခြင်း = ဇာတိမီး
အိုရခြင်း = ဇရာမီး
သေရခြင်း = မရဏမီး
စိုးရိမ်ပူဆွေးရခြင်း = သောကမီး
ငိုကြွေးရခြင်း = ပရိဒေဝမီး
ကိုယ်ဆင်းရဲရခြင်း = ဒုက္ခမီး
စိတ်ဆင်းရဲရခြင်း = ဒေါမနဿမီး
ပြင်းစွာပူပန်ရခြင်း = ဥပါယာသမီး

တရားဂုဏ်တော် ၆ ပါး

သွာက္ခာတော ဘဂဝတာဓမ္မော
သန္ဒိဋ္ဌိကော
အကာလိကော
ဧဟိ ပဿိကော
ဩပနေယျိကော
ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ

၁။ ဘဂဝတာ ဓမ္မော = ရှင်တော်မြတ်ဘုရား ဟောမိန့်ကြားသည့် မဂ်လေးပါးဖိုလ်လေးပါး နိဗ္ဗာန် ပရိယတ်အားဖြင့် ဆယ်ပါးသော တရားတော်မြတ်သည်၊ သွာက္ခာတော = နာစဉ်ချမ်းသာ ကျင့်ချမ်းသာ၍ ချမ်းသာမြတ်မှန် အေးနိဗ္ဗာန်ဟု သုံးတန်ကောင်းခြင်း ပြည့်စုံလျင်းအောင် ရှင်းလင်းဟောကြားတော်မူအပ်သော တရားတော်မြတ်ပါပေတည်း။

၂။ ဘဂဝတာ ဓမ္မော = ရှင်တော်မြတ်ဘုရား ဟောမိန့်ကြားသည့် လောကုတ္တရာကိုးပါး မြတ်တရားသည်၊ သန္ဒိဋ္ဌိကော = သူများပြောကြား စကားနှင့်မျှ မယုံရပဲ ကျနကိုယ်တိုင် သိမြင်နိုင်သော တရားတော်မြတ်ပါပေတည်း။

၃။ ဘဂဝတာ ဓမ္မော = ရှင်တော်မြတ်ဘုရား ဟောမိန့်ကြားသည့် မဂ်လေးပါး တရားတော်မြတ်သည်၊ အကာလိကော = အချိန်မလင့် မဖင့်မနှေး ချက်ချင်း အကျိုးပေးသော တရားတော်မြတ်ပါပေတည်း။

၄။ ဘဂဝတာ ဓမ္မော = ရှင်တော်မြတ်ဘုရား ဟောမိန့်ကြားသည့် လောကုတ္တရာကိုးပါး မြတ်တရားသည်၊ ဧဟိ ပဿိကော = လာခဲ့စမ်းပါ၊ ရှုစမ်းပါ ဟု ဝမ်းသာ ရွှင်လှိုက် ဖိတ်ခေါ်ထိုက်သော တရားတော်မြတ်ပါပေတည်း။

၅။ ဘဂဝတာ ဓမ္မော = ရှင်တော်မြတ်ဘုရား ဟောမိန့်ကြားသည့် လောကုတ္တရာကိုးပါး မြတ်တရားသည်၊ ဩပနေယျိကော = အဝတ် ဥသျှောင် မီးလောင်သော်လည်း မသတ်ပဲနှင့် စိတ်ထဲရောက်အောင် ကပ်ဆောင်ထိုက်သော တရားတော်မြတ်ပါပေတည်း။

၆။ ဘဂဝတာ ဓမ္မော = ရှင်တော်မြတ်ဘုရား ဟောမိန့်ကြားသည့် လောကုတ္တရာကိုးပါးမြတ်တရားသည်၊ ဝိညူဟိ = သစ္စာ သိမြင် ပညာရှင်ရှစ်ပါး အရိယာများသည် သာလျှင် ပစ္စတ္တံဝေဒိတဗ္ဗော = ကိုယ်စီ ကိုယ်ငှ သိရ ခံစားရသော တရားတော်မြတ်ပါပေတည်း။

ဤသို့လျှင် သွာက္ခာတ စသား ဂုဏ်ခြောက်ပါးနှင့် ထူးခြားကုန်လုံ ပြည့်စုံတော်မူသော တရားတော်မြတ်ကို တပည့်တော်သည် ကြည်ညိုမြတ်နိုး လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ အရှင်ဘုရား။

သံဃ = အရိယာပုဂ္ဂိုလ်အပေါင်း

ဘဂဝတော သာဝက သံဃော = ရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရား၏ တပည့်သားမော် အရိယာသံဃာတော်သည်-

၁။ သုပ္ပဋိပန္နော = ကိလေသာကင်းကြောင်း ကောင်းစွာ ကျင့်ကြံတော် မူပါပေ၏၊

၂။ ဥဇုပ္ပဋိပန္နော = သာဌေမာယာ ကင်းစင်ကွာ၍ ဖြောင့်စွာ ကျင့်ကြံတော် မူပါပေ၏၊

၃။ ဉာယပ္ပဋိပန္နော = နိဗ္ဗာန်အကျိုး မျှော်ကိုး ရည်သန် ကျင့်ကြံတော် မူပါပေ၏၊

၄။ သာမိစိပ္ပဋိပန္နော = မဂ္ဂင်ရှစ်ရပ် အကျင့်မြတ်ကြောင့် တုပ်ဝပ်ရိုသေ လျော်ကန်အောင် ကျင့်ကြံတော်မူပါပေ၏၊

ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ ဧသဘဂဝတော သာဝကသံဃော = အစုံလေးပါး သီးခြားရှစ်ဖော် မြတ်ဘုရား၏ တပည့်သားမော် အရိယာသံဃာတော်သည်-

၅။ အာဟုနေယျော = အဝေးမှ ဆောင်ယူ ပစ္စည်းကိုမူလည်း ပေးလှူခြင်းငှာ ထိုက်တော်မူပါပေ၏၊

၆။ ပါဟုနေယျော = ဧည့်သည်ဖို့ရာ ရည်ကာစောင်ထား ပစ္စည်းများပင် စိတ်ထားစင်ဖြူ ပေးလှူခြင်းငှာ ထိုက်တော်မူပါပေ၏၊

၇။ ဒက္ခိနေယျော = တမလွန်စခန်း ကောင်းဖို့မှန်း၍ လှူဒါန်းခြင်းငှာ ထိုက်တော် မူပါပေ၏၊

၈။ အဉ္စလီကရဏီယော = ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးခြင်းငှာ ထိုက်တော် မူပါပေ၏၊

၉။ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ = နတ် လူ အများ ကောင်းမှုပွါးဖို့ ကြဲထားပျိုးချ တုမရသည့် ကောင်းလှ လယ်မြေ ယာမြေပမာ ဖြစ်တော်မူပါပေ၏၊

ဥပါသကာ တပည့် ဗုဒ္ဓရှင်တော်မြတ်ဘုရားသည် ဘုရားအဖြစ်ရောက်တော်မူပြီးနောက် ခုနစ်သတ္တာဟမြောက်တွင် မြတ်စွာဘုရားနှင့် မြတ်စွာဘုရား၏ တရားတော်ကို ယုံကြည်ဆည်းကပ်သော တပုဿ နှင့် ဘလ္လိက တို့ကို ဥါသကာ တပည့်သာဝက အဖြစ် ပထမဆုံး လက်ခံတော်မူရ၏၊ ထိုအချိန်တွင် တပည့်သံဃာ မပေါ်ပေါက်သေးပေ။ ထို့ကြောင့်ပင် တပုဿ နှင့် ဘလ္လိက တို့သည် ဘုရားနှင့် တရားကိုသာ ယုံကြည်ဆည်းကပ်ကြရသော ဒွေဝါစိက သရဏဂုံတည်သူ ဥပါသကာများ ဖြစ်ကြရ၏၊

ဝါဆိုလပြည့်နေ့၌ ဓမ္မစကြာတရားတော်ကို ဟောကြားတော်မူပြီးသောအခါ သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရ၍ အရိယာပုဂ္ဂိုလ် ဖြစ်သွားသော အရှင် ကောဏ္ဍညက ရဟန်း အဖြစ်ကို လျှောက်ထားတောင်းပန်၍ ဧဟိဘိက္ခု ရဟန်းအဖြစ်ကို ရမှပင် ဗုဒ္ဓသာသနာတော်၌ အစဦးဆုံး သံဃာတော် ပေါ်ပေါက်လာ၏၊ ထိုအချိန်၌ ဗုဒ္ဓမြတ်စွာ ဘုရားအဖြစ်ကို ရောက်တော်မူသည်မှာ နှစ်လပင် ကြာခဲ့ပြီ။ အရှင်ကောဏ္ဍညကား သံဃာ၏ အမွန်အစပေတည်း။

အရိယာသံဃာ ပရမတ္တသံဃာ သံဃာ ဆိုသည်မှာ အသိအမြင်ချင်း သီလချင်း တူညီကြသော ပုဂ္ဂိုလ် အပေါင်းကို ခေါ်ဝေါ်ခြင်း ဖြစ်၏၊ ဤ အနက်အဓိပ္ပာယ်အရ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရပြီးသော အရိယာပုဂ္ဂိုလ် ကိုသာလျှင် " သံဃာ " ဟု မုချအားဖြင့် ခေါ်ဝေါ်ရ၏၊ အဘယ်ကြောင့်ဆိုသော် အရိယာပုဂ္ဂိုလ်များ သည်သာလျှင် အချင်းချင်း မဂ်အသိအမြင်၊ ဖိုလ်အသိအမြင်၊ ပစ္စဝေက္ခဏာ အသိအမြင်ဟူသော အသိအမြင် (= သမ္မာဒိဋ္ဌိမဂ္ဂင်) အားဖြင့်လည်းကောင်း၊ အရိယကန္တသီလ ပြည့်စုံ စင်ကြယ်မှုအားဖြင့်လည်းကောင်း မျက်မှောက်မျက်ကွယ် အမြဲတစေ တူညီကြ၍ ပုထုဇဉ်များမှာကား ထိုကဲ့သို့ မတူညီနိုင်ကြသောကြောင့် ဖြစ်ပေသည်။

ပုထုဇဉ်သံဃာ သမ္မုတိသံဃာ သို့သော် မဂ်ဖိုလ် ရရေးအတွက် သီလ၊ သမာဓိ၊ ပညာ အကျင့်တိုံကို စွမ်းနိုင်သမျှ ကျင့်ကြံ အားထုတ် နေကြသော ပုထုဇဉ်ရဟန်းတော်တို့ကိုလည်း အရိယာသံဃာတော်၏ အနွယ်ဝင်ဖြစ်၍ သံဃာတော်ဟု ခေါ်ဝေါ်ကြရ အသိအမှတ်ပြုကြရ၏၊ ထို့ကြောင့်ပင် အရိယာ ရဟန်းတော်များကို ပရမတ္ထသံဃာ ဟု ခေါ်ဝေါ် သုံးနှုန်းကြ၍ ပုထုဇဉ် ရဟန်းတော်များကို သမ္မုတိသံဃာ (သမုတ်ထား အသိအမှတ်ပြုထားသော သံဃာ) ဟု ခေါ်ဝေါ် သုံးနှုန်းကြ၏၊

အရိယာသံဃာတော် ရှစ်ယောက် အရိယာသံဃာသည် သောတာပတ္တိမဂ်ပုဂ္ဂိုလ်သကဒါဂါမိ မဂ်ပုဂ္ဂိုလ်အနာဂါမိ မဂ်ပုဂ္ဂိုလ်အရဟတ္တမဂ် ပုဂ္ဂိုလ်အားဖြင့် မဂ်ပုဂ္ဂိုလ်လေးယောက်။ သောတာပတ္တိဖိုလ် ပုဂ္ဂိုလ်သကဒါဂါမိ ဖိုလ်ပုဂ္ဂိုလ်အရဟတ္တဖိုလ် ပုဂ္ဂိုလ်အားဖြင့် ဖိုလ်ပုဂ္ဂိုလ်လေးယောက်။ ဤသို့ အရိယာရှစ်ဖော် သံဃာတော်ကို ဗုဒ္ဓဘာသာဝင်များ အားကိုးရာ ကိုးကွယ်ရာအဖြစ် ယုံကြည်ဆည်းကပ်ခွင့် ရကြ၏၊

မြတ်စွာဘုရားလက်ထက်တော်က သံဃာတော်များ

အရှင်ကောဏ္ဍည အလောင်းအလျာသည် ပဒုမုတ္တရ မြတ်စွာဘုရား လက်ထက်တော်၌ ဟံသာဝတီ ပြည်ဝယ် သဌေးမျိုး၌ဖြစ်၍ တနေ့တွင် မြတ်စွာဘုရားက ရဟန်းတော်တပါးကို ရှေးဦးစွာ တရားရသော အရာ၌ ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှင့်သည်ကို တွေ့မြင်ရသဖြင့် အားကျကာ မြတ်စွာဘုရားနှင့်တကွ သံဃာတော်များအား ခုနစ်ရက်ပတ်လုံးယာဂုဆွမ်းနှင့် တိစီဝရိတ်သင်္ကန်း လှူဒါန်းပြီးလျှင် " နောင်တဆူဆူသော ဘုရားရှင်အထံတော်၌ ထိုရဟန်းကဲ့သို့ ရှေးဦးစွာ တရားရမှုတွင် ဧတဒဂ် ရပါလို၏ " ဟု ဆုတောင်းခဲ့၏၊

ကောက်ဦး အလှူ
ဝိပဿီ မြတ်စွာဘုရား လက်ထက်၌လည်း မဟာကာဠ သူကြွယ် ဖြစ်လာ၍ ကောက်စပါး တကြိမ်စိုက်ပျိုးလျှင် စပါးနှံ ဖုံးတုန်းလုံးတုန်း အချိန်မှစ၍ ကျီတွင်းသို့ သွင်းသည်အထိ အချိန်အတွင်း၌ အဖုံးအလုံးဝတ်ဆံဦးအလှူ၊ မုန့်ဆန်းဦးအလှူ လှူလေ့ရှိ၏၊ ယင်းသို့ လှူပြီးလျှင် ကောက်ဦးလှူခြင်းကြောင့် သူတပါးတို့ထက် ရှေးဦးစွာတရားရလိုကြောင်း ဆုတောင်းလေ့ရှိ၏၊

ဗေဒင်ပါရဂူ
ဤသို့ ကောင်းမှု ကုသိုလ်များကို ပြုရင်း လူ့ပြည်၊ နတ်ပြည်တို့၌ ကျင်လည်ပြီးနောက် ဂေါတမ ရှင်တော်မြတ်ဘုရား လက်ထက်တော်တွင် ဗေဒင်အရာပါရဂူရောက် တတ်မြောက် ကျွမ်းကျင်သော ကောဏ္ဍည ပုဏ္ဏားဖြစ်လာ၏၊ ဖွားခါစ ဘုရားလောင်း သိဒ္ဓတ္ထ မင်းသားကလေးကို " ဘုရားစင်စစ် ဧကန်ဖြစ်မည် " ဟု တခွန်းတည်း အတပ်ဟောခဲ့၏၊

ရသေ့ပြု
သိဒ္ဓတ္ထ ဘုရားလောင်း တောထွက်သောအခါ ဘုရားလောင်းအား ဗေဒင်ဟောဖက် ဖြစ်သော ကွယ်လွန်သွားကြပြီ ဖြစ်ကြသည့် ပုဏ္ဏားလေးယောက်၏ သားလေးယောက်ကို အတူခေါ်၍ ရသေ့ပြုပြီးလျှင် ဥရုဝေလတော၌ ဘုရားလောင်း တရားကျင့်နေစဉ် ဘုရားဖြစ်လျှင် တရားဦးနာရန် စောင့်ယင်း ဝတ်ကြီးဝတ်ငယ် ပြုနေခဲ့၏၊ သူတို့ကို ပဉ္စဝဂ္ဂီငါးဦးဟု ခေါ်ကြ၏၊

အစာမစားပဲ ပြင်းပြင်းထန်ထန် ကျင့်နေသော ဘုရားလောင်းသည် လက်ရှိကျင့်နေဆဲ ဒုက္ကရစရိယာအကျင့် မှားမှန်း သိသဖြင့် အစာအာဟာရကို ပြန်၍ မှီဝဲသောအခါ သိဒ္ဓတ္ထ ဘုရားဖြစ်မည် မဟုတ်တော့ဟု အတွေးချော်ကာ ဘုရားလောင်းထံမှ ခွာသွားပြီးလျှင် ဣသိပတန မိဂဒါဝုန်တော၌ အဖော်ရသေ့ လေးဦးနှင်အတူ သွားရောက်နေထိုင်ကြ၏၊

ဧတဒဂ်ရ
မြတ်စွာဘုရား မိဂဒါဝုန်သို့ ကြွ၍ ဓမ္မစကြာတရားဟောပြတော်မူသောအခါ ရှေးဦးစွာ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရ၍ နောင်သောအခါ ရှင်တော်မြတ်ဘုရားက ရှေးဦးတရားရမှုတွင် ဧတဒဂ် ဘွဲ့ထူးကို ချီးမြှင့် ပေးအပ်တော်မူသည်။

အရှင်သာရိပုတ္တရာ
အရှင်သာရိပုတ္တရာ အလောင်းအလျာသည် အနောမဒဿီ မြတ်စွာဘုရား လက်ထက်တော်၌ သူကြွယ်မျိုးမှ ပစ္စည်းဥစ္စာတို့ကို စွန့်လှူ၍ တောထွက်ကာ ရသေ့ပြုနေ၏၊ သူ၏ အမည်ကား သရဘ ရသေ့တည်း။ အနောမဒဿီ မြတ်စွာဘုရား သူ၏ အထံသို့ ကြွလာသောအခါ သူ၏ တပည့် ရသေ့များနှင့်အတူ အမျိုးမျိုးသော သစ်သီးများနှင့် ပန်းအခင်းများကို လှူကြ၏၊ အနောမဒဿီ မြတ်စွာဘုရားက နိသဘ မထေရ်ကို လက်ယာတော်ရံ အဂ္ဂသာဝက အရာ၌ ထားတော်မူသည်ကို သရဘ ရသေ့ အားကျ၍လက်ယာတော်ရံ အဂ္ဂသာဝက ဆုကို တောင်းခဲ့၏၊

ဥပတိဿ
ထိုဘဝမှစ၍ ကောင်းမှု အမျိုးမျိုးတို့ကို ပြုယင်း လူ့ပြည် နတ်ပြည် ကျင်လည်နေခဲ့ရာမှ ဂေါတမ မြတ်စွာဘုရား ပွင့်တော်မူသောအခါ ရာဇဂြိုဟ် ပြည်နှင့် မဝေးလှသော နာလန္ဒမြို့၏ အနီးမှ သပတိဿရွာ တွင် သာရီပုဏ္ဏေးမ၏သား ဖြစ်လာ၏၊ ဥပတိဿ ဟု အမည်တွင်၏၊ သူသည် ပွဲလမ်းသဘင် ကြည့်ရှုရာမှ သံဝေဂ ဉာဏ်ဖြစ်ပေါ်လာ၍ ဝဋ်ဆင်းရဲမှ လွတ်ရေးအတွက် ဆရာရှာရာ သိဉ္စည်း ဆရာကြီးနှင့် တွေ့၍ သူ့ထံ၌ တပည့်ခံလျက် နေခဲ့၏၊

တရားရ
တနေ့တွင် မြတ်စွာဘုရား၏ ပဉ္စဝဂ္ဂီ တပည့်တဦးဖြစ်သော အရှင်အဿဇိ ရာဇဂြိုဟ်မြို့တွင်း ဆွမ်းခံနေသည်ကို တွေ့မြင်ရာ ဣန္ဒြေသိက္ခာ အမူအရာ အသွင်အပြင်ကို ကြည့်၍ တရားထူးရှိသူဟု အကဲခတ်မိသဖြင့် အကျိုးအကြောင်းမေးမြန်းကြည့်လေ၏၊ အရှင်အဿဇိ က ဂေါတမ မြတ်စွာဘုရား၏ တပည့်ဖြစ်ကြောင်း၊ မြတ်စွာဘုရား၏ဝါဒမှာ " လောကကြီးသည် ကြောင်းကျိုးဖြစ်စဉ်မျှသာ ဖြစ်သည် " ဟူသော ဝါဒဖြစ်ကြောင်း ဟောပြရာ ဥပတိဿ တရားသဘောပေါက်ကာ သောတာပန် ဖြစ်သွား၏၊

ရဟန္တာဖြစ်
မကြာမီပင် မိတ်ဆွေဖြစ်သူ ကောလိတနှင့် တပည့်များကိုခေါ်ကာ ဝေဠုဝန် ကျောင်းတော်သို့သွား၍ မြတ်စွာဘုရားအား ရဟန်းပြုပေးပါရန် လျှောက်ထားသဖြင့် ဧဟိဘိက္ခု ရဟန်းအဖြစ်ကို ရလေ၏၊ ရဟန်းဖြစ်ပြီးနောက် အထက်မဂ်ဖိုလ်များအတွက် သူကရခတ ခေါ်သည့် ဝက်တူးလိုဏ် ၌ တရားအားထုတ်ရာ တူဖြစ်သူ ဒီဃနခ ပရဗိုဇ်အား မြတ်စွာဘုရားဟောကြားသော ဝေဒနာပရိဂ္ဂဟိတ တရားကို ကြားနာရ၍ (ရဟန်းဖြစ် အပြီး ၁၅ ရက် အကြာတွင်) အထက်မဂ် ၃ ခု၊ ဖိုလ် ၃ ခုတို့ကို ရပြီးလျှင် ရဟန္တာ ဖြစ်လေ၏၊

ဧတဒဂ်ရ
အရှင်မောဂ္ဂလ္လာန် အလောင်းအလျာသည် အနောမဒဿီ မြတ်စွာဘုရား လက်ထက်တော်၌ သရဘ ရသေ့ (အရှင်သာရိပုတ္တရာ အလောင်း) ၏မိတ်ဆွေရင်း သိရီဝဍ္ဎန သူဌေးဖြစ်လာ၏၊ သရဘ ရသေ့၏ တိုက်တွန်းချက်ကို နှစ်ခြိုက်သဘောကျ၍ အနောမဒဿီ မြတ်စွာဘုရားကို သံဃာတော်များနှင့်တကွ ခုနစ်ရက်ပတ်လုံး ဆွမ်းခဲဖွယ် ဘောဇဉ်များ၊ အဝတ်သင်္ကန်းများကို မြောက်များစွာ လှူဒါန်းပြီးလျှင် ဒုတိယ အဂ္ဂသာဝကဆုကို တောင်းခဲ့၏၊

ကောလိတ
ထိုအချိန်မှစ၍ လူ့ပြည် နတ်ပြည် ကျင်လည်နေခဲ့ပြီးနောက် ဂေါတမမြတ်စွာဘုရား ပွင့်တော်မူသောအခါ ကောလိတ ရွာတွင် ကြွယ်ဝသော မောဂ္ဂလိပုဏ္ဏေးမကြီး၏ သား ကောလိတ ဖြစ်လာ၏၊ ဥပတိဿ နှင့် အလွန်ခင်မင်သော မိတ်ဆွေရင်းများ ဖြစ်ကြ၍ သွားအတူ လာအတူ စားအတူ နေကြ၏၊ ဥပတိဿ ကဲ့သို့ပင် ပွဲကြည့်ယင်း သံဝေဂဉာဏ် ဖြစ်ပေါ်၍ ဥပတိဿနှင့်အတူ သိဉ္စည်းဆရာကြီးထံ တပည့်ခံ၍ နေခဲ့၏၊

တရားရ
ဥပတိဿ သည် ရာဇဂြိုဟ် မြို့တွင်း၌ အရှင်အဿဇိနှင့်တွေ့၍ တရားထူးရပြီးနောက် သိဉ္စည်း ကြီး၏ကျောင်းအရာမ်သို့ ပြန်လာပြီးလျှင် မိတ်ဆွေ ကောလိတအား မိမိသိခဲ့ရသော တရားထူးကို ပြန်လည်ဟောပြရာ ကောလိတလည်း သောတာပန် ဖြစ်သွား၏၊

ရဟန္တာဖြစ်
ထို့နောက် မကြာမီပင် တပည့်တို့ကိုခေါ်ကာ သူငယ်ချင်း နှစ်ယောက် မြတ်စွာဘုရား အထံတော်သို့သွားရောက်၍ ရဟန်းပြုကြပြီးလျှင် အရှင်မောဂ္ဂလ္လာန်သည် မဂဓ တိုင်းအတွင်းရှိ ကလ္လဝါလပုတ္တရွာ အနီးတောထဲ၌ အထက်မဂ်ဉာဏ်များအတွက် အားထုတ်ရာ စင်္ကြံအလျှောက်များ၍ ခုနစ်ရက်မြောက်၌ ထိနမိဒ္ဓ ဖိစီးနှိပ်စက်သဖြင့် ငိုက်မျဉ်းလျက် နေ၏၊ သူ၏ အခြေအနေကို မြတ်စွာဘုရား သိတော်မူ၍ ကြွရောက်ကာ အငိုက်ဖြေတရား ပစလာယမာနသုတ် ကိုဟောကြားမှပင် အငိုက်ပြေကာ တရား အဆင့်ဆင့် တက်၍ ရဟန္တာ ဖြစ်သွား၏၊

ဧတဒဂ်ရ
နောင်သောအခါ အရှင် မောဂ္ဂလ္လာန် ဟူသောဘွဲ့တော်ဖြင့် အလွန်ထင်ရှားသော လက်ဝဲတော်ရံ အဂ္ဂသာဝက ဖြစ်လာပြီးလျှင် တန်ခိုးအရာ၌ ဧတဒဂ် ရတော်မူ၏၊

အရှင်အာနန္ဒာ
အရှင် အာနန္ဒာ ၏ အလောင်းအလျာသည် ပဒုမုတ္တရ ဘုရားရှင် လက်ထက်တော်၌ နန္ဒ မင်းကြီး၏ သားတော်ဖြစ်၍ မြတ်စွာဘုရား၏ အလုပ်အကျွေးဖြစ်သော သုမနထေရ် ကို အားကျကာ မြတ်စွာဘုရားနှင့် သံဃာတော်များကို မိမိ၏သစ်တပ်၌ ဆွမ်းဆက်ကပ် လှူဒါန်း၏၊ ထိုမျှနှင့် အားမရသေးပဲ မိမိနေရာမြို့သို့ ပင့်ဆောင်၍ တသိန်းတန် ဥယျာဉ်တော်အတွင်း၌ တသိန်းတန် ကျောင်းကြီးကိုဆောက်လုပ် လှူဒါန်း၏၊ မြတ်စွာဘုရားနှင့် သံဃာတော်များကို သူမတူသော အလှူကြီး ပေးလှူ၍ တဝါတွင်းလုံးလည်း ပစ္စည်းလေးပါးဖြင့် လုပ်ကျွေး ပြုစု လှူဒါန်း၏၊

ဝါကျွတ်ခါနီး
ခုနစ်ရက်ပတ်လုံးလည်း အကြီးအကျယ် အလှူကြီး ပေးလှူပြန်၏၊ ခုနစ်ရက်မြောက်သောနေ့၌ မြတ်စွာဘုရားနှင့် သံဃာတော်များအား တိစီဝရိက် သင်္ကန်းများကို လှူဒါန်းပြီးလျင် " တပည့်တော် ပြုပြုသမျှ ကုသိုလ် အစုစုကြောင့် တဆူဆူသော ဘုရားရှင်၏ အထံ၌ အရှင် သုမနထေရ် ကဲ့သို့ ရင်းနှီးကျွမ်းဝင်သော အလုပ်အကျွေး မထေရ် ဖြစ်ရပါလို၏ " ဟု ဆုတောင်းခဲ့၏၊

ထိုအချိန်မှ စ၍ လူ့ရပ်နတ်ရွာ ကြိမ်ဖန်များစွာ ကျင်လည်ပြီးနောက် ဂေါတမ မြတ်စွာဘုရား လက်ထက်တော်တွင် ကပ္ပိလဝက် ပြည်၌ အမိတ္တောဒန သာကီဝင်မင်း၏ သားဖြစ်လာ၍ အာနန္ဒာ ဟု အမည်တွင်၏၊ မြတ်စွာဘုရား ပထမဆုံးအကြိမ် ကပ္ပိလဝက် သို့ ကြွတော်မူသောအခါ၌ မြတ်စွာဘုရားကို သာကီဝင်မင်းမျိုး ရဟန်းတော်များ ခြံရံနိုင်ရန် ရဟန်းပြုကြသော ဘဒ္ဒိယ၊ ဒေဝဒတ္တ၊ ကိမိလ၊ ဘဂု၊ အနုရုဒ္ဓ တို့နှင့်အတူ မြတ်စွာဘုရား အထံ၌ ရဟန်းပြုပြီးနောက် မန္တာဏီပုဏ္ဏေးမ၏ သား အရှင်ပုဏ္ဏ ထေရ်၏ တရားကို ကြားနာရ၍ သောတာပတ္တိမဂ်ဉာဏ်ကို ရတော်မူ၏၊

အလုပ်အကျွေး
မြတ်စွာဘုရား ဝါတော် နှစ်ဆယ်ကျော်တွင် အလုပ်အကျွေး ရဟန်းတော် ရွေးချယ်တော်မူသောအခါ အရှင် အာနန္ဒာ အရွေးခံရ၏၊ အရှင် အာနန္ဒာသည် မြတ်စွာဘုရားကို နေ့ည မပြတ် ဝတ္တရား မချွတ်ယွင်းရအောင် သဒ္ဓါ မေတ္တာ စေတနာ အရင်းခံ၍ ပြုစုလုပ်ကျွေး၏၊

ပထမ သံဂါယနာ
သို့သောလည်း မြတ်စွာဘုရား ဝါတော် ၄၅ ဝါရ၍ ပရိနိဗ္ဗာန် စံတော်မူပြီးသည်အထိ အရှင် အာနန္ဒာ အထက် မဂ်ဖိုလ်များကို မရသေး။ ပရိနိဗ္ဗာန် စံတော်မူပြီး ၃ လ အကြာ အရှင် မဟာကဿပ ဦးဆောင်၍ ပထမ သံဂါယနာ တင်ဖို့ စီစဉ်ကြသည့် အခါ သံဂါယနာ အကြိုနေ့ညကျမှသာ အထက်မဂ် အားလုံးကို ရ၍ ရဟန္တာ ဖြစ်သွား၏၊

ရဟန္တာဖြစ်ပုံထူးဆန်း
အရှင် အာနန္ဒာ အထက်မဂ်ဖိုလ်များကို ရပုံမှာလည်း အံ့ဘနန်း ဖြစ်၏၊ အရှင်မြတ်သည် စင်္ကြံလျှောက်လျက် ညောင်စောင်းပေါ်၌ ထိုင်ရာမှရှုမှတ်မှုဖြင့်ပင် ခေါင်းအုံးပေါ်သို့ တဖြည်းဖြည်း လှဲချလိုက်ရာ မြေကြီး၌ ထိထားသောခြေ မြေမှ ကြွခါစ ခေါင်းအုံးသို့ဦးခေါင်းတော် မကျမီ အထက် မဂ်သုံးဆင့် ဖိုလ်သုံးဆင့်ကိုရတော် မူလေသည်။ ထို့ကြောင့် သွား ရပ် ထိုင် လျောင်း ဣရိယာပုထ် လေးပါးမှ လွတ်လျက် ရဟန္တာ ဖြစ်သည်မှာ အရှင် အာနန္ဒာ တပါးတည်းသာဖြစ်ကြောင်း သိမှတ်ကြရ၏၊

ဧတဒဂ်ရ
နောင်သောအခါ မြတ်စွာဘုရားက အရှင်အာနန္ဒာအား အလုပ်အကျွေးဧတဒဂ် ဘွဲ့ထူးအပြင် သတိမန္တ၊ ဂတိမန္တ၊ ဗဟုဿုတ ဧတဒဂ် ဘွဲ့ထူးများဖြင့်လည်း ချီးမြှင့်တော်မူ၏၊

မြတ်စွာဘုရား လက်ထက်တော်၌ အရိယာသံဃာတော်ပေါင်း မြောက်မြားစွာ ရှိသော်လည်း ဤ အရှင်မြတ်ကြီး လေးပါး၏ အကြောင်းအရာ အကျဉ်းချုပ်ကိုသာ သံဃာတော်၏ သဘာဝကို သိသာရုံမျှ ဖော်ပြပါသည်။

သံဃာ့ဂုဏ်တော် ၉ ပါး

သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော
ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော
ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော
သာမိစိပ္ပဋိပန္နော ဘဂဝတော သာဝက သံဃော
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌပုရိသပုဂ္ဂလာ
ဧသ ဘဂဝတော သာဝကသံဃော
အာဟုနေယျော
ပါဟုနေယျော
ဒက္ခိဏေယျော
အဉ္စလီကရဏီယော
အနုတ္တရံ ပုညက္ခေတ္တံ လောကဿ။

ဘဂဝတော သာဝက သံဃော = ရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရား၏ တပည့်သားမော် အရိယာသံဃာတော်သည်-

၁။ သုပ္ပဋိပန္နော = ကိလေသာကင်းကြောင်း ကောင်းစွာ ကျင့်ကြံတော် မူပါပေ၏၊

၂။ ဥဇုပ္ပဋိပန္နော = သာဌေမာယာ ကင်းစင်ကွာ၍ ဖြောင့်စွာ ကျင့်ကြံတော် မူပါပေ၏၊

၃။ ဉာယပ္ပဋိပန္နော = နိဗ္ဗာန်အကျိုး မျှော်ကိုး ရည်သန် ကျင့်ကြံတော် မူပါပေ၏၊

၄။ သာမိစိပ္ပဋိပန္နော = မဂ္ဂင်ရှစ်ရပ် အကျင့်မြတ်ကြောင့် တုပ်ဝပ်ရိုသေ လျော်ကန်အောင် ကျင့်ကြံတော်မူပါပေ၏၊

ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ ဧသဘဂဝတော သာဝကသံဃော = အစုံလေးပါး သီးခြားရှစ်ဖော် မြတ်ဘုရား၏ တပည့်သားမော် အရိယာသံဃာတော်သည်-

၅။ အာဟုနေယျော = အဝေးမှ ဆောင်ယူ ပစ္စည်းကိုမူလည်း ပေးလှူခြင်းငှာ ထိုက်တော်မူပါပေ၏၊

၆။ ပါဟုနေယျော = ဧည့်သည်ဖို့ရာ ရည်ကာစောင်ထား ပစ္စည်းများပင် စိတ်ထားစင်ဖြူ ပေးလှူခြင်းငှာ ထိုက်တော်မူပါပေ၏၊

၇။ ဒက္ခိဏေယျော = တမလွန်စခန်း ကောင်းဖို့မှန်း၍ လှူဒါန်းခြင်းငှာ ထိုက်တော် မူပါပေ၏၊

၈။ အဉ္စလီကရဏီယော = ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးခြင်းငှာ ထိုက်တော် မူပါပေ၏၊

၉။ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ = နတ် လူ အများ ကောင်းမှုပွါးဖို့ ကြဲထားပျိုးချ တုမရသည့် ကောင်းလှ လယ်မြေ ယာမြေပမာ ဖြစ်တော်မူပါပေ၏၊

ဤသို့လျှင် သုပ္ပဋိပန္န စသည်အပြား ဂုဏ်ကိုးပါးနှင့် ထူးခြားကုံလုံ ပြည့်စုံတော်မူသော အရိယာရှစ်ဖော် သံဃာတော်ကို တပည့်တော်သည် ကြည်ညိုမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား။

သရဏဂုံ

သရဏဂုံ တည်သူသည် ဗုဒ္ဓဘာသာဝင်၊ ဗုဒ္ဓသာသနာဝင် ဖြစ်သည်။

ပါဠိဘာသာ သရဏဂမနကို မြန်မာလို သရဏဂုံ ဟုခေါ်သည်။

သရဏ = ကိုးကွယ်ရာ၊ အားကိုးရာ၊ အားထားရာ။

ဂမန = ယုံကြည်ဆည်းကပ်ခြင်း။

မြတ်စွာဘုရားသည် အားကိုးရာ သရဏ

မြတ်စွာဘုရား၏ တရားတော်သည် အားကိုးရာ သရဏ

သံဃာတော် အပေါင်းသည် အားကိုးရာ သရဏ

လူတို့ အားကိုးရာ ဟူ၍ ယုံကြည် ဆည်းကပ်ခြင်းသည် ဂမန = ဂုံ

ထို့ကြောင့် ဘုရား၊ တရား၊ သံဃာ၊ ရတနာ သုံးပါးကို အားကိုးရာ ဟူ၍ ယုံကြည် ဆည်းကပ်ခြင်းကို သရဏ ဂမန = သရဏဂုံ သုံးပါး ဟု ခေါ်သည်။

မြတ်စွာဘုရားကို အားကိုးရာ ဟူ၍ ယုံကြည် ဆည်းကပ်လျှင် ဗုဒ္ဓသရဏဂုံ တည်သည်။

မြတ်စွာဘုရား၏ တရားတော်ကို အားကိုးရာ ဟူ၍ ယုံကြည် ဆည်းကပ်လျှင် ဓမ္မသရဏဂုံ တည်သည်။

သံဃာတော် အပေါင်းကို အားကိုးရာဟူ၍ ယုံကြည်ဆည်းကပ်လျှင် သံဃသရဏဂုံ တည်သည်။

သရဏဂုံ တည်သူသည် ဗုဒ္ဓဘာသာဝင်၊ ဗုဒ္ဓသာသနာဝင် ဖြစ်သည်။

ဆောင်ပုဒ်
ရတနာသုံးဖြာ၊ အားကိုးရာဟု၊ ဆည်းကပ်ပြု၊ ခေါ်မှု သရဏဂုံ။
သရဏဂုံ သုံးပါး၊ တည်သူများ၊ ရငြား ချမ်းသာစုံ။

ရှိခိုးတိုင်း သရဏဂုံ မဖြစ်
မည်သည့် ပုဂ္ဂိုလ်ကို မဆို ရှိခိုးတိုင်း သရဏဂုံ မဖြစ်၊ ယုံကြည်ဆည်းကပ်မှု မဟုတ်။ သီလ သမာဓိ ပညာ ကိုယ်ကျင့်တရားတို့နှင့် ပြည့်စုံ၍ မြင့်မြတ်သော ပုဂ္ဂိုလ်အဖြစ်ဖြင့် ရှိခိုးမှသာ သရဏဂုံ ဖြစ်သည်။ ယုံကြည် ဆည်းကပ်မှု ဖြစ်သည်။

ဆွေမျိုးဖြစ်၍ ရှိခိုးခြင်း
ကြောက်၍ ရှိခိုးခြင်း
ဆရာဖြစ်၍ ရှိခိုးခြင်း

ဤ ရှိခိုးခြင်းများသည် သရဏဂုံ မဖြစ်။ မြတ်စွာဘုရားကိုပင် ဆွေမျိုးဖြစ်၍ ရှိခိုးလျှင် သရဏဂုံ မဖြစ်ပေ။

(ဒီ၊ဋ္ဌ၊၁၊၂၀၇)

ဆောင်ပုဒ်
ဆွေမျိုးအဖြစ်၊ ရှိခိုးလစ်၊ မဖြစ် သရဏဂုံ။
ကြောက်ရသူအဖြစ်၊ ရှိခိုးလစ်၊ မဖြစ် သရဏဂုံ။
ဆရာအဖြစ်၊ ရှိခိုးလစ်၊ မဖြစ် သရဏဂုံ။
ပုဂ္ဂိုလ်မြတ်ဟူ၊ ရှိခိုးမူ၊ ရယူ သရဏဂုံ။
သရဏဂုံ တည်က၊ ပါယ်လေးဝ၊ လားရ မရှိကုန်။

ရှိခိုးသောလည်း သရဏဂုံမပျက်
ရတနာသုံးပါးကို ယုံကြည်ဆည်းကပ်သဖြင့် သရဏဂုံတည်နေသော ဗုဒ္ဓဘာသာဝင် တယောက်သည် တခြားဘာသာမှ ဘုရား ဆိုသူများ၊ ဘုန်းကြီး ဆိုသူများကို ဆွေမျိုးဖြစ်ခြင်း၊ ဆရာဖြစ်ခြင်းကြောင့် ရှိခိုးသော်လည်း တည်ပြီးသားသရဏဂုံ မပျက်။ မြင့်မြတ်သောပုဂ္ဂိုလ်ဟု ယူဆ၍ ရှိခိုးမှသာ သရဏဂုံ ပျက်သည်။ (ဒီ-ဋ္ဌ ၁၊ ၂၀၇)

သရဏဂုံ ညစ်နွမ်းခြင်း ၄ မျိုး
ရတနာသုံးပါး၏ ဂုဏ်ကို မသိလျှင် ဖြစ်စေ
အသိမှားလျှင် ဖြစ်စေ
ယုံမှား သံသယ ရှိလျှင် ဖြစ်စေ
ရတနာ သုံးပါးကို မရိုသေလျှင် ဖြစ်စေ သရဏဂုံ ညစ်နွမ်း၏၊ သရဏဂုံ ညစ်နွမ်းလျှင် ကြီးကျယ် ဖွံ့ဖြိုးသော ကောင်းကျိုးကို မရနိုင်ပေ။ (ခုဒ္ဒကပါဋ္ဌ-ဋ္ဌ၊ ၇)

ဆောင်ပုဒ်
ဘာသာတပါး၊ ကိုးကွယ်ငြား၊ ပျက်ပြား သရဏဂုံ။
သေဆုံးလေငြား၊ ထိုသူအား၊ ပျက်ပြား သရဏဂုံ။

သရဏဂုံ မတည်နိုင်သူ
သရဏဂုံ တည်နေသူသည် တခြားဘာသာကို ပြောင်းလဲ ကိုးကွယ်မှုမပြုသမျှ မသေမချင်း သူ့ သန္တာန်၌ သရဏဂုံ တည်နေ၏၊ သေလျှင်ကား သရဏဂုံ ပျက်သွားပေပြီ။ သေပြီးနောက် စိတ်မရှိတော့သော ဥတုဇ ရုပ်အလောင်း၌မူ သရဏဂုံ မတည်နိုင်ပေ။ စိတ်သည်လည်း ဥတုဇ ရုပ်ကြွင်းအနီး၌ မရှိတော့ပဲ နောက် တဘဝ၌ ဖြစ်ပျက် အစဉ်အတိုင်း ဖြစ်လျက် နေလေပြီ။

သရဏဂုံ ၂ မျိုး
ပုထုဇဉ် ပုဂ္ဂိုလ်တို့၏ သန္တာန်၌ ယုံကြည်ဆည်းကပ်မှုဖြင့် တည်သော လောကီသရဏဂုံ၊ အရိယာတို့၏ သန္တာန်၌ မဂ်ဉာဏ်နှင့် အတူတကွဖြစ်သည်လာသော လောကုတ္တရာ သရဏဂုံ ဟု ၂ မျိုး ရှိ၏၊ လောကီ သရဏဂုံသည် ညစ်လည်း ညစ်နွမ်း နိုင်၏၊ ပျက်လည်း ပျက်စီးနိုင်၏၊ လောကုတ္တရာ သရဏဂုံ သည် ညစ်လည်း မညစ်နွမ်း၊ ပျက်လည်း မပျက်စီးပေ။ (ခုဒ္ဒကပါဋ္ဌ-ဋ္ဌ၊ ၇)

သရဏဂုံ အကျိုး
သရဏဂုံ တည်လျှင် ဘဝကောင်း ဘဝမွန်တွေကို ရခြင်း၊ စည်းစိမ် ဥစ္စာပြည့်စုံခြင်းမှ စ၍ ဆင်းရဲခပ်သိမ်း ငြိမ်းသည်အထိ ကောင်းကျိုးချမ်းသာကို ရရှိနိုင်၏၊

နတ်ဖြစ်ရသော တံငါသည်
ရှေးက သီဟိုဠ်ကျွန်း၌ မဓုအင်္ဂဏ ရွာတွင် တမီလ် လူမျိုး တံငါသည် တယောက် ရှိ၏၊ သူသည် နှစ်ပေါင်း ငါးဆယ်တိုင်တိုင် တံငါလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြီးနောက် အိုမင်းမစွမ်း ဖြစ်သောအခါ ရောဂါ နှိပ်စက်၍ အိပ်ရာထက်၌ လဲလျောင်း နေရ၏၊

ရဟန်းတော်တပါးသည် ထို တံငါသည်နှင့် သိကျွမ်းသဖြင့် သေခါနီး တံငါသည်မှာ အနည်းငယ် မျှပင် ထောက်တည်ရာ ရစေတော့ ဆိုသော သဘောဖြင့် သူ့အိမ်သို့ ကြွသွား၏၊ အိမ်သို့ ရောက်သောအခါ လူမမာ တံငါသည်ကို သရဏဂုံ ဆောက်တည် စေ၏၊ တံငါသည်သည် သေဘေးကို ကြောက်သဖြင့် သရဏဂုံကို လိုလိုလားလား ခံယူ ဆောက်တည်၏၊ ရဟန်းတော်က ဆက်လက်၍ ငါးပါးသီလ တိုင်ပေးသောအခါ လူမမာမှာ မေးခိုင်သွား၍ လိုက်မဆိုနိုင်တော့ပေ။

ရဟန်းတော်က သင့်လောက်ပြီဟု ဆိုကာ ကျောင်းသို့ ပြန်ကြွသွား၏၊ မကြာမီပင် တံငါသည် ကွယ်လွန်၍ စတုမဟာရာဇ် နတ်ပြည်၌ နတ်စည်းစိမ်ချမ်းသာကို ခံစားရ၏၊

ဤတံငါသည် နှစ်ပေါင်းငါးဆယ် ပြုလုပ်ခဲ့သော ပါဏာတိပါတ (အာစိဏ္ဏကံ) အကုသိုလ်ကို သေခါနီးမှ ပြုရသော (အာသန္နကံ) သရဏဂုံ ကုသိုလ်က တားမြစ်လိုက်ကာ ကောင်းကျိုးချမ်းသာကို ပေးခြင်းဖြစ်သည်။ (အံ-ဋ္ဌ ၂၊ ၁၀၇)

၇ နှစ်သား ရဟန်းကလေး
ဝိပဿီ မြတ်စွာဘုရား လက်ထက်တော်အခါက ဆင်းရဲသော သူငယ်တယောက်သည် မျက်မမြင် မိဘ နှစ်ပါးကို ရိုသေစွာလုပ်ကျွေး ပြုစုလျက် နေ၏၊ ဆင်းရဲလှသဖြင့် ဒါန စသော ကုသိုလ်များကို မပြုနိုင်ပဲ အဂ္ဂသာဝက တပါး ဖြစ်သော နိသဘမထေရ် ထံ၌ သရဏဂုံကိုသာ ခံယူဆောက်တည်လျက် အသက်ထက်ဆုံး နေထိုင်ခဲ့၏၊ ထိုသူငယ် ကွယ်လွန်သောအခါ နတ်ပြည်၌ ဖြစ်ရ၏၊

နောက်နောက် ဘဝများတွင်လည်း လူ့ချမ်းသာ၊ နတ်ချမ်းသာ တို့ကိုသာ လှည့်လည် ခံစားပြီးနောက် ဂေါတမ မြတ်စွာဘုရား ပွင့်တော်မူသော အခါ၌ သာဝတ္ထိပြည်တွင် သဌေးသား ဖြစ်လာ၏၊ ပါရမီဓာတ်ခံ ပြည့်သူဖြစ်၍ အဖော်ကလေးများနှင့်အတူ ဇေတဝန် ကျောင်းတော်သို့ သွားရခြင်းကို အလွန် နှစ်သက်၏၊

ရဟန္တာဖြစ်ပြီ
တနေ့တွင် ဇေတဝန်ကျောင်းတော်သို့ သွားကြရာ ရဟန်းတော်တပါးက ကလေးများကို သရဏဂုံ ခံယူဆောက်တည် စေ၏၊ သရဏဂုံ ဆောက်တည်ပြီးနောက် အဆိုပါ ကလေးငယ်သည် ရှေးဘဝက မိမိ တသက်လုံး သရဏဂုံ တည်ခဲ့သည်ကို ပြန်လည် သတိရ ဆင်ခြင်မိ၍ နှစ်သက်ဝမ်းမြောက်ခြင်း ပီတိတွေ အတိုင်းမသိ ဖြစ်ပေါ်လေ၏၊ ထိုပီတိကို ဝိပဿနာ ရှုသောအခါ ခဏချင်းပင် ဝိပဿနာ ဉာဏ်တွေ ရင့်ကျက်၍ အရဟတ္တ မဂ်ဉာဏ်၊ အရဟတ္တ ဖိုလ်ဉာဏ်အထိ ရရှိပြီးလျှင် ရဟန္တာ အဖြစ်သို့ ရောက်ကာ ကိလေသာဆင်းရဲ လုံးဝ ငြိမ်းစဲ လေတော့၏၊ (အပ-ဋ္ဌ ၂၊ ၃၉)

သာသနာတော်၌ အသက် ၂၀ ပြည့်မှ ရဟန်းပြုခွင့် ရှိသော်လည်း ဤ ရဟန္တာကလေးကိုမူ မြတ်စွာဘုရားသည် အသက် ၇ နှစ်မှာပင် ရဟန်း ပြုပေးလေသည်။

သရဏဂုံတည်ခြင်း၏ အကျိုးတရားကား ကြီးမားလှ၏၊

သရဏဂုံ အမှားများ
ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးမှ တပါး တခြားတရား တခြား အရာကို မိမိတို့ ဆင်းရဲကို ငြိမ်းပေးနိုင်သည်ဟု ထင်မှတ်ကာ အားကိုးရာ အနေဖြင့် ယုံကြည် ဆည်းကပ် ကိုးကွယ်လျှင် မှားယွင်းသော ယုံကြည် အားကိုးမှု၊ မှားယွင်းသော ကိုကွယ်မှုသာ ဖြစ်၏၊ အဘယ်ကြောင့်ဆိုသော် ထိုတရား ထိုအရာတို့၌ ဆင်းရဲငြိမ်းကြောင်း အကျင့်ကောင်း အကျင့်မှန် မရှိကြသောကြောင့်ပင်။

မြတ်စွာဘုရား လက်ထက်တော် အခါက အဂ္ဂိဒတ္တ ရသေ့ကြီးနှင့် တပည့် တသောင်းတို့သည် သစ်ပင်၊ တော၊ တောင်၊ သစ်သီး ဥယျာဉ်၊ ပန်း ဥယျာဉ်၊ နတ်ကွန်းတွေကို ကိုးကွယ်နေကြ၏၊

မြတ်စွာဘုရားက သူတို့ ကိုးကွယ်နေကြသည်မှာ မှားယွင်းသော ကိုးကွယ်မှုတွေ ဖြစ်ကြောင်း၊ ဆင်းရဲကို မငြိမ်းစေနိုင်ကြောင်း၊ ရတနာသုံးပါးကို ယုံကြည် ကိုးကွယ်မှသာလျှင် အမှန်တရား လေးပါးကို သိ၍ ဆင်းရဲငြိမ်းစေနိုင်ကြောင်း ဟောကြားလျက် လမ်းမှန်ကို ပြပေးရ၏၊ ထိုအခါမှ ပင် အဂ္ဂိဒတ္တနှင့် တပည့်အားလုံး အသိမှန် အမြင်မှန် ရကာ ရဟန္တာ ဖြစ်သွားကြ၏၊ (ဓမ္မ-ဋ္ဌ ၂၊ ၁၅၉)

အမှားအမှန် ဝေဖန်နည်း
မြတ်စွာဘုရား သက်တော် ၈၀ ပြည့်သည့်ည ပရိနိဗ္ဗာန် စံခါနီး၌ ကုသိနာရုံပြည် အင်ကြင်းဥယျာဉ်ကြီး အတွင်းဝယ် သုဘဒ္ဒပရိဗိုဇ် အား အောက်ပါ သဘောတရားကို ဟောကြားတော် မူခဲ့၏၊

မဂ္ဂင်ရှစ်ပါး ကျင့်စဉ်ပါသော ဘာသာအယူဝါဒ သည်သာလျှင် ကိလေသာကို ငြိမ်းစေ၏၊ ကိလေသာ ငြိမ်းမှ ဆင်းရဲငြိမ်း၏၊ ဆင်းရဲငြိမ်းမှ မှန်ကန်သော ဘာသာအယူဝါဒ၊ မှန်ကန်သော ကိုးကွယ်ရာ ဖြစ်၏၊

မဂ္ဂင်ရှစ်ပါး ကျင့်စဉ်မပါသော ဘာသာအယူဝါဒသည် ကိလေသာကို မငြိမ်းစေနိုင်။ ထို့ကြေင့် ဆင်းရဲကို မငြိမ်းနိုင်သဖြင့် မှန်ကန်သော ဘာသာ အယူဝါဒ မဟုတ်၊ မှန်ကန်သော ကိုးကွယ်ရာ မဟုတ်။

ထို့ကြောင့် မဂ္ဂင်ရှစ်ပါးကို အားထားကိုးကွယ်ရာ သရဏ = ဘာသာအယူဝါဒ မှန် မမှန် ခွဲခြား ဝေဖန်ရန် ဘာသာရေးစံ၊ သာသနာရေး မှတ်ကျောက် အဖြစ် မှတ်ယူ သင့်ပေသည်။

အကျင့်လမ်းမှန် မဂ္ဂင်ရှစ်တန်

ပညာမဂ္ဂင် ၂ ပါး
o သမ္မာဒိဋ္ဌိ = မှန်စွာ သိမြင်မှု
o သမ္မာသင်္ကပ္ပ = မှန်စွာ ကြံစည်မှု

သီလမဂ္ဂင် ၃ ပါး
o သမ္မာဝါစာ = မှန်စွာ ပြောဆိုမှု
o သမ္မာကမ္မန္တ = မှန်စွာ ပြုလုပ်မှု
o သမ္မာအာဇီဝ = မှန်စွာ အသက်မွေးမှု

သမာဓိမဂ္ဂင် ၃ ပါး
o သမ္မာဝါယာမ = မှန်စွာ ကြိုးစားအားထုတ်မှု
o သမ္မာသတိ = မှန်စွာ သတိရမှု
o သမ္မာသမာဓိ = မှန်စွာ စူးစိုက်တည်ငြိမ်မှု

ဆောင်ပုဒ်
ရွေးချယ်ကြ
ဘာသာဝါဒ၊ ရွေးချယ်ကြ၊ မှန်မှ ကျိုးများသည်။
အယူဝါဒ၊ မှားယွင်းက၊ မုချ ကျိုးနည်းမည်။
အမှား အမှန်၊ ရွေးချယ်ရန်၊ စံမှန် ရှိရမည်။
မှတ်ကျောက်မှာတင်၊ စံမှာယှဉ်၊ ရွေးလျှင် မမှားပြီ။

မှတ်ကျောက်နှင့် စံ
မဂ္ဂင်ရှစ်တန်၊ စံကောင်းမှန်၊ တင်ရန် မှတ်ကျောက် ဖြစ်ပေသည်။
ရှစ်ဖြာမဂ္ဂင်၊ ဘောင်မဝင်၊ ကျင့်စဉ် မှားလှသည်။
ရှစ်ဖြာမဂ္ဂင်၊ ဘောင်၌ဝင်၊ ကျင့်စဉ် မှန်လှသည်။
ကျင့်စဉ် မှန်မှ၊ ယူဝါဒ၊ ဒုက္ခ ငြိမ်းစေသည်။
ဒုက္ခ ငြိမ်းမှ၊ ထိုဝါဒ၊ မုချ စစ်မှန်သည်။

ဆင်းရဲ ငြိမ်းသူနှင့် မငြိမ်းသူ
မဂ္ဂင်ရှစ်ထွေ၊ ကျင့်သူတွေ၊ ကိလေ ငြိမ်းကြသည်။
ကိလေ ငြိမ်းမှ၊ ဝဋ်ဒုက္ခ၊ မုချ ငြိမ်းပေသည်။
မဂ္ဂင်ရှစ်ထွေ၊ မကျင့်ပေ၊ ကိလေ မငြိမ်းပြီ။
ကိလေ မငြိမ်း၊ ဆင်းရဲကိန်း၊ အေးငြိမ်းချမ်းသာ မရှိပြီ။
ချမ်းသာမဆောင်၊ တရားယောင်၊ ဝေးအောင် ရှောင်ရမည်။

စစ်မှန်သော ဘာသာဝါဒ
ဗုဒ္ဓသာသနာ၊ မဂ်ရှစ်ဖြာ၊ သေချာ ရှိပေသည်။
ရှစ်မဂ္ဂင်ပွါး၊ ကိလေများ၊ ငြိမ်းသွား ချမ်းသာသည်။
ထို့ကြောင့် ဗုဒ္ဓ၊ ယူဝါဒ၊ မုချ စစ်မှန်သည်။
ကြုံကြိုက်ခဲစွာ၊ သာသနာ၊ ကြုံလာ ရပေသည်။
ကြုံလာသော်လဲ၊ သင်ယူလွဲ၊ သင်ပဲ ဆင်းရဲမည်။
မလွဲစေချင်၊ ရှစ်မဂ္ဂင်၊ တွင်တွင် ပွါးရမည်။
မဂ္ဂင်ပွါးလျှင်၊ ကိလေစင်၊ ပြေးဝင် နိဗ္ဗာန်ပြည်။

မဂ္ဂင်ရှစ်ပါး
သိမှန် ကြံမှန်၊ ပြောပြု မှန်နှင့်၊ ကောင်းမှန် သက်မွေး၊ ဖြူစင်ဖွေး၍၊ မှန်ရေး ကြိုးစား၊ မှန်ငြားသတိ၊ သမာဓိဟု၊ ဤသည့် ရှစ်ဖြာ၊ ကျင့်စဉ်ပါမူ၊ ဘာသာဝါဒ၊ ဝဋ်ဒုက္ခ၊ မုချ ငြိမ်းစေသည်။

ဥပါသကာ ဥပါသိကာ
စစ်မှန်သော အားကိုးရာ ကိုးကွယ်ရာ ဖြစ်သည့် ရတနာသုံးပါးကို ယုံကြည် ဆည်းကပ်သော အမျိုးသားကို ဥပါသကာ၊ အမျိုးသမီးကို ဥပါသိကာ ဟု ခေါ်သည်။

ဥပါသကာ = ရတနာသုံးပါးကို ယုံကြည် ဆည်းကပ်သူ အမျိုးသား။
ဥပါသိကာ = ရတနာသုံးပါးကို ယုံကြည် ဆည်းကပ်သူ အမျိုးသမီး။

ဆောင်ပုဒ်
ရတနာသုံးရပ်၊ မြဲဆည်းကပ်မူ၊ ထိုသည့်သူ၊ မှတ်ယူ ဥပါသကာ။

ဥပါသကာ၏ သီလ
ဥပါသကာ ဥပါသိကာ တို့သည် (၁) လက်နက်၊ (၂) လူ၊ (၃) သားငါး၊ (၄) အရက်သေစာ၊ (၅) အဆိပ် တို့ကို ရောင်းဝယ် ကုန်သွယ်ခြင်း မပြုရ။ ဤငါးမျိုးကို မိစ္ဆာဝဏိဇ္ဇာ = အပြစ် မကင်းသော ကုန်သွယ်မှု ဟု ခေါ်သည်။

မိစ္ဆာဝဏိဇ္ဇာနှင့် ကာယ ဒုစရိုက် ၃ ပါး၊ ဝစီ ဒုစရိုက် ၄ ပါးကို ရှောင်ကြဉ်၍ အသက် မွေးဝမ်းကျောင်း ပြုလျှင် ဥပါသက အာဇီဝ ပြည့်စုံ စင်ကြယ်တော့သည်။

သီလ

ကိုယ်ကျင့် သီလ
ကိုယ် အပြုအမူ အပြစ်ကင်းအောင်၊ နှုတ် အပြောအဆို အပြစ်ကင်းအောင် ကိုယ်နှင့် နှုတ် (ကာယကံနှင့် ဝစီကံ) ကို စောင့်စည်း ထိန်းသိမ်းခြင်းကို သီလ ဟု ခေါ်သည်။ သီလ ဆိုသည်မှာ ကိုယ်ကျင့် တရား၊ ကိုယ်ကျင့်တရားနှင့် သီလ အဓိပ္ပါယ် တူသည်။

ကိုယ် အပြုအမူ၊ နှုတ် အပြောအဆို အပြစ်ကင်းလျှင် သီလစင်ကြယ်သည်။ ကိုယ်ကျင့် တရား ကောင်းသည်။

ကိုယ် အပြုအမူ၊ နှုတ် အပြောအဆို အပြစ်မကင်းလျှင် သီလ ပျက်စီးသည်။ ကိုယ်ကျင့်တရား ပျက်သည်။

အပြစ်ဆိုတာ ထိခိုက် နစ်နာမှုကို အပြစ် ဟု ခေါ်သည်။

၁။ မိမိကို ဖြစ်စေ၊ သူတပါးကို ဖြစ်စေ တဦးဦးကို ထိခိုက် နစ်နာစေသော အပြုအမူ အပြောအဆိုသည် အပြစ် ရှိသော အပြစ် မကင်းသော အပြုအမူ အပြောအဆို ဖြစ်သည်။

၂။ မိမိ သူတပါး နှစ်ဦးအနက် မည်သူ့ကိုမျှ မထိခိုက် မနစ်နာစေသော အပြုအမူ အပြောအဆိုသည် အပြစ် မရှိသော အပြစ်ကင်းသော အပြုအမူ အပြောအဆို ဖြစ်သည်။

အပြစ် ကင်းသော အမှုသည် ကုသိုလ်။

အပြစ် မကင်းသော အမှုသည် အကုသိုလ်။

လူယဉ်ကျေး အရက်သေစာ သောက်စားခြင်း၊ သတ်ဖြတ်ခြင်း၊ ညှင်းဆဲ နှိပ်စက်ခြင်း၊ ခိုးဝှက် လုယက် တိုက်ခိုက်ခြင်း၊ အပျော်အပါး လိုက်စားခြင်း၊ ကောက်ကျစ်စဉ်းလဲခြင်း၊ စကားမတည် လိမ်လည် လှည့်ဖျားခြင်း စသော အပြစ်မကင်းသည့် အကုသိုလ်အမှု ဒုစရိုက်တို့ကို မပြုလုပ် မပြောဆိုပဲ ကိုယ်နှင့် နှုတ်ကို စောင့်စည်း ထိန်းသိမ်းသူသည် ယဉ်ကျေးသိမ်မွေ့သူ ဖြစ်သည်။ လူအများ၏ ချစ်ခင်ခြင်း ရိုသေလေးစားခြင်းကို ခံရ၏၊

ဆောင်ပုဒ်

သီလဆိုတာ ကိုယ် နှုတ်များကို၊ ကောင်းစွာထားဖို့ စောင့်ရသလေ။

ကိုယ် နှုတ်လုံယင် လူယဉ်ကျေးကွယ့်၊ ကောင်းကျိုးပေးမြဲ အမှန်ပေ။

စိတ်ပါလုံယင် ပိုလို့ ကောင်းသကွယ့်၊ ကောင်းသတဲ့ ကောင်းအောင် ကြိုးစားလေ။

စိတ်ပါလုံအောင် ဘာဝနာပွါးဖို့၊ မြတ်ဘုရားက မိန့်ခဲ့ပေ။

ကိုယ် နှုတ်စိတ်ထား၊ ဤ သုံးပါး၊ လုံငြား ချမ်းသာပေ။

ကိုယ်ကျင့်သီလ ပျက်စီးလျှင် ကိုယ်ကျင့်တရား ပျက်ပြား၍ သီလ မစင်ကြယ်လျှင် အရုပ်ဆိုး အကျည်းတန်ခြင်း၊ ရဟန်း ရှင် လူ တို့၏ ကြည်ညို ချစ်ခင်မှုကို မခံယူ ရခြင်း၊ လာဘ်လာဘ ရှားပါးခြင်း၊ ကြည်ညိုသူ လှူဒါန်း ပူဇော်သူများမှာ အကျိုးရ နည်းခြင်း စသော မကောင်းကျိုးများကို ရစေသည်။

(ဓမ္မ-ဋ္ဌ ၁၊ ၁၇၆။ မ ၁၊ ၃၉)

ထို့ပြင်

စည်းစိမ်ဥစ္စာ ပျက်စီး ဆုံးရှုံးခြင်း၊
သတင်းဆိုးထွက် နာမည်ပျက်ခြင်း၊
လူသူ ပရိသတ် အလယ်သို့ မျက်နှာ ညှိုးငယ်စွာဝင်ရခြင်း၊
သတိ လွတ်ကင်းလျက် အော်ဟစ် ညည်းညူကာ သေရခြင်း၊
အပါယ် စသော ဘဝဆိုး၌ လားရောက်ရခြင်း၊ ဤဆိုးကျိုးများကိုလည်း ခံစားရသည်။ (အံ၊၂၊၂၂၁)

ကိုယ်ကျင့်သီလ ပြည့်စုံလျှင် ကိုယ်ကျင့်တရား ကောင်းမွန်၍ သီလ စင်ကြယ်လျှင် ရုပ်ဆင်းအင်္ဂါ ချောမော လှပခြင်း၊ ရဟန်း ရှင် လူ တို့၏ ကြည်ညိုချစ်ခင်မှုကို ခံယူရခြင်း၊ လာဘ်လာဘ ပေါများခြင်း၊ ကြည်ညိုလှူဒါန်း ပူဇော်သူများ အကျိုးကြီးမားခြင်း စသော အကျိုးတရားများကို ရရှိသည်။

(ဓမ္မ၊ဋ္ဌ၊၁၊၁၇၆။ မ၁၊၃၉)

ထို့ပြင်

စည်းစိမ်ဥစ္စာ ပေါများခြင်း၊
ကောင်းသတင်းထွက် နာမည် တက်ခြင်း၊
ပရိသတ် အလယ်သို့ မရှက်မရွံ့ ရဲဝံ့စွာ ဝင်နိုင်ခြင်း၊
သတိရှိလျက် မတွေမဝေ သေ ရခြင်း၊
သုဂတိ ဘဝသို့ လားရောက်ရခြင်း စသော အကျိုးတရားများကိုလည်း ခံစားရသည်။ (အံ၊၂၊၂၂၁)

ဆောင်ပုဒ်

သီလ ခေါ်ဆို၊ ကိုယ်ကျင့်တရား၊ စင်ကြယ်ငြားမူ စီးပွားတိုးလျက်၊ နာမည်တက်၍၊ ရွံ့ရှက်ကြောက်ကင်း၊ ပွဲလယ်ချဉ်း၏၊ သေခြင်း ဆိုက်လတ်၊ သတိကပ်လျက်၊ ရောက်လတ်နတ်ဝယ်၊ ဤ ငါးသွယ်၊ ရဖွယ် ကောင်းကျိုးတည်း။

ဟိရီ ဩတ္တပ္ပကြောင့် သီလ စင်ကြယ်သူ

လောကပါလ တရား အပြစ် မကင်းသော အမှု ပြုရမည်ကို ရှက်ခြင်း ဟိရီ၊ ကြောက်လန့်ခြင်း ဩတ္တပ္ပ တရား နှစ်ပါးသည် လောကကို စောင့်သော လောကပါလ တရားများ ဖြစ်ကြ၏၊ အရှက် အကြောက် ရှိသူသည် မကောင်းမှု အကုသိုလ်ကို မပြုမိအောင် ရှောင်ကြဉ်၏၊ လောကရှိ လူအားလုံး ဤ အရှက် အကြောက် တရား နှစ်ပါးရှိကြလျှင် မကောင်းမှု ပြုသောသူ မရှိသဖြင့် သတ္တဝါ အားလုံးချမ်းသာ ကြပေမည်။

ရှက်ကြောက်သူ
ရှေးက တက္ကသီလ ပြည်တွင် ပါမောက္ခ ဆရာကြီး တယောက်ထံ၌ တပည့် ငါးရာ ပညာ သင်ကြားနေကြ၏၊ ဆရာကြီးမှာ ရုပ်ချော လိမ်မာ ပညာတတ် သမီး တယောက်ရှိ၏၊ ဆရာကြီးသည် အရွယ်ရောက်နေပြီ ဖြစ်သော သမီးကို တပည့်များထဲမှ အသင့်တော်ဆုံးတပည့်နှင့် လက်ထပ် ပေးလို၏၊ ထို့ကြောင့် သမီး ဝတ်စားဆင်ယင်ဖို့ရာ အဝတ်အထည်နှင့် လက်ဝတ် လက်စားများ မိမိတို့အိမ်မှ မည်သူမျှ မသိအောင် ခိုးယူခဲ့ကြဖို့ တပည့် အားလုံးကို စေခိုင်း၏၊ အများဆုံး ယူဆောင်ခဲ့သော တပည့်ကို သမီးနှင့် လက်ထပ်ပေးမည် ဖြစ်ကြောင်း ပြောလိုက်၏၊

တပည့် တယောက်မှတပါး အားလုံးပင် ပစ္စည်း အမြောက်အမြား ခိုးယူခဲ့ကြ၏၊ ပစ္စည်း မယူဆောင်ခဲ့သော တပည့်အား ဆရာကြီးက အကြောင်းကို မေးရာ ထို တပည့်က " ဆရာကြီး၊ လောကမှာ မကောင်းမှုပြုဖို့ရာ လူ မသိနိုင်တဲ့ ဆိတ်ကွယ်ရာ နေရာ မရှိပါ၊ ကျွန်တော်က သိနေပါတယ်။ ဒါကြောင့် ဆိတ်ကွယ်ရာ ဆိုတာ မရှိပါ။ သိနေတဲ့ ကျွန်တော့်ကိုယ်ကို ကျွန်တော် ရှက်လှလို့ ခိုးမှုဆိုတဲ့ မကောင်းမှုကို မပြုဝံ့ပါ ဆရာကြီး " ဟု ရှင်းပြ၏၊ အရှက် အကြောက် တည်းဟူသော ဟိရီ ဩတ္တပ္ပ တရားများနှင့် ပြည့်စုံသည့် ဤ တပည့်ကို ဆရာကြီး နှစ်သက်လှ သဖြင့် သမီးချောနှင့် လက်ထပ် ပေးလိုက်၏၊ (ဇာ-ဋ္ဌ ၃၊ ၁၆)

သီလ၏ ကြောင်းကျိုး အဆက်ဆက်

ဘုရား၊ တရား၊ သံဃာ ရတနာ ၃ ပါးကို ယုံကြည်လျှင် ကောင်းသော အလုပ် (ကုသိုလ်) ကြောင့် ကောင်းကျိုး ရ၍ ဆိုးသော အလုပ် (အကုသိုလ်) ကြောင့် ဆိုးကျိုး ရသည် ဆိုသော ကြောင်းကျိုး သဘာဝ (ကံနှင့် ကံ၏ အကျိုး) ကို ယုံကြည် လက်ခံ၏၊ (ကမ္မသကတာ သမ္မာဒိဋ္ဌိ)

အလုပ်နှင့် အလုပ်ကြောင့် ရရှိသည့် အကျိုး (ကံနှင့် ကံ၏ အကျိုး) ကို ယုံကြည်လျှင် ဆိုးကျိုး ဆင်းရဲကျိုး ရမည်ကို ရှက်လည်း ရှက်၊ ကြောက်လည်း ကြောက်၏၊ (ဟိရီဩတ္တပ္ပ)

ထို အရှက် (ဟိရီ) နှင့် အကြောက် (ဩတ္တပ္ပ) ကြောင့်ပင် ဆိုးသော အလုပ် မကောင်းမှု အကုသိုလ်ကို ရှောင်ကြဉ်၏၊ မကောင်းမှုကို ရှောင်ကြဉ်လျှင် ကိုယ်ကျင့်သီလ ပြည့်စုံ လုံခြုံ၏၊ (သီလသံဝရ)

ကိုယ်ကျင့်သီလ လုံခြုံလျှင် မိမိ ကိုယ်ကျင့်တရားကို စဉ်းစားဆင်ခြင်မိတိုင်း စိတ်ကြည်လင် ရွှင်လန်း၏၊ (အဝိပ္ပဋိသာရ)

စိတ်ကြည်လင် ရွှင်လန်းလျှင် ဝမ်းမြောက်၏၊ (ပါမောဇ္ဇ)

ဝမ်းမြောက်လျှင် နှစ်သက် အားရ၏၊ (ပီတိ)

နှစ်သက် အားရလျှင် ကိုယ်ရော စိတ်ပါ ငြိမ်းအေး၏၊ (ပဿဒ္ဓိ)

ကိုယ်ရော စိတ်ပါ ငြိမ်းအေးလျှင် ကိုယ်စိတ်နှစ်ပါး ချမ်းသာ၏၊ (သုခ)

ကိုယ်စိတ်နှစ်ပါး ချမ်းသာသည့်အခါ တရား ရှုပွားလျှင် စိတ် တည်ငြိမ်မှု သမာဓိကို ရလွယ်၏၊ (သမာဓိ)

စိတ် တည်ငြိမ်လျှင် ရုပ် နာမ် အဖြစ်အပျက်ကို အမှန်အတိုင်း သိသော ဉာဏ်အမြင် (ဝိပဿနာ)၊ အရိယ သစ္စာ လေးပါးကို ထိုးထွင်းသိသော ဉာဏ်အမြင် (မဂ်ဖိုလ်) ကို လျင်မြန်စွာ ရ၏၊ (ယထာဘူတ ဉာဏဒဿန)

ဆောင်ပုဒ်

ကောင်းဆိုးနှစ်တန် ကံ တရားနှင့်၊ သုံးပါးရတနာ ယုံယင်လေ။

ဆိုးကံပြုရန် ရှက်ကြောက်များလို့၊ သီလတရား လုံခြုံပေ။

သီလလုံလျှင် ကြည်ရွှင်လန်းလို့၊ ဝမ်းသာအားရ နှစ်သက်ပေ။

နှစ်သက်သောအခါ ကိုယ်စိတ်ငြိမ်းလို့၊ ငြိမ်းအေး ချမ်းသာ ရသလေ။

ချမ်းသာလေဘိ၊ သမာဓိ၊ ရ၏ ဉာဏ်မြင်တွေ။

သီလစင်ကြယ်၍ ရဟန္တာဖြစ်သူ

လောကီရေး ရှုပ်ထွေး သာဝတ္ထိပြည်၌ အသပြာသန်းလေးရာချမ်းသာသော သန်းကြွယ် သဌေး ညီအစ်ကို နှစ်ယောက် ရှိ၏၊ ညီငယ်က အိမ်ထောင်ပြု၍ အစ်ကိုကြီးက အိမ်ထောင်မပြုပဲ ညီငယ်ကို စောင့်ရှောက်နေ၏၊ တနေ့တွင် ရှုပ်ထွေး ပွေလိမ်လှသော လောကီရေး ကိစ္စတွေကို အပြစ်မြင်ကာ ငြီးငွေ့လှသဖြင့် အစ်ကိုကြီးက ရဟန်း ပြုပြီးလျှင် တောရကျောင်း၌ တရား အားထုတ်နေ၏၊

ဝိသမလောဘကြောင့် အမှား အမှန်ကို မခွဲခြားနိုင်သော ခယ်မက ထို ရဟန်းတော် လူထွက်လာလျှင် အမွေခွဲပေးရမည်စိုးသောကြောင့် လူဆိုးများအား ငွေပေး၍ ရဟန်းတော်ကို အသက်ခိုင်း၏၊

လူဆိုးများသည် ရဟန်းတော်ရှိရာ တောသို့သွား၍ နေဝင် မိုးချုပ် အချိန်တွင် ရဟန်းတော်ကို သတ်ရန် ဖမ်းဆီးကြ၏၊ ရဟန်းတော်က တည တရား အားထုတ်ခွင့်ပြု၍ နံနက်လင်းမှသတ်ရန် တောင်းပန်၏၊ လူဆိုးများက မယုံကြည်ကြ။ ထွက်ပြေးလိမ့်မည်ဟု ထင်ကြ၏၊ ရဟန်းတော်က အနီးရှိ ကျောက်တုံးကြီး တခုကို ကောက်ယူကာ ပေါင် နှစ်ဘက်စလုံးကို ထုရိုက်၍ ချိုးပစ်လိုက်မှပင် လူဆိုးများ ယုံကြည်စိတ်ချကာ စင်္ကြံဦး၌ မီးဖို၍ အိပ်လျက် စောင့်နေကြတော့၏၊

သီလကို ဆင်ခြင် ရဟန်းတော်သည် ပေါင်ကျိုးသောဒဏ်ရာမှ နာကျင်သော ဝေဒနာကို ရှုမှတ်လျက် ခွာပြီးလျှင် ရဟန်း ဖြစ်သည်မှ စ၍ ပွတ်သစ်စ ခရုသင်းကဲ့သို့ဖြူစင်လှသော မိမိ၏ သီလကို ဆင်ခြင်မိသဖြင့် စိတ်ကြည်လင်ရွှင်လန်းကာ နှစ်သက် ဝမ်းမြောက်မှု ပီတိပါမောဇ္ဇတွေ တဖွားဖွား ဖြစ်ပေါ်လာ၏၊ ထို နှစ်သက် ဝမ်းမြောက် စိတ်တွေကို ရှုမှတ်ပြန်ရာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဉာဏ်တွေ ရှင်းလင်းပြတ်သားစွာ ဖြစ်ပေါ်လာပြီးနောက် မိုးသောက်ယံတွင် ကိလေသာ ကုန်ခန်း၍ ရဟန္တာ ဖြစ်သွား၏၊

ရဟန်းတော်၏ ဘွဲ့တော်မှာ အရှင်တိဿ ဖြစ်၏၊ ဤ အရှင်၏ ဖြစ်ရပ်ကို ကြည့်လျှင် သီလ စင်ကြယ်ခြင်းကြောင့် စိတ်ကြည်လင် ရွှင်လန်းရာမှ အကျိုးအဆက်ဆက် ဖြစ်ပေါ်ကာ အရဟတ္တဖိုလ် အထိ ရရှိသွားသည်ကို တွေ့ရ၏၊

လူတိုင်း ဆောက်တည်သင့်

ဤမျှ အကျိုးကြီးမားသော သီလကို လူတိုင်း ကြိုးစား၍ ဆောက်တည် စောင့်ထိန်းသင့်ပေသည်။

မိမိ ဘာသာလည်း ဆောက်တည်ကောင်း၏၊ ရဟန်းတော်တပါးပါးထံ၌လည်း ခံယူ ဆောက်တည်နိုင်၏၊ မိမိ ဘာသာဆောက်တည်လျှင် လေးနက်မှု ရိုသေမှု အားပျော့၍ စောင့်စည်းစိတ် အားနည်း၏၊ ရဟန်းတော် တပါးပါးထံ၌ ခံယူဆောက်တည်လျှင် လေးနက်မှု ရိုသေမှု အားကောင်း၍ စောင့်စည်းစိတ် ထက်သန်၏၊ အားကြီး၏၊

မဆောက်တည်လျှင်

အပြစ် မကင်းသော အလုပ်ကို မလုပ်ပဲ ရှောင်ကြဉ်ရာ၌ သီလ မဆောက်တည်ပဲလည်း ရှောင်ကြဉ်နိုင်၏၊ ထို့ကြောင့်ပင် တချို့က " တို့မကောင်းမှုတွေမှ မလုပ်ပဲ၊ သီလ ဆောက်တည်နေဖို့၊ ဥပုသ်စောင့်နေဖို့ မလိုပါဘူး " ဟု ယူဆ ပြောဆိုတတ်ကြ၏၊ ဤသို့ ယူဆ ပြောဆိုကြခြင်းမှာ မိမိ၏ ဟာကွက်ကို ဖာထေးလိုသောကြောင့် သော်လည်းကောင်း၊ လူ့စိတ် သဘာဝကို နားမလည်သောကြောင့် သော်လည်းကောင်း ဖြစ်ပေလိမ့်မည်။

ခြားနားချက်

လူ၏ စိတ်သဘာဝမှာ "မလုပ်ပါဘူး" ဟုနှုတ်က ထုတ်ဖော် ဝန်ခံထားသော အလုပ်တခုကို ကျူးလွန် ပြုလုပ်ရမည်ကို အလွန် ဝန်လေး၏၊ မလုပ်မိအောင် အတတ်နိုင်ဆုံး စောင့်စည်း ထိန်းသိမ်းလိုစိတ် ထက်သန်၏၊ နှုတ်က ထုတ်ဖော် ဝန်ခံမထားပဲ "မလုပ်ပါဘူး" ဟု စိတ်ဖြင့်သာ နှလုံးသွင်းထားရုံမျှ ဖြစ်လျှင် ပြုလုပ်ရမည်ကို ဝန်မလေးပေ။ ကျူးလွန်လိုစိတ် အနည်းငယ်ဖြစ်ရုံမျှနှင့်ပင် လွယ်လွယ်ဖြင့် ကျူးလွန် ပြုလုပ်တတ်ကြ၏၊

ထို့ကြောင့် သီလကို ဆောက်တည်၍ မကောင်းမှု မပြုမိအောင် စောင့်ထိန်းလျှင် စောင့်ထိန်းလိုစိတ် အားကောင်း၍ လွန်ကျူး ဖောက်ဖျက်ရန် ခဲယဉ်း၏၊ 'မကောင်းမှုကို မပြုလုပ်ခြင်းသာ ပဓာန' ဟု ယူဆကာ သီလကို မဆောက်တည်လျှင် စောင့်ထိန်းလိုစိတ် အားသေး၍ မကောင်းမှုကို ကျူးလွန်ရန် လွယ်ကူ၏၊

သီလ အမျိုးမျိုး

ရဟန်းတော်များမှာ ပါတိမောက္ခ သံဝရသီလ ခေါ်သော ဝိနည်း သီလများကို စောင့်ထိန်းရ၏၊ ရဟန်း ဖြစ်ပြီးလျှင်ပြီးချင်း အထူး ဆောက်တည်နေဖို့ မလိုပဲ ဆောက်တည်ပြီးသားဖြစ်သွားပြီးလျှင် စောင့်စည်း ထိန်းသိမ်းရန် တာဝန် အပြည့်ရှိလာတော့၏၊ ရှင်သာမဏေ များမှာ ၁၀ ပါး သီလကိုဆောက်တည် စောင့်ထိန်းကြရ၏၊

လူများမှာ ငါးပါး သီလ၊ ရှစ်ပါး သီလ၊ (ရှစ်ပါးတွင် မေတ္တာ စိတ်ထားကို ထည့်၍) ၉ ပါး သီလ၊ အာဇီဝဋ္ဌမက သီလများကို ဆောက်တည် စောင့်ထိန်းကြရ၏၊ စွမ်းနိုင်လျှင် ၁၀ ပါး သီလကိုလည်း စောင့်ထိန်းနိုင်၏၊ (ဝိသုဒ္ဓိ ၁၊ ၁၅။ ဣတိ ဋ္ဌ၊ ၁၉၄ စသည်)

ကဿပ ဘုရား လက်ထက်တော်အခါ၌ ဃဋိကာရ အိုးထိန်းသည်၊ ကိကီ မင်းကြီး၏ သမီး ၇ ယောက်၊ ဂေါတမ ဘုရားလက်ထက်တော် အခါ၌ ဟတ္ထက ဥပါသကာ၊ ဟတ္ထာဋ္ဌဝက ဥပါသကာ စသည်တို့ ၁၀ ပါး သီလကို အသက်ထက်ဆုံး ဆောက်တည် စောင့်ထိန်းကြကြောင်း ပါဠိ အဋ္ဌကထာကျမ်းဂန် တို့၌ လာ၏၊

သီလ ဆောက်တည်ပုံ

ကန်တော့ခန်း
သီဟိုဠ် (သီရိလင်္ကာ) နိုင်ငံမှ ဗုဒ္ဓဘာသာဝင်များ သီလ ဆောက်တည်သောအခါ နမောတဿ စသော ဘုရားရှိခိုးမှ စ၏၊ မြန်မာ ဗုဒ္ဓဘာသာဝင်တို့ကမူ ကန်တော့ခန်းမှ စတင်၏၊

ဩကာသ စသည်ဖြင့် ကန်တော့ခြင်း၊ အဟံ ဘန္တေ စသည်ဖြင့် သီလ တောင်းခြင်းများသည် သီလ ဆောက်တည်ရာ၌ မပါမဖြစ်သော လိုအပ်ချက်များကား မဟုတ်ပေ။

သို့သော် ယင်းတို့ ပါဝင်ခြင်းအားဖြင့် သီလကို ရိုသေလေးမြတ်သည့် စိတ်ထားများ တိုးပွားလာစေရန် ရှေးပညာရှင်များ စီစဉ်ထားခဲ့ဟန် တူပေသည်။

မဟာစည်ဩကာသ
ဩကာသ၊ ဩကာသ၊ ဩကာသ၊ ကာယကံ၊ ဝစီကံ၊ မနောကံ တည်းဟူသော၊ အပြစ် ခပ်သိမ်း၊ ပပျောက်ငြိမ်း၍၊ အသက်ရှည်စွာ၊ အနာမဲ့ရေး၊ ရန်ဘေး ကင်းကြောင်း၊ ကောင်းမှု မင်္ဂလာ၊ ဖြစ်ပါစေခြင်း အကျိုးငှာ၊ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ တည်းဟူသော၊ ရတနာ မြတ်သုံးပါး (ဆရာသမား) တို့ကို အရိုအသေ၊ လက်အုပ်မိုး၍၊ ရှိခိုးပူဇော်၊ ဖူးမြှော်မှန်လျှော့၊ ကန်တော့ပါ၏ (အရှင်ဘုရား။)

(ဆုပေးမည့် ပုဂ္ဂိုလ်ရှိလျှင် ဤတွင် ရပ်ပါ။ ဆုပေးမည့် ပုဂ္ဂိုလ် မရှိလျှင် အောက်ပါအတိုင်း ဆက်ဆုတောင်းပါ။)

ကန်တော့ရသော ကောင်းမှုကံ စေတနာ တို့ကြောင့် အပါယ် ၄ ပါး၊ ကပ် ၃ ပါး၊ ရပ်ပြစ် ၈ ပါး၊ ရန်သူမျိုး ၅ ပါး၊ ဝိပတ္တိတရား ၄ ပါး၊ ဗျသနတရား ၅ ပါး၊ အနာမျိုး ၉၆ ပါး၊ မိစ္ဆာဒိဋ္ဌိ ၆၂ ပါး တို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်သာ ဖြစ်၍၊ မဂ် တရား၊ ဖိုလ် တရား၊ နိဗ္ဗာန် တရားတော်မြတ်ကို လျင်မြန်စွာ ရပါလို၏ (အရှင်ဘုရား။)

ငါးပါး သီလ တောင်းရန်

အဟံ ဘန္တေ တိသရဏန သဟ ပဥ္ဒသီလံ ဓမ္မံ ယာစာမိ, အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

ဒုတိယမ္ပိ

အဟံ ဘန္တေ တိသရဏန သဟ ပဥ္ဒသီလံ ဓမ္မံ ယာစာမိ, အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

တတိယမ္ပိ

အဟံ ဘန္တေ တိသရဏန သဟ ပဥ္ဒသီလံ ဓမ္မံ ယာစာမိ, အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

[ အရှင်ဘုရား၊ တပည့်တော်သည် အားကိုးရာ သုံးပါးနှင့်တကွ ငါးပါး သီလကို တောင်းပါ၏၊ တပည့်တော်ကို ချီးမြှောက်သော အားဖြင့် ငါးပါး သီလ ပေးတော်မူပါဘုရား။ ]

(ယမဟံ ဝဒါမိ၊ တံ ဝဒေထ = ဘုန်းကြီးဆိုတာကို လိုက်ဆိုကြပါ။)

အာမ ဘန္တေ = မှန်ပါ ဘုရား။

ဘုရား ရှိခိုး

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္မုဒ္ဓဿ။

[ ပူဇော်အထူးကို ခံတော်မူထိုက်သော သိစရာ မှန်သမျှ တစ မကျန် သယမ္ဘူဉာဏ်ဖြင့် အမှန်အတိုင်း သိတော်မူသော ထို မြတ်စွာဘုရားအား ရှိခိုးပါ၏ ဘုရား။ ]

သရဏဂုံ ဆောက်တည်

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။

ဓမ္မံ သရဏံ ဂစ္ဆာမိ။

သံဃံ သရဏံ ဂစ္ဆာမိ။

ဒုတိယမ္မိ

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။

ဓမ္မံ သရဏံ ဂစ္ဆာမိ။

သံဃံ သရဏံ ဂစ္ဆာမိ။

တတိယမ္မိ

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။

ဓမ္မံ သရဏံ ဂစ္ဆာမိ။

သံဃံ သရဏံ ဂစ္ဆာမိ။

မြတ်စွာဘုရားကို အားကိုး ရာဟူ၍ ယုံကြည်ဆည်းကပ်ပါ၏ ဘုရား။

မြတ်စွာဘုရား၏ တရားတော်မြတ်ကို အားကိုးရာဟူ၍ ယုံကြည် ဆည်းကပ်ပါ၏ ဘုရား။

မြတ်စွာဘုရား၏ တပည့်သား သံဃာတော်မြတ်အပေါင်းကို အားကိုးရာဟူ၍ ယုံကြည် ဆည်းကပ်ပါ၏ ဘုရား။

(သရဏဂမနံ ပရိပုဏ္ဏံ = သရဏဂုံ ပြည့်စုံပါပြီ)

အာမ ဘန္တေ = မှန်ပါ ဘုရား။

သိက္ခာပုဒ် ဆောက်တည်ပုံ

၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

၁။ [ သတ္တဝါ၏ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏၊ ]

၂။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

၂။ [ သူတပါး၏ ပစ္စည်းကို မတရားယူခြင်းမှ ရှောင်ကြဉ်ပါ၏၊ ]

၃။ ကာမေသု မိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

၃။ [ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏၊ ]

၄။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

၄။ [ မမှန်သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏၊ ]

၅။ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

၅။ [ မူးယစ် မေ့လျော့စေတတ်သော အရက် သေစာ တို့ကို သောက်စားခြင်းမှ ရှောင်ကြည်ပါ၏၊ ]

[ တိသရဏေန သဟ ပဉ္စသီလံ သာဓုကံ သမာဒိယိတွာ အပ္ပမာဒေန သမ္ပာဒေထ။ ]

[ ဘုရား တရား သံဃာ တည်းဟူသော အားကိုးရာ ၃ ပါးနှင့်တကွ ငါးပါး သီလကို ရိုသေစွာ ခံယူ ဆောက်တည်ကြပြီး၍ မမေ့သော သတိဖြင့် ပြီးစီး ပြည့်စုံ လုံခြုံအောင် စောင့်ထိန်းကြပါလေ။ ]

အာမ ဘန္တေ = မှန်ပါ ဘုရား။

ပါဏာတိပါတ ကံ၏ ဆိုးကျိုးများ

သတ္တဝါကို ညှင်းဆဲနှိပ်စက်လျှင်၊ သတ်ဖြတ်လျှင်-
အသက်တိုခြင်း၊
အနာရောဂါ များခြင်း၊
အင်အား ဆုတ်ယုတ်ခြင်း၊
ကြောက်ရွံ့တတ်ခြင်း၊
စိုးရိမ် ပူဆွေးစိတ် များခြင်း၊
သူတပါး အနှိပ်စက် ခံရခြင်း၊
သူတပါး သတ်၍ သေရခြင်း၊
ကိုယ် လက် အင်္ဂါ ချို့တဲ့ခြင်း၊
ကိုယ်လုံး ကိုယ်ထည် အချိုးမကျခြင်း၊
ချစ်သူတို့နှင့် ကွဲကွာရခြင်း
စသော ဆိုးကျိုးများကို ရတတ်သည်။

သတ္တဝါကို မသတ်ဖြတ် မညှင်းဆဲပဲ မေတ္တာစိတ်ထားလျှင် ဤ ဆိုးကျိုးများမှ ပြောင်းပြန်ဖြစ်သော ကောင်းကျိုးများကို ရနိုင်၏၊

(ဣတိဝုတ်၊ဋ္ဌ၊၂၂၄)

ပါဏာတိပါတ ရှောင်ကြဉ်ကျိုးများ

သူ့သက် မသတ်၊ ရှောင်ကြဉ်လတ်မူ၊ မကပ်ရောဂါ၊ လွန်ကျန်းမာလျက်၊ ရှည်စွာအသက်၊ ကြောက်မဖက်ပဲ၊ စိတ်လက်ချမ်းသာ၊ ပူကင်းကွာ၍၊ အင်္ဂါပြည့်ဝ၊ အချိုးကျလျက်၊ လှပကိုယ်လက်၊ မနှိပ်စက်နိုင်၊ မသတ်နိုင်၊ မြဲခိုင်ကောင်းကျိုးတည်း။

အရှင်လတ်လတ် ပုပ်နေသော မထေရ်

သာဝတ္ထိပြည် ဇေတဝန် ကျောင်းဝင်း၏ အစွန်ကျသော ကျောင်း တကျောင်း၌ ရဟန်းတော် တပါးသည် ညောင်စောင်းပေါ်တွင် လူးလှိမ့်ယင်းဝေဒနာ အပြင်းအထန် ခံစားနေရ၏၊ ရဟန်း၏ ခန္ဓာကိုယ်တွင် ဆီးသီးခန့်၊ ဆီးဖြူသီးခန့်၊ ဥသျှစ်သီးခန့် ပမာဏရှိသော အနာလုံးကြီးများသည် သွေး တစိုစို ပြည် တရွှဲရွှဲဖြင့် တကိုယ်လုံးအပ်ချစရာ မကျန်အောင် အနှံ့အပြား ပေါက်လျက်ရှိ၏၊ ရဟန်းတော်၏ တကိုယ်လုံးကား ပုပ်စော် နံနေ၏၊ ပြုစုမည့်သူလည်း တဦးမျှ မရှိပေ။

လောကသုံးပါး၏ အားထားကိုးကွယ်ရာ ဖြစ်တော်မူသော မြတ်စွာဘုရားမှာမူ အနီးရှိ မီးတင်းကုတ် အတွင်း၌ ရေနွေးအိုးကို မီးဖိုပေါ်သို့ တင်ပြီးလျှင် ရေနွေးဆူရန် စောင့်ဆိုင်းလျက် နေတော်မူ၏၊

ပြုစုကြပြီ

ရေနွေးဆူသောအခါ မြတ်စွာဘုရားသည် ဂိလာန ရဟန်း ရှိရာသို့ ကြွတော်မူလာ၍ ညောင်စောင်းစွန်းကို ကိုင်တော်မူ၏၊ ထိုအခါမှ အခြား ရဟန်းများ ဝိုင်းအုံလာကြပြီးလျှင် ဂိလာန ရဟန်း၏ ကိုယ်မှ သင်္ကန်း တို့ကိုလျှော်ဖွပ် လဲလှယ်ပေးခြင်း၊ အနာလုံးကြီးများကို ဖန်ရည်ဖြင့် ဆေးကြော ပေးခြင်း၊ ဆေးထည့် ပေးခြင်း စသော သူနာပြု လုပ်ငန်းများကို လုပ်ဆောင် ပေးကြတော့သည်။ ထိုအခါမှ ဂိလာန ရဟန်းသည် သက်သာရာ ရကာ ငြိမ်သက်သော စိတ်ဖြင့် မှိန်းနေလေသည်။

ရှေးဘဝက ဆိုးခဲ့လို့

ဤရဟန်း ဘာကြောင့် ဤမျှ ဆိုးရွားသော ရောဂါ ဝေဒနာဆိုး ဆင်းရဲကျိုးကို ခံစားရသနည်း။ အကြောင်းရှိပါသည်။ လောက၌အကြောင်း မရှိပဲ ဘယ် အရာမျှ မဖြစ်ပေါ်ပေ။ ဤရဟန်းသည် ကဿပဘုရားရှင် လက်ထက်တော် အခါ၌ ငှက်မုဆိုး ဖြစ်ခဲ့ဖူးသည်။ ငှက် မျိုးစုံတို့ကို သတ်၍ ဘုရင်၏ စားတော်ပွဲ အတွက် ဆက်သ ရ၏၊ ကျန်သော ငှက်တို့ကို ရောင်း၏၊ ရောင်း၍ မကုန်သော ငှက် တို့ကို မပျံနိုင် မသွားနိုင်အောင် တောင်ပံနှင့် ခြေထောက်တို့ကို ချိုးထား၏၊ တချို့ ငှက်တို့ကို နောက်တနေ့တွင် သတ်၍ ရောင်း၏၊ တချို့ ကိုမူ နှစ်ရက် သုံးရက် လွန်မှ သတ်၍ ရောင်းရ၏၊ ဤနည်းဖြင့် ငှက်များမှာ ဆင်းရဲဒုက္ခကို အချိန်ကြာကြာ ခံစားရပြီးမှ အသတ်ခံကြရ၏၊

ထို မကောင်းမှု အကုသိုလ်ကံ တည်းဟူသော အကြောင်း၏ ဆိုးကျိုးကို ယခု ဘဝ၌ ဤရဟန်း ခံစားနေရခြင်း ဖြစ်သည်။

အချိန်မီ သံဝေဂ

သို့သော် တနေ့တွင် ယင်း ငှက်မုဆိုးသည် ထိတ်လန့် သံဝေဂ ဖြစ်ကာ ရဟန္တာမထေရ် တပါးအား အရသာရှိသော ဆွမ်း ဆွမ်းဟင်း တို့ကို လောင်းလှူပြီးလျှင် မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ဆုတောင်း၏၊

ယခုဘဝ၌ အဆိုပါ ရဟန်း ဝေဒနာမှ သက်သာရာ ရနေစဉ် မြတ်စွာဘုရားက ဘာမျှ အသုံးမကျသော ကိုယ်ကောင်ကြီး၏ အပြစ် တို့ကို ဖော်ပြ၍ သစ္စာလေးပါး အထွတ် တပ်လျက် တရားပြတော်မူသောအခါ ရဟန္တာ မထေရ်အား ဆွမ်းလောင်းလှူသော ထိုကောင်းမှု၏ အကြောင်း အထောက်အပံ့ကြောင့် အရဟတ္တ ဖိုလ် ဉာဏ်အထိ ရရှိပြီးလျှင် ပရိနိဗ္ဗာန် စံလေ၏၊

သတ္တဝါကို ညှင်းဆဲသတ်ဖြတ်မှု အကုသိုလ်၏ အကျိုးကား ကြောက်မက်ဖွယ် ကောင်းလှ၏၊

သည်ဘဝကံကြောင့် သည်ဘဝခံ

အတိတ်ကံနှင့် ပစ္စုပ္ပန်ကံ ကောင်းမှုကံ မကောင်းမှုကံ တို့၏ သဘောမှာ ရှေးဘဝက ပြုခဲ့သော ကံကြောင့် ယခုဘဝ အကျိုးခံစားရသည်လည်း ရှိ၏၊ ယခုဘဝ ပြုသော ကံကြောင့် ယခုဘဝမှာပင် ချက်ချင်း အကျိုးခံစားရသည်လည်း ရှိ၏၊

ကောက မုဆိုး

မြတ်စွာဘုရား လက်ထက်တော် အခါက ကောက အမည်ရှိသော မုဆိုး တယောက်သည် တောလိုက်ရန် ခွေးများကို ခေါ်၍ ရွာမှ ထွက်သွား၏၊ ရွာနှင့် မလှမ်းမကမ်းတွင် ရဟန်းတော်တပါးကို တွေ့ရသောအခါ "ဒီနေ့ အမင်္ဂလာကို တွေ့ရတယ်၊ ဘာ သားကောင်မှ ရမှာ မဟုတ်" ဟု စဉ်းစားယင်း ဒေါသ ထွက်နေ၏၊ တောကိုရောက်၍ သားကောင်များကို လိုက်သောအခါ တကောင်မျှ မရ၍ ပိုမို ဒေါသထွက်ကာ ရွာသို့ ပြန်လာ၏၊

မကောင်းမှုကံ

ရဟန်းတော်သည်လည်း ရွာထဲတွင် ဆွမ်းခံပြီးလျှင် ကျောင်းသို့ ပြန်လာရာ မုဆိုးနှင့် လမ်းတွင် ဆုံမိကြပြန်၏၊ 'ရဟန်းကို တွေ့သောကြောင့် သားကောင် မရ' ဟု ထင်မှတ်ကာ ဒေါသထွက်နေသော မုဆိုးသည် ရဟန်းတော်ကို ဒုတိယအကြိမ် တွေ့ရပြန်လျှင် ပို၍ပင် ဒေါသမီးတဟုန်းဟုန်း တောက်ကာ ခွေးများကို ရှူးတိုက်၍ ရဟန်းတော်ကို ကိုက်စေသည်။ ရဟန်းတော်သည် နီးရာ သစ်ပင်တပင်ကို ပြေးတက်ပြီးလျှင် လူ တရပ်သာသာ မြင့်သော သစ်ကိုင်းပေါ်၌ ထိုင်နေ၏၊ ခွေးများသည် သစ်ပင်အောက်မှ နေ၍ ပတတ်ရပ်ကာ ကိုက်ခဲမည့်ဟန်ဖြင့် မာန်ဖီ နေကြ၏၊ မုဆိုးသည် ရဟန်းတော်၏ ခြေဖဝါးတို့ကို မြားဖြင့် လှမ်း၍ ထိုး၏၊

ရဟန်းတော်သည် တကိုယ်လုံး မီးအုံးသကဲ့သို့ ပူလောင်နာကျင်လှသဖြင့် ခြေထောက် တို့ကို ရှောင်ယင်း တိမ်းယင်း ကိုယ်ရုံ ဧကသီ ကိုယ်မှ ကွာကျသွားသည်ကိုပင် မသိလိုက်တော့ပေ။ ရဟန်းတော်၏ ကိုယ်ရုံ သင်္ကန်းသည် သစ်ပင်အောက်ရှိ မုဆိုးကို ခြုံပြီး အုပ်ပြီးသား ကျသွား၏၊ ခွေးများသည် ရဟန်းတော်ဟု ထင်မှတ်ကာ သင်္ကန်း အုပ်မိပြီး ဖြစ်နေသော မုဆိုးကို ဝိုင်းဝန်း ကိုက်သတ်၍ အသားကို စားလိုက်ကြရာ အရိုးမျှသာကျန်မှ လွှတ်လိုက်ကြ၏၊

ထိုအခါမှ ရဟန်းတော်သည် သစ်ကိုင်းခြောက် တခုကိုချိုး၍ ခွေးများပေါ်သို့ ချလိုက်ရာ ခွေးများက သစ်ပင်ပေါ်သို့ မော့ကြည့်လိုက်၏၊ ရဟန်းတော်ကို မြင်မှ မိမိတို့ သခင်ကို မိမိတို့ ကိုက်သတ်မိကြောင်း သိကြ၍ ခွေးများတောထဲသို့ ဝင်ပြေးကြလေသည်။

"ကာလဝိပါက် နောက်ပိုးတက်" ဆိုသော မြန်မာ စကားနှင့်အညီ ယခု ပြုသော မကောင်းမှု အကုသိုလ်က့က ယခု ချက်ချင်း ဆိုးကျိုးကို ပေးခြင်း ဖြစ်၏၊

အမှတ်မထင် ပြုမိတတ်သည့် ကံ

ပြောင်လှောင်ကံ

လူသည် ပျော်ချင်၏၊ ပျော်တတ်၏၊ တခါတရံ သူတပါး ဒုက္ခ ရောက်နေသည်ကိုပင် ပျော်စရာဟု ထင်မှတ်ကာ တဝါးဝါး တဟားဟား ရယ်မောချင်တတ်၏၊ တခါတရံတွင် ရယ်မောရုံမျှ မကပဲ ဒုက္ခရောက်နေသူကိုပင် သရော် ပြောင်လှောင် မိတတ်ကြ၏၊ ဤ အပြုအမူများသည် အမှတ်မထင် ပြုမိတတ်သည့် အကုသိုလ်ကံ များပင် ဖြစ်ပေသည်။ ဤ ကံများကြောင့် ရရှိသည့် ဆိုးကျိုးများမှာလည်း အင်အား မသေးလှပေ။

နီရိုးဘုရင်

ရှေး ရောမတိုင်းတွင် နီရိုးဘုရင်သည် ရာဇဝင်တွင်ရစ်အောင် ရက်စက် ကြမ်းကြုတ်သော ဘုရင်တပါး ဖြစ်၏၊ သူသည် အထူး ပြုလုပ်ထားသော သားရဲစာကျွေး ကွင်းကြီးအတွင်း၌ ခရစ်ယာန်များကို ဆင်းစေ၍ အထူးမွေးမြူထားသော ခြင်္သေ့၊ ကျား စသော သားရဲ တိရစ္ဆာန်တို့နှင့် သတ်ပုတ် စေ၏၊ သားရဲတိရစ္ဆာန်များက ခရစ်ယာန်ဘာသာဝင်များကို သတ်ပုတ် ကုတ်ခြစ် ကိုက်ခဲ ဝါးမျိုနေသည်ကို နန်းတော်သူ နန်းတော်သားများ၊ တိုင်းသူ ပြည်သားများနှင့်အတူ ပွဲကြည့်စင်၌ အမြိုင့်သား ထိုင်ကာ အရသာ ခံ၍ ကြည့်ရှုကြ၏၊

ချိနဲ့နေသော အမေရိကန်မ

ပွဲကြည့် ပရိသတ်ထဲမှ နန်းတွင်းသူ အပျိုတော် တယောက်သည် ခြင်္သေ့ သတ်ပုတ် ကိုက်ခဲ ထားသဖြင့် ခြေကျိုး လက်ကျိုး ဖြစ်ပြီးလျှင် ကြောက်ကြောက် လန့်လန့်ဖြင့် ရုန်းကန်နေသူများကို ကြည့်ရှုကာ ပြောင်လှောင် ရယ်မောခဲ့၏၊ ထို အပျိုတော်သည် ထို ပြောင်လှောင်ကံကြောင့် ယခု ခေတ်တွင် အမေရိကန်ပြည်၌ လူဖြစ်လာကာ ချိနဲ့ ရောဂါ စွဲကပ်နေသဖြင့် လမ်းမလျှောက်နိုင်ပဲ ဘီးတပ် ကုလားထိုင် အတွင်းမှာသာ သူ့ဘဝကို ကုန်စေကာ ဆင်းရဲဒုက္ခကို ခံစားနေရ၏၊

သူတပါး၏ ဆင်းရဲဒုက္ခကို အရသာခံ၍ ကြည့်ရှု ရယ်မောခဲ့သော မကောင်းမှု၏ ဆိုးကျိုး ဆင်းရဲ ကျိုးသည်လည်း ကြောက်မက်ဖွယ်ရာ ကောင်းလှ၏၊

(Many Mansion P.65)

ပါဏာတိပါတမှ ရှောင်ကြဉ်ကျိုး

လယ်ယာဦးကြီး

ရှေးက သီဟိုဠ်ကျွန်း၌ လယ်ယာသမားကြီးတဦးသည် နွားပျောက်၍ နေရာ အနှံအပြား သွားရောက် ရှာရာမှ တောင်ပေါ်သို့ ရောက်သွား၏၊ တောင်စောင်း၌ ရပ်လျက် နွားများကို လှမ်းမျှော် ကြည့်ရှုကာ ရှာဖွေနေစဉ် စပါးကြီးမြွေ တကောင်သည် လယ်သမားကြီး၏ ခြေသလုံးကို ရစ်ပတ်ထားလေသည်။ လယ်သမားကြီးသည် ထက်လှသော ပဲခွပ်ဖြင့် မြွေကြီးကို ခုတ်ပိုင်းလိုက်ရန် ကြံစည်ပြီးမှ ပိင်္ဂလဗုဒ္ဓရက္ခိတ မထေရ်ထံ၌ သီလခံယူ ဆောက်တည်ခဲ့သည်ကို သတိရသဖြင့် ပဲခွပ်ကို တောထဲသို့ လွှင့်ပစ်လိုက်၏၊

ထိုအခါမှ မြွေကြီးသည် အခွေကို ဖြေကာ တောထဲသို့ လျှောကနဲ ဝင်သွားလေ၏၊ (အဘိ-ဋ္ဌ၊ ၁၊ ၁၄၆)

သူတပါး အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်လျှင် မိမိအသက် ရှည်၏၊

အဒိန္နာဒါန ကံ၏ ဆိုးကျိုးများ

ပိုင်ရှင်က ကြည်ဖြူစွာ မပေးသော ပစ္စည်းကို ခိုးယူခြင်း တိုက်ယူခြင်း၊ နှိုက်ယူခြင်း၊ အကျပ်ကိုင်၍ ယူခြင်း၊ ပရိယာယ်အမျိုးမျိုးဖြင့် လှည့်ပတ်၍ ယူခြင်း စသည်တို့သည် အဒိန္နာဒါန = သူတပါး ပစ္စည်းကို မတရားယူခြင်း ဖြစ်၏၊

ယင်းသို့ မတရား ယူသူသည်-

အပါယ် ဒုဂ္ဂတိဘဝ ရောက်ရခြင်း၊
ဆင်းရဲ မွဲတေခြင်း၊
ပစ္စည်းရအောင် မရှာနိုင်ခြင်း၊
ရှိသမျှပစ္စည်း မတည်တံ့ခြင်း၊
လိုအပ်သော ပစ္စည်း မရခြင်း၊
ဆင်းဆင်းရဲရဲ နေရခြင်း၊
စသော ဆိုးကျိုးများကို ရ၏၊

သူတပါး ပစ္စည်းကို မတရားယူခြင်းမှ ရှောင်ကြဉ်လျှင် ဤ ဆိုးကျိုးများမှ ပြောင်းပြန်ဖြစ်သော ကောင်းကျိုးများကို ရ၏၊ (ဣတိဝုတ်-ဋ္ဌ၊ ၂၂၄)

အဒိန္နာဒါန ရှောင်ကြဉ်ကျိုးများ

မခိုးဥစ္စာ၊ ရှောင်ကြဉ်ပါမူ၊ ချမ်းသာကြွယ်ဝ၊ လိုရာ ရ၍၊ ရှာရလွယ်ကူ၊ ရပြန်မူလည်း၊ ရန်သူမဖျက်၊ မပျောက်ပျက်ပဲ၊ တိုးတက်ပွါးစည်၊ စည်းစိမ်တည်၏၊ လေးလီပါယ်ရွာ၊ မကျပါပဲ၊ နတ်ရွာသုဂတိ၊ လားရဘိသည်၊ ရ၏ ကောင်းကျိုးအမှန်တည်း။

ဆိတ်ထက် မိုက်သူ

ဗာရာဏသီ မြို့သား ညက တိတ်ဆိတ်၏၊ တန်ဆောင်မုန်းလပြည့်ခါနီး ဖြစ်၍ လ, က ကြည်လင်၏၊ ဆောင်းကြို လေအေး ဆော်သွေးစပြုပြီမို့ ရာသီက အတန်ငယ် အေး၏၊ တိတ်ဆိတ်သော ည၊ ကြည်လင်သော လနှင့်အေးမြသော ရာသီတွင် ဗာရာဏသီမြို့ကြီးက အိပ်မောကျနေ၏၊ ကြည်လင်သော လရောင်အောက်တွင် ဘုရင်၏ ဝတ် ပန်းခင်းကြီး အတွင်းမှ ဝတ်ပန်းပွင့်တို့မှာ ငြိမ်းချမ်းစွာ လှနေကြ၏၊

ဝတ်ပန်းခင်း၏ အနီး၌ လုလင် တယောက်သည် မလှုပ်မယှက် ငြိမ်သက်စွာ ရပ်လျက်ရှိ၏၊ လူငြိမ်သလောက် သူ့ စိတ်က လှုပ်ရှားနေ၏၊ သဘာဝ ပတ်ဝန်းကျင် ကြည်လင်သလောက် သူ့စိတ် အစဉ်က နောက်ကျု နေ၏၊ ရာသီက အေးမြသလောက် သူ့ စိတ်က ပူလောင်နေ၏၊

လုလင်၏ စိတ် အစဉ်သည် သဘာဝ ပတ်ဝန်းကျင်နှင့် အံမဝင် ခွင်မကျ ဖြစ်နေ၏၊

ဇနီး အလိုကျ

သူ သည်နေရာသို့ ရောက်လာရသည်မှာ သူ့ ဇနီးကလေး သာမာ အတွက် ဖြစ်၏၊ တန်ဆောင်မုန်း လပြည့် နက္ခတ်ပွဲ သဘင်တွင် ဝတ်ဆင်ဖို့ရာ ဝတ်ပန်းရောင် ဆာရီကို လိုချင်လှချည်ရဲ့ဟု သာမာက မရမက ပူဆာ၏၊ ဖျင်ကြမ်းဝတ်စုံ တစုံစီနှင့်သာ အရှက်လုံရုံမျှ ဖုံးအုပ်ထားရသည့် ဘဝ အခြေအနေတွင် ဝတ်ပန်းတွေ ဘာတွေကို သူ စိတ်ကူးမျှပင် မထည့်ဝံ့ပေ။ သို့တစေ လတ်တလော ဉာဏ်အမြင် လျင်လှသော သာမာက ဘုရင့် ဝတ်ပန်းခင်းမှ ဝတ်ပန်းပွင့်များဖြင့် ဆိုးလျှင် ရနိုင်ကြောင်း နည်းကောင်း ညွှန်ပြသဖြင့် ဇနီးသည် အလိုကျ စိတ်ချမ်းသာ ရစေရန် သည်နေရာသည်ဌာနသို့ သူ ရောက်လာခဲ့ရ၏၊

သို့သော် လွယ်တော့ မလွယ်လှ။ စွန့်စားရမည့် အလုပ်ဖြစ်၏၊ အချစ်အတွက်ဖြင့် အသက်ပင်သေသေ စွန့်စားရပေမည်။ သည် သဘောထား မှန်မှမှန်ပါမည်လား၊ သူ စဉ်းစား၏၊ ရှေး သူဟောင်းတို့စကား ကြားဖူးသည်မှာတော့-

ဆိတ်ဖိုနှင့် ဆိတ်မ

ဆိတ်ဖိုကြီးတကောင်နှင့် ဇနီးသည် ဆိတ်မကလေးတို့ ရေတွင်းပျက် တခုအနီးမှာ မြက်စားနေကြသည်။ ရေတွင်းပျက်နံရံမှ မြက်နုနုကလေးများမှာ စားချင့်စဖွယ် စိမ်းစိုလန်းဆန်းလျက် ရှိ၏၊ ထို မြက်နုကလေးတွေကိုမှ မစားရလျှင် သေရချည့်ရဲ့ဟု ဆိတ်မကလေးက ဆိတ်ဖိုကြီးကို ပူဆာ၏၊ ပူဆာပါများတော့ ဆိတ်ဖိုကြီးက "ဒီမှာရှင်မ၊ အဲဒီ မြက်နုကို ငါယူပေးရယင် ရေတွင်းပျက်ထဲ ငါကျလို့သေရမည် အမှန်၊ ငါ သေပြန်ယင်လဲ မင်းက နောက် ဆိတ်ဖိုတကောင်နှင့် သစ္စာနှံမည် မုချ။ ဒီတော့ ငါ့အသက်ကို အသေခံ၊ မင်းကောင်းစားဖို့ဖြင့် ငါ မကြံပါရစေနဲ့၊ ဒီ မြက်နု မစားရလို့မင်းသေယင်လဲ ငါ ငိုပွဲမဆင်၊ ယဉ်ယဉ်လှလှ နောက်ဆိတ်မနဲ့ ဘဝသစ်ထူထောင် ဆိတ်ဘောင်မှာ ပျော်ရစ်မယ်" ဟု ရှင်းရှင်း ပြတ်ပြတ်ပဲ ပြောလိုက်သည် တဲ့။

သည် ဆိတ်ဖိုကြီး၏ သဘောထားကပဲ မှန်သလား၊ သူ့လုပ်ထုံးကိုပဲ နှလုံးမူသင့်သလား၊ လုလင် စဉ်းစား၏၊ သို့သော် ဟို ဆိတ်မနှင့် သူ့ သာမာ အလိမ်မာချင်း ကွာလှသည်ဟု သူ့စိတ်က ဆင်ခြေ ကန်ပြန်၏၊ တဖန် သာမာ လှလှပပ ဝတ်ဆင်ရေး စိတ်ချမ်းသာရေးအတွက် အသက် စွန့်ရသည်ဆိုလျှင် ဟို ဆိတ်ဖိုကြီးလောက်မှ သူမလိမ်မာရာ ရောက်မနေပါလား။ လုလင်၏ စိတ်သည် ချီတုံချတုံ ဖြစ်နေ၏၊

ခိုးမှု အကုသိုလ်

သို့သော်လည်း ခဏမျှကြာလျှင် လုလင်သည် မျက်စိကို မှိတ် အံကိုကျိတ်ကာ စိတ်ကို ဆုံးဖြတ်ပြီးလျှင် ဝတ်ပန်းခင်း စည်းရိုးကို အသာ ကျော်နင်း၍ အတွင်းသို့ ဝင်လိုက်၏၊ ဝတ်ပန်းပွင့် သုံးလေးပွင့်မျှသာ ခူးမိသေသည်။ စည်းရိုးနင်းသံကြောင့် အစောင့်များ ချက်ချင်းသိကာ လုလင်ကို ဝိုင်းဝန်းဖမ်းဆီးပြီးလျှင် ရိုက်နှက် ထောင်းထုကြ၏၊ နံနက်လင်းသောအခါ ဘုရင့် ရှေ့တော်မှောက်သို့ ဝတ်ပန်း သူခိုးကို သွင်းကြ၏၊

ဆိုးကျိုး

ဧကရာဇ်ခေတ် ဧကရာဇ်စနစ်တွင် ဘုရင့် ဘဏ္ဍာတော်ကို ကျူးကျော်ခြင်းသည် အပြစ်အကြီးဆုံးဖြစ်ရာ စစ်ဆေးဖို့ လုံးဝ မလို၊ သုသာန်တွင် ကားစင်တင် တံကျင်လျှို၍ သတ်စေ၊ အမိန့်တော်မြတ် မှတ်လိုက်၏၊

သုသာန် တစပြင်တွင် ငါး ကင်သကဲ့သို့ ကားစင်တွင် အောက် ဒွါရပေါက်မှ လည်ပင်းပေါက်အောင် တံကျင်အလျှိုခံနေရသော ခိုးသား လုလင်၏ မျက်လုံးတို့ကို ကျီးငှက်တို့သည် နှုတ်သီးဖြင့် ထိုးဆွ နေကြ၏၊ ဝတ်ပန်းပွင့်နှင့် မတန်အောင် မသေ မရှင် ဆင်းရဲဒဏ်ကို ခံနေရရှာ၏၊

တဏှာ့ကျွန်

သို့သော် ခိုးသား လုလင်၏ စိတ် အစဉ်ကမူ "တံကျင် အလျှိုခံရခြင်း၊ ကျီးထိုး ခံရခြင်းသည် ငါ့ကို မဆင်းရဲစေပါ၊ ငါ့ဇနီး သာမာ ကလေးဟာ ဝတ်ပန်းရောင် ဆာရီကလေးဝတ်ပြီး ငါနဲ့အတူ ရွှေလက်တွဲကာ နက္ခတ်ပွဲမှာ ပျော်ပွဲမဆင်ရရှာပါလားလို့ တွေးမိလိုက်မှဖြင့် ငါ့နှလုံး ကွဲမလောက် ဆင်းရဲလှပါတယ်" ဟု စဉ်းစားကာ စိုးရိမ်ပူဆွေးနေ၏၊ မကြာမီပင် ခိုးသားလုလင် သေဆုံး၍ ငရဲပြည်၌ ငရဲဆင်းရဲကို ခံစားရပြန်၏၊

တဏှာကျွန်သည် ခိုးလည်း ခိုးဝံ့၏၊ သတ်လည်း သတ်ဝံ့၏၊ တဏှာ ခိုင်းစေရာ ခံနေရသော တဏှာ့ကျွန် မလုပ်ဝံ့သော အရာ လောကမှာ မရှိပေ။ ဆိတ်လောက်မှ မလိမ်မာသော ဤ တဏှာ့ကျွန် သူခိုးလုလင်သည် ပစ္စုပ္ပန်မှာလည်း ဆင်းရဲရ၏၊ တမလွန်မှာလည်း ဆင်းရဲရ၏၊

(ပုပ္ဖရတ္တဇာတ် ကို မှီးသည်။)

အဝတ် သူခိုးမ

ဣဿာ၏ ဒဏ်ချက်

ရှေးက ပြည့်တန်ဆာမ တယောက်သည် ရုပ်ရည် ချောမောသလောက် ဆံပင်ကောင်းလှသဖြင့် သူ၏ ဆံပင်အလှကို မနာလိုကြသော အမျိုးသမီးများသည် သူ၏ ခေါင်းလျှော်ရည်ထဲ၌ ဆံပင်ကျွတ်ဆေးများကို တိတ်တဆိတ် ထည့်ခတ်ထားလိုက်ကြ၏၊ ထို ပြည့်တန်ဆာမ ခေါင်းလျှော်သောအခါ ဆံပင်အားလုံး ကျွတ်ကုန်သဖြင့် ခေါင်းတုံးပြောင်လျက်နေ၏၊ ဤအဖြစ်ကို ရှက်လှသော ပြည့်တန်ဆာမသည် မြို့တွင်း၌ မနေပဲ မြို့ပြင် မထင်မရှားတနေရာတွင် အရက်ဆိုင်ဖွင့်လျက် အသက်မွေးဝမ်းကျောင်းနေလေ၏၊

အကုသိုလ်ကံ

တနေ့တွင် အရက်မူးသမား သုံးလေးယောက်အရက် အမူးလွန်ကာ အိပ်ပျော်သွားကြသော အခါ သူတို့ကိုယ်မှ အဝတ်များကို ဆိုင်ရှင် အမျိုးသမီးက ချွတ်ယူပြီးလျှင် တရပ်တကျေးသို့ သွားရောက် နေထိုင်လေသည်။

ကုသိုလ်ကံ

ကာလ အတန်ကြာသော် ဆွမ်းခံကြွလာသော ရဟန္တာ မထေရ်မြတ် တပါးကို ထို အမျိုးသမီးဖူးမြင်ရ၍ ကြည်ညိုလှသဖြင့် အိမ်သို့ ပင့်ကာ မွန်မြတ်သော နှမ်းညက်မုန့်ကို ကပ်လှူ၏၊ "ဤ ကောင်းမှုကြောင့် တပည့်တော်မ၏ ခေါင်း၌ နူးညံ့ပျော့ပျောင်း ကောင်းမွန်ရှည်လျားအဖျားကော့တက်သော ဆံပင်များ ပေါက်ရပါလို၏" ဟုဆုတောင်း၏၊

ဆိုးကျိုးရော ကောင်းကျိုးပါ

ထိုအမျိုးသမီး ကွယ်လွန်သောအခါ သမုဒ္ဒရာ အလယ်၌ ရွှေဗိမာန်တွင် စံသည့်အခါ စံရ၍ ငရဲ၌ ခံသည့်အခါ ခံရသော ဝေမာနိက ပြိတ္တာ ဖြစ်ရ၏၊ ရွှေဗိမာန်တွင် လေးလ စံ၍ ငရဲတွင် လေးလ ခံရ၏၊ ရွှေဗိမာန်တွင် စံရသော်လည်း အဝတ်ခိုးခဲ့သည့် အကုသိုလ် ကံကြောင့် ဝတ်စရာ အဝတ် မရှိသဖြင့် ကိုယ်လုံးတီး စံနေရ၏၊ သို့သော်လည်း ရဟန္တာ အရှင်မြတ်အား ရိုရိုသေသေ နှမ်းညက်မုန့် လှူပြီးလျှင် ဆုတောင်းခဲ့သဖြင့် ရှည်လျား များပြား အဖျားကော့တက်သော ဆံပင်များ ရှိ၍ ထို ဆံပင်များဖြင့် အရှက်လုံအောင် ဖုံးကွယ်ထားရ၏၊

ဤ ပြိတ္တာမ အဝတ် မရှိခြင်းနှင့် ငရဲ ခံရခြင်းမှာ အဝတ်ခိုးမှု အကုသိုလ် ကံကြောင့် ဖြစ်၏၊ ကောင်းမွန် လှပသော ဆံပင်နှင့် ရွှေဗိမာန်၌ စံရခြင်းမှာ ရဟန္တာအား နှမ်းညက်မုန့်လှူသော ကုသိုလ် ကံကြောင့် ဖြစ်၏၊

အဒိန္နာဒါနမှ ရှောင်ကြဉ်ကျိုး

ပိုင်ရှင်က ကြည်ဖြူစွာ မပေးသော ပစ္စည်းကို ခိုးယူခြင်းမှ ရှောင်ကြဉ်၍ အကျိုးရပုံကို ပါမောက္ခ ဆရာကြီး၏ သမီးအလိမ္မာနှင့် ထိမ်းမြား လက်ထပ်ရသော တပည့်၏ ဖြစ်ရပ်ကို ပြန်၍ ကြည့်ပါ။

ကာမေသု မိစ္ဆာစာရ ကံ၏ ဆိုးကျိုးများ

ယောကျ်ားများသည် မိမိ၏ ဇနီးမှ တပါး အခြားသော ပိုင်ဆိုင်သူ အုပ်ထိန်းသူ ရှိသည့် မိန်းမ တို့နှင့် ပျော်ပါးလျှင် ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်း = ကာမေသု မိစ္ဆာစာရ ဖြစ်၏၊ မိန်းမများသည်လည်း မိမိ၏ ခင်ပွန်းသည်မှ တပါး အခြား ယောကျ်ား တို့နှင့် ပျော်ပါးလျှင် ကာမဂုဏ် တို့၌ မှားယွင်းစွာ ကျင့်ခြင်း = ကာမေသု မိစ္ဆာစာရ ဖြစ်၏၊ ဤ မိစ္ဆာစာရကို ကျူးလွန်သူသည်-

အပါယ် လားရခြင်း၊
မိန်းမ ဖြစ်ရခြင်း၊
နပုံးပဏ္ဍုက် ဖြစ်ရခြင်း၊
အများအမုန်း ခံရခြင်း၊
ရန်သူ များခြင်း၊
စိုးရိမ်ကြောင့်ကြ များရခြင်း၊
ချမ်းချမ်းသာသာ မနေရခြင်း၊
ချစ်သူနှင့် ကွဲရခြင်း၊
မျက်နှာ မကြည်လင် မရွှင်ပျခြင်း
စသော ဆိုးကျိုးများကို ခံစားရ၏၊

ဤ မိစ္ဆာစာရ အမှုကို ရှောင်ကြဉ်လျှင် ဤ ဆိုးကျိုးများမှ ပြောင်းပြန်ဖြစ်သော ကောင်းကျိုးများကို ခံစားရ၏၊ (ဣတိဝုတ်-ဋ္ဌ၊ ၂၂၄)

မိစ္ဆာစာရ ရှောင်ကြဉ်ကျိုးများ

သူ့လင် သူ့မယား၊ မပြစ်မှားပဲ၊ ရှောင်ရှားလေမူ၊ ထိုသည့်သူကား၊ ရန်သူကင်းငြား၊ ချစ်သူများ၍၊ ယောကျ်ားပီသ၊ ချမ်းသာလှ၏၊ ကြောင့်ကြစိုးပူ၊ မရှိမူပဲ၊ ချစ်သူနှင့်တွဲ၊ ပျော်ရွှင်မြဲမို့၊ စိတ်လဲ ရွှင်ကြည်၊ မျက်နှာ ကြည်သည်၊ နတ်ပြည်သို့ ဖြေင့်တန်း သူ၏ လမ်း။

သူတပါး သားမယား ပစ်မှား သူ၏ အဖြစ်ဆိုး

မိစ္ဆာစာရကံ

ရှေးက ဧရကစ္ဆမြို့တွင် ရွှေပန်းတိမ် လုပ်ငန်းဖြင့် ချမ်းသာ ကြွယ်ဝနေသူ လုလင် တယောက်ရှိ၏၊ ပန်းထိမ် ဆရာကလေးသည် ပစ္စည်းလည်း ကြွယ်ဝ၊ အရွယ်ကလည်း ကောင်းသဖြင့် အပျော်အပါး များလှ၏၊ ကာမပိုင် ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ ရုပ်ရည် ချောမောသော အမျိုးသမီးမှန်သမျှ ပန်းထိမ် ဆရာလေးနှင့် လွတ်ကင်းသူ အလွန်ရှား၏၊

ဆိုးလှသည့် အဖြစ်

ထို ပန်းထိမ် ဆရာလေး ကွယ်လွန်သော အခါ ထို မိစ္ဆာစာရ ကံကြောင့် ငရဲ၌ ကျရောက်ရ၏၊ ငရဲမှ လွတ်ပြန်သောအခါ မျောက်ဘဝ၌ ဖြစ်ရပြန်၏၊ မျောက်ကလေး ၇ ရက်သား ရှိသောအခါ သင်းအုပ်မျောက်ကြီးက ဝှေးစေ့ကို ပါးစပ်ဖြင့် ကိုက်ထုတ်ကာ သင်းကွပ်ပစ်လိုက်၏၊ မျောက်ဘဝမှ သေလွန်သောအခါ ဆိတ် ဘဝ၌ ဖြစ်ရပြန်၏၊ ဆိတ် ဘဝ၌လည်း သင်းကွပ် ခံရပြန်၏၊ နောက်တဘဝတွင်မူ နွား ဖြစ်ရ၍ တနှစ်သား အရွယ်တွင် သင်းကွပ်ခံရပြန်၏၊ မျက်စိလည်း ကန်းရ၏၊ မျက်စိကန်း၍ မကျန်းမမာသော်လည်း ထွန်ဆွဲရ လှည်းရုန်း ရ၏၊

နောက် တဘဝတွင်မူ ကျွန်မ၏ သား ဖြစ်ရ၏၊ သားဆိုသော်လည်း ယောကျ်ား မဟုတ် မိန်းမ မဟုတ် နပုံးပဏ္ဍုက်သာ ဖြစ်၏၊ အသက်သုံးဆယ်တွင် သေဆုံး၍ ဆင်းရဲ မွဲတေလှသော လှည်းကူလီ၏ သမီး ဖြစ်ရပြန်၏၊ လှည်းကုန်သည်ကြီးသည် ထို လှည်းကူလီထံမှ သမီးကို ကြွေးဖြင့် သိမ်းပိုက်လိုက်၏၊ မိန်းကလေး ဆယ့်ခြောက်နှစ်အရွယ် ရောက်သောအခါ မယားကြီး လက်ရှိဖြစ်သော လှည်းကုန်သည်ကြီး၏ သားက ချစ်လှပါသည်ဆိုကာ သိမ်းပိုက်လိုက်ပြန်၏၊ ခင်ပွန်းသည်နှင့် မယားကြီးကို စိတ်ကြည်သာကြပါစေ သဘောနှင့် ဝတ္တရား ကျေပွန်အောင် နှိမ်ချသော စိတ်ထားဖြင့် ဘယ်လိုပင် ပြုငြားသော်လည်း ချစ်ခင်မှုကို မရ၊ အမုန်းသာ အဖတ်တင်ခဲ့၏၊

ဘဝများစွာ ဆင်းရဲပါ

ထိုဘဝမှ သေဆုံးရပြန်သော် ဂေါတမမြတ်စွာဘုရား လက်ထက်တော်တွင် ဥဇ္ဇေနီ ပြည်၌ ချမ်းသာ ကြွယ်ဝလှသော သဌေး၏ တဦးတည်းသော သမီး ဖြစ်လာ၏၊ အရွယ်ရောက်သောအခါ သာကေတ သဌေးသားနှင့် လက်ထပ် ထိမ်းမြားရ၏၊ ခင်ပွန်းသည်နှင့် ပတ်သက်သမျှ မိဘ၊ မောင်နှမ၊ ဆွေမျိုးများပါ မကျန်ရအောင် ပေးတန်သည်ကို ပေး၊ ကျွေးတန်သည်ကို ကျွေးကာ ဝတ္တရားကျေအောင် ဆောင်ရွက် ပြုစုသော်လည်း မျက်နှာကောင်းမရပဲ လင်ပစ် ခံရပြန်၏၊ ဤနည်းဖြင့် အိမ်ထောင် သုံးဆက်တိုင်တိုင် လင်ပစ်မ ဘဝနှင့် ဒုက္ခ လှလှကြီးရောက်ခဲ့ရ၏၊

လူချမ်းသာ ပန်းထိမ်ဆရာကလေး ဘဝက ငွေကို ရေလိုသုံးကာ ပျိုသော အိုသော မချန် ဖောက်ပြန် ကျူးလွန်ခဲ့သော ကာမေသု မိစ္ဆာစာရ ကံ၏ ဆိုးကျိုးကား ကြီးမားပြင်းထန်လှချေ၏၊

နိဂုံး

နောက်ဆုံးတွင် ဇိနဒတ္တာ ထေရီမ နှင့် တွေ့၍ ဘိက္ခုနီမပြုကာ တရားကျင့်မှပင် ရဟန္တာမ ဖြစ်ကာ မိစ္ဆာစာရ အကုသိုလ်၏ အကျိုးများ အဆုံးသတ်သွားတော့၏၊

မုသာဝါဒ ကံ၏ ဆိုးကျိုးများ

မုသာဝါဒ သဘာဝ

သူတပါး၏ အကျိုးစီးပွါးကို ထိခိုက်ပျက်ပြား စေသော လိမ်ညာမှု လှည့်ပတ်မှု ဟူသမျှသည် ဆိုးကျိုး ရစေနိုင်လောက်အောင် ကံမြောက်သည့် မုသာဝါဒ ချည်း ဖြစ်သည်။ နှုတ်ဖြင့် မပြောပဲ ကိုယ် အမူအရာဖြင့် လိမ်ညာလျှင်လည်း မုသာဝါဒ ပင်။

သတပါး၏ အကျိုးစီးပွါးကို မထိခိုက်စေပဲ တစုံတယောက်အကျိုးရစေလို၍ ပရိယာယ်သုံးခြင်း၊ အမှားကို သိစေခြင်း၊ ရယ်မြူးလို၍ ပြောဆို ပြုမူခြင်းများမှာ မုသာဝါဒပင် ဖြစ်စေကာမူ ဆိုးကျိုး ရစေနိုင်လောက်အောင် ကံ မမြောက်ပေ။

မြတ်စွာဘုရားသည်ပင် နန္ဒမင်းသား တရားရစေလို၍ နတ်သမီးတွေကို ရစေနိုင်သည့် နည်းလမ်းဟု ပရိယာယ်သုံးကာ တရားအကျင့် ခိုင်းတော်မူရ၏၊

မမှန်စကား

မုသားပြောဆိုသော သူသည်-

အပါယ်သို့ လားရောက်ခြင်း၊
မျက်စိ၊ နား၊ နှာ စသော ဣန္ဒြေများ မကြည်လင်ခြင်း၊
စကား မပီခြင်း၊ ဗလုံးဗထွေး ပြောတတ်ခြင်း၊
သွား မညီခြင်း၊
ပါးစပ် ပုပ်ခြင်း၊
အသားအရည် မစိုပြည်ပဲ မွဲခြောက်ခြင်း၊
ကိုယ်ခန္ဓာ အချိုးမကျခြင်း၊
ဩဇာ မရှိခြင်း၊
နှုတ်ကြမ်း လျှာကြမ်းခြင်း၊
စိတ် မတည်ခြင်း
စသော ဆိုးကျိုးများကို ရတတ်၏၊

မုသာဝါဒကို ရှောင်ကြဉ်လျှင် ဤ ဆိုးကျိုးများမှ ပြောင်းပြန်ဖြစ်သော ကောင်းကျိုးများကို ရနိုင်၏၊

(ဣတိဝုတ်၊ဋ္ဌ၊၂၂၄)

မုသာဝါဒ ရှောင်ကြဉ်ကျိုးများ

လှည့်စားလိမ်ညာ၊ ရှောင်ကြဉ်ခွာ၍၊ သစ္စာစကား၊ ပြောဆိုငြားမူ၊ စကားလည်း ပီ၊ သွားလည်း ညီ၍၊ သားရည်စိုပြည်၊ ကိုယ်နေလှပ၊ အချိုးကျ၏၊ နှုတ်ကချိုသာ၊ ထက်ဩဇာနှင့်၊ စိတ်မှာတည်လျင်း၊ ပျံ့လွင့်ကင်း၍၊ ခံတွင်းနံကြိုင်၊ သင်းပျံ့လှိုင်သည်၊ ပိုင်ပိုင်တက်လှမ်း နတ်တို့နန်း။

လိမ်ညာရမှာ ကြောက်စရာ

ဟိမဝန္တာ

ဟိမဝန္တာ တောကြီးသည် အတွင်းပိုင်းရောက်လေ တောနက်လေ ဖြစ်၏၊ မြင့်မားသော သစ်ပင်ကြီးများ၊ ရေအိုင်ကြီးများ၊ မြစ်ငယ် ချေင်းငယ်များ၊ လျှိုမြောင်ချောက်ကြားများနှင့် ပြည့်နေ၏၊

ခရီးသည် နှစ်ဦး

တောကြီး၏ တနေရာတွင် ရေစီးသန်သော မြစ်လက်တက် တခုသည် ဂင်္ဂါမြစ်မကြီးထဲသို့ တသွင်သွင် စီးဝင်နေ၏၊ ထို မြစ်ဆုံနေရာ၌ ရသေ့ကြီးတပါးသည် ခရီးသည် နှစ်ဦးကို စိတ်ရှည် လက်ရှည် လမ်းခရီးအကြောင်း ရှင်းပြနေ၏၊ ခရီးသည် နှစ်ဦးအနက် တဦးမှာ ဖြူစင်သော အသားနှင့် ခန့်ညား ချောမောသော ရုပ်သွင်ရှိ၍ အခြား တဦးမှာ ညိုမှောင်သော အသားနှင့် ကြမ်းတမ်းသော ရုပ်သွင် ရှိ၏၊

ခရီးသည် နှစ်ဦးသည် ရသေ့ကြီးကို ရိုသေစွာ ကန်တော့ပြီးလျှင် မြစ် လက်တက်၏ ကမ်းစပ်အတိုင်း မြစ်ညှာသို့ ခရီးဆက်ခဲ့ကြ၏၊ မြစ်လက်တက်မှာ ရေစီးသန်လှသဖြင့် မြစ်တွင်းက သွား၍ မဖြစ်ပေ။ လူသူ မရာက်သည့် နေရာ ဖြစ်သဖြင့် လျှိုမြောင် ချောက်ကြားနှင့် ကျောက်တုံးကြီးများကို ကျော်လွှား ဖြတ်သန်းကာ သွားနေရသောကြောင့် ခရီး မတွင်လှပေ။ သို့သော်လည်း ခရီးသည် နှစ်ဦး၏ မျက်နှာတွင် စိတ်ပျက်အားလျော့သည့် အသွင် မရှိပဲ စိတ်အား ထက်သန်သည့် အသွင်သာ ပေါ်လွင်နေ၏၊

ကဏ္ဏမုဏ္ဍ အိုင်

သုံးယူဇနာခန့် သွားမိသောအခါ တောင်ခေါင်းတခုကို တွေ့ရ၏၊ အချိန်ကလည်း မှောင်စပျိုး၍ မိုးချုပ်နေလေပြီ။ ဤနေရာ၌ မြစ်လက်တက်သည် တောင်ခေါင်းအတွင်းမှ စီးဆင်းလာ၏၊ ခန့်ညား ချောမောသော ခရီးသည်သည် သူ့အဖော် ခရီးသည်ကို လာလမ်းအတိုင်း ပြန်လွှတ်လိုက်၏၊ သူကမူ အသင့်ပါလာသော မီးရှူးတိုင်ကို မီးညှိထွန်းပြီးလျှင် တောင်ခေါင်း အတွင်းသို့ ဝင်သွား၏၊ မှောင်မိုက်လှသော တောင်ခေါင်းအတိုင်း တညလုံး ခက်ခက်ခဲခဲဖြင့် ခရီးဆက်ခဲ့ရာ မိုးလင်းသောအခါ တောင်ခေါင်း၏ တဘက်ပေါက်မှ ထွက်မိလျက် ရှိလေပြီ။ မြစ်လက်တက်အတိုင်း အတန်ကြာမျှ ခရီးဆက်မိ၍ မြစ်လက်တက် ဆုံးသောအခါ ကြီးမာလှသော ရေအိုင်ကြီး တအိုင်ကို တွေ့ရ၏၊ ဤအိုင်ကြီးကား ကဏ္ဏမုဏ္ဍ အိုင်ကြီးဖြစ်၏၊

မျှော်လင့်ထားသည့်အတိုင်း ရေအိုင်ကြီး၏ အနီးတွင် သီးပင်မျိုးစုံ ပန်းပင်မျိုးစုံ တို့ဖြင့် အလွန် သာယာလှသော ဥယျာဉ်ကြီးကို တွေ့ရ၏၊ သရက်ပင်တို့မှာမူ အခြား သစ်ပင်တို့ထက် ပိုမိုများပြား၏၊ ခရီးသည်ကြီး ဥယျာဉ်အတွင်းသို့ ဝင်မိလိုက်လျှင်ပင် သူ တကြိမ်တခါမျှ မတွေ့ဘူးသော နတ်သမီးတမျှ ချောမောလှပသည့် အမျိုးသမီး တသိုက်သည် သူ့အနီးသို့ ဝိုင်းအုံရောက်လာကြကာ ရိုသေလှိုက်လှဲစွာ ခရီးဦးကြိုပြီးလျှင် ရွှေရောင် ငွေရောင် ရတနာရောင် တို့ဖြင့် ဝင်းပြောင် တောက်ပနေသော ပြာသာဒ်တောင် ဘုံနန်းပေါ်သို့ပင့်ခေါ်သွားကြ၏၊

ရွှေဘုံမြနန်းပေါ်သို့

ရောက်သောအခါ မွှေးကြိုင်လှသော နံ့သာရည်တို့ဖြင့် ရေချိုးပေးကြပြီးလျှင် နတ်သုဒ္ဓါတမျှ အရသာရှိလှသော စားကောင်း သောက်ဖွယ်တို့ကို ကျွေးမွေးကြပြီးနောက် ရတနာခုနစ်ပါး စီခြယ်ထားသော သလွန်ညောင်စောင်းပေါ်၌ နားနေ အိပ်စက်စေ၏၊

ခရီးသည်ကြီးကား ဗာရာဏသီပြည့်ရှင် ဘုရင်မင်းတရားကြီးတည်း။ သူသည် လူသူမနီးသော ဟိမဝန္တာ တောကြီးအလယ်၌ နတ်မိမယ်တမျှ တင့်တယ်လှပသော အမျိုးသမီးတို့ကို တွေ့ရသော်လည်း အံ့အားသင့်ခြင်း၊ အံ့ဩခြင်း မဖြစ်ပေ။ အကြောင်းမှာ ထူးဆန်းလှသော ဤ အမျိုးသမီးတို့၏ သတင်းကို သူပြန်လွှတ်လိုက်သော လမ်းပြ မုဆိုးကျော်ထံမှ ကြားသိရ၍ ဤ အမျိုးသမီးများကို မြင်လို တွေ့လိုသော ဇောဖြင့် ဤ တောနက်ထဲသို့ ခက်ခဲပင်ပန်းစွာ လာရောက်ခြင်း ဖြစ်သောကြေင့်ပင်။

ရေငတ်နေသူများ

နှစ်ပေါင်းများစွာ အဖော်မဲ့နေမှုကြောင့် အဖော်ဆာနေကြသော ဤ အမျိုးသမီးများမှာ ရေငတ်တုန်း ရေတွင်းထဲ ကျသကဲ့သို့ ရုတ်တရက် ဤ မင်းကြီးကို တွေ့ရသောအခါ အငမ်းမရ ဝိုင်းဝန်း ပြုစုကြတော့၏၊ အမျိုးသမီးများမှာ ငါးရာမျှ ရှိ၍ မင်းကြီးမှာ ခေါင်းဆောင် အမျိုးသမီးနှင့်သာ နေ့ရော ညပါ အတူနေရ၏၊ ကျန်အမျိုးသမီးများမှာ ခေါင်းဆောင် အမျိုးသမီး၏ အခိုင်းအစေများ ဖြစ်ကြဟန် တူပေသည်။

မင်းကြီးမှာ သာယာလှသော ဥယျာဉ်ကြီးအနီး ရတနာရောင် တပြောင်ပြောင် တောက်ပနေသော ရွှေဘုံမြနန်းကြီးအတွင်း၌ နတ်မိမယ်တမျှ လှလွန်းလှသော အမျိုးသမီးတို့၏ အမျိုးမျိုးသော အပြုအစု အယုအယ တို့၏ အကြားဝယ် စည်းစိမ် ခံစားနေရရာ ဗာရာဏသီပြည်ကြီးနှင့်တကွ ထီးနန်းစည်းစိမ်ကိုပါ အမေ့ကြီး မေ့နေတော့၏၊

ဗာရာဏသီ ထီးနန်းစည်းစိမ်နှင့် နှိုင်းစာလျှင် ဆီးသီးစေ့နှင့် မြင့်မိုရ်တောင်ပမာ ကွာခြားလှသော ဤ စည်းစိမ်ကို မင်းကြီးခံစားနေခဲ့ရာ နှစ်ပေါင်း တရာ့ငါးဆယ်မျှ ကြာသွား၏၊

ထူးဆန်းသောည

တညတွင် ညကြီးသန်းခေါင်အချိန်၌ သူ၏ကြင်ယာ အမျိုးသမီးသည် သူနှင့်အတူ အိပ်စက်နေရာမှ အသာထ၍ နန်းပြသာဒ် အောက်သို့ အိပ်စက်နေရာမှ အသာထ၍ နန်းပြသာဒ် အောက်သို့ တယောက်တည်း ဆင်းသွားသည်ကို သတိပြုမိလိုက်၏၊ ထူးဆန်းလှသဖြင့် မင်းကြီးသည် အိပ်ရာမှ ထပြီးလျှင် မလှမ်းမကမ်းမှ မသိမသာ နောက်ယောင်ခံ၍ လိုက်သွား၏၊

အမျိုးသမီးသည် ရေအိုင်ကြီးဆီသို့ လေးလံသော ခြေလှမ်းများဖြင့် အိမ်မက်မက်ယင်း သွားနေသူကဲ့သို့ ဖြည်းဖြည်းလေးလေးကြီး သွားနေ၏၊ ရေအိုင်ကြီး အနီး၌ ထူးဆန်းသောအိုင်ငယ် တခုရှိရာ ထို အိုင်ငယ်၏ ကမ်းပေါ်သို့ ရောက်သောအခါ ကမ်းပေါ်၌ ရပ်၍ အိုင်ကြီးအတွင်းသို့ ကြည့်နေ၏၊ သူရပ်နေသည်မှာ လရောင်ကျရာ နေရာ၌ ရပ်နေခြင်းဖြစ်၍ သူ့မျက်နှာတွင် ညှိုးငယ်၍ တုန်လှုပ်ချောက်ချားလျက် တစုံတရာ မျှော်လင့် စောင့်စားနေသည့် အသွင်ကို မင်းကြီး မလှမ်းမကမ်းမှ တွေ့မြင်နေရ၏၊

ကြောက်မက်ဖွယ်ည

ခဏမျှ အကြာတွင် ရေအိုင်ငယ်အတွင်းမှ ဆင်ပေါက်ငယ်တမျှ ကြီးမားလှသော ကြောက်မက်ဖွယ်ရာ ခွေးနက်ကြီးတကောင် တက်လာပြီးလျှင် အမျိုးသမီးဆီသို့ သွားနေ၏၊ ခွေးနက်ကြီးမှာ နားရွက် မပါပေ။ မျက်လုံးကြီးများမှာ နီရဲနေ၏၊ ကြီးမား၍ ဖြူဖွေးနေသော အစွယ်ကြီးများ၊ တွဲလျားကျနေသည့် လျှာကြီး အပြင်ရှည်လျား ကြီးမားလှသည့် ခြေသည်းကြီးများနှင့် ကြမ်းတမ်းပုံရသည့် အမွေးရှည်ကြီးများ ရှိ၍ မင်းကြီးမှာ ကျောစိမ့်အောင်ကြောက်သွေးတွေ ဝင်လာ၏၊

တောနက်ကြီးအလယ် တိတ်ဆိတ်လှသော ညသန်းခေါင်အချိန်ကြီးဝယ် ကြောက်စရာ ကောင်းလှသော ဤသတ္တဝါနက်ကြီး တရွေ့ရွေ့ သွားနေပုံနှင့် ဤ သတ္တဝါကြီး မိမိထံလာနေပါလျက် ပြေးရမှန်း မသိပဲ အနည်းငယ်မျှ မလှုပ်ရှားပဲ လူသေကောင်ကြီးသဖွယ် တောင့်တောင့်ကြီး ရပ်နေသော အမျိုးသမီး။ မြင်ကွင်း တခုလုံးကား စိတ် ချောက်ချားဖွယ် ကောင်းလှ၏၊ မင်းကြီးသည် မိမိမှာ မည်သည့် လက်နက်မျှ မယူဆောင်ခဲ့မိသဖြင့် ဒီ သတ္တဝါကြီးများ ငါ့ကို မြင်လို့ ငါ့ဆီလာလိုက်မှဖြင့် ဟု တွေးမိကာ ကြက်သီးထသွား၏၊

သတ္တဝါကြီးသည် အမျိုးသမီး အနီးသို့ ရောက်သည်နှင့် တပြိုင်နက် အမျိုးသမီး၏ လည်မျိုကို ကိုက်ခဲလိုက်ကာ မြေပေါ်သို့ လှဲချလိုက်ပြီးလျှင် တကိုယ်လုံးရှိ အသားများကို စားပစ်လိုက်ရာ တခဏ အတွင်းမှာပင် အရိုးစုမျှသာ ကျန်သည်အထိ ဖြစ်သွား၏၊ ထိုအခါမှ သတ္တဝါကြီးသည် အရိုးများကို ကိုက်ချီကာ အိုင်ငယ် အတွင်းသို့ ပစ်ချလိုက်ပြီးလျှင် အိုင်ထဲသို့ ဆင်းသွားပြီးနောက် ပျောက်ကွယ်သွားတော့၏၊

ဆန်းလွန်းလို့

ခဏချင်းပင် အိုင်ထဲမှ မိန်းမ တယောက် တက်လာသည်ကို တွေ့ရ၏၊ သေချာစွာ ကြည့်သောအခါ မကြာမီ မိနစ်ပိုင်း အတွင်းက ခွေးနက်နားရွက်တိုကြီး အစားခံလိုက်ရသော မိမိ၏ ကြင်ယာ အမျိုးသမီး ဖြစ်နေသည်ကို တွေ့ရ၍ မင်းကြီး အလွန်အမင်း အံ့ဩသွား၏၊

အဖြစ်အပျက်တို့က လျင်မြန် လှ၏၊ တခဏချင်း အတွင်းမှာပင် မယုံကြည်နိုင်လောက်အောင် ထူးဆန်းသော အဖြစ်အပျက်တို့ကို မိမိ မျက်စိရှေ့တွင် လျှပ်ပြက်သကဲ့သို့ ဖြစ်ပျက်သွားကြသည်ကို တွေ့ရသော မင်းကြီးသည် အံ့အား သင့်ကာ ကြက်သေ သေနေ၏၊ သို့သော် အိုင်ထဲမှ တက်လာသော သူ၏ ကြင်ယာ အမျိုးသမီး ရွှေဘုံဗိမာန်ဆီသို့ ပြုံးရွှင် ကြည်လင်သော မျက်နှာဖြင့် ပြန်လာနေသည်ကို သတိပြုမိမှပင် ချက်ချင်းပြန်လှည့်ကာ အမျိုးသမီး မမြင်မီ အိပ်ခန်းသို့ ရောက်အောင်ပြန်ခဲ့ပြီးလျှင် သလွန်ညောင်စောင်းတွင် လျောင်းကာ အိပ်ပျော်ဟန် ဆောင်နေလိုက်၏၊

ဣန္ဒြေမပျက်

အမျိုးသမီးသည် အိပ်ခန်းသို့ ပြန်လာပြီးလျှင် အာမျှ မဖြစ်သကဲ့သို့ပင် အိပ်နေလေ၏၊ နံနက်လင်းသော အခါ၌လည်း မည်သို့မျှ မထူးခြားပဲ မင်းကြီးကို ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြုစုမြဲ ပြုစု၏၊ မင်းကြီးလည်း ဘာတခွန်းမျှ မမေး မမြန်းပဲ ဘာမျှ မသိသလို ဟန်မပျက် နေလိုက်၏၊ သို့သော် ညက တွေ့လိုက် မြင်လိုက်ရသော ထူးဆန်းလှသည့် မြင်ကွင်းကိုမူ မင်းကြီး၏ စိတ်အစဉ်မှ ဖယ်ထုတ်လို့ မရပေ။ စိတ် မေးခွန်းတွေသာ ထပ်ခါတလဲလဲ မေးနေ၏၊ အဖြေကားပေါ်မလာပေ။

ငရဲခွေးကြီး၏နိဂုံး

ဒုတိယ ည၌လည်း ပထမ ညကအတိုင်းပင် တွေ့ရပြန်၏၊ တတိယ ညတွင်မူ မင်းကြီးသည် လက်စွဲတော် လေးကို ယူသွား၏၊ အမျိုးသမီးကို ခွေးနက် နားရွက်တိုကြီး ကိုက်ခဲနေစဉ် ခွေးနက်ကြီးကိုလေးဖြင့် ပစ်လိုက်ရာ နေရာတွင်ပင် လဲကျ သေဆုံးပြီး ပျောက်ကွယ်သွား၏၊ အမျိုးသမီးကိုလည်း ရိုက်နှက်ပြီးလျှင် အိုင်ငယ်ထဲသို့ ပစ်ချလိုက်ရာ ယခင် ညများမှာလိုပင် ပြုံးရွှင် ကြည်လင်သော ပကတိ ရုပ်သွင်ဖြင့် အိုင်ထဲမှ တက်လာသည်ကို တွေ့ရ၏၊

ဇာတ်ကြောင်းပြန်

မင်းကြီးသည် ယခင် ညများကလို အိပ်ခန်းသို့ မပြန်ပဲ ကမ်းပေါ်မှပင် အမျိုးသမီးကို စောင့်နေ၏၊ အမျိုးသမီး မိမိ အနီးသို့ ရောက်လာမှ "ဘယ်လိုလဲ၊ ထူးဆန်းလှချည်လား၊ ဘယ်လို ဖြစ်တာလဲ ပြောပြ စမ်းပါဦး" ဟု အမျိုးသမီးကို မေးရ၏၊ အမျိုးသမီးက.....

သိချင်လို့ ရှိမှတော့ ပြောပြပါ့မယ် အရှင် မင်းကြီး၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ခုနစ်ရာလောက်က ကဿပ မြတ်စွာဘုရား လက်ထက်တော် အခါမှာ ကိမိလ ဆိုတဲ့ မြို့ ရှိခဲ့ပါတယ်။ အဲဒီမြို့မှာ ကျွန်မ နေခဲ့ပါတယ်။ ကျွန်မရဲ့ ခင်ပွန်းသည်က သောတာပန် အရိယာပုဂ္ဂိုလ်ဆိုတော့ အပေါင်းအဖော် ဥပါသကာ ငါးရာနဲ့အတူ ကောင်းမှု ကုသိုလ်လုပ်ငန်းတွေကိုပဲ ဆောင်ရွက်နေပါတယ်။ ကျွန်မတို့ ဇနီးသည် တွေကလဲ ရတနာသုံးပါး ကိုင်းရှိုင်းတဲ့ ဥပါသိကာမတွေ ဖြစ်တော့ ခင်ပွန်းသည်တွေနဲ့ တန်းတူ ကုသိုလ်ကောင်းမှုတွေကိုပဲ ပြုလုပ်ကြပါတယ်။

သို့သော်လဲ တနေ့မှာ ယောကျ်ား တယောက်က နည်းအမျိုးမျိုးနဲ့ သွေးဆောင်တော့ ကျွန်မလဲ စိတ်မနိုင်ပဲ အဲဒီ ယောကျ်ားနဲ့ ဖောက်ပြား ကျူးလွန်မိပါတယ်။ ဒါကို ကျွန်မ အဖော် အမျိုးသမီးများလဲ သိကြပါတယ်။ ဒီ ကိစ္စ ခင်ပွန်းသည် သိလို့ မေးတော့ ကျွန်မက မဟုတ်ရကြောင်း ငြင်းရုံမကပဲ "ရှင် ပြာသလို မဖောက်ပြားရရိုး အမှန်ပါ၊ တကယ်လို့ ဖောက်ပြားမိယင် ဟောဒီခွေးနက် နားရွက်တိုကြီးရဲ့ အစား ခံရပါစေသား" လို့အနားမှာ ရှိနေတဲ့ ခွေးနက် နားရွက်တိုကြီးကို လက်ညှိုးထိုးပြပြီး မုသားကျိန်စာ ဆိုခဲ့ပါတယ်။

အခု ည ညမှာ အရှင်မင်းကြီး မြင်ရတဲ့ အတိုင်း ကျွန်မ ခွေးနက်ကြီး အစားခံရတာဟာ ဘဲဒီ ဖောက်ပြားမှုနဲ့ လိမ်ပြောမှု အကုသိုလ်ကံတွေကြောင့် ပါပဲ။ နေ့အခါမှာ စည်းစိမ် ခံစားရတာကတော့ ရတနာသုံးပါး ဆည်းကပ်ပြီး ကောင်းမှု ကုသိုလ်တွေ ပြုခဲ့လို့ပါပဲ။

ဒါဖြင့်ယင် မင်းတို့က လူတွေလား၊ နတ်တွေလား၊ ဘာတွေလဲ။

ကျွန်မတို့က လူလဲ မဟုတ်၊ နတ်လဲ မဟုတ် ပါဘူး။ ဝေမာနိက ပြိတ္တာ တွေပါ။ ကုသိုလ်ကောင်းမှုကြောင့် နေ့အခါမှာ နတ်စည်းစိမ် ခံစားရပါတယ်။ ည အခါမှာတော့ မကောင်းမှု အကုသိုလ်ကြောင့် အခု အရှင်မင်းကြီး မြင်ရတဲ့ အတိုင်း ငရဲ ဆင်းရဲတမျိုးကို ခံစားရပါတယ်။

နေပါဦး၊ ဟို.... မင့် အဖော်တွေကတော့ကော၊ ဘယ်လိုလဲ။

သူတို့က ကျွန်မ ဖောက်ပြားတာ သူတို့ မသိရကြောင်းလိမ်ပြောပြီး သူတို့ပြောတာ မမှန်လျှင် ကျွန်မရဲ့ ကျွန်မတွေ ဖြစ်ရပါစေသားလို့ မုသား ကျိန်စာဆိုလို့ အခု ကျွန်မရဲ့ အခိုင်းအစေတွေ လာဖြစ်နေကြတာပါ။

ထိတ်လန့်သံဝေဂ

ထိုအခါမှ မင်းကြီးသည် သူ့ကိုယ်သူ အရှင်လတ်လတ် ပြိတ္တာဘုံ ရောက်ကာ ပြိတ္တာမ တွေနှင့် ပေါင်းဖော်နေမိကြောင်း သိရပြီး ထိတ်လန့် တုန်လှုပ်သွား၏၊ ထိုမိန်းမလှတို့ကို ချစ်ခင်နှစ်သက် တပ်မက်စိတ်တို့လည်း ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်တော့၏၊

သီလ ပျက်စီးခြင်းကြောင့် ခံစားရသည့် ဆင်းရဲကျိုးကားကြီးမားလှပေစွဟု ထိတ်လန့် သံဝေဂစိတ်တွေလည်း တဖွားဖွား ဖြစ်ပေါ်နေ၏၊

ထို့ကြောင့် သူ့ကို ဗာရာဏသီပြည်သို့ ပြန်ပို့စေလိုကြောင်း သူ့ကြင်ယာ ဝေမနိက မိန်းမလှအား တောင်းပန်၏၊

လှတာ မမက်ဝံ့တော့

ပြိတ္တာမကား မင်းကြီးအပေါ်၌ မခွဲနိုင်လောက်အောင်ပင် သံယောဇဉ်ငြိလျက် ရှိနေလေပြီ။ ထို့ကြောင့် သူနှင့်သာ သေတပန် သက်တဆုံး ပေါင်းသင်းနေထိုင်ကာ နတ်စည်းစိမ်ကို ခံစား နေရန် ငိုယိုလျက် အတန်တန် တောင်းပန်၏၊ မင်းကြီးကလည်း ပြန်ပို့ရန်ကိုသာ ထပ်ခါတလဲလဲ တောင်းဆိုနေသဖြင့် ပြိတ္တာမသည် မချိလှသော လွမ်းစိတ်ကို အတင်းမျိုသိပ် ချုပ်တည်းလျက် မင်းကြီး အလိုကျ ဗာရာဏသီပြည်သို့သာ ပြန်ပို့လိုက်ရ၏၊ (ပေတ ဝတ္ထု-ဋ္ဌ၊ ၁၄၀)

မုသား ကျိန်စာကြောင့် ခံစားရသည့် ဆင်းရဲကျိုးကား ကြောက်မက်ဖွယ်ရာ ကြီးမားလှချေ၏၊

သုရာမေရယ

သုရာမေရယ ဆိုတာ သောက်သူ၊ စားသူ၊ ရှူသူ တို့ကို မေ့လျော့စေတတ်၊ မူးယစ်စေတတ်သော သောက်စရာ၊ စားစရာ၊ ရှူစရာ ဟူသမျှသည် သေရည်သေရက်၊ သို့မဟုတ် အရက်သေစာ = သုရာမေရယ ချည်းပင်။ အပ်ဖြင့် အသားထဲသို့ ထိုးသွင်းရသော ပက်သဒင်း စသော မူးယစ်ဆေးရည်လည်း အပါအဝင် ဖြစ်၏၊ ထို့ကြောင့် တောအရက်၊ မြို့အရက်၊ နိုင်ငံခြား အရက်၊ ထန်းရည်၊ ဆေးခြောက်၊ ကုတ်ကင်း၊ မာဖီးယား၊ အယ်(လ်)အက်(စ်)ဒီ (LSD) စသော မူးယစ်ဆေး ဟူသမျှ အရက်သေစာ = သုရာမေရယ တို့ချည်းသာတည်း။

မကောင်းမှု

ဤ အရက်သေစာ စသော မူးယစ်ဆေးသောက်သုံး မှီဝဲခြင်းသည် သောက်သုံးသူကို ဖြစ်စေ၊ သောက်သုံးသူနှင့် ဆက်စပ်သူကို ဖြစ်စေ၊ နှစ်ဦးစလုံးကို ဖြစ်စေ အကျိုးပျက်ပြားစေတတ်သောကြောင့် အပြစ်ရှိသော အမှုဖြစ်၍ အကုသိုလ် ဖြစ်၏၊

အရက်သေစာ သောက်စား သူသည် အကောင်း အဆိုး အမှား အမှန်ကို ဝေဖန် ခွဲခြားတတ်သော အသိဉာဏ် ကင်းနေသဖြင့် အဆိုးရွားဆုံးဖြစ်သော မကောင်းမှုကိုပင် ကျူးလွန်မိတတ်၏၊

အနံ့ အရသာ မထင်ရှားလျှင်

အရက်နံ့၊ အရက် အရသာ မထင်ရှားသော ဆေးဝါးများကိုမူ အရက်ပင် ပါစေဦးတော့ ရဟန်းတော်များသောက်သုံးနိုင်သည်ဟု မြတ်စွာဘုရား ခွင့်ပြုထား၏၊ ထို့ကြောင့် ရှင်သာမဏေများနှင့် ဥပုသ်သည်များသည်လည်း ထိုကဲ့သို့သော ဆေးဝါးများ သောက်သုံး မှီဝဲခြင်းကြောင့် သီလ မပျက်စီးကြောင်း မှတ်ယူနိုင်ပေသည်။

သုရာမေရယ ကံ၏ ဆိုးကျိုးများ

အရက်သေစာ သောက်စားသူသည်-

သတိ ကင်းလွတ်ခြင်း
အရှက် မရှိခြင်း
အကောင်း အဆိုး အမှား အမှန် မခွဲခြားတတ်ခြင်း
ခိုက်ရန် ဒေါသ ဖြစ်ပွါးခြင်း
မကောင်းသတင်း ပြန့်နှံခြင်း၊ ကျက်သရေ မရှိခြင်း
ရောဂါ များခြင်း
ကိုယ်လက် အင်္ဂါ တုန်ခြင်း
ဖွားလာသော သားသမီးများ စိတ်ဓာတ် ကျပ်မပြည့်ခြင်း
လုပ်ဆောင်စရာ လုပ်ငန်း ကိစ္စတို့ကို မေလျော့ခြင်း
စီးပွါးပျက်ခြင်းမှ စ၍ အပါယ်ဒုဂ္ဂတိဘဝ လားရောက်ရသည်အထိ ဆိုးကျိုးများကို ဖြစ်ပေါ်စေတတ်၏၊

ယင်း အရက်သေစာကို ရှောင်ကြဉ်လျှင် ဤ ဆိုးကျိုးများမှ ပြောင်းပြန်ဖြစ်သော ကောင်းကျိုးတို့ကို ရနိုင်၏၊

(ဒီ၊၃၊၁၄၈။ ဣတိဝုတ်၊ဋ္ဌ၊၂၂၄ စသည်။)

သုရာမေရယ ရှောင်ကြည်ကျိုးများ

အရက်သေစာ၊ ရှောင်ကြဉ်ပါမူ၊ ရောဂါလည်း ကင်း၊ ခိုက်ရန် ရှင်း၍၊ သတင်းကောင်းပြေး၊ ရပ်တိုင်း မွှေး၏၊ လုပ်ရေးဆောင်တာ၊ ရှိသောခါလည်း၊ မကွာသတိ၊ လုပ်ဆောင်ဘိ၏၊ ဖွားတည့်လေငြား၊ သမီးသားလည်း၊ စိတ်ထားတည်ကြည်၊ ဟိရီဩတ္တပ်၊ အစဉ်ကပ်လျက်၊ မြဲချပ်သတိ၊ သူ့မှာရှိသည်၊ ဂတိဖြောင့်တန်း ထက်သို့လှမ်း။

အရက်ကြောင့် အဆင်းရဲကြီး ဆင်းရဲရ

အသားစားကြူးသူ
ဗာရာဏသီပြည်၌ ဘုရင် တပါးသည် အရက်နှင့် အသားကို အလွန်ကြိုက်၏၊ အရက်မသောက်ပဲ မနေနိုင်သလို အသားမစားပဲလည်း မနေနိုင်ပေ။ အရက်သောက်တိုင်းလည်း အမြည်းအဖြစ် အသားပါရ၏၊ အသားမပါပဲလည်း မည်သည့် အခါမျှ ပွဲတော်မတည်ချေ။

ဥပုသ်နေ့များ၌ မာဃတသမယ = သား မသတ်ရဟုတားမြစ်ထားရာ ဥပုသ်နေ့ မတိုင်မီ အလျင်တနေ့က အသားကို ကြိုတင် ဝယ်ထားရ၏၊ ထခါသော် ထိုသို့ ကြိုတင်ဝယ်ထားသော အသားကို ခွေးစားသွား၍ ဥပုသ်နေ့ ပွဲတော်အုပ်တွင် အသားဟင်း မပါနိုင်တော့ချေ။ အသားဟင်း မပါသော ပွဲတော်အုပ်ကို မဆက်ဝံ့သဖြင့် စားတော်ကဲသည် မိဖုရားကြီးထံ ချဉ်းကပ်၍ အကြံဉာဏ် တောင်းရ၏၊

မိဖုရားကြီး၏ အကြံ
မိဖုရားကြီးက မင်းကြီးသည် သားတော်လေးကို အသည်းနင့်အောင် ချစ်သူဖြစ်၍ သူ့ရင်ခွင်ထဲမှာ သားတော်ကလေး ရှိနေခိုက် ပွဲတော်ဆက်လျှင် သားကို ချစ်သည့်ဇောကြောင့် ပွဲတော်အုပ်ကို ဂရုမစိုက်နိုင်သဖြင့် အသားဟင်း မပါသည်ကို သတိပြုမိမည် မဟုတ်ကြောင်း အကြံပေးလိုက်၏၊

ဤ အကြံအတိုင်း မိဖုရားနှင့် စားတော်ကဲ တိုင်ပင်၍ ပွဲတော်တည်ခါနီးတွင် မိဖုရားက သားတော်ကလေးကို ဘုရင့် ရင်ခွင်ထဲသို့ ထည့်ပေးလိုက်၏၊ မျက်ထောင့်နီ၍ အာလေးလျှာလေးဖြစ်နေသော ဘုရင်သည် ရင်ခွင်ထဲမှ သားတော်ကလေးကို တစိမ့်စိမ့်ကြည့်ယင်း ချစ်ပီတိတွေ ဝေနေ၏၊

ကြောက်စရာ့ အရက်
ထိုအချိန်တွင် စားတော်ကဲက ပွဲတော်အုပ်ကို ယူလာ၍ ဆက်သ၏၊ ဘုရင်သည် အရက် အလွန် မူးနေပါလျက် ပွဲတော်အုပ်၌ အသားမပါသည်ကို ချက်ချင်း သိသွား၏၊ "အသားဟင်း ဘယ်မလဲ" ဟုမေးယင်း ဒေါသအမျက် ခြောင်းခြောင်း ထွက်နေ၏၊ ဥပုသ်နေ့ဖြစ်၍ အသား မရကြောင်း လျှောက်တင်သည့်အခါ "ငါ့ အတွက် အသားများ ရှားပါးလိုက်တာကွာ"ဟု ဆိုကာ ရင်ခွင်ထဲမှ သားကလေးကို လည်ပင်းလိမ်ချိုးလိုက်ပြီး "ရော့ မြန်မြန်ချက်ပြီး ယူခဲ့" ဟု ဆိုလျက် စားတော်ကဲထံသို့ ပစ်ပေးလိုက်၏၊

စားတော်ကဲမှာ ဘုရင့် အမိန့်တော်အတိုင်း ဆောင်ရွက်ရ၏၊ ဘုရင်သည် ထိုနေ့က ချစ်လှစွာသော သားကလေး၏ အသားဟင်းနှင့် မြိန်ယှက်စွာ ပွဲတော်တည်ရ၏၊

တနန်းတော်လုံး ကြိမ်မီးအုံးသို့ အပူလုံးကြွကာ ပူဆွေးသောက ရောက်ကြသော်လည်း မိဖုရားကြီးက အစ မည်သူမှ မငိုဝံ့ပေ။

ဘုရင်သည် တနေ့လုံး အရက်သောက်လိုက်၊ သားတော်ကလေး၏ အသားကို မြည်းလိုက်နှင့် စည်းစိမ် ယစ်နေ၏၊ သညဉ့်လုံးလည်း စက်တော်ခေါ်လို့ ပျော်လိုက်သည်မှာ ရှေ့နေ့များနှင့်ပင် မတူပေ။

အဆုံးရှုံးကြီး ဆုံးရှုံးရ
နံနက်လင်း၍ စက်ရာမှ နိုးသောအခါ အမူးပြေနေပေပြီ။ နိုးလျှင် နိုးချင်း သားတော်ကို သတိရ၍ "သားတော်ကလေး ငါ့ဆီ ခေါ်ခဲ့ကြပါဟေ့" ဟု သားတော်ကို တောင်း၏၊ ထိုအခါ မိဖုရားကြီးက ဘုရင့်ခြေရင်းမှာ ပစ်လှဲလိုက်ပြီး ငိုယိုယင်း ယမန်နေ့ညက ဖြစ်ပုံစနစ်စုံကို လျှောက်တင်တာ့မှ ယစ်ထုပ် ဘုရင်ကြီး အထိတ်လန့်ကြီး ထိတ်လန့်ပြီးလျှင် ရင်ပွင့်လုမတတ် ရင်တွင်းဝယ် မီးဟုန်းဟုန်း တောက်တော့၏၊ တိုင်းပြည့်ရှင် ဘုရင် ဣန္ဒြေကိုပင် မစောင့်ထိန်းနိုင်တော့ပဲ သားကို တ, ကာ ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။ ထိုအခါမှပင် တနန်းတော်လုံး အုန်းအုန်းကြွက်ကြွက် ဆူညံအောင် အော်ဟစ် ငိုယိုကြတော့၏၊

အရှုံးထဲမှ အမြတ်
ဤမျှ ပြင်းထန်ကြီးမားသော ဆင်းရဲကို ဘုရင်သည် တခါမျှ မခံစားခဲ့ဖူးချေ။ ထို့ကြောင့် ဘုရင်ကြီးသည် မြေမှုန့်ဖြင့် နှုတ်ခမ်းကို သုတ်ကာ "သေရည် သောက်လို့သာ ငါ ဒီလောက် ကြီးမားတဲ့ ဆင်းရဲကို ခံစားရတာ၊ နောက်နောင်မှာ ဒါလောက် ဖျက်ဆီးတတ်တဲ့ သေရည်ကို ရဟန္တာ ဖြစ်သည်အထိ ငါ ဘယ်တော့မှ မသောက်တော့ပါ" ဟု အဓိဋ္ဌာန် ပြုလိုက်သည်။

ထိုနေ့မှ စ၍ ဘုရင်ကြီး လုံးဝ အရက် ပြတ်သွားလေသည်။

အဆို အက ကောင်းသော ရသေ့များ

မှားမိသူများ
ဤ အရက်သေစာသည် မေ့လျော့စေတတ်၊ သတိ ကင်းလွတ်စေတတ်သောကြောင့် အပြစ်များလှ၏၊ ဈာန် အဘိညာဏ်ရ တန်ခိုးရှင်များကိုပင် ဣန္ဒြေသိက္ခာ လျှောကျ ပျက်ပြားအောင် စွမ်းဆောင်နိုင်၏၊ ဈာန်အဘိညာဏ်ကိုလည်း ဖျက်ဆီးပစ်နိုင်၏၊

ရှေးက ဟိမဝန္တာ၌ ဈာန် ချမ်းသာဖြင့် မွေ့လျော်နေကြသော ရသေ့အချို့တို့သည် ဆုံးမ မည့်သူ ဆရာမပါပဲ ချဉ်ဆားမှီဝဲရန် ဗာရာဏသီသို့ လာရောက်၍ ဘုရင့် ဥယျာဉ်အတွင်း၌ နေထိုင်ကြ၏၊

ဘုရင်သည် ရသေ့တို့ကို ကြည်ညိုလှသဖြင့် အကောင်းဆုံးသောက်ဖွယ် အဖြစ်ဖြင့် အကောင်းဆုံး အရက်ကို ဆက်ကပ်၏၊ ရသေ့များလည်း မတွေ့ဖူးသော အရသာထူးကို တွေ့ရသောကြောင့် သောက်ကြ၏၊

သောက်ပြီး၍ ခဏကြာလျှင် တချို့ ရသေ့က သီချင်းအော်ဆို၏၊ တချို့ ရသေ့က ကိုယ်ရုံ မပါပဲ ကွေးနေအောင် က, ကြ၏၊ တချို့ရသေ့များမှာ ဥယျာဉ်အတွင်း၌ လေးကွက်သိုင်း နင်းကာ လှည့်လည်နေကြ၏၊

အမူးပြေ၍ မိမိတို့၏ သိက္ခာမဲ့သော အပြုအမူတို့ကို ပြန်လည် သတိရကြသောအခါ အရှက်ကြီး ရှက်လှသဖြင့် ဟိမဝန္တာသို့ ချက်ချင်းပင် ပြန်သွားကြ၏၊

အရှင်သာဂတထေရ်

ရဟန်းကိုလည်း ဖျက်
မြတ်စွာဘုရား၏ တပည့် အရှင်သာဂတမထေရ်သည် ဘဒ္ဒဝတိကာ ရွာအနီးသရက်ပင်ဆိပ်ကျောင်းမှ နဂါးဆိုးကြီးကို မိမိ တန်ခိုးဖြင့် နှိမ်နင်း ဆုံးမ လိုက်၏၊ ဤ သတင်းကို ကေသမ္ဗီပြည်သားတို့ ကြားကြ၍ အရှင် သာဂတထေရ်ကို အလွန် ကြည်ညိုကြသဖြင့် ခိုခြေ အဆင်းရှိသော အကောင်းဆုံး အရက်ကို ဆက်ကပ်ကြ၏၊

လူတို့ ကပ်တိုင်း သဒ္ဒါတရားကို ငဲ့၍ သောက်ခဲ့ရသော အရှင် သာဂတ သည် ကျောင်းအပြန်တွင် မြို့တံခါးဝ၌ တုံးလုံးကြီး လဲနေတော့၏၊ မြတ်စွာဘုရားထံ ပွေ့ချီ ခေါ်သွား၍ ဘုရားရှေ့ ချထားသော အခါ၌လည်း မြတ်စွာဘုရားဘက်ကိုသာ ခြေထောက်ကြီး ဆန့်တန်းထား၏၊

မြတ်စွာဘုရားက "ယခု သာဂတဟာ နဂါး မပြောနှင့်တော့၊ ရေမြွေကိုတောင်မှ မနိုင်တော့ဘူး" ဟု မိန့်ကြားပြီးနောက် "အရက်သေစာ သောက်စားလျှင် ပါစိတ် အာပတ်သင့်စေ" ဟု သံဃအဖွဲ့အစည်းအတွက် စည်းမျဉ်းသစ်တခုဖြည့်စွက်တော်မူရ၏၊

ရှစ်ပါးသီလ စသည်

သတိပြုပါ
တချို့မှာ ကျကျနန ဖီးလိမ်းပြင်ဆင် ခြယ်သလျက် ဥပုသ်စောင့်ရန် လာတတ်ကြသည်။ ထိုသို့ လာမိလျှင် ဥပုသ်ခံယူ ဆောက်တည် ခါနီး၌ မိမိ မျက်နှာမှ အလိမ်းအခြယ်တွေကို ပြောင်စင်အောင် ဆေးကြောသုတ်သင် သန့်စင်သင့်ပါသည်။ "မဆောက်တည်မီက လိမ်းခြယ်ထားခြင်းသည် (ဆောက်တည်ပြီးမှ လိမ်းခြယ်ခြင်း မဟုတ်၍) သီလကို မပျက်စီးစေပါ" ဟူသော အယူအဆသည် ဥပုသ် စောင့်သုံးခြင်း ဟူသော သဘောနှင့်လည်း အံ မဝင်၊ ဘုရားရှင်၏ အလိုတော်နှင့်လည်း ခွင် မကျပါ။

ဥပုသ် စောင့်ထိန်းရန် မိမိ ရည်မှန်း ပိုင်းခြားထားသည့် အချိန်ကာလ အတွင်း၌ ပန်းပန်ခြင်း၊ လိမ်းကျံ ခြယ်သခြင်း စသည် မပြုလုပ်ပါဟု ဆောက်တည်ထားသော သိက္ခာပုဒ်၏ သဘောကိုကပင်လျှင် ဥပုသ် စောင့်ထိန်းနေဆဲ၌ မည်သည့် အလိမ်းအကျံ အခြယ်အသမျှ မရှိရ၊ ရှိနေလျှင်လည်း ဆေးကြောသုတ်သင် ပစ်ရမည် ဟူသော သဘောကို ဖော်ပြလျက် ရှိ၏၊

ရှစ်ပါး (ဥပုသ်) သီလ

အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံဝာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

ဒုတိယမ္ပိ

အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံဝာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

တတိယမ္ပိ

အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံဝာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

[ အရှင်ဘုရား တပည့်တော်သည် အားကိုးရာ သုံးပါးနှင့်တကွ ရှစ်ပါး သီလကို တောင်းပါ၏၊ တပည့်တော်ကို ချီးမြှောက်သောအားဖြင့် ရှစ်ပါးသီလ ပေးတော်မူပါ ဘုရား။ ]

(နမော တဿ စသော ဘုရားရှိခိုး၊ ဗုဒ္ဓံ သရဏံ စသော သရဏဂုံ တို့မှာ ငါးပါး သီလ ဆောက်တည်သည့် နည်းအတိုင်းပင်။)

သိက္ခာပုဒ် ၈ ပါး

ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

[ မမြတ်သော အကျင့်ကို ကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏ ]

မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

ဝိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

[ နေမွန်းလွဲသော အခါမှ စ၍ နောက်တနေ့ အရုဏ် မတက်မီအတွင်း စားဖွယ် သောက်ဖွယ်ကို စားသောက်ခြင်းမှ ရှောင်ကြဉ်ပါ၏၊ ]

နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿန မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

[ သာသနာတော်နှင့် မလျော်ဆန့်ကျင် ငြောင့်တံကျင်သဖွယ် ဖြစ်သော ကခြင်း၊ သီဆိုခြင်း၊ တီးမှုတ်ခြင်းတို့ကို ကြည့်ရှု နားထောင်ခြင်းမှ လည်းကောင်း၊ ပန်းပန်ခြင်း၊ အမွှေးနံ့သာ လိမ်းကျံ ရှူရှိုက်ခြင်း၊ နံ့သာမှုန့် အရောင်တင်ဆီတို့ဖြင့် တင့်တယ် ပြေပြစ်အောင် ဖို့သိပ် ခြယ်သ ခြင်းမှ လည်းကောင်း ရှောင်ကြဉ်ပါ၏၊

ဥစ္စာသယန မဟာသယနာ ဝေရမဏိ သိက္ခာပဒံ သမာဓိယာမိ။

[ တတောင့်ထွာထက် ပို၍ မြင့်သော အိပ်ရာ နေရာ၊ အလွန် ကောင်းမွန် ခမ်းနားသော အိပ်ရာ နေရာ တို့၌ နေထိုင် အိပ်စက်ခြင်းမှ ရှောင်ကြဉ်ပါ၏၊ ]

ဥပုသ် စောင့်ခြင်း

ဥပေါသထ ပါဠိဘာသာ ဥပေါသထ ကို မြန်မာလို ဥပုသ် ဟု ခေါ်သည်။ အဓိပ္ပာယ်မှာ ဥပေါသထ = ဥပုသ် = သီလနှင့် ပြည့်စုံလျက် နေခြင်းဟု ဆိုလိုသည်။ ဆောက်တည် ထားသော ရှစ်ပါး သီလနှင့် ပြည့်စုံအောင် ကိုယ်နှင့် နှုတ်ကို စောင့်စည်းလျက် နေခြင်းကို ဥပုသ်စောင့်သည်ဟု ခေါ်သည်။

ဤ ဥပုသ်သီလကို အချိန် မကန့်သတ်ပဲ ဖြစ်စေ၊ နှစ် လ ရက် နာရီ စသည် မိမိ စွမ်းနိုင်သလောက် အချိန် ကန့်သတ်၍ဖြစ်စေ စောင့်ထိန်းနိုင်သည်။ အချိန် မကန့်သတ်ပဲ တသက်လုံး စောင့်ထိန်းလျှင် အာပါဏကောဋိက သီလဟု ခေါ်သည်။ အချိန် ကန့်သတ်၍ စောင့်ထိန်းလျှင် ကာလပရိယန္တ သီလ ဟု ခေါ်သည်။

စင်ကြယ်သော ဥပုသ်
ဥပုသ် စောင့်မည်ဆိုလျှင် အလျင်တနေ့ကပင် ဥပုသ်နေ့၌ မလုပ် မဖြစ်သည့် ကိစ္စမျိုး မရှိရအောင် ကြိုတင်၍ အပြီးအစီး ဆောင်ရွက်ထားရသည်။ ဥပုသ်နေ့ ရောက်လာ၍ ဥပုသ်ခံယူ ဆောက်သည်ထားသောအခါ ဘုရား ဂုဏ်၊ တရား ဂုဏ်၊ သံဃ ဂုဏ်၊ မိမိ ဆောက်တည် ထားသော သီလ ဂုဏ် စသည် တို့ကို ဆင်ခြင်နှလုံးသွင်းလျက် နေရမည်။ သားရေး သမီးရေး၊ စီးပွားရေး၊ စားရေး သောက်ရေး၊ အဝတ်အထည် ရေးတွေကို ကြံစည် တွေးတောယင်း ဥပုသ်နေ့ကို မကုန်လွန်စေရန် ရှင်တော် မြတ်ဘုရား ဆုံးမ ညွှန်ကြားတော်မူသည်။

သတိပြုပါ
တချို့မှာ ကျကျနန ဖီးလိမ်းပြင်ဆင် ခြယ်သလျက် ဥပုသ်စောင့်ရန် လာတတ်ကြသည်။ ထိုသို့ လာမိလျှင် ဥပုသ်ခံယူ ဆောက်တည် ခါနီး၌ မိမိ မျက်နှာမှ အလိမ်းအခြယ်တွေကို ပြောင်စင်အောင် ဆေးကြောသုတ်သင် သန့်စင်သင့်ပါသည်။ "မဆောက်တည်မီက လိမ်းခြယ်ထားခြင်းသည် (ဆောက်တည်ပြီးမှ လိမ်းခြယ်ခြင်း မဟုတ်၍) သီလကို မပျက်စီးစေပါ" ဟူသော အယူအဆသည် ဥပုသ် စောင့်သုံးခြင်း ဟူသော သဘောနှင့်လည်း အံ မဝင်၊ ဘုရားရှင်၏ အလိုတော်နှင့်လည်း ခွင် မကျပါ။

ဥပုသ် စောင့်ထိန်းရန် မိမိ ရည်မှန်း ပိုင်းခြားထားသည့် အချိန်ကာလ အတွင်း၌ ပန်းပန်ခြင်း၊ လိမ်းကျံ ခြယ်သခြင်း စသည် မပြုလုပ်ပါဟု ဆောက်တည်ထားသော သိက္ခာပုဒ်၏ သဘောကိုကပင်လျှင် ဥပုသ် စောင့်ထိန်းနေဆဲ၌ မည်သည့် အလိမ်းအကျံ အခြယ်အသမျှ မရှိရ၊ ရှိနေလျှင်လည်း ဆေးကြောသုတ်သင် ပစ်ရမည် ဟူသော သဘောကို ဖော်ပြလျက် ရှိ၏၊

ဥပုသ် စောင့်ထိန်းရကျိုး

အိမ်လုံးကျွတ် ဥပုသ်
အနာထပိဏ် သဌေးကြီးသည် ကိုယ်တိုင် ဒါန သီလ ဘာဝနာ လုပ်ငန်းများကို အားစိုက်ကြိုးပမ်း လုပ်ဆောင်သလို သူနှင့် စပ်သမျှ ပုဂ္ဂိုလ် တို့ကိုလည်း ထို ကုသိုလ်လုပ်ငန်းတို့၌ အာရုံစိုက်စေ၍ စွမ်းနိုင်သမျှ ဆည်းပူးစေ၏၊ ဥပုသ် နေ့များ၌ အလုပ်သမားများမှ စ၍ အိမ်ရှိ လူကုန် ဥပုသ် စောင့်ရ၏၊ အလုပ် မလုပ်ရပေ။ ထိုနေ့အတွက် လုပ်ခကိုမူ ပေးမြဲ ပေး၏၊ နို့စို့ ကလေးငယ်ကိုပင် ဥပုသ်နေ့၌ နို့ မတိုက်စေပဲ စတုမဓုကိုသာ ကျွေးစေ၏၊

ဥပုသ်နေ့ တနေ့၌ အလုပ်သမားတယောက်သည် မေ့လျော့ကာ နံနက် စောစောကပင် အလုပ်ခွင်သို့ ထွက်သွား၍ မိုးချုပ်မှ ပြန်လာ၏၊ တအိမ်လုံး တိတ်ဆိတ်နေ၍ အကြောင်းမေးကြည့်မှ ဥပုသ် စောင့်ထိန်းကြကြောင်း သိရ၏၊ အများ ဥပုသ်စောင့်ကြပါလျက် မိမိ မစောင့်ထိန်းလျှင် မိမိအတွက် ဆုံးရှုံမှုကြီးသာ ဖြစ်သည်ဟု စဉ်းစားလျက် ပြင်ထားသော ထမင်းပွဲကိုပင် မစားတော့ပဲ ဥပုသ် ဆောက်တည်လိုက်၏၊

မြတ်သော ဥပုသ်
တနေ့လုံး ဝမ်းထဲတွင် အစာ မရှိပဲ အလုပ်လုပ်နေခဲ့သဖြင့် သန်းခေါင်ကျော် အချိန်တွင် ထို ဥပုသ်သည်၏ ဝမ်းထဲတွင် လေတို့သည် မခံသာအောင်ထိုးကြ တိုးကြတော့၏၊ အနာထပိဏ် သဌေးကြီးက ဆေးတိုက်သည်ကိုပင် နေ့ဝက်သာ ရသော ဥပုသ်ကို အစင်ကြယ်ဆုံး စောင့်ထိန်းမည်ဟု ဆိုကာ မသောက်ပဲ ငြင်းပယ် လိုက်၏၊ လေနာက ပို၍ ပြင်းထန်လာသောအခါ ဝမ်းဗိုက်ကို ကြိုးဖြင့် ရစ်ပတ်စည်းနှောင်၍ ကြိုးစကို ကိုင်ကာ လူးလှိမ့်လျက် သည်းခံ၏၊

အကျိုး
ဝေဒနာဒဏ်ကို အစာမရှိပဲ အလူးအလိမ့် ခံနေရသော ခန္ဓာကိုယ်သည် အရုဏ်မတက်မီ ကလေးတွင် ဝေဒနာကို အလျှော့ပေးလိုက်ရကာ ဥပုသ်သည် ကွယ်လွန်သွားတော့၏၊ ကွယ်လွန်သောအခါ နေ့ဝက် ဥပုသ်ကို စင်ကြယ်စွာ စောင့်ထိန်းနိုင်ခြင်းကြောင့် တန်ခိုးကြီးသော ရုက္ခစိုးနတ်ဖြစ်ရ၏၊

ဥပုသ်စောင့်ယင်း သောတာပန် ဖြစ်သူ

အနာထပိဏ် သဌေး၌ သားမိုက် တယောက် ရှိ၏၊ မိဘ၏ အဆုံးအမကို လုံးဝမနာယူပဲ အပေါင်းအသင်းတို့နှင့်အတူ အမြဲတစေ ပျော်ပါး သုံးဖြုန်းလျက်နေ၏၊ ယခုခေတ် အခေါ်အရ ဆိုလျှင် လမ်းသရဲဟု ခေါ်ရပေလိမ့်မည်။ သူ့နာမည်က မောင်ကာဠ။

ငွေလိုချင်၍ ဥပုသ်စောင့်
သားကို ဖခင်၏ ခြေရာ နင်းစေချင်သော သဌေးကြီးသည် တနေ့ဥပုသ်စောင့်လျှင် ငွေတရာ ပေးမည်ဆိုကာ ကာဠကို ကျောင်းတော်သို့သွား၍ ဥပုသ် စောင့်ခိုင်း၏၊ ဖြုန်းဖို့ ငွေလိုနေသော ကာဠသည် ဇေတဝန်ကျောင်းတော်သို့သွား၍ ဥပုသ် စောင့်၏၊ ည အချိန်တွင် အခြား ဥပုသ်သည်များလိုပင် ကျောင်း၌ အိပ်တော့ အိပ်ပါ၏၊ မြတ်စွာဘုရား၏ တရားတော်ကိုတော့ မနာပေ။ နံနက်လင်း၍ အိမ် ပြန်လာသောအခါ ဆုအဖြစ် ငွေတရာရလိုက်၏၊

လမ်းသရဲမှ သောတာပန်သို့
နောက်တနေ့ ဥပုသ်စောင့် သွား၍ မြတ်စွာဘုရား ဟောတော်မူသည့် တရားထဲမှ တစုံတရာ မှတ်မိလျှင် ငွေတထောင် ပေးမည်ဟု သူ့ဖခင်က ပြောသဖြင့် ကာဠ ကျောင်းသို့သွား၍ ဥပုသ်စောင့်ပြီးလျှင် ည တရားကို သေသေချာချာ နာယင်းနှင့် တရားသဘောပေါက်ကာ တရားနာယင်း တရားရှုမှတ်သဖြင့် တရားဆုံးသောအခါ သောတာပတ္တိ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရသွား၏၊

နံနက်လင်း၍ အိမ် ပြန်လာသောအခါ တည်ကြည်ငြိမ်သက်လှသော ကာဠသည် သူ့ဖခင်က ဥပုသ် စောင့်ခဆိုကာ ငွေတထောင် ပေးလိုက်မည်ကို ရှက်နေ၏၊

မြတ်စွာဘုရားက ကာဠဟာ စကြဝတေးမင်း စည်းစိမ်ထက်သာသည့် အရာ [ သောတာပတ္တိမဂ်ဉာဏ် ] ကို ရနေပြီ ဖြစ်၍ ငွေတထောင်ကို မမက်တော့ကြောင်း ဟောတော်မူလေသည်။

ကိုးပါး သီလ

နဝင်္ဂဥပုသ် သီလ ဟုခေါ်သော ၉ ပါးသီလ စောင့်ထိန်းလိုသူသည် ၈ ပါး သီလ၌ မေတ္တာပွါးများမှုကို ထည့်ရုံမျှသာထူးသည်။ စင်စစ်မူ မေတ္တာပွါးမှုသည် ဆောက်တည်ရသည့်သိက္ခာပုဒ် တခု မဟုတ်ပေ။ နဝင်္ဂဥပုသ် သီလ၏ အင်္ဂါ တပါးမျှသာ ဖြစ်ပေသည်။

ရှစ်ပါးသီလ ခံယူ ဆောက်တည်ပြီးနောက် သတ္တဝါများအပေါ်၌ မေတ္တာစိတ် ဖြန့်ပွါးနေလျှင် အင်္ဂါ ၉ ပါးနှင့် ပြည့်စုံသော သီလ ဖြစ်တော့သည်။

နဝင်္ဂုပေါသထသုတ်၌ ရှေ့ သိက္ခာပုဒ် ၈ ပါးကို ဆောက်တည်ပုံ ပြ၍ နဝမ အင်္ဂါဖြစ်သည့် မေတ္တာကိုမူ ဆောက်တည် မပြပေ။ အရပ် ဆယ်မျက်နှာ၌ ရှိသော သတ္တဝါအားလုံးကို မေတ္တာစိတ် ဖြန့်လျက်နေလျှင် ၉ ပါး သီလ ဖြစ်၍ အကျိုးကြီးမားကြောင်းသာ ပြဆို၏၊

ယခု ကာလ၌မူ မေတ္တာကို နဝမ သိက္ခာပုဒ် အဖြစ်ဖြင့် ရွတ်ဆို၍ ခံယူ ဆောက်တည်ကြ၏၊

နဝင်္ဂဥပုသ် သီလတောင်း

အဟံ ဘန္တေ တိသရဏေန သဟ နဝင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

ဒုတိယမ္ပိ

အဟံ ဘန္တေ တိသရဏေန သဟ နဝင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

တတိယမ္ပိ

အဟံ ဘန္တေ တိသရဏေန သဟ နဝင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

မှတ်ချက်
အဋ္ဌင်္ဂ ဥပုသ်သီလ၌ 'အဋ္ဌင်္ဂသမန္နာဂတံ' ကို ဤ နဝင်္ဂသီလ၌ 'နဝင်္ဂသမန္နာဂတံ' ဟု ပြင်၍ ဆိုရုံမျှသာ ထူးသည်။ သိက္ခာပုဒ် ဆောက်တည်ရာ၌လည်း ရှေ့သိက္ခာပုဒ် ၈ ပါး ဆောက်တည်ပုံမှာ အားလုံး ၈ ပါးသီလ အတိုင်းပင်။ သိက္ခာပုဒ် ၈ ပါးအဆုံး၌သာ နဝမ အင်္ဂါအဖြစ် အောက်ပါအတိုင်း ရွတ်ဆိုပါ။

(မရွတ်ဆိုသော်လည်း မေတ္တာပွါးနေလျှင် နဝင်္ဂသီလ ဖြစ်ပါပြီ။)

မေတ္တာသဟဂတေန စေတသာ သဗ္ဗာဝန္တံ လောကံ ဖရိတွာ ဝိဟရာမိ။ (မေတ္တာ သဟဂတေန စေတသာ သဗ္ဗပါဏဘူတေသု ဖရိတွာ ဝိဟရဏံ သမာဒိယာမိ ဟု ဆိုရိုးဆိုစဉ်အတိုင်းလည်း ဆိုနိုင်ပါသည်။)

[ မေတ္တာနှင့် ယှဉ်သော စိတ်ဖြင့် အလုံးစုံသော သတ္တဝါရှိသော လောကကို ပျံ့နှံ့စေ၍ နေပါအံ့ ဘုရား။ ]

နဝင်္ဂုပေါသထသုတ် ပါဠိတော်၌-

"ဣတိ ဥဒ္ဓမဓော တိရိယံ သဗ္ဗဓိ သဗ္ဗတ္တတာယ သဗ္ဗာဝန္တံ လောကံ မေတ္တာသဟဂတေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာပဇ္ဇေန ဖရိတွာ ဝိဟရတိ" ဟု ရှိ၏၊

(မေတ္တာနှင့် စပ်သော သိမှတ်ဖွယ်များကို အခန်း ၁၄ ၌ကြည့်ပါ။)

ဥပေါသထသုတ်

(အံ ၁၊ ၂၀၆)

ဝိသာခါ
မြတ်စွာဘုရားသည် သာဝတ္ထိပြည်အနီး ဝိသာခါကျောင်း အမကြီး လှူဒါန်းထားသော ပုဗ္ဗာရုံကျောင်းတော်ကြီး၌ သီတင်းသုံးတော်မူစဉ် ဥပုသ်နေ့ တနေ့တွင် ဝိသာခါ ကျောင်းအမကြီးသည် ပန်းများနှင့် အခြား လှူဖွယ်များကို ယူဆောင်၍ မြတ်စွာဘုရား အထံတော်သို့ လာရောက်ကာ ရိုသေစွာ ရှိခိုးလျက် ထိုင်နေ၏၊

မြတ်စွာဘုရားက "ဝိသာခါ၊ နေမြင့်မှ ဘာကိစ္စ လာသလဲ" ဟု မေးတော်မူ၏၊

ဝိသာခါက "ယနေ့ ဥပုသ်နေ့ဖြစ်၍ တပည့်တော်မ, ဥပုသ်စောင့် လာပါသည် ဘုရား" ဟု လျှေက်၏၊

မြတ်စွာဘုရားက "ဝိသာခါ၊ ဥပုသ် သုံးမျိုးရှိသည်" ဟု အစချီကာ ဥပုသ် သုံးမျိုးကို ရှင်းပြ ဟောကြားတော်မူ၏၊

ဥပုသ် သုံးမျိုး

တိတ္ထိတက္ကဒွန်းတို့ စောင့်သော ဥပုသ် (နိဂဏ္ဌ ဥပုသ်)

နွားကျောင်းသား ဥပုသ် (ဂေါပါလ ဥပုသ်)

မြတ်သော ဥပုသ် (အရိယ ဥပုသ်)

နိဂဏ္ဌ ဥပုသ်
တိတ္ထိတို့ ညွှန်ကြားဆုံးမသည့် အတိုင်း စောင့်ထိန်းသော ဥပုသ်သည် နိဂဏ္ဌဥပုသ် မည်၏၊

နွားကျောင်းသား ဥပုသ်
နွားကျောင်းသားများသည် ညအခါ၌ "ဒီနေ့ ဘယ်စားကျက်မှာ နွားများ အစာ စားခဲ့ကြတယ်၊ ဘယ်ကန် ဘယ်ချောင်းမှာ ရေ သောက်ခဲ့ကြတယ်၊ နက်ဖြန် ဘယ် စားကျက်မှာ ကျောင်းမှ၊ ဘယ်ကန် ဘယ် ချောင်းမှာ ရေသောက်စေမှ ဖြစ်မယ်" ဟု နွားတို့အတွက် အစာနှင့် ရေကို ကြောင့်ကြစိုက် စဉ်းစားသကဲ့သို့ ဥပုသ်သည်လည်း "ဒီနေ့ ဘာ ဟင်းနဲ့ ထမင်းစားခဲ့ကြတယ်၊ နက်ဖြန် ဘာ ဟင်းနဲ့ ထမင်း စားကြမယ်" စသဖြင့် စားရေး၊ ဝတ်ရေး ဆင်ရေး၊ သားရေး သမီးရေး၊ စီးပွါးရး အစရှိသော လောကီရေးတွေကိုသာ စဉ်းစား စိတ်ကူးယင်း ဥပုသ် စောင့်လျှင် ထိုသူ၏ ဥပုသ်သည် နွားကျောင်းသား ဥပုသ် (ဂေါပါလ ဥပုသ်) မည်၏၊

အရိယ ဥပုသ်
ဥပုသ်စောင့်ယင်း လောဘ၊ ဒေါသ၊ မောဟ စသော စိတ် အညစ်အကြေးများ စင်ကြယ်အောင် တနည်းနည်းဖြင့် ကြိုးစားအားထုတ်နေလျှင် ထိုသူ၏ ဥပုသ်သည် မြတ်သော ဥပုသ် (အရိယ ဥပုသ်) မည်၏၊

အရိယဥပုသ် ခြောက်မျိုး
ဤ အရိယဥပုသ်သည် ဗြဟ္ခ ဥပုသ်၊ ဓမ္မ ဥပုသ်၊ သံဃ ဥပုသ်၊ သီလ ဥပုသ်၊ နတ် ဥပုသ်၊ အဋ္ဌင်္ဂိက ဥပုသ် ဟု ၆ မျိုး ရှိ၏၊

ဗြဟ္မ ဥပုသ်
မြတ်စွာဘုရား တည်းဟူသော ဗြဟ္မာ၏ အရဟံ စသော ဂုဏ်တော်တို့ကို ဆင်ခြင် နှလုံးသွင်းလျက် စောင့်သော ဥပုသ်သည် ဗြဟ္မဥပုသ် မည်၏၊

ဓမ္မ ဥပုသ်
ရှင်တော် မြတ်ဘုရား ဟောကြားတော်မူသော တရားတော်တို့၏ သွာက္ခာတ စသော ဂုဏ်တော်တို့ကို ဆင်ခြင် နှလုံးသွင်းလျက် စောင့်သုံးသော ဥပုသ်သည် ဓမ္မဥပုသ် မည်၏၊

သံဃ ဥပုသ်
သံဃာတော်၏ သုပ္ပဋိပန္န စသော ဂုဏ်တော် တို့ကို ဆင်ခြင် နှလုံးသွင်းလျက် စောင့်သော ဥပုသ်သည် သံဃဥပုသ် မည်၏၊

သီလ ဥပုသ်
မိမိ၏ မကျိုးမပေါက် မပြောက်မကျားပဲ အစွန်း မကွက်မထင် သန့်ရှင်းစင်ကြယ်သော သီလကို ဆင်ခြင်နှလုံးသွင်းလျက် စောင့်သုံးသော ဥပုသ်သည် သီလဥပုသ် မည်၏၊

ဒေဝ ဥပုသ်
နတ်တို့သည် သဒ္ဓါ သီလ သုတ စာဂ ဟိရီ ဩတ္တပ္ပ ပညာ ဟူသော ကုသိုလ်တရားတို့ကြောင့် နတ်ပြည် လောကသို့ ရောက်ကြရ၏၊ မိမိ၌လည်း ထို သဒ္ဓါ စသော ကုသိုလ်တရားတို့ ရှိပေသည်ဟု ဆင်ခြင် နှလုံးသွင်းလျက် စောင့်သုံးသော ဥပုသ်သည် နတ်ဥပုသ် မည်၏၊

အဋ္ဌင်္ဂိက ဥပုသ်
ရဟန္တာ အရှင်မြတ်တို့သည် အသက်ထက်ဆုံး သတ္တဝါ၏ အသက်ကို မသတ်ဖြတ် သကဲ့သို့ မိမိလည်း မသတ်ဖြတ်အံ့ ဟု ရဟန္တာတို့ကို အတုယူ၍ သိက္ခာပုဒ် ၈ ပါးကို စောင့်ထိန်းလျှင် အဋ္ဌင်္ဂိကဥပုသ် မည်၏၊

ဖော်ပြပါအတိုင်း ဆင်ခြင် နှလုံးသွင်း၍ ဖြစ်စေ၊ အခြားသော နည်းမှန် လမ်းမှန်ဖြင့် ဆင်ခြင် နှလုံးသွင်း၍ ဖြစ်စေ ဥပုသ်စောင့်သုံးလျှင် ကိလေသာကို စင်ကြယ်စေသဖြင့် အရိယဥပုသ်ဖြစ်၏၊

ဆယ်ပါးသီလ

ဆယ်ပါးသီလကို ရှင်သာမဏေတို့ စောင့်ထိန်းရန် မြတ်စွာဘုရား အထူးပညတ်တော်မူခဲ့၏၊ လူတို့ စောင့်ထိန်းရန် မလွယ်လှသော်လည်း ဘုရားရှင် လက်ထက်တော် အခါက ဟတ္ထာဠဝက စသော ဥပါသကာတို့ စောင့်ထိန်းကြသည်ကို တွေ့ရ၏၊

ဂဟဋ္ဌ ဆယ်ပါး သီလ တောင်းရန်

အဟံ ဘန္တေ သိသရဏေန သဟ ဒသဂဟဋ္ဌသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

ဒုတိယမ္ပိ

အဟံ ဘန္တေ သိသရဏေန သဟ ဒသဂဟဋ္ဌသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

တတိယမ္ပိ

အဟံ ဘန္တေ သိသရဏေန သဟ ဒသဂဟဋ္ဌသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

[ အရှင်ဘုရား၊ တပည့်တော်သည် အားကိုးရာ သုံးပါးနှင့်တကွ ဆယ်ပါးသော ဂဟဋ္ဌ သီလတော်မြတ်ကို တောင်းပါ၏၊ တပည့်တော်ကို ချီးမြှောက်သော အားဖြင့် ဆယ်ပါးသီလကို ပေးတော်မူပါ အရှင်ဘုရား။ ]

(ဘုရားရှိခိုးနှင့် သရဏဂုံ ဆောက်တည်ပုံ ငါးပါးသီလ အတိုင်းပင်။)

သိက္ခာပုဒ် ၁၀ ပါး ဆောက်တည်ပုံ

ပါဏာတိပါတာ ...... သမာဒိယာမိ။

အဒိန္နဒါနာ ...... သမာဒိယာမိ။

အဗြဟ္မစရိယာ ...... သမာဒိယာမိ။

မုသာဝါဒါ ...... သမာဒိယာမိ။

သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ...... သမာဒိယာမိ။

ဝိကာလဘောဇနာ ...... သမာဒိယာမိ။

နစ္စ ဂီတ ဝါဒိတ ဝိသူကဒဿနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

[ သာသနာတော်နှင့် မလျော်ဆန့်ကျင် ငြောင့်တံကျင်သဖွယ် ဖြစ်သော က ခြင်း၊ သီဆို ခြင်း၊ တီးမှုတ် ခြင်း တို့ကို ကြည့်ရှု နားထောင်ခြင်းမှ ရှောင်ကြဉ်ပါ၏၊ ]

မာလာ ဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

[ ပန်းပန်ခြင်း၊ အမွှေးနံ့သာ လိမ်းကျံ ရှူရှိုက်ခြင်း၊ နံ့သာမှုန့် အရောင်တင်ဆီ တို့ဖြင့် တင့်တယ် ပြေပြစ်အောင် ဖို့သိပ် ခြယ်သ ခြင်းမှ ရှောင်ကြဉ်ပါ၏၊

ဥစ္စာသယန မဟာသယနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ (မြန်မာပြန် ရှစ်ပါးသီလ နည်းတူ။)

ဇာတရူပရဇတပ္ပဋိဂ္ဂဟဏာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

[ ရွှေ ငွေ ဒင်္ဂါး အကြွေ ငွေစက္ကူ တို့ကို ကိုင်ခံခြင်းမှ ရှောင်ကြဉ်ပါ၏၊ ]

ဆယ်ပါးသီလ စောင့်ထိန်းကြသူများ
ဤ ဆယ်ပါးသီလကို ဖုဿ ဘုရားရှင်၏လက်ထက်တော်၌ မဟိန္ဒမင်း၏ သားသုံးယောက်တို့သည် လည်းကောင်း (အံ - ဋ္ဌ ၁၊ ၂၃၁)၊ ပဒုမုတ္တရ ဘုရားရှင်၏ လက်ထက်တော်၌ နန္နမင်း၏ သားငယ် သုမနမင်းသား (အရှင်အာနန္ဒာ၏အလောင်း) သည်လည်းကောင်း (အံ-ဋ္ဌ ၁၊ ၂၂၇)၊ ကဿပ ဘုရားရှင်၏ လက်ထက်တော်၌ ဃဋိကာရ အိုးထိန်းသည်သည်လည်းကောင်း (မ-၂၊ ၂၄၁)၊ ကဿပ ဘုရားရှင်၏ လက်ထက်တော်၌ပင် ကိကီမင်းကြီး၏ သမီး ခုနစ်ယောက်တို့သည်လည်းကောင်း (အံ-ဋ္ဌ ၁၊ ၂၈၃)၊ ဂေါတမ ဘုရားရှင်၏ လက်ထက်တော်၌ ဟတ္ထကအာဠာဝက မင်းသားသည် လည်းကောင်း (အံ-ဋ္ဌ ၃၊ ၂၂၂) စောင့်ထိန်းခဲ့ကြ၏၊

ဗြဟ္မစရိယ ပဉ္စမက သီလ

ဗြဟ္မစရိယ အပါအဝင်ဖြစ်သော သီလငါးပါး အပေါင်းကို ဗြဟ္မစရိယ ပဉ္စမကသီလ ဟု ခေါ်၏၊ ဤ သီလကို ဆောက်သည်လျှင် ငါးပါးသီလ သီလတောင်း ပါဠိ၌ 'ပဉ္စသီလံ' ကို 'ဗြဟ္မစရိယ ပဉ္စမကသီလံ' ဟု ပြောင်း၍ ဆိုရသည်။ ငါးပါးသီလ တတိယ သိက္ခာပုဒ် ဖြစ်သော 'ကာမေသု မိစ္ဆာစာရာ' နေရာ၌ 'အဗြဟ္မစရိယာ ဝေရာမဏိသိက္ခာပဒံ သမာဒိယာမိ' ဟု ပြောင်းလဲ ဆောက်တည်ရသည်။ ဤမျှသာ ထူး၏၊ ရှောင်ကြဉ်မှု၌ကား အလွန် ခြားနား၏၊

ငါးပါး သီလ၌ ကာမေသု မိစ္ဆာစာရ သိက္ခာပုဒ် အရ တရားဝင် မဟုတ်၍ လောကပြစ် မရှိသော ဇနီးမောင်နှံ အချင်းချင်းကား မေထုန် အမှုကို ပြုနိုင်သည်။ ဤ ဗြဟ္မစရိယ ပဉ္စမက သီလ၌မူ အဗြဟ္မစရိယ သိက္ခာပုဒ် အရ (၈ ပါး သီလမှာလိုပင်) မည်သည့် နည်းနှင့်မျှ မည်သူနှင့်မျှ မေထုန် အမှုကို မပြုပဲ လုံးဝ ရှောင်ကြဉ်ရသည်။

ဆောက်တည်ပုံ
အဟံ ဘန္တေ တိသရဏန သဟ ဗြဟ္မစရိယ ပဉ္စမကသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

ဒုတိယမ္ပိ

အဟံ ဘန္တေ တိသရဏန သဟ ဗြဟ္မစရိယ ပဉ္စမကသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

တတိယမ္ပိ

အဟံ ဘန္တေ တိသရဏန သဟ ဗြဟ္မစရိယ ပဉ္စမကသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

(နမောတဿ စသည် ရှေးနည်း အတိုင်းပင်)

ပါဏာတိပါတာ .............. သမာဒိယာမိ။

အဒိန္နာဒါနာ .............. သမာဒိယာမိ။

အဗြဟ္မစရိယာ .............. သမာဒိယာမိ။

မုသာဝါဒါ .............. သမာဒိယာမိ။

သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ .............. သမာဒိယာမိ။

ဗြဟ္မစရိယ ပဉ္စမက သီလကို မြတ်စွာဘုရား၏ လက်ထက်တော် အခါက ဥဂ္ဂသူကြွယ်၊ ပုရာဏ ဥပါသကာ၊ ဓမ္မိက ဥပါသကာ၊ နန္ဒမာတာ ဥပါသိကာ၊ နကုလပိတာ၊ နကုလမာတာ တို့ စောင့်ထိန်းကြသည်။ (အံ ၃၊ ၄၈။ အံ ၂၊ ၃၀၅။ အံ ၃၊ ၉၅။)

ကောမာရ ဗြဟ္မစရိယ သီလ

ဗြဟ္မစရိယ ပဉ္စမက သီလ ကိုပင် ငယ်စဉ် ကတည်းက စ၍ စောင့်ထိန်းခဲ့လျှင် အမျိုးသားများအတွက် ကောမာရ ဗြဟ္မစရိယ သီလ၊ အမျိုးသမီးများအတွက် ကောမာရိ ဗြဟ္မစရိယ သီလ ဟု ခေါ်ရပြန်သည်။ သိက္ခာပုဒ် ဆောက်တည်ပုံမှာ ဗြဟ္မစရိယ ပဉ္စမက သီလ အတိုင်းပင်။

ကဿပ မြတ်စွာဘုရား လက်ထက်တော်တွင် ကိကီမင်းကြီး၏ သမီး ခုနစ်ယောက်တို့ အသက်ထက်ဆုံး စောင့်ထိန်းကြသော ကောမာရိဗြဟ္မစရိယ သီလမှာမူ ငါးပါးသီလ မဟုတ်၊ ဆယ်ပါးသီလ ဖြစ်၏၊

(အံ-ဋ္ဌ ၁၊ ၂၃၈ စသည်)

ဧကဘတ္တိက ဆက္ကသီလ

ဗြဟ္မစရိယ ပဉ္စမက သီလ၌ "ဝိကာလဘောဇနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ" ကို ထပ်ထည့်၍ သိက္ခာပုဒ် ၆ ပါးကို ဆောက်တည် စောင့်ထိန်းလျှင် ဧကဘတ္တိက ဆက္ကသီလ ခေါ်ရပြန်သည်။ ဤ သီလကို ဓမ္မိက ဥပါသကာ၊ နန္ဒမာတာ ဥပါသိကာတို့ အသက်ထက်ဆုံး စောင့်ထိန်းကြသည်။ (သုတ္တနိဋ္ဌ ၂၊ ၁၀၁)

အာဇီဝဋ္ဌမက သီလ

အသက်မွေးဝမ်းကျောင်းမှုနှင့် ဆိုင်သော သီလကို ရှစ်ခုမြောက် သိက္ခာပုဒ် ဆောက်တည် စောင့်ထိန်းလျှင် အာဇီဝဋ္ဌမက သီလ ဟုခေါ်သည်။ ဤ သီလ စောင့်ထိန်းပုံမှာ ပါဠိတော် အဋ္ဌကထာ တို့၌ တိုက်ရိုက် မလာပေ။ သို့သော်လည်း ဆောက်တည် စောင့်ထိန်းထိုက်သော သီလ ဖြစ်၍ ရှေးပညာရှင်များ စီစဉ်ခဲ့ခြင်း ဖြစ်ရာ အကျိုးများလှ၏၊

ဆောက်တည်ပုံ
အဟံ ဘန္တေ တိသရဏေန သဟ အာဇီဝဋ္ဌမကသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

ဒုတိယမ္ပိ

အဟံ ဘန္တေ တိသရဏေန သဟ အာဇီဝဋ္ဌမကသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

တတိယမ္ပိ

အဟံ ဘန္တေ တိသရဏေန သဟ အာဇီဝဋ္ဌမကသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

(ဘုရားရှိခိုးနှင့် သရဏဂုံ ဆောက်တည်ပုံ ရှေးအတိုင်းပင်)

ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

ကာမေသု မိစ္ဆာစာရာ ဝေရာမဏိသိက္ခာပဒံ သမာဒိယာမိ။

မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

ပိသုဏဝါစာယ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

[ သူနှစ်ဦးတို့အကြား ကုန်းချော ရန်တိုက်စကား ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏၊ ]

ဖရုသဝါစာယ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

[ ကြမ်းတမ်း ရိုင်းစိုင်းသောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ။ ]

သပ္ဖပ္ပလာပါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

[ အကျိုးမရှိ အနှစ်မပါသောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏၊ ]

မိစ္ဆာဇီဝါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

[ အပြစ်မကင်းသော အသက်မွေးဝမ်းကျောင်းမှ ရှောင်ကြဉ်ပါ၏၊ ]

သီလမဂ္ဂင် သုံးပါး
ဤ သီလ၌ သတ္တဝါ၏ အသက်ကိုသတ်ခြင်း၊ သူတပါး ဥစ္စာ မတရားယူခြင်း၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်း၊ ဤ ကာယဒုစရိုက် သုံးပါးမှ ရှောင်ကြဉ်ခြင်းသည် သမ္မာကမ္မန္တ ဖြစ်၏၊

မမှန်သောစကား ပြောခြင်း၊ ကုန်းချော ရန်တိုက် စကားပြောခြင်း၊ ကြမ်းတမ်း ရိုင်းစိုင်းသောစကား ပြောခြင်း၊ အကျိုးမရှိသောစကား ပြောခြင်း၊ ဤ ဝစီဒုစရိုက် လေးပါးမှ ရှောင်ကြဉ်ခြင်းသည် သမ္မာဝါစာ မဂ္ဂင် ဖြစ်၏၊

အသက်မွေးဝမ်းကျောင်း ပြုရာတွင် ဖော်ပြပါ ကာယဒုစရိုက် ၃ ပါး၊ ဝစီဒုစရိုက် ၄ ပါးကို ရှောင်ကြဉ်လျှင် အပြစ် ကင်းသော အသက်မွေးဝမ်းကျောင်း ဖြစ်၍ သမ္မာအာဇီဝ မဂ္ဂင် ဖြစ်၏၊

ဒုစရိုက်နှင့် သုစရိုက်

ဒုစရိုက်နှင့် သုစရိုက်

သတ်မှု ခိုးမှု၊ ကာမေသု၊ သုံးခု ကာယကံ။
မုသားကုန်းတိုက်၊ ရိုင်းမိုက်ကြမ်းညစ်၊ အနှစ် မပါ၊
ပြောဆိုတာ၊ လေးဖြာ ဝစီကံ။
သူ့ပစ္စည်းကို၊ ရလို တွေးကြံ၊ သူပျက်ရန်ကို၊ ဖန်ဖန်
စဉ်းစား၊ အယူမှား၊ သုံးပါး မနောကံ။
ဒုစရိုက်တရား၊ ပြုသူများ၊ လားရ ပါယ်လေးတန်။
ဒုစရိုက် ဆယ်ပါး၊ ရှောင်ကြဉ်ငြား၊ ဆယ်ပါး
သုစရိုက်ကံ။
သုစရိုက်တရား၊ ပြုသူများ၊ လားရ နတ်နိဗ္ဗာန်။

ဒုစရိုက် ဆယ်ပါး
ဒုစ္စရိတ ဟူသော ပါဠိကို ဒုစရိုက် ဟု ခေါ်ကြသည်။ ဒုစရိုတ် ဟုလည်း တချို့ သုံးကြသည်။ အဓိပ္ပါယ်မှာ မကောင်းသော အကျင့်၊ မကောင်းမှု၊ အကုသိုလ် ဟု ဆိုလိုသည်။ အပြစ်မကင်းသော အလုပ်မှန်သမျှ ဒုစရိုက် ချည်း ဖြစ်သည်။ ယင်း ဒုစရိုက်သည် ကာယ ဒုစရိုက် ၃ ပါး၊ ဝစီ ဒုစရိုက် ၄ ပါး၊ မနော ဒုစရိုက် ၃ ပါး အားဖြင့် ၁၀ ပါး ရှိသည်။

ကာယဒုစရိုက် ၃ ပါး

ပါဏာတိပါတ
(သတ္တဝါ၏ အသက်ကို သတ်ခြင်း။)

အဒိန္နာဒါန
(သူတပါး၏ ပစ္စည်းကို မတရားယူခြင်း။)

ကာမေသု မိစ္ဆာစာရ
(ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်း။)

ဝစီ ဒုစရိုက် ၄ ပါး

မုသာဝါဒ
(မမှန်သော စကားကို ပြောဆိုခြင်း။)

ပိသုဏဝါစာ
(ကုန်းချော ရန်တိုက်စကားကို ပြောဆိုခြင်း။)

ဖရုသဝါစာ
(ကြမ်းတမ်း ရိုင်းစိုင်းသော စကားကို ပြောဆိုခြင်း။)

သပ္ဖပ္ပလာပ
(အကျိုးမရှိ အနှစ်မပါသော စကားကို ပြောဆိုခြင်း။)

မနော ဒုစရိုက် ၃ ပါး

အဘိဇ္ဈာ
(သူတပါး ပစ္စည်းကို "မိမိ ပစ္စည်းဖြစ်လျှင် ကောင်းမှာပဲ" ဟု ရလိုသမှုရှေးရှု ကြံစည်ခြင်း။)

ဗျာပါဒ
(သူတပါးကို ပျက်စီးစေလိုခြင်း။)

မိစ္ဆာဒိဋ္ဌိ
(အသိအမြင် အယူဝါဒ လွဲမှားနေခြင်း။)

ဆောင်ပုဒ်

သတ်မှု ခိုးမှု၊ ကာမေသု၊ သုံးခု ကာယကံ။
မုသားကုန်းတိုက်၊ ရိုင်းမိုက်ကြမ်းညစ်၊ အနှစ် မပါ၊
ပြောဆိုတာ၊ လေးဖြာ ဝစီကံ။
သူ့ပစ္စည်းကို၊ ရလို တွေးကြံ၊ သူပျက်ရန်ကို၊ ဖန်ဖန်
စဉ်းစား၊ အယူမှား၊ သုံးပါး မနောကံ။
ဒုစရိုက်တရား၊ ပြုသူများ၊ လားရ ပါယ်လေးတန်။
ဒုစရိုက် ဆယ်ပါး၊ ရှောင်ကြဉ်ငြား၊ ဆယ်ပါး
သုစရိုက်ကံ။
သုစရိုက်တရား၊ ပြုသူများ၊ လားရ နတ်နိဗ္ဗာန်။

ဒုစရိုက် ဆယ်ပါး

ဒုစရိုက်၏ ဆိုးကျိုးများ
မကောင်းမှု ဒုစရိုက်ကို ပြုသူများသည် မည်သည့် အခါမျှကောင်းကျိုး ချမ်းသာကို မရနိုင်ပဲ ဆိုးကျိုး ဆင်းရဲကျိုးကိုသာ ရကြ၏၊ အကြောင်းဆိုး၍ အကျိုး ဆိုးကြခြင်းပင်။ ဤ သဘောကို မြတ်စွာဘုရားသည် ဒုစ္စရိတ ဝိပါက သုတ်၌ အောက်ပါအတိုင်း ဟောတော်မူခဲ့၏၊

သတ္တဝါ၏ အသက်ကို သတ်ခြင်းအမှု ပါဏာတိပါတ ဒုစရိုက်ကို ကြိမ်ဖန်များစွာ ပြုသူသည် ငရဲသို့ကျရ၏၊ တိရစ္ဆာန် ဖြစ်ရ၏၊ ပြိတ္တာ ဖြစ်ရ၏၊
အပေါ့ဆုံး အသေးဆုံး ပါဏာတိပါတသည်ပင် ပြုသူကို အသက် တိုစေတတ်၏၊ ပဋိသန္ဓေ နေဆဲမှာဖြစ်စေ၊ မွေးဖွားစမှာ ဖြစ်စေ သေရခြင်းကိုပင် ဖြစ်စေတတ်၏၊

သူတပါး ပစ္စည်းကို ခိုးဝှက် လုယက် လိမ်လည် လှည့်ပတ် အကျပ်ကိုင်၍ မတရားယူခြင်းအမှု အဒိန္နာဒါန ဒုစရိုက်ကို ကြိမ်ဖန်များစွာ ပြုသူသည် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ ဖြစ်ရ၏၊
အပေါ့ဆုံး သေးဆုံး အဒိန္နာဒါနသည်ပင် ပြုသူကို စီးပွါးဥစ္စာ ပျက်စီးစေတတ်၏၊ တပြားတချပ်မျှပင် လက်ထဲမှာ မရှိအောင် ဆင်းရဲမွဲတေ စေတတ်၏၊

ကာမဂုဏ်ကိစ္စတို့၌ ဖောက်ပြားသောအမှု ကာမေသု မိစ္ဆာစာရ ဒုစရိုက်ကို ကြိမ်ဖန်များစွာ ပြုသူသည် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ ဖြစ်ရ၏၊
အပေါ့ဆုံး အသေးဆုံး မိစ္ဆာစာရ သည်ပင် ပြုသူကို ရန်များစေတတ်၏၊ မြင်သူတိုင်းက ရန်သူသဖွယ် သဘောထားတတ်၏၊

မမှန်စကား လိမ်ညာလှည့်ဖြား ပြောကြားခြင်းအမှု မုသာဝါဒ ဒုစရိုက်ကို ကြိမ်ဖန်များစွာ ပြုသူသည် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ ဖြစ်ရ၏၊
အပေါ့ဆုံး အသေးဆုံး မုသာဝါဒသည်ပင် ပြောသူကို မဟုတ် မမှန် အစွပ်စွဲ ခံရစေတတ်၏၊ ဘယ်သူ ပြုပြု သူ့ခေါင်းပေါ်မှာချည်း အပြစ်ကျတတ်၏၊

လူနှစ်ဦးအကြား မေတ္တာပျက်ပြားအောင် ကုန်းချော ရန်တိုက်စကား ပြောခြင်းအမှု ပိသုဏဝါစာ ဒုစရိုက်ကို ကြိမ်ဖန်များစွာ ပြုသူသည် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ ဖြစ်ရ၏၊
အပေါ့ဆုံး အသေးဆုံး ပိသုဏဝါစာသည်ပင် ပြောသူကို မိတ်ပျက်စေတတ်၏၊ ချစ်ခင်သူ နည်းပါး မိတ်ဆွေ ရှားစေတတ်၏၊ အသစ် ဆက်ဆံရသမျှသော မိတ်ဆွေများသည်လည်း ရှောင်ခွာ၍သာ သွားတတ်၏၊

ကြမ်းတမ်း ရိုင်းပျသော စကားကို ပြောခြင်းအမှု ဖရုသဝါစာ ဒုစရိုက်ကို ကြိမ်ဖန်များစွာ ပြောသူသည် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ ဖြစ်ရ၏၊
အပေါ့ဆုံး အသေးဆုံး ဖရုသဝါစာသည်ပင် ပြောသူကို မနှစ်မျို့စရာ နားမခံသာသော စကားတို့ကိုသာ ကြားရစေတတ်၏၊ သွားလေရာရာ နေလေရာရာတို့၌ နားမချမ်းသာစရာ စိတ်မချမ်းသာစရာ စကားတို့ကိုသာ ကြားရစေတတ်၏၊

အကျိုးမရှိ အနှစ်မပါသော စကားပေါ့ စကားဖျင်း ပြောဆိုခြင်းအမှု သပ္ဖပ္ပလာပ ဒုစရိုက်ကို ကြိမ်ဖန်များစွာ ပြုသူသည် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ ဖြစ်ရ၏၊
အပေါ့ဆုံး အသေးဆုံး သမ္ဖပ္ပလာပသည်ပင် ပြောသူ၏ စကားကို သူတပါး နားမထောင်လိုခြင်း ဟူသော ဆိုးကျိုးကို ဖြစ်ပေါ်စေ၏၊

အရက်သေစာ စသော မူးယစ်ဆေးကို သောက် စား ရှူ ထိုးခြင်းအမှု သုရာမေရယ ဒုစရိုက်ကို ကြိမ်ဖန်များစွာ ပြုသူသည် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ ဖြစ်ရ၏၊
အပေါ့ဆုံး အသေးဆုံး သုရာမေရယသည်ပင် သောက်သူကို သတိလွင့်ပါး စိတ်ချောက်ချား၍ နောက်ကျု သွားစေတတ်၏၊ စိတ် မတည်တံ့ ပြေးလွင့်ပျံ့၍ ရူးအံ့သောအသွင် စကားပင် မပီ ဆွံ့အ, သည်၏ အဖြစ်သို့ပင် ရောက်စေတတ်၏၊

(အင်္ဂုတ္တရ၊ အဋ္ဌက၊ ဒုစ္စရိတ ဝိပါကသုတ်)

ယခုဖော်ပြခဲ့သည်မှာ ဘုရားရှင် ဟောကြားတော်မူခဲ့သည့် ဒုစရိုက် ဆိုးကျိုးပြ ဒုစ္စရိတ ဝိပါက ဒေသနာတော်ဖြစ်၏၊
အရက်သေစာသည် ဒုစရိုက်
အရက်သေစာနှင့် မကင်းနိုင်သူများက ဒုစရိုက် ၁၀ ပါးတွင် သုရာမေရယ မပါသဖြင့် အရက်သေစာ သောက်စားခြင်းသည် မကောင်းမှု ဒုစရိုက် မဟုတ်ဟု ပြောတတ် ရေးတတ်ကြ၏၊

ဒုစ္စရိတ ဝိပါကသုတ်၌ အခြားသော ဒုစရိုက် တရားများနည်းတူ အရက်သေစာ သောက်စားခြင်းကြောင့် ငရဲသို့ကျခြင်း၊ တိရစ္ဆာန် ဖြစ်ခြင်း စသော ဆိုးကျိုးများအပြင် လူဖြစ်လျှင်လည်း စိတ်ချောက်ချား၍ ရူးသွပ်သွားတတ်ခြင်း အကျိုးကိုပင် ရတတ်ကြေင်း မြတ်စွာဘုရား ဟောကြားတော်မူထား၏၊

ထို့ကြောင့် အရက်သေစာ သောက်စားခြင်းသည် ဆင်းရဲခြင်း၏ အကြောင်း မကောင်းမှု ဒုစရိုက် ဖြစ်သည်မှာ ထင်ရှား၏၊

ထူးဆန်းသော ဝက်လူကြီး

ရာဇဂြိုဟ်မြို့သည် စည်ကား၏၊ အုပ်ချုပ်သူ ဘုရင်ဗိမ္ဗိသာရနှင့် သမားတော်ကြီး ဇီဝက တို့ကြောင့် ထင်ရှား၏၊ ထူးခြားသော လက္ခဏာတရပ်မှာ မြို့ကို တောင်ငါးလုံးက ဝန်းရံထားခြင်းပင် ဖြစ်၏၊

ထို တောင်ငါးလုံးကား ပဏ္ဍဝ၊ ဝေဘာရ၊ ဝပုလ္လ၊ ဣသိဂိလိ၊ ဂိဇ္ဈကုဋ် တို့ ဖြစ်ကြ၏၊ တောင်ငါးလုံးမှာ မနိမ့်မမြင့် ဖြစ်၍ မြို့၏ တံတိုင်းကြီးများ သဖွယ် တည်ရှိကြ၏၊ ဝေဠုဝန် ကျောင်းတော်မှာ တောင်များ၏ အပြင်ဘက်တွင် ရှိ၏၊

အရှင်မောဂ္ဂလ္လာန် နှင့် အရှင်လက္ခဏ မထေရ် နှစ်ပါးသည် ဂိဇ္ဈကုဋ်တောင် ပေါ်မှ ဆင်းလာကြ၏၊ တောင်စောင်း တနေရာတွင် အလွန် ထူးဆန်းသော သတ္တဝါ တကောင်ကို အရှင်မောဂ္ဂလ္လာန် မြင်ရ၏၊

သတ္တဝါကြီးမှာ မော့ကြည့်ရလောက်အောင်ပင် ကြီးမားလှ၏၊ သူ၏ ကိုယ်မှာ လူ့ကိုယ်ဖြစ်၍ ခေါင်းမှာ လူခေါင်းမဟုတ်ပဲ ဝက်ခေါင်းကြီး ဖြစ်နေ၏၊ နှုတ်သီးအတွင်းမှ အမြီးတချောင်း တွဲလောင်းကျက ပေါက်နေရာ ဝက်တကောင်သည် ဝက်မြီးတခုကို ကိုက်ထားသကဲ့သို့ ရှိ၏၊ အမြီးပေါက်နေသော နှုတ်သီးအတွင်းမှ ပိုးလောက်တွေ တဖွားဖွား ကျနေသည်မှာ မြင်ရသူ အော်ဂလီဆန်စရာ ဖြစ်နေ၏၊ သတ္တဝါကြီး တကောင်လုံးကို ခြုံကြည့်လိုက်လျှင် ကြောက်စရာ ရွံစရာ သတ္တဝါကြီး ဖြစ်နေ၏၊

ဝေဠုဝန် ကျောင်းတော်အတွင်း မြတ်စွာဘုရား၏ ထံတော်မှောက်သို့ မထေရ် နှစ်ပါး ရောက်လာကြသောအခါ အရှင်မောဂ္ဂလ္လာန်က အကြောင်းစုံကို လျှောက်ထား၏၊ မြတ်စွာဘုရားက ဂိဇ္ဈကုဋ်တောင်စောင်းမှ ထို ဝက်လူကြီးမှာ ပြိတ္တာကြီးဖြစ်ကြောင်း၊ ကုန်းချော ရန်တိုက်စကား ပြောဆိုခြင်းအမှု ပိသုဏဝါစာ ဒုစရိုက်ကြောင့် ပြိတ္တာဖြစ်ကာ ဆင်းရဲ ခံနေရကြောင်း မိန့်ကြားတော်မူ၏၊

ထို ဝက်လူ ပြိတ္တာကြီးမှာ ကဿပမြတ်စွာဘုရား လက်ထက်တော် အခါက နာမည်ကြီး ဓမ္မကထိက ဘုန်းကြီးတပါးဖြစ်ခဲ့၏၊ ထို ဓမ္မကထိကသည် တရားဟော လှည့်လည်ရာမှ တောရွာ တရွာရှိ ဘုန်းကြီးကျောင်း တကျောင်း၌ တည်းခိုနေ၏၊

ထိုကျောင်းမှ ကျောင်းနေ အာဝါသိက ဘုန်းကြီးနှစ်ပါးမှာ စိတ်သဘောထားနူးညံ့လှ၏၊ တအူတုံဆင်း ညီရင်းအစ်ကိုပမာ လွန်စွာ ခင်မင်ကြ၏၊ အချင်းချင်း ရိုသေလေးစားကြ၏၊ ထို့ကြောင့် ရွာရှိ ဒကာ ဒကာမတို့က လွန်စွာမှ ကြည်ညိုကြသဖြင့် အစစ အရာရာ အာမျှ လိုလေသေးမရှိအောင် လှူဒါန်းပြုစုကြသောကြောင့် အလွန် ပြည့်စုံသော ကျောင်းဖြစ်၏၊

ကုန်းချောပြီ
ဤ အခြေအနေကို တပ်မက်စိတ် ဝင်နေသော ဓမ္မကထိကသည် သူ့ကို ချမ်းချမ်းသာသာ နေနိုင်အောင် အစွမ်းကုန် ပြုစု စောင့်ရှောက်ရုံမျှမက အနီးအပါး ရွာများ၌ တရားပွဲ ကျင်းပနိုင်အောင် စီစဉ်ပေးသည့် အရှင်နှစ်ပါး၏ ကျေးဇူးကိုမျှ မထောက်ထားပဲ အကျိုးလိုလားသည့် ဟန်ဖြင့် အရှင်နှစ်ပါးကို ဟိုတမျိုး သည်တဖုံ ပြောကာ ကုန်းတိုက်၏၊

ရိုးသား၍ စိတ်ကောင်းရှိလှသော အရှင်နှစ်ပါးမှာ တကြိမ်နှစ်ကြိမ်မျှ ပြောသည့် ကုန်းစကားကို မယုံကြသော်လည်း အကြိမ်ကြိမ် ပြောလာသောအခါ ယုံကြည်သွားကြ၏၊ ရိုးသားသူများဖြစ်၍ အချင်းချင်း ဖြေရှင်းဖို့ကိုပင် သတိမရပဲ နှစ်ပါးလုံး ကျောင်းကို ပစ်ခဲ့ပြီးလျှင် အသီးသီး တလမ်းစီ ထွက်သွားကြလေသည်။ ဓမ္မကထိက ဘုန်းကြီးသည် လူ ကြားကောင်းရုံမျှ တားမြစ်ပြီးနောက် ကျောင်းကို အပိုင်စီးလိုက်တော့၏၊

အရှင်နှစ်ပါးမှာ ကုန်းစကားကို ယုံစားမိကြ၍ အချင်းချင်း မေတ္တာပျက်ကာ စိတ်လက် မချမ်းသာစွာဖြင့် နှစ်ပေါင်းများစွာ တနေရာပြီး တနေရာ ရွှေ့ပြောင်း နေထိုင်ကြ၏၊ နောက်ဆုံး၌ တောရွာ ကျောင်းတကျောင်းတွင် မမျှော်လင့်ပဲ ဆုံမိကြမှ အချင်းချင်း ဝမ်းနည်းကြေကွဲစွာ မေးမြန်းမိကြ၏၊ ထိုအခါမှ ဓမ္မကထိက က ကျောင်းလိုချင်၍ မိမိတို့ နှစ်ပါး ကွဲပြားအောင် ကုန်းစကားတိုက်ခြင်း ဖြစ်ကြောင်း သိရသဖြင့် နှစ်ပါးလုံးနေရင်း ကျောင်းကို ပြန်လာကာ ဓမ္မကထိကကို ကျောင်းမှ နှင်ထုတ်ပြီလျှင် ရှေးကကဲ့သို့ပင် ချမ်းသာစွာ နေထိုင်ကြလေ၏၊

အဝီစိသို့
ဓမ္မကထိကသည် ကျောင်းမှ ထွက်သွားပြီးနောက် မကြာမီပင် ကွယ်လွန်သွားပြီလျှင် အဝီစိ ငရဲ၌ ကျရောက်ရ၏၊ နှစ်ပေါင်းများစွာ ငရဲ ဆင်းရဲကို ခံစားရပြီးနောက် ငရဲမှ လွတ်မြောက်လာသော်လည်း ကုန်းချော ဒုစရိုက်ကံ၏ အရှိန်အဟုန် မကုန်သေးသဖြင့် ဂိဇ္ဈကုဋ်တောင်၌ ဝက်လူပြိတ္တာကြီး လာဖြစ်နေရကြောင်း ရှင်တော်မြတ်ဘုရား ရှင်းလင်းဟောကြားတော်မူ၏၊

ကြောက်ဖွယ် ကောင်းလှသည့် ပိသုဏဝါစာ ဒုစရိုက်ကံ၏ အကျိုးပါပေတည်း။ (ဓမ္မ ဋ္ဌ ၂၊ ၂၅၈-၂၆၀)

နာမည်ကြီး အမ္ဗပါလီ

ဧကရာဇ်ခေတ်တွင် ဝေသာလီ ပြည်သည် ဧကရာဇ်နိုင်ငံ မဟုတ်ပေ။ ဂဏ အုပ်ချုပ်ရေးစနစ်ဖြင့် အုပ်ချုပ်သော နိုင်ငံဖြစ်၏၊ ဝေသာလီ ပြည်မှ လိစ္ဆဝီ မင်းသားတို့သည် စုပေါင်းအုပ်ချုပ်ရေး (ဂဏ) စနစ်ကို အကြွင်းမဲ့ ယုံကြည်သလောက် ဖြစ်နိုင်သမျှ အကောင်အထည် ဖော်နေကြသူများ ဖြစ်၏၊ အောင်မြင်သလောက်လည်း အောင်မြင်နေ၏၊ ဝေသာလီ အုပ်ချုပ်ရေးမှာ အသွင်အပြင်ရော အနှစ်သာရပါ ဂဏ စနစ်ဖြစ်၏၊ မလ္လာ မင်းသားတို့လည်း ဤ ဂဏစနစ်ကိုပင် ကြိုးစား၍ တည်ဆောက်နေကြ၏၊ သို့သော် ဝေသာလီ လောက်ကားအောင်မြင်မှုရပုံ မပေါ်သေးပေ။

နာမည်ကျော် ထိုခေတ်က ဝေသာလီ ဟု ဆိုလျှင် အမ္ဗပါလီက တွဲလျက် ပါပြီး ဖြစ်နေ၏၊ ဝေသာလီ နှင့် အမ္ဗပါလီ သည် ခွဲ၍ မရပေ။ ဤမျှပင် အမ္ဗပါလီက နာမည်ကြီး၏၊ နာမည်ကြီး သလောက်လည်း ချောလှ၏၊ သို့သော် သူ့အလုပ်ကား လူတန်းစား အမြင်ဖြင့်ကြည့်လျှင် အောက်ဆုံးလွှာ အတန်းအစား ဖြစ်၏၊ သူကား လူတိုင်းကို ပျော်လေအောင် ဖျော်ဖြေရသော ပြည့်တန်ဆာ သာတည်း။

အမ္ဗပါလီဆိုသည့် နာမည်မှာ ဆန်းလည်း ဆန်း၏၊ နှစ်သက်ဖွယ်လည်း ရှိ၏၊ သရက်ပင် အစောင့်အရှောက် ရှိသူ၊ သရက်ပင်၏ စောင့်ရှောက်ခြင်းကို ခံရသူဟု အဓိပ္ပါယ် ရ၏၊ သူသည် လူ့ဝမ်း၌ ပဋိသန္ဓေ မနေ၊ သရက်ပင်၌ ပဋိသန္ဓေ နေလေသလား၊ သို့မဟုတ် တရားမဝင် ရထားသည့် မွေးစကလေးကို မကျွေးမွေး မသုတ်သင်နိုင်၍ မိခင်က သရက်ပင် အောက်သို့ လာရောက် ပစ်ထားလေသလား ဆိုသည်ကိုတော့ မည်သူမျှ တပ်တပ်အပ်အပ် မပြောနိုင်ပေ။ မည်သို့ ဆိုစေ၊ သူ့နာမည်က သရက်ပင်နှင့် တနည်းနည်းဖြင့် ဆက်စပ်မှု ရှိနေသည်တော့ အမှန်ပင်။

အမ္ဗပါလီ နာမည်က လှ၏၊ ရုပ်က ချော၏၊ သူ မတူအောင်ချော၏၊ သို့သော် သူ့အလုပ်က ယုတ်ညံ့လှ၏၊

ကုသိုလ်ကံ
သူသည် ဖုဿဘုရားရှင် ပွင့်တော်မူစဉ် အခါက အကြီးအကျယ် အလှူကြီးပေး၍ ရုပ်ရည်ချောမော လှပရန် ဆုပန်ခဲ့၏၊ ထိုစဉ်က အင်အားကောင်းသလောက် တက်ကြွ ထက်သန်နေသော လှချင်စိတ်၏ တွန်းပို့ပေးမှုကြောင့် ယခု သည်အလှကို သူ ရခြင်း ဖြစ်၏၊

အကုသိုလ်ကံ
သိခီဘုရားရှင် လက်ထက်တော် အခါ၌ ဘိက္ခူနီမ ဖြစ်ခဲ့၏၊ တတ်နိုင်သမျှ တရားကျင့်ခဲ့၏၊ သို့သော် ခရီးတော့ မရောက်ခဲ့ပေ။ တနေ့ စေတီတော်တဆူကို ဖူးမြော်ယင်း စေတီကို လက်ယာရစ် လှည့်ပတ်နေရာမှ ဘုရားရင်ပြင်တော်ပေါ်တွင် တံတွေးကွက် တကွက်ကို သူတွေ့ရ၏၊ ရှေ့က သွားကြသော ဘိက္ခူနီ တသိုက်ထဲမှ တယောက်ယောက် ထွေးသွားကြောင်း သူသိ၏၊ အမှန်တော့ တံတွေး ထွေးသွားသော ဘိက္ခူနီမှာ ရင်ပြင်တော် လွတ်ရာသို့ သွား၍ ထွေးခြင်း ဖြစ်သော်လည်း ရေးကြီးသုတ်ပျာ ဖြစ်၍ ရင်ပြင်တော်ပေါ် ကျမှန်းမသိ ကျသွားခြင်း ဖြစ်၏၊

အမ္ဗပါလီ အလောင်း ဘိက္ခူနီသည် တံတွေးကွက်ကို တွေ့လျှင် "ဟင်း ဘယ်က ပြည့်တန်ဆာမများ ရင်ပြင်တော်ပေါ်တံတွေး၊ ထွေးသွားပါလိမ့်၊ အကျင့်ယုတ်မတွေ၊ သာသနာဖျက်မတွေ" ဟု ကြမ်းကြမ်းတမ်းတမ်း ဆဲလိုက်၏၊ ဘုရားသမီးတော် ဖြစ်သော ဘိက္ခုနီမ တပါး မဆိုထားနှင့်တော့၊ သာမန် အဆင့်အတန်း ရှိသော လူဝတ်ကြောင် မိန်းမ တယောက်ပင် နှုတ်မှ မထွက်ဝံ့သော စကား၊ မထွက်သင့်သော စကားကို သူ့နှုတ်မှ ကြမ်းတမ်းစွာ ထွက်လိုက်၏၊

ဆိုးကျိုး
ဖရုသဝါစာ ဒုစရိုက် ကြောင့် သူသည် ဘဝများစွာ ပြည့်တန်ဆာချည်း ဆက်ကာ ဆက်ကာ ဖြစ်ခဲ့ရ၏၊

အမ္ဗပါလီ ဘဝတွင်လည်း အခြေအနေက တွန်းပို့သဖြင့် စိတ် မပါပဲလျက် ယုတ်ညံ့သော ပြည့်တန်ဆာ အလုပ်ကို လုပ်နေရ၏၊

သို့သော်လည်း မြတ်စွာဘုရား တည်းဟူသော အမှီကောင်း ကလျာဏမိတ္တကို ရ၍ ဘုရားရှင်၏ ကျောင်းအမ ဖြစ်ရပြီးလျှင် အရွယ်ထောက်လာသည့်အခါ သာသနာ့ဘောင်ဝင်ကာ တရား အားထုတ်သဖြင့် ရဟန္တာ ဖြစ်သွား၏၊

ဝစီဘေဒ ထိတိုင်းရှလှပါတကား။

ဆုတောင်းလို့ တောင်းပန်လို့ မရနိုင်

အသိဗန္ဓက
မြတ်စွာဘုရားသည် နာလန္ဓမြို့ ပါဝါရိက သဌေး၏ သရက်ဥယျာဉ်၌ သီတင်းသုံးတော်မူစဉ် တချိန်တွင် အသိဗန္ဓက ၏ သား ရွာသူကြီးက ပစ္စန္တရစ်မှာနေသော ပုဏ္ဏားများသည် လူသေလျှင် သေသူကို နတ်ပြည်သို့ တင်ပေးကြကြောင်း လျှောက်ထားပြီးနောက် "မြတ်စွာဘုရားလည်း ထိုကဲ့သို့ ပြုလုပ်ပေးနိုင်ပါသလား" ဟု ဆက်လက်၍ မေးမြန်းလျှောက်ထား၏၊

မြတ်စွာဘုရားက "ရွာသူကြီး၊ သင် သဘောပေါက်သလိုဖြေပါ" ဟုမိန့်ကြားပြီးနောက် သူကြီးကို မေးခွန်းထုတ်တော်မူ၏၊

"သူကြီး၊ ကျောက်ဖျာကို ရေထဲချလိုက်ပြီး ဒီကျောက်ဖျာကြီး ရေပေါ်မှာ ပေါလော ပေါ်နေပါစေလို့ ကြီးမားလှတဲ့ လူထုကြီးက ဝိုင်းဝန်းဆုတောင်း တောင်းပန်ယင် အဲဒီ ကျောက်ဖျာကြီး ရေပေါ် ပေါ်ပါမည်လား"

"မပေါ်နိုင်ပါ ဘုရား"

"အဲဒီ ဥပမာ အတိုင်းပဲ သူကြီး၊ ဒုစရိုက် အမှုပြုတဲ့ သူကိုဒီလူသေယင် နတ်ပြည် ရောက်ပါစေလို့ လူတွေက ဝိုင်းဝန်းပြီး ဘယ်လိုပင် ဆုတောင်း၊ ဘယ်လိုပင် တောင်းပန်သော်လဲ အဲဒီလူဟာ နတ်ပြည် မရောက်နိုင်ဘူး။ အပါယ်ပဲ ကျမှာပဲ"

"နောက်တခု မေးဦးမည် သင် သဘောပေါက်သလို ဖြေပါသူကြီး။ ထောပတ်အိုးကို ဖြစ်စေ၊ ဆီအိုးကို ဖြစ်စေ ရေနက်ကြီးထဲ နှစ်ခွဲလိုက်ပြီး ရေပေါ် ပေါ်လာတဲ့ ထောပတ်တွေ ဆီတွေကို 'ရေထဲမြုပ်ကြပါ၊ မပေါ်ကြပါနဲ့' လို့ လူတွေက ဝိုင်းဝန်း ဆုတောင်းကြ တောင်းပန်ကြယင် အဲဒီ ထောပတ်တွေ ဆီတွေ ရေထဲ မြုပ်ပါမည်လား"

"မမြုပ်ပါ ဘုရား"

"အဲဒီ ဥပမာ အတိုင်းပဲ သူကြီး၊ သုစရိုက်အမှု ပြုတဲ့ လူကို 'ဒီလူသေယင် အပါယ်ကျပါစေ' လို့ လူတွေက ဝိုင်းဝန်းပြီး ဘယ်လိုပင် ဆုတောင်း ဘယ်လိုပင် တောင်းပန်သော်လဲ ဒီလူဟာ အပါယ် မကျနိုင်ဘူး။ နတ်ပြည်ကိုပဲ ရောက်မှာပဲ"

မြတ်စွာဘုရား၏ ဥပမာဖြင့် ရှင်းပြချက်ကို ရွာသူကြီးလွန်စွာ နှစ်သက်သွားသဖြင့် ဥပါသကာ အဖြစ် ခံယူလိုက်၏၊ (သံ ၂၊ ၄၉၈)

မည်သည့် အရာကိုမျှ ဆုတောင်းရုံ တောင်းပန်ရုံမျှဖြင့် မရနိုင်၊ ကိုယ်တိုင် အားထုတ်၍ ပြုလုပ်မှသာလျှင် ရနိုင်ကြောင်း ဖော်ပြသော တရားတော် ဖြစ်၏၊

ကြီးပွါးချမ်းသာရေး ဩဝါဒများ

ဗုဒ္ဓမြတ်စွာ၏ ဩဝါဒ အချုပ်
မကောင်းမှု မှန်မမျှ မပြုလုပ်နှင့်။
ကောင်းမှု မှန်သမျှ ပြုလုပ်ပါ။
စိတ်ကို ဖြူစင်အောင်ထားပါ။
(ဓမ္မပဒ၊ ဗုဒ္ဓဝဂ်)

အောက်ပါတို့သည် ဗုဒ္ဓမြတ်စွာ၏ တရားတော်များထဲမှ ကြီးပွါး ချမ်းသာကြောင်း လိုက်နာဖွယ်ရာ ဆုံးမ ဩဝါဒ ကောင်းများ ဖြစ်ပါသည်။

ဗုဒ္ဓမြတ်စွာ၏ ဩဝါဒ အချုပ်
မကောင်းမှု မှန်မမျှ မပြုလုပ်နှင့်။
ကောင်းမှု မှန်သမျှ ပြုလုပ်ပါ။
စိတ်ကို ဖြူစင်အောင်ထားပါ။
(ဓမ္မပဒ၊ ဗုဒ္ဓဝဂ်)

ဆောင်ပုဒ်
မကောင်းမှု ရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထား။
ခုလဲချမ်းသာ၊ နောင်ချမ်းသာ၊ မြတ်စွာ ဟောမိန့်ကြား။

အသားပဲ ဖြူဖြူ၊ အဝတ်ပဲ ဖြူဖြူ၊ စိတ်ဖြူဖို့သာ လိုရင်းဖြစ်သည်။
စိတ်ဖြူလျှင်၊ ကိလေသာစင်၊ နိဗ္ဗာန်ဝင်ရေး မဝေးတော့ပြီ။

ရိုသေခြင်း ရှိခိုးခြင်း၏ အကျိုး
မိမိထက် အသက်ကြီးသူ သီလ သမာဓိ ပညာ ဂုဏ်ကြီးသူ တို့ကို ရိုသေ ကိုင်းရှိုင်းလျှင် ရှိခိုးလျှင်
အသက်ရှည်ခြင်း၊
ရုပ်ဆင်းအင်္ဂါ ချောမော လှပခြင်း၊
ကိုယ်ရော စိတ်ပါ ချမ်းသာခြင်း၊
အားအင် ပြည့်ဖြိုးခြင်း အကျိုးများကို ရနိုင်၏၊
(ဓမ္မ၊ဋ္ဌ၊၁၊၄၂၅)

စိတ်ကို နိုင်အောင်ထိန်း
အနာထပိဏ် သဌေးကြီး စိတ်ကို နိုင်အောင် စောင့်ထိန်းနိုင်လျှင် ကိုယ်နှင့် နှုတ်ကိုလည်း စောင့်ထိန်းနိုင်သည်။
စိတ်ကို နိုင်အောင် မစောင့်ထိန်းနိုင်လျှင် ကိုယ်နှင့် နှုတ်ကိုလည်း မစောင့်ထိန်းနိုင်ပေ။

အသီးတရာ၊ အညှာတခု၊ ပမာရှု၍၊ စိတ်ဟု မည်ငြား၊ ဤ တပါးမျှ၊ တရားကိုယ်ကြပ်၊ စောင့်စည်းကွပ်က၊ လူရပ် နတ်ရွာ၊ ဗြဟ္မာ နိဗ္ဗာန်၊ ရောက်ကြောင်းမှန်၏၊
(မဃဒေဝ လင်္ကာသစ်)

စိတ်ကို ဆုံးမလျှင် ချမ်းသာ၏
နှိပ်ကွပ်ရန် ခဲယဉ်းသော၊ ပေါ့ပါး လျင်မြန်သော၊ သူသွားလိုရာ အာရုံသို့ သွားတတ်သော စိတ်ကို နိုင်နင်းအောင် ဆုံးမလျှင် ချမ်းသာ၏၊ (ဓမ္မပဒ၊ စိတ္တ ဝဂ်)

ကြီးပွါးကြောင်းတရား ခုနှစ်ပါး
ထကြွလုံ့လ ဝီရိယ ရှိခြင်း၊
သတိ ရှိခြင်း၊
အပြစ်ကင်းသော အလုပ်ကိုသာ ပြုလုပ်ခြင်း၊
စဉ်းစားဆင်ခြင်၍ ပြုလုပ်ခြင်း၊
ကိုယ် နှုတ် စိတ် သုံးပါးလုံးကို စောင့်ထိန်းခြင်း၊
တရားနှင့်အညီ အသက်မွေးဝမ်းကျောင်း ပြုခြင်း၊
ကုသိုလ်တရားတို့ကို မမေ့ခြင်း
ဤ အချက်တို့နှင့် ပြည့်စုံသော သူအား စည်းစိမ် ဥစ္စာ အခြံအရံ အကျော်အစောတို့ တိုးပွါး၏၊
(ဓမ္မပဒ၊ အပ္ပမာဒဝဂ်)

မကောင်းမှု၏ အကျိုး
မကောင်းမှု ပြုသူသည် ယခု ဘဝ၌လည်း စိုးရိမ်ပူဆွေးရ၏၊ တမလွန် ဘဝ၌လည်း စိုးရိမ်ပူဆွေးရ၏၊ ပစ္စုပ္ပန် တမလွန်ဘဝ နှစ်တန်လုံး၌ စိုးရိမ်ပူဆွေးရ၏၊ ထိုသူသည် မိမိ၏ မစင်ကြယ်သော အလုပ်ကို သိမြင်ရသဖြင့် ပို၍ စိုးရိမ်ပူဆွေးရ၏၊
(ဓမ္မပဒ၊ ယမကဝဂ်)

ကောင်းမှု၏ အကျိုး
ကောင်းမှု ပြုသူသည် ယခု ဘဝ၌လည်း ဝမ်းမြောက်ရ၏၊ တမလွန် ဘဝ၌လည်း ဝမ်းမြောက်ရ၏၊ ပစ္စုပ္ပန် တမလွန်ဘဝ နှစ်တန်လုံး၌ ဝမ်းမြောက် ရ၏၊ ထိုသူသည် မိမိ၏ စင်ကြယ်သော အလုပ်ကို သိမြင်ရသဖြင့် ပို၍ ဝမ်းမြောက်ရ၏၊
(ဓမ္မပဒ၊ ယမကဝဂ်)

သူတော်ကောင်း၏ ဂုဏ်ရနံ့
စံပယ် ကြက်ရုံး ဂမုံး နှင်းဆီ စသော ပန်းတို့၏ အနံ့သည် လေညာသို့ ဆန်၍ မမွှေးကြိုင်နိုင်။ သူတော်ကောင်းတို့၏ ဂုဏ်ရနံ့သည်သာလျှင် လေညာသို့ ဆန်လျက် မွှေးကြိုင်နိုင်၏၊ အရပ်ဆယ်မျက်နှာလုံးသို့ ပျံ့နှံ့၍ မွှေးကြိုင်နိုင်၏၊

ဆောင်ပုဒ်
စံပယ် ကြက်ရုံး၊ ဂမုံး နှင်းဆီ၊ ပန်းထွေလီတို့၊ လေပြည်လေညှင်း၊ သူ ဆောင်ကြဉ်း၍၊ ပျံ့သင်း မွှေးကြိုင်၊လေအောက်လှိုင်လည်း၊ မလှိုင်လေညာ၊ မမွှေးသာဘူး၊ဆယ်ဖြာသုစရိ၊ စုံညီပြည့်မူ၊ ထိုသည့်သူ၏၊ မွှေးကြူသင်းပျံ့၊ ဂုဏ်ရနံ့ကား၊ ပျံ့နှံ့အောက်ထက်၊ လေဆန်တက်၍၊ အဝဂ်တိုင်ထိ၊ ပျံ့လှိုင်ဘိသည်၊ သူ၏ သီလဖြူသောကြောင့်။

သူတော်ကောင်းနှင့် ပေါင်းသင်းပါ
သူတော်ကောင်းကိုသာ မှီဝဲ ဆည်းကပ်ရာ၏၊ သူတော်ကောင်းနှင့်သာ ပေါင်းသင်း ဆက်ဆံရာ၏၊ သူတော်ကောင်းနှင့် ပေါင်းသင်းဆက်ဆံမှသာ သူတော်ကောင်းတရား သိ၍ အသိ အလိမ္မာ ပညာ ရနိုင်၏၊ သူမိုက် သူယုတ်ထံမှ အသိ အလိမ္မာ ပညာ မရနိုင်။ (သဂါထာဝဂ္ဂသံယုတ်)

လူ ယောက်မ
လူမိုက်သည် ပညာရှိကို တသက်လုံး မှီဝဲ ဆည်းကပ်နေသော်လည်း တရားကို မသိနိုင်။ ဥပမာ- ယောက်မသည် ယင်း၏ အရသာကို မသိသကဲ့သို့ပင်။ (ဓမ္မပဒ၊ ဗာလဝဂ်)

ဆောင်ပုဒ်
သန္ဓေစိတ်ဓာတ်၊ ယုတ်ညံ့လတ်က၊ သူမြတ်တို့ထံ၊
တသက်ပန်မျှ၊ နည်းခံရလည်း၊ မောဟဖုံးဘိ၊ မှောင်
အတိမို့၊ မသိတရား၊ ယောက်မလား၊ များလှအပြစ်တွေ။

လူလျှာ
ပညာဉာဏ်ပြည့်သူ လူလိမ္မာသည် ပညာရှိကို တခဏကလေးမျှ မှီဝဲ ဆည်းကပ်ရစေဦးတော့ တရားကို သိ၏၊ ဥပမာ- လျှာသည် ဟင်း၏ အရသာကို သိသကဲ့သို့ပင်။
(ဓမ္မပဒ၊ ဗာလဝဂ်)

ဆောင်ပုဒ်
သနေ္တစိတ်ဓာတ်၊ ကောင်းမွန်လတ်က၊ သူမြတ်တို့ထံ၊
ခါတရံမျှ၊ နည်းခံရလည်း၊ ခဏဖြင့်ပင်၊ ဉာဏ်သက်
ဝင်၍၊ သိမြင်တရား၊ လျှာ အလား၊ များလှအကျိုးတွေ။

ရွှေအိုးကို လက်ညှိုးထိုးပြသူ
မိမိ၏ အပြစ်ကို ထောက်ပြ၍ မညှာမတာ ပြောဆို ဆုံးမ တတ်သော ပညာရှိကို ရွှေအိုးညွှန်ပြသူကဲ့သို့ သဘောထား၍ မှီဝဲ ဆည်းကပ်ရာ၏၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို ဆည်းကပ် ခြင်းကြောင့် အကျိုးရဖို့သာ ရှိ၏၊ အကျိုး မယုတ်ပေ။ (ဓမ္မပဒ၊ ပဏ္ဍိတဝဂ်)

ဆောင်ပုဒ်
မေတ္တာ ကရုဏာ၊ ရှေးရှုကာဖြင့်၊ နာနာကျင်ကျင်၊
အပြစ်မြင်တိုင်း၊ သွန်သင်တတ်ရိုး၊ ပဏ္ဍိတ်မျိုးကို၊
ရွှေအိုးညွှန်ကြား၊ သူအလားသို့၊ ဝပ်တွားဆည်းကပ်၊
ဆက်ဆံတတ်၊ များမြတ် အကျိုးတွေ။

တောထဲက ကျွဲကန်း
ကိုယ်ပိုင်ဉာဏ်လည်း မရှိ၊ ဆရာ့ထံမှ ကျိုးနွံစွာ နည်းခံသင်ယူထားသော နေနည်း ထိုင်နည်း အသိ အလိမ္မာလည်း မရှိသော သူသည် တောကြီးမျက်မည်း အတွင်းမှ ကျွဲကန်းကြီး ကဲ့သို့ ဒုက္ခလှလှကြီး ရောက်တတ်၏၊ (သတ္တကနိပါတ်၊ ဂန္ဓာရဇာတ်)

ဆောင်ပုဒ်
ဆရာကောင်းထံ၊ နည်းနာခံ၍၊ သင်အံကြံကျင့်၊ ပညာ
ပွင့်သော်၊ ကိုယ်ကျင့်စုံညီ၊ စိတ်တည်ကြည်၊ ရွှင်ကြည်
ချမ်းမြေ့ပါသတည်း။

တန်ဖိုးရှိသော စကား
အကျိုးစီးပွါးနှင့် မစပ်သော စကားခွန်း တထောင်သည် အကျိုးစီးပွါးနှင့် စပ်သဖြင့် ကြားရသူ၏ စိတ်ကို ချမ်းမြေ့ စေသော စကားတခွန်းလောက် တန်ဖိုး မရှိပေ။ (ဓမ္မပဒ၊ သဟဿဝဂ်)

ဝီရိယ တန်ဖိုး
လုံ့လ ဝီရိယ မရှိပဲ ပျင်းရိ ဖင့်နွှဲလျက် နှစ်ပေါင်းတရာ အသက်ရှင်နေသော သူထက် ထကြွ လုံ့လ ဝီရိယခိုင်မြဲ ဇွဲ ကောင်းကောင်းဖြင့် တရက်မျှ အသက်ရှင်နေရသူက ပို၍ မြတ်၏၊ (ဓမ္မပဒ၊ သဟဿဝဂ်)

အကုသိုလ်အကျိုးပေး ရှောင်ပြေးလို့ မရ
သမုဒ္ဒရာ၏ အလယ်ကိုပဲ သွားသွား၊ တောင်ကြားကိုပဲ ဝင်ဝင်၊ ကောင်းကင်မှာပဲ ပျံပျံ၊ မကောင်းမှု ကံ၏ ဆိုးကျိုးမှ လွတ်နိုင်သည့် နေရာတော့ လောကမှာ မရှိပေ။ (ဓမ္မပဒ၊ ပါပဝဂ်)

အောက်တိုဘာ ၉၊ ၂၀၁၅။

ဒီဃဇာဏုသုတ်

ကြီးပွါးချမ်းသာကြောင်း တရား ၄ ပါး
မြတ်စွာဘုရားသည် ကောလိယ တိုင်း တက္ကရပတ္တ ရွာကြီး၌ သီတင်းသုံးတော်မူစဉ် ကောလိယ တိုင်းသား ဗျဂ္ဃပဇ္ဇ အနွယ်ဖြစ်သော ဒီဃဇာဏု ဥပသာကြီးက မြတ်စွာဘုရားအား ဤသို့ လျှောက်ထား၏၊

"ရှင်တော်မြတ်ဘုရား၊ တပည့်တော်တို့ လူ ဒကာများမှာ လောကီရေးရာ ကာမဂုဏ်မှုတွေမှ မလွတ်နိုင်ကြသေးပါ။ သို့ဖြစ်ပါ၍ ခု ဘဝအကျိုး၊ နောင် တမလွန်ကျိုး နှစ်မျိုးလုံး ပါဝင်သော ဆုံးမ ဩဝါဒ စကားကို မိန့်ကြားတော်မူပါ ဘုရား"

"ဗျဂ္ဃပဇ္ဇ၊ လောကမှာ ထကြွလုံ့လ ဝီရိယနှင့် ပြည့်စုံခြင်း=ဥဋ္ဌာနသမ္ပဒါ၊ စောင့်ရှောက် ထိန်းသိမ်းမှုနှင့် ပြည့်စုံခြင်း=အာရက္ခသမ္ပဒါ၊ မိတ်ဆွေကောင်းနှင့် ပြည့်စုံခြင်း=ကလျာဏမိတ္တသမ္ပဒါ၊ ဝင်ငွေ ထွက်ငွေ မျှတအောင် အသက်မွေးခြင်း=သမဇီဝိတာ ဆိုတဲ့ ပြည့်စုံမှု လေးမျိုး ရှိသူကား ယခုမျက်မှောက်ဘဝမှာ ကြီးပွါးချမ်းသာတယ်"

၁။ ဥဋ္ဌာနသမ္ပဒါ = မိမိ အသက်မွေးဝမ်းကျောင်းမှု ပြုသော လုပ်ငန်း၌ ကျွမ်းကျင်၍ ပညာဉာဏ်ဖြင့် စူးစမ်းမြော်မြင်ဆင်ခြင်လျက် တက်တက်ကြွကြွ လုံ့လဝီရိယဖြင့် ဆောင်ရွက်ရမည်။

၂။ အာရက္ခသမ္ပဒါ = မိမိ၏ ဉာဏ်အား၊ ဝီရိယအား၊ လက်ရုံးအားဖြင့် နဖူးကချွေး ခြေမ ကျအောင် အားထုတ်လုပ်ကိုင်မှ စင်ကြယ်စွာရသည့် စည်းစိမ်ဥစ္စာကို ရန်သူမျိုး ငါးပါး မဖျက်ဆီးရအောင် လုံခြုံစွာ စောင့်ရှောက် ထိန်းသိမ်း နိုင်ရမည်။

၃။ ကလျာဏမိတ္တတာ = ဖော်ပြပါ အချက်နှစ်ချက် ပြည့်စုံရန် မိတ်ဆွေကောင်း လိုအပ်သည်။ ကြီးသည် ဖြစ်စေ၊ ငယ်သည် ဖြစ်စေ ရတနာ သုံးပါးကို ယုံကြည်မှု၊ ကိုယ်ကျင့်တရားကောင်းမှု၊ ပေးကမ်းလှုဒါန်းလေ့ ရှိမှု၊ အသိအလိမ္မာ ပညာရှိမှု တည်းဟူသော အရည်အချင်းများရှိလျှင် ဆက်ဆံပေါင်းသင်းထိုက်သော၊ အတုယူထိုက်သော မိတ်ဆွေကောင်း ဖြစ်သည်။

၄။ သမဇီဝိတာ = ဝင်ငွေနှင့် ထွက်ငွေကို မျှတအောင် စီမံသုံးစွဲရမည်။

ပျက်စီးကြောင်း တရား ၄ ပါး
မြတ်စွာဘုရားသည် ယခု မျက်မှောက် ဘဝ၌ ကြီးပွါးချမ်းသာကြောင်း ဖြစ်သော သမ္ပဒါလေးပါးကို ရှင်းပြပြီးနောက် ပျက်စီးကြောင်းတရား ၄ ပါးကို ဆက်လက် မိန့်ကြားတော်မူ၏၊

"ဗျဂ္ဃပဇ္ဇ၊ ယခု ပြောခဲ့တဲ့ သမ္ပဒါလေးပါးနဲ့ ပြည့်စုံလို့ ရထားတဲ့ စည်းစိမ်ဥစ္စာဟာ (၁) အမျိုးသမီးများနဲ့ အပျော်အပါး လိုက်စားယင် ဖြစ်စေ၊ (၂) အရက်သေစာ အသောက်အစား ကြူးယင် ဖြစ်စေ၊ (၃) အလောင်းအစား ကစား ကြူးယင် ဖြစ်စေ၊ (၄) မိတ်ဆွေယုတ်နှင့် ပေါင်းမိယင် ဖြစ်စေ ပျက်စီး ဆုံးရှုံးတတ်တယ်။ ဒါကြောင့် ဒီ ပျက်စီးကြောင်း လေးပါးကို ရှောင်ရတယ်"

တမလွန်ချမ်းသာကြောင်း တရား ၄ ပါး
ထို့နောက် မြတ်စွာဘုရားသည် တမလွန် ကြီးပွါး ချမ်းသာရေး အတွက် (၁) ယုံကြည်မှု=သဒ္ဒါ၊ (၂) ကိုယ်ကျင့်တရားကောင်းမှု=သီလ၊ (၃) စွန့်ကြဲပေးကမ်း လှူဒါန်းမှု=စာဂ၊ (၄) အလိမ္မာ ပညာမှ စ၍ ဥဒယဗ္ဗယပညာ အထိ ပြည့်စုံရမည်ဖြစ်ကြောင်း ဆက်လက် မိန့်ကြားတော်မူ၏၊

စီးပွါးပျက်ကြောင်း တရားများ

သေရည် သောက်စား၊ ပြုသူများ၊ စီးပွါး ပျက်မည်မှတ်။
ညဉ့်ခါပျော်ပါး၊ လှည့်လည်သွား၊ စီးပွါး ပျက်မည်မှတ်။
ပွဲလမ်းကြိုက်ငြား၊ အသွားများ၊ စီးပွါး ပျက်မည်မှတ်။
ကစားလောင်းစား၊ ပြုသူများ၊ စီးပွါး ပျက်မည်မှတ်။
လူမိုက်နှင့်ကား၊ ပေါင်းသင်းငြား၊ စီးပွါး ပျက်မည်မှတ်။
ပျင်းရိလေငြား၊ ထိုသူအား၊ စီးပွါး ပျက်မည်မှတ်။
(ဒီ၊၃၊၁၄၈။)

ရွှေကျင်ဆရာတော်ဘုရားကြီး၏ ဩဝါဒများ

စိတ်သည် တောမျောက်ကဲ့သို့ လော်လည်၏၊ အလိုမလိုက်ရာ။
အချိန်ကို လူက မစားလျှင် အချိန်က လူကို စားသည်။
တုတ်လက်နက်ဆောင်လျှင် ခွေးဟောင်သည်။ သည်းခံခြင်း လက်နက် ဆောင်လျှင် ဒေါသမီး မလောင်။
ငါသာ ငါ့ပြင် ငါမမြင်ဟု ဒုရင်တဆူ ပြုမိမူ ထိုသူ သူ့အောက် နေ့ချင်းရောက်လိမ့်။
မြွေဆိုး ပါးပျဉ်းထောင်လျှင် လူရိုက်ခံရတတ်သည်။
သလေးနှံ အဆံမပြည့်ခင် ထောင်သည်၊ အဆံပြည့်လျှင် ငိုက်သည်။
မျက်ကွယ် တစောင်းမဆိုနှင့်၊ မျက်မှောက် မရှုတ်ချနှင့်၊ အပြစ်တင် မစောနှင့်။
ရေကန်၌ မှော်ကို ဖယ်၍ သောက်ရေ ခတ်ရသည်။
မသူတော်၌ အပြစ်ကို ဖယ်၍ ဂုဏ်ကို ရှာရသည်။
သူတပါး၏ အပြစ်ကို မိမိ၏ နှလုံးအိမ်တွင် ကြာကြာ မစိမ်နှင့်။

ကံ = အလုပ်

လောက၌ ဖြစ်ပေါ်သမျှသော အရာများသည် အကြောင်းမရှိပဲ ဖြစ်လာကြသည် မဟုတ်။ သက်ဆိုင်ရာအကြောင်းများကြောင့် ဖြစ်ပေါ်လာသည်ချည်း ဖြစ်ကြ၏၊

အကြောင်းကြောင့် ဖြစ်ပေါ်လာသော ထို အကျိုးများသည်လည်း တဖန် အကြောင်း အဖြစ်သို့ ရောက်ပြန်ကာ တခြား အကျိုးတခုကို ဖြစ်ပေါ်စေပြန်သည်။

ဤနည်းဖြင့် လောကကြီးသည် ကြောင်းကျိုးဆက် သဘာဝကြီးမျှသာ ဖြစ်နေတော့၏၊

ပါဠိဘာသာ "ကမ္မ" ကို မြန်မာဘာသာဖြင့် "ကံ" ဟုခေါ်သည်။ "အလုပ်" ဟု အဓိပ္ပာယ်ရသည်။

ကမ္မ=ကံ=အလုပ်၊ ဤစကား သုံးလုံး အဓိပ္ပာယ် အတူတူဖြစ်သည်။

အလုပ် ဆိုသည်မှာ-
ကိုယ်ဖြင့် ပြုလုပ်သည့် အလုပ်=ကာယကံ
နှုတ်ဖြင့် ပြုလုပ်သည့် အလုပ်=ဝစီကံ
စိတ်ဖြင့် ပြုလုပ်သည့် အလုပ်=မနောကံ
ဟု အလုပ် ၃ မျိုး ရှိ၏၊ ကံ ၃ ပါးဟုလည်း ခေါ်၏၊

ကာယကံ
ကိုယ်ဖြင့် ပြုလုပ်သော အလုပ် (ကာယကံ) ဆိုသည်မှာ တစုံတယောက်ကို တုတ်ဖြင့် ရိုက်ခြင်း၊ လက်သီးဖြင့် ထိုးခြင်း၊ လဲနေသူ တဦးကို ထူပေးခြင်း၊ တစုံတခု မ, ချီနေသည်ကို ကူညီ မ, ချီ ပေးခြင်းမျိုးကို ခေါ်သည်။

ဝစီကံ
နှုတ်ဖြင့် ပြုလုပ်သည့် အလုပ် (ဝစီကံ) ဆိုသည်မှာ တစုံတယောက်ကို ဆဲဆိုခြင်း၊ "ရိုက်လိုက်" ဟု ခိုင်းခြင်း၊ တစုံတယောက်ကို ချီးမွမ်း ပြောဆိုခြင်း၊ "ကူညီလိုက်ပါ" ဟု ခိုင်းခြင်းမျိုးကို ခေါ်သည်။

မနောကံ
စိတ်ဖြင့် ပြုလုပ်သည့် အလုပ် (မနောကံ) ဆိုသည်မှာ တစုံတယောက်ကို ရိုက်ရန် ကြံစည်ခြင်း၊ သူ့ပစ္စည်းကို ခိုးရန် ကြံစည်ခြင်း၊ တစုံတယောက်၏ ဂုဏ်ကျေးဇူးကို ဆင်ခြင်အောက်မေ့ခြင်း၊ သူတပါးကို ကူညီရန်၊ ပေးကမ်းလှူဒါန်းရန် ကြံစည်နေခြင်းမျိုးကို ခေါ်သည်။

ရည်ရွယ်ချက်နှင့် တက်ကြွစိတ်
ကိုယ်၊ နှုတ်၊ စိတ် တို့ဖြင့် ပြုလုပ်သော်လည်း ပြုလုပ်တိုင်း ကံ မဖြစ်ပေ၊ ကံ အရာမမြောက်ပေ။ အကောင်းအဆိုး ရည်ရွယ်ချက် တခုခုဖြင့် တက်ကြွထက်သန်သော စိတ် ဦးဆောင်လျက် ပြုလုပ်မှသာ "ကံ အရာမြောက်၍" ကံဟု ခေါ်သည်။

ကံ မမြောက်သော အလုပ်များ
တချို့ အလုပ်များကို အကောင်းအဆိုး ရည်ရွယ်ချက် အထူးတလည် မပါ၊ တက်ကြွထက်သန်သော စိတ်လည်း မရှိပဲ မထင်ရှားသော စိတ် စေတနာဖြင့် လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ကြ၏၊ အလုပ်ဖြစ်မြောက်စေသော စေတနာ အလွန်အားသေးလှသဖြင့် သူ့အလိုအလျောက် လုပ်သွားမိသည်ဟုပင် မှတ်ထင်ကြရ၏၊ ယင်း အလုပ်များမှာ သွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း၊ ထခြင်း၊ လျောင်းခြင်း စသော အလုပ်မျိုး၊ နှုတ်ဆက်စကားပြောခြင်း စသော အလုပ်မျိုး ဖြစ်၏၊ ဤကဲ့သို့သော အလုပ်မျိုးသည် ကောင်းကျိုး ဆိုးကျိုး တစုံတရာ ဖြစ်ပေါ် စေသော ကံများမဟုတ်ကြပေ။ ကံအရာမြောက်သော အလုပ်များ မဟုတ်ကြပေ။

အချုပ်ဆိုရလျှင် ရည်ရွယ်ချက်နှင့်တကွ တက်ကြွထက်သန်သော စိတ် ဦးဆောင်လျက် ပြုလုပ်သော အလုပ်သည် ကံမြောက်၍ မသိသာ မထင်ရှားသော သာမန် စိတ်ဖြင့် ပြုလုပ်သော အလုပ်သည် ကံ မမြောက်ပေ။

စေတနာသည် ကံ
ယင်း တက်ကြွထက်သန်သော စိတ်ကို စေတနာဟု ခေါ်သည်။ ဤ တက်ကြွသည့် စိတ်သဘောကြောင့်ပင် ကိုယ်ဖြင့် ပြုလုပ်မိ၏၊ နှုတ်ဖြင့် ပြောဆိုမိ၏၊ စိတ်ဖြင့် ကြံစည်တွေးတော ဆင်ခြင်မိ၏၊

ယင်း တက်ကြွထက်သန်သော စိတ်သဘော စေတနာသည် ကိုယ်၊ နှုတ်၊ စိတ် အလုပ်များ ဖြစ်ပေါ်ခြင်း၏ အကြောင်းရင်း အခြေခံ ဖြစ်၏၊ ထို့ကြောင့် ထိုစေတနာ (တက်ကြွသော စိတ်သဘော) ကို "ကံ" ဟု မြတ်စွာဘုရားက နာမည် တပ်တော်မူ၏၊

အကြောင်းနှင့် အကျိုး
လောက၌ ဖြစ်ပေါ်သမျှသော အရာများသည် အကြောင်းမရှိပဲ ဖြစ်လာကြသည် မဟုတ်။ သက်ဆိုင်ရာအကြောင်းများကြောင့် ဖြစ်ပေါ်လာသည်ချည်း ဖြစ်ကြ၏၊

အကြောင်းကြောင့် ဖြစ်ပေါ်လာသော ထို အကျိုးများသည်လည်း တဖန် အကြောင်း အဖြစ်သို့ ရောက်ပြန်ကာ တခြား အကျိုးတခုကို ဖြစ်ပေါ်စေပြန်သည်။

ဤနည်းဖြင့် လောကကြီးသည် ကြောင်းကျိုးဆက် သဘာဝကြီးမျှသာ ဖြစ်နေတော့၏၊

သူတော်ကောင်းသည် တရားနာလိုစိတ်ကြောင့် တရားနာ၏၊ တရားနာခြင်းကြောင့် တရားအားထုတ်လိုစိတ် ဖြစ်ပေါ်၏၊ တရားအားထုတ်လိုစိတ်ကြောင့် တရားအားထုတ်၏၊ တရားအားထုတ်ခြင်းကြောင့် တရားကို သိသော ဉာဏ် ဖြစ်ပေါ်၏၊

ဤအရာ၌ ဆင်ခြင် စဉ်းစားကြည့်လျှင် အောက်ပါအတို်င်း ကြောင်းကျိုး ကွင်းဆက် သဘာဝကို တွေ့ရ၏၊

အကြောင်း
၁။ တရားနာလိုစိတ်ကြောင့်
၂။ တရားနာလိုခြင်းကြောင့်
၃။ တရား အားထုတ်ချင်စိတ်ကြောင့်
၄။ တရား အားထုတ်ခြင်းကြောင့်
အကျိုး
တရားနာခြင်း ဖြစ်၏၊
တရားအားထုတ်ချင်စိတ် ဖြစ်၏၊
တရား အားထုတ်ခြင်း ဖြစ်၏၊
တရားကို သိသောဉာဏ် ဖြစ်၏၊

(က) တရားနာလိုစိတ်၌ ကောင်းသော ရည်ရွယ်ချက်နှင့်တကွ တက်ကြွသော စိတ်သဘော (စေတနာ) ပါဝင်၏၊ ထို့ကြောင့် ကံ ဖြစ်၏၊

ထို့ကြောင့် တရားနာလိုစိတ်သည် ကံ=အလုပ်=အကြောင်း။

(ခ) ဤ အကြောင်းကြောင့် တရားနာခြင်း အကျိုး ဖြစ်ပေါ်၏၊ ထို့ကြောင့် ယင်းတရားနာခြင်းသည် တရား နာလိုစိတ် ဟူသော အကြောင်း၏ အကျိုး (ကံ၏ အကျိုး၊ အလုပ်၏ အကျိုး) ဖြစ်၏၊

တဖန်-
(က) တရားနာခြင်းသည်လည်း (ရည်ရွယ်ချက်နှင့် စေတနာပါသောကြောင့်) ကံ=အလုပ်=အကြောင်း ဖြစ်ပြန်၏၊

(ခ) ယင်း တရားနာခြင်း ဟူသော အလုပ်=အကြောင်းကြောင့် တရားအားထုတ်လိုစိတ် ဟူသော အကျိုးဖြစ်ပေါ်ပြန်သည်။ (ကံ၏ အကျိုး၊ အကြောင်း၏ အကျိုး။)

ဤနည်းအတိုင်း တရားအားထုတ်လိုစိတ် (ကံ) နှင့် တရားအားထုတ်ခြင်း (အကျိုး)၊ တရားအားထုတ်ခြင်း (ကံ=အလုပ်) နှင့် တရားသိခြင်း (အကျိုး) ဖြစ်ပေါ်လာပုံတို့ကို ဆက်စပ် စဉ်းစားကြည့်လျှင် ကံ=အလုပ် ဆိုသည်မှာ အကြောင်း ဖြစ်၍ ယင်း အကြောင်းကြောင့် သင့်လျော်သော အကျိုး ဖြစ်ပေါ်ရသည်ကို သဘောပေါက်နိုင်၏၊

ဤသဘောကို နားလည်လျှင် ကံ ဆိုသည်မှာ အလုပ်=အကြောင်းဟု လည်းကောင်း၊ ကံ၏ အကျိုးဆိုသည်မှာ အလုပ်ကြောင့် ရရှိသော အကျိုး၊ အကြောင်းကြောင့် ဖြစ်ပေါ်လာသော အကျိုးဟု လည်းကောင်း နားလည်ပါလိမ့်မည်။

ပို၍ ရှင်းအောင် ကျဉ်းကျဉ်းရေးရလျှင်-
ကံ ဆိုသည်မှာ အလုပ်၊ အလုပ် ဆိုသည်မှာ အကြောင်းတရား၊ အကြောင်းဆိုလျှင် လျော်ရာ အကျိုးကို ဖြစ်ပေါ်စေရ၏၊

၁။ ကောင်းသော ရည်ရွယ်ချက် တက်ကြွသော စိတ်ဖြင့် ပြုလုပ်လျှင် ကောင်းသော အလုပ်၊ ကောင်းသော ကံ (ကုသိုလ်ကံ)၊ ကောင်းသော အကြောင်း။

၂။ မကောင်းသော ရည်ရွယ်ချက် တက်ကြွသော စိတ်ဖြင့် ပြုလုပ်လျှင် မကောင်းသော အလုပ်၊ မကောင်းသောကံ (အကုသိုလ်ကံ)၊ မကောင်းသော အကြောင်း။

ကံ၏ အကျိုးပေးချိန်
ကံသည်-
ယခု ဘဝမှာ ပြုလုပ်သော အလုပ် (ကံ) ကြောင့် ယခု ဘဝမှာပင် အကျိုးရစေသော ကံ၊
ယခု ဘဝမှာ ပြုလုပ်သော်လည်း ယခုဘဝ၌ အကျိုးပေးရန် အကြောင်း မညီညွတ်၍ သေပြီးနောက် တချိန်ချိန်မှာ အကျိုးရစေသော ကံ၊
ယခုဘဝ မတိုင်မီက အကြောင်း (ကံ) ကို ပြုလုပ်ခဲ့သော်လည်း ထိုစဉ်က အကျိုး ဖြစ်ပေါ်စေနိုင်လောက်အောင် အကြောင်း မညီညွတ်ခဲ့၍ ယခု ဘဝမှာမှ အကျိုးရစေသော ကံ ဟု ၃ မျိုး ရှိ၏၊

ပစ္စုပ္ပန်ကံ
ဤကံ ၃ မျိုး အနက် အမှတ် ၁ ကံမှာ လက်ငင်းအကျိုးရသော ပစ္စုပ္ပန်ကံ ဖြစ်၏၊ ဤစာအုပ် ငါးပါးသီလ အခန်း၌ ပြခဲ့သော ရဟန်းတော်ကို ခွေးများဖြင့် တိုက်သည့် ကောက မုဆိုး၏ ကံမျိုးတည်း။

အတိတ်ကံ
အမှတ် ၂ ကံနှင့် အမှတ် ၃ ကံမှာမူ ဘဝတခုတွင် အလုပ် (ကံ) ကို လုပ်ခဲ့၍ နောက်ဘဝ တခုမှသာ အကျိုးကို ဖြစ်ပေါ်စေသော ကံများချည်း ဖြစ်ကြ၏၊ သဘောအားဖြင့် အတူတူသာ ဖြစ်၏၊

အကျိုးဖြစ်ပေါ်ရာ ဘဝမှ ရှေ့ဖြစ်သော ဘဝ၌ အကြောင်း (ကံ) ကို ပြုလုပ်ခဲ့ခြင်းကြောင့် အတိတ်ကံများဟု ခေါ်ရ၏၊ ရှေ့ ဒုစရိုက်ခန်း၌ ဖော်ပြခဲ့သော ကြမ်းတမ်းစွာ ဆဲဆိုမှုကြောင့် နောက်ဘဝများ၌ ပြည့်တန်ဆာချည်း ဆက်ကာ ဆက်ကာ ဖြစ်ရသော အမ္ပပါလီ၏ ကံနှင့် သူတော်စင် ရဟန်းနှစ်ပါးကို ကုန်းတိုက်ခဲ့သောကြောင့် ဝက်လူပြိတ္တာ ဖြစ်ရသော ဓမ္မကထိက ၏ ကံမျိုးတည်း။

သတိပြုစရာ
တချို့က ကံဟု ဆိုလိုက်လျှင် အတိတ်ဘဝက ပြုခဲ့သည့် ကုသိုလ် အကုသိုလ်ဟုသာ ထင်မှတ် ကြ၏၊ ယခု လက်ငင်း ဘဝ၌ အကောင်းအဆိုး ရည်ရွယ်ချက် ထမျိုးမျိုးဖြင့် တက်တက်ကြွကြွ ပြုလုပ်နေကြသည့် အလုပ်အားလုံး ကံတွေချည်း ဖြစ်ကြကြောင်း သတိမထားမိကြပေ။

ထိုသူတို့အတွက် ကံဆိုသည်မှာ အတိတ်ဘဝက ပြုခဲ့သည့် အလုပ်ဖြစ်၍ လွန်ခဲ့ပြီ ဖြစ်ခြင်းကြောင့် ပြုပြင်၍မရသော အလုပ်ကြီးသဖွယ် ဖြစ်နေ၏၊ ထို့ကြောင့် အတိတ်ဘဝက ပြုလုပ်ခဲ့သည့် ကုသိုလ်ကံ အကုသိုလ်ကံ စီမံသည့်အတိုင်း လည်စင်း၍ ခံရမလိုလို အသိမှားနေတတ်ကြ၏၊ ထိုသို့ ယူဆလျှင် ပုဗ္ဗေကတဟေတုဒိဋ္ဌိ = (ရှေ့ဘဝက ပြုခဲ့သော အကြောင်းတရားကသာ ယခုဘဝ ချမ်းသာ ဆင်းရဲကို အပြီးအစီး ပုံစုံချလျက် ဆုံးဖြတ်ပေးထားသည် ဟူသော အယူမှား) ဖြစ်၏၊

စင်စစ်မူ အင်အား မကြီးလှသော အတိတ် ကံများကို အင်အားကြီးမား၍ ထက်မြက်လှသော ပစ္စုပ္ပန်ကံပစ္စုပ္ပန်ဉာဏ်ပစ္စုပ္ပန် ဝီရိယတို့က ပြုပြင်ပေးနိုင်ကြောင်း သာဓက များစွာ ရှိရုံမျှမက သဘာဝလည်း ကျလှပါသည်။

ပစ္စုပ္ပန် ကံဉာဏ် ဝီရိယကိုသာအားကိုး
သတ္တဝါတိုင်း အတိတ်ဘဝ ခရီးရှည်ကြီး လျှောက်ခဲ့ရသည် ဖြစ်ရာ သတ္တဝါတိုင်းအတိတ် ကံတွေ ကိုယ်စီ ရှိကြ၏၊ သို့သော် ကုသိုလ် ကံတွေလား၊ အကုသိုလ် ကံတွေလား မသိနိုင်ကြ။ အားကြီးသည့် ကံတွေလား၊ အားသေးသည့် ကံတွေလား မသိနိုင်ကြ။

သတ္တဝါတို့၏ အတိတ်ကံ အတိတ် အလုပ်တွေကို သိနိုင်သူမှာ မြတ်စွာဘုရား တပါးတည်းသာ ဖြစ်သည်။ သို့သော် မိမိတို့၏ အတိတ်မှ လုပ်ဆောင်ချက်များကို မိမိတို့ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ထိုလုပ်ဆောင်ချက် (ကံ) တို့ကြောင့် ဖြစ်ပေါ်လာသည့် အကျိုးသက်ရောက်မှုကို ခံယူကြရ၏၊

အလုပ်ကောင်း (ကုသိုလ်ကံ) ကို ပြုလုပ်ခဲ့မိလျှင် ကောင်းကျိုးတွေကို ခံစားကြရ၏၊ အလုပ်ဆိုး (အကုသိုလ်ကံ) ကို ပြုလုပ်ခဲ့မိလျှင် ဆိုးကျိုးတွေကို ခံစားကြရ၏၊ အကြောင်း (ကံ) ဆိုးလျှင် အကျိုးလည်း ဆိုး၏၊ အကြောင်းကြီးမား အားကောင်းလျှင် အကျိုးကြီးမား၍ အကြောင်း အားသေးလျှင် အကျိုးလည်း အားသေး၏၊

မှန်ကန်သော သဘောထား
သို့သော် အတိတ်က လုပ်ခဲ့သော အလုပ် (ကံ) များ ဆိုးသည် ကောင်းသည်ကိုလည်း မသိနိုင်ကြ။ ကြီးသည် သေးသည်ကိုလည်း မသိနိုင်ကြ။ သို့ဖြစ်၍ မသိနိုင်သော အတိတ်ကံကို အားကိုးအားထားလည်း မပြု၊ ကြောက်ရွံ့ထိတ်လန့် မှုလည်း မရှိပဲ မိမိပိုင်သော ယခု လောလောဆယ် ပစ္စုပ္ပန် အချိန်ကလေးမှာသာ အပြစ် အကင်းဆုံး အကောင်းဆုံး ပစ္စုပ္ပန် ကံတွေ ဖြစ်အောင် ဉာဏ် ဝီရိယနှင့် ယှဉ်သော ကြိုးစားအားထုတ် ပြုလုပ်ခြင်းသည်သာ မှန်ကန်သော သဘောထား၊ မှန်ကန်သော လမ်းစဉ် ဖြစ်ပါလိမ့်မည်။

သိမှတ်ဖွယ် တရားအစုများ

မြတ်စွာဘုရား ဟောကြား ညွှန်ပြတော်မူသော တရားတော်များကို လိုက်နာကျင့်သုံးခွင့်မရသော အခါသမယကို 'အက္ခဏ' ဟု ခေါ်သည်။ ယင်း အက္ခဏသည် ရှစ်မျိုးရှိ၏၊ ယင်း အက္ခဏ ရှစ်မျိုးကိုပင် ရပ်ပြစ် ၈ ပါးဟု ခေါ်ကြ၏၊

ပုညကိရိယ ဝတ္ထု ၁၀ ပါး
ပုညကိရိယ = ပြုထိုက်သည့် ကောင်းမှု၊
ဝတ္ထု = ကောင်းကျိုးတို့၏ တည်ရာ၊
ပုညကိရိယ ဝတ္ထု = ကောင်းကျိုးတို့၏ တည်ရာဖြစ်၍ ပြုထိုက်သည့် ကောင်းမှုများ။

ဒါန = စွန့်ကြဲ ပေးကမ်း လှူဒါန်းခြင်း၊
သီလ = ငါးပါး၊ ရှစ်ပါး စသည် သီလ စောင့်ထိန်းခြင်း၊
ဘာဝနာ = တရားအားထုတ်ခြင်း၊
အပစာယန = ရိုသေထိုက်သူကို ရိုသေခြင်း၊
ဝေယျာဝစ္စ = ကုသိုလ် လုပ်ငန်းတို့ကို ဝိုင်းဝန်း ဆောင်ရွက်ခြင်း၊
ပတ္တိဒါန = မိမိပြုသည့် ကုသိုလ်အဖို့ကို အမျှဝေခြင်း၊
ပတ္တာနုမောဒန = သူတပါးပြုသည့် ကုသိုလ်ကို ဝမ်းမြောက်ခြင်း၊
ဓမ္မဿဝဏ = သူတော်ကောင်းတရား နာကြားခြင်း၊
ဓမ္မဒေသနာ = သူတော်ကောင်းတရား ဟောကြားခြင်း၊
ဒိဋ္ဌိဇုကမ္မ = ဖြောင့်မှန်သော အယူဝါဒ။

ပြုသင့်ပြုထိုက်သော ဤ ဖော်ပြပါ ကောင်းမှုတို့ကို အခွင့်သင့်တိုင်း ပြုလျှင် ကောင်းကျိုးချမ်းသာ တိုးပွါး၏၊

လူတော် လူကောင်း အရည်အသွေးများ
သဒ္ဓါ = ရတနာသုံးပါးနှင့် ကံတရားကို ယုံကြည်ခြင်း၊
သတိ = ကုသိုလ်ကောင်းမှုတို့ကို မမေ့ခြင်း၊
ဟိရီ = မကောင်းမှု ပြုရမည်ကို ရှက်ခြင်း၊
ဩတ္တပ္ပ = မကောင်းမှု ပြုရမည်ကို ကြောက်လန့်ခြင်း၊
သုတ = အပြစ်ကင်းသော အကြားအမြင် ဗဟုသုတ၊
ဝီရိယ = ကုသိုလ်ကောင်းမှုတို့ကို အားထုတ်ပြုလုပ်ခြင်း၊
ပညာ = အသိ၊ အလိမ္မာ၊ အတတ်ပညာ၊

ဤဖော်ပြပါ အရည်အသွေးများကို သူတော်ကောင်း ဥစ္စာ ၇ ဖြာ ဟူ၍ လည်းကောင်း သူတော်ကောင်းတရား ၇ ပါး ဟူ၍ လည်းကောင်း ခေါ်ဝေါ်ကြသည်။

အရိယာဥစ္စာ ၇ ဖြာ
သဒ္ဓမ္မဟု ခေါ်သည့် အထက်ပါ သူတော်ကောင်း တရား ၇ ပါးကို အရိယဓန = အရိယာဥစ္စာ ၇ ဖြာနှင့် ရေားထွေးနေတတ်ကြသည်။ အရိယာဥစ္စာ ၇ ဖြာမှာ သဒ္ဓါသီလသုတစာဂ(ဒါန)၊ ဟိရီဩတ္တပ္ပပညာ တို့ ဖြစ်ကြသည်။

သူမိုက် သူယုတ် လက္ခဏာ သုံးပါး
မကောင်းမှုကိုသာ ကြံစည်ခြင်း၊
မကောင်းသော အပြစ်မကင်းသော စကားကိုသာ ပြောဆိုခြင်း၊
မကောင်းမှုကိုသာ ပြုလုပ်ခြင်း။

သူတော် သူမြတ် လက္ခဏာ သုံးပါး
ကောင်းမှုကိုသာ ကြံစည်ခြင်း၊
ကောင်းသော အပြစ်ကင်းသော စကားကိုသာ ပြောဆိုခြင်း၊
ကောင်းမှုကိုသာ ပြုလုပ်ခြင်း။

သူယုတ်ဟု သိကြောင်း လက္ခဏာ
သူတပါး၏ အပြစ်ကို တစုံတယောက်က မမေးပဲလျက် ပြောတတ်ခြင်း၊ မေးလျှင်ကား သာသာထိုးထိုး ချဲ့ကား၍ ပြောတတ်ခြင်း။
မိမိ၏ အပြစ်ကိုမူ တစုံတယောက်က မမေးလျှင် မပြောပဲ ဖုံးထားတတ်ခြင်း၊ မေးလျှင်လည်း အနည်းငယ်မျှသာ ပြောခြင်း။
သူတပါး၏ ဂုဏ်ကျေးဇူးကို မည်သူကမျှ မမေးလျှင် မပြောပဲထားခြင်း၊ မေးလျှင်လည်း အနည်းငယ်မျှသာ ပြောခြင်း
မိမိ၏ ဂုဏ်ကျေးဇူးကိုမူ မမေးပဲလျက် ထုတ်ဖော် ပြောပြတတ်ခြင်း၊ မေးလျှင်ကား ပိုပိုမိုမို သာသာထိုးထိုး ပြောခြင်း။

ဤ အကြောင်းအချက် လက္ခဏာ ၄ ပါးနှင့် ပြည့်စုံသူကို သူယုတ် ဟု သိနိုင်၏၊
(အင်္ဂုတ္ထိုရ်၊ အဋ္ဌက၊ သပ္ပုရိသသုတ်)

သူတော်ကောင်းဟု သိကြောင်း လက္ခဏာ
သူတပါး၏ အပြစ်ကို မည်သူကမျှ မမေးလျှင် မပြောပဲ နေခြင်း၊ မေးသော်လည်း အနည်းငယ်မျှသာ ပြောခြင်း။
မိမိ၏ အပြစ်ကိုမူ မည်သူကမျှ မမေးသော်လည်း ပြောသင့်က ပြောပြတတ်ခြင်း၊ မေးလျှင်ကား ပြည့်ပြည့်စုံစုံ ပြောပြခြင်း။
သူတပါး၏ ဂုဏ်ကျေးဇူးကို မည်သူကမျှ မမေးသော်လည်း ပြောပြတတ်ခြင်း၊ မေးလျှင်ကား ပြည့်ပြည့်စုံစုံပြောပြခြင်း။
မိမိ၏ ဂုဏ်ကျေးဇူးကို မည်သူကမျှ မမေးလျှင် မပြောပဲ လျှို့ဝှက် သိုသိပ်ခြင်း၊ မေးလျှင်လည်း အနည်းငယ်မျှသာ ပြောခြင်း။

ဤ အကြောင်းအချက် လက္ခဏာ ၄ ပါးနှင့် ပြည့်စုံသူကို သူတော်သူမြတ်ဟု သိနိုင်၏၊
(အင်္ဂုတ္တိုရ်၊ အဋ္ဌက၊ သပ္ပုရိသသုတ်)

လောကပါလ တရားနှစ်ပါး
ဟိရီ = အပြစ်မကင်းသော အမှု၊ မကောင်းမှု ပြုလုပ်ရမည်ကို ရှက်ခြင်း၊
ဩတ္တပ္ပ = အပြစ်မကင်းသော အမှု၊ မကောင်းမှု ပြုလုပ်ရမည်ကို ကြောက်ခြင်း၊
လောကပါလ = လောကကို စောင့်ရှောက်သော တရား။

လောကဓံတရား ရှစ်ပါး
လာဘ = ပစ္စည်းဥစ္စာ ရခြင်း
အလာဘ = ပစ္စည်းဥစ္စာ မရခြင်း
ယသ = အခြွေအရံ ပေါများခြင်း
အယသ = အခြွေအရံ မရှိခြင်း
နိန္ဒာ = အကဲ့ရဲ့ခံရခြင်း
ပသံသာ = အချီးမွမ်းခံရခြင်း
သုခံ = ချမ်းသာခြင်း
ဒုက္ခံ = ဆင်းရဲခြင်း

ချမ်းသာ လေးမျိုး
အတ္ထိသုခ = "ငါ့မှာ ပစ္စည်း ဥစ္စာရှိသည်" ဟုစဉ်းစားဆင်ခြင်၍ ချမ်းသာခြင်း
ဘောဂသုခ = ရှိသည့် ပစ္စည်းဥစ္စာကို သုံးဆောင် ခံစားရ၍ ချမ်းသာခြင်း
အာနဏျသုခ = ကြွေးမြီ ကင်းသည်ကို စဉ်းစားဆင်ခြင်မိ၍ ချမ်းသာခြင်း
အနဝဇ္ဇသုခ = ကိုယ်၊ နှုတ်၊ စိတ် သုံးပါးလုံး အပြစ်ကင်းသည်ကို စဉ်းစား ဆင်ခြင်မိ၍ ချမ်းသာခြင်း

ဤ ချမ်းသာ ၄ မျိုးအနက် ရှေ့ ၃ မျိုးသည် နောက်ဆုံးဖြစ်သော (အနဝဇ္ဇသုခ) ကိုယ်၊ နှုတ်၊ စိတ် အပြစ်ကင်းခြင်းကြောင့် ရရှိသည့် ချမ်းသာ၏ တဆယ့်ခြောက်စိတ်စိတ် တစိတ်ကိုမျှ မမီကြောင်း မြတ်စွာဘုရား ဟောတော်မူ၏၊ (အင်္ဂုတ္တိုရ်၊ စတုက္က၊ အာနဏျသုတ်)

သပ္ပုရိသဒါန ငါးမျိုး
ကံနှင့် ကံ၏ အကျိုးကို ယုံကြည်မှုဖြင့် ပေးလှူခြင်း
အလှူခံ ပုဂ္ဂိုလ်ကိုလည်း ရိုသေ၊ အလှူဝတ္ထု ပစ္စည်းကိုလည်း အမွန်အမြတ်ပြု၍ ပေးလှူခြင်း
ပေးလှူသင့်သော အချိန်အခါ၌ ပေးလှူခြင်း
လှူအပ်သောပစ္စည်း၌ ငြိတွယ်ခြင်း မရှိပဲ လွတ်လွတ် ကျွတ်ကျွတ် ပေးလှူခြင်း
ကိုယ့်ဂုဏ်ကိုလည်း မထိပါး သူတပါးဂုဏ်ကိုလည်း မထိပါးစေပဲ ပေးလှူခြင်း

(အင်္ဂုတ္ထိုရ်၊ပဉ္စက၊၁၅၂)
သပ္ပုရိသဒါန = သူတော်ကောင်းတို့၏ ပေးလှူခြင်း။

တနည်း သပ္ပုရိသဒါန ငါးမျိုး
ရိုရိုသေသေ ပေးလှူခြင်း
အလှူခံပုဂ္ဂိုလ်ကိုလည်း ရွေးချယ်၍၊ လှူဖွယ်ဝတ္ထုကိုလည်း အမွန်အမြတ် ဖြစ်အောင် ပြုပြင် စီမံ၍ ပေးလှူခြင်း
ကိုယ်တိုင်ကိုယ်ကျ ပေးလှူခြင်း
အမြဲမပြတ် ပေးလှူခြင်း
ကံနှင့် ကံ၏ အကျိုးကို ယုံကြည်လျက် ပေးလှူခြင်း

(အင်္ဂုတ္တိုရ်၊ ပဉ္စက၊ ၁၅၂)

အသပ္ပုရိသဒါန ငါးမျိုး
မရိုမသေ ပေးလှူခြင်း
အလှူခံပုဂ္ဂိုလ်ကိုလည်း မရွေးချယ်၊ လှူဖွယ်ဝတ္ထုကိုလည်း အမွန်အမြတ် ဖြစ်အောင် မပြုပြင် မစီမံပဲ ပေးလှူခြင်း
ကိုယ်တိုင် မလှူပဲ သူတပါးကို အလှူခိုင်းခြင်း
ရံဖန်ရံခါမှ ပေးလှူခြင်း
ကံနှင့် ကံ၏ အကျိုးကို ယုံကြည်မှု မရှိပဲ ပေးလှူခြင်း

(အင်္ဂုတ္တိုရ်၊ ပဉ္စက၊ ၁၅၁)
အသပ္ပုရိသဒါန = မသူတော်တို့၏ ပေးလှူခြင်း

တနည်း သပ္ပုရိသဒါန ရှစ်မျိုး
သန့်ရှင်းစင်ကြယ်သော ပစ္စည်းကို ပေးလှူခြင်း
မွန်မြတ်သော ပစ္စည်းကို ပေးလှူခြင်း
သင့်လျော်သော အချိန်၌ ပေးလှူခြင်း
အပ်စပ်သော ပစ္စည်းကို ပေးလှူခြင်း
အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်၍ ပေးလှူခြင်း
အမြဲမပြတ် စိတ်ကြည်လင်ခြင်း
ပေးလှူပြီးနောက် ဝမ်းမြောက်ခြင်း

(အင်္ဂုတ္တိုရ်၊အဋ္ဌက၊၇၄)

ဝိဇ္ဇာသုံးပါး

ပုဗ္ဗေနိဝါသာနုဿတိဉာဏ် = ရှေးရှေး ဘဝတို့၌ ဖြစ်ခဲ့ သမျှကို ပြန်၍ သတိရနိုင်သိနိုင်သော ဉာဏ်
ဒိဗ္ဗစက္ခုဉာဏ် = နတ် မျက်စိကဲ့သို့ အဝေး၌ ရှိသောအရာ၊ သေးငယ်သော အရာတို့ကို မြင်နိုင်သော ဉာဏ်
အာသဝက္ခယဉာဏ် = ကိလေသာ အာသဝေါ တို့ကို ကုန်ခန်းစေသော ဉာဏ်

ဝိဇ္ဇာရှစ်ပါး

ပုဗ္ဗေနိဝါသာနုဿတိဉာဏ်
ဒိဗ္ဗစက္ခုဉာဏ်
အာသဝက္ခယဉာဏ်
ဝိပဿနာဉာဏ် = ရုပ်နာမ်တို့၏ အနိစ္စ ဒုက္ခ အနတ္တ သဘောတို့ကို သိသော ဉာဏ်
စေတောပရိယဉာဏ် = သူတပါးစိတ်ကို သိသော ဉာဏ်
မနောမယိဒ္ဓိဉာဏ် = မိမိ ခန္ဓာကိုယ် အတွင်း၌ တခြားခန္ဓာကိုယ်တခုကို စိတ်ဖြင့် ဖန်ဆင်း နိုင်သော ဉာဏ်
ဒိဗ္ဗသောတဉာဏ် = အဝေးမှ အသံ၊ သေးငယ်သော အသံတို့ကို ကြားနိုင်သော ဉာဏ်
ဣဒ္ဓိဝိဓဉာဏ် = တန်ခိုး အမျိုးမျိုး ဖန်ဆင်းနိုင်သော ဉာဏ်

စရဏတရား တဆယ့်ငါးပါး

သီလ = ကိုယ် နှုတ် နှစ်ပါးကို စောင့်စည်း ထိန်းသိမ်းခြင်း။ ငါးပါး သီလ၊ ရှစ်ပါး သီလ၊ ပါတိမောက္ခသံဝရ သီလ စသည်များ
ဣန္ဒြိယသံဝရ = မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ဟူသော ဣန္ဒြေ ခြောက်ပါးနှင့် စပ်၍ ကိလေသာ မဖြစ်ရအောင် ဖြစ်ပေါ်သမျှကို သတိဖြင့် ရှုသိနေခြင်း
ဘောဇနေမတ္တညုတာ = အစားအသောက်ကို သင့်တင့်အောင် ချင့်ချိန်၍ စားသောက်ခြင်း
ဇာဂရိယာနုယောဂ = နိုးနိုးကြားကြား ရှိမှု၊ သတိတည်းဟူသော နိုးကြားမှု အမြဲရှိနေခြင်း
သဒ္ဓါ = ရတနာ သုံးပါးနှင့် ကံ ကံ၏ အကျိုးကို ယုံကြည်မှု
သတိ = ကုသိုလ်ကောင်းမှုတို့ကို သတိရခြင်း
ဟိရီ = မကောင်းမှုပြုရမည်ကို ရှက်ခြင်း
ဩတ္တပ္ပ = မကောင်းမှု ပြုရမည်ကို ကြောက်လန့်ခြင်း
ဝီရိယ = ကုသိုလ်ရေးတို့၌ အားထုတ်ခြင်း
သုတ = အပြစ်ကင်းသော အကြားအမြင်ဗဟုသုတ
ပညာ = အသိ၊ အလိမ္မာ၊ အတတ် ပညာ

ပထမဈာန်
ဒုတိယဈာန်
တတိယဈာန်
စတုတ္ထဈာန်

ဆောင်ပုဒ်
သီဣန်ဘောဇော၊ ခုနစ်ဖြာသဒ္ဓမ္မ၊ ဈာန်လေးဝ၊ စရဏ တဆယ့်ငါး။

လောကသုံးပါး

သတ္တလောက = သက်ရှိ သတ္တဝါ အားလုံး
ဩကာသလောက = သတ္တဝါတို့၏ တည်နေရာ ဘုံများ (အပါယ်၄ဘုံ၊လူ့ဘုံ၊နတ်၆ဘုံ၊ဗြဟ္မာဘုံ၂၀)
သင်္ခါရလောက = ဖြစ်တတ်ပျက်တတ်သော ရုပ်နှင့် နာမ်

အပါယ် လေးပါး

ငရဲ
တိရစ္ဆာန်
ပြိတ္တာ
အသူရကာယ်

ကပ်သုံးပါး

သတ္ထန္တရကပ် = အချင်းချင်း လက်နက် အမျိုးမျိုး တို့ဖြင့် ထိုးခုတ် သတ်ဖြတ်၍ သေကြေ ပျက်စီးကြရခြင်း
ဒုဗ္ဘိက္ခန္တရကပ် = ငတ်မွတ်ခေါင်းပါးသည့် ဘေးကြီးဆိုက်၍ သေကြေ ပျက်စီးကြရခြင်း
ရောဂါန္တရကပ် = ဝမ်းရောဂါ၊ ကျောက်ရောဂါ ကဲ့သို့သော ကပ်ရောဂါကြီးများ ကျရောက်၍ သေကြေ ပျက်စီးကြရခြင်း

အက္ခဏ ရှစ်ပါး

မြတ်စွာဘုရား ဟောကြား ညွှန်ပြတော်မူသော တရားတော်များကို လိုက်နာကျင့်သုံးခွင့်မရသော အခါသမယကို 'အက္ခဏ' ဟု ခေါ်သည်။ ယင်း အက္ခဏသည် ရှစ်မျိုးရှိ၏၊ ယင်း အက္ခဏ ရှစ်မျိုးကိုပင် ရပ်ပြစ် ၈ ပါးဟု ခေါ်ကြ၏၊

ဘုရားပွင့်ချိန်တွင် ငရဲဘုံ၊
တိရစ္ဆာန်ဘုံ၊
ပြိတ္တာဘုံ၊ တဘုံ ဘုံ၌ ဖြစ်ရခြင်း
ဘုရားပွင့်ချိန်တွင် အသက်ရှည်သော အသညသတ်ဗြဟ္မာ၊ အရူပ ဗြဟ္မာ ဖြစ်ရခြင်း
ဘုရားပွင့်ချိန်တွင် အစွန်အဖျားကျသော ပစ္စန္တရစ်အရပ်၌ လူဖြစ်ရခြင်း
ဘုရားပွင့်ချိန်တွင် ဘုရားသာသနာတော် ထွန်းကားရာ အရပ်၌ လူဖြစ်သော်လည်း အယူဝါဒမှားကို ယူမိခြင်း
ဘုရားပွင့်ချိန်တွင် သာသနာထွန်းကားရာ အရပ်၌ လူဖြစ်သော်လည်း အသိဉာဏ် နုံ့လှ၍ ထူထိုင်း ဖျင်းအ ခြင်း
အရပ်ဒေသကောင်း၌ ဉာဏ်ရှိသော လူ ဖြစ်ရသော်လည်း ဘုရားမပွင့်သည့်အခါ၊ သာသနာပ အခါနှင့် ကြုံကြိုက်ခြင်း
(အင်္ဂုတ္တိုရ်၊ အဋ္ဌက၊ အက္ခဏသုတ်)

ရန်သူမျိုး ငါးပါး

ရေ
မီး
မင်းစိုးရာဇာ
သူခိုး ဒမြ
အမွေခံဆိုး

ဝိပတ္တိတရား လေးပါး

ကာလဝိပတ္တိ = ခေတ်ဆိုး၊ ကာလဆိုး
ဂတိဝိပတ္တိ = အပါယ်ဘုံ၌ ဖြစ်ရခြင်း
ဥပဓိဝိပတ္တိ = ရုပ်ဆင်းအင်္ဂါ ချို့တဲ့ခြင်း
ပယောဂဝိပတ္တိ = သတိ၊ ဝီရိယ၊ ဉာဏ်ပညာ မရှိခြင်း
(အဘိ၊ဋ္ဌ၊၂၊၄၂၁)

ဗျသနတရား ငါးပါး

ဉာတိဗျသန = ဆွေမျိုး ပျက်စီးခြင်း
ရောဂဗျသန = မကျန်းမမာ အနာရောဂါ ဖြစ်ပွါးခြင်း
ဘောဂဗျသန = စည်းစိမ်ဥစ္စာ ပျက်စီးခြင်း
ဒိဋ္ဌီဗျသန = အယူမှားကို ယူခြင်း
သီလဗျသန = သီလ ပျက်စီးခြင်း

ဓုတင် တဆယ့်သုံးပါး

အပ္ပစ္ဆတာဂုဏ် ဤ ဓုတင် အကျင့်တို့ကို စွမ်းနိုင်သမျှ ကျင့်ကြံလျှင် ကိလေသာပါး ကုသိုလ်ပွါး၍ အကျိုးများလှ၏၊ သို့သော် မိမိ ဓုတင်ဆောင်သူ ဖြစ်ကြောင်း အများသိအောင် လူတွေ့တိုင်း ပြောပြလျက် ကျင့်လျှင်ကား ဓုတင်္ဂအပ္ပိစ္ဆတာ (ဓုတင်၌ အလို လောဘနည်းခြင်း) ဂုဏ်နှင့် မဟပ်မိတော့ပေ။ ထို့ကြောင့် ဓုတင်ဆောင်သူတိုင်း အောက်ပါမထေရ် နှစ်ပါး၏ ဝတ္ထုကို အမြဲမပြတ် ဆင်ခြင် နှလုံးသွင်းအပ်ပေသည်။

ဓုတင်ကို လျှို့ဝှက်သူ သီဟိုဠ်ကျွန်း (ယခု သီရိလင်္ကာ) အရှေ့တောင်ပိုင်း စိတ္တလတောင် ၌ ညီနောင် မထေရ် နှစ်ပါး သီတင်းသုံးလျက်နေကြ၏၊ တနေ့သော် နောင်တော် မထေရ် ဆွမ်းဘုဉ်းပေးပြီး၍ ပလုတ်ဆေးနေစဉ် ညီတော်မထေရ် ရောက်လာပြီးလျှင် "ကြံပိုင်း ဘုဉ်းပေးပါဦး ဘုရား" ဟုဆိုကာ ကြံပိုင်းကို ဆက်ကပ်၏၊ နောင်တော် မထေရ်က အလိုမရှိတော့ကြောင်း မိန့်ကြားသောအခါ "အရှင်ဘုရား ဧကာသနိက်ဓုတင် ဆောက်တည်ပါသလား ဘုရား" ဟု ညီတော်က မေး၏၊

ထိုအခါ နောင်တော်က "ကဲ ကြံပိုင်းယူခဲ့ပါ" ဟု ဆိုကာ ကပ်လာသော ကြံပိုင်းကို ဘုဉ်းပေး၏၊ နောက်မှ ဓုတင်ကို ပြန်၍ ဆောက်တည်၏၊

ကြံပိုင်းကို မဘုဉ်းပေးလျှင် မိမိ ဧကာသနိက်ဓုတင် ဆောက်တည်သည်ကို ညီတော် သိသွားမည်စိုးသဖြင့် နှစ်ပေါင်း ငါးဆယ်ပတ်လုံး ဆောက်တည်လာသော ဓုတင်ကို အပျက်ခံ၍ ကြံပိုင်းကို ဘုဉ်းပေးခြင်း ဖြစ်၏၊ အလိုနည်းခြင်း = အပ္ပိစ္ဆတာဂုဏ်နှင့် လွန်စွာ ပြည့်စုံလှသဖြင့် ကြည်ညိုဖွယ် ကောင်းလှပါပေသည်။

ဓုတင်္ဂ = ဓုတင် ဆိုသည်မှာ ကိလေသာတို့ကို တဒင်္ဂပဟာန်အားဖြင့် ခါထုတ်တတ် ဖျက်ဆီးတတ်သော အကျင့် ကို ခေါ်သည်။

ယင်း ဓုတင်သည်-

ပံ့သကူ ဓတင် = ပံ့သကူ သင်္ကန်းကို ဝတ်ရုံသုံးဆောင်သော အကျင့်
တိစီဝရိက် ဓုတင် = သင်္ကန်း သုံးထည်ကိုသာ ဝတ်ရုံ သုံးဆောင်သော အကျင့်
ပိဏ္ဍပါတ် ဓုတင် = ဆွမ်းခံ၍ စားသော အကျင့်
သပဒါနာစာရိက ဓုတင် = အိမ်စဉ်မကျော်ပဲ ဆွမ်းခံသော အကျင့်
ဧကာသနိက် ဓုတင် = တနေရာတည်း၌သာ ဣရိယာပုထ် မပြောင်းပဲ စားသော အကျင့်
ပတ္တပိုဏ် ဓုတင် = စားခွက်တခုတည်း၌သာ စားဖွယ်အားလုံး ထည့်၍ စားသော အကျင့်
ခလုပစ္ဆာဘတ် ဓုတင် = တော်ပြီဟု ထားမြစ်ပြီးနောက် စားကောင်းအောင်ဝိနည်းကံ ပြုထားသော စားဖွယ်ကိုပင် မစားတော့သော အကျင့်
အာရညကင် ဓုတင် = တောရကျောင်း၌ နေသော အကျင့်
ရုက္ခမူ ဓုတင် = သစ်ပင်အောက်၌နေသော အကျင့်
အဗ္ဘောကာသိက ဓုတင် = အမိုး မရှိသော လဟာပြင်၌နေသော အကျင့်
သုသာန် ဓုတင် = သုသာန်၌ နေသော အကျင့်
ယထာသန္တတိ ဓုတင် = မိမိ အတွက် ချထားသော ကျောင်းအိပ်ရာ နေရာ၌သာနေသော အကျင့်
နိသဇ္ဇိ ဓုတင် = မလျောင်းပဲ သွား၊ ရပ်၊ ထိုင် ဣရိယာပုထ်ဖြင့်သာ နေသော အကျင့်အားဖြင့် ၁၃ ပါး ရှိ၏၊

၁။ ပံ့သကူ ဓုတင် ဆောက်တည်ပုံ

ပံ့သကူ ဓုတင် ဆောက်တည်သော ရဟန်းသည် တစုံ တယောက်က လှူဒါန်းသော သင်္ကန်းကို မဝတ်ရုံရ၊ သူတပါးလွှင့်ပစ်ထားသော အဝတ်များကို ကောက်ယူ လျှော်ဖွပ် ချုပ်ဆိုး၍ရသော ပံ့သကူ သင်္ကန်းကိုသာ ဝတ်ရုံရသည်။

ဆောက်တည်ပုံ
"ဂဟပတိဒါန စီဝရံ ပဋိက္ခိပါမိ" ဟု ပါဠိဘာသာဖြင့် ဖြစ်စေ၊
ဒါယကာ လှူဒါန်းသော သင်္ကန်းကို ပယ်ပါ၏ ဟု မြန်မာ ဘာသာဖြင့် ဖြစ်စေ၊
"ပံသုကူလိကင်္ဂံ သမာဒိယာမိ" ဟု ပါဠိဘာသာဖြင့် ဖြစ်စေ၊
ပံ့သကူ သင်္ကန်းကို ဝတ်ရုံလေ့ ရှိသော ရဟန်း၏ အကြောင်းစေတနာကို ဆောက်တည်ပါ၏ ဟု မြန်မာ ဘာသာဖြင့် ဖြစ်စေ ဆောက်တည်ရ၏၊

ဒါယကာ လှူဒါန်းသော သင်္ကန်းကို သာယာသော ခဏ၌ပင် ပံ့သကူဓုတင် ပျက်တော့၏၊ ပျက်လျှင် ပြန်၍ ဆောက်တည်ကျင့်သုံးနိုင်၏၊ တခြား ဓုတင်များလည်း ဤနည်းအတိုင်းပင်။

၂။ တိစီ ဝရိက် ဓုတင် ဆောက်တည်ပုံ

တိစီဝရိက် ဓုတင် ဆောက်တည်သော ရဟန်းသည် ခါးဝတ်သင်းပိုင်၊ ကိုယ်ရုံ ဧကသီ၊ ဒုကုဋ် သင်္ကန်းကြီး ဟူသော သင်္ကန်းသုံးထည်ကိုသာ ဝတ်ရုံ သုံးဆောင်ရသည်။ ထိုသုံးထည်မှ တပါး တခြား သင်္ကန်းကို မဝတ်ရုံ မသုံးဆောင်ရ။

ဆောက်တည်ပုံ
"စတုတ္ထက စီဝရံ ပဋိက္ခိပါမိ"
ဝတ်လောက် ရုံလောက် လေးထည်မြောက် သင်္ကန်းကို ပယ်ပါ၏၊
"တေစီဝရိကင်္ဂံ သမာဒိယာမိ။"
သုံးထည်သော သင်္ကန်းကို ဝတ်ရုံလေ့ရှိသော ရဟန်း၏ အကြောင်း စေတနာကို ဆောက်တည်ပါ၏၊

ဤ ဆောက်တည်ပုံ လေးမျိုးအနက် တမျိုးမျိုးကို ရွတ်ဆို၍ ဆောက်တည်ရ၏၊ နောက် ဓုတင်များ ဆောက်တည်ရာ၌လည်း ဤနည်းတူပင်။

ဝတ်လောက် ရုံလောက် လေးထည်မြောက် သင်္ကန်းကို သာယာသော ခဏ၌ပင် တိစီဝရိက်ဓုတင် ပျက်တော့၏၊

၃။ ပိဏ္ဍပါတ် ဓုတင် ဆောက်တည်ပုံ

ပိဏ္ဍပါတ် ဓုတင် ဆောက်တည်သော ရဟန်းသည် ဆွမ်းခံ၍ ရသော ဆွမ်းကိုသာ ဘုန်းပေးရ၏၊ ပင့်ဖိတ်၍ ကပ်လှူသော သံဃဘတ် စသည်ကို မဘုဉ်းပေးရ။

ဆောက်တည်ပုံ
"အတိရေကလာဘံ ပဋိက္ခိပါမိ"
ဆွမ်းခံ ဆွမ်းထက် အပိုအလွန် ဖြစ်သော ဆွမ်းကို ပယ်ပါ၏၊
"ပိဏ္ဍပါတိကင်္ဂံ သမာဒိယာမိ။"
ဆွမ်းခံခြင်း အလေ့ရှိသော ရဟန်း၏ အကြောင်း စေတနာကို ဆောက်တည်ပါ၏၊

ဆွမ်းခံ ဆွမ်းမှ တပါးသော ပင့်ဖိတ် ကပ်လှူသော သံဃဘတ် စသည်ကို သာယာသော ခဏ၌ပင် ပိဏ္ဍပါတ်ဓုတင် ပျက်တော့၏၊

၄။ သပဒါနစာရိက ဓုတင် ဆောက်တည်ပုံ

သပဒါနစာရိက ဓုတင် ဆောက်တည်သော ရဟန်းသည် အိမ်စဉ်မကျော်ပဲ အိမ်အစဉ်အတိုင်း ဆွမ်းရပ်ရ၏၊ သို့သော် ဘေးရန်ရှိသော အိမ်၊ လမ်း၊ ရွာ စသည်ကို လည်းကောင်း၊ ဆွမ်းမရသော အိမ်၊ လမ်း၊ ရွာ စသည်ကို လည်းကောင်း ကျော်သွားနိုင်၏၊ တခြား အရပ်သို့ ဖဲသွားနိုင်၏၊

ဆောက်တည်ပုံ
"လောလုပ္ပစာရံ ပဋိက္ခိပါမိ"
မက်မောသော တဏှာဖြင့် အိမ်စဉ်ကျော်၍ ဆွမ်းခံသွားခြင်းကို ပယ်ပါ၏၊
"သပဒါနစာရိကင်္ဂံ သမာဒိယာမိ။"
အိမ်စဉ်အတိုင်း ဆွမ်းခံသွားသော ရဟန်း၏ အကြောင်း စေတနာကို ဆောက်တည်ပါ၏၊

မက်မောသော တဏှာဖြင့် ဆောက်တည်သော ရဟန်းသည် တနေ့လျှင် တနေရာတည်း၌သာ တထိုင်တည်းသော ဣရိယာပုထ်ဖြင့် ဆွမ်း ဘုဉ်းပေးရ၏၊ နှစ်နေရာ သုံးနေရာ စသည်ဖြင့် နေရာအများ၌ မဘုဉ်းပေးရ။

၅။ ဧကာသနိက် ဓုတင် ဆောက်တည်ပုံ

ဆောက်တည်ပုံ
"နာနာသနဘောဇနံ ပဋိက္ခိပါမိ"
နေရာအများ၌ စားခြင်းကို ပယ်ပါ၏၊
"ဧကာသနိကင်္ဂံ သမာဒိယာမိ။"
တထိုင်တည်း၌သာ စားလေ့ရှိသော ရဟန်း၏ အကြောင်း စေတနာကို ဆောက်တည်ပါ၏၊

နှစ်နေရာ သုံးနေရာ စသည်၌ ဘုဉ်းပေး သုံးဆောင်လျှင် ဧကာသနိက်ဓုတင် ပျက်တော့၏၊

၆။ ပတ္တပိုဏ်ဓုတင် ဆောက်တည်ပုံ

ပတ္တပိုဏ် ဓုတင် ဆောက်တည်သော ရဟန်းသည် ခဲဖွယ် ဘောဇဉ်ကို တခွက်တည်း တသပိတ်တည်း၌သာ ထည့်၍ စားရသည်။ နှစ်ခွက် သုံးခွက် စသည်၌ ထည့်၍ မစားရ။ တခွက်တည်း၌ စားဖွယ် အမျိုးမျိုးတို့ကို တပြိုင်တည်း ဖြစ်စေ၊ တမျိုးပြီးမှ တမျိုးဖြစ်စေ ထည့်၍ စားနိုင်၏၊ ဟင်းရွက်စိမ်းများကိုမူ လက်ဖြင့် ကိုင်၍ စားနိုင်၏၊ ဓုတင် မပျက်ပေ။ သို့သော်လည်း လက်ဖြင့် ကိုင်ထားခြင်းမှာ ကြည့်၍ မလျော်သဖြင့် သပိတ်ထဲ၌ ထည့်ထားခြင်းသာလျှင် အကောင်းဆုံး ဖြစ်၏၊

ဆောက်တည်ပုံ
"ဒုတိယကဘာဇနံ ပဋိက္ခိပါမိ"
နှစ်ခုမြောက်သော စားခွက်ကို ပယ်ပါ၏၊
"ပတ္တပိဏ္ဍိကင်္ဂံ သမာဒိယာမိ။"
တခွက်တည်း၌ ရှိသော စားဖွယ်ကိုသာစားလေ့ရှိသော ရဟန်း၏ အကြောင်းစေတနာကို ဆောက်တည်ပါ၏

နှစ်ခုမြောက်သော စားခွက်ကို သာယာသော ခဏ၌ပင် ပတ္တပိုဏ်ဓုတင် ပျက်တော့၏၊

၇။ ခလုပစ္ဆာဘတ်ဓုတင် ဆောက်တည်ပုံ

ခလုပစ္ဆာဘတ် ဓုတင် ဆောက်တည်သော ရဟန်းသည် ဆွမ်းစားစဉ် "တော်ပြီ" ဟု ပယ်မြစ်ပြီးနောက် စားလိုပြန်၍ အတိရိတ်ဝိနည်းကံ ပြုထားသော ဆွမ်းဘောဇဉ်ကို မစားရ။ (ခလုပစ္ဆာဘတ်ဓုတင် မဆောက်တည်သော ရဟန်းများမှာမူ အတိရိတ်ဝိနည်းကံပြုလျှင် နောက်တဖန် ပြန်၍ စားနိုင်၏၊)

ဆောက်တည်ပုံ
"အတိရိတ္တဘောဇနံ ပဋိက္ခိပါမိ"
အတိရိတ် ဝိနည်းကံပြု၍ စားခြင်းကို ပယ်ပါ၏၊
"ခလုပစ္ဆာဘတ္တိကင်္ဂံ သမာဒိယာမိ။"
ပယ်မြစ်ပြီးမှ အတိရိတ် ဝိနည်းကံ ပြု၍ရသော ဆွမ်းကို မစားသော ရဟန်း၏ အကြောင်း စေတနာကို ဆောက်တည်ပါ၏၊

အတိရိတ် ဝိနည်းကံ ပြုထားသော ဆွမ်းဘောဇဉ်ကို စားသော ခဏ၌ပင် ခလုပစ္ဆာဘတ်ဓုတင် ပျက်တော့၏၊

၈။ အာရညကင်ဓုတင် ဆောက်တည်ပုံ

အာရညကင် ဓုတင် (တောရဓုတင်) ဆောက်တည်သော ရဟန်းသည် အနီးဆုံး ရွာနှင့် လေးအတတ်သင်ဆရာ၏ ညှို့တင်ထားသော ကုလလေးနှင့် အပြန်ငါးရာ အနည်းဆုံး ဝေးကွာသော တောရကျောင်း၌ နေရသည်။ အကြောင်းကိစ္စ တခုခုဖြင့် ရွာအတွင်း၌ နေ၍ အရုဏ်မတက်မီ တောရကျောင်းသို့ ပြန်လာပြီးလျှင် တောရကျောင်း၌ပင် အရုဏ်တက်စေမူ ဓုတင် မပျက်ပေ။

ဤ၌ အာရညကင်ဓုတင် လောက်သော အကွာအဝေးကို "အလယ်အလတ်ဖြစ်သော ဒေသတောင်တာဖြင့် ယူလျှင်ပင် ဆိတ်ငြိမ်ရာ ဝိဝေကကို ရတော့သည်။ ထို့ကြောင့် ဤ မြန်မာဒေသ၌ အများသုံးဆောင်ကြသည့် ဟင်္သာတောင် (=၁၈ လက်မ) သံတောင်(=၂၄ လက်မ) တို့ဖြင့် လေးတောင်တာကို ကုလလေးတာဟု ယူသင့်သည်" ဟု ကျေးဇူးတော်ရှင် မဟာဝိသုဒ္ဓါရာမ ဆရာတော်ဘုရားကြီး ပရမတ္ထ သရူပဘေဒနီကျမ်း၊ ဒုတိယတွဲ၊ စာမျက်နှာ ၁၁၅ ၌ ဆုံးမတော်မူသည်ကို မှတ်သားရ၏၊

ဆောက်တည်ပုံ
"ဂါမန္တသေနာသနံ ပဋိက္ခိပါမိ"
ရွာကျောင်းကို ပယ်ပါ၏၊
"အာရညိကင်္ဂံ သမာဒိယာမိ။"
တော၌ နေလေ့ရှိသော ရဟန်း၏ အကြောင်း စေတနာကို ဆောက်တည်ပါ၏၊

ရွာကျောင်း၌ နေလိုသော စိတ်ဖြင့် အရုဏ်တတ်ချိန်တွင် ရွာကျောင်း၌နေသော ခဏ၌ပင် အာရညကင်(တောရ) ဓုတင် ပျက်တော့၏၊

၉။ ရုက္ခမူဓုတင် ဆောက်တည်ပုံ

ရုက္ခမူ ဓုတင် ဆောက်တည်သော ရဟန်းသည် အုတ်ကြွပ်၊ ကျောက်ပြား၊ အင်္ဂတေ၊ သက်ကယ်၊ သစ်ရွက် တို့တင် တခုခုဖြင့် မိုးထားသော အရိပ်အာဝါသ၌ မနေရ၊ သစ်ပင်အောက်၌သာ နေရသည်။

ဓုတင်ဆောင်ပုဂ္ဂိုလ် အမြတ်စား၊ အလတ်စား၊ အညံ့စားဟု သုံးမျိုးသုံးစား ရှိသည့်အနက် အမြတ်စား ပုဂ္ဂိုလ်မှာ သစ်ပင်ကောင်း သစ်ပင်သန့် မရွေးချယ်ပဲ မည်သည့် သစ်ပင်အောက်၌ မဆို သစ်ရွက်ပုံများကို ကိုယ်တိုင် ခြေဖြင့် ဖယ်ရှင်း၍ နေရသည်။ အလတ်စား ပုဂ္ဂိုလ်မှာ သစ်ပင်အောက်သို့ ရောက်လာသူများကို အရှင်းခိုင်းနိုင်ခွင့် ရှိသည်။ အညံ့စား ပုဂ္ဂိုလ်မှာမူ ကျောင်းသား သာမဏေတို့ကို ခေါ်၍ သစ်ရွက်ရှင်း၊ သဲခင်း၊ တံတိုင်းကာ၊ တံခါး တပ်စေလျက် နေခွင့်ရှိသည်။

ဆောက်တည်ပုံ
"ဆန္နံ ပဋိက္ခိပါမိ။"
အမိုးရှိသော အရိပ်အာဝါသကို ပယ်ပါ၏၊
"ရုက္ခမူလိကင်္ဂံ သမာဒိယာမိ။"
သစ်ပင်အောက်၌ နေလေ့ရှိသော ရဟန်း၏ အကြောင်း စေတနာကို ဆောက်တည်ပါ၏၊

အမိုးမိုးထားသော အရိပ်အာဝါသတွင် နေသော ခဏ၌ပင် ရုက္ခမူဓုတင် ပျက်တော့၏၊

၁၀။ အဗ္ဘောကာသိကဓုတင် ဆောက်တည်ပုံ

အဗ္ဘောကာသိကဓုတင် ဆောက်တည်သော ပုဂ္ဂိုလ်သည် ဟင်းလင်းပြင် လွင်တီးခေါင်၌သာ နေရ၏၊ အမိုးရှိသော အရိပ်အာဝါသ၌ ဖြစ်စေ၊ သစ်ပင်အောက်၌ ဖြစ်စေ မဝင်မနေရ။

သို့သော်လည်း ဥပုသ်ပြု၊ တရားနာ၊ စာသင်၊ စာချရန် ဖြစ်စေ၊ ဆရာ ဥပဇ္ဈာယ် တို့၏ ဝတ်ကြီး ဝတ်ငယ် ပြုရန် ဖြစ်စေ ဝင်နိုင်၏၊ ဓုတင် မပျက်ပေ။ ထိုအကြောင်းများကြောင့် အမိုးရှိရာသို့ ဝင်နေစဉ် မိုးရွာလျှင် မိုးတိတ်သည်အထိ ဆက်လက် နေနိုင်၏၊

ဆောက်တည်ပုံ
"ဆန္နဉ္စ ရုက္ခမူလဉ္စ ပဋိက္ခိပါမိ။"
အမိုးကို လည်းကောင်း၊ သစ်ပင်ရင်းကိုလည်းကောင်း ပယ်ပါ၏၊
"အဗ္ဘောကာသိကင်္ဂံ သမာဒိယာမိ။"
အမိုးမရှိသော ဟင်းလင်းပြင်၌ နေလေ့ရှိသော ရဟန်း၏ အကြောင်း စေတနာကို ဆောက်တည်ပါ၏၊

အမိုးရှိရာသို့ ဖြစ်စေ၊ သစ်ပင်အောက်သို့ ဖြစ်စေ ဝင်လျှင် အဗ္ဘောကာသိကဓုတင် ပျက်တော့၏၊

၁၁။ သုသာန်ဓုတင် ဆောက်တည်ပုံ

သုသာန် ဓုတင် ဆောက်တည်သော ရဟန်းသည် သုသာန်သို့ ညအခါသွား၍ "သန်းခေါင်ယံပတ်လုံး သုသာန်၌ နေ၍ မိုးသောက်ယံ၌ သုသာန်မှ ထွက်သင့်သည်" ဟု အင်္ဂုတ္တိုရ်ဆောင်မထေရ်များ မိန့်ကြား၏၊

လူတို့က သုသာန်ဟု သတ်မှတ်ထားသော်လည်း လူသေအလောင်း မချ မမြှုပ် မဖုတ်မရှို့ရသေးလျှင် သုသာန်မမည်ပေ။

အစီအစဉ် ဤသုသာန်ဓုတင် ဆောက်တည်သော ရဟန်းသည် သံဃာများ၏ အကြီးအမှူး မထေရ်ကြီးနှင့် သက်ဆိုင်ရာ နယ်မြေ အာဏာပိုင်တို့ကို ကြိုတင် အကြေင်းကြားပြီးနောက် သုသာန်သို့ မိမိသွားမည့် လမ်းတွင်ရှိသော သစ်ပင်၊ သစ်ငုတ်၊ ချုံပုတ်၊ တောင်ပို့ စသည်တို့ကို နေ့အခါကပင် သွားရောက်ကြည့်ရှု၍ ကောင်းစွာ မှတ်သားထားရမည်။

ဘီလူး စသည်တို့ နှစ်သက်တတ်သော နှမ်းထောင်း၊ ပဲထမင်း၊ ငါး၊ အမဲ၊ နို့ရည်၊ ဆီ၊ တင်လဲ စသော ခဲဖွယ် စားဖွယ်တို့ကို မမှီဝဲ မသုံးဆောင်ရပေ။

ဆောက်တည်ပုံ
"နသုသာနံ ပဋိက္ခိပါမိ။"
သုသာန် မဟုတ်သော အရပ်ကိုပယ်ပါ၏၊
"သောသာနိကင်္ဂံ သမာဒိယာမိ။"
သုသာန်၌ နေလေ့ရှိသော ရဟန်း၏ အကြောင်း စေတနာကို ဆောက်တည်ပါ၏၊

သုသာန် မဟုတ်သော အရပ်၌နေလျှင် သုသာန်ဓုတင် ပျက်တော့၏၊ "သုသာန်သို့ မသွားသောနေ့၌ ဓုတင် ပျက်သည်" ဟု အင်္ဂုတ္တိုရ်ဆောင် မထေရ်များ မိန့်ကြ၏၊

၁၂။ ယထာသန္ထတိဓုတင် ဆောက်တည်ပုံ

ယထာသန္ထတိ ဓုတင် ဆောက်တည်သော ရဟန်းသည် မိမိအား ချထားသော ကျောင်းအိပ်ရာ နေရာ၌သာလျှင် နေရ၏၊ ကျောင်းအိပ်ရာ နေရာ၌ မက်မောသော တဏှာဖြင့် ချထားပေးသည့်အတိုင်း မနေပဲ မိမိစိတ်ကြိုက် ကျောင်းအိပ်ရာနေရာ၌ မနေရပေ။ နေရာ၌ နေလိုသော တဏှာဖြင့် ရဟန်းငယ်များကို နေရာမှ ထသွားအောင် မပြုလုပ်ရပေ။

ဆောက်တည်ပုံ
"သေနာသနလေလုပ္ပံ ပဋိက္ခိပါမိ။"
ကျောင်းအိပ်ရာ နေရာ၌ မက်မောသော တဏှာကို ပယ်ပါ၏၊
"ယထာသန္ထတိကင်္ဂံ သမာဒိယာမိ။"
ချထားပေးသော နေရာ၌ နေလေ့ရှိသော ရဟန်း၏ အကြောင်းစေတနာကို ဆောက်တည်ပါ၏၊

ကျောင်းအိပ်ရာနေရာ၌ မက်မောသော တဏှာဖြစ်ကာမျှဖြင့် ယထာသန္ထတိဓုတင် ပျက်တော့၏၊

၁၃။ နိသဇ္ဇိဓုတင် ဆောက်တည်ပုံ

နိသဇ္ဇိ ဓုတင် ဆောက်တည်သော ရဟန်းသည် သွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း ဣရိယာပုထ် ၃ ပါးဖြင့်သာ နေရ၏၊ လျောင်းသော ဣရိယာပုထ်ဖြင့် မနေရ၊ လဲလျောင်း၍ မနေရ။

ဆောက်တည်ပုံ
"သေယျံ ပဋိက္ခိပါမိ။"
လဲလျောင်းအိပ်ခြင်းကို ပယ်ပါ၏၊
"နေသဇ္ဇိကင်္ဂံ သမာဒိယာမိ။"
ထိုင်လျက် နေလေ့ရှိသော ရဟန်း၏ အကြောင်း စေတနာကို ဆောက်တည်ပါ၏၊

လျောင်း၍ အိပ်စက်ခြင်းကို ပြုကာမျှနှင့်ပင် နိသဇ္ဇိဓုတင် ပျက်တော့၏၊

အပ္ပစ္ဆတာဂုဏ် ဤ ဓုတင် အကျင့်တို့ကို စွမ်းနိုင်သမျှ ကျင့်ကြံလျှင် ကိလေသာပါး ကုသိုလ်ပွါး၍ အကျိုးများလှ၏၊ သို့သော် မိမိ ဓုတင်ဆောင်သူ ဖြစ်ကြောင်း အများသိအောင် လူတွေ့တိုင်း ပြောပြလျက် ကျင့်လျှင်ကား ဓုတင်္ဂအပ္ပိစ္ဆတာ (ဓုတင်၌ အလို လောဘနည်းခြင်း) ဂုဏ်နှင့် မဟပ်မိတော့ပေ။ ထို့ကြောင့် ဓုတင်ဆောင်သူတိုင်း အောက်ပါမထေရ် နှစ်ပါး၏ ဝတ္ထုကို အမြဲမပြတ် ဆင်ခြင် နှလုံးသွင်းအပ်ပေသည်။

ဓုတင်ကို လျှို့ဝှက်သူ သီဟိုဠ်ကျွန်း (ယခု သီရိလင်္ကာ) အရှေ့တောင်ပိုင်း စိတ္တလတောင် ၌ ညီနောင် မထေရ် နှစ်ပါး သီတင်းသုံးလျက်နေကြ၏၊ တနေ့သော် နောင်တော် မထေရ် ဆွမ်းဘုဉ်းပေးပြီး၍ ပလုတ်ဆေးနေစဉ် ညီတော်မထေရ် ရောက်လာပြီးလျှင် "ကြံပိုင်း ဘုဉ်းပေးပါဦး ဘုရား" ဟုဆိုကာ ကြံပိုင်းကို ဆက်ကပ်၏၊ နောင်တော် မထေရ်က အလိုမရှိတော့ကြောင်း မိန့်ကြားသောအခါ "အရှင်ဘုရား ဧကာသနိက်ဓုတင် ဆောက်တည်ပါသလား ဘုရား" ဟု ညီတော်က မေး၏၊

ထိုအခါ နောင်တော်က "ကဲ ကြံပိုင်းယူခဲ့ပါ" ဟု ဆိုကာ ကပ်လာသော ကြံပိုင်းကို ဘုဉ်းပေး၏၊ နောက်မှ ဓုတင်ကို ပြန်၍ ဆောက်တည်၏၊

ကြံပိုင်းကို မဘုဉ်းပေးလျှင် မိမိ ဧကာသနိက်ဓုတင် ဆောက်တည်သည်ကို ညီတော် သိသွားမည်စိုးသဖြင့် နှစ်ပေါင်း ငါးဆယ်ပတ်လုံး ဆောက်တည်လာသော ဓုတင်ကို အပျက်ခံ၍ ကြံပိုင်းကို ဘုဉ်းပေးခြင်း ဖြစ်၏၊ အလိုနည်းခြင်း = အပ္ပိစ္ဆတာဂုဏ်နှင့် လွန်စွာ ပြည့်စုံလှသဖြင့် ကြည်ညိုဖွယ် ကောင်းလှပါပေသည်။

(အံ၊ဋ္ဌ၊၁၊ ၅၉)

သမာဓိ

ဈာန်နှင့် အပ္ပနာ အာရုံတခုတည်း၌ စိတ် စုစည်းစူးစိုက်တည်ငြိမ်နေခြင်းကို သမာဓိဟု ခေါ်၏၊ ထို စူးစိုက်သည်ငြိမ်မှု အားကောင်းလာလျှင် ဈာန်ဟု ခေါ်၏၊ အပ္ပနာ ဟုလည်း ခေါ်ရ၏၊

အာရုံကို စူးစူးစိုက်စိုက်ကပ်၍ရှုသော စိတ်သည် ဈာန်စိတ်၊ အာရုံ၌ သက်ဝင်နေ မြုပ်ဝင်နေသော စိတ်သည် အပ္ပနာစိတ်ဈာန်နှင့် အပ္ပနာ သဘောအဓိပ္ပာယ် အတူတူပင် ဖြစ်၏၊ စိတ်၏ အခြေအနေ တခုတည်းကိုပင် ဝေါဟာရ နှစ်ခုဖြင့် ခေါ်ဝေါ်သုံးနှုန်းကြခြင်း ဖြစ်၏၊

ဈာန် ချမ်းသာ စိတ်သည် အရှုခံအာရုံ၌ အင်အားကောင်းစွာစူးစိုက် တည်ငြိမ်နေ၍ ဈာန် သမာဓိ အခြေအနေသို့ ရောက်သောအခါ စိတ်၏ အညစ်အကြေး ဖြစ်သည့် လောဘဒေါသ စသော ကိလေသာ နီဝရဏတို့ ကင်းဝေးစင်ကြယ်နေသဖြင့် စိတ် အစဉ်သည် ကြည်လင်သန့်ရှင်း နေရကား ငြိမ်းအေးချမ်းသာ နေ၏၊ ယင်း ချမ်းသာကိုပင် ဈာန်ချမ်းသာ ဟု ခေါ်ကြ၏၊

ဈာန် လေးဆင့် ငါးဆင့်

ယင်း ဈာန်ကို စိတ်တည်ငြိမ်မှု အင်အား အကောင်းအညံ့ လိုက်၍ လေးဆင့် တနည်း၊ ငါးဆင့် တနည်း ခွဲခြား သတ်မှတ်ကြ၏၊

ယင်း ဈာန်ကို လေးဆင့် ခွဲခြားလျှင်

ပထမဆင့် ဈာန်စိတ်၌ ကြံစည်ခြင်း (= ဝိတက်)၊ ဆင်ခြင် သုံးသပ်ခြင်း (= ဝိစာရ)၊ နှစ်သက် ဝမ်းမြောက်ခြင်း (= ပီတိ)၊ ချမ်းသာခြင်း (= သုခ)၊ အာရုံ တခုတည်း၌ တည်ခြင်း (= ဧကဂ္ဂတာ)၊ ဤသဘော ငါးမျိုး ပါဝင်၏၊

ဒုတိယဆင့် ဈာန်စိတ်၌ နှစ်သက်ဝမ်းမြောက်ခြင်း(= ပီတိ)၊ အာရုံတခုတည်း၌ တည်ခြင်း(= ဧကဂ္ဂတာ)၊ ချမ်းသာခြင်း (= သုခ)၊ ဤသဘောသုံးမျိုး ပါဝင်၏၊

တတိယဆင့် ဈာန်စိတ်၌ ချမ်းသာခြင်း (= သုခ)၊ တခုတည်း၌ တည်ခြင်း (= ဧကဂ္ဂတာ)၊ ဤ သဘောနှစ်မျိုး ပါဝင်၏၊

စတုတ္ထဆင့် ဈာန်စိတ်၌ မဆင်းရဲ မချမ်းသာ ညီမျှစွာ ရှုခြင်း(= ဥပက္ခာ)၊ အာရုံတခုတည်း၌တည်ခြင်း (= ဧကဂ္ဂတာ)၊ ဤသဘော နှစ်မျိုးပါဝင်၏၊

ဈာန်ကို ငါးဆင့် ခွဲခြားလျှင်

ပထမဆင့် ဈာန်စိတ်၌ ဝိတက်ဝိစာရပီတိသုခဧကဂ္ဂတာ သဘော ၅ မျိုး ပါဝင်၏၊

ဒုတိယဆင့် ဈာန်စိတ်၌ ဝိစာရပီတိသုခဧကဂ္ဂတာ သဘော ၄ မျိုး ပါဝင်၏၊

တတိယဆင့် ဈာန်စိတ်၌ ပီတိသုခဧကဂ္ဂတာ သဘော ၃ မျိုး ပါဝင်၏၊

စတုတ္ထဆင့် ဈာန်စိတ်၌ သုခဧကဂ္ဂတာ သဘော ၂ မျိုး ပါဝင်၏၊

ပဉ္စမဆင့် ဈာန်စိတ်၌ ဥပေက္ခာဧကဂ္ဂတာ သဘော ၂ မျိုး ပါဝင်၏၊

ဈာန် တဆင့်ထက် တဆင့် စိတ်တည်ငြိမ်မှု ပို၍ ပို၍ အားကောင်းလာကာ အမြင့်ဆုံး အဆင့်သို့ ရောက်သောအခါ စိတ်သည် လွန်စွာ ငြိမ်သက် ငြိမ်းအေး လာတော့၏၊ ထိုအခါ အချမ်းသာကြီး ချမ်းသာနေတော့၏၊

ဈာန်ချမ်းသာကို ခံစားနိုင်ရေးအတွက် ဈာန် သမာဓိကို ရရှိရန် အောက်ပါ သမထ ကမ္မဋ္ဌာန်း လေးဆယ်တို့တွင် တပါးပါးကို ပွါးများ အားထုတ်ရ၏၊

ကသိုဏ်း ဆယ်ပါး

ပထဝီ ကသိုဏ်း
အာပေါ ကသိုဏ်း
တေဇော ကသိုဏ်း
ဝါယော ကသိုဏ်း
နီလ ကသိုဏ်း
ပီတ ကသိုဏ်း
လောဟိတ ကသိုဏ်း
ဩဒါတ ကသိုဏ်း
အာလောက ကသိုဏ်း
အာကာသ ကသိုဏ်း

အသုဘ ဆယ်ပါး

ဥဒ္ဓုမာတက အသုဘ
ဝိနီလက အသုဘ
ဝိပုဗ္ဗက အသုဘ
ဝိစ္ဆိဒ္ဒက အသုဘ
ဝိက္ခာယိတက အသုဘ
ဝိက္ခိတ္တက အသုဘ
ဟတဝိက္ခိတ္တက အသုဘ
လောဟိတက အသုဘ
ပုဠုဝက အသုဘ
အဋ္ဌိက အသုဘ

အနုဿတိ ဆယ်ပါး

ဗုဒ္ဓါ နုဿတိ
ဓမ္မာ နုဿတိ
သံဃာ နုဿတိ
သီလာ နုဿတိ
စာဂါ နုဿတိ
ဒေဝတာ နုဿတိ
မရဏာ နုဿတိ
ကာယဂတာ သတိ
အာနာပါနဿတိ
ဥပသမာ နုဿတိ

ဗြဟ္မဝိဟာရ လေးပါး (ဗြဟ္မာစိုရ်တရား လေးပါး)

မေတ္တာ
ကရုဏာ
မုဒိတာ
ဥပေက္ခာ

အာရုပ္ပ လေးပါး

အာကာသာနဉ္စာယတန
ဝိညာဏ်ဉ္စာယတန
အာကိဉ္စညာယတန
နေဝသညာ နာသညာယတန

သညာ တပါး

အာဟာရေပဋိကူလသညာ

ဝ ဝတ္ထာန် တပါး

စတုဓာတု ဝ ဝတ္ထာန်

ဆောင်ပုဒ်

ကသိုဏ်း တဆယ်၊ အသုဆယ်၊ တဆယ်နုဿတိ၊
ဗြဟ္မဝိဟာ၊ လေးပါးသာ၊ လေးဖြာ အာရုပ်ထည့်။
ဧကသညံ၊ ဝ ဝတ္ထာန်၊ ပေါင်းပြန် လေးဆယ်ရှိ။

ဝိပဿနာ၏ အခြေခံ သမာဓိ ဤ သမထ ကမ္မဋ္ဌာန်း လေးဆယ် အနက် တပါးပါးကို ပွါးများအားထုတ်လျှင် ဈာန်ရခါနီး စိတ်တည်ငြိမ်မှု (= ဥပစာရသမာဓိ) နှင့် ဈာန် သမာဓိ(= အပ္ပနာသမာဓိ) တို့ကို ရ၍ နီဝရဏတရား တို့ကို ပယ်ခွာနိုင်သဖြင့် စိတ် စင်ကြယ်မှု (= စိတ္တဝိသုဒ္ဓိ) ဖြစ်ပေါ်၏၊ ဝိပဿနာ ကမ္မဋ္ဌာန်းကို ပွါးများ အားထုတ်လျှင်ကား ရုပ် နာမ် တို့ကို ရှုခိုက် ခဏ၌ စိတ်တည်ငြိမ်မှု (= ခဏိက သမာဓိ) ကို ရ၍ ယင်းခဏိကသမာဓိ အားကောင်းလာသော အခါ စိတ် စင်ကြယ်မှု(= စိတ္တဝိသုဒ္ဓိ) ဖြစ်ပေါ်၏၊

မေတ္တာ ဘာဝနာ

အိပ်လဲချမ်းသာ၊ နိုးချမ်းသာ၊ ကောင်းရာ အိပ်မက်သည်။
လူရော နတ်ပါ၊ ချစ်ခင်တာ၊ စောင့်ရာ နတ်တို့သည်။
လက်နက် ဆိပ်မီး၊ မဖျက်ဆီး၊ အပြီး စိတ်တည်ကြည်။
မျက်နှာကြည်လေ၊ မတွေဝေ၊ အသေ ကောင်းလှသည်။
ဗြဟ္မာ့ဘုံလား၊ ဆယ့်တပါး၊ ကျိုးများ မေတ္တာရည်။

မေတ္တာဘာဝနာသည် သမထ ကမ္မဋ္ဌာန်း လေးဆယ်တွင် ပါဝင်သော သမာဓိ ကမ္မဋ္ဌာန်းတခု ဖြစ်၏၊ ဤ မေတ္တာ ဘာဝနာကို ပွါးများ အားထုတ်ခြင်းဖြင့် ဈာန် လေးဆင့်အနက် တတိယဈာန် သမာဓိအထိ ရနိုင်၏၊ ထို့ကြောင့် ဤ မေတ္တာဘာဝနာ အခန်းကို သမာဓိ အခန်း၏ နောက်၌ ဆက်လက် ဖော်ပြရခြင်း ဖြစ်၏၊

မေတ္တာ ဆိုသည်မှာ

မေတ္တာ ဆိုသည်မှာ သတ္တဝါတို့၏ အကျိုးစီးပွါးကို လိုလားသော စိတ်၊ သတ္တဝါတို့ကို ချမ်းသာစေလိုသော စိတ်ပင် ဖြစ်သည်။ သတ္တဝါတို့၏ အကျိုးစီးပွါးကို လိုလားလျက် ချစ်ခင်သော စိတ်ဟုလည်း ဆိုနိုင်၏၊ [အဘိဓမ္မာ၌ မေတ္တာသည် စေတသိက် ဖြစ်၏၊ ဤ မေတ္တာဘာဝနာ အရာ​၌မူ ထိုမေတ္တာ စေတသိက်နှင့် ယှဉ်သော စိတ်ကို မေတ္တာ ဟုဆိုရသည်။]

တဏှာရာဂသည် မေတ္တာမဟုတ်

တစုံတယောက် အပေါ်၌ ငြိတွယ်လျက်ချစ်ခင်သော စိတ် (တဏှာရာဂ) သည် မေတ္တာ မဟုတ်ပေ။ ငြိတွယ်ခြင်းကင်းလျှက်ချမ်းသာစေလိုသော သဘောသက်သက်ဖြင့် ချစ်ခင်သော စိတ်သည်သာ မေတ္တာ အစစ် ဖြစ်၏၊

ငြိတွယ်လျက် ချစ်သော တဏှာချစ် ရာဂချစ်သည် ပူလောင်၏၊
ငြိတွယ်မှု ကင်းလျက် ချစ်သော မေတ္တာချစ်သည် အေးမြ၏

တဏှာချစ်ကြောင့် ဆင်းရဲရ

မိမိက တဏှာရာဂချစ်ဖြင့် ငြိတွယ်လျက်ချစ်ခင်နေသူ တယောက် မိမိနှင့် ခွဲခွာ၍ တရပ်တကျေး၌ သွားရောက်နေထိုင်သည့် အခါ ထိုသူ ထိုအရပ်၌ မည်မျှပင် ချမ်းချမ်းသာသာ နေရစေကာမူ ထိုသူ့ကို မမြင် မတွေ့ရသဖြင့် မိမိမှာ စိတ်ဆင်းရဲ ရ၏၊ ထို့ကြောင့် ငြိတွယ်လျက် ချစ်သော တဏှာချစ် ရာဂချစ်သည် ဆင်းရဲခြင်း၏ အကြောင်း ဖြစ်၏၊

ဤ ငြိတွယ်လျက် ချစ်သော အချစ်မျိုးသည် မိဘနှင့် သားသမီး၊ မောင်နှင့် နှမ၊ ဆွေမျိုး တဦးနှင့်တဦး၊ မိတ်ဆွေတဦးနှင့် တဦးတို့၏ အကြား၌ပင် များစွာ ဖြစ်တတ်သေး၏၊ ဇနီးခင်ပွန်းတို့၏ အကြား၌ကား ပြောဖွယ် မလိုတော့ပေ။

မေတ္တာချစ်ကြောင့် ချမ်းသာရ

မိမိက ငြိတွယ်ခြင်း မရှိပဲ ချမ်းသာစေလိုသော သဘောသက်သက်ဖြင့် ချစ်ခင်နေသူ တယောက် မိမိနှင့် ခွဲခွာ၍ တရပ်တကျေး၌ သွားရောက်နေထိုင်သောအခါ ထိုသူမှာ ချမ်းသာနေသည် ဖြစ်စေ၊ ဆင်းရဲနေသည် ဖြစ်စေ ထိုသူ့ကို မမြင်မတွေ့ရသဖြင့် မိမိမှာ မည်သို့မျှ ဆင်းရဲခြင်း မဖြစ်ပေ။

ထိုသူ့ကို အာရုံပြု၍ ထိုသူ ချမ်းသာစေလိုသော စိတ်ထား မိမိ၏ စိတ်အစဉ်တွင် စိမ့်ဝင်ပျံ့နှံ့နေရကား မိမိမှာ ချမ်းသာမြဲချမ်းသာနေ၏၊ ထို့ကြောင့် ငြိတွယ်ခြင်း ကင်းလျက် ချစ်ခင်သော မေတ္တာချစ်သည် ချမ်းသာခြင်း၏ အကြောင်း ဖြစ်၏၊

ထိုမျှမက မိမိ မေတ္တာပွါးသည့်အတိုင်း ထိုသူ ချမ်းသာနေလျှင် ဝမ်းမြောက် ဝမ်းသာ မုဒိတာ ပွါးရ၍ မချမ်းသာပဲ ဆင်းရဲနေလျှင်လည်း ကြင်နာသနား ကရုဏာ ပွါးနေရုံမျှသာ ဖြစ်၏၊ စိတ်ဆင်းရဲမှုကား မိမိမှာ မဖြစ်ပေ။

ပွါးသူတို့ ကိုယ်တွေ့

သတ္တဝါ တဦးတယောက် အပေါ်၌ဖြစ်စေ၊ အများစု အပေါ်၌ ဖြစ်စေ၊ သတ္တဝါအားလုံး အပေါ်၌ ဖြစ်စေ၊ မေတ္တာစိတ်ထား အတော်ကြီးထားနိုင်၍ မိမိ သန္တာန်၌ မေတ္တာစိတ် တဖွားဖွား ဖြစ်ပေါ်သည်အထိ မေတ္တာပွါးနိုင်လျှင် ပွါးသူ၏ စိတ်သည် တည်ငြိမ်၏၊ ကြည်လင်၏၊ ငြိမ်းအေး၏၊ ချမ်းမြေ့၏၊ နှစ်သက် ဝမ်းမြောက်မှုပီတိ ပါမောဇ္ဇတို့ စိတ်အစဉ်၌ စိမ့်ဝင်ပျံ့နှံ့နေသဖြင့် မည်သည့် ချမ်းသာနှင့်မျှ မတူသော ချမ်းသာကို ခံစားရ၏၊ ရုပ်သွင်လည်းတည်ကြည် ငြိမ်သက် ကြည်လင် ငြိမ်းအေး၏၊ ထိုသူ့ကို တွေ့မြင်ရသူ မှန်သမျှ ဆက်ဆံရသူ မှန်သမျှ အလိုလို စိတ်ချမ်းသာ၏၊ ထိုသူ့ကို မုန်းနေသူများပင် ချစ်ခင်စိတ် ဝင်လာတတ်၏၊

ဤသည်တို့မှာ မေတ္တာကို အချိန်ယူ၍ ပွါးများသူတို့ ကိုယ်တွေ့ ကြုံရသော မေတ္တာ၏ အကျိုးတရားများ ဖြစ်ကြ၏၊

အပြစ်ရှာသူ

တချိန်က ရန်ကုန်၌ မေတ္တာ ဘာဝနာ ပွါးသူ တပည့် အရာရှိ တဦးသည် ရက် နှစ်ဆယ်ခန့် မေတ္တာဘာဝနာကို အားထုတ်မိသောအခါ ဝိသုဒ္ဓိမဂ်၌လာသည့်အတိုင်း ကြည်ညို လေးစားအပ်သူ၊ ချစ်ခင်သူ မိတ်ဆွေနှင့် မချစ်မမုန်း သိကျွမ်းရုံမျှ ဖြစ်သူတို့ကို ကျေပွန်စွာ ပွါးပြီးနောက် ရုံး၌ သူ့ကို အမြဲတစေ အပြစ်မရှိ အပြစ်ရှာနေသော သူ၏ အထက်အရာရှိကို အာရုံထား၍ မေတ္တာ ပွါးကြည့်၏၊ ရှေ့ပုဂ္ဂိုလ်များကို ပွါးသလိုပင် မေတ္တာစိတ် တဖွားဖွား ဖြစ်ပေါ်သည်ကို တွေ့ရ၍ တနေ့လုံး ထို အရာရှိကိုချည်း မေတ္တာပွါးနေ၏၊

တလခွဲခန့်မျှ မေတ္တာဘာဝနာ အားထုတ်ပြီး၍ အိမ်သို့ပြန်ရောက်သောအခါ ထို အရာရှိသည် သူ တရားအားထုတ်နေစဉ်အတွင် သူ့အိမ်သို့ နှစ်ကြိမ် သုံးကြိမ်မျှ လာရောက်၍ သူ၏ ကျန်းမာကြောင်း စသည်ကို သတင်းမေးကြောင်း သူ့အစ်ကိုက ပြောပြ၍ သိရ၏၊ ရုံးပြန်တက်သော အခါ၌လည်း သူ့ အရာရှိ၏ ရှေးကနှင့် လုံးဝမတူ ကြည်ဖြူသော မျက်နှာထားကို တွေ့ရရုံမျှမက အပြစ်ရှာမှု မရှိတော့ပဲ ရင်းနှီးခင်မင်စွာ ဆက်ဆံသဖြင့် လုပ်ငန်းခွင်တွင် အဆင်ပြေသွားကြောင်း လျှောက်ထားဖူး၏၊

မကောင်းသတင်းလွှင့်သူ

မန​္တလေးမှ မေတ္တာဘာဝနာ အားထုတ်သူ တပည့် တဦးသည်လည်း ဆယ်ရက်ခန့် မေတ္တာပွါးမိသောအခါ သူ့ကို အမြဲလိုလိုမကောင်းသတင်း လွှင့်နေသော အမျိုးသမီး တဦးကို အာရုံပြုလျက် ပွါးကြည့်ရာ အခြားသူများကို ပွါးသလိုပင် မေတ္တာဓာတ်အင်အားကောင်းစွာ ဖြစ်ပွါးသည်ကို တွေ့ရ၏၊ ထို့ကြောင့် ထိုအမျိုးသမီးကို အကြိမ်များစွာ မကြာခဏ မေတ္တာပွါး၏၊

အိမ်သို့ ပြန်ရောက်သောအခါ ထိုအမျိုးသမီး မူပြောင်းနေသည်ကို တွေ့ရ၏၊ သူ့အိမ်သို့ မကြာခဏ ဝင်ထွက်သွားလာကာ ခင်ခင်မင်မင် ဆက်ဆံရုံမျှမက သူ့အကြောင်း မကောင်းသတင်းလည်း ထို အမျိုးသမီး မလွှင့်တော့ကြောင်း လျှောက်ထားဖူး၏၊

ဗဒ္ဓဒေသနာတော်မှ အကျိုးများ

ယောကျ်ားများ၍ မိန်းမ နည်းသော အိမ်ကို သူခိုး ဒမြတို့ ဝင်ရောက် ခိုးယူလုယက်နိုင်ရန် လွန်စွာ ခဲယဉ်းသကဲ့သို့ မေတ္တာတရားဖြင့် မိမိစိတ်ကို ထုံမွှမ်းထားသူကို ဘီလူး စသူတို့က မနှောက်ယှက် မဖျက်ဆီးနိုင်ပေ။

ထက်လှသော လှံသွားကို ကိုင်၍ ကွေးခြင်း လိပ်ခြင်းကို ပြုလျှင် ပြုသူသာလျှင် လှံသွားရှ၍ ဆင်းရဲရသကဲ့သို့ မေတ္တာပွါးသူ၏ စိတ်ကို နှောက်ယှက် ဖျက်ဆီးရန် ဘီလူး စသူတို့ကြိုးစားလျှက် ထိုဘီလူး စသူတို့သာလျှင် ကိုယ် စိတ် ပင်ပန်းဆင်းရဲမှုကို ခံစားကြရ၏၊ (နိဒါနဝဂ္ဂသံယုတ်၊ ၄၅၄-၅)

သာမာဝတီ၏ မေတ္တာစွမ်း

မာဂဏ္ဍီ၏ အကောက်ကြံမှုကြောင့် မေတ္တာရှင် သာမာဝတီနှင့် သူ၏အဖော် အပျိုတော်ငါးရာတို့ကို ဥတေနမင်းကြီး အထင်မှာ၍ စီတန်းရပ်စေပြီးလျှင် လေးဖြင့် ပစ်သတ်ရန် ချိန်လိုက်၏၊ သာမာဝတီတို့တသိုက်ကား မေတ္တာပွါးလျက် နေ၏၊

မင်းကြီး လေးညှို့ ခလုတ်ကို ဖြုတ်လိုက်ရာ မြားသည် သာမာဝတီတို့ဆီသို့ တည့်တည့်ကြီး ဦးတည် ပြေးသွား၏၊ သို့သော်လည်း သာမာဝတီ၏ အနီးသို့ရောက်လျှင် သက်ရှိသတ္တဝါတဦးကဲ့သို့ ရုတ်ချည်း ပြန်ကွေ့ကာ မင်းကြီး အထံသို့ပြေးလာပြီးလျှင် မင်းကြီး၏ခြေရင်း၌ အရှိန်ပြင်းစွာကျသွား၏၊

ထိုအခါ မင်းကြီးသည် "သူတော်ကောင်းရဲ့ ဂုဏ်ကို သက်မဲ့မြားကမှ သိသေးသည်၊ ငါ ရေမြေ့အရှင် ဘုရင်က မသိသားဆိုးရွားလှချည်လား" ဟု ထိတ်လန့် သံဝေဂရကာ သာမာဝတီကို ရှိခိုးတောင်းပန်လေသည်။

မေတ္တာပွါးခြင်း၏ အကျိုးကား ကြီးမားလှ၏၊

မေတ္တာပွါးခြင်း၏ အကျိုးတဆယ့်တပါး

မေတ္တာပွါးသူသည်-

  • ချမ်းသာစွာ အိပ်ရခြင်း၊
  • ချမ်းသာစွာ နိုးရခြင်း၊
  • အိပ်မက်ကောင်း မက်ခြင်း၊
  • လူအများ ချစ်ခင်ခြင်း၊
  • နတ်တို့ ချစ်ခင်ခြင်း၊
  • နတ်တို့ စောင့်ရှောက်ခြင်း၊
  • လက်နက်၊ အဆိပ်၊ မီး စသည်တို့ကြောင့် မသေခြင်း၊
  • စိတ်တည်ကြည် ငြိမ်သက်ခြင်း၊
  • မတွေမဝေပဲ သတိရှိလျက် သေရခြင်း၊
  • သေသောအခါ ဗြဟ္မာဖြစ်ရခြင်း အကျိုးများကို ရ၏၊

(အင်္ဂုတ္တရဧကာဒသက၊ ၅၄၁)

ဆောင်ပုဒ်

အိပ်လဲချမ်းသာ၊ နိုးချမ်းသာ၊ ကောင်းရာ အိပ်မက်သည်။
လူရော နတ်ပါ၊ ချစ်ခင်တာ၊ စောင့်ရာ နတ်တို့သည်။
လက်နက် ဆိပ်မီး၊ မဖျက်ဆီး၊ အပြီး စိတ်တည်ကြည်။
မျက်နှာကြည်လေ၊ မတွေဝေ၊ အသေ ကောင်းလှသည်။
ဗြဟ္မာ့ဘုံလား၊ ဆယ့်တပါး၊ ကျိုးများ မေတ္တာရည်။

မေတ္တာပို့ ထို မေတ္တာစိတ်ကို မိမိသန​္တာန်၌ အထိုက်အလျောက် ဖြစ်ပွါးရုံမျှ "သတ္တဝါမှန်သမျှ ချမ်းသာကြပါစေ" ဟု မိနစ် အနည်းငယ်မျှ ဆင်ခြင် နှလုံးသွင်းပွါးများခြင်းကို မေတ္တာပို့သည် ဟုခေါ်ကြသည်။

မေတ္တာဘာဝနာ ပွါးများ

မိမိသန္တာန်၌ သာမန် မေတ္တာစိတ်ဖြစ်ပွါးရုံမျှ မဟုတ်ပဲ မေတ္တာစိတ်ထား အင်အားကောင်းစွာ တဖွားဖွား ဖြစ်ပေါ်လာကာ တကိုယ်လုံး စိမ့်ဝင်ပျံ့နှံ့အောင် "ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ" ဟု အကြိမ်ကြိမ် အဖန်ဖန် ဆင်ခြင် နှလုံးသွင်း ပွါးများခြင်းကို မေတ္တာဘာဝနာ ပွါးသည်ဟု ခေါ်ရသည်။

ဩဓိမေတ္တာ အနောဓိ မေတ္တာ

ယင်းသို့ မေတ္တာဘာဝနာ ပွါးများအားထုတ်ရာတွင် ပုဂ္ဂိုလ် တဦးတည်းကို ဖြစ်စေ၊ ပုဂ္ဂိုလ်တစုကို ဖြစ်စေ ပိုင်းခြား ကန့်သတ်၍ ပွါးများလျှင် ဩဓိမေတ္တာ ဖြစ်၏၊ မည်သည့် ပုဂ္ဂိုလ်ဟု မပိုင်းခြား မကန့်သတ်ပဲ တလောကလုံးရှိ သတ္တဝါ အားလုံးကို အာရုံပြု၍ ပွါးများလျှင် အနောဓိမေတ္တာ ဖြစ်၏၊

လက်ဦးသိထားနှင့်ရန်

ပုဂ္ဂိုလ် ပိုင်းခြား ကန့်သတ်၍ ဩဓိ အနေဖြင့် ပွါးများလိုသူသည် ပွါးရမည့် ပုဂ္ဂိုလ် မပွါးရမည့် ပုဂ္ဂိုလ်တို့ကို ရှေးဦးစွာ သိထားဖို့ လိုပေသည်။

  • မိမိ မချစ်ခင်သော မုန်းသော ပုဂ္ဂိုလ်ကို အစဆုံးမေတ္တာ မပွါးရ။ မုန်းသူကို အစဆုံး မေတ္တာပွါးလျှင် မေတ္တာစိတ် မဖြစ်ပေါ်နိုင်ပေ။
  • အလွန်ချစ်ခင်သူကိုလည်း အစဆုံး မေတ္တာ မပွါးရ။ အလွန်ချစ်ခင်သူကို အာရုံပြု၍ အစဆုံး မေတ္တာပွါးလျှင် ထိုသူ၏ အနည်းငယ်မျှသော ဆင်းရဲဒုက္ခကိုပင် တွေးဆင်ခြင်မိက ငိုမိမလောက် စိတ်ဆင်းရဲရသဖြင့် မေတ္တာစိတ် မဖြစ်ပေါ်နိုင်ပေ။
  • မချစ်မမုန်း သိကျွမ်းရုံမျှသာ ဖြစ်သော အလယ် အလတ် ပုဂ္ဂိုလ်ကိုလည်း အစဦး မပွါးရ။ မချစ်မမုန်း ပုဂ္ဂိုလ်ကို ချစ်ခင်သူအဖြစ် ထား၍ ဆင်ခြင်နှလုံးသွင်းလျှင် ပင်ပန်း၏၊
  • ရန်သူကိုလည်း အစဆုံး မပွါးရ။ ရန်သူကို အစဆုံးပွါးလျှင် မေတ္တာစိတ် မဖြစ်ပေါ်ပဲ ဒေါသစိတ် ဖြစ်လာတတ်၏၊
  • အမျိုးသမီးက အမျိုးသားကို၊ အမျိုးသားက အမျိုးသမီးကို ဩဓိမေတ္တာ အနေဖြင့် ပိုင်းခြားကန့်သတ်၍ မပွါးရ၊ ပွါးလျှင် ရာဂ ဖြစ်တတ်သည် ဟု ဝိသုဒ္ဓိမဂ် အဋ္ဌကထာ၌ ဆို၏၊

ဤအဆိုကို မေတ္တာ ဘာဝနာ ပွါးမှု အသားမကျသေး မနိုင်နင်းသေးမီ အခြေအနေကို ရည်ရွယ်၍ ဆိုသည်ဟု မှတ်ယူသင့်၏၊ အဘယ်ကြောင့်ဆိုသော် လက်တွေ့ မေတ္တာဘာဝနာ အားထုတ်သူများသည် နိုင်နင်းကျေပွန်စွာ ပွါးမိသောအခါ ဝိသဘာဂ အာရုံကိုလည်း အခက်အခဲမရှိပဲ မေတ္တာစိတ်ဖြစ်အောင် ပွါးများ၍ ရကြသောကြောင့်ပင်။

သေသူကို မေတ္တာပွါးလျှင် ဥပစာရ သမာဓိကိုလည်း မဖြစ်စေနိုင်၊ အပ္ပနာ သမာဓိကိုလည်း မဖြစ်စေနိုင်ပေ။ ထို့ကြောင့် သေသူကို မပွါးအပ်သည်သာတည်း။

(ဝိသုဒ္ဓိ၊၁၊၂၈၇-၂၈၈)

ဆောင်ပုဒ်

မုန်းသူစင်စစ်၊ အလွန်ချစ်၊ မချစ် မမုန်းသူ။
ရန်သူထည့်ကာ၊ လေးယောက်မှာ၊ စစွာ မပွါးဟူ။
လိင်မတူကား၊ သီးပိုင်းခြား၊ မပွါးရသသူ။
သေသူမှန်က၊ ဘယ်တော့မှ၊ ပွါးရ မဖြစ်ဟူ။

ပရိကံ

မေတ္တာဘာဝနာနှင့် ပတ်သက်၍ သိသင့် သိထိုက်သည်များကို လေ့လာ နားလည်ပြီးသော မေတ္တာဘာဝနာ အားထုတ်သူသည် မိမိ မေတ္တာပွါးမည့် အချိန်ပိုင်းအတွင်း၌ ကြောင့်ကြ ပလိဗောဓများ ကင်းရှင်းအောင် စီမံထားပြီးနောက် မိမိကိုယ်ကို သန့်ရှင်းစင်ကြယ်အောင် ရေမိုးချိုးဆေးကြော သန့်စင်ပြီးလျှင် တိတ်ဆိတ်သော အချိန်တွင် တိတ်ဆိတ်သော နေရာ၌ စိတ်ရော ကိုယ်ပါ လျှော့ချလျက် ပျော့ပျောင်း သက်သာစွာ ထိုင်ရမည်။ ထို့နောက် ရတနာ သုံးပါး၊ ဆရာသမား မိဘ တို့ကို ရှိခိုးကန်တော့ရမည်။

ပွါးပုံအစဉ်

မေတ္တာပွါးရန် အဆင်သင့် ဖြစ်သောအခါ (၁) မြတ်နိုးကြည်ညို ရိုသေလေးစားအပ်သူ၊ (၂) ချစ်ခင်သော မိတ်ဆွေ၊ (၃) မချစ် မမုန်း သိကျွမ်းရုံမျှ ဖြစ်သူ၊ (၄) ရန်သူတို့ကို တဦးစီ အပေါ်၌ မေတ္တာစိတ်ထား တဖွားဖွား ဖြစ်ပေါ်လာသည်အထိ ကျေပွန်အောင် အကြိမ်ကြိမ် အဖန်ဖန် ဆင်ခြင်ပွါးများပြီးမှ နောက်တဦးကို အစဉ်အတိုင်း ပွါးရသည်။

မိမိကိုယ်ကို သက်သေထားပါ

ဖော်ပြပါအတိုင်း မေတ္တာပွါးမည့်သူသည် ပထမဆုံး "ငါ ချမ်းသာရပါလို၏၊ ငါဆင်းရဲကင်းရပါလို၏" ဟု မိမိကိုယ်ကိုသက်သေအဖြစ် ထားရန် နှစ်မိနစ် သုံးမိနစ်ခန့် ပွါး ရမည်။ ထိုသို့ ပွါးခြင်းဖြင့် "မိမိ ချမ်းသာချင်သလို အခြား သတ္တဝါများလည်း ချမ်းသာလိုကြသည်။ မိမိ ဆင်းရဲကင်းချင်သလို အခြား သတ္တဝါများလည်း ဆင်းရဲကင်းလိုကြသည်" ဟု ကိုယ်ချင်းစာကာ အခြား သတ္တဝါများ၏ အကျိုးစီးပွါးကို လိုလားသော မေတ္တာစိတ်ထား ဖြစ်ပေါ်လာနိုင်ပေသည်။

ပွါးပုံ

ယင်းသို့ ပွါးပြီးမှ ပထမဆုံး ပုဂ္ဂိုလ်ဖြစ်သော မြတ်နိုးကြည်ညို ရိုသေ လေးစားအပ်သော ဆရာသမား၊ ဆရာသမားနှင့် အလားတူသော ပုဂ္ဂိုလ်၊ ဥပဇ္ဈာယ် ဆရာ၊ ဥပဇ္ဈာယ်ဆရာနှင့် အလားတူသော ပုဂ္ဂိုလ် တဦးဦးကို အာရုံပြု၍ အမည်ကို ဖော်လျက် "ဦးနာဂ ချမ်းသာပါစေ" ဟု ဖြစ်စေ၊ "ဦးနာဂ ကိုယ်ဆင်းရဲကင်းပါစေ၊ စိတ်ဆင်းရဲကင်းပါစေ" ဟု ဖြစ်စေထိုသူ၏ ချမ်းသာရေး ဆင်းရဲကင်းရေးကို လိုလားသည့် မေတ္တာစိတ်ထား မိမိသန္တာန်၌ ဖြစ်ပွါးလာအောင် ဆင်ခြင် ပွါးများရမည်။

ယင်းသို့ ပွါးရာ၌ ထို ပုဂ္ဂိုလ်၏ စိတ်ထား ကောင်းခြင်း၊ နှုတ်ပြော ချိုသာခြင်း၊ သူတပါးကို ကူညီတတ်ခြင်း၊ အများအကျိုးဆောင်ခြင်း၊ ပေးကမ်း လှူဒါန်းတတ်ခြင်း၊ ကိုယ်ကျင့်တရားကောင်းခြင်း စသော ကောင်းဂုဏ်တို့ကို ဆင်ခြင် အောက်မေ့၍ ပွါးရမည်။

ထိုသို့ ပွါးဖန်များလာ၍ အပွါးခံ ပုဂ္ဂိုလ်ကို သေချာစွာအာရုံပြုလာနိုင်သောအခါ နာမည်ကို မဖော်တော့ပဲ "ချမ်းသာပါစေ၊ ချမ်းသာပါစေ" "ကိုယ်ဆင်းရဲကင်းပါစေ၊ စိတ်ဆင်းရဲကင်းပါစေ" စသည်ဖြင့် လွယ်ကူသလို ပွါးရမည်။ "ဘေးကင်းပါစေ၊ ရန်ကင်းပါစေ၊ အစစ အရာရာ အဆင်ပြေပါစေ" စသော စကားများဖြင့်လည်း ပွါးများနိုင်သည်။ ပွါးစတွင် နှုတ်ကပါ ရွတ်ဆိုဖို့ လိုကောင်း လိုပေမည်။ ပွါးမှု အသားကျလာသောအခါ စိတ်ဖြင့်သာ ဆင်ခြင် ပွါးများရမည်။

တိုးတက်မှု

ဤ ပထမ ပုဂ္ဂိုလ်ကို အကြိမ်ကြိမ် အဖန်ဖန် ပွါးခြင်းဖြင့် သမာဓိ ရလာ၍ ကြည်လင်မှု၊ ငြိမ်သက်မှု၊ နှစ်သက် ဝမ်းမြောက်မှု၊ ငြိမ်းအေးမှု၊ ချမ်းသာမှု၊ ကိုယ်စိတ်နူးညံ့မှု စသည်တို့ကို ခံစားလာရသောအခါ အလားတူ ပုဂ္ဂိုလ်တို့ကို တဦးပြီးတဦး ပြောင်း၍ ပွါးရမည်။ ဤသို့ဖြင့် မေတ္တာဈာန်သမာဓိကို ရလာနိုင်၏၊

ထို ပထမပုဂ္ဂိုလ် အမျိုးအစားကို ကျေပွန် နိုင်နင်းအောင်ပွါးများပြီးမှ ဒုတိယ၊ တတိယ၊ စတုတ္ထ ပုဂ္ဂိုလ် အမျိုးအစားတို့ကို အစဉ်အတိုင်း ဆက်လက်၍ ပွါးရမည်။

ဩဓိမှ အနောဓိသို့

ထို့နောက်မှ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ တိုင်း၊ နိုင်ငံ ပိုင်းခြား ကန့်သတ်လျက် တဖြည်းဖြည်း အပွါးခံ နယ်ပယ်ကို ချဲ့၍ ချဲ့၍ ပွါးသင့်သည်။ ထို့နောက်မှ တိုင်ကြီး တတိုက်လုံး၊ တကမ္ဘာလုံး တစကြာဝဠာလုံး၊ တလောကလုံး စသဖြင့် တိုးချဲ့ပွါးများလျှင် အပိုင်းအခြား ရှိသော ဩဓိမေတ္တာမှ အပိုင်းအခြား မရှိသော အနောဓိမေတ္တာသို့ ပြောင်းလဲပွါးများပြီး ဖြစ်ပါလိမ့်မည်။

ပဋိသမ္ဘိဒါမဂ် ပါဠိတော်နည်းအတိုင်း အရပ် ဆယ်မျက်နှာ ကို တမျက်နှာစီ ပိုင်းခြား ကန့်သတ်၍ ဒိသာဖရဏ မေတ္တာအဖြစ် ပွါးများပြီးမှ တလောကလုံးကို ပွါးများလျှင်လည်း ပို၍ သင့်လျော်ဖွယ် ရှိပါသည်။

ငါးရာနှစ်ဆယ်ရှစ်သွယ်မေတ္တာ ပဋိသမ္ဘိဒါမဂ် ပါဠိတော်လာ ငါးရာ့နှစ်ဆယ်ရှစ်သွယ်မေတ္တာ ပွါးနည်းသည် အပ္ပနာသမာဓိ ရပြီး သူအားသာ ပြည့်စုံနိုင်သည်ဟု ကျမ်းဂန် (ဝိသုဒ္ဓိမဂ် ၁၊ ၃၀၂) အဆို ရှိ၏၊ သို့သော်လည်း ဤကျမ်းငယ်၏ အဆုံး၌မူ ယင်းပွါးနည်းကို မေတ္တာပို့ အဖြစ်ဖြင့် ကုသိုလ် ပွါးနိုင်ကြစေရန် ဖော်ပြပါဦးမည်။

ပညာ

ပညာနှစ်မျိုး အဆိုပါ ပညာသည် (၁) ဝိပဿနာပညာ၊ (၂) မဂ်ဖိုလ်ပညာ ဟု နှစ်ပါးရှိ၏၊ ရုပ် နာမ် နှစ်ပါး၏ သဘောမှန်ကို သိသော ပညာသည် ဝိပဿနာပညာ။ အရိယာ သစ္စာလေးပါးကို သိသော ပညာသည် မဂ်ဖိုလ်ပညာ ဖြစ်၏၊

ဤ အခန်း၌ သီလသမာဓိပညာ ဟူသော အကျင့် သုံးဖြာ သာသနာ သုံးရပ်ထဲမှ ပညာအကြောင်း အနည်းငယ် ဖော်ပြလိုပါသည်။

ပညာနှစ်မျိုး အဆိုပါ ပညာသည် (၁) ဝိပဿနာပညာ၊ (၂) မဂ်ဖိုလ်ပညာ ဟု နှစ်ပါးရှိ၏၊ ရုပ် နာမ် နှစ်ပါး၏ သဘောမှန်ကို သိသော ပညာသည် ဝိပဿနာပညာ။ အရိယာ သစ္စာလေးပါးကို သိသော ပညာသည် မဂ်ဖိုလ်ပညာဖြစ်၏၊

အဆိုပါ ပညာ နှစ်ပါးကို ရရန် ပညာအကျင့် ဖြစ်သော ဝိပဿနာ ကမ္မဋ္ဌာန်းကို ပွါးများ အားထုတ်ရသည်။

သမထပုဗ္ဗင်္ဂမဝိပဿနာသုဒ္ဓဝိပဿနာ ယင်းသို့ အားထုတ်ရာတွင် သမာဓိ အခန်း၌ ဖောပြခဲ့သော သမထကမ္မဋ္ဌာန်း တခုခုကို အားထုတ်ပြီးမှ ဝိပဿနာကမ္မဋ္ဌာန်းကို အားထုတ်သော သမထပုဗ္ဗင်္ဂမ ဝိပဿနာနည်း၊ သမထကို အားထုတ်မနေတော့ပဲ ဝိပဿနာ သက်သက် ကိုသာ အားထုတ်သော သုဒ္ဓဝိပဿနာနည်း ဟု နှစ်နည်း ရှိ၏၊

ဤ၌ ရက်တိုရက်ရှည် ယောဂီ နှစ်မျိုးလုံးအတွက် သင့်လျော်သော သုဒ္ဓဝိပဿနာနည်းကို အကျဉ်းမျှ ဖော်ပြပါမည်။

ဝိပဿနာဆိုတာ

ဝိပဿနာ ဆိုသည်မှာ ရုပ်နှင့် နာမ် တို့၌ ရှိသော အနိစ္စဒုက္ခအနတ္တ သဘောတို့ကို ရှုသိသော ဉာဏ်ပင်ဖြစ်သည်။

ဖြစ်ပြီးလျှင် ပျက်စီးသွားတတ်သောကြောင့်၊ မတည်မြဲသော သဘောသည် အနိစ္စ

ဖြစ်မှုပျက်မှုတို့က မပြတ် နှိပ်စက်နေခြင်း သဘောသည် ဒုက္ခ

အလိုအတိုင်း မဖြစ်သော သဘော၊ အစိုးမရသော သဘော၊ တည်မြဲသော ပုဂ္ဂိုလ် သတ္တဝါ အတ္တအသက် ဝိညာဉ် မဟုတ်သော သဘော၊ မရှိသော သဘောသည် အနတ္တ

သတိပဋ္ဌာန် ဝိပဿနာ

ရုပ် နာမ်တို့၌ အမှန်တကယ် ရှိနေသော ဤ သဘောသုံးခုကို သဘာဝ အမှန် အတိုင်းသိအောင် ရုပ်နှင့် နာမ်ကို ရှိနေသည့်အတိုင်း၊ ဖြစ်နေသည့်အတိုင်း သတိဦးစီးသော စိတ်ဖြင့် စောင့်ရှု ရသည်။ ယင်းသို့ ရှုခြင်းကိုပင် သတိပဋ္ဌာန် အားထုတ်သည်ဝိပဿနာ အားထုတ်သည်ဟု ခေါ်ဝေါ်ကြသည်။

မရွေးချယ်ရ ယင်းသို့ ရှုရာတွင် မည်သည့် ရုပ် မည်သည့် နာမ်ကိုမှ ရှုမည်ဟု ရွေးချယ် မနေရ။ ယခု အချိန် ယခု ခဏ အခိုက်အတန့်၌ လောလောဆယ် ထင်ရှားစွာဖြစ်ပေါ်နေသော ရုပ်နာမ်ကိုသာ သတိဖြင့် စူးစိုက် ရှုရသည်။ ထို့ကြောင့် ယောဂီ၏ ခန္ဓာကိုယ်ဟု ခေါ်သည့် ရုပ်နှင့် စိတ်ဟုခေါ်သည့် နာမ်တွင် ထင်ထင်ရှားရှား ဖြစ်ပေါ်နေသည့် သဘောမှန်သမျှကို သတိဖြင့် မလွတ်တမ်း စောင့်ရှုရသည်။

ထိုင်ပုံ

သို့သော်လည်း စနစ်တကျ ရှုတတ်စေရန် ရှုခါစ၌ ကိုယ် လက် အင်္ဂါ အနေအထားမှန်ဖို့ အရေးကြီးသည်။ ထိုင်သောအခါ ခြေသလုံးနှစ်ဘက် ထပ်မထားပဲညာဘက် ခြေသလုံးက အတွင်း၊ ဗယ်ဘက် ခြေသလုံးက အပြင်အနေအထားဖြင့် အတွင်း အပြင် ယှဉ်လျက် ချထားရမည်။ ခါးကို ဖြောင့်မတ်စွာ ထားရမည်။ ရှေ့ကုန်း နောက်ကော့ မဖြစ်စေရ။

လည်ပင်းနှင့် ခေါင်းကိုလည်း ခန္ဓာကိုယ်နှင့် တတန်းတည်း တဖြောင့်တည်း တည်နေအောင် မတ်မတ် ရှိစေရမည်။ လက်ကိုရင်ခွင်ထက်တွင် ဗယ်ဘက်လက်က အောက်၊ ညာဘက်လက်က အထက် အနေအထားဖြင့် လက်ဖဝါးများ ပက်လက်လှန်လျက် လက်ချင်း ထပ်ထားရမည်။ ဒူး နှစ်ဘက်ပေါ်တွင် လက်နှစ်ဘက်ကို ပက်လက်လှန်လျက် တင်ထားလိုကလည်း တင်ထားနိုင်သည်။

မျက်စိ

မျက်စိကို မှိတ်၍ စိတ်ကို ချက်တဝိုက် ဝမ်းဗိုက်သို့ ရှေ့ရှု ထားရမည်။ ထိုင်နေသည့် အချိန်အတွင်း မျက်စိကို တကြိမ်တခါမျှ မဖွင့်ရ၊ ထိုင်ရာမှ ထသော အခါမှသာ မျက်စိကို ဖွင့်ရမည်။

စရှုပုံ

နေသားတကျ ထိုင်ပြီးသောအခါ ဝမ်းဗိုက်လှုပ်ရှားမှုဝါယော ရုပ်ကစ၍ ရှုပါ။ ဝမ်းဗိုက်က ဖောင်းကြွလာလျှင် "ဖောင်းတယ်" လို့ ရှုပါ။ ပိန်သွားလျှင် "ပိန်တယ်" လို့ရှုပါ။

[ ရှုမှတ်ပုံကို ပို၍ ရှင်းရှင်းလင်းလင်း နားလည်စေရန်အရပ်သုံး ပြောစကားဖြင့် ရေးပါမည်။ သတိပဋ္ဌာန်သုတ် ဒေသနာတော်နှင့် အညီ ကျေးဇူးတော်ရှင် မင်းကွန်းဇေတဝန်ဆရာတော်ဘုရားကြီး၏ ပဋိပတ်တပည့်ကြီး ဖြစ်သည့် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ညွှန်ပြသည့် နည်းနာနိဿယအတိုင်း ရေးပါမည်။ ]

ဝမ်းဗိုက်အတွင်းမှ လေ ရှေ့ဘက်သို့ ရွေ့ရှားတွန်းကန်မှုကို "ဖောင်းတယ်" လို့ သေသေချာချာ သိအောင် ရှုပါ။ နောက်ဘက်သို့ ရွေ့ရှားတွန်းကန်မှုကို "ပိန်တယ်" လို့ စူးစူးစိုက်စိုက်ရှုပါ။

ဝါယောဓာတ်

ဝမ်းဗိုက်ထဲက လေရဲ့ ရွေ့ရှားမှု တွန်းကန်မှုဟာ ဓာတုမနသိကာရ ပိုင်းမှာ လာတဲ့ ဝါယောဓာတ်ပါပဲ။ ပက္ကုသာတိ မင်းကြီးအား မြတ်စွာဘုရားဟောတော်မူတဲ့ ဝါယောဓာတ် ခြောက်မျိုးထဲက ကုစ္ဆိသယ ဝါယော= ဝမ်းတွင်းရှိ လေဓါတ်ပါပဲ။ ဝါယောဓာတ်ကို ရှုတာဖြစ်လို့ နာမည်တပ်ချင်ယင် ဓာတုမနသိကာရကမ္မဋ္ဌာန်း လို့လည်း နာမည် တပ်နိုင်ပါတယ်။

ရှုစမှာ ဖောင်းမှု ပိန်မှု သိပ် မသိသာယင် သိသလောက်ပဲရှုပါ။ ပိုထင်ရှားအောင် ဆိုပြီး အသက်ကို ပြင်းပြင်း မရှူပါနဲ့၊ ပုံမှန် ရှူနေကျအတိုင်း ရှူပါ။ ပြင်းပြင်း ရှူယင် ခဏနဲ့ မောလာပါလိမ့်မယ်။ စိတ်ကလေး ငြိမ်လာလို့ သမာဓိ ကလေးဖြစ်လာတဲ့အခါမှာ သူ့ဟာသူ သိသာထင်ရှားလာပြီး ရှုလို့ကောင်းလာပါလိမ့်မယ်။ ဖောင်းတာ အစ အလယ် အဆုံး၊ ပိန်တာ အစ အလယ် အဆုံး သိရမယ်ဆိုတဲ့ စိတ်နဲ့ စူးစူးစိုက်စိုက် ရှုပါ။

စိတ်ပျံ့လွင့်ယင်

ဖောင်းတာ ပိန်တာ ရှုစမှာ စိတ်ဟာ မကြာခဏ ပျံ့လွင့်တတ်ပါတယ်။ တခြား အာရုံတွေဆီ ရောက်သွားပြီး အဲဒီ အာရုံတွေကို ကြံစည်နေ၊ စဉ်းစားနေ၊ တွေးနေ၊ စိတ်ကူးနေတတ်ပါတယ်။ လက်ဦးတော့ အဲဒီစိတ် ပျံ့လွင့်တာကို ယောဂီက မသိသေးပါဘူး။ ရှုဆဲ အာရုံကို ရှုနေတယ်လို့ပဲ ထင်နေတတ်ပါတယ်။ တော်တော်ကြာမှ၊ သို့မဟုတ် ခဏကြာမှ စိတ်ပျံ့လွင့်နေမှန်း သိလာတတ်ပါတယ်။ ဘယ်အခါမှပဲ သိသိ၊ သိတဲ့အခါမှာ "ပျံ့တယ်" "လွင့်တယ်" "ကြံစည်တယ်" "စဉ်းစားတယ်" "တွေးတယ်" "စိတ်ကူးတယ်" စသည်ဖြင့် အဲဒီ စိတ်ကိုပဲ တိတိကျကျ တင်းတင်းရင်းရင်း ထပ်ခါထပ်ခါ ရှုရ ပါမယ်။ ဘယ်လောက်ကြာအောင် ရှုရမည်လဲဆိုယင် အဲဒီ ပျံ့လွင့်စိတ် ပျောက်သွားသည်အထိ ရှုပါ။ ပျောက်သွားယင် မူလ အာရုံဖြစ်တဲ့ ဖောင်းမှု ပိန်မှုကို ပြန်ပြီးရှုပါ။

စိတ်ကို ပြန်မဆွဲနှင့်

သမထကမ္မဋ္ဌာန်း အားထုတ်ရာမှာတော့စိတ် ပျံ့လွင့်နေယင် ပျံ့လွင့်နေတဲ့ စိတ်ကို မူလ အာရုံဆီ ပြန်ဆွဲပြီး တင်ပေးရပါတယ်။ ဝိပဿနာမှာတော့ ဒီလို မလုပ်ရပါဘူး။ စိတ်ကို မူလ အာရုံဆီ ပြန်မဆွဲရပါဘူး။ ပျံ့လွင့်တဲ့စိတ်ကိုပဲ အရှိအတိုင်းသိအောင် ရှုရပါတယ်။ ဒီလို ရှုတာကတော့ ဝိပဿနာရဲ့ အခြေခံသဘောအတိုင်း ပျံ့လွင့်စိတ်ဆိုတဲ့ နာမ်တရားရဲ့ သဘောမှန်ကို ပိုင်းပိုင်းခြားခြား သိရအောင် ရှုရတာပါပဲ။

ပျံ့လွင့်စိတ်ကိုသာ မဟုတ်ပါဘူး၊ ဘာစိတ်ပဲ ဖြစ်ဖြစ် ဖြစ်ပေါ်လာသမျှ စိတ်တွေကို ကောင်းကောင်းဆိုးဆိုး အားလုံးရှုသိနေရမှာချည်းပါပဲ။ ဒေါသစိတ် ဖြစ်ယင်လဲ "စိတ်ဆိုးတယ်" "ဒေါသဖြစ်တယ်" စသည်ဖြင့် ရှုရပါတယ်။ စိတ်ဆင်းရဲယင်လဲ "စိတ်ဆင်းရဲတယ်" လို့ ရှုပါ။ ဝမ်းနည်းယင် "ဝမ်းနည်းတယ်" ဝမ်းသာယင်လဲ "ဝမ်းသာတယ်" လို့ ရှုပါ။ စူးစူးစိုက်စိုက် ရှုလို့ ရှုစိတ်က အားကောင်းလာယင် အရှုခံစိတ်တွေ ဆက်မဖြစ်တော့ပဲနှင့် ရပ်သွား ပျောက်သွား ပါတယ်။ အဲဒီလို ရပ်သွားပျောက်သွားယင် မူလ အာရုံဖောင်းမှု ပိန်မှုကို ပြန်ရှုရပါတယ်။

မူလ အာရုံကို တွယ်ကပ်မနေပါနှင့်

တခု သတိထားဖို့က ဒီလို ပျံ့လွင့်စိတ်၊ စိတ်ဆိုးစိတ် စသည်တွေ ထင်ထင်ရှားရှား ဖြစ်နေတာကို သိပါလျက်နှင့် စိတ်ငြိမ်အောင် ရည်ရွယ်ချက်နှင့် ဖောင်းမှု ပိန်မှုကို အတင်း တွယ်ကပ်ပြီး ရှုမှတ် မနေရပါဘူး။ အဲဒီလိုလုပ်ယင် မှားပါတယ်။ စိတ် သဘာဝဟာ ပိုထင်ရှားတဲ့ အာရုံဆီကို သွားတတ် သိတတ်တာဖြစ်လို့ ဘယ်လိုပဲ ဖောင်းမှု ပိန်မှုကို ကပ်ရှုနေနေ အဲဒီအခိုက်အတံ့မှာ ပိုထင်ရှားတဲ့ အပြင် အာရုံကိုပဲ သွားသိနေတတ်ပါတယ်။ ပြီးတော့ ဝိပဿနာဆိုတာ ပိုထင်ရှားတဲ့ ဖြစ်ပေါ်နေဆဲ ရုပ်နာမ်ကို ရှုရ ပါတယ်။ ဒါကြောင့် မူလ အာရုံကို တွယ်ကပ်မထားပဲ ဖြစ်ပေါ်နေဆဲ ဖြစ်တဲ့ ပျံ့လွင့်စိတ် စသည်ကိုသာ စူးစိုက် ရှုရပါမယ်။

ဖောင်းမှု ပိန်မှုကို ရှုဆဲမှာ အသံကြားတာ ထင်ရှားယင် "ကြားတယ်" လို့ အကြိမ်ကြိမ် ရှုပါ။ အနံ့နံယင် မွှေယင် "နံတယ်" "မွှေးတယ်" လို့ ရှုပါ။ ပျောက်သွားယင် မူလ အာရုံကို ပြန်ရှုပါ။

ဒုက္ခဝေဒနာ

ထိုင်ပြီး ရှုမှတ်တာ ကြာလာလို့ ညောင်းမှု၊ ကျဉ်မှု၊ ထုံမှု၊ ကိုက်ခဲမှု စတဲ့ ဒုက္ခဝေဒနာဖြစ်လာယင် မူလ ရှုမြဲ အာရုံကို လွှတ်ပြီး "ညောင်းတယ်" "ကျဉ်တယ်" "ထုံတယ်" "နာတယ်" စသဖြင့် အဲဒီ ဝေဒနာရှိနေသမျှ ထပ်ခါထပ်ခါ ရှုပါ။ ဝေဒနာ ပြင်းထန်လာယင်လဲ သည်းခံပြီး ရှုနိုင်သမျှ ရှုပါ။ ဒီလို ရှုတာဟာ ခံစားမှု = ဝေဒနက္ခန္ဓာရဲ့ သဘောကို သဘာဝအတိုင်းသိရအောင် ရှုနေခြင်းပါပဲ။ ဒုက္ခဝေဒနာ ပျောက်သွားပြေသွားအောင် ရှုရတာ မဟုတ်ပါဘူး။ သို့သော်လဲ ရှုပါများလို့ စိတ်တည်ငြိမ်မှု သမာဓိအားကောင်းလာတဲ့ အခါမှာ ဝေဒနာဟာ လျော့ယင်လဲသွားတတ်ပါတယ်။ ဆက်မဖြစ်တော့ပဲ အဖြစ်ရပ်ပြီး ပျောက်ယင်လဲ ပျောက်သွားတတ်ပါတယ်။ ဒီလို ရှုတာဟာ "ဒုက္ခံဝါဝေဒနံ ဝေဒယမာနော ဒုက္ခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ" ဆိုတဲ့ ဝေဒနာနုပဿနာ တရားတော်အတိုင်း ရှုခြင်းပါပဲ။

နိဗ္ဗာန်တံခါးသော့

ဝေဒနာကို သည်းခံနိုင်သမျှ သည်းခံပြီး ဇွဲစိတ်နှင့် ရှုသင့်ပါတယ်။ ဘာကြောင့်လဲဆိုယင် ဝေဒနာဟာ နိဗ္ဗာန်တံခါးကိုဖွင့်တဲ့သော့ ဖြစ်လို့ ပါပဲ။ ဝေဒနာကို ရှုလို့ ဝေဒနာရဲ့ ဖြစ်မှု ပျက်မှု အနိစ္စ ဒုက္ခ အနတ္တ သဘောကို သိမြင်ယင် နိဗ္ဗာန်ကို ရောက်နိုင်ပါတယ်။ သီဟိုဠ်ကျွန်းမှာ ရောဂါဝေဒနာ အနှိပ်စက်ခံရတဲ့ မထေရ် တပါးဟာ အဲဒီ ရောဂါဝေဒနာကို ရှုတာနှင့် ကိလေသာခပ်သိမ်း ငြိမ်းပြီး ရဟန္တာ ဖြစ်သွားကြောင်းကို ဝိသုဒ္ဓိမဂ် အဋ္ဌကထာ (ပ-တွဲ၊ ၄၆) မှာ ဖောပြထားပါတယ်။

သည်းမခံနိုင်တော့လျှင်

ဒုက္ခဝေဒနာဟာ ပိုမို ပြင်းထန်လာလို့ သည်းမခံနိုင်တော့တဲ့ အခြေအနေရောက်လာယင် မိနစ်သုံးဆယ်ထက်မနည်း မပြင်ပဲ ထိုင်နိုင်သူများဟာ ပြင်ပြီး မထိုင်ပါနှင့်၊ ထပြီး စင်္ကြံလျှောက် အားထုတ်ပါ။ မိနစ်သုံးဆယ် ပြည့်အောင် မပြင်ပဲ ထိုင်လို့ မရသေးသူများကတော့ တကြိမ် ပြင်ထိုင်ပြီး ဆက်ရှုမှတ်ပါ။ ဒုတိယအကြိမ် အထိုင်ပြင်ဖို့ အခြေအနေ ဖြစ်လာယင်တော့ မပြင်ပဲနှင့် ထပြီး စင်္ကြံလျှောက် အားထုတ်ပါ။

အထိုင်ပြင်စ ရှိယင် စိတ်အကျင့်ပါပြီး ပြင်ဖို့ပဲ စိတ်ကူးနေတတ်ပါတယ်။ ဒါကြောင့် မပြင်မိအောင် အထူး ကြိုးစားပါ။ တထိုင်ထက်တထိုင် ပိုပြီး ကြာကြာ ထိုင်နိုင်ရမယ်လို့ စိတ်ဆုံးဖြတ်ပြီး ကြိုးစားဖို့ လိုပါတယ်။ ကြာကြာ ထိုင်နိုင်လေ သမာဓိ အရှိန် ပိုရလေပါပဲ။

စင်္ကြံ လျှောက်လျှင်

စင်္ကြံ လျှောက်တဲ့ အခါမယ် စင်္ကြံဦးမှာ ကိုယ်ကို ဖြောင့်ဖြောင့်မတ်မတ် ထားပြီးရပ်ပါ။ လက်ပိုက် ထားပါ။ ဒါမှ မဟုတ်ယင် လက်ကို နောက်ဘက် ပစ်ထားပြီး လက်ချင်း ယျက်ထားပါ။ လက်နှစ်ဘက်ကို နံဘေး တဘက်တချက်မှာ တွဲလဲ ချမထားပါနှင့်။

ခေါင်းကို သိပ် ငုံ့မထားပါနှင့်။ ခြေထောက်ရှေ့ သုံးလေးတောင်ခန့် ဝေးတဲ့ နေရာကို မျက်လွှာချထားတဲ့ မျက်စိနှင့် သာမန် ကြည့်ဖြစ်နိုင်ရုံ ခေါင်းကို စဉ်းငယ်မျှ ညွှတ်ကိုင်းထားပါ။ သိပ် ငုံ့ထားယင် မကြာခင် ဇက်ကြော တက်လာတတ် ခေါင်းမူးလာတတ်ပါတယ်။

မျက်စိကို ထိန်းပါ

စင်္ကြံလျှောက်နေတဲ့ တချိန်လုံး အဝေးကို ဘေးကို မကြည့်မိအောင် မျက်စိကို ထိန်းပါ။ တခြား မကြည့်ဘူးလို့လဲ ဆုံးဖြတ်ပါ။ ကြည့်ချင်စိတ်ဖြစ်ပေါ်လာယင်လဲ ကြည့်ချင်စိတ်ကို ရှုမှတ်ပါ။ ရှုမှတ်လိုက်ယင်ကြည့်ချင်စိတ် ပျောက်သွားပြီး တခြားကို မကြည့်ဖြစ်တော့ဘူး။ စိတ်ရဲ့ အလိုလိုက်ပြီး ကြည့်ချင်စိတ် ဖြစ်ပေါ်တိုင်း မျက်စိက လျှောက်ကြည့်နေယင်တော့ မျက်စိသွားရာ စိတ်လိုက်ပါနေပြီး သမာဓိ ပျက်ပျက်နေတာနှင့် စင်္ကြံလျှောက်ရာမှာ ဘာတရားမှ တွေ့မယ် သိမယ် မဟုတ်ပါဘူး။

စင်္ကြံလျှောက်ရာမှာ မျက်စိကို ထိန်းနိုင်ဖို့၊ မျက်စိ လုံဖို့အရေးအကြီးဆုံးပါပဲ။

စရှုပုံ

စင်္ကြံ စရှုတဲ့အခါ စိတ်ကို ခြေထောက် ရွေ့ရှားမှုှဆီရှေးရှု တည်ထားပါ။ ခြေလှမ်း လှမ်းလိုက်တဲ့အခါမှာ "သွားတယ်၊ သွားတယ်" လို့ ဖြစ်စေ၊ "လှမ်းတယ်၊ လှမ်းတယ်" လို ဖြစ်စေ၊ "ဗယ်လှမ်းတယ်၊ ညာလှမ်းတယ်" လို့ ဖြစ်စေ စိတ်အဆိုကလေး ဆိုပြီး ရှုမှတ်ပါ။ စိတ်အဆိုက လိုရင်းမဟုတ်သော်လဲ အားထုတ်စမှာ အကူအညီ အထောက်အပံ့ ဖြစ်ပါတယ်။

စင်္ကြံလျှောက်ယင်း စိတ် တခြားကို ပျံ့သွား လွင့်သွားယင် ပျံ့စိတ် လွင့်စိတ်ကို ရှုပြီးမှ ခြေလှမ်းကို ပြန်ရှုပါ။ ရံဖန်ရံခါမှာ လွင့်စိတ် တွေးစိတ် တာရှည်နေယင် ရပ်ပြီးမှ စိတ်ကို ရှုမှတ်ပါ။ လွင့်စိတ် တွေးစိတ် ပျောက်သွားမှ စင်္ကြံ ပြန်လျှောက်ပြီးရှုမှတ်မြဲ ရှုမှတ်ပါ။

ဖြည်းဖြည်း ခြေလှမ်းစိပ်စိပ်

စင်္ကြံလျှောက် အားထုတ်တဲ့ အခါမှာ စင်္ကြံကို ဖြည်းဖြည်း လျှောက်ပါ။ ခြေလှမ်းကို သိပ် မကျဲပါစေနဲ့ ခြေဖဝါးတပြန်စာ၊ သို့မဟုတ် တပြန်စာ သာသာကလေး လှမ်းပါ။ ဒါမှရှုလို့ ကောင်းပါတယ်။ ခြေဖဝါးချင်း ရှေ့နောက်စဉ်ပြီး မလှမ်းပါနှင့်၊ ယိုင်တတ် လဲတတ်ပါတယ်။

ရှုမှတ်ချက် တိုးပါ

ရှေ့နားမှာ ပြောခဲ့တဲ့အတိုင်း "သွားတယ်" လို့ ဖြစ်စေ၊ "လှမ်းတယ်" လို့ ဖြစ်စေ၊ "ဗယ် လှမ်းတယ်၊ ညာ လှမ်းတယ်" လို့ ဖြစ်စေ ရှုမှတ်လို့ ၂ ရက်လောက် ရှိယင် ရှုစိတ်နှင့် အရှုခံ အာရုံတည့်လာပြီး ရှုလို့ ကောင်းလာပါလိမ့်မယ်။ ဒီအခါမှာ "ကြွတယ်၊ ချတယ်" လို့ ခြေတလှမ်းကို နှစ်ပိုင်းသိအောင် တိုးပြီး ရှုပါ။ အဲဒီ ရှုမှတ်ချက် နိုင်နင်းလာတဲ့ အခါမှာ "ကြွတယ်၊ လှမ်းတယ်၊ ချတယ်" လို့ ခြေတလှမ်းကို သုံးပိုင်းသိအောင် တိုးရှုပါ။

အဲဒီ နည်းအတိုင်း ရှုမှတ်ချက် တိုးတိုးသွားယင် စင်္ကြံ လျှောက်ခိုက်မှာ ဝိပဿနာ သတိသမာဓိဉာဏ်တွေ အားကောင်းလာတဲ့အတွက် ပိုပိုပြီး ရှင်းရှင်းလင်းလင်း ပီပီပြင်ပြင် တွေ့သိလာပါလိမ့်မယ်။

စင်္ကြံလမ်းအဆုံးမှာ

စင်္ကြံလျှောက်တဲ့အခါ ဟိုနားလျှောက်လိုက်၊ ဒီနားလျှောက်လိုက်နှင့် မလျှောက်ပါနဲ့။ အဲဒီလို လျှောက်လို့ အားကောင်းတဲ့ သမာဓိကို မရနိုင်ပါဘူး။ စင်္ကြံလမ်းကြောင်း တကြောင်းတည်းမှာ ခေါက်တုံ့ ခေါက်ပြန် လျှောက်ပါ။

စင်္ကြံအဆုံးရောက်ယင် မလှည့်သေးပဲနှင့် စုံရပ်လိုက်ပါ။ ပြီးမှ ရပ်နေတဲ့ ထောင်ထောင်သဘောကို စိတ်အာရုံစိုက်ပြီး "ရပ်တယ်၊ ရပ်တယ်" လို့ မိနစ်ဝက်လောက် ဖြစ်စေ၊ တမိနစ်လောက်ဖြစ်စေ ရပ် ဣရိယာပုထ်ကို ရှုမှတ်ပါ။ ပြီးမှ ပြန်လှည့်ချင်တဲ့ စိတ်ကို သေသေချာချာသိအောင် အကြိမ်ကြိမ် ရှုပါ။ ပြီးမှ တဖြည်းဖြည်း နောက်ပြန်လှည့်တာကို ရှုပါ။ နောက်ပြန် မျက်နှာမူမိယင် ရပ်လိုက်ပြီး ရပ်တာကို ရှုပါ။ ပြီးမှ "ကြွတယ်၊ လှမ်းတယ်၊ ချတယ်" စသည်ဖြင့် ရှုမှတ်မြဲ ရှုမှတ်သွားပါ။

စင်္ကြံကို ဂရုစိုက်ပါ

စင်္ကြံ တကြိမ်လျှောက်ယင် တရားမရင့်သေးမီမှာ အနည်းဆုံး တနာရီလျှောက်ပါ။ မလျော့ပါစေနှင့်၊ ပိုယင်သာ ပိုပါစေ။ စင်္ကြံမှာ အရှုခံအာရုံထင်ရှားလို့ သမာဓိ ပိုပြီး ရလွယ်ပါတယ်။ ဉာဏ်လဲ ပိုပြီး ဖြစ်လွယ်ပါတယ်။ ခြေထောက်ရဲ့ ကြွရွေ့သဘော၊ လှမ်းရွေ့သဘော၊ ချရွေ့သဘောဟာ အလွန်ထင်ရှားပါတယ်။ ဒါကြောင့် ရှုရတာ လွယ်ကူတဲ့အတွက် သမာဓိ ရလွယ်ပါတယ်။ မြတ်စွာဘုရားက စင်္ကြံရဲ့ အကျိုးငါးပါးကို ဟောတော်မူတော့ "စင်္ကြံသမာဓိဟာ ကြာရှည်တည်တံ့တယ်" လို့ မိန့်တော်မူပါတယ်။

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဖို့ နာရီပိုင်းအလိုမှာ မြတ်စွာဘုရားထံ တရားလာမေးတဲ့ အရှင်သုဘဒ္ဒဟာ ကုသိနာရုံ အင်ကြင်းဥယျာဉ်ထဲမှာ စင်္ကြံလျှောက်ယင်း ရှုမှတ်တာနှင့်ပဲ အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရပြီး ရဟန္တာ ဖြစ်သွားပါတယ်။ စင်္ကြံတရား အရေးကြီးပါတယ်။

စင်္ကြံ ရှုမှတ်မှု ရည်ရွယ်ချက်

ဒါကြောင့် စင်္ကြံလျှောက် ရှုမှတ်တာဟာ အညောင်းပြေရုံ၊ ဣရိယာပုထ် အပြောင်းအလဲဖြစ်ရုံ၊ သမာဓိအားကောင်းရုံမျှ ရည်ရွယ်တာမဟုတ်ပါဘူး။ စင်္ကြံလျှောက်ခိုက်မှာ ဖြစ်ဆဲ ရုပ်နာမ်တို့ရဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘာဝတွေကို သိဖို့ ရည်ရွယ်ချက်က ပဓာနပါ။ ပြီးတော့ စင်္ကြံလျှောက်တုန်းမှာ ရရှိတဲ့ ဝိပဿနာသတိ၊ သမာဓိ၊ ဉာဏ် တို့ကို ထိုင်သည်အထိ ပါသွားအောင် အဆက်မပြတ် ရှုမှတ်ပြီး သယ်သွားယင် ထိုင် ရှုမှတ်ရာမှာ အများကြီး အထောက်အပံ့ ဖြစ်ပါတယ်။ ဒါကြောင့် စင်္ကြံကို အလျင်လျှောက်ပြီးမှ ထိုင် ရှုမှတ်တာက ပိုကောင်းပါတယ်။

စင်္ကြံတလှည့် အထိုင်တလှည့် ရှုမှတ်ဖို့ပါပဲ။ သို့သော်လဲ စင်္ကြံနှင့် အထိုင် အချိန် ညီမျှဖို့ မလိုပါဘူး။ တရား အခြေအနေအရ အတိုးအလျော့ ရှိရပါတယ်။

သမ္ပဇညပိုင်း ရှုပုံ

သတိပဋ္ဌာန် ဝိပဿနာရဲ့ အခြေခံ သဘောဟာ ရုပ်နှင့် နာမ်မှာ ခဏမစဲ ဖြစ်ပေါ် နေတဲ့သဘောတွေကို စက္ကန့်မလပ် မိနစ်မလပ် တရစပ်စောင့်ကြည့်ရှုသိနေရပါတယ်။ မရှုမိပဲ လပ်သွားတဲ့ မိနစ်ပိုင်း စက္ကန့်ပိုင်း ကလေးမျာပဲ မရှုမိလိုက်တဲ့ ရုပ်နာမ်နှင့် ပတ်သက်လို့ ကိလေသာက ဝင်လိုက်တော့တာပဲ။

ဒါကြောင့် စင်္ကြံ လျှောက်တဲ့ အခါနှင့် ထိုင်တဲ့ အခါလေးမှာသာ ရှုရုံမျှနဲ့ မလုံလောက်ပါဘူး။ နိုးနေသမျှ တချိန်လုံး လှုပ်ရှားမှု၊ ပြုမူမှု၊ ကိုယ် အမူအရာ မှန်သမျှကိုရော စဉ်းစား၊ ကြံတွေး၊ လိုချင်တပ်မက်၊ စိတ်ပျက်၊ စိတ်ဆိုးတဲ့ စိတ်သဘောမှန်သမျှကိုပါ ဖြစ်ပေါ်တိုင်း ဖြစ်ပေါ်တိုင်း အမြဲတစေ ရှုသိနေရပါတယ်။

ရှုပုံ နည်းပြ

လှုပ်ရှားပြုမူ အသေးစိတ် အမူအရာမှန်သမျှ ရှုမှတ်ပုံကို မဟာသတိပဋ္ဌာနသုတ်သမ္ပဇညပိုင်းမှာ နည်းပြ အနေနှင့် မြတ်စွာဘုရား ညွှန်ကြားတော်မူခဲ့ပါတယ်။ ရှေ့ကိုသွားတိုင်း၊ နောက်ကို ဆုတ်တိုင်း၊ ကွေးတိုင်း၊ ဆန့်တိုင်း၊ ထိုင်တိုင်း၊ ထတိုင်း၊ သင်္ကန်း ကိုင်တိုင်း၊ သပိတ်ကိုင်တိုင်း၊ အဝတ် ဝတ်တိုင်း၊ စားသောက်တိုင်း၊ ရေချိုးတိုင်း၊ တပိုတပါး သွားတိုင်း စသည်မှာ ပါဝင် ဖြစ်ပျက်နေတဲ့လှုပ်ရှားမှု ပြုမူမှုတွေကို "ကွေးတယ်" "ဆန့်တယ်" "ထိုင်တယ်" "ထတယ်" စသည်ဖြင့် ဖြစ်နေ ရှိနေတဲ့ အတိုင်း အမြဲ မပြတ် သတိကပ်ပြီး ရှုသိနေရပါတယ်။

မြင်တိုင်း၊ ကြားတိုင်း၊ နံတိုင်း၊ စားတိုင်း၊ ထိတွေ့တိုင်း၊ ကြံတွေးတိုင်းလဲ "မြင်တယ်" "ကြားတယ်" စသည်ဖြင့် မလွတ်ရအောင် ရှုသိ နေရပါတယ်။

ရှုမှတ်မှုချင်း ဆက်စပ် မိမှ

တနေ့လုံး ရှုသိမှုချင်း ဆက်စပ်မိပြီး သတိတစပ်တည်း ဖြစ်အောင် ရှုနိုင်လေ သမာဓိဉာဏ်တွေ တိုးတက် လာလေပါပဲ။ ထိုင်တဲ့အချိန်နှင့် စင်္ကြံလျှောက်တဲ့ အချိန်မှာသာ ရှုမှတ်ပြီး ကျန်တဲ့ အချိန်တွေမှာ အဲဒီ ပြုမူလှုပ်ရှားမှု အမူအရာတွေကို အရှုပဲ လွှတ်ထားယင် ရှေ့သတိနှင့် နောက် သတိ၊ ရှေ့သမာဓိနှင့် နောက် သမာဓိ၊ ရှေ့ဉာဏ်နှင့်နောက် ဉာဏ် အဆက်ပြတ်ပြီးဟာနေတဲ့ ကွက်လပ်ကြီးတွေ ကြားက ခံနေလို့ သတိ၊ သမာဓိ၊ ဉာဏ်တွေ အရှိန် ပျက်ပျက် သွားတဲ့အတွက် တိုးတက်မှု အလွန်နှေးပါတယ်။ ဒါကြောင့် တနေ့လုံးဆက်စပ်မိအောင် ရှုမှတ်ဖို့ အထူး ကြိုးစားရပါတယ်။

ကြောင်းကျိုး ဆက်သွယ်ပုံ

ရှုမှတ်မှု သတိတွေ ဆက်စပ်မိယင် တည်ငြိမ်မှု သမာဓိတွေ ဆက်စပ်မိလာလို့ အားကောင်းလာပါတယ်။ သမာဓိ အားကောင်းလာယင် "သမာဟိတော ယထာဘူတံ ပဇာနာတိ=စိတ်တည်ငြိမ်သူသည် အမှန်အတိုင်း သိ၏" ဆိုတဲ့ ဗုဒ္ဓ ရှင်တော်မြတ်၏ မိန့်ခွန်းတော်အတိုင်း အရှုခံ ရုပ်၊ အရှုခံ နာမ် တို့ရဲ့ အရှိ သဘာဝဖြစ်တဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောတွေကို အမှန်အတိုင်း သိတဲ့ ဝိပဿနာဉာဏ်တွေ ရှင်းလင်း ပီသစွာ ဖြစ်ပေါ်လာပါတယ်၊ ဒီ ဝိပဿနာဉာဏ်တွေ ရင့်ကျက်ပြီဆိုယင် အရိယသစ္စာ လေးပါးကို ထိုးထွင်းသိတဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ်တွေ ဖြစ်ပေါ်ပြီး ဆင်းရဲခပ်သိမ်းငြိမ်းရာ နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်တယ်ဆိုတာကတော့ ဘုရားဟော ဒေသနာတော် အရရော သဘာဝဖြစ်စဉ်အရပါ မလွဲနိုင်တဲ့ ကြောင်းကျိုး နိယာမ တရားကြီးပါပဲ။

အခု ဖော်ပြခဲ့တဲ့ ရှုမှတ်ပုံတွေထဲက-

ရုပ်ကို ရှုသိတာက ကာယာနုပဿနာ သတိပဋ္ဌာန်

ခံစားမှုကို ရှုသိတာက ဝေဒနာနုပဿနာ သတိပဋ္ဌာန်

စိတ်ကို ရှုသိတာက စိတ္တာနုပဿနာ သတိပဋ္ဌာန်

သဘောကို ရှုသိတာက ဓမ္မနုပဿနာ သတိပဋ္ဌာန်

အဲဒီလို မြတ်စွာဘုရား လေးမျိုးခွဲခြားပြီး ဟောတော်မူထားပါတယ်။ သို့သော်လဲ ရှုတဲ့အခါမှာတော့ ဘယ် သတိပဋ္ဌာန်ဖြစ်အောင် ရှုမယ်လို့ ရွေးချယ် မနေရပါဘူး။ ထင်ထင်ရှားရှား ဖြစ်ပေါ်လာတဲ့ သဘောကို ရှုသိနေရုံပါပဲ။

ဒီ သတိပဋ္ဌာန် လေးမျိုးကို ရှုပွါးယင်-

ကိလေသာ စင်ကြယ်ခြင်း အကျိုး၊

စိုးရိမ် ပူဆွေးမှု ကင်းခြင်း အကျိုး၊

ငိုကြွေးမှု ကင်းခြင်း အကျိုး၊

ကိုယ်ဆင်းရဲ ငြိမ်းခြင်း အကျိုး၊

စိတ်ဆင်းရဲ ငြိမ်းခြင်း အကျိုး၊

မဂ်ဉာဏ်ကို ရခြင်း အကျိုး၊

နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း အကျိုးများကို ရနိုင်ကြောင်း မြတ်စွာဘုရား မိန့်ကြားတော်မူပါတယ်။

ဆောင်ပုဒ်

ကိလေစင်ရေး၊ စိုးပူဆွေး၊ ငိုကြွေးကင်းလိုလျှင်။
ကိုယ်စိတ်ဆင်းရဲ၊ မရှိပဲ၊ အမြဲငြိမ်းလိုလျှင်။
မဂ်နှင့် နိဗ္ဗာန်၊ တရားမှန်၊ အမြန်ရလိုလျှင်။
ရုပ်နာမ် ဖြစ်ဆဲ၊ သတိစွဲ၊ ပွါးမြဲတလမ်းပင်။
တလမ်းတည်းမှန်၊ သတိပဋ္ဌာန်၊ ပွါးရန်ဘယ်သို့နည်း။
ရုပ်ဖြစ်တိုင်းသာ၊ စူးစိုက်ကာ၊ သေချာ ရှုရသည်။
ခံစားတိုင်းသာ၊ စူးစိုက်ကာ၊ သေချာ ရှုရသည်။
စိတ်ဖြစ်တိုင်းသာ၊ စူးစိုက်ကာ၊ သေချာ ရှုရသည်။
သဘောတိုင်းသာ၊ စူးစိုက်ကာ၊ သေချာ ရှုရသည်။
ရှုလျှင် ရှုလျှင်၊ အမှန်မြင်၊ ပြေးဝင် နိဗ္ဗာန်ပြည်။

သာမဏေရ ပဗ္ဗဇ္ဇာ

အရှင်ဘုရား၊ အလုံးစုံသော သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်သော နိဗ္ဗာန်ကို မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် မျက်မှောက်ပြုပါရခြင်း အကျိုးငှာ တပည့်တော်၏ လက်၌ရှိသော ဤ သင်္ကန်းကို ယူတော်မူ၍ တပည့်တော်ကို သနားစောင့်ရှောက်ချီးမြှောက်သော အားဖြင့် ရှင်သာမဏေ ပြုပေးတော်မူပါ ဘုရား။

မွန်မြတ်သည့် အစဉ် အလာ မြန်မာပြည်၌ ယောက်ျားကလေး မှန်သမျှ ရှင်သာမဏေ ပြုပေးရမည် ဟူသော မွန်မြတ်သည့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အစဉ်အလာ ရှိလာခဲ့၏၊ လွန်စွာ နှစ်လိုဖွယ် ကောင်းသော ယဉ်ကျေးမှု အစဉ်အလာ ဖြစ်၏၊ ဤ အစဉ် အလာ ကြောင့်ပင် မြန်မာ ယောက်ျားကလေးတိုင်း ဘာသာ သာသနာနှင့် ထိတွေ့ခွင့် လေ့လာခွင့် ရရှိနေခြင်း ဖြစ်၏၊ ထို့ကြောင့် မြန်မာဗုဒ္ဓဘာသာမိဘများ၊ ရှင်သာမဏေလောင်းများ၊ ရှင်သာမဏေများသည် ရှင်သာမဏေ ပြုပေးခြင်းနှင့် စပ်ဆိုင်သော သိသင့် သိစရာများကို အထိုက်အလျောက် သိထားသင့်ပေသည်။

သို့ဖြစ်ရာ ဤအခန်၌ ဝိနည်းမဟာဝါ ပါဠိတော် နှင့် အဋ္ဌကထာ ၌ ပါရှိသော အချက်အလက် တို့ကို အခြေခံလျက် သိမှတ်ဖွယ်များကို အကျဉ်းချုံး၍ ရေးသား ဖော်ပြပါမည်။

မိဘ ခွင့်ပြုမှ ရှင်ပြုရ ရှင်သာမဏေ ပြုလိုသူသည် ရှေးဦးစွာ မိဘထံ ရှင်သာမဏေ ပြုခွင့်ရရန် ခွင့်ပန်ရ၏၊ မိဘ ခွင့်မပြုသော သူကို ရှင်မပြုပေးနိုင်ပေ။ မြတ်စွာဘုရားသည် ခုနစ်နှစ်သား သားတော်ကလေး ရာဟုလာက အမွေတောင်းသဖြင့် သာသနာ့ အမွေအဖြစ် အရှင်သာရိပုတ္တရာကို ရှင်သာမဏေ ပြုပေးစေ၏၊ ရာဟုလာကို ထီးမွေ နန်းမွေဆက်ခံစေရန် မျှော်မှန်းထားသော သုဒ္ဓေါဒန ဘုရင်ကြီး စိတ်မချမ်းမသာ ဖြစ်ရ၏၊ ထို့ကြောင့် မိဘ ခွင့်မပြုသောသားကို ရှင်ပြုမပေးပါရန် မြတ်စွာဘုရားအား လျှောက်ထားသောအခါ မြတ်စွာဘုရားက "မိဘ ခွင့်မပြုသော သားကို ရှင်ပြုမပေးရ" ဟု စည်းမျဉ်း ချမှတ်တော်မူ၏၊

ဆံချရန် သံဃာကိုပန်ကြား ရှင်သာမဏေ ပြုပေးရာ၌ လိုရင်း ကိစ္စမှာ သုံးခုသာ ရှိ၏၊ (၁) ဆံချခြင်း၊ (၂) သင်္ကန်းဝတ်ပေးခြင်း၊ (၃) သရဏဂုံပေးခြင်း ဤသုံးခုသာ လိုရင်း ဖြစ်၏၊ မိဘ ခွင့်ပြုသော ရှင်လောင်းကို ရှင်ပြုရန် ရှေးဦးစွာ ဆံချပေးရ၏၊ ဆံချမပေးမီ ကျောင်းရှိ သံဃာများကို ပန်ကြားရ၏၊ ရှင်လောင်းကို သံဃာတော်များအထံ ခေါ်သွား၍ "ဤရှင်လောင်း ဆံချရန် ပန်ကြားပါသည် ဘုရား" ဟု ဖြစ်စေ၊ "ဤရှင်လောင်း ရှင်ပြုရန်ပန်ကြားပါသည် ဘုရား" ဟု ဖြစ်စေ ပန်ကြားရ၏၊ ရှင်လောင်းကို ခေါ်မသွားပဲ ရဟန်းငယ် တပါးပါး ဖြစ်စေ၊ သာမဏေ တပါးပါး ဖြစ်စေ သံဃာများထံ သွား၍ ပန်ကြားနိုင်၏၊

ကျောင်းဝင်း အတွင်းရှိ သိမ်အတွင်း၌ ဆံချလျှင် သံဃာများကို ပန်ကြားဖို့ မလိုတော့ပေ။ ထို သိမ်အတွင်း၌ ရဟန်း တပါးပါးရှိနေလျှင်မူ ထိုရဟန်းကို ပန်ကြားရမည်။ ဆံချပြီးသား ရှင်လောင်း၊ ဆံ လက်နှစ်သစ်ထက် ပို၍ မရှည်သော ရှင်လောင်းများအတွက်၊ ဆံချမှုကိစ္စ မရှိ၍ ပန်ကြားဖို့ မလိုပေ။ လက်နှစ်သစ်ထက် ရှည်သော ဆံပင်ရှိလျှင် တချောင်းမျှပင် ရှိစေကာမူ သံဃာအား ပန်ကြားပြီးမှသာ ရိတ်ဖြတ်ရ၏၊

(ဝိ၊ဋ္ဌ၊၃၊၂၈၄-၅)

ပန်ကြားရခြင်း အကြောင်းရင်း မြတ်စွာဘုရား လက်ထက်တော် အခါက အိမ်မှ ထွက်ပြေးလာသော ကလေးတယောက်ကို ရှင်ပြုပေးရာ ရဟန်းတော်အများစု မသိလိုက်ကြသဖြင့် မိဘများ ကျောင်းသို့ရောက်လာ၍ ထိုကလေး ကျောင်း၌ ရှိ မရှိ မေးသောအခါ မရှိကြောင်းဖြေလိုက်ကြ၏၊ မိဘများက ကျောင်းဝင်းထဲ၌ ရှာဖွေကြသောအခါ ရှင်သာမဏေ ဖြစ်နေသည်ကို တွေ့ရ၍ ရဟန်းတော်များကို မုသာဝါဒဖြင့် စွပ်စွဲကြ၏၊ ဤ ဖြစ်ရပ်ကို အကြောင်းပြု၍ ရှင်လောင်းများ ဆံချဖို့ သံဃာအား ပန်ကြားရန် ပညတ်တော်မူခြင်း ဖြစ်၏၊ (ဝိ ၃၊ ၁၀၇)

တစပဉ္စက နှလုံးသွင်း ဆံချသောအခါ၌ ရှင်လောင်းကို တစပဉ္စက ကမ္မဋ္ဌာန်း ရွတ်ဆို ဆင်ခြင် စေလျက် ဆံချပေးရ၏၊ ရေချိုးသောအခါ၌လည်း ရွတ်ဆို ဆင်ခြင် စေရ၏၊ ကောင်းမွန်စွာ ဆင်ခြင်နိုင်စေရန် ဆံမချမီကပင် ရွတ်ဆိုနည်း ဆင်ခြင်နည်းကို သင်ပေး ထားရ၏၊ "ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော" ဟု ပါဠိဘာသာဖြင့်ဖြစ်စေ၊ "ဆံပင်၊ မွေးညှင်း၊ လက်သည်း ခြေသည်း၊ သွား၊ အရေ" ဟု မြန်မာဘာသာဖြင့် ဖြစ်စေ ရွတ်ဆို ဆင်ခြင်စေရ၏၊

ထိုဆံပင် စသည်တို့သည် အဆင်း၊ အနံ့၊ ပုံသဏ္ဌာန်၊ မှီရာအကြောင်း၊ တည်ရာ အရပ်အားဖြင့် မတင့်မတယ် ရွံစဖွယ်ဖြစ်ပုံ၊ အသက်ဝိညာဉ်၊ ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ပုံတို့ကို နားလည်အောင် ရှင်းပြသင်ကြားပေးပြီး ဆင်ခြင် နှလုံးသွင်းစေရမည်ဟု အဋ္ဌကထာ ဆရာမိန့်တော်မူသည်။ (ဝိဋ္ဌ- ၃၊ ၂၄၉)

တစပဉ္စက ကမ္မဋ္ဌာန်း

ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော။ တစော၊ ဒန္တာ၊ နခါ၊ လောမာ၊ ကေသာ။

ဆံပင်၊ မွေးညှင်း၊ လက်သည်း ခြေသည်း၊ သွား၊ အရေ။
အရေ၊ သွား၊ လက်သည်း ခြေသည်း၊ မွေးညှင်း၊ ဆံပင်။

ဤ ဆံပင် တို့သည် အဆင်း၊ အနံ့၊ ပုံသဏ္ဌာန်၊ မှီရာအကြောင်း၊ တည်ရာအရပ်အားဖြင့် မသတီစရာ ရွံ့စရာသာ ဖြစ်ကြကုန်၏၊ စက်ဆုတ်စရာသာ ဖြစ်ကြကုန်၏၊ အသက်ဝိညာဉ်၊ ပုဂ္ဂိုလ် သတ္တဝါ မဟုတ်ကြပါချေ။

ဤ မွေးညှင်း တို့သည် အဆင်း၊ အနံ့၊ ပုံသဏ္ဌာန်၊ မှီရာအကြောင်း၊ တည်ရာအရပ်အားဖြင့် မသတီစရာ ရွံ့စရာသာ ဖြစ်ကြကုန်၏၊ စက်ဆုတ်စရာသာ ဖြစ်ကြကုန်၏၊ အသက်ဝိညာဉ်၊ ပုဂ္ဂိုလ် သတ္တဝါ မဟုတ်ကြပါချေ။

ဤ လက်သည်း ခြေသည်း တို့သည် အဆင်း၊ အနံ့၊ ပုံသဏ္ဌာန်၊ မှီရာအကြောင်း၊ တည်ရာအရပ်အားဖြင့် မသတီစရာ ရွံ့စရာသာ ဖြစ်ကြကုန်၏၊ စက်ဆုတ်စရာသာ ဖြစ်ကြကုန်၏၊ အသက်ဝိညာဉ်၊ ပုဂ္ဂိုလ် သတ္တဝါ မဟုတ်ကြပါချေ။

ဤ သွား တို့သည် အဆင်း၊ အနံ့၊ ပုံသဏ္ဌာန်၊ မှီရာအကြောင်း၊ တည်ရာအရပ်အားဖြင့် မသတီစရာ ရွံ့စရာသာ ဖြစ်ကြကုန်၏၊ စက်ဆုတ်စရာသာ ဖြစ်ကြကုန်၏၊ အသက်ဝိညာဉ်၊ ပုဂ္ဂိုလ် သတ္တဝါ မဟုတ်ကြပါချေ။

ဤ အရေထူ အရေပါး တို့သည် အဆင်း၊ အနံ့၊ ပုံသဏ္ဌာန်၊ မှီရာအကြောင်း၊ တည်ရာအရပ်အားဖြင့် မသတီစရာ ရွံ့စရာသာ ဖြစ်ကြကုန်၏၊ စက်ဆုတ်စရာသာ ဖြစ်ကြကုန်၏၊ အသက်ဝိညာဉ်၊ ပုဂ္ဂိုလ် သတ္တဝါ မဟုတ်ကြပါချေ။

တစပဉ္စက ကမ္မဋ္ဌာန်းကို ဆံချယင်း စီးဖြန်းပွါးများခြင်းကြောင့် တရားသားတက်ကာ အရဟတ္တဖိုလ်အထိ ရရှိကြသည့် သံကိစ္စသာမဏေ စသော သာမဏေကျော်များမှာ အားကျစရာ ကောင်းလှ၏၊

လူနံ့ပျောက်အောင် ဆံချ ပြီးလျှင် လူနံ့ ပျောက်အောင် ဦးခေါင်းကိုရော ခန္ဓာကိုယ်ကိုပါ နနွင်းမှုန့်ဖြင့် ဖြစ်စေ၊ နံ့သာမှုန့်ဖြင့် ဖြစ်စေ လိမ်းကျံ ပွတ်နယ်ပေးရမည်ဟု အဋ္ဌကထာ ညွှန်ကြား၏၊

သင်္ကန်းပေးခြင်း ထို့နောက်မှ ဥပဇ္ဈာယ်ဆရာ ကိုယ်တိုင် ဖြစ်စေ၊ အခြား ရဟန်း တပါးပါး၊ သာမဏေ တပါးပါး၊ ဥပသကာ တဦးဦးကို စေခိုင်း၍ ဖြစ်စေ ရှင်လောင်းအား သင်္ကန်းပေး၍ ဝတ်ပေးရ၏၊ မစေခိုင်းပဲနှင့် သင်္ကန်းဝတ်လာလျှင် ထိုသင်္ကန်းကို ချွတ်စေ၍ တဖန် သင်္ကန်းပေး၍ ဝတ်စေရာ၏၊

ဥပဇ္ဈာယ်ဆရာ ကိုယ်တိုင်ပေးသော သင်္ကန်းဖြင့် ဖြစ်စေ၊ ဥပဇ္ဈာယ်ဆရာက စေခိုင်း၍ ပေးသော သင်္ကန်းဖြင့် ဖြစ်စေ ရှင်ပြု ပေးမှသာလျှင် အပ်၏၊

မိမိကိုယ်ပိုင် သင်္ကန်းကို ယူလာသော ရှင်လောင်းသည် မိမိသင်္ကန်းကို ဥပဇ္ဈာယ်ဆရာထံ အပ်နှံ၍ ဆရာက ပေးသော သင်္ကန်းကိုသာ ဝတ်ရုံပြီးလျှင် ရှင်သာမဏေအဖြစ် ခံယူရသည်။

ထို့ကြောင့်ပင် ဝိမတိဝိနောဒနီကာဋီရှင် က "သဗ္ဗ ဒုက္ခ နိဿရဏတ္ထာယ ဣမံ ကာသာဝံ ဂဟေတွာ ပဗ္ဗာဇေထ မံ ဘန္တေ အနုကမ္ပံ ဥပါဒါယ" ဟု ဆရာ့ထံ သင်္ကန်းအပ်ပုံ အစီအရင်ကို လည်းကောင်း၊ "ဣမံ ကာသာဝံ ဂဟေတွာ" နေရာ၌ "တံ ကာသာဝံ ဒတွာ" ဟု ပြောင်းလဲ ရွတ်ဆို၍ ဆရာ့ထံမှ သင်္ကန်းတောင်းပုံ အစီအရင်ကို လည်းကောင်း စီစဉ် ညွှန်ကြားခဲ့ပေသည်။ (ဝိမတိ-ဋီ ၂၊ ၉၅)

ယင်း အစီအရင်ကို မှီး၍ ယခုခေတ် "သကလ ဝဋ ဒုက္ခ နိဿရဏ" စသော သင်္ကန်းအပ် သင်္ကန်းတောင်း များကို ဆရာမြတ်တို့ စီစဉ်ထားကြခြင်း ဖြစ်၏၊

ဆရာ့အထံ သင်္ကန်း အပ်ရန်

သကလ ဝဋဒုက္ခ နိဿရဏ နိဗ္ဗာနဿ သစ္ဆိကရဏတ္ထာယ ဣမံ ကာသာဝံ ဂဟေတွာ ပဗ္ဗာဇေထ မံ ဘန္တေ အနုကမ္ပံ ဥပါဒါယ။

[ အရှင်ဘုရား၊ အလုံးစုံသော သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်သော နိဗ္ဗာန်ကို မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် မျက်မှောက်ပြုပါရခြင်း အကျိုးငှာ တပည့်တော်၏ လက်၌ရှိသော ဤ သင်္ကန်းကို ယူတော်မူ၍ တပည့်တော်ကို သနားစောင့်ရှောက်ချီးမြှောက်သော အားဖြင့် ရှင်သာမဏေ ပြုပေးတော်မူပါ ဘုရား။ ]

ဆရာ့ထံမှ သင်္ကန်းတောင်းရန်

သကလ ဝဋဒုက္ခ နိဿရဏ နိဗ္ဗာနဿ သစ္ဆိကရဏတ္ထာယ ဧတံ ကာသာဝံ ဒတွာ ပဗ္ဗာဇေထ မံ ဘန္တေ အနုကမ္ပံ ဥပါဒါယ။

[ အရှင်ဘုရား၊ အလုံးစုံသော သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်သော နိဗ္ဗာန်ကို မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် မျက်မှောက်ပြုပါရခြင်း အကျိုးငှာ တပည့်တော်ကို သနားစောင့်ရှောက် ချီးမြှောက်သောအားဖြင့် ရှင်သာမဏေ ပြုပေးတော်မူပါ ဘုရား။ ]

ရှင်သာမဏေအဖြစ် တောင်းခံရန်

အဟံ ဘန္တေ တိသရဏေန သဟ ဒသ သာမဏေရ ပဗ္ဗဇ္ဇသီလံ ဓမ္မံ ယာစာမိ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

ဒုတိယမ္ပိ

အဟံ ဘန္တေ တိသရဏေန သဟ ဒသ သာမဏေရ ပဗ္ဗဇ္ဇသီလံ ဓမ္မံ ယာစာမိ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

တတိယမ္ပိ

အဟံ ဘန္တေ တိသရဏေန သဟ ဒသ သာမဏေရ ပဗ္ဗဇ္ဇသီလံ ဓမ္မံ ယာစာမိ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

[ အရဟတော = ပူဇော်အထူးကို ခံတော်မူထိုက်သော၊ သမ္မာသမ္ဗုဒ္ဓဿ = သိစရာမှန်သမျှ တစမကျန် သယမ္ဘူဉာဏ်ဖြင့် အမှန်အတိုင်း သိတော်မူသော၊ တဿဘဂဝတော = ထိုမြတ်စွာဘုရားအား၊ နမော = ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ အရှင်ဘုရား။ ]

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ သရဏံ ဂစ္ဆာမိ။ သံဃံ သရဏံ ဂစ္ဆာမိ။

ဒုတိယမ္ပိ

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ သရဏံ ဂစ္ဆာမိ။ သံဃံ သရဏံ ဂစ္ဆာမိ။

တတိယမ္ပိ

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ သရဏံ ဂစ္ဆာမိ။ သံဃံ သရဏံ ဂစ္ဆာမိ။

မြတ်စွာဘုရားကို အားကိုးရာ ဟူ၍ ယုံကြည်ဆည်းကပ်ပါ၏၊

မြတ်စွာဘုရား၏ တရားတော်မြတ်ကို အားကိုးရာ ဟူ၍ ယုံကြည် ဆည်းကပ်ပါ၏၊

မြတ်စွာဘုရား၏ တပည့်သား သံဃာတော်မြတ်အပေါင်းကို အားကိုးရာ ဟူ၍ ယုံကြည် ဆည်းကပ် ပါ၏၊

၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

[ သတ္တဝါ၏ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏၊ ]

၂။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

[ သူတပါး၏ ပစ္စည်းကို မတရားယူခြင်းမှ ရှောင်ကြဉ်ပါ၏၊ ]

၃။ အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

[ မမြတ်သော အကျင့်ကို ကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏၊ ]

၄။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

[ မမှန်သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏၊ ]

၅။ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

[ မူးယစ် မေ့လျော့စေတတ်သော အရက်သေစာတို့ကို သောက်စားခြင်းမှ ရှောင်ကြဉ်ပါ၏၊ ]

၆။ ဝိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

[ နေမွန်းလွဲသော အခါမှ စ၍ နောက်တနေ့ အရုဏ်မတက်မီအတွင်း စားဖွယ် သောက်ဖွယ်ကို စားသောက်ခြင်းမှ ရှောင်ကြဉ်ပါ၏၊ ]

၇။ နစ္စ ဂီတ ဝါဒိတ ဝိသူကဒဿနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

[ သာသနာတော်နှင့် မလျော် ဆန့်ကျင် ငြောင့်တံကျင်သဖွယ် ဖြစ်သော ကခြင်း၊ သီဆိုခြင်း၊ တီးမှုတ်ခြင်းတို့ကို ကြည့်ရှု နားတောင်ခြင်းမှ ရှောင်ကြဉ်ပါ၏၊ ]

၈။ မာလာ ဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

[ ပန်းပန်ခြင်း၊ အမွှေးနံ့သာ လိမ်းကျံ ရှူရှိုက်ခြင်း၊ နံ့သာမှုန့် အရောင်တင်ဆီတို့ဖြင့် တင့်တယ် ပြေပြစ်အောင် ဖို့သိပ် ခြယ်သခြင်းမှ ရှောင်ကြဉ်ပါ၏၊ ]

၉။ ဥစ္စာသယန မဟာသယနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

[ တတောင့်ထွာထက် ပို၍ မြင့်သော အိပ်ရာ နေရာ၊ အလွန် ကောင်းမွန် ခမ်းနားသော အိပ်ရာ နေရာ တို့၌ နေထိုင် အိပ်စက်ခြင်းမှ ရှောင်ကြဉ်ပါ၏၊ ]

၁၀။ ဇာတရူပ ရဇတပ္ပဋိဂ္ဂဟဏာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

[ ရွှေ ငွေ ဒင်္ဂါး အကြွေ ငွေစက္ကူ တို့ကိုကိုင်ခံခြင်းမှ ရှောင်ကြဉ်ပါ၏၊ ]

ဣဒံ မေ သီလံ မဂ္ဂဖလဉာဏဿ ပစ္စယောဟောတု။

[ တပည့်တော်၏ ဤ ဆယ်ပါးသီလသည် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်အား ကျေးဇူးပြုသော အကြောင်း အထောက်အပံ့ ဖြစ်ပါစေသတည်း။ ]

ဥပဇ္ဈာယ်ယူရန်

ဥပဇ္ဈာယော မေ ဘန္တေ ဟောဟိ။

ဥပဇ္ဈာယော မေ ဘန္တေ ဟောဟိ။

ဥပဇ္ဈာယော မေ ဘန္တေ ဟောဟိ။

[ အရှင်ဘုရား၊ အရှင်ဘုရားသည် တပည့်တော်၏ အပြစ်ကြီး အပြစ်ငယ် တို့ကို ကြည့်ရှု၍ ဆိုဆုံးမသော ဥပဇ္ဈာယ် ဆရာ ဖြစ်တော်မူပါ အရှင်ဘုရား။ ]

သရဏဂုံဖြင့် ရှင်ပြု ရှင်သာမဏေလောင်းများသည် ဘုရား၊ တရား၊ သံဃာ ရတနာ သုံးပါးကို အားကိုး အားထားရာ ကိုးကွယ်ရာအဖြစ် ယုံကြည် ဆည်းကပ်ကြောင်း နှုတ်က ထုတ်ဖော်ပြောဆိုလျှင် သာမဏေ ဖြစ်တော့၏၊ ပါဠိဘာသာဖြင့် "ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ" စသည်ကို ဆရာချပေးသည့်အတိုင်း လိုက်၍ ရွတ်ခြင်းသည် ယုံကြည် ဆည်းကပ်ကြောင်း ထုတ်ဖော် ပြောဆိုခြင်းပင်ဖြစ်၏၊ ဤသည်ကို သရဏဂုံ ခံယူဆောက်တည်သည်ဟု ခေါ်ဝေါ် ပြောဆိုကြ၏၊

သရဏဂုံကို ရွတ်ဆိုစေ၍ ရှင်ပြုပေးသော ဤ အစဉ်အလာသည် ကပ္ပိလဝတ်ပြည်၌ မြတ်စွာဘုရား၏ အမိန့်တော်အရ ရာဟုလာကို အရှင်သာရိပုတ္တရာ ရှင်ပြုပေးချိန်မှ ယခုအထိ ထေရဝါဒ ဗုဒ္ဓ ဘာသာဝင်များ ပြုပြင်ပြောင်းလဲမှု မရှိပဲ ကျင့်သုံးလာသော အစဉ်အလာ ဖြစ်၏၊ ထို ရာဟုလာ ရှင်ပြုပွဲ၌ မြတ်စွာဘုရားက "ရဟန်းတို့၊ ဤ သရဏဂုံ သုံးပါးတို့ဖြင့် ရှင်ပြုပေးခြင်းကို ခွင့်ပြုတော်မူသည်" ဟု ခွင့်ပြုမိန့် ထုတ်တော်မူခဲ့၏၊

အဓိပ္ပာယ်သိမှ ပိုကောင်းသည် ရှင်တော် မြတ်ဘုရား၏ ဤ ခွင့်ပြုမိန့်တွင် "သရဏဂုံ၏ အနက်အဓိပ္ပာယ်ကို နားလည်သဘောပေါက်အောင် ပြောပြ၍ သရဏဂုံ ပေးရမည်" ဟူသော သဘော တိုက်ရိုက် မပါရှိပေ။ သို့သော်လည်း ထိုခေတ်က ပါဠိ ဘာသာဖြင့် "ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ" ဟု ရွတ်ဆိုလျှင် အဓိပ္ပာယ်ပါ နားလည်ပြီး ဖြစ်၍ အထူး မိန့်တော်မမူခြင်း ဖြစ်သည်ဟု ယူဆလျှင် ပို၍ သင်လျော်ဖွယ် ရှိပါသည်။ မည်သို့ပင်ဖြစ်စေ သရဏဂုံ၏ အဓိပ္ပာယ်ကို အကြမ်းဖျင်းမျှပင်ဖြစ်စေ ရှင်သာမဏေလောင်း နားလည်အောင် ရှင်းပြပြီးမှ သရဏဂုံကို ပါဠိလိုရော မြန်မာလိုပါ ရွတ်ဆို၍ ခံယူတောက်တည်စေလျှင် အကောင်းဆုံး ရှင်ပြုပေးခြင်း ဖြစ်ဖွယ်ရှိပါသည်။

ဌာန် ကရိုဏ်း ပယတ် ဤသို့ သရဏဂုံကို ရွတ်ဆို ဆောက်တည်ရာ၌ ဆရာရော တပည့်ပါ ဌာန် ကရိုဏ်း ပယတ် ပီပြင်အောင် ရွတ်ဆိုရမည်၊ ဥဘတောသုဒ္ဓိ ဖြစ်စေရမည် ဟု အဋ္ဌကထာဆရာ မိန့်တော်မူ၏၊

ပါဠိ ဘာသာသည် အိန္ဒိယသားတို့၏ ဘာသာဖြစ်၍ ယင်းကို ရွတ်ဆိုရန် ဌာန် ကရိုဏ်း ပယတ် တို့ကိုလည်း အိန္ဒိယသားတို့၏ နှုတ်၊ အာ၊ လျှာ အနေအထားအလိုက် ရွတ်ဆိုနည်း စည်းမျဉ်းသတ်မှတ်ထားခြင်း ဖြစ်၏၊ သို့ဖြစ်ရာ အိန္ဒိယသား နှင့် အိန္ဒိယနွယ်သီဟိုဠ်သားတို့အတွက် ဌာန် ကရိုဏ်း ပယတ် ပီပြင်အောင် ရွတ်ဆိုရန် ခဲယဉ်းမည် မဟုတ်ပေ။ အက္ခရာ ရွတ်ရာတွင် အိန္ဒိယ သားတို့နှင့် နှုတ်၊ အာ၊ လျှာ အနေအထား မတူသော မြန်မာတို့ အဖို့မှာမူ ကျမ်းဂန်လာအတိုင်း ရွတ်ဆိုရန် ခဲယဉ်းလှ၏၊

တာလုဇ အက္ခရာ ပါဠိအက္ခရာတို့ကို ရွတ်ဆိုရာ၌ မြန်မာနှင့် အိန္ဒိယသား သီဟိုဠ်သားတို့ နှုတ်၊ အာ၊ လျှာ အနေအထား မတူသဖြင့် အသံထွက် ကွဲပြား ခြားနားသော အက္ခရာ အချို့ရှိ၏၊ မြန်မာတို့၏ စဆဇဈည အသံများကို အိန္ဒိယသား သီဟိုဠ်သားတို့က ကျချဂျဃျည ဟု အသံ ထွက်ကြသည်ကို အများအသိပင်။ ဤ အသံထွက်ပုံ နှစ်မျိုးကို တလှည့်စီ ထပ်ခါ ထပ်ခါ ရွတ်ဆိုကြည့်လျှင် ဌာန် ကရိုဏ်း ပယတ် မတူသည်ကို ရိပ်မိ သိရှိနိုင်၏၊ မည်သည့် အသံက အာစောက်အရပ်(တာလုဌာန်) ၌ ဖြစ်သော တာလုဇ အက္ခရာသံ ဖြစ်ဖွယ် ရှိသည်ကို စိစစ်ကြည့်သင့်၏၊

မြန်မာကလေးငယ်တို့ စကားပြောတတ်စ အခါ၌ များသော အားဖြင့် "ထမင်း ချားတယ်၊ ထမင်း ကျားမယ်၊ အမေ ဂျေးသွားတယ်" စသည်ဖြင့် အိန္ဒိယအသံ သီဟိုဠ်သံ ထွက်လေ့ရှိကြ၏၊ ကြီးလာ၍ ပြုပြင်ပြောသောအခါမှ မြန်မာသံ ထွက်လာကြ၏၊

မုဒ္ဓဇ အက္ခရာ မုဒ္ဓဌာန် (= လျှာထိပ်အရပ် = အာထိပ်အရပ်) ၌ ဖြစ်သည်ဟု ကျမ်းဂန်က သတ်မှတ်ထားသော ဋဌဍဎဏ အက္ခရာတို့ကို ရွတ်ဆိုရာ၌မူ မြန်မာ အိန္ဒိယ သီဟိုဠ် တို့ သုံးဦးလုံးပင် ဌာန် ကရိုဏ်း ပယတ် အနေဖြင့် တူညီကြသည်ဟု ထင်ပါသည်။

ဒန္တဇ အက္ခရာ ဒန္တဌာန် (= သွားအရပ်) ၌ ဖြစ်သည်ဟု ကျမ်းဂန်က သတ်မှတ်ထားသော တထဒဓန အက္ခရာတို့ကို ရွတ်ဆိုရာ၌မူ မြန်မာ အများစု၏ သဘာဝအသံမှာ ဋဌဍဎဏ အသံအတိုင်းပင် လျှာထိပ် = အာထိပ်အရပ် (မုဒ္ဓဌာန်) ၌ အသံ ဖြစ်ပေါ်၍ အိန္ဒိယ သီဟိုဠ် တို့ကမူ လျှာဖျားနှင့် သွားကိုထိ၍ ရွတ်ကြသဖြင့် သွားအရပ် (ဒန္တဌာန်) ၌ အသံဖြစ်ပေါ်၏၊ ဤ အချက်မှာ သတိပြုစရာ ဖြစ်၏၊

ဒန္တောဋ္ဌဇ အက္ခရာ သွား နှုတ်ခမ်း နှစ်ခု ပေါင်းအရပ် (ဒန္တောဋ္ဌ) ၌ ဖြစ်သော အက္ခရာဟု ကျမ်းဂန်က သတ်မှတ်ထားသော "" အက္ခရာကို မြန်မာတို့က နှုတ်ခမ်းကို ဝိုင်း၍ သွားနှင့် မထိပဲ အသံထွက် ရွတ်ဆိုကြ၏၊ အိန္ဒိယ သီဟိုဠ် တို့ကမူ နှုတ်ခမ်းဖျားကို သွားဖျားနှင့် စဉ်းငယ်ထိ၍ အသံထွက် ရွတ်ဆိုကြ၏၊ ထို့ကြောင့်ပင် "" ကို အင်္ဂလိပ် အက္ခရာနှင့် ဖလှယ်သော အခါ အသံထွက်ပုံ နီးစပ်သည့် v အက္ခရာဖြင့် va ဟု စာလုံးပေါင်းကြ၏၊

သိထိလ နှင့် ဓနိတ ဗျာကရုဏ်း ကျမ်းများ၌ ငါးလုံးစု အက္ခရာများထဲမှ ပထမနှင့် တတိယ အက္ခရာတို့ကို သိထိလ(= သံလျော့) အက္ခရာများဟု သတ်မှတ်၍ ဒုတိယနှင့် စတုတ္ထ အက္ခရာများကို ဓနိတ(=သံတင်း) အက္ခရာများဟု သတ်မှတ်ထား၏၊ က ဂ၊ စ ဇ၊ ဋ ဍ၊ တ ဒ၊ ပ ဗ၊ တို့သည် သိထိလ။ ခ ဃ၊ ဆ ဈ၊ ဌ၊ ဎ၊ ထ ဓ၊ ဖ ဘ တို့သည် ဓနိတ အက္ခရာများဖြစ်ကြ၏၊

ပထမ နှင့် ဒုတိယ မြန်မာတို့သည် ပထမ အက္ခရာ (သိထိလ) များနှင့် ဒုတိယ အက္ခရာ (ဓနိတ) များကို အထူး ဂရုမစိုက်ရပဲ လျော့သံ တင်းသံ(သိထိလ ဓနိတ) ကွဲပြားအောင် အသံထွက်၍ ရွတ်ဆိုနိုင်ကြ၏၊ ရွတ်လဲ ရွတ်ဆိုနေကြ၏၊ ပုံစံမှာ က နှင့် ခ၊ စ နှင့် ဆ၊ ဋ နှင့် ဌ၊ တ နှင့် ထ၊ ပ နှင့် ဖ တို့ဖြစ်ကြ၏၊ အချို့သော သီဟိုဠ်သားများ ယင်း အက္ခရာအစုံတို့ကို သံလျော့ သံတင်း ပီပြင် ထင်ရှားစွာ ကွဲပြားအောင် မရွတ်ဆိုနိုင်ကြသည်ကို တွေ့ဖူး၏၊

တတိယ နှင့် စတုတ္ထ ထို့အတူပင် တတိယ(သိထိလ) အက္ခရာများနှင့် စတုတ္ထ(ဓနိတ) အက္ခရာများကို အိန္ဒိယ သီဟိုဠ်သားတို့ သံလျော့ သံတင်း (သိထိလ ဓနိတ) ကွဲပြားအောင် ရွတ်ဆိုကြ၏၊ ပုံစံမှာ ဂ နှင့် ဃ၊ ဇ နှင့် ဈ၊ ဍ နှင့် ဎ၊ ဒ နှင့် ဓ၊ ဗ နှင့် ဘ တို့ ဖြစ်ကြ၏၊ ယင်း အက္ခရာ အစုံအစုံတို့ကို မြန်မာ အများစုက သံလျော့(သိထိလ) သံတင်း (ဓနိတ) အသံထွက် ကွဲပြားအောင် ရွတ်ဆိုဖို့ အတန်ခဲယဉ်းပေသည်။

မြန်မာရွတ်ပုံ မြန်မာတို့သည် သိထိလ အက္ခရာကို ထွက်နေကျသံမှန်အတိုင်း သက်သက်သာသာရွတ်၍ ဓနိတ အက္ခရာကို ပြင်းပြင်းထန်ထန် အသံထွက် ရွတ်ခြင်းဖြင့် သိထိလ နှင့် ဓနိတ အသံကွဲပြားအောင် ရွတ်ကြ၏၊ ထို့ကြောင့် "ဂေါ" ကို သံမှန်ဖြင့် ရွတ်၍ "ဃော" ကို ပြင်းပြင်း ရွတ်ဆိုကြရ၏၊ အခြားသော ဇဈ၊ ဍဎ၊ ဒဓ၊ ဗဘ တို့ကို လည်း ထိုနည်းတူ ကွဲပြားအောင် ရွတ်ကြရ၏၊

အိန္ဒိယ သီဟိုဠ်တို့ ရွတ်ပုံ အိန္ဒိယ သီဟိုဠ် တို့ကမူ ထိုသို့ မရွတ်ပေ။ သိထိလ ဓနိတ နှစ်မျိုးလုံးကိုပင် သံမှန်ဖြင့် အသံထွက် ကွဲပြားအောင်ရွတ်ကြ၏၊ သူတို့ရွတ်နည်းမှာ သိထိလ အက္ခရာ၏ မူလ အသံ၌ မပီသ မထင်ရှားလှသော ဟ သံကလေးစဉ်းငယ် ယှဉ်တွဲလျက် ရွတ်သည့်နည်းဖြစ်၏၊ ထို့ကြောင့် သူတို့ ရွတ်သည့်အတိုင်း ပါဠိအက္ခရာတို့ကို အင်္ဂလိပ် အက္ခရာတို့ဖြင့် ဤသို့ စာလုံးပေါင်းကြ၏၊

သိထိလ

ဂ ga
ဇ ja
ဍ da
ဒ da
ဗ ba

ဓနိတ

ဃ gha
ဈ jha
ဎ dha
ဓ dha
ဘ bha

မတူလို့ ခက်ခဲ ဤ ဖော်ပြပါ အချက်အလက် များမှာ ဤ စာရေးသူ သတိထား၍ လေ့လာမိသမျှသာ ရှိသေး၏၊ အခြားသော ကွဲလွဲချက်များလည်း ရှိနိုင်ပေသေးသည်။ သို့ဖြစ်ရာ အိန္ဒိယဖြစ် သီဟိုဠ်ဖြစ် ကျမ်းဂန်များ၌ အိန္ဒိယသား သီဟိုဠ်သားတို့ သူတို့၏ နှုတ်၊ အာ၊ လျှာ အနေအထားအရ ရွတ်ဖတ်နည်း စည်းကမ်း သတ်မှတ်ထားသည့် ဌာန် ကရိုဏ်း ပယတ် များနှင့် ညီညွတ်အောင် သူတို့နှင့် နှုတ်၊ အာ၊ လျှာ အနေအထား မတူသော စာရေးသူတို့ မြန်မာများက ရွတ်ဆိုရန်မှာ အတော်လေး ခက်ခဲသော ကိစ္စ ဖြစ်၏၊

သို့သော် သူတို့၏ အသံထွက်ပုံ ထွက်နည်း ရွတ်ပုံရွတ်နည်းကို နားလည် သဘောပေါက်အောင် လေ့လာ၍ ကြိုးကြိုးစားစားလေ့ကျင့် သင်ယူလျှင်ကား သဘာဝသံ မဟုတ်သော လုပ်သံဖြင့် အတော်အသင့်တော့ ရွတ်နိုင် ဖတ်နိုင် တန်ရာပေသည်။ အဋ္ဌကထာဆရာကြီး ညွှန်ကြားသော ဥဘတောသုဒ္ဓိ ဖြစ်တန်သလောက် ဖြစ်နိုင်တန်ရာပေသည်။

သိက္ခာပုဒ် ဆောက်တည်သင့်

မြဲရာသံပတ် ရှင်သာမဏေလောင်းတို့သည် သရဏဂုံ ခံယူဆောက်တည်ပြီးလျှင် ပြီချင်း ရှင်သာမဏေအဖြစ်သို့ ရောက်လေ၏၊ ဆယ်ပါး သီလသည်လည်း သရဏဂုံ သုံးပါးနှင့်အတူ ရှင်သာမဏေသစ်၏ သန္တာန်၌ တည်ရှိလာတော့၏၊ ဆယ်ပါးသီလကို သီးခြား ခံယူဆောက်တည်ရန် မလိုပေ။ သို့သော်လည်း မြဲရာသံပတ် ဆိုသကဲ့သို့ နောက်အခါ၌ ကောင်းစွာ စောင့်စည်းစိမ့်သောငှာ ထပ်မံ ခံယူစေသင့်၏၊ (ဝိ-ဋ္ဌ ၃၊ ၂၉၆)

ရဟန်းတော်များမှာ သိမ်အတွင်း၌ ဥပသမ္ပကမ္မဝါစာ ဆုံးလျှင်ဆုံးချင်း ရဟန်းအဖြစ်သို့ ရောက်လေသည်။ ထိုအချိန်ထိုခဏကစ၍ အကျဉ်းအားဖြင့် ၂၂၇ ပါးသော ပါတိမောက္ခသံဝရ သီလတို့ကို (အထူး ဆောက်တည် မနေရပဲ) စောင့်ထိန်းဖို့ တာဝန် ရှိလာတော့၏၊ ထို့အတူပင် ရှင်သာမဏေများသည်လည်း ရှင်သာမဏေ ဖြစ်လျှင်ဖြစ်ချင်း ဆောက်တည်နေစရာမလိုပဲ ဆယ်ပါးသီလ တည်ရှိလာပြီဖြစ်၍ သီခြား ဆောက်တည် သည်ဖြစ်စေ၊ မဆောက်တည်သည် ဖြစ်စေ ထို ဆယ်ပါးသီလကို စောင့်စည်းထိန်းသိမ်းဖို့ တာဝန် ရှိလာတော့၏၊ ရှင်သာမဏေတို့၏ သရဏဂုံသည် ရဟန်းတော်တို့၏ ဥပသမ္ပဒကမ္မဝါစာနှင့် အလားတူ၏၊ (ဝိ-ဋ္ဌ ၃၊ ၂၉၆)

ဆယ်ပါးသီလနှင့် လိင်ဒဏ် ရှင်သာမဏေများ စောင့်ထိန်းရသော သီလဆယ်ပါးအနက် ပါဏာတိပါတ မှ သုရာမေရယ အထိ ရှေ့သီလငါးပါးတွင် တပါးပါးကို ကျူးလွန်လျှင် ခံယူ ဆောက်တည်ထားသော သရဏဂုံပျက်စီးသွားပြီ ဖြစ်၍ ရှင်သာမဏေ မဟုတ်တော့၊ လူ ဖြစ်သွားလေပြီ။ သင်္ကန်းဝတ်ထားသဖြင့် ရှင်သာမဏေ၏ အသွင်သာလျှင် ကျန်တော့၏၊ သင်္ကန်းဝတ်လူ ဖြစ်နေပေပြီ။

လိင်ပြန်ခြင်း ထို့ကြောင့် ဤ သင်္ကန်းဝတ် လူကို သူ့မှာ သရဏဂုံရော သီလပါ ပျက်စီးသွားပြီ ဖြစ်၍ သင်္ကန်းနှင့် မထိုက်တန်တော့သဖြင့် လူဝတ်လဲကာ လူ့အသွင်အပြင်သို့ ပြန်လည် ပြောင်းလဲ ပေးရ၏၊ ဤသည်ကိုပင် လိင်ပြန်သည်ဟု ခေါ်ဝေါ်ကြ၏၊ လိင်္ဂ ဆိုသည်မှာ "အသွင် အပြင်" ဟု အဓိပ္ပာယ် ရ၏၊ ထို့ကြောင့် လိင်ပြန်ခြင်း ဟူသည် လူ၏အသွင် အပြင် ပြန်လည် ပြောင်းလဲပေးခြင်းပင် ဖြစ်၏၊

မီးခိုးမရှိလျှင် မီးငြိမ်းကြောင်းသိ ရှေ့ဖြစ်သော သီလ ငါးပါးမှ တပါးပါးပျက်စီးသွားခြင်းကြောင့် ရတနာသုံးပါးကို ယုံကြည် ဆည်းကပ်မှု သရဏဂုံပါ ပျက်သွားသည့်သဘော ဖြစ်၏၊ မှန်ပေသည်၊ ရတနာသုံးပါးကို ယုံကြည်မှု မရှိတော့ခြင်းကြောင့်၊ သို့မဟုတ် ယုံကြည်မှု အလွန်အားနည်းသွားခြင်းကြောင့် သီလသိက္ခာကို ဖောက်ဖျက် ကျူးလွန်ခြင်း ဖြစ်သည်ဟု ယူဆနိုင်၏၊

ယုံကြည်မှု မရှိခြင်း၊ အလွန် အားနည်းခြင်းသည်အကြောင်း၊ သိက္ခာပုဒ်ကို ကျူးလွန် ဖောက်ဖျက်ခြင်းသည် အကျိုး ဖြစ်၏၊ မိးခိုး မရှိတော့၍ မီးငြိမ်းသွားပြီဟု သိရသကဲ့သို့ သိက္ခာပုဒ်ကို ဖောက်ဖျက်ခြင်း ဟူသော အကျိုးကို တွေ့ရသဖြင့် ယုံကြည်ဆည်းကပ်မှု သရဏဂုံ ပျက်သွားပြီ၊ သို့မဟုတ် အလွန်အားနည်း သွားပြီဟု သိနိုင်၏၊

သရဏဂုံ ပြန်ထပ် တကြိမ်တခါ မတော်တဆ ကျူးလွန်မိခြင်းဖြစ်၍ နောင်အခါ၌ မကျူးလွန်မိအောင် စောင့်စည်းလိုစိတ် ထက်သန်သော သူကိုမူ လူဝတ် မလဲစေ လိင် မပြန်စေပဲ သရဏဂုံ ထပ်မံ ပေးရ၏၊ သရဏဂုံဖြင်ပင် သီလ ပေးမှု ကိစ္စပါ အလိုအလျောက် ပြီးစီသွားပေပြီ။ သီးခြားပေးစရာ မလိုတော့ပေ။ သို့သော်လည်း စောင့်စည်းလိုစိတ် ပိုမို ထက်သန်စေရန် သီလ ထပ်မံပေးခြင်းက ပို၍ ကောင်း၏၊ ဥပဇ္ဈာယ်ကိုမူ ထပ်မံ ပေးရမည်။ (ဝိ-ဋ္ဌ ၃၊ ၂၉၆)

နောက် ငါးပါးပျက်လျှင် ဒဏ် ဆယ်ပါးသီလအနက် ဝိကာလဘောဇန မှ ဇာတရူပရဇတ အထိ တပါးပါးပျက်စီလျှင် လိင်ပြန်စေဖို့မလို၊ ဒဏ်ပေးရ၏၊ "ကိုရင်၊ သည်ကျောင်းကို မလာနှင့်" ဟု ပိတ်ပင် တားမြစ်သော "အာဝရဏဒဏ်" ကို ဖြစ်စေ၊ အခြားသော သဲဒဏ်၊ ရေဒဏ် စသည် သင့်လျော်သော ဒဏ်ကို ဖြစ်စေ ပေးရ၏၊

လိင် ဆယ်ပါး

အောက်ပါ အချက်တို့တွင် တချက်ချက်ကို ကျူးလွန်သော ရှင်သာမဏေကို လူဝတ် လဲပေးရ၏၊ လိင် ပြန်ပေးရ၏၊

၁။ သတ္တဝါ၏ အသက်ကို သတ်ခြင်း။

၂။ သူတပါး၏ ပစ္စည်းကို မတရားယူခြင်း။

၃။ မမြတ်သော မေထုန်အကျင့်ကို ကျင့်ခြင်း။

၄။ မမှန်သော စကားကို ပြောခြင်း။

၅။ အရက်သေစာ သောက်စားခြင်း။

(ဤ ငါးချက်သည် ဆယ်ပါးသီလ၌ ပါဝင်ပြီးဖြစ်၏၊)

၆။ မြတ်စွာဘုရားကို အပြစ်ပြောခြင်း၊ ကဲ့ရဲ့ခြင်း။

၇။ တရားတော်ကို အပြစ်ပြောခြင်း၊ ကဲ့ရဲ့ခြင်း။

၈။ သံဃာတော်ကို အပြစ်ပြောခြင်း၊ ကဲ့ရဲ့ခြင်း။

၉။ မိစ္ဆာဒိဋ္ဌိ အယူ ယူခြင်း။

၁၀။ ဘိက္ခူနီမကို ဖျက်ဆီးခြင်း။

ဤ ဖောပြပါ ဆယ်ချက်အနက် တချက်ချက်ကို ကျူးလွန်လျှင် ရှင်သာမဏေ၏ အသွင်ကိုဖျက်၍ လူဝတ် လဲပေးရလောက်အောင် အပြစ်ကြီးသဖြင့် "လိင် ကျသည်" ဟု ပြောကြ၏၊

ယင်း ဆယ်ချက်အနက် စတုတ္ထအချက်နှင့် ပက်သက်၍ သတိပြုသင့်သည်မှာ ရယ်စရာအဖြစ် ပြောင်လှောင်၍ လိမ်ညာပြောလျှင်ပင် သီလ ပျက်စီး၍ လိင်ကျသည်ဆိုသော အချက်ပင်။

ပဉ္စမ အချက်၌ အရက်သေစာမှန်းသိလျက် သောက်မှသာ ရှင်သာမဏေ လိင်ကျ၏၊ မသိပဲ သောက်မိလျှင်ကား လိင်မကျပေ။ ရဟန်းတော်များမှာမူ မသိပဲ သောက်မိလျှင်လည်း အာပတ်သင်၏၊

(ဝိ၊ဋ္ဌ၊၃၊၂၉၈)

ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးတွင် တပါးပါး၏ ဂုဏ်တော်တို့ကို ထိပါးပုတ်ခတ်၍ အပြစ်ပြောသော သာမဏေကို ဆရာဥပဇ္ဈာယ်တို့က ရတနာသုံးပါးကို အပြစ်ပြောခြင်းကြောင့် ရနိုင်သော ဆိုးကျိုးတို့ကို ပြောပြ၍ အပြစ်မပြောရန်တားမြစ်ရမည်။

ထိုသို့ တားမြစ်ခြင်းကြောင့် အပြစ်ပြောမှုကို ရှောင်ကြဉ်ပါမည်ဆိုလျှင် ထို သာမဏေအား သဲဒဏ် ရေဒဏ် စသည် ပေးပြီးနောက် သံဃာ့အလယ်၌ သူ၏ အပြစ်ကို ထုတ်ဖော် လျှောက်ထား၍ ကန်တော့စေပြီးမှ သရဏဂုံ ပေးရမည်။ သီလပေး၍ ဥပဇ္ဈာယ် ယူစေရမည်။

ထိုသို့ ပြောပြ တားမြစ်ပါလျှက် မရှောင်ကြဉ်သော သာမဏေကို လိင်ပြန်ပေးရမည်။

(ဝိ၊ဋ္ဌ၊၃၊၂၉၆။ ဝိမတိ၊ဋီ၂၊၁၁၈)

ခြားနားချက် နောက်ဆုံး အချက်သည် တတိယ အချက်တွင် ပါဝင်ပြီး ဖြစ်စေကာမူ အပြစ် အကြီးအသေး အနေဖြင့် ခြားနားသောကြောင့် သီးခြား ပညတ်တော်မူခြင်း၏၊ ခြားနားပုံမှာ တတိယ အချက်အရ ဘိက္ခူနီမ မဟုတ်သူတဦးဦးနှင့် မမြတ်သော အကျင့်ကို ကျင့်သော ရှင်သာမဏေသည် နောက်အခါ စောင့်စည်းလိုစိတ် ထက်သန်လျှင် သရဏဂုံပြန်ဆောက်တည်၍ ရှင်သာမဏေ ပြန်ဖြစ်နိုင်၏၊ ရဟန်းလည်းပြုပေးနိုင်၏၊ ဘိက္ခူနီမနှင့် မေထုန်ဆက်ဆံသော ရှင်သာမဏေမှာမူ ယခုဘဝ၌ ရှင်သာမဏေ ပြန်ဖြစ်ခွင့် မရှိတော့ပေ။ ရဟန်းဖြစ်ခွင့် မရှိတော့သည်မှာကား ဆိုဖွယ် မလိုတော့ပေ။ (ဝိ-ဋ္ဌ ၃၊ ၂၉၇) သို့သော် ယခုခေတ်၌ ဘိက္ခူနီမ မရှိတော့၍ ယခုခေတ်ကိုရင်များအတွက် ဤ အချက်နှင့် ပတ်သက်၍ စိတ်ချရ၏၊

ဒဏ် ဆယ်ပါး

အောက်ပါ အချက် ဆယ်ချက်ကို ကျူးလွန်သော ရှင်သာမဏေသည် အာဝရဏဒဏ်၊ သဲဒဏ်၊ ရေဒဏ် စသော ဒဏ်တခုခုကို ပေးသင့် ပေးထိုက်သူ ဖြစ်၍ ထို သာမဏေအားဒဏ်ပေးရမည်။ ဒဏ်ထိုက်သည်ဟု ခေါ်ရ၏၊

နေလွဲ ညစာ စားခြင်း။

က ဆို တီးမှုတ်ခြင်း၊ ယင်းတို့ကို ကြည့်ရှု နားထောင်ခြင်း။

ပန်းပန်ခြင်း၊ သနပ်ခါး ပေါင်ဒါ မိတ်ကပ် အမွှေး အကြိုင် လိမ်းကျံ ရှူရှိုက်ခြင်း။

မြင့်သောနေရာ မြတ်သော နေရာတို့၌ နေထိုင် အိပ်စက်ခြင်း။

ရွှေ ငွေ ဒင်္ဂါး အကြွေ ငွေစက္ကူတို့ကို ကိုင်ခံခြင်း။

(ဤ ငါးပါးမှာ ဆယ်ပါးသီလတွင် ပါဝင်ပြီးဖြစ်၏၊)

ရဟန်းတော်များ လာဘ် မရအောင် အားထုတ်ခြင်း။

ရဟန်းတော်များ အကျိုးပျက်စီးအောင် အားထုတ်ခြင်း။

ရဟန်းတော်များ နေမြဲကျောင်း၌ မနေရအောင် အားထုတ်ခြင်း

ရဟန်းတော်များကို ဆဲရေးခြင်း၊ ခြိမ်းခြောက်ခြင်း။

ရဟန်းတော်အချင်းချင်း ကွဲပြားအောင်ကုန်းတိုက်ခြင်း။

ပစ္စည်းလေးပါး ပစ္စဝေက္ခဏာ ဆင်ခြင်ရန်

သင်္ကန်း ချမ်း ပူ ကို ဖျက်၊ ခြင် မှက် လေ နေ၊ ကင်း မြွေ လွှဲသုန်၊ ဟိရီဂုဏ်ကို၊ ကုန်စေတတ်စွာ၊ ကိုယ် အင်္ဂါကို၊ လုံပါစေလို၊ ကိုယ်ကို စံပယ်၊ ဆင်ပြင်မယ်ဟု၊ စိတ်ဝယ်မသန်း၊ ဤ သင်္ကန်းကို၊ ဖုံးလွှမ်း သုံးဆောင်ပါသတည်း။

ဆွမ်း ဤသည့် စားဖွယ်၊ အမယ်မယ်ကို၊ မြူးရယ်မာန်ကြွ၊ လှပရေဆင်း၊ ပြည့်ဖြိုးခြင်းငှာ၊ မသုံးပါဘူး၊ လေးဖြာ ဓာတ်ဆောင်၊ ဤ ကိုယ်ကောင်သည်၊ ရှည်အောင်တည်လျက်၊ အသက်မျှတမ်း၊ မမောပန်းငြား၊ ဘုရားသာသနာ၊ ကျင့်နှစ်ဖြာကို၊ ကျင့်ပါနိုင်စေ၊ ဝေဒနာဟောင်းသစ်၊ မဖြစ်စေရ၊ ယာပိုထ် မျှလစ်၊ ခပ်သိမ်းပြစ်ကို၊ မဖြစ်လေအောင်၊ ချမ်းမြေ့အောင်ဟု၊ သုံးဆောင် မှီဝဲပါသတည်း။

ကျောင်း ချမ်း ပူ ကို ဖျက်၊ ခြင် မှက် လေ နေ၊ ကင်း မြွေ ဝေးမှု၊ ဥတုဘေးဘျမ်း၊ မသန်းကင်းစင်၊ စိတ်ကြည်လင်ကြောင်း၊ နေရာကျောင်းကို ကိန်းအောင်း မှီခိုပါသတည်း။

ဆေး ကျင်နာခံခက်၊ နှိပ်စက်ဖိစီး၊ ဖြစ်ပြီးဖြစ်လာ၊ ဝေဒနာကို၊ စွန့်ခွာပယ်လျင်း၊ ဆင်းရဲကင်း၍၊ လူမင်းမြတ်စွာ၊ သာသနာကို၊ ကြည်သာရွင်လန်း၊ ကျင့်ဖြည့်စွမ်းနိုင်ဖို့၊ ရည်မှန်းသုံးဆောင်ပါသတည်း။

အလုံးစုံ တခါတည်း ဖိနပ် ဆီမီး၊ ထီးတောင်ဝှေးစ၊ ဟူသမျှကို၊ အေးမြချမ်းပူ၊ မြေငူ သစ်ငုတ်၊ ခလုတ် ဆူးငြောင့်၊ မနှောင့် ဘေးဘျမ်း၊ မသန်းကင်းစင်၊ စိတ်ကြည်လင်၍၊ အားအင်ပြည့်မာ၊ သာသနာကို၊ ကောင်းစွာ ကျင့်ဆောင်၊ ဖြည့်နိုင်အောင်ဟု၊ သုံးဆောင် မှီဝဲပါသတည်း။

ဤ ပစ္စည်းလေးပါးကို ဆင်ခြင် သုံးစွဲရတွင် သင်္ကန်းကို ပြင်ဝတ်တိုင်း၊ ဆွမ်းကို ဆွမ်းလုတ်တိုင်း၊ ကျောင်းကို ကျောင်းဆောင်ထဲ ဝင်တိုင်း၊ ဆေးဝါးကို သုံးဆောင်တိုင်း ဆင်ခြင်ရ၏၊ ထိုသို့မှ မဆင်ခြင်နိုင်လျှင် အနည်းဆုံး တနေ့ တကြိမ်တော့ ဆင်ခြင်ရ၏၊

ဘာသာတရားများ

နှိုင်းယှဉ်ကြည့်တတ်ရန် ဤအခန်း၌ ထင်ရှားသော ဘာသာကြီးများ၏ အကြောင်းကို အခြေခံသဘောမျှ အနည်းငယ်စီ ဖော်ပြသင့်သည်ဟု ထင်ပါသည်။ အကြောင်းမှာ ကလေးသူငယ်များ ငယ်စဉ်ကစ၍ ဘာသာ တရား တခုနှင့်တခု နိုင်းယှဉ်လေ့လာပြီးလျှင် ဆင်ခြင်သုံးသပ်သည့် ဉာဏ် ရင့်သန်လာကာ အမှား အမှန်ကို ဝေဖန် ခွဲခြားတတ်စေလိုသောကြောင့် ဖြစ်ပါသည်။

ဟိန္ဒူဘာသာ

တည်တောင်သူ
- ?

စတင်ပေါ်ပေါက်ချိန်
- ခရစ်မပေါ်မီ နှစ် ၁၅၀၀ ခန့်

စတင်ပေါ်ပေါက်ရာဌာန
- အိန္ဒိယပြည်

ဘာသာ၏အထွတ်အထိပ်ပုဂ္ဂိုလ်
- ဗြဟ္မာဗိဿနိုးသိဝ

ပဓာန ကျမ်းဂန်
- ဝေဒ ကျမ်းများဥပနိသျှဒ် ကျမ်းများရာမာယနမဟာဘာရတဘဂဝဒ်ဂီတ

အခြေခံယုံကြည်ချက်များ ကမ္ဘာလောကနှင့် သတ္တဝါများကို ဗြဟ္မာ က ဖန်ဆင်းသည်။ ဗဿနိုးက ကာကွယ်စောင့်ရှောက်သည်။ သိဝ က ဖျက်ဆီးသည်။ ဗြဟ္မာကြီး၏ ကြင်ယာတော်က သူရဿတီဗိဿနိုး၏ ကြင်ယာတော်က လက္ချမီသိဝ ၏ ကြင်ယာတော်က ပဗ္ဗတီ အသီးသီး ဖြစ်ကြသည်။

ဗြဟ္မာ ဆိုသည်မှာ ပရမအတ္တပင်။ ပရမအတ္တသည် ကမ္ဘာလောကနှင့် သတ္တဝါများကို ဖန်ဆင်းသည်။ ထို့ကြောင့် အတ္တသည် အရာတိုင်းတွင် ပျံ့နှံ့လျက် တည်ရှိ၏၊ လောကသည်အတ္တ၊ လောကသည် ဗြဟ္မာ၊ သတ္တဝါသည် အတ္တ၊ သတ္တဝါသည် ဗြဟ္မာ၊ "သင်သည် အတ္တ ဖြစ်၏၊ သင်သည် ဗြဟ္မာဖြစ်၏၊" ဖန်ဆင်းရှင် အတ္တကို ပရမအတ္တ၊ သတ္တဝါတို့ သန္တာန်၌ တည်သော အတ္တကို ဇီဝအတ္တဟု ခွဲခြားရ၏၊ (မြန်မာ လူမျိုးတို့က အသက်၊ ဝိညာဉ်ဟု ခေါ်သော အရာကို ဟိန္ဒူက ဇီဝအတ္တ ဟု ခေါ်ခြင်းပင်။)

အတ္တသည် အမြတ်ဆုံး ဖြစ်၏၊ မပျက်မစီး အမြဲ တည်၏၊ သတ္တဝါ သေသော်လည်း အတ္တက မပျက်စီးပဲ သေသော သတ္တဝါ၏ ခန္ဓာကိုယ်မှ ထွက်ခွာ၍ နောက်ခန္ဓာကိုယ် တခုထဲသို့ ကူးပြောင်း တည်နေကာ နောက်တဘဝ စခန်းသွား၏၊ ဤနည်းဖြင့် တဘဝပြီး တဘဝ ကူးပြောင်းကာ အတ္တသည် သံသရာ လည်နေ၏၊

ယင်းသို့ သံသရာလည်နေခြင်းမှာ အတ္တကို လောဘ စသော ကိလေသာ အညစ်အကြေးတွေ ကပ်ငြိနေ၍ ကုသိုလ်ကံ အကုသိုလ်ကံတွေကို ပြုနေသောကြောင့် ဖြစ်၏၊ ထို ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးကို နောက်ဘဝ၌ အတ္တကပင်ခံစား၏၊

အတ္တမှ ကိလေသာ အညစ်အကြေးတွေ စင်ကြယ်သွားစေရန် ဂင်္ဂါမြစ် အတွင်း၌ ရေချိုးရ၏၊ ဂင်္ဂါမြစ်သည် ဟိမဝန္တာကေလာသ တောင်ထိပ်တွင် တရားထိုင်နေသော သိဝ နတ်မင်းကြီး၏ ဆံထုံးမှစ၍ စီးဆင်းလာသောကြောင့် မြတ်သောမြစ် ဖြစ်၏၊ ထို့ကြောင့် ဂင်္ဂါမြစ်၌ ရေချိုးလျှင် ကိလေသာ စင်ကြယ်၏၊

ယောဂ ခေါ်သည့် သမထ အလုပ်ကို အားထုတ်ခြင်းဖြင့်လည်း ကိလေသာကို စင်ကြယ်စေ၏၊ ယောဂ အကျင့်၏ စွမ်းအားဖြင့် အတ္တမှ ကိလေသာတွေ စင်ကြယ်သွားသောအခါ အတ္တသည် ဖြူစင် တောက်ပြောင်လာပြီးလျှင် ကုသိုလ်ကံ အကုသိုလ်ကံတွေကို မပြုတော့သဖြင့် သံသရာမှ လွတ်မြောက်၍ ပရမအတ္တနှင့် ပြန်လည် ပေါင်းဆုံမိကာ မောက္ခ(နိဗ္ဗာန်) ကို ရသွား၏၊

ပေါ်ပေါက်လာပုံ ဟိန္ဒူဘာသာကို မည်သည့် အချိန်က စတင် ပေါ်ပေါက်လာသည်ဟု ပြောရန် မလွယ်ကူပေ။ အဘယ့်ကြောင့်ဆိုသော် ယင်း ဘာသာ အခြေခံရာ ဖြစ်သည့် ဣရုဝေဒ (ရိဒ်ဝေဒ)ယဇုဝေဒသာမဝေဒအာထဗ္ဗဏဝေဒ ဟူသော ဝေဒကျမ်းဂန်တို့ ပေါ်ထွန်းရာခေတ်ကို တိကျစွာ သတ်မှတ်ဖို့ ခဲယဉ်းသောကြောင့်ပင်။ ထိုကျမ်းတို့၏ ခေတ်ကို အစောဆုံး ခရစ်မပေါ်မီ (ဘီစီ) နှစ် ၆၀၀၀ မှ နောက်အကျဆုံး နှစ် ၇၀၀ အထိ ခန့်မှန်းကြ၏၊ သို့သော် ခရစ်မပေါ်မီ နှစ် ၁၅၀၀ ခန့်ဟု ခန့်မှန်းသူ ပညာရှင်များက အများစု ဖြစ်၏၊

ထို ခန့်မှန်းချက်ကို အတည်ပြုလျှင် ဟိန္ဒူဘာသာ၏ သက်တမ်းသည် ခရစ်မပေါ်မီ (ဘီစီ) နှစ်ပေါင်း ၁၅၀၀၊ ခရစ် ပေါ်ပြီးနောက် (အေဒီ) နှစ်ပေါင်း ၁၉၈၄၊ နှစ်ရပ်ပေါင်းလျှင် ၃၄၈၄ နှစ် ကြာခဲ့ပြီဟု ဆိုရပေလိမ့်မည်။

ဟိန္ဒူဘာသာသည် (ဘီစီ) ၁၅၀၀ ခန့်က အာရှတိုက် အလယ်ပိုင်းမှ ရွှေ့ပြောင်းလာ၍ အိန္ဒိယပြည် အရှေ့မြောက်ပိုင်း၌ ဝင်ရောက်နေထိုင်သော အရိယန် လူမျိုးတို့၏ ဝေဒကျမ်းများ၌ အခြေခံသည်ဟု ယုံကြည်ကြ၏၊ ထို ဝေဒကျမ်းများကို ရေးသားသူကား မထင်မရှားပေ။ အချို့ ဟိန္ဒူများ၊ ဗြဟ္မဏများက ဝေဒကျမ်းများသည် လူသား တဦးဦး၏ လက်ရာမဟုတ်၊ ဖန်ဆင်းရှင် မဟာဗြဟ္မာ၏ တန်ခိုးကြောင့် ဖြစ်ပေါ်လာသော ကျမ်းများဖြစ်ကြောင်း ယုံကြည်ကြ၏၊

ရှေးကနှင့် မတူတော့ ဝေဒကျမ်းများ၌ အခြေခံခဲ့သော ဟိန္ဒူ=ဗြဟ္မဏဘာသာသည် နှစ်ပေါင်းများစွာ ခေတ်အဆက်ဆက်ကို ဖြတ်သန်းလာခဲ့ရသဖြင့် ယခုခေတ် ဟိန္ဒူတို့ ယုံကြည်ကိုးကွယ်သော ဟိန္ဒူ ဘာသာသည် ဝေဒခေတ် ဘာသာတရားနှင့် အတော်ကြီး ခြားနားနေပြီ ဖြစ်၏၊ ဝေဒခေတ်၌ ဣန္ဒြအဂ္ဂိနိဝရုဏ စသော နတ်တို့အား ယဇ်ပူဇော်ခြင်း၊ ဂါထာရွတ်ခြင်းကို အလေးပေးထားသောလည်း ဥပနိသျှဒ် စသော နောက်ပေါ် ဘာသာရေးကျမ်းများက ယဇ်ပူဇော်ခြင်း၊ ဂါထာရွတ်ခြင်းသည် အရေးမကြီး။ ဗြဟ္မာ= အတ္တကို မြင်အောင် ကြည့်နိုင်ဖို့သာ အရေးကြီးကြောင်း၊ ယဇ်ပူဇော်ခြင်း၊ ဂါထာရွတ်ခြင်း၊ ယဇ်သီချင်း ဆိုခြင်းဖြင့် မွန်မြတ်လှသော အတ္တကို မတွေ့နိုင် မမြင်နိုင်ကြောင်း ဖော်ပြကြ၏၊

ဘဂ ဝဒ်ဂီတ မဟာဘာရတ ၏ အစိတ်အပိုင်း ဖြစ်သော ဘဂဝဒ်ဂီတကျမ်း ၌လည်း အတ္တ၏ သဘော သဘာဝကို ပို၍ ပေါ်လွင်အောင် နည်းအမျိုးမျိုးဖြင့် ရှင်းလင်းဖွင့်ဆိုထား၏၊ အမွှန်းတင်ထား၏၊ ထို့ကြောင့် ဘဂ ဝဒ်ဂီတ ကဗျာကျမ်းသည် ယခုခေတ် ဟိန္ဒူဘာသာဝင်တို့ အရိုသေဆုံး အမြတ်နိုးဆုံး ဦးထိပ်ထက် ပန်ဆင်ထားသော ကျမ်းဖြစ်၏၊

တဆူတည်းမှ ကိုယ်ပွားသုံးဆူ ဝေဒကျမ်းများ၌ ဗိဿနိုးသိဝ (ရုဒြ)၊ ဗြဟ္မာ တို့သည် အလွန်ကြီး အရေးမပါကြ၊ တလုံးတစည်းတည်းလည်း မဟုတ်ကြပေ။ ခရစ်ပေါ်ပြီးနောက် နှစ်ပေါင်း ၄၀၀ ခန့်၌ ပေါ်ထွန်းလာသော ဂုတ္ထမင်းဆက်မှစ၍ ဗြဟ္မာဗိဿနိုးသိဝ တို့ကို တလုံးတစည်းတည်း ပေါင်းစည်း ကိုးကွယ်လာရုံမျှမက တဆူတည်းသော တန်ခိုးရှင် ဘုရားကြီး၏ ကိုယ်ပွားသုံးဆူ ဟုပင် ယုံကြည်လာကြ၏၊

လက်ဦးတွင် ဖန်ဆင်းရှင် ဗြဟ္မာကို ပို၍ အလေးအမြတ်ထားရာမှ ခေတ်အဆက်ဆက် ဖြတ်သန်းလာရာက တဖြည်းဖြည်း ဗြဟ္မာ၏ အခန်းကဏ္ဍ မှေးမှိန်လာကာ ဗိဿနိုးကို အမြတ်နိုးဆုံးကိုးကွယ်လာကြ၏၊ ရာမာယနကျမ်း ပေါ်ပေါက်လာပြီး နောက်၌မူ ဗိဿနိုးသည် လူ့လောကအတွင်းသို့ "ဘုရားဝင်စား" အဖြစ်အသွင်အမျိုးမျိုးဖြင့် ဝင်ကာ လောကကျိုးကို ဆောင်လာသည်အထိ ယုံကြည်ကြ၏၊

ဘုရား ဝင်စား အဝတာရများ ဗိဿနိုး နတ်ဘုရား ဝင်စားသော ဘုရားဝင်စား=အဝတာရ ၉ ဦးရှိ၏၊ တဦးမှာ ရာမ ဖြစ်၏၊ ဂေါတမဗုဒ္ဓ ကိုလည်း နဝမအဝတာရ ဟု ဟိန္ဒူတို့က ယူဆကြ၏၊ ရံဖန်ရံခါ ဗိဿနိုး ဘုရားသည် ငါး အဖြစ်၊ ဝက် အဖြစ်၊ လိပ် အဖြစ်၊ မနုသီဟ=လူခြင်္သေ့ အဖြစ်ဖြင့် ဝင်စားကာ လောကကို ကယ်တင်၏၊ မဟာဘာရတကျမ်း တွင် ကရစ်ရှနား အဖြစ် ဝင်စားပြီးလျှင် အဇ္ဇုနနှင့် ယုဓိဋ္ဌိလ တို့၏ စစ်မတိက်ချင်သော အဇ္ဇုန ကို ဗိဿနိုး ဝင်စားသော ကရစ်ရှနား ဘုရားက စစ်ရထားမောင်းပေးယင်း အတ္တ အခြေခံကာ စစ်တရားဟောခဲ့၏၊ ထိုတရား ဒေသနာတော်သည်ပင် ဘဂဝဒ်ဂီတပိဋကတ်တော် အဖြစ်ဖြင့် ဟိန္ဒူဘာသာဝင်တို့၏ ဦးထိပ်ထက်သို့ ရောက်လာခြင်း ဖြစ်၏၊

မပြောင်းလဲသေးသောတရား ဝေဒခေတ်မှ အခြေခံခဲ့သော ဘာသာရေး အယူ အဆအများအပြား ပြောင်းလဲခဲ့သော်လည်း ထိုခေတ်မှစ၍ ယနေ့ထိမပြောင်းလဲသေးသော အယူအဆ တခုကား ရှိပါသေးသည်။ ယင်းမှာ ဇာတ်ဝါဒပင် ဖြစ်၏၊ ဤ အမျိုးဇာတ် အနိမ့် အမြင့် ခွဲခြားသည့် ဝါဒသည် ဗြဟ္မဏ=ဟိန္ဒူဘာသာမှ တပါး တခြားမည်သည့် ဘာသာတရားမှာမျှ မရှိပေ။ ဤဇာတ် ခွဲခြားရေးဝါဒမှာ ဟိန္ဒူဘာသာ၏ ထူးခြားသော လက္ခဏာ တရပ်ဖြစ်ပေသည်။

ဝေဒကျမ်းဂန်များ၌ လူကို ဗြဟ္မဏခတ္တိယဝေဿသုဒ္ဒ ဟု အမျိုးဇာတ် လေးပါး ခွဲခြားထား၏၊ ဗြဟ္မဏ= ပုဏ္ဏားမျိုးသည် ဗြဟ္မာ၏ ခံတွင်းမှ ဖွား၍ အမြတ်ဆုံး ဖြစ်သည်ဟုဆို၏၊ ခတ္တိယ=မင်းမျိုးသည် လက်မောင်းမှ ဖွား၏၊ ဝေဿ=ကုန်သည် လယ်လုပ်မျိုးသည် ပေါင်မှ ဖွား၏၊ သုဒ္ဒ=အမှိုက်သိမ်းသမား ဖိနပ်ချုပ်သမား စသော လူဆင်းရဲမျိုးသည် ဗြဟ္မာ၏ ခြေဖဝါးမှ ဖွားသောကြောင့် အနိမ့်ဆုံး အယုတ်ဆုံးဇာတ် ဖြစ်သည်ဟု ဆို၏၊

ဇာတ်မြင့်သူက နိမ့်သူကို နှိမ်၏၊ အထင်သေး၏၊ လူမှုဆက်ဆံရေး ဘာတခုမှ မလုပ်။ ဇာတ်နိမ့်သူကို မြင်တွေ့နေရတာသည်ပင် အမင်္ဂလာကြီး ဖြစ်နေ၏၊ သူတောင်းစား မာတင်္ဂကို မြင်ရ၍ ဒိဋ္ဌမင်္ဂလိကာ အမင်္ဂလာ ဖြစ်သွားသဖြင့် ခေါင်းလျှော်ပစ်၊ ရေချိုးပစ်ကာ မင်္ဂလာသစ် တင်လိုက်ရ၏၊

ယခုခေတ်မှာမူ ဇာတ် ၄ မျိုး မကတော့ပဲ အမျိုးဇာတ်ပေါင်း ၂၀၀၀ ခန့် ရှိနေပြီဟု သိရ၏၊ Outcasts, Untouchables ခေါ်သည့် မထိကောင်းသော ဇာတ်မဲ့များလည်း ရှိသေးသည်။ ဤ ဇာတ်မဲ့တို့ကို ဇာတ်ရှိ ဇာတ်မြင့် တို့က မတော်တဆ ထိမိလျှင် ထိမိသူမှာ သနသွားသည်ဟု ယုံကြည်ကြ၏၊

ဇိုရိုအက်စတား ဘာသာ

တည်ထောင်သူ
- ပါရှင်းလူမျိုး၊ ဇိုရိုအက်စတား (ဇရတုတ္တရ)။

မွေးဖွားသည့်နှစ်
-ခရစ်မပေါ်မီ ၆၁၈ ခုနှစ် (ဘီစီ ၆၁၈)။

တည်ထောင်သည်နှစ်
-ခရစ်မပေါ်မီ ၅၈၈ ခုနှစ် (ဘီစီ ၅၈၈)။

ကွယ်လွန်သည့်နှစ်
-ခရစ်မပေါ်မီ ၅၄၁ ခုနှစ် (ဘီစီ ၅၄၁)။

စတင်ပေါ်ပေါက်သည့်ဌာန
-ပါရှားနိုင်ငံ (အီရန်နိုင်ငံ)။

ဘာသာ၏ အထွတ်အထိပ်ပုဂ္ဂိုလ်
-အဟုရ မဇဒါဘုရား

ပဓာနကျမ်းဂန်
-အဗက်စတာကျမ်း (အဝေတ္ထကျမ်း)

အခြေခံ ယုံကြည်ချက်များ လောကကြီးနှင့် သတ္တဝါတွေကို အဟုရ မဇဒါဘုရား သခင်က ဖန်ဆင်းသည်။ ထိုဘုရားသခင်ကို "ပညာတော်ရှင် ဘုရားသခင်" ဟု ခေါ်သည်။ သို့သော် သူသည် အကောင်အထည်နေဖြင့် ထင်ရှား မရှိပေ။ သို့ဖြစ်၍ သူ့ကို မြင်လို့ မရ။ ကြားလို့ မရ၊ ထိတွေ့ စမ်းသပ်လို့ မရပေ။ သူ၏ ကောင်းသော အလုပ်တွေကို ကြည့်ခြင်းဖြင့်သာ သူ့ကို သိနိုင်သည်။

အဟုရမဇဒါဘုရားသည် ကောင်းသော အပြစ်ကင်းသော အရာများကို ဖန်ဆင်းသည်။ မကောင်းသော အပြစ်မကင်းသော အရာများကိုမူ အင်္ဂရမညုဘုရားက ဖန်ဆင်းသည်။ ထို့ကြောင့် ဇိုရိုအက်စတား ဘာသာ၌ ဖန်ဆင်းရှင် ဘုရားနှစ်ဆူရှိသည်။ သို့သော်လည်း အဟုရမဇဒါဘုရား တဆူတည်းကိုသာ ကိုးကွယ်ရမည်။ အဘယ်ကြောင့်ဆိုသော် နောက်ဆုံးတွင် အပြစ်ကင်းသော အမှု သုစရိုက်တရားတွေက အပြစ်မကင်းသော အမှုဒုစရိုက်တရားတွေကို လွှမ်မိုး နိုင်နင်းသွားမည် ဖြစ်သော ကြောင့်ပင်။

ဟိန္ဒူ ဘာသာ၊ အစ္စလာမ် ဘာသာ၊ ဂျူးဘာသာ၊ ခရစ်ယာန် ဘာသာများလိုပင် ဇိုရိုအက်စတား ဘာသာသည် ဖန်ဆင်းရှင်ကို ယုံကြည်သည်။ ဖန်ဆင်းရှင်က တနေ့နေ့တွင် သတ္တဝါတွေကို တရား ဆုံးဖြတ်ပေးလိမ့်မည်ဟု တရားဆုံးဖြတ်ပေးမည့်နေ့ကို ယုံကြည်သည်။

မီးကို ကိုးကွယ်သူများ သုစရိုက်နှင့် ဒုစရိုက်၊ ကံ ကံ၏ အကျိုးနှင့် တမလွန်ဘဝ၊ ကောင်းကင်ဘုံနှင့် ငရဲပြည်တို့ကိုလည်း ယုံကြည်ကြသည်။ မြေ၊ ရေ၊ မီး တို့ကို မြင့်မြတ်သော ကိုးကွယ်ရာများအဖြစ် ယုံကြည် ယူဆသည်။ အိန္ဒိယပြည် ဘုံဘေမြို့၌ ဇိုရိုအက်စတား ဘာသာဝင် ဖာရစီများ အမြောက်အမြားရှိရာ သူတို့၏ ဘုရားကျောင်းများ၌ မီးကို ထွန်းညှိထားကာ ကိုးကွယ်ကြသည်။ ထိုမီးကို ဘယ်အခါမျှ မငြိမ်းစေရ၊ အမြဲ တော်နေအောင် စီမံရသည်။ မီးဘုရားကို ရှိခိုးကြသည်။ ထို့ကြောင့် သူတို့ကို မီး ကိုးကွယ်သူများ ဟုလည်း ခေါ်ကြသည်။

အသုဘချဖို့ ခက်သူများ သူတို့သည် ရေ၊ မြေ၊ မီး တို့ကို ကိုးကွယ်ကြသဖြင့် သူတို့ သေလျှင် အသုဘချဖို့ရာ အတော်အခက်အခဲ တွေ့ကြရသည်။ အလောင်းကို မြေမှာ မြှုပ်လျှင် မြေညစ်ညမ်းသွားမည်ကို စိုးရိမ်ကြသည်။ ရေထဲ မျှောပြန်လျှင်လည်း ရေ ညစ်ညမ်းသွားပေဦးမည်။ မီးသင်္ဂြိုဟ်ပြန်လျှင်လည်း မီး ညစ်ညမ်းသွားပေဦးမည်။ ထို့ကြောင့် အသုဘကောင်ကို မြေလည်း မမြှုပ်၊ ရေလည်း မမျှော၊ မီးလည်း မသင်္ဂြိုဟ်ပဲ မီးခိုးခေါင်းတိုင်ကြီးတွေလို မြင့်မားသော စင်ကြီးများ ဆောက်၍ ထို စင်ကြီးများပေါ်၌ တင်ထားရသည်။ လင်းတ များနှင့် အခြား သားစားငှက်များ လာ၍စားသောက်ကာ အလောင်းကောင်ကို ရှင်းပစ်ကြသည် ယင်းစင်ကြီးများကို "ဆိတ်ငြိမ်စင်" ဟု ခေါ်ကြသည်။

ပေါ်ပေါက်လာပုံ ပါးရှား (အီရန်) ပြည်သည် ဇိုရိုအက်စတား မပေါ်ပေါက်မီက နေ ဘုရား၊ လ ဘုရား၊ ကြယ် ဘုရား၊ တော ဘုရား၊ တောင် ဘုရား စသည်တွေကို ရုပ်တုများနှင့်တကွ ကိုးကွယ်ကြသည်။ ကိုးကွယ်ရေးအသိဉာဏ် မဖွံ့ဖြိုးကြသေးချေ။ ဘုရင့် နန်းတော်တွင်လည်း ပညာရှိအမတ်ဆိုသူများ၊ ယဇ် ပုရောဟိတ်များ၊ မှော် ဆရာများ ခြေချင်းလိမ်နေကြသည်။

ပြည်သူလူထု၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများမှာလည်း ရိုးရိုးပင် ဖြစ်သည်။ ကောက်ပဲသီးနှံ ထွန်ယက်ုစိုက်ပျိုးသည်။ နွား၊ ဆိတ်၊ သိုး မွေးမြူရေး လုပ်ကြသည်။ လူအများဆင်းရဲကြသည်။

ကယ်တင်လိုသူ ဇိုရိုအက်စတား သည် လယ်သမားသား ဖြစ်သော်လည်း သူ့နိုင်ငံ၏ ဘာသာရေး ကိုးကွယ်မှုကိုလည်း မနှစ်မြို့၊ ဆင်းရဲလှသော လုပ်သားပြည်သူများကိုလည်း မကြည့်ရက်ပါ။ ရောဂါဘယ ထူပြောလှ၍ သေကြကြေကြသည်ကိုလည်း မမြင်လို။ ထို့ကြောင့် သည်ဆင်းရဲဒုက္ခများမှ သူ့မျိုးသူ့ဆွေ ပါရှင်း လူမျိုးတွေကို ဘယ်လိုကယ်တင်ရပါမည်နည်း ဆိုသည်ကိုသာ အချိန်နှင့် အမျှ စဉ်းစား ကြံစည် နေ၏၊

သူ ငယ်စဉ်က ကျောင်းတွင် သင်ယူခဲ့သော ဘာသာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆေးပညာများကလည်း သူလိုချင်နေသည့် အသိပညာကို ရရေး၌ အထောက်အကူ မဖြစ်ပေ။ သူ ၁၅နှစ် အရွယ်က အိမ်နီးချင်း နိုင်ငံဖြစ်သည့် တူရင်နိုင်ငံက သူ့တိုင်းပြည်ကို ဝင်ရောက် ကျူးကျော်လာ၏၊ ဇိုရိုအက်စတားသည် အခြားမျိုးချစ်များနှင့်အတူ တပ်မတော်ထဲဝင်ပြီလျှင် ကျူးကျော်သူကို အပြီးတိုင် ချေမှုန်းခဲ့၏၊ တပ်ထဲတွင် ဘဝပေး အသိပညာကို သူ အတော် ကျယ်ကျယ်ပြန့်ပြန့်ရခဲ့၏၊ စစ်ပြီးပြန်တော့ တနိုင်ငံလုံ ငတ်မွတ် ခေါင်းပါးသည့် ဒုဗ္ဘိက္ခန္တရကပ်ကြီး ဆိုက်ပြန်ရာ ငတ်သူ၊ ပြတ်သူ၊ ရောဂါဝေဒနာ ခံစားရသူတို့ အကြား၌ ဇိုရိုအက်စတား လူမှု အကျိုးပြု အလုပ်တွေနှင့် ၅ နှစ်တိုင်တိုင် မအားခဲ့ရပေ။ ဤတွင်လည်း အသိပညာတွေ တိုးတက်၍ ရခဲ့ပြန်၏၊

သို့သော် ဤ အသိပညာတွေသည် ပါရှင်း တမျိုးသားလုံးကို ဆင်းရဲမှ ကယ်တင်နိုင်ဖို့ရာ လုံလောက်သော အသိပညာတွေ မဟုတ်ပေ။

သို့ဖြင့် သူ့အသက် ၃၀ တွင် သူ့ဇနီးကို ပန်ကြားပြီးလျှင် လူသူ အရောက် အပေါက် နည်းရာ ဆဗာလန် တောင်ဆီကို ထွက်ခဲ့လေသည်။ သူသည် ဆဗာလန် တောင်ပေါ်၌ အကောင်းနှင့် အဆိုးတို့၏ အကြောင်းရင်း အခြေခံကို လပေါင်းများစွာ ဆင်ခြင်သုံးသပ် ဝေဖန်ကြည့်နေ၏၊

နောက်ဆုံးတွင် သူ လိုချင်သည့် အသိပညာကို သူ ရသွားလေသည်။ လောကကြီးမှာ ဒွန္ဒ သဘောမှ တပါး တခြား ဘာမျှ မရှိ။ ယင်း ဒွန္ဒ သဘောသည် မည်သည့် အခါမျှ မပြောင်းလဲ၊ မြဲ၏၊ အကောင်းနှင့် အဆိုး၊ အကြောင်းနှင့် အကျိုး၊ အမှားနှင့် အမှန်၊ နှစ်ခု တစုံ ချည်းသာ ဖြစ်၏၊ အကောင်းသည် အမြဲ ကောင်းနေ၏၊ မည်သည့် အခါမျှ အဆိုး မဖြစ်နိုင်။ အဆိုးလည်း ထို့အတူပင်။

ဘာသာတရားတခု ပေါ်ပြန်ပြီ ဇိုရိုအက်စတားသည် သူ ရသော တရားကို သူကျေနပ်လှ၍ အိမ်သို့ ပြန်ပြီးလျှင် သူ၏ လက်သစ်တရားကို သူ့မိသားစုအား စဟော၏၊ မည်သူမျှ လက်မခံကြ၊ မကြိုက်ကြ။ တခြားလူတွေ လျှောက်ဟောသော်လည်း လက်ခံသူ တဦးတယောက်မျှ မတွေ့ရ။ ၁၀ နှစ်လုံးလုံး မလျှော့သော ဇွဲဖြင့် တိုင်းပြည် အနှံ့ အပြား ဟောပါ၏၊ ဝမ်းကွဲညီ တယောက်မှ တပါး သူ့တရားကို နှစ်သက် လက်ခံသူ ဆို၍ တယောက်မျှ မရှိပေ။

သို့နှင့် အကြံကောင်းတခု ပေါ်လာပြီးလျှင် ဝိတ္ထပ္ပ ဘုရင်၏ နန်းတော်သို့ သွား၍ တရားသစ် ဟောလိုကြောင်း လျှောက်ထားရာ ဘုရင်က သူ၏ အမတ် ပညာရှိဆိုသူများ၊ ယဇ် ပရောဟိတ်များ၊ မှော် ဆရာများနှင့် ဆွေးနွေးစေ၏၊ နတ် ဘုရား မြောက်မြားစွာနှင့် ရုပ်တုပေါင်း သောင်းချီ ကိုးကွယ်နေသော နိုင်ငံ၏ နန်းတော်အတွင်းဝယ် ဇိုရိုအက်စတားသည် တဆူတည်းသော ပညာတော်ရှင် ဘုရားသခင်ကိုသာ ကိုးကွယ်ရမည် ဖြစ်ကြောင်း၊ ရုပ်တုတွေကိုလည်း မကိုးကွယ်သင့်ကြောင်းကစ၍ ဆွေးနွေး၏၊

ဆွေးနွေးပွဲမှာ ၃ ရက်ကြာ၏၊ နောက်ဆုံးနေ့တွင် ဘုရင်က "သင်ပြောသည့် အကောင်းအင်အားစုနှင့် အဆိုးအင်အားစုသည် ဒီ အတိုင်းပဲ သည်မြဲသွားမည်လော" ဟု မေး၏၊

ဇိုရိုအက်စတား က ဤသို့ ဖြေ၏၊

"မဟုတ်ပါ အရှင်မင်းကြီး၊ နောက်ဆုံးမှာ အကောင်းအင်အားစုက အနိုင်ရသွားပါလိမ့်မယ်။ အဲဒီ အနိုင်ရတဲ့ နေ့မှာ ပညာတော်ရှင် အဟုရမဇဒါ ဘုရားသခင်က တရားစစ်ဆေး ဆုံးဖြတ်ပါလိမ့်မယ်။ စစ်ဆေးတဲ့ အခါမှာ လူကောင်းတွေရော လူဆိုးတွေပါ သေသူတွေအားလုံး ပြန်ရှင်လာပြီး ရဲရဲ တောက်နေတဲ့ သံရည်ပူချောင်းထဲ ဖြတ်ရပါလိမ့်မယ်။ လူကောင်းတွေ ဖြတ်တဲ့အခါမှာ မပူပဲ နွားနို့ နွေးနွေးထဲ ဖြတ်ရသလို ရှိပါလိမ့်မယ်။ လူဆိုးတွေ ဖြတ်တဲ့အခါမှာ အဟုရမဇဒါ ဘုရားသခင်ဟာ ဘုရားဆိုး အင်္ဂရမညုနဲ့ ဆိုးတဲ့ လူတွေ အားလုံးကို ကမ္ဘာမြေကြီးရဲ့ အလယ်ဗဟိုကို ပို့လိုက်ပြီး အဲဒီမှာ သူတို့ အားလုံးထာဝရ ငရဲမီးပူကို ခံစားရပါလိမ့်မယ်။ ဒီတော့မှ တလောကလုံး လူကောင်းတွေချည်း ရှိနေပြီး ပျော်ရွှင် ချမ်းမြေ့တဲ့လောကကြီး ဖြစ်လာပါလိမ့်မယ် အရှင်မင်းကြီး"

ညီလာခံ ခန်းမတခုလုံး ငြိမ်၍ နားထောင်နေကြ၏၊

"လူတယောက်ဟာ အဟုရမဇဒါ ဘုရားသခင် ညွှန်ကြားတဲ့ နည်းလမ်းတွေကို လိုက်နာနိုင်အောင် ဘာလုပ်သင့်ပါသလဲ" ပညာရှိ အမတ်ကြီးတယောက်က မေးလိုက်၏၊

"ကာယ သုစရိုက်ဝစီ သုစရိုက်မနော သုစရိုက် တွေကို ပြုရပါမယ်။ ဒီ သုစရိုက် တရားတွေဟာ ဘုရားသခင့် အထံရောက်ကြောင်း နည်းကောင်း လမ်းမှန်တွေပါပဲ"

"ဘယ်ဟာ သုစရိုက်၊ ဘယ်ဟာ ဒုစရိုက်လို့ ဘယ်လို သိနိုင်ပါသလဲ"

"အမှန်က သုစရိုက်၊ အမှားက ဒုစရိုက်ပါ"

"သို့ဆိုလျှင် အမှန်တရား တခုတည်းကသာ ဘုရားသခင်ထံ ရောက်ကြောင်း နည်းမှန် လမ်းမှန် ဖြစ်ပါသလား"

"မဟုတ်ပါဘူး။ သို့သော်လဲ အမှန် တရားက ပထမဆုံး လိုအပ်ချက် ဖြစ်ပါတယ်။ ပြီးတော့ စိတ် သန့်ရှင်းစင်ကြယ်ခြင်း၊ ပေးကမ်း လှူဒါန်းခြင်း၊ မြေကြီးပေါ်၌ ထွန်ယက်စိုက်ပျိုးစားသောက်ခြင်း၊ လူ့အကျိုးပြု တိရစ္ဆာန်တို့ကို သနားကြင်နာခြင်းတွေဟာ လိုအပ်ချက်တွေပါပဲ"

ထို့နောက် ဇိုရိုအက်စတားက ဆက်လက်၍ သုစရိုက် ကံ၏ အကျိုးတရားကို တမလွန် ဘဝရောက်မှ ခံစားရသည် မဟုတ်၊ ယခု ဘဝမှာပင် ခံစားရကြောင်း၊ ဒုစရိုက် ကံ၏ အကျိုးခံစားရာမှာလည်း ထိုနည်းတူပင် ဖြစ်ကြောင်း ရှင်းပြ၏၊

ဝိတ္ထပ္ပဘုရင် သဘောတော်ကျလှ၍ "ဒီသူဟာ ပညာတော်အရှင် တဆူတည်းသော ဘုရားသခင်ရဲ့ တမန်တော် အစစ် ဖြစ်ပါပေတယ်" ဟု ကြေငြာလိုက်၏၊

ထိုနေ့မှစ၍ ဇိုရိုအက်စတား၏ တရားများကို အနီးအပါးနိုင်ငံများသို့ ရောက်သည်အထိ ဖြန့်ဖြူးကြ၏၊

အိမ်နီးချင်း တူရင် နိုင်ငံကိုမူ တိုက်ခိုက် သိမ်းပိုက်ပြီးမှ သာသနာ ပြုကြ၏၊ တူရင် နိုင်ငံသားများ မကျေနပ်၍ တိတ်တဆိတ် တဖြည်းဖြည်း စစ်သား စုဆောင်းပြီးလျှင် ပြန်လည် တိုက်ခိုက်ရာ ပါးရှား နိုင်ငံ၏ မြို့တော် ဘော့(ခ်) မြို့ထဲသို့ပင် ဝင်မိကြ၏၊

ထိုအချိန်တွင် စစ်ကို စတင်သော ဇိုရိုအက်စတားမှာ ဘုရားကျောင်းအတွင်းရှိ တထိန်ထိန် တောက်နေသော တမန်တော် ဇိုရိုအက်စတားကို ဓားဖြင့် ထိုး၍ သတ်ခဲ့ပြီးလျှင် ဘုရားကျောင်းမှ ထွက်သွား၏၊

တမန်တော် ဇိုရိုအက်စတား၏ ဘဝဇာတ်လမ်းကား ဤတွင်တခန်းရပ်သွားလေပြီ။ သို့သော် သူသေမှပင် သူ၏ တရားများကို ဘုရင်နှင့်တကွ တိုင်းသူပြည်သားများက ပို၍ ဖြန့်ဖြူးတော့၏၊

အလက်ဇန္ဒားဘုရင် ဇိုရိုအက်စတား ကွယ်လွန်ပြီးနောက် နှစ်ပေါင်း သုံးရာခန့် ကြာသောအခါ မက်ဆီဒိုးနီးယား နိုင်ငံမှ အလက်ဇန္ဒား ဘုရင်ကြီးသည် ပါးရှား ပြည်ကို တိုက်ခိုက်သိမ်းယူပြီးနောက် ဇိုရိုအက်စတား ဘာသာ၏ ပိဋကတ်တော်ဖြစ်သည့် အဗက်စတာ (အဝေတ္ထ) ကျမ်းမြတ်ကို ဖျက်ဆီးပစ်လိုက်ပြီးလျှင် ပါရှင်း တို့အား ဂရိတ် တို့၏ ဘာသာတရားကို ကိုးကွယ်စေ၏၊ ပါရှင်း တို့ကမူ သူတို့ ဘာသာတရားကို ကလေးများအား လျှို့ဝှက်စွာ သင်ကြားပေးနေကြ၏၊

နှစ်ပေါင်း ငါးရာခန့် ကြာ၍ နိုင်ငံခြား အုပ်စိုးမှုအောက်မှ ပါးရှားပြည် လွတ်မြောက်သောအခါ ပါရှင်း တို့သည် မိမိတို့ဘာသာတရားကို ထင်ထင်ရှားရှား ပြန်လည် ကိုးကွယ်ကြတော့၏၊ အဝေတ္ထကျမ်း၏ သိမ်းဆည်းထားမိသမျှသော အစိတ် အပိုင်းများ၊ ဘာသာဝင်များ မှတ်သားမိသမျှသော အစိတ် အပိုင်းများကို စုပေါင်း၍ ကျမ်းစာ တအုပ်ဖြစ်အောင် ဆောင်ရွက်ကြ၏၊

မူဆလင်တို့ ဝင်ရောက်ခြင်း သို့သော်လည်း နောက် နှစ်ပေါင်း လေးရာခန့် ကြာသောအခါ အာရပ်များ ပါးရှားကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်လိုက်ပြီးလျှင် အစ္စလာမ် (မူဆလင်) ဘာသာတရားကို အတင်းအဓမ္မကိုးကွယ်စေတော့၏၊ အချို့သော ပါရှင်းတို့သည် အသေခံကာ ဇိုရိုအက်စတား ဘာသာကို ကိုးကွယ်မှု လွတ်လပ်သော အိန္ဒိယ စသည့် နိုင်ငံများသို့ ထွက်ပြေးသွားကြ၏၊ ထို အချိန်မှစ၍ အစ္စလာမ် ဘာသာသည်သာလျှင် ယခု အီရန် ဟု ခေါ်သည့် ရှေးက ပါးရှား နိုင်ငံတွင် စည်ပင် ပြန့်ပွါးနေခဲ့၏၊ ဇိုရိုအက်စတား ဘာသာဝင်ကား မဆိုစလောက်သာရှိတော့၏၊

ယခု အချိန်တွင် ဇိုရိုအက်စတား ဘာသာဝင် အများစုကို အိန္ဒိယပြည် အနောက်ပိုင်း ဘုံဘေနယ် တဝိုက်၌ တွေ့နိုင်၏၊ သူတို့ကို ဖာရစီများ (ပါရှင်းများ) ဟု ခေါ်ကြ၏၊

ဂျူး ဘာသာ

တည်ထောင်သူ
-ဂျူးလူမျိုး၊ မိုးဇက် (မောရှေ)

တည်ထောင်သည့်နှစ်
-ခရစ်မပေါ်မီ ၁၂၃၀ ခုနှစ် (ဘီစီ ၁၂၃၀)။

စတင်ပေါ်ပေါက်ရာဌာန
-ပါလက်စတိုင်း (အဇ္ဇရေး) ပြည်။

ဘာသာရေးအထွတ်အထိပ်ပုဂ္ဂိုလ်
-ဂျေဟိုဗ ဘုရားသခင်

ပဓာနကျမ်းဂန်
-သမ္မာကျမ်းစာ (ဓမ္မဟောင်းကျမ်း)

အခြေခံ ယုံကြည်ချက်များ ကမ္ဘာလောကကြီးနှင့်တကွ သတ္တဝါတွေကို ဂျေဟိုဗ(ယေဝေါဟာ) ဘုရားသခင်က ဖန်ဆင်းသည်။ ဂျေဟိုဗ ဘုရားသခင်သည် လောကတွင် တဆူတည်းသော ဘုရား ဖြစ်သည်။ ဂျေဟိုဗဘုရားသခင်မှတပါး အခြား ဘုရားကို မကိုးကွယ်ရ၊ ရုပ်တုကို မကိုးကွယ်ရ။ ဂျေဟိုဗ ဘုရားသည် သူ မုန်းသော သူများကို သူတို့၏ အမျိုး လေးဆက်တိုင်အောင် အပြစ်ဒဏ်ပေး၏၊ သူ့ကိုချစ်၍ သူ့တရားအတိုင်း လိုက်နာသူများကို အမျိုးဆက်ထောင် သောင်း တိုင်အောင် ကောင်းကျိုးပြု၍ ကရုဏာကို ပြတော်မူ၏၊ ရဟူဒီ ခေါ်သော ဂျူး လူမျိူးများသည် ဘုရားသခင်၏ လူများ ဖြစ်ကြ၏၊ သူတို့ကိုသာ ဘုရားသခင် စောင်မတော်မူ၏၊ ဂျူး သွားရာ၌ ဂျေဟိုဗ ဘုရားရှိ၏၊

တနေ့နေ့တွင် ဂျူးတို့ကို ကယ်တင်မည့် ကယ်တင်ရှင်လာမည်ဖြစ်၏၊ ကယ်တင်ရှင် လာသောနေ့တွင် ဘုရားသခင်က တရားဆုံးဖြတ်လိမ့်မည်။ ဂျေဟိုဗ ဘုရားသခင်သည် လူနှင့် လူ၏ သားမြေးများ၊ တိရစ္ဆာန်များကို ဖန်ဆင်းသော်လည်း လူတို့ စိတ်၌ ဆိုးညစ်သော စိတ်နေ စိတ်ထားတွေသာ များသောကြောင့် နောင်တ ပူပန်ရတော်မူလှသဖြင့် တနေ့နေ့တွင် သူတို့ုကို မြေမျက်နှာပြင်မှ သုတ်သင် ရှင်းလင်းပစ်လိမ့်မည်။

ပေါ်ပေါက်လာပုံ လွန်ခဲ့သော နှစ်ပေါင်း လေးထောင်ခန့်က ယူဖရေးတီး မြစ်ဝှမ်း ကယ်လ်ဒီးယားပြည်၏ မြို့တော်ဖြစ်သော ဦးရ်မြို့၌ တေရား ဆိုသော အရောင်းအဝယ်သမားတယောက် ရှိ၏၊ သူ၏ သားများ အနက် တယောက်မှာ အေဗရာဟင် ဖြစ်၏၊ သူ၏ အလုပ်ကား သိုးထိန်းကျောင်းခြင်း အလုပ် ဖြစ်၏၊

တေရားနှင့် အခြား လူအားလုံးလိုလိုပင် ရုပ်တုတွေအမြောက်အမြား ထုလုပ်ကာ ကိုးကွယ်ကြ၏၊ အေဗရာဟင်ကမူ ရုပ်တုကို မကိုးကွယ်ပေ။ မကိုးကွယ်ရုံမျှ မကသေး၊ သူ့ဖခင်၏ အိမ်မှ ရုပ်တုတွေကို ပုဆိန်ဖြင့် ပေါက်ခွဲ ဖျက်ဆီးပစ်လိုက်ပြီးလျှင် ရုပ်တုတွေ ဘာမျှ အသုံးမကျကြောင်း ပြော၏၊

ဟီဗရူးအစ ရုပ်တုပေါင်း မြောက်မြားစွာကို ကိုးကွယ်နေသော နိုင်ငံ၌ အေဗရာဟင်၏ အပြုအမူနှင့် အပြောအဆိုသည် အန္တရာယ်များလှသည်။ ထို့ကြောင့် သူသည် သူ့မိသားစုနှင့် သိုးများကိုယူဆောင်ကာ တိုင်းပြည်မှထွက်ခွာ၍ ယူဖရေးတီးမြစ်ကို ဖြတ်ကူးပြီးလျှင် မြောက်ဘက်ဆီသို့ တဖြည်းဖြည်း ထွက်လာခဲ့၏၊ ရက်ပေါင်းများစွာ ကြာသောအခါ ကာနန်း ခေါ်သော တိုင်းပြည်ကို ရောက်၍ အခြေချနေကြ၏၊ ထို ကာနန်း ပြည်ကား နောင်အခါ ပါလက်စတိုင်း ဟု ခေါ်တွင်သော တိုင်းပြည်ပင် ဖြစ်၏၊ ကာနန်း ပြည်သားတို့က အေဗရာဟင် တို့ကို အိဗရိ(ဟဗရူး)များဟု ခေါ်ကြ၏၊ တဘက်ကမ်းမှ မြစ်ကို ဖြတ်ကူးလာသူများ ဟု အဓိပ္ပာယ်ရ၏၊

အဇ္ဇရေး၏ အစ အေဗရာဟင်အိုက်ဇက် ဆိုသော သားတယောက် ရှိ၏၊ အိုက်ဇက်ဂျက်ကော့ (ယာကုတ်) ဆိုသော သားတယောက်ရှိ၏၊ ဂျက်ကော့ ကို အဇ္ဇရေး ဟုလည်း ခေါ်ကြ၏၊ ဂျက်ကော့ ခေါ် အဇ္ဇရေး၌ သား ၁၂ ယောက် ရှိ၏၊ အဇ္ဇရေး၏ ကလေးများဟု ခေါ်ကြ၏၊ ထိုကလေး ၁၂ ယောက်မှ အဇ္ဇရေး ကလေးပေါင်းမြောက်မြားစွာ ထွန်းပေါက်၏၊ ဤနည်းဖြင့် အေဗရာဟင်၏ အနွယ် အဇ္ဇရေးများသည် ကာနန်းပြည်တွင် အင်အားကြီးမားသော သိုးကျောင်း လူမျိုးစုကြီး ဖြစ်လာ၏၊

အီဂျစ်သို့ ပြောင်းကြခြင်း တချိန်တွင် ကာနန်း တပြည်လုံး ငတ်မွတ်ခေါင်းပါးခြင်း ဒုဗ္ဘိက္ခန္တရကပ်ကြီး ဆိုက်သဖြင့် အဇ္ဇရေး အားလုံး အီဂျစ် ပြည်သို့ ရွှေ့ပြောင်းသွားကြပြီးလျှင် ဘုရင့်ထံ နေခွင့်တောင်းကြသဖြင့် ဂိုရှန် နယ်တွင် နေခွင့်ရကြ၏၊ ယင်းသို့ နေထိုင်ခဲ့ကြရာ နှစ်ကြာလာသည်နှင့် အမျှ အဇ္ဇရေး လူဦးရေက အဆမတန် တိုးလာ၏၊ မည်မျှပင် လူဦးရေ များသည်ဖြစ်စေ အဇ္ဇရေးတို့က အီဂျစ်တို့နှင့် မရောနှောပဲ သီးသန့် နေကြ၏၊ အီဂျစ် ဘုရားကျောင်းများကိုလည်း မသွားကြပေ။ ဤသို့ သီးသန့် နေသည်ကို အီဂျစ်တို့က ကြိုက်လည်း မကြိုက်ကြ၊ ကြောက်လည်း ကြောက်ကြ၏၊

ကျွန်ဘဝ ထို့ကြောင့် အီဂျစ် ဘုရင်နှင့်မူးမတ်တို့ တိုင်ပင်ပြီလျှင် အဇ္ဇရေး အားလုံးကို ကျွန်ပြုလုပ်လိုက် ကြ၏၊ အဇ္ဇရေးတို့သည် ကျွန် ဘဝ၌ ရက်စက်ကြမ်းကြုတ်သော နှိပ်စက် ညှင်းပန်းမှု အမျိုးမျိုးကို မရှုမလှ ခံနေကြရ၏၊ အီဂျစ်မှ ထွက်ခွာခွင့်လည်း မရပေ။

ဤ အခြေအနေတွင် အဇ္ဇရေး မိသားစုများ အတွင်း၌ မိုးဇက် (မောရှေ) ဟု ခေါ်သော လူငယ် လူစွမ်းကောင်းတယောက် ပေါ်ပေါက်လာ၏၊ မိုးဇက်သည် သူ့လူမျိုးများ အီဂျစ်ပြည်မှ လွတ်မြောက်နိုင်သည့် နည်းလမ်းကိုသာ ကြံစည်စဉ်းစားနေ၏၊

လွတ်မြောက်ရေး တနေ့တွင် ကျွန်ထိန်း တယောက်က ကျွန်နှစ်ယောက်အား ရက်စက်စွာ ရိုက်နှက်နေသည်ကို မိမိရှေ့တွင် မြင်တွေ့နေရသော မိုးဇက်သည် စိတ်မထိမ်းနိုင်ပဲ ဖြစ်သွားကာ ကျွန်ထိန်းကို သတ်ပစ် လိုက်၏၊ ပြီးလျှင် အီဂျစ် ပြည်မှ ထွက်ပြေးရာ ဘုန်းကြီး ဂျေသရိုး ၏ ဥယျာဉ်ထဲသို့ ရောက်သွား၏၊ ဥယျာဉ်ထဲ၌ ထိပ်တွင် စာလုံးများထွင်းထားသော တောင်ဝှေးတချောင်းကို တွေ့၍ တန်ခိုးရှိသော တောင်ဝှေးမှန်း သိသဖြင့် ဘုန်းကြီးထံမှ တောင်းယူခဲ့ပြီးလျှင် အီဂျစ်ပြည်သို့ ပြန်လာခဲ့၏၊

ပညတ်တော် ၁၀ ပါး မိုးဇက်သည် အီဂျစ်ဘုရင်၏ နန်းတော်ထဲ၌ တောင်ဝှေး၏ တန်ခိုး အမျိုးမျိုးကို ပြပြီးလျှင် ဘုရင်ကို ခြိမ်းခြောက်၍ အဇ္ဇရေး တို့ကို အီဂျစ်မှ ထွက်ခွာခွင့် ပေးရန် ပြော၏၊ ကြောက်လန့်သော ဘုရင်သည် အဇ္ဇရေးတို့ကို သွားခွင့် ပြုလိုက်၏၊ မိုးဇက်သည် အီဂျစ်မှ အဇ္ဇရေး အားလုံးကို ဦးဆောင်လျက် ဆိုင်နိုင်း တောင်ဆီသို့ရှေးရှု ခေါ်ဆောင်သွား၏၊ အဇ္ဇရေးတို့သည် ဆိုင်နိုင်း တောင်ခြေတွင် ဂျေဟိုဗ ဘုရားသခင်ကို နွားသိုးကြီး အသွင်ဖြင့်ဖြစ်စေ။ ဇီးကွက်အသွင်ဖြင့် ဖြစ်စေ တွေ့ရလိမ့်မည်ဟု မျှော်လင့်ကာ ဝမ်းသာနေကြ၏၊ မျှော်လင့်သည့်အတိုင်း တောင်ခြေတွင်ဘာကိုမျှ မမြင် မတွေ့ရသော အခါ စိတ်ပျက်ကြ၏၊ မိုးဇက်သည် သူ့လူများကို တောင်ခြေ၌ ထားခဲ့၍ တောင်ပေါ် သို့ တက်သွားပြီးလျှင် ရက်ပေါင်း ၄၀ မျှ တောင်ပေါ်တွင် နေခဲ့ရာ ဂျေဟိုဗ ဘုရားသခင်နှင့် တွေ့ရုံမျှမက ပညတ်တော် ၁၀ ပါးကိုလည်း ဘုရားသခင်ထံမှ ရခဲ့၏၊

မိုးဇက်သည် ပညတ်တော် ၁၀ ပါးကို ယူပြီးလျှင် ဆိုင်နိုင်း တောင်ပေါ်မှ ဆင်းခဲ့၍ ပညတ်တော်များကို အဇ္ဇရေးတို့အားရှင်းပြ၏၊ ထိုပညတ်တော် ၁၀ ပါးမှာ-

ဂျေဟိုဗ ဘုရားမှတပါး တခြားဘုရားကို မကိုးကွယ်ရ။

ရုပ်တုကို မကိုးကွယ်ရ။

မုသားနှင့်စပ်၍ ဘုရားသခင်၏ နာမတော်ကို မမြွတ်ဆိုရ။

ရက်သတ္တပတ်၏ ၇ ရက်မြောက်နေ့၌ အလုပ်မလုပ်ပဲနားရမည်။ ထိုနေ့ကို မြတ်သောနေ့ (Holy Day) ဟု ခေါ်ရမည်။

မိဘ တို့ကို ရိုသေရမည်။

လူကို မသတ်ရ။

မခိုးရ။

သူတပါး သားမယား မပြစ်မှား မကျူးလွန်ရ။

ကိုယ်နှင့် နီးစပ်သူ၏ သားမယား၊ ပစ္စည်း ဥစ္စာကို လိုချင် တပ်မက်စိတ် မရှိရ။

ဤ ပညတ်တော် ၁၀ ပါး အနက် များစွာသော ပညတ်ချက်တို့မှာ အီဂျစ်တို့အတွက် အစိမ်းသက်သက် မဟုတ်ပေ။ သူတို့ကိုယ်တိုင် သင်ပေးနေသော သဘောတရားများ ဖြစ်ကြ၏၊ သို့သော် ပညတ်ချက် ၂ ခု မှာမူ အဇ္ဇရေးတို့ မသိသော အချက်များ ဖြစ်ကြ၏၊

အဇ္ဇရေးတို့မှာ ကျွန် ဘဝနှင့် အီဂျစ် ပြည်တွင် ရက်သတ္တပတ်တိုင်း ၇ ရက်လုံးလုံး အနားမရပဲ ပင်ပန်း ဆင်းရဲခြင်း ကြီးစွာဖြင့် အလုပ် လုပ်ခဲ့ကြရ၏၊ မိုးဇက်သည် သူ့လူမျိုးများ၏ ဤ အခြေအနေကို ကို်ယ်တွေ့မျက်မြင် ဖြစ်ခဲ့၏၊ သို့ဖြင့် "သင်တို့ ၆ ရက် အလုပ် လုပ်ရမည်၊ ၇ ရက်မြောက်နေ့သည် သင်တို့ နားသောနေ့ ဖြစ်ရမည်" ဟု ပညတ်ချက် ဖြစ်ပေါ်လာ၏၊

နောက် ပညတ်ချက် တခုသည်လည်း အတွေ့အကြုံမှ ပေါ်ထွက်လာသော ပညတ်ချက် ဖြစ်၍ အရေးအပါဆုံး ဖြစ်၏၊ ယင်းမှာ "ငါသည် သင်တို့ကို အီဂျစ်ပြည် အတွင်း အနှောင်အဖွဲ့ခံနေရခြင်းမှ ထုတ်ဆောင် ကယ်တင်လာသော သင်တို့၏ ဘုရား ဖြစ်၏၊ သင်တို့သည် ငါမှတပါး တခြားဘုရားကို မကိုးကွယ်ရ" ဟူသော ပညတ်ချက်ပင်။

စနစ်ကျသော ဂျူးဘာသာ စတင်ချိန် ဂျူးဘာသာသည် ရှေး ပဝေသဏီက စတင်ခဲ့သည်ဟု ဆိုသော်လည်း တစုံ တခုသော သဘောတရားအပေါ်တွင် အခြေခံ၍ စနစ်တကျ ဖွဲ့စည်း ပေါ်ပေါက်ခဲ့သည့် ဘာသာ မဟုတ်ပေ။ လူမျိုးစု၏ ဘိုးဘေးစဉ်ဆက် အစဉ်အလာ ယုံကြည်မှုအရ ကိုးကွယ်လာသည့် အခြေအနေ၌သာ ရှိနေခဲ့၏၊ လမ်းညွှန် ကျင့်ဝတ်များလည်း စနစ်တကျ မရှိခဲ့သေးပေ။ ယခု မိုးဇက်က ဆိုင်းနိုင်း တောင်ပေါ်မှ ပညတ်တော် ၁၀ ပါးကို ယူဆောင်လာမှသာ လမ်းညွှန်ကျင့်ဝတ်များဖြင့် စနစ်ကျသော ဘာသာအဖြစ် စတင် ပေါ်ပေါက်လာခြင်း ဖြစ်၏၊

ထို့ကြောင့် ဂျူးဘာသာ စတင် ပေါ်ပေါက်လာသည့် အချိန်ကို ပညတ်တော် ၁၀ ပါး ရရှိလာသည့် ဘီစီ ၁၂၃၀ ခုနှစ်ဟု သတ်မှတ်ကြခြင်း ဖြစ်၏၊

ပါလက်စတိုင်းသို့ မိုးဇက်သည် ပညတ်တော် ၁၀ ပါးကို ရှင်းပြပြီးနောက် ဘုရားသခင် ကတိပြုထားသော ဒေသသို့ သွားမည်ဟု ဆိုပြီးလျှင် သူ့လူများကို မြောက်စူးစူး ဂျော်ဒန် မြစ်ဆီသို့ ခေါ်ဆောင်သွား၏ အဇ္ဇရေးတို့ ဘဝကား ခြေသလုံးအိမ်တိုင် သိုးကျောင်းသား ဘဝ ဖြစ်ရာ သွားရ လာရ ရွှေ့ရ ပြောင်းရသည်မှာ သူတို့ အတွက် ဘဝပေးတာဝန်ဖြစ်၍ မဆန်းတော့ပေ။ နှစ်ပေါင်းများစွာ သဲကန္တာရကြီးကို ဖြတ်၍ သွားကြပြီးနောက် ဂျော်ဒန်မြစ် အလွန်တွင် ဘုရားသခင် ကတိပြုထားသော ဒေသ (The Promised Land) ဟု သူတို့ ယူဆသည့် ပါလက်စတိုင်း သို့ ရောက်၍ အခြေတကျ နေကြပြီးလျှင် သိုးကျောင်းသားဘဝမှ ထွန်ယက် စိုက်ပျိုး စားရသော လယ်သမား ဘဝသို့ တဖြည်းဖြည်း ပြောင်းလဲသွားကြ၏၊

နိုင်ငံ တနိုင်ငံ အဖြစ် ပေါ်ပေါက်လာခြင်း မကြာမီပင် အဇ္ဇရေး လူမျိုးစု ၁၂ စု တို့ကို စုစည်းလိုက်ကြပြီးလျှင် ဆောလ် အမည်ရှိသော လယ်သမားကြီးကို ဘုရင်အဖြစ် ရွေးချယ်လိုက်ကာ ညီညွတ်သော အဇ္ဇရေးနိုင်ငံကို ဘီစီ ၁၀၂၅ ခုနှစ် လောက်တွင် တည်ထောင်မိကြ၏၊

ဆောလ် ဘုရင်ကြီးနောက် ဘီစီ ၁၀၀၆ ခုနှစ်တွင် ဘုရင် ဒေးဗစ်က ထီးနန်း ဆက်ခံ၏၊ ဘီစီ ၉၆၀ ခုနှစ်၌ ဆောလ်မုန် ဘုရင်က ထီးနန်းဆက်ခံ၏၊ ဟီဗရူးနိုင်ငံသည် ဘုရင် သုံးဆက်၏ အုပ်ချုပ်မှုအောက်တွင် အလွန် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်စည်ကားလာ၏၊ ဂျေရုဆလင် မြို့၌ ဂျေဟိုဗ ဘုရားသခင်၏ စံကျောင်းတော်ကိုလည်း ဆောလ်မုန် ဘုရင်ကြီးက ဆောက်လုပ်စေ၏၊

တကွဲတပြား ဖြစ်ရ ပြန်ပြီ သို့ရာတွင် ဘီစီ ၉၂၂ ခုနှစ်၌ ဆောလ်မုန် ဘုရင်ကြီး နတ်ရွာစံပြီး နောက်တွင်ကား အဇ္ဇရေးတို့ ညီညွတ်ရေး ပျက်ပြားကာ စည်းလုံးမှု ပြေသွားပြီးလျှင် မြောက်ဘက်၌ အဇ္ဇရေးနိုင်ငံ၊ တောင်ဘက်၌ ဂျုဒနိုင်ငံ ဟု နှစ်နိုင်ငံ ခွဲ၍ တည်ထောင်လိုက်ကြ၏၊ အစုအစည်းကို ခွဲလိုက်လျှင် အင်အားနည်းသွားခြင်းမှာ ဓမ္မတာပင် ဖြစ်၏၊

နှစ်နိုင်ငံ ခွဲလိုက်ပြီးနောက် နှစ်ပေါင်း နှစ်ရာအကြာ ဘီစီ ၇၂၁ ခုနှစ်တွင် အဆီးရီးယန်း တို့က မြောက်ပိုင်း အဇ္ဇရေး နိုင်ငံကို တိုက်ခိုက်သိမ်းယူလိုက်ကြ၏၊

တဖန် နောက်ထပ် နှစ်ပေါင်း တရာ့ခြောက်ဆယ်ခန့်ကြာသော အခါ ဘီစီ ၅၈၇ ခုနှစ်တွင် တောင်ပိုင်း ဂျုဒနိုင်ငံ ကို ဗေဗီလုံ နိုင်ငံသားတို့က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ပြီးလျှင် အဇ္ဇရေး အများအပြားကို ဗေဗီလုံသို့ ခေါ်ဆောင်သွားကြ၏၊ ဂျေရုဆလင် မြို့တော်ကိုလည်း ဆောလ်မုန်ဘုရင်ကြီး ဆောက်လုပ်ထားခဲ့သော ဂျေဟိုဗ ဘုရား၏ စံကျောင်းတော်ကြီးပါ မကျန်ရအောင် ဖျက်ဆီးသွားကြ၏၊

အဇ္ဇရေး၏ ကလေးများကား တဖန် နေရာဒေသ အနှံ့အပြားသို့ တကွဲတပြား ပျံ့နှံ့သွားရပြန်လေပြီ။ အီဂျစ်၏ ကျွန်အဖြစ်မှ လွတ်မြောက်ပြီး နှစ်ပေါင်း ၇၀၀ ခန့် အကြာတွင် ကျွန် ဘဝသို့ တဖန် ရောက်ရပြန်လေပြီ။

ထို့နောက် နှစ်ပေါင်း ၅၀ ခန့်အကြာ ဘီစီ ၅၃၈ ခုနှစ်၌ ဗေဗီလုံကို ပါရှင်း ဘုရင် ဆိုက်ရပ်က တိုက်ခိုက် သိမ်းပိုက်လိုက်ပြန်၏၊ ဟီဗရူးတို့မှာ သခင်တဦး၏ အောက်မှ တခြားသခင်တဦး၏ အောက်သို့ ရောက်ရပြန်၏၊

ဂျူး ဘာသာ ပြောင်းလဲလာချိန် ထို အချိန်တွင် ပါးရှားပြည်၌ တမန်တော် ဇိုရိုအက်စတား ကွယ်လွန်သည်မှာ ၃ နှစ်မျှသာ ရှိသေး၏၊ ဇိုရိုအက်စတား ဘာသာ စည်ပင်ပြန့်ပွါး ထွန်းကားနေဆဲအချိန် ဖြစ်၏၊ သို့ဖြစ်၍ ဗေဗီလုံသို့ ရောက်လာသော ပါရှင်း အရှင်သခင်တို့၏ ဘာသာ အယူဝါဒကို အဇ္ဇရေးတို့ လေ့လာကြရ၏၊ ဇိုရိုအက်စတား ဘာသာမှ သဘောတရားများကို အတော် နားလည် သဘောပေါက်လာကြ၏၊

သို့သော် ကမ္ဘာမှာ အကောင်း အင်အားစု ဘုရား၊ အဆိုး အင်အားစု ဘုရားဟု ဘုရားနှစ်ဆူ ရှိနေခြင်းကို ဟီဗရူးတို့ မကြိုက်ကြ။ ကမ္ဘာလောကကြီးကို ဖန်ဆင်းသော တန်ခိုးရှင်သည် နှစ်ဆူ မဖြစ်နိုင်။ တဆူတည်းသာ ဖြစ်ရမည်။ ထိုတဆူမှာလည်း ဂျေဟိုဗ ဘုရားသခင်သာလျှင် ဖြစ်ရမည်ဟု ဂျူးတို့ ယုံကြည်ကြ၏၊ ယခင်ကမူ ဂျေဟိုဗ ဘုရားသခင်ကို ပါလက်စတိုင်း ဘုရား၊ ဂျူးတို့၏ ဘုရားဟုသာ နယ်ကျဉ်းစွာ ယုံကြည်ယူဆခဲ့ကြ၏၊

သို့သော် ဇိုရိုအက်စတား ဘာသာကို လေ့လာရာမှ ရရှိသော အတွေးသစ် အမြင်သစ် အချို့ကိုမူ သူတို့ နှစ်ခြိုက်ကြသဖြင့် ဂျူး ဘာသာရေးသဘောတရားအဖြစ် သွတ်သွင်း လက်ခံလိုက်ကြ၏၊ ယင်းတို့အနက် အရေးကြီးသော အချက် အချို့မှာ တမလွန်ဘဝရှိသည် ဟူသော အယူအဆ၊ ကောင်းကင်ဘုံနှင့် ငရဲ ရှိသည် ဟူသော အယူအဆတို့ ဖြစ်၏၊

ဂျူး တို့ရော ပါရှင်း တို့ပါ ကယ်တင်ရှင် ပေါ်လာမည်ဟု ယုံကြည်ကြ၏၊ သို့သော် ဂျူးတို့၏ ကယ်တင်ရှင်မှာ ဂျူးလူမျိုးတို့ကိုသာ ကယ်တင်မည့် အမျိုးသား သူရဲကောင်း ဖြစ်၏၊ ပါရှင်း တို့၏ ကယ်တင်ရှင်မှာ တကမ္ဘာလုံးကို အဆိုး အင်အားစုများမှ လွတ်မြောက်အောင် ကယ်တင်မည့်သူ ဖြစ်၏၊ ဤအချက်၌လည်း ဂျူး တို့သည် ဇိုရိုအက်စတား ဘာသာမှ ကယ်တင်ရှင် အယူအဆကို ပို၍ သဘောကျကာ လက်ခံလိုက်ကြပြန်၏၊

ဤနည်းဖြင့် ဗေဗီလုံတွင် ပါရှင်း တို့၏ အုပ်ချုပ်မှုအောက်၌ နေခဲ့ရသဖြင့် ဇိုရိုအက်စတား ဘာသာကို လေ့လာခွင့် ရခြင်းသည် ဂျူးတို့အတွက် အရှုံးထဲမှ အမြတ်ရခြင်း ဖြစ်၏၊ ထိုအချိန်မှစ၍ ဂျူးဘာသာကို ပိုမို ကျေနပ်ဖွယ်ရှိအောင် ပြုပြင်ပြောင်းလဲနိုင်ခဲ့ကြ၏၊

ဂျေဟူဒီ ယေဟူဒီ ရဟူဒီ ပါရှင်း တို့သည် ဟီဗရူး တို့ကို မနှိပ်စက်ကြပဲ ရင်းရင်းနှီးနှီး ခင်ခင်မင်မင် ပေါင်းသင်းဆက်ဆံကြ၏၊ ပါရှင်းတို့က ဟီဗရူးတို့ကို ဂျေဟူဒီ=ယေဟူဒီ(Jehudis) ဟုခေါ်ကြ၏၊ [ မြန်မာတို့ ခေါ်နေကြသော ယဟူဒီ=ရဟူဒီ=ရေဝတီ ဟူသော အသုံးအနှုန်းမှာ ထို ယေဟူဒီမှ ပြောင်းလဲလာဟန် တူပေသည်။ ] ထို ဂျေဟူဒီမှ ဂျူး (Jews) ဖြစ်လာ၍ ဂျူး တို့၏ ဘာသာကိုလည်း (Judaism) ဟုခေါ်ကြ၏၊

ပါရှင်းဘုရင် ဆိုက်ရပ်သည် ဂျူးတို့ကို ပါလက်စတိုင်းသို့ ပြန်ခွင့်ပြုလိုက်၍ ဂျူး တို့သည် ဒုတိယအကြိမ် ပါလက်စတိုင်း နိုင်ငံကို တည်ထောင်ကြပြန်သည်။

ပြောင်းလဲတိုးတက်နေသော ဘာသာ သို့သော်လည်း ဂျူး တို့၏ ဘဝကား တည်ငြိမ်မှု မရကြပေ။ နောင်တွင်လည်း ဂရိတ်ရောမအီဂျစ်အာရပ်နှင့် တူရကီ တို့၏ တိုက်ခိုက်သိမ်းယူခြင်း၊ အုပ်စိုးခြင်းကို ဆက်ခါဆက်ခါ ခံကြရ၏၊ သို့သော် သခင် တဦးပြောင်းတိုင်း ဂျူးဘာသာတွင် ပြောင်းလဲ တိုးတက်မှုများ ပို၍ပို၍ ရရှိခဲ့သဖြင့် ဂျူးဘာသာကား အစဉ်သဖြင့် ပြောင်းလဲ တိုးတက်လာခဲ့သော ဘာသာဟု ဆိုနိုင်တန်ရာ၏၊

ဗုဒ္ဓ ဘာသာ

တည်ထောင်သူ
-ဗုဒ္ဓမြတ်စွာဘုရား

ဖွားတော်မူသည့်နှစ်
-ခရစ်မပေါ်မီ ၆၂၄ (ဘီစီ ၅၆၃ တဝါဒ)။

တည်ထောင်သောနှစ်
-ခရစ်မပေါ်မီ ၅၈၉ (ဘီစီ ၅၂၈ တဝါဒ)။

ပရိနိဗ္ဗာန် စံသည့်နှစ်
-ခရစ်မပေါ်မီ ၅၄၄ (ဘီစီ ၄၈၃ တဝါဒ)။

စတင်ပေါ်ပေါက်ရာဌာန
-အိန္ဒိယပြည်။

ဘာသာ၏ အထွတ်အထိပ်ပုဂ္ဂိုလ်
-ဗုဒ္ဓမြတ်စွာဘုရား

ပဓာနကျမ်းဂန်
-နိကာယ်ငါးရပ်ပိဋကသုံးပုံ

အခြေခံ ယုံကြည်ချက်များ ကမ္ဘာလောကကို ဖြစ်စေ၊ သတ္တဝါကို ဖြစ်စေ၊ ဖန်ဆင်းသူ တန်ခိုးရှင်မရှိ။ ကမ္ဘာလောကရော သတ္တဝါများပါ သက်ဆိုင်ရာ အကြောင်းများကြောင့် ဖြစ်ပေါ်လာကြသည်။ သက်မဲ့လောက၊ သက်ရှိလောက နှစ်ခုလုံး အကြောင်းကြောင့် ဖြစ်ပျက်နေကြသော ရုပ်အစဉ် နာမ်အစဉ် များသာ ဖြစ်သည်။ တည်မြဲသော ပုဂ္ဂိုလ် သတ္တဝါ မရှိ၊ အတ္တ မရှိ။ ရုပ်နာမ် မှန်သမျှ ဖြစ်ပြီးလျှင် တစက္ကန့်တောင်မှ တည်တဲ့မနေပဲ ချက်ချင်း ပျက်စီးသွားကြ၍ မမြဲသော သဘော၊ မကောင်းသော သဘော၊ အခိုင်အမာ အနှစ်အသား မဟုတ်သော သဘောချည်း ဖြစ်ကြသည်။

သတ္တဝါတိုင်း မိမိ အလုပ်အားလျော်စွာ အကျိုးရကြသည်။ ကောင်းတာလုပ်လျှင် ကောင်းကျိုး ခံစားရသည်။ ဆိုးတာလုပ်လျှင် ဆိုးကျိုး ခံစားရသည်။

သတ္တဝါသည် တဘဝတည်းဖြစ်သည် မဟုတ်၊ ဘဝပေါင်းများစွာ ဖြစ်သည်။

ဆင်းရဲဆင်းရဲ၏ အကြောင်းဆင်းရဲငြိမ်းခြင်းဆင်းရဲငြိမ်းကြောင်း အကျင့်လမ်းဟု အမှန်တရား လေးပါးရှိသည်။

ပေါ်ပေါက်လာပုံ အခန်း(၁) နှင့် အခန်း(၂) ကို ပြန်ကြည့်ပါ။

ခရစ်ယာန်ဘာသာ

တည်ထောင်သူ
-ဂျူးလူမျိုးယေရှုခရစ်တော်

မွေးဖွားသည့်နှစ်
-ဘီစီ ၄ ခန့်။

တည်ထောင်သည့်နှစ်
-သက်တော် ၃၀ (အေဒီ ၂၇ ခန့်)။

ကွယ်လွန်သည့်နှစ်
-သက်တော် ၃၃ (အေဒီ ၃၀ ခန့်)။

စတင်ပေါ်ပေါက်ရာဌာန
-ပါလက်စတိုင်းပြည်

ဘာသာ၏ အထွတ်အထိပ်ပုဂ္ဂိုလ်
-ထာဝရဘုရားသခင်

ပဓာနကျမ်းဂန်
-သမ္မာကျမ်းစာ (ဓမ္မဟောင်းနှင့် ဓမ္မသစ်)။

အခြေခံ ယုံကြည်ချက်များ ကမ္ဘာ လောကကြီးနှင့်တကွ သတ္တဝါများကို ထာဝရဘုရားသခင်က ဖန်ဆင်းသည်။ ထာဝရဘုရားသခင်သည် တဆူတည်းသော ဘုရားဖြစ်သည်။ ခမည်းတော်ဘုရားသားတော်ယေရှုခရစ်ဘုရား အပြင် သန့်ရှင်းသော ဝိညာဉ်တော် ဘုရားရှိသည်ဟု ယုံကြည်ကြသည်။ ခမည်းတော် သားတော် သန့်ရှင်းသော ဝိညာဉ်တော် သုံးပါးစလုံးသည် တဆူတည်းသော ထာဝရဘုရားသခင် ဖြစ်သည်ဟု ခံယူကြသည်။

ခရစ်တော်သည် လက်ဝါးကပ်တိုင်၌ အသေသတ်ခြင်းကို ခံတော်မူပြီးနောက် ၃ ရက် မြောက်သောနေ့၌ ရှင်ပြန်ထမြောက်တော်မူသည်။ ကောင်းမှု မှန်သမျှ လိုက်လံ နှောင့်ယှက်သော စာတန်မာရ်နတ် ရှိသည်။ တရားဆုံးဖြတ်သောနေ့တွင် ဘုရားသခင်က အပြစ် ရှိသူများကို ငရဲခံစေပြီးလျှင် အပြစ် ကင်းသူများကို ကောင်းကင်ဘုံ ချမ်းသာကို ဝင်စားစေမည်ဟု ယုံကြည်ကြသည်။

ခရစ်ယာန်ဘာသာနှင့် ဂျူးဘာသာ ဆက်စပ်ပုံ ခရစ်ယာန် ဘာသာ၏ ဓမ္မဟောင်းကျမ်းနှင့် ဂျူးဘာသာတို့သည် အခြေခံအားဖြင့် တူညီကြသည်။ [ အထူးသဖြင့် ထာဝရဘုရားသခင်၏ ပညတ်တော်များ၊ ပရောဖက် တို့၏ ဟောကြားချက်များ၊ ဆာလံကျမ်း ကဲ့သို့သော ထာဝရဘုရားသခင်၏ ဂုဏ်တော်ချီးမွမ်းခြင်းများ ပါရှိသည်။ ]

သို့ရာတွင် ခရစ်ယာန်ဘာသာ၏ သမ္မာကျမ်းတွင် ဓမ္မဟောင်းကျမ်း အပြင် ဓမ္မသစ်ကျမ်းလည်း ပါဝင်သည်။ ဓမ္မသစ်ကျမ်း၌ ခရစ်တော်ယေရှု ၏ ဟောကြား သွန်သင်ချက်များ ပါရှိ၍ ဓမ္မဟောင်းကျမ်းမှ ပညတ်သဘောများကို ပိုမို လေးနက်ပီပြင်စွာ ကျင့်ဆောင်နိုင်ကြစေရန် သွန်သင်ထားသည်။ အထူးသဖြင့် ပညတ်သဘောထက် မေတ္တာသဘော ပို်၍ သက်ရောက်စေရန် ဖော်ပြသည်။ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း စသော ဂုဏ်ကျေးဇူးတရားကို ပိုမို ပေါ်လွင်စေသည်။

ပေါ်ပေါက်လာပုံ ဂျုဒနိုင်ငံ သို့မဟုတ် ပါလက်စတိုင်း နိုင်ငံသည် ရှေ့ဂျူး ဘာသာ အခန်း၌ ဖော်ပြခဲ့သည့် အတိုင်း နိုင်ငံခြား အုပ်စိုးမှုအောက်သို့ မကြာခဏ ရောက်ရ၏၊ ယေရှု မပေါ်မီ ၆၃ နှစ်က စ၍ ရောမတို့ လက်သို့ ပါလက်စတိုင်း နိုင်ငံ ကျရောက်ခဲ့ရာ ယေရှု ပေါ်ပေါက်ချိန်၌ ရောမ ဘုရင် ဩဂတ်စတတ်ဆီဇာ အုပ်ချုပ်နေချိန် ဖြစ်၏၊ သို့သော်လည်း ဘုရင်ခံထား၍ အုပ်ချုပ်ခြင်းဖြစ်၏၊ ထို့ကြောင့် မြောက်ပိုင်း ပါလက်စတိုင်း၌ ပွန်းတီးယတ်ပီလိတ် ဘုရင်ခံက အုပ်ချုပ်၏၊

ခရစ်တော် ဖွားမြင်ရာ ကာလသည် ဘာသာရေးအခြေအနေအရ သမ္မာကျမ်းစာအဆိုအတိုင်း ဘုရားသခင်က စေလွှတ်လိုက်မည်ဆိုသော ကယ်တင်ရှင် ရောက်ခါနီးပြီဆိုကာ လူတို့ မျှော်နေကြသော အချိန်ဖြစ်၏၊ ဂျေရုဆလင် မြို့အတွင်းရှိ ဘုရားသခင်၏ စံကျောင်းတော် အတွင်း၌မူ ကုန်သည်များ၊ စားလမ်းပွင့်နေကြသော တာဝန်ရှိ ဘုန်းကြီးများ၊ ငွေ လဲလှယ်သူများ၊ လောလောလတ်လတ် ယဇ်ပူဇော်လိုသော ဘုရားဖူးများ အလွယ်တကူ ဝယ်ယူ ပူဇော်နိုင်ရန် သိုး၊ ဆိတ်၊ နွား ရောင်းသူများဖြင့် ရှုပ်ပွေနေကာ စိတ်ပျက်စရာ အချိန်ကာလ ဖြစ်နေပေပြီ။

အပျိုစင်မှ သားမွေး ထိုအချိန်တွင် ဘက်သလီဟမ်မြို့မှ လက်သမားဆရာ ဂျိုးဇက် နှင့် ဇနီး မာရီတို့မှ ယေရှုခရစ်ကို ဖွားမြင်၏၊ ယေရှုကို ဖွားသောအခါ တည်းခိုဇရပ်တွင် နေရာ မရနိုင်သဖြင့် သူငယ်တော်ကို နွားစာခွက်တွင်သိပ်ထားရသည်။ မာရီသည် သူ့ခင်ပွန်းသည် ဂျိုးဇက်နှင့် မပေါင်းရသေးမီကပင် သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးတော်ကြောင့် ပဋိသန္ဓေ စွဲခဲ့ပြီးလျှင် ယေရှုကို ဖွားခြင်းဖြစ်၏၊

ဟဲရဒ် ဘုရင်သည် မင်းလောင်းပေါ်သည်ဟု ကြားရသဖြင့် တိုင်းပြည်အတွင်းရှိ ၂ နှစ်အရွယ် ကလေးများကို သတ်စေအမိန့် ထုတ်၏၊ ဂျိုးဇက်တို့ ဇနီးမောင်နှံမှာ အိပ်မက်အရ ကြိုတင် သိသဖြင့် သားကလေးကို ချီကာ အီဂျစ် ပြည်သို့ ပြေးကြ၏၊ မကြာမီပင် ဟဲရဒ်ဘုရင် နတ်ရွာစံလေ၏၊ ဤသတင်းကို ဂျိုးဇက်တို့ ကြားသိသောအခါ ပါလက်စတိုင်းသို့ ပြန်လာပြီးလျှင် ဂယ်လီလီနယ်ရှိ နာဇရက်မြို့၌ အခြေချကာ နေကြ၏၊

ဂျွန်နှင့် ယေရှု တွေ့ဆုံခြင်း ယေရှု၏ အလုပ်ကား သူ့ဖခင်လိုပင် လက်သမား အလုပ်ဖြစ်၏၊ အသက် ၃၀ ရောက်သောအခါ ဘက်ပတစ်ဂျွန်ထံ ရေနှစ်ခံရအောင်သွားခဲ့၏၊ ထိုအချိန်သည် ဂျူးဘာသာဝင်တို့ အထဲမှ တမန်တော်ဘက်ပတစ်ဂျွန်သည် ကယ်တင်ရှင် လာတော့မည်ဖြစ်ကြောင်းကြေငြာဖို့ ပြင်ဆင်နေချိန် ဖြစ်၏၊ တနေ့တွင် ဂျော်ဒန် မြစ်ကမ်းပါး၌ လူအများကို ရေနှစ်မင်္ဂလာ ပြုပေးရန် ပြောသောအခါ ဂျွန်က "သင့်ကို ရေနှစ်မင်္ဂလာ ပြုမပေးနိုင်၊ သင်ကသာလျှင် ကျွန်ုပ်ကို ရေနှစ်မင်္ဂလာ ပြုပေးရမည် ဖြစ်ပါသည်" ဟုပြော၏၊ သို့သော်လည်း ယေရှု၏ တောင်းပန်မှုကြောင့် ယေရှုအား ဂျွန်က ရေနှစ်မင်္ဂလာ ပြုပေးလိုက်၏၊

ယေရှု အိမ်ပြန်ရောက်သောအခါ နေ့စဉ် တယောက်တည်း သဲကန္တာရထဲသို့ သွား၍ တရားထိုင်၏၊ သဲကန္တာရထဲမှ ပြန်လာသောအခါ ယေရှု၏ နှလုံးသားသည် လူသားအချင်းချင်း ညီရင်းအစ်ကိုသဖွယ် ချစ်ခင်ရေး၊ တရားမျှတရေး၊ ငြိမ်းချမ်းရေးတို့ဖြင့် ပြည့်နေ၏၊

တကိုယ်တော် တော်လှန်ရေး ပဆိုဗာပွဲတော် နီးကပ်နေသဖြင့် ယေရှုသည်ဂယ်လီလီ၌ ကြာကြာမနေပဲ ဂျေရုဆလင်သို့သွားပြန်၏၊ မြို့တော်အတွင်းဘုရားသခင်၏ ကျောင်းတော်ကြီးသို့ ရောက်သောအခါ ရှေးကလိုပင် နွားများ၊ သိုးများ၊ ဆိတ်များ၊ ကုန်သည်များ ငွေ လဲလှယ်သူများနှင့် ရှုပ်ထွေး ပွေလီနေသည်ကို တွေ့ရပြန်၏၊

ကျောင်းတော်ကြီး၏ ဂုဏ်သိက္ခာ၊ ဘုရားသခင်၏ အသရေတော်နှင့် မလျော်သော ထိုမြင်ကွင်းကို သည်းမခံနိုင်သော ယေရှုသည် မြေပေါ်တွင် ကျနေသည် ကြိမ်တံပြာ တချောင်းကို ကောက်ကိုင်လိုက်ပြီးလျှင် ထိုသို့ မတော် မတရား ပြုသူများကို ရိုက်နှက် မောင်းထုတ်ပစ်လိုက်၏၊ ငွေ လဲလှယ်သူတို့၏ စားပွဲများကိုလည်း တွန်းလှဲပစ်လိုက်၏၊

တရားစတင်ဟောခြင်း ပဆိုဗာပွဲပြီး၍ အိမ်ပြန်ရောက်သောအခါ ယေရှုသည် သဲကန္တာရထဲမှ သူဆင်ခြင်ခဲ့သော တရားကို နာဇရက်မြို့၌ လူအများအား ဟောကြားလေ၏၊ လက်သမားသား ဟောသော တရားကို အရေးမထားရုံမျှမက သရော်လှောင်ပြောင် ပြုလုပ်ကြ၏၊ သို့ဖြင့် ယေရှုသည် ဂယ်လီလီကန်ကြီး၏ အနီး၌ရှိသော ကပါနောင် တံငါရွာသို့ သွားပြီးလျှင် သူ့တရားကို ဆက်လက်ဟောကြားခဲ့၏၊ မကြာခဏ ရေအိုင်ဆီသို့ သွားကာ တံငါများကို တရားဟောလေ၏၊

ယေရှု၏ ဂုဏ်သတင်းမှာ တဖြည်းဖြည်း ရွာအနှံ့ မြို့အနှံ့ ကျော်စောလာ၏၊ ထို့ကြောင့် တရားနာရန်နှင့် ယေရှုထံမှအကူအညီတောင်းရန် ကပါနောင် တံငါရွာကလေးသို့ လာရောက်ကြသူများမှာ တနေ့ထက် တနေ့ များပြားလာ၏၊

တောင်ပေါ်မှ တရား တနေ့တွင် ရေအိုင်ကြီး၏ တောင်ကုန်းတခုပေါ်တွင် ကြီးမားလှသော လူစုလူဝေးကြီး ဖြစ်နေရာ ထိုလူထုကြီးအား ယေရှုက ထင်ရှားကျော်ကြားသော တရားကို ဟောလေ၏၊ ထိုတရားသည် "တောင်ပေါ်မှ တရား" ဟု ထင်ရှား၏၊ ထိုတရား၌ လူသားအချင်းချင်း ငဲ့ညှာရေး၊ သနားကြင်နာရေး၊ သည်းခံရေး၊ စိတ်ကောင်းထားရး သဘောတရားများကို အခြေခံထား၍ ဟောကြားခြင်း ဖြစ်ရာ အချို့သော နေရာများ၌ ဓမ္မဟောင်းကျမ်း၌ ပါဝင်သော ပညတ်များနှင့် ဆန့်ကျင်နေသည်က များ၏၊

ရန်သူ့မြေသို့ ယေရှုသည် ရန်သူများရှိရာ ဂျေရုဆလင်သို့ နောက်ပါ အခြံအရံများနှင့်အတူ ထွက်ခွာသွားလေ၏၊ သူနှင့် အကြီးမားဆုံး ပဋိပက္ခဖြစ်နေသူမှာ ကုန်သည်ကြီးများ၊ ထင်ရှားသည့် ဘာသာရေး ခေါင်းဆောင်များ၊ ဖာရီရှဲ ခေါ်သည့် သမာရိုးကျကို အစွဲကြီးသော ဘုန်းတော်ကြီးများ ဖြစ်ကြ၏၊ သူသည် ဂျေရုဆလင် အနီးမှ တီသနီ မြို့ကလေး၌ နေလျက် ဂျေရုဆလင် မြို့သို့ကြွ၍ တရားဟောလေ့ ရှိ၏၊

သစ္စာဖောက် ကျင်းပတော့မည့် ပဆိုဗာပွဲတော် မတိုင်မီ တညတွင် တပည့်တယောက်၏ အိမ်၌ လက်ရွေးစင်တပည့် ၁၂ ယောက်နှင့်အတူ ညစာ စားကြပြီးနောက် မြို့ပြင်ရှိသွားနေကျ ဥယျာဉ်သို့ သွားကြ၏၊ ဥယျာဉ်သို့ရောက်၍ မကြာမီပင် တပည့်ကြီးများ အိပ်ပျော်ကုန်ကြ၏၊ ဂျုဒအစ္စကယ်ရီရော့ အမည်ရှိ တပည့်ကြီးမှ တပါး တပည့် ၁၁ ယောက် သူနှင့်အတူရှိနေ၏၊ ဂျုဒအစ္စကယ်ရီရော့ မှာမူ ညစာစားပြီး ခပ်စောစောကပင် တနေရာသို့ ထွက်သွား၏၊ သူ့ကို ရည်ရွယ်၍ပင် "သင်တို့ထဲက တယောက်ယောက် ငါ့ကို သစ္စာဖောက်လိမ့်မယ်" ဟု ညစာ စားပွဲ၌ ယေရှုက ပြောခဲ့၏၊

နောက်ဆုံးည ည သန်းခေါင်ကျော် အချိန်တွင် ဥယျာဉ်တွင်းသို့ အကြီးအကဲတို့ စေလွှတ်သောသူနှင့် စစ်သည်များသည် မီးတုတ်များနှင့် လက်နက်များ ကိုင်ဆောင်ကာ ဝင်လာကြ၏၊ သူတို့ကို တပည့်ကြီး ဂျုဒအစ္စကယ်ရီရော့ကခေါ်လာခြင်းဖြစ်၏၊ ယေရှုက ထ၍ တွေ့သောအခါ ရန်သူများက ယေရှုကို ဖမ်းဆီး၍ လက်ပြန်ကြိုးတုပ်လိုက်ရ၏၊ ထို့နောက် နာယက ဘုန်းကြီးကျောင်းသို့ ခေါ်သွားပြီးလျှင် ဘုရားသခင်ကို ပုတ်ခတ်ဟောပြောပြစ်၊ ဘာသာတရား ပုတ်ခတ်ဟောပြောပြစ် တို့ဖြင့် စွပ်စွဲ စစ်ဆေး နှိပ်စက်ကြ၏၊

နံနက်လင်းသောအခါ ဂျူး ဘာသာတရား၌ စိတ်လည်း မဝင်စား၊ ယေရှုတွင် အပြစ်လည်း မတွေ့၍ လွှတ်ပစ်လိုသော ဘုရင်ခံ ပီလိတ်ကို ဘုန်းကြီးများ မရမနေ သေဒဏ် အမိန့် အချ ခိုင်းကြ၏၊ ပီလိတ်လည်း သေဒဏ် အမိန့်ချလိုက်၏၊

ဤသို့လျှင် ယေရှု ခရစ်တော်သည် ဘာသာတရားကို ဗန်းပြကာ စားလမ်းထွင်နေကြသော လူကြီးလူကောင်း ဆိုသူများနှင့် ဘုန်းကြီးများ၏ လက်ချက်ဖြင့် ခရစ်ယာန် သာသနာပြုသက် ၃ နှစ်မျှသာ ရသေးသည့် အချိန်တွင် လက်ဝါးကပ်တိုင်၌ ရိုက်ထားလျက် အသေသတ်ခြင်းကို ခံတော်မူရရှာလေသည်။ ထို့နောက် ၃ ရက်မြောက်သောနေ့တွင် ဘုရားသခင်၏ အကြံတော်အတိုင်း သေခြင်းမှ ထမြောက်တော်မူ၍ ကောင်းကင်ဘုံသို့ ကြွတော်မူသည်ဟု ကျမ်းစာတွင် ပြဆိုထားပေသည်။

အစ္စလာမ် ဘာသာ

တည်ထောင်သူ
-အာရပ်လူမျိုး မိုဟာမက်

မွေးဖွားသည့်နှစ်
-ခရစ်နှစ် ၅၇၀ (အေဒီ ၅၇၀)။

တည်ထောင်သည့်နှစ်
-ခရစ်နှစ် ၆၁၀ (အေဒီ ၆၁၀)။

မဒီနာသို့ထွက်ခွာသည့်နှစ်
-ခရစ်နှစ် ၆၂၂ (အေဒီ ၆၂၂)။

ကွယ်လွန်သည့်နှစ်
-ခရစ်နှစ် ၆၃၂ (အေဒီ ၆၃၂)။

စတင်ပေါ်ပေါက်ရာဌာန
-အာရေဗျ နိုင်ငံ၊ မက္ကာမြို့

ဘာသာ၏ အထွတ်အထိပ်ပုဂ္ဂိုလ်
-အလ္လာဟ်ဘုရားသခင်

ပဓာနကျမ်းဂန်
-ကိုရန်ကျမ်းမြတ်

အခြေခံ ယုံကြည်ချက်များ "အစ္စလာမ်" သည် အာရဗီ ဘာသာစကား ဖြစ်၏၊ "နာခံခြင်း" ဟု အဓိပ္ပာယ်ရ၏၊ အလ္လာဟ် ဘုရားသခင်၏ အမိန့်တော်ကို နာခံခြင်းကိုပင် အစ္စလာမ်ဟု ခေါ်ခြင်းဖြစ်သည်။ အလ္လာဟ်ဘုရားသခင်၏ အမိန့်တော်ကို နာခံသူတိုင်း အစ္စလာမ် ဘာသာကို ကိုးကွယ်သော မူဆလင်များ ဖြစ်ကြသည်။ ဘာသာကို အစ္စလာမ် ဟုခေါ်၍ ထိုဘာသာ ကိုးကွယ်သူကို မူဆလင်ဟု ခေါ်ခြင်းဖြစ်သည်။ မိုဟာမက် တည်ထောင်သော ဘာသာဖြစ်၍ မဟာမေဒင် ဘာသာဟုလည်း ခေါ်ကြသည်။

ကမ္ဘာကြီးနှင့် သတ္တဝါတွေကို အလ္လာဟ်အရှင်မြတ်က ဖန်ဆင်းသည်။ အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာ၏ ပထမဆုံး လူသားအဖြစ် အာဒမ် (Adam) အမျိုးသား နှင့် ဧဝ (Eve) အမျိုးသမီးတို့ကို ဖန်ဆင်းသည်။ သူတို့ နှစ်ယောက် လူသားတွေ ဆက်ကာဆက်ကာ ပေါက်ပွါးလာကြ၏၊

အစ္စလာမ် ဘာသာတွင် ပဓာနအားဖြင့် ယုံကြည်ရမည့် အချက်ကြီးများမှာ-

ကမ္ဘာကို ဖန်ဆင်းအုပ်စိုးသော အလ္လာဟ် အရှင်မြတ်ကို ယုံကြည်ရမည်။

အလ္လာဟ် ၏ အမိန့်အတိုင်း ဆောင်ရွက်ရသော ကောင်းကင် တမန်များကို ယုံကြည်ရမည်။

တမန်တော်ကြီး၊ တမန်တော်ကလေးများကို ယုံကြည်ရမည်။ တမန်တော်ကြီးများမှာ အာဒမ်နောဧအေဗရာဟင်မိုးဇက်ယေရှုတို့ ဖြစ်ကြသည်။ မိုဟာမက်မှာ အကြီးမြတ်ဆုံး တမန်တော်ဖြစ်သည်။

တရား ဆုံးဖြတ်မည့်နေ့ကို ယုံကြည်ရမည်။ တရား ဆုံးဖြတ်မည့်နေ့တွင် လူတွေအားလုံး သေရာမှ ပြန်ရှင်လာကြပြီး အလ္လာဟ်အရှင်မြတ် အထံ၌ တရားအဆုံးအဖြတ် ခံရမည်။

တလောကလုံး ဖြစ်ပျက်သမျှသည် အလ္လာဟ် အရှင်မြတ်၏ အလိုတော်အတိုင်းသာ ဖြစ်ပျက်နေခြင်း ဖြစ်သည်။

အစ္စလာမ် ဘာသာ၌ အခြေခံ အချက်ကြီး ငါးချက်ရှိသည်။

ယင်းတို့မှာ-

အလ္လာဟ် အရှင်မြတ်သည် တဆူတည်းသော ဘုရားသခင် ဖြစ်သည်။ မိုဟာမက် သည် အကြီးမြတ်ဆုံးသော တမန်တော် ဖြစ်သည်။

တနေ့လျှင် ၅ ကြိမ် ဘုရား ဝတ်ပြုရမည်။

ဆင်းရဲသားများအား ကျွေးမွေး ပေးကမ်း ရမည်။

ရမ်မဇမ်လ၌ ဥပုသ် စောင့်ရမည်။

ငွေကြေး တတ်နိုင်သူများ ဆော်ဒီအာရေဗျ နိုင်ငံ မက္ကာမြို့သို့ ဘုရားဖူး သွားရမည်။ (ဟာ့ဂျ် သွားသည် ဟု ခေါ်ကြသည်။)

အစ္စလာမ် ဘာသာ၏ အရေးကြီးလှသော သင်ကြားချက်တခုမှာ "ရုပ်တုကို ရှိမခိုးရ၊ မကိုးကွယ်ရ" ဟူ၍ ဖြစ်သည်။

ပေါ်ပေါက်လာပုံ အာရေဗျနိုင်ငံ မက္ကာမြို့သည် တမန်တော် မိုဟာမက် မပေါ်ထွန်းမီ အေဒီ ၆ ရာစု အစပိုင်းကတည်းက ဘုရားဖူးများဖြင့် စည်ကား၏၊ ယင်းသို့ စည်ကားခြင်းမှာ ဘာသာရေး အရ အချက်အချာ ကျသောကြောင့်သာ မဟုတ်၊ အရှေ့တောင်ဘက်တွင် အိန္ဒိယပြည်နှင့် ပါးရှားပြည်၊ မြောက်ဘက်တွင် ဆီးရီးယားနိုင်ငံ၊ အနောက်မြောက်ဘက်တွင် အီဂျစ် နိုင်ငံများရှိရာ ကုန်သွယ်ရေး လမ်းကြောင်း ဗဟို၌ တည်ရှိနေသဖြင့် စီးပွါးရေး အရ အချက်အချာ ကျသောကြောင့်လည်း ဤမျှ စည်ကားနေခြင်း ဖြစ်ဟန်တူပေသည်။

ဤ အချက်သည်ပင် အစ္စလာမ်ဘာသာ ပေါ်ထွန်းလာရခြင်း၏ အကြောင်း တစိတ်တဒေသ ဖြစ်နိုင်ပေသည်။ နိုင်ငံရပ်ခြား စီးပွါးရေးသမားများသည် ဘာသာရေးသမားများစုဝေးရာဖြစ်သော ကအာဗာ ဝတ်ကျောင်းတော်နှင့် အစ္စမေးလ် ၏ ရေကြည်တော်တွင်းတို့၌ လူစည်ကားနေသည်ကို တွေ့ရသောအခါ စီးပွါးရေး လာဘ်မြင်သူများ ဖြစ်ကြသည့်အတိုင်း စီးပွားရေးအရ အမြတ်ထုတ်ကြခြင်း ဖြစ်လေသည်။ ထို့ကြောင့်ပင် မက္ကာသည် ဈေးမြို့ ဖြစ်လာရုံမျှမက ကအာဗာ ဝတ်ကျောင်းတော် တဝိုက်သည်လည်း ဈေးရပ်ကွက်သဖွယ် ဖြစ်လာရဟန်တူပေသည်။

ဤသို့သော နေရာများသည် အပျော်အပါး လောင်းကစားသမားများ၊ အမူးသမားများ ကျက်စားစရာ ဖြစ်ပေသည်။ လူမျိုးစုံသော နေရာ၌ ကိုးကွယ်မှုမျိုးစုံလာကာ ကိုးကွယ်စရာ ရုပ်တုတွေလည်း များပြားလာခြင်း ဖြစ်ပေသည်။

ကအာဗာ ဝတ်ကျောင်းတော်၌ ဘုရားဖူး စည်ကားသည်ကို ထောက်ဆခြင်းအားဖြင့် တမန်တော် မိုဟာမက် မပေါ်ထွန်းမီအချိန်က ဂျူးဘာသာ ခရစ်ယာန် ဘာသာတို့ကို ကိုးကွယ်သူများကြဟန် တူပေသည်။ ဇိုရိုအက်စတား ဘာသာဝင်များလည်း မရှိဟု မဆိုနိုင်ချေ။ သို့သော် အများစုသည် စင်ကြယ်သော ဘာသာတရားကို ကိုးကွယ်ကြဟန် မတူပေ။

မိုဟာမက် ဖွားမြင်ခြင်း ဤသို့သော အခြေအနေတွင် တမန်တော် မိုဟာမက်ကို မွေးဖွားလာခြင်း ဖြစ်၏၊ သူသည် မက္ကာမြို့တွင် ခရစ်နှစ် ၅၇၀ ခုနှစ်၌ ဖွားမြင်သူဖြစ်သည်။ မိခင်မှာ အာမေနတ်၊ ဖခင်မှာ အဗ္ဗဒူလာ ဖြစ်သည်။ သူ မမွေးဖွားမီကလေးတွင် ဖခင် ကွယ်လွန်သွား၍ ဖခင်၏ မျက်နှာကို သူ မမြင်လိုက်ရပေ။ မိခင်သည်လည်း သူခြောက်နှစ်သား အရွယ်တွင် ကွယ်လွန်သွား၏၊ သူ့ကို သူ့ ဦးလေး အဘူတလစ်က ကျွေးမွေး စောင့်ရှောက်ထားရ၏၊

မိုဟာမက် လူလားမြောက်လာသောအခါ ဆီးရီးယား နိုင်ငံသို့ကုလားအုပ်များဖြင့် ကုန်ကူးသွားသော ကုန်သည်များကို ဦးဆောင်လမ်းပြ လုပ်ရ၏၊ သူ၏ အလုပ်အကိုင် ကျွမ်းကျင်မှုကြောင့် ပစ္စည်းချမ်းသာလှသော ကလေးသုံးယောက် မိခင် မုဆိုးမကြီး ခဒီဂျာက မိုဟာမက်ကို သူ၏ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ကာ အဆိုပါ နိုင်ငံများသို့ ကုန်ကူးသန်းရန် စေလွှတ်၏၊ မိုဟာမက်၏ ကျွမ်းကျင်မှု၊ သစ္စာရှိမှု၊ စိတ်ကောင်းရှိမှုတို့ကြောင့် ခဒီဂျာက မိုဟာမက်ကို အိမ်ထောင်ဘက်အဖြစ် ရွေးလိုက်၏၊ ထိုအချိန်၌ ခဒီဂျာက အသက် ၅၀ ရှိပြီ ဖြစ်၍ မိုဟာမက်က ၂၅ နှစ်မျှသာ ရှိသေး၏၊ သို့သော် အိမ်ထောင်ရေးသုခကို ရကြသည်ဟု ဆို၏၊

အစ္စလာမ်ဘာသာ၏ အစ ခဒီဂျာနှင့် လက်ထပ်ပြီးသောအခါ မိုဟာမက်၌ အချိန်အား ရသဖြင့် အားလပ်သည့် အချိန်များတွင် တဦးတည်း တိတ်ဆိတ်စွာ ထိုင်လျက် တရားနှလုံးသွင်း ဆင်ခြင်၏၊ အထူးသဖြင့် သူသည် မက္ကာ၏ လက်ရှိ ဘာသာရေး အခြေအနေကို ဘဝင်မကျနိုင်သဖြင့် ဘာသာတရားကို ပိုမို တိုးတက်ကောင်းမွန်အောင် ပြုပြင်နိုင်မည့် နည်းလမ်းကို အပြန်ပြန် အလှန်လှန် ဆင်ခြင် သုံးသပ် ရှာဖွေနေ၏၊

ထိုသို့ ဆင်ခြင် သုံးသပ်နေစဉ် တညတွင် ကောင်းကင်တမန် ဂေဗရီယယ် သူ့ရှေ့၌ ပေါ်လာပြီးလျှင် ဘုရားသခင်၏ ဗျာဒိတ်တော်ကို ပေး၍ အဖတ်ခိုင်း၏၊

မိုဟာမက်သည် ဝမ်းသာအားရနှင် အိမ်သို့ ပြေးသွားပြီးလျှင် သူ၏ ထူးဆန်းသော အဖြစ်အပျက်များကို သူ့ဇနီးအားပြောပြ၏၊ ခဒီဂျာက အကြွင်းမဲ့ ယုံကြည်၏၊ ကာလ အတန်ကြာသော် မိုဟာမက်သည် သူ့ကိုယ်သူ ဘုရားသခင် ရွေးချယ်သော တမန်တော်အဖြစ် ယုံကြည်ယူဆကာ သူ့မိသားစုနှင့် ဆွေမျိုးများကို စ၍ တရားဟောတော့၏၊

ဘုရားဖူးသူများအား တရား စဟောခြင်း ဆွေမျိုးများထဲမှ သူ့တရားကို ယုံကြည်လက်ခံသူ အတော်များများ ရှိလာသော အခါ ကအာဗာ ဘုရား ဝတ်ကျောင်းတော်သို့ သွား၍ ဘုရားဖူးသူများအား တရားဟောလေသည်။ သူ့တရားကို "အလ္လာဟ် အရှင်မြတ်မှတပါး ဘုရားမရှိ၊ မိုဟာမက်ဟာ အလ္လာဟ်အရှင်မြတ်၏ တမန်တော်ဖြစ်သည်" ဟူသော စကားမှ စ၍ ဟောသည်။ လူတွေက သူ့တရားကို မယုံကြည်ကြရုံမျှမက သူ့ကို ပြောင်လှောင် ရယ်မောကြ၏၊

သို့သော် မိုဟာမက်ကား မလျှော့။ ဆက်လက်၍ ဟောမြဲ ဟောလေ၏၊

မဒီနာသို့ ရွှေ့ပြောင်းရခြင်း အတန်ကြာသော် တမန်တော် မိုဟာမက်သည် ရုပ်တု ကိုးကွယ်မှု ဆန့်ကျင်ရေးအရက်နှင့် လောင်းကစား ဆန့်ကျင်ရေးတရားများကိုပါ ဟောလေသည်။ ကအာဗာ ဝတ်ကျောင်းတော်နှင့် အစ္စမေးလ် ရေကြည်တော်တွင်းကို မှီ၍ စီးပွါးရှာနေကြသော စီးပွါးရေးသမားများ၏ မူမမှန်သော လုပ်ရပ်များကိုပါ ထုတ်ဖော် ထိပါး၍ ဟောကြား၏၊ ဤတရားများက တမန်တော်ကို ရန်များလာစေသည်။

သို့နှင့် အထိပါးခံရသူများသည် တမန်တော်ကို သတ်ရန်စီစဉ်ကြ၏၊ သူတို့၏ အစီအစဉ်ကို တမန်တော် ကြိုတင် သိ၍ သတ်မည့်ညတွင် ကုလားအုပ်စီးလျက် နောက်ပါ အချို့နှင့် အတူ ယသရစ်မြို့သို့ရွှေ့ပြောင်းလွတ်မြောက်သွား၏၊ ယသရစ်မြို့ကိုလည်း မဒီနာဟု နာမည်ပြောင်းလိုက်၏၊

ယင်းသို့ ထွက်ပြေးသွားသော နှစ်မျာ ခရစ်နှစ် ၆၂၂ ခုနှစ် ဖြစ်၏၊ ထို အချိန်တွင် တမန်တော်၏ အသက် ၅၃ နှစ်ရှိပေပြီ။

ခုနှစ် ရေတွက်ပုံ အစ္စလာမ် ဘာသာ၌ တမန်တော် မဒီနာ သို့ ရွှေ့ပြောင်းသော ညသည် အလွန်အရေးပါလှ၏၊ အကြောင်းမှာ မိုဟာမက်၏ တရားတော်များကို မဒီနာမှစ၍ ထိရောက်စွာ ဟောပြော ဖြန့်ဖြူးနိုင်သောကြောင့် ဖြစ်၏၊ ထို့ကြောင့် မူဆလင်တို့သည် ခုနှစ်ကို ရေတွက်လျှင် တမန်တော် မိုဟာမက် မဒီနာသို့ ထွက်ခွာသောနှစ်မှ စ၍ ရေတွက်ကြ၏၊ သို့ဖြစ်ရာ ခရစ်နှစ် ၆၂၂ ခုနှစ်သည် မူဆလင်တို့ ဟိဂျရိ နှစ်အရ ၁ နှစ် ဖြစ်လေသည်။

ဗုဒ္ဓသာသနာနှစ် ရေတွက်ပုံမှာ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံသောနှစ်မှ စ၍ ရေတွက်၏၊ ကမ္ဘာသုံး ခရစ်နှစ် ရေတွက်ပုံမှာ ယေရှုခရစ် မွေးဖွားသော နှစ်မှ စ၍ ရေတွက်၏၊ ထို့ကြောင့် ယေရှုခရစ် မမွေးဖွားမီ နှစ်များကို (B.C) ဟု အတိုကောက် ရေး၍ မွေးဖွားပြီးနောက် နှစ်များကို (A.D) ဟု အတိုကောက် ရေးကြ၏၊

တိုက်ယင်း ဖြန့် မဒီနာမြို့၌ တမန်တော် မိုဟာမက်၏ တရားများကို လူ အများအပြား ယုံကြည်လက်ခံကြ၏၊ ဂျူးတို့ကမူ လက်မခံကြချေ။ မိုဟာမက် ကို မဒီနာမြို့သားတို့ လေးစားချစ်ခင်ကြ၏၊ မြို့၏ အကြီးအကဲ အဖြစ် တင်မြှောက်ကြ၏၊

မက္ကာမှ တမန်တော်၏ ရန်သူများသည် တမန်တော်ကို မဒီနာအထိ လိုက်၍ သတ်ရန် စီစဉ်ကြ၏၊ သူသည် ထိုရန်ကို ခုခံ တွန်းလှန်နိုင်ရန် စစ်သားများ စုဆောင်း၍ စစ်တပ် ဖွဲ့လိုက်ပြီးလျှင် ရန်သူများနှင့် ရင်ဆိုင် တိုက်ခိုက်ခဲ့ရာ တဖြည်းဖြည်း စစ်ပွဲအဖြစ် ရောက်သွားတော့၏၊ စစ်ပွဲပေါင်း များစွာတွင် တမန်တော်၏ တပ်သားများက အောင်နိုင်ကြ၏၊ ဤ နည်းဖြင့် မိုဟာမက်သည် အစ္စလာမ် သာသနာကို တည်ထောင် ဖြန့်ဖြူးရ၏၊ မက္ကာကိုကား မသွားနိုင်သေးပေ။

အောင်ပွဲ ခရစ်နှစ် ၆၃၀ ခုနှစ်၊ တိဂျရိ (အစ္စလာမ်နှစ်) ၈ နှစ်မြောက်သောအခါ မိုဟာမက်သည် တပ်သားတသောင်းပါဝင်သော တပ်မကြီးဖြင့် မက္ကာသို့ ချီတက်သွားရာ မက္ကာ မြို့သားတို့က ကြောက်လန့်၍ မြို့မှ ထွက်ပြေးကြ၏၊ တမန်တော်သည် မည်သူ့ကိုမျှ ရန်မပြုပဲ ကအာဗာ ဝတ်ကျောင်းတော်သို့သာ တန်းတန်း မတ်မတ် ချီတက်သွားပြီးလျှင် သုံးရာခြောက်ဆယ်သော ရုပ်တုတို့ကို ဖျက်ဆီးစေပြီးနောက် အေးဆေးစွာ ဘုရားဝတ်ပြုနေလေ၏၊

ဟာ့ဂျ် သွားခြင်း၏ ရည်ရွယ်ချက် ကအာဗာ (Kaaba) ဆိုသည်မှာ ကျောက်တုံးနက် ဖြစ်၏၊ ယင်း ကျောက်တုံးနက်ကို ကမ္ဘာဦးလူ တမန်တော်အာဒမ်က ကောင်းကင်ဘုံမှ ယူခဲ့ပြီးလျှင် ဤမက္ကာမြို့ ဖြစ်လာမည့်နေရာ၌ ကျောင်းဆောက်ကာ သိမ်းဆီးထားခဲ့ခြင်း ဖြစ်သည်ဆို၏၊ မက္ကာသို့ ကမ္ဘာ့နိုင်ငံ အနှံ့အပြားမှ ဘုရားဖူးသွားကြသူများသည် ဤ ကျောက်တုံးနက်ကို ဖူးမြော်ရန် သွားကြခြင်းဖြစ်သည်။ အခြား ဝတ်ပြုမှုတွေ ရှိသေးသော်လည်း ဤကျောက်တုံးနက်သည် လိုရင်း ဖြစ်သည်ဆို၏၊

မက္ကာ မြို့သားတို့သည် မိုဟာမက် ရန်ပြုရန် လာခြင်းမဟုတ်ကြောင်း သိကြသောအခါ မြို့သို့ ပြန်လာပြီးလျှင် မိုဟာမက်ထံ စုဝေး ရောက်လာကြ၏၊ တမန်တော်က ဆုံးမ ဩဝါဒစကား ပြောကြားပြီးလျှင် တရားဟော၏၊ မြို့သား အများစု ကျေကျေနပ်နပ်ဖြင့် တမန်တော်၏ တရားကို ယုံကြည်လက်ခံကြ၍ မူဆလင်တွေ ဖြစ်လာကြ၏၊

နောက်ဆုံး ဩဝါဒ တမန်တော် မိုဟာမက်သည် စစ်သား တယောက်မျှ မက္ကာတွင် ချန်မထားခဲ့ပဲ မဒီနာသို့ အေးဆေးစွာ ပြန်ခဲ့၏၊ နောင် ၂ နှစ် အကြာတွင် မက္ကာသို့ ဘုရားဖူး တဖန် သွားပြန်ပြီးနောက် မဒီနာသို့ ပြန်ရောက်သောအခါ တပည့်တို့ကိုခေါ်၍ နောက်ဆုံး ဩဝါဒကို ပေးလေသည်။ ယင်း ဩဝါဒမှာ "အလ္လာဟ် အရှင်မြတ်ကို ယုံကြည်ရမည်။ ရုပ်တုကို ဘယ်တော့မှ မကိုးကွယ်ရ။ ဆင်းရဲသူများကို သနားကြင်နာရမည်။ အလုပ်သမားကို သူ၏ ကိုယ်မှ ချွေးမခြောက်မီ သူ၏ လုပ်ခကို ပေးရမည်" ဟု စသော ဟောနေကျ တရားများပင် ဖြစ်၏၊

သုံးလ ကြာသောအခါ အသက် ၆၃ နှစ် အရွယ်တွင် တမန်တော် မိုဟာမက်သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို နာခံသွားလေသည်။

နေ့စဉ်ကုသိုလ်ဝတ်များ

ငယ်စဉ်က စ၍ ကလေးငယ်များ၊ လူငယ် လူရွယ်များသည် ငယ်စဉ်က စ၍ အလေ့ကောင်း အကျင့်ကောင်းတို့ကို ရရှိထားမှသာ အလေ့ဆိုး အကျင့်ဆိုးများ မဝင်လာအောင် တားဆီးနိုင်ပေသည်။ အလေ့ဆိုး အကျင့်ဆိုးများဝင်လာလျှင် လူဆိုးသူဆိုးဖြစ်ဖို့ သေချာပေသည်။

အလိုမလိုက် အပေါင်းမမှား ငယ်စဉ်က အလေ့ကောင်း အကျင့်ကောင်းတို့ကို ရရှိထားသော ကလေးသည် မျိုးစေ့ကောင်းကို ချမိပြီ ဖြစ်၍ ကြီးလာလျှင်လူကြီး လူကောင်း ဖြစ်ရန် သေချာသလောက် ဖြစ်ပေပြီ။ အရွယ်ရောက်လာသည့်အခါ မိတ်ဆွေဆိုးနှင့် အပေါင်း မှားလျှင် ဖြစ်စေ၊ လူကြီး မိဘများက အချစ်လွန်၍ အလိုလိုက်များလျှင်ဖြစ်စေ လူကြီးလူကောင်း ဖြစ်ဖို့ မသေချာပေ။ ထို့ကြောင့် "သေချာသလောက်" ဟု ဆိုရခြင်း ဖြစ်သည်။

မိဘတို့ တာဝန် သို့ဖြစ်ရာ ကလေးများ၊ လူငယ် လူရွယ်များ ငယ်စဉ်ကစ၍ အလေ့အကျင့် ကောင်းများရအောင် လူကြီး မိဘတို့က ပြုစု ပျိုးထောင်ပေးဖို့ လိုအပ်သလို ထိုအကျင့်ကောင်းများကို အရွယ်ရောက်လာသည့်အခါ၌ ဆက်လက် ထိန်းသိမ်းသွားနိုင်အောင်၊ မိတ်ဆွေဆိုးနှင့် မပေါင်းမိအောင်၊ အကျိုးယုတ်မည့် ကိစ္စတို့၌ အလို မလိုက်မိအောင် လက်ဦးဆရာဖြစ်သည့် လူကြီး မိဘများက အထူး သတိကြီးကြီး ထားကာ အမြဲတစေ မျက်ခြည်မပြတ် ထိန်းသိမ်း ပဲ့ကိုင်ပေးဖို့ လွန်စွာ လိုအပ်ပေသည်။

ကုသိုလ် အလေ့အကျင့် ယင်းသို့ ပြုစု ပျိုးထောင်ပေးရမည့် အလေ့ အကျင့်ကောင်းများ အနက် စိတ်ဓာတ်ပြုပြင်ရေးနှင့် သက်ဆိုင်သည့် ဘာသာရေးဆိုင်ရာကုသိုလ်ဝတ်များကို နေ့စဉ် အချိန်မှန်မှန် ပြုလုပ်ဆည်းပူးစေခြင်းသည် အရေးပါလှသော အလေ့အကျင့်များတွင် တခု အပါအဝင် ဖြစ်ပေသည်။

ထို့ကြောင့် နေ့စဉ် ရတနာသုံးပါးကို ရှိခိုးခြင်း၊ ဘိုးဘွား မိဘ တို့ကို ရှိခိုးဦးချပြီးမှ အိပ်ခြင်း၊ မြတ်စွာဘုရားအား ပန်းကပ် ဆွမ်းကပ်ခြင်း၊ သတ္တဝါများအား မေတ္တာပို့ခြင်း စသော ကုသိုလ် အလေ့အကျင့်များကို အချိန်များများ မကုန်စေပဲ ပြုလုပ်နိုင်ရန် ရွတ်ကောင်း ရလွယ်၊ တိုကျဉ်း ထိမိ၊ ခံစားမှု ပီတိ အပြည့်ပါသော ဘုရားရှိခိုး၊ ပန်းကပ်၊ ဆီမီးကပ် စသည်တို့ကို အောက်တွင် ဖော်ပြထားပါသည်။

ဘုရားရှိခိုး အကျဉ်း
ကိုယ်တော်တိုင် ကိလေသာခပ်သိမ်း ချုပ်ပြတ်ငြိမ်းလျက် ဒုက္ခ ဇာတ်သိမ်းတော်မူပြီးသည်ဖြစ်၍ သတ္တဝါဝေနေ တပည့်တွေကိုလည်း ကိလေသာငြိမ်းကြောင်း နည်းကောင်းညွှန်ပြ ဆိုဆုံးမ၍ ဒုက္ခအထွေထွေ ငြိမ်းအေးစေတော်မူသော မြတ်စွာဘုရားကို တပည့်တော်သည် ကြည်ညိုမြတ်နိုး လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ အရှင်ဘုရား။

တရားရှိခိုး အကျဉ်း
ဆင်းရဲအဖြာဖြာ ငြိမ်းလိုပါ၍ လိုက်နာကြသူ များဗိုလ်လူကို အပူငြိမ်းအေး ဆင်းရဲဘေးမှ ကင်းဝေးလေအောင် နိဗ္ဗာန်သောင်သို့ ပို့ဆောင်ပေတတ် တရားမြတ်ကို တပည့်တော်သည် ကြည်ညိုမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား။

သံဃာရှိခိုး အကျဉ်း
မြတ်စွာဗုဒ္ဓ ဟောညွှန်ပြ၍ ဆုံးမတိုင်းသာ သုံးသိက္ခာကို ကောင်းစွာလည်းကျင့် ဖြောင့်စွာကျင့်၍ ဖြည့်ကျင့်မှန်စွာ အရိယာဟု ရှစ်ဖြာသန့်စင် ထေရ်အရှင်နှင့် နွယ်ဝင်အရိယာ မြတ်သံဃာကို တပည့်တော်သည် ကြည်ညိုမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား။

ပန်း ကပ်လှူပူဇော်ရန်
ဘုန်းတော် အနန္တ၊ ဂုဏ်တော် အနန္တ၊ ဉာဏ်တော် အနန္တ၊ တန်ခိုးတော် အနန္တနှင့် ပြည့်စုံတော်မူသော သုံးလောကထွတ်ထားသဗ္ဗညု ရှင်တော်မြတ်ဘုရားအား အဆင်း အနံ သင်းပျံ့လှိုင်ကြွယ် ပန်းသွယ်သွယ်ကို ရင်ဝယ်သိမ့်သိမ့် ပီတိစိမ့်မျှ ချမ်းငြိမ့်ကြည်သာ စေတနာဖြင့် ခေမာမြို့နန်း ရောက်ဖို့မှန်း၍ လှူဒါန်း ဆက်ကပ်ပါ၏ အရှင်ဘုရား။

ဆီမီး ကပ်လှူပူဇော်ရန်
ဘုန်းတော် အနန္တ၊ ဂုဏ်တော် အနန္တ၊ ဉာဏ်တော် အနန္တ၊ တန်ခိုးတော် အနန္တနှင့် ပြည့်စုံတော်မူသော သုံးလောကထွတ်ထားသဗ္ဗညု ရှင်တော်မြတ်ဘုရားအား ဖယောင်းဆီမီး လျှပ်စစ်မီးနှင့် မီးအသွယ်သွယ် ရောင်လျှံခြယ်၍ ရင်ဝယ်သိမ့်သိမ့် ပီတိစိမ့်မျှ ချမ်းငြိမ့်ကြည်သာ စေတနာဖြင့် ခေမာမြို့နန်း ရောက်ဖို့မှန်း၍ လှူဒါန်းဆက်ကပ်ပါ၏ အရှင်ဘုရား။

ရေချမ်း ကပ်လှူပူဇော်ရန်
ဘုန်းတော် အနန္တ၊ ဂုဏ်တော် အနန္တ၊ ဉာဏ်တော် အနန္တ၊ တန်ခိုးတော် အနန္တနှင့် ပြည့်စုံတော်မူသော သုံးလောကထွတ်ထားသဗ္ဗညု ရှင်တော်မြတ်ဘုရားအား အေးမြကြည်လင် မြတ်ရေစင်ကို ကြည်ရွှင်ရင်သိမ့် ပီတိစိမ့်မျှ ချမ်းငြိမ့်ကြည်သာစေတနာဖြင့် ခေမာမြို့နန်း ရောက်ဖို့မှန်း၍ လှူဒါန်းဆက်ကပ်ပါ၏ အရှင်ဘုရား။

သစ်သီး ကပ်လှူပူဇော်ရန်
ဘုန်းတော် အနန္တ၊ ဂုဏ်တော် အနန္တ၊ ဉာဏ်တော် အနန္တ၊ တန်ခိုးတော် အနန္တနှင့် ပြည့်စုံတော်မူသော သုံးလောကထွတ်ထားသဗ္ဗညု ရှင်တော်မြတ်ဘုရားအား အဆင်း အနံ့ အရသာ အဖုံဖုံ ပြည့်စုံပါသော သစ်သီးခဲဖွယ် အသွယ်သွယ်ကို ရင်ဝယ်သိမ့်သိမ့် ပီတိစိမ့်မျှ ချမ်းငြိမ့်ကြည်သာ စေတနာဖြင့် ခေမာမြို့နန်း ရောက်ဖို့မှန်း၍ လှူဒါန်း ဆက်ကပ်ပါ၏ အရှင်ဘုရား။

ဆုတောင်း အမျှဝေ
ဤသို့လျှင် သုံးလောကထွတ်ထားသဗ္ဗညု ရှင်တော်မြတ်ဘုရား၏ ဘုန်းတော်၊ ဂုဏ်တော်၊ တန်ခိုးတော်နှင့် ဉာဏ်တော် အဖုံဖုံ ကျေးဇူးဂုဏ်ကို ကြည်ယုံမျှော်မှန်း လှူဒါန်းဆက်ကပ်ရသော ဤ ဒါနကောင်းမှု အစုစုကြောင့် တပည့်တော် (တို့) သည် ပညာရှိ သူတော်ကောင်းတို့နှင့်သာ တွေ့ကြုံ ဆုံဆည်း ပေါင်းသင်းဆက်ဆံရ၍ ပညာရှိ သူတော်ကောင်းတို့ ဟောပြောသော တရားမှန် စကားမှန် တို့ကို နာခံ မှတ်သားရသဖြင့် ပညာရှိ သူတော်ကောင်းတို့ ကျင့်ကြံ နေထိုင်ကြသည်အတိုင်း ဆင်းရဲငြိမ်းကြောင်း အကျင့်ကောင်း အကျင့်မှန်တို့ကို ကျင့်ကြံ ပွါးများ ကြိုးစားအားထုတ်နိုင် (ကြ) သဖြင့် ဆင်းရဲခပ်သိမ်း ကင်းငြိမ်းရာ နိဗ္ဗာန်ကို လျင်မြန်စွာ မျက်မှောက် ပြုရပါလို (ကုန်) ၏ အရှင်ဘုရား။

ဤကောင်းမှု အစုစု၏ အဖို့ဘာဂကို မိဘ ဘိုးဘွား ဆရာသမားတို့မှ စ၍ အလုံးစုံသော သတ္တဝါတို့အား အမျှ ပေးဝေပါကုန်၏၊

အမျှ ရ၍ ချမ်းသာကြပါစေ။

အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့။

မှတ်ချက်။။ တဦးတည်း ကပ်လှူလျှင် လက်သည်းကွင်းအတွင်းရှိ စကားများကို ထည့်မရွတ်ရ။

မေတ္တာပို့ အကျဉ်း

သဗ္ဗေ သတ္တာ = သတ္တဝါမှန်သမျှ

အဝေရာ ဟောန္တု = ဘေးရန် ကင်းကြပါစေ။

အဗျာပဇ္ဈာ ဟောန္တု = စိတ်ဆင်းရဲ ကင်းကြပါစေ။

အနီဃာ ဟောန္တု = ကိုယ်ဆင်းရဲ ကင်းကြပါစေ။

သုခီ အတ္တာနံ ပရိဟရန္တု = မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင်ကြပါစေ။ (မေတ္တာပို့)

ဒုက္ခာ မုစ္စန္တု = ဆင်းရဲခြင်းမှ လွတ်ကင်းကြပါစေ။ (ကရုဏာပို့)

ယထာလဒ္ဓသမ္ပတ္တိတော မာ ဝိဂစ္ဆန္တု = ရပြီးသား စည်းစိမ် ချမ်းသာမှ မကင်းကွာ မယုတ်လျော့ကြပါစေနှင့်။

(မုဒိတာပို့)

ကမ္မဿကာ = မိမိ၏ ကောင်းမှု မကောင်းမှုသည်သာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြပါတကား။ (ဥပေက္ခာပွါး)

၅၂၈ သွယ် မေတ္တာပို့အကျယ်

သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု၊ အဗျာပဇ္ဈာ ဟောန္တု၊ အနီဃာ ဟောန္တု၊ သုခီ အတ္တာနံ ပရိဟရန္တု။

သဗ္ဗေ ပါဏာ အဝေရာ ဟောန္တု၊ အဗျာပဇ္ဈာ ဟောန္တု၊ အနီဃာ ဟောန္တု၊ သုခီ အတ္တာနံ ပရိဟရန္တု။

သဗ္ဗေ ဘူတာ အဝေရာ ဟောန္တု၊ အဗျာပဇ္ဈာ ဟောန္တု၊ အနီဃာ ဟောန္တု၊ သုခီ အတ္တာနံ ပရိဟရန္တု။

သဗ္ဗေ ပုဂ္ဂလာ အဝေရာ ဟောန္တု၊ အဗျာပဇ္ဈာ ဟောန္တု၊ အနီဃာ ဟောန္တု၊ သုခီ အတ္တာနံ ပရိဟရန္တု။

သဗ္ဗေ အတ္တဘာဝပရိယာပန္နာ အဝေရာ ဟောန္တု၊ အဗျာပဇ္ဈာ ဟောန္တု၊ အနီဃာ ဟောန္တု၊ သုခီ အတ္တာနံ ပရိဟရန္တု။

(ဤ ၅ ပါးသည် အနောဓိမေတ္တာ)

သဗ္ဗေ ဣတ္ထိယော အဝေရာ ဟောန္တု၊ အဗျာပဇ္ဈာ ဟောန္တု၊ အနီဃာ ဟောန္တု၊ သုခီ အတ္တာနံ ပရိဟရန္တု။

သဗ္ဗေ ပုရိသာ အဝေရာ ဟောန္တု၊ အဗျာပဇ္ဈာ ဟောန္တု၊ အနီဃာ ဟောန္တု၊ သုခီ အတ္တာနံ ပရိဟရန္တု။

သဗ္ဗေ အရိယာ အဝေရာ ဟောန္တု၊ အဗျာပဇ္ဈာ ဟောန္တု၊ အနီဃာ ဟောန္တု၊ သုခီ အတ္တာနံ ပရိဟရန္တု။

သဗ္ဗေ အနရိယာ အဝေရာ ဟောန္တု၊ အဗျာပဇ္ဈာ ဟောန္တု၊ အနီဃာ ဟောန္တု၊ သုခီ အတ္တာနံ ပရိဟရန္တု။

သဗ္ဗေ ဒေဝါ အဝေရာ ဟောန္တု၊ အဗျာပဇ္ဈာ ဟောန္တု၊ အနီဃာ ဟောန္တု၊ သုခီ အတ္တာနံ ပရိဟရန္တု။

သဗ္ဗေ မနုဿာ အဝေရာ ဟောန္တု၊ အဗျာပဇ္ဈာ ဟောန္တု၊ အနီဃာ ဟောန္တု၊ သုခီ အတ္တာနံ ပရိဟရန္တု။

သဗ္ဗေ ဝိနိပါတိကာ အဝေရာ ဟောန္တု၊ အဗျာပဇ္ဈာ ဟောန္တု၊ အနီဃာ ဟောန္တု၊ သုခီ အတ္တာနံ ပရိဟရန္တု။

(ဤ ၇ ပါးကား ဩဓိမေတ္တာ)

သဗ္ဗေ သတ္တာ = သတ္တဝါမှန်သမျှ
အဝေရာ ဟောန္တု = ဘေးရန် ကင်းကြပါစေ။
အဗျာပဇ္ဈာ ဟောန္တု = စိတ်ဆင်းရဲ ကင်းကြပါစေ။
အနီဃာ ဟောန္တု = ကိုယ်ဆင်းရဲ ကင်းကြပါစေ။
သုခီ အတ္တာနံ ပရိဟရန္တု = မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင်ကြပါစေ။

သဗ္ဗေ ပါဏာ = အသက်ရှူ မှန်သမျှ
အဝေရာ ဟောန္တု = ဘေးရန် ကင်းကြပါစေ။
အဗျာပဇ္ဈာ ဟောန္တု = စိတ်ဆင်းရဲ ကင်းကြပါစေ။
အနီဃာ ဟောန္တု = ကိုယ်ဆင်းရဲ ကင်းကြပါစေ။
သုခီ အတ္တာနံ ပရိဟရန္တု = မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင်ကြပါစေ။

သဗ္ဗေ ဘူတာ = ခန္ဓာငါးပါး ထင်ရှားဖြစ်သူ မှန်သမျှ
အဝေရာ ဟောန္တု = ဘေးရန် ကင်းကြပါစေ။
အဗျာပဇ္ဈာ ဟောန္တု = စိတ်ဆင်းရဲ ကင်းကြပါစေ။
အနီဃာ ဟောန္တု = ကိုယ်ဆင်းရဲ ကင်းကြပါစေ။
သုခီ အတ္တာနံ ပရိဟရန္တု = မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင်ကြပါစေ။

သဗ္ဗေ ပုဂ္ဂလာ = ပုဂ္ဂိုလ် မှန်သမျှ
အဝေရာ ဟောန္တု = ဘေးရန် ကင်းကြပါစေ။
အဗျာပဇ္ဈာ ဟောန္တု = စိတ်ဆင်းရဲ ကင်းကြပါစေ။
အနီဃာ ဟောန္တု = ကိုယ်ဆင်းရဲ ကင်းကြပါစေ။
သုခီ အတ္တာနံ ပရိဟရန္တု = မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင်ကြပါစေ။

သဗ္ဗေ အတ္တဘာဝပရိယာပန္နာ = အတ္တဘော၌ အကျုံးဝင်သူ မှန်သမျှ
အဝေရာ ဟောန္တု = ဘေးရန် ကင်းကြပါစေ။
အဗျာပဇ္ဈာ ဟောန္တု = စိတ်ဆင်းရဲ ကင်းကြပါစေ။
အနီဃာ ဟောန္တု = ကိုယ်ဆင်းရဲ ကင်းကြပါစေ။
သုခီ အတ္တာနံ ပရိဟရန္တု = မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင်ကြပါစေ။

သဗ္ဗေ ဣတ္ထိယော = အမျိုးသမီး မှန်သမျှ
အဝေရာ ဟောန္တု = ဘေးရန် ကင်းကြပါစေ။
အဗျာပဇ္ဈာ ဟောန္တု = စိတ်ဆင်းရဲ ကင်းကြပါစေ။
အနီဃာ ဟောန္တု = ကိုယ်ဆင်းရဲ ကင်းကြပါစေ။
သုခီ အတ္တာနံ ပရိဟရန္တု = မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင်ကြပါစေ။

သဗ္ဗေ ပုရိသာ = အမျိုးသား မှန်သမျှ
အဝေရာ ဟောန္တု = ဘေးရန် ကင်းကြပါစေ။
အဗျာပဇ္ဈာ ဟောန္တု = စိတ်ဆင်းရဲ ကင်းကြပါစေ။
အနီဃာ ဟောန္တု = ကိုယ်ဆင်းရဲ ကင်းကြပါစေ။
သုခီ အတ္တာနံ ပရိဟရန္တု = မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင်ကြပါစေ။

သဗ္ဗေ အရိယာ = အရိယာ မှန်သမျှ
အဝေရာ ဟောန္တု = ဘေးရန် ကင်းကြပါစေ။
အဗျာပဇ္ဈာ ဟောန္တု = စိတ်ဆင်းရဲ ကင်းကြပါစေ။
အနီဃာ ဟောန္တု = ကိုယ်ဆင်းရဲ ကင်းကြပါစေ။
သုခီ အတ္တာနံ ပရိဟရန္တု = မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင်ကြပါစေ။

သဗ္ဗေ အနရိယာ = ပုထုဇဉ် မှန်သမျှ
အဝေရာ ဟောန္တု = ဘေးရန် ကင်းကြပါစေ။
အဗျာပဇ္ဈာ ဟောန္တု = စိတ်ဆင်းရဲ ကင်းကြပါစေ။
အနီဃာ ဟောန္တု = ကိုယ်ဆင်းရဲ ကင်းကြပါစေ။
သုခီ အတ္တာနံ ပရိဟရန္တု = မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင်ကြပါစေ။

သဗ္ဗေ ဒေဝါ = နတ် မှန်သမျှ
အဝေရာ ဟောန္တု = ဘေးရန် ကင်းကြပါစေ။
အဗျာပဇ္ဈာ ဟောန္တု = စိတ်ဆင်းရဲ ကင်းကြပါစေ။
အနီဃာ ဟောန္တု = ကိုယ်ဆင်းရဲ ကင်းကြပါစေ။
သုခီ အတ္တာနံ ပရိဟရန္တု = မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင်ကြပါစေ။

သဗ္ဗေ မနုဿာ = လူ မှန်သမျှ
အဝေရာ ဟောန္တု = ဘေးရန် ကင်းကြပါစေ။
အဗျာပဇ္ဈာ ဟောန္တု = စိတ်ဆင်းရဲ ကင်းကြပါစေ။
အနီဃာ ဟောန္တု = ကိုယ်ဆင်းရဲ ကင်းကြပါစေ။
သုခီ အတ္တာနံ ပရိဟရန္တု = မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင်ကြပါစေ။

သဗ္ဗေ ဝိနိပါတိကာ = အပါယ်ဘုံသား မှန်သမျှ
အဝေရာ ဟောန္တု = ဘေးရန် ကင်းကြပါစေ။
အဗျာပဇ္ဈာ ဟောန္တု = စိတ်ဆင်းရဲ ကင်းကြပါစေ။
အနီဃာ ဟောန္တု = ကိုယ်ဆင်းရဲ ကင်းကြပါစေ။
သုခီ အတ္တာနံ ပရိဟရန္တု = မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင်ကြပါစေ။

မေတ္တာ ၁၂ ပါး ယခု ဖော်ပြခဲ့သည့်အတိုင်း နောဓိမေတ္တာ အပွါးခံ ပုဂ္ဂိုလ် ၅ ယောက်၊ ဩဓိမေတ္တာ အပွါးခံပုဂ္ဂိုလ် ၇ ယောက်၊ ပေါင်း ပုဂ္ဂိုလ် ၁၂ ယောက် ဖြစ်သည်။

မေတ္တာ ၄၈ ပါး ပွါးပုံ အခြင်းအရာမှာ "အဝေရာဟောန္တု" စသည်ဖြင့် ၄ မျိုး ရှိရာ ပုဂ္ဂိုလ် တမျိုးလျှင် ပွါးပုံ ၄ မျိုး၊ ပုဂ္ဂိုလ် ၁၂ မျိုးတွင် ပွါးပုံ ၄၈ မျိုး ဖြစ်သည်။

မေတ္တာ ၄၈၀ အရပ်မျက်နှာသည် အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ အရှေ့တောင်၊ အနောက်တောင်၊ အနောက် မြောက်၊ အရှေ့မြောက်၊ အောက်၊ အထက် အားဖြင့် ၁၀ မျက်နှာ ရှိ၏၊ အရပ်မျက်နှာ တခုစီ တခုစီ၌ ဒိသာဖရဏ မေတ္တာ အဖြစ်ဖြင့် အထက်ပါ မေတ္တာ ၄၈ ပါးကို ပွါးလျှင် အရပ် ၁၀ မျက်နှာစေ့အောင် ပွါးမိက ၄၈၀ ဖြစ်သည်။ ပွါးပုံမှာ-

ပုရတ္ထိမာယ ဒိသာယ (အရှေ့ အရပ်၌) သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု၊ အဗျာပဇ္ဈာ ဟောန္တု၊ အနီဃာ ဟောန္တု၊ သုခီ အတ္တာနံ ပရိဟရန္တု။
[ ပါဏာဘူတာ စသည် ၁၂ ယောက် စုံအောင်ပွါးပါ ]

ပစ္ဆိမာယ ဒိသာယ (အနောက် အရပ်၌) သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု၊ အဗျာပဇ္ဈာ ဟောန္တု၊ အနီဃာ ဟောန္တု၊ သုခီ အတ္တာနံ ပရိဟရန္တု။
[ ပါဏာဘူတာ စသည် ၁၂ ယောက် စုံအောင်ပွါးပါ ]

ဤနည်းအတိုင်း ဒက္ခိဏာယ ဒိသာယ (တောင် အရပ်၌)၊ ဥတ္တရာယ ဒိသာယ (မြောက် အရပ်၌)၊ ပုရတ္တိမာယ အနုဒိသာယ (အရှေ့တောင် အရပ်၌)၊ ဒက္ခိဏာယ အနုဒိသာယ (အနောက် တောင်အရပ်၌)၊ ပစ္ဆိမာယ အနုဒိသာယ (အနောက် မြောက်အရပ်၌)၊ ဥတ္တရာယ အနုဒိသာယ (အရှေ့မြောက် အရပ်၌)၊ ဟေဋ္ဌိမာယ ဒိသာယ (အောက် အရပ်၌)၊ ဥပရိမာယ ဒိသာယ (အထက် အရပ်၌) ဟု အရပ် ၁၀ မျက်နှာလုံး ပွါးရန်ဖြစ်သည်။

[ အရပ်မျက်နှာကို ယခုခေတ် အစဉ်အတိုင်း စဉ်ပါသည်။ ]

၅၂၈သွယ် မေတ္တာ ဒိသာဖရဏ မေတ္တာအဖြစ် အရပ်ဆယ်မျက်နှာ စေ့အောင် ပွါး၍ရသော ၄၈၀ မေတ္တာ၌ အရပ်မျက်နှာ မသတ်မှတ်ပဲ ပွါး၍ရသော မူလမေတ္တာ ၄၈ ကို ပေါင်းထည့်လျှင် ငါးရာ့နှစ်ဆယ်ရှစ်သွယ် (၅၂၈) မေတ္တာ ဖြစ်၏၊

ဝိသုဒ္ဓိမဂ် အဋ္ဌကထာ ဆရာက ဤနည်းကို အပ္ပနာသမာဓိ ပြည့်စုံပြီးသူသာ ပွါးနိုင်ကြောင်း ဖော်ပြပြီးနောက် အပြည့်အစုံပွါးလျှင် အပ္ပနာ ၅၂၈ ဖြစ်သည်ဟု ဆို၏၊

မှတ်ချက်

ပဋိသမ္ဘိဒါမဂ်နှင့် ဝိသုဒ္ဓိမဂ် တို့၌ သဗ္ဗေသတ္တာ စသည်ကို အခြင်းအရာဟု လည်းကောင်း၊ အဝေရာ ဟောန္တု စသည်ကို အပ္ပနာ ဟု လည်းကောင်း မိန့်တော်မူကြ၏၊ ဤ၌ကား သိလွယ် မှတ်လွယ်စေရန် သဗ္ဗေ သတ္တာ စသည်ကို ပုဂ္ဂိုလ်ဟု လည်းကောင်း၊ အဝေရာ ဟောန္တု စသည်ကို ပွါးပုံ အခြင်းအရာဟု လည်းကောင်း ရေးသား သုံးနှုန်းပါသည်။

ဆောင်ပုဒ်

ဩခွန် နောငါး၊ ပုဂ္ဂိုလ်များ၊ ပေါင်းငြား ဆယ့်နှစ်ပေ။
ခြင်းရာ လေးသွယ်၊ မြှောက်ပွါးဆွယ်၊ လေးဆယ်ရှစ်မျိုးပေ။
ရပ်ဆယ်မျက်နှာ၊ မြှောက်ပြန်ခါ၊ လေးရာ ရှစ်ဆယ်ပေ။
အရပ် မျက်နှာ၊ မပိုင်းတာ၊ ပေါင်းကာ ထည့်လျှင်လေ။
ငါးရာ့ နှစ်ဆယ်၊ ရှစ်စွန်းကယ်၊ အကျယ် မေတ္တာပေ။
ပဋိသမ္ဘိဒါမဂ်၊ ကျမ်းမိန့်ချက်၊ လေးနက် မှတ်သားလေ။

ဆုတောင်းအမျှဝေ

ယနေ့ ယခု တပည့်တော်တို့ ပြုစုရသော ဤ (ဒါန၊ သီလ၊ ဘာဝနာ) ကောင်းမှု အစုစုကြောင့် တပည့်တော်တို့သည် ပညာရှိသူတော်ကောင်းတို့နှင့်သာ တွေ့ကြုံဆုံဆည်း ပေါင်းသင်း ဆက်ဆံရ၍ ပညာရှိ သူတော်ကောင်းတို့ ဟောပြောသော တရားမှန် စကားမှန်တို့ကို နာခံမှတ်သားရသဖြင့် ပညာရှိ သူတော်ကောင်းတို့ ကျင့်ကြံ နေထိုင်ကြသည့်အတိုင်း ဆင်းရဲငြိမ်းကြောင်း အကျင့်ကောင်း အကျင့်မှန်တို့ကို ကျင့်ကြံပွါးများ ကြိုးစား အားထုတ်နိုင်ကြသဖြင့် ဆင်းရဲခပ်သိမ်း ကင်းငြိမ်းရာ နိဗ္ဗာန်ကို လျင်မြန်စွာ မျက်မှောက်ပြုရပါလိုကုန်၏ အရှင်ဘုရား။

ဤကောင်းမှု အစုစု၏ အဖို့ဘာဂကို မိဘ ဘိုးဘွား ဆရာသမားတို့မှ စ၍ အလုံးစုံသော သတ္တဝါတို့အား အမျှပေးဝေပါကုန်၏၊

အမျှရ၍ ချမ်းသာကြပါစေ။

အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့။

[ အမျှ တကြိမ်မျှ ဝေလျှင် လုံလောက်ပါပြီ။ ]

သာဓု........သာဓု........သာဓု။

သတ္တဝါမှန်သရွေ့၊ တရားတွေ့၊ ချမ်းမြေ့သာယာ ရှိပါစေ။